Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧

ရဲရင့်သက်ဇွဲ၏ ကဗျာစာအုပ် ဘာသာ ၃ မျိုးနဲ့ ထွက်ပြီ

$
0
0


ရဲရင့်သက်ဇွဲ၏ ကဗျာစာအုပ် ဘာသာ ၃ မျိုးနဲ့ ထွက်ပြီ
(မိုးမခ စာအုပ်စင်) ဇူလိုင် ၂၃၊ ၂၀၁၆ 

ဧရာဝတီကိုချစ်သော၊ ပုဂံယဉ်ကျေးမှုများနဲ့ စည်းလူုံးညီညွတ်မှုကို ချစ်သော၊ ဟောဒီ ဒွန္နရာကြီးမှာ ကိုယ် ယုံကြည်ရာ ဘာသာတရားများကို ချစ်တတ်မြတ်နိုးတတ်သောသူများကို ချစ်မြတ်နိုးသော၊  မြန်မာစာပေကို ချစ်မြတ်နိုးသော၊ ချစ်သော မြစ်ဆုံအတွက် ရတက်ပွေနေရသော၊ မွေးရာပါ အနာရောဂါစွဲကပ်သလိုမျိုး
အမိမြန်မာပြည်ကြီးကို ချစ်မြတ်နိုးသော၊  ချစ်သော ရဲရင့်သက်ဇွဲဆိုတဲ့ လူတယောက်ဟာ သူချစ်တဲ့ တိုင်းပြည်ကြီးအပေါ် ဘယ်သူ တရားပျက်ပျက် သူကတော့ ဘယ်တော့မှ တရားးမပျက်ခဲ့သူပါ။ အခု သူ့ရဲ့  "တကယ်ဆို ကျနော်တို့က စစ်ပွဲတွေကို မုန်းတယ် ... မေမေ"ကဗျာစာအုပ်ကို ဘာသာစကား ၃ မျိုးနဲ့  (မြန်မာ-ဖင်လန် -အင်္ဂလိပ်) နဲ့ ထုတ်ဝေလိုက်ပါပြီ။ လာမည့်လ သြဂုတ်လတွင် ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးမြို့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာ စာအုပ်ပွဲတော်တွင် ပါဝင်ပြသခွင့်ရရှိပြီး၊ ထိုနေ့တွင်ပင် တနိုင်ငံလုံး (ဖင်လန်) ရှိ စာကြည့်တိုက်များသို့ ပေးပို့ လှုဒါန်းပီး အများပြည်သူတို့ အားဆက်လက်ဖြန့်ချီသွားမည်ဖြစ်ပါကြောင်း ...


yeyintthetzwe.blogspot.com

↧

အောင်သူငြိမ်း ● ကျွန်တော်နဲ့ ထိုင်းပညာရေး အတွေ့အကြုံ (၁)

$
0
0


အောင်သူငြိမ်း ● ကျွန်တော်နဲ့ ထိုင်းပညာရေး အတွေ့အကြုံ (၁)
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၆

ထိုင်းပညာရေး အတွေ့အကြုံကို ပြောပြချင်တယ်။ မြန်မာပြည်မှာ ပညာရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုတော့ စဉ်းစားစရာ အချို့ရနိုင်မယ်လို့ ထင်မိတာကြောင့်ပါ။ ရေးမယ်ဆိုရင်တော့ စာတွေ့-ကိုယ်တွေ့ ပေါင်းစပ်ရေးရမယ်။ ကျွန်တော့် မိသားစုက ထိုင်းနိုင်ငံမှာ နေပါတယ်။ သမီးကြီးက ထိုင်းမှာ ၁၁-တန်း (ထိုင်းပညာရေးစနစ်က ၁၂-တန်းအောင် မှ တက္ကသိုလ်သွားရပါတယ်)။ သမီးအငယ်က သူငယ်တန်း၊ ကျွန်တော်က ထိုင်းနိုင်ငံ NIDA တက္ကသိုလ် (www.nida.ac.th) မှာ Ph.D ဘွဲ့အတွက် ကျောင်းတက်နေတော့ ကျွန်တော်က ထိုင်းပညာရေးအကြောင်းကို နှံ့စပ် ကျွမ်းကျင်မဟုတ်တောင် တီးမိခေါက်မိလို့ ဆိုနိုင်ပါတယ်။ ထိုင်းနိုင်ငံ ပညာရေးဟာ မြင့်မားစံထားရမယ့်၊ အတုယူရမယ့် စံပြ ပညာရေးစနစ်တစ်ခုလို့ မဆိုနိုင်ပါဘူး။ သို့သော်လည်း ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ကာလတွေ အတွင်းမှာ ပြုပြင် ပြောင်းလဲမှုတွေ ကြုံခဲ့ပြီး၊ ကမ္ဘာ့အဆင်မီ ပညာရေးစနစ်တစ်ခုဖြစ်ဖို့ ကြိုးပမ်းနေတာတွေကိုတော့ သတိပြုမိခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံက ပညာရှင်အချို့ကတော့ ထိုင်းပညာရေးစနစ် ကျရှုံးနေပြီ (Thailand education failure) ဆိုပြီး သတိပေး ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။

ကျွန်တော်က ထိုင်းလူမျိုးမဟုတ်တဲ့ အပြင်လူတဦးအနေနဲ့ သုံးသပ်ရေးတော့ ကွဲလွဲတာတွေလည်း ရှိကောင်းရှိနိုင် ပါတယ်။ အမှားတွေ့ရင် ပြင် ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အဓိကဆွေးနွေးချင်တာတော့ သူတို့နဲ့ ကျွန်တော်တို့ ဘာတွေကွာသွားပြီလဲ၊ ဘာတွေ တူညီနေသေးလဲ… ဘယ်လိုကိစ္စတွေ ကျွန်တော်တို့ အတုယူနိုင်မလဲ… စတာတွေ သတိပြုမိရင် ကျွန်တော် စာရေးရကျိုး နပ်ပြီ ယူဆမိပါတယ်။

■ ကျွန်တော့်သမီးရဲ့ သူငယ်တန်း
ကျွန်တော့်သမီးက သူငယ်တန်းကျောင်းသူပါ။ သူ့ကို ကျွန်တော် ကျောင်းကြို၊ ကျောင်းပို့သွားတော့ သူတို့စာသင်ခန်း ကလေးကို တွေ့ရတာ စိတ်ချမ်းသာပါတယ်။ သူတို့ကျောင်းက မူလတန်းကျောင်း (၆-တန်းအထိ) ပါ။ မိန်းမက ထိုင်း-မြန်မာနယ်စပ် မြို့ကလေးမှာနေတော့ ကျွန်တော့်သမီးလည်း နယ်စပ်မြို့က ကျောင်းကလေးမှာပဲ တက်ပါတယ်။ တော ကျောင်းပဲ ဆိုပါစို့။

စပြောရရင် သူတို့ကျောင်း နံရံတွေမှာ ကာတွန်းတွေ၊ ရုပ်ပုံတွေ ဆွဲထားပါတယ်။ ကလေးတွေပျော်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့လို့ ယူဆပါတယ်။ မူလတန်းကျောင်းသာဆိုတယ်။ တလောကပဲ လေးထပ်အဆောက်အအုံတခု အသစ် ဆောက်လို့ ပြီး သွားပါတယ်။ ကျောင်းမှာ ကလေးတွေမျက်စိထဲ စွဲနေစေဖို့ အာဆီယံနိုင်ငံတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပုံကားချပ်တွေ ဆွဲထားပါတယ်။

ဥပမာ- မြန်မာနိုင်ငံကဆိုရင် "မင်္ဂလာပါ"ဆိုပြီး နှုတ်ဆက်တယ်။ ကျပ်ငွေသုံးတယ်။ မြို့တော်က နေပြည်တော်၊ ပန်းက ပိတောက်ပန်းကြိုက်တယ်။ ထင်ရှားတဲ့ နေရာတွေက ရွှေတိဂုံ၊ စသည်ဖြင့် ဟာမျိုးပါ။ ထိုင်းနိုင်ငံက ကျောင်းတိုင်းမှာ ဒီလိုသတင်းအချက်အလက်တွေကို ရုပ်ပုံကားချပ်တွေ ဆွဲထား ကြပါတယ်။





နောက်တခုကတော့ လက်ဆေးဖို့ ရေဘုံဘိုင်ခေါင်းတွေ နေရာအများအပြားမှာ ထားပေးပါတယ်။ သူတို့ ကျောင်းက သူငယ်တန်းစာသင်ခန်းမှာ လေအေးစက် (အဲယားကွန်း) တပ်ထားပါတယ်။ လျှပ်စစ်ဖိုး ကုန်ကျစရိတ်ကိုတော့ မိဘတွေ မျှခံရပါတယ်။ မပေးမနေရတော့ မဟုတ်ပါဘူး။ တတ်နိုင်သလောက် မျှဝေပေးဆိုတဲ့စနစ်ပါ။ နေ့လည်စာ ကျွေးပါတယ်။ နေ့လည်စာဖိုးကိုလည်း မိဘတွေက တတ်နိုင်သလောက်မျှဝေပေးပါ။ မပေးမနေရတော့ မဟုတ်ပါဘူး။ ထူးထူးခြားခြား သတိထားမိတာက ကျောင်းမှာ မွတ်ဆလင်ကလေးကလည်း ရာဂဏန်းကျော်ရှိတော့ သူတို့အတွက် သီးသန့်ချက်ပြုတ်သူ တယောက်ထားပေးပါတယ်။

ကျွန်တော် လေ့လာတွေ့ရှိရသလောက် ကလေးတဦး အကောင်းဘက်ကို ပြောင်းလဲဖွံ့ဖြိုးလာစေဖို့ လုပ်ဆောင်ပေးမှုတွေ ရှိပါတယ်။ သမီးတို့ စာသင်ခန်းမှာ ကလေးတွေ ထီးချိတ်ဖို့နေရာ၊ ဖိနပ်စင်၊ သောက်ရေခွက် ကိုယ်စီ၊ သွားတိုက်တံ ကိုယ်စီ ထားတဲ့စင်ကလေးတွေ ရှိကြပါတယ်။ သူတို့ က ကျောင်းစာသင်ခန်း အပြင်မှာလည်း ကလေးတွေအတွက် အချိန် ဇယား (ဘယ်အချိန် ဘာလုပ်မယ်ဆိုတာ) မိဘတွေ ကြိုတင်သိထားနိုင်အောင် ကပ်ထားပေးကြပါတယ်။ ကျောင်းတက် ချိန်ကတော့ သူငယ်တန်းမှာ နံနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ တက်ကြရပါတယ်။ မနက် ၈ နာရီမှာ နိုင်ငံတော် အလံတင်သီချင်းဆို၊ ပြီးရင် ဘုရားရှိခိုးကြရပါတယ်။ ဒီကိစ္စကတော့ အငြင်းပွားဖွယ်ပါ။ အခြားဘာသာဝင်ကလေးတွေ လည်း စိတ်ပါပါ၊ မပါပါ လိုက်ဆိုကြရပါတယ်။ တခါတလေ ဆရာမက အလုပ်မရှိရင် ကလေးတွေကို တရားထိုင်ခိုင်း တယ်ဆိုပြီး၊ မျက်စေ့မှိတ် ငြိမ်ငြိမ်သက်သက် ထိုင်ခိုင်းတာမျိုးလည်း လုပ်တတ်ပါတယ်။ ဘာသာခြားသော ဘာသော နား မလည်ပါ။ အကုန်လိုက်လုပ်ကြရတာမျိုးတော့ ရှိတတ်ပါတယ်။

အတန်းငယ် ကလေးတွေက မနက်စောစော ကျောင်းရောက်ရင် ဆော့ကစား၊ စာသင် လုပ်ကြပြီးရင် အိပ်ကြရပါတယ်။ စာသင်တယ်ဆိုတဲ့နေရာမှာတော့ မြန်မာပြည်နဲ့ သိပ်မထူးလှပါဘူး။ ကကြီးကနေ- အအထိ ကျက်ခိုင်းတာမျိုး၊ လက်ရေးလှ ရေးခိုင်းတာမျိုး၊ က-ကလေးငယ် ချစ်စဖွယ်ဆိုတဲ့ဟာမျိုး သူတို့ ထိုင်းဗျည်းတွေကို ကဗျာလိုစပ်ဆိုထားတာကို အလွတ် ရွတ်ဖတ်ကြရပါတယ်။ အိပ်ချိန်ပေးတဲ့အခါမှာတော့ သူတို့ကလေးတွေ ကိုယ်စီအိပ်ယာကလေးတွေ ရှိပါတယ်။ သောကြာ နေ့ဆိုရင် အိပ်ရာတွေကို အိမ်ပြန်ပေးလိုက်ပြီး လျှော်ခိုင်းပါတယ်။ နေ့လည် ၁၂ လောက်ကျတော့ ပြန်ထရပါတယ်။ ဒီအချိန်မှာ နေ့လည်စာ စားကြရတာပါ။ ကျွန်တော်သတိထားမိလာတာ သမီးငယ်က လက်ဆေးရင်စနစ်တကျ ဆေးပါ တယ်။ သွားတိုက်တာလည်း အတော်စနစ်တကျ တိုက်ပါတယ်။ ကျောင်းကသင်လွှတ်လိုက်တာပါ။



ကျောင်းဝတ်စုံ ကတော့ ၄-စုံလောက် ရှိပါတယ်။ ပုံမှန်ကျောင်းဝတ်စုံ၊ အားကစားဝတ်စုံ၊ အရောင်အလိုက် ဝတ်စုံ..  စသည်ဖြင့်ပါ။ သောကြာနေ့မှာတော့ ကလေးတွေက မိရိုးဖလာကြိုက်တာဝတ်ဆင်ခွင့် ရှိပါတယ်။ ကရင်သင်တိုင်း၊ မွန်ဝတ်စုံ စသည်ဖြင့် ဝတ်ဆင်လာကြရပါတယ်။ ကျောင်းမှာ ဘွတ်ဖိနပ်စီးရပါတယ်။ သူတို့အနေနဲ့ အသားကျနေတော့ မြန်မာပြည်မှာလို "ဘွတ် ဖိနပ်စီးလို့ ပူတယ်။ အပူငုတ်တယ်"ဆိုတာမျိုး မရှိတော့ပါဘူး။ ငယ်ငယ်ကတည်းက ခြေအိတ်နဲ့၊ ဘွတ်ဖိနပ်နဲ့ အသားကျ သွားတော့တာပါပဲ။



ထိုင်းနိုင်ငံ မူလတန်းကျောင်းသား၊ ကျောင်းသူများ
ဓာတ်ပုံ Anthony Hartman from Meizhou, China ;
Credit: Wikimedia Commons, Source: https://www.flickr.com
အဆိုးဘက်ကိစ္စတွေ ပြောရရင် ကလေးတွေကို ဆရာမတွေက ရိုက်တဲ့ကိစ္စ ရှိနေပါသေးတယ်။ ထိုင်းနိုင်ငံမှာက ကျောင်း သားတွေကို ရိုက်နှက်အပစ်ပေးတာ (Corporal Punishment) ကို ၂၀၁၂ ခုနှစ်ကတည်းက ဥပဒေထုတ် တားမြစ်ထားပြီး ပါပြီ။

[ထိုင်းနိုင်ငံက လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကာလအပိုင်းအခြားအလိုက် ပြန်လည်စိစစ် အစီရင်ခံစာတင်ရတဲ့ အချိန် (Universal Periodic Review) ၂၀၁၂ ခုနှစ်ကစတင်လို့ ကလေးတွေကို ရိုက်နှက်မဆုံးမဘူးဆိုတာ ကတိကဝတ်ပြု ထားခဲ့ပါတယ်။ ဒီလို တားမြစ်ချက်ကို ဥပဒေထုတ်ပြန်ပြီး သူနာပြုဌာနများ၊ မူကြိုကျောင်းများ၊ ကလေးစောင့်ရှောက်ရေး ဌာနများ အားလုံး အကြုံးဝင် လိုက်နာစေခဲ့ပါတယ်။]

ဒါပေမယ့် သူတို့ လူမှုအသိုင်းအဝိုင်းနဲ့ ကျွန်တော်တို့လို လူမှုအသိုင်း အဝိုင်းက မကွာလှတော့၊ ယခုတိုင် အိမ်မှာ ရိုက်နှက်ဆုံးမတာ ရှိနေသေးသလို၊ ကျောင်းအချို့မှာလည်း ရှိနေပါသေးတယ်။

ဥပဒေစည်းကြပ်မှု တင်းတင်းကျပ်ကျပ်မရှိတော့ ဆရာ/ဆရာမတွေက တခါတလေ ကြိမ်သုံးပါတယ်။ ရိုက်ပါတယ်။ အကယ်၍ မိဘက တိုင်မယ်၊ စောဒကတက်မယ်ဆိုရင်တော့ ရိုက်တဲ့ ဆရာဘက်က ပြဿနာရှိပါတယ်။

အဲဒါအပြင် လူမှုကျင့်ဝတ်လေးတွေလည်း သင်ပါသေးတယ်။ ကျွန်တော့်သမီးအကြီး ခပ်ငယ်ငယ်က တရက်မှာ ကျွန်တော်က ခိုးကူးဒီဗွီဒီ ရုပ်ရှင်တချပ်ဝယ်ဖို့ ရွေးနေတော့ သူက မျက်ရိပ်မျက်နှာကဲနဲ့ ကျွန်တော့်ကို မဝယ်ဖို့ တားနေပါ တယ်။ ကျွန်တော်လည်း သူမကြိုက်တာနဲ့ မဝယ်ဖြစ်ပါဘူး။ ဘာဖြစ်လို့လဲ.. သမီးလို့ မေးတော့ သူက "ကျွန်တော်ဟာ ဥပဒေကို ချိုးဖောက်နေတယ်"လို့ ပြန်ပြောပါတယ်။ ဒီလိုကျင့်ဝတ်ပိုင်း သင်ပေးလိုက်တာလေးတွေလည်း ရှိပါတယ်။

သူတို့ ကလေးတွေဆိုတဲ့ သီချင်းကလေးလည်း ရှိပါတယ်။ မြန်မာလို ပြန်ရရင်.. "ပျော်တယ်။ ကျောင်းသွားရမှာ ပျော်တယ်။ ကလေးတွေကလည်း မဆိုးဘူး။ ဆရာမကလည်း ကလေးတိုင်းအပေါ် စိတ်ကောင်းတယ်။ ပျော်တယ်… ကျောင်းသွားရမှာ ပျော်တယ်"ဆိုတဲ့ သီချင်းကလေးပါ။ ပြောရရင်တော့ ကလေးတွေက စာမေးပွဲ၊ ကျောင်းစာ၊ ကျူရှင် တွေနဲ့ ဖိစီးမှု သိပ်မရှိလှပါဘူး။

■ အထွေထွေ အခြေအနေ
ထိုင်းနိုင်ငံရဲ့ ပညာရေးအတွက် အသုံးစားရိတ် ဘတ်ဂျက်က များပါတယ်။ ထိုင်းနိုင်ငံ စုစုပေါင်းထုတ်ကုန်တန်ဖိုး (GDP) ရဲ့ ၄% လောက် သုံးပါတယ်။ စင်ကာပူနိုင်ငံကဆိုရင် သူ့ ဂျီဒီပီရဲ့၃% လောက်ပဲ သုံးပါတယ်။ ၂၀၁၅ ခုနှစ်မှာ ထိုင်းနိုင်ငံ ပညာရေးအတွက် ဘတ်သန်း ၅၂၁,၅၈၀ သုံးမယ်လို့ လျာထားခဲ့ပါတယ်။ [ဒေါ်လာ ၁၄. ၉ ဘီလီယံလောက် ရှိနိုင်ပါတယ်။]

ထိုင်းနိုင်ငံက ၂၀၀၃ ခုနှစ်တုန်းက ပညာရေးအတွက်သုံးတာ ၁၄၀ ဘီလီယံဘတ်ပဲ ရှိရာကနေ၊ ၂၀၀၉ ခုနှစ်မှာ ၃၅၀ ဘီလီယံဘတ်၊ ၂၀၁၂ ခုနှစ်မှာ ၄၆၀ ဘီလီယံဘတ်အထိ တိုးမြှင့်သုံးစွဲခဲ့ပါတယ်။ အခု ၂၀၁၅ ခုနှစ်မှာတော့ ၅၂၁ ဘီလီယံ ဘတ် ဖြစ်လာခဲ့ပါပြီ။

ထိုင်းနိုင်ငံ အစိုးရဘတ်ဂျက်ရဲ့ ပျမ်းမျှ ၃၀% လောက်ကို ပညာရေးအတွက် သုံးပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံက ကျောင်းအခြေခံအဆောက်အအုံတွေက ကောင်းပါတယ်။ အပျံစားလို့တောင် ဆိုနိုင်ပါတယ်။ တက္ကသိုလ်တွေမှာ အဆောက်အအုံ အသစ်တွေ အပြိုင်းအယိုင်း ပေါ်ပေါက်ခဲ့ပါတယ်။ တက္ကသိုလ်တွေမှာကျတော့ တက္ကသိုလ်လည်ပတ်စရိတ် ကို အစိုးရက တဝက်ကျခံပြီး၊ ကျန်တဝက်ကို ကျောင်းသားတွေရဲ့ ကျောင်းလခ (Tution fee) နဲ့ အသုံးချ လည်ပတ်စေပါတယ်။

၂၀၁၅ ပညာရေးနှစ်မှာတော့ အခြေခံပညာရေးအတွက် ဘတ်သန်း ၈,၇၆၈၊ သက်မွေးဝမ်းကျောင်း ပညာရေးဌာနအတွက် ၂၃၇၅ ဘတ်သန်း၊ အဆင့်မြင့် (တက္ကသိုလ်) ပညာရေးဌာနအတွက် ၁,၇၈၂ ဘတ်သန်း ခွဲဝေချထားပေးခဲ့ပါတယ်။ ပြီးခဲ့ တဲ့နှစ် မြန်မာနိုင်ငံမှာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး သပိတ်မှောက်ကျောင်းသားတွေက မြန်မာနိုင်ငံ ပညာရေးအသုံးစရိတ်ကို ဘတ်ဂျက်ရဲ့ ၂၀% သုံးစွဲဖို့ တောင်းဆိုတာ သတိရမိပါသေးတယ်။ ဘတ်ဂျက်အသေးစိတ်ကို သိရတော့ စီးပွား ရေးပညာသဘောနဲ့ ဆိုရင် သက်ရောက်အကျိုးရှိမှုကို ပုံသေနည်းကားတွေနဲ့ ပြန်လည်တွက်ချက်လို့ ရပါတယ်။ သီအိုရီ သဘောပြောရရင် မူလတန်းပညာရေးမှာ ပိုမိုအကျိုးရှိအောင် မြှုပ်နှံသင့်ပါတယ်။ မသင်မနေရ ပညာရေး (လူတိုင်းစာတတ် အောင်) လုပ်ပေးဖို့က ပိုအရေးကြီးပါတယ်။

 မြန်မာနိုင်ငံမှာတော့ ဒီလိုတွက်ချက်နိုင်အောင် ပညာရေးဘတ်ဂျက်ရဲ့ အသေး စိတ် သုံးစွဲငွေတွေကို ကျွန်တော်တို့ မသိရပါဘူး။ နောက်တချက်က ပညာရေးအသုံးစရိတ်တွေက ဝန်ကြီးဌာနအများ အောက်မှာ ရောက်နေပါတယ်။ (ဥပမာ- စက်မှုနည်းပညာ၊ ကျန်းမာရေး၊ နယ်စပ်ရေးရာ… စသည်ဖြင့် ဝန်ကြီးဌာန အသီး သီး အောက်မှာ ဘတ်ဂျက်တွေရောက်နေတော့ ခုနလို သက်ရောက်မှုအပေါ် ပြန်လည်တွက်ချက်ထုတ်ပြနိုင်ဖို့လည်း ခက် ပါတယ်။ ပွင့်လင်းမြင်သာလည်း မရှိလှပါဘူး။)

ဒါပေမယ့်လည်း ထိုင်းနိုင်ငံမှာ ပညာရေးအတွက် ငွေကုန်၊ အသုံးအစွဲများသလောက် မျှော်မှန်းထားတဲ့ ရလဒ်က မထွက် ပေါ်လာဘူးလို့လည်း ဝေဖန်ပြောဆိုမှု တွေရှိနေပါသေးတယ်။

■ ထိုင်းပညာရေးစနစ် ကျရှုံးနေပြီလား
ထိုင်းနိုင်ငံမှာ အမျိုးသားပညာရေးစနစ်တွေရဲ့ ဦးတည်ချက်တွေရှိပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ ထင်ရှားတဲ့ ပညာရှင် ကင် ရော်ဘင်ဆန် (Sir Ken Robinson) ကတော့ အစိုးရတွေ ကမကထပြုတဲ့ပညာရေးစနစ် (Public Education) တွေ ပြုပြင်ပြောင်းလဲရေး လုပ်နေကြတဲ့အခါမှာ ဦးတည်ချက် ၂-ခု ရှိတယ်လို့ ဆိုပါတယ်။ ပထမတခုက ၂၁ ရာစု စီးပွားရေး စနစ်ထဲမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ ကလေးတွေကို ဘယ်လိုပညာပေးကြမလဲ။ ဒုတိယတချက်ကတော့ ဂလိုဘယ်လိုက်ဇေးရှင်း (ကမ္ဘာလွှမ်းခြုံ ပြောင်းလဲမှု) အတွင်းမှာ ကျွန်တော်တို့ရဲ့ ကလေးတွေကို ယဉ်ကျေးမှုကြန်အင် လက္ခဏာ (တနည်းပြောရရင် ယဉ်ကျေးမှုဆိုင်ရာ မျိုးရိုးဗီဇ) တွေကို ဘယ်လို လွှဲပြောင်းလက်ခံစေမလဲ ဆိုတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ သူက Ted.com ဟောပြောပွဲတခုမှာ "ပညာရေးကဏ္ဍ ပါရာဒိုင်း အပြောင်းအလဲများ"ဆိုပြီး ပြောခဲ့ပါတယ်။

အလားတူပဲ ထိုင်းနိုင်ငံ ပညာရေးစနစ်မှာလည်း ရည်ရွယ်ချက်တွေ ရှိပါတယ်။ တခုကတော့ ပြောင်းလဲလာတဲ့ ကမ္ဘာမှာ ခုပညာရေးစနစ်က မွေးထုတ်လာတဲ့ ပညာတတ်များရဲ့ ပြိုင်ဆိုင်နိုင်မှု (Competitiveness) တိုးတက်လာအောင်ပါ။ ဒုတိယ တစ်ချက်ကတော့ စဉ်းစားတွေးခေါ်တတ်တဲ့ ကျောင်းသားများ (Thinking Students) ဖြစ်အောင် ဖြစ်ပါတယ်။ အခု ရည်ရွယ်ချက်ကလည်း ၂၀၁၅ ခုနှစ်မှာ စတင်သက်ဝင်လာမယ့် အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community) အတွက် ရည်ရွယ်ပြီး ပြင်ဆင်တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ပညာရေးစနစ်မှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ခဲ့ကြပါတယ်။ သတိပြုစရာက ဘုရင်လက်ထက် ၁၉၂၁ ခုနှစ်မှာပဲ မသင်မနေရ မူလတန်းပညာရေးကို စတင်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လောက်အတိုင်းအတာအထိ အကျုံးဝင် တယ်ဆိုတာ မသိနိုင်ပါဘူး။ ၁၉၃၂ မှာတော့ သွေးမထွက်တဲ့ အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ်။ ဘုရင်ကိုစည်းမျဉ်းခံနေစေပြီး ပရီဒီ ဘန်နုံယုံက ဦးဆောင်လို့ ဒီမိုကရေစီအစိုးရဆိုပြီး အပြောင်းအလဲ လုပ်ခဲ့တာပါ။ အဲဒီကာလမှာ ပထမဦးဆုံး အမျိုးသားပညာရေးစနစ်ဆိုတာ မိတ်ဆက်လုပ်ဆောင်ခဲ့ပါတယ်။ စွမ်းဆောင်နိုင်မှု၊ ကျား-မ၊ လူမှုအဆင့်အတန်း မခွဲခြား ဘဲ ပညာရေးစနစ်ကို ရရှိခံစားနိုင်ဖို့ လုပ်ခဲ့တာပါ။ ၁၉၆၀ ခုနှစ်များမှာတော့ မသင်မနေရ ပညာရေးကို ၇-တန်းအထိ တိုးချဲ့ ခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာ အခုထိတိုင်ကျင့်သုံးနေတဲ့ ၁၂-တန်း စနစ်ကို စတင်ကျင့်သုံးခဲ့ပါတယ်။ (၆-၃-၃ ခွဲပါတယ်။ မူလတန်း ၆ နှစ်၊ အလယ်တန်း (Lower Intermediate) ၃ နှစ်၊ အထက်တန်း (Upper Intermediate) ၃ နှစ် ခွဲခြားခဲ့တာ ပါ။ နောက်ပိုင်းမှာလည်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။




ဝေဖန်ကြတာကတော့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုတွေက တသမတ်တည်း မဟုတ်ဘူး။ ရှေ့နောက်မညီဘူး။ ဦးတည်ချက်မဲ့နေတယ်။ ရေရှည်အမြင် မရှိဘူးလို့ ဝေဖန်ကြပါတယ်။ ထိုင်းနိုင်ငံ ဖွံ့ဖြိုးရေး သုတေသန အင်စတိကျု (TDRI) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဆုမ်ကိယက် တန်ကစ် ဝါနစ်ခ်ျ (Somkiat Tankitwanitch) က ဝေဖန်တာကတော့ တာဝန်ယူတာဝန်ခံမှု စနစ် (Accountability System) ရှိမနေဘူး။ ကလေးတွေကို ခေတ်ပေါ်လူနေမှုစနစ် (Modern Living) အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု အရည်အသွေးများကို ပြင်ဆင်ပေးခြင်း မရှိဘူးလို့ ဝေဖန်ပါတယ်။

တခါ ၂၀၁၂ ခုနှစ်မှာ အင်္ဂလိပ်စကားပြောနှစ် (English speaking year 2012) စီမံကိန်းကို ပညာရေးဝန်ကြီး ဝိုရာဝုတ် အွေးပင်ရာကူးလ် (Woravat Auapinyakul) လက်ထက်မှာ စခဲ့ပါတယ်။ တနိုင်ငံလုံးက အစိုးရကျောင်း ၃၄,၀၀၀ မှာ ကျောင်းသား ၁၄ သန်းအတွက် ဦးတည်အကောင်အထည် ဖော်တာပါ။ တပတ်မှာ အနည်းဆုံးတရက် ဆရာတွေရော၊ ကျောင်းသားတွေပါ အင်္ဂလိပ်လို ပြောဆိုကြဖို့ စတင်လုပ်ခဲ့ပါတယ်။ မူရင်းမိခင်ဘာသာစကားပြော ဆရာများ (Native Speakers) များကို ထိုင်းကျောင်းတွေကို ငှားရမ်းပေးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံဟာ တချိန်မှာအာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) အဖွဲ့ဝင်ဖြစ်လာမယ်။ အေအီးစီရဲ့ ဘာသာစကားဟာ အင်္ဂလိပ်စကားနဲ့ပဲ ပြောဆိုဆက်ဆံ ရမယ်။ သည့်အတွက်ကြောင့် ကျောင်းပြီးသူတွေရဲ့ ပြိုင်ဆိုင်နိုင်စွမ်း မြင့်မားလာအောင် ဆောင်ရွက်တာပါ။ သိပ်တော့ အလုပ်မဖြစ်လှဘူးလို့ သုံးသပ်ကြပါတယ်။

တခါ ထိုင်းဝန်ကြီးချုပ် တက်ဆင်ဖြစ်လာတဲ့အချိန်မှာတော့ ထိုင်းနိုင်ငံက ၂-၃ လုံးချဲထီတွေကို တရားဝင်ဖြစ်အောင် စနစ် ကို ထွင်လိုက်ပါတယ်။ အဲသည်တော့ အစိုးရက အခွန်တိုးတက်ရလာပါတယ်။ ဒီတိုးတက်ရလာတဲ့အခွန်တွေကို နယ်ဝေး ကို ကျောင်းသွားတက်ကြရတဲ့ ကလေးတွေအတွက် စက်ဘီးတွေ ဝယ်ပေးခဲ့ပါတယ်။ လူကြိုက်များအောင် စည်းရုံးတဲ့ကိစ္စ (Populist Policy) လို့ ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။

နောက်တခါ တက်ဆင်ရဲ့ ညီမ ယင်လတ် ရှင်နာဝတ် ဝန်ကြီးချုပ်ဖြစ်လာတော့ "၁ တန်းကျောင်းသားတွေအတွက် အခမဲ့ တက်ဘလက် ၁ လုံး" (Free tablet PCs for Grade 1 students) ပေးမယ်ဆိုတဲ့ ပြောင်းလဲမှု လုပ်ခဲ့ပါသေးတယ်။ ဆိုလိုတာက ကလေးတွေကို နည်းပညာ တက္ကနိုလိုဂျီနဲ့ ထိတွေ့စေရေး၊ ဖတ်စာအုပ်တွေအစား တက်ဘလက်ထဲမှာ တခါတည်း ဖတ်စာအုပ်တွေကို ထည့်သွင်းပေးလိုက်တဲ့စနစ်ကို အချို့နေရာတွေမှာ စတင်စမ်းသပ်ဆောင်ရွက်ခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းပညာရေးစနစ်ရဲ့ ပြဿနာတွေက သက်တမ်းရှည်နေခဲ့ပြီ၊ မလွယ်ဘူးလို့ သုံးသပ်ကြပါတယ်။ အထူးသဖြင့် ဆရာတွေရဲ့ အရည်အသွေး ညံ့ဖျင်းမှု၊ လစာနည်းမှုလို့ ဆိုပါတယ်။ ဆရာတွေဟာ ကြွေးတွေထဲနစ်နေပါတယ်။ ဝန်ကြီးချုပ် တက်ဆင်လက်ထက်မှာ အကြွေးဝယ်ခွင့်ကဒ်ပြား (Credit card) တွေ ဖောဖောသီသီ ဘဏ်တွေကို ထုတ်ပေးစေတော့ အများဆုံး အကြွေးတင်ကြသူတွေက ဆရာ-ဆရာမတွေပါ။ ယခင်က သူတို့ရဲ့ အကြွေးဟာ လစာရဲ့ (၃ လစာခွဲကနေ)၊ အကြွေးကဒ်တွေနဲ့ ဖောဖောသီသီ ဝယ်ယူကြပြီး သူတို့လစာရဲ့ (၈ လစာခွဲ) အထိ တက်လာနေတယ်လို့ တက်ဆင်ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ အကြောင်းရေးတဲ့ စာအုပ်တအုပ်မှာ ဖတ်ခဲ့ရဖူးပါတယ်။

ဆိုးဆိုးရွားရွားတွေလည်း ဖြစ်ခဲ့ပါတယ်။ တခေတ်မှာ ပုဂ္ဂလိကတက္ကသိုလ်တွေက ကျောင်းသားတွေကို ဘွဲ့-ဒီဂရီ ရောင်း စားတာတွေ ခွင့်ပြုပေးခဲ့ပါတယ်။ ထိုင်းအရှေ့မြောက်ပိုင်း (အိစန်ဒေသ) က ပုဂ္ဂလိက တက္ကသိုလ်တခုက ကျောင်းသား ၈,၀၀၀ ကျော်ကို ဘွဲ့တွေ ရောင်းစားပေးခဲ့ပါတယ်။ ပညာရေးဝန်ကြီး ဆူချတ် (Suchart Tadathamrongvej) လက်ထက် ၂၀၁၂ ခုနှစ်မှာမှ ပြန်ရုပ်သိမ်းခဲ့တာပါ။ တခါက ရမ်ကမ်ဟမ်တက္ကသိုလ်က (Ramkamhaeng University) က သတင်းစာမှာ ဆရာခေါ်တဲ့ ထုတ်ပြန်ကြေညာချက် လုပ်ပါတယ်။ ဆရာရဲ့ လိုအပ်တဲ့အရည်အချင်းတွေက ဘယ်သို့ညာသို့ စသည် ဖြင့် ဖော်ပြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်ပိုင် ရမ်ကမ်ဟမ်တက္ကသိုလ်က ကျောင်းပြီးဘွဲ့ရသူ မဖြစ်စေရ ဆိုတာပါတော့ လူပြောစရာ ဖြစ်ကုန်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ရမ်ကမ်ဟန်တက္ကသိုလ်လည်း အများကြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ ပညာရေးဝန်ကြီး ဆူချတ်လက်ထက်မှာပဲ တရုတ်စကားပြောနှစ် (Teaching of Mandarin as a third foreign language) လုပ်ဖို့ စိုင်းပြင်းခဲ့ပါသေးတယ်။

ဒါပေမယ့် ကမ္ဘာတဝန်း ကျောင်းသားတွေကို တိုင်းတာစစ်ဆေးတဲ့ (Pisa test) လေ့လာမှုအရတော့ ထိုင်းကျောင်းသား တွေက အရှေ့အာရှဒေသမှာ အမှတ်တွေနိမ့်နေပါတယ်။ ပျမ်းမျှအသက် ၁၅-ဝန်းကျင် ကျောင်းသားတွေကို စစ်ဆေးတဲ့ အခါ စင်ကာပူနိုင်ငံက အဖတ်မှာ ၅၂၆၊ သင်္ချာ ၅၆၂၊ သိပ္ပံ ၅၄၂ ရကြပါတယ်။ နှိုင်းယှဉ်ချက်အရ ထိုင်းကျောင်းသားတွေက တော့ အဖတ် ၄၂၁၊ သင်္ချာ ၄၁၉၊ သိပ္ပံ ၄၂၅ ပဲ ရကြပါတယ်။ ဒါကြောင့်ပဲ ငွေကုန်သလောက် ရလဒ်ကောင်းမထွက်လာတဲ့ အပေါ်မှာ သူတို့ပညာရေးကဏ္ဍက ဝေဖန်နေကြတာပါ။ ပီဆာစာမေးပွဲ (Pisa Test) ဆိုတာကတော့ ဥရောပ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (OECD) ရဲ့ နိုင်ငံတကာ ကျောင်းသားတွေကို အကဲဖြတ်စစ်ဆေးတဲ့ အစီအစဉ် တစ်ခုပါ။ အသက် ၁၅-နှစ်အရွယ် ကလေးတွေကို စစ်ဆေးပါတယ်။ ပထမပိုင်းမှာတုန်းက ၂၀၁၂ ခုနှစ်အထိ သင်္ချာကို အဓိကထား စစ်ဆေးခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ပြဿနာဖြေရှင်းခြင်း (Problem-Solving) စွမ်းရည်နဲ့ ငွေကြေးသဘော ကျွမ်းကျင်တတ်မြောက်မှု (Financial Literacy) ကိုပါ စစ်ဆေးပါတယ်။

(ဆက်ပါဦးမည်။)

အောင်သူငြိမ်း
↧
↧

မောင်မောင်စိုး၏ "မြစ်ဆုံပြသနာနှင့်မြန်မာတရုတ်ဆက်ဆံရေးပြသနာ"ထွက်ပြီ

$
0
0



 မောင်မောင်စိုး၏ "မြစ်ဆုံပြသနာနှင့် မြန်မာတရုတ်ဆက်ဆံရေးပြသနာ"ထွက်ပြီ
(မိုးမခ စာအုပ်စင်) ဇူလိုင် ၂၃၊ ၂၀၁၆


မောင်မောင်စိုး၏ ဆောင်းပါးစာအုပ် "မြစ်ဆုံပြသနာနှင့်မြန်မာတရုတ်ဆက်ဆံရေးပြသနာ"အား ယနေ့မှ စ၍ မဟာစာပေမှ စတင်ဖြန့်ချိပြီဖြစ်ပါသည်။ မှာယူရန်။ မဟာစာပေ 09450623383 09450623384 သို့မှာယူနိုင်ပါသည်။ မိုးမခတွင် ဖော်ပြခဲ့သော ဆောင်းပါးများလည်း ကောက်နုတ်ထည့်သွင်းထားပါသည်။




အရေးပါသော အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ၎င်း၏ သြဇာ၊ ၀င်ရောက်ပတ်သက်နေမှုများ အတိမ်အနက်ကို စာရေးသူက ၎င်း အတွေ့အကြုံ၊ အတွေးအမြင်နှင့် မျက်မှောက် လေ့လာစမ်းစစ်မှုများပါ တွဲပြီး ရေးသားထားသဖြင့် လက်ကိုင်ထားရမည့် စာအုပ်ကောင်း ဖြစ်သည်။
↧

ဂါမဏိ/အောင်သဇင် ● တနိုင်ငံလုံးအပစ်ရပ်ရေးနဲ့ စစ်ရေးနောက်ခံ

$
0
0


ဂါမဏိ/အောင်သဇင် ● တနိုင်ငံလုံးအပစ်ရပ်ရေးနဲ့ စစ်ရေးနောက်ခံ
၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် ( ၂ ၀ )
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၆

ဗမာပြည်အရှေ့မြောက်ပိုင်းမှာ ၄ လအတွင်း ဗမာစစ်သား စုစုပေါင်း ၂၀၀၀ ကျော်သေကြေဒဏ်ရာရအောင် နဲ့ တပ်ရင်း ၈ ရင်းက ၁၀ ရင်းအထိ တပ်လုံးပြုတ်သွားအောင်၊ တပ်ရင်းမှူး ဒုရင်းမှူးတွေ တပြုံကြီးကျအောင် တိုက်နိုင်ခဲ့ပြီးနောက် MNDAA ကိုးကန့်တပ်ဖွဲ့ဟာ နိုင်ငံရေးလက်ဦးမှုယူပြီး တဖက်သတ်အပစ်ရပ်ခဲ့တယ်။

ဒီ့အရင်က KIA နဲ့ ၂ နှစ်ကျော်တိုက်ခဲ့တာလဲ ဗမာစစ်သား တသောင်းကျော် သေကြေဒဏ်ရာရခဲ့သေးတယ်။ မင်းအောင်လှိုင် တပ်က လိုင်ဇာကို အချိန်မရွေးသိမ်းလို့ရတယ် ပြောနေပေမဲ့ တချိန်က KIA ဌာနချုပ် ပါဂျို-နားဖော့ သိမ်းခဲ့ပြီးတော့လဲ KIA ပြုတ်မသွားခဲ့ဘဲ စခန်းပြောင်းရုံဘဲ ဖြစ်ခဲ့တာကို ဗမာစစ်တပ်က ပင်စင်ယူသွားတဲ့ဗိုလ်တွေ မေးကြည့်ရင် သိနိုင်ပါတယ်။ လိုင်ဇာကိုအပြီးသိမ်းမယ်လို့ မရဲတရဲပြောနေချိန်မှာ လိုင်ဇာမှာ လားအကောင် ၆၀၀ ပြင်ထားပြီး ကချင်ပြည်နယ် တခုလုံးကို ပျောက်ကျားစစ် ဖြန့်ထုတ်ဖို့နဲ့ အရှိန်မြှင့်ဖို့၊ အဲဒီကတဆင့် ပြည်မအထိပါ တိုးချဲ့ အရှိန်မြှင့်ဖို့ အသင့်လုပ်ထား တာကြောင့် လိုင်ဇာကိုမသိမ်းရဲဘဲ နားလိုက်တာဖြစ်တယ်။

အခုနောက်ဆုံးတခေါက် ဗမာစစ်တပ်အတွက် ပိုသိက္ခာကျတာက အမြင့်ဆုံးလက်နက် ၆၀မမ မော်တာဘဲရှိတဲ့ ကိုးကန့် ပလောင်နဲ့ ရခိုင် ပူးပေါင်းတပ် အင်အား ၁၀၀၀ ကျော်လောက်ကို ပြည်တွင်းစစ်သမိုင်းမှာ မကြုံစဖူး အမြောက်ကြီးတွေ၊ တင့်ကား သံချပ်ကားတွေ၊ လေယာဉ် ရဟတ်ယာဉ်တွေ ပုံအောသုံး၊ ဒေါ်လာ ၃ ဘီလီယံခွဲကျော် အကုန်ခံပြီး တပ်ရင်း ၇၀-၈၀ နဲ့ အပြင်းအထန်တိုက်ခဲ့တာ MNDAA ရဲ့ ယာယီပျောက်ကျားတပ်စခန်းတချို့ သိမ်းရလိုက်ပေမဲ့ ကိုးကန့်ဒေသရဲ့ မရေ မတွက်နိုင်တဲ့တောင်ကုန်းတွေပေါ်မှာ FUA တပ်တွေ ရှိနေဆဲ ဖြစ်နေလို့ပါဘဲ။ TNLA ထိပ်သီးခေါင်းဆောင်တွေကိုယ်တိုင် သံလွင်အရှေ့ကမ်းကူးပြီး ကိုယ့်တပ်တွေကို လာရောက် မေးမြန်းအားပေးတာ၊ အသစ်ဖွဲ့လိုက်တဲ့ KIA တပ်မဟာ ၆ ကို သံလွင်အရှေ့ခြမ်း ကိုးကန့်ဒေသထဲက ကချင်ရွာတွေဆီ စည်းရုံးဖို့နဲ့ ခြေကုတ်ယူဖို့ လွှတ်လိုက်တာတွေကိုကြည့်ရင် ကိုးကန့်စစ်ပွဲရဲ့ရလဒ်တွေဟာ မင်းအောင်လှိုင် တို့ပြောတာတွေနဲ့ ပြောင်းပြန်ဖြစ်နေတာ အလွယ်တကူတွေ့နိုင်ပါတယ်။

MNDAA ကိုးကန့်တပ် တဖက်သတ်အပစ်အခတ်ရပ်စဲလိုက်လို့ ဗမာစစ်တပ် အသက်ရှူချောင်သွားပေမဲ့ နယ်စပ်တဖက်မှာ တရုတ်တပ်တွေက "အကန့်အသတ်မရှိ ကျည်အစစ်လေ့ကျင့်ခန်း"ကို လုပ်နေ၊ နယ်စပ်ကပ်လျက်မှာ ချထားတဲ့ တရုတ် အရံတပ်တွေကိုလဲ ပြန်မရုပ်သိမ်းသေးတော့ အစိုးရတပ်တွေ အသက်ဝဝ မရှူရဲသေးဘဲ ဖြစ်နေတယ်။

အလားတူ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း သံလွင်အနောက်ခြမ်းမှာလဲ TNLA KIA တို့က ငြိမ်းချမ်းရေးရှေ့ရှူပြီး စစ်ရှိန်လျှော့လိုက်လို့ ဗမာစစ်တပ်တွေ တစုံ တရာသက်သာသွားတယ်။ ဒါပေမဲ့ တဖက်မှာ မင်းအောင်လှိုင်ဟာ အပစ်ရပ်စဲ တာ စစ်ရှိန်လျှော့တာတွေကို အခွင့်ကောင်းယူပြီး လက်အောက်ကတပ်တွေကို နယ်မြေရှင်းလင်းရေး အတင်းလုပ်ခိုင်း၊ အမြတ်ထုတ်ခိုင်းနေလို့ ဗမာစစ်သားတွေ စိတ်ညစ်နေကြတယ်။

ကရင်ပြည်စစ်ဆင်ရေးမှာလဲ DKBA အင်အား ၁၀၀ ကျော်ကို စကခ ၁၂၊ တပ်မ ၂၂၊ စကခ ၁၉ နဲ့ နယ်ခြားစောင့်တပ်တွေ ပေါင်းပြီး အကြီးအကျယ်တိုက်ခဲ့ပေမဲ့ သိသာတဲ့အောင်မြင်မှု မရရုံမက ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ပြီဆိုတဲ့ အာရှလမ်းသစ်- လမ်းဟောင်းမှာ သေနတ်သံထွက်နေဆဲဖြစ်တယ်။ DKBA အပေါ် ပြတ်ပြတ်သားသားမနိုင်တဲ့အပြင် DKBA ရဲ့မဟာမိတ် အသစ် စစ်မတိုက်ဖူးတဲ့ဗမာလူမျိုးအများစုပါဝင်တဲ့ (ဦးနု-ဦးသွင်တို့ရဲ့ PDP-PPP လက်အောက်ခံ) ပြည်ချစ်တပ်မတော်ပါ ကျားသေ အသက်ပြန်ရှင်လာခဲ့တယ်။

ကိုးကန့်စစ်ပွဲမှာ ဟောင်ဝစ်ဇာအမြောက်ကြီးတချို့၊ MA မောင်းပြန်သေနတ်တချို့နဲ့ RPG ကိုတုထားတဲ့ MA-၁၀ လောင်ချာဗုံးသီးတွေ ထိန်းသိမ်းမှုညံ့ဖျင်းတာနဲ့ တည်ဆောက်ပုံညံ့ဖျင်းတာကြောင့် ပစ်တဲ့ဗမာစစ်သားတွေ ထိခိုက်ဒဏ်ရာ ရခဲ့သလို ထိရောက်မှုမရှိတာတွေလဲဖြစ်ခဲ့ပြီး အခုထိ ပြုပြင်မွမ်းမံမှုတွေ လုပ်နေရဆဲဖြစ်တယ်။ အဓိက လက်နက်ကြီး ကျည်တွေနဲ့ ဒုံးတွေထုတ်နေတဲ့ မကွေးတိုင်းက ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)တွေ ရေလွှမ်းမိုးခံရလို့ ထုတ်လုပ်မှုရပ်သွား တာလဲ တော်တော်နဲ့ ပြန်နလံမထူနိုင်သေးဘူးလို့ အတွင်းသတင်းတွေကဆိုတယ်။

လောက်ကိုင်တိုက်ပွဲ၊ ပလက်ဝတိုက်ပွဲတွေ အထိနာလို့ ရမခတိုင်းမှူး အောင်စိုး၊ လောက်ကိုင်ဒကစမှူး စောမြင့်ဦး၊ စစ်တွေ ဒကစမှူး ကျော်ရွှေတို့ အဖြုတ်ခံရသလို အရပ်သားအရေခြုံ စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်ခိုင်မာရေးစီမံချက်အရ လဲ ကစထမှူး၊ တိုင်းမှူး၊ တပ်မမှူးတွေတော်တော်များများကို အဟောင်းနား အသစ်တင်ခဲ့လို့ ဗမာပြည်မြောက်ပိုင်း၊ အရှေ့ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းက အဓိကကျတဲ့နေရာတွေမှာ တိုက်ပွဲကြီး မဦးစီးဖူးတဲ့ တပ်မှူးအသစ်တွေ ရောက်လာတယ်။ စုစု ပေါင်း တိုင်းမှူး ၉ ယောက်၊ တပ်မမှူး ၃ ယောက်၊ စကခမှူး ၁၀ ယောက်ကို အသစ်တင်ခဲ့တာဖြစ်တယ်။ ဒီတပ်မမှူး စကခမှူး တွေဟာ ၈၈ နောက်ပိုင်းမှ ပြန်တမ်းဝင်အရာရှိတွေ ဖြစ်လာတဲ့အတွက် တိုက်ပွဲကြီးဆိုလို့ မာနယ်ပလောလောက်ဘဲ အတွေ့ အကြုံရှိနိုင်တယ်။

လောလောဆယ်မှာ စစ်တပ်ကတည်ထောင်ထားတဲ့၊ စစ်ဗိုလ်အသွင်ပြောင်းတွေကြီးစိုးတဲ့ ကြံ့ဖွတ်ပါတီဟာ ၁၉၈၈ မတိုင်မီ က မဆလပါတီလိုဘဲ ကိုယ်ပိုင်သီးသန့်အကျိုးစီးပွားတွေ ကြီးထွားလာပြီး စစ်တပ်ကိုကြောလာတာကြောင့် ကြံ့ဖွတ်ပါတီကို စစ်တပ်ကျောထောက်နောက်ခံခိုင်မာရေး အသဲအသန်ပြန်လုပ်နေရတယ်။ ရွှေမန်းကိစ္စနဲ့ပတ်သက်ပြီး တိုင်းမှူး ၃ ယောက် ကို ခေါ်စစ်နေတယ်လို့တောင် သတင်းတွေထွက်လာတဲ့အထိ ယုံကြည်မှုတွေပျက်ယွင်း၊ ဖရိုဖရဲဖြစ်ကုန်တယ်။ ဒါကြောင့် ဗိုလ်ချုပ်ကြီးနဲ့ဒုဗိုလ်ချုပ်ကြီး အဆင့် ၁၂ ယောက်၊ ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ်အဆင့် ၁၃ ယောက်အပါအဝင် ဗိုလ်မှူးကြီးနဲ့ အထက် စစ်ဗိုလ် ၂၀၀ လောက်ကို ပါတီလိုင်း၊ ၂၀၁၅-၂၀ လွှတ်တော်လိုင်းနဲ့ အစိုးရလိုင်းတွေရွှေ့ပြီး အင်ဒိုနီးရှားဦးစီးချုပ် ချွန်ပေးတဲ့အတိုင်း သိန်းစိန်-ရွှေမန်း နှစ်ဘက်စလုံးကို မယုံကြည် အားမကိုးတော့ဘဲ 'စစ်တပ်ချုပ်ကိုင်မှု ခိုင်မာအောင်'နည်းမျိုးစုံသုံးပြီး ပြန်တည်ဆောက်နေရတယ်။

အဲသလို ၂၀၁၆ နှစ်ဆန်းလုပ်မယ့် ကြံ့ဖွတ်ပါတီကွန်ဂရက်ကိုတောင် မစောင့်နိုင်တော့ဘဲ ကြံ့ဖွတ်ပါတီ လွှတ်တော်နဲ့ အစိုး ရကို ချုပ်ကိုင်နိုင်ရေး အကြောင်းပြပြီး ကမန်းကတန်းအကွက်ရွှေ့ရတဲ့အတွက် မင်းအောင်လှိုင်ရဲ့ အာဏာနီတည်ဆောက် ရေးလဲ အကျိုးရှိသွားပြီး တချက်ခုတ် သုံး-လေးချက်ပြတ်သွားပါတယ်။ တပ်ထဲမှာ မင်းအောင်လှိုင်နဲ့ အပတ်စဉ်မတိမ်း မယိမ်းတွေကို ဖယ်ထုတ်ပစ်လိုက်ပြီး သူ့ထက်အများကြီးဂျူနီယာကျတဲ့ တပ်မှူးတွေကို ဆွဲတင်လိုက်တာဖြစ်လို့ မင်းအောင် လှိုင်ရဲ့အာဏာ ပိုခိုင်မာသွားတယ်။

ဒါပေမဲ့ ယူနီဖောင်းချွတ်ပြီး ပါတီလိုင်း လွှတ်တော်လိုင်းရောက်သွားပြီဆိုရင် အနှေးနဲ့အမြန် တဦးချင်းကိုယ်ကျိုးစီးပွားတွေ ဝင်လာမှာသေချာလို့ မဆလပါတီဖြစ်ခဲ့သလို တစင်ထောင်လာကြမှာ ရှောင်လွဲမရတဲ့သဘာဝတရားဘဲ ဖြစ်တယ်။ ဒါ့ ကြောင့် ကြံ့ဖွတ်ပါတီပြဿနာဟာ စစ်အုပ်စုတောက်လျှောက်ရင်ဆိုင်နေရမယ့် ထာဝရ နိုင်ငံရေး-စစ်ရေးအကျပ်အတည်း ဖြစ်တယ်။ ဒါကြောင့် ခင်အောင်မြင့်-လှဌေးဝင်းကို သမတ-ဒုသမတတင်မယ့်အကြံဟာလဲ ရေတိုဘဲအလုပ်ဖြစ်ပါလိမ့်မယ် (ဒါကလဲ ရွေးကောက်ပွဲမှာ NLD ကိုနိုင်ဦးမှ)။ ဒါကြောင့် စစ်တပ်ချုပ်ကိုင်မှု အာမခံချက်ရှိဖို့ဆိုရင် ၁၉၆၂-၁၉၇၃ ကာလ တော်လှန်ရေးကောင်စီလို၊ ၁၉၈၈-၂၀၁၀ ကာလ နဝတ-နအဖ စစ်ကောင်စီလို ပြောင်ပြောင်တင်းတင်း မဖုံးမကွယ် ရာနှုန်း ပြည့်အာဏာသိမ်းထားတဲ့နည်းဘဲရှိတယ်။

ရွှေမန်းကိစ္စ၊ ရွေးကောက်ပွဲကိစ္စ၊ သေချာပေါက်ဖြစ်လာမယ့်မဲလိမ်မဲခိုးကိစ္စ၊ ကြံ့ဖွတ်ပါတီညီလာခံ၊ ဘဏ္ဍာငွေအကျပ် အတည်း၊ လက်နက်ခဲယမ်းပြဿနာတွေဟာ ၂၀၁၆ နှစ်ဆန်း အစိုးရသစ်ဖွဲ့ချိန်အထိ ဖိစီးနေမှာဖြစ်လို့ မင်းအောင်လှိုင် အနေနဲ့ တိုင်းရင်းသားတပ်တွေအပေါ် လိုင်ဇာစစ်ပွဲ၊ လောက်ကိုင်စစ်ပွဲလို ထိုးစစ်ကြီးကြီးတွေ ဆင်နိုင်မယ့်အလားအလာ တော်တော်နည်းသွားပြီလို့ ယူဆတယ်။ နောက်ထပ် ၃ ဘီလီယံအကုန်ခံ စစ်တိုက်နိုင်မယ့်ပုံ မရှိဘူး။

ကျန်းမာရေးဝန်ကြီးဌာနကစလိုက်တဲ့ စစ်ဗိုလ်အသွင်ပြောင်း မိုးကျရွှေကိုယ်ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ တခြားဝန်ကြီး ဌာနတွေကိုလဲ ဂယက်ရိုက်ခတ်လာတဲ့အတွက် ဌာနကောင်းရောက်ပြီး မျက်မျက်ကလေးဝါးဖို့ DSA တက်ခဲ့တဲ့ စစ်ဗိုလ်တွေရဲ့အနာဂတ်တွေ ပျက်ပြားမယ့်အလားအလာ လင်းရောင်ခြည်ကို စတင်မြင်တွေ့နေရပြီဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲနိုင် (ကြံ့ဖွတ်မဟာမိတ်) တရားဝင်တိုင်းရင်းသားပါတီတွေကလဲ ပြည်နယ်အစိုးရထဲပါပေမဲ့ ဘာမှလုပ် ပိုင်ခွင့်မရှိ အာဏာမရှိဘဲ နေပြည်တော်ကချပေးတာတွေ ခိုင်းတာတွေကိုဘဲ လိုက်လုပ်နေရလို့ ဗဟိုဦးစီးစနစ်နဲ့ စစ်တပ် ကြီးစိုးမှုကို အသက်သွင်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပိုဆန့်ကျင်လာတယ်။

အပစ်ရပ်စာချုပ် NCA ပါအကြောင်းအချက်စာသား text တွေကို သဘောတူပြီးသားမို့ ဘယ်အဖွဲ့ လက်မှတ်ထိုးမယ်၊ မထိုးဘူးဆိုတာ လုပ်ထုံးလုပ်နည်း procedure and open-book matter ကိစ္စသာ ဖြစ်တယ်လို့ ဆင်ခြေပေးနေတာတွေ ရှိတယ်။ အစိုးရ၊ MPC နဲ့ နိုင်ငံတကာတချို့က all inclusiveness အားလုံးပါဝင်ရေး၊ မပါဝင်ရေးကို နည်းနာပြဿနာအဖြစ် တရားထူထောင်နေတယ်။ တိုင်းရင်းသားတွေအတွက်တော့ ဒါဟာ မဟာမိတ်ရေးရာ၊ ညီညွတ်ရေးဆိုင်ရာ ရပ်တည်ချက် ပြဿနာ ဖြစ်တယ်။

CNF PNLO လို နှစ်ယောက်တပိုင်းအဖွဲ့တွေထက် အင်အားအများကြီးပိုကြီးတဲ့ AA TNLA MNDAA သုံးဖွဲ့ ချန်ထားရေး ဆိုတာ စစ်အုပ်စုအဆက်ဆက်ရဲ့ ဂန္ဓဝင်မြောက်သွေးခွဲချုပ်ကိုင်ရေး classical divide-and-rule နည်းနာဘဲဖြစ်ပြီး ပြည် တွင်းစစ်ကို အပြီးအပြတ်အဆုံးမသတ်ချင်တဲ့ အမြင်ကျဉ်းမှု ခေါင်းမာမှုနဲ့ တရားသေစစ်ဝါဒကို ပြနေတာဘဲဖြစ်တယ်။ ရိုးသားမှုမရှိတာ၊ တိုင်းရင်းသားတွေအပေါ် သဘောထားမမှန်တာဖြစ်တယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးမလိုချင်လို့ မဖြစ်နိုင်တဲ့ တောင်းဆိုမှု လုပ်နေတာဘဲဖြစ်တယ်။ ခံရပေါင်းများနေသူတွေအတွက် ရပ်တည်ချက်ပြဿနာ၊ မူဆိုင်ရာပြဿနာကို နည်းနာပြဿနာအဖြစ် ဖော့ပြောပြီး ဖိအားပေးတွန်းနေတာကို လက်ခံလိုက်ရင် တိုင်းရင်းသားတပ်ပေါင်းစုအားလုံးရဲ့နိဂုံး ဖြစ် သွားပါလိမ့်မယ်။ စောဘဦးကြီးမူလေးချက်ရဲ့ သင်္ချိုင်းဖြစ်သွားလိမ့်မယ်။

အစိုးရစစ်တပ်ကို အထိနာအောင်တိုက်ထားတဲ့အတွက် MNDAA နဲ့ ငြိမ်းချမ်းရေးမလုပ်နိုင်ဘူး ပြောတာဟာ စစ်သားစကား မဟုတ်ပါဘူး။ စစ်တိုက်တယ်ဆိုမှတော့ နှစ်ဘက်စလုံးမှာ သေကြေဒဏ်ရာရမှာ သဘာဝဘဲဆိုတာ လူတိုင်းအသိဖြစ်တယ်။ မသေချင်ရင် စစ်ထဲမဝင်နဲ့ စစ်မတိုက်နဲ့ဆိုတာ ကလေးကအစ ခွေးကအစ သိတဲ့အမှန်တရားပါ။ တကယ်တော့ ယွက်စစ်အဖွဲ့နဲ့ တိုက်ခဲ့တုံးက ဗမာစစ်တပ် ဘက်က ထိတာ အခု MNDAA နဲ့တိုက်လိုကျခဲ့တာထက် အများကြီးပိုခဲ့တာ တပ်ထဲမှာအများအသိပါဘဲ။ ဒါပေမဲ့ အခုတော့ ယွက်စစ်နဲ့ လည်ပင်းဖက်နေပြီဖြစ်တယ်။

MNDAA ဘက်ကကြည့်ရင်လဲ ၂၀၀၀ ခုနှစ် နိုဝင်ဘာလတုံးက မုံးကိုးမှာ MDA ဌာနချုပ်ကို ဗမာစစ်တပ်ကဝင်တိုက်ပြီး ကချင် ကိုးကန့် ဝ ရဲဘော် ၂၀၀ ကျော်ကို တန်းစီပစ်သတ်ခဲ့တာ၊ ၂၀၀၉ ခု သြဂုတ်လမှာ လောက်ကိုင် MNDAA ဌာနချုပ်ကိုဝင်တိုက်ပြီး ရဲဘော်နဲ့ အရပ်သား ၃၀၀ လောက်ကို ပစ်သတ်ခဲ့တာ၊ ကိုးကန့်အရပ်သားတွေရဲ့ ဥစ္စာဓန ယွမ်ငွေ သန်း ၁၅၀ ဖိုးလောက် ခိုးသွား လုသွားတာတွေလဲ ပြောစရာရှိပါတယ်။

အချုပ်အခြာအာဏာထိခိုက်လို့ ဆိုတဲ့အကြောင်းပြချက်ကလဲ သွေးရူးသွေးတမ်းလျှောက်ပြောတာထက် မပိုပါဘူး။ တကယ် အချုပ်အခြာအာဏာထိခိုက်ရင် ကမ္ဘာ့တရားရုံး (ICJ) မှာ တင်လို့ရပါတယ်။ ဗမာပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက် တဲ့ ICJ စီရင်ချက်ကတော့ ၂၀၁၂ ခုနှစ်မှာ စိန့်မာတင်ကျွန်းနဲ့ ကမ်းလွန်ပင်လယ်ကို ဘင်္ဂလားဒေ့ရှ်ကို ထိုးအပ်လိုက်ရတာ ဘဲ ဖြစ်တယ်။ နိုင်ငံတကာဥပဒေပညာရှင်တွေ ဆုံးဖြတ်ရမယ့်ကိစ္စကို ၁၉၅၉ တပ်မတော်အက်ဥပဒေ ပုဒ်မ ၆၅ ကလွဲလို့ ဘာမှဥပဒေနားမလည်တဲ့ နလပိန်းတုံးတွေက ဝင်ပြောနေတာ လူရယ်စရာဘဲ ဖြစ်နေတယ်။

ဘာတွေဘယ်လိုပြောပြော UWSA ဝ အဖွဲ့ကတော့ NCA ကိုနဲနဲမှစိတ်မဝင်စားဘဲ တပ်တွေကို အသင့်ပြင်တာ စစ်လေ့ကျင့် တာတွေဘဲ ဖိလုပ်နေတယ်။ စစ်ပြန်ရဲဘော်ဟောင်းတွေ၊ ခွင့်ပြန်ရဲဘော်တွေ၊ ကာဆီနိုလုံခြုံရေးရဲဘော်တွေအားလုံးကိုတပ်ထဲပြန်ခေါ်ထားပြီး ၂၀၀၉-၂၀၁၀ တုံးကလိုဘဲ တပ်လှန့်ထားတယ်။ ကားပေါ်တင်ပစ်တဲ့ အတွဲလိုက်ဒုံးတွေ၊ ကားနဲ့ဆွဲတဲ့ဒုံးပျံ တွေ၊ ၁၀၅မမ ဟောင်ဝစ်ဇာ၊ ၁၂၂မမ ဟောင်ဝစ်ဇာတွေ၊ ၁၀၇မမ ဒုံးပစ်လောင်ချာတွေသာမက ကီလိုမီတာ ၅၀၀ ဝေးတဲ့ နေပြည်တော်အထိ လှမ်းပစ်နိုင်တဲ့ မြေအောက်ဘန်ကာဖြို DF-၁၅ တာလတ်ပစ်ဒုံးပျံတွေကိုပါ လွန်ခဲ့တဲ့သုံး-လေးနှစ် ကတည်းက ဝယ်ယူထားတယ်။ ၁၀၅မမ ဟောင်ဝစ်ဇာက တရုတ်ပြည်ကမထုတ်လို့ အနောက်နိုင်ငံထုတ် ရှာဝယ်ထား တာဖြစ်တယ်။

အားလုံးလက်မှတ်ထိုးထိုး မထိုးထိုး အစိုးရဘက် (ဗမာစစ်တပ်ဘက်) ကဘဲ တဖက်သတ်အပစ်အခတ်ရပ်စဲတယ်လို့ အရင် ကြေညာလောက်အောင် သတ္တိမရှိဘူးလား။ ပြည်တွင်းစစ်ကို ရာသက်ပန်မွေးထားပြီး လုပ်စားချင်နေတာလား။ မင်းအောင်လှိုင်တို့ကသာ အမှန်တကယ် ငြိမ်းချမ်းချင်တဲ့ စိတ်ဆန္ဒရှိရင် အင်အားကြီးသူဘက်ကစပြီး သဘောထားကြီးမှုကို ပြရမှာဖြစ်တယ်၊ တပြည်လုံးမှာ တဖက်သတ်အပစ် အခတ်ရပ်စဲကြောင်း တိုင်းသိပြည်သိ ကမ္ဘာသိကြေညာရမှာဖြစ်တယ်။

ဂါမဏိ နှင့် အောင်သဇင်
(၂၀၁၅)
↧

စီစီသွယ် (S/OKA - 089818) - က၀ိအိုရဲ့ အိမ်ပြန်ချိန်

$
0
0

စီစီသွယ် (S/OKA - 089818) - က၀ိအိုရဲ့အိမ်ပြန်ချိန်
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၆

ပေါင်မုန့်ဆိုင်မှာ အလုပ်လုပ်ရင်း ခေါင်းထဲဝင်လာတဲ့ စာလုံးက “က၀ိ”။ “က၀ိအိုရဲ့ အိမ်ပြန်ချိန်” ။ ဇူလိုင် ၈၊ ၉ ၊ ၁၀၊ ၁၁ ရက် (၂၀၁၆) တွင် ခံစားရမှုများ

တိုင်းပြည်အကျိုးမျှော်ကိုး၍ ကျမ စီစီသွယ် (S/OKA 089818) မှာ ဖြစ်ရပ်မှန် စာတဖွဲ့၊ “က၀ိအို၏ အိမ်ပြန်ချိန်” ကို လေးစားစွာ တင်ပြအပ်ပါသည်။

အိမ်ပြန်ချိန် ရောက်ပြီး က၀ိအိုလည်း အိမ်ရောက်ချင်ပြီပေါ့။ ထိုအခါ အိမ်ရောက်ချင်သူတိုင်းရဲ့ ဆုလာဘ် ကျလာတယ်။ အဲဒီဆုလာဘ်က “ခံဝန်ချက်ထိုး၊ အသနားခံစာ တင်၊ ဘယ်ထဲမှ ၀င်ပါနဲ့” တဲ့။

ကျမ အတွေးဝင်လာတယ်။ က၀ိအိုရဲ့ အနှစ် ၂၀ ကျော်ကြာခဲ့တဲ့ နိုင်ငံရေးအတွေ့အကြုံတွေ၊ ကမ္ဘာ့ခေါင်းဆောင်များနှင့် သံတမန်များရဲ့ အတွေးအခေါ် အယူအဆ ဆက်ဆံရေးတွေ ပြန်မမျှဝေရဘူးလား။

နိုင်ငံရေး အတွေ့အကြုံတွေ မမျှဝေရရင်တောင် ဆယ်စုနှစ်ပေါင်းများစွာ ဖတ်လာခဲ့တဲ့ စာအုပ်တွေရဲ့ တစိတ်တဒေသ၊ အိမ်နားက စာကြည့်တိုက်မှာ ဖတ်စရာမကျန်တော့လောက်အောင် အပတ်တိုင်း ကျောပိုးအိတ်နဲ့ သယ်ပြီး ဖတ်ခဲ့တဲ့ စာအုပ်တွေထဲက အကြောင်းတွေ၊ ကမ္ဘာကျော် သချာင်္ဂျာနယ်မှ “အယ်ဒီတာ” လုပ်ရန် အကြိမ်ကြိမ် ခေါ်ခြင်း ခံရလောက်အောင် ဆည်းပူးခဲ့တဲ့ သချာင်္ပညာတွေ၊  အချိန်လုပြီး ဖတ်ခဲ့တဲ့ သချာင်္စာအုပ်တွေထဲက အကြောင်းတွေကို ကျောင်းသားတွေ၊ လူငယ်တွေ၊ စိတ်ဝင်စားတဲ့သူတွေကို ပြန် ဝေမျှခွင့် မရတော့ဘူးလား။

ဒဲဒါတွေဟာ နိုင်ငံကောင်းအောင် တစိတ်တပိုင်းက ပါခဲ့တဲ့ နိုင်ငံရေးအဖိုးအိုတယောက်အတွက် ဆုလာဘ်တွေလား။ သူမြတ်နိုးတဲ့ သချာင်္သမားဘ၀ကို စွန့်လွှတ်၊ မိသားစုအရေးကို ပယ်ပြီး တိုင်းပြည်အရေးကို သယ်၊ (၁၀၁) နှစ်အထိ နေသွားခဲ့တဲ့ အမေအိုခင်မျာ သားအတွက် ဆုတောင်းခြင်းမှလွဲ၍ စာတကြောင်း၊ ဖုန်းတခေါ်မျှ မရရှသွားခဲ့ဘူး။ နိုင်ငံအတွက် လုပ်သက်တလျောက်လုံးမှာ ခြိုးခြိုးခြံခြံ နေခဲ့တဲ့ (သမိုင်းပစ္စည်းနဲ့ သမိုင်းဝင်ပစ္စည်းဟု ငြင်းရလောက်အောင်၊ တိုင်းရင်းသားများက မှတ်ချက် ချရလောက်အောင်၊ နိုင်ငံခြားသားများက integrityဟု အကြိမ်ကြိမ် ပြောရလောက်အောင်) နိုင်ငံရေးအဘိုးအိုတယောက်ရဲ့ အိမ်ပြန်ချိန်မှာ ရတဲ့ ဆုလာဘ်က “ခံဝန်ချက် လက်မှတ်ထိုး၊ အသနားခံစာ တင်၊ ဘယ်ထဲမှ ၀င်မပါနဲ့၊ ဆွေမျိုးတွေနဲ့ဘဲ တွေ့” တဲ့လား။

ပြည်ဝင်ခွင့်လျောက်ပြီး ပြန်လာတဲ့သူတွေရဲ့ နာကျင်တဲ့ မျက်နှာနဲ့ အသံတွေကို အခုအချိန်မှာ နားလည် ခံစားလာရတယ်။ “သိက္ခာရှိစွာ အိမ်ပြန်နိုင်ရေး” ဆိုတဲ့ စကားလုံးကို စကားလုံးရဲ့ အဓိပ္ဗါယ်နဲ့ မဟုတ်ဘဲ ရင်ထဲက ခံစားချက်နဲ့ သိလာတယ်။

ဘယ်တော့မှ သိက္ခာရှိရှိ အိမ်ပြန်ရပါ့မလဲ။ ကမ္ဘာအနှံ့ ပြန့်ကျဲနေတဲ့ က၀ိအိုတွေ၊ တိုင်းပြည်အတွက် နှစ်ပေါင်းများစွာ “တော ဖြတ်၊ ထောင် ဖြတ်” ခဲ့ရသူတွေ၊ ရောက်ရာနေရာတွေမှာ အတွေးရော အလုပ်ရော မြန်မာပြည်အတွက် ပေးဆပ်နေသူတွေ ဘယ်တော့ “ခံဝန်ချက် ထိုးရတဲ့ဘ၀” က လွတ်မလဲ။ “အကူအညီလိုပါတယ် ဆိုတဲ့ တိုင်းပြည်” ကို ၀င်လာတဲ့ တိုင်းတပါးသားတွေရော ဘယ်တော့ ခံဝန်ချက် ထိုးရတဲ့ ဘ၀က လွတ်မလဲ။ ကျမအတွေးထဲမှာ မေးခွန်းပေါင်းများစွာနဲ့ပါ။

အိမ်ပြန်သင့်ပြီ။ အထူးဆု မလိုချင်ပါ။ “အားလုံးအတွက် ဂုဏ်သိက္ခာ ရှိခြင်း အမြန်ဆုံးရခဲ့ရင်” က၀ိအိုတယောက် ကျန်းမာရေး ချို့တဲ့နေပြီဖြစ်တဲ့ သူ့အကို (နိုင်ငံအတွက် ၅ နှစ်ကျော် ထောင်ဖြတ်ခဲ့ရသော) နှင့် တွေ့ခွင့်ရမှာပါ။ မိအိုများ ဖအိုများလည်း နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ သားသမီးများနှင့် တွေ့ခွင့်ရမှာပါ။ တိုင်းတပါးသားများလည်း မြန်မာပြည်ရဲ့ နွေးထွေးမှု၊ ယဉ်ကျေးမှုကို အပြည့်အ၀ ခံစားခွင့် ရရှိမှာပါ။

စီစီသွယ်၊ S/OKA ၀၈၉၈၁၈
ခေတ္တ အမေရိကန်ပြည်ထောင်စု

စာကြွင်း - ပြည်သူတင်မြှောက်ထားသော ပြည်သူ့အစိုးရကို လေးစားရိုသေသောအားဖြင့် တိုင်းပြည်တာဝန် ထမ်းဆောင်ခြင်းနှင့် ကူညီခြင်းမှ လွဲ၍ ကျန်တာမလုပ်ပါဟု ရေးထိုးခဲ့ပြီးပါပြီ။ (၇၊၇၊ ၂၀၁၆ work history form) ။ ကျန်တဲ့ ခံဝန်ချက်များ ထပ်မထိုးသင့်တော့ပါ။ အိုခြင်းကိုလည်း အသက်အရ သုံးနှုံးထားပါသည်။ ဥာဏ်အားတွင်တော့ သတင်းစာတွင် ဖတ်ရသော “လေ့ကျင့်ထားသော အသက် ၇၀ကျော်၏ ဥာဏ်အားသည် အသက် ၂၀ နှင့် အတူတူပင် ဖြစ်ကြောင်း” ၏ နမူနာပြယုဂ် တခုဖြစ်ပါသည်။ အခြားပြယုဂ်များလည်း အများကြီး တွေ့နေရပါသည်။ နောက်ထပ်ပြယုဂ်တခုမှာတော့ ရက်ပိုင်းအတွင်း တွေ့ခဲ့ရသော အသက် ၉၈ နှစ်အရွယ်တွင် ဟင်းချက်နိုင်တုန်း ဖြတ်လတ်နေတုန်း၊ နှစ်ပေါင်းများစွာ ဝေးကွာနေသူများကို နာမည်နဲ့တကွ မေးနိုင်သော မှတ်ဥာဏ်အား ကောင်းဆဲဖြစ်သော ဗိုလ်ချုပ်ကတော် ဘွားဘွား ဒေါ်ခင်ကြည်၏ ညီမ အန်တီ မာ ဖြစ်ပါသည်။

အများသူငါ ခံဝန်ချက် မထိုးရမည့် အချိန်ကို မျှော်လင့် စောင့်စားရင်း

စီစီသွယ် (S/OKA 089818)
ဇူလိုင် ၂၀၊ ၂၀၁၆၊ ၉ နာရီ ၅၀ ည
↧
↧

သျှင်မျိုးငယ် ● အိမ်ပြန်လမ်းကလေး

$
0
0
သျှင်မျိုးငယ် ● အိမ်ပြန်လမ်းကလေး
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၆
 
လွမ်းမောရပါလား။ အချိန်တွေဟာ အပြောင်းအလဲတွေကို သယ်ဆောင်လာခဲ့သတဲ့လား။ ကျွန်တော်ဟာ အခုဆိုရင် အိမ်ပြန်လမ်းကလေးပေါ်မှာ ခြေလှမ်းတွေကို လွှင့်တင်လို့။

အိမ်ပြန်လမ်းအဆုံးမှာ အမေ့အပြုံးကလေး ရှိနေမှာ သေချာတယ်။ မျှော်နေတဲ့ ရီဝေဝေ မျက်ဝန်းတွေနဲ့ပေါ့။

ငယ်စဉ်က ကျောင်းပြန်တိုင်း ဒီလမ်းမအတိုင်း လျှောက်လှမ်းခဲ့ရတယ်။ ကျွန်တော်တို့ ရွာကလေးမှာ စာသင်ကျောင်းမရှိ။ ဒါကြောင့် အရှေ့ဘက် (၂) မိုင်ခန့်အကွာက မင်းတိုင်ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပညာ သင်ယူခဲ့ရတယ်။ မနက်ကျောင်းတက်အသွားမှာလည်း အဖွဲ့လိုက်။ ညနေကျောင်းပြန်လည်း အဖွဲ့လိုက်။ ကျွန်တော်ကတော့ တယောက်တည်းနေတတ်သူပီပီ ကိုယ့်အတွေးနဲ့ကိုယ် ခြေလျှင်လျှောက်တတ်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်လောက် က ဆိုတော့ စက်ဘီးစီးနိုင်သူဟာ သူဌေးပဲ။

ကျွန်တော်ကတော့ ကျောင်းသွားကျောင်းပြန် ခြေလျှင်ခရီးသည်။ ဒီလိုဆိုတော့ ကျွန်တော့်အိမ်ပြန်လမ်းကလေးဟာ အတွေးထဲမှာ လှလိုက်၊ ငြီးငွေ့လိုက်၊ ပျင်းရိလေးတွဲ့စွာ လျှောက်လှမ်းလိုက်။ ကိုယ့်အတွေးနဲ့ကိုယ် ခြေလှမ်းများကို ရွက်လွှင့်ခဲ့ ရတယ်။

ညနေခင်းတွေဟာ သာယာလှပခဲ့တာပေါ့။

ကျောင်းဆင်းခေါင်းလောင်းသံထိုးလိုက်တာနဲ့ စာသင်ခန်းတွေဆီကနေ ထွက်ပြေးချင်ကြဖူးတယ်။ ပြန်ချင်စိတ်တွေထိန်းမရ၊ လည်တဆန့်ဆန့်၊ နေစဉ်ဖြစ်တည်တဲ့ ခံစားမှုတွေပဲဖြစ်တယ်။ ဆရာ/ဆရာမတွေကို နှုတ်ဆက်ပြီးတာနဲ့ လွယ်အိတ်ကိုယ်စီဆွဲ လို့ ကျောင်းရှေ့လမ်းမကြီးပေါ်မှာ ဒလဟောထွက်လာကြလေရဲ့။ ထို့နောက် ဦးတည်ဘက် အမျိုးမျိုးခွဲခွာလာကြလေရဲ့။ ရှုပ်ထွေးနေသော လူအုပ်ကြီးက တဖြေးဖြေး ပြိုကွဲသွားလေပြီ။ သူတို့လည်း သူတို့အိမ်ပြန်လမ်းအတိုင်း။ ကျွန်တော်လည်း ကျွန်တော့်အိမ်ပြန်လမ်းအတိုင်း။

ညနေခင်းနဲ့အိမ်ပြန်လမ်းဟာ ကျောင်းတက်ရာသီတိုင်း ကျွန်တော့်ဆီကို ရောက်လာတတ်မြဲ။ နေမင်းက သူ့အရှိန်အဝါကို လျော့ချထားပြီး လျော့ရဲရဲအလင်းနဲ့ ညနေခင်းကို ဖြည့်ဆည်းနေလေရဲ့။ သိပ်လှတဲ့အရောင်အသွေးများပင်။

ပုလဲ-ဂန့်ဂေါလမ်းဆိုတဲ့ ကတ္တရာလမ်းမကြီးရဲ့တနေရာမှာ ကျွန်တော့်ခြေလှမ်းတွေ ရှိခဲ့တယ်။ ကလေးဘဝပီပီ လမ်းမပေါ်မှာ ဆော့ကစားရင်း အိမ်ပြန်ခဲ့တဲ့ရက်တွေ များပြီ။ ကျောင်းအပြန်မှာ လွယ်အိပ်ဟာ ကျောပိုးအိတ်အဖြစ် အသွင်ပြောင်းသွားတယ်။ ဒါဟာ ဖန်တီးမှုတခုဆိုရင် မမှားဘူး။ လက်ထဲမှာ ထမင်းချိုင့်ကိုဆွဲလို့  ဟိုတွေး ဒီတွေး ဟိုငေး ဒီငေး အိမ်ပြန်လမ်းကလေးပင်။ တခါတခါ စာဖတ်လိုဖတ်။ တခါတခါကဗျာရွတ်လိုရွတ်။ တခါတခါ ကောင်းကင်ကြီးကို ငေးလို့။

ညနေခင်းရဲ့လေပြေဟာ တိုးဝှေ့တိုက်ခတ်လာ တတ်တယ်။ ညနေခင်းရဲ့နေခြည်အောက်မှာ လမ်းဘေးမှာရှိနေတဲ့ ထနောင်း ပင်တန်းကြီးကလှ။ တမာပင်တန်းကြီးကလည်းလှ။ တိမ်ရောင်စုံတောက်ပနေတဲ့အခါ ကျွန်တော့်အိမ်ပြန်လမ်း ကလေးပေါ်က ပန်းချီကားလေးဟာ အသက်ဝင်လှပလို့။ ကတ္တရာလမ်းမကြီးပေါ်မှာ အော်ဟစ်ဆူညံပြီး အိမ်ပြန်နေတဲ့ ကျောင်းသား/သူတွေရဲ့အဖြူအစိမ်းကလေးတွေဟာ  လမ်းမတလျှောက်ပြည့်လို့။ တယောက်နဲ့တယောက်တို့ ဆိတ်ဆော့ ကစား နေရင်း ခြေလှမ်းတွေက တရွေ့ရွေ့။ မင်းတိုင်ပင်ရွာကအထွက် ကျွန်တော့်ရွာကလေးဆီကို လှမ်းမျှော်ကြည့်လိုက်တော့ ကားလမ်း မကြီးဟာ ဖြောင့်တန်းလို့။ လမ်းဘေးက ထနောင်း၊ တမာတန်းတွေက ညီညီညာညာ။ အဖြူအစိမ်း ကလေးတွေက ပြေး လွှားလို့။

ပုံတောင်ပုံညာတောင်တန်းကြီးက စိမ်းစိုအုံ့မှိုင်းကာနောက်ခံအနေအထားနဲ့ တင့်တယ်လို့။ ရောင်စုံတိမ်တို့က တောင်တန်းကြီးပေါ်မှာ မေးတင်ရွေ့လျားနေတဲ့အပြင်နေမင်းကြီး တဖြေးဖြေး ဆုတ်ခွာနေလေပြီ။ ဘယ်လောက်လှပ သက်ဝင်နေတဲ့ အချိန်ကလေးတွေပါလဲ။ အို...အိပ်တန်းပြန်ငှက်ကလေးတချို့လည်း ပျံသန်းလာလေပြီ။ ညနေခင်းရဲ့ကောင်း ကင်မှာ ဝဲလို့။ လူးလွန့်လို့။ ငှက်တေးသီသံကလေးတွေကလည်း ချိုမြိန်လှပလို့။ ဒီလို ညနေခင်းတွေနဲ့အတူ အိမ်ပြန်လမ်း ကလေးပေါ်မှာ ကျွန်တော်ဟာ လျှောက်လှမ်းနေခဲ့ဖူးတယ်။

မိုးရာသီဆိုရင် ရွာအဝင်က လယ်ကန်သင်းရိုးပေါ်မှာ ရေတွေလျှံနေပြီ။ ကတ္တရာလမ်းမကြီးကိုလည်း ရေလျံတော့မည့်ဆဲဆဲ။ လမ်းအောက်က ပြွန်လုံးကြီး  (၂) ခုစလုံးနဲ့အပြည့်နီးပါး ရေစီးနေတတ်ပြီ။ ရွာအဝင်လယ်ကွင်းများပေါ်မှာ ရေတွေ ဖွေးလို့။ ကျွန်တော်တို့ ပျော်ကြလေပြီ။ မကူးဖြတ်ရဲသဖြင့် အိမ်မှလူကြီးများက လာကြိုကြတယ်။ လာမကြိုတဲ့သူတွေကတော့ လက်ချင်းချိတ်ပြီး ရေပြင်ကျယ်ကို ကူးဖြတ်ကြရတယ်။ ချော်လဲလိုက်၊ ရေပါလိုက်၊ ဆွဲထူလိုက်နဲ့ပျော်စရာ။ ထမင်းချိုင့်တွေလည်း ရေပါလိုပါ၊ စာအုပ်တွေလည်း ရေစိုလိုစို။ အိမ်ပြန်လမ်းကလေးဟာ ရာသီဥတုအလိုက် ပျော်စရာပေါ့။

ဆောင်းရာသီဆိုရင် ရွှေဝါရောင်အဆင်းနဲ့ စပါးပင်တွေကို မြင်တွေ့နိုင်ပါတယ်။ နွေရာသီမှာတော့ ရိုးပြတ်တောဟာ အထီးကျန်တဲ့ အသွင်နဲ့။ လှတာပါပဲလေ။

ရွာအဝင်လမ်းကလေးပေါ်ကနေ ရွာကလေးကိလှမ်းကြည့်လိုက်တဲ့အခါ မန်းကျည်းပင်တန်း တွေက ကြိုဆိုနေလေရဲ့။ လမ်းကလေးအတိုင်းလျှောက်လှမ်းလာရင်း ရွာလယ်လမ်းမကြီး ကို ရောက်လာရင်တော့ အုန်းပင်တွေများစွာကကမ်းခြေကလေးတစ်ခုလို လှပစွာ ဆီးကြိုနေပြန်ရော။ ဒါဟာ ကျွန်တော့်အတွက် ကျောင်းတက်ရာသီမှာ တွေ့မြင်နေကျအိမ်ပြန်လမ်းကလေးပင်။ ဟုတ်တယ်....အိမ်ပြန်လမ်းအဆုံးမှာ အမေ့အပြုံးကလေးရှိပါတယ်။ မျှော်နေတဲ့ ရီဝေဝေ မျက်ဝန်းတွေနဲ့ပေါ့။

အခုတော့ အိမ်ပြန်လမ်းမကြီးဟာ ဆူညံရှုပ်ထွေးလွန်းနေလိုက်တာ။ ငယ်ငယ်က တရက်မှာ ကားတစီးပုံမှန်မလာတဲ့ ကတ္တရာလမ်းမတလျှောက်မှာ ကားတွေ ခဏခဏရှောင်နေရ။ မဆင်မခြင်မောင်းနင်လာသော ဆိုင်ကယ်တွေ ဒုနဲ့ဒေး။ စက်ဘီးတွေဟာ ရှားပါးလာပြီး ခြေလျင်လျှောက်သူတွေ မရှိတော့ဘူး။ ညနေခင်းမှာ လေပြေတွေရှိသေးတယ်။ တိမ်ရောင် တွေက တောက်ပနေဆဲ။ ဘယ်သူကများဒီအိမ်ပြန်လမ်းကလေးပေါ်မှာ ငေးမောနေရဲပါ့မလဲ။ စက်မှုတော်လှန်ရေးဟာ ညနေခင်းအလှနဲ့ အိမ်ပြန်လမ်းကလေးကို  အထီးကျန်စေခဲ့ပြီ။

အိမ်ပြန်လမ်းမတလျှောက်က ထနောင်းပင်တွေတမာပင်တွေတချို့ပျောက်ရှလို့။ နောက်ခံရှုခင်းကြီးဖြစ်တဲ့ပုံတောင် ပုံညာတောင်တန်းကြီးတွေက စိမ်းစိုအုံ့မှိုင်းမနေတော့ဘူး။ ခြောက်သွေ့လာလိုက်တာ ဘယ်လောက်ကြာပြီလဲ။ ပုံတောင်ပုံ ညာ အရိပ်အောက်မှာ ချမ်းစိမ့် အေးမြလှတဲ့ဆောင်းရာသီညတွေဟာ အခုတော့ ပြယ်ပျောက်နေပြီ။

မိုးရာသီဆိုရင် ရွာအဝင် လယ်ကန်သင်းပေါ်မှာ ရေမလျှံတော့တာကြာပြီ။ နွေရာသီဟာ အပူလှိုင်း တွေကို ခဏခဏ သယ် ဆောင်လာခဲ့လေပြီ။ ဒီလိုအခြေအနေတွေကို ကျွန်တော်တို့ပိုင်ဆိုင်နေရပြီ။ ဘယ်သူ မလွမ်းဘဲ ရှိပါ့မလဲ။ အရင်လို...ဟိုးအရင်လို အိမ်ပြန်လမ်းကလေးနဲ့ ညနေခင်းတွေကို ကျွန်တော်လွမ်းလိုက်တာ။

လျှောက်လက်စခြေလှမ်းတွေနဲ့အတူ ဆက်လက်ထွက်ခွာလာခဲ့တယ်။ အိမ်ပြန်လမ်းကလေးရဲ့အလှတွေကို နှမျောတသဖြစ် ရင်း ရွာကလေးဆီသို့ တရွေ့ရွေ့။ သေချာတယ် ... အိမ်ပြန်လမ်းအဆုံးမှာ အမေ့အပြုံးကလေးကတော့ ရှိနေပါလိမ့်မယ်။ မျှော်နေတဲ့ ရီဝေဝေမျက်ဝန်း တွေနဲ့ပေါ့။ အို....အမေ့ခေါင်းပေါ်မှာ ဆံနွယ်တွေဖြူနေပေမယ့် အမေ့အပြုံးဟာ လှနေဆဲပေါ့။ ။
                                                   
သျှင်မျိုးငယ်
↧

အောင်ဝေး - အ ေ ရ း ေ တာ် ပုံ ... ပြ ည်ေ ပြး

$
0
0


အောင်ဝေး - အ ေ ရ း ေ တာ် ပုံ ... ပြ ည်ေ ပြး
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၆


အမေက မွေး
ထောင်က ကျွေး
အရေးတော်ပုံ ....


ပြည်ပြေး

မွေး တစ်နေ့
သေ တစ်နေ့

လာမယ့် ဘေး
ပြေး တွေ့ 

မသေခင်
ပြေ(ပြည်)၀င်သွားချင်တယ်။ ။

ေ အ ာ င္ ေ ၀ း
၇- ၂၃- ၂၀၁၆။
(၆၂ နှစ်ပြည့် မွေးနေ့အတွက် ရေးတဲ့ကဗျာ)
↧

ကာတွန်း ညီပုချေ - ခင်ဗျား သိပြီးပြီလား

$
0
0

ကာတွန်း ညီပုချေ - ခင်ဗျား သိပြီးပြီလား
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၆

↧

ရီပတ်ဘလစ်ကန်ညီလာခံက ဒေါ်နယ်ထရန့်ကို သမ္မတလောင်းအဖြစ် အတည်ပြုလိုက်ပြီ

$
0
0

ရီပတ်ဘလစ်ကန်ညီလာခံက ဒေါ်နယ်ထရန့်ကို သမ္မတလောင်းအဖြစ် အတည်ပြုလိုက်ပြီ
(နိုင်ငံတကာသာဂိ) ဇူလိုင် ၂၄၊ ၂၀၁၆

ဇူလိုင် ၁၈ - ၂၁ အထိ အမေရိကန်ပြည်၊ အိုဟိုင်းအိုးနယ်၊ ကလိဗင်းမြို့မှာ ရီပတ်ဘလစ်ကန်ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံကို ကျင်းပခဲ့ပြီး ပါပြီ။ လွန်ခဲ့တဲ့ လများက ပါတီသမ္မလောင်း ရွေးပွဲကနေ ပါတီဝင်တွေရဲ့ မဲအများဆုံး (၁၄ သန်း) နဲ့ ကုဋေကြွယ် သေဌေးကြီး၊ တီဗီသရုပ်ဆောင်၊ အသက် ၆၇နှစ်အရွယ် လုပ်ငန်းရှင်တဦးဟာ ရီပတ်ဘလစ်ကန်ပါတီက ၀ါရင့် နိုင်ငံရေးသမားများကို ကျော်တက်ပြီး ပါတီသမ္မတလောင်းအဖြစ်ကို သရဖူဆောင်းသွားပါတယ်။ ပါတီတွင်းမှာ နိုင်ငံရေးဝါရင့်များအတွင်း သဘောထားကွဲလွဲမှု အများအပြား၊ မကြေလည်မှု အမြောက်အများ ဖြစ်ပွားခဲ့သော်လည်း ပါတီထောက်ခံသူ ပြည်သူတွေကတော့ ဒေါ်နယ်မှ ဒေါ်နယ် ဖြစ်နေတာကြောင့် နောက်ဆုံးတော့ ပါတီခေါင်းဆောင်များက ဒေါ်နယ်ထရန့်ကို လက်ခံလိုက်ရတယ်လို့ သတင်းတွေက ဆိုကြပါတယ်။ ဒေါ်နယ်ထရန့်ကို ထောက်ခံသူအများစုက လူဖြူ သက်ကြီးတွေ၊ ကောလိပ်မတက်ဖူးတဲ့ အလုပ်သမားတွေ၊ အမေရိကားရဲ့ နောက်ဆုံးမျိုးဆက်လို့ ဆိုကြတဲ့ စက်မှု နဲ့ လယ်ယာလုပ်သားတွေ၊ လုပ်ငန်းရှင်တွေ၊ ဘာသာရေးအစွဲကြီးသူတွေ၊ လက်ရုံးအားကိုး ဖြေရှင်းလိုသူတွေ၊ တပြည်သားတွေကို မျက်မုန်းကျိုးနေသူတွေလို့ အမျိုးမျိုး တံဆိပ်ကပ်ကြပါတယ်။

ဒီတခေါက် ပါတီညီလာခံကို ပါတီရဲ့ သမတဟောင်း ၂ ဦးဖြစ်တဲ့ ဘွတ်ခ်ျ ၂ ဦးစလုံး မတက်ကြပါဘူး။ ထရန့်ရဲ့ အစွန်းရောက် ရန်လိုတဲ့ အယူအဆ သဘောထားတွေနဲ့ ကင်းကင်းနေလိုတဲ့ ပါတီနိုင်ငံရေးသမားတွေ၊ အမတ်တွေ၊ ပြည်နယ်ခေါင်းဆောင် အချို့ကလည်း လက်ရှောင်ကြပါတယ်။ ထရန့်ကို ရုပ်ရှင်ထဲက နိုင်ငံရေးစတန့် သူရဲကောင်းလို သဘောထားသူ အမေရိကန်မျိုးချစ်တွေ သည်းသည်းလှုပ် တက်ရောက်ကြသလို သူ့ကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကလည်း သတ်မှတ်ထားတဲ့ ညီလာခံနဲ့ ဝေးရာနေရာတွေကနေ ကန့်ကွက်ခဲ့ကြပါတယ်။ သို့သော်လည်း ထရန့်တယောက်ကတော့ သမ္မတလောင်းအဖြစ် ပါတီက တရားဝင် ရွေးချယ်လိုက်ပါပြီ။ သူ့ ဒုသမ္မတလောင်းအဖြစ် အင်ဒီယာနာက ပြည်နယ်ဝန်ကြီးချုပ် မို်က်ပင့်စ်ကို ရွေးချယ်လိုက်ပါတယ်။ သူကိုယ်တိုင်ကလည်း ဘာသာရေးအစွဲကြီးသူ၊ မျိုးချစ်ကြီး၊ ရှေးဟောင်းစွဲသူအဖြစ် အစဉ်အလာရှိပါတယ်။ ပါတီအနေနဲ့ ထရန့်တယောက် ရှေ့ကနေ ရမ်းကားသလောက် နောက်ကနေ ထိန်းသိမ်းဖို့ အစဉ်အလာရှိ ၀ါရင့် လက်ယာစွဲတဦးကို ထည့်ပေးလိုက်တယ်လို့ ဆိုကြပါတယ်။

ပါတီညီလာခံ ၄ ရက်လုံးလုံးမှာ ထရန့်ကို ကောင်းချီးပေးတဲ့ မိန့်ခွန်းတွေ၊ ဘုန်းတော်ဘွဲ့တွေ ရွတ်ဆို ချီးမြောက်ကြသလို တဖက် ဒီမိုကရက်ပါတီက သမ္မတလောင်းအဖြစ် တက်လာမယ့် ဟီလာရီကလင်တန်ကို တိုက်ခိုက် ရှုတ်ချ ဝေဖန်မှုတွေကို အကြီးအကျယ် လုပ်ကြပါတယ်။ လတ်တလောက်မှာ ပုလိပ်တွေက လူမည်းတွေကို ပစ်သတ်လို့ ကန့်ကွက်မှုတွေ ဖြစ်နေချိန်၊ ပုလိပ်တွေကိုလည်း မကျေနပ်သူတွေက အကြမ်းဖက် လက်တုန့်ပြန်လို့ သွေးချောင်းစီးနေချိန်မှာ သမတကြီး အိုဘားမားကိုယ်တိုင်က အမေရိကန်သားအချင်းချင်း ချစ်ခင် ညီညွတ်ဖို့ အကွဲအပြဲကို သွေးထိုး မြှောက်ပင့် အမုန်းစကား မပြောဖို့ မေတ္တာရပ်ခံနေချိန်မှာ ရီပတ်ဘလစ်ကန်ညီလာခံကြီးမှာကတော့ တဖက်ပါတီ၊ သဘောထားချင်း မတူသူတွေကို ပုတ်ခတ်စော်ကား ပြောဆို တိုက်ခိုက်တာတွေ မိုးမွှန်နေတယ်လို့ ဆိုကြပါတယ်။ အဓိကထောက်ပြစရာကတော့ ဟီလာရီကို သတ်ပစ်၊ ထောင်ချပစ် ဆိုတာမျိုးအထိ ပါတီပရိသတ်က ကြွေးကြော်ကြတယ်လို့ ဆိုပါတယ်။ 

သတင်းသမားတွေ လေ့လာသူတွေ ထောက်ပြကြတာကတော့ ရီပတ်ဘလစ်ကန်တွေ ပြောတဲ့ မိန့်ခွန်းတွေထဲမှာ တဖက်ပါတီက စကားလုံးတွေ အပြောအဆိုတွေကို ခိုးချပြီး ကော်ပီလုပ်ပြီး ပြောတယ်လို့ စွတ်စွဲခံရတာတွေ ပါဝင်ပါတယ်။ ဒီလို ကူးချတဲ့ အပြောအဆိုတွေက အခြားမဲဆန္ဒရှင်တွေကို ဆွယ်ချင်လို့ အသုံးချတာလို့ သုံးသပ်ပါတယ်။ ရီပတ်ဘလစ်ကန်တွေ အမြဲဆန့်ကျင် နှိမ်ချခဲ့တဲ့ LBGT လိင်တူချင်း နှစ်သက်သူတွေကိုလည်း ညီလာခံကနေ အားပေးထောက်ခံပါကြောင်း ပြောဆိုသွားပါသေးသတဲ့။ မက္ကဆီကိုက လူတွေ၊ အစ္စလာန်ဘာသာဝင်တွေကို ကန့်သတ်ဖို့ ဟန့်တားဖို့ကိုလည်း တိုင်းပြည်အကျိုးအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ်လို့ ထပ်ခါ ထပ်ခါ ပြောလိုက်ပါတယ်။ 

အဲသည်ထဲမှာ သူ့ပြိုင်ဖက် ဖလော်ရီဒါ အထက်လွှတ်တော်အမတ် တက်ကရုဇ်က စင်မြင့်ပေါ်တက်လာပြီးတော့ ထရန့်ကို ထောက်ခံ ချီးမြှောက်တဲ့ မိန့်ခွန်း မပြောဘဲနဲ့ ပါတီနဲ့ ပြည်သူတွေဟာ ကိုယ်ယုံကြည်တဲ့ မူဝါဒကိုသာ မဲပေး ထောက်ခံဖို့သာ လိုအပ်ကြောင်း ပြောသွားလို့ ထရန့်ပရိသတ်က ၀ူးဝူးဝါးဝါးနဲ့ အော်ဟစ် ကန့်ကွက်ကြပြန်ပါသေးတယ်။

ဒီတခေါက် ပါတီညီလာခံကြီးက အဓိကတင်တဲ့ လိုင်းကတော့ အကြောက်တရား ဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။ အမေရိကန်ပြည်ကြီးနဲ့ တကမ္ဘာလုံး ကာလနာတိုက်နေပြီ၊ အပျက်တရား ဆိုက်နေပြီ။ သူတို့ ရီပတ်ဘလစ်ကန်ပါတီနဲ့ ခေါင်းဆောင်ကြီး ဒေါ်နယ်ထရန့်သာ မကယ်ရင် အားလုံး သေဘွယ်ရှိတယ်လို့ ကြွေးကြော် ၀ါဒဖြန့်နေတာကို အဓိကဖြစ်နေပါတယ်။ ၂၀၀၈ ခုနှစ် နောက်ပို်င်း ဒီမိုကရက်ပါတီက သမ္မတကြီး အိုဘားမား တက်လာပြီးနောက် ဘွတ်ခ်ျလက်ထက်အမွေခံ စီးပွားပျက်ကပ်ကို ဒီမိုကရက်အစိုးရ ဆယ်တင်ခဲ့ရတာ ဖြစ်ပါတယ်။ လွှတ်တော် ၂ရပ်လုံးက ရီပတ်ဘလစ်ကန်အမတ်တွေ အားလုံးက တခဲနက် အစိုးရလုပ်သမျှကို ကန့်ကွက် ပိတ်ဆို့မှုတွေ အများဆုံးလုပ်ခဲ့တာကြောင့် တိုင်းပြည်ဟာ တိုးတက်မှု နှေးကွေးမှုတွေ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပြည်သူတွေကိုလည်း အကြောက်တရား အမုန်းတရားတွေ ဟောပြောတိုက်တွန်းပြီး ရီပတ်ဘလစ်ကန်ပါတီဟာ တပြည်သားတွေ၊ လိင်တူချင်း နှစ်သက်သူတွေ၊ အမျိုးသမီးတွေ၊ အသားအရောင် ကွဲပြားသူတွေကို ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သတင်းတွေမှာ ဝေဖန်ခံရခဲ့ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း သူများတိုင်းပြည်မြေပေါ်ကို သွားရောက်ပြီး စစ်ပွဲတွေ ဆင်နွှဲဖို့၊ တိုက်ရိုက် ကိုယ်ထိလက်ရောက် လုပ်ဖို့သာ အားသန်တဲ့ ရီပတ်ဘလစ်ကန်ပါတီပေါ်လစီကို အိုဘားမားက ဆန့်ကျင်ပြီး နည်းပညာသုံးတဲ့ စစ်ရေးဗျူဟာ၊ မဟာမိတ်တွေကိုယ်တိုင် တိုက်ရိုက်ပတ်သက်မှု ဦးစားပေးပေါ်လစီ ကျင့်သုံးခဲ့တာကြောင့် အမေရိကန် စစ်သားတွေ အသေအပျောက် ထိခိုက်မှုနဲ့ စစ်ရေးကျွံမှုတွေကို ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုကြပါတယ်။

လာမယ့် နောက်တပတ်မှာတော့ တဖက်ပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီ ညီလာခံကြီး တခဲနက် ကျင်းပပါဦးမယ်။ သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန်ကို တင်မြှောက်ကြပါမယ်။ အဲသည်မှာလည်း ဘုန်းတော်ဘွဲ့တွေ၊ ဖက်ပါတီကို ပြန်လှန်တိုက်ခိုက် စွတ်စွဲမှုတွေ လုပ်ကြဦးမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီမိုကရက်တွေကို ကန့်ကွက်ဆန္ဒပြမယ့်သူတွေကလည်း ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးနဲ့ ရွေးကောက်ပွဲဆိုတာက ၄ နှစ်တခါ ကျင်းပတဲ့ ပျော်ချင်တိုင်းပျော်၊ ဆဲချင်တိုင်း ဆဲ၊ စိတ်မဆိုးကြေး၊ ဗွေမယူကြေး၊ ရင်ဖွင့်စရာ အပမ်းဖြေစရာ သင်္ကြန်ပွဲတော်တခုလို သဘောထားပြီး ပွဲကြည့်နေကြတာကတော့ အမေရိကန်ပြည်သူတွေအပါအ၀င် တကမ္ဘာလုံးကလူတွေ ဖြစ်ပါတော့တယ်။




↧
↧

ကာတွန်း ဇာနည်ဇော်ဝင်း - ပစ်မှတ်တွေ လာနေပြီ

$
0
0

ကာတွန်း ဇာနည်ဇော်ဝင်း - ပစ်မှတ်တွေ လာနေပြီ
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၆
↧

ဂါမဏိ ● မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး

$
0
0
ဂါမဏိ ● မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး
၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် ( ၂ ၁ )
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၆

သမတကြီးဆိုတဲ့ DSA အပတ်စဉ် ၉ ဆင်း ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်နိုင်ဖို့ဆိုပြီး အဓိကမူ ၂ ချက်ကိုဘဲ ‘မှာကြား’ထားတယ်။ အဲဒါတွေက (၁) ပြည်ထောင် စုမှ မခွဲထွက်ခြင်း (၂) ပြည်ထောင်စု၏ အချုပ်အခြာအာဏာကို မထိပါးစေခြင်း ဆိုတဲ့ နှစ်ချက်ဘဲဖြစ်တယ်။

ဒါပေမဲ့ အဲဒါကို DSA အပတ်စဉ် ၁၉ ဆင်း မင်းအောင်လှိုင်က ချောင်ထိုးပစ်လိုက်ပြီး သူ့ရဲ့ငြိမ်းချမ်းရေးမူ ၆ ချက်ဆို တာကို အစိုးရအဖွဲ့တို့ လွှတ်တော်တို့ရဲ့ တရားဝင်အတည်ပြုချက် မရှိဘဲ ဇွတ်အတင်းပွဲထုတ်နေတယ်။ မြဝတီဆိုတဲ့ စစ်တပ်ရုပ်သံ လိုင်းမှာ နေ့တိုင်း ပြောင်ပြောင်တင်းတင်းလွှင့်နေတယ်။ ဒီ ၆ ချက်ထဲမှာ ဦးသိန်းစိန်ပြောတာနဲ့ လုံးဝ ကွဲလွဲပြီး တိုင်းရင်း သားတွေ လုံးဝလက်မခံနိုင်တဲ့ အချက် (၅) နဲ့ အချက် (၆) ပါနေတာဟာ ငြိမ်းချမ်းရေးကို ရာနှုန်းပြည့် ဆန့်ကျင်နေတယ်။ အဲဒါတွေက (၅) နိုင်ငံတော်ကထုတ်ပြန်သည့် တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန် (၆) ဒို့တာဝန်အရေး ၃ ပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက် လှမ်းမှုတွင် လိုက်ပါဆောင်ရွက် ရန်ဆိုတဲ့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေဖြစ်တယ်။ သဘောကတော့ မင်း အောင်လှိုင်ရဲ့အာဏာနီဟာ သမတ အထက်မှာရှိနေတဲ့ အဓိပ္ပါယ်ပါဘဲ။

မင်းအောင်လှိုင်က ဖက်ဒရယ်ဆိုတာ အပစ်ရပ်ပြီးနောက်မှ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးရမယ့်ကိစ္စလို့ ဇွတ်ပြော နေပေမဲ့ မူ ၆ ချက်ပါ ၂၀၀၈ လိုက်နာရေးကိုတော့ နိုင်ငံရေးဆွေးနွေးပွဲထဲ မထည့်ဘဲ ကြိုတင်စည်းကမ်းသတ် လက်ခံ ခိုင်းနေတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေမှာ တိုင်းရင်းသားတန်းတူရေးပါပြီးသားလို့လဲ လျှောက်ပြောနေတယ်။ တကယ်တော့ ဗမာ ပြည်နယ်မရှိဘဲ စစ်မှန်တဲ့တန်းတူရေး လုံးဝမဖြစ်နိုင်သလို တမတ်သားမဖယ်၊ ကာချုပ်နဲ့ သမတက ထိုးထည့်ထားတဲ့ လူတွေ မဖယ်ဘဲ စစ်မှန်တဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လဲ လုံးဝမဖြစ်နိုင်တာ နိုင်ငံရေးလေ့လာသူ အားလုံး အသိဖြစ်တယ်။

မင်းအောင်လှိုင်တို့ဟာ အပစ်ရပ်စာချုပ်မှာ ပင်လုံမူ/ပင်လုံကတိဆိုတာကိုထည့်ဖို့ အကြောက်အကန်ဆန့်ကျင်ပြီး ပင်လုံ စိတ်ဓာတ်ဆိုတဲ့ လိုသလိုဆွဲယူလို့ရတဲ့ ယေဘုယျစကားလုံးနဲ့ ချွေးသိပ် ညာဝါးဖို့လဲ ကြိုးစားနေတယ်။ ၂၀၀၈ ဥပဒေ မှာ ထည့်သွင်းမထားတဲ့ secular နိုင်ငံ (ဘာသာရေးနဲ့နိုင်ငံရေး မရောယှက်တဲ့နိုင်ငံ) ဖြစ်ရေးအခြေခံမူ တိုင်းရင်းသား တွေ ဘက်ကတင်တာကို ဆန့်ကျင်နေတာကလဲ ဘာသာရေးခုတုံးလုပ်ချင်တဲ့ လက်မည်းကြီးကို ဖော်ပြနေတာ ဖြစ် တယ်။
အပစ်ရပ်စာချုပ်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ဆိုတဲ့စကားလုံး မသုံးဖို့ ကန့်ကွက်နေပေမဲ့ နိုင်ငံတော် ဆိုတဲ့ စကားလုံးကိုတော့ ထည်လဲနဲ့တဖက်သတ် သုံးနှုန်းပြီး အထက်စီးယူနေတယ်။ စစ်တိုက်ယူလို့မရခဲ့တဲ့ တိုင်းရင်းသား နယ်မြေတွေမှာ အပစ်ရပ်စာချုပ်နဲ့ ‘တည်ဆဲဥပဒေ’ဆိုတာကို အသုံးချပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေးကိစ္စတွေ ဝင်စွက်ဖို့လဲ လုပ်နေတယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းနေပေမဲ့ တိုင်းရင်းသားတွေကို ပြည်တွင်းပြည်ပ NGO တွေနဲ့ ဆက်ဆံလုပ်ကိုင်ခွင့်မပေးဘဲ လက်ဝါးကြီးအုပ်နိုင်ဖို့လဲ စီစဉ်နေ တယ်။

အပစ်ရပ်ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ကိစ္စကို နှစ်ဖက်ပူးတွဲဦးဆောင်ကော်မတီက တာဝန်ယူဖို့ တိုင်း ရင်းသားတွေအဆိုပြုတာကိုလဲ လက်မခံဘဲ စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ဘဲ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီကဘဲ လက်ဝါးကြီးအုပ်ချယ်လှယ်ဖို့ လုပ်နေတယ်။

တိုင်းရင်းသားတွေပါတိုင်း ပြည်ထောင်စုတပ်မတော် မဖြစ်ဘူးဆိုတာ ခလေးကအစ ခွေးကအစသိကြလို့ ဒီနေရာမှာ အကျယ်ချဲ့မပြောတော့ပါဘူး။ မင်းအောင်လှိုင်တို့ကတော့ သူတို့စစ်တပ်ဟာ ပြည်ထောင်စုတပ်ဖြစ်နေပြီလို့ ဇွတ်ပြော နေလေရဲ့။

တိုင်းရင်းသားတွေပြောတဲ့ ‘ပင်လုံမူ’အခြေခံတဲ့ (ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ့်) ပြည်ထောင်စုညီလာခံကိုလဲ လက်မခံ ချင်၊ (လွှတ်တော်-စစ်တပ်-ဝန်ကြီးအဖွဲ့အပါအဝင်) အစိုးရတစု၊ တိုင်းရင်းသားတော်လှန်ရေးတစု၊ နိုင်ငံရေးပါတီတစု ကိုယ်စားလှယ်အချိုးညီပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲကိုလဲ လက်မခံချင်ဘဲ ညောင်နှစ်ပင်ညီလာခံတုံးက ရွေးကောက်ခံ ကိုယ် စားလှယ်တစု၊ နိုင်ငံရေးပါတီတစုနဲ့ (တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေ ပါဝင်တဲ့) အခြားဖိတ်ကြားသင့်သူတစုကို စစ်အုပ်စုစိတ် ကြိုက်ရွေးထားတဲ့ အလုပ်သမား၊ တောင်သူလယ်သမား၊ အသိပညာရှင်၊ နိုင်ငံ့ဝန်ထမ်း၊ တိုင်းရင်းသား ကိုယ်စားလှယ် ဆိုတဲ့ ၅ စုနဲ့ဖိခဲ့သလို အခုလဲ အပစ်ရပ်ပြီးလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ (တိုင်းရင်းသားအပစ်ရပ် အဖွဲ့တွေပါဝင်တဲ့) တိုင်းရင်းသားလူမျိုးတစုနဲ့ နိုင်ငံရေးပါတီတစုကို စစ်အုပ်စုစိတ်ကြိုက်ရွေးမယ့် သြဇာခံ အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ ပညာရှင်အဖွဲ့၊ စီးပွားရေးအသင်းအဖွဲ့၊ အရပ်ဖက်လူမှုအသင်းအဖွဲ့ကိုယ်စားလှယ် ၆ စုနဲ့ ဝိုင်းဖိ အားပေးဖို့ ကြံစည်နေပြန်ပါပြီ (ဟိုတုံးက အခြားဖိတ်ကြားသင့်သူအစုထဲမှာ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေအပြင် စစ်အုပ်စု ခေါင်းခေါက်ရွေးထားတဲ့လူတွေ ရောထည့်ခဲ့သလို အခုတိုင်းရင်းသားလူမျိုးအစုမှာလဲ တိုင်းရင်းသားအပစ်ရပ် အဖွဲ့တွေအပြင် စစ်အုပ်စု ခေါင်း ခေါက်ရွေးထားတဲ့ အလိုတော်ရိတိုင်းရင်းသားတွေ ညှပ်ထည့်အုံးမှာဖြစ်တယ်)။

ဂါမဏိ
↧

မိုးချိုသင်း ● က၀ိအိုရဲ့ အိမ်ပြန်ချိန်သို့ ....

$
0
0
မိုးချိုသင်း ● က၀ိအိုရဲ့ အိမ်ပြန်ချိန်သို့ ....
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၆

ဒီနေ့ မိုးမခထဲက ဆရာ ဒေါက်တာစိန်ဝင်းရဲ့ဇနီး မမစီရဲ့ ဆောင်းပါးတပုဒ် ဖတ်ရတယ်။ ဖတ်ရင်း ရင်ထဲမှာထိခိုက်လွန်းလို့ ဒီစာကို ရေးမိပါတယ်။ ခေါင်းစဉ်က က၀ိအိုရဲ့ အိမ်ပြန်ချိန်တဲ့။ ဆရာဦးစိန်ဝင်းမိသားစု မြန်မာသံရုံးမှာ ကိုယ့်နိုင်ငံ ကိုယ်ပြန်ဖို့ သွားလျှောက်ရာမှာ "ခံဝန်ချက် လက်မှတ်ထိုး၊ အသနားခံစာတင်၊ ဆွေမျိုးတွေနဲ့ပဲ တွေ့၊ ဘယ်မှ မ၀င်နဲ့"ဆိုပါလား။ ဒါကို ဖတ်မိတော့ အာဇာနည်ခေါင်းဆောင်ကြီးတဦးရဲ့သား၊ မြန်မာ့နိုင်ငံရေးထဲ အနှစ် နှစ်ဆယ်ကျော် ပါဝင်ခဲ့သူ၊ အဘိုးအို တဦး ရဲ့အိမ်ပြန်ချိန်ဟာ အချုပ်အနှောင်တွေခံဝန်ချက်တွေနဲ့လားလို့ ဆောင်းပါးရှင်က မေးထားပါတယ်။

သူရေးထားတာ အပြစ်တင် ဆဲဆိုထားတာ တလုံးမှမပါ။ စကားကြမ်းကြမ်းတောင် မပြောထား။ နိုင်ငံရေးတွက်ချက်နည်းတွေကိုလည်း ချမပြ၊ လွဲမှားနေတဲ့ပေါ်လစီတခုကို ရိုးရိုးလေးရေးထားပုံက ဖတ်ရသူတွေရဲ့ရင်ထဲကို မြားသိန်းသောင်းချီ ၀င် သွားသလို ထိရောက်လှပါတယ်။ ပြည်သူတင်မြှောက်ထားသောအစိုးရကို ရိုသေလေးစားသောအားဖြင့်တောင် လက် မှတ်ထိုးခဲ့ပါသေးတယ် တဲ့။ ဒါပေမဲ့ ခေတ်စနစ်ဆိုးကြီးကြောင့် ကမ္ဘာကြီးရဲ့နေရာအနှံ့အပြားကို လွင့်စင်ခဲ့တဲ့ သူတွေရဲ့ အိမ်ပြန်ချိန်ဟာ ပြည်သူ့အစိုးရ လက်ထက်မှာတော့ ဒါမျိုးတွေမရှိသင့်တော့ပါဘူး လို့ ပြောချင်တာပါ။

ဒါဆို ဆရာ့လိုလူမျိုးကို ဒီလိုခံဝန်ချက်တွေ တောင်းဖို့ လိုအပ်သလားလို့ တဖက်က ပြန်စဉ်းစားကြည့်မိပါတယ်။ ကျမသိ သလောက် ဆရာဦးစိန်ဝင်းမိသားစုအကြောင်း ရေးပြချင်ပါတယ်။ ဆရာတို့နဲ့ ကျမတို့က အမေရိကားရဲ့အရှေ့နဲ့အနောက်ဆိုသလိုနေရာတွေမှာ နေပါတယ်။ အရှေ့ဖက်ခြမ်းကိုသွားလည်တိုင်း ဆရာ့အိမ်ကို သွားဖြစ်ပါတယ်။ ကျမအဖေ ရိုသေ လေးစားရသူလို့ သိခဲ့နားလည်ခဲ့လို့ပါ။ ၀န်ကြီးချုပ်ဆိုတာထက် ဆရာဟာ ပညာရှင်တယောက်လိုသာ ပီပြင်ခဲ့သူပါ။ စင်ပြိုင် ၀န်ကြီးချုပ်ဆိုတဲ့ရာထူးနဲ့သင့်လျော်အောင်ထက် ပညာရှင်လိုသာအနေရိုးသူ၊ အခွင့်အရေး မမက်တာမှ ဆရာ့အိမ်မှာ အဆောင်အယောင်ခမ်းနားဖို့ နေနေသာသာ ဆက်တီထိုင်ခုံတလုံးတောင် မရှိခဲ့သူ။ ဖျာလေးခင်းပြီး အပြုံးတွေနဲ့သာ ဧည့်ဝတ်ကျေရှာသူ။ အမေရိကားလို ကားတ၀ီဝီပြေးနေတဲ့ နိုင်ငံကြီးမှာ ကိုယ်ပိုင်ကား မ၀ယ်နိုင်ခဲ့။ မြို့ကလုပ်တဲ့နိုင်ငံရေးပွဲ မိတ်ဆုံပွဲတွေကို ဘတ်စ်ကားနဲ့ လာရင်လာ၊ ဒါမှမဟုတ် မိတ်ဆွေကားကြုံနဲ့လိုက်ကာ အားပေးခဲ့သူ။ အာဏာရှင်နိုင်ငံရေးဖိနှိပ်မှု ပြင်းထန်ချိန်မှာ ဆရာဟာအကျယ်ချုပ်ကျနေတဲ့ ညီမဖြစ်သူအတွက် တထောင့်တနေရာကနေ အာဏာရှင်ကို ဖိအားပေးခဲ့သူတဦးမျှသာ...။ သူတို့ဟာ ခုချိန်ထိ မြန်မာနိုင်ငံသားများ ဖြစ်ကြပါတယ်။ ဒီက နိုင်ငံသားခံယူထားခြင်း မရှိပါ။ ဒီလိုလူမျိုးဟာ ဆူပူ မလှုံ့ဆော်ပါဘူးလို့ခံဝန်ချက် ထိုးခိုင်းသင့်တဲ့ လူလား….

ဆရာတင်မဟုတ်၊ ဆရာ့ပါရမီဖြည့်ဖက် မမစီကလည်း ရိုးဂုဏ်မှာ ဆရာနဲ့လိုက်ဖက်ညီသူပါ။ တအိမ်လုံးရဲ့စားဝတ်နေရေးကို ပေါင်မုန့်ဆိုင်မှာလုပ်ရင်း ရှာရသတဲ့။ ဒီပဲရင်း အရေးအခင်းမှာ ဒေါ်စုကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားတော့ မတရားမှုကို ဆန္ဒပြရင်း မခံမရပ်နိုင်ဖြစ်ပြီး မြန်မာသံရုံးထဲကအလံကို ဖြုတ်ဖို့ကြိုးစားလို့ ရဲအဖမ်းခံရသတဲ့။ သံဃာ့အရေး အခင်းမှာ ပြည်တွင်းကို အလှူငွေတွေ နိုင်သလောက်ပို့ကြတော့ သမီးဖြစ်သူတက္ကသိုလ်တက်ရင် ကားလိုအပ်တာမို့ ကားဝယ်ဖို့ ခြိုးခြံ စုဆောင်းထားတဲ့ဒေါ်လာနှစ်ထောင်ကို ပြတ်ပြတ်သားသား လာလှူခဲ့သတဲ့။ ဒီလိုလူမျိုးဟာ "ကျနော် ကျမမှားခဲ့ပါတယ် ပြည်ဝင်ခွင့်ပေးပါ"လို့ အသနားစာခံ တင်ခိုင်းသင့်သူလား…

လွန်ခဲ့သောနှစ်များဆီက တိုင်းပြည် အနည်းငယ်ပွင့်လင်းလာတော့ ကျမတို့မြို့ကို လူထုခေါင်းဆောင်လာပြီး မြန်မာတွေနဲ့တွေ့ဆုံပွဲလုပ်ခဲ့ပါတယ်။ ပွဲမှာ လုံခြုံရေးတောင်းဆိုချက်အရ ခန်းမထဲကိုဝင်ဖို့ လူတွေတန်းစီပြီး အစစ်အဆေးခံကြရပါတယ်။ အဲဒီမှာ ဆရာနဲ့ မမစီကိုလည်း လူအုပ်ကြားမှာ တန်းစီလျက် မြင်ရတာပါ။ ပွဲစီစဉ်သူများက ဆရာတို့ဟာ အစစ်အဆေးခံသင့်သူ မဟုတ်တာမို့ တန်းမစီဘဲဝင်ရောက်ဖို့ တောင်းပန်ခဲ့ပါတယ်။ အဲဒါဟာ အထူးအခွင့်အရေးပေးခြင်း မဟုတ်ခဲ့ပါ။ မျက်နှာ လိုမျက်နှာရ လုပ်စရာလည်း ဘာအကြောင်းမှမလိုအပ်ခဲ့ပါ။ ဆရာတို့ဟာ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း လုပ်မဲ့သူတွေ မဟုတ်၊ ဆူပူလှုံ့ဆော်အားပေး အားမြှောက် ပြုမဲ့သူတွေမဟုတ်၊ အာဏာကိုမျက်စောင်းထိုးလို့ သူတလူ ငါတမင်း လုပ်မဲ့သူမဟုတ်၊ အခွင့်အရေး တမူးတပဲကို ဘိန်းစွဲသလို စွဲနေတဲ့သူတွေမဟုတ်ဘူးဆိုတဲ့ မြင့်မြတ်တဲ့ရိုးဂုဏ်နဲ့ စိတ်ဓာတ်ကို အလေးအနက် နားလည်ခဲ့လို့ပါပဲ။ ဒါပေမဲ့ သူတို့ဟာ စည်းကမ်းအတိုင်းသာအစစ်အဆေးခံပြီး ခန်းမထဲမှာ လူထုခေါင်း ဆောင်ရဲ့မိန့်ခွန်းကို ရင်ထဲအသည်းထဲထိစွဲနေအောင် နားထောင် ကျင့်ကြံခဲ့ သူတွေ ဖြစ်ခဲ့ပါတယ်။

အစစအရာရာ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်တပြည်ဟာ ခေတ်ဆိုးစနစ်ဆိုး စိတ်ဓာတ်ဆိုးတွေက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ အစစအရာရာအဆင်မပြေမှုတွေရှိနိုင်တယ်ဆိုတာ နားလည်မိပါ တယ်။ တိုင်းပြည်တခုပြောင်းလဲဖို့ဆိုတာ နေ့ချင်း ညချင်းဖြစ်နိုင်တဲ့ကိစ္စမဟုတ်တာလည်း နားလည်လက်ခံပါတယ်။ ဒါကြောင့်လည်း ပြောင်းလဲချိန်တန်ပြီလို့ ကြွေးကြော်ခဲ့ သလို စနစ်ဆိုးတွေကို ပယ်ဖျက်ပေးနိုင်ရင်ဖြင့် ပိုပြီးပွင့်လင်းမြင်သာတဲ့တိုးတက်ပြောင်းလဲချိန်ဖြစ်ပြီလို့ မေတ္တာရှေ့ထားလို့ မျှော်လင့်ယုံကြည်မိပါတယ်။

မူရင်း ဆောင်းပါးကို http://moemaka.com/archives/52678ဖတ်နိုင်ပါတယ်။
↧

ရဲရင့်သက်ဇွဲ ● ကြွေသွားတဲ့ ပန်းသီးအပေါ်မှာ

$
0
0
  ရဲရင့်သက်ဇွဲ ● ကြွေသွားတဲ့ ပန်းသီးအပေါ်မှာ
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၆

ဖြတ်ခနဲဆို
အာရုံက
နယူတန်ရဲ့ ခေါင်းပေါ် ကြွေကျတဲ့
ပန်းသီဆီ ရောက်...ရောက်နေတယ်
ဒီမှာက နီရိုးတွေ စောင်းတီးကောင်းနေဆဲ

ငါ့ ပတ်ဝန်းကျင်ဟာ ငါ့မြို့.....ဆိုပါစို့
ဒီမြို့ကြီးလဲ
မရေရာတဲ့ သတင်းတွေ
ကမ္ဘာမကြေဆိုနေတဲ့ မီးတောက်တွေနဲ့
တမြို့လုံး ဟုန်းဟုန်းထလို့

ဖြတ်ခနဲဆို...
အဲ့ဒိ ဖြတ်ခနဲ ဆိုတာကလဲ
ခပ်ကြဲကြဲကနေ ခပ်စိပ်စိပ်
ကြွေလေတဲ့ ပန်းသီးပေါ်ပဲ
ရောက်ရောက်သွားနေတယ်

စိတ်ဟာ မကောင်းမှုမှာ မွေ့လျော်တယ်
အာဏာရှိသူက လက်ညှိုးကွေးနဲ့
ဓမ္မစက်ကတော့...
ပျက်နေတဲ့ အင်္ဂျင်တလုံး
အစိုးရဆိုတာ
ရပ်နေတဲ့ ကွန်ပက်စ်နဲ့ ဆင်တူတူ

အဲဒီလိုခေတ်ကြီးမှာ
ပညာရှိတွေလဲ
နီးရာဒါးကိုကြောက်ရ
ကြည့်နေရင်းနဲ့ ကွယ်သွားပါတယ် လျှောက်ထုံး
ပြည်သူ့ရင်ကို
တဝုန်းဝုန်းနဲ့ ရိုက်ပုတ်နေတော့တယ်

ပေါင်မုန့်မရှိရင်
ကိတ်မုန့်စားကြ
ကိတ်မုန့်စားကြ
ကိတ်မုန့်မရှိလဲ...
ကိတ်မုန့်ပဲစားကြ

မြစ်တခုထဲ
လူတယောက် နှစ်ခါမဆင်းနိုင်လဲ
ခေါင်းပေါ်ကျတဲ့ ပန်းသီးကျတော့
တကြိမ်ထဲ

စိတ်.......
ကြွေနေဆဲ
အဲဒီ ပန်းသီးပေါ်မှာ .....

ရဲရင့်သက်ဇွဲ
၁၃ ဇူလိုင် ၂၀၁၆
↧
↧

မောင်လူရေး ● ရွဲ့ (သရော်စာ)

$
0
0

မောင်လူရေး ● ရွဲ့ (သရော်စာ)
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၆

ကျုပ်တို့ရွာ၊ ကျန်ုပ်တို့ရွာ၊ ရွာ ရွာ ရွာ၊ ရွာရာက ရွဲ့သွားပြီလို့ ဆိုရတော့မယ်။

ရွာဟာ ရွာမဟုတ်။ ရွဲ့။

ဟုတ်ပ၊ ငယ်ငယ်က ပျော်စရာ ရွာဟာ ပျော်စရာမရှိတော့။ ရွာသူရွာသားတို့ မျက်နှာမှာလည်း ဖော်ရွေခြင်း ကင်းနေပြီ။ တင်းတင်းမာမာဟန်နဲ့ ထန်နေပြီ။ လှမ်းနှုတ်ဆက်ဖို့ ခက်နေပြီ။

တချိန်က အလည်ပြန်လာရင် အိမ်ပေါက်စေ့ခေါ်ကျွေးတတ်တဲ့ရွာ၊ ခုတော့ ဖာသိဖာသာနိုင်လွန်းပြီ။ ရွာကား စိုစိုဖတ်ဖတ် မရှိတော့။ အရင်က ရွာပေါက်အဝင်ကစလို့ တလွင်လွင်မြည်တဲ့ နှုတ်ဆက်သံများကား လူငယ်လူရွယ်များနဲ့အတူ မလေးရှား လိုက်သွားကြပြီလား မသိ။ စစ်ဘေးဒဏ်သင့်နေတဲ့ ရွာပျက်ကြီးထဲ ဝင်သွားရသလို။

နှစ်တော်တော်ကြာလေပြီ။ ၈၈အရေးအခင်းပီးတော့ စစ်အာဏာသိမ်းစကထဲကလို့ ဆိုရမယ်။ သပိတ်စခန်းပါသူနဲ့ မပါသူကွဲကြတယ်။ အဲဒီတုန်းက မဆလနို့သက်ခံများကတဖက်၊ ဒီမိုကရေစီချင်သူများကတဖက် ဖြစ်နေချိန် အာဏာသိမ်း လိုက်တော့ အာဏာသိမ်းအစိုးရရဲ့ အလိုတော်ရိများကတဖက် တိုးလာပြန်တယ်။ နောက် ၉၀ ရွေးကောက်ပွဲလုပ်တော့ NLD က တဖက်တိုးလာပြန်တယ်။ ဒီကြားထဲ ရွာလူကြီးရွေးပွဲတွေကြောင့် ဆွေစု မျိုးစုလေးတွေကလည်း သိသိသာသာ ကွဲလာကြတယ်။ နောက်ပိုင်းအကွဲဆုံးက အဲဒီရွာလူကြီးရွေးပွဲ။ သူ့အမျိုး ကိုယ့်အမျိုး လူကြီးဖြစ်ရေး ပေးကြကမ်းကြ တိုက်ကြ ခိုက်ကြ ပြိုင်ကြဆိုင်ကြ ကွဲလိုက်သမှ မြေပြင်ပေါ်ပေါက်ခွဲထားတဲ့ အိုးခြမ်းပဲ့တွေလိုကို ဖြစ်နေတယ်။

အဲဒီနောက် ဘုန်းကြီးကျောင်း ၃ ကျောင်း ပြဿနာပေါ်တော့ အိုးခြမ်းပဲ့ကို တူနဲ့ ထပ်ထုသလို ကွဲတော့တယ်။ အမှုနိုင်ရေး ရုံးကန်ကန္နား အပြိုင်အဆိုင်သွားကြ၊ စောင်းကြမြောင်းကြ ရွဲ့ကြဖဲ့ကြ ရွာရေးရပ်တာ ညီညွတ်ရေး အကုန်ပျက်ကြ။

ခုတခါ NLDနဲ့ ကြံဖွတ် ဒေါင်းနဲ့ခြင်္သေ့ ခွပ်ကြ ကိုက်ကြ ထပ်ကွဲကြပြန်။

အင်း နောက်ဆုံးပေါ်ကွဲနည်းကတော့ ခေတ်ပေါ်လူမှုရေးလုပ်ငန်းများနဲ့ ကွဲပုံကွဲနည်းဖြစ်တယ်။ သူ့ကွဲပုံက နာရေးအသင်း ထောင်ကြရော၊ အရင် မသာပေါ်တိုင်းလုပ်နေကြ အရက်သမားများကား အလုပ်လက်မဲ့ဖြစ်ကာ လူမှုရေးအသင်းသားများကို မကျေနပ်လို့ ကွဲကြတယ်။ ပီးတော့ နာရေးအသင်း နှစ်သင်းဖြစ်ကာ မသာလုကြ လူနာတင်ကားကိုယ်စီနဲ့ လူနာလုကြရင်း ကွဲကြပြန်ပြီ။ ပိုဆိုးတာက ဝန်ဆောင်မှုတွေပြိုင်ဆိုင်ရင်း အကွဲကြီးလာကြတယ်။ နာရေးကားအပြင် နာရေးကုတင် အုပ်စောင်း ပါတာ၊ အဲဒါအပြင် မဏ္ဍပ် ကုလားထိုင်ပါတာ၊ နောက် မီးသဂြိုဟ်ပေးတာ၊ နာရေးချစဉ် လော်နဲ့ ဓမ္မစကြာဖွင့်ပေးတာ၊ သု သာန်တရားဟောရာမှာ ဆောင်းဘောက်ပါတာ၊ နာရေးပို့စဉ် မိသားစုအတွက် ကားစီစဉ်ပေးတာ စတာတွေပြိုင်ရင်း အကွဲ ပေါ် အပဲ့ဆင့်နေကြပြီ။

ခုတော့ ရွာမှာ ဘုရားပွဲလည်း ခြောက်ကပ်ကပ်၊ ကျောင်းပွဲလည်း ဖျောက်ဖျောက်၊ ကထိန်ခါ အရပ်ဇာတ်ကတာတွေလည်း ပျောက်ပြီ။ ခြောက်လုံးပတ်နဲ့ ဒိုးဝိုင်းကလဲ ကစဥ့်ကလျား တေးသွားများ ပျောက်ကွယ်ပြီ။ ဘာအရေးမှ တိုင်ပင်ဆွေးနွေးလို့ မရ၊ မလာလျှင် မိမိတာဝန်သာဖြစ်ကြောင်း လော်နဲ့ မောင်းခတ်သံသာ ကြားရပြီ။ ကောက်စိုက်လဲ မပြေ၊ ကောက်ရိတ်လဲ မချော၊ ရေယူရန်ဖြစ် ခုတ်ကြထစ်ကြ။ ကောက်စိုက်တေးအစား နားကြပ်ကိုယ်စီ ဖုန်းပွတ်နေကြပြီ။

ဝါဆိုလဲ ဆိုရုံ၊ သီတင်းကျွတ်လဲ ကျွတ်ကျွတ်၊ တန်ဆောင်တိုင်လဲ မမြိုင်၊ တပိုတွဲလဲ ထမနဲမထိုးကြတော့။ သင်္ကြန်တောင် ဆိုင်ကယ်နဲ့ အဝေးထွက် ကြန်ကြပြီ။

ကျုပ်တို့ရွာ ရွာမဟုတ်။

ရွဲ့။

မောင်လူရေး
↧

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ၊ ညများ၊ ဘဝပေါင်းများစွာ - အပိုင်း (၁၅)

$
0
0

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ၊ ညများ၊ ဘဝပေါင်းများစွာ - အပိုင်း (၁၅)
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၆

● ဆေးကျောင်းသား
သို့နှင့် ၁၉၇၃ ခုနှစ် အောက်တိုဘာခန့်ကစ၍ မိမိလည်း ဆေးတက္ကသိုလ် ၂ သို့ တက်ရောက်သင်ကြားရသော ဆေးကျောင်း သားဖြစ်ခဲ့တော့သည်။ ထိုစဉ်က ဆေး ၂ သည် မင်္ဂလာဒုံ၌ရှိသည်။ ဆယ်မိုင်ကုန်းဘက်မှ ပြည်လမ်းအတိုင်းသွားလျှင် လေ ယာဉ်ကွင်းခြံစည်းရိုးအဆုံးရှိ ဓါတ်ဆီဆိုင်ကို ကျော်လျှင်ဆေး ၂ သို့ရောက်သည်။ ပြည်လမ်းမဘေး၌ ဆေးတက္ကသိုလ် ၂ ဟူ သော ဆိုင်းဘုတ်ကလေး ထောင်ထားသည်မှအပ ဘာမှထယ်ထယ်ဝါဝါ မရှိလှ။

ကျောင်းဝင်းအတွင်း ကန့်ကော်ပင်အုပ်အုပ်ကလေးရှိသည်။ ထိုကန့်ကော်ပင်အုပ်နောက်ရှိ ရှေးဟောင်း အုတ်တိုက်နီနီ အ ဆောက်အဦးလေးမှာ ပါမေက္ခချုပ်ရုံးဖြစ်သည်။ ထိုစဉ်က ပါချုပ်မှာ ဒေါက်တာဦးခင်မောင်ညိမ်းဖြစ်သည်။ စကားစပ်၍ပြော ရလျှင် မိမိတို့သားအဖ ၂ ဦးစလုံး ဆရာညိမ်းတပည့်များဖြစ်ခဲ့သည်ဟု ဆိုရမည်။ မိမိ ဆေး ၂ မရောက်မှီ ၁၀ နှစ်လောက်က အောင်ဆန်းရှိ ၂ နှစ်ကျော်တက်ရသည့် လက်ထောက်ကျန်းမာရေးမှူးသင်တန်းကျောင်းသို့ မိမိဖခင်တက်ရောက်စဉ်က ဆရာညိမ်းသည် ထိုသင်တန်းကျောင်း၏ကျောင်းအုပ်ဖြစ်သည်။ မောင်မယ်သစ်လွင်များကို ပါချုပ်ကတဦးချင်း ခေါ်တွေ့ဆုံ စဉ်က ဆရာညိမ်းအား ထိုအကြောင်းပြောဖြစ်ခဲ့သေးသည်။

ထိုပါချုပ်ရုံးနောက်တွင် ပထမနှစ်ဆေး စာသင်ခန်း ၂ ခန်းနှင့် လက်တွေ့ဆောင် ၂ ခုရှိသည်။ ထိုနောက်ဖက်ကို ဆက်ဆင်း သွားပါက ရှေးဟောင်းအုတ်တိုက်နီနီ ၂ ဆောင်ရှိသည်။ တခုက ခန္ဓာဗေဒဌာန၊ နောက်တခုက ဇီဝကမ္မဗေဒဌာနဖြစ်သည်။ ထိုအဆောင် ၂ ခု နောက်ဖက်သို့ ဆက်ဆင်းသွားပါက ဆေးကျောင်းသားများအတွက် လူနေဆောင်ရှိသည်။ အသစ်ဆောက် လုပ်ထားသော စီပုံသဏ္ဌာန် ၃ ထပ်ဆောင်ဖြစ်ပြီး ထမင်းစားဆောင်က သီးသန့် ဖြစ်သည်။ ဆေးကျောင်းသားဆောင်အား National Hall အမျိုးသားဆောင်ဟု နာမည်ပေးထားသည်။ ဆေးကျောင်းသူဆောင်ကတော့ ပြည်လမ်းမပေါ်ရှိ ပါချုပ်ရုံး၏မျက်စောင်ထိုးတွင်ရှိသော သစ်သား ၂ ထပ်ဆောင်လေးဖြစ်ပြီး သီတာဆောင်ဟု ခေါ်ဝေါ်ပါသည်။

ဆေး ၂ ၏ပတ်လည်တွင်တော့ မင်္ဂလာဒုံစစ်ဆေးရုံ ဆေးတပ် စစ်သူနာပြု ကဒက်ဆောင်များ ပတ်လည်ဝိုင်းရံထားသည်။ ထိုစဉ်ကတော့ မင်္ဂလာဒုံစစ်ဆေးရုံတွင် လက်တွေ့ဆင်းရန်လွယ်ကူဖို့ နီးနီးကပ်ကပ်ဆောက်ခဲ့ပုံရသည်။ ၁၉၈၈ နောက်ပိုင်း တွင် ဆေး ၂ အား မြောက်ဥက္ကာလာပသို့ ပြောင်းရွှေ့ခဲ့ပြီး မင်္ဂလာဒုံရှိ ဆေး ၂ အဆောက်အအုံများအား တပ်ကသိမ်းပိုက် လိုက်တော့သည်။ စစ်ဖက်၏ အသိမ်းပိုက်ခံလိုက်ရသော တခုတည်းသော အရပ်ဖက်တက္ကသိုလ် အဆောက်အအုံများဟု ဆိုရမည်။

ထိုစဉ်က ဆေး ၁ တွင် ကျောင်းသား ၃၀၀ ဆေး ၂ တွင် ကျောင်းသား ၁၀၀၊ မန်းဆေးတွင် ကျောင်းသား ၁၅၀ သာ လက်ခံ သည့်ကာလဖြစ်သည်။ ဆေး ၂ ကျောင်းသား အနည်းဆုံးဖြစ်သည်။ တတန်းလျှင် ၁၀၀ မျှသာရှိသည်။ ပါချုပ်ရုံးနားက စာသင်ဆောင်တွင် ပထမနှစ်ဆေးက ကျောင်းသား ၁၀၀ ခန့်ရှိသည်။ ပနှစ်ဆေးက တနှစ်ခွဲဆိုတော့ ၆ လခန့်တော့ အကြီး တန်းနှင့်အငယ်တန်းပေါင်း ၂၀၀ ခန့်ရှိတတ်သည်။ အလားတူ ဒုတိယနှစ်ဆေးကတော့ ခန္ဓာဗေဒနှင့် ဇီဝကမ္မဗေဒ အုတ် တိုက်နီ ၂ ဆောင်တွင်ရှိသည်။ တတိယနှစ်ဆေးကတော့ တခါတရံ ပါချုပ်ရုံးနားက စာသင်ဆောင်မှာသင်တတ်သကဲ့သို့ ဆေးရုံမှာလည်းသင်သည်။ နောက်ဆုံးနှစ် အပိုင်း (က) နှင့် အပိုင်း (ခ) ကတော့ ဆေးရုံမှသင်သည်။ လက်တွေ့ဆင်းကြသည်။ မင်္ဂလာဒုံစစ်ဆေးရုံနှင့်မြောက်ဥက္ကလာပ ဆေးရုံတို့တွင် စာသင်ခန်းများထားပေးသည်။

ထို့ကြောင့် တကယ်ကျောင်းတက်ရချိန်တွင် ဆေး ၂ ပင်မကျောင်းတွင် ကျောင်းသားများများစားမရှိ။ ၂၀၀ ခန့်သာရှိတတ်ရာ မူလတန်းကျောင်းလောက်ပင် ကျောင်းသားမများ။ စည်စည်ကားကားမရှိ။ တနေကုန် ကိုယ်အတန်းက ကျောင်းသား ၁၀၀ ခန့်ကလွဲ၍ အခြားတန်းလူများ မတွေ့ရတတ်။ အတော်ခြောက်တီးခြောက်ကပ်နိုင်သော တက္ကသိုလ်ကြီးဟု ဆိုရမည်။ ညနေ
အတန်းဆင်းချိန် အဆောင်တွင်တော့ အတန်းပေါင်းစုံမှကျောင်းသားများနှင့် စည်ကားတတ်သည်။ အထူးသဖြင့် လကုန် ရက်နီးလျှင် အဆောင်၌ ကျောင်းသားများ လူစုံတက်စုံရှိတတ်သည်။ ပိုက်ဆံပြတ်ချိန်ဆိုတော့ အဆောင်၌မြဲကာ အဆောင် ထမင်း အဆောင်ဟင်းကို ကြိတ်မိတ်စားရင်း ခြေချုပ်မိနေကြ၍ ဖြစ်ပေသည်။ လဆန်းစ အိမ်ကငွေပို့ချိန်ဆိုလျှင်တော့ ငွေစ လေးရွှင်ကြသဖြင့် လတ်ယားလတ်ယား အပြင်ထွက်သူများတတ်သည်။

● အဆောင်နေကျောင်းသား
အဆောင်တွင် မိမိတို့ အငယ်တန်း ၃ တန်းက ၂ ယောက်တခန်းနေရသည်။ အကြီးတန်း ၄ တန်းက တယောက် တခန်းနေရ သည်။ မိမိကျသည့်အခန်းက အခန်းနံပတ် ၇ ဖြစ်ပြီး အခန်းဖေါ်က မိမိအောင်ခဲ့သည့် အုတ်ဖိုနှင့်ကပ်ရက် ကြို့ပင်ကောက်က ဝင်းမြင့်ဖြစ်သည်။ ဆေး ၂ ကိုဝင်ခဲ့သည့် ခုံနံပါတ်ကလည်း မိမိက ၄၉ သူက ၅၀ ရှေ့ဆင့်နောက်ဆင့်ဖြစ်သည်။ မိမိနှင့် အခန်းကပ်ရက် အခန်း ၅ တွင် ပဲခူးကအောင်လာသူ သိန်းမြင့်နှင့် ဝင်းရီရှိသည်။

မြောင်းမြကအောင်လာသော သန်းဝင်းနှင့်ကျော်ဝင်းက အခန်း ၃ ကထင်သည်။ အခန်း ၂ တွင် ဒင်းနစ်ခေါ် မျိုးမင်းနှင့် မောင် လှ ၂ ယောက်နေကြသည်။ အခန်း ၃ မျက်နှာချင်းဆိုင် အခန်း ၄ မှာတော့ ပုသိမ်ကအောင်လာသူ ကိုစိုးအောင်နှင့်ပြည်မှ မောင်မောင်ထွေးရှိသည်။ သူတို့ ၂ ဦးက မိမိတို့ထက် တနှစ်စောသည်။ ၁၉၇၂ ရောက်သူများဖြစ်ပြီး ပထမနှစ်ဆေးအကြီးတန်း မှဖြစ်သည်။ အခန်း ၆ တွင် မြောင်းမြကအောင်လာသူ စောသိန်းဝင်းနှင့်ဖေကြိုင်ရှိသည်။ ထို ၂ ယောက်ကား ကံတူအကျိုး ပေးများဖြစ်ပုံရသည်။ ယနေ့တိုင် ၂ ဦးစလုံးအိမ်ထောင်မကျ ဘဲ လူပျိုကြီးများဖြစ်နေကြသည်။ မိမိတို့နှင့် မျက်နှာချင်းဆိုင် အခန်း ၈ ၌ တောင်ငူက ကိုသိန်းထွန်းခေါ် မောင်သတ္တိရှိသည်။ သူက ၁၉၇၁ ကျောင်းရောက်သူဖြစ်ပြီး ဒုတိယနှစ်ဆေး မှဖြစ်သည်။

အချိန်တိုအတွင်း မိမိနှင့် တနှစ်ထဲအောင်လာသူများရော အတန်းကြီးသူများရော အခန်းနီးချင်းများ ခဏအတွင်း ကိုယ်ကို ကိုယ်မိတ်ဆက်၍ ခင်မင်သွားကြသည်။ ထိုမှစ၍လည်းနှစ်ပေါင်းများစွာခင်မင်ခဲ့ကြပြီး ဆဲမနာ ဆိုမနာများဖြစ်ခဲ့ကြသည်။ မိမိလည်းထိုချိန်မှစ၍ လွတ်လပ်ပေါ့ပါးသော မိမိစိတ်တိုင်းကျ ထင်တိုင်းကျဲနိုင်သော အဆောင်နေကျောင်းသားဘဝကို ရရှိ ခဲ့သည်ဟု ဆိုရမည်။ ထိုစဉ်က မိန်းကလေးဆောင်များကိုသာ ညဝင်ချိန်ထွက်ချိန် ကန့်သတ်တင်းကြပ်ထားသော်လည်း ယောက်ျားလေးဆောင်များမှာ အကန့်အသတ်မရှိ ဝင်ချိန်ထွက်ချိန် သတ်မှတ်ထားခြင်းမရှိ။ တက္ကသိုလ်ကျောင်းသားများဖြစ် ပြီမို့ မိမိဘာသာ အထိမ်းအကွပ်ရှိရန်သာ လိုအပ်သည်။

ထိုစဉ်အဆောင်လခ ထမင်းဖိုးနှင့်ကျောင်းလခမှ တလလျှင် ၅၇ ကျပ်ဖြစ်သည်။ ထမင်းစားဆောင်တွင် မနက်စာ လဘက် ရည်နှင့် မုန့်တမျိုးနှင့် နေ့လယ်စာ ညနေစာတို့ကတော့ ထမင်းနှင့်ဟင်း အသားငါးတလှည့်စီချက်ကြွေးသည်။ ဝက်သားမစား အမဲသားမစားတို့က ကြိုစာရင်းပေး၍ရသည်။ ထိုသူတို့အတွက် ဘဲဥ တလုံးနှင့်တခြမ်း ရသည်။ ထမင်းစားပွဲကိုယ်စီနှင့် ဇွန်းနှင့်ခရင်းနှင့် အကျအနထိုင်စားခွင့်ရသည်။ စားပြီး ပန်းကန်ဆေးရန် သိမ်းရန်မလို စားပွဲထိုးရှိသည်။ အခါကြီးနေ့ကြီး ပိတ် ရက် အချို့တွင် အလုပ်သမားများအနားပေး၍ တနေ့စာ ထမင်းဖိုး ၁ ကျပ် ပြား ၄၀ ပြန်အပ်သည်။ မနက်စာက ပြား ၂၀ ထမင်းတနပ် ပြား ၆၀ နှုန်းဖြစ်သည်။

စတိုင်ကျ သည့် အဆောင်ကျောင်းသားဘဝကိုနောက်ဆုံးပိုင်းမှီလိုက်သည်ဟု ဆိုရမည်။ ထို့ပြင် အဆောင်တွင်လည်း ရေ မီးပူစရာမလိုဘဲ ဖေါဖေါ သီသီသုံးခွင့်ရသည်။ ယခုခေတ်ကျောင်းသားများကတော့ အဆောင်နေကျောင်းသားဘဝ ဆုံးရှုံး သွားသည်။ ရပ်ကွက်များတွင် ကြပ်ကြပ်တည်းတည်း ဖြစ်သလိုနေစား၍ ကျောင်းတက်နေရသည်။ ပညာရေးလောက ဆုတ် ကပ်ဟုဆိုရမည်။ တက္ကသိုလ်ကျောင်းသည် အသိပညာ အတတ်ပညာ ဆည်းပူးရာသက်သက်သာမက နေမှု ထိုင်မှု ဘဝ အဆင့်အတန်းကိုပါ သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်သော်လည်း အဆိုပါ လေ့ကျင့်သင်ကြားပေးသည့် အဆောင်နေကျောင်း သားဘဝသည် ၁၉၈၈ နောက်ပိုင်း အဖျက်ဆီးခံလိုက်ရသည်။ စစ်ဖက်ကဖွင့်သော တက္ကသိုလ်များတွင် ဤအခွင့်အရေးရပြီး အရပ်ဖက်တက္ကသိုလ်အားလုံးတွင် ထိုအခွင့်အရေးဆုံးရှုံးသွားခဲ့သည်။

ရန်ကုန်တက္ကသိုလ် နယ်မြေမှ ဒုနှင့်ဒယ်နှင့် ဆောက်ထားသော အဆောက်အအုံများပစ်ထား၍ တောခေါင်ခေါင်တွင် တက္က သိုလ်များဖွင့်သည်။ အနယ်နယ်အရပ်ရပ်တွင် ခွဲခြားပစ်သည်။ လိုအပ်သည့် အဆောက်အအုံများ ပံ့ပိုးနိုင်ခြင်းမရှိခဲ့။ ကျောင်း သားများ မစုစည်းဖို့ စုမိလျှင်ဆူပူမည်ကို စိုးရိမ်ကြောင့်ကျခြင်းကို ရှေ့တန်းတင် စဉ်းစားခဲ့ပုံရသည်။ ထို့ပြင် ပညာရေးဆိုသည် မှာ ပြန်မရနိုင်သော ရင်းနှီးမြှုပ်နှံမှုဆိုသည့် နလပိန်းတုံးအချို့လည်း ရှိခဲ့ပုံရသည်။ အရှေ့တောင်အာရှတွင် သက်တမ်းအရင့် ဆုံး ရန်ကုန်တက္ကသိုလ်ကြီးလည်း တန်းမဝင်ဖြစ်ခဲ့ရသလို ကျောင်းသားများ၏ အခွင့်အရေးများလည်းဆုံးရှုံးခဲ့သည်။

● အဆောင်ကြို ဆိုပွဲ
တက္ကသိုလ်ကျောင်းသားသစ်တွေရောက်လာည်နှင့် တက္ကသိုလ်တိုင်းတွင် မောင်မယ်သစ်လွင်ကြို ဆိုပွဲပြု လုပ်ပေးကြသည်။ ပါမေက္ခချုပ်ဆရာများက ဆုံးမသြဝါဒစကားပြောကြားကြသည်။ နေထိုင်မှုဘဝ စာသင်ကြားရေးတို့နှင့်ပတ်သက်၍ လမ်းညွှန် ကြသည်။ မိမိတို့ဆေး ၂ တွင် အလားတူ မောင်မယ်သစ်လွင်ကြိုဆိုပွဲလုပ်သည်။ တက္ကသိုလ်ကြိုဆိုပွဲပြီးတော့ အဆောင် ကလည်း အဆောင်ကြို ဆိုပွဲလုပ်ပွဲလုပ်သည်။

ထိုစဉ်က မိမိတို့ ဆေး ၂ အမျိုးသားဆောင် အဆောင်မှူးက ဒေါက်တာမောင်မောင်ညို ဖြစ်သည်။ သူကဆေးတပ်တွင် ဗိုလ်မှူးအဖြစ်မှ အငြိမ်းစားယူပြီး အရပ်ဖက်ပြောင်းလာသူဖြစ်ပြီး ခန္ဓာဗေဒဌာနမှူး ပါမောက္ခလည်းဖြစ်သည်။ ဆေးပညာစာအုပ်များရေးသားခြင်းဖြင့် လူသိများသူဖြစ်သည်။ ပညာရပ်ဆိုင်ရာတွင် လူတော်တစ်ဦးဖြစ်သည်ဟု ဆိုရပါမည်။ သို့သော် ထိုစဉ်က အဆောင်နေကျောင်းသားများနှင့် သိပ်အဆင်မပြေလှပေ။

အဆောင်ကြိုဆိုပွဲက အခန်းအနားကြီးကြီးကျယ်ကျယ်တော့မလုပ်ပါ။ ပုံမှန်ထမင်းကြွေးရာမှ ဒန်ပေါက်နှင့်အအေးတိုက် မည်ဟု ကြေငြာထားသည်။ ထိုညနေ ပုံမှန် ၄ နာရီထမင်းစားဆောင်ဖွင့်ချိန်လည်း မဖွင့်နိုင်။ တဖြေးဖြေးအချိန်ကြာလာတော့ ကျောင်းသားများလည်း အော်ကြ ဟစ်ကြပါသည်။ ၄ နာရီခွဲကျော် ၅ နာရီခန့်မှ ထမင်းစားဆောင်ဖွင့်သည်။ ကျောင်းသားများ လည်း ဝုန်းဒိုင်းကြဲဝင်ရောက်သွားကြသည်။

ဖရက်ရှာဟုခေါ်သည့် မောင်မယ်သစ်လွင် မိမိတို့ကား ဖရက်ရှာပီသသည်။ နောက်ဆုံးမှ ခပ်အေးအေးဝင်သွားကြသည်။ ဒန်ပေါက်ရောက်လာမလား စောင့်ကြရာ အတန်းကြီးများစားသောက်၍ ထသွားကြသည့် ညနေ ၆ နာရီအထိ မိမိတို့ ဖရက် ရှာများ ဒန်ပေါက်မစားရ။ မလောက်လို့ သွားပြန်ယူနေသည်ဟု ဆိုသည်။ ဖရက်ရှာပီပီ ခံရချေပြီ။ ဖရက်ရှာကြိုဆိုပွဲမှာ ဖရက်ရှာ ဦးစားပေးမခံရ။ အဆောင်မှူးဆိုသူလည်း ဘယ်ရောက်နေသည်မသိ။ အတန်းကြီးသမားများအဆိုအရ ညနေဆေး ခန်းသွားထိုင်နေသည်ဟု ဆိုသည်။

မိမိတို့က ဒေါသအလိပ်လိုက်ထွက်နေချေပြီ။ တုန့်ပြန်ဖို့လည်း ဆုံးဖြတ်လိုက်ကြသည်။ အားလုံးကလည်းသဘောတူကြ သည်။ သို့နှင့် ခပ်အေးအေးနေတတ်သူ ကျောင်းသားများကို မင်္ဂလာဒုံဈေးတွင် ထမင်းသွားစားရန်လှုံ့ဆော်လိုက်သည်။ လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲ ဒေါသ ငယ်ထိပ်ရောက်နေသော ကျောင်းသား ၁၅ ယောက်ခန့်သာ ကျန်နေခဲ့ကြသည်။ ည ၇ နာရီထိုးလောက်ကျမှ ဒန်ပေါက်ရောက်ပြီဆိုပြီး မိမိတို့ကိုလာခေါ်သည်။ မိမိတို့တသိုက်လည်း ထမင်းစားဆောင်ကိုသွား၍ အားလုံးတိုင်ပင်ထားသည့်အတိုင်း တစ်ယောက်လျှင် ဒန်ပေါက် ၂ ပွဲစီယူ၍ ထမင်းစားဆောင်အပြင်သို့ သယ်ပြီးသွန် ပစ် လိုက်ကြသည်။ ထမင်းစားဆောင်တခုလုံး တိတ်ဆိတ်နေသည်။ ထမင်းစားဆောင်တာဝန်ယူသူများလည်း တခွန်းမှ မဟကြ။ အခြေအနေတင်းမာနေသည်ကို သဘောပေါက်သကဲ့သို့ သူတို့စီစဉ်မှု ပေါ့လျော့မှုကြောင့်ဆိုသည်ကိုလည်း သ ဘောပေါက်ပုံရသည်။

မိမိတို့လည်း ဒန်ပေါက်သွန်ပြီးနောက် မင်္ဂလာဒုံဈေးသို့ ထမင်းစားထွက်ခဲ့ကြသည်။ မိမိတို့ထွက်ကြတော့ ၆ နာရီလောက်က ထမင်းစားထွက်သွားကြသူများ အလျှိုလျှို ပြန်လာကြသည်ကို လမ်းမှာတွေ့ရသည်။ ခပ်အေးအေးနေကြသူ သူငယ်ချင်းများ လည်း ကံတော့မကောင်းကြ။ ည ၈ နာရီခန့်တွင် အဆောင်မှူး ဒေါက်တာမောင်မောင်ညို ပြန်ရောက်လာပြီး အကြောင်းစုံသိ သွားပြီးနောက် မိမိတို့ ပထမနှစ်ဆေး အငယ်တန်းမှ အဆောင်နေကျောင်းသားသစ်များအားခေါ်တွေ့ သြဝါဒမြွက်ကြား တော့သည်။ ကံမကောင်းအကြောင်းမလှစွာပင် ထိုအချိန်တွင် ဒန်ပေါက်သွန်ခဲ့ကြသူ မိမိတို့တသိုက်ကား မင်္ဂလာဒုံဈေးတွင် ရှိနေသေး၍ မိမိတို့မပါ။ ဒန်ပေါက်သွန်ရာတွင်မပါဘဲ စောစောစီးစီး ထမင်းထွက်စားသူများက ပြန်ရောက်နေ၍ သူတို့တတွေ သြဝါဒခံယူလိုက်ကြသည်။

မိမိကာလက ရေမီးအစုံနှင့် ထမင်းစားဆောင်နှင့် အတော်အတန်ပြည့်စုံနေသည်ဖြစ်သော်လည်း အဆောင်မှူးဖြစ်သူ အ ဆောင်နေကျောင်းသားများအပေါ် တာဝန်ယူမှု ပြည့်ပြည့်ဝဝ မရှိ၍ ထိုကဲ့သို့သောအခြေအနေများပေါ်လာရခြင်းဖြစ်ပေ သည်။ ထိုအချိန်မှစ၍ ထိုအဆောင်မှူး သူဘာသာရပ်တွင်မည်မျှထူးချွန်သည်ဖြစ်စေ မိမိလေးစားသည့်စာရင်းထဲတော့ မပါတော့ချေ ။နောင်ပြန်စဉ်းစားကြည့်တော့ ထိုစဉ်က အဆောင်မှူးများကို ပါမောက္ခများကိုတာဝန်ပေးထားရာ သူတို့၏သင်ကြားရေးတာဝန်များကြောင့် လစ်ဟင်းသလားဟု စဉ်းစားမိသည်။ သို့သော် သူတို့အောက်တွင် Hall tutor ဟုခေါ်သည့် လက်ထောက်အဆောင်မှူးများရှိရာ ထိုသူများမှတဆင့် စနစ်တကျ စီစဉ်သင့်သည်။ တက္ကသိုလ်ကျောင်း အဆောင်မှူးနှင့် အဆောင်နေကျောင်းသားများကြား နားလည်မှုမရှိ ရင်းရင်းနှီးနှီး ဆက်ဆံမှုမရှိခြင်းများသည် ထိုအဆောင်၏လှုပ်ရှားမှု စည်းကမ်းထိမ်းသိမ်းမှုများတွင် အကျိုးမဲ့စေသည်ဟု ဆိုရမည်။

သို့နှင့် မိမိ၏အဆောင်နေကျောင်းသားဘဝသည် အဆောင်ကြိုဆိုပွဲ၌ ဒန်ပေါက်သွန်ခြင်းဖြင့် အစပြု ခဲ့သည်ဟု ဆိုရပေမည်။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe ( မောင်မောင်စိုး )

photo credit U Hla Oo
↧

ကာတွန်း ဆလိုင်းစွမ်းပီ ● မငြိုငြင်ပါနဲ့

$
0
0

ကာတွန်း ဆလိုင်းစွမ်းပီ ● မငြိုငြင်ပါနဲ့
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၆
↧

မင်းကိုနိုင် ● အရိုးနှင့် ငါး၊ အမှားနှင့် လူ

$
0
0
မင်းကိုနိုင် ● အရိုးနှင့် ငါး၊ အမှားနှင့် လူ
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၆
 
ကိုမင်းကိုနိုင် လူမှုကွန်ရက်ပေါ်မှ ပြန်လည်ကူးယူပါသည်။

“ပုထုဇဉ်ပဲကွာ အမှားတော့ ဘယ်ကင်းပါ့မလဲ”
“လူဆိုတာ မှားတတ်တဲ့ အမျိုးလေ”
“မှားပါစေ၊ လူပဲ အမှားကိုပြင်မှ” စသဖြင့် နေ့စဉ် ကြားကြပါလိမ့်မည်။
“အမှားဟာ ဘာနဲ့ တူသလဲ” လူမမာ ဓာတ်စာအဖြစ် ငါးရိုးထွင်ရင်း ကျွန်တော် စဉ်းစားမိပါသည်။

အမှားဆိုတာ လူ့ဘ၀အရသာဆိုတဲ့ ငါးအသားတွေနဲ့ တွဲကပ်နေတဲ့ အရိုးပဲ ဟူ၍။ မှန်တာပေါ့၊ အရိုးမပါဘဲ ငါး မဖြစ်သလို အမှားမရှိဘဲ လူမဖြစ်နိုင်။ ငါးမှန်ရင် အရိုးနည်းတာနဲ့ များတာပဲ ကွာသလို လူတွေဟာလည်း အမှားနည်းတာနဲ့ များတာပဲ ကွာကြတယ်။ ငါးမှာ အရိုးနည်းရင် စားကောင်းသလို လူမှာလည်း အမှားနည်းရင် ပေါင်းသင်းဖို့ အကောင်းဆုံးပေါ့ဟု ကိုယ့် ဘာသာ ထောက်ခံမိပါသည်။ ယေဘုယျတော့ အရိုးနည်းတဲ့ ငါး၊ အမှားနည်းတဲ့လူ ဆိုတာတွေကို လူကြိုက်များ ကြသည်ဟု ကျွန်တော် မှတ်ချက်ချမိသည်။ ပြီးမှ ဒုတိယအတွေးက ကန့်ကွက်သည်။ သေချာရဲ့လား၊ အရိုးနည်း အမှားနည်းတာ ကြိုက်ပေမယ့် တကယ်တမ်း အရသာထူးတဲ့ ငါးသလောက်လို ငါးမျိုးကျတော့ကော ၀ယ်ကြ စားကြ အားပေးကြတာပဲ မဟုတ်လားဟု သတိပြုမိသည်။ အရိုးများတာလောက်တော့ ပေါင်းစားလိုက်တာပေါ့ဟုပင် နည်းလမ်းသစ်တွေ ရခဲ့ကြသေး။

ငါးသလောက်နှင့်တူသော လူအချို့ကို လူတွေ ဘယ်လိုသဘောထားပါလိမ့်။ ဒီနေရာမှာ ငါးမှာတော့ အသားအရသာ၊ လူမှာ တော့ အကျိုးစီးပွားဟု ကျွန်တော် ဆင်ခြင်မိပါသည်။ စိတ်ထဲကလည်း ၀န်ခံချင်သည်။ လူ့အဖွဲ့အစည်းထဲမှာ လူတစ်ဦး အမှားများစွာ လုပ်မိပြီဆိုပါတော့၊ သူ့ထံတွင် ထိုအမှားများနှင့်တွဲလျက် ကျွန်တော်တို့အတွက် ကိုယ်ကျိုးစီးပွားတွေက ဆူ ဆူဖြိုးဖြိုးရှိနေသည်ဆိုတာ သိနေသည်ဆိုပါတော့၊ ငါးသလောက်ကို ကျွန်တော်တို့ ဈေးကြီးပေး ၀ယ်စားချင်ကြသလို ငါး သလောက်နှင့်တူသည့်လူကိုလည်း ပေါင်းသင်း ဆက်ဆံမိတတ်ကြပါသည်။

ကိုယ်ကြိုက်ရာ ကိုယ်ရွေးကြသည့် အခွင့်အရေးတော့ ရှိသည်။ တစ်ခုပဲ သတိပြုစေချင်သည်။ ငါးသလောက်တွင် က၀က် ကင်း ငါးသလောက်က အကောင်းဆုံးဟု နာမည်ကြီးသည်။ “၀ယ်တုန်းက က၀က်ကင်း ဟင်းချက်တော့မှ ငါးသလောက် ယောက်ဖ” ဖြစ်နေတာမျိုးလည်း ရှိတတ်သည်။

အမှားနည်းတဲ့ လူကို လူကြိုက်များတာကော တကယ်ဟုတ်ရဲ့လား။ ဒါကတော့ အရိုးနည်းတဲ့ ငါးတွေကို လူတွေ ဘယ်လို သဘောထားလဲ ကြည့်လိုက်ရုံသာ။ ငါးပုတ်သင်လိုငါးမျိုး ကြည့်ပြန်တော့ အလယ်ရိုး “ကျောရိုး” ပဲ ရှိပြီး အသားပေါပေမယ့် သူ့အရသာ မဖွယ်မရာမို့ အိမ်ရှင်မများ၊ စားဖိုမှူးများအတွက် ဘယ်တော့မှ ဦးစားပေးမခံရပါ။ မတတ်သာသည့်အဆုံး “ရွေး စရာ မရှိသည့် အဆုံး” ၀ယ်ကြရတာပဲ များပါသည်။

“အရိုး အနည်းအများက အဓိကလား၊
အသား အရသာက ပဓာနလား၊
အမှား အနည်းအများက အဓိကလား၊
အကျိုး စီးပွားက ပဓာနလား”

ကျွန်တော် ခေါင်းရှုပ်လာပါသည်။ အကျိုးစီးပွားဆိုရာမှာတော့ အရည်အချင်းတစ်မျိုးမျိုးကို ဆိုလိုသည်ပေါ့။ အမှားနည်းရေးကို ကြွေးကြော်နေရင်းက အမှားများပြီး အရသာကောင်းသည့်ဘက် ကျွန်တော်တို့လက်တွေက အလိုလို ရွေးရန် ရောက်နေ ပါလား။

သို့နှင့် ကျွန်တော်သည် လူတွေကိုကြည့်တိုင်း လူစားသည့်ငါးတွေထဲက ဘယ်ငါးနှင့်တူပါလိမ့်ဟု စိတ်ထဲ တစ်ကိုယ်ရေ ကြိတ်တွေးနေပါသည်။ ဒီလူကတော့ ငါးခူနဲ့တူတယ်၊ အရိုးလည်းမများ၊ အသားလည်း ချိုတယ်။ ဟိုတစ်ယောက်ဟာဖြင့် ငါးပဲဖြူလိုပဲ အရိုးကလည်းများ၊ ဒီတိုင်းလည်းမကောင်း၊ ပင်စိမ်းနိုင်နိုင်နဲ့ အိုးကပ်ချက်လိုက်မှဖြစ်မှာ စသဖြင့် တွေးမိပြန်သည်။

ဈေးကြီးလည်းပေးရ ရှားပါးပြီး ခွန်အား လည်းဖြစ် အရသာလည်း ထူးကဲကောင်းမွန်သည့် ဆယ်လမွန်ငါးလို လူစားမျိုး အတွက်တော့ အငြင်းပွားဖွယ် ရှိမည် မထင်ပါ။ ကမ္ဘာကျော် အာဏာရှင်တစ်ဦး ပွဲတော်တည်တိုင်း မပါမဖြစ်သည့် ကာဘီယံ ငါးဥမှာ ဈေးအမြင့်ဆုံး စားဖွယ်အဖြစ် ထင်ရှားပါသည်။ အာနိသင်ကို အတိအကျမသိသော်လည်း လူတိုင်း လက်လှမ်း မမီ သည့် ငါးတစ်မျိုး၊ တစ်နည်းဆိုရလျှင် အများစုအတွက် တန်ဖိုး ဘာလဲဟု မေးရမည့် အမျိုးအစားဟု ထင်ပါသည်။

ဝေလငါးလို လူစားမျိုးလည်း ရှိသေးသည်။ နော်ဝေးနှင့် ဂျပန် အပါအ၀င် အချို့လူမျိုး များသာ သူ့အသားကို စားတတ်သည်။ မစားတတ်သော ကမ်းရိုးတန်းတစ်ခုမှာ သူ့ကို အသေရခဲ့ကြဖူးသည်။ ဘာလုပ်ရမှန်း မသိခဲ့ကြ။

စားဖို့အပြင် ပိုသိသူတို့ကတော့ ငါးကြီး အန်ဖတ်ဟုခေါ်သော ထိုငါးမှထွက်သည့် အဖိုးတန် ရတနာကို တန်ဖိုးကြီး ကမ္ဘာကျော် အကောင်းစား ရေမွှေးဖော်ရာတွင် အသုံးပြု ရကောင်းမှန်း သိခဲ့ကြပါသည်။ (တကယ်တော့ ထိုအရာမှာ အန်ဖတ် မဟုတ်ပါ) ဝေလငါးလို အကောင်လည်းကြီး အသုံးချ တန်ဖိုးလည်း မြင့်သော ငါး (သို့မဟုတ်) ဝေလငါးလို လူစားများ အတွက် အသုံးချ ခံ အန္တရာယ်များပုံကိုလည်း သတိပြုမိပါသည်။ အကောင်လည်းကြီး တန်ဖိုးလည်း များရင်တော့ သတိသာ ထားပေတော့။

ခြွင်းချက်တော့ ရှိသေးသည်။ ငါးမန်း ဆိုပါတော့ အရိုးနှင့် ဖွဲ့စည်းထားသည့် ငါးမန်းတောင်က လူတွေအတွက် မက်မော စရာအတိ။ ပင်လယ်ကူး ငါးဖမ်းသင်္ဘောများတွင် ငါးမန်းကို မိပါက ဆူးတောင်ကိုသာ ခုတ်ယူပြီး သွေးစိမ်းရှင်ရှင်ဖြင့် ပင် လယ်ထဲ ပြန်ပစ်ချ ခံရမြဲ ဖြစ်သည်။ ငါးမန်းမှာ သူ့ဆူးတောင် ရိုးကပင် သူ့ဘ၀ကို ပျက်စေခဲ့ပါပြီ။ ငါးမန်း၏ ဆူးတောင်များကြားမှ ထွက်သည့် အချိုဓာတ်ကို လူတွေက ငါးမန်းတောင် ဟင်းချိုအဖြစ်သောက်ရန် တောင်ပံကို ခုတ်ဖြတ် ရက်စက် ၀ံ့ကြသလို လူတစ်ယောက် (အထူးသဖြင့် ထက်မြက်ထူးချွန်သူ ထင်ရှားသူ တစ်ယောက်) ၏အမှား တစ်စုံတစ်ရာအပေါ် ငါးမန်းတောင်လို မညှာမတာ ခုတ်ယူရန် လူလူချင်း ချောင်းမြောင်းနေသူတွေလည်း ရှိသေးသည်ဟု ကျွန်တော် ခံစားရပါသည်။

ခုတော့ လူတွေကို တွေ့တိုင်း ဘယ်ငါးနဲ့တူသလဲဟု တိုက်ဆိုင်ကြည့်ရင်း ဟိုလူကတော့ ငါးပူတင်းနှင့်တူတယ်၊ ဟိုဒင်းက တော့ ငါးရံ့ခေါင်းတိုလိုပဲ သုံးစားမရ စသဖြင့် ကောက်ချက်ချရင်း ကိုယ့်ကိုယ်ကိုယ် ဘာငါးနှင့်တူသတုံး ဟု ပြန်ကြည့်မိပါသည်။
ငါးဖောင်ရိုးတစ်ကောင်ကို ကျွန်တော် မြင်ရပါသည်ခင်ဗျာ။

‪#‎မင်းကိုနိုင်‬
ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၈၈ ဆောင်းပါး
↧
↧

ကာတွန်း ကိုခေတ် ● ဒုတိယ ရက် ၁၀၀

$
0
0


ကာတွန်း ကိုခေတ် ● ဒုတိယ ရက် ၁၀၀
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၆
↧

ဇာနီကြီး ● ကြက်ဈေးတွေ ချိုစေတော့

$
0
0
ဇာနီကြီး ● ကြက်ဈေးတွေ ချိုစေတော့
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၆
 
မြန်မာပြည် ဈေးနှုန်းတွေ မတရာကြီးနေတာ အိမ်ခြံမြေတိုက်ခန်းဈေးက စတင်ပါတယ်။ ကြက်သား သာမက ဟင်းသီးရွက်ဈေး ပန်းသီး သရက်သီးကအစ ..အဆင့်တွေ (ကန်ထရိုက်တာ အဆင့်ဆင့် လုပ်စားနေလို့) စနစ်ကြောင့် ဖြစ်နေတာပါ။ စက်ရုံ သေးတွေကို အားမပေးတော့ နွားနို့ကအစ ပြည်ပသွင်းကုန်ကို ဈေးနှုန်ရော အရည်သွေးပါမယှဉ်နိုင်တော့ အသေးစား အ လတ်စား လုပ်ငန်းအားလုံး မြေငှားစားတဲ့အဖြစ် ရောက်ရပါတယ်။

နိုင်ငံခြားက ကြက်တွေတင်သွင်း တပိသာ၃၅၀၀ နဲ့ရောင်းခွင့် စဉ်းစားတယ် ဝန်ကြီးပြောရခြင်းက ဝိသမလောဘသားတွေကို ပညာရှိသတိပေးလိုက်တာပါ။ တဲ့တဲ့ပြောရင် စစ်အာဏာရှင်ဟောင်းနဲ့ အပေါင်းပါခရိုနီတွေနဲ့ ဆက်ဆံရေး တော်တော်ဆိုး သွားနိုင်ပါတယ်။

တကယ်တော့ ကြက်သားဈေး မတရားကြီးနေတာ ကြက်မွေးမြူသမား စီးပွားလုပ်သူပြောချက်ကလည်း မှန်ပါတယ်။ ကြက် စာဈေးကွက်ကို လက်ဝါးအုပ်ထားတဲ့ လက်တဆုပ်စာကြောင့် ဆိုပါတယ်။ အစိုးရက ကြက်စာသွင်းပါလား ..မေးခွန်းကလဲ ခက်ပါတယ်။ ဝိသမစီးပွားသမားတွေ ငွေတိုးအချင်းချင်း ရဲနဲ့ပေါင်းစားနေတဲ့ အသေးစားငွေချေးတာကအစ အကြီးစား ဘဏ် အိမ်မြေပေါင်ခြင်းအဆုံး ဆင်းရဲချမ်းသာ မရွေးနစ်နာနေကြပါတယ်။ အိမ်မြေ အများကြီးပိုင်သူတွေ ဝိသမငွေချေး လုပ်စားနေတာ ဘဏ် အိမ်မြေသိမ်းတဲ့ အဆင့်ထိပါပဲ။

သူဌေးသင်္ဘောမှောက်တာ သိပ်မစဉ်းစားပဲ သူတောင်းစားခွက်ပျောက်တာ အရင်စဉ်းစာကြည့်ရင် ....

၁။ အခြေခံလူတန်းစားတွေကို အနိုင်ကျင့်တဲ့ ရပ်ကွက်လူကြီးနဲ့ အစိုးရဌာနဆိုင်ရာတွေက စပါမယ်။ ရပ်ကွက်လူကြီးဆိုတာ ရပ်ထဲက ငွေတိုးစားသူတွေကိုသိပေမဲ့ ကာကွယ်ပေးနေပါတယ်။ လူတွေကတော့ အကြွေးရ ဆင်တောင်ဝယ်ကြမယ်။ လက် ထဲ ၁၀ သိန်းရရင် ဇိမ်ခံပစ္စည်းဝယ်၊ နတ်က အလှူလုပ် ကျွေးပစ်မယ်။ စားသောက်ပစ်မယ်။ ပညာနည်းပါးတော့ သူတို့ငွေ သူတို့သုံးတယ်၊ သူတို့မြေ ပေါင်စားတယ်၊ တားလို့မဖြစ်နိုင်ပါ။

ဒီတော့ အတိုးစားတဲ့ တရားမဝင်ငွေချေးစားသူတွေကို အရေးယူဖို့အချိန်တန်သလို တရားဝင်ငွေချေးကုမ္ပဏီတွေကို အသေး စားကအစ အကြီးစား ဘဏ်တွေအထိ ထိန်းသိမ်းဖို့ အထူးလိုအပ်နေပါပြီ။

အစ္စရေး စင်ကာပူ တောင်ကိုးရီးယား တရုတ်နိုင်ငံအဆုံး ဒါမျိုး အမျိုးသားချင်း အတိုးစားခွင့် ပိတ်ပင်ပါတယ်။ နိုင်ငံတော် ကလည်း ဒေဝါလီခံတဲ့ ဥပဒေ အသုံးပြန်ချရပါတော့မယ်။

၂။ ထိပ်ပိုင်းက ဝိသမ စီးပွားကုမ္ပဏီတွေ အရှက်ရစေတာမျိုး တခု နှစ်ခု ထပ်လုပ်ပြရပါဦးမယ်။ မီဒီယာကြီးတခုက သိန်း ၅၀ လာဘ်ထိုးတာမျိုး ထပ်မံဖော်ထုတ်ရပါဦးမယ်။

ကန်ထရိုက်ယူပြီး ဆပ်ကန်ထရိုက်မပေးပါ စာချုပ်ဖောက်ဖျက်တဲ့ လူ၊ ကုမ္ပဏီ တခု နှစ်ခုကို လျော်ကြေးပေး အရေးယူပြရပါ မယ်။ ဥပမာ နိုင်ငံပိုင်သတင်းစာက သတိပေးချက် Zenith Power Co. Ltd ၈ ထပ်တိုက် ဆပ်ကန်ထရိုက်ထပ်ပေးပြီး ကိုယ်တိုင်မလုပ်မဆောက်ပဲ ၂၉၅၀ သိန်း ကန်ထရိုက်ကို ၂၂၄၆ သိန်းနဲ့ ဆပ်ကွန်းပေးပြီး သိန်း ၇၀၀ ယူသွာတာမျိုး စာချုပ် ဖောက်သူများ အရေးယူဖို့ အရမ်းခက်ပါတယ်။ ဒါမျိုး အကောင်ကြီးတွေ လူလည်ကျတာမျိုး မြန်မြန်အရေးယူမှ ဖြစ်မှာပါ။

နိဂုံးကတော့ ...
မြန်မာ ဆင်းရဲမွဲတေမှုကို ထောက်ပံ့ပေးစနစ် တရုတ်ပြည်လို မရှိပါ။ လယ်သမား လယ်သိမ်းခံရတာ တရားမဝင်ငွေချေးခြင်း လုပ်ခွင့်ပြုနေတာကြောင့် ဖြစ်ပါတယ်။ ရဲနဲ့ပေါင်းပြီး ငွေပြန်မဆပ်နိုင်သူကို ရဲနဲ့ အာဏာပိုင်နဲ့ပေါင်းပြီး လယ်မြေသိမ်း ထောင် ချ လုပ်နေတာတွေ ရပ်ကွက် ကျေးရွာမှာ လာဘ်ထိုးမရတဲ့ တာဝန်သိ ပြောဆိုရဲသူမျာများပေါ်လာဖို့ အားပေးရပါမယ်။

ငွေတိုးချေး အပေါင်ဆိုင်ဆိုတာ စင်ကာပူ၊ အမေရိကား၊ ဥရာပနိုင်ငံတွေတောင် ဥပဒေလက်တလုံးခြား လုပ်စားကြတာပါ။ မြန်မာနိုင်ငံမှာတော့ ဗြောင်လုပ်စားလို့ ငွေချေးစာချုပ်တောင် ဥပဒေကာကွယ်ယူ လုပ်စားနေကြပါတယ်။ ဘာသာရေး ဘုန်းကြီး တပါးတောင် ၁၀ သိန်းချေးတာ ၃ နှစ်ရှိပြီ၊ အတိုးချည်းဆပ်နေတာ ၃၀ သိန်းလောက်ရှိပြီ ရင်ဖွင့်တော့ ပေးမ နေနဲ့တော့ ရဲတိုင်ပစ်လိုက် အားပေးရတယ်။ ရှက်လို့ ဆက်ပေးပါရစေ မကြာခင်ကျေမှာပါ..တဲ့။ ဒါနဲ့မိန်းမ အသုံးများတာ သတိထားမိတော့ သူပိုင်တဲ့ လက်ဝက်လက်စားတွေ အပေါင်ဆိုင်မှာရောက်နေလို့ ပြန်ရွေးပေးရတယ်။ တချို့ဆို အရင်း ၂ ခါပြန်အောင် အတိုးပေးပြီးနေပြီ။ နောက် ပေါင်နှံချေးငှားခြင်း လုံးဝမလုပ်ပါဘူး ကတိတောင်းတာလဲ ကတိမပေးချင်ဘူး။ မြန်မာပြည်က ဆင်းရဲမွဲတေသူရော ဝန်ထမ်းတွေရော အားလုံး အမျိုးသားချင်း ငွေတိုးစားခံနေရတာကို အံ့သြစရာ ရှာဖွေတွေ့ လိုက်ရလို့ အတော်ဝမ်းနည်းမိပါတယ်။ ခေတ်စနစ်ဆိုးဒဏ်ကို အိမ်ရှင်မတွေ အလူးအလဲခံနေကြတာ ကြာပီပဲ။

တရားမဝင် ငွေတိုးချေးစားသူတွေကို ပြန်မပေးကြေး အတိုးဆက်မပေးရေး လှုပ်ရှားမှု အလွန်လိုအပ်နေပါပြီ။ ဒါမှ ပြည်သူလူ ထု ကြက်သား ဈေးချိုချို စားနိုင်ဖို့ မြန်မြန် ဖြစ်လာမှာပါ။

ဇာနီကြီး
↧

ဂါမဏိ ● ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေး ကြေညာစာတမ်း

$
0
0
ဂါမဏိ ● ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေး ကြေညာစာတမ်း
၂၁ ရာ စု ပ င် လုံ စာ စ ဉ် ( ၂ ၂ )
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၆

ကုလသမဂ္ဂအထွေထွေညီလာခံ
၁၂ စက်တင်ဘာ ၂ဝဝ၇
ခြောက်ဆယ့်တကြိမ်မြောက်အစည်းအဝေး
ဆွေးနွေးပွဲခေါင်းစဉ် အမှတ် (၆၈)
လူ့အခွင့်အရေးကောင်စီအစီရင်ခံစာ

အထွေထွေညီလာခံသည်၊
ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေး ကြေညာစာတမ်း စာသားကို အတည်ပြုပေးခဲ့သည့် လူ့ အခွင့်အရေး ကောင်စီ၏ ၂ဝဝ၆ ဇွန် (၂၉) ရက် ဆုံးဖြတ်ချက်အမှတ် (၁/၂) ပါ ထောက်ခံအကြံပြုချက်ကို ထည့်သွင်း မှတ်သားလျက်၊

မိမိ၏ ၂ဝဝ၆ ဒီဇင်ဘာ (၂ဝ) ရက် ဆုံးဖြတ်ချက်အမှတ် (၆၁/၁၇၈) အရ နောက်ထပ်ဆွေးနွေးတိုင်ပင်ဖို့ အချိန်ပေးနိုင်ရန် ကြေညာစာတမ်းအား စဉ်းစားဆင်ခြင်ခြင်းနှင့် ဆောင်ရွက်ခြင်းတို့ကို ရွှေ့ဆိုင်းထားပြီး ခြောက်ဆယ့်တကြိမ် မြောက် အ ထွေထွေညီလာခံ အစည်းအဝေးမပြီးဆုံးမီ စဉ်းစားဆင်ခြင်မှုအဆုံးသတ်ရန် ဆုံးဖြတ်ခဲ့မှုအားလည်း ပြန်လည်သတိရလျက်၊

လက်ရှိဆုံးဖြတ်ချက်၏ နောက်ဆက်တွဲတွင် ပါရှိသည့် ကုလသမဂ္ဂဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေး ကြေညာ စာတမ်းကို အတည်ပြုချမှတ်လိုက်သည်။

● နောက်ဆက်တွဲ
ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေး ကြေညာစာတမ်း
အထွေထွေညီလာခံသည်၊
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကြီး၏ ရည်မှန်းချက်များနှင့် အခြေခံမူများမှလည်းကောင်း၊ ပဋိညာဉ်စာတမ်းနှင့်အညီ နိုင်ငံ များထမ်းဆောင်ရသော တာဝန်ဝတ္တရားများ ပြည့်မြောက်ခြင်းအပေါ် ကောင်းစွာယုံကြည်မှုမှလည်းကောင်း လမ်းညွှန်လျက်၊ ဌာနေတိုင်းရင်းသားလူမျိုးများသည် အခြားလူမျိုးအားလုံးနှင့် တန်းတူဖြစ်သည်နှင့် တချိန်တည်းတွင် လူမျိုးအားလုံး၏ ကွဲပြားခြားနားနိုင်ခွင့်၊ မိမိတို့ကိုယ်မိမိတို့ ကွဲပြားခြားနားစွာ ခံယူစဉ်းစားနိုင်ခွင့်၊ ယင်းသို့ ကွဲပြားခြားနားစွာ ဖြင့် လေးစားအသိအမှတ်ပြုခံနိုင်ခွင့်တို့ကို အတည်ပြုလျက်၊

လူမျိုးအားလုံးသည် ယဉ်ကျေးမှုလူ့အဖွဲ့အစည်းကြီးများနှင့် ယဉ်ကျေးမှုဓလေ့များ၏ ထွေပြားစုံလင်မှုနှင့် ကြွယ်ဝမှုတို့ကို အကျိုးပြုပြီး လူသားမျိုးနွယ်ကြီး၏ ဘုံအမွေအနှစ်ထဲ ပါဝင်ဖွဲ့တည်နေခြင်းကို လည်း အတည်ပြုလျက်၊

အမျိုးသားမူလဗီဇ (ဝါ) လူမျိုး race ကွဲပြားမှု၊ ဘာသာရေးကွဲပြားမှု၊ တိုင်းရင်းသားလူမျိုးစု ethnic ကွဲပြားမှု သို့မဟုတ် ယဉ်ကျေးမှုကွဲပြားမှုအခြေခံပေါ်မှ လူမျိုးများ သို့မဟုတ် တဦးချင်းလူပုဂ္ဂိုလ်များ၏ ကြီးမြင့်မှုအပေါ် အခြေခံသော သို့တည်းမဟုတ် ကြီးမြင့်မှုကိုလှုံ့ဆော်အားပေးသော မူဝါဒအားလုံး၊ ပေါ်လစီအားလုံး၊ လုပ်ရပ်အားလုံးသည် လူမျိုးခွဲခြား ရေး racist ဖြစ်ကြောင်း၊ သိပ္ပံပညာအရမှားယွင်းကြောင်း၊ တရားဥပဒေအရ တရားမဝင်ကြောင်း၊ စာရိတ္တပိုင်းအရ မလို လား အပ်ကြောင်းနှင့် လူမှုရေးအရ တရားမျှတမှုမရှိကြောင်း ထပ်လောင်းအတည်ပြုလျက်၊

ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့အခွင့်အရေးများကို ကျင့်သုံးရာ၌ မည်သို့သောခွဲခြားဆက်ဆံမှုမျိုး discrimination မဆိုမှ ကင်းရှင်းစေရန် ထပ်မံ အတည်ပြုလျက်၊

ဌာနေတိုင်းရင်းသားလူမျိုးများသည် အခြားအချက်အလက်များအပြင် မိမိတို့မြေယာများ၊ နယ်မြေများ၊ သယံ ဇာတများ ကိုလိုနီကျွန်ပြုခံရမှုနှင့် လက်မဲ့ဖြစ်သွားမှု တို့၏ရလဒ်ကြောင့် သမိုင်းနှင့်ချီ၍ မတရားမှုများခံစားခဲ့ရခြင်း၊ ဤသို့ဖြင့် မိမိတို့၏ ကိုယ်ပိုင်လိုအပ်ချက်များ ကိုယ်ပိုင်အကျိုးစီးပွားများနှင့်အညီ ဖွံ့ဖြိုးတိုးတက်ခွင့် ကျင့်သုံးမှုမှ ဟန့်တားခံရခြင်းကို စိုးရိမ်သော ကဖြစ်လျက်၊

မိမိတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအဆောက်အအုံများမှလည်းကောင်း၊ မိမိတို့၏ ယဉ်ကျေးမှုဓလေ့များ၊ စိတ်ပိုင်းဆိုင်ရာအစဉ်အလာများ၊ သမိုင်းနှင့် ဒဿနအတွေးအခေါ်များမှ ပေါက်ဖွားလာသော ဌာနေတိုင်းရင်းသားလူမျိုး မွေးရာပါအခွင့်အရေးများ၊ အထူးသဖြင့် မိမိတို့မြေယာ၊ နယ်မြေနှင့် သယံဇာတများဆိုင်ရာ ရပိုင်ခွင့်များကို လေးစားရန်နှင့် အားပေးမြှင့်တင်ရန် အရေးတကြီးလိုအပ်မှုကို အသိအမှတ်ပြုလျက်၊

နိုင်ငံအစိုးရများနှင့် စာချုပ်များ၊ သဘောတူညီချက်များနှင့် အခြားအပြုသဘောစီစဉ်မှုများ၌ အတည်ပြုထားသော ဌာနေတိုင်းရင်းသားလူမျိုးအခွင့်အရေးများကို လေးစားရန်နှင့် အားပေးမြှင့်တင်ရန် အရေးတကြီးလိုအပ်မှုကိုလည်း အသိအမှတ်ပြု လျက်၊

ဌာနေတိုင်းရင်းသားလူမျိုးများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု တိုးတက်မြင့်မားရေးအတွက် လည်းကောင်း၊ မည်သည့်နေရာ၌မဆို ပေါ်ပေါက်သည့် ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုသဏ္ဍာန်အားလုံးကို အဆုံးသတ်နိုင်ရန် အတွက်လည်းကောင်း မိမိတို့ဖာသာမိမိတို့ စည်းရုံးဖွဲ့စည်းနေကြခြင်း ဟူသောအချက်ကို ကြိုဆိုလျက်၊

ဌာနေတိုင်းရင်းသားတို့က မိမိတို့အပေါ်နှင့် မိမိတို့မြေယာ၊ နယ်မြေနှင့် သယံဇာတများအပေါ် ထိခိုက်မှုရှိသည့် ဖွံ့ဖြိုးဖြစ် ထွန်းမှုများကို ချုပ်ကိုင်ခြင်းက မိမိတို့ဖွဲ့စည်းပုံများ၊ ယဉ်ကျေးမှုဓလေ့များနှင့် ရိုးရာအစဉ်အလာများကို ထိန်းသိမ်း ကြံ့ခိုင် စေနိုင်ပြီး မိမိတို့မျှော်မှန်းချက်များ လိုအပ်ချက်များနှင့်အညီ ဖွံ့ဖြိုးရေးကို မြှင့်တင်နိုင်စေမည်ဟု အခိုင်အမာယုံကြည်လျက်၊

ဌာနေတိုင်းရင်းသားတို့၏ အသိပညာ၊ ယဉ်ကျေးမှုဓလေ့များနှင့် ရိုးရာစဉ်လာကျင့်ထုံးများကို လေးစားခြင်းဖြင့် အရှည်တည့် တံ့၍ တန်းတူညီမျှသည့် ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ကို မှန်ကန်သင့်လျော်စွာစီမံခန့်ခွဲရေးတို့အတွက် အကျိုးပြုမှုကို အသိအ မှတ်ပြုလျက်၊

ဌာနေတိုင်းရင်းသားတို့၏ မြေယာများ၊ နယ်မြေများ၌ စစ်မဲ့သွားစေခြင်းဖြင့် ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် လူမှုတိုး တက်ရေး၊ ဖွံ့ ဖြိုးရေးတို့အတွက်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံများနှင့် ကမ္ဘာ့ပြည်သူများအကြား နားလည်မှုနှင့် ချစ်ကြည်ရင်းနှီး စွာဆက်ဆံမှု များအတွက်လည်းကောင်း၊ အကျိုးပြုခြင်းကို အလေးထားလျက်၊

ဌာနေတိုင်းရင်းသားမိသားစုများနှင့် ရပ်ရွာများက မိမိတို့ကလေးသူငယ်များ ကလေးအခွင့်အရေးနှင့် ကိုက်ညီစွာ မွေးမြူ စောင့်ရှောက်ရေး၊ လေ့ကျင့် ပညာသင်ကြားပေးရေး၊ ကျန်းမာပျော်ရွှင်ရေးတို့အတွက် ဘုံတာဝန်ယူမှုကို ထိန်းသိမ်းနိုင်ခွင့် အား အထူးတလည်အသိအမှတ်ပြုလျက်၊

နိုင်ငံအစိုးရများနှင့် ဌာနေတိုင်းရင်းသားများအကြား စာချုပ်များ၊ သဘောတူညီချက်များနှင့် အခြားအပြု သဘောစီစဉ် ဆောင်ရွက်မှုများသည်၊ အချို့သောအခြေအနေများတွင်၊ နိုင်ငံတကာမှ အာရုံကျပူပန်စရာ၊ စိတ်ဝင်စားစရာ၊ တာဝန်ယူစရာကိစ္စရပ်များဖြစ်နေမှုနှင့် နိုင်ငံတကာလက္ခဏာဆောင်မှုကို ဆင်ခြင်စဉ်းစားလျက်၊

စာချုပ်များ၊ သဘောတူညီချက်များ၊ အခြားအပြုသဘောစီစဉ်ဆောင်ရွက်မှုများနှင့် ယင်းတို့ကကိုယ်စားပြုသော ဆက်စပ်မှု သည် ဌာနေတိုင်းရင်းသားလူမျိုးများနှင့် နိုင်ငံအစိုးရများအကြား ခိုင်မာတောင့်တင်းသောပေါင်းဖက်မှု၏ အခြေခံ အုတ်မြစ် ဖြစ်မှုကို လည်း ဆင်ခြင်စဉ်းစားလျက်၊

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အားဖြင့် မိမိတို့၏ နိုင်ငံရေးအဆင့်အတန်းကို လွတ်လပ်စွာသတ်မှတ်ပြဋ္ဌာန်းနိုင်ကာ မိမိတို့၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လွတ်လပ်စွာလိုက်စားကြံဆောင်နိုင်သဖြင့်၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူချက်၊ နှင့် အရပ်ဖက် အခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူချက်၊ ထို့အပြင် ဗီယင်နာကြေညာချက်နှင့် လုပ်ငန်း အစီအစဉ်တို့က လူမျိုးအားလုံးအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အရင်းခံကျသောအရေးပါမှုကို အခိုင်အမာအတည်ပြု ထားခြင်းကို အသိအ မှတ်ပြုလျက်၊

မည်သည့်လူမျိုးဖြစ်စေ နိုင်ငံတကာဥပဒေနှင့်အညီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကျင့်သုံးခြင်းအား ငြင်းပယ်ရာ၌ ဤကြေ ညာ စာတမ်းကိုအသုံးမချနိုင်စေရန် ရည်သန်လျက်၊

ဤကြေညာစာတမ်းပါ ဌာနေတိုင်းရင်းသားလူမျိုးအခွင့်အရေးများကို အသိအမှတ်ပြုခြင်းက နိုင်ငံအစိုးရနှင့် ဌာနေတိုင်းရင်းသားလူမျိုးတို့အကြား တရားမျှတမှု၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးလေးစားမှု၊ မခွဲခြားဆက်ဆံမှုနှင့် စိတ်ကောင်းစေတနာရှိမှုတို့အပေါ်အခြေခံသည့်၊ သဟဇာတကျလျက် ပူးပေါင်းဆောင်ရွက်မှုရှိသောဆက်ဆံရေးများ အားကောင်းစေမည်ကို အခိုင် အမာယုံကြည်လျက်၊

နိုင်ငံအစိုးရများအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အထူးသဖြင့် လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့်ဌာနများ အောက်၌ သက်ဆိုင်ရာလူမျိုးများနှင့် တိုင်ပင်ညှိနှိုင်းခြင်း ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဌာနေတိုင်းရင်းသားလူမျိုးတို့နှင့် သက်ဆိုင် သည့် တာဝန်ဝတ္တရားများကို ဖြည့်ဆီးခြင်း၊ ထိရောက်စွာအကောင်အထည်ဖော်ခြင်း ပြုလုပ်ရန် အားပေးလျက်၊

ဌာနေတိုင်းရင်းသားလူမျိုးအခွင့်အရေးများကို မြှင့်တင်ရာနှင့် ကာကွယ်စောင့်ရှောက်ရာ၌ ကုလသမဂ္ဂသည် အရေးပါသည့် အခန်းမှ ဆက်လက်ပါဝင်ဆောင်ရွက်ရေးကို အလေးပေးလျက်၊

ဤကြေညာစာတမ်းသည် ဌာနေတိုင်းရင်းသားလူမျိုးတို့၏ အခွင့်အရေးများ လွတ်လပ်ခွင့်များကို အသိအမှတ်ပြု မြှင့်တင် ကာကွယ်ရာ၌လည်းကောင်း၊ ဤနယ်ပယ်၌ သက်ဆိုင်ရာကုလသမဂ္ဂစနစ်၏ လှုပ်ရှားမှုများ ဖွံ့ဖြိုးတိုးတက်စေရာ၌ လည်း ကောင်း နောက်ထပ်အရေးပါသည့် ရှေ့ခြေလှမ်းတခုဖြစ်ကြောင်း ယုံကြည်လျက်၊

ဌာနေတိုင်းရင်းသားတဦးချင်းသည် နိုင်ငံတကာဥပဒေမှ အသိအမှတ်ပြုထားသည့် လူ့အခွင့်အရေးအားလုံးနှင့် ခွဲခြားမှုမရှိဘဲ အကြုံးဝင်ကြောင်းနှင့် ဌာနေတိုင်းရင်းသားလူမျိုးများသည် လူမျိုးများအဖြစ် မိမိတို့၏ရပ်တည်ရေး၊ သာယာဝပြောရေးနှင့် တစုတစည်းတည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်သော စုပေါင်းအခွင့်အရေးများ ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုကာ ထပ်လောင်းအတည်ပြုလျက်၊

ဌာနေတိုင်းရင်းသားလူမျိုးတို့၏ အခြေအနေသည် ဒေသတခုနှင့်တခု တိုင်းပြည်တပြည်နှင့်တပြည် ကွဲပြားကြောင်းနှင့် အမျိုး သားရေး နယ်မြေဒေသရေးထူးခြားချက်များ၊ အမျိုးမျိုးသော သမိုင်းကြောင်းနောက်ခံနှင့် ယဉ်ကျေးမှု နောက်ခံများ၏ အရေး ပါ မှုကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း လည်း အသိအမှတ်ပြုလျက်၊

အောက်ဖော်ပြပါ ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေး ကြေညာစာတမ်းကို ပေါင်းသင်း ဆက်ဆံရေးနှင့် အပြန်အလှန်လေးစားရေးစိတ်ဓာတ်ဖြင့် ကျင့်သုံးဆောင်ရွက်၍ ထမြောက်အောင်မြင်စေရမည့်စံနှုန်းအဖြစ် လေးနက်တည် ကြည်စွာ ချမှတ်ကြေညာလိုက်သည်။

ပုဒ်မ ၁
ဌာနေတိုင်းရင်းသားလူမျိုးများ Indigenous peoples သည် အစုအပေါင်းတခုအဖြစ်သော်လည်းကောင်း၊ တဦးချင်းအဖြစ် သော်လည်းကောင်း ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့မှ အသိအမှတ်ပြုထားသည့် လူ့အခွင့်အရေးအားလုံးနှင့် အခြေခံလွတ်လပ်ခွင့် အားလုံးကို အပြည့်အဝ ခံစားခွင့်ရှိသည်။

▪ ပုဒ်မ ၂
ဌာနေတိုင်းရင်းသားလူမျိုးများနှင့် ဌာနေတိုင်းရင်းသားတဦးချင်းတို့သည် လွတ်လပ်ပြီး အခြားလူမျိုးများ၊ အခြား လူတဦးချင်းများနှင့် တန်းတူဖြစ်သည်။ မိမိတို့၏အခွင့်အရေးများ၊ အထူးသဖြင့် ဌာနေတိုင်းရင်းဇာတိ သို့မဟုတ် ကိုယ်ပိုင် အမှတ်အသားလက္ခဏာအပေါ် အခြေခံသည့် အခွင့်အရေးများကျင့်သုံးရာတွင် မည်သည့်ခွဲခြားဆက်ဆံမှုမျိုးမဆိုမှ ကင်းလွတ်ခွင့်ရှိသည်။

▪ ပုဒ်မ ၃
ဌာနေတိုင်းရင်းသားလူမျိုးများ၌ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည်။ ယင်းအခွင့်အရေးအရ ၎င်းတို့သည် မိမိတို့၏ နိုင်ငံ ရေးအနေအထားကို လွတ်လပ်စွာသတ်မှတ်ပြဋ္ဌာန်းခွင့်ရှိပြီး မိမိတို့၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် ရေးကို လွတ်လပ်စွာလိုက်စားကျင့်သုံးခွင့်ရှိသည်။

▪ ပုဒ်မ ၎
ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးရာ၌ မိမိတို့၏ အတွင်းရေး၊ ဒေသန္တရရေးနှင့် ပတ်သက်သည့် အကြောင်းကိစ္စများ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့် autonomy သို့မဟုတ် ကိုယ်ပိုင်အစိုးရ ထားရှိခွင့် self-government ရှိသည့်အပြင် မိမိတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးလုပ်ငန်းများကို ဘဏ္ဍာငွေထောက်ပံ့ရန် နည်းလမ်းများ နည်းနာများအသုံးပြုခွင့်လည်းရှိသည်။

▪ ပုဒ်မ ၅
ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့မှရွေးချယ်သည့်အတိုင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဘဝတွင် အပြည့်အဝပါဝင်ဆောင်ရွက်နိုင်ခွင့်ကို ထိန်းသိမ်းထားလျက် မိမိတို့၏သီးသန့် နိုင်ငံရေး၊ ဥပဒေရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအဆောက်အအုံများကို ထိန်းသိမ်း ကြံ့ခိုင်အောင်လုပ်ပိုင်ခွင့်ရှိသည်။

▪ ပုဒ်မ ၆
မည်သည့်ဌာနေတိုင်းရင်းသားတဦးချင်းမဆို လူမျိုးတမျိုး nationality အဖြစ် ခံယူခွင့်ရှိသည်။

▪ ပုဒ်မ ၇
၁။ ဌာနေတိုင်းရင်းသားတဦးချင်းသည် အသက်ရှင်ရပ်တည်ပိုင်ခွင့်၊ ရုပ်ပိုင်း စိတ်ပိုင်းပြည့်စုံခိုင်မြဲပိုင်ခွင့်၊ လွတ်လပ် ခွင့်နှင့် ပုဂ္ဂိုလ်အရလုံခြုံမှုရပိုင်ခွင့်ရှိသည်။


၂။ ဌာနေတိုင်းရင်းသားလူမျိုးများသည် သီးခြားလူမျိုးများအဖြစ် လွတ်လပ် ငြိမ်းချမ်း လုံခြုံစွာ စုပေါင်းနေထိုင်ခွင့် ရှိပြီး အုပ်စုတွင်းမှကလေးငယ်များကို အခြားအုပ်စုဆီသို့ အတင်းအကြပ်ရွှေ့ပြောင်းပစ်ခြင်း အပါအဝင် မည်သို့သော လူမျိုးတုံးသတ်ဖြတ်မှု သို့မဟုတ် မည်သို့သောအခြားအကြမ်းဖက်မှုတို့ကိုမှ မခံရစေရ။

▪ ပုဒ်မ ၈
၁။ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် ဌာနေတိုင်းရင်းသားတဦးချင်းတို့သည် မိမိတို့ယဉ်ကျေးမှုကို အတင်းအကြပ် ဝါးမျိုသိမ်းသွင်းခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မခံရစေရန် အခွင့်အရေးရှိသည်။

၂။ နိုင်ငံအစိုးရများသည် အောက်ပါတို့ကို ကာကွယ်ရန်နှင့် လျော်ကြေးရရှိစေရန်အတွက် ထိရောက်သော ယန္တရားများ ဆောင်ကျဉ်းပေးရမည်။
(က) သီးသန့်လူမျိုးများအဖြစ် မိမိတို့၏တည်တံ့ခိုင်မြဲမှုကိုသော်လည်းကောင်း၊ မိမိတို့၏ယဉ်ကျေးမှုတန်ဖိုးများကို သော်လည်းကောင်း၊ တိုင်းရင်းသားကိုယ်ပိုင်အမှတ်လက္ခဏာများ ethnic identities ကိုသော်လည်းကောင်း ဆုံးရှုံးစေမည့် ရည်ရွယ်ချက် သို့မဟုတ် ရလဒ်ဖြစ်စေသည့် မည်သည့်လုပ်ရပ်မဆို
(ခ) မိမိတို့၏မြေယာများ သို့မဟုတ် နယ်မြေများ သို့မဟုတ် သယံဇာတများ လက်မဲ့ဖြစ်စေမည့်ရည်ရွယ်ချက် သို့မဟုတ် ရလဒ်ဖြစ်စေသည့် မည်သည့်လုပ်ရပ်မဆို
(ဂ) မိမိတို့၏အခွင့်အရေးတခုခုကို ဖောက်ဖျက်မည့် သို့မဟုတ် ပျက်ပြားစေမည့် ရည်ရွယ်ချက် သို့မဟုတ် ရလဒ်ဖြစ်စေသည့် မည်သည့် အတင်းအကြပ် လူဦးရေရွှေ့ပြောင်းမှုသဏ္ဍာန်မဆို
(ဃ) မည်သည့် အတင်းအကြပ် ဝါးမျိုသိမ်းသွင်းမှု သို့မဟုတ် ပေါင်းစည်းမှုသဏ္ဍာန်မဆို
(င) မိမိတို့ကို ဆန့်ကျင်နေသည့် လူမျိုး racial ခွဲခြားရေး သို့မဟုတ် တိုင်းရင်းသား ethnic ခွဲခြားရေးကို အားပေးအားမြှောက် သို့မဟုတ် လှုံ့ဆော်နှိုးဆွသည့် မည်သည့်ဝါဒဖြန့်ချိရေးသဏ္ဍာန်မဆို

▪ ပုဒ်မ ၉
ဌာနေတိုင်းရင်းသားလူမျိုးများနှင့် ဌာနေတိုင်းရင်းသားတဦးချင်းတို့သည် သက်ဆိုင်ရာ ရပ်ရွာအသိုင်းအဝိုင်း community သို့မဟုတ် အမျိုးသား nation ၏ ရိုးရာအစဉ်အလာများ ဓလေ့ထုံးစံများနှင့်အညီ ဌာနေတိုင်းရင်းသား ရပ်ရွာအသိုင်းအဝိုင်း သို့မဟုတ် အမျိုးသားတရပ်တွင် ပါဝင်ခွင့်ရှိသည်။ ယင်းအခွင့်အရေးကို ကျင့်သုံးရာ၌ မည်သို့သော ခွဲခြားဆက်ဆံမှုမျိုးမှ မရှိစေရ။

ပုဒ်မ ၁ဝ
ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့မြေယာများ သို့မဟုတ် နယ်မြေများမှ အတင်းအကြပ်ဖယ်ရှားခံရခြင်း မရှိစေရ။ သက်ဆိုင်ရာဌာနေတိုင်းရင်းသားလူမျိုးများမှ အချက်အလက်အပြည့်အစုံသိရှိပြီးနောက် လွတ်လပ်စွာကြိုတင် သဘောတူမှုမရှိဘဲနှင့်လည်းကောင်း၊ တရားမျှတ သင့်တော်သည့် အလျော်ပေးရေးသဘောတူညီချက် ရှိမထားဘဲနှင့် လည်းကောင်း၊ ဖြစ်နိုင်သည့်နေရာတိုင်းတွင် ပြန်လာနေထိုင်ခွင့်ပေးမထားဘဲနှင့်လည်းကောင်း နေရာရွှေ့ပြောင်းမှု မဖြစ်စေ ရ။

▪ ပုဒ်မ ၁၁
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများနှင့် ဓလေ့ထုံးစံများ ကျင့်သုံး ခွင့်၊ ပြန်လည်ရှင်သန်စေခွင့်ရှိသည်။ ဤအခွင့်အရေးထဲတွင် ရှေးဟောင်းနှင့် သမိုင်းဝင်နေရာများ၊ ပစ္စည်းများ၊ ဒီဇိုင်း လက်ရာများ၊ ပွဲလမ်းသဘင်များ၊ နည်းပညာများ၊ စက္ခုပသာဒအနုပညာများ၊ သရုပ်ဆောင်အနုပညာများနှင့် စာပေအနု ပညာ စသည့် မိမိတို့၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ယဉ်ကျေးမှုဖော်ပြချက်များကို ထိန်းသိမ်း ကာကွယ် ဖွံ့ဖြိုးစေခွင့် ပါဝင်သည်။

၂။ ဌာနေတိုင်းရင်းသားလူမျိုးတို့၏ ယဉ်ကျေးမှုဆိုင်ရာ၊ အသိပညာဆိုင်ရာ၊ ဘာသာရေးဆိုင်ရာနှင့် နာမ်ပိုင်း ဆိုင်ရာပိုင်ဆိုင်မှုတို့ကို ၎င်းတို့မှ အချက်အလက်အပြည့်အစုံသိရှိပြီးနောက် လွတ်လပ်စွာကြိုတင်သဘောတူချက် မရှိဘဲ သော်လည်းကောင်း၊ ၎င်းတို့၏ ဥပဒေများ၊ ရိုးရာစဉ်လာများနှင့် ဓလေ့ထုံးစံများကို ဖောက်ဖျက်၍သော်လည်းကောင်း ယူငင်သွားခဲ့မှုနှင့်ပတ်သက်ပြီး ဌာနေတိုင်းရင်းသားများနှင့် တွဲဖက်ဖော်ထုတ်ထားသည့် ပြန်လည်အပ်နှံခြင်း အပါအဝင် ထိရောက်သောယန္တရားစနစ်များအားဖြင့် နိုင်ငံအစိုးရတို့က အလျော်ပေးရမည်။

▪  ပုဒ်မ ၁၂
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ နာမ်ပိုင်းနှင့် ဘာသာရေးအစဉ်အလာများ၊ ဓလေ့ထုံးတမ်းများ နှင့် ပွဲလမ်းသဘင်များ ဖော်ထုတ်ခွင့်၊ ကျင့်သုံးခွင့်၊ ဖွံ့ဖြိုးစေခွင့်နှင့် သင်ကြားပို့ချခွင့်ရှိသည်။ မိမိတို့၏ ဘာသာရေးနှင့် ယဉ်ကျေးမှုနေရာဌာနများကို ထိန်းသိမ်းခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် တသီးတသန့်လွတ်လပ်စွာသုံးစွဲခွင့်ရှိသည်။ မိမိတို့၏ လူသားရုပ်ကြွင်းများကို ဇာတိမြေပြန်ပို့ခွင့်ရှိသည်။

၂။ နိုင်ငံအစိုးရများသည် သက်ဆိုင်ရာ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် တွဲဖက်ဖော်ထုတ်ထားသော မျှတ ပွင့်လင်း ထိရောက်သည့် ယန္တရားစနစ်များအားဖြင့် နိုင်ငံအစိုးရလက်ဝယ်ရှိ ဌာနေတိုင်းရင်းသား ပွဲလမ်းသဘင်ပစ္စည်းများ နှင့် လူသားရုပ်ကြွင်းများ ကိုင်တွယ်သုံးစွဲနိုင်ရေး နှင့်/သို့မဟုတ် ဇာတိမြေပြန်ပို့နိုင်ရေးကို ဖြစ်မြောက်နိုင်ရန် ကြိုးပမ်းရ မည်။

▪ ပုဒ်မ ၁၃
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏သမိုင်းများ၊ ဘာသာစကားများ၊ ပါးစပ်ရာဇဝင်ထုံးတမ်းစဉ်လာ များ၊ ဒဿနများ၊ စာရေးသားမှုစနစ်များနှင့် စာပေများအား ပြန်လည်ရှင်သန်စေခွင့်၊ အသုံးပြုခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် အနာဂတ်မျိုးဆက်များသို့ဖြန့်ချိခွင့် ရှိသည်။ ရပ်ရွာများ၊ နေရာဒေသများနှင့် လူပုဂ္ဂိုလ်များအတွက် မိမိတို့၏ကိုယ်ပိုင် အမည်များကို ဖော်ထုတ်ခွင့် ထိန်းသိမ်းခွင့်ရှိသည်။

၂။ နိုင်ငံအစိုးရများသည် ဤအခွင့်အရေးအား အသေအချာကာကွယ်စောင့်ရှောက်ရန် ထိရောက်သည့်အစီ အမံများ ဆောင်ရွက်ရမည်။ ထို့အပြင် ဌာနေတိုင်းရင်းသားတို့သည် နိုင်ငံရေး၊ ဥပဒေရေးနှင့် အုပ်ချုပ်ရေး ဆောင်ရွက်မှု တို့ကို နားလည်နိုင်ရန်နှင့် နားလည်ခံနိုင်ရန်အတွက်လည်း လိုအပ်သည့်နေရာတိုင်း၌ ဘာသာပြန်မှု ဆောင်ရွက်ပေးခြင်း သို့မဟုတ် အခြားသင့်တော်သည့်နည်းလမ်းများဖြင့် အာမခံရမည်။

▪ ပုဒ်မ ၁၄
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ သင်ကြားရေး သင်ယူရေးဆိုင်ရာ ယဉ်ကျေးမှုနည်းလမ်းများနှင့် ကိုက်ညီလျက် မိမိတို့ဘာသာစကားများဖြင့် ပညာသင်ကြားပေးနေသည့် ပညာရေးစနစ်များ အဆောက်အအုံများကို ထူထောင်ခွင့် ထိန်းချုပ်ခွင့်ရှိသည်။

၂။ ဌာနေတိုင်းရင်းသားတဦးချင်း၊ အထူးသဖြင့် ကလေးသူငယ်များသည် ခွဲခြားဆက်ဆံခံရမှုမရှိဘဲ နိုင်ငံ့ပညာရေး အဆင့်အားလုံး သဏ္ဍာန်အားလုံးကို ခံယူခွင့်ရှိသည်။

၃။ နိုင်ငံအစိုးရများသည် ဌာနေတိုင်းရင်းသားလူမျိုးများနှင့် တွဲဖက်၍၊ မိမိရပ်ရွာအသိုင်းအဝိုင်းပြင်ပ၌ နေထိုင် နေသူများအပါအဝင် ဌာနေတိုင်းရင်းသားတဦးချင်း၊ အထူးသဖြင့် ကလေးသူငယ်များအတွက် ဖြစ်နိုင်သည့်အချိန်တိုင်းတွင် မိမိကိုယ်ပိုင်ယဉ်ကျေးမှုအောက်မှ မိမိကိုယ်ပိုင်ဘာသာစကားဖြင့်သင်ကြားသည့် ပညာရေးကို ခံယူနိုင်ရန် ထိရောက်သည့် အစီအမံများ လုပ်ဆောင်ရမည်။

▪ ပုဒ်မ ၁၅
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့ ယဉ်ကျေးမှုဓလေ့များ၊ ထုံးတမ်းစဉ်လာများ၊ သမိုင်းများနှင့် မျှော်မှန်းချက်များကို ဂုဏ်သိက္ခာရှိစွာနှင့် ထွေပြားစုံလင်စွာ ခံယူခွင့်ရှိပြီး ပညာရေးနှင့် လူထုသတင်းပြန်ကြားရေးပိုင်းတွင် သင့်လျော်စွာထင်ဟပ်စေရမည်။

၂။ နိုင်ငံအစိုးရများသည် သက်ဆိုင်ရာဌာနေတိုင်းရင်းသားများနှင့် တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကာ အာဃာတတရား တိုက်ဖျက်ရေး၊ ခွဲခြားဆက်ဆံမှုပပျောက်ရေး၊ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် လူ့အဖွဲ့အစည်း၏ အခြားအစိတ်အပိုင်း အားလုံးအတွင်း သည်းခံခွင့်လွှတ်မှု နားလည်မှုနှင့် ဆက်ဆံရေးကောင်းများ မြှင့်တင်ရေးအတွက် ထိရောက်သည့်အစီအမံများ လုပ်ဆောင်ရမည်။

▪ ပုဒ်မ ၁၆
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့ကိုယ်ပိုင်ဘာသာစကားများဖြင့် မိမိတို့ကိုယ်ပိုင်မီဒီယာ ထူထောင် ခွင့်၊ ဌာနေတိုင်းရင်းသားမဟုတ်သောမီဒီယာကို ခွဲခြားဆက်ဆံခံရမှုမရှိဘဲ အသုံးပြုခွင့်ရှိသည်။

၂။ နိုင်ငံအစိုးရပိုင်မီဒီယာများသည် ဌာနေတိုင်းရင်းသားယဉ်ကျေးမှု၏ ထွေပြားစုံလင်မှုကို ထိုက်သင့်သည့် အတိုင်း အသေအချာထင်ဟပ်စေဖို့ နိုင်ငံအစိုးရများက ထိရောက်သည့်အစီအမံများ ဆောင်ရွက်ရမည်။ နိုင်ငံအစိုးရများ သည် လွတ်လပ်စွာဖော်ပြခွင့်ကို မထိခိုက်စေဘဲ ပုဂ္ဂလိကပိုင်မီဒီယာများအနေဖြင့် ဌာနေတိုင်းရင်းသားယဉ်ကျေးမှု၏ ထွေပြားစုံလင်မှုကို အလုံအလောက်ထင်ဟပ်စေရန် အားပေးရမည်။

▪ ပုဒ်မ ၁၇
၁။ ဌာနေတိုင်းရင်းသားတဦးချင်းများနှင့်လူမျိုးများသည် အကျုံးဝင်သည့် နိုင်ငံတကာအလုပ်သမားဥပဒေနှင့် ပြည်တွင်းအလုပ်သမားဥပဒေတို့အောက်၌ သတ်မှတ်ထားသည့်အခွင့်အရေးအားလုံး အပြည့်အဝခံစားခွင့်ရှိသည်။

၂။ နိုင်ငံအစိုးရများသည် ကလေးသူငယ်များ၏ အထူးထိခိုက်လွယ်မှုနှင့် ၎င်းတို့စွမ်းအားမြှင့်နိုင်မည့် ပညာရေး၏အရေးပါမှု တို့ကို ထည့်သွင်းစဉ်းစားကာ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက် ၍ ဌာနေတိုင်းရင်းသား ကလေးသူငယ်များ စီးပွားရေးအရ ခေါင်းပုံဖြတ်သွေးစုတ်ခံရခြင်းမှလည်းကောင်း၊ အန္တရာယ်ရှိနိုင် သည့် သို့မဟုတ် ကလေး ၏ပညာရေးကို အနှောင့်အယှက်ဖြစ်နိုင်သည့် သို့မဟုတ် ကလေး၏ကျန်းမာရေး၊ ရုပ်ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ နာမ်ပိုင်း၊ စာရိတ္တပိုင်း၊ လူမှုရေးပိုင်း ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်သည့် မည်သည့်အလုပ်မဆို လုပ်ကိုင်ခြင်းမှ လည်းကောင်း၊ ကာကွယ်စောင့် ရှောက်နိုင်ရန် အထူးသီးသန့်အစီအမံများ ဆောင်ရွက်ရမည်။

၃။ ဌာနေတိုင်းရင်းသားတဦးချင်းသည် အလုပ်ခွင်အခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ အလုပ်အကိုင်ရရှိမှု သို့မဟုတ် လုပ်ခလစာနှင့်ပတ်သက်၍လည်းကောင်း မည်သည့်ခွဲခြားဆက်ဆံမှုကိုမှ မခံရပိုင်ခွင့်ရှိသည်။

▪ ပုဒ်မ ၁၈
ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့အခွင့်အရေးများ ထိခိုက်မည့်အရေးကိစ္စများ၌ ဆုံးဖြတ်ချက်ချရာတွင် မိမိတို့ကိုယ်ပိုင်လုပ်ထုံးလုပ်နည်းများနှင့်အညီ မိမိတို့ကိုယ်တိုင်ရွေးချယ်ထားသည့် ကိုယ်စားလှယ်များမှတဆင့် ပါဝင်ခွင့်ရှိ သည်။ ထိုမျှသာမက မိမိတို့ကိုယ်ပိုင် ဌာနေတိုင်းရင်းသား ဆုံးဖြတ်ချက်ချအဆောက်အအုံများကို ထားရှိထိန်းသိမ်းခွင့်နှင့် ဖွံ့ဖြိုးတိုးတက်စေခွင့်လည်းရှိသည်။

▪ ပုဒ်မ ၁၉
နိုင်ငံအစိုးရများသည် ဌာနေတိုင်းရင်းသားလူမျိုးများကို ထိခိုက်စေနိုင်သည့် ဥပဒေပြုပိုင်းအစီအမံများ သို့မဟုတ် အုပ်ချုပ်ရေးပိုင်းအစီအမံများ ချမှတ် အကောင်အထည်ဖော်ခြင်းမပြုမီ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးတို့၏ ကိုယ်ပိုင် ကိုယ်စားပြုအဆောက်အအုံများမှတဆင့် ‚င်းတို့၏ သတင်းအချက်အလက်စုံသိရှိထားပြီးနောက် လွတ်လပ်စွာကြိုတင် သဘောတူချက်ကို ရရှိနိုင်ရန် ယင်းဌာနေတိုင်းရင်းသားလူမျိုးများနှင့် တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရမည်။

▪ ပုဒ်မ ၂ဝ
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစနစ်များ သို့မဟုတ် အဆောက်အအုံများကို ထိန်းသိမ်းထားရှိခွင့်နှင့် ဖွံ့ဖြိုးတိုးတက်စေခွင့်ရှိသည်။ မိမိတို့၏ အသက်ရှင်ရပ်တည်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိုယ်ပိုင်နည်းလမ်းများကို ခိုင်ခိုင်မာမာ ခံစားခွင့်ရှိသည်။ မိမိတို့၏ ရိုးရာစဉ်လာလှုပ်ရှားမှုများ၊ အခြားစီးပွားရေးလှုပ်ရှားမှုများ အားလုံးကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိသည်။

၂။ မိမိတို့၏ အသက်ရှင်ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနည်းလမ်းများမှ ဖယ်ရှားခံရသော ဌာနေ တိုင်းရင်းသား လူမျိုးများသည် တရားမျှတ သင့်တော်သည့် အလျော်ပေးမှုကို ရပိုင်ခွင့်ရှိသည်။

▪ ပုဒ်မ ၂၁
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် ပညာရေး၊ အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းသင်တန်းနှင့် မွမ်းမံ သင်တန်း၊ အိုးအိမ်၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် လူမှုလုံခြုံရေးအပါအဝင် မိမိတို့၏ စီးပွားရေးနှင့် လူမှုရေး အခြေအနေများ တိုးတက်မြင့်မားအောင် ခွဲခြားဆက်ဆံမှုမခံရစေဘဲ လုပ်ပိုင်ခွင့်ရှိသည်။

၂။ နိုင်ငံအစိုးရများသည် မိမိတို့၏ စီးပွားရေးနှင့် လူမှုရေးအခြေအနေများ အသေအချာ အဆက်မပြတ် တိုးတက် မြင့်မားစေနိုင်ရန် ထိရောက်သည့်အစီအမံများနှင့် သင့်လျော်သည့်နေရာတို့တွင် အထူးအစီအမံများ ချမှတ်ရမည်။ ဌာနေ တိုင်းရင်သား သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ လူငယ်များ၊ ကလေးသူငယ်များနှင့် မစွမ်းမသန်များ၏ အခွင့်အရေး များနှင့် အထူးလိုအပ်ချက်များကို အထူးအာရုံစိုက်ရမည်။

▪ ပုဒ်မ ၂၂
၁။ ဤကြေညာစာတမ်းကို အကောင်အထည်ဖော်ကျင့်သုံးရာ၌ ဌာနေတိုင်းရင်းသား သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ လူငယ်များ၊ ကလေးသူငယ်များနှင့် မစွမ်းမသန်များ၏ အခွင့်အရေးများနှင့် အထူးလိုအပ်ချက်များကို အထူးအာရုံစိုက်ရမည်။

၂။ နိုင်ငံအစိုးရများသည် ဌာနေတိုင်းရင်းသားလူမျိုးများနှင့်တွဲဖက်၍ ဌာနေတိုင်းရင်းသားအမျိုးသမီးများနှင့် ကလေးသူငယ်များအနေဖြင့် အကြမ်းဖက်မှုသဏ္ဍာန်အားလုံးနှင့် ခွဲခြားဆက်ဆံမှုသဏ္ဍာန်အားလုံးမှ အပြည့်အဝကာကွယ် စောင့်ရှောက်ခံနိုင်ရေးနှင့် အာမခံရေးကို သေချာအောင် အစီအမံများချမှတ်ဆောင်ရွက်ရမည်။

▪ ပုဒ်မ ၂၃
ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ဖွံ့ဖြိုးတိုးတက်ခွင့်အား ကျင့်သုံးရန်အတွက် ဦးစားပေးအစီအစဉ် များနှင့် မဟာ ဗျူဟာများ သတ်မှတ်ပြဋ္ဌာန်းခွင့်နှင့် ဖော်ထုတ်ဖွံ့ဖြိုးစေခွင့်ရှိသည်။ အထူးသဖြင့် ဌာနေတိုင်းရင်းသားလူမျိုး များသည် မိမိတို့ အပေါ် အကျိုးသက်ရောက်မှုရှိသည့် ကျန်းမာရေး၊ အိုးအိမ်နှင့် အခြားစီးပွားရေး၊ လူမှုရေးလုပ်ငန်းစဉ်များ ဖော်ထုတ်ဖွံ့ဖြိုး စေရာ၌လည်းကောင်း၊ သတ်မှတ်ပြဋ္ဌာန်းရာ၌လည်းကောင်း၊ ဖြစ်နိုင်ပါက မိမိတို့ကိုယ်ပိုင်အဆောက်အအုံ ဌာနများမှတဆင့် ယင်းလုပ်ငန်းစဉ်များကို စီမံအုပ်ချုပ်ရာ၌လည်းကောင်း အင်တိုက်အားတိုက် ပါဝင်ပတ်သက်ခွင့်ရှိသည်။

▪ ပုဒ်မ ၂၄
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ အသက်သွေးကြောဖြစ်သည့်ပရဆေးပင်များ၊ တိရစ္ဆာန်များနှင့် သတ္တုများ ထိန်းသိမ်းရေးအပါအဝင် မိမိတို့၏ ရိုးရာစဉ်လာဆေးဝါးများသုံးစွဲခွင့်၊ မိမိတို့၏ကျန်းမာရေးလုပ်ထုံးလုပ်နည်း ကျင့်စဉ်များကို ထိန်းသိမ်းထားခွင့်ရှိသည်။ ဌာနေတိုင်းရင်းသားတဦးချင်းအနေဖြင့်လည်း လူမှုရေးဝန်ဆောင်မှုအားလုံး ကျန်းမာရေးဝန် ဆောင်မှုအားလုံးကို ခွဲခြားဆက်ဆံခံရခြင်းမရှိဘဲ အသုံးပြုခွင့်ရှိသည်။

၂။ ဌာနေတိုင်းရင်းသားတဦးချင်းသည် ဖြစ်နိုင်သမျှအမြင့်ဆုံး ရုပ်ပိုင်း စိတ်ပိုင်းကျန်းမာရေးကို တန်းတူရည်တူ ခံစားခွင့်ရှိသည်။ ဤအခွင့်အရေးကို အပြည့်အဝအသုံးချနိုင်ရန်အတွက် နိုင်ငံအစိုးရများသည် တဖြည်းဖြည်းတိုးတက် ဖြစ်မြောက်ရေးရည်မှန်းချက်ဖြင့် လိုအပ်သည့်ခြေလှမ်းများ လှမ်းရမည်။

▪ ပုဒ်မ ၂၅
ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ရိုးရာစဉ်လာအရ ပိုင်ဆိုင်ထားသည့် သို့မဟုတ် တနည်းနည်းဖြင့် ရယူ အသုံးပြုထားသည့် မြေယာများ၊ နယ်မြေများ၊ မြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်ကမ်းရိုးတန်းများ၊ အခြားသယံ ဇာတများနှင့် ထူးခြားသည့်နာမ်ပိုင်းဆက်ဆံရေးကို ထိန်းသိမ်းထားရှိခွင့်နှင့် ကြံ့ခိုင်တောင့်တင်းစေခွင့်ရှိသည်။ ဤကိစ္စနှင့် ပတ်သက်၍ အနာဂတ်မျိုးဆက်သစ်များအတွက် မိမိတို့၏တာဝန်ရှိမှုကို ကိုင်စွဲထားခွင့်ရှိသည်။

▪ ပုဒ်မ ၂၆
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့မှ ရိုးရာစဉ်လာအရ ပိုင်ဆိုင် ရယူ သို့မဟုတ် တနည်းနည်းဖြင့် အသုံးပြု ရရှိထားသည့် မြေယာများ၊ နယ်မြေများ၊ သယံဇာတများကို ပိုင်ဆိုင်သုံးစွဲခွင့်ရှိသည်။

၂။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့မှ ရိုးရာစဉ်လာပိုင်ဆိုင်မှု သို့မဟုတ် အခြားရိုးရာစဉ်လာရယူမှု အသုံးပြုမှုအားဖြင့် လည်းကောင်း၊ အခြားတနည်းနည်းနှင့် ရရှိထားခြင်းအားဖြင့်လည်းကောင်း ပိုင်ဆိုင်ထားသည့် မြေယာ များ၊ နယ်မြေများ၊ သယံဇာတများကို ပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်၊ ဖော်ထုတ်ဖွံ့ဖြိုးခွင့်နှင့် ချုပ်ကိုင်ခွင့်ရှိသည်။

၃။ နိုင်ငံအစိုးရများသည် ဤမြေယာများ၊ နယ်မြေများ၊ သယံဇာတများကို ဥပဒေအရ အသိအမှတ်ပြု ကာကွယ် စောင့် ရှောက်ပေးရမည်။ ယင်းသို့အသိအမှတ်ပြုရာတွင် သက်ဆိုင်ရာဌာနေတိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးစံများ၊ ရိုးရာစဉ်လာများနှင့် မြေပိုင်ဆိုင်မှုစနစ်များအား ထိုက်သင့်စွာလေးစားလျက် ဆောင်ရွက်ရမည်။

▪ ပုဒ်မ ၂၇
နိုင်ငံအစိုးရများသည် သက်ဆိုင်ရာဌာနေတိုင်းရင်းသားလူမျိုးများနှင့် တွဲဖက်၍၊ ဌာနေတိုင်းရင်းသားလူမျိုးတို့၏ ဥပဒေများ၊ ရိုးရာစဉ်လာများ၊ ဓလေ့ထုံးစံများနှင့် မြေယာပိုင်ဆိုင်မှုစနစ်များကို ထိုက်သင့်စွာ အသိအမှတ်ပြုလျက်၊ အစဉ် အလာအရ ပိုင်ဆိုင်ခဲ့သည့် သို့မဟုတ် တနည်းနည်းဖြင့် ရယူ သို့မဟုတ် အသုံးပြုထားသည့် မြေယာ၊ နယ်မြေ၊ သယံ ဇာတများအပါအ၀င် ၎င်းတို့၏ မြေယာများ၊ နယ်မြေများ၊ သယံဇာတများနှင့်ပတ်သက်သည့် အခွင့်အရေးများကို အသိ အမှတ်ပြုနိုင်ရန်နှင့် အဆုံးအဖြတ်ပေးစီရင်ချက်ချနိုင်ရန် တရားမျှတ လွတ်လပ်၍ ဘက်မလိုက်ဘဲ ပွင့်လင်းပြီး ထင်သာ မြင်သာသည့် ဖြစ်စဉ်တရပ် ထူထောင် အကောင်အထည်ဖော်ရမည်။ ဌာနေတိုင်းရင်းသားလူမျိုးများသည် ဤဖြစ်စဉ်၌ ပါဝင်ဆောင်ရွက် ခွင့်ရှိရမည်။

▪ ပုဒ်မ ၂၈
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့မှ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံသိပြီးနောက် လွတ်လပ် သည့် ကြိုတင်သဘောတူညီချက်မရှိဘဲ သိမ်းပိုက် ယူငင် ရယူ အသုံးပြု ဖျက်ဆီးခံရသည့်၊ မိမိတို့ အစဉ်အလာအရ ပိုင်ဆိုင်ခဲ့သော သို့မဟုတ် တနည်းနည်းဖြင့် ရယူထား သို့မဟုတ် အသုံးပြုနေသော မြေယာများ၊ နယ်မြေများ၊ သယံဇာတ များအတွက် အလျော်အစားပြန်ရခွင့်ရှိသည်။ အလျော်အစားထဲတွင် ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် ဤသို့မဖြစ်နိုင်ပါက သင့်လျော် တရားမျှတသည့် လျော်ကြေးပေးခြင်း ပါဝင်သည်။

၂။ သက်ဆိုင်ရာလူမျိုးများမှ အခြားနည်းတနည်းနည်းကို လွတ်လပ်စွာသဘောတူထားမှု မရှိပါက လျော်ကြေးပေးမှုသည် အရည်အသွေး၊ အရွယ်အစားနှင့် ဥပဒေအဆင့်အတန်းအရ တူညီသော မြေယာများ၊ နယ်မြေများ၊ သယံ ဇာတများ ပုံ သဏ္ဌာန်ဖြင့်သော်လည်းကောင်း၊ ငွေကြေးအရ လျော်ကြေးပေးခြင်းပုံသဏ္ဌာန်ဖြင့်သော်လည်းကောင်း၊ အခြား သင့်လျော် ရာ အလျော်အစားပုံသဏ္ဌာန်ဖြင့်သော်လည်းကောင်း ဖြစ်ရမည်။

▪ ပုဒ်မ ၂၉
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် သဘာဝပတ်ဝန်းကျင်နှင့် မိမိတို့၏မြေယာများ သို့မဟုတ် နယ်မြေများနှင့် သယံဇာတများ၏ ထုတ်လုပ်ရေးစွမ်းရည်ကို ထိန်းသိမ်းခွင့် ကာကွယ်စောင့်ရှောက်ခွင့်ရှိသည်။ ယင်းသို့ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် နိုင်ငံအစိုးရများသည် ဌာနေတိုင်းရင်းသားလူမျိုးများအတွက် အထောက်အကူပေးလုပ်ငန်းစဉ်များကို ခွဲခြားဆက်ဆံမှုမရှိဘဲ ထူထောင် အကောင်အထည်ဖော်ရမည်။

၂။ ဌာနေတိုင်းရင်းသားလူမျိုးတို့မှ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံသိပြီးနောက် လွတ်လပ်သည့် ကြိုတင် သဘောတူညီ ချက်မရှိဘဲ ၎င်းလူမျိုးတို့၏ မြေယာများ သို့မဟုတ် နယ်မြေများတွင် ဘေးအန္တရာယ်ရှိပစ္စည်းများ သိုလှောင် ခြင်း သို့မဟုတ် စွန့်ပစ်ခြင်း မပြုလုပ်ရန် နိုင်ငံအစိုးရတို့က ထိရောက်သည့် အစီအမံများ အသေအချာ ဆောင်ရွက်ရမည်။

၃။ ယင်းသို့သော ဓာတ်ပစ္စည်းများ၏ ထိခိုက်မှုခံရသည့် ဌာနေတိုင်းရင်းသားလူမျိုးတို့ကျန်းမာရေးကို စောင့် ကြည့်စစ်ဆေး ရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပြန်လည်ကောင်းမွန်ရေးအတွက် ၎င်းလူမျိုးတို့ ဖော်ထုတ်ဖွံ့ဖြိုးထားကာ အကောင် အထည်ဖော်နေသည့် လုပ်ငန်းစဉ်များ ထိုက်သင့်စွာအကောင်အထည်ဖော်မှုအား သေချာစေရန် နိုင်ငံအစိုးရတို့ က ထိရောက်သည့်အစီအမံများ လိုအပ်သလိုဆောင်ရွက်ရမည်။

▪ ပုဒ်မ ၃၀
၁။ သက်ဆိုင်သည့် အများပြည်သူ့အကျိုးစီးပွားအရ သင့်လျော်ကြောင်း မပြနိုင်ပါက သို့မဟုတ် သက်ဆိုင်ရာ ဌာနေတိုင်းရင်းသားလူမျိုးတို့နှင့် တနည်းနည်းဖြင့် လွတ်လပ်စွာသဘောတူထားခြင်း သို့မဟုတ် တောင်းခံခြင်းမရှိပါက ဌာနေတိုင်းရင်းသား လူမျိုးတို့၏ မြေယာများ သို့မဟုတ် နယ်မြေများတွင် စစ်ရေးလှုပ်ရှားမှုများ မလုပ်ဆောင်ရ။

၂။ နိုင်ငံအစိုးရများသည် ဌာနေတိုင်းရင်းသားတို့၏ မြေယာများ သို့မဟုတ် နယ်မြေများကို စစ်ရေးလှုပ်ရှားမှုများ အတွက် အသုံးမပြုမီ သက်ဆိုင်ရာဌာနေတိုင်းရင်းသားများနှင့် သင့်လျော်သည့်လုပ်ထုံးလုပ်နည်းများအားဖြင့်၊ အထူး သဖြင့် ၎င်းတို့၏ ကိုယ်စားပြုအဆောက်အအုံများမှတဆင့် ထိထိရောက်ရောက် တိုင်ပင်ညှိနှိုင်းခြင်း ပြုရမည်။

▪ ပုဒ်မ ၃၁
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်၊ ရိုးရာစဉ်လာအသိပညာနှင့် ရိုးရာယဉ်ကျေးမှုဖော်ပြ ချက်များကို ထိန်းသိမ်းခွင့်၊ ထိန်းချုပ်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် ဖော်ထုတ်ဖွံ့ဖြိုးခွင့်ရှိသည်။ ထို့အပြင် မိမိတို့၏ လူသားရင်းမြစ်များ၊ မျိုးရိုးဗီဇရင်းမြစ်များ၊ မျိုးစေ့များ၊ ဆေးဝါးများ၊ အပင်နှင့်တိရစ္ဆာန်တို့၏ ဂုဏ်သတ္တိများဆိုင်ရာ အသိပညာ၊ ဒီဇိုင်းလက်ရာများ၊ အားကစားနှင့် ရိုးရာကစားနည်းများ၊ စက္ခုပသာဒအနုပညာများနှင့် သရုပ်ဆောင် အနုပညာများ အပါအ၀င် သိပ္ပံပညာ၊ နည်းပညာနှင့် ယဉ်ကျေးမှုဖော်ပြချက်များကိုလည်း ထိန်းသိမ်း ချုပ်ကိုင် စောင့်ရှောက် ဖွံ့ဖြိုးခွင့်ရှိသည်။ ယင်းသို့သော ယဉ်ကျေးမှုအမွေအနှစ်၊ ရိုးရာအသိပညာနှင့် ရိုးရာယဉ်ကျေးမှုဖော်ပြချက်များ အတွက် အသိဉာဏ် ပညာပစ္စည်းပိုင်ဆိုင်မှုကို ထိန်းသိမ်း ချုပ်ကိုင် စောင့်ရှောက် ဖွံ့ဖြိုးခွင့်လည်းရှိသည်။

၂။ ဌာနေတိုင်းရင်းသားလူမျိုးများက ဤအခွင့်အရေးများကျင့်သုံးမှုကို အသိအမှတ်ပြုနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်နိုင်ရန် နိုင်ငံအစိုးရများက ၎င်းလူမျိုးများနှင့်တွဲဖက်၍ ထိရောက်သောအစီအမံများ ဆောင်ရွက်ရမည်။

▪ ပုဒ်မ ၃၂
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့မြေယာများ သို့မဟုတ် နယ်မြေများနှင့် အခြားသယံဇာတများ ဖွံ့ဖြိုးစေရေး သို့မဟုတ် အသုံးချရေးအတွက် ဦးစားပေးလုပ်ငန်းများ မဟာဗျူဟာများ သတ်မှတ်ပြဋ္ဌာန်းနိုင်ရန်နှင့် ဖော်ထုတ်ဖွံ့ဖြိုးစေရန် အခွင့်အရေးရှိသည်။

၂။ နိုင်ငံအစိုးရများသည် ဌာနေတိုင်းရင်းသားလူမျိုးတို့၏ မြေယာများ သို့မဟုတ် နယ်မြေများနှင့် အခြားသယံဇာတများအပေါ် အကျိုးသက်ရောက်မှုရှိသည့် မည်သည့်စီမံကိန်းလုပ်ငန်းမဆို၊ အထူးသဖြင့် သတ္တု၊ ရေနှင့် အခြားရင်းမြစ်များ ဖော်ထုတ် ဖွံ့ဖြိုးရေး၊ အသုံးပြုရေး၊ အသုံးချရေးနှင့် ပတ်သက်၍ အတည်မပြုမီ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးတို့က သတင်းအချက် အလက် ပြည့်ပြည့်စုံစုံသိပြီးနောက် လွတ်လပ်သည့်သဘောတူညီချက် ရယူနိုင်ရန်အတွက် ၎င်းတို့ကိုယ်ပိုင် ကိုယ်စားပြုအဆောက်အအုံများမှတဆင့် ယင်းတိုင်းရင်းသားလူမျိုးတို့နှင့် စိတ်ရင်းစေတနာဖြင့် တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရမည်။

၃။ နိုင်ငံအစိုးရများသည် ယင်းသို့သောလုပ်ဆောင်မှုများအားလုံးအတွက် တရားမျှတသည့် အလျော်ပေးမှုများ လုပ်နိုင်ရန် ထိရောက်သည့် ယန္တရားစနစ်များ ထားရှိရမည်။ ဆိုးဝါးသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာရိုက်ခတ်မှု၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု သို့မဟုတ် နာမ်ပိုင်းဆိုင်ရာရိုက်ခတ်မှု လျော့ပါးစေရန် သင့်လျော်သည့်အစီအမံများ ဆောင်ရွက်ရမည်။

▪ ပုဒ်မ ၃၃
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့ဓလေ့ထုံးစံများ ရိုးရာစဉ်လာများနှင့်အညီ မိမိတို့၏ ကိုယ်ပိုင်အမှတ်အသား လက္ခဏာ identity သို့မဟုတ် လူမျိုးဖြစ်မှု membership ကို သတ်မှတ်ပြဋ္ဌာန်းခွင့်ရှိသည်။ ဤသို့ ပြုလုပ်ခြင်းအားဖြင့် ဌာနေတိုင်းရင်းသားတဦးချင်းတို့ မိမိတို့နေထိုင်ရာနိုင်ငံများ၏ နိုင်ငံသား citizenship ဖြစ်ခွင့်ကို အဟန့်အတား မဖြစ်။

၂။ ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့အဆောက်အအုံများ၏ ဖွဲ့စည်းမှုနှင့် အဖွဲ့ဝင်ဖြစ်မှုကို မိမိတို့ ကိုယ်ပိုင်လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ပြဋ္ဌာန်းခွင့်ရှိသည်။

▪ ပုဒ်မ ၃၄
ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့အဆောက်အအုံဖွဲ့စည်းပုံများ၊ မိမိတို့၏ ထူးခြားသည့် ဓလေ့ထုံးစံများ၊ နာမ်ပိုင်း ယုံကြည်မှုများ၊ ရိုးရာအစဉ်အလာများ၊ လုပ်ထုံးလုပ်နည်းများ၊ ကျင့်ထုံးများကိုလည်းကောင်း၊ တရားစီရင်ရေးစနစ် သို့မဟုတ် ဓလေ့ထုံးစံများ တည်ရှိနေသည့်နေပါကလည်းကောင်း ယင်းတို့ကို နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများနှင့်အညီ မြှင့်တင် ခွင့်၊ ဖွံ့ဖြိုးခွင့်၊ ထိန်းသိမ်းခွင့် ရှိသည်။

▪ ပုဒ်မ ၃၅
ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့လူမှုအဆောက်အအုံအပေါ် တဦးချင်းမှ တာဝန်ရှိမှုများကို သတ်မှတ်ပြဋ္ဌာန်း ခွင့်ရှိသည်။

ပုဒ်မ ၃၆
၁။ ဌာနေတိုင်းရင်းသားလူမျိုးများ၊ အထူးသဖြင့် နိုင်ငံတကာနယ်နိမိတ်များဖြင့် ပိုင်းခြားခံထားရသည့် လူမျိုးများ သည် နယ်စပ်မျဉ်းတဖက်ရှိ မိမိတို့လူမျိုးအချင်းချင်းနှင့်လည်းကောင်း၊ အခြားလူမျိုးများနှင့်လည်းကောင်း နာမ်ပိုင်း၊ ယဉ်ကျေးမှုပိုင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရည်ရွယ်ချက်များအတွက် လှုပ်ရှားမှုများ အပါအ၀င် အဆက်အသွယ်များ၊ ဆက်စပ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ထိန်းသိမ်းထားရှိခွင့် ဖော်ထုတ်ဖွံ့ဖြိုးခွင့်ရှိသည်။

၂။ ဤအခွင့်အရေးကို အကောင်အထည်ဖော် ကျင့်သုံးခြင်းနှင့် အာမခံခြင်းကို အဆင်ပြေချောမွေ့စေရန် နိုင်ငံအစိုးရများသည် ဌာနေတိုင်းရင်းသားလူမျိုးများနှင့် တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကာ ထိရောက်သည့်အစီအမံများ ဆောင်ရွက်ထား ရှိရမည်။

▪ ပုဒ်မ ၃၇
၁။ ဌာနေတိုင်းရင်းသားလူမျိုးများသည် နိုင်ငံအစိုးရများ၊ ဆက်ခံသူအစိုးရများနှင့် ချုပ်ဆိုထားသည့် စာချုပ်များ၊ သဘောတူ ညီချက်များနှင့် အခြားအပြုသဘောစီစဉ်ဆောင်ရွက်ထားချက်များကို အသိအမှတ်ပြုခွင့်၊ စောင့်ထိန်းလိုက်နာခွင့်၊ ကြပ်မတ်အကောင်အထည်ဖော်ခွင့်ရှိပြီး နိုင်ငံအစိုးရများဘက်မှလည်း ယင်းသို့သော စာချုပ်များ၊ သဘောတူညီချက် များနှင့် အခြားအပြုသဘောစီစဉ်ဆောင်ရွက်ထားချက်များကို လေးစားလိုက်နာစေခွင့်ရှိသည်။

၂။ စာချုပ်များ၊ သဘောတူညီချက်များနှင့် အခြားအပြုသဘောစီစဉ်ဆောင်ရွက်ထားချက်များတွင် ပါရှိသည့် ဌာနေတိုင်းရင်းသားလူမျိုးအခွင့်အရေးများကို ဤကြေညာစာတမ်းကြောင့် လျော့ပါး ပယ်ဖျက်ရာရောက်အောင် အဓိပ္ပာယ်မဖွင့်စေရ။

▪ ပုဒ်မ ၃၈
နိုင်ငံအစိုးရများသည် ဤကြေညာစာတမ်း၏ရည်မှန်းချက်များ ထမြောက်စေနိုင်ရန် ဌာနေတိုင်းရင်းသားလူမျိုးများနှင့် တိုင် ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်၍ ဥပဒေပြုလုပ်ငန်းအစီအမံများအပါအဝင် သင့်လျော်သည့်အစီအမံများ ဆောင်ရွက်ရမည်။

▪ ပုဒ်မ ၃၉
ဌာနေတိုင်းရင်းသားလူမျိုးများသည် ဤကြေညာစာတမ်းပါအခွင့်အရေးများကို ရရှိခံစားနိုင်ရန် နိုင်ငံအစိုးရများထံမှလည်းကောင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှတဆင့်လည်းကောင်း ဘဏ္ဍာရေးနှင့် နည်းပညာအထောက်အပံ့ ရယူအသုံးပြုခွင့် ရှိ သည်။

▪ ပုဒ်မ ၄၀
ဌာနေတိုင်းရင်းသားလူမျိုးများသည် နိုင်ငံအစိုးရများ သို့မဟုတ် အခြားအစုများနှင့် ပဋိပက္ခများ အငြင်းပွားမှုများ ဖြေရှင်းရန် တရားမျှတသည့်လုပ်ထုံးလုပ်နည်းများအားဖြင့် အမြန်ဆုံး အဆုံးအဖြတ်ရယူပိုင်ခွင့်နှင့် မိမိတို့၏ တဦးချင်းနှင့် စုပေါင်းအခွင့် အရေးများ ချိုးဖောက်ခံရမှုအားလုံးအတွက် ထိရောက်သည့်ဖြေရှင်းချက်များ ရယူပိုင်ခွင့်ရှိသည်။ ယင်းသို့သော ဆုံးဖြတ်ချက် တရပ်သည် သက်ဆိုင်ရာဌာနေတိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးစံများ၊ ရိုးရာစဉ်လာများ၊ စည်းမျဉ်း စည်းကမ်းများနှင့် တရားရေးစနစ်များကိုလည်းကောင်း၊ နိုင်ငံတကာလူ့အခွင့်အရေးများကိုလည်းကောင်း ထိုက်သင့်စွာထည့် သွင်းစဉ်းစားမှုပြု ရမည်။

▪ ပုဒ်မ ၄၁
ကုလသမဂ္ဂစနစ်ကြီး၏ အဖွဲ့အစည်းများနှင့် အထူးပြုအေဂျင်စီများ၊ အခြားအစိုးရစုံ အဖွဲ့အစည်းများသည် ဤ ကြေညာစာ တမ်းပါပြဋ္ဌာန်းချက်များ အပြည့်အဝဖြစ်မြောက်ရေးအတွက် ဘဏ္ဍာရေးနှင့် နည်းပညာကူညီပံ့ပိုးမှုအပါအဝင် နည်းလမ်း များ ဖြင့် အားသွန်ခွန်စိုက်ဆောင်ရွက်ရမည်။ ဌာနေတိုင်းရင်းသားလူမျိုးတို့အပေါ် သက်ရောက်မှုရှိသည့် အရေးကိစ္စများ တွင် ၎င်းလူမျိုးတို့ အသေအချာပါဝင်ဆောင်ရွက်စေမည့် နည်းလမ်းများ နည်းနာများကို ထူထောင်ရမည်။

▪ ပုဒ်မ ၄၂
ကုလသမဂ္ဂ၊ ဌာနေတိုင်းရင်းသားရေးရာအမြဲတမ်းစုရပ် Permanent Forum on Indigenous Issues အပါအ၀င် ကုလသမဂ္ဂ အဖွဲ့များ၊ နိုင်ငံအဆင့်ဌာနများအပါအ၀င် အထူးပြုအေဂျင်စီများနှင့် နိုင်ငံအစိုးရများသည် ဤကြေညာစာတမ်းပါ ပြဋ္ဌာန်း ချက်များကို လေးစားရေးနှင့် အပြည့်အဝကျင့်သုံးရေးကို အားပေးမြှင့်တင်ရမည်။ ဤကြေညာစာတမ်း၏ ထိရောက်မှု အကျိုးဆက်ကို ဆက်လက်လေ့လာ ဆောင်ရွက်ရမည်။

▪ ပုဒ်မ ၄၃
ဤစာတမ်းတွင် အသိအမှတ်ပြုထားသည့် အခွင့်အရေးများသည် ကမ္ဘာပေါ်မှ ဌာနေတိုင်းရင်းသားလူမျိုးတို့၏ ရှင်သန်ရပ် တည်မှု၊ ဂုဏ်သိက္ခာနှင့် ဘဝသာယာရေးအတွက် အနိမ့်ဆုံးစံနှုန်းများအဖြစ် တည်ရှိသည်။

▪ ပုဒ်မ ၄၄
ဤစာတမ်းတွင် အသိအမှတ်ပြုထားသော အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအားလုံးကို ဌာနေတိုင်းရင်း သားတဦးချင်း အမျိုးသားနှင့်အမျိုးသမီးတို့အတွက် တန်းတူညီမျှမှုကိုအာမခံသည်။

▪ ပုဒ်မ ၄၅
ဤကြေညာစာတမ်းသည် ဌာနေတိုင်းရင်းသားလူမျိုးများ ယခုလက်ရှိရရှိထားသည့်အခွင့်အရေးများ သို့မဟုတ် အနာဂတ် တွင် ရရှိလာနိုင်မည့် အခွင့်အရေးများကို လျော့နည်းသွားစေခြင်း သို့မဟုတ် ဖျက်သိမ်းပစ်ခြင်းအဖြစ် အဓိပ္ပာယ် မသက် ရောက်စေရ။

▪ ပုဒ်မ ၄၆
၁။ ဤကြေညာစာတမ်းသည် နိုင်ငံတခု၊ လူမျိုးတရပ်၊ အုပ်စုတစု သို့မဟုတ် ပုဂ္ဂိုလ်တယောက်က ကုလသမဂ္ဂ ပဋိညာဉ်စာ တမ်းကို ဆန့်ကျင်သည့်လှုပ်ရှားမှုတခုခု သို့မဟုတ် လုပ်ရပ်တခုခု ဆောင်ရွက်ရန်သော်လည်းကောင်း၊ အချုပ် အခြာအာ ဏာပိုင် လွတ်လပ်သည့်နိုင်ငံများ၏ နယ်မြေပြည့်စုံခိုင်မြဲမှု သို့မဟုတ် နိုင်ငံရေးညီညွတ်မှုကို လုံးဝ သို့မဟုတ် တစိတ်တပိုင်း ဖြတ်တောက်စိတ်ပိုင်းစေမည့် သို့မဟုတ် ထိခိုက်စေမည့် လုပ်ရပ်တခုခုကို ခွင့်ပြုရာ သို့မဟုတ် အားပေးရာ အဖြစ်သော်လည်း ကောင်း အဓိပ္ပာယ်မကောက်ယူရ။

၂။ လက်ရှိကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများကို ကျင့်သုံးရာတွင် အားလုံး၏လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားရမည်။ ဤကြေညာစာတမ်းတွင် ချမှတ်ထားသည့် အခွင့်အရေးများကို ကျင့်သုံးရာတွင် ဥပဒေအရသတ်မှတ်ပြဋ္ဌာန်းထားသည့် အကန့်အသတ်များကိုသာ နိုင်ငံတကာလူ့အခွင့်အရေးတာဝန် ဝတ္တရားများနှင့်အညီ လိုက်နာရမည်။ ယင်းအကန့်အသတ်များသည် ခွဲခြားဆက်ဆံမှုမရှိစေရဘဲ အခြားသူများ၏အခွင့် အရေးများနှင့် လွတ်လပ်ခွင့်များကို ထိုက်သင့်စွာအသိအမှတ်ပြုခြင်းနှင့် လေးစားခြင်း အသေအချာဖြစ်စေဖို့ရည်ရွယ်ချက် သက်သက် အတွက်လည်းကောင်း၊ ဒီမိုကရေစီလူ့ဘောင်တရပ်၏ အရေးအကြီးဆုံးလိုအပ်ချက်များအတွက်လည်းကောင်း အကြွင်းမဲ့လို အပ်ချက် ဖြစ်စေရမည်။

၃။ ဤကြေညာစာတမ်းတွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်များကို တရားမျှတမှု၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး လေးစားမှု၊ တန်းတူညီမျှမှု၊ ခွဲခြားဆက်ဆံမခံရမှု၊ တော်တည့်မှန်ကန်သောအစိုးရအုပ်ချုပ်မှုနှင့် စိတ်ကောင်းစေတနာရှိမှု ဟူသောမူများ နှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုရမည်။

ဂါမဏိ ဘာသာပြန်သည်
↧
Viewing all 9633 articles
Browse latest View live