Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ခရမ်းပြာထက်လူ - ငြိမ်းချမ်းရေးမိခင်

$
0
0

ခရမ်းပြာထက်လူ - ငြိမ်းချမ်းရေးမိခင်
(မိုးမခ) ဇွန် ၁၉ ၊ ၂၀၁၆

ကျည်ဆံတွေက
ကျမခန္ဓာကိုယ်အနှံ့ အပေါက်တွေ ဖောက်ထွက်ခဲ့မယ်ဆိုရင်
အဲဒီ့အပေါက်တွေက ထွက်ကျလာမယ့် အလင်းတန်းတွေဟာ
အမှောင်တိုက်ထဲမှာပျောက်ဆုံးနေတဲ့
ရှင်တို့ရဲ့လမ်းတွေကို လင်းထင်းမြင်သာပါစေသား။

ရှေ့မှာချောက်ရှိလည်း
ရမယ်ဆို ဆင်းမယ်
ကျမ ဘာလိုချင်လဲ ရှင်တို့သိပါတယ်.

မျက်ကန်းတစ္ဆေမကြောက်သတဲ့လား
ဘယ်ဟုတ်ပါ့မလဲ
တစ္ဆေကမှ ကြောက်အောင် မချောက်နိုင်တာ။

ငြိမ်းချမ်းရေးအတွက်
ဘီလူးစည်း လူ့စည်းမရှိဘူး
ငြိမ်းချမ်းရေးအတွက်
နှလုံးသားမှာ စည်းနီ စည်းဝါ စည်းမထားဘူး။

နတ်ဒေ၀တာတွေက
ကျမအကြောင်း ကောင်းကောင်းသိကြတယ်
ပြီးတော့ ကျည်ဆံတွေကလည်းပဲပေါ့။

မပြစ်မှားနဲ့ ပစ်ရင်မှားမယ်။

ကျမဟာ ကျမအတွက်ရောက်လာတာမဟုတ်ဘူး
သန်း ၆၀ အတွက်
ခုဆို သန်း ၇၀၀၀ အတွက်ပါ ကျမ
ကမ္ဘာနဲ့စာချုပ် ချုပ်
အဲဒီ့အထဲမှာ ရှင်နဲ့ ရှင့်မိသားစုတွေ အကုန်လုံးပါတယ် ဆိုတာကိုလည်း ကျမက ပြောချင်တာ။ ။

ခရမ်းပြာထက်လူ
၂၀၁၃ ၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

(ပန်းချီ သန်းဌေးမောင်)

တင်အေး - ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုး

$
0
0

တင်အေး - ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုး
(မိုးမခ) ဇွန် ၁၉ ၊ ၂၀၁၆


ဘာကိုဖြစ်ဖြစ်၊ ဘယ်သူ့ကိုဖြစ်ဖြစ် … တန်ဖိုးမသိရင် ဘယ်တန်ဖိုးထားတတ်ပါ့မလဲ၊ စောင့်ရှောက်ရကောင်း မှန်း ဘယ်သိနိုင်ပါ့မလဲ။

ဒါပေမယ့် … တန်ဖိုးသိသင့်တာကို မသိရင်တော့ မသိသူကိုယ်တိုင် တန်ဖိုးမရှိသူ ဖြစ်တော့မယ်။

သမိုင်းတန်ဖိုး
သမိုင်းတန်ဖိုးကို ဘာနဲ့တိုင်းမလဲ။

လူ့အဖွဲ့အစည်းကောင်းရာကောင်းကျိုးဖြစ်မှုပေတံနဲ့ပဲ တိုင်းတာရမှာပါ။ နိုင်ငံတနိုင်ငံရဲ့အကျိုး၊ ပြည်သူ လူထုရဲ့အကျိုးကို ထမ်းဆောင်ခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေဟာ သမိုင်းတန်ဖိုးတွေပါပဲ။ ပြည်သူလူထုအကျိုး စွမ်းဆောင် ခဲ့ရင် စွမ်းဆောင်ခဲ့သလောက် သမိုင်းတန်ဖိုး ကြီးမားပါတယ်။ အလေးအမြတ်ထားရပါတယ်။ ထိန်းသိမ်းရပါတယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုး
ဗမာပြည်လူ့အဖွဲ့အစည်းမှာတင်ရှိနေတဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုးကို ဖေါ်ပြရရင် ဥပမာနိုင်းပြစရာ ပမဏာမရှိပါဘူး။ ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုးကို စာတတန် ပေတဖွဲ့ရေးပြရရင် ရေးလို့မဆုံးနိုင်ပါဘူး။

ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်းပြောရင် အချိန်ဘယ်လောက်ကြာမလဲလို့ အမေးခံရတဲ့အခါ ပြန်ဖြေ ရသလိုပါပဲ၊ ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ပြောရင် တမိနစ်ကနေ တသက်လုံးကြာအောင် ပြောလို့ရပါ တယ်။ နားထောင်ဖို့ တမိနစ်ပဲ အချိန်ရရင် ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်းဆိုတာ ဘာလဲလို့ တမိနစ်ထဲနဲ့ ပြောပြလို့ရပါတယ်၊ တသက်လုံးနားထောင်မယ်ဆိုရင် တသက်လုံး ပြောလို့မကုန်နိုင်ပါဘူး။ ပြောမဆုံးပေါင် သမိုင်း အစောင်စောင် ဖြစ်မှာပါ။

ပြောမဆုံး၊ ရေးမဆုံးနိုင်တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုးတွေကို စာတတန်ပေတဖွဲ့မလုပ်တော့ဘဲ၊ လက်လမ်းမှီသလောက်၊ ဥာဏ်မှီသလောက် စာရင်း တို့ကြည့်ပါရစေ။

၁။ ဗကသများအဖွဲ့ချုပ်ဟာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်လပ်ရေးသမိုင်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတရပ်အဖြစ် ကျောင်းသားလှုပ်ရှားမှုကိုဦးဆောင်ပြီး ပါဝင်ခဲ့တယ်။

၂။ ဗကသများအဖွဲ့ချုပ်ဟာ စစ်အာဏာရှင်စနစ်အကုန်အစင်ဖျက်သိမ်းရေးနဲ့ ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတရပ်အဖြစ် ကျောင်းသားလှုပ်ရှားမှုကိုဦးဆောင်ပြီး ပါဝင်ခဲ့တယ်။

၃။ လူထုတိုက်ပွဲ၊ အလုပ်သမားတိုက်ပွဲနဲ့ လယ်သမားတိုက်ပွဲတွေမှာ ဆက်စပ်ပါဝင်ခဲ့တယ်။

၎။ ကျွန်ပညာရေးစနစ် ဖျက်သိမ်းပြီး အမျိုးသားပညာရေးစနစ်အတွက် လှုပ်ရှားဆောင်ရွက်ခဲ့တယ်။

၅။ ကမောက်ကမပညာရေးစနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီပညာရေးစနစ်အတွက် လှုပ်ရှားဆောင်ရွက်ခဲ့ တယ်။

၆။ ခေတ်အဆက်ဆက် ကျောင်းသားထုအခွင့်အရေးဆုံးရှုံးမှုတွေအတွက် ဦးဆောင်လှုပ်ရှားခဲ့တယ်။

၇။ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးတွေအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။

၈။ နိုင်ငံတကာကျောင်းသားလှုပ်ရှားမှုနဲ့ ဆက်စပ်ဆောင်ရွက်ခဲ့တယ်။

၉။ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ ပထမဆုံးအထွေထွေသပိတ်ကြီးဖြစ်တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးမှာ တတိယကျောင်းသားသပိတ်ကြီးနဲ့အတူ ဦးဆောင်မှုအခန်းက ပါဝင်ခဲ့တယ်။

၁၀။ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ တတိယအထွေထွေသပိတ်ကြီးဖြစ်တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံလို့ ခေါ်ကြတဲ့ ၁၃၅၀ ပြည့် လူထုအရေးတော်ပုံကြီးမှာ ကျောင်းသားလှုပ်ရှားမှုကွင်းဆက်တွေနဲ့ ဦးဆောင်မှု အခန်းက ပါဝင်ခဲ့တယ်။

၁၁။ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှာ သမိုင်းဝင်ခေါင်းဆောင်တွေဟာ ဗကသများအဖွဲ့ချုပ်က ပေါ်ထွက်လာခဲ့ တယ်၊ လက်လှမ်းမီသလောက် တချို့ကို ဖေါ်ပြရရင် -

(က) ၁၉၃၆-၃၇ ခုနှစ်မှာ ဗကသ ရဲ့ ပထမဆုံးဥက္ကဌ တာဝန်ယူခဲ့တဲ့ ကိုရာရှစ် ခေါ် ဦးရာရှစ်ဟာ ပါလီမန်ခေတ်မှာ ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့တယ်။

(ခ) ၁၉၃၈-၃၉ ခုနှစ်မှာ ဗကသရဲ့ ဥက္ကဌတာဝန်ယူခဲ့တဲ့ ကိုအောင်ဆန်း ခေါ် ဗိုလ်ချုပ်အောင်ဆန်း ဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးတို့မှာ ဦးဆောင်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီး ဖြစ်လာခဲ့တယ်။

(ဂ) ၁၉၃၈-၃၉ မှာပဲ ဗကသ ဥက္ကဌတာဝန်ယူခဲ့တဲ့ ကိုဗဟိန်းဟာ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးမှာ “မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်”စေခဲ့တဲ့ ကျောင်းသားခေါင်းဆောင်၊ သပိတ် ခေါင်းဆောင်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အသေစောခဲ့ရပေမယ့် ဒီနေ့အထိ ဗမာပြည်သမိုင်း၊ နယ်ချဲ့ ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်လပ်ရေးသမိုင်းပြောရင် ချန်ထားမရတဲ့ ခေါင်းဆောင် တယောက် ဖြစ်ခဲ့တယ်။

(ဃ) ဗကသ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုအောင်ကျော် ခေါ် ဗိုလ်အောင်ကျော်ဟာ တတိယ ကျောင်း သားသပိတ်ကြီးမှာ တခြားသပိတ်တိုက်ပွဲဝင်ရဲဘော်အတွက် အသက်ပေးခဲ့ပြီး၊ ဒီနေ့အထိ ရန်ကုန် တက္ကသိုလ်ပင်မ သမဂ္ဂမြက်ခင်းပြင်မှာ အုတ်ဂူတည်ထား အလေးပြုနေရတဲ့ သမိုင်းဝင် ကျောင်း သားသူရဲကောင်းဖြစ်ခဲ့တယ်။

(င) ၁၉၃၆ ခုနှစ်မှာ ဗကသရဲ့ အဖွဲ့ဝင်အဖွဲ့စည်းဖြစ်တဲ့၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ရဲ့ ဥက္ကဌတာဝန်ယူခဲ့တဲ့ ကိုနု ခေါ် ဦးနုဟာ ဗမာပြည်လွတ်လပ်ရေးရပြီးတော့ ပထမဆုံး ဝန်ကြီးချုပ် တာဝန်ယူခဲ့တယ်။

(စ) ဗကသ ရဲ့ အမှုဆောင် ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုသုရှိန် ခေါ် ဗိုလ်ရန်နိုင်၊ ကိုလှမောင် ခေါ် ဗိုလ်ဇေယျ၊ ကိုလှ ခေါ် ဗိုလ်မင်းရောင်တို့ဟာ ဗမာ့လွတ်လပ်ရေးသမိုင်းမှာ လက်နက်ကိုင်တိုက်ပွဲကို ဦးဆောင်ဆင်နွှဲခဲ့ကြတဲ့ ရဲဘော်သုံးကျိတ်ဝင်တွေ ဖြစ်ခဲ့ကြတယ်။

၁၂။ သမိုင်းဝင်ခေါင်းဆောင်တွေ ပေါ်ထွက်ခဲ့တဲ့ ဗကသ ခေါ် ဗကသများအဖွဲ့ချုပ်ဟာ ၁၉၃၆ ခုနှစ် မေလ (၈) ရက်နေ့ စတင်ဖွဲ့စည်းကတည်းက ရေတွက်ရင် ဗမာပြည်သမိုင်းမှာ နှစ်ပေါင်း(၈၀)သက်တမ်းရှိတဲ့ တခုတည်း သော ကျောင်းသားအဖွဲ့အစည်း၊ တခုတည်းသော သမိုင်းဝင် လူထုအကျိုးဆောင် အဖွဲ့အစည်းဖြစ်တယ်။

၁၃။ ခေတ်အဆက်ဆက် အုပ်စိုးသူလူတန်းစားက သူ့အာဏာ အလိုကျ မဖြစ်တဲ့အပေါ်မှာ အကြမ်းဖက်ရိုက် နှက်သတ်ဖြတ်တဲ့နည်းအပါအဝင် နည်းလမ်းမျိုးစုံနဲ့ ဖျက်သိမ်းပစ်ဖို့ကြိုးစားပေမယ့် ကျောင်းသားရှိနေသမျှ ကျောင်းသားသမဂ္ဂရှိနေမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ မတုန်မလှုပ် ရှင်သန်ရပ်တည်ခဲ့တဲ့ ကျောင်းသားအဖွဲ့အစည်း ဖြစ်တယ်။

၁၄။ စတင်ဖွဲ့စည်းစဉ်ကတည်းက နှစ်ပေါင်း (၈၀) သက်တမ်းကာလအတွင်း တကြိမ်တခါမျှ ဗကသများအဖွဲ့ ချုပ်နာမည်နဲ့ စင်ပြိုင်မပေါ်ခဲ့ဘူးတဲ့ ကျောင်းသားအဖွဲ့အစည်းဖြစ်တယ်။

သမိုင်းတန်ဖိုးနဲ့ သမိုင်းပေးတာဝန်
ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုးတွေဆိုတာ သိကိုသိထားရမယ့်၊ တာဝန်သိသိ ထိမ်းသိမ်းစောင့်ရှောက် ရမယ့် ဒီနေ့ခေတ်ရဲ့အဖိုးတန်အကြောင်းတရားတွေ ဖြစ်နေပါပြီ။

ဒီနေ့အချိန်မှာ ဗကသများအဖွဲ့ချုပ်ထဲမှာ ပါဝင်ပြီးတော့ပဲဖြစ်ဖြစ်၊ ဗကသများအဖွဲ့ချုပ် ပြင်ပကပဲဖြစ်ဖြစ် ဗမာပြည်သမိုင်းရဲ့အဖိုးတန်အကြောင်းတရားတွေ၊ ဗကသများအဖွဲ့ချုပ်ရဲ့သမိုင်းတန်ဖိုးတွေကို ပွန်းပဲ့၊ ထိခိုက်၊ ဖျက်ဆီးသူ မည်သူမဆို သမိုင်းတရားခံအဖြစ် မှတ်တမ်းတင်ခံရမှာ အသေအချာပါပဲ။

သိသင့်တဲ့သမိုင်းတန်ဖိုးကို မသိရင် တန်ဖိုးမရှိသူဖြစ်မယ်၊

သိထားတဲ့သမိုင်းတန်ဖိုးကို ဖျက်ဆီးရင် သမိုင်းတရားခံဖြစ်မယ်။ ။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အား လေးစားဂုဏ်ပြုလျက် -

တင်အေး

ငြိမ်းချမ်းအေး - မြန်မာအမျိုးသမီးများနေ့နှင့် ဖခင်များရဲ့ တာဝန်

$
0
0


ငြိမ်းချမ်းအေး - မြန်မာအမျိုးသမီးများနေ့နှင့် ဖခင်များရဲ့ တာဝန်
(မိုးမခ) ဇွန် ၁၉၊ ၂၀၁၆


ဒီနှစ်ဟာ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့၊ တနည်းအားဖြင့် ဒီမိုကရေစီအင်အားစု စစ်အာဏာရှင်စနစ် နဝတ၊ နအဖ ခေတ်အဆက်ဆက်မှာ သတ်မှတ်ဂုဏ်ပြုခဲ့ကြတဲ့ မြန်မာအမျိုးသမီးများနေ့နဲ့ အမေရိကားအပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာ ဖခင်များနေ့ အဖြစ် သတ်မှတ်ဂုဏ်ပြုကြတဲ့ ဇွန်လရဲ့ တတိယအပတ် တနင်္ဂနွေနေ့ဟာ တိုက်တိုက်ဆိုင်ဆိုင် တထပ်တည်းကျနေပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးကဏ္ဍ၊ အိမ်ထောင့်ရေးရာနဲ့ ဖခင်များရဲ့ တာဝန်ကို ဆွေးနွေးချင်ပါတယ်။

လူရယ်လို့ ဖြစ်လာရင် အသက်၊ အိုးအိမ်၊ စည်းစိမ် တည်ဆောက်ရေး အလို့ငှာ အသက်မွေးဝမ်းကျောင်းရတယ်၊ ဘောဂဗေဒဖြစ်စဉ်အရ ကုန်ထုတ်လုပ်ရတယ်။ နောက်ပြီးတော့ မျိုးဆက်သစ်ရှင်ကျန်ရေး လုပ်ရတယ်၊ တနည်းအားဖြင့် လူထုတ်လုပ်ရတယ်။ ဒါဟာ လူသား ဆောင်ရွက်ရမယ့် တာဝန်တွေထဲက တခု ဖြစ်တယ်။

မိသားစု ဘဝ အိမ်ရာထူထောင်ခြင်း၊ လွတ်လပ်တဲ့ ချစ်ခြင်းနဲ့ ဖိုမ ဆက်ဆံခြင်း ကိစ္စဟာ ဖဲကြဉ်၊ တားမြစ်ရတဲ့ အရာတွေ မဟုတ်ပါဘူး။ လူသားအနေနဲ့ လိင်ဆက်ဆံရေးဟာ ဘာသာရေး ဆက်စပ် အဆုံးအမတချို့က ယူဆတဲ့ အကုသိုလ်အမှု၊ ငရဲကြီးသော အရာလို့လည်း မခံယူ၊ မကျင့်သုံးအပ်ဘူး။

ဒါကြောင့် အိမ်ထောင်၊ မိဘ၊ သားသမီး တည်ထောင်ခြင်း၊ အပြန်အလှန် ဆက်သွယ်ခြင်း၊ ဆက်ဆံရေး၊ နောက် စိတ္တဇ ဗေဒ ခံစားမှု ချစ်ခြင်း၊ မေတ္တာ၊ သံယောဇဉ် အားလုံးဟာ လိုလားအပ်တယ်။ မိသားစု ဘဝ၊ အလုပ်တာဝန်၊ ခံစားမှုတွေကို အလွန်အကျွံ ပုံဖော် စိတ်ခံစားမှုကို ပြန်ပေးဆွဲ ပြောကြ၊ ဆိုကြ၊ ရေးကြ၊ ပုံဖော်ကြတာတွေ၊ အနုပညာပစ္စည်းတွေကတော့ ထောက်ပြစရာ ရှိတာကလည်း တပိုင်းပေါ့။ ဘယ်လိုဆိုဆို စိတ်ခံစားမှု၊ စံသတ်မှတ်မှုတွေဟာ ခြယ်လှယ်ဖို့၊ ခြယ်လှယ်ခံဖို့ တည်ဆောက်ယူထားတဲ့ အရာတွေလို့ အဆုံးစွန် ဆိုစေဦး လူ့လောက မိသားစုဘဝ၊ ချစ်ခြင်း မေတ္တာ စိတ္တဇဟာ ဘဝသာယာရေး ဆေးကောင်းတွေ၊ လိုလားအပ်တဲ့ စိတ္တဇပါပဲ။

ဒါပေမဲ့ အိမ်ထောင်မှု ဘဝ ထူထောင်ခြင်းမှာ အဓိက ဘယ်အရာကို ဆန့်ကျင့်ရသလဲဆိုတော့ အမျိုးသမီး တယောက်ဟာ လူမှု-စီးပွား ဘဝလုံခြုံမှု အတွက်သက်သက် အိမ်ထောက်ဖက်ရှာ လိင်အမှုကို ပေးဆပ်ရရင်၊ အိမ်ထောင့်တာဝန်ကို ထမ်းဆောင်နေရရင်တော့ ဒီလို မိသားစုဘဝ တည်ဆောက်ခြင်းမျိုးဟာ မလိုလားအပ်ဘူး၊ ဆန့်ကျင်ရမယ်၊ ဒါမျိုး ပပျောက်အောင်လုပ်ရမယ်။

ခြယ်လှယ်သူ လူတန်းစား ဘူဇွာတွေဟာ ဇနီးမယားနဲ့ သမီးကို ကုန်ထုတ်လုပ်မှု ဖြစ်စဉ် အတွက် အသုံးချခံ ပစ္စည်း၊ အထောက်အကူပစ္စည်း အဖြစ် အသုံးပြုကြတယ်။ ၁၉ ရာစု မြေရှင် ပဒေသရာဇ်နဲ့ စက်မှုအရင်းရှင်စနစ်က ဇနီးနဲ့ သမီးတွေရဲ့ အိမ်တွင်းမှု လုပ်အားကို ခေါင်းပုံဖြတ်ရင်း အပို လုပ်အားရသလို အစွန်းထွက် အရင်းဖြစ် အမြတ်ရကြတယ်။ ဇနီးက လိင်ကျွန်ဖြစ်ရတယ်။ သမီးဆိုတာ ရောင်းကုန်လည်း ဖြစ်တယ်။ ပဒေသရာဇ် စစ်ဘုရင်များအတွက် ဆိုရင် စစ်ရေး၊ သံတမန်ရေးအတွက် အသုံးချစရာ ဖြစ်တယ်။

၂၁ ရာစု လစ်ဘရယ်ဒီမိုကရေစီ အရင်းရှင်စနစ်မှာ အိမ်ထောင်ရှင် အမျိုးသမီးနဲ့ သမီးတွေဟာ လိင်ကျွန်၊ အိမ်တွင်း အလုပ်သမား၊ ရောင်းကုန် အဖြစ်ကနေ ပြောင်းလဲခဲ့ပြီ ဆိုသော်ငြားလည်း မိသားစု တာဝန်ကို ယူရမှု၊ ပေးဆပ်ရမှု၊ အနစ်နာခံရမှု၊ ထိန်းချုပ်ခံရမှု၊ စံသတ်မှတ်မှု လောင်းရိပ်များအောက် အချုပ်ကျမှုတွေဟာ နက်နက်ရှိုင်းရှိုင်း နောက်ကွယ်မှာ ကျန်နေဆဲ ပါပဲ။

ကျနော်တို့ တိုင်းပြည်ကိုပဲ ဥပမာ ပြုရင် - ချွတ်ခြုံကျနေတဲ့ လူမှုစီးပွား (Socioeconomic) အခြေအနေက အိမ်ထောင်မိသားစုရဲ့ အမျိုးသမီးတွေ (မိခင်နဲ့ နှမ အကြီး၊ အငယ်တွေ) ရဲ့ တကိုယ်ရေဆန္ဒ သဘောတွေကို ထိန်းချုပ်စေတယ်။ သူတို့ဟာ လုပ်ချင်တာ လုပ်ခွင့်မသာဘဲ မိသားစုအတွက် မဖြစ်မနေ ငဲ့ညှာစဉ်းစား ဦးစားပေးနေရတာ ရှိတယ်။ ပညာသင်ယူနိုင်မှု အခွင့်အရေး၊ ကျန်းမားရေး စောင့်ရှောက်ခံရမှု၊ ဝါသနာပါရာ အနုပညာ၊ စာပေ၊ အားကစား စတဲ့ ပင်ကိုယ် စိတ်ဗီဇနဲ့ ဆက်စပ်တဲ့ အလုပ်တွေကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်မှုမျိုးတွေမှာ ယောက်ျား၊ သား၊ မောင်ဘွားတွေ နဲ့ ယှဉ်ရင် အားနည်းနေတဲ့ ဖြစ်ရပ်တွေ ဒုနဲ့ဒေး ရှိတယ်။ မွေးရာပါ လူတဦးချင်းရဲ့ ပိုင်ဆိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်။

အမျိုးသမီးတွေ အိမ်ထောင်ပြုရင် ဒီ လူမှုစီးပွားအခြေအနေကြောင့်ပဲ ပင်ကိုယ် အရည်အသွေး တိုးတက်အောင် လုပ်ဆောင်နေရခြင်းမျိုး မဲ့နေရတယ်။ ၁၉ ရာစုတုန်းက အိမ်တွင်းမှာ အလုပ်လုပ်ရရင်း ယောက်ျားတွေ အပိုကုန်ထုတ်အင်အားရှာနိုင်အောင် ထောက်ပံ့ရသလို အခုလည်း ပိုမိုရှားပါးလာတဲ့ ခေတ်အခြေအနေအရ အိမ်ပြင်ထွက် အိမ်ထောင့်စီးပွားအတွက် ယောက်ျားများနဲ့ ယှဉ် ဝမ်းစာရှာ ရတာကလွဲလို့ ဘယ်လောက်များ ပို တူညီ ညီမျှတဲ့ အခွင့်အရေးတွေ ရရှိခဲ့ပြီလဲ။ ရှေးဟောင်း ဘူဇွာစိတ်၊ စံ မိသားစု ဘဝ အဓိပ္ပာယ် သတ်မှတ်မှု၊ ဖွင့်ဆိုမှု ဘယ်လောက် လျှော့ချပစ်လိုက်နိုင်၊ ပပျောက်ပြီလဲ ဒါကိုတော့ အမြဲ ဆန်းစစ်နေဖို့ လိုပါတယ်။

မိသားစုဘဝ ဆက်ဆံရေးပုံစံမှာ နောက်တမျိုး ဆင်ခြင်ရမယ့် အရာကတော့ လူမှု လောက လူ့ဘောင်ရဲ့မညီမျှမှုတွေ၊ ပဋိပက္ခတွေရဲ့ ရင်းခံ အကြောင်း တခု ဖြစ်နိုင်လို့ပါပဲ။ မိသားစု ဆက်ဆံရေးပုံစံမှာ မိဘ မေတ္တာ၊ ချစ်ခြင်း၊ အိမ်ထောင့် တာဝန်၊ ဇနီး မယား လင် ဝတ္တရား၊ သားသမီး ဝတ် ဆိုတွေတာနဲ့ စိတ်ခံစားမှုကို ပြန်ပေးဆွဲရင်း တရားလွန် အမိန့်အာဏာ တည်ဆောက်ယူတဲ့၊ နာခံတော်ဖြစ်စေတဲ့၊ တုံ့နှောင်မှု ဖြစ်စေတဲ့ ဖြစ်စဉ်တွေကတော့ သတိထား ဆင်ခြင်ရပါမယ်။ လူမှုအလွှာ လူတန်းစားမညီမျှမှု၊ ဖိနှိပ်မှု အားလုံးရဲ့ ရင်းခံစိတ်ဟာ မိသားစု ဘဝ အနေအထား၊ စံသတ်မှတ်မှု၊ လုပ်နည်း လုပ်ဟန် အကျင့်အကြံတွေမှာ တည်တယ်။

အကြောင်းက မိသားစု ဘဝ၊ တန်ဖိုး၊ အလုပ်ဆိုတာတွေဟာ လူမှုအသိုက်အဝန်းမှာ ဝါဒဖြန့်ချိရေး လက်နက်တွေ ဖြစ်တဲ့ ဘာသာရေး ကျင့်ဝတ်၊ နီတိ၊ ပုံပြင်၊ ပညာရေးစနစ်၊ အနုသုခုမ ဆိုတာတွေ ထက် လူတွေရဲ့ ခံယူချက် အမြင် ကို လွှမ်းမိုးမှု ရှိတယ်။ လူတွေအားလုံးရဲ့ လက်ဦးဆရာဟာ ကိုယ့်မိသားစု ပတ်ဝန်းကျင် ကွက်ကွက်ကလေးပဲ ဖြစ်တယ်။ ဒီမိသားစု ဆက်ဆံရေးမှာ တရားမျှတ လွတ်လပ်၊ ချုပ်ကိုင်မှုကင်းတဲ့ ပုံစံ ဖြစ်ဖို့ လိုတယ်။ မဟုတ်ရင် ဒီမိသားစုပုံစံက မွေးထုတ်ပေးလိုက်တဲ့ လူတွေဟာ လူ့လောကမှာလည်း ကျား-မ ဆက်ဆံရေး အရာဖြစ်ဖြစ်၊ လူမှု စီးပွား မှာ ဖြစ်ဖြစ် မတရားအမှု၊ တဖက်စောင်းနင်းပြုမူတွေကို အရိုးစွဲ ဓလေ့အနေနဲ့ နောင်တ မဲ့ အသိမရှိ လုပ်ခွင့်ရကြတယ်။ ဒါမျိုး ချုပ်ကိုင်မှု၊ ဖိနှိပ်မှု၊ တရားမဲ့မှုတွေ မိသားစု ဘဝမှာ ဓလေ့ မဖြစ်ရအောင်ကလည်း အစဉ်အလာ စံသတ်မှတ်မှု အရ အိမ်ထောင်မှာ အကြီးအမှူးပြုရတဲ့ ဖခင်တွေမှာ ပို တာဝန် ရှိတယ်။


အိမ်တွင်းအကြမ်းဖက်မှု ပပျောက်ရေး၊ ကလေးသူငယ် စိတ်ဖိစီးမှု ဝေဒနာကင်းရေး၊ မိသားစု ဘဝ လုံခြုံ သမမျှတ တရားမှု ရှိရေးမှာ မိဘ နှစ်ပါးလုံး ထမ်းဆောင်ရမှာ ဖြစ်ပေမဲ့ ရိုးရာ၊ အစဉ်အလာ စံတန်ဖိုး သတ်မှတ်ချက်တွေ အရ ပိုမို သြဇာကြီး၊ အာဏာတည်တဲ့ ဖခင်တွေမှာ ပို တာဝန်ရှိ၊ တာဝန်ယူရပါမယ်။ လူ့လောက က လူမှု၊ စီးပွား မညီမျှမှု၊ ကျား-မ လိင် ခွဲခြားမှု၊ အသားအရောင်၊ လူမျိုး၊ ဘာသာ အစွန်းရောက် ပြင်းထန်မှု၊ လူတန်းစား ခွဲခြားမှု အားလုံး ပပျောက် လျော့ပါးလာရေး အားလုံးဟာ စဉ်းစားတွေးခေါ်မြော်မြင်မှု အားလုံး မြစ်ဖျားခံရာ မိသားစု ဘဝတွေမှာ တည်တယ်၊ မိဘတွေရဲ့ အတွေးအခေါ်ကောင်း တရားမျှတ လွတ်လပ်ဖို့ လိုတယ်၊ အထူးသဖြင့် အိမ်ထောင့်ဦးစီးလို့ နေရာယူထားတဲ့ ဖခင်တွေမှာ တာဝန် ပို ရှိပါတယ်။

ပြန်ချုပ်ရရင် မိသားစု ဘဝ၊ အိမ်ထောင်အမှုနဲ့ မိဘ သားသမီးရေးရာ ကိစ္စတွေမှာ ဆိုခဲ့တဲ့ စနစ်အဆောက်အအုံက သတ်မှတ်ပုံဖော် ဖွင့်ဆိုလိုက်တဲ့ အထဲက အားနည်းချက်တွေကို ဆန့်ကျင် တော်လှန် ပြုပြင်နိုင်ရမယ်။ အမျိုးသမီးကို လိင်ပစ္စည်း သက်သက်၊ ကုန်ထုတ်လုပ်မှု ဖြစ်စဉ် အသုံးချခံ သက်သက် ခံယူတဲ့ အိမ်ထောင်သားမွေးအမှု ဓလေ့တွေကို တိုက်ဖျက်ရပါမယ်။ တည်ရှိပြီး လွတ်လပ်တဲ့ ချစ်ခြင်း မေတ္တာနဲ့ တည်ဆောက်ထားတဲ့ မိသားစု ဘဝ ဓလေ့ကိုလည်း ထိန်းသိမ်းရပါမယ်။

တပြိုက်တည်းမှာ ချုပ်နှောင်မှုတွေကိုလည်း ဖြေလျော့နိုင်ရပါမယ်။ ခွင့်တူ ပါဝင်ခွင့်ရှိရေး၊ တရားမျှတနဲ့ လွတ်လပ်မှုအတွက် ဒုတိယဆရာ စာသင်ကျောင်း စနစ် ပညာရေးမှာ တောင်းဆိုကြသလို ပထမလက်ဦးဆရာ ပုဗ္ဗာစရိယ မိနဲ့ဖ အစုအဝေးစနစ်မှာလည်း ပြောဆိုဆွေးနွေးဖို့ လိုပါတယ်။ ကိုယ်တိုင် မိဘ ဖြစ်လာနိုင်၊ အိမ်ထောင်တခု တည်ထောင်လာနိုင်တာမို့ ဒီလို ခံယူနိုင်ဖို့ဟာ လူတိုင်းမှာလည်း တာဝန်ရှိတယ်။

အပြောင်းအလဲတခုခု အခြေတည် အောင်မြင်ဖို့ ဆိုရင် ခြယ်လှယ်စွမ်းသူ လူတန်းစားက အဓိကမို့ ဖခင်လောင်း ယောက်ျားများမှာ ပိုလို့ တာဝန်ရှိကြောင်း တရားမျှတ လွတ်လပ်ခြင်းကို ဖော်ဆောင်နိုင်တဲ့ ဖခင်ကောင်းများကို ဂုဏ်ပြုလျက် ကမ္ဘာ့အနှံ့အပြားမှာ သတ်မှတ်ကျင်းပကြတဲ့ ဇွန်လ တတိယပတ် တနင်္ဂနွေ ဖခင်များနေ့နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဇွန်လ ၁၉ မြန်မာအမျိုးသမီးများနေ့ တထပ်တည်းကျခြင်း အထိမ်းအမှတ် ဆွေးနွေးတင်ပြလိုက်ကြောင်းပါ။

ငြိမ်းချမ်းအေး

(ပြန်လည်ဝေဖန်ရန် - nyeinchanaye81@gmail.com)

(ဆောင်းပါးမူလ ဗားရှင်းကို June 22, 2015 ဧရာဝတီအွန်လိုင်းနှင့် ပုံနှိပ်ဂျာနယ်တို့တွင်လည်း ဖော်ပြခဲ့သည်။)

@ http://burma.irrawaddy.org/article/2015/06/22/76773.html

ဒေါ်အောင်ဆန်းစုကြည် ပန်းချီပုံ - သန်းဌေးမောင်
(၂ဝ၁ဝ ခုနှစ် က အန်တီစုမွေးနေ့အတွက် ဧရာဝတီသို့ ပေးပို့ခဲ့သည်။ ပန်းချီဆရာ ဆရာသန်းဌေးမောင်၏ ခွင့်ပြုချက်ဖြင့် သုံးသည်။)

လောကပါလ - ဒေါ်နယ့်စိတ်ဓာတ် (၁)

$
0
0


လောကပါလ - ဒေါ်နယ့် စိတ်ဓာတ် (၁)

(မိုးမခ) ဇွန် ၁၉ ၊ ၂၀၁၆

[၁]

၂၀၀၆ ခုနှစ်ဆီက ဒေါ်နယ်ထရန့် (Donald Trump) တယောက် စကော့တလန်နိုင်ငံ အက်ဘာဒင်းမြို့အနီးရှိ မယ်နီးအိမ်ရာ (Menie Estate) ကိုဝယ်ယူရန် အစီအစဉ်တွေရေးဆွဲခဲ့ဖူး၏။ ထိုနေရာရှိ သဲသောင်ခုံများ မြက်ခင်းပြင်များအား ခမ်းနားသောဂေါက်ရိုက်အပန်းဖြေစခန်းတခုအဖြစ်သို့ ပြောင်းလဲရန်ရည်ရွယ်ချက်နှင့် ဖြစ် လေသည်။ ကော့အင်ဘူး(Cock & Bull) စားသောက်ဆိုင်မှာ သူနှင့်အိမ်ရာပိုင်ရှင် တွမ်ဂရစ်ဖင် (Tom Griffin) တို့ အရောင်းအဝယ်ကိစ္စဆွေးနွေးခဲ့ကြရာ၌ ထရန့်သည်အသေးအဖွဲကိစ္စကလေးများကိုပင် အလျှော့ပေးရန် ဝန်လေးသူတဦးဖြစ်ကြောင်း ဂရစ်ဖင်အမှတ်ရနေသည်။ 

ဂရစ်ဖင်အနေဖြင့် ထိုညနေအကြောင်း ပြက်ပြက် ထင် ထင်အရှိဆုံးမှာ ဇာတ်မူဇာတ်ဟန်တွေဖြစ်သည်ဟု မကြာသေးမီက “လုံလောက်သည်မရှိ (Never Enough)” အမည်ဖြင့် မိုက်ကယ်အန်တိုနီယို (Michael D’Antonio) ပြုစုခဲ့သော ထရန့်အတ္ထုပတ္တိစာအုပ်တွင် ရေးသား ထားသည်။ စားပွဲတဘက်တွင်ထိုင်နေသော ရွှေရောင်ဆံပင်ပိုင်ရှင်ကိုကြည့်ရသည်မှာ လန်ဒန်ဇာတ်ခုံပေါ်တွင် မင်းသားတဦးသရုပ်ဆောင်နေသည်ကို ကြည့်ရသည့်နှယ် ရှိလေ၏။ “ဒေါ်နယ်ထရန့်အဖြစ် ဒေါ်နယ်ထရန့်က သရုပ်ဆောင်သည်ပေါ့ဗျာ” ဟု ဂရစ်ဖင်ကဆိုသည်။ ယင်းမှာ အပြည့်အဝသရုပ်မှန်မဟုတ်ချေ။

နယူးယောက်သား (The New Yorker) မဂ္ဂဇင်းတွင်ဖော်ပြရန်အတွက် ၁၉၉၀ ခုနှစ်များအတွင်း ထရန့်၏ကိုယ် ရေးရာဇဝင်ကိုပြုစုပေးခဲ့သူ မာ့စင်ဂါ (Mark Singer) သည်လည်း ထိုအတွေးမျိုးဖြင့် ရှုပ်ထွေးခဲ့ရဖူး၏။ လူထုထဲ ကဒေါ်နယ်ထရန့်အဖြစ် သရုပ်မဆောင်သည့်အချိန်များတွင်သူ့စိတ်ထဲ ဘာတွေရှိနေပါလိမ့်ဟု စင်းဂါးက စဉ်းစား သည်။ သူက မနက်တိုင်း ခင်ဗျားမုတ်ဆိတ်ရိပ်တဲ့အချိန်ဘာတွေတွေးလေ့ရှိသလဲဟု မေးကြည့်ရာ ထရန့် တယောက် အူကြောင်ကြောင်ဖြစ်သွားသည်ဟုရေးသားခဲ့လေသည်။ သရုပ်ဆောင်မျက်နှာဖုံးအောက်မှ တကယ့်လူအား ဖော်ထုတ်နိုင်ရေးကိုမျှော်လင့်လျက် စင်းဂါးက မေးခွန်းကိုပြောင်းလိုက်သည်။ “ဒီလိုဗျာ ကျွန် တော်မေးချင်နေတာက ခင်ဗျားကိုယ်ခင်ဗျား ခင်ဗျားရဲ့စံပြအဖော်လို့ယူဆသလားလို့ပါ”။ ‘ကျုပ်အတွက် စံပြု လောက်တဲ့အဖော်ဆိုတာ ဘာလဲလို့ တကယ်သိချင်တာလား’ ဟု ထရန့်ကပြန်ပြော၏။ ‘လုံးဝသောက်ရေး မပါ ပါဘူး’။

ကျွန်ုပ်သာဆိုလျှင် စင်းဂါး၏မေးခွန်းကို “တကိုယ်တည်းအထီးကျန်နေတဲ့အချိန်မှာ ခင်ဗျားဘယ်သူပါလဲ မစ္စတာ ထရန့်’ ဟု ပြန်ပြင်၍မေးကောင်းမေးဖြစ်လိမ့်မည်။ အဖြေတစ်စုံတစ်ရာမရသည့်အဆုံး စင်းဂါးအနေနှင့် အိမ်ခြံ မြေကုဋေကြွယ်တဖြစ်လဲ သရုပ်မှန်ရုပ်သံမင်းသားမှသည် ဦးဆောင်အမေရိကန်သမ္မတလောင်းတဦးအဖြစ်သို့ ရောက်ရှိလာသူအနေဖြင့် တစုံတရာ မှတ်မှတ်သားသားဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီ ဟူ၍သာ ကောက်ချက် ချရလေတော့၏။ ခွေးလေးခုန်၍ဖုံထခဲ့ပေပြီ။

စင်းဂါး၏သုံးသပ်ချက်ပြင်းထန်လွန်းသည်ဆိုလျှင် အနည်းဆုံးတနေရာရာမှာတော့ မှန်ကောင်းမှန်နိုင်သည်။ ဦးနှောက်ရှိသတ္တဝါများဖြစ်ကြသောလူသားတို့သည် သူတို့၏စွမ်းဆောင်မှုနှင့်လုပ်ရည်ကိုင်ရည်အပေါ်တွင် မှီခို ရပ်တည်ကာ ရှင်သန်မျိုးပွားကြရသော သရုပ်ဆောင်ဖက်များအဖြစ် ဖွံ့ဖြိုးတိုးတက်လာနေကြ၏။ တပါးသူ အထင်ကြီးမှုကိုခံယူဘို့အသင့်ပြင်ဆင်လျက် လောကကြီးထဲသို့ ကျွနုပ်တို့ဝင်ရောက်လာကြပြီး လူမှုရေးအစုအဖွဲ့ များအတွင်း လူတောသူတောဝင်ဆန့်ရေး လူတကာထက် သာနိုင်ရေးတည်းဟူသောအန္တိမရည်မှန်းချက်များဖြင့် ရှင်သန်ကြီးပြင်းလာကြသည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့မည်သူမည်ဝါဆိုသည်ကိုလည်း အဓိပ္ပာယ်ဖွင့်ဆိုပြီး ဖြစ်လေသည်။

[၂]

ရော်နယ်ရီဂင် (Ronald Regan) ထက်ပင်ဒေါ်နယ်ထရန့်ကများစွာပို၍ ထာဝရသရုပ်ဆောင် တယောက်အဖြစ် သူ့ကိုယ်သူ အသိအမှတ် ပြုထားသူဖြစ်၏။ သူက သူ့ကိုထောာက် (ဒေါက်) ထောက်ကြည့်နေကြသည်ဆိုသော အသိဖြင့် အမြဲတန်းလှုပ်ရှားနေသူဖြစ်သည်။ လူသားတိုင်းသရုပ်ဆောင်တွေဖြစ်ကြသည်ဟုဆိုလျှင် ဤအချက် တခုတည်းနှင့်ပင် ဒေါ်နယ်က စူပါလူသား ဖြစ်လေသည်။ သမ္မတလောင်းရွေးချယ်ပွဲကာလတလျှောက် သူ၏ မျက်မှောက်ရေးရာ ဗဟုသုတ၊ နှိုးဆွလှုံ့ဆော်စကားများနှင့် နိုင်ငံရေးရုန်းရင်းဆံခတ်ဖြစ်ရပ်များ၌ သက်သောင့် သက်သာရှိမှုအတိုင်းအတာ စသည်တို့အပေါ် မေးခွန်းများစွာပေါ်ထွက်လာခဲ့၏။ ဤဆောင်းပါးတွင် ထိုမေးခွန်း အချို့ကို တို့ထိသွားမည်ဖြစ်သော်လည်း အဓိကရည်ရွယ်ချက်မှာလူသားတဦးအဖြစ် သူ၏စိတ္တဗေဒပုံတူပန်းချီ ကားတချပ်ကို ဖန်တီးရန်ဖြစ်လေသည်။ တကယ့်တကယ်သူဘယ်သူလဲ၊ သူ့စိတ်ထားကဘယ်လိုလဲ၊ ရုံးမှာ ဆုံး ဖြတ်ချက်တွေကိုသူဘယ်လိုချမှာလဲ၊ သမ္မတဖြစ်လာဖို့ရောရှိရဲ့လား၊ ဖြစ်ခဲ့ရင် ဘယ်လိုသမ္မတမျိုး ဖြစ်လိမ့်မလဲ စသည်တို့ပင်ဖြစ်၏။

ထိုသို့ပုံတူတရပ်ဖန်တီးရာတွင်ကျွန်ုပ်အနေဖြင့် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးရေးနှင့် လူမှုရေးစိတ်ပညာနယ်ပယ်တို့ မှ စမ်းသပ်အောင်မြင်ပြီးသား အယူအဆများကိုသာ ထုတ်နှုတ်အသုံးပြုသွားမည်ဖြစ်ပါသည်။ ၁၉၁၀ ခုနှစ် ဆစ် ဂမမန်ဖရွိုက် (Sygmund Freud) က လီယိုနာဒိုဒါဗင်ချီ (Leonado da Vinci) ၏ ဘဝနှင့်အနုပညာကို သရုပ်ခွဲ ပြခဲ့သည်မှစ၍ ပညာရှင်များသည် အောင်မြင်ကျော်ကြားသူတို့၏ဘဝများကိုလေ့လာရန် စိတ္တဗေဒမှန်ဘီလူးများ ကို အသုံးပြုလာကြ၏။ စောစောပိုင်း ကြိုးပမ်းမှုများတွင် စမ်းသပ်မခံသော သိပ္ပံနည်းမကျသော အတွေးအခေါ် အယူအဆများကိုအများအပြားမှီခိုကြသော်လည်း မကြာသေးမီနှစ်များအတွင်း မှတ်သားဘွယ်ရာ ဘဝများအား မီးမောင်းထိုးပြရာ၌ စိတ်ပညာရှင်များသည် သိပ္ပံနည်းကျစိတ်ပညာဆိုင်ရာနည်းနာနှင့် အယူအဆများကို တိုး တက်အသုံးပြုလာကြ၏။ ၂၀၁၁ ခုနှစ်၌ သမ္မတဂျော့ဘွတ်ကို လေ့လာသည့် စာတအုပ်အတွင်း ကျွန်ုပ်အသုံးပြုခဲ့ သည့်နည်းတူဖြစ်သည်။

အလျှင်အမြန်တိုးတက်နေသည့်သုတေသနလုပ်ငန်းကြီးတရပ်အလိုအရ စိတ်ဓာတ်အခံ၊ စရိုက်တွန်းအားနှင့် မျှော်မှန်းချက်များ၊ ပုဂ္ဂလဓိဋ္ဌာန်ယူဆချက်များသည် လူသားတို့အား သူတို့ရှေ့လျှောက်ဘာတွေ ခံစားတွေးခေါ် လုပ်ဆောင်ကြမည်ကိုခန့်မှန်းရန် အစွမ်းထက်သောအညွှန်းကိန်းများဖြစ်သကဲ့သို့ ဘာကြောင့်ထိုသို့ လုပ်ဆောင် ကြောင်းရှင်းပြရန်အတွက် အားကောင်းသည့်အထောက်အကူများလည်း ဖြစ်လေ၏။ နိုင်ငံရေးနယ်ပယ်တွင် လွန်လေပြီးသောကာလ အမေရိကန်သမ္မတတို့၏ထူးခြားသောခေါင်းဆောင်မှုပုံစံနှင့် ၎င်းတို့၏ဆုံးဖြတ်ချက်များ အား လူသားတို့၏ အတ္တဘာဝ (Narcissism) ပရဘာဝ(Extroversion) အစရှိသည့် အခြေခံကိုယ်ရည် ကိုယ်သွေးတို့ကမည်ကဲ့သို့ပုံဖော်သွားကြသည်ကို စိတ်ပညာရှင်များပြသခဲ့ကြသည်မှာ မကြာသေးချေ။ ကမ္ဘာ့ အရေးအခင်းများနှင့် နိုင်ငံရေးဖြစ်ရပ်မှန်စသည့်အချက်အလက်များသည် နိုင်ငံ့ခေါင်းဆောင်များ ရုံးအလုပ် လုပ် ရာတွင် အဆုံးအဖြတ်ပေးသကဲ့သို့ ကွဲပြားခြားနားသောခေါင်းဆောင်တဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးအဖြစ် လူသားတို့၏အခြေခံစေ့ဆော်မှုသည်လည်း အပါအဝင်ဖြစ်သည်။

ထရန့်၏ကိုယ်ရည်ကိုယ်သွေးမှာ မည်သည့်စံညွှန်းနှင့်မဆို သေချာပေါက် အစွန်းရောက်နေ၏။ အထူးသဖြင့် သမ္မတလောင်းတဦးအနေနှင့် ရှားရှားပါးပါး ဖြစ်သည်။ စေ့စပ်ညှိနှုင်းပွဲများ တွေ့ဆုံပွဲများ စင်တင်စကားစစ်ထိုး ပွဲများတွင် သူနှင့်ထိပ်တိုက်တိုးသူများနှင့် ရုပ်မြင်သံကြားမှတဆင့် ကြည့်ရှုသူအများစုတို့က သူ့ကိုနားလည်ရ ခက်သူအဖြစ် မြင်ကြသည်။ ဤဆောင်းပါး၌ ကျွန်ုပ်သည် အဓိကကျသော ဟန်ပန်အမူအရာ သြဇာ ပုဂ္ဂလဓမ္မ အစရှိသည့် သူ၏စိတ်သဘောလိမ်းခြယ်မှုအစုစုတို့ကို ရှာဖွေလှစ်ဟဖော်ပြမည်ဖြစ်ပါသည်။ ထိုအတွက် တွေ့ဆုံ မေးမြန်းခွင့်ပြုရန်တောင်းခံခြင်းကို ထရန့်ကငြင်းဆန်ခဲ့၏။ သို့ရာတွင် သူ့ဘဝဇာတ်ကြောင်းက သူ့ကိုယ်ပိုင် စာ အုပ်များ၊ မိန့်ခွန်းများ၊ ကိုယ်ရေးဇစ်မြစ်များနှင့် သတင်းမီဒီယာများထဲ၌ အကျအနမှတ်တမ်းတင်ထားရှိပြီးဖြစ် သည်။ ကျွန်ုပ်၏ရည်ရွယ်ချက်မှာ ယနေ့ခေတ်သိပ္ပံနည်းကျစိတ်ပညာသဘောတရားနှင့် သုတေသနများထဲမှ အရေးအပါဆုံးအချို့ကိုထုတ်နှုတ်ယူငင်ပြီး သမာသမတ်ကျစွာပိုင်းခြားဝေဘန်လျက် ထရန့်၏ရုပ်လုံးပေါ် ပုံရိပ် တခု ပြုစုဖော်ထုတ်ပေးရန်ပင်ဖြစ်လေသည်။

[၃]

သူ့ဟန်ပန်

နှစ်ပေါင်းငါးဆယ်ခန့် လက်တွေ့အခြေပြုသုတေသန အတွေ့အကြုံအရ ကိုယ်ရည်ကိုယ်သွေးစိတ်ပညာတွင် လူ သားတို့၏ အခြေခံအကျဆုံးစိတ်သဘာဝ ၅ မျိုးကို သဘောညီကြ၏။ လူတဦးနှင့်တဦး ကွဲပြားအောင် ခွဲခြား နိုင်သည့် နည်းလမ်းများစွာရှိကြသော်လည်း စိတ္တသိပ္ပံပညာရှင်တို့အလိုအားဖြင့် နှိုင်းရလွယ်ကူသောအမျိုးအစား (၅) မျိုးဖြင့်ခွဲခြားထားသည်။ ကြီး (၅) ကြီး ဟုခေါ်သော ထိုငါးမျိုးမှာ

(က) ပရဘာဝ (Extroversion) - အဖော်မင်၊ လူမှုရေးပြင်းပြ၊ စိတ်အားထက်သန်၊ ဆုလာဘ်မျှော်ကိုး

(ခ) ဥမတ္တက (Neuroticism) - စိုးရိမ်ပူပန်၊ ထိခိုက်လွယ်၊ ဖိစီးလွယ်၊ မကောင်းမြင်

(ဂ) အကင်းပါး (Concientiousness) - လုံ့လ၊ စည်းကမ်း၊ ဥပဒေလေးစား၊ စုစည်းမှု

(ဃ) သဘောညီ (Agreeableness) - ဖော်ရွေ၊ ထောက်ထား၊ ကြင်နာ၊ နှိမ်ချ

(င) ပွင့်လင်း (Openess) - စူးစမ်း၊ ဆန်းသစ်၊ စိတ်ကူးယဉ်၊ ခေတ်ဆန်

လူများစုအနေနှင့် အထက်ပါငါးမျိုးတွင် တမျိုးချင်းစီ၏အလယ်အလတ်နေရာ၌ရှိကြသော်လည်း တချို့မှာ အစွန်းတဘက်ဘက်သို့ ရောက်နေတတ်၏။ သုတေသနများက အခိုင်အမာပြဆိုသည့်အချက်မှာ အထက်တန်း စား ပရဘာဝသမားတွေအဖို့ ပျော်ရွှင်မှုကိုပိုမိုခံစားရပြီး လူမှုဆက်ဆံရေးနယ်ပယ် ပိုမိုကျယ်ဝန်းသည်။ အကင်း ပါးသူများသည် ကျောင်းနှင့်လုပ်ငန်းခွင်တို့၌ ပိုမိုအောင်မြင်ကြပြီး သဘောညီတတ်သူများက ပိုမိုနက်ရှိုင်းသော ပေါင်းသင်းဆက်ဆံရေးမျိုး တည်ဆောက်ဖြစ်ကြ၏။ ခြားနားချက်အနေဖြင့် ဥမ္မတ္တကသမားတွေမှာ အမြဲတန်း ညံ့ဖျင်းနေတတ်ပြီး စိတ်ဆင်းရဲခြင်း၏လမ်းစများ ဆက်ဆံရေးမပြေပြစ်မှုများမှသည် စိတ်ရောဂါအထိ ဖြစ်ပွားစေ နိုင်သော အန္တရာယ်ရှိကြောင်းတွေ့ရှိရသည်။ အရွယ်ရောက်ပြီး လူလတ်ပိုင်းဘဝကို ဖြတ်သန်းသည်မှစ၍ အများ စုမှာပို၍အကင်းပါးလာပြီး သဘောပိုညီတတ်ကြကာ ဥမ္မတ္တကသဘာဝလျော့ပါးလာကြ၏။ သို့သော် ပြောင်းလဲမှု မှာ သာမန်အားဖြင့်အနည်းအကျဉ်းသာရှိသည်။ ကြီးငါးကြီး ကိုယ်ရည်ကိုယ်သွေးသည် လူတဦး၏ဘဝ တလျှောက် လုံး သိသာစွာစွဲမြဲတတ်သောသဘော ရှိလေသည်။

စိတ်ပညာရှင် စတီဗင်ရူဘင်ဇာ (Steven J. Rubenzer) နှင့် သောမတ်ဖက်ရှင်ဘို (Thomas Fachingbauer) တို့သည် သမိုင်းပညာရှင် ၁၂၀ ခန့်နှင့် အခြားကျွမ်းကျင်သူများပါဝင်တွဲဘက်ကာ ဂျော့ဝါရှင်တန်မှစ၍ အမေရိ ကန် သမ္မတအားလုံးတို့၏ကိုယ်ရည်ကိုယ်သွေးကို ကြီးငါးကြီး စံနှုန်းဖြင့်တိုင်းတာခဲ့ကြ၏။ ပရဘာဝအထူးမြင့် မားသလောက် ပွင့်လင်းမှုအလွန်တရာနိမ့်ကျသောသမ္မတအဖြစ် ဂျော့ဘွတ်(Gorge W. Bush) ပေါ်ထွက်လာ ရာ စိတ်အားထက်သန်ပြင်းပြစွာ သူတပါးအရေးကိုစိတ်ဝင်စားသောလူမှုရေးမင်းသားဖြစ်သလို နမော်နမဲ့နိုင်ပြီး အသိခေါက်ခက် အဝင်နက်သူအဖြစ်ကိုလည်း တွေ့ရှိရ၏။ ဘရက်အိုဘားမား (Barack Obarma) မှာ နိုင်ငံရေး သမားတယောက်အနေနှင့် အတ္တဘာဝကဲပြီး ထူးထူးခြားခြားဥမတ္တက နည်းပါးသောကြောင့် အားနည်းချက် ဟု မြင်ရလောက်အောင်ပင် တည်ငြိမ်ပြီးခံစားမှုကင်းတတ်လေသည်။

သူ၏ဘဝတလျှောက်လုံး ဒေါ်နယ်ထရန့်သည် အမေရိကန်သမ္မတတယောက်တွင် မျှော်လင့်မထားသော ကိုယ် ရည်ကိုယ်သွေးမျိုးရှိသူ ဖြစ်သည်။ မိုးလောက်မြင့်မားသောပရဘာဝနှင့် ဘောင်မဝင်အောင်ပင်နိမ့်ကျသော သဘောညီမှုမျိုးရှိလေသည်။ စင်စစ် ယင်းမှာ ကျွန်ုပ်၏ကိုယ်ပိုင်အကဲဖြတ်ချက်သာဖြစ်သော်လည်း ဒေါ်နယ်ကို စောင့်ကြည့်လေ့လာသူအများစုတို့သဘောတူကြလိမ့်မည်ဟု ယုံကြည်သည်။ ကိုယ်ရည်ကိုယ်သွေးအကြောင်း ပြောရာတွင် ထူးထူးထွေထွေလှည့်စားသည့်သဘောမပါဝင်။ ကျွန်ုပ်တို့သည် ဤနေရာ၌ နက်နဲရှုပ်ထွေးသည့် သတိမေ့မျောခြင်းဖြစ်စဉ် သို့မဟုတ် ဆေးပညာဖြင့်ရောဂါရှာဖွေခြင်းအကြောင်း ပြောဆိုနေကြခြင်းမဟုတ်။ လူမှု ဘဝဇာတ်ကောင်များအဖြစ် ကျွန်ုပ်တို့သရုပ်ဆောင်မှုမှန်သမျှ လူတကာမြင်သာပြီးသား ဖြစ်လေ၏။

ပရဘာဝသမ္မတများတွင် ထိပ်ဆုံးရှိ တက်ဒီရုစဗဲ့ (Teddy Roosevelt) အပါအဝင် ဂျော့ဘွတ်နှင့် ဘီကလင်တန် (Bill Clinton) တို့နည်းတူ ထရန့်သည်လည်း လူတောတိုးရန်ဝါသနာထုံသော တက်ကြွ၍လူမှုရေးအရ စိုးမိုး ချယ်လှယ်လိုသော ဘဝဇာတ်လမ်းမှာ ပါဝင်အသုံးတော်ခံနေဆဲဖြစ်၏။ သူသည် မငြိမ်မသက် အတောမသတ် နိုင်အောင်မောင်းထားခံရသော ဒိုင်နမိုတလုံး ပမာဖြစ်သည်။ သူသည်အိပ်ရေးပျက်လည်းခံနိုင်၏။ ၁၉၈၇ ခုနှစ် ထုတ်ရင်ဆိုင်ခြင်းအနုပညာ (The Art of the Deal) စာအုပ်တွင်သူက နိစ္စဓူဝဆိုသလို သူ့ဘဝမှာ အစည်း အဝေးနှင့်တယ်လီဖုန်းခေါ်ဆိုမှုများနှင့်သာ ပြည့်နှက်နေကြောင်းဖော်ပြခဲ့သည်။ နှစ်ပေါင်းသုံးဆယ်ကြာ ပြီးသည့် တိုင် လူထုစည်းဝေးပွဲများ၊ တွေ့ဆုံပွဲများနှင့် မီဒီယာအဝန်းအဝိုင်းများမှတဆင့် တပါးသူများနှင့် ထဲထဲဝင်ဝင် ဆက်ဆံနေရဆဲလည်းဖြစ်၏။ သမ္မတလောင်းမှန်သမျှ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်ဆိုသည်မှာ အစဉ်တစိုက်ရွေ့ လျားနေသော လေ့လာမှုအစုဖြစ်၏။ သို့ရာတွင် ထရန့်လောက်မည်သူမျှ ထိုအလုပ်တွင် နှစ်ခြိုက်ခြင်းမရှိ။ အခြားကိုယ်စားလှယ်တွေ ထရန့်လောက် ထိုအလုပ်မှာ ပျော်စရာမတွေ့နိုင်ကြ။ ဥပမာအားဖြင့် ဤဆောင်းပါး ရေးနေစဉ် ထရန့်၏တွစ်တာဖော်ပြချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်လေသည်။

ဧပြီ ၁၂ မနက် ၀၈း၁၃ နာရီ - အားပါး တကယ့် မဲ။ အသစ်တွေချည့်ပဲ။ ကျေးဇူးပါ နယူးယောက်ရေ။

ဧပြီ ၀၉ မနက် ၀၄း၂၂ နာရီ - ဘာနီစန္ဒားကပြောတယ်၊ ဟီလာရီကလင်တန်ဟာ သမ္မတဖြစ်ဖို့ အရည်အချင်း မရှိဘူးတဲ့။ ဒီအမျိုးသမီးရဲ့ဆုံးဖြတ်နိုင်စွမ်းအရတော့ ကျုပ်လည်းဒီသဘောထားအတိုင်းပါပဲ။

ဧပြီ ၀၈ မနက် ၀၅း၀၃ နာရီ - နယူးယောက်ကိုလာရတာ သိပ်ဟန်ကျတာပဲ။ အမှီလိုက်စရာတွေ အများကြီးမို့ (ကျုပ်က ရွေးကောက်ပွဲအတွက်လှုပ်ရှားရင်း အဓိကကျတဲ့စီးပွားရေးလုပ်ငန်းတခုကို လုပ်ကိုင်နေဆဲဆိုတာလဲ မမေ့နဲ့ဦး) ချစ်စရာကောင်းတဲ့အလုပ်ပေါ့။

ဧပြီ ၀၅ နေ့လည် ၁၂း၂၅ နာရီ - ဟာ ပေါ်လစ်တီကို (@Politico) တော့ သွားပြီ၊ အကုန်လုံးနီးပါး ထွက်ကုန် ကြပြီတဲ့။ သတင်းကောင်းပဲ၊ ဒီလောက်တောင်ဆိုးပြီး မရိုးသားတဲ့ ဂျာနယ်လစ်တွေ။

[ဆက်လက်ဖော်ပြပါမည်]

Dan P. MacAdams သည် စိတ်ပညာပါမောက္ခတဦးဖြစ်ပြီး The Foley Center for the Study of Lives at Northwestern University ၏ ညွှန်ကြားရေးမှူးဖြစ်ပါသည်။ Gorge W. Bush and the Redemptive Dream: A Psychological Portrait နှင့်The Art and Science of Presonality Development စာအုပ်များကို ရေးသား ခဲ့သူဖြစ်သည်။
ဝန်ခံချက်။ 2016 June လထုတ် The Atlantic Magazine မှ Dan P. McAdams ၏ The Mind of Donald Trump ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုပါသည်။

ငြိမ်းချမ်းအေး ● လမ်းပေါ်ကဘဝများ

$
0
0
ငြိမ်းချမ်းအေး ● လမ်းပေါ်ကဘဝများ
(မိုးမခ) ဇွန် ၁၉၊ ၂၀၁၆
 
ဂီတစာဆို စောဘွဲ့မှူးရဲ့ ဆိုးပေလို ကလေးတွေရဲ့ ဘဝများအတွက် ဖခင်ကောင်းတွေ လိုပါတယ်။  စနစ်ကောင်း တခုလည်း လိုပါတယ်။  ဖခင်များနေ့ကို အမှတ်တရ ဂုဏ်ပြုကြရင် တိုင်းပြည်အနှံ့ လမ်းမတွေ ပေါ်က ဆိုးပေတွေကိုလည်း သတိရကြစေ ချင်ပါတယ်။  မညီမျှတဲ့ ကျား-မ စနစ်၊ ပစ္စည်းရှိ ပစ္စည်းမဲ လူ့ဘောင် လောက စနစ်ကို မတော်လှန်နိုင်ရင်တောင် တနိုင် ပြုပြင်ရာမှာ ပါဝင်ဖို့ တိုက်တွန်းပါတယ်။

လင်ကောင် မပေါ်တဲ့၊ အဖေ မရှိတဲ့ ကလေး ဆိုတာ မရှိပါ။  လင်တွေ၊ ဖခင်တွေ တာဝန်ယူမှု မရှိ၊ စွန့်ပစ် ရှောင်ခွာခြင်းခံရတဲ့ အမျိုးသမီးနဲ့ ကလေးဆိုတာပဲ ရှိပါတယ်။

မိဘမဲ့၊ အဖေ မဲ့၊ တဦးတည်း မိခင် ဘဝ၊ အိမ်တွင်းအကြမ်းဖက်မှု၊ ကလေးသူငယ် နဲ့ အမျိုးသမီးများ ညဉ်းပန်းနှိပ်စက်ခံရမှု၊ မိသားစု ဘဝ လုံခြုံ သမမျှတ ရရှိရေး အားလုံးဟာ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း တည်မှီတဲ့ လောကပါလတရားများ ရှင်သန်ရာ လူမှု၊ စီးပွား၊ နိုင်ငံရေး  နောက်ခံ စနစ်ကောင်း တခု လိုတာ မှန်ပါတယ်။

ဒါပေမယ့် လူတဦးချင်းဆီမှာလည်း တရားမျှတမှုကို လိုလားတဲ့စိတ်နဲ့ တာဝန်ယူစိတ် ကိန်းအောင်းနေဖို့ လိုပါတယ်။  အထူး သဖြင့် လုပ်ချင်ရာလုပ်ပြီး ယောက်ျားပဲကွဆိုကာ ပေယျာလကန် ပြုချင်တဲ့ မဟာဖိုဝါဒီ ကျားကြီးများမှာ ပိုလိုအပ်ပါတယ်။

စောဘွဲ့မှူးရဲ့ သီချင်းတွေက ပြောခဲ့သော ပုံပြင် တပုဒ် "ဆိုးပေ"ကို ဖခင်ကောင်းများနေ့ကို ဂုဏ်ပြုရင်း ခံစားကြည့်ပါ။  ပြီး ရင် တွေးတောဆင်ခြင်ကြပါ..။

နောင်.. လာမယ့်.. ဖေဖေ.. မေမေ.. တွေအားလုံး သေတပန်.. သက်တဆုံး.. ပေါင်းနိုင်စေဖို့ တောင်းဆုရယ် ခြွေခဲ့တဲ့ ရင်တွေ ကျိုးပဲ့ဆိုးပေ အကြောင်းက တဆင့် ခံစားတွေးမြင်စရာတွေ ရနိုင်မှာပါ။

♬ ♪ ♩ ♭ ♫ ∮…
ကျွန်တော်ဟာ.. အဖေ.. ဆိုသူ.. ကိုတော့..
အရွယ်ရောက်မှ.. ရုတ်တရက်.. ပြန်တွေ့ရတယ်..
ပြီးခဲ့တဲ့.. နှစ်ပေါင်း.. နှစ်ဆယ်.. မှာ..
အဖေ.. ဘယ်သွားလဲ.. အဖေ..

အမေ.. ဟာ.. ငယ်ငယ်ရွယ်ရွယ်.. မို့..
ကြုံရာ.. လုပ်ပြီး.. လမ်းမှာ.. ပျော်..
ကျွန်တော့်.. ဘဝ.. အခြေအနေ..
တွယ်ရာ.. မဲ့.. တဲ့.. ငှက်တေလေ..

ကံကြမ္မာရယ်.. နုံချာလာပြီ.. မို့..
အလွန်.. မိုက်သော.. ဆိုးပေ.. ဟာ..
မီးရထား.. ဘူတာ.. ပလက်ဖောင်းများ.. ပေါ်မှာ..
အလစ်သမား.. ဖြစ်ကာ..

အရွယ်.. မတိုင်ခင်.. ထောင်.. အစုံ.. ကျပြီး..
အချုပ်ခန်းလည်း.. ပေါင်းစုံပြီ..
ရင့်ကျက်.. ချိန်မှာ..
အဖေ.. ကို.. တွေ့ လို့.. ဝမ်းမသာပါ..

ပေ.. တစ်ရာ.. ပေါ်မှာ.. အဖေ.. ကို.. မျှော်.. ပြီး..
ကျွန်တော်.. အခုတော့.. အသက်.. နှစ်ဆယ်.. ပြည့်ခဲ့ပြီ..
ရင်းနှီးခဲ့.. ဘဝ.. ခရီးကြမ်းပေါ်မှာ..
ငွေ.. မပါ.. ဖိနပ်လည်း.. မပါ..

ခင်တွယ်ရာ.. ကြင်နာသူ.. ကလည်း..
နာမည်.. မကောင်းလို့.. အပေါင်းအသင်းစုံ..
ခရီးလမ်းဆုံ.. မှာ.. ခြေစုံ.. ရပ်လို့.. မုန်း.. ကုန်ပြီ..

ကျွန်တော်လို.. တေပေ.. လေလွင့်ပြီး..
ကံခေလွန်းတဲ့.. ဆိုးပေတွေ..
လောက.. မြေမှာ.. ထပ်.. မမွေးဖွားအောင်သာ..
အဖေ.. ဆုတောင်း.. ပေးပါ..

နောင်.. လာမယ့်.. ဖေဖေ.. မေမေ.. တွေလည်း..
သေတပန်.. သက်တဆုံး.. ပေါင်းနိုင်စေ..
တောင်းဆုရယ်.. ခြွေ..
ရင်တွေ.. ကျိုးပဲ့.. ဆိုးပေ.. လေ..
♫ ♪ ♫ ♪…

ဆိုးပေ
သံစဉ်/စာသား/ဖွဲ့ဆို - စောဘွဲ့မှူး
တေးစု - သီချင်းပြောသော ပုံပြင်များ (၁၉၈၀ ခုနှစ်များ)
တေးဂီတ - အရိုင်းမြေမှ တောင်ပံလေးများ
ဂီတမှူး - စောဘွဲ့မှူး
အသံဖမ်း - တိုနီ (လင်း)
မူပိုင် - ခဲမှန်ဖူးတဲ့ စာသူငယ်
ဖြန့်ချီရေး - ပြည်ရတနာ တေးသံသွင်း


ဤသီချင်းကို ပရင့်စ်ဘသော် က စောဘွဲ့မှူး ရေးသား စီစဉ် ဂီတ စီမံခန့်ခွဲသည့် တေးစု "အရပ်မြင့်မြင့်အချစ်ဆုံး"တွင် မူလ သီဆိုခဲ့သည်။ စောဘွဲ့မှူး ကွယ်လွန်ပြီးနောက် အမှတ်တရ ထွက်ရှိခဲ့သည့် တေးစုများထဲက "ဟန်းနီးမွန်းခရီး (၁၉၉၈)"တေးစု ၌လည်း ရင်ဂို ပြန်လည် သီဆိုဖူးသည်။
Nyein Chan Aye’s YouTube Music Channel. Non Commercial Use ONLY

Music Video URL: https://youtu.be/h7kniCt-xMg


 
ရေးသားတင်ဆက်သူ - ငြိမ်းချမ်းအေး

ဓာတ်ပုံ - ဆောင်းဖြူ


မှတ်ချက် -- ဓာတ်ပုံပါ ကလေးငယ်နှင့်မိသားစု၏ ပုဂ္ဂလိကဘဝမှာ စာပါ၊ သီချင်းပါ အကြောင်းအရာများနှင့် သက်ဆိုင် ခြင်းမရှိပါ။  လမ်းပေါ်ကဘဝများကို ပုံပေါ်စေရန် အသုံးပြုထားခြင်းသာ ဖြစ်ပါသည်။  ကလေးငယ်၏ ရုပ်ပုံ မထင်ရှားစေရန် ဓာတ်ပုံကို ပြုပြင်ထားပါသည်။

မောင်မောင်စိုး ● တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်စွမ်းအင်

$
0
0

မောင်မောင်စိုး ● တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်စွမ်းအင်
အပိုင်း (၂)
(မိုးမခ) ဇွန် ၁၉၊ ၂၀၁၆
 
● လျှပ်စစ်စွမ်းအင်အတွက် ဘတ်ဂျက်လိုငွေပြဿနာ
အထက်တွင်ဖော်ပြသည့်အချက် ၄ ချက်တွင် ပထမအချက်နှင့် စတုတ္ထအချက် လျှပ်စစ်စွမ်းအင် အတွက် သုံးစွဲရမည့်ငွေကြေးအခြေအနေကို ဖော်ပြသည်။ လက်ရှိမြန်မာကျပ်ငွေတန်ဖိုးအရ လက်ရှိ ကောက်ခံနေသည့်မီတာခမှာ ထုတ်လုပ်သည့်စားရိတ်နှင့်မကာမိပေ။ လက်ရှိ အစိုးရက ထုတ်လုပ်သည့်ရေအားလျှပ်စစ်အား ဖြန့်ချိသူများသို့ ပြန်လည်ရောင်းချသည့်ဈေးမှာ ၂၅/၃၅ ကျပ်ဟုဆိုသည်။ ဤသို့ ဈေးနှုန်းသတ်မှတ်နိုင်ခြင်းမှာ ထုတ်လုပ်သည့် ကုန်ကျစားရိတ်ကိုသာတွက်ချက်ထားပြီး အရင်းအနှီးကို ထည့်တွက်မထား၍ ဖြစ်သည်။ အစိုးရရေအားလျှပ်စစ်မှမလုံလောက်၍ ပုဂ္ဂလိက ထုတ်လုပ်သူများထံမှ အစိုးရကပြန်လည်ဝယ်ယူဖြန့်ချိရသည့်နှုန်းမှာ ရေအားလျပ်စစ်မှဆိုလျင်၁ ယူနစ် ၁၀၀ ကျပ် ကျောက်မီးသွေးနှင့်ဆိုလျှင် ၁ ယူနစ် ၁၅၀ ကျပ်ရှိပြီး သဘာဝဓာတ်ငွေနှင့်ဆိုလျှင် ၁ ယူနစ်လျှင် ၂၀၀ ကျပ် ကျသင့်သည်ဟုဆိုပါသည်။ အစိုးရပိုင်သဘာဝဓာတ်ငွေ့စက်ရုံများမှ လျှပ်စစ်ထုတ်လုပ်ရာတွင် တယူနစ်ထွက်ရှိရန် သဘာဝဓာတ်ငွေ့အတွက် ကုန်ကျငွေ ၁၀၀ ကျပ်ခန့် ရှိသည်ဟု ဆိုပါသည်။

သို့ဖြစ်ရာ လက်ရှိပြည်တွင်း၌ လျှပ်စစ်ဓာတ်အားခနှင့်တွက်ချက်လျှင် အစိုးရအနေနှင့် လျှပ်စစ် ဓာတ်အားပေးရေးအတွက် ဘတ်ဂျက်မှ စိုက်ထုတ်သုံးစွဲရငွေ မနည်းလှပေ။ လျှပ်စစ်ယူနစ်တိုင်း ယူနစ်တိုင်းအတွက် နိုင်ငံတော်ဘတ်ဂျက်မှ ကျခံနေရသည်။ အစိုးရအနေနှင့်လျပ်စစ်ကို စီးပွား ဖြစ်ထုတ်လုပ်နိုင်ခြင်းမျိုးမရှိဘဲ ဘတ်ဂျက်မှ စိုက်ထုတ်သုံးစွဲနေရသည်ဟုဆိုရမည်။ သို့ဖြစ်ရာ လျှပ်စစ်စွမ်းအင်မှ ဝင်ငွေမရသည့်ပြင် စိုက်ထုတ်သုံးစွဲနေရသဖြင့် အကျိုးဆက်အနေနှင့် စတုတ္ထအချက်ဖြစ်သည့် လျှပ်စစ်ပို့ဆောင်သွယ်တန်းသည့် ကြိုးများကြွေသီးများအပါ လျှပ်စစ်ဖြန့်ဖြူးရေး နှင့် ဆက်စပ် နေသော ပစ္စည်းများအားလုံး အရေအသွေးနိမ့်ခြင်း အသစ်မလဲလှယ်နိုင်ခြင်းတို့ကြောင့် လျှပ်စစ်ဆုံးရှုံးမှုများ လျပ်စစ်ပြတ်တောက်မှုများကို ထိမ်းသိမ်းနိုင်ခြင်းမရှိပေ။

ဤပြဿနာကိုဖြေရှင်းရန် ဖွံ့ဖြိုးတိုးတက်မှုနည်းသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ ဘတ်ဂျက်ကလည်း မဖြည့်နိုင်။ ထို့ပြင် လျှပ်စစ်ဓာတ်အားအတွက် အမှန်တကယ် ကျသင့်ငွေအတိုင်း လူထုအား ကောက်ခံရန်မှာလည်း လူထုဝင်ငွေအရ မထိရဲ မတို့ရဲ ဖြစ်နေသည်ဟုဆိုခြင်း ဖြစ်သည်။ လျှပ်စစ်ဓာတ်အားခတိုးမြှင့်ပါက လူထုဝင်ငွေအရ မနိုင်နင်းခြင်း အခြေခံစားသောက်ကုန်များကုန်ဈေးတက်၍ လူထုအထွေထွေမကြေနပ်မှုများဖြစ်ပေါ်ပြီး ဆူပူအုံကြွမှုများဖြစ်ခြင်းကို စိုးရိမ်ကြသည်ဟု ဆိုသည်။

မိမိတဦးချင်းအမြင်အရဆိုလျှင် လျှပ်စစ်ဓာတ်အားခအား မူအရတိုးကောက်သင့်သည်။ လက်ရှိပြဿနာကို ကျော်လွှားနိုင်ရန် အစိုးရရော ပြည်သူပါလက်တွဲ၍ ရုန်းကန်ရမည်။ အစိုးရက ရဲရဲတင်းတင်း ဦးဆောင်၍ လူထုအား အခြေအနေကိုမှန်မှန်ကန်ကန် ရှင်းပြပြီး စည်းရုံးရှေ့ဆောင်ရန် လိုသည်။

အစိုးရအနေနဲ့ ဤပြဿနာကို ယခင်အစိုးရများကဲ့သို့ အမိန့်ကြေညာစာတခု ထုတ်ပြန်ပြီး လုပ်ဆောင်၍တော့မရပေ။ လူထုအား ချပြရှင်းလင်းဆွေးနွေးစည်းရုံးရမည်ဖြစ်သည်။ လူထုကိုကိုယ်တိုင် လက်ရှိအကြပ်အတည်းကို အတူတကွ ရုန်းကန်ကျော်လွှားရန် စည်းရုံးရှေ့ဆောင်ရမည်။ အစိုးရအနေနှင့် တိုး၍ရလာသည့် ငွေကြေးများကို လျှပ်စစ်စွမ်းအင် ကဏ္ဍတွင် မှန်မှန်ကန်ကန် ပြန်လည်မြှုပ်နှံရပေမည်။ စာရင်းဇယားများထုတ်ပြန်၍ လူထုအားအသိပေး၍ လူထုထောက်ခံမှုရယူရမည်။

ဒီမိုကရေစီအစိုးရဆိုသည်မှာ အခွန်အခများဖြင့်သာ လည်ပတ်ရသည့် အစိုးရဖြစ်သည်။ နှစ်ပေါင်းများစွာ မြန်မာပြည်တွင် အခွန်အကောက်စနစ်မှန်ကန်စွာ ကောက်ခံလည်ပတ်ခဲ့ခြင်းမရှိဘဲ တိုင်းပြည်သယံဇာတအားလုံးအား နိုင်ငံတော်ဟုနံမည် တပ်ကာ အစိုးရကလက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့ သည်ဖြစ်ရာ အပြောင်းအလဲသည်ခက်ခဲပေမည်။ သို့သော် မလွဲမသွေဖြတ်ကျော်ရပေမည်။ NLD အစိုးရသစ်အတွက် ပို၍ ခက်ခဲမည့်အချက်မှာ ဤအချက်ကို အခြေပြု၍ ဆန့်ကျင်သည့်အုပ်စုများမှ ထိုးနှက်လာမည်ကို သတိပြုရမည်ဖြစ်သည်။

လျှပ်စစ်ဓာတ်အားတိုး၍ ကောက်ခံခြင်းသည် လက်တွေ့တွင်လည်း ကောက်ခံ၍ ရသည်ဟုဆိုရမည်။ လက်ရှိ အလယ် အလတ်နှင့် အောက်လွှာမိသားစုများ၏ မီတာခ ကုန်ကျမှုကိုကြည့်လျှင် လျှပ်စစ်ဖြင့် ချက်ပြုတ်ခြင်းမီးထွန်းခြင်း၊ တီဗီကြည့် ခြင်း ပြုလုပ်သည့်အိမ်များတွင် ပုံမှန် မီတာခသည် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ကြား ရှိပါသည်။ အလတ်အထက်လွှာနှင့် ချမ်းသာသူများကတော့ ၎င်းတို့၏ လျှပ်စစ် ပစ္စည်းများ သုံးစွဲမှု လေအေးပေးစက်သုံးစွဲမှုတို့ကြောင့် သုံးလျှင် သုံးသလောက် မြင့်မည်သာ ဖြစ်သည်။

သို့ဖြစ်ရာ လက်ရှိလူထုကို ဖြန့်ဖြူးနေသည့် လျှပ်စစ်ဓာတ်အားဈေးကို နှစ်ဆမြှင့်တင်သည့်တိုင် အလယ်အလတ်နှင့် အောက် လွှာမိသားစုများအတွက် လျှပ်စစ်ဓာတ်အားကျသင့်ငွေမှာ တအိမ်ထောင်လျှင် ၁၀၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိသာ ကျသင့်မည်ဖြစ်ရာ သည်းခံနိုင်သည့် ပမာဏဟု ဆိုနိုင်သည်။

လက်ရှိ လူတဦးချင်း မိုဘိုင်းဖုန်းသုံးစွဲရာတွင် ဖုန်းတလုံးချင်း ဖုန်းသုံးစွဲခကျသင့်ငွေနှင့် နှိုင်းယှဉ်လျှင် ကျခံနိုင်သည့်ငွေဟု ဆိုနိုင်ပါသည်။

အလတ်အထက်လွှာနှင့် ချမ်းသားသူများ လျှပ်စစ်ပစ္စည်းသုံးစွဲမှုများသူများသာ ပို၍ကုန်ကျနိုင်မည်။ မိမိအိမ်တစ်လုံးအတွက် လေအေးပေးစက်၁၀ လုံးခန့် သုံးနိုင်သူများအတွက် ကုန်ကျသလောက် ကုန်ကျခံရမည်သာဖြစ်သည်။ ထိုသူတို့အတွက် အားနာသက်ညှာစရာအကြောင်းမရှိပေ။ မီတာခအကုန်မခံနိုင်လျှင် လျော့၍သုံးကြရန်သာရှိသည်။ မိမိတို့တိုင်းပြည်တွင် ရှိခဲ့သော သူဌေးကြေးပံ့သည့် ဖြစ်စဉ်တခုအား ပြန်လည်သုံးသပ်ကြည့်စေလိုသည်။ လက်ရှိ ဒီဇယ် ဓာတ်ဆီများကို လွတ် လပ်စွာ ရောင်းဝယ်ခွင့်မပြုမီကာလက အစိုးရဆီဆိုင်များမှ ဆီများအား အပြင်ပေါက်ဈေးထက်များနိမ့်သည့် အစိုးရဈေးနှင့် သတ်မှတ်ရောင်းချပေးခဲ့သည်။ နိုင်ငံခြားပေါက်ဈေးထက် အရှုံးခံကာ ရောင်းပေးခြင်း ဖြစ်သည်။ ထိုအရှုံးခံသည့်ငွေဆိုသည်မှာ တိုင်းပြည်ဘတ်ဂျက်မှ စိုက်ထုတ်ကျ ခံပေးရ ခြင်း ဖြစ်သည်။ ငွေကြေးချမ်းသာ၍ ကိုယ်ပိုင်ကားဝယ်စီးနိုင်သူများအား ထိုသို့ အများပြည်သူနှင့် ဆိုင်သော တိုင်းပြည်ဘတ်ဂျက်မှ စိုက်ထုတ်ကျခံပေးရန် လိုအပ်ပါသလော။ ဆင်းရဲသောနိုင်ငံတနိုင်ငံတွင် အခြေခံလူတန်းစားများအား မျက်ကွယ်ပြု၍ သူဌေးကြေး ပေးခဲ့ကြသည်ကတော့ စိတ်ပျက်ဖွယ်ဖြစ်သည်။

ယခုလည်း မိမိ၏ငွေကြေးချမ်းသာမှုကြောင့် လျှပ်စစ်ပစ္စည်းများစွာ အသုံးပြုခြင်း လေအေးပေးစက် များစွာ အသုံးပြုခြင်း ပြုနိုင်သူ အလတ်အထက်လွှာနှင့် ငွေကြေးချမ်းသာသူများသုံးစွဲသည့် လျှပ်စစ်ဓာတ်အားခအား နိုင်ငံတော် ဘတ်ဂျက်မှ စိုက်ထုတ်သုံးစွဲစရာမလိုအပ်ပေ။

အခြေခံနှင့် အလယ်အလတ်လူတန်းစားများအတွက်ဆိုလျှင် လူ ၄ ဦးရှိသော အိမ်ထောင်တခုလျှင် ချက်ပြုတ်ခြင်း၊ မီးထွန်း ခြင်း၊ တီဗီကြည့်ခြင်းတို့အတွက် လက်ရှိမီတာခနှင့်ဆိုလျင် ၅၀၀၀ ကျပ်ခန့်သာကျပြီး အဆိုပါအခြေခံလျှပ်စစ်ပစ္စည်းအပြင် ရေခဲသေတ္တာ အဝတ်လျှော်စက် လျပ်စစ်မီးပူနှင့် မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းအချို့သုံးမှ ၁၀၀၀၀ ကျပ်ခန့်ကျသင့်သည်။ သို့ဖြစ်ရာ မီတာခ ၂ ဆတက်ပါက ဝင်ငွေအရ၎င်း၊ ရေရှည်အတွက်၎င်း ကြိတ်မှိတ်ခံနိုင်ပါသည်။ အလတ်အထက်လွှာနှင့် ချမ်းသာသူများ လျှပ်စစ်ပစ္စည်းအသုံးများအတွက်တော့ ပို၍ ကျသင့်မည်။ လေအေးပေးစက် တကောင်အားတလုံးအတွက် လက်ရှိမီတာခနှင့်ဆိုလျှင် ၁၀၀၀၀ ကျပ်ခန့် ကျသင့်ပေရာ ထိုသူများအတွက် မီတာခအတော်တက်သွားမည် ဖြစ်သည်။ ငွေကြေးတတ်နိုင်၍ ကောင်းကောင်းသုံးစွဲလိုသူများ ထိုက်သင့်သောငွေကြေးပေးဆပ်ရခြင်းမှာ တန်ရာတန်ကြေး ပေးခြင်းသာ ဖြစ်သည်။ မပေးလိုက လျှော့သုံးစွဲရန်သာရှိပေသည်။ လေအေးပေးစက် ၅ လုံး သုံးနိုင်သည့် အိမ်တအိမ်တွင် ၎င်းလေအေးပေးစက်များအတွက် မီတာခ ၅၀၀၀၀ မှ တစ်သိန်းကျပ် ဖြစ်သွားခြင်းသည် သူ၏သုံးစွဲနိုင်သည့်ငွေကြေးနှင့်သာဆိုင်သည်။ အခြေခံနှင့် အလယ်အလတ်လူတန်းစားများကဲ့သို့ လိုအပ်ချက် ပြဿနာမဟုတ်ပါချေ ။

တဖန် လုပ်ငန်းရှင်များအား လက်ရှိကောက်ခံနေသည့် မီတာခမှာ ၇၅ ကျပ်မှ ၁၅၀ ကျပ်အထိ ရှိပေရာ ၎င်းတို့အတွက် မီတာ ခသည် နှစ်ဆတက်ရန် လိုအပ်မည်မဟုတ်ပေ။ ရာခိုင်နှုန်းအချို့သာ တက်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် လျှပ်စစ်ဓာတ် အားတိုး၍ ကောက်ခံမှုအရ ကုန်းဈေးနှုန်း ၂ ဆတက်လာ နိုင်မည်မဟုတ်သကဲ့သို့ အခြေခံလူတန်းစာများလည်း တောင့်ခံနိုင်သည့် အခြေအနေရှိသည်ဟု ဆိုရပါမည်။

သို့ဖြစ်ရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်စားရိတ်နှင့် ကာမိသည့် လျှပ်စစ်ဓာတ်အားခ တိုးမြှင့် ကောက်ခံ ခြင်းသည် လျှပ်စစ် စွမ်းအင်နှင့်ပတ်သက်၍ ဘတ်ဂျက်ပြဿနာဖြေရှင်းရန်နှင့် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းများတွင် ဘတ်ဂျက်တိုးမြှင့်သုံးစွဲနိုင် ရန် ရဲရဲတင်း တို့ထိရမည့်ပြဿနာဖြစ်သည်။ အစိုးရကရဲရဲဆုံးဖြတ်ခေါင်းဆောင်၍ လူထုအားစည်းရုံးလှုံ့ဆော်နိုင်လျှင် မလုပ် နိုင်စရာအကြောင်းမရှိဟု ဆိုရပါမည်။ ထို့ပြင် ပြည်မထက်များစွာ လျှပ်စစ်ဓာတ်အားခမြင့်တက်နေသော တနင်္သာရီ ရခိုင်ပြည်နယ်တို့နှင့်လည်း ကွာခြားချက်လျော့ကျ သွားပေမည်။

● လျပ်စစ်စွမ်းအင်နှင့် တိုင်းပြည်ဘတ်ဂျက်
အစိုးရအနေနှင့်လည်း တိုင်းပြည်ဘတ်ဂျက်ရေးဆွဲရာတွင် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးတွင် အလေးထားရင်းနှီးမြှုပ်နှံရန်လိုသည်။ ကာကွယ်ရေး ပညာရေး ကျန်းမာရေး စသည့် မလွှဲမရှောင်သာ ကုန်ကျရမည့် ဘတ်ဂျက်များအမှ ကျန်သည့် ဘတ်ဂျက်များ သုံးစွဲရာတွင် လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရေးတွင် အလေးထားလုပ်ဆောင်သင့်သည်။

ဥပမာအားဖြင့် မကြာမီက သတင်းတခုတွေ့ရသည်။ ၎င်းသတင်းအရ ရန်ကုန် မန္တလေးရထားလမ်းကြီး ကို အဆင့်မြှင့်တင်ရန် အမေရိကန်ဒေါ်လာ ၂ ဘီလီလျံကျော်တန်သည့် တင်ဒါခေါ်ဆိုသွားမည်ဟု ဆိုသည်။ ဤသို့ ပြင်ဆင်လိုက်ပါက ရန်ကုန် မန္တလေး ၈ နာရီခန့်နှင့် ရောက်မည်ဟုဆိုသည်။

အမှန်တကယ်ပင် မီးရထားဖြင့်သွားလာခြင်းသည် လုံခြုံစိတ်ချရ၍ လူများသက်တောင့်သက်သာ ရှိသည်အမှန်ပင် ဖြစ်သည်။ အလားတူ ကုန်စည်ပို့ဆောင်ရာတွင်လည်း သက်သာစေသည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော် လျှပ်စစ်စွမ်းအင်နှင့်နှိုင်းယှဉ်လျှင် မလုပ်မဖြစ်တော့မဟုတ်ချေ။ လောလောဆယ် ရန်ကုန်နှင့် မန္တလေးကြား မနက်မိုးလင်းမှ ညမိုးချုပ်ထိ အဝေးပြေးကားလိုင်းများစွာထွက်နေရာ မီးရထား၏ လိုအပ်ချက်ကိုဖြည့်စွမ်းနိုင်အားရှိသည်။ ဖြည့်စွမ်းနိုင်ခြင်းမရှိသည်မှာ လျပ်စစ်စွမ်းအင် ကဏ္ဍဖြစ်ပေရာ အဆိုပါ အမေရိကန်ဒေါ်လာ ၂ ဘီလီလျံအား လျပ်စစ်စွမ်းထုတ်လုပ်ရေးတွင် ဦးစားပေးသုံးသင့်သည်။

ထို့ပြင်မြန်မာမီးရထား၏ပြဿနာသည် ရန်ကုန်မန္တလေး မီးရထား သက်သက်မဟုတ်ပေ။ မြန်မာ တနိုင်ငံလုံးရှိ မီးရထားသွား လာရေးစနစ်ကြီး တခုလုံးကို ပြောင်းလဲပစ်ဖို့ဖြစ်သည်။ သို့အတွက် မြန်မာ့ မီးရထားတွင် အစိုးရကထပ်မံရင်းနှီးမြှုပ်နှံခြင်းထက် နိုင်ငံခြားကုမ္ပဏီတခုဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံစေကာ အစိုးရနှင့် ဖက်စပ်လုပ်ကိုင်ခြင်းလိုအပ်လျင်အစိုးရပိုင်ရှယ်ရာများကိုပင် အများပြည်သူသို့ ရောင်းချခြင်းမျိုးဖြင့် ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်သည်။ ဆိုလိုသည်မှာ လက်ရှိ မီးရထားစနစ်ကို မွမ်းမံခြင်းထက် မီးရထားစနစ်တခုလုံးပြောင်းလဲရန် လိုအပ်သည်။

သို့ဖြစ်ရာ အစိုးရအနေနှင့် တိုင်းပြည်ဘတ်ဂျက်ရေးဆွဲရာတွင် အခြားအရာများထက် လျှပ်စစ် စွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံရေးကို ဦးစားပေးရမည် ဖြစ်သည်။ ထို့ပြင် တိုင်းပြည်၏ မူလစီးပွားရေး ကဏ္ဍအချို့အား ဖာထေးပြုပြင်ခြင်းထက် လိုအပ်သည့် အပြောင်းအလဲလုပ်ရန် စဉ်းစားဖို့ လိုသည်။ အရပ်စကားနှင့်ပြောရလျှင် ဆင်ဖိုးထက် ချွန်းဖိုးကြီးနေသောပြင်မဆုံးသည့် ကားစုတ်ကိုပစ်၍ ကားအသစ်ကို ဝယ်စီးသည်က မိမိအတွက် စီးပွားရေးတွက်ခြေကိုက်ပေမည်။

● လူထုအားအခြေပြု ခြင်း
အထက်တွင်ဖော်ပြခဲ့သည့် လျှပ်စစ်ဓာတ်အားခများ တက်ရန်လိုအပ်သည့်ကိစ္စဖြစ်စေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရေးကိစ္စဖြစ် စေ အောင်မြင်ပေါက်မြောက်နိုင်စေရန် လူထုအားအခြေပြုရန်လိုအပ်သည်။ မိမိတို့တိုင်းပြည်အစိုးရအနေနှင့် နှစ်ပေါင်းများစွာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များနှင့်သာ ယဉ်ပါးခဲ့သည်။ လူထုကိုမျက်နှာမမူခဲ့သကဲ့သို့ လူထုကိုစည်းရုံး သိမ်းသွင်းခြင်းလည်း မပြုခဲ့ပေ။

လက်ရှိ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်စွမ်းအင်လိုအပ်သည့် ပြဿနာ၊ ရေအားလျှပ်စစ် စက်ရုံဆောက်လုပ်ရန်လိုအပ်သည့်ပြဿနာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာ၊ ဒေသခံလူထု အကျိုးစီးပွားပြဿနာ၊ လျှပ်စစ်ဓာတ်အားလုပ်ရာ တွင် ကုန်ကျသည့်စားရိတ်နှင့် ဓာတ်အားခ အမှန်တကယ်တိုးကောက်ရန်လိုအပ်သည့်ပြဿနာများကို နိုင်ငံရေးပါတီအဖွဲ့ အစည်းများ အရပ်ဖက်အဖွဲ့ အစည်းများ ဒေသခံလူထုအဖွဲ့အစည်းများ အားအခြေပြု၍ အလုပ်ရုံဆွေးနွေးပွဲများ လူထုဆွေး နွေးပွဲများ အစည်းအဝေးများကို အောက်ခြေလူထုအထိ ရောက်အောင်ပြု လုပ်၍ လူထုကိုယ်တိုင် နားလည်သဘောပေါက် အောင် ကြိုးစားစွမ်းဆောင်သင့်သည်။ တိုင်းပြည်အခက်အခဲရှိချိန် ရည်မှန်းချက်တခု ပေါက်မြောက်အောင်မြင်ရန် တိုင်းသူ ပြည်သားအားလုံး ခါးစီး၍ လုံးပမ်းအားထုတ်ဖို့ဆိုသည်မှာ လူထုကိုယ်တိုင် သဘောပေါက်ပါဝင်ကြဖို့လိုပါသည်။ လူထုအ ခြေပြု အစိုးရတရပ်အနေနှင့် လူထုအားစည်းရုံးရှေ့ဆောင်ရန် လိုအပ်ပါသည်။ လူထုအားစည်းရုံးရှေ့ဆောင်နိုင်လျှင် လွယ် ကူစွာ ပေါက်မြောက် အောင်မြင်နိုင်ပါလိမ့်မည်။

ထိုသို့လူထုအား ချပြဆွေးနွေးရှင်းလင်း စည်းရုံးခြင်းသည် အရေးကြီးသည်။ မြန်မာပြည်၏ လက်ရှိ နိုင်ငံရေးအစဉ်အလာအရ စစ်အစိုးရ ဘာလုပ်လုပ် ဆန့်ကျင်ကြသည့် ခေတ်ကာလတခုရှိခဲ့သလို ယခုအချိန်တွင်လည်း NLD အစိုးရ ဘာလုပ်လုပ် ဆန့်ကျင်မည့် အင်အားစုအချို့ရှိနေပေရာ လူထုအများစု၏ ထောက်ခံရရန် အရေးကြီးပါသည်။ အစိုးရနှင့် လူထုကင်းကွာ ခဲ့သောခေတ်၏ သင်ခန်းစာများအရ အစိုးရနှင့်လူထု တသားထဲရှိပါမှ အောင်မြင်နိုင်မည်ကို အလေးထားဖို့လိုပါသည်။

● နိဂုံး
မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသောစွမ်းအင်လိုအပ်ချက်သည် အလွန်အရေးကြီးသည်ကို အစိုးရရော လူထုပါ သဘောပေါက်စွာဖြင့် ဝိုင်းဝန်းကြံဆောင်ကြဖို့ လိုပါသည်။ မီးပျက်၍ စိတ်ပျက်နေရုံနှင့်မပြီးပေ။

အစိုးရရော လူထုပါ ဝိုင်းဝန်းအဖြေရှာဖို့ လိုပါသည်။ မတူသောအမြင်များ ကွဲလွဲမှုအမြင်များ ရှိနိုင်ပါသည်။ လူထုအများစု လက်ခံနိုင်သည့် အဖြေတခု ရှာဖို့တော့ လိုပါသည်။

ပြီးပါပြီ

ကာတွန်း ATH - SUU 71

$
0
0

ကာတွန်း ATH - SUU 71
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဇွန် ၁၉ ၊ ၂၀၁၆

ပန်းချီ သန်းဌေးမောင် - SUU 71

$
0
0

ပန်းချီ သန်းဌေးမောင် -  SUU 71
(မိုးမခ) ဇွန် ၁၉ ၊ ၂၀၁၆


ကာတွန်းဆရာကြီး (ဦး) ဖေသိန်း ကွယ်လွန်ခြင်း (၇) နှစ်ပြည့် အမှတ်တရ

$
0
0

ကာတွန်းဆရာကြီး (ဦး) ဖေသိန်း ကွယ်လွန်ခြင်း (၇) နှစ်ပြည့် အမှတ်တရ
မိုးမခ ( ဇွန် ၂၀၊  ၂၀၁၆)

၁၉ ဇွန် ၂၀၁၆ ခုနှစ်ဟာ ကာတွန်းဆရာကြီး (ဦး) ဖေသိန်း ကွယ်လွန်ခြင်း (၇) နှစ်ပြည့် နှစ်လည် ဖြစ်ပါတယ်။ ၁၉၂၄ ခုနှစ် ဖွား ပန်းတနော်ဇာတိ ဆရာကြီးဟာ ၁၉၄၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝ အသက် ၂၀ ကျော် အရွယ် မှာကတည်းက စတင်ပြီး သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှာ သရုပ်ဖော်ပုံများ၊ ကာတွန်များ ရေးဆွဲခဲ့သူ တဦးပါ။ ဆရာကြီးရဲ့ သတင်းစာကာတွန်း၊ နိုင်ငံရေးကာတွန်း၊ မျက်မှောက်ရေးရာ အခြေခံ ကာတွန်း၊ ကလေးများအတွက် ရုပ်ပြကာတွန်း၊ ပညာပေးကာတွန်း၊ အထေ့အငေါ့ သရော်ကာတွန်း၊ တကွက်ကာတွန်း၊ စာမဲ့ကာတွန်း၊ ကာတွန်ရုပ်ရှင် အစရှိတဲ့ ကာတွန်းအမျိုးအစား အစုံစုံဟာ ဖဆပလ၊ အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ ခေတ်အဆက်ဆက် လူထုပရိသတ်ရဲ့ အားပေးနှစ်ခြိုက်ခြင်းကို ခံခဲ့ရပြီး နဝတ် စစ်အစိုးရရဲ့ ကာတွန်း ဖော်ပြခွင့်ပိတ်ပင်ခြင်းကိုလည်း ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။

ဆရာကြီးရဲ့ ခေတ်အဆက် ခေတ်မီနေဆဲ ကာတွန်းတချို့ကို ဆရာကြီး နှစ်ပတ်လည် အမှတ်တရ မိုးမခက တင်ဆက်လိုက်ပါတယ်။

@MoeMaKa Media
Website: http://moemaka.com/
Blog: http://blog.moemaka.com/
Facebook: https://www.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemaka

ဆရာကြီး ဓာတ်ပုံများ - ဓာတ်ပုံဆရာ ထိန်ဝင်း

ကာတွန်းများ - စီးပွားဖြစ် အသုံးချခြင်း မပြုပါရန်။ မူပိုင်ခွင့်မှာ ဆရာကြီးရဲ့ ကျန်ရစ်သူ မိသားစုထံတွင် ရှိပါသည်။






















ဆောင်းယွန်းလ - "ညနှစ်ချက်ထိုးမှာ ခပ်ဖွဲဖွဲရွာတဲ့မိုး”

$
0
0


ဆောင်းယွန်းလ  - "ညနှစ်ချက်ထိုးမှာ ခပ်ဖွဲဖွဲရွာတဲ့မိုး”
(မိုးမခ) ဇွန် ၂၀၊ ၂၀၁၆



ညရဲ့ ရင်ဘတ်ကို
တစစီဆွဲပြီး ခွဲကြည့်မိတော့
ငြိမ်သက်ခြင်းဟာ
အမှောင်လမ်းမထက်ကို ပဲ့ကျလာတယ်

အင်ဒီယာနာ နွေညရဲ့
လေပြေလေညင်းတချို့ကတော့
ဇာခန်းစည်းတွေအပေါ်မှာ Jazzဂီတနဲ့ ယိမ်းကနေကြပေါ့

သက်ဆိုင်သူတွေ ၀င်သွားခဲ့ပြီး
မသက်ဆိုင်တော့သူတွေ ပြန်ထွက်သွားကြတဲ့
အိမ်တဖက်လမ်းက ကဖေးဆိုင်ထဲမှာ
ဆိုင်သူတွေရော မဆိုင်သူတွေပါ မရှိကြတော့

နေ့တဓူဝရဲ့ အပိုင်းအစတချို့ကို
တစစီ ပြန်ကောက်သိမ်းရင်း
ပြာလဲ့လဲ့ အခန်းမီးကို လရောင်နဲ့ငြှိမ်းလိုက်မိတော့
နံရံကပ် နာရီဟာ
ညနှစ်နာရီရှိရာကို ညွှန်ပြနေလေပေါ့

ကိုယ့်အတွက်တော့
နာရီပြန်နှစ်ချက်ထိုးမှ ကဗျာမိုးဖွဲလေးရွာနိုင်တယ်

သြော်…..
လွတ်လပ်တယ်ဆိုတဲ့ နိုင်ငံမှာလည်း
လွတ်လပ်ခြင်းဆိုတဲ့ စကားလုံး ဆက်ထုံးတွေနဲ့ငြိနေတုန်းပါပဲလား…။

(ဇွန် ၁၉ရက်၊ ၂၀၁၆)

မောင်မောင်လတ် ( ရွှေအင်း လေးစာပေ ) - ပေါင်မုန့် မရှိရင် ကိတ်မုန့် စား

$
0
0


မောင်မောင်လတ် ( ရွှေအင်း လေးစာပေ ) - ပေါင်မုန့် မရှိရင် ကိတ်မုန့် စား 
(မိုးမခ) ဇွန် ၂၀၊ ၂၀၁၆

သိပ်တော့ မကြာသေးပါဘူးလေ
တနိုင်ငံလုံး အုံးအုံးထ အိုးစည်ဗုံမောင်းနဲ့ ပျော်ရမဲ့ အချိန်
မီးပုံပွဲနဲ့ ရိုးရာအကတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကခုန်မြူးပျော်ရမဲ့ အချိန်
ဘာမှ မလုပ်ပါနဲ့  ဆိုလို့  တနိုင်ငံလုံးတိတ်တိတ်ဆိတ်ဆိတ် ၊
ကားဟွန်းသံလဲမမည် လက်ခုတ်သံလဲမကြား လက်ခေါက်မှုတ်သံဆို ဝေလာဝေး
တောရ ဘုန်းကြီးကျောင်းဝန်း တခုထဲ ရောက်သွားခဲ့ သလိုလို ၊၊

အဲဒါနဲ့ မပြီးသေး ဂိုးပေါက်ထဲကိုတော့  ဘောလုံးဝင်သွားပါရဲ့ 
လှလှပပကြီး ထင်းထင်းရှင်းရှင်းကြီး ဖြစ်ခဲ့ တာတောင်မှ
ဘက်လိုက်တဲ့  ဒိုင်လူကြီးက အသိအမှတ်ပြု မပြု ဂိုးပေးမပေး
ရင်တထိတ်ထိတ်နဲ့ စောင့် နေတုန်းကလဲ ပြည်သူအဖို့  ဘုရား ဘုရားနဲ့ အသက်မရှုဝံ့ ၊
အပြောအဆိုဆင်ခြင်ရ ၊ အနေအထိုင်သိုသိပ်ရ ၊မျက်နှာချိုသွေး နှုတ်ဆက်ရ ၊
ကတိတွေ အထပ်ထပ်ပေးရ ၊တောင်းဆိုသမျှ လိုက်လျှောပေးရ နဲ့ 
ပတ်ဝန်းကျင် စိတ်ချမ်းသာအောင် အရူးတယောက်ကို ချော့ နေရသလိုလို ၊၊

အဲဒီလိုနဲ့  အချိန်တန် အချိန်မှန်ရောက်လာလို့ 
နွံထဲက ပြည်တန်ပတ္တမြားကြီး ထွက်လာတော့ 
အရောင်တလက်လက်၊မျှော်လင့် ခြင်းတွေ တဖျပ်ဖျပ် ရင်ခုန်သံတွေက တဒိန်းဒိန်း ၊
အစဉ်အဆက်ဆက် အမုန်းသံသရာ အမုန်းဝင်္ကဘာ အမုန်းကမ္ဘာက အမုန်းတရားတွေကို
အခြေခံအုပ်ချုပ်ခဲ့ တဲ့ စံနစ်အစား ဂရုဏာတရားကို အခြေပြု မေတ္တာတရား နဲ့ 
အလင်းပြစေမဲ့ စံနစ်သစ် အမြင်သစ် အတွေးသစ်နဲ့  တဆစ်ချိုး ဂ ငယ်ကွေ့ 
ရှေ့ ဆက်လျှောက်လှမ်းကြမယ်ဆိုတော့ လဲ အမုန်းကမ္ဘာထဲက လူသားတွေအဖို့ 
သံသယဖြစ်စရာ ၊ဒွိဟဖြစ်စရာ ၊စိုးတထိတ်ထိတ်နဲ့ ဆင်ဖြူမျက်နှာ ကြည့် ဖို့ 
မဝံ့မရဲ မရဲတရဲ သက်ပြင်းတချချ ၊၊

ဒီလိုဆိုတော့ လဲ အားငယ်စိုးရွှံနေသူတွေအတွက်
ဥပဒေနောက်ကြောင်းပြန်မသက်ရောက်စေရ ဆိုပြီး ချော့ မော့ ပြဌာန်းအတည်ပြုပေးရ ၊
တသက်တာလုံး စိတ်တိုင်းကျချယ်လှယ်နိုင်အောင် တမင်ညစ်ကွက်တွေနဲ့ 
တဖက်သပ်ဆွဲထားတဲ့  အခြေခံဥပဒေပြင်ဆင်ရေးကိုလဲ
ခဏနောက်ဆုတ်ပေးပြီး နှလုံးအေးအောင် လုပ်ပေးခဲ့ ရ ၊
တရားသေ မူသေဆုပ်ကိုင်ထားတဲ့  အခြေခံမူ (၆) ချက်ကိုတော့ 
တိုင်းရင်းသားလူမျိုးစုတွေအပေါ် စာနာမှု ၊နားလည်မှု ၊ယုံကြည်မှုတွေနဲ့ 
အသစ်တဖန်ပြန်တည်ဆောက်နိုင်အောင်ကျိုးစားရင်း အစားထိုးဖြေလျှော့ ပေးခဲ့ ရ နဲ့ 
လိုက်လျော လက်စ လိုက်လျောနေတာနဲ့ မပြီးသေး ၊
အီမ်တိုင်ကိုတောင်မချန် ချွတ်ယူ ပေါင်နှံ ရောင်းစားလိုက်လို့ 
မြေပြင်ပေါ်ပုံချနေတဲ့  အီမ်တော်ကြီး အတွက် ပြန်တည်ဆောက်ဖို့ ကျိုးစားနေတာလဲ
နေ့မအား ညမအား ၊ ပြေးပြေးလွားလွား ၊၊

ဘာဆိုဘာမှ မရှိတော့ တဲ့  နိုင်ငံတော်ဘဏ္ဍာ ၊ နေရာပေါင်းစုံ ဌာနပေါင်းစုံ တွေရဲ့ 
မတော်မတရား ကိုယ်ကျိုးရှာ ချု ပ်ဆိုထားတဲ့ တဖက်သပ် မမျှမတ စီမံကိန်းစာချုပ်တွေ၊
အရာရာ အသားကျ ၊ကျင့်သားရ မရှုပ်မလုပ်မပြုပ် တွေဝေနေတဲ့  ဝန်ထမ်းတွေရဲ့ 
မျှော် လင့် ချက်မဲ့  အခြေအနေတွေ ..အဖြစ်သနစ်တွေကို
ရက်(၁၀၀) ပျားရည်ဆမ်းကာလလွန် အချိန်မှာ အားသွန်ခွန်စိုက်အလုပ်လုပ်ဖို့ 
မောင်းတင်နေချိန်မှာမှ တာထွက်လုဆဲဆဲအဖြစ်ကို ရောက်နေချိန်မှာမှ
မင်းတိုင်ပင် မင်းဆရာအဖြစ် မျှော်လင့် နေရာကနေ
တဆင့် နီမ့်  မင်းခယောကျင်္ား အဖြစ် စင်နံဘေး ရောက်သွားသူတယောက်က
ကုန်းအဆင်းမှာ တွန်းထိုး လိုက်တာလား....
မတော်တဆလိုလို ခြေလှမ်းချိတ်လိုက်တာလား...
ရည်ရွှယ်ရင်းကိုတော့ မသဲကွဲ လုပ်ရပ်ကတော့  ရှင်းရှင်းထင်းထင်း ၊၊

နှစ်ပေါင်းငါးဆယ်ကျော်ကာလက အဖြစ်အပျက်တခု ၊
မရေရာ မသေချာ အုတ်ရောရော ကျောက် ရောရောအခြေအနေကနေ
မည်သို့ မည်ပုံဖြစ်သွားခဲ့ တာကိုမသိ ၊
မည်သူမည်ဝါ လုပ်ကြံသတ်ဖြတ်ခဲ့ သည်ဟုလည်း သက်သေအထောက်အထားမရှိ ၊
ယုတ်ဆွအဆုံး အသက်ရှင်ခြင်း အသက်မဲ့ ခြင်း အကြောင်းခြင်းရာတခုလဲ တိတိပပမပေါ် ၊
တကယ်ဖြစ်ခဲ့ ကြုံခဲ့ တာတွေကို အမှတ်တရမှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးတာကလဲ
နောင်လာနောင်သားတွေအတွက် အသိပေးယုံသက်သက် ၊သမိုင်းတင်ယုံသက်သက် ၊
နှစ်ငါးဆယ်ခံစားခဲ့ သမျှ ဖြေ့ လျော့ လိုခြင်းသက်သက် ၊၊

ဘာမှ စိုးရိမ်ကြောင့် ကျစရာမရှိ ၊လိပ်ပြာမလုံစရာမရှိ ၊
အများ မျက်ကွယ် သို့ လော ..သို့ လော ဖြစ်ခဲ့ သောဒီသမိုင်းဝင်ဖြစ်ရပ်ကြီးအတွက်
တကယ်လို့ များ တကယ်လို့ များ
တရားတဘောင် နဲ့  ရင်ဆိုင်ဖြေ ရှင်းရမယ်ဆိုရင်လဲ
''သံသယအကျိုး ''ကို စွပ်စွဲခံရသူရဲ့  ပုခုံးပေါ် လွဲပြောင်းရယူရမည် ဟု
ဥပဒေက အတိအလင်း ပြဌာန်းပြီးသား ၊ အခိုင်အမာကာကွယ်ပေးပြီးသား ၊၊

ထိခိုက်နစ်နာခံစားရသူရဲ့  ရင်တွင်းဖြစ်ခံစားချက်ကို မှတ်တမ်းတင်ရိုက်ကူးပြခြင်းဟာ
တစုံတယောက်အပေါ် တရားခံ အဖြစ် ယိုးစွပ် လက်ညှိုး ထိုးနေတာမဟုတ် ၊
သမိုင်းသိအောင် သမိုင်းတင်နေခြင်းဟာ နောင် အနာဂတ်အတွက်ပါ ၊
အရိပ်မဲမဲ မြင်တိုင်း ... ဆူဆူညံညံ အသံကြားတိုင်း...တိတ်ဆိတ်တဲ့ အခါတိုင်း
အတွေးလွန် စိုးရီမ်လွန် သောကလွန်ပြီး ထင်ရာမြင်ရာ ဂယောင်ချောက်ချား
ဆုံးဖြတ်ချက်ချနေမယ်ဆိုရင် အမှန်တရားနဲ့ လဲဝေး ကျိုးကြောင်းပြချက်လဲမခိုင်လုံ၊
အများရဲ့  လက်ညှိုးထိုးခံနေရမဲ့ ဘဝကလဲ မလွတ်နိုင် ။၊


အမျိုးသားပြန်လည်ရင်ကြားစေ့ ဖို့ အတွက် ၊
နှစ်ငါးဆယ်ကျော် ပြည်တွင်းစစ်မီး ငြီမ်းသပ်နိုင်ဖို့ အတွက် ၊
တစစီပျက်စီးသွားခဲ့ တဲ့ နိုင်ငံတော်ကြီးကို အသစ်တဖန်ပြန်တည်ဆောက်ဖို့ အတွက်
အစစအရာရာ လိုက်လျော ညီထွေ ပူးပေါင်းလုပ်နေရက်နဲ့ 
တဆင့် တက် မဏ္ဍိုင်ပေါ် တက်ပြတဲ့ သဘောနဲ့ 
မှတ်တမ်းတင်ရိုက်ရှင်ကား ပြသခွင့် ပိတ်ပင်ခဲ့ တာကိုတော့  လက်ခံနိုင်စရာမရှိ ၊

လူသားတဦးရဲ့  ကိုယ်ရေးကိုယ်တာခံစားချက် တင်ပြချက်အပေါ်
နိုင်ထက်စီးနင်း အရင်မူ အရင်လမ်း ဟောင်းအတိုင်း တားမြစ်ခဲ့ တဲ့ အမိန့် အပြင်
နောက်ထပ် လှမ်းလာမဲ့  တဆင့် တက်လာမဲ့ အလားအလာတွေလဲ
မျှော်လင့် တာထက် လျှော့ ထွက်နေတာထက် ပိုလွန်ကဲလာလေမလားမသိ ၊၊

ရှေးရှေးတုန်းက ကြားခဲ့ ဖူးပါတယ်
ပေါင်မုန့် မရှိရင် ကိတ်မုန့် စား ၊
နောင် မဝေးတော့ တဲ့ အချိန်မှာဆိုရင်
ဒီဇာတ်ကားကြီးကို မကြည့် ရရင်လည်း
"အဖေ နဲ့  သားများ ''ရုပ်ရှင်ကားကြီးကို ကြည့် ပေါ့  ဆိုရင် ဒုက္ခ ၊၊

မောင်မောင်လတ် ( ရွှေအင်း လေးစာပေ )

ကျော်မောင်(တိုင်းတာရေး) - တပုဒ်ကောင်း တအုပ်ကောင်း

$
0
0

ကျော်မောင်(တိုင်းတာရေး) - တပုဒ်ကောင်း တအုပ်ကောင်း 
(မိုးမခ) ဇွန် ၂၀၊ ၂၀၁၆

(၁)

ငယ်ငယ်တုန်းက ဒို့နေတာ နယ်ဖက်မှာဆိုတော့ စာအုပ်စာတမ်းတွေက နည်းတယ်။ ဟိုလူ့ဆီက ငှားဖတ်၊ ဒီလူ့ဆီက ငှားဖတ်နဲ့ စာတွေဖတ်လာကြရတာ။ ၀တ္ထုတွေဖတ်ဖြစ်တော့လည်း ဒီအတိုင်းပဲ။ ရတဲ့စာအုပ်ပဲဖတ်ရတာ။ စာအုပ်ကောင်းတွေ စာပေကောင်းဆိုတာတွေကို ရွေးရလောက်အောင်အထိ ပေါပေါများများ မရခဲ့ မရှိခဲ့ဘူး။ ဒို့ခေတ်မှာ စာဖတ်တဲ့သူတွေလား၊ ရှိတာပေါ့ကွာ။ ငါစွဲသွားတဲ့ စာအုပ်တအုပ်က အဲဒီစာဖတ်သူတွေထဲက တယောက်ရဲ့ကျေးဇူးကြောင့်လို့ ပြောလို့ရတယ်။

စာအုပ်ရလာတဲ့ဇာတ်လမ်းက ဒီလိုကွ။ ငါ့အဖေက စက်လှေထောင်ဖူးတယ်။ အနီးအနား ရွာနီးချုပ်စပ်က ဒေသထွက်ကုန်တွေကို သယ်ယူပို့ဆောင်ပေးတဲ့ စက်လှေပဲ။ ကုန်သည်မဟုတ်တဲ့ ရိုးရိုးခရီးသည် နည်းနည်းပါးပါးလည်း တင်တာပေါ့။ အဖေက ဘာကိုပဲဖြစ်ဖြစ်နာမည်ပေးရင် အဓိပ္ပာယ်ပါပါနဲ့ပေးတတ်တဲ့ သူ။ သူ့စက်လှေကို နာမည်ပေးတော့ အဲဒီခေတ်တုန်းက ထင်ရှားတဲ့ သင်္ဘောတစီးနာမည်ကို ယူပြီး ပေးတယ်။ အခုစက်လှေနဲ့ စီးပွားရှာပြီး နောင်အခါ အဲဒီသင်္ဘောလောက်ရှိတဲ့ သင်္ဘောဝယ်နိုင်အောင်လို့ ဆိုတဲ့ အတိတ်နိမိတ်နဲ့ပဲတဲ့။ တိုက်တိုက်ဆိုင်ဆိုင် ငါအင်ဂျင်နီယာကျောင်းသားဘ၀ လေ့လာရေးဆင်းရ တုန်းက အဲဒီသင်္ဘောကြီးပေါ်ရောက်ခဲ့ဖူးတယ်။

အဲဒီလို စက်လှေနဲ့ အလုပ်ဖြစ်နေတုန်း တခေါက်မှာတော့ စက်လှေက ကံမကောင်းအကြောင်းမလှဘဲ နစ်ပါလေရော။ စက်လှေပေါ်ပါတဲ့လူတွေတော့ ဘာမှမဖြစ်ဘူး။ ကုန်တွေတော့ ရေနစ်ပြီး အပျက်အစီးအဆုံး အရှုံး ရှိတာပေါ့။ အဲဒီစက်လှေကို ပြန်ဖော်တော့ စက်လှေပေါင်းမိုးမှာ ညှပ်ထားတဲ့ စာအုပ်တအုပ်တွေ့တယ်။ ရေစိုနေတဲ့အတွက် နေတော်တော်လှန်းလိုက်ရတယ်။

အဲဒီစာအုပ်က စာရေးဆရာကြီး ရွှေဥဒေါင်း ဆီလျော်အောင် ဘာသာပြန်ပြီး မှီးငြမ်းရေးသားထားတဲ့ “ရူပနန္ဒီ” ဆိုတဲ့စာအုပ်ပဲ။ ဘယ်လောက်အထိစွဲသွားလဲဆိုရင် တထိုင်တည်းနဲ့ တအုပ်လုံးပြီးအောင် ဖတ်လိုက်တဲ့အထိပဲ။ နောက်ရက်တော်တော်ကြာတော့မှ စာအုပ်ပိုင်ရှင်က သူ့စာအုပ်သတင်းရပြီး စာအုပ်လာတောင်းလို့ ပေးလိုက်ရတယ်။ စာအုပ်ပိုင်ရှင်က စက်လှေနစ်တုန်းကပါခဲ့တဲ့ ကျောင်းဆရာ တယောက်ပဲ။ အဲဒီတအုပ်ကောင်းကနေစပြီး ဒို့ညီအကိုတွေ အသက်ကြီးလာတဲ့အခုထက်ထိ စာအုပ်တွေမပြတ်ဖတ်တဲ့အလေ့အကျင့်ကောင်း ရလာကြတာပဲ။

ကိုယ်တိုင်စာဖတ်သည်သာမက သားသမီးများ ဆွေမျိုးများ နီးစပ်ရာမိတ်ဆွေများကိုပါ စာဖတ်သည့်အလေ့ အထ ဖြစ်ထွန်းအောင် ကြိုးစားနေသောသူတယောက်မှ ပြန်လည်ပြောပြသော ဇာတ်ကြောင်းဖြစ်သည်။ တခုခုသိလို၍ မေးမြန်းသည့်အခါ မဆိုင်းမတွ ဖြေနိုင်သည်။ အဖြေကို ဘယ်လိုသိပါသလဲဟုမေးသည်တွင် မည်သည့်စာအုပ်မှာ မည်သည့်အကြောင်းအရာရှိသည် အဲဒီမှာ ရှာနိုင်သည် စသည်ဖြင့် ညွှန်ပြသည်။ နီးစပ်ရာများကိုလည်း စာကောင်းပေကောင်းများဖတ်ရှုရန် အမြဲလမ်းညွှန်သည်။

(၂)

နောက်တယောက်ကလည်း သူရုန်းကန်ခဲ့ရသော ဘ၀ဇာတ်ကြောင်းမှ တစိတ်တဒေသကို အခုလို ပြန်ပြောပြသည်။

မင်းသိတဲ့ အတိုင်းပဲ။ ငါအိမ်ထောင်ကျတော့ အလုပ်ကလည်း မည်မည်ရရမရှိဘူး။ ကြုံရာ ကျပန်း လုပ်နေရတာ။ ဟိုဖက်ကမ်းမှာ ကားစပယ်ယာ၊ ယာဉ်နောက်လိုက်လို့လည်း ခေါ်တယ်၊ မောင်းတဲ့သူကို ကူဖို့လူ လိုတယ်ဆိုတော့ သွားလုပ်တယ်။ ကားက ဂျစ်ကား။ ခရီးသည်တွေကို စုပြုံပြီး တင်တယ်။ သင်္ကြန်ဂျစ်ကားတွေအတိုင်းပေါ့။ ထိုင်စီးတဲ့သူ၊ တွယ်စီးတဲ့သူ၊ ရှေ့က ကားစက်ဖုံးပေါ်မှာ ထိုင်လိုက်တဲ့သူနဲ့။ ကားစီးခကောက်ရတယ်။ ခရီးသည်တွေကို နေရာချရတယ်။ ပစ္စည်းပါရင် အတင်အချလုပ်ပေးရတယ်။ လူခေါ်ရတယ်။ ကားဆရာကို ကူညီရတယ်။ အဲဒီကနေမှ အခု ဆန်ရောင်းတဲ့ ဆန်ကုန်သည်ဖြစ်လာတာပဲ။

ပြောနေစဉ်မှာ ဘယ်ကနေဘယ်လို ဆန်ကုန်သည်ဖြစ်သွားတယ်ဆိုတာမပါ။ သိချင်သောအချက်က ကားနောက်လိုက်ကနေ ဆန်ကုန်သည်ဖြစ်သွားတယ်ဆိုတာပဲဖြစ်သည်။ သူပြောချင်သော သူ့အကြောင်းကို အားပါးတရပြောပြပြီး ပဲဆီဖြင့်စိမ်ထားနှပ်ထားသော လက်ဖက်သားလေးကို ဇွန်းနဲ့ ခပ်ကာ တမြုံ့မြုံ့ ၀ါးလိုက်နှင့် ဖတ်လျက်စသတင်းစာကို ဆက်ဖတ်နေသည်။

သတင်းစာကို ကြည့်ရင်းနဲ့မှ သတိရသွားသည်။ သည်ပုဂ္ဂိုလ်က သတင်းစာ နေ့တိုင်းဖတ်သည်။ သတင်းစာအပြင် ဘာစာတွေဖတ်သလဲလို့ စဉ်းစားမိတဲ့အခါ စာအုပ်တအုပ်ကို သွားသတိရသည်။ ဆရာနန္ဒာသိန်းဇံ ရေးသားသည့် “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” ဆိုသော စာအုပ်ဖြစ်သည်။ ထိုစာအုပ် တအုပ်ထဲသာ အခေါက်ခေါက်အခါခါဖတ်ထားပုံရသည်။ ပလတ်စတစ်အဖုံးဖြင့် ဖုံးထားသော စာအုပ်အထဲ က စာရွက်များပင် ၀ါကျင့်ကျင့်ရှိနေပြီဖြစ်သည်။ စာအုပ်ထဲတွင် တချို့စာကြောင်းများကို မင်ဖြင့် မျဉ်းသား ထားသည်ကို တွေ့ရသည်။ ဒီစာအုပ်တအုပ်နဲ့ သူ့ဘ၀ ဒီလိုအခြေအနေရောက်လာသလားဆိုတာ မေးခွန်း ဖြစ်သွားသည်။




(၃)

ဉာဏ်မကောင်းသော ညီဖြစ်သူသည် ပညာသင်နှစ်ကုန်ဆုံးသောအခါ အကိုဖြစ်သူနှင့်အတူ နေရပ်ဌာနေ တိုင်းပြည်သို့ ပြန်တော့မည်တွင် ဒိသာပါမောက္ခဆရာကြီးမှ ဂါထာတပုဒ် မရမက သင်ပေးလိုက်သည်။

ဂါထာမြန်မာပြန်မှာ “အသင် ကျွန်ုပ်ကို မကောင်းကြံနေတယ်၊ အသင် ဘာလုပ်မယ်ဆိုတာ ကျွန်ုပ်သိတယ်” ဆိုတာပဲဖြစ်သည်။

သူ့မှာ ထိုတပုဒ်လေးကို နှုတ်တက်ရအောင် အတော်ကျက်ယူလိုက်ရသည်။ ပညာသင်ကာလတွင် ဉာဏ်ထုံသောကြောင့် မည်သည့်ပညာမှမရ မည်သည့်ပညာမှမတတ်၊ ပြည်တော်ပြန်ခါနီး အနီးကပ် သင်ယူလိုက်ရသော ဂါထာတပုဒ်ကိုသာ အာရုံစူးစူးစိုက်စိုက်ဖြင့် ဇွဲနပဲသုံးကာ အခေါက်ခေါက်အခါခါ ဆိုသောကြောင့် ရခဲ့သည်။ ထိုဂါထာတပုဒ်ကျေးဇူးကြောင့် တိုင်းပြည်ပြန်ရောက်သည့်အခါ ရှင်ဘုရင်မှ မြှောက်စားခံခဲ့ရသည်အထိ သူ့ဘ၀ အခြေမြင့်သွားခဲ့သည်။

(၄)

ပထမဆုံးစဖတ်ဖူးသော ၀တ္ထုစာအုပ်သည် ထူးထူးခြားခြားဖြစ်သည်။ ဆရာမောင်နှင်းဆွေ ဘာသာပြန် ရေးသားသည့် သိုင်းဝတ္ထုလုံးချင်းစာအုပ်ဖြစ်နေခြင်းပင်။ ယခင်က ဖတ်သည်မှာ ရွှေသွေးစာစောင်၊ ရတနာ မွန်မဂ္ဂဇင်း၊ ကာတွန်း စာအုပ်များ၊ ပုံပြင်အတိုအထွာလေးများသာ ဖြစ်သည်။ ထိုသိုင်းဝတ္ထုကလည်း ဘယ်ကဘယ်လို အိမ်သို့ရောက်လာသည်မသိ။ ဖြစ်နိုင်သည်မှာ အိမ်အလည်လာသော ဧည့်သည် တယောက်ယောက် ကျန်သွားတာဖြစ်နိုင်သည်။ ရှေ့ပိုင်းစာမျက်နှာတချို့မှာ မရှိတော့။ ရှိသည့်စာမျက်နှာမှ စဖတ်ရသည်။ သိုင်းဝတ္ထုဇာတ်လမ်းမှတ်မိသမျှမှာ ဘုရင်စိုးစံရာ တိုင်းနေပြည်တော်မှ အဆင့်မြင့်သိုင်း ကျွမ်းကျင်သည့် သိုင်းသမားတယောက်သည် လူဆိုးဂိုဏ်းကြီးထဲတွင် သူလျှိုလုပ်ကာ မတရားမှုကို နှစ်သက်သော အနက်ရောင်ဂိုဏ်းအား တရားမှုကို လိုလားသောအဖြူရောင်သိုင်းသမားတို့နှင့်အတူ ပူးပေါင်း၍ ဖြိုခွင်းသောဇာတ်လမ်းဖြစ်သည်။

ထိုသိုင်းဝတ္ထုမှ စတင်ပြီး နောက်ပိုင်းတွင် စာအုပ်ငှားသောအခါ သိုင်းဝတ္ထုတွေငှားဖတ်သည်။ သိုင်းဝတ္ထုဖတ်နေရင်းပင် စာဖတ်သွက်လာသောအခါ လူကြီးများညွှန်ပြသော စာရေးဆရာများ၏ ၀တ္ထုများ ကို ဖတ်တတ်လာသည်။ ကောင်းတယ်ကွ အဲဒါဖတ်ကွဟု ညွှန်းကြသည်။ စာဖတ်ရင်းမှ ရလာသော စာပေအရသာကို စာသင်ကျောင်းတွင် ကောင်းစွာအသုံးချဖြစ်ခဲ့သည်။ စာကျက်ရခက်နေလျှင် အမေက အခုလို အားပေးသည်။ သားရေ သားတို့တွေက ၀တ္ထုတွေတောင် တအုပ်ပြီး တအုပ်ဖတ်နိုင်တာပဲ၊ ဇာတ်လမ်းတွေတောင် ပြန်ပြောင်းပြောနိုင်တာပဲ၊ စာလည်း အဲဒီလိုပဲ လုပ်နိုင်ရမှာပေါ့ဟုပြောသည်။

(၅)

စာဖတ်ခြင်းကို အားပေးရာတွင် သိသိသာသာအားပေးခြင်း၊ မသိမသာအားပေးခြင်းများဖြင့် ပြုလုပ်နိုင်ပါ သည်။ လူငယ်များ စာဖတ်စေအောင် စွမ်းဆောင်ခြင်းတွင် စာအုပ်လက်ဆောင်ပေးသော အလေ့အထသည် သူတို့အတွက် အကောင်းဆုံးလက်ဆောင်ဟု ပြော၍ရပါသည်။ ဆုပေးပွဲများတွင် ဆုလက်ဆောင်ပေးကြ သောအခါ၌ စာအုပ်လက်ဆောင်များပေးကြသည်။ အလွန်ကောင်းမွန်သော ချီးမြှောက်ခြင်း ဖြစ်ပါသည်။

စာဖတ်နေသော လူငယ်များကို တွေ့သောအခါတွင်လည်း သူတို့တွေ ဘာစာအုပ်တွေဖတ်နေသည်ကို တစေ့တစောင်းကြည့်၍ လိုအပ်ပါက ညွှန်ပြပေးနိုင်အောင်လည်း ပြုလုပ်ရပါမည်။ ညွှန်ပြပေးနိုင်အောင် လည်း ကိုယ်တိုင်က စာဖတ်နာသူဖြစ်ဖို့ လိုပါသည်။ တခါတလေတွင်လည်း သူတို့ဖတ်နေသောစာအုပ်တွေ ကို လိုက်ဖတ်ရတာမျိုးလည်း ရှိသင့်ပါသည်။ သို့မှသာ သူ့ခေတ် သူ့အခါထွက်ရှိလာသော စာပေများကို ဖတ်သင့်သည် မသင့်သည် စသည်ဖြင့် ဝေဖန်ပေးနိုင်မည် ဖြစ်ပါသည်။ ကိုယ့်တုန်းက ဒါတွေဖတ်လို့ သူတို့ကိုလည်း ဒါတွေ ဖတ်ရမည်ဟု တရားသေ မမှတ်ထားသင့်ကောင်းပေ။

ဖတ်ထားဖူးသမျှထဲမှ စိတ်ကြိုက်တွေ့သော စာများကို စာညွှန်းသဘောလောက် ညွှန်းနိုင်ကြပါလျှင် အညွှန်းပြုစုသူကိုယ်တိုင်လည်း မှတ်တမ်းမှတ်ရာ မှတ်စုတခုအနေဖြင့် ရရှိသွားနိုင်လောက်အောင် အကျိုးရှိ၊ ဖတ်မိသူများအနေဖြင့်လည်း စာညွှန်းများမှတဆင့် မူရင်းစာအုပ်များရှာဖွေဖတ်ရှုလိုစိတ် ဖြစ်သွားနိုင် ကြသည်အထိ အကျိုးများမည်ဖြစ်သည့်အတွက် များစွာပြုစုစေချင်ပါသည်။

တပုဒ်ကောင်း တအုပ်ကောင်းတွေ့ပြီး စာဖတ်ဝါသနာပါသွားကြကာ တတ်သိပညာများ လေ့လာ ရှာဖွေရေးတွင် အထောက်အကူဖြစ်ပါနိုင်စေရန် ရည်ရွယ်ပါကြောင်း။






လှကျော်ဇော - ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီးသို့

$
0
0

လှကျော်ဇော -  ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီးသို့
(မိုးမခ) ဇွန် ၂၀၊ ၂၀၁၆

၂၀၁၅ ခုနှစ်-စက်တင်ဘာလအတွင်းက ကုလသမဂွ အနှစ်(၇၀) ပြည့်အခမ်းအနားများကို နိုင်ငံ အတော်များက ခေါင်းဆောင်များတက်ရောက်ပြီး ကုလသမဂွမှာကျင်းပခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးကြီးမှာ …

- ၂၀၃၀-စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၃) နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ရဘို့ (၃) နှစ် ကျော် ဆွေးနွေးညှိနှိုင်းခဲ့ရတာဖြစ်ပြီး ကုလသမဂွရာဇ၀င်မှာ ကမ္ဘာနဲ့ချီရှိနေတဲ့ ဆင်းရဲမွဲတေမှုရဲ့ အရင်းခံအကြောင်းများဖြေရှင်းရေး-နောက်ဆုံးရည်မှန်းချက်များရဖို့ အချိန်အတိအကျနဲ့ ပစ်မှတ်များ သတ်မှတ်ဖို့လုပ်ငန်းတွေကို စစ်ဆေးကြည့်ကြပ်ဖို့…. စတာစတာတွေအတွက် အရှည်ကြာဆုံး ဆွေး နွေးရတဲ့ပွဲအဖြစ်သမိုင်းဝင်သွားခဲ့ပါတယ်။ 

ဒီရည်မှန်းချက်များဟာ သိပ်ကြီးမားကျယ်ပြန့်လွန်းတဲ့ အတွက် တနိုင်ငံထဲကသီးသန့်ထမ်းဆောင်လို့ မဖြစ်နိုင်ဘဲ တကမ္ဘာလုံးက စုပေါင်းလုပ်ဆောင်ဖို့ လိုအပ်လို့ ကုလသမဂွကသူ့တာဝန်အဖြစ် သဘောထားပြီး နိုင်ငံတကာနဲ့ညှိနှိုင်းကာ ပိုမိုကောင်း မွန်တဲ့ကမ္ဘာကြီးအတွက်- တလောကလုံးဆိုင်ရာ တစုတစည်းတည်း ပေါင်းစပ်ထားတဲ့ အသွင်အပြင် တရပ်လုံးပြောင်းလဲစေနိုင်တဲ့အမြင်တွေနဲ့ ပြည့်ဝနေတဲ့ စီမံကိန်း… ဆိုတဲ့အမည်ကို သတ်မှတ်ပေးခဲ့ ပါတယ်။ 

ဒါ့အပြင် ကုလအထွေထွေအတွင်းရေးမှုး ဘန်ကီမွန်းက… ဒီစီမံကိန်းဟာ လူသားများရဲ့ ဆင်းရဲမှုနည်းသဏ္ဍန်ပေါင်းစုံကို အဆုံးသတ်ပေးမှာဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ချမ်းသာကြွယ်ဝမှု တွေကို မျှဝေခံစားစေရမယ်။ ကမ္ဘာတလွှားငြိမ်းချမ်းစေလိမ့်မယ်။ လိင်ခွဲခြားမှုတွေကိုအဆုံးသတ် စေမှာဖြစ်ပြီး လူသားအားလုံးရဲ့အခွင့်အရေးများကိုအာမခံနိုင်မှာဖြစ်ပြီး တခွန်းထဲပြောရရင်တော့ ဘယ်သူမှနောက်ကျန်မနေစေရပါဘူး … လို့ အဲဒီနေ့ (၂၅-၈-၂၀၁၅) ကပေးတဲ့ မိန့်ခွန်းမှာ ပြော သွားပါတယ်။

တကယ်တော့ဒီစီမံကိန်းဟာ ၂၀၀၀ ခုနှစ်က ကုလသမဂွကပြုလုပ်ခဲ့ ထောင်စုနှစ် ထိပ်သီး ဆွေးနွေးပွဲမှာ နိုင်ငံပေါင်း(၁၈၇)၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း (၂၃)တို့က စုပေါင်းရေးဆွဲပြီး သဘောတူအတည်ပြုထားတဲ့ ၂၀၁၅ မှာ အကောင်အထည်ပေါ်ရမဲ့ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက် ရေး ရည်မှန်းချက်များ (Millennium Development Goals—MDGs)- အချက်(၈) ချက်ရဲ့ အဆက် ဖြစ် ပါတယ်။

အဲဒီရည်မှန်းချက်(၈)ချက်ကတော့….

၁။ အလွန်အကျွံ ဆင်းရဲမှုနဲ့ ငတ်မွတ်မှု-ပပျောက်ရေး။

၂။ မူလတန်းပညာရေး-မသင်မနေရ အခမဲ့သင်ကြားနိုင်ရေး။

၃။ အမျိုးသား-အမျိုးသမီးတန်းတူရေးနှင့် အမျိုးသမီးများကို စွမ်းအင်မြှင့်ပေးရေး။

၎။ ကလေးအသေအပျာက်နှုန်းလျှော့ချရေး။

၅။ မိခင်ကျန်းမာရေး မြှင့်တင်ပေးရေး။

၆။ ကူးစက်ရောဂါကြီးများဖြစ်တဲ့ HIV-AIDS- ငှက်ဖျား နှင့် တခြားရောဂါများကိုတိုက်ဖျက်ရေး။

၇။ သဘာပတ်ဝန်းကျင် ရေရှည်တည်တန့်ရေးအတွက် အာမခံရေး။

၈။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တကမ္ဘာလုံးပူးပေါင်းဆောင်ရွက်မှုဖြစ်စဉ်ပေါ်ထွန်းလာရေး။

စသည်တို့ ဖြစ်ပါတယ်။

ဒီစီမံကိန်းကြီးများအတွက် ပစ်မှတ်တွေ အချိန်ကာလတွေစနစ်တကျရေးဆွဲပြီး နိုင်ငံတကာ အဖွဲ့အစည်းများ (ဥပမာ-ကမ္ဘာဘဏ်၊ အနိုင်နိုင်ငံငွေကြေးရံပုံငွေအဖွဲ့) ကလည်း ပုံသဏ္ဍန်အမျိုးမျိုး (ချေးငွေများ) နဲ့အကောင်အထည်ဖော်ခဲ့ကြပေမဲ့ ထင်တိုင်းမပေါက်တဲ့နိုင်ငံတွေ အများအပြား ရှိခဲ့ ပါတယ်။ (သဘာဝဘေးအန္တရာယ်နဲ့ရင်ဆိုင်ရတာမျိုး၊ ပြည်တွင်းနိုင်ငံရေးအရှုပ်အထွေးများ- စသည်) ဒါကြောင့် ဒီသင်ခန်းစာတွေကို နိဂုံးချုပ်ပြီး ၂၀၁၅ မှာ နောက်ထပ်စီမံကိန်းတခု (၂၀၃၀- အတွက် စီမံကိန်း-စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်-(၁၇)ချက် (Sustainable Development Goals-17 SDGs) ကိုချမှတ်လိုက်တာပါ။

အဲဒီရည်မှန်းချက်(၁၇)ချက်ကတော့…

၁။ နေရာတကာက သဏ္ဍန်ပေါင်းစုံနဲ့ရှိတဲ့ဆင်းရဲမှုပပျောက်ရေး။(ကုလသတ်မှတ်ချက်-ဆင်းရဲသား တနေ့ (ယနေ့နှုန်း) ဒေါ်လာ၁.၂၅ အောက်ရသူ) လူမှုဖူလုံရေးစနစ်များ ပေါ်ပေါက်လာရေး။

၂။ ငတ်မွတ်မှုပပျောက်ရေး၊ အစားအစာလုံလောက်ရေး၊ အဟာရပြည့်ဝရေး၊ လယ်ယာ ထွက် ကုန်များကောင်းမွန်စွာထွက်ရှိရေးအတွက် လယ်သမားများကို ဘက်စုံက အကူအညီများပေးရေး။

၃။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာရေး။ ဥပမာ-၂၀၃၀ မှာ မိခင်အသေအပျောက်နှုန်းကို လူ တသိန်းမှာ ၇၀ (တကမ္ဘာလုံး) သို့လျှော့ချရေး။ ကူးစက်ရောဂါများကိုအမြစ်ပြတ်အောင် လုပ်ဆောင် ရေး။ မိသားစုစီမံကိန်းအတွက် ပညာပေးရေးလုပ်ငန်းများလုပ်ဆောင်ရေး။ လူတိုင်းဆေးကုသခွင့် ကာကွယ်ဆေးများထိုးခွင့် ရရှိရေး။

၎။ ကျားမခွဲခြားမှုမရှိဘဲ၊ လူတိုင်းအရည်အချင်းပြည့်မီတဲ့ပညာရေးရရှိရေး။ တသက်ပတ်လုံး ဆက် လက်လေ့လာနိုင်တဲ့အခွင့်အရေးများရရှိရေး။ ဘ၀အခြေအနေကို အဆက်မပြတ်မြှင့်တင်ရေး အတွက် သင်တန်းပေါင်းစုံတက်နိုင်ရေး။ (အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများ တက် ရောက်နိုင်ရေး)

၅။ အမျိုးသား-အမျိုးသမီး-တန်းတူရေးနှင့် အမျိုးသမီးများ မိန်းကလေးများအား စွမ်းအင်မြှင့်ပေး ခြင်း။ အမျိုးသမီးများကိုခွဲခြားဆက်ဆန်မှု။အကြမ်းဖက်မှု။လူကုန်ကူးမှုများပပျောက်ရေး။ အဆင့်အသီးသီးရဲ့ခေါင်းဆောင်မှုအတွင်းအမျိုးသမီးများပါဝင်မှုနှုံးမြှုင့်တင်ပေးရေး။ အမျိုးသမီးများရဲ့အခွင့်အရေးများကိုတရားဥပဒေနဲ့ကာကွယ်ပေးခြင်း။

၆။ သန့်ရှင်းသော-သောက်ရေ-သုံးရေရရှိရေး။ ကျန်းမာရေးနှင့် ကိုက်ညီသောပတ်ဝန်းကျင် ရရှိ ရေး။ (ဥပမာ-လုံခြုံသောရေအိမ်သာ။)

၇။ ငွေကုန်ကြေးကျသက်သာပြီး သန့်ရှင်းတဲ့စွမ်းအင်ရရှိရေး။

၈။ လူအားလုံးသင့်တင့်လျောက်ပတ်တဲ့အလုပ်အကိုင်ရရှိရေးနှင့် စီပွားရေးအရ တိုးတက်မှုရှိရေး။

၉။ အခြေခံအဆောက်အအုံများရရှိရေး။ စက်မှုလက်မှုလုပ်ငန်းများဖြစ်ထွန်းရေး။ တီထွင်ဖန်တီးမှု များကိုအားပေးရေး။

၁၀။ တိုင်းပြည်တွင်းနှင့် တပြည်နှင့်တပြည်အကြား မညီမမျှဖြစ်မှုများကို လျှော့ချရေး။

၁၁။ လူနေရပ်ကွက်များအားလုံး စိတ်ချလုံခြုံမှုရှိရေး။ အဆင့်အတန်းအဆက်မပြတ် မြှင့်တင် ပေး ရေး။

၁၂။ နေထိုင်စားသောက်မှုနှင့် ထုတ်လုပ်ရေးပုံစံများ စဉ်ဆက်မပြတ်ထိန်းသိမ်းရေး။

၁၃။ ရာသီဥတုအပြောင်းအလဲနှင့်၎င်းရဲ့သက်ရောက်မှုများကို ဖြေရှင်းရေးအတွက် အလျှင်အမြန် လုပ် ဆောင်ရေး။

၁၄။ သမုဒ္ဒရာ ပင်လယ်နှင့်ရေအောက် သက်ရှိ သက်မဲ့ အရင်းအမြစ်များကို ထိန်းသိမ်းရေး။

၁၅။ မြေပေါ်သယံဇာတများ(သဘာဝတောတောင် သစ်တော) ထိန်းသိမ်းရေး။

၁၆။ ငြိမ်းချမ်းရေး တရာမျှတမှုရရှိရေး။ သန်မာထိရောက်တဲ့တာဝန်ယူမှုရှိတဲ့ အဖွဲ့အစည်းများ ရရှိ ရေး။

၁၇။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် များ ခိုင်မာအားကောင်းစေရေး..

စသည်တို့ ဖြစ်ကြပါတယ်။

ဒါတွေကတော့ ကုလသမဂွကဦးစီးပြီး ၂၀၁၅- စက်တင်ဘာလက ကျင်းပခဲ့တဲ့ ထိပ်သီးများ ညီလာခံကနေ သဘောတူဆုံးဖြတ်ချက်ချလိုက်ကြတဲ့- ၂၀၃၀ ခုနှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းအတွက် ရည်မှန်းချက်(၁၇)ချက် ဖြစ်ပါတယ်။

အဲဒီစာတန်းကြီးမှာ ရည်မှန်းချက်(၁၇) ချက်ကို ထပ်မံအသေးစိတ်ပြီး အဆင့်အမျိုးမျိုးခွဲပြီး အချိန်ကာလအလိုက် ပစ်မှတ် (target) ၁၆၃ ခု ခွဲထားပါတယ်။ ဒါ့အပြင် အလွန်ကျယ်ပြန့်တဲ့ ကဏ္ဍပေါင်းစုံနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်တဲ့ပြဿနာများအတွက် ဖြေရှင်းမဲ့ နည်းလမ်းများလည်း ပါဝင်ပါတယ်။

ဒါတွေအားလုံးရဲ့ ရည်ရွယ်ချက်ကိုအတိုချုပ်လိုက်ရင်တော့…ဆင်းရဲမှု၊ ငတ်မွတ်ခေါင်းပါးမှု ပပျောက်ဖို့၊ ကျန်းမာရေးနှင့်ပညာရေးစနစ်များတိုးတက်ကောင်းမွန်ဖို့၊ မြို့ပြလူနေရပ်ကွက်များ သင့်တင့်ကောင်းမွန်ဖို့၊ ရာသီဥတုအပြောင်းအလဲကို ကာကွယ်တားဆီးဖို့၊ မြေပေါ်မြေအောက် သယံဇာ တ များကို ထိန်းသိမ်းဖို့ …စသည်များ ဖြစ်ပါတယ်။

ဒါတွေကို အစိုးရများ၊ ပုဂ္ဂလိက လုပ်ငန်းများ၊ လူမှုအဖွဲ့အစည်းများက တာဝန်ခွဲဝေ လုပ်ဆောင် ကြရန်ဖြစ်ပါတယ်။

ကုလသမဂွအနေနဲ့ ကမ္ဘာကြီးအနှံ့အပြားလက္ခဏာဆောင်လာမှု (globalization) အောက်မှာ နိုင်ငံအားလုံးတဆက်တစပ်ထဲဖြစ်လာနေတာကြောင့် ပြဿနာအားလုံးကို စုပေါင်းဖြေရှင်းကြဖို့ လက်ဦးမှုရှိရှိ ဦးဆောင်လုပ်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ ဒါတွေဟာ ပကတိဘာဝတရားများသာဖြစ်တဲ့ အတွက် နိုင်ငံတိုင်းအနေနဲ့ကလည်း မိမိရဲ့အတ္တဘာဝပိုင်းဆိုင်ရာအချက်အလက်များကို ပြည့်ဝ အောင် ကြိုးစားလုပ်ဆောင်ကြရပါလိမ့်မယ်။ 

အစိုးရလုပ်ငန်းများရဲ့ထင်သာမြင်သာရှိမှု တာဝန်ယူ မှုများရှိရမဲ့အပြင် တရားဥပဒေစိုးမိုးရေးကလည်း အရေးကြီးပါသေးတယ်။ ပြည်သူလူထုကြီးတရပ် လုံးကလည်း ပါဝင်လှုပ်ရှားရမှာဖြစ်သလို ကြီးကြပ်သူအခန်းကလည်း ပါဝင်နိုင်ပါတယ်။

ဒီလိုဘက်ပေါင်းစုံက၀ိုင်းဝန်းလုပ်ဆောင်မှုများနဲ့ နိုင်ငံအတော်များများက ပြသာနာများကို ဖြေရှင်းလာနေနိုင်ပါတယ်။

ဗမာပြည်မှာလည်း ဒီလိုမျိုးကုလသမဂွစီမံကိန်းများ ၀င်လာနေတာ ကြားသိနေရပါတယ်။ ဒါတွေအဟောသုကံဖြစ်မကုန်ဘဲ ကုလသမဂွရဲ့ရည်မှန်းချက်အတိုင်း ပြည်သူလူထုကြီးအတွက် အကျိုးရှိပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။

လှကျော်ဇော။

၃-၆-၂၀၁၆။

ကိုးကား။

၁။ www.un.org/sustainabledevelopmentgoals.

၂။ Beijing Review.vol.58.no42.15-10-2015.

ပုံအတွက်စာ။ ၂၂--၉-၂၀၁၅ ရက်နေ့ကနယူးယောက်ရှိကုလ ဌာနချုပ်မှာ SDG 17 ကိုရုပ်ပုံများနှင့် ဖော်ပြထားပုံ။



ထက်ခေါင်းလင်း (Myanmar NOW) - "နိုင်ငံရေးအရ ပြေလည်ရင် ငြိမ်းချမ်းမယ်"

$
0
0

ထက်ခေါင်းလင်း (Myanmar NOW) - "နိုင်ငံရေးအရ ပြေလည်ရင် ငြိမ်းချမ်းမယ်" 
(Myanmar NOW) မိုးမခ၊ ဇွန် ၂၁၊ ၂၀၁၆
အခြေခံဥပဒေ ပြင်ဆင်ရေးက လွှတ်တော်ပြင်ပ ဆွေးနွေးပွဲတွေကနေ ညှိနှိုင်းမှ ပိုအဆင်ပြေမယ်လို့ ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်က ပြောလိုက်ပါတယ်

လိုင်ဇာ၊ ကချင်ပြည်နယ် (Myanmar Now) - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေး အကောင်အထည်ဖော်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြေလည်မယ်လို့ မျှော်လင့်ထားပေမယ့် မယုံရဲသေးတဲ့အတွက် စစ်ရေးပြင်ဆင်မှု ဆက်လုပ်နေရကြောင်း AA လို့ ထင်ရှားတဲ့ ရက္ခိုင့်တပ်မတော်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လှုပ်ရှားတတ်တဲ့ AA အဖွဲ့က တပ်မတော်နဲ့ ထိတွေ့တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့ပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာဒေသမှာ Myanmar Now သတင်းထောက် ထက်ခေါင်လင်းနဲ့ မကြာသေးခင်က တွေ့ဆုံစဉ် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က အစိုးရသစ်ရဲ့ ရက် ၁ဝဝ စီမံကိန်း၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ရခိုင်ဒေသ အထွေထွေ အခြေအနေတို့အကြောင်း ပြောဆိုထားပါတယ်။ (ထက်ခေါင်လင်း)

မေး - ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲနောက်ဆုံးအခြေအနေကို ပြောပြပေးပါ။

ဖြေ - ဒီရက်ပိုင်းတွေမှာ တိုက်ပွဲဖြစ်တာကတော့ မရှိဘူး။ ဒါပေမယ့် ဒီလဆန်းပိုင်းကတော့ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့က မိုးရာသီဖြစ်တာရယ်၊ ဒုက္ခသည်ကိစ္စတွေလည်း အရမ်းရှုတ်ထွေးလာမှာစိုးလို့ တက်နိုင်သမျှ ရှောင်ခိုင်းတာပေါ့။ သူတို့ဘက်ကဝင်တာ တော်တော်များတယ်။ အများကြီးဝင်လာပြီး တည့်တည့်တိုးတဲ့အခါတော့ ဖြစ်ကြတယ်။ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာကတော့ တစ်ဘက်နဲ့တစ်ဘက် ရှိကြတာပေါ့။

မေး - ၂၁ ရာစု ပင်လုံပင်လုံညီလာခံကို တက်ဖို့ ဖိတ်ခေါ်ထားတာ ရှိသလား။

ဖြေ - ညီလာခံတက်ပါလို့ ဖိတ်ခေါ်တဲ့အဆင့်အထိတော့ မရှိဘူး။ အလွတ်သဘော ပြောတာလောက်ပဲ ရှိတာ။ တပ်မတော်ဘက်က ပြောထားတဲ့ လက်နက်စွန့်ရမယ်ဆိုတဲ့ကိစ္စက အရမ်း အတားအဆီးဖြစ်နေတယ်၊ လုံးဝမဖြစ်နိုင်ဘူး။ ဒီကိစ္စကို ဖြေရှင်းနိုင်မှပဲ ကျန်တဲ့အဆင့်တွေကို လုပ်လို့ရနိုင်မယ်ထင်တယ်။ (အစိုးရသစ်က) ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ တက်လာတာတော့ မှန်ပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲလား၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလား။ ငြိမ်းချမ်းရေးဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုပုံခြင်း ခြားနားနေတာတွေ ရှိနေတယ်။ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးက လက်နက်စွန့်ရင် ငြိမ်းချမ်းမယ်ဆိုတာဖြစ်နေတယ်။ ကျွန်တော်တို့ ယူဆထားတာက နိုင်ငံရေးအရ ပြေလည်ရင် ငြိမ်းချမ်းမယ်။

မေး - တိုင်းရင်းသားခေါင်းဆောင်တချို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဆွေးနွေးညှိနှိုင်းပြီး ပြေလည်မယ်လို့ ယုံကြည်နေကြတယ်။
ဖြေ - ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြေလည်မယ်လို့ မျှော်လင့်ချက်ထားပါတယ်။ သိပ်လည်းမယုံရဲဘူး။ ဘာလို့ဆိုရင် တပ်မတော်အပေါ်မှာ အစိုးရရဲ့ သြဇာသက်ရောက်မှုနဲ့ တပ်ဘက်က အစိုးရကို နာခံမှု အတိုင်းအတာက အဆုံးအဖြတ် ဖြစ်လိမ့်မယ်။ ပြီးရင် ဒီအစိုးရက တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီး တချို့ကိစ္စတွေမှာ ဖယ်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ပါမယ်လို့ ပြောထားပြီးမှ လုပ်ပုံလုပ်နည်း လွဲချော်နေတာတွေရှိတယ်။ ကျွန်တော်ရည်ညွှန်းတာက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စတွေမှာပါ။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေမှာ ဗဟိုအစိုးရက ချုပ်ကိုင်ထားတဲ့ သဘောမျိုးတွေ ဖြစ်နေတယ်။ ကျွန်တော်တို့က သူတို့ပြောတာနဲ့ လုပ်တာမှာ ခြားနားနေတာတွေကို အဓိပ္ပာယ် ကောက်ယူရမှာပဲ။ အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ လက်ထက်မှာ ဒီကိစ္စ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ (သေချာပေါက်) မပြောရဲဘူး။

မေး - ဆွေးနွေးဖို့ ပြင်ဆင်နေသလို စစ်ရေးအရလည်း ပြင်ဆင်နေကြတာတွေက ဘာ့ကြောင့်လဲ။
ဖြေ - မယုံရဲလို့ပေါ့။ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဆွေးနွေးမှုပေါင်း များစွာလည်း ပြုလုပ်ခဲ့ကြပြီးပြီ။ သို့သော် ယုံကြည်တဲ့သူက သားကောင်ဖြစ်သွားတတ်တယ်။ ကျွန်တော်တို့ ရှေ့ကိုလည်းသွားမယ်။ ဒါပေမဲ့ နောက်ကိုဆုတ်တာမှာလည်း သတိရှိရှိနဲ့ ပြင်ဆင်တဲ့သဘောပါ။

မေး - ရခိုင်တိုင်းရင်းသားတွေက တိုက်ပွဲတွေရပ်ဖို့ နေရာတော်တော်များများမှာ ဆန္ဒထုတ်ဖော်ကြတယ်။ တိုက်ပွဲတွေရပ်ဖို့က တပ်မတော်နဲ့ပဲ ဆိုင်သလား၊ AA ဘက်မှာရော တာဝန်ရှိတယ်လို့ ခံယူထားသလား။
ဖြေ - ရခိုင်မှာ အကြိမ် ၇ဝ၊ ၈ဝ လောက် ထိတွေ့မှုဖြစ်တယ်။ အဲ့ဒီမှာ ကျွန်တော်တို့ဘက်က စပြီးတိုက်တာ ၁ဝ ကြိမ် မရှိသေးဘူး။ ကျန်တဲ့အကြိမ်တွေက ကျွန်တော်တို့ကို လာတိုက်တာဖြစ်တယ်။ ကျွန်တော်တို့မှာ တာဝန်မရှိဘူးလို့ တာဝန်မဲ့ မပြောလိုဘူး။ ထိုးစစ်တွေလာရင် ကျွန်တော်တို့မှာ ခုခံရမှာပဲ။ ဟိုဘက်ကမတိုက်ရင် ကျွန်တော်တို့မတိုက်ဘူး။

မေး - တိုင်းပြည်တစ်ခုမှာ တပ်တစ်ခုပဲ ရှိရမယ်ဆိုတော့ ငြိမ်းချမ်းရေးရဲ့ နောက်ဆက်တွဲအဖြစ် တပ်မတော်နဲ့ AA ဘယ်လိုပူးပေါင်းကြမလဲ။
ဖြေ - အဲ့ဒါတော့ မရှိသေးဘူးဗျ။ အခြေအနေပေါ် မူတည်ပြီးမှ စဉ်းစားရမှာဖြစ်တယ်။ အခုအချိန်မှာ သူတို့နဲ့ ကျွန်တော်တို့က ရန်သူ အဆင့်မှာပဲ ရှိသေးတယ်။ ပူးပေါင်းဆောင်ရွက်မှာထက် သူတို့လာရင် ဘယ်လိုချမလဲ ဆိုတာပဲ ရှိသေးတယ်။ နိုင်ငံတစ်ခုမှာ တပ်တစ်ခုပဲရှိရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ သို့သော် ဒီလိုတပ်မတော်မျိုးဆိုရင်တော့ တစ်ခုတည်းရှိဖို့ မလွယ်ဘူးထင်တယ်။ တိုင်းရင်းသားတွေအပေါ် စံချိန်စံညွှန်းမညီတဲ့ တပ်မတော်တစ်ခုတည်းရှိမယ်ဆိုရင် ကျွန်တော်တို့လူမျိုးတွေ အကုန် ပျောက်သွားမှာပေါ့။ ကျွန်တော်တို့ကလည်း လိုအပ်ချက်တွေအရ ပေါ်လာရတာဖြစ်တယ်။

မေး - ဒါဆိုရင် ဖယ်ဒရယ်တပ်မတော်ကို သွားဖို့ တပ်မတော်ကို ဘယ်လိုပြန်ဖွဲ့သင့်တယ်လို့ ယူဆလဲ။
ဖြေ - ကာကွယ်ရေး ဦးစီးချုပ်ဆိုတာ ကာကွယ်ရေးဝန်ကြီး အောက်မှာပဲ ရှိရမယ်။ စစ်သေနာပတိချုပ်ဆိုတာ နိုင်ငံတော်သမ္မတပဲ ဖြစ်ရမယ်။ ကိုယ်စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေနဲ့ အမြင့်ဆုံးနေရာကို ယူပြီးမှ ဥပဒေနဲ့အညီပါဆိုပြီး ဒီစာအုပ်ကိုပဲ ကိုးကားနေလို့ကတော့ မရဘူး။

မေး - ငြိမ်းချမ်းရေးရဖို့ တပ်မတော်နဲ့ဆွေးနွေးတာ အဆင်ပြေမယ်လို့ ထင်လား။ ဘယ်လို ခန့်မှန်းသလဲ။
ဖြေ - သူ့သဘောထားက ခန့်မှန်းရခက်တယ်။ ငြိမ်းချမ်းရေး လိုချင်တယ်လည်း ပြောတယ်၊ အပြုတ်တိုက်မယ်လို့လည်း ပြောတယ်။ လက်ရှိအစိုးရအနေနဲ့ သတိထားရမယ်ထင်တယ်။ သူတို့ပြောတဲ့လေသံက ဘယ်သူ့ကိုမဆို အပြုတ်တိုက်မယ် ဆိုတော့ ဘယ်သူမဆို ဖြစ်နိုင်တယ်။ ဒါ့ကြောင့် အခြေအနေတွေက လူထုမျှော်လင့်ထားသလောက် မကောင်းသေးပါဘူး။

မေး - အခု NLD အစိုးရ သွားနေတဲ့ ငြိမ်းချမ်းရေးပုံစံကို ဘယ်လိုထင်လဲ။
ဖြေ - NLD အစိုးရကို ကျွန်တော်တို့ကပဲ အလွန်တရာ မျှော်လင့်လို့လားတော့မသိဘူး၊ အခုလုပ်တဲ့အခြေအနေကို အားမရဘူး။ ရက် ၁ဝဝ စီမံကိန်းမှာ အပြောင်းအလဲတချို့ကို ကြိုးစားပြီး လုပ်ပါတယ်၊ သို့သော် ပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်တွေကို ရအောင်ဆိုရင် နိုင်ငံရေးအရ အပြောင်းအလဲတွေကို လုပ်ရပါလိမ့်မယ်။ ဝန်ကြီးဌာနတွေရဲ့ စီမံကိန်းတချို့ကို ပြောင်းလဲတာလောက်နဲ့ နှစ်ပေါင်းများစွာ လူထုခံစားလာရတဲ့ဟာတွေကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ရက် ၁ဝဝ ဆိုတာ တိုတောင်းတာ နားလည်ပါတယ်၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုထက် ပေါ်လစီပိုင်းဆိုင်ရာ ပြောင်းလဲလိုက်ရင် သိသာ မြင်သာအောင် မပြောင်းလဲနိုင်ပေမယ့် ရေရှည်မှာ မှန်ကန်တဲ့ လမ်းမပေါ်ရောက်သွားမယ်။

မေး - တိုင်းနဲ့ ပြည်နယ်အစိုးရလုပ်ပိုင်ခွင့်တွေပိုရဖို့ အခြေခံ ဥပဒေ ပြင်ဆင်ရေးက လွှတ်တော်ထဲမှာ ခက်ခဲနေတယ်။ လွှတ်တော်ပြင်ပ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ ပြင်ဆင်မှ အောင်မြင်မှာလား။
ဖြေ - လွှတ်တော်ပြင်ပကပဲ ပြင်မှ အဆင်ပြေမယ်။ ပြီးခဲ့တဲ့ လတွေက လွှတ်တော်အတွင်းမှာ ဒါတွေပြင်ဖို့ တိုင်းရင်းသား အမတ်တွေက တောင်းဆိုလာတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ သူတို့ရဲ့ အဆိုပြုချက်တွေ အဖတ်မတင်ဘူး။ ဒီမိုကရေစီ ပြောင်းလဲပြီးပြီ၊ လွှတ်တော်ထဲမှာ တောင်းဆို လို့ရပါတယ်လို့ ကျွန်တော်တို့တွေကိုလည်း သူတို့မီဒီယာတွေကတဆင့် ပြောတာတွေရှိတယ်။ အပြောအားဖြင့်သာလွယ်တယ်။ လက်တွေ့မှာဘာဖြစ်နေသလဲဆိုတာ အရမ်းသိသာလွန်းနေတယ်။ အဲ့ဒီအနေအထားက ကျွန်တော်တို့အတွက် ပိုသတိထားစရာဖြစ်လာတာ။

မေး - ရခိုင်ပြည်နယ်အတွင်းမှာ NLD အစိုးရအနေနဲ့ အရေးတကြီးဖြေရှင်းရမယ့်ကိစ္စ၊ အန္တရာယ်ရှိနေတဲ့ကိစ္စတွေက ဘာတွေလို့ ယူဆလဲ။
ဖြေ - ဘင်္ဂါလီကိစ္စက NLD အစိုးရအနေနဲ့ ပိုပြီးနားလည်ဖို့ ကြိုးစားရမယ်။ အခု ကိုင်တွယ်တာက ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေပေါ့။ ဒီ … ရှုပ်ထွေးတဲ့ပြဿနာကို အကုန်လုံးကျေနပ်အောင် ဖြေရှင်းဖို့ကတော့ မလွယ်ပါဘူး။ ဘယ်နည်းကအကောင်းဆုံးလဲဆိုတာ ရှာပြီးမှ အားလုံးနဲ့ ပူးပေါင်းဖြေရှင်းရမယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဖြေရှင်းရမယ်။ (မကြာသေးခင်က နေပြည်တော်) သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားတာက တိတိကျကျ မဖြစ်နေဘူး။ ရခိုင်နဲ့ ဘင်္ဂါလီ လူမှုအသိုင်းအဝိုင်း နှစ်ခုထက် ပိုကျယ်ပြန့်ပါတယ်။ နောက်တစ်ခုက ရခိုင်မှာ ဆင်းရဲမွဲတေမှုကလည်း အရမ်းအရေးကြီးတဲ့အနေအထားကို ရောက်နေပြီ။ စစ်ဘေးဒုက္ခသည်ကိစ္စက ကျွန်တော်တို့ ဆွေးနွေးလာပြီ၊ အပစ်အခတ်တွေ မရှိတော့ဘူးဆိုရင် ပြေလည်သွားမှာပါ။ ပြည်တွင်းစစ်ရဲ့ ကျွဲကူးရေပါကိစ္စမို့ စစ်မရှိရင် ပြေလည်သွားမှာပါ။ ။

ကာတွန်း Joker - ကြော်ငြာ ရမယ်၊ ကြော်ငြာ

$
0
0


ကာတွန်း Joker - ကြော်ငြာ ရမယ်၊ ကြော်ငြာ
(မိုးမခ) ဇွန် ၂၁၊ ၂၀၁၆

ဂါမဏိ - "ပင်လုံစာချုပ် မှသည် ပင်လုံဥပဒေသို့"

$
0
0


ဂါမဏိ - "ပင်လုံစာချုပ် မှသည် ပင်လုံဥပဒေသို့"

(ဂါမဏိ၏ ပင်လုံစာစဉ်များ) မိုးမခ၊ ဇွန် ၂၁၊ ၂၀၁၆


၂ဝဝ၃ ခု ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က နှစ်ပေါင်း ၄ဝ ကျော်ရပ်တည်ခဲ့တဲ့ မြန်မာပြည်မှခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်ရေးဝါဒကို တရားဝင်စွန့်လွှတ်လိုက်တယ်။


ဒီဆုံးဖြတ်ချက် အရေးပါရတဲ့ အကြောင်းကတော့ "အနောက်ကရင်နီပြည်"ဟာ ၁၈၇၅ ခု ကင်းဝန်မင်းကြီးနဲ့ အင်္ဂလိပ်ကိုယ်စားလှယ်တို့ နှစ်ဖက်သဘောတူစာချုပ်ချုပ်ပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုထားခဲ့တာ တကြောင်း၊ ကရင်နီဟာ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက် ပင်လုံစာချုပ်ကို လုံးဝလက်မှတ်မထိုး အသိအမှတ် မပြုခဲ့တာတကြောင်း၊ အဲဒီအကျိုးဆက်အဖြစ် ဗမာပြည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွင်း သီးခြားနိုင်ငံ အယူအဆ ရပ်ခံတဲ့အထဲမှာ အကြီးဆုံး၊ အပြင်းထန်ဆုံး၊ အစွဲမြဲဆုံးနဲ့ ယုတ္တိအရှိဆုံးအဖွဲ့ ဖြစ်တာကလည်းတကြောင်း တို့ကြောင့်ဖြစ်ပါတယ်။ အင်အားအရေအတွက်အရကြည့်ရင် ငယ်ပေမဲ့ လူမျိုးနဲ့ပြည်နယ်အရ၊ နိုင်ငံရေးနဲ့စစ်ရေးအရ၊ သမိုင်းကြောင်းအရ အထူးအရေးပါတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။


သမိုင်းအရကြည့်ရင် မွန်နဲ့ရခိုင်တို့ဟာလည်း မကြာသေးတဲ့ ၁၈ ရာစုအထိ သီးခြားလွတ်လပ်တဲ့ ပဒေသရာဇ်နိုင်ငံတွေအဖြစ် ရပ်တည်ခဲ့တာ ဘယ်သူမှငြင်းမရပါဘူး။ ရှမ်းကတော့ ၁၅ ရာစုကတည်းက သီးခြား ဘုရင့်နိုင်ငံ ပျက်သုဉ်းသွားပြီး တရုတ်ပြည်နဲ့ ဗမာပြည်က ခွဲဝေသိမ်းသွင်းလိုက်တာ ခံခဲ့ရတယ်။ ဒါပေမဲ့ ဗမာပြည် ဘက်မှာတော့ တပြည်လုံးကိုအုပ်ချုပ်တဲ့ဘုရင်တွေအဖြစ် တခါတရံ ပေါ်ပေါ်လာခဲ့ပါတယ်။ (အင်းဝဟာ ရှမ်း-ဗမာပြည်ထောင်စုဖြစ်ခဲ့ပြီး ဗမာတွေသာမက ရှမ်းတွေလည်း ဘုရင်အဖြစ် မကြာခဏ အုပ်စိုးခဲ့ပါတယ်။)


ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရဲ့ အဓိကတိမ်းညွတ်မှုက ဒီမိုကရေစီနဲ့ အခွင့်အလမ်းတန်းတူရေး ဖြစ်ပါတယ်။ အခွင့်အလမ်းဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေးဆိုင်ရာ အခွင့်အရေးတွေကို ဆိုလိုပါတယ်။ ဂလိုဘယ်ကမ္ဘာထဲမှာ အခွင့်အလမ်းတူမှ ဝင်ကစားလို့ရမှာ ဖြစ်ပါတယ်။ ဒီလိုမကစားနိုင်ရင် မြောင်းထဲရောက်မှာ အသေအချာပါဘဲ။ ဒါကို မြန်မာပြည်အတိုင်းအတာနဲ့ပြောရရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဟာ ခေါင်းနဲ့ပန်းလို ဘယ်လိုမှခွဲမရနိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်ဘဲ ဖြစ်ပါတယ်။ ဖက်ဒရယ်မပါတဲ့ ဒီမိုကရေစီ၊ ဒီမိုကရေစီမပါတဲ့ ဖက်ဒရယ်တွေဟာ ရာစုတဝက်ကျော် ကြာနေပြီဖြစ်တဲ့ မီးတွေကို ဆက်လောင်စေဖို့ဘဲရှိပါတယ်။ ဗမာပြည်မှာ ဖက်ဒရယ်စနစ် လိုအပ် မလိုအပ်ဆိုတာ ငြင်းခုံဆွေးနွေးရမယ့်အဆင့် ကျော်သွားပါပြီ။


ဗုဒ္ဓတရားတော်အရ ဘယ်အရာမှ တည်မြဲတာမရှိတဲ့အတွက် အရင်က ဖာသိဖာသာ နေခဲ့တဲ့လူမျိုးတွေက ကိုယ်ပိုင်အမှတ်အသားလက္ခဏာ ရယူလိုလာတာ၊ ပိုအဆင့်မြင့်တဲ့ အခွင့်အရေးတွေ လိုလားလာတာတွေ ရှောင်လွဲ မရနိုင်ပါဘူး။ စီးပွားရေး လူမှုရေးတွေ ပြောင်းလဲထွန်းကားလာပြီး ကမ္ဘာကြီးနဲ့ ပိုတွယ်ဆက်မိလာတာနဲ့အမျှ လူတွေရဲ့ အသိအမြင်တွေ ပြောင်းလဲလာတာ ထုံးစံပါဘဲ။


တချိန်က ဖက်ဒရယ်ကို လက်မခံခဲ့တဲ့ စစ်အုပ်စုပြုတ်တွေ၊ ကွယ်လွန်သူဦးနု၊ ဦးဗဆွေနဲ့ ဗကပ အပါအဝင် နိုင်ငံရေးအင်အားစု အဟောင်း-အသစ်အားလုံးကတော့ ဖက်ဒရယ်ကို အနည်းနဲ့အများဆိုသလို မူအားဖြင့် လက်ခံကြ ပြီဖြစ်ပါတယ်။ ယေဘုယျဖက်ဒရယ်မူအဆင့်ကနေ ဘယ်လိုဖက်ဒရယ်စနစ်မျိုး လုပ်မလဲဆိုတဲ့ လက်တွေ့ပိုင်း အသေးစိတ်တွေဘဲ ဆက်ညှိဖို့လိုပါတော့တယ်။ ကမ္ဘာမှာ ဖက်ဒရယ်အမျိုးမျိုးရှိတဲ့အထဲက ကျနော်တို့အနေနဲ့ ဗမာပြည်လက်တွေ့နဲ့ အကိုက်ညီဆုံးပုံစံကို အားလုံးဝိုင်းဆွေးနွေးဖော်ထုတ်ရမှာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံလူမျိုးစုပြဿနာကို ဖက်ဒရယ်စနစ်နဲ့ ဖြေရှင်းဖို့ ပထမဆုံးစနစ်တကျအဆိုပြုခဲ့တာဟာ ၁၉၄၅ ခု ဇူလိုင်လ ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယကွန်ဂရက်မှာဖြစ်ပါတယ်။ အဲဒီတုံးက သခင်သန်းထွန်း တင်သွင်းခဲ့တဲ့ အထဲမှာ -

• လူမျိုးရေးပြဿနာ အပြီးသတ်ဖြေရှင်းရေး

၃။ တပြည်လုံးဆိုင်ရာကိစ္စများကို ဗဟိုကိုယ်စားလှယ်အဖွဲ့ကစီမံပြီး ဒေသန္တရဆိုင်ရာကိစ္စများကို ဒေသန္တရ ကိုယ်စားလှယ်အဖွဲ့က စီမံရန်။ ဥပမာ၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး - ဗဟိုကစီမံရန်။ ပညာရေး၊ ကျန်းမာရေး - ဒေသန္တရ (ကရင်၊ ရှမ်း၊ ဗမာ၊ ရခိုင်၊ မွန်၊ ကချင်) ကစီမံရန်

၎။ ဗဟိုမှာ လွှတ်တော်နှစ်ရပ်ထားရန်

၅။ လွှတ်တော်နှစ်ရပ်ကို လူမျိုးရေးလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဟုသတ်မှတ်ရန်

၆။ လူမျိုးရေးလွှတ်တော်ကို လူမျိုးချင်းတန်းတူထား၍ လူမျိုးတမျိုး ၁ဝ ယောက်စီ ကိုယ်စားလှယ်မြှောက်ရန်။ ဥပမာ၊ ဗမာ ၁ဝ၊ ကရင် ၁ဝ၊ ရှမ်း ၁ဝ၊ ရခိုင် ၁ဝ၊ ချင်း ၁ဝ၊ ကချင် ၁ဝ စသည်

၇။ ပြည်သူ့လွှတ်တော်ကို ဒေသအလိုက် ရွေးကောက်ရန်၊ သို့သော် လူမျိုးချင်းရောနေသော ဒေသများ (ဥပမာ၊ မြစ်ဝကျွန်းပေါ်) မှာ လူမျိုးအလိုက်ရွေးကောက်ရန်

၈။ လွှတ်တော်နှစ်ရပ် အာဏာတူရန်

၉။ လွှတ်တော်နှစ်ရပ်ပေါင်းပြီး အစိုးရအဖွဲ့ ရွေးကောက်ရန်

၁ဝ။ လူမျိုးရေးဆိုင်ရာဝန်ကြီးတွေပါခန့်ရန်၊ လူမျိုးအောက်ခြေထုအားလုံး၏ ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲနဲ့ တင်၍ အုပ်ချုပ်ရန်

- လို့ပါဝင်ပါတယ်။


ဒါဟာ လွတ်လပ်ရေးမရခင် သုံးနှစ်အလိုဖြစ်တဲ့၊ ဂျပန်တော်လှန်ရေး ပြီးပြီးချင်းကတည်းက အမြော် အမြင်ကြီးကြီးနဲ့ တင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ ခုခေတ်လို ပြည်နယ်တို့ တိုင်းတို့ မကြားဖူးသေး လို့သာ ၇ ပြည်နယ် ၈ ပြည်နယ်တွေ မပြောနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီခေတ်အနေအထားအရ ကြည့်ရင် အင်မတန်ပြည့်စုံပြီး ခေတ်ရှေ့ပြေးနေတဲ့ အယူအဆတွေဖြစ်တာ တွေ့နိုင်ပါတယ်။ (ပြည်နယ်-တိုင်း ဆိုတာ ကမ္ဘာဦး အစကတည်းက ရှိခဲ့တာမဟုတ်ဘဲ ၄၈ လွတ်လပ်ရေးနောက်ပိုင်းမှ တည်ထွင်ဖန်တီးထားတာဖြစ်လို့ ကျနော်တို့ စဉ်းစားမှုတွေဟာ ဒီကန့်သတ်ချက်ဘောင်ကို ကျော်ဖို့လိုပါတယ်။)


၁၉၄၆ ဇန်နဝါရီလ ရွှေတိဂုံအလယ်ပစ္စယံမှာလုပ်တဲ့ ဖဆပလ ပထမညီလာခံမှာ ဒီးဒုတ်ဦးဘချိုတင်တဲ့ “တိုင်းရင်းသား လူနည်းစုအရေး” အဆိုထဲမှာလည်း -

၁။ ဘာသာတရား လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုရမည်။

၂။ ယဉ်ကျေးမှု လွတ်လပ်မှုရှိရမည်။

၃။ စီးပွားရေးအခွင့်အရေး တန်းတူရမည်။

၎။ ဗမာနိုင်ငံအသင်း တည်ထောင်ရာ၌ လူမျိုးတိုင်း သဘောတူလွတ်လပ်စွာ တည်ထောင်ရမည်။ ဤသို့ တည်ထောင်ရာ၌ မိမိတို့ကံကြမ္မာ မိမိဖာသာ ဖန်တီးနိုင်ခွင့် အားပေးရမည်။ ခွဲလိုတဲ့အခါ ခွဲခွင့်ရှိကြောင်း ကတိပြုရမည်။ - လို့ပြောခဲ့တယ်။


ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ် ချုပ်ပုံမူကြမ်းဟာ ဗကပ ဒုတိယကွန်ဂရက်နဲ့ ဖဆပလပထမညီလာခံကမူတွေကို အခိုင်အမာ ထည့်သွင်း ချမှတ်ထားတဲ့ စံပြဖွဲ့စည်းပုံ ဥပဒေဖြစ်ပါတယ်။ ပင်လုံစာချုပ်မှာ ခွဲထွက်ခွင့် ထည့်မထားခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေထဲထည့် အာမခံချက်ပေးခဲ့တယ်။ ဒါပေမဲ့ အများသိကြတဲ့အတိုင်း ဗိုလ်ချုပ်တို့လုပ်ကြံခံရ ပြီးနောက် တိုင်းပြုပြည်ပြုလွှတ်တော်ထဲမှာ ဒီဖွဲ့စည်းပုံမူကြမ်းကို လုံးဝရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဖက်ဒရယ်ဆန့် ကျင်ရေးသမားတွေဖြစ်ကြတဲ့၊ ရွေးကောက်ခံတိုင်းပြုပြည်ပြုလွှတ်တော်အမတ်လည်းမဟုတ်ဘဲ ဥပဒေအကြံပေး အဆင့်သာရှိတဲ့ ဝတ်လုံဦးချန်ထွန်း၊ ဦးဘဦး (ဆရာစံကိုကြိုးပေးခဲ့တဲ့ တရားသူကြီး၊ နောင်မှာ ဗမာပြည်သမတတောင် ဖြစ်လိုက်သေး) နဲ့ ဒေါက်တာဘဟန် (ဒေါက်တာဘမော်ရဲ့အစ်ကို)၊ ရွေးကောက်ခံတိုင်းပြုပြည်ပြုလွှတ်တော်အမတ် ဖဆပလဦးကျော်ငြိမ်းတို့က ဦးနုရဲ့ထောက်ခံမှုနဲ့ ပြင်ပစ်နိုင်ခဲ့တယ်။ ဒါဟာ ဒီကနေ့နောက်ဆုံး စစ်အုပ်စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆီ ဦးတည်သွားစေခဲ့တဲ့လမ်းစပါဘဲ။


၂၀၀၃ အမျိုးသားညီလာခံမှာ အပစ်အခတ်ရပ် တိုင်းရင်းသား ၁၆ ဖွဲ့ကတင်တဲ့ အဆိုပြုချက်တွေဟာ ဒီမိုကရေစီရေး ကိုရှောင်ပြီး ဖက်ဒရယ်ရေးကို အပျော့ပြောင်းဆုံးတင်တာ ဖြစ်ပါတယ်။ ဘိန်းအဖွဲ့ ဒုစရိုက်အဖွဲ့တွေအဖြစ် နာမည်ဖျက် ခံနေရတဲ့ ဗကပဟောင်း ၄ ဖွဲ့၊ လုံးဝလက်နက်ချ ၂ ဖွဲ့ အပါအဝင် အပစ်ရပ်နဲ့ငြိမ်း ၁၆ ဖွဲ့ဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်နေတဲ့၊ ကျပ်မပြည့်တဲ့ တမတ်သားပါလီမန်ကိစ္စ၊ ရောမခေတ်က ဆီဇာဘုရင်လို စစ်သမတကိစ္စတွေကို လုံးဝ မတို့မထိဘဲ၊ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး တန်းတူဖို့ ဖက်ဒရယ်နာမည်မခံတဲ့ ဖက်ဒရယ် အဆိုပြုချက်တွေ တင်ခဲ့ကြပါတယ်။ နအဖထောက်ခံထားတဲ့ အဆင့်တူ ၇ တိုင်း ၇ ပြည်နယ်ကိစ္စကိုလည်း လက်ရှောင် ထားလို့ အမှန်မှာတော့ ဖက်ဒရယ်မပီပြင်တဲ့ ဖက်ဒရယ်အဆိုတွေသာ ဖြစ်နေပါတယ်။ အဲသလောက်တောင်မှ စစ်အုပ်စုက လက်မခံနိုင်ဘဲ စီးပွားရေးပိုင်းတချို့သာ လိုက်လျောပေးခဲ့ပြီး အဓိကဖြစ်တဲ့ အုပ်ချုပ်ရေး-နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေးပိုင်းတွေအားလုံးကို ပယ်ချခဲ့ပါတယ်။


အဆင့်ဆင့်လွှတ်တော်တိုင်းမှာ စစ်တပ်က အစိတ်သားပါနေပြီး အချိန်မရွေး တရားဝင်စစ်အာဏာသိမ်းခွင့်၊ မာရှယ်လောအုပ်ချုပ်ခွင့် ရထားလျက်နဲ့တောင်မှ တိုင်းရင်းသားနိုင်ငံရေးအခွင့်အရေးတွေကို စစ်အုပ်စုက မပေးရဲပါ ဘူး။ လုံခြုံရေးကိစ္စမှာလည်း ပြည်နယ်လုံခြုံရေးတပ် သို့မဟုတ် အထူးရဲကို ကာကွယ်ရေးဦးစီးချုပ် လက်အောက် ခံအဖြစ် ထားဖို့တောင် စစ်အုပ်စုက လုံးဝခွင့်မပြုပါဘူး။ စစ်အုပ်စုရဲ့အန္တိမရည်မှန်းချက် ဘာလဲဆိုတာကို ဒါကဖော်ပြနေပါတယ်။ လူမှုရေးအချက်တွေပယ်ချတာကတော့ စစ်အုပ်စုရဲ့ မဟာဗမာလူမျိုးကြီးဝါဒကို ပြောင်အတိအလင်းပြလိုက်တာဘဲ ဖြစ်ပါတယ်။ တိုင်းရင်းသားစာပေပြဋ္ဌာန်းခွင့်၊ တိုင်းရင်းသားဓလေ့ထုံးတမ်းဥပဒေ ပြဋ္ဌာန်းခွင့်၊ တိုင်းရင်းသားရေးရာကဏ္ဍ သီးခြားသတ်မှတ်ခွင့်တို့ကို လက်မခံတာဟာ အင်မတန်သေးသိမ်တဲ့၊ ရေမရောတဲ့ လူမျိုးကြီးဝါဒပါဘဲ။ ဗမာပြည် အင်္ဂလိပ်ကိုလိုနီဘဝတုံးကတောင် မြန်မာဗုဒ္ဓဘာသာဓလေ့ ထုံးတမ်း ဥပဒေကို အင်္ဂလိပ်က ခွင့်ပြုပြဋ္ဌာန်းပေးခဲ့ပြီး တောင်တန်းဒေသတွေမှာလည်း တိုင်းရင်းသားထုံးတမ်းဥပဒေတွေ ပြဋ္ဌာန်းကျင့်သုံးခွင့်၊ တိုင်းရင်းသား ဘာသာစကား နဲ့စာပေ တရားဝင်သင်ကြားခွင့်တွေ ရခဲ့ကြပါသေးတယ်။ အမှန်မှာတော့ စစ်အုပ်စုက ဗမာလူမျိုးကိုပိုချစ်လို့ ဒီလို ပယ်ချတာတော့ မဟုတ်ပါဘူး။ ဗမာပြည်မှာ ယူဂိုဆလားဗီးယား-ဘော့စ်နီးယား၊ ရဝမ်ဒါတို့လို လူမျိုးရေးအာဃာတ တွေ၊ အမုန်းတရားတွေ မကြီးကြီးအောင် လုပ်နေတာသာဖြစ်ပါတယ်။ ဦးနုလို ဗုဒ္ဓဘာသာ အင်မတန် ကိုင်းရှိုင်းယုံကြည်တာလည်း မဟုတ်ဘဲနဲ့ လူမျိုးရေး-ဘာသာရေးပဋိပက္ခတွေ မဖြစ်ဖြစ်အောင်လို့ မွတ်ဆလင်တွေကို နှိပ်ကွပ်တာ၊ ချင်းပြည်နယ်မှာဆို ခရစ်ယန်တွေကို ဖိနှိပ်တာတွေ လုပ်ပြနေတာဖြစ်ပါတယ်။ တချိန်တည်းမှာ တပ်ကို ထိန်းနိုင် ကိုင်နိုင်ဖို့ မက္ခီယာဗယ်လီနည်းနာတွေအရ ကျင့်ကြံနေတာလည်းဖြစ်ပါတယ်။


၁၉၄၇ ပင်လုံညီလာခံရဲ့ ပင်မအနှစ်သာရက ဗမာနဲ့ ရှမ်း ကချင် ချင်း ဆိုတဲ့ သီးခြားနယ်မြေ ၄ ခု အတူတကွ စုပေါင်းပြီးလွတ်လပ်ရေးယူဖို့နဲ့ ရှမ်း ကချင် ချင်းနယ်မြေ ၃ ခုကို ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝပေးဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီအခြေအနေကနေ တိုးချဲ့ပြီး နောင်မှာ နယ်မြေ ၃ ခုတင်မက တိုင်းရင်းသားအားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ရေး တန်းတူအခွင့်အရေးပေးဖို့ပါ ဗိုလ်ချုပ်အောင်ဆန်းက ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကံမကောင်းအကြောင်း မလှစွာဘဲ ပထမပိုင်းဖြစ်တဲ့ အတူတကွ လွတ်လပ်ရေးယူဖို့သာ အကောင်အထည်ပေါ်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝပေးရေးက ပျက်ပြယ်သွားခဲ့ ပါတယ်။


အဓိကပြဿနာက ပင်လုံစာချုပ် agreement ဟာ ပင်လုံဥပဒေ law အဆင့်ကို ရောက်မလာခဲ့တာဖြစ်ပါတယ်။ ၁၉၄၇ ခု အခြေခံဥပဒေဆွဲရာမှာ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့နောက်ပိုင်း မဟာလူမျိုးကြီးဝါဒီတွေ ကလိမ်ကညစ် လုပ်လို့ ပင်လုံစာချုပ်ဟာ အခြေခံဥပဒေအဖြစ် ရောက်မလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဗမာပြည်မှာ တိုင်းရင်းသား ပြဿနာဟာ ပြည်တွင်းစစ်မီးအထိ ကြီးထွားပေါက်ကွဲခဲ့ရပါတယ်။


ဒါပေမဲ့ အင်မတန်ကြီးကျယ်ထင်ရှားတဲ့ ပင်လုံစာချုပ်ကို လုံးဝလက်လွတ်စပယ် ပယ်ဖျက်ဖို့မလွယ်တဲ့အတွက် လွတ်လပ်ရေးရတဲ့ ၁၉၄၈ ကနေ ၁၉၅၈-၆၀ လောက်အထိတော့ ရှမ်း ကချင် ချင်း နယ်မြေတွေကို ကိုယ်ပိုင်အုပ်ချုပ် ရေး အပြည့်အဝမဟုတ်တောင် အတော်ကြီးပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တိုင်းရင်းသားအားလုံးဆိုင်ရာဥပဒေ ဖြစ် မလာတဲ့အတွက် ကျန်တဲ့တိုင်းရင်းသားတွေကတော့ ပင်လုံအရသာ မခံစားခဲ့ရပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ ၁၉၄၈-၄၉ တုံးက ဒီမိုကရေစီရှိတယ်ဆိုပေမဲ့ မလွဲမသွေတွဲဖက်ပါရမယ့် ဖက်ဒရယ်စနစ် မရှိတဲ့အခါ ပင်လုံစာချုပ်ပါ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကင်းလွတ်ခဲ့တဲ့ ကရင် ကရင်နီ မွန် ရခိုင် ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေ ပေါ်ပေါက်လာခဲ့ပြီး ရှမ်း ကချင် ချင်း တိုင်းရင်းသားတွေကတော့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အတိုင်းအတာကြီးကြီး မားမားခံစားနေရလို့ သူပုန်မထခဲ့တာ ဖြစ်ပါတယ်။


ဒါပေမဲ့ ပင်လုံစာချုပ်-ပင်လုံစိတ်ဓာတ်ဟာ ပင်လုံဥပဒေအဖြစ် အခိုင်အခန့်မဖြစ်ခဲ့တဲ့အတွက် အာဏာရလူမျိုးကြီးဝါဒီ တွေဟာ တစတစနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးတွေကို လှိုက်စားဖြိုဖျက်လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဥပဒေဘောင်ပြင်ပက ၁၉၅၈ ရှမ်းလက်နက်ကိုင်တော်လှန်ရေး၊ ၁၉၆၁ ကချင်လက်နက်ကိုင်တော်လှန်ရေး၊ ၁၉၆၄ ချင်းလက်နက်ကိုင် တော်လှန်ရေးတွေ ပေါ်လာရုံမက ဥပဒေဘောင်ထဲမှာလည်း ၁၉၆၁ မှာ ဖက်ဒရယ်မူတောင်းဆိုတဲ့ တောင်ကြီး လူမျိုးပေါင်းစုံကွန်ဖရင့် ကျင်းပရတဲ့အခြေ ဆိုက်ခဲ့ပါတယ်။


၁၉၄၇ ပင်လုံစာချုပ်ဟာ ဗမာပြည်မ၊ ရှမ်းပြည်၊ ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသတို့ရဲ့ အာဏာပိုင် တွေအကြား သဘောတူချုပ်ဆိုတာဖြစ်လို့ ဥပဒေမဖြစ်သေးပေမဲ့ အာဏာသက်ရောက်မှု တစုံတရာရှိခဲ့ပါတယ်။ အခုအချိန်မှာ တရားဝင်အာဏာမရှိသူတွေ ဆွေးနွေးသဘောတူ ချမှတ်ရင်တော့ ပင်လုံစာချုပ်အဆင့် မရောက်ဘဲ ဒုတိယမြောက် ဗိုလ်အောင်ကျော်လမ်းကြေညာချက်သာ ဖြစ်သွားပါလိမ့်မယ်။ (ဗိုလ်အောင်ကျော်လမ်းကြေညာချက် ကို NLD နဲ့ UNLD တို့က ၁၉၉၀ ခုမှာ နှစ်ဖက်သဘောတူ ထုတ်ပြန်ခဲ့ဖူးတယ်။) နယ်စပ်မှာလုပ်ခဲ့တဲ့ မာနယ်ပလော စာချုပ်၊ မယ်သရောထစာချုပ်၊ သုမွဲးကလိုးစာချုပ်တို့လို မှိန်သွားဖို့လဲ များပါတယ်။


၂၀ ရာစုတုံးကလုပ်ခဲ့တဲ့ပင်လုံစာချုပ်ဟာ ၂၁ ရာစုမှာ ပြင်ဆင်ဖို့လိုနေပြီလား၊ တိုင်းရင်းသားရေးရာနဲ့ပတ်သက်လို့ ၂၁ ရာစုနဲ့ ၂၀ ရာစု ဘာတွေကွာသလဲဆိုတာလဲ ဆင်ခြင်သုံးသပ်ဖို့လိုပါတယ်။ ၁၉၄၇ ပင်လုံစာချုပ်ပါ အချက်များအနက် အတူတကွလွတ်လပ်ရေးယူရေး ဆိုတဲ့အချက်ကိုတော့ အတူတကွ အာဏာရှင်စနစ်ဖယ်ရှားရေးနဲ့ ဒီမိုကရေစီစနစ် ထူထောင်ရေးလို့ အခု ၂၁ ရာစုမှာ အစားထိုးပြင်ဆင်ဖို့လိုတာကလွဲပြီး ဒုတိယပင်မအချက်ဖြစ်တဲ့ အပြည့်အဝကိုယ်ပိုင် အုပ်ချုပ်ရေးပေးရေးကတော့ ဘာမှပြင်ဆင်စရာ လျှော့ပေါ့စရာ ဖြည့်စွက်စရာတွေမလိုဘဲ စာချုပ်အဆင့်ကနေ အများ ဆိုင်ရာဥပဒေအဆင့်ရောက်ဖို့သာ အဓိကလိုအပ်နေပါတယ်။ ဥပဒေအဆင့်ရောက်ဖို့ဆိုတာကလဲ အာဏာပြဿနာက သော့ချက်ဖြစ်နေပါတယ်။ ဒါကြောင့် ၂၀ ရာစုပင်လုံစာချုပ်ကို ၂၁ ရာစုပင်လုံဥပဒေ ဖြစ်အောင်လုပ်ဖို့က အဓိကလုပ်ငန်းတာဝန် ဖြစ်ပါလိမ့်မယ်။


ဂါမဏိ

ခိုင်ကြည်သစ် - အသက်ရာကျော်ရှည်စေကြောင်းရယ်နဲ့

$
0
0


ခိုင်ကြည်သစ် - အသက်ရာကျော်ရှည်စေကြောင်းရယ်နဲ့
(မိုးမခ) ဇွန် ၂၁၊ ၂၀၁၆


(၁)

ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဦးနှောက်နဲ့အာရုံကြောဗေဒ၊ ခန္ဓာဗေဒနဲ့ ဦးနှောက်အာရုံကြော ဆိုင်ရာ ဇီဝဗေဒသုတေသနပညာရှင် Mark Fisher နဲ့ အပေါင်းအပါတွေက အသက်အရွယ် ကြီးရင့် လာတဲ့သူတွေမှာ နိုင်ငံရေးဦးဆောင်မှုအပေါ် ခန္ဓာဗေဒအပြောင်းအလဲက ဘယ်လိုလွှမ်းမိုးသလဲ ဆို တာကို သုတေသနပြု လေ့လာခဲ့ကြပါတယ်။

ဆုံးဖြတ်ချက်ချမှတ်ခြင်း (Decision Making)ဟာ နိုင်ငံရေးဦးဆောင်မှုမှာ အရေးအကြီးဆုံး ကိစ္စရပ်ဖြစ်သလို executive function လို့ခေါ်တဲ့ ထိုးထွင်းသိမြင်သုံးသပ်ဆုံးဖြတ်နိုင်မှုရဲ့အစိတ် အပိုင်းတရပ် ဖြစ်ပါတယ်။ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ခန္ဓာဗေဒလေ့လာမှုတွေအရ အဲဒီ executive function ကို ဦးနှောက်ရဲ့အရှေ့ပိုင်းမှာရှိတဲ့ Prefrontal cortex က လုပ်ဆောင်တယ်လို့ ဆိုပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အသက် ၆၀ ကျော်လာတဲ့အခါ prefrontal cortex ဟာ တဖြည်းဖြည်း ကျုံ့လာပြီး executive function လျော့ကျလာတယ်လို့ဆိုပါတယ်။ ဒီလိုပြဿနာမျိုးကြုံတွေ့ရတဲ့ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တဦးကတော့ အစ္စရေးလ်နိုင်ငံဝန်ကြီးချုပ်ဟောင်း အေရီရယ်ရှရွန် (Ariel Sharon) ဖြစ်တယ်လို့ ဆိုပါတယ်။ Mark Fisher တို့ သုတေသနအဖွဲ့ကတော့ အသက် ၆၅ နှစ် အထက်နိုင်ငံရေးခေါင်းဆောင်တွေထဲမှာ executive function လျော့ပါးပျက်စီးလာတဲ့သူတွေ အတိုင်း အတာတခုအထိ ရှိနိုင်တယ်လို့ ကောက်ချက်ဆွဲပါတယ်။

(၂)

တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုတည်ထောင်ခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်း (Mao Zedong) ဟာ ကူမင်တန်တွေ၊ ဂျပန်တွေကိုတိုက်ခိုက်ချေမှုန်းပြီး နိုင်ငံထူထောင်တဲ့ကာလမှာ ကိစ္စ ရပ်တွေကို ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်နဲ့ဆောင်ရွက်နိုင်ခဲ့တာမို့ အောင်ပွဲတွေအလီလီရပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူအသက်ကြီးလာတဲ့အခါ ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌကြီးအဖြစ် နိုင်ငံကိုဦးဆောင်ချိန်မှာ ခေါင်းဆောင်မှုမှားယွင်းတာ၊ ဆုံးဖြတ်ချက်မှားယွင်းတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေးဟာ မော်စီတုန်းရဲ့မှားယွင်းမှုတွေထဲက ကြီးမားတဲ့ မှား ယွင်းမှုသက်သေတခုပါ။

ဒီလိုဘာကြောင့် အမှားတွေကျူးလွန်ခဲ့သလဲဆိုတာကို လေ့လာစမ်းစစ်မှုတွေ အများအပြားရှိခဲ့ ပါတယ်။ အဲဒီထဲ က စိတ်ဝင်စားဖို့ကောင်းတာက တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက သုံးသပ်တဲ့အခါ နိုင်ငံရေးအခြေအနေတွေ၊ ခံယူချက်၊ အယူအဆတွေ၊ သြဇာအာဏာတွေ စတဲ့ အမှား ကိုကျူးလွန်စေတဲ့ အချက်တွေအပြင် ခန္ဓာဗေဒပြောင်းလဲမှုကိုလည်း ထည့်သွင်းစဉ်းစားခဲ့တယ်လို့ ဆို ပါတယ်။ မော်စီတုန်းဟာ အသက်အရွယ်ကြီးရင့်လာချိန်မှာ လူကလည်း ဝ လာတဲ့ အနေအထား ဖြစ်ပါ တယ်။ ဝ တဲ့သူဟာ သွေးတိုးရောဂါတို့လိုမျိုး စိတ်ဆိုး၊ စိတ်တိုလွယ်တဲ့ ရောဂါမျိုးတွေ ကျရောက်စေ ပါတယ်။ တချိန်တည်းမှာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ သွေးကြောနံရံတွေဟာ မာကြော လာ ပြီး သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ဒီလိုမျိုး ခန္ဓာဗေဒပြောင်းလဲလာမှုကလည်း မော်စီတုန်းရဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေ၊ နိုင်ငံရေးဦးဆောင်မှုတွေအပေါ် လွှမ်းမိုးမှုရှိနိုင်တယ်လို့သုံးသပ်ခဲ့ကြောင်း မှတ်သားခဲ့ဖူးပါတယ်။ ရုပ်တရားရဲ့ပြောင်းလဲခြင်းကို မေ့လျော့ခဲ့တဲ့ ရုပ်ဝါဒီတွေအတွက် ကြီးမားတဲ့ သင်ခန်းစာတခုလည်း ဖြစ်ခဲ့ပါတယ်။

(၃)

ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကို ပြန်လည်လေ့လာကြည့်တဲ့အခါ မော်စီတုန်းလိုမျိုး အသက်ကြီးမှ နိုင်ငံရေးဦးဆောင်မှု၊ နိုင်ငံရေးဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့တဲ့သူတွေရှိသလို အသက် အရွယ်ကြီးရင့်ချိန်အထိ မှန်မှန်ကန်ကန်ဆုံးဖြတ်ပြီး တိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်သွားတဲ့ ဗီယက်နမ်ခေါင်းဆောင် ဟိုချီမင်းတို့လို၊ စင်ကာပူခေါင်းဆောင် လီကွမ်ယူတို့လို၊ တရုတ်ခေါင်းဆောင် တိန်ရှောင့်ဖိန်တို့လို ပုဂ္ဂိုလ်တွေလည်း ဒုနဲ့ဒေးပါ။

ဒါပေမဲ့ လူရယ်လို့ဖြစ်လာရင် ဇရာ၊ မရဏ ဆိုတဲ့ တရားတွေနဲ့ကတော့ မဖြစ်မနေတွေ့ကြုံကြ ရမှာ ဓမ္မတာပါပဲ။ အသက်ကြီးချိန်အထိ အလုပ်တွေအများကြီးလုပ်နိုင်တယ်။ ဆုံးဖြတ်ချက်တွေ မှန်မှန် ကန်ကန်ချမှတ်နိုင်တယ်ဆိုစေဦးတော့ ဇရာဆိုတဲ့ တရားသဘောကို ရှောင်လွှဲလို့မရတာကြောင့် ဇရာနဲ့ အတူကပ်ပြီးပါလာတဲ့ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒပြောင်းလဲခြင်းတွေကိုလည်း ရှောင်လွှဲလို့မရနိုင်ပါဘူး။ ထိုနည်းတူစွာပဲ အဲဒီပြောင်းလဲခြင်းတွေရဲ့အကျိုးဆက်ဖြစ်တဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေ၊ ဦးဆောင်မှု တွေကလည်း လိုက်ပါပြောင်းလဲလာနိုင်တယ်ဆိုတာကိုတော့ သတိချပ်သင့်လှပါတယ်။

(၄)

ဇွန်လ ၁၉ ရက်မှာကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မြောက်မွေးနေ့ကို နိုင်ငံတဝှမ်းလို့က ပြည်သူတွေက ဆုတောင်းစကားတွေ ဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်စေကြောင်း ဆုတောင်းမေတ္တာပို့သတာတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့နေရပါတယ်။

မြန်မာနိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတပါးလို့ ဆိုလို့ရ ပါတယ်။ စစ်အာဏာရှင်ရဲ့ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ နှစ်ပေါင်းများစွာ သေဝပ်ခဲ့ကြရတဲ့ ပြည်သူ လူထု အတွက် ကြောက်ရွံ့မှုကကင်းဝေးအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အကျဉ်းကျခံ၊ အတိုက်ခိုက်ခံပြီး တိုက်ပွဲဝင်ခဲ့တဲ့အပြင် အသက်အရွယ်ကြီးရင့်လာတဲ့အချိန်အထိ နိုင်ငံ တော်သစ်တည်ဆောက်ရေးအတွက် ဆုံးဖြတ်ချက်မှန်မှန်နဲ့ ခြေလှမ်းသွက်သွက်နဲ့ ဦးစီးဆောင်ရွက်ပေး နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေအတွက် ဆုလာဘ်တပါးပဲ ဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့ ဒီလိုခေါင်းဆောင်မျိုးကို ယုံကြည်အားကိုးတာဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စ ဖြစ် ပါတယ်။ ဒီလိုခေါင်းဆောင်မျိုးကို သက်တော်ရာကျော်ရှည်စေလိုတာဟာ သိပ်ကိုသဘာဝကျပါတယ်။ သိပ်ကို လှပပါတယ်။

(၅)

ဒါပေမဲ့ မိမိတို့ခေါင်းဆောင်ကို ဘယ်လောက်ချစ်ခင်မြတ်နိုးတန်ဖိုးထားသလဲ ဆိုတာကို သက် သေပြဖို့လိုပါတယ်။ အဲဒီလို သက်သေပြရာမှာ သက်တော်ရာကျော်ရှည်ပါစေဆိုတဲ့ ဆုတောင်းမျိုးနဲ့ တင် မပြည့်စုံနိုင်ပါဘူး။ မိမိတို့ခေါင်းဆောင်အပေါ် အမှန်တကယ် လေးစားမြတ်နိုးတယ်ဆိုရင် သူမ ချမှတ်ပေးထားတဲ့ နိုင်ငံသစ်တည်ဆောက်ရေးလမ်းကြောင်းပေါ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ချီတက်ကြဖို့ လိုပါတယ်။ သူမရဲ့လမ်းညွှန်မှုတွေ၊ သင်ကြားမှုတွေကို လေးစားလိုက်နာသင့်ပါတယ်။

တချိန်တည်းမှာ ခေါင်းဆောင်ကောင်းကို မှီခိုချင်စိတ်တွေကိုလျှော့ချပြီး မိမိတို့ကိုယ်တိုင် နိုင်ငံ သစ်ကို ဦးဆောင်မောင်းနှင်သူတွေဖြစ်လာဖို့ ကြိုးစားသင့်ပါတယ်။ ၇၁ နှစ်ဆိုတဲ့ အသက်အရွယ်မှာ တိုင်းပြည်ရဲ့ကြီးလေးတဲ့ တာဝန်တွေကို ထမ်းဆောင်နေရတဲ့ သူမအတွက် နောက်လိုက်ကောင်းဖြစ် နေရုံနဲ့ မလုံလောက်ပဲ သူမရဲ့တာဝန်တွေကို ပခုံးပြောင်း ထမ်းဆောင်နိုင်မယ့်သူတွေ ဖြစ်လာအောင် မိမိတို့ကိုယ်ကို မိမိတို့တည်ဆောက်ကြဖို့ လိုပါတယ်။ ဇရာဆိုတဲ့ တရားသဘောကိုလည်း နှလုံးသွင်း ကြဖို့ လိုအပ်လှပါတယ်။

ဒီဆောင်းပါးကိုရေးသားရာမှာ စာရေးသူဟာ လူထုခေါင်းဆောင်ရဲ့ဦးဆောင်မှုကို သံသယ မြူ တမှုန်မျှမရှိသလို စာဖတ်သူတွေအနေနဲ့ သံသယဝင်ပါစေဆိုတဲ့စေတနာလည်း လုံးဝ (လုံးဝ) မပါဝင် ပါဘူး။ မိမိတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး ခေါင်းဆောင်တဦးရဲ့ နောက်မှာရပ်တည်ခွင့် ရရှိခြင်းဆိုတာ ကံကော င်းထောက်မခြင်းဖြစ်သလို ရခဲတဲ့အခြေအနေတရပ်ဖြစ်တယ်ဆိုတာကို သိမြင် နိုင်ဖို့၊ ဇရာဆိုတဲ့ တရားသဘောကို သတိချပ်မိပြီး မိမိတို့ကိုယ်ကို တည်ဆောက်ပြင်ဆင်ထားစေလို တဲ့ စေတနာအရင်းခံနဲ့ တင်ပြခြင်းသာ ဖြစ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မြောက် မွေးနေ့မှသည် သက်တော်ရာ ကျော်ရှည်ပြီး တိုင်းပြည်ကိုဆက်လက်ဦးဆောင်သွားနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါ တယ်။ လူထုခေါင်းဆောင်ချမှတ်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီချီတက်မယ့် လမ်းကြောင်းမှာ ပခုံး ပြောင်း တာဝန်ယူမယ့်ခေါင်းဆောင်များလည်း အမြောက်အမြား ပေါ်ထွက်လာပါစေ၊ ခေါင်းဆောင်ကို ပဲ အားကိုးမနေပဲ မိမိကိုယ်ကိုတာဝန်ယူနိုင်တဲ့ နိုင်ငံသားကောင်းများလည်း ပိုမိုများပြားလာနိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

လောကပါလ - ဒေါ်နယ့်စိတ်ဓါတ် (၂)

$
0
0


လောကပါလ -  ဒေါ်နယ့်စိတ်ဓါတ် (၂)

(မိုးမခ) ဇွန် ၂၁၊ ၂၀၁၆

[၄]

အဆင့်မြင့် ပရဘာဝ၏ ပဓာနသရုပ်တစ်ခုမှာ မဆုတ်နစ်သော ဆုလဘ်မျှော်ကိုးခြင်းဖြစ်၏။ ဦးနှောက်တွင်းရှိ ဒိုပါမိုင်းလျှပ်စီး (dopamine circuits) များက အထက်တန်း ပရဘာဝသမားများကို ကြွယ်ဝခြင်း ကျော်ကြားခြင်း ထင်ရှားခြင်း စသည့် အပေါင်းလက္ခဏာဆောင်သော စိတ်လှုပ်ရှားမှုများနောက်သို့ လိုက်ပါအောင် လုပ်ဆောင် လေ့ရှိသည်။ စင်စစ် ထိုသူတို့အဖို့ ရည်မှန်းချက်ပေါက်မြောက်အောင်မြင်ခြင်းထက် ရည်မှန်းချက်နောက် တစ်ကောက်ကောက် လိုက်နေရခြင်းကပင် ကျေနပ်စရာအတိဖြစ်လေသည်။ ၁၉၈၇ ခုနှစ်အတွင်း ဘာဘရာ ဝေါ်တာ (Barbabra Walters) ၏ သမ္မတရွေးပွဲဝင်ဘို့ထက် သမ္မတအဖြစ်အခန့်အပ်ခံချင်တာများလား ဆိုသော အမေးကို ထရန့်ကမဟုတ်ကြောင်းငြင်းဆိုပြီးနောက် “သမ္မတအလုပ်ကို အမဲလိုက်သလိုလိုက်ရတာဟာ ကျုပ် လုပ်ချင်တဲ့အလုပ်ပဲလို့ ယုံကြည်တယ်” ဟုပြောခဲ့၏။

ထရန့်၏ သဘောညီမှုအရည်အသွေးမှာ ပရဘာဝထက်ပင်ပို၍ အစွန်းရောက်ပုံရ၏။ သို့သော် အခြားတစ်ဘက် အစွန်းဖြစ်၏။ လူသားတို့အတွက်တန်ဘိုးအရှိဆုံး သဘောညီခြင်းအတိုင်းအတာမှာ အကြင်နာ မေတ္တာ စာနာတရား ယဉ်ကျေးခြင်းနှင့် ညှာတာခြင်းတို့ဖြစ်ကြသည်။ ထရန့်အနေနှင့် သူ့မိသားစုကို သူချစ်မှာ သေချာ သည်။ ရက်ရောပြီး မျှတသောစိတ်ထားရှိသည့် အလုပ်ရှင်တစ်ဦးဖြစ်သည်ဟုလည်း ဆိုကြ၏။ ပြောစမတ်ဖြစ် ကျန်ရစ်သည့် ထရန့်နှင့် သေအံ့မူးမူးကင်ဆာဝေဒနာရှင် သူငယ်လေးတစ်ဦးတို့တွေ့ဆုံကြပုံမှာကျော်ကြားသည်။ အလုပ်သင် (The Apprentice) ဇာတ်လမ်းတွဲ၏ ပရိဿတ်တစ်ဦးဖြစ်သော သူငယ်လေးက ထရန့်အား သူ့ကို “မင်းကိုအလုပ်ဖြုတ်လိုက်ပြီ” ဟု (ဇာတ်လမ်းထဲကအတိုင်း) ပြောလိုက်စေချင်၏။ ထရန့်ကမပြောနိုင်။ ထိုအစား ဒေါ်လာသောင်းချီသော ချက်လက်မှတ်တစ်စောာင်ကိုသာရေးပေးပြီး “ဘဝရဲ့အချိန်တွေကိုနေထိုင်ပစ်ဘို့” ပြော ခဲ့သည်။

သို့ရာတွင် ပရဘာဝနှင့်အခြာသောကြီး (၅) ကြီး ကိုယ်ရည်ကိုယ်သွေးတို့ကဲ့သို့ပင် သဘောညီမှုဆိုသည်မှာ ပြင်ပကမ္ဘာကြီးတစ်ခုလုံးနှင့်ဆက်ဆံရေးပုံစံများအား ခြုံငုံ၍သတ်မှတ်ထားခြင်းဖြစ်ရာ ဘဝတစ်လျှောက် တွေ့ကြုံ ကြသမျှ စံတင်ရလောက်အောင် သဘောထားမညီတတ်သူဟု ဂုဏ်သတင်းကြီးခဲ့သည့်ထရန့်နှင့် ဖြောင့်ဖြောင့် ကြီးဆန့်ကျင်နေတော့၏။ သဘောညီမှုအဆင့်နိမ့်ကျသူတို့ကို အရေထူ ရိုင်းပြ မောက်မာ စာနာကင်းသူများ အဖြစ် ဖေါ်ပြလေ့ရှိကြရာ ဒေါ်နယ်ထရန့်သာအနိမ့်ဆုံးမဖြစ်လျှင် တစ်ခြားမည်သူမျှဖြစ်နိုင်ဖွယ် မရှိချေ။ နိုင်ငံ၏ သဘောမညီနိုင်ဆုံးသမ္မတအဖြစ် ရစ်ချတ်နစ်ဆင် (Richard Nixon) ကို သုတေသီများက ရွေးချယ်ထားကြရာ နယူးယောက်တိုင်းသတင်းစာဆရာမ ဂေကိုလင်း (Gail Collins) ထံ သူမ၏ဆောင်းပါးပါဝင်သည့် သတင်းစာ စာမျက်နှာပေါ်မှ သူမ၏ဓာတ်ပုံကိုမင်ဖြင့်ဝိုင်းပြီး “ခွေးမျက်နှာ” ဟုရေးခြစ်ကာပေးပို့ခဲ့သော ထရန့်နှင့်စာလျှင် နစ်ဆင်က အပုံကြီးချိုသာပျော့ပြောင်းလေသည်။ သူ့ကို ညစ်ကျယ်ကျယ်ပြောလာသော အဆိုတော် ရုပ်ရှင် သရုပ်ဆောင် ချား (Cher) အား “တွစ်တာကနေ ဒီကောင်မကိုမှောက်သွားအောင်ထိုးပစ်လိုက်တာ နောက်ဆို ကျုပ်ကို မပြောရဲတော့ဘူး” ဟု “လုံလောက်သည်မရှိ” စာအုပ်ထဲ၌ ခပ်ကြွားကြွား ညည်းတွားထား၏။

မဲဆွယ်ပွဲများ၌ သူ့ကိုထောက်ခံသူများအား ကန့်ကွက်ဆန္ဒပြသူတွေအပေါ် ခပ်ကြမ်းကြမ်းတုန့်ပြန်ဘို့ ထရန့်က မြှောက်ပင့် ပေးလေ့ရှိ၏။ “ဒင်းတို့ကိုမောင်းထုတ်လိုက်ကြစမ်း” ဟု အော်တတ်သည်။ ဒီကောင်တွေမျက်ခွက်ကို ငါ လက်သီးနဲ့ထိုးချင်တယ်။ သူ့အပေါ်မထောက်ထားသည့် စာနယ်ဇင်းသမားမှသည် နိုင်ငံရေးပြိုင်ဘက်တွေ အထိ တစ်ဘက်လူမှန်သမျှကို ထရန့်ကအော့နှလုံးနာစရာဟုပြောပြီး အရှုံးသမားတွေဟု ထိုးနှက်လေ့ရှိ၏။ သရုပ်မှန်တီဗီ စံချိန်စံညွှန်းများအရ ထရန့်၏သဘောထားမညီနိုင်မှုများသည် တုံလှုပ်ဘွယ်မကောင်းလှ။ သို့သော် အများပြည်သူထံမှ မဲဆန္ဒကိုတောင်းခံသည့် နိုင်ငံရေးကိုယ်စားလှယ်အနေနှင့်မူ ထိုသို့ပြုမူသူ ရှာမှရှား၏။

ထရန့်၏ရန်လိုသောသဘာဝနှင့် ဘဝရည်မှန်းချက်အလားအလာများမှာ သူ့ဘဝအစောပိုင်းလောက်ကတည်းက သိသာနေခဲ့သည်။ သူကိုယ်တိုင်ဖြောင့်ဆိုချက်တစ်ခုအရ တစ်ခါက သူ့ဆရာ ဂီတနည်းပြတစ်ဦးအား ဒုတိယ တန်းစားဆိုကာ မျက်လုံးအညိုအမဲစွဲသည်အထိ သူထိုးကြိတ်ခဲ့ဘူးသည်။ ၁၉၈၀ ခုနှစ်များအတွင်း မဟတ္တန်၌ ထရန့်တာဝါ ဆောက်လုပ်ရာတွင် ဒုဥက္ကဌ တစ်ယောက်အဖြစ်တာဝန်ယူခဲ့ဘူးသော ဘာဘရာရက် (Barbara Res) ၏ အဆိုအရ ထရန့်၏ကိုယ်ရည်ကိုယ်သွေးပြဇယားတွင် ထင်ရှားသောစိတ်ခံစားမှုမှာ ဒေါသဖြစ်၏။ ပြီးခဲ့သော ဖေဖေါ်ဝါရီလ ဒေလီးဘိ (The Daily Beast) စာစောင်နှင့်တွေ့ဆုံရာတွင် သူမက “ဒေါသတွေထဲမှာ သူ့ရဲ့ဒေါသကတော့ အစစ်ပဲ။ သူဟန်ဆောင်နေတာမဟုတ်ဘူး” ဟု ပြောခဲ့၏။ အမှန်ပင် ဒေါသသည် သူ့မှာ ရှိသော အဆင့်မြင့်ပရဘာဝနှင့်အနိမ့်စားသဘောညီမှုတို့ကို နောက်ကွယ်မှမောင်းနှင်ပေးနေသည့်စိတ်ခံစားချက် ဖြစ်နိုင်သည်။ ဒေါသက စိတ်ကိုဆိုးအောင်မီးထိုးပေး၏။ ဒေါသကပင် သူတစ်ပါး၏ လေးစားမှုခံယူလိုစိတ်ကို နှိုးဆွရင်း လူမှုရေးအသာစီးရအောင် တွန်းအားပေးသည်။ ရန်လိုမှုကဲသော သူ၏ဟာသဉာဏ်အတော်အတန်နှင့် ပေါင်းစပ်လိုက်သောအခါ ဒေါသသည်ထရန့်အတွက် သြဇာတိက္ကမ၏ဗဟိုချက်ဖြစ်သလို သူ့နိုင်ငံရေးတရားများ အတွင်းသို့ပါ စိမ့်ဝင်လာခဲ့၏။

[၅]

အိမ်ဖြူတော်တွင်းမှဒေါ်နယ်ထရန့်ကို ကျွနုပ် စိတ်ကူးယဉ်ကြည့်မိ၏။ သူဘယ်လို ဆုံးဖြတ်ချက်ချမှတ်တတ်သူ ဖြစ်လိမ့်မလဲ။ သမ္မတတစ်ယောက်ဘာတွေလုပ်မည်ကို ခန့်မှန်းရန်မလွယ်ကူချေ။ ၂၀၀၀ ခုနှစ် ရွေးကောက်ပွဲ သွေးအေးသွားချိန်တွင် တစ်နေ့သောအခါ သမ္မတဘွတ်သည် မကြေညာစစ်တစ်ရပ်ဖြင့် လက်ဦးမှုရယူလျက် အီရတ်ကိုဝင်ရောက်တိုက်ခိုက်လိမ့်မည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ ကြိုတင်မြင်မိလိမ့်မည်မဟုတ်။ မြင်သူရှိခဲ့သည်ဆိုလျှင်လည်း ကျွန်ုပ်သတိမထားမိချေ။ ၉/၁၁ အရေးသာ မပေါ်ပေါက်ခဲ့လျှင် ဘွတ်အနေနှင့် ဆဒမ်ဟူစိန်နောက်သို့ ထက်ချပ်မကွာလိုက်ဖြစ်ချင်မှဖြစ်မည်။ သို့သော် ကမ္ဘာ့ဖြစ်ရပ်တွေက သမ္မတဘဝကို မပျက်မကွက် ခြိမ်းခြောက်သိမ်းပိုက်တတ်၏။ အိုဘားမားသည် ကြောက်မက်ဖွယ် စီးပွားပျက်ကပ်ကြီးကို အမွေခံလိုက်ရ၏။ ၂၀၁၀ ခုနှစ် နှစ်လယ်ရွေးကောက်ပွဲများအပြီး ရီပတ်ဘလစ်ကင်ကြီးစိုးသော ကပြက်ယပြက် ကွန်ဂရက်နှင့် ရင်ဆိုင်ရုန်းကန်ခဲ့ရ၏။ ထိုအရာတွေနှင့်သာမကြုံခဲ့လျှင် သူ့ဆုံးဖြတ်ချက်တွေမည်သို့ဖြစ်မည်ကို ကျွန်ုပ်တို့ မည်သည့်အခါမှ သိနိုင်မည်မဟုတ်ချေ။

သို့တိုင်အောင် သမ္မတတစ်ဦး၏ဆုံးဖြတ်ချက်ပုံစံကိုခန့်မှန်းရန် သူ့ကိုယ်ပိုင်ဟန်ပန်နှင့်ဝိသေသတွေက သဲလွန်စ တွေပေးအပ်လေ့ရှိသည်။ ပရဘာဝသမားများသည် စွန့်စားမှုကြီးမားသောဆုံးဖြတ်ချက်မျိုး ချမှတ်လေ့ရှိကြပြီး ပွင့်လင်းမှုအဆင့်နိမ့်ကျသူတွေအဖို့ သူတို့၏အနက်ရှိုင်းဆုံးခံယူချက်ကိုပင် မေးခွန်းမထုတ်နိုင်ကြပေ။ အဆင့်မြင့် ပရဘာဝနှင့်နိမ့်ကျသောပွင့်လင်းမှုရှိသူအဖြစ် သမ္မတအိမ်တော်သို့ရောက်ရှိလာခဲ့သည့်ဘွတ်သည် ဆုံးဖြတ်ချက် ကြီးကြီးမားမားကို သူမမှားတာသေချာသည်ဟူသောအာမခံမှုမျိုးဖြင့် ရဲရဲတင်းတင်းချမှတ်မည့်အလားအလာများ ရှိခဲ့လေ၏။ ဘွတ်၏ကိုယ်ရေးစိတ္တရာဇဝင်တွင်ကျွန်ုပ်ငြင်းခုံခဲ့သလို အီရတ်ကိုကျူးကျော်မည့် ကစားနည်း အပြောင်းအလဲ ဆုံးဖြတ်ချက်မှာ သူချဖြစ်ဘို့များသည့်ဆုံးဖြတ်ချက် အမျိုးအစားပင် ဖြစ်လေသည်။ ကမ္ဘာ့ အခြေအနေများကြောင့် အီရတ်ကိုကျူးကျော်ဘို့ အခွင့်အလန်းများပွင့်လင်းလာချိန်တွင် ဘွတ်သည်သူ့ဘဝ တစ်လျှောက်လုံး သမ္မတမဖြစ်မီကပင်ကြိုးစားကာ မအောင်မြင်ခဲ့ဘူးသောရည်မှန်းချက်များအဖြစ် ဖခင်ဖြစ်သူ (သမ္မတဟောင်း) ဘွတ် (W.H Bush) အား ဆဒမ်ဟူစိန် (Saddam Hussein) ကဲ့သို့သောရန်သူများ၏ အန္တရာယ်မှကာကွယ်ရန်နှင့် ကိုယ်တိုင်အရက်သေစာ စသောမကောင်းမှုစွမ်းအားစုများမှလွတ်မြောက်ခဲ့ရာ ဘဝ သမိုင်းအတွင်း ငြိမ်းချမ်းရေးကိုပြန်လည်အသက်သွင်းသူဖြစ်လိုသည့်စိတ်ဓါတ်အား အခိုင်အမာရှာဖွေတွေ့ရှိပြီးမှ ကျူးကျော်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်လေသည်။

ဘွတ်ကဲ့သို့ပင် ထရန့်သည်သူ၏မဲဆွယ်ပွဲဆောင်ပုဒ်ဖြစ်သော အမေရိကန်ပြန်လည်ကြီးမြတ်စေရေး အတွက် အကျိုးအမြတ်ကြီးကြီးရနိုင်မည့်အလုပ်ကို စွန့်စွန့်စားစားလုပ်မည့်သဘောရှိသည်။ အိမ်ခြံမြေလုပ်ငန်းရှင်ကြီး တစ်ဦးအနေနှင့် စွန့်စားမှုကြီးကြီးမားမား ပြုလုပ်နေကျဖြစ်သော်လည်း ၁၉၉၀ ခုနှစ် အခက်အခဲများကြုံပြီးသည့် နောက်ပိုင်းတွင်မူ ပို၍ရှေးရိုးဆန်သောလုပ်ငန်းရှင် တစ်ဦးဖြစ်လာခဲ့၏။ သူပြုလုပ်ခဲ့သော စွန့်စားမှုများကြောင့် ထရန့်မှာ လက်ညှိုးညွှန်ပြစရာ (ညွှန်လည်းညွှန်ပြလေ့ရှိ၏) ဇိမ်ခံအထပ်မြင့်အဆောက်အဦများ အကောင်းစား ဂေါက်ကွင်းများနှင့် ကိုယ်ပိုင်ကြွယ်ဝမှုဘီလီယံများစွာတို့ရှိနေကြသည်။ ထိုအရာအားလုံးတို့ကသူ့ထံသို့ စိတ်ပိုင်း ဆိုင်ရာ ဆုလဘ်တွေသယ်ဆောင်လာကြသည်။ စွန့်စားမှုကြီးမားသောဆုံးဖြတ်ချက်တွေကပင် သူ၏ကာစီနိုနှင့် အပန်းဖြေဟော်တယ်လုပ်ငန်းအချို့ကို အခြေခံဥပဒေ အခန်း ၁၁ အရ လေးကြိမ်တိတိ ဒေဝါလီခံစေခဲ့၏။

ဘွတ်လောက် ပွင့်လင်းမှုတွင်မညံ့ဖျင်းသည့်အလျောက် (ဘွတ်ကအညံ့ဆုံး မှတ်တမ်းဝင်သည်) ထရန့်မှာပို၍ ပျော့ပြောင်းပြီး မျှတသောဆုံးဖြတ်ချက်များကိုချမှတ်နိုင်သဖြင့် ဘွတ်နှင့်မတူ (ဘီ) ကလင်တန် နှင့် ပိုတူသည်။ ဘွတ်နှင့်စာလျှင်သူက မခုန်ခင်ပို၍ ကြာကြာနှင့်မာမာကြည့်တတ်သည်။ သမ္မတလောင်းအများစုကဲ့သို့ သူ့မှာ မှတ်သားဘွယ်မူဝါဒ အခိုင်အမာမရှိခြင်းကြောင့် (နိုင်ငံရေးလေ့လာသူတို့၏အဆိုအရ သူသည် အချို့ကိစ္စ များတွင် ကွန်ဆာဗေးတစ် အချို့တွင်လစ်ဘရယ် အချို့ဆိုလျှင် တိတိကျကျသတ်မှတ်၍ပင်မရ) ကွန်ဂရက်နှင့် ဖြစ်စေ ပြည်ပခေါင်းဆောင်များနှင့်ဖြစ်စေညှိနှိုင်းရာ၌် ထရန့်ကပို၍ လွယ်ကူစွာရပ်တည်ချက် ပြောင်းလဲခြင်း အားဖြင့် ပဲ့ကိုင်နိုင်မည်ဖြစ်သည်။ သို့ရာတွင် အောင်မြင်ခဲ့လျှင် သူ့ဝါဒအတွက်သူ့အတွက် ဆုလဘ်သဘွယ် စိတ် ခံစားမှု ပေးစွမ်းနိုင်သည့်ဆုံးဖြတ်ချက်မျိုးကိုမူ မည်မျှပင်စွန့်စားရသည်ဖြစ်စေ သူလက်လွှတ်လိမ့်မည်မဟုတ်ချေ။

တစ်ကယ်တန်း အခရာဖြစ်နေသည်က ထရန့်၏သဘောညီမှု သို့မဟုတ် မညီမှုအရည်အသွေးပင်။ ရာဇဝင်ထဲက အမေရိကန်သမ္မတတွေ လူထုရှေ့စင်မြင့်ပေါ်မှာ ဒေါ်နယ်ထရန့်လောက်တစ်သမတ်တည်း ဗြောင်ကျကျ သဘောမညီမျှတတ်သူမရှိချေ။ နစ်ဆင်နှင့်အနီးစပ်ဆုံးတူသည်ဆိုလျှင်ပင် ထရန့်၏ဆုံးဖြတ်ချက် ချမှတ်ပုံချမှတ် နည်းမှာ ၁၉၇၀ ဆယ်စုနှစ်အစောပိုင်းကာလ ဒေသတွင်းအပါအဝင် နိုင်ငံတကာရေးရာများထဲမှ နစ်ဆင်နှင့်သူ့ နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်ဂျား (Henry Kissinger) တို့၏ လက်တွေ့အသုံးချ နိုင်ငံရေးပြကွက်များ အတိုင်း ဖြစ်လိမ့်မည်ဟု ခန့်မှန်းနိုင်သည်။ ကြည့်သူ၏ ရှုဒေါင့်ကိုလိုက်၍ အားလုံးအဆိုးချည့်ဟုတော့ မဆိုနိုင်။ နစ်ဆင်လိုသဘောညီရန်ခက်ခဲပြီး စိတ်ခံစားချက်နောက်သို့မလိုက် လူသားချင်းစာနာမှုဆိုင်ရာ စေ့ဆော်ချက် များသို့လည်း မတိမ်းညွှတ်တတ်သူတို့မှာ အကျိုးစီးပွားချင်းချိန်ညှိရာတွင်၎င်း၊ ရန်ဘက်များကိုဈေးဆစ်ရာတွင် ၎င်း အားသာချက်အချို့တော့ရှိသည်။ ယင်းလက်ထက် တရုပ်နှင့်ထိတွေ့ဆက်ဆံမှုမျိုးဖြစ်၏။

နိုင်ငံတကာအရေးတွင် နစ်ဆင်သည်ပြတ်သား၍လက်တွေ့ဆန်ပြီး ခေါင်းအေးအေးနှင့်တွေးဆတတ်၏။ ထရန့် မှာ နစ်ဆင်ကဲ့သို့ပြတ်သားပြီးလက်တွေ့ကျသော မဟာဗျူဟာမျိုးချမှတ်နိုင်ပုံပေါ်သည့်တိုင် ခေါင်းအေးအေးထား ၍ ရမည်မဟုတ်။ ယင်းမှာ သဘောမညီသမျှကိုသူ၏ဒေါသက မီးလောင်လေပင့်ပြုနေသောကြောင့်ဖြစ်နိုင်၏။ ဒေသတွင်းနိုင်ငံရေးတွင်လည်း နစ်ဆင်သည်အမေရိကန်တို့၏ နိုင်ငံရေးစံအရပင်လျှင် ပါးနပ်၍ အရေထူကာ အလိုကြီးသူဖြစ်၏။ စာနာတရားဟူသည် သူ့ခြုံလွှာမဟုတ်။ ထရန့်သည်လည်း ဤနည်းနှင်နှင်ဖြစ်၏။ သို့သော် အားကြီးသောပရဘာဝနှင့် မရပ်မနားဝါကြွားလိုမှုများအပြင် ဘဝထက်ကြီးမားသည့်ထင်ပေါ်ကျော်ကြားမှုများက နစ်ဆင်ထက်သာသည်။ ထရန့်လိုကျယ်ဝန်းသော နယ်ပယ်မျိုး နစ်ဆင်မဖြည့်ဆီးနိုင်ပေ။

သဘောညီမှုအရည်အသွေးနိမ့်ကျသူများသည် မယုံကြည်လောက်သောသူများဖြစ်ကြ၏ ဟု သုတေသနတွေက ရှုမြင်သည်။ မရိုးမဖြောင့်လှည့်ဖြားမှုတို့ကြောင့် နစ်ဆင်ကျရှုံးခဲ့ရပြီး အမေရိကန်တို့၏ သမ္မတရပ်ဝန်းပါ ထိခိုက် နစ်နာခဲ့ရသည်။ နိုင်ငံရေးသမားတိုင်းညာကြသည် အနည်းဆုံးရှေ့နောက်မညီတတ်ကြဟု ယုံကြည်ကြလေရာ ထရန့်က သူ့ထက်ကဲသူဖြစ်၏။ ၂၀၁၆ ရွေးချယ်ခံသမ္မတလောင်းများ၏ “ဖြောင့်မတ်ခြင်း” ကို ဆန်းစစ်ရန် အတွက် နိုင်ငံရေးအချက်အလက် (PolitiFact) အဖွဲ့မှ သူတို့၏မဲဆွယ်စကားများအား တွက်ချက်ကြည့်ရာ ထရန့်ပြောသမျှ၏ ၂% သည် အမှန်ဖြစ်ပြီး ၇% သည် အများစုမှန်၍ ၁၅% မှာ တစ်ဝက်တစ်ပျက် မှန်ကန် ကြောင်း တွေ့ရှိရသည်။ သူပြောသမျှ ၁၅% က အများစုမှားပြီး ၄၂% သည် လုံးဝအမှားနှင့် ၁၈% မှာ ခါချလောက်စရာအမှားများ ဖြစ်ကြ၏။ နောက်ဆုံးသုံမျိုးပေါင်းလျှင် ထရန့်၏ မရိုးသားမှုရမှတ် ၇၅%ဖြစ်သည်။ ကျန်သမ္မတလောင်းများ၏ ထိုအတွက်ရမှတ်များမှာ တဒ်ခရု (Ted Cruz) ၆၆%၊ ဂျွန်ကေဆစ် (John Kasich) ၃၂%၊ ဘာနီစန္ဒား (Barnie Sanders) ၃၁% နှင့် ဟီလာရီကလင်တန် (Hillary Clinton) ၂၉% အသီသီး ဖြစ်ကြလေသည်။

အချုပ်အားဖြင့် ဒေါ်နယ်ထရန့်၏ အခြေခံကိုယ်ရည်ကိုယ်သွေး အချက်အလက်များက ပြင်းထန်စွာပေါက်ကွဲ လွယ်သော သမ္မတအဖြစ်ကိုပြဆိုနေလေသည်။ အနိမ့်ဆုံးအခြေအနေတစ်ရပ်တွင် စိတ်ဓာတ်ပြင်းပြ တက်ကြွ လှုပ်ရှားပြီး အမှန်တရားနှင့်နွေးထွေးစွာမဆက်ဆံတတ်သည့် သမ္မတဖြစ်နိုင်သည်။ ဘေးထွက် အပျက်အစီးများ အရေး နှစ်ခါပြန်မတွေးဘဲ ရန်လို ရဲတင်း ရက်စက်စွာ ဆုံးဖြတ်ချက်ချပြီးနောက် အပြင်းထန်ဆုံး အမြင့်မားဆုံး အတောက်ပြောင်ဆုံးနှင့် သြချရဆုံးရလဒ်ကို ပြင်းပြင်းပြပြတောင့်တတတ်သူတစ်ဦးဖြစ်လာနိုင်၏။ ခိုင်မာသည်။ ရန်လိုသည်။ ခြိမ်းခြောက်နိုင်သည်။ ပေါက်ကွဲတတ်သည်။


[ဆက်လက်ဖေါ်ပြပါမည်]

Dan P. MacAdams သည် စိတ်ပညာပါမောက္ခ တစ်ဦးဖြစ်ပြီး The Foley Center for the Study of Lives at Northwestern University ၏ ညွှန်ကြားရေးမှူးဖြစ်ပါသည်။ Gorge W. Bush and the Redemptive Dream: A Psychological Portrait နှင့်The Art and Science of Presonality Development စာအုပ်များကို ရေးသား ခဲ့သူဖြစ်သည်။

ဝန်ခံချက်။ 2016 June လထုတ် The Atlantic Magazine မှ Dan P. McAdams ၏ The Mind of Donald Trump ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုပါသည်။

သစ်ခက်သံလွင် - အပြည်ပြည်ဆိုင်ရာဒုက္ခသည်များနေ့ ကဗျာများ (သစ်ကောင်းအိမ်၊ မြင့်အောင်သန့်၊ AMT၊ ခင်ရင်မောင်)

$
0
0

သစ်ခက်သံလွင် - အပြည်ပြည်ဆိုင်ရာဒုက္ခသည်များနေ့ ကဗျာများ (သစ်ကောင်းအိမ်၊ မြင့်အောင်သန့်၊ AMT၊ ခင်ရင်မောင်)

(မိုးမခ၊ သစ်ခက်သံလွင်) ဇွန် ၂၁၊ ၂၀၁၆



အုံးပြန့်


www.ladders-for-stairs.com




တထစ်ချင်း

တထစ်ချင်း

သွေးချင်းချင်းနဲ့

ဆင်းခဲ့ရာတက်ခဲ့ရာ

မိုးကြမ်းထဲလဲနေတဲ့ တောင်တက်လမ်းများ



တလှမ်းချင်း

တလှမ်းချင်း

အလွမ်းချင်းချင်းနဲ့

ပွေ့ခဲ့ရာ ပိုက်ခဲ့ရာ

မျက်ရည်နဲ့ချောနေတဲ့ တောင်တက်လမ်းများ



ကိုယ်တိုင်က “တောမီး” ဖြစ်ပြီး

တငွေ့ငွေ့လောင်ကျွမ်းရတဲ့အခါ



သက်ကယ်တပျစ်စာ လရောင်မှာ

ဟူးဟူးရိုင်းရိုင်း

ငယ်သံပါအောင်ညည်းညူ

လေရိုင်းတွေ …

လေရိုင်းတွေ …

လေရိုင်းတွေ …

လေရိုင်းတွေထဲမှာာ လူ့သမိုင်းတွေ…



နှစ်သန်းပေါင်း ၄၀၀၀ မက

ငိုချင်းဟာ ရှည်ကြာခဲ့



မြူတွေတောင်မှ

မြူမဆန်တော့လောက်အောင်

တတောလုံး တတောင်လုံး မှိုင်းမှောင်လို့

လွှမ်း

ထား

လိုက်

တာ

ဟိုးက …မော့ကြည့်ပြန်တော့

မြင်ကွင်းတွေက စိမ်းစိမ်းစိုစို

ဟိုးက …စီးကြည့်ပြန်တော့လည်း

မြင်ကွင်းတွေက စိမ်းစိမ်းစိုစို

အေးလေ

ဒုက္ခဆိုတာ

အဝေးကကြည့်တော့လည်း “ရသ”ပေါ့

“လှတယ်”



သစ်ကောင်းအိမ်

၈.၁၀. ၂၀၀၆




ဒုက္ခသည်စခန်းမှာ ညနေခင်းလမ်းလျှောက်ထွက်ခြင်း


www.pinterest.com,



ဟိုးတူရူက

မိုးထိမြင့်ညိုမှောင်

တောင်တန်းတွေထက်

သူတို့ဒုက္ခက

ပိုမြင့်တယ်



တိမ်ရွှေအို

ငွေရည်တွေ လှည့်ခွေစီးကြ

ဝဲယာက

ဆုံးစမထင် စိမ့်ညို့အေးမြတာထက်

သူတို့ဒုက္ခက

ပိုနက်တယ်



လမ်းမ

အပျိုမပေါင်တလုံးလိုဖြောင့်စင်းလို့



ကိုယ်လက်လှုပ်ရှား

ပြေးလွှားသူ

လမ်းလျှောက်သူ

တောင်ထွတ်မှာ

ဒုက္ခသည်တွေစိုက်ခဲ့တဲ့ အလံနဲ့

ပဲ့တင်သံကိုနားဆင်ကြ။



အို …ကျောင်းဆင်းချိန်

ကလေးတွေ ထင်းခွေပြန်လာကြပါလား။



မြင့်အောင်သန့်

ဇန်န၀ါရီ ၃၁ရက်၊ ၂၀၀၆







နို့ဖိုး


www.metmuseum.org



သနားကြပါခင်ဗျာ

သနားကြပါ

နိုင်ငံအဟောင်းလေးတခုလောက်ဆိုပြီး

စားစရာ နေစရာ

လုပ်စရာတွေ ကိုင်စရာတွေထားရစ်လို့

ဖုတ်ပူမီးတိုက်

ငါတို့

ဒီနေရာကိုရောက်ရှိခဲ့တယ်။



ဟောဒီ့ ဘဒ္ဒကမ္ဘာမှာ

ဒုက္ခအတုဆိုတာမရှိဘူး

ဒုက္ခသည်ပဲ အတုရှိတယ်

တော်လှန်ရေးဆိုတာ အတုမရှိဘူး

တော်လှန်ရေးသမားပဲ အတုရှိတယ်



အို …စစ်ဘေးစစ်ဒဏ်ဆိုင်ရာနတ်

ဒုက္ခသည်များဆိုင်ရာနတ်

ပဋိပက္ခဆိုင်ရာနတ်

ငတ်မွတ်ခေါင်းပါးဘေးဆိုင်ရာနတ်

မျိုးသုဉ်းသတ်ဖြတ်ရေးဆိုင်ရာနတ်

ဗဟုသမဂ္ဂဆိုင်ရာနတ်

အန်ဂျီအို(NGO)ရေးရာ နတ်အပေါင်းတို့….

ကြည့်လော့ ရှုလော့

ဤပစ္စန္တရာဇ်သားတို့ရဲ့

ကံတရားကို ….။



AMT




အိမ်ကိုပြန်ကြစို့လား အချစ်ရေ


margaretwithers.wordpress.com



အချစ်ရေ

လောကနဲ့အ၀ှမ်း လောင်ကျွမ်းနေကြပြီမို့

ကိုယ့်ရင်ထဲလောင်မီးကျနေရတာ

ဘာများဆန်းလို့တုန်း …။



ဘာများ ဆန်းပြားလို့တုန်း

မင်းရင်ထဲမှာလည်း လောင်မီးကျနေရတာ ။



ကမ္ဘာကြီးမီးလောင်တော့

သားကောင်တွေ တကောင်ပြီးတကောင်ချင်း

ကိုယ်နဲ့မင်းက

လောင်မီးကျနေတဲ့ ဟောဒီ့ခေတ်ကြီးရဲ့သားကောင်

သွေးဆာနေတဲ့ ပလ္လင်တွေထက်က

စတေးခံယဇ်ကောင်

မီးတောက်တွေကြားထဲ

နီရိုးဘုရင်ကို

ဇာတ်ကောင်တွေလည်း ညာသံပေးနေကြလို့။



မငိုပါနဲ့တော့အချစ်ရယ်

မျက်ရည်တွေ အသာသိမ်းလိုက်ပါတော့

ခေတ်အဆက်ဆက် လောင်မြိုက်ခဲ့တဲ့

ဒီမီးတောက်တွေနဲ့ဝေးရာ

ကိုယ့်စိတ်မီး ကိုယ်ငြှိမ်းသတ်ဖို့

တို့ အိမ်လေးဆီကိုသာ ပြန်ကြပါစို့။ ။





 ခင်ရင်မောင်
ဇူလိုင်၊ ၂၀၀၆






”ခရီးထွက်ခြင်းဟာ ဘဝကို ရှင်သန်နေထိုင်ခြင်းပါ” – Vietjet နဲ့ အတူ ၀ ကျပ်မှ စတင်အသုံးပြုပြီး ခရီးထွက်လိုက်ပါ

$
0
0


”ခရီးထွက်ခြင်းဟာ ဘဝကို ရှင်သန်နေထိုင်ခြင်းပါ” –
Vietjet နဲ့ အတူ ၀ ကျပ်မှ စတင်အသုံးပြုပြီး ခရီးထွက်လိုက်ပါ


ခရီးသွားခြင်းဟာ လောကမှာဝယ်ယူနိုင်တဲ့ အရာတွေများစွာထဲမှာ သင့်ဘဝကိုပိုမို ပြည့်စုံစေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

ခဏလောက်စဉ်းစားကြည့်ပါ။  သင်ဟာ ဈေးအကြီးဆုံးကားနဲ့ ဒေါ်လာသန်းချီတန်တဲ့ အိမ်ကိုပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်ပါလိမ့်မယ်။  ဒါပေမယ့် သင့်ရဲ့ အမှတ်တရ အတွေ့အကြုံများကသာ သင့်ရဲ့ဘဝကို ပိုမိုပြီးပြည့်စုံစေမှာပါ။  ခရီးသွားနေချိန်မှာ သင်ဟာ မင်သက်ဖွယ်ကောင်းတဲ့ သဘာဝအလှတရားတွေနဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ နေရာတွေကို ရှာဖွေတွေ့ရှိနိုင်ပြီး သင်မသိရှိသေးတဲ့ မတူညီတဲ့ ဓလေ့ထုံးစံတွေကိုလည်း ထိတွေ့ခံစားနိုင်မှာဖြစ်ပါတယ်။

ခရီးသွားခြင်းဟာ သင့်ရဲ့လောကအမြင်ကို ပိုမိုကျယ်ပြန့်စေမှာဖြစ်ပြီး သင့်ရဲ့ ပုံမှန်လည်ပတ်နေတဲ့ နေ့စဉ်ဘဝထဲမှာ အသားကျနေမှုကနေ ထွက်ခွာဖို့ တွန်းအားပေးပါတယ်။ ကိုယ်နဲ့ မတူကွဲပြားတဲ့ လူပေါင်းစုံနဲ့ ချိတ်ဆက်ဖို့ကိုလည်း အကူအညီဖြစ်စေပါတယ်။  ခရီးသွားခြင်းကြောင့် သင်ဟာ ရင်းနှီးမှုမရှိသေးတဲ့ ပတ်ဝန်းကျင်အစိမ်းတွေမှာ လည်ပတ်ရင်း ပိုပြီး လူရည်လည် စမတ်ကျတဲ့ သူတစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။

ခရီးသွားခြင်းဆိုတာကို သင်ဟာ စာသင်ခန်းထဲမှာ သင်ယူလို့မရနိုင်ပါဘူး။  လူတစ်ယောက်က အခြားလူ တစ်ယောက်အတွက် ကမ္ဘာကြီးကို လှည့်ပတ်လေ့လာ ပေးလို့ မဖြစ်နိုင်ပါဘူး။  ခရီးထွက်ခြင်းနဲ့ပတ်သက်တဲ့ အရေးကြီး အကြောင်းအရာတစ်ချို့ဟာ ကိုယ်တိုင်ခရီးမထွက်မခြင်း သိရှိခံစားနိုင်မှာမဟုတ်ပါဘူး။

ဥပမာပြောရမယ်ဆိုရင် သင့်အနေနဲ့ ဗီယက်နမ် စားဖွယ်ရာတွေဟာ ကမ္ဘာ့အကောင်းဆုံး အစားသောက်တွေထဲမှာ ပါဝင်တယ်လို့ ကြားဖူးမှာပါ။  ဒါပေမယ့် ကိုယ်တိုင် အရသာကိုခံစားပြီး မတွေ့မကြုံမခြင်း ဘယ်လိုထူးခြား ကောင်းမွန်မှုရှိတယ်ဆိုတာကို  ပြောပြဖို့ မဖြစ်နိုင်ပါဘူး။  ဒါတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိတယ်ဆိုတာကို ကိုယ်တိုင်သွားရောက်လေ့လာမှသာ လောကရဲ့အလှအပတရားတွေကို သိရှိ နားလည် ပွေ့ဖက်နိုင်မှာဖြစ်ပါတယ်။

ဘဝဟာ တစ်သက်မှာ တစ်ခါပဲ နေထိုင်ရတာ သင်သိပါတယ်။  ဒါပေမယ့် လူတစ်ယောက်ဟာ ပိုက်ဆံနဲ့ ဝယ်ယူလို့မရတာကို မပိုင်ဆိုင်မခြင်း ပြည့်စုံချမ်းသာတယ်လို့ပြောလို့မရဘူးဆိုတာကို သင်သိပါသလား။ အမှတ်တရအတွေ့ကြုံတွေကို ဝယ်ယူလို့မရဘူး မဟုတ်လား။  သင့်ဘဝမှာ သင်စိတ်တိုင်းကျ အကြိမ်ကြိမ် ခရီးထွက်ပြီး လောကအမြင်ကို ကျယ်ပြန့်အောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးပွားလာအောင်၊ ခံစားမှုတွေကို ပိုမို ကျယ်ပြန့်နက်နဲလာအောင်နဲ့ ပထမဆုံးအကြိမ်ဆိုတဲ့ အမှတ်တရ အချိန်တွေကို ခံစာရရှိလာနိုင်အောင် လုပ်ဆောင်လိုက်ပါ။

ဗီယက်နမ်ကို Vietjet နဲ့အတူ ၀ ကျပ်မှ စတင်အသုံးပြုပြီး ပျံသန်းလိုက်ပါ

ကမ္ဘာကြီးမှာ မြင်တွေ့ချင်စရာတွေအများကြီး ရှိပါတယ်။  သင့်ရဲ့လောကကို ပိုမိုကျယ်ပြန့်လာစေဖို့ ဗီယက်နမ်ကို Vietjet နဲ့အတူ မြန်မြန် အလည်သွားလိုက်ပါ။  ကုန်ကျစရိတ်တွေအတွက် စိတ်မပူနေပါနဲ့၊ ကျွန်တော်တို့မှာ နည်းလမ်းရှိပါတယ်။

Vietjet သည် ၀ ကျပ်သာ ကျသင့်မည့် လေယာဉ်လက်မှတ် ၁၀၀,၀၀၀ ကို ဇွန်လ ၂၁ ရက် မှ ဇွန်လ ၂၃ ရက် နံနက် ၁၁:၃၀ နာရီ- မွန်းလွဲ ၁၃:၃၀ နာရီ အတွင်း အထူး အရောင်းမြှင့်တင်ရေး  (Golden Promotion) အစီအစဉ်အနေဖြင့် ၃ ရက်ကြာ ရောင်းချပေးသွားမည်ဖြစ်ပါသည်။  ဤအရောင်းမြှင့်တင်ရေး အစီအစဉ်တွင်  ရန်ကုန် - ဟိုချီမင်း အစရှိသည့် နိုင်ငံတကာ ခရီးစဉ်များပါဝင်ပါသည်။ ခရီးသွားချိန်သည် သြဂုတ်လ ၁၀ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အတွင်းဖြစ်ပါသည်။ (တရားဝင်ရုံးပိတ်ရက်များမပါ)*

အရောင်းမြှင့်တင်ရေး ကာလအတွင်း Vietjet နဲ့ အတူ ပျံသန်းကြတဲ့ ခရီးသည်များအနေဖြင့် လေဆိပ်တွေမှာ 3D နည်းပညာသုံး ဂိမ်းတွေ၊ အမှတ်တရလက်ဆောင်ပေးခြင်းတွေ၊ ပျံသန်းချိန်အတွင်းဖျော်ဖြေမှုတွေနဲ့ 3D ဓာတ်ပုံပြိုင်ပွဲတွေအစရှိတဲ့ အစီအစဉ်တွေကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

စောင့်မနေပါနဲ့တော့။  Vietjet နဲ့အတူ Vietnam ကို အမြန်ဆုံး ပျံသန်းပြီး သင့်ရဲ့စိတ်တိုင်းကျ ခရီးသွားတဲ့ အတွေ့အကြုံကို ခံစားဖို့ ခြေလှမ်းစတင်လိုက်ပါ။  မိုးရာသီမှာ ရက်အနည်းအငယ်ခန့် အနားယူပြီး မိသားစုတွေ သူငယ်ချင်းတွေနဲ့အတူ မေ့မရနိုင်တဲ့ ခရီးစဉ်ကို စီစဉ်ပြီး စိတ်လှုပ်ရှားဖွယ်ရာများကို ခံစားလိုက်ပါ။

သတင်းကောင်းတစ်ခုကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီယက်နမ် နိုင်ငံမှာ ၁၄ ရက်ခန့် ဗီဇာမလိုပဲ နေထိုင်နိုင်ခြင်းပါ။

Vietjet နဲ့ ပျံသန်းဖို့ အချိန်ရောက်ပါပြီ။

www.vietjetair.comနဲ့ www.facebook.com/vietjetmyanmarကို ၁၁း ၀၀ ကနေ ၁း ၃၀ အတွင်း သွားရောက်ပြီး Vietjet ရဲ့ “Fly it & Like it” မှာ ပါဝင်လိုက်ပါ။

မြန်မာနိုင်ငံ မှ ခရီးသွားများအနေဖြင့် Hotline: 09 789 323 828 သို့ ဆက်သွယ်ဝယ်ယူနိုင်သလို Yuzana Business Tower ပထမထပ် #01-06 AVIAREPS Myanmar လက်မှတ်အရောင်းဌာန၊ အမှတ် ၂၅ ဓမ္မစေတီလမ်း၊ မြေနီကုန်း (ဖုန်း) 01 53 94 84 Fax: 01 53 94 84 တွင်ဝယ်ယူနိုင်ပြီး ရန်ကုန် ၊ နေပြီတော်၊ မန္တလေး တို့မှ အခြားလက်မှတ်အရောင်းဌာန ၁၀၀ ကျော်တွင်လည်း ဝယ်ယူနိုင်ပါတယ်။

ကမ္ဘာကြီးမှာ မြင်တွေ့စရာတွေများစွာရှိပါတယ်၊
သင့်ရဲ့ လောကကို ဖွင့်လှစ်ဖို့ အမြန်ဆုံးခရီးထွက်လိုက်ပါ၊
မြန်လေ ကောင်းလေပါပဲ။

ဗီယက်နမ်မြောက်ပိုင်းက အသက်ရှုမှားဖွယ် အလှအပ မြင်ကွင်း
(Mù Cang Chải district, Yên Bái Province, Northeast region of Vietnam)

“အရှေ့ဖျား၏ ပုလဲရတနာ” အဖြစ် နာမည်ကျော်ကြားခဲ့တဲ့
ဟိုချီမင်းမြို့တော် (ယခင် ဆိုင်းဂုံမြို့တော်) ကို လည်ပတ်ရင်း အတွေ့အကြုံသစ်တွေ ဖွင့်လှစ်ရှာဖွေပါ။

သင်ဟာ အကောင်းဆုံးတွေနဲ့ ထိုက်တန်သူပါ။  ဒီလို အံ့သြမင်သက်ဖွယ်လှပနေတဲ့ ပင်လယ်ကမ်းခြေတစ်ခုမှာ သင့်ဘာသာ ဘာကြောင့်  ဇိမ်မယူနိုင်ရမှလဲ။

ပျော်ရွှင်ဖွယ် Vietjet လေကြောင်းလိုင်းနဲ့အတူ ကမ္ဘာကြီးကို စူးစမ်းရှာဖွေတွေ့ရှိလိုက်ပါ။

အခု ချက်ချင်းပဲ လက်မှတ်တွေမှာ နိုင်ပါပြီ


Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>