Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

မောင်မောင်စိုး - မြန်မာလူထု လက်ခံနိုင်မည်မဟုတ်သည့် တရုတ်ကုမ္ပဏီ၏ မြစ်ဆုံသဘောထားကြေညာချက်-၂

$
0
0

မောင်မောင်စိုး - မြန်မာလူထု လက်ခံနိုင်မည်မဟုတ်သည့် တရုတ်ကုမ္ပဏီ၏ မြစ်ဆုံသဘောထားကြေညာချက်-၂
(မိုးမခ) ဇွန် ၁၆၊ ၂၀၁၆


ACHC ၏လွဲမှားသောသုံးသပ်ချက်

ACHC ၏ထုတ်ပြန်ကြေညာချက်တွင် "မကောင်းဉာဏ်ရှိသော ပြည်သူအချို့မှ တမင်သက်သက် လုပ်ဆောင်ခြင်းကြောင့် မြစ်ဆုံစီမံကိန်းကို နိုင်ငံရေးအလွန်အကျွံ အသုံးချခံခဲ့ရပြီး မြစ်ဆုံစီမံကိန်းကို စာချုပ်ချုပ်ဆိုသည့်နှစ်ဖက်နှင့် တရုတ်မြန်မာနှစ်နိုင်ငံအစိုးရတို့ ပူးပေါင်းဖြေရှင်းရမည့်ကိစ္စ မဟုတ်ဘဲ နိုင်ငံတကာ့အဖွဲ့အစည်းနှင့်တသီးပုဂ္ဂလိကများမှ ဖြေရှင်းရမည့်ကိစ္စ ဖြစ်သွားသလိုပဲ ။ ဤအတိုင်းဖြစ်သွားခဲ့လျှင် နိုင်ငံတကာလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိရုံသာမက တရုတ်မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှု ပ်နှံမှု မြန်မာနိုင်ငံသို့ ဝင်ရောက်ရေးအတွက် ထိခိုက်သွားနိုင်သည် "ဟုဖော်ပြပါရှိသည်။

တရုတ်တို့အနေနှင့် လက်ရှိအခြေအနေအား လွဲမှားစွာနားလည်နေပုံရ သည်ဟုဆိုရမည်။ လက်ရှိအချိန်ထိ မြစ်ဆုံပြဿနာကို အခိုင်အမာဖြေရှင်းဆုံးဖြတ်ရမည်မှာ မြန်မာအစိုးရသာဖြစ်သည်။ တရုတ်တို့ဖော်ပြထားသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းနှင့် တသီးပုဂ္ဂလများ မဟုတ်ချေ။ စာချုပ်အား လူထုအားချ ပြခြင်း အရပ်ဖက်လူ့အဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် မြန်မာအစိုးရကိစ္စသက်သက်သာဖြစ်သည်။ ထိုသို့ လူထုဆန္ဒခံယူဆွေးနွေးသည် ဖြစ်စေ လိုအပ်လျှင် လွှတ်တော်သို့တင်ပြ၍ သဘောထား ခံယူသည်ဖြစ်စေ ဤသည်မှာ မြန်မာအစိုးရ၏ အပိုင်းဖြစ်သည်။ တရုတ်ကုမ္ပဏီနှင့် မသက်ဆိုင်ပေ။

ဤသို့ ပြု လုပ်ခြင်းများသည် ပြောင်းလဲလာသော မြန်မာအစိုးရ၏ ဒီမိုကရေစီလုပ်ဟန်ကြောင့် ဖြစ်သည်။ တရုတ်ကုမ္ပဏီကြေညာချက်တွင်ပါသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းနှင့်တသီးပုဂ္ဂလများ ဖြေရှင်းသွားမည့် ကိစ္စသာဖြစ်သည်။ လူထုနှင့်၎င်း အရပ်ဖက်အဖွဲ့အစည်းများနှင့် မည်သို့မည်ပုံ ဆက်
စပ်ဆွေးနွေးမည်မှာ မြန်မာအစိုးရ၏ကိစ္စသာဖြစ်ပြီး တရုတ်တို့ ဝင်ရောက်စွက်ဖက်၍ မရပေ။ လူထုနှင့် လွှတ်တော်၏ သဘောထားရယူဆုံးဖြတ်သည့် မြန်မာအစိုးရ၏လုပ်ရပ်သည် မြန်မာ့အပြောင်းအလဲကို ဖော်ပြသည်။

တရုတ်တို့နေနှင့် မြန်မာအပြောင်းအလဲကို ကောင်းစွာသတိပြု ရန်လိုအပ်သည်။ တရုတ်ကုမ္ပဏီများ ယခင် စစ်အစိုးရလက်ထက် အာဏာရှိသူများနှင့်သာပေါင်း အဆိုပါ အာဏာရပုဂ္ဂို လ်များနှင့် သဘောတူညီချက်ရလျှင် အလုပ်လုပ်၍ ရသည့်ခေတ်ကုန်စပြု ပြီဆိုသည်ကို ဂရုပြုရန်လိုပါသည်။

လက်ရှိမြန်မာအစိုးရအနေနှင့် လူထုနှင့်ဖြစ်စေ အရပ်ဖက်အဖွဲ့ဖြစ်စေ၊ မည်သည့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သည် သို့မဟုတ် လွှတ်တော်သို့ ပေးပို့သဘောထားရယူသည်မှာ မြန်မာအစိုးရ၏အပိုင်း ဖြစ်သည်။ ဤကိစ္စကို နောက်ဆုံးဆွေးနွေးဆုံးဖြတ်ရမည်မှာ မြန်မာ တရုတ် နှစ်နိုင်ငံအစိုးရသာ
ဖြစ်သည်။ ( နှစ်ဖက်စလုံးမှ ကုမ္ပဏီများမှာ အစိုးရပိုင်များသာဖြစ်သည်။)
သို့ဖြစ်၍ ACHC ၏ကြေညာချက်တွင်ပါသကဲ့သို့ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများ မကိုက်ညီမှု ရှိမည်ဟုတ်ဘဲ လုပ်ထုံးလုပ်နည်းနှင့် အညီသာဖြစ်မည်ဖြစ်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို ထိခိုက်စရာအကြောင်းမရှိပေ။

ထို့ပြင် နိုင်ငံတကာရင်းနှီးမြှု ပ်နှံမှုဝင်ရောက်မှုနှင့်ပတ်သက်၍ ဆိုလျှင်လည်း ဤဖြစ်ရပ်ကြောင့် ထပ်မံဝင်ရောက်လာမည့် ပြည်ပရင်းနှီးမြှု ပ်နှံမှုများသည် ဒေသခံများ၏ အကျိုးစီးပွား သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် မြန်မာပြည်သူတို့ ဆန္ဒသဘောထားကို လေးစားပြီး နိုင်ငံတကာစည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန် သတိပြုကြတော့မည်ဖြစ်ရာ မြန်မာပြည်အတွက် ကောင်းသော အချက် ဖြစ်သည်ဟုဆိုရမည်။ ထို့ပြင် မြန်မာပြည် သယံဇာတများအား ကိုယ်ကျိုးစီးပွားသက်သက်ဖြင့် အမဲဖျက်လိုသူများရန်မှလည်း ကာကွယ်နိုင်မည်ဟု ဆိုရပါမည်။

SPIC အဘယ်ကြောင့်

လက်ရှိ ထုတ်ပြန်သည်မှာ ACHC ကြေညာချက်ဟုဆိုသော်လည်း တကယ်တမ်းအားဖြင့် SPIC တရုတ် ကုမ္ပဏီကြေညာချက်ဟုသာ ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ACHC ဆိုပါက မြန်မာ အစိုးရက 15% ရှယ်ရာ ပါနေသည်ဖြစ်ရာ ယခုထုတ်ပြန်ချက်မှာ မြန်မာအစိုးရသဘောထား မပါဘဲ တရုတ်တို့၏သဘောထားသာဖြစ်သဖြင့် SPIC သဘောထားကြေညာချက်ဟုသာဆိုရပါမည်။

တကယ်တမ်းဆိုလျှင် SPIC ( ယခင် CPI ) သည် စစ်ဗိုလ်ချုပ်ကြီးအုပ်စိုးစဉ် နအဖ အစိုးရခေတ် မြစ်ဆုံနှင့် ပတ်သက်သည် MOU / MOA /JVA စသည့် သဘောတူညီချက်များရယူခဲ့သည် ဖြစ်သည်။ မြစ်ဆုံစီမံကိန်းဆိုင်းငံ့ထားသည်မှာ ၂၀၁၁ နှစ်ကုန်ပိုင်းတွင်ဖြစ်ပြီး ဆိုင်းငံ့သူများမှာ ၎င်းတို့နှင့်စာချုပ် ချုပ်ဆိုခဲ့သည့် အငြိမ်စားဗိုလ်ချုပ်ကြီးဟောင်းများဦးဆောင်သည့် ဦးသိန်းစိန်အစိုးရခေတ်က ဖြစ်သည်။

မြစ်ဆုံရပ်ဆိုင်း၍ နှစ်စဉ်နစ်နာနေရပါသည်ဆိုသည့် တရုတ် SPIC အနေနှင့် ပြီးခဲ့သော ၅ နှစ်တာ အငြိမ်းစားဗိုလ်ချုပ်ကြီးဟောင်းများလက်ထက်က ငြိမ်နေပြီး အခုမှ အဘယ်ကြောင့် တွန်းတွန်းတိုက် တိုက် ပြန်လည်လှုပ်ရှားလာပါသနည်း။ ပြီးခဲ့သောနှစ်များက ၂၀၁၄ ခုနှစ်အတွင်း တရုတ်ကုမ္ပဏီမှ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားခြင်းနှင့်ပတ်သက်ပြီး တရားစွဲသွားမည်ဟုဆိုစဉ်က ထိုစဉ် သမ္မတရုံးမှ ဦးဇော်ဌေးက နိုင်ငံတကာစည်းမျဉ်းများနှင့်အညီ တရားရင်ဆိုင်သွားမည်ဟု ဆိုခဲ့ပြီးနောက် တရုတ် SPIC ပြန်လည်အသံတိတ်သွားခဲ့သည်။

သို့ဖြစ်ရာ မြစ်ဆုံစာချုပ်ပါ မည်သည့်အချက်ကြောင့် သမ္မတဟောင်းဦးသိန်းစိန်အနေနှင့် ဆိုင်းငံ့ခွင့် ရှိသနည်း။ နိုင်ငံတကာတရားဥပဒေကြောင်းက ရဲရဲရင်ဆိုင်မည်ဟု ပြောရဲပါသနည်း။ စာချုပ်ပါ အချက်အလက်များကို မသိရ၍ ပြောရန်ခက်သော်လည်း စာချုပ်ပါအချက်များကိုကိုင်၍ ဆိုင်းငံ့ပြီး နိုင်ငံတကာတရားဥပဒေအရ ရင်ဆိုင်မည်ဟုဆိုခြင်း ဖြစ်ပုံရသည်။ သို့ဖြစ်ရာ ဤအချက်သည် အဘယ်ကြောင့်နည်းဟု စဉ်းစားဖွယ်ဖြစ်ပေသည်။

ထို့ပြင် ACHC ဝါ SPIC ၏ ထုတ်ပြန်ကြေညာချက်တွင် မြစ်ဆုံစီမံကိန်းအား အမှတကယ်ရပ်ဆိုင်း၍ ၎င်းတို့ ကုမ္ပဏီအားနစ်နာစေခဲ့သူ စစ်ဗိုလ်ချုပ်ကြီးဟောင်းများအား မည်သို့မှ ညွှန်းဆိုဖော်ပြခြင်း မရှိခဲ့ပေ။ အရပ်ဖက်အဖွဲ့အစည်းများနှင့် "မကောင်းဉာဏ်ရှိသောပြည်သူအချို့ "ဆိုသည်ကိုသာ ပစ်
တင်ခဲ့သည်ကိုတွေ့ရသည်မှာ ထူးဆန်းသည်ဟု ဆိုရမည်။ စစ်ဗိုလ်ချုပ်ကြီးဟောင်းများ၏ ဆုံးဖြတ်ချက် များသည် ပြည်သူလူထု၏ သဘောထား အရပ်ဖက်အဖွဲ့အစည်းများ၏သဘောထားကို အလေးထား၍ သူတို့ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပါသလော ။ လူထုမည်မျှကန့်ကွက်နေသည်ဖြစ်စေ သူတို့လုပ်မည် ဟု ဆုံးဖြတ်ထားသည့် ကိစ္စဆိုလျင် ဆန့်ကျင်ဆန္ဒပြသူများအား အင်အားသုံး၍ ဖြိုခွဲဖြေရှင်းခဲ့သည် ကို လက်ပတောင်းတောင် ကြေးနီစီမံကိန်းတွင် တွေ့နိုင်ပေသည်။ သို့ဖြစ်ရာ တရုတ် SPIC ကုမ္ပဏီအနေ နှင့် သူတို့၏ထုတ်ပြန်ကြေညာချက်တွင် စစ်ဗိုလ်ချုပ်ကြီးဟောင်းများနှင့်ပတ်သက်၍ မည်သို့မျှ မညွှန်း ဆိုခြင်းသည် အဘယ်ကြောင့်နည်းဟု စဉ်းစားဖွယ်ဖြစ်တော့သည်။

အားကောင်းချက်နှင့်အားနည်းချက်

ACHC ၏ထုတ်ပြန်ချက်တွင် ကြိုဆိုရမည့်အချက် ၂ ချက် ပါရှိပါသည်။
တချက်မှာ မြစ်ဆုံစီမံကိန်းသဘောတူစာချုပ်အား လူထုအားချပြခြင်းနှင့်ပတ်သက်၍ သဘောတူသည့်ဟူသောအချက်ဖြစ်သည်။ နောက်တချက်မှာ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားခြင်းကိစ္စကို ခင်မင်ရင်းနှီးစွာပူပေါင်းညှိနှိုင်းဖြေရှင်းသွားခြင်းသည် ကုမ္ပဏီမှအစဉ်တစိုက်ကိုင်စွဲထားသော မူဝါဒဖြစ်ပါသည်ဆိုသည့်အချက်ဖြစ်သည်ဟု ဆိုရပါမည်။

သို့သော် ACHC ၏ အဆိုပါကြိုဆိုလက်ခံသင့်သည့် ကောင်းမွန်သည့် အချက်သည့် ထုတ်ပြန်ချက်ပါ အားနည်းချက်များကြား နစ်မြုပ်၍နေပေသည်။ ချဉ်းကပ်ဖော်ပြပုံလွဲချော်သည်ဟု ဆိုရမည်။ တိကျခိုင်မာသော အကြောင်းအချက်များမပါဘဲ ဝါးလုံးရှည်နှင့်ရမ်းခြင်းသည်ပင် အဆိုပါ ကြေညာချက်၏ အားနည်းချက်ဖြစ်သည်ဟု ဆိုရမည်။

ထို့ပြင် မြန်မာသတင်းဌာနများ၏ ပြန်လည်မေးမြန်းချက်များအားလည်း ရှောင်လွဲနေပုံရသည်။ Eleven Media ၏ သတင်းဖော်ပြချက်အရ အဆိုပါ ACHC ၏ထုတ်ပြန်ချက်ပါမရှင်းလင်းသည့်အချက်များ ဖြစ်သည့် မကောင်းဉာဏ်ရှိသည့် ပြည်သူအချို့က တမင်သက်သက် တလွဲတချော်ဖြစ်အောင် လုပ်ဆောင်ခြင်း တရုတ်မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှု ပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရေးထိခိုက်သွားနိုင်သည် စသည့် အချက်များကို ဆက်လက် မေးမြန်း လိုသည့်အတွက် ACHC မှဆက်သွယ်ရန် တရားဝင်ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်အား ဆက်သွယ်
သော်လည်း ဖုန်းလိုင်းမအားကြောင်းသာ အစဉ်တစိုက်တုံ့ပြန်နေသည်ဟု ဆိုပါသည်။

ထို့ပြင် ACHC ၏ကြေညာချက်တွင် ၎င်းတို့၏အားနည်းချက်များကို ဖွင့်ဟဝန်ခံသွားခြင်းမရှိပေ။ ဤသည်မှာ မြန်မာပြည်လူထု အဓိကဒေသခံလူထုအနေနှင့် လက်ခံရန်ခက်ခဲပေသည်။ ထို့ပြင် မြစ်ဆုံအဆိုးအကောင်းမျှတစွာ မဖော်ထုတ်ခြင်းသည်လည်း လူထုလက်ခံရန် ခက်ခဲသော အချက်ဖြစ်ပေသည်။




တရုတ်တို့၏ရည်ရွယ်ချက်မှာ အဘယ်အရာနည်း

လက်ရှိ ACHC ၏ ထုတ်ပြန်ကြေညာချက်မှာ အကြောင်းမဲ့ထွက်ပေါ်လာသည်တော့ မဟုတ်ပေ။ ပြီးခဲ့သောရက်ပိုင်းအတွင်း တရုတ်သံအမတ်၏ပျားပန်းခတ်လှုပ်ရှားမှုများနှင့်အတူ ထွက်ပေါ်လာ သည်ဟု ယူဆသည်။ ပြီးခဲ့ရက်များအတွင်း တရုတ်သံအမတ်သည် မြစ်ကြီးနားနှင့်မြစ်ဆုံသို့ သွားသည်။ ထို့နောက် ကျောက်ဖြူသို့သွားသည်။ ထို့နောက် နေပြည်တော်သို့သွား၍ ကာကွယ်ရေး ဦးစီးချုပ်နှင့်သွားတွေ့သည်။ ထို့နောက် ရန်ကုန်မြို့တွင် မြန်မာတရုတ်ချစ်ကြည်ရေးပွဲသို့ တက်ရောက်၍ ရန်ကုန်နှင့်မန္တလေးတွင် ဆေးရုံတရုံစီဆောက်ပေးမည်ဖြစ်ကြောင်းနှင့် မြန်မာပြည်မှကျောင်းသားများအား တရုတ်ပြည်သို့ ပညာတော်သင်စေလွှတ်မည်ဖြစ်ကြောင်း ကြေညာသည်။

မြန်မာအစိုးရသစ်အပြောင်းအလဲအစတွင် တရုတ်သံအမတ်ခြေလှမ်းသွက်လှသည်ဟု ဆိုရမည်။ သူတို့၏ အဓိကရည်ရွယ်မှာ သူတို့၏ စီးပွားရေးလုပ်ငန်းများနှင့်အကျိုးအမြတ်များကိုရှေ့ရှု သည်ဟု ဆိုရမည်။ ထို့ကြောင့်လည်း မြန်မာနှင့်နှစ်နိုင်ငံဆက်ဆံရေးတွင် မြန်မာပြည်အား စီးပွားရေးဈေးကွက် သက်သက်အဖြစ်မကြည့်မြင်ရန် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြု ပြောဆိုခဲ့ခြင်း ဖြစ်ပုံရ ပါသည်။

လက်ရှိ တရုတ်တို့အနေနှင့် မြစ်ဆုံကိစ္စအား တွန်းတွန်းတိုက်တိုက်လုပ်လာသည်မှာ မည်သည့် ရည်ရွယ်ချက်ကြောင့်ဆိုသည်ကို စဉ်းစားဖွယ်ဖြစ်သည်။ မြစ်ဆုံကို တကယ်ဆက်လုပ် လို၍လော သို့မဟုတ် မြစ်ဆုံကိစ္စကိုလက်စဖြတ်လို၍ လော သို့မဟုတ် အခြားရည်ရွယ်ချက်ကြောင့်လော
စဉ်းစားဖွယ်ဖြစ်သည်။

တကယ်တမ်းဆိုလျှင် မြစ်ဆုံပြဿနာကို ဆိုင်းငံ့အချိန်ဆွဲထားခြင်းသည်လည်း သဘာဝမကျချေ ။ နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ချက်တရပ်ချရန် လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤအချက်ကို လက်သင့်ခံ အသိမှတ်ပြုရပေမည်။ တရုတ်တို့အနေနှင့် မြန်မာပြည်သည် သူတို့အတွက်သေနင်္ဂဗျူဟာအရအရေးကြီးသည်ဟု ဆိုထားသည်။ ၎င်းအရေးပါမှု မှာ မြစ်ဆုံမဟုတ်
ပေ။ မြန်မာပြည်ကိုဖြတ်၍ အိန္ဒိယသမုဒ္ဒရာသို့ဖောက်ထွက်မည့် "ပိုးလမ်းခါးပတ် "သာဖြစ်သည်။ သို့ဖြစ်ရာ ယခင်အစိုးရဟောင်းများလက်ထက်ချုပ်ဆိုခဲ့သော မြစ်ဆုံစာချုပ်သည် မြန်မာတို့အတွက် ပျော့ကွက်ဖြစ်နေပေရာတရုတ်တို့၏ "ပိုးလမ်းခါးပတ် "ဗျူဟာအတွက် ကစားကွက်တခုဖြစ်၍ နေသလော ဆိုသည်ကား စဉ်းစားဖွယ်ဖြစ်နေပေတော့သည်။

နိဂုံး

အမေရိကန်သံရုံး၏ကြေညာချက်ပါ ဝေါဟာရတခုကြောင့် အစိုးရအပြောင်းအလဲကာလတွင် မတည်မငြိမ် ဖြစ်စေသည့် လှုပ်ရှားမှုအချို့ပေါ်ခဲ့သကဲ့သို့ တရုတ်တို့၏ ACHC ကုမ္ပဏီကြေညာချက်က လည်း ပျားအုံကို တုတ်နှင့်ထိုးသကဲ့သို့ ဖြစ်သည်။ တိုင်းပြည်ငယ်တခုဖြစ်သော ဖွံ့ဖြိုးတိုးတက်မှု နိမ့်သော မြန်မာပြည်အတွက် နိုင်ငံကြီးများ၏ကစားကွက်များတွင် အလွန်ပင် လိမ္မာပါးနပ်မှ တန်ကာ ကျပေလိမ့်မည်။

မည်သို့ဆိုစေ လုပ်ငန်းကြီးလုပ်လိုသူများသည် အမြင်ကျယ်ပြီး သဘောထားကြီးရန် လိုအပ်သည်။ တရုတ်ကွန်မြူ နစ်ပါတီခေါင်းဆောင်အောက်တွင်ရှိသည့် တရုတ်အစိုးရပိုင် SPIC ၏ အဓိက သဘော ထားဖော်ပြသည့် ACHC ၏ ထုတ်ပြန်ချက်မှာ ထိုသို့သော အမြင်ကျယ်မှုသဘောထားကြီးမှုမရှိသည် မှာ အံ့သြစိတ်ပျက်ဖွယ်ဟုဆိုရပါမည်။ နှစ်နိုင်ငံချစ်ကြည်ရေးတိုးတက်ကောင်းမွန်ရေးအတွက် နှစ်နိုင်ငံ အစိုးရများသာမက နှစ်နိုင်ငံပြည်သူများ၏ ရင်းနှီးချစ်ကြည်မှုကလည်းအရေးကြီးသည်ကို သတိပြု ကြရန်လိုအပ်ပေသည်။

ပြီးပါပြီ

Mg Mg Soe ( မောင်မောင်စိုး )

လင်းသက်ငြိမ် - လူကြောက်များရဲ့မြို့

$
0
0

လင်းသက်ငြိမ် - လူကြောက်များရဲ့မြို့
(မိုးမခ) ဇွန် ၁၆၊ ၂၀၁၆

မြို့ဝင်ဆိုင်းဘုတ်မှာ
ကြောက်ရွံ့ခြင်းသို့ ကြိုဆိုခြင်း
ဆိုင်းဘုတ်ချိတ်ဆွဲလို့
လမ်းတွေရဲ့ နာမည်တွေကို
ကြောက်ရွံ့ခြင်း ၁ ၂ ၃ အမှတ်စဉ်တပ်လို့
ကြောက်ရွံ့ခြင်းနဲ့ အလှဆင်ပါ ဆိုတဲ့
စာသားတွေက နေရာတိုင်း နေရာယူထားတယ်။
လူကြောက်များရဲ့ မြို့ဟာ
တိတ်ဆိတ်ခြင်းက သွေးပျက်ဖွယ်
ဆူညံလို့နေရဲ့
လူကြောက်များရဲ့မြို့က
လူတွေဟာ ခေါင်းကိုမော့ မကြည့်ဖူးလို့
သစ်ရွက်တွေသာ လှည်းကျင်းနေရတယ်
သစ်ပင်ထိပ်ဖျားကို မမြင်ဖူးကြဘူးတဲ့။
လူကြောက်များရဲ့မြို့မှာ
မကြောက်ဖူးဆိုတဲ့ စကားကို
ဘယ်သူမှ သုံးစွဲလို့ မရဘူးလို့
ပြောကြတယ်။
လူကြောက်များရဲ့မြို့မှာ
ကြောက်ရွံ့ခြင်းအကြောင်း
ကဗျာတွေဖွဲ့ကြတယ်၊
သီချင်းစပ်ဆိုကြတယ်၊
ကြောက်ရွံ့ခြင်းရဲ့ အရုဏ်ဦးဆိုတဲ့
ပန်းချီကားကို ရေးဆွဲတဲ့
ပန်းချီဆရာတစ်ယောက်ဆို
တစ်သက်လုံး ထိုင်စားရလောက်အောင်
အောင်မြင်သွားတယ်တဲ့...။
လူကြောက်များရဲ့ မြို့မှာ
ကြောက်ရွံ့ခြင်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း
ခြိမ့်ခြိမ့်သဲ ဆင်နွဲကြတယ် ဆိုပဲ။

လူကြောက်များရဲ့ မြို့မှာ
ကြောက်ရွံ့ခြင်းကိုသာ ကိုးကွယ်ကြသတဲ့
ကြောက်ရွံ့ခြင်းဟာ အစဉ်အဆက်
ထိန်းသိမ်းလာခဲ့တဲ့ ယဉ်ကျေးမှုလည်း
ဖြစ်သတဲ့...။

လူကြောက်များရဲ့ မြို့လမ်းတွေဟာ
ကျောက်သားလမ်းတွေဖြစ်ပြီး
လူကြောက်များရဲ့ မြို့မှာ
အဆောက်အဦတိုင်းကိုလည်း
ကျောက်သားတွေနဲ့ပဲ
တည်ဆောက်ထားတယ်။

ကြောက်ရွံခြင်း အသစ်အသစ်တွေ ပေါ်ထွက်နိုင်ရေးအတွက်
လူကြောက်များရဲ့မြို့မှာ
ခေတ်မီ ကြောက်ရွံ့စရာများ ပြပွဲတွေလည်း
မပြတ်ကျင်းပကြတယ်လို့ ပြောကြတယ်။
လူကြောက်များရဲ့မြို့ဟာ
ကြောက်ရွံ့ခြင်းကို
ဂုဏ်သိက္ခာလို တန်ဖိုးထားကြတယ်
မကြောက်ရွံ့ခြင်းကိုလည်း
ကူးစက်ရောဂါတစ်ခုလို့ ခေါ်ကြတယ်။
လက်ဖက်ရည်သောက်ရင်း
ကြောက်ရွံ့ကြ
သတင်းစာဖတ်ရင်း ကြောက်ရွံ့ကြ
ထမင်းစားရင်း ကြောက်ရွံ့ကြ
ရေချိုးရင်း ကြောက်ရွံ့ကြ
ုတစ်ယောက်နဲ့ တစ်ယောက်
နူတ်ဆက်ကြတဲ့အခါ
ကြောက်ပါပြီလို့ နူတ်ဆက်ကြ
တစ်ယောက်နဲ့တစ်ယောက်
စကားများကြတဲ့အခါ
မင်း ငါ့လောက်ကြောက်နိုင်အောင်ကြိုးစားတို့၊ 
မင်း ကြပ်ကြပ်ကြောက်ထားတို့
စသဖြင့် အော်ဟစ် ဆဲဆိုကြ။

လူကြောက်များရဲ့ မြို့ဟာ
အချုပ်အခြာ အာဏာ က
တစ်သွေး တစ်သံ တစ်မိန့်ပဲ
နူတ်လှန်ထိုးခြင်း မရှိ
တုံ့ပြန်ပြောဆိုခြင်း မရှိ
စောဒကတက်ခြင်း ဟာ
လုံးဝမယဉ်ကျေးတဲ့ သဘောတရားပဲ တဲ့။
လူကြောက်များရဲ့မြို့မှာ
နှစ်ဆယ့်လေးနာရီလုံး
လျှပ်စစ်မီးတွေ ထွန်းထားတယ်
အရာရာကို ကြောက်ရွံ့တယ်
စကားကျယ်ကျယ် မပြောကြဘူး
မြို့သားတွေရဲ့ အကြီးမားဆုံးဒုက္ခက
အိပ်ရေးဝဝ မအိပ်ရခြင်းပဲဖြစ်ပြီး
အမုန်းတီးဆုံး အသံကတော့
ခွေးအူသံတွေနဲ့
အရေးပေါ်ဥသြသံတွေပဲဖြစ်တယ်။
အထူးခြားဆုံးကတော့
လူကြောက်များရဲ့မြို့မှာ
သတ္တိဆိုတဲ့ စကားလုံးကို
ဘယ်သူကမှ မကြားဖူးကြဘူးတဲ့ ။ ။

ကာတွန်း ကိုခေတ် - သောင်း သိန်း သန်း တို့ခေတ်

$
0
0

ကာတွန်း ကိုခေတ် - သောင်း သိန်း သန်း တို့ခေတ်
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၆

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - (School)

$
0
0

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - (School)
(Academic Weekly Journal, Yangon) မိုးမခ၊ ဇွန် ၁၇၊ ၂၀၁၆

ညိုမှိုင်း​ဝေ(သနပ်ပင်) - တိမ်​အပြန်​လမ်း

$
0
0
 
ညိုမှိုင်း​ဝေ(သနပ်ပင်) - တိမ်​အပြန်​လမ်း
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၆

အမေနဲ့ညီမလေးရှေ့မှာ မငိုမိအောင် တင်းထားနိုင်ခဲ့ပေမယ့် လေယာဉ်ထိုင်ခုံမှာ ထိုင်ပြီးချိန်မှာတော့ ကျွန်မစိတ်တွေ ဆက်ပြီး တင်းမထားနိုင်တော့ပေ။ လှိုက်ခနဲတက်လာတဲ့ ဝမ်းနည်းစိတ်နဲ့အတူ ကျွန်မပါးပြင်တစ်ခုလုံး စိုစွတ်လာခဲ့သည်။ အမေနဲ့ညီမလေးကို ခွဲခွာလာခဲ့ရတယ် ဆိုတဲ့အသိက ရင်ထဲမှာ နာကျင်တင်းကျပ်နေသည်။ မွေးရပ်မြေနဲ့ တဖြည်းဖြည်း ဝေးဝေးလာခဲ့လေပြီ ဆိုတာကို တွေးရင်း ကျွန်မစိတ်တွေ ပိုပိုပြီး အားငယ်လာသည်။ ဖြစ်နိုင်ရင် လေယာဉ်ကြီးပေါ်က ပြေးဆင်းပြီး အမေ့ရင်ခွင်ထဲတိုးဝင် အားရပါးရ ငိုပစ်လိုက်ချင်သည်။ တိမ်တွေကြားထဲ လေယာဉ်ကြီးကလည်း တငြိမ့်ငြိမ့် ပျံသန်းနေသည်။ အစုအဖွဲ့လိုက် လွင့်နေတဲ့ တိမ်တွေကို လေယာဉ်ပြတင်းကကြည့်ပြီး ကျွန်မမျက်ရည်တွေ တားမနိုင်၊ ဆီးမရ။ ကျွန်မလည်း လွင့်လာခဲ့ရလေပြီ။ မိသားစုနဲ့ဝေးရာ၊ မွေးရပ်မြေနဲ့ဝေးရာကို ကျွန်မတစ်ကိုယ်တည်း လွင့်လာခဲ့ရလေပြီ။ လောကဓံလှိုင်းရဲ့ ရိုက်ပုတ်မှုဒဏ်တွေကို အမေခါးဆီးခံခဲ့တာ နှစ်တွေမနည်းတော့ပေ။ ဒီတခါတော့ မိသားစုတာဝန်ကို အမေ့သမီးကျွန်မ ပုခုံးပြောင်း ယူရတော့မည်။

"ခရီးသည်များရှင်၊ ကျွန်မတို့လေယာဉ်သည် မကြာမီအချိန်အတွင်း စင်္ကာပူလေဆိပ်သို့ ဆိုက်ရောက်တော့မှာ ဖြစ်​ပါတယ်​ရှင်​"

လေယာဉ်မယ်အမျိုးသမီး၏အသံကို ကြားလိုက်မှ ကျွန်မအတွေးစများ လွင့်စင်သွားခဲ့သည်။ ပါးပြင်ပေါ်က မျက်ရည်တွေကို လက်နှစ်ဖက်ဖြင့် ပွတ်၍ သုတ်လိုက်သည်။ ကျွန်မအလုပ်လုပ်ရမည့် စင်္ကာပူနိုင်ငံသို့ ရောက်ပေတော့မည်။ တခါမှ မရောက်ဖူး​​သည့်​ပတ်ဝန်းကျင်တွင်​ ကိုယ်နဲ့မသိ​သောလူများနှင့်​၊ ကိုယ်သိပ်နားမလည်​သော ဘာသာစကားများနှင့်​၊ ကျွန်မ မည်​သို့များ ရင်ဆိုင်ရမည်နည်း​​။ ကျွန်မ တွေးရင်း သက်ပြင်းမောကြီးကိုသာ အကြိမ်​ကြိမ်​ချ​နေမိ​တော့သည်။ ဟိုရောက်သည့်အခါ ​မည်သို့​သော​အလုပ်ရှင်မျိုးနဲ့တွေ့ပြီး မည်သို့​နေထိုင်ရမည်ကို တွေးရင်း ကျွန်မစိတ်တွေ မသက်သာ။ သေသာသေလိုက်ချင်သည်။ ဒါပေမယ့် ကျွန်မခေါင်းကို ခါရမ်းလိုက်သည်။ အိမ်က ညီမလေးနဲ့အမေ့မျက်နှာကို ပြေးမြင်လိုက်သည်။ ကျွန်မမိသားစုအတွက် မနက်ဖြန်တွေကို ကျွန်မရင်ဆိုင်ရမည်။ ဘယ်လိုလောကဓံတွေဖြစ်ဖြစ် ကျွန်မ ကျော်ဖြတ်ရမည်။ ကျွန်မ ခေါင်းကိုမော့ နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး ပြုံးလိုက်သည်။ လေယာဉ်ပေါ်ကအဆင်း ကျွန်မခြေလှမ်းတွေဟာ တစုံတခုသော အားအင်များနှင့်​ ပြည့်နေပေတော့သည်။

စင်္ကာပူ​ရောက်​ပြီး ကျွန်မအေးဂျင့်၏ စီစဉ်ပေးမှုနှင့် အလုပ်စဝင်နေရပြီဖြစ်သည်။ အလုပ်ဆိုသည်​မှာ သူဌေးမိသားစုအိမ်တွင် အိမ်ဖော် လုပ်ရခြင်းပင်​။ ပတ်ဝန်းကျင်သစ် နေရာသစ်မှာ အသားကျဖို့ ကျွန်မ မကြိုးစားအား။ သူဌေးမိသားစုနှင့် သဟဇာတဖြစ်ဖို့ပင် လုံးပမ်းနေရသည်။ စင်္ကာပူလာခါနီး နှစ်လနီးပါးသင်ကြားခဲ့သော အင်္ဂလိပ်စကားပြောကလည်း ဒီရောက်တော့ သိပ်အဆင်မပြေလှ။ ကျွန်မ မြန်မာစကား သိပ်ပြောချင်ပေမယ့် စကားပြောဖေါ်ကမရှိ။ အိမ်ကိုလွမ်းတဲ့စိတ်နဲ့ ညတိုင်း ကျွန်မ တစ်ယောက်တည်း ငိုနေခဲ့ရသည်။ ကျွန်မ မိသားစု၏ အတိတ်အကြောင်းတွေဆီ အတွေးတွေကရောက်သွားသည်။

အဖေမဆုံးခင်က ကျွန်မတို့မိသားစုလေးမှာ မေတ္တာတရားတွေနဲ့ နွေးထွေးလုံခြုံ ပြည့်စုံနေခဲ့သည်။ ကျွန်မ မှတ်မိသေးသည်။ အဲ့ဒီတုန်းက ကျွန်မအသက်က ကိုးနှစ်။ လေးတန်းကျောင်းသူ။ ညီမလေးက လေးနှစ်။ ကျောင်းမနေသေး။ လသာညတွေတိုင်း အိမ်ရှေ့ကွပ်ပစ်လေးမှာ မိသားစုစုံစုံညီညီထွက်ထိုင်ကြပြီး အဖေက လမင်းကြီးကိုလက်ညိုးထိုးပြ၊ လမင်းကြီးအကြောင်း ပုံပြင်တွေပြောပြ။ ညီမလေးကတခစ်ခစ်ရယ်။ အမေကတပြုံးပြုံးနှင့် ပျော်စရာကောင်းသော နေ့ရက်များပင်။ ဒါပေမယ့် ကံကြမ္မာက ကျွန်မတို့မိသားစုကို ကြည့်မရဘူးထင်သည်။ အဖေနဲ့ကျွန်မတို့ကို ရက်ရက်စက်ခွဲပစ်သည်။ ကျွန်မ ငါးတန်းတက်တဲ့ နှစ်မှာပဲ အဖေဆုံးသည်။ သိပ်အများကြီး မတွေးတက်ပေမယ့် ကျွန်မတို့သိပ်ချစ်တဲ့၊ ကျွန်မတို့ကိုသိပ်ချစ်တဲ့ အဖေ ကျွန်မတို့ကို ခွဲသွားပြီဆိုတာ သိလိုက်ရသည်နှင့်ပင် ရင်ထဲမှာ ပူလောင်လွန်းလှသည်။ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရသည်။ အဖေမရှိတော့တဲ့နောက်ပိုင်း အမေက ဈေးဗန်းခေါင်းပေါ်ရွက်ပြီး မိသားစုကို ရှာကျွေးခဲ့သည်။ သမီးနှစ်ယောက်ကို ကျောင်းဆက်ထားသည်။ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးသည်။ ဒီလိုနဲ့ ကျွန်မ ဆယ်တန်း ရောက်လာခဲ့သည်။ ကျောင်းတက်ပြီး တစ်လလောက်အကြာမှာပဲ ရွာထဲမှ အသိတစ်ဦး ပြောပြ၍ အမေ့မှာ အကြွေးတွေအများကြီး တင်နေကြောင်း သိလိုက်ရသည်။ သမီးနှစ်ယောက်၏ကျောင်းစားရိတ်၊ အိမ်စားရိတ်၊ ဒါတွေအားလုံးကို အမေ့ဈေးဗန်းလေးက အဆင်​ပြေအောင် မစွမ်းနိုင်​ပေ​​​​​။ "အမေသိပ်ပင်ပန်းခဲ့မှာပဲ၊ အမေသိပ်စိတ်သောကရောက်ခဲ့မှာပဲ"လို့တွေးမိရင်း ကျွန်မဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ကျွန်မ ကျောင်းထွက်မည်။ အလုပ်လုပ်မည်။ အိမ်၏စီးပွားရေးကို တဖက်တလမ်းကကူမည်။ အကြွေးတွေ ကြေအောင် ဆပ်မည်။ ညရောက်ချိန် အမေ့ကို ဒီအကြောင်းပြောတော့ အမေက ခါးခါးသီးသီးငြင်းသည်။ ကျွန်မကလည်း ခေါင်းမာသည်။ နောက်ဆုံး အမေလက်လျော့လိုက်ပြီး ကျွန်မကိုဖက်၍ ငိုတော့သည်။ အဲ့ဒီညက ကျွန်မတို့သားအမိ တစ်ယောက်မျက်ရည် တစ်ယောက်သုတ်ပေးရင်း မိုးလင်းခဲ့ရသည်။

ကျောင်းထွက်​ပြီး ကျွန်မအလုပ်လုပ်ပေမယ့် ကျွန်မထင်သလိုဖြစ်မလာခဲ့။ ဆယ်တန်းမအောင်ထားတဲ့ ကျွန်မအဖို့ အလုပ်က အမတန်ရှားသည်။ ရတဲ့အလုပ်နဲ့ လစာကလည်း အိမ်စားရိတ်ဖယ်ပြီး ကျန်ငွေစုဆောင်းနိုင်ဖို့ တော်တော်ပင်ခက်ခဲသည်။ ဒီလိုနဲ့ ကျွန်မ စင်္ကာပူကို အလုပ်လာလုပ်ဖို့ ဖြစ်လာခဲ့ရတော့သည်။

ကျွန်​မ စင်္ကာပူကိုရောက်ပြီး နှစ်လပြည့်မှာတော့ အေးဂျင့်ရဲ့ဆက်သွယ်ပေးမှုနှင့် ကျွန်မအမေနဲ့ ဖုန်းပြောရသည်။ ကျွန်မ ပျော်လိုက်တာ။ မျက်ရည်တွေကျနေပေမယ့် ကျွန်မအသံက ငိုသံမစွတ်။ ဖုန်းပြောရတုန်းခဏမှာ အမေ့ကျန်းမာရေးကို မေးသည်။ ညီမလေး လပတ်စာမေးပွဲများ အောင်ရဲ့လား မေးသည်။ ရွာထဲက သူငယ်ချင်းတွေအကြောင်း မေးဖြစ်သည်။ အမေကတော့ ကျွန်မကို ကျန်းမာရေးဂရုစိုက်ဖို့သာ တဖွဖွမှာနေလေသည်။

သုံးလပြည့်မှာတော့ သူဌေးက ကျွန်မကို ဖုန်းဝယ်ပေးသည်။ လစာထဲမှ ဖြည်းဖြည်းချင်း ဖြတ်သွားပေးမည်ဟုပြောသည်။ ဖုန်းရပြီး နှစ်လလောက်ကြာတော့ ကျွန်မဖုန်းကို ကောင်းကောင်းသုံးတက်နေပြီ။ အင်တာနက်ဖေ့ဘုတ်စ်ကိုလည်း သုံးတက်နေပြီဖြစ်သည်။ ဖေ့ဘုတ်စ်သုံးရတာ ကျွန်မပျော်သည်။ ကျွန်မတောင်းတတဲ့ မြန်မာစကားတွေလည်းပြောရသည်။ မြန်မာလူမျိုးများကိုလည်း ဖေ့ဘုတ်စ်ပေါ်မှာ တွေ့ခွင့်ရသည်။ ကျွန်မအထီးကျန်မှုတွေ တော်တော်လေးလျော့ကျခဲ့ရသည်။ တနေ့ ဖေ့ဘုတ်စ်မှာ ကဗျာဆရာတစ်ယောက်၏ ကဗျာတစ်ပုဒ်ကို ကျွန်မဖတ်လိုက်ရသည်။ ကဗျာဆရာရဲ့ကလောင်ကို "လူခက်​"ဟု သိရသည်​။ အိမ်ကိုပြန်လာမည် ဆိုသည့်အကြောင်း ရေးထားခြင်းဖြစ်သည်။ သူ့locationကို ကြည့်လိုက်တော့ Singapore ဖြစ်နေ​ကြောင်း​တွေ့ရသည်။ သူလည်း ကျွန်မလို နယ်ကျွံငှက်တစ်ကောင်ပင် ဖြစ်လိမ့်မည်။ ဒါ့ကြောင့် သူ့ကဗျာက ကျွန်မရင်ကိုထိရှခဲ့ခြင်းပင်။ ဒီကဗျာကို စာရွက်တစ်ရွက်နဲ့ကူးပြီး ကျွန်မခေါင်းဦးအောက်ထဲ ထည့်ထားခဲ့သည်။

ဒီလိုနှင့်​ပင်​ စင်္ကာပူမှာ ကျွန်မအလုပ်လုပ်လာခဲ့တာ သုံးနှစ်ပင် ​ပြည့်ခဲ့လေပြီ။ အမေ့ဆီငွေပို့ပြီး အကြွေးများဆပ်ခိုင်းလိုက်၊ အမေနဲ့ဖုန်းပြောလိုက်၊ ညီမလေးနဲ့ ဖုန်းပြောလိုက်နှင့် အချိန်တွေကို တိုက်စားလာခဲ့သည်။ အခုဆို အကြွေးတွေလဲကျေပြီ၊ ညီမလေးလည်း ဆယ်တန်းတက်နေရပြီဖြစ်သည်။ ကျွန်မလည်း နောက် နှစ်နှစ်လောက် ဆက်လုပ် ပိုက်ဆံစုပြီး အမေ့ဆီအပြေးပြန် အမေ့ရင်ခွင်ထဲမှာပဲ ကလေးပြန်လုပ်တော့မည်ဆိုသည့်​ ​စိတ်ကူးများနှင့်​ အူးမြူးနေခဲ့သည်။ ပျော်နေခဲ့သည်။

ဒါ​ပေမယ့်​ ကံကြမ္မာက ကျွန်မကို ထပ်ကျော့လို့ရက်စက်ပြန်ပြီ။ ကံဆိုးမသွားရာပဲ မိုးလိုက်လို့ ရွာ​လေ​ရော့သလား။ ညီမလေးဖုန်းဆက်ပြောတဲ့အသံ ကျွန်မ နားထဲကမထွက်။ "မမ ... အမေဆုံးပြီ"တဲ့ ။ ပြောပြီး ညီမလေးငိုနေသည်။ အ​မေဆုံးပြီဟုသိလိုက်​ချိန်​မှာ​တော့ ကျွန်​မကမ္ဘာကြီး ချာချာလည်​ခဲ့ရ​လေပြီ။ ကျွန်​မအသိစိတ်​​တွေ လွတ်​ထွက်​သွားမတက်​ သတိလစ်​​မေ့​မျောသွားမတက်​ ခံစားလိုက်​ရသည်​။ ညီမ​လေး ဘာ​တွေဆက်​​ပြော​နေလဲ ကျွန်​မမသိ​တော့။ ညီမ​လေး ငို​နေတာကိုလည်း ကျွန်​မမသိ​တော့။ ဘာဆိုဘာမှ ကျွန်မ မသိတော့ဘူး။ ညီမလေး ဖုန်းချသွားတာလည်း ကျွန်မမသိဘူး။ ကျွန်မငိုနေတာလားလည်း ကျွန်မကိုယ်ကျွန်မ မသိတော့ဘူး။ ကျွန်မအလိုချင်ဆုံး၊ အတောင့်တဆုံး အမေ့မေတ္တာတွေ ကျွန်မ ဒီတစ်သတ်မရတော့ဘူး။ ကျွန်မပြန်ရင် ပြေးဝင်မယ်ဆိုတဲ့အမေ့ရင်ခွင် ဘယ်မှာလဲ။ ခြံဝကနေ အမေကြိုမနေတော့မယ့်အိမ်ကို ကျွန်မ ဘယ်လိုနှလုံးသားနဲ့ ပြန်ရမှာလဲ။ အမေ့ကိုလွမ်းတိုင်း အမေ့မေတ္တာတွေကို တမ်းတမိတိုင်း အတိတ်တွေဆီ နောက်ပြန်ရစ်ပြီး အမေ့ရင်ခွင်ထဲကမထွက်ပဲ ကျွန်မ နေလိုက်ချင်သည်။

ကျွန်​မ ပူဆွေးမှုတွေကြောင့် ညီမလေးကိုပင်​ သတိမရခဲ့။ နေ့နေ့ညည မျက်ရည်တွေသာ ကျွန်မအဖေါ် ဖြစ်နေခဲ့သည်။ ရက်အတန်ကြာခဲ့ပေမယ့် ကျွန်မခံစားနေရတာတွေက လျော့ပါးမသွား။ သောကတွေနှင့်​သာ အလုပ်လုပ်နေခဲ့ပြီး ညအိပ်ချိန်ရောက်ရင်တော့ ကျွန်မခေါင်းဦးဟာ ကျွန်မမျက်ရည်တွေနှင့်​ ရွှဲနစ်နေသည်။ ငိုရင်းနှင့်ပင် ကျွန်မခေါင်းဦးအောက်က စာရွက်ခေါက်လေးတစ်ခုကို ကျွန်မတွေ့မိလိုက်သည်။ ကျွန်မ ဖေ့ဘုတ်စ်က ကူးယူထားသော ကဗျာဆရာလူခက်၏ ကဗျာစာရွက်လေးဖြစ်သည်။ ကျွန်​မ ကဗျာ​လေးကို ပြန်ဖတ်နေမိသည်။ နောက်တခေါက် အသံထွက်ပြီး ဖတ်​ကြည့်​လိုက်​သည်​။

ပြန်ခဲ့ဦးမယ်

ပြန်ခဲ့ဦးမယ်
နေလုံးနီနီထန်းပင်ရိပ်တွေဆီ
ဦးညွှတ်နေတဲ့စပါးခင်းတွေကို ငါဦးပြန်ညွှတ်ဖို့ 

ပြန်ခဲ့ဦးမယ်
လောဘကင်းတဲ့ အဖေ့ယာခင်းတွေဆီ
့အမေ့ဟင်းခွက်ကလေးမှာလက်စုံကျဖို့

ပြန်ခဲ့ဦးမယ်
ကကြီးကနေ အ အထိအော်ဆိုခဲ့တဲ့
ကျောင်းနံရံအဟောင်းလေးဆီ
ငါ့စာမျက်နှာတွေငါပြန်ဖတ်ဖို့

ပြန်ခဲ့ဦးမယ်
ထုံးဖြူ ဖြူ စေတီလေးနဲ့ ရွာလမ်းဖွေးဖွေးလေးဆီ
အမေပြောခဲ့တဲ့ညပုံပြင်တွေထဲကလမင်းကြီးကို အထင်းကြီးမြင်ဖို့

ပြန်ခဲ့ဦးမယ်
မြက်ခင်းစိမ်းစိမ်း လေညင်းစိမ့်စိမ့်လေးတွေဆီ
ကောင်းကင်ကြီးကိုကြည့်ပြီး ကြယ်တွေနဲ့ အပြိုင်ပြုံးနိုင်ဖို့ 

ပြန်ခဲ့ဦးမယ် ပြန် ခဲ့ ဦး မယ်

လွင့်နေတဲ့တိမ်တွေကိုဖမ်း ငြိမ်းချမ်းရေးတရားဆိုဖို့ 

ငါ ....ပြန်ခဲ့ဦးမယ်

လူခက်
ကဗျာလေးဆုံးတော့ ကျွန်​မ ငိုင်သွားသည်။ ကျွန်မမွေးရပ်မြေကို လွမ်းသည်။ အဖေနဲ့အမေ့ကို လွမ်းသည်။ ညီမလေးကို လွမ်းသည်။ ပြတင်းပေါက်နား သွားရပ်ပြီး လမင်းကြီးကို မော့ကြည့်လိုက်သည်။ အဖွံဖြိုးဆုံးမြို့ပြတစ်ခု၏ မိုးမျှော်တိုက်တွေကြား လမင်းကြီးကို ကျွန်မ မမြင်ရ။ ကျွန်မတို့အိမ်ရှေ့ကွပ်ပစ်ကဆို လမင်းကြီးကိုမြင်ရသည်မှာ ထင်းလို့ပင်နေသည်။ အဖေနဲ့အမေ့မျက်နှာ၊ ညီမလေးမျက်နှာတွေကို မြင်ယောင်လာသည်။

 ညီမလေး။

ကျွန်မညီမလေး။ နှလုံးသားနုနယ်ငယ်ရွယ်သေးတဲ့ ကျွန်မညီမလေး။ ဒီသောကတွေကို ဘယ်လိုများရင်ဆိုင်နိုင်ပါ့မလဲ။ အမေနဲ့အတူတူရှိနေခဲ့သည့်​အိမ်မှာ အခုဆိုညီမလေးက တစ်ယောက်တည်း။ ဘယ်လောက်များ အထီးကျန်ဝမ်းနည်းနေရမလဲ။ ကျွန်မ ဆုံးဖြတ်ချက် ချလိုက်သည်။ ကျွန်မ မြန်မာပြည်ပြန်တော့မည်။ ညီမလေးကို မိခင်မေတ္တာတွေပေးဖို့ ကျွန်မပြန်ခဲ့တော့မည်။ အစ်မကြီးအမိအရာကနေဖို့ ကျွန်မပြန်ခဲ့တော့မည်။ အိပ်ရာဝင်ချိန်တိုင်း ညီမလေးခေါင်းလေးကိုသပ်ပြီး မိခင်နဲ့တူတဲ့ မေတ္တာတရားတွေနှင့်​ နွေးထွေးမှုပေးဖို့ ညီမလေးဆီ ကျွန်မပြန်ခဲ့တော့မည်။

မနက်ဖြန် မြန်​မာပြည်​ပြန်ဖို့ ကျွန်မ ပြင်ဆင်တော့မည်။

ညိုမှိုင်း​ဝေ(သနပ်ပင်)

ထက်ခေါင်လင်း ● သူဌေးဖြစ်ရေးထက် မူးယစ်ဆေးစွဲဖို့ ပိုသေချာစေတဲ့ ကျောက်စိမ်းမြေ

$
0
0
ဖားကန့်မြို့ ကျေးလက်ဒေသ လူအသွားအလာပြတ်သည့်နေရာများတွင်မူးယစ်ဆေးသုံးစွဲသူများကို တွေ့နိုင်သည် (ဓာတ်ပုံများ -
ထက်ခေါင်လင်း/Myanmar Now)

ထက်ခေါင်လင်း ● သူဌေးဖြစ်ရေးထက် မူးယစ်ဆေးစွဲဖို့ ပိုသေချာစေတဲ့ ကျောက်စိမ်းမြေ
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၆

ဖားကန့် (Myanmar Now) - ကချင်ပြည်နယ် ဖားကန့်မြို့က ဥရုထွယ်ဆန် မူးယစ်ဆေး သုံးစွဲသူများ ပြုစုပျိုးထောင်ရေးဂေ ဟာကို ၂၉ နှစ်အရွယ် မဂျားလွယ် ရောက်နေတာ ၂ လ ရှိပါပြီ။

မဂျားလွယ်က ဆိုင်းတောင်ရွာမှာ  သူငယ်ချင်းတွေနဲ့အတူ ဘိန်းမည်း၊  ချောင်းဆိုးပျောက်ဆေးရည်တို့ကို စမ်းသပ် စားသုံး ကြည့်ရာက မူးယစ်ဆေးရဲ့သားကောင် ဖြစ်လာသူပါ။ ဧရာဝတီမြစ်ဝကျွန်းပေါ်သား သူ့အိမ်ထောင်ဘက်ရဲ့ ကျောက်စိမ်း အရောင်းအဝယ်လုပ်ငန်းက ရရှိတဲ့ ဝင်ငွေအတော်များများဟာ သူ့ရဲ့ မူးယစ်ဆေးဖိုး ဖြစ်လာပါတယ်။

“ဆေးဖြတ်ခန်းကို စလာပို့တုန်းက အိမ်ကလူတွေကို စိတ်ဆိုးမိသေးတယ်။ အခုတော့ စိတ်မဆိုးတော့ဘူး” လို့ ကလေး ၂ ယောက်မိခင် မဂျားလွယ်က ဆိုပါတယ်။


ဖားကန့်မြို့ ကျေးလက်ဒေသ လူအသွားအလာပြတ်သည့်နေရာများတွင်မူးယစ်ဆေးသုံးစွဲသူများကို တွေ့နိုင်သည် (ဓာတ်ပုံများ -
ထက်ခေါင်လင်း/Myanmar Now)
ဂေဟာကနေ ပြန်ထွက်ခွင့်ရတဲ့အခါ ၂ နှစ်ကျော် စွဲလမ်းခဲ့တဲ့ မူးယစ်ဆေးကို ထပ်မသုံးတော့ဘူးလို့  သူက ဆက်ပြောပါတယ်။
ဂေဟာရဲ့ ကျေးဇူးကြောင့် မူးယစ်ဆေးနဲ့ အပြီးတိုင် ကင်းကွာသွားသူတွေရှိသလို မူးယစ်ဆေး ပြန်သုံးသူတွေလည်း ရှိနေပါ တယ်။

ဂေဟာ တာဝန်ခံ ဦးဆိုင်းနော်ကတော့ ဖားကန့်ဒေသမှာ အရွယ်ရောက်ပြီးသူဦးရေရဲ့ ထက်ဝက်မကဟာ မူးယစ်ဆေးသုံးစွဲနေ တဲ့သူ၊ မူးယစ်ဆေး သုံးစွဲဖူးတဲ့သူတွေ ဖြစ်တယ်လို့  ပြောပါတယ်။

နိုင်ငံအနှံ့အပြားက အလုပ်အကိုင်ရှာဖွေသူတွေဟာ ဝင်ငွေကောင်းကောင်း ရရှိရေး၊ သူဌေးဖြစ်ရေး ရည်ရွယ်ချက်တွေနဲ့ ဖားကန့်ဒေသ ကျောက်စိမ်းမြေကို ရောက်လာကြရာမှာ သူတို့အိပ်မက်တွေ လက်တွေ့ ဖြစ်လာဖို့ ခဲယဉ်းပါတယ်။  ကြမ်းတမ်း တဲ့လုပ်ငန်းခွင်အခြေအနေနဲ့ ရင်ဆိုင်ရပြီး၊ အန္တရာယ်ကြီးတဲ့ မြေပြိုကျမှုကလည်း မကြာခဏ ဖြစ်ပေါ်နေတာပါ။ အလုပ် ကိုင်ရှာဖွေသူတွေရဲ့ ကျန်းမာရေးကို အကြီးအကျယ် ဒုက္ခပေးနေတာကတော့ မူးယစ်ဆေးဝါးသုံးစွဲမှု ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး သုံးစွဲသူအရေအတွက် တရားဝင်ကိန်းဂဏန်းများ မရှိသေးပါဘူး။    ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ကတော့ မြန်မာပြည်မှာ မူးယစ်ဆေးကို ဆေးထိုးအပ်နဲ့သုံးစွဲသူ အမျိုးသား ၈၃,ဝဝဝ ကျော် ရှိမယ်လို့  ခန့်မှန်းထားကြောင်း  ဖေဖော်ဝါရီလလယ်ပိုင်းမှာ  ကြေညာထားပါတယ်။

ဘိန်းဖြူ၊ ဘိန်းမည်းကို အများဆုံး သုံးကြပြီး  ဓာတုဗေဒနဲ့ ပြုလုပ်ထားတဲ့ မူးယစ်ဆေးပြားတွေက ဒုတိယ အများဆုံး သုံးစွဲနေ ကြတယ်လို့ UNODC ကြေညာချက်မှာ ဖော်ပြထားပါတယ်။


ဖားကန့်မြို့ ကျေးလက်ဒေသ လူအသွားအလာပြတ်သည့်နေရာများတွင်မူးယစ်ဆေးသုံးစွဲသူများကို တွေ့နိုင်သည် (ဓာတ်ပုံများ -
ထက်ခေါင်လင်း/Myanmar Now)
● မူးယစ်ဆေး လွယ်လွယ်ရနေ
ဖားကန့်ဒေသကို ဝင်ရောက်လာတဲ့ မူးယစ်ဆေးတွေဟာ တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့ရဲ့ နယ်စပ်တွေ ဘက်ကနေသာမက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကနေ ဝင်ရောက်နေတာလို့ သတင်းရကြောင်း ဖားကန့်မြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက Myanmar Now ကိုပြောပါတယ်။

“ဝင်လာကြတဲ့ လမ်းကြောင်းတွေက အများကြီးပါ။ အရေအတွက်က အတော်များပြားနေတဲ့ အတိုင်းအတာဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ဂိုဏ်းဖွဲ့လုပ်ကိုင်နေကြတာမျိုးထက် အဲ့ဒီဒေသတွေနဲ့ ဆက်နွယ်နေနဲ့သူတွေက နည်းအမျိုးမျိုးနဲ့ မူးယစ်ဆေး တင်သွင်းလာ ကြတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ကချင်ပြည်နယ်ဟာ ကျန်ဒေသတွေထက် မူးယစ်ဆေးသုံးစွဲမှုနှုန်း မြင့်ပါတယ်။ ပြည်နယ်တွင်း ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူတွေထက် မူးယစ်ဆေးကြောင့် သေဆုံးခဲ့ရတဲ့ အရေအတွက်က ပိုမိုများပြားနေတယ်လို့ အမေရိကန်အခြေစိုက် သုတေသနအဖွဲ့ Transnational Institute (TNI) က ဧပြီလအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။ 

မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်တယ်ဆိုပေမယ့် ကိုင်တွယ်ပုံနည်းစနစ်နဲ့ မူဝါဒတွေ မှားယွင်းနေပြီး မူးယစ်ဆေးသုံးစွဲသူနဲ့ အသေးစား ရောင်းဝယ်ဖောက်ကားသူတွေကိုသာ ဖမ်းဆီးနိုင်ခဲ့တာကြောင့် အစိုးရသစ်လက်ထက်မှာ ထိထိရောက်ရောက် လုပ်ဆောင်ဖို့ အဲဒီအဖွဲ့က တောင်းဆိုထားပါတယ်။

ဖားကန့်ဒေသမှာ ဘိန်းဖြူကို အကြောထဲထိုးသွင်းသူတွေ စတည်းချကြတဲ့နေရာ အများအပြား ရှိပါတယ်။ ဒီလိုမျိုးနေရာမှာ အပြန်အလှန် ဆေးထိုးပေးသူတွေကိုလည်း တွေ့ရပါတယ်။ စိုးရိမ်စရာအချက်တစ်ခုကတော့ ဆေးထိုးအပ်တစ်ခုထဲကို လူတစ်ယောက်ထက် ပိုသုံးမယ်ဆိုရင် ခုခံကျရောဂါပိုး (HIV) ကူးစက်နိုင်ခြင်းပါပဲ။ ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတချို့ကတော့  ဒီဒေသမှာ တစ်ခါသုံးဆေးထိုးအပ်တွေ အခမဲ့ ဖြန့်ဝေခြင်း၊ HIV ပိုး စစ်ဆေးခြင်း၊ HIV ပိုး ကူး စက်ခံထားရသူကို နှစ်သိမ့်ဆွေးနွေးအားပေးခြင်း စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေကြပါတယ်။


ဖားကန့်မြို့ ကျေးလက်ဒေသ လူအသွားအလာပြတ်သည့်နေရာများတွင်မူးယစ်ဆေးသုံးစွဲသူများကို တွေ့နိုင်သည် (ဓာတ်ပုံများ -
ထက်ခေါင်လင်း/Myanmar Now)
နယ်စည်းမခြား ဆရာဝန်များအဖွဲ့က HIV ပိုး ရှိသူ ၂,ဝဝဝ ခန့်ကို ဖားကန့်မှာ ကုသမှုပေးနေတယ်လို့ သိရပါတယ်။ ကချင်ပြည် နယ်က တခြားဆေးခန်း ၄ ခုမှာလည်း အလားတူ လူနာ ၈,ဝဝဝ ဝန်းကျင်ကို အကူအညီ ပေးနေပါတယ်။

ဒေသတွင်းမှာတော့ ကချင်လူမျိုးတွေစုပေါင်းပြီးတော့ ဘိန်းတိုက်ဖျက်ရေးလုပ်နေတဲ့အဖွဲ့ဖြစ်တဲ့ ပက်ဂျာဆန်ဆိုတာ ရှိပါ တယ်။ ဒီအဖွဲ့က ဘိန်းရောင်းချနေသူတွေကို ဖမ်းဆီးတဲ့အပြင် ဘိန်းစိုက်ခင်းတွေကိုလည်း ဖျက်ဆီးနေတာပါ။

“ကျွန်တော်တို့ ဖားကန့်ကတော့ မူးယစ်ဆေးဆိုတာ တကယ့်ကို လွယ်လင့်တကူပဲဗျ။ တောမှော်ရွာထဲမှာဆို ဘယ်နေရာက ရောင်းတယ်၊ လက်ကြီးသမားလား၊ ဘာလားဆိုတာ ကျွန်တော်တို့ သတင်း အတိအကျ ရထားတယ်” လို့ ပက်ဂျာဆန်ရဲ့ ကျေးရွာအဆင့်တာဝန်ခံတစ်ဦးဖြစ်သူ ဦးခူလွမ်က ပြောပါတယ်။



ဖားကန့်မြို့ ကျေးလက်ဒေသ လူအသွားအလာပြတ်သည့်နေရာများတွင်မူးယစ်ဆေးသုံးစွဲသူများကို တွေ့နိုင်သည် (ဓာတ်ပုံများ -
ထက်ခေါင်လင်း/Myanmar Now)
● အကျင့်ပျက်ခြစားမှု ပြဿနာ
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ဖားကန့်က မူးယစ်ဆေးရောင်းသူတစ်ဦးကို ပက်ဂျာဆန်အဖွဲ့က ဖမ်းမိတဲ့အခါမှာ   အာ ဏာပိုင်အဖွဲ့အစည်းတွေကို လစဉ်ငွေပေးမှုကို မှတ်တမ်းတင်ထားတဲ့ စာအုပ် တစ်အုပ်ကို သိမ်းဆည်းရခဲ့ပါသေးတယ်။

အဲ့ဒီစာအုပ်မှာ အာဏာပိုင်အဖွဲ့တွေကို နှစ်လအတွင်း ကျပ်သိန်းပေါင်း ၅,၆ဝဝ ကျော် လိုင်းကြေးပေးခဲ့တယ်။ နေ့စဉ် ပေးရတဲ့ လိုင်းကြေး ကျပ်သိန်း ၁ဝဝ ခန့် ရှိတယ်လို့  ဖော်ပြထားကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့် စိုးက ဖေဖော်ဝါရီ ၂၄ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ  ပြောသွားခဲ့ပါတယ်။

ဖားကန့်ဒေသကျောက်စိမ်းမှော်တိုင်းလိုလိုမှာ မူးယစ်ဆေးကို  လွတ်လွတ်လပ်လပ် ရောင်းချနေတယ်၊ မူးယစ်ဆေး အကြီးအ ကျယ် သုံးစွဲကြမှုတွေကြောင့်  ရာဇဝတ်မှုတွေ၊ လူမှုရေးပြဿနာတွေ နေ့စဉ် ဖြစ်ပေါ်နေတယ် လို့ ဦးတင့်စိုးက ပြောပါတယ်။

“အုပ်ချုပ်ရေးက လက်လှမ်းမမီတဲ့ နေရာတွေကလည်း များနေတယ်။ ကျေးရွာအတွင်းမှာ ရောင်းတာထက် ကျေးရွာ အစွန် အဖျားမှာ ရောင်းတာမျိုးက လိုက်ပြီး ဖမ်းဆီးထိန်းသိမ်းဖို့က အင်မတန်ခက်တယ်” လို့ သူက ဆိုပါတယ်။


ဖားကန့်မြို့ ကျေးလက်ဒေသ လူအသွားအလာပြတ်သည့်နေရာများတွင်မူးယစ်ဆေးသုံးစွဲသူများကို တွေ့နိုင်သည် (ဓာတ်ပုံများ -
ထက်ခေါင်လင်း/Myanmar Now)

● မူးယစ်တိုက်ဖျက်ရေးနဲ့ လက်နက်ကိုင်ပဋိပက္ခ
ဖားကန့်ဒေသမှာ မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို  အစိုးရသစ်ရဲ့ ရက် ၁ဝဝ စီမံကိန်းမှာ ထည့်သွင်း ဆောင်ရွက်နေ ပေမဲ့ မူးယစ်ဆေးဝါး သုံးစွဲလာကြတာ ဆယ်စုနှစ် ၃ ခု ကျော်နေပြီဖြစ်တဲ့အတွက် ချက်ချင်း အမြစ်ဖြတ်လုပ်ဆောင်ဖို့ မမျှော် လင့်နိုင်ဘူးလို့ ဦးတင့်စိုးက သုံးသပ်ပါတယ်။

နှိမ်နင်းမှုတွေနဲ့အတူ ပညာရေးမှုတွေလို နည်းလမ်းပေါင်းစုံနဲ့ အချိန်ယူ လုပ်ဆောင်ရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ရဲမှူးကြီး ရွှေညာမောင်ကလည်း မူးယစ်ဆေးတိုက်ဖျက်ရေးမှာ တားဆီးနှိမ်နင်းလိုက်ရုံနဲ့ အောင်မြင်မှာမဟုတ်သလို ဘိန်းစိုက်တောင်သူတွေရဲ့ လူနေမှုဘဝ မြှင့်တင်ရေး၊ အစားထိုးသီးနှံ ပံ့ပိုးပေးရေး၊ မူးယစ်ဆေးစွဲသူများကို ကုသမှုပေးရေး၊ ပြန်လည်ထူထောင်ရေး ကိစ္စတွေ လုပ်ပေးဖို့လိုတယ်လို့ ပြောပါတယ်။
အဲ့ဒီလုပ်ငန်းတွေအကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ဘဏ္ဍာငွေအတွက် နိုင်ငံတကာကိုပဲ မျှော်ကိုးနေတာ မဟုတ်ဘဲနဲ့ ကိုယ့်ရှိတဲ့အခြေအနေနဲ့ တတ်နိုင်တဲ့ဘက်က အမြန်ဆုံး အကောင်အထည်ဖော်ဖို့လိုတယ်လို့ သူက  ပြောပါတယ်။

ပြန်လည်ထူထောင်ရေးစခန်းတွေကို တိုင်းနဲ့ပြည်နယ်အလိုက် တည်ဆောက်ဖို့ ယခင်အစိုးရ လက်ထက် ကတည်းက လွှတ် တော်ရဲ့ ခွင့်ပြုချက်ရထားပြီးဖြစ်သလို တည်ဆောက်ရမယ့် နေရာတွေကို ရှာဖွေနေတယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။


ဖားကန့်မြို့ ကျေးလက်ဒေသ လူအသွားအလာပြတ်သည့်နေရာများတွင်မူးယစ်ဆေးသုံးစွဲသူများကို တွေ့နိုင်သည် (ဓာတ်ပုံများ -
ထက်ခေါင်လင်း/Myanmar Now)
“မူးယစ်ဆေးသုံးသူတွေကို ဖမ်းလိုက်တာက လွယ်ပါတယ်။ ဒါပေမဲ့ သူတို့ကို ရဲစခန်းတွေ၊ အကျဉ်းထောင်တွေမှာ ထားဖို့က လည်း အဆင်သင့်မဖြစ်သေးဘူး” လို့ ရဲမှူးကြီးက ဆိုပါတယ်။

“မူးယစ်ဆေးသုံးတဲ့သူတွေမှာ နောက်ဆက်တွဲ ရောဂါကူးစက်မှုတွေကလည်း ရှိနေတော့ အဲ့ဒီလူတွေကို ကျန်တဲ့ပြစ်မှုကျူးလွန် သူတွေနဲ့ အတူထားဖို့ဆိုတာ အခက်အခဲရှိတယ်။ သူတို့အတွက်က ရေရှည်မူဝါဒတွေ ချမှတ်ရမယ်”


 
ဖားကန့်မြို့ ကျေးလက်ဒေသ လူအသွားအလာပြတ်သည့်နေရာများတွင်မူးယစ်ဆေးသုံးစွဲသူများကို တွေ့နိုင်သည် (ဓာတ်ပုံများ -
ထက်ခေါင်လင်း/Myanmar Now)
ဖားကန့်မြို့ ဥရုထွယ်ဆန်ဂေဟာ တာဝန်ခံ ဦးဆိုင်းနော်က မူးယစ်ဆေးပပျောက်ရေးနဲ့ ပတ်သက်ပြီး အရပ်ဘက် အဖွဲ့အစည်း တွေနဲ့ အာဏာပိုင်တွေ ပူးပေါင်း သင့်တယ်၊  ဒေသအတွင်း တရားဥပဒေ စိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့လည်း အရေးကြီးတယ်လို့ ပြောပါတယ်။

“ဒီကိစ္စပပျောက်ရေးမှာ ငြိမ်းချမ်းရေးက အဓိကပဲ။ နောက်ပြီးတော့ ကျွန်တော်တို့လို မူးယစ်ဆေး တိုက်ဖျက်ရေး အဖွဲ့တွေက အစိုးရနဲ့ ပူးပေါင်းဖို့လိုသလို အစိုးရအနေနဲ့လည်း ကျွန်တော်တို့ ပြည်သူတွေမပါဘဲနဲ့ ဘယ်လိုလုပ်လုပ် အောင်မြင်မှာ မဟုတ်ဘူး” လို့ ဦးဆိုင်းနော်က ပြောလိုက်ပါတယ်။     ။

ညိုထက် (လမ်းသစ်ဦး) ● ဒီကနေ့ မှတ်တမ်း

$
0
0

ညိုထက် (လမ်းသစ်ဦး) ● ဒီကနေ့ မှတ်တမ်း
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၆

ဘ၀ရဲ့ အဆင်မပြေခဲ့မှုတွေကို တွေးမိရာက အစောကြီးနိုး
ဗိုက်ဘာက ခေါ်လေ့ရှိတဲ့ ချစ်သူနဲ့စကားပြော
အဲ့ဒီ ၀တုတ်ကို တွေ့တာနဲ့ ပြေးဖတ်မိမယ်လို့ ချစ်သူကပြော
အဲဒီ သေးသေးသွယ်သွယ်လေးကို ကိုရီးယားကားတွေထဲကအတိုင်း ကုန်းပိုးပေးမယ်လို့ ချွဲ
ဆေးလိပ် ထသောက်တော့ ပိတုန်းလေးတကောင် ၀ဲနေတာတွေ့ရ
အဲဒါနဲ့ အဲ့ဒီပိတုန်းလေးကို မတ်တပ်ရပ်ပြီး ကြိုဆို
ပိတုန်းဖမ်းသမား ကဗျာကိုတင်
အဲဒီလိုနဲ့ ဘာရယ်မသိ ငယ်သူငယ်ချင်းတွေကို သတိရမိ
အဲဒီလိုနဲ့ ကြည်ဖြူကို ငယ်သူငယ်ချင်း အေးသန္တာလင်းနဲ့တူကြောင်း CB က တဆင့်ပြောမိ
(ဆိုင် မဆိုင်တော့မသိ။ နည်းနည်းတူသလိုလိုရှိတာနဲ့ ပြောလိုက်မိ)

အဲဒီလိုနဲ့ ငယ်သူငယ်ချင်းတွေကို သတိရမိ
အဲဒီလိုနဲ့ ပန်းအိဖြူရဲ့ သီချင်းတွေကို နားထောင်

မြတ်စွာဘုရား - တနေ့ နင် ငါ့လို ငိုရမယ်တဲ့ သီချင်းအမည်
အဲဒီ သီချင်းတွေ့မိရာက FB မှာ စတေးတပ်ရေးလိုက်မိ
အတွေးထဲ အဲဒီ စတေးတပ်ကို ကဗျာအဖြစ်ရေးဖို့ ၀ိုင်းဝန်းတိုက်တွန်းကြ
ဘီယာငှဲ့ပေးမယ့်သူ မရှိသေးကြောင်း သတိရလာ
ဘုရားရေ …. ညီမလေးက သနပ်ခါးကြိုက်သတဲ့
အင်တာနက်ရရင် ဖုန်း အလိုလို ပွင့်တယ်ညီမလေး
အဲဒီလိုနဲ့ ဆေးလိပ်တွေသောက်
(မာဘိုလို တဘူးတဆယ်။ ဆေးလိပ်က ဈေးကြီးတယ်လို့ ပြောဖူးတဲ့ လေဒီဝမ်းကိုသတိရ)
ဆေးလိပ်က မကွာဘူး ကိုလေးလို့ ကျနော့်ညီအငယ်ကောင်က ပြော
လေဒီဝမ်းတို့ သားအမိ ကျောင်းတက်နေတဲ့အကြောင်း
တို့ဗမာဟေ့ …. တို့ဗမာ
အမျိုးတွေကို ပေါ်လစီအပ်ဖို့အကြောင်း
သခင်တင်မြကို သတိရမိ
ဘိုးတော်နီကို သတိရမိ
မညှိုးဂုဏ်တေဇာ များစွာပ တိုင်းများကိုပါ တိုက်ခိုက်ခါ အောင်ခဲ့တာ
သခင်စိုးကို သတိရမိ
မောင်လွမ်းဏီကို သတိရမိ
မြိုင်သာယာက ဘင်ဂျိုသံတွေ ဝေေ၀စီစီ ပွင့်လန်းနေပေါ့
ဗမာပြည်နဲ့ ဗမာပြည်သားတွေအကြောင်း စူးစမ်းလေ့လာနေတဲ့ ကျနော့်အကို အသစ် အစစ်
ဘရောက်ဒါဝါဒကို ကြိုက်ကြတယ်
ကာလပေါ်တေးတွေ ကြိုက်ကြတယ်
ကျနော်က တခါတလေ ကြောင်တယ်
ကျနော် ဘလော့ခ်ထားတဲ့ ကျနော့်ရဲဘော်တွေကို ပြန်ပြီး အက်
အတော်များများက ကျနော့်ကို ပြန်လည်လက်ခံကြ
ဗိုလ်သစ်ကို သတိရမိ
ဗိုလ်သစ်ကို သတိရမိတော့ ဆရာဂျမ်းကို သတိရမိ
(ဆရာဂျမ်းက ဗိုလ်သစ်ကို သောက်ကောင်းအိမ်လို့ အမည်ပေးဖူး)
အဲဒီလိုနဲ့ အရက်တွေသောက်
(ဘော်ဒဂါ တပုလင်း ၁၇ ဒေါ်လာ။ ကျနော် တက်နိုင်တာ ဒီလောက်ပဲရှိတယ်)
ဘော်ဒဂါကို အမ်မလွဲဟတ်စိနဲ့ ရောသောက်
(အမ်မလွဲဟတ်စိ တကပ် ၈ ဒေါ်လာ)
အနာဂျီဒရင့် အပြာရောင်ထပ်ရော
ရဲဘော်တိုက်မောင်းကို သတိရ
ခရမ်းပြာနိုးထခြင်း စကားတလုံး ကျနော့်ကို ပေးအပ်ခဲ့ဖူးတဲ့လူ
အရက်ရဲ့ အရောင်ကိုကြည့်လိုက်တော့ ဘော်ဒဂါ အစိမ်း
ပတ္တမြားရဲ့ မြစိမ်းသီချင်းသတိရမိ
ဘဏ်ကဒ်ထဲ ၇ ဒေါ်လာသာ ရှိတော့သည်

 ၁၅ - ၆ - ၂၀၁၆
ညိုထက် (လမ်းသစ်ဦး)

ကာတွန်း ဇာနည်ဇော်ဝင်း ● တတ်သိပညာရှင်တွေ

$
0
0

ကာတွန်း ဇာနည်ဇော်ဝင်း ● တတ်သိပညာရှင်တွေ
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၆

မင်းကိုနိုင် ● သိုင်းသမားနှင့် အတွင်းအား

$
0
0
မင်းကိုနိုင် ● သိုင်းသမားနှင့် အတွင်းအား
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။
 

ကျနော်တို့ ငယ်စဉ် ပြေးလွှားရင်း ချော်လဲရင် ပတ်ဝန်းကျင်ကိုလှည့်ကြည့်မိတာ သတိရမိကြပါသလား။

ကျနော်ကတော့ အခုထိလည်းကလေးတွေကို သတိထားကြည့်မိပါတယ်။ အဓိကကတော့ ငိုရကောင်းမလား၊ မငိုရ ကောင်း မလား ဘာလုပ်ရမှန်းမသိလို့ပါပဲ။

ပတ်ဝန်းကျင်က ဒါကို အထိတ်တလန့်အော်မယ်၊ ပြာပြာသလဲ (ကြောက်စရာကြီးလို့အဓိပ္ပါယ်ရတဲ့ မျက်နှာကြီးနဲ့) ပြေးလာ မယ်ဆိုရင်တော့ ကလေးက ဒါ ငိုရမယ်လို့ဘာသာပြန်ပြီး ဗြဲကနဲငိုတော့တာပါပဲ။ လူကြီးတွေကသာဒါဟာ ဘာမှမဆန်းဘူး၊ မနာဘူးကွ ပြန်ထလိုက်စမ်းကွလို့အားပေးရင် ကိုယ့်ဘာသာ ကျုံးထရပ်မိ တတ်ကြပါတယ်။

သူငယ်ချင်းအိမ်ဆော့ကစားဖို့သွားတဲ့ ကလေးတစ်ယောက် အိမ်လည်သွားရင်း ခလုတ်တိုက်လဲပါတယ်။ ဒီလောက်တော့ အပျော့ပေါ့ဆိုပေမယ့် မေးရိုးပါကွဲသွားတော့ ဆေးရုံရောက်တာပေါ့။ အိမ်ရှင်မိဘတွေက ဆေးရုံချက်ချင်း ခေါ်လာ၊ ကာယကံ ရှင် မိဘတွေရောက်လာတော့လည်း ဘယ်သူကိုမှ ဆူပူကြိမ်းမောင်းတာ ငြူစူအပြစ် တင်တာလည်း မရှိပါ။

အိမ်ရှင်မိသားစုက သူတို့အိမ်အလည်လာတုန်းဖြစ်ရတဲ့အပေါ်အားနာနေသလို သူငယ်ချင်းကလည်း သူတို့ နှစ်ယောက်ပေါင်း မဆော့ရတော့မှာ စိုးရိမ်နေဆဲပါ။ ဟို မိဖနှစ်ပါးကတော့ သူတို့သမီးမေးရိုးကွဲချုပ်နေတာကြည့်ရင်း ရယ်ကာမောကာပါပဲ။ အနာကျက်ရင် ပြန်ဆော့ကြတဲ့။အဲဒီ ဆေးရုံမှာက အရေးပေါ်လာသမျှ ကလေးတွေအတွက် အရုပ်မျိုးစုံ Sticker ရောင်စုံတွေ အပြည့်ချပေးထား မြဲပါ။ ရောက်လာသမျှကလေးတွေဟာ ဆေးရုံဆေးခန်းဆိုတဲ့ အသိထက် ကစားစရာဆိုင်ခန်းလို့မြင်သွား အောင် ပါတဲ့။ တကယ်လည်း ကြိုက်တဲ့ဟာ ယူဆော့ခွင့်ပေးပါတယ်။

မေးရိုးကွဲထားတဲ့ ကလေးကို ကလေးတစ်ယောက်ကလာပြီး မိတ်ဆက်ပါတယ်။ ဘာမှမကြောက်နဲ့ သိပ်လည်းမနာဘူး၊ မုန့် တွေလည်းစားလို့ရတယ်ဆိုပြီး အားပေးပါတယ်။ သူက ဘာသိ ဘာတတ်လို့တုန်းဆိုတော့ သူကိုယ်တိုင် အရင်တပတ် ကမေးရိုးမှာ ဒီထက်ကြီးတဲ့ ဒဏ်ရာကြီးရပြီး လာကုဖူးတာကိုး၊ အခုက အနာကျက်ခါနီး ပြန်လာပြတာလေ။ ပြီးတော့ ဆရာ ၀န်ဖက်ကိုလှည့်ပြီး သူ့ကိုရေခဲချောင်းကျွေးလိုက်လေလို့ တိုက်တွန်းပါတယ်။ ဟုတ်ပါတယ် သူတို့ ဆေးရုံတွေမှာ ကလေး တွေအတွက်ရေခဲချောင်းအကောင်းစားတွေ  အသင့်ရှိစမြဲပါ။ ရေခဲနဲ့မတည့်တဲ့ ရောဂါကလွဲရင် ကလေးတွေစိတ်ပျော်ရွှင် အောင်ကျွေးနေကြပါ။

ထိခိုက်ဒဏ်ရာကို ဆေးထည့် ပတ်တီးစီးနေစဉ်မှာ ကလေးကိုဘယ်လောက် သတ္တိရှိကြောင်း တတွတ်တွတ် အားပေးသလို ကုသမှုပြီးတဲ့ အခါမှာလည်း ဒီကလေးဟာဖြင့်ရင် အလွန်သတ္တိကောင်းသူဖြစ်လို့ ဟောဒီ ထောက်ခံဂုဏ်ပြုလွှာပေးပါတယ်ဆိုပြီး မှတ်တမ်းလွှာမှာ ကလေးရဲ့နာမည်ကို ထည့်ရေးပြီးပေးလိုက်ပါတယ်။ ပြီးတော့အရုပ်မျိုးစုံတွေထဲက ကြိုက်ရာအရုပ် ရွေးခိုင်း ဥပမာ ဘာဘီရုပ်လေးဆိုပါတော့။ အဲဒီအရုပ်မှာကလေးလိုပဲ (ဥပမာ- လက်ကျိုးတဲ့ကလေးကို ကျောက်ပတ်တီးစီးရ တယ်ဆိုရင်) ပတ်တီးစီးပေးလိုက်တယ်။ ဒါ မင်းသူငယ်ချင်းပဲ။ ဒဏ်ရာရတာချင်းလည်းတူတယ်၊ သူလည်း မင်းလိုပဲ သတ္တိ ကောင်းတယ်နော်၊ လုံးဝမအော်ဘူး မငိုဘူး၊ သူ့ကို အိမ်ခေါ်သွားပေါ့ဆိုပြီး ပေးလိုက်ပါတယ်။ ကလေးဟာ အားငယ်ဝမ်း နည်းရမယ့် အစား သူသတ္တိရှင်ဆု ရပြီ ဆိုပြီး ကျောင်းမှာတောင် လိုက်ကြွားနေသေး။
▬*▬*▬

သူတို့ကျောင်းတွေမှာ စာတော်တာ တစ်ခုထဲကို ထူးချွန်သူလို့သတ်မှတ်ချီးကျူးတာမျိုးမဟုတ်ပါဘူး။ အဆင့် တစ် နှစ် သုံး မ ရလို့ စိတ်ပျက်အားငယ်ရမှာမျိုး၊ ခြွဲခားဆက်ဆံခံရမှာမျိုးမိဘတွေက ဖိအားပေးမှာမျိုး ပြဿနာမရှိပါ။ ကြယ်ပွင့်ကလေးတွေ ပေးတဲ့ စနစ်ရှိသေးတာကိုး။ ဆိုပါတော့အများနှင့်ပေါင်းသင်းဆက်ဆံကောင်းရင် ကြယ်တစ်ပွင့်၊ စာလုံးပေါင်းသတ်ပုံမှန်ရင် ကြယ်တစ်ပွင့်၊ အချင်းချင်းရိုင်းပင်း ကူညီတတ်သူဆိုရင် ကြယ်တစ်ပွင့် စသဖြင့် ကြယ်ပွင့်အမျိုးအစားတွေ သတ်မှတ်ထား ပါတယ်။ ကြယ်ပွင့် ဘယ်နယ်ပွင့်ပြည့်ရင် ရင်ဖတ်မှာ ထိုးတဲ့ဆုတံဆိပ်တစ်မျိုးကို တပ်ခွင့်ရမယ်ပေါ့၊ အဲဒီဆုတံဆိပ်ကို ကလေးတွေဟာ မြတ်နိုးဂုဏ်ယူစွာချိတ်ဆွဲကြတယ်။ လေးတန်းကျောင်းသူက သူငယ်တန်းကျောင်းသူကို ထိန်းကျောင်းရတဲ့တာဝန်ယူမှုတွေကလည်း ကြယ်တစ်ပွင့် ရပါတယ်။

ပြောချင်တာကတော့ ကျောင်းတွေမှာ စာတော်တာတစ်ခုထဲကိုလူရာသွင်းတာမျိုး မဟုတ်ဘူးဆိုတာပါပဲ။ ကျောင်းသားမိဘ တွေထံ ကျောင်းကအစီရင်ခံစာပို့ရာမှာလည်း ကလေးရဲ့အရည်အချင်းအားလုံးကို အသေးစိတ် သုံးသပ်တင်ပြတာမျိုးပါ၊ဒါနဲ့ သူတို့ ကလေးတွေဟာ ရိုက်ပုတ် ဆူပူကြိမ်းမောင်းစရာမလိုပဲ ကျောင်းစာလည်းရ ဘ၀ထဲမှာလည်း အဖိုးတန်အောင်နေ တတ်သွားကြတာပေါ့။ နာကျင်ပင်ပန်းပြီးမှ စာရတာမျိုးမဟုတ်အများနဲ့ ပူးပေါင်းဆောင်ရွက်ရင်း ဘက်စုံကောင်းမွန်တဲ့ မျိုး ဆက်တွေကို မွေးထုတ်တယ်လို့လည်းပြောနိုင်မယ်ထင်ပါတယ်။
▬*▬*▬

ကလေးတစ်ယောက်ကို သားကြီးလာရင် ဘာလုပ်မလဲလို့လူတွေကြားထဲမှာ မေးတယ်။

ကလေးက မဆိုင်းမတွ ငါးဖမ်းမယ် (တံငါသည်) လုပ်မယ်လို့ဖြေလိုက်ပါရော။ သူ့မိဘတွေဟာပညာထူးချွန်မှုနဲ့ အသက် မွေးနေကြတဲ့ အဆင့်မြင့်အရာရှိကြီးတွေပါ။ ကလေးရဲ့အဖြေအတွက် နဲနဲလေးမှ စိတ်မကွက်ကြပါဘူး။ မနေ့ကပဲ အားလပ် ရက် သားအဖတွေ ငါးမြှားထွက်ကြတာကိုစွဲလမ်းပြီး တံငါလုပ်ချင်နေတာလို့ ဖခင်က ရယ်မောမပျက်ရှင်းပြပါတယ်။ သူတို့ ကလေးကို ကြီးလာရင် ဘာဖြစ်ရမယ်ဆိုတာမျိုး အမိန့်ပေးထားတာမျိုး သူစိမ်းတရံတွေကမေးရင် ဘာလုပ်မယ်လို့ဖြေ သင် ထားပေးတာမျိုးမရှိဘူးလေ။

ဒီနေရာမှာ ကျနော်စဉ်းစားမိတာက ကလေးတွေအတွက်အရေးကြီးဆုံးဖြစ်တဲ့ ရိုးသားမှုကိုလွတ်လပ်စွာ ခွင့်ပြုထားတာပါပဲ။ ကလေးဆိုတာ သူမြင်သိနေသမျှ လူကြီးတွေဘ၀၊ အသက်မွေးမှုတွေကိုအားကျတာ မကြာခဏ ပြောင်းလဲတတ်တာပဲ။ ကျနော့် ကိုကျနော်လည်း ပြန်သတိရတယ်၊ ငယ်ငယ်ကကျိုက္ကစံကွင်း ပြည်ထောင်စုပွဲက ညဖက်အပြန်အ၀ါ အနီ ရောင်ချယ် မီးတိုင် လက်ကကိုင်ပြီးကားလမ်းရှင်းပေးနေတဲ့ ယာဉ်ထိန်းရဲကြီးကိုကြည့်ပြီး ကြီးလာရင် အဲသလိုမျိုးလုပ်မယ်လို့ ကျနော့် စိတ်ထဲ ဖြစ်ဖူးတာပဲ။ နောက်ထပ်အားကျစရာအသက် မွေးဝမ်းကျောင်းတွေ တွေ့တော့လည်း ကိုယ်ဖြစ်ချင်တဲ့ဘ၀တွေ စိတ်ကူးထဲ ထပ်ပြောင်း ကြတာပဲမဟုတ်လား။ ခုနက မိဘတွေဟာ လူရှေ့မှာ အရှက်ကွဲတယ်လို့မမြင်၊ လူတွေရဲ့ အထင်ကြီး ချီးကျူးမှုအစား ကလေးရဲ့ရိုးသားမှုကို ပိုတန်ဖိုးထားကြောင်းပြလိုက် တာပဲလို့မြင်ပါတယ်။

နိုင်ငံခြားမှာအလုပ်သွားလုပ်တဲ့ မြန်မာပညာတတ်လူငယ်တစ်ယောက်ရဲ့ ဖွင့်ဟချက်ကိုလည်းကြည့်ပါဦး။သူ အလုပ်ခွင်ထဲ ၀င်ခါစက ကြီးကြပ်သူရဲ့ အပြစ်တင်ကြိမ်းမောင်းမှုကို ခံရပါတယ်။ သူ့အမှားလည်းမဟုတ်ပေမယ့် ဘာပြန်ပြောရမှန်းမသိဘူး။ ဘာသာစကားအားနည်းချက်ကြောင့်လားဆိုတော့လည်း သူဟာအတန်အသင့်တော့ ပြောတတ်သူပါ။ သူနဲ့အတူ ဆူကြိမ်း မောင်းခံရသူ နောက်တစ်ဦးက သူနဲ့ ပညာတူ၊အဆင့်တူ အိန္ဒိယနိုင်ငံသူကတော့ သေးသေးတင်မှမခံ အချက်အလက်နဲ့ခုခံချေပအစွမ်းပြပါတယ်။ ဒီတော့မှကျနော်တို့ နိုင်ငံကသွားတဲ့ လူငယ်လေးဟာ အော် ဒီလိုလည်း ပြောလို့ရပါလား။ သူသိသလို ငါလည်းသိပေမယ့် သူပြောသလိုတော့ငါမပြောတတ်ဘူးလို့ စိတ်ထဲက ၀န်ခံရပါသတဲ့ ။

ဇာတ်ပေါင်းရမယ်ဆိုရင်တော့ အဲဒီမြန်မာလူငယ်ဟာသူ ကြီးလာရင် ဘာလုပ်မယ်ဆိုတဲ့အတိုင်းဖြစ်အောင်တော့လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒီဘ၀နဲ့ (အဲဒီ အသက်မွေးဝမ်းကျောင်းမှုနဲ့) တကယ့်အလုပ်ခွင်ထဲ လူမှုဆက်ဆံရေးနယ်ပယ်ထဲရောက်သွား တဲ့အခါမှာ ကျောင်းစာတခုထဲနဲ့တော့ မရ၊ လူတွေနဲ့ဆက်ဆံနည်း၊ ရင်ဆိုင်နည်းတွေအတွက် ကြိုတင်ပြင်ဆင်ထားမှုတွေ (သိုင်း လောကစကားနဲ့ ပြောရရင်တော့ အတွင်းအားတွေ ခုခံနည်းတွေ တိုက်ကွက်တွေ) လိုပါသေးလားလို့ နားလည် လိုက်ကြောင်း ရင့်ဖွင့်ပါတယ်။

ကျနော်တို့ကလေးတွေ ဘ၀ဆိုတဲ့ သိုင်းလောကထဲ အတွင်းအားတွေကောင်း ခုခံမှုတွေထက်မြက် တိုက်ကွက်တွေပြောင် မြောက် ကြပါစေကြောင်း ….။

- ‪#‎မင်းကိုနိုင်‬
[ ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၈၇ ]

ဂါမဏိ ● လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး သို့မဟုတ် ထာဝရငြိမ်းချမ်းရေးသို့ တခုတည်းသောလမ်းကြောင်း

$
0
0

ဂါမဏိ ● လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး 
(သို့မဟုတ်) 
ထာဝရငြိမ်းချမ်းရေးသို့ တခုတည်းသောလမ်းကြောင်း
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၆
တိုင်းပြည်တပြည်မှာ အစိုးရနဲ့ အစိုးရဆန့်ကျင်သူများအကြား ပြည်တွင်းစစ်ဖြစ်တာကို ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အဓိက အားဖြင့် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းညှိနှိုင်းရတာဖြစ်ပေမဲ့ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့ပြဿနာတွေကို ဖြေရှင်းရတာ လည်း အင်မတန်အရေးပါတဲ့ကိစ္စကြီးဖြစ်ပါတယ်။

တဖက်က အပြတ်အသတ်နိုင်သွားလို့ရှုံးတဲ့တပ်တွေလက်နက်ချပြီး စစ်ပွဲပြီးဆုံး ငြိမ်းချမ်းသွားတာမျိုးကို ဗီယက်နမ် (၁၉၇၅)၊ လာအို (၁၉၇၆)၊ ဆိုဗီယက်ရုရှား (၁၉၂၀)၊ တရုတ် (၁၉၄၉)၊ ကျူးဘား (၁၉၅၉)၊ ထိုင်း (၁၉၈၃)၊ မလေးရှား (၁၉၆၀)၊ ရဝမ်ဒါ (၁၉၉၄)၊ ဆီယာရာလီယွန်း (၂၀၀၂)၊ သီရိလင်္ကာ (၂၀၀၉) စတဲ့နိုင်ငံတွေမှာ တွေ့ရတယ်။ အဲလိုအခြေအနေမျိုးမှာတော့ ရှုံးသွားတဲ့ဘက်ဟာ ယေဘုယျအားဖြင့် ဘာနိုင်ငံရေးအခွင့်အရေးမှမရဘဲ ပြီးသွားတယ်။ ဒီလိုအနေအထားမျိုးက ဝါဒရေးရာ အခြေခံတဲ့စစ်ပွဲတွေမှာ တွေ့ရတာများပြီး ခြွင်းချက်အနေနဲ့ တိုင်းရင်းသား ရေးရာအခြေခံတဲ့ သီရိလင်္ကာပြည်တွင်းစစ်မှာ ထူးထူးခြားခြားတွေ့ရတယ်။

ဝါဒရေးရာပြည်တွင်းစစ်မဟုတ်ဘဲ တိုင်းရင်းသားရေးရာပြည်တွင်းစစ်ဖြစ်တဲ့နိုင်ငံတွေမှာတော့ အဓိကအားဖြင့် SSR လို့ခေါ် တဲ့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို နိုင်ငံရေးအရစေ့စပ်ဆွေးနွေးဖြေရှင်းချက်နဲ့ တွဲသုံးကြတယ်။ အင်မတန် ကျယ်ပြန့်ပြည့်စုံလှတဲ့ SSR အစီအစဉ်အောက်မှာ လုပ်ငန်းခွဲမျိုးစုံ တသီကြီးရှိပြီး နောက်ဆုံး အစိတ်အပိုင်းခွဲတခုကတော့ DDR လို့ခေါ်တဲ့ လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်သိမ်းသွင်းရေးလုပ်ငန်း ဖြစ်ပါတယ်။

ဒီကနေ့ ဗမာပြည်ပြည်တွင်းစစ်ရဲ့ ငြိမ်းချမ်းရေးအဖြေရှာဖွေရာမှာတော့ တိုင်းရင်းသားတော်လှန်ရေးတပ်များရဲ့ နိုင်ငံရေး ရည်မှန်းချက်ဟာ တိုင်းရင်းသားတန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (သို့မဟုတ်) ဖက်ဒရယ်စနစ် ကျင့်သုံးရေးဖြစ်ပြီး အဲဒါနဲ့လျော်ညီတဲ့ ကာကွယ်ရေး-လုံခြုံရေးပုံစံတွေ ပြောင်းလဲကျင့်သုံးဖို့ SSR ကို တောင်းဆိုနေတာ ဖြစ်တယ်။

ဒါပေမဲ့ ဗမာစစ်တပ်ထိပ်သီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ DDR ကိုအရင်ဆုံးလုပ်ဖို့ (သို့မဟုတ်) အဓိကလုပ်ဖို့ တိုင်းရင်းသားတွေကို မောက်မောက်မာမာအမိန့်ပေးနေပါတယ်။ တနည်းအားဖြင့် တိုင်းရင်းသားတပ်တွေ လက်နက်ချ၊ တပ် ဖျက်၊ နယ်မြေစွန့်၊ အစိုးရလက်အောက်ခံ ပြည်သူ့စစ်တို့ နယ်ခြားစောင့်တပ်တို့လုပ်၊ ဗမာစစ်တပ်ကတော့ DDR-SSR နဲ့ မ ဆိုင်၊ တိုင်းရင်းသားအခွင့်အရေး ဘာညာကွိကွတွေက ၂၀၀၈ အတိုင်းဘဲလို့ ၁၉၄၉၊ ၁၉၆၃၊ ၁၉၈၈ ကအတွေးအခေါ်အတိုင်း ခေါင်းမာမာနဲ့ မိုက်မိုက်မဲမဲ ရိုင်းရိုင်းစိုင်းစိုင်း ရပ်တည်နေပါတယ်။

တိုင်းရင်းသားတွေလိုလားတဲ့ SSR အစီအစဉ်မှာ တိုင်းရင်းသားပိုင်းနဲ့ အစိုးရပိုင်းဆိုပြီး နှစ်ပိုင်းပါဝင်ပါတယ်။

တိုင်းရင်းသားပိုင်းမှာ တိုင်းရင်းသားတပ်တွေ၊ ဒီတိုင်းရင်းသားတပ်တွေကို နိုင်ငံရေးအရ ဦးစီးရှေ့ဆောင်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ သူတို့ကတိုက်ရိုက်ထိန်းချုပ်ထားတဲ့တိုင်းရင်းသားနယ်မြေတွေ၊ သူတို့နဲ့ လူမျိုးအရ ပထဝီ အနေအထားအရ သက်ဆိုင်နေတဲ့တိုင်းရင်းသားနယ်မြေတွေ၊ သူတို့နဲ့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သက်ဆိုင်နေတဲ့ အရပ်ဖက်လူမှုအသင်းအဖွဲ့တွေ လူထုအဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲဖွဲ့စည်းဖို့ ဖြစ်ပါတယ်။

အစိုးရပိုင်းမှာတော့ နိုင်ငံတော်တခုလုံးရဲ့လက်နက်ကိုင်တပ်မတော်၊ ကပစ၊ ရဲ၊ ထောက်လှမ်းရေး၊ နယ်စပ်ကွပ်ကဲရေးနဲ့ လဝ က၊ နယ်စပ်အကောက်ခွန်၊ တရားစီရင်ရေးဌာန၊ အကျဉ်းထောင် စတာတွေနဲ့ ဒါတွေကို ထိန်းချုပ်ကြီးကြပ်တဲ့ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ လွှတ်တော်၊ ဗဟို တရားရုံးချုပ်၊ ရှေ့နေချုပ်ရုံး၊ လူ့အခွင့်အရေးကော်မရှင်၊ ရင်းနှီးမြှုပ်နှံရေးကော်မရှင် စတာတွေအားလုံး ပြုပြင် ပြောင်းလဲရမှာဖြစ်တယ်။ လိုအပ်ရင် သစ်တောဝန်ကြီးဌာန၊ လယ်ယာနဲ့ဆည်မြောင်း ဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန၊ စွမ်း အင်ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာနတွေမှာပါ ပြုပြင်ပြောင်းလဲရမှာ ဖြစ်တယ်။

နိုင်ငံရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာဥပဒေသစ်တွေ ပြဋ္ဌာန်းရမှာဖြစ်တဲ့အပြင် တပ်မတော်အက်ဥပဒေ၊ ထောက်လှမ်းရေး ဥပဒေ၊ ပြည်ထောင်စုလုံခြုံရေးဥပဒေ၊ ပြည်နယ်လုံခြုံရေးဥပဒေ၊ ရဲဝန်ထမ်းဥပဒေ၊ လဝကဥပဒေ စတာတွေကို အသစ်ပြဋ္ဌာန်းတာ၊ ကြီးကြီးမားမားပြင်ဆင်တာတွေလုပ်ရမှာဖြစ်တယ်။

တနည်းပြောရရင် SSR မှာ နှစ်ဖက်စလုံးရဲ့ နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးတွေ အကြုံးဝင်နေပါတယ်။ နောက်ဆုံးမှာတော့ ပြောင်းလဲထားတဲ့နှစ်ဖက်ဟာ SSR အစီအစဉ် တခုလုံးအောက်မှာ သဘောတူထားတဲ့အတိုင်း DDR ကျင့်သုံးပြီး နှစ်ဖက်လက်နက်ကိုင်တပ်တွေ အပြန်အလှန်ပေါင်းစည်း သိမ်းသွင်းကြဖို့ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဒါတွေရဲ့အထက်မှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လုံးဝသက်ဆိုင်နေ ပါတယ်။ ဒါကြောင့် တိုင်းရင်းသားအခွင့်အရေးအတွက်တိုက်တဲ့ ပြည်တွင်းစစ်မှာ ဖက်ဒရယ်နိုင်ငံရေးဖြေရှင်းချက်နဲ့ SSR ဟာ ဒင်္ဂါးပြားရဲ့ခေါင်းနဲ့ပန်းလိုခွဲလို့ ဘယ်လိုမှမရနိုင်ပါဘူး။

မင်းအောင်လှိုင်ပြောတဲ့ DDR ကတော့ ကာကွယ်ရေးတခုထဲကို ဆိုလိုပြီး နှစ်ဖက်စလုံးအတွက်လဲမဟုတ်ဘဲ တိုင်းရင်းသား ဘက်ကဘဲ တဖက်သတ်လုပ်ရမယ့်အစီအစဉ် ဖြစ်နေလို့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေမှာ သေချာပါတယ်။

အောင်မြင်တဲ့ SSR လုပ်ခဲ့တဲ့နိုင်ငံတွေက တောင်အာဖရိက (၁၉၉၄)၊ နမီးဘီးယား (၁၉၉၀)၊ လက်ဘနွန် (၁၉၉၀)၊ လိုက် ဘေးရီးယား (၂၀၀၃)၊ ကိုဆိုဗို (၁၉၉၉)၊ အာချေး (၂၀၀၅) တို့ဖြစ်ပြီး ကမ္ဘောဒီးယား၊ နီပေါ၊ အရှေ့တီမော၊ ဖိလိပိုင်၊ ဟေတီ တို့မှာတော့ တစိတ်တပိုင်းဘဲ အောင်မြင်ခဲ့တယ်။ အီရတ်၊ အာဖဂန်နဲ့ တခြားအာဖရိကနိုင်ငံတွေမှာတော့ လုံးဝ မအောင်မြင် တာ တွေ့ရတယ်။ မအောင်မြင်တဲ့ထဲမှာ ဆူဒန်-တောင်ဆူဒန်၊ လစ်ဗျား၊ ချက်ဒ်၊ ဗဟိုအာဖရိက၊ မာလီ၊ ဘူရွန်ဒီ၊ ကွန်ဂို၊ ဂီနီ ဘစ်ဆော၊ အိုင်ဗရီကို့စ်၊ ဆိုမာလီယာနိုင်ငံတွေပါဝင်တယ်။

တောင်အာဖရိကနိုင်ငံက လူဖြူအာဏာရှင်စနစ်ဖျက်သိမ်းတဲ့ ၁၉၉၄ ခုနှစ်မှာ ဒီကလပ်ဦးဆောင်တဲ့ အစိုးရတပ် တောင်အာ ဖရိကကာကွယ်ရေးတပ်ဖွဲ့ SADF ၊ မင်ဒဲလားခေါင်းဆောင်တဲ့ အတိုက်အခံ အာဖရိကအမျိုးသား ကွန်ဂရက်ရဲ့ လက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့ MK၊ မော်စီတုံးဝါဒီလူမည်းတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ အဇန်းနီးယားပြည်သူ့လွတ်မြောက်ရေးတပ်၊ လူဖြူအစိုးရတည်ထောင်ထားတဲ့ ရုပ်ပြလူမည်းကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေ ၄ ခုက ပြည်သူ့စစ် ၄ ဖွဲ့ ပေါင်းစည်းပြီး တောင်အာဖရိကအမျိုးသားကာကွယ်ရေးတပ်မတော် SANDF ကို ထူထောင်ခဲ့တယ်။ လူဖြူသြဇာခံ ဘူသယ်လယ်ဇီရဲ့ အင်ကာသာ လွတ်လပ်ရေးပါတီက စွမ်းအားရှင်တွေ ပါခွင့်ရဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်သားစုဆောင်းရေးလုပ်ထုံးလုပ်နည်းအတိုင်း တဦးချင်း ပဲ ဝင်ခွင့်ပေးခဲ့တယ်။

စာရင်းတခုအရ လူဖြူအစိုးရတပ်အင်အား ၈၃၀၀၀ မှာ ၄၀၀၀၀၊ MK တပ်အင်အား ၁၅၀၀၀ ထဲက ၁၁၀၀၀၊ အဇန်းနီးယား တပ် ၆၅၀၀ မှာ ၅၀၀၀၊ ရုပ်ပြ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေပြည်သူ့စစ် ၁၁၀၀၀ မှာ ၈၀၀၀ တို့ဟာ တပ်မတော်သစ်ထဲ ပါ ဝင်ခဲ့ကြတယ်။ လူမျိုးအရဆိုရင် လူမည်း ၆၀ ရာခိုင်နှုန်းနဲ့ လူဖြူ ၃၀ ရာခိုင်နှုန်း ဖြစ်လာတယ်။ အရာရှိပိုင်းတွေမှာပါ အချိုးအစား အများကြီး ပြောင်းပစ်ခဲ့တယ်။ လေတပ်၊ ရေတပ်တွေမှာပဲ လူဖြူအချိုးအစားများနေသေးတယ်။ ကျန်တဲ့စစ်သား တွေကို ကရုဏာကြေး၊ နစ်နာကြေးတွေပေးပြီး အရပ်သားဖြစ်စေခဲ့တယ်။ နိုင်ငံရေးပိုင်းမှာတော့ အားလုံးသိတဲ့အတိုင်း လူမည်းအာဏာ (သို့မဟုတ်) လူများစုဒီမိုကရေစီ အုပ်ချုပ်ရေး ခိုင်မာသွားခဲ့တယ်။ လူဖြူစစ်တပ်တီထွင်ထုတ်လုပ်ထားတဲ့ နျူကလီးယားလက်နက်တွေလဲ ဖျက်ဆီးပစ်လိုက်တယ်။

ကမ္ဘောဒီးယားတော်ဝင်တပ်မတော်ကို ၁၉၉၃ ခုမှာ ဗီယက်နမ်ကအားပေးတဲ့ ဟွန်ဆင် ဦးစီးအစိုးရတပ်၊ ဆွန်ဆန်း ဦးစီးတဲ့ သူပုန်တပ်၊ သီဟာနုဦးစီးတဲ့ သူပုန်တပ်၊ ပေါလ်ပေါ့ဦးစီးတဲ့ ခမာနီသူပုန်တပ်တို့ ပေါင်းစည်းခဲ့ပေမဲ့ မကြာခင်မှာ အစိုးရတပ် မှူးတွေက လက်ဝါးကြီးအုပ်သွားခဲ့ပြီး (သူပုန်ဘက်ကလာတဲ့ တပ်မှူးတွေကို လျှို့ဝှက်လုပ်ကြံ သတ်ဖြတ်တာတွေလည်း ရှိ သေးတယ်) နိုင်ငံရေးသဘောတူချက်တွေကိုလဲ မလိမ့်တပတ်လုပ်ခဲ့လို့ ကမ္ဘောဒီးယား နိုင်ငံမှာ ဒီနေ့အထိ ဒီမိုကရေစီအရေခြုံ
အာဏာရှင်စနစ် တည်ရှိနေတယ်။

ဒါကြောင့် SSR မအောင်မြင်ဘဲ DDR ဘဲလုပ်တဲ့ တိုင်းပြည်တွေမှာ ရန်မီးတွေမငြိမ်းဘဲ ခဏခဏ ပြဿနာပြန်ဖြစ် နေတာ တွေ့ရပါတယ်။ SSR မပါတဲ့ DDR ဆိုတာကလဲ အများအားဖြင့် သူပုန်ဖက်ကပဲလိုက်နာရတဲ့ တဖက်သတ် အနိုင်ကျင့်မှုတွေ ဖြစ်လေ့ရှိပါတယ်။ မဟာဗျူဟာပိုင်းဖြစ်တဲ့ SSR မအောင်မြင်ရင် လက်အောက်ခံနည်းပညာပိုင်းပဲ ဖြစ်တဲ့ DDR အောင်မြင် စရာမရှိပါဘူး။

တကယ်တော့ မှန်ကန်တဲ့ DDR ဆိုတာ နှစ်ဖက်စလုံးက စစ်အသုံးစားရိတ်တွေ ကာကွယ်ရေးဘတ်ဂျက်တွေ လျှော့ချ တာ၊ လက်နက်တွေ လျှော့ချဖျက်သိမ်းတာ၊ တပ်အင်အားတွေ လျှော့ချ ဖျက်သိမ်းတာနဲ့ လုံခြုံရေးတပ်ဖွဲ့ အသစ်တွေ (ပင်မတပ်၊ ဒေသတပ်၊ ရဲ) ထဲကို ပေါင်းစည်းသိမ်းသွင်းတာဖြစ်တယ်။ ပေါင်းစည်းသိမ်းသွင်းရာမှာ ကျန်နေသူတွေကို လည်း အရပ် သားအဖြစ် လူတန်းစေ့နေထိုင်လုပ်ကိုင် စားသောက်နိုင်အောင် ပြည့်ပြည့်စုံစုံ ဖန်တီးပေးတာ၊ နစ်နာကြေး (သို့မဟုတ်) လျော်ကြေး ကောင်းကောင်းပေးတာတွေလည်း ပါဝင်တယ်။ စစ်စားရိတ်တွေ လူ လက်နက် အင်အားတွေ လျှော့ချရာမှာလည်း အရေအတွက်တူ လျှော့ချတာမဟုတ်ဘဲ အချိုးတူ သို့မဟုတ် အားကြီးသူဘက် အချိုးများများလျှော့ချရမှာ ဖြစ်ပါတယ်။

ဒါကြောင့် SSR အစီအစဉ်အောက်က DDR လုပ်တဲ့အချိန် နှစ်ဖက်စလုံးကတပ်တွေ လက်နက်ဖြုတ်၊ တပ်ဖျက် လုပ်ရမှာဖြစ်လို့ ကုလသမဂ္ဂတပ် (သို့မဟုတ်) နေတိုးတပ် (သို့မဟုတ်) တခြားနိုင်ငံတကာညွန့်ပေါင်းတပ်တွေက ဖြစ်စဉ် အစအဆုံး ဝင်ထိန်း ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပ အာမခံချက်ရှိတဲ့ နိုင်ငံရေးသဘောတူချက်တွေရှိထားမှလဲ နှစ်ဖက်တပ်တွေဟာ အသာတကြည် လက်နက်ဖြုတ် တပ်ဖျက်ခံမှာဖြစ်တယ်။

ဒါကြောင့် SSR ဟာ National Accord အမျိုးသားပဋိညာဉ် (ဗမာပြည်အခြေအနေမှာတော့ Union Accord ပြည်ထောင်စု ပဋိညာဉ်) အပေါ်မူတည်နေပြီး အဲ့ဒီရလဒ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲထည့်ပြီးမှ ကုလသမဂ္ဂ ကြီးကြပ်မှုနဲ့ DDR ကို သွားလို့ရမှာဖြစ်ပါတယ်။ ဗမာပြည်မှာ ထာဝရငြိမ်းချမ်းရေးရဖို့ဆိုရင် ဒီလမ်းပဲရှိပါတယ်။

ဂါမဏိ

ငြိမ်းချမ်းအေး - အမုန်းကျည်ဆန်တွေကို တိုက်ဖျက်ဖို့ ချစ်ခြင်းတရားတွေစုစည်းစို့

$
0
0



ငြိမ်းချမ်းအေး - အမုန်းကျည်ဆန်တွေကို တိုက်ဖျက်ဖို့ ချစ်ခြင်းတရားတွေစုစည်းစို့
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၆


ဗြိတိန်သာ ပထမ ဆိုတာ မဟာဗြိတိန်စိတ်ဓာတ်ပါပဲ။ ဘယ်သူသာ အကြီးကျယ်ဆုံး၊ ဘယ်အရာသာ အမြင့်မြတ်ဆုံးဆိုတာတွေပေါ့။ မဟာနိုင်ငံ၊ မဟာလူမျိုး၊ မဟာစိတ်ဓာတ်တွေနဲ့ သီးသီးသန့်သန့် စိတ်ကြီးဝင် ထီးထီးကြီးနေလိုမှုတွေဟာ အမုန်းတရားနဲ့အတူ ခေါင်းထောင်လာနေပါပြီ

အသက် ၄၁ နှစ် အရွယ် ကလေးနှစ်ယောက် မိခင် လွှတ်တော် အမတ် သေနတ်နဲ့ အပစ်ခံရခြင်းက ကမ္ဘာ့ထောင့်တနေရာ စစ်ပွဲကြားက ကလေးတွေကို ကယ်တင်ချင်၊ ပညာသင်ပေးချင်လို့၊ လူသားတွေကို ကူညီချင်လို့ ဆိုတဲ့ ရိုးရှင်းပြီး လူသားဆန်တဲ့ ယုံကြည်ချက်၊ အလုပ်ကြောင့်ဆိုရင် ကမ္ဘာကြီးဟာ အမုန်းတရားများနဲ့ ဖျားနာနေပါပြီ။

ဒါကို ဉာဏ်ပညာ၊ ချစ်ခြင်းတရား၊ လူသားဆန်မှုများများနဲ့သာ ကုစားရပါမယ်။ အမုန်းတရားက ကျည်ဆန်တွေ မပြတ်ထွက်နေပေမယ့် မေတ္တာသည်သာ အဆုံးမှာ အောင်နိုင်ရာ ဖြစ်တယ်။ ကျည်ဆန်တွေက လူသားရဲ့ အသက် ကိုသာ နှုတ်ယူနိုင်ပြီး ရုပ်ခန္ဓာကိုသာ ချုပ်ငြိမ်းစေတယ်။ ဒါပေမဲ့ နာမ် ဝိညာဉ် တရား လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတမှုနဲ့ ချစ်ခြင်းတရား ယုံကြည်ချက်တွေဟာ ဖီးနစ်ငှက်လို မီးလျံကြားမှာ ပြန်လည် ရှင်သန် မွေးဖွာတယ်။ ချစ်ခြင်းမေတ္တာဟာ အစွန်းရောက်များရဲ့ အမုန်းမီးတောက် ကျည်ဆန်ကြားကနေ မပြတ် မွေးဖွားနေတယ်။

မေတ္တာဖြင့် ပျံသန်းခဲ့တဲ့ သီချင်းငှက် ဆိုခဲ့သလိုပါပဲ။
ကလေးများရဲ့ ရိုးသားခြင်းနဲ့ ပန်းများပွင့်တဲ့ ကမ္ဘာဟာ ငြိမ်းချမ်းရပါမယ်။ လူတွေရဲ့ နှလုံးသားတိုင်းမှာ ငြိမ်းချမ်းရေးရှိပါတယ်၊ သာယာတဲ့လောကကြီးမှာ စစ်ပွဲ၊ ကျည်ဆန်၊ အမုန်းတရားတွေ မလိုပါဘူး။ နေထိုင်ရာ ဒေသနဲ့ အသားအရောင်တွေ မတူလည်းပဲ ရင်ခုန်နေတဲ့ နှလုံးသားက တရောင်တည်းပါ။ ရှင်သန်နေတဲ့ ချစ်ခြင်းတရားတွေဟာ တရောင်တည်းပါပဲ။

အမုန်းကြောင့် ဖြစ်တဲ့ သွေးစွန်းမှုတွေဟာ သမိုင်းပဲ ဖြစ်ရမယ်။ အနာဂတ်ဟာ ဒုက္ခသည် ကလေးငယ်ကို လက်ကမ်းဖို့ အသင့်ရှိနေတဲ့၊ လူဆန်တဲ့ လူသားတွေရဲ့ ပေါင်းစည်းမှု ချစ်ခြင်းမေတ္တာကမ္ဘာသာ ဖြစ်ရမယ်။

အမုန်းတရားမှာ ယုံကြည်ချက်မရှိ လူမျိုး၊ ဘာသာ တံဆိပ်ကပ်လို့ မရပါဘူး။

ဒါကို လူဆန်တဲ့ လူသားအားလုံးရဲ့ အမြဲ ရှင်သန်မွေးဖွားနေတဲ့ တစိတ်တည်းထား တရောင်တည်းခြယ် ချစ်ခြင်းမေတ္တာတွေစုစည်းမှုနဲ့ အောင်နိုင်ရပါမယ်။

Hate doesn’t have a creed, race or religion. It is poisonous. Let's unite against hate.

ယုံကြည်ချက်အတွက် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ ဗြိတိန်ပါလီမန် အလုပ်သမားပါတီအမတ် Jo Cox သို့…။

ငြိမ်းချမ်းအေး

ဇွန် ၁၇၊ ၂၀၁၆

ရည်ညွှန်းသတင်း --
Jo Cox MP dead after shooting attack
http://www.bbc.com/news/uk-england-36550304

မောင်ရစ် ● အကြမ်းဖက်သမား၊ အမုန်းသမား .... ပြီးတော့ နိုင်ငံရေးသမား

$
0
0

မောင်ရစ် ● အကြမ်းဖက်သမား၊ အမုန်းသမား ... ပြီးတော့ နိုင်ငံရေးသမား 
( မိုး မ ခ အ ယ် ဒီ တာ့ လ က်ေ ရး )
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၆

ဇွန် ၁၂၊ အမေရိကန်ပြည် ဖလော်ရီဒါပြည်က သြလင်ဒိုအရပ်က နိုက်ကလပ်ကို အကြမ်းဖက်သမားတယောက်က ညဥ့်သန်း ကောင်ကျော်မှာ ၀င်ရောက်စီးနင်း ပစ်ခတ်လိုက်တာ လူပေါင်း ၄၉ ဦးသေပြီး လူ ၅၀ ကျော် ဒဏ်ရာရပါတယ်။ အမေရိကန် သမိုင်းမှာ အဆိုးဝါးဆိုး လူအစုလိုက် လုပ်ကြံခံရမှုကြီး ဖြစ်ပါတယ်။ အကြမ်းဖက်သမားကိုယ်တိုင်လည်း ဖလော်ရီဒါရဲတပ်ဖွဲ့ရဲ့ တန်ပြန်နှိမ်နင်းမှုအောက်မှာ သေဆုံးခဲ့ရပါတယ်။ အကြမ်းဖက်သမားဟာ အဲဒီနိုက်ကလပ်ကို အမုန်းတရားတွေ ဖိစီးပြီး လုပ်ကြံမှု ကျူးလွန်တာဖြစ်ပါတယ်။ နိုက်ကလပ်က လိင်တူချစ်သူများအတွက် ဆိုင်ပါ။ ပြီးတော့ အဲသည်ကလပ်မှာက လူမျိုး စုံတို့ ဆင်နွှဲနေကြတဲ့ လက်တင်နိုက် (တောင်အမေရိကန်ညချမ်း) အထိမ်းအမှတ်နေ့လည်း ဖြစ်နေပါတယ်။ လူတယောက်က လူအများစုကို လက်နက်အားကိုးနဲ့ အကြမ်းဖက် သတ်ဖြတ်တယ်။ ဒါဟာ လူ့သမိုင်းမှာ ကြေကွဲတုန်လှုပ် ရှုတ်ချရမယ့် အ ကျည်းတန်လုပ်ရပ်ဖြစ်ပါတယ်။ ၀မ်းနည်းပူဆွေးမှုတွေကြားက ကျန်ရစ်သူတွေအားလုံးဟာ ဒီဟာကို တစုတစည်းတည်း ကြံ့ကြံ့ခံ အားပေးပြီး အားမွေးပြီး တရားမျှတမှုအတွက် ငြိမ်းချမ်းမှုအတွက် လက်တွဲ ရပ်တည်ကြရမယ့် ဖြစ်ရပ် ဖြစ်ပါတယ်။

အကြမ်းဖက်သမားတွေ အမုန်းသမားတွေက အပြစ်မဲ့တဲ့ပြည်သူလူထုဆီက ဘာကိုလိုချင်တာလဲဆိုတော့ ကြောက်ရွံ့ခြင်း၊ မျော်လင့်ချက်မဲ့ခြင်း၊ ဆောက်တည်ရာမဲ့ ပြိုကွဲဆုံးရှုံးခြင်းတွေကို လိုချင်ပါတယ်။ စည်းလုံးညီညွတ် ချစ်ခင်နေတဲ့ လူ့အဖွဲ့ အစည်းကို ကြောက်ရွံမှုတွေ ဒေါသတွေ အမုန်းစိတ်တွေ သံသယတွေကို ဖြစ်ပေါ်စေပြီး ၀ါးအစီးပြေသွားသလို ဖြစ်သွားစေချင် တာပါ။ ဒီလိုမျိုးဖြစ်အောင်လည်း ကမ္ဘာအရပ်ရပ်မှာ အကြမ်းဖက်သမားတွေ အမုန်းသမားတွေက အကြိမ်ကြိမ် လူသတ်မှုတွေ လုပ်ကြံမှုတွေကို လက်နက်အားကိုးနဲ့ အပြစ်မဲ့ လက်နက်မဲ့ ပြည်သူတွေအပေါ် အခါပေါင်းများစွာ ကျုးလွန် သတ်ဖြတ် စော် ကားနေဆဲ ဖြစ်ပါတယ်။ လူထုကို စည်းလုံးညီညွတ် ချစ်ခင်လက်တွဲနေမှုတွေ ပျက်စီး ပျောက်ဆုံးစေပြီး အကြမ်းဖက်ဝါဒ အမုန်းဝါဒအောက်ကို ခေါင်းငုံ ဒူးထောက်လာအောင် သူတို့တွေက လုပ်နေကြတာပဲ ဖြစ်ပါတယ်။

သူတို့ အကြမ်းဖက်သမားတွေ အမုန်းသမားတွေ အဆိုပါလုပ်ကြံမှုတွေ အကြိမ်ကြိမ် ကျူးလွန်ပြီးတိုင်းမှာ အောင်မြင်မှုအလံ တွေ စိုက်နိုင်ကြပါသလား။ ဒါကတော့ ကာယကံရှင် ပြည်သူတွေ ပရိသတ်တွေကိုယ်တိုင်က ဖြေရမယ့် အဖြေပါ။ သို့သော် ဒီလို လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်မြောက်တိုင်းမှာ လူတွေရဲ့ ရှေ့တန်းကနေ တာဝန်ရှိသူတွေအဖြစ် ခေါင်းခံနေကြရတဲ့ နိုင်ငံ ရေးသမားတွေက ဘယ်လိုမျိုး တုန့်ပြန် ဖြေရှင်းကြသလဲ။ ဦးဆောင်မှု ပေးကြသလဲ။ ဘယ်လိုမျိုး ပြည်သူလူထုကို လမ်းလွှဲမရောက်သွားအောင် တည့်မတ် ထိန်းကြောင်းပြီး ခေါင်းဆောင်ကြပါသလဲ။ ဒါကတော့ နိုင်ငံရေးသမားတွေ အလုပ်၊ သူတို့ တာဝန်နဲ့ သူတို့ အဖြေဖြစ်ပါတယ်။ သူတို့ ဘယ်လို တုန့်ပြန်ကြသလဲ။

ထုံးစံအတိုင်း အကြမ်းဖက်သမား၊ အမုန်းသမားဆိုတဲ့ ပကတိပြဌာန်းချက်အပေါ်ကနေ သမိုင်း၊ မီဒီယာ၊ လူမှုအဖွဲ့အစည်း အလိုက် အရောင်ခြယ်မုန်းမှုက အရင်လာပါတယ်။ အာဖဂန်နစ္စတန်ဖွား မိဘ ၂ ပါးကနေ နယူးယောက်မှာ မွေးဖွားတဲ့ အမေ ရိကန်နိုင်ငံသား အစ္စလာန်ဘာသာဝင်၊ မူဆလင်တဦးဖြစ်နေတယ်ဆိုတဲ့ တံဆိပ် အရင်ကပ်လိုက်ကြပါတယ်။ သူက လိင်တူ ချစ်သူတွေကို မုန်းတီးမှုအပြင် ဘာသာရေးအစွန်းရောက် အကြမ်းဖက်ဝါဒီတွေကို သက်ဝင်ယုံကြည်ထောက်ခံစာနာပြီး အမေရိကန်တွေကိုပါ ဆန့်ကျင်တဲ့အနေနဲ့ တကိုယ်တော် အကြမ်းဖက်လုပ်ကြံမှုကြီး ကျူးလွန်လိုက်တယ်ဆိုတဲ့ နောက်ခံ အရိပ်ကပါ ထိုးလိုက်ပါတယ်။ ပကတိအကြမ်းဖက်သမား အမုန်းသမားတဦးအဖြစ်ကနေ ပိုပြီး ရုပ်ကြွလာတာတွေဖြစ်တဲ့ မူ ဆလင်၊ ဘာသာရေးအစွန်းရောက်အကြမ်းဖက်တွေကို ထောက်ခံသူ၊ လိင်တူချစ်သူတွေကို မုန်းတီးသူ၊ အမေရိကန်ဆန့် ကျင်ရေးသမားဆိုတာတွေနဲ့ ခြယ်မုန်းလိုက်တဲ့အခါ နိုင်ငံရေးသမားတွေ ပါးစပ်ဖြား၊ ဘာသာရေးသမားတွေ၊ မီဒီယာသမား တွေ ပါးစပ်ဖြားမှာ ဒီကိစ္စကြီး ဘယ်လိုတွေများ ကြီးမားကျယ်ပြန့်သွားတော့မှာလဲ မှန်းနိုင်ပြီ ဖြစ်ပါတယ်။ လူတွေကြားထဲမှာ လည်း အမျိုးမျိုး အဖုံဖုံသော ကောက်ချက် မှတ်ချက် ဆုံးဖြတ်ချက် အတွေးအမြင် အယူအဆတွေ ကွဲပြားကုန်ကြရတော့ မှာလည်း သေချာနေပြီ ဖြစ်ပါတယ်။

နိုင်ငံရေးသမားတွေ ဘာပြောသလဲ။

သမ္မတလောင်းအဖြစ် ၀င်ပြိုင်နေတဲ့ ဟီလာရီကလင်တန်ကတော့ ပြည်သူတွေ စိတ်ဝမ်းမကွဲဖို့နဲ့ မူဆလင်တွေကိုချည်း ပစ် မှတ်မထားကြဖို့ ပြောပါတယ်။ အစွန်းရောက်အကြမ်းဖက်ဝါဒီတွေလက်ထဲ အာဏာတွေ လက်နက်တွေ ရောက်မသွားဖို့ အ ရေးကြီးတယ်လို့ ဆိုပါတယ်။

ရီပတ်ဘလစ်ကန်သမ္မတလောင်း တစ်ပြေးသူ သေဌေးကြီး ဒေါ်နယ်ထရန့်ကတော့ ဒီလိုလူတွေကို တိုင်းပြည်ထဲ အ၀င်ခံနေ လို့ ပြည်သူတွေ သွေးချောင်းစီးရတယ်။ သူ့မူဝါဒဖြစ်တဲ့ မူဆလင်တွေကို တားမြစ်ဖို့ မှန်တယ်လို့ သက်သေထူလိုက်ပါတယ်။ အစိုးရဟာ အကြမ်းဖက်သမားတွေနဲ့ တကြိတ်တည်း တဉာဏ်တည်း ဖြစ်နေသလားလို့လည်း စွတ်စွဲ ပုတ်ခတ်လိုက်ပါသေး တယ်။

လက်ရှိအာဏာရ အမေရိကန်သမတ အိုဘားက ဘာပြောသလဲ။ သူကတော့ အကြမ်းဖက်တရား၊ အမုန်းတရားကို ဆန့်ကျင် ကြဖို့ ပြောပါတယ်။ အခုလို စိတ္တဇဖြစ်နေတဲ့ အစွန်းရောက် အကြမ်းဖက်သမား၊ အမုန်းသမား၊ တကိုယ်တော်လုပ်ကြံရေး သမားတွေကို လူထုက အစိုးရနဲ့ ပူးပေါင်းပြီး ဖော်ထုတ်ကြရမယ်၊ အဖြေရှာကြရမယ်လို့ ဆိုပါတယ်။ အစွန်းရောက်အကြမ်းဖက် ၀ါဒီတွေ အဖွဲ့အစည်းတွေနဲ့ သူတို့ဝါဒဖြန့်ချိရေး လက်နက်တွေကိုအရှိန်မြှင့်ပြီး ချေမှုန်းကြရမယ်လို့ ကတိပေးပါတယ်။



အဲသည်မှာ အိုဘားမား အထူးတလည် ဝေဖန်ပြောဆိုလိုက်တဲ့ အချက်တွေကတော့ အမေရိကန်မှာ လူတိုင်း လက်နက်ကိုင် ဆောင်ခွင့်ရှိတဲ့ အခွင့်အရေးဆိုတဲ့ဆီမှာ အဆိုပါသံသယဖြစ်ဖွယ်လူတွေကို သေနတ်ကိုင်ဆောင်ခွင့် တားမြစ်နိုင်ဖို့ ထိန်းချုပ် ဖို့ ဥပဒေတွေ လိုအပ်နေတယ်။ လူတွေကို သေနတ်ကိုင်ဆောင်ခွင့်ပေးသလို သူတို့နောက်ကြောင်းရာဇ၀င်တွေကိုလည်း ဥပဒေနဲ့ စိစစ်ရေး ဆောင်ရွက်ခွင့်ရှိဖို့ လိုကြောင်း ထောက်ပြပါတယ်။ ဘာကြောင့် သူဒီလိုပြောရသလိုဆိုတော့ အမေရိကားမှာ သေနတ်ကိုင်ပြီးအကြမ်းဖက်လို့ လူသေဆုံးရမှုဟာ နှစ်စဉ် ၃ သောင်းကျော် ရှိနေလို့ပါ။ ဒါကို ထိန်းကြောင်းနိုင်ဖို့ ဥပဒေပြ ဌာန်းနိုင်ရေးကို ရှေးရိုးစွဲ ရီပတ်ဘလစ်ကန်ပါတီက နှစ်ပေါင်းများစွာ ဆန့်ကျင် ပယ်ချနေတာကလည်း အစဉ်အလာဖြစ်နေပါပြီ။

နောက်တချက် အိုဘားမား ဝေဖန်ထောက်ပြတာကတော့ အစွန်းရောက်အကြမ်းဖက်သမားတွေ အမုန်းသမားတွေကို နှိမ် နင်းနိုင်ဖို့အတွက် အစွန်းရောက်တဲ့ အမုန်းစကားတွေနဲ့ ပြန်လှန် ပြောဆို စွတ်စွဲနေတာဟာ တကယ်ကော အဖြေရှာနိုင်ပါ့မလား ဆိုတာပါပဲ။ ဘာသာရေးအစွန်းရောက်တွေလို့ ပြောနေတာကနေ အစွန်းရောက် အစ္စလာန်ဝါဒလို့ သုံးလိုက်တာဟာ သာမန် မူဆလင်တွေကိုပါ နှိမ့်ချလိုက်သလို ဖြစ်သွားတယ်။ တဖက်က အစွန်းရောက်အကြမ်းဖက်သမားတွေ တစိုက်မတ်မတ် ၀ါဒ ဖြန့်နေတဲ့ အမေရိကန်တွေနဲ့ မူဆလင်ဘာသာဝင်တွေကြားက ဘာသာရေးစစ်ပွဲဖြစ်နေတယ်ဆိုတာကို မီးထိုးပေးသလို ဖြစ် သွားတယ်။ ဒီလိုပြောလိုက်လို့ အမုန်းတွေ ရပ်သွားမလား၊ အကြမ်းဖက်တွေ ရပ်သွားမလား။ သေချာစဉ်းစားကြပါလို့ ဆိုပါ တယ်။

အခြားတဖက်က သွေးခွဲနေသလိုမျိုး ကျနော်တို့ဖက်ကလည်း သွေးခွဲပြီး ပြန်တိုက်ကြမယ်ဆိုတာ သင့်တော်သလားလို့ မေး ခွန်းထုတ်ပါတယ်။ မူဆလင်ဆိုပြီး ခွဲခြားတာ၊ အခြားတိုင်းပြည်က ပြောင်းရွှေ့နေထိုင်သူတွေဆိုပြီး ခွဲခြားတာ၊ ဘာသာ လူမျိုး မတူဘူးဆိုပြီး ခွဲခြား နှိပ်ကွပ်တာတွေဟာ အမေရိကန်ပြည်ထောင်စု တသက်လုံးကိုင်စွဲလာခဲ့တဲ့ တန်ဖိုးအမွေတွေ မဟုတ် ဘူးလို့ တုန့်ပြန်လိုက်ပါတယ်။

ကဲ ... နိုင်ငံရေးသမားတွေက အကြမ်းဖက်သမားတွေ အမုန်းသမားတွေအပေါ် ဘယ်လို တုန့်ပြန်ကြတယ်ဆိုတာ တွေ့ကြရ ပါပြီနော်။

နိဂုံးချုပ် ပြန်တွေးကြည့်မိတာကတော့ အကြမ်းဖက်သမားတွေ အမုန်းသမားတွေဟာ သာမန်ပြည်သူတွေကို ကြောက်ရွံမှုတွေ သံသယတွေ အညံ့စိတ်တွေအောက် ပြားပြားမှောက်သွားအောင် သွေးခွဲတိုက်ခိုက်နေကြတာပါပဲ။ သူတို့တွေ သွေးခွဲကြသလို နိုင်ငံရေးသမားတွေကလည်း သူတို့ပြည်သူတွေကို သွေးခွဲပြီး အုပ်ချုပ်ချယ်လှယ်ချင်လည်း ချယ်လှယ်နေကြတာပါပဲ။ ကျ နော်တို့တတွေကလည်း လူသားအချင်းချင်း မတူညီမှုတွေကို လက်ခံပွေ့ဖက်ပြီး အတူတကွ ယှဉ်တွဲနေထိုင်ဖို့ မစဉ်းစားသ၍ မှာတော့ ဘာသာရေး လူမျိုးရေး နိုင်ငံရေး စီးပွားရေး လူမှုရေး သြဇာရှင် အာဏာရှင် အလုပ်ရှင် အရင်းရှင်ကြီးများအောက်မှာ သွေးခွဲခံရပြီး အကွဲကွဲအပြားပြားနဲ့ ဆက်လက် ရှင်သန် ရုန်းကန်နေကြရပါဦးမှာလားလို့ အတွေးပေါက်မိကြောင်းပါခင်ဗျား။

မသီတာ (စမ်းချောင်း) ● အမိန့်

$
0
0
မသီတာ (စမ်းချောင်း) ● အမိန့်
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၆

အမိန့်ဟာ ခေါင်းရင်းခန်းမှာ မိန့်မိန့်ကြီးနဲ့ (မရိုသေ့စကား) မစင်စွန့်လာတာ ကြာတောင်းကြာရှည်ကြာခဲ့ပြီမို့ အမိန့်မှ မပါရင် ဘယ်စာမှ မပြီး၊ မမြောက်နိုင်တော့ဘူးလို့ သူ့ဘာသာ ထင်နေသလို တခြားသူတွေကလည်း ထင်လာကြပါတယ်။ ဒီလိုနဲ့ အမိန့်ကိုယ်တိုင်အမိန့်ကို ဘိန်းစွဲသလို စွဲလာလိုက်တာ အမိန့်ထုတ်နိုင်သူ၊ အမိန့်ထုတ်ခွင့်ရှိသူတချို့ကတောင်အမိန့်ထုတ်ဖို့အမိန့်ဟာ သူ မပိုင်တဲ့အရာလို့ သဘောထားပြီး အမိန့်ကို အမိန့်နဲ့ တားဖို့ရော၊ အမိန့်ကို ဆန်တဲ့အမိန့် ထုတ်ရဲဖို့ရော သတ်္တိ တွေ ပျောက်ဆုံးကုန်ပါတော့တယ်။

အမိန့်ဟာ တဖြည်းဖြည်း အမိန့်ပါးအ၀လွန်လာရာက အမိန့်အာဏာတချို့ကို အပိုင်စားရထားသူတချို့ကိုယ်တိုင်က အမိန့် ဟာ သူ့အထက်မှာ ရှိနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်ပြီး တာဝန်ယူရမဲ့ကိစ္စမျိုးပေါ်ရင် သူ့မှာ အဲဒီအမိန့်အာဏာမျိုး မရှိ ဘူးလို့ ပြန်ပြောလိုက်ရတာကို အရသာ တွေ့နေတုန်းပေါ့။ လူကြီးမင်းတချို့ဆို အမိန့်ကို အသားကျ အရှိန်လွန်လွန်းတော့ သူ့ကိုယ်သူ လူကြီးမင်းဆိုတာကို မေ့လျော့ပြီး အလှူခံလာရင် လူကြီး မရှိဘူးလို့ ထွက်ပြောဖို့ အမိန့်ပေးတာ ခံခဲ့ရတဲ့ ငယ်ဘ၀အလွမ်းပြေအဖြစ် သူ့ဆီက ရပိုင်ခွင့်တောင်းသူတွေကို လူကြီး မရှိပါဘူးခင်ဗျာလို့ အမိန့်သား ပြန်လည်မိန့်ကြား တတ်လာပါတယ်။  အမိန့်ဟာ ‘အ’ လာတဲ့သဘော ရှိလာတယ်ဆိုပါတော့။

ဒါ့အပြင် အမိန့်ဟာ သူ့ကိုယ်သူတင်မက အမိန့်ပေးပိုင်ခွင့် ရှိသူတွေကိုပါ ပိုင်တယ်လို့ ထင်ကာ မြင်မြင်သမျှကို အမိန့်ပေးဖို့ ချည်း ချောင်းလာပါတယ်။  မီးကို စက္ကူနဲ့ထုတ်နည်း မသိသူများလိုပဲ လိုင်စင်ရအမိန့်ရှင်တွေဟာလည်း သူတို့လက်ထဲက မီးနဲ့တူတဲ့အမိန့်ကို ဘယ်လိုသုံးရမလဲ မသိဘဲ ခံနေကျအတိုင်း အမိန့်ပေးခံရဖို့ မိန့်မိန့်ကြီး စောင့်မျှော်တတ်ကြပါတယ်။  အဲဒီ လို အမိန့်မျှော်နေရတာကိုက အမိန့်ကို ကျိုးနွံသူအဖြစ်စန်း တက်နိုင်တယ်လို့လည်း ထင်မြဲအတိုင်း ဆက်ထင်ပြန်ပါတယ်။ အမိန့်ကလည်း နိုင်လို့ရတိုင်း ဖိနိုင်တဲ့အကျင့်ကို မဖျောက်နိုင်တော့ အမိန့်ပေးခွင့် ရှိသူဖြစ်ရက်နဲ့ အမိန့်မပေးဘဲ အမိန့်မျှော်နေ သူတွေကို အမိန့်သုံးနည်းကား မတတ်အောင်ဖိပြီးလေ့ကျင့်ပေးထားလေရဲ့။

အဲဒီလိုလူတွေဟာ အမိန့်ပေးလိုက်ရင်တာဝန်ယူ၊ တာဝန်ခံရမှာကို ကြောက်တာမို့ မခုတ်တတ်တဲ့ကြောင်သူငယ်လို လူကြီး မင်းအထက် လူကြီးမင်းမှာသာ ယင်းမိန့်အာဏာ ရှိပြီး မိမိတွင်မရှိကြောင်း လျှာအရသာခံပြီး ပြောတတ်လာပါတယ်။ တာဝန် အရှိဆုံးသူ လူကြီးမင်းက သူ့ဆီ မှာ အဲဒီအမိန့်အာဏာ မရှိပါဘူးလို့ ပြောရတာဟာ တာဝန်မဲ့ရာ၊ တာဝန်မခံတတ်ရာ ရောက်တယ်လို့တောင်မတွေးနိုင်တော့လောက်အောင်လူကြီး မင်းတော်တော်များများကို အမိန့်က ချည်တုတ်ပြီး ညှို့ထားနိုင်ပါ တယ်။  ဒါကြောင့် အမိန့်ကို သုံးစွဲနည်းကျမ်းတစောင်ပြုစုရမတတ် အမိန့်ပိုင်ရှင်တွေ ဟာ အမိန့်ကို ကောင်းကောင်းမသုံးတတ်ကြ တော့ပါဘူး။  အမိန့်ဟာ တကယ်ကို ‘အ’ လိုက်လာပါတယ်။

မလိုတဲ့နေရာမှာ အမိန့်ကို အလွန်အကျူး သုံးဖို့ဆိုတာ အတိတ်ကာလတလျှောက်ဆည်းပူးသင်အံခဲ့တဲ့အရာမို့ အဲဒီလူကြီးမင်း များအဖို့ အမိန့်ကို ချွေတာဖို့ မတတ်နိုင်ဖြစ်လာပါတယ်။ ဒီလိုနဲ့ အမိန့်ဟာ အမိန့်မပေးနိုင်သူများအပေါ်မှာသာမက အမိန့်ပေး ပိုင်ခွင့်ရှိသူများ အပေါ်မှာပါ တန်ခိုးသြဇာသက်ရောက်နိုင်တဲ့ တစ်ခုတည်းသောအရာ ဖြစ်လာပါတယ်။ ဒါကြောင့်လည်း အမိန့်ကို မုန်းသူတွေတောင်မှ အမိန့်ကို မသုံးရင်အရာ မရောက်နိုင်ဘူးဆိုတဲ့ ဖော်မြူလာကို နှုတ်တက်ရွရွ ရွတ်ဆိုကြ၊ ကိုး ကွယ်ကြဆိုပြီး လုပ်လာကြပါတယ်။ အမိန့်ဟာ အရင်တုန်းကလို အိမ်ဦးခန်းမှာ မစင်တက်စွန့်နိုင်ဆဲဖြစ်တယ်ဆိုတာကိုလည်း အမိန့်ချစ်သူရော မုန်းသူတွေကပါ လက်ခံလာရတော့တယ်။

အမိန့်ဟာ မသိမသာနဲ့ သူ့ကို မုန်းသူများရဲ့ ဦးနှောက်ကတဆင့် နှလုံးသားအပေါ် သြဇာညောင်းလာကာ အမိန့်မုန်းသူဘ၀ ကနေ အမိန့် ဆာသူဘ၀ကို တွန်းပို့လာပြန်တယ်။ အမိန့်ဟာ ဖြုန်းနိုင်လေ အလုပ်ဖြစ်လေလို့ ထင်ယောင်ထင်မှား ဖြစ်လာကြ တာကြောင့်လည်း အမိန့်ဖြုန်းတီးရေးကို နေရာတကာမှာ မိန့်မိန့်ကြီး အသုံးချလာကြပါတယ်။ ဒီလိုနဲ့ အမိန့်ထုတ်လေ့မရှိတဲ့ ထမင်းစား၊ရေသောက်၊ကွမ်းဝါး၊သေးပေါက်ဆိုတာမျိုးအပေါ်မှာပါ အမိန့်သစ်၊ အမိန့်ကျပ်ချွတ်တွေကို ပြည်သူကို မျက်နှာမူ သောအားဖြင့်ဆိုတဲ့ ခေတ်စားနေတဲ့ဝေါဟာရကို မိန့်မိန့်ကြီးနဲ့လှိုင်လှိုင်ကြီး သုံးပြီး အမိန့် တွေကို ဖြုန်းတီးလာကြပါတယ်။ အမိန့်ဟာ သစ်တောလို ခုတ်တိုင်း မကုန်တော့ အမိန့်ဖြုန်းတီးနေတာကို အမိန့်ဖြုန်းတီးနေတယ်လို့ သိသူလည်း ရှာမှရှားမို့ အမိန့်သယံဇာတကာကွယ်ရေးတွေဘာတွေလည်း မကြားရနိုင်ပါဘူး။ ဒီတော့ အမိန့်ဟာ မိန့်မိန့်ကြီး ဆက်လက်မင်းမူပါတယ်။

အမိန့်ဟာ တကယ်တော့ လူတကာသုတ်တဲ့ လက်သုတ်ဝတ်အစုတ်ဘ၀ ရောက်နေရတာကို စိတ်မချမ်းမြေ့တဲ့တိုင် လူ့အ လွှာအသီးသီး၊ အသိုင်းအ၀ိုင်းအဖုံဖုံကြားမှာ ခေတ်စားသထက်စားလာတဲ့ သူ့ကိုယ်သူလည်း တဘက်က ပြန်ကြည်ညိုနေပြန် တယ်။ သူ့ကို ကြည်ညိုသူတွေကလည်း အမိန့်ကို လက်ဝယ်မှာ ထားနိုင်တဲ့အခါမျိုးမှာတောင်မသုံးရက်၊ မစွဲရက်ဖြစ်သလိုနဲ့ အမိန့်ရဲ့နောက်ဆက်တွဲစာမျက်နှာတွေကို ရှောင်ဖို့ ကြံစည် လာတယ်။ အဲဒီအခါမှာတော့ အမိန့်ဟာ သူ့အနေနဲ့ ဒီလိုသာ အမိန့်တွန့်သူတွေလက်ထဲမှာ တွန့်လိမ်ခွေခေါက်နေရရင်ကြာလာတာနဲ့အမျှ ခပ်တုံးတုံး ခပ်အအ အမိန့်မျိုး ဖြစ်သွားမှာကို လည်း တွေးပူရပြန်ပါတယ်။ မင်းမူခွင့်ရနေတဲ့တိုင်အတုံးအအ အမိန့်ဖြစ်နိုင်ခြေကလည်း ရှိနေသကိုး။




အမိန့်ဟာ အိမ်ဦးခန်းမှာ မိန့်မိန့်ကြီး ချေးထိုင်ပါလို့ရတဲ့ အရသာကို ခံတွင်းမြိန်နေပေမဲ့ သူ့ကို မတို့ရဲ မထိရက်ဘဲ ဘာပြဿနာပဲလာလာ လူကြီး မရှိလို့ပါခင်ဗျာဆိုပြီး သူ့ကို သုံးရကောင်းမှန်း မသိသူတွေရဲ့ အမိန့်ရှောင်ကုထုံးကိုတော့ မျက်ခမ်းခပ်စပ်စပ်ပဲ။  ဒါကြောင့် အမိန့်ဆိုတာ လွန်ဆန်ဖို့ရော၊ ၀န်ခံဖို့ပါ အသုံးတည့်တဲ့လက်နက်လည်း ဖြစ်လာပါတယ်။ အမိန့်ဟာ သူ့ကိုယ်သူ နှစ်ဘက်ချွန်ဘ၀ကို ရောက်မှန်းမသိရောက်သွား ပြီလို့ သတိထားမိလာတာနဲ့အမျှ ၀မ်းနည်းစိတ်ပျက်လည်း ဖြစ်လာပါတယ်။ တကယ်တော့ သူဟာ ဖြစ်ချင်းဖြစ်ပြောတိုင်းထိ၊ ထုတ်တိုင်းလိုက် နာရတဲ့ အမိန့်မျိုးတော့ ဖြစ်ချင်တာ အမှန်ပါ။  ဒါပေမဲ့ ခက်တာက အမိန့်ရဲ့ဘ၀ဟာ သူ့သဘောနဲ့သူ အမိန့်ထုတ်လို့ရရိုး မရှိတဲ့အတွက်သူ့ကို ထုတ် ပြန်ပေးမဲ့သူအပေါ်မှာ အစဉ်ထာဝရ မှီခိုနေရခြင်းပါပဲ။

ဒီလိုနဲ့ အမိန့်ဟာ သူ့ကို အတုံးအအ အမိန့်မျိုးဖြစ်အောင်ချောက်မချဘဲ မိန့်မိန့်ကြီး အမိန့်မျိုးဖြစ်အောင်စောင်မပေးမဲ့ လူကြီးမင်းကို မျှော်တတ်လာပါတော့တယ်။  အမိန့်ဟာ အမိန့်တမ်းစေ့တဲ့အမိန့်မျိုးကလည်း ဖြစ်ချင်ပါတယ်။  အမိန့်ဖြုန်းတီးသူမျိုးရဲ့ လက်ထဲမှာလည်း ပေါပေါပဲပဲ မကုန်ဆုံးချင်ပါဘူး။  အမိန့်သုံးနည်းကား နားမလည်တဲ့ လူကြီးမင်းရဲ့လက်ထဲက ကြောက်ချွေးစက်တွေကြားမှာလည်း မနစ်မွန်းချင်ပါဘူး။  ခက် တော့တာပါပဲ။  အမိန့်ခမျာ သူ့ကို အကောင်းဆုံး အမိန့်ပေးနိုင်မဲ့ အမိန့်ပေးသူကို မျှော်နေရတဲ့ ၀ဋ်က မကုန်ရှာသေးပါဘူး။  ဒါကြောင့် ခုနေခါမှာ အမိန့်ဟာ အိမ်ဦးခန်းမှာ ကျောခင်းရင်ကောင်းမလား၊ မီးဖိုချောင်ပြောင်းရ ကောင်းမလားနဲ့ ဇဝေဇ၀ါ ဖြစ်နေဆဲပါပဲ။  ။

မသီတာ (စမ်းချောင်း)
၁၆ ဂျွန်၊ ၂၀၁၆

ဓာတ်ပုံ - မိုးမခ

ထွန်းဝင်းငြိမ်း - ဒဂုန်တာရာနှင့် ငြိမ်းချမ်းရေး (သို့) နိုင်ငံရေး ယဉ်ကျေးမှုအား လေ့လာခြင်း

$
0
0


 
မူရင်းဆောင်းပါးမှပုံကို ကူးယူဖော်ပြပါသည်။
ဆရာဒဂုန်တာရာက ကိုလိုနီခေတ်၊ ဖက်ဆစ်ခေတ်၊ ဖဆပလခေတ်၊ လွတ်လပ်ရေးရပြီးသောခေတ်၊ ဒီမိုကရေစီလှုပ်ရှားသော ခေတ်စသည်ဖြင့် ခေတ်များကို ဖြတ်သန်းလာရင်း နိုင်ငံရေးအဓိပ္ပာယ်ကို သူ၏တွေ့ကြုံခံစားမှုဖြင့် နားလည်ခဲ့ရသည်ဟု ဆိုသည်။ ကိုလိုနီခေတ်က တပြည်လုံး ရိုက်ခတ်ခဲ့သော ဒို့ဗမာသီချင်းတွင် ဒို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ။ ဒို့ကိုယ်ကျိုး လုံးလုံးမပါ ဟူသော စကားများကို ကြားရပေလိမ့်မည်။ ယင်းသည် ကိုလိုနီခေတ်က သိရှိခဲ့သော နိုင်ငံရေးအနှစ်သာရဖြစ်သည်ဟု ဆိုရပေလိမ့်မည်။
............


ထွန်းဝင်းငြိမ်း - ဒဂုန်တာရာနှင့် ငြိမ်းချမ်းရေး (သို့) နိုင်ငံရေး ယဉ်ကျေးမှုအား လေ့လာခြင်း
(မိုးမခ၊ သစ်ခက်သံလွင်) ဇွန် ၁၈၊ ၂၀၁၆

နိဒါန်း

ဆရာဒဂုန်တာရာသည် စစ်နှင့်တော်လှန်ရေးကို ဖြတ်ခဲ့ရသည်။ ခေတ်များကို ဖြတ်သန်းလာရင်း နိုင်ငံရေးအဓိပ္ပယ်ကို သူ၏တွေ့ကြုံခံစားမှုဖြင့် နားလည်ခဲ့ရသည်ဟု ဆိုသည်။ ဆရာက ဆန့်ကျင် ဘက်တို့၏ညီညွတ်ရေးကို ရရှိအောင်ဆောင်ရွက်ခြင်းသည် နိုင်ငံရေးဖြစ်သည်။ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခြင်းသည် နိုင်ငံရေးအလုပ်ဟု ပြောခဲ့ဖူးသည်။
ငြိမ်းချမ်းရေးဇာတ်ညွှန်းတွင် ထိုအရာများမှာ အခြေခံသဘောထားဟု ဆိုပါသည်။ ထို့ကြောင့် နိုင်ငံရေးယဉ်ကျေးမှု၏ရည်ရွယ်ချက် သည် ငြိမ်းချမ်းရေး၊ ပြည်သူတို့၏ငြိမ်းချမ်းရေး၊ ကမ္ဘာ့ ငြိမ်းချမ်းရေး၊ စစ်မက်မရှိသော ကမ္ဘာသည် ထာဝရငြိမ်းချမ်းရေး၊ ထို့ကြောင့် ငြိမ်းချမ်းရေး သည် နိုင်ငံရေးယဉ်ကျေးမှု၏ စုစည်းလမ်းဖြစ်သည်ဟုဆိုခဲ့သော ဆရာဒဂုန်တာရာ၏ငြိမ်းချမ်းရေး အယူအဆကို ဤစာစုက ခြေရာကောက်ကြည့်ခြင်းမျှသာ ဖြစ်ပါသည်။

(တစ်) ပေါင်းစပ်ရေး

ကျွန်တော်တို့နိုင်ငံသည် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီး မကြာမီပင် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ ထိုအချိန်မှစ၍ ငြိမ်းချမ်းရေးပျက်ခဲ့သည်။ ငြိမ်းချမ်းရေးမရှိသည့်အတွက် တိုင်းပြည်တည်ဆောက်ရေး ကောင်း မွန်စွာ မဆောင်ရွက်နိုင်။ ပြည်သူလူထုတရပ်လုံး၏ စားဝတ်နေရေးပြဿနာကိုလည်း ဖြေရှင်း ၍မရ။ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တိုင်းမှာ ငြိမ်းချမ်းရေးအခြေအနေပေါ်တွင် တည်သည်ဟု ဆရာဒဂုန်တာရာက သူ၏သမိုင်းဖြတ်သန်းမှု အတွေ့အကြုံအရ နားလည်သိမြင်ထားသည်။ ထိုကြောင့် နိုင်ငံရေးယဉ်ကျေးမူဟု သုံးနှုန်းရေးသားလိုက်သောအခါ နိုင်ငံတော်တ၀ှမ်းလုံး၏ (သို့မဟုတ်) တပြည်လုံး၏ ငြိမ်းချမ်းရေးကို ရည်ရွယ်ကြောင်း ဒဂုန်တာရာက ဆိုခဲ့သည်။
နိုင်ငံရေးဆိုသည်မှာအများနှင့် ပတ်သက်သော အနက်ရသည်။ တဦးတယောက်ကောင်းစားရေးမဟုတ်။ အများကောင်းစားရေး ဖြစ်သည်။ ယဉ်ကျေးမှုဆိုသည်မှာ ရိုင်းရာမှယဉ်လာသည်အထိ တိုးတက်လာခြင်း ပင် ဖြစ်သည်။နိုင်ငံရေးယဉ်ကျေးမှုဟုသုံးစွဲရာ၌ ပေါင်းစပ်ခြင်းသဘောလည်း သက်ရောက်သည်ကို ဆရာက ယခုကဲ့သို့ ဖော်ပြသည်။

“နိုင်ငံရေးသည် အများအတွက်၊ ပြည်သူတို့အတွက်ဖြစ်လေရာ ဧက၀ါဒတို့နှင့်လည်း ဆန့်ကျင်နေ ပြန်သည်။ ဧက၀ါဒနှင့် ဆန့်ကျင်သည်ဆိုလျှင် ဗဟုဝါဒအောက်သို့ ရောက်ရှိနေပြီ။ နိုင်ငံရေးယဉ်ကျေးမူသည် ဗဟုဝါဒ၏ တွဲဖက်အနက်။ ဗဟုဝါဒဆိုသည်ကလည်း အများနှင့် ပတ်သက်နေသည်။ အများဆိုသည်မှာလည်း ပေါင်းစပ်ခြင်းသဘောတရား ဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေးယဉ်ကျေးမှုသည် ပေါင်းစပ်ခြင်းသဘောတရား။”
(ဒဂုန်တာရာ၊ နိုင်ငံရေးယဉ်ကျေးမှု၊ စာ-၃)

ဆရာရည်ညွှန်းသော ဗဟုဝါဒ၏ အနှစ်သာရမှာ ပါတီစုံစံနစ်၊ အရင်းရှင်စီးပွားရေးနှင့် လစ်ဘရယ် ဒီမိုကရေစီကိုပြောသည်ဟုဆိုခြင်းထက် လူတဦးချင်းစီ၏ အတွေးအမြင်၊ အရည်အချင်း၊ ကျွမ်းကျင် ပိုင်နိုင်မှုများကို လွတ်လပ်စွာ ပျိုးထောင်ခွင့်၊ ရှင်သန်ကြီးထွားခွင့်၊ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ပြဋ္ဌာန်းခွင့် တို့နှင့် လူ၏မွေးရာပါ လွတ်လပ်မှုများအပေါ် ကောင်းမွန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော ၀ါဒကို ညွှန်းဆိုလိုရင်းဖြစ်သည်ဟု ဆရာဖြတ်သန်းခဲ့သော ခေတ်စနစ်များ၏ အတွေ့အကြုံ ခံစားမှုများအရ ယူဆဖွယ်ရာရှိပါသည်။

(နှစ်) ညီညွတ်ရေး၊ တန်းတူရေး၊ လွတ်လပ်ရေး

တိုင်းနိုင်ငံတိုင်းတွင် အုပ်ချုပ်ခံပြည်သူနှင့်အုပ်ချုပ်သူတို့ ရှိသည်။ အုပ်ချုပ်သူမရှိဘဲ တိုင်းသူပြည်သား များကသာ အုပ်ချုပ်သော နိုင်ငံဟူ၍မရှိသေး။ ထိုအခြေအနေမှာ နိုင်ငံသားတဦးချင်းစီ၏ ယဉ်ကျေးမှု အဆင့်အတန်း အလွန်မြင့်မားမှ ဖြစ်မည်။ လူတိုင်းအသိတရား မြင့်နေမှ ဖြစ်မည်။ လူတိုင်းငြိမ်းချမ်း သာယာစည်ပင်ဝပြောနေမှ ဖြစ်မည်။
ထိုသို့မဖြစ်နိုင်။ သို့သော် မညီညွတ်ခြင်းကိုမည်သို့ဖြေရှင်းမည်လဲဟူသော မေးခွန်းရှိလာသည်။ တန်းတူအခွင့်အရေးဖြင့် လွတ်လပ်ခြင်း စိတ်ဓာတ်ကသာလျှင်၊ လွတ်လပ်ရေးအခြေအနေကသာ လျှင် ဖြေရှင်းနိုင်သည်။ ယင်းသို့ဖြေရှင်းဖြင်းဖြင့် ညီညွတ်ရေး အတိုင်းအတာတခုရှိနေမည်ဆိုလျှင် ငြိမ်းချမ်း ရေး ရရှိမည်ဟုဆိုနိုင်သည်။ ထိုသို့ဖြေရှင်းရာတွင် အကြမ်းပတမ်းနည်း၊ လက်နက်နည်းနှင့် ငြိမ်းချမ်းစွာ ယှဉ်ပြိုင်ခြင်းဟူ၍ နှစ်နည်းရှိသည်။ ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းမှသာလျှင် ညီညွတ်ရေးက ခိုင်မြဲမည်ဖြစ်ကြောင်း ဆရာဒဂုန်တာရာက ယခုလိုရေးသားသည်။

"နိုင်ငံရေးယဉ်ကျေးမူသည် ငြိမ်းချမ်းရေးဟုဆိုတော့ ငြိမ်းချမ်းရေးတည်မြဲရန်အခြေအနေများ ထည့်သွင်း စဉ်းစားကြရပေလိမ့်မည်။ ငြိမ်းချမ်းရေးရရှိရန်အခြေအနေများမှာ တန်းတူအခွင့်အရး၊ လွတ်လပ်ရေးနှင့် ညီညွတ်ရေးဖြစ်သည်။ တန်းတူအခွင့်အရေးဖြင့် လွတ်လပ်ရေးရရှိမှ ညီညွတ်မည်။ ညီညွတ်မှ ငြိမ်းချမ်းရေး ရရှိမည်။ ငြိမ်းချမ်းရေးမရရှိခြင်းမှာ တန်းတူအခွင့်အရေးဖြင့် လွတ်လပ်ရေးမရရှိခြင်းကြောင့် ဖြစ်သည်။ ယင်းသို့အကြောင်းတရားတို့သည် ဆက်စပ်မှီတွယ်နေကြပေသည်။ မညီညွတ်ခြင်းသည် သဘာဝတော့ဖြစ် သည်။ သို့သော် ညီညွတ်ရေးရရှိရန်အစဉ် လှုပ်ရှားအားထုတ်နေရမည်။ မညီညွတ်ရသောအကြောင်းမှာ တန်းတူအခွင့်အရေးဖြင့် လွတ်လပ်ရေးမရှိသောကြောင့် ဖြစ်သည်။”
(ဒဂုန်တာရာ၊ နိုင်ငံရေးယဉ်ကျေးမှု၊ စာ-၁၂)

(သုံး) ပြုစုပျိုးထောင်ခြင်း

ဆရာဒဂုန်တာရာက နိုင်ငံရေးယဉ်ကျေးမှုဟူသော ဝေါဟာရအနက်ကို ဆက်လက်ဖွင့်ဆိုရာ၌ ယဉ်ကျေးမှု၏ စကားရင်းအဓိပ္ပာယ်မှာ ပြုစုပျိုးထောင်ခြင်းအနက်လည်း ပါဝင်သည်ဟုဆိုပါသည်။ ပန်းပင်စိုက်သောအခါ မျိုးစေ့ကျရုံနှင့် ချက်ချင်းပွင့်လာသည်မဟုတ်။ ပေါင်းပင်များကို ဖယ်ရှင်းရသည်။ မြေကြီးကို နူးညံ့အောင်၊ အပင်ကြီးထွားနိုင်အောင် လုပ်ပေးရသည်။ အဆင့်ဆင့် အသေးစိတ်ပြုစု ပျိုးထောင်ပေးမှသာလျှင် ဖြစ် ထွန်းခြင်းအဖြစ်၊ သီးပွင့်ခြင်းအဖြစ်သို့ရောက်ရသည်။ ဆရာက ယဉ်ကျေးမှုကို ယင်းအနက်ဖြင့် ကောက် ယူကြောင်း အောက်ပါအတိုင်းရေးသည်။

“လူတို့၏သာမာန်မျက်စိဖြင့် မြင်နိုင်စွမ်းမရှိသောအဆင့်ဆင့်ကို ဖြတ်သန်းပြီးနောက် ဖူးရ၊ ပွင့်ရ၊ သီးရသည်။ ထိုအခါမှ ရနံ့ဖြစ်ထွန်း လာသည်။ အရသာဖြစ်ထွန်းလာသည်။ ဤသို့ အဆင့်ဆင့် သဘောဖြင့်ပင် လျှင် နိုင်ငံရေးယဉ်ကျေးမှုသည် ဖွဲ့စည်းဖြစ်ထွန်း လာရပေမည်။ ယင်းအဆင့်ဆင့်ဟူသော သဘောမှာ အချိန်ကာလကို ပြသည်။ တပွင့်နှင့်တပွင့် တသီးနှင့်တသီးတူသည်တော့ မဟုတ်။ မြန်လျှင် မြန်မည်။ ကြာလျှင်ကြာမည်။ ယင်းသို့ လူတို့၏သတ်မှတ်သောအချိန် ကာလနှင့် မှတ်သားနိုင်သည်။ အသီးအပွင့်တို့၏ သဘာဝသည် တခုနှင့်တခုတူကြသည်မဟုတ်။ ထို့ကြောင့် အချိန်ဖြင့် ပြောင်းလဲခြင်းအဆင့်ဆင့်ကို ဖူးပွင့်ခြင်း၊ သီးခြင်းအဆင့်ဆင့်ကို တရားသေ သတ်မှတ်၍ မရကောင်း။ နိုင်ငံရေးယဉ်ကျေးမှုသည်လည်း ယင်းအတိုင်းပင် ဖြစ်မည်။”

ဆရာဒဂုန်တာရာက ကိုလိုနီခေတ်၊ ဖက်ဆစ်ခေတ်၊ ဖဆပလခေတ်၊ လွတ်လပ်ရေးရပြီးသောခေတ်၊ ဒီမိုကရေစီလှုပ်ရှားသော ခေတ်စသည်ဖြင့် ခေတ်များကို ဖြတ်သန်းလာရင်း နိုင်ငံရေးအဓိပ္ပာယ်ကို သူ၏တွေ့ကြုံခံစားမှုဖြင့် နားလည်ခဲ့ရသည်ဟု ဆိုသည်။ ကိုလိုနီခေတ်က တပြည်လုံး ရိုက်ခတ်ခဲ့သော ဒို့ဗမာသီချင်းတွင် ဒို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ။ ဒို့ကိုယ်ကျိုး လုံးလုံးမပါ ဟူသော စကားများကို ကြားရပေလိမ့်မည်။ ယင်းသည် ကိုလိုနီခေတ်က သိရှိခဲ့သော နိုင်ငံရေးအနှစ်သာရဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ နိုင်ငံရေးယဉ်ကျေးမှုသည် ယင်းနိုင်ငံ၏အရေးနှင့် ပြုစုပျိုးထောင်ခြင်းသဘော ကို ပေါင်းစပ်၍နားလည်ရသော သဘောတရားဖြစ်ပေသည်ဟု ဆရာက ဖွင့်ဆိုရေးသားခဲ့သည်။
ကိုလိုနီခေတ်၏နိုင်ငံရေးမှာ လွတ်လပ်ရေးအတွက်ကြိုးပမ်းရသော နယ်ချဲ့ဆန့်ကျင်ရေးဖြစ်သည်။ 

ဂျပန်ခေတ်တွင် ဖက်ဆစ်ဆန့်ကျင်ရေးမှာ နိုင်ငံရေးဖြစ်သည်။ လွတ်လပ်ရေးခေတ်တွင် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးမှာ နိုင်ငံရေးဖြစ်သည်။ ဒီမိုကရေစီအစိုးရခေတ်တွင် ဒီမိုကရေစီ အခွင့် အရေးလှုပ်ရှားမှုများသည် နိုင်ငံရေးဖြစ်ကြောင်း ဆရာက ထောက်ပြသည်။

ဒီမိုကရေစီဟူသောဝေါဟာရမှာ ပြည်သူတို့က စိုးမိုးခြင်း၊ ပြည်သူ့အာဏာဟု အဓိပ္ပာယ်ရသည်။ ပြည်သူ ဟူသော စကားရပ်၏ အဓိပ္ပာယ်မှာလည်း ရှေးခေတ်ကနှင့်မတူတော့။ စိုးမိုးခြင်းခံရသောပြည်သူ၊ အဖိနှိပ်ခံရသောပြည်သူ၊ ချုပ်ချယ်ခြင်းခံရသောပြည်သူဟူ၍ အဓိပ္ပာယ်ဖွင့် ကြသည်။ ပြည်သူတို့ အာဏာမရမချင်း (၀ါ) ပြည်သူတို့၏အစိုးရမပေါ်ပေါက်မချင်း ဤသို့နားလည် ကြမှာဖြစ်ကြောင်းနှင့် ယနေ့နိုင်ငံရေးယဉ်ကျေးမှု၏ ရည်ရွယ်ချက်ကို ဆရာက ယခုလို ဖွင့်ဆိုရေးသား ခဲ့သည်။

“ယနေ့အလိုအပ်ဆုံး၊ ပြည်သူတို့အလိုအပ်ဆုံးကား ညီညွတ်ရေး၊ ငြိမ်းချမ်းရေးပင်ဖြစ်သည်။ ကမ္ဘာ့ပြည်သူတို့ကလည်း ငြိမ်းချမ်းရေး ကို လိုအပ်နေသည်။ ငြိမ်းချမ်းရေးရရှိမှသာလျှင် ပြည်သူတို့၏ စွမ်းအားကို အကုန်အသုံးပြုပိုင်ခွင့်ရှိသည်။ ပြည်သူတို့၏ကိုယ်စား အုပ်ချုပ်ရေးရှိမှသာလျှင် ငြိမ်းချမ်းရေး ရနိုင်သည်။ ထို့ကြောင့် နိုင်ငံရေးယဉ်ကျေးမှု၏ရည်ရွယ်ချက်သည် ငြိမ်းချမ်းရေး၊ ပြည်သူတို့၏ ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ စစ်မက်မရှိသောကမ္ဘာသည် ထာဝရငြိမ်းချမ်းရေး၊ ထို့ကြောင့် ငြိမ်းချမ်းရေး သည် နိုင်ငံရေးယဉ်ကျေးမှု၏ စုစည်းလမ်းဖြစ်သည်ဟု ဆိုချင်ပါတော့သည်။”
(ရနံ့သစ်၊ အောက်တိုဘာ၊ ၁၉၉၅)


(လေး) မတူသော အကြောင်းအရာများ ပေါင်းစပ်ခြင်း

ပေါင်းစပ်ခြင်းဆိုသည်မှာ မတူသောအကြောင်းအရာများကိုပေါင်းစပ်ခြင်းဟု ဆရာဒဂုန်တာရာက ညွှန်းဆို ပါသည်။ မတူခြင်းသည် သဘာဝတရားဖြစ်ပြီး မတူ၍ ခြားနားနေခြင်းမျိုးလည်း မဖြစ်သင့်ပေ။ ကမ္ဘာကြီးတွင် ပေါင်းစပ်နေကြရသည်။ တဦးကိုတဦး အမှီသဟဲပြု၍ နေကြရသည်။ ယခင်ကကဲ့သို့သော တော တောင် ရေ မြေ ခြားနားသော တံတိုင်းကြီးများက ပြိုကွဲသွားပြီ။ မရှိတော့။ အီလက်ထရွန်းနစ် နည်းပညာကြောင့်လည်း ကမ္ဘာကြီးသည် ပို၍နီးစပ်နေကြသည်။ နီးကပ်နေကြသည်ကို ဆရာက အောက်ပါအတိုင်း အသေးစိတ် တင်ပြခဲ့သည်။

“တယောက်ယဉ်ကျေးမှုကို တယောက်ကယူနေကြသည်။ မိမိတို့၏အမျိုးသားကိုယ်ပိုင်ယဉ်ကျေးမှု ရှိလင့်ကစား ယင်းယဉ်ကျေးမှုတို့ပင်လျှင် အသွင်ပြောင်းစပြုလာသည်။ ပေါင်းစပ်ခြင်းဆိုသည်မှာလည်း  ညီညွှတ်ရေးသဘောတရားပင် ဖြစ်သည်။ မတူသော်လည်း ပေါင်းစပ်လျှင် ညီညွှတ်နိုင်သည်။ ညီညွတ်သွားခြင်းဆိုသည်မှာလည်း ဆန့်ကျင်မှုများ နည်းပါးသွားသည်ဟု ယူ၍ရသည်။
ဆန့်ကျင်မှုများ နည်းပါးသွားသည်ဆိုလျှင် ရန်ပြုခြင်းလည်း နည်းပါးသွားနိုင်သည်။ ရန်ပြုခြင်းသည် မတည်မငြိမ်ဖြစ်ခြင်းကို အားပေးသည်။ ဒဿနတရပ်တွင် ဆန့်ကျင်ဘက်တို့၏ ညီညွတ်ရေးဟူသော သဘောတရားပင် ပေါ်ထွန်းလာသည်မှာ အမှန်ပင်။
မတူသောအရာများပေါင်းစပ်၍ ရသလော။ ရနိုင်သည်။ ရသည်။ လူတို့၏အတွေးအခေါ်သည် ကမ္ဘာတည်စနှင့်မတူ၊ ပြောင်းလဲတိုးတက်လာသည်။ ပြောင်းလဲခြင်းသည် သဘာဝတရားဖြစ်သည်။ ပြောင်းကိုပြောင်းလဲရမည်။
မတူသောအင်အားစုများ ပေါင်းစပ်မိလျှင် အောင်မြင်ခြင်းအထွတ်အထိပ်သို့ ရောက်နိုင်ပေလိမ့်မည်။”
(ဒဂုန်တာရာ၊ နိုင်ငံရေးယဉ်ကျေးမှု၊ စာ-၁၉၊ ၂၁)

(ငါး) ဆန့်ကျင်ဘက်တို့၏ ညီညွတ်ရေး

ဆရာဒဂုန်တာရာက ဆန်ကျင်ဘက်တို့၏ညီညွတ်ရေးကို ရရှိအောင်ဆောင်ရွက်ခြင်း သည် နိုင်ငံရေး ဖြစ် သည်။ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်ခြင်းသည် နိုင်ငံရေးအလုပ်ဟု ပြောခဲ့ဖူးသည်။ ငြိမ်းချမ်းရေးဇာတ်ညွှန်းတွင် ထိုအရာများမှာ အခြေခံသဘောထားဟု ဆိုပါသည်။
ကမ္ဘာမြေပေါ်တွင် လူတို့သည် အမျိုးမျိုး ရှိကြသည်။ မတူကြ။ နေရာဒေသ၊ လူမျိုး၊ ဘာသာစကားများ တခုနှင့်တခု မတူနိုင်။ ထို့ကြောင့် ဆန့်ကျင်ဘက်ဆိုသည်မှာ ရှိစမြဲ။ သဘာဝကျသည်ဟုဆိုသည်။ လူတို့၏ဘ၀လမ်းကြောင်းတလျှောက်တွင် ဆန့်ကျင်ဘက်များကို တွေ့ရမည်။ ရှောင်လွှဲ၍ မရ။ ပြည်ထောင်စု အတွင်း၊ အဖွဲ့အစည်းအတွင်းဖြစ်စေ မတူသောအရာများ ရှိသည်။ အခြေခံနောက်ခံကားချပ်မတူ၊ သို့သော် ထိုသို့မတူညီသော ဆန့်ကျင်ဘက်တို့၏ ညီညွတ်ခြင်းသည် သာလျှင် ငြိမ်းချမ်းရေးနှင့် နီးစပ်နိုင်ကြောင်း ယခုလိုရေးသား ဖော်ပြခဲ့သည်။ 

“ နိုင်ငံရေးယဉ်ကျေးမှု၊ လူမူရေးနောက်ခံကားချင်းမတူ။ ထို့ကြောင့်ပင် မတူသောအရာများ ရှိနေသည်မှာ မတတ်နိုင်။ သို့သော် ယင်းမတူသော ဆန့်ကျင်ဘက်များကို ဆောင်ရွက်ခြင်းဖြင့် ကွဲလွဲချက်များရှိလင့်ကစား ညီညွတ်စွာဆောင်ရွက်နိုင်သောအခြေအနေကို ရယူဖန်တီးကြရမည်ဟု ကျွန်တော်ယူဆထားသည်။ ရယူမဖန်တီးနိုင်လျှင် အခြေအနေသည်တည်ငြိမ်မည်မဟုတ်။ မညီညွတ်လျှင် ငြိမ်းချမ်းရေးနှင့် လည်း ဝေး သွားနိုင်သည်။”
(ဒဂုန်တာရာ၊ နိုင်ငံရေးယဉ်ကျေးမူ၊ စာ-၂၃)

ဆရာက ဘ၀ခရီးတွင် ဆန့်ကျင်ဘက်အရာများနှင့် ပဋိပက္ခကြုံရသည့်အခါ စေ့စပ်ရေးနှင့် သင့်မြတ်အောင်နေထိုင်ခဲ့ခြင်းမှာ သူ၏မူ ဖြစ်သည်ဟု ဆိုသည်။ ဆန့်ကျင်ဘက်ကိစ္စများ လျော့ပါးသွားအောင်၊ သင့်မြတ်အောင် လုပ်ကြရမည်ဟု ဆိုသည်။ သူကတော့ မည်သူ့ကိုမျှ ရန်သူလိုသဘောမထား၊ တခါတရံ အကြောင်းအကျိုး မခိုင်လုံဘဲ၊ အကြောင်းတစုံတရာမရှိဘဲ ရန်လုပ်ခြင်းများနှင့် ကြုံရတတ် သည်။ သို့သော် သူက ရန်ပြန်မလုပ်တတ်။ မတုံ့ပြန်။ ရန်ကိုရှောင်သဖြင့် ပြဿနာမရှည်တော့။ ဤသည်မှာ ဆရာဒဂုန်တာရာ၏ ရန်သူမရှိ၊ မိတ်ဆွေသာရှိဟု သဘောထားနိုင်လျှင် ညီညွတ်ရေး လမ်းနှင့်နီးလာသည်ဟု ယုံကြည်ထားသော အချက်ပင် ဖြစ်သည်။ ထို့ကြောင့် ဆရာက သူ၏ယုံကြည်မှုကို ယခုလိုဖော်ပြသည်။

“အယူအဆမတူခြင်းသည် သဘာဝဖြစ်၍ နီးစပ်လာသည်အထိ ညှိနှိုင်းမည်ဆိုလျှင် ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ အခြေအနေသို့ လုံးဝရောက်ရမည်ဟု ကျွန်တော်၏ ဘ၀အတွေ့အကြုံ၊ သမိုင်းအတွေ့အကြုံအရ ယုံကြည်လျက် ရှိနေပေသည်။”
(စံပယ်ဖြူ ၊ ဇန်န၀ါရီ ၂၀၁၄)

(ခြောက်) အချစ်နှင့် အမုန်း

ဆရာဒဂုန်တာရာသည် ၁၉၅၀ ခုနှစ်လောက်ကစ၍ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက် ခဲ့သည်။ ၁၉၄၈ လောက်က စပြီး ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုအကြောင်း ရေးသား ဖော်ပြခဲ့သည်။ ဆရာသည် ယုံယုံကြည်ကြည်နှင့် ရေးသားဆောင်ရွက်ခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေးအဖွဲ့အစည်းများတွင် အာဏာနိုင်ငံရေးသမားအချို့၏ ပြုမူချက်ကိုစိတ်ပျက်မိသော်လည်း ဆက်လက်ပါဝင်ဆောင်ရွက်ခဲ့သည်ဟု ဆိုပါသည်။
ထိုအချိန်က လက်နက်နိုင်ငံကြီးတချို့သည် တဖက်ကငြိမ်းချမ်းရေးစကားပြောနေသော်လည်း စစ်ပွဲများ ခင်းနေကြသည်ကိုတွေ့ရ၍ စိတ်ပျက်ရသော်လည်း သူသည် ငြိမ်းချမ်းရေးတရားဓမ္မကိုကား မစွန့်လွှတ်နိုင် ခဲ့ပေ။ ယုံကြည်မြဲယုံကြည်လျက်ပင် ရှိနေကြောင်း ယခုလိုရေးသားသည်။

“နိုင်ငံတော်စနစ်ချင်းမတူသော်လည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်သည်ဟူသောတရားကို ကျွန်တော်နှစ်သက်သည်။ သို့သော် သူတို့သည် မကျင့်သုံးကြပေ။
လူတို့၏အင်အား(၀ါ)အများစုကြီးဖြစ်သော ပြည်သူတို့၏စွမ်းအားကို ကိုယ်စားပြုသော၊ တကယ်ကြီးမားလွှမ်းမိုးသော ခေတ်တွင်ကား ငြိမ်းချမ်းရေးသည် ထာဝစဉ်တည်ရှိမည်ဟု ယုံကြည်မိပေ သည်။ ထိုအခါလူသားတို့၏ ချစ်ခြင်းမေတ္တာတရားသည် လွှမ်းမိုးနေမည်ဟု ယုံကြည်မိပေသည်။”

ယင်းယုံကြည်ချက်ဖြင့်ပင် ဆရာက ၁၉၈၁တွင် “အချစ်နှင့်အမုန်း” ဟူသော ကဗျာကို ရေးသားခဲ့သည်။ ထိုကဗျာ အပိုဒ်အချို့မှာ
------------------------------
------------------------------
-------------------------------
--------------------------------
အချစ်ပင်ပျိုး
စိုက်ပျိုးသူကား၊ သနားကြင်နာ
ညှာတာသည်းခံ၊ စံလျှင်ဝေမျှ
ခံစရာရှိက၊ ရှေ့မှသူရပ်
မားမားမတ်သည်၊ အများပြည်သူ
လူတကာက၊ မြတ်နိုးခံရ
မေတ္တာခံရ၊ ရန်သူမရှိ
လိုလားသူသာ၊ ၀န်းရံကာလျက်
နှစ်သက်ခင်မင်၊ လွတ်လပ်ပျော်ရွှင်
စည်ပင်ဝပြော၊ လှပလန်းဆန်း
ငြိမ်းချမ်းသာယာ၊ အေးမြမြဲ။
အမုန်းပင်မျိုး
သည်အမျိုးလျှင်၊ အချစ်ပင်မပေါက်
မုန်းညှောက်ညွန့်ကြွ၊ သူ့ဘ၀၏
ဓမ္မတရား၊ သင်ကြားခဲ့သည်
သင်ဘယ်သစ်ပင်စိုက်မည်နည်း။

(၁၉၈၁၊ အောက်တိုဘာ၊ ရှုမ၀မဂ္ဂဇင်း)

ဆရာသည် ပန်းပွင့်ချိန်ကို မျှော်မှန်းတွေးခေါ်ကာ ရေးဖွဲ့ခြင်းဖြစ်သည်။ လူသားတို့၏မျှော်မှန်းချက်၊ လူသားတို့၏မေတ္တာတရားကို ပန်းပွင့်ချိန်နှင့် ကိုယ်စားပြုတင်ပြထားခြင်းဖြစ်သည်။ အချစ်ပန်းပွင့်ချိန်တွင် ကမ္ဘာကြီးသည် ငြိမ်းချမ်းသာယာ၊ အနုပညာတို့ လွတ်လပ်စွာ ဖူးပွင့်ဝေဆာမည် ဖြစ်ကြောင်း ရေးဖွဲ့ပုံကို ထိုကဗျာတွင် တွေ့နိုင်ပေသည်။

(ခုနှစ်) မဲဇာပို့ခြင်းနှင့် ဒိုင်နိုဆော



ဆရာဒဂုန်တာရာ၏ ငြိမ်းချမ်းရေးအပေါ်သဘောထားကို သူ၏စာ၊ ကဗျာများတွင် တွေ့ရသည်။ ဆောင်းပါး၊ ၀တ္ထုအနေဖြင့် အများအပြားရှိပြီး ဤနေရာတွင် ထင်ရှားသောကဗျာနှစ်ပုဒ်မှ စာပုဒ်အချို့ ကို ထုတ်နုတ်တင်ပြလိုပါသည်။ ပထမကဗျာမျာ မိမိကိုယ်ကို မဲဇာသို့ပို့ခြင်း (မိုးဝေ၊ သြဂုတ် ၁၉၈၆) ဖြစ်သည်။

ဆရာက မြို့တော်မှခွဲ၍ တောကျေးလက်တွင် သွားရောက်နေထိုင်စဉ်ကရေးသားခဲ့သော ကဗျာ။ သူ၏ယုံကြည်ချက်ကို ဖော်ပြသောကဗျာ။ သူသည်သမိုင်းခေတ်များ၊ စစ်နှင့်တော်လှန်ရေးကို ဖြတ်သန်း ပြီးနောက် ရရှိခဲ့သောအတွေးအခေါ်လည်း ဖြစ်သည်။ သူနေထိုင်ရာ ပဲခူးရိုးမအစွန်အဖျားမှ သစ်ပင်တော အုပ်စိမ်းစိမ်း၊ ပန်းပွင့်များ၏မွှေးရနံ့၊ စိမ်းလဲ့သောစပါးကွင်း၊ ပြာလဲ့လဲ့၊ နီဝါ၀ါချောင်း ကလေး စသော ကျေးလက်ဝန်းကျင်တွင် အေးအေးဆေးဆေး နေထိုင်နေပုံကို ဖွဲ့သည်။ ရုပ်သဘာဝပတ်ဝန်းကျင် အေးချမ်းခြင်းဆိုသည်ထက် ဝေဖန်သူမရှိ၊ တိုက်ခိုက်သူမရှိ၊ အမိန့်မရှိ၊ လျှောက်လွှာမရှိ၊ အမုန်းမရှိ၊ စစ်ပွဲမရှိသည့်ဒေသသည်သာ ပကတိ စိမ်းရိုင်းလတ်ဆတ်၊ လွတ်လပ်နယ်မြေ၊ ငြိမ်းချမ်းမြေဟု တင်စားထားသည်ကို တွေ့ရသည်။
------------------------------------
------------------------------------
ဤမဲဇာကျွန်း
စခန်းသာမော၊ ကျေးလက်တောတွင်
ငါလျှင်မွေ့ပျော်၊ တစ်ကိုယ်တော်တည့်
ရေးဖော်မရှိ၊ ဖတ်ဖော်မရှိ
ဝေဖန်သူမရှိ၊ တိုက်ခိုက်သူမရှိ
အမိန့်မရှိ၊ လျှောက်လွှာမရှိ
ငါ့ကိုမသိ၊ ငါ့စာမသိ
အမုန်းမရှိ၊ စစ်ပွဲမရှိ
ပကတိထင်ဟပ် ၊ စိမ်ရိုင်းလတ်ဆတ်
လွတ်လပ်နယ်မြေ၊ ငြိမ်းချမ်းမြေ။ ။

ဒုတိယကဗျာတပုဒ်မှာ “ဒိုင်နိုဆောနှင့်ပန်းလိပ်ပြာ” (ရုပ်ရှင်တေးကဗျာ ၊ မတ် ၁၉၉၉) ဖြစ်သည်။
၁၉၉၀ ကျော်ကာလများက စာပေနယ်တွင် မော်ဒန်၊ ပို့စ်မော်ဒန်ရောဂါများ သည်းထန်ခဲ့ဖူးသည်။ ထိုကာလတွင် မော်ဒန်ကဗျာဆရာဆိုသူတဦးက ဆရာဒဂုန်တာရာကို လှောင်ပြောင်သရော်ကာ သူက မော်ဒန်၊ ဆရာက ဂန္ထ၀င်သက်ရှိကျောက်ဖြစ်ရုပ်ကြွင်း ဒိုင်နိုဆောနှင့်တင်စားခဲ့သည်။ ဆရာကတော့ မျိုးဆက် ဘာသာစကား အသိခက်သားဟုရေးကာ သူ၏ဘ၀ဒဿနမှာ အချစ်၊ ငြိမ်းချမ်းရေး၊ အလှ တရားဖြစ်ကြောင်း သူ့ကိုယ်သူ ပန်းလိပ်ပြာနှင့် တင်စားရေးဖွဲ့ခဲ့သည်ကို တွေ့ရသည်။
-------------------------------
--------------------------------
-------------------------------
လူသားတို့၏
အာရုံခံစားမှု၊ မခြားနားကြ
ခြားနားသည်က၊ ပင်လယ်ဖြတ်ကူးသူ
ကမ်းစပ်ရောက်သူ၊ ရေနစ်ကြသူ
ငြိမ်းချမ်းဒေသ၊ စစ်ပွဲဒေသ
လွတ်လပ်ဒေသ၊ ချုပ်နှောင်ဒေသ
အခွင့်အရေးရှိသူ၊ အခွင့်အရေးမဲ့သူ
အသိများသူ၊ အသိနည်းသူ
ငြင်းခုံဝိ၀ါဒ၊ ရန်မစဲ။
ငါတမူကား
နေရာမပျက်၊ ယုံကြည်ချက်မပျက်
ငြိမ်းချမ်းရေးဘက်တွင်၊ အစဉ်ရှိလျက်
သမိုင်းသက်သေ၊ ရှာဖွေနိုင်သည်
ငါသည် သစ္စာဖောက်သလော။
ငါ့ဘ၀ကား
အချစ်၊ ငြိမ်းချမ်းရေး၊ အလှတရား
အမုန်းမရှိ၊ စစ်ပွဲမရှိ
ရန်သူမရှိ ၊ မိတ်ဆွေသာရှိ
ငါ၏ဘ၀ဒဿန။ ။

ဆရာက အချစ်နှင့်အမုန်းတရားကို သူ၏အတွေ့အကြုံ၊ သမိုင်းခေတ်အတွေ့အကြုံဖြင့် မုန်းသူမရှိ၊ ချစ်သူသာရှိ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိ ကဗျာစကားလုံးများ ရင်ထဲမှစီးကျလာခြင်း ဖြစ်သည်။ ထိုရသသည်ပင်လျှင် သူ၏ဘ၀ဒဿန ဖြစ်ပေသည်။

(ရှစ်) ရန်သူမှ မိတ်ဆွေသို့

ဆရာဒဂုန်တာရာက သူ့ကိုယ်သူနိင်ငံရေးသမားဟု မသတ်မှတ်။ သို့သော် နိုင်ငံရေးရာကိစ္စများကို စိတ်ဝင်စားသူ၊ ဖတ်ရှုလေ့လာသူ၊ ယဉ်ကျေးမှုရေးရာအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသူ အဖြစ်သာ သတ်မှတ်ထားသည်။ ယင်းသို့သော လူထုလှုပ်ရှားမှု အတွေ့အကြုံဖြင့် သူ၏ဘ၀ဒဿနကို ရရှိခဲ့သည်။ နိုင်ငံရေးဆိုသည်မှာ ရန်သူမှမိတ်ဆွေသို့ ပြောင်းလဲစေရေး ဖြစ်သည် ဟူ၍ ….။ ဆရာက သူ၏ဖြတ်သန်းမှုကို ယခုကဲ့သို့ သုံးသပ်ကြည့်သည်။

“စစ်ပြီးခေတ်တွင်ကြီးပြင်းလာသူများသည် စစ်အေးကာလကို ဖြတ်သန်းသွားကြသူများဖြစ်သည်။ စစ်အေးခေတ်ကာလဆိုသည်မှာ ဆန့်ကျင်ဖက်အုပ်စုများ တဖက်နှင့်တဖက် သင့်မြတ်ပေါင်းစည်း လာရေးမဟုတ်ဘဲ ဆန့်ကျင်တိုက်ခိုက်လာရေး၊ ရန်သူစိတ်ဓာတ် တိုးပွားလာရေးတို့သာဖြစ်သည်။ ထို့ကြောင့် တဖက်ကိုတဖက် အကောင်းမမြင်နိုင်ကြ။ အမှန်တရားကို ရှာဖွေလေ့လာ စူးစမ်းသော ကာလမဟုတ်။ တဖက်သတ်အမှန်တရားဟုသာ နားလည်နေသောခေတ်ကာလဟု ကျွန်တော် ထင်သည်။ ယင်းကာလသည် စုံလင်ထွေပြား များမြောင်ရှုပ်ထွေးသည်။ သို့သော် ရှုပ်ထွေးသည့် အထဲမှာပင် ရှင်းလင်းလာအောင် ကြည့်မြင်ကြရပေမည်။ လွယ်တော့မလွယ်။ အတွေ့အကြုံ သမိုင်း ဖြစ်ရပ်များက သင်ကြားပေးနေသည်”။
(ဒဂုန်တာရာ၊ နိုင်ငံယဉ်ကျေးမှု၊ စာ-၄၃)

ဆရာဒဂုန်တာရာက စစ်အေးလွန်ကာလတွင် ကမ္ဘာကြီးမှာ အင်အားကြီးနိုင်ငံများသည် ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲရမည်ဟူသော နိုင်ငံရေးဆန်းသစ်လာပြီဟု သုံးသပ်သည်။ တနည်းအားဖြင့် နိုင်ငံရေးယဉ်ကျေးမှုထွန်းကားစပြုလာပြီဟု ယူဆသည်။ စစ်လက်နက်အပြိုင်အဆိုင် ထုတ်လုပ်ရေး၊ တဖက်ရန်သူကို ၀ိုင်းပယ်ရေး၊ တဖက်ရန်သူ၏အပြစ်များကို ထုတ်ဖော်ကာ ၀ါဒဖြန့်ရေး၊ အညစ်အကြေးများ ကင်းစင်လာလျှင် ပူးပေါင်းဆောင်ရွက်မည်၊ ကူညီထောက်ပံ့မည်ဟူသော ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်တို့ ဆန်းသစ်လာရပေမည်ဟု ခန့်မှန်းခဲ့သည်။ ထို့ကြောင့် ဆရာက သူ၏ဒဿနကို ယခုလို အနားသတ်ရှုမြင်ခဲ့ပေသည်။

“ပူးပေါင်းဆောင်ရွက်ရေးသည် ကမ္ဘာ့လူသားတို့အတွက် တိုးတက်ရေးဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ရေးသည် တည်ဆောက်ရေး ဖြစ်သည်။ ဖျက်ဆီးခြင်းမဟုတ်။ အနုပညာသိပ္ပံပညာတို့ အချင်းချင်းပူးပေါင်းဆောင်ရွက်ရင်း လူသားတို့၏ ယဉ်ကျေးမှုကြီးသည်လည်း အရှိန်လျှင်မြန်စွာဖြင့် အားကောင်းစွာ ထွန်းကားစည်ပင်လာရပေမည်။ ထိုအခါ ရန်သူမှ မိတ်ဆွေသို့ပြောင်းလဲသော နိုင်ငံရေးယဉ်ကျေးမှု ၀ါဒသည် ရှင်သန်လာရပေမည်။ နိုင်ငံရေးယဉ်ကျေးမှုဝါဒသည် ဗုဒ္ဓအလိုကျမေတ္တာဝါဒဖြင့်သာလျှင် အချစ်ကမ္ဘာကြီးကို တည်ဆောက်နိုင် ပေလိမ့်မည်။”
(ရနံ့သစ်၊ဖေဖော်ဝါရီ ၂၀၀၂)

နိဂုံး

ဆရာဒဂုန်တာရာ၏ နိုင်ငံရေးယဉ်ကျေးမှုအတွေးအမြင်၊ ငြိမ်းချမ်းရေးအယူအဆဖြစ်သော ရန်သူမရှိ၊ မိတ်ဆွေမရှိ။ မုန်းသူမရှိ၊ ချစ်သူသာရှိ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်း လဲအောင်လုပ်တာ ဟူသောအယူအဆကို ၂ဝဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ညနေ ၄း၃ဝ နာရီ အချိန်က တော်ဘုရားကလေးစာပေဆုပေးပွဲ စိမ်းလန်းစိုပြေတွင် ပြောကြားသော အဖွင့်အမှာစကား တွင် ယခုလို အကျယ်တ၀င့် ရှင်းလင်းထားသည်ကို တွေ့ရသည်။

“ငြိမ်းချမ်းရေးအတွက် ကျွန်တော့်အတွေ့အကြုံအရပြောရရင် ရန်သူမရှိ၊ မိတ်ဆွေမရှိ။ မုန်းသူမရှိ၊ ချစ်သူသာရှိ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲအောင်လုပ်တာ။ အဲဒီလိုပဲ ကျွန်တော်ထပ်ပြီးတော့ ပြောချင်ပါတယ်။ အယူအဆကတော့ တချို့ ကြိုက်နှစ်သက်ခြင်း ရှိဟန်မတူ ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒါကိုပဲ ထပ်ပြောချင်တဲ့အတွက် ဒီနေ့ အမှာစကားပြောရာမှာ ရန်သူ မရှိဆိုတဲ့ စကားအတွက် နည်းနည်းလေး ရှင်းခွင့်ရရင် ပြောချင်ပါတယ်။ ရန်သူမရှိဘူးလို့ ဆိုတာက တော့ ကျွန်တော်တို့နဲ့ဆန့်ကျင်ဖက်မရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ ရန်သူလို့ သဘော မထားတာ ဖြစ်ပါတယ်။ စကားအနေနဲ့ ကဗျာစကားလုံးလေးအဖြစ်၊ လေးလုံးစပ်ကဗျာထဲမှာ ရန်သူ မရှိလို့ပဲ ကျွန်တော်သုံးနှုန်းခဲ့ပါတယ်။ ရန်သူမရှိ မိတ်ဆွေသာရှိဆိုပြီး မိတ်ဆွေတွေလို့ အားလုံးကို သဘောထားရ မယ်။ ငြိမ်းချမ်းရေးရဖို့ဆိုရင် ရန်သူမရှိ၊ မိတ်ဆွေသာ ရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာလို့ ပြောရမှာပါ။
နောက်တချက်က ဒီနေ့ ကျွန်တော်တို့ နိုင်ငံဟာလည်း မငြိမ်းချမ်းဘူးပေါ့ဗျာ။ အားလုံးသိကြတဲ့အတိုင်းပဲ။ တော်တော်ဆိုးတဲ့နေရာတွေမှာဆိုရင် သတ်တာဖြတ်တာတွေတောင် နေ့တိုင်းဖြစ်နေကြတာပဲ။ အဲဒါတွေဖြစ်ရတဲ့အကြောင်းရင်းကတော့ သဘောထားဗျ။ နိုင်ငံရေး သဘောထားပေါ့။ တချို့စစ်ပွဲဖြစ်တဲ့အကြောင်းတွေကိုကြည့်ရင် ဘာသာရေးကိစ္စ၊ စီးပွားရေးကိစ္စတွေ စတာတွေကို တွေ့ရမှာပါ။ နိုင်ငံရေးအရ မဖြေရှင်းနိုင်ခဲ့ကြလို့ စစ်ပွဲတွေဖြစ်ခဲ့ကြတယ်။ အဲဒီလို ရှုပ်ထွေးတဲ့ ပြဿနာတွေဖြေရှင်းဖို့ဟာ ငြိမ်းချမ်းတဲ့နည်း၊ နိုင်ငံရေးနည်းအရ ဖြေရှင်းမှသာ ပြေ လည် နိုင်ပါတယ်။ ဒါကြောင့်မို့ စစ်နဲ့ငြိမ်းချမ်းရေးကိုတွဲပြီး ပြောနေရတာ ဖြစ်တယ်။ အဲဒါကြောင့် ရန်သူမရှိ မိတ်ဆွေသာရှိ ကို ထပ်ပြီးပြောရဦးမှာပဲ။ အဲဒါကို ကိုင်စွဲသွားကြည့်မယ်ဆိုရင်ဖြင့် ကျွန်တော်တို့ နိုင်ငံဟာ အများကြီး ကြွယ်ဝချမ်းသာတဲ့နိုင်ငံဖြစ်တယ်။ သာယာတင့်တယ်တဲ့ နိုင်ငံဖြစ်မယ်။ စာပေ ယဉ်ကျေးမှုတွေ လွတ်လွတ်လပ်လပ်နဲ့ ဖွံ့ဖြိုးဖူးပွင့်တဲ့နိုင်ငံ ဖြစ်မယ်။ အင်မတန်အဆင့်အတန်း မြင့်တဲ့ နိုင်ငံရေးယဉ်ကျေးမှုကြီး ထွန်းကားမယ်။ ဒါကြောင့် ထပ်ပြီးပြောဦးမယ် ဗျာ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာလို့ ပြောရင်းနဲ့ပဲ ဒီနေ့ကျင်းပတဲ့ စာပေဆုပေးပွဲပေါ့ဗျာ။ ကျွန်တော့်အခေါ်အရ မင်းသားနီနဲ့ ကျွန်တော်ပေါင်းသင်းခဲ့တဲ့ အတွေ့အကြုံအရ မင်းသားနီဟာ စာပေရဲ့အတွေးအမြင် အာနိသင်ကို ကောင်းကောင်းကြီးသိတဲ့အတွက် သူ့ရဲ့အမည်နဲ့ စာပေဆု ပေးခြင်းကို ကျွန်တော် အများကြီး ဝမ်းသာမိတယ်လို့ပြောရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။”

ဟူ၍ ဆရာဒဂုန်တာရာက သူ၏ ငြိမ်းချမ်းရေးအယူအဆဖြစ်သော ဘ၀ဒဿနလည်းဖြစ်သော ရန်သူမရှိ၊ မိတ်ဆွေသာရှိ။ မုန်းသူမရှိ၊ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင် လုပ်နေ ကြရသော ယနေ့ခေတ်တွင် ဆရာငယ်စဉ်ကတည်းက လိုလားခဲ့သော တန်းတူရေး၊ လွတ်လပ်ရေး၊ ကိုယ့် ကြမ္မာကိုယ် ဖန်တီးရေးတို့ကို အခြေခံသည့် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အတွက် ကြိုးစားရုန်းကန် ရင်ဆိုင်နေရဆဲပင် ဖြစ်ပါတော့သည်။

ထွန်းဝင်းငြိမ်း
(၄၊ ၅၊ ၂၀၁၆)

(ဆရာဒဂုန်တာရာ ၉၇ နှစ်မြောက် မွေးနေ့အခမ်းအနား၊ မယ်ခိုတောင်၊ အောင်ပန်းမြို့တွင် ဖတ်ကြားသော စာတမ်း)

စာကိုး

၁။ စံပယ်ဖြူ မဂ္ဂဇင်း ဇန်န၀ါရီ ၂၀၀၄
၂။ ရှုမ၀ မဂ္ဂဇင်း ၁၉၈၁၊ အောက်တိုဘာ
၃။ မိုးဝေ မဂ္ဂဇင်း သြဂုတ် ၁၉၈၆
၎။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း မတ် ၁၉၉၉
၅။ ရနံ့သစ် မဂ္ဂဇင်း ဖေဖော်ဝါရီ ၂၀၀၂
၆။ တော်ဘုရားကလေးစာပေဆုပေးပွဲ အဖွင့်အမှာစကား ၂ဝဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်
၇။ ဒဂုန်တာရာ နိုင်ငံရေးယဉ်ကျေးမှု တိုးမြစ်စာအုပ်တိုက် ပထမအကြိမ် ဇွန်၊ ၂၀၁၀

ကာတွန်း ဆွေသား - မီးလောင်ဖုန်း

$
0
0


ကာတွန်း ဆွေသား - မီးလောင်ဖုန်း
(မိုးမခ) ဇွန် ၁၈၊ ၂၀၁၆

မြတ်လှိုင်း ● ဒီမိုး

$
0
0
မြတ်လှိုင်း ● ဒီမိုး
(မိုးမခ) ဇွန် ၁၈၊ ၂၀၁၆

ဒီမိုးဟာ
မုန်တိုင်းနဲ့ကပ်ပြီး ဝင်ရောက်လာခဲ့တယ်
သည်းမလိုလိုနဲ့ဖွဲဖွဲရွာခဲ့
စဲတော့မလိုလိုနဲ့ သည်းသည်းမည်းမည်းရွာခဲ့။

မာယာများတဲ့ကောင်းကင်
ခုတော့ပုံပြင်ဖြစ်သွားသယောင်ယောင်
တောင်ပံမခတ်ပဲ ဆင်းလာတဲ့မိုးခြိမ်းသံ
အဆံမပါဘူးထင်နေကြ
သဘာဝဟာ သဘာဝပါပဲ
မိုးခါးရည်မသောက်တဲ့နေ့ ရောက်မလာသေးဘူး။

ဒီမိုးဟာ
ကွက်ကျားရွာတတ်တာ စသိလာတယ်
မိုးပြေးမှာ စိတ်တွေထွက်မပြေးဘူး
အတိတ်နဲ့အတူပါလာတာက
မြို့ပြတွေရေနစ်တုန်းပဲ။

ဒီမိုးမှာ
ပြိုကျနေတဲ့ကမ်းပါးတွေ
ပြိုကျမြဲပြိုကျနေခဲ့
တစ်ဖက်ခြမ်းမှာ သောင်ထွန်းရင်းထွန်းနေကြ
ဘဝတွေကမညီမျှတာ
အတွေးကအတွေးကိုတွေးပြီး
ဒီအတိုင်း မြစ်ဟာ စီးမျောသွားတယ်။

စီးမျောသွားတဲ့မြစ်နောက်လိုက်ပြီး မိုးရွာနေတာလား
ဒီမိုးကြောင့်မြစ်ဟာ စီးမျောနေတာလား
ကောင်းကင်ကို ကိုးကွယ်ပသနေကြတဲ့
အစွဲတွေဟာ အလင်းမပြနိုင်သေးသရွေ့
မနေ့ကရွာတဲ့မိုးဟာ
ဒီမိုးအဖြစ် ရွာနေဦးမယ်။

မြတ်လှိုင်း

ကာတွန်း ဘီရုမာ ● ဒီမီး ... ဒီရေ .. ဒီလူတွေနှင့် ....

$
0
0

ကာတွန်း ဘီရုမာ ● ဒီမီး ... ဒီရေ .. ဒီလူတွေနှင့် ....
(မိုးမခ) ဇွန် ၁၈၊ ၂၀၁၆

မောင်မောင်စိုး ● တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်စွမ်းအင် - အပိုင်း (၁)

$
0
0
မောင်မောင်စိုး ● တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်စွမ်းအင်
အပိုင်း (၁)
(မိုးမခ) ဇွန် ၁၈၊ ၂၀၁၆

● တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး
တိုင်းပြည်တပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များစွာရှိပါသည်။ အကြောင်းအချက်များစွာရှိသည်။ ထိုအထဲတွင် လျှပ်စစ်စွမ်းအင်သည်အရေးပါသည့်အကြောင်းအချက်တရပ်ဖြစ်သည်။ ကွန်မြူနစ်ခေါင်းဆောင်တဦးအဖြစ် လူသိများသော လီနင်သည် ရုရှားနိုင်ငံတွင် ဇာဘုရင်ကိုဖြုတ်ချသည့် အောက်တိုဘာတော်လှန်ရေးအပြီးတွင် လျှပ်စစ်ဖြင့် ဆိုရှယ်လစ် လောက တည်ဆောက်ကြဟု ဆိုခဲ့သည်။ ဆိုချင်သည်မှာ တိုင်းပြည်တပြည်၌ မည်သည့်စနစ်ကျင့်သုံးသည်ဖြစ်စေ လျှပ်စစ် စွမ်းအင်အရေးကြီးသည်ကို အားလုံးက သတိပြုမိကြသည်ဟူ၍ ဖြစ်သည်။

ခေတ်သစ်တိုင်းပြည်တခုတည်ဆောက်ရာတွင် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်မှု ခေတ်မှီနည်းပညာဖွံ့ဖြိုးတိုးတက်မှုများ အ ပေါ် အခြေပြုကြသည်။ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများသည်ပင် ခေတ်မှီစက်ကရိယာများ နည်းပညာများအသုံးပြု၍ ထုတ် လုပ်ရေးတိုးမြှင့်ရန်အတွက်လည်းကောင်း၊ ထပ်တိုးတန်ဖိုးမြှင့်နိုင်ရန်အတွက်လည်းကောင်း၊ အချောထည်ထုတ်လုပ်ရန်အတွက်လည်းကောင်း၊ တာရှည်ခံနိုင်ရန်အတွက်လည်းကောင်း အသုံးပြုကြရသည်။

ဤသို့ဆောင်ရွက်ရန် လျှပ်စစ်စွမ်းအင်လိုအပ်ပါသည်။ လျှပ်စစ်စွမ်းအင်မရှိဘဲ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင် ရွက်၍ မဖြစ်နိုင်ပါ။ လက်ရှိမြန်မာပြည်၏ လျှပ်စစ်ထုတ်လုပ်မှုမှာ ၃၅၀၀ မဂ္ဂါဝပ်ခန့်သာရှိပြီး တိုင်းပြည်အိမ်ထောင်စုပေါင်း ၃၃ ရာခိုင်နှုန်းသာ လျှပ်စစ်မီးပေးနိုင်သေးပြီး ၆၆ ရာခိုင်နှုန်းခန့် လျှပ်စစ်မီး မရသေးဟုဆိုပါသည်။ ထိုစာရင်းမှာ တပြည်လုံးပျမ်းမျှ စာရင်းသာဖြစ်ပြီး ပြည်နယ်များတွင် လျှပ်စစ်မီးမရသည့်အချိုးအစား ပိုမြင့်ဖွယ်ရှိသည်။အထူးသဖြင့် ရန်ကုန်မန္တလေးနှင့် မြို့ကြီးပြကြီးများတွင် မီးရရှိသေးပြီး ကျေးလက်အများစုမှာ လျှပ်စစ်မီးမရသေးဟု ဆိုရပါမည်။

ထိုသို့ လျှပ်စစ်မီးရသည်ဆိုသည့် ရန်ကုန် မန္တလေးမြို့ကြီးများပင်လျင် လျှပ်စစ်စွမ်းအင် မလုံလောက်ဘဲ မကြာခဏမီးပြတ် တောက်နေသည်ကို အားလုံးအသိပင်ဖြစ်သည်။ ဤသို့ လူထုပင် လျှပ်စစ်မီး မလုံလောက်သည့်အခြေအနေတွင် ထုတ် လုပ်ရေးမြှင့်တင်ရန် မည်သည့်လျှပ်စစ်စွမ်းအင်ကို အသုံးပြုမည်နည်း။ တိုင်းပြည်ကို ဆင်းရဲတွင်းမှ ဆွဲထုတ်ရန် မည်သည့် လျှပ်စစ်စွမ်းအင်ကို အသုံးပြုမည်နည်း။

မြန်မာပြည်ကဲ့သို့ဆင်းရဲသော တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန်လိုအပ်သည်။ နိုင်ငံရပ်ခြားမှ အရင်းအနှီးအတတ်ပညာများဖြင့် စက်မှုလုပ်ငန်းများထူထောင်ပြီး တိုင်းပြည်ထုတ်ကုန်မြင့်တက်စေခြင်း အ ခွန်အခ ဝင်ငွေရရှိစေခြင်း မိမိပြည်သူများအလုပ်အကိုင် အတတ်ပညာရရှိစေခြင်းဖြင့် တိုင်းပြည်ကို တွန်းတင်ရမည်ဆိုသည်ကို အများကလက်ခံပြီးသား အကြောင်းအရာတခုဖြစ်သည်။

ယနေ့ စီးပွားရေးအင်အားကောင်းလာသည့် တရုတ်ပြည်သည်ပင် ၁၉၈၀ စီးပွားရေး တံခါးဖွင့်ဝါဒကျင့်သုံးပြီးမှ တိုးတက် လာခြင်းဖြစ်သည်။ ၁၉၈၀ မတိုင်မီက ရိက္ခာ လောင်စာ ပိတ်စမှအစ ရာရှင်စနစ်ဖြင့် ခွဲတမ်းချ ၍ သုံးစွံခဲ့ရသည့် နိုင်ငံဖြစ်ခဲ့သည်။ ၁၉၈၀ နောက်ပိုင်း နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီးနောက် တရုတ်၏ နိုင်ငံခြားပို့ကုန်အများစုမှာ ပြည်ပရင်းနှီး မြှုပ်နှံမှ ဖြစ်ခဲ့သည်။

ထိုသို့ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံများသည် တံခါးဖွင့်ပေါ်လစီ လိုအပ်သည့်ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဥပဒေအပြင် အခြေခံအဆောက် အအုံများ ကောင်းမွန်စွာရှိရန်လိုအပ်သည်။ ထိုအခြေခံအဆောက်အအုံများတွင် အရေးကြီးလိုအပ်သည်မှာ လျှပ်စစ်စွမ်းအင် ဖြစ်သည်။ မြန်မာပြည်အစိုးရက မည်သို့လက်ကမ်းခေါ်သည်ဖြစ်စေ လက်ရှိ မြန်မာပြည်အရပ်သားအစိုးရသစ်ကမည်သို့ပင် အပြောင်းအလဲများလုပ်မည်ဆိုစေ လာရောက်ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများအတွက် လျှပ်စစ်စွမ်းအင်မရှိက လာရောက်မြှုပ်နှံနိုင်လိမ့်မည်မဟုတ်ပေ။ ပြီးခဲ့နှစ်များက ကိုးရီးယားမှ ဆမ်ဆောင်အီလက်ထရောနစ်ကုမ္မဏီမှ မြန်မာပြည်တွင် လာရောက် ရင်းနှီးမြှုပ်နှံပြီး စက်ရုံတည်ရန်ပြင်ဆင်ခဲ့သေးသော်လည်း လျှပ်စစ်စွမ်းအား အာမခံနိုင်ခြင်းမရှိ၍ ဗီယက်နမ်နိုင်ငံသို့ ဆမ် ဆောင်၏ ရင်းနှီးမြှုပ်နှံမှု ရောက်ရှိသွားသည်ဟု ဆိုပါသည်။

လက်ရှိ မြန်မာပြည်၌ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဝယ်ယူသုံးစွဲမှုမှာ ၃၅၀၀ မဂ္ဂါဝပ်သာရှိသော်လည်း မြန်မာပြည်လူဦးရေနှင့် အလှမ်းမကွာသည့်အာရှ၏ ကျားနှစ်ကောင်ဖြစ်သော ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ လျှပ်စစ်စွမ်းအင် ထုတ်လုပ်သုံးစွဲမှု မှာ များစွာမြင့်သည်။ ထိုင်းနိုင်ငံ၏လျှပ်စစ်သုံးစွဲမှုမှာ ၂၉၉၀၀ မဂ္ဂါဝပ်ဖြစ်ပြီး ဗီယက်နမ်၏ လျှပ်စစ်သုံးစွဲမှုမှာ ၂၀၀၀၀ မဂ္ဂါဝပ် ရှိသည်။ ထိုင်းက မြန်မာထက် ၈ ဆကျော်မြင့်ပြီး ဗီယက်နမ်က ၆ ဆခန့် မြင့်မားသည်။

သို့ဖြစ်ရာ မြန်မာပြည်အဖို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအင်မည်သို့ ထုတ်လုပ်ရယူမည်ဆိုသည်မှာ အရေးကြီးပြဿနာဖြစ်သည်။ ထိုင်းတို့ ဗီယက်နမ်တို့အား ကျော်တက်ရန်မဆိုထားနှင့် လိုက်မှီရန်ပင် အတော်ကြိုးစားရပေ မည်။ စိတ်ဓာတ်သက်သက်ဖြင့် လုပ်၍ မရနိုင်ပေ။ လျှပ်စစ်စွမ်းအင်နှင့်ပတ်သက်၍ လက်တွေ့ကျသည့်ခြေလှမ်းများ စီမံ ကိန်းများရှိရန်လိုသည်။ ပလိုင်းပေါက်နှင့် ဖားကောက်သကဲ့သို့ လျှပ်စစ်ဖြည့်တင်းရန်စဉ်းစားချက်များနှင့် မလုံလောက်ချေ။ ထိုသို့ စနစ်ကျသော လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကြီးများ ရေးဆွဲလုပ်ဆောင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံ ဗီယက်နမ်တို့အား ကျော်တက်ရန်မဆိုထားနှင့် လိုက်မှီရန်ပင် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။

● လျှပ်စစ်အင်ဂျင်နီယာတယောက်၏ အမြင်
လက်ရှိ မြန်မာလျှပ်စစ်တွင် တာဝန်ထမ်းဆောင်နေသည့် အင်ဂျင်နီယာတဦးဖြစ်သူ ကိုမျိုးမင်းနိုင်၏အမြင်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

၁။ ဓာတ်အားခတိုးမြှင့်ကောက်ခံရန် အမှန်တကယ်လိုအပ်နေသော်လည်း ပြည်သူများ၏ဝင်ငွေအရ မတို့ မထိရဲ။ 
၂။ ဓာတ်အားမလုံလောက်မှုအတွက် ဓာတ်အားတိုးထုတ်ဖို့ ရေအား/ကျောက်မီးသွေးဓာတ်အားထုတ်လုပ်မှုများကို ပြည်သူ လက်ခံနိုင်အောင် မစွမ်းဆောင်နိုင်လို့ မထိရဲ မတို့ရဲ။ 
၃။ ဓာတ်ငွေ့က ဓာတ်အားထုတ်ဖို့ ဓာတ်ငွေ့ အရောင်းလက်လွန်လို့ မထိရဲ မတို့ရဲ။ 
၎။ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပို့လွှတ် / ဖြန့်ဖြူးရေးဆက်စပ်ပစ္စည်းများ အဆင့်မှီအောင်လုပ်ဖို့ လိုအပ်သောငွေ အလုံအလောက်မရှိလို့ မထိရဲ မတို့ရဲဟု သုံးသပ်ထားပါသည်။

ဤသုံးသပ်ချက်များသည် လက်တွေ့ကျ၍ အလေးထားသုံးသပ်ကြည့်စေလိုပါသည်။

● လျှပ်စစ်စွမ်းအင်လုံလောက်ရေး
အထက်တွင် ဖေါ်ပြထားသည့် အချက် ၄ ချက်အနက်၌ ဒုတိယအချက်နှင့် တတိယအချက်မှာ လျှပ်စစ်စွမ်းအင်လုံလောက်အောင်ထုတ်လုပ်ရေးနှင့်ပတ်သက်ပါသည်။ လက်ရှိ မြန်မာပြည်တွင် ထုတ်လုပ်နေသည့် လျှပ်စစ်စွမ်းအင်ပမာဏသည် တ ပြည်လုံးမဆိုထားနှင့် ရန်ကုန် မန္တလေးမြို့ကြီးများတွင်ပင် မလုံလောက်သည်ကို လက်တွေ့ပင်ဖြစ်သည်။ သို့ဖြစ်ရာ တိုင်းပြည် အတွက် လျှပ်စစ်စွမ်းအင် လုံလောက်အောင် မည်သို့ဖြေရှင်းမည်နည်း။ လျှပ်စစ်စွမ်းအင်လုံလောက်ရေးဆိုသည်မှာ အိမ် တိုင်းစေ့ မီးလင်းရေးမျှ သာမဟုတ်ပေ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ရန် လည်း လိုအပ်သည်ကို သတိပြုရန် အထူးလိုအပ်ပါသည်။

လက်ရှိကာလတွင် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရန် လိုအပ်ချက် ၂ ခုရှိသည်။ တခုမှာ လတ်တလော လိုအပ်ချက်ကို ဖြေရှင်း ရန်အတွက်ကို ဖြေရှင်းရန်အတွက်ဖြစ်သည်။ နောက်တခုမှာ ရေရှည်ပြဿနာကို ဖြေရှင်းရန်အတွက်ဖြစ်သည်။ မဖြစ်မနေဖြေ ရှင်းရမည့်ပြဿနာများဖြစ်သည်။ လက်ရှိ လျှပ်စစ်စွမ်းအင်တိုးတက်ထုတ်လုပ်နိုင်ခြင်းမရှိပါက လာမည့် သုံးလေးတွင် မီးအ လှည့်ကျပေးသည့်စနစ်သို့ ပြန်လည်ရောက်သွားနိုင်ပါသည်။

လတ်တလောလိုအပ်ချက်ကိုဖြည့်တင်းနိုင်သည်မှာ သဘာဝဓာတ်ငွေ့စက်ရုံနှင့် ကျောက်မီးသွေးစက်ရုံတို့ဖြစ်သည်။ မြန်မာ ပြည်တွင် သဘာဝဓာတ်ငွေ့ များပြားစွာထွက်သည်ဆိုသည်သော်လည်း ယခင်အစိုးရလက်ထက်က တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် အသုံးမပြုခဲ့။ ရသမျှ ရောင်းစားခဲ့ကြသည်။ ထိုင်းအားလည်းကောင်း၊ တရုတ်အားလည်းကောင်း၊ ရောင်းစားခဲ့ကြရာ ယခုကိုယ်ရောင်းခဲ့သည့် ကိုယ့်ဓာတ်ငွေ့ကို ပြန်ဝယ်ရန်ကြိုးစားနေ သော်လည်း ဓာတ်ငွေ့တော့မရောင်းနိုင် လျှပ်စစ်ဓာတ်အား ပြန်ရောင်းမည်ဟုဆိုသည်။ ယခင်အစိုးရလက်ထက်က ပြုခဲ့ သော အကျိုးဆက်ကြောင့် ဈေးပေါပေါနှင့်ရောင်းခဲ့သောဓာတ်ငွေ့အစား ဈေးကြီးသော လျှပ်စစ်ဓာတ်အား ပြန်ဝယ်ရမည့် အခြေသို့ ဆိုက်နေသည်။

ဤပြဿနာတွင် အဆိုပါနိုင်ငံများကို အပြစ်တင်၍မရပေ။ နိုင်ငံတကာထုံးတမ်းစဉ်လာနှင့်အညီ သူတို့စာချုပ်ချုပ် ဝယ် ယူထားခြင်းဖြစ်ရာ သူတို့ဝယ်ယူထားသောဓာတ်ငွေ့ကို သူတို့စီမံပိုင်ခွင့်ရသွားပြီဖြစ်သကဲ့သို့ အကျိုးအမြတ်လည်းတွက် မည်သာ ဖြစ်သည်။ ပြဿနာမှာ ရေရှည်တိုင်းပြည်အကျိုးစီးပွားကိုမကြည့် မျက်တောင်မွှေးတဆုံးသာကြည့်တတ်သော အုပ်စိုးသူများနှင့် ကြုံကြိုက်ရသည့် မြန်မာပြည်မှာ လျှပ်စစ်တွေပိုနေလို့ ရောင်းစားရပါသည်ဆိုသော ဗြောင်လိမ်သူများနှင့် ကြုံကြိုက်ခဲ့ရသည့် မြန်မာပြည်ပြည်သူများ၏ စိတ်ပျက်ဘွယ်ကောင်းသည့် ဆိုးဝါးသည့်ကံကြမ္မာကိုသာ အပြစ်တင်ရပေတော့ မည်။

အကယ်၍ သဘာဝဓာတ်ငွေ့ဝယ်မရပါဘဲ လျှပ်စစ်ပြန်ဝယ်ရပါက တယူနစ်လျှင် ၁၅၀ အထက်တွင် အနည်းဆုံးရှိနိုင်သည်။ လတ်တလောဖြေရှင်းရန်သဘာဝဓာတ်ငွေ့အပြင် နောက်တခုမှာ ကျောက်မီးသွေးစက်ရုံဖြစ်သည်။ ကျောက်မီးသွေးစက်ရုံ နှင့်ပတ်သက်၍ ပြင်းထန်စွာဆန့်ကျင်သူများရှိနေရာ အဖြေတခုတော့ရှာဖို့ လိုအပ်ပေမည်။

ထို့ပြင် ရေရှည်ပြသနာကိုလည်း မဖြစ်မနေစဉ်းစားရမည်။ ထိုင်းတို့ဗီယက်နမ်တို့အား အမှီလိုက်နိုင်ရန် မြန်မာပြည်အနေနှင့် လျှပ်စစ်ဓာတ်အားအနည်းဆုံး ၁၅၀၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ရန် လိုအပ်နေသည်။ ဤမျှ များပြားသည့် လျှပ်စစ်ပမာဏကို ထုတ်လုပ်ရန် မြန်မာပြည်အနေအထားနှင့်ဆိုလျှင် ရေအားလျှပ်စစ်မှသာ ထုတ်ယူသုံးစွဲရန်သာ ရှိသည်။ ရေအားလျှပ်စစ်မှ စွမ်းအင်ထုတ်လုပ်ခြင်းသည် ကုန်ကျစားရိတ်အနည်းဆုံး အသက်သာဆုံးဖြစ်သည်။

တဖက်တွင်လည်း လက်ရှိမြန်မာ့ပင်လယ်ပြင်တွင် ထုတ်လုပ်နေသောသဘာဝဓာတ်ငွေ့တွင်းများမှာ လာမည့် ၁၀ နှစ်နှင့် အနှစ် ၂၀ အတွင်း ကုန်ခမ်းသွားနိုင်သည်ဟုဆိုသည်။ သဘာဝဓာတ်ငွေ့တွင်းအသစ်များ ရှာဖွေတွေ့ရှိနိုင်သော်လည်း အကန့်အသတ် ရှိသည်။ ရေအားလျှပ်စစ်ကတော့ အကန့်အသတ်အနဲဆုံးဖြစ်သည်။

သို့ဖြစ်ရာ လက်ရှိမြန်မာပြည် စွမ်းအင်လိုအပ်ချက်အတွက် သဘာဝဓာတ်ငွေ့ကလက်လွန်နေသည့်အချိန်တွင် ရေတိုပြဿ နာဖြေရှင်းရန် ကျောက်မီးသွေးစက်ရုံသည်လည်းကောင်း၊ ရေရှည်အတွက် ရေအားလျှပ်စစ်သည်လည်းကောင်း၊ မဖြစ်မနေ ထည့်သွင်းစဉ်းစားလုပ်ဆောင်ရန် လိုအပ်ပေတော့သည်။ သို့သော် အဆိုပါကျောက်မီးသွေးစက်ရုံ ရေအားလျှပ်စစ်ဆိုသည်နှင့် ဒေသခံများ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းမှုနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ ကန့်ကွက်မှုများနှင့် မလွဲမရှောင်သာ ထိပ်တိုက်ရင်ဆိုင်ရပေတော့မည်ဖြစ်ပါသည်။

● ဒေသခံ သဘာဝပတ်ဝန်းကျင်နှင့် လျှပ်စစ်စွမ်းအင်
လက်ရှိအခြေအနေတွင် သစ်တောပြုန်းတီးမှုများ သတ္တုထုတ်လုပ်မှုများကြောင့် မြန်မာပြည်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက် မှုရှိနေသည်ဟုဆိုကြသော်လည်း နိုင်ငံခြားသားအချို့ကတော့ မြန်မာပြည်သည် သဘာဝအပျိုစင်အတိုင်းရှိသေးသည်ဟုဆိုကြသည်။ သူတို့ဆိုလိုသည်မှာ မူလသဘာဝပတ်ဝန်းကျင်အား ပြုပြင်ပြောင်းလဲထားသည့် အသွင်အပြင်များစွာ မရှိသေး သည်ကို ဆိုလိုပါသည်။

လက်တွေ့တွင် မြန်မာပြည်၏အဓိကမြစ်ကြီး ၄ ခုဖြစ်သော ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းမြစ်များပေါ်တွင် ရေ အားလျှပ်စစ်ဆောက်လုပ်ရန် ကြံရွယ်ချက်များရှိသည်ဆိုသော်လည်း ယနေ့တိုင် မည်သည့်စီမံကိန်းမှအကောင်အထည် မဖေါ်နိုင်သေးပါ။ အဆိုပါ မြစ်များအားလုံးကို သဘာဝအတိုင်းထားမည်လော (သို့မဟုတ်) မိမိတို့တိုင်းပြည်အတွက်အကျိုး ရှိစေရန် ရေအားလျှပ်စစ်ထုတ်လုပ်မည်လော မိမိတို့ ရွေးချယ်ရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကြား အလယ်အလတ်လမ်းကို ရွေးချယ်ရန်လိုသည်။

အဆိုပါမြစ်များ၌ ရေအားလျှပ်စစ်ထုတ်လုပ်ရန်ရည်ရွယ်ပါက ပထမဆုံးကြုံတွေ့ရသည့်ပြဿနာမှာ ဒေသခံများပြဿနာဖြစ် သည်။ ရေအားလျှပ်စစ်လုပ်ငန်းခွင်မှ ပြောင်းရွှေ့ဖယ်ရှားခံရသည့် ဒေသခံများပြဿနာဖြစ်သည်။ ၁၉၉၅/၉၆ ချင်းတွင်းမြစ် ပေါ်ရှိ ထမံသီရေအားလျှပ်စစ်တည်ဆောက်ရန်အတွက်လည်းကောင်း၊ ၂၀၀၉ ခုနှစ် မြစ်ဆုံရေအားလျှပ်စစ်တည်ဆောက် ရန်အတွက်လည်းကောင်း၊ ဒေသခံများ အမိန့်အာဏာအသုံးပြု၍ အဓမ္မပြောင်းရွှေ့ခဲ့ကြသည်။ ဒေသခံများအား သဘော ပေါက်လက်ခံလာအောင် ဆွေးနွေးရှင်းလင်းသည့်နည်းလမ်း မသုံးခဲ့ကြပေ။ အလားတူ ပြောင်းရွှေ့ခံရသည့် ဒေသခံများ အတွက် နေရာထိုင်ခင်းမှစ၍ လိုအပ်သည့်အသက်မွေးဝမ်းကြောင်း စီစဉ်ပေးခဲ့မှုများ အားနည်းခဲ့သည်။

လိုအပ်သည်မှာ ဒေသခံများအား နားလည်သဘောပေါက်လက်ခံအောင် ဆွေးနွေးရှင်းလင်းခြင်း ပြောင်းရွှေ့ခံရသည့်ဒေသ ခံများအား နေရာထိုင်ခင်းမှစ၍ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ကို ပြည့်ပြည့်ဝဝ စီစဉ်ပေးခြင်းတို့ကို ဂရုစိုက်ဖြေရှင်း ပေးရန်လိုအပ်သည်။

ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ပါက ရေမြုပ်ဧရိယာရှိမည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု တစုံတရာရှိမည်သာ ဖြစ်သည်။ ထွက်လာမည့်လျှပ်စစ်ဓာတ်အားနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကြား အလေးသာသည့်ဖက်ကို အကျိုးရှိစွာ အသုံးချဖို့ လိုသည်။ တကယ်တမ်းဆိုလျှင် မြန်မာပြည်၏အဓိက မြစ်ကြီး ၄ ခုအပေါ် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရန် လိုအပ်သည်။ ထိုသို့ထုတ်လုပ်ရာတွင် ဒေသခံများနှင့်ပတ်သက်သည့် ပြဿနာ သဘာဝပတ်ဝန်းကျင်ပြဿနာများကို ထည့်သွင်းစဉ်းစားဖြေရှင်းရန်လိုမည်။ ရေအားလျှပ်စစ်တည်ဆောက်ရာတွင်မြစ်ဆုံကဲ့သို့ လူထုလက်မခံနိုင်သည့် နေရာများကို သတိပြုရန်လိုသည်။ ရှည်လျားသော မြစ်များတွင် တည်ဆောက်နိုင်သည့်နေရာ များစွာရှိပါသည်။

တဖက်ကလည်း သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့အစည်းများ အရပ်ဖက်လူ့အဖွဲ့အစည်းများအနေနှင့်လည်း လျှပ် စစ်စွမ်းအင်အား စားရိတ်အကုန်အကျအနည်းဆုံးနှင့် ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာပြည်၏ လက်တွေ့ကျသောပြဿနာဖြစ်သည်ကို သဘောပေါက်လက်ခံရန်လိုသည်။ လျှပ်စစ်စွမ်းအင်လိုအပ်ချက်နှင့် ရရှိအောင်လုပ်ဖို့ လိုသည်ဆိုသည့်အချက်ကို အသိမှတ်ပြုရန်လိုသည်။ မြန်မာပြည်ရှိ မည်သည့်မြစ် ပေါ်မှ ရေအားလျှပ်စစ် အဆောက်မခံနိုင်ဆိုသည့် အစွန်းဖက်ကို ရှောင်ရန်လိုအပ်မည်။

အလားတူပင် ရေတိုအတွက် စဉ်းစားရမည့် ကျောက်မီးသွေးစက်ရုံပြဿနာတွင်လည်း လူနေထူထပ်သည့်နေရာများတွင် စက်ရုံတည်ခြင်းကိုရှောင်ရှားခြင်းဖြင့် ပြဿနာပြေလည်အောင် စဉ်းစားရန်လိုအပ်မည်။ အချို့ကတော့ ကျောက်မီးသွေးလုံးဝ လက်မခံ No Coal ဟု ဆိုကြသည်။ အတော်ပင် ဆွေးနွေးငြင်းခုံရပေလိမ့်မည်။ သို့သော် လက်တွေ့က လတ်တလော စွမ်းအင်လိုအပ်ချက်ကို မဖြည့်စွမ်းနိုင်ပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေဆဲပင်ဖြစ်မည်။ ရင်းနှီးမြှုပ်နှံမှုများလုပ် နိုင်လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ကျောက်မီးသွေးစက်ရုံမလုပ်ဆိုလျှင် မည်သို့ပြဿနာဖြေရှင်းမည်ဆိုသည်ကို နည်းလမ်း ရှာ ရန် လိုအပ်ပေမည်။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)

မင်းညွှန့်လှိုင် ● အမှန်တရားလား ... သူလာနေတယ်

$
0
0

မင်းညွှန့်လှိုင် ● အမှန်တရားလား ... သူလာနေတယ်
(မိုးမခ) ဇွန် ၁၈၊ ၂၀၁၆

ဟိတ်  ...
ဟိတ်  ...
ဟိတ် ...
ခေတ်ကြီး သုံးခေတ်ဖြစ်ရင်ဖြစ်မယ်
စစ်ပွဲ သုံးဆယ်ဖြစ်ချင်ဖြစ်မယ်
အရိုးတွေ ဘယ်တော့မှမဆွေးဘူး
တွန်သံတွေ ဘယ်တော့မှမတိတ်ဘူးဟေ့။

တွေ့လား တွေ့လား
စာလုံးတွေပေါ်လျှောက်လာမယ်
ဆေးစက်တွေနဲ့ မျှောလာမယ်
စောင်းအိုးထဲက ထွက်လာမယ်
ကတ္တီပါကားလိပ်ကြားက ပေါ်လာမယ်
ဖလင်ကော်ပြားပေါ်က ဆင်းလာမယ်
စိမ်းမြဖန်သားကို ထိုးခွဲလာမယ်။

အေး
မျက်တောင်မခတ် ကြည့်ထားကြ
ဗိုလ်ခြေတစ်ထောင်မမပါဘဲ
တံခါးတွေ ကြွတက်လာမယ်
တံတိုင်းတွေ မွကြွေကုန်မယ်
သွေးစက်တွေ လှိုင်းထန်သွားမယ်
အရိုးစုတွေ လမ်းထလျှောက်မယ်
လမ်းမတွေ ပါးပျဉ်းထောင်ထမယ်
တားဆီးလို့မရတဲ့ တံဇဉ်ကွေးကြီး
သရဖူတွေကို ရိတ်လှီးပစ်လိမ့်မယ်။

ကြားကြရဲ့လား
အကျယ်လောင်ဆုံးတိတ်ဆိတ်မှု
ခြေသံလုံလုံနဲ့ သူလာတယ်
အခိုးအငွေ့အရည်အခဲ
မျက်နှာအများကြီးနဲ့လာမယ်
ကိုယ်ခွဲအများကြီးနဲ့လာမယ်
စဝ်ကြာဆိုင်
ဆလိုင်းတင်မောင်ဦး
ဖုန်းမော်
ဝင်းမော်ဦး
ကိုပါကြီး
ဒေါ်ခင်ဝင်း
…..
….
….
နာမအမျိုးမျိုးနဲ့လာလိမ့်မယ်
သန်းပေါင်းများစွာလာလိမ့်မယ် ။
သိလိုက်ကြ
တိတိကျကျသိလိုက်ကြ
ငတို့ရဲ့သူရဲကောင်းဟာ
ဧကန်မုချလာနေတယ် ။ ။

မင်းညွှန့်လှိုင်

ကာတွန်း ညီပုချေ - အဘတို့၏ အမွေ

$
0
0

ကာတွန်း ညီပုချေ - အဘတို့၏ အမွေ
(မိုးမခ) ဇွန် ၁၉ ၊ ၂၀၁၆
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>