Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ဓမ္မဘေရီ အရှင်ဝီရိယ - အာဇာနည်ဆိုတာ

$
0
0

ဓမ္မဘေရီ အရှင်ဝီရိယ - အာဇာနည်ဆိုတာ
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၆

ကဲ.. ဒီနေ့ပြောခဲ့တဲ့သြဝါဒစကားလေးကိုတော့ လူငယ်တွေလည်းသိရအောင် စာနဲ့အမြန် ရေးပေးပါ"လို့ ပြည်သူတို့မိခင် ဒကာမကြီးကိုယ်တိုင်က အလေးအနက် တိုက်တွန်းတဲ့အတွက် ခု-ရောက် မဆိုက်ပဲ ရေးလိုက်ပါပြီဗျာ။

….

“အာဇာနည်ဆိုတာ” ဖြစ်စဉ်လေးကစပြီး နိဒါန်းချီပါရစေ..

"ဇူလိုင်(၁၉)အာဇာနည်နေ့မှာတော့ ရွှေတောင်ကုန်းဆရာတော်ကြီးလည်း မရှိတော့တဲ့အတွက် ဆရာတော်ကြွပြီး သီလပေး, ရေစက်ချ, သြဝါဒစကားမြွက်ကြားပေးပါ"လို့ ကြိုတင်လျှောက်ထား တဲ့အတွက် အမေရိကခရီးစဉ်ကို နောက်ရွှေ့ပြီး ဒီတာဝန်ကို လက်ခံလိုက်ပါတယ်။

ဒီနေ့ (၁၉.၇.၂၀၁၆) မှာတော့ သတ်မှတ်ထားတဲ့ (၉.၄၅)မတိုင်မီ (၁၅) မိနစ်လောက် စောပြီးရောက်သွားပါတယ်။ နာယကကြီးဦးတင်ဦးနဲ့ ဒကာမကြီးတို့က လှေခါးတက်မှာ
အသင့်ကြိုနေပြီး ဒကာမကြီးကပဲ- "ဒါက ဓမ္မဘေရီဆရာတော်လေ"လို့ နောက်မှာ ရှိသူများနဲ့ မိတ်ဆက်ပေးပါတယ်။

ပထမဆုံးတော့- ဓမ္မဂင်္ဂါက လက်ဆောင်ပါးလိုက်တဲ့.. "ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်)
ဗုဒ္ဓဘာသာသူရဲကောင်း"ဆိုတဲ့စာအုပ်ကို "စာရေးတဲ့ဆရာတော်က ဒကာမကြီးလက်ထဲအရောက်
ပေးလိုက်ပါဆိုလို့"လို့ ပြောပြီး ပေးလိုက်တော့…"ကျေးဇူးတင် ဝမ်းမြောက်ပါတယ်ဘုရား.."ဆိုပြီး
တကယ်ပဲ ဝမ်းမြောက်ဝမ်းသာ ယူလိုက်ပါတယ်။

အစီအစဉ်စတဲ့အခါ ဥက္ကဋ္ဌကြီးဦးတင်ဦးက.. "သြဝါဒလေးလည်း လိုရင်းတိုရှင်းလေးပေါ့ဘုရား"လို့
အနီးကပ်လျှောက်ထားတဲ့အတွက် ပြောခဲ့ရပါတယ်။ ရှေ့မှာ ဥက္ကဋ္ဌကြီးရယ်, ဒကာမကြီးရယ်, ဒုသမ္မတနှစ်ဦးရယ်, လွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌကြီး နှစ်ဦးနဲ့  ချုပ်ကြီးတို့ရယ်… ဒကာမကြီးဒေါ်ခင်လှတင်တို့, ဒေါ်သိန်းမြင့်ကြည်(တုံတုံ)တို့ရယ် ဧည့်ခန်းအပြည့်ပါပဲ။

စပြောခဲ့တာကတော့.. လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေ တိုင်းပြည်အတွက် အသက်စွန့်သွား ခဲ့ရတဲ့နေ့ကိုအထိမ်းအမှတ်ပြုပြီး "အာဇာနည်နေ့"လို့ သတ်မှတ်ထားတော့- လူငယ်တော်တော်များ က "အာဇာနည်ဆိုတာ တိုင်းပြည်အကျိုးဆောင်ရင်း အသက်သေသွားသူများသာ ဖြစ်နိုင်တယ်"လို့
ထင်မှတ်နေကြတယ်။

အသက်စွန့်တာနဲ့ အသက်သေဆုံးတာကို အဓိပ္ပာယ် … တယ်မကွဲပြားချင်ဘူး၊
"အများအတွက် သက်စွန့်ကြိုးပန်းဆောင်ရွက်တယ်"ဆိုတာ သေခြင်း, မသေခြင်းနဲ့ မဆိုင်ပါဘူး။ အသက်ကိုပဓာနမထားခြင်း(မငဲ့မကွက် စွန့်နိုင်ခြင်း) နဲ့သာ ဆိုင်ပါတယ်။ မုချအားဖြင့်တော့"အာဇာနေယျ=အာဇာနည်"ဆိုတာ ဘုရားအလောင်းကိုကြည့်ပြီး အများက သတ်မှတ်ပြောဆိုရာက စခဲ့တဲ့ စကားပါ။

ဒီပင်္ကရာဘုရားရှင်လက်ထက်တော်တုန်းက - ရမ္မဝတီမြိ့တော်ကို ဘုရားရှင်နဲ့ နောက်ပါ သံဃာ တော်လေးသိန်းတို့ ကြွလာမည့် လမ်းကြီးပြုပြင်နေတဲ့အချိန်မှာ.. ဈာန်ရဖြစ်တဲ့ သုမေဓာ ရသေ့က သူလည်း ကုသိုလ်ပါဝင်ချင်တယ်ဆိုလို့ ဘယ်သူမှ ပြင်ဖို့မစွမ်းနိုင်တဲ့ ဗွက်အထူဆုံး နေရာကြီးကို တာဝန်ပေးအပ်လိုက်တယ်။ တကယ်တော့ ပြည်သူတွေက သုမေဓာရသေ့ကို မုန်းလို့ဂျောက်(ချောက်)တွန်းလိုက်တာတော့ မဟုတ်ပါဘူး။ ဘယ်သူမှ မစွမ်းနိုင်တဲ့နေရာကြီးကို- "ဒီရသေ့ကတော့ အဘိဉာဉ်တန်ခိုးနဲ့ စွမ်းနိုင်လောက်တယ်"ဆိုပြီး အားကိုးစိတ်နဲ့ ပေးကြတာပါ။

သုမေဓာရှင်ရသေ့က မြင့်မြတ်တဲ့ဘုရားရှင်အတွက်ရည်မှန်းတာဖြစ်လို့ တန်ခိုးဣဒ္ဓိပါဒ်ကိုမသုံးဘဲ ပကတိစွမ်းအားနဲ့ပဲဆောင်ရွက်တော့ အချိန်မီမပြီးဘူး၊ ခန္ဓာကိုယ်တလျှားစာလောက်ကျန်နေတယ်။
ဘုရားရှင်နဲ့ နောက်ပါသံဃာလေးသိန်းတို့ ကြွလာချိန်မှာတော့ "ငါတာဝန်ယူထားတဲ့အပိုင်း မပြီးစီးတဲ့အတွက်တော့ ဘုရားရှင်ခရီးစဉ် လစ်ဟင်းမှုမရှိစေရဘူး"ဆိုပြီး ကျန်နေတဲ့တလျားစာ ပေါ်မှာ မိမိရဲ့ခန္ဓာကိုယ်ကိုအလျားစဉ်းပြီး တံတားခင်းပေးလိုက်ထာပါ။

ဒါကိုကြည့်ပြီး တွေ့မြင်ရသူအပေါင်းက.."အာဇာနေယျော= အံ့သြလောက်အောင် တွေ့ရမြင်ရ ခဲသူပါတကား.."ဆိုပြီး ဝိုင်းအသိအမှတ်ပြုကြတာ။  "အာဇာနေယျ"ဆိုတာ - နေရာတိုင်းမှာ တွေ့ရဖို့ အလွန်ခဲရင်းတဲ့ပုဂ္ဂိုလ်လို့ အဓိပ္ပာယ် ရပါတယ်။ ("န သော သဗ္ဗတ္ထ ဇာယတိ = အာဇာနည်ဆိုတာ နေရာဒေသတိုင်းမှာ ဖြစ်နိုင်, ရှိနိုင်, တွေ့ရနိုင်တဲ့ ပုဂ္ဂိုလ်မျိုးမဟုတ်"ဆိုတဲ့အတိုင်းပေါ့။)

အာဇာနည်လို့ အများက သတ်မှတ်နိုင်ဖို့အတွက် ကျင့်သုံးမှု သုံးမျိုး ရှိပါတယ်၊"တိေဿာ စရိယာယော = စရိယသုံးပါး"လို့ခေါ်ပါတယ်။

(၁) လောကတ္ထစရိယ=လောကအတွက် နောင်လာနောင်သား မျိုးဆက်များအထိ ကြီးပွား ချမ်းသာဖို့ ရည်မှန်းတဲညအကျင့်။  ဒါကတော့- ရေရှည်စီမံကိန်းအကျင့်ပေါ့။

(၂) ဉာတတ္ထစရိယ= 'ဉာတိ'ဆိုတာ ဆွေမျိုးသားချင်းလို့သာ ဆိုလိုတာမဟုတ်ပါဘူး၊ "သိအပ်မြင်အပ်သူများ"ဆိုတဲ့ အဓိပ္ပာယ်ပါပါတယ်။ လက်ရှိတွေ့မြင်နေရတဲ့ ကိုယ့်ပတ်ဝန်းကျင်က ပြည်သူတွေ ကြီးပွားချမ်းသာရေးပေါ့။ ဒါကတော့ လတ်တလော အခြေအနေအရ ဆောင်ရွက်ရမယ့် စီမံကိန်းမျိုးပေါ့။

(၃) ဗုဒ္ဓတ္ထစရိယ= ဘုရားအလောင်းတို့ကတော့ သဗ္ဗညုတဉာဏ်အဆင့်အထိ ရောက်ရေးပေါ့၊
အားလုံးအတွက်ကတော့ "အတွေ့အကြုံများကို စနစ်တကျ သုံးသပ်ဆင်ခြင်ပြီး ကိုယ့်အသိဉာဏ် ကိုယ်မြှင့်တင်နေရေးပေါ့။ ဒါကို ကိုယ်ကျိုးအတွက်ကျင့်ခြင်းလို့ ဆိုနိုင်ပါတယ်။
(အာဇာနည်တို့ရဲ့ ကိုယ်ကျိုးဆိုတာ အများအကျိုး ပိုမိုဆောင်ရွက်နိုင်ဖို့ အတွေ့အကြုံနဲ့ အသိဉာဏ်
မြင့်မားလာရေးသာဖြစ်တယ်လို့ ဆိုလိုတာပါ)။

….

အာဇာနည် (၅) မျိုး

အာဇာနည်လို့သတ်မှတ်ရာမှာ သူရဲ့စွန့်လွှတ်နိုင်စွမ်းအရ အဆင့်အတန်း (၅) မျိုးလောက် သတ်မှတ်နိုင်ပါတယ်။

"ပဉ္စမဟာ ပရိစ္စာဂေ= စွန့်ခြင်းကြီးငါးပါး"ဆိုတာနဲ့ပေါ့။
(၁) ဓနပရိစ္စာဂ= တိုင်းကျိုး,ပြည်ကျိုး, အများအကျိုးအတွက် စည်းစိမ်ဥစ္စာ,ရာထူးအာဏာတို့ကို မငဲ့မကွက် စွန့်လွှတ်နိုင်သူ။  ဒါလည်း"စည်းစိမ်ဥစ္စာစွန့် အာဇာနည်လေးပါပဲ။

(၂) ပုတ္တပရိစ္စာဂ= သားသမီး အတွယ်အတာတို့ကို အလားတူစွန့်လွှတ်နိုင်တဲ့ အာဇာနည်ပေါ့။

(၃) ဘရိယပရိစ္စာဂ = ဇနီး,ခင်ပွန်း အတွယ်အတာအထိ စွန့်လွှတ်နိုင်တဲ့ "ဘရိယပရိစ္စာဂ အာဇာနည်"ပဲပေါ့။  (ဒါက အပြင်က စွန့်ခြင်းကြီးသုံးပါးပါ၊ တဆင့်ထက်တဆင့် စွန့်နိုင်ခဲတဲ့အရာတွေကို
စွန့်လွှတ်တာဖြစ်လို့"မဟာပရိစ္စာဂ"လို့ခေါ်တာပါ၊ အာဇာနည်စာရင်း ဝင်နိုင်ပါတယ်၊ သူ့အဆင့်နဲ့သူပေါ့)

(၄) အင်္ဂပရိစ္စာဂ= မျက်စေ့, နား, နှာ, အင်္ဂါခြေ, လက်တို့အထိစွန့်နိုင်တော့ "အင်္ဂပရိစ္စာဂ အာဇာနည်"ပေါ့။

(၅) ဇီဝိတပရိစ္စာဂ=ကိုယ်နဲ့အသက်ကိုပင် မငဲ့မကွက် ရက်ရင်စက်စက် စွန့်နိုင်တဲ့အာဇာနည်ပေါ့။
ဒါကတော့ အဆင့်အမြင့်ဆုံး အာဇာနည်ပါပဲ။ သေတာ မသေတာနဲ့ မဆိုင်ပါဘူး၊ ပဓာနမထားတာပါပဲ။

သုမေဓာရှင်ရသေ့ရဲ့လုပ်ရပ်ကိုကြည့်မယ်ဆိုရင်.. တကယ်လို့သာ ဘုရားရှင်နဲ့ နောက်ပါ ရဟန်းလေးသိန်း နင်းပြီး ကြွမယ်ဆိုရင်..ခန္ဓာကိုယ်ဟာ စိစိညက်ညက်ကို ကျေသွားနိုင် လောက်ပါတယ်။ ဒါကို ထည့်တွက်, ငဲ့ကွက်ခြင်းမပြုဘဲ ယူထားတဲ့တာဝန်,ပေးထားတဲကတိ ကျေပွန်ရေးကိုသာ ပဓာနထားပြီး ဆောင်ရွက်လို့ "အာဇာနည်"ခေါ်ရတာပါ။ အသက်တော့ မသေခဲ့ပါဘူး။

ဒီအာဇာနည်ရဲ့ဆုံးဖြတ်လုပ်ကိုင်ပုံကိုကြည့်ပြီး- ဒီပင်္ကရာဘုရားရှင်က နင်းကြွတော်မမူပါဘူး။
သူ့အားအစွမ်းဟာ "ကြိုးစားရင် ဘုရားဖြစ်နိုင်သူ စင်စစ်"လို့ သူ့အရည်အသွေးမှန်ကို သိမြင်တော်မူပါတယ်။

ဒါကြောင့်..

သင့်မှာ ရွေးချယ်နိုင်တဲ့ အခွင့်ထူးနှစ်ခုရှိတယ်..

(၁) တကိုယ်တော် ဒုက္ခလွတ်မြောက်မှုကို လိုချင်သပဆိုရင်.. ဂါထာဝက် (အက္ခရာ ၁၆-လုံး) လောက် ငါဘုရားဟောညွှန်ပေးရုံနဲ့ သင်ဟာ အာသဝေါကုန်ခမ်းတဲ့ ရဟန္တာအဖြစ်နဲ့ နိဗ္ဗာန် ချမ်းသာကို မျက်မှောက်ပြုနိုင်မယ်။

(၂) ငါဘုရားတို့ လာရာလမ်းကြောင်းအတိုင်း စွမ်းစွမ်းတမံအားထုတ်မယ်ဆိုရင်..
ငါဘုရားလိုပင် သတ္တဝါအများကို ဒုက္ခနယ်မှ ကယ်တင်နိုင်စွမ်းတဲ့ "သဗ္ဗညု"  ဘုရားတဆူဖြစ်မယ်လို့ မိန့်ပါတယ်။

ဒီအခါမှာလည်း- သုမေဓာရှင်ရသေ့က.. "သတ္တဝါအများအကျိုးကို အမြင့်ဆုံးအထိ ကယ်တင်နိုင်စွမ်းရှိတဲ့ ယောက်ျားကောင်းဖြစ်လျက် တကိုယ်တည်းနိဗ္ဗာန်သွားလို့ ဘာအကျိုးထူးမှာလဲ"ဆိုပြီး ဒုတိယလမ်းကို ရွေးခဲ့ပါတယ်။  အသိဉာဏ်အကြီးစားတွေကတောင် လိုလားတောင့်တနေတဲ့ အတုမရှိချမ်းသာကြီး (နိဗ္ဗာန်) ကိုတောင် ငြင်းပယ်ခဲ့တာလည်း တကယ့်ကို"အာဇာနည်"ပါပဲ။
ဒါကတော့ တကယ်ရပြီးမှ စွန့်တာမဟုတ်ဘဲ ရနိုင်ခွင့်ကိုသာ ငြင်းပယ်ခဲ့တာဖြစ်လို့
"စွန့်ခြင်းကြီး"စာရင်းတော့ အသွင်းမခံရဘူးပေါ့။

ဒီဖြစ်စဉ်အားလုံးကို ခြုံကြည့်လိုက်ရင် ...

*အာဇာနည်"ဆိုတာ အသက်သေခြင်း, မသေခြင်း၊ အရွယ်ကြီးခြင်း, မကြီးခြင်းနဲ့ မဆိုင်ပါဘူး။
အများအကျိုးအတွက် (လောကီ) ကိုယ်ကျိုးမဘက်ဘဲ စွန့်လွှတ်စွန့်စား ကြိုးစားဆောင်ရွက်သူ မှန်သမျှ ဘယ်သူမဆို, ဘယ်အချိန်, ဘယ်အရွယ်မဆို အာဇာနည်ဖြစ်နိုင်ခွင့် ရှိပါတယ်။ ဒါကို ဒီနေ့လူငယ်တွေ အထူးသိစေချင်ပါတယ်။

အားလုံး အာဇာနည်တွေ ဖြစ်နိုင်ကြပါစေ... လို့
အပ္ပမာဒေန သမ္ပာဒေထ..
(၁၉.၇.၁၆-နံက် ၁၀-နာရီမှာဟောပြောချက်)

မှတ်ချက်။ ။
အာဇာနေယျရဲ့အဓိပ္ပာယ်များထဲက
ဒုလ္လဘော ပုရိသာဇညော = အာဇာနည်ဆိုတာ တွေ့နိုင်ခဲတယ်။
န သော သဗ္ဗတ္ထ ဇာယတိ = နေရာတိုင်းမှာ ရှိနိုင်တာမဟုတ်-ဆိုတဲ့
ဓမ္မပဒဂါထာ အဓိပ္ပာယ်ကိုယူပြီး သင့်လျော်ရာ သဓကဆောင် ဟောခဲ့တာပါ။

(ဒကာမကြီးမေးမြန်းချက်နဲ့ ဖြေဆိုဆွေးနွေးခဲတာများကို ဆက်ပါဦးမယ်)

မောင်မောင်စိုး - တောင်တရုတ်ပင်လယ် ကိုးကန့်တရုတ် တရုတ်ပြည်နှင့်ကျွန်ုပ်တို့ မြန်မာ - အပိုင်း ၃

$
0
0
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးစု ဖယ်ဒရယ်ကောင်စီ (UNFC) ။ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC ) ရန်ကုန်ရုံးခွဲ၊ ဇူလိုင် ၁၇၊ ၂၀၁၆


မောင်မောင်စိုး - တောင်တရုတ်ပင်လယ် ကိုးကန့်တရုတ် တရုတ်ပြည်နှင့်ကျွန်ုပ်တို့ မြန်မာ - အပိုင်း ၃
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၆

မြန်မာတရုတ်နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ
မြန်မာ တရုတ်နယ်စပ်တွင် အခြေပြု တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် လက်ရှိ အချိန်တွင် လက်နက်ကိုင်အင်အား အတောင့်တင့်ဆုံး ဖြစ်ကြသည်။ ထိုအဖွဲ့များ ၂၁ ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်လာရေး သည် ၂၁ ရာစုပင်လုံညီလာခံ အောင်မြင်ရေး အတွက် ပထမခြေလှမ်းလည်း ဖြစ်သကဲ့သို့ အုတ်မြစ်တချပ်လည်း ဖြစ်သည်။ လောလောအချိန်တွင် ဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်သည့်အဖွဲ့နှင့် UWSA ဝ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ NDAA မိုင်းလားအခြေပြု တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တွေ့ဆုံ ပြီးသော်လည်း ၂၁ ပင်လုံညီလာခံတွင် ပါဝင်မည်ဟုအပ်ချမတ်ချထုတ်ပြန်ကြေညာခြင်းမရှိသေးပါ။ အလားတူပင် NCA လက်မှတ်ထိုးထားခြင်းမရှိသေးသည့် UNFC အဖွဲ့ဝင်အများစုများအနေနှင့် ၂၁ ရာစုပင်လုံတက်မည်ဟု ကြေညာခြင်းမပြု သေးပါ။

UWSA နှင့် NDAA တို့ကလည်း ဇွန်လအတွင်း ဒေါက်တာတင်မျိုးဝင်း ခေါင်ဆောင်သောအဖွဲ့နှင့် တွေ့ရာတွင် ညီလာခံ၌ MNDAA ကိုးကန့်အဖွဲ့ PSLF/TNLA တအန်းပလောင်အဖွဲ့ AA ရခိုင်အဖွဲ့များ ပါဝင်ရေးကို ရပ်ခံဆွေးနွေးခဲ့သည်ဟု ဆိုသည်။ လက်ရှိ NCA လက်မှတ်မထိုးသည့် အဖွဲ့များက လည်း ၂၀၁၅ အတွင်း NCA လက်မှတ်ထိုးရာတွင် မပါဝင်ခဲ့ခြင်းမှာ MNDAA/TNLA/AA စသည့် ၃ ဖွဲ့အပါ အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထား၍ဖြစ်သည်။ ထို့ကြောင့် လက်ရှိ အခြေအနေ တွင် ၂၁ ရာစုပင်လုံညီလာခံအောင်မြင်ရေးအတွက် ထို ၃ ဖွဲ့အား မည်ကဲ့သို့ ကြည့်မြင်ချဉ်းကပ်မည်ဆို သည်က အရေးကြီးပေသည်။

ထို ၃ ဖွဲ့ထဲတွင် တရုတ်တို့ ထူးခြားစွာကြည့်မြင်သော အဖွဲ့တဖွဲ့ပါရှိသည်။ ထိုအဖွဲ့မှာ ကိုးကန့်အဖွဲ့ MNDAA ဖြစ်သည်။

ကိုးကန့်တရုတ်
ကိုးကန့်ဒေသသည် မြန်မာပြည်နယ်နမိတ်တွင်းပါဝင်လာခြင်းသည်၎င်း ကိုးကန့်တရုတ်တို့ မြန်မာနိုင်ငံသားများဖြစ်လာခြင်းသည်၎င်း၊ ၎င်းအချက်များတရားဝင်မှုသည် အင်္ဂလိပ်တို့ မြန်မာပြည်သိမ်းပြီးနောက်ဗြိတိသျှဘားမားအစိုးရနှင့် တရုတ်အစိုးရတို့၏ ၁၈၉၇ ခုနှစ် သဘောတူစာချုပ်အရ အသက်ဝင်သည်ဟုဆိုရမည်။

လက်ရှိ ကိုးကန့်တရုတ်များနှင့်ပတ်သက်၍ တရုတ်တို့၏ကြည့်မြင်ပုံမှာ သူတို့နှင့် လူမျိုးတူ ဟန်လူမျိုးများအဖြစ်ကြည့်မြင်သည်။ တရုတ်မြန်မာဆက်ဆံရေးတွင် တာဝန်ရှိသူတဦး၏အဆိုအရ ကိုးကန့်တရုတ်များသည် သူတို့၏ဆွေမျိုးသားချင်း ဟန်လူမျိုး များဖြစ်ကြရာ တရုတ်အနေနှင့် မျက်ကွယ်ပြု၍မရ။ သူများအိမ် ရောက်နေသော မိမိသားသမီးနှိပ်စက်ခံရ ဒုက္ခရောက်နေပါက တရုတ်တို့အနေနှင့် လက်ပိုက်ကြည့်နေရန် ခဲယဉ်းသည်ဟုဆိုပါသည်။ ထို့ပြင် မြန်မာအစိုးရအနေ နှင့် ကိုးကန့်တရုတ်များအား စစ်ရေးတိုက်ခိုက်ခြင်းသည် တရုတ်တို့၏စိတ်ကို ရိုက်ခတ်နိုင်သည်ဟု ဆိုခဲ့သည်။
မြန်မာအစိုးရအနေနှင့် ကိုကန့်အဖွဲ့အား အသိမှတ်ပြု ခြင်းမရှိဘဲ လက်ခံဆွေးနွေးရန် ငြင်းပယ်ပါက ပြေလည်အောင် ဖြေရှင်းရန် ခက်ခဲမြဲခက်ခဲနေမည်ဟုတရုတ်တို့ စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့သည်။

၂၀၁၅ နှစ်ဦးပိုင်း ဖြစ်ပွားခဲ့သော ကိုးကန့်ဒေသစစ်ပွဲများတွင် တရုတ်အစိုးရ၏ကူညီထောက်ပံ့မှု ရှိသည်ဟု စွပ်စွဲမှုများရှိခဲ့သည်။ သို့သော် အခိုင်အမာတွေ့ရသော အချက်အလက်များအရ တရုတ် အစိုးရက မူဝါဒချမှတ်၍ ကူညီခဲ့ခြင်းမရှိသော်လည်း အစိုးရဒေသန္တရ အုပ်ချုပ်ရေး စစ်တပ်နှင့် တရုတ်လူထုများကြား ကြီးမားစွာရိုက်ခတ်ခဲ့ပြီး အစိတ်အပိုင်းအချို့၏ထောက်ခံမှု၊ ကူညီမှု ရခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ ဤသို့ ရခဲ့ခြင်းသည် တရုတ် အစိုးရပေါ်လစီကြောင့် မဟုတ်ဘဲ တရုတ်အမျိုးသားရေးလက္ခဏာကြောင့်ဖြစ်သည်ဟုဆိုရပါမည်။ ဤကား ကိုးကန့် တရုတ်နှင့် ကိုးကန့်အဖွဲ့၏ ထူးခြားမှုကြောင့်ဆိုရမည်။

ဤသို့ ကိုးကန့်တရုတ်ပြဿနာအား တရုတ်တို့ကအမျိုးသားလက္ခဏာနှင့်ကြည့်မြင်ခြင်းသည် တရုတ်လူမျိုးများအားလုံးလိုလိုတွင် သက်ရောက်မှုရှိသကဲ့သို့ ထိုသို့ကြည့်မြင်မှုသည် တရုတ် အစိုးရပေါ်လစီအားလည်း ဂယက်ရိုက်မှု ရှိသည်။ ပြီးခဲ့သော ၂၀၁၅ ကိုးကန့် ဒေသစစ်ပွဲများ အတွင်း ကိုးကန့်အဖွဲ့သည် တရုတ်အစိုးရ၏အကူအညီပံ့ပိုးမှုထက် တရုတ်လူမျိုးများ၏
ထောက်ခံမှုပံ့ပိုးမှုကိုပိုရသည်ကို တွေ့ရသည်။

စီးပွါးရေးပြဿနာကြည့်မြင်ဖြေရှင်းပါက အကျိုးအမြတ်ပြဿနာကို ရှေ့တန်းတင်တွက်ချက်လေ့ ရှိသည်။ နိုင်ငံရေးအရ အမျိုးသားရေးပြဿနာကိုဖြေရှင်းပါက ဂုဏ်သိက္ခာနှင့်မာန်မာနကို ထည့်သွင်းစဉ်းစားလေ့ရှိကြသည်။

နယ်စပ်ပြဿနာနှင့်တရုတ်
မြန်မာတရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တရုတ်တို့၏ဆက်စပ်မှု ပြဿနာကိုကြည့်ရာတွင် ကြည့်မြင်သုံးသပ်ပုံခြင်းမတူကြပေ။ တရုတ်တို့အနေနှင့် နယ်စပ်ဒေသရှိ မြန်မာပြည် ပြည်မဗဟိုအစိုးရ၏ ထိန်းချုပ်အောက်တွင် မရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်အဆက်အဆံရှိသည်မှာအမှန်ပင်ဖြစ်သည်။ တရုတ်တို့အနေနှင့်ဤသို့ ဆက်ဆံခြင်း သည် သူတို့၏နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ထိန်းချုပ်နိုင်ရန်ဟူသည့် အကြောင်းပြချက် ကောင်း ရှိသည်။

တရုတ်အစိုးရပိုင်းတွင် တရုတ်တို့၏ စစ်ရေးသေနင်္ဂဗူဟာအတွက်၎င်း၊ မြန်မာအစိုးရကို ထိန်းချုပ်နိုင်ရန်အတွက် အဆိုပါအဖွဲ့များ ထောက်ပံ့ကိုင်တွယ်ထားရမည်ဟု အယူအဆ ရှိသူများရှိသကဲ့သို့ မြန်မာအစိုးရနှင့် ဆက်ဆံရေးကောင်းရန် အဆိုပါအဖွဲ့များအား ထောက်ပံ့ခြင်းမပြုရန်အယူအဆရှိသူများလည်း ရှိသည်ဟုသုံးသပ်ကြသည်။ ကြီးမားသောတရုတ်ပြည်တွင် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအကြား အကောင်ထည်ဖော်မှု မတူညီခြင်း အကျိုးစီးပွားမတူခြင်းများကြောင့် နယ်စပ်ရှိတိုင်းရင်းသားအဖွဲ့ဆက်ဆံခြင်း ပံ့ပိုး
ခြင်းနှင့်ပတ်သက် မတူညီမှုရှိသည်ဟု သုံးသပ်ရသည်။

သို့သော် နယ်စပ်ရှိတိုင်းရင်းသားအဖွဲ့များ၏ လက်နက်ရရှိမှုသည် အကန့်အသတ်ရှိသည်ကတော့ အမှန်ပင် ဖြစ်သည်။ ထိုအဖွဲ့များ၏ လက်နက်ဝယ်ယူရရှိမှုလမ်းဝေကာင်းသည် တရုတ်သက် သက်တော့မဟုတ်၊ ထိုင်း လာအိုတို့မှ ဝယ်ယူရရှိနိုင်သည်ဟု နယ်စပ်ဒေသသတင်းများက ဆိုပါသည်။

မည်သို့ပင်ဖြစ်စေ တရုတ်တို့သည် တရုတ်နယ်စပ်တွင် ပြင်းထန်သည့် တိုက်ပွဲများ မဖြစ်စေချင် သည်ကတော့ အမှန်ပင်ဖြစ်သည်။ မြန်မာပြည်တိုင်းရင်းသားများပြဿနာအား လက်နက်ကိုင် နည်းနှင့်ဖြေရှင်း၍ မရနိုင်ဟု၎င်း၊ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ကူညီပေးသွားမည်ဟု၎င်း မြန်မာပြည်ဆိုင်ရာ အထူးသံတမန် ဆွန်ကော့ရှန်က ဆိုပါသည်။ တရုတ်တို့အနေနှင့်သူတို့၏စီးပွားရေးလုပ်ငန်းများတိုးတက်ဆောင်ရွက်နိုင်ရန် တည်ငြိမ်သည့် နယ်စပ်ဒေသအား လိုလားသည်ဟု သုံးသပ်ရသည်။

ထို့ပြင် တိုင်းရင်းသားများ ပြည်တွင်းစစ်နှင့် နှစ်ပေါင်း ၇၀ နီးပါးဖြစ်ပွားနေသော တိုင်းပြည်တွင် တဖက်ဖက်က စစ်ရေးနည်းနှင့် အနိုင်ရလိမ့်မည်ဟု တရုတ်တို့မယုံကြည်ပေ။ သို့ဖြစ်ရာ မြန်မာ့ ပြည်ငြိမ်းချမ်းရေးကို တရုတ်တို့ လိုလားနေသည်။

ထို ၃ ဖွဲ့
လက်ရှိ ၂၁ ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်နိုင်ရန် ပြဿနာ၂ ခုရှိသည်။ တခုက အားလုံး NCA လက်မှတ်ထိုးရန်ဖြစ်သည်။ နောက်တခုက မြန်မာစစ်ဖက်က လက်နက်စွန့်လွှတ်မှ ညီလာခံ တက်ခွင့်ပေးနိုင်မည်ဟုတောင်းဆိုထားသော MNDAA/TNLA/AA တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပြဿနာ ဖြစ်သည်။

ထိုအဖွဲ့ ၃ ဖွဲ့နှင့် ပတ်သက်၍ မူလက UNFC ကတဆင့် အားလုံးပါဝင်ရေးအား ၂၀၁၆ နှစ်ဆန်း အထိ တောင်းဆိုလာခဲ့သည်။ သို့သော် ယခု ပင်လုံညီလာခံအတွက် ပြင်ဆင်လာသည့်အချိန်တွင် ထိုအဖွဲ့များသည် UNFC မှနှုတ်ထွက်ခွင့်တောင်းလိုက်ပြီးနောက် ထို ၃ ဖွဲ့ပါဝင်ရေးနှင့်ပတ်သက်ပြီး UWSA နှင့် NDAA တို့မှ ပြောင်းလဲရပ်ခံလာသည်ကိုတွေ့ရသည်။ အဆိုပါပြောင်းလဲရပ်ခံလာ သော UWSA နှင့် NDAA သည် အရှေ့မြောက်တွင် အင်အားအကြီးဆုံးဖြစ်ပြီး သူတို့၏တပ်ဖွဲ့များအား အမြဲတန်းတပ်ပုံစံဖွဲ့စည်းနိုင်ကာ လက်နက်အင်အားတောင့်တင်းသည့်ပြင် ထိန်းချုပ်နိုင်သည့် နယ်မြေဒေသများလည်းပိုင်ဆိုင်ထားကြသည်။

ထို့ပြင် UWSA နှင့် NDAA တို့သည် တရုတ်နှင့် အနီးစပ်ဆုံး ဆက်ဆံ ရေးအကောင်းဆုံး အဖွဲ့များ ဖြစ်ပြီး တရုတ်ထံမှ လက်နက်များ ပံ့ပိုးရောင်းချမှုကိုရရှိထားကြသည်ဟု အကဲခတ်များက သုံးသပ် ကြသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအလားအလာ ပိုနီးစပ်ကောင်းမွန်လာချိန်ဆိုရလျှင် ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူနေချိန်တွင် ငြိမ်းချမ်းရေးအလားအလာပိုကောင်းနိုင်သည်ဟု အားလုံးတွက်ဆနေချိန်တွင် UWSA နှင့် NDAA တို့က ပြောင်းလဲရပ်ခံလာခြင်းသည် ကိုးကန့် အဖွဲ့အပါ ထို ၃ ဖွဲ့အား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တရားဝင်ပါဝင်ခွင့်ရရန် အားထုတ်လာခြင်း ဖြစ်သည်ဟုယူဆရသည်။

လက်ရှိ မြန်မာစစ်ဖက်ကတောင်းဆိုသော လက်နက်စွန့်လွှတ်ရေးအား အဆိုပါ ၃ ဖွဲ့အနေနှင့် လက်ခံဖွယ်မရှိပေ။ ထိုသို့ လက်နက်စွန့်ရခြင်းသည်ဂုဏ်သိက္ခာမဲ့သည်လုပ်ရပ်ဖြစ်နေရာ ရွေးချယ်ကြမည်မဟုတ်ပေ။ တရုတ်တို့အနေနှင့် ကိုးကန့်အဖွဲ့အား ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်စေချင်သော်လည်း ဂုဏ်သိက္ခာမဲ့သည့် အနေအထားမျိုးနှင့် ရောက်စေချင်ပုံမရပေ။ ညီလာခံအောင်မြင်ပြီးနောက် လက်နက်ကိုင်တပ်ပြသနာ ဖြေရှင်းခြင်းသည်နောက်ပြဿနာ ဖြစ်သည်။ လက်ရှိတွင် တရုတ်တို့အနေနှင့် သူတို့ဟန်လူမျိုးတူဖြစ်သော ကိုးကန့်တရုတ်တို့အား ဂုဏ်သိက္ခာမဲ့သည်အခြေအနေ ရောက်စေလိုပုံမရ။ ကိုးကန့်တရုတ်တို့ ဂုဏ်သိက္ခာမဲ့သည့် အခြေအနေသို့ ရောက်စေခြင်းသည် တရုတ်တို့၏ဂုဏ်သိက္ခာပါ ထိပါးသည်ဟုယူဆပုံရသည်။ ဤ
အချက်ကား ထည့်သွင်းတွက်ချက်ရန်လိုသောအချက်ဖြစ်သည်။

ထို့ပြင်နိုင်ငံရေးပြသနာကိုဖြေရှင်းရာ ထွက်ပေါက်ဖွင့်၍ ဖြေရှင်းရန် လိုအပ်သည်။ နိုင်ငံရေးပြသနာတွင် ပါဝင်ကြသော လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများအား သိက္ခာရှိသော နိုင်ငံရေး လမ်းကြောင်းအားဖွင့်ပေးပြီး ဖြေရှင်းရန်လိုအပ်သည်။ ထွက်ပေါက်ပိတ်ထားပါက ပြန်လည် တုံ့ပြန်တွန်းကန်မှုသာကြုံရပြီး နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ပေ။ တကယ်တမ်းဆိုလျှင် ၂၁ ပင်လုံညီလာခံ၌ နိုင်ငံရေးဆိုင်ရာ ဖက်ဒရယ်ပြဿနာ တန်းတူရေးပြဿနာကို ဆွေးနွေးဖြေရှင်းကြရဦးမည်။ SSR ခေါ် လုံခြုံရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုဖြင့် လက်နက်ကိုင် တပ်ဖွဲ့ပြဿနာ ဖြေရှင်းကြရမည်။ ထိုသို့ဖြေရှင်းနိုင်ရန် အားလုံးပါဝင်သည့် ညီလာခံတရပ် အစပြုနိုင်ရန်လိုသည်။ မီးစကျန်နေက အကျိုးမရှိနိုင်။ အားလုံးပါဝင်ရေးဆိုသည်မှာ အားလုံးသိက္ခာရှိစွာ ပါဝင်နိုင်ရေးဖြစ်သည်။ နိုင်ငံရေးအရ သိက္ခာရှိသည့် ထွက်ပေါက်ပေး၍ နိုင်ငံရေးအရဖြေရှင်းကြရန်လိုသည်။

လက်ရှိ ၂၁ ရာစုပင်လုံအတွက် အခြေခံအကျဆုံးလိုအပ်ချက်မှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အားလုံး ပါဝင်နိုင်ရေးဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးနှင့်တရုတ်
မြန်မာ့ပြည်အတွက် လက်ရှိအရေးကြီးသော ပြဿနာမှာ ငြိမ်းချမ်းရေးဖြစ်သည်။ ငြိမ်းချမ်းမှုမရှိဘဲ ဒီမိုကရေစီမရနိုင်သကဲ့သို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် မဖြစ်နိုင်ပေ။ စစ်စားရိတ် စစ်ဒဏ်ဖြင့်ပိနေသော တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်နိုင်သည့်ကိစ္စမဟုတ်ပေ။ ဤအချက်အား အရပ်သားအစိုးရသစ်က ကောင်းမွန်စွာ ဆုပ်ကိုင်ထားသည်ကိုတွေ့ရသည်။ လက်ရှိ မြန်မာပြည်ငြိမ်းချမ်းရေးအား လုပ်ကိုင်ဆောင်ရွက်နေသူများအနေနှင့် တရုတ်၏သဘောထားနှင့် တရုတ်အနေအထားကို မဖြစ်မနေထည့်သွင်းတွက်ချက်ရန်လိုသည်။

နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တရုတ်တို့နှစ်ရှည်လများ ဆက်စပ် ပတ်သက်ခဲ့သည်မှာ အများအသိပင် ဖြစ်သည်။ စစ်ရေးစီးပွားရေးအင်အားကြီး တရုတ်တို့၏ သြဇာ သက်ရောက်မှုရှိသည်မှာလည်း ငြင်းပယ်၍ မရသည့် လက်တွေ့ဖြစ်ရပ်ဖြစ်သည်။ ဤအချက်ကို ရှောင်ဖယ်၍ စဉ်းစားမရနိုင်ပေ။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးသည် တရုတ် ခိုင်းတာ အားလုံးလုပ်သည့် တရုတ်သြဇာခံသက်သက်တော့ မဟုတ်။ သူတို့လူမျိုး သူတို့အဖွဲ့အစည်း အကျိုးစီးပွားဖက်က ရပ်တည်နေသည်ကိုလည်း ခွဲခြားမြင်ဖို့လိုသည်။

မည်သို့ဖြစ်စေ တရုတ်တို့နှင့်ကျွန်ုပ်တို့ကြားတွင် တူညီသော အချက်တခုရှိနေသည်။ ၎င်းမှာ ငြိမ်းချမ်းရေးပြဿနာဖြစ်သည်။ တရုတ်တို့အနေနှင့် နယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးရစေချင်သည်။ နယ်စပ်ဒေသတွင် စစ်ပွဲများထိန်းမနိုင် သိမ်းမရအခြေအနေများ မမြင်တွေ့လိုပေ။ နယ်စပ်ဒေသငြိမ်းချမ်းနေမှ တရုတ်တို့အနေနှင့် သူတို့၏စီးပွားရေးလုပ်ငန်းများကို ရှေ့တဆင့်တိုး လုပ်ဆောင်၍ ရမည်ဖြစ်၍ ဖြစ်သည်။ ထို့အတူ ကျွန်ုပ်တို့သည်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ငြိမ်းချမ်းရေးရဖို့သည်။ ဤကား တရုတ်တို့နှင့် ကျွန်ုပ်တို့နှင့်တရုတ်တို့ကြား ဘုံတူညီချက်ဖြစ်သည်။

သို့ဖြစ်ရာ ဤဘုံသဘောတူညီမှုကိုအခြေပြု၍ တရုတ်တို့၏နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအပေါ် အမြင်ကို ထည့်သွင်းစဉ်းစားရန်လိုသည်။ ကိုးကန့်တရုတ်နှင့်ပတ်သက်၍ တရုတ်တို့၏ထူးခြားသည့်အခြေအနေနှင့်သဘောထားကို ထည့်သွင်းတွက်ချက်ရန်လိုသည်။ လိုအပ်သည့်အခြေအနေအချိန်အခါတွင် တရုတ်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုသည်။ နိုင်ငံရေးအရအကြောင်းကိစ္စတခုကို ကောင်းမွန်စွာဖြေရှင်းနိုင်ရန် ဆက်စပ်ပတ်သက်မှုအားလုံးကို မှန်မှန်ကန်ကန်ထည့်သွင်းတွက်ချက်ရန်လိုပါသည်။ ထို့ပြင် တရုတ်နှင့် မြန်မာသည် နိုင်ငံရေးအကြောင်းအချက်သာမက စီးပွားရေးအကြောင်းအချက်ပါ ဆက်စပ်ပတ်သက်နေသည်ဖြစ်ရာ ဆက်စပ်ညှိနှိုင်းဆွေးနွေးရန် အခွင့်အလမ်းပေါင်းများစွာရှိသည်။ တခုချင်း၏ ထူးခြားမှုများကိုသာ ထည့်သွင်းစဉ်းစားရန်လိုအပ်ပေမည်။

နိဂုံး

တရုတ်တို့သည် မြန်မာနှင့်ပတ်သက်လျှင် သံတမန်များစွာထား၍ လှုပ်ရှားဆက်စပ်နေသည်။ တရုတ်နိုင်ငံခြားရေးဌာနဝန်ကြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးသံတမန် တရုတ်မြန်မာ ချစ်ကြည်ရေးအသင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့က ပုံမှန်လှုပ်ရှား ဆက်ဆံနေကြသည်။ မကြာသေးမီ၂၀၁၆ ဇူလိုင်လဆန်းက တရုတ်နိုင်ငံတော်လုံခြုံဝန်ကြီးဌာန ဝန်ကြီး Mr Geng Hwichang ကင်ဟွေချန်သည် နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံသည်ကို တွေ့ရသည်။

မကြာမီရက်ပိုင်းအတွင်း မြန်မာပြည်နှင့်တရုတ်ပြည် ထိပ်သီးခေါင်းဆောင် သွားလာတွေ့ဆုံ ဆွေးနွေးကြသည်များကို မြင်တွေ့ဖွယ်ရာရှိပါသည်။ နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းမည့်အခြေအနေများနှင့်အတူ မြန်မာပြည် ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်ထားနိုင်သည့် အခြေအနေများကို လည်းတွေ့ရမည်ဟု မျှော်လင့်ရပေသည်။

ယခင်နှစ်ကာလများကတော့ တရုတ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် မြန်မာပြည်ထိပ်ပိုင်း ခေါင်းဆောင်များတွေ့ဆုံရာတွင် မြန်မာပြည်အတွက် အကျိုးရှိမည့်အခြေအနေများ ပေါ်လာလိမ့် မည်ဟု မြန်မာလူထု မမျှော်လင့်ခဲ့ကြသည်ကတော့ အမှန်ပင်ဖြစ်သည်။ သို့သော် လက်ရှိ အရပ်သား အစိုးရသစ်လက်ထက်တွင်တော့ မြန်မာတရုတ်တွေ့ဆုံမှုများမှ မြန်မာပြည်အတွက် အကျိုးရှိမည့်အခြေအနေများ ပေါ်ထွက်လာနိုင်လိမ့်မည်ဟု မျှော်လင့်ရပေသည်။

ပြီးပါပြီ
Mg Mg Soe ( မောင်မောင်စိုး )

ထွန်းဝေမြင့် - ငါ့ငါ သူ့ငါ

$
0
0
Aung Htet


ထွန်းဝေမြင့်  - ငါ့ငါ သူ့ငါ
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၆
လောကကြီးက
နင်​ဘာလဲ၊ ငါဘာလဲ သံသရာလည်​ကာ
မာ​ရေ​ကြော​ရေဖြစ်​​နေတတ်​ပြန်​တယ်​။


မ​ကောင်း​ပြောကြည့်​တာပါ။
ငွေမရွှင်​​ငွေမထွက်​တဲ့
ကဗျာကဗျက်​​လောကထဲမှာ​တောင်
ငါဘာလဲ၊ နင်​ဘာလဲ ကိုလိုနီ​တွေ
တနေ့တခြားအထွက်​တိုး
ဖွံ့ဖြိုးပြန့်​ပွား​နေလိုက်​ပုံများ...


ဒီ​တော့...​လောကဝတ်​အရ
ငါဘာလဲ နဲ့ နင်​ဘာလဲ​တွေ
တွေ့ကြ​လေ​သောအခါ
တွေ့ရတာ ဝမ်းသာပါတယ်
လက်​ဆွဲနှုတ်​ဆက်​ကြ။
တကယ်​ ဝမ်းသာကြပါ​စေ....။

ထွန်း​ဝေမြင့်

မြေးများ မြစ်များနှင့် မောင်မိုးသူ

$
0
0




မြေးများ မြစ်များနှင့် မောင်မိုးသူ
(ကုမုဒြာ ဂျာနယ်မှ ကူးယူဖော်ပြသည်) မိုးမခ၊ ဇူလိုင် ၂၁၊ ၂၀၁၆
(သရုပ်ဖော် - ဇော်မောင်)
အသက် ၈၀ ရှိလာပြီဖြစ်တဲ့ မောင်မိုးသူ မှာ သားသမီးက သုံးယောက် ရှိပါတယ်။ အကြီးနှစ်ယောက်က မန္တလေးမှာ မွေးခဲ့တာပါ။ အကြီးနှစ်ယောက်ထက် ၁၀ နှစ်ငယ်တဲ့ သားကတော့ ရန်ကုန်မှာမွေးတာ ဖြစ်ပါတယ်။ သားအကြီး ကိုတော့ ဆရာ ကြီး ရွှေဥဒေါင်းရဲ့ ရတနာပုံဝတ္ထုမှာ မောင်ထွန်းမြတ်ဆိုတဲ့ နာမည်ကို ဆရာကြီးက တလေးတစားရွေးခဲ့တယ်ဆိုလို့ သားကြီး နာမည်ကို ထွန်းမြတ်ဦးလို့ ပေးခဲ့တာပါ။ ဖအေက တရုတ်လိုဖြူဖြူ၊ အမေကလည်း ဖြူဖြူပဲ ခင်ဗျ။ သားကြီးကတော့ ရန်ကုန် အာဂျလာဆိုတဲ့ အမေရိကန်နွယ်ဖွား လာစဉ်မှာမွေးလို့လား မသိပါဘူး မည်းမည်း ထွားထွားကြီးမို့ သူ့ကို အာဂျလာလို့ ခေါ် ကြပါတယ်။ နောက် ပန်းသီး ဗီဒီယိုလုပ်ငန်း လုပ်လို့ သူ့ကို ပန်းသီးလို့ လည်း ခေါ်ကြ တယ်ခင်ဗျ။

အဲသည် ပန်းသီးက အင်န်အယ်လ်ဒီ လူငယ်မှာလုပ်၊ ဖအေနဲ့အတူ ထောင်အတူ တူကျ၊ အဲ အဖေထက် သား နှစ်နှစ်ကြီး ဆိုသလို အဖေက ထောင်သုံးနှစ်ကျတဲ့အ ချိန်မှာ မောင်ပန်းသီးက ငါးနှစ်ကျပါတယ်။ ထောင်ကလွတ်၊ ဗီဒီယို လုပ်ငန်းလုပ်ပေမဲ့ နိုင်ငံရေးပိုးက မသေ၊ ရွှေဝါရောင်အရေး တော်ပုံမှာ ဗီဒီယိုလိုက်ရိုက်၊ သူ့လူတွေ အ ဖမ်းခံရလို့ သူလည်း ထိုင်းကို ဗီဇာနဲ့ ထွက်ရာက ယခုတော့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှာ ရောက်နေပါတယ်။
ဒုတိယက သမီးက အေးလို့ အေးသီ တာ နာမည်ပေးတာ၊ ယခုတိုင် မောင်မိုးသူ နဲ့ အတူနေပါတယ်။

သားအငယ်ဆုံးက အလတ်သမီးထက် ၁၀ နှစ်အကွာ ရန်ကုန်ရောက်မှမွေးတာ ဖြစ်ပါတယ်။ သူ့ကို မွေးတဲ့အချိန်က မောင်မိုးသူရဲ့ “မှုန်နံ့သာ”ဇာတ်ကား ရုံတင်နေချိန် မို့ သမီးမိန်းကလေးမွေးရင် “မှုန်နံ့သာ”လို့ ပေးမယ် စိတ်ကူး ထားတာ။ တကယ်မွေးလာတော့ သားယောကျာ်းလေး ဖြစ်လို့ ညီညီမိုးသူလို့ပဲ ပေးလိုက်ပါတယ်။ ညီညီကို ငယ်ငယ်ကဘူးဘူးလို့ အိမ်မှာ ခေါ်ကြတယ်။ အဲဒါ မောင်မိုးသူရဲ့ ဘကုန်း မျိုးဆက်အစ ဖြစ်သွားတော့တာ ပေါ့။ ပန်း သီးက ပထမအိမ်ထောင်နဲ့ သမီးတစ် ယောက်၊ သားတစ်ယောက် မွေးပါတယ်။ သမီးကို ဘုတ်ဘုတ်၊ သားကို ဘုံဘုံလို့ အိမ်မှာ ခေါ် ကြတယ်။

သမီး အေးသီတာမွေးတဲ့ သားကိုတော့ ဘိုဘိုလို့ အိမ်မှာခေါ်တယ်။ ပန်းသီးရဲ့ ဒုတိယအိမ်ထောင်ကမွေးတဲ့ သားကိုတော့ ဘွန်ဘွန်လို့ ခေါ်ကြတယ်။ ညီညီနဲ့ နီဝါညိုတို့ မွေးတဲ့ မြေးအငယ်ဆုံးကတော့ ဘန်ဘန်ပေါ့။ ဘကုန်းမျိုးဆက်က မြေး အငယ်ဆုံး ဘန်ဘန်မှာ ကုန်ပါတယ်။ အဲသည်မှာတင် မောင်မိုးသူမှာ သားသမီး သုံးယောက်၊ မြေးက ငါးယောက်ရှိလာပါ တယ်။ မြေးအကြီးမ ဘုတ်ဘုတ်က မလေးရှားဟိုတယ်မှာ သွားအလုပ်လုပ်၊ ပြီးတော့ ဒူဘိုင်းဟိုတယ်မှာ ပြောင်းအ လုပ် လုပ်၊ ဒူဘိုင်းမှာ မြန်မာအမျိုးသားတစ် ဦးနဲ့ အိမ်ထောင်ကျ၊ အိမ်ထောင်ပြုတော့ ရန်ကုန်က ဘုန်းကြီးကျောင်းမှာလာပြီး အိမ် ထောင်ပြုကြပါတယ်။ ဘုတ်ဘုတ်က ကိုယ်ဝန်ရှိလာပြီး မွေးဖွားခါနီးတော့ မြန်မာပြည်မှာလာပြီး မွေးရပါတယ်။ အမြွှာ မိန်းကလေးနှစ်ယောက်ပါ။ မြစ်ဆုံ ပြဿနာ ဖြစ်နေချိန်မှာ မွေးလို့ အမြွှာကလေး မလေးနှစ်ယောက်ကို မေခနဲ့ မလိခလို့ နာမည်ပေးမယ် စိတ်ကူးပေမဲ့ မြစ်တစ်စင်းရဲ့ ကြမ်းတမ်း တဲ့သဘောရှိတာကြောင့် တုံတုံနဲ့ သဲသဲလို့ပဲ ခေါ်ပါတယ်။ တုံတုံနဲ့ သဲသဲ ရန်ကုန်မှာ မွေးပြီး သူ့အမေက ဒူ ဘိုင်းကို ပြန်သွားပေမဲ့ မြစ်နှစ်ယောက်ကို တော့ မောင်မိုးသူတို့အိမ်မှာ တစ်နှစ်ထား ခဲ့ပါတယ်။ တစ်နှစ်ပြည့်မှ လာခေါ်သွားကြ တာ။ အဲသည်ကလေးတွေနဲ့ သူ့အမေဟာ နှစ်တိုင်း မြန်မာပြည်ကို ပြန်လာလေ့ ရှိပါ တယ်။ ယခု သည်နှစ်မှာ လာကြတော့ တုံတုံနဲ့သဲသဲတို့ဟာ ဩဂုတ်လဆိုရင် ခြောက်နှစ်ပြည့်ပြီပဲ။ နောက်မြေးယောကျာ်း လေးဖြစ်တဲ့ ဘုံဘုံဟာ နေပြည်တော်မှာ အိမ်ထောင်ကျပြီး ယောကျာ်းလေးတစ် ယောက် မွေးပါတယ်။ အဲသည် ငနဲလေး လည်း အခု တစ်နှစ်ခွဲရှိပေါ့။

သည်တော့ မောင်မိုးသူမှာ သားသမီး သုံးယောက်၊ မြေးငါးယောက်၊ မြစ် သုံး ယောက်ပေါ့နော်။
သားကြီး ပန်းသီးနဲ့ မြေးဘွန်ဘွန်တို့ က အမေရိကား ဆန်ဖရန်စစ္စကိုမှာ နေပါ တယ်။ သည်နှစ် သူတို့ အနောက်နိုင်ငံက ကလေးတွေ ကျောင်းပိတ်ရက်ဖြစ်တဲ့ ဇူလိုင်မှာ မြန်မာပြည် ရန်ကုန်ပြန်လာကြဖို့ ချိန်းဆိုထားကြပါတယ်။ ပန်းသီးတို့ သား အဖတစ်တွေမလာနိုင်ပေမဲ့ ဘုတ်ဘုတ်နဲ့ မြစ်မလေးနှစ်ယောက် တုံတုံနဲ့သဲသဲ ဇူလိုင် လဆန်းမှာ ရောက်လာကြပါတယ်။ နေ ပြည်တော်မှာနေတဲ့ ဘုံဘုံ၊ ပိုပိုနဲ့ မြစ် လုံးလုံးတို့ကလည်း ရန်ကုန်လာကြပါ တယ်။

သည်တော့ မြေးတွေ၊ မြစ်တွေ ရန်ကုန် ဆုံကြစဉ်အတွင်း မောင်မိုးသူလည်း ဘယ်မှ မသွားနိုင်၊ အခမ်းအနားပွဲတွေလည်း မတက်နိုင်တော့ဘဲ မြစ်တွေ မြောက်ရှုံးအောင် အိမ်မှာ ဆော့နေချိန်မှာ မောင်မိုးသူကတော့ အိပ်အိပ်နေပါတယ်။

ယခုတော့ ဘုတ်ဘုတ်နဲ့ မြစ်မလေး နှစ်ယောက်က ထိုင်းနဲ့ ဗီယက်နမ်ကို အလည်သွားကြတယ်။ ဘုံဘုံနဲ့ လုံးလုံးတို့ လည်း နေပြည်တော်ပြန်သွားကြလေ တော့၊ မောင်မိုးသူတစ်ယောက် ဒုံရင်း ဒုံရင်းပဲ ရန်ကုန်မြို့ ၃၁ လမ်း အထက်၊ ပထမထပ် ခိုအိမ်ကလေးမှာပဲ နေပြီး မနက် မနက် မောနင်းစတားသွားပြီး သတင်း စာတွေဖတ်၊ နိုင်ငံရေး၊ လူမှုရေး စကား တွေပြော၊ ပြန်လာပြီး ကုမုဒြာ၊ မော်ဒန်၊ သံတော်ဆင့် ဂျာနယ်တွေမှာ ပုံမှန် ဆောင်းပါးတွေရေး၊ ကလျာ၊ မိုးမခ၊ သရဖူ၊ လမာဂေ စတဲ့ မဂ္ဂဇင်း တွေမှာ စာတွေရေးပြီး နေရပါတယ်။ ပြီးခဲ့ တဲ့ မေလမှာ ၇၉ နှစ်ပြည့်လို့ ၇၉ ဘကြီးမိုး ဆိုတဲ့ ဘကြီးမိုး၊ အော်ပီကျယ်၊ ကုမုဒြာ ဆောင်းပါးတွေ ထုတ်ခဲ့ပါတယ်။

၇၉ နှစ် ပြည့်ခဲ့ပြီး ၈၀ ထဲ ရောက်ပြီပေါ့ နော်။ ဇူလိုင်လ ပထမပတ်မှာတော့ အ သက် ၈၀ ရှိပြီဖြစ်တဲ့ မောင်မိုးသူတစ် ယောက် သားသမီးများ၊မြေးများ၊မြစ်များနဲ့ ဆုံစည်းတွေ့ဆုံလိုက်ရကြောင်းပါ။
မြေများ၊ မြစ်များနှင့် မောင်မိုးသူ ပါ။

မောင်မိုးသူ

ငြိမ်းချမ်းအေး ● အင်္ဂလိပ်စာ သေချာပေါက် မတတ်စေတဲ့ ကိုယ်တွေ့များ

$
0
0
ငြိမ်းချမ်းအေး ● အင်္ဂလိပ်စာ သေချာပေါက် မတတ်စေတဲ့ ကိုယ်တွေ့များ
(Education Digest / မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၆

အင်္ဂလိပ်စာကို ဒုတိယဘာသာစကားအနေနဲ့ သေချာပိုင်နိုင် လေ့လာလိုသူ မြန်မာပြည်က လူငယ်များနဲ့ တွေ့တိုင်း အင်္ဂလိပ်စာလေ့လာပုံ ဗဟုသုတတွေကို ကိုယ်တွေ့နဲ့ ယှဉ်ပြောမိဆိုမိတယ်။  အများဆုံး ပြောဖြစ်တာကတော့ အင်္ဂလိပ်စာ သေချာပေါက် မတတ်မယ့် နည်းတွေကို ဖြတ်သန်းခဲ့မှု အတွေ့အကြုံနဲ့ ပြောမိတာပါ။  ကိုယ်တိုင်က ပညာရေးစနစ်ဆိုးကို ဖြတ်လာရသူမို့  မတတ်မယ့်နည်းတွေကို ပိုသိနေတာပေါ့။  လူငယ်တွေ အနေနဲ့ ကျနော်တို့ ဖြတ်သန်းခဲ့သလို လမ်းလွဲလိုက်ရင်း သေချာပေါက် မတတ်မယ့်နည်းတွေနဲ့ အချိန်ကုန် နေမှာစိုးလို့ အင်္ဂလိပ်စာအတွက် ဆောင်ရန်တွေကို ဇောင်းမပေးဘဲ၊ ရှောင်ရန်တွေကိုသာ ပြောဖြစ်တာ များပါတယ်။

ပထမဆုံး ပြောဖြစ်တဲ့ ရှောင်ရန်ကတော့ “How to…”  စာအုပ်တွေပါ။  Essay ရေးနည်း၊ Letter Writing ရေးနည်း၊ စကားပြောနည်း စတဲ့ စာအုပ်တွေဟာ ဖတ်ရင်း၊ ကျက်ရင်းသာ အသက်ကြီးပြီး သေသွားပါမယ် အင်္ဂလိပ်စာကို ဌာန်ကရိုဏ်းကျကျ ပြောဆိုရေးသားနိုင်မှာမဟုတ်ပါ။

နောက်တချက် အင်္ဂလိပ်စာလေ့လာသူ လူငယ်တွေကို သိစေချင်တာကတော့ အင်္ဂလိပ်စာကို အသုံးပြုပြီး ပြောရင်၊ ရေးရင် မြန်မာလို အရင် စဉ်းစားလို့မရခြင်းကိုပါ။  ကိုယ်ဘာသာ့ မြန်မာလို စဉ်းစားဖြစ်သွားလို့ အဲဒီအတိုင်း လိုက် အင်္ဂလိပ်လို ပြန်ရေးရင်လည် အင်္ဂလိပ်စကားကို မိခင်ဘာသာအနေနဲ့ ပြောဆို၊ ရေးသားတဲ့ သူတွေ မသိနားမလည်နိုင်တဲ့ အကျိုးအပျက်၊ ပုံပျက်ပန်းပျက် အင်္ဂလိပ်စာ၊ စကားနဲ့ စာပဲ ထွက်လာပါမယ်။  Impression Down တယ်တို့ဘာတို့လို Broken English အကျိုးအပဲ့တွေပဲ ရပါမယ်။

ဆိုတော့ စရေး၊ စပြောကတည်း မြန်မာစကားလုံးနဲ့ လုံးဝမစဉ်းစားဖို့ ရှောင်ရန် အကြံပြုချင်ပါတယ်။  သိသလောက် အင်္ဂလိပ်စကားလုံးနဲ့ စဉ်းစား ချပြော၊ ချရေးကြည့်ဖို့ တိုက်တွန်းပါတယ်။  အင်္ဂလိပ်စာ တကယ်တတ်ချင်ရင် အင်္ဂလိပ်စကားလုံး တွေကို မြန်မာစကားလုံးနဲ့ ဖလှယ်ယူတဲ့ အကျင့်လုံးဝ ဖျောက်ဖို့တိုက်တွန်းပါတယ်။  အင်္ဂလိပ်စကားလုံးတွေရဲ့ မသိတဲ့ အဓိပ္ပာယ်တွေကို မှတ်သားရင်လည်း ကိုယ်သိတဲ့ စကားလုံးတွေနဲ့ပြန်ဖြေရေး (Paraphrase) လုပ်ပြီး မှတ်တဲ့ အကျင့်လုပ်ရပါတယ်။  အင်္ဂလိပ်လိုပဲ ကိုယ့်ဘာသာသာ နားလည်အောင် မှတ်စေချင်ပါတယ်။

“မြန်မာလိုတွေး အင်္ဂလိပ်လိုရေး” ဆိုတာ တကယ်တော့ အင်္ဂလိပ်စာ အခြေခံအဆင့်သမားအတွက် အလုပ်မဖြစ်ပါ။  ဘယ်အသုံးတွေက အင်္ဂလိပ်စာမှာ မရှိဘူး၊ မှားတယ်ဆိုတာကို သိတတ်ပြီးတဲ့ ဆရာကြီးတွေသာ လုပ်နိုင်တာပါ။  ခက်တာက မြန်မာပြည်မှာ အဲဒီလို အဆင့် ဆရာကြီးတွေကိုယ်တိုင်က “မြန်မာလိုတွေး၊ အင်္ဂလိပ်လိုရေး” နည်းတွေ ဇောင်းပေးချင်ကြပါတယ်။  ကိုယ်တွေ့နဲ့ ယှဉ် ပြောရရင် လက်တွေ့ အလုပ် မဖြစ်လို့ပဲ ဆိုပါရစေ။

ဆိုတော့ “မြန်မာလိုတွေး၊ အင်္ဂလိပ်လိုရေး” နဲ့ ပြောင်းပြန် အင်္ဂလိပ်လိုတွေး၊ အင်္ဂလိပ်စကားလုံးတွေနဲ့ စိတ်ကူးပုံဖော်၊ ပြီးတော့ အင်္ဂလိပ်လို ပြော၊ အင်္ဂလိပ်လိုရေးဆိုတာကို ဆောင်ရန် အဖြစ် အကြံပြုပါတယ်။  ဒီလို အင်္ဂလိပ်လိုတွေး၊ အင်္ဂလိပ်လိုပြော၊ အင်္ဂလိပ်လို ရေးနိုင်အောင် ဘာလုပ်ရမလဲဆိုတော့ အင်္ဂလိပ်စာကို မိခင်ဘာသာစကားအနေနဲ့ အသုံးပြုနေသူတွေ ရေးတဲ့ စာတွေဖတ်ဖို့၊ သူတို့တွေ ပြောတဲ့ ဆိုတဲ့ ရုပ်ရှင်တွေ၊ သတင်းတွေ၊ သီချင်း များများကြည့်၊ နားထောင်ဖို့ပါပဲ။

ဒီနေရာမှာ ရှောင်ဖတ်ရမယ့် စာတွေလည်း အကြံပြုချင်ပါတယ်။  ဘာတွေ ရှောင်ရမလဲဆိုတော့ မဆလခေတ်ကတည်းက အိမ်တိုင်းလိုလိုမှာ ကလေးတွေ ဖတ်ဖို့ဆိုပြီး အသားကျ ရှိနေလေ့ရှိတဲ့ “ရွှေသွေး” တို့ “မိုးသောက်ပန်း” တို့လို စာစောင်တွေက အင်္ဂလိပ်စာတွေလိုမျိုးနဲ့ အလားတူ အင်္ဂလိပ်စကားလုံးနဲ့ ရေးထားတဲ့ စာတွေကို မဖတ်မိပါစေနဲ့။  အဲဒါတွေဟာ တကယ့် အင်္ဂလိပ်စာ/စကား မဟုတ်ပါ။

“ရွှေသွေး” ဖတ်တဲ့ အရွယ်ကျော်လာခဲ့ပြီ လို့ဆိုရင်လည်း “The New Light of Myanmar” လိုမျိုး အင်္ဂလိပ် သတင်းစာ ပြည်တွင်း သတင်း ခေါင်းကြီး၊ သတင်း ဖြစ်စဉ်တွေကို အင်္ဂလိပ်စာ ဗဟုသုတ အလို့ငှာ မဖတ်မိပါစေနဲ့။  အဲဒါတွေလည်း အများစုက တကယ့် အင်္ဂလိပ်စာ/စကား မဟုတ်ပါ။  Tatmadaw တို့ ဘာတို့ ပဲ အရင်တုန်းက ဖတ်ခဲ့ရတာ မှတ်မိမှာပါ။  အခု အွန်လိုင်း စကားပြောကြတဲ့ Chatting ခေတ်မှာ လူငယ်တွေ သုံးနေတဲ့ Myangalish ဆိုတဲ့ အင်္ဂလိပ်အက္ခရာတွေ သုံး မြန်မာအသံထွက်အတိုင်းရိုက်နေကြတာရဲ့ အစ က အစိုးရထုတ် အင်္ဂလိပ်သတင်းစာကလို့တောင် ဆိုနိုင်ပါတယ်။  “The New Light of Myanmar” မှာ ဆိုရင် အင်္ဂလိပ်စာ အတွက် ဖတ်သင့်တာက နိုင်ငံခြားသတင်းစဉ်တွေက တိုက်ရိုက်ကူးဖော်ပြတဲ့ နိုင်ငံတကာသတင်းကဏ္ဍ၊ နိုင်ငံတကာ အားကစားသတင်းကဏ္ဍတွေ ဖတ်သင့်ပါတယ်။  “ရွှေသွေး”အင်္ဂလိပ်စာနဲ့ အလားတူ အင်္ဂလိပ်စာမျိုး ဖတ်ခြင်းဟာ “အင်္ဂလိပ်စာ သေချာပေါက် မတတ်စေမယ့် နည်းလမ်း ထဲက တခု” ဖြစ်ပါတယ်။

ဆိုတော့ ဆောင်ရန်အနေနဲ့ ဘာတွေ ဖတ်သင့်သလဲဆိုရင် ကလေးအရွယ်မှာ “Oxford” တို့ “Cambridge” တို့ “Penguin” တို့လိုမျိုး က ထုတ်တဲ့ အင်္ဂလိပ်စာကို အခြေခံကနေ အထက်တန်းအထိ အဆင့်ဆင့် ခွဲထုတ် အဆင့်လိုက် ရေးထားတဲ့ Ladder Series တွေ၊ ကလေးတွေ အတွက် စကားလုံးအလွယ်တွေနဲ့ အတိုချုံ့ထားတဲ့ “Abridged Books” တွေ ဖတ်သင့်ပါတယ်။  အထက်တန်းနဲ့ အထက်တန်း အပြီး အရွယ်ဆိုရင် Times တို့၊ Newsweek တို့ဖတ်သင့်ပါတယ်။  “Times နဲ့ Newsweek” က ခက်တယ်၊  ဒါမှမဟုတ် ကိုယ်သိပ် စိတ်ဝင်စားတဲ့ အကြောင်းအရာ တွေ မဟုတ်ဘူးဆိုရင် နည်းနည်းပိုလွယ်တဲ့ အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ စာစုံ၊ စာပဒေသာလည်း ဖြစ်တဲ့ “Reader’s Digest” ဖတ်သင့်ပါတယ်။

အဓိက ဆိုလိုချင်တာကတော့ အင်္ဂလိပ်စာကို ပထမဘာသာစကားအဖြစ် မွေးကတည်းက အသုံးပြုလာသူတွေ ရေးတဲ့ စာတွေကို အားထား ဖတ်ဖို့ပါပဲ။  အထက်မှာ ပြောခဲ့တဲ့ စာအုပ်တွေကို ရန်ကုန်မှာ ဆိုရင် “British Council” ၊ “American Center “  တို့မှာ ရှိတဲ့ စာကြည့်တိုက်တွေမှာ ရှာဖတ်နိုင်ပါတယ်။  အင်တာနက် အသုံးပြုနိုင်သူတွေ အတွက် အွန်လိုင်းမှာ PDF အနေနဲ့ အများအပြား Free Download လုပ်လို့လည်း ရပါတယ်။   အွန်လိုင်းမှာ အရည်မရ အဖတ်မရ များအတွက် ဖုန်းဖိုးငွေ လေးငါးထောင် အသုံးပြုနိုင်ကြရင် ဒီလို မူရင်း အင်္ဂလိပ်စာတွေကို Download လုပ် ရှာဖို့ လူငယ်များ ဝန်မလေးသင့်ပါ။

နောက်တချက် အင်္ဂလိပ်စာ လေ့လာသူ မိတ်ဆွေတွေ၊ အထူးသဖြင့် လူငယ်တွေကို အကြံပြုလိုတာကတော့ စကားပုံတွေ ဆိုရိုးတွေနဲ့ အင်္ဂလိပ် စကား/စာ ကို ဝေဝေဆာ သုံး/ပြော/ရေးချင် ရင်လည်း အင်္ဂလိပ်စကားပုံ (သို့မဟုတ်) နာမည်ကြီးတဲ့ ကမ္ဘာ့စကားပုံတွေကိုပဲ အသုံးပြုစေချင်ပါတယ်။  မြန်မာစကားပုံတွေကို တိုက်ရိုက်ဖလှယ်ဘာသာပြန်ပြီး နေ့စဉ်သုံး အပြော၊ အရေးမှာ သုံးရင် လူမျိုးခြား အင်္ဂလိပ်စာတတ်သူတွေ အလွယ်တကူ နားလည်နိုင်မှာ မဟုတ်ပါ။

ဥပမာ - “သန်းခေါင်ထက် ညဥ့်မနက်” ဆိုတဲ့ စကား ကို တိုက်ရိုက် အင်္ဂလိပ်လို ပြန်ရင် “The night cannot get darker after midnight.” ဆိုပြီး ပြန်နိုင်ပါတယ်။  ဒါပေမယ့် ဒီ “The night cannot get darker after midnight.” ဆိုတဲ့ အင်္ဂလိပ်စကား (သဒ္ဒါလည်းမှန်၊ အဓိပ္ပာယ်လည်းနီးစပ်တဲ့) စာကြောင်းကိုတောင်မှ အင်္ဂလိပ်တွေ၊ အမေရိကန်တွေဆိုရင် မြန်မာစကားပုံရဲ့ ဆိုလိုရင်းကို အလွယ်တကူ အပြည့်အဝ ချက်ချင်း နားလည်နိုင်မယ်မထင်ပါ။

ပြီးတော့ “The night is the darkest just before the dawn.” ဆိုတဲ့  လောက သဘာဝ ဖြစ်စဉ်အရ  လလည်းကွယ်ပြီး နေလည်းမထွက်သေးတဲ့ အရုဏ်ဦးမတိုင်ခင်အချိန်က အမှောင်ဆုံးစကားလည်း ရှိသေးတော့ အမှောင်မိုက်ဆုံးအချိန် သတ်မှတ်ရာမှာကို ကွဲလွဲနိုင်ပါတယ်။  ဆိုတော့ မြန်မာစကားပုံရဲ့ ဆိုလိုရင်း “သန်းခေါင်ထက် ညဥ့်မနက်” ၊”သေမထူး၊ နေမထူး” ၊ “ထောင့်အပြင် တန်း မရှိဘူး (တကယ်ကထောင်ထဲမှာ တိုက်ပိတ်ထားတဲ့ တန်းလည်းရှိပါတယ်)” စတဲ့ သဘောကို အင်္ဂလိပ်လို ပေါ်အောင် ပြောဖို့ ခက်သွားမှာပါ။

“အခြေအနေတခု၊ ဖြစ်စဉ် တခုဟာ ဒီထက်ပိုဆိုးစရာ၊ လွန်စရာ မရှိ”ကို ပြောချင်ရေးချင်ရင် အင်္ဂလိပ်စာ/စကား မိခင်ဘာသာအနေနဲ့ သုံးနေသူတွေ ပိုနားလည်လွယ်၊ ရှင်းအောင် "Things cannot get any worse"ဆိုပြီး စကားပုံမပါ ပြောလိုက်ရုံပါပဲ။   ဆိုလိုချင်တာကတော့ “This is the worst situation that could ever happen.”  “So it can’t get any worse than now” ဆိုတဲ့ “လက်ရှိအခြေအနေဟာ ဖြစ်လာနိုင်သမျှမှာတော့ အဆုံးဆုံးပဲ၊ ဒီထက်ပို မဆိုးနိုင်တော့ဘူး” ဆိုတဲ့ သဘော ကို ခြုံပြီး "Things cannot get any worse"လို့ လိုတိုရှင်း ဆိုလိုက်တာပါ။  ဒီလို အသုံးဆိုရင် အင်္ဂလိပ်တွေ၊ အမေရိကန်တွေ၊ သြစတြေးလျန် တွေလည်း အလွယ်တကူ နားလည်နိုင်မှာပါ။

ဒီနေရာမှာ စကားအလှသုံးချင်တယ်ဆိုရင်လည်း ကမ္ဘာကျော်တဲ့ အားလုံးလည်းသိနိုင်တဲ့ စကားမျိုး သုံးနိုင်ပါတယ်။  “We have nothing to lose” ပါ။  ဂျာမန်အတွေးအခေါ်ပညာရှင် ကားလ်မတ်စ် ရဲ့ နာမည်ကျော် ကွန်မြူနစ်ကြေညာစာတမ်းပါ စကားပါ။  “ငါတို့မှာ ဘာမှဆုံးရှုံးစရာမရှိ၊ အဆိုးဆုံးကို ရင်ဆိုင်နေရတဲ့ ငါတို့အခြေအနေဟာ ဒီထက်ဆိုးသွားစရာမရှိတဲ့အတွက် တခုခု ထလုပ်ဖို့ (သို့မဟုတ်) ထပ်လုပ်ဖို့ ထူးပြီး တွေဝေနေစရာ၊ ကြောက်နေစရာ မရှိ” ဆိုတဲ့ သဘောကို ပုံဖော်တာပါ။

ဆိုချင်တာကတော့ အလုပ်ခွင်မှာ၊ နေ့စဉ်စကားပြောမှာ အင်္ဂလိပ်လိုပြောရင် မြန်မာစကားပုံတွေ တိုက်ရိုက်စကားပြန် မပြောမိဖို့ ရှောင်ရန် လမ်းညွှန်ချင်ပါတယ်။

မြန်မာ စကားပုံတချို့ ကို အသုံးပြုချင်ရင်လည်း သူနဲ့နီးစပ်တဲ့၊ အလားတူ အဓိပ္ပာယ်နဲ့ ဆိုလိုချက် ထွက်တဲ့ အင်္ဂလိပ် (သို့မဟုတ်) နိုင်ငံတကာ စကားပုံ၊ ဆိုရိုး နဲ့ အင်္ဂလိပ်စကားလုံး အသုံးကို ပြောင်းသုံးဖို့ ၊ ဒါမှမဟုတ် နောက်ဆက်တွဲ ရှင်းပြဖို့ အကြံပြုချင်ပါတယ် ။

ဥပမာ -  “ငါးသိုင်းများ ဟင်းဟုံ” ကို တိုက်ရိုက် ဘာသာပြန်ရင် “Too much carp cloys the dish” လို့ရပါမယ်။  ဒီလို “ဆရာများသားသေ” သဘောကို ဆိုလိုချင်ရင် အင်္ဂလိပ်အသုံးမှာလည်း ရှိတဲ့ “Too many cooks spoil the broth (or) too many cooks spoil the soup” လို့ သုံးလိုက်ရင် အင်္ဂလိပ်စကားကို အသုံးပြုနေသူအားလုံး အလွယ်တကူ နားလည် တမ်း သဘောပေါက်နိုင်မှာ ဖြစ်တဲ့ အတွက် စကားလုံးအပိုတွေ ထပ်ရှင်းပြစရာ မလိုတော့ဘဲ တိုတိုနဲ့လိုရင်း ထိမိတဲ့ အင်္ဂလိပ် စကား/စာ အသုံး ဖြစ်သွားမှာ ဖြစ်ပါတယ်။

အလားတူပဲ “ဆိတ်ဆိတ်နေ ထောင်တန်” လို့ ပြောချင်ရင်လည်း “Silence is golden.”, “‘Speech’ is silver, ‘Silence’ is golden.” “A still tongue makes a wise head” စတဲ့ အလွယ်တကူ ဆိုလိုချက်ပေါက်၊ ထိရောက်တဲ့ အင်္ဂလိပ် အသုံးတွေ သုံးတာက ပိုကောင်းပါတယ်။

ပြန်ချုပ်ရရင် အင်္ဂလိပ်စာကို တကယ်တတ်ချင်ရင်တော့ ဟင်းချက်နည်းစာအုပ်တွေလို အင်္ဂလိပ်စာ ဘာနည်း ညာနည်း စာအုပ်တွေရှောင်ပါ၊ မြန်မာလိုတွေးပြီး အင်္ဂလိပ်လိုတိုက်ရိုက် ပြန် ရေး/ပြော ရှောင်ပါ၊ အင်္ဂလိပ်စကားလုံးတွေကို မြန်မာလို တိုက်ရိုက်ပြန်ဖလှယ်မှတ်တဲ့ အကျင့် ရှောင်ပါ၊ အင်္ဂလိပ်စာ မပီပြင်တဲ့ မြန်မာရေး  အင်္ဂလိပ်စာတွေကို ရှောင်ပါ။  ဒါတွေက အင်္ဂလိပ်စာ သေချာပေါက် မတတ်စေတဲ့ နည်းများကို တကိုယ်ရေ ဖြတ်သန်းခဲ့မှု အတွေ့အကြုံ၊ အမြင်နဲ့ အကြံပြုခြင်းပါ။  အလျဉ်းသင့်ရင် အင်္ဂလိပ်စာ သေချာပေါက် မတတ်စေတဲ့ တခြားနည်းများ အကြောင်းဆက်ပါဦးမယ်။

ငြိမ်းချမ်းအေး
ဇူလိုင် ၁၅ ၂၀၁၆
(ဆက်သွယ်ရန်နှင့် ဝေဖန်ရန် - nyeinchanaye81@gmail.com)

(Education Digest (ပညာပဒေသာ) အပတ်စဉ်ထုတ် ဂျာနယ် အတွဲ (၅)၊ အမှတ် (၂၈) တွင် မူလ ပုံနှိပ်ခဲ့သည်။  Education Digest Journal Facebook Page https://web.facebook.com/TheNewEducationDigestJournal/photos/a.341284505956147.81743.340972365987361/1042873205797270/?type=3  တွင်လည်း ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။)

ကမ်လူဝေး ● ကျန်းမာရေးကောင်းပါစေ

$
0
0
  ကမ်လူဝေး ● ကျန်းမာရေးကောင်းပါစေ
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၆

သင်၏စိတ်ကောက်နေသော နိုင်ငံတော်က
သတင်း ထုတ်ပြန်ခွင့်တွေကို ပိတ်လိုက်ပြီ
အထိအခိုက်မခံနိုင်တဲ့
သင့်ရဲ့နိုင်ငံတော်အတွက်
သင့်ရဲ့ပါးစပ်ကိုပိတ်
သင့်ရဲ့အတွေးကိုသတ်
သင့်ရဲ့နားကိုဆို့
လူ့အခွင့်အရေး ကြေညာစာတမ်းကို
ခဏမေ့ထားလိုက်ကြမယ်
သင့်ရဲ့နိုင်ငံတော်ဟာ
စိတ်ဆိုးသွာနိုင်တယ်
သင်ဟာဉာဏ်နည်းပေမဲ့
သင်ရဲ့နိုင်ငံတော်ကဉာဏ်ကြီးတယ်
ဉာဏ်နည်းတဲ့သူက
ဉာဏ်ကြီးတဲ့သူကို သည်းခံဖို့လိုတယ်
အနာဂတ်ဟာ သင့်လက်ထဲမှာမရှိဘူး
နိုင်ငံတော်က စီမံလိမ့်မယ်
နိုင်ငံသားကောင်းပီသမှုဟာ
အရာရာထက် အရေးပါတယ်
မီးပုံထဲကပြေးအထွက်
မီးတွင်းထဲပြုတ်ကျတာဟာလည်း
ဖြစ်တတ်တဲ့သဘောပဲဖြစ်တယ်
သင်၏နိုင်ငံတော် ကျန်းမာပါစေ။     ။

ကမ်လူဝေး

ဝေမြင့်မောင် ● ကျနော့်အကြောင်း တပိုင်းတစ စာစီစာကုံး

$
0
0

ဝေမြင့်မောင် ● ကျနော့်အကြောင်း တပိုင်းတစ စာစီစာကုံး
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၆

၁။
တကိုယ်တော်ကဗျာစာအုပ်ထုတ်ဖို့ ကိစ္စလေးဟာ မိုးရေစက်တွေနဲ့အတူပါသွားတယ်။ ဒါမှမဟုတ် အနုပညာရှင်လို့ဆိုတဲ့ အမလေးရဲ့ဝင်းနေတဲ့ရင်သားပေါ်ရောက်နေတဲ့ ဆိုက်ကိုတွေနဲ့အတူ လောင်သွားကျွမ်းသွားတယ်။ တောခွေးတွေဟာ အသားကို ကြိုက်ကြ တာ လူတွေဟာ အမဲသားကို ဝါးစားနေကြတာ ကင်စားနေကြတာ ဝိုင်ပုလင်းတွေ မြှောက်ပြီး အောင်ပွဲခံကြတာသိသလို တနေရာမှာ စစ်ပွဲဖြစ်လို့ သေနတ်သံ ကြားရလို့ ခွေးပြေးဝက်ပြေး ပြေးကြရလို့ ဒူးထောက်တောင်းပန်နေလို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရလို့ ဒါတွေ ကိုလည်း မြင်ရပါတယ်။

၂။
ညနေဟာ သူ့ မျက်နှာဖုံးကို ချွတ်လိုက်တော့ သစ်ရွက်လေးတွေရယ်နေကြ။ သစ်စက်ကြီးတွေရဲ့ချွန်ထက်နေတဲ့သွားတွေဟာ ခဏအိပ်စက်နေကြ။ အရာရာမှာ အလှတရားရှိတယ်ဆိုတာကို အားလုံးက မစကားမစပ်မိကြဘဲ သဘောတူကြ။ချွေးတွေဟာ အောင်မြင်မှုရဲ့အစလို့ ပြောကြတာကို ပြန်သတိရနေတယ်။ ကိုယ်တိုင်အပြောခံရသလိုမျိုးပဲ။ ဒီလိုချိန်မှာ ကွယ်လွန်သွားတဲ့ ခွေးလေးပိုပိုကို သတိရမိ တယ်။ ကျနော်က ကော်ဖီခွက်ကိုင်လို့၊ သူမက ကျနော့်ဘေးနားမှာ ငြိမ်သက်လို့။ ခွေးမလေးပိုပိုကို ကျနော်သတိရမိတာက ယုတ်ညံ့မှု ရှက်ကြောက်စရာမဟုတ်တဲ့ အကြောင်း မပြောလိုပါဘူး။ ချစ်ခြင်းမေတ္တာအကြောင်းကို ပြောဆိုနေရလောက်အောင် ဘာကောင်မှမဟုတ်တာတော့ သေချာပါတယ်။ ချစ်ခြင်းမေတ္တာဟာ ဘယ်ကိုသွားပြီး ဘယ်ကိုဆုံးသလဲဆိုတာကိုဖြင့် စိတ်မဝင်စားမိပါဘူး။ ခွေးမလေး ပိုပိုကိုလွမ်းနေတဲ့ အကြောင်းဟာ လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်လို့လားဆိုတဲ့ မေးခွန်းမျိုးကို ကျနော် ရွံရှာ ပါတယ်။ အဓိပ္ပာယ်တွေကို ရေလောင်းပေါင်းသင်တဲ့အခါ ကြီးထွားရှင်သန်လာ အသီးအပွင့် တွေ ဝေဆာနေဖို့ရယ်လို့ ကျနော်အတိအကျ နားမလည်ပေးနိုင်ပါ။

လူ့အဖွဲ့အစည်းအတွက်ရယ်လို့ ကြီးကြီးကျယ်ကျယ် ပြောတတ်ကြတာတွေ့ရတဲ့အခါ ဘာကိုမှအလိုမရှိတော့တဲ့ အကျဉ်းသားလို တည်ငြိမ်နေတာဖြစ်ဖြစ် စိတ်လှုပ်ရှားနေတာ ဖြစ်ဖြစ် ဘယ်လိုအမူအရာတွေမှ ကျနော့်မှာ ရှိမနေခဲ့ပါဘူး။ ကျနော့်အတွက်ကတော့ ဘယ်သူ့ကိုမှ ဝင်မစွက်ဖက်တာ မနှောင့်ယှက်တာမျိုးကို သဘောကျပါတယ်။ မတူညီတဲ့ ပေတံတွေဟာ ငယ်ငယ်က စာသင်ကျောင်းလေးမှာ  အရောင်လွင့်ပျောက်ကွယ်သွားခဲ့ ကြပေါ့။ သတိရလိုက်တာ စိုင်းထီးဆိုင်ရဲ့သီချင်းထဲကလို "အပြစ်မရှိသေးတဲ့ ကလေးလေး ဘဝကို တခါပြန်ပြီး ရောက်ချင်သေးတယ်"။မဖြစ်နိုင်တာကိုလိုချင်တဲ့ထဲမှာ ကျနော်ဟာ ပါ ပါတယ်။ လောဘ အာဏာငွေ ဒါတွေ ကျနော်မမက်ဘူး မယုံကြည်ဘူး လို့ အားလုံးပြောကြ တဲ့အခါ ကတိတည်ကြတဲ့အခါ ငယ်ဘဝဟာ ပြန်ရနိုင်မလား စိတ်ဝင်စားဖွယ်ပါ။

၃။
အိမ်နောက်က သရက်ပင်ရဲ့ညည်းသံဟာ လေနဲ့အတူ ပါလာပြီး ကျနော့်အဆုပ်ထဲကို ဝင်ရောက်သွားတယ်။ ကျနော်ဟာ ပန်းချီကားချပ်တွေကို စိတ်လိုလက်ရ ကြည့်နေမိတယ်။ ပန်းချီကားထဲက ခဲတံလေးဟာ တင့်ကားကြီးကို ဝါးစားနေတဲ့ပုံပါ။ ပန်းချီဆရာရဲ့သွေးတွေရဲ့အပြင်ကာလာတွေက အနက်ရောင်ဖြစ်ပြီး အထဲကတော့ အပြာရောင်ပါ။ ငြိမ်းချမ်းရေးအရောင်က အပြာရောင်မှ မဟုတ်ပါဘူး။ တခြားအရောင်တွေထဲမှာ လည်းရှိနေနိုင်တယ်။ ဆေး အထူ အပါး အလင်းအမှောင် ကုဗပုံလို စတုရန်းလို ပန်းချီကားတွေလှုပ်ရှားပြီး ကနေကြတဲ့ မျဉ်းတွေ လိုင်းတွေ ဆေးစက်တွေ ကောက်ကြောင်းတွေ အမျိုးမျိုးနဲ့ ။ ပန်းချီတချပ်မှာတော့ လက်ပုံကြီးကို ဆွဲထားတာ ဒါပေမဲ့ လက်ပြတ်ကြီး။ လက်ပြတ်ကြီးထဲမှာ မျဉ်းတွေအများကြီး မျဉ်းတွေရဲ့ ခေါင်းဟာ ဂီတာလိုမျိုးပဲ။ ကျနော်နားမလည်တာက ဘာလို့ဂီတာတွေရဲ့ထိပ်မှာ လူတွေရဲ့ မျက်လုံးတွေထည့်ထားတာလဲဆိုတာပဲ။ အနုပညာတက္ကသိုလ်က မိတ်ဆွေ ပန်းချီလောက ကြီးကို မေးအုံးမယ်တေးထားတယ်။ သူ ကျနော့်ဆီလာတဲ့အခါဖြစ်ဖြစ် သူ့ ဆီကျနော်သွား တာပဲဖြစ်ဖြစ်။ သူ မသိလည်းကိစ္စမရှိပါဘူး။ မျှော်လင့်မှုဟာ မလိုအပ်ဘူးဆိုတာထက် မသင့်တော်ဘူးဆိုတာမျိုးကို ကျနော်ပိုသဘောကျပါတယ်။ အခန်းရဲ့အပြင်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ဂရုမစိုက်နိုင်လောက်အောင် ကျနော်တွေး နေမိတယ်။ တွေးနေရတာဟာ ပျော်စရာကောင်းတယ် အပျင်းပြေတယ်လို့ ကျနော် မြင်ပါတယ်။ ဒီအယူအဆနဲ့ပတ်သက်လို့ ကျနော်တက်နေတဲ့တက္ကသိုလ်မှာ ပြဿနာတွေ ရှိခဲ့ပါတယ်။ ပြဿနာဆိုတာကလည်း ကျနော်သတ်မှတ်လို့ ဖြစ်လာရတာမျိုးပါ။ နာဂတိုင်းရင်းသား ဆားသီမူက ကျနော့်ကို ဆိုက်ကိုလို့ ခေါ်ပါတယ်။ နှိမ်တာ ဘာညာမဟုတ်ဘဲ ရိုးရိုးသားသား ခေါ်တာပဲဖြစ်တယ်။ ကျန်တဲ့သူငယ်ချင်းတွေကတော့ ကျနော့်ကိုရှိတယ်လို့တောင် ထင်ကြ ပုံမရဘူး။ ကျနော်တခုခုပြောတဲ့အခါ နားမလည်ဘူးဆိုတာမျိုးတွေ အများကြီး ကြုံခဲ့ရ တယ်။ လူမှုစံဘောင်ဖြစ်ဖြစ် အများလက်ခံထားတဲ့ အရာဖြစ်ဖြစ် ဒီလိုမဟုတ်ဘူးပြောတဲ့အခါ ကျနော့်အဆင့်ဟာ အလိုလိုနိမ့်သွားတယ်လို့ ခံစားရတယ်။ သက်ကိုအောင်ကတော့ ရှားရှားပါးပါးပဲ။ သူပြောချင်တာတွေပြောတယ်၊ ကျနော်ပြောချင်ရာပြောတာတွေကိုလည်း နားထောင်ပေးတယ်။ ဒီလိုသူငယ်ချင်းမျိုးရှိလို အားရှိခဲ့ရတာပေါ့။

၎။
ပြီးဆုံးသွားတဲ့ စနေ ဟာ မနက်ဖြန် ပြန်လည်ရှင်သန်လာတော့မယ်လို့ ပထမအဆင့် ကျနော်ပြောတယ်။စာအုပ်တွေကြားထဲက ငွေရောင်ပိုးကောင်လေးတွေ ပြေးသွားကြ တယ်။ ဒုတိယအဆင့်အနေနဲ့ စနေဟာ ဘယ်တော့မှမသေဘူး စနေဆိုတာ တကယ်တော့ မရှိဘူးလို့ ထပ်တွေးတယ်။ ဘုန်းတော်ကြီးကို မေးချင်နေတယ်၊ ဒီလိုတွေးတောမှုတွေဟာ အပြစ်ရှိလို့လား။ ဘုန်းတော်ကြီးက ဒီကိစ္စကို နားလည်ချင်မှ နားလည်မှာပါ။ ဒါကို ကျနော်ကောင်းကောင်းကြီးသိနေပါတယ်။ နားလည်ပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ မသိဘဲ ရွှီးဖြေပေးရင်တော့ ကျနော်စိတ်ဆိုးမိမှာပဲ။

လွန်ခဲ့တာတွေဟာ ပြန်ပေါ်လာတယ်။ လွန်ခဲ့တဲ့ စနေနေ့က မိတ်ဆွေရဲ့ အိမ်သစ် တက်ပွဲသွားသည်။ လွန်ခဲ့တဲ့စနေက အိမ်ပြင်မထွက်ဘဲ စာဖတ်သည်။ လွန်ခဲ့တဲ့စနေက ရွှေပတ်တပိုင်း သောက်သည်။ လွန်ခဲ့တဲ့စနေက အမေကျနော့်ကိုရိုက်သည်။ လွန်ခဲ့တဲ့စနေက ကြက်တူရွေးလို စာရွတ်ဖတ်နေသည်။ လွန်ခဲ့တဲ့ စနေက အဖေနဲ့အမေ အကြီးအကျယ် စကားများသည်။ လွန်ခဲ့တဲ့ စနေက ပိုက်ဆံမရှိလို့ ကျူရှင်တက်ခွင့်မရ။ လွန်ခဲ့တဲ့စနေက ဟာစရီးပါးနဲ့ တွေ့သည်။ မူရာကာမီ၏ကြောင်သည် ကျနော့်ကို ပြုံးပြသည်။ လွန်ခဲ့တဲ့စနေက သေနတ်သံများကြားရ၍ တုန်လှုပ်နေသည်။ လွန်ခဲ့တဲ့စနေက ဝံပုလွေ လာဆင်သည် ကျနော့်ကို ထိုးကြိတ်သည်။ လွန်ခဲ့တဲ့စနေက ပုပ်ရဟန်းမင်းကြီးသည် ကျနော့်ကိုလာတွေ့သည်။ လွန်ခဲ့တဲ့စနေက ကျနော်အခုလို စာတွေရေးနေသည်။ လွန်ခဲ့တဲ့စနေက အခုလက်ရှိ ဖြစ်နေသည်။ အို များလိုက်တဲ့လွန်ခဲ့တဲ့စနေတွေ။ အလွန်သေးငယ်တဲ့အရာတွေကို အလေးအနက် နေရာပေးတဲ့အခါ ကျနော်တို့ရဲ့ဘဝကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်နေကြတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် ဆန့်ကျင်ဘက်လည်း ဖြစ်နိုင်တာပဲ။

သေဆုံးနေ ကက်ဆက်ထဲ အသံ ငါပြန်လာတော့မယ်လို့ တဖက်ကမ်းက
ငါ့ဆီ ရောက်လာတယ်
အားလုံးပြောကြတယ် ငါကလွဲပြီး ဘယ်သူမှ မကြား
အခန်းထဲ ဘယ်သူမှ မရှိ
တယ်လီဖုန်းဟာ ငါ့ကိုစောင့်နေ
ငါ အပြင် မှာ
ဒီ အသက်ရွယ်ရောက်မှ တဖြည်းဖြည်း
ရွာကိုသတိရတယ် ဒါလည်း ဘယ်သူမှမသိ
ဘာမှလည်း မဟုတ်တာတွေ ဟုတ်နေတာတွေ
လာပြီးသားပဲ တခု နောက် တခုများစွာ
မထူးဆန်းတော့ဘူး ဆိုနေ ကျ...ကြ
ငါ ငါမဟုတ် အဓိပ္ပာယ်
ပစ္စည်းများ...။

ဒီကဗျာကို နယ်ဘက်ကထွက်တဲ့ မဂ္ဂဇင်းတခုမှာ ကျနော်ရေးခဲ့တယ်။ ဝေမြင့်မောင်ကလောင်နဲ့မဟုတ်ပါ။ ထားတော့ ကဗျာကသာ အဓိက။ ဘယ်လို အဓိပ္ပာယ် ရှိတယ်ဆိုတာကို တော့ ကျနော်မရှင်းပြချင်ပါဘူး။ အဲ့ဒီတုန်းက အဘိုးအိုအဘွားအိုကြီး တွေနဲ့ မမျှော်လင့်ဘဲဆုံပြီး ရေးခဲ့တာမျိုးဖြစ်နိုင်သလို ကောင်မလေးနဲ့ စကားများ စိတ်ဆိုး ကြပြီး ရေးဖြစ်တာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် လွမ်းနေတာ စိတ်ပျက်တာ အများကြီး ဖြစ်နိုင်ချေရှိပါတယ်။ ဘာရယ်တော့မဟုတ်ဘူး အတွေးထဲပေါ်လာလို့ ချပြမိတာ ဆွဲယူ သုံးမိတာမျိုးရယ်။ ဒီကဗျာရေးတဲ့ချိန်က ကျနော့်မှာ တခုခုတော့ စိတ်ထဲရှိခဲ့ပုံရတယ်။

၅။
ကျနော့်စိတ်ထဲမှာ မီးတွေလောင်နေတယ်။ ကျနော်ထိတွေ့တဲ့အရာတိုင်းဟာ လောင်ကျွမ်း ကြလို့။ သတိထားပါ။ ဒီစာကိုဖတ်နေတဲ့ခင်ဗျားကိုလည်း လောင်ကျွမ်းသွား စေနိုင်ပါတယ်။ ကျနော့်ကိုမွေးတုန်းက ကျနော်တို့အိမ်နီးချင်းတွေမှာ ကားမရှိဘူး၊ ဆိုင်ကယ်မရှိဘူး၊ လက်တောပ့် တယ်လီဖုန်းဘာမှ မရှိသေးဘူး။ အာဏာရှင်တွေရဲ့ နာမည်ပုံတွေကို အလွတ်ရနေသိနေရတဲ့အတွက် ကျနော်ဟာ ဂုဏ်ယူခဲ့တယ်။ ဘယ်လောက်ထိ နာကျင်ဖို့ကောင်းတဲ့ကိစ္စလဲ။ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ ကိစ္စပဲ။ ပြန်တွေးတိုင်း ကျနော်နာကျင်နေမိတယ်။ ဒါပေမဲ့ ဘယ်အရာမှ ကြာကြာလိမ်ညာလို့မရဘူး ဆိုတာကို ကျနော်သတိထားမိလာတယ်။ အမေဟာ ကျနော့်ကို သိပ်ချစ်လို့ အိမ်ပြင်မဆော့ခိုင်းဘူး။ ဟိုဟာ မလုပ်ခိုင်းဘူး ဒါမလုပ်ခိုင်းဘူး။ သူငယ်ချင်းတယောက်ရဲ့အမေဆို ကျနော့် သူငယ်ချင်းကို ချစ်လွန်းလို့ ဘာဆိုဘာမှ မခိုင်းဘူး။ အားလုံးအဆင်သင့်လုပ်ပေးတယ်။ ကလေးကစားစရာ အရုပ်၊ ကား၊ သေနတ် စုံလို့ပဲ။ ကျနော်တို့ရဲ့ချစ်ခြင်းတွေဟာ ပူလောင်နေတတ်တယ်ဆိုတာကို ကျနော်တို့မမေ့ဖို့ လိုမယ် ထင်တယ်။

မြေသြဇာအလွန်အကျွံပေးမိလို့ သေဆုံးသွားတဲ့ကျနော့်ပန်းပင်လေးရဲ့ဓာတ်ပုံဟာ မထင်မှတ်ဘဲ ဖိုင်လ်မွှေရင်း ပြန်ပေါ်လာတယ်။ အို သိပ်ချစ်ခဲ့လို့ ပုံတွေတောင် ငါရိုက်ခဲ့ တာပဲ။ ဒီလို ရိုက်သင့်မရိုက်သင့်ဆိုတာက အားလုံးလွတ်လပ်စွာ ကွဲပြားနိုင်ပါတာကို ကျနော် သိပါတယ်။ ကျနော်ထိတဲ့အရာတွေဟာ ပြာဖြစ်သွားပြီး ပြန်ပေါ်လာပြီး ပျောက်သွားပြီး ဆင့်ကဲ ဖြစ်ပေါ်နေကြတယ်။ ကျနော်အမုန်းဆုံးက ဂေါက်ရိုက်တံကိုကိုင်တဲ့ လက်တွေရယ် မျက်လုံးတွေရယ်။ ဒရိုင်ဗာနဲ့ရိုက်လိုက်တဲ့ ဂေါက်သီးရဲ့အရှိန်နဲ့အိုင်းယွန်းကိုင်ပြီး ရိုက်လိုက် တဲ့ အရှိန်တို့ဟာ မတူညီကြ။ တချို့က ထမင်းသာစားနေတဲ့ ဂေါက်တံတွေ။ နှုန်းထားအမျိုးမျိုး။

၆။
ကျနော့်အကိုရဲ့ယားယံနေတဲ့ ဆံပင်မွှေးအထုပ်ပါဆယ်ဟာ ကျနော့်ဆီရောက်ရှိ လာတော့ စာပို့သမားပေးတဲ့ စာရွက်ပေါ်မှာ လက်ခံရရှိကြောင်းထိုးပေးရတယ်။ တကယ်တော့ လက်ခံရရှိပြီးတဲ့နောက် ဘာမဆိုဖြစ်နိုင်တာကို စာပို့သမားလေးဟာ သိရှိပုံ မရပါဘူး။ သူနဲ့မဆိုင်တော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်ဆိုကြပါစို့။ အထုပ်ကို ပါးစပ်နဲ့ကိုက်ပြီး ဖောက်တဲ့ခါ ဗုံးကလေးတွေ အများကြီးတွေ့ရတယ်။ စနက်တံတွေဘာတွေနဲ့။ လိပ်စာကြည့်တော့လည်း ကျနော့်ဆီပဲ။ ကျနော့်အကို လက်မှတ်နဲ့ လက်ရေးပဲ။ အကိုဟာ ကျနော့်ဆီ ဘာလို့ပို့လိုက်ပါလိမ့်။ စနက်တံကို မီးရှို့ပြီး ကျနော်နဲ့ ဝေးရာ ပစ်ပေါက်လိုက် တယ်။ ကျနော့်အိမ်ဟာ မြို့လယ်ခေါင်ထဲက တောနက်ကြီးမှာ ရှိတဲ့အတွက် ဘာမှတော့ ပြဿနာမရှိဘူး။ ဗုံးပေါက်ကွဲရင်တောင် ဘယ်သူ့ကိုမှ မထိခိုက်စေနိုင်ပါ။ ထူးဆန်းလိုက်တာ။ ကျနော်ပစ်လိုက်တဲ့ဗုံးဟာ အပိုင်းအစလေးတွေ ဖြစ်ပြီး ဓာတ်ငွေ့ တွေအဖြစ် ပြောင်းသွားကြတယ်။ အနံ့ကို ကျနော်မရှူမိဖို့ ကြိုးစားပါသေးတယ်။ ဒါပေမဲ့ မထူးပါဘူး။ ဓာတ်ငွေ့တွေကိုရှူမိတဲ့အခါ ကျနော့်နားမှာ အသံတွေ ဆက်တိုက်ကြား နေရတယ်။ ကျနော်ကြားမိတဲ့အသံတွေထဲက ကျနော်မှတ်မိသမျှ ပြန်ပြောပြချင်တယ်။
"အိမ်တအိမ်မှာ အဖေအမေ ကလေးတွေ တမိသားစုလုံး EVD နဲ့ အပြာကား ကြည့်နေကြတာကွာ""အရည်အသွေးထက် အရေအတွက်များနေတယ်""ငါးပိထဲက ဓာတ်မြေသြဇာတွေ"အသံတွေအများကြီးထဲက ကျနော် မှတ်မိသမျှပါ။ ကျနော့်အကိုဟာ ဘာလို့များဒီအသံတွေကို ကျနော့်ဆီ ပို့လိုက်တာပါလိမ့်လို့ ကျနော်တွေးနေမိပါတယ်။ ကျနော့်ခေါ်ဆိုမှုကို အကိုဟာ ငြင်းခဲ့တယ်။ ကျန်တဲ့ဗုံးတွေကို ဖောက်ဖို့ရာ ကျနော့်မှာ အားအင်မရှိတော့။

၇။
သူမရဲ့ဘဝဟာ အိပ်ရာပေါ်မှာ မွေးပြီး အိပ်ရာပေါ်မှာ သေဆုံးခဲ့တယ်။ အထက်ပါအကြောင်းအရာတွေက သူမဆီက ကျနော်ရခဲ့တာ ဖြစ်နိုင်ပါတယ်။ အခြားမှာတော့ သူမဟာ ဖိုဝါဒ လက်ဝါးကြီးအုပ်မှုတွေကို တော်လှန်ခဲ့တယ်။ လေဟာ လတ်ဆတ်ဆဲ။ ကျနော် ငေးနေဆဲ။ ပထမအချက် ကျနော့်သိမှုများသည် ကျနော့်ကို ဒုက္ခ ပေးသည်။ ကျနော်သည် ဝါကျဖွဲ့နေခြင်းများကို မုန်းတီးသည်။ ပြီးချင်တဲ့အခါ ပြီးမည် ဖြစ်သည်။ ဒုတိယဝန်ခံချက် ငှက်သံများချောင်းဆိုးသံများ စကားသံများသည် ကောင်းကင်သို့ ပြေးတက်မသွားကြ။ မြေကြီးအောက်ထဲသို့တိုးဝင်ကာ ပျောက်ကွယ် သွားကြ။
အသံတွေဟာ နေရာတိုင်းမှာ ရှိနေတတ်ကြပါတယ်။ ဒါကို ကျနော် မရှင်းပြလိုတော့ပါ။

ဝေမြင့်မောင်

မောင်သင်းခိုင် ● သစ်ရွက် သုံးရွက်

$
0
0
  မောင်သင်းခိုင် ● သစ်ရွက် သုံးရွက်
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၆
 
အပေါ်ဆုံးကသစ်ရွက်ကြွေကျသွားတဲ့အခါ
အောက်ဆုံးကသစ်ရွက်က ဟက်ဟက်ပက်ပက်ရယ်မောလျက်
အလယ်ကသစ်ရွက်ကတော့
တဖြည်းဖြည်းနဲ့ ငါ့အလှည့်နီးကပ်လာပြီတဲ့။ ။

မောင်သင်းခိုင်
(အိန္ဒိယကျေးလက်ကဗျာ)


ညိုထက် (လမ်းသစ်ဦး) ● နိုင်ငံရေးကဗျာ

$
0
0


ညိုထက် (လမ်းသစ်ဦး) ● နိုင်ငံရေးကဗျာ
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၆

အိပ်မက်ထဲတောင်သတိရ
မျက်ရည်ဝဲရတယ် ချစ်သူ။

ခံစားချက်မရှိသူရဲ့
ပန်းနုရောင်အို စန္ဒယားသံ
ဖူး ပွင့် သီ လှိုင်။

စပယ်အိုးပုတ်တွေပွင့်နေပြီ ချစ်ရေ
တကယ်ပဲ အသဲကွဲရတယ်။

၁၇ - ၇ - ၂၀၁၆
ညိုထက် (လမ်းသစ်ဦး)

ဇော်အောင် (မုံရွာ) ● ဗိုလ်ချုပ်အောင်ဆန်းနှင့်စာဖတ်ခြင်း (စာကြည့်တိုက်)

$
0
0

ဇော်အောင် (မုံရွာ) ● ဗိုလ်ချုပ်အောင်ဆန်းနှင့်စာဖတ်ခြင်း (စာကြည့်တိုက်)
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၆

အာဇာနည်နေ့ ၂၀၁၆ မှာတော့ သတင်းစာ၊ ဂျာနယ်ဆောင်းပါးများ၊ စာအုပ်ကောင်းများ ဖတ်ကြည့်မိတယ်။ စစ်တပ်အကြီး ကဲနဲ့ အစိုးရအဖွဲ့မှဒေါ်အောင်ဆန်းစုကြည် (ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး) တို့ အတူတက်ရောက်ကြတယ်ဆိုတော့ မြန်မာ ပြည်ကြီးအတွက် အလွန်အားရှိစရာပါ။ မြန်မာနိုင်ငံပြန်လည်ထူထောင်ချိန် ကဏ္ဍအသီးသီးက မြန်မာခေါင်းဆောင်များ Myanmar Good Attitude ပညာခေတ်နဲ့အညီ စိတ်ရင်းကောင်းသူများ ဖြစ်လာကြတာ တွေ့ရပါတယ်။ ဒီအတွက် ကျေနပ် စရာကောင်းသလို.. အနာဂါတ်ခေါင်းဆောင်များက ပေးဆပ်တဲ့စိတ်ထားများများရှိဖို့ လိုပါတယ်။

● စာကြည့်တိုက်များ
စာအုပ်ကောင်းများ ဖတ်ရှုခြင်းဟာ လူ့စာရိတ္တမြင့်မားရေးအတွက် အလွန်အထောက်ကူဖြစ်လို့ အမေရိကန်၊ ဂျပန်၊ ဂျာမဏီ၊ စင်ကာပူ စတဲ့နိုင်ငံတွေမှာ စာကြည့်တိုက် (စာအုပ်ဖတ်ခြင်း၊ စာအုပ်ငှားခြင်း) အလွန်အရေးပေးပါတယ်။ ပြန်ကြားရေးဝန်ကြီး ဌာနက အစိုးရစာကြည့်တိုက်များအတွက် ဘတ်ဂျတ်အပြင် ဝန်ထမ်းစရိတ်များစွာ အကုန်ကျခံပါတယ်။ ဒါကတော့ ပြန်ကြား ရေးဝန်ကြီးဌာန လုပ်ဆောင်နေတာပါ။ ပညာရေးဝန်ကြီးဌာနရဲ့ စာသင်ကျောင်းတိုင်းမှာ စာကြည့်တိုက်ရှိရပါတယ်။ ပညာရေး မူဝါဒက ရမှတ်ထက်ရလဒ်ဦးစားပေးဆိုတာ ကျောင်းသားမိဘ ဆရာတိုင်းသိပါတယ်။ လက်ရှိပညာရေးက ရမှတ်ပညာရေး အဖြစ်ကနေ ပြောင်းလဲနေပါတယ်။ ရလဒ်ကောင်းအောင် ကျောင်းစာကြည့်တိုက် အသက်ဝင်လှုပ်ရှားရပါတယ်။ ဆရာ၊ ဆရာမများကိုယ်တိုင် ကျောင်းစာကြည့်တိုက်က စာအုပ်ကောင်းတွေ ငှားဖတ်ရပါမယ်။ နောက်တဆင့်ကတော့ ကျောင်းသား များလည်း စာအုပ်ငှားဖတ်တဲ့ အကျင့်ကောင်းတွေ ရလာမှာပါ။

စင်ကာပူနိုင်ငံမှာ လုပ်သားပြည်သူစာကြည့်တိုက် Public Library ဆိုတာရှိပါတယ်။ စာအုပ်များစွာရှိပြီး နိုင်ငံသားများသာမက နိုင်ငံခြားသားများပါ စာအုပ် ၁၀အုပ် အခမဲ့ငှားခွင့်ရှိပါတယ်။ ငှားတာ ၂ ပတ်ကျော်ရင် ဒဏ်ကြေးဆောင်ရပါတယ်။ ကိုယ်ငှား တဲ့စာအုပ် ရက်လွန်လာရင် တယ်လီဖုန်းမှာ မက်ဆေ့လာပါတယ်။ အီးမေးလာပါတယ်။ အမေရိကန်နိုင်ငံ မြို့ပေါင်း တ သောင်းလောက်ရှိတာ မြို့တိုင်း အစိုးရစာကြည့်တိုက်ရှိပါတယ်။ စာရေးသူ အမေရိကားတစ်နှစ် အလုပ်လုပ်ခဲ့စဉ်က ဆန်ဖ ရန်စစ္စကိုမြို့က စာကြည့်တိုက်တခုမှာ ဖိလစ်ပိုင်၊ တရုတ်၊ အိန္နိယ၊ ကိုးရီးယား စာအုပ်များကို စင်နဲ့တင်ထား တာတွေ့ပါတယ်။ ဒါကြောင့် မြန်မာစာအုပ်များတင်ထားပေးဖို့ ၂၀၀၈ ခုနှစ်မှာ ကြိုးစားခဲ့ပါသေးတယ်။ ဆန်ဖရန်စစ္စကမှာ နေထိုင်တဲ့ စိုက်ပျိုး ရေးတက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာဆလိုင်းထွန်းသန်း (အသက်၈၀)နဲ့ စာကြည့်တိုက်တာဝန်ခံများ တွေ့ဆုံညှိ နှိုင်းခဲ့ဖူးပါတယ်။ အခုလောက်ဆိုရင်တော့ မြန်မာစာအုပ်များ အမေရိကန်အစိုးရ စာကြည့်တိုက်တွေမှာ တွေ့နေရလောက်ပါပီ။ စင်ကာပူမှာတော့ လူမျိုးများစွာကို ထိန်းရခတ်မှာစိုးလို့ အင်္ဂလိပ်၊ မလေး၊ တရုတ်၊ တမီးလ်အိန္နိယ ဘာသာ (၄) ခုကလွဲပြီး တခြားဘာသာစကားတွေ ကန့်သတ်ထားပါတယ်။ အမေရိကန် သြစတြေးလျားတွေမှာတော့ ကိုယ့်ရပ်ကွက်မှာ မြန်မာ ၁  ရာခိုင်နှုန်းရှိရင် အဲဒီကျောင်းမှာ မြန်မာစာကို ဒုတိယစကားအဖြစ် သင်ယူခွင့်ပေးတယ်၊ စာကြည့်တိုက်တွေလဲ ဖွင့်ခွင့်ပေးတဲ့ အပြင် အသံလွှင့်ခွင့်တွေလဲ ရပါတယ်။ စင်ကာပူ ဟောင်ကောင်လို နိုင်ငံသေးလေးတွေမှာ မရပါပေမဲ့ ပုဂ္ဂလိက စာကြည့် တိုက်၊ ကျောင်းလုပ်ခွင့်တော့ ပေးပါတယ်။

မြန်မာများစွာနေထိုင်တဲ့ စင်ကာပူနိုင်ငံမှာ မြန်မာအစိုးရ ပုဂ္ဂလိကကျောင်းတခု မြန်မာသံရုံးက ဦးဆောင်ဖွင့်လှစ်နိုင်ဖို့ အ များကြီးမျှော်လင့်ပါတယ်။ အခုတော့ စင်ကာပူနိုင်ငံမှာ မြန်မာစုရပ် ပင်နီစူလာပလာစာမှာ လမ်းပြကြည်မြန်မာစာကြည့်တိုက် ၁၀ နှစ်ကြာအောင် လည်ပတ်ငှားရမ်းပေးနေပါတယ်။

● ဖေ့ဘုတ် (အင်တာနက်) ကြောင့် စာအုပ်ငှားဆိုင်ခေတ်ကုန်ဆုံးခြင်း
သမ္မတဦးသိန်းစိန် (အငြိမ်းစား) လက်ထက်မှာ မိုဘိုင်းဖုန်းတွေ မြန်မာပြည်မှာ အလွန်ခေတ်စား၊ ဈေးချိုလာပါတယ်။ ဖေ့ ဘုတ်နည်းပညာ လူတိုင်းအလွယ်တကူတတ်မြောက်တော့ ဖေ့ဘုတ်က စာတွေဖတ်ကြလို့ စာအုပ်ဖတ်ခြင်းဓလေ့ အလွန်ကျ ဆင်းသွားပါတယ်။ အရင်ကတော့ အားရင် စာအုပ်ငှားဆိုင်က ကာတွန်း၊ ဝတ္တုတွေ သွားငှားဖတ်တာ အခုခေတ်မှာ ဖေ့ဘုတ် က သတင်းတွေ၊ စာတွေပဲ ဖတ်နေကြပါတယ်။ ဖတ်ချင်တဲ့ ပညာခေတ်လူထုကြီးရှိပေမဲ့ စာကြည့်တိုက်တွေ စာအုပ်ငှား ဆိုင်တွေ လည်ပတ်မှုမရှိတော့ပါ။ စာအုပ်ဈေးကြီးလာခြင်း၊ စာအုပ်ပို့ဆောင်စရိတ်ကြီးခြင်း၊ အစိုးရပြန်ကြားရေးဌာန စာပေဗိမ္မာန်လို စာကောင်းပေကောင်းများ ထုတ်ဝေတဲ့ ပုံနှိပ်တိုက်လုပ်ငန်းအပြင် စာအုပ်ကောင်းတွေကို နယ်မြို့များဆီ စရိတ်သက်သာစွာပို့ပေးမဲ့ Book Post စနစ်လိုအပ်နေပါပြီ။

အမေရိကန်ကန်၊ စင်ကာပူတွေမှာ ပြည်တွင်းထုတ် စာအုပ်ကောင်းများသာမက၊ နိုင်ငံခြားကစာအုပ်ကောင်းတွေကိုပါ စာကြည့်တိုက်များက ဝယ်ယူငှားရမ်းပေးပါတယ်။ စာအုပ်မဝယ်နိုင်သူများအတွှက် စာဖတ်ဖို့ စာကြည့်တိုက်တွေကို ငွေအား၊ လူအားနဲ့ အစိုးရကအားပေးပါတယ်။

မြန်မာပြည်မှာတော့ ပထမဆုံး ကျောင်းဆရာ အရည်အချင်းတိုးတက်ဖို့ လစာငွေအပြင် အခြားစရိတ်တွေပါ ပံ့ပိုးဖို့ စတင်နေပါတယ်။ ဒါထက် ပိုအရေးကြီးတာတော့ အထူးသဖြင့် အသက်၄၀အောက် ကျောင်းဆရာ၊ ဆရာမများကို ကျောင်းစာကြည့်တိုက်များနဲ့ အကျွမ်းဝင်၊ စာကောင်းပေကောင်းများ ဖတ်လာအောင်၊ တပည့်တွေကို စာသင်ရင် စာရိတ္တပညာပါ ပို့ချနိုင်ဖို့ ကြိုးစားနေပါတယ်။ ဆရာတွေအတွက် ပညာရေးဌာနက စာအုပ်ကောင်းတွေ စာကြည့်တိုက်မှာ ပံ့ပိုးပေးထားရပါမယ်။ အခုတော့ လိုပါသေးတယ်။ ကျောင်းသားမိဘများကပဲ ဆရာများ စာကောင်းပေကောင်းများ ရသ၊ ကဗျာစာပေများ ခံစားဖို့ အချိန်လိုပါတယ်။ စာများများဖတ်နိုင်တဲ့ ကျောင်းဆရာများပဲ ကမ္ဘာ့အဆင့်ထိ ထူးချွန်ခဲ့ကြပါတယ်။

ဦးသန့် (ကျောင်းအုပ်ဆရာ ပန်းတနော်မြို့မှ ကမ္ဘာ့ကုလသမဂ္ဂအကြီးကဲ ဖြစ်လာခဲ့သူ)
ဗိုလ်ချုပ်အောင်ဆန်း (မြန်မာလွတ်လပ်ရေးခေါင်းဆောင်)
ဦးနု (ဝန်ကြီးချုပ်ဟောင်း၊ စာပေဗိမာန်အသင်း စတင်ပေးခဲ့သူ)
ယခုခေတ် ဒေါ်အောင်ဆန်းစုကြည် ... စတဲ့ ခေါင်းဆောင်များ စာကောင်းပေကောင်းများကို အလွန်ရတဲ့အထိ စာဖတ်အားကောင်းသူများ ဖြစ်ပါတယ်။

● စာကောင်းပေကောင်းများ ထုတ်ဝေခြင်း
အခုခေတ်မှာ စာအုပ်ရေ တစ်ထောင် ထုတ်နိုင်ဖို့ ငွေ၁၀သိန်းလောက် အကုန်ခံရင်ရပါတယ်။ ပြသနာက တကယ်ဖတ်သူများဆီ ရောက်သွားဖို့ပါ။ စာရေးသူ ငယ်စဉ်က မုံရွာမြို့မှာ နေထိုင်စဉ် ဖခင်ဖြစ်သူက ရီးဒါးဒိုင်ဂျက်စ် (အင်္ဂလိပ်စာစောင်) မှာဖတ်ပါတယ်။ စာပေဗိမာန်အသင်းဝင် ဆိုတော့ လစဉ် စာကောင်းပေကောင်းတွေ စာတိုက်ကနေ အိမ်အထိ ဗွီပီပီ ဆိုတဲ့ Book Post နဲ့ရောက်လာပါတယ်။ ကာယဗလဦးရှိန်၊ အလင်္ကာကျော်စွာဦးဟန်ပ၊ စတဲ့ စာအုပ်ကောင်းများစွာ အုပ်ရေ၅သောင်းအထိ စာပေဗိမာန်က ပုံနှိပ်ဖြန့်ဝေပါတယ်။ စာဖတ်တဲ့ပရိတ်သတ်က ရှိနေပြီးတဲ့အတွက်ပါ။

အခုခေတ်မှာ မဂ္ဂဇင်းဂျာနယ်တွေ လပေးစနစ်နဲ့ ဝယ်ဖတ်နေပေမဲ့ စာအုပ်ကောင်းတွေ ထုတ်ဝေဖြန့်ဝေဖို့ အချိန်၊ ငွေ အခက်ခဲကြီး ရှိနေပါတယ်။ ငွေ၅ထောင် ရလာရင် စာအုပ်ကောင်း တအုပ်၂ထောင် ဝယ်မဖတ်ပဲ ဒန်ပေါက် ၂ထောင်ငါးရာ ဝယ်စားလိုက်တဲ့ ဆင်းရဲမွဲတွေနဲ့ ခေတ်ကာလ ဖြစ်နေလို့ပါ။

အမေရိကန်မှာ စာအုပ်ကောင်းတအုပ် ထုတ်လိုက်ရင် ဝယ်မဲ့ အစိုးရစာကြည့်တိုက် ၁သောင်းက အသင့်ရှိနေတယ်။ ထုတ်ဝေသူက စာအုပ်ကောင်းပဲ ထုတ်ဖို့လိုပါတယ်။ မူလတန်း၊ အထက်တန်း၊ တက္ကသိုလ်ကောလိပ်ကျောင်းပေါင်း သိန်းချီရှိနေပြီး အဲဒီ ကျောင်းစာကြည့်တိုက်များကလည်း ဝယ်ယူကြပါတယ်။ ဒါကတော့ အစိုးရပံ့ပိုးတဲ့ ဘတ်ဂျတ်ငွေနဲ့ စာအုပ်ကောင်းများ မဝယ်ဖတ်နိုင်သူများအတွက် ငှားဖို့စနစ်ပါ။ သူတို့နိုင်ငံမှာတော့ တနေ့လုပ်အားခက ဒေါ်လာ ၆၀ ဆိုတော့ ထမင်းတနပ် ၅ဒေါ်လာဝယ်စားပြီး ကျန်တဲ့ငွေနဲ့ စာအုပ်ကောင်းတအုပ် ၁၀ဒေါ်လာ ဝယ်ဖတ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ တရက်လုပ်အားခ ကျပ်၅ထောင် ဆိုတော့ ထမ်းတနပ် ကျပ်၂ထောင် ဝယ်စားပြီး ကျန်တဲ့ငွေနဲ့ ၂ထောင်တန် စာအုပ်မဝယ်နိုင်ပါဘူး။ ဒါပေမဲ့ ၅ရာတန် ဂျာနယ်ဝယ်ဖတ်ပါတယ်။

မြန်မာနိုင်ငံသားများဟာ ကမ္ဘာမှာ စာအဖတ်ဆုံးလူမျိုးလို့ ပြောနိုင်ပါတယ်။ စာဖတ်တဲ့ မြန်မာများ စာအုပ်ကောင်းဖတ်တဲ့ မြန်မာခေါင်းဆောင်သစ်များ ကြိုးစားမှုနဲ့ မြန်မာပြည်ကြီး အလျှင်အမြန်မ တိုးတက်လာမယ်မျှော်လင့်ပါတယ်။

● နိဂုံး
အခုချိန်မှာတော့ အစိုးရမှာ စာကြည့်တိုက် ဘတ်ဂျတ်မတတ်နိုင်သေးလို့ ပြည်သူလူထုကပဲ တနိုင်တပိုင် ပုဂ္ဂလိကကျောင်းများ၊ စာကြည့်တိုက်များကိုပဲ အားကိုးရပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ မြို့နယ်ပေါင်း ၃၆၀ကျော်က ပြန်ကြားရေးစာကြည့်တိုက်များ ပြန်လည်ပြုပြင်ဖို့ အချိန်ရောက်နေပါပြီ။ ပထမဆုံး စာကြည့်တိုက်မှုးများကို စုပေါင်းသင်တန်းပေးရပါမယ်။ သူတို့ကိုယ်တိုင် စာဖတ်ဆန္ဒရှိသူများ ဖြစ်ရပါတယ်။ ဆန္ဒမရှိသူများကို လုပ်သက်အလိုက် နစ်နာကြေးပေးပြီး ပင်စင်ပေးဖို့၊ တကယ်ဆန္ဒရှိတဲ့ စာကြည့်တိုက်မှုးများကို ရွေးချယ်ခန့်ထားခြင်းနဲ့ စတင်ရပါမယ်။ စတင်နေတယ်လို့လဲ ယုံကြည်ပါတယ်။

ဒီဆောင်းပါးဖတ်သူဟာ တပါတ်မှာ စာအုပ်ကောင်းတအုပ် ဖတ်နေသူလို့မှန်းဆပါတယ်။ (စာအုပ်ကောင်းတွေဖတ်ဖြစ်ဖို့ တိုက်တွန်းမိတာပါ ခင်ဗျာ။ ဘုရားစာဖြစ်ဖြစ်ပေါ့နော်)။ ...

အဆောက်အဦနဲ့ စာအုပ်ကောင်းများကိုတော့ လုပ်သားပြည်သူများထံက အလှုခံနိုင်ပါတယ်။ စိတ်ချယုံကြည်ရတဲ့ စာကြည့်တိုက်မှုး ဆိုရင် စာအုပ်ကောင်းများကို လှုဒါန်းပေးဖို့ စေတနာစိတ်များတဲ့ မြန်မာနိုင်ငံဖြစ်ပါတယ်။ လှုဒါန်းခြင်းမှာ အမေရိကန်နဲ့အတူ ကမ္ဘာ့အဆင့်(၁) ရရှိခဲ့တဲ့ မြန်မာနိုင်ငံသားများပါ။

စာရေးသူနဲ့ မိတ်ဆွေ ၈ယောက် စုပေါင်းပြီး ၂၀၀၆ ခုနှစ်မှာ စင်ကာပူ လမ်းပြကြည်စာကြည့်တိုက် စတင်ခဲ့ပါတယ်။ စာအုပ်အရေအတွက် ၅၀၀ ရအောင် အဖွဲ့သားတွေ လှုဒါန်းကြပါတယ်။ ဦးဘိုဘိုဝင်း (ယခု နှင်းဆီဖြူစာပေ) က သူပိုင်ဆိုင်တဲ့ စာအုပ်ကောင်း ၃၀၀လောက်ကို ရက်ရောစွာ လှုဒါန်းပါတယ်။ စွန့်လွှတ်ခြင်းဆိုတာ ကိုယ်နှစ်သက်လို့ဝယ်ထားတဲ့ စာအုပ်တွေကို အများဖတ်ရှုနိုင်အောင် လှုဒါန်းခြင်းပါ။ စာကြည့်တိုက်ဖွင့်ပြီး တလအတွင်းမှာ စာအုပ်ပေါင်း ၅၀၀ကနေ ၅၀၀၀ ဖြစ်လာပါတယ်။ စာအုပ်ကောင်းများစွာ လာရောက်လှုဒါန်းကြပါတယ်။ မြန်မာစွယ်စုံကျမ်း (၁၅တွဲ)အပါအဝင် အခုခေတ် တအုပ်ကို ကျပ်၂သောင်းလောက် တန်တဲ့ စာအုပ်များစွာ လာရောက်လှုဒါန်းကြပါတယ်။ ငှားတဲ့လူတွေလဲ ပြန်မအပ်ပဲ စာအုပ်အပိုင်စီးသူ မရှိသလောက် နည်းပါးလှပါတယ်။

ဒါကြောင့် အစိုးရကိုယ်တိုင် ဦးစီးပြီး စာအုပ်ကောင်းတွေ မထုတ်နိုင်၊ မဝယ်နိုင်သေးတဲ့ကာလမှာ ရပ်ရွာကျောင်းသားမိဘများကပဲ ကျောင်းစာကြည့်တိုက်၊ အစိုးရပြန်ကြားရေးစာကြည့်တိုက်များကို ပြုစုပျိုးထောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။ ဇော်အောင်(မုံရွာ)

ကာတွန်း ATH - ပေါ်ကုန်ပြီ

$
0
0

ကာတွန်း ATH - ပေါ်ကုန်ပြီ
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆

ဇင်လင်း - ၂၁ ရာစု ပင်လုံ ညီလာခံ မတိုင်မီ တပြည်လုံး အပစ်အခတ် ရပ်စဲရေး ...

$
0
0


ဇင်လင်း - ၂၁ ရာစု ပင်လုံ ညီလာခံ မတိုင်မီ တပြည်လုံး အပစ်အခတ် ရပ်စဲရေး ...
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆

၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၃ နာရီက အပစ်ရပ်လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ ရွှေလီလမ်းရှိ “အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန” (NRPC)မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံမှုကို ‘ရင်းနှီးသော မိသားစု ဝင်များအဖြစ်’ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သုံးနှုန်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီ တွေ့ဆုံမှု ဟာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ပထမဆုံးတွေ့ဆုံမှုလည်းဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်ဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးကိစ္စဖြစ်တဲ့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ဖြေရှင်းနိုင်ရေးကို အထူး ၀ါယမစိုက်ကြိုးပမ်းနေတာ တွေ့ရပါတယ်။ အမှန် လိုအပ်နေတဲ့ အမျိုးသားရင်ကြားစေ့ရေး (National Reconciliation) အတွက်လည်း တပါတည်း အားထုတ် နေပုံရပါတယ်။ “အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန” (NRPC) မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် တာဝန်ယူထား တဲ့အတွက်လည်း ရှေ့အလားအလာအတွက် အားရစရာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေးကို တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တစ်ပြိုင်တည်းကြေညာပြီး အပစ်ရပ်စဲကြရေး တောင်းဆိုခဲ့ တယ်လို့သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားကိုယ်စားလှယ်တို့ တောင်းဆိုချက်ကို ရရှိဖို့ ကြိုးပမ်းပေး မယ် လို့ပြောကြားကြောင်း UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ဇူလိုင် ၁၈ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆိုခဲ့ပါတယ်။ သြဂုတ် မကုန်ခင် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပဖို့ စီစဉ်နေပေမယ့် အားလုံး ပါဝင်ခွင့် ရရေးကိစ္စက ညှိနှိုင်းနေဆဲပဲဖြစ်ပါတယ်။ ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ကစခဲ့တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)ကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စဟာ နှစ်ဖက်အကြား သဘောတူညီချက် မရသေးပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ထုတ်ပြန်ချက်မှာတော့ “၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” မှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေအားလုံး ပါနိုင်ရေး နှစ်ဖက်ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

‘‘ကျွန်တော်တို့အနေနဲ့ တစ်နိုင်ငံလုံးအ ပစ်အခတ် ရပ်စဲရေးကြေညာလိုက်ရင်တော့ ဒီကိစ္စက အလိုလိုနေပြီး တော့ ကျွန်တော်တို့အတွက် အဆုံးအဖြတ်လိုမျိုးဖြစ်လာမလားဆိုတဲ့ သဘောပါ။ အဲဒီတော့ အစိုးရတပ်မတော်ဘက်က လက်ခံမယ် ဆိုလို့ရှိရင် ကျွန်တော်တို့အတူတကွ သက်ဆိုင်သူအားလုံးက အတူတကွကြေညာမယ်ဆိုလို့ရှိရင် သူ လည်းမပစ်ဘူး၊ ကိုယ်လည်းမပစ်ဘူးဆိုတဲ့ သဘောဖြစ်သွားပြီလို့ ကျွန်တော်တို့နားလည်ပါတယ်။ အဲဒီအဖြေကိုလည်း ကျွန်တော်တို့ လိုချင်တာဖြစ်ပါတယ်’’ လို့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေး နွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင် ခူးဦးရယ်က 7Day Daily သတင်းဌာနရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ပြောခဲ့ပါတယ်။

ပထမဆုံး အစိုးရကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တန်းတူရည်တူ ဝိုင်းဖွဲ့ထိုင်ကြတဲ့ ထိုင်ခုံနေရာ ခင်းကျင်းမှု ပုံစံသစ်ကြောင့် မီဒီယာသတင်းစောင့်ကြည့်နေကြတဲ့ ပြည်သူတွေက ကျေနပ်အားရကြတယ်လို့ ဆိုပါတယ်။ တွေ့ဆုံပွဲမှာ အစိုးရဘက်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဦးမိုးဇော်ဦးတို့တက်ရောက်ကြပါတယ်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ဘက်မှ UNFC ဥက္ကဋ္ဌ ဦးအင်ဘန်လနှင့် အဖွဲ့ဝင် ဦးနိုင်ထောမွန်၊ ဦးခွန်း အေဘယ်တွိဒ်၊ ဦးဆေထင် နဲ့ UNFC က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့(Delegation for Political Negotiation-DPN) ခေါင်းဆောင် ခူဦးရယ်အပါအဝင် အဖွဲ့ဝင်ရှစ်ဦး တက်ရောက်ကြ ပါတယ်။ အချိန် ၁ နာရီ ၄၅ မိနစ် ကြာမြင့်ခဲ့တဲ့ အဆိုပါ တံခါး ပိတ်ဆွေးနွေးပွဲမှာ မြောက်ပိုင်းဒေသတွေမှာ တပ်မတော်က ဆက်လက်ထိုးစစ်ဆင်နေခြင်းကို ရပ်တန့်ပေးရေး အထူးဆွေးနွေးခဲ့ကြတယ်လို့ UNFC ရဲ့ ထုတ်ပြန် ကြေညာချက်မှာ ဖေါ်ပြပါတယ်။ စစ်ပဋိပက္ခအတွင်း ပါဝင် ပတ်သက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးက စစ်မှန်တဲ့ တနိုင်ငံလုံး ဆိုင်ရာအပစ်အခတ်ရပ်စဲရေး NCA ကို တစ်ပြိုင်တည်းကြေညာနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်း UNFC ခေါင်းဆောင်တွေ ရဲ့ ယူဆချက်ကိုလည်း ဖော်ပြထားပါတယ်။

UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) အနေနဲ့လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA နဲ့ ပတ်သက်ပြီး တင်ပြစရာတွေ ရှိတာကြောင့် ချင်းမိုင်မြို့မှာ အစိုးရရဲ့ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ ထပ်မံတွေ့ဆုံဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့မှာ ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ ကျင်းပမယ့် တိုင်းရင်းသားထိပ်သီး ခေါင်းဆောင်များညီလာခံ ကျင်းပရေး အတွက်လည်း အစိုးရဘက်က သွားလာရေးပိုင်းကို တာဝန်ယူဆောင်ရွက်ပေးဖို့ သဘောတူညီထားတယ်လို့ လည်း ဆိုပါတယ်။

မကြာသေးမီက NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ ဟာ ဇွန်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးပြီးနောက်၊ ဇွန်လ ၂၈ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ကြတယ်။ ဒီ့နောက် ဇွန်လ ၂၉ရက်နေ့မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ထပ်မံ တွေ့ဆုံခဲ့တယ်လို့ KIC သတင်းအရ သိရ တယ်။ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ဖွဲ့စည်းထားတဲ့ ‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့’ (EAO - PPST) နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇွန်လ ၂၉ ရက် က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့စဉ် NCA အတိုင်းဆက်ရပ်တည် သွားဖို့ နှစ်ဖက်သဘောတူခဲ့တယ်လို့ဆိုပါတယ်။

ဒီ နိုင်ငံရေးအခင်းအကျင်းတွေကိုကြည့်ခြင်းအားဖြင့် ဒီ တကြိမ် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်ဟာ အပေါင်း လက္ခဏာဘက်ကို အနည်းငယ် တိမ်းညွတ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အောင်မြင်ရေးအတွက် အစိုးရ၊ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ အားလုံးကြိုးစား အားထုတ် နေကြတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ရှေ့တန်းစစ်မျက်နှာက အခြေအနေတွေ ထူးထူးခြားခြား ပြောင်းလဲမှု မရှိသေးတာကတော့ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ စစ်ပွဲတစ်ပွဲ ဆင်နွှဲဖို့အတွက် ကုန်ကျစရိတ်တွေ အလွန်ကြီးပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်၊ ကျည်ဆံဖိုး၊ သယ်ယူပို့ဆောင်စရိတ်၊ ဆက်သွယ်ရေးယန္တရားစရိတ်၊ အစရှိတဲ့ ပြည်သူ့ဘဏ္ဍာငွေထဲက ကုန်ကျရတဲ့ စရိတ်တွေဟာ အလွန်တရာ နှမျောစရာကောင်းပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေး နေစဉ် အတောအတွင်းမှာသာ စစ်ပွဲတွေ ရပ်ထားနိုင်ရင်တောင် အဲဒီ စစ်စရိတ်တွေဟာ နိုင်ငံပြန်လည်ထူထောင်ရေး အတွက် အထောက်အပံ့ဖြစ်လာနိုင်ပါတယ်။

တစ်ဖက်မှာ အစိုးရက ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို လာမည့် သြဂုတ်လမှာ စတင် ကျင်းပနိုင်ရေး ပြင်ဆင်နေပြီး၊ NCA စာချုပ် လက်မှတ်ထိုး/မထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်တဲ့ ညီလာခံတစ်ရပ်ကို KIO နယ်မြေ မိုင်ဂျာယန်မြို့မှာ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ကချင် လွပ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ဒေသ “မိုင်ဂျာယန် ညီလာခံ” ကို ဇူလိုင်၂၆ မှ ၂၉ အထိ ကျင်းပမှာဖြစ်ပြီး၊ ညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၂၁ ဖွဲ့ ဖိတ်ကြားထားတယ်လို့ဆိုပါတယ်။ အဖွဲ့တဖွဲ့မှ ကိုယ်စားလှယ် (၅)ဦးစီ တက်ရောက်ခွင့်ရရှိမယ်လို့ KNG သတင်းက ဆိုပါတယ်။ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ ညီနောင် တိုင်းရင်းသား များ ဖက်ဒရေးရှင်း (NBF) နဲ့ အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ) (WLB) တို့လည်း တက်ရောက်မယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို၊ ယေဘုယျစိပ်ဖြာကြည့်တဲ့အခါ၊ ဦးသိန်းစိန်အစိုးရရဲ့ အစိုးရသက်တမ်း(၅)နှစ် အတွင်း ပြည်တွင်းစစ်ရပ်စဲရေးကို ကျေနပ်လောက်အောင် မဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီလိုပြောရတာက စစ်စရိတ်ထောင်းလို့ လူထုရဲ့နေ့စဉ် ဘ၀ စားဝတ်နေရေး အခြေအနေတွေ အဖက်ဖက်က ဆုတ်ယုတ်ကျဆင်းခဲ့ပြီး၊ သာမန်ပြည်သူ လူထု အားကိုးရမယ့် တရားဥပဒေ စိုးမိုးရေးနဲ့ တရားစီရင်ရေးစနစ်ကိုလည်း ဖေါ်ဆောင် မပေးနိုင်ခဲ့ တာကြောင့် ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကိစ္စမှာ ကျောသားရင်သားခွဲခြားမှုတွေ ရှိနေတယ်။ ကချင်လူမျိုးဖြစ်ရုံနဲ့ KIO ကိုထောက်ခံတယ်လို့ စွပ်စွဲ အပြစ်ပေးတာမျိုးတွေ မဖြစ်သင့်တော့ဘူးထင်ပါတယ်။ အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတယ် ဆိုပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာတွေ့ရတယ်။

အခုလို နိုင်ငံတော် အာဏာစီးဆင်းမှု ရှေ့နောက်မညီ ဖြစ်နေရခြင်းဟာ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ ဒီမိုကရေစီ မကျမှုကြောင့် ပါပဲ။ လက်ရှိ မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ် တိုးတက်မှု နှေးကွေးရခြင်းဟာ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်ပတ်သက် နေခြင်းကြောင့် ဖြစ်တယ်။ တကယ်တော့ တပ်မတော်ရဲ့ ပင်မတာဝန်က နိုင်ငံတော် ကာကွယ်ရေးတာဝန်ဖြစ်တယ်။ မိမိ မကျွမ်းကျင်တဲ့၊ မိမိနဲ့မပတ်သက်တဲ့၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေမှာ တပ်မတော်က မပတ်သက်သင့်ဘူး။ သူ့နေရာနဲ့ သူ၊ အရပ်ဖက် ကျွမ်းကျင်ဝန်ထမ်းတွေရဲ့ တာဝန်ထမ်းရွက် မှုကို စစ်တပ်က လေးစားလက်ခံသင့်တယ်။ နှစ်ပေါင်း (၅၀)ကျော် စစ်တပ်က နိုင်ငံရေး စီးပွားရေးနဲ့အုပ်ချုပ်ရေးကိစ္စ တွေမှာ စွက်ဖက်ခဲ့လို့ မြန်မာပြည်ဟာ Least Developed Country ဘ၀ကို ရောက်ခဲ့ရခြင်းဖြစ်တယ်။ ဒီအချက်ကို စစ်ခေါင်းဆောင်တွေ ပြန်လည်သုံးသပ်သင့်တယ်။

အချုပ်အားဖြင့် ပြောရရင် ၂၁ ရာစု ပင်လုံ ညီလာခံ အောင်မြင်ရေးအတွက် ဆွေးနွေးပွဲကျင်းပနေစဉ် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး ပစ်ခတ်တိုက်ခိုက်မှုများ ချွင်းချက်မရှိ ရပ်ထားသင့်တယ်။ လက်ရှိအစိုးရနဲ့ တပ်မတော်အကြား၊ အစိုးရနဲ့ တိုင်းရင်း သားတွေအကြား၊ တိုင်းရင်းသားတွေနဲ့ တပ်မတော်အကြား မူဝါဒ သဘောထား အမြင်ဆိုင်ရာ ကွဲလွဲမှုတွေကို ညှိနှိုင်း အဖြေရှာသင့်တယ်။ တဦးအပေါ်တဦး နားလည်အောင်၊ တဦးနဲ့တဦးယုံကြည်မှု ခိုင်မြဲအောင် Dialogue နည်းလမ်း နဲ့ အဖြေရှာသင့်တယ်။ အစိုးရ၊ တပ်မတော် နဲ့ တိုင်းရင်းသားတွေအကြား ပြည်တွင်းစစ်အပေါ် သုံးသပ်ပုံ ကွဲလွဲမှုတွေကြောင့် လည်း လက်ရှိ စစ်ရေး ပဋိပက္ခတွေ အဆုံးမသတ်နိုင်တာ ဖြစ်တယ်။

NLD အစိုးရက တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို မှန်မှန် ကန်ကန် စာနာနားလည်ပြီး စစ်ရေးပဋိပက္ခတွေ အားလုံးကို အဆုံးသတ်ပစ်လိုပုံရပါတယ်။ ဒါပေမယ့် တပ်မတော်က တိုင်းရင်းသားတွေအပေါ် စစ်ရေးအရ ဖိအားပေး လက်နက်ချ ခိုင်းနေတယ်။ တန်းတူရည်တူ နိုင်ငံရေးဆွေးနွေးလိုတဲ့ သဘောထား အမှန်တကယ်ရှိရင် ကြိုတင်စည်းမျဉ်းကန့်သတ် မထားဘဲ စိတ်စေတနာမှန်ကန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ Genuine Political Talks လုပ်မှသာ အပြုသဘောဆောင်မှာ ဖြစ်ပါတယ်။ စစ်ရေးအရ ဖိအား ပေးမှုတွေကြောင့် အမုန်းတရားတွေ ပိုမိုကြီးထွားလာနိုင်ပါတယ်။

မကြာမီ ဇူလိုင်၂၆ ရက်မှ ၂၉ ရက်အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုံညီအစည်းအဝေးကို ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသမှာ ကျင်းပ ပါတော့မယ်။ မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုံညီအစည်းအဝေးဟာ အရင် အစည်းအဝေးများထက် အရှိန်အဟုန် ပိုမိုကောင်းမွန်လာပြီဖြစ်တယ်လို့ဆိုပါတယ်။ မိုင်ဂျာယန်ညီလာခံကနေရရှိလာမယ့် ရလဒ်များနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ်လို့ယူဆကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(KDP) ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာက ဇူလိုင် ၁၇ ရက်က မီဒီယာကို ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ဖက်ဒရယ်မူ အပြည့် အ၀လိုအပ်ပြီး အစိုးရအနေနဲ့ မိုင်ဂျာယန်အစည်းအဝေး ရလဒ်ကို လက်ခံနိုင်မယ်လို့ မျှော်လင့်ကြောင်း ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီခေါင်းဆောင်များက ပြောကြားတဲ့ သတင်း ကို အလဲဗင်းမီဒီယာသတင်းက ဖေါ်ပြထားတာ သတိပြုသင့်ပါတယ်။
ဒါကြောင့် သြဂုတ်လ ၂၁ ရာစု ပင်လုံညီလာခံမတိုင်မီ စစ်ရေးအရ ဖိအားပေးမှုတွေ ရပ်သင့်ပါပြီ။ အစိုးရနဲ့ တပ်မတော်ဟာ ငြိမ်းချမ်းရေးခရီးစဉ်မှာ တလှေထဲစီး တခရီးထဲသွားနေကြသူတွေ ဖြစ်ကြောင်းလည်း ပြည်သူအများသိရှိအောင် ကြေညာ ပြောဆိုသင့်ပါပြီ။ ယနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စမှာ အစိုးရရဲ့ လမ်းစဉ်ကို တပ်မတော်က အခိုင်အမာ ထောက်ခံ ရဲ့လားလို့ လူထုအတွင်း သံသယဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် လူထုရဲ့ သံသယ ကင်းရှင်းရေးအတွက် တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို တစ်ပြိုင်တည်းကြေညာသင့်ပါတယ်။ ဒါမှသာ အစိုးရရဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ ချောချောမွေ့မွေ့ အောင်မြင်မှာ ဖြစ်တယ်လို့ ယူဆမိကြောင်းပါ။ ။

ဗိုလ်ထက်မင်း – ၂၁ရာစု ပင်လုံညီလာခံခရီး အတားအဆီးများ ရှိနေသလား – အပိုင်း ၃

$
0
0

မြန်မာ တပ်ရင်းမှူး နဲ့ KNLA တပ်ခွဲမှူး

ဗိုလ်ထက်မင်း – ၂၁ရာစု ပင်လုံညီလာခံခရီး အတားအဆီးများ ရှိနေသလား – အပိုင်း ၃
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆


၂၄။ တနသာင်္ရီတိုင်း ထားဝယ်ခရိုင်၊ မေတ္တာမြို့ ၊ မြန်မာ - ထိုင်းနယ်စပ် ထီးခီး ကုန်သွယ်ရေးစခန်းအနီး KNU ဂိတ်ပြသနာနဲ့စပ်လျဉ်ြး့ပီး တရားဝင်ရုံးစာများအရ ဖြစ်စဉ်အကြောင်းအရာများနဲ့ အခြားအခြေအမြစ်က ရရှိထားတဲ့ ဖြစ်စဉ်အကြောင်းအရများကို နှိုင်းယှဉ် သုံးသပ်နိုင်ဖို့ ရှေ့နောက်ဖေါ်ပြသွားပါမယ်။ ရှေ့ဦးစွာ တရားဝင်ရုံးစာများထဲမှ KNU ရဲ့တိုင်းဒေသကြီးကို တင်ပြတဲ့ ၂၀၁၆ခု၊ ဇွန်လ (၂၉) ရက်စွဲပါ စာအမှတ် - ၁၀၀/ န-၇၃/ ၁၂ ကို ကောက်နှုတ် ဖေါ်ပြရရင် ဇွန် (၂၀) ရက် နံနက်(၁၀) နာရီခန့် ထီးထ (ယာယီ) စစ်ဗျုဟာမှူး ဒုဗိုလ်မှူးကြီး သိန်းလင်းက (၃) ရက် အတွင်း ဂိတ်ဖယ်ရှားပေးဖို့ (စရဖ) မှ တဆင့် အသိပေးခဲ့တယ်လို့ဆိုပါတယ်။ တဖန် ဇွန်လ (၂၂) ရက် (၁၃ ၀၀) နာရီခန့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်နဲ့ ရုံးအဖွဲ့ရောက်လာပြီး KNU ခရိုင်ဥက္ကဌကို တွေ့ဆုံကာ ဂိတ်ကို ရွှေ့ပြောင်းပေးဖို့ တိုင်းမှူးမှတဆင့် ထီးထစစ်ဗျုဟာမှူးကို ညွှန်ကြားထားလို့ သူက ဆောင်ရွက်တာဖြစ်ကြောင်း၊ ဥက္ကဌက တိုင်းဒေသကြီးရုံးစာ မရသေးတာပြောရာ ဗိုလ်မှူးကြီးဇော်လွင်က ရုံးစာပြသနာ မရှိလို့ ထုတ်ပေးလို့ရကြောင်းပြောပြီး ပြန် သွားတယ်လို့သိရပါတယ်။(KNU စာပူးတွဲဖေါ်ပြပါတယ်။)


၂၅။ ဇွန်လ(၂၃)ရက်နေ့မှာ တနင်္သာရီတိုင်းဒေသကြီးအစိုးရရဲ့ စာအမှတ် (၈၉၅) ၂၀၀ (၁)/ ၁-၂၃/ အခရ (တနင်္သာရီ)ဖြင့် ညွှန်ကြားရေးမှူး ဦးကျော်စွာထွန်းလက်မှတ်နဲ့ KNU ခရိုင်ရုံးကို ရုံးစာပို့လိုက်တယ်လို့သိရပါတယ်။ စာပါ အကြောင်းအရာကောက်နှုတ်ရရင် KNU တပ်မဟာ (၄) ဂိတ် တရားမဝင်ဂိတ် ဖွင့်လှစ်ထားကြောင်းသိရလို့ အမြန်ဆုံးပိတ်သိမ်း ဖယ်ရှားဆောင်ရွက်ဖို့ အကြောင်းကြားတယ်လို့ဆိုပါတယ်။ (တိုင်း ဒေသကြီးအစိုးရရုံးစာ ပူးတွဲဖေါ်ပြပါတယ်။)

၂၆။ တဖန်KNU ရဲ့စာထဲမှာ ဇွန်လ(၂၆)ရက်မှာ နံနက်ပိုင်း KNU ဂွင်အတွင်း ဆင်ဖြူတောင် ခမရ(၂၆၇) တပ်ရင်းမှူး ဦးစီး အင်အား (၄၀) ခန့် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ဆက်သွယ် အကြောင်းကြားခြင်းမရှိဘဲ  တိတ်တဆိတ် လျှို့ဝှက်စွာဝင်လာလို့ ဒေသငြိမ်းချမ်းရေးရှေ့ရှူပြီး မိမိဒေသမှ ပြန်လည်ထွက်ခွါဖို့နဲ့ နောက်နောင် အထက်ကို အသိပေးပြီးမှ ဝင်ရောက်ရန်နဲ့ ပြန်ထွက်ခွါပေးဖို့ ပောဆိုခဲ့ရကြောင်း၊ ထီခီးဂိတ်ဟာ အခုမှ ဖွင့်လှစ်တာမဟုတ်ဘဲ ဖွင့်လှစ်တာဟာ အပစ်အခတ်ရပ်စဲစတင် ကတည်းက (၄) နှစ်ရှိပြီဖြစ်လို့ အဖွဲ့အစည်းရပ်တည်ရေးနဲ့ မိသားစုစားဝတ်နေရေးအတွက် လောလောဆယ် ဖွင့်လှစ်ခွင့်ပေးဖို့ အကူအညီ တောင်းတဲ့စာ ဖြစ်ပါတယ်။




၂၇။ ဆက်လက်ပြီး KNLA မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး စောမူကယ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တက်ကြွစွာပါဝင်ခဲ့ရာ ထောက်ထားခြင်းမရှိဘဲ ယခုလို စာထုတ်ကာ ဖက်ရှားခိုင်းတဲ့အပေါ် စိတ်အနှောင့်အယှက် ဖြစ်သွားရပြီး သူပါဝင်နေတဲ့JMC-S အဖွဲ့အနေနဲ့ ပြသနာကို ဖြေရှင်းနိုင်စွမ်း မရှိလေရာ ပါဝင်လည်း အကျိုးဖြစ် ထွန်းဖို့ အကြောင်းမမြင်လို့ နှူတ်ထွက်စာကို ဇွန်လ (၃၀) ရက် တင်ခဲ့ပါတယ်။ (KNLAရဲ့ ရုံးစာ ပူးတွဲဖေါ်ပြပါတယ်)




၂၈။ အထက်ပါ ကတော့ တရားဝင်ရုံးစာအရ ဖြစ်စဉ်သာဖြစ်ပြီး အခြားအခြေအမြစ်က ရတဲ့ အကြောင်းအရာတွေကို ဆက်လက်ဖေါ်ပြမှာ ဖြစ်ရာ တချို့နေရာတွေမှာ အနည်းငယ်ကွဲလွဲမှူ ရှိတာတွေ့ရပြီး အတည်ပြုဖို့ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ တပ်မတော်အရာရှိပိုင်းမှာ အုတ်သျှစ်သီးလို့ခေါ်တဲ့ တဆင့်မြှင့် ရာထူးလစာ officiating ခံစားနေ သူတွေရှိရာ စောစောပိုင်းကာလမှာ ဖုံးဖုံးဖိဖိလုပ်နေတာသိရပြိး ထပ်မံစုံစမ်းဖို့  ခက်ခဲရတာဖြစ်ပါတယ်။ နောက်ပိုင်း ဆိုရှယ်မီဒီယာမှာ ပေါ်လာတဲ့အခါ အထက်ဌာနက ထုလို့နောက်ပိုင်း  အရှက်တကွဲ ဖြစ်ရပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်တင်ပြပြီးတာနဲ့အားနည်းချက် တဆက်တည်း ဖေါ်ပြပါမယ်။

၂၉။ အခြားသတင်းအခြေအမြစ်အရ ဗျူဟာမှူးဟာ မိတ်ဆွေဖြစ်သူ နယ်စပ်ကုန်သွယ်ရေးက လက်ထောက် ညွှန်ကြားရေးမှူးနှဲုသတင်းဖလှယ်ရာမှ KNU ဂိတ်ဝင်ငွေကောင်းတာကို သိရလို့ EMOTION တက်လာကာ သူ့ရဲ့လက်အောက်ခံ ဆင်ဖြူတောင် တပ်ရင်းမှူး ကိုစေလွှတ်တဲ့ အထိဖြစ်လာကြောင်း၊အဲဒီဖြစ်စဉ်ဟာ ယခင်တပ်မတော်က လုပ်နေကြ ထုံးစံအတိုင်းအင်အားသုံးလို့ဖြစ်စေ၊ အင်အားပြလို့ဖြစ်စေ၊ သက်ဆိုင်ရာဂွင်အတွင်း တပ်စေလွှတ်ခြင်းဖြင့် ဖိအားပေးတဲ့ ပုံစံဖြစ်နေကြောင်း၊ အဲဒီတပ်ရင်းမှူးဟာ စစ်ဆင်ရေးမှူး KNLA ဗိုလ်မှူးကြီးစောမူကယ် နေလေ့ရှိတဲ့ ကမာဟော့ရွာဟောင်းကို ဦးတည်လာကြောင်း၊ သူ့တပ်ခွဲမှူးက သတ္တိရှိရှိနဲ့ရင်ဆိုင်ပြီး ပြန်ထွက်ခိုင်းမှ တပ်ရင်းမှူး စစ်ကြောင်းပြန်ထွက်သွားရကြောင်း၊သိရပါတယ်။

၃၀။ ထီးထဗျူဟာမှူးရဲ့ PERSONAL EMOTION မှားယွင်းမှူကို အသုံးချသူကတော့ နယ်စပ်ရေးရာလုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင် ဖြစ်ကြောင်း၊ သူက KNU ခရိုင်ဥက္ကဌကို ဂိတ်ဖျက်ဖို့ ထပ်ပြီး အကျပ်ကိုင် ဖိအားပေးခဲ့ရာ ဥက္ကဌက ခရိုင်ကော်မတီနဲ့ အစည်းအဝေး လုပ်ရဦးမည်၊ အစိုးရနဲ့ဆွေးနွေးချင်တယ်လို့ ပြောပေမဲ့ ချက်ခြင်း လုပ်ဖို့ဘဲ တွန်းအားဘဲ ပေးနေကြောင်း၊ သူဟာ အဖါးတော်သူ ဖြစ်ကြောင်း၊ တပ်ချုပ် ထားဝယ်မှာ ခေါင်းလောင်းကြီး ဖွင့်ပွဲမှာ စည်ကားအောင်လုပ်ပေးတော့ အမှတ်တက်ကြောင်း၊ အစိုးရသစ်တက်တော့ သူ့ကို ပြန်ထည့်ပေးလို့ အင်မတန်မှ ကြွတက်နေကြောင်း၊ ထီးထ ဗျူဟာမှူးထံ (၃) ရက်ပြည့်တဲ့နေ့ KNU ထောက်လှမ်းရေးက သွားတွေ့ပြီး ဘာလုပ်ရမလဲ ဆိုတော့ အကောက်ကောက်တာကို လျှော့ပေးပြီး ဂိတ်ဖျက်တာ မဖျက်တာ ငါနဲ့မဆိုင်ဖူး လို့ပြောပြန်ကြောင်း၊သိရပါတယ်။

၃၁။ KNLA ဗိုလ်မှူးကြီးစောမူကယ်က စိတ်ပျက်သွားတာက JMC-S က ဒီလိုဖြစ်စဉ်မှာ ဝင်ပြီးကိုင်တွယ်ပေးသင့်တယ်လို့ သူထင်ကြောင်း၊ အမိန့်နဲ့ (၃)ရက်အတွင်းပြောင်းခိုင်းတာဟာ အထက်စီးဆန် ပြင်းထန်လွန်းတယ်လို့ ဘေးကပင် ကြည့်ကြည့် ပေါ်လွင်နေကြောင်း၊ ပိုဆိုးတာက သူနေတဲ့ ဒေသကို တပ်က သွားဝိုင်းလို့ယုံကြည်မှု လျှော့ပါးစေကြောင်း၊ သူ့ထွက်စာကို တိုင်းမှူးက JMC-S အစည်းအဝေးလည်းလုပ်တဲအခါ ခွင့်ဆိုပြီး အသာခေါက်ထားပြီး ကြိတ်ညှိမယ်ဆိုတာမျိုး ရှိဟန်တူတယ်လို့ ယုံကြည်လောက်တဲ့သတင်းအရင်းအမြစ်မှသိရတယ်။

၃၂။ ဒီအမိန့်ထွက်လာရတဲ့ ဇာတ်လမ်းကို ခန့်မှန်းရတာက ထိုင်းနိုင်ငံ ဖွန်ဖီဖက်ကုမ္ပဏီက ထီးခီးနယ်မြေမှာ ဒေါ်လာသန်း၁၂၅ ရင်းနှီးမြှပ်နှံမည့် ပရောဂျက်ကြီးကို စတင်ဖို့ဖြစ်လာနိုင်ပြီး၊ ထိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ချဉ်းကပ်ပြီး စတင်ချင်ကြောင်း ပြောနိုင်ပါတယ်။ ထီးခီးဒေသတွင် မကြာမီဖော်ဆောင်မည့် အပန်းဖြေစခန်း စီမံကိန်း၊ အပန်းဖြေစခန်းများနှင့် ဟော်တယ်များ ဖွင့်သည့်နေ့သည် ဤကန်ထရိုက်စာချုပ် ချုပ်သည့်နေ့မှ ၃၆ လထက် နောက်မကျစေရဆိုပြီး ပါရှိပါတယ်။ ထီးခီးဒေသ ဘက်စုံအပန်းဖြေစခန်း စီမံကိန်းကို ယခင်အစိုးရက NLD အစိုးရသစ်သို့ အာဏာမလွှဲပြောင်းခင် ၂၀၁၆ ခု မတ်လ ၂၉ ရက်မှာတနင်္သာရီတိုင်းဒေသကြီး အစိုးရဟောင်းနှင့်  ဖွန်ဖီဖက်ဖွံ့ဖြိုးရေးကုမ္ပဏီတို့ တည်ဆောက် လုပ်ကိုင် လွှဲပြောင်းရေး ကန်ထရိုက်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ စီမံကိန်းထဲမှာ အစည်းအဝေးများ၊ ကုန်သွယ်ရေးပြပွဲများ၊ ထမင်းစားပွဲများနှင့် ကပွဲများ ပြုလုပ်နိုင်ရန် သင့်တော်သည့် သားနားလှပသော ဇိမ်ခံ အဆောက်အဦးတခု၊နိုင်ငံခြားသားဧည့်သည်များနှင့် သီးသန့်ကလပ်အသင်းဝင်များ ကို ဖျော်ဖြေရန်နှင့် ၎င်းတို့အချင်းချင်း ကစားနိုင်ရန် အခြားပထမတန်းစား  အပန်းဖြေအဆောက်အဦများဖြစ်သော ဇာတ်ရုံငယ်တခုနှင့် ဘီလိယက်အခန်း၊ လောင်းကစားစက်များ ၊ အီလက်ထရွန်နစ်ဂိမ်းစက်များ၊ ဗီဒီယိုဂိမ်းစက်များစသည့် စက်ဖြင့် ၎င်း၊ စက်မပါဘဲ၎င်း ကစားပွဲ အမျိုးမျိုး ကစားနိုင်သည့် အပန်းဖြေခန်းများ( မြန်မာနိုင်ငံလောင်းကစား ဥပဒေနှင့် မဆန့်ကျင်စေရ) ဘန်ဂလိုပုံစံ အမျိုးမျိုးနှင့် VIP အဆောင်များ မျိုးစုံ စတာတွေပါရှိတယ်။ ဖွန်ဖီဖက် စီမံကိန်းဟာ ဧက ၅၀ ကျယ်တဲ့  မြေကွက်ပေါ်မှာ တည်ရှိမှာဖြစ်ပြီး ငါးနှစ်အချိန်ယူ ဆောက်လုပ်မှာ ဖြစ်ပြီး ဒီလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံတော်အဆင့်မှာ အတည်ပြုခဲ့ပြီးဖြစ်ပေမဲ့ တိုင်းဒေသ အဆင့် အပြီးသတ်အတည်ပြုချက် စောင့်နေတယ်လို့ ဒုံးမဲကျွန်း ဖွံ့ဖြိုးရေးကုမ္ပဏီ ညွှန်ကြားရေးမှူး အယ်လ် လက်စီယို ဖိုလာ့စထရီ ကပြောပါတယ်။

၃၃။ နယ်လုံဝန်ကြီးဗိုလ်မှူးကြီးဇော်လွင်ရဲ့ အလွန်အကျွံ ဖိအားပေးနေတာ ပေါ်လွင်ပြီး တိုင်းအဆင့်စာ ထုတ်တဲ့ အရေးအသားဟာ ညင်သာပျော့ပြောင်းရမည့်အစား အမိန့်ပေးတာဖြစ်နေသလို ည့န်ကြားရေးမှူးအဆင့် လက်မှတ်ထိုးတာဟာလည်း သဘာဝမကျဘဲ ရုံးလုပ်ငန်း S.D OUT အောက်နေပြီး ဝန်ကြီးချုပ် ကိုယ်စားဘဲ ဖြစ်သင့်ပါတယ်။ အရင်အစိုးရနဲ့ဘယ်လို နားလည်မှုရှိခဲ့တာကို လူဟောင်း နယ်လုံကသိပြီးသားပါ၊ အရင်တိုင်းဒေသကြီးအစိုးရရဲ့ သဘောတူညီချက်နဲ့ဖွင့်ထားတဲ့ အကောက်စခန်းကို လက်ရှိဝန်ကြီးချုပ်အသစ်ရဲ့ အစိုးရအဖွဲ့ထဲမှာပါဝင်နေတဲ့ အရင်အစိုးရအဖွဲ့ထဲက ပါဝင်ခဲ့ပြီး ထဲထဲဝင်ဝင်သိတဲ့ နယ်လုံဝန်ကြီးက ဘာဖြစ်လို့ ရေငုံနှုတ်ပိတ် နေတာလဲ၊ ဒါမှမဟုတ် နယ်လုံဝန်ကြီးက ဒီကိစ္စဟာဖြင့်တော့ ဒီလိုတော့ရှိတယ်လို့တင်ပြပေမယ့်  ဝန်ကြီးချုပ်က ဘာလို့ ထည့်သွင်းမစဉ်းစားရတာလဲ ဆိုတာ စာရေးသူက အရာရှိကြီး(ငြိမ်း)တစ်ဦးထံ မေးပါတယ်။

“သူကလဲ အိုပယ် ကာနယ် ၆၀၀ ကျော်ထဲပါနေတော့ သူဟာ အဆန်ရှယ်ဖြစ်ကြောင်း၊ KNU အပေါ်  လွှမ်းမိုးနှိုင်ကြောင်းပြချင်နေသူပါ၊ ကိုယ်ကျိုးစီးပွါးနဲ့ပတ်သက်လာရင် ဘာမှမမြင်ဖူး။ သူက အဓိက ထိန်းညှိရမဲ့ တာဝန်ရှိတာပေါ့ မဟုတ်ဖူးလား။ သူက ပါဝါပြတဲ့သဘော ဆိုတော့ ပိုဆိုးသွားတာပေါ့၊ သူကစီမံခန့်ခွဲမှူက DQ  ပါ ၊ဒါပေမဲ့ အစိုးရသစ်မှာ ပြန်ပါလာတာက တပ်ချုပ်က ထားဝယ်မှာ လှူဒါန်းတဲ့ ခေါင်းလောင်းကို စည်ကားအောင်လုပ်နိုင်လို့ပါ၊ သူက မရှိမဖြစ် ရှိနေဘို့ လိုသူလို့ ဖြစ်ကြောင်းပြတာပါ၊ ပေါ်လစီတွေ ဖတ်ဘူးတာပဲရှိတာ ဖြစ်မယ်၊ ဘယ်လို အကောင်အထည်ဖော်ရမယ်မသိအောင် အရည်အချင်းမရှိတာ ဖြစ်မှာပါ”

၃၄။ နယ်လုံဝန်ကြီးရဲ့လုပ်ရပ်ဟာ တိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်ကို အသိပေးဖို့ အတွက် အစိုးရရဲ့လက်နက်ကိုင်တပ်အဖြစ် တစ်ဘက်အဖွဲ့အစည်းက ရှုမြင်တဲ့ တပ်မတော်မှ ဗျူဟာမှူး အဆင့် အရာရှိကြီးတစ်ယောက်ကို တာဝန်ပေးအပ်တာဟာ ပြသနာကြီးကြီးမားမားဖြစ်ခဲ့သော် SD အောက်နေတဲ့ ထိုစာမှာ တိုင်းဒေသကြီးအစိုးမှ ထုတ်ပြန်ခြင်းမဟုတ်ကြောင်း ငြင်းဆန်ပြီး တပ်မတော်က ဗျူဟာမှူး အပေါ်မှာသာ လုံးလုံးလျားလျား အပြစ်ပုံချဖို့ ကြိုတင်စီမံကာကွယ်ထားတဲ့ ပုံစံဖြစ်နေပါတယ်။ တကယ်တန်း ဝန်ကြီးချုပ်က ပြသနာဖြစ်လို့ ထီးခီးကို လာရောက်ရှင်းလင်းချိန်မှာ နယ်လုံဝန်ကြီး မပါတာတွေ့ရပါတယ်။

၃၅။ ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူးမှာလည်း တာဝန်အထိုက်အလျောက်ရှိသူဖြစ်ပြီး ဗျုဟာမှူးရဲ့ ဆင်ဖြုတောင်တပ်ရင်း ၊ ခမရ(၂၆၇)တပ်လှုပ် KNLA ဂွင်ထဲထိုးနေတာ သိရင် တားဆီးရမှာဖြစ်သလို နယ်လုံ ဝန်ကြီးက ဂိတ်ပိတ်ခိုင်း၊ စေခိုင်းတာကိုလည်း တပ်က တဆင့်ခိုင်းတာကို ငြင်းပိုင်ခွင့်ရှိပြီး ရဲလမ်းကြောင်းက တဆင့်သွားခိုင်းဖို့ လမ်းလွှဲသင့်ပါတယ်။ မဖြစ်မနေ ဝန်ကြီးချုပ်က ဖိအားပေးရင်တောင် JMC-S အစည်းအဝေးမှာ လုပ်ထုံးလုပ်နည်းရှိကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေး ငြိမ်းချမ်းသောနည်းနဲ့သာဖြေရှင်းသင့်ပါတယ်။ တပ်မဟာ(၄) က တပ်မှူးကြီးတွေ ယုံကြည်မှူ ပျောက်ဆုံးသွားတာ အင်မတနှ်မှ နှမျောဖို့ကောင်းပါတယ်။

၃၇။ နောက်ပိုင်း နှစ်ဖက်တာဝန်ရှိသူများအကြား ညှိနှိုင်းဆွေးနွေး ပြေလည်မှုရကြောင်း သတင်းထွက်ပေါ်နေပေမယ့် နှစ်ဖက်အကြား စောင့်ကြည့်နေကြသည့် အနေအထားတွင်ပင်ရှိနေဆဲဖြစ်ကြောင်းနှင့် ဝန်ကြီးချုပ်ရဲ့  ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို စောင့်ကြည့်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဝန်ကြီးချုပ်က

“ကျမကတော့ ပြဿနာ မဖြစ်စေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဂိတ်လည်း ရှိတယ်။ အပစ်အခတ် ရပ်စဲရေး ရယူပြီးသား အဖွဲ့အနေနဲ့ သီးခြားဖွင့်လို့မရဘူးဆိုပြီးတော့ ကျမတို့ ဟန့်လိုက်တာပါ။ နောင်ကို သူတို့ရဲ့ စားဝတ်နေရေး အတွက် ရှေ့ဆက်ပြီးတော့ ဆွေးနွေးညှိနှိုင်းပြီးတော့ အဆင်ပြေအောင်လုပ်လိုက်တာပါ။ ပြေလည်မှုရသွားပါပြီ” ပြောထားလို့ဖြစ်ပါတယ်။

၃၈။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ဥက္ကဌ ဖြစ်သူ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မောင်မောင်စိုး  ကိုယ်တိုင် ဇွန်လ၂ ရက်နေ့က မြိတ်မြို့ တွင် ပြုလုပ်သော JMC-S အစည်းအဝေးသို့ တက်ရောက် ဖြေရှင်းမှုပြု လုပ်ခဲ့ကြောင်း၊ သူက တဖက်နဲ့ တဖက် အထင်မမှားဖို့၊နှစ်ဖက်တပ်တွေ ထိန်းထိန်းသိမ်းသိမ်း နေသွားဖို့နဲ့ စာချုပ်ပါအတိုင်း လေးစားလိုက်နာသွားဖို့နဲ့၊ အဓိကတပ်ဖက်ကနေ ဗျူဟာမှူးက ပြောမှား၊ ဆိုမှား၊ လုပ်မှား၊ ကိုင်မှားဖြစ် သွားတဲ့အပေါ်မှာ တောင်းပန်ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်ဘဲသွားချင်လို့ လူထုအတွက်ဘဲကြည့်ပြီး လုပ်ပေးတယ်ဆိုပေမယ့်လည်း တချို့ကိစ္စတွေမှာ အမှားအယွင်းလေးဖြစ်သွားတာပါ၊ သူတို့ဖက်ကလည်းဒါကို ပြေလည်အောင်ဖြေရှင်းပေးသွားပါတယ်"လို့ဆိုပါတယ်။

၃၉။ အဖေက ကရင်မျိုး ကရင်သွေးအစစ်ဖြစ်တယ်လို့ဆိုတဲ့ ဝန်ကြီးချုပ်အနေနဲ့ ဖဲဝိုင်းဒိုင် အကောက် ကောက်တာမျိုး ဂိတ်ဖွင့်တာ မကြိုက်နှစ်သက်ဖူး၊ ယခင်အစိုးရထက် ပိုလုပ်ပေးမယ်ဆိုတဲ့ စကားမျိုးမပြောသင့်ဘဲ သံတမန်စကားလုံး သိမ်မွေ့စွာပြောသင့်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စု ကားလမ်းမကြီးမှာ အကောက်ကောက်တဲ့ တအောင်းပလောင်အဖွဲ့နဲ့  တန်းတူထားနေဟန်တူပါတယ်။ သူတို့ဆီက တိုင်းဒေသကြီးအစိုးရသို့ ပေးတဲ့ စာဟာအဆင့်ရှိရှိ အရေးအသားမြင့်မားနေတာ သတိပြုသင့်ပြီး  မိမိရုံးက စာကတော့ နိမ်နေတာ ရှက်ဖို့ကောင်းပါတယ်။ အစိုးရရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို ယုံကြည်မှူပေးဆပ်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့ကြီးဖြစ်တဲ့အပြင် KNU ထဲမှာပင် အစောဆုံးလက်ကမ်းဝင်လာတဲ့ တပ်မဟာ(၄) ဖြစ်တာမို့သမိုင်းကြောင်းကို ဝန်ကြီးချုပ်နဲ့တိုင်းမှူးတို့ လေ့လာမှူအားနည်းကာ သတိထားကိုင်တွယ်ဖို့ လိုအပ်သွားပါတယ်။ ဒီဖြစ်စဉ်မှာ အဓိကတာဝန်ရှိသူကတော့ နယ်လုံဝန်ကြီး၊ ဒုတိယတာဝန်ရှိသူက တိုင်းမှူး၊ တတိယ တာဝန်ရှိသူက ဝန်ကြီးချုပ်၊ ထိုးကြွေးခံရပြီး မီးစမွှေးတဲ့ စစ်ဗျုဟာမှုးတို့ဖြစ်ပါတယ်။ ဇာတ်လမ်းအကျိုးဆက်က လုပ်ထုံးလုပ်နည်းမှားယွင်းတဲ့ ရုံးစာညွှန်ကြားချက်၊NCA စာချုပ်ပစ်ပယ်ထားမှူကြောင့် ယုံကြည်မှူတွေပျောက်ဆုံးသွားတဲ့ KNLA တပ်မှူးကြီးနှုတ်ထွက်လိုက်ရာ မိမိတို့ငြိမ်းချမ်းရေးရောင်ခြည်အပေါ် တိမ်တိုက်ဖုံးလွှမ်းသလို ဖြစ်သွားပြီး လိုက်လံဖါထေးရတဲ့ အရှက်ဂုဏ်သိက္ခာ ပေးဆပ်လိုက်မှု၊ ဖိအားပေးလိုက်တဲ့ ဂိတ်ဖယ်ရှားရေး ညွှန်ကြားချက် စက္ကူစုတ်သဖွယ် ရေထဲမျောသွားပါတယ်။

၄၀။ ဒါကြောင့် ဒီဖြစ်စဉ်ကို သင်ခန်းစာယူပြီး ဒေသဆိုင်ရာဝန်ကြီးချုပ်နဲ့ တိုင်းမှူးတွေကို တိုက်တွန်းချင်တာက နေရာတိုင်း လှေနံဓါးထစ် မကျင့်သုံးဘဲ အခြေအနေနဲ့ အချိန်အခါ လိုက်လျောညီထွေဖြစ်အောင် သိမ်မွေ့စွာ ကိုင်တွယ်ရာမှာ မဟာဗျုဟာအရ လုပ်ချင်ပေမဲ့ နည်းဗျုဟာအရ လတ်တလောလိုအပ်ချက်အရ ဆန့်ကျင်ပြီးလုပ်လိုက်ရတာရှိပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံစာချုပ်မှာ နောင် ၁၀ နှစ် ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိတယ် ဆိုတဲ့အပိုဒ်ဟာ ယေဘူယျ အန္တရယ်များမှန်း မဟာဗျုဟာအရ ခွင့်မပြုသင့်သော်လည်း တိုင်းရင်သားတွေကို ယုံကြည်မှု ပေးဆပ်ဖို့၊ လွတ်လပ်ရေးရဖို့အရေး အရေးကြီးညီညွှတ်ဖို့လိုနေတာမို့ နည်းဗျုဟာအရ လုပ်ပေးလိုက်ရတာရှိပါတယ်။ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီးမှ၊ ပေးဆပ်ပြီးမှ ငြိမ်းချမ်းရေးရတာမို့ ထိမ်းသိမ်းရတာ ပိုလို့တောင် ခက်ခဲလေရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများနဲ့၊ တိုင်းမှူးများအနေနဲပ ပြည်ထောင်စုငြိမ်းချမ်းရေး - ၂၁ရာစု ပင်လုံညီလာခံကို ဝိုင်းရံပေးရာမှာ ကျားကုတ်ကျားခဲ မေတ္တာစေတနာအပြည့်နဲ့ပံ့ပိုးပေးစေလိုကြောင်း တိုက်တွန်းလိုက်ရပါတယ်။

ဂျော်ဒီး - မိုးမခရွာ..ထွေလီကာလီဈေးဂေဇက် (၄)

$
0
0

ဂျော်ဒီး - မိုးမခရွာ..ထွေလီကာလီဈေးဂေဇက် (၄)
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆


တနေ့သ၌ မိုးမခဂေဇက်တွင် “မိုးမခရွာထွေလီကာလီဈေးဂေဇက်” ဟူသော ခေါင်းစဉ်ဖြင့် ရေးချင်ရာရေးနေသော စာရေးသူဂျော်ဒီးထံသို့..ဖဘလူမှုကွန်ယက်မှတဆင့် မတ်စိတခု “တိန်” ခနဲရောက်လာသဖြင့် ကြည့်လိုက်ရာ ဂျော်ဒီးကိုယ်တိုင်ပါဝင်နေသော ဂရုမတ်စိဘောက်တခု ဖြစ်နေလေသည်။

ဒအက။ ။ “ဂဒရဲ့ ...ထွေလီကာလီဈေးဂေဇက်ကြီးဖတ်ရတာ..စစ်ကြိုခေတ်ရောက်နေသလိုပဲ”

ဒဆမ။ ။ အေ့လေ..၊ တို့က အခုဆို..အပြင်မှာ ထွေလီကာလီမပြောတော့ဘူး..သက်လား။
ဖဘမှာ ဂရုချက်ပဲ လုပ်ကြတော့တယ်..။”

သဂ။ ။ဂဒ၊နောက်ကို မိုးမခရွာထွေလီကာလီဈေးဂေဇက်ကို ဂရုချက်တင် ပုံစံမျိုးရေးဖို့ ကြိုးစား ပါလား..။

သူတို့ရေးတာတွေ ဖတ်ပြီး ဂျော်ဒီးစိတ်ရှုတ်သွားသည်။ ဘာတွေပါလိမ့်လို့သိချင်တာနဲ့ သူတို့ ဂရုချက်တင်ထဲ ၀င်ချက်ကြည့်လိုက်သည်။

ဂဒ။ ။ ဘာလဲဟ၊ ဒအက.. ဒဆမ..သဂ..ဂဒ..ဆိုတာတွေက။

သဂ။ ။ စတိုင်ဗျ စတိုင်.၊ ဒအဂဆိုတာ ဒေါ်အာကျယ်..၊ သဂ..ဆို..သာဂိဗျ၊ ခုခေတ်မှာ နာမည်အရှည် တွေ အချိန်ကုန်ခံမပြောတော့ဘူး။ ဟို..တလောကရေပန်းစားတဲ့ ၅၀၀၀၀ တန်စာအုပ်ထုတ်တဲ့ မော်ဒယ်မင်းသမီးလေးဆို..မဟက။ နောက်..ပေါက်စီရောင်းတဲ့ မင်းသမီးလေးဆို မယစ၊ ဒါပဲ.. လိုရင်းတိုရှင်း ပွင့်လင်းမြင်သာတဲ့ခေတ်ဗျ”

ဒအက ။ ။ မဘသနဲ့ မဟနလည်း ကျန်ပါသေးတယ်ဟဲ့..သဂရဲ့။ သန်ရာသန်ရာ တော်တော်ပြော”
သဂ။ ။ အော်..ဒါတင်လားဗျာ၊ ကျုပ်တို့သတင်းစိတ်ဝင်စားတဲ့သူတွေဆို မနည်းလိုက်မှတ်ရတာတွေ ရှိသေးတယ်။ UNFC ..NCA…NRPC ..UPDJC ..JMCU..JMC-S..အိုဗျာ..များလိုက်တဲ့ကော်မတီတွေ

ဒဆမ။ ။ ဒါနဲ့မဘသအရေးမှာ တို့ရွာဦးကျောင်းက ဆရာတော်ကြီးလည်း အခက်တွေ့နေတယ်။ သူ က တကယ့်စာတတ်ပေတတ်..ထေရ်ကြီးမို့ ရွာနီးချုပ်စပ်ကပါ ကြည်ညိုခံရတာ။ မဘသကိုယ်တော် လေးတချို့က သူ့ကိုမဘသဥက္ကဋ္ဌတင်ထားတော့ သူ့ခမျာ ဘုမသိဘမသိ ပါနေတာ။

သဂ။ ။ ကောင်းတယ်၊ ဘုမသိ..ဘမသိလုပ်ချင်တာ၊ စဉ်းစားပါတဲ့လား. အမျိုးဘာသာစောင့်ရှောက် တယ်ဆိုပြီး..ဘုန်းကြီးနဲ့မဆိုင်တဲ့မျိုးစောင့်ဥပဒေဆိုတာတွေ ပြဋ္ဌာန်းလို့ ပြဋ္ဌာန်း။ ဗုဒ္ဓတရားတော်နဲ့မညီ တဲ့ အမုန်းတရားတွေနဲ့ သူများဘာသာကို ပုတ်ခတ်လိုပုတ်ခတ်။ ဟော..ဓမ္မစကူးလ်သင်တန်းတွေဆို ပြီး..မယ်သီလရှင်တွေ စင်ပေါ်တက် ကဗျာဆိုခိုင်းလိုဆိုခိုင်း..၊ အခုမှ.ဘုသိဘသိ ဖြစ်ပြီ..”

ဒဆမ။ ။မဘသတို့...၉၆၉တို့ ဆိုတာတွေ ပေါ်လာကစကဆို..ငါ့ မှာ အရောင်းအ၀ယ်တွေပျက်လို့။ ငါဆို..နင်တို့နဲ့ဈေးဘုံကထိန်ဆိုလည်း ပါလိုက်တာပဲ။ ငါအစ်တော့လည်း နင်တို့တွေ စမိုင်တွေ အမဲသားတွေ အလျှံအပယ်စားရတာပဲနော်။ တို့တွေချစ်ချစ်ခင်ခင်တရွာတည်းနေ ပြီး ရောင်းဝယ် ဖောက်ကားလာတာ ကြာလှပေါ့..။

သဂ ။ ။ အဲဒါပြောတာပေါ့။ ဘာသာရေး အစွန်းရောက်ရင်..ဘယ်ဘာသာမှမကောင်းဘူးဆိုတာ။ ကမ္ဘာ့ ရွာကြီးတခုလုံးမှာ အစ္စလမ်ဘာသာရေးအစွန်းရောက်တွေရဲ့အကြမ်းဖက်မှုကြောင့် အပစ်မဲ့ပြည်သူတွေ သေကြကြေကြရတယ်..။အင်အားကြီးတဲ့ဘာသာဝင်တွေက အင်အားနည်းတဲ့ ဘာသာဝင်တွေကို နှိပ်ကွပ်ကြစတမ်းဆိုရင်..ကိုယ့်လူတွေ အင်အားနည်းတဲ့တခြားရွာရောက်ရင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့် ဗုဒ္ဓဘာသာအစွန်းရောက်လုပ်ရပ်တွေကိုလည်း ဆန့်ကျင်ရမယ်”

ဂဒ ။ ။ မပူပါနဲ့သဂရယ်၊ ဟို..မဘသဆရာတော်လေးပြောသလို.. ကိုယ့်ဘာသာ ကိုယ်ကြည့်နေကြ မှာပေါ့။
ဒဆမ။ ။ ဒီမှာတော့...ငါတို့လည်း ငါတို့ဘာသာ ကြည့်နေရတာပါပဲဟယ်။ ဘာသာရေးခွဲခြားမှုတွေ
ရှိတာ..ငါသိပ်မုန်းတာပဲ။ တသက်လုံးအလေးပြုလာတဲ့ အာဇာနည်ကြီး(၉) ဦးကိုတောင်..(၇)ဦးပဲ လုပ်ရမယ်ဆိုတဲ့ အူကြောင်ကြားတွေက ရှိသေးတယ်။ တော်ပါသေးရဲ့။ အရင်..သမ္မတဘပြောင် လက်ထက်သာဆို..မလွယ်ဘူး။ တို့ လက်သန်းအစိုးရလက်ထက်မို့ပေါ့။

ဒအက ။ ။ ဟုတ်ပ..၊ တို့ ဒီမိုမယ်တော်ကြီးဆို..၂၁ ရာစုပင်လုံညီလာခံကြီးအတွက် ဘယ်လောက် အားစိုက် ခွန်စိုက်ကြိုးစားနေလဲ။ အားလုံးပါဝင်စေချင်လို့.အပစ်မရပ်သေးတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ လည်းတွေ့တယ်။ ဟော..ရင်ကြားစေ့ကြောင်းပြတဲ့အနေနဲ့ စစ်သမိုင်းပြတိုက်မှာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့
အတူတူပြုံးပြုံးရယ်ရယ်။ ဟော..အာဇာနည်နေ့ဆွမ်းကပ်တော့လည်း စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေ၊ တပတ်နွမ်းကြီးတွေ၊ အသစ်စက်စက်ကြီးတွေနဲ့ လက်ရေတပြင်တည်း ရင်းရင်းနှီးနှီး။ သတင်းတွေထဲ က ဓာတ်ပုံတွေကြည့်ပြီး တို့တွေမှာ အားရနေရတာ။

သဂ။ ။ ဓာတ်ပုံကြည့်အားရတာကတော့..သတိထားဗျို့။ အဘပြောင်စိန်ကြီးတက်ကာခါစကလည်း ဒီမိုမယ်တော်ကြီးနဲ့အတူ တွဲရိုက်ထားတဲ့ ရင်ကြားစေ့ဓာတ်ပုံကြီးကြည့်ပြီး ကျုပ်တို့မှာ မစားရ၀ခမန်း ၀မ်းသာလိုက်ရတာ။ ၅ နှစ်သာ ကြာသွားတယ်.. မိဘရွာသူများခမျာ.. ဆင်းရဲတွင်းထဲကကို မတက်ရ ဘူး။

ဒဆမ ။ ။နောက်(၅) နှစ်ထပ်စောင့်လိုက်ပေါ့ဟယ်။ ဒီမိုမယ်တော်ကြီးက ပြောတယ်လေ။ တိုင်းပြည်
အတွက် ကိုယ်က ဘာပေးနိုင်မလဲတဲ့၊ တို့တတ်နိုင်တာ..လည်စင်းခံရင်း စောင့်ပေးနိုင်တာပဲ..။
စောင့်ပေးရမှာပေါ့..။

သာဂိတို့ တသိုက်..တတိန်တိန်..တတောင်တောင်..ချက်တင်ဆွေးနွေးနေစဉ် ဂဒမှာ.. ပျင်းပျင်း ရှိတိုင်း ဖဘတခွင်မှ သတင်းတိုထွာများကို လိုက်လံဖတ်ရှုနေရာ..သတင်းထူးကြီးတခုကို သွားတွေ့လေသည်..။

ဂဒ ။ ။ ဟာ…ဓမ္မစေတီခေါင်းလောင်းကြီး ပေါ်တော့မယ်တဲ့ဟေ့။ ဒီလင့်ခ်မှာ သွား ကြည့်လိုက်ကြ။
ငိုတဲ့သူတွေငို။ အံမယ်..သွားလေသူ..ထောက်လှမ်းရေးပြုတ်ကြီးတောင်..“အကြံကုန် ဂဠုန်ဆားချက်.. အကြံမရ လဒခေါင်းလောင်းဆည်” နေပါလားဟဲ့။

သဂ။ ။ အလုပ်မရှိ…ကြောင်မရေချိုး ပြန်ပြီ..။ ဒါနဲ့နေပါဦး..ဓမ္မစေတီခေါင်းလောင်းကြီးက.. ရန်ကုန်မြစ်ထဲကနေ ဘယ်လိုလုပ် ချင်းတွင်းမြစ်ထဲ ရောက်သွားရသတုံး၊ ကြံကြံစည်စည်..။
ဒအက။ ။ နဂါးတွေ သယ်သွားတာတဲ့။ ဘုန်းကြီးအိပ်မက်တဲ့.။ ဟဲ့..ဒါမျိုးက မဟုတ်ဘူး..မပြောနိုင် ဘူးနော်။ ငါတော့ ယုံတယ်၊ အခုတောင် လူတွေကမ်းလုံးညွတ်နေတာပဲ စောင့်နေတာ။

ဂဒ။ ။ တို့ရွာသားတွေ ယုံပုံများတော့ မပြောတော့ပါဘူးကွယ်။ ဓမ္မစေတီခေါင်းလောင်းကြီးလည်း
တကယ်ပေါ်ပါစေ.။ သန့်ခနဲဆို..ကမ်းလုံးညွှတ်ကြိုနေကြရသူတွေသနားလို့ပါ။ နောက်ထပ် ပလုံ.. မဖြစ်ပါစေနဲ့..။
သဂ။ ။ ဓမ္မစေတီခေါင်းလောင်းကြီး ပလုံတာ..မပလုံတာထက်..၂၁ ရာစုပင်လုံညီလာခံကြီး မပလုံဖို့ အရေးကြီးတယ်..။ ပြည်တွင်းငြိမ်းချမ်းရေးလည်း တကယ်ရပါစေ၊ အမျိုးသားရင်ကြားစေ့ရေးရော.. ရှိသမျှအကြား အကုန်စေ့ပါစေ။

ဒအက။ ။ ငါတို့လက်မှတ်ထိုးတောင်းဆိုထားတဲ့…ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလည်း
ဓမ္မစေတီခေါင်းလောင်းကြီးလိုပဲ…ရန်ကုန်မြစ်ဝက မရရင်ချင်းတွင်းမြစ်ထဲ သွားပေါ်သလို ရတဲ့နေရာက
ပြန်ဆည်ခွင့်ရပါစေတော်၊ အမြန်ပြန်ပေါ်ပါစေတော်..။

လှကျော်ဇော - ကျွန်းဆွယ်အရေးအခင်းမှ အမှတ်တရများ

$
0
0


လှကျော်ဇော - ကျွန်းဆွယ်အရေးအခင်းမှ အမှတ်တရများ 
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆

အခုတလော ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်တွေ များလိုက်တာ။ ကျွန်မတို့ တတွေမှာလည်း ရှေ့မီနောက်မီသူများ ဖြစ်မှန်းမသိဖြစ်လာနေကြလေတော့ ကိုယ် ကြုံခဲ့ ဆုံခဲ့ရတာလေးတွေ မှတ်မိတုန်း ရေးရပါဦးမယ်။

ကျွန်းဆွယ်အရေးအခင်းကာလက ကျွန်မတို့မိသားစုဖြတ်သန်းခဲ့ရတဲ့ အတွေ့ အကြုံလေးပါ။

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့တော်လှန်ရေးကောင်စီ အစိုးရခေတ်- ၁၉၆၉ ခုနှစ်မှာ ရန်ကုန် အောင်ဆန်းကွင်းမှာ အရှေ့တောင် အာရှကျွန်းဆွယ်နိုင်ငံများရဲ့အားကစားပွဲကြီး (S.E.A.P.Games) ကို ကျင်းပခဲ့ပါတယ်။ ဒီဇင်ဘာ-၆-ရက်မှာ ဖွင့်ပွဲအခမ်းအနား အကြီး အကျယ်ကျင်းပပါတယ်။ ပြီးတော့ အားကစားပွဲစဉ်များကို နေရာတွေခွဲ ကျင်းပကြပါတယ်။ ၉ ရက်နေ့ သမိုင်းကောလိပ်မှာကျင်းပတဲ့ လက်ဝှေ့ပွဲ ကျောင်းသားအများအပြား လက်မှတ် ဝယ်မရတဲ့အမှုကစပြီး (လက်မှတ်မှောင်ခိုထုတ်ရောင်းတယ် ဆိုတဲ့သတင်းကလည်း ပြန့်နေတာဖြစ်လို့) ပြဿနာတွေတက်ပါတော့တယ်။ တခါ ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပ တဲ့ ဂျူဒိုပွဲမှာလည်း ကျောင်းသားတွေ မကျေမနပ်ဆန္ဒပြကြပြီး မြို့ထဲချီတက်ဖို့ ကြိုးစားကြပါ သေးတယ်။

အောင်ဆန်းအားကစားကွင်းမှာပြုလုပ်တဲ့ ဘောလုံးပွဲစဉ်တခုမှာလည်း လက်မှတ် ၀ယ်မရကြတဲ့ ကျောင်းသားလူငယ် တချို့ဒေါသပေါက်ကွဲပြီး လူစုလူဝေးနဲ့ ရန်ကုန်မြို့လယ် ခေါင်ဆင်းချလာပြီး လမ်းတလျှောက် တွေ့သမျှ ကားတွေ၊ အဆောက် အဦးတွေ (ရုပ်ရှင်ရုံ တွေ) စတာတွေကို မီးတင်ရှို့ဖျက်ဆီး လုပ်ကြပါတယ်။ ဒီအထဲမှာ ဒေါ်ခင်မေသန်း (ဗိုလ်ချုပ် နေ၀င်းဇနီး) ပိုင်တယ်လို့သတင်းကြီးနေတဲ့ အင်းဝစာအုပ်တိုက်လည်း ပါသွားပါတယ်။ အဲဒီ ကာလက ကွမ်းယာဆိုင်ကအစ ပြည်သူပိုင်သိမ်းတဲ့လုပ်ငန်းတွေအပေါ် လူထုက မကျေ မနပ်ဖြစ်နေတဲ့အရှိန်နဲ့လည်း ဆက်နေဟန်ရှိပါတယ်။ လူထုမကျေနပ်တာလည်း မပြောနဲ့ လေ။ သူတို့လုပ်ပုံတွေကလည်း ကြည့်ဦး။ ကားတွေ တိုက်တွေ အကုန်သိမ်းပစ်ပြီးတဲ့ နောက်နေ့ အဲဒီကားတွေ အိမ်တွေပေါ် စစ်ဗိုလ်တွေ အခန့်သား တက်မောင်းတက်နေကြနဲ့။ ပြောဆိုဆက်ဆံတာတွေကလည်း မောက်မာသလားမပြောနဲ့။ တချို့လုပ်ငန်းပိုင်ရှင်ကြီး တွေ ရုတ်တရက်ကြုံလိုက်ရတဲ့ လောကဓံတရား မခံနိုင်ဖြစ်ပြီး ဦးနှောက်သွေးကြောတွေ ပြတ်ကုန်ပိတ်ကုန်နဲ့ ကျွန်မတို့ရန်ကုန်ဆေးရုံကြီးက အရေးပေါ်ဌာန လက်မလည်အောင် အလုပ်များခဲ့ဖူးပါတယ်။

ဒါတွေကြောင့်လည်း ပါဟန်တူပါရဲ့။ အဲဒီလူအုပ်ကြီးက တဖက်ကလည်း မီးရှို့ဖျက် ဆီးမှုတွေလုပ်၊ တဖက်ကလည်း အစိုးရဆန့်ကျင်ရေးကြွေးကြော်သံများ (ပုဂွိုလ်ရေးတွေ လည်း ပါတယ်။ ဗိုလ်နေဝင်းကို နံမည်နဲ့ဖော်ဆဲတာတွေလည်း ပါသတဲ့။) အော်ကြဟစ်ကြပါ တယ်။ အစိုးရအနေနဲ့ကလည်း အခုလိုနိုင်ငံတကာပွဲကျင်းပပြီး မိမိရဲ့တရားဝင်မှု (legitima- cy) ကိုပြသဖို့လုပ်ဆောင်ရာမှာ အရှက်တကွဲ အကျိုးနည်းဖြစ်ရလေတော့ အတော်စိတ်ဆိုး သွားဟန်ရှိပါတယ်။ အဲဒီ ရန်ကုန်မြို့လည်ခေါင်တခွင် တပြင်ကြီးကိုပိတ်လိုက်ပြီး တွေ့သမျှ လူတွေကို သိမ်းကျုံးဖမ်းပါတော့တယ်။ ပြီးတော့ ထရပ်ကားတွေပေါ်တင်ပြီး အင်းစိန်ထောင် ကို ပို့လိုက်ပါတော့တယ်။

အဲဒီကာလက ကျွန်မတို့မောင်နှမတတွေထဲမှာ အငယ်ဆုံးမောင်လေးကလွဲလို့ ကျန်အကြီး-၄-ယောက်စလုံး တက္ကသိုလ်ရောက်နေကြပါပြီ။ အကြီးဆုံးကျွန်မက ဆေး နောက်ဆုံးနှစ်(ခ)။ စန်းက စီးပွားရေးတက္ကသိုလ်နောက်ဆုံးနှစ်၊ ကိုအောင်နဲ့ကိုကျော်တို့ ၂ ယောက်က ၀ိဇွာသိပ္ပံမှာ။ အဲဒီနေ့ ကိုကျော်(ကျော်ဇောဦး)က ဗိုလ်အောင်ကျော်လမ်းက ကျူရှင်ကို သွားတက်ပါတယ်။ သူ့တို့သူငယ်ချင်းတွေ စုတက်တဲ့အထဲ ပင်စီရွှေ (တော်လှန် ရေးကောင်စီဝန်ကြီး ဗိုလ်မှုးကြီးမောင်ရွှေသမီး) လည်း ပါပါတယ်။ အဲဒီခေတ်က တော်လှန် ရေးကောင်စီဝင်တွေက မာစီးဒီးဘက်န်စ်တွေ စီးကြပါတယ်။ ပင်စီတို့ကားကြီးက ကျူရှင် ကျောင်းရှေ့ရပ်ထားပြီး ကျောင်းအဆင်းကို စောင့်နေတတ်ပါတယ်။ အောင်ဆန်းကွင်းထဲ ပြဿနာတက်ပြီး လူအုပ်ကြီးက ထိန်းမနိုင်သိမ်းမရ လမ်းတွေ့သမျှ ကားတွေမီးရှို့နေပြီ ဆို တဲ့သတင်းထွက်လာတော့ ကျူရှင်ဆရာက ကျောင်းပိတ်လိုက်ပြီး ကျောင်းသားတွေကို အိမ် ပြန်ခိုင်းပါတယ်။ သူ့ကျောင်းရှေ့က ကားကြီးကြောင့် သူကျောင်း တုတ်ဆက်မှာ စိုးဟန်တူပါ တယ်။

ပင်စီက ကိုကျော့်ကို သူ့ကားနဲ့လိုက်ဖို့ ခေါ်ပါတယ်။ သူတို့က ၀င်ဒါမီယာကို ပြန်တာ ဖြစ်တော့ မြေနီကုန်းမှာချပေးမယ်လို့ ပြောပါတယ်။ ကိုကျော်က မလိုက်ရဲပါဘူးဗျာ။ ကိုယ့် ဟာကိုယ်သာ သတိထားပြန်ပါ။ နင်အိမ်ပြန်ရောက်ရင် မေမေ့ကိုသာ ဖုန်းဆက်ပြီး ငါ ပြန် လာနေပြီဆိုတာသာပြောပေးပါ…လို့မှာလိုက်ပါတယ်။ ကိုကျော်က ရုတ်ရုတ်ရက်ရက်တွေ ဖြစ်ရင် လိုင်းကားတွေလည်း ပိတ်တတ်တာကြောင့် လမ်းလျှောက်ပြန်ရကောင်း ပြန်ရနိုင် တာကြောင့် မေမေစိတ်ပူနေမှာစိုးလို့ မှာလိုက်တာပါ။

သူထင်တဲ့အတိုင်းပဲ ဘာလိုင်းကားမှ မရှိတော့ဘူး။ ဒီတော့ လမ်းဆက်လျှောက်နေ တုန်းမှာပဲ လမ်းထိပ်တွေကို ထရပ်ကားတွေနဲ့ပိတ်ရပ်ပြီး အဲဒီကားတွေပေါ်က ရဲတွေဆင်း လာပြီး တွေ့သမျှလူကိုဆွဲ ကားတွေပေါ်တင်တော့တာပဲ။ ဒီတော့ သူလည်း တွေ့တဲ့လမ်းထဲ ထိုးဝင်ပြီး တိုက်လှေကားထစ်တွေမှာ ဝင်ထိုင်နေလိုက်တယ်တဲ့။ တိုက်ခန်းတခန်းကို တံခါး ခေါက်ပြီး သူအထဲဝင်နေပါရစေလို့ တောင်းပန်ပေမယ့် တိုက်ခန်းရှင်က တံခါးဖွင့်မပေးဘူး တဲ့။ ဒီလိုနဲ့လမ်းမကြီးပေါ်ကလူတွေ အကုန်ဖမ်းပြီးတော့ ဘေးလမ်းတွေကို တလမ်းစီ ဝင် ရှင်းပါတယ်။ တိုက်တတိုက်ပြီးတတိုက် လှေကားတွေကိုတက်ရှင်းတာမှာ ကိုကျော်လိုပဲ လှေကားထစ်တွေမှာ ဝင်ထိုင်ပုန်းနေကြသူတွေအားလုံးကိုလည်းဖမ်းပြီး ထရပ်ကားတွေပေါ် တင် အင်းစိန်ခေါ်သွားပါတော့တယ်။

ပင်စီက သူ့အိမ်ပြန်ရောက်တော့ မေမေကို ဖုန်းနဲ့လှမ်းပြောပါတယ်။ “အန်တီကျော်ဇော ဦးက မှာလိုက်တယ်။ သူ အိမ် ပြန်လာနေပြီ။ စိတ်မပူပါနဲ့ ” တဲ့။ ဒီတော့ ကျွန်မတို့လည်း အေးအေးပဲပေါ့။ ဒါပေမဲ့ တော်တော်နဲ့ပြန်ရောက်မလာတော့ အိမ်မှာ ဘယ်သူမှ မထိုင်နိုင် တော့ပါဘူး။ ည ၈ နာရီ- မြန်မာ့အသံသတင်းမှာတော့ ဆူပူသောင်းကျန်းမှုတွေအကြောင်း နဲ့ အဲဒီဆူပူသူတွေအားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်းတွေ ပါလာပါ တယ်။ အစောပိုင်းကတည်းက ထရပ်ကားကြီးတွေနဲ့လူတွေဖမ်းတင်ပြီး အင်းစိန်ဘက် မောင်းသွားတယ်-ဆိုတဲ့သတင်းလည်း ကြားထားပြီးပါပြီ။ ဒါနဲ့ မေမေလည်း ပင်စီကို ထပ် ဖုန်းးဆက်ပြီး ကိုကျော်ပြန်မရောက်သေးကြောင်း၊ အဲဒီ ဖမ်းသွားသူတွေထဲ ပါသွားမသွား စုံ စမ်းပေးပါလို့ပြောတော့ ပင်စီက သူ့အဖေအခုထိ အိမ်ပြန်မလာသေးဘူး။ အိမ်ပြန်လာလာ ချင်း မေးပေးပါ့မယ်လို့ ပြောပါတယ်။ အတော်မိုးချုပ်မှ ပင်စီက ဖုန်းပြန်ဆက်လာပြီး သူ့အဖေ ပြန်ရောက်လာလို့ သူအကျိုးအကြောင်းမေးကြည့်တာ အားလုံးကို သိမ်းကျုံးဖမ်းထားပေ မယ့် စစ်ဆေးပြီးရင် ဆူပူမီးရှို့မှုတွေထဲ မပါဝင်ရင် ပြန်လွှတ်မှာဖြစ်ကြောင်း ဘာမှ စိတ်မပူဖို့ ပြောပါတယ်။ မေမေက ဖမ်းသွားတဲ့ထဲ ပါမပါသေချာအောင် စုံစမ်းပေးပါ။ ဘယ်ဆီဘယ် ဝယ်ရောက်နေမှန်းမသိလို့ပါလို့သာ ထပ်ပြောလိုက်ပါတယ်။

ပြောလို့သာပြောရတာ။ ဖေဖေ့နံမည်ပါလာရင်-ဘယ်သူမှ သိပ်မကူညီရဲပါဘူး။ ဗိုလ် နေဝင်း ဘုန်းမီးနေလ တောက်လေ ကျွန်မတို့မိသားစု အနေကြပ်လေဖြစ်နေတဲ့ကာလပါ။ တကယ်တော့ အဲဒီကာလက ရန်ကုန်တိုင်း တိုင်းမှူးက ဗိုလ်ချုပ်ကျော်ထင်ပါ။ ဂျပန် တော် လှန်ရေးအတွင်းတုန်းက ဖေဖေ့တိုင်း (၄)ကပါ။ ဒုတိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွန့် (ကွယ်လွန်) က ကျွန်မတို့နဲ့ ဦးလေးတော်ပါတယ်။ မေမေ့မောင်ဝမ်းကွဲပါ။ ဦးလေးက သူဆယ်တန်းကျ တော့ စိတ်ဓာတ်ကျပြီး စစ်တပ်ထဲဝင်ပါရစေဆိုပြီး မေမေ့ အမေ (ဦးလေးအဖေနဲ့ မောင်နှမ တော်ပါတယ်။) ကို လာပြောတော့ အဘွားက မေမေတို့ဆီ လာအပ်ပါတယ်။

ဖေဖေက ဆယ်တန်းတော့ အောင်အောင်သင်ပါကွာ။ ငါတို့ ကျောင်းထားပေးပါ့မယ် ဆိုပြီး ကျောင်းထားပေးပါတယ်။ အဲဒီနှစ်မှာပဲ ဦးလေးဆယ်တန်းအောင်ပြီး ဖေဖေက တပ်ထဲ သွင်းပေးပြီး ဗိုလ်သင်တန်း ဝင်သွားတာပါ။ (ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ O.T.S.ကျောင်း တပတ်ထဲပါ။) ဦးလေးက သူ စစ်ဗိုလ်ဖြစ်ကတည်းက သူညီ သူညီမတွေ တယောက်ပြီး တယောက် မြို့ခေါ် စာသင်ပေးခဲ့ပါတယ်။ ဦးလေးက နယ်မှာ တာဝန်ကျတာများလို့ အဲဒီ ဦးလေးညီရောညီမရော ကျွန်မတို့စမ်းချောင်းအိမ်လေးမှာပဲနေခဲ့ကြရပြီး ဒီိကပဲ ကျောင်း တက်ကြ၊ ဘွဲ့ရတဲ့သူရကြ၊ အလုပ်ဝင်ကြနဲ့ အိမ်ထောင်တွေကျမှပဲ ကျွန်မတို့အိမ်က ခွဲသွား ကြတာပါ။ ဒါကြောင့် ဦးလေးက ကျွန်မတို့အဘွားအပါ ဖေဖေနဲ့မေမေကို သူတို့မိသားစုရဲ့ ကျေးဇူးရှင်လို့ သဘောထားပါတယ်။ ဒါတွေကို သူက ဗိုလ်ချုပ်ကျော်ထင်ကို အကြောင်းစုံ ပြောပြထားပါတယ်။ သူ့အနေနဲ့ ဖေဖေကို တနှစ်ကို(၂)ကြိမ်လောက်တော့ သွားကန်တော့ ပါရစေလို့လည်း ခွင့်တောင်းထားပါတယ်။ အဲဒီတုန်းက ကျွန်မတို့အဘွားကလည်း ကျွန်မတို့ နဲ့ နေနေပါတယ်။ ဦးလေးက သီတင်းကျွတ်တို့သင်္ကြန်တို့မှာ လာကန်တော့တတ်ပါတယ်။ (တခါတရံ) အဘွားနေမကောင်းတာကြားရင်လည်း လာတတ်ပါတယ်။ လာခွင့် တောင်းပြီးမှ လာရတာတောင် ဦးလေးက ညအတော်မိုးချုပ်မှလာရဲပြီး ကားကိုလည်း ကျွန်မတို့အိမ်ရှေ့ ထိ မောင်းမလာရဲပါဘူး။ မြေနီကုန်းမှာဖြစ်ဖြစ်၊ ရှမ်းလမ်းထိပ်မှာဖြစ်ဖြစ် ရပ်ထားခဲ့ပြီးမှ အိမ် ကို လမ်းလျှောက်လာရတာပါ။ ကျွန်မတို့အိမ်ရှေ့ ရပ်တဲ့ကားတိုင်း နောက်နေ့ ထောက်လှမ်း ရေးက ခေါ်စစ်တတ်ပါတယ်။ ဖေဖေရော မေမေရော ဦးလေးလာတိုင်း နောင် မလာပါနဲ့ကွာ။ တို့နားလည်ပါတယ်။ မင်းတို့အနေရအထိုင်ရ ကြပ်ပါ့မယ်လို့ ပြောလေ့ရှိပါတယ်။ ဦးလေးက လည်း ကန်တော့ရင်း တခါတရံ မျက်ရည်ကျတတ်ပါတယ်။

အဲဒီကာလက ကျွန်မတို့ရဲ့ဆီဆုံလမ်းအိမ်လေးဟာ ပတ်ပတ်လည် ထောက်လှမ်း ရေးတွေနဲ့ ၀ိုင်းနေတာပါ။ အိမ်လာလည်တဲ့ လူတိုင်းနောက်ကိုလည်း လိုက်လေ့ရှိပါတယ်။ တမင် ခြိမ်းခြောက်တာပါ။ ဒါကြောင့် တော်ရုံလူဘယ်သူမှ မလာရဲပါဘူး။ စစ်အာဏာရှင် လက်အောက် အလွန်သတိကြီးစွာ၊ စိတ်ကျဉ်းကျပ်စွာနေလာရတာဖြစ်လို့အဲလို ဘဝမျိုး ဖြတ်သန်းရသူတွေကို ကျွန်မတို့က စာနာတတ် လေးစားတတ်နေတာပါ။

ဖေဖေကလည်း ကိုယ့်ကြောင့် သူများဒုက္ခရောက်မှာ သိပ်စိုးရိမ်ပါတယ်။ ဒါပေမဲ့ အခု ကိုကျော့်ကိစ္စ ပေါ်လာတော့ မတတ်နိုင်တော့ပါဘူး။ အဓိကက အဲဒီဖမ်းသွားတဲ့သူတွေထဲ သူပါသွားလား သိချင်တာပါ။ ဒါ့အပြင် ဆောင်းတွင်း (ဒီဇင်ဘာလ) ကြီးဖြစ်တာကြောင့် မေ မေက သူ့သားတိုက်ပုံလေးပဲ ဝတ်သွားတာဖြစ်လို့ အနွေးထည် ပို့ချင်လာပါတယ်။ ဒီတော့ ဦးလေးကိုပဲ လှမ်းဆက်သွယ်ရပါတော့တယ်။ ဦးလေးရဲ့ညီဖြစ်တဲ့ ဆရာဦးဘဌေးကို လွှတ် ပြီး စုံစမ်းမေးမြန်းရပါတယ်။ ဒီတင် ကိုကျော်အင်းစိန်ထောင်ထဲရောက်နေတာသိရပြီး အဝတ် အစားလည်း ပို့လို့ရသွားပါတယ်။ ဦးလေးက ဘာမှမပူကြဖို့ အားလုံးစစ်ဆေးပြီးရင် ပြန်လွတ် လာမှာပါလို့ အကြောင်းကြားလာပါတယ်။ ဗိုလ်မှူးကြီးမောင်ရွှေကလည်း သူ့သမီးနဲ့ ကျူရှင် တကျောင်းတည်း အတူတက်နေတာဖြစ်ကြောင်း၊ အဲဒီကျောင်းအလွှတ်မှာ ရောပါသွားတာ ဖြစ်ကြောင်း အင်းစိန်ထောင်တာဝန်ခံတွေကို လှမ်းပြောကြောင်းလည်း ကြားရပါတယ်။

ဒီလိုနဲ့ နောက်(၂)ပတ်လောက်ကြာပြီး တနေ့မှာ ရန်ကုန်မြို့တော်ခန်းမကနေ ဖုန်းဝင် လာပါတယ်။ (အဲဒီကာလက ရန်ကုန်မှာ အရေးပေါ်အမိန့််ထုတ်ထားလို့ ရန်ကုန်တိုင်းစစ်ဌာန ချုပ်က မြို့တော်ခန်းမမှာ ရုံးထိုင်နေပါတယ်။) ရန်ကုန်တိုင်းမှူးရဲ့ကိုယ်ရေးအရာရှိ(ပီအေ) က ဖေဖေနဲ့စကားပြောပါရစေလို့ဆိုပါတယ်။ ဖေဖေဖုန်းကိုင်လိုက်တော့ ဗိုလ်ချုပ် ကျွန်တော် တို့ ကျော်ဇောဦးကို မြို့တော်ခန်းမကိုခေါ်လာပါပြီ။ သူ့ကို လာခေါ်လို့ရပါပြီ..လို့ ပြောပါ တယ်။ ဒီတော့ ဖေဖေက..မင်းတို့ လွှတ်မှာဆိုရင် လွှတ်လိုက်ပေါ့။ ဘာလာခေါ်စရာ လိုသလဲ လို့ပြောတော့ အဲဒီစစ်ဗိုလ်က ဗိုလ်ချုပ်ကိုယ်တိုင် လာစရာမလိုပါဘူး။ အစ်မကြီးကို လွှတ် လည်း ရပါတယ်။ ကျွန်တော်တို့က လူကြီးမိဘတွေလက် ပြန်အပ်တယ်ဆိုတဲ့သဘောပါ။ အုပ်ထိန်းသူ တယောက်ယောက်က လက်မှတ်ထိုး လက်ခံဖို့လိုပါတယ်လို့ ထပ်ပြောပါ တယ်။ ဖေဖေက စိတ်တိုသွားပြီး ..ဟေ့-ငါလည်းမလာနိုင်ဘူး။ သူ့အမေလည်း မလွှတ် နိုင်ဘူး။ နေပါဦး။ မင်းတို့က ငါ့သားကို လမ်းပေါ်ကဖမ်းသွားတာ။ လမ်းပေါ်ပဲပြန်လွှတ်လိုက်။ ဒီကောင် အိမ်ပြန်လာတတ်တယ်လို့ဆိုပြီး ဖုန်းချလိုက်ပါတယ်။ အဲဒီအချိန် ဖေဖေဖုန်းပြော နေတာကို နောက်က ရပ်နားထောင်နေတဲ့ မေမေရဲ့သောကရိပ်တွေနဲ့ ညိုနေတဲ့မျက်နှာ လေး ရုတ်တရက်ညှိုးကျသွားတာကို ကျွန်မ အခုစာရေးနေရင်း ပြန်မြင်ယောင်လာပြီး စိတ် ထဲ မကောင်းလိုက်တာလေ။ မေမေကိုလည်း သနားလိုက်တာ။

နောက်တနာရီလောက်ကြာတော့ မြေနီကုန်းရဲဌာနက ဌာနမှူးဆိုသူဆီက ဖုန်းလာပါ တော့တယ်။ ဒီနေရာမှာ တခုတော့ပြောရဦးမယ်။ ကျွန်မက ရဲဌာနလို့ မှတ်မိနေပါတယ်။ ကိုအောင်(အောင်ကျော်ဇော)ကတော့ လဝကရုံးလို့ ဆိုပါတယ်။ ထားပါတော့။ အဲဒီလူက ကျော်ဇောဦး သူတို့ဆီရောက်နေပြီ။ အိမ်ကလူကြီးတယောက်ယောက် လာကြိုပါ ..တဲ့။ ဒီတော့ ဖေဖေက ဦးလေးကိုဘဌေးနဲ့ ကိုအောင်ကို သွားကြိုကြဆိုပြီး လွှတ်လိုက်ပါတယ်။ အဲဒီရောက်တော့ ကိုကျော်ကို လက်ခံရပါတယ်ဆိုတာကို ဦးလေးက လက်မှတ်ထိုးပေးခဲ့ရ ပါတယ်။ ဒါပေမဲ့ ဦးလေးကိုဘဌေးက ဒီကိစ္စ ဖေဖေ့ကိုပြန်မပြောပြရဲဘဲ မေမေကိုပဲ တိုး တိုးကြိတ် ကြိတ်ပြောပြထားပါတယ်။ ဖေဖေတောက်လျှောက် သိမသွားပါဘူး။

နောင်မှသိရတဲ့ ဇာတ်လမ်းစုံကတော့ ဖေဖေက ငါတို့ဘယ်သူမှလာမခေါ်နိုင်ဘူး ဆို တော့ သူတို့ရန်ကုန်တိုင်းက လူကြီးတွေ ခေါင်းချင်းရိုက်ပြီး ဘယ်လိုဆက်လုပ်ကြမလဲလို့ တိုင်ပင်ကြသတဲ့။ ကျွန်မတို့ဦးလေး ဒုတိုင်းမှူးက ကဲ ဒီလိုဆိုရင်-ကျွန်တော်ရုံးကအပြန် ခေါ် သွားပြီး အိမ်ပြန်ပို့လိုက်ပါ့မယ်လို့ဆိုတော့ ဗိုလ်ချုပ်ကျော်ထင်က ပျာပျာသလဲနဲ့ (အထက်က အမိန့်ရထားဟန်တူတယ်တဲ့။)ဟာ..အိမ်တိုင်ရာရောက် ပြန်ပို့တယ်ဆိုတာတော့ မဖြစ်ဘူး။ ပြီးတော့ လက်မှတ်ကလည်း ထိုးခိုင်းရဦးမှာ..လို့ ဆိုပြန်သတဲ့။ လွှတ်တာကတော့ ဒီနေ့ ဖြစ် အောင်ကို လွှတ်ရမှာ..လို့လည်း ဆက်ပြောသတဲ့။ ဒီတော့ ဦးလေးက ..ကဲပါ ဗိုလ်ချုပ် ရယ်။ ကျွန်တော်ပဲခေါ်သွားပြီး ရဲဌာနကို အပ်လိုက်ပါ့မယ်။ ပြီးတော့မှ အိမ်ကလူတယောက် ယောက်ကို လာခေါ်ခိုင်းလိုက်ပါ့မယ်..ပြောပြီး ကိုကျော်ကို သူ့ကားနဲ့တင်ခေါ်လာတာပဲ။

ဇာတ်လမ်းက ဒီတင် မဆုံးသေးပါဘူး။ နောက်ဆက်တွဲဖြစ်ရပ်ကလေး ရှိပါသေးတယ်။ အဲဒါပါ ထည့်ပြောမှပြည့်စုံမှာပါ။ အဲဒီကာလတုန်းက ကျွန်မနဲ့ဖေဖေက တခါတရံ (ဥပမာ- စနေ တနင်္ဂနွေလိုနေ့မျိုး) မနက်အစောထ လမ်းလျှောက်တတ်ပါတယ်။ တော်လှန်ရေးပန်းခြံ ထဲလျှောက်ဖြတ်ပြီး ရွှေတိဂုံဘုရားတက်၊ အလယ်ပစ္စယံတပတ်ပတ်ပြီး တခါတရံ အနောက် မုဒ်၊ တခါတရံ မြောက်ဘက်မုဒ်က ဆင်းပြန်တတ်ပါတယ်။

အဲဒါ တနေ့ တော်လှန်ရေးပန်းခြံထဲလမ်းလျှောက်နေတုန်း ရှေ့မှလည်း ဘောင်းဘီတိုနဲ့ လူတယောက် မျက်နှာချင်းဆိုင်က ပြေးလာနေတာ တွေ့ရပါတယ်။ မနက်အစောလည်းဖြစ်၊ ဆောင်းတွင်းလည်းဖြစ်တော့ မြူတွေနဲ့ဆိုင်းနေပြီး လူလုံးမကွဲလှပါဘူး။ ကျွန်မတို့သားအဖ ရှေ့ရောက်လာတော့ အဲဒီပြေးနေတဲ့သူဖျတ်ခနဲရပ်သွားပြီး ဟာ…ဗိုလ်ချုပ်ဆိုတဲ့ အာမေဍိတ် သံနဲ့အတူ သတိဆွဲပြီး အလေးပြုလိုက်တာ တွေ့လိုက်ရပါတယ်။ ဖေဖေလည်း အံ့သြ သွားဟန်ရှိပြီး သြော် ..မင်းကိုးတဲ့။ ဖေဖေက သူ့လက်အောက် အလုပ်လုပ်ဖူးသူတွေကို မာဖီ (အရပ်ဝတ်)နဲ့ တွေ့လည်း မှတ်မိတတ်တယ်လို့ မေမေပြောဖူးတာ သတိရလိုက်မိပါတယ်။ တန်တော့။ ဖေဖေတော့ အဲဒီလူကို မှတ်မိသွားပြီ လို့ စိတ်ထဲထင်လိုက်မိရုံရှိသေး၊ ဖေဖေက ဆက်ပြီး …ဒါနဲ့ မင်းအင်းစိန်ထောင်-ထောင်ပိုင်ဖြစ်နေတယ်ဆို…လို့မေးလိုက်ပါတယ်။ ဟုတ် ဟုတ်ကဲ့ လို့ အဲဒီလူ အထစ်ထစ်-အငေါ့ငေါ့နဲ့ ဖြေလည်းဖြေလိုက်ရော။ ဖေဖေက….

….နေစမ်းပါဦးကွာ။ မင်းတို့လုပ်ပုံက။ ခွေးကိုရိုက်တောင် ခွေးရှင်မျက်နှာကြည့်ရသေး တယ်။ အခုတော့ ငါ့သားကို သူဟာသူ ကျောင်းသွားတက်တာ။ သောရောဖမ်းသွားပြီး ရိုက် လွှတ်လိုက်တာ။ အိမ်ပြန်ရောက်တော့ ချောင်းဆိုးတိုင်းသွေးပါနေလို့ ဓာတ်မှန်ပြေးရိုက် လိုက်ရသေးတယ်။ မင်းးတို့တတွေ ဆူပူသူတွေ ဘာတွေကိုဖမ်းတာ ဖမ်းပေါ့ကွာ။ ဖမ်းရ မှာပေါ့။ ဖမ်းပီးရင်တော့ လူလိုသူလို ဆက်ဆံမှပေါ့။ သားချင်းသမီးချင်း စာနာမှပေါ့။ မင်းတို့ သားရွယ် သမီးရွယ်တွေပဲ။ မင်းတို့က ဒီလိုလုပ်လိုက်ရင် မင်းတို့ကိုကြောက်သွားလိမ့်မယ် လို့ ထင်တယ်။ ဟုတ်လား။ မုန်းသွားတာကွ။ မုန်းသွားကြတာ။ အခု မင်းတို့ကို လူတွေ ဘယ် လောက်မုန်းနေတယ်ဆိုတာ သိကြရဲ့လားလို့ ဆက်တိုက်ကြီးပြောလိုက်ပြီးမှ…ကဲပါကွာ၊ မင်း လည်းချွေးတွေသံတွေနဲ့။ သွားတော့- သွားတော့။ ငါလည်း ဆက်လမ်းလျှောက် လိုက် ပါဦးမယ်…ဆိုပြီး ကျွန်မတို့သားအဖ ထွက်လာခဲ့ပါတယ်။ တော်တော် လျှောက်လာပြီးမှ ကျွန်မလှည့်ကြည့်လိုက်တော့ အခုနလူ ကျွန်မတို့ထားခဲ့တဲ့နေရာမှာဘဲ ငူငူကြီး ဆက်ရပ် နေတာတွေ့လိုက်ရ ပါတယ်။

ဖေဖေကတော့ သူပြောချင်တာတွေ ပြောလိုက်ရလို့ထင်ပါရဲ့။ စိတ်လွတ် လက်လွတ် ခပ်သွက်သွက် ဆက်လျှောက်နေလို့ ကျွန်မမှာ အမောတကောအမီလိုက် လိုက်ရတာ။

အဲဒီကာလ (လွန်ခဲ့တဲ့-၄၇-နှစ်က)- ကျွန်မမှတ်မိသလောက် အဖြစ်အပျက်ကလေးပါပဲ။

လှကျော်ဇော။

၁၃-၆-၂၀၁၆။

မှတ်ချက်။၇-၇-၂၀၁၆နေ့ထုတ် အရေးတော်ပုံ ဂျာနယ်။အတွဲ(၂)။အမှတ်(၅)မှ။

မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၁၄

$
0
0

မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၁၄
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆

ကျောင်း၌ ကန့်လန့်တိုက်ခဲ့စဉ်က
မိမိတို့ခေတ်တွင် ကျောင်းသားသမဂ္ဂဆိုသည်မှာမရှိတော့ပေ။ အင်္ဂလိပ်ကိုလိုနီခေတ်တလျှောက်လုံးမှ သည် လွတ်လပ်ရေးရပြီး ဖဆပလ ခေတ်တလျှောက်လုံး မားမားမတ်မတ်ရပ်နိုင်ခဲ့သော ကျောင်းသား သမဂ္ဂများသည် ဗိုလ်နေဝင်းအာဏာသိမ်းပြီး မကြာမီတွင် ဖျက်ဆီးခြင်းခံလိုက်ရသည်။ မိမိတို့ခေတ် တွင်တော့ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလဆိုသည့် နီစိမ်းဝါပြာ အသင်း ၄ သင်း ကိုအခြေခံသည့် ကျောင်းကောင်စီဆိုသည်ကိုဖွဲ့စည်းခဲ့ကြသည်။ ရှေးမြန်မာပဒေသရာဇ်တွေကို ပွဲထုတ်သည့် စစ်အောင်သာက တိုင်းပြည်စုစည်းအုပ်ချုပ်သည့်သူများကို ပွဲထုတ်သည့် ခေတ်တခေတ်
အစပြုသည်ဟုဆိုရမည်။

ကျောင်းကောင်စီဆိုသည်က ကျောင်းသားတို့အခွင့်အရေးများကို ကိုယ်စားပြု သည့်အဖွဲ့မဟုတ် ကျောင်းအုပ်ကြီးနှင့် ကျောင်းအုပ်ချုပ်ရေးအဆင့်ဆင့်ခိုင်းသည်ကို အကောင်အထည်ဖော်ရသည့် အဖွဲ့မျှသာဖြစ်သည်။ ထိုအဖွဲ့ကို အလုပ် မဖြစ်အောင်လုပ်ဖို့ ဆယ်တန်းနှစ်တွင်မိမိစဉ်းစားမိသည်။ ထိုစဉ်ဖွဲ့စည်းကြပုံမှာ အခန်းလိုက် အသင်း ၄ သင်းခွဲပြီး အသင်းခေါင်းဆောင်တင်မြှောက်သည်။ ထိုနောက် အခန်းခွဲအားလုံးပေါင်း၍ အတန်းလိုက် အသင်းခေါင်းဆောင်တင်မြှောက်သည်။ ဥပမာ ဆယ်တန်း ၄ ခန်းရှိလျှင် ၄ ခန်းပေါင်း၍ အတန်းလိုက် အသင်းခေါင်းဆောင် ၄ ဦးရွေးရသည်။ ပြီးတော့ တကျောင်းလုံးရှိ အတန်းအားလုံးစုပြီး တကျောင်းလုံးရှိအတန်းအားလုံးခေါင်းဆောင်၎ ဦး ရွေးပြီး ကျောင်းကောင်စီဖွဲ့သည်။ ကျောင်းသားအားလုံးမဲပေးရွေးရသည်။

မိမိကကျောင်းသားတွေ၏သဘောသဘာဝကိုအတန်ငယ်တီးခေါက်မိသည်။ ကျောင်းသားအများစုက ကိုယ်တိုင်မလုပ်လိုကြ။ ထို့ပြင် ကျောင်းအုပ်ဆရာကြီးနားကပ်ပြီး ထိုးထိုးထောင်ထောင် လုပ်နေသူများ အားလည်း ကြည့်မရ။ ထိုကဲ့သူများရှိက ကျောင်းသားများလည်း အလုပ်ပိုသည်။ ခက်သည်က ထိုကဲ့ သို့ သူများက အရမ်းလုပ်လိုကြသည်။ သို့နှင့်မိမိလည်း အခန်းတွင်းမှ ကျောင်းသားများကို စည်းရုံးရ သည်။ ကိုယ်တိုင်လည်းလုပ်စရာမလို ထိုးထိုးထောင်ထောင်လုပ်သူများလည်းမပါနိုင် ကျောင်းကောင်စီ လည်း အလုပ်မဖြစ်အောင် မိမိတို့အခန်းထဲမှ ခပ်အေးအေးနေပြီး စာကြိုးစားသူ ကျောင်းသူ ၄ ဦး တင် ရန် အဆိုပြုလိုက်သည်။ မိမိတို့အတန်းမှသာ ဤသို့တင်နိုင်ပါက ကျန်အခန်းများ အတန်းများလည်း ထိုကျောင်းသူများကို မဲပေးရွေးကြလိမ့်မည်တွက်ချက်ပြလိုက်သည်။

အခန်းထဲက ကျောင်းသားအားလုံးသဘောတူကြပြီးနောက် မိမိတို့ အခန်းမှ အသင်းခေါင်းဆောင် ၄ ယောက်အဖြစ် စာအတော်ဆုံး စာအကျက်ဆုံးကျောင်းသူ ၄ ယောက်ကို စတင်ရွေးချယ်ပေး လိုက် သည်။ မိမိတွက်ချက်မှု မှန်ပါသည်။ ဆယ်တန်း ၄ ခန်းပေါင်း၍ အတန်းခေါင်းဆောင် ရွေးတော့သူတို့ ၄ ယောက်ကိုပဲ ရွေးကြသည်။ တကျောင်းလုံးရွေးတော့ ထိုကျောင်းသူ ၄ ယောက်ပဲ ရွေးလိုက်ကြသည်။ သို့နှင့် ကျောင်းသူ ၄ ယောက်ဦးစီးသည့်ကျောင်းကောင်စီကြီး အုတ်ဖို အထက်တန်းကျောင်းတွင် ပေါ်လာတော့သည်။
ကျောင်းသူများဆိုတော့ ဆရာကြီးလည်း ကျောင်းသားတွေလိုခိုင်းမရ။ ထို့ပြင် ဆယ်တန်းကျောင်းသူ စာကြိုးစားသူတွေဖြစ်နေတော့ ကျောင်းကိစ္စသိပ်မလုပ်လိုကြပေ။ သို့နှင့် ထိုးထိုးထောင်ထောင် ကျောင်းကောင်စီများလည်း မတွေ့ရ။ ရှုတ်ရှုတ်ယှက်ယှက်တွေလည်း သိပ်မလုပ်ရသည့် စာသင်နှစ်တနှစ်ကို မိမိတို့ ရရှိလိုက်သည်။ ထိုဖြစ်ရပ်သည် မိမိ၏ပထမဆုံးကျောင်းသားများအတွင်း စည်းရုံးလှုပ်ရှားမှုနှင့်ရလဒ်ဟုဆိုရပါမည်။

တကယ်လည်း ထိုစဉ်က ကျောင်းကောင်စီဆိုသည်များသည် ကျောင်းသားများ၏ လိုအပ်ချက် အခွင့်အရေးများကို ကိုယ်စားပြု ရပ်ခံခြင်းမရှိကြပါ။ မိမိတို့အခန်းတွင် ကျောင်းသားများအတွက် ထိုင်ခုံမလုံလောက်။ ဖြေရှင်းပေးမည့်သူမရှိ။ ကျောင်းသားများ ပူးကပ်ထိုင်ကြရသည်။ နောက်ဆုံးတော့ ကျောင်းသား ၁၀ ယောက်စည်းရုံးပြီး ကျောင်းအုပ်ကြီးရုံးခန်းသွားပြီး ကျောင်းအုပ်ကြီးအားအရေးဆိုကြသည်။ ကျောင်းအုပ်ကြီးက ပထမတော့ လေသံခပ်မာမာ။ မိမိတို့က စာသင်ခုံလုပ်မည်ဆိုပြီးကောက်ထားသော မိဘဆရာ အသင်းကြေးတွေ ဘယ်ရောက်သွားပြီလည်း စာရင်းရှင်းပေးပါဟု ခပ်တင်းတင်း တုံ့ပြန်ကြတော့မှ လေသံလျှော့ပြီး မိဘဆရာသင်းတာဝန်ယူသည့် ဆရာအား အပစ်ပုံချပြီးခေါင်းပြောင်းသည်။ နောက်ဆုံးထိုင်ခုံတော့ရလိုက်သည်။
မရလျှင် ကြမ်းပြင်ပေါ်ထိုင်သင်မည်ဟု မိမိတို့တောင်းဆိုဆန္ဒပြလိုက်၍လားတော့ မပြောတတ်တော့။

ကျောင်းအုပ်ချုပ်ရေးတာဝန်ယူသူဆရာများတော့ မိမိတို့အား သိပ်မကြည်ဖြူလှ။ လမ်းစဉ်လူငယ် လာဖွဲ့တော့ မေးခွန်းမျိုးစုံပြန်မေး၍ မဝင်နိုင်ဟုဆိုခဲ့သည်။ မိမိမိခင်ကဝန်ထမ်းဆိုတော့ မိမိအားတော့ သိပ်မပြော။ မိမိမိခင်ကိုတော့ ပြန်ပြောလေ့ရှိကြသည်။ ဤသို့ဖြင့် မိမိအား ကျောင်းတွင် ကန့်လန့် တိုက်တတ်သူ ထော်လန့်ကန့်လန့်လုပ်တတ်သူ အုပ်ချုပ်ရေးပိုင်းကို ဆန့်ကျင်တတ်သူအဖြစ် မှတ်ချက်ပြုကြမည်ထင်သည်။

"ဝိုင်း "တိုက်ပွဲ
ဆယ်တန်းစာမေးပွဲအပြီး ကျောင်းပိတ်ရက်တွင် သန်းခေါင်စာရင်းကောက်ဖို့ လုပ်အားပေးသွားဖြစ် သည်။ ၁၉၇၄ အခြေခံဥပဒေဆန္ဒခံယူပွဲအကြို သန်းခေါင်စာရင်း ကောက်ခံခြင်း ဖြစ်သည်။ တက္ကသိုလ် ကျောင်းပိတ်ရက်ဆိုတော့ တက္ကသိုလ်တက်နေသည့် သူငယ်ချင်းများလည်း အတူပါလာကြသည်။ မိမိသွားရသည်က အုတ်ဖိုအရှေ့ဖက်ခြမ်း ပဲခူးရိုးမနားက ရွာများဖြစ်သည်။ ထိုရွာများသည် အုတ်ဖိုမြို့ နယ်ထဲမှဖြစ်သော်လည်း အုတ်ဖိုမှ ကားလမ်းမပေါက် ။ ကြို့ပင်ကောက်မှတဆင့် သွားရသည်။ ကြို့ပင်ကောက်မှ ပဲခူးရိုးမသို့ဖောက်လုပ်ထားသော သစ်ထုတ်လုပ်ရေး မြေသားလမ်းမရှိသည်။ ထိုလမ်းမှတဆင့် ကုန်ကားတစီးဖြင့် မိမိတို့ကျောင်းသားများ ချီတက်ရသည်။

ကြို့ပင်ကောက်မှ ပဲခူးရိုးမတောင်ခြေထိဖောက်လုပ်ထားသော ကားလမ်းအဆုံးတောင်ခြေ၌ "ဝိုင်း "ဟူသည့် သစ်ထုတ်ရေးစခန်းတခုရှိသည်။  လုံခြုံရေးအတွက် စစ်တပ်ချထားသည်ဟုကြားသိရသည်။ ကြို့ပင်ကောက်မြို့နယ်အပိုင် ဖြစ်သည်။ မိမိတို့မရောက်ဘူးလိုက်သော်လည်း ကြားဖူးခဲ့သည်။ ထိုနှစ် မိမိတို့လုပ်အားပေးပြန်လာပြီး ရက်ပိုင်းအတွင်း အဆိုပါ "ဝိုင်း"သစ်ထုတ်လုပ်ရေးစခန်းအား CPB တိုက်တိုင်းအောင်တပ်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်သည်ဟုသတင်းကြားရသည်။ အရင်ကလည်း မင်းလှစိန်ကန့်လန့် စခန်းအား ဝင်သိမ်းသည်ကို ကြားဖူးခဲ့သည်။

ထိုစဉ်ပဲခူးရိုးမ၌အခြေစိုက်နေသော ဗမာပြည်ကွန်မြူ နစ်ပါတီ ဗဟိုသည် တိုက်တိုင်းအောင် ၁/၂/၃/၄ ဟူ၍ အဓိကတိုက်ခိုက်ရေးတပ်များဖွဲ့၍ ဗိုလ်နေဝင်း၏မဆလအစိုးရတပ်များအား တုံ့ပြန်ရန်ကြိုးစားနေ သည်။
ဥက္ကဋ္ဌသခင်သန်းထွန်းကျဆုံးပြီး ဥက္ကဋ္ဌသခင်ဇင်နှင့် အတွင်းရေးမှူးသခင်ချစ်တို့ ခေါင်းဆောင်နေ သည်။ စစ်အနိုင်တိုက် အာဏာသိမ်း ဆိုသည့် ၆၄ လမ်းစဉ် ကိုချမှတ်ထားသည်။ ဂွင်(ခွင်) ထဲမထွက်ရေး ထိုးစစ်ကိုထိုးစစ်နှင့်ရိုက်ချိုးရေးစစ်ရေးလမ်းစဉ်ချမှတ်ထားသည်။

တဖက်တွင်လည်း ဗိုလ်နေဝင်းကလည်း ပဲခူးရိုးမတွင် ဖြတ်လေးဖြတ်ကျင့်သုံးနေသည်။ ပဲခူးရိုးမတောင်ပေါ် ၁၄ ရွာကို မြေပြန့်သို့ပြောင်းရွှေ့သည်။ တပ်များအပြောင်းအရွှေ့လွယ်ရန် ပဲခူးရိုးမဆီသို့ လမ်းများတိုးချဲ့ဖောက်လုပ်သည်။ ပဲခူးရိုးမရှိ CPB တပ်များ ရိက္ခာ သတင်းရရှိမှု အခက်အခဲရှိလာသည်။
လက်နက် ကျည်ဆံအခက်အခဲရှိလာသည်။ အစိုးရတပ်၏ ဝိုင်းပတ်မှုစိတ်လာပြီး CPB ဗဟိုဌာနချုပ် အတိုက်အခိုက်ခံရသည်။ CPB ဗဟိုခေါင်းဆောင်ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျကျဆုံးသည်။ အစိုးရတပ်များ တဖြည်းဖြည်း အသာစီးရလာသည်။ "ဝိုင်း"တိုက်ပွဲသည် ပဲခူးရိုးမ၌ CPB ၏နောက်ဆုံး စခန်းသိမ်းတိုက်ပွဲဖြစ်ပုံရသည်။

အရှေ့မြောက်တိုင်းတခွင်
ထိုစဉ်က အရှေ့မြောက်တွင် CPB က တစစအားကောင်းလာနေသည်။ ထိုအကြောင်းအရာကို သိန်းဖေမြင့်က သတင်းစာတွင် "အရှေ့မြောက်တိုင်းတခွင် "ဟူ၍ အခန်းဆက်ဆောင်းပါးရေးသည်။ အရှေ့မြောက်ဒေသသို့ ကိုယ်တိုင်သွားရောက်ပြီး ထိုဒေသမှ လက်လှမ်းမီသမျှ ထိတွေ့ရေးသားဖော်ပြသည်။ အရှေ့မြောက်ပိုင်းအခြေအနေတစွန်းတစနှင့် တိုက်ပွဲကြီးများအခြေအနေကိုတီးမိခေါက်မိရှိခဲ့သည်။ မိမိတို့ ထိုဆောင်းပါးအား နေ့စဉ်စောင့်ဖတ် ခဲ့ရသည်။

၁၉၆၈ ခုနှစ်နောက်ပိုင်း ပြည်မရှိ CPB အခြေအနေက ရှုတ်ထွေးသည်။ ပါတီတွင်းတိုက်ပွဲ ပြင်းထန်သည်။ ခေါင်းဆောင်အချို့ဖော်က်ပြန်ရေးသမားအဖြစ်စွဲချက်တင်ခံရပြီး အသတ်ခံရသည်။ ဥက္ကဋ္ဌ သခင်သန်းထွန်းလုပ်ကြံခံရသည်။ အစိုးရ၏ ဖြတ်လေးဖြတ်နှင့်ထိုးစစ်များကို ပြင်းထန်စွာ ခံရသည်။ မ သုံးလုံးနှင့် မြစ်ဝကျွန်းပေါ်အခြေခံဒေသများဆုံးရှုံးသည်။ ပီကင်းပြန်များအပါ ပဲခူးရိုးမတိုင်း အတွင်းရေးမှူး ဦးမြနှင့် ဗဟိုရုံးအုပ် ဦးဘခက်တို့ လက်နက်ချ၍ လျှို့ဝှက်ချက်များ ပေါက်ကြားသည်။ ထို့ပြင် ထိုသူများက "သခင်သန်း ထွန်းနောက်ဆုံးနေ့များ"စာအုပ်ထုတ်၍ CPB အား ထိုးနှက် တိုက်ခိုက်သည်။ ပဲခူးရိုးမဗဟိုဌာနချုပ်လည်း အစိုးရတပ်များ၏တိုက်ခိုက်ခံလာရသည်။

သို့သော် အရှေ့မြောက်တွင် ဒုဥက္ကဋ္ဌ သခင်ဗသိန်းတင်၏ CPB တပ်ဖွဲ့များ အင်ကြီးအားကြီးနှင့် ပေါ်လာသည်။ တိုက်ပွဲကြီးများ တိုက်နိုင်သည်။ အခြေခံဒေသများ လွတ်မြောက်ဒေသဆိုသည်များပေါ်လာသည်။ ထို့ကြောင့် ထိုစဉ်က CPB ၏ ပြည်တွင်း အခြေအနေနှင့် အရှေ့မြောက်အခြေအနေမှာ လွန်စွာကွာခြားနေသည်ဟု ဆိုရမည်။

အပြောင်းအလဲ
၁၉၇၀ ခုနှစ်တွင် မြန်မာပြည်၌ အပြောင်းအလဲတခုဖြစ်သည်။ ပြောင်းသည်က လူတွေ၏လူမှုဘဝတွေ မဟုတ်။ မော်တော်ယဉ်မောင်းစနစ် ဖြစ်သည်။ ယခင်လက်ဝဲကပ်မောင်းမှ လက်ျာကပ်မောင်းစနစ်သို့ ပြောင်းသည်။ လက်ဝဲဝါဒကိုအနိုင်ယူဖို့ ယတြာချေ ပုံရသည်။ ထို့နောက် အင်္ဂလိပ်ခေတ်က ပေးထား သောလမ်းနံမည်များကို မြန်မာနံမည်ပြောင်းသည်။ မျိုးချစ်စိတ်ရှင်သန်ထက်ထက်မြက်ရေးဆိုသည့် လက်နက်အား ထိုစဉ်ကတည်းက အာဏာရအစိုးရ၏ နိုင်ငံရေးအရ လူထုလှုံ့ဆော်ရာ စည်းရုံးရာတွင် အသုံးပြုလာကြသည်ဟု ဆိုရမည်။ တရုတ်ဗမာအရေးအခင်းနောက်ပိုင်း ဆိုရှယ်လစ်နှင့်အတူ အမျိုးသားရေးလည်း ရှေ့တန်းရောက်လာသည်။ စကော့ဈေးလည်း ဗိုလ်ချုပ်ဈေးဖြစ်သည်။ ဖရေဇာလမ်းလည်း အနော်ရထာလမ်းဖြစ်သည်။ ခရစ်လမ်းလမ်းလည်း ဗိုလ်မြတ်ထွန်းလမ်းဖြစ်သည်။ စစ်ကဲမောင်ထော်လေးလည်း အမျိုးသားသစ္စာဖောက်အဖြစ်သတ်မှတ်ခံရပြီး နံမည်ပြောင်းခံရသည်။ ခုတော့ ဗိုလ်ဆွန်ပက်လမ်းလား မောင်ခိုင်လား ပြောင်းထားသည်။ မသဲကွဲတော့။

သို့သော် နှစ်ပေါင်းများစွာကြာသောအခါ အင်္ဂလိပ်ပေးခဲ့သော မြန်မာနံမည်နှင့်လမ်းများကို မပြောင်း လဲဘဲထားခဲ့သော စင်ကာပူနိုင်ငံက ခေတ်မီဖွံ့ဖြိုးတိုးတက်၍ ရှေ့တန်းရောက်သည့် နိုင်ငံတနိုင်ငံ အဖြစ်ရောက်သွားသည်။ မျိုးချစ်စိတ်အပြည့်အဝနှင့် လမ်းနံမည်ပြောင်းခဲ့သော မြန်မာပြည်က ဆင်းရဲတွင်းထဲနစ်နေဆဲဖြစ်သည်။ မျိုးချစ်စိတ်ကို တလွဲအသုံးချ၍ကောင်းနိုင်သည်မရှိ။ ဆိုးဝါးသည့်အကျိုးဆက်ကို ရင်ဆိုင်ရမည်သာဖြစ်ပေသည်။

အပြောင်းအလဲတရပ်ဆိုသည်မှာ နံမည်လေးပြောင်းလိုက်ရုံနှင့်မရ။ အနှစ်သာရကျသော အခြေခံကျသောပြောင်းလဲမှု များမလုပ်ဘဲ လူပိန်းကြိုက်ပြောင်းလဲမှု ဆိုသည်များသည် ရေရှည်တွင် တိုင်းပြည်အတွက်အကျိုးမရှိခဲ့ပေ။

ဒုတိယံပိ အောင်စာရင်း
၁၉၇၃ နှစ်လယ်ခန့်တွင် ဒုတိယအကြိမ် ဆယ်တန်းအောင်စာရင်းပြန်စောင့်ရသည်။ ဤအကြိမ်တွင် ဆေးတက္ကသိုလ် ၂ တွင် တက်နေသူ မောင်မောင်ကြည် အကိုကျေးဇူးနှင့် အောင်စာရင်းမထွက်မီ ရလဒ်ကြိုသိရသည်။ ဂုဏ်ထူး ၃ ဘာသာပါသည်ဟု သိရသည်။ ရန်ကုန်က အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တခုခုတော့ တက်ဖို့သေချာသွားပေပြီ။

အမှတ်စာရင်းထွက်လာတော့ အမှတ်ပေါင်း ၄၄၀ ကျော်သည်ထင်သည်။ ဆေးတက္ကသိုလ်သို့ လွတ်လွတ်ကျွတ်ကျွတ်ဝင်ခွင့်ရသည်။ မိမိအတွက်တော့ ရန်ကုန်က နိုင်ငံရေး အသိုင်းအဝိုင်း စာပေအသိုင်းအဝိုင်းနှင့်ထိတွေ့ရတော့မည်။ လွတ်လပ်သော တက္ကသိုလ်ကျောင်းသား ဘဝရတော့မည်ဟု ကြို၍ပျော်နေသည်။ အနည်းငယ်လည်း မြောက်ကြွမြောက်ကြွ ဖြစ်နေလောက် သည်။ မိမိမိသားစုကတော့ မိမိဆရာဝန်ဖြစ်တော့မည်ဟု မျှော်မှန်း၍ ပျော်နေပုံရသည်။ မိမိကတော့ အလယ်တန်းကျောင်းသားဘဝထဲကရလာသော ကဗျာတပုဒ်ကိုသတိရမိသည်။

"ကျနော်ဂျော်နီ သရီးဒီနဲ့
MC ကို ရောက်ခဲ့တယ်
မက်စ် ဖစ်ဆစ် အင်ဂလစ်ရှ်မှာ
ဒစ်စတေးရှင်းတွေ ဖြိုင်ဖြိုင်ဝေတော့
ILA ကောင်းခဲ့တယ် "

"ကျမနံမည် မော်လီတဲ့လေ
ဒယ်ဒီတို့က MC သွားပါ
ဆိုလို့သာပဲ
ဝါသနာဆို မပါလိုက်တာ
စိတ်ကုန်ပါရော "

ဆက်လက်ဖော်ပြပါမည်

Mg Mg Soe ( မောင်မောင်စိုး )

photo credit Aung Ko Ko

မှတ်ချက်။ ။ "လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ"အား 15/7/2016 မှ 19/7/2016 ထိ ခေတ္တရပ်နားပြီး 20/7/2016 မှ 25/7/2016 ထိ အပိုင်း ၁၅ မှ အပိုင်း ၂၀ ထိပြန်လည်ဖော်ပြ ပါမည်။

မင်းကိုနိုင် ● မိသားစု သီချင်း

$
0
0
မင်းကိုနိုင် ● မိသားစု သီချင်း
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။

အနောက်တိုင်းက မိသားတစ်စုဟာ အားလပ်ရက်မှာ မိသားစုလိုက် ဥရောပတစ်ခွင် ခရီးထွက်ကြပါတယ်။ ကားနဲ့ တတ်နိုင် ပေမယ့် စက်ဘီးကိုယ်စီစီးပြီး ထွက်ကြတာပါတဲ့။ ဘာကြောင့် ဒီလို ရွေးသလဲမေးတော့မိသားစု လှုပ်ရှားမှုတွေလိုချင်လို့ ဖန်တီးယူတာပါတဲ့။ (မူရင်း သူ့စကားကတော့ Family Activites လို့ သုံးပါတယ်)။ ကြုံလာမည့် စိန်ခေါ်ချက်တွေကိုလည်းမိသားတစ်စုလုံး အတူရင်ဆိုင်ဖြေရှင်းချင်လို့ပါတဲ့။ အိမ်မှာပဲ ပုံမှန်နေရင် ဒီလိုစွန့်စားခန်းတွေ ကြုံမှာမဟုတ်ဘူးတဲ့။ မိုးရွာရင် လည်း မိုးကာဝတ်ပြီး သွားကြတယ်။ ကြုံသမျှဟာ ဘ၀မှာ အမှတ်တရတွေအဖြစ် ကျန်တာမျိုး လိုချင်လို့ပါသတဲ့။

ဒါကို ကြားတဲ့ ကျွန်တော်တို့ နိုင်ငံက မိခင်တစ်ဦးကတော့ ဒီလို မှတ်ချက်ချပါတယ်။ ပြဿနာများ စက်ဘီးစီးပြီးလိုက်ရှာနေရ သေးတယ်။ ငါတို့များ မိုးလင်း မျက်စိနှစ်လုံး ဖွင့်တာနဲ့ သောကပေါင်းစုံက အိပ်ရာဘေးလာနိုးတာ ညအိပ်ရာဝင်တဲ့ အထိပဲတဲ့။

ခုနက မိသားစုခရီးမှာ ရှစ်နှစ်၊ ဆယ်နှစ် ကလေးနှစ်ယောက်ကို တစ်နေ့ ဆယ်နာရီလောက် စက်ဘီးနင်းခိုင်းတာ အန္တရာယ် များတယ်လို့ မှတ်ချက်ပေးတော့၊ ဟိုက ပြန်ဖြေရှင်းပါတယ်။ ဒီလိုလေ့ကျင့်ပေးမှ အခက်အခဲကို ဖြေရှင်းတတ်မယ်၊ အတွေ့ အကြုံများမယ်တဲ့။ သူတို့ကလေးတွေဟာ ဘာပဲလာလာ မလုပ်တတ် မလုပ်ရဲဘူးဆိုတာမျိုး မရှိစေရဘူး။ လုပ်ကြည့်မယ်လေ ဆိုတာမျိုးပဲ ဖြစ်နေစေရမယ်တဲ့။

အဲဒီခရီးဟာ ရက်သတ္တပတ် ဆယ့်သုံးပတ်မျှ ကြာခဲ့ပါတယ်။ မိသားစု စွန့်စားခန်းတွေကို အလုအယက်ပြန်ပြောနေတဲ့ သူတို့ မျက်လုံးတွေဟာ နောက်ထပ်စိန်ခေါ်မှုတွေကို ပြန်ထူးဖို့ အမြဲအသင့်ရှိတယ်ဆိုတဲ့အဓိပ္ပါယ်တွေနဲ့ လက်ပလို့ပါ။

ကျွန်တော်တို့ဆီက အမေကြီးကတော့ အေးလေ၊ သူတို့က ပြည့်စုံနေတော့ ခရီးထွက်နိုင်သေးတာကိုး၊ တို့များတော့ စားဝတ် နေရေး ပညာသင်ရေးနဲ့ပဲ အသက်လုရှူနေရတာလို့ ညည်းညူပါတယ်။

ဒီအကြောင်းကို ကျွန်တော်တို့ဆီက အခြားပြည့်စုံတဲ့မိသားစုတစ်စုကို ပြောပြတဲ့အခါ အားကျတာ တွေ့ရပါတယ်။ အတန် အသင့် ကြွယ်ဝလာတဲ့မိသားစုတွေမှာ ခင်ပွန်းသည်တွေ အပြင်မှာ အပျော်ရှာတာ၊ ခြေလှမ်းပျက်တာ စတဲ့ပြဿနာတွေကို ကြိုကာကွယ်နိုင်မယ်လို့ တွေးမိပါသတဲ့။ ခင်ပွန်းခေါင်းထဲမှာ မိသားစုဘ၀မထိခိုက်ဘဲ ပျော်စရာရှိတယ်လို့ နားလည်စေ မယ်တဲ့။ တကယ်တော့ ပျော်စရာတင်မကပါဘူး၊ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ မိသားစုအပေါ် ပဲ့ကိုင်ထိန်းကျောင်းရတဲ့ အဓိပ္ပါယ်၊ တာဝန်ယူမှုတွေဟာပင်ပန်းတယ်လို့ မခံစားဘဲ၊ မိသားစုဆိုတာ ဘာမဆိုအတူဆိုတဲ့ ခံစားယုံကြည်မှုမျိုး ရစေ မယ်လို့ ကျွန်တော်ယူဆကြောင်း ပြောမိပါတယ်။

မပြည့်စုံ မတတ်နိုင်သူများကတော့ ဘ၀ဆိုတာ စားဝတ်နေရေး အတွက်ပဲ ရုန်းကန် ရင်း ပြီးသွားရမယ်။ မိသားစုအပျော်ခရီးတွေ ဖန်တီးယူတဲ့ စွန့်စားခန်း ရင်ခုန်စရာဆိုတာတွေဟာ တို့တွေ ဘ၀နဲ့ဘာမှမဆိုင်ဘူးလို့ ခံစားကောင်း ခံစားကြမှာပါ။ ခရီး ထွက်မှ ဖန်တီးယူမှလို့ မဆိုလိုပါဘူး။ အနှစ်သာရအားဖြင့် အောင်မြင်တဲ့ မိသားစု၊အောင်မြင်တဲ့ ဘ၀ဆိုတာကို ရှာဖွေကြည့် ရုံပါ။ခရီးထွက်ပြီး စွန့်စားဖို့ မပြောသေးပါဘူး။

ကျွန်တော်တို့ဆီမှာ အတန်အသင့် သုံးစွဲနိုင်တဲ့ အလတ်တန်းစား မိသားစုကိုပဲ ကြည့်ကြရအောင်ပါ။ ညဘက် သို့မဟုတ် အိမ်မှာ လူစုံရှိနေပါလျှက် လူကြီးတွေက တစ်ခုခုကို တောင့်တနေမယ်၊ ငယ်သူတွေက ဖုန်းကိုယ်စီ ထိုင်ပွတ်နေမယ်ဆိုတာ အိမ်အတော်များများရဲ့ မြင်ကွင်းပါ။ အဖေ အမေတို့မှာ ပြည့်စုံအောင် ထားပေးထားတာပဲလို့ မမှတ်ယူစေချင်ပါဘူး။ လူကြီး တွေမှာ စကားလုံးနဲ့ ပြောပြဖို့ခက်တဲ့ “မိသားစု ဘ၀တန်ဖိုး” ကို မျှော်လင့်နေတာ ရှိတတ်ပါတယ်။ ငယ်သူတွေ အပြစ်ချည်းပဲ မဟုတ်ပါဘူး။ ဖုန်းပွတ်နေတဲ့ကလေးတွေက ပြန်ပြောတယ်၊ လူကြီးတွေကိုရီးယားကားပဲ ထိုင်ကြည့်နေတာကိုလည်း ပြော ပါဦးတဲ့။

တချို့ မိသားစုတွေကျတော့ ပြောင်းပြန်၊ ကလေးကို လူ့အသုံးအဆောင်တွေ စုံအောင်ဝယ်ပေးထားပြီး တာဝန်ကျေပြီ ထင် နေတဲ့ မပြည့်စုံသော အတွေးအခေါ်တွေရှိနေပါသေးတယ်။ ပညာသင်ပေးတယ်၊ ပညာရေးစရိတ်လုံလောက်အောင် ရှာပေး တယ်၊ ငါတို့လိုချင်တဲ့ လိုင်းရအောင် မင်းတို့ စာကျက်၊ ဖြေကြဆိုရုံနဲ့ ဂိတ်ဆုံးနေတတ်ကြလို့ မပြေလည်မှုတွေ များစွာဖန်တီး မိသလိုလည်းရှိနေပါတယ်။

မိဘလိုချင်တဲ့လိုင်း (အသက်မွေးမှု အတတ်ပညာတက္ကသိုလ်ဘွဲ့) နဲ့ကျောင်းပြီးခဲ့တဲ့ လူလိမ္မာကလေးတစ်ယောက်ကို ကြည့် ပါ။ အိမ်မှာမနေဘဲ အမြဲအပြင်ထွက်ငေးငိုင်နေတယ်။ သူ့စကားက အိမ်ဆိုတာ နေစရာမှမကောင်းတာတဲ့။ ဘွဲ့လွန်တွေ ဆက်ယူ၊ အလုပ်ခွင်ထဲရာထူးကြီး၊ ၀င်ငွေကောင်းနေတဲ့ သားသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဲဒီမိသားစုဟာ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်အိမ်နဲ့ အကြာကြီး ခွဲနေကြ၊ မတွေ့တာကြာလို့ ခဏတွေ့လိုက်တာနဲ့ ပြဿနာတစ်ခုခုအကြောင်းက စလိုက် မိပြီး ရှင်းမရ၊ နောက်ကို မလာရဲတော့ဘူး၊ မလာပြန်ရင်လည်း ဖုန်းဆက်ပြီး ပြဿနာတွေကို ပြောနေပြန်တော့ မိသားစု ၀င်တွေ အချင်းချင်း အပြန်အလှန် ကြောက်တဲ့ရောဂါကြီး ဖြစ်နေတာပါတဲ့။

အဲဒီ မိသားစုဝင် တစ်ယောက်က စဉ်းစားမိသမျှ ခုလိုပြောတယ်။ အိမ်မှာက လက်ရှိပြဿနာကို မရှင်းဘဲနောက်ကြောင်း တွေ ပြန်ပြန်ကောက်ပြီး ချာလပတ်လုပ်နေတာ၊ လက်ရှိ ပြဿနာကိုရှင်းတဲ့ အဆင့်ဘယ်တော့မှ မရောက်ဘူးတဲ့။ မိသားစု အရေးတင် မကပါဘူးကွာ၊ ဒီထက် ပိုကျယ်ပြန့်တဲ့ အရေး တွေမှာလည်းဒီလိုပါပဲလို့ ကျွန်တော်လည်း ရောယောင် ညည်းညူ
မိပါတယ်။

မိဘတွေကလည်း ဒီလောက်ကောင်းခဲ့တဲ့ မိဘတွေကိုပစ်ထားတယ်ဆိုတဲ့ ခံစားချက်ရှိသလို သားသမီးတွေဖက်ကလည်း ပြောစရာတွေ အများကြီးလို့ ဆိုပါတယ်။မိဘတွေ လိုချင်တဲ့လိုင်း၊ ဘွဲ့ရအောင်ယူခဲ့ပြီး ဘ၀ကိုဘ၀င်မကျ ဖြစ်နေတဲ့ သား သမီးတွေမှာ တူညီတဲ့ ခံစားချက်စိတ်အနာတရတွေ ရှိတတ်ပါတယ်။ သူတို့ဟာ ကျောင်းစာတစ်ခုတည်းကို အချိန်ပြည့်နီးပါး ပေးခဲ့ရတော့ သူတို့ရဲ့ငယ်ဘ၀ ဒိုင်ယာရီတွေဟာ စာကျက် ကျူရှင်တက်ဆိုတာတွေနဲ့ချည်း ပြည့်နေခဲ့တာပါ။ မိသားစု ပျော် ပွဲစားခရီးတွေအပြင် (Childhood ခေါ်တဲ့) ကလေးဘ၀ ပျောက်ဆုံးခြင်းဆိုတာ အထိအနာဆုံးပါတဲ့။ ကြီးခါမှ သူများ ငယ် ဘ၀တွေနားထောင်ရင်း ငါတို့ ဆုံးရှုံးခဲ့လေခြင်းလို့ တွေးမိပြီးနာကျင်သူတွေလည်း ရှိနေသလို၊ ဘာမှန်းမသိသော်လည်းဘ၀ကို မကျေမနပ် ဖြစ်နေတဲ့ ပညာတတ် ၀င်ငွေကောင်းတွေလည်း များစွာပါ။

“အောင်မြင်မှုဆိုတာ ဘာလဲ၊ အောင်မြင်တဲ့ ဘ၀ဆိုတာဘာလဲ” လို့ မေးခွန်းထုတ်လာတဲ့ ဘွဲ့လွန်ရ ၀င်ငွေကောင်းတွေရဲ့ ညည်းညူသံဟာ နားထောင်ရ အခက်ဆုံးပါ။ ဂုဏ်ရှိ၊ ၀င်ငွေကောင်းသူတွေကို မိတ္ထူကူးခဲ့တော့ နောင်တနဲ့ ပြုလုပ်ထားတဲ့ သရဖူကြီး ဆောင်းရခက် ချွတ်ရခက်တွေလည်း တွေ့ရပါတယ်။

လောကတစ်ခု စနစ်တစ်ခုမှာ ဂုဏ်ရှိ ၀င်ငွေကောင်းအလုပ်ဟာ တစ်မျိုး နှစ်မျိုးပဲ ရှိတယ်လို့ မှတ်ယူချင် အဲဒီတစ်ပေါက် နှစ်ပေါက်ကိုပဲ စုပြုံတိုးကြရင်း အနာတရတွေဖြစ်ကြ ရတယ်လို့ တွေးမိပါတယ်။

စာစု အစမှာဖော်ပြခဲ့တဲ့ မိသားစု (စိန်ခေါ်ချက်တွေမှန်သမျှအတူ ဖြေရှင်းဖို့ လေ့ကျင့်ခဲ့တဲ့ မိသားစု) မှာဖခင်ဖြစ်သူဟာ အထူးကုဆရာဝန်ကြီးပါ။ သူ့သမီး အထက်တန်းကျောင်းပြီးတော့ သူနာပြုပညာသင်မယ်ဆိုတဲ့အခါ ကြည်ဖြူကြပါတယ်။ ဘယ်အလုပ် ဘယ်အသက်မွေးမှုဟာ နိမ့်တယ် မြင့်တယ်လို့ မခံယူကြပါဘူး။

အသက်မွေးမှု ကိုယ်စီဟာ သူ့အတိုင်း အတာနဲ့သူတင့်တယ်တယ်လို့ အတွေးကျယ်ပြန့်လာရင် ငယ်သူတွေအတွက်ရွေးစရာ များလာမယ်။ တစ်ပေါက်တည်း စုပြုံတွန်းထိုးမတိုးရတော့ဘူး။ ကိုယ့်ဘ၀ကိုယ် ကျေနပ်ပြီးသားပါဆိုသူများအတွက် အထူး ဆိုစရာ မရှိပါ။ ကိုယ့်ဘ၀ကိုကိုယ့်စိတ်အနာတရနဲ့ သုံးသပ်မိနေတဲ့သူတွေအတွက်ပါ။သူတို့နဲ့ ဖွဲ့စည်းထားတဲ့ မိသားစုတွေ အတွက်ပါ။

ဘယ်အရာကတော့ မဖြစ်မနေ ဘ၀တိုင်း အတွက်လိုအပ်တဲ့ ဖြည့်ဆည်းမှု၊ ဘယ်အရာကတော့ မတန်မဆစတေးခဲ့ရတာ စသဖြင့် ကြိုတင် ကွဲပြားနိုင်ကြရင်သက်သာဖွယ် ရှိပါတယ်။

ဝါးတူကလေးတွေနဲ့ အိမ်အလှတွေ လက်ဖျားခါအောင်ဆောက်ပြနေတဲ့ ဆယ်ကျော် သက်ကလေးရဲ့လက်စွမ်းကိုကြည့်ရင်း တွေးစရာတွေ ရပါတယ်။ ကိုယ့်မိသားစုဝင်ဆိုရင် ချီးကျူးမလား၊ တားမြစ်ပြီးကျောင်းစာပဲ လုပ်ခိုင်းမလား၊ ဂုဏ်ရှိတဲ့ အသက် မွေးမှုဆိုတာ အဓိပ္ပါယ် တူကြရဲ့လား။

မိသားစုဝင်တွေထဲ နားလည်မှုစံနှုန်း တန်ဖိုးတွေအပေါ်အဓိပ္ပာယ်ဖွင့်ဆိုချက် တူ မတူ။ အားလပ်ရက် အပျော်ခရီးဖြစ်ဖြစ်၊ ဘ၀ ခရီးဖြစ်ဖြစ် ဘယ်လိုအတူသွားမလဲ၊ ဘယ်လိုသဘောထားမလဲ။ တကယ်တော့ “မိသားစု သီချင်း” ဟာ တစ်ဦးတည်း ဆိုရတဲ့ တေးမျိုး မဟုတ်ပါ။ Choir လို စုဖွဲ့သီဆိုရတဲ့တေးမျိုးလို့ ခံယူပါတယ်။ ထိုတေးမျိုးဟာ Bass (အနိမ့်သံ)၊ Alto ဆိုတဲ့ (အမြင့်သံ) တစ်မျိုး၊ Tenor ဆိုတဲ့ယောက်ျားကြီး အမြင့်သံ၊ Baritone ခေါ်တဲ့ ကြားသံတွေနဲ့ ဖွဲ့စည်းရပါတယ်။ ဒါတောင် အမျိုးသားများ စုဖွဲ့ဆိုတဲ့ Choir ပဲ ရှိပါသေးတယ်။ အမျိုးသမီးတွေပါပါလာရင် Soprano? Mezzo-soprano? Contralto စတဲ့ အမျိုးအစားတွေတောင် ရှိသေးဆိုပဲ။

မတူညီတဲ့ အသံတွေကို ပြေပြစ်အောင် ညှိနှိုင်း စုဖွဲ့ဆိုရတဲ့ အမျိုးအစားပါလား။ မိသားစုသီချင်းဆိုတာလည်း ဒီလိုပဲဖြစ် သင့်တယ်လို့ ခံစားမိပါတယ်။

#‎မင်းကိုနိုင်‬
[ ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၉၀၊ ဆောင်းပါးမှ ]

ဂါမဏိ ● ညောင်နှစ်ပင်တန်းစီ၊ မရ ... လုံးဝ

$
0
0
ဂါမဏိ ● ညောင်နှစ်ပင်တန်းစီ၊ မရ ... လုံးဝ
၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် ( ၁ ၉ )
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆

ညောင်နှစ်ပင်ညီလာခံကို “ငြိမ်းချမ်းရေး” အဖွဲ့ (၂၈) ဖွဲ့ တက်ရောက်တယ်လို့ နအဖကဆိုပါတယ်။ ဒီထဲမှာ ငြိမ်းချမ်းရေး (၁၇) ဖွဲ့လို့ နအဖက တရားဝင်ထုတ်ပြန်ထားတဲ့စာရင်းက အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) ဖုံကျားရှင်း ခေါင်းဆောင် ကိုးကန့်အဖွဲ့- မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ MNDA/ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA - ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၁)-ယခင် ဗကပ ကိုးကန့်ခရိုင်။

(၂) ပေါက်ယူချန် ခေါင်းဆောင် ဝ အဖွဲ့ - ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(ဝသပ) UWSP/ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSP - ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၂) - ယခင် ဗကပ ဝ ခရိုင်များ။

(၃) ဆေထင်/လွယ်မောင်း ခေါင်းဆောင် ရှမ်း အဖွဲ့ - ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/-ရှမ်းပြည်တပ်မတော် SSA -ရှမ်းပြည် နယ်မြောက်ပိုင်း အထူးဒေသ (၃) - ယခင် မဒတ အဖွဲ့ဝင်။

(၄) လီမင်းရှင် (ခေါ်) စိုင်းလင်း ခေါင်းဆောင် အခါ-ရှမ်းအဖွဲ့ - အမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ (အရှေ့ပိုင်းရှမ်း ပြည် နယ်) NDA(ESS)/အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (အရှေ့ပိုင်း ရှမ်းပြည်နယ်) NDAA(ESS) - ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) - ယခင် ဗကပ ၈၁၅ စစ်ဒေသ။

(၅) ဇခုန်တိန်ယိန်း ခေါင်းဆောင် ကချင်အဖွဲ့ - ဒီမိုကရေစီသစ်ပါတီ-ကချင် NDP-K/ဒီမိုကရေစီသစ်တပ်မတော်-ကချင် NDA-K - ကချင်ပြည်နယ် အထူးဒေသ (၁) - ယခင် ဗကပ ၁၀၁ စစ်ဒေသ။

(၆) မထုနော် ခေါင်းဆောင် ကချင်အဖွဲ့ - ကချင်ဒီမိုကရေစီပါတီ KDP/ကချင်ဒီမိုကရေစီတပ်မတော် KDA - ရှမ်းပြည်နယ် မြောက်ပိုင်း အထူးဒေသ (၅) - ယခင်ကေအိုင်အေ တပ်မဟာ (၄)။

(၇) အောင်ခမ်းထီ ခေါင်းဆောင် ပအိုဝ်းအဖွဲ့ - ပအိုဝ်းအမျိုးသားအဖွဲ့ PNO/ပအိုဝ်းအမျိုးသားတပ်မတော် PNA - ရှမ်းပြည် နယ်တောင်ပိုင်း အထူးဒေသ (၆) - ယခင် ရလလဖမှခွဲထွက်၊ မဒတအဖွဲ့ဝင်။

(၈) အိုက်မုန်း ခေါင်းဆောင် ပလောင်အဖွဲ့-ပလောင်ပြည်လွတ်မြောက်ရေးပါတီ PSLP/ပလောင်ပြည်လွတ်မြောက်ရေး တပ် မတော် PSLA - ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၇) - ယခင် မဒတ အဖွဲ့ဝင်။

(၉) ဌေးကို ခေါင်းဆောင် ကယန်းအဖွဲ့-ကယန်းအမျိုးသားတိုးတက်ဖွံ့ဖြိုးရေးအဖွဲ့/ ကယန်းအမျိုးသားကာကွယ်ရေး တပ် KNG - ကယားပြည်နယ် အထူးဒေသ (၁) - ယခင်ကယန်းပြည်သစ်ပါတီခွဲထွက်။

(၁၀) လမုန်တူးဂျာ ခေါင်းဆောင် ကချင်အဖွဲ့ - ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO/ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA - ကချင်ပြည်နယ် အထူးဒေသ (၂) - ယခင် မဒတ အဖွဲ့ဝင်။

(၁၁) စန္ဒာ ခေါင်းဆောင် ကရင်နီအဖွဲ့ - ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) KNPLF/ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA - ကယားပြည်နယ် အထူးဒေသ (၂) - ယခင် KNPP မှခွဲထွက်။

(၁၂) ရွှေအေး (ငိန်းကယန်းထန်) ခေါင်းဆောင် ကယန်းအဖွဲ့ - ကယန်းပြည်သစ်ပါတီ KNLP/ကယန်းပြည်သစ်တပ်မတော် KNLA - ကယားပြည်နယ် အထူးဒေသ (၃)။
(၁၃) တာကလယ် ခေါင်းဆောင် ပအိုဝ်းအဖွဲ့ - ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) SNPLO/ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် SNPLA - ရှမ်းပြည်နယ်တောင်ပိုင်း အထူးဒေသ (၁၃)။

(၁၄) ပလျားရယ် ခေါင်းဆောင် ကရင်နီအဖွဲ့-ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP/ကရင်နီတပ်မတော် KA - ယခင် မဒတအဖွဲ့ဝင်။

(၁၅) နိုင်ထင် ခေါင်းဆောင် မွန်အဖွဲ့ - မွန်ပြည်သစ်ပါတီ NMSP/မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA -ယခင် မဒတအဖွဲ့ဝင်။

(၁၆) အိုက်ဆာ (ခေါ်) ခွန်ဆာ ခေါင်းဆောင် ရှမ်းအဖွဲ့ - ရှမ်းပြည်မျိုးချစ်ကောင်စီ SSPC/မုံးတိုင်းတပ်မတော် MTA ။

(၁၇) စောထွန်းဦး ခေါင်းဆောင် ရခိုင်အဖွဲ့ - ရခိုင်ပြည်လူမျိုးပေါင်းစုံသွေးစည်းညီညွတ်ရေးပါတီ/ ရခိုင်ပြည်လူမျိုး ပေါင်းစုံ သွေးစည်းညီညွတ်ရေးတပ်မတော် - ယခင် ဗကပ ရခိုင်ပြည်နယ်။

ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့ (၈) ဖွဲ့က စုပေါင်းထုတ်ဝေတဲ့ “ချစ်ကြည်ရေး” ဂျာနယ်က စာရင်းမှာ လုံးဝလက်နက်ချ နှစ်ဖွဲ့ဖြစ်တဲ့ အမ်တီအေနဲ့ ရခိုင် ဗကပတို့ကို (၁၇) ဖွဲ့ထဲကဖယ်ထုတ်ထားပြီး ရှမ်းပြည်အမျိုးသားတပ်မတော် SSNA နဲ့ တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ DKBA ကို ထည့်သွင်းထားတာ တွေ့ရတယ်။ ဒီနှစ်ဖွဲ့ဟာ MTA နဲ့ KNU တို့က ခွဲထွက်လာတာဖြစ်ပြီး မီဒီယာထဲမှာ ငြိမ်းချမ်းရေးယူတဲ့အခမ်းအနား သီးသန့်သတင်းမထည့်ခဲ့ပေမဲ့ ကိုယ်ပိုင်နယ်မြေ၊ ကိုယ် ပိုင်တပ်အင်အား အတော်ကြီးကြီး ဆက်ကိုင်ထားခွင့်ရတယ်။

အခုအခါမှာ SSNA နဲ့ KNPP တို့ဟာ နအဖနဲ့အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပျက်သွားပြီဖြစ်ပေမဲ့လည်း နအဖ ကတော့ ငြိမ်းချမ်းရေးအဖွဲ့များအဖြစ် ဇွတ်အတင်းစာရင်းပြနေဆဲ ဖြစ်ပါတယ်။ SSA နဲ့ SSNA တို့နှစ်ဖွဲ့ပေါင်းပြီး ရှမ်းပြည်ငြိမ်း ချမ်းရေးကောင်စီ SSPC ကို ဖွဲ့စည်းခဲ့ကြပေမဲ့ အခုအခါ SSPC ဥက္ကဋ္ဌ ဗိုလ်ချုပ်ဆေထင်လည်း နအဖရဲ့ဖမ်းဆီးထောင်ချခံရကာ SSNA ကလည်း တောပြန်ခိုသွားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နအဖစစ်အုပ်စုဟာ KNPP ကခွဲထွက်ပြီး အပြီးအပိုင် လက်နက်ချ ထားတဲ့အဖွဲ့လေးတွေ၊ ပြည်သူ့စစ် သို့မဟုတ် သကဆဖတဖြစ်လဲ MTA အဖွဲ့လေးတွေ၊ SSNA ထဲက တောပြန်မခိုဘဲ လုံးဝလက်နက်ချလိုက်တဲ့အဖွဲ့လေးတွေကို ညီလာခံမှာ စာရင်းထည့်ပြပါလိမ့်မယ်။ PSLO ပလောင်အဖွဲ့လည်း “လက်နက်နဲ့ငြိမ်း ချမ်းရေး” အပြီးအပိုင်လဲလိုက်တယ်ဆိုပေမဲ့ ညောင်နှစ်ပင်ညီလာခံကိုတော့ အဖွဲ့နာမယ်နဲ့ တက်ခိုင်းခဲ့သေးတယ်။

(၁၇)  ဖွဲ့ကအပ “အခြားဖိတ်ကြားခံရသူ” စာရင်းဝင် တခြား “ငြိမ်းချမ်းရေး” အဖွဲ့တွေကတော့ မိခင်တိုင်းရင်းသားအဖွဲ့များကနေ ခွဲထွက်ကာ စစ်အစိုးရထံ ခြွင်းချက်မရှိလက်နက်ချထားသူတွေဖြစ်ပြီး တချို့က သကဆဖ၊ တချို့က ပြည်သူ့စစ်အဖြစ် ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်လက်နက်နဲ့ “စီးပွားရေးအခွင့်ထူးများ” ရရှိထားကြတယ်။ လက်နက်ကိုတော့ အရေအတွက် အမျိုးအစား အကန့်အသတ်နဲ့သာ ကိုင်ရတယ်ဆိုပေမဲ့ တင်းတင်းကြပ်ကြပ်ကြီး သတ်မှတ်ထားတာတော့ မဟုတ်ပါ။ အဲဒီ အဖွဲ့တွေကတော့ —

(၁) လီးရယ် ခေါင်းဆောင် ကရင်နီအမျိုးသားဒီမိုကရေစီပါတီ (နဂါးအဖွဲ့)KNPP ခွဲထွက် -ကယားပြည်နယ်

(၂) ခူးရီ ခေါင်းဆောင် ကရင်နီအမျိုးးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကယောငြိမ်းချမ်းရေးအဖွဲ့) KNPP ခွဲထွက် - ဟိုယာဒေသ (ကယားပြည်နယ်)

(၃) စောကာရီထူး ခေါင်းဆောင် ကရင်နီအမျိုးးသားစည်းလုံးညီညွတ်ရေးအဖွဲ့ကမစည (ကြယ်ဖြူအဖွဲ့) KNPP ခွဲထွက် - ခဲမဖြူ-မော်ချီး (ကယားပြည်နယ်)

(၄) စောသမူဟဲ ခေါင်းဆောင် ဟောင်သရောအထူးဒေသ KNU ခွဲထွက် - အဇင်း-ကျိုက်ဒုံ (ကရင်ပြည်နယ်)
(၅) ဖဒိုအောင်ဆန်း ခေါင်းဆောင် ဘုရားကုန်းအထူးဒေသ KNU ခွဲထွက် - ဘုရားကုန်း-ဖါးအံ (ကရင်ပြည်နယ်)

(၆) မဟာဂျာ ခေါင်းဆောင် ဟိုမိန်းအထူးဒေသ သက်သာချောင်ချိရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ MTA အဖွဲ့ခွဲ - ဟိုမိန်း (ရှမ်းပြည်နယ်တောင်ပိုင်း)

(၇) ခွန်းမိန်း ခေါင်းဆောင် ရွှေပြည်အေးအထူးဒေသ MTA အဖွဲ့ခွဲ- ကသည်းကွင်း-ဖယ်ခုံ (ရှမ်းပြည်နယ်တောင်ပိုင်း)

(၈) ဘိုမွန်း ခေါင်းဆောင် မန်ပန်ပြည်သူ့စစ် MTA အဖွဲ့ခွဲ -မန်ပန်-နောင်လိုင် (ရှမ်းပြည်နယ်မြောက်ပိုင်း)

(၉) အောင်သိုက်ဟင်း ခေါင်းဆောင် မြိတ်ဒေသမွန်တပ်မတော် (မွန်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့) NMSP ခွဲထွက် - ချောင်ချိ-ဘုတ်ပြင်း (တနင်္သာရီတိုင်း)

(၁၀) နိုင်စိုက်ချန်း ခေါင်းဆောင် မွန်ခွဲထွက်အဖွဲ့ NMSP ခွဲထွက် -သံကျွန်း-ကော့သောင်း (တနင်္သာရီတိုင်း)

(၁၁) သန်းရွှေ ခေါင်းဆောင် ရခိုင်ပြည်တပ်မတော် NUPA ခွဲထွက်- ကျောက်တော် (ရခိုင်ပြည်နယ်)

၁၉၉၆ ခုနှစ်ဆန်းမှာ အိုက်ဆာ ခေါ် ချန်ချီဖူး ခေါ် ခွန်ဆာ ခေါင်းဆောင်တဲ့ MTA အဖွဲ့ဟာ နအဖစစ်အစိုးရထံ “အကြွင်းမဲ့ လက်နက်ချ” တယ်လို့ကြေညာပြီးနောက် နအဖက MTA ကို အထူးဒေသတွေ ပြန်လည်ဖွဲ့စည်းနေရာချပေးခဲ့တယ်။ လက် နက်တွေကိုလည်း အကန့်အသတ်နဲ့ ပြန်လည်တပ်ဆင်ပေးပြီး သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့ (သကဆဖ) သို့မဟုတ် ပြည်သူ့စစ်အဖွဲ့တွေအဖြစ် ဒေသခံနအဖတပ်များရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာထားတယ်။ “စီးပွားရေးလုပ်ငန်း” အားလုံး ကို သက်ဆိုင်ရာနအဖတပ်မှူး-တိုင်းမှူးတွေနဲ့ ပူးပေါင်းလုပ်ကိုင်ကြတယ်။ လက်နက်အရေအတွက် ကန့်သတ်ထားတယ်ဆိုပေမဲ့ တရားမဝင်လက်နက်အရောင်းအဝယ်လုပ်ငန်းတွေကို ဗြောင်နီးနီးလုပ်နေကြတယ်။ နအဖအာဏာကို မထိပါးသရွေ့ လုပ်ချင် တာလုပ်ခွင့်ရတဲ့သဘောပါပဲ။ MTA အထူးဒေသတွေကတော့ —

(၁) မဟာဂျာ ခေါင်းဆောင် ဟိုမိန်းအထူးဒေသ (ရှမ်းပြည်နယ်တောင်ပိုင်း)
(၂) ဆံမွန်း ခေါင်းဆောင် မုန်းထော်-မုန်းထအထူးဒေသ (ရှမ်းပြည်နယ်အရှေ့ပိုင်း)
(၃) ဘိုမွန်း ခေါင်းဆောင် မန်ပန်-နောင်လိုင်အထူးဒေသ (ရှမ်းပြည်နယ်မြောက်ပိုင်း)
(၄) လောမား ခေါင်းဆောင် မုန်းဟင်-မုန်းဟအထူးဒေသ (ရှမ်းပြည်နယ်မြောက်ပိုင်း)
(၅) ခွန်းမိန်း ခေါင်းဆောင် ရွှေပြည်အေးအထူးဒေသ (ရှမ်းပြည်နယ်တောင်ပိုင်း)
(၆) လီချန် ခေါင်းဆောင် နားရိုင်းအထူးဒေသ (ရှမ်းပြည်နယ်တောင်ပိုင်း)
(၇) လင်းဆိုင် ခေါင်းဆောင် မတ်ကျန်း အထူးဒေသ (ရှမ်းပြည်နယ်တောင်ပိုင်း)
(၈) ယိရှေး ခေါင်းဆောင် လွယ်တော်ခမ်းအထူးဒေသ (ရှမ်းပြည်နယ်အရှေ့ပိုင်း)
(၉) နော်ခမ်း ခေါင်းဆောင် ဟောင်လွတ်အထူးဒေသ (ရှမ်းပြည်နယ်အရှေ့ပိုင်း)

ဒီ ၉ ဖွဲ့စလုံး ညောင်နှစ်ပင် တက်ရတာမဟုတ်ဘဲ ၃ ဖွဲ့ဘဲ တက်ရပါတယ်။

ထူးခြားတာက နားရိုင်းအထူးဒေသခေါင်းဆောင် လီချန် နဲ့သူ့တပ်ဖွဲ့တွေဟာ ခွန်ဆာလက်အောက်ခံ MTA ကမဟုတ်ဘဲ တာ ကလယ်လက်အောက်ခံ ရလလဖအဖွဲ့ကဖြစ်နေတာပါပဲ။ ရလလဖအဖွဲ့ အပစ်အခတ်ရပ်စဲရေးလုပ်တာ (၃) နှစ်အကြာ မှာမှ မူးယစ်ဆေးလုပ်ငန်း အဝေမတည့်ရာက ခွဲထွက်ပြီး နအဖဆီ လက်နက်ချလိုက်တာဖြစ်တယ်။ ဒါပေမဲ့ နအဖက သူ တို့ကို MTA အကြွင်းအကျန်တွေလို့ သတ်မှတ်ပေးပြီး “အထူးဒေသ” တခုဖန်တီးပေးလိုက်တယ်။

ညောင်နှစ်ပင်ညီလာခံမှာ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေက တိုင်းရင်းသားတန်းတူအခွင့်အရေးအတွက် အဆိုပြုချက်တွေ တင်ခဲ့ကြတယ်။ SSA, KDA, PSLO, NDA-K, KIO, KNG, ကလလတ၊ ရလလဖ၊ ကယန်းပြည်သစ်ပါတီ၊ ကယောငြိမ်းချမ်းရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ မွန်ခွဲထွက်အဖွဲ့ (ချောင်ချိဒေသ) နဲ့ SSNA အဖွဲ့ (၁၃) ဖွဲ့က တိုင်းရင်းသား ပြည်နယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေအတွက် သီးခြားဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြဋ္ဌာန်းခွင့်ပေးဖို့၊ ထပ်တူဥပဒေပြုခွင့်၊ ကြွင်းကျန်ဥပဒေပြုခွင့်တွေပေးဖို့၊ ပြည်နယ်နဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေအတွက် သီးသန့်လုံခြုံရေး တပ် ဒါမှမဟုတ် အထူးရဲတပ်ဖွဲ့ ထားခွင့်ပေးဖို့၊ အခြေခံဥပဒေထဲမှာ တိုင်းရင်းသားကဏ္ဍ ဆိုပြီး ကဏ္ဍတခု သီးသန့်ထားဖို့၊ လူမျိုးစုရေးရာတွေနဲ့ပတ်သက်လာရင် ပြည်နယ် (သို့) ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကသာ လုံးဝအပြည့်အဝအာဏာပိုင်ဖို့၊ တိုင်းရင်းသားဘာသာစကားကို သက်ဆိုင်ရာပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရဲ့ ရုံးသုံးဘာသာစကားအဖြစ်ပြဋ္ဌာန်းဖို့၊ တိုင်းရင်းသားဓလေ့ထုံးတမ်းဥပဒေတွေကို ပြည်နယ်-ဒေသဥပဒေအဖြစ် ပြဋ္ဌာန်းဖို့တွေကို အဓိကတောင်း ဆိုကြ တယ်။

ဝ၊ ကိုးကန့် နဲ့ ရှမ်း-အခါအထူးဒေသ(၄) သုံးဖွဲ့ကတော့ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရဲ့ လုံခြုံရေးတပ်ထား ခွင့်ရဖို့၊ တိုင်းရင်းသား ဘာသာ စကားနဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းဥပဒေကို ပြဋ္ဌာန်းခွင့်ရဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကို နီးစပ်ရာပြည်နယ်အောက်မှာမထားဘဲ ပြည်ထောင်စုဗဟိုရဲ့ လက်အောက်မှာထားဖို့၊ ရှမ်းပြည်နယ်ရဲ့ သံလွင်အရှေ့ခြမ်း တခုလုံးကို သီးခြားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ်သတ်မှတ်ဖို့၊ ကျွန်းသစ်ကို ပုဂ္ဂလိက ပိုင်ပြဋ္ဌာန်းပေးဖို့တွေ တောင်းဆိုခဲ့ တယ်။ (၁၃ ဖွဲ့ကတော့ ကျွန်းကလွဲလို့ ကျန်သစ်မာအားလုံးကို ပုဂ္ဂလိကပိုင်အဖြစ်ပြဋ္ဌာန်းပေးဖို့ တောင်းဆိုခဲ့တယ်။)

ဒါ့အပြင် တခြားစီးပွားရေးတောင်းဆိုချက်တွေလည်း တောင်းဆိုခဲ့ကြတယ်။ အလတ်စားစက်မှုလုပ်ငန်းတွေနဲ့ အလတ်စား ရေအားလျှပ်စစ်လုပ်ငန်း လုပ်ကိုင်ခွင့်၊ ပြည်နယ်-ဒေသတွင်း ကုန်း-ရေ ယဉ်လိုင်းပြေးဆွဲခွင့်၊ နယ်စပ်ကုန်သွယ်ရေးနဲ့ နယ်စပ်စီမံခန့်ခွဲရေးကို အပြည့်အဝချုပ်ကိုင်ခွင့်၊ ကျောက်မျက် ရတနာလုပ်ငန်း၊ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ပြည်နယ်-ဒေသ တွင်း ရာထူးခန့်ခွင့်၊ အခွန်အကောက်နဲ့ဘဏ်လုပ်ငန်းလုပ်ခွင့်၊ ပြန်ကြားရေးနဲ့ ဆက်သွယ်ရေး လုပ်ငန်းလုပ်ခွင့် အစရှိတာ မျိုးတွေဖြစ်တယ်။ ဒါတွေကို ဗဟိုအစိုးရ၀န်ကြီးဌာနခွင့်ပြုချက်နဲ့ လုပ်ခွင့်ပေးတာမျိုးမဟုတ်ဘဲ လူမျိုးစုပြည်နယ်-ဒေသရဲ့ တရားဝင် ရပိုင်ခွင့်အဖြစ် အခြေခံဥပဒေမှာထည့် ပြဋ္ဌာန်းပေးဖို့တောင်းဆိုတာဖြစ်တယ်။

PNO, DKBA နဲ့ လုံးဝလက်နက်ချခွဲထွက်အဖွဲ့လေးတွေ ပေါင်း (၁၂) ဖွဲ့ကတော့ နအဖရဲ့ အခြေခံမူ (၁၀၄) ချက်ဆိုတာကို လုံးဝသဘောတူ ထောက်ခံထားပြီး ဘာအမျိုးသားအခွင့်အရေးတခုကိုမှ မတောင်းဆိုခဲ့ကြပါဘူး။ ဒီနေရာမှာ MTA သုံးဖွဲ့ ကတော့ တခြားလက်နက်ချတွေထက်သာသွားတာက လူမျိုးစုဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းဥပဒေတွေကို ဥပဒေပြဋ္ဌာန်းပေးဖို့ တင်ပြတာဖြစ်ပါတယ်။ နောက်ထူးခြားမှုတခုကတော့ ငြိမ်းအဖွဲ့တွေ အားလုံးအပြင် တခြားသူတွေ၊ တခြားအစုတွေကပါ “နျူကလီးယားရေးရာ” တွေကို ကာကွယ်ရေးနဲ့လုံခြုံရေးခေါင်းစဉ်အောက်မှာမထားဘဲ စွမ်းအင်၊ လျှပ်စစ်၊ သို့မဟုတ် သတ္တုကဏ္ဍအောက်မှာထားဖို့ ပြောခြင်းဖြစ်ပါတယ်။

ငြိမ်းအဖွဲ့တွေဟာ အမျိုးသားနိုင်ငံရေးမှာ စစ်တပ်ကဦးဆောင်ရေး၊ အဆင့်ဆင့်လွှတ်တော်တွေမှာ စစ်တပ် အစိတ်သားပါခွင့်၊ သမတဟာ စစ်အတွေ့ အကြုံရှိသူဖြစ်ရေး၊ ကာကွယ်ရေးဦးစီးချုပ်က အချိန်မရွေး အရေးပေါ်အခြေအနေကြေညာ မာရှယ် လောထုတ်ခွင့်အပြင် ပြည်နယ် (၇) ပြည်နယ်နဲ့ တိုင်း (၇) တိုင်း အဆင့်အတန်းတူတဲ့ကိစ္စတွေကိုတော့ မတို့မထိဘဲ အထက်မှာပြောခဲ့တဲ့အခွင့်အရေးတွေကိုသာ တောင်းဆိုတာဖြစ်ပါတယ်။

နအဖကခေါင်းခေါက်ရွေးထားတဲ့ လယ်သမားကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်၊ တိုင်းရင်းသားကိုယ်စားလှယ်စတာတွေကတောင် အဓမ္မ လုပ်အားပေးကိစ္စတွေ၊ အဓမ္မငွေကောက်တဲ့ကိစ္စတွေကို ပိတ်ပင်တဲ့အခြေခံမူချဖို့တင်ကြသေးတယ်။

ဒါပေမဲ့ နအဖကတော့ မရ … လုံးဝပါပဲ။ သူချထားတဲ့ (၁၀၄) ချက်ကို နည်းနည်းလေးတောင် အပြင်မခံပါဘူး။ အမျိုးသား ညီလာခံဆိုပြီး သူရေးထားတဲ့ (၁၀၄) ချက်ကိုသာ ခေါင်းညိတ်လက်မှတ်ထိုးခိုင်းတဲ့ပွဲဖြစ်နေပါတယ်။ အင်မတန်သေးဖွဲတဲ့ စီးပွားရေးအခွင့်အရေးလေးတောင် အခြေခံဥပဒေမှာ ပြဋ္ဌာန်းပေးဖို့ သဘောထားမရှိဘူး ဆိုမှဖြင့် ဒီကနေ့ ဗမာပြည်နိုင်ငံရေးမှာ ခေါင်းမာနေတာ ဘယ်သူလဲ ငြင်းချင်ကြပါသေးလား။

ဂါမဏိ (၂၀၀၆)

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) ● (၅၄) မှာ ဆုံကြပြန်ပြီပေါ့ (သို့) သမိုင်းတစ္ဆေရဲ့အရိပ်မည်း

$
0
0

မောင်မောင်လတ် (ရွှေအင်းလေးစာပေ)● (၅၄) မှာ ဆုံကြပြန်ပြီပေါ့ (သို့) သမိုင်းတစ္ဆေရဲ့အရိပ်မည်း
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆

မူလအစ ပထမဦးဆုံးတွေ့ဆုံခဲ့တဲ့ မြင်တွေ့ခဲ့တဲ့ ဓာတ်ပုံတပုံကိုတော့ မမေ့လောက်ကောင်းပါရဲ့။ သတိရကောင်းပါရဲ့။ ရာသီဥတုက အုံ့မှိုင်းမှိုင်း ထိုင်းထိုင်း လေးလေးပင်ပင်၊ မိုးမရွာ လေမတိုက် တိမ်တိုက်တွေ မရွှေ့မလျားနဲ့ နိုင်ငံရေးအခင်း အကျင်းက အီလယ်လယ် ဝေ့လည်နေတဲ့အခိုက်အတန့် ဘွားကနဲ ပေါ်လာတဲ့ ဓာတ်ပုံလေးတပုံက အစပထမ နိဒါန်းလေးပါ။

အာမေဋိတ်သံတွေ ပဲ့တင်သံထပ်ရင် ပြည်သူအပေါင်း မှင်သက်ဆွံ့အသွားစေရတာက ဗိုလ်ချုပ်ပုံကိုနောက်ခံထား တည် ကြည် တဲ့အပြုံးနဲ့ နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်နေတဲ့ သမိုင်းဝင်ဓာတ်ပုံလေး တပုံပေါ့။

ပြည်သူအပေါင်း ရှော့ဖြစ်စေခဲ့တဲ့ မူးမိုက်လဲပြိုလုမတတ်ဖြစ်စေခဲ့တဲ့ အဲဒီသမိုင်းဆူနာမီရေလှိုင်းကြီး မြန်မာပြည်တလွှားစပြီး လွှမ်းခြုံတိုက်စားခဲ့လိုက်ပုံက ရေလှိုင်းလုံးကြီး တလုံးပြီးတလုံး မရပ်မနားတိုက်စားခဲ့တော့ ပြည်သူအဖို့ သမိုင်းရေစီးကြောင်း ထဲ နစ်ချီ ပေါ်ချီနဲ့ အမောတကောပါပဲ။

သမိုင်းဝင် ဒုတိယမြောက် သောင်ပြိုကမ်းပြိုအနိုင်ရတဲ့အဖြစ်တွေပြီးတဲ့နောက် လွှတ်တော်အ၀င် သမိုင်းဝင်ခြေလှမ်း ဗိုလ်စိန် မှန်ကွင်းထဲက ၄၂၆ ပြင်ဆင်ရေးသမိုင်းဝင်မိန့်ခွန်း အစစရှိ သမိုင်းဝင် ဆူနာမီရေစီးကြောင်းက ဖြစ်ရပ်တွေကို တဖြတ်ပြီး တဖြတ် ကျော်လွှား၊ နိုင်ငံရေးအခင်းအကျင်းတွေကို တနေ့တမျိုး၊ ခြေအနေတွေ တနှစ်တဖုံ၊ ရင်ဆိုင်ရင် ဒီနှစ် အာဇာနည်နေ့ အထိမ်းအမှတ် (၅၄) မှာ အတူတကွတွေ့ဆုံခြင်းဟာ သမိုင်းတွေရဲ့ နိဂုံးလေလား။ အပြီးသတ်နောက်ဆုံး သမိုင်းဝင်တွေ့ ဆုံခြင်းလား။

ပြောလက်စ ရေးလက်စနဲ့ ဆက်ရရင်ဖြင့်တာ့ အဲဒီလို သမိုင်းနဲ့ချီပြီး တင်စားသမုတ်ခဲ့တဲ့ သမိုင်းဝင်ခြေလှမ်း၊ သမိုင်းဝင်မိန့်ခွန်း၊ သမိုင်းစာမျက်နှာသစ်၊ သမိုင်းဝင်ညီလာခံ၊ အစစဖြစ်ပျက်ခဲ့သမျှတွေရဲ့အဖြေက ဆန့်ကျင်ဖက်လားရာဖက်ကို ဦးတည်သွား စမြဲမို့ ပြည်သူအဖို့ သမိုင်းရဲ့အရိပ်အောက် အကြောင်ကြီးကြောက်နေရသလို ...။

ကြံကြံဖန်ဖန် (၂၅) နှစ်အရွယ် လူငယ်တယောက်ရဲ့ စွန့်စွန့်စားစား ရဲရဲဝံ့ဝံ့ကြီးဖြတ်ကျော်ခဲ့တယ်ဆိုတဲ့ သမိုင်းဝင်ညကြီးတုန်း ကလည်း ပြည်သူ့အဖို့ မျှော်တလင့်လင့် ဆုတောင်းရင်း နက်ဖြန်မနက်အလင်းမှာ စိန်နားကပ်ပဲ ပန်ရတော့မလိုလို၊ နောက် ဆုံးတော့ ဒုံရင်း ဒုံရင်း ...။

အဲဒီဖြစ်စဉ်နောက်ပိုင်း အသစ်သစ်ပေါ်ပေါက်လာတဲ့ သမိုင်းဝင်ပါတယ်လို့ဆိုတဲ့ အဖြစ်အပျက်တိုင်း ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပျက်သုဉ်းချုပ်ငြိမ်းသေဆုံးခဲ့ရလို့ မြန်မာပြည်အဖို့ သမိုင်းတစ္ဆေဆိုတဲ့ အရိပ်မည်းကြီးအောက် စမ်းတ၀ါးဝါး ကမ်းမမြင် လမ်းမမြင် ...။

ဆိုတော့လေ ... အဲဒီနေ့ အာဇာနည်နေ့မနက်ပိုင်း အိမ်အမှတ် (၅၄) မှာ အတူတကွ စုပေါင်းတွေ့ဆုံခြင်း အတိတ်နိမိတ်ဟာ စစ်မှန်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အစနိဒါန်း၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသစ်အတွက် အစပထမခြေလှမ်းလို့ပဲ ခေါ်ဝေါ်သတ်မှတ်လိုက်ပါရဲ့ ...။

မောင်မောင်လတ် (ရွှေအင်းလေးစာပေ)

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - Get wind of

$
0
0

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - Get wind of
(Academic Weekly Journal, Yangon) မိုးမခ၊ ဇူလိုင် ၂၃၊ ၂၀၁၆
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>