Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

(မိုးမခရဲ့ လွတ်လပ်တဲ့ အနုပညာစကားလက်ဆုံ ပြန်လည် ဆန်းသစ်ခြင်း) ပန်းချီထိန်လင်းနဲ့ စကားလက်ဆုံ

$
0
0




(မိုးမခရဲ့ လွတ်လပ်တဲ့ အနုပညာစကားလက်ဆုံ ပြန်လည် ဆန်းသစ်ခြင်း)
ပန်းချီထိန်လင်းနဲ့ စကားလက်ဆုံ (လွတ်လပ်တဲ့အနုပညာနဲ့ လွတ်လပ်မှုကိုချစ်တဲ့ ပရိသတ်၊ ချစ်ခြင်းကို မခွဲပါနဲ့) မိုးမခ ဇူလိုင် ၇၊ ၂၀၀၈
မတ်လ ၁၃ ရက်နေ့ကစပြီးတော့ မြန်မာအရေးလှုပ်ရှားသူ အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ ထိုင်းနိုင်ငံအခြေစိုက် အေအေပီပီ(ဘားမား)နဲ့ အက်ဖ်ဒီဘီ တို့က မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို စတင် ဖော်ဆောင်ခဲ့ကြပါတယ်။ အဲဒီက ထုတ်ပြန်တဲ့ ပိုစတာ၊ စာရွက်စာတမ်းများထဲက တီရှပ်မှာ ပန်းချီထိန်လင်းရဲ့ ပန်းချီကားနဲ့ ထုတ်ဝေထားတာကို တွေ့ရပါတယ်။

၁၉၈၈ ဒီမိုကရေစီရေး အရေးတော်ပုံမှာ တက္ကသိုလ်ကျောင်းသားတဦး၊ နယ်စပ်ရောက် တောခိုကျောင်းသား၊ နိုင်ငံရေး အကျဉ်းသား၊ ပန်းချီဆရာ၊ ကိုယ်တိုင်သရုပ်ဖော်တင်ဆက်တဲ့ အနုပညာရှင် စတဲ့ ဖြတ်သန်းမှု ဆေးရောင်စုံနဲ့ ယခုလည်း ပြည်ပမှာ ခြေဆန့်ပြီး မြန်မာပြည်အရေးတွေကို ထင်ဟပ်ခံစားတဲ့ အနုပညာတင်ဆက်မှုတွေကို ဆောင်ရွက်နေဆဲ၊ ယခင်က ဇာဂနာတို့နဲ့ လက်တွဲခဲ့တဲ့ မြပုဏ္ဏမာ အငြိမ့်ဝိုင်းတော်သားတဦးပီပီ စိတ်ကူးကောင်းကောင်းနဲ့ တခါတလေမှာ အငြိမ့်ခွင်တွေ စီစဉ်ကပြနေသေးတဲ့သူ ဖြစ်ပါတယ်။

ပန်းချီထိန်လင်းက သူ့ကိုယ်သူ အနုပညာသည် လို့ မြင်ပါသတဲ့။ နိုင်ငံရေး လှုပ်ရှားသူ တဦးမဟုတ်ပါဘူးတဲ့။ အနုပညာတခုကို နိုင်ငံရေးရည်ရွယ်ချက်တခုအတွက် အသုံးချတာဟာ နှစ်ဖက်စလုံးကို စော်ကားတာနဲ့ တူပါသတဲ့။ သို့သော် နိုင်ငံရေး အခြေအနေတွေက အနုပညာတွေ ပေါ်ထွန်းလာစေသလို၊ တခါတရံမှာ အဲဒီ ဖြစ်ရပ်တွေက အနုပညာရှင်ကိုယ်တိုင်ကို သိမ်းပိုက်ဝါးမြိုလိုက်ပါသတဲ့။ အနုပညာရှင်တယောက် ဖြစ်လာတဲ့လမ်းမှာ အတွေ့အကြုံတွေက သူ့ကို ပုံသွင်းသွားတတ်ပြီး၊ ထွက်ပေါ်လာတဲ့ ပန်းချီကားဟာလည်း သူကိုယ်တိုင်ပဲ ဖြစ်နေပါတော့တယ် … တဲ့။

သူနဲ့ စကားပြောကြည့်တာပါ။

ခင်ဗျားပန်းချီကားကို တီရှပ်မှာ ရိုက်ထားတာ တွေ့တယ်။ မြန်မာပြည်အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု အထိမ်းအမှတ်တီရှပ် ထုတ်တဲ့ဆီမှာ။
ဟုတ်တယ်။

၂၀၀၇ စက်တင်ဘာ သံဃာအရေးတော်ပုံနောက်ပိုင်း အဲဒါနဲ့ ပတ်သက်တဲ့ ပန်းချီကားတွေအများကြီး ဆွဲဖြစ်တာလည်း တွေ့တယ်။

ဟုတ်တယ်။

အနုပညာက အခုလိုအချိန်မျိုးမှာ တိုင်းပြည်တခု၊ စနစ်တခု ဒါမှမဟုတ် လူထုပရိသတ်အတွက် ဘယ်လို အခန်းကဏ္ဍမှာ ရှိနေသလဲ။ နေရာတနေရာကနေကော အရေးပါသလား။

ကျနော် မနေ့က ဒီ လန်ဒန်မှာ ကျင်းပတဲ့ စားပွဲဝိုင်းဆွေးနွေးပွဲတခုသွားနားထောင်တယ်။ သူတို့က ပြောတယ်၊ အနုပညာရှင်၊ သူ့အနုပညာနဲ့ နိုင်ငံရေးလှုပ်ရှားမှု၊ လူ့အခွင့်အရေး လွတ်လပ်မှု ပတ်သက်ပုံတွေကို ဆွေးနွေးကြတယ်ပေါ့ဗျာ။ အုပ်ချုပ်သူ လူတန်းစားကို ပြောင်းလဲလာစေဖို့ စင်ပေါ်ကတဆင့် တင်ဆက်ရမယ်လို့ ပြောကြတယ်ဗျ။

သြော် - အမျိုးသားပြဇာတ်ရုံကတဆင့် အာဏာပိုင်တွေကို နားသွင်းကြ ဆိုတဲ့ သဘောပေါ့။ ဟုတ်လား။

အင်း။ အဲဒီသဘောမျိုးပေါ့ဗျာ။ အဲဒီမှာ ကျနော်လည်း မနေနိုင်တာနဲ့ ၀င်ရောက် ဆွေးနွေးမိတယ် ဆိုပါတော့ဗျာ။ ၂၀၀၅ မေလ မှာ ရန်ကုန်မှာ ရေးဖော် ပန်းချီဆရာတွေ၊ ဆရာမတွေနဲ့ ပါဖော်မင့်အတ် ကိုယ်တိုင်သရုပ်ဖော်တဲ့ ပြပွဲတခု လမ်းပေါ်မှာ လုပ်ပြခဲ့ဖူးပါတယ် လို့။ အဲဒီမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အနုပညာလွတ်လပ်ခွင့်အပေါ် သံသယကြီးလွန်းတဲ့ စစ်အာဏာပိုင်တွေက ကျနော်တို့ကို ဖမ်းဆီးထိမ်းသိမ်းပြီး ရက်အတန်ကြာအောင် စစ်ဆေးမေးမြန်းခဲ့ပါတယ် လို့ ကျနော်ရဲ့ ကိုယ်တွေ့ကို ပြောပြလိုက်မိတာပေါ့ဗျာ။

အင်း ဟုတ်တယ်။ အခုတလော စီအင်အင်ကလည်း မြောက်ကိုရီးယားမှာ အမေရိကန်တွေက သြခက်စတြာဝိုင်းကြီးနဲ့ သွားဖျော်ဖြေပြီး ဂီတနဲ့ ငြိမ်းချမ်းရေးဒီပလိုမေစီလုပ်နေတယ်ဆိုလား အထူးအစီအစဉ်နဲ့ တင်ဆက်နေတာက ကြည့်နေရတယ်ဗျ။ အဲသည်လိုမျိုး သူတို့က အထင်ရောက်နေတယ်နဲ့ တူတယ်နော်။

တခြားနိုင်ငံတွေတော့ မသိပါဘူးဗျာ။ ကျနော်တို့ တိုင်းပြည်မှာ အုပ်ချုပ်သူ လူတန်းစားဟာ အနုပညာ၊ ပန်းချီ၊ ဂီတတို့ကို နည်းနည်းလေးတောင်မှ မရူးသွပ်ဘဲ အာဏာကို ရူးသွပ်ပြီး တန်းတန်းစွဲ ဆုပ်ကိုင်ထားချိန်မှာ သူတို့ရဲ့ စင်မြင့်ပေါ်ကနေ ကျနော်တို့ အနုပညာနဲ့ သူတို့စိတ်တွေ ပြောင်းအောင် ဘယ်လို လုပ်ကြမလဲဆိုတာကို ကျနော်ကတော့ မေးခွန်းသာ ပြန်ထုတ်လိုက်ချင်တော့တာပဲ။

ကဲ အဲဒါဆိုရင် ခင်ဗျား ဖန်တီးတဲ့ အနုပညာက ဘယ်နေရာမှာလဲ။ စင်ပေါ်တက်လို့မရတော့ လမ်းပေါ်မှာလား။
အနုပညာကို ချစ်တဲ့၊ မြတ်နိုးသက်ဝင်တဲ့ ပရိသတ်ကြီးနဲ့ အတူတူ ရှိနေရမှာပေါ့။ မလွတ်လပ်တဲ့၊ မွန်းကြပ်နေတဲ့ ဒါပေမယ့် ခံစားတတ်တဲ့ ပရိသတ်ကြီးအတွက် သူတို့ကို အနုပညာတခု ဖန်တီးအသက်သွင်း ပြရတာပေါ့။

ဟုတ်တယ်နော်။ ကျနော်ပြန်စဉ်းစားကြည့်တော့ ၁၉၈၉ သင်္ကြန်မှာ အင်န်အယ်ဒီက သင်္ကြန်စင်ထိုးပြီး ကကြတယ်။ အာဏာသိမ်းပြီးစ စစ်တပ်က လူတွေကို လမ်းမတွေမှာ အတုံးအရုံး ပစ်သတ်ထားတာ သိပ်မကြာသေးဘူး။ ပြည်သူလူထုကြီးက ၀က်ဝက်ကွဲအားပေးကြတယ်။ လွတ်လပ်စွာ အချုပ်အနှောင်မဲ့ ဖန်တီးလိုက်တဲ့ အနုပညာတွေကို …

မှန်တယ်။ ၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်းအပြီးမှာ ကိုဇာဂနာတို့၊ ကိုဂေါ်ဇီလာတို့ ၀ိုင်းတော်သားတွေရဲ့ သီးလေးသီးနဲ့ ဆေးရောင်စုံအငြိမ့် ကန်တော်ကြီးမှာ၊ အရှေ့ကြို့ကုန်းမှာ ကပြကြတယ်လေ။ ဒဏ်ရာအနာတရ အကြီးအကျယ်ရထားတဲ့ ပရိသတ်ကြီးဟာ အဲဒီ စင်ရှေ့မှာ သူတို့တွေရဲ့ လွတ်လပ်တဲ့ အနုပညာတင်ဆက်မှုတွေကို ခံစားပြီး အင်အားသစ်တွေ ရကြတယ်။ လန်းဆန်းအားဖြည့်ကြရတယ် မဟုတ်ဘူးလား။

ခင်ဗျားကိုယ်တိုင်လည်း လူရွှင်တော် တဦးပဲ။ ခင်ဗျား ထောင်ကျနေတဲ့ နှစ်တွေမှာ ၉၈ ကနေ ၂၀၀၄ အတွင်း ထောင်ထဲမှာ ပန်းချီတွေ ဆွဲခဲ့တယ်။ ပြီးတော့ ထောင်ထဲက ပရိသတ်ကိုကော ဘာတွေ တင်ဆက်ပေးခဲ့ဖူးသလဲ။
အနုပညာဆိုတာ ပရိသတ်အတွက် ကြီးကျယ်ခန်းနားတဲ့ တစုံတရာပါ။ အံ့သြဖွယ်တွေနဲ့ ပြည့်နေတဲ့ တခုခုပဲ။ အဲဒါကို အနုပညာရှင်တွေက ဖန်တီးပြီး သူတို့ကို ပေးကြတာ။ ကျနော် မန္တလေးထောင်ထဲမှာ အငြိမ့် ကခဲ့ဖူးတယ်။

အသေးစိတ် ပြောပြပါဦးဗျာ။

ထောင်ထဲက တိုက်တွေ အဆောင်တွေကို ခြားထားတဲ့ ရိုးတွေဆိုတာ ရှိတယ်။ လက်ခုတ်တဖောင်လောက်မြင့်တဲ့ အုတ်စည်းရိုးတွေပေါ့ဗျာ။ အဲဒီပေါ်ကို ထောင်သားတွေတက်ရင် ထောင်စောင့်တဲ့ ရဲတွေက သေနတ်နဲ့ ပစ်ချလို့ရတယ်။ အားလုံးကို အဲသလို ထားတာ။ ဒါပေမယ့် အဲဒီတုန်းက တခုသော သင်္ကြန်မှာ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ စုဝေးပြီးတော့ အငြိမ့်ကကြတယ်။ ထောင်တွင်းက တိုက်တွေကြား မြေကွက်လပ်မှာ။

ဆိုတော့ ထောင်မကြီးက အဆောင်တွေနဲ့ လှမ်းလှမ်းက သီးသန်း အကျဉ်းတိုက်တန်းတွေဆီမှာပေါ့။ ခင်ဗျားတို့က အငြိမ့်က ကြတယ် ဆိုတာက

ဟုတ်တယ်။ အိုင်စီအာရ်စီက ၀င်ထွက်နေချိန်ဆိုတော့ နည်းနည်းတော့ ကျနော်တို့ လွတ်လပ်ခွင့်ရတယ်။ အဲသည်တော့ ကျနော်တို့က အငြိမ့်ကကြတယ်ပေါ့ဗျာ။ အင်န်အယ်လ်ဒီက ဦးကျော်ငြိမ်းတို့၊ တိုင်းစည်းထဲက ဦးကျော်သောင်းတို့၊ နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များတယ်။ ပြောင်းဖူးတွေက မိုက်ခွက်တွေ ဖြစ်လို့၊ ကော်ခွက်ကို ကြိုးတပ်ပြီး ဂီတာလုပ်ထားတာတို့၊ ကျနော်တို့တတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပေါ့ဗျာ။ တိုက်ပုံတွေ ၀တ်ပြီးတော့တောင် အဖွင့်စကား ပြောတာတို့၊ မိန့်ခွန်းပြောတာတို့ လုပ်ကြတယ်။

သြော်။ ထောင်တွင်း တခုသော သင်္ကြန်မှာ ကြဲနေကြတာပေါ့။

ဟုတ်တယ်။ အဲဒီမှာ ဘယ်လိုက ဘယ်လို သတင်းက ပျံ့သွားတယ် မသိဘူး။ ထောင်မကြီးက အကျဉ်းသားတွေက အငြိမ့်ပွဲကို ကြည့်ဖို့ဆိုပြီး ထောင်တွင်းက ခုနင်က ရိုးတွေပေါ်မှာ တွယ်တက်၊ အဲဒီပေါ်မှာ ခွထိုင်ပြီး မျှော်ကြည့်ကြတော့တာပါပဲဗျာ။ ရိုးတွေပေါ်မှာ ထောင်ဝတ်စုံတွေ ဖွေးနေတော့တာပဲ။ ကျနော်တို့ အငြိမ့်ကို ၀ိုင်းကြည့်ဖို့ လုပ်ကြတာ။

သူတို့က ခင်ဗျားတို့ အသံတွေကို ကြားရပါ့မလား။

ဘယ်ကြားရမလဲ။ ပြောင်းဖူးရိုး မိုက်ခွက်နဲ့ကတဲ့ အငြိမ့်ကို။ သို့သော် အဲဒီ ပွဲကို အဝေးကနေ ဘယ်လိုပဲ တွေ့ရ တွေ့ရဆိုပြီး ရိုးတွေပေါ်တက်ကြည့်ကြတာနော်။ ထောင်ရဲတွေက ပစ်ချဖို့ဆိုတာ တထောင်လုံးက ထောင်သားတွေအားလုံးကို ပစ်သတ်ဖို့သာ ရှိတော့တယ်။

အဲသည်တော့ ပစ်ချလိုက်ရောလား။

ကျနော်တို့ အငြိမ့်ကို လာပြီး ဖျက်လိုက်တာပေါ့ဗျာ။ ရပ်ခိုင်းပြီး လူစုခွဲလိုက်တာပေါ့။ ဒါပေမယ့် ပြောချင်တာက ကျနော်တို့တတွေရဲ့ အနုပညာတက်ဆက်မှုဆိုတာကို ဘယ်လို ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိနေပါစေ ပရိသတ်ကြီးက အတင်းကို ရုန်းထပြီး ခံစားကြတယ်။ စားသုံးကြတယ်။ ချစ်ကြတယ်။ အဲဒါ …

ဟုတ်တယ် ကိုထိန်လင်း ပြောသလိုမျိုးပဲ အရှေ့ဥရောပက ဆာဘ်တွေ၊ ခရိုအက်တွေရဲ့ ပဋိပက္ခကြားမှာလည်း ဖြစ်ဖူးတယ်။ လူထုပရိသတ်ကြီးဟာ သေနတ်တွေ၊ အမြောက်တွေ၊ ဗုံးတွေ၊ လက်ဖြောင့်စစ်သားတွေ ကြားထဲမှာ အမှောင်ထုအောက်၊ တိုက်ပြိုတိုက်ပျက်တွေကြားထဲကနေ သူတို့ဆီက အနုပညာရှင်တွေ တင်ဆက်တဲ့ ဇာတ်တွေ၊ ပွဲတွေကို အသက်စွန့်ပြီး လာကြည့်ကြသတဲ့။ လူမျိုးတွေအချင်းချင်း သတ်ဖြတ်နေလို့ အကျည်းတန်မြင်ကွင်းတွေကို ဖြတ်သန်းနေကြချိန်မှာ သူတို့ဟာ သူတို့ချစ်တဲ့ အနုပညာကို ထွေးပွေ့ကြတယ်။ အဲဒီကနေ ခွန်အားဖြစ်လို့ ဆက်ပြီး အသက်ရှင်ကြတယ် တဲ့။

ဟုတ်ပါတယ်။ အခုအချိန်မှာ ကျနော်တို့ မြန်မာပြည်က အနုပညာရှင်တွေဟာ မည်သို့ပင် ပိတ်ပင်တားဆီးထားပါစေ၊ ဖမ်းဆီးချုပ်နှောင်ထားပါစေ၊ သူတို့ အနုပညာတွေကို ပရိသတ်ကြီးဆီ အရောက်ပို့ပြီး သူ့တို့ခံစားချက်တွေကော သူများတွေရဲ့ ခံစားချက်တွေကိုပါ ထင်ဟပ်ပြဖို့၊ လွတ်လွတ်လပ်လပ်ကြီးကို ဖန်တီးတင်ဆက်လိုက်ဖို့ကို နောက်တွန့်နေခြင်း မရှိဘူးဆိုတာကို တွေ့နေရပြီ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

(ဓာတ်ပုံများ - Htein Lin Performance - 1 June 2008, Trafalgar Square, ပြီးတော့ ၂၀၀၅၊ မင်းကိုနိုင်၊ ကိုကိုကြီးတို့နဲ့ တွေ့ခဲ့ရတဲ့ ပန်းချီ ထိန်လင်း (ဓာတ်ပုံ - မိုးမခမိတ်ဆွေများ))



ကာတွန်း မိုးသွင် - မုန်းတယ်လို့ ပြောမှာလား

$
0
0

ကာတွန်း မိုးသွင် - မုန်းတယ်လို့ ပြောမှာလား
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၆

ခင်​​ဇော်​မိုး - ရတနာနှင့် မခြားသည့်

$
0
0


ခင်​​ဇော်​မိုး - ရတနာနှင့် မခြားသည့်
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၆


အဆက်​မပြတ်​ကျ​နေသည့်​ မိုးဖွဲ​လေး​​အောက်​မှာ ကျွန်​မခန္ဓာကိုယ်​က ရွှဲရွှဲစိုနစ်​​နေပြီ။ ​ချောင်း​ရေ​တွေလည်း တဖြည်းဖြည်း​နောက်​ကျိပြီး ​ရေတိုးလာသည်​။ ​လေ​က ​ဝေ့ယမ်းတိုက်​ခိုက်​​နေသည်​မို့ မြင်​မြင်​ရသမျှ ပတ်​၀န်းကျင်​ဟာ မှုန်ဝါးလျက်​။ ရိုး​​ရေ၊ ​မြောင်း​ရေ၊ လယ်​​ရေ​တွေ​ပါ ​ချောင်းအတွင်းကို ​ပေါင်းဆုံစီးဆင်းမှု​ကြောင့်​ မိုးရာသီဆိုရင်​ ​ချောင်း​ရေကြီးစမြဲ။ အထက်​မှတည်​ထား​သောဆည်​ကလည်း မိုးရာသီဆိုလျှင်​ ​ရေမနိုင်​၍ ​ဆည်​​ရေကို​ နေ့စဉ်​ပုံမှန်​လွှတ်​​ပေးသည်​သာ။ တခါတ​လေ မိုးအားကြီးစွာရွာသည့်​အခါ ဆည်​ကျိုးနိုင်​သဖြင့်​ ​ချောင်းကမ်းပြည့်​တဲ့အထိ ​ရေလွှတ်​တတ်​သည်​။

ရက်​ရှည်​မိုး​စွေ​နေ​သော​ကြောင့်​ ​ချောင်း​ရေ တိုးသထက်​တိုးလာသည်​။ ​နေမင်းကြီးခမျာ မိုးသားထု ညိုအိအိကြီး​အောက်​မှာ ​​ပျောက်​ကွယ်​လျက်​။ ​ရာသီဥတုဟာ ဆိုးသထက်​ ဆိုးလာသည်​။ ​​ရေလှိုင်း ကြီး​တွေက မြည်​တွန်​ပြီး ​ပြေးလာ​ကြသည်​။ လှိုင်းလုံးကြီးများက မာန်​ဖီပြီး အချင်းချင်းပုတ်​ခတ်​​နေသည်​။ ဆူးလုံးကြီး​တွေ ၊ ထင်း​တွေ ၊ သစ်​ပင်​ကြီး​တွေနှင့်​ ထန်းပင်​ စသည်​တို့သည်​ ​ရေပြင်​လှိုင်း လုံးများကြားတွင်​ ကစဉ့်​ကလျား​ မျောပါ​နေကြသည်​။ တ​ဝေါ​ဝေါမြည်​တွန်​​နေသည့်​ ​ချောင်း​ရေတို့က ​သွေးဆာ​နေ​သော သားရဲတကောင်​နှယ်​ ​ကြောက်​မက်​ဖွယ်​အတိ။

တဖက်​ကမ်းပါးယံဆီ လှမ်း​မျှော်​ကြည့်​မိ​​သောအခါ ကြီးမားသည့်​သရက်​ပင်​ကြီးသည်​ ကမ်းပါးယံမှ တွဲ​လှောင်းကျလျက်​။ ​တိုက်​စား​ပုတ်​ခတ်​​နေသည့်​ ​​ရေလှိုင်းများ​ကြောင့်​ အ​ပွေးတို့ပွန်းပဲ့​နေပြီ။ သစ်​ရွက်​များက ​​ရေလှိုင်း ရိုက်​ချက်​တိုင်းမှာ လွင့်​စင်​​မျောပါဆဲ။ မြင်​ကွင်းဟာ သားသတ်​​နေသည့်​အထာ မျိုး။ သရက်​ပင်​ကြီးသည် သူ​နေထိုင်​ကျင်​လည်​ရာ​ ​နေရာ​လေးကို စွမ်းသမျှအားနဲ့ဖက်​တွယ်​​နေရှာ သည်​။ ကုပ်​တွယ်​ထား​သော သရက်​မြစ်​လက်​တက်​များကို ​ရေလှိုင်းကြီးများက အားကုန်​ရိုက်​ချ​နေ သည်​။ ​ဆူးလုံး​နှင့်​ထင်းတချို့သည်​ သရက်​ပင်​ကြီးကို တွဲချိတ်​ကာ ​ချောင်း​ကြီးထဲသို့ ဆွဲနှစ်​ချ​နေ သည်​။ ​ရေစီးအားနှင့်​အတူပူး​ပေါင်းကာဆွဲနှစ်​သည့်​အခါ ​သရက်​ပင်​ကြီးခမျာ နောက်​ဆုံး "အားမသန်​ မာန်​​လျှော့"ရှာ​ရသည်​။ သူ​နေခဲ့ရာရပ်​၀န်းကို ​ရေလှိုင်း​တွေကြားမှ ရီ​ဝေစွာကြည့်​ရင်း လိုက်​ပါသွား​တော့သည်​။

တ​ဖျောက်​​ဖျောက်​ကျ​နေသည့်​ မိုး​ရေ​တွေနှင့်​​အတူ ကျွန်​မမျက်​၀န်းမှ မျက်​ရည်​စ​များသည်လည်း ​​ချောင်းကြီး အတွင်းသို့ လိမ့်​ဆင်း​နေကြသည်​။ ​ခေါင်းကိုငုံကာ လက်​နှစ်ဖက်​ဖြင့်​ က​လးတယောက်​ မျက်​ရည်​​တွေသုတ်​သလို ပွတ်​သပ်​သုတ်​လိုက်​သည်​။

ဟိုဘက်​ကမ်းပါး၊ ဒီဘက်​ကမ်းပါး ကူးဖြတ်​သည့်​လမ်းဆီကို ကျွန်​မအကြည့်​​တွေ ​နေရာချ​ပေးလိုက်​မိသည်​။ မြင်​လိုက်​ရသည့်​မြင်​ကွင်း​ကြောင့်​ ကျွန်​မရင်​ဟာ စက်​အင်ဂျင်တလုံး အားမနိုင်​လို့ ကြွသွား သည့်​နှယ်​။ ထီးကိုယ်​စီဖြင့်​ ကျွန်​မတည်​ရှိရာ ကမ်းပါးဘက်​သို့ ​ငေးကြည့်​​နေကြသည်​။ အဖြူအစိမ်း ယူနီ​ဖောင်း​လေး​တွေက တ၀က်​တ​ပျက်​ မိုးစို​နေပြီ။ ဘာလို့များ မိုး​တွေတဖွဲဖွဲကျ​​နေပြီး ​နေမင်းကြီး​အိပ်​စက်​​​နေတဲ့ရက်​မှာ ဘာလို့များ သူတို့တ​တွေ အိမ်​ကထွက်​လာခဲ့ကြသလဲ။ ဟို(၂) မိုင်​ခရီး​လောက်​က​ လာခဲ့ကြတဲ့သူတို့တ​တွေက အိမ်​ကိုမပြန်​လိုကြ။ စာသင်​​ကျောင်းကြီးတည်​ရှိရာ ဒီဘက်​ကမ်းပါးကို​ ငေးကြည့်​​နေကြသည်​။

တဖွဲဖွဲကျ​နေသည့်​မိုးသည် တဖြည်းဖြည်းတိတ်​သွားသည်​။ သို့​သော်​ ​ချောင်း​ရေသည်​ကား မ​လျော့။ မိုးတိတ်​သည့်​ ​ကောင်းကင်​ကြီးက က​လေးများတဖက်​ကမ်းသို့ကူးရန်​ မြူဆွယ်​လိုက်​သလို။ ကျွန်​မ မ​ကျေနပ်​စွာ ​မော့ကြည့်​မိသည်​။ ပကတိငြိမ်​​နေတာဆို​ပေမယ့်​ ကျွန်​မအမြင်​မှာ ​ကောင်းကင်​ကြီးက သ​ရော်​ပြုံး ပြုံးကာလှုပ်​လှုပ်​ရွရွဖြစ်​​နေသည်​ထင့်​။ ​သေချာကြည့်​မိ​တော့ မဟုတ်​။ ကောင်းကင်​က တိမ်​ထုကြီးထဲမှာ ​ချောင်း​ရေ​တွေ တဟားဟားရယ်​​နေကြသည့်​အရိပ်​​တွေ။ ပြိုကျ​နေသည့်​ တိမ်​သားစ​လေး​တွေကို မာယာ​တွေလူးထားသည့်​လက်​ကြီးများနှင့်​ ဆွဲတန့်​ထားသည်​။
က​လေး​တွေဆီကို အ​ပြေးအလွှားကြည့်​မိသည်​။ ကျွန်​မ​ နာနာကျင်​ကျင်​ ​ခေါင်းကိုဖြည်းညင်းစွာ ရမ်း လိုက်​မိသည်​။

အ​အေးလွန်​ပြီး ကုပ်​ကပ်​တွ​နေသည့်​ ကျွန်​မလက်​​​တွေကို ဟန့်​တားဖို့အတွက်​ ကြိုးစားဆန့်​ထုတ်​သည်​။ မရ အချည်းနှီးသာ။ "မကူးခဲ့ပါနဲ့"လို့ အားကုန်​​အော်​လိုက်​သည်​။ သူတို့တ​တွေ မကြားကြ။ ကျွန်​မကိုယ်​က အညှာခိုင်​သည့်​ သစ်​ရွက်​နုနု​လေး​တွေ​​တောင်​ ​ကြွေကျသွာသည်​။ ​ချောင်း​ရေ​တွေက ကျွန်​မကိုကြည့်​ပြီး ​ဟားတိုက်​ရယ်​​နေကြသည်​။

(၁၅)နှစ်​အရွယ်​က​လေးတစ်ယောက်​က အဖြူ​ရောင်​စတစ်​​​ကော်​လံနှင့်​ အင်္ကျီ​လေးကိုဦးစွာချွတ်​လိုက်​သည်​။ ပြီး​တော့ ​ကျောင်းစိမ်းပုဆိုးကိုပါချွတ်​ပြီး ကျွတ်​ကျွတ်​အိပ်​ထဲမှာစုထည့်​သည်​။ ​အစက လှိုင်းထန်​​နေသည့်​​ချောင်း​ရေပြင်သည် ကြွက်​ခုတ်​​တော့မည့်​ ​ကြောင်​တကောင်​လို ငြိမ်​ချက်​သား​ကောင်းလှသည်​။ ​အားလုံးအမြင်​မှာ ​ချောင်း​​ရေဟာ နိမ့်​​လျော့သွားပြီဟု ထင်​မှတ်​ရသည်​။ က​လေး ငယ်​က ​ ရူးမိုက်​စွာ ချောင်းတွင်းသို့ ဦးစွာဆင်းသည်​။ က​လေးငယ်​သည် ​ရေကူးကျွမ်းကျင်​စွာ ​ချောင်းကိုဖြတ်​​နေသည်​။ ​က​လေး​ချောင်းလယ်​အ​ရောက်​မှာ ကံဆိုးစွာ အထက်​မှဆည်​​ရေ​တွေ ကျလာသည်​။ ကြီးမားသည့်​လှိုင်းလုံးကြီးများက အညှိုးတကြီးထိုးနှက်​ဖို့ အားစိုက်​​ပြေးလာ​နေသလို။ က​လေးငယ်​လည်း ကြိုးစားပြီးကမ်းဆီအ​ပြေးကူးခတ်​လျက်​။ ကမ်း​ရောက်​ဖို့ (၅)​ပေအလို​လောက်​မှာ လှိုင်းလုံးကြီးများက ရက်​စက်​စွာ ပစ်​တိုက်​ ဖုံးအုပ်​သွားသည်​။

ကျန်​ရစ်​ခဲ့သည့်​ ကမ်းမှက​လေးများက အံ့အားသင့်​စွာ မယုံကြည်​နိုင်​စွာ သူတို့နှုတ်​ခမ်း​လေး​တွေကို လက်​၀ါး​လေးဖြင့်​ ကာလိုက်​မိလျက်​။ အမည်​တခုကို က​လေးငယ်​​တွေ ​အော်​​ခေါ်​နေသည်​။ မည်​သူ မှ ပြန်​လည်​မထူး။ ​လှိုင်းများကြားတွင်​ က​လေးငယ်​၏ အရိပ်​အ​ရောင်​မျှမ​တွေ့။ လှိုင်းလုံးကြီးများက ​အောင်​နိုင်​သူများလက်​၀ါးချင်းရိုက်​လိုက်​ကြသည့်​နှယ်​ မြည်​ဟီး​နေသည်​။ ခဏအကြာမှာ လူကြီး များ ​ရောက်​လာပြီး ​ချောင်း​ရေထဲတွင်​ ​ပြေးလွှားကူးခတ်​ကြသည်​။ အ​ဝေးကြီးထိ ​ရေလှိုင်း​တွေနဲ့ အတူလိုက်​ပါသွားကြသည်​။ ​နောက်​ဆုံး​ချောင်းစပ်မှာ ပြန်​လည်​​ရောက်​ရှိလာသည်​။ ​လူတ​​ယောက်​က ​ဒေါသ​တွေနှင့်​ ​​ချောင်းကမ်းပါးယံကို လက်​သီးဆုပ်​များ ပစ်ကြဲ​နေသည်​သာ။

အဲ့ဒီအဖြစ်​အပျက်​များစွာကို နာကျည်းမုန်းတီးလွန်းလို့ ကျွန်​မ​ကောင်းကင်​ကြီးမှာပဲ အကြည့်​​တွေအ​ခြေချ​နေခဲ့​တော့သည်​။ တိမ်​မျှင်​တန်း​လေး​တွေကို ခပ်​ကျဲကျဲစုတ်​ချက်​ဆွဲထားသည့်​ ​နောက်​ခံ​ကောင်းကင်​ကြီးနှင့်​ လှပ​သောပန်းချီကားသဖွယ်​ဖြစ်​​နေသည်​ကိုလည်း တစ်​ခါတ​လေ​တွေ့မြင်​ရသည်​။ ပြီး​တော့ မိုးသားတိမ်​ထုကြီး​ ပြိုကျ​နေသည့်​မြင်​ကွင်းကိုလည်း မြင်​ရသည်​။ ​ပြီး​တော့ ​ဆောင်းနှင်းများ​ ​ကြွေကျလာသည့်​မြင်​ကွင်းကိုလည်း မြင်​ရသည်​။

နာရီ​ပေါင်းများစွာ ဘယ်​​လောက်​​ သေ​ကြေပျက်​စီးသွားသည်​မသိ။ ဆူဆူညံညံလူသံများ၊ ​အော်​သံ ညာသံများ ​ချောင်းအတွင်းဆီမှတဆင့် ကျွန်​မထံပြန့်​လွင့်​လာမှ ကျွန်​မပတ်​၀န်းကျင်​ကို သတိရမိ သည်​။ အဲ့ဒီရပ်​၀န်းဆီကို ကျွန်​မမျက်​လုံး​တွေ ခရီးမသွားဖြစ်​တာ ရာသီ​ပေါင်းများစွာလည်​ပတ်​ခဲ့ ပြီးပြီ။ အကြည့်​​တွေကိုတားဆီးကြည့်​​​နေချိန်​မှာ စိတ်​ဟာ လွတ်​​ချော်​ထွက်​ခဲ့။ စိုးထိတ်​စွာနှင့်​ အသံ​တွေကျက်​စားရာဆီသို့ ကြည့်​မိသည်​။

"အို!!!!....."
ကျွန်​မအံ့သြစွာ ​ရေရွတ်​မိသည်​။ ​ရေအနည်းငယ်​သာ ​ကွေ့ပတ်​စီးဆင်း​နေသည့်​ ​ချောင်းအတွင်းမှာ လူ​ပေါင်းများစွာ အလုပ်​လုပ်​​နေကြသည်​။ ​ တ၀က်​ထိပြီးစီး​နေပြီဖြစ်​တဲ့ ခိုင်​ခန့်​​သော တံတားကြီး တ​စင်းဟာ ဟိုဘက်​ကမ်းပါးယံမှ ချီတက်​လာ​နေပြီ။ မျှော်​လင့်​မထားမိသည့်​ မြင်​ကွင်း​ကြောင့်​ ​လေ မတိုး​ပေမယ့်​ ကျွန်​မကိုယ်​ကသစ်​ရွက်​​လေး​တွေက ကြက်သီးများထကာ တဖျန်းဖျန်းလှုပ်​တွန့် သွားသည်​။ မိုးမကျ​ပေမယ့်​ သို​လှောင်​ထားသည့်​မိုး​ရေ​တွေက အ​ပျော်​​တွေ​ကြောင့်​ လွင့်​စင်​ကျ​နေသည်​။ 

နွေပူပူမှာ ငတ်​မွတ်​​နေသည့်​ ​အေးမြတဲ့မိုးစက်​​လေး​တွေရလို့ ကျွန်​မကိုယ်​ထည်​​အောက်​က မြက်​ပင်​​လေး​တွေက ကျွန်​မ​မော့ကြည့်​ပြီး ပြုံးလို့။ လိုအပ်​တပ်မက်​စွာ ​မျှော်​လင့်​ဖူးသည့်​တံတားကြီးတစင်း က ကျွန်​မရှိရာကမ်းပါးဆီ ဦးတည်​​ရှေ့ရှူ​နေတာမြင်​ပြီး ကျွန်​မက ပြုံးလို့။ လုပ်​အား​ပေး​နေသည့်​ ​ကျေးရွာများစွာက လူ​တွေအားလုံးကလည်း ပီတိ​တွေနှင့်​ပြုံး​ပျော်​လို့။ အားလုံးရဲ့အပြုံး​တွေဟာ ​​နွေဦးက သစ်​ရွက်​နုပုရစ်​ဖူး​တွေလို ရွှန်းရွှန်း​နု​ဝေလို့။ ဒီအပြုံး​တွေ မိုနာလီဇာများမြင်​ခဲ့ရင်​ ငိုမယ်​ထင်​ပါရဲ့။

မကြည့်​ဖြစ်​တာကြာပြီဖြစ်​သည့်​ ဒီ​နေ့​နေ၀င်​ဆည်းဆာက ​ရွှေ​ပိုးမျဉ်​​တွေနှင့်​ ထိုးထားသည့်​ အလှဆုံး ဇာပုဝါသားလို။ တဖြည်းဖြည်းအ​ရောင်​​တွေရင့်​ ရင့်​လာသည့်​အ​မှောင်​စ​တွေကြားမှ လမင်းကြီးက တိုးထွက်​​နေသည်​။ တံတား​ဆောက်​​သည့်​ ဟိုဘက်​ကမ်းပါးယံမှ လွင့်​ပျံလာသည့်​အသံ​တွေ​ကြောင့်​ တံတားဖြစ်​တည်​လာ​သောအ​ကြောင်းရင်းများစွာကို ကျွန်​မသိခဲ့ရသည်​။

ဆရာ​တော်​ အရှင်​​ဝေပုလ္လမှ တံတားဖြစ်​တည်​ဖို့ စီမံဦး​ဆောင်​ခဲ့သည်​။ ထူးမြတ်​သည့်​အလှူ ဒါနတ​ခုကို ဖွင့်​လှစ်​ကာ ​ဆံပင်​များကိုအလှူခံခဲ့သည်​။ မြန်​မာနိုင်​ငံအနယ်​နယ်​အရပ်​မှ အမျိုးသမီးများ သည်​ သူတို့၏ဆံပင်​များကို စိတ်​အားထက်​သန်​စွာလှူဒါန်းခြင်း​ကြောင့်​တမျိုး၊ ဆရာ​တော်​ဘုရား၏ ဘုန်းတန်​ခိုးကြောင့်​တသွယ် တံတားကြီးတည်​​ဆောက်​နိုင်​ခဲ့သည်​။ ရည်​သန်ဦးတည်​မှု​ကောင်းမွန်​လှ​သော ဆရာဘုရား၏ လားရာစိတ်​ပန္နက်​​ကောင်းမွန်​လှ​သော​ကြောင့်​ ​ဒေသခံအားလုံးသည်​ ဆရာ​တော်​ဘုရား​ခြေဆုံတွင်​ ဖူး​မျှော်​ခိုလှုံကြသည်​။

အပြုံး​တွေ ဝေ​ဝေဆာလို့ ပီတိ​တွေက လူတိုင်းရင်​မှာ ပန်းများသဖွယ်​ ပွင့်​လန်း​နေသည်​။ လှပခန့်​ ညားသည့်​ တံတားကြီးက ကျစ်​လစ်​​တောင့်​တင်းသည့်​ အပျိုစင်​တဦးလို။ ဒီနှစ်​မိုးရာသီ တချို့ရက်​များတွင်​ ​နေမသာ​နိုင်​​ပေမယ့်​ အပြုံး​တွေ သာယာလှပကြသည်​။

တံတားကြီးကို အမှီသဟဲပြုကာ ​ဒေသခံ​တွေသည် မြို့ပြဆီသို့ နွေ၊ မိုး၊​ ဆောင်း ရာသီမ​ရွေး အမြန်​ခရီးနှင်​နိုင်​ပြ်ီ။ ​ကျောင်းသူ၊​ ကျောင်းသား က​လေးငယ်​​တွေ တံတား​ပေါ်မှသက်​​တောင့်​သက်​သာ ဖြတ်​​လျှောက်​ပြီး ​ကျောင်းပျက်​ရက်​မရှိ တက်​နိုင်​ပြီ။ ​ ရေကြီး​နေချိန်​ အ​ရေး​ပေါ်ကျန်းမာ​ရေးချို့တဲ့​နေသူများ ​မ​သေဆုံးသင့်​ဘဲဆုံးရှုံးခဲ့ရခြင်းများမှ ဒေသခံရွာသူ ရွာသား​တွေလွတ်​​မြောက်​ခဲ့ပြီ။

အ​လောင်း​တော်​ကဿပ ဖူး​မျှော်ရန်​သွားလာကြသည့်​ ဘုရားဖူးများတွက်​ လမ်းပန်းဆက်​သွယ်​​မှုက ​ကောင်းမွန်​ခဲ့ပြီ။ ဆရာ​တော်​ဘုရားသည် ယမား​ချောင်းတံတားကြီးအပြင်​ ယင်းမာပင်​မြို့မှ လယ်​​ငေါက်​ရွာ အ​လောင်း​တော်​ကဿပလမ်းခွဲသို့ ဦးတည်​ရာလမ်းမကြီးကိုလည်း ကတ္တရာခင်းတမျိုး၊ ကွန်​ကရစ်​ခင်းတမျိုးဖြင့်​ ​ကောင်းမွန်​သည့်​လမ်းအသွင်​သို့ပြုပြင်​ကာ တံတားတိုများကိုလည်း ပြုလုပ်​ခဲ့သည်​။

အခုဆို ​ဆရာ​တော်​ဘုရား၏​မေတ္တာ​ကြောင့်​ ​ဒေသခံများ၏စိတ်​သည်​ ​အေးချမ်းမှုများစွာရခဲ့ပြီ။ မဆုံးရှုံးသင့်​ပဲ ဆုံးရှုံးခဲ့ရသည့်​ ရင်​နင့်​ဖွယ်​အဖြစ်​များမှလွတ်​​မြောက်​ခဲ့ကြပြီ။ ​​ရွှေဆံပင်​တံတားကြီး သည် ​ဒေသခံပြည်​သူများတွက်​ ရတနာနှင့်​မခြားသည့်​ စစ်​မှန်​​သော ​ရွှေဆံပင်​တံတားကြီးဖြစ်​သည်​သာ။

တံတား​ပေါ်မှ​ ​လေညင်းခံ​နေ​သောလူများကိုကြည့်​ရင်း ကျွန်​မရင်မှာ​ ​အေးချမ်းရသည်​။ ဆရာ​တော်​ဘုရားသတင်းသုံး​နေထိုင်​ရာသို့ ရည်​သန်​ရင်း ကျွန်​မကိုယ်​ထည်​က သစ်​ရွက်များဖြင့်​ လက်​အုပ်​ချီကာ ကန်​​တော့လိုက်​ပါ​တော့သည်​။

photo credit - https://defectivepundit.files.wordpress.com/2015/01/after-turners-tree-in-a-storm.jpg

ပြင်သစ်တော်လှန်ရေး ဘာစတီးနေ့မှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၈၀ဦး သေဆုံး

$
0
0


ပြင်သစ်တော်လှန်ရေး ဘာစတီးနေ့မှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၈၀ဦး သေဆုံး
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၆

ဇူလိုင်လ ၁၄၊ ၂၀၁၆ ပြည်သစ်ပြည်၊ နိစ်မြို့မှာ (၁၇၈၉ ခုနှစ် နှစ်လည်) ပြင်သစ်တော်လှန်ရေးနေ့ (ဘာစတီးနေ့) အထိမ်းအမှတ် ပြည်သူတွေ ဆင်နွှဲနေစဉ် ထရပ်ကားကြီးတစီးက ပရိသတ်ကို လိုက်လံတိုက်သဖြင့် လူ ၈၀ သေဆုံး၊ အများအပြား ဒဏ်ရာရရှိခဲ့သည်။ အဆိုပါထရပ်ကားသည် ဗုံးများ၊ သေနတ်များ တင်ဆောင်လာပြီး အာရပ်နွယ်ဖွား ပြင်သစ်နိုင်ငံသားတဦးက မောင်းနှင်ပြီး လူအုပ်စုအတွင်း သေကြေပျက်ဆီးစေရန် လိုက်လံတိုက်ခဲ့ခြင်းဖြစ်သည်။ ပြင်သစ်လုံခြုံရေးတပ်ဖွဲ့များက ကားကို ပစ်ခတ်ပြီး တားဆီးခဲ့ရာမှာ ကားသည် နိစ်မြို့ လူထုပရိသတ်အတွင်း ၂ ကီလိုမီတာနီးပါး တိုးဝင်တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။


အကြမ်းဖက်သမားသည် အစွန်းရောက်သူတဦးဖြစ်ပြီး ဘာသာရေးအစွန်းရောက် အကြမ်းဖက်သူလား၊ အဖွဲ့အစည်းများနဲ့ ဆက်သွယ်သူလား အတိအကျ စုံစမ်းမသိရှိရသေးပေ။ မည်သည့် အစွန်းရောက်အကြမ်းဖက်အဖွဲ့ကမှ သူတို့လက်ချက်ဖြစ်သည်ဟုလည်း မကြေညာသေးပေ။ ပြင်သစ်ပြည်တွင် လွန်ခဲ့သည့် ၂ လအတွင်း ပြင်သစ်အိုပင်းတင်းနစ်ပွဲ၊ ဥရောပဖလား ဘောလုံးပွဲများ လက်ခံကျင်းပခဲ့ရာ ပြည်တွင်း ပြည်ပ ဧည့်သည်အများအပြားတက်ရောက်ခဲ့ကြရာတွင် မည်သည့် အကြမ်းဖက်မှုကိုမျှ မရင်ဆိုင်ခဲ့ရသော်လည်း ယခု ပြင်သစ်လွတ်လပ်ရေးနေ့သဖွယ် သဘောထားသည့် နိုင်ငံတော်နေ့ရက်ကျမှ အစွန်းရောက်အကြမ်းဖက် တိုက်ခိုက်မှုကို ခံလိုက်ရခြင်းဖြစ်သည်။

အဆိုပါ အကြမ်းဖက်မှုအတွက် ပြည်တွင်း ပြည်ပ ခေါင်းဆောင်များ ပြည်သူများက ၀မ်းနည်းကြောင်း ကန့်ကွက် ရှုတ်ချကြောင်း ချက်ခြင်း ထုတ်ပြန်ခဲ့ကြသည်။ အမေရိကန်သမ္မတ အိုဘားမား အစွန်းရောက်အကြမ်းဖက်မှုများကို နိုင်ငံတကာအဆင့် အားလုံး ပူးပေါင်းတွန်းလှန် ချေမှုန်းကြရမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ 

ဥရောပတွင် ၂၀၁၆ အတွင်း အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကို ကာကွယ် နှိမ်နင်းမှုများ တိုးမြှင့် ဆောင်ရွက်ခဲ့ကြသည်။ ထိုကြားထဲတွင် တူရကီမြို့တော် လေဆိပ်တွင် အကြမ်းဖက်တိုက်ခိုက်မှု ခံခဲ့ရသည်။ ပြင်သစ်နဲ့ အီဂျစ်ကြား ပျံသန်းသော လေယျာဉ်တစီးလည်း အကြမ်းဖက်ခံရသည်ဟူသော သံသယဖြင့် ပျက်ကျခဲ့သည်။ ပြင်သစ်ပြည်တွင် ၂၀၁၅ ဇန်န၀ါရီတွင် တခါ၊ ဒီဇင်ဘာလတွင် တခါ အိုင်ဇစ် အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ဖြစ်သည်။

မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၁၂

$
0
0


မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၁၂
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၆

ရဲဘော်နီအောင်မေသု

၁၉၇၂ တွင် ထောင်သွင်းအကျဉ်းချထားခြင်းခံထားရသော လက်ဝဲ လက်ျာနိုင်ငံရေးသမားများ စာရေးဆရာများ ဂျာနယ်လစ်များ အလုပ်သမား လယ်သမား အမှုထမ်း ကျောင်းသားသပိတ်များ ကို ခေါင်းဆောင်ခဲ့ကြသူများပါသည်။ ACPB မှ သခင်ဇင်၏ဇနီးဒေါ်ကြည်ကြည် လေထီးဗိုလ် အုန်းမောင်တို့ ပါသည်။ စာရေးဆရာများထဲမှ ဗန်းမော်တင်အောင် မြသန်း တင့်တို့ပါသည်။ ကိုအောင်မေသုကား ထိုလွတ်လာများထဲက တယောက်ဖြစ်သည်။

ကိုအောင်မေသုသည် အုတ်ဖိုမှဖြစ်ပြီး သာယာဝတီခရိုင် ဗကသကျောင်းသားခေါင်းဆောင် တဦးဖြစ်သည်။ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးပျက်ပြီးနောက် ၆ ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြ လှုပ်ရှားမှုများ နောက်တွင် အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။ သူသည် ဗမာတယောက်တော့ မဟုတ်ပေ။ အိန္ဒိယနွယ်ဖွားတယောက်ဖြစ်သည်။ သူသည် ဘင်္ဂါလီလော တမီလ်လော၊ ဟင်ဒူစတန်နီလောတော့ မိမိသတိမထားမိခဲ့။ သို့သော် သူတို့မိသားစုကတော့ မွတ်စလင် မိသားစု ဖြစ်သည်။ ဖခင်က အုတ်ဖိုမှ ဗလီဆရာတဦးဖြစ်ပြီး သူတို့အိမ်က ဗလီအနီး ၂ လမ်းပေါ်ရှိ နှစ်ထပ် တိုက်အိုကြီး ဖြစ်သည်။ မွတ်စလင်တယောက်မှ လက်ဝဲလိုလားသူ တိုးတက်သော ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်လာသူဖြစ်ပေသည်။

ကိုအောင်မေသုသည် ကျောင်းသားလှုပ်ရှားမှုများတွင် ခေါင်းဆောင်ပါဝင်ခဲ့သော်လည်း စာညံ့သူတဦးတော့ မဟုတ်ခဲ့ပေ။ သူခေတ်ကာလက ၇ တန်းတွင် စကောလားရှစ် ပညာထူးချွန်ဆု ရခဲ့သူဖြစ်သည်။ သူရရှိသော စကောလားရှစ်ဆုကြေးငွေအား ကျောင်းသို့ပြန်လှူဒါန်း၍ အုတ်ဖို ကျောင်းတွင် လက်ဆေးကန်များ ရေပိုက်များသွယ်တန်းပေးထားသည်ပင် ၁၉၇၀ ခုနှစ် အုတ်ဖိုကျောင်းသို့ မိမိရောက်သည်အထိ ရှိနေသေးသည်။

ယခုတော့သူသည် နှစ်ရှည်ထောင်ဒဏ်ကျခံရပြီး ကိုးကိုးကျွန်းသို့ပါ အပို့ခံရပြီးနောက် သူ၏အိမ်ရှိရာ အုတ်ဖိုသို့ပြန်လည်ရောက်ရှိလာသည်။ မိမိအဖို့ စာအုပ်ထဲမှ နိုင်ငံရေးသမား ကျောင်းသားခေါင်းဆောင်များအား တွေ့ဖူးခဲ့ရာမှ လက်တွေ့ ဘဝတွင် ပထမဆုံးတွေ့ဆုံခဲ့ရသည့် နိုင်ငံရေးသမား ကျောင်းသားခေါင်းဆောင်တဦးဟု ဆိုရပါမည်။ သူ၏နံမည်မှာ အောင်မေသုဖြစ်သော်လည်း သူပိုင်စာအုပ်များပေါ်တွင် လက်မှတ် ရေးထိုးရာတွင်၎င်း၊ ပေးစာများတွင်၎င်း၊ ရဲဘော်နီအောင်မေသုဟု လက်မှတ်ရေးထိုးလေ့ ရှိသည်။ လက်ဝဲ လိုလားသော တိုးတက်သောကျောင်းသားတယောက်အဖြစ် သူကိုယ်သူ ပုံဖော်ပြသထားခြင်းဟုဆိုရပါမည်။

ထိုစဉ်သူပြန်လွတ်လာပြီးနောက် အုတ်ဖိုတွင် သူအားရဲရဲပေါင်းသင်းရဲသူမရှိ။ လမ်းတွေ့လျှင် နှုတ်ဆက်ကြတောင်မှ နှုတ်ဆက်ပြီးသည်နှင့် အကြောင်းအမျိုးမျိုးပြ၍ ခပ်သွက်သွက် လစ်ကြသည်။ သူ့အိမ်ကိုအဝင်အထွက်မလုပ်ရဲကြ။ အစိုရမင်းများ အမျက်တော်ရှမှာ ကြောက်ကြ သည်။ ထိုစဉ်ကာလက ဂျန်ကဲဟက်ခေါ် တောစီးဦးထုပ်ဆောင်းကာ လွယ်အိတ်တလုံး လွယ်ထားသည့် အရပ်ဝတ်နှင့် စစ်ထောက်လှမ်းရေးဆိုသူများကိုအများက ကြောက်ကြရသည်။ ထောင်ထွက် ကျွန်းပြန် အစိုးရအတိုက်အခံတယောက်ကို မဆက်ဆံရဲကြပေ။

မိမိနှင့် သူငယ်ချင်း တချို့ကတော့ ခပ်တည်တည်သွားတွေ့ကြသည်။ ခပ်တည်တည်ဆိုသည်တောင် စိုးရိမ်စိတ်တော့ရှိသည်။ သူ့အိမ်ကို စသွားတွေ့စက နေ့လည်နေ့ခင်း မသွားရဲခဲ့။ နေဝင်မှောင်ရီသန်းချိန်ကျမှ လမ်းလျှောက်ထွက်သလိုလျောက်ကြပြီး သူအိမ်ရှေ့ ရောက်မှ ဇတ်ခနဲချိုးဝင်ကြသည်။ မဟာစွန့်စားခန်းကြီးသဖွယ်ဖြစ်ချေတော့သည်။ တကယ်တော့ အုတ်ဖိုမြို့သည် သိပ်ကြီးလှသည်မဟုတ်ပေရာ ဘယ်အိမ်ကို ဘယ်သူသွားသည်ဆိုသည်ကို အထူးစုံစမ်းစရာ မလိုဘဲသိနိုင်သောမြို့ဖြစ်သည်။ မိမိတို့ ကိုယ်ဟာကိုယ် ဟုတ်လှပြီ ထင်နေခြင်းသာဖြစ်သည်။

သူအိမ်ရှေ့ ကုက္ကို ပင်ကြီးအောက်ရှိ မြောင်းပေါ်ခွဆောက်ထားသော အုတ်ခုံတန်းပေါ် ထိုင်စကား ပြောလေ့ရှိကြသည်။ ကိုအောင်မေသုသည် အသားခပ်ညိုညို ဗလအတန်အသင့်ရှိသည့် ဂင်တိုတို လူတယောက်ဖြစ်ပြီး ပြုံးရွှင်စွာ စကားပြောတတ်ပြီး စကားပြောကောင်းသူ တယောက်ဖြစ်သည်။ မိမိတို့ စကားကိုလည်း အလေးအနက်နားထောင်လေ့ရှိပြီး နှိမ့်နှိမ့်ချချနေထိုင်ပြောဆိုတတ်သူတဦး ဖြစ်သည်။ သူ့ဆီမှ သူတို့ခေတ်ကာလ ကျောင်းသားသမဂ္ဂအကြောင်း သမဂ္ဂလှုပ်ရှားမှုများ အကြောင်း နိုင်ငံရေးလှုပ်ရှားမှုများအကြောင်း ကွဲပြားသောနိုင်ငံရေးအမြင်အယူအဆများ အကြောင်းများစွာကြားသိ လေ့လာခဲ့ရသည်။

ကျောင်းသားသမဂ္ဂများဖွဲ့စည်းကြခြင်း သမဂ္ဂ၏အစဉ်အလာ တကသရကသ ဗကသတို့၏ လှုပ်ရှားမှုများ ၇ ရက် ဇူလိုင်အရေးအခင်း ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း သမဂ္ဂအဆောက်အအုံ ဖြိုခွဲဖျက်ဆီးခံရမှု ဗိုလ်အောင်ကျော်ကျောက်တိုင် ရာကျော်ကျောက်တိုင် ငြိမ်းချမ်းရေးဆန္ဒပြပွဲများ စစ်တပ်အာဏာသိမ်းမှု စသည့်အကြောင်းအရာစုံ သူ၏အတွေ့အကြုံများဖြင့် ယှဉ်၍ လေအေးအေးဖြင့် ရှင်းပြလေ့ရှိသည်။

အင်းစိန်ထောင်မှ သူတို့တတွေ ကိုးကိုးကျွန်းအပို့ခံရသည့်အတွေ့အကြုံများမှာလည်း စိတ်ဝင်စား စရာ ကောင်းသည်။ အချို့က ကိုးကိုးကျွန်းရောက်၍ ပင်လယ်ကမ်းခြေတွင် လမ်းလျှောက်၍ အုန်းရေသောက်ရမည်ဟုထင်နေချိန်တွင် သူတို့တတွေ အကျဉ်းစခန်းထဲက အပြင်မထွက်ရသည် ကို ရယ်မော၍ ပြောပြသည်။ ကိုးကိုးကျွန်းမှ ဖောင်ခိုးဖွဲ့၍ ထွက်ပြေးသူများ၏ စွန့်စားခန်းမှာလည်း အံ့အားသင့်ဖွယ်ဖြစ်သည်။ ကိုးကိုးကျွန်းမှ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကို ဖြတ်၍ ၃ ဦးဖြတ်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထိုဖောင်လေးသည် တနင်္သာရီကမ်းရိုးတန်းတနေရာကို ဆိုက်ကပ်ခဲ့သည်ဟုဆိုပါသည်။ ယုံနိုင်ဖွယ်ရာပင်မရှိသည့်အဖြစ်အပျက်ဟုဆိုရမည်။

ထို ၃ ဦးအနက် တဦးကိုတော့ ဘယ်အဖွဲ့အစည်းကမှန်းမမှတ်မိတော့။ ပြန်လည်ဖမ်းမိသွားသည်ဟုဆိုသည်။ တဦးကတော့ CPB ဟုဆိုသည်။ ထိုရဲဘော်ကတော့ လွတ်မြောက်ပြီး ပဲခူးရိုးမဗဟိုသို့ရောက်သွားခဲ့သည်ဟုဆိုသည်။ နောင်တိုက်ပွဲတခုတွင် ကျ ဆုံးခဲ့ကြားရသည်။ နောက်တဦးကတော့ KNU မှဖြစ်သည်။ သူလည်းထွက်ပြေးလွတ်မြောက်သွားသည်။ ယခုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တွေ့ရသည့် ဖဒိုမန်းငြိမ်းမောင်ဖြစ်သည်။

ထောင်တွင်းတွင် ဖိနှိပ်မှုများ အာဏာပြမှုများ သူတို့၏တုံ့ပြန်မှုများကို ပြောပြတတ်သည်။ တချို့ထောင်တွင်းဖိနှိပ်မှုများ အသားလွတ်ဖိနှိပ် ပုံစံပေးခြင်းမျိုးဖြစ်သည်။ တခါက အားလုံး ဆံပင်ပုံညှပ်၊ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေး အကုန်ရိတ်ဟု အမိန့်ထုတ်သည်ဟုဆိုသည်။ သူက"မရိတ်နိုင်ဘူး ကျနော်တို့ မွတ်စလင်က ဘာသာရေးအယူအဆနဲ့ထားတာ "ဟုဖြေလိုက်ရာ "ဘာကွ ကွန်မြူနစ်က အခုမှ မွတ်စလင်လုပ်မနေနဲ့ဆိုပြီး လှိမ့်ရိုက်တော့တာပါပဲကွာ "ဟု ရီရီမောမော ပြောပြတတ်သည်။ သို့သော် ထိုထက်ပြင်းထန်သည့် ထောင်တွင်းတိုက်ပွဲများကား မလွယ်ကူလှပေ။
သို့သော် ထိုစဉ်က ကွန်မြူ နစ်တစ်ယောက်ဖြစ်နေပြီလော ကွန်မြူ နစ်ဝါဒကို သက်ဝင်ယုံ ကြည်သူ ဖြစ်နေပြီလော သို့မဟုတ် ကွန်မြူနစ်တစ်ယောက်အဖြစ်သတ်မှတ်တွန်းပို့ခံရသည်လော ဆိုသည် ကတော့ စဉ်းစားဖွယ်ဖြစ်သည်။ သူသည် ကျောင်းသားခေါင်းဆောင်တဦးအနေနှင့် ထောင်ထဲ ရောက်သွားပြီး လက်ဝဲ လက်ျာနိုင်ငံရေးသမားပေါင်းစုံနှင့်အတူ ထောင်ကျနေခဲ့သူဖြစ်သည်။

ကျွန်းတွင် မဆလအစိုးရ၏ဖိနှိပ်ချုပ်ချယ်မှုများကို ဆန့်ကျင်သည့် အစာငတ်ခံတိုက်ပွဲများပြု လုပ်ခဲ့ကြသည်။ ၅၄ ရက်ကြာ အစာငတ်ခံတိုက်ပွဲတွင် အကျဉ်းခံတိုက်ပွဲဝင်ရဲဘော် ၈ ဦး ကျဆုံးခဲ့ သည်။ အစာငတ်ခံတိုက်ပွဲအစက တိုက်ပွဲဝင်သီချင်းတွေ ဟစ်ကြွေးနိုင်ကြသေးသော်လည်း အချိန်ကြာလှသည် မျှ အိပ်ယာထက်တွင် အားအင်ချိနဲ့လာသောရဲဘော်များ တဦးပြီးကျဆုံးလာချိန်တွင် ဖြစ်ပေါ်လာသည့် ဝမ်းနည်းကြေကွဲမှုများ၊ အံကြိတ်တောက်ခေါက်သံများ၊ သန္နိဋ္ဌာန်များ ခွန်အားများကိုကြားရသည်မှာ တုန်လှုပ်ဖွယ်ကောင်းလှသည်။ ကျောင်းသား၊ အလုပ်သမား၊ စာရေးစာချီ၊ အလွှာစုံမှ အကျဉ်းသားရဲဘော်များ၏ခိုင်မာသည့်ဆုံးဖြတ်ချက် တိုက်ပွဲဝင်ရဲသည့်စိတ် စွန့်လွှတ်ရဲသည့်သတ္တိတို့ကို စိတ်ဝင်စားဖွယ်ရာကြားသိရသည်။ ထောင်တွင်းတိုက်ပွဲ၌ အစာငတ်ခံ တိုက်ပွဲသည် အမြင့်ဆုံးတိုက်ပွဲဖြစ်သကဲ့သို့ ထိုသို့သောတိုက်ပွဲမျိုးတိုက်လျှင် ပေးဆပ်ရမှုသည် ထိုက်တန်ပါ၏လောဆိုသည့် အငြင်းပွားအယူအဆများကိုလည်း ကြားသိရသည်။ သို့သော် ယုံကြည်ချက်တခုအတွက် မိမိအသက်ကိုပေးဆပ်ရသည်မှာတော့ မလွယ်ကူလှဟု သဘောပေါက်မိခဲ့သည်။

ထိုစဉ် တရုတ်နှင့် ဆိုဗီယက်ကြားက အယူအဆသဘောတရားရေးရာကွဲလွဲမှုများ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးဆိုသည်မှ အယူအဆသဘောတရားများ ဗမာပြည်ကွန်မြူ နစ်ပါတီမှ အယူအဆရေးရာ ပါတီတွင်းတိုက်ပွဲနှင့်ပတ်သက်၍ လက်လှမ်းမှီသမျှများကိုကြားသိရသည်။ ထို့ပြင် ကိုအောင်မေသုထံမှ ယနေ့တရုတ်ပြည်၊ တရုတ်လက်ရွေးစင်သတင်း စသည့် တရုတ်သံရုံးထုတ် စာအုပ်များလည်း ဖတ်ရှုရသည်။ သို့သော် ထိုစာများကို တဖတ်သတ် တော့လည်း ယုံစရာမလိုခဲ့ပေ။ အဂ္ဂါစနိုးရေးသည့် "တရုတ်ပြည်ပေါ်မှကြယ်နီ ""ဘဝချင်း မတူသည့် တရုတ်ပြည် "စသည့် တရုတ်ပြည်အကြောင်းရေးထားသည့် စာအုပ်များစွာနှင့် ချိန်ထိုးဖတ်ရှု၍ ရနိုင်သည်။

နောက်တော့ မော်စီတုန်းရေးသားသော စာအုပ်ငယ်လေးများကို လည်းဖတ်ရသည်။ "ဆောင်းပါး လေးစောင်"အပါ မော်စီတုန်းလက်ရွေးစင်ကျမ်းတွင်ပါသည့် ဆောင်းပါးများကို အုပ်ငယ်လေးများ ဖြင့် ခွဲထုတ်ထားသောစာအုပ်ကလေးများဖြစ်သည်။ ထိုထဲမှ "လက်တွေ့ကျမ်း "ပဋိပက္ခကျမ်း""ပြည်သူတွင်းပဋိပက္ခ မှန်ကန်စွာဖြေရှင်းရေး "ဟူသောဆောင်းပါးများပါသည့် "ဆောင်းပါး လေးစောင် "ဖြစ်သည်။ မိမိဘဝတွင် အကြိမ်ကြိမ်အထပ်ထပ် အလွတ်ရလုနီးပါး ဖတ်ခဲ့သည့် စာအုပ်လေးလည်း ဖြစ်သည်။

တကယ်တော့ မော်စီတုန်းအတွေးခေါ်ဆိုသည့် မော်စီတုန်းလက်ရွေးစင်ကျမ်းပါ ဆောင်းပါး သုံးသပ်ချက်များမှာ တရုတ်ပြည်လူ့အဖွဲ့အစည်းအခြေအနေကို သုံးသပ်ပြီး မည်သို့မည်ပုံ လုပ်ဆောင်ရမည်ကို လမ်းညွှန်ရေးသားချက်များကို ရေးသားထားခြင်းဖြစ်သည်။ သူ၏သုံးသပ်ဆုံဖြတ်ချက်များ မှန်ကန်၍ ကျန်းခဲ့ရှိတ် ( ချန်ကေရှိတ် ) အစိုးရအား အနိုင်တိုက်ပြီး ပြည်မကြီးကိုသိမ်းပိုက်နိုင်သည်ကိုတော့ သံသယဖြစ်စရာမလိုပေ။ သို့သော် သူ၏အတွေ့အကြုံ သုံးသပ်ချက်များကို လေ့လာရမည်ဖြစ်သော်လည်း ပုံတူကူးချ၍ မဖြစ်နိုင်။ မြန်မာပြည်လက်တွေ့နှင့် ထူးခြားချက်များကို ထည့်သွင်းစဉ်းစား၍ လုပ်ဆောင်ရန်လိုအပ်သည်ကို မိမိ တဖြည်းဖြည်းမှ သဘောပေါက်ခဲ့သည်။ သဘောတရားဆိုသည်မှာ အလုပ်လမ်းညွှန်ဟုမှတ်ယူရန် လွယ်ကူသော် လည်း လက်တွေ့ဆုံးဖြတ်ကျင့်သုံးရန် မလွယ်ကူခဲပေ။

သို့ဖြစ်ရာ ကိုအောင်မေသုသည် မိမိ၏အတွက် နိုင်ငံရေးအရ လက်ဦးဆရာဟု ဆိုရပါမည်။ သို့သော် သူသည် မိမိတို့လူငယ်များ သွေးထိုးလှုံ့ဆော်မြှောက်ထိုးပင့်ကော် လုပ်ပေးသူတော့ မဟုတ်ခဲ့ပေ။ အကြောင်းတခုတိုင်းကို ဘက်ပေါင်းစုံမှ အပြန်အလှန်စဉ်းစားဖို့ အားပေးသည်။ စာများများဖတ်ဖို့ တိုက်တွန်းလေ့ရှိသည်။ များများစူးစမ်းလေ့လာဖို့ အားပေးသည်။ လူငယ်သဘာဝ မိမိစိတ်လှုပ်ရှားပေါက်ကွဲနေလျှင်ပင် တည်ငြိမ်အောင်ထိန်းချုပ်ဖို့ အပြန်ပြန်အလှန်လှန် စဉ်းစား သုံးသပ်ဖို့ အကြံပြုလေ့ရှိသည်။

ကိုးကိုးကျွန်းကပြန်လွတ်လာပြီး ကိုအောင်မေသု အိမ်ထောင်ပြုသည်။ သူ၏ဖခင်ဖြစ်သူက စီစဉ်ပေးပုံရသည်။ အုတ်ဖိုနှင့်မဝေးလှသော မင်းလှမြို့မှ ဗလီဆရာ၏သမီးနှင့်အိမ်ထောင်ကျ သည်။ သူတို့၏မင်္ဂလာဆောင်ကို မင်းလှမြို့တွင်ကျင်းပခဲ့သည်။ မိမိကတော့ ကျောင်းစာမေးပွဲ ရှိနေ၍ မရောက်ဖြစ်ခဲ့။ သူနှင့်ထောင်ကျဖက် နိုင်ငံရေးသမားများ စာရေးဆရာများ ကားတစီး ငှားပြီး လာရောက်ကြသည်ဟုကြားရသည်။ ကိုအောင်မေသု၏ မင်းလှမင်္ဂလာပွဲသို့ လာရောက်ခြင်းကို ဆရာမြသန်းတင့်၏ "ကျနော်ဆက်၍ရေးချင်သောဝတ္ထုများ "တွင် ဖွဲ့နွဲ့ဖော်ပြထားသည်ကို ဖတ်လိုက်ရသည်။

အိမ်ထောင်ကျပြီးတော သူအသက်မွေးဝမ်းကျောင်းတခု ပြုရသည်။ ပထမတော့ ဆိတ်သတ်ရောင်းသည်ကို တွေ့ရသည်။ အုတ်ဖိုတွင် သမီးဦးလေးမွေးသည်။ သူပုန်မ ဟုနံမည်ပေးသည်။ နောက်ပိုင်း မင်းလှသို့ပြောင်းအိမ်ပြောင်းသွားသည်။ ဒုတိယသားကိုတော့ ရန်တကာအောင်ဟုနံမည်ပေးသည်ဟုကြားလိုက်ရသည်။ နောက်ပိုင်းတွင်း မိမိနှင့် အလှမ်းဝေးသွားသော်လည်း သူသတင်းများတော့ကြားရဆဲဖြစ်သည်။ ၁၉၇၈ ခုနှစ်နှင့် ၁၉၈၂ များ တွင် CPB မြေအောက်နှင့်နွယ်၍ ပြန်အဖမ်းခံရသေးသည်ဟုကြားသည်။ သို့သော် ထောင်အကြာ ကြီး ကျသည်ဟုတော့ မကြားမိခဲ့။

၁၉၈၈ တွင် လူထုလှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဖွဲ့စည်းရာတွင် ပါဝင်ခဲ့ပြီး မင်းလှမြို့နယ် NLD ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်ဟုကြားရသည်။ ၁၉၉၀ ရွေးကောက် ပွဲကာလ အပြောကောင်း အဟောကောင်း စည်းရုံးရေးကောင်းသော ကိုအောင်မေသုအား မင်းလှလူထုအစည်းအဝေးတွင် ကြုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်က အတော်စကားပြော ကောင်းတဲ့သူပဲဟု မှတ်ချက်ပြုခဲ့သည်ဟု ကြားသိရသည်။ ရွေးကောက်ပွဲအပြီးတွင် ကိုအောင်မေသု အဖမ်းခံရသည်။ နောက်ဆုံးအကြိမ်အဖမ်းခံရခြင်းဖြစ်သည်။ အသက်ရှင်ရက်လည်း ပြန်မထွက်လာနိုင်ခဲ့တော့ပေ။

အချို့ကတော့ ကိုအောင်မေသုတယောက် NLD အတွင်း ဝင်ရောက်လုပ်ကိုင်ခြင်းကို CPB ယူဂျီ တယောက်အနေနှင့်ဝင်ရောက်လုပ်ကိုင်သည်ဟု ရှုမြင်ကြသည်။ မိမိတော့ ဤသို့မထင်ခဲ့ပါ။ သူအနေနှင့် သူခေတ်ကာလနှင့်ဆီလျော်ကိုက်ညီသည့် နိုင်ငံရေးလမ်းကြောင်းတခုကို ရွေးချယ်လုပ်ကိုင်ခဲ့ခြင်း တာဝန်ယူခဲ့ခြင်းဟုသာ ယူဆပါသည်။

၁၉၉၂ ခုနှစ်ခန့်က မိမိသည် အမှတ် ၂၃ ထောက်လှမ်းရေးတပ်မှူးဖြစ်သူ ဗိုလ်မှူး တင်မောင်ဝင်း နှင့်စကားပြောရင်းသူက ထလရ ၂၃ သို့ပြောင်းမလာမီ ပြည်မြို့တွင် ထလရ တပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်ဟုဆိုခဲ့ရာမှ ကိုအောင်မေသုအကြောင်း စကားစပ်မိသည်။
"ဒါဆို မင်းလှက ကိုအောင်မေသုကို သိမှာပေါ့နော် "
"ဟာ သိတာပေါ့ ကျနော်ဖမ်းပို့လိုက်ရတာပဲ "
"ဘာမှုနဲ့ဖမ်းပို့လိုက်တာလဲဗျ "
"ဘာမှုမှမရှိပါဘူး ကကလှမ်းက ဖမ်းပို့ခိုင်းလို့ဖမ်းပေးလိုက်ရတာပါ" ဟု ဆိုပါသည်။ ထိုနောက် သူကဆက်၍

"ကိုအောင်မေသုက စာလည်းအတော်ဖတ် အတွေ့အကြုံလည်း အတော်များပြီး စကားပြောလည်း အတော်ကောင်းတယ်။ ရန်ကုန်မပို့ခင် ကျနော်တို့ဆီ ခဏချုပ်ထားတုန်းက သူနဲ့ စကားအတော် ပြောလိုက်ရတယ်။ အတော်ဗဟုသုတရတယ် "ဟုဆိုပါသည်။

ထိုစဉ် တက်ကြွလှုပ်ရှားသူများ လူထုစည်းရုံးနိုင်စွမ်းရှိသူများ ဇ ရှိသူအားလုံးကို ကကလှမ်းက ဖမ်းပြီး ထောင်ထဲထည့်စဉ် သူထောင်ထဲရောက်သွားခဲ့ခြင်းဖြစ်သည်။ သူတို့အားလုံး ပြစ်မှုမှာ လူထုအကျိုးအတွက် တက်တက်ကြွကြွ ဆောင်ရွက်ခြင်းပင် ဖြစ်ပုံရသည်။ ထို့နောက်ရုံးတင်ပြီး ထောင် ၁၀ နှစ်ချလိုက်သည်။ အင်းစိန်ထောင် သာယာဝတီထောင်များတွင် ပြောင်းရွှေ့နေရသည် ဟု ကြားသိရသည်။ လျှော့ရက်မရှိသည့်ပြင် ထပ်တိုးထောင်ဒဏ်များခံရ၍ အပြင်သို့ ထွက်မလာနိုင် ခဲ့ပေ။ ထောင်သက် ၁၂ နှစ်ကျော် ၁၃ နှစ်ထဲအရောက်တွင်တော့ ထောင်ထဲမှ ရန်ကုန်ဆေးရုံကြီး သို့ ရောက်လာသည်။ထောင်တွင်းကောင်းစွာဆေးဝါးကုသခွင့် ရပုံမရ။ ရောဂါကျွမ်းမှ ဆေးရုံကြီးပို့ လိုက်ပုံရသည်။ ဆေးရုံရောက်ပြီး မကြာမီပင် ကွယ်လွန်သွားခဲ့ပေတော့သည်။ ဤသို့နှင့် ကိုအောင်မေသုတယောက် သူချစ်သောမိသားစု သူချစ်သောရဲဘော်များအား အပြီးအပိုင် စွန့်ခွာ သွားခဲ့သည်။ စစ်အာဏာရှင်စနစ်ကို အံတုတွန်းလှန်ရင်း ကြွေလွင့်ခဲ့ရသည့် ကြယ်တပွင့်ဟု ဆိုရပါမည်။

၂၀၀၃ ခုနှစ်ထဲတွင် ကိုအောင်မေသုအသုဘအား လှိုင်သာယာ ထိန်ပင်သုသာန်တွင် သင်္ဂြိုလ်ခွင့် ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များ လိုက်ပါပို့ဆောင်သည် ကြားသိရပါ သည်။ သို့သော် ထိုစဉ် လူအများ အနားမကပ်ရဲသေးသည့်အချိန် ဖိနှိပ်မှုပြင်းထန်သေးသည့်အချိန် ဖြစ်၍ သူ့အား လေးစားသူအနည်းစုနှင့်သာ အသုဘ အခန်းအနားကျင်းပဖွယ်ရှိပါသည်။

ဆက်လက်ဖော်ပြပါမည်

ထက်ခေါင်လင်း - အငြင်းပွားဖွယ်ဖြစ်လာတဲ့ မဘသအဖွဲ့ ဆက်လက်တည်ရှိရေး

$
0
0

ထက်ခေါင်လင်း - အငြင်းပွားဖွယ်ဖြစ်လာတဲ့ မဘသအဖွဲ့ ဆက်လက်တည်ရှိရေး 
(Myanmar NOW) မိုးမခ၊ ဇူလိုင် ၁၆၊ ၂၀၁၆ 

၂ဝ၁၅ ဇွန်လက ရန်ကုန်တွင် ပြုလုပ်သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ညီလာခံ မြင်ကွင်း (ဓာတ်ပုံ - Myanmar Now)

ရန်ကုန် (Myanmar Now) - အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က လူမျိုးရေး၊ ဘာသာရေး အကဲဆတ်တဲ့ မြန်မာနိုင်ငံမှာ လတ်တလော အငြင်းပွားစရာ အဖြစ်ဆုံး အဖွဲ့အစည်း ဖြစ်နေပါတယ်။

မဘသ လို့ အတိုကောက် ခေါ်ကြတဲ့ ဒီအဖွဲ့ဟာ ၂ဝ၁၂ ခုနှစ် ရခိုင်ပြည်နယ်အတွင်း ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ ဖြစ်ပွားပြီး နောက်တစ်နှစ်မှာ ပေါ်ပေါက်လာတာပါ။ မဘသ ဆရာတော်အများအပြားရဲ့ ဟောပြောချက်တွေမှာ မွတ်စလင် ဆန့်ကျင်ရေး၊ အမုန်းတရားပွားများစေတဲ့ အသုံးအနှုန်းတွေ ပါဝင်တာကြောင့် အပြင်းအထန် ဝေဖန်ခံနေရပါတယ်။

မန္တလေးမြို့၊ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယဝံသာ ဘိဝံသက မဘသအဖွဲ့ရဲ့ လုပ်ရပ်ဟာ ဗုဒ္ဓရဲ့ လမ်းစဉ်နဲ့ ကိုက်ညီမှုမရှိဘူးလို့ မိန့်ပါတယ်။

“မဘသကို သံဃာထုတွေက မနှစ်မြို့ကြပါဘူး။ သူတို့လုပ်နေတာကလည်း မနှစ်မြို့စရာတွေလေ။ ဒါပေမဲ့ သံဃာထုထဲမှာ သံဃာကောင်းတွေက ဘာမှမပြောချင်လို့သာ သူတို့အသံတွေ ကျယ်နေတာ” လို့ ဆရာတော်က မိန့်ပါတယ်။

မဘသ ပေါ်ပေါက်စမှာ သံဃာအများအပြားက အမျိုးသားရေးတာဝန်အတွက်ဆိုပြီး ပူးပေါင်းပါဝင်ကြပေမယ့် နောက်ပိုင်းမှာ ထောက်ခံမှု လျော့နည်းလာတယ်လို့ ဆရာတော်က သုံးသပ်ပါတယ်။

အငြင်းပွားဖွယ်ရာအဖွဲ့အစည်းဖြစ်တဲ့ မဘသ အဖွဲ့ရဲ့ လှုပ်ရှားမှုကြောင့် သံဃာထုကြား စိတ်ဝမ်းကွဲပြားမှု ပိုမို ဖြစ်ပေါ်လာနိုင်တယ်လို့ အထင်ကရ သံဃာတချို့က မိန့်ကြားကြပါတယ်။

မဘသ အဖွဲ့ တည်ရှိမှု

မကြာသေးမီက ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မဘသအဖွဲ့ဟာ မလိုအပ်တဲ့ အဖွဲ့ဖြစ်တယ်လို့ နှစ်ကြိမ် ပြောဆိုခဲ့ပါတယ်။ မြန်မာပြည်အတွင်း အတော်လေး ဂယက်ရိုက်ခတ်ခဲ့၊ သတင်းစာမျက်နှာဖုံးသတင်းတွေ ဖြစ်ခဲ့တဲ့ သူ့ရဲ့ ပြောဆိုချက်ကြောင့် မဘသအဖွဲ့ ခေါင်းဆောင်ပိုင်းက ဇူလိုင် လဆန်းပိုင်းမှာ အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး လတ်တလော ရင်ဆိုင်ရတဲ့အခြေအနေအကြောင်း ဆွေးနွေးကြပါတယ်။

ဒီအတောအတွင်း သံဃာတွေကို လူသိထင်ရှား ဝေဖန်လေ့မရှိတဲ့ မြန်မာနိုင်ငံမှာ မဘသ အဖွဲ့ မရှိသင့်တော့ဘူးလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသူ အများအပြား ပေါ်ပေါက်နေပါပြီ။ အခြားတစ်ဘက်မှာတော့ မဘသ အဖွဲ့ ဆက်လက်တည်ရှိရေးကို လိုလားကြောင်း ပြောဆိုသူတွေကိုလည်း အများအပြား တွေ့ရမှာပါ။

မဘသ အဖွဲ့ထဲမှာ အထင်ရှားဆုံး ဖြစ်တဲ့ ဦးဝီရသူက ဇူလိုင် ၁၃ ရက်နေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။

"အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့ မလိုအပ်ကြောင်း ပြောဆိုလာခြင်းသည် အာဏာရပါတီနှင့် နိုင်ငံတော်အစိုးရ၏ သဘောထားဖြစ်မှန်း သိသာထင်ရှားသည်"လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မဘသအဖွဲ့ကို မည်သည့်အခါကမှ အသိအမှတ် မပြုခဲ့ဘူး ဆိုတဲ့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီး နောက်တစ်နေ့မှာ ဦးဝီရသူက အဲဒီလို တုန့်ပြန်လိုက်တာပါ။ သာသနာရေးဝန်ကြီးဌာနရဲ့ "အစိတ်အပိုင်းတစ်ခု"ဖြစ်တဲ့ သံဃာ့မဟာနာယကအဖွဲ့ရဲ့ ကြေညာချက်ကြောင့် ဘုရားသားတော်ညီနောင် အချင်းချင်း စိတ်ဝမ်းကွဲစရာ အကြောင်းမရှိဘူး လို့လည်း ဦးဝီရသူက တုန့်ပြန်ပါတယ်။

မဘသအဖွဲ့ ရှိသင့်ကြောင်း ထုတ်ဖော်ပြောကြားသူများထဲမှာ ထင်ရှားကျော်ကြားတဲ့သူ အရေအတွက် နည်းပါးပါတယ်။ ယခင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က မဘသ အဖွဲ့ ရှိသင့်တယ် လို့ သဘောထား ပေးသူပါ။

"ဗုဒ္ဓဘာသာမှာသာမက ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူ ဘာသာတွေမှာလည်း အဲဒီလို အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ မဘသ တစ်ခုတည်းကို ရွေးထုတ်ပြီးပြောဖို့ မသင့်ဘူး"လို့ ဝန်ကြီးဟောင်းက သူ့ရဲ့ Facebook စာမျက်နှာမှာ ဇူလိုင်လ ၇ ရက်နေ့က ရေးလိုက်ပါတယ်။

မဘသ အဖွဲ့အစည်းနဲ့ အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တစ်ဦးချင်းကြားမှာ ခွဲခြားမြင်နိုင်ဖို့ လိုတယ်၊ ပြီးခဲ့တဲ့ မဘသ ညီလာခံမှာ ဆွေးနွေးချက်များ၊ မိန့်ခွန်းများကို လေ့လာရင် မဘသဟာ ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းမဟုတ်ဘူး ဆိုတာ တွေ့နိုင်ပါတယ်လို့ ဝန်ကြီးဟောင်းက ဆိုပါတယ်။

မဘသကို ဝေဖန်ပြောဆိုမှု၊ ကာကွယ်ပြောဆိုမှုတွေ အပြန်အလှန် ရှိနေချိန် မဘသ ဗဟိုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဦးသောပါကက “မဘသမှာက ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်။ ကိုယ့်ရည်ရွယ်ချက်အတိုင်း၊ ကိုယ်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ဆက်လက် ဖော်ဆောင်သွားမှာပါ” လို့ သတင်းထောက်တွေကို မိန့်ပါတယ်။

ပြည်ပရောက် သံဃာတို့အပေါ် သက်ရောက်မှုတချို့

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဘသအဖွဲ့ ဦးဆောင်ဆရာတော်တချို့က ပြည်ခိုင်ဖြိုးပါတီဘက်ယိမ်းတဲ့အသံတွေ ထင်ထင်ရှားရှားပြသတဲ့နည်းနဲ့ မဲဆွယ်ပေးခဲ့ကြတယ် လို့ ၂ဝဝ၇ ရွှေဝါရောင် သံဃအရေးအခင်းမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော်တပါးဖြစ်တဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့၊ နောက်ပတုတ်ကျေးရွာ ဝိမုတိသုခဝိဟာရ ကျောင်းတိုက်ဆရာတော် ဦးဣဿရိယက ဝေဖန်လိုက်ပါတယ်။

“အမျိုးကိုစောင့်ရှောက်ဖို့ဆိုပြီးခေါင်းစီးတပ်ထားပေမယ့် တချိန်လုံး သမ္မတဟောင်းဦးသိန်းစိန်တို့ဘက်ကို ထောက်ခံခဲ့တယ်။ မှားတာတွေကို ထောက်ပြဝေဖန်တာတွေ မလုပ်ခဲ့ဘူး။ NLD ကို တိုက်ခိုက်ပြီး အမုန်းတရားတွေ၊ အစွန်းရောက်တရားတွေ ဟောခဲ့ကြတယ်” လို့ ဆရာတော်က ဝေဖန်ပါတယ်။

မဘသအဖွဲ့မှာထင်ရှားတဲ့ ဆရာတော်ဦးဝီရသူဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ မစ္စရန်ဟီးလီကို သူ့ရဲ့ ၂ဝ၁၅ ဇန်နဝါရီလ မြန်မာပြည်ခရီးစဉ်အတွင်း လူသိထင်ရှား ဆဲရေး တိုင်းထွာတာခြင်းဖြင့် ဝိနည်းနဲ့ မညီတဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့ပေမဲ့ အဖွဲ့က အရေးယူခြင်းမပြုခဲ့ဘူး၊ မဘသအဖွဲ့က ဦးစီးထုတ်ဝေတဲ့ စာစောင်တွေမှာ သူ့လုပ်ရပ် မှန်ကန်လို့ ထောက်ခံတယ်ဆိုပြီး ရေးသားခဲ့ကြောင်း ဆရာတော်က ဆက်မိန့်ပါတယ်။

“မဘသအဖွဲ့ ပေါ်လာပြီးနောက်မှာလူတွေ၊ သံဃာတွေ စိတ်ဝမ်းတွေ ကွဲတယ်၊ မညီမညွတ်တွေ ဖြစ်လာတယ်။ အမျိုးကို စောင့်ရှောက်ပုံက လွဲမှားပြီး ဖျက်ဆီးသလိုကို ဖြစ်နေတာ” လို့ ဆရာတော်က မှတ်ချက်ပြုပါတယ်။

မြန်မာပြည် ဒေသအများအပြားမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားတာကို ကမ္ဘာက သိရှိနေပြီး မဘသအဖွဲ့ရဲ့ လှုပ်ရှားမှုဟာ ပြည်ပရောက် သံဃာတွေ သီတင်းသုံးမှု၊ သာသနာပြုမှုကို ထိခိုက်စေတယ်လို့လည်း ဥရောပကို ၂ ကြိမ်သွားရောက်၊ ထိုင်းနိုင်ငံမှာ ၈ နှစ်ကြာ သီတင်းသုံးခဲ့ဖူးတဲ့ ဆရာတော်က မိန့်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဒိန်းမတ်နိုင်ငံမှာ ရှိနေစဉ် အစ္စလမ်ဘာသာဝင်တချို့က သူ့ကို နှောင့်ယှက်ခဲ့တယ်လို့ ဆိုပါတယ်။

“ဘယ်နိုင်ငံကလာတာလဲလို့ မေးတယ်။ မြန်မာကလို့ပြောရော မင်းတို့နိုင်ငံက ငါတို့ဘာသာဝင်တွေကို နှိပ်စက်နေတဲ့နိုင်ငံ၊ မင်းတို့ဘာသာက ငါတို့ဘာသာကို ဖိနှိပ်နေတဲ့ဘာသာဆိုပြီး နောက်ကနေ တကောက်ကောက် လိုက်ပြောဆိုနေတာ” လို့ ဆရာတော်က မိန့်ပါတယ်။

“မဘသပေါ်လာပြီးမှ ဒီလိုဖြစ်ရပ်တွေ ဖြစ်ပေါ်လာရတာလို့ အဲ့ဒီဥရောပမှာရှိတဲ့ ကိုယ့်မိတ်ဆွေတွေကလည်း ပြောကြတယ်”

သူ့မိတ်ဆွေတွေ ဖြစ်တဲ့ ပြင်သစ်ရောက် ဦးကုမာရ၊ ဆွီဒင်ရောက် ဦးသောမနတို့လည်း အစ္စလမ်ဘာသာဝင်တွေရဲ့ နှောက်ယှက်ခြင်းကို ခံခဲ့ရတယ်လို့ ဆရာတော်က မိန့်ပါတယ်။

လူသားတိုင်းကို မေတ္တာထားပြီး ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ဆောင်ရွက်ရေးက သံဃာတော်တွေရဲ့ တာဝန်ဖြစ်တာကြောင့် ဘာသာမတူသူကို ပစ်မှတ်ထားတဲ့ မဘသရဲ့ လုပ်ငန်းစဉ်တွေဟာ ဗုဒ္ဓလမ်းစဉ်ကို ဖျက်ဆီးသလိုဖြစ်စေတယ်လို့ မန္တလေးမြို့၊ မဟာဝိဇိတာရာမ ကျောင်းတိုက်က ဆရာတော် ဦးစိန္တိတက မိန့်ကြားပါတယ်။

“သာသနာ အကျိုး ယှဉ်တွဲ ဆောင်ရွက်ရာကနေ သံဃာထုကြားမှာ ထောက်ခံတဲ့အုပ်စုနဲ့ မထောက်ခံတဲ့အုပ်စု ဆိုပြီး သူ့ဘက်ကိုယ်ဘက် အပြစ်တွေ အပြန် အလှန် ပြောနေကြရတဲ့အဆင့်ကို ရောက်နေပြီ” လို့ ဆရာတော် ဦးစိန္တိတက မိန့်ကြားပါတယ်။

သူက လွန်ခဲ့တဲ့ ၄ လကျော်က မဘသ ဦးဆောင်ဆရာတော်ဖြစ်တဲ့ ဦးဝီရသူကို ဝေဖန်ခဲ့ပါသေးတယ်။ ဦးဝီရသူကို ထောက်ခံသူတချို့က သူ့ကို ဖုန်းဆက်ပြီး သတ်ဖြတ်မယ်၊ ဓားနဲ့ ခုတ်မယ် ဆိုပြီး ခြိမ်းခြောက်တယ်လို့ ဆရာတော်က မိန့်ပါတယ်။

ပြီးခဲ့တဲ့လကလည်း ညပိုင်း မဟာမြတ်မုနိဘုရားက အပြန်မှာ နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်တိုက်ခံရပေမဲ့ ဘာကြောင့်တိုက်တယ်၊ ဆိုင်ကယ်သမား ဘယ်သူဆိုတာတွေကို အခုထိ မသိရဘူး လို့ ဆရာတော်က မိန့်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီနဲ့ဆက်ဆံရေး

မဘသအဖွဲ့ဟာ ပြီးခဲ့တဲ့ ပြည်ခိုင်ဖြိုးအားကောင်းတဲ့ လွှတ်တော်၊ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာတုန်းက မျိုးစောင့်ဥပဒေ ၄ ခု ပေါ်ပေါက်လာအောင် လှုံ့ဆော်နိုင်ခဲ့ပါတယ်။

မဘသအဖွဲ့ဟာ ယခင် စစ်အာဏာရှင်တွေဘက်ကို ယိမ်းခဲ့တာ မှားတယ်လို့ ၂ဝဝ၇ ရွေဝါရောင် သံဃာ့အရေးအခင်း ဦးဆောင်သံဃာ တစ်ပါးဖြစ်တဲ့ ရန်ကုန်မြို့ ရွှေသိမ်ကျောင်းတိုက် ဆရာတော် ဦးသန္တာသီရိက မိန့်ပါတယ်။

“သံဃာ့အဖွဲ့အစည်းဟာ မြန်မာနိုင်ငံကို ထေရဝါဒသာသနာရောက်လာခဲ့တဲ့ အချိန်ကစပြီး ဒီနေ့ဒီအချိန်လို သံဃာ သင်းကွဲတာတွေ၊ သံဃာဂိုဏ်းကွဲတာတွေ တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။ ဒါကြောင့် မဘသရဲ့ လုပ်ရပ်တွေဟာ ဝိနည်းတော်နဲ့ မညီညွတ်ပါဘူး။ သံဃာထု မလိုလားတဲ့ ကိစ္စတွေကို ရပ်တန့်သင့်ပါတယ်” လို့ သူက တိုက်တွန်း မိန့်ကြားလိုက်ပါတယ်။

မဘသ အထွေထွေ အတွင်းရေးမှူး ဦးဝိမလဗုဒ္ဓိကတော့ သူတို့အဖွဲ့ဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ အပေးအယူ ရှိခဲ့တယ် ဆိုတဲ့ သုံးသပ်ချက်တွေ၊ စွပ်စွဲချက်တွေကို့ ပယ်ချပါတယ်။

စစ်ခေါင်းဆောင်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အသုံးချခံဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ယူဆချက်တွေဟာလည်း ယုတ္တိမရှိဘူး၊ မဘသ ဥက္ကဋ္ဌဆရာတော် ဦးတိလောကဘိဝံသဟာ စစ်အာဏာရှင်ခေတ်က အကျဉ်းကျခံခဲ့ရဖူးတယ် ဆိုတဲ့ အချက်ကို သူက ထောက်ပြပါတယ်။

“ဒါပေမဲ့ မျိုးစောင့်ဥပဒေကို လျှောက်ထားရတော့မယ် ဆိုတော့ (ဦးသိန်းစိန်ဦးဆောင်တဲ့) အစိုးရဆီမှာ လျှောက်ထားရတာလေ။ အဲဒီတော့ အစိုးရနဲ့ပဲ ပူးပေါင်းပြီး လုပ်ရတာပေါ့”လို့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြစေတီကျောင်းတိုက်ဆရာတော် ဦးဝိမလဗုဒ္ဓိက မိန့်ပါတယ်။

မဘသအဖွဲ့ ဆက်ရှိနေသင့်တယ်၊ မရှိသင့်တော့ဘူးဆိုတဲ့ အငြင်းပွားမှုတွေ ပြင်းထန်နေတဲ့ အချိန်မှာပဲ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က ရန်ကုန်မှာ အစည်းအဝေး ပြုလုပ်နေပါတယ်။ ဇူလိုင် ၁၃ ရက်နေ့မှာ အစည်းအဝေးတက်ရောက်တဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ကြည်ညိုလေးစားဖွယ်ရာ ထေရ်ကြီးဝါကြီး သံဃာတော် အများအပြား ပါဝင်တဲ့ မဘသအဖွဲ့ဟာ ဒီမိုကရေစီကို နောက်ပြန်သွားလိုတဲ့ လူပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့ရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးချခြင်း မခံရဘူးဆိုရင် ရေရှည်ရပ်တည် နိုင်မယ်လို့ ယုံကြည်ကြောင်း သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ ။

ကာတွန်း ကိုခေတ် - ကောလာဟာလမှတ်တိုင်

$
0
0

ကာတွန်း ကိုခေတ် - ကောလာဟာလမှတ်တိုင်
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၆

လှကျော်ဇော - ဝ တောင်တန်းက လွမ်းပန်းချီ (၁) (ပြည်တွင်းစစ်အတွင်းက မမေ့နိုင်တဲ့ ပုံရိပ်လွှာ)

$
0
0


လှကျော်ဇော - ဝ တောင်တန်းက လွမ်းပန်းချီ (၁)
(ပြည်တွင်းစစ်အတွင်းက မမေ့နိုင်တဲ့ ပုံရိပ်လွှာ)
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၆


ဒေါ်မာရွယ်(ရဲဘော်နော်ဆိုင်းဇနီး-အရှေ့မြောက်စစ်ဒေသ-အမျိုးသမီးတပ်ခွဲ-တပ်ခွဲမှုး)
ဒေါ်မာဂရက်(မျက်မှန်နဲ့)-အရှေ့မြောက်စစ်ဒေသဆေးရုံဒုဆေးရုံအုပ်
အခုတလော ရခိုင်ဒေသတွင်းပြန်လည်ပေါ်ထွက်လာတဲ့ စစ်ပွဲများနဲ့အတူ ကျွဲကူးရေပါပြဿနာ ဖြစ်တဲ့ ပေါ်တာပြဿနာ ... ဆိုတာလည်း ပြန်ကြားလာရပါတယ်။ ဗမာစစ်တပ်ကတော့ ပေါ်တာဆိုတဲ့စကား ကြားလိုက်ရင်ကို ဆတ်ဆတ်ခါ နာသွားပုံရပါတယ်။ ပြည်သူတွေက ပေါ်တာပြဿနာကြောင့် သူတို့ကို ကန့်ကွက်ဆန့်ကျင်လာကြလို့ နာကြတာပါ။

ပေါ်တာဆွဲတာနဲ့အတူ ပေါ်တာတွေကို သတ်ပစ်တာ၊ နှိပ်စက်တာ၊ ပေါ်တာဆွဲတာ အမျိုးသမီးတွေပါ ဆွဲပြီး ဝိုင်းဝန်း မုဒိမ်းကျင့်တာ၊ ပေါ်တာတွေကို ရှေ့ဆုံးကထားပြီး မိုင်းရှင်းကိရိယာလို အသုံးချနေတာ၊ လူသားခံကတုတ်လုပ်နေတာတွေကြောင့် ဒီပြဿနာတွေ ဖုံးမနိုင်ဖိမရဖြစ်ကာ ပြည်သူတွေ တဆင့်တိုး ကန့်ကွက်မှုတွေ လုပ်လာလို့သူတို့ မခံမရပ်နိုင် ဖြစ်နေကြတာပါ။

ကျွန်မတို့တတွေ တိုက်နေတဲ့ စစ်ပွဲများမှာ လက်နက်ကိုင်ထားတဲ့ (ဘက်-၂-ဘက်က) စစ်သားတွေ ချည်း တိုက်နေတာ မဟုတ်ပါဘူး။ အဲဒီစစ်ပွဲများအတွင်းမှာ စစ်သားချည်းပဲ သေဆုံးနေရတာ ထိခိုက် ဒဏ်ရာရနေတာ ဒုက္ခိတဖြစ်နေရတာလည်း မဟုတ်ပါဘူး။ (မယ်တော်ဆေးခန်းမှာ မပြတ်ရောက်နေတဲ့ မိုင်းထိ ရွာသားများကိုကြည့်ပါ။)

ပြည်တွင်းစစ်ကြီး ရှိနေသရွေ့ ပေါ်တာပြဿနာ ရှိနေမှာပါ။

ဗမာပြည်အတွင်းက လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးအကြောင်း သုတေသနပြုပြီး စာအုပ်ရေးဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံခြား သတင်းထောက်တဦးက ကျွန်မကို… "မင်းတို့တတွေ စစ်တိုက်နေတုန်းကရော ပေါ်တာဆွဲဖူးသလား"လို့ မေးဖူးပါတယ်။ ဒီ တော့ ကျွန်မက ဆတ်ခနဲဖြစ်သွားပြီး ... "တို့တိုက်နေတာက ပြည်သူတွေအကျိုးအတွက် တိုက်နေတာ။ တို့တပ်ကို ပြည်သူ့တပ်မတော် (People’s Army) လို့တောင် နံမည်ပေးထားတာ။ အစစအရာရာ ပြည်သူလူထုကို မှီခိုရတာ။ တို့တပ်တွေအတွက် လက်နက် ခဲယမ်းမီးကျောက်၊ ရိက္ခာ ဘယ်သူ သယ်ပို့ပေးမှာလဲ။ ဒဏ်ရာရတဲ့ တို့ရဲဘော်တွေကို နောက်တန်းပြန်ပို့ဖို့ ဘယ်သူက ထမ်းပေးမှာ လဲ။ တို့အခြေခံဒေသအတွင်း တိုက်ပွဲစစ်မျက်နှာ အနီးအနားရွာတွေက ပြည်သူတွေကိုပဲ နိုင်ငံရေးအရ လှုံ့ဆော်ပြီး သူတို့ကိုပဲ တာဝန်ပေးရတာပေါ့။ သူတို့မှမကူညီရင် တို့ဘယ်လိုလုပ် စစ်တိုက်နိုင်မှာလဲ ..."လို့ဖြေလိုက်ပါတယ်။

ဒါ့အပြင် "တို့က သူတို့ကို လူသားချင်းစာနာတဲ့စိတ်နဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်…"လို့ လည်း ထပ်ဖြည့် ပြော လိုက်ပါတယ်။

ဒါ့ထက် ပိုရှင်းအောင် ပြောရင် တော်လှန်ရေးဘက်က စစ်တိုက်တယ်ဆိုတာ ရန်သူကို ခုခံတိုက်ခိုက်ဖို့နဲ့ မိမိဒေသ မိမိ ပြည်သူကို ကာကွယ်ဖို့ ပြည်သူကို စည်းရုံးလှုံ့ဆော်ကာ ပြည်သူ့စစ်ပွဲ ဆင်နွှဲနေခြင်း ဖြစ်ပါတယ်။ ဒီစစ်ပွဲထဲမှာ ပြည်သူတွေရဲ့ ပါဝင် ထမ်းဆောင်မှုဟာ လက်နက်အားကိုး ပြည်သူကို အနိုင်ကျင့်နေတဲ့ အစိုးရစစ်တပ်ရဲ့ ပေါ်တာဆွဲမှုနဲ့ အနှစ်သာရအရ အကွာကြီး ကွာခြားပါတယ်။ လက်တွေ့အရ ကြည့်ရင်လည်း မိမိဒေသကို ရန်သူထိုးစစ်ဆင်လာတဲ့အခါမှာ ရန်သူ့ထိုးစစ်ကို ခုခံတုံ့ပြန်ဖို့၊ မိမိ ဒေသ မိမိပြည်သူကို ကာကွယ်ဖို့ ပြည်သူ့စစ်များနဲ့ ပြည်သူကို နိုင်ငံရေးအရ စည်းရုံးလှုံ့ဆော်တာတွေ ပညာပေးတာတွေ လုပ်ရ ပါတယ်။ ဒါကြောင့် လွတ်မြောက်ဒေသက ပြည်သူ့စစ်များနဲ့ ပြည်သူများဟာ မိမိတို့ကိုယ်ကို ခုခံကာကွယ်ဖို့ အသိစိတ်ဓာတ်များ နိုးကြားလာကာ တော်လှန်ရေးစစ်ပွဲအတွင်း ကိုယ်တိုင် ပါဝင်ထမ်းဆောင်တာ၊ ကူညီထောက်ပံ့မှုတွေလုပ်လာတာ ဖြစ်ပါတယ်။ အဲသလို ပြည်သူတွေကိုယ်တိုင်ရဲ့ ပါဝင်ထမ်းဆောင်မှုနဲ့ ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုအပေါ် မှီခိုအားကိုးပြီး တိုက်ရတာ ဖြစ်တဲ့ အတွက်ကြောင့်လည်း ပြည်သူ့စစ်ပွဲလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ အရှေ့မြောက်ဒေသမှာ အသိစိတ်ဓာတ်မြင့်မားစွာ စစ်ရေးတာဝန် တွေ တောင်းဆိုရင်း ပြည်သူအတွက် ဂုဏ်ပြောင်စွာ အသက်စွန့်သွားကြတဲ့ ပြည်သူ့စစ် သူရဲကောင်းတွေ ရှိသလို ပြည်သူ့စစ်ပွဲရဲ့ ရှေ့တန်းမှာ တာဝန်တွေ ထမ်းဆောင်ဖို့ တက်ကြွစွာ တောင်းဆိုပြီး တာဝန်ထမ်းဆောင်ခဲ့ပြီး စံနမူနာ စိုက်ထူခဲ့ကြတဲ့ အမျိုးသမီး သမဂ္ဂအဖွဲ့တွေ၊ ကျေးရွာအလိုက် ပြည်သူတွေ ရှိခဲ့ပါတယ်။ ဒါသာမက ရှေ့တန်းအထိ စွန့်စွန့်စားစား သွားရောက်ကာ ရှေ့တန်းမှာ စစ်တိုက်နေတဲ့ ပြည်သူ့တပ်မတော်များအတွက် အသားဟင်းလျာ၊ ဟင်းသီးဟင်းရွက်ကအစ ပို့ဆောင်ပေးကြတဲ့ ရှေ့တန်းကူညီ ရေးအဖွဲ့တွေလည်း အမြဲတမ်း ရှိခဲ့ကြပါတယ်။ ဒါကြောင့် နှိုင်းယှဉ်မယ်ဆိုရင် အစိုးရစစ်တပ်ရဲ့ ပေါ်တာဆွဲမှုနဲ့ အနှစ်သာရ မတူ ပါဘူး။

ဒါပေမဲ့ ဓမ္မတာအတိုင်း ပြည်သူ့စစ်ပွဲအတွင်း ပြည်သူတွေ ပါဝင်ပြီး တာဝန်ထမ်းဆောင်ရာမှာ ပြည်သူကို လှုံဆော် စည်းရုံး ပညာပေးရာမှာ မလုံလောက်တဲ့အခါများမှာတော့ ပြည်သူတွေ တာဝန် ထမ်းဆောင်တဲ့အခါမှာ အဆင်မပြေမှုလေးတွေနဲ့ ကြုံတတ်ပါတယ်။ စစ်ပွဲရဲ့ ပြင်းထန်မှုအလိုက် လုပ်ငန်းအရေးကြီးတဲ့အခါနဲ့ ပြည်သူတွေအပေါ် စာနာမှု မလုံလောက်တဲ့ တပ်မှူး တပ်သား တချို့တလေနဲ့ တွေ့ရတဲ့အခါ၊ ဒါမှမဟုတ် လုပ်ငန်းစီမံမှု ချွတ်ယွင်းတဲ့အခါများမှာတော့ ပြည်သူတွေနဲ့ ပြည်သူ့တပ်မတော် အတူတကွ တာဝန်ထမ်းဆောင်တဲ့အခါမှာ အဖုအထစ်လေးတွေ၊ ပြဿနာလေးတွေ အနည်းအပါး ပေါ်တတ်တာတော့ ရှိပါတယ်။ ဒါပေမဲ့ ဒါမျိုးတွေဟာ ပြည်သူတွေ  ပါဝင်ဆင်နွှဲနေတဲ့ ပြည်သူ့စစ်ပွဲအတွင်းမှာ ပြည်သူတွေနဲ့ ပြည်သူ့တပ်မတော်ကြား အဓိကပြဿနာ ဖြစ်လာတဲ့အထိ ဘယ်တုန်းကမှ မပေါ်ခဲ့ဘူးပါဘူး။

ဒါပေမဲ့ အဲဒီလို ကိစ္စတွေထဲကပဲ ကျွန်မ စိတ်ထဲ အမှတ်ထင်ဖြစ်နေတဲ့ ကိစ္စတရပ်တော့ ရှိခဲ့ပါတယ်။ ပြည်တွင်းစစ် ရဲ့ဒဏ်ကို တပြည်လုံးက ပြည်သူတွေ ပင်ပန်းကြီးစွာ ခံစားနေရတာရဲ့ ပြယုဂ်တခုလို့ပဲ ဆိုရမှာပါ။

ဒီအကြောင်း ပြန်လည်ဖော်ပြဖို့ ကြိုးစားရင်း စိတ်ထဲမှာပေါ်လာနေတဲ့ လူတယောက်ရဲ့ပုံကို တိတ်တိတ်ကြိတ်ပြီး တောင်း ပန်နေမိပါတယ်။

၁၉၈၀ခုနှစ် ဧပြီလအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ-အရှေ့မြောက်စစ်ဒေသက ဆင်နွှဲခဲ့တဲ့ ကောင်းလင်းကောင်း လန်းတိုက်ပွဲကာလက အဖြစ်အပျက်တရပ်ပါ။ ကျွန်မအတွက် ဘယ်တော့မှ မမေ့နိုင်ဘဲ အကြောင်းတိုက်ဆိုင်လာတိုင်း ဖြစ်ရပ်တစုံ လုံး ပြန်ပြန် မြင်ယောင်နေမိတဲ့ အဖြစ်အပျက်ပါ။ ၁၉၇၉ခုနှစ်နှောင်းပိုင်းမှာ မဆလအစိုးရက ကျွန်မတို့ပါတီရှိရာအခြေခံဒေသများကို “မင်းရန်အောင်” ထိုးစစ်ဆင်လာပါတယ်။ "နှစ်သစ်ကူး ထမင်းစားပွဲကို ပန်ဆန်းမှာ ကျင်းပမယ်"လို့ ကြွေးကြော်လာခဲ့တာပါ။ ကျွန်မတို့က နေရာအတော်များများကနေ တန်ပြန်တိုက်ခိုက်ပြီး ထိုးစစ်ကို ရပ်တန့်စေခဲ့ပါတယ်။ ထိုးစစ်ရဲ့ ဘယ်တောင်ပံ - ညာတောင်ပံ (ထင်းရှူးတောင်တိုက်ပွဲ- မန်ခါတိုက်ပွဲ- ၂ပွဲ) တို့ကို ကျွန်မတို့ ပြည်သူ့တပ်မတော်က ရိုက်ချိုးလိုက်နိုင်ပေမယ့် စစ်ရင်အုပ်အဖြစ် ပန်ဆန်း-ဗဟိုကို ဦးတည်ထိုးလာမယ့် ထိုးစစ်ကို ခုခံဖို့ ကျွန်မတို့တတွေ ပြင်ဆင်ရပါတော့တယ်။ ပန်ဆန်းကို ခြိမ်းခြောက်နေတဲ့ ရန်သူ တပ်မ-၇၇-ကို ထိထိမိမိ ချေမှုန်းဖို့နဲ့ အလယ်ပိုင်းကိုဆင်းမယ့် ပါတီဗဟိုဌာနခွဲရဲ့ အလယ်ပိုင်းဗျူရို တပ်များအတွက် လမ်းရှင်းပေးဖို့အတွက်ပါ ရည်ရွယ်ပြီး တိုက်ပွဲကြီး တပွဲ တိုက်ရန်ပါ။

အဲဒီကာလက- ဗဟိုရဲ့ တာဝန်ပေးချက်အရ ကျွန်မက ပန်ဆန်းအရှေ့မြောက်စစ်ဒေသ ဆေးရုံအတွင်း “ဗဟိုဆေး ကျောင်း” ဖွင့်ထားပါတယ်။ ပါတီတွင်းဒေသအသီးသီး တပ်အသီးသီးက သင့်တော်တဲ့သူများကိုရော ပါတီနဲ့တပ်ပေါင်းစုဖွဲ့ထားတဲ့ အဖွဲ့အစည်းအသီးသီးကရော သင်တန်းသားများရွေးချယ်ပြီး ၂နှစ် ဆေးသင်တန်းဖွင့်ပြီးသင်ကြားနေတာပါ။ ပါတီဟာ အဲသလိုဆေး သင်တန်းမျိုးကို တော်လှန်ရေးစချိန်ကစလို့ အဆက်မပြတ်ဖွင့်လှစ်ခဲ့တာပါ။ အခြေအနေပေးရင် ပေးသလို ရက်တိုသင်တန်း ရက် ရှည်သင်တန်း အဆင့်အမျိုးမျိုး (ရှေးဦးသူနာပြု-သူနာပြု-ဆရာဝန်) သင်တန်းတွေ ဖွင့်ခဲ့ပါတယ်။ အဲဒီသင်တန်းတွေရဲ့အဆက် အဖြစ် ဗဟိုဆေးကျောင်းကို ဖွင့်ခဲ့တာပါ။ ပထမပတ် ဆေးကျောင်းကာလမှာ ဒီထိုးစစ်ကြီးနဲ့ တိုးနေတာပါ။ ဆေးကျောင်းမှာ သဘော တရားဘာသာရပ် အတော်များများလည်း သင်ကြားပြီးပြီဖြစ်လို့ လက်တွေ့ဆင်းမယ့် အချိန်နဲ့လည်း ကိုက်သွားပြီး-- ရှေ့တန်းဆေး အဖွဲ့- လုပ်ငန်း ကို ကျွန်မတို့ဆေးကျောင်းကပဲ တာဝန်ယူလိုက်ပါတယ်။

၁၉၇၉ ခုနှစ်မကုန်မီ တိုက်ခဲ့ရတဲ့ မန်ခါတိုက်ပွဲတုန်းကလည်း ရှေ့တန်းဆေးအဖွဲ့နဲ့အတူ ကျွန်မလိုက်ဖူးပါတယ်။ အဲဒီ တုန်းက ကျွန်မကလေ့လာသူအဖြစ် လိုက်သွားတာဖြစ်ပြီး အားလုံးကိုစစ်ဒေသဆေးရုံကြီးက ဒုဆေးရုံအုပ် ဒေါ်မာဂရက်က ဦးစီးခဲ့ တာပါ။ ဒေါ်မာဂရက်ဟာ ၁၉၅၀ ခုနှစ်များက တရုတ်ပြည်ရောက်လာတဲ့ ရဲဘော်နော်ဆိုင်းတပ်ကဖြစ်ပြီး ဒေါက်တာဆီးဂရေစ့် ရဲ့ တပည့်တဦးလည်း ဖြစ်ပါတယ်။ ကရင်အမျိုးသမီး တောင်ပေါ်သူကြီးဖြစ်ပါတယ်။ နမ်းခမ်းဆေးရုံက ဒေါက်တာဆီးဂရေစ့်ရဲ့ ဆေးသင်တန်းဆင်းသူ အတော်များများဟာ ကျွန်မတို့ပါတီ အရှေ့မြောက်စစ်ဒေသ ဖွင့်စကတည်းက အခြေခံဒေသ တည်ဆောက် ရေးလုပ်ငန်းတွေမှာ အထူးသဖြင့် ဆေးလုပ်ငန်းတွေမှာ အလွန်အဓိကကျတဲ့ အခန်းကဏ္ဍများက ပါဝင်ခဲ့ပါတယ်။ ယခုအခါ အတော် များများ (အများစုကြီး) ကွယ်လွန် ကုန်ပါပြီ။

ကျွန်မက ရှေ့တန်းဆေးအဖွဲ့လုပ်ငန်း အတွေ့အကြုံတွေကို ဒေါ်မာဂရက်ဆီက သင်ယူလေ့လာရပါတယ်။ သူက ကျွန်မ တို့ တပ်ထဲမှာလည်း နံမည်ကြီးလေ။ ၁၉၇၅ ခုနှစ် ပါတီတပ်များ လာရှိုးဆင်းစဉ်က မိုင်းထိထားတဲ့ ရဲဘော်တယောက်ကို ရွာထဲက သစ်ဖြတ်တဲ့လွှ ဌားပြီး ခြေထောက်ဖြတ်ပေးပြီး အသက်ကယ်ဖူးပါတယ်။ သူ့မှာ တခြားပုံပြင်တွေလည်း ရှိပါသေးတယ်။

ဥပမာ- သူ့ကို ဗမာပြည်ရဲ့ လွေ့ဖုန်း--လို့ ခေါ်တဲ့ ကိစ္စမျိုးပေါ့။ (မှတ်ချက်--တရုတ်ပြည်ယဉ်ကျေးမှု တော်လှန်ရေးအတွင်းက တရုတ်တပ်ထဲမှာ ရဲဘော်လွေ့ဖုန်းလို့ခေါ်တဲ့ ရဲဘော်တယောက် ပေါ်ခဲ့ဖူးပါတယ်။ ၁၉၆ဝ ခုနှစ်များကပေါ့။ သူက ဘယ်သူ့ကိုမဆို အလွန် ကူညီ သူပါ။ အသက်ငယ်ငယ်မှာပဲ ဓာတ်တိုင်ပိပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ဥက္ကဋ္ဌမော်က တပါတီလုံးကို "ရဲဘော်လွေ့ဖုန်းကို လေ့ လာကြ"ဆိုတဲ့စာလုံးကြီးပိုစတာရေးပြီး လှုံ့ဆော် ခံရဖူးတဲ့ စံပြ ရဲဘော်တယောက်ပါ။)

ဒေါ်မာဂရက်ရဲ့ပြောပြချက်များအရ ရှေ့တန်းမှာ ဒဏ်ရာရတဲ့ ရဲဘော်အများစုဟာ လက်နက်ကြီးများကြောင့် (အမြောက် ဆန်-ဗုံးဆန်) ဖြစ်ပြီး အဓိက အင်္ဂါကြီးများ(ခေါင်း၊ ရင်ခေါင်း) မထိရင် အသက်သေဆုံးမှုနှုန်းကို နည်းအောင်လုပ်နိုင်ကြောင်း၊ ကိုယ် ခန္ဓာက ဆုံးရှုံးသွားတဲ့အရည် (သွေး-ချွေး) များကို အချိန်မီ ပြန်ဖြည့်နိုင်ပြီး အနာယောင်ယမ်း ကူးစက်မှုကို ထိန်းနိုင်ရင် နာလန်ထနှုန်း အလွန်ကောင်းကြောင်း သိရပါတယ်။ ဖြစ်နိုင်ပါတယ်။ ရဲဘော်အများစုဟာ အသက်အရွယ်အရ ငယ်ရွယ်နုနယ်ကြပြီး အခြေခံ ကျန်း မာရေးအရလည်း ကောင်းကြတာကြောင့် ဒဏ်ရာရပြီး ယာယီပြဿနာတွေ (သွေးထွက်လွန်လို့- သွေးဖိအားကျတာ၊ အနာရင်း တာ) ကို လက်ဦးမှုရှိရှိ ဖြေရှင်းနိုင်ရင် အသက်ဆုံးရှုံးမှုကို အများကြီး လျှော့ချနိုင်ပါတယ်။ အဲဒီ ကျွန်မတို့ရဲ့ လူမျိုးစုရဲဘော်လေး တွေမှာ နောက်အားသာချက်တခု ရှိပါသေးတယ်။ သူတို့ အနေနဲ့ ပဋိဇီဝဆေးများ မသုံးဖူးကြလို့ ဆေးသိပ်တိုးပါတယ်။ ကုသရတာ အားတက်စရာကြီးပါ။ အနာကျက်တာ သိပ်မြန်ပါတယ်။

ဒါကိုအခြေခံပြီး ကျွန်မက ရှေ့တန်းဆေးအဖွဲ့ကို ၂ သုတ်ခွဲလိုက်ပါတယ်။ တသုတ်ကို ရှေ့တန်းနဲ့ အနီးဆုံးနေရာမှာ စခန်းထောက်ဖွင့်ဖို့ လွှတ်လိုက်ပါတယ်။ နောက်တသုတ်ကိုတော့- ကျွန်မနဲ့အတူ ထားပြီး နားမွန်းဆိုတဲ့ ရှမ်းရွာလေးနားက ၀ါးရုံ တောကြီးထဲမှာ ရှေ့တန်းဆေးရုံအဖြစ် ဖွင့်ထားလိုက်ပါတယ်။

ကျွန်မတို့တပ်တွေထဲမှာ တပ်ရင်းအလိုက် ရှေးဦးသူနာပြုများ ရှိပါတယ်။ သူတို့တာဝန်က ဒဏ်ရာရသူများကို စစ်မြေပြင် အထိ တက်ကောက်ပြီး ရှေးဦးသူနာပြုနည်းများအရ သွေးတိတ်အောင် ပတ်တီးစည်းတာ၊ သွေးတိတ်ဆေးထိုးပေးတာ၊ မေးခိုင်ကာ ကွယ်ဆေးထိုးတာ စတာတွေ လုပ်ပေးရပါတယ်။ ပြီးတော့ တိုက်ပွဲခွင်ထဲက လူနာကို ထမ်းထုတ်လာရပြီး ကျွန်မတို့ရဲ့ ရှေ့တန်း ဆေးအဖွဲ့ကို အပ်ရပါတယ်။ တိုက်ပွဲခွင်ထဲကနေ ရှေ့တန်းဆေးရုံအထိ တောက်လျှောက် သယ်ရတာပါ။ အဲဒီလမ်းမှာ ကျဆုံး တတ်တာ များပါတယ်။ ဒါကြောင့် ကျွန်မက တိုက်ပွဲခွင်နဲ့ ရှေ့တန်းဆေးရုံအကြားမှာ စခန်းထောက် ဖွင့်လိုက်တာပါ။ ဒဏ်ရာရ လူနာတွေကို ကြိုဖို့ ရှေ့တန်းလွှတ်လိုက်တဲ့ ဆေးကျောင်းသားတွေကို ဆေးဝါးအပြည့်အစုံနဲ့ သင်တန်း သေသေချာချာပေးပြီးမှ လွှတ်ထားတာပါ။ (ပြောလို့သာ ပြောရတယ်။ သင်တန်းသားအများစုဟာ ရှေ့တန်းအတွေ့အကြုံ ကျွန်မထက် ရင့်ပါတယ်။ အခြေခံသဘောတရားလေး ဖြည့်ပေးရတာ၊ လုပ်ငန်းတာဝန်တွေ စနစ်တကျ ခွဲဝေပေးလိုက်ရတာ၊ လိုအပ်တဲ့ပစ္စည်းတွေ ရအောင် ရှာဖွေပေးရတာ စတာတွေ ပြည့်စုံအောင် လုပ်ပေးရတာလောက်ပါပဲ။)

ဒါကြောင့် သူတို့က သူတို့ဆီရောက်လာတဲ့ လူနာတွေကို သူတို့ဆီမှာ တထောက်နားခိုင်းပြီး ဒဏ်ရာတွေကို ပြန်စစ် ဆေးတာ သွေးဖိအားကျနေသူများ (သွေးထွက်လွန်လို့) ကို သွေးရည်ကြည်များ သွင်းပေးထား ပင်နင်စလင်တည့်မတည့် စစ်ဆေးပြီး တည့်ရင် တခါတည်း ထိုးပေးလိုက်တာ နောက်တန်းကို သွေးဖိအားငြိမ်မှ ပြန်ပို့တာ၊ ပြင်းထန်တဲ့လူနာများကိုလည်း (ဆေးမပြတ် သွင်းဖို့အတွက်) လမ်းတလျှောက် လိုက်ပါစောင့်ရှောက်ဖို့ သူနာပြုထည့်ပေးတာစတဲ့ အဆင့်ဆင့်နည်းတွေကိုသုံးပြီး ကုသကယ် တင်ကြတဲ့အတွက် ကျွန်မတို့ ရှေ့တန်းဆေးရုံလေးဆီကို အသက်ရှင်လျက် ရောက်လာတဲ့ လူနာများအားလုံးကို ကယ်တင်နိုင်ခဲ့ ပါတယ်။ ကျွန်မတို့လက်ထဲမှာ သွေးထွက်လွန်ပြီး ရှော့ခ်ရလို့ဖြစ်ဖြစ် - ကူးစက်မှုပြင်းထန်ပြီး သွေးအဆိပ်တက်လို့ဖြစ်ဖြစ် ကျဆုံးရတာ မရှိခဲ့ပါဘူး။ စစ်မြေပြင်မှာနဲ့ စစ်ပွဲခွင်ထဲက သယ်ထုတ်လာတဲ့ အခါများမှာသာ ကျဆုံးတာတွေရှိခဲ့တာပါ။

ဒီနေရာမှာ ကျွန်မကြုံလို့ ကိစ္စတခုပြောချင်လာပါတယ်။ မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ်၊ ခေတ်အဆက်ဆက်က ဗိုလ်ချုပ်ကြီးများ အငြိမ်းစားယူပြီးနောက်ရေးသားကြတဲ့ စာအုပ်များမှာပဲဖြစ်ဖြစ် သတင်းစာများမှာပါတဲ့ တိုက်ပွဲအကြောင်း ဆောင်း ပါးများမှာပဲဖြစ်ဖြစ် ပါတတ်တဲ့အကြောင်းအရာတခုကတော့ "တိုက်ပွဲတွေဖြစ်ပွားပြီးရင် ဗကပ အလောင်း ရာကျော် ကျန်ခဲ့တယ်"ဆိုတာပါပဲ။

ဒီဗိုလ်ချုပ်ကြီးများ အောက်ခြေနဲ့ အတော်ကင်းကွာပုံရပါတယ်။ အောက်ခြေက တင်ပေးသမျှကို ယုံလို့ပဲလား သူတို့ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဆိုင်ရာ ၀ါဒဖြန့်ချက်ကိုပဲ ယုံချင်ယောင်ဆောင်ရလို့ပဲလား-တခုခုတော့ တခုခုပါပဲ။ ကျွန်မ အရှေ့မြောက် ဒေသမှာ ရှိစဉ် (၁၉၇၈-၁၉၈၉) တိုက်ပွဲကြီးဟူသမျှ ကျွန်မရှေ့တန်းဆေးအဖွဲ့ဝင်အဖြစ် ပါဝင်ဖူးခဲ့တာချည်းပါပဲ။ ဒဏ်ရာ(အကြီး-အသေး) ရာကျော်တာသာ ရှိဖူးပါတယ်။ ကျဆုံးသူ (၅၀) ကျော်တောင် မရှိဘူးပါဖူး။ (အဲဒီ ကောင်းလင်း- ကောင်းလန်းတိုက်ပွဲမှာ ကျဆုံးသူ (၃၀) ကျော်ပဲ ရှိခဲ့ပါတယ်။)

အလျဉ်းသင့်လို့ ပြောပြချင်တာက ကျွန်မတို့တော်လှန်ရေးတိုက်ပွဲတွေဟာ ပြောက်ကျားစစ်ကိုသာ အဓိကထားတိုက် နေရတဲ့ တော်လှန်ရေးစစ်အဆင့်သာ ရှိပါသေးတယ်။ နေရာယူခံစစ်တွေ၊ လှုပ်ရှားစစ်တိုက်ပွဲကြီးတွေ တိုက်ပြီး အာဏာသိမ်းရေး အဆင့်မဟုတ်သေးပါဘူး။ ပြောက်ကျားစစ် အဓိကထား တိုက်နေတာမို့ နေရာတခုအတွက် အသက်ပေါင်းများစွာ စတေး တိုက်နေ တာမျိုးလည်း မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်လိုမှ အလောင်းရာချီကျန်မယ့်တိုက်ပွဲတွေ မဟုတ်ဘူးဆိုတာတော့ ဗိုလ်ချုပ်ကြီး များလည်း သိနိုင်လိမ့်မယ်ထင်ပါတယ်။

ကျွန်မတို့မှာ တိုက်ပွဲတပွဲပြီးတိုင်း နိဂုံးချုပ်အစည်းအဝေးများ ရှိပါတယ်။ တိုက်ပွဲတွင်းပါဝင်တဲ့ တပ်ဖွဲ့အားလုံးက မိမိတို့ အဖွဲ့ရဲ့ နိဂုံးချုပ်အစီရင်ခံစာ တင်ကြရပါတယ်။ ဗဟိုစစ်ကော်မရှင်က ခေါင်းဆောင်များ တက်ရောက်နားထောင်ကြပါတယ်။ အဲဒီ အစည်းအဝေးတွေမှာ ကိန်းဂဏန်းတွေကို စစ်ဆေးတာ (ဥပမာ- ကျွန်မတို့ တင်တဲ့ စာရင်းနဲ့ တပ်ရင်းအသီးသီးကတင်တဲ့ (ကျဆုံး- ဒဏ်ရာရ) စာရင်း ကိုက်ညီခြင်းရှိမရှိ စတာမျိုး)- တိုက်ပွဲတွင်း ပါဝင်ခဲ့တဲ့ တပ်ဖွဲ့အသီးသီးအကြား ရှိခဲ့တဲ့အဆင်မချောမှုများ-(ဥပမာ- ထောက်ပံ့ရေးဌာနက ကျွန်မတို့ ဆေးအဖွဲ့လိုအပ်တဲ့ ဆေးဝါးပစ္စည်းများ အလုံအလောက် အချိန်မီထုတ်မပေးမှု-) ကိုဖြေရှင်းပေးတာ နောင်တိုက်ပွဲများအတွက် သင်ခန်းစာ ထုတ်ယူတာ--တွေလုပ်ပါတယ်။ ပြီးမှ တိုက်ပွဲနိဂုံးချုပ် အစီရင်ခံစာကို အပြည့်အစုံရေးပြီး ဗဟို ကို တင်ရတာပါ။ ကျွန်မမှာအစီရင်ခံစာ မိတ္တူတွေ (ရှေ့တန်းဆေးအဖွဲ့ဆိုင်ရာတွေရော - ဆေးသင်တန်းဆိုင်ရာတွေရော) အပြည့်အစုံ ရှိပါတယ်။ ၁၉၈၉ခုနှစ် ဧပြီလ(၁၆) ရက်နေ့ ည လူမျိုးစုခွဲထွက်တပ်များ ဗဟိုသိမ်းဖို့ ဆင်းလာပြီ ဆိုတဲ့သတင်းကြောင့် အရေးကြီး စာရွက်စာတမ်းများ အားလုံး စုပုံမီးရှို့ရာမှာ ပါသွားကုန်ပါတယ်။ ဒါကြောင့် ကိန်းဂဏန်း အတိအကျ မပြောနိုင်တော့ဘဲ ယေဘုယျ ခေါင်းထဲပေါ်တာလောက်သာ ပြောရတာပါ။ အဲဒီအလောင်းရာကျော်ကျန်ခဲ့တယ်-ဆိုတာ မဖြစ်နိုင်တဲ့ နောက်တကြောင်းရှိပါသေး တယ်။

ကျွန်မတို့တပ်က အောက်ခြေရဲဘော်အများစု (အားလုံးလောက်နီးနီး)ဟာ အဲဒီဒေသက လူမျိုးစုလေးတွေပါ။ သူတို့မှာ ငယ်စဉ်ကတည်းက စွဲလမ်းနေတဲ့ အယူဓလေ့တွေ ရှိပါတယ်။ ပါတီက တချို့ကို ပညာပေးပြီး ဖျောက်ဖျက်ပေးနိုင်ပေမယ့် တချို့ ကျန်ကောင်းကျန်ရာတွေလည်း ရှိပါတယ်။ ဥပမာ- တိုက်ပွဲတွင်း ကျကျန်ခဲ့တဲ့ ကိုယ့်ရဲဘော်တွေကို (ဘယ်အခြေအနေမဆို) ဘယ် တော့မှ ပစ်မထားခဲ့တာ-မျိုးပေါ့။ သူတို့ငယ်စဉ်က လူမျိုးစုအုပ်စုချင်း တိုက်ပွဲများမှာ အနိုင်ရတဲ့သူများက တိုက်ပွဲမှာ ရရှိတဲ့ (ရှုံး သွားတဲ့အဖွဲ့ရဲ့) အလောင်းတွေရဲ့ ခေါင်းတွေကို ဖြတ်ပြီး သူတို့ရွာတွေမှာ ယဇ်တင်ပြီး ရွာစောင့်လုပ်ခိုင်းတာတွေ လုပ်ပါတယ်။ (ကျွန်မတို့အယူဆိုရင်တော့ မကျွတ်မလွတ်ဖြစ်သွားတဲ့ သဘောပေါ့။) ဒါကြောင့် သူတို့ဓလေ့က ကိုယ့်အုပ်စုရဲ့ အလောင်းကို ဘယ် တော့မှ ပစ်မထားခဲ့ဘူး။ တချို့ဆို ကိုယ့်အသက်နဲ့ရင်းပြီးတောင် အလောင်းကို တက်ဆွဲတာပါ။ တကိုယ်လုံး မသယ်နိုင်ရင် ခေါင်း ဖြတ်သယ်ပါတယ်။ ရန်သူလက်ထဲ ခေါင်းအပါမခံနိုင်တဲ့ သဘောပါ။ ဒါကြောင့် ကျွန်မတို့တပ်က ကျဆုံးတဲ့ ရဲဘော်များ အလောင်း ကျန်ခဲ့တာ တခါမှ မရှိပါဘူး။

တိုက်ပွဲတွေအပြီး တပ်ရင်းအလိုက် ပျောက်ဆုံးသူများစာရင်းလည်း ရှိတော့ရှိပါတယ်။ ဒါကလည်း တခါမှ ဆယ်ဂဏန်း မရောက်ပါဘူး။ ကျွန်မ ရှေ့တန်းဆေးအဖွဲ့အဖြစ် အကြိမ်ကြိမ်ထွက်ရာမှာ စာရင်းအရ ကျွန်မတို့ပြန်မရတဲ့ အလောင်း (၆) လောင်းပဲ ရှိဖူးပါတယ်။

၁၉၈၈ ခုနှစ်- မိုင်းယန်းတိုက်ပွဲတွင်း ကပါ။ တပ်မတော် လေတပ်က ဗုံးလာကြဲရာမှာ ကတုတ်ကျင်း ပေါ်တည့်တည့် ကျပြီး အဲဒီကတုတ်ကျင်းထဲက ရဲဘော်(၆)ယောက်စလုံး အရှင်လတ်လတ် မြေမြှုပ်ခံလိုက်ရပါတယ်။ ကျန်ရဲဘော်များက အတင်းတက် ဆွဲပါတယ်။ (၂)ယောက်ထပ်ကျပါတယ်။ အဲတော့မှ တပ်ကပြန်ဆုတ်ခိုင်းလို့ ရပါတယ်။ တက်ဆွဲလို့ ကျသွားတဲ့ ရဲဘော်(၂)ယောက် အလောင်းကို နောက်တန်းထိ ပြန်သယ်လာနိုင်ကြလို့ အဲဒီတုန်းက ကျွန်မတို့ ရှေ့တန်းဆေးရုံ ဖွင့်ထားရာ (အခု ရှမ်းပြည် အထူး ဒေသ-၄) စလဲ့မြို့အနီးက မန်ဝိုင်းဆိုတဲ့ ပလောင်ရွာလေးဘေးမှာ မြေမြှုပ် သင်္ဂြိုဟ်ပေးခဲ့ရပါတယ်။ အဲဒီ (၆) လောင်းပဲ ကျွန်မတို့ ပြန်မရဘူးတာပါ။ ကျွန်မတို့ဗကပများ ဘယ်တုန်းကမှ ရာနဲ့ချီပြီးတော့လည်း မကျဆုံးဖူးဘူး။ ကျဆုံးတဲ့ ရဲဘော်များကိုလည်း ဘယ် တုန်းကမှ ပစ်မထားခဲ့ဖူးပါဘူး။

ကောင်းလင်း-ကောင်းလန်းတိုက်ပွဲ ပြန်ဆက်ရရင်တော့-တိုက်ပွဲပြင်ဆင်ကတည်းက ဗဟိုက- လူထုလုပ်ငန်းများ လုပ်ဖို့ အလုပ်အဖွဲ့များကို ရွာတွေ-ဒိုင်နယ်တွေဆီ လွှတ်ပြီး ပြည်သူ့စစ်များနဲ့ စုစည်းပြင်ဆင်မှုတွေ-လှုံ့ဆော်မှုတွေ လုပ်ရပါတယ်။ ပြည်သူ့ စစ်များကရွာတွေရှိ အမျိုးသမီးများပါအပါ --ရှေ့တန်းကူညီရေးအဖွဲ့များဖွဲ့ပြီး ရှေ့တန်းတပ်ဖွဲ့များက လိုအပ်တာများကို စီစဉ်ပေးရ ပါတယ်။ တိုက်ပွဲပြင်ဆင်ကတည်းက-ရှေ့တန်းတပ်များအတွက် ကတုတ်တွေ ဆောက်ပေးရတာ လမ်းတွေပြင်ပေးရတာ နေရာထိုင် ခင်းတွေ(ဥပမာ- ကျွန်မတို့ဆေးရုံအတွက် တဲတွေဆောက်ပေးရတာ) ပြင်ဆင်ပေးရတာ၊ စတာတွေအပြင် နောက်တန်းဌာနအသီး သီးက ရှေ့တန်းအတွက်ပို့ဖို့ လိုအပ်တဲ့ပစ္စည်းများ (လက်နက်- ခဲယမ်းမီးကျောက်- ရိက္ခာ-ဆေးဝါး စသည်ဖြင့်ကို ပါတီထောက်ပံ့ရေး ဌာနမှ ကားများနဲ့ ပို့လို့ရတဲ့ နေရာအထိ ရှေ့တန်းစခန်းကို ပို့ပြီးစုပုံထားကာ အဲဒီကနေ မြင်း-လားတပ်၊ နွားဝန်တင်တပ်တို့နဲ့ ဆက် သယ်ကာ၊ နောက်ဆုံးအဆင့်များမှာ အထက်မှာ ပြောခဲ့သလို ပြည်သူ့စစ်များ၊ အရပ်သားများကို ဆင့်ခေါ် သယ်ယူပို့ဆောင်ခိုင်း ပါတယ်။) ကို သူတို့ကပဲ ထမ်းပိုး ပို့ရပါတယ်။ တိုက်ပွဲ ပြင်ဆင်ရေးကာလ မဟုတ်တော့ဘဲ တိုက်ပွဲပြင်းထန်နေတဲ့ အချိန်ဆိုရင် ရှေ့ တန်းက အပြန်မှာတော့ ဒဏ်ရာရ လူနာတွေကို ထမ်းရပြန်ပါတယ်။ ထောက်ပံ့ရေးလမ်းကြောင်း ရှည်ရင်ရှည်သလောက် ဒေသခံ ပြည်သူလူထု ဒုက္ခကြီးပါတယ်။

တခါတရံ လယ်ယာလုပ်ငန်းများ မလုပ်မဖြစ်ပေါ်ပေါက်လာရင် နေ့ခင်းပိုင်းအိမ်ကိစ္စ လယ်ကိစ္စများလုပ်ကြရပြီး ညပိုင်း ကျမှ ရှေ့တန်းကူညီရေး လုပ်ငန်းတွေ လုပ်ရရှာပါတယ်။

တိုက်ပွဲစဉ်က ၁၉၈၀ ခုနှစ်ဧပြီလ(၁၀)ရက်မှာ စပါတယ်။ (၃၀)ရက်နေ့မှာ ပြီးဆုံးပါတယ်။ တောက်လျှောက် တိုက်နေ တာတော့ မဟုတ်ပါဘူး။ တိုက်လိုက် နားလိုက်ပါ။ ကျွန်မတို့ ရှေ့တန်းဆေးရုံကတော့ မနက်အစော အမြောက်သံစကြားတာနဲ့ ရေနွေးအိုးစတည်သူတည်-ထမင်းဟင်း စချက်သူချက်နဲ့ နောက်-၁-နာရီ-၂-နာရီအတွင်း ရောက်လာတော့မယ့် လူနာများနဲ့ အထမ်း သမားများအတွက် ဆေးကုသရေး -ကျွေးမွေးရေးစတာတွေ အတွက် ပြင်ဆင်ရပါတော့တယ်။ ပြီးနောက် လမ်းလျှောက်ပြီး ရောက် လာတဲ့လူနာများ (ဒဏ်ရာအပေါ့စားများ-ခြေထောက်မထိသူများ) ကိုရော- အထမ်းနဲ့ ရောက်လာ သူများကိုရော ဒဏ်ရာပြင်းမပြင်း အရင်စစ်ဆေး ပြင်းရင်ချက်ချင်းဖြေရှင်း- ပြီး-မှတ်ပုံတင်။ အပျော့စားများကိုတော့ အေးအေးဆေးဆေး အနားပေး-ထမင်းကျွေး လုပ်ရပါတယ်။ ကျွန်မတို့စခန်းရောက်လာတဲ့ ဒဏ်ရာသမားများကို ဘယ်လောက်ပြင်းပြင်း ချက်ချင်းနောက်တန်း(စစ်ဒေသဆေးရုံ) ကို မပို့ပါဘူး။ အတော်တည်ငြိမ်စိတ်ချရမှ ဆေးသွင်းရက် (ဆေးပုလင်းတန်းလန်းနဲ့) သူနာပြုတဦးနဲ့အတူ လွှတ်ပါတယ်။ ကျွန်မ တို့က မိုးလင်းတာနဲ့ ဒီနေ့ဘယ်သူတွေကို စစ်ဒေသဆေးရုံကို လွှဲပေးမယ်-ဆိုတာကို ရွေးချယ်ထားပြီး အထမ်းသမားတွေရှိတာနဲ့ ပို့လွှတ်ရပါတယ်။

တိုက်ပွဲစခါစကတော့ နိုင်ငံရေးလုပ်ငန်းတွေကလည်း တရွာဝင်တရွာထွက် လုပ်ထားတာကြောင့်ဒေသခံလူထုရဲ့ တက် တက်ကြွကြွ ကူညီအားပေးမှုကို ခံရပါတယ်။ ရှေ့တန်းပစ္စည်းတွေထမ်းပိုး ပို့ပြီး ပြန်လာသူများဟာ ကျွန်မတို့ရှေ့တန်းဆေးရုံလေး ထဲ(တခုတ်တရ)၀င်လာကြပြီး နောက်တန်းပြန်ထမ်းပို့ဖို့ လူနာရှိမရှိ မေးမြန်းတတ်ကြပါတယ်။ မရှိဘူးဆိုမှ သူတို့ရွာ သူတို့ ပြန်ကြ ပါတယ်။ ကျွန်မတို့ နေရာလေးကလည်း စစ်ကြောင်းလမ်းမကြီးကနေ အတွင်းဘက်(ဝါးရုံတောထဲ) ကိုက်(၂၀၀) လောက် ဆင်းဝင် လာရတာပါ။ ရှေ့တန်းဆေးရုံတွေကို လေယာဉ်ကွယ်နေရာတွေကို ရွေးရပါတယ်။ လေယာဉ်တွေက လူနာသယ်တဲ့နေရာတွေကို ကောင်းကင်က ထောက်လှမ်းလိုက်လာပြီး ဗုံးကြဲတတ်ပါတယ်။

တိုက်ပွဲက ၁ ပတ်က ၂ ပတ်-၃ပတ်ဖြစ်လာတော့ လူထုက ပန်းလာပါတယ်။ အစပိုင်း တက်တက်ကြွကြွနဲ့ လူနာပို့ စရာရှိ-မရှိ ဝင်မေးတာအထိ လုပ်ကြပေမယ့် ရေရှည်ပင်ပန်းလာတဲ့အခါကျတော့ ရှေ့တန်းပို့ စရာပို့ပြီးရင် ကျွန်မတို့စခန်းကို ရှောင် လာပါတယ်။ သူတို့က တောလည်းကျွမ်းတော့ တောလမ်းများကနေ ရှောင်ကြပါတော့တယ်။ ဒီတော့ ကျွန်မတို့ကလည်း လူနာပို့ဖို့ အရေးတကြီးလိုနေတော့ မတတ်သာဘဲ သူတို့ပြန်တဲ့ တောလမ်းဘက်ကို သွားပြီး သူတို့ကို လိုက်လံရှာဖွေပြီး လူနာထမ်းဖို့ အတင်းခေါ်ကြရတော့တာပေါ့။ ဒီတော့ သင်တန်းသားများက သူတို့အပြန်လမ်းတွေကနေ စောင့်ဖမ်းသလို အခြေအနေမျိုး ဖြစ် သွားပါတယ်။ ငိုအားထက်ရယ် အားသန်ရတဲ့ အဖြစ်အပျက်တွေလည်းရှိခဲ့ပါတယ်။

တခါတော့ အဲသလိုတောထဲ သွားဖမ်းတဲံ့အဖွဲ့က လူတအုပ်ဖမ်းလာပါတယ်။ အဲဒီအထဲ-သင်္ကန်းနဲ့ ကိုရင်တပါး ပါလာပါ တယ်။ ကျွန်မက အထိတ်တလန့်ဖြစ်ပြီး ဦးစီးပြီးဖမ်းခေါ်လာတဲ့- ဘရန်ဒီး(ကေ-အိုင်-အေမှ လာတဲ့ ဆေးသင်တန်းသား) ကို ... "အမယ် လေး-ဘရန်ဒီးရယ်၊ ဘယ်လို လုပ်လာတာတုန်း။ ဗကပကို ဓမ္မ န္တရာယ် ... ဘုရားမရှိ-တရားမရှိလို့ အပြောခံနေရတဲ့အထဲ။ လွှတ်လိုက်-လွှတ်လိုက်"လို့ပြောတော့-ဘရန်ဒီးက- "သူက ငါးဖမ်းနေတာလေ"လို့ဆင်ခြေတက်လာပါသေးတယ်။ ကျွန်မရဲ့ ရှမ်းစကား-၀စကား ဘာသာပြန် အိုက်ရိုက် (ယခု-ပန်ခန်းဆေးရုံ) ကိုခေါ်ပြီး ကိုရင်လေးကို ကျေကျေလည်လည်ပြောပြ တောင်းပန်ပြီး ပြန်လွှတ်လိုက် ရပါတယ်။

တခါလည်း -မြစ်အနောက်ဘက် တပ်မဟာ (၂) က သင်တန်းလာတက်နေတဲ့ ရဲဘော်ထွယ်အောင် (အခုမုံဂူ) က လူတအုပ် ဖမ်းလာပြီး ရှမ်းလို တဖြစ်တောက်တောက် ပြောနေပါတယ်။ ဘာဖြစ်တာတုန်းလို့ မေးကြည့်တော့-ကြည့်လေ။ သူကခြုံပုတ်ထဲ ခေါင်းထိုးထားပြီး ပုန်းနေတာ။ ကျွန်တော်လည်း ဘယ်သိမလဲ။ အောက်တပိုင်းပဲ ပေါ်နေတာ။ ခါးကနေဆွဲပြီး ကြည့်လိုက်တော့ တခေါင်းလုံးဖြူနေတဲ့ အဘိုးကြီးဖြစ်နေတယ်လေ။ လူအားကလည်း မပြည့်တော့ ပြန်လည်းမလွှတ်နိုင်ဘူး-ဘာလို့ လွတ်အောင် မပြေးတာလဲလို့ သူ့ကို ပြောနေတာ--တဲ့။

တနေ့တော့-မိုးလင်းတာနဲ့ နောက်တန်းဆေးရုံပြန်ပို့ဖို့ လူနာ (၆) ယောက် ရှိနေပါတယ်။ ရှေ့ တန်းက ဘာသံမှလည်း မကြားရတော့-ဒီနေ့တိုက်ပွဲရှိမှာ မဟုတ်။ ဒါဆိုရင် လူနာသစ်လည်း ရောက်မှာ မဟုတ်လို့ အထမ်းသမားလည်း ရှိမှာမဟုတ်လို့-အထမ်းသမား(၄၀) လောက်ရှာဖို့ လိုလာပါတယ်။ လူနာတထမ်းကို အထမ်းသမား(၆)ယောက် လိုပါတယ်။ ဒါမှ အလှည့်ကျ ထမ်းနိုင်တာပါ။ ကျောင်းသားတွေကို အထမ်းသမားရှာဖို့-၂-သုတ်ခွဲ လွှတ်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ-ရှေ့တန်းကို အမြောက် ဆန် ပို့ပြန်လာတဲ့ အရပ်သားအုပ်တအုပ်နဲ့ တွေ့ပြီး ပြန်ခေါ်လာကြပါတယ်။

ကျွန်မတို့ကလည်း ထမင်းချက်-ပဲစင်းငုံပြုတ်ပြီး ဆီပါလေဟန်နဲ့ ပဲသနပ်လေးချက်ထားပါတယ်။ မုံညင်းဟင်းရည်လေး လည်း တည်ထားပါတယ်။ ပို့ရမယ့်လူနာတွေကိုလည်း ထမင်းကျွေးပြီး စီထားတဲ့ထမ်းစင်တွေပေါ် အဆင်သင့် တင်ထားပါတယ်။ အထမ်းသမားတွေလည်း ရောက်လာရော သူတို့ကို ထမင်းအရင်ကျွေး၊ တယောက်ကို ဆန်မတ်ခွက်တခွက်စီပေးပြီး (သူတို့လမ်းမှာ ချက်စားဖို့) (၆)ယောက်တတွဲစီပြီး ထမ်းစင်တခုစီ ခွဲပေးရပါတယ်။ အဲသလိုလုပ်ကိုင်နေတုန်း ဆူဆူညံညံအသံတွေ ထွက်လာလို့ ဘာများဖြစ်နေကြတာတုန်း ဆိုပြီး ကျွန်မက တဲအပြင်ထွက်ကြည့်တော့ အထမ်းသမားတယောက်က လစ်ပြေးမယ်လုပ်လို့တဲ့၊ ကျောင်းသားတယောက်က သူ့လက်ဖမ်းဆွဲထားပြီး ကျွန်မဆီ ဆွဲခေါ်လာပါတယ်။ ကျွန်မက ဘာသာပြန်ကနေတဆင့် အခြေ အနေမေးဖို့ ပြင်နေတုန်းမှာပဲ အဲဒီအထမ်းသမားကြီးက ကျွန်မကို စိမ်းစိမ်းကြီးကြည့်ပြီး သူ့လက်ကို ဆောင့်ရုန်းလိုက်ပါတယ်။ ပြီးမှ သူ့အင်္ကျီစ ၂ ဖက်ကိုဆွဲပြီး ပခုံး ၂ ဖက်စလုံးကို လှစ်ပြလိုက်ပါတယ်။ ပြီးတော့အနီးက တောအုပ်ထဲ လှစ်ခနဲဝင်ပြေးသွားပါတယ်။

အလိုဘုရား-ဘုရား။ ဖြစ်မှဖြစ်ရလေ။

ကျွန်မ မျက်စိတွေပြာဝေသွားပြီး မျက်ရည်တွေလည်းကျလာပါတယ်။ ရင်ထဲလည်း ကျင်သွားပြီး ဆို့တက်လာလို့ ရင်ပတ်ကို လက်နဲ့ဖိထားလိုက်ရပါတယ်။ အထမ်းသမားကြီးရဲ့ပခုံးတဖက်ဟာ စုတ်ပြတ်ယောင်ကိုင်းနေပြီး သွေးပုပ်တွေ-ပြီတွေ မြင်မကောင်း အောင် စီးကျနေပါတယ်။ နောက်တဖက်ကလည်း အရေပြားတွေလန်ပြီး စယောင်နေတာသွေးစတွေနဲ့ နီရဲနေပါတော့တယ်။

ကျွန်မတို့တတွေ ဘယ်လောက် ကြက်သေသေသွားသလဲ မသိဘူး။ အနာကို ဆေးထည့် ပေးရမယ်-ဆိုတဲ့ အသိဝင် လာတော့ အဲဒီအထမ်းသမားကြီးကို အရိပ်အယောင်တောင် မတွေ့ရတော့ပါဘူး။ ဒီအထမ်းသမားကြီးရဲ့ မျက်လုံးစိမ်းစိမ်းကြီးတွေနဲ့ အဲဒီပခုံး(၂) ဘက်ဟာ ကျွန်မအတွက်တော့ ဘယ်တော့မှ မမေ့နိုင်ဘဲ ခြောက်အိပ်မက်လို့ အကြောင်းအရာတခုခု တိုက်ဆိုင် လာတိုင်း ပြန်ပေါ် ပေါ်လာနေပါတယ်။ ဆေးလေးတောင် ထည့်မပေးလိုက်ရလေခြင်းဆိုပြီး ပြည်သူ့ဆရာဝန်တယောက်ရဲ့ တာဝန် ပျက်ကွက် မှု အတွက် စိတ်မကောင်းဖြစ်ရင်း အားနာပြီး စိတ်ထဲကနေတောင်းပန်နေမိပါတယ်။

ပေါ်တာအဖြစ်နဲ့ပဲဖြစ်ဖြစ် ရှေ့တန်းကူညီရေး အဖွဲ့ဝင်အဖြစ်နဲ့ပဲဖြစ်ဖြစ်၊ ရိုးရိုးပြည်သူ့စစ်အဖြစ် လုပ်ကိုင်ရတဲ့ လုပ်ငန်းတာဝန်တွေဟာ ဒေသခံပြည်သူတွေအနေနဲ့ ပြည်တွင်းစစ်အတွင်းတွေ့ရတဲ့ အသေးအမွှားလို့ ဆိုနိုင်တဲ့ ဒုက္ခလေးတခုပါ။ ဒါကြောင့် စစ် ဘေးဒဏ်ခံပြည်သူတွေ ငြိမ်းချမ်းရေး လိုချင်တာ မထူးဆန်းပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှသာ ဒီပြသာနာတွေ ဖြေရှင်း နိုင်မှာပါ။

ပြည်တွင်းစစ်အတွင်းမှာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရေးစစ်ဆင်နွှဲရင်း ပါဝင်နေရတဲ့ ကျွန်မတို့ ဗမာပြည်ကွန်မြူနစ်ပါတီ ဟာ ခေတ်အဆက်ဆက်မှာ “ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အလံ”ကို လွှင့်ထူခဲ့၊ အကောင်အထည်ပေါ်လာဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ အနီးခေတ် ၁၉၈၀-၈၁ ခုမှာ “ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား စည်းလုံးညီ ညွတ်ရေး၊ ဒီမိုကရေစီရေး” အလံ (၃) လက်ကို ပိုမိုမြင့်မြင့်မားလွှင့်ထူပြီး ပြည်တွင်းစစ်ရပ်စဲရေး-ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီရေးအတွက် မဆလစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာခဲ့ဖူးပါတယ်။ မဆလ စစ်အစိုးရက ဆွေးနွေးပွဲကို တဖက်သတ် ရပ်ဆိုင်းပစ်ခဲ့ပါတယ်။ န၀တ ခေတ်မှာလည်း ဗိုလ်ခင်ညွန့်တို့ထံ တိုင်းပြည်ရဲ့ ပြဿနာတွေ ညှိနှိုင်းဆွေး နွေး အဖြေရှာဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဘာမှ အကြောင်းမပြန်ခဲ့ပါဘူး။ ဗမာပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့အတွက် အခရာဟာ အုပ်စိုးသူအစိုးရတပ်ပေါ် မူတည်ပါတယ်။ တပ်မတော်အနေ နဲ့ လက်ရှိရရှိထားတဲ့ နိုင်ငံရေး-စီးပွားရေး အခွင့်ထူးများကို စွန့်လွှတ်ပြီး ဒီမိုကရေစီနိုင်ငံများရဲ့ အစဉ်အလာအတိုင်း တပ်မတော်ဟာ အစိုးရလက်အောက်ခံ အဖွဲ့အစည်းတရပ်အနေနဲ့ ရပ်တည်ကာ တပ်မတော်ကို ခေတ်မီတပ်မတော်တရပ် ဖြစ်ရေးအတွက် လုံးပန်း အားထုတ်ရင်း ကျန်အင်အားစုများ (နိုင်ငံရေးပါတီများ-လူမျိုးစုအဖွဲ့အစည်းများ) အပါအ၀င် ပြည်သူလူထုကြီး တရပ်လုံးနဲ့ သင့် တော်စွာ မျှဝေခံစားနိုင်မှသာလျှင် ဖြစ်နိုင်ပါလိမ့်မယ်။ အထူးသဖြင့် ဗမာ့တပ်မတော်က ဗမာပြည် နိုင်ငံရေးမှာ ဦးဆောင်ကဏ္ဍက ပါဝင်နေသရွေ့ (တနည်း)၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီး ရှိနေသရွေ့ ပြည်တွင်း ငြိမ်းချမ်းရေးကြီးကတော့ ရွှေပြည် တော် မျှော်တိုင်းဝေး ...ပဲ ဖြစ်မြဲ ဖြစ်နေပါလိမ့်မယ်။

ထို့အတူ ပေါ်တာပြဿနာအပါအ၀င် ပြည်တွင်းစစ်ရဲ့အနိဋ္ဌာရုံများကလည်း တနေရာမဟုတ်တနေရာမှာ ဆက်လက် ပေါ် ပေါက်နေဦးမှာပါ။ ပြည်သူလူထုကြီးတရပ်လုံး ပန်းလှပါပြီ။

လှကျော်ဇော
၂၀-၅-၂၀၁၆။
မှတ်ချက်။၇-၇-၂၀၁၆နေ့ထုတ်-အရေးတော်ပုံဂျာနယ်။အတွဲ(၂)အမှတ်(၅)မှ။

ကာတွန်း အောင်မော် - အိပ်ချင်မူးတူး

$
0
0

ကာတွန်း အောင်မော် - အိပ်ချင်မူးတူး
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၆

ဇာဂနာ - ရုပ်ရှင်မစည်းမရုံး (ပြီးပါပြီ)

$
0
0

ဇာဂနာ - ရုပ်ရှင်မစည်းမရုံး (ပြီးပါပြီ)
(တူမောရိုး ဂျာနယ်) မိုးမခ၊ ဇူလိုင် ၁၆၊ ၂၀၁၆


ဆင်ဆာနဲ့ ရုပ်ရှင်ဆိုတာ ရှေးပဝေသဏီ ကတည်းက ဖြစ်ခဲ့တဲ့ ပြဿနာပါ။ Twilight over Burma လက်ထက်ကျမှ ကောက်ခါငင်ကာ ထဖြစ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်ကို အခြေတည်ပြီးတော့ ရုပ်ရှင်ဆင်ဆာကိုရော၊ ပြန်ကြားရေးဝန်ကြီး ဆရာဖေမြင့်ကိုပါ အကြီးအကျယ် ဝေဖန်ခဲ့ကြပါတယ်။ အဆိုးဆုံးကတော့ တပ်မတော်ရဲ့ အငြိုငြင်ကို မခံရဲတဲ့ အစိုးရ၊ ဆင်ဆာရဲ့ နောက်ကွယ်ကနေ တပ်မတော်က ၀က်အူကျပ်တာ ခံထားရတဲ့ အစိုးရအဖြစ် ဝေဖန်ကြ၊ ရေးသားကြတဲ့အပြင် ကာတွန်းတွေပါဆွဲပြီး သရော်ခဲ့ကြပါတယ်။

ဒီတော့ ပြဿနာရဲ့ အဖြစ်မှန်ကို ဘယ်ဘက်မှ မလိုက်ဘဲ အမှန်တရားပေါ်က မတ်တတ်ထိုင်ပြီး ကျွန်တော်ပြောပါ့မယ်။ ကိုမင်းထင်ကိုကိုကြီးဆိုတာ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုလို နေသူတစ်ယောက်ပါ။ သီပေါစော်ဘွားကတော်ရဲ့ ဇာတ်ကားကို ဆင်ဆာပြသခွင့် မပြုဘူးဆိုတာ လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် ဖွင့်တဲ့နေ့ကမှ သိတာမဟုတ်ပါဘူး။ တစ်ပတ်လောက် ကြိုသိပြီးသားပါ။ ဒါပေမဲ့ ပွဲတော်တာဝန်ရှိသူတွေက အဲဒီဇာတ်ကားကို ပွဲတော်ဖွင့်ပွဲ ကျင်းပတဲ့နေ့မှာ ပြသခွင့် မရဘူးလို့ ပရိသတ်ကို ကြိုပြီး မကြေညာခဲ့ကြပါဘူး။ ပိုဆိုးတာက သူရဦးတင်ဦးနဲ့ ဂျင်မီတို့ စင်ပေါ်တက်ပြီး အဲဒီဇာတ်ကားအကြောင်းကို ပြောပြီးဆိုပြီးမှ ကိုမင်းထင်က သူ ကြိုမပြောမိလို့ တောင်းပန်ပါတယ် ဆိုပြီး သီပေါစော်ဘွားကတော် ဇာတ်ကား မပြနိုင်တော့ကြောင်း တက်ပြောပါတယ်။

ဦးတင်ဦးဟာ သီပေါစော်ဘွားကို ဖမ်းတယ်ဆိုတဲ့ အချိန်က ဗိုလ်မှူးပါ။ သူ တိုင်းမှူးက ကွယ်လွန်ပြီးဖြစ်တဲ့ ဗိုလ်မှူးကြီးဟောင်း မောင်ကြည်ပါ။ သူတို့နှစ်ယောက်လုံး တပ်မတော် အရာရှိကြီးတွေဖြစ်လို့ တစ်ခါ အဲဒီပြဿနာ ဖြစ်နေချိန်တုန်းက သူတို့ကိုယ်တိုင် ရှမ်းပြည်မြောက်ပိုင်းမှာ တာဝန်ကျနေသူတွေဖြစ်လို့ စိတ်ဝင်စားခဲ့တာပါ။ ဒါပေမဲ့ ပွဲတော်မှာ ကြည့်ခွင့်မရတော့ မချိတင်ကဲ ဖြစ်သွားရရှာတာပေါ့။ ပွဲတော်ကျင်းပသူတွေက ကြိုသိလျက်နဲ့ ဦးတင်ဦးကို ကြိုမပြောခဲ့တာတော့ ဘာကြောင့်လဲဆိုတာ ပွဲစီစဉ်သူတွေမှပဲ သိပါတော့မယ်။

တစ်ခါ ဒီဇာတ်ကားကြောင့် တပ်မတော်ရဲ့ ပုံရိပ်ကို ထိခိုက်စေမယ်ဆိုပြီး ဆင်ဆာအဖွဲ့က ပြသခွင့် မပြုခဲ့တာလို့ ဆိုတာကလည်း အတ္တနောမတိပါ။ ကိုယ်ထင်ရာ ကိုယ်လျှောက်ပြောနေတာပါ။ NLD အစိုးရကို တပ်မတော် သြဇာခံဖြစ်အောင် အပုပ်ချချင်သူတွေက ဖန်တီးတာပါ။ တကယ်တော့ ဆင်ဆာအဖွဲ့ရဲ့ မှတ်ချက်ဆိုတာ လျှို့ဝှက်ချက်ပါ။ ဘယ်သူမှ သိစရာမလိုပါဘူး။ နောက်ပြီး ဆင်ဆာအဖွဲ့ရဲ့ မူအရ ထောက်ညွှန်ချက်ပဲပြုတာပါ။ ဒါပေမဲ့ သီပေါစော်ဘွားရဲ့ ဇာတ်ကားမှာ ရှမ်းတိုင်းရင်းသား အချင်းချင်း သွေးကွဲစေနိုင်တဲ့ အပြုအမှု အပြောအဆိုတွေ အများကြီးပါပါတယ်။ အဆိုးဆုံးက ရှမ်းတောင်ပိုင်းကို ထိခိုက်စေတဲ့ အပြောအဆိုတွေ ပါပါတယ်။ မူရင်းစာအုပ်မှာ မပါပေမယ့် ရုပ်ရှင်မှာ ပါခဲ့ပါတယ်။

နိုင်ငံခြားသားတွေဟာ မြန်မာကို ပုံဖော်တဲ့အခါမှာ နှိမ့်ချပုံ ဖော်လေ့ရှိပါတယ်။ အထူးသဖြင့်ကတော့ ဥရောပတိုက်သားတွေပါပဲ။ The Lady ဇာတ်ကားကို ကြည့်ပါ။ ဗိုလ်ချုပ်အောင်ဆန်းကို နဖူးသေနတ်နဲ့တေ့ပြီး လာလုပ်ကြံသွားတယ်လို့ ပြသခဲ့ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်တို့ကို စက်သေနတ်နဲ့ လာပစ်သွားတာ လူတိုင်းသိပါတယ်။ ဒါကို ကျွန်တော်တို့ ဗိုလ်ချုပ်က မျက်လုံးလေး မှေးစင်းပြီး သေနတ်နဲ့ အပစ်ခံခဲ့တယ် ဆိုတာတော့ ပြင်သစ်ဒါရိုက်တာ လုဘာဇွန်ရဲ့ အတင်းကာရော လုပ်ချက်ပါ။ သမိုင်းကို ပုံမဖျက်သင့်ပေမယ့် သူတို့ကတော့ ကျွန်တော်တို့ ခေါင်းဆောင်ရဲ့ သမိုင်းကို လုပ်ချင်ရာ လုပ်ပစ်ခဲ့ပါတယ်။

အထက်က စကားကို ဆက်ရရင် မူရင်းဝတ္ထုထဲ မပါတဲ့ ရှမ်းမြောက်ပိုင်းသားတွေကို ထိခိုက်စေတဲ့ စကားပြောခဲ့တာတွေကို ဘာကြောင့် ရုပ်ရှင်ထဲထည့်ပြခဲ့တာလဲ ဒီဇာတ်ကားဟာ ကမ္ဘာမှာ အောင်မြင်တဲ့ကား မဟုတ်ပါဘူး။ မြန်မာပြည်က အဖြစ်အပျက်ကြောင့်သာ မြန်မာပရိသတ်တွေ စိတ်ဝင်စားမှာပဲဆိုပြီး ပြဖို့ဖြစ်လာ ပုံရပါတယ်။ ဆင်ဆာအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး ၂၁ရာစု ပင်လုံညီလာခံလုပ်ဖို့ ပြင်ဆင်နေတယ်။ ရှမ်းမြောက်မှာလည်း လောလောလတ်လတ် တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒီဇာတ်ကားကြောင့် ညီလာခံကိုရော ငြိမ်းချမ်းရေးကိုပါ ထိခိုက်သွားမလားရယ်လို့ဆိုပြီး နောင်မှပြဖို့၊ ခုမပြဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါကိုလည်း ပွဲတော်ကျင်းပသူတွေကို တင်ကြိုအသိပေးပြီးသားပါ။ ပွဲတော်ကျင်းပပေးသူတွေကလည်း ပြသခွင့်ပြုဖို့ ၀န်ကြီး ဆရာဖေမြင့်ဆီ စာတင် မေတ္တာရပ်ခံခဲ့ပါသေးတယ်။ ၀န်ကြီးကလည်း ဆင်ဆာအဖွဲ့ကို ထပ်မံ စိစစ်ပေးဖို့ ပြောပေမယ့် ဆင်ဆာအဖွဲ့ကလည်း နောင်မှပြတော့လည်း ဒီဇာတ်ကား ပုပ်သွားသိုးသွားတာမှ မဟုတ်တာဆိုပြီး မူလဆုံးဖြတ်ချက်ကိုပဲ မပြင်ခဲ့ပါဘူး။

ဖြစ်စဉ်က ဒါပါပဲ။ မသိတဲ့အခါ လိုရာ ဆွဲတွေး၊ ဆွဲပြော၊ ဆွဲရေးကြလေတော့ ဖုစရာ၊ ထစ်စရာတွေ ဖြစ်ခဲ့ကြတာပါ။ တစ်ဆက်တည်း ကိုကျော်သူ့ အကြောင်းကို ရိုက်ထားတဲ့ မှတ်တမ်းကားနဲ့ ဆင်ဆာလည်း ပြဿနာ ဆက်တက်ခဲ့ပြန်တော့ လူတွေက ဆင်ဆာကို တော်တော်တိုက်ခိုက်ကြသလို ဆရာဖေမြင့်ခမျာလည်း ၀န်ကြီးဖြစ်လို့ နှစ်လအကြာမှာ ပြဿနာကြီး နှစ်ခုနဲ့ ပယ်ပယ်နယ်နယ် အတွယ်ခံနေရရှာပါတော့တယ်။

တကယ်တော့ ကိုကျော်သူ ပါဝင်တဲ့မှတ်တမ်း ဇာတ်ကားဟာ NED ခေါ်တဲ့ အမေရိကန် ၀ါရှင်တန် အခြေစိုက် အဖွဲ့ကြီးရဲ့ ပိုက်ဆံနဲ့ ရိုက်တဲ့ကားပါ။ ဘာကားဖြစ်ဖြစ် ဥပဒေအတိုင်း ဆင်ဆာကို တင်ပြရပါမယ်။ ဆင်ဆာကို မပြချင်လည်း ရပါတယ်။ အများပြည်သူကို မပြရုံပေါ့။ ၂၀၁၂ ခုနှစ်က လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့တဲ့ ဒါရိုက်တာ စိုင်းကျော်ခိုင်ရဲ့ မှတ်တမ်းရုပ်ရှင် Click in Fair ထက်တော့ ပိုမဆိုးနိုင်ပါဘူး။ ရွှေဝါရောင် တော်လှန်းရေးမှာ သံဃာတော်တွေ ရိုက်ခတ်ပစ်ရတဲ့ အကြောင်း (တကယ့်) ဖြစ်ရပ်မှန် စစ်စစ်ရုပ်ရှင်ကားပါ။ ဆင်ဆာကို တင်ခဲ့ပါတယ်။ ဖြတ်လည်း မဖြတ်ပါဘူး။ ပြခွင့်လည်းရပါတယ်။ တစ်ခါ ဆင်ဆာကို နှစ်ပြားမှမတန်အောင် ဝေဖန် ရိုက်ကူးထားတဲ့ ဒါရိုက်တာဝိုင်းရဲ့ (ဒီအခန်းဖြတ်) ရုပ်ရှင်ကိုလည်း ဆင်ဆာကို မဖြတ်ခဲ့သလို ပြသခွင့် ပေးခဲ့ပါတယ်။

ဒီတော့ ဆင်ဆာရဲ့ လျော့ပေါ့ပေးတဲ့မူကိုတော့ လေးစားသင့်သလို ရုပ်ရှင်ပြချင် ဆင်ဆာတင် ရမယ်ဆိုတဲ့ (ဥပဒေ) ကိုတော့ ဒီမိုကရေစီ လိုချင်သူတိုင်း လိုက်နာကြဖို့ ကောင်းပါတယ်။ နောက်နောင် ဆင်ဆာ ဥပဒေကောင်းတွေ ပေါ်ထွက်လာဖို့ ကြိုးစားကြရမယ့်အစား ဆင်ဆာကို နားရွက် သွားသွား တွံထွေးဆွတ်သင့်မသင့် စဉ်းစားကြစေချင်ပါတယ်။

ကျွန်တော်တို့ဟာ ညှိနိုင်တဲ့မူအစား၊ ခုတ်လိုက်မယ်၊ ထစ်လိုက်မယ်မူကို ကျင့်သုံးနေကြမယ် ဆိုရင် ဘယ်နေရာမှရှေ့ကို ရောက်တော့မယ် မထင်ပါဘူး။ အပြစ်တင်ခြင်းထက် ပိုကောင်းတဲ့ ဆွေးနွေးခြင်းကို အစပျိုးကြရအောင်ပါ။

ဒီဆောင်းပါးကိုရေးလို့ ကျွန်တော့်ကို မုန်းတဲ့နောက်ကွယ်မှာ အတင်းပြောတဲ့၊ ဆဲတဲ့သူတွေ အားလုံးကို မေတ္တာမပျက်ပါဘူး။ အမုန်းမထားပါဘူး။ ခင်ဗျားတို့ထက် ကျွန်တော့်ကို နှိပ်စက်၊ ကျွန်တော့် မိသားစုကို တကွဲတပြားဖြစ်အောင် လုပ်ခဲ့တဲ့ စစ်အစိုးရကိုတောင် အမုန်းမထားခဲ့တဲ့သူပါ။ ကျွန်တော့် စေတနာက တစ်ခုတည်းပါ။ အားလုံးပြေပြေလည်လည်နဲ့ လောကကောင်းကျိုး သည်ပိုးကြဖို့ပါ။

ဒီတော့ ကျွန်တော့် အဆိုပြုချက်ကလေးတွေကို စဉ်းစားပြီး ၀ိုင်းဝန်းအဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်။ ကိုယ့်ကို ထမင်းကျွေးခဲ့တဲ့ ထမင်းကျွေးတဲ့ လောကရဲ့ ကောင်းကျိုးကို သည်ပိုးခြင်းဟာ အမြင့်မြတ်ဆုံး လုပ်ငန်းတစ်ခုလို့ ခံယူပြီး စဉ်းစားပေးကြစေချင်ပါတယ်။

(၁) ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်အများပိုင်ဟာ ပန်းနဲ့ခေါင်းပါ။ စီးပွားရှာလို့ မရတဲ့ အစည်းအရုံးနဲ့ အများပိုင် ညီညီညွတ်ညွတ် လက်တွဲလုပ်ကြရအောင်ပါ။ အများပိုင်က ဒါရိုက်တာ အဖွဲ့တွေဟာ ရုပ်ရှင်လောကသားတွေ ဖြစ်သလို အစည်းအရုံး အမှုဆောင်တွေချည်းပါပဲ။ ဘာကြောင့် ဘာဖြစ်လို့ မပြေမလည် ဖြစ်နေရမှာလဲ။ မသင့်မြတ်ဘူးဆိုတာ ဘုရားလည်းမကြိုက်၊ လူလည်းမကြိုက်ပါဘူး။ သူ့ဖက်က နည်းနည်းလျှော့၊ ကိုယ့်ဖက်က နည်းနည်းလျှော့ပြီး မျက်နှာချင်းဆိုင် ထိုင်ဆွေးနွေးကြဖို့ အချိန်သင့်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး နှစ်ပေါင်း ၆၈နှစ်ကြာ တိုက်ခိုက်ခဲ့တဲ့ ပြည်တွင်းစစ် အဆုံးသတ်လို့ ငြိမ်းချမ်းရေးစကား ပြောနေကြပါပြီ။ ဒါကို နမူနာယူကြည့်ပါ။ အစည်းအရုံးများနဲ့ အများပိုင်ဆိုတာ ရန်သူမဟုတ်သလို လက်နက်ကိုင် တိုက်နေကြတဲ့သူတွေလည်း မဟုတ်ပါဘူး။ တကယ်တမ်း နိုင်ငံတော် အစိုးရက အလုပ်အကိုင် အခွင့်အလမ်း ပေးမယ်ဆိုရင်တောင် ကိုယ့်အချင်းချင်း သတ်နေကြတာနဲ့တင် လက်လွတ်သွားရပါလိမ့်မယ်။ ဆရာဖေမြင့် ခေါင်းဆောင်တဲ့ ပြန်ကြားရေး ၀န်ကြီးဌာနကနေ ရုပ်ရှင်ရုံ ၉၂ရုံ သိမ်းထားတာကို ပြန်လည်လုပ်ကိုင်ခွင့်ပြုမယ်ဆိုရင် ရုပ်ရှင်အစည်းအရုံးကို ပေးတော့မှာ မဟုတ်ပါဘူး။ ရုပ်ရှင်အစည်းအရုံးကို ပေးထားတဲ့ ၀ဇီရာ (၂) ကို အစည်းအရုံးကနေ မင်္ဂလာအုပ်စုဆီ ငှားရမ်းပြီးသား မဟုတ်ပါလား။ သည်တော့ အများပိုင်က လုပ်ခွင့်ရရင် အစည်းအရုံး အတွက်လည်း ၀င်ငွေတိုးတာပဲ မဟုတ်လား။ သည်တော့ အများပိုင်နဲ့ အစည်းအရုံး မျက်လုံးချင်း စကား စပြောကြရအောင်ပါ။

(၂) ရုပ်ရှင်မပြရလို့ Video ပေါ်တည်ပြီး ထမင်းရှာစားနေရတဲ့ ကိုယ့်လောကကို တစ်ချက်လောက် ငဲ့ကြည့်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ၃၅လမ်းမှာ နေ၀င်ကာနီးထိ ငုတ်တုတ်ထိုင်စောင့်ပြီး နေ့စား လာခေါ်မလားရယ်လို့ မျှော်တလင့်လင့် နေရရှာတဲ့ သူတွေကို ငဲ့စေချင်ပါတယ်။ ရုပ်ရှင်ဆိုတာ မင်းသား မင်းသမီးနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာမဟုတ်ပါဘူး။ ဇာတ်ပို့ဇာတ်ရံ၊ စက်မှုအခြေခံ စတာတွေ မပါလို့ မရပါဘူး။ ဒီလိုပဲ အခွေအငှားဆိုင်တွေကိုလည်း ထည့်စဉ်းစားပေးပါ။ ပရီစနစ်နဲ့ပဲ ဖြန့်ဖြန့်၊ မူပိုင်နဲ့ပဲဖြန့်ဖြန့် ခိုးကူးနေသမျှ ဘာမှဖြစ်မလာမယ့် လောကအတွက် အကောင်းဆုံး အဖြေရှာရအောင်ပါ။ ၀င်္ကဘာလမ်းက အစည်းအရုံး ရုံးခန်းထဲကနေ ခဏထွက်ပြီး ၃၅လမ်းမှာ တစ်မနက်လောက် လာထိုင်ကြည့်ကြပါ။ သူ့ကြောင့် ကိုယ့်ကြောင့် လက်ညှိုးမထိုးပဲ ၀ိုင်းဝန်းအဖြေရှာကြရအောင်ပါ။

(၃) တိကျသေချာတဲ့ ဖွဲ့စည်းပုံ မရှိဘဲနဲ့ အစည်းအရုံးဟာ တစ်သက်လုံး မစည်းမရုံး ဖြစ်နေတော့မှာပါ။ သင်းဖွဲ့စည်းမျဉ်းလေး လောက်နဲ့တော့ တက်မလာပါနဲ့တော့။ တောက်ချလိုက်ရုံပဲ ရှိပါမယ်။ အမှုဆောင်အဖွဲ့ကို တကယ်အလုပ်လုပ်မယ့်သူတွေနဲ့ ကျစ်ကျစ်လျစ်လျစ်ဖွဲ့ပြီး သတ်သတ်မှတ်မှတ် တာဝန်ပေးယူဖို့ လုပ်ကြရအောင်ပါ။ ရုပ်ရှင်အစည်းအရုံးမှာ အားအနည်းဆုံးက (အလုပ် မလုပ်တတ်တာပါ)။

အင်စတီကျူးရှင်းကို ဘယ်သူတက်တက် မတည်ဆောက်ခဲ့တဲ့ အတွက် ရုံးအုပ်ကြီး ဦးချစ်ဆွေရဲ့ လက်ထဲ ၀ကွက်အပ်ပြီးသာ အပ်ထားနေရတာပါ။ နိုင်ငံတကာ ဆက်ဆံဖို့ဆိုလည်း အီးမေးလ်တောင် ဖြောင့်ဖြောင့်တန်းတန်း မရေးတတ်တဲ့ သူတွေနဲ့ ဘယ်လိုလုပ်ကြမလဲ။ Excel တောင်မသိတဲ့ သူတွေ စာရင်းဘယ်လိုလုပ်မလဲ။ စာရင်းဘယ်လိုစစ်မလဲ။ ဒါသေးသေးလေးတွေပဲ ရှိသေးတယ်။ ရုပ်ရှင်သမားတွေဆိုတာ အနုပညာသမားဖြစ်လို့ ရုံးအုပ်ချုပ်ရေးကို နားမလည်ပါဘူး။ ဒါကြောင့် နားလည်သူတွေ ဖွဲ့စည်းဖို့ လိုပါတယ်။ အလွှာအသီးသီးကို ကိုယ်စားပြု ရွေးချယ်နေတဲ့ စနစ်ကြီးဟာ (အလုပ်မဖြစ်ဘူး။ ပြီးတော့ လုပ်တတ်ကိုင်တတ်သူတွေ မပါလာဘူး)ဆိုရင် ရွေးကောက်ပွဲစနစ်ကို ပြောင်းပြီး လောကသား အားလုံးကို ကိုယ်စားပြုနိုင်မယ့် ကိုယ်စားလှယ်တွေကို အများဆန္ဒနဲ့ ရွေးကောက်ပွဲ တင်မြှောက်မလား၊ အမေရိကန် သမ္မတ ရွေးသလို ဥက္ကဋ္ဌ တစ်ယောက်ကိုပဲ မဲပေးရွေးချယ်ပြီး အမှုဆောင်အဖွဲ့ကို ဥက္ကဋ္ဌကပဲ ဖွဲ့စည်းလုပ်ကိုင်စေမလားဆိုတာမျိုး စဉ်းစားကြဖို့ ကောင်းပါပြီ။ တစ်ခါ (ရုပ်ရှင်မင်းသမီးတိုင်းဟာ ကိုယ်အောင်မြင်ဖို့ ကိုယ့်ကို လူကြိုက်ဖို့ အမြဲကြိုးစားနေတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြု စဉ်းစားတတ်သူတွေ) ဖြစ်ပါတယ်။ အများနဲ့ အလုပ်လုပ်ရ ခက်တတ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်သူ (ဒါမဟုတ်) ဒါရိုက်တာတို့ကို ဥက္ကဋ္ဌ အဖြစ်နဲ့ ရွေးချယ်စေမလား ဆိုတာမျိုးကလည်း စဉ်းစားသင့်လှပါတယ်။

(၄) ဒါ့အပြင် ဒီတိုင်းပြည်မှာ ခုချိန်ထိ အူလည်ချာလည် လိုက်နေတဲ့ ဉာဏမူပိုင်ခွင့်ကို ခဏမေ့ထားပြီး ကိုယ့်အနုပညာ ပစ္စည်းတွေကို အကာအကွယ်ပေးနိုင်မယ့် ဗီဒီယို အက်ဥပဒေကို ထိရောက်တိကျစွာ အသုံးချနိုင်စေဖို့ ပြန်ကြားရေး၊ ပြည်ထဲရေးနဲ့ ရှေ့နေချုပ်ရုံးတို့ ပါဝင်တဲ့ (အလုပ်ဖြစ်မယ့် ဆွေးနွေးပွဲ)ကို လုပ်ကြရအောင်ပါ။ မထောက်မညှာ ပြောကြရအောင်ပါ။ အပြစ်အနာတွေ မပြောဘဲ လောကကောင်းကျိုး အတွက် အကြံကောင်းတွေ ပေးကြရအောင်ပါ။ (ကျွန်တော့်တုန်းကတော့ နာဂစ်မုန်တိုင်းခံ ဒေသတွေအကြောင်း ရိုက်ကူးထားတဲ့ Video လေဆာပြား လက်ထဲထားလို့ဆိုပြီး ဗီဒီယိုအက် ဥပဒေနဲ့ ထောင်ဒဏ်နှစ်နှစ် ချခံရဖူးပါတယ်။ အဲဒီလို အရေးယူမှုမျိုးနဲ့ ထိထိရောက်ရောက် အရေးယူရင် ခိုးကူးကိစ္စ ပြေလည်သွားနိုင်ပါတယ်။

ဖော်ပြပါ အချက်အလက်တွေအပြင် အားလုံးညှိနှိုင်းတိုင်ပင်ရင်း ပိုမိုကောင်းမွန်တဲ့ အကြံကောင်းဉာဏ်ကောင်းတွေ ရလာနိုင်ပါသေးတယ်။ ကိုယ့်အပူ ကိုယ်သိကြပါတယ်။ ကျွန်တော်တို့ နည်းနည်းလေး အပင်ပန်းခံလိုက်ရှာလိုက်ရုံနဲ့ ရှေ့ဆက်ဖြောင့်ဖြူးသွားတော့မှာပါ။ ပြီးခဲ့တာတွေ ကန့်လန့်ကာချလို့ ဇာတ်လမ်းအသစ်ကို စကြပါစို့။ ကျွန်တော်တို့ နောက်မကျသေးပါဘူး။

(ပြီးပါပြီ)
ဇာဂနာ

ပြည်သူ့အင်အားက စစ်တပ်ရဲ့ တင့်ကားတွေကို အနိုင်ယူ

$
0
0


ပြည်သူ့အင်အားက စစ်တပ်ရဲ့ တင့်ကားတွေကို အနိုင်ယူ
People Power wins Military Tanks in Turkey's Coup Attempt
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၆

တူရကီနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းရန် ကြံစည်မှု ဖြစ်ပွားခဲ့သော်လည်း ယခု နောက်ဆုံးရ သတင်းများ အရ အရပ်သား အစိုးရအဖွဲ့က အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။ တူရကီ သမ္မတ Erdogan က အာဏာသိမ်းရန် ကြံစည်မှု ကို ရှုတ်ချလိုက်ပြီး သစ္စာဖောက်မှု အဖြစ် အစ္စတန်ဘူလ်မြို့တော်က တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်သံမိန့်ခွန်းတွင် ပြောကြားလိုက်သည်။ ကြံစည်သူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟုလည်း သမ္မတက ဆိုသည်။

အာဏာသိမ်းရန် ကြိုးစားခဲ့မှုတွင် တူရကီစစ်တပ်၏ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ မပါဝင်ဘဲ စစ်တပ်၏ အစိတ်အပိုင်းတစ်ခုသာ ပါဝင်ခဲ့သည်။

တူရကီ နိုင်ငံသား လူထုတချို့ကလည်း အိမ်အပြင်မထွက်ရန် သတိပေးပြောဆိုထားမှုကို ဆန့်ကျင်ပြီး မြို့တော် အန်ကာရာ နှင့် အစ္စတန်ဘူလ် ရှိ လမ်းမများပေါ်တွင် "ငါတို့မှာ ဝန်ကြီးချုပ် ရှိတယ်၊ ကာကွယ်ရေးဦးစီးချုပ် ရှိတယ်၊ တိုင်းပြည်ကို လူယုတ်မာတွေလက်ထဲ ဝကွက်မအပ်နိုင်ဘူး"အစရှိသည့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို ဟစ်ကြွေးကြပြီး နိုင်ငံတော် အလံများကို လွှင့်ထူကာ စစ်တပ်၏ တင့်ကားများအပေါ် တက်ရောက်ကြသည်။

ဝန်ကြီးချုပ် Yildirim ကလည်း ဖြစ်ပွားခဲ့သည့် အခြေအနေ အရပ်ရပ်ကို အကောင်းဆုံး နိုင်နင်းစွာ ထိန်းသိန်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ မြို့တော် အန်ကာရာ တွင် လေယာဉ်မပျံသန်းရ ဧရိယာ သတ်မှတ်ထားပြီး မပျံသန်းရဇုံအတွင်း အာဏာသိမ်းရန် ကြိုစားသူများ အသုံးပြုသည့် လေယာဉ်ပျံများကို ပစ်ချရန် စစ်တပ်ကို အမိန့်ပေးထားကြောင်း၊ ယခုအချိန်အထိ စစ်အာဏာသိမ်းရန် ကြံစည်သူ အယောက် ၁၃၀ ကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်ကာရာ တိုက်ခိုက်မှုတွင် လူ အယောက် ၄၃ ယောက် သေဆုံးကြောင်း တူရကီ မီဒီယာများက ဖော်ပြထားသည်။

တူမောင်ညို - (မဘသ) သည် “နိုင်ငံတော်သံဃမဟာနယကအဖွဲ့” ထံကနေ “သြဝါဒခံယူ” ဖူးပါတယ်

$
0
0


တူမောင်ညို - (မဘသ) သည် “နိုင်ငံတော်သံဃမဟာနယကအဖွဲ့” ထံကနေ “သြဝါဒခံယူ” ဖူးပါတယ်
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၆

(မဘသ) ကိစ္စ နဲ့ပတ်သက်ပြီး သတင်းစာဟောင်း/ မှတ်စုဟောင်း/ဆောင်းပါးဟောင်းတွေ ပြန်ကြည့်ရင်း ရေးစရာအချက် အလက်အချို့ပေါ်လာပါတယ်။ လွန်ခဲ့တဲ့ တနေ့က မိုးမခမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရဲ့အဆက်လို့ ဆိုချင်လည်းဆိုနိုင်ပါတယ်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၊ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ “ကြေညာချက်” ထဲမှာ အောက်ပါ အချက်ပါရှိပါတယ်။

“ မည်သည့် ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးကမျှ (မဘသ)အဖွဲ့ကို အသိအမှတ်ပြုခြင်း၊ သန္ဓေတည်ပေါက်ဖွားစေခြင်း မရှိခဲ့ သည့်အပြင် (မဘသ) ဟူသောအသုံးအနှုန်းကိုပင် ခေါ်ဝေါ်သုံးစွဲခဲ့ခြင်း အလျဉ်းမရှိခဲ့ပါ”

ဒီလို ရေးသားတာက “ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ သံဃနာယကလက်စွဲ၊ ညွန်ကြားလွှာများ” နဲ့ အညီ ဖွဲ့စည်းထားတာမဟုတ်ဘူးဆိုတဲ့ အချက်ကို ထင်ရှားစေအောင်ဖော်ပြတာမျိုး(ဝိနည်းလွတ်) ပဲဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် (မဘသ)အဖွဲ့က ဆရာတော်တွေဟာ နိုင်ငံတော်သံဃမဟာနယကအဖွဲ့(မဟန)ထံကနေ “သြဝါဒခံယူ” ဖူးပါတယ်။

“သြဝါဒခံယူပွဲ” ကို ၂၀၁၄ခုနှစ်၊ မေလ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တာပါ။

နေရာက “ရန်ကုန်တိုင်ဒေသကြီး ၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ၊ ဝိဇယမင်္ဂလာဓမ္မသဘင်” မှာပါ။

“သြဝါဒခံယူပွဲ”သို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီး ၄၇ ပါး တက်ရောက်ပါတယ်။

(မဘသ)ဘက်မှ “အင်းစိန်မြို့နယ်၊ ရွာမပရိတ္တိစာသင်တိုက် ပဓာနနာယက အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့(ဗဟို)ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊နိုင်ငံတော်သြဝါဒါစရိယဆရာတော်ဘဒ္ဒန္တတိလောကာဘိဝံသ အမှူးပြုသော အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) မှ ဆရာတော် ၂၂ ပါး” တက်ရောက်ပါတယ်။

အစိုးရဘက်မှ “သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်၊ ဒုတိယဝန်ကြီး ဦးစိုးဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်သာသနာရေးမှူးများ”တက်ရောက်ပါတယ်။

ဒါ့အပြင်“အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ဥပါသကာများနှင့်ဥပါသိကာများ” လည်း တက်ရောက်ကြ ပါတယ်။

ဒီအချက်အလက်တွေကို ၂၀၁၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာထဲကနေ ကောက်နုတ်ဖော်ပြလိုက်တာပါ။ သတင်းစာ နှစ်စောင်က သတင်းစာကိုယ်အရ ဘာမှမကွဲပြားပေမယ့် သတင်းစာခေါင်းစဉ်ကတော့ ခြားနားပါတယ်။ ဒီလိုဖော်ပြတာကလည်း အစီအစဉ်ရှိရှိဖော်ပြတာလို့ယူဆပါတယ်။

မြန်မာ့အလင်းသတင်းစာက “သြဝါဒခံယူပွဲ” ကို အခု ဒဲ့ဒိုးပဲ ခေါင်းစဉ်တပ်ပါတယ်။

“အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဆရာတော်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ သြဝါဒခံယူ”

“ကြေးမုံသတင်းစာ” က အခုလိုဖော်ပြတယ်။


“အမျိုးဘာသာသာသနာစောင့် ရှောက်ရေးအဖွဲ့ပတ်သက်၍ မလိုလားအပ်သည့် သတင်းထုတ်ပြန်ချက်များ စာနယ်ဇင်းများ ၌ တွေ့နေရ အဆိုပါသတင်းဖန်တီးမှုများ သည် တိုင်းပြည်၏ စည်းလုံးညီညွတ်ရေးကို ပျက်ပြားအောင် လုပ်ဆောင်နေမှုများသာဖြစ် ”

ဒီလို သြဝါဒခံယူပွဲမျိုးရှိပါလျက်နဲ့ (မဟန) ရဲ့ ဇူလိုင် ၁၂ ရက်၊ “ကြေညာချက်” ထဲက ရေးသားဖော်ပြထားမှုတွေဟာ သွေးရိုး သားရိုးမှ ဟုတ်ပါရဲ့လားလို့ စဉ်းစားမိတာပါ။ ဒီအချက်ကို သာသနာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေမသိနိုင်စရာအကြောင်းမရှိပါဘူး။

ဒါ့အပြင် ၂၀၁၄ ခုနှစ်၊ မေလ ၉ ရက်နေ့က “သြဝါဒခံယူပွဲ” ဆိုတာကရော သွေးရိုးသားရိုးဟုတ်ပါရဲ့လား။

နိုင်ငံတော်အစိုးရက ကြိုးကိုင်စီမံတဲ့ အကွက်ချလုပ်ကြံဖန်တီးချက်ဖြစ်မယ်လို့ ယူဆပါတယ်။ ဇာတ်လမ်းဇာတ်ကွက်တွေကို လုပ်ကြံဖန်တီးရာမှာ လုပ်ကြံဖန်တီးသူတွေတောင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မသိစေဘဲ သီးခြားစီ လုပ်ကြံဖန်တီးယူပြီးနောက်မှ လိုသလိုပုံသွင်းယူ သွားတာဖြစ်မယ်လို့ယူဆပါတယ်။

ပထမခြေလှမ်းက “နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်၍ ကန့် ကွက်မည်၊ ဆန္ဒပြမည်၊ ဖြုတ်ချမည်” စတဲ့ သတင်းကို အင်တာနက်များ၊ ဆိုရှယ်မီဒီယာများ၊ စာနယ်ဇင်းများကနေ ဖြန့်ထုတ်လိုက်တယ်။

ဒီသတင်းကို ဘယ်သူလုပ်ကြံဖြန့်ဖြူးနေသလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ဖြန့်နေသလဲဆိုတာကို (မဟန) ဆရာတော်ကြီးတွေ သိကောင်းမှသိမယ်။(မဘသ)ဦးဆောင်သူတွေကတော့ သိချင်သိနိုင်တယ်။ ဒီသတင်းကိုကျယ်ပြန့်သွားအောင်လည်း ဖွထုတ်လိုက်မယ်။

ဒီတောာ့မှ ဒုတိယအဆင့်အဖြစ် ဒီသတင်းကို ချေဖျက်ရေးဆိုတဲ့ ဂွင်ထဲကို (မဟန) နဲ့ (မဘသ) ကို ဆွဲသွင်းလာမယ်။ ဒီခြေလှမ်းကနေ (မဘသ)က (မဟန)ထံ “သြဝါဒခံယူ” ပြီး ဒီကောလဟာသတင်းကို တုန့်ပြန်ဖြေရှင်းမယ်ဆိုတဲ့ ဇာတ်လမ်းကို ဆက်လာ တာဖြစ်မယ်။

ဒီမှာတင်ပဲ (မဘသ) ကို (မဟန)ရဲ့ သြဝါဒခံလည်းဖြစ်စေ၊ အတူတကွပူးပေါင်းဆောင်ရွက်တဲ့ပုံစံလည်း အများပြည်သူ ကမြင် သွားစေ၊ (မဘသ) က လုပ်နေတဲ့ “မျိုးစောင့်ဥပဒေ” ဆိုတာကိုလည်း ဗြောင်ကြော်ငြာပြီးသားဖြစ်စေ၊ (မဟန)နဲ့ (မဘသ) စိတ်တူ သဘောတူဖြစ်လေဟန်ပက်ပက်စက်စက် အကွက်ရိုက်လုပ်ကြံဖန်တီးလိုက်တာပဲလို့ယူဆပါတယ်။ တစ်ချက်ခုတ်တာနဲ့ အပိုင်းပိုင်းပြတ် သွားစေတဲ့ အကြံယုတ်ပဲ။

ဒီလိုနဲ့ (မဟန) ထံကနေ (မဘသ)က “သြဝါဒခံယူတယ်”ဆိုတာနဲ့ (မဘသ)ကို “အရောင်တင်”လိုက်တယ်၊ “သိဒ္ဓိတင်” ပွဲ ကြီး ကြီးပေးပြီး ပွဲထုတ်လိုက်တာဖြစ်တယ်။

သတင်းစာထဲမှာ (မဟန) ဥက္ကဋ္ဌ ဆရာတော်ကြီးပေးတဲ့ သြဝါဒကို ဘယ်လို ဖော်ပြထားသလဲဆိုတော့

ကြေးမုံသတင်းစာ (၂၀၁၄ ခုနှစ်၊ မေလ ၁၀ ရက်) ကျောဖုံးနှင့် စာမျက်နှာ ၈ (စနေနေ့)


(မဟန) သြဝါဒပေးပုံ


“ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်က မိမိတို့ သံဃာတော်အချင်းချင်း ညီရင်းအစ်ကို၊ မိဘနှင့်သားသမီး စိတ်ဓာတ်ဖြင့် ညီညွတ်ရန်လိုကြောင်း၊ ပွင့်ပွင့်လင်းလင်းလျှောက်ထားဆွေးနွေးရန်လိုကြောင်း၊ မည်သည့်ကိစ္စမဆိုအသိပေး၍ တိုင်တိုင် ပင်ပင်လုပ်ရန်လိုကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကလည်း စိတ်တူသဘောတူလုပ်မည်ဖြစ်ကြောင်း၊ ဘာသာသာသနာ ဆိုင်ရာလုပ်ငန်းကြီးများလုပ်မည်ဆိုပါက ဒွိဟဖြစ်နေသည့်ကိစ္စရပ်များရှိပါက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ လျှောက်ထားနိုင်ပါ ကြောင်း၊ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့က သြဝါဒခံယူမည့်အကြောင်း လျှောက်ထားသဖြင့် ဝမ်းသာမိပါကြောင်းနှင့် ယခု သြဝါဒခံယူပွဲကို သက်ဆိုင်ရာတာဝန်ရှိသူများက အမှန်အတိုင်းသတင်းထုတ်ပြန်ပေးဖို့ မေတ္တာရပ်ခံလိုပါကြောင်း သြဝါဒချီးမြှင့်သည်” တဲ့။ [ဒီလို စကားလုံးတွေ (မဟန)ဆရာတော်ကြီးတွေ သြဝါဒပေးရာမှာ တကယ်ပဲ သုံးစွဲခဲ့သလားဆိုတာကလည်း ဆန်းစစ်ကြည့်စရာပါ]

(မဘသ) ဘက်က ဘယ်လိုပြန်လည်လျှောက်ထားသလဲဆိုတော့

(မဘသ) သြဝါဒခံယူပုံ

“ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး၏ သြဝါဒချီးမြှင့်မှုနှင့်ပတ်သက်၍ အမျိုးဘာသာသာသနာစောင့် ရှောက်ရေး အဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော်က ဆရာတော်ကြီး၏ သြဝါဒကို လိုက်နာမည်ဖြစ်ကြောင်း၊စည်းလုံးညီညွတ်ခြင်းကို လိုလားပါ ကြောင်း၊ မိမိတို့ အဖွဲ့သည် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် နံပါတ်တစ်ထား၍ လုပ်ဆောင်နေပါကြောင်း၊ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်ပါတီကိုမျှ မရည်ရွယ်ပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့်လက်တွဲရမည်၊ အချင်းချင်းမညီညွတ်ပါက ဆိုး ကျိုးများ သာရရှိမည်ဖြစ်ကြောင်း၊ နောင်တွင်လည်းလူလွှတ်၍ဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေအချိန်မရွေးခေါ်ယူ သြဝါဒပေးနိုင်ပါကြောင်း နှင့် ဖြစ်ပေါ်နေသည့်သတင်းနှင့်ပတ်သက်၍ ဦးပါမောက္ခ ကို မေးမြန်းနိုင်ပါကြောင်း လျှောက်ထားသည်” တဲ့။

ဒီနေရာမှာ ထည့်စဉ်းစားသင့်တာက မကြာခင် (မဘသ)ကနေ လမ်းခွဲထွက်သွားတဲ့ကိစ္စပါ။

ဦးပါမောက္ခက “ကြံ့ဖွံ့ပါတီအနိုင်ရရေး မဲဆွယ်လှုပ်ရှားမှုတွေ” လုပ်ခဲ့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ (မဘသ) ကနေ လွန်ခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကပဲ နှုတ်ထွက်တဲ့ကိစ္စ (RFA) သတင်းဌာနနဲ့အင်တာဗျူးမှာကြားလိုက်ပါတယ်။ ဒါကလည်း ထူးခြားတဲ့ခြေလှမ်းနဲ့ အချက်ပြမှုတစ်ခုပါ။ (မဘသ) ကို (မဟန) က ကိုင်တွယ်တော့မယ်ဆိုတာ ကြိုတင်သိရှိလို့ ဒီခြေလှမ်းကိုလှမ်းသလား ဆိုပြီးတွက်ကြည့် မိပါတယ်။ ဦးပါမောက္ခ (မဘသ) ကထွက်တယ်ဆိုတဲ့သတင်းနဲ့ (မဟန) က (မဘသ)ကို ကြေညာချက်ထုတ်ပြန်ပြီးဖွင့်ချတာဟာ တစ်လ နည်းပါးပဲကွာခြားတာပါ။ ဒါဟာသာမန်တိုက်ဆိုင်မှု ဟုတ်မှ ဟုတ်ပါရဲ့လား။

“သြဝါဒခံယူတယ်” ဆိုတာရဲ့ အတွင်းသဘောနဲ့ အဓိပ္ပာယ်ဟာ ဘုန်းကြီးလောကမှာ နက်နဲပါတယ်။

ဒီလို အထင်အရှား “သြဝါဒခံယူ”ဖူးပါလျက်နဲ့ (မဟန)ကြေညာချက်မှာ “အသိအမှတ်ပြုခြင်း၊ (မဘသ) ဟူသော အသုံးအနှုန်း ကိုပင် ခေါ်ဝေါ်သုံးစွဲခဲ့ခြင်း အလျဉ်းမရှိခဲ့ပါ” လို့ ရေးသာတာဟာ သွေးရိုးသားရိုးမဟုတ်တန်ရာ။ ရန်တိုက် ထိုးဆွပေးဖို့ တမင် ရည်ရွယ် တာလို့ယူဆပါတယ်။ (မဟန)ဆရာတော်ကြီးတွေဟာ သက်တော်ကြီးလှပါပြီ။ ဒီလို စကားလုံးအသုံးအနှုန်းကအစ အသေးစိတ်ကိစ္စတွေ ကို လိုက်ပါစစ်ဆေးကြီးကြပ်နိုင်ပါ့မလား။

သာနာရေးဝန်ကြီးဌာနက လူပုဂ္ဂိုလ်တွေရဲ့ပက်စက်တဲ့ လုပ်ရပ်တွေပဲလို့မြင်ပါတယ်။

ဘာသာ၊သာသနာကို ကိုယ်ကျိုးအတ္တကွက်ကွက်ကလေးအတွက် အသုံးချရုံမကဘူး၊ ဆရာတော်ဘုရားကြီးတွေရဲ့ ကြည်ညို ဖွယ်ဂုဏ်သိက္ခာကိုပါ ရူးရူးမိုက်မိုက် ခုတုန်းလုပ်အသုံးချနေတာပဲဖြစ်ပါလိမ့်မယ်။ အစိုးရယန္တယားမှန်သမျှသူတို့စိတ်ကြိုက်ချုပ်ကိုင်လာခဲ့ တာ၊ ချုပ်ကိုင်ထားဆဲဖြစ်တယ်ဆိုတဲ့အချက်တွေနဲ့လည်း ထည့်သွင်း ဆက်စပ်စဉ်းစားရမှာပါ။

နောက်ထပ်ထည့်သွင်းစဉ်းစားစရာကတော့ အချိန်ကာလနဲ့ အဲဒီကာလမှာတာဝန်ယူနေတဲ့ပုဂ္ဂိုလ်တွေနဲ့ဖြစ်ရပ်တွေပါပဲ။

၂၀၁၄ ခုနှစ် မေ နဲ့ဇွန်လအတွင်းဖြစ်ရပ်တချို့ကိုလည်း ထည့်သွင်းစဉ်းစားကြည့်ဖို့လိုပါတယ်။

သာသနာရေးဝန်ကြီးက ဦးဆန်းဆင့်ဖြစ်ပါတယ်။ သန္တိသုခကျောင်းအရေးအခင်းဖြစ်ပါတယ်။ ဦးဆန်းဆင့်အဖမ်းခံရပါတယ်။ (၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့စွဲနဲ့ ) ဝန်ကြီးရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

သမ္မတပြောခွင့်ရ ဗိုလ်ရဲထွဋ်အပြောအရတော့ သာသနာရေးဝန်ကြီးဗိုလ်ဆန်းဆင့်ဟာ “သန္တိသုခကိစ္စက အကြောင်းအချက် တွေထဲက တစ်ခုသာလျှင်ဖြစ်တယ်၊ အဓိကမူဝါဒ ၂ ရပ်အကောင်အထည်ဖော်မှုမှာ အားနည်းချက်ချို့ယွင်းချက်တွေအများကြီးရှိတယ်၊ သမ္မတ မှာကြားတာထက် ဘောင်ကျော်လုပ်တယ်၊ ဒါကြောင့်မလွှဲမရှောင်သာအရေးယူလိုက်ရတယ်” ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးက ဦးအောင်ကြည်ဖြစ်ပြီး၊ ဒုတိယဝန်ကြီးက ဦးရဲထွဋ်ဖြစ်ပါတယ်။ ဦးရဲထွဋ်ဟာ သမ္မတဦးသိန်းစိန်ရဲ့ပြော ခွင့်ရလည်းဖြစ်ပါတယ်။

“ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ (မူကြမ်း)” ဆိုတာကို ၂၀၁၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှာ သတင်းစာတွေ ကနေ (လေ့လာရန်) ထုတ်ပြန်ပေးလိုက်ပါတယ်။

ဆိုလိုချင်တာကတော့ အစိုးရယန္တရားမှန်သမျှရဲ့သော့ချက်နေရာတွေကို အုပ်စိုးသူဟောင်းများရဲ့သစ္စာခံများက ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားနေဆဲဖြစ်ပါတယ်။ ဒီကနေ့အထိ သူတို့ထင်သလို လုပ်ကြံဖန်တီးနိုင်တယ်ဆိုတာပါပဲ။

ညွန်း
(၁၀ - ၅ - ၂၀၁၄ ) မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၇
(၁၀ - ၅ - ၂၀၁၄ ) ကြေးမုံသတင်းစာ၊ စာမျက်နှာ နောက်ကျောဖုံး၊ စာမျက်နှာ ၈

ကာတွန်း ဇာနည်ဇော်ဝင်း ● သင်တန်းပေးရမယ်Post title

$
0
0

ကာတွန်း ဇာနည်ဇော်ဝင်း ● သင်တန်းပေးရမယ်
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၆

ရဲရင့်သက်ဇွဲ ● ဝေဒနာတွေကို ငါ ကြောက်တယ်

$
0
0


ရဲရင့်သက်ဇွဲ ● ဝေဒနာတွေကို ငါ ကြောက်တယ်
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၆

ဘယ်အရာမှ
မတည်မြဲဘူး
မီးခိုး တိမ်ခိုးများလို
လေနှင်ရာ ရွေ့လျား
သောကများနဲ့ ထွက်ခွာ
ရေကြည်ရာ မျက်နုရာ။

မွန်းတည့်ချိန် နေရဲ့
တောက်လောင်မှုလိုမျိုး
အလိုရမ္မက်တို့ 
တဖျင်းဖျင်းတောက်လောင်
ဒုက္ခတရားများက
အာသာငမ်းငမ်း
ဟိန်းဟောက် ခြိမ်းချောက်
ဝေဒနာတွေကို ငါ ကြောက်တယ်။

သူစိမ်းတို့ရဲ့ မြေပေါ်မှာ
မစိမ်းသူတို့ရဲ့
ဝင်ကစွပ် ဘ၀များ
ပြိုလွယ် ပျက်လွယ်
ကိုယ်ခံအားနည်းသူတွေအတွက်
သမာဓိ အားကောင်းဘို့တော့ လိုမယ်။
ဝေဒနာတွေကို ငါကြောက်တယ်။

အားတင်းထားဟေ့
ငါက ငါ့ကို ပြန်အားပေး
ငါက ငါ့ကို ပြန်ဆွဲထူ
ကိုယ်ထူ ကိုယ်ထ
အဲဒါမှ ဘ၀က လှမယ်
ဝေဒနာတွေတော့ ငါကြောက်တယ်။

ရဲရင့်သက်ဇွဲ

မောင်မောင်စိုး ● တောင်တရုတ်ပင်လယ်၊ ကိုးကန့်တရုတ်၊ တရုတ်ပြည်နှင့် ကျွန်ုပ်တို့ မြန်မာ - အပိုင်း (၁)

$
0
0
 

မောင်မောင်စိုး ● တောင်တရုတ်ပင်လယ်၊ ကိုးကန့်တရုတ်၊ တရုတ်ပြည်နှင့် ကျွန်ုပ်တို့ မြန်မာ - အပိုင်း (၁)
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၆

● တောင်တရုတ်ပင်လယ်ပြဿနာ
ယခုရက်ပိုင်း နိုင်ငံတကာသတင်းမျက်နှာစာများတွင် ရေပန်းအစားဆုံးက တောင်တရုတ်ပင်လယ်ပြဿနာဟု ဆိုရမည်။ နှစ်ပေါင်းများစွာပင် တောင်တရုတ်ပင်လယ်ရေပြင်ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး တရုတ်၊ တိုင်ေ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှားတို့ အငြင်းပွားနေခဲ့ကြသည်။ အငြင်းပွားနေသောနိုင်ငံများအနေနှင့် ထိုဒေသတွင် ကြွယ်ဝသော သဘာဝဓါတ် ငွေ့အပါ သဘာဝသယံဇာတများနှင့် ကြွယ်ဝသော ငါးအရင်းအမြစ်များကြောင့်ဖြစ်သည်ဟု ဆိုသည်။ ထိုပြင် အမေရိကန် ဂျပန်အပါ အင်အားကြီးနိုင်ငံများကလည်း စိတ်ဝင်စားသည်။ သူတို့၏စိတ်ဝင်စားမှုက ပစိဖိတ်ဒေသနှင့် တောင်တရုတ်ပင် လယ်တွင်း ရေကြောင်းသွားလာမှုကို စိုးမိုးနိုင်ရန်ဖြစ်သည်။

တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားမှု များ အချင်းများမှုများကား အတောမသတ်နိုင်ခဲ့ပေ။ ၂၀၁၂ ခန့်က တောင်တရုတ် ပင်လယ်တွင် သူပိုင်ဆိုင်မှု နယ်နမိတ်အား တရုတ်တို့ရေးဆွဲဖေါ်ပြမှု ထွက်လာပြီးနောက် အငြင်းပွားမှုများ ပို၍တိုးလာသည်။ ဖိလစ်ပိုင်နိုင်ငံက အနောက်ဖိလစ်ပိုင်ပင်လယ်ဟု ပြောင်းခေါ်သည်။ တရုတ်တို့ကလည်း တောင်ပင်လယ်တွင် ကျွန်းတုများ ဖန်တီးပြီး စစ်စခန်းများ တည်ဆောက်လာခဲ့သည်။

ဖီလစ်ပိုင်နိုင်ငံက တောင်တရုတ်ပင်လယ်အငြင်းပွားမှုအား ၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂသို့တင်ပြခဲ့ပြီး နယ်သာလန်နိုင်ငံ ဟိတ်ဂ်မြို့အခြေစိုက် နိုင်ငံတကာခုံရုံးမှ ဆုံးဖြတ်ချက်ချရန်ဖြစ်လာခဲ့တော့သည်။ ၃ နှစ်အကြာ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် ခုံရုံးမှ ဆုံးဖြတ်ချက်ထွက်သည်။ နိုင်ငံတကာခုံရုံးက တောင်တရုတ်ပင်လယ်တွင် ကျွန်းများနှင့် ရေပြင်ပိုင်နက်အများစု ကို တရုတ်တို့ပိုင်ဆိုင်သည်ဆိုခြင်းနှင့်ပတ်သက်၍ သမိုင်းကြောင်းအရ ပိုင်ဆိုင်ခွင့်မရှိသကဲ့သို့ ဥပဒေကြောင်းအရလည်း မညီဟု ဆုံးဖြတ်ခဲ့သည်။

ဤဆုံးဖြတ်ထွက်လာသောအခါ ဖိလစ်ပိုင်တို့ပျော်မြူးကြ၍ တရုတ်တို့အမျက်ဒေါသထွက်သည်။ အဆိုပါဆုံးဖြတ်ချက်အား ဖိလစ်ပိုင်တို့ ထောက်ခံကြသော်လည်း တရုတ်က လက်မခံချေ ။ နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်ဆိုသည်မှာ မိမိတို့တိုင်းပြည်တွင်း၌ကြုံနေကြ "ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် "မဟုတ်ချေ ။ သက်ဆိုင်ရာနိုင်ငံတိုင်း၏ ခံယူမှု လက်ခံမှု နှင့်လည်းဆိုင်သကဲ့သို့ ထိုတိုင်းပြည်၏ အင်အားနှင့်လည်းဆိုင်သည်။ အထူးသဖြင့် ၁၉၄၉ ခုနှစ် တရုတ်ပြည်သစ်ထူထောင်ချိန်ကစပြီး အနှစ် ၂၀ ကျော်ကုလသမဂ္ဂတွင်းဝင်ခွင့်မရဘဲ အထီးတည်းရပ်တည်ခဲ့သော တရုတ်ပြည်လက်ရှိအချိန်တွင် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီတွင် ဗီတိုအာဏာသုံးခွင့်ရှိ သည့် တရုတ်ပြည်အတွက် ထိုဆုံးချက်ချက်ကို မည်သို့သဘောထားမည်က အရေးကြီးပေလိမ့်မည်။

● တောင်တရုတ်ပင်လယ်စစ်ပွဲ 

အထက်ပါအခြေအနေအောက်တွင် တောင်ပင်လယ်၌ စစ်ပွဲတပွဲ ဖြစ်ပေါ်လာမည်လောဟု စိုးရိမ်မှုများ ဖြစ်ပေါ်လာကြသည်။ အချို့က တရုတ်တွေစစ်ပြင်နေကြပြီဟု ဆိုသည်။ တရုတ်သမတ ရှီကျင့်ပင်က တရုတ်စစ်တပ်ကို အမိန့်ပေးလိုက်ပြီဟု ဆိုသူကဆိုကြသည်။ ထိုသတင်းယူဆချက်များသည် လက်တွေ့မကျချေ။ နိုင်ငံတကာခုံရုံးက မည်သို့ဆုံးဖြတ်သည်ဖြစ်စေ ထိုဒေသကို ပိုင်ဆိုင်ကြောင်းပြသရန် မည်သည့်စစ်တပ်မှဝင်လာမည့် အလားအလာမရှိသည်ဖြစ်၍ လတ်တလောတောင် ပင်လယ်တွင် မည့်သည့်စစ်ပွဲမှ ရှိမည်မဟုတ်ပေ။

လတ်တလော ရေပိုင်နက်အငြင်းပွားနေသော နိုင်ငံငယ်များအနေနှင့် ထိုဒေသအားဝင်ရောက်စိုးမိုး၍ တရုတ်တို့အားယှဉ်ရန် လေကြောင်း ရေကြောင်း အင်အားမရှိပေ။ တရုတ်အားကောင်းစွာယှဉ်ပြိုင်နိုင်သည့် အမေရိကန်၊ ဂျပန် အင်အားစုများမပါဘဲ မရင်ဆိုင်နိုင်ပေ။ အမေရိကန်နှင့်ဂျပန်တို့ကလည်း နိုင်ငံတကာခုံရုံးဆုံးဖြတ်ချက်ထွက်သည်နှင့် အင်အားသုံးဝင်ရောက်လာ ဘွယ်ရာ အကြောင်းမရှိပေ။



illustration : The Japan tiems

လက်ရှိအခြေအနေတွင် တရုတ်နှင့် အမေရိကန် ဂျပန်တို့၏ စီးပွားရေးကုန်သွယ်မှုမှာ နှစ်စဉ် ဘီလျံပေါင်းရာနှင့်ချီသည်။ တရုတ်ပြည်တွင်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုမှာ လွန်စွာများပြားသည်။ တရုတ်တို့ကလည်း အမေရိကန်ငွေတိုက်စာချုပ်များ ဝယ်ယူထားသည်မှာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာရှိနေသည်။ စီးပွားရေးလုပ်ငန်းများအရ ခြေထောက်ချင်း ပူး ချည်ခံထားရသူများဖြစ်ရာ တယောက်ရေထဲပြုတ်ကျလျှင် နောက်တယောက်လည်း ကုန်းပေါ်ကျန်နေစရာအကြောင်းမရှိ ပေ။ ထို့ကြောင့်လည်း ယခုအချိန်မျိုးတွင် စစ်ပွဲသည် တောင်ပင်လယ်တွင်း၌ အလွယ်တကူဖြစ်စရာအကြောင်းမရှိပေ။ တ ယောက်ယောက်၏ သေရေးရှင်ရေးနှင့် သက်ဆိုင်သောကိစ္စရပ်မျိုးမဖြစ်သ၍ ဖြစ်စရာအကြောင်းမရှိပေဟု ဆိုရပါမည်။

တကယ်တမ်းဆိုလျှင် တရုတ်တို့က တောင်ပင်လယ်အားထိမ်းချုပ်နိုင်ရန် စစ်အင်အားတည်ဆောက်နေပြီး အမေရိကန်က လည်း တရုတ်တို့အားထိမ်းချုပ်နိုင်ရန် နည်းလမ်းရှာနေသည်ဟု ဆိုရမည်။ တရုတ်တို့အဖို့ ပင်လယ်ကူးသင်္ဘောတစီးရေချ ပြီးနောက် ၂ စီးထပ်မံတည်ဆောက်နေသည်ဟု သတင်းများကဆိုသည်။ နိုင်ငံတကာခုံရုံးဆုံးဖြတ်ချက်ထွက်ပြီးနောက် နေ့ ဖြစ်သော ဇူလိုင် ၁၃ ရက်တွင် တောင်တရုတ်ပင်လယ်တွင်းရှိ နန်ရှာ (Nanshar) ကျွန်းပေါ်တွင်တည်ဆောက်ထားသော လေယဉ်ကွင်း ၂ ခုပေါ်သို့ ဘိုးရင်း ၇၃၇ အမျိုးအစား လေယဉ်တစီးနှင့် အဲယားဘတ်စ် A 319 လေယာဉ် ၂ စီး ဆင်းသက်ပြ ခဲ့သည်။ တောင်တရုတ်ပင်လယ်တွင်းရှိ Yongshu သန္တာကျောက်တန်းအပါ နန်ရှာကျွန်းစုပေါ်တွင် အကြီးစားလေယာဉ်များဆင်းသက်နိုင်သည့် လေယဉ်ကွင်း ၃ ခု တည်ဆောက်နိုင်ခဲ့ပြီဖြစ်သည်။ တရုတ်တို့အနေနှင့် လေကြောင်းအသာစီးရရန် သူ တို့၏ပြင်ဆင်မှုကို ပြသလိုက်ခြင်းဖြစ်သည်။

ထို့ပြင် တောင်တရုတ်ပင်လယ်တွင်ရှိ ဟွာရန် (Hwa Yang) ကျောက်တန်း ချီ ဂွာ (Chigua) ကျောက်တန်း ကျူးဘီ (Zhubi ကျောက်တန်း ယုန်ရှု (Yong shu) ကျောက်တန်း များပေါ်တွင် မီးပြတိုက် ၄ ခုတည်ဆောက်ခဲ့ပြီး ၅ ခုမြောက် မီးပြတိုက်အား နန်ရှာကျွးန်စုရှိ မေဂျီ (Meiji) ကျောက်တန်းပေါ်တွင် တည်ဆောက်နေသည်ဟု သတင်းထုတ်ပြန်ထားပါသည်။ တရုတ်တို့ အနေနှင့် တောင်ပင်လယ်စိုးမိုးမှုအား စစ်ရေး၊ စီးပွားရေးအင်အားအသာဖြင့် သွက်သွက်လက်လက် လုပ်ဆောင်နေသည် ဟု ဆိုရမည်။

အမေရိကန်အနေနှင့် ပစီးဖိတ်ဒေသကို အာရုံစိုက်၍ အလေးထား ဗဟိုပြုမည်ဟုဆိုနေသော်လည်း လက်တွေ့တွင် ဥရောပ တွင် ရုရှားရင်ဆိုင်နေရသဖြင့် ပစီးဖိတ်ဒေသသို့ စစ်အင်အားဖြည့်တင်းရန် အကန့်အသတ်ရှိနေသည်။ ထိုကြောင့်လည်း ပစိဖိတ်ဒေသရောက် အမေရိကန်ရေတပ်အား တွဲဖက်အားဖြည့်နိုင်ရန် ဂျပန်နိုင်ငံအပေါ်ထားရှိသည့် ကာကွယ်ရေးဆိုင်ရာကန့်သတ်ချက်များကို ဖြေလျော့၍ ဂျပန်နှင့် လက်တွဲလှုပ်ရှားနေသည်။

တောင်တရုတ်ပင်လယ်တွင်း တရုတ်တို့ စိုးမိုးထိမ်းချုပ်နိုင်ရန်ဆောင်ရွက်ချက်များသည် အမေရိကန်နှင့် ဂျပန်တို့၏ ပစိဖိတ် သမုဒ္ဒရာထိမ်းချုပ်မှု အားကန့်သတ်လိုက်ခြင်းဖြစ်သကဲ့သို့ ပစိဖိတ်ဒေသအား တရုတ်တို့ လက်တန်းထိုးဆန့်နိုင်ရန် ခြေကုပ် ယူလိုက်ခြင်းလည်း ဖြစ်သည်။ အမေရိကန်ဂျပန်နှင့် ဒေသတွင်း တောင်ပင်လယ်ပြဿနာအငြင်းပွားမှုတွင်ပါဝင်သော နိုင်ငံငယ်များအနေနှင့် နိုင်ငံတကာခုံရုံး၏ဆုံးဖြတ်ချက်အားထောက်ခံသည့် အင်အားစုများကို စည်းရုံးသိမ်းသွင်းရန် ပြင်ဆင် နေသကဲ့သို့ တရုတ်အနေနှင့်လည်း နိုင်ငံတကာခုံရုံး၏သဘောထားအား မှားယွင်းကြောင်းသက်သေပြရန် ကြိုးစားပြီး သူ့ အား ထောက်ခံသည့်အင်အား စုဆောင်းကြမည့်ကာလဖြစ်သည်။

သို့သော် မြန်မာနိုင်ငံအပါ တဖက်ဖက်တွင် အပြတ်ရပ်ရန်ခက်ခဲသောနိုင်ငံများစွာသည် ဤကိစ္စနှင့်ပတ်သက်၍ ကြားနေကြပြီး မယုတ်မလွန်သောစကားများပြောဆိုကာ လတ်တလောနေကြမည်ဖြစ်သော်လည်း ထိုကစားပွဲတွင်မှ ရှောင်ထွက်ရန် ခက် ခဲပေသည်။

● တောင်ပင်လယ်နှင့် တရုတ်ပြည်မကြီး
အချို့က နိုင်ငံတကာခုံရုံးဆုံးဖြတ်ချက်ထွက်ပြီး တရုတ်တို့ စစ်ပြင်နေပြီဟု ဆိုသည်။ တရုတ်တို့အနေနှင့် လှုပ်လှုပ်ရှားရှား နိုးနိုး ကြားကြားနေပြရုံကလွဲ အထွေအထူးစစ်ပြင်လိမ့်မည်မထင်ပါ။ သူ၏မူလစီမံကိန်းအတိုင်းတောင်ပင်လယ်တွင် စစ်အင် အားတည်ဆောက်ခြင်း ဆက်လက်လုပ်ဆောင်သွားပြီး အရှိန်တော့မြှင့်လာနိုင်ပါသည်။

ခုံရုံး၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တရုတ်သမတ ရှီကျင့်ပင်က တရုတ်ရဲ့ရေကြောင်းဆိုင်ရာပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားကို အထိခိုက်ခံမှာမဟုတ်ဟုဆိုလိုက်သည်။ တရုတ်သမတက ဘယ်ခုံရုံးဆုံးဖြတ်ချက်မှ တရုတ်တို့၏အချုပ်အခြာအာဏာနှင့် ရေကြောင်းသွားလာမှုကို ခုခံကာကွယ်ပိုင်ခွင့်အား သက်ရောက်မှုရှိစေမှမဟုတ်ဟု ဆိုခဲ့သည်။ ရေပိုင်နက်အငြင်းပွားမှု များ ကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဖြေရှင်းသွားမည်ဟုဆိုခဲ့သည်။ ခုံရုံးဆုံးဖြတ်ချက်အရ တရုတ်တို့အနေနှင့် တောင်တရုတ် ပင်လယ်အတွင်းရှိ သယံဇာတများကို ထိမ်းချုပ်နိုင်ခွင့် သမိုင်းအထောက်အထားခိုင်ခိုင်မာမာမရှိဘဲ ဖိလစ်ပိုင်၏ ပိုင်နက်အ တော်များများကို တရုတ်တို့ ကျူးကျော်ထားသည်ဟု ဆုံးဖြတ်ထားသည်။

တရုတ်တို့က နိုင်ငံတကာခုံရုံး၏ဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး စက္ကူဖြူစာတမ်းတစောင်ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်းတွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်တို့၏လုပ်ဆောင်ချက်များနှင့် တရုတ်တို့၏ ရှိရင်းစွဲ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် သွင်ပြင်လက္ခဏာ နှစ်သောင်းကျော်ကို ရေးသားဖေါ်ပြထားသည်ဟု ဆိုပါ သည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အား ဦးစွာရှာဖွေတွေ့ရှိခြင်း အမည်ပေးခဲ့ခြင်း ချဲ့ထွင်ခြင်းများနှင့် အကျိုး ရှိစွာအသုံးချခဲ့သကဲ့သို့ အချုပ်အခြာအာဏာဆိုင်ရာ အလေ့အကျင့် တရားမျှတမှုတို့အား စဉ်ဆက်မပြတ် ငြိမ်းချမ်းမှု ရှိစွာ ထိရောကမှုရှိစွာ လုပ်ဆောင်သွားမည်ဟု ဆိုပါသည်။

အချုပ်အား စက္ကူဖြူ စာတမ်းထုတ်ပြန်ပြီးနောက် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး စေ့စပ်ဆွေးနွေးသောနည်း လမ်းကို အသုံးပြုသွားမည်ဟု တရုတ်တို့ကဆိုပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး လျူကျင့်မင်ကလည်း ၂၀၁၆ ဇူလိုင်လ ၁၃ ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတကာခုံရုံးနှင့်ပတ်သက်၍ ဝေဖန်မှုပြုခဲ့ သည်။ လျူကျင့်မင်က အဆိုပါနိုင်ငံတကာခုံရုံးသည် အမှန်တကယ် အပြည်ပြည်ဆိုင်ရာခုံရုံးမဟုတ်ဘဲ နိုင်ငံရေးကြိုးကိုင်မှု ၏ရလဒ်ဖြစ်ကြောင်း ခုံရုံးအဖွဲ့ဝင် ၄ ဦးမှာ ဥရောပမှဖြစ်ပြီး ၁ ဦးမှာ ဂါနာနိုင်ငံမှဖြစ်သဖြင့် တောင်တရုတ်ပင်လယ်ပြဿနာကို အမှန်တကယ်နားလည်နိုင်ခြင်း ရှိ/မရှိ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခြင်း ရှိ/မရှိတို့နှင့်ပတ်သက်ပြီး သံသယဖြစ်ဘွယ်ကောင်း သည်ဟု ဆိုပါသည်။

နိုင်ငံတကာဥပဒေများအောက်တွင် တောင်တရုတ်ပင်လယ်အတွင်း အခြားနိုင်ငံများအနေနှင့် လွတ်လပ်စွာ ရေကြောင်းသွား လာခြင်း လွတ်လပ်စွာဖြတ်ကျော် ပျံသန်းရေးအား လုပ်ဆောင်ရန်ကို တရုတ်တို့က ကတိကဝတ်ပြုထားခဲ့သည်။ သို့သော် တရုတ်ပြည်၏ လုံခြုံရေးခြိမ်းခြောက်ခံရလျှင် တောင်ပင်လယ်တွင်း လေကြောင်းရန်ကာကွယ်ရေးဇုံ ထားရှိခွင့်ရှိကြောင်း  လျူကျင့်မင်က အဆိုပါသတင်းစာရှင်းလင်းပွဲတွင်ဆိုခဲ့သည်။ ဆက်လက်၍ တရုတ်တို့အနေနှင့် တောင်ပင်လယ်အား ငြိမ်း ချမ်းရေးပင်လယ်၊ ချစ်ကြည်ရေးပင်လယ်၊ ပူးပေါင်းဆောင်ရွက်ရေးပင်လယ်ဖြစ်ရန် လိုလားသည်ဟု ဆိုခဲ့သည်။

အထက်ပါတရုတ်တို့၏ သဘောထားများအရ တရုတ်တို့သည် တောင်ပင်လယ်နှင့်ပတ်သက်၍ သူတို့၏ အချုပ်အခြာပိုင် ဆိုင်မှုကို လုံးဝဆွဲကိုင်ထားပြီး တောင်ပင်လယ်အတွင်း နိုင်ငံတကာယာဉ်များ ရေကြောင်းလေကြောင်းများ လွတ်လပ်စွာဖြတ် သန်းခြင်းအား ၎င်းတို့၏နယ်မြေပိုင်ဆိုင်မှုအပေါ်မှသာ အသိမှတ်ပြုပေးမည်ဖြစ်သကဲ့သို့ ၎င်းတို့၏ တောင်ပင်လယ်အား စစ်ရေးအရ ချုပ်ကိုင်နိုင်ရန် အားထုတ်မှုကို ဆုပ်ကိုင်သွားမည်ဟု အဓိပ္ပါယ်ရသည်ဟု ဆိုရပါမည်။

ထို့ပြင် တရုတ်နိုင်ငံခြားရေး ဝမ်ရီက တရုတ်နိုင်ငံအနေနှင့် နိုင်ငံတကာခုံရုံး၏ဆောင်ရွက်ချက်များတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုခြင်း၊ အသိအမှတ်မပြုခြင်းတို့သည် နိုင်ငံတကာဥပဒေနှင့် ဒေသတွင်း စည်းမျဉ်းများကိုထောက်ခံရန် ရည်ရွယ်သည်ဟု ဆိုခဲ့သည်။ နိုင်ငံတကာဥပဒေအရ တိုင်းပြည်အသီးသီးအနေနှင့် အငြင်းပွားမှုအား ဖြေရှင်းလိုသည့်ပုံစံကို မိမိစိတ်ကြိုက် ရွေးချယ်ခွင့်ရှိသည်ဟု ဆိုသည်။ ကုလသမဂ္ဂ ရေကြောင်းဥပဒေဆိုင်ရာသဘောတူညီချက် (United Nations Convention on the Law of the Sea= UNCLOS) အရ အဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနှင့် အတင်းအကြပ်ချုပ်ကိုင်ဆောင်ရွက်သည့် လုပ် ငန်းပုံစံကို ငြင်းပယ်နိုင်ကြောင်း တရုတ်နိုင်ငံအနေနှင့်အာဆီယံ ၁၀ နိုင်ငံနှင့်ချုပ်ဆိုခဲ့သော တောင်တရုတ်ပင်လယ် နိုင်ငံများ အပြု အမူဆိုင်ရာကြေငြာစာတမ်း (Declaration on the Conduct of Partiesin the South China Sea DOC) တွင် တိုက်ရိုက်သက်ဆိုင်သည့် နိုင်ငံများမှ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းရမည်ဆိုသည်အချက် ပါရှိကြောင်း၊ ထို့ကြောင့် တရုတ်အနေနှင့်ပါဝင်ဆောင်ရွက်မှုမပြုခြင်း၊ အသိမှတ်မပြုခြင်း စသည့် ဆောင်ရွက်ချက်များသည် ဥပဒေကြောင်းအရ နိုင်ငံတကာရေကြောင်းဥပဒေ စံချိန် စံညွှန်းများနှင့် ကိုက်ညီသည့် ဥပဒေကြောင်းအရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဝမ်ရီက ဆိုခဲ့သည်။ ထို့ပြင် ဝမ်ရီက နိုင်ငံပေါင်း ၆၀ ကျော်နှင့် ပြည်ပနိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းပေါင်း ၁၃၀ ကျော်မှ တရုတ်ပြည်၏ရပ်တည်မှုကို နားလည်ထောက်ခံမှုပေးသည်ဟု ဆိုခဲ့သည်။

လက်ရှိအခြေအနေဖေါ်ပြချက်များအရ တရုတ်တို့သည် တောင်ပင်လယ်ပြဿနာနှင့်ပတ်သက်ပြီး အငြင်းပွားနေသော ဒေ သတွင်း တနိုင်ငံချင်းစီနှင့် သီးသန့်ဖြေရှင်းမည်ဟူသောမူကို ရပ်ခံထားသည်။ ၎င်းအာဆီယံနှင့်ဆွေးနွေးညှိနှိုင်းရန်ပင် ပယ်ချ ထားသည်။ အမေရိကန်နှင့် အခြားနိုင်ငံများဝင်မပါရန် သတိပေးထားသည်။ ဒေသတွင်းနိုင်ငံများအနေနှင့် အင်အားကြီးထွား လာနေသော တရုတ်အား တနိုင်ငံချင်းစီ ရင်ဆိုင်ရန် မဖြစ်နိုင်သဖြင့် စုပေါင်းအားကို ရယူနိုင်ရန် ကြိုးပမ်းနေကြသည်။

လက်ရှိကမ္ဘာကြီး၏ ရေပြင်မြေပြင်နယ်နမိတ်သတ်မှတ်ချက် အများစုသည် အင်အားအသုံးပြုခြင်း အင်အားစု စည်းပြသခြင်း များ အပေါ်အခြေတည်သည့် အင်အားကြီးသူ အနိင်ယူရှင်သန်သည့် တောရိုင်းဥပဒေသပေါ်၌ သန္ဓေတည်ပေါက်ဖွားလာ ခြင်းဖြစ်သည်။ ယဉ်ကျေးလာပြီဆိုသည့် ကမ္ဘာကြီးသည် လှပသိမ်မွေ့သည့် ဥပဒေစကားလုံးဖြင့် ကျင်လည်ရှင်သန်နေကြပြီဆိုသော်လည်း တောရိုင်းဥပဒေသ အရိပ်အာဝါသအောက်မှ မလွတ်မြောက်နိုင်သေးပေ။

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍လည်း တရုတ်အပါမတူကွဲလွဲသောနိုင်ငံများအနေနှင့် မိမိအားထောက်ခံသောအင်အားစုများကိုစုဝေး၍ အင်အားတည်ဆောက်ကြမည်သာဖြစ်သည်။ စစ်အင်အားပြင်ဆင်မှု နည်းတူ တောင်ပင်လယ်ပြဿ နာကိုအခြေပြု၍ နိုင်ငံရေးတပ်ပေါင်းစုကို တည်ဆောက်ကြမည့် အခါသမယဟုဆိုရမည်။ ထိုသို့ အင်အားတည်ဆောက် ကြသည့်အခါ ပြဿနာအမှန်အမှားကို ခွဲခြား၍ မည်သည့်ဘက်မှပါမည်ကို ဆုံးဖြတ်ကြသူအချို့ ရှိနိုင်သကဲ့သို့ ဘက်တိုင်းက မိမိဘက်သို့ပါအောင် နည်းမျိုးစုံသုံး၍ ဆောင်ရွက်ကြမည်ဆိုသည်ကတော့ မြေကြီးလက်ခတ်မလွဲဟု ဆိုရမည်။ ထို့ပြင် မည် သည့်ဘက်ပါရမည်ကို မိမိတိုင်းပြည်အကျိုးစီးပွားပေါ်အခြေခံ၍ ကြည့်ကြမည်သူများလည်း ရှိပေမည်။

ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)


တင်အေး ● ဗကသများအဖွဲ့ချုပ်နဲ့ နိုင်ငံ့အရေး

$
0
0


တင်အေး ● ဗကသများအဖွဲ့ချုပ်နဲ့ နိုင်ငံ့အရေး
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၆

ပြတိုက်ထဲမှာတောင် ထည့်သိမ်းမထားသင့်တဲ့ အယူအဆတခု ရှိပါတယ်။ “ကျောင်းသားဆိုတာ ကျောင်းသားအရေးပဲ လုပ် ရမယ်” ဆိုတဲ့အယူအဆ။

ကျောင်းသားဟာ ကျောင်းသားအရေးပဲ လုပ်ရမလား၊ ကျောင်းသားအရေးမကတဲ့ အရေးအရာတွေရော မလုပ်ရဘူးလားဆို တာ….ဘယ်လိုဆုံးဖြတ်မလဲ၊ ဘယ်သူဆုံးဖြတ်မလဲ။ တကယ်တော့ ဘယ်လိုမှဆုံးဖြတ်စရာ မလိုပါဘူး။ ဘယ်သူမှ ဆုံးဖြတ် စရာမလိုပါဘူး။

ကျောင်းသားဆိုတာ ကျောင်းသားအရေးအပြင် ပြည်သူလူထုအရေးလုပ်ရမလား၊ မလုပ်ရဘူးလား၊ နိုင်ငံ့အရေးမှာ ပါဝင်ရ မလား၊ မပါဝင်ရဘူးလားဆိုတာ ကျောင်းသားတွေရဲ့လက်တွေ့ဘဝ၊ ဗမာပြည်သူတွေရဲ့လက်တွေ့ဘဝကသာ ဆုံးဖြတ်ပါ တယ်။

သမိုင်းထဲက “အရေး” တွေ …..

ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်းကိုပြန်ကြည့်ရင် ပထမဆုံးကျောင်းသားလှုပ်ရှားမှုအဖြစ် ၁၉၀၃ ခုနှစ်မှာ ကိုလိုနီအစိုး ရက ပညာရေးနယ်ပယ်မှာထုတ်ပြန်ခဲ့တဲ့ ရှိခိုးအမိန့်ကို ကျောင်းသားတွေဆန့်ကျင်တုံ့ပြန်ခဲ့တဲ့ လှုပ် ရှားမှုကို တွေ့ရပါတယ်။ ကိုလိုနီအစိုးရရဲ့ပညာရေးဝန်ကြီးက ကျောင်းသူကျောင်းသားတွေကို ပညာရေးဌာနက အရာရှိတွေ၊ ဆရာ၊ ဆရာမတွေကို ရှိခိုးပြီး အရိုအသေပြုရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒီ့အခါ ကောလိပ် ကျောင်းသားကြီးတွေက နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားကျော်ကြားတဲ့ “ဖေ၊ ပု၊ ရှိန်” သုံးဦးထဲက ဦးပုဆီသွားပြီး ဒီကိစ္စကို ဆွေးနွေးခဲ့ကြတယ်။ သွားဆွေးနွေးကြတာ နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ အခုလို ရေးထားပါတယ်။

ထိုအခါ ဦးပုက ''အခု ဟိုက်စကူးကျောင်းသားတွေ မျက်နှာဖြူအစိုးရနဲ့ အရာရှိတွေကို ရှိခိုးရမယ်တဲ့လား၊ သူတို့က ဘာတွေ မို့လဲ၊ ဒို့လူမျိုးကို တမင် ဖိနှိပ်ချုပ်ချယ်ထားတဲ့နယ်ချဲ့တွေဘဲ၊ ဒါကို ဒို့က ဘာဖြစ်လို့ ရှိခိုးရမှာလဲ။'' (စာ - ၁၊ မြန်မာနိုင်ငံကျောင်း သားလှုပ်ရှားမှုသမိုင်း၊ အောင်ထွန်း။)

ဒီနေရာမှာ ရှေ့နေ ဦးပုက မင်းတို့ကျောင်းသားအရေးကိစ္စ ငါတို့နဲ့မဆိုင်ဘူးလို့ ပြောမလွှတ်ပါဘူး၊ ကျောင်း သားတွေကလည်း ငါတို့ကျောင်းသားအရေးကိစ္စ ကျောင်းသားမဟုတ်တဲ့ နိုင်ငံရေးနယ်ပယ်က လူကြီးတွေနဲ့သွား မပတ်သက်ဘူးလို့လည်း မစဉ်းစားခဲ့ကြပါဘူး။

“အမျိုးသားနေ့”ပေါ်ပေါက်လာပုံနဲ့ပတ်သက်လို့လည်း ပြန်စဉ်းစားကြည့်ရင် စိတ်ဝင်စားစရာပါ။

၁၉၂၂ ခုနှစ် ရန်ကုန်မြို့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပြီး၊ ၁၉၂၄ ခုနှစ် မန္တလေးမှာ ပြုလုပ်ခဲ့တဲ့ နဝမအကြိမ် မြောက် ဂျီစီဘီအေ (General Council of Burmese Associations -GCBA) ကွန်ဖရင့်ကြီးက အတည်ပြုခဲ့တဲ့ နိုင်ငံရဲ့ အမျိုးသားနေ့(National Day) ဟာ ၁၉၂၀ ခုနှစ်က ကောလိပ်ကျောင်းသားတွေရဲ့ပထမကျောင်းသားသပိတ် ဆင်နွှဲခဲ့ကြတဲ့ တန်ဆောင်မုန်းလ ပြည့်ကျော် ၁ဝ ရက်နေ့ပါ။ ဒီနေ့အထိကျင်းပနေကြတဲ့ တမျိုးသားလုံးနဲ့ဆိုင်တဲ့ အမျိုးသားနေ့ဆိုတာဟာ ကျောင်းသားတွေသပိတ်မှောက်ခဲ့တဲ့နေ့ပါ။

အမျိုးသားနေ့ကျင်းပလာခဲ့တာ ဒီနေ့အချိန်ဆိုရင် နှစ်ပေါင်း ၉၀ ကျော်ပါပြီ။ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ကန့် ကွက်ပြီး ကျောင်းသားအရေးအတွက် သပိတ်မှောက်တဲ့နေ့ဟာ ကျောင်းသားနဲ့ပဲဆိုင်တယ်၊ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့အမျိုးသား နေ့အဖြစ် မသတ်မှတ်သင့်ကြောင်း နှစ်ပေါင်း ၉၀ လုံးလုံး ဘယ်ဂျောင်ဂလောင်ကမှ ကန့်ကွက်သံ ထွက်မလာဖူးပါဘူး။ အ မျိုးသားနေ့သတ်မှတ်မှုဟာ ကျောင်းသားအရေးနဲ့ နိုင်ငံ့အရေးဆက်စပ်မှုကို အခိုင်အမာဖော်ပြ နေတဲ့ချိတ်ဆက်မှုပါပဲ။
၁၉၃၈ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ၁၃၀၀ ပြည့် လူထုအရေးတော်ပုံကြီးကို ကြည့်ရင်လည်း ရေနံမြေအလုပ် သမားတွေရဲ့ သပိတ်တိုက်ပွဲမှာ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေ ပူးပေါင်းပါဝင်ရင်း ကျောင်းသား၊ အလုပ်သမား၊ လယ်သမား လူတန်းစားအလွှာအသီးသီးပါဝင်တဲ့ အထွေထွေသပိတ်ကြီးအဖြစ် တွေ့ရပါတယ်။ ရေနံမြေ အလုပ်သမား တွေက အလုပ် သမားရေးသပ်သပ်လုပ်၊ ကျောင်းသားတွေက တတိယကျောင်းသားသပိတ် သပ်သပ်လုပ်ဆိုရင် ၁၃၀၀ ပြည့် လူထုအရေး တော်ပုံကြီး ပေါ်ပေါက်လာစရာ အကြောင်းမရှိပါဘူး။ ကျောင်းသားတွေအပါအဝင် ပြည်သူတရပ်လုံး ဆင်နွှဲခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးဟာ နောက်ပိုင်းမှာ ကျောင်းသားခေါင်းဆောင် သခင်အောင်ဆန်းတို့ ဦးဆောင်တဲ့လက်နက်ကိုင်လမ်းစဉ်နဲ့ ဗမာပြည်လွတ်လပ်ရေးရခဲ့တဲ့အထိ အကျိုးဆက်ဖြစ်လာခဲ့ပါတယ်။ ကျောင်းသား အရေးမှသည် နိုင်ငံ့အရေးသို့…လို့ ပြောရမှာပါ။

ကျောင်းသားလှုပ်ရှားမှုနဲ့ ဗကသများအဖွဲ့ချုပ်ဆိုတာ တထပ်တည်းပါ။ ဗကသများအဖွဲ့ချုပ်ဆိုတာ ကျောင်း သားလှုပ်ရှားမှု ကိုဦးဆောင်တဲ့ တခုတည်းသောအဖွဲ့အစည်းပါ။ ဗကသများအဖွဲ့ချုပ်ရဲ့ ၁၉၆၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ဆဋ္ဌမအကြိမ်ညီလာခံက အတည်ပြုထားတဲ့ “အောင်ပွဲအဆက်ဆက်ခံဦးမည်”ဆိုတဲ့ ကျောင်းသားသီချင်းမှာ ဖော်ပြထားတဲ့စာသားတွေကိုကြည့် ရင် လည်း ကျောင်းသားတွေဟာ ဘယ်လိုအရေးတွေမှာ ပါဝင်ကြမှာလဲဆိုတာ အဖြေပေး ပြီးသားပါ။

xxx ငါတို့ကျောင်းသားပေါင်းစည်းလို့ ညီရမည်။ xxx အမျိုးသားရေးကို ကြိုဆိုဖို့ရည် xxx  ဟေးး  ညီညီညာညာ လွတ်လပ် ရေးထိန်းသိမ်းမည် xxx ဖက်ဆစ်ဝါဒီတိုက်ဖျက်မည်။ xxx  ဟေးးး ညီညီညာညာ ငြိမ်းချမ်းရေး ထိန်းသိမ်းမည် xxx နယ်ချဲ့ရန် ကို တွန်းဖြိုမည်။ xxxxx ဟေးးးးးးးးးး အောင်ပြီ အောင်ပြီ ငြိမ်းချမ်းရေးထိန်းသိမ်းမည် xxx

လွတ်လပ်ရေးရပြီးနောက်ပိုင်း ပါလီမန်ခေတ်ရောက်တဲ့အခါမှာ ကျောင်းသားတွေဟာ ကျောင်းသားအရေး သက်သက်လှုပ် ရှားမှုတွေကို အဓိက ဆောင်ရွက်ခဲ့ကြပါတယ်။ ထင်ရှားတဲ့ ကျောင်းသားလှုပ်ရှားမှုတွေဖြစ်တဲ့ ၁၉၅၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှာလှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးတိုက်ပွဲ၊ ၁၉၅၃ ခုနှစ် စက်တင်ဘာ-အောက်တိုဘာလမှာ အောက်တိုဘာ ကျောင်းတလပိတ်ရေးအတွက်လှုပ်ရှားခဲ့ကြတဲ့ အောက်တိုဘာအရေးတော်ပုံ၊ ၁၉၅၆ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ၇ တန်းမေးခွန်းပေါက်ရာကနေ ပေါ်ပေါက်ခဲ့တဲ့ ဟယ်ရီတန်အရေးတော်ပုံ စတဲ့ကျောင်းသားလှုပ်ရှားမှုတွေဟာ ကျောင်းသားအရေးကိစ္စအတွက် လှုပ်ရှားကြရတဲ့လှုပ်ရှားမှုတွေပါ။

အခြေအနေ လိုအပ်ချက်အပေါ်မှာ ဗကသများအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့ ကျောင်းသားတွေဟာ ကျောင်းသား အရေးလုပ်တဲ့ အခါ လုပ်ကြရ၊ လူထုအရေးလုပ်တဲ့အခါ လုပ်ကြရ၊ နိုင်ငံ့အရေးမှာ ပါဝင်ဖို့လိုအပ်တဲ့အခါ ပါဝင်ကြရတာ ပါပဲ။

စစ်အာဏာရှင်စနစ်အောက်က “အရေး”တွေ ….
  
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ စစ်တပ်က တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့သိမ်းယူပြီးနောက်ပိုင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ)နဲ့ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရကသ) တို့ပူးတွဲပြီး ၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့မှာပဲ စစ်အာ ဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ကျောင်းသားတွေက ကျောင်းသားအရေးသက်သက်အတွက် ဆန့်ကျင်ခဲ့ရတာ မဟုတ်ပါဘူး၊ တနိုင်ငံလုံးအရေး၊ တမျိုးသားလုံးအရေး၊ ပြည်သူတရပ်လုံးအရေး အတွက် တိုင်းရင်းသားပြည်သူတရပ်လုံး စစ်ကျွန်ဘဝမရောက်စေဖို့ စစ်အာဏာရှင်စနစ်ကို အစောဆုံး ပြတ်ပြတ် သားသားဆန့်ကျင်ခဲ့တာပါ။ ဒါကြောင့် စစ်အာဏာ ရှင်စနစ်အောက်မှာ ကျောင်းသားလှုပ်ရှားမှုတွေ ကွင်းဆက်လိုက် ပေါ်ပေါက်လာခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် အုပ်စိုးမှုကာလအတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့အထဲက ထင်ရှားတဲ့ ကျောင်းသားလှုပ်ရှားမှု တချို့ကိုပြောရရင် -
၁။ ဇူလိုင် (၇) အရေးတော်ပုံ၊ ဇူလိုင် (၇) ရက် ၁၉၆၂ ခုနှစ်။
၂။ ငြိမ်းချမ်းရေးဆန္ဒပြပွဲ၊ နိုဝင်ဘာလ၊ ၁၉၆၃ ခုနှစ်။
၃။ ကျွန်းဆွယ်အရေးအခင်း၊ ၁၉၆၉ ခုနှစ်။
၎။ ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်၊ ၁၉၇၀ ခုနှစ်။
၅။ ဦးသန့် ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ခုနှစ်။
၆။ ရွှေတိဂုံလှုပ်ရှားမှု၊ အလုပ်သမား+ကျောင်းသားလှုပ်ရှားမှု တနှစ်ပြည့်၊ ၁၉၇၅ ခုနှစ်။
၇။ မှိုင်းရာပြည့်၊ မတ်လ(၂၃) ရက် ၁၉၇၆ ခုနှစ်။
၈။ ခွန်လေးလုံး လှုပ်ရှားမှု၊ ၁၉၇၇ ခုနှစ်။
၉။ ရန်ကုန်စက်မှုတက္ကသိုလ် ဇူလိုင်(၇)ရက်လှုပ်ရှားမှု၊ ဇူလိုင်လ(၃)ရက် ၁၉၇၈ ခုနှစ်။
၁၀။ ၈၅-၈၆ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း (၇၅-၇၆လှုပ်ရှားမှု ၁၀နှစ်ပြည့်အထိမ်းအမှတ်)
၁၁။ ငွေစက္ကူအရေး ကျောင်းသားလှုပ်ရှားမှု၊ စက်တင်ဘာလ (၅) ရက်၊ ၁၉၈၇ ခုနှစ်။
၁၂။ ဖုန်းမော်အရေး ကျောင်းသားလှုပ်ရှားမှု၊ မတ်လ (၁၃-၁၈) ၁၉၈၈ ခုနှစ်။(တံတားနီ မတ်လ ၁၆။)
၁၃။ ဖုန်းမော် (၃) လပြည့် ကျောင်းသားလှုပ်ရှားမှု၊ ဇွန်လ(၁၄-၂၁) ၁၉၈၈ ခုနှစ်။
၁၄။ မြေနီကုန်းအရေး ကျောင်းသားလှုပ်ရှားမှု၊ ဇွန်လ (၂၁) ရက်နေ့၊ ၁၉၈၈ ခုနှစ်
၁၅။ ရှစ်လေးလုံးအရေးတော်ပုံကြီး၊ သြဂုတ်လ (၈) ရက်နေ့၊ ၁၉၈၈ ခုနှစ်။
၁၆။ နိုဘယ်လ်ဆုအရေးကျောင်းသားလှုပ်ရှားမှု၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ ၁၉၉၁ ခုနှစ်။
၁၇။ စော်ဘွားကြီးကုန်းအရေး ကျောင်းသားလှုပ်ရှားမှု၊ အောက်တိုဘာလ၊ ၁၉၉၆ ခုနှစ်။
၁၈။ ဒီဇင်ဘာအရေး ကျောင်းသားလှုပ်ရှားမှု၊ ၁၉၉၆ ခုနှစ်။
၁၉။ လွှတ်တော်ခေါ်ပေးရေး ကျောင်းသားလှုပ်ရှားမှု၊ သြဂုတ် - စက်တင်ဘာ ၁၉၉၈ ခုနှစ်။
၂၀။ အမျိုးသားပညာရေးဥပဒေ ပြောင်းလဲရေး ကျောင်းသားလှုပ်ရှားမှု၊ ဇန်နဝါရီ-မတ် ၂၀၁၅ ခုနှစ်။
  
အခုဖော်ပြထားတဲ့ စစ်အာဏာရှင်စနစ်အောက် ကျောင်းသားလှုပ်ရှားမှုတွေကို လေ့လာကြည့်ရင် ဗကသများ အဖွဲ့ချုပ်ရဲ့ မူ ၅ ချက်အတိုင်း တနိုင်ငံလုံး အမျိုးသားရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှု၊ ဒီမိုကရေစီ ရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှု၊ ဒီမိုကရေစီပညာရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ကျောင်းသား လှုပ်ရှားမှု၊ ကျောင်းသားထုအခွင့်အရေးအတွက်ဆောင်ရွက်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှု၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ကျောင်းသား လှုပ်ရှားမှုဆိုပြီး ကျောင်းသားအရေးရော၊ ပြည်သူ့အရေးအတွက်ရော လှုပ်ရှားခဲ့တဲ့ ကျောင်း သားလှုပ်ရှားမှုတွေ ဖြစ်တယ်ဆို တာ တွေ့ရပါတယ်။

● ဖြစ်ရပ်က “တရား” ရှာ
တခါတလေမှာ ပြဿနာတခုရဲ့အဖြေကိုရှာတဲ့အခါ သဘောတရားတွေ အပြန်အလှန်ငြင်းခုန်ပြီး အဖြေရှာတာထက် လက် တွေ့ဖြစ်ရပ်တွေထဲကနေ အဖြေရှာရတာ မြန်မြန်ဆန်ဆန် အမှန်တရားကို တွေ့နိုင်ပါတယ်။

ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်းကို လေ့လာကြည့်တဲ့အခါ နယ်ချဲ့ဆန့်ကျင်ရေးခေတ်၊ ပါလီမန်ခေတ်၊ စစ်အာဏာရှင် ခေတ်တလျှောက်လုံးမှာ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်) ဟာ  သူတို့ရောက်နေတဲ့ ခေတ်ကာလက သူတို့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေး တာဝန်ကို ကျောင်းသားအရေး၊ ပြည်သူ့အရေး၊ နိုင်ငံ့အရေးအတွက် ရိုးသားယုံကြည်စွာ ထမ်းဆောင်ကြတယ်ဆိုတာ အမှန်တရားတခုအဖြစ် တွေ့ရှိရကြောင်း ပါ။

တင်အေး

ဆောင်းယွန်းလ ● အိပ်ချင်ယောင်ဆောင်နေရင်တော့ နှိုးရခက်တာပေါ့

$
0
0


ဆောင်းယွန်းလ ● အိပ်ချင်ယောင်ဆောင်နေရင်တော့ နှိုးရခက်တာပေါ့
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၆
လက်ညှိုးညွှန်ရာမှာ ရေဖြစ်ပြီး
လက်ခုပ်တချက်တီးရုံနဲ့ မြေကြီးက ရွှေသီးတယ်
ဆန္ဒရှိလို့ စင်တင်ပြီး
လက်ခေါက်မှုတ်အားပေးတဲ့ ပွဲဟာ
အလိုမရှိချိန်မှာတော့
လက်ဖြောက်တချက်တီးရုံနဲ့ ပွဲပြီးမီးသေပဲ
သတိတရနဲ့
တရေးနိုး ထုတ်ကြည့်မိတဲ့ စာရင်းစာအုပ်ထဲမှာ
ကိန်းဂဏန်းတွေက
အချိန်နဲ့အမျှ ဒီရေလိုတိုးနေတယ်….

မေ့နေတာတခုက
အချိန်နဲ့ဒီရေသည် လူကိုမစောင့်ဆိုတဲ့ စကား
လျော့နေတာတခုက
ရခဲပြီး ကုန်လွယ်လွန်းတဲ့အချိန်မှာ
ကျင့်ရမယ့် တရား…

မေ့လျော့ခြင်းတချို့နဲ့
တရေးနိုးချိန်အပျော်ကို ညနက်ထဲပြန်ထိုးသိပ်ရင်း
တရေးပြန်အိပ်ပျော်သွားတဲ့အခါ
ရေမရှိ မြေမရှိ ရွှေမရှိ ငွေမရှိ
အစွဲအလန်းနဲ့ ပွဲလမ်းသဘင်လည်းမရှိ
အားလုံးဟာ နတ္ထိပဲ…

အိပ်ပျော်နေခြင်းဟာ
ခဏတာသေခြင်းနဲ့ ဘာဆိုဘာမှ မခြားဘူး…

လူ့ဘ၀ဆိုတာက
နိုးနေချိန် အခိုက်အတန့် ခဏလေးပါပဲ
အိပ်ချင်ယောင်ဆောင်နေရင်တော့
နှိုးရခက်တာပေါ့…။

ဆောင်းယွန်းလ (ဇူလိုင် ၁၅၊၂၀၁၆)

ရန်လိုကျွဲ ● ဒုက္ခသီရိ ချမ်းသာကြွယ်ဝလာခြင်း

$
0
0


ရန်လိုကျွဲ ● ဒုက္ခသီရိ ချမ်းသာကြွယ်ဝလာခြင်း
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၆

၂၀၁၆-ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ် (၃၄) မှ သရော်စာ ဆောင်းပါး ဖြစ်ပါသည်။


ဒုက္ခသီရိသည် ဒေသတွင်း အဆင်းရဲဆုံးနိုင်ငံများ စာရင်းထဲတွင် ဆယ်စုနှစ်များစွာရှိခဲ့သည်။ ထိုသို့ ရှိနေရာမှ ပေါ်ပြူလာပါတီအစိုးရတက်ပြီး ခြောက် လအတွင်းမှာပင် အပြောင်းလဲကြီး ပြောင်းလဲ ကာ အချမ်းသာဆုံးနိုင်ငံများစာရင်းထဲသို့ ခုန် ပေါက်ဝင်ရောက်သွားခြင်းမှာ  အံ့သြဖွယ်တစ်ပါး ဖြစ်သည်။
ကုန်သွယ်ရေးအမြတ်များစေမည့် ရေနက် ဆိပ်ကမ်းစီမံကိန်းတို့ တည်ဆောက်ပြီးစီးခြင်း မရှိသေး၊ ရေနံကြောလည်း အသစ်မထွက်၊ စိန်နှင့် ကျောက်သံပတ္တမြားတွင်းတို့လည်း အသစ်မပေါ်၊ အပြောင်ရှင်းထားသော သစ်တောများလည်း ပြောင်တလင်းခါဆဲကာလတွင် ဤနိုင်ငံက မည် သည့်နေရာမှ ပိုက်ဆံရပြီး မည်သို့ ချမ်းသာလာ သနည်း။ ကမ္ဘာ့ဘဏ်များစွာမှ ငွေချေးပြီး ပြန် မဆပ်သောကြောင့်လော။ ပေါ်ပြူလာပါတီက မှော်အတတ်ပညာ ကျွမ်းကျင်နေ၍လော။ ဘိုး တော်၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တို့ အလုံးအရင်းနှင့် ပေါ်ပေါက်လာပြီး ဒေါ်လာတစ်ရာတန် အထပ် လိုက် အထပ်လိုက်ဖန်ဆင်းပေးသောကြောင့်လော။ အာလာဒင်မီးခွက် ပိုင်ဆိုင်နိုင်ခြင်း ကြောင့်လော စသဖြင့် စသဖြင့် ထင်ကြေးမျိုးစုံ ပေးနေကြသော် လည်း ထိုထင်ကြေးများမှာ ထင်ကြေးများသာ ဖြစ်နေလေသည်။
နိုင်ငံတကာက ဒုက္ခသီရိကို သွားရောက်လေ့လာရာ ရုတ်တရက်ဆိုသလို ကြွယ်ဝလာရခြင်း၏ လျှို့ဝှက်ချက်များကို  အောက်ပါအတိုင်း တွေ့ရလေသည်။

● လယ်ပြန်ပေး၊ မြေပြန်ပေး
ဒုက္ခသီရိရှိ လူလေးယောက်တွင် သုံးယောက်မှာ လယ် သမား၊ တောင်သူများ ဖြစ်ကြ၏။ ယခင် မိုက်လုံးကြီးစစ်အစိုးရများ လက်ထက် မြေသိမ်းယာသိမ်းပွဲများ ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူတို့ လယ်မဲ့ယာမဲ့ဖြစ်ပြီးသကာလ မွဲပြာ ကျခဲ့ရ၏။ ဓားပြတိုက်ခံရသောလယ်မြေတို့မှာ စစ်ခေါင်းဆောင် တို့ကို ဖော်လံဖားလုပ်နိုင်သူ လုပ်ငန်းရှင်ကြီးငယ်တို့လက်တွင်း ကျရောက်သွားသည်လည်းရှိသလို ဒုက္ခသီရိစစ်တပ် ထိန်းချုပ် ထားသည်လည်း ရှိ၏။
ပေါ်ပြူလာပါတီ အာဏာရလာသောအခါ ဒုက္ခသီရိ စစ်တပ်က သိမ်းဆည်းမြေတို့ကို ပြန်လည်စွန့်လွှတ်၏။ ခရိုနီ၊ ခရိုဝါ၊ ခရိုရောင်စုံအဖြာဖြာဘွဲ့ရ လုပ်ငန်းရှင်ကြီးငယ်တို့လည်း သိမ်းဆည်း မြေတို့ကို ပြန်လည်စွန့်လွှတ်ကြ၏။ ၄င်း တို့အသီးသီး  ရုတ်တရက် လိမ္မာရေးခြားရှိလာပြီး စိတ်ပြောင်းသွားရခြင်း အကြောင်းရင်းမှန်ကို မသိရသေးပေ။
တောင်သူလယ်သမားတို့ လယ်မြေပြန်ရသဖြင့် အလုပ် အကိုင်ရှိလာကြသည်။ ဝမ်းသာအားရ ကြိုးစားကြသည်။ ဝင်ငွေ ပုံမှန်ရှိလာသည်။ သုံးစွဲနိုင်လာသည်။ ဒုက္ခသီရိ၏ အဓိကလူတန်း စား ငွေကြေးအဆင်ပြေလာရာ ရေမြင့်လျှင် ကြာတင့်ဟူသော စကားအတိုင်း နိုင်ငံလည်း ချမ်းသာကြွယ်ဝခြင်းသို့ ရောက်လေ ၏။ ဤကား လျှို့ဝှက်ချက်အမှတ် ၁ ဖြစ်သတည်း။

● စစ်အသုံးစရိတ်
ဒုက္ခသီရိစစ်တပ် လိမ်လိမ်မာမာ ဖြစ်လာသကဲ့သို့ ဒုက္ခသီရိ ရှိ လေးဒါဇင်မျှသော သူပုန်အဖွဲ့အသီးသီးသည်လည်း လိမ္မာ လာကြသည်။ တစ်နိုင်ငံတည်းနေသူအချင်းချင်း သတ်ဖြတ်လို စိတ်၊ ပဋိပက္ခ ဖြစ်လိုစိတ်၊ မုန်းတီးလိုစိတ်ဟူသည်မှာ  ကျက်သရေ မရှိသော၊ လွန်စွာမိုက်မဲသော ငတုံးတို့၏ စိတ်ဓာတ်ဖြစ်ကြောင်း သဘောပေါက်လာကြ၊ လူလိုသိလာကြသည်။ မည်သည့်အတွက် ကြောင့် ထိုသို့ လိမ္မာလာကြခြင်းကိုမူ လတ်တလော မသိရသေးပါ။
ဒုက္ခသီရိစစ်တပ်နှင့် သူပုန်အဖွဲ့လေးဆယ်ကျော်တို့ စစ် မတိုက်ကြတော့သဖြင့် လက်နက်၊ ကျည်ဆန်ဝယ်ယူဖြည့်တင်း ရခြင်း မရှိတော့ပေ။ တပ်အပြောင်းအရွှေ့ အပါအဝင် ကုန်ကျ စရိတ်များပြားသော လုပ်ငန်းတို့ မရှိသလောက် ဖြစ်သွားသည်။ ပြည်ပရန် ကာကွယ်ရေးကိုသာ အာရုံစိုက်ရန် ကျန်တော့သည်။ ဤတွင် နိုင်ငံ၏ စစ်အသုံးစရိတ် ဝုန်းခနဲ ကျဆင်းသွားလေသည်။ များပြားလှစွာသော စစ်အသုံးစရိတ်ကို ပညာရေး၊ ကျန်းမာရေး စသည့် ပြည်သူအတွက်အကျိုးရှိသည့် နေရာတို့တွင် သုံးရန် လွှတ်တော်တွင် အဆိုပြုရာ  ကန့်ကွက်သူမရှိ အတည်ပြုလိုက်၏။  လွှတ်တော်ရှိ တပ်မတော်သားကိုယ်စားလှယ် ၃၅ ရာခိုင်နှုန်းက ပင် ထိုအဆိုကို ထောက်ခံကြ၏။
စစ်အတွက်အပိုကုန်ကျခြင်း၊ ဝန်ထုပ်ဝန်ပိုး ပျောက်သွား ခြင်းမှာလည်း  နိုင်ငံချမ်းသာကြွယ်ဝခြင်း လျှို့ဝှက်ချက်အမှတ် ၂ ဖြစ်သတည်း။

● လွှတ်တော်မှ စစ်အရာရှိတို့  ဆုတ်ခွာခြင်း
ဒုက္ခသီရိလွှတ်တော် ကြီးငယ်အသီးသီးတွင် တပ်မတော် သား ကိုယ်စားလှယ် ၃၅ ရာခိုင်နှုန်းရှိသည်။ အရေအတွက်အား ဖြင့်ဆိုလျှင် စစ်အရာရှိပေါင်း ၁,၉၆၅ ယောက်ဖြစ်၏။ အယောက် နှစ်ထောင်နီးပါးသော စစ်အရာရှိတို့ လွှတ်တော်တက်ရသည့် စရိတ်မှာ လွန်စွာများပြားခဲ့သည်။ ယခုအခါ ကုန်ကျစရိတ်မှာ မဆိုစလောက်သာရှိတော့သည်။ အဘယ်ကြောင့်နည်း။ အဖြေ မှာ လွှတ်တော်တစ်ခုလျှင် တပ်မတော်သားကိုယ်စားလှယ်တစ် ဦးသာ တက်ရောက်နေသောကြောင့် ဖြစ်လေသည်။
ယခင်က စစ်အရာရှိတို့ လွှတ်တော်တွင် ဆွေးနွေးငြင်းခုံ သည်ဆိုသော်လည်း အသံမှာ တစ်သံတည်းသာ ထွက်ခဲ့သည်။ တစ်ယောက် ကန့်ကွက်လျှင် အကုန်လုံး ကန့်ကွက်၊ တစ်ယောက် ထောက်ခံလျှင် အကုန်လုံး ထောက်ခံကြသည်။ လွှတ်တော်ပြင်ပ တွင် အထက်အမိန့်ကို မပျက်မကွက် နာခံသော စစ်အရာရှိတို့ သည် လွှတ်တော်တွင်လည်း အထက်အမိန့်၊ အထက်၏ မူဝါဒ အတိုင်းသာ ဆွေးနွေးငြင်းခုံသောကြောင့် တစ်သံတည်း ထွက် ခြင်းပင်တည်း။
ဤသို့ အသံတူ၊ ဆုံးဖြတ်ချက်တူနေလျှင် လွှတ်တော်သို့ အလုံးအရင်း သွားရောက်ပြီး အင်အားပြမနေဘဲ စစ်အရာရှိတစ် ယောက်သာ သွားလျှင် အင်မတန် အလုပ်သက်သာ၊ အချိန်သက် သာ၊ စရိတ်သက်သာမည်ဟူသော အယူအဆကို အကောင်အ ထည်ဖော်လိုက်ရာ လွန်စွာအလုပ်ဖြစ်သည်ကို တွေ့ရလေသည်။ လွှတ်တော်တိုင်းတွင် စစ်အရာရှိတစ်ယောက်သာရှိသည်ကို တွေ့ရ၏။ သူက စစ်တပ်ကိုယ်စား ဆွေးနွေး၏။ ငြင်းခုံ၏။  သဘော တူ၏။ ကန့်ကွက်၏။ လွှတ်တော်တစ်ခုတွင် တပ်မတော်သား ကိုယ်စားလှယ် ၁ဝဝ ရှိသည်ဆိုကြပါစို့။ သူထောက်ခံမဲပေးလျှင် ထောက်ခံမဲ ၁ဝဝ၊ သူကန့်ကွက်လျှင် ကန့်ကွက်မဲ ၁ဝဝ ဖြစ်လေ သည်။ ထို့ကြောင့် အလုပ်သက်သာ၊ အချိန်သက်သာ၊ စရိတ် သက်သာလှ၏။ ဒုက္ခသီရိတပ်မတော်က ဦးဆောင်ချွေတာပြမှုကို တခြားသော ဌာနဆိုင်ရာတို့ကလည်း လိုက်လံတုပလုပ်ဆောင် ကြ၏။
ပြည်သူလူထု၏ပိုက်ဆံကို ချွေတာမှုသည် နိုင်ငံချမ်းသာ ကြွယ်ဝခြင်း လျှို့ဝှက်ချက်အမှတ် ၃ ဖြစ်သတည်း။

● ခရီးသွားလုပ်ငန်း အဆမတန် ဖွံ့ဖြိုးလာခြင်း
ပြောင်းလဲလာသော ဒုက္ခသီရိကို ပြည်ပခရီးသွားတို့ တောင်ပြိုကမ်းပြိုလာရောက်လည်ပတ်ရာမှ  ဝင်ငွေ သောက် သောက်လဲရရှိခြင်းမှာ နိုင်ငံချမ်းသာကြွယ်ဝခြင်း လျှို့ဝှက်ချက် အမှတ် ၄ ဖြစ်၏။ ခရီးသည်များထဲတွင်  ဗေဒင်ဆရာတို့ထံ လာ ရောက်သူလည်း အများအပြားပါဝင်၏။ ပေါ်ပြူလာပါတီ ခေါင်း ဆောင် မည်သည့်နေ့ရက်တွင် ဒုက္ခသီရိကို အုပ်ချုပ်ရသူ ဖြစ်လာ မည်ဟု အချိန်အတိအကျ ဟောပြောနိုင်သည်အထိ ဒုက္ခသီရိ ဗေဒင်ဆရာတို့ အစွမ်းထက်ကြသည်။ ဟောကိန်းထုတ်သည့် အတိုင်းပင် ပေါ်ပြူလာပါတီခေါင်းဆောင်က အကြီးအကဲရာထူး ရသွားသည်။ ထိုရာထူးမှာ ‘သမ္မတကြီးကြပ်ရေးမှူး’ ဖြစ်၏။ အဓိကတာဝန်ကား သမ္မတကို ကြီးကြပ်ရခြင်းပင်တည်း။ ပြည်ပ ဧည့်သည်များသည် ဒုက္ခသီရိတွင် ဗေဒင်ကြည့်လိုသဖြင့် သင်္ဘော စင်းလုံး၊ လေယာဉ်စင်းလုံး ငှားရမ်းကြလေသည်။ ဟိုတယ်များ လုံလောက်မှု မရှိသဖြင့် တိုးရစ်တချို့မှာ လမ်းဘေးပလက်ဖောင်း တွင် အိပ်စက်ရသည်အထိ ဖြစ်လာသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူတတ်သူများထဲတွင် မော်ကွန်းမီဒီယာအဖွဲ့ လည်း ပါဝင်၏။ ရုံးခန်းကို တည်းခိုခန်းအဖြစ် အသွင်ပြောင်း လိုက်ရာ ဝင်ငွေကောင်းလွန်းသဖြင့် သတင်းလုပ်ငန်းကိုပင် စွန့် လွှတ်လိုက်ကြသည်။ ထိုအတောအတွင်း ခရီးသွားလုပ်ငန်း အောင်မြင်သော အိမ်နီးချင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်း အုပ်ချုပ်မှုဖြစ်ပွားရာ ထိုနိုင်ငံသို့သွားမည့်ဧည့်သည်တို့မှာ ဒုက္ခ သီရိကိုသာ ရောက်လာကြလေသည်။

● အိမ်နီးချင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှု
အိမ်နီးချင်းနိုင်ငံသည် ဒေသတွင်း အချမ်းသာဆုံးနိုင်ငံများ စာရင်းထဲတွင် ယခင်က ပါဝင်သည်။ သို့သော်လည်း စစ်အာဏာ သိမ်းပြီး စစ်ခေါင်းဆောင်တို့ အုပ်ချုပ်သဖြင့် ထိုနိုင်ငံသည် များ မကြာမီ နိုင်ငံမွဲစာရင်း ကြေညာလိုက်ရလေသည်။ သူတို့၏အခက်မှာ ဒုက္ခသီရိ၏အချက် ဖြစ်သည်၊ ဆိုလိုရင်းမှာ ဒေသတွင်း ကြွယ်ဝသူများစာရင်းတွင် နေရာအပြောင်းအလဲ ဖြစ်သွားခြင်း ပင်။ ဤသည်မှာ အလကားနေရင်းထိုင်ရင်း နိုင်ငံချမ်းသာကြွယ်ဝ ခြင်း လျှို့ဝှက်ချက်အမှတ် ၅ ဖြစ်၏။

● ဘတ်ငွေများ၊ ပိုင်ဆိုင်မှုများ အပ်နှံခြင်း
ယခင်အစိုးရအဆက်ဆက် ဘတ်ကီးရိုက်ထားသော (ဝါ) ခိုးယူထား၊ အလွဲသုံးစားလုပ်ထားသော၊ မလျော်သြဇာသုံးပြီး ရရှိ ထားသော ငွေကြေးများစွာ၊ ပိုင်ဆိုင်မှုများစွာကို ပြည်သူ့လက်၊ နိုင်ငံ့လက်သို့ပြန်အပ်သူလည်း အများအပြား ပေါ်ပေါက်လာ သည်။ မိမိတို့၏ မှားယွင်းသောလုပ်ရပ်အတွက် တောင်းပန်ပါ ကြောင်း  ဖွင့်ဟဝန်ခံပြီး အစုလိုက်အပြုံလိုက် ပြန်လည်အပ်နှံကြ ရာ နေ့စဉ်လိုပင် လူအများ၏ သာဓုခေါ် တုံ့ပြန်သံများကို ဆူညံစွာ ကြားနေရလေသည်။
အတည်ပြုချက်မရသေးသော်လည်း လူအများစု၏ ယူဆ ချက်အရ  ဤလုပ်ရပ်သည် ဒုက္ခသီရိ နိုင်ငံချမ်းသာကြွယ်ဝခြင်း လျှို့ဝှက်ချက်အမှတ် ၆ ဖြစ်၏။

● ရင်းနှီးမြှုပ်နှံမှု
ဒုက္ခသီရိ အကြီးအကျယ် ကြွယ်ဝလာမှု၏ လျှို့ဝှက်ချက် အမှတ် ၇ မှာ ပြည်ပရင်းနှီးမြှုပ်နှံမှု အလုံးအရင်း တိုးဝှေ့ဝင်ရောက် လာခြင်းပင်ဖြစ်ကြောင်း နိုင်ငံတကာအကဲခတ်တို့က ခန့်မှန်း သည်။ အိမ်နီးချင်းနိုင်ငံမှ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ ရေ ရှည်လုပ်စားရန် ကြံစည်မှုကလည်း ရင်းနှီးမြှုပ်နှံသူတို့ကို ဒုက္ခ သီရိဘက်ရောက်အောင် တွန်းပို့သကဲ့သို့ပင်။ ထိုနိုင်ငံမှ အလုပ် သမားတို့သည် ဒုက္ခသီရိသို့ ရွှေ့ပြောင်းလာပြီး လာရောက် အလုပ်လုပ်ကြလေသည်။ ၄င်းတို့၏ လုပ်အားခမှာ လွန်စွာ ဈေး ပေါလှသဖြင့် ဒုက္ခသီရိလုပ်ငန်းရှင်တို့ တွက်ခြေကိုက်လှသည်။ နိုင်ငံ ပိုမိုကြွယ်ဝအလုပ်ဖြစ်လာလေလေ၊ ပြည်ပလုပ်ငန်းရှင်ကြီး တို့  မျက်စိကျလာလေဟု ဆိုရမည်။  ရင်းနှီးမြှုပ်နှံသူတို့မှာ နိုင်ငံ တကာကပင်မက အင်္ဂါင်္ဂြိုဟ်မှပင် ရောက်လာသည်အထိ ဒုက္ခ သီရိ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာလေသည်။
အထက်ဖော်ပြပါတို့မှာ ဒုက္ခသီရိ ရုတ်တရက်ဆိုသလို ကြွယ်ဝလာရခြင်း၏ လျှို့ဝှက်ချက်များဖြစ်ပေသတည်း။      ။

ဇေယျမင်းသျှင် - နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ် အကျဉ်းအကျယ်နှင့် သက်ရောက်မှုအလားအလာ

$
0
0
ရန်ကုန်မြို့ရှိ နာမည်ကျော် အင်းစိန်ထောင် (ဓာတ်ပုံ - Myanmar Now)

 ဇေယျမင်းသျှင်  - နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ် အကျဉ်းအကျယ်နှင့် သက်ရောက်မှုအလားအလာ
(Myanmar NOW မှ ကူးယူဖော်ပြသည်) မိုးမခ၊ ဇူလိုင် ၁၈၊ ၂၀၁၆

နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်၊ နိုင်ငံရေးအကျဉ်းသားအခွင့်အရေးများနှင့် စပ်လျဉ်း၍ ဥပဒေပြုအာဏာပိုင်ဖြစ်သည့် လွှတ်တော်အသိုင်းအဝိုင်းတွင် တင်ပြ၊ ဆွေးနွေးနေပြီး အစိုးရ၏ မူဝါဒသဘောထား ပြန်ကြားချက်ကို စောင့်ဆိုင်းနေဆဲကာလတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၏ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်သော ပြောကြားချက်ကို ဇွန်လ ၂၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများက ဖော်ပြခဲ့သည်။

ဝန်ကြီးက 'နိုင်ငံရေးယုံကြည်ချက်ကြောင့် ဥပဒေနှင့် အညီလွတ်လပ်စွာဆန္ဒထုတ်ဖော်မှုအပေါ် အရေးယူခံရမှုကိုသာ နိုင်ငံရေးအကျဉ်းသားအဖြစ်လက်ခံသည်'ဟု ပြောကြားကြောင်း သတင်းတွင် ဖော်ပြထားသည်။ လွတ်လပ်ပွင့်လင်းလာသည့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် 'ပြောင်းလဲချိန်တန်ပြီ'ဟု ကြွေးကြော်ပြီး တခဲနက်သော လူထု ဆန္ဒမဲဖြင့် နိုင်ငံ့အာဏာကို လွှဲပြောင်း ရယူနိုင်ခဲ့သော ပြည်ထောင်စုအစိုးရ၏အဖွဲ့ဝင် ဝန်ကြီးတစ်ဦး၏ တရားဝင်ပြောကြားချက်၊ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်သည် ပြည်ထောင်စုအစိုးရ၏နိုင်ငံရေးမူဝါဒဖြစ်သလောဟူသော ဝိဝါဒများ၊ ပွတ် တိုက်မှုများ ဖြစ်ပေါ်လာသည်။

ယနေ့အချိန်အထိ ဥပဒေပြုမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့က တစ်စုံတစ်ရာ သဘောထားမှတ်ချက် ပေးခြင်း၊ စကားရပ်၏အနက်အဓိပ္ပာယ်ကို တိတိကျကျ ဖွင့်ဆိုပေးခြင်း၊ တည့်မတ်ထိန်းကျောင်းပေးခြင်းများ ပြုလုပ်ရန် ပျက်ကွက်နေပြီး အငြင်းပွားမှုများ ပိုမိုကျယ်ပြန့်လာရန် အလားအလာကြီးမားနေဆဲဖြစ်သည်။

ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတိုင်းတွင် တည်ဆဲဥပဒေပါ စကားရပ်၏ အနက်အဓိပ္ပာယ်ကို တိတိကျကျ ဖွင့်ဆိုပြဋ္ဌာန်းထားလေ့ရှိပြီး၊ ယင်းဥပဒေနှင့်အညီ ဥပဒေပါအတိုင်း လေးစားလိုက်နာကြရသည့် ဥပဒေဓလေ့၊ ဥပဒေယဉ်ကျေးမှုများ ရှိကြရမြဲဖြစ်သည်။ ဒီမိုကရေစီ စံချိန်စံညွှန်းများ၊ လူ့အခွင့်အရေးစံများကို မျက်ကွယ်ပြုခြင်းခံထားခဲ့ရသည့် မြန်မာ့လူ့အဖွဲ့အစည်း၌ ၁၉၆၂ မှသည် ၂ဝ၁၅ အထိ အစိုးရအဆက်ဆက်က နိုင်ငံရေးအကျဉ်းသားမရှိဟု အစဉ်တစိုက် ဆိုခဲ့ကြသည်။ သို့ရာတွင် 'နိုင်ငံရေးပြစ်မှု'ဟူသော စကားရပ်ကိုမူ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် ကောင်စီရုံးက (၉-၆-၈ဝ) ရက်စွဲပါ စာအမှတ် ၂/၂-၃/နကစ ဖြင့် တိတိကျကျ သတ်မှတ်ပေးခဲ့ကြောင်း တွေ့ရသည်။ အဆိုပါ သတ်မှတ်ချက်အရ 'နိုင်ငံရေးပြစ်မှု'ဟူသော စကားရပ်တွင် အောက်ပါပြစ်မှုများ ပါဝင်ကြောင်း တွေ့ရသည်။

(က) မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ၊

(ခ) ပြစ်မှုဆိုင်ရာဥပဒေ၊ အခန်း(၆)ပါ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရကို ဆန့်ကျင်ကျူးလွန်သော ပြစ်မှုများ၊

(ဂ) ပြစ်မှုဆိုင်ရာဥပဒေ အခန်း(၈)ပါ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်စေသော ပြစ်မှုများနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၇၊ ၁၄၈၊ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၃-က အရ ပြစ်မှုများ၊

(ဃ) ၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေအရ ပြစ်မှုများ၊

(င) နိုင်ငံတော်ကို ဦးဆောင်သော လမ်းစဉ်ပါတီအား ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ၊

(စ) နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေအရ ပြစ်မှုများ၊

(ဆ) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ပြစ်မှုများ။

ယင်းပြစ်မှုများအနက် (ဃ)၊ (င)၊ (စ)၊ (ဆ)တို့မှာ လက်ရှိဥပဒေပြုမဏ္ဍိုင်က ပယ်ဖျက်ထားပြီးဖြစ်၍ (က)၊ (ခ)၊ (ဂ) ပါ ပြစ်မှုများသည်သာ နိုင်ငံရေးပြစ်မှု၏ အနက်အဓိပ္ပာယ်တွင် အကျုံးဝင်မည်ဖြစ်သည်။

ဝန်ကြီးဦးကျော်တင့်ဆွေ၏ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ် သတ်မှတ်ချက်နှင့် နှိုင်းယှဉ်ပါက မဆလခေတ်၊ နိုင်ငံတော်ကောင်စီ၏ ဖွင့်ဆိုသတ်မှတ်ချက်က ပို၍ကျယ်ပြန့်ပြီး လက်တွေ့ နိုင်ငံရေးဖြစ်စဉ်များနှင့်လည်း နီးစပ်သည်ဟု ဝါရင့်နိုင်ငံရေးသမားကြီးများ အသိုင်းအဝိုင်းက ယူဆကြောင်း သိရသည်။

စာရေးသူသည် ထောင်မှူး၊ ထောင်မှူးကြီးရာထူးဖြင့် အကျဉ်းဦးစီးဌာနတွင် နှစ်ပေါင်း ၃ဝ ခန့် တာဝန် ထမ်းဆောင်ခဲ့ရာ သက်တမ်းတစ်လျှောက် နိုင်ငံရေးအကျဉ်းသားများကို သီးသန့် အကျဉ်းသားများ (Detainees) အဖြစ် သတ်မှတ်၍ အခြား ရာဇဝတ် အကျဉ်းသားများ (Criminals) နှင့် သီးခြား ခွဲလျက် သီးသန့်အဆောင်များ (Separate Wards)၊ သီးသန့်တိုက်ခန်းများ (Separate Cells) များ၌ ထိန်းသိမ်းထားရှိရန် ညွှန်ကြားချက်များကို လိုက်နာခဲ့ရသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ (နစ်နီ)မှ ဦးလေးကြီး ဦးတင်အောင်၊ ကိုသက်ခိုင်၊ ကိုတင်မြင့်တို့အား မတရားအသင်း အက်ဥပဒေ၊ ပုဒ်မ ၁၇ (၁) နှင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၁၂၄ - က တို့ အရ ထိန်းသိမ်းခြင်းနှင့် ကြုံခဲ့ရပြီး လက်ရှိ နိုင်ငံရေးအခင်းအကျင်း၌ အရေးပါသော အခန်းကဏ္ဍများတွင် ပါဝင်လျက်ရှိသူများဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်၊ ဦးခွန်မြင့်ထွန်း၊ ကိုကျော်ကျော်ထွေး (ခ) ကိုမာကီးတို့အား ၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှုအက်ဥပဒေ၊ ပုဒ်မ ၅ (ည)၊ ၁ဝ (ခ) တို့ဖြင့် ထိန်းသိမ်းသည်ကိုလည်း ကိုယ်တွေ့ကြုံခဲ့ရသည်။ နိုင်ငံကျော်လူရွှင်တော်များဖြစ်သည့် ဦးပါပါလေး၊ ဦးလူမော်၊ ဦးသာဓု၊ ဦးဆန်နီတို့ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅ဝ၅ (ခ) ဖြင့်လည်းကောင်း၊ နိုင်ငံတော်ကောင်စီအစိုးရလက်ထက် ကယားပြည်နယ်ဥက္ကဋ္ဌအဖြစ် ဆောက်ရွက်ခဲ့သည့် ဦးစပ်ငွေသောင်းကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ ထိန်းသိမ်းခဲ့သည်ကိုလည်း ကိုယ်တိုင်ကြုံခဲ့ရဖူးသည်။ အလားတူပင် မဆလခေတ် နိုင်ငံရေးပြစ်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အကျုံးဝင်သော အခြားပြစ်မှုများဖြင့် နိုင်ငံရေးအကျဉ်းသားများစွာကို လက်ခံထိန်းသိမ်း စောင့်ရှောက်ခဲ့ရသည်။

ဆိုခဲ့ပါ အတွေ့အကြုံများအရ မဆလခေတ်တွင် နိုင်ငံရေးအကျဉ်းသားမရှိဟု ငြင်းဆန်ခဲ့စေကာမူ နိုင်ငံရေးပြစ်မှုနှင့် နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ် သတ်မှတ်ရာတွင်ကား ပိုမိုကျယ်ပြန့်ခဲ့သည်။ နိုင်ငံရေးအရ လက်တွေ့ ပါဝင်ဆက်နွယ်မှုကို အခြေခံသော စဉ်းစားပုံဖြင့် အရေးယူခဲ့သည်ဟု ဆိုနိုင်သည်။

ဝန်ကြီးဦးကျော်တင့်ဆွေ၏ အဓိပ္ပာယ်သတ်မှတ်ချက်သည် မျက်မှောက်ကာလ နိုင်ငံရေးလှုပ်ရှားမှုသက်သက်ကို အခြေခံသော အနာဂတ်မျှော် စဉ်းစားပုံဖြစ်သည်။ သို့ရာတွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် ဥပဒေနှင့်အညီ လွတ်လပ်စွာဆန္ဒထုတ်ဖော်မှု အပေါ် အရေးယူခံရမှုသည် များပြားကျယ်ပြန့်လှသည့် နိုင်ငံရေးအသွင်ဆောင်ပြစ်မှုပေါင်းများစွာ၌ အကျုံးဝင်နိုင်သော ပြစ်မှုအမျိုးအစား တစ်ခုသာလျှင် ဖြစ်သည်ကို သတိချပ်သင့်သည်။

သစ်တောတစ်ခုကို သစ်ပင်တစ်ပင်သာကြည့်ပြီး အမည်တပ်လျှင် ပကတိအရှိတရားမှ အဟပ်ကွာသွားနိုင်သည်။ ထို့အပြင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ဒီမိုကရေစီအရေးတော်ပုံများ၌ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲ နိုင်ငံပြုပုဂ္ဂိုလ်များအားလုံးကိုလည်း လစ်လျူရှုပစ်ပယ်ရာ ရောက်နိုင်သည်ကိုလည်း ဂရုပြုအပ်သည်။ ထို့ပြင် ၂ဝ၁၄ ဩဂုတ်လက ရန်ကုန်မြို့၊ ဓမ္မပီယကျောင်းတိုက်၌ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဥပဒေပညာရှင်များ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့(FPPS)၊ နိုင်ငံတကာ ဥပဒေပညာရှင်များက နှစ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်၍ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ကို သတ်မှတ်ထုတ်ပြန်ကြေညာကြသည်။

ယင်းဖွင့်ဆိုချက်တွင် ''မည်သူမဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသားအခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ဆက်စပ် ပတ်သက်ခြင်းတို့ကြောင့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ၊ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူများကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်သည်''ဟု ဖော်ပြထားသည်။

အလုပ်ရုံဆွေးနွေးပွဲရလဒ်အရ ဖြစ်ပေါ်လာသည့် ထိုဖွင့်ဆိုချက်သည် အနှစ်သာရအားဖြင့် လက်ခံသင့်သည် မှန်သော်လည်း ဥပဒေအင်္ဂါရပ်ဖြစ်သည့် တိကျမှု (Accuracy) မရှိဘဲ ကျယ်ပြန့်ဖောင်းပွလွန်းသည်ဟု လက်တွေ့ တရားစီရင်မှုနယ်ပယ်က မှတ်ချက်ပြုသည်။ မည်သို့ပင်ဖြစ်စေ၊ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဥပဒေပြုမဏ္ဍိုင်က တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းပေးရန် အရေး တကြီး လိုအပ်နေရခြင်း၏ ပဓာန အကြောင်းတရားမှာ နိုင်ငံရေးအခြေခံ၊ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြုလုပ်သော နိုင်ငံရေး ဆောင်ရွက်ချက်များအား ရာဇဝတ်ဥပဒေများ (Criminal Laws)ဖြင့် အရေးယူ ဖိနှိပ်ခံရခြင်းမှ အကာအကွယ်ပေးရန်ဖြစ်သည်။ အထူးသဖြင့် ပြည်ထောင်စုအစိုးရ၏ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖော်ဆောင်ရေး စသော ရည်မှန်းချက်ကြီးများ အောင်မြင်နိုင်ရန်မှာ အစိုးရနှင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားများ၊ လက်နက်ကိုင် အဖွဲ့များအကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ရေးမှာ အဓိကသော့ချက်ဖြစ်ပေရာ 'နိုင်ငံရေးပြစ်မှု'နှင့် 'နိုင်ငံရေးအကျဉ်းသား'အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အားလုံး တစ်ပြေးညီ သဘောတူ လက်ခံနိုင်ရေးမှာ အရေးကြီးလှသည်။

မြန်မာ့အကျဉ်းထောင်သမိုင်းတွင် နိုင်ငံရေးအကျဉ်းသားကို 'ကာကွယ်ရေးအကျဉ်းသား'ဟူသော အမည်ဖြင့် တရားဝင် သတ်မှတ်သုံး စွဲခဲ့သည်မှာ ၁၉၃၇ တွင် ဖြစ်သည်။ (၉-၉-၁၉၃၇)ရက်နေ့တွင် ဗမာပြည်ဘုရင်ခံ၏ တစ်ချက်လွှတ်အာဏာဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သော 'ရန်ကုန်မြို့အရေးတကြီးလုံခြုံရေးအက်ဥပဒေ'အရ ဖမ်းဆီးခြင်းခံရသူတို့ကို နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်၍ နိုင်ငံရေး အကျဉ်းသား အခွင့်အရေးများ ခံစားခွင့်ပြုခဲ့သည်။ သခင်ကိုကိုလေး၊ သခင်စံထွန်းလှ၊ သခင်ဧကြည်၊ သခင်သန်းထွန်း၊ သခင်သင်း၊ သခင်မျိုးညွှန့်၊ သခင်လှမောင်တို့သည် နိုင်ငံရေးအကျဉ်းသားအဖြစ် ပထမဆုံး သတ်မှတ်ခံရသည့် ကျောင်းသားသပိတ်ခေါင်းဆောင်များဖြစ်သည်။

၁၉၅ဝ တွင် ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းရေးဆွဲခဲ့သည့် 'အရေးပေါ်စီမံမှု အက်ဥပဒေ'ကို ပါလီမန်က ပြဋ္ဌာန်းပေးခဲ့ပြီး 'နာမည်ကျော် (ပုဒ်မ ၅) ဖြင့် ထိုခေတ် အတိုက်အခံ နိုင်ငံရေးသမားများကို ပိုက်စိပ်တိုက်နှိမ်နင်း နှိပ်ကွပ်ရာတွင် 'ထိန်းသိမ်းအကျဉ်းသား'ဟူသော အသုံးအနှုန်းအသစ်ကို သုံးစွဲခဲ့သည်။

ကိုကိုးကျွန်းသို့ တစ်ကျွန်းပို့ထောင်ဒဏ်((Transpotation for Life Sentence) ဖြင့် ပို့လွှတ် ထိန်းသိမ်းခံရသူ နိုင်ငံရေးသမားများကိုလည်း 'ထိန်းသိမ်းအကျဉ်းသား'ဟု သတ်မှတ် ခေါ်ဝေါ်ခဲ့သည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေအရ အုပ်ချုပ်ခဲ့သည့် ဆိုရှယ်လစ်ခေတ်နှင့် ၁၉၈၈ ခု နှစ်လွန် ကာလများမှသည် ယနေ့အချိန်အထိတိုင် နိုင်ငံရေးပြစ်မှုတစ်ရပ်ရပ်အရ ချုပ်နှောင်ထိန်းသိမ်းခြင်းခံရသူများကို သီးသန့်အကျဉ်းသား (Special Prisoner) အဖြစ် သုံးနှုန်း သတ်မှတ်ဆဲဖြစ်ရာ နိုင်ငံရေးပြစ်မှု ကျူးလွန်သူများအား အခေါ်အဝေါ်အမျိုးမျိုးဖြင့် နိုင်ငံရေးအကျဉ်းသားများအဖြစ် မှတ်ယူခဲ့ကြောင်း ထင်ရှားလှသည်။

နိုင်ငံရေးရည်ရွယ်ချက်တစ်ရပ်ရပ်အရ ဆောင်ရွက်ချက်ကို ရာဇဝတ်ပြစ်မှုဟု သတ်မှတ် အရေးယူ အပြစ်ပေးသည့်တရားစီရင်ရေး ယန္တရားအား တည့်မတ်နိုင်ခြင်းမရှိပါက ထိုအခြေအနေသည် မြန်မာ့နိုင်ငံရေးအရွေ့အတွက် အဟန့်အတားကြီး ဖြစ်နေပေမည်။

(၉-၉-၃၇)မှ (၁၅-၁-၆၄)အထိကာလအတွင်း နိုင်ငံရေးအကျဉ်းသားများအား ၁၈၉၄ ခုနှစ် အကျဉ်းထောင် လက်စွဲဥပဒေအရ 'အေ အတန်းအစား'၊ 'ဘီအတန်းအစား'အဖြစ် ခွဲခြားသတ်မှတ်ခဲ့ပြီး ရာဇဝတ် အကျဉ်းသားတို့ထက် ပိုမို သာလွန်သည့် အခွင့်အရေး ခံစားခွင့်ပြုခဲ့ကြောင်း အကျဉ်းထောင် မှတ်တမ်းများအရ သိရှိရသည်။ နိုင်ငံရေးပြစ်မှုကျူးလွန်သူ၊ နိုင်ငံရေးအရ ဩဇာတိက္ကမကြီးသည့် ပုဂ္ဂိုလ်များကိုလည်း 'နိုင်ငံတော်အကျဉ်းသား' (State Prisoner) အဖြစ် သတ်မှတ် ထိန်းသိမ်းခဲ့သည်။ ယင်းနိုင်ငံတော်အကျဉ်းသားများနှင့် ပတ်သက်ပြီး အသေးစိတ် ပြဋ္ဌာန်းဆောင်ရွက်ခဲ့ကြောင်းလည်း တွေ့ရသည်။

ဆိုခဲ့ပါ နိုင်ငံရေးအကျဉ်းသားများနှင့် သက်ဆိုင်သည့် အေ-နှင့် ဘီ- အတန်းအစား သတ်မှတ်ခြင်း၊ နိုင်ငံရေး အကျဉ်းသားအခွင့် အရေးခံစားခွင့်ပြုခြင်းကို တော်လှန်းရေးကောင်စီအစိုးရက ၁၉၆၄၊ ဇန်နဝါရီ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ်(၂) အရ ပယ်ဖျက်ခဲ့ပြီး၊ ယခုအစိုးရသစ်လက်ထက်တွင်လည်း ယင်းအမိန့်ကြော်ငြာစာကို ပြန်လည်ရုပ်သိမ်းခြင်း မပြုသေးပေ၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်အဖြစ် စည်းနှောင်ထားဆဲဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများသည် အချုပ်ခန်း၊ အကျဉ်းထောင်များ၌ ရာဇဝတ်သားများနည်းတူ ဆက်ဆံခံနေရဆဲဖြစ်သည်။ ဥပဒေအရ ခံစားပိုင်ခွင့်ရှိသည့် နိုင်ငံရေးအကျဉ်းသားအခွင့်အရေးများကိုလည်း မရရှိဘဲ ငြင်းပယ်ခံနေရဆဲဖြစ်သည်။ သီးသန့်အိပ်ဆောင်များ၊ သီးသန့်တိုက်ခန်းများတွင် ကျဉ်းကျပ်စွာ ချုပ်နှောင်ထိန်းနေဆဲဖြစ်ရာ နိုင်ငံရေးပြစ်မှုဖြင့် ထိန်းသိမ်းခြင်းခံရသူများသည် ရာဇဝတ်အကျဉ်းသားများထက်ပင် ပို၍ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ခြင်းခံနေရသည့်သဘောပင်ဖြစ်သည်။

ထို့အပြင် ဥပဒေစကားရပ်များ၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုရေးတာဝန်ကို မည်သည့်မဏ္ဍိုင်၊ မည်သည့် အဖွဲ့အစည်းက ယူမည်နည်းဟူသော ဥပဒေအရတာဝန်ရှိမှုကို ရှင်းရှင်းလင်းလင်း သိရန်၊ တိတိကျကျ ဆောင်ရွက်နိုင်ရန်လည်း လိုအပ်သည်ဟု ဥပဒေအသိုက်အဝန်းက ထောက်ပြကြသည်။

မကြာမီကျင်းပတော့မည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်သင့်၊ ပါဝင်ထိုက်သူအားလုံး ပါဝင်လာနိုင်ရေးမှာ အစိုးရသစ်၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားများ၊ လက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံရေးအမြင် ကြည်လင်မှုနှင့် သဟဇာတဖြစ်မှုသည် အခရာကျသော အကြောင်းအချက်ဖြစ်သည်။ နိုင်ငံရေးပြစ်မှုနှင့် နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်သတ်မှတ်ရေးသည် ဆိုခဲ့ပါအခြေခံအကြောင်းနှစ်ရပ်၏ ပကတိအနှစ်အသားဖြစ်သည်။ နိုင်ငံရေးအရလွတ်လပ်ပွင့်လင်း၍ နိုင်ငံရေးဆိုင်ရာအခွင့်အရေးများကို အပြည့်အဝ အာမခံချက်မပေးနိုင်သမျှ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ ကောင်းတူဆိုးဖက် စိတ်ဝမ်းညီညွတ်စွာ နိုင်ငံရေးအရွေ့သစ်များကို ပူးပေါင်းလက်တွဲ ဖန်တီးနိုင်ကြမည် မဟုတ်သည်မှာ သေချာလှသည်။ နိုင်ငံရေးပြစ်မှုဆိုသည်မှာ ဘာလဲ၊ နိုင်ငံရေး အကျဉ်းသား ဆိုသည်မှာ ဘာလဲ၊ ဤစကားရပ်များ၏အနက်အဓိပ္ပာယ်ကို တိကျစွာ ဖွင့်ဆိုသတ်မှတ်ပြဋ္ဌာန်းပေးရန် မည်သည့်မဏ္ဍိုင်၊ မည်သည့်အဖွဲ့အစည်းတွင် တာဝန်ရှိသလဲ၊ မည်သို့ဆောင်ရွက်ကြမည်လဲ၊ အလျင်အမြန် အဖြေရှာရန် အရေးတကြီး လိုအပ်နေသည်ကိုလည်း မည်သူမျှငြင်း၍ မရပေ။ ။


(ဆောင်းပါးရှင်သည် အကျဉ်းဦးစီးဌာနတွင် ထောင်မှူးကြီးအဆင့်အထိ တာဝန်ယူခဲ့ဖူးသော ဦးခင်မောင်မြင့် ဖြစ်သည်)

ကာတွန်း စိုးကြီး(ပေါင်းတည်) - သူတို့တွေလည်း အလေးပြုကြတော့မည်

$
0
0

ကာတွန်း စိုးကြီး(ပေါင်းတည်) - သူတို့တွေလည်း အလေးပြုကြတော့မည်
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၆

Viewing all 9633 articles
Browse latest View live