Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ဇင်လင်း - တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ ကျင့်ဝတ်စည်းကမ်းနဲ့ ညီပါရဲ့လား

$
0
0

ဇင်လင်း -  တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ ကျင့်ဝတ်စည်းကမ်းနဲ့ ညီပါရဲ့လား
(မိုးမခ) ဇွန် ၂၁၊ ၂၀၁၆


၂၀၁၆ ခုနှစ် ဇွန်လဆန်းမှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့သတင်းတွေပြန်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာတာတွေ့ရတယ်။ ဆင်ဟွာ သတင်းတပုဒ်အရ နှစ်နိုင်ငံအစိုးရ ညှိညှိနှိုင်းနှိုင်းနဲ့ အကောင်း ဆုံး ပြေလည်နိုင်မယ့်လမ်းကြောင်းကို သွားကြဖို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

 မစ္စတာဟုန်လျန်ဦးဆောင်တဲ့အဖွဲ့ဟာ ဇွန်လ ၃ ရက်နေ့က ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နဲ့ တွေ့ဆုံခဲ့ကြောင်း သတင်းမှာဖော်ပြပါတယ်။ တရုတ်သံအမတ် မစ္စတာ ဟုန်လျန်က ကချင်ပြည်နယ်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် အရေးကြီးတဲ့ ပြည်နယ် ဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ကချင် ပြည်နယ်နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့ဟာ ရှည်လျားတဲ့ နယ်နိမိတ်ရှိပြီး အရေးကြီးတဲ့ ပေါင်းကူးတံတား ဖြစ်ကြောင်း၊ နယ်စပ်ဒေသတလျောက်မှာ တူညီတဲ့ လူမျိုးနွယ်စု များရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

 ဇွန်လ ၃ ရက်နေ့ က တွေ့ဆုံရာမှာ တရုတ်သံအမတ် မစ္စတာဟုန်လျန်နဲ့အတူ မန္တလေးကောင်စစ်ဝန် Mr.Wang Yu၊ ယခင် CPI ကုမ္ပဏီကို အမည်ပြောင်းလဲထားတဲ့ SPIC ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ Mr.Cao Jun Hua၊ ကုမ္ပဏီရုံးချုပ်နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ Mr.Liu Zhan တို့လည်း ပါတယ်လို့ သတင်းက ဆိုပါတယ်။ ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့၊ မန်ခိန် ရပ်ကွက်ရှိ မိဘမဲ့မေတ္တာရိပ်မြုံ ဂေဟာသို့ သွားရောက်ခဲ့ပြီး အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ပြီး၊ တရုတ်သံအမတ်နဲ့ အဖွဲ့ဟာ ဂေဟာရှိ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေနဲ့ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြတာ တွေရ့တယ်။

တရုတ်သံအမတ်ရဲ့ခရီးစဉ်ဟာ မြစ်ဆုံကိစ္စအပါအ၀င် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အရပ်ရပ် အတွက် အခွင့်အလမ်းတွေ ပြန်လည်ရရှိဖို့ ခြေလှမ်းစတင်တာ ဖြစ်ပါတယ်။ မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းကတော့ မြန်မာပြည်လူထု တရပ်လုံးလက်မခံနိုင်တဲ့ ကိစ္စဖြစ်တယ်။၂၀၀၆ ခုနှစ်မှာ မြစ်ဆုံ ဆည်စီမံကိန်းတည်ဆောက်ရေးအတွက် တရုတ်နဲ့ မြန်မာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ ကြ တယ်။ ၂၀၀၉ ခုနှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တရုတ်အစိုးရပိုင် China Power Investment (CPI) ကုမ္ပဏီက ဦးဆောင် စတင်တည်ဆောက်ခဲ့တယ်။ မြစ်ဆုံဆည် စီမံကိန်း အတွက် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့စီစဉ်ခဲ့တယ်လို့ဆိုပါတယ်။ မေခ၊ မလိခ မြစ်တွေပေါ်မှာ ရှိတဲ့ ရေကာတာ စီမံကိန်းတွေ အတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားတယ်လို့လည်း ဆိုပါတယ်။ မြစ်ဆုံစီမံကိန်းက ရေအားလျှပ်စစ် မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လုပ်မှာဖြစ်ပြီး၊ အများစုကို တရုတ်နိုင်ငံက ရယူဖို့သဘောတူထားကြောင်း ကနဦး သတင်းတွေက ဆိုပါတယ်။

ဒါကြောင့် မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးကို ပြည်တွင်း၊ ပြည်ပမှာ ရှိကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား အသီးသီးက ကန့်ကွက်မှုတွေ ဆက်တိုက်လုပ်ခဲ့ကြတယ်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေကတဆင့် သမ္မတ ဦးသိန်းစိန်က စီမံကိန်းကို သူ့အစိုးရသက်တမ်း အတွင်း ဆက်လက်အကောင်အထည်ဖော်ခြင်း မပြုဘဲဆိုင်းငံ့မယ်လို့ ကြေညာခဲ့ရတယ်။ ၂၀၁၃ ဒီဇင်ဘာ ၂၆ ရက်က သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ဆိုင်းငံ့ထားတဲ့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး “လူမှုဘ၀ ဖွံ့ဖြိုးရေး ပူးပေါင်း တာဝန်ယူမှု ဆိုင်ရာ ညွန်းကိန်း(CSR)” အစီရင်ခံစာ အသစ်တစောင် ထွက်ပေါ်လာခဲ့ တယ်။ တရုတ်နိုင်ငံပိုင် China Power Investment (CPI) ကုမ္ပဏီနဲ့ ဧရာဝတီမြစ်ဆုံ အထက်ပိုင်း ရေအားလျှပ်စစ် ထုတ် လုပ်ရေး ကုမ္ပဏီ Ayeyawady Confluence Basin Hydropower Company Limited (ACHC) တို့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ အဆိုပါ CSR အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ဒေသခံပြည်သူတွေ ဦးဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ဖို့ တိုက်တွန်းထားတဲ့ တရုတ်ရဲ့ CSR အစီရင်ခံစာကို အယုံအကြည်မရှိကြောင်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ (KDNG) က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတယ်။

မြစ်ဆုံဆည် စီမံကိန်းဒေသရဲ့အကျယ်အ၀န်းက စင်ကာပူနိုင်ငံ အရွယ်အစားပမာဏ ရှိပြီး ၂၀၀၉ ခုနှစ်မှာ စတင်ပြီး အချိန်အားဖြင့် ၁၀ နှစ်ကြာမယ်လို့ဆိုခဲ့တယ်။ အဲဒီစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်ယဉ်ကျေးမှု အမွေအနှစ် စီးပွားရေး လူမှုရေး စသဖြင့် ကဏ္ဍအတော်များများ ထိခိုက်ပျက်စီးနိုင်တဲ့အတွက် ကန့်ကွက်နေကြခြင်းဖြစ်တယ်။ စီမံကိန်းနဲ့ပတ်သက်လို့ တရုတ်-မြန်မာကျွမ်းကျင်ပညာရှင်ပေါင်း ၁၀၀ ကျော်ပါဝင်တဲ့ စူးစမ်းလေ့လာရေးအဖွဲ့က ၆ လကြာ သုတေသနလုပ်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ခဲ့ဖူးတယ်။ သုတေသနပြုချက်တွေအရ စီမံကိန်းကြောင့် နောက်ဆက်တွဲဆိုးကျိုး အလွန်များပြားနိုင်တယ်လို့ ထောက်ပြမှုတွေလည်း ရှိခဲ့တယ်။ တကယ်တော့ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ဂုဏ်ထူးဆောင် ပထ၀ီဝင်အမှတ် လက္ခဏာ ဖြစ်သလို၊ ပြည်သူလူထု တရပ်လုံးရဲ့ အသက်သွေးကြောလည်း ဖြစ်ပါတယ်။ လယ်သမား၊ ယာသမားများ၊ စိုက်ပျိုးမွေးမြူရေးသမားများနဲ့ ပြည်တွင်းရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်သားများဟာ ဧရာဝတီမြစ်ကို မှီခိုပြီး အသက်မွေးနေရတာဖြစ်တယ်။ မြစ်ကိုမှီ တည်မှီ အသက်ရှင်သန်ကြရတဲ့ ရေသတ္တ၀ါများ၊ မြစ်ရေကို မှီခိုကြရတဲ့ ငှက်မျိုးစိပ်များ၊ အခြား တိရစ္ဆာန် သတ္တ၀ါများလည်း သေကြေပျက်စီးမှာ ဖြစ်ပါ တယ်။ နိုင်ငံတကာက ခရီးသွားဧည့်သည် များဟာလည်း ဧရာဝတီမြစ်ကြောင်း တလျှောက် ခရီးသွား လေ့လာရတာကို အထူးနှစ်ခြိုက်ကြ တာ တွေ့နိုင်ပါတယ်။ မြစ်ဆုံကြောင့် ဧရာဝတီမြစ်ရဲ့သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ရင်၊ နိုင်ငံသားအားလုံးရဲ့အသက်ရှင်သန်ရေးကိုပါ ထိခိုက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမြစ်ဆုံ စီမံကိန်း ကိစ္စကို နိုင်ငံသားများက ကန့်ကွက်နေကြခြင်း ဖြစ်ပါတယ်။

ဇွန် ၄ ရက် နံနက်မှာ ဒေသခံများ၊ နိုင်ငံရေးခေါင်းဆောင်အချို့နဲ့လူမှုရေးအဖွဲ့အစည်း ခေါင်းဆောင် တွေအပါအ၀င် လူဦးရေ ၇၀ ကျော်ခန့် မြစ်ဆုံဆည် စီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် တရုတ်သံအမတ် Mr. Hong Liang ကို ဆန္ဒပြခဲ့တယ်လို့ မီဒီယာသတင်းတွေမှာ တွေ့ရတယ်။ ဆန္ဒပြသူတွေဟာ တရုတ်သံအမတ် တည်းခိုနေတဲ့ စီတာပူ ရပ်ကွက်မှ Palm Spring ဟိုတယ် ရှေ့မှာ တစ်နာရီနီးပါး ဆန္ဒပြခဲ့ကြတာဖြစ်ကြောင်း အလဲဗင်းမီဒီယာသတင်းအရ သိရ တယ်။ ဆန္ဒပြမှုမှာ ဒေသခံ ရပ်မိရပ်ဖအချို့၊ နိုင်ငံရေး ခေါင်းဆောင်တချို့အပြင် လူမှုအဖွဲ့ အစည်းတွေက တက်ကြွ လုပ်ရှားသူတွေလည်းပါတယ်လို့ သိရပါတယ်။ မြစ်ဆုံဆည် စီမံကိန်း လုံးဝရပ်ဆိုင်းရေး၊ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသူ များ မူလ ရပ်ရွာတွေမှာ လွတ်လပ်စွာ ပြန်လည်နေထိုင်ခွင့် ရရှိရေး၊ မြစ်ဆုံဆည် စီမံကိန်းအကောင်အထည်ဖော်နေတဲ့ CPI ကုမ္ပဏီ ထွက်သွား၊ CPI အလိုမရှိ အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

ဆန္ဒပြမှုတွင် ပါဝင်ခဲ့တဲ့ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ခမ်းက “မြစ်ဆုံဆည်က တနိုင်ငံလုံးနဲ့ သက်ဆိုင်ပါ တယ်။ ဒါကြောင့် ဒီဆန္ဒပြပွဲမှာ ပါဝင်လာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီကတော့ ပါတီစမထောင် ကတည်းက မြစ်ဆုံဆည် စီမံကိန်းကိုမလုပ်ဖို့ အကြိမ်ကြိမ် တားမြစ် ခဲ့ပါတယ်။ စစ်ကိုင်းငလျင်ကြောမှာ တည်ရှိနေတယ်။ ကချင် တိုင်းရင်းသားတွေရဲ့သမိုင်းကြောင်းနဲ့ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ မြစ်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် အမြဲတမ်း ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ ဦးသိန်းစိန် သမ္မတလက်ထက်မှာ ဆိုင်းငံ့ထားပြီး ဒေါ်အောင်ဆန်းစုကြည်တို့ လက်ထက်မှာ စာချုပ် စာတမ်းကို ဖျက်သိမ်းပြီး ဒါကို အပြီးတိုင်ရပ်ဆိုင်းမယ်လို့ မျှော်လင့်ယုံကြည်နေပါတယ်” လို့ ပြောခဲ့ကြောင်း အလဲဗင်းမီဒီယာက ဖေါ်ပြပါတယ်။

၂၀၁၆ ဇန်န၀ါရီလ ၂ ရက်နေ့က ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲမှာ သတင်းထောက်တွေက မြစ်ဆုံ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က “ကျမက ဆိုလို့ရှိရင် ဒီစာချုပ်ထဲ မှာ ဘာပါသလဲဆိုတာ ပထမကြည့်မယ်၊ ကြည့်ပြီးမှ အဖြေပေးမယ်၊ စာချုပ်ထဲမှာ ဘာပါမှန်းလဲ မသိဘူး။ ပြည်သူလူထုလည်း မသိဘူး။ ဒါ ပြည်သူလူထုကို အသိပေးသင့်တယ်။ ပွင့်လင်းမြင်သာမှု ဆိုတာ ဒါပဲ။ အဲတော့ ဘာတွေ ကတိကဝတ်တွေ ခံထားသလဲ။ နောက်ကျတော့ ဒီကတိကဝတ် တွေကို ခံရမှာ ဒီနိုင်ငံကပဲ ခံရမှာ။ ပြည်သူကပဲ ခံရမှာ။ အဲဒီဟာတွေလည်း မသိဘူး။ ဘာကို သဘောတူညီ ထားမှန်းလည်း မသိဘူး။ အဲတော့ ဘာပဲပြောပြောပေါ့နော် ဒီစာချုပ်တွေကို လက်မှတ်ထိုးတဲ့သူတွေက တာဝန်သိစိတ်တော့ ရှိရမှာ၊ မသိချင်ယောင်ဆောင်နေလို့တော့ မရဘူး။ မသိကျိုးကျွန်ပြုနေလို့ မရဘူး။” လို့ ဖြေကြားခဲ့ဖူးကြောင်း အာအက်ဖ်အေသတင်းမှာ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က လက်ပံတောင်းတောင်စီမံကိန်း ဆန္ဒပြမှုဖြစ်နေစဉ် အတွင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လူကန်း (Lu Kang)က လောလောဆယ် ဆန္ဒပြမှု များနဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီတွေအနေနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို အလေးဂရုပြု ပြီး သတိထားလုပ်ဆောင်သင့်တယ်လို့ပြောကြားခဲ့ကြောင်း၊ တရုတ် ကုမ္ပဏီတွေအနေနဲ့အိမ်ရှင် မြန်မာနိုင်ငံရဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို တိတိကျကျလိုက်နာရမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က နေ့စဉ်သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းအရ သိရပါတယ်။

ဒီ့အပြင် တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး ရှမ်း၊ ကယားနဲ့ ကရင်ပြည်နယ်မှာ ရေအား လျှပ်စစ်စီမံကိန်း ၆ ခု တည်ဆောက်ဖို့ ပြင်ဆင်နေတာကို “သံလွင်မြစ်ထိန်းသိမ်း ကာကွယ်ရေး ကွန်ရက်” က ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကန့်ကွက်ထားတာလည်း ရှိပါတယ်။ တရုတ်နဲ့ မြန်မာအစိုးရတို့ဟာ ရေအားလျှပ်စစ်စီမံကိန်း ၁၈ ခု ဆောက်လုပ်ဖို့ သဘောတူထားပြီး စီမံကိန်း ဆိုင်ရာ ကိစ္စရပ်တွေဖြေရှင်းဖို့ သဘောတူညီချက်မူကြမ်းတွေကို ရေးဆွဲနေကြောင်း ၂၀၁၆ ဖေဖော်ဝါရီလ ၃ ရက်နေ့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဇယားအရ တရုတ်နိုင်ငံက ထိပ်ဆုံးမှာရှိနေပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ် ဧပြီလ ၃၀ ရက် အစီရင်ခံစာအရ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ မှာ စီမံကိန်း ၁၃၂ ခု လုပ်ကိုင်နေကြောင်း သိရတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၈,၀၇၂ ရှိတယ်လို့ ဆိုတယ်။ မြန်မာနိုင်ငံတခုလုံးရှိ FDI ရဲ့ ၂၈.၃၆% ရှိတယ်လို့ ဖော်ပြထားပါတယ်။

ခြုံငုံသုံးသပ်ရရင် တရုတ်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာမှာ နိုင်ငံတကာ ကျင့်ဝတ်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံ ကြတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ကျင့်ဝတ်ပိုင်း စောင့်ထိန်းလိုက်နာမှု အားနည်းတဲ့ သတင်းတွေ မကြာမကြာ ကြားနေရတယ်။ ဒါတင်မက နည်းမျိုးစုံနဲ့ မြန်မာ့သစ်တောနဲ့သယံဇာတတွေကိုလည်း ကျင့်ဝတ်ကင်းမဲ့စွာ ခိုးယူကြတာမျိုးတွေလည်း ကြားနေရတယ်။ တရုတ်အစိုးရဟာ လူအခွင့် အရေးတွေ ထပ်တလဲလဲ ချိုးဖောက်ခဲ့တဲ့ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတို (Veto) နဲ့ အကာ အကွယ်ပေးခဲ့တာကိုကြည့်ရင် မြန်မာလူထုရဲ့အကျိုးကို မျက်ကွယ်ပြု ထားခဲ့တာ ထင်ရှားတယ်။ တချိန်တည်းမှာ ဗီတိုအာဏာရဲ့အဖိုးအခအဖြစ် မြစ်ဆုံ စီမံကိန်း အပါ အ၀င် မြန်မာ့ သယံဇာတတွေကို အချောင်နှိုက်ယူခဲ့ပုံဟာလည်း ကျင့်ဝတ်ထက် ကိုယ်ကျိုးစီးပွား ပဓာနထားတာ သိမြင်နိုင်တယ်။

ဒါကြောင့် ယခင်က မြန်မာစစ်အစိုးရများနဲ့ တရုတ် အစိုးရပိုင် ကုမ္ပဏီများအကြား ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေဟာ ထင်သာမြင်သာမှု (Transparency) မရှိတဲ့အတွက် တရားမျှတမှု မရှိဖို့များ ပါတယ်။ ကိုယ့်မြန်မာဖက်က ဒီမျှတမှုမရှိတဲ့ စာချုပ်တွေကို လက်မှတ်ထိုးတဲ့သူတွေဟာ နိုင်ငံနဲ့ ပြည်သူ့မျက်နှာမထောက်ထားဘဲ တာဝန်မဲ့ လက်မှတ်ရေးထိုးခဲ့ကြလို့လည်း တရုတ် ကုမ္ပဏီတွေ ထင်သလို လုပ်ခွင့်ရခဲ့တာ ဖြစ်တယ်။ ဒီ အခြေအနေတွေအရ လက်ရှိသမ္မတ ဦးထင်ကျော် အစိုးရ အနေနဲ့ မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းစီမံကိန်း၊ ကျောက်ဖြူစီမံကိန်း၊ သံလွင်မြစ်ပေါ်က ရေအား လျှပ်စစ် စီမံကိန်းများ စသဖြင့် တရုတ် ရင်းနှီး မြှုပ်နှံမှုစာချုပ်များ MoU များကို နိုင်ငံ မနစ်နာရလေ အောင် ပြန်လည်စိစစ်ရေး အလေးထား စဉ်းစားဆောင်ရွက်သင့်ကြောင်းတိုက်တွန်းအပ်ပါတယ်။



ကိုသန်းလွင် - ခြစားခြင်းနှင့် တိုင်းပြည်စီးပွားရေး

$
0
0


ကိုသန်းလွင် - ခြစားခြင်းနှင့် တိုင်းပြည်စီးပွားရေး

(မိုးမခ) ဇွန် ၂၁၊ ၂၀၁၆


(၁)

နိုင်ငံတစ်နိုင်ငံတွင် ခြစားအကျင့်ပျက်မှုများ ဖြစ်ပွားနေပါသည်ဟု လူသိများလာပြီဆိုလျင် ထိုနိုင်ငံ သည် ပိုပြီးသန့်ရှင်းသောနိုင်ငံ ဖြစ်လာနေသည်ဟု မှတ်ယူနိုင်ပါသည်ဟု ဇွန်လ ၄ ရက်နေ့ ထုတ် Economist ဂျာနယ်က ရေးသားလိုက်ပါသည်။

ထိုဂျာနယ်က ရူမေးနီးယား နိုင်ငံ Hexi Pharma ဆေးကုမ္ပဏီ ပိုင်ရှင်က ကားကိုသစ်ပင်နှင့် ၀င်တိုက် ခါ မိမိဖါသာအဆုံးစီရင်သွားခဲ့ပုံသတင်းကို ရည်ညွှန်း၍ ထိုသို့ရေးသားလိုက်ခြင်းဖြစ်ပါ၏။

ဆေးကုမ္ပဏီက ရူမေးနီးယား ဆေးရုံများသို့ ပိုးသတ်ဆေး (Antiseptic) များ ရောင်းချခဲ့ရာတွင် ရေရောခဲ့သောကြောင့် စွမ်းအင် ဆယ်ဆမျှ လျှော့ကျခါ လူနာများစွာ မသေသင့်ဘဲသေခဲ့ကြရသည်ဟု စွတ်စွဲခဲ့ကြပါသည်။ နိုက်ကလပ်တခု မီးလောင်ရာတွင် လူ ၂၇ ဦး မျှသေခဲ့ကြရာမှ ဒဏ်ရာရသူများကို ဆေးရုံတင်ခဲ့သောအခါ ဆေးရုံတွင် ၃၇ ဦး ထပ်မံ သေခဲ့ရသည်၊ ပိုးသတ်ဆေးမှာ ပိုးမသတ်နိုင်သော ကြောင့် ရူမေးနီးယား ဆေးရုံများမှာ လူသတ်ရုံများ ဖြစ်ခဲ့ရသည်ဟု ရဲကဆိုသည်။

ရူမေးနီးယားနိုင်ငံမှာ ဥရောပကောင်စီ EU (European Union) သို့ ၂၀၀၇ ခုနှစ်က အသင်းဝင်ဖြစ်ခဲ့ရာ ဤဆေးကုမ္ပဏီ အကြောင်း ဂျာနယ်တစောင်က ဖွင့်ချခဲ့ရာမှ အီးယူကောင်စီက ဖိအားပေးသဖြင့် စုံစမ်းမှုများစတင် ပြုလုပ်ခဲ့သည်၊ လာဒ်ပေးခြင်းဖြင့်ကုမ္ပဏီ အငယ်ကလေးတခုက တပြည်လုံးဆေးရုံ များအတွက် ဆေးတင်သွင်းရန် ကန်ထရိုက်ရခဲ့သည်၊ အစိုးရ အရာရှိများစွာ ပါဝင်ပါတ်သက်ခဲ့ပြီး ကျန်းမာရေးဝန်ကြီး နှုတ်ထွက်သွားရသည်၊ အသစ်ခန့်ခဲ့သော အမှုလိုက်သူက သူ့အေဂျင်စီမှ ယမန်နှစ်အတွင်းက အရာရှိ ၁၂၅၀ ကို တရားစွဲနိုင်ခဲ့သည်ဟုဆိုသည်၊ မကြာမှီမှာပင် ၀န်ကြီးချုပ်ပါ ရာထူးမှ နှုတ်ထွတ်ပေးခဲ့ရသည်၊ ယခင်လက ကျင်းပခဲ့သော လန်ဒန်မြို့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးညီလာခံက သူ့ကို Rock Star တဦးသဘွယ် ကြိုဆိုခဲ့ကြပါသည်။

Hexi Pharma ကုမ္ပဏီ ပိုင်ရှင်မှာ နောက်နေ့တွင် တရားရုံး၌ အစစ်ခံရဘွယ်ရှိသည်ကို မရင်ဆိုင်ရဲ သဖြင့် မိမိဖါသာ အဆုံးစီရင်သွားခြင်းဖြစ်ပါသည်။

ခြစားမှုတခုဖြစ်ပြီး တစုံတဦးကို အရေးယူမှု ပြုလုပ်ပြီဆိုလျင် ကမ္ဘာကြီးက သတိပြုမိလာကြသည်၊ ထိုအခါ အခြေအနေသည် ဆိုးရွားနေပြီဟု ကောက်ချက်ချတတ်ကြသည်၊ သို့ပါသော်လည်း တကယ် စင်စစ်မှာ လူဆိုးသူခိုးတွေ ကျဆုံးပြီး တရားဥပဒေ စိုးမိုးမှုပိုရှိလာခြင်းမှာတိုင်းပြည်တိုင်း အတွက် ကောင်းပါသည်ဟု အီကော်နောမစ် သတင်းစာက ရေးသားလိုက်ခြင်းဖြစ်ပါသည်။


(၂)

လူ့ယဉ်ကျေးမှု စဦးကာလ ကတည်းက လူတို့၏ အကျင့်ပျက်ခြစားမှုများ ရှိခဲ့ဟန်တူသည်၊ လူဦးရေ တိုးပွားလာသလို စီးပွားရေးလုပ်ငန်းများ ကြီးမားကျယ်ပြန့်လာသလိုပင် လူတို့၏ ချမ်းသာဆင်းရဲ ကွာဟမှုမှာလည်း ပိုမိုကြီးမားလာပြီး အကျင့်ပျက်မှုများမှာလည်း နေရာအနှံ့ ပြန့်နှံ့သွားခဲ့ပါသည်။

အကျင့်ပျက်ခြစားခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ တို့မှာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆက်လက်ရှိနေဦး မည်သာဖြစ်သည်ဟု ပညာရှင်များက ဆိုကြသည်၊ ၄င်းတို့၏ သဘာဝအရလူမသိ သူမသိ တိုးတိုးတိတ်တိတ် လုပ်ကြရခြင်းကြောင့် ထိုမသမာမှုများ၏ ပမာဏ ကို ခန့်မှန်းရန်ခဲယဉ်းလှပါသည်၊ ကမ္ဘာ့ဘဏ်ကမူတနှစ်လျင်အလွဲသုံးစားလုပ်မှုပမာဏမှာ ၁ ထွီလီယမ် (ဒေါ်လာသန်းထောင်ပေါင်းတစ်သန်း) အထိရှိသည်ဟု ခန့်မှန်းသည်၊ ကမ္ဘာ့စီးပွားရေး ပညာရှင်များ (World Economist Forum) တွေ့ဆုံဆွေးနွေးပွဲကမူ ကမ္ဘာ့ဂျီဒီပီ၏ ၅% မှာ ဤမသမာမှု များ ကြောင့် ဆုံးရှုံးကြရသည်ဟုဆိုသည်။

Transparency International က အင်ဒိုနီးရှား သမတဟောင်း ဆူယာတို၏ အလွဲသုံးစား လုပ်သော ပမာဏမှာ သန်းထောင်ပေါင်း ၁၀ နှင့် ၁၅ ကြားရှိမည်ဟုခန့်မှန်းသည်၊ ဖိလိပိုင်သမတဟောင်း မားကို့စ်၊ ဇိုင်ယာမှ သမ္မတမိုဘူတူး၊ နိုက်ဂျီးရီးယား မှ အာဘာချာ တို့သည်ဒေါ်လာသန်း ၅ ထောင် မျှ အလွဲ သုံးစား လုပ်ခဲ့ကြသည်ဟု ခန့်မှန်းကြပါသည်။

ယမန်နှစ်က ရာထူးမှပြုတ်သွားသော ဂွာတာမာလာ နိုင်ငံသမတဟောင်း Otto Perez Molina မှာ လာဒ်စားမှုနှင့် ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရသည်၊ မသမာမှုများကို တားဆီးရန် ဂွာတာမာလာနိုင်ငံ တွင် ကုလသမ္မဂ္ဂမှ ဖွဲ့စည်း ပေးထားသော CICIG ခေါ်(International Commission against Impuinity in Guatemala) အဖွဲ့ရှိသည်၊ သမ္မတ နှင့် ဒုသမ္မတ တို့မှာ အကောက်ခွန်အေဂျင်စီမှ လါဒ်ပေး လါဒ်ယူကိစ္စများကို စုံစမ်းရာမှ ဖမ်းဆီးစစ်ဆေး ခံကြရသည်၊

အိန္ဒိယအစိုးရဟောင်းက ဟယ်လီကော်ပတာ ၁၂ စီးဝယ်ရာတွင်ပေါင်စတာလင် ၅၅၆ သန်းမျှ ကုန်ကျ ခဲ့ရာ ၅% (သို့ ) ၁၀%မှာ အိန္ဒိယအစိုးရအရာရှိများကို လာဒ်ထိုးခဲ့ရသည်ဟု စွတ်စွဲထားကြသည်။

၂၀၀၉ ခုနှစ်က ကမ္ဘာ့ဘဏ်မှ စစ်တမ်းကောက်ယူခဲ့ရာ ဘင်္ဂလားဒက်(ရှ) နှင့် အိန္ဒိယနိုင်ငံသားများက သူတို့နိုင်ငံ စီးပွားရေးလုပ်ရာတွင် ခြစားခြင်းမှာ အဓိကပြဿနာ ဖြစ်ပါသည်ဟုတညီတညွတ်တည်း ပြောကြသည်၊၂၀၁၄ ခုနှစ်က နိုက်ဂျီးရီးယားဘဏ် ဥက္ကဌမှာ ရေနံဝင်ငွေမှ ဒေါ်လာ ဘီလီယမ် ၂၀ ပျောက်ဆုံးနေပါသည်ဟု ပြောဆိုမှုကြောင့် ရာထူးမှဖယ်ရှားခံခဲ့ရသည်၊ ပုပ်ရဟန်းမင်းကြီးက ကင်ညာ နိုင်ငံ၌ ခြစားခြင်းဟူသောရောဂါဆိုးကို ဖယ်ရှားကြရမည်ဟု ဆော်သြခဲ့သည်၊ သမ္မတ အိုဘားမားက အဖရိက ယူနီယံသို့ စကားပြောရာတွင် ခြစားခြင်းကို ဖယ်ရှားနိုင်ပါလျင် စီးပွားရေးအတွက် အကောင်း ဆုံး အခွင့်အလန်းတွေပေါ်လာပါလိမ့်မည်ဟု ပြောခဲ့သည်၊ နိုင်ငံခြားမှ ရင်းနှီးမြှပ်နှံမှုများ၏ ၂၀% မှာ ဤမသမာမှုများ ကြောင့်ဆုံးရှုံးနေကြရသည်၊

ဆင်ရဲသားပပျောက်ရေးလုပ်ငန်းများတွင်လည်း ဤအလွဲသုံးစားလုပ်ကြသောပြဿနာမှာ ကြီးမားလှ သည်၊ အာရှတိုက်တွင် လူသန်း ၃၂၀ ကျော်မှာ ဆင်းရဲမွဲတေသူများဖြစ်သည်ဟု အာရှဘဏ်က ခန့်မှန်း ထားပါသည်၊ ၄င်းတို့၏ ၃၀%မှာတောင်အာရှနိုင်ငံများမှ ဖြစ်ကြသည်၊ ဤဒေသသို့ ပေးသမျှ ထောက်ပံ့ငွေ၏ ၂၅%မှာလိုရာသို့ မရောက်ဘဲလမ်းမှာပင်ပျောက်ဆုံးသွားကြသည်၊ တရုတ် နှင့် အိန္ဒိယနိုင်ငံ အပါအ၀င်ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တို့တွင် နေထိုင် ကြသောလူဦးရေမှာ တကမ္ဘာလုံး လူဦးရေ၏တ၀က်ခန့်ရှိသည်။

ကမ္ဘာ့ဘဏ်က ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများမှခြစားမှုများကိုသာ ဖယ်ရှားနိုင်ပါက လူတို့၏တဦးချင်း ၀င်ငွေ သည် ၄ဆအထိတိုးတက်များပြားလာဖွယ်ရှိသည်ဟုဆိုသည်၊ ပျမ်းမျှ စီးပွားရေးလုပ်ငန်းများမှာ တနှစ်လျှင် ၃%အထိတိုးတက်မှုရှိလာနိုင်သည်၊ ကလေးသူငယ် သေနှုန်းမှာ ၇၅%အထိလျှော့ကျသွား နိုင်သည်ဟုခန့်မှန်းသည်။

များပြားလှစွာသော သုတေသနပြုချက်များအရ ဤမသာမာမှုများကြောင့်ဆင်းရဲသားများသာ အများဆုံးထိခိုက်ခံကြရသည်၊ ဆင်းရဲ ချမ်းသာကွာခြားမှု ကိုလည်းပိုမိုကြီးမားလာစေသည်။

ထိုသို့တရားမ၀င်ငွေပေးငွေယူမှုများကြောင့်ပင် အစိုးရအရာရှိ ကြီးများက ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဆိုင်ရာ ဥပဒေများချိုးဖေါက်ကြခြင်းကိုလည်း မသိကျိုးကျွန်ပြုထားတတ်ကြပါသည်၊ ပါတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ကြောင်းသိလျက်ကပင် ပရောဂျက်လိုင်စင်များချပေးတတ်ကြသည်၊ Environmental Poverty ခေါ် ပတ်ဝန်းကျင်ဆင်းရဲခြင်းအခြေအနေကိုဖန်တီးနေကြသည်၊ စက်ရုံများ မှအန္တရာယ်ရှိ သော အဆိပ်သင့် ဓါတုဗေဒပစ္စည်းများကို ပရမ်းပတာ စွန့်ပစ်နေမှုများကို လစ်လျူရှုထားကြ ခြင်းမှာ လည်း ဤလာဒ်ပေးလာဒ်ယူမသမာမှုများကြောင့်ပင် ဖြစ်သည်။

တာဝန်ရှိသူများကို လာဒ်ပေးရသော ဤအကျင့်မှာ လူများစွာ၏ ဘ၀အစိတ်အပိုင်းတခုလို ဖြစ်လာ ခဲ့ကြပါသည်၊

တန်ဇိုးလက်ဆောင်ပေးရခြင်း၊လာဒ်ပေးရခြင်း တခုခုသော အကျိုးကို မျှော်၍၊ အခမဲ့အကျိးဆောင် ပေးရခြင်းတို့၏ ဒေသဆိုင်ရာယဉ်ကျေးမှုထုံးစံတခုလိုပင်ဖြစ်လာခဲ့ကြပါတော့သည်၊ ဤသည်မှာပင် ကျေးဇူးတင်ခြင်း၏လက္ခဏာ၊ မိတ်ဆွေဖြစ်မှုကိုထိမ်းသိမ်းထားလိုခြင်း လက္ခဏာများဖြစ်လာကြသည်၊ အချို့လာဒ်ပေးလာဒ်ယူမှုကို အားမပေးလိုသောဝန်ထမ်းများသည်ပင်ပတ်ဝန်းကျင်တွင် ထီးထီးကြီး ရပ်တည်ရန်ခဲယဉ်းသဖြင့်မိုးခါးရေ လိုက်ပြီးသောက်ကြရသည်။

သို့ပါသော်လည်းဤခြစားခြင်း ဓလေ့ဆိုးကိုခိုင်ခံ့သောလူမှုအဖွဲ့ ဥပဒေနှင့်စည်းကမ်းကိုထိမ်သိမ်း ထား လိုသောအစိုရများအတွက်နိုင်ငံများစွာတို့တွင်အောင်မြင်မှုရရှိနိုင်ကြောင်းမှာသိသာထင်ရှားလာနေပါသည်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများပိုမိုရောက်ရှိလာစေရန်နှင့်နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရန် ခြစားမှုကင်းသောပတ်ဝန်းကျင်ကို ဖန်တီးပေးထားရန်လိုအပ်ပေသည်။

အကျင့်ပျက်ခြစားသူများကိုနှိမ်နှင်းအရေးယူသော နိုင်ငံများရှိသလို အိန္ဒိယကဲ့သို့သော ဒီမိုကရေစီ နိုင်ငံကြီးဖြစ်ပါလျက် အကြောင်းကြောင်းကြောင့် အရေးမယူနိုင်သော နိုင်ငံများလည်းရှိသည်။ ဤသည်မှာအာဏာရှိ အစိုးရ ၀န်ထမ်းအရာရှိကြီးများကို အကျင့်ပျက်ခိုးယူခွင့် လိုင်စင် ပေးထားသလို ဖြစ်နေသည်ဟု စီးပွားရေး ပညာရှင်များကဆိုသည်။

(၃)

သမ္မတအိုဘားမားကပြောခဲ့သလိုပင်အစိုးရ ယန္တရားကြီးလည်ပါတ်ရာတွင်ထင်သာမြင်သာရှိခြင်းနှင့် အစိုးရသည် ယုံကြည်အားကိုးလောက်သော အဖွဲ့အစည်းကြီးဖြစ်နေမှသာတရားဥပဒေစိုးမိုးမှုရှိသော လူ့အဖွဲ့အစည်းတရပ်ပေါ်ပေါက်လာနိုင်မည်ဖြစ်ပါသည်၊ ဖွံ့ဖြိုးစနိုင်ငံများအတွက်ဆင်းရဲသား ပပျောက် ရေးအတွက်၎င်း၊ စီးပွားဖွံ့ဖြိုး တိုတက်ရေးအတွက်၎င်း၊ အကျင့်ပျက်ခြစားမှုများ လျှော့နည်းသွားရန်လို ပါသည်။




ကိုသန်းလွင်

Ref: Why the world must fight to end corruption, by Asit Biswas , Straits Times May 13 2016.

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ပြန်လည်တူးဖော်တော့မည်ဟု ဦးစံလင်း ပြောကြား

$
0
0
ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ပြန်လည်တူးဖော်တော့မည်ဟု ဦးစံလင်း ပြောကြား


ရန်နောင်(ဗိုလ်တထောင်)     မိုးမခ   ဇွန် -၂၁    - ၂၀၁၆
ဦးစံလင်း

     ရန်ကုန်မြစ်အတွင်း နှစ်ပေါင်းများစွာ နစ်မြုပ်လျက်ရှိနေသော ဓမ္မစေတီခေါင်းလောင်းတော်ကြီးအား ယခုနှစ် ဩဂုတ်လတွင် ဆယ်ူ၍ ရွှေတိဂုံကုန်းတော်ပေါ်သို့ ပြန်လည်သယ်ဆောင်တော့မည် ဟု ခေါင်းလောင်းတော်ကြီး ရှာဖွေသယ်ယူမည့် ဦးစံလင်းက ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။
     ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ထံ လိပ်မူ၍ ၂၀၁၆ ခုနှစ် မေလ (၆) ရက်နေ့ က စာတင်ထားသော်လည်း ဇွန်လ (၄) ရက်နေ့တွင် ခွင့်မပြုကြောင်း ပြန်စာလာပြီး ဇွန်လ (၇) ရက်နေ့တွင် ထပ်မံကာ စာတင်ထားခဲ့သည်ဟု ဦးစံလင်း ကပြောကြားခဲ့သည်။

 ခေါင်းလောင်းဆယ်ယူရန် ကုန်ကျစရိတ် မည်ရွေ့မည်မျှ ရှိမည်ကို မပြောပြနိုင်သော်လည်း ခေါင်းလောင်းတော်ကြီး ကြိုးချည်မည့်အဆင့်အထိ လုံလောက်သော ငွေကြေးပမာဏ ရှိကြောင်း ထပ်မံပြောကြားခဲ့သည်။
 ခေါင်းလောင်းတော်ကြီး ဆယ်ယူမှုကို ဆယ့်နှစ်နှစ် တိုင်တိုင် ကြိုးစားခဲ့ပြီး မည်သည့်နေရာတွင် ဆယ်မည်ဆိုသည့်ကိစ္စကိုကား မပြောပြနိုင်ကြောင်း၊ ယခင်က ပြောပြခဲ့၍ ယခုကဲ့သို့ အချိန်ကြာနေခြင်း ဖြစ်ကြောင်း၊ ယခု ခေါင်းလောင်းဆယ်ပြီးပါက နောက်ထပ် ခေါင်းလောင်းများ ကျန်ရှိနေသေးကြောင်း၊ နိုင်ငံတော်မှ ခွင့်ပြုချက် မရရှိပါက သူဆယ်ယူနိုင်မည် မဟုတ်ကြောင်း၊ အမျိုး ၊ဘာသာ၊ သာသနာ အတွက် ဒီခေါင်းလောင်းကြီးကို ဆယ်ယူမည်ဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။

 ယခုလက်ရှိ အချိန်ထိ နိုင်ငံတော်မှ ဆယ်ယူခွင့် ပါမစ် မချပေးသေးချေ။ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ထံသို့ လည်း စာတင်ပြီး တွေ့ခွင့်တောင်းထားသေးကြောင်း ထပ်မံသိရှိခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နှင့် ဘကြီးမိုး

$
0
0
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နှင့် ဘကြီးမိုး

ဘကြီးမိုး     ( မိုးမခ )    ဇွန် ၂၁ - ၂၀၁၆

   ဇွန် ၁၉ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဖြစ်ပါတယ်။ မွေးနေ့အတွက် ဘကြီးမိုးဆီကို ပထမဆုံး လှုံ့ဆော်မှုက စကိုင်းနက် Up to Date အတွက်  ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ အင်တာဗျူး ရက်ချိန်းတောင်းပါတယ်။ စကိုင်းနက်အတွက် အင်တာဗျူး ရက်ချိန်းပေးပြီးချိန်လောက်မှာပဲ MRTV ကလည်း ရက်ချိန်းတောင်းပါတယ်။ အရင်တုန်းကတော့ ဘကြီးမိုးဟာ စကိုင်းနက်တို့ MRTV တို့ကို အင်တာဗျူး ပေးလေ့မရှိပါဘူး။ လက်မခံပါ။ ယခုတော့ ဘောလုံးပဲတွေ လောက်ပဲကြည့်တဲ့ စကိုင်းနက်ကိုလည်း  လွှတ်တော်သတင်းနဲ့ သတင်းတွေလည်း ကြည့်ရပါတယ်။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ပြည်သူ့အစိုးရခေတ်မှာ စကိုင်းနက်ကလည်း ရုပ်သံမီဒီယာသဘောတရားအရ သူကလည်း ပြောင်းလဲလာတာပါပဲလေ။ ဘကြီးမိုးလည်း အင်တာဗျူး လက်ခံရတော့တာပေါ့။
          ဘကြီးမိုးရဲ့ အိမ်မှာ ကြေးမုံသတင်းစာကို တစ်လ ကျပ် ၂၀၀၀ နှုန်းနဲ့ ဟိုးရှေးအရင့် အရင်ကပဲ ယူခဲ့တာပါ။ ဒါပေမဲ့ ၃၁ လမ်း အပေါ်လမ်း ပထမထပ်မှာနေတဲ့ ဘကြီးမိုးအိမ်ခန်းကို ကြေးမုံရောက်ချိန်မှာ ၁၂း၀၀ နာရီနောက်ပိုင်း ဖြစ်လေတော့ ဖတ်မိတဲ့ အခါလည်းရှိ၊ မဖတ်မိတဲ့အခါက များပါတယ်။ သတင်းဖတ် စရာမှ မရှိဘဲကိုး။ အဲ နာရေးသတင်းကိုတော့ ကြည့်ရတယ်။ ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ။ အစိုးရသစ် ဖွဲ့စည်းပြီးနောက် ပြန်ကြားရေးဝန်ကြီးက ဘကြီးမိုးတို့ရဲ့ ရေးဖော်ကြီး ကိုဖေမြင့် ဖြစ်လာပြီးတဲ့နောက် မြန်မာ့အလင်းတို့ ၊ကြေးမုံတို့မှာ ၀င်ရေးနေရပါတယ်။
          စကိုင်းနက်နဲ့ မြန်မာ့ရုပ်မြင်သံကြားအတွက် အင်တာဗျူး လုပ်ပေးချိန်မှာ Eternal Light က ဆွေဆွေမျိုးနွယ်ကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရ တစ်ခုခု လုပ်ဖို့ပြောမိရာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ ၁၉၈၈ မတိုင်မီ နေ့စွဲမှတ်တမ်းသဘော ဒေါ်စု မူလတန်းမှသည် မြန်မာပြည်မှာ နေခဲ့သည့် ကျောင်းများ၊ သူ့မိခင် ဒေါ်ခင်ကြည်နဲ့လိုက်ပါသွားပြီး ဒါဂျီလင်မှာ နေခဲ့ရသည်မှသည် အောက်စဖို့ဒ် မှာ ပညာသင်ရတာ၊ ဘွဲ့ယူခဲ့တာ၊ ကုလသမဂ္ဂမှာ ၀န်ထမ်းလုပ်ခဲ့တာ၊ ဆရာမိုက်ကယ်နဲ့ အိမ်ထောင်ကျ၊ သားနှစ်ယောက် ထွန်းကား ၊သားတွေကို မြန်မာပြည်ပြန်လာ ရှင်ပြုခဲ့ပုံမှ နောက် သူ့မိခင် ဒေါ်ခင်ကြည် ကျန်းမာရေးအတွက် မြန်မာပြည် ရောက်ရှိနေစဉ် ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပေါ်မှုနဲ့ တိုက်ဆိုင်ပါတယ်။ မောင်သော်က၊ ဦးဝင်းတင်၊ ဘကြီးမိုးတို့က စာပေနဲ့ အနုပညာရှင်များ ဆိုပြီး လက်မှတ်ရေးထိုးတဲ့ ကမ်ပိန်းလုပ်ပြီး ကျောင်းသားတွေနောက် လမ်းပေါ်ကို ထွက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဦးထွေးမြင့်နဲ့အတူ ပြည်သူသို့ ပန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ အရေးတော်ပုံလှုပ်ရှားသူများနဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်ကျောက်စားပွဲဝိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ခဲ့ကြပါတယ်။ အဲသည်အချိန်မှာ စာနယ်ဇင်းသမဂ္ဂဖွဲ့စည်းပြီး ဖြစ်လို့ ဥက္ကဋ္ဌက မောင်သော်က၊ ဒုဥက္ကဋ္ဌက ဦးဝင်းတင်၊ အတွင်းရေးမှူး က ဘကြီးမိုး ဖြစ်ပါတယ်။
          စာနယ်ဇင်းသမဂ္ဂရန်ပုံငွေအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးတစ်ခွေ ရိုက်ကူးဖြန့်ချိခဲ့ပါတယ်။ ဥက္ကဋ္ဌ မောင်သော်က က အဖွင့်မိန့်ခွန်းပြောပြီး ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေးအမြင်များ၊ မြန်မာပြည်နိုင်ငံရေးအေါ့် သဘောထားများ အင်တာဗျူးမေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒိုးဒိုးဒေါက်ဒေါက် ပြောကြားခဲ့ပါတယ်။ နောက်  အောင်စုတင် (ဦးအောင်ကြီး ၊ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ သုံးဦးပေါင်းပြီး ) နိုင်ငံရေးပါတီကြီး တစ်ခု တည်ထောင်ဖြစ်လာတော့ အရေးတော်ပုံတပ်သားများအားလုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။
          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပြီးနောက် နိုင်ငံရေးတိုက်ပွဲတွေအမျိုးမျိုး လုပ်ဆောင်ရင်း ၁၉၈၉ မှာ ခေါင်းဆောင်အားလုံး လိုလို အဖမ်းခံရတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ၁၀(ခ) နေအိမ် အကျယ်ချုပ်ခံရပါတယ်။ အဲသည်လို အမှုဆောင် တော်တော်များများ အဖမ်းခံရချိန်မှာ ၁၉၉၀ ရွေးကောက်ပွဲ ဖြစ်လာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ကြပါတယ်။ ဦးတင်ဦး ၊ ဒေါ်အောင်ဆန်းစုကြည် တို့ကတော့ အရွေးခံခွင့် မရခဲ့ပါဘူး။
          ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစု အနိုင်ရခဲ့ပေမဲ့ ဂန္ဒီအစည်းအဝေးအပြီး အင်န်အယ်လ်ဒီ ကို အာဏာမလွှဲတဲ့အပြင် အရွေးခံရတဲ့ ခေါင်းဆောင်တွေကိုပါ ဘကြီးမိုးတို့ရှိရာ အင်းစိန်ထောင်ထဲကို ရောက်လာကြပါတယ်။
          ၂၀၀၈ နာ၈စ်အပြီး အညေခခံဥပဒေကို အတည်ပြုပြီး ၂၀၁၀မှာ ရွေးကောက်ပွဲ လုပ်ပါတယ်။ အင်န်အယ်လ်ဒီ ၀င်မရွေးခဲ့ပါ။သမ္မတ ဦးသိန်းစိန် ရဲ့ လွှတ်တော်အစိုးရ တက်လာပါတယ်။ ဦးသိန်းစိန် အစိုးရရဲ့ အထူးခြားဆုံး လုပ်ရပ်ကတော့ တစ်ပြည်လုံး ကန့်ကွက်ဆန္ဒပြနေကြတဲ့ မြစ်ဆုံစီမံကိန်း သူ့သက်တမ်းမှာ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာရယ်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ကို ပါဝင်လာအောင် လုပ်ဆောင်နိုင်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်အမှူး ပြုတဲ့ အင်န်အယ်လ်ဒီကိုယ်စားလှယ်များ လွှတ်တော်ထဲ ရောက်လာပါတယ်။
          အဲသည် အဲသည်ကတဆင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး ပြုလုပ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ အသံနဲ့အတူ ပြည်သူလူထု တရပ်လုံး လက်သန်းကလေးများ မှင်အစွန်းခံပြီး တခဲနက် ဆန္ဒမဲပေးလိုက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ လွှတ်တော်သုံးရပ်လုံး အနိုင်ရကာ သမ္မတဦးထင်ကျော်နဲ့ ပြည်ထောင်စုအစိုးရ ၊တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်များလည်း အင်န်အယ်လ်ဒီမှ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ၊ပြည်ထောင်စုဝန်ကြီး တာဝန်ယူခဲ့ပြီးတဲ့နောက် အစိုးရတဖွဲ့လုံးက ပြည်သူ့အတွက် ရက် ၁၀၀ ဆိုပြီး ပြုပြင်ပြောင်းလဲရေး၊ တည်ထောင်ရေး လုပ်ငန်းများ ရာဇ၀တ်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးများ စီမံချက်ဆွဲပြီး လှုပ်ရှား ဆောင်ရွက်နေကြပါတယ်။
          ဦးသိန်းစိန်အစိုးရလက်ထက်က တပိုင်းတန်းလန်း ကျန်ရစ်တဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကြီး ပြုလုပ်ကျင်းပဖို့ လှုံ့ဆော်လိုက်ပြီး အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့များရှိရာ ချင်းမိုင်ကို ကိုယ်စားလှယ်လွှတ်ခဲ့သလို ၀နဲ့ ကိုးကန့်များရှိရာကိုလည်း ဆွေးနွေးညှိနှိုင်းဖို့ သွားနေကြပါတယ်။
          သည် ၂၁ ရာစု ပင်လုံညီလာခံကြီးမှာ ပါသင့်ပါထိုက်တဲ့ သူတွေအားလုံး ပါဝင်ကြပြီး လူမျိုးစု အသီးသီး တို့မှ မိမိတို့ ဆန္ဒရှိတာများကို ဖော်ထုတ်ကြဖို့ ဖြစ်ပါတယ်။
          အားလုံးပြောပြောနေကြတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ စကားလုံးတလုံးပဲ အားလုံးတပြေးညီ သဘောတူညီမှုရှိနေကြပါတယ်။ ဆွေးနွေးညှိနှိုင်းကြတာပေါ့။
          သည်အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်ပြည့်မွေးနေ့ရောက်လာလို့ ဘကြီးမိုးလည်း အင်တာဗျူးတွေ ပေးနေရ၊ ဆောင်းပါးတွေရေးနေရကြောင်းပါ။
          ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင့် ဘကြီးမိုးပါ။

ငြိမ်းချမ်းရေး နှင့် မောင်မိုးသူ

$
0
0
  ငြိမ်းချမ်းရေး နှင့် မောင်မိုးသူ

မောင်မိုးသူ     (မိုးမခ )  ဇွန် ၂၁- ၂၀၁၆

          အင်္ဂလိပ်အစိုးရလက်ထက်မှာ မွေးခဲ့တဲ့ မောင်မိုးသူဟာ ကလေးပေါက်စဘ၀က ဓာတ်ပုံအောက်မှာ ဖေဖေက သခင်စိန်မြင့် (မောင်မိုးသူ ရဲ့နာမည်အရင်းက စိန်မြင့် ဖြစ်ပါတယ်) လို့ ရေးခဲ့ပါတယ်။ ကလေးဘ၀ကပဲ ကလေးတွေကို ရှပ်ညိုယူနီဖောင်းဝတ်စေပြီး စင်ပေါ်တက် တို့ဗမာသီချင်း သီဆိုခဲ့ရတယ်။
          မန္တလေးကို ဂျပန်က ဗုံးကြဲတော့ မောင်မိုးသူ တို့ စစ်ကိုင်းတောင် ၀ါးချက် ပြေးရတယ်။ စစ်ဘေးဒဏ်ခံရလို့ ငြိမ်းချမ်းရေး လိုချင်ခဲ့တာပေါ့။ စစ်ပြီးလို့ မန္တလေး ပြန်လာတော့ အရပ်ထဲက အိမ်ဟာ ဗုံးဒဏ်ထိပြီး  ပျက်စီးခဲ့ရတယ်။ မန္တလေးကို မိသားစုနဲ့ ပြန်လာတော့ အမျိုးတယောက်အိမ်မှာ ပထမ နေရတယ်။ ဂျပန်ခေတ်မှာပဲ အိမ်ပြန်ဆောက်ပြီး စိန်တောင်ဘုန်းကြီးကျောင်းမှာ ဂျပန်စာသင်ရတယ်။ ဂျပန်ခေတ်မှာ မောင်မိုးသူဟာ အသက်ခုနစ်နှစ် ရှိပြီမို့ စိန်တောင်ဘုန်းကြီးကျောင်းမှာ သာမဏေ၀တ်တယ်။
          စစ်ပြီးခေတ် ကျောင်းတွေ ပြန်ဖွင့်တော့ ပထမ နေရှင်နယ် အမျိုးသားကျောင်း ၊ နောက် တိုင်းချစ်ကျောင်း၊ နောက် စိန်တောင် မူလတန်းကျောင်း။ အဲသည်တုန်းက မူလတန်းက ငါးတန်း ဖြစ်ပါတယ်။ လေးတန်းအရောက်မှာ မန္တလေးကို ကရင်ဝင်းသိမ်း၊ မြို့ထဲမှာ ကရင်ကွန်မြူနစ်ရဲဘော်နဲ့ တိုက်ပွဲတွေဖြစ်၊ ပြည်တွင်းစစ်ဒဏ်ကို ခံရတယ်။ စိန်တောင်မြန်မာဘုန်းတော်ကြီးကျောင်းက ပဉ္စမတန်း။ ငါးတန်းတက်တာကို မုဆိုးမ မေမေက သူ့သားလေး အင်္ဂလိပ်စာ မတတ်မှာစိုးလို့ စိန့်ပီတာကျောင်းပို့ပါတယ်။ ငါးတန်းအောင် ခြောက်တန်း တက်ရမယ့် ကျောင်းသားမောင်စိန်မြင့်ကို စိန့်ပီတာကျောင်းက သုံးတန်းပဲ ပေးပါတယ်။
          စိန့်ပီတာကျောင်းကနေ ၁၀ တန်းအောင်တော့ မန္တလေးတက္ကသိုလ်ရောက်တယ်။ မန်းတက္ကသိုလ် ကလောင်ရှင်အသင်း အမှုဆောင်လုပ်၊ ကျောင်းသားညီညွှတ်ရေးတပ်ဦး အတွင်းရေးမှူး၊ မန္တလေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂဒုဥက္ကဋ္ဌလုပ်ပေါ့လေ။ အဲသည်အချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီးတွေ မန္တလေးအိမ်တော်ရာ ၁၄ ခန်းဇရပ်မှာ ပြုလုပ်ကျင်းပပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အဆိုတင်ဖို့ ဖြစ်ပါတယ်။ ပြည်သူ့ရဲဘော် ကိုမောင်မောင် က ကမ္ဘာ့ငြိမ်းချမ်းရေး အဆိုတင်ရမှာ။ ကိုမောင်မောင်က မောင်မိုးသူကို ချော့မော့ပြီး ပြည်တွင်းငြိမ်းချမ်းရေးအဆိုကို သူတင်ပါရစေဆိုပြီး အဆိုလဲကြပါတယ်။ ကိုမောင်မောင်ဟာ ပြည်တွင်းငြိမ်းချမ်းရေးအဆိုကို တက်တက်ကြွကြွ ရဲရဲတောက် အဆိုတင်သွင်းပါတယ်။ အဲသည် အစည်းအဝေး ပြီးတော့ ကိုမောင်မောင်ကို ဖမ်းသွားပါလေရော။ ပြည်တွင်းငြိမ်းချမ်းရေးအဆိုကို မတင်လိုက်ရလို့ အဖမ်းမခံရတဲ့ မောင်မိုးသူဟာ ဦးနုက ဗိုလ်ချုပ်နေ၀င်းကို အိမ်စောင့်အစိုးရ အဖြစ် တာဝန်ပေးတာကို မန်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကန့်ကွက်ဆန္ဒပြလို့ သမဂ္ဂခေါင်းဆောင်တွေ အဖမ်းခံခဲ့ရာမှာ မောင်မိုးသူလည်း ပါခဲ့ပါတယ်။
          ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ခေတ်အဆက်ဆက်က ကြိုးစားခဲ့ကြပေမဲ့ ပြည်တွင်းစစ်မီးကို မငြိမ်းသတ်နိုင်တဲ့ ဦးနုရဲ့ ဒီမိုကရေစီအစိုးရကို ၁၉၆၂ မှာ ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းပြီး မြန်မာပြည်ဟာ တပ်မတော်အုပ်ချုပ်မှုအောက်ရောက်ခဲ့ပါတယ်။ဗိုလ်ချုပ်နေ၀င်း က ငြိမ်းချမ်းရေး ဖိတ်ခေါ်လို့ အလံနီက ရဲနီကျော်ဝင်းတို့၊ ဗကပ ရဲဘော်ဌေးတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်လို့ ဗကပများ ချောင်းရိုးကိုဖြတ်၊ တောထဲကို ၀င်သွားတဲ့ ဓာတ်ပုံဟာ သမိုင်းဝင်ဓာတ်ပုံ ဖြစ်ခဲ့ပါတယ်။
          စစ်အစိုးရဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတည်ထောင်ပြီး မဆလ အစိုးရ ပြည်သူပိုင်သိမ်းပြီး တံခါးပိတ်ဝါဒ ကျင့်သုံးပြီး တိုင်းပြည်ကို ဆင်းရဲတွင်း နစ်စေခဲ့ပါတယ်။ နောက် တစည အစိုးရ၊ အဲသည်နောက် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်။ ကျောင်းသားတွေရဲ့ တိုက်ပွဲထဲ အရေးတော်ပုံကြီးထဲ မောင်မိုးသူတို့တတွေ စာပေအနုပညာသမားများဆိုပြီး ပြည်သူနဲ့အတူ ပါဝင်ခဲ့ရာက တပ်က အာဏာသိမ်းပြန်ရော။ အရေးတော်ပုံကျောင်းသားတော်တော်များများ တောထဲကိုရောက်၊ လက်နက်ကိုင်ဘ၀ကို ရောက်သွားခဲ့ပါတယ်။
          မောင်မိုးသူတို့ တတ်သိပညာရှင်များကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီမှာ ပါဝင်ပြီး ဒီမိုကရေစီအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး တိုက်ပွဲများ ၀င်ကြပါတယ်။ ၁၉၉၀ မှာ  အင်န်အယ်လ်ဒီက အနိုင်ရပေမဲ့ တပ်က အာဏာမပေးခဲ့ပါ။ အဲသည်အချိန်က မောင်မိုးသူတို့ က ထောင်ထဲမှာ ရှိနေပြီး အနိုင်ရတဲ့ အင်န်အယ်လ်ဒီ အမတ်တွေလည်း ဂန္ဒီအစည်းအဝေးအပြီး ထောင်ထဲ မောင်မိုးသူတို့ဆီ ရောက်လာကြတယ်။ မောင်မိုးသူက ၁၉၉၂ မှာလွတ်၊ ၁၉၉၆ မှာ ပြန်ဖမ်း၊ ၂၀၀၀ မှာ လွတ်ပါတယ်။
          ၂၀၀၈ မှာ နာ၈စ်ဖွဲ့စည်ုး့ အတည်ပြုပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်၊ သမ္မတဦးသိန်းစိန်ရဲ့ လွှတ်တော်အစိုးရ တက်လာပါတယ်။ ၂၀၁၀ မှာ အင်န်အယ်လ်ဒီက ရွေးကောက်ပွဲ မ၀င်ခဲ့ပေမဲ့ ၂၀၁၂ ကြားဖြတ်မှာ အင်န်အယ်လ်ဒီ ပါဝင်လာပြီး လွှတ်တော်မှာ အတိုက်အခံရှိတဲ့ သဘောဆောင်လာပြီး အမေရိကန်နဲ့ ဥရောပတို့က ပိတ်ဆို့မှုတွေ ဖြေလျှော့တာတွေ လုပ်လာကြပါတယ်။
          ဦးသိန်းစိန် အစိုးရဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွေ မည်မည်ရရ မလုပ်နိုင်တဲ့အဆုံး နောက်ဆုံးလက်နက်အဖြစ် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြုလုပ်ကျင်းပခဲ့ရာ လက်မှတ်ရေးထိုးကြသူ ထက်ဝက်ကျော်ရှိပြီး လက်မှတ်မရေးထိုးသေးတာ ထက်ဝက်လောက် ရှိနေခဲ့ပြီး ငြိမ်းချမ်းရေးတပိုင်းတန်းလန်း အခြေအနေမှာပဲ ၂၀၁၅ ရွေးကောက်ပွဲဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစု အနိုင်ရရှိခဲ့ကာ ပြည်ထောင်စုအစိုးရ၊ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့အားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်ဟာ ပြည်သူ့အတွက် ရက် ၁၀၀ စီမံချက်တွေ လုပ်ခဲ့သလို အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး အစီအစဉ်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ၂၁ရာစု ပင်လုံညီလာခံ ကျင်းပဖို့ စီစဉ်နေပြီး ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်ကြဖို့ ဖိတ်ခေါ်စီစဉ်ပါတယ်။ ဒေါက်တာ တင်မျိုးဝင်းနဲ့ အဖွဲ့က လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့များရှိရာ ချင်းမိုင်ကို သွားပြီး ဆွေးနွေး ဖိတ်ခေါ်ခဲ့သလို ၀နဲ့ မိုင်းလားကိုလည်း သွားရောက်ဆွေးနွေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။
          ၂၁ ရာစု ပင်လုံညီလာခံကြီးဟာ တကယ်ပဲ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းအားလုံး ပါဝင်ကြပြီး သူတို့ရဲ့ ရင်တွင်းစကားတွေကို စုစည်းနားထောင်ကြဖို့ ဖြစ်ပါတယ်။ သည်နေရာမှာ အားလုံးသုံးစွဲကြတဲ့ စကားလုံး တခုကတော့ တူညီတာတွေ့ရပါတယ်။အဲဒါကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဖြစ်ပါတယ်။
          အဲသည် ဖက်ဒရယ်ပြည်ထောင်စု အခြေခံကို မူတည်ပြီး တိုင်းရင်းသားအားလုံးတန်းတူရည်တူ အခွင့်အရေး ရရှိပြီး ဖွံ့ဖြိုးတိုးတက်မှုရအောင် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ကြရင်ဖြင့်……။
          ငြိမ်းချမ်းရေး နှင့် မောင်မိုးသူပါ။

ကာတွန်း ကိုခေတ် - ကျူးတို့၏ မာယာ

$
0
0

ကာတွန်း ကိုခေတ် - ကျူးတို့၏ မာယာ
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၆

နှလုံးသားရပ်ဝန်း ဝတ္ထုတို စုစည်းမှု ထွက်ရှိ

$
0
0

နှလုံးသားရပ်ဝန်း ဝတ္ထုတို စုစည်းမှု ထွက်ရှိ
(SK ရှန်လိန်း) ဇွန် ၂၂၊ ၂၀၁၆


စာပေချစ်သူများအဖွဲ့၊ စာပေနှင့် ပရဟိတကွန်ရက်က ထုတ်ဝေသော နှလုံးသားရပ်ဝန်း ဝတ္ထုတို စုစည်းမှု ထွက်ရှိလာသည်။ ထိုကွန်ရက်က ကလောင်စုံစာအုပ်များ ထွက်ရှိခဲ့ရာ ယခုစာအုပ်မှာ ၅ အုပ်မြောက် ဖြစ်သည်။

ထွက်ရှိပြီးသော စာအုပ်များမှာ (၁) အမေရေးတဲ့ ပန်းချီကားများ၊ အမေ့မေတ္တာဖွဲ့ ကဗျာစု။ (၂) လူငယ်များနှင့် အနာဂတ်ကမ္ဘာ၊ ဘာသာရေးနှင့်နိုင်ငံရေး  အတွေးအမြင်များ။ (၃) မေတ္တာဆာနေသော ဘဝများ။ (၄) ရှိုက်သံ၊ ရေဘေးသင့် စာနာမှုကဗျာများ တို့ဖြစ်သည်။

ကောဇာ ၁၃၇၅ တွင် စတင်ပေါက်ဖွါးလာသော စာပေချစ်သူများအဖွဲ့ (စာပေနှင့် ပရဟိတ ကွန်ရက်) ၏ အဓိကရည်ရွယ်ချက်မှာ စာပေနှင့် ပရဟိတလုပ်ငန်းများကို စွမ်းစွမ်းတမံ တက်ညီလက်ညီ လုပ်ဆောင်ကြရန်ဖြစ်သည် ဟု သိရသည်။

နှလုံးသားရပ်ဝန်းတွင် ဝတ္ထုတို ၃၅ ပုဒ် ပါဝင်သည်။ ထိုစာအုပ်တွင် စာပေချစ်သူများအဖွဲ့ဝင်များ ပါဝင်ရေးသားထားသကဲ့သို့ အဖွဲ့ဝင် မဟုတ်သည့် ကလောင်သစ်များ၏ ဝတ္ထုတိုများလည်း ပါဝင်သည်။ ထို့အပြင် ဝါရင့် စာရေးဆရာအချို့၏ ဝတ္ထုတိုများလည်း ပါဝင်သည်။


ဆယ်ချိုးဆိုက်၊ ၃၇၄ မျက်နှာရှိသော နှလုံးသားရပ်ဝန်းစာအုပ်ကို ၂၀၁၆ ဇွန်လတွင် ပထမအကြိမ်အဖြစ် အုပ်ရေ ၇၀၀ ကို တန်ဖိုး ၃၀၀၀-ကျပ်ဖြင့် ထုတ်ဝေသည်။ အောက်မြန်မာပြည် ဖြန့်ချီရေးကို ရွှေပေစာအုပ်တိုက်၊ ကျောက်ကုန်းလမ်း၊ ၁၄ ရပ်ကွက်၊ ရန်ကင်း၊ ဖုံး ၀၉ ၄၀၂၅၀၅၀၂၉ ၊ ၀၉ ၇၉၈၄၄၃၅၃၈ ကဖြန့်ချိသည်။ စာပေချစ်သူများအဖွဲ့၊ ဖုန်း ၀၉၄၀၂၅၀၅၀၂၉ ၊ ၀၉ ၇၉၉၇၁၇၁၃၈ ၊ ၀၉ ၄၅၁၅၆၁၆၇၉ ၊ ၀၉ ၄၂၁၁၂၄၃၄၇ သို့ ဆက်သွယ်မှာယူနိုင်သည်။

မောင်မောင်စိုး - ၂၁ ရာစု ပင်လုံညီလာခံနှင့် လက်တွေ့ပြဿနာများ

$
0
0

မောင်မောင်စိုး -  ၂၁ ရာစု ပင်လုံညီလာခံနှင့် လက်တွေ့ပြဿနာများ
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၆
၂၁ ရာစုပင်လုံညီလာခံ


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ၂၁ ရာစုပင်လုံညီလာခံ အတွက် အရပ်သားအစိုးရ၏ လက့်တွေ့ခြေလှမ်းများစတင်ခဲ့ပြီဖြစ်သည်။ NRCP အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကို ပြန်လည်ဖွဲ့စည်း၍ MPC တွင် အစားထိုးခဲ့သည်။ ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းခဲ့သည်။

လက်ရှိအရပ်သားအစိုးရ၏ မူဝါဒအရ ပါဝင်သင့်သူများအားလုံးပါဝင်ရေးကိုရှေ့ရှုသည်ဟု ဆိုပါသည်။ အဆိုပါ ပါဝင်သင့်သူများတွင် မြို့ပေါ်တိုင်းရင်းသားပါတီများ တိုင်းရင်းသားခေါင်းဆောင်များ ပြည်မ နိုင်ငံရေးပါတီများအားလုံးမှ ရွေးကောက်ပွဲတွင် လူထုကရွေးချယ်တင်မြှောက်ခံရမှုပေါ် မူတည်၍ ပါဝင်မည်ဟုဆိုပါသည်။

နောက်တပိုင်းကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်မှု ဖြစ်သည်။ ထို့အတွက် လက်ရှိ NCA လက်မှတ်ထိုးပြီးသားအဖွဲ့ ၈ အား၎င်း NCA လက်မှတ်မထိုးသေးသောအဖွဲ့များ၎င်း တွေ့ဆုံ၍ ညီလာခံတွင်ပါဝင်လာအောင် လုပ်ဆောင်သွားမည်ဟုဆိုသည်။

များပြားလှသော မြန်မာပြည်ရှိ အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ မှတ်ချက်သဘောထားရယူနိုင်ရန် သီးခြားဆွေးနွေးပွဲတရပ်ပြု လုပ်ပေးသွားမည်ဟုဆိုပါသည်။ ၂၁ ရာစုပင်လုံအား အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ဆွေးနွေးပွဲများဖြင့် ရံထားမည့်ပုံစံဖြစ်သည်။

မြို့ပေါ်ပါတီများ၏ ကိုယ်စားလှယ်ပြဿနာ

မြို့ပေါ်ပါတီများတွင် ရွေးကောက်ပွဲတွင် လူထုမဲအများစုရရှိထားသည့်ပါတီများမှာ ကိုယ်စားလှယ် ပါဝင်ခွင့်ရရှိထားသည် ဖြစ်သော်လည်း ရွေးကောက်ပွဲတွင် ၁ နေရာမှ အနိုင်မရသည့်ပါတီများမှ ပါဝင်ခွင့်မရသည်မှာ လူထုအများစု၏ကိုယ်စားပြုမှုအရ ရွေးချယ်သည်ဖြစ်ရာ မှန်သည်ဟုဆိုနိုင်
ပါသည်။

သို့သော် ထိုနိုင်ငံရေးပါတီများ၏ အနည်းစုကိုယ်စားပြုမှုနှင့် သူတို့၏အသံကို လုံးဝမျက်ကွယ်ပြု ရန်မသင့်ပေ။ အဆိုပါပါတီများအား အရပ်ဖက် လူ့အဖွဲ့အစည်းများကဲ့သို့ သီးခြားဆွေးနွေးပွဲ ( Forum ) တခုပြုလုပ်ပေးပြီး ၂၁ ရာစုပင်လုံအား ရံထားနိုင်လျှင် ကောင်းမည်ဟုယူဆရပါသည်။


NCA ပြဿနာ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်၍ NCA သဘောတူညီချက်အပေါ် အခြေခံပြီး ဆွေးနွေးသွားမည်ဟု ဆိုသည်။ သမ္မတရုံး အမိန့်အမှတ် ၂၆/၂၀၁၆ (31/5/2016) ပါ အပိုဒ် ၇ ပိုဒ်ခွဲ (ခ) အရ NCA လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေး၍ NCA လက်မှတ်ရေးထိုး၍ ၂၁ ရာစုပင်လုံတွင်ပါဝင်နိုင်ရေး အဖြေရှာသွားမည်ဟုဆိုသည်။

သို့သော် အပိုဒ် ၇ ပိုဒ်ခွဲ (ဂ) အရ လိုအပ်လျင် NCA လက်မှတ်မထိုးနိုင်သေးသော အဖွဲ့များ ညီလာခံ တက်ရောက်နိုင်ရေး လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်သွားမည်ဟု ဆိုသည်။ သို့သော် အပိုဒ် ၇ ပိုဒ်ခွဲ ( ဃ) (င)(စ) အရ NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များ NCA လက်မှတ်ရေးထိုး နိုင်ရေး ဆက် လက်ဆောင်ရွက်သွားမည်ဟုဆိုထားရာ NCA လက်မှတ်မထိုးသေးသည့်အဖွဲ့များအား ညီလာခံ တက်ခွင့်ပြုပြီး NCA လက်မှတ်ထိုးရေးကို ဆက်လက်လုပ်ဆောင်သွားမည့် သဘောအဓိပ္ပာယ် သက်ရောက်သည်ဟု ဆိုရမည်။

သို့ဖြစ်ရာ ယခင်အစိုးရလက်ထက်က NCA လက်မှတ်ထိုးပြီးမှ ညီလာခံတက်ခွင့်ပြုမည်ဆိုသည်ထက် ပိုမိုပျော့ပြောင်းသည့်သဘောထားကို တွေ့ရသော်လည်း ၂၁ ရာစုပင်လုံ၏အခြေခံမှာ NCA သဘော တူညီချက် ဖြစ်မြဲဖြစ်သည်ဟုဆိုနိုင်သည်။ သို့ဖြစ်ရာ NCA သဘောတူညီအချို့အား မိမိနားလည်မှုနှင့် မိမိ ဖွင့်ဆိုသဘောတူထားကြသည်များကို ဆက်လက်ညှိနှိုင်းဖြေရှင်းရန် လိုအပ်မည် ဖြစ်သည်။

NCA နှင့် UWSA/NDAA ပြဿနာ
ယခင်အစိုးရလက်ထက် NCA သဘောတူညီချက်ရရှိရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်ခဲ့သည်မဟုတ်ပေ။
ထိုဆွေးနွေးပွဲများတွင် UWSA / NDAA / RCSS/ NSCN(K) စသည့်အဖွဲ့များမပါခဲ့ကြချေ ။ ယခင်အစိုးရလက်ထက်က တဖွဲ့ချင်းအား လိုက်လံဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

ဤသို့ဆွေးနွေးရာတွင် NCA ဆွေးနွေးရာတွင် မပါဝင်သည့်အဖွဲ့များ ထဲမှ RCSS တဖွဲ့တည်းသာ NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည်ကိုတွေ့ရပြီး ကျန်အဖွဲ့များ ပါဝင်ခြင်းမရှိခဲ့ပေ။ ထိုအဖွဲ့များထဲမှ မြန်မာနိုင်ငံရော အိန္ဒိယနိုင်ငံပါ ဖြတ်ကျော်လှုပ်ရှားနေသည့် NSCN(K) နာဂ အဖွဲ့အား ခြွင်းချက် အနေနှင့် ထည့်သွင်းစဉ်းစားပေး၍ ရနိုင်သည်။

သို့သော် UWSA ဝ အဖွဲ့နှင့် NDAA မိုင်းလားအဖွဲ့တို့အား သီးခြားစဉ်းစား၍ မရပေ။ လက်ရှိ ၎င်းအဖွဲ့များအနေနှင့် NCA လက်မှတ်မထိုးခြင်းနှင့်ပတ်သက်၍ ပေးသည့်အကြောင်းပြချက်မှာ ပထမအချက်မှာ ၎င်းတို့အနေနှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးဖြစ်၍ ထပ်မံထိုးရန်မလိုအပ်ဟု ခံယူထားခြင်းနှင့် ဒုတိယအချက်မှာ NCA သဘောတူညီချက်ဆွေးနွေးရာတွင် ၎င်းတို့မပါဝင်ခြင်းတို့ ကြောင့် ဖြစ်သည်။

မြန်မာစစ်ဖက်ခေါင်းဆောင်များက ယခုအကြိမ် NCA လက်မှတ်ရေးထိုးခြင်းတွင် နိုင်ငံရေး ဆွေးနွေးပွဲ ပါဝင်သဖြင့် NCA လက်မှတ်ထိုးရန်လိုအပ်သည်ဟု ဆိုပါသည်။ UWSA ခေါင်းဆောင်များက တော့ NCA လက်မှတ်ရေးထိုးရာတွင် ၎င်းတို့မပါဝင်ခဲ့သကဲ့သို့ ၎င်းတို့လိုလားချက်များလည်းမပါဝင်ခဲ့ဟု ဆိုပေရာ UWSA နှင့် NDAA အဖွဲ့တို့မဖြစ်မနေ NCA လက်မှတ်ထိုးရန် လိုအပ်သည်ဆိုပါက NCA ပါအချက်များကို ၎င်းတို့နှင့် ပြန်လည်ညှိနှိုင်းဆွေးနွေးရဖွယ်ရှိပေသည်။

MNDAA/ TNLA/ AA တို့နှင့် လက်နက်စွန့်ရေးပြဿနာ
လက်ရှိ NLD အရပ်သားအစိုးရမှ မည်သည့်သဘောထားမှထုတ်ပြန်ခြင်းမရှိသေးသော်လည်း မြန်မာ စစ်ဖက်ခေါင်းဆောင်များကတော့ ကိုးကန့်/ တအန်းပလောင်နှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့အား လက်နက်စွန့်ရန် တောင်းဆိုထားသည်။ ၎င်းတို့ထံလက်နက်ချ ရန်မလို ကြားအင်အားစု များထံ လက်နက်အပ်နှံပြီးမှ နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ခွင့်ပေးမည်ဟု သဘောထား ဖော်ပြ ထားသည်။

လက်ရှိ သမ္မတဦးထင်ကျော်အမိန့်နှင့် ဖွဲ့စည်းထားသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေးဆပ်ကော်မတီ ၂ ကတော့ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံရာတွင် မြန်မာစစ်ဖက် ခေါင်းဆောင်များက လက်နက် စွန့်ရန်တောင်းဆိုထားသည့် အဆိုပါအဖွဲ့ ၃ ဖွဲ့နှင့် တွေ့မည်ဟုဆိုပါသည်။ အဆိုပါအဖွဲ့ ၃ ဖွဲ့အား မြန်မာ စစ်ဖက်၏သဘောထားအား လိုက်နာရန် ဆွဲဆောင်သိမ်းသွင်းမည်လော သို့မဟုတ် မြန်မာ စစ်ဖက် ရော အဆိုပါ ၃ ဖွဲ့ပါ လက်ခံနိုင်သည့်အခြေအနေတရပ်ဖြစ်ပေါ်အောင် ဆွေးနွေးခေါင်းဆောင် သွားမည်လောဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

အခြေခံအားဖြင့် နိုင်ငံရေးသဘောတူညီချက်များရရှိပြီးမှ လက်နက်ကိုင်တပ်ပြဿနာကို တဆင့်ဆင့် ချင်း ဖြေရှင်းသွားရမည်ဖြစ်သည်။ ယခုမည်သည့်နိုင်ငံရေးသဘောတူချက်မှမရမီ ရမရမသေချာသေး မီ နိုင်ငံရေးဆွေးနွေးပွဲပါဝင်တက်ရောက်ခွင့်အတွက်နှင့်ပင် လက်နက်စွန်ဖို့ဆိုသည်မှာ ဖြစ်နိုင်ချေ အတော်နည်းပေသည်။ ၎င်းအချက်ကိုပြောင်းလဲစဉ်းစားရန် လိုအပ်သည်။
တကယ်တမ်းပစ်ခတ်တိုက်ခတ်နေသည့် လက်နက်ကိုင်အဖွဲ့များနှင့် အပစ်မရပ်နိုင်လျှင် တနိုင်ငံလုံး အပစ်ရပ်ရေးဆိုသည်မှာ ဖြစ်နိုင်မည်မဟုတ်ပေ။

မည်သည့်အခြေအနေတွင်မဆို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခု လက်နက်စွန့်ရန် သို့မဟုတ် ၎င်းတို့၏တပ်ဖွဲ့ကိုပြောင်းလဲဖွဲ့စည်းရန်ဆိုသည်မှာ ယုံကြည်မှုတည်ဆောက်ရန် လိုအပ်သည်။ လက်နက်ကိုင်ထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုသည် စိတ်ချယုံကြည်ရမှုမရှိဘဲ လက်နက်စွန့်ရန်မှာ ဖြစ်နိုင်ချေနည်းသဖြင့် ၎င်းအခြေအနေအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အား အဓိကခေါင်းဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည်မှ မည်သို့ဖြေရှင်းမည်ဆိုသည်မှာ စိတ်ဝင် စားဖွယ် ဖြစ်သည်။ လောလောဆယ်တော့ ဒေါက်တာတင်မျိုးဝင်းဦးစီးသည့် ဆပ်ကော်မတီ ၂ သည် ၎င်း အဖွဲ့ ၃ ဖွဲ့နှင့် တွေ့၍ ထိုအဖွဲ့များ၏ သဘောထားကို ရယူမည်ဖြစ်သည်။

အားလုံးပါဝင်ရေးပြဿနာ
ဒေါ်အောင်ဆန်းစုကြည်က ပါဝင်သင့်သူအားလုံးပါဝင်ရေးကို ရှေ့ရှုလုပ်ဆောင်မည်ဟုဆိုသည်။ ယခင်အစိုးရဟောင်းလက်ထက် NCA လက်မှတ်ထိုးရေးတွင် အားလုံးမပါဝင်နိုင်ခဲ့ပေ။ ဤသို့မပါဝင်ခြင်း UNFC နှင့် တိုင်းရင်းသားတပ်ဖွဲ့အားများစုက တိုင်းရင်းသားအဖွဲအားလုံး ပါဝင်ရေးကို
ရပ်ခံခဲ့၍ဖြစ်သည်။ အဓိကအားဖြင့် ကိုးကန့်၊ တအန်း၊ ပလောင်၊ ရခိုင် ၃ ဖွဲ့အား ယခင်အစိုးရမှ လက်ခံရန်ငြင်းပယ်ခဲ့၍ ဖြစ်သည်။

ယခုအကြိမ်တွင်လည်း ၎င်း ၃ ဖွဲ့နှင့်ပတ်သက်၍ အစိုးရက မည်သို့ ဆုံးဖြတ်မည်ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပေ။ မြန်မာစစ်ဖက်၏သဘောထားသာထုတ်ပြန်သေးသည်ကိုတွေ့ရသည်။ လက်ရှိ NCA လက်မှတ်ထိုးထားသည့် အဖွဲ့ ၈ ဖွဲ့တွင် ကရင် ၃ ဖွဲ့နှင့် RCSS ၁ ဖွဲ့သာ လက်နက်ကိုင်
အင်အားရှိပြီး ကျန်အဖွဲ့များမှာ လက်နက်ကိုင်အင်အားမရှိချေ။ သို့ဖြစ်ရာ လက်ရှိ NCA လက်မှတ် ထိုးထားသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အင်အား၏ ၂၀% သာရှိသေးပေရာ ကျန်အများစု ပါဝင်လာနိုင်ရေး အားလုံးပါဝင်ရေးသည် ၂၁ ပင်လုံအတွက်အရေးပါသောအချက်ဟု ဆိုရပါမည်။

ပါဝင်သင့်သူအားလုံးပါဝင်ရေးပြဿနာတွင် ခြွင်းချက်ဖြင့်ထည့်သွင်းစဉ်းစားရန်လိုသည်များကို သတိပြုရန် လိုအပ်သည်။ တိုင်းရင်းသားခေါင်းဆောင်များ အဖွဲ့များအနက် မြေပေါ် တရားဝင် ပါတီတွင်လည်းမပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနှင့်လည်း ရှိမနေတော့သော်လည်း သူဒေသနှင့်သူ သြဇာရှိနေသော တိုင်းရင်းသားခေါင်းဆောင်များ အဖွဲ့များအား ၂၁ ရာစုပင်လုံတွင် မည်သည့်ပုံစံနှင့်ပါမည်ကို ခြွင်းချက်ပြဿနာအဖြစ် စဉ်းစားပေးရန် လိုအပ်ပေမည်။

ဥပမာ ပန်ဝါ ဒေသရှိ တိုင်းရင်းသားခေါင်းဆောင် ဇခုံတိန့်ယင်းသည် မည်သည့် ပြဿနာရှိသည် ဆိုစေကာမူ ပန်ဝါ ဖီမော် ဂါလန် ကန်ဖန်ဒေသတွင် သြဇာညောင်း၍ ထိန်းချုပ်နိုင်သူဖြစ်သည်။ အလားတူပင် ပအို့ဝ်ဒေသမှ ဦးစိန်ရွှေခေါင်းဆောင်သည့် ရလလဖ ကယားပြည်နယ်မှ ဦးထွန်းကျော်
ခေါင်းဆောင်သည့် ကလလတ ဦးသန်းစိုးနိုင်ခေါင်းဆောင်သည့် ကယားပြည်သစ်ပါတီ စသည် အဖွဲ့များသည် လက်နက်အပ်ထားသည့်အဖွဲ့လည်းပါ၊ နယ်ခြားစောင့်တပ်ဖွဲ့ထားသောအဖွဲ့လည်း ပါသော်လည်း သူနယ်သူဒေသတွင် တစုံတရာ သြဇာရှိသောသူများ အဖွဲ့များဖြစ်ပေရာ ထိုသူများ ထိုအဖွဲ့များ နှင့်ပတ်သက်ပြီး ခြွင်းချက်ပြဿနာများအဖြစ် ထည့်သွင်းစဉ်းစားရန်လိုအပ်ပါမည်။ သို့မှသာ အားလုံးပါဝင်ပြီး မီးကြွင်းမီးကျန် မကျန်သည့်အခြေအနေသို့ ရောက်ရှိနိုင်ပေမည်။

အစ၏အစ
ပြည်တွင်းငြိမ်းချမ်းရေးမရလျင် ဒီမိုကရေစီမရနိုင်ဟု ဆရာကြီးသခင်ကိုယ်တော်မှိုင်းကဆိုခဲ့သကဲ့သို့ လက်ရှိသမ္မတ၏အမိန့်ကြေညာချက်တွင်လည်း ပြည်တွင်းငြိမ်းချမ်းရေးသည် နိုင်ငံသူ နိုင်ငံသားများ အတွက် အရေးကြီးလိုအပ်ချက်ဖြစ်သည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း
မရှိမဖြစ် လိုအပ်ချက်ဖြစ်သည် ဟုဖော်ပြခဲ့သည်။ စစ်စားရိတ်နှင့်ပိနေ၍ ဖွံ့ဖြိုးတက်တက်မှု နှောင့်နှေးနေရသည့်အခြေအနေမှ ရုန်းထွက်နိုင်ဖို့လိုပေသည်။ တိုင်းပြည်၏စစ်စရိတ်ကို ဖက်အားလုံးမှ (မြန်မာစစ်ဖက်ရော တိုင်းရင်းသားလက်နက်ကိုင်များအပြင် စစ်ဘေးဒုက္ခသည်များ ဆုံးရှုံးမှုစစ်ကြောင့် ဆုံးရှုံးရမှုများအပါ ) တွက်ချက်ကြည့်လျှင် ဘီလျံပေါင်းများစွာရှိမည်မှာ ဧကန်ပင်ဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်မသုံးနိုင်ဘဲ ကုန်ဆုံးသွားသော ငွေကြေးများဖြစ်သည်။

သတိပြုရန်လိုအပ်သည်မှာ ၂၀၁၁ မှာစတင်ခဲ့သော ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်များတွင် ကြိုး ပမ်းခဲ့သူများကို အသိမှတ်ပြုရမည်ဖြစ်သကဲ့သို့ ယခု ၅ နှစ်တာကြာမြင့်သည်အထိ အဓိကကျသည့် နိုင်ငံရေးဆွေးနွေးပွဲသို့ မရောက်နိုင်ဘဲ အပစ်ရပ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့ကိစ္စများတွင်သာ
အချိန်ကုန်လျက် ရှိသည်ကို တွေ့ရသည်။ မိမိအမြင်အရဆိုလျင် ဆွေးနွေးပွဲတွင် ပါဝင်သည့်ဖက် အားလုံးသည် နိုင်ငံရေးဆွေးနွေးပွဲဆီသို့ အမြန်ရောက်အောင် ယခုမပြေမလည်ဖြစ်နေသည့် အချက်များကို ချန်ထားကျော်လွှားရန်လိုသည်။

လက်နက်ကိုင်တပ်ဖွဲ့ပြဿနာအား နိုင်ငံရေးဆွေးနွေးပွဲသဘောတူညီချက်များမှတဆင့် ဖြေရှင်းသင့် သည်ဟု ယူဆပါသည်။ ကြိုတင်စည်းကမ်းသတ်မှတ်တောင်းဆိုသည်ထက် စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးဖြေရှင်းခြင်းက ပို၍သင့်တော်မှန်ကန်ပေလိမ့်မည်။

တကယ်တော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ သည် ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစ၏ အစမျှသာ ရှိသေးသည်ဟုဆိုရပါမည်။ ငြိမ်းချမ်းရေးပြဿနာကို နိုင်ငံရေးအရဖြေရှင်းနိုင်မှသာ ကျန်အချက်များကို ရှင်းနိုင်မည်ဟုသုံးသပ်ရပေရာ နိုင်ငံရေးပြဿနာ
ကို အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးနိုင်ဖို့သာ အခရာဖြစ်ပေလိမ့်မည်။


စိုးခိုင်ညိန်း - ဓူဝံကြယ်နဲ့အမှတ်အသားပြုထားတယ်

$
0
0

စိုးခိုင်ညိန်း - ဓူဝံကြယ်နဲ့အမှတ်အသားပြုထားတယ်
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၆
တနေ့လုံး ခုတ်မောင်းလာတဲ့ရထားတစင်း ဘူတာထဲ မောကြီးပန်းကြီး ခေါင်းထိုးဝင်လာ သလို ညနေခင်းဟာ ချွေးသံတရွှဲရွှဲနဲ့ စောင်းကျလာတော့ သူတို့အိမ်ပြန်လာကြတယ်။ အိမ်ရှိတယ် ဆိုရင်တော့ အိမ်ကို ပြန်ကြရမှာပဲ။ အိမ်မရှိလည်း အိပ်လို့ရမဲ့တနေရာရာကိုတော့ ပြန်သွားကြရ မှာပဲ။ ကမ္ဘာဦးအစက ကျောက်ဂူတွေကို အိမ်လုပ်နေကြတဲ့ လူတွေလည်း ရရှိလာတဲ့ သွေးသံရဲရဲ သားကောင်ကိုထမ်းပြီး အိမ်ကို ပြန်လာကြတာပဲ။ အိမ်အပြန်လမ်းတိုင်းဟာ ချောမွေ့နေတတ်တာ တော့မဟုတ်ပါဘူး။ အိမ်ကိုပြန်ရင်းနဲ့ လမ်းပျောက်ပြီး အိမ်ပြန်မရောက်တဲ့အဖြစ်တွေလည်း ရှိနိုင် တာပါပဲ။ သားကောင်ကိုထမ်းပြီး အိမ်ပြန်အလာမှာ သားကောင်နဲ့ပက်ပင်းတိုးလို့ ကိုယ်တိုင်သား ကောင် ပြန်ဖြစ်သွားတဲ့ အဖြစ်မျိုးတွေပေါ့။

အင်္ဂတေတွေ၊ ထုံးတွေ၊ ဘိလပ်မြေတွေနဲ့ပေကျံပြီး ဖြူဖတ်ဖတ်အသားမာတက်နေတဲ့ လက် တွေ၊ ခြေထောက်တွေကို ဆေးကြော၊ ဖုန်မှုန့်တွေတင်နေတဲ့ဆံပင်ကို ဖြီးကျ၊ ချွေးစီးကြောင်းထနေ တဲ့ သနပ်ခါးပါးကွက်ကြားကို ဒီအတိုင်းထားပြီး လုပ်ငန်းသုံးလုံချည် အင်္ကျီတွေကို လဲဝတ်၊ သိုးနံ့ ထွက်နေတဲ့ ထမင်းချိုင့်လေးဆွဲပြီးထွက်လာတဲ့ ပန်းရံသမလေးလည်း ဘယ်ပန်းမှ ရံမထားတော့ လမ်းပေါ်မှာ မလန်းနိုင်တော့တဲ့ မျက်နှာလေးနဲ့ တညတာ အပန်းဖြေဖို့ အိမ်ပြန်လာရတယ်။

တနေကုန် ညောင်းကိုက်နေတဲ့ ခြေထောက်တွေ၊ စက်ရုပ်ဆန်ဆန် လှုပ်ရှားနေရတဲ့ လက် ချောင်းတွေကို တဖျောက်ဖျောက်ချိုး၊ နွမ်းနေတဲ့မျက်နှာကို တို့ဖတ်လေးရိုက်၊ ပြေကျနေတဲ့ ဆံပင် တွေကို ပြင်စည်း၊ တွန့်ကြေနေတဲ့အင်္ကျီလုံချည်တွေ ဆွဲဆန့်၊ ခေါင်းတိုင်က တလူလူလွင့်နေတဲ့ မီးခိုးတွေလို မောဟိုက်နွမ်းလျနေတဲ့ စက်ရုံအလုပ်သမလေးလည်း တညတာ အိမ်လေးထဲ မီးဖိုဖို့ အိမ်ပြန်လာရတယ်။

တနေကုန်စိမ်းလန်းနေဖို့ ဟင်းရွက်စိမ်းတွေပေါ် ရေဖြန်း၊ ငုံနေတဲ့ ပန်းလေးတွေကို ဆွဲဖွင့်၊ ဘ၀ရဲ့ ဖုထစ်ကြမ်းထမ်းမှုတွေကို ဓားနဲ့ခုတ်ထစ်နေသလို ဘ၀ကြမ်းကြမ်း လက်ကြမ်းကြမ်းတွေနဲ့ ခုတ်ထစ်နေတဲ့ ဈေးထဲကဈေးသမတွေလည်း ခုတ်သားစတွေ၊ မလန်းဆန်းတော့တဲ့ ဟင်းရွက် အညှိုးတွေနဲ့ အတူ အိမ်ပြန်လာရတယ်။

လမ်းတကာသွား၊ အမှိုက်ပုံတွေကိုထိုးဖောက်ဖြဲရှာ၊ ရေသန့်ဗူးအလွတ်တွေလို ဘ၀အလွတ် တွေ၊ သံချွန်နဲ့ထိုးဖောက်ထားတဲ့ ပလပ်စတစ်တွေလို ကျောပြင်က အင်္ကျီအပြဲတွေ၊ ဦးထုတ်တလုံး ဆောင်းထားရုံနဲ့ လာသမျှအပူ ခုခံနိုင်တယ်ဆိုတဲ့ ၀မ်းမီးနဲ့ လောင်နေတဲ့ ပလပ်စတစ်ကောက် သမလေးတွေလည်း ရလာတဲ့ အမှိုက်မဟုတ်တဲ့ အမှိုက်တွေကို ထမ်းပြီး အိမ်ပြန်လာရတယ်။

အိမ်ကြိုအိမ်ကြား၊ လမ်းကြိုလမ်းကြား နေရာအနှံ့လျှောက်သွား၊ အသိုက်ထဲက စာကလေး တွေအတွက် စပါးနှံတွဲတွေထမ်း၊ မောပန်းလည်း စာကလေးအိမ်ကလေးတွေကိုထမ်း၊ ဘ၀မခါးဖို့ မုန့်ဟင်းခါး ဆိုင်းထမ်းကိုထမ်း၊ ဘ၀ကိုအရသာရှိရှိခံစားဖို့ ၀က်သားတုတ်ထိုးဆိုင်းထမ်းကိုထမ်း၊ ဘီဒိုကြီးကိုထမ်း၊ လေးလှတဲ့ဝန်ထုတ်ကြီး ပစ်ချချင်လို့ ဘာလာလာ အကုန်ထမ်းမဲ့ အထမ်းသမား တွေလည်း အိမ်ပြန်လာရတယ်။

ပြယ်လွင့်နေတဲ့ နှုတ်ခမ်းနီကို ပြန်ဆိုး၊ ဘီယာနံ့တွေစွဲကျန်နေတဲ့ အင်္ကျီကို ရေမွှေးဖြန်း၊ ပါး မှာ ကပ်မကျန်တော့တဲ့ မိတ်ကပ်တွေကို ပြန်ဖို့၊ တကိုယ်လုံး လုံးခြေခံထားရသလို အနှိပ်ခံထား ရတဲ့ ကေတီဗွီက အနှိပ်သမလေးတွေလည်း အိမ်ပြန်လာရတယ်။

ဖုန်မှုန့်တွေ၊ အမှုံအမွှာတွေနဲ့ တကိုယ်လုံးပေကျန်နေတဲ့ ပွဲရုံက အလုပ်ကြမ်သမားလည်း စက်ဘီးမှာ ခေါက်ဆွဲထုတ်လေးချိတ်ပြီး အိမ်ပြန်လာတယ်။ ကုန်းဆင်း ကုန်းတက်တွေကို ခါးချိအောင် ကုန်းကုန်းပြီး နင်းတက်နေရတဲ့ ဆိုက်ကားသမားလည်း ဘ၀တစ်ခုလုံး တင်နင်းပြီး အိမ်ပြန်လာရတယ်။

ဖတ်လက်စ ဖက်ရှင်မဂ္ဂဇင်းထဲက မော်ဒယ်လှလှလေးတွေရဲ့ အသစ်အဆန်း ဒီဇိုင်းတွေကို စိတ်ထဲတေးမှတ်ပြီး စာအုပ်ကိုပိတ်၊ မနက်က ပြင်ခဲ့တဲ့အတိုင်း ဘာတခုမှ အလှမပျက်သေးတဲ့ ခန္ဓာ ကိုယ်ကို ပြန်ကြည့်၊ လိုအပ်တဲ့နေရာကို ပြန်ပြင်၊ ရေမွှေးထပ်ဖြန်း၊ မလိုအပ်လည်း နှုတ်ခမ်းနီပြန်ဆိုး မိတ်ကပ်ထပ်ဖို့၊ နေကာမျက်မှန်ကောက်တပ်၊ လက်ဆွဲအိပ်ကို ဟန်ပါပါလွယ်၊ ဒေါက်ဖိနပ်နဲ့ ကြမ်း ပြင်ကို တဒေါက်ဒေါက်ခေါက်ပြီး ဆုံလည်ကုလားထိုင်ကနေထ၊ ဆင်နားရွက်တံခါးဖွင့်ပြီး အဲယား ကွန်းခန်းထဲက ထွက်လာတဲ့ သူဌေးမလည်း အိမ်ပြန်လာရတယ်။

လွှင့်တက်သွားတဲ့ စီးကရက်မီးခိုးကို အရသာခံကြည့်၊ စကပ်တိုတို ပေါင်သားဖွေးဖွေးကို အနားမှာထား၊ သရီးစတပ် ငွေအိုရောင် လည်ဟိုက်မလေးတွေကို ကျောက်စိမ်းရိုင်းတစ်တုံးကို တန်ဖိုးဖြတ်အကဲခတ်ကြည့်သလို စိမ်ကြည့်၊ ရေခဲစိမ်ထားတဲ့ အရက်ခွက်ကို စိမ်ပြေနပြေသောက်၊ အတက်ချီးကေ့စ်အိပ်ကိုင်ထားတဲ့ အတွင်းရေးမှူးမလေးကိုသွားလေရာ ခေါ်ခေါ်သွားတတ်တဲ့ ကုမ္ပဏီပိုင်ရှင်ဘောစိလည်း အိမ်ပြန်လာရတယ်။

အသီးသီး အိမ်ပြန်လာကြမဲ့သူတွေကို အိမ်တွေရဲ့အမှောင်ရိပ်အတွင်းပိုင်းကနေ လမ်းမပေါ် ဆီ မျှော်လင့်နေကြတဲ့ အရောင်မွဲမွဲမျက်လုံးအစုံတွေလည်း တဖြည်းဖြည်း အရောင်မှိန်သထက် မှိန် ကာ အိမ်ကလေးတွေက အိုဟောင်းဆွေးမြည့်လာတယ်။ လမ်းတကာလှည့် ခေါင်းပေါ်က ဗန်းထဲ မှာ အိုးလေးတွေစီထည့်ပြီး အိုးလေးဒိန်ချဉ်လို့လိုက်အော်ရောင်းနေတဲ့အမေကို ခနော်နီခနော်နဲ့ အိမ်လေးက စောင့်မျှော်နေရတယ်။ လူတွေပြားပန်းခတ်နေတဲ့ သင်္ဘောဆိပ်မှာ ကွမ်းယာ၊ ဆေး လိပ်ဆိုပြီး အော်ဟစ် လူတွေကြားလူးလားခေါက်တွန့် ပြေးလွှားနေရတဲ့ သမီးလေးကို ၀ါးကြမ်းခင်း လေးတွေနဲ့ ဆောက်ထားတဲ့အိမ်က စောင့်မျှော်နေရတယ်။ ကတ္တရာ အရည်ပျော်မတတ် ပူပြင်းလှ တဲ့နေရောင်အောက်မှာ ဦးထုတ်မပါ ခြေဗလာနဲ့ဂျာနယ်တွေ စာစောင်တွေ လက်ပွေ့ အော်ရောင်း နေတဲ့ မီးပွိုင့်က ဦးလေးကြီးကို မိုးကာစတွေ မိုးထားတဲ့အိမ်ကလေးက စောင့်မျှော်နေပါတယ်။ ညနေခင်းကြီးထဲ အိမ်ပြန်မယ် အိမ်ပြန်မယ်လို့ ပါးစပ်က မီးထွက်အောင်အော်ခေါ်၊ ကားနောက်မြီး က ခြေတင်ခုံမှာ ခြေတဖက်ရပ်ပြီး ဘ၀ကြီးထဲပြုတ်မကျအောင် ချိတ်တွယ်ကပ်ပါသွားတဲ့ ကားပေါ် က စပယ်ယာလေးကို မြို့ စွန်က တဲကုပ်ကလေးက စောင့်မျှော်နေပါတယ်။

စက်ရုံမှာ ညဆိုင်းဆင်းရတာပါလို့ ပြောပြောသွားတဲ့ တံတားအောက် အမှောင်ရိပ်လမ်း ဘေးတွေမှာလျှောက်သွား တည်းခိုခန်းနဲ့ နိုက်ကလပ်တွေမှာ ပျော်ပါးတဲ့ညဥ့်ငှက်မလေးကို ယိုင်နဲ့နဲ့ အိမ်ကလေးက စောင့်မျှော်နေပါတယ်။ ရထားတွဲတွေ တတွဲပြီး တတွဲကူးခတ်ပြီး ခြင်းတောင်းထဲ ရာသီပေါ်သီးနှံလေးတွေလိုက်ရောင်းနေတဲ့ ညီမလေးကို မြို့စွန်စိုက်ခင်းထဲက တဲအိမ်ကလေးက စောင့်မျှော်နေပါတယ်။

ဟို ရေခြားမြေခြား နိုင်ငံတခုလုံးခြားထားတဲ့ နိုင်ငံခြားမှာ သက်စွန့်ဆံဖြား ငါးဖမ်းသင်္ဘော ပေါ်က အလုပ်ကြမ်းသမားတွေရဲ့ အိမ်အပြန်၊ အိမ်ရှင်ရဲ့မျက်နှာကို စိုးတထိတ်ထိတ် စောင့်ကြည့် နေ့မအား ညမအားဘ၀ကို အလောင်းအစားထားပြီး လုပ်နေကြတဲ့ အိမ်ဖော်မလေးတွေရဲ့ အိမ် အပြန်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်က ဘ၀ကိုကြုံသလိုချည်တုတ်ထားတဲ့ သံချည်သံကွေးသမား လေးတွေရဲ့ အိမ်အပြန်၊ အိမ်တွေမီးလောင်လို့၊ ဗုံးဒဏ်ကြောင့် တရွာလုံးပြာကျလို့ ရရာအထုပ် ဆ ပြီးပြေးထွက်သွားကြတဲ့ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေရဲ့အိမ်အပြန်၊ မျှော်လင့်ချက်တွေ အညွှန့် ချိုး၊ ဘ၀ရဲ့ခံယူချက်မာမာ ဇောက်ထိုးမိုးမျှော်အဖြစ်တွေနဲ့ လွင့်စင်သွားကြတဲ့သူတွေရဲ့ မျှော်လင့် ချက်တပွေ့တပိုက်နှင့် အိမ်အပြန်၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပြန်လာကြမဲ့ အိမ်အပြန်တွေကို ဆောက် လက်စ မြန်မာနိုင်ငံအိမ်တော်ကြီးကနေ စောင့်မျှော်နေပါတယ်။

နိုင်ငံကြို နိုင်ငံကြား၊ မြို့ကြိုမြို့ကြား၊ ရပ်ကွက်ကြို ရပ်ကွက်ကြား၊ လမ်းကြိုလမ်းကြား၊ ဘ၀ ကြိုဘ၀ကြား၊ အလွှာအထပ်ထပ်တွေကြား ဆုံလည်နွားတကောင်လို ပြားယာခတ်လှည့်လည်၊ မျက်စိလည် လမ်းမှား၊ အဆက်အသွယ်က ပြတ်တောက်ကောင်းကင်က ဓူဝံကြယ်အမှတ်အသားနဲ့ အိမ်ကို ပြန်လာတယ်။

အိမ်ပြန်လာတိုင်း အိမ်ကိုရောက်နိုင်ရဲ့လား။ အိမ်ကိုရောက်တိုင်း အိမ်ကိုတွေ့ပါရဲ့လား။ အိမ် ပြန်လာတဲ့အမြန်လမ်းပေါ်မှာ အိမ်ပြန်မရောက်နိုင်တော့တဲ့ အဝေးပြေးကားတစင်းက သုံးလေးပတ် လည်ပြီး ပိန်ရှုံ့သွားတယ်။ အိမ်ပြန်လာတဲ့ လမ်းထိပ်ကဆိုက်ကားလေးကို ကုန်တင်ကားကြီးက တက်ကြိတ်သွားတယ်။ အိမ်ပြန်ရောက်ဖို့ဇောသန်နေတဲ့ တက္ကစီးတစီးရဲ့ အမြန်နှုန်းက လမ်းဘေး ဓာတ်တိုင်ကို ၀င်ကျုံးသွားတယ်။ အမှောင်ထဲ ပီကေတဖောက်ဖောက်မှုတ်ရင်း အိမ်ပြန်လာတဲ့ ည မွှေးပန်းလေးကို တံတားပေါ်မှာ ဓားနဲ့အထိုးခံလိုက်ရတယ်။ ဆိပ်ကမ်းမှာ ခိုစာလေးတွေ ထည့်ထား တဲ့ဗန်းကလေးဟာ တဖက်ကမ်းကအိမ်အပြန်မှာ မြစ်လယ်ခေါင်ရေပြင်ထဲ ပေါ်လောမြောနေတယ်။

သံဒယ်အိုးထဲက မြေပဲတောင့်တွေကို အပူပေးလှော်ဖို့ မီးကျီးရဲရဲနဲ့လက်တွန်းလှည်းကလေး ဟာ အိမ်ပြန်ရောက်တော့ အိမ်ကလေးဟာ ပြာအတိဖုံးနေခဲ့ပြီ။ လမ်းဘေးက ပလက်ဖောင်းပေါ်မှာ တစ်နေကုန် ကူပါကယ်ပါ၊ သနားပါလို့ အော်ဟစ်အသနားခံနေတဲ့ တုန်တုန်ချိချိခွက်ကလေးဟာ လမ်းဘေးက သူ့အိမ်ကလေးဆီရောက်တော့ အိမ်ကလေးဟာ လူတစု ၀ိုင်းဖြိုဖျက်သွားလို့ ပြိုပျက် နေခဲ့ပြီ။

တဖြေးဖြေးနဲ့ မှောင်လာပြီ။ ဟို အနောက်ဘက် ကောင်းကင်ဆီမှာ ပုဇွန်ဆီရောင်ထနေပြီ။ အိပ်တန်းပြန်ငှက်တအုပ်ဟာ ရေကြီးသုတ်ပြာ ပျံသန်းသွားကြပြီ။ လက်ထဲက အသက်ကို ကျစ် ကျစ်ပါအောင်ဆုတ်ပြီး အိမ်ကလေးရဲ့အသက်အမီ ကိုယ်မှတ်သားထားခဲ့တဲ့ ဓူဝံကြယ်အမှတ် အသားနဲ့ အိမ်ပြန်လာခဲ့ပြီ။ ။





ဒီလူည - လူရိုး

$
0
0
Menashe Kadishman's installation, Shalekhet (Fallen Leaves), in the Jewish Museum Berlin. Photograph: iMaculate

ဒီလူည - လူရိုး 
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၆

ရိုးတယ် ရိုးတယ်နဲ့ မင်းမရိုးသားဘူး လူရိုး
ကျားက သမင်ကိုချောင်းသလိုမျိုး မဟုတ်ရင်တောင်
ငါတို့ကို မင်း ရိုးရိုးလေးချောင်းနေတာ
ရိုးရိုးလေး ပုံပြင် တွေနဲ့ အိပ်မွေ့ချနေတာ
အကာအကွယ်မဲ့နေတဲ့ လုံခြုံမှုနဲ့
မီအောင် အ ပြေးလိုက်နေရတဲ့ပြေးလမ်းတွေပေါ်
လူရိုး မင်းက ကျွမ်းကျင်လွန်းနေတယ်
ရိုးပုံ ရိုးအ မင့်ညွှတ်ကွင်းမှာ
ငါတို့က ခပ်ပျော်ပျော်
ဟိုမေ့ ဒီမေ့
နောက်ဆုံး ကိုယ့်ကိုယ် ကို မေ့လျော့ပြီး
မင်းတီးခတ်တဲ့ ဂီတမှာ ငါတို့ ရွှင်မြူးနေကြ တာ
လူရိုး
ရိုးတယ် ရိုးတယ်နဲ့ မင်းမရိုးသားဘူး
မင့်ကိုယ် ယောင် ဖျောက်ထားတဲ့ မီးရောင် အောက်မှာ
ကိုယ့်အမော ကိုယ်ဖျော်သောက်
ငါတို့ကျန်းမာရေးက အပူဟပ် ခံရတုန်းလေ
မင်းရဲ့ စင်္ကြာတံဆိပ်အောက်မှာ ငါတို့က ဂျူးတွေပါ
ဒါပေမဲ့ ဒါပေမဲ့ပေါ့
ငါတို့က မင်းကိုချစ်တဲ့ ဂျူးတွေပါ လူရိုးရာ။ ။

ဂါမဏိ - "အရင်ဆုံးလုပ်ရမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ - အရေးတကြီးလက်မှတ်ထိုးရမယ့် ငြိမ်းချမ်းရေးစာချုပ်"

$
0
0


ဂါမဏိ - "အရင်ဆုံးလုပ်ရမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ - အရေးတကြီးလက်မှတ်ထိုးရမယ့် ငြိမ်းချမ်းရေးစာချုပ်"
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၆
(ဂါမဏိ၏ ပင်လုံစာစဉ်များ)
၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနေ့ကစလိုက်တဲ့ ဒုတိယပြည်တွင်းစစ်ကြောင့် အပစ်ရပ် ထားတဲ့တိုင်းရင်းသားအဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခဲ့ရပါတယ်။ ၁၉၈၉ ခုက စ ခဲ့တဲ့အပစ်အခတ်ရပ်စဲရေးဆိုတာတွေမြောင်းထဲရောက်သွားပြီး အရည်အချင်းကျဆင်းနေတဲ့မြန်မာ့ တပ်မတော် အရူးမီးဝိုင်းဖြစ်နေတဲ့အခါမှာတော့ ဒီမိုအရေခြုံ ဖားတပိုင်းငါးတပိုင်းအစိုးရဟာ ပုံစံသစ် ငြိမ်းချမ်းရေး-အပစ် အခတ်ရပ်စဲရေးကို အိုးနင်းခွက်နင်းနဲ့ ဖုတ်ပူမီးတိုက် လုပ်လာပါတယ်။


၂၀၁၀ နိုဝင်ဘာမှာ သေနတ်စပေါက်တယ်ဆိုပေမဲ့ တကယ်တော့ ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် စီမံချက်အောက်မှာ ကိုးကန့်ငြိမ်းအဖွဲ့ကို စစ်အင်အားနဲ့အကြမ်းဖက် ဖြိုခွဲချိန်ကတည်းက တိုင်းရင်း သားလက်နက်ကိုင် အားလုံးအတွက် အပစ်အခတ်ရပ်စဲရေးပုံစံဟောင်းဟာ လက်တွေ့အားဖြင့် ပျက်ပြယ် သွားပြီဖြစ်ပါတယ်။


ဝ နဲ့ မိုင်းလားလို တချို့အဖွဲ့တွေကလည်း သေနတ်သံသာမထွက်ပေမဲ့ စစ်စည်းရုံးမှုတွေလုပ်၊ အရေး ပေါ်စစ်သင်တန်းတွေပေးပြီး အမြင့်ဆုံးတပ်လှန့်ထားခဲ့ပါတယ်။ ခေတ်မီလက်နက်ကြီးတွေ လည်း ထုနဲ့ထယ်နဲ့ ဖြည့်တင်းခဲ့ပါတယ်။ ရန်သူတင့်ကားသုံးနိုင်မယ့် ကွင်းပြင်ကြီးတွေကို ဘူဒိုဇာ နဲ့ထိုးပြီး တင့်ကားထောင်ချောက်တွေ၊ မိုင်းကွင်းတွေ မိုင်နဲ့ချီပြီး အကြီးအကျယ် ခံစစ်ပြင်ခဲ့ကြပါ တယ်။

အခုအချိန်မှာ ပုံစံသစ်အပစ်အခတ်ရပ်စဲရေးဆိုပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေကို စီးပွား ရေးနဲ့ မြှူဆွယ်ဖျက်ဆီးတာ၊ တဖွဲ့ချင်းထဲမှာရော၊ တဖွဲ့နဲ့တဖွဲ့ကြားမှာရော သွေးခွဲတာတွေကတော့ အရင် ပုံစံဟောင်းအတိုင်းပါပဲ။


အပစ်အခတ်ရပ်စဲရေးကို အခုလုပ်နေတာဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် "နိုင်ငံရေးအရ လှိုင်းစီးနေတာ"ဖြစ်တယ်၊ "ပြည်နယ်တွေရဲ့အားကို လိုချင်လို့ဖြစ်တယ်"ဆိုတာ ဦးအောင်မင်းတို့ က ဝန်ခံထားပြီး ဖြစ်ပါတယ်။ ဆိုလိုတာက တကယ်ငြိမ်းချမ်းရေးရချင်လို့မဟုတ်ဘဲ အာဏာရကြံ့ ဖွတ်ပါတီ မဲနိုင်ရေးအတွက်ပဲဖြစ်နေပါတယ်။ ဗိုလ်ခင်ညွန့် ရှိတုန်းကလည်း NLD အာဏာရလာရင် စစ်တပ်နဲ့ အပစ်ရပ်တိုင်းရင်းသားပေါင်းပြီး ပြန်တိုက်မယ်လို့ အားကိုးတကြီးနဲ့ ဗြောင်ပြောခဲ့ဖူးပါ တယ်။

အခုဆိုရင် အပစ်အခတ်ရပ်စဲရေးဆိုပြီး ထိုးလိုက်ရတဲ့လက်မှတ်တွေကလည်း ဂဒီးဂဒီး။ ပဏာမ အပစ်ရပ်စာချုပ်၊ ပြည်နယ်အဆင့်အပစ်ရပ်စာချုပ်၊ ပြည်ထောင်စုအဆင့်အပစ်ရပ် စာချုပ်တဲ့။ တချို့ များ အဆင့်တခုတည်းကို ၃-၄ ခါထိုးရတာလည်း ရှိသေး။ အခုတခါ တပြည်လုံးအပစ်ရပ်စာချုပ် ဆိုတာကို နေပြည်တော်မှာ လာထိုးရအုံးမတဲ့။ တိုက်ပွဲတွေကတော့ တခြိမ်းခြိမ်းဖြစ်နေဆဲ။


စစ်အုပ်စုရဲ့ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးလမ်းပြမြေပုံ ၈ ချက်ဆိုတာမှာလည်း (၁၊ ၂၊ ၅၊ ၆၊ ၇၊ ၈) ဆိုတဲ့ ၆ ချက်ဟာ အငြင်းပွားစရာ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေဖြစ်တဲ့အတွက် တိုင်း ရင်းသားတွေကို ချည်ပြီးတုတ်ပြီးလုပ်တာဖြစ်လို့ ဘယ်လိုမှ ငြိမ်းချမ်းရေးအထောက်အကူ မဖြစ်နိုင်။


၁၄ ချက်တောင်းလည်း တင်ပြပေးမယ်၊ ၂၁ ချက်တောင်းလည်း တင်ပြပေးမယ်၊ ၃၃ ချက်တောင်း လည်း တင်ပြမယ်နဲ့ တခုမှမငြင်း၊ ဒါပေမဲ့ တကယ်ရတာက မဖြစ်စလောက်။


လက်မှတ်ဘယ်လောက်ထိုးထိုး၊ အချက်ဘယ်နှစ်ချက် တင်တင်၊ ကာချုပ်အမိန့်ကို ကျော်လို့မရဘူး လို့ ပြောနေမှတော့ အားလုံးဟာ လိမ်နေတာ ဟန်ပြလုပ်နေတာ ရှင်းနေပါတယ်။


ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးသိန်းဇော်တို့လုပ်သမျှဟာ ဗိုလ်မင်းအောင်လှိုင်အမိန့်ကို ကျော်မရ။ ဦး အောင်မင်းတောင် ကာချုပ်မျက်နှာ မော့ကြည့်နေရတဲ့အချိန်မှာ ဦးအောင်မင်းအောက်က ဒုလက် ထောက် တောက်တိုမယ်ရအဆင့်ပဲရှိတဲ့ MPC က Technical Team လို့ဆိုတဲ့အဖွဲ့လေးက KIA Technical Team တင်တာတွေကို အဆင်သင့်မဖြစ်သေးဘူးပြောတာလည်း မဆန်းပါဘူး။


စစ်တပ်အဓိကပါတဲ့ ကာလုံ ၁၁ ယောက်မှာ အများစုကြီးဟာ တိုင်းရင်းသားတွေ၊ လက်နက်ကိုင် အဖွဲ့တွေကို အခွင့်အရေးပေးဖို့သဘောထားမရှိသူတွေဖြစ်ပါတယ်။ ကာလုံတင်မက မူလလက် ဟောင်း ကြံ့ဖွတ်ပါတီကလည်း စစ်လက်ဝါးကြီးအုပ် နိုင်ငံရေး-စီးပွားရေးစနစ်ကိုပဲ ဘိန်းစွဲသလို စွဲ နေတဲ့အကြောင်း ကြံ့ဖွတ်ဒုဥက္ကဋ္ဌ ဦးဌေးဦးက ဗြောင်ဝန်ခံ/ကြိမ်း ဝါးထားပါပြီ။ ၂၀၀၈ အခြေခံ ဥပဒေပြင်စရာမလို၊ ပြင်ချင်တဲ့လူတွေကရူးနေတာလို့ ပြောင်ပြောင်ပြောတဲ့ဦးဌေးဦးဟာ ဦးသန်းရွှေ ထောင်ခဲ့တဲ့ အာဏာရအစိုးရပါတီမှာ ဒုဥက္ကဋ္ဌဖြစ်နေပါတယ်။ ဦးအောင်မင်းက တရုတ်ဟာ ကျေးဇူး ရှင်တွေ ဖြစ်တယ်၊ တရုတ်ကိုကြောက်ရတယ်လို့ဗြောင်ပြောခဲ့သလို ဦးဌေးဦးကလည်း NLD ဟာ အနောက်အုပ်စုကို လိုလားတဲ့ပါတီ၊ အနောက်အုပ်စုသြဇာခံအဖွဲ့လို့ဗြောင်အပုပ်ချပြီး တရုတ်ကွန် မြူနစ်ဗဟိုကော်မတီဝင် အိုက်ပင်း ကို ၂၀၁၂ မေလတုန်းက အရှက်မရှိ ဘလိုင်းကြီး ဖားခဲ့ပါတယ်။


ဒီမိုကရေစီနိုင်ငံတွေမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ တန်းတူနယ်ပယ်ကြီး ၃ ခု အကြား အပြန်အလှန်ထိန်းညှိမှု check-and-balance ထည့်သွင်းချမှတ်ထားတာရှိပေမဲ့ ၂၀၀၈ အခြေခံဥပဒေအရ ဗမာပြည်မှာတော့ ဘယ်ဒီမိုကရေစီနိုင်ငံမှာမှမရှိတဲ့ စစ်အာဏာ ဆိုတဲ့နယ်ပယ် တခုထပ်တိုးပြီး နယ်ပယ် ၃ ခုအပေါ်ကနေ တဖက်သတ် ချုပ်ထိန်းမှု check-without-balance လုပ်ထားပါတယ်။ နယ်ပယ် ၄ ခုထဲမှာ စစ်အာဏာနယ်ပယ်ဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရား စီရင်ရေး နယ်ပယ်တွေထက် ပိုမြင့်တဲ့နေရာ ရထားပါတယ်။


ဒီကနေ့ အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့တွေကို ကိုင်တွယ်ဆက်ဆံဖို့ တပ်မတော်မူ ၆ ချက်ဆိုတာ ၂၀၀၈ အခြေခံဥပဒေမှာလည်း မပါ၊ ၁၉၅၉ တပ်မတော်အက်ဥပဒေမှာလည်း မရှိ၊ ကကနကောင်စီ အမိန့်ညွှန် ကြားချက်တွေမှာလည်း မတွေ့ပါဘူး။ တကယ်တော့ ဒီ မူ ၆ ချက်ဆိုတာ ၁၉၈၉ တုန်း က စစ်တပ်နဲ့ထောက်လှမ်းရေးတွေ တဖက်သတ်ထုတ်ခဲ့တဲ့ "တဖက်အဖွဲ့အစည်းများလိုက်နာရန် စည်းကမ်းချက် ၁၀ ချက်"၊ ဗိုလ်ခင်ညွန့်တို့ စစ်ထောက်လှမ်းရေးအဖွဲ့တွေ ဂျောင်းသွားပြီးတော့ ၂၀၀၄ မှာ အသစ်ထပ်ထုတ်ခဲ့တဲ့ "ငြိမ်းချမ်းရေးရယူစဉ် သဘောထားတူညီချက် ၁၄ ချက် "တို့နဲ့ အနှစ်သာရ အတူတူပဲဖြစ်တာ တွေ့နိုင်ပါတယ်။ စစ်အာဏာတည်တန့်ခိုင်မြဲရေးအတွက် စိတ်ရူး ပေါက်သလို ရေးဆွဲထုတ် ပြန်ထားတဲ့ ဗိုလ်ကျစိုးမိုးရေးဝါဒသာ ဖြစ်ပါတယ်။


'တပ်မတော်မူ'၆ ချက် (၂၀၁၃)

- လူသစ်စုဆောင်းခြင်း၊ အင်အားတိုးချဲ့ခြင်း မပြုရ။

- အခွန်ကောက်ခြင်း မပြုရ။

- ခွင့်ပြုချက်မရဘဲ စခန်းအသစ်တည်ခြင်း၊ သွားလာခြင်း မပြုရ။

- အစိုးရအုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရ။

- လူသတ်ခြင်း မပြုရ။

- အစိုးရပြည်သူ့စစ်တပ်ဖွဲ့ကို ထိပါးခြင်း မပြုရ။


'သဘောထားတူညီချက်'၁၄ ချက် (၂၀၀၄)
- အင်အားမတိုးချဲ့ရ၊ လူသစ်မစုရ။

- စစ်သင်တန်း မပေးရ၊ စစ်လေ့ကျင့်မှု မလုပ်ရ။

- လူ၊ လက်နက်၊ ဖွဲ့စည်းပုံစာရင်း အသေးစိတ်ပေးရမည်။

- ဆက်ကြေး၊ ဘိန်းခွန် မကောက်ရ။

- နေထိုင်စားသောက်ရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပိုးမည်။

- အစိုးရကွပ်ကဲမှုနဲ့ သွားလာရမည်။

- သတ်မှတ်နယ်မြေအပြင်သို့သွားလျှင် တပ်ကိုသတင်းပို့၍ လက်နက်မဲ့ သွားလာရမည်။

- နယ်မြေဖြန့်ကျဲ၍ ကန့်သတ်ခြင်းမပြုဘဲ ဖွံ့ဖြိုးရေးလုပ်လိုသည့်နေရာများအား သတ်မှတ်ပေးရ မည်။

- အစိုးရ၏အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် တရားစီရင်ရေးအပိုင်းများတွင် ဝင်ရောက်စွက်ဖက် ခြင်းမပြုရ။

- လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် စွန့်လွှတ်ရမည်။

- နိုင်ငံတော်ဦးဆောင်မှုအောက်တွင် ဒေသပြည်သူလူထု အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရ မည်။

- နိုင်ငံရေးပါတီများနဲ့ ကင်းရှင်းစွာနေရမည်။

- အစိုးရကိုဆန့်ကျင်တဲ့အဖွဲ့များနဲ့ မဆက်သွယ်ရ။

- နိုင်ငံတော်၏မူးယစ်ဆေး တိုက်ဖျက်ရေးလုပ်ငန်းများကို ထောက်ကူရမည်။


'တဖက်အဖွဲ့အစည်းများလိုက်နာရန်'၁၀ ချက် (၁၉၈၉)
- အင်အားတိုးချဲ့ခြင်း မပြုရ။

- ဆက်ကြေး၊ အခွန်အကောက်များ မကောက်ခံရ။

- ပြည်သူလူထုထံမှ ရိက္ခာသီးနှံ ပစ္စည်းများ မကောက်ခံရ။

- သတ်မှတ်နယ်မြေအတွင်း၌သာ တပ်ဖွဲ့များနေထိုင်ရမည်။

- မြို့များသို့သွားလာရာတွင် လက်နက်၊ ဆက်သွယ်ရေးစက် မယူရ။

- မြို့များသို့သွားလာရာတွင် ထောက်လှမ်းရေးကို ကြိုတင်အကြောင်းကြားရမည်။

- နိုင်ငံတော်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရ။

- မြို့ပေါ်နိုင်ငံရေးပါတီအဖွဲ့များနဲ့ မဆက်သွယ်ရ။

- မတရားသင်းအဖွဲ့များနဲ့ မဆက်သွယ်ရ။

- ထောက်လှမ်းရေးခွင့်ပြုချက်မယူဘဲ တခြားငြိမ်းအဖွဲ့များနဲ့ မဆက်သွယ်ရ။


ဘယ်ခေတ်ဘယ်အခါနဲ့မှမတူအောင် ဖွံ့ဖြိုးရေးတွေ အကြီးအကျယ်လုပ်နေတယ်၊ အထူးသဖြင့် နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးတွေအတွက် ဖွံ့ဖြိုးရေးတွေ ဒင်းကြမ်း လုပ်ပေးနေတယ်ဆိုတဲ့ နဝတ-နအဖ-ကြံ့ဖွတ်အစိုးရတွေဟာ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကိုယ့် ဘာသာကိုယ် ဖွံ့ဖြိုးရေးလုပ်တဲ့အခါ လိုက်လံပိတ်ပင်တာ၊ သူတို့ခွင့်ပြုချက်ယူခိုင်းတာတွေကိုလည်း ဘယ်လိုမှ သူတို့ဝင်လို့မရတဲ့ ပန်ဆန်း၊ မိုင်းလား၊ လိုင်ဇာတို့ကလွဲရင် နေရာတကာမှာ တွေ့ရပါ တယ်။


အဲသလိုပဲ Code of Conduct ဘယ်လောက်ရေးရေး၊ ဦးသိန်းစိန်-ဦးရွှေမန်း-ဦးအောင်မင်း ဘယ် လောက်သဘောတူတူ၊ ကာချုပ်လက်မခံရင် ဘာမှဖြစ်မလာပါဘူး။ လောလောဆယ်မှာတော့ ထိပ် ဆုံးက ဦးသန်းရွှေကိုယ်ပွား ကာလုံတင်မက တပြည်လုံးအပစ်ရပ်လက်မှတ်ထိုးပွဲလုပ်မယ့် ဇာတ်စင် ပိုင်ရှင် ဦးရွှေမန်းတောင် လက်မခံပါဘူး။


အခုဆိုရင် အပစ်ရပ်အဖွဲ့တွေဟာ ဦးအောင်မင်း-ဦးသိန်းစိန်ကခွင့်ပြုမှ ဒေါ်စု၊ ဦးရွှေမန်း၊ ဦးဌေးဦး တို့နဲ့တွေ့ခွင့်ရှိပါတယ်။ ဗိုလ်မင်းအောင်လှိုင်ဆိုရင်တော့ ဦးသိန်းစိန်ကခွင့်ပြုတောင် တွေ့ခွင့်ရချင်မှရ မယ့်အဖြစ်မျိုးပါ။ ဒါပေမဲ့ UWSA နဲ့ ကျတော့ ကာချုပ်ရော၊ အောင်မင်း-သိန်းဇော်တို့ရော၊ ရွှေမန်း တို့ရော မတင်းရဲဘဲ လျှော့ပေးခဲ့ပါတယ်။ ဦးသိန်းစိန်မဟုတ်ဘဲ ဗိုလ်မင်းအောင်လှိုင်က ဆွေးနွေးပွဲ ကို တိုက်ရိုက်ဖုံးဆက်ပြီး လိုက်လျောချက်တွေ ပေးခဲ့ရပါတယ်။ ဘယ်သူနဲ့ တွေ့ခွင့်မရှိ၊ ဘယ်သူနဲ့ပဲ တွေ့ခွင့်ရှိတွေလည်း မလုပ်ရဲပါဘူး။ ဖြစ်စဉ်က တောင်ပိုင်းက UWSA စခန်းတွေကို မြန်မာတပ်က ပိတ်ဆို့တာ၊ အနိုင်ကျင့်တာလုပ်ကြည့်တဲ့အခါ ဝ တပ်က မြန်မာတပ်တွေကို ပြန်ဝိုင်းပြီး ပိတ်ဆို့ပစ် လိုက်လို့ ဗိုလ်မင်း အောင်လှိုင်တို့ လျှော့သွားတာ ဖြစ်ပါတယ်။


တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုတာ ထုံးစံအားဖြင့် တပြည်လုံးနဲ့ ဒိုင်ခံတိုက်နေတဲ့၊ အားပိုကြီး တဲ့ အစိုးရစစ်တပ်ဘက်က စကြေညာရမှာဖြစ်ပါတယ်။ ကိုယ့်နယ်မြေသေးသေးလေးထဲမှာ ခုခံကာ ကွယ်နေရတဲ့အဖွဲ့အစည်းတွေ လက်မှတ်ထိုးထိုး မထိုးထိုး ကြေညာရပ်စဲပေးရမှာ ဖြစ်တယ်။ အခု တော့ ဒီအဖွဲ့လေးတွေဘက်က လက်မှတ်စထိုးမှ အပစ်အခတ်ရပ်မယ်ဆိုပြီး ပြောင်းပြန်တွေ လုပ် နေပါတယ်။ သူပုန်တဖွဲ့တည်းရှိပြီး အဲဒီတဖွဲ့တည်းကပဲ တနိုင်ငံလုံးအနှံ့မှာ တိုက်နေတာဆိုရင်တော့ အဲသလိုတောင်းဆိုတာ ဟုတ်တုတ်တုတ် ရှိပါသေးတယ်။ အခုတော့ တိုင်းရင်းသားတွေလိုချင်တာ က တပြည်လုံးအပစ်အခတ်ရပ်စဲရေးကြေညာပေးဖို့၊ စစ်ကြံ့ဖွတ်ခေါင်းဆောင်တွေ လိုချင်တာက တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားတွေလာလက်မှတ်ထိုးဖို့ ဖြစ်နေတဲ့ အတွက် ဘယ်လောက်ထိ လွဲနေတယ်ဆိုတာ လူတိုင်း တွေ့နိုင်ပါတယ်။


ဒါတင်မက ဘယ်ပြင်ညာယှိမြှောက်ပေးလိုက်သလဲမသိ၊ သူတို့ကိုယ်သူတို့ ကုလသမဂ္ဂစာချုပ်လို လို၊ ILO ကွန်ဗင်းရှင်းလိုလိုနဲ့ NCA တပြည်လုံးအပစ်အခတ်ရပ်စဲရေး စာချုပ်တော်ကြီးကို တဖွဲ့ပြီး တဖွဲ့ အချိန်မရွေးလာထိုးဖို့ ဖွင့်ထားပေးမယ်တဲ့။ နိုင်ငံစုံစာချုပ်တွေလို နိုင်ငံဘယ်နှစ်ရာခိုင်နှုန်းပြည့် ရင် မထိုးတဲ့အဖွဲ့တွေအတွက်ပါ အတည်ဖြစ်သွားမယ်ဆိုပဲ။ ကိုယ့်အခြေအနေကိုယ် ဘာများ အောက်မေ့နေလဲ မသိပါဘူး။ လူရယ်စရာဖြစ်တာလည်း မပြောနဲ့။


တကယ်တော့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေအားလုံး လက်မှတ်ထိုးလည်း၊ ဗိုလ်မင်း အောင်လှိုင်တို့ စစ်တပ်ကမထိုးရင် ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။ ဗမာစစ်တပ်ကို ကိုယ်စားပြု တဲ့ ဗိုလ်မင်းအောင်လှိုင်က လက်မှတ်မထိုးရင် ဦးအောင်မင်း၊ ဒါမှမဟုတ် ဦးသိန်းစိန် ဦးရွှေမန်းတို့ ထိုးလည်း ဘာမှထူးခြားမှုမရှိပါဘူး။ ဘာလို့လဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေအရ စစ်အာဏာဟာ ဦးသိန်းစိန်-ဦးရွှေ မန်း- ဦးဌေးဦးတို့အောက်မှာ ရှိမနေလို့ဖြစ်ပါတယ်။


ဒါကြောင့် တိုင်းရင်းသားတွေနဲ့ ဦးသိန်းစိန်-ဦးအောင်မင်းတို့ကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြီး တပြည်လုံးပဲ ဖြစ်ဖြစ်၊ တဖွဲ့ချင်းပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ထိုးဖို့က ဘာမှအရေးမပါဘဲ ဦးသိန်းစိန်-ဦးအောင်မင်းတို့နဲ့ ဗိုလ်မင်းအောင်လှိုင်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြီး ငြိမ်း ချမ်းရေး သဘောတူညီချက်စာချုပ် အရင်ချုပ်ဖို့၊ အရင် လက်မှတ်ထိုးဖို့က လုံးဝ(လုံးဝ) အရေး တကြီးလိုအပ်နေပါတယ်။ အဲသလိုစာချုပ်မျိုး ကောင်းကောင်းလေးတခုချုပ်ပြီးမှပဲ တိုင်းရင်းသား နယ်မြေရောက် တပ်မတော်သားတွေရဲ့ စုတ်ပြတ်နုံချာမရေမရာဘဝ အဆုံးသတ်နိုင်ပြီး တိုင်းရင်း သားလက်နက်ကိုင်တွေ၊ တိုင်းရင်းသားမဟုတ်တဲ့လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ စာချုပ်တွေ အောင်အောင် မြင်မြင်ဆက်လုပ်လို့ရနိုင်မှာ ဖြစ်ပါတယ်။

ဂါမဏိ

လောကပါလ - ဒေါ်နယ့်စိတ်ဓါတ် (၃)

$
0
0


လောကပါလ  - ဒေါ်နယ့်စိတ်ဓါတ် (၃)
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၆

[၆]

၁၈၂၉ ခုနှစ်သမ္မတရွေးကောက်ပွဲတွင် ဂျွန်ကွင်စီအဒမ် (John Qunicy Adams)၊ ဟင်နရီကလေး (Henry Clay) နှင့် ဝီလျံကရောဖို့ (William Crawford) တို့ကိုဖြတ်၍ အင်ဒရူးဂျက်ဆန် (Andrew Jackson) အနိုင်ရ ခဲ့၏။ သို့သော် ဂျက်ဆန်သည် အများစုမဲအရေအတွက်မရသဖြင့် အောက်လွှတ်တော်တွင် အနိုင်အရှုံးကို ဆုံးဖြတ်ရာ အဒမ် သမ္မတဖြစ်လာခဲ့လေသည်။ အဒမ်က ကလေးကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရာ သူတို့နှစ်ဦးအကြား အဂတိပြွမ်းသောအပေးအယူ ပြုလုပ်ခဲ့သည်ဟု ဂျက်ဆန်ကို လိုလားသူတွေက ဒေါသထွက် ခဲ့ကြသည်။ ဝါရှင်တန်မှအကြီးအကဲများ လူထုဆန္ဒကိုမျက်ကွယ်ပြုခဲ့ကြသည်ဟု ယုံကြည်ခဲ့ကြ၏။ လူထု မကျေနပ်မှုလှိုင်းလုံးကြီးက ဂျက်ဆန်ကိုနောက်လေးနှစ်အကြာ၌အောင်မြင်မှုဆီ တွန်းပို့ခဲ့ပြီး အမေရိကန်နိုင်ငံရေး လောကတွင် အရေးပါသောအပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်စေခဲ့၏။ အနောက်ဘက်သား လယ်သမားများနှင့် နယ်စပ်ဒေသခံတို့၏ ယုံကြည်ကိုးစားခြင်းခံရသူ ဂျက်ဆန်မှာ မျက်နှာကြီးအမျိုးအနွယ်မဟုတ်သည့် ပထမဦးဆုံး သမ္မတဖြစ်လာခဲ့သည်။ သမ္မတအဖြစ်စတင်တာဝန်ထမ်းဆောင်သည့်အခမ်းအနားသို့ လက်လုပ်လက်စား များအား ဖိတ်ကြားခဲ့သည့် တစ်ဦးတည်းသော သမ္မတလည်းဖြစ်၏။ တက်ရောက်လာသော လူအုပ်ကြီးထံမှ ရွှံ့ညွံများ အိမ်ဖြူတော်အတွင်း တင်ကျန်ရစ်ပြီး ပုဂံခွက်ယောက်များနှင့်အလှဆင်ပစ္စည်းများ ကွဲရှပျက်စီးကုန် သည့်အပေါ် နိုင်ငံရေးထိပ်သီးများ စိတ်ချောက်ခြားကြရသလို အတွင်းသိ ဝါရှင်တန်သားတို့ကလည်း ရှုတ်ချခဲ့ ကြသည်။

သူတို့က ဂျက်ဆန်ကို စိတ်ဆတ် မိုက်ရိုင်း ထုံထိုင်းထိုင်း လူတစ်ယောက်အဖြစ်မြင်ကြ၏။ ရန်ဘက်တွေကသူ့ကို ငတုံး (Jackass) ဟု ထုံထုံအအ မြည်းတစ်ကောင်နှင့်ခိုင်းနှိုင်းအမည်ပေး၍ခေါ်ကြရာ နောင်တွင်ထိုမြည်းပုံမှာ ဒီမိုကရက်ပါတီ၏ အမှတ်တံဆိပ် ဖြစ်လာခဲ့သည်။ ၁၈၂၄ ခုနှစ်အတွင်း အမေရိကန်လွပ်ရေးဖခင်ကြီး သောမတ် ဂျက်ဖာဆန် (Thomas Jefferson) နှင့် အောက်လွှတ်တော်အမတ် ဒင်နီယယ်ဝဘ်စတာ (Denail Webster) တို့စကားစမြည်ပြောကြစဉ် ဂျက်ဖာဆန်က ဂျက်ဆန်သည် သူတွေ့ဘူးသမျှ အမေရိကန်သမ္မတအဖြစ်နှင့် မသင့်တော်ဆုံးသူတွေထဲမှ တစ်ယောက်ဖြစ်သည်ဟုပြောဘူးသည်။ အမြဲတန်းဒေါသနှင့်ဆို့နင့်ပြီး လူယဉ်ကျေး တစ်ယောက်လိုစကားမပြောတတ်သောကြောင့် အန္တရာယ်ရှိကြောင်းဖေါ်ပြခဲ့၏။ တိုင်းတစ်ပါးခေါင်းဆောင် တစ်ဦးဦး၏ အသေးအဖွဲရန်စမှုသည်ပင် စစ်ကြေညာသည်အထိ ဂျက်ဆန်အားတွန်းပို့လိုက်နိုင်သည်ကို ဂျက်ဖာဆင်က စိုးရိမ်လေသည်။ ဂျက်ဆန်၏ သူငယ်ချင်းများနှင့် သူ့ကိုလေးစားကြသူများပင်လျှင် ပေါက်ကွဲ လွယ်သော သူ့ဒေါသကိုကြောက်ကြ၏။ တစ်ယောက်ချင်းတိုက်ခိုက်ရသည့်ရန်ပွဲပေါင်း ၁၄ ပွဲကိုနွှဲခဲ့သူ ဂျက်ဆန် သည် ခန္ဓာကိုယ်အနှံ့အပြားခိုအောင်းကျန်ရစ်သော ကျည်စများနှင့်ပြည့်နှက်နေသူလည်းဖြစ်၏။ သူက သမ္မတ သက်တန်းအတွင်း ပြိုင်ဘက်ဟင်နရီကလေးကို သေနပ်နှင့်မပစ်လိုက်ရခြင်းနှင့် ဒုသမ္မတဟောင်းဂျွန်စီကာဟွန်း (John C. Calhoun) ကို ကြိုးမပေးလိုက်ရခြင်းတို့အတွက်သာလျှင်နောင်တရသည်ဟု ထုတ်ဖေါ်ဝန်ခံခဲ့ လေသည်။

အင်ဒရူးဂျက်ဆန်နှင့် ဒေါ်နယ်ထရန့်တို့ တူညီသောအချက်မှာ ရန်လိုစိတ်နှင့်ဝါရှင်တန်အသိုင်းအဝန်းပြင်ပမှ ဖြစ်ကြခြင်းတို့၌သာလျှင် ရပ်တန့်သွားသည်မဟုတ်ချေ။ သြဇာရှိသောလူမှုရေးဇာတ်လိုက်များအဖြစ် သူတို့နှင့် သူတို့ကိုကြည်ညိုသောပရိဿတ်များအကြား သက်ဝင်လှုပ်ရှားအင်အားတစ်ရပ် ဖန်တီးနိုင်စွမ်းအားတွင်လည်း တူညီကြသည်။ မျှမျှတတပြောရလျှင် ဂျက်ဆန်ကိုသူ့နိုင်ငံရေးပြိုင်ဘက်တွေ ကြောက်ရွံ့ကြသည်မှာလည်း ထို အင်အားပင်ဖြစ်လေသည်။ ဂျက်ဆန်အဟောအပြောကောင်းသည်ကိုသိသောကြောင့်သာ သူတို့ကဂျက်ဆန်ကို “သူပုန်ကြီး” (King of Mob) ဟု ခေါ်ကြခြင်းဖြစ်သည်။ ဂျက်ဆန်သည် ကျော်ကြားသော ဒေါသကုမ္မာရတစ်ဦး ဖြစ်သည်ဟု သူတို့ယုံကြည်ကြ၏။ လူထု၏အညှာလွယ်မှုကို ရေလာမြောင်းပေးလုပ်တတ်သော တောင်ပေါ်သား ဆံပင်ကြမ်းကြမ်း လူကြမ်းကြီးပင်ဖြစ်သည်။ လူမှုရေးသိပ္ပံပညာရှင်များ သက်ဦးဆံပိုင်ကိုယ်ရည်ကိုယ်သွေး၏ သဘောသဘာဝနှင့် သက်ဦးဆံပိုင်ခေါင်းဆောင်များအကြောင်းကိုရှင်းလင်းမပြနိုင်မီ နှစ် ၁၀၀ ခန့်ကပင် ဂျက်ဆန်ကိုအမနာပပြောသူတို့သည် ဒေါသထွက်နေသောလူအုပ်ကြီး၏ ကျောထောက်နောက်ခံရှိလာခဲ့လျှင် နာမည်ကြီးသူကြီး ဘာလုပ်မည်ကို တွေးတောကြောက်ရွံ့နေကြရသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းနှင့် စစ်ပြီးကာလတို့၌ စိတ်ပညာရှင်များသည် သက်ဦးဆံပိုင်ကိုယ်ရည်ကိုယ်သွေးကို ရိုးရာစံနှုံးအပေါ်စွဲလမ်းမှုများ ထိုစံနှုံးများအားဖန်တီးစောင့်ရှောက်သည့်အာဏာပိုင်ထံ အောက်ကျို့ခြင်းများနှင့် စံနှုံများအားစိမ်ခေါ်သူ သို့မဟုတ် စံနှုံးပြင်ပရောက်သူများအားရွံရှာမုန်းတီးခြင်း စသည်တို့တွင်ဝဲလည်နေသည့် အမူအကျင့်နှင့်တန်ဘိုးပါ ပုံစံတစ်မျိုးအားဖြင့် သတ်မှတ်ခဲ့ကြ၏။ အမေရိကန်လူဖြူများအတွင်း သက်ဦးဆံပိုင် ကိုယ်ရည်ကိုယ်သွေးမြင့်မားသူများမှာ လိင်တူနှစ်ခြိုက်သူများ၊ အာဖရိကန်အမေရိကန်ကပြားများ၊ ရွေ့ပြောင်း အခြေစိုက်လာကြသူများနှင့် မွတ်စလင်များစသည့် သင်းကွဲအုပ်စု (Out-groups) တို့အပေါ်တွင် ဆန့်ကျင် အမြင်စောင်းသူများ ဖြစ်ကြလေသည်။ ဤဝါဒ၌ လူသားဘဝနှင့်အနုပညာများအပေါ်ထားရှိသောသံသယ၊ လှေနံဓားထစ်စိတ်ထား၊ စစ်သွေးကြွစိတ်ဓာတ်နှင့် ခရစ်ယာန်ဘာသာရေးအစွန်းရောက်မှုတို့ ပေါင်းစပ်ပါဝင် ကြ၏။

သက်ဦးဆံပိုင်အယူဝါဒအပေါ် တိမ်းညွှတ်သူတစ်ဦးချင်းစီတို့သည် သူတို့၏ဘဝရပ်တည်ရေးကိုခြိမ်းခြောက်ခံနေ ရသည်ဟု မြင်လာသည့်အခါ သူတို့ဘဝကိုကယ်တင်မည်ဟု ကတိကဝတ်ပေးထားသော ဒေါ်နယ်ထရန့်လို အားကောင်းမောင်းသန် ခေါင်းဆောင်မျိုးထံ ချဉ်းကပ်တတ်ကြ၏။ နိုင်ငံရေးသိပ္ပံပညာရှင် မက်သယူးမက်ဝီလျံ (Mathew MacWilliams) မကြာမီကကောက်ယူခဲ့သော အမျိုးသားစစ်တမ်းတစ်ခုတွင် သက်ဦးဆံပိုင် ကိုယ်ရည်ကိုယ်သွေးမြင့်မားမှုသည် ဒေါ်နယ်ထရန့်ကိုထောက်ခံစေသည့်တစ်ခုတည်းသော အခိုင်မာဆုံးနိမိတ်ပြ လက္ခဏာအဖြစ် ထွက်ပေါ်လာခဲ့သည်။ ထရန့်ပေးခဲ့သော မက္ကဆီကိုဘက်မှ တရားမဝင်ခိုးဝင်သူများကို ပိတ်ပင်ရန် တံတိုင်းကြီးတည်ဆောက်ပေးမည့်ကတိနှင့် မွတ်ဆလင်နှင့်အခြားပြင်ပမှဝင်ရောက်လာသူများကို တားဆီးရန်အစီအမံများ ရိုက်ခတ်လှုပ်ရှားလာသည့်သဘောဟု ယူသော်ရနိုင်သည်။

[၇]

လူမှုရေးစိတ်ပညာရှင် ဂျက်ဆီဂရေဟန် (Jesse Graham) မှတ်ချက်ပြုသကဲ့သို့ပင် ထရန့်က ရှေးဟောင်း အကြောက်တရားတစ်ခုဖြစ်သော ‘ကူးစက်မှာ’ ကိုကြောက်ရွံ့ဘို့သိမ်းသွင်းနေခြင်းသာဖြစ်၏။ ကပ်ပါးများ အဆိပ် အတောက်များ အခြားမသန့်ရှင်းမှုများကို သင်းကွဲအုပ်စုများနှင့် ထပ်တူပြုနိုင်းယှဉ်ပြခြင်းဖြစ်လေသည်။ ထရန့် တစ်ယောက် ပိုးမွှားများကိုကြောက်တတ်ခြင်း ခန္ဓာကိုယ် (အထူးသဖြင့် မိန်းမများ) မှ ထွက်ပေါ်သော အရည် ဟူသမျှကို ရွံရှာတတ်ပုံပေါ်ခြင်း တို့မှာ စိတ္တဗေဒဆိုင်ရာတိုက်ဆိုင်မှုတစ်ရပ် မဖြစ်နိုင်ချေ။ ဖေါက် (Fox) သတင်း ဌာနမှ မက်ဂျင်ကယ်လီ (Megyn Kelly) ကို “တစ်ကိုယ်လုံး နေရာအနှံ့သွေးတွေယိုစီးနေတဲ့မိန်းမ” ဟု သူဝေဖန် ခဲ့ပုံမှာ ကမ္ဘာကျော်သွားသလို ဒီမိုကရက်စကားရည်လုပွဲတစ်ခု၌ ဟီလာရီကလင်တန် ရေအိမ်ဝင်ဘို့ ခေတ္တ အနားပေးရသည့်သတင်းအား “ရွံစရာကြီး” ဟု ထပ်ခါတလဲလဲပြောခဲ့ခြင်းဖြင့် သူ့စရိုက်ကိုလှစ်ဟပြခဲ့၏။

သက်ဦးဆံပိုင်ခွင့်သည် သင်းတူအုပ်စု (In-Groups) ကို ကောင်းမွန်သန့်ရှင်းလုံခြုံစေခြင်းအလို့ငှါ ကောင်းသော အရာတွေသိမ်းဆည်းပြီး မကောင်းသည်များကို ပ ထုတ်ပစ်ရန်အတွက်ဖြစ်လေသည်။ ၁၈၂၀ခုနှစ်များက ဂျော်ဂျီယာပြည်နယ်အတွင်းသို့ လာရောက်အခြေချသူလူဖြူအပေါင်းတို့သည် အမေရိကန်အင်ဒီးယန်းများ၏ ရန်ကို အမြဲတစ်စေ စိုးရွံ့ထိတ်လန့်လျက်နေကြရ၏။ သူတို့တစ်တွေက ဖက်ဒရယ်အစိုးရအပေါ် အဆိုပါ အသက်ဘေးခြိမ်းခြောက်မှုကြီးနှင့် ညစ်ထေးသောစာရိတ္တကူးစက်မှုကြီးတို့မှ လုံခြုံအောင်ဆောင်ကြဉ်းမပေးကြ သည့်အတွက် ကျေနပ်မှုမရှိချေ။ ထိုအတွက် သမ္မတဂျက်ဆန်သည် အင်ဒီးယန်းဖယ်ရှားရေးဥပဒေ (Indian Removal Act) ပြဌာန်းချက်များကိုအတင်းအကျပ်ကျင့်သုံးစေခြင်းဖြင့် အမေရိကန်အင်ဒီးယန်း ၄၅၀၀၀ တို့အား အဓမ္မရွှေ့ပြောင်း နေရာချထားပေးခဲ့၏။ ဂျော်ဂျီယာမှ အိုကလာဟိုးမား နယ်မြေများအထိ ဆက်သွယ်သော မျက်ရည်လမ်းကြောင်း (Trail of Tears) အတွင်း ချာရော့ကီး (Cherokee) အင်ဒီးယန်း ၄၀၀၀၀ ကျော် တိမ်းပါးခဲ့ရသည်။

သုံးကြိမ်သုံးခါအိမ်ထောင်ကျခဲ့ပြီး အပြောဆိုးသည့် ထရန့်က မျက်နှာဖြူအမေရိကန် ဧဝံဂလိ ခရစ်ယာန်တွေကို ဘာကြောင့်များ သည်လောက်ဆွဲဆောင်မှုရှိနေပါလိမ့်ဟူသောအမေးကို အမေရိကန်အနွယ် သက်ဦးဆံပိုင်ဝါဒ ဖြင့်ရှင်းပြနိုင်သည်။ ဖေဖေါ်ဝါရီလအတွင်း ဂျယ်ရီဖေါ်ဝဲ(ဂျူနီယာ) (Jerry Falwell Jr.) က နယူးယောက်တိုင်း သတင်းစာအားပြောခဲ့သလို “အိုင်းစစ် (ISIS) တို့ကမြို့ကြီးအချို့ကိုဖေါက်ခွဲလိုက်လျှင်ဖြစ်စေ နယ်စပ်တွေကို ခိုင်ခံ့အောင်ဆောင်ရွက်နိုင်ခြင်းမရှိလျှင်ဖြစ်စေ အစဉ်အလာမိသားစုတန်ဘိုးများနှင့် ပဋိသန္ဓေဖျက်ချမှုစသည့် လူမှုရေးပြဿနာအားလုံး ဆင်ခြေဆင်လက်တွေသာဖြစ်သွားပေလိမ့်မည်”။ ဧဝံဂလိဘာသာဝင်အားလုံး ကြီးကြီး ငယ်ငယ် တိုင်းပြည်ကိုကာကွယ်ဘို့ ကြိုးစားနေကြသည် ဟု ဖေါ က ဆို၏။ ကယ်တင်ခံရခြင်းဟူသည် ဧဝံဂလိအဝန်းအဝိုင်း၌ အထူးတလည်ပဲ့တင်ထပ်သောသဘော တစ်ခုဖြစ်၏။ ဒုစရိုက်နှင့် အပြစ်များမှ ကယ်တင် ခံရခြင်းဖြစ်သည် မှန်သော်လည်း ဖေါက်ပြန်ပျက်စီးအန္တရာယ်ကြီးမားသော ကမ္ဘာ့အညစ်အကြေးများ၏ ခြိမ်းခြောက်မှုများမှ ကယ်တင်ခံရခြင်းလည်းမည်သည်။

တစ်ခါက ကျွန်ုပ်နှင့်ကျွန်ုပ်၏သုတေသနပြုဖေါ်များ နိုင်ငံရေးတွင်ရှေးရိုးဆန်သော ခရစ်ယာန်များအား မေးခွန်း ထုတ်ခဲ့ဘူးသည်။ ထိုသူများသည် အဆင့်မြင့်သက်ဦးဆံပိုင်ဝါဒီများဖြစ်ကြပြီး မေးခွန်းမှာ အကယ်၍ ကိုးကွယ် ယုံကြည်စရာ ဘာသာတရားကိုသာမတွေ့ရှိခဲ့လျှင် သူတို့၏ဘဝများမည်သို့ရှိချိမ့်မည်ကို စဉ်းစားမိပါသလား ဟူ၍ ဖြစ်၏။ အများအပြားဖြေဆိုပုံမှာ ကမောက်ကမနိုင်လှသည်။ မိသားစုပြိုကွဲမည်။ အမုန်းတရားနှင့် သစ္စာမဲ့မှုများ ပြန့်ပွားမည်။ မြို့ကြီးများ မီးဘေးသင့်မည်။ ရင်ထဲမှာငရဲခေါ်သံတွေ ဗလောင်ဆူမည်။ ဘာသာတရားကိုင်းရှိုင်းမှု ချင်းအတူတူ အဆင့်နိမ့်သက်ဦးဆံပိုင်ဝါဒီတို့ကမူ ဘာသာမဲ့ကမ္ဘာကို လမျက်နှာပြင်ကဲ့သို့ ခြောက်သယောင်းပြီး အပျော်ကင်းမဲ့ အရာရာဆိတ်သုဉ်းသည့် ဖုန်းဆိုးတော အဖြစ်ဖေါ်ပြခဲ့ကြလေသည်။ သက်ဦးဆံပိုင်ခရစ်ယာန်တို့ အဖို့ ပြင်းပြသောယုံကြည်ချက်သည် အားကြီးသောခေါင်းဆောင်ကဲ့သို့ပင် ကြောက်ရွံ့ခြင်းနှင့် ပဋိပက္ခများကို နှိမ်နင်းပြီး အရှုပ်အထွေးများမှကယ်တင်လိမ့်မည်။ ပဋိသန္ဓေဖျက်ချသည့်ကိစ္စ၌ သူ့အဖြေတွေ ဝေဝါး ကြမ်းတမ်း သူ့ကိုယ်သူအမွှမ်းတင်လွန်းသည့်တိုင် ဒေါ်နယ်ထရန့်သည်သူတို့အတွက် ကယ်တင်ရှင်ဖြစ်လေ၏။

မြောက်ကရိုလိုင်းနားဒေသ ရာလေး (Raleigh) မြို့၌် ဒီဇင်္ဘာလအတွင်းပြုလုပ်ခဲ့သောမဲဆွယ်ပွဲတွင် ထရန့်က “ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်တော့မယ်” “တစ်ကယ့်အန္တရာယ် ကျရောက်နေပြီ” စသည်ဖြင့် ထပ်တစ်လဲလဲ ပြောဆိုရင်း အကြောက်တရားတွေကို နှိုးဆွခိုက် ၁၂ နှစ်အရွယ် ဗာဂျီးနီးယားသူလေးတစ်ဦးက “ကျွန်မ ကြောက်တယ် ဒီတိုင်းပြည်ကို ကာကွယ်ဘို့ ဦးလေးက ဘာလုပ်ပေးမှာလဲ” ဟုမေး၏။

ထရန့်ကပြန်ဖြေသည်။ “သိတယ်မို့လား သမီး”၊ “သမီးကြောက်စရာမလိုတော့ဘူး၊ သူတို့တွေသာ ကြောက်ကြရ တော့မှာ”။

[ဆက်လက်ဖေါ်ပြပါမည်]

Dan P. MacAdams သည် စိတ်ပညာပါမောက္ခ တစ်ဦးဖြစ်ပြီး The Foley Center for the Study of Lives at Northwestern University ၏ ညွှန်ကြားရေးမှူးဖြစ်ပါသည်။ Gorge W. Bush and the Redemptive Dream: A Psychological Portrait နှင့်The Art and Science of Presonality Development စာအုပ်များကို ရေးသား ခဲ့သူဖြစ်သည်။

ဝန်ခံချက်။ 2016 June လထုတ် The Atlantic Magazine မှ Dan P. McAdams ၏ The Mind of Donald Trump ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုပါသည်။

မောင်ကြူးရင့် ● အဝေးအိမ်

$
0
0

  မောင်ကြူးရင့် ● အဝေးအိမ်
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၆
 

မလွတ်လပ်မှလွတ်လပ်မှုရဲ့တန်ဖိုးကိုသိသလိုမျိုး
လရောင်မမြင်ရမှလရောင်ရဲ့တန်ဖိုးကိုသိသလိုမျိုး
အမေမရှိတော့မှအမေရဲ့တန်ဖိုးကိုသလိုမျိုး
အစာအိမ်သွေးကြောပေါက်သလိုတမြေ့မြေ့နာ
အဝေးအိမ်ကိုလွမ်းတယ်
အိပ်ခဲ့တဲ့အခန်းကျဉ်းလေးရောရှိသေးရဲ့လား
ကျောင်းပြေးဖော်သူငယ်ချင်းတွေရောရှိသေးရဲ့လား
လက်ဆုပ်ပုခုန်းဖက်ရဲဘော်တွေရောရှိသေးရဲ့လား
အဝေးအိမ်ကိုလွမ်းတယ်
အိပ်မက်ရိပ်ခုံတန်းလေးရောရှိသေးရဲ့လား
စာအုပ်အငှားဆိုင်လေးရောရှိသေးရဲ့လား
စာအုပ်ဟောင်းအရောင်းတန်းလေးရောရှိသေးရဲ့လား
အဝေးအိမ်ကိုလွမ်းတယ်
တချို့သူရဲကောင်းလိုကျဆုံးသွားပြီလား
တချို့လမ်းခုလပ်မှာငိုင်ပြီးရပ်တန့်နေပြီလား
တချို့တုံဏှိဘာဝေစကားမပြောပဲဆိတ်ဆိတ်နေအထီးကျန်နေပြီလား
အဝေးအိမ်ကိုလွမ်းတယ်
အမှောင်ဟာ ရင့်သထက်ရင့်လာတယ်
ညဟာနက်သထက်နက်လာတယ်
နှလုံးသွေးနဲ့ ရေးခြစ်ရမယ့်ကဗျာစကားလုံးတွေ
မြင်းလိုခုန်ပေါက်နေပြီ
မျက်လုံးကိုမှတ်ထားပေမယ့် အိပ်လို့မရတော့ဘူး
အဝေးအိမ်ကိုလွမ်းတယ်
အော် … ခုဆို
ကျောင်းတံခါးတွေဖွင့်နေပြီပေါ့
ကံ့ကော်ပွင့်ကလေးတွေပြုးံရောင်သန်းနေပြီပေါ့
အဆောင်ရှေ့မှာဂစ်တာသံတွေကြားရပြီပေါ့
အဝေးအိမ်ကိုလွမ်းတယ်
အဝေးအိမ်ဟာ
လှနေမှာပေါ့ကွယ်။ ။

မောင်ကြူးရင့်
၁၆့  ၆့  ၂၀၁၆

ကာတွန်း ဘီရုမာ ● နှစ် ၁၀၀ စီမံကိန်းပဲ ရှိတယ်

$
0
0
 
ကာတွန်း ဘီရုမာ ● နှစ် ၁၀၀ စီမံကိန်းပဲ ရှိတယ် 
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၆

K ငြိမ်းချမ်း ● တပ်ကို ထိခိုက်စေသည်၊ ပြသခွင့် မရှိ

$
0
0
  K ငြိမ်းချမ်း ● တပ်ကို ထိခိုက်စေသည်၊ ပြသခွင့် မရှိ
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၆
 
မောင်ကေတို့ ဖေ့ဘုတ်ရပ်ကွက်မှာ လစ်ပတန်တီးကိုအပြစ်ပြောခဲ့တဲ့ ခေတ်ပျက်သူဌေးလေးဟာ သူ့အမှားသူသိသွားပြီး နောက်ပိုင်း လူပြောများနေတာက Twilight over Burma သီပေါ စော်ဘွားအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကား နေပြည် တော်ရုပ်ရှင်ရုံ လူ့အခွင့်ရေးနဲ့လူ့ဂုဏ်သိတ္ခာ ရုပ်ရှင်ပွဲတော် Human Rights Human Dignity inter- national film festiveal မှာ ပြသခွင့်မရှိ ဘာညာသတင်းလေးက ခေတ်စားလို့နေပါသတဲ့။ ဇာတ်ကားက သီပေါစော်ဘွားရဲ့မဟာဒေ၀ီ အင်ဂါဆာဂျင့် (စောသုစန္ဒီ) ကိုယ်တိုင် ရေးသားထုတ်ဝေတဲ့ Twilight Over Burma: My Life as a Shan Princess စာအုပ် ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး ၂၀၁၄ ခု နိုဝင်ဘာလထဲမှာ ရိုက်ကူး ပြီးစီးခဲ့တာလို့သိရပါတယ်။ သီပေါစော်ဘွား စ၀်ကြာ ဆိုင်ဟာ အမေရိကန်နိုင်ငံ ကိုလိုရာဒိုတက္ကသိုလ်မှာ ပညာတော်သင်ကြားရင်း သြစတြီးယားသူ (စောသုစန္ဒီ) နဲ့ မေတ္တာမျှခဲ့ပါ တယ်။ သူ့ကို အရပ်သားအထင်နဲ့ ချစ်ကြိုက်ခဲ့ပြီး မြန်မာပြည်ရောက်မှ စော်ဘွားသားဖြစ်မှန်း တအံ့တသြသိခဲ့ရသလို ပြည်သူ့ဖွံ့ဖြိုးရေး ဆောင်ရွက်ခဲ့တာတွေကို စော်ဘွားရဲ့မဟာဒေ၀ီက စာအုပ်အဖြစ်ရေးသားထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ (ကြက်ကာလသားချက်မကြိုက်သူရဲ့အဘိုး)

တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ ကြင်ယာတော် ဖမ်းဆီးခံရပြီး ထောင်ထဲမှာပဲ သေမှန်းမသိ ရှင်မှန်းမသိ သတင်းအစအနမရဘဲ ပျောက်ဆုံးသွားခဲ့သလို သမီးတော် ၂ ပါးနဲ့ မြန်မာပြည်က ထွက်ခွာလာခဲ့ရတဲ့အကြောင်းတွေကို စာအုပ်မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ သီပေါစော်ဘွား စ၀်ကြာဆိုင်နှင့် သြစတြီးယားနိုင်ငံမှ မိန်းကလေးတို့ လက်ထပ် ထိမ်းမြားခဲ့ပြီး ပျော်ရွှင်သော မိသားစုဘ၀အဖြစ် နေထိုင်နေခဲ့ရာမှ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ရှမ်းစော် ဘွား စ၀်ကြာဆိုင်အား ဖမ်းဆီးခံရကာ မိသားစု တကွဲတပြားစီ ဖြစ်ခဲ့ရပုံကို သီပေါစော်ဘွား၏ မဟာဒေ၀ီ Inge Eberhard ကိုယ်တိုင် ရေးသားထုတ်ဝေထားသည့် Twilight Over Burma: My Life as a Shan Princess ကို အခြေခံကာ ရိုက်ကူး ပုံဖော်ထားခြင်းဖြစ်သည်။ ခု အဲဒီဇာတ်ကားက ပြသခွင့် မပြုဘူးတို့၊ အဲဒီကာလ တပ်မတော်ရဲ့ပုံရိပ်ကိုထိပါးစေသော အခန်းများပါလို့ ဆင်ဆာက ခွင့်ပြုချက် မရလို့ ပြသနိုင်မှာမဟုတ်ကြောင်း ကြေညာခံရတယ်တို့ မောင်ကေတို့ ဖေ့ဘုတ်ရပ် ကွက်မှာ လူပြောများလာနေပါတယ်။ မောင်ကေလည်း ခေါင်းပူအောင် စဉ်းစားရပြီပေါ့။

ဘယ်အကြောင်းအရာတွေကများ တပ်မတော်ရဲ့အင်းမေ့ခ်ျကို ထိခိုက်ရတာလဲ။ ဇာတ်ကားကို မြန်မာပြည်ကွန်နက်ရှင်ကို အမွေးတိုင်၊ အောင်သပြေပန်းတွေတင် ဒေါင်းပြီးကြည့်တော် မူမယ်လို့ လုပ်တော့လည်း သိတော်မူတဲ့အတိုင်း ကြင်သာကြင် မမြင်ရတဲ့မောင်ကေ ဒေါင်းမရပေါ့လေ။ နောက်တချက် မောင်ကေ စဉ်းစားမိတာ။ ဘယ်အခန်းကများ သတင်းအချက်အလက် မှားပြီး တပ်မတော်ရဲ့ပုံရိပ်ကို ထိခိုက်စေတာပါလဲ။ မောင်ကေတို့ မြန်မာစကားမှာ “ကိုယ်ကောင်းလျှင် ခေါင်းမရွေ့”ဆိုတဲ့စကား ရှိပါတယ်။ အဲဒီရုပ်ရှင်မှာ တပ်မတော်က မလုပ်ခဲ့ဘဲ လုပ်ခဲ့ပါတယ်ဆိုတဲ့သဘောနဲ့ ညွှန်းဆိုပြထားတဲ့ အနုပညာပြကွက်မျိုး ပါဝင်နေတယ်ဆိုရင် ရေးသားစာအုပ် ထုတ်ဝေစဉ်ကတည်းက တားမြစ်ပိတ်ပင်ခဲ့ရမှာလို့ ထင်ပါတယ်။ မင်းတို့စာအုပ် ငါတို့ဖတ်ဖို့ အချိန်မရှိဘူးလို့များဆိုလာခဲ့ရင်လည်း မောင်ကေကတော့ မြန်မာပြည်ထဲက စာအုပ်တွေကို စိစစ်ရေးလို့ တံဆိပ်တပ်၊ ခွင့်ပြုမှ ထုတ် ဖြုတ်ခိုင်းတာ ဖြုတ်လို့ အမိန့်တွေထုတ်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော် စာပေ ကင်ပေတိုင်လို့ခေါ်တဲ့ ၀င်္ကပါလမ်းထဲက ရုံးကို မြင်ယောင်မိပါတယ်။ ခုမှ တင်ထုတ်လား ဘာလားမသိဘူး။ စာအုပ်၃အုပ်နဲ့ စာအုပ်အပြည့်အစုံပါ စီဒီ တချပ်တော့ ပေးနေရသေးတယ်။ မြန်မာအနုပညာတွေဟာ ယခင်စစ်အစိုးရလက်ထက်တွေမှာ အဲလိုစိစစ်ရေးတို့ဘာတို့ လုပ်ပြီး တားဆီးပိတ်ပင်ခံရတာ ရိုးနေခဲ့ကြပါပြီ။ ခုတော့ ပြည်သူတွေ ရွေးချယ်ခဲ့တဲ့ အစိုးရလက်ထက် သက်သာချောင်ချိ ကောင်းရဲ့လို့ မောင်ကေတွေးနေတုန်း ဒီသတင်းက ခေါင်းစားစေခဲ့တာပါ။ မောင်ကေတို့ကတော့ အရပ်သားဆိုတော့ အရပ်သားအတွေးပဲ တွေးတတ်ပါတယ်။ တပ်မတော်ကို ထိခိုက်စေခဲ့တယ်ဆိုတယ်ဆိုရင် ပြည်သူတွေ ကြည့်ဖို့ မသင့်ဘူး လား။ ပြသတဲ့ရုပ်ရှင်ပွဲတော်နာမည်က လူ့အခွင့်ရေးနဲ့လူ့ဂုဏ်သိတ္ခာ။ တပ်မတော်ရဲ့ပုံရိပ်ကို ထိခိုက်စေလို့ ပြသခွင့်မပြုဆိုတာ ကြီးကတော့ သိပ်မနိပ်ဘူးလို့ မောင်ကေမြင်မိတယ်။ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ သီပေါစော်ဘွား စ၀်ကြာ ဆိုင်အဖြစ် ထိုင်းနိုင်ငံက ဒီဂျေ ဒါဝီရစ် ချုလာဆာ ပေ့၊ မင်းသမီး မဟာဒေ၀ီအဖြစ် သြစတြီးယားသရုပ်ဆောင် မာရီ ယာအဲရစ် တို့ကသရုပ်ဆောင်ပြီး နန်းတွင်း အခြွေအရံတွေနဲ့ ရှမ်းပြည်သူတွေနေရာမှာတော့ ထိုင်းနိုင်ငံသားတွေနဲ့ ရှမ်းရွှေ့ ပြောင်း အလုပ်သမားတွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်လို့ သတင်းဌာနများမှာ ဖတ်ရပါတယ်။

“Twilight Over Burma”လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားကို သြစတြီးယားအမျိုးသမီး ဒါရိုက်တာ ဆာဘီငင်း ဒါဖ လင် ကာက ရိုက်ကူးခဲ့တာ ဖြစ်ပြီး Dor Film ကုမ္ပဏီနဲ့ ထိုင်းနိုင်ငံက Living Film ကုမ္ပဏီတို့ ပူးပေါင်း ထုတ်လုပ်ခဲ့တာပါ။ အနုပညာတရပ်ကို အကြောင်းတခုခုပြပြီး ပိတ်ပင်လေ့ ရှိတာက အာဏာရှင်နိုင်ငံမျိုးတွေမှာသာ လုပ်လေ့ရှိကြပါတယ်။ မခိုင်လုံတဲ့အကြောင်းပြချက်ဖြစ်နေရင် တားမြစ်ခံရတဲ့သူတွေရော အနုပညာယဉ်ကျေးမှုတွေလည်း ဖြစ်ထွန်းတိုးတက်ဖို့ မလွယ်ကူတော့ ပါဘူး။ ခုရုပ်ရှင်ပိတ်ပင်ခံခဲ့ရတာနဲ့ပတ်သက်ပြီး ဧရာဝတီသတင်းဌာနမှာဖော်ပြခဲ့တဲ့သတင်းမှာ ရုပ်ရှင်ပွဲတော် ကို ကူညီနေတဲ့ ချက်နိုင်ငံသားနိုင်ငံရေး သိပ္ပံပညာရှင် အီဂါဗလာဇဗစ် ပြောတဲ့စကားကလည်း ဒီလိုပါ။

“ရုပ်ရှင်ကို မပြခိုင်းတာဟာ အမျိုးသားရင်ကြားစေ့ရေးကို အထောက်အကူ မပြုပါဘူး။”  “အမှန်တရားကို ဆင်ဆာဖြတ်တာကမှ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေမှာပါ။ ဖြစ်ခဲ့ပြီးသမျှနဲ့ ဖြစ်နေဆဲ အမှား အယွင်းတွေကို ရိုးသားစွာ အသိအမှတ်ပြုခြင်း ကသာ ရင်ကြားစေ့ရေး ပိုလုပ်ဆောင်နိုင်မှာ ဖြစ်တယ်” တဲ့။ မောင်ကေတို့ကတော့ မွဲပြာပုဆိုး မြန်မာ့ရုပ်ရှင်ကိုပဲ ကြည့်နေရလို့ ဒါမျိုး ဖြစ်ရပ်မှန်ဇာတ်ကားမျိုးတွေ မျှော်လင့်ကြည့်ချင်မိတာ အမှန်ပါ။ ဒါကိုပဲ တပ်မတော်ရဲ့ပုံရိပ် ထိခိုက်စေလို့ဆိုတော့ ဟိုသီချင်းထဲကလို သေပြီဆရာလို့ အော်နေရုံမှတပါး။ ။


၂၁-ရာစုပင်လုံ စာစဉ်(၁၁)

Myanmar Now ● ဖျက်ဆီးလို့ အလွယ်ဆုံးက လူငယ်တွေဖြစ်နေတယ် (အင်တာဗျူး)

$
0
0
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ဓာတ်ပုံ -ဖြိုးသီဟချို/Myanmar Now)
Myanmar Now ● ဖျက်ဆီးလို့ အလွယ်ဆုံးက လူငယ်တွေဖြစ်နေတယ် (အင်တာဗျူး)
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၆
 
ကလေးမြို့တွင် မူးယစ်ဆေးအန္တရာယ် ကြီးမားလွန်းသဖြင့် အစိုးရက စီမံကိန်းချပြီး တိုက်ဖျက်ရန် ချင်းတိုင်းရင်းသား နိုင်ငံရေးသမားတစ်ဦးက အစိုးရကို တိုက်တွန်းလိုက်သည်။

(Myanmar Now) - စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူက မြို့နယ် အတွင်း မူးယစ်ဆေးဝါး အလွယ်တကူရရှိနေမှု ပြဿနာကို အရေးယူဖြေရှင်းပေးရန် အစိုးရကို တိုက်တွန်းလိုက်သည်။ ချင်းတောင်တန်းနှင့်ထိစပ်နေသည့် ထိုမြို့တွင်  လူငယ်အများအပြား ဆေးစွဲနေကြသည်အထိ ဖြစ်နေပြီး ဒေသတွင်း မူးယစ် ရာဇာများကို နှိမ်နင်းနိုင်ခြင်း မရှိသေးကြောင်းလည်း သူက ဝေဖန်လိုက်သည်။

မန္တလေး တက္ကသိုလ်ဆင်း ချင်းတိုင်းရင်းသူ ဒေါ်အေးအေးမူသည်  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ကာလ ကြာရှည်စွာ လုပ်ကိုင်နေသူလည်း ဖြစ်သည်။  မကြာသေးမီက Myanmar Now သတင်းထောက် ဖြိုးသီဟချိုနှင့် တွေ့ဆုံစဉ်  ၄၆ နှစ် အရွယ်  ဒေါ်အေးအေးမူက  မူးယစ်ဆေး၊ လူငယ်များ နှင့် ကလေးမြို့ဒေသအကြောင်း ပြောပြထားသည်။

မေး -  ဒီဒေသရဲ့ မူးယစ်ဆေးပြဿနာက ဘယ်လောက်အထိ အခြေအနေ ဆိုးနေပြီလဲ။
ဖြေ -  ကလေးမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေ ကိုသွားရောက်တိုင်းမှာ သူတို့ရဲ့အခက်အခဲတွေ၊ လူငယ်တွေရဲ့အခြေအနေ တွေကို မေးတိုင်းမှာ  အိမ်ထောင်ရှင်၊ မိဘတွေတိုင်းက သူတို့ စိတ်ဓာတ်အကျဆုံးကိစ္စကတော့ သူတို့ရွာရဲ့ လူငယ် ၇ဝ ရာခိုင်နှုန်းလောက်က မူးယစ်ဆေး သုံးစွဲတယ်ဆိုတာပဲ။  ဒါဟာ ကျွန်မတို့ မြန်မာနိုင်ငံအတွက် တော်တော် စိတ်မကောင်း စရာပါ။

မေး -  မူးယစ်ဆေး လွယ်လွယ်ရနေကြတာ ဘာကြောင့်လဲ။
ဖြေ -  ကလေးမြို့ဟာ အချက်အချာကျတဲ့မြို့လို ဖြစ်နေတာ။ အိန္ဒိယဘက်ကိုသွားလို့ရတဲ့ လမ်းက နှစ်လမ်း ဖြစ်နေတာ။ နယ်စပ်ဂိတ်တွေ မလုံခြုံတာကြောင့်လည်း ပါတာပေါ့နော်၊ မူးယစ်ဆေးတွေ လွယ်လွယ်နဲ့ ခိုးသွင်းလို့ရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ မူးယစ်ဆေးက လွယ်လွယ်နဲ့ ကိုယ့်မြို့ထဲကို ရောက်လာတယ်။ ကိုယ့်မြို့မှာ နေထိုင်ကြသူထဲ   မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားကြတဲ့လူတွေ တော်တော်များများ ရှိနိုင်တယ်၊ ရှိလည်းရှိနေတယ်လို့ သိရတယ်။ ရွာတွေမှာက အဓိကဖျက်ဆီးလို့ အလွယ်ဆုံးက လူငယ်တွေဖြစ်နေတယ်။ မူးယစ်ဆေးနဲ့စီးပွားရေးလုပ်ချင်တဲ့ လူတွေအတွက်တော့ လူငယ်တွေ ကိုစည်းရုံးသိမ်းသွင်းဖို့က အလွယ်ဆုံးဖြစ်နေတယ်။ လူငယ်တွေက အလုပ်လက်မဲ့တွေကလည်းများတော့ မူးယစ်ဆေးကို ကယ်ရီလုပ်ရင်းနဲ့ ပျံ့နှံ့သွားတာလည်း တော်တော်များများပါနိုင်ပါတယ်။

မေး -  မူးယစ်ဆေး အဓိက ဖြန့်ဖြူးနေသူတွေကို ဖမ်းလို့ မမိနိုင်သေးတာ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ -  တကယ် မသိတာလား၊ သိပြီးတော့ မလုပ်နိုင်တာလားပေါ့။ လျှို့ဝှက်ချက်တော့ အများကြီး ရှိနိုင်ပါတယ်။ ရဲတွေအနေနဲ့ ကတော့ မသိနိုင်စရာအကြောင်း မရှိပါဘူး။ ဒါဟာ သူတို့ရဲ့ အဓိက အလုပ်ပဲလေ။ ရောင်းဝယ်ဖောက်ကားနေတဲ့ အဓိက ပုဂ္ဂိုလ်တွေကို သူတို့မသိဘဲ လုံးဝမဖြစ်နိုင်ပါဘူး။ အမှုတစ်ခုကို လိုက်ဖို့ဆိုရင်သူတို့ ပညာတွေသင်ထားတာပဲ၊ တော်တော်များ များတော့ သူတို့သိနိုင်ပါတယ်၊ ဖမ်းဆီးဖို့ရာအတွက် အခက်အခဲဖြစ်နေတာလားပေါ့။ နိုင်ငံတော်ကနေ စီမံကိန်းကောင်း ကောင်းချပြီးတော့ ပြည်သူလူထုနဲ့ပေါင်းပြီးတော့ ဒီကိစ္စကိုတိုက်ဖျက်ဖို့လိုမယ်ထင်ပါတယ်။ ဌာနဆိုင်ရာတွေကိုပဲ မျက်နှာလွှဲထားလို့တော့ မဖြစ်တော့ဘူး ထင်ပါတယ်။

မေး -  မူးယစ်ဆေးစွဲသူတွေကို   ဖမ်းဆီးထောင်ချနေတာ ဒီပြဿနာ ဘယ်လောက်အထိ ပြေလည်နိုင်မလဲ။
ဖြေ -  မပြေလည်နိုင်ပါဘူး။ ဒီလောက်တောင် သူတို့ဖမ်းပြီးပြီလေ။ အဓိကဖြန့်နေသူတွေကို မဖမ်းဆီးဘဲ မူးယစ်ဆေးသုံးစွဲနေသူတွေကိုပဲဖမ်းနေတာ ကြာပါပြီ။ ဒါပေမဲ့ (မူးယစ်ဆေး သုံးသူ အရေအတွက်) လုံးဝ လျော့သွားတာ မရှိပါဘူး။ ဒါဟာ ထိရောက်တဲ့ နည်းလမ်း မဟုတ်ပါဘူး။

မေး - လူငယ်တွေ အတွက် အပျော်အပါး အစီအစဉ် ရွေးချယ်စရာ နည်းပါးတာဟာ မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာခြင်းနဲ့ သက်ဆိုင်ပါသလား။
ဖြေ -  အပန်းဖြေစရာတို့၊ အားကစားတို့ ကျွန်မတို့ဒေသမှာ မြှင့်တင်စရာတွေအများကြီး လိုအပ်ပါတယ်။ ပညာပေးလည်း အစိုးရပိုင်းကနေ လုပ်ပေးတာမျိုး သိပ်မရှိသေးဘူး၊ အစိုးရသစ်မှာ အဓိက စိန်ခေါ်မှုကြီးတစ်ခုပေါ့။ ဒေါ်အောင်ဆန်းစုကြည် ကလည်း အစိုးရသစ် မဖွဲ့ခင်ကတည်းက လူငယ်တွေအတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတာကို ပြောပါတယ်။ အားကစားတို့ ဂီတတို့နဲ့ လုပ်မလား၊ ဒါကို ဘယ်လို အကောင်းဆုံး ဖြေရှင်းရမလဲဆိုတာ အချိန်ယူပြီး အဖြေရှာရဦးမှာပါ၊ အလုပ်လက် မဲ့ပြဿနာကြောင့်လည်း ဖြစ်နိုင်တာပေါ့။

မေး -  မူးယစ်ဆေး သုံးစွဲခြင်းနဲ့ ရောင်းဝယ်ဖောက်ကားခြင်း ဆန့်ကျင်ရေး ပညာပေးအစီအစဉ်တွေ ဘယ်လို ဆောင်ရွက် သွားသင့်သလဲ။
ဖြေ -  နိုင်ငံတော် အစိုးရအနေနဲ့ချမှတ်ပြီး စနစ်တကျ အကောင်အထည်မဖော်ဘူး ဆိုရင်တော့ ဒီလိုပညာပေးဖို့ကို ကိုယ့်မြို့ နယ်မှာကိုယ် ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်။

မေး - မနှစ်က ရာသီဥတုဖောက်ပြန်ပြီး ကလေးမြို့မှာ ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရပါတယ်။ ဒီနှစ်မှာလည်း ဒီဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားဘူးလို့ မပြောနိုင်ပါဘူး။ ရေဘေး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ ရှိပါသလား။
ဖြေ -    ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လာပါတယ်။ သူနဲ့လည်း ကြိုတင် ကာကွယ်ရေး အနေနဲ့ ဆွေးနွေးထား တာ ရှိပါတယ်။ အုပ်ချုပ်ရေးပိုင်းတွေလည်း ဒါနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေကြပါတယ်။ ဥပမာအားဖြင့် ကယ်ဆယ်ရေးကို ဘယ်နေရာမှာ ထားမလဲ။ ရေကြီးတဲ့အချိန်မှာ အိမ်ခြေပေါင်း ၁,၅ဝဝ အတွက် စားနပ်ရိက္ခာတွေ အဆင်သင့်လုပ်ထားဖို့။ လှေလည်း ၈ စင်းလောက် ထားရှိဖို့၊ ပြီးတော့ သဘာဝ ဘေးအန္တရာယ်ကြုံရင် ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ သင်တန်းမျိုး ပေးဖို့ ပြောသွားပါတယ်။   ဝန်ကြီးကတော့ အမြန်ဆုံးစီစဉ်ဖို့တော့ (အုပ်ချုပ်ရေးပိုင်းကို) ပြောသွားပါတယ်။   ။

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၁၁)

$
0
0

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၁၁)
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၆

● ၁၉၇၀ ပတ်ဝန်းကျင် ပြည်တွင်းအခြေအနေ
ဗိုလ်နေဝင်းအဖို့ ပြည်တွင်း၌ ဖြစ်ပွားနေသော စစ်ပွဲများ၌ အခြေအနေကောင်းနေသည်ဟု ဆိုရမည်။ ၁၉၇၀ ခုနှစ် ဧရာဝတီ တိုင်းဟုခေါ်သော မြစ်ဝကျွန်းပေါ်ဒေသတွင်ပြုလုပ်သော ရွှေလင်းယုန် မိုးဟိန်းစစ်ဆင်ရေးများတွင် အခြေအနေကောင်းနေ သည်။ ဖြတ်လေးဖြတ်စစ်ဆင်ရေးများ အောင်မြင်နေသည်။ မြစ်ဝကျွန်းပေါ်ဒေသမှ နာမည်ကြီး ဗမာပြည်ကွန်မြူနစ်ပါတီနှင့် KNU မှ နိုင်ငံရေး စစ်ရေးခေါင်းဆောင်များကျဆုံးခဲ့သည်။

ပဲခူးရိုးမတွင် ဗမာပြည်ကွန်မြူ နစ်ပါတီဥက္ကဌ သခင်သန်းထွန်းလုပ်ကြံခံရသည်။ နာမည်ကြီးခေါင်းဆောင်များ ကျဆုံးသည်။ ပီကင်းပြန်များအပါ အချို့လက်နက်ချသည်။ ပဲခူးရိုးမတွင်လည်း ဖြတ်လေးဖြတ်လုပ်နေသည်။ ပဲခူးရိုးမ မြစ်ဝကျွန်းပေါ် မသုံး လုံးဒေသ စသည့်ဒေသများတွင် လက်နက်ကိုင်ပုန်ကန်မှုများကို တိုက်ခိုက်ရာတွင် ဗိုလ်နေဝင်းအသာစီးရနေသည်။ ဖြတ် လေးဖြတ်သည် ဗိုလ်နေဝင်း၏ မူလတည်ထွင်ချက်တော့မဟုတ် ဗြိတိသျှတို့၏မလေးရှား အတွေ့အကြုံ မှရသည်ဟုဆိုသည်။

မြစ်ဝကျွန်းပေါ်နှင့် မသုံးလုံးဒေသ (မြင်းခြံ - မိတ္ထီလာ- မန္တလေး) တို့တွင် မဆလအစိုးရက ထိမ်းချုပ်နိုင်သော်လည်း ပဲူးရိုးမ၌ သခင်ဇင် သခင်ချစ်တို့ဦးစီးသည့် CPB ဗဟို စောကျော်မြသန်း စောမြမောင်တို့ ဦးစီး သည့် KNUP အနောက်မြောက်တိုင်းတွင် CPB မှ ဗိုလ်သက်ထွန်းဦးစီးသည့် အင်အားများ ရခိုင်ပြည်နယ်တွင် ရဲဘော်ကျော်မြဦးစီးသည့် CPB အင်အားစု များရှိနေသည်။ ထို့ပြင် ချင်းပြည်နယ်မှအပ ကျန်ပြည်နယ်များတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များရှိနေသည်။

သို့သော် အရှေ့မြောက်တွင်တော့ တမျိုးတဖုံဖြစ်သည်။ ၁၉၆၈ နှစ်ဆန်းမှစ၍ အရှေ့မြောက်ပိုင်းသို့ ထိုးဖောက်ဝင်ရောက် လာသော CPB အင်အားစု ပြည်တွင်း CPB အင်အားစုများကဲ့သို့ ရိက္ခာ စစ်လက်နက်ပစ္စည်းချို့ချို့ ငဲ့ငဲ့မဟုတ်။ တရုတ်ကွန်မြူ နစ်ပါတီ၏ထောက်ပံ့ကူညီမှုဖြင့် စစ်လက်နက်ပစ္စည်း အပြည့်အစုံနှင့်ဖြစ်သည်။ အင်အားလည်းတောင့်တင်းပေရာ မဆလ အစိုးရ ထိခိုက်ဆုံးရှုံးမှုများရှိသကဲ့သို့ နယ်မြေအချို့ လက်လွတ်ဆုံးရှုံးနေသည်။ နယ်စပ်ကို ကျောပေးထားသဖြင့် ဖြတ်လေး ဖြတ်လည်း လုပ်ဖို့မဖြစ်နိုင်ခဲ့ပေ။ CPB က အရှေ့မြောက်ဒေသတွင် အခြေခံဒေသ လွတ်မြောက်ဒေသတည်ဆောက်နိုင်ပြီဟု ကြေငြာသည်။ CPB ၏ ကြေငြာချက်များ မီတာ ၆၀ မှ အသံလွှင့်နေသည်။ CPB ဗဟို၏အာဘော် ပြည်သူအသံအမည်ဖြင့် အသံလွှင့်နေသည်။ သို့သော် ခက်ရာခက်ဆစ် အသံဖမ်းနားထောင်ရသည်။ ထိုအသံလွှင့်လိုင်းကို ဖျက်သည့်စက်များဖြင့် ဖျက်၍ တဂျစ်ဂျစ်ဆူညံသံများကြားမှ နားထောင်ကြရသည်။

၁၉၇၀ တွင် ကွန်လုံ ဟိုက်ကမ်းပါး ရက် ၄၀ တိုက်ပွဲတွင် မဆလအစိုးရတပ်များ အောင်ပွဲခံသည်ကို ကြေငြာသည်။ ရှေ့တန်း ပြန်ဂုဏ်ပြုပွဲများ အနုပညာရှင်များက ရှေ့တန်းသို့သွားရောက်ဖြေဖျော်သည်များတွေ့ကြရသည်။ တရားဝင် မဟုတ်သော် လည်း အရှေ့မြောက်တွင် တရုတ်များကျူးကျော်ဝင်ရောက်ပြီး လူလှိုင်းဖြင့် စစ်ဆင်နေသဖြင့် အစိုးရတပ်များ ပြင်းပြင်းထန်ထန်ခုခံနေရသည်ဆိုသည့် သတင်းများထွက်ပေါ်၍နေသည့်ကာလဖြစ်သည်။

တဖက်ကပြောလျင် ပြည်မဒေသရှိ ပြည်တွင်းစစ်စစ်မျက်နှာတွင် မဆလအစိုးရက အသာစီးရနေသည်။ သို့သော် ထိုပြည်မ ဒေသ၌ မဆလအားနိုင်ငံရေးမကျေနပ်သည့် မထောက်ခံသည့် အင်အားစုများက တိုးပွားလာနေသည်။ ၁၉၇၀ ခုနှစ်ပိုင်း လွှတ်ပေးခဲ့သော ဦးနုအပါ နိုင်ငံရေးသမားဟောင်းများ တိုင်းရင်းသားခေါင်းဆောင်ဟောင်းများအား ဖိတ်ခေါ်ပြီး ၃၃ ဦး ကော်မတီဖွဲ့ပြီး ဗိုလ်နေဝင်းက ပြည်တွင်းညီညွတ်ရေးကြွေးကြော်ခဲ့သေးသော်လည်း အောင်မြင်မှုမရခဲ့။ မကြာမတင်မှာပင် ဦးနုတို့လင်မယား ဗုဒ္ဓဂါယာ ဘုရားဖုးထွက်သည်ဆိုရာမှ ပြန်မလာတော့ဘဲ ပဒပ ခေါ် ပါလီမန်ဒီမိုကရေစီပါတီဖွဲ့ကာ ထိုင်း နယ်စပ်ကို အခြေပြု၍ မဆလကို ဆန့်ကျင်တိုက်ခိုက်မှု ပြုခဲ့သည်။

သို့သော် ဗိုလ်နေဝင်းအတွက် စစ်ရေးအရ ဖေးမမှုတော့ရှိသည်။ ထိုကာလက တရုတ်၏ ကူညီထောက်ပံ့မှုဖြင့် အရှေ့မြောက်ရှိ ကွန်မြူ နစ်များအား အမေရိကန်တို့ အလေးထားနေရသည်။ သို့အတွက် ကွန်မြူနစ်ဆန့်ကျင်ရေးဦးတည်ချက်အတွက် ဗိုလ် နေဝင်း မည်မျှ ဆိုရှယ်လစ်ဟုအော်နေစေကာမူ ဗိုလ်နေဝင်းအား ကျားကန်ပေးဖို့ဖြစ်လာသည်။ မူးယစ်ဆေးဝါးဆန့်ကျင် တိုက်ဖျက်ရေး ခေါင်းစဉ်အောက်တွင် အမေရိကန်တို့ ဆိုရှယ်လစ်ဗိုလ်နေဝင်းအား ကူညီဖို့ အလေးပေးခဲ့သည်။ ပါလီမန်ဒီမို ကရေစီ ပါတီစုံဒီမိုကရေစီကြွေးကြော်နေသော ဦးနုဖက်သို့ ခေါင်းလှည့်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းကထဲက ၁၉၄၇ အခြေခံဥပဒေဖျက်သိမ်းခံလိုက်ရသဖြင့် တိုင်းပြည်တွင် အခြေခံဥပ ဒေမရှိ။ ထို့ကြောင့် ပြည်ထောင်စုဆိုရှယ်လစ်သမတ မြန်မာနိုင်ငံတော်အခြေခံဥပဒေဆိုသည့် ၁၉၇၄ အခြေခံဥပဒေကိုရေး ဆွဲရန် ပြင်ဆင်နေကြသည်။ စီးပွားရေးဘက်တွင် မဆလ၏ နှစ်တို နှစ်ရှည်စီမံကိန်းများစွာကို ကြားသိမြင်တွေ့ နေရသည်။ သို့သော် ပြည်တွင်း၌ ကုန်ပစ္စည်းများရှားပါးပြတ်လပ်မှုကိုကြုံတွေ့နေရသည်။ ပြည်သူ့ဆိုင်များ (နောင်တွင် ပပက ဟု ပြောင်းခေါ်သည်ထင်သည်) တွင် လူသုံးကုန်းပစ္စည်းများ အစစအရာရာ ရှားပါးစပြုသည်။ တန်းစီတိုးရခြင်း မဲဖေါက်ခြင်း အသုံးမလိုသောပစ္စည်းနှင့်တွဲယူရခြင်းတို့ဖြင့် စိတ်ပျက်ဖွယ်ရာများ ကြုံနေရသည်။ ဖဆပလခေတ်က စီးပွားရေးအခြေအနေ များသည် အရှိန်ကုန်စပြုလေပြီ။

ထိုသို့လူထုအတွက် နေ့စဉ်သုံးပစ္စည်းများ ရှားပါးလာသောအခါ ၎င်းကွက်လပ်ဖြည့်နိုင်ရန် ကြိုးစားကြသည့် ရလဒ်အနေနှင့် မှောင်ခိုဈေးကွက်ပေါ်လာသည်။ ယိုးဒယားပစ္စည်းမှောင်ခိုဈေးကွက်ဟု ခေါ်ကြသည်။ (ထိုစဉ်က ထိုင်းဟုမခေါ်ကြသေး)

● လေဟာပြင်ဈေး
အုတ်ဖိုတွင်နေစဉ် ကျောင်းပိတ်များအတွင်း ရန်ကုန်သို့ ဖခင်နှင့်အတူ မကြာခဏရောက်လေ့ရှိသည်။ ရန်ကုန်ရောက်လျှင် မိမိတို့သားအဖမပျက်မကွက်လုပ်လေ့ရှိသည်မှာ စာအုပ်ဆိုင် အသစ်ရော အဟောင်းရောမွှေသည်။ပရဲဆီးဒင့် (သမတ) သို့မဟုတ် ပလေဒီယံ (နောင် ပပဝင်း ယခုတော့ ဟိုတယ်) တွင် စတော သို့မဟုတ် ဒီစီမှ ရုပ်ရှင်ကြည့်သည်။ ထို့နောက် တရုတ်ဆိုင်တဆိုင်တွင် ထမင်းစားသည်။ ဝက်သားသုံးထပ်သားပေါင်း ဝက်ပဲငပိဝက်ကြံမဆိုင် ဟင်းသုံးပွဲကို ၁၀ ကျပ်လား ပေးရသည်။ ရန်ကုန်ရောက်ခိုက် အကောင်းဆုံးဇိမ်ခံခြင်းဖြစ်သည်။

နောက်ဆုံးတခုကတော့ လေဟာပြင်ဈေးအား ပတ်၍ ဈေးဝယ်ခြင်းဖြစ်သည်။ ထိုစဉ်က လေဟာပြင်ဈေးသည် ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် အလံပြဘုရားလမ်းဒေါင့်တွင်ရှိသည်။ နေ့လည်မှ ဈေးစဖွင့်ပြီး ရောင်းသူရောဝယ်သူပါ ကြိတ်ကြိတ်တိုး ၍နေသည်။ အစိုးရဆိုင်များတွင် မရသော ပစ္စည်းအစုံရှိသည်။ အပ်မှသည် သိကြားမင်းနကင်းအထိရနိုင်သည်ဟု တင်စား ခေါ်ဝေါ်ကြသည်။ တဈေးလုံး မှောင်ခိုပစ္စည်းအပြည့်ဖြစ်သည်။ ထိုင်းမှသွင်းလာသော ပစ္စည်းများကအများစုဖြစ်သည်။ အစိုး ရဆိုင်များမှ ရှားပါးပစ္စည်းများလည်းရနိုင်သည်။ တခါတရံ အဖမ်းအဆီးရှိသည်ဟုသည့် သတင်းများကြားက တဈေးလုံး ရုတ်ရုတ်သဲသဲဖြစ်တတ်သည်။ များသောအားဖြင့်တော့ ဖမ်းလေ့မရှိပါ။

ထိုင်းနယ်စပ်မှ KNU နယ်မြေဖြတ်ကာ မော်လမြိုင်မှတဆင့် ရန်ကုန်သို့ဝင်သည်။ လေဟာပြင်တဈေးလုံးမှောင်ခိုပစ္စည်းနှင့် ပြည့်နေအောင် ရောက်ရှိလာသော လမ်းကြောင်းမှာ မော်လမြိုင် ရန်ကုန်လမ်းကြောင်းဖြစ်သည်။ ကားလမ်းရော ရထားလမ်း ရော မှောင်ခိုပစ္စည်းသယ်သူများနှင့် အပြည့်ဖြစ်သည်။ မှောင်ခိုဖြစ်သဖြင့် အေးအေးလူလူတော့ သယ်၍မရ။ ရှာဖွေရေးနှင့် ပြေးတမ်းလိုက်တမ်းကစားကြရသည်။

ကြပ်ညပ်နေသော ရန်ကုန် မော်လမြို င်ပေါ်တွင် မှောင်ခိုကုန်တွေကအပြည့်ဖြစ်သည်။ မီးရထားအိမ်သာများ၏ မျက်နှာ ကျက်များအားဖောက်၍ မှောင်ခိုပစ္စည်းအပြည့်ထည့်ကြသည်။ ထိုင်ခုံများအောက်တွင်လည်း ပစ္စည်းအပြည့်ဖြစ်သည်။ ခရီး သည်များကလည်း မျက်နှာသေးသေး လူဝဝကြီးများဖြစ်နေသည်။ ပိတ်အုပ်လိုက်ကိုဖြန့်၍ ကိုယ်မှာ အထပ်ထပ်ရစ် ပတ်ပြီးအပေါ်မှ အင်္ကျီလုံချည်ပြန်ဝတ်ကြ၍ ဝနေကြခြင်းဖြစ်သည်။ ရှာဖွေရေးများက ဖမ်းတဲ့သူဖမ်း တောင်းတဲ့သူတောင်း ဆွဲချသူဆွဲချ ဖြင့် ဘူတာတခုရောက်တိုင်း ပွက်လောရိုက်နေသည်။

နောက်ဆုံးတဂိတ် ရန်ကုန်ဘူတာကြီးကိုကျော်ဖို့အတွက် ရန်ကုန်အဝင် မလွှကုန်း ပုဇွန်တောင်လောက်အရောက်တွင် ပစ္စည်းအထုပ်တွေ ပစ်ချကြသည်။ အောက်ကလာစောင့်သူနှင့် အပေါ်ကပစ်ချသူနှင့် အပြန်အလှန် အော်ကြ ဟစ်ကြနဲ့ ကျွတ်ကျွတ် ညံသည်။ ဤသို့နှင့် ရန်ကုန်လေဟာပြင်ဈေးကွက်ကြီး စည်ကားသက်ဝင်နေတော့သည်။ အစစအရာရာ ရှားပါး လာခဲ့သည့် မဆလစနစ်အောက်တွင် ပေါ်ထွက်လာခဲ့သည့် ဈေးကွက်တခုဖြစ်သည်။

● ရှားပါးသူငယ်ချင်း
မိမိ၏ မိဘများက အစိုးရဝန်ထမ်းများဖြစ်သဖြင့် ငယ်စဉ်ကထဲက နေရာအတည်တကျ မနေခဲ့ရပေ။ သုံးလေးနှစ်တကြိမ် ပြောင်း ရွှေ့နေရသည်။ သို့အတွက် မိမိသည် နေရာတခု ဒေသတခုစွဲလမ်းခြင်းမရှိခဲ့ပေ။ မြန်မာပြည်တပြည်လုံး ကိုယ့်အိမ် မှတ်ပါ ကိုယ့်ယာမှတ်ပါဟူသော ဆောင်ပုဒ်နှင့်နေလာခဲ့ရသာဖြစ်သည်။ သို့ဖြစ်ရာ ကိုယ့်မြို့ ကိုယ်ရွာ ကိုယ့်ဒေသကို အစွဲအ လမ်းကြီးသူများကို တွေ့သောအခါ ပထမတော့အံ့သြမိသည်။ နောက်တော့ သူတို့အနေအထားကို နားလည်မိသည်။

မွေးကထဲက နေရာတခုတွင် နေထိုင်ကြီးပြင်းလာသူများသည် သူ့ဒေသ သူ့မြို့ သူ့ရွာကို အစွဲအလမ်းကြီးသည်။ သံယော ဇဉ်ကြီးတတ်ကြသည်။ သူတို့၏ဘဝဖြတ်သန်းမှုနှင့်ဆိုင်သည်။ သူတို့အဖို့တော့ မွေးကထဲက ကြီးပြင်းလာသည့်ဒေသ ရပ် ဆွေရပ်မျိုးများ နှစ်ကာလရှည်ကြာစွာ ပေါင်းသင်းခဲ့ကြသည့်မိတ်ဆွေသင်္ဂဟများ ကျွမ်းကျင်ကြသည့် ဒေသလူမှု စီးပွားအခြေ အနေများတွင်ဖြတ်သန်းကြသည်ဖြစ်ရာ ကိုယ့်မြို့ ကိုယ့်ရွာကို ချစ်ကြ အစွဲလမ်းကြီးကြသည်။

ထို့ပြင် မိမိသည့် ခဏခဏ မြို့ပြောင်းသကဲ့သို့ ကျောင်းလည်းပြောင်းရပေရာ ငယ်သူငယ်ချင်းရှားပါးသည်။ တမြို့တ ကျောင်းပြောင်းသည်နှင့် သူငယ်ချင်းသစ်များပေါင်းရသည်မှာလည်း တဒုက္ခဖြစ်သည်။ ကျောင်းသားသစ်တယောက်အဖို့ တတန်းလုံးသည် သူစိမ်းများဖြစ်သည်။ ကျောင်းသားသစ်ဆိုလျင် ပြောင်ချင် နောက်ချင် စချင် နှိမ်ချင်သူများကလည်း ရှိသည်မဟုတ်ပါလော။

အုတ်ဖိုကျောင်းရောက်တော့ တတန်းလုံးတွင် မိမိတဦးတည်း ကျောင်းသားသစ်ဖြစ်သည်။ ကျန်သူများကတော့ သူငယ်တန်း ထဲက အတူတကွတက်လာကြသည့် တယောက်အကြောင်း တယောက်သိသည့်သူများဖြစ်ကြသည်။ ကိုးတန်းတက်ခါစ အတန်းထဲတွင် တယောက်ထဲ ကြောင်စီစီနှင့် ထိုင်နေရသည်။ ပထမဆုံးအတန်းထဲဝင်လာသည့်ဆရာက မိမိအား "ဘယ်မြို့ ကပြောင်းလာတာလဲ"ဟုမေးရာ မိမိက "ကွမ်းခြံကုန်းကပါဆရာ"ဟု ပြန်ဖြေခဲ့သည်။ ထိုအခါ ဆရာက "ဆရာမင်းသုဝဏ် တို့မြို့ပေါ့"ဟုဆိုခဲ့ရာ ကျောင်းသားဟောင်းတစ်ဦးက "ဟိုက မင်းသုဝဏ် .. သူကတော့ မယ်ကုဝဏ်"ဟု ဆိုလိုက်ရာ တတန်းလုံးပွဲကျသွားသည်။ ဆရာဟန့်တော့လည်း မရတော့။ အသားမဲမဲ ပိန်ညောင်ညောင် မျက်မှန်မှန်ထူထူနှင့် မိမိအား နောက်ပြောင်လိုက်ခြင်းဖြစ်သည်။ ကျောင်းသားသစ်ဆိုသည်မှာ ဤသို့ ဤနှယ် ဖြစ်သည်။ စစချင်းတော့ ခံပေတော့ဟု ဆိုရမည်။

သို့သော် များမကြားမှီ အတန်းဖေါ်ကျောင်းသားတစ်ဦးနှင့် မျက်မှန်းတမ်းမိသည်။ သူကား မိမိတို့ငှားနေသည့် အိမ်နှင့်ကပ် ရက်တိုက်ကဖြစ်သည်။ မိမိနှင့် တတန်းထဲ တခန်းထဲဖြစ်သည်။ သို့နှင့် သူနှင့် မိမိလည်း ခင်မင်သွားရာမှ နောင် ကျောင်းအတူ သွား အတူပြန် အတူကစား ဖြစ်သွားတော့သည်။အထက်တန်းကျောင်းသားဘဝ တလျောက်လုံးတွဲဖြစ်သည်။ နောင်လျှောက်သည့်လမ်းတွေမတူကြသော်လည်း အခင်အမင်မပျက်ခဲ့ကြ။

မိမိလျှောက်ချင်သောလမ်းကား သူနှင့်အကျင့်စရိုက်မတူပေ။ သူကား ရိုးရိုးကုတ်ကုတ် အေးအေးချမ်းချမ်းဘဝကို ဖြတ်သန်း လိုသူဖြစ်သည်။ သို့သော် မိမိလုပ်ကိုင်သည်ကိုတော့ ကန့်ကွက်ပြောဆိုခြင်းမရှိ။ နားလည်မှုပေးသည်။ အရေးအကြောင်းဆို လျှင် အကူအညီပေးသည်။ သူ့လမ်းသူလျှောက် ကိုယ်လျှောက်ခဲ့ကြပေမဲ့ အခင်အမင် မပျက်ခဲ့ကြ။ မိမိအထက်တန်းကျောင်း သားကျောင်းသားဘဝမတိုင်မှီကထဲကတွက်လျှင် သူတစ်ဦးသာ မိမိငယ်ပေါင်းဟုဆိုနိုင်သည်။ သူအမည်မှာ မောင်မောင် ကြည်ဖြစ်သည်။ မိမိမှာ လက်ညှိုးထိုးပြစရာရှိသည့် ငယ်ပေါင်းဟုဆိုရပါမည်။

လူတိုင်းတွင် ရည်မှန်းချက်တူ ရဲဘော်ရဲဘက်များရှိသည်။ လုပ်ငန်းတူ လုပ်ဖေါ်ကိုင်ဖက်များရှိသည်။ ရဲဘော်ရဲဖက်အချင်း ချင်းကျတော့ ရည်မှန်းချက်အတွက် ဆွေးနွေးတိုင်ပင်နိုင်သည်။ လုပ်ဖေါ်ကိုင်ဖက်ကတော့ လုပ်ငန်းအကြောင်းတိုင်ပင်နှီး နှောနိုင်သည်။ ငယ်ပေါင်းကတော့ ဘာမဆို ပြောဆိုနိုင်သည်။ လွတ်လပ်ပေါ့ပါးစွာ ရင်ဖွင့်၍ရသည်။ လူတိုင်းလူတိုင်းတွင် ဆွေမျိုးသားချင်းများအပြင် ငယ်ပေါင်းများရှိနေခြင်းသည်လည်း ကံကောင်းခြင်းတရပ်ဖြစ်သည်။ အသက်ရွယ်ကြီးရင့်လာလေ ငယ်ပေါင်း၏တန်ဖိုးက ကြီးလေဖြစ်လိမ့်မည်။ ရှေးဟောင်းနှောင်းဖြစ်များကို ပြန်လည်ပြောဆို၍ ငယ်ရွယ်နုပျိုသော အပူအပင်ကင်းခဲ့သောကာလများ အမှတ်တရ ပြန်လည်ခံစားနုပျို နိုင်ပေမည်။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)
photo credit Ko Zaw Oo Kzo

စမ်းစမ်းတင် - နံရံကပေးတဲ့ အတွေး

$
0
0
Aung Htet

စမ်းစမ်းတင် - နံရံကပေးတဲ့ အတွေး
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဇူလိုင် ၁၅၊ ၂၀၁၆

နံရံကို သူငယ်ချင်းတွေနဲ့ ကျောင်းမှာ ငယ်ငယ်က သိခဲ့တာ Humpty Dumpty sat on a wall ဆိုပြီးတော့ပေါ့ နံရံပေါ်မှာ ဟမ်ပတီးဒမ်ပတီးထိုင်ခဲ့ ဆိုတဲ့ကလေးလင်္ကာ ...အင်္ဂလိပ်ကိုလိုနီုဖြစ်ခဲ့တဲ့ ဗမာပြည်ဟာ အင်္ဂလိပ်စကားပြောနိုင်ငံဖြစ်ခဲ့ပြီး ခရစ်ယာန် သာသနာပြု ကျောင်းတွေလည်းထွန်းကားခဲ့ချိန်မှာ အင်္ဂလန်မှာ ရွတ်တဲ့ ကလေးကဗျာ ကျောင်းမှာ ရွတ်ရ သီချင်းလုပ်ဆိုရတာပါပဲ

Humpty Dumpty sat on a wall Humpty Dumpty had a great fall All the king's horses and the king's men Couldn't put Humpty together again ငယ်ငယ်ကသင်ရတဲ့ ကျောင်းစာအုပ်မှာ ဘဲဥကိုယ်လုံးနဲ့ Humpty Dumpty အနီရောင် အုတ်နံရံမှာ ထိုင်နေတဲ့ပုံတော့ မြင်ယောင်လာတယ်။ ကဗျာမှာ Humpty Dumpty နံရံတခုပေါ်ထိုင်ခဲ့တယ် Humpty Dumpty အကြီးအကျယ် လိမ့်ကျခဲ့တယ် ဘုရင့်မြင်းတွေအားလုံးနဲ့ ဘုရင့်မောင်းမတွေ Humpty ကို အတူပြန်မတင်နိုင်ခဲ့တော့ဘူးတဲ့ ငယ်ငယ်တုန်းကဆိုလို့သာဆိုကောင်းကောင်းနဲ့ဆိုတာ ဘာမှန်းမသိ ခုစဉ်းစားကြည့်တော့ တွေးစရာတွေ အမျိုးမျိုးထွက်လာတယ်။

ဗိုက်ဖောင်းဖောင်းနဲ့ Humpty Dumpty က နံရံအထက်မှာ -အမြင့်မှာ ရှိခဲ့တာ၊ နံရံမြင့်ကကျတော့ အလူးအလိမ့် အကြီးအကျယ်ကျသွားတာပဲ။ အကျနာတယ်ပေါ့။ အင်္ဂလန်ဆိုတာက ခုထိ ဘုရင်စနစ်ကျင့်သုံးတုန်း။ ဒီလင်္ကာ ၁၇၉၇ ခုနှစ်မှာပေါ်တုန်းက ဘုရင်အုပ်ချုပ်တဲ့ကာလ။ ခု... အယ်လစ်ဇဘက်ဘုရင်မခေတ်မှာ တွေ့တဲ့ မြင်းသည်တော်တွေအတိုင်း မြင်းတွေနဲ့ ဘုရင့်မောင်းမတွေက Humpty Dumpty ကို ပြန်မထူနိုင်- သူ့နေရာ သူပြန်မထား နိုင်ဘူးတဲ့။ ဘုရင့်အမိန့်နဲ့မှ သူ့ကို ထူရဲမှာပေါ့နော်- ဘုရင်က Humpty Dumpty ကို သူ့နေရာသူအမြင့်ပြန်စံဖို့ ရှိသမျှ မြင်းကောင်ရေအားသုံးပြီး ထူကြလို့ အမိန့်တော်ချတာဖြစ်မှာပေါ့- ဒါပေမဲ့ မင်းဧကရာဇ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာဘူး။ တကယ်တော့ Humpty Dumpty ဟာ အမြင့်စံဘဝမှာ ဗိုက်က ဖောင်းကားနေတာလေ အမြင့်ကအနိမ့်ကျတော့ ဒီဗိုက်ကြီးကြောင့် ထူမပေးဖို့ မနိုင်နိုင်တာလား ..

စဉ်းစားကြည့်တာပါနော်… နံရံအကြောင်းဆက်တွေးတော့ အရွယ်လေးရောက်လာလို့ မနူးမနပ် စိတ်ကစားတတ်ချိန်မှာ သူငယ်ချင်းအချင်းချင်း အမှတ်တရ စာစုလေးတွေ ရေးတဲ့အော်တိုစာအုပ်တွေ ထားလာကြပြီး ရေးတတ်လာတာတွေ ကတော့တမျိုး။ stick no bills kiss no boy (s) behind the wall တဲ့ နံရံမှာ ကြော်ငြာမကပ်နဲ့ နံရံ နောက်ကွယ်မှာ ကောင်လေးတွေ မနမ်းနဲ့တဲ့ အဲဒိ ကြော်ငြာမကပ်ရဆိုတဲ့ အစွဲက ခုထိအကျင့်ပါလာလေသလား မသိ၊ အဲ.. ကောင်လေးတွေလား.. ဘယ်ကောင်လေးကိုမှ စိတ်မကစားခဲ့ဖူးတော့ နံရံနောက်ကွယ်လည်း မရောက်ခဲ့။ ပြောရရင် ဘာတခုအတွက်မှ ခုထိလည်း နံရံနောက်မကွယ်တတ်ပြန်။

ဒိနောက် ဖြူစင်သန့်ရှင်းတဲ့ကလေးဘဝလွန်လာတော့ ထွေကာလီကာတွေရှိလာပြီလေ.. ဆရာမတွေ မသိအောင်.. မိဘတွေ မသိအောင် သူတို့မကြိုက်တာတွေကို ဘာရယ်မဟုတ် ခိုးလုပ်တတ်လာကြတော့ မိဘ ဆရာတွေက ဆုံးမတတ်ပါတယ်.. ဘာပဲခိုးလုပ်လုပ် လူသိမှာပဲတဲ့ .. ဘာတဲံ... wall has ears နံရံမှာ နားရှိတယ်တဲ့ ..


ဒီဆုံးမစကားဟာ ဘယ်ထိတာသွားသလဲဆို ခုထိဘာမှ ခိုးဝှက်မလုပ်တတ်တော့တဲ့အထိ၊ ဒါပေမဲ့ အချိန်တော့ ခိုးတတ်တယ်။ အထူးသဖြင့် မနက်အစောကြီး တာဝန်ကျချိန်မှာ အိပ်ယာက မထချင်ဘဲထ- နိးလာချိန် ကွေးပြီး နှပ်ချင်လည်း အိပ်ယာထဲမနှပ်နိုင် အချိန်ကိုက်လုပ်ပေမဲ့ အိမ်ကထွက်တဲ့အချိန် ဓာတ်လှေခါးက အခန်းရှိတဲ့ ငါးထပ် အပေါ်ကို တော်တော်နဲ့ တက်မလာ- အလုပ်ရောက်တော့လည်း လေးထပ်တက်ရမယ့် ဓာတ်လှေကားက တော်တော်နဲ့ဆင်းမလာတဲ့ အခါမျိုးဆို ၄-၅ မိနစ်လောက် အချိန်ခိုးလိုက်သလို။ ဒါကို နံရံက သိတယ်လေ.. လုံခြုံရေး အစီအစဉ်အရ မသက်ဆိုင်သူတွေ ဝင်လို့မရအောင် အီလက်ထရွန်းနစ်နည်းသုံး သော့ပြားဝိုင်းပါမှ အလုပ်စားပွဲကို သွားနိုင်တာ။ သော့ပြားဝိုင်းကို နံရံကပ်ကိရိယာမှာထိလိုက်မှ တံခါးပွင့်ပြီး ဝင်လိုက်တဲ့အချိန်ကို နံရံက မှတ်လိုက်တော့ နံရံက သိပြီ.. ဘယ်အချိန်အလုပ်ရောက်သလဲဆိုတာ။

အဲဒိနံရံတွေကာထားတဲ့ စည်းဝိုင်းကမထွက်ရဆိုတဲ့ မွန်းကျပ်တဲ့ကာလတွေလည်း ရှိခဲ့ဖူးပ။ ဝန်ထမ်းဘဝ မတက်မနေရတက်ရတဲ့ ဖောင်ကြီးသင်တန်းနံရံတွေပေါ့ ...နံရံတွေဖြိုပစ်လိုက်ချင်ပေမဲ့ သတ္တိကမရှိပြန်။ ဒိထက်ဆိုးတဲ့နံရံလေးဘက်ကာ အကျဉ်းအကျပ်ထဲ သူငယ်ချင်းတွေရောက်သွားတော့ နံရံမြင့်အပြင်ဘက်ကနေ ခဏခဏ သွားငေးပြီး ဘာအပြစ်မှလည်း မလုပ်… ရာဇ၀တ်မှုတွေလည်း မကျူးလွန်ဘဲ မ-ဆ-လ အစိုးရနဲ့ စစ်အစိုးရကို သာမန်လောက်ဆန့်ကျင်မှုနဲ့ မတန်တဆ အကျဉ်းကျနေကပါလား အတွေးနဲ့ ဝမ်းနည်းခဲ့တာ ... ဒါကို နံရံတွေလည်း မသိ သူငယ်ချင်းတွေလည်းမသိ။ အင်းစိန်ထောင်ဝင်းပေါ် ပျံသန်းနိုင်တဲ့ ဌက်ဘ၀ ခဏယူချင်မိခဲ့တဲ့ အခိုက်အတန့်တွေဆိုလည်း မမှား.. ထောင်ဝင်းထဲရောက်ရင် သူငယ်ချင်းတွေ ဘယ်လိုနေနေကြသလဲ ချောင်းကြည့်ချင်တာလေ။

တကယ်တမ်းတော့ ဒါတွေဟာ မြင်ရတဲ့နံရံတွေ၊ ထုနဲ့ထည်နဲ့ နံရံတွေ၊ မမြင်ရတဲ့ နံရံတွေကတော့ တဘဝလုံးပါလာတာလေ- မမြင်ရတဲ့ နံရံတွေကာရံခံထားတဲ့ဘဝက ပိုလို့ စောင့်ထိန်းရတာလေ နံရံပေါ်တက်ထိုင်ရာက Humpty Dumpty လို အကျမနာဖို့ - နံရံမှာ ကြော်ငြာမကပ်ရလို့ဆိုတာ အမိန့်အာဏာထက် လူ့စည်းဘီလူးစည်းရှိတယ်ဆိုတဲ့ အသိရှိဖို့ - နံရံမှာ နားရှိတယ်ဆိုတာ ဘာတွေ ဘယ်လို လျှို့ဝှက်လျှို့ဝှက်လို့မရ ဘာတွေ ကျိတ်ကျိတ် ကျိတ်ကျိတ်လုပ်လုပ် ကျိတ်လုပ်လို့မရတာမို့ ပွင်းလင်းမြင်သာဖို့ - ဘာလင်တံတိုင်းပြိုတာ မြင်သာပေမဲ့ မမြင်ရတဲ့ နံရံကထိန်းထားတဲ့ ကျင့်ဝတ် စည်းကမ်း ဂုဏ်သိက္ခာ မပြိုဖို့…

စမ်းစမ်းတင်

ကာတွန်း ဆွေသား - အလေးပြုကြစို့

$
0
0

ကာတွန်း ဆွေသား - အလေးပြုကြစို့
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၆

လင်းမိုးစွေ - တောရကျောင်းကလေး

$
0
0
Photo - Than Htay Maung


လင်းမိုးစွေ -  တောရကျောင်းကလေး
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၆

သပ္ပာယ်တယ်ဆိုတဲ့စကားလုံး
မလွဲသာလို့သာသုံးရတာ
တောင်ကုန်းလေးပေါ် စေတီကလေးက
ချစ်စရာလေးပါ

ဘုရားပန်းအိုးထဲ ပူဇော်ဖို့
တန်းစီစောင့်နေကြတဲ့
ပန်းမျိုးစုံ ရောင်စုံပန်းခင်းကြီး
သူ့အလှည့် ကိုယ့်အလှည့်
နေရာချင်း မလုကြဘူး
အလှချင်း လုနေကြတယ်

ပန်းရနံ့က
ခပ်ဝေးဝေးကနမ်းမှ
ပိုမွှေးတယ်ဆိုလို့
ကိုယ့်အသက်ရှူသံ
ကိုယ်ပြန်ကြားမှ
ငြိမ်းအေးခြင်းရဲ့အရသာ
ရှာတွေ့ပြီ

သစ်ရိပ် ဝါးရိပ် အေးမြတာထက်
ဘုရားရိပ် တရားရိပ်က
ပိုအေးမြတဲ့အကြောင်း
ညောင်ရွက်တွေက
ဆည်းလည်းလေးတွေလို
လှုပ်ပြတယ်

မြောင်းသာသာချောင်းကလေးရဲ့အသံနားစွင့်ရင်း
ခုန်ကူးဖို့မလိုတော့ဘူး
ဝါးတံတားလေး
ထုံကူးဖို့
ကျေးငှက်သံတွေကြားက
တိတ်ဆိတ်ခြင်းကို ရှာကြည့်တော့...
စင်္ကြန်လျှောက်လမ်းလေးလည်း
တိတ်ဆိတ်ခြင်းပဲ
ချိတ်ထားတဲ့ စိပ်ပုတီးကလည်း
တိတ်ဆိတ်ခြင်းပါပဲ

သူ့အမြင် ကိုယ့်အမြင်
ငြင်းလို့ရတယ်
မြင်နေရတဲ့မြင်ကွင်း
ငြင်းမရတော့ဘူး

ရင်သပ်ရှုမောဖွယ် စကားနောက်
တရားပါခဲ့ပြီ။

လင်းမိုးစွေ
၁၈.၆.၂၀၁၆

Viewing all 9633 articles
Browse latest View live