Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ဇေမှိုင်း ● တဆင့်စီ .. တဆင့်စီ ... တထပ်စီ ...တထပ်စီ....ပခုံးပေါ်မှာ

$
0
0
ဇေမှိုင်း ● တဆင့်စီ .. တဆင့်စီ ... တထပ်စီ ...တထပ်စီ....ပခုံးပေါ်မှာ
(မိုးမခ) ဇွန် ၁၃၊ ၂၀၁၆

နင့်နင့် နဲနဲကြီး
ချစ်ခဲ့ကြ
နောက်ထပ် အစာအိမ်တခုရှိခဲ့ကြသေးရင်တောင်
ဖောက်ထုတ်ပေးကြမယ့်သူတွေလေ.......
    
နောက်ဆုံး
အပ်တပေါက်စာတောင်
ဘဝအတွက် ယူမသွားရက်ခဲ့ကြ
ဝေငှသွားသူတွေ
       
သည်တနွေ ခေါင်လွန်းပါတယ်အမေ
ပြောခဲ့လေသမျှက
ဘဝများစွာရဲ့ဘဝများစွာမှာ......

အင်း....
မင်းတို့ကတော့ပြုံးပြီးပြောမှာပေါ့
အပ်ကြောင်းထပ် ငိုချင်းလို့
တို့မှာတော့
တထပ်ပြီးတထပ် ဆင့်ဆင့်ထပ်လို့
ထမင်း တထပ်တက်
ကျောခင်းစရာ အရပ်တောင် ပျောက်ရှနေရပုံ...........။

ဇေမှိုင်း

လင်းခါး ● ကြွက်နဲ့ခွေး

$
0
0
လင်းခါး ● ကြွက်နဲ့ခွေး
(မိုးမခ) ဇွန် ၁၃၊ ၂၀၁၆

မနေ့ညက ၁၂ နာရီလောက်တွင် ကြွက်လှောင်အိမ်ထောင်ချက်ထဲ ကြွက်တကောင်မိသည်။

ငါးပေါက်စကိုချိတ်ထားသော သွပ်နန်းကြိုးကို ကြွက်ကလှမ်းဆွဲလိုက်သောအခါ  လှောင်အိမ်တံခါး၏ ဗြုန်းခနဲပိတ်သွားသံ သည် ၎င်းကြွက်အား အလွန့်အမင်း ထိတ်လန့်ကြောက်ရွံ့သွားစေ မည်ထင်သည်။ ၎င်းအသံကြောင့် ကျနော်သည် စာဖတ် နေရာမှထ၍ လှောင်အိမ်ကိုကြည့်သောအခါ ကြွက်သည် လှောင်အိမ်အတွင်း ကြောက်လန့်တကြား ပြေးလွှားနေရာမှ ရပ်၊ ငြိမ် သက်လျက် မည်းနက်နေသော မျက်လုံးအစုံဖြင့် ကျနော့်အား ပြန်လည်စိုက်ကြည့်နေလေသည်။ ထိုမျက်လုံးကို ကျနော် ကြာကြာ မကြည့်ရဲပါ။

ကျနော်သည် ဘာသာရေးကို လိုက်စားတတ်သူမျိုး မဟုတ်လှသော်လည်း ဝဋ်လိုက်တတ်ခြင်းမျိုးကို ကြောက်လှသည်။ ကိုယ်ကိုယ်တိုင်လည်း နာကျင် ဒုက္ခမရလို အခြားလူများ၊ သတ္တဝါများကိုလည်း နာကျင်လိုစိတ် ဒုက္ခရောက်စေလိုစိတ်မရှိပါ။ (ခြင်များကိုတော့ မကြာမကြာ ရိုက်သတ်ပါသည်) မနက်လင်းလျှင် ၎င်းကြွက်အား ခပ်ဝေးဝေးတနေရာသို့ သွားရောက် လွှတ်ပေးမည်ဖြစ်သော်လည်း သူကတော့ သိမည်မဟုတ်ပေ။ သူ၏အသက်အန္တရာယ်အတွက် စိုးရိမ်နေရပြီဟု ထင်နေပေ မည်။ ကြွက်မှာ အတော်ငယ်သေးသည်။ ၁ လ ၂ လသား လောက်ပင် ရှိဦးမည်လား မပြောတတ်။ အစာအဖြစ် မျှားထားသော ငါးသလဲထိုးလား ငါးလူးလား မသိသော ငါးပေါက်စကလေးသည် ကြွက်ခန္ဓာကိုယ် တခုလုံး၏ လေးပုံတပုံမျှလောက် ရှိသည်။ လွန်ခဲ့သည့် တနှစ်လောက်ကစ၍ ကျနော့်အိမ်တွင် ကြွက်များ စတင်လှုပ်ရှားနေခဲ့ကြ၏။

(ကြွက်များဆိုသည်မှာ ကြွက်များကိုသာဆိုလိုပြီး ရဲဟု မထင်မှတ်စေလို) အဝတ်အစား၊ အသုံးအဆောင် တို့ကိုကိုက်ဖြတ် သည့်အဆင့်သို့ မရောက်သေးသော်လည်း အစားအသောက် ပန်းကန်များကို စားပွဲပေါ်တွင် မဖုံးမဖိပါဘဲပစ်မထားရဲတော့။ သို့သော် မျက်စိရှေ့တွင်ပင် လှစ်ခနဲလှစ်ခနဲ အကြိမ်ကြိမ်ဖြတ်ဖြတ်ပြေးသည်ကိုမြင်ရသည့်အခါတွင် စိတ်အနှောင့်အယှက် ဖြစ်လာတော့သည်။ ဦးနှောက်၏သိမှုကလည်း ထိုမျှဖြင့် ရပ်မနေပေ။ ဥရောပတိုက်ကြီး၏ လူဦးရေ အတော်များများ၏ အသက်ကိုနှုတ်ယူသွားသော ပလိပ်ရောဂါ။ ကမ္ဘာကျော်စာရေးဆရာ အဲဘတ်ကမူး၏ စာအုပ်ကိုဘာသာပြန်သော ဆရာ ထင်လင်း၏ ပလိပ် စသည်တို့ကို အလိုလိုတွေးမိလာပြီး ဘာမျှမဖြစ်လောက်သော ကြွက်ကလေးတကောင်စနှစ်ကောင်စကို ရှင်းလင်း ဖယ်ရှားရန် ဆုံးဖြတ်မိတော့သည်။ သို့သော် ကျနော်သည် ရက်စက်တတ်သူ မဟုတ်၊ အစာတုံးကို ထိမိသောအခါ ကြွက်၏ ကိုယ်ခန္ဓာကို ပြင်းထန်စွာရိုက်မည့် သံမောင်းပါရှိသော ကြွက်ထောင်ချောက်ဖြင့် မဖမ်းလို။ လှောင်အိမ်ကလေးနှင့်ဖမ်း၊ မိသောအခါ အမှိုက်ပုံ သို့မဟုတ် အခြားအဝေးတနေရာသို့ ပြန်လည်လွှတ်ပေးရန်သာ ဆန္ဒရှိခဲ့သည်။ အဝေးတနေရာဆို သည်မှာ ကျနော်၏အိမ်နှင့်ဝေးလံသော တနေရာ၊ တော်ရုံနှင့် ကျနော့်အိမ်သို့ ဤကြွက်ပြန်မရောက်နိုင်သောနေရာမျိုးကို ဆိုခြင်း ဖြစ်ပါသည်။

ဆရာကြီး ဒဂုန်တာရာတို့ခေတ်က ထောင်ဟုရေးမရသောကြောင့် ရေးရသော ဆိတ်ဖလူး ရနံ့သင်းရာ၊ နရသိန်၊ မဲဇာ၊ အဝေး တနေရာ စသည်တို့ကို ဆိုလိုခြင်း မဟုတ်ပါ။ ယခုတော့ အလွန်သေး ငယ်သော ကြွက်ကလေးတကောင် ထောင်ချောက်တွင် မိခဲ့ပါပြီ။ ကံဆိုးသော ၎င်းကြွက်ကလေးမှာ ညကြီး ၁၂ နာရီခန့်တွင် ထောင်ချောက်မိခြင်းဖြစ်၍ တညတော့ လှောင်အိမ်ထဲ အိပ်ရပေဦးမည်။

ညကြီးသန်းခေါင်တွင် အနည်းငယ်လှမ်းသော အဝေးတနေရာသို့၊ အမှိုက်ပုံသို့ သွားပစ်ရန် မဖြစ်နိုင်ပါ။ ဤတညသည် ၎င်း ကြွက်ကလေး၏ဘဝတွင် ကံအဆိုးဆုံး ညတည ဖြစ်ပေလိမ့်မည်။

ထိုအဖြစ်ကို စဉ်းစားမိသောအခါ ကျနော်သည် ယန်းပေါဆတ်၏ နံရံဟူသော ဝတ္ထုကို သတိရမိသည်။ (ဆရာဒီနိုဗို ဘာသာ ပြန်သည် - ဤကားစကားချပ်) မနက်မိုးလင်းလျှင် ဖက်ဆစ်တို့၏ သေနတ်ဖြင့် ပစ်သတ်ခြင်းကိုခံရမည့် လူသုံးယောက် အချုပ်ထဲတွင် သေချာပေါက် သေရတော့မည့် အရေးအတွက် ထိတ်လန့်နေကြရပုံကို ရေးဖွဲ့ထားသည့် ဖြစ်တည်မှုပဓာနဝါဒ ဝတ္ထုဖြစ်ပါသည်။

ထိုဝတ္ထုထဲမှလူသုံးယောက်တွင် တယောက်က အလွန်ကံအားလျော်စွာ လွတ်သွားခဲ့သည်။ (ဘယ်လို အလွန်ကံအားလျော် စွာသလဲ သိချင်ပါက ရှာ၍ဖတ်ကြပါ) ကံဆိုးသော ကြွက်ကလေးမှာ ထိုသေခြင်းမှ လွတ်သွားသော လူကဲ့သို့ မနက်မိုး လင်းလျှင် ခံစားဝမ်းသာရပေလိမ့်မည်။ ယခုတော့ လှောင်အိမ်ထဲနေပေဦးတော့။ ရက်စက်ရာကျပေသော်လည်း မတတ်နိုင်။

ကျနော်၏ဘဝတွင် တိရစ္ဆာန်များနှင့်ပတ်သက်၍ ကိုယ်ချင်းမစာနာစွာပြုမူခဲ့သည်များမှာ ယခုအခါသည် ပထမဆုံးအကြိမ် မဟုတ်သကဲ့သို့ နောက်ဆုံးလည်း ဖြစ်မည်မထင်ပါ။ ထိုပြုမူမှုများထဲမှ ကျနော်၏ စိတ်သဏ္ဌာန်တွင် ယနေ့အထိစွဲထင်နေသော ဖြစ်ရပ်တခုမှာ၊ တခါက ကျနော့်အိမ်တွင် မောင်ဖြူဟူသော ခွေးမလေးတကောင် မွေးခဲ့ဖူးပါသည်။ ကျနော်သည် မွေးခါစ ခွေးများကို အထီးအမ မခွဲတတ်ပါ။ ထို့ကြောင့်ပင် ဖြူဖြူလုံးလုံးနှင့် ထိုခွေးကလေးကို မောင်ဖြူဟုပင် ခပ်လွယ်လွယ်ပေးခဲ့ပြီး နေ့စဉ်ရေချိုး အစာကျွေးဖြင့် တဖြည်းဖြည်းကြီးပြင်းလာခဲ့ပြီး တခုသော တော်သလင်းအရောက် ကျနော့် အိမ်လေး အနီးတွင် ခွေးထီးတရုန်းရုန်းနှင့် မောင်ဖြူကလေး မိတ်အလိုက်ခံနေရသည်ကိုတွေ့မှ မောင်ဖြူဟူသော ခွေးကလေးမှာ အမပါတကား ဟူ၍ သိရှိခဲ့ရ တော့သည်။ သို့သော် အမည်ကားမပြောင်းချင်တော့ မောင်ဖြူမှာလည်း သူ့နာမည် မောင်ဖြူမှန်း သိရှိနေပြီး ဖြစ်ပြီး လက်ခံနှစ်သက်သလား လက်မခံသလားဟူ၍ မသိနိုင်ပါ။ သို့ဖြင့် ၎င်းမောင်ဖြူကလေးမှ သားသမီးခွေး ရတနာ ခြောက်ကောင် ပေါက်ဖွားခဲ့လေသည်။ အထီး လေးကောင် အစ်မ နှစ်ကောင် (ကျနော်ကား ခွေးထီး ခွေးမ ခွဲခြားတတ်ခဲ့လေပြီ) ကျနော်ကား စဉ်းစားရချေပါပြီ။

ယခင်က မောင်ဖြူတကောင်တည်း ရှိစဉ်က ကျွေးမွေးမပျက် ဆောင်ရွက်စီမံခဲ့သော်လည်း ယခုအခါ မောင်ဖြူက လေး၏မွေခံ ထိုက်စေများပါ တိုးပွားလာသည့်အခါတွင်မူ ချောင်လည်လှသည်မဟုတ်သော ကျနော်တို့လင်မယားနှစ်ယောက်ကား ဆက် လက် ကျွေးမွေး မွေးမြူရန်ကား အခက်တွေ့ပေမည်။ ခွေးပေါက်စကလေးများမှာလည်း အစာအာဟာရ မလုံလောက်ပါက အသက်ရှည်မည်မဟုတ်ပေ။ ထို့ပြင် ခွေးကလေးခြောက်ကောင်တွင် အမကလေးနှစ်ကောင် ပါလာသေးသည်ဖြစ်ရကား နောင်  တော်သလင်းတွင်လည်း ဇာတ်လမ်းရှုပ်ပေဦးမည်ဖြစ်ရာ အကြိမ်ကြိမ်အပြန်ပြန်အလှန်လှန် စဉ်းစား သုံးသပ်ပြီးနောက် ခွေးမလေးနှစ်ကောင်အား ဘုန်းကြီး ကျောင်းသို့ ၂ လသား အရွယ်အရောက်တွင် စွန့်ပစ်ရန် ဆုံးဖြတ်လိုက်ပါတော့သည်။ ဆုံးဖြတ်ပြီးပါက မဆိုင်းမတွပြုလုပ်တတ်သော ကျနော်၏ ဓလေ့အတိုင်းပင် နှစ်လပြည့်သောညတွင် အစားအသောက် ဝ လင်စွာကျွေးမွေးပြီးနောက် မနက် ဝေလီဝေလင်းတွင်ပင် စွန့်ပစ်ရန် ထွက်ခွာခဲ့ပါသည်။

ဤနေရာတွင် ကြားဖြတ်ပြောလိုသည်မှာ ခွေးမလေးနှစ်ကောင်အား ကျနော်က နာမည်ပေး ထားပြီး ဖြစ်သည်ကိုပင် ဖြစ်၏။ တကောင်မှာ အနက်ရောင်တွင် နှင်းစက်ကဲ့သို့ အဖြူစက်ကလေးများပါ၍ စနိုး၊ နောက်တကောင်မှာ အသည်းပုံ အကွက် ကလေးပါ၍ မေသဲဟူ၍ ဖြစ်ပါသည်။

နာမည်ကလေးများမှာ ခေတ်ဆန်ပြီး လှပ၍ ၎င်းတို့ ကြိုက်နှစ်သက်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ ရှိစေတော့။ လွှင့်ပစ် ရမည့် ဘုန်းကြီးကျောင်းရှေ့ရောက်သည့်အခါတွင် ကျနော်သည် ခြင်းထဲမှ စနိုးကလေးကို မြေသို့ချလေသည်။ အချိန်ကား ဇန်နဝါရီကုန်ခါနီး နှင်းစက်တို့ကျသည်ကို သဲသဲကွဲကွဲမခံစားရသော်လည်း ပတ်ဝန်းကျင်ကား မှိုင်းမှုံရီဖြူဝါးလျက်။

စနိုးကလေးသည် ကျနော်၏ခြေထောက်ကို ခေါင်းဖြင့် တိုးဝှေ့လျက် "မထားခဲ့ပါနဲ့ သခင်ရယ်"ဟူ၍ ဆိုနေလေသလား . . ။ ကျနော်သည် စနိုးကို ပြန်လှည့်မကြည့်တော့ ဆိုင်ကယ်ပေါ်ပြန်တက်ကာ စက်နှိုးလျက် မောင်းထွက်ခဲ့ပါသည်။ နောက်ထပ် ဘုန်းကြီးကျောင်းတခုသို့ လင်းအရုဏ်ကလေး မလာခင် သွားရပေဦးမည်။ ဆိုင်ကယ်ခြင်းထဲမှ မေသဲကလေးသည် ကျနော့် အား နားမလည်နိုင်ဘူး ဟူသောအကြည့်ဖြင့် ငေးစိုက်ကြည့်နေလေသည်။ သူ့အစ်မလား ညီမလား သေချာမသိသည့် စနိုးကလေး ပါမလာတော့သည့်အတွက် သူသည်လည်း သူ၏ကံကြမ္မာကို ကြိုသိနေသကဲ့သို့ ငြိမ်ဆိတ်စွာ လိုက်ပါလာပါ တော့သည်။ နောက်ထပ် ဘုန်းကြီးကျောင်းတကျောင်းရှေ့သို့ ရောက်သောအခါ မေသဲ ကလေးကို ရင်ခွင်ထဲပိုက်၍ နောက် ဆုံး အကြိမ်အဖြစ် နမ်းရှုံ့ လိုက်ပါသည်။

ထို့နောက် မြေပြင်သို့ချလိုက်သောအခါ မေသဲကလေးသည် တလှမ်းနှစ်လှမ်း ရှေ့သို့လှမ်းကာ ခွေးထိုင် ထိုင်၍ ကျနော့်အား ကြည့်နေလေသည်။ မေသဲ၏အနက်ရောင်မျက်လုံးမှ အနီရောင် မျက်ဆံကလေးသည် ကျနော်၏မျက်ဆံနက်သို့ တူရှု ငြိမ်သက်စွာ။ ကျနော်သည် ဆိုင်ကယ်ပေါ်တက်၍ မောင်းထွက်ခဲ့ပါသည်။ ထိုညက ကျနော် မျက်ရည်ကျမိသလား မပြောနိုင်တော့ပါ။ သို့သော် ကျနော့်ဘဝတွင် ထိုဆောင်းတညကို မည်သည့်အခါမှ မေ့နိုင်တော့မည်မဟုတ်သည်ကား သေချာပါသည်။

အမှန်တော့ ကျနော်သည် ဤခွေးဇာတ်လမ်းကို မပြောလိုပါ။ အလျဉ်းသင့်၍ ပြောခြင်းသာဖြစ်ပြီး ခွေးများနှင့်ပတ်သက်လျှင် လည်း ကျနော့်တွင် အခြားနာကျင်ဖွယ် ဇာတ်လမ်းများ ရှိနေပါသေး သည်။

 ထားတော့။ လူ့ဘဝဟူသည်ကိုက နာကျင်စရာတခုဖြစ်နေသည့်နောက်တော့ အခြားဇာတ်လမ်း များဖြင့် မွမ်းမံအစာသွပ်၍ မနာကျင်စေချင်တော့ပါ။ ကျနော်၏ စိတ်သဘောထားမှာလည်း မည်သူ့ ကိုမှ မျှဝေ ဝေဒနာများ မပေးလိုပါ။ ရှိပါစေလေတော့။
ယခုစာကို ကျနော် ရေးသားနေစဉ်အတွင်းမှာပင် ကြွက်လှောင်အိမ်ထောင်ချောက်တွင် နောက် တကောင် ထပ်မိပြန်ပါသည်။ မနက်က အမှိုက်ပုံတွင်လွှတ်ပေးလိုက်သော ကြွက်ကလေးနှင့် ညီအစ်ကိုတော်မည် ထင်ပါသည်။ ယခုအကောင်က အကောင်နည်းနည်းကြီးပြီး တည်ငြိမ်မှုနှင့် သတ္တိလည်း ပိုရှိပေ သည်။ လှောင်အိမ်ကို မယူ၍ ကြည့်ရှုနေသော ကျနော့်အား ပြန်လည်ကြည့် သော သူ၏မျက်လုံးထဲ၌ အကြောက်တရားကို မမြင်ရ။ ရဲရင့်လှပေစွ။ ညက ကြွက်ကလေးထက် လည်း သူက ပိုကံကောင်းပါ သည်။ နေ့လည်ခင်းတွင် မိခြင်းဖြစ်သောကြောင့် ကျနော်သည် ချက်ချင်းပင် သွားရောက် လွှတ်ပေး မည် ဖြစ်ပါ၏။ ကျနော့်လှောင်အိမ်ကလေးအတွင်း၌ တညအိပ်ကာ ဖြစ်တည်မှုပဓာနဝါဒ ကြွက် တကောင်ဖြစ်ရန် မလိုအပ်။ မနက်က ကံဆိုးသူကြွက်ကလေးအား လွှတ်ပေးခဲ့သည့် အမှိုက်ပုံနေရာ၌ပင် လွှတ်ပေးမည်ဖြစ်သောကြောင့် ၎င်းတို့ ကြွက်ညီ အစ်ကို နှစ်ကောင် ပြန်လည်ဆုံစည်းနိုင်ပါရန် အလို့ငှာ လည်း ကျနော်က ဆုတောင်းမေတ္တာပို့သပေးပါဦးမည်။ လူသား၏သဘောထားကြီးမားမှုအား ကျနော်က ကိုယ်စားပြုနိုင်ပါမည်လား မပြောတတ်။ မည်သို့ပင်ဆိုစေ ကျနော့်မှာ နှိုင်းယှဉ်စရာကား များများစားစားလည်း ရှိလှသည် မဟုတ်ပါ။ အရာရာသည် ယေဓမ္မာ အစချီဂါထာကဲ့သို့ အကြောင်း ကြောင်းတို့ကြောင့် အကျိုးဖြစ်ရချေသည် မဟုတ်ပါလားခင်ဗျာ။ ဤတွင် ကျနော်၏ ကျနော်နှင့် ကြွက်နှစ်ကောင် ခွေးနှစ် ကောင် လွှတ်ခြင်း ဇာတ်လမ်း နိဋ္ဌိတံပြီ ဖြစ်ပါသည်။

လင်းခါး
၈-၆-၂၀၁၆

မောင်နွေရင့် (အင်းဝ) ● မျှော်လင့်ခြင်း မြစ်တစင်း

$
0
0
မောင်နွေရင့် (အင်းဝ) ● မျှော်လင့်ခြင်း မြစ်တစင်း
(မိုးမခ) ဇွန် ၁၃၊ ၂၀၁၆

ဟားတိုက်ရယ်မောနေတဲ့
အဆီပြန်မျက်နာတွေ ခေတ်စား
အဖြူရောင်လူသားတွေ ဝင့်ကြွား
ခေါင်းသေးသေးကလေးမှာ
သေနတ်ကျည်ဆံတွေရှိပြီး
ရင်အုံပေါ်မှာ ငွေကျည်ဆံတွေရှိတယ်
ဝမ်းဗိုက်မှာက လေကျည်ဆံတွေ ရှိတယ်
ခါးအောက်ပိုင်းနဲ့ ဘေးပတ်လည်မှာတော့
ချိန်ကိုက်ဗုံးမြှုပ်ထားတဲ့ ငြိမ်းချမ်းရေးအတုတွေနဲ့
သူမကတော့ မေတ္တာတရားတွေ ပြည့်လို့။

ထိန်စူးတဲ့နေရောင်အောက်မှာ
လှိုက်တက်လာတဲ့ မျှော်လင့်ချက်ကိုလှုံရင်း
ကုတ်ခြစ်ပွန်းပဲ့ရာ ဗရပွနဲ့
ဘဝတွေ ဘဝတွေ အန်ကျလာလိုက်တာ
ဖြတ်သန်းလာလိုက်ရတာ
ပျော်ရွင်မှုသယံဇာတဆိုတာ
အရောင်လက်တဲ့မျက်ဝန်းတွေ
အေးစက်လာတဲ့အထိ
ပါးလျခဲ့ရတဲ့  သူမခမျာ
မေတ္တာတရားတွေက ပြည့်တုန်း။

သူမရဲ့ရင်အုံဟာ
ဟောင်းလောင်းပွင့်မတတ်
လက်မှတ်တချက်ထိုးတိုင်း တခါသေရ
လက်ဆွဲနှုတ်ဆက်ခြင်းအပြုံးတွေနဲ့
အလင်းရောင်တွေ ပွန်းပဲ့
ထည်ဝါတဲ့ လက်ဆုံစားပွဲတွေမှာ
သူမရဲ့အသွေးအသားတွေ
တည်ခင်းဧည့်ခံထားလိုက်ကြတာ
ခွက်ချင်းတိုက် cheer လုပ်တိုင်း
သူမအတွက်တော့ မျက်ခုံးလှုပ်ရ
သူမကတော့ မေတ္တာတရားတွေထားတုန်း။

ဒါပေမဲ့
သူမကို ကျွန်တော်တို့ ချစ်ကြတုန်း
သူမကို လှစေချင်ကြတုန်း
သူမကို မြတ်နိုးကြတုန်း
သူမကို တန်ဖိုးထားကြတုန်း
သူမကို မျှော်လင့်ကြတုန်း
သူမက
သူမက
သူမက ကျွန်တော်တို့အချစ်ဆုံးနိုင်ငံတော်။

မောင်နွေရင့် (အင်းဝ)
1/5/2016 . 7:20 PM

ကာတွန်း ညီပုချေ - ပြည်တွင်း ဗီဇာ

$
0
0

ကာတွန်း ညီပုချေ - ပြည်တွင်း ဗီဇာ
(မိုးမခ) ဇွန် ၁၃၊ ၂၀၁၆

ဇင်လင်း ● ပြည်သူ့အစိုးရနဲ့ နိုင်ငံရေးအကျဉ်းသားပြဿနာ

$
0
0
 ဇင်လင်း ● ပြည်သူ့အစိုးရနဲ့ နိုင်ငံရေးအကျဉ်းသားပြဿနာ  
(မိုးမခ) ဇွန် ၁၃၊ ၂၀၁၆

ဇွန်လဆန်းမှာ ပြည်သူ အတော်များများ စိတ်ဝင်စားစရာ ထူးခြားတဲ့ သတင်း ၂ ခုပေါ်ထွက်လာတာ သတိပြုမိတယ်။ တခု က နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် တရားဝင်သတ်မှတ်နိုင်ရေးကိစ္စဖြစ်ပြီး၊ နောက်တခုကတော့ ဧည့်စာရင်း တိုင်ကြားရတဲ့စနစ်ကို ပယ်ဖျက်လိုက်တဲ့ ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေကိစ္စ ဖြစ်ပါတယ်။ ဒီအကြောင်းအရာ ၂ ခုက သီးခြားစီလို့ဆိုရပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်မှာတော့ တခုနဲ့တခု ဆက်စပ်ပတ်သက်မှု ရှိခဲ့ကြတာ ပြည်သူအတော် များများ သိကြပါလိမ့်မယ်။ မဆလခေတ်က စတင်ပြီး စစ်အစိုးရအဆက်ဆက် အုပ်ချုပ်စဉ်က ဧည့်စာရင်း စစ်ခွင့်ပြုတဲ့ ဥပဒေဟာ အာဏာရှင်တို့ရဲ့ လက်စွဲဥပဒေဖြစ်ခဲ့ပါတယ်။ အာဏာရှင်လို့ ဆိုတဲ့နေရာမှာ ရပ်ကွက် ကျေးရွာ အဆင့် အာဏာ ပိုင်တွေလည်း အပါအ၀င် ဖြစ်ပါတယ်။ ပညာမဲ့ ကိုယ်ချင်းစာတရားမဲ့သူတွေ အာဏာရကြတဲ့အခါ ဒီဧည့်စာရင်းဥပဒေကို တံခိုးအာဏာပြခွင့်ရ လက်စွဲကျမ်းအဖြစ်ကျင့်သုံးခဲ့ကြတာ ပြည်သူတွေ မေ့ဦးမယ် မထင်ပါဘူး။

ရပ်ကွက် အာဏာပိုင်နဲ့ အဆင်မပြေသူ၊ အာဏာပိုင်က အတိုက်အခံလို့သတ်မှတ်ခံရသူတွေဆိုရင် အကြောင်းမရှိ အကြောင်း ရှာပြီး ဧည့်စာရင်းစစ်တာ ခံရလေ့ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးအတိုက်အခံလို့ သတ်မှတ်ခံရရင်တော့ အဲဒီမိသားစုအိမ် တအိမ်ထဲကိုပဲ ကွက်ပြီး ဧည့်စာရင်းစစ်တာ ခံရပါတယ်။ တခါတလေ ရက်ဆက်စစ်တာမျိုးတောင် ခံကြရ တယ်။ ဆိုးလွန်း တာက မလိုအပ်ဘဲ ခြင်ထောင်လှန်စစ်တာမျိုး၊ တန်းစီပြီး ထိုင်ခိုင်းတာမျိုး၊ တရားခံစစ် မေးခွန်းထုတ်တာမျိုးတွေ အတော်များ များ ကြုံခဲ့ဖူးကြပါတယ်။ တကယ်တော့ ဒါဟာ လူ့အခွင့်အရေး ချိုးဖေါက်မှု ဖြစ်ပါတယ်။ ပြစ်မှု တစုံ တရာ မကျူးလွန်ပါဘဲနဲ့ ဧည့်စာရင်းစစ်တဲ့အခါ ပြည်သူတွေကို တရားခံလိုဆက်ဆံကြတာဟာ အတော်ခံပြင်းစရာ လုပ်ရပ်ဖြစ်ပါတယ်။ ဧည့်စာရင်း စစ်တဲ့ အကြိမ်တိုင်းမှာ ပြည်သူတဦးရဲ့ လူ့ဂုဏ်သိက္ခာ နင်းချေခံတယ်လို့ ခံစားရပါတယ်။ ရာဇ၀တ်မှုမကင်းတဲ့သူတွေ၊ လူဆိုးတွေကို ထိန်းချုပ်ရမယ့် အလုပ်က ရဲအဖွဲ့ရဲ့ တာဝန်ဖြစ်ပါတယ်။ ဧည့်စာရင်း ဥပဒေမပေါ်ခင် ဖဆပလခေတ်တုံးက ရာဇ၀တ်မှုတွေကို ရဲအဖွဲ့က ဘယ်လိုကိုင်တွယ်ခဲ့သလဲ။ ရာဇ၀င်လူဆိုးတွေကို ဘယ်လိုမှတ်တမ်းတင် ထိန်းချုပ်ခဲ့သလဲ။ ပြန်ပြောင်းလေ့လာသင့်ပါတယ်။ ရဲတပ်ဖွဲ့ကို ခေတ်မှီ နည်းပညာများ ဖြည့်ဆည်းပေးခြင်းဖြင့် ရာဇ၀တ်မှုခင်းများကို ထိန်း ချုပ်သင့်ပါတယ်။

ဧည့်စာရင်းဥပဒေရဲ့ အဓိကပစ်မှတ်ကတော့ အတိုက်အခံ နိုင်ငံရေးသမားတွေပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေက ရာသက်ပန် အာဏာရယူထားလိုတဲ့အတွက် အာဏာရှင် ဗိုလ်နေ၀င်းခေတ်မှာစတင်ခဲ့တဲ့ အာဏာရှင်လက်စွဲ ဥပဒေ ဖြစ်တာကြောင့် ဒီကနေ့ ပြည်သူကိုယ်စားပြုလွှတ်တော်နဲ့ အစိုးရခေတ်မှာ ဒီဧည့်စာရင်းဥပဒေ ဖျက်သိမ်းခြင်းကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတခုအဖြစ် တည်ဆောက်ရာမှာ နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ နေထိုင်သွားလာခွင့်ကို ပြည်ထောင်စု လွှတ်တော်က ဆင်ခြင်သုံးသပ်ဆွေးနွေးပြီး ပြန်လည်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်တယ်လို့မြင်ပါတယ်။ လွတ်လပ်ခွင့်ကို အလွဲသုံးမယ့် လူဆိုးသူဆိုးတွေကို ဘယ်လိုကန့်သတ်ထိန်းချုပ်မလဲဆိုတာက နောက်ထပ် အစိုးရရယ်၊ လွှတ်တော်ရယ်၊ ပြည်သူရယ် ထပ်မံစဉ်းစားဆုံးဖြတ်ရမယ့် ကိစ္စတခု ဖြစ်ပါတယ်။

လတ်တလော အခြေအနေမှာတော့ ဧည့်စာရင်းတိုင်ကြားခြင်းဆိုင်ရာ ဥပဒေကို အမျိုးသားလွှတ်တော်မှာ ဇွန်လ ၃ ရက်နေ့ က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ဒီ ဥပဒေဖျက်သိမ်းဖို့ အမျိုးသားလွှတ်တော်မှာ တင်ပြခဲ့စဉ်  တပ်မတော်သား ကိုယ်စားလှယ်တွေ က ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် မဲခွဲဆုံးဖြတ်တဲ့ အခြေအနေ အထိရောက်ခဲ့ရကြောင်း မီဒီယာသတင်း တွေအရ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အများစုက ပယ်ဖျက်ဖို့ ဆန္ဒပြုတာကြောင့် ဧည့်စာရင်းဥပဒေကို အမျိုး သားလွှတ်တော်မှာ ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃ (ဆ) မှာ ညအိပ်ညနေတည်းခိုတဲ့သူတွေ ဧည့်စာရင်းတိုင်ဖို့ လိုပါ တယ်။ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက ဧည့်စာရင်းတိုင်ကြားတာကို လက်ခံရပါတယ်။ ဧည့်စာရင်းစစ်ဖို့နဲ့ တိုင်ကြားမှု ပျက်ကွက်တာ တွေ့ရှိခဲ့ရင် အရေးယူဖို့ ပြဋ္ဌာန်းထားပါတယ်။  ပုဒ်မ ၁၇ မှာတော့ ဧည့်သည်တွေ ဧည့်စာရင်းတိုင်ဖို့နဲ့ ပုဒ်မ ၂၇ အရ ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ၇ ရက် ဒါမှမဟုတ် ငွေဒဏ် ၅ဝဝဝ ကျပ်ပေးရမယ်လို့ပြဋ္ဌာန်းခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ အတည်ပြုခဲ့ပါတယ်။ အဆိုပါ ပုဒ်မ ၃ ခုကိုပယ်ဖျက်ဖို့ အမျိုးသားလွှတ်တော်မှာ မဲခွဲခဲ့တာဖြစ်ပါတယ်။ မဲပေးခွင့်ရှိသူ ၂၁၁ ဦးအနက် ထောက်ခံမဲ ၁၃၈ မဲ၊ ကန့်ကွက်မဲ ၆၈ မဲနဲ့၊ ကြားနေ ၂ မဲဖြစ်ပါတယ်။ ထောက်ခံသူအရေအတွက်က အများစု ဖြစ်လို့ ပယ်ဖျက်ဖို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်က အခုလို ဧည့်စာရင်းပယ်ဖျက်လိုက်တဲ့အပေါ် ကောင်းတယ်လို့မြင်သူတွေ ရှိသလို မကောင်းဘူးလို့ မြင်သူတွေလည်း ရှိပါတယ်။ ဧည့်စာရင်းတိုင်တဲ့ စနစ် ဖျက်သိမ်းဖို့ အချိန်စောပါသေးတယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဧည့်စာရင်း ဥပဒေအရ ဧည့်စာရင်းတိုင်ရတဲ့စနစ်ကို အာဏာရှင် ဦးနေ၀င်းခေတ် သို့မဟုတ် မဆလ တပါတီ အာဏာရှင်ခေတ်ကတည်းက ကျင့်သုံးလာခဲ့တာ ဖြစ်ပါတယ်။ ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်တာ စစ်ဆေးတွေ့ရှိခဲ့ရင် ထောင် ဒဏ် သို့မဟုတ် ငွေဒဏ်ချမှတ်ခံရပါတယ်။ ဒါကြောင့် မြန်မာပြည်သူလူထုက ဧည့်စာရင်းဥပဒေကို ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာ ရှင် လက်စွဲ စနစ်တခု အဖြစ်မြင်ကြပါတယ်။ အထူးသဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီရေး တောင်းဆိုကြတဲ့ ကျောင်းသားတွေ လယ်သမားတွေ အလုပ်သမားတွေကို ပစ်မှတ်ထားပြီး ဧည့်စာရင်း မတိုင်မှု နဲ့ အရေးယူ ဖိနှိပ်ခဲ့ပါတယ်။ မဆလခေတ်ကစပြီး စစ်အစိုးရအဆက်ဆက်ခေတ်မှာ ရပ်ရွာ အုပ်ချုပ်ရေးမှူးတွေကို အလိုတော်ရိ လက်ကိုင်ဒုတ်တွေကိုသာ ခန့်ထားတာ များပါတယ်။ တနည်းအားဖြင့် စစ်အာဏာရှင်စနစ်နဲ့စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူတွေကို အဲဒီ လက်ကိုင်ဒုတ် အုပ်ချုပ်ရေးမှူးဆိုသူတွေက ရှာဖွေဖေါ်ထုတ် သတင်းပေးရပါတယ်။ အထူးသဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့ အိမ်တွေကို စောင့်ကြည့်သတင်းပေးရတာဖြစ်ပါတယ်။ ဒါကြောင့် လက်ကိုင်ဒုတ် အုပ်ချုပ်ရေးမှူးဆိုသူတွေရဲ့ လက်အောက် မှာလည်း အလုပ်လက်မဲ့ ပညာမတတ် ခိုင်းသမျှလုပ်တဲ့သူတွေက ဆယ်အိမ်မှူး ရာအိမ်မှူးဆိုသူတွေ ဖြစ်လာပါတယ်။ ဒါ ကြောင့် ပြည်သူလူထုဟာ စစ်အာဏာရှင်တို့ရဲ့ နောက်လိုက် အလိုတော်ရိတွေနဲ့ မသင့်မြတ်ရင်၊ သူတို့အတွက် ရံပုံငွေ ကောက်ခံတဲ့အခါ မထည့်ဝင်ရင်၊ ဧည့်စာရင်းစစ် ဒုက္ခပေးတာ ခံကြရပါတယ်။ ဒါကြောင့် ဧည့်စာရင်းဥပဒေဟာ အာဏာ ရှင်စနစ် ခိုင်မြဲရေးရဲ့ လက်နက်ဖြစ်ခဲ့တာကြောင့် အခုလိုဖျက်သိမ်းဖို့ ဆုံးဖြတ်ခြင်းဟာ လျော်ကန်သင့်မြတ်တယ်လို့ ယူဆပါ တယ်။

ဆက်စပ်ပတ်သက်မှုအရပြောရရင် နိုင်ငံရေးအကျဉ်းသား မိသားစုမှန်သမျှ ဧည့်စာရင်းစစ်ဆေးမှု မခံရသူ မရှိပါဘူး။ နိုင်ငံ ရေးအရ စောင့်ကြည့်ခံရသူတို့ကို ၀န်းရံတယ် ထောက်ခံတယ်လို့ ထင်ရင်လည်း ထင်မြင်ခံရတဲ့ အိမ်တွေကို ပစ်မှတ်ထားပြီး ဧည့်စာရင်း စစ်ပြန်ပါတယ်။ ခြိမ်းခြောက် ဖိနှိပ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဧည့်စာရင်း ဆိုးဆိုးရွားရွားအစစ်ခံရသူတွေဟာ ယခင်က နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေဖြစ်ပါတယ်။

နောက်တခုကတော့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် ပေါ်ပေါက်လာရေးဖြစ်ပါတယ်။ နိုင်ငံရေးကိစ္စကြောင့် ဖမ်း ဆီး ထိန်းသိမ်းအကျဉ်းချခံရသူတွေကို နိုင်ငံရေးအကျဉ်းသားများအဖြစ် အစိုးရက အသိအမှတ်ပြုပြီး တာဝန်ယူရေး ဖြစ်ပါ တယ်။ ၂၀၁၆  ဇွန်လ ၂ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ယခုအစိုးရသစ်လက်ထက်မှာ နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရများနဲ့ပတ်သတ်ပြီး အဓိပ္ပါယ်ဖွင့်ဆိုရန် ရှိ/မရှိ ဆိုတဲ့မေးခွန်းကို ပြည်သူ့လွှတ်တော်ဥက္ကဌမှတဆင့် မေးမြန်း ခဲ့ပါ တယ်။ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကျဉ်းသားအားလုံး တန်းတူ အခွင့်အရေး ရရှိမှာ ဖြစ်လို့ နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေကို  သီးခြားအထူးအခွင့်အရေး မပေးနိုင်ကြောင်း ပြောကြားခဲ့တာ ကြားရပါတယ်။ အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး  နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်တဲ့ အသိုင်းအ၀ိုင်းက ဝေဖန်ကန့်ကွက်ခဲ့တဲ့ အသံတွေ ပေါ်ထွက်လာခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် ပေါ်ပေါက်လာဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများကို အသိအမှတ်ပြုရေးကိစ္စများ  ဟာ  ပြည်သူက တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရက အမြန်ဆုံးလုပ်ဆောင်ရမယ့် ကိစ္စဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့က မေတ္တာရပ်ခံ တိုက်တွန်းခဲ့ တဲ့ သတင်းကိုလည်း သတိပြုမိပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနဟာ အရင်အစိုးရလက်ထက်ကလည်း နိုင်ငံရေး အကျဉ်းသားများနဲ့ပတ်သက်လို့ ယခု ဒုဝန်ကြီး  ဗိုလ်ချုပ်အောင်စိုး ဖြေဆိုခဲ့တဲ့ သဘောထားအတိုင်း ထပ်တူဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိသမ္မတ ဦးထင်ကျော်အစိုးရရဲ့ မူဝါဒများနဲ့ မတူတဲ့ အရင်မူဝါဒဟောင်းတွေကို အဓိကကိုင်စွဲ ပြောနေတာ ပေါ်လွင်ပါတယ်။

‘‘အလားတူမေးခွန်းအား ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေ၀င်းမြင့်မှ မေးမြန်းခဲ့ဖူးပြီး သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းမှ ဖြေကြားရာ၊ နိုင်ငံရေးအကျဉ်းသားအဖြစ် ခွဲခြားသတ်မှတ်၍ အခွင့်အရေး ပေးပါက အကျဉ်းထောင်အတွင်း အခွင့်ထူးခံ အကျဉ်းသားများပေါ်ပေါက်လာမည် ဖြစ်သောကြောင့် နိုင်ငံရေးအကျဉ်းသား စကားရပ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုရန် အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်ကို စကိုင်းနက် လွှတ်တော်ချန်နယ် ရုပ်သံလိုင်းမှ မြင်တွေ့ကြားသိခဲ့ရပါသည်။’’ လို့ AAPP က “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ မေတ္တာရပ်ခံချက်” မှာ ထည့်သွင်း ဖေါ်ပြခဲ့ပါတယ်။

ဒီ့ အပြင် AAPP က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး မှ ဧပြီလ ၇ ရက်၊ ၂၀၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ထုတ်ပြန် ကြေငြာချက် အပိုဒ် (၁) တွင် အတိအလင်း ပြောဆိုထားသည်မှာ “ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှား သူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသား၊ကျောင်းသူများ လွတ်မြောက်ရေးသည် ပြည်သူ လူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်း တခုဖြစ်ပါသည်” လို့ ဆိုထားကြောင်း ထောက်ပြတာလည်း တွေ့ရတယ်။

တကယ်တော့ ဗိုလ်နေ၀င်းခေတ် မတိုင်မီ၊ ကိုလိုနီခေတ်နဲ့ ဖဆပလခေတ်တွေတုံးက အကျဉ်းထောင်တွေမှာ အေအဆင့် အကျဉ်းသား (A Class)၊ ဘီအဆင့်အကျဉ်းသား (B Class) ၊ စီအဆင့်အကျဉ်းသား (C Class) ဆိုပြီး၊ အတန်းအစားခွဲခြား သတ်မှတ်မှု ရှိခဲ့ပါတယ်။ အဲဒီခေတ်က နိုင်ငံရေးအကျဉ်းသားတွေဟာ စာရေးခွင့် စာဖတ်ခွင့် ရရှိရုံမက ထောင်တွင်းမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အခမ်းအနားတွေတောင် လုပ်ခွင့်ရရှိခဲ့ပြီး၊ လွတ်လွတ်လပ်လပ် ပြောဆို ဆွေးနွေးခွင့်တွေလည်း ရရှိကြောင်း ဖဆပလခေတ် သခင်နိုင်ငံရေးသမာကြီးများက ပြောပြခဲ့ဖူးတာ မှတ်မိပါတယ်။  ဗန်းမော်တင်အောင်၊ သခင်မြ သန်း၊ မြသန်းတင့်၊ မောင်နေ၀င်း၊ လူထုဦးလှ၊ အစရှိတဲ့ နိုင်ငံရေးသမား စာရေးဆရာကြီးတွေရဲ့ ထင်ရှားတဲ့ စာအုပ် အချို့ ဟာ အကျဉ်းထောင်ထဲမှာ ရေးခွင့်ရခဲ့ကြတာဖြစ်ကြောင်း မှတ်တမ်းမှတ်ရာတွေရှိပါတယ်။ ဒီအချက်က နိုင်ငံရေးအကျဉ်း သားတွေရဲ့ အရည်အချင်းနဲ့ စိတ်စေတနာများဟာ ရာဇ၀တ်အကျဉ်းသားများနဲ့ခြားနားတာ ပြသနေပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းတွေအနေနဲ့ အဓိကအားဖြင့် ပြောလိုတာက ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မူဝါဒကို ပြောင်းလဲ စေလိုခြင်း ဖြစ်ပါတယ်။ လက်ရှိ အစိုးရရဲ့ ရွေးကောက်ပွဲ ဆောင်ပုဒ်ဖြစ်တဲ့ “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ စကားနဲ့ ဆီလျော် ညီညွတ်တဲ့ မူဝါဒဖြစ်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မူဝါဒလည်း ပြောင်းလဲသင့်ပြီ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်း သား ဟောင်းအဖွဲ့ (FPPS) က အကြံပြု တိုက်တွန်းထားပုံရပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေတဲ့အချက်ကိုလည်း သတိပြုမိပါတယ်။ အမှန်ဖြစ်သင့်တာက ပြည်ထဲရေးဝန်ကြီးဟာ သမ္မတ ဦးထင်ကျော်ကို တာဝန်ခံရမှာ ဖြစ်တယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဒီမိုကရေစီနည်း မကျမှုကြောင့် နိုင်ငံအုပ်ချုပ်ရေး ကဏ္ဍတွေမှာ တပ်မတော်က စစ်ရေးအမြင်တွေနဲ့ ပါဝင်လုပ်ကိုင်နေတာ တွေ့နေရတယ်။ အရပ်ဖက်ဆိုင်ရာ အုပ်ချုပ်ရေး ကိစ္စမှာ စစ်ဖက် အရာရှိတွေက စစ်ရေးအမြင်နဲ့ ၀င်ရောက်ဆောင်ရွက်နေတာကိုက ဆီလျော်မှုမရှိ ဖြစ်နေတယ်။ ဒါကြောင့် အခု နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်တဲ့ အမြင်မှာလည်း စစ်အရာရှိတွေက အရပ်သား နိုင်ငံရေးသမားတွေကို မိတ်ဖက် အဖြစ် မကြည့်ဘဲ ရန်သူလို့ မြင်နေတယ်။ အဲဒီလို တရားသေအမြင် အစွဲတွေကြောင့် ယခု ကိစ္စကို ညှိနှိုင်းလို့ အဆင်မပြေ ဖြစ်နေပုံရပါတယ်။ 

တကယ်တော့ နိုင်ငံရေးအရ အကျဉ်းချခံထားရသူ အမျိုးသား အမျိုးသမီးတွေဟာ မြန်မာနိုင်ငံမှာ အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာအောင် ကူညီနေကြသူတွေဖြစ်ပါတယ်။ နိုင်ငံကောင်းကျိုး သယ်ပိုးလိုတဲ့ ရည်ရွယ်ချက် ချင်း တူတယ်ဆိုရင် ရန်သူတွေလို့ မမြင်သင့်ဘူး ထင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟာ ရာဇ၀တ်အကျဉ်းသား နဲ့ ခြား နားပါတယ်။ ဒါကြောင့် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိသင့် ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရှိနေတာကိုလည်း အသိအမှတ်ပြုပြီး၊ အမြန် လွှတ်ပေးရေးအတွက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ (FPPS) တို့ရဲ့ အကြံပြု မေတ္တာရပ်ခံချက်ကို အစိုးရအနေနဲ့ အလေးအနက် စဉ်းစားဆောင်ရွက်သင့်ကြောင်း တိုက်တွန်းအပ်ပါ တယ်။

(ဒီလှိုင်းစာစောင် ၂၀၁၆ ဇွန်လ ၁၃ ရက်၊ တနင်္လာနေ့မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါး။)

ကိုသန်းလွင် ● မြို့ကြီးများမှ အိမ်ယာပြဿနာ

$
0
0
ကိုသန်းလွင် ● မြို့ကြီးများမှ အိမ်ယာပြဿနာ
(မိုးမခ) ဇွန် ၁၃၊ ၂၀၁၆

(၁)
ကမ္ဘာမြို့တော်ကြီးများတွင် ယနေ့ရင်ဆိုင်နေရသည့် အခက်အခဲတခု မှာဆင်းရဲသူလူတန်းစားများအတွက် နေစရာ အိမ်များ ဖန်တီးပေးရေးပင် ဖြစ်သည်။ စိတ်အေးချမ်းသာနေနိုင်သော၊ မိမိကိုယ်ပိုင် ပိုက်ဆံဖြင့် ၀ယ်နိုင်အားရှိသောအိမ်များ လုံလုံ လောက်လောက် မရှိကြခြင်းမှာ နိုင်ငံများစွာတို့တွင် ကြီးမားသောပြဿနာကြီးများ ဖြစ်လာကြပါသည်။

နိုင်ငံအများအပြားတွင် ဆင်းရဲသူလူတန်းစားမှာ ကျူးကျော်ရပ်ကွက်များတွင် ဖြစ်သလိုအိမ်ဆောက်ပြီး နေကြရခြင်းမှာ ထုံး စံလိုဖြစ်နေပါပြီ၊ တကမ္ဘာလုံးအနေဖြင့်ဆိုလျင် ထိုလူဦးရေမှာ လူပေါင်း သန်းတထောင်ကျော်ခန့် ရှိပါလိမ့်မည်။

အာရှတိုက်တခုလုံးအတွက်မူ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ ဤသို့ ဆင်းဆင်းရဲရဲနေကြရသည်ဟု ခန်မှန်းကြသည်။ အိမ်ဈေး နှုန်းကို ဈေးကွက်အလိုကျ လွှတ်ပေးထား၍ ဖြစ် မဖြစ်၊ ဤအိမ်ဈေးနှုန်း အတက်အကျကို ဘယ်လိုအရာများက ဆုံးဖြတ် သည်ဆိုသော အချက်အလက်များကို ရှာဖွေရန်မှာ အစိုးရတိုင်း၏ တာဝန်ဖြစ်လာသည်။

သန်းထောင်ပေါင်းများစွာ ချမ်းသာကြသော ဘီလီယံနာအများဆုံးနေထိုင်ရာ နယူးယောက်မြို့တော်ကြီးတွင် အိုးမဲ့ အိမ်မဲ့ ပြဿနာမှာ ကြီးထွားလာနေပါသည်။ ၂၀၁၄ ခုနှစ်က အိမ်ငှားရမ်းနေထိုင်သူများ၏အခြေအနေမှာ ကြီးမားလာသော အိမ် ငှားခကို မပေးနိုင်၊ အချို့ဆိုလျင် မိမိလစာ၏ ၃၀ ရာခိုင်နှုန်းအထက်ကို အိမ်လခအတွက် ပေးနေကြရသည်။ ဈေးကစားသူများ၊ မိမိအမြတ်ရရှိရေးကိုသာ ဦးစားပေးသည့် အပြိုင်အဆိုင် ဈေးကွက် စီးပွားရေး စနစ်တွင် ဈေးတွေက တက်ချင်တိုင်းတက်နေပြီး အုပ်ချုပ်သောအစိုးရက ၀င်ရောက် စွက်ဖက်လေ့မရှိပေ။

ဟောင်းအိုနေပြီဖြစ်သော မြို့တော်၏နေရာများစွာတို့တွင် အိမ်ယာစီမံကိန်းအသစ်များက အစားထိုးဝင်ရောက်လာနေကြ သည်။ ၎င်းတို့မှာ လူဆင်းရဲတို့နေရာများဖြစ်ရာ သူတို့မှာဘေးသို့ တွန်းပို့ခြင်းခံနေရသည်။ ရာဇ၀တ်မှု အများဆုံးဖြစ်ပွားရာ၊ ပြဿနာပေါင်းစုံသောနေရာဖြစ်သော်လည်း ထိုနေရာများမှာ သူတို့နေရာ ဖြစ်သည်။ များမကြာမီမှာပင် ကုန်တိုက်ကြီးများ အထပ်မြင့် ဆောက်အဦးကြီးများဖြင့် မြို့သစ်ကြီးဖြစ်လာသော်လည်း လူဆင်းရဲများမှာ ပိုပြီးဝေးရာသို့ ရွှေ့သွားရပြီဖြစ်သည်။

အိမ်ယာအခက်အခဲက ဖန်တီးလိုက်သောပြဿနာများမှာ နေရာအနှံ့ ပြန့်နှံ့နေပြီး၊ ကျန်းမာရေးစီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စများဖြင့် ရှုပ်ထွေးလာတော့သည်၊ အိမ်ယာစီမံကိန်းများမှာ အိမ်သစ်များတိုးလာခြင်းကို ကြိုဆိုကြသော်လည်း ဆင်းရဲ သားများ နေရာပြောင်းရခြင်းမှာ မလိုလားအပ်ပေ။

၂၀၁၃-၂၀၁၄ တနှစ်တာကာလအတွင်းမှာပင် အိမ်ယာနှင့်ပတ်သက်ပြီးရင်းနှီးမြုပ်နှံမှုများမှာ ၃၀ ရာခိုင်နှုန်း တိုးတက် လာ သည်။ တချိန်တည်းမှာပင် အများပိုင် ပြည်သူလူထု အသုံးပြုနိုင်သော ဧရိယာအကျယ်အ၀န်းမှာ လျှော့နည်းသွားရပါသည်။ လူဆင်းရဲရပ်ကွက်များတွင် နေထိုင်သူများမှာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အဆင့်အတန်းများ နိမ့်ကျရသည်။ မိဘများ ကွာရှင်းကြရခြင်း၊ ကလေးများ တက္ကသိုလ် အထိပညာမသင်နိုင်ကြခြင်း၊ လစာများများရသောဝန်ထမ်း မဖြစ်လာကြခြင်းများ ကို ထိုပတ်ဝန်းကျင်တွင် တွေ့ရတတ်ပါသည်၊၊

နယူးယောက်မြို့တော်ကြီးတွင် အိုးအိမ်မဲ့လူဦးရေမှာ တသိန်းတသောင်းကျော် ရှိသည်။ ထိုလူဦးရေတွင် ကလေး သူငယ်များ က ၄၂,၀၀၀ ခန့်ပါဝင်သည်။ အိမ်ခန်းလိုအပ်သူ ၆ သိန်း ခန့်ရှိနေချိန်တွင် ၂ သိန်း ၇ သောင်းကျော်သာ အိမ်ခန်းရနိုင်မည့် အနေအထားတွင်ရှိသည်။ နယူးယောက်မြို့တော်ဝန်ကမူ လာမည့် ၁၀ နှစ်အတွင်း တန်ဖိုးနည်းအိမ်ယာ နှစ်သိန်းကျော်မျှ ဆောက်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။

၂၀၁၃ ခုနှစ်တွင် နိုင်ဂျီးရီးယားနိုင်ငံ လားဂို (စ) မြို့တွင် အိမ်ခြေ ၉၀၀၀ ကျော်ကို နှင်ထုတ်ရသောအဖြစ်နှင့် ကြုံခဲ့ကြရသည်။ နိုင်ဂျီးရီးယားနိုင်ငံ ဗစ်တိုးရီးရားဒေသသည် အိမ်ယာဈေးနှုန်း ကမ္ဘာတွင်အမြင့်ဆုံးနေရာ ဖြစ်လာခဲ့သည်။ ထိုအိမ်ယာ ပရော ဂျက်များကြောင့် ထိုနိုင်ငံတွင် သန်းကြွယ်သူဌေးအရေအတွက် များပြားလာသည့်နည်းတူ ဆင်းရဲမွဲတေမှုရာနှုန်းမှာ ၆၂  ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်က ဆင်းရဲမှုနှုန်းမှာ ၅၅ ရာခိုင်နှုန်းမျှသာရှိခဲ့သည်။

(၂)
စီးပွားရေးပညာရှင် သောမတ် (စ) ပီကာတီနှင့် ဂျိုးဇက် စတစ်ဂလစ် (Thomas Piketty & Joseph Stiglitz) တို့က ကမ္ဘာ ကြီးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဆင်းရဲချမ်းသာကွာဟမှုသည် ပိုမိုကြီးထွားလာလိမ့်မည်။ တဆက်တည်း မှာပင် ဤကွာဟမှုမှ လူထုအတွင်း မငြိမ်မသက်မှုများနှင့် ရာဇ၀တ်မှုများဖြစ်စေလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့ကြပါသည်။

မကြာမီက ဘလာတီမိုးတွင်ဖြစ်ပွားခဲ့သော အဓိကရုဏ်းများနှင့် အခြားအမေရိကန်မြို့ကြီးများမှ ရန်ပွဲများမှာ ဤအကျိုး ဆက်ပင် ဖြစ်ပါသည်ဟုဆိုသည်။ ဆင်းရဲချမ်းသာကွာဟမှုက ပြဿနာများဖန်တီးသည်ဆိုလျှင် ဆင်းရဲသူများက ထိုက်သင့် သော အိုးနှင့်အိမ်နှင့် နေနိုင်ကြသည်ဆိုလျင်ကောဟု မေးစရာရှိသည်။ ထိုမှဆက်၍ ပြည်သူလူထုက အသစ်ဆောက်သော အိမ်များကို ပြည်သူအများစု ၀ယ်နိုင်စေရန် အစိုးရနှင့် ပေါ်လစီရေးဆွဲသူများက ဘာတွေလုပ်ရမလဲဟု မေးစရာရှိလာပါသည်။ ကမ္ဘာ့မြို့တော်ကြီး  သုံးခုဖြစ်သော စင်ကာပူ၊ ဗီယင်နာနှင့် ဘာလင်မြို့တော်ကြီးများတွင် ပြည်သူတို့အတွက် လူနေအိမ်များ ဖန်တီးပေးပုံကို လေ့လာကြည့်နိုင်ပါသည်။

စင်ကာပူနိုင်ငံ ဥပမာတွင် အိမ်များကို နိုင်ငံတော်အစိုးရကဦးဆောင်တည်ဆောက်ပေးသည်၊ ပြည်သူလူထုကို အိုးပိုင်အိမ်ပိုင် ၀ယ်နိုင်စေရန် စီစဉ် ပေးခြင်းနှင့်အတူ နိုင်ငံ၏စီးပွားရေးမှာလည်း ဖွံ့ဖြိုးတိုးတက်လာပါသည်။ ၁၉၆၅ ခုနှစ် လွတ်လပ်ရေးရအပြီး စင်္ကာပူအစိုးရ၏ HDB Housing Development Board ၏ဆောင်ရွက်ချက်များတွင် (Innovation) ဖန်တီးတီထွင်မှုများကို တွေ့မြင်နိုင်ပါသည်။ အစိုးရ၏စီမံမှုနှင့် ပြည်သူလူထုအတွက် နေစရာအိမ်ဖန်တီးပေးနိုင်ခဲ့ပုံမှာ နိုင်ငံရေး၊ စီးပွားရေး ရှု့ထောင့် များကကြည့်လျှင် ပထမတန်းစား ၀န်ဆောင်ပေးမှုလည်း ဖြစ်ပါသည်။ လူ့သက်တမ်းတခုအတွင်းတွင် မြို့တော်၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ပျံကျ ဖြစ်သလိုနေရသောအခြေအနေမှ အထပ်မြင့်အဆောက်အဦးများဖြင့် နေနိုင်လာကြပြီး ကမ္ဘာ့အ ဆင့်မှီ မြို့တော်ကြီး ဖြစ်လာခဲ့ပါသည်။ ၁၉၆၀ ခုနှစ်များဆီက လူဦးရေ ၁.၉ သန်းရှိသောမြို့တော်ကြီးမှာ ၁.၃ သန်းသော လူများအတွက် အိမ်ယာများကိုဖန်တီးပေးခဲ့ပြီး တရားမ၀င်ကျူးကျော်နေထိုင်သူမရှိအောင် ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်ပါ သည်။ ကျွန်းပေါ်မှ မြေဧရိယာ၏ ၉၀ ရာခိုင်နှုန်းကို အစိုးရကပိုင်ဆိုင်ပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ HDB  Flat များတွင် နေထိုင်နေကြပါပြီ။

၁၉၉၀ နှင့် ၂၀၀၀ နှစ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဝင်ရောက်လာခဲ့ပြီး စင်္ကာပူသည် စီးပွားရေး အချက် အခြာမြို့ကြီးဖြစ်လာကာ အိမ်ဈေးများလည်း တက်လာခဲ့သည်။

အစိုးရက ပြည်သူတို့၏ စီးပွားရေးအပါအ၀င် ကိစ္စအ၀၀တွင် ပါဝင်ပတ်သက်နေသည်ဆိုစေ အိမ်ဈေးနှုန်းများ အဆမတန် ဈေးကြီးလာခြင်းကို ကနဦးကမတားဆီးနိုင်ခဲ့ပါ။ အစိုးရက ဈေးဖောင်းပွလာသည်ကို ရပ်တန့်စေရန် Cooling Effects ခေါ် စည်းကမ်းအသစ်များချမှတ်ပြီးမှသာ အဆမတန်တက်လာသော အိမ်ဈေးကို ရပ်တန့်စေနိုင်ခဲ့သည်။

(၃)
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော်သည် ၆ နှစ်ဆက်တိုက် ကမ္ဘာပေါ်တွင်နေထိုင်ရန် အကောင်းဆုံးမြို့တော် အဖြစ်ရွေး ချယ်သတ်မှတ်ခြင်းခံခဲ့ရပါသည်။ လူနေမှုအဆင့်အတန်းအမြင့်ဆုံးဖြစ်သည်ဟု ဆိုလိုပါသည်။ အကောင်းဆုံး Transport System ရှိခြင်း၊ ယဉ်ကျေးမှုပေါင်းစုံ၊ လူမျိုးပေါင်းစုံ နေထိုင်နိုင်သောနေရာဖြစ်ခြင်း ပြည်သူလူထုက ဈေးသက်သာစွာ ၀ယ် နိုင်သော အိမ်ယာများရှိခြင်းစသော ဂုဏ်အင်္ဂါများ ရှိခဲ့ပါသည်။

မြို့တော်၏ အလုပ်သမားလူတန်းစားအတွက် ဈေးနှုန်းချိုသာစွာ နေအိမ်ဝယ်နိုင်အောင် စီမံထားခြင်းမှာ ၂၀ရာစု အစက တည်းက ဖြစ်ပါသည်။ အစိုးရ၏ ပထမဦးစားပေးအလုပ်မှာ ပြည်သူလူထု ဈေးသက်သက်သာသာဖြင့် အဆင့်အတန်းမြင့်မြင့် နေနိုင်ရေးပင်ဖြစ်သည်။ လုပ်သားများ၏အိမ်ယာများကို အနုပညာလက်ရာမြောက်အောင် တည်ဆောက်ထားကြသလို ဒီ ဇိုင်း အသစ်အဆန်းများဖြင့် လှပနေတတ်ပါသည်။ အစိုးရ၏ အခြားရည်မှန်းချက်များတွင် လက်ရှိနေထိုင်သူများ အချင်း ချင်း ပိုမိုရင်းနှီး ထိတွေ့ဆက်ဆံနိုင်ကြရန်လည်းပါဝင်ပါ သည်။

မြို့တော်က အိမ်များ၏၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး အခြား၂၃ ရာခိုင်နှုန်မှာ ပုဂ္ဂလိကကုမ္ပဏီများက ပိုင်ဆိုင်သည်။ ဈေးနှုန်း နှင့် ဒီဇိုင်းကိုမူ မြို့တော် စီမံခန့်ခွဲရေးကော်မတီက ထိမ်းချုပ်ထားသည်။ ခွင့်ပြုသည့်ပုံစံနှင့်သာ ဆောက်လုပ်ရသည်။ အစိုးရ က လိုင်စင်ချပေးသောကုမ္ပဏီများမှ ဆောက်လုပ်သမျှ၏ တ၀က်မှာ လစာနည်းဝန်ထမ်းများအတွက် ဖြစ်သည်။

အိမ်ငှားခမှာ ငှားရမ်းနေထိုင်သူ လစာငွေ၏ ၂၅ ရာခိုင်နှုန်းအထိသာ သတ်မှတ်နိုင်သည်။ နှစ်စဉ် တန်ဖိုးနည်းအိမ်ယာ အ သစ် ၅၀၀၀ ခန့် အသစ်ဆောက်လုပ်ပေးနေသည်။ ကြီးမားသော အိမ်ယာပရောဂျတ်များသည် ဈေးဆိုင်၊ စားသောက်ဆိုင်များ၊ ကလေးထိန်းကျောင်းများ၊ အားကစားလေ့ကျင့်နေသောနေရာများ ပါဝင်ရသည်။

ယခင်ကမူ ဗီယက်နာမြို့တော်ကဲ့သို့ပင် ဘာလင်မြို့တော်ရှိ အိမ်ယာများမှာ ဆင်းရဲသားများပါ ၀ယ်နိုင်အောင် မြို့တော်က (Subsidize) စီစဉ်ပေးသော အိမ်ယာများဖြစ်ကြသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်မှ စတင်၍ စက်မှု ဖွံ့ဖြိုး တိုးတက်လာမှုကြောင့် လုပ်သားအများစုက မြို့တော်ကြီးသို့ ပြောင်းရွှေ့လာကြရာတွင် လူနေအိမ် အခက်အခဲဖြစ်လာခဲ့သည်။ လူဦးရေမှာ အုပ်ချုပ် သူများ မျှော်လင့်ခန်မှန်းထားသည်ထက် နှစ်ဆခန့် ပိုခဲ့သည်။ လုပ်သားဦးရေများပြားလာမှုမှာ စီးပွားရေးအတွက် အိမ်ယာ ဈေးကွက်အတွက် ကောင်းပါသည်။ သို့သော်လည်း တစစ မြင့်တက်လာသော အိမ်ဈေးနှုန်းကြောင့် အများစုက မ၀ယ်နိုင်ကြ တော့ပေ။

ထိုအဖြစ်ကိုကာကွယ်ရန် “Rental Price Brake"ဟုခေါ်သော အိမ်ငှားရမ်းခကို အစိုးရက အခြေအနေအရပ်ရပ်ကို လေ့လာ ပြီး သတ်မှတ်ပေးသည့်စနစ်ကို ကျင့်သုံးလာကြသည်။ အစိုးရ သတ်မှတ်ဈေးထက် ဆယ်ရာခိုင်နှုန်းသာ လိုလို ပိုပို ခွင့်ပြုပြီး အိမ်ငှားစာချုပ်များကို အာဏာပိုင်တို့က အတည်ပြုပေးသည်။ လွန်ခဲ့သောနှစ် ဇူလိုင်လက ပြဌာန်းခဲ့သော ဥပဒေကြောင့် အိမ်ဈေးနှုန်းမြင့်မားလာနေမှု ရပ်တန့်သွားပြီး ယခုအခါ ပြန်လည်ကျဆင်းနေပြီဟုဆိုသည်။

မြို့နေလူထု အိမ်ဝယ်နိုင်ရေးအတွက် ပေါ်လစီချမှတ်ရာတွင် တီထွင်ကြံဆမှု (Innovation) ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးများနှင့် တာဝန်ရှိသူဝန်းထမ်းများ၏ ပေါ်လစီကို အကောင်အထည်ဖော်နိုင်မှု၊ ဆင်းရဲသူ ပပျောက်ရေးကို ရှေးရှုသော နိုင်ငံရေးရာ သဘောတူညီမှုများ လိုအပ်ပါသည်။

ဗ်ီယင်နာ၊ ဘာလင်နှင့် စင်ကာပူမြို့တော်ကြီးများ၏ဥပမာများတွင် တူညီသောအချက်မှာ အိမ်များသည် နေချင်စဖွယ်ရှိပြီး သာမာန်လုပ်သားပြည်သူများ ၀ယ်နိုင်ကြခြင်းပင် ဖြစ်ပါသည်။ တချိန်တည်းမှာပင် စီးပွားရေး တိုးတက်လာမှုလည်းရှိရပါမည်။ အစိုးရ၏ ပါဝင်ပတ်သက်ရေးမှာ အိမ်ဈေးကွက် တည်ငြိမ်ရေးတွင် မရှိမဖြစ် လိုအပ်ပါသည်။ အရာရာကို ဈေးကွက်အလိုကျ လွှတ်ထားလိုက်လျှင် ဈေးနှုန်း ဖောင်းပွလာခြင်းကို ဥပမာအမျိုးမျိုး ကျွန်တော်တို့ တွေ့ခဲ့ကြပြီးပါပြီ။ ကမ္ဘာ့နေရာအသီးသီးမှ မြို့တော်ကြီးများ၌ ဤပြဿနာကို ရင်ဆိုင်နေကြရပါသည်။

ဤမြို့ကြီးသုံးမြို့၏ ဥပမာမှာ တခြားမြို့ကြီးများတွင်  ဤနည်းအတိုင်းလုပ်ကြရမည်ဟူသော ဖော်မျူလာကို မပေးပါ။ နေရာ ဒေသကိုလိုက်၍ လိုအပ်သလို ပြုပြင်ပြင်ဆင်ရမည့်အရာများရှိကြပါသည်။ ၎င်းတို့က သက်သေပြနေသောအချက်မှာ အုပ် ချုပ်သူ အာဏာပိုင်များကပါဝင်၍ မှန်မှန်ကန်ကန်ဖေးမတည့်မတ်ပေးနိုင်ပါလျှင် နေချင်စဖွယ်နှင့် လူတိုင်းနေနိုင်သော အိမ် ယာများ ပေါ်ပေါက်လာစေနိုင်ပါသည်ဟူသော အချက်ပင်ဖြစ်ပါသည်။

အထက်က ဖေါ်ပြခဲ့သည့်အတိုင်း စီးပွားရေးပညာရှင်နှစ်ဦးက နိမိတ်ဖတ်ခဲ့သော စီးပွားရေးတိုးတက်မှုကြောင့် ရင်ဆိုင်ရမည့် မကောင်းမှု ဆိုးကျိုးများကို နေချင်စရာကောင်းသော အိမ်များက အကာအကွယ်ပေးနိုင်လိမ့်မည် ဟု ယုံကြည်မိပါသည်။

ကိုသန်းလွင်
Ref: How Singapore, Vienna, and Berlin Provide affordable Housing   By Leng Simet, The Sunday Time  May 15,2016 issue.

 illustration :Alvaro Castagnet

ကာတွန်း ညီထွေး - ဖရီး ဖရီး ဆိုလို့ တော်တော့တယ်

$
0
0

ကာတွန်း ညီထွေး - ဖရီး ဖရီး ဆိုလို့ တော်တော့တယ်
(မိုးမခ) ဇွန် ၁၄၊ ၂၀၁၆

သာထက်အောင် ● စနစ်ကောင်း၊ လူကောင်းမှ ခေတ်ပြောင်းမည်

$
0
0
သာထက်အောင် ● စနစ်ကောင်း၊ လူကောင်းမှ ခေတ်ပြောင်းမည်
(မိုးမခ) ဇွန် ၁၄၊ ၂၀၁၆

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး၊ ၂၀၁၆ ဧပြီလ ၁ရက်နေ့မှာ စတင်တာဝန်ယူခဲ့တဲ့ ဒီချုပ်အစိုးရ စတက်ပြီး မကြာခင်မှာပဲ ရက် ၁၀၀ စီမံချက် ဆိုတာကြီးကို ကြေညာခဲ့ပါတယ်။  တိုးတက် အောင်မြင်မှုတွေကို အာသာငမ်းငမ်း မြင်ချင်ကြတဲ့ ပြည်သူ တွေမှာလည်း ရက် ၁၀၀ ကို လက်ချိုးရေပြီး စောင့်ကြည့်နေကြပါပြီ။  တိုးတက်ဖွံ့ဖြိုးပြီး အရှိန်ရနေတဲ့ အင်အားကြီး နိုင်ငံ တွေဖြစ်တဲ့ အမေရိကန်တို့လို အင်္ဂလန်တို့လို နိုင်ငံတွေမှာတောင် ခေါင်းဆောင် အပြောင်းအလဲ အစိုးရအပြောင်းအလဲဖြစ်ခဲ့ရင် ရက် ၁၀၀ အတွင်း တိုးတက်အောင်မြင်မှုတွေ သိသိသာသာကြီး မမြင်နိုင် မတွေ့နိုင်သေးတော့ကား အဖက်ဖက်က ချွတ်ခြုံကျ ပျက်စီးနေတဲ့ ရွှေပြည်ကြီးကို ရက် ၁၀၀ အတွင်း ကျွန်တော်တို့ ဘယ်လောက် မျှော်လင့်နိုင်မလဲဆိုတာ စဉ်းစား စရာပါ။

ဒီကြားထဲ ရူးကြောင်ကြောင်ပုဂ္ဂိုလ်တယောက်က စိတ်ရူးပေါက်ပြီး ကြော်ငြာလိုလို ဘာလိုလိုနဲ့ ရက် ၅၀၀ အတွင်း အာဆီယံ နိုင်ငံအတွင်း ထိပ်ဆုံးရောက်ရမယ် လုပ်နေပြန်သေးတယ်။  တကယ်တော့ တိုင်းပြည်တိုးတက်ဖို့ ကြိုးစားအားထုတ်ရာမှာ စနစ်ကောင်းဖို့နဲ့ လူကောင်းဖို့သာအဓိကဖြစ်တဲ့အတွက် မလိုအပ်ဘဲ ပိုစတာထောင်ပြီး စိတ်ကူးယဉ် အာသာဖြေတဲ့အလုပ် မျိုးတွေ ရပ်သင့်ပါပြီ။  မှတ်မိကြမှာပေါ့ “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်” ဆိုတာမျိုးတွေပေါ့။  အခုလည်း ရက် ၁၀၀ ပြည့်လို့ ဘာမှမည်မည်ရရမပြနိုင်ခဲ့ရင် “အလကား သင်္ကြန်အမြောက်ပါကွာ” ဆိုတဲ့အသံမျိုး ကြားရရုံကလွဲပြီး ပါတီနဲ့ အစိုး ရကို အထင်သေး အမြင်သေး ဖြစ်နိုင်တာမို့ ကိုယ့်အလုပ်ကို ရိုးရိုးသားသားကြိုးကြိုးစားစား လုပ်ပြနိုင်ရင် လုံလောက်ပါပြီ။  တချို့ကလည်း သိမ်ငယ်ရဖန်များလို့လားမသိဘူး ဘာမှမဖြစ်တောင် စင်ကာပူလောက်ဖြစ်ရင် တော်ပါပြီဆိုတဲ့ မ၀ံ့မရဲ မျှော် လင့်သံလေးတွေလည်း ကြားရတတ်ပါတယ်။

တိုင်းပြည်ကြီးတခုလုံးကြီးပွားတိုးတက်ဖို့ကိစ္စကို မဆိုထားနဲ့၊ မိသားစုတစုကြီးပွားတိုးတက်ဖို့တောင် လွယ်လွယ်နဲ့ မရတတ် တဲ့ လောကသဘာဝအရ ရက် ၁၀၀ ဆိုတဲ့ ကာလတိုအတွင်းမှာ ကျွန်တော်တို့ သိပ်မျှော်လင့်ထားလို့တော့မရပါဘူး။  တချို့ က ပြောကြတယ် စင်ကာပူလို သယံဇာတမရှိ ရေတောင် တခြားနိုင်ငံက မှာသောက်ရတဲ့နိုင်ငံ၊ ရွှေပြည်ကြီးက သယံဇာတနဲ့ ရွှေနဲ့မြေနဲ့ရေနဲ့  ဘာလို့ မဖြစ်ရမှာလဲပေါ့။ အသိဉာဏ်ပညာမရှိတဲ့ ကုဋေရှစ်ဆယ် သူဌေးသား နောက်ဆုံးမွဲပြာကြရသလို သယံဇာတမြောက်မြားစွာကို ဖင်ခုထိုင်ထားလည်း နလပိန်းတုံး ခေါင်းဆောင်အောက်မှာတော့ တိုင်းပြည်ကြီးမွဲပြာကျသွားတာ သဘာဝကျပါတယ်။  ဒါကိုသင်ခန်းစာမယူဘဲ စနစ်ဟောင်း လူဟောင်း အကျင့်ဟောင်း ဥပဒေဟောင်း နည်းပညာအဟောင်းနဲ့ ဆက်စခန်းသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ တွေးရဲစရာမရှိပါဘူး။

တကယ်တော့ တိုင်းပြည်တပြည်ရဲ့အသက်ဟာ သယံဇာတမဟုတ်ပါဘူး။  စနစ်နဲ့လူသာ အဓိကပါ။

ဥပမာဆင်ဆင်တခုပေးပါဦးဆိုရင် စက်နဲ့ စက်မောင်းတဲ့လူကိုပဲပြရပါလိမ့်မယ်။  ကျွန်တော် သြစတြေးလျ ရောက်ခါစက စက်ရုံတော်တော်များများမှာ လုပ်ခဲ့ဖူးပါတယ်။  ဆိုပါတော့ ဒီစက်ဟာ သူ့ Capacity တနာရီ အခုရေ တထောင်ကျတယ် ဆိုပါတော့ ဒီစက်ကို မောင်းမယ့် အော်ပရေတာကလည်း ကျွမ်းကျင်တယ် ဆိုပါတော့၊ စက်မောင်းနေစဉ်မှာ မခိုဘူး မကပ်ဘူး အိမ်သာ ခဏ ခဏ သွားလိုက် စက်ပိတ်ပြီး လက်ဖက်ရည်သောက်လိုက် အခြားလူနဲ့လေကန်လိုက်မလုပ်ဘူး၊ စက်ကလည်း လုံးဝမပျက်ဘူးဆိုရင် တနာရီမှာ အခု တထောင် သတ်မှတ်ထားတဲ့ အတိုင်းထွက်ပါတယ်။  အော်ပရေတာကတော့ တော်ပါ ရဲ့ စက်က အိုဟောင်းစုတ်ပြတ်နေတဲ့ ရပ်တလှည့်သွားတလှည့် စက်ဆိုလည်း မဖြစ်ပြန်ပါဘူး။  စက်ကတော့ ကောင်းပါရဲ့ အသစ်စက်စက် အော်ပရေတာကမကျွမ်းကျင် ဟိုစမ်းစမ်း ဒီစမ်းစမ်းနဲ့ အရည်အချင်း မပြည့်မီတဲ့လူဆိုလည်း ခရီးက တွင်မှာ မဟုတ်ပါဘူး။  စက်လည်းကောင်းမယ် လူလည်းတော်မယ် မခိုမကပ် ကြိုးကြိုးစားစားလုပ်မယ်ဆိုရင် သတ်မှတ်လျာထားတဲ့ အတိုင်း ဖြစ်တဲ့အတွက် အကျိုးစီးပွားဆိုတာ ဖြစ်ထွန်းမှာ အသေအချာပါပဲ။  အောင်မြင်မှုဆိုတာရမှာပါပဲ။

စင်ကာပူဖြစ်ထွန်းတယ်ဆိုတာ အဲ့ဒါပါပဲ။  စနစ်ကောင်း လူကောင်းတဲ့ အကျိုး ခံစားသွားရတာပါ။  ဥပမာတခုပြပါရစေ မ လေးရှားကနေ ခွဲထွက်လာတဲ့ စင်ကာပူဟာ သူလွတ်လပ်ရေးရလာတော့ အင်္ဂလိပ်စာကို ရုံးသုံးစာအဖြစ် ဆက်လက် အသိအမှတ်ပြုပါတယ်။  တရုတ်စာကို အားပေးပါတယ်။  အင်္ဂလိပ် စကား၊ စာ တရုတ်စကား၊ စာ ကို ကျွမ်းကျွမ်း ကျင်ကျင်ပြောတတ်တဲ့ စင်ကာပူနိုင်ငံသားတွေဟာ ဘယ်နိုင်ငံရောက်ရောက် မျက်နှာမငယ်ရသလို အလုပ်အကိုင်လည်း သူတို့ရှာရတာ သိပ်မခက်လှပါဘူး။

ရွှေပြည်ကြီးကိုကြည့်ပါ။  ၆၂ ခု ဗိုလ်နေ၀င်းတက်လာတယ်၊ မကြာဘူး ၆၄ မှာ စနစ်သစ်ပညာရေးဆိုတာကြီး ပေါ်လာပြီ။  ဘာသာအားလုံး မြန်မာလိုသင် အင်္ဂလိပ်စာကို သားကြောဖြတ်ပါတယ်။  ငါးတန်းက စလို့ A B C D သင်ရတဲ့ကလေး ဆယ်တန်းအောင်လို့ တက္ကသိုလ်မှာ တနှစ်ပဲ အင်္ဂလိပ်စာသင်ရပြီး နောက်ပိုင်းနှစ်တွေမှာ အင်္ဂလိပ်စာမရှိတော့ပါဘူး။  အဲသလို ပုဂ္ဂိုလ်ရေးကိုပဲ အခြေခံသလား၊ မျိုးချစ်စိတ်ကိုပဲ အခြေခံသလားတော့ မသိပါဘူး အင်္ဂလိပ်စာကို သင်းကွပ်လိုက် တော့ အကျိုးကျေးဇူးက နောင်နှစ်ပေါင်း ၃ ၄ ၅ ဆယ်ကြာလာတဲ့အခါမှာ အင်္ဂလိပ်စာ မတတ်တော့ဘူး။  မြန်မာပြည်က တက္ကသိုလ်တွေမှာ အင်္ဂလိပ်စာ အားမပေးတဲ့အတွက် နေမ၀င်အင်ပါယာကြီး ဘာမှ မဖြစ်သွားသလို အင်္ဂလိပ်ဘုရင်မကြီးလည်း အနေအစားမပျက်ပါဘူး။  ဖြစ်သွားတာက စနစ်သစ်ပညာရေးကို စထွင်ခဲ့တဲ့ ဗိုလ်နေ၀င်းသမီးတွေ အင်္ဂလန်က စာမေးပွဲ ကျပါတယ်။  မကြာခင်က စစ်ဗိုလ်ချုပ်ကြီး အရေခွံချွတ်ပြီး သမ္မတဆိုတဲ့ ရာထူးကြီးနဲ့ နိုင်ငံခြားရောက်တော့ ဘိုလို အိုးနင်းခွက်နင်းနဲ့ အရှက်ကွဲတော့တာပါပဲ။  မြန်မာပြည်ကလာငယ်လေးတွေ နိုင်ငံခြား အလုပ်သွားရှာတော့ ဘိုလို အားနည်း တော့ ကူလီဘ၀က မတက်တော့ပါဘူး။  အင်္ဂလိပ်စကား ဘိုလိုကောင်းရင် မျိုးချစ်စိတ်ကင်းမဲ့တော့မှာပဲ ဆိုတဲ့ အတွေးအ ခေါ်ဟာ ကျွန်တော်တို့ အောက်ဆုံးရောက်ရခြင်း အတွေးအခေါ်တွေထဲက တခုပါတယ်လို့ ဆိုချင်ပါတယ်။  ဂျပန်တော် တော်များများ အင်္ဂလိပ်စာ မတတ်ကြပါဘူး၊ မျိုးချစ်စိတ်နဲ့ပတ်သက်လို့ ဂျပန်ကို သွားမစမ်းပါနဲ့၊ ကိုယ့်တိုင်းပြည်နဲ့ လူမျိုး တိုတက်ကောင်းစားချမ်းသာနေရင် မျိုးချစ်စိတ်ရှိဖို့ ဘယ်သူကမှ လှုံ့ဆော်နေစရာမလိုပါဘူး။  မျိုးချစ်စိတ်နဲ့ ဘာသာစကား ထပ်တူပြုလို့မရပါဘူး။

စနစ်ကောင်းတယ်၊ အဲ့ဒီစနစ်ကို အကောင်အထည်ဖော်တဲ့ လူတွေရိုးသားဖြောင့်မတ်မယ် တော်တယ် ဆိုရင် ဘယ်လို နည်းနဲ့မှ ဟိုး အောက်ဆုံးအဆင့်ကို ရောက်စရာ အကြောင်းမရှိပါဘူး။  အခုတော့ ခေတ်အဆက်ဆက် အစိုးရတွေဟာ သူတို့ရဲ့ ညံ့ဖျင်းမှု လွဲမှားမှုတွေကို ၀န်ခံခြင်း တောင်းပန်ခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း လုံးဝမရှိပါဘူး။  မတော်တဆမှု ဆိုတာ တခါတလေဖြစ်ရင်တော့ မတော်တဆမှုပေါ့။  ခဏခဏဖြစ်နေရင်တော့ ဒါ မတော်တဆမှုလို့ မခေါ်နိုင်တော့ပါဘူး။  တာဝန်ရှိသူရဲ့ ညံ့ဖျင်းမှုလို့ပဲ ပြောရမှာပါ။ ဖားကန့်မှာ မြေပြိုပြီး ရေမဆေးကျောက်ရှာသူတွေ အသက်ဆုံးရတဲ့ သတင်းတွေ ကြားရတာ တခါလည်း မက နှစ်ခါလည်းမက ရွာတွေမြို့တွေမှာ ဓါတ်လိုက်သေတဲ့ သတင်းတွေလည်း မကြာမကြာ၊ အင်တာနက်ထဲမှာ မြင်နေရတဲ့ လေးလောင်းပြိုင်ကလေးတွေရဲ့ ဓာတ်ပုံ မြင်ရသူတိုင်း စိတ်မကောင်းဖြစ်ကြရတယ်။  ဘယ်သူ့မှာ တာဝန်ရှိလို့ ဘယ်သူ့ကို တောင်းပန်ရမှန်းလည်း မသိ၊ ဒီကြားထဲ မိုးတွင်းထဲမှာ မြို့လည်ကောင်ရေတွေလျှံတော့ လွှတ်တော်အမတ်ဆိုတဲ့ ပညာရှိသုခမိန်အမတ်မင်းက ပြည်သူတွေမှာလည်း တာဝန်ရှိတယ်တဲ့။  လုပ်ကိုင်ရှာဖွေစားသောက် ရတာ ပင်ပန်းခက်ခဲရတဲ့အထဲ တဆိတ်ရှိ ပြည်သူတွေမှာ တာဝန်ရှိတယ်ဆိုတော့ အမတ်မင်း အစိုးရမင်းတို့မှာ တာဝန်မရှိဘူးလားလို့ မေးရမလိုဖြစ်နေပါပြီ။

လူ့အခွင့်အရေးကို လေးစားလိုက်နာရမှန်းသိတဲ့ အစိုးရတွေ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာ ပြည်သူကို အပြစ်ပုံတဲ့ လေသံမျိုးကြားရခဲပါတယ်။  အစိုးရကပဲ ပြည်သူအတွက် အဆင်ပြေအောင် အခက်အခဲမ၇ှိအောင် ဘယ်လို လုပ်ပေးရမလဲဆိုတဲ့ ရေတို ရေရှည် စီမံကိန်းတွေပဲ သူတို့ခေါင်းတဲမှာရှိပါတယ်။  ပြည်သူဟာ ပြည်သူပါပဲ။  တည်ဆဲဥပဒေကို လိုက်နာမယ်။ ပေးဆောင်စရာရှိတဲ့ အခွန်အခကို ပေးဆောင်မယ် တိုင်းပြည်အန္တရာယ်နဲ့ကြုံရင် တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီမယ်ဆိုရင် ပြည်သူရဲ့တာဝန်ကျေပါတယ်။  တခါလာလည်း ပြည်သူတွေမှာ တာဝန်ရှိတယ်။  တခါလာလည်း ပြည်သူတွေက ပူးပေါင်းကူညီရမယ် ဆိုရင်တော့ အစိုးရဆိုတာ အယူချည်းလို ဖြစ်နေပါတယ်။  တကယ်တော့ အစိုးရဆိုတာ ပြည်သူကို “ပေး” ရပါတယ်။  သက်သာချောင်ချမှုကို ရှေးရှုရပါတယ်။  ဥပမာ ဆိုပါတော့ သြစတြေးလျမှာ ကျောင်းတက် နေတဲ့ အထက်တန်းကျောင်းသားလေးတွေ ကား ရထား စီးတဲ့ အခါ ပိုက်ဆံပေးစရာမလိုပါဘူး။ အနာဂာတ်အညွန့်အဖူး လေးတွေ ကျောင်းသွားကျောင်းပြန်ကိစ္စ နိုင်ငံတော်က တာဝန်ယူရမှာပါ။ တလောကရွှေပြည်ကြီးမှာ ကျောင်းတွေပြန်ဖွင့် တော့ အစိုးရက ကျောင်းသားလေးတွေကို စာအုပ်ခဲတံ ကျောင်းဝတ်စုံတွေ အစိုးရက အခမဲ့ထောက်ပံ့တယ်ကြားတော့ သာဓုခေါ်မိပါတယ်။  ဒါမျိုးလုပ်သင့်တာကြာပါပြီ။

သြစတြေးလျမှာနေတဲ့ မိသားစုတိုင်း ၀င်ငွေကောင်းကြတာမဟုတ်ပါဘူး။  အကြောင်း ကြောင်း ကြောင့် မိသားစုတခုလုံး ၀င်ငွေတခုထဲရှိတဲ့ မိသားစုတွေလည်း ရှိကြလေတော့ ဒီအခက်အခဲကို အစိုးရက ကြားဝင်ရပါတယ်။  ကလေးတွေရှိရင် သူတို့အတွက် မုန့်ဖိုးထောက်ပံ့ရပါတယ်။  ဆွံ့အနားမကြား မသန်စွမ်းတွေပါရင်လည်း ထောက်ပံ့ရပါတယ်။  မိသားစုတခုမှာ တပတ်ဝင်ငွေ (Tax မနှုတ်ခင်) ၉၁၃ ဒေါ်လာထက်နည်းရင် ဒီမိသားစုကို Low Income Family လို့ခေါ်ပါတယ်။  ငွေကြေးအခက်အခဲရှိတဲ့ မိသားစုဖြစ်တဲ့အတွက် သူတို့ကို အစိုးရက Health Care ကဒ်ထုတ်ပေးပါတယ်။  အဲ့ဒီ ကဒ်ပြားရှိရင် ဆရာဝန်လက်မှတ်နဲ့ ၀ယ်ရတဲ့ ဘာဆေးဖြစ်ဖြစ် ၅.၂၀ ဒေါ်လာပဲပေးရပါတယ်။  တပတ်ဝင်ငွေ ၉၁၃ ထက် တဒေါ်လာပဲ ပိုပါစေ အဲ့ဒီကဒ်ပြားရမှာ မဟုတ်သလို ၉၁၃ ဒေါ်လာအောက် တဒေါ်လာ လျော့ရင် သူတို့ ကဒ်ပြားပေးပါလိမ့်မယ်။  စနစ်ဆို တာ အဲ့ဒါပါ။  နားလည်မှုတို့ လာဘ်ပေး လာဘ်ယူမှုဆိုတာ တိကျတဲ့ စနစ်အောက်မှာ ရှိလို့ မရပါဘူး။  အဲ ၀င်ငွေစစ်ဆေးလို့ Pay Slip မှာမမှန်မကန် လုပ်ပါရင်တော့ တည်ဆဲဥပဒေအတိုင်း အရေးယူခံရမှာပါ။  သြစတြးလျအစိုးရ ၀န်ထမ်းဖြစ်ဖြစ် ကုမ္ပဏီဝန်ထမ်းပဲဖြစ်ဖြစ် သူတို့ လူကို စိတ်မ၀င်စားပါဘူး။ သူ့ဘာသာ ဘာကောင်ကြီးပဲဖြစ်နေနေ သူတို့လိုချင်တဲ့ အထောက်အထား အချက်အလက် စာရွက် စာတမ်းတွေကိုပဲ စိတ်ဝင်စားတာပါ။  စနစ်ပေါ်မှာ ဆံချည်တမျှင်မှ ရွေ့လို့မရပါဘူး။

ရေးလက်စနဲ့ တခုရေးပြပါရစေ။  သြစတြေးလျမှာ ကျောင်းရှိတဲ့ လမ်းတွေမှာ School Zone ဆိုတဲ့ ဆိုင်းဘုတ်တွေရှိပါတယ်။  ကျောင်းသားကလေးတွေ ယဉ်အန္တရာယ်ကင်းရှင်းရေးကို ရှေးရှုပြီး (မနက် ၈ နာရီခွဲမှ ၉ နာရီခွဲအထိ ညနေ ၂ နာရီခွဲမှ ၄ နာရီအထိ) ကျောင်းတက် ကျောင်းဆင်းချိန်တွေမှာ ဘယ်ကားမှ ကီလို လေးဆယ်ထက် ပိုမမောင်းရပါဘူး။  40 zone လို့ခေါ်ပါတယ်။  ပိုမောင်းရင် ကင်မရာက ဖျက်ကနဲဓာတ်ပုံရိုက်ပြီး မကြာခင် ဒဏ်ငွေဆောင်ဖို့ စာလာပါလိမ့်မယ်။  တလောက ကျွန်တော့်သူငယ်ချင်း တယောက်ထိသွားလို့ ဒဏ်ငွေ ၈၀၀ကျော် ဆောင်လိုက်ရပါတယ်။  ဒီအချိန် ဒီနေရာ ဒီလမ်းကို ဒီသတ်မှတ်ချက်ကို ချိုးဖောက်ရင် ၀န်ကြီးဖြစ်ဖြစ်၊ ၀န်ကြီး ချုပ်ဖြစ်ဖြစ် ဥပဒေအတိုင်းသွားမှာပါပဲ။  လူ့မျက်နှာထက် ဥပဒေမျက်နှာက ပိုကြီးပါတယ်။

သြစတြီးလျမှာ အသက် ၆၅နှစ် ပြည့်ရင် ပင်စင်ထောက်ပံ့ငွေ အစိုးရက ပေးပါတယ်။ ခြွင်းချက်က သိပ်ချမ်းသာတဲ့သူ ၀င်ငွေကောင်းတဲ့ သူတွေတော့ မရပါဘူး။  ၆၅ နှစ်တော့ မပြည့်သေးဘူး ကြီးမားတဲ့ ရောဂါတခုခုကြောင့် အလုပ်မလုပ် နိုင်တော့ရင် Disable Pension ပေးပါတယ်။ အသက် ၆၀ပြည့်လို့ အလုပ်ကို နာရီနည်းနည်းပဲ လုပ်နိုင်မယ် ၀င်ငွေ သိပ်မရှိ တော့ဘူးဆိုရင် နယူးဆောက်ဝေးပြည်နယ်အစိုးရက Seniors ကဒ်ထုတ်ပေးပါတယ်။  အဲ့ဒီကဒ်ဆိုရင် ဘယ်သွားသွား ဘာစီးစီးတနေကုန်စီးမှ ၂ဒေါ်လာခွဲပဲပေးရပါတယ်။  ၀င်ငွေနည်းတဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်တဲ့ သဘောပါ။  Pension Age ရောက်တာနဲ့ ရေခွန် မီးခွန် မြူနီစပယ်ခွန်တွေ လျှော့ပေးပါတယ်။  ဒရိုင်ဘာလိုင်စင် သက်တမ်းကုန်ရင် အခမဲ့ လုပ်ပေးပါတယ်။

ဆိုလိုတာက အစိုးရဆိုတာ ပြည်သူတွေကို အပြစ်တင်ရမှာ မဟုတ်ပါဘူး။  “ဖေးမ” ရမှာပါ။  အယူချည်းမဟုတ် အပေးဆိုတာ လည်း ရှိရပါမယ်။  တဆိတ်ရှိ ပြည်သူတွေမှာ တာဝန်ရှိတယ်။  ပြည်သူတွေပူးပေါင်းကူညီပါ ဆိုတာကြီး လျော့သင့်ပါပြီ။  အားကောင်းမောင်းသန် စနစ်ယန္တယားကြီးကို ကျွမ်းကျင်သူတွေ ကိုင်တွယ် မောင်းနှင်မယ်ဆိုရင် ရက် ၁၀၀ မက ရက် တထောင်လည်း စောင့်နိုင်ပါတယ်။  စနစ်မကောင်း လူမကောင်းရင်တော့ ရက် တသောင်းကြာလည်း အကြောင်းသိပ်ထူးမယ် မထင်ပါ။

သာထက်အောင်
ဇွန် ၁၁၊ ၂၀၁၆


ကာတွန်း သြဇာသီး ● ဖေ့ဘုတ်ခ် ခက်ဆစ်

$
0
0

ကာတွန်း သြဇာသီး ● ဖေ့ဘုတ်ခ် ခက်ဆစ်
(မိုးမခ) ဇွန် ၁၄၊ ၂၀၁၅

ဝေမြင့်မောင် ● ပေါင်မုန့်အကြောင်း

$
0
0
ဝေမြင့်မောင် ● ပေါင်မုန့်အကြောင်း
(မိုးမခ) ဇွန် ၁၄၊ ၂၀၁၆
 
ကျနော်ဝတ္ထုတိုတပုဒ် ရေးဖူးတယ်။ ပေါင်မုန့်အကြောင်းပဲ။ ပေါင်မုန့်တွေ တလုံးပြီး တလုံး။ ပေါင်မုန့်တွေနဲ ပြုလုပ်ထားတဲ့ ပေါင်မုန့် စာသားတွေ ချရေးပစ်တယ်။ ထွက်လာတဲ့စာသားတွေအားလုံးဟာ ပေါင်မုန့်တွေပဲ။ အဲ့ဒီ ပေါင်မုန့်ဝတ္ထုကို မဂ္ဂဇင်း တခုကဖော်ပြတော့ ကျနော်ဝမ်းသာသွားတယ်။ အဲ့ဒီဝတ္ထုဟာ ပေါင်မုန့်တွေနဲ့ပြုလုပ်ထားတာ မလား။ စာဖတ်သူတွေ သူတို့ ပျော်လိမ့်မယ်။ သူတို့ ပေါင်မုန့်တွေ စားရလိမ့်မယ် မဟုတ်လား။

ကျနော်က ကျောင်းသားတယောက်ဆိုတော့ ဘာဝင်ငွေမှမရှိဘူး။ အိမ်ကပို့တဲ့ ငွေနဲ့နေထိုင်ရတာ။ နေအုံး ကျနော်ပြောတာက၊ အဲ့ဒီဝတ္ထုစရေးတော့ ကျနော့်ပေါင်မုန့်တွေ ဝယ်ရတယ်၊ အသုံးအဖြုန်း၊  ဖုန်း၊  ဟိုသွား ဒီသွားတာတွေ လက်ဖက်ရည်ဆိုင် ထိုင်တာ၊ သူငယ်ချင်းတွေနဲ့ ကျောင်းပိတ်ရက် ဘီယာဆိုင်ထိုင်တာ၊ ကျနော်အတတ်နိုင်ဆုံး ချွေတာရတယ်၊ ရှောင်ရတယ်။ ပေါင်မုန့်ဝယ်ဖို့ ငွေလိုတယ်မလား။ ဒီလိုနဲ့ ပေါင်မုန့်ဝတ္ထုရေးမယ်ဆိုပြီး ငွေစုခဲ့တာလေ။ ညညဆို စိတ်ကူးတွေ ဘာတွေနဲ့ပေါ့။ ပိုက်ဆံစုပြီးတာနဲ့ ပေါင်မုန့်တွေ ဝယ်ရတယ်။ မှတ်မိသေးတယ်။ ပေါင်မုန့်သွားဝယ်တော့ ဆိုင်ရှင်ကပြောတယ်။ အဲ့လောက် ပေါင်မုန့်တွေ ဘာလုပ်မှာလဲတဲ့။ ကျနော်ပြောပြချင်တယ်။ ပေါင်မုန့်တွေနဲ့ ပေါင်မုန့်ဝတ္ထုရေးမလို့ဆိုပြီး။ ဒါပေမဲ့ မပြောဖြစ်ပါ ဘူး။ ပြောလည်း မထူးဘူးလေ။ ကျနော်ထင်ခဲ့တာပါ။ ထူး မထူးဆိုတာကတော့ တဦးချင်းနဲ့ဆိုင်မှာပဲ။

ဆိုင်ကနေပေါင်မုန့်တွေယူပြီး အဆောင်ပြန်ရောက်ရောက်ချင်း ပေါင်မုန့်ဝတ္ထုရေးဖို့ ကြိုးစားရတာပဲ။ ဝတ္ထုမရေးခင် သေချာ လေး စဉ်းစားရသေးတယ်။ ဘယ်ပေါင်မုန့်ကိုဖြင့် ဘယ်လိုရေးရင်ကောင်းမယ် ဘယ်လိုသုံးရင်ကောင်းမယ်။ စာရွက်ကအစ ပေါင်မုန့်တွေနဲ့ လုပ်ရတယ်။ ဒါမှ ပေါင်မုန့်ဝတ္ထုဖြစ်ဖို့ သေချာမှာမလား။ ကျနော်က သေချာချင်သူဆိုတော့ သေချာလေး လုပ်တာပဲ။ ပေါင်မုန့်နဲ့လုပ်ထားတဲ့ စက္ကူပေါင်မုန့်နဲ့လုပ်ထားတဲ့ ဖောင်တိန် ဒါမှမဟုတ် လက်တောပ့် ဒါမှမဟုတ် ဖုန်း၊ ပြီး တော့ ပေါင်မုန့်လို နှလုံးသား။ ပေါင်မုန့်လို နှလုံးသားဆိုတာ ဘာမှန်းတော့ သေချာမသိဘူး။ မသိဘဲ လျှောက်လုပ်ထားတာတော့ မဟုတ်ပြန်ဘူး။ မျက်လုံး ဦးနှောက် နှလုံးသား အစစအရာရာ ပေါင်မုန့်လို ပြောင်းပစ်တယ်။ ဟုတ်တယ်လေ ပေါင်မုန့်က လွဲပြီး ပေါင်မုန့်အကြောင်း ဘယ်သူသိမှာလဲ။ ဒါက ကျနော့်အထင်ပါ။ေ ပါင်မုန့်လို ဖြစ်အောင် ပေါင်မုန့်လိုတွေးခေါ်တတ်အောင် ကျနော်ကြိုးစားရတယ်။ ဘယ်သူမှ မသိပါဘူး။

ပေါင်မုန့်ဟာ ပေါင်မုန့်ပဲဆိုတာ မှန်တယ်။ ဒါပေမယ့် အဲ့ဒီပေါင်မုန့်ရဲ့တန်ဖိုး အရသာဟာ လူတဦးတယောက်ချင်းမှာ ကွဲလွဲ သွားတယ်။ ဒါကို ကျနော်သိတော့ အားလုံးအတွက် အဆင်ပြေမယ့်ပေါင်မုန့်မျိုးဖြစ်အောင် အရသာရှိမယ့် ပေါင်မုန့်မျိုးဖြစ် အောင် ကြိုးစားရတယ်။ ပြောသာ ပြောနေရတာ အားလုံးအတွက်ဆိုတာ အလကား။ ပြောချင်တာက ကျနော့်အတိုင်းအတာ ကျနော့်အတွေ့အကြုံနဲ့ ဖန်တီးရတာမလား။ အဲ့ဒီတော့ ကျနော့်ပေါင်မုန့် ကျနော်ကြိုက်နှစ်သက်တဲ့ ပေါင်မုန့်။ စေတနာ ရိုး သားမှုတွေ ပါတဲ့ပေါင်မုန့်ပေါ့။ ကျန်တာ နောက်ကိစ္စ။ ပေါင်မုန့်ဆိုပြီး ခေါင်းစဉ်တပ်လိုက်တော့ ပြဿနာတက်တာပဲ။ ကျနော် ဝယ်ထားတဲ့ ပေါင်မုန့်က ကြက်ဥပါဝင်နှုန်း နည်းနေတယ်လို့ သိလိုက်ရတယ်။ ကျနော်ဝယ်ထားတဲ့ ပေါင်မုန့်ထဲမှာ ကြက်ဥ ရာခိုင်နှုန်း နည်းနေတာ။ ဒီတော့ ခေါင်းစဉ်ကို ပြင်ရတယ်။ ခေါင်းစဉ်အတွက် ပေါင်မုန့်သီးသန့်ရှာပြီး ရေးရတာပဲ။ မလွယ်ဘူး ပေါ့လေ။ စဉ်းစားရသေးတယ်။ ကျနော်ထုတ်လုပ်လိုက်တဲ့ ပေါင်မုန့်ဝတ္ထုဟာ ဖတ်သူ စားသုံးသူတွေ လက်ထဲရောက်ရင် အဆိပ်အတောက် မဖြစ်စေဖို့။ အရည်အသွေးမညံ့ဖို့ ပေါင်မုန့်လို အရသာရှိနေဖို့ အနည်းဆုံးတော့ လိုတယ်မလား။

ပေါင်မုန့်နိုင်ငံတော် ပေါင်မုန့်လူမှုဆက်ဆံရေး ပေါင်မုန့်ဟိုတယ်။ ပေါင်မုန့်အာဏာရှင်။ အဲ့ဒါတွေ ကျနော်မရေးဘူး။ ရှောင်ပစ် တယ်။ ပေါင်မုန့်တလုံး၏ အဖြစ်ချင်ဆုံးဆန္ဒ ပေါင်မုန့်တလုံးဆိုရာဝယ်။ ပေါင်မုန့်ချစ်သူ အို...ရေးချင်တာတွေ ရေးပစ်လိုက် တယ်။ ပရမ်းပတာတော့ မဟုတ်ဘူး။ ပေါင်မုန့်အကြောင်းရေးဖို့ ပေါင်မုန့်အကြောင်းတွေ ကျနော်လေ့လာရတာမလား။ ပေါင်မုန့်ပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့် ပေါင်မုန့်ရောင်းဝယ်ရေး။ ပေါင်မုန့်ဈေးကွက်ဘာညာပေါ့လေ။ သေချာဖတ်ထားရ တာ။ အင်တာနက်က ရှာဖတ်လိုက် စာကြည့်တိုက်သွားပြီး ရှာဖတ်နဲ့။ မလွယ်ဘူး။ တကယ်ကို။ အဲ့တာတွေနဲ့ မရသေးဘူး။အားလုံးအဆင်ပြေပြီဆိုတာနဲ့ ပေါင်မုန့်တလုံးလို ကျနော်နေထိုင်ရသေးတယ်။ လိုလားဆိုတော့ မပြောတတ်ဘူး။ ကျနော့်သိ မှုကို ကျနော် မလွန်ဆန်နိုင်ဘူးဆိုတော့။ ပေါင်မုန့်တလုံးအသက်ရှူနေတာ တွေ့ဖူးလား။ အများကြီးပဲပေါ့။

နောက်တော့ ပေါင်မုန့်ဝတ္ထုထွက်လာတယ်။ အကြမ်း။ အကြမ်းဆိုတာ စိတ်တိုင်း မကျသေးတာ။ စိတ်တိုင်းကျအောင် လုပ်ရတယ်။ အချိန်တွေ ငွေတွေ ဘာတွေ ကုန်ပြီးမှ ရလာတာ။ အားအားယားယား လုပ်လို့မရဘူး။ တခါတလေ လူတွေက ခက်တယ်။ ကိုယ်လည်းပါ တာပေါ့လေ။ စာရေးတာကို အလုပ်တခုလို မသတ်မှတ်ချင်ကြဘူး။ ဘယ်အရာမှ အလကားရ တယ်ဆိုတာ မရှိဘူး။ အဲ ပေါင်မုန့်ဝတ္ထုထွက် အကြမ်းထွက် လာတော့ သူငယ်ချင်းတွေကို ပေးဖတ်တယ်။ ပေါင်မုန့်ဝတ္ထုကိုလေ။ အဲ့ဒီထဲမှာ ပေါင်မုန့်တွေချည်းပဲ။ သူငယ်ချင်းတယောက်ကပြောတယ်။ ဘာမှန်းလဲမသိဘူး။ ဘယ်မှာလဲ ပေါင်မုန့်တဲ့။ ကျနော်သူ့ကို ပြပြီးပြောရတယ်။ ဒါပေမဲ့ သူငယ်ချင်းက ပြောတယ်။ ငါဖြင့် မစားရပါဘူး။ ရှာလို့ မရပါဘူးတဲ့လေ။ ဒါနဲ့စိတ်ဓာတ်တော့ ကျတာပေါ့။ ကျနော့် ပေါင်မုန့် ဝတ္ထုထဲမှာ ပေါင်မုန့် တွေ အများကြီးပဲမလား။ ကျနော်ကတော့ ပေါင်မုန့်တွေ မြင်နေရတယ်။ အတုံးလိုက် အတစ်လိုက် ။ စားမိမှာ ကြောက်လို့ ထိန်းနေတယ်။ ကျနော်စားပြီးရင် ပေါင်မုန့်ဝတ္ထုပျက်စီးသွားမယ် ကုန်မယ်လို့ထင်နေတာကိုး။ ပေါင်မုန့်တွေကတော့ အော်နေတတ်ကြတယ်။ စားပါ ငါ့ကိုစားပါ ဆိုသလိုပဲ။ ဒါနဲ့ကျနော် ပေါင်မုန့်ဝတ္ထုကို မေးကြည့်တယ်။ လူတွေက ဘာလို့မင်းကို မစားကြတာလဲ။ ငါပဲ ညံ့နေသလားပေါ့။ ပေါင်မုန့်က ပြန်ပြောတယ်။ မင်းဟာ တော်တော်ကြောင်တဲ့ ငနဲပဲ။ MSC လေးဘာလေး မီအောင် ကျောင်းတက်စာလုပ်ပါလားတဲ့။ အလကား အရေမရ အဖတ်မရ မလုပ်နဲ့။ ခုခေတ်က အရင်ခေတ်နဲ့မတူတော့ဘူး။ ငါ့လို ၀တ္ထု ပေါင်မုန့်တွေ ကဗျာပေါင်မုန့်တွေ ဘယ်သူမှမကိုင်တော့ဘူး။ မစားကြတော့ဘူး။ ဂိမ်းတွေ သီချင်းတွေ ဖုန်းတွေ ပေါ်လာပြီ။ လူတိုင်း အဲ့ဒါတွေပဲ သုံးကြတော့တာတဲ့။ အဲ့ညက ပေါင်မုန့်နဲ့ကျနော် စကားတွေအများကြီး ပြောဖြစ် ငြင်းဖြစ်ကြတယ်။ ညအိပ်ရာဝင်တော့ ပေါင်မုန့်ဝတ္ထုကို ကျနော် သေတ္တာထဲထဘည့် ပြီး သိမ်းထားလိုက်တယ်။ ပြောသာပြောရတာ။ ကျနော့်ပေါင်မုန့် ဝတ္ထုကို ကျနော်အကြိမ်ကြိမ် ပြန်စားဖြစ်တယ်။ မဆိုးဘူးလို့ ထင်တာပေါ့လေ။

တလလောက်ကြာတော့ ပေါင်မုန့်ဝတ္ထုကို မဂ္ဂဇင်းတိုက်တခုဆီ ကျနော်ပို့ လိုက်တယ်။ သုံးလေးငါးလ ကြာတော့ နယ်ဘက်မိတ်ဆွေတယောက်က လှမ်းပြောတယ်။ မင်းပေါင်မုန့်တွေ ငါစားရတယ်တဲ့။ ကျနော်ပျော်သွားတယ်။ သူတို့တွေ ကျနော့်ပေါင်မုန့် ဝတ္ထုကို စားကြရပြီမလား။ ပေါင်မုန့်စားရင်း ပေါင်မုန့်အကြောင်းတွေ ပြန်တွေးနေမိတာ။ ပျော်လည်း ပျော်တာပေါ့လေ။ ဒါပေမဲ့ အမေကတော့ ပြောတယ်။ ပေါင်မုန့်တွေ သိပ်မစားနဲ့၊ စိတ်မချရဘူးတဲ့။ ပြောသေးတယ် ဒေါက်တာခေါဂေလို ကြောင်တောင်တောင်တွေ ခေါ်လာမပြနဲ့တဲ့။ ဒေါက်တာခေါဂေ ဆိုတာကျနော်ရေးခဲ့ဖူးတဲ့ တပုဒ်။ ပြီးတော့ ထပ်ပြောတယ်။ သတိထား နောက်နှစ်စာမေးပွဲကျလို့ကတော့ အိမ်ပေါ်က ဆင်းတဲ့။ ပေါင်မုန့်ဝတ္ထုနဲ့စာမေးပွဲကျတာနဲ့ ဘာဆိုင်တာ မှတ်လို့။ နို့မဟုတ်ဘူးလား...။

ဝေမြင့်မောင်
2015


illustration : Dan Fox

ရဲထွဋ် ● ပင်လယ်ထဲသို့ စီးဝင်လေသည် (၀တ္ထုတို)

$
0
0
ရဲထွဋ် ● ပင်လယ်ထဲသို့ စီးဝင်လေသည် (၀တ္ထုတို)
(မိုးမခ/ သစ်ခက်သံလွင်) ဇွန် ၁၄၊ ၂၀၁၆

အခန်း (၁)
အိမ်ဘေးဘုန်းကြီးကျောင်းက တုံးမောင်းခေါက်သံ (၅) ချက် ကြားလိုက်ရသည်။ တကိုယ်လုံး နာကျင်ကိုက်ခဲနေပေမယ့် အိပ်ရာမှ မထမဖြစ်  မချို ထလိုက်ရသည်။ ဖယ်ရီကားက ခြောက်နာရီရောက် မည်မဟုတ်လား။ တခေါခေါဟောက်၍ နှစ် ခြိုက်စွာအိပ်ပျော်နေသည့် ခင်ပွန်းသည်ကိုတော့ မနှိုးရက်သေး၊ အိပ်ပါစေလေ။ နာရီဝက်လောက်တော့ အချိန်ရသေး သည်ပဲဟု တွေးမိသည်။ ငါးဆူတောင်နဲ့ ဆူးလေ လိုင်းကားမောင်းနေသည့်အဖေက နံနက် ၂း ၃၀ ထဲ အိပ်ရာက ထသွားရ သည်။ မနှစ်တုန်းကအထိ အဖေက နေ့လည် (၃) နာရီဆိုအလုပ်သိမ်းပြီး အိမ်ပြန်ရောက်ပေမဲ့ အခုရက်များမှာ ဓာတ်ဆီဆိုင်မှာ တန်းစီနေရ၍ ည (၈) နာရီကျော်မှ အိမ်ပြန်ရောက်တော့မည်ဟု အမေက ပြောပြသည်။

“ညည်းအဖေကိုလေ ညည နှိပ်နှိပ်ပေးရတာ အရင်ကထက် ပိုကြာတယ်ဟဲ့” ဟုအမေက ညည်းသေးသည်။ အသက် (၇၀) နားနီးပေမဲ့ အခုထိ ကားမောင်းနေရသေးတဲ့ အဖေ့ကို “အဖေရယ် ကားမမောင်းပါနဲ့တော့၊ သမီးတို့ကျွေးပါ့မယ်” ဟု ပြောချင် တာ တပိုင်းကိုသေနေပေမဲ့ ပြောလို့မထွက်။ သမီးရဲ့မူကြိုလခက မချိုလစာရဲ့တ၀က်လောက် ကုန်သည်မို့လား။ အိုဗာ တိုင် နေ့တိုင်းဆင်းနေရ၍ ည (၁၀ နာရီခွဲ) လောက်မှ မချိုအိမ်ပြန်ရောက်တော့ အဖေက အိပ်ရာဝင်နေပြီ။ မချိုအိပ်ရာကထတော့ အဖေက ကားစတီယာရင်ကို ကိုင်နေရချိန် တအိမ်ထဲနေ သားအဖတွေ မျက်နှာချင်းမဆိုင်ရတဲ့အဖြစ်က ဘယ်ဘ၀က ဝဋ် ကြွေးတွေလဲဟု မျက်နှာသစ်ရင်း နာနာကျင်ကျင် တွေးနေမိသည်၊

ခြောက်နာရီမတ်တင်းလောက် ဖယ်ရီရောက်လာတော့ ထမင်းချိုင့်ကိုဆွဲကာ လင်မယားနှစ်ယောက် ဒရောသောပါး ပြေး တက်ရသည်။ “အမေရေ - သမီးကို နည်းနည်းဂရုစိုက်လိုက်ပါဦး။ ညကကိုယ်ပူပြီး ကရောင်ကတန်းတွေပြောတယ်” ဟု ကားမထွက်ခင် မှာရသေးသည်။

စက်ရုံထဲရောက်လို့ တနေကုန်ချည်ဆွဲရကာ စိတ်မဖြောင့်။ သမီးနေမှကောင်းပါ့မလား၊ အမေက သူ့မြေးကိုဂရုစိုက်ပေမဲ့ သူ့မှာလည်း ချက်ရပြူတ်ရ လျှော်ရဖွတ်ရတာမို့သမီးကို ကြည့်မှ ကြည့်နိုင်ပါ့မလားလို့ တွေးပူနေမိသည်။ အရေးထဲ ဒါဇင် ကြေးနဲ့ စက်ဆွဲရတာမို့ ဒါဇင် မကျမှာလည်း စိုးရပြန်သည်။

တနင်္ဂနွေနေ့ပင် နားရက်မရှိဘဲလုပ်ရတော့ ဒီအလုပ်ကို ငြီးငွေ့နေပြီဖြစ်သည်။ နံနက် (၈) နာရီမှာ စအလုပ်ဝင်ပြီး ည (၉) နာရီမှ အလုပ်သိမ်းရသည်။ မင်္ဂလာဒုံခရေပင်လမ်းခွဲမှ မြောက်ဥက္ကလာပပတ်၍ ပတ္တမြားလမ်းဘက်ကနေပြီးမှ ထောက်ကြန့် ကိုဝင်တာမို့ အိမ်ပြန်ရောက်တော့ ၁၀ နာရီခွဲပြီ။ မောမောနှင့် အမေချက်ထားသော ထမင်းကိုစားပြီး တီတီတာတာပြောလာ သော သမီးလေးရဲ့စကားမှာပင် ကြည်နူးစိတ်မ၀င်နိုင်တော့။ အိပ်ရာထဲထိုးလှဲပြီး သစ်တုံးကြီး တတုံးလို မလှုပ်မယှက် အိပ်မောကျသွားတာ များသည်။

အခန်း(၂)
သဲသဲတို့လင်မယားကို အင်မတန်ကံကောင်းသည်ဟု လုပ်ဖော်ကိုင်ဖက်တွေက ပြောကြသည်။ သဲသဲရဲ့ကိုကိုက တရုတ် စကား ထမင်းရေသောက်ပြောတတ်တာကို သဘောကျသွားတဲ့သူဌေးက သဲသဲတို့ကို သူပိုင် BP Top သိုးမွှေးစက်ရုံမှာ အ လုပ်ခန့်ခဲ့သည်။ အဲသည်အချိန်က နောက်ကျနေလို့ ဘယ်သူ့အတွက်မှ လုပ်မပေးပေမဲ့ ဘတ် (Top Work Permit) ကို သူဌေးက သဲသဲတို့လင်မယားအတွက် တကူးတကနဲ့ လုပ်ပေးရှာသည်။ အလုပ်သမားလက်မှတ်က ဘတ်ငွေ (၄၁၀၀) ကျသည်ဟု ပြောသည်။ အလုပ်ရှင်သူဌေးက တလဘတ် (၄၀၀) ဖြတ်ယူမည်ဟု သိရသည်။ ဒါပေမဲ့ သဲသဲဓာတ်ပုံပါသော ဘတ် (အလုပ်သမားလက်မှတ်) ကို တခါမှမမြင်ဘူးခဲ့။ ဘတ်အစား ဆေးစစ်လက်မှကိုသာ ကိုင်ထားသည်။

သဲသဲတို့လင်မယားအလုပ်လုပ်တဲ့ BP Top စက်ရုံက မဲဆောက်မြို့၊ မယ်ပရယ်ရပ်ကွက်ထဲမှာ ရှိသည်။ အလုပ်သမား ၃၅၀ မှာ ထက်ဝက်ခန့်က မိန်းကလေးများ။ ကိုကို့ကိုမခွဲနိုင်တော့လို့သာ တမျက်နှာ တရွာထင်ပြီး လိုက်လာခဲ့ရသည်။ သဲသဲအဖို့ အားလုံးကတစိမ်းပြင်ပြင် အရာရာက အသစ်အဆန်းဖြစ်နေသည်။ ရောက်စက ကိုကို့ကိုမျက်စိအောက်က အပျောက်မခံရဲ။ သဲသဲတို့ လင်မယားအတွက် ခုနှစ်ပေလောက်ကျယ်သည့် နေရာလေးကို ပလစ်စတစ်စများ၊ စက္ကူအထူ ပြားများ၊ ကဒ်ထူပြား များနှင့်ကာရံပြီး အခန်းဖွဲ့သည်။ စဦးဦးချင်းတော့ မည်သို့နေရမည်ပင်မသိ မျက်နှာတွေထူအမ်းပြီး အစစအရာရာ အယောင် ဆောင်အမှားမှား ဖြစ်နေသေးသည်။ သို့ပေမဲ့ ကိုကို့မေတ္တာခြုံတော့ လုံပါသည်။ ကြာတော့လည်း နေတတ်သွားသည်။

အခုတိုင် မနေတတ်ဘဲ အမြဲတမ်းစိတ်ညစ်ရတာက မနက်မနက်အိမ်သာတန်းစီရတဲ့ အချိန်ဖြစ်သည်။ လူ ၄၀၀ နီးပါးမှ အိမ် သာက စုစုပေါင်း (၁၀) လုံးဆိုတော့ အားလုံးဒုက္ခ ရောက်ကြရသည်။ သည်ကြားထဲ အိမ်သာနှစ်လုံးကပျက်နေတော့ ဘူး လေးရာ ဖရုံဆင့်အဖြစ်မျိုး ကြုံရသည်၊ ရေချိုးကန်ကလည်း တခါ တခါ ရေပြတ်နေရ၍ အတော်ကြာသည်။ စက်ရုံတာဝန် ရှိသူတွေကို အတော်ကြီးဝိုင်းပြောမှ ရေကားများရောက်လာပြီး ရေထည့်ပေးလေ့ရှိသည်။ မပြောလို့ကတော့ မသိချင်ယောင် ဆောင်ပြီး နေသာသလို နေနေကြတာပဲ များပါသည်။

အလုပ်က မနက် (၈) နာရီမှ ည (၉) နာရီ တခါတလေ ည (၁၁) နာရီအထိ လုပ်ရသည် အချိန်ပိုလုပ်အားခ လုံးဝမပေး။ တခါတလေ အလုပ်ရှင်များစိတ်လိုလက်ရရှိပါမှ တယောက်ကို မားမားတထုတ် ဝေပေးတာမျိုး ရှိသည်။ ဘာပဲပြောပြော ဗမာပြည်ထက်တော့ သာသေးသည်ဟု ဖြေရမည်။ ဗမာပြည်တုန်းက မြောက်ဒဂုံကနေ စက်မှုဇုံရှိ သိုးမွေးစက်ရုံမှာ သဲသဲ အလုပ်လုပ်ဖူးသည်။ မနက် (၈) နာရီကနေ ည (၁၀) နာရီအထိ အလုပ်လုပ်ရတာ တလမှ တသောင်းငါးထောင်ထက် ပိုမရ။ အမြီးနှုတ်၊ ခေါင်းနှုတ်နဲ့ အမေ့ထမင်းအိုးကိုလည်း ထိထိရောက်ရောက် မဖြည့်နိုင်ခဲ့။ အခု မဲဆောက်မှာ အလုပ်လုပ်တော့ ဗမာငွေနဲ့ဆိုရင် (၅၀၀၀၀) လောက်ရတာမို့ ကံကောင်းတာပဲလို့ တွေးရသည်။ တခုပဲရှိတာက တနှစ်မှာ (၄) လလောက် အောက်တိုဘာလကစပြီး ဇန်န၀ါရီလောက်အထိ တခါတခါ တရုတ်နှစ်သစ်ကူးအပြီးအထိ အလုပ်မရှိတတ်ဟု သိရသည်။

ဘာပဲပြောပြော အလုပ်ပင်ပန်းပေမယ့် ကိုကိုနဲ့အတူရှိနေရတာမို့ ပျော်ပါသည်။ တခါတလေ စက်ရုံထံက ကောင်မလေးတွေနဲ့ ကိုကိုစကားပြောနေတာတွေ့ရင်တော့ ငိုချင်လာသည်။ အမေ့ကိုလည်း သတိရသည်။ စိတ်ကောက်ရတာလည်း ဖီလင်အကြာ ကြီး ယူလို့မရပါ။ ကိုကို မချော့ခင်က ပျော့ပြီးသား သဲသဲပါကိုကို။

ကိုကိုကတော့ ကလေးလိုချင်တာ ရူးနေသည်။ လက်ရှိအခြေအနေအရဘယ်လိုမှ ကလေးယူဖို့ စိတ်မကူးရဲ။ ကိုယ်ဝန်ရှိလာပြီ ဆိုရင် အလုပ်ပြုတ်တယ်လို့ပြောကြတော့ ကိုယ်ဝန်မရှိအောင် ပိုပြီးဆင်ခြင်နေရသည်။ ဟိုတလောက ရက်တွက်မှားပြီး ကိုယ်ဝန်ရှိလာပြီထင်လို့ ငိုရသေးသည်။ ကလေးလိုချင်လွန်းလို့ပူဆာနေတဲ့ ကိုကို့ကို ချော့နေရတာလည်း အလုပ် တဖက်ပါ ပဲ။

အခန်း(၃)
ဘန်ကောက်ကသူငယ်ချင်းက “ မင်းလာချင်လာခဲ့လေ၊ လမ်းစရိတ်ငါစိုက်ထားပေးမယ်။ သည်ရောက်မှ အလုပ်လုပ်ပြီးပြန်ပေး ” ဟု ဖုန်းထဲက ပြောသည်။ ကြာရှည်စဉ်းစားမနေနိုင်ဘဲ “အေး.. မင်းငွေ ဘယ်နေ့ ဘယ်ကို ပို့ပေး” ဟု ပြောရသည်။ ကောင်း ပြီ သူငယ်ချင်း စိတ်ချဆိုပြီး ဖုန်းချသွားတော့မှ မိန်းမနှင့် ဘာဆက်လုပ်ရမည်ကို တိုင်ပင်ရသည်။

“သမီးကတော့ ကျောင်းပျက်နေမယ်။ သူ့အဒေါ်ဆီမှာ တောင်းတောင်းပန်ပန်နဲ့အပ်ခဲ့၊ မင်းကတော့ အမေ့အိမ် ခဏပြန်ကွာ၊ (၃) (၄) လထက် မကြာဘူး၊ ငါ ငွေပို့ပေးနိုင်မှာပါ” ဟု ပြောရသည်။

မိမိစီမံသမျှကို ခေါင်းခါလေ့မရှိသော ဇနီးသည်က ကောင်းမယ်ဆိုလဲလုပ်လေဟုဆိုသည်။ “ မင်းအမေအိမ်ကို အခုပဲသွားလိုက်ကြရအောင်ကွာ၊ သူလည်းသမီးကိုချစ်သားပဲ။ ဂရုစိုက်မှာပါ”  ဟုပြောရင်း မြ၀တီဈေးထဲမှ သပြေပန်းရောင်း နေတဲ့ မရီးထံသွားဖို့ ဆန်မလော့ကို ဆွဲထုတ်လိုက်သည်။

နောက်တပတ်လောက်ကြာတော့ သူငယ်ချင်းပို့ပေးတဲ့ ငွေရောက်လာတာမို့ မဲဆောက်က ကယ်ရီနှင့် အဆက်အသွယ် လုပ်စုံစမ်းသည်။ ငါးရက်ရွှေ့ချိန်း၍ ငွေတသောင်းနှစ်ထောင် တောင်းသည်။ အုန်းဖျံအထိ ကားနဲ့သွားပြီး အုန်းဖျံကနေ ဘန် ကောက်အထိ ခြေလျှင် (၂) ရက်ခွဲ လျှောက်ရမယ်ဟု ဆိုသည်။ ဈေးဆစ်မနေနိုင်။ သဘောတူလိုက်ရသည်။

ချိန်းတဲ့ရက်မှာတော့ အုန်းဖျံကိုကားနဲ့ထွက်ဖြစ်ကြသည်။ လမ်းပြကယ်ရီအပြင် ကျနော်တို့အဖွဲ့ မှာ လေးဦးပါသည်။ ရဲဂိတ်နှစ် ဂိတ်ကို ကြိုတင်ညှိနှိုင်းပြီး ငွေပေးဖြတ်လိုက်ရတာမို့ အစစ အဆင်ပြေနေသည်။ အုန်းဖျံမရောက်ခင်လေးမှာဆင်း၍ အုန်း ဖျံကိုတောလမ်းမှဝေ့ပတ်ကာ တောင်ပေါ် ခြေလျှင်လမ်းအတိုင်း လျှောက်ကြရသည်။ တွေ့သမျှရွာတွေအားလုံးကို ဝေ့ပတ် ကာ လျှောက်ကြရသည်။

ပထမတရက်တော့ ကိစ္စမရှိသေးပါ။ နောက်ရက်ကျတော့ ကျနော်တို့အတော် ဆာလောင်လာသည်။ ဘာအတွေ့ အကြုံမှ မရှိ၍ ဘာအစားအစာမှလည်း သယ်မလာခဲ့။ လမ်းပြကယ်ရီကလည်း ရွာဝင်ခွင့်မပေး။

ဒုတိယနေ့ ညနေခင်းမှာတော့ ကျနော်တို့အားလုံးမနေနိုင်တော့။ လမ်းဘေးခြံတခြံထဲက သင်္ဘောသီးတလုံးကို အားလုံး သဘောတူ ခူးကြသည်။ အဲဒီအခိုက်မှာပဲ သင်္ဘောပင်ပိုင်ရှင် မျှော့လူမျိုးအ၀တ်အစားနဲ့ အသက် (၄၀) ခန့်ရှိ လူတဦး ကျနော် တို့ကို နှစ်လုံးပြူးနဲ့ချိန်ထားတာ တွေ့ လိုက်ရတော့ ဆာနေတာတွေတောင် ဘယ်ရောက်သွားလဲမသိ။ မျှော့တွေလူသတ်ပစ်တဲ့ ပုံပြင်တွေ အများကြီးကြားဖူးထားတာမို့ ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။ မျှော့လူကြီးက ခင်ဗျားတို့သူခိုးတွေပဲ …သူခိုးတွေကိုဘယ်လို စီရင်တယ်ဆိုတာ မသိဘူးထင်တယ်ဟု ပြောလာသည်။ “ ကဲ…ကောင်းပြီ။ ခင်းဗျားတို့ခိုးစားတဲ့သင်္ဘော သီးထဲမှာပါတဲ့ အစေ့အရေအတွက်အတိုင်း တစေ့ကို ဘတ်တရာလျော်ရမယ်။ မလျော်နိုင်ရင် ခင်ဗျားတို့ အားလုံးကိုသတ် မယ်” ဟု ကြိမ်းဝါးသည်။ သင်္ဘောသီးကို မောင်းချဓားဖြင့်ခွဲနေတာကိုကြည့်နေရင်း ကျနော့် အကြောအခြင်တွေမှာ တုံ့ဆိုင်း လာနေသည်။ သင်္ဘောသီးကား ထက်ခြမ်းကွဲသွားပြီ။ ကျနော့်သက်ပြင်းချသံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို လွှမ်း မိုးသွားသည်။

သင်္ဘောသီးထဲမှာ သင်္ဘောစေ့ တစေ့ပဲ ပါပါသည်။

အခန်း (၄)
အိပ်ငိုက်စပြုနေသော စောဆေးတယောက် တတီတီမြည်လာသော အသံကြောင့် လူးလဲ ထလိုက်သည်။ ဟုတ်ပါသည်။ ချည်ဆွဲစက်ထိပ်မှာတည်ထားတဲ့ မီးနီလေးက ပုလိပ်ကားထိပ်က မီးလုံးအတိုင်း တတီတီအော်ကာ မှိတ်လိုက် လင်းလိုက်ဖြစ် နေသည်။ ကမန်းကတန်း ပြေးသွားပြီး ပြတ်နေတဲ့ချည်အမျှင်ကို ပြန်ဆက်ပေးလိုက်သည်။ စက်နံဘေးရှိ ခလုတ်ကလေးကို နှိပ်ပေး လိုက်တော့ စက်ကပုံမှန် ပြန်အလုပ်လုပ်လာသည်။ ချည်ဆွဲစက်များကို ထိန်းချုပ်ထားသော ကွန်ပျူတာဖန်သား ပြင်ပေါ်ရှိ ဂရဖ်မျဉ်းများကား ပုံမှန်ပြန်အလုပ်လုပ်လျက်ရှိသည်။ စောဆေးနဲ့ စောထူးတို့နှစ်ဦးစလုံးက မြိင်ကြီးငူဇာတိ၊ ခုနှစ်တန်းကျသူများနည်းတူ ဘန်ကောက်မှာ အလုပ်လာ လုပ်ကြသူများဖြစ်သည်။ အသက် (၁၆) နှစ် အရွယ်တူသက်တူရွယ် တူများပေမို့ အခု ဘန်ကောက်၊ ဘန့်ဖယ်အထည်ချုပ်စက်ရုံမှာအတူ အလုပ်လုပ်ရတာကိုပဲ ဘုရားသခင် ကျေးဇူးတော်ဟု ချီးမွမ်းကြသည်။ မှန်ပါသည်၊ ချည်ဆွဲစက်အလုံး (၄၀) ကို သူတို့နှစ်ဦးထဲ ကိုင်တွယ်ရပေမယ့် ကွန် ပျူတာနဲ့ထိန်းချုပ်ထားတာမို့ ပင်ပင်ပန်းပန်းမလုပ်ရ။ ချည်ပြတ်သွားလို့ အချက်ပေး ခလုတ်မြည်လာပါက သွားဆက်ပေးရုံသာ ရှိသည်။ တခါတလေ ညဂျူတီ၊ တခါတလေ နေ့ဂျူတီ လဲရသည်။ လေအေးစက်တပ်ထားသော အခန်းထဲမှာ ထိုင်နေသည့်ထိုင်းနှစ်ဦးက ကွန်ပျူ တာကိုချိန်ပြီး ခလုတ်ကိုနှိပ်ထားသည်နှင့်ချုပ်စက်များက အော်တိုမက်တစ် အလုပ်လုပ်ကြတော့သည်။ သူတို့က ဂလို ဘယ် လိုက်ဇေးရှင်းကို ကျေးဇူးတင်နေကြသည်။ ချည်မျှင်စက်တီထွင်သူ ၀ှိုက်ညီအစ်ကိုထက် ကွန်ပျူတာသဌေးကြီး ဘီလ်ဂိတ်ကို ပို၍ကျေးဇူးတင်နေကြသည်။

အခန်း(၅)
ဟောင်ကောင်ကျွန်း  - - လမ်းရှိ။ ၁၂ ထပ် အဆောက်အဦးတခု။

ညဆယ်နာရီကျော်ပေမယ့် ၆ ထပ်ရှိ အခန်းအားလုံးမှ ရုံးဝန်ထမ်းအားလုံး ရုံးမဆင်းနိုင်သေး။ ယင်းအထပ်ကို China Textile Holding International Company ရုံးချုပ်ရုံးခန်းဟု ဟောင်ကောင်သားတိုင်းက သိကြသည်။ ဒီကုမ္ပဏီ၏အလုပ်ရုံများကို ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မောရေရှား၊ မာဒက်စ်ကားနှင့် မြန်မာတို့တွင် ဖွင့်လှစ်ထားသည်။ နိုင်ငံ တကာ ကုမ္ပဏီမို့ လုပ်ငန်း ပမာဏကြီး ကျယ်လှသလို စီမံခန့်ခွဲမှုယန္တယားကလည်း ခေတ်မီလှသည်။

ကြက်သွေးရောင် ကတ္တီပါကော်ဇောများခင်းထားပြီး မဟော်ဂနီရောင် ပရိဘောဂများနှင့် ပဏာရနေသည့်အမှုဆောင် အရာ ရှိချုပ် CEO မစ္စတာ ကင်၏ရုံးခန်းအတွင်း၌ Legal Adviser  ဥပဒေရေး ရာအကြံပေးအရာရှိနှင့် ဈေးကွက်ဒါရိုက်တာ Marketing Director  နှစ်ဦးစလုံးရောက်ရှိ နေသဖြင့် အတွင်းရေးမှူးမလေးများမှာ ဗျာများနေကြသည်။ ယခုလိုကုမ္ပဏီ၏ အရေးပါဆုံး ပုဂ္ဂိုလ်သုံးဦး ညနက်သန်းခေါင်အချိန်တွင် တွေ့ဆုံနေခြင်းမှာ ကုမ္ပဏီအတွက်အရေးပါသော ဆုံးဖြတ်ချက် များ ချမှတ်ရန်ရှိနေသည့် အညွန်းပြကိန်းများဖြစ်ကြောင်း သူတို့လေးများအပါအ၀င် ရုံးချုပ်ဝန်ထမ်းအားလုံးက အလိုလို သိနား လည်နေကြသည်။ ရုံးချုပ်ဝန်ထမ်းများဆိုင်ရာ စီမံခန့်ခွဲရေးအကြီးအကဲက ယနေ့အဖို့ ၀န်ထမ်းအားလုံး အချိန်ပိုအလုပ် ဆင်းပေးပါရန် ညွှန်ကြားထားသည့်အတွက် ကုမ္ပဏီဝန်ထမ်းအားလုံးမှာ အိမ်မပြန်ရဘဲ လုပ်ငန်းခွင်တွင် ရှိနေရခြင်းဖြစ်သည်။ ကုမ္ပဏီ၏ ငွေစာရင်းဌာနမှ မိန်းမချောလေး မစ္စလီတယောက်သာ သူ့ဘွိုင်းဖရန့်နှင့် ယနေ့ည ညစာစားဖို့ ချိန်းထား တာ ပျက်သွားသဖြင့် ပွစိပွစိ မကျေမနပ် ရေရွတ်နေသည်။

ကလင် ကလင် ကလင် … … …

အမှုဆောင်အရာရှိချုပ်စီအီးအိုကင်က မြည်လာသောဖုန်းကို ကောက်ကိုင်လိုက်သည်။ ဖုန်းခေါ်လာသော သူ့ဇနီးအား ဘာ ကြောင့် သူအိမ်ပြန်နောက်ကျ နေရကြောင်း ရှင်းပြလိုက်သည်။ ဖုန်းကိုချထားလိုက်ပြီး တဆက်တည်းမှာပင် ဆုံလည် ကု လားထိုင်ကိုလှည့်၍ ကျန်နှစ်ဦးဘက်သို့ မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ သူက …

“ကဲဗျာ။ ဒီလောက်ဆိုရင်ကျနော်တို့ ဘာလုပ်ကြမယ်ဆိုတာ ခင်ဗျားတို့ နှစ်ဦးစလုံး သိလောက်ပြီ။ နယူးယောက်နဲ့ ဆန်ဖရန်စ္စ ကိုက ဒေါ်လာသန်းသုံးရာဖိုး ပစ္စည်းဝယ်ဖို့ အမှာစာရတယ်။ ကျနော်တို့တောင်းတဲ့ဈေးအတိုင်း သူတို့ပေးမှာပါ။ Quality Control ကတော့ထုံးစံ အတိုင်းပဲ လုပ်ရမှာပေါ့။ သူတို့နဲ့ ကွန်ထရက်လုပ်တဲ့အခါမှာ သူတို့ဘက်က Condition တခုထူးထူး ခြားခြားတောင်းလာတာ ဒီတခါ တွေ့ရတယ်။ အဲဒါက အရေးကြီးတယ်။ ဒါက ကျနော်တို့ရောင်းတဲ့ပစ္စည်းတွေကို Migrant  Worker တွေက ထုတ်တာမဟုတ်ရဘူး။ အိုင်အယ်လ်အိုက အတည်ပြုထားတဲ့ အလုပ်သမားအခွင့်အရေးတွေကို ကျနော် တို့စက်ရုံတွေက အလုပ်သမားတွေကို အပြည့်အ၀ပေးရမယ်တဲ့။ ပိုဆိုးတာက အမြတ်ငွေရဲ့ ငါးရာခိုင်နှုန်းကို အလုပ်သမား တွေကို ဘောနပ်စ် ပြန်ပေးရမယ်တဲ့ဗျာ…

ဘာပဲဖြစ်ဖြစ် ကုမ္ပဏီအနေနဲ့တော့ သူတို့တောင်းဆိုတာလက်တွေ့မလုပ်နိုင်ဘူးဆိုတာသိပေမယ့် စာချုပ်တော့ချုပ် ဖြစ် အောင် ချုပ်ရမှာပဲ။ သူတို့တောင်းဆိုတာနဲ့ ဥပဒေအကြောင်းအရ တရားဝင်အောင် ကြည့်လုပ်ဖို့ကို ခင်ဗျားတို့နည်းလမ်း ရှာကြပါ။ နောက်ပြီးတော့ ကျနော်တို့စက်ရုံတွေမှာလည်း အလုပ်သမားပြဿနာမတက်အောင် ဘယ်လိုလုပ်မယ် သက်ဆိုင် ရာနိုင်ငံတွေက ဗျူရိုကရက်တွေနဲ့ အပေးအယူလုပ်ဖို့မမေ့ပါနဲ့။ အဲဒီ့အတွက် ဒေါ်လာဆယ်သန်းခင်ဗျားတို့ သုံးနိုင်ပါတယ် ..။ ”

ရဲထွဋ်
ဇူလိုင်လ၊ ၂၅၊ ၂၀၀၆

ဤ၀တ္ထုတိုသည် ၂၀၀၆ ခုနှစ်များကာလက ထိုင်း-မြန်မာနယ်စပ်တွင်ထုတ်ဝေသော ဂျာနယ်တခုတွင်ဖော်ပြခဲ့ပြီးဖြစ်သည်။

ကမ်လူဝေး ● ဆေးရုံ

$
0
0

ကမ်လူဝေး ● ဆေးရုံ
(မိုးမခ) ဇွန် ၁၄၊ ၂၀၁၆

ဆယ့်ကိုးနှစ်သမီးဟာ
ဆီးစပ်အောင့်တယ်ဆိုပြီး
ဆေးရုံကို ရောက်လာ
ပြီး
ကလေးတယောက်ကိုမွေးချ
အဖေမဖော်ပြနိုင်တဲ့ ကလေး။

ဆယ့်ကိုးနှစ်သမီးက မွေးတဲ့ကလေး
မြေး
သွေးက စကားပြောသလား
နားထားလိုက်
ကလေးကို စွန့်ချန်ထား
ထွက်ပြေးဖို့ကြိုးစား
အဘွား။

ကမ္ဘာမီးလောင်ဖို့ မလိုဘူး
ငတ်ရုံလေးနဲ့
ကိုယ့်အသား ကိုယ်လှီးစားမည့်လူစားတွေ။     ။

ကမ်လူဝေး

ခင်လေး ● ရင်နင့်စရာဓာတ်ပုံတွေက လှစ်ဟပြနေတဲ့ တံတိုင်းခတ်ပြည့်တန်ဆာမြို့တော်က ဘဝများ

$
0
0
ခင်လေး ● ရင်နင့်စရာဓာတ်ပုံတွေက လှစ်ဟပြနေတဲ့ တံတိုင်းခတ်ပြည့်တန်ဆာမြို့တော်က ဘဝများ
(မိုးမခ) ဇွန် ၁၄၊ ၂၀၁၆
 
ဖောက်သည်တဦးနှင့်အတူရှိနေသော ကာဂျိုး (Kajol)

တန်ဂေးလ် (Tangail ) ရှိ ကန်ဒါပါရာ (Kandapara) ပြည့်တန်ဆာအိမ်က ဖောက်သည်ကို စောင့်မျှော်နေသော လိင်အလုပ်သမများ

ဘင်္ဂလားဒေရှ့်နိုင်ငံဟာ မွတ်ဆလင်နိုင်ငံတွေထဲမှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ကိုင်ခွင့်ပေးထားတဲ့ ရှားပါးနိုင်ငံ စာရင်းဝင်ပါတယ်။  တန်ဂေးလ် (Tangail) ခရိုင်က ကန်ဒါပါရာ (Kandapara) ဇိမ်အိမ်ကြီးဟာ တိုင်းပြည်မှာ သက်တမ်း အကြာဆုံးနဲ့ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။  ဒီအိမ်ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂၀၀ လောက်တောင် ရှိနေပြီ ဆိုကြပါတယ်။  ဒါကို ၂၀၁၄ ခုနှစ်က ဖြိုချဖျက်ဆီးခဲ့ပါသေးတယ်။  ဒါပေမယ့် နောက်ပိုင်းမှာ  ပြည်တွင်း လူမှုအဖွဲ့ NGO တခုရဲ့ အကူအညီနဲ့ ပြန်လည်တည်ဆောက်ခဲ့ကြပါတယ်။ အမျိုးသမီးအများစုဟာ အဲ့ဒီပြည့်တန်ဆာအိမ်မှာပဲ မွေးဖွားခဲ့ကြပြီး၊ အဲဒီမှာပဲ ကြီးပြင်း ခဲ့ကြသူတွေပါ။  ဒီအိမ်ကြီး ပျောက်ကွယ်သွားတဲ့အခါ ဘယ်ကိုသွားလို့ သွားရမှန်းတောင် မသိကြတဲ့သူတွေပါ။

ဒီပြည့်တန်ဆာအိမ်ကြီးကို ပံ့ပိုးနေကြသူတွေ အလိုအရတော့ လိင်ဖျော်ဖြေမှုလုပ်ငန်းဆိုတာလည်း လုပ်ငန်းတခုပါပဲလို့ ဆိုပါ တယ်။ ဒါ့အပြင် လိင်အလုပ်သမလေးများဟာလည်း တခြားအလုပ်တခုခုကို လုပ်လိုစိတ်မရှိကြဘူးလို့လည်း ပြောပါတယ်။

ပြည့်တန်ဆာ အလုပ်ကို လုပ်စားကြရတဲ့ အမျိုးသမီးတွေကိုယ်တိုင်က သူတို့ရဲ့ အခွင့်အရေးအတွက် ဆန္ဒပြခဲ့တာကြောင့် ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ ဘင်္ဂလာဒေရှ့်နိုင်ငံ အမျိုးသမီးဥပဒေပညာရှင်များအဖွဲ့က လိင်အလုပ်သများအပေါ်အတင်းအကျပ် ဇိမ်အိမ်က ဖယ်ရှားခြင်းဟာ တရားမဝင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း အထက်တရားရုံးချုပ်မှာ အောင်မြင်စွာ အရေးဆိုနိုင်ခဲ့ပါတယ်။  ဒါကြောင့်လည်း လိင်အလုပ်သမတွေဟာ သူတို့ရဲ့ ဌာနေ ဇိမ်အိမ်တွေကို အလျှင်အမြန်ပဲ ပြန်သွားနိုင်ခဲ့ကြပါတယ်။

ယနေ့ခေတ်မှာတော့ ပြည့်တန်ဆာခန်းတွေရှိတဲ့ နေရာဒေသတ၀ိုက်ကို အုတ်နံရံကြီးတွေနဲ့ ကာရံထားလိုက်ကြပါပြီ။  လမ်းကျဉ်းလေးတွေထဲမှာ လမ်းဘေးမုန့်ဆိုင်လေးတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေလည်းရှိပါ တယ်။

ပြည့်တန်ဆာလုပ်ငန်းတွေရှိတဲ့ဒေသမှာ သမားရိုးကျ လူ့ဘောင်နဲ့ မတူညီတဲ့ ကိုယ်ပိုင်စည်းမျဉ်းဥပဒေသနဲ့ အုပ်ချုပ်မှု အာဏာယန္တရားအလွှာ အဆင့်အဆင့်ပုံစံတွေ ရှိပါတယ်။ ဥပမာ - ဇိမ်အိမ်တွေမှာ အမျိုးသမီးတွေဟာ အားနွဲ့သူတွေ ဖြစ် ပေမယ့် သြဇာအာဏထက်မြက်ကြပါတယ်။

ငယ်ရွယ်တဲ့ လိင်အလုပ်သမအသစ်ရောက်လာချိန်ဟာ တကယ့်ကို စိတ်ထိခိုက် ကြေကွဲစရာ အခြေအနေတရပ်ပါပဲ။  လိင် အလုပ်သမအသစ်တွေဟာ အသက် ၁၂ နှစ်ကနေ ၁၄နှစ် အတွင်းဖြစ်လေ့ရှိကြပြီး  သူတို့ကို "အကြွေးနှိမ်ခံ အပေါင်ဆုံး လိင်အလုပ်သမလေးတွေ"လို့ခေါ်ကြပါတယ်။

သူတို့တွေဟာ ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာကြသူတွေဖြစ်ပြီး၊ လူကုန်ကူးခံကြရတဲ့ သားကောင်တွေလည်း ဖြစ်တတ်ပါတယ်။  သူတို့မှာ ကိုယ်ပိုင် လွတ်လပ်ခွင့်လည်းမရှိသလို၊ လူသားတဦးရဲ့ မွေးရာပါ ရပိုင်ခွင့် လူ့အခွင့်အရေးလည်း ဆိတ်သုန်းနေကြရှာပါတယ်။ သူတို့ကို ဇိမ်ခေါင်းအမျိုးသမီးကြီးများက အကြွေးနဲ့သိမ်းထားတာဖြစ်ပြီး၊ သူတို့ဟာ အပြင် ထွက်ခွင့်လည်း မရပါဘူး။  သူတို့ရတဲ့ လိင်ဖျော်ဖြေခ ငွေကြေးကို ကိုင်ဆောင်သုံးစွဲခွင့်ပါ ဆုံးရှုံးကြရတဲ့ သူတွေဖြစ်ပါတယ်။  သူတို့တွေဟာ တနှစ်ကနေ ငါးနှစ်ထိကြာအောင် ကြွေးမြီတွေဆပ်ပြီးမှသာ လွတ်လပ်တဲ့ အနှောင်အဖွဲ့မဲ့ လိင်အလုပ်သမ တွေအဖြစ် ရပ်တည်နိုင်ကြပါတယ်။   အဲဒီအခါကျမှာပဲ သူတို့ မဆက်ဆံလိုတဲ့ ဖောက်သည်တွေကိုလည်း ငြင်းဆန်နိုင်ခွင့်ရှိ သလို သူတို့ရှာလို့ရတဲ့ ပိုက်ဆံကိုလည်း ကိုယ်ပိုင် သုံးစွဲ စုဆောင်းခွင့်ရကြရှာတာပါ။

အကြွေးကျေအောင် ဆပ်နိုင်ခဲ့တဲ့ လိင်အလုပ်သမတွေသာ ပြည့်တန်ဆာခန်းတွေကနေ ကျောခိုင်းထွက်ခွာခွင့်ရပါတယ်။  သို့ပေမဲ့  လိင်အလုပ်သမဘဝရောက်ရှိခဲ့သူတွေဟာ ဇိမ်အိမ်ပြင်ပက လူမှုဝန်းကျင်မှာ အပစ်တင်ခံ အပယ်ခံ အနှိမ်ခံဘဝနဲ့ နိမ့်ကျသူတွေ အဖြစ် သတ်မှတ်ခံရကာ လူတောမတိုး လူရာမဝင် ဖြစ်ကြရလို့ ဒီ လိင်ဖျော်ဖြေမှုလုပ်ငန်း ဘ၀ကြီးကိုပဲ ဆက်လျှောက်ကြပြီး ဒီဝင်ငွေနဲ့ပဲ သူတို့ရဲ့ မိသားစုတွေကို ဆက်လက်ထောက်ပံ့နေကြပါတော့တယ်။

ကန်ဒါပါရာ (Kandapara) ပြည့်တန်ဆာအိမ်က မင်(Mim) ရေချိုးနေစဉ်
ပြည့်တန်ဆာ အိမ်က အကာအကွယ် စွန့်ပစ် ပစ္စည်များ

လိင်အလုပ်သမလေး ဒီပါ (Dipa) ငိုနေစဉ်

ကန်ဒါပါရာ (Kandapara) ပြည့်တန်ဆာအိမ် အိပ်ယာပေါ်က ဇိမ်မယ်လေး ပါပီယာ (Papia) နှင့် ဖောက်သည်နှစ်ယောက်

ကန်ဒါပါရာ (Kandapara) ပြည့်တန်ဆာအိမ်တွင် စုဝေးစောင့်ဆိုင်းနေကြသူများ

သူငယ်ချင်းကို နောက်ပြောင်ကျီစယ်နေသည့် လိင်အလုပ်သမလေး ပရိုင်ယာ (Priya)

ကန်ဒါပါရာ (Kandapara) ပြည့်တန်ဆာအိမ်ရှိ အိပ်ယာပေါ်က လိင်အလုပ်သမတယောက်၏ အမွှာကလေးငယ်များ


လိင်အလုပ်သမ ပရိုင်ယာ(Priya) ကို နမ်းဖို့ကြိုးစားနေသော အမျိုးသားတဦး


ကန်ဒါပါရာ (Kandapara) ပြည့်တန်ဆာအိမ်တွင် မွေးဖွားခဲ့သော အက်ရှမာ (Asma) နှင့် သူမ၏ ဖောက်သည်


လိင်အလုပ်သမ ကာဂျိုး (Kajol)

အိပ်ယာပေါ်က ကာဂျိုး (Kajol)၊ သူမ၏ ၆ လသား ရင်သွေးငယ်နှင့် သူမ၏ဖောက်သည်


လိင်အလုပ်သမ ပါခဟိုင်(Pakhi) နှင့် မင် (Mim)


ခန့်မှန်းခြေ သက်တမ်းနှစ်ပေါင်း၂၀၀ ရှိနေပြီဖြစ်သည့် ဘင်္ဂလားဒေရှ့်နိုင်ငံ တန်ဂေးလ် (Tangail ) ဒေသတွင်းရှိ သက်တမ်းအကြာဆုံးနဲ့ ဒုတိယအကြီးဆုံး ကန်ဒါပါရာ (Kandapara) ပြည့်တန်ဆာအိမ် မြင်ကွင်း

Photos By Sandra Hoyn
Washington Post
https://www.washingtonpost.com/news/in-sight/wp/2016/06/13/heartbreaking-photos-show-what-its-like-living-in-a-walled-city-of-a-brothel/

ဘာသာပြန်ဆိုသူ - ခင်လေး
မိုးမခ

Facebook: https://web.facebook.com/MoeMaKaNews/
Website: http://moemaka.com/
Blog: http://blog.moemaka.com/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemaka

ရုပ်ရှင်ပွဲတော်မှာ တပ်မတော်ဂုဏ်သိက္ခာ နဲ့ လူ့ဂုဏ်သိက္ခာ ထိပ်တိုက်တွေ့

$
0
0

ရုပ်ရှင်ပွဲတော်မှာ တပ်မတော်ဂုဏ်သိက္ခာ နဲ့ လူ့ဂုဏ်သိက္ခာ ထိပ်တိုက်တွေ့
(မိုးမခ) ဇွန် ၁၅၊ ၂၀၁၆

ဇွန် ၁၄ က ရန်ကုန်မှာ  လူ့အခွင့်ရေး နဲ့လူ့ဂုဏ်သိတ္ခာ ရုပ်ရှင်ပွဲတော် အဖွင့်မှာ Twilight Over Burma ရုပ်ရှင်ကားတကားကို ပြသခွင့် မရှိကြောင်း ရုပ်ရှင်ဆင်ဆာဘုတ်က လှမ်းပိတ်ပင်လိုက်တယ် လို့ ဆိုပါတယ်။ တပ်မတော်ရဲ့ အတိတ်က ကျူးလွန်ခဲ့တဲ့ အမှုများကို ထုတ်ဖော်လို့ တပ်မတော်ဂုဏ်သိက္ခာကို ထိခိုက်တယ်လို့ အကြောင်းပြပါတယ်။ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ထုတ်ဖော်တဲ့ ရုပ်ရှင်ပွဲတော်မှာ တပ်မတော်ဂုဏ်သိက္ခာက အထက်မှာ ရှိနေတယ်ဆိုတာ ပြတဲ့ လက္ခဏာဖြစ်ပါတယ်။ ပွဲတော်လာ ပန်းချီကိုထိန်လင်းက အောက်ပါအတိုင်း သူ့အမြင်ကို သူ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

နေုပြည်တော် ရုပ်ရှင်ရုံ လူ့အခွင့်ရေး နဲ့လူ့ဂုဏ်သိတ္ခာ ရုပ်ရှင်ပွဲတော် Human Rights Human Dignity international film festiveal မှာ twilight over Burma အဖွင့်ပြမယ်ဆိုလို့ သွားလိုက်ပါတယ်။ အဖွင့်မိန့်ခွန်းမှာ ဦးတင်ဦးက ဒီဇာတ်ကားရဲ့ ဝတ္ထုအင်မတန်ကောင်းမွန်ကြောင်း ဇာတ်ကားကောင်းကြီးကို အခုပရိတ်သတ် ကြည့်ကြရမှာဖြစ်ကြောင်းပြောပါတယ် ။နောက် ကိုဂျင်မီတို့  ဦးမြင့်သိန်းဖေတို့ ပြောတယ် ။ နောက်ဆုံး မိနစ် ဇာတ်ကားပြကာနီးမှာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး တက်လာပြီး ကြေညာတယ် တောင်းပန်တယ် Twilight over Burma ဇာတ်ကားထဲမှာ တပ်မတော် ရဲ့ပုံရိပ်ကို ထိပါးစေသော အခန်းများပါလို့ ဆင်ဆာ က ခွင့်ပြုချက် မရလို့  ပြသနိုင်မှာ မဟုတ်ကြောင်း ကြေညာ ။ မမွန်မွန်မြတ် တက်လာပြီး တောင်းပန်စကားပြောတယ်။ ပြသခွင့်မပြုတဲ့ကားအစား မြန်မာ ပြိုင်ပွဲဝင် ကားလေး ၂ကား ကို ပြပေးပါမယ်ဆိုပြီး အခု ထိုးပြနေတယ်။ ကျွန်တော်တို့ ပြောင်းလဲနိုင်ခဲ့ပြီ ကျွန်တော်တို့ အနုပညာတွေကို လွတ်လွတ်လပ်လပ် တင်ပြနိုင်ပြီ လို့  ထင်ခဲ့ကြတယ်။ လက်တွေ့ အခြေအနေမှာတော့ လူ့အခွင့်ရေးလူ့ဂုဏ်သိတ္ခာရုပ်ရှင်ပွဲတော်မှာ ရှမ်းစော်ဘွား စပ်ကြာဆိုင် နဲ့လက်ထပ်ပြီး မဟာဒေဝီ ဖြသ်လာတဲ့သြစတီးယားသူ အင်းဂဲ ရဲ့ဘဝကို ရိုက်ကူးထားတဲ့နာမည်ကျော် ဇာတ်ကား ပြသခွင့်ပိတ်ခံနေရပြီ။ အမေစုကိုယ်တိုင် ဇာတ်စီးနေပြီ၊ ပြောင်းလဲနေပြီလို့  မည်သို့ ပင် ဆိုစေကာမူ အနုပညာလွတ်လပ်ခွင့်နဲ့ပတ်သက်လို့တော့ စိုးရိမ်စရာပဲ။
 Twilight Over Burmaကို ဘာသာပြန်အဖြစ် ပန်းချီဦးဝင်းဖေကိုယ်တိုင် ဘာသာပြန် ထုတ်ဝေခဲ့ဖူးပါတယ်။ မိုးမခအွန်လိုင်းမှာလည်း စာရေးသူ မေခ (ပြေ(ဆေး၂)) က "မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး"အမည်နဲ့ အခန်းဆက် ဘာသာပြန်ခဲ့ဖူးပါသေးတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ "ကွမ်းပေါ်လစီ"နဲ့ စည်ပင်၏ လုပ်ရပ် ကွဲလွဲနေမှု ထုတ်ပြန်

$
0
0


 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ "ကွမ်းပေါ်လစီ"နဲ့ စည်ပင်၏ လုပ်ရပ် ကွဲလွဲနေမှု ထုတ်ပြန်
(မိုးမခ) ဇွန် ၁၅၊ ၂၀၁၆

မေလအတွင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်တိုင်လမ်းညွှန်မှုအဖြစ် ကွမ်းစားသုံးမှု ကျဆင်းပပျောက်ရေး ကို အထက်အောက် သက်ဆိုင်ရာသို့ ထုတ်ပြန်ခဲ့ပြီး မြန်မာပြည်တ၀ှမ်းတွင် ပြည်သူများအတွင်း ကွမ်းစားသုံးမှုဆိုင်ရာ အငြင်းပွားမှုများ၊ စည်ပင်နဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီးတို့၏ မတူညီသော အရေးယူဆောင်ရွက်မှုများ ပေါ်ပေါက်ခဲ့သည်။ ဇွန်လ ၁၃ ရက်နေ့စွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထပ်မံလမ်းညွှန်မှုများ ထုတ်ပြန်ကြောင်း သမ္မတရုံးက ဇွန် ၁၄ ရက်စွဲနဲ့ ထုတ်ပြန်လိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ကွမ်းစားသုံးမှု ကျဆင်းပပျောက်ရေးဆိုရာတွင် ကွမ်းယာဆိုင်များ ကို ပိတ်ပင်ခြင်းထက် ပညာပေးစည်းရုံးရေးကိုသာ အားထားကြောင်း ထပ်မံ ရှင်းလင်းထားသည်ကို တွေ့ရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကွမ်းပေါ်လစီကို အထက်အောက် အဖွဲ့အစည်းများ၏ အမျိုးမျိုး အဖုံဖုံသော အဓိပ္ပါယ်ကောက်ယူမှု၊ အကောင်အထည်ဖော်မှု၊ အရေးယူဆောင်ရွက်မှုတို့သည် ပြည်သူများအတွက် နားလည်မှုများ ရှုပ်ထွေးစေကုန်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။




ကာတွန်း ATH - နေခြည်မှာ ရွှေရည်လောင်း ငါတို့ စာသင်ကျောင်း

$
0
0

ကာတွန်း ATH - နေခြည်မှာ ရွှေရည်လောင်း ငါတို့ စာသင်ကျောင်း
(မိုးမခ) ဇွန် ၁၅၊ ၂၀၁၆

ဂါမဏိ - နိုင်ငံတနိုင်ငံမှာ တပ်မတော်တခုပဲ ရှိရမှာလား

$
0
0

ဂါမဏိ - နိုင်ငံတနိုင်ငံမှာ တပ်မတော်တခုပဲ ရှိရမှာလား
(၂၁ ရာစုပင်လုံ စာစဉ် (၁))
(မိုးမခ) ဇွန် ၁၅၊ ၂၀၁၆
"နိုင်ငံတနိုင်ငံမှာ တပ်မတော်တခုပဲ ရှိရမှာလား"

ဒီကနေ့မှာ ပြည်တွင်းငြိမ်းချမ်းရေးလှိုင်းလုံးနဲ့ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေး ရေစီးကြောင်း အားကြီးလာတဲ့အခါ တိုင်းရင်းသားအခွင့်အရေး၊ ဖက်ဒရယ်အခွင့်အရေးတွေကိုတော့ ပေးနိုင်သလိုလို၊ ဒါပေမဲ့ တိုင်းရင်းသားတပ်တွေ သီးသန့်တည်ရှိခွင့်မဖြစ်နိုင်ဘဲ တပ်မတော်ဆိုတာ တခုထဲပဲ ရှိရမှာ လိုလို အာဏာရှိတွေက လေသံလွှင့်လာတာ တွေ့ရပါတယ်။ တော်ရုံတန်ရုံလူတွေကလည်း ဟုတ်နိုးနိုးထင်နေကြပါတယ်။

ဒါကြောင့် သူတို့ပြောနေသလို တကမ္ဘာလုံးမှာ နိုင်ငံတိုင်း 'တရားဝင်'တပ်မတော် တခုစီပဲရှိသလား လေ့လာကြည့်ဖို့ လိုလာပါတယ်။

ပထမဆုံးအနေနဲ့ ဒီမိုကရေစီထိပ်သီးနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လက်နက်ကိုင် တပ်ဖွဲ့များဖွဲ့စည်းပုံကိုကြည့်ရင် တပ် ၆ တပ် တွေ့ရပါတယ်။ ဒါတွေက ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ ကမ်းတက်တပ်၊ ကမ်းစောင့်တပ်၊ ပြည်စောင့်တပ်တို့ဖြစ်ပြီး ကြည်း-ရေ-လေ တပ်တွေဟာ မြန်မာပြည် မှာလို တပေါင်းတည်း ပေါင်းထားတာမဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ရပ်တည်နေ ကြတာ ဖြစ်ပါတယ်။ ကြည်း၊ ရေ၊ လေ၊ ကမ်းတက်တပ်တွေဟာ ကာ ကွယ်ရေးဝန်ကြီးဌာနအောက်က သီးခြားဌာနတွေဖြစ်ပါတယ်။ ၁၉၄၇ မတိုင်ခင်က ကြည်းတပ် ရေတပ် လေတပ်တွေအတွက် သီးခြား ဝန်ကြီးတွေ ရှိခဲ့ပြီး ခုနောက်ပိုင်းမှာတော့ ကာကွယ်ရေးဝန်ကြီးအောက်မှာ သီးခြား ကြည်း ရေ လေ အတွင်းဝန်တွေကတဆင့် အုပ်ချုပ်ပါတယ်။ ကမ်းစောင့်တပ် (Coast Guard) ကတော့ ဟိုတုန်းက ဘဏ္ဍာရေးဝန်ကြီး ဌာနအောက်မှာ အချိန်အကြာကြီးရှိခဲ့ပြီး အခုနောက်ပိုင်းမှာ အမိမြေလုံခြုံရေး ဝန်ကြီးဌာနအောက် ရောက်သွားပါတယ်။ စစ်ရေးအရ အရေးပေါ်ရင်တော့ ရေတပ်အောက်ကို သိမ်းသွင်းခွင့်ရှိပါတယ်။

တပ်တွေကြား အဆက်အစပ်မိ ဟန်ချက်ညီဖို့အတွက်တော့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ကို ကြည်း၊ ရေ၊ လေ၊ ကမ်း တက်၊ ပြည်စောင့်တပ် ဦးစီးချုပ်တွေနဲ့ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ဟာ သမတနဲ့ဝန်ကြီးရဲ့စစ်ဘက်အကြံပေးတာဝန်နဲ့ ဦး ၁ မပါ ဦး-ရေး-ထောက် တာဝန်ပဲ အဓိက ယူရပြီး စစ်ဆင်ရေးတာဝန်ကိုတော့ စစ်သေနာပတိချုပ်ဖြစ်တဲ့သမ္မတ၊ အရပ်သားဖြစ်တဲ့ကာကွယ်ရေး ဝန်ကြီးနဲ့ စစ်တိုင်း ၉ တိုင်းရဲ့ တိုင်းမှူးတွေက တိုက်ရိုက်တာဝန်ယူရပါတယ်။ တိုင်း ၉ တိုင်းမှာ တကမ္ဘာလုံးကို နယ်မြေအရခွဲဝေအခြေခံတဲ့ ၆ တိုင်း နဲ့ နယ်မြေအခြေမခံတဲ့ ၃ တိုင်း ပါဝင်ပါတယ်။ စစ်တိုင်းအားလုံးဟာလည်း ကြည်း-ရေ-လေ-ကမ်းတက်တပ်တွေရဲ့ ပူးတွဲ စစ်တိုင်းတွေဖြစ်ပြီး တိုင်းမှူးတွေဟာ ကြည်းတပ်က ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ သီးခြားလွတ်လပ်တဲ့ ကြည်း ရေ လေ တပ်တွေကို ပူးတွဲထားလို့ တိုက်ရည်ခိုက်ရည်နိမ့်မနိမ့်ကတော့ အထူးပြောစရာမလိုပါဘူး၊ အမေရိကန်စစ်သမိုင်းကို ကြည့်ရင် သိနိုင်ပါတယ်။

ပြည်သူ့စစ်တွေကနေ ပေါက်ဖွားလာတဲ့ ပြည်စောင့်တပ် (National Guard) ကတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရ လက်အောက်မှာဘဲရှိပြီး ကြည်းကြောင်းပြည်စောင့်တပ်နဲ့ လေကြောင်းပြည်စောင့် တပ်တွေ ပါရှိပါတယ်။ ဘတ်ဂျက်နဲ့ အုပ်ချုပ်မှုကိစ္စတွေကိုတော့ ဗဟိုအစိုးရ၊ အမေရိကန်ကြည်းတပ်၊ အမေရိကန်လေတပ်တွေက တာဝန်ယူပေးပါတယ်။ တခြားလက်နက်ကိုင်တွေဖြစ်တဲ့ ရဲအားလုံးဟာ သက်ဆိုင်ရာပြည်နယ်အစိုးရတွေအောက်မှာပဲရှိပြီး ပြည်ထောင်စု အစိုးရအောက်ကရဲအဖြစ် FBI က သတ်မှတ်ထားတဲ့အမှုအမျိုးအစားတွေကို ကိုင်တွယ်ပါတယ်။

ဗြိတိန်နိုင်ငံမှာလည်း ကြည်းတပ် ရေတပ် လေတပ်တွေအတွက် သီးခြားဌာနတွေနဲ့ အတွင်းဝန်တွေ ထားပါတယ်။ ထိပ်မှာတော့ ဦးစီးချုပ်များကော်မတီ၊ ဦးစီးချုပ်၊ ကာကွယ်ရေးကောင်စီ၊ ကာကွယ်ရေး ဝန်ကြီး၊ ဝန်ကြီးချုပ်နဲ့ ဘုရင်မတို့ အဆင့်ဆင့်ရှိပါတယ်။ ပြည်စောင့်တပ်မတော် (Territorial Army) ဆိုတဲ့ ပြည်သူ့စစ်ကတော့ ပြည်တွင်းလုံခြုံရေး ဒေသန္တရကာကွယ်ရေးအတွက် ထားတာဖြစ်ပါတယ်။ တကမ္ဘာလုံးကို နယ်ချဲ့ကိုလိုနီလုပ်တုံးကဆိုရင် အရှေ့အိန္ဒိယ ကုမ္ပဏီတပ်တွေ သီးခြားရှိခဲ့ပါသေး တယ်။ အိန္ဒိယတနိုင်ငံလုံးကို ကုမ္ပဏီတပ်တွေကပဲ သိမ်းယူ အုပ်ချုပ်ခဲ့တာဖြစ်ပြီး အင်္ဂလိပ်-မြန်မာ ပထမနဲ့ဒုတိယစစ်ပွဲတွေမှာလည်း ဗြိတိသျှပင်မတပ်တွေမဟုတ်ဘဲ အရှေ့အိန္ဒိယကုမ္ပဏီတပ်တွေက မြန်မာနိုင်ငံတဝက်လောက်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ကွန်မြူနစ် လက်ဝဲနိုင်ငံဆိုတဲ့ တရုတ်နိုင်ငံမှာတော့ အမေရိကန်လို ကြည်း-ရေ-လေ သီးခြားစီမထားဘဲ တပေါင်းတည်း ဖြစ်ပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် တပ် ၃ တပ်စနစ် ကျင့်သုံးပါတယ်။ အဲဒါတွေကတော့ အဓိကတပ်၊ ဒေသ တပ် နဲ့ ပြည်သူ့စစ် ဆိုပြီး သီးခြားကွပ်ကဲမှုကိုယ်စီဖြစ်ပါတယ်။ ပြည်သူ့လုံခြုံရေးတပ် ဆိုပြီး ရဲတွေကို ကွပ်ကဲထိန်းချုပ်တဲ့ သီးခြားဝန်ကြီးဌာန ရှိသေးတယ်။

ကိုးရီးယားစစ်ပွဲကာလတုံးကဆိုရင် ပြည်သူ့အပျော်တမ်း တပ်ဆိုပြီး သီးခြားတပ်တတပ် ရှိခဲ့ပါသေး တယ်။ ဗီယက်နမ်နိုင်ငံနဲ့ ဟိုတုံးကဆိုဗီယက်ရုရှားမှာလည်း အလားတူပုံစံ ဖြစ်ပါတယ်။ ဒေသတပ်နဲ့ ပြည်သူ့စစ်တွေကို သက်ဆိုင်ရာပြည်နယ်တွေ ဒေသတွေက အဓိကကွပ်ကဲတာဖြစ်ပြီး ထိပ်ဆုံးမှာဘဲ ဗဟိုစစ်ကော်မရှင်အနေနဲ့ လက်နက်ကိုင်တပ်အားလုံးကို ကွပ်ကဲပါတယ်။

လက်ျာလည်းမဟုတ် လက်ဝဲလည်းမဟုတ်တဲ့ အစ္စလမ်နိုင်ငံတွေထဲမှာတော့ အီရန်နိုင်ငံမှာ သမရိုးကျ အီရန်တပ်မတော်နဲ့ တော်လှန်ရေးကာကွယ်ရေးတပ် (Revolutionary Guards) ဆိုတဲ့ တပ် ၂ တပ် စနစ်သုံးပြီး ထိပ်ဆုံးမှာ အမြင့်ဆုံးဘာသာရေးကောင်စီက ကွပ်ကဲပါတယ်။ နှစ်တပ်စလုံးမှာ သီးသန့် ကြည်း-ရေ-လေတပ်ဖွဲ့တွေ ရှိကြပါတယ်။

သမရိုးကျတပ်မတော်အပြင် သမ္မတနိုင်ငံစောင့်ကာကွယ်ရေးတပ် (Republican Guard) ဆိုပြီး ကြီးကြီးမားမား ဖွဲ့စည်း ထားကြတာတွေလည်း ရှိပါတယ်။ နိုင်ငံတော်တော်များများမှာ ဒီသမ္မတ နိုင်ငံစောင့်ကာကွယ်ရေးတပ်တွေကို မြို့တော် ကာကွယ်ရေးအတွက် သီးသန့်ထားကြတာ တွေ့ရ ပါတယ်။ မကြာသေးတဲ့သမိုင်းမှာလည်း ဆဒ္ဒန်ဟူစိန်လက်ထက် အီရတ်နိုင်ငံမှာ သမ္မတ နိုင်ငံစောင့် ကာကွယ်ရေးတပ် ရှိခဲ့ဖူးပြီး ဒုတိယကမ္ဘာစစ်ကာလ ဂျာမဏီနိုင်ငံမှာတော့ ဂျာမန်တပ်မတော်အပြင် SS တပ်တွေ ထားခဲ့ဖူးပါတယ်။ လက်ရှိရုရှားနိုင်ငံမှာ နိုင်ငံစောင့်ကာကွယ်ရေးတပ် (National Guard) ကို သမတ ပူတင်က တိုက်ရိုက်ထိန်းချုပ်ထားပြီး သမရိုးကျရုရှားတပ်မတော်နဲ့ တသီးတခြားဖြစ်တယ်။

မြန်မာနိုင်ငံမှာလည်း ကြည်း ရေ လေ သုံးတပ်ဟာ လွတ်လပ်ရေးရခါစက သီးခြားစီရပ်တည်ခဲ့ကြပေမဲ့ စစ်အာဏာရှင် စနစ် ထူထောင်ဖို့ရည်မှန်းနေတဲ့ ဗိုလ်ချုပ်နေဝင်းက အကြောင်းအမျိုးမျိုးပြပြီး ၁၉၅၅ ခု အောက်တိုဘာလကစလို့ တပေါင်းတည်းလုပ်ပစ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ပထမအကြိမ် စစ်အာဏာ သိမ်းခေတ်ဖြစ်တဲ့ 'အိမ်စောင့်အစိုးရ'လက် ထက် ၁၉၅၉ ခုနှစ် စက်တင်ဘာလမှာတော့ ဒီလို တပေါင်းတည်းလုပ်မှုကို လွှတ်တော်က 'ဗမာ့တပ်မတော်အက် ဥပဒေ'အဖြစ် ပြဋ္ဌာန်းပေး လိုက်ရတဲ့ အတွက် ၁၉၆၂ နဲ့ ၁၉၈၈ အာဏာသိမ်းပွဲတွေအတွက် လမ်းပွင့်သွားခဲ့တာဖြစ်ပါ တယ်။ စစ်အာဏာရှင်နိုင်ငံအများစုမှာလည်း ကြည်း-ရေ-လေ တပေါင်းတည်းလုပ်ထားလေ့ရှိပြီး တခြားဒေသတပ်တွေ တည်ရှိခွင့်မပေးတာ တွေ့ရပါတယ်။

တကယ်တော့ တိုင်းပြည်တပြည်မှာ စစ်တပ်တခုပဲရှိရမယ် ဆိုတဲ့အယူအဆဟာ လက်တွေ့အခြေ အနေနဲ့ ကွဲလွဲနေတဲ့ စိတ်ကူးယဉ်အယူအဆ၊ ခေတ်မမီတဲ့လိုရာဆွဲအတွေးအခေါ်ဖြစ်ပြီး စစ်အာဏာရှင် စနစ်ကို လမ်းခင်းပေးတဲ့ အခြေခံဖြစ်ပါ တယ်။

ဂါမဏိ

မောင်မောင်စိုး - မြန်မာလူထု လက်ခံနိုင်မည်မဟုတ်သည့် တရုတ်ကုမ္ပဏီ၏ မြစ်ဆုံသဘောထား ကြေညာချက် - အပိုင်း ၁

$
0
0

မောင်မောင်စိုး - မြန်မာလူထု လက်ခံနိုင်မည်မဟုတ်သည့် တရုတ်ကုမ္ပဏီ၏ မြစ်ဆုံသဘောထား ကြေညာချက် - အပိုင်း ၁
(မိုးမခ) ဇွန် ၁၅၊ ၂၀၁၆



ဧရာဝတီမြစ်ဆုံ မြစ်ညှာမြစ်ဝှမ်းရေအား လျှပ်စစ်ကုမ္မဏီလီမီတက် ဧရာဝတီမြစ်ဆုံ မြစ်ညှာမြစ်ဝှမ်း ရေအား လျှပ်စစ်ကုမ္ပဏီ လီမီတက် Upstream Ayeyawady Confluence Basin Hydropower Co.,ltd. ACHC ကုမ္ပဏီကို ၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က နေပြည်တော်တွင် မှတ်ပုံတင်၍ မြန်မာနိုင်ငံ၏ဖက်စပ်ကုမ္ပဏီတခုအဖြစ်နှင့် ဧရာဝတီမြစ်ဆုံ နှင့်မြစ်ညှာဒေသ ရေအား လျှပ်စစ် ထုတ်လုပ်ရေးကိုလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ACHC ကုမ္ပဏီအား တရုတ်အစိုးရပိုင် CPI China Power Investment ကော်ပရေးရှင်းမှ ၈၀% မြန်မာအစိုးရမှ အခမဲ့ရှယ်ရာ ၁၅% အေးရှားဝေါ ကုမ္ပဏီမှ ၅% ဖြင့် ဖွဲ့စည်းထားသည်။

လက်ရှိအချိန်တွင် CPI သည် တရုတ်နျူကလီယား လျှပ်စစ်နည်းပညာကုမ္ပဏီနှင့် ပေါင်း၍ SPIC
State Power Investment Corparation အဖြစ်ပြောင်းလဲဖွဲ့စည်းထားသည်။ CPI ဖြစ်စေ SPIC ဖြစ်စေ တရုတ်အစိုးရပိုင်ဖြစ်ပြီး အေးရှဝေါကုမ္ပဏီကတော့ လော်စစ်ဟန်၏သားဖြစ်သူ ဦးထွန်းမြင့်နိုင်ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။

အဆိုပါ ACHC ကုမ္မဏီသည် ၂၀၁၆ ဇွန်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်တရပ် ထုတ်ပြန်ခဲ့ပါသည်။ ထိုကြေညာချက်တွင် ထုတ်ပြန်ချက်အရ ၎င်းကုမ္ပဏီသည် ၂၀၀၆ မှ ၂၀၀၉ အတွင်း မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ အမှတ် ၁ လျပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် MOU /MOA နှင့် မြစ်ဆုံရေအား လျှပ်စစ်စက်ရုံနှင့် ပတ်သက်၍ JVA စသည့် စာချုပ်များချု ပ်ဆို၍၎င်း ၂၀၁၀ ပြည့်နှစ်တွင် ချီဗွေ ရေအားလျပ်စစ်စက်ရုံနှင့် လိုင်ဇာရေအားလျပ်စစ်စက်ရုံ JVA စာချုပ်ချုပ်ဆို၍၎င်း မြန်မာ အစိုးရ ( နအဖ ) သည် အဆိုပါရေအား လျှပ်စစ်ရုံ ၃ ခုအား အထူးခွင့်ပြုမိန့် ချထားခဲ့ရသည်ဟု ဆိုသည်။

၎င်းတို့ ACHC အနေနှင့် မြစ်ဆုံရေအားလျှပ်စစ်နှင့် ချီဗွေရေအားလျှပ်စစ်တို့အား ၂၀၀၉ ဒီဇင်ဘာ နှင့် ၂၀၁၀ ဒီဇင်ဘာလတွင် ဆက်တိုက်စတင် လုပ်ဆောင်ခဲ့သည်ဟု ဆိုပါသည်။ ၎င်းတို့ ACHC အနေနှင့် စီမံကိန်းဖြစ် မြောက်နိုင်စွမ်းအစီခံစာ၊ EIA ၊ တမံနှင့်စီမံကိန်းဘေးကင်းလုံခြုံရေးနှင့် နယ်ပယ်တွင်း ငလျှင်ဒဏ် ဘေးကင်းခုခံနိုင်ရေးစသည့်အစီရင်ခံစာများကို ၂၀၀၉ ခုနှစ်တုန်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်အခြား သက်ဆိုင်ရာ ဌာနများမှ စစ်ဆေး အတည်ပြုခဲ့သည်ဟု ဆိုပါသည်။

သို့သော် ACHC ၏ထုတ်ပြန်ကြေညာချက်တွင် အားနည်းချက်များ သဘောမတွေ့စရာ များစွာ ပါသည် ဖြစ်ရာ တက်ကြွသူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူများ အရပ်ဖက် လူအဖွဲ့ အစည်းများအပါအဝင် လူထုများ၏လက်သင့်ခံနိုင်ခြင်းမရှိဘဲ တုံ့ပြန်ဝေဖန်ခံခဲ့ရတော့မှာ သဘာဝ ကျသည်ဟု ဆိုရမည်။

ထုတ်ပြန်ချက်နှင့်လက်တွေ့ လက်တွေ့ တွေ့ရသည်မှာ မြစ်ဆုံ မြစ်ညှာမြစ်ဝှမ်းတလျှောက် တည်
ဆောက်မည့်ဆည်များနှင့် ပတ်သက်၍ EIA ခေါ် သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု အစီရင်ခံစာပြု စုမည့်အဖွဲ့၏လုပ်ငန်းများသည် ၂၀၀၉ ဇန်နဝါရီမှ စတင်နိုင်ပြီး ၂၀၀၉ ဇွန်မှ လုပ်ငန်းများ လက်စသတ်နိုင်ပြီး နှစ်ကုန်ပိုင်းမှ အဆိုပါ EIA အစီရင်ခံစာကိုတင်ပြနိုင်ပါသည်။

သို့သော် မြစ်ဆုံဆည်ဆောက်လုပ်၍ ရေနစ်မြု ပ်ဒေသရှိ ကျေးရွာများ ပြောင်းရွှေ့ခြင်းအား ၂၀၀၉ နှစ်ဆန်းကတည်းက ပြောင်းရွှေ့နေပြီဖြစ်သည်။

CPI အနေနှင့် အဆိုပါပြောင်းရွှေ့မည်သူများနေထိုင်မည့်သူများ နေထိုင်မည့် အိမ်ရာများကို ၂၀၀၈ ကတည်းက စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၂၀၀၉ ခုနှစ် အဆိုပါ ရွာများကို ပြောင်းရွှေ့ချိန်ထိ အဆိုပါ မြစ်ဆုံ မြစ်ညှာမြစ်ဝှမ်း ဆည်များဆောက်လုပ်ခြင်းနှင့်ပတ်သက်သည့် SIA ခေါ် လူမှုဘဝအကျိုးသက်ရောက်မှုအကဲဖြတ်မှုနှင့်ပတ်သက်၍ လုပ်ဆောင်ခြင်းမတွေ့ရသလို နောက်ပိုင်းတွင် SIA အစီရင်ခံစာတခု ထွက်ပေါ်လာသည်ကို မတွေ့ရပေ။

သို့ဖြစ်ရာ CPI အနေနှင့် အရပ်သားများပြောင်းရွှေ့ခြင်းလုပ်ငန်းများကို မည်သည့် EIA အစီရင်ခံစာ မည်သည့် SIA အစီရင်ခံစာမှ ထွက်ပေါ်မလာမီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုရပါမည်။ ထို့ပြင် မြန်မာအစိုးရနှင့်ပူးပေါင်း၍ ACHC ကုမ္ပဏီဖွဲ့စည်းခြင်းကို ၂၀၁၀ ဇွန်လ ၁၁ ရက်နေ့ကမှ စတင် မှတ်ပုံတင်ခဲ့သည်ဟု ဆိုပေရာ အဆိုပါ အရပ်သားများပြောင်းရွှေ့ခြင်းကို ACHC ကုမ္ပဏီ အနေနှင့်လုပ်ဆောင်ခြင်းမဟုတ်ဘဲ တရုတ် CPI ကော်ပိုရေးရှင်းနှင့် မြန်မာအာဏာပိုင် တို့ ပူးပေါင်းလုပ်ဆောင်သည်ဟုသာ ဆိုရပေမည်။

ထို့ပြင် ၂၀၀၉ ခုနှစ်နှစ်ကုန်ပိုင်တွင် ပေါ်ထွက်ခဲ့သည့် EIA အစီရင်ခံစာတွင်လည်း မြစ်ဆုံဆည် တည်ဆောက်ရန်မသင့်ဟု မှတ်ချက်ပေး ဖော်ပြပါရှိပြီး ဖြစ်သည်။ ထို့ကြောင့် လက်တွေ့တွင် CPI ၏ မြစ်ဆုံဆည်တည်ဆောက်ရေးတွင် RIA/SIA အစီရင်ခံစာများကို စောင့်ဆိုင်းခြင်းမရှိဘဲ ထိုစဉ်မြန်မာအစိုးရအာဏာပိုင်များနှင့် သဘောတူညီချက်ရယူကာ ဆောင်ရွက်ခဲ့သည်ဟု ဆိုရပါမည်။

ရွာများပြောင်းရွှေ့ခြင်းနှင့်လျော်ကြေး
ACHC ၏ထုတ်ပြန်ချက်တွင် အရပ်သားရွာများအား ရွှေ့ပြောင်းရာတွင် ကုမ္ပဏီမှ အရပ်သားများ အား အဓမ္မပြောင်းရွှေ့ခိုင်းမရှိသကဲ့သို့ ဤသို့လည်း လုပ်ပိုင်ခွင့်မရှိပါဟု ဆိုခဲ့သည်။ ဤအချက်နှင့်ပတ်သက်၍ ကုမ္ပဏီမှ တိုက်ရိုက်အဓမ္မရွှေ့ပြောင်းခြင်းမရှိဟုဆိုနိုင်သော်လည်း ကုမ္ပဏီနှင့် သဘောတူညီထားသည့် ဒေသခံအာဏာပိုင်များ၏ အဓမ္မပြောင်းရွှေ့ခြင်းခံခဲ့ရသည် ကတော့ ဖြစ်ရပ်မှန်ဟု ဆိုရပါမည်။

အဆိုပါ ပြောင်းရွှေ့လာသူများနှင့် CPI အနေနှင့်အိမ်ယာဆောက်လုပ်ပေးခြင်း စာဝတ်နေရေး ကူညီထောက်ပံ့ပေးခြင်းတို့ကို CPI အနေနှင့်ပေးခဲ့သည်တော့ အမှန်ပင်ဖြစ်သော်လည်း ထိုသူများ အားလုံးသည် မိမိဆန္ဒအရ ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟူ၍ ဆို၍ မရပေ။ အလားတူပင် ထိုဒေသရှိတောတောင်မြစ်ချောင်းများတွင် သဘာဝအရ အစဉ်အလာအရ အိုးအိမ်ဆောက် လုပ်ရန် သစ်ဝါး သက်ငယ်စသည်များ အစားအသောက်အတွက် အသားငါးများ သဘာဝအလျောက် ဘိုးစဉ်ဘောင်ဆက်ရှာဖွေစားသောက်နိုင်ခဲ့သည့် အခွင့်အလမ်းဆုံးရှုံးမှုကို မည်သို့ မည်ပုံ CPI ကလျော်ကြေးပေးမည်ဆိုသည်ကိုတော့ ရှင်းလင်းစွာမသိရပေ။

နိုင်ငံတကာထောက်ခံမှုဆိုသည်မှာ
ACHC ၏ထုတ်ပြန်ချက်တွင် မြစ်ဆုံစီမံကိန်းသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ပြည့်စုံ၍ နိုင်ငံတကာ၏ ထောက်ခံမှုရသည်ဟူ၍၎င်း ချီဗွေရေအားလျှပ်စစ်ကြောင့် မြစ်ကြီးနား အထက်ပိုင်း တွင် လျပ်စစ်မီးရသဖြင့် နိုင်ငံတကာ၏ ချီးကျူးမှုရသည်ဟူ၍၎င်း ဖော်ပြပါရှိ သော်လည်း မည်သည့်နိုင်ငံတကာအဖွဲ့အစည်းမှ မည်သည့်အချိန်တွင် မည်သို့အသိမှတ်ပြုသည်ဆိုသည် ကိုမတွေ့ရပေရာ အများပြည်သူတို့အနေနှင့် ACHC ၏ထုတ်ပြန်ချက်ကို ယုံကြည်ရန် ခက်ခဲပေသည်။

ACHC ၏ အရပ်ဖက်အဖွဲ့အစည်းများသို့ တုံ့ပြန်ချက်
အရပ်ဖက်အဖွဲ့အစည်းများသို့ ပြန်လည်တုံ့ပြန်ချက်များ စိတ်ပျက်ဖွယ်ကောင်းသည်ဟု ဆိုရပါမည်။ ပထမတခုအနေနှင့် အရပ်ဖက်အဖွဲ့အစည်း တခုက ၂၀၁၄ နှင့် ၂၀၁၅ အတွင်း ACHC ကုမ္မဏီမှ ဝန်ထမ်းများ ရွှေကျင်ခြင်း အရပ်သားများ၏ အိမ်မွေးတိရစ္ဆာန်များအား သတ်စားသည်ဟူသည့် စွပ်စွဲချက်များကို ပြန်လည်ဖြေရှင်းရာတွင်၎င်း ဒုတိယအနေနှင့် မြစ်ဆုံစီမံကိန်း ရပ်တန့်ပေးရန် ဒေသခံများအား မိမိမူလရပ်ရွာသို့ ပြန်လည်အခြေချခွင့်ပေးရေး အိတ်ဖွင့်ပေးစာနှင့်ပတ်သက်ပြီး ဖြေရှင်းရာတွင်၎င်း တွေ့ရသည်။

ACHC ၌ မူအရပြန်လည်တုံ့ပြန်ဖြေရှင်းခွင့်ရှိပါသည်။ သို့သော် တိကျသောဖြေရှင်းချက်ဖြစ်ရန် လိုသည်။ ပထမအချက်နှင့်ပတ်သက်၍ ကုမ္ပဏီ၏တောင်းဆိုချက်အရ ကချင်ပြည်နယ်အစိုးရက ဒေသခံမီဒီယာများနှင့်အတူ ကွင်းဆင်းစစ်ဆေးပြီး မဟုတ်မှန်ကြောင်း သက်သေပြခဲ့ပြီဟုဆိုသည်။ သို့သော် တိကျသော သတင်းအချက်အလက်မပါရှိပေ။ မည်သည့်အချိန် မည်သူတွေက ဦးဆောင် စစ်ဆေး၍ မည်သူတွေအတည်ပြုသည်ဆိုသည်ရော မည်သည့်အရပ်ဖက်အဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်ဆိုသည်ရော မတွေ့ရပေ။

ဒုတိယအချက်အနေနှင့်ဖြေရှင်းရာတွင်လည်း တိကျသောအချက် အလက်မတွေ့ရပေ။ ဆိုရလျှင် သူတို့၏ ကွင်းဆင်းစစ်ဆေးချက်အရမမှန်ဟုသာဆိုပြီး လက်မှတ်အတုများ အကြိမ်ကြိမ်ပြန်လက်မှတ်ထိုးခြင်းများ ဖိအားပေးလက်မှတ်ထိုးခြင်းများရှိခဲ့သည်ဟု ဆိုခဲ့သည်။ မည်သည့်အရပ်ဖက်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ဟုမဖော်ပြခဲ့ပေ။ ထိုအဖွဲ့အစည်းများနှင့်ပတ်သက်၍ ACHC ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်မှာ "ပုတ်ခတ်စွပ်စွဲ သည်"ဟူ၍၎င်း "သူတို့သည်လိမ်လည်လှည့်ဖျားခြင်းနှင့် လီဆယ်လုပ်ကြံခြင်းဖြင့် လက်မှတ်ရေးထိုးဖိုင်များဖန်တီးခဲ့သည်။ အဆိုပါလုပ်ရပ်သည် အဖွဲ့အစည်းတခုခုမှ ၎င်းတို့၏ လူသိမပေးဝံ့သော ကြံစည်ချက်ကို ဖြစ်မြောက်နိုင်ရန်အတွက် အစိုးရနှင့်ပြည်သူများကို လိမ်ညာခြင်းသာဖြစ်ပါသည် "ဟူ၍၎င်း ဖော်ပြထားသည်။

အဆိုပါ ACHC ၏သဘောထားဖေါ်ပြချက်များကို အပြု သဘောတုံ့ပြန်ဖြေရှင်းမှုထက် ပြန်လည်ထိုးနှက်တိုက်ခိုက်နေသည်ဖြစ်ရာ ရလဒ်ကောင်းရရန် ခဲယဉ်းသည်ဟု ဆိုရပါမည်။

အဆိုပါ ACHC ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ၂၀၁၆ မေလ ၁၀ ရက်နေ့ က မြစ်ဆုံစီမံကိန်း ရပ်တန့်ပေးရန် သမတထံ အိတ်ဖွင့်ပေးစာပေးပို့သည့် ဒေသခံအဖွဲ့အစည်းဖြစ်သည့် ( Mungchying Rawtjat MRJ ) အား ဦးဆောင်သူ ဒေါ်ဂျာခေါင်က "ကျမတို့ကို စွပ်စွဲရင်လည်း ဖြေရှင်းဖို့ အသင့်ရှိပါတယ်။ ကျမတို့ ဒေသခံတွေရဲ့နောက်မှာ အဖွဲ့အစည်းတခုခု ရှိနေတယ်လို့ ပြောချင်တယ်ထင်တယ်။ ကျမတို့ဒေသခံအဖွဲ့အစည်း MRJ မှာဆိုရင် ဒေသခံအားလုံးပါတယ်။ မြစ်ဆုံစီမံကိန်းက ဒေသခံတင်မကဘဲ ယုဇနကုမ္ပဏီရဲ့မြေသိမ်းမှုဖြေရှင်းပေးဖို့တောင်းဆိုနေတဲ့ ဟူးကောင်းဒေသခံတွေပါတယ်။ စီမံကိန်းတွေကြောင့် ဒုက္ခရောက်နေတဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကျမတို့ ဒေသခံတွေ ပေါင်းပြီးလုပ်နေတဲ့အဖွဲ့အစည်းဖြစ်ပြီး နောက်ကနေ သွေးထိုးနေတဲ့ သူတွေလည်း မရှိပါဘူး။ ကျမတို့လိုအပ်ချက်ကို ကျမတို့ကိုယ်တိုင် အစိုးရဆီမှာ တောင်းတာပါ။ ကျမတို့က မြစ်ဆုံစီမံကိန်းကိုရပ်ဆိုင်းဖို့ ကျမတို့ဒေသခံတွေရဲ့နေရပ်ကို လွတ်လွတ် လပ်လပ်နေထိုင်စားသောက်ခွင့်ရှိအောင် တောင်းဆိုခြင်းဖြစ်ပါတယ်။ ကျမတို့က ဘယ်သူကိုမှ အတင်း အဓမ္မလက်မှတ်ထိုးခိုင်းတာမဟုတ်ဘူး "ဟူ၍ တုံ့ပြန်ပြောဆိုခဲ့သည်ဟု Eleven Media သတင်းတွင်ဖော်ပြခဲ့ပါသည်။

သို့ဖြစ်ရာ ACHC ၏တုန့်ပြန်ချက်သည် ဖြစ်ရပ်အပေါ်အခြေပြု ၍ အခြေပြု ရှင်းလင်းသည်ထက် တဖက်အရပ်ဖက်အဖွဲ့အစည်းအား ထိုးနှက်တိုက်ခိုက်မှုသာပြုလုပ်နေသည်ဖြစ်ရာ အများပြည်သူ လက်ခံနိုင်ရန် မဖြစ်နိုင်ဟု ဆိုရပေမည်။ ထို့ပြင် "မကောင်းဉာဏ်ရှိသောပြည်သူ အချို့မှ တမင် သက်သက် လွဲချော်အောင်လုပ်ဆောင်ခြင်းကြောင့် "ဟူအသုံးအနှုန်းသည် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ဝေဖန်သုံးသပ်နေကြသော ပြည်သူများ အရပ်ဖက်အဖွဲ့အစည်းများ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအသင်းအဖွဲ့များကို ဝါးလုံးရှည်နှင့် သိမ်းကျုံးရမ်းသကဲ့သို့ဖြစ်၍ အကျိုးသက်ရောက်မှုကောင်းမည်မဟုတ်ချေ ။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe ( မောင်မောင်စိုး )


ကာတွန်း ဖိုးဇော် - ညောင်ပင်အောက်က ဥ

$
0
0
ကာတွန်း ဖိုးဇော် - ညောင်ပင်အောက်က ဥ
(မိုးမခ) ဇွန် ၁၆၊ ၂၀၁၆

တက္ကသိုလ်ရွှေရီဝင်း - ကလေးတွေဖတ်ဖို့

$
0
0


တက္ကသိုလ်ရွှေရီဝင်း - ကလေးတွေဖတ်ဖို့
(အတွေးအမြင်၊ မိုးမခ) ဇွန် ၁၆၊ ၂၀၁၆
ကလေးဆိုတာ အင်မတန်မှ စိတ်ထား သန့်ရှင်းပြီး ဘေးပတ်ဝန်းကျင်ရဲ့ပုံရိပ်လေးတွေအောက်မှာ ပြောင်းလဲလာကြတာ အမှန်ဖြစ်ပါတယ်။

နောက်ပြီး သူတို့ရဲ့စိတ်က အလွန်စပ်စု စူစမ်းပြီး တက်တက်ကြွကြွရှိကြတယ်။ လူတိုင်းဟာ ကလေးဘဝကို ကျော်ဖြတ်ပြီးမှ ဆက်လက ရှင်သန်နေကြပါတယ်။

ကိုယ်ကိုယ်တိုင်လည်း ကလေးဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ မောင်နှမရှစ်ယောက်ရှိတဲ့အိမ်ထောင်မှာ ကြီးထွားရတာမို့ အစ်ကိုနှစ်ယောက်ရဲ့ အောက် ညီမလေးအဖြစ် ကလေးဘဝနေခဲ့ရသလို ညီ ညီမငါးယောက်ရဲ့အစ်မအဖြစ် ကလေးဘဝ ဖြတ်သန်းခဲ့ရပါတယ်။ နောက်တော့ မိခင် တယောက်အဖြစ် ကလေးတွေကို ပြုစုရပါတယ်။ ညီ ညီမတွေက ပေါက်ဖွားတဲ့တူတူမတွေနဲ့နေခဲ့ရသလို သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ကလေး တွေနဲ့ ရောနှောပြီး နေဖူးခဲ့တယ်။ နောက်တဆင့်တက်ပြီး မြေးဆိုတဲ့ ကလေးနဲ့  နေရပြန်ပါတယ်။

ဒါကြောင့်မို့လားမသိပါဘူး၊ ကလေးတွေကို စိတ်ဝင်တစားရှိပြီး သူတို့လေးတွေကိုစိတ်ဝင်တစားရှိပြီး သူတို့လေးတွေကို ချစ်လည်းချစ် ကူလည်း ကူညီချင်တဲ့စိတ် ရှိပါတယ်။ သူတို့လေးတွေကိုကြည့်ပြီး ကလေးဆိုတာ လောကကြီးထဲမှာ အမြဲတမ်း မရှိမဖြစ်ရှိနေကြတာကို လက်ခံမိတယ်။

မောင်နှမများတဲ့ မိသားစုမှာကြီးပြင်းရလို့ မိဘအဖိုးအဖွားရဲ့ ကလေးတွေအပေါ် ထားတဲ့ မေတ္တာတရားနဲ့ စေတနာကို နားလည်ခဲ့ပါတယ်။ ကလေး သဘာဝငယ်စဉ်က ကစားမက်တယ်၊ အပျင်းထူတယ်၊ ဆိုးတယ်။ အဲဒီအရည်အချင်းတွေကတော့ အပြည့်ပါပဲ။ ဒါနဲ့တပြိုင်တည်း တာဝန်တွေ၊ ဝတ္တရား တွေရှိလာတယ်။ အဲဒီအရည်အချင်းနှစ်ခုကို တဖက်စောင်းနင်းမဖြစ်အောင် လူကြီးမိဘက ထိန်းရပါတယ်။

ထိန်းသိမ်းပုံ၊ ထိန်းသိမ်းနည်းမျိုးစုံရှိပါတယ်။ အိမ်ထောင်ကျပြီး စာပေမှာ ပျော်မွေ့တဲ့ မိသားစုအသိုင်းအဝန်းကိုရောက်တော့ စာတွေ့ရော လက် တွေ့ပါ နှစ်မျိုးစလုံးနဲ့ ရင်းနှီးရပါတယ်။ စာတွေ့များရှိလို့လားလို့မေးရင် ရှိပါတယ်။ အဲဒီလို ကလေးတွေအကြောင်းရေးကြတဲ့ ပညာရှင်တွေကတော့ ဆင် ကြီးတွေလို့ ပြောရပါမယ်။ ကလေးပညာဗေဒမှာ ဘွဲ့ထူးတွေ၊ ရာထူးတွေရရှိထားတဲ့ ပညာရှိတွေဖြစ်တယ်။ သူတို့စာကိုဖတ်ရရင် မိဘတွေက သိပ် သဘောမတွေ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကလေးကိုအလိုလိုက်ဖို့ ကလေးရဲ့သဘောအတိုင်း လိုက်လျောဖို့ ပြောတာများပါတယ်။ ကျန်း မာရေးနဲ့ ပညာရေးအတွက်ကတော့ သူတို့ရေးတာကိုလက်ခံပေမယ့် ကလေးကို အတိုင်းအတာမရှိ အလိုလိုက်ဖို့တော့ သဘောမတူမိပါ။

နောက်ကလေးတွေအတွက် ဖတ်စရာ၊ တွက်စရာ၊ ပျော်စရာ၊ စိတ်ဝင်စားစရာ ဘာသာရပ်အစုံကိုရေးတဲ့ ပညာရှင်တွေကို လေ့လာကြည့်တော့ လည်း တကယ့်ပါရဂူတွေ၊ ဘွဲ့ထူးတွေ အစုံပါတဲ့လူတွေဖြစ်နေတာ တွေ့ရပါတယ်။ အဲဒါကိုတော့ သဘောလည်းတူ ထောက်လည်းထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့အတွေးအခေါ်ဟာ ထောင့်စေ့တာမို့ ကလေးတွေအတွက် စာရေးရာမှာ လွယ်ကူချောမောပြီး၊ ဇာတ်လမ်း တွေကလည်း ကလေးတွေလက်ခံနိုင်တဲ့ ဇာတ်လမ်းမျိုးတွေဖြစ်နေလို့ပါပဲ။

ကလေးတွေဖတ်ဖို့ ရေးရတာလွယ်ပါတယ်လို့ တွေးရင်တော့ မှားပါတယ်။ ကလေးတွေဖတ်ဖို့ ပုံပြင်တွေ၊ ဗဟုသုတစာပေတွေရေးတဲ့ ပညာ ရှင်တွေဟာ တကယ့်ပညာရှင်တွေ ဆိုတာကို ငြင်းလို့မရပါဘူး။ မြန်မာစာပေမှာဆို ဒေါက်တာမောင်ဖြူး၊ ဒေါက်တာထင်အောင်တို့လို ပုဂ္ဂိုလ်တွေက မြန်မာ ပုံပြင်တွေကို အင်္ဂလိပ်လိုရေးသားခဲ့ကြပါတယ်။ နောက် လူထုဦးလှလိုပညာရှင်ကြီးက တိုင်းရင်းသားပုံပြင်တွေ စုဆောင်းပေးခဲ့တာရှိပါတယ်။ ဆရာကြီး မင်းသုဝဏ်၊ ဆရာမင်းယုဝေနဲ့ ဆရာမငွေတာရီတို့လည်း ကလေးကဗျာတွေ၊ ကလေးပုံပြင်တွေ ရေးခဲ့ပါတယ်။

ကိုယ်ငယ်ငယ်ကတော့ နိုင်ငံခြားကာတွန်းတွေထဲက ဇာတ်လမ်းတွေ ဇာတ်ကောင်တွေနဲ့ ရင်းနှီးပါတယ်။ ကိုယ့်ကို မိဘတွေ၊ အဖိုးအဖွားတွေ ပြောခဲ့တာတွေအကုန်မမှတ်မိပေမယ့် ကိုယ့်ထက်ငယ်တဲ့မောင်တွေ၊ ညီမတွေကို ပြောတာကို အတူနားထောင်ရင်း ‘ ငါငယ်ငယ်တုန်းကလည်း ဒီလို ပုံတွေပြောခဲ့မှာပဲ’ ဆိုပြီး သိခဲ့ရလို့ ပိုပြီးမှတ်မိလာပါတယ်။ ရွှေယုန်နဲ့ရွှေကျားတို့၊ ကမ္ဘာလိပ်ကြီးတို့၊ မောင်ကဆုန်နဲ့ မောင်နယုန်ပါတဲ့ ကြတ္တိကာပုံပြင် တွေ၊ မထွေးလေးပုံပြင်တွေ၊ ရှင်မွေးလွန်း မင်းနန္ဒာဇာတ်လမ်းအစုံပါပဲ။ လမင်းကြီးနဲ့ပတ်သက်ပြီး ပုံပြင်တွေရှိသလို ကဗျာတွေလည်း ရင်းနှီးခဲ့ပါတယ်။ လူ ကြီးတွေမအားရင် ကိုယ်ကိုယ်တိုင်ကြားဖူးထားတဲ့ဇာတ်လမ်းတွေ၊ ပုံပြင်တွေကို ညီ ညီမတွေကို ထပ်ဆင့်ပြောခဲ့ရပါတယ်။ နောက် ပီတာပင်တို့ ဟင် ဆယ်နဲ့ ဂရီ တယ်မောင်နှမ၊ စနိုးဝိုက်နဲ့ လူပုလေးခုနှစ်ယောက်၊ အိပ်ပျော်နေတဲံမင်းသမီးလေးတို့ ၊ ငလက်မပုံပြင်တွေအစုံပါပဲ။

အဲဒီလိုပုံပြင်တွေ၊ လုပ်ဇာတ်တွေပြောကြတာဟာ ကလေးနဲ့လူကြီးတို့ ရင်နှီးမှုရခဲ့ပါတယ်။ ပုံပြင်ပြောရင်း တူတူပုန်းတန်းကစားကြတာ၊ ကုလားမ စည်း ကစားကြတာ၊ ဟင်းချက်တန်း ထမင်းချက်တန်း ကစားကြတာလည်း မပျင်းနိုင်ကြပါဘူး။ ကလေးတွေဖတ်ဖို့ ကာတွန်းတွေကလည်း ညီညီမတွေ ငယ်စဉ်ကဖတ်တဲ့ ဘားမားစတာဂျာနယ်ကို သတိရမိတယ်။ ဉာဏ်ကြယ်လေးနဲ့ ဦးလူပေါနဲ့ ဦးလူချော၊ မိမော်မေမေကစပြီး ဦးဦးပုံ ပြောမယ် ၊ စံရွှေမြင့် ဇာတ်လမ်း စသဖြင့် ကူးပြောင်လာပြီး ရွှေသွေးတို့၊ တေဇတို့ခေတ်၊ လှပဂျာနယ်စသဖြင့် ဖတ်စရာတွေကို ကူးပြောင်းခဲ့ကြတယ်။

ကိုယ့်သားသမီးတွေကိုပုံပြောကောင်းလို့ စာပေဗိမ္မာန်မှာ မေမေနဲ့ဘဘတို့နဲ့အတူလည်း လုပ်ဖက်၊ မိတ်တွေရင်းလည်းဖြစ်တဲ့ အန်တီဒေါ်အုန်း ကြည်တို့၊ ဒေါ်တင်ထွေးတို့တိုက်တွန်းမှုနဲ့ ကလေးတွေအတွက် ဇာတ်လမ်းတွေ ရေးဖြစ်ပါတယ်။

ရွှေသွေးဂျာနယ်မှာ ပထမဆုံးရေးဖြစ်တာ ‘ကြယ်သီးတိုင်းပြည်’ ဆို့တဲ့ဇာတ်လမ်းပါ။ ဆရာကြီးဦးဘကြည်ရဲ့ ပန်းချီသရုပ်ဖော်ပုံနဲ့ ဖြစ်ပါတယ်။ ကလေးတွေက ပုံနားထောင်တဲ့အရွယ်လွန်ပြီဖြစ်လို့ စာဖတ်ရတာ သဘောကျပါတယ်။

မေမေနဲ့ဘဘကလည်း သားကိုပြောပြခဲ့တဲ့ ပုံပြင်တွေကို မြေးတွေကို ဆက်ပြီးပြောကြပါတယ်။ နောက် မေမေနဲ့ဘဘက ငါးရာ့ငါးဆယ်ပုံပြင်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့ ဇာတ်လမ်းတွေ၊ ၃၈ ဖြာမင်္ဂလာတွေ ကလေးတွေကိုပြောပြပြီး ပျော်နေကြပါတယ်။ သူတို့တွေကစာဖတ်တက်တဲ့အရွယ်ဆိုတော့ ပြောလည်းပြောပြ စာလည်ဖတ်ခိုင်းပါတယ်။

သားစဉ်မြေးဆက်ဆိုသလိုပဲ သံယောဇဉ်တွေကြီးခဲ့ကြ၊ ကိုယ့်မိဘအမွေတွေဖြစ်တဲ့ ဘာသာသာသနာနဲ့ ယဉ်ကျေးမှုတွေကိုဆက်ပြီး ဖြန့်ခဲ့ကြ တာ အမှတ်ရပါတယ်။ ဟိုတုန်းက အဘိုးအဘွား၊ အဖေအမေတွေက သူတို့ရင်ထဲမှာ ပြောစရာစကားတွေ ရှိကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့က အလုပ် နဲ့ပဲပြတာဖြစ်လို့ သူတို့ရဲ့မေတ္တာနဲ့စေတနာကို ကိုယ့်ဘာသာကိုယ် နားလည်ခဲ့ကြရပါတယ်။

ကိုယ့်သားသမီးတွေကျတော့ရော ဒီလိုပါပဲလို့ပြောရမယ်။ သူတို့တွေလည်း သူတို့သားသမီးတွေရတော့ နားလည်ကြမှာပဲလို့ လက်ခံခဲ့ကြတာ ထုံးစံပါပဲ။ မိဘတိုင်းဟာ သူတို့သားသမီးတွေနဲ့ လက်ပွန်းတတီးနေခဲ့ကြတာကို အမှတ်ရနေကြမှာဖြစ်ပါတယ်။ သူတို့သတိရသည်ဖြစ်စေ၊ သတိမရသည် ဖြစ်စေ ကိုယ်ကတော့ သတိရနေပါတယ်။

သူတို့တွေ သူငယ်တန်းကနေလေးတန်းအထိ အော်ဟစ်ကျက်လာကြတဲ့စာတွေ၊ သီချင်းတွေကို စာရေးသူကတော့ အမှတ်ရနေဆဲပါပဲ။ သူတို့ လည်း စကားနဲ့မပြောပေမယ့် သတိရနေမှာပါ။

သူတို့ သူငယ်တန်းတုန်းကရွတ်တဲ့ ကကြီး ခခွေး ကဗျာလေးခုထက်ထိ ရွတ်လို့ကောင်းနေဆဲပါပဲ။

က - ကညွတ်ပင် ရေမှာရွှင်

ခ - ခရမ်းသီး ဓားနဲ့လှီး

ဂ - ဂဏန်းကောင် လက်မထောင်

င - ငရုတ်စိမ်း စပ်ရှိန်းရှိန်း

စ - စပါး တို့အားထား

ဆ - ဆရာ ရိုသေပါ

ဇ - ဇရပ်မှာ တည်းခိုပါ

ည - ညအခါ လသာသာ

ရ - ရထားစီးလို့သွား။

အသက် ၇၀ ရောက်တော့မယ့်အဘွားကြီးက မှတ်မိတာတွေ ချရေးနေတာ။ ကလေးတွေဆီကတဆင့် အမှတ်ရနေတာပါ။

ဘွဲ့ရပြီး ဘာအလုပ်မှမလုပ်ဘဲ အိမ်ရှင်မတယောက်အဖြစ်နေခဲ့တာဖြစ်လို့များ ဒီလိုကလေးတွေ ရွတ်ခဲ့တဲ့စာတွေ၊ ကိုယ်နားထောင်ခဲ့တဲ့ စကား တွေ၊ ပုံပြင်တွေ၊ သီချင်းတွေ မှတ်မိနေတာလား မသိပါ။ ဒီလိုတော့လည်း မဟုတ်သေးပါဘူး။ အခုအသက်အရွယ်မှာ မေ့လိုက်တာများ အကုန်လုံးပါပဲ။ နာမည်တွေမေ့တယ်။ လမ်းတွေမေ့တယ်။ စာတွေဖတ်ပြီး သားတွေမေ့တယ်။ ဒါပေမဲ့ ကိုယ်ကြိုက်တဲ့စာအုပ်ခေါင်းစဉ်နဲ့ ဇာတ်လမ်းတွေကိုတော့ မမေ့ သေးဘူး။ ကလေးတွေရွတ်တဲ့ကဗျာတွေ၊ ပုံပြင်တွေ၊ သီချင်းတွေမမေ့ဘူး။ အားရင် ပြန်တောင်ဆိုမိသေးတယ်။ ဒါကြောင့်လည်း စာရေးတဲ့ဆီမှာ ကလေး တွေအတွက် ပုံပြင်ဇာတ်လမ်းကလေးတွေရေးရတာ ပိုပျော်ရွင်တယ်ထင်ပါတယ်။

အခုလည်း နိုဘယ်မြန်မာကလေးစာပေနှစ်ဖြစ်တဲ့ ၂၀၁၆ မှာ ကလေးတွေအတွက် စာအုပ်လေးတွေရေးဖြစ်သွားပါတယ်။ ကိုယ်ရေးတဲ့ ကလေး စာအုပ်ကလေးတွေ ကလေးတွေကို ပေးချင်ခဲ့ပါတယ်။ မိဘဘိုးဘွားကလည်း ကလေးအရွယ်ကနေ အသက်ကြီးသွားကြသလို ကိုယ်ကိုယ်တိုင်လည်း ကလေးဘဝကနေ အခုလို မိဘဘိုးဘွားဖြစ်လာကြတာမို့ ကလေးဆိုတာ လောကကြီးထဲမှာ အမြဲရှင်သန်နေကြတာကို သတိရမိပါတယ်။ သူတို့ ကွက် လပ်က အမြဲသစ်နေကြတာဖြစ်တယ်။

ကိုယ်ရေးခဲ့တဲ့ ကြယ်သီးတိုင်းပြည် ဇာတ်လမ်းလေးကို ပြန်ပြီးရေးချင်မိတယ်။ နောက်ထပ် နောက်ထပ် ရောက်လာကြတဲ့ကလေးတွေ ဖတ်စေချင် လို့ပါ။ ပုံပြင်အသစ်တွေလည်း ရေးချင်မိပါတယ်။ တခါတလေ ဒီပုံပြင်က သိပြီးသား၊ ဘယ်စာအုပ်မှာပါပြီးသား၊ ဘယ်နှစ်ခုနှစ်လောက်က ထုတ်ပြီးသား ဆိုတဲ့ စကားတွေကြားရင် ရင်ထဲမှာမကောင်းလွန်းလို့ ဘယ်လိုဖြေရမယ်မသိပါဘူး။ အဲဒီစကားပြောတဲ့သူလူတွေဟာ ကလေးဆိုတာ ဖတ်စရာအသစ် ကိုမှ ဖတ်တာမဟုက်ပါဘူး။ ဖတ်ပြီးသားလည်း ဖတ်ပါတယ်။ နောက်ပြီး သူတို့ပြောတဲ့ ပါပြီးသားဖတ်ပြီးသား ဆိုရင် အဲဒီတုန်းက ကလေးက အခုကလေး မဟုတ်တော့ဘဲ နောက်ထပ်အသစ်ရောက်လာတဲ့ ကလေးတွေ ဖတ်ဖို့ရေးတာပါလို့ ပြောချင်ခဲ့ပါတယ်။ ကိုယ် ဘယ်လောက်ပြောပြော သဘောပေါက်ဖို့ အထိတော့ မကြိုးစားချင်တော့ပါ။

အခု ကလေးစာပေနှစ်မှာ ၁၀၀၁ ည ပုံပြင်လေးထွက်လာပါတယ်။ သခင်ဘသောင်း ဘာသာပြန်ပြီးသား စာအုပ်ဖြစ်ပေမယ့် အခုရေးတဲ့စာအုပ်က ကလေးတွေအတွက်ရေးထားတာကို ဘာသာပြန်တာဖြစ်ပါတယ်။ စိတ်ထဲမှာ ကလေးတွေအတွက် ကိုယ်ငယ်ငယ်ကတည်းကသိခဲ့တဲ့ ၁၀၀၁ ည ပုံပြင် ကို ရေးခွင့်ရလို့ ပျော်မိပါတယ်။ ကလေးတွေလည်း အသစ်အဆန်းတခု ဖတ်ရလို့ ပျော်စေချင်ပါတယ်။

နောက် ကိုယ့်သားသမီးတွေငယ်စဉ်က ဖတ်ပြပြောပြခဲ့တဲ့ ဦးထုပ်နဲ့ကြောင်ကလေး ဇာတ်လမ်းကိုလည်း ရေးဖြစ်သွားပါတယ်။ ဒီစာအုပ်ကတော့ နာမည်ကျော်ကာတွန်းဆွဲပြီး ကလေးတွေကိုပုံပြောတဲ့ Dr. Seuss ကာတွန်းဇာတ်လမ်းလေးပါ။ ဦးထုပ်နဲ့ကြောင်ကလေးအပြင် ဒေါက်တာဆူးရဲ့ဇာတ် လမ်းနှစ်အုပ် ‘ ငှက်ဥကိုဝပ်ပေးတဲ့ ဆင်ကလေးဟောတွန်’ နဲ့ ‘ ဘာကောင်လေးမွေးရင် ကောင်းမလဲ’ ကိုဘာသာပြန်ပြီး ထုတ်ဖြစ်ပါတယ်။ ကလေး စာအုပ်ထုတ်ဖြစ်တာတော့ နေရီရီနဲ့ ရန်အောင်စာပေကို ကျေးဇူးတင်ရမှာပါ။

ကလေးတွေငယ်စဉ်က မူကြိုမှာ တီချယ်ဝိုင်းကျောင်းတက်ခဲ့တာ။ နောက် သူ့ဖေဖေတက်ခဲ့တဲ့ တီတီစီကျောင်းတက်ခဲ့တာ အမှတ်ရပါတယ်။ မြေးတောင် ကောလိပ်တက်နေပြီဆိုတော့ လွမ်းစရာလေးတွေ သတိရမိ တာပါ။

သူတို့ရွတ်တဲ့ ‘ရောင်စုံဘောလုံး၊ ရောင်စုံဘောလုံး၊ တစ်လုံးငါးပြား၊ တစ်လုံးငါးပြား’ တို့ ‘ သစ်ပင်ပေါ်မှာထိုင်နေတဲ့ တောက်တဲ့၊တေါက်တဲ့၊ မိုးလေဝသဟောနိုင်တဲ့တောက်တဲ့’ တို့ကို သတိရမိပါတယ်။ သူတို့အော်ဟစ်ဆိုခဲ့တဲ့ ‘ တို့တေဇလူငယ်’ လည်း မမေ့ပါဘူး။

ဒီဆောင်းပါးတော့ ဒီလောက်နဲ့ အဆုံးသတ်လိုက်ပါမယ်။

(အတွေးအမြင် အမှတ် ၂၈၆ ။ ၂၀၁၆ မတ်လ)
(သရုပ်ဖော် - အောင်ထက်)
Viewing all 9633 articles
Browse latest View live