Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

မင်းကိုနိုင် ● ချစ်တယ်, မုန်းတယ် ဆိုရာဝယ်

$
0
0

မင်းကိုနိုင် ● ချစ်တယ်, မုန်းတယ် ဆိုရာဝယ်
(မိုးမခ) သြဂတ်စ် ၃၊ ၂၀၁၆

ကိုမင်းကိုနိုင်၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

“အဘိုးမှတ်မိသလောက်တော့ ဒါဟာ ဟိုတုန်းက ဗဟိုပုံနှိပ်တိုက်ပဲကွ။ အစိုးရ သတင်းစာတွေ ဒီမှာပဲရိုက်တာ ထင်တယ်။”

အသက် (၉၀)အရွယ် အဘိုးအို၏ စကားကို လူရွယ်တစ်ဦးက “အခုလည်း ပြန်ကြားရေးအောက်မှာပဲလေ။ ပုံနှိပ်ရေးနဲ့ ထုတ ဝေရေးပဲ။ ဒီကြားထဲ ဘာများပြောင်း တာရှိခဲ့လို့လဲ” ဟု မေးသည်။

“တရားဝင်တော့မသိဘူး၊ ရွှေဝါရောင်ကာလတုန်းကတော့ သိတဲ့အတိုင်းပဲ ဟိုအဖွဲ့တွေ ဒီမှာရုံးထိုင်သတင်း ယူကြ၊ ဝင်ထွက် ကြ ခြေရှုပ်နေတာ။ အဲဒီတုန်းကများ ... ပြောရင်းနဲ့ ကျောချမ်းလာတယ်” ဟု လူလတ်တစ်ဦးက စကားသံတိုးတိုးဖြင့် ပြော သည်။

သာမန်အချိန်များ၌ လူတွေအမှတ်တမဲ့ ကျော်သွားတတ်သည့် ထိုနေရာ၊ ရန်ကုန်မြို့လယ် တွင်ရှိပါလျက် မည်သည့်ရုံးမှန်း ဌာနမှန်းတောင်မသိခဲ့ကြသည့် ထိုအဆောက်အအုံ၊ ယနေ့တော့ အရောင်စုံ၊ အသွေးစုံ၊ အရွယ်စုံကားတွေ အလုအယက် ရပ်ရန်နေရာရှာကြ၊ လူတွေခြေလှမ်းသွက်သွက် ဝင်လာကြ။

နိုင်ငံရေး စာပေစာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ်ဈေးရောင်းပွဲဟူသည့် ဆိုင်းဘုတ်ချိတ်ဆွဲရာ အုတ်တိုက်နီ အဆောက်အအုံ သည် ကိုလိုနီခေတ် လက်ရာမှန်း ထင်ရှားစွ။ အဝေးမှကြည့်လျှင် လမ်းတစ်ဖက်ရှိ အတွင်းဝန် ရုံးဟောင်းနှင့် ယှဉ်တွဲလျက် ညီအစ်ကိုနှစ်ဦး ရပ်နေသလို။

“ဆက်ပြောဦးလေ၊ ဘာလို့ စကားသံတိုးသွားရတာလဲ။ ဒီခေတ်ကြီးမှာ ဘာကိုကြောက်နေသေးတာလဲ” ဟုလူငယ်က မချင့် မရဲ မေးသည်။

“အင်းစိန်ဂျီတီအိုင်ကျောင်းကြီးကိုလည်း သတိရလိုက်တာ။ ဘာတွေတူနေလဲ သိလား။ ကိုလိုနီခေတ် အဆောက်အအုံ အုတ်တိုက်နီကြီး ဖြစ်တာရော၊ ရွှေဝါရောင်တုန်းက ဘုန်းကြီးတွေ၊ ပြည်သူတွေကို အကုန်သိမ်း ကျုံးဆွဲခေါ်လာ။ ပိတ်လှောင် ထားပြီးတော့ စစ်ကြောရေးတောင် ဝင်သေးတယ်”ဟု လူလတ်ပိုင်းက ပြောသည်။

အဘိုးအိုက ကားလမ်းကူးလျက် အဆောက်အအုံထဲမဝင်ခင် “ဒါဆိုရင် ဟယ်ပင်လမ်းက ဒီလိုအဆောက်အအုံ နီနီထဲ ကျွန်းဆွယ်အရေးအခင်းတုန်းက ကျောင်းသားတွေကို မျက်နှာအဝတ်စည်းပြီးခေါ်လာ။ တစ်သက်မမေ့နိုင်အောင် ပြုစုလိုက် ခဲ့ကြပုံများ ၁၉၆၉ ဝန်းကျင်က တက္ကသိုလ်တက်ခဲ့တဲ့ ကျောင်းသားတွေ မေးလိုက်ပါဦး”ဟု စကားဆက်ပေးသည်။

လူငယ်ကလေးကတော့ ရန်ကုန်မြို့ရှိ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံ နီနီများစွာထဲက အတွင်းဝန်ရုံးကြီးကို မြင် သည်နှင့် “ပင်နီတိုက်ပုံများ ဝိုင်းထားခဲ့ရာ တဖြောင်းဖြောင်းနှင့် မြင်းခွာသံ နံပါတ်တုတ်များဝင်လာပုံ၊ ပြီးတော့ အတွင်းထဲ လှမ်းမျှော်ကြည့်ပြန်တော့ သေနတ်သံယမ်းခိုးများကြား လဲကျသွားသည့် အာဇာနည်တွေ၊ သမိုင်းကို ကိုယ်စီပြောပြနေကြ ပါလား” ဟု တစ်ကိုယ်ရေ တွေးလိုက်သည်။



အဆောက်အအုံဝင်းထဲကို ဝင်မိသည်နှင့် ကိုယ်လိုစာချစ်သူတွေ၊ နိုင်ငံရေးစာပေ ရှာဖွေဖတ်ချင်သူတွေ၊ စာတမ်းဖတ်ပွဲ နားထောင်ချင်သူတွေ ပန်းခင်းထဲရောက်နေတဲ့ လိပ်ပြာ၊ ပျားပိတုန်းတွေလို၊ ပထမထပ်၊ ဒုတိယထပ်၊ ကော် ရီဒါတွေမှာ မျက်နှာသိတွေ လှမ်းမြင်ရ၊ လက်ပြနှုတ်ဆက်ကြ။ တော်ကြာ ထောင့် ချိုးကွေ့တွေမှာ မိတ်ဆွေသူငယ်ချင်းကို လှမ်းမြင်လို့ ဝမ်းပန်းတသာ နှုတ်ဆက်ဖို့ အသွား လမ်းကစာအုပ်ဆိုင်တွေရဲ့ ဖမ်းစားညှို့ယူခြင်းကို ခံလိုက်ရပြီး လိုရင်းမေ့သွား။ သတိရလို့ တွေ့ချင်လှတဲ့ မိတ်ဆွေကို ပြန်ရှာမိပြန်တော့ ဟိုကလည်း သူ့လို စာအုပ်ပုံထဲ ခေါင်းထိုးနေ။ မထင်မှတ်ဘဲ ကျောဘက်က တစ်ယောက်က ပခုံးကိုပုတ်၊ စာအုပ်တစ်ပွေ့ တစ်ပိုက်နဲ့ဆိုတော့ မိတ်ဆွေချင်းလက်ဆွဲနှုတ်ဆက်လို့ မရကြ။ သူပွေ့လာတဲ့ စာအုပ်အထပ်၊ ကိုယ်ချီလာတဲ့ စာအုပ်အပုံခေါင်းစဉ်တွေ အလုအယက်ဖတ်။ “ခင်ဗျားဒါကို ဘယ်ဆိုင်ကရသလဲ အလုအယက်မေး။ သမီးသားရေး၊ စီးပွားရေးနဲ့ ရည်းစားရေးတောင် ဖလှယ်ဖို့မေ့။ သူတော်ချင်း သတင်းလွေ့လွေ့များ ပင်တည်း။

စာတမ်းဖတ်ပွဲမှာ တမေ့တမောမျော ပါပြီး ပြန်ထွက်လာမှ သက်ကြီး၊ သက်လတ်၊ သက်ငယ်တစ်စု စကားစပြန်ဆက်ဖို့ ကြိုးစားသည်။

“ကိုလိုနီခေတ် အဆောက်အအုံတွေရဲ့ ဖြတ်သန်းမှုခေါ်မလား၊ အဲဒါကိုပဲ စာတမ်းတစ်စောင်ရေးသူရှိရင် ဖတ်ချင် နားထောင် ချင်လိုက်တာ” ဟု အငယ်ဆုံးလူ ကတောင့်တသည်။

အဘိုးအိုက “ကိုယ်မီတဲ့ခေတ် ကိုယ်သိသလောက် ဝိုင်းစုကြရင် ရမယ်ထင်တယ်” ဟု မှန်းဆသည်။

“ငါတို့အတွက်ဂုဏ်ယူစရာ ဘာတွေ ပြန်ပြောနိုင်သလဲ။ နာကျင်စရာ ဘာတွေ ရှိခဲ့လဲ။ အဲဒီနားရောက်ရင် မျက်စိတောင် စွေမကြည့်ရဲဘဲ ကျောကော့ပြီး ခပ်သုတ်သုတ် လစ်ရတဲ့ နေရာတွေလည်းရှိခဲ့တာပဲ” ဟု လူလတ်က မှတ်ချက်ပြုသည်။

“ဒါပေမယ့် ဘေးက စိတ်ချရတဲ့လူပါရင်တော့ လက်ကုတ်ပြီး တိုးတိုးပြောချင်တာပဲ မဟုတ်လား” ဟု မေးသည်။

သိမ်ဖြူလမ်းဝင်ပေါက်မှ အဖြူ၊အစိမ်းများ ဝေါခနဲဝင်ချလာသည်။ အလယ်တန်း၊ အထက်တန်းကျောင်းသားတွေကို ဆရာမ များဦးဆောင်ခေါ်လာ၊ ကျောင်း သားတွေမှာလည်း စပ်စုချင်စရာများစွာ ကြုံနေသည့် အဝန်းအဝိုင်းထဲ စိတ်အားထက်သန် ခြေလှမ်းတွေနှင့်။

“မနေ့တစ်နေ့က ခေတ်ဆိုရင်ကွာ..။ နိုင်ငံရေးဆိုတဲ့ ဝေါဟာရ ပွိုင့်သေးသေးလေးနဲ့ ရိုက်ထားတဲ့ စာမြင်ရင်တောင် အထိတ် တလန့် လွှတ်ချပြီး ရှောင်ကွင်းသွားကြတာ။

အခုကြည့်စမ်း..လမ်းထောင့်မှာ ဆန်ကောလောက်ကြီးတဲ့ စာလုံးကြီးတွေနဲ့ နိုင်ငံရေးစာပေဆိုတဲ့ ဆိုင်းဘုတ်ကြီးအောက် တသောသော ဝင်လာကြတာ ငါဖြင့်စိတ်ထဲ..” ဟု ဆိုကာ အဘိုးအိုက စကားမဆက်နိုင်ရှာ၊ သူ့လက်က တုတ်ကောက်ကို အားပြု၍ ခြေလှမ်းကိုသာ ဆက်လျှောက်လာ၏။ အဘိုးအို အတွက်ကတော့ အပြန်လမ်း၊ မျိုးဆက်သစ်များအတွက်ကား အဝင်လမ်း၊ လူငယ်၊ လူလတ်များ အတွက်တော့ မပြန်နိုင်သေး၊ ရှိနေသေး၊ လျှောက်နေသေးသည့် လမ်း။

အဆောက်အအုံတွင် ဆေးသုတ်ထားကြောင်း မထိမိအောင်၊ မတိုက်မိအောင် သတိပေးထားသည့်စာကို မြင်သည့် အချိန် တွင် ကိုယ်စီအဝတ်များတွင် ဆေးနီမှုန့်များ ပေကျံပြီးနှင့်ကြပြီ။ အမျိုးသားများ အင်္ကျီအဖြူများ ဖြစ်သည့်အလျောက် ထင်းခနဲ ပေစွန်းကုန်ကြသည်။ “ဟေ့လူ ခင်ဗျားကျောမှာပေကုန်ပြီ” ဟု သတိပေး သူကိုယ်တိုင်ရဲ့ အင်္ကျီလက်တွေမှာလည်း စွန်း ထင်းနီရဲလျက်။

အဝတ်အစားသစ်များ၌ ညစ်ပေသွားခြင်းအပေါ် စိတ်ထဲ စနိုးစနောင့်ဖြစ်မိကြသော်လည်း ခေတ္တမျှသာ။ ခါတော်မီဆေးနီ မှုန့်များ ကိုယ်စီပေကျံလျက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အရယ်အမော မပျက်ကြ၊ တစ်စုံတစ်ရာအပေါ် ကျေနပ်သလိုတောင် မျက်နှာတွေမှာ တွေ့နေရသေး။

“တချို့ အခမ်းအနားတွေဆိုရင်ဗျာ တက်ရောက်ကြောင်း သင်္ကေတ စတစ်ကာလေးတွေ ကပ်ပေးပါရောလား။ ကိုယ်တက်ခဲ့ တဲ့ပွဲက ဂုဏ်ယူစရာဆိုရင် အဲဒီစတစ်ကာလေး အပြင်ရောက်တောင် မခွာချင်သေးဘူးလေ။ အခုလည်း ဒီလိုပေါ့” ဟု တစ်ဦးက လက်မောင်းမှဆေးနီများကို ပြရင်းပြောရာ ကျန်သူများက ကျေနပ်စွာ ရယ်လိုက်ကြသည်။

အဝတ်အစားကောင်းတွေပေါ်မှာ စွန်းထင်းပေကျံသွားတာ စိတ်ငြိုငြင်ရမယ့်အစား အရယ်အပြုံးမပျက် ပြန်ထွက် လာကြတာ ဘာကြောင့်လဲဟု မေးစရာလိုမည်မထင်ပါ။ သူတို့လက်ထဲ တစ်ပွေ့ တစ်ပိုက်ပါလာကြသော စာအုပ်များက ကိုယ်စားဖြေပါ လိမ့်မည်။

“လူတွေဖန်တီးခဲ့တဲ့ အဆောက်အအုံတွေကို လူတွေ ဘယ်လိုသဘောထား ကြသလဲ ဆိုတာ အခွင့်အာဏာရှိ သူတွေက အဲဒီအဆောက်အအုံကို ဘယ်လို အသုံးချခဲ့ကြသလဲ ဆိုတဲ့အပေါ် မူတည်တာပါပဲလား။ နေရာဌာန အဝန်းအဝိုင်းတစ်ခုကို လူတွေချစ်ကြတယ်၊ ရွံမုန်းကြတယ်၊ ပတ်သက်ချင်ကြတယ်၊ ရှောင်ရှားချင်ကြတယ်ဆိုတဲ့ ခံစားချက်တွေကလည်း သဘာဝ ကျတဲ့ တုံ့ပြန်မှုတွေပဲ” ဟူသော စကားကို အဘိုးအိုမဆိုဖြစ်သေး။

ဝယ်လာသည့်စာအုပ်များ ကိုယ်စီပွေ့ပိုက်ကာ ထိုအဆောက်အအုံ နောက်ခံနှင့် အမှတ်တရ ဓာတ်ပုံရိုက်ယူနေသော ကျောင်းသားငယ်များကို ငေးလျက်...။

#‎မင်းကိုနိုင်‬
[ ယနေ့ထုတ်၊ ကြေးမုံသတင်းစာမှ]

Orchid ဟိုတယ်က သတ်သတ်လွတ်ထမင်းနဲ့ ၂၁ ရာစု ပင်လုံကို ကြိုဆို

$
0
0
 Orchid ဟိုတယ်က သတ်သတ်လွတ်ထမင်းနဲ့ ၂၁ ရာစု ပင်လုံကို ကြိုဆို
(မိုးမခ) သြဂုတ် ၄၊ ၂၀၁၆


၂၁ရာစု ပင်လုံညီလာခံအား ကြိုဆိုထောက်ခံသောအနေဖြင့် Orchid Hotel မိသားစုမှ ယနေ့  (၃၊ သြဂုတ်၊ ၂၀၁၆) နံနက် ၁၁း၀၀ နာရီတွင် ရန်ကုန်မြို့၊ ၃၅လမ်းနှင့် ၃၆လမ်းကြား၊ ကုန်သည်လမ်းရှိ ကားရပ်နားကွင်း၌ သက်သတ်လွတ်ထမင်းကျွေးခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်လူရေး - ဗမာ့လက်နက်မကိုင်တော်လှန်ရေး

$
0
0


မောင်လူရေး - ဗမာ့လက်နက်မကိုင်တော်လှန်ရေး
(မိုးမခ) သြဂုတ် ၄၊ ၂၀၁၆

မြန်မာပြည်ကြီး စစ်ဖိနပ်အောက် ပြားပြားဝပ်မှောက်နေတော့ ဗမာတွေ ဘာလုပ်နေလဲ ပြန်ကြည့်မိတယ်။

လက်နက်ကိုင်တိုက်မှဖြစ်မယ်ဆိုပြီး တောခိုသူလဲ ခိုကြပေါ့လေ။ အများစုကတော့ လက်နက်မကိုင်ကြပါဘူး။ လက်နက်မကိုင် တော်လှန်ရေးဘဲ လုပ်ကြတယ်။ လက်ထဲ ဆိုင်းဘုတ် ကိုင်ကြပါတယ်။ နိုင်ငံရေး လုပ်ကြပါတယ်။ နိုင်ငံ့အရေး၊ တနိုင်ငံလုံးအရေးပေါ့လေ လုပ်ကြတယ်။ ဆဲဗင်းဂျူလိုင်က စလို့ ရွှေဝါရောင်တော်လှန်ရေးထိ အရေးတွေကလဲ များစွလေ။ နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်မရလောက်အောင်ကိုဘဲ များခဲ့တာကလား။ လက်နက်မကိုင် တိုက်ပွဲဆိုတော့ ဒိုင်းဆို တချက်ထဲ သေတာမဟုတ်ဘဲ နှစ်ပေါင်းများစွာ မျှင်း သတ်ခံရတာမျိုး။

ကိုယ့်တက်နင်းထားတဲ့ စစ်ဖိနပ်ကြီးကို ကြည့်လိုက်ပြန်တော့ တပ်မတော်ပေါ့။ မြန်မာ့တပ်မတော်ကြီးလေ။ ခုတော့ ဗမာတွေကို အပိုင်စားပေးလိုက်တဲ့ တပ်မတော်ကြီး။
တချိန်တုန်းကတော့ လွတ်လပ်ရေးရပြီးချိန်မှာ ချင်း၊ ကရင်၊ ကချင်၊ ရှမ်း သေနတ်ကိုင်တပ်ရင်းတွေနဲ့ တပ်မတော်ကြီးပေါ့။ ကရင် ၃ ရင်း ကျန်တာတွေက ၁ ရင်းဆီဖြစ်မယ်ထင်ပါတယ်။ ၁၉၄၉ မှာ ကရင်တွေနဲ့ ဆော်ကြတော့မှ ကရင်တပ်ရင်း ၃ ရင်းကို ဖျက်လိုက်သတဲ့။ ၁၉၇၇ မှာတော့ ချင်းသေနတ်ကိုင် တပ်ရင်း သုံးရင်း၊ ကချင်သေနတ်ကိုင် တပ်ရင်း ၃ ရင်း၊ ရှမ်းသေနတ်ကိုင် တပ်ရင်း ၁ ရင်း ရှိတယ်တဲ့ဗျ။ အဲ ကယားတပ်ရင်းလည်း ၁ ရင်း ရှိဆိုဘဲ။ ဗမာသေနတ်ကိုင်တပ်ရင်းက ၆ ရင်းတဲ့။ ၁၉၅၀ နောက်ပိုင်း တပ်မတော်တွေတိုးချဲ့တော့ တိုင်းရင်းသားတွေ တဖြေးဖြေးလျော့လာတယ် တဲ့။ ၁၉၉၀ နောက်ပိုင်းကျတော့ တပ်နံပါတ်တွေပဲ သုံးပါတော့တယ်။ ဥပမာ ခမရ ၃၀၁၊ ၃၀၂ စတာတွေဟာ အဲဒီတပ်တွေကို နာမည်ပြောင်း ထားတာတွေပါတဲ့။

ပြောချင်တာက တပ်မတော်ကြီးဖိနပ်အောက် ရောက်ခဲ့တယ်ဆိုတာဟာ ဗမာ့ဖိနပ်အောက်လို့ ပြောမရသလို အဲဒီဖိနပ်အောက်မှာတော့ ဗမာတွေဟာလဲ နိုင်ငံရေးအရ ပြားပြားမှောက်ခဲ့ရတယ် ဆိုတာပါ။

အရေးအခင်းကြီးတွေ ကြည့်လိုက်ပါ။ ဗမာတွေအများစုလည်း ပါဝင်ကြပါတယ်။ အဖမ်းခံရတဲ့သူတွေ ကြည့်လိုက်ပါ။ ဗမာတွေလည်းပါတာဘဲ။ ဗမာတွေလည်း နိုင်ငံတခုလုံးအရေးကို ကိုယ့်နိုင်ငံအပေါ် အုပ်ချုပ်မင်းမူနေတဲ့ စစ်အာဏာရှင်ကို (စနစ်ကို) လက်နက်ချင်းစီးချင်းထိုးတာမဟုတ်ဘဲ နိုင်ငံရေးကိုင်ပြီး စီးချင်းထိုးရတာပါ။ အဲဒီလို တတိုင်းပြည်လုံး စစ်ဖိနပ်အောက် ရောက်နေချိန်မှာတော့ အဲဒီတပ်မတော်နဲ့ ပေါင်းပြီး တလှည့်စီ စီးပွားဖြစ်ကြတဲ့အထဲမှာ ဗမာ လက်နက်မကိုင် တော်လှန်ရေးသမားတွေ မပါကြပါဘူး။

ဒါပေမဲ့ ဒီနေ့လို နင်းထားတဲ့ တပ်မတော်ဖိနပ်ကို ကြွအောင် မပြီး နိုင်ငံရေးအသီးအပွင့်တွေ ဖြစ်ပေါ်လာချိန်မှာတော့ ဗမာလက်နက်မကိုင်တော်လှန်ရေးသမားတွေရော၊ ဆင်းရဲလွန်းလို့ ခေါင်းတောင် မဖော်နိုင်တဲ့ ဘာပြင်ပ အထောက်အပံ့တွေမှ မရတဲ့ ဗမာတွေရော၊ ဘုသိသလိုလို ဘသိသလိုလို ဗမာတွေရောဟာ မြန်မာ့လက်နက်ကိုင်တပ်မတော်ကြီးရဲ့ လုပ်ရပ်မှန်သမျှ တာဝန်ခံရမယ့်ကိန်းဆိုက်လာတယ်။

ဒါဟာ ပရိုပိုဇယ်ပယောဂမှ ကင်းရဲ့လားလို့ ထင်မိပါတယ်။

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ (Pass the baton)

$
0
0

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ (Pass the baton)
(Academic Weekly Journal, Yangon) မိုးမခ၊ သြဂုတ် ၄၊ ၂၀၁၆

ခွာညို ● စာနာမှု နှောင်း တေးတပုဒ်

$
0
0
ခွာညို ● စာနာမှု နှောင်း တေးတပုဒ်
(မိုးမခ) သြဂတ်စ် ၄၊ ၂၀၁၆

(၁)
၁၉၈၀
….. ငါ ငယ်ငယ်က အတန်းထဲမှာ ခုံခေါက်ရင်းသီချင်းလေးဆို ဒါကို ဆရာမကြားတော့ အတန်းရှေ့ကို လာစမ်း…..

လူငယ်တွေနှုတ်ဖျား ရေပန်းစားပြီး နာမည်သိပ်ကြီးနေသည့် အဆိုတော်လွှမ်းမိုး၏ “ဆရာမ“ သီချင်းကိုကြားသောအခါ ၈ တန်းကျောင်းသူကောင်မလေး ရယ်ကျဲကျဲ-စပ်ဖြဲဖြဲနှင့် သီချင်းကို အတော်နှစ်ခြိုက်သွားသည်။ သူလည်းခုံခေါက်ပြီး သီချင်း ဆိုမှုနဲ့ ဆရာအပြစ်ပေးတာကိုခံခဲ့ရဖူးသည်လေ။

၁၉၇၆
ချောက်မြို့၊ ရေအိုးစင်ကျောင်းဟုလည်းခေါ်သော အလက (၁) မှ ငါးတန်း (အေ) တွင် ကျောင်းသူ ကျောင်းသားချာတိတ်ပေါင်း ၆၀ ကျော်ရှိခဲ့မည်ထင်သည်။ ကြမ်းပြင်ပေါ်မှာထိုင်ပြီး စာရေးခုံလေး တွေအောက်မှာ ကိုယ့်လွယ်အိတ်ကို ကိုယ့်ရှေ့နေရာမှာ ထားကာထိုင်နေကြသည့် ကလေးများရှေ့တွင် စာအုပ်ပေါင်း (၆၀) ကျော်ထဲက သင်္ချာအပုဒ်ရေပေါင်း ရာနှင့်ချီကို အဆင့်ဆင့် မှားမှန် စစ်ဆေးနေသော ဆရာဦးခင်မောင် ရှိနေသည်။ စာစစ်နေချိန်တွင် ကလေးတွေက ဆရာ့ကို ရိုသေသမှုနှင့် တိုးတိုး တိတ်တိတ် စကားတွက်ထိုးကြသော်လည်း ကလေးအယောက် (၆၀) ကျော်၏တွတ်ထိုးသံသည် အတော်အတန်တော့ ကျယ်လောင်နေပါလိမ့်မည်။

သည်အချိန်မှာ စာသင်ခုံတန်း (၃) တန်းအနက် ယာဘက်အစွန်၏ရှေ့ဆုံးတန်းမှာထိုင်သော ပိန်ပိန်၊ ညိုညို၊ မေးချွန်းချွန်း၊ ကတုံးကထွက်စဆံပင်ပုံစံနှင့်ကောင်မလေးက သူများထက်ကဲကာ ဒုတိယခုံတန်းဘက်ကို နောက်လှည့်ထိုင်ပြီး သူရထား သောသီချင်းအသစ်ကို စတင်ဆိုပြသည်။

နာမည်ဘယ်လို မသိရဘူးလား ₓ ₓₓ ₓ ₓ ယဉ်သူ ချောသူရေₓₓₓ ₓ ₓ
အထာမကြည်ဘူး ခေါက်လို့ထားစမ်း ₓ ₓₓ ₓ ₓ  ဒါတွေရိုးနေပြီ ₓ ₓₓ ₓ ₓ

ကြည်ပါₓ ₓₓ ₓ ₓ
ဘယ်လိုₓ ₓₓ ₓ ₓ
ချစ်တယ် ₓ ₓₓ ₓ ₓ
မချစ်ပေါင်ₓ ₓₓ ₓ ₓ
“ဗြန်း….ဗြန်း…..”

ဆရာ့ကြိမ်နှင့် စားပွဲထိတွေ့သံကြောင့် တွတ်ထိုးသံတွေရုတ်ချည်းရပ်သွားချိန်မှာ ရုတ်ချည်းရပ်မရ သည့်သီချင်းသံက စူးခနဲ ပိုတိုးပြီး ကျယ်သွားသည်။ အတန်းထဲက မျက်လုံးပေါင်း ၁၀၀ ကျော်က ကောင်မလေးမြဆီ စူးဝင်လာ၏။ သည်အချိန်ကျမှ ခပ်တည်တည်နှင့် ရှေ့ကိုအမြန်ဆုံးလှည့်ထိုင် ရန်လည်း မဖြစ်နိုင်တော့။ နောက်ခုံဘက်တည့်တည့်လှည့်နေလျက်သားကြီး လက်ပူးလက်ကြပ် မိလေ သည်။

“ဆရာကြီးသမီး၊ ထွက်ခဲ့စမ်း”

ဆရာတွေက သည်အတိုင်းပဲဟု စိတ်ကွက်လျက် နှုတ်ခမ်းစူချင်ချင်နှင့် သူငယ်ချင်းနှစ်ယောက်က ရှေ့ကို ခါးကုန်းဖယ်ပေး သည်ကို တိုးဝှေ့လျက် အတန်းရှေ့ကို မျက်လွှာချလေးနှင့် ထွက်လာရသည်။ အတန်းထဲမှာ မေးသမျှ ဖြေနိုင်လျှင် ဝင်းမြမြ ဟုခေါ်ပြီး အပြစ်တခုခုလုပ်လိုက်လျှင် သူ့ နာမည်က အလိုလိုနေရင်းနဲ့ ဆရာကြီးသမီး ဖြစ်သွားရသည်။

“နင်နဲ့ဘယ်သူတွေပါသေးလဲ… ခေါ်”

ဆရာ့အသံက ခပ်တိုးတိုးဖြစ်သော်လည်း အသံကြီးကြီးအုပ်အုပ်နှင့် ငြိမ်သက်နေသောအသံကို တော့ လွှမ်းခြုံမိသည်။

မြက သူငယ်ချင်းတွေကိုကြည့်ကာ သူ့သီချင်းကိုလိုက်ပြီး ခုံခေါက်ပေးသောသူငယ်ချင်းတွေကို မဆိုင်းမတွ လက်ညှိုးညွှန်မိ လေသည်။

သူ့အတွေး၊ သူ့ခန္ဓာက ဆရာနှင့်မိဘကပြောလျှင် တသွေမတိမ်းလုပ်ရမည်ဟုသာ အလိုအလျောက် တုံ့ပြန်ကျင့်မှာ ပုံစံတကျ ဖြစ်နေသည်ကိုး။

သည်လိုနှင့် သူ့လိုပဲ သူ့သူငယ်ချင်းမလေးတွေ တယောက်ပြီးတယောက် သူ့ဘေးရောက်လာကြရသည်။ ဆရာက သူ့စာအုပ် ပုံကြီးဆီ ပြန်လှည့်သွား၏။

မြတို့ သူငယ်ချင်းတီးဝိုင်းအဖွဲ့ကတော့ သချာင်္ (၂) အချိန် မကုန်မချင်း အတန်းရှေ့မှာ မတ်တပ် ရပ်နေခဲ့ရလေသည်။

သူငယ်ချင်းမလေးတွေကလည်း ကိုယ့်ဘာသာကိုယ် ရှေ့တန်းမှာမနေဘဲ သူတို့နောက်ခုံဘက်ကို လည်း လှည့်လာသေး၊ သီချင်းလည်း အရင်ဆိုပြသေး၊ ဆရာအပြစ်ပေးခံရသောအခါ လက်ညှိုးလည်းထိုးကာ သူခိုးသေဖော်ညှိသေးသောမြကို စိတ်ကောက်ကာ ကျောင်းအပြန်မှာ သူ့ကိုထားရစ်ခဲ့ကြလေသည်။
………..

(၂)
၁၉၉၃
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမက (၁၄) တွင် ဆရာမဒေါ်ဝင်းမြမြသည် စတုတ္ထတန်း (B) ကို ပထဝီသင်ရတော့မည်။ ဘီတန်း၏လက်ယာဘက်တွင် စီနှင့်ဒီ ရှိသည်။ လက်ဝဲဘက်တွင် (အေ) တန်း ရှိသည်။ အေတန်းက သချာင်္ဆရာမက အလီအော်ခိုင်းထားသည်။ စီတန်းတွင်ဝင်နေသော မြန်မာစာ ဆရာမက မြန်မာစာကို အော်ဖတ်ခိုင်းထားသည်။ သူ့မှာ ဘီတန်းက တပည့်တွေကို မြေပုံနှင့်တကွ ရှင်းရန်လိုအပ်သည်။ ဘေးနှစ်ခန်းက ကလေးပေါင်း ၁၅၀ လောက်ရဲ့ သံပြိုင်ဟစ် သံတွေကိုလွှမ်းမိုးအောင် သူ ဘယ်အင်အားနှင့် အော်ရပါ့။ လေပါတီ မမြရင်လို ပရိသတ် အားလုံး ကြားအောင် အသံချဲ့ စက်မလိုဘဲ အသံထုတ်နိုင်သည့်ပါရမီကလည်း သူ့မှာမရှိ။ အတန်းတွေ၏ အကာအရံကကလေး တရပ်လွတ်ရုံသာ ထရံနှင့်ကာထားခြင်းဖြစ်သည့်အပြင် ဒူးဆစ်လောက်အထိ အောက်ပိုင်းဆို ကာထားသည်ပင် မရှိ။ အခန်းတခန်းကို ကလေး ၇၀ ဝန်းကျင်ရှိသည်။

ထိုအခါ ငယ်ငယ်က အဝတ်နွမ်းနွမ်း ပမ်းလျသော မျက်နှာနှင့် ဆရာဦးခင်မောင်ကိုသတိရသည်။ အမြဲတမ်း မြောင်းပုပ်ရေ ထဲက တီထွေးလေးတွေလို တချက်လေးမှအငြိမ်မနေတဲ့ သူ့တပည့်တွေကို ငုပ်တုပ်ငေးနေသည့်ဆရာ၊ အငြိမ်မနေ၊ တကွိကွိ မပြတ်အော်နေသည့် မျောက်လှောင်အိမ်ထဲ ပစ်ချခံထားရသူလို စိတ်ပျက်လက်ပျက်ထိုင်ကြည့်နေသည့် ဆရာဦးခင်မောင် ကိုသာ ပြေးပြေး မြင်လျက် ဆရာ့စာသင်ကြားမှုကို နှောင့်ယှက်ခဲ့မိလို့ ကျမဝဋ်လိုက်နေပါပြီဆရာ ဟုသာ ဆရာ့ကို စိတ်ထဲက တိုင်တည်မိလျက် လွှမ်းမိုးသီချင်းကို မနှစ်သက်ချင်တော့။

မနှစ်သက်သည့်အကြောင်းက…

ကျနော်ဆိုနေတဲ့ အခုစတိတ်ရှိုးကို ₓ ₓₓ ₓ ₓ  အစိတ်တန်းရဲ့ရှေ့ဆုံးမှာ ထိုင်နေတဲ့ ₓ ₓₓ ₓ ₓ  ဆရာမကတော့ မှတ်မိမယ်မထင်ဘူးₓ ₓₓ ₓ ₓ  ငယ်ငယ်က စိုးစိုးဘဝနဲ့ ₓ ₓₓ ₓ ₓ ဆရာမရိုက်ဖူးတဲ့သူ ₓ ₓₓ ₓ ₓ  အဆိုတော်ဂစ်တာတီးတဲ့ လွှမ်းမိုးဟာ ₓ ₓₓ ₓ ₓ  ကျနော်ပဲနော်ₓ ₓₓ ₓ ₓ  ဆိုသည့်စာသား။

ခုံပေါ်မှာ ငိုခဲ့တဲ့မျက်ရည် အခုသီချင်းလေးဖြစ်သွားပြီ ဆရာမသောတဆင်နိုင်ဖို့ပါ။

ဆရာမကို ချစ်ခင်စွာဂုဏ်ပြုနေသလား၊ ခနဲ့နေ ရွဲ့နေသလားဆိုတာ မသေချာ၊ အခု ကျုပ်က စင်ပေါ်ကလူ၊ ခင်ဗျားကြီး ကျုပ်ကို အားပေးနေရပြီမဟုတ်လားလို့ ခွာရာချင်းပြိုင်နေသလား…. မသိုးမသန့်ဖြစ်လာသည်။

မြ ဆရာတွေထဲမှာ အရိုက်ကြမ်းသည့်ဆရာတွေ ပါပါသည်။ ခြောက်တန်းက ဆရာဦးကြည်သိန်း ရိုက်သောကြောင့် ဒူး ကောက်ကွေးမှာ သွေးပင်ထွက်ခဲ့သေးသည်။ (အဲဒါလည်း အတန်းထဲမှာ ဆူပူသောင်းကြမ်းမှုပါပဲ) အဖေကတော့ သူ့ဆရာ တွေကိုအပြစ်မပြော၊ ‘ဆန်ရင်းနာနာဖွပ်..ဆိုတာ အဲဒါကို ခေါ်တယ်သမီးရဲ့’ ဟုသာ ဆရာတွေကို မပြစ်မှားမိအောင် ထိုစ ကားနှင့် မြကိုထိန်းခဲ့သည်။

ထို့ကြောင့် ကိုယ်ဆရာမဖြစ်လာသောအခါ လွှမ်းမိုး၏ဆရာမသီချင်းအား သံစဉ်လေးကို နှစ်သက်သောကြောင့်ဆိုညည်းမိလျှင်ပင် ဘယ်သောအခါမှ တပုဒ်မဆုံးဖြစ်တော့။ ဆရာဦးခင်မောင်ကို သတိရသော ကြောင့်ပါ။ ဆရာစာသင်မရအောင်နှောင့် ယှက်ခဲ့သော ကိုယ့်အပြစ်ကိုယ် ပြတ်ပြတ်ထင်ထင် သိမြင်ခဲ့ပြီ ဖြစ်သောကြောင့်ပါ။

ခွာညို
ဇူလိုင် ၁၂၊ ၂၀၁၆

မောင်ရင်ငတေ ● ပျူတိုကျွန်းက ၀ိုင်သူဌေး

$
0
0
  မောင်ရင်ငတေ ● ပျူတိုကျွန်းက ၀ိုင်သူဌေး
(မိုးမခ) သြဂတ်စ် ၄၊ ၂၀၁၆

ပျူတိုကျွန်းအကြောင်း နောက်ထပ် စိတ်ဝင်စားစရာတခု ရှိပါသေးတယ်၊ အမှန်တကယ်ဆိုရင်တော့ မောင်ရင်ငတေ ရေးနေ တဲ့ Puteaux ပျူတိုကျွန်းအကြောင်းအရာတွေက တခုနဲ့တခု မဆက်စပ်လှပါဘူး၊ ဘာတခုမှမဆိုင်သလိုသာပါ။

မောင်ရင်ငတေတို့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ပါရီမြို့ပြဘဝနဲ့လည်း ခပ်ဝေးဝေးမှာသာရှိတာပါ။

ပျူတိုကမ်းကို ကပ်ထားတဲ့ မော်တော်အိမ်တွေရယ် ကစားကွင်းတွေရယ် အခုရေးမယ့် Famille Rothschild ရို့ထ်ချီမိသားစုကြီးကောက်ကြောင်းရယ် တကယ်တမ်းကတော့ တခုချင်း ရေးရမှာပါ။

အခုတော့ သုံးခုပေါင်း ပျူတိုကျွန်းအကြောင်းလို့သာ မှတ်လိုက်ပါတော့။

ဒီပျူတိုကျွန်းကို Île Rothschild လို့လည်း ခေါ်ခဲ့ကြပါသေးတယ်။ ၁၉၀၀ နှစ်များမတိုင်မီက ဒီလိုမျိုး ကစားကွင်းတွေ မရှိ သေးခင် ကာလကပေါ့၊ ဒီကျွန်းပေါ်မှာ စိုက်ခင်းပျိုးခင်းတွေ ရှိခဲ့ပါတယ်တဲ့။

အဲဒီ စိုက်ခင်းတွေနဲ့ ကုန်ချောထုတ်လုပ်တဲ့စက်ရုံ ပိုင်ရှင်ကတော့ ဂျာမန်ပြည်ဖရန့်ဖွတ်မြို့မှာ မွေးဖွာခဲ့သူ ဂျူးနွယ်ဖွား James Mayer de Rothschild (Jakob Mayer Rothschild) ရို့ထ်ချီ (၁၇၉၂-၁၈၆၈) အမည်ရ သူဌေးကြီးတဦးပါ။

အဲဒီလို James de Rothschild ခေတ်က လယ်ယာထွက်ကုန်စက်ရုံ တည်ရှိခဲ့တဲ့ အဲဒီကျွန်း Île de Puteaux ပျူတိုကျွန်း လေးက ၁၉၀၀ ပြည့်နှစ်မှာတော့ အိုလံပစ် တင်းနစ်ကွင်းတွေအဖြစ် အသိမှတ်ပြုခံ သတ်မှတ်ခံခဲ့ရခြင်းပါ။

ဘယ်လိုကဘယ်လို အားကစားကွင်းတွေအဖြစ် ပြောင်းလဲခဲ့သလဲတော့ မောင်ရင်ငတေ ဖတ်မိသမျှ မပါပါဘူး။

ဒီကျွန်းမြေ ပိုင်ဆိုင်မှုက အဲသူဌေးကြီးမိသားစု အစဉ်အဆက် ပိုင်ဆိုင်လာခဲ့ဖွယ်ရှိပြီး (ဘယ်လိုနည်းနဲ့ ပိုင်ဆိုင်လာရသလဲ ပိုင်ရာဆိုင်ရာတွေကို ပူဇော်ပသပြီး ရခဲ့လေသလား .... .. .. နောက်ပိုင်းတော့ အားကစားကွင်းတွေအဖြစ် ဘာလို့ အသွင် ပြောင်းခဲ့တာလဲ) ဒါတွေကိုတော့ ဒီနေရာမှာ အကျယ်မပြောကြတာ ကောင်းပါတယ်။

ဘယ်လို ဖြစ်ဖြစ်ပါ၊ အားကစား ကွင်းတွေသာရှိပြီး ဒီကနေ့ထိ လူမနေတဲ့ကျွန်းအဖြစ် ရပ်တည်နေတာကိုတော့ ကြိုဆိုရပါမယ်။

၁၇၀၀ ပြည့်နှစ်ဝန်းကျင်က စတင်ထင်ရှားခဲ့တဲ့ ဘဏ်လုပ်ငန်းရှင် Famille Rothschild သူဌေးမျိုးရိုးကနေ ဆင်းသက် လာတဲ့သူပါ၊

ဂျာမဏီ သြစတြီးယား အီတလီ ဆွစ်ဇာလန် ပြင်သစ် အင်္ဂလန်တို့မှာ သူတို့ပိုင်ဆိုင်တဲ့ ဘဏ်နဲ့ ငွေကြေးလုပ်ငန်းတွေက ခေတ်အဆက်ဆက် အများကြီးပါ၊ မူလပထမက အတိုးချေးစား ငွေနဲ့ပစ္စည်း ဖလှယ်တဲ့လုပ်ငန်းတွေလုပ် ကြီးပွားခဲ့ကြ သူ တွေလို့ ဆိုပါတယ်။

ဂျာမဏီ ဖရန့်ဖွတ်နယ်ဇာတိဖွားတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ သူတို့မိသားစုဝင်တွေဟာ အနောက်ဥရောပ တကြောမှာ ဖြန့်ကျက်အခြေချလာကြပါတယ်။

James Rothschild ကတော့ ပါရီမြို့မှာ အခြေစိုက် နေထိုင်ခဲ့သူပါ။

ရို့ထ်ချီ ဘဏ်လုပ်ငန်းကို စတင်တည်ထောင်ခဲ့သူ Mayer Amschel Rothschild ရဲ့ မွေးချင်းဆယ်ယောက်ထဲက အငယ် ဆုံးပါ၊

ပြင်သစ်ပြည်မှာ အခြေချနေထိုင်ခဲ့ပြီး ဘဏ်လုပ်ငန်းတင်မက သတ္တုတွင်း ရထားပို့ဆောင်ရေး ကမ်းလွန်ရေနံ မျိုးစုံ လုပ်ကိုင်ခဲ့သူပါ၊ ပါရီ-လန်ဒန် ရထားလမ်း ဖောက်လုပ်ရေးကို ထဲထဲဝင်ဝင် သူတို့ ညီအကိုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါ တယ်။

သူတို့ ညီကို ငါးယောက် ဦးစီးပြီး ဥရောပတဝန်း ဖြန့်ကျက်စီးပွားရှာခဲ့တာ ဒီကနေ့မှာ ရို့ထ်ချီမျိုးဆက် (၇) ဆက်မြောက်ထိ တိုင်ခဲ့ပါပြီတဲ့ ခင်ဗျာ။

အနှစ်သုံးရာကျော် သက်တမ်းရှိ ရို့ထ်ချီဖယ်မလီကြီးရဲ့ ပိုင်ဆိုင်မှုအရပ်ရပ်က ဒီကနေ့ ဒေါ်လာငွေနဲ့ ဆိုရင် ((၇) နောက်က သုညဆယ်လေးလုံး) ၇၀၀ ထရီလီယံကျော်မျှမက ရှိကောင်းရှိနိုင်တယ်လို့ တွက်ချက်သူတွေက တွက်ချက်ပါတယ်။  ဒါပေမယ့် ကမ္ဘာ့ဘီလျံနာ စာရင်းမှာတော့ ဘာကြောင့်ရယ် မသိ မပါဝင်နေပါဘူး၊ အံ့သြစရာပါ။

အဲဒီ ပျူတိုကျွန်းပိုင်ရှင်ဟောင်း James de Rothschild ကြီးရဲ့ နောက်ထင်ရှားတဲ့ လုပ်ငန်းကတော့ စပျစ်စိုက်ပျိုး ဝိုင် ထုတ်လုပ်ခြင်းပါ၊

နာမည်ကျော် ထိပ်တန်းဝိုင် ဖြစ်တဲ့ Château Lafite Rothschild တံဆိပ်ကတော့ Premier Grand Cru ဝိုင်နီထဲမှာ ထိပ်ဆုံး တန်းက ကျော်ကြားပါတယ်။

၁၈၆၈ ခုနှစ် James de Rothschild မဝယ်ယူခင်ကထဲက အဲဒီ စပျစ်ဝိုင်စိုက်ခင်းတွေက နာမည်ကျော်ပြီးသားပါ။

အမေရိကန်က Thomas Jefferson (၁၇၄၃-၁၈၂၆) သမ္မတကြီးမဖြစ်ခင် ပြင်သစ်ရဲ့ သံအမတ်ကြီး ဘဝနဲ့ ပါရီမှာနေစဉ် ၁၇၈၇ ခုနှစ်က အဲဒီစပျစ်ဝိုင်ခင်းသို့ ရောက်ရှိခဲ့ပြီး ဝယ်ယူသိုလှောင်ထားခဲ့ပါတဲ့ Lafite Rothschild ဝိုင်တလုံးက ဒီကနေ့မှာ ပေါက်ဈေး ဒေါ်လာတသိန်းခွဲတန်နေပြီး ဈေးအကြီးဆုံး ဝိုင်ပုလင်းအဖြစ် ကျော်ကြားပါတယ်။ ဟုတ်မဟုတ် စစ်မစစ်ကတော့ ပုံမှန်ရောင်းတဲ့ Lafite တံဆိပ် ဝိုင်နီတလုံးရဲ့တန်ဖိုးက ယူရိုလေးငါးရာ ခြောက်ရာ အောက် ထစ်ရှိတာမို့မောင်ရင်ငတေလိုကောင် စမ်းသောက်မကြည့်နိုင်လို့ မသိပါဘူး။

တခြား ရို့ထ်ချီဖယ်မလီနွယ်ဖွားတွေရဲ့ စပျစ်ဝိုင်လုပ်ငန်းတွေ အများကြီး ရှိနိုင်ပါသေးတယ်။ အဲဒီထဲမှာ မောင်ရင်ငတေ သိထားတဲ့ ဝိုင်ကတော့ Château Clarke ဝိုင်ပါ၊ Edmond de Rothschild အုပ်စုရဲ့ စပျစ်ဝိုင်တမျိုးပါ။

သူတို့အုပ်စု အမည်ခံလို့ ဝိုင်လောကထဲ ဝင်ရောက် လာတာကတော့ အနှစ်ငါးဆယ် မပြည့်လောက်သေးပါဘူး။ ဘောဒိုနယ် တဝိုက်မှာ သူတို့ ပိုင်ဆိုင်တဲ့ ဝိုင်စိုက်ခင်းတွေကတော့ တစတစ များလာပါတယ်တဲ့။

နာမည်ရ လူသိများတဲ့ Château Clarke ဝိုင်စိုက်ခင်းတွေကတော့ ဧကပေါင်း တရာ့ငါးဆယ်ကျော်လောက် ရှိပြီး တနှစ်ကို ဝိုင်ပုလင်း နှစ်သိန်းခွဲလောက် ဈေးကွက်တင်ရောင်းချနိုင်ပါတယ်တဲ့။ ဈေးနှုန်းကတော့ သာမန်အနိမ့်ဆုံး ဝိုင်က တပုလင်း ယူရို နှစ်ဆယ် သုံးဆယ်လောက် ဈေးပေးရပါတယ်။ တခါက သူများတိုက်လို့ သောက်ခွင့်ကြုံရင်း မောင်ရင်ငတေ မြည်းစမ်း ကြည့်ခွင့် ရခဲ့ဖူးပါတယ်။

မောင်ရင်ငတေတို့ နေ့စဉ်သောက်နေတဲ့ ဝိုင်တပုလင်းက နှစ်ယူရိုသုံးယူရိုလောက်သာပေးရတာမို့ ဆယ်ဆလောက် ဈေး ပိုကြီးတယ်ပြောလို့ ရပေမယ့် အဲဒီ Château Clarke ကလည်း သိပ်ထူးထူးခြားခြားကြီးတော့ မဟုတ်လှပါဘူး။

သူတို့ပိုင် အကောင်းဆုံး Hôtel Luxe Domaine du Mont D'Arbois ဟော်တယ် ပြူတင်းပေါက်ကတဆင့် အဲလ်ပ် ရေခဲတောင်ထွဋ် တောင်ထိပ်တွေရဲ့ ဖြူဖွေးဖွေး အေးမျှမျှ အလှကို ဇိမ်ခံလို့ငေးရင်း သူတို့တွေရဲ့ အကောင်းဆုံး Premier Grand Cru Lafite ရို့ထ်ချီတံဆိပ် ဝိုင်နီလေးတခွက်လောက် ခံစားသောက်ကြည့်ခွင့်ရမယ်ဆိုရင်တော့ ကောင်းလှပါသည် ဒေါင်းမြကြည်လို့ ဆိုရလေမလား ….. ပါ။

သူတို့မျိုးနွယ်တွေသားချင်းတွေက များလွန်းလှသလို အနောက်ဥရောပတကြောမှာ သူတို့မျိုးနွယ်စု ပိုင်ဆိုင်ကြတဲ့ Château, Villa,Maison ခေါ်ကြတဲ့ အိမ်ကြီးအိမ်ကောင်းတွေ အများအပြားရှိပါတယ်၊ အဲဒီအကြောင်းတွေကိုတော့ ကြုံကြိုက်လို့ ရောက်ခဲ့ရင် မှတ်တမ်းတင် ရေးဖို့ ကြိုးစားပါဦးမယ်။

Île Rothschild သို့မဟုတ် Île de Puteaux သို့မဟုတ် ** * ပါရီမြို့ပြင်က လူမနေတဲ့ကျွန်း * *** အကြောင်း ဖတ် ထားမှတ်ထားတာလေးတွေကို စာစုတစုဖြစ်အောင် ဖန်တီးလိုက်ရင်း … … …… ... ရို့ထ်ချီ ဖယ်မလီဝင်တွေအကြောင်း ရှာဖွေဖတ်ခဲ့ဖူးတာတွေထဲက ဂုဏ်ပြုစာတပိုဒ် ဖော်ပြလိုက်ရင်း

One Should Definitely Know About The Rothschild Family
As They Were The People Who Had The Power In Their Fingertips
They Could Break The War Or Make The War.

ဒီစာစုကို နိဂုံးချုပ်လိုက်ရပါတယ်ခင်ဗျား။

မောင်ရင်ငတေ ၀၂၀၈၂၀၁၆

ကာတွန်း OKKW ● ကျူးကျော်

$
0
0
ကာတွန်း OKKW ● ကျူးကျော်
(မိုးမခ) သြဂတ်စ် ၄၊ ၂၀၁၆

ဆောင်းယွန်းလ ● ညနေအကြောင်း

$
0
0


 ဆောင်းယွန်းလ ● ညနေအကြောင်း
(မိုးမခ) သြဂတ်စ် ၄၊ ၂၀၁၆

တစုံတယောက်က
ညနေကို
လယ်ကွင်းထဲက ရိတ်သိမ်းယူခဲ့တယ်
တစုံတယောက်က
ညနေကို
ပင်လယ်ထဲက ဆယ်ယူခဲ့တယ်
တစုံတယောက်က
ညနေကို
ယမကာဆိုင်ထဲက ပါဆယ်ဆွဲယူခဲ့တယ်
တစုံတယောက်က
ညနေကို
စစ်ပွဲထဲက ဒရွတ်တိုက် ဆွဲထုတ်ယူခဲ့တယ်
တစုံတယောက်က
ညနေကို
သူ့ချစ်သူနှုတ်ခမ်းဖျားပေါ်က နမ်းရှိုက်ပြီးယူခဲ့တယ်..

သူတို့အားလုံး
သူတို့ အခင်းအကျင်းနဲ့ သူတို့
ညနေ တခင်းစီကို ယူပြီး
ညရှိရာဘက်ဆီကို ထွက်ခွာသွားခဲ့ကြတယ်….

ငါ့မှာသာ…
ခင်းလို့မရတဲ့ ညနေကို
ဝင်လုလု နေလုံးကြီးအောက် အထပ်ထပ်ခေါက်ထားခဲ့ရင်း
ညပျောက်ကို….ဆက်ရှာနေမိ….။

ဆောင်းယွန်းလ (သြဂုတ် ၂ရက်၊ ၂၀၁၆)

ဂါမဏိ ● အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး (သို့မဟုတ်) ဧရာဝတီ

$
0
0
ဂါမဏိ ● အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး (သို့မဟုတ်) ဧရာဝတီ
၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် ( ၂ ၆ )
(မိုးမခ) သြဂတ်စ် ၄၊ ၂၀၁၆

ဧရာဝတီမြစ်ဝှမ်းဟာ ကချင်ပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းတို့ကို လွှမ်းခြုံနေပြီး မြန်မာနိုင်ငံတခုလုံးရဲ့ ၆၁% ကျယ်ဝန်းပါတယ်။ ဧရာဝတီတိုင်းက ကရင်၊ ဗမာ၊ မွန် နဲ့ ရခိုင် ၈ သန်းနီးပါး၊ ရန်ကုန်တိုင်းကလူမျိုးစုံ ၆ သန်း၊ ပဲခူးတိုင်းအနောက်ခြမ်းက ကရင်၊ ဗမာ နဲ့ မြေပြန့်ချင်း ၂.၅ သန်း၊ မကွေးတိုင်းက ဗမာ နဲ့ မြေပြန့်ချင်း ၄ သန်း၊ မန္တလေးတိုင်းက ဗမာ နဲ့ ရှမ်း ၅ သန်း၊ စစ်ကိုင်းတိုင်းကဗမာ နဲ့ ရှမ်းနီ ၄ သန်း၊ ကချင်ပြည်က ကချင်နဲ့ ရှမ်းနီ ၁ သန်းနီးပါး၊ စုစုပေါင်း သန်း ၃၀ ကျော်ဟာ ဧရာဝတီကို မှီခိုနေရပါ တယ်။ ဒါဟာ တနိုင်ငံလုံးလူဦးရေ ၅၇ သန်း (၂၀၀၈ ခုခန့်မှန်းချက်) ရဲ့ ၅၄ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးအနေနဲ့ဆိုရင် တနိုင်ငံလုံးရဲ့အထွက် ၇၀% အထိ အဓိကကျနိုင်ပါတယ်။

မြန်မာနိုင်ငံလို့ ဒီကနေ့ခေါ်နေကြတဲ့ ဧရိယာအတွင်းမှာ လွန်ခဲ့တဲ့နှစ်သန်း ၃၀ လောက်က စပေါ်ထွန်းခဲ့တဲ့ ဧရာဝတီကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ကျော်ကစပြီး စိုက်ပျိုးရေး ကနေ သယ်ယူပို့ဆောင်ရေးနဲ့ သောက်ရေသုံးရေအထိ မှီခိုအားထားခဲ့ကြပါတယ်။ ဧရာဝတီဟာ ကမ္ဘာမှာ ပဉ္စမမြောက် နုံးတင်မြေနုအဖြစ်ထွန်းဆုံး မြစ်ဝကျွန်းပေါ်ဒေသကိုလဲ ပေါ်ထွက်စေခဲ့ပါတယ်။ ဧရာဝတီကြောင့် တကောင်း၊ မိုးကောင်း၊ မိုးညှင်း၊ ဟန်လင်း၊ အင်းဝ၊ မန္တလေး၊ ပုဂံ၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ပုသိမ်၊ မြောင်းမြ၊ တွံတေး၊ ဒလ၊ ဒဂုံ စတဲ့ ရှမ်း၊ ဗမာ၊ ပျူ၊ မွန် မြို့ပြယဉ်ကျေးမှုတွေ ထွန်းကားခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ကျိုးရှာစစ်အာဏာရှင်အစိုးရ အဆက်ဆက်လက်အောက်မှာ ဧရာဝတီကို မျက်နှာလွှဲနေခဲ့လို့ ဧရာဝတီရဲ့ ကျန်းမာရေးဟာ ယိုယွင်းကျဆင်းလာခဲ့ရပါတယ်။

အဲဒီအခြေအနေကို ကမ္ဘာကြီးပူနွေးလာမှုကပ်ကြီးနဲ့ပေါင်းစပ်လိုက်တဲ့အခါ အလွန်စိုးရိမ်စရာကောင်းတဲ့ အနေအထား ရောက်လာပါတော့တယ်။ ပြီးခဲ့တဲ့ နှစ်ကာလတွေ အတွင်းမှာ နွေရာသီတွေဆို ဧရာဝတီဟာ သင်္ဘောသွားလို့ ရနိုင်ပါ့ မလားလို့တောင် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ ရေအနက် လူတရပ်တောင်မရှိတာတွေ ဖြစ်လာတယ်၊ ဒါ့အပြင် ရေ နည်းလတွေဟာလဲ ပိုများ ပိုရှည်ကြာလာ၊ သောင်တွေက ပိုကျယ်ပြော ပိုများပြား ပိုခိုင်မာလာပါတယ်။ အခုဆိုရင် ဧရာဝတီထဲက ငါးဖမ်းရတာတွေက တနှစ်ကို ၃၅% ကျဆင်းနေပါပြီ။

ဒါပေမဲ့ အခုတော့ စိုးရိမ်စရာအခြေအနေကနေ အသဲအသန်အခြေအနေကိုရောက်လာပါပြီ။ အဲဒါကတော့ ဧရာဝတီ မြစ်ရဲ့ အဖျားပိုင်း သို့မဟုတ် ရေဝေဒေသမှာ ရေကာတာကြီး ၁၂ ခုထက်မနည်း ဆောက်လုပ်ဖို့ တရုတ်နိုင်ငံကို ရောင်းစားလိုက်တာကြောင့် ဖြစ်ပါတယ်။

ဧရာဝတီရဲ့ရေတွေကို တရုတ်နိုင်ငံရောင်းစားလိုက်တဲ့ ရေအားလျှပ်စစ်ထုတ် ရေကာတာတွေကတော့ --

(၁) ဧရာဝတီမြစ်ပေါ်မှာ မြစ်ကြီးနားမြောက်ဖက် မိုင် ၂၀ အကွာက မြစ်ဆုံရေကာတာဟာ မီဂါဝပ် ၆၀၀၀ ထုတ်မှာဖြစ် ပြီး တနှစ်ကို ဒေါ်လာ သန်း ၅၀၀ နဲ့ ရောင်းစားထားတာ ဖြစ်ပါတယ်။
(၂) ဧရာဝတီရဲ့မြစ်ဖျားတခုဖြစ်တဲ့ မလိခမြစ်ပေါ်မှာ တည်မယ့် လာဇာရေကာတာက မီဂါဝပ် ၁၉၀၀ ထုတ်လုပ်မှာဖြစ် ပါတယ်။

ဧရာဝတီရဲ့နောက်မြစ်ဖျားဖြစ်တဲ့ မေခမြစ်ပေါ်မှာ ရေကာတာကြီး ၅ ခု ဆောက်မှာဖြစ်ပါတယ်။


(၃) တောင်ဖက်အကျဆုံး ချီဖွေ ရေကာတာက မီဂါဝပ် ၃၄၀၀ ထုတ်မယ်။
(၄) ပါရှီး (ခေါ်) ဝူဆောက် ရေကာတာက မီဂါဝပ် ၁၈၀၀ ထုတ်မယ်။
(၅) လာကင် (ခေါ်) ယီနန် ရေကာတာက ၁၄၀၀ မီဂါဝပ်ထုတ်မယ်။
(၆) ဖီဇော ရေကာတာက ၂၀၀၀ မီဂါဝပ် ထုတ်မယ်။
(၇) မြောက်ဖက်အကျဆုံး ခေါင်လန်ဖူး ရေကာတာက ၂၇၀၀ မီဂါဝပ်ထုတ်မယ်။

ဧရာဝတီမြစ်ဖျားခံရာမဟုတ်ပေမဲ့ မြစ်ညာအထက်ပိုင်းမှာ ဧရာဝတီထဲစီးဝင်တဲ့ တပိန်မြစ်ပေါ်မှာလဲ ရေကာတာ ၂ ခုနဲ့ ပိတ် မှာ ဖြစ်ပါတယ်။

(၈) တပိန်-၁ ရေကာတာက မီဂါဝပ် ၂၄၀ ထုတ်မယ်။
(၉) တပိန်-၂ ရေကာတာက မီဂါဝပ် ၁၆၈ ထုတ်မယ်။

ဒီရေကာတာကြီး ၉ ခုက ကချင်ပြည်နယ်ထဲမှာ ဖြစ်ပါတယ်။
မြစ်ညာအထက်ပိုင်းမှာဘဲ ဧရာဝတီထဲ စီးဝင်တဲ့ရွှေလီမြစ်ပေါ်မှာလဲ ရေကာတာကြီး ၃ ခုနဲ့ပိတ်မှာဖြစ်ပါတယ်။ ဒါတွေက တော့--

(၁၀) ရွှေလီ-၁ ရေကာတာဟာ မီဂါဝပ် ၆၀၀ ထုတ်လုပ်နေပြီး တရုတ်နိုင်ငံကို တင်ပို့နေပြီဖြစ်ပါတယ်။
(၁၁) ရွှေလီ-၂ ရေကာတာက မီဂါဝပ် ၄၆၀ ထုတ်လုပ်မှာဖြစ်ပါတယ်။
(၁၂) ရွှေလီ-၃ ရေကာတာက မီဂါဝပ် ၃၆၀ ထုတ်လုပ်မှာဖြစ်ပါတယ်။

ဒီ ၃ ခုက ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပါတယ်။
ဒါ့အပြင် ဧရာဝတီအောက်ပိုင်းအတွက် အဓိကရေဝေဖြစ်တဲ့ ချင်းတွင်းမြစ်ပေါ်မှာလဲ ရေကာတာကြီး ၅ ခု ဆောက်မှာဖြစ်ပါ တယ်။ ဒါတွေကတော့ စစ်ကိုင်းတိုင်းထဲမှာရှိပြီး အိန္ဒိယနိုင်ငံကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရောင်းချပေးဖို့ ရည် ရွယ်ထားပါ တယ်။ ဒီရေကာတာတွေရဲ့ ပမာဏတွေကတော့ --

(၁၃) ထမံသီ ရေကာတာက မီဂါဝပ် ၁၂၀၀ ထုတ်မယ်။
(၁၄) ရွှေစာရေး ရေကာတာက မီဂါဝပ် ၆၆၀ ထွက်မယ်။
(၁၅) မော်လိုက် ရေကာတာက မီဂါဝပ် ၄၀၀ ထွက်မယ်။
(၁၆) ဟုမ္မလင်း ရေကာတာက မီဂါဝပ် ၁၅၀ ထွက်မယ်။
(၁၇) ချင်းတွင်းရဲ့မြစ်လက်တက်ပေါ်က မဏိပူရ ရေကာတာကမီဂါဝပ် ၃၈၀ ထွက်မယ်။

ဒီရေကာတာတွေဟာ မြန်မာပြည်သူတွေအတွက် လျှပ်စစ်ဓာတ်အားဖောဖောသီသီသုံးနိုင်ဖို့၊ မြန်မာပြည် စက်မှုလုပ်ငန်းတွေ ထွန်းကားဖွံ့ဖြိုးဖို့ ရည်ရွယ်တာမဟုတ်ဘဲ တရုတ်အရင်းရှင်၊ ကုလားအရင်းရှင်တွေအကျိုးအတွက် ဖြစ်နေပါ တယ်။

ဒါတွေကိုကြည့်ရင် ဧရာဝတီ-ချင်းတွင်းတို့ရဲ့ရေတွေကိုပိတ်ဆို့လိုက်ပြီး တရုတ်နဲ့ကုလားလက်ထဲထည့်လိုက်မယ့် ပမာဏ ဟာ ကြောက်စရာကောင်းလောက်အောင် ကြီးမားနေတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ တရုတ်နဲ့ လုပ်ငန်းတွေက စတင် နေပြီဖြစ်ပြီး အိန္ဒိယနဲ့လုပ်ငန်းတွေကတော့မစနိုင်သေးပါဘူး။ ဒါကြောင့် ဧရာဝတီကို တရုတ်က စတင်မုဒိမ်းကျင့်နေပြီလို့ ပြောနိုင်ပါတယ်။

ဒါတွေနဲ့ယှဉ်ကြည့်ရင် ပြည်တွင်းမှာသုံးစွဲဖို့ဆောက်လုပ်ထားတဲ့ ဆောက်လုပ်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေက ကလေး ကစားစရာလို ဖြစ်နေပါတယ်။ ပြည်တွင်းမှာ အကြီးဆုံး တည်ဆောက်ထားတဲ့ ရေကာတာတွေက ရဲရွာ (မီဂါဝပ် ၇၉၀)၊ ပေါင်းလောင်း(မီဂါဝပ် ၂၈၀)၊ လောပီတ-မိုးဗြဲ (မီဂါဝပ် ၂၀၀) တို့လောက်ဘဲရှိပြီး ကျန်တာတွေက မီဂါဝပ် ၁၀၀ အောက် ၅၀ အောက်တွေချည်း ဖြစ်ပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေကို လျှပ်စစ်ဓာတ်အားရောင်းစား ဖို့ရည်ရွယ်ချက်နဲ့ တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်၊ ထိုင်းနယ်စပ်တို့မှာ ဆောက်နေတဲ့ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း ရေကာတာတွေကတော့ မီဂါဝပ် ထောင်ချီပြီး ထွက်မယ့် ဧရာမရေကာတာကြီးတွေဖြစ်နေပါတယ်။ အသေးဆုံးကတောင် မီဂါဝပ်ရာဂဏန်းအထက် ထွက်မယ့်ရေကာ တာတွေဖြစ်နေပါတယ်။ (ပြည်တွင်းသုံးအတွက် တရုတ်ကဆောက်ပေးတဲ့ ရဲရွာရေကာတာဟာ ညံ့ဖျင်းလွန်းလို့ ပြီးသွားပေမဲ့ ဘာမှအလုပ်မဖြစ် လျှပ်စစ်ရေရေရာရာမထွက်ဘဲ အလဟသ ဖြစ်သွားတယ်)

စစ်အုပ်စုရဲ့ ရေကာတာဆောက်လုပ်ရေး ရည်ရွယ်ချက်ကအပေါ်ယံအားဖြင့်တော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ လျှပ်စစ်ဓာတ်အား ပြည်ပတင်ပို့ရေး၊ လယ်ယာမြေတွေအတွက် ရေပေးဝေရေးလို့ပြောပေမဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက် တခုလဲ ရှိပါတယ်။ အဲဒါကတော့ တော်လှန်ရေးအင်အားစုများ အနေကြုံ့စေရေး၊ တားဆီးကန့်သတ်ရေး ဖြစ်ပါတယ်။ ပြည် တွင်းမှာတည်ဆောက်တဲ့ ရေကာတာအငယ်တွေကော၊ နယ်စပ်အနီးအနားမှာ တည်ဆောက်တဲ့ ရေကာတာကြီးတွေပါ ဒီရည်မှန်းချက်ထားပါတယ်။

ဒါ့အပြင် အများသိပြီးဖြစ်တဲ့ နောက်ကွယ်ရည်ရွယ်ချက်နှစ်ခုကတော့ ရေမြုပ်ဧရိယာကသစ်တောတွေ ခုတ်လှဲရောင်း စားဖို့၊ ရေကာတာတည်ဆောက်ရေးမှာသုံးတဲ့ ဘိလပ်မြေ၊ သံချောင်း၊ ဒီဇယ်ဆီ စတာတွေ ရောင်းစားပြီး သူဌေးဖြစ်ကြဖို့လဲ ဖြစ်ပါတယ်။

မဆလခေတ်မှာ ပထမဆုံးဆောက်ခဲ့တဲ့ မိုးဗြဲဆည်ဟာ ရှမ်းပြည်တောင်ပိုင်း အင်းဒေသက ကွန်မြူနစ်တွေနဲ့ ပအိုဝ်း တော်လှန်ရေးတွေရဲ့ အခြေခံဒေသပျက်ပြားဖို့၊ မြန်မာပြည် အတွင်းပိုင်းထိုးဖောက်ရေးကို အဟန့်အတားဖြစ်ဖို့ ရည်ရွယ် ခဲ့ပါတယ်။ ပဲခူးတိုင်းမှာ ဆောက်ခဲ့တဲ့၊ ဆောက်နေတဲ့ တောင်နဝင်း မြောက်နဝင်း ပဲခူးချောင်း ရဲနွယ် ဇောင်းတူ ကွန်ချောင်း ဖြူးချောင်း ခပေါင်း စတဲ့ ရေကာတာတွေဟာလဲ ပဲခူးရိုးမမှာ ကွန်မြူနစ်နဲ့ကရင်တော်လှန်ရေးသမားတွေ ပြန်အခြေမခံနိုင် အောင်၊ စစ်တောင်းမြစ်ကူးလာပြီး ကွင်းထဲကနေ ရိုးမပေါ်တက်ရခက်အောင်၊ ရိုးမပေါ် သွားလာရခက်အောင်၊ ရိုးမပေါ်ကနေ အဓိကကွင်းဒေသတွေကို ထိုးဖောက်ဝင်ရောက်ရခက်အောင် တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။

မန္တလေးတိုင်းက ကင်းတား (ညောင်ကြပ်)ဆည်ဟာ ရွာငံ-ရေဦးနယ်ကနေ ကျောက်ဆည်နယ်ကို ဗကပတွေ စိမ့်ဝင် မလာနိုင်အောင် တားဆီးဖို့ရည်ရွယ်ခဲ့သလို ဆည်တော်ကြီးဆည်ကတော့ မိုးမိတ်-မိုးကုတ်နယ်ကနေ ဗကပ တွေ၊ ရှမ်း နဲ့ ပလောင်တော်လှန်ရေးတွေ မန္တလေးဘက် မထိုးဖောက်နိုင်အောင် လုပ်ခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည် ရပ်စောက်ဒေသက ဇော်ဂျီရေကာတာဟာ ဗကပတွေနဲ့ ရှမ်းသူပုန်တွေရဲ့အခြေခံမှု လှုပ်ရှားမှုတွေ၊ မသုံးလုံးဒေသ ထိုးဖောက် ရေးတွေကို ဟန့်တားဖို့ဖြစ်သလို မူးချောင်းဖျား သဖန်းဆိပ်ရေကာတာက ဗကပ၊ ကချင်နဲ့ ကျောင်းသားတော်လှန်ရေးတွေ ကဒူးကနန်း ဒေသ မြစ်ဖျားတိုင်းကနေ ရွှေဘို စစ်ကိုင်း မန္တလေးဘက် ထိုးဖောက်မှာကို တားဆီးဖို့ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဆုံနဲ့ မေခ-မလိခမြစ်ပေါ်က ရေကာတာတွေ၊ တပိန်မြစ်ပေါ်ကရေကာတာတွေဟာ ကချင်တော်လှန်ရေးတွေရဲ့ အခြေခံနယ်မြေသေးကြုံ့ရေးနဲ့ ဆက်သွယ် သွားလာမှု ခက်ခဲရေးကို ရည်ရွယ်သလို ရွှေလီရေကာတာတွေဟာ ကချင်၊ ရှမ်း နဲ့ ပလောင်တော်လှန်ရေးတွေ ဆက်သွယ်သွားလာမှု ခက်ခဲစေဖို့၊ နယ်မြေကြုံ့သွားစေဖို့ ဖြစ်ပါတယ်။ ဗကပ၊ ရှမ်း နဲ့ ပလောင်တော်လှန်ရေးတွေ နောင်မှာ ပြန်ပြီးခြေချမရအောင် ရှမ်းပြည်မြောက်ပိုင်းမှာ အထက်ရဲရွာ၊ နမ္မတူနဲ့ နမ့်လန် ရေကာတာဆောက်ဖို့ စီမံကိန်းလဲ ချထားပါတယ်။ အထက်သံလွင်နဲ့ တန့်ယန်းရေကာတာတွေဟာ ဗကပဟောင်း ကိုးကန့် ဝ လက်နက်ကိုင်အဖွဲ့တွေနဲ့ ရှမ်း-ကချင်တော်လှန်ရေးတွေရှိရာ သံလွင်အနောက်ခြမ်း အဆက်ပြတ်အောင် ရည်ရွယ်ပြီး ရှမ်းပြည်တောင်ပိုင်းက ကျိုင်းတောင်း၊ တိန်းချောင်း၊ တာဆန်း၊ နမ့်ခုတ် (မိုင်းဆတ်) ရေကာတာတွေက ရှမ်းတော်လှန် ရေးတွေကို ခက်ခဲအောင် ရည်ရွယ်တာဖြစ်ပါတယ်။ အထက်ပေါင်းလောင်းနဲ့ နန်းချို ရေကာတာတွေ ကတော့ ဗကပ၊ ပအိုဝ်း နဲ့ ကယန်းလက်နက်ကိုင်တွေကို ဟန့်တားဖို့ဖြစ်ပြီး ကရင်နီပြည်က ရွာသစ်၊ နမ့်တဘက်၊ နမ့်ပွန် (ဘောလခဲ)၊ရှားတော ရေကာတာတွေဟာ အပစ်ရပ်တွေအပါအဝင် ကရင်နီနဲ့ ကျောင်းသားလက်နက်ကိုင်တွေကို ဟန့်တားဖို့ရည်ရွယ်ချက် ပါရှိပါတယ်။

ကရင်နဲ့ ကျောင်းသားတော်လှန်ရေးအဖွဲ့တွေကို ပိတ်ဆို့ဖို့ရည်ရွယ်တဲ့ ရေကာတာတွေကတော့ သောက်ရေခပ်၊ ရွှေကျင်၊ ဘောဂထာ၊ ယွန်းစလင်း၊ ဒေါင်းဂွင်၊ ဝဲကြီး (ကရင်နီ တော်လှန်ရေးကိုပါ ဟန့်တားနိုင်မယ်)၊ ဟတ်ကြီး၊ ဘီးလင်း နဲ့ တနင်္သာရီရေကာတာတွေဖြစ်ပါတယ်။

ရခိုင်ပြည်မှာလဲ ရခိုင်လက်နက်ကိုင်အင်အားစုတွေကို ကြိုတင်ဟန့်တားတဲ့အနေနဲ့ စိုင်းတင် နဲ့ လေးမြို့ ရေကာတာ တွေဆောက်ဖို့ စီမံကိန်းဆွဲထားပါတယ်။

"သောင်းကျန်းသူနှိမ်နင်းရေး မဟာဗျူဟာ"ဆိုတဲ့ စစ်ရေးအဓိကအမြင်နဲ့ ရေလှောင်တမံတွေ ရေကာတာတွေ ဆောက်သလို စစ်ရေးအမြင်နဲ့ဘဲ နည်းပညာညံ့ မြစ်ကူးတံတားကြီးတွေ ဆောက်ခဲ့တဲ့အတွက် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း မြစ်ကြောင်းပျက်စီးမှုတွေလဲ ဘယ်ခေတ်နဲ့မှမတူအောင် ဖြစ်ခဲ့ရပါတယ်။

စစ်အုပ်စုဟာ တချက်ခုတ် သုံးချက်ပြတ်အဖြစ် ကိုယ့်အာဏာစည်းစိမ်မြဲရေးအတွက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေကို ပိတ်ဆို့ကန့်သတ်ဖို့တင်မက တရုတ် ကုလား ယိုးဒယားတို့သဘောကျစေဖို့နဲ့ နိုင်ငံခြားငွေရစေဖို့ နယ်ခြားဒေသရေကာတာကြီးတွေ ဆောက်လုပ်ခဲ့ရာမှာ နိုင်ငံ့အချုပ်အခြာအာဏာကို ဘေးချိတ်လိုက်ပါတော့တယ်။ ကိုယ့် တိုင်းပြည်က အဓိကပင်မသယံဇာတတွေကို နိုင်ငံခြားသားလက်ထိုးအပ်တာလောက် အချုပ်အခြာအာဏာထိခိုက်တာ မရှိပါဘူး။ အခုလိုထိုးအပ်လိုက်တာဟာ နိုင်ငံ့ အသက်သွေးကြော ဧရာဝတီမြစ်ကို သေဒဏ်ပေးလိုက်တာနဲ့ အတူတူ ဖြစ်ပါတယ်။

နိုင်ငံ့ရဲ့ အသက်သွေးကြောမြစ်မကြီးတွေ၊ နိုင်ငံ့ရဲ့အခြေခံသယံဇာတရင်းမြစ်တွေကိုရောင်းစားတာ၊ နိုင်ငံတွင်းက အခြေ ခံပြည်သူလူထုတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဘဝတွေကို ပျက်သုဉ်းစေတာဟာ တကယ်တော့ အချုပ် အခြာအာဏာကို ရောင်းစားတာ ဖျက်ဆီးတာဘဲ ဖြစ်ပါတယ်။ အထွက်ကောင်းလှတဲ့ သဘာဝဓာတ်ငွေ့ တွေကို ပြည် တွင်းမှာ အကြီးအကျယ်လိုအပ်နေတဲ့ လျှပ်စစ်မီးရရေး၊ စက်မှုထွန်းကားရေးမှာ မသုံးဘဲ ၈၀% လောက်ကို ထိုးအပ်လိုက် ကတည်းက အချုပ်အခြာအာဏာ ပါသွားခဲ့ပြီဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ အကြီးအကျယ်အော်နေတဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအပါအဝင် ဒို့တာဝန်အရေးသုံးပါး နဲ့ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ဆိုတာ လိမ်လုံးညာလုံးတွေဖြစ်ကြောင်း လယ်ပြင်မှာဆင်သွားသလို ရှင်းလင်းလှပါတယ်။

တကယ်လုပ်ရမှာက သူပုန်ပြဿနာကို နိုင်ငံရေးအရဖြေရှင်းတာ (ရေကာတာတွေဆောက်လို့ သူပုန်တွေ မထိခိုက်တာကို မိုးဗြဲရေကာတာဝန်းကျင်က ရလလဖ-ပအိုဝ်းနီ၊ ကယန်း နဲ့ ဗကပ သူပုန်တွေက သက်သေပြခဲ့ပါပြီ)၊ တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေးအပြည့်အဝပေးတာ၊ မြစ်ဝှမ်းတလျှောက်သစ်တောတွေ ထိန်းသိမ်းတာ ပျိုးထောင်တာ၊ မြစ်ကြောင်းအနေအထားမပျက်ယွင်းစေတဲ့ မြစ်ကူးတံတားကြီးတွေ တည်ဆောက်တာ၊ မြစ်ကြောင်းပျက် အဆိပ်သင့်စေတဲ့ ရွှေတူးမှု ယူရေနီယမ်တူးမှုတွေကို ကန့်သတ်ကြီးကြပ်တာ၊ မြစ်ကြောင်းတခုလုံးကို ခေတ်မှီယန္တရား စက်ကြီးတွေနဲ့သောင်တူး သောင်ဖြိုပစ်တာတွေ လုပ်ရမှာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားအတွက်လဲ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေ၊ ရေကာတာပညာရှင်တွေ၊ ဒေသခံလူထုတွေဆီက သေသေချာချာ အကြံဉာဏ်ရယူပြီးမှ (လျော်ကြေးလဲ လောက်လောက် ငှငှပေးပြီးမှ) တည်ဆောက်ရမှာဖြစ်ပါတယ်။

ဒါတွေကို ဗဟိုအစိုးရကဘဲ လုပ်နိုင်မှာဖြစ်ပေမဲ့ လက်ရှိဗဟိုအစိုးရ စစ်အာဏာရှင်တွေကတော့ တိုင်းပြည့်အချုပ်အခြာ အာဏာကို ရောင်းစားနေတာဖြစ်လို့ အခုအခါ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO က တပြည်လုံးအကျိုးအတွက် သူ နိုင်သလောက်ကို လုပ်နေပါတယ်။ အဲဒါကတော့ စစ်အစိုးရကို ရဲရဲကြီးအာဏာဖီဆန်ပြီး ခုခံတော်လှန်စစ်ကို ဆင်နွှဲ လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ရာဇဝင်များရဲ့သတို့သမီးကို အထည်ကြီးပျက်မုဆိုးမ မဖြစ်အောင် ကယ်တင်ဖို့တိုက်ပွဲဖြစ်တဲ့အပြင် ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာပြန်လည်ရယူရေးတိုက်ပွဲလဲ ဖြစ်ပါတယ်။

တချိန်ကတော့ လောပိတ မဟာဓာတ်အားလိုင်း ဖြတ်သွားတဲ့ ကရင်နီပြည် ရှမ်းပြည်က လူထုတွေအဖို့ စိုင်းထီးဆိုင် သီချင်းထဲကလို "ဖြတ်သာသွားတယ်မနားတယ်"ဖြစ်ခဲ့ပေမဲ့ အခုတော့ ကချင်၊ ဗမာ၊ ရှမ်း၊ မွန်၊ ရခိုင် စတဲ့ တနိုင်ငံလုံးက ပြည်သူလူထုတွေအတွက် လျှပ်စစ်လိုင်းကြိုးတွေနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေဟာ "ဖြတ်သာသွားတယ် မနားတယ်"ဖြစ်လာပါပြီ။

အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲအောင် မလုပ်တဲ့ စစ်အစိုးရလက်ထက်မှာ ဗမာပြည်ဗဟိုချက် မန္တလေးမြို့တော် ရဲ့ မြေယာအိုးအိမ်တွေ နောက်တိုး'လူဝါ'များ လက်ထဲရောက်သွားတာ တဆက်တစပ်တည်း ဖြစ်လာပါတယ်။ သီပေါ မင်းလက်ထက် ၁၈၈၄-၈၅ ခုမှာ မန္တလေးလူဦးရေ တသိန်းနီးပါးမှာတရုတ်ဦးရေက ၇၀၀၀ ရှိခဲ့ပါတယ်။ ဒီကနေ့ မန္တလေး လူဦးရေတသန်းမှာ တရုတ်လူဦးရေက ၄ သိန်းနီးပါးရှိနေပြီး သခင်လူတန်းစားသစ် ဖြစ်လာပါတယ်။

အချုပ်အခြာအာဏာဆိုတာ ဒြဗ်မဲ့ မဟုတ်ပါ။ အကောင်အထည်ရှိတဲ့ ရေ မြေ တွင်းထွက် နဲ့ လူသားတွေကို ထိန်းချုပ် တာဟာ အချုပ်အခြာအာဏာကို ထိန်းချုပ်တာ ဖြစ်ပါတယ်။ အခု ဒါတွေကို ဘယ်သူကထိန်းချုပ်ထားသလဲ ဆိုတာ မန္တလေးသားတွေ သိပါတယ်၊ ကချင်ပြည်သားတွေ၊ ရခိုင်ပြည်သားတွေ၊ ရှမ်းပြည်သားတွေ၊ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်ဆန့်ကျင်ရေးအစဉ်အလာကြီးမားတဲ့မြန်မာနိုင်ငံသားတွေ သိကြပါတယ်။

ဒါကြောင့် ဒီကနေ့ဒီအချိန်မှာ ဧရာဝတီကိုကယ်တင်ဖို့ဆိုရင် ကေအိုင်အိုရဲ့လက်နက်ကိုင်တိုက်ပွဲကို ပြည်တွင်းပြည်ပ အားလုံးက ဝိုင်းရံပံ့ပိုးပြီး ဧရာဝတီ၊ တပိန်၊ ရွှေလီ၊ သံလွင်၊ ချင်းတွင်းမြစ်တွေပေါ်က ရေကာတာစီမံကိန်းတွေကို ရိုက်ချိုးဖျက်သိမ်းပစ်ရမှာဖြစ်ပါတယ်။ ကေအိုင်အိုရဲ့ ဧရာဝတီအရေးတော်ပုံကို တပြည်လုံးအနှံ့လက်နက်ကိုင်တိုက်ပွဲတွေ လူထုတိုက်ပွဲတွေ တပ်တွင်းပုန်ကန်မှုတွေနဲ့ ပေါင်းစပ်ဖို့နည်းမှတပါး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး အတွက် အခြားလမ်းမရှိပါ။

ဂါမဏိ
(၂၀၁၁)

ဗြိတိန်သိပ္ပံပညာရှင် စတိဖင်ဟော့ကင်းက ဗြိတန်ခွဲထွက်တွေကို ဝေဖန်လိုက်ပြီ

$
0
0


ဗြိတိန်သိပ္ပံပညာရှင် စတိဖင်ဟော့ကင်းက ဗြိတန်ခွဲထွက်တွေကို ဝေဖန်လိုက်ပြီ
(မိုက်ခဲစိန် ဘာသာပြန်) သြဂုတ် ၄၊ ၂၀၁၆


မကြာသေးမီက ဗြိတိန်အမျိုးသားတွေက ဥရောပသမဂ္ဂကနေ ခွဲထွက်ကြောင်း မဲနဲ့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဝေဖန်ပြစ်တင်မှုတွေအထဲမှာ အထင်ကရ သိပ္ပံပညာရှင်၊ မသန်စွမ်းသူ စတိဖင်ဟော့ကင်းလည်း ပါဝင်လာပါတယ်။ သူက သီးခြားခွဲထွက်နေလိုခြင်းနဲ့ ၀န်တို အာဃာတစိတ်ကြီးခြင်းတို့ဟာ လူသားတွေ မျိုးတုန်းစေတဲ့အထိ ဖြစ်နိုင်တယ်၊ လူ့ဘောင်လောကမှာ ဥစ္စာဓနအဓိကဆိုတဲ့ သဘောထားကို ပြန်လည် သုံးသပ်စေလိုကြောင်း တိုက်တွန်းလိုက်ပါတယ်။

ဗြိတိန်ထုတ် ဂါဒီယန်းသတင်းစာထဲမှာ သူရေးတဲ့ အက်ဆေးကနေ အသေးစိတ်ထောက်ပြတာကတော့ ကြွယ်ဝချမ်းသာမှု ဆိုတဲ့အထဲမှာ ငွေကြေး၊ ဥစ္စာဓနဆိုတာထက် အသိဥာဏ်ပညာ၊ သဘာဝ အရင်းအနှီး နဲ့ လူသားစွမ်းအားတွေကိုပါ ထည့်သွင်း ဖွင့်ဆိုသင့်တယ်လို့ ဆိုလိုက်ပါတယ်။

ကံဆိုးမိုးမှောင်ကျနေတဲ့ မျက်မှောက်လူ့ဘောင်လောကရဲ့ ဘက်ပေါင်းစုံက စိန်ခေါ်မှုတွေတွေကို စာရင်းလုပ်ပြရာမှာ ဥတုရာသီ ပြောင်းလဲမှု၊ စားရေရိက္ခာ ရှားပါးမှု၊ လူဦးရေပေါက်ကွဲခြင်း၊ သတ္တ၀ါမျိုးစိတ်များ တုံးလာခြင်း၊ ရောဂါဘေးဒုက္ခများ နဲ့ ပင်လယ်ရေ မြင့်တက်လာခြင်းတို့တွေ ပါဝင်ပါတယ်။

အဲသည်လို အခက်အခဲ အရေးအခင်းတွေကြောင့် ကျနော်တို့ လူသားတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ဘုံတူသော အမြင်ကို မျှဝေခြင်း၊ လူသားမျိုးဆက်များ ရေရည်ရပ်တည်နိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းခြင်းတို့ လိုအပ်တယ်လို့ သူက ပြောလိုက်ပါတယ်။ ကျနော်တို့ ပြောင်းလဲရမယ်၊ ပြန်လည်သုံးသပ်ရမယ်၊ ဦးတည်ချက်ကို ပြောင်းရမယ်၊ ငါသူတပါး၏ ချမ်းသာကြွယ်ဝမှုတွေ၊ ပိုင်ဆိုင်မှုတွေကနေ ပြဌာန်းထားတဲ့ မိမိတို့ အခြေခံယူဆချက်တွေကို ပြောင်းလဲစရာရှိတာတွေ ပြောင်းပစ်ဖို့ လိုတယ်လို့ သူက ပြောလိုက်ပါတယ်။

စကြာဝဠာဗေဒ ရူပဗေဒ ပညာရှင်ကြီးက ဆွေးနွေးရာမှာ ဥရောပသမဂ္ဂကနေ ခွဲထွက်ဖို့ ဆုံးဖြတ်တဲ့ ဗြိတိန်ဟာ ငွေကြေး ဓနဥစ္စာကို အဓိကထားပြီး စဉ်းစားခဲ့တယ်လို့ ဝေဖန်လိုက်ပါတယ်။ ဒီလိုလုပ်တာဟာ ဥရောပသမဂ္ဂရဲ့ သိပ္ပံနဲ့ ပညာရေးအပေါ် ရင်းနှီးမြုပ်နှံနေခြင်းတွေကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ပိုက်ဆံဟာ အရေးကြီးတယ်၊ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို အာမခံလို့ပါပဲ။ ကျနော် အရင်တုန်းကတည်းက ဗြိတိန်အစိုးရရဲ့ ဘတ်ဂျက်ဖြတ်တောက်မှုတွေကို ထောက်ပြခဲ့တယ်။ မသန်စွမ်းတဲ့ ကျောင်းသားတွေကို ထောက်ပံ့ကြေး ဖြတ်တယ်။ ဒါဟာ ကျနော့်ကို အများကြီး အထောက်အကူပြုပေးခဲ့ဖူးတာပေါ့။ ကျနော့်ဘ၀အတွက်ဆိုရင် ငွေကြေးဟာ ကျနော့်အလုပ်ကို ဖြစ်ထွန်းအောင် အားပေးခဲ့တယ်။ ပြီးတော့ ငွေကြေးဆိုတာ ကျနော့်ကို အသက်ရှင်သန်နေအောင်လည်း အားပေးခဲ့တဲ့ အရာပါ။

ကျနော့်အစောပိုင်း ပညာရှင်ဘ၀တုန်းက ဆွစ်ဇာလန်မှာရှိတုန်း အဆုပ်အအေးမိရောဂါ ရလာတယ်။ ကင်းဘရိတ်က ကျနော့်မိတ်ဆွေကောင်းတွေက ဗြိတိန်ကို လေယျာဉ်နဲ့ အမြန်ဆုံး ပြန်ခေါ်ပြီး ကုသပေးခဲ့တယ်။ သူတို့ ပိုက်ဆံသာ မပါရင် ကျနော်လည်း အသက်ရှင်မှာ မဟုတ်ဘူး။ အခုလိုမျိုး ကျနော် ဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။ ငွေကြေးဆိုတာ လူတဦးချင်းစီကို လွတ်မြောက်ခွင့်ပေးပါတယ်။ ဆင်းရဲမွဲတေမှုဟာ လူတွေကို အကျဉ်းချထားတယ်၊ သူတို့ စွမ်းဆောင်ရည်တွေကို ပိတ်ဆို့ထားတယ်။ သူတို့တွေ ပျက်စီး ပြိုကွဲ မျိုးတုန်းမှုအထိကို တွန်းပို့နိုင်ပါတယ်။

ပညာရှင်ကြီးက ပိုက်ဆံ ငွေကြေး ဓနဥစ္စာဆိုတာ ဖောင်တစီးလို လိုရာရောက်ဖို့ ယာဉ်အဖြစ်သာ မြင်ပါသတဲ့။ ချမ်းသာကြွယ်ဝခြင်း သက်သက်ဟာ ပန်းတိုင် မဟုတ်ဘူးလို့ ဆိုပါတယ်။ ချမ်းသာခြင်းသည်သာ အဓိကဆိုတဲ့ သဘောထားတွေ စိတ်ဓာတ်တွေ လူတွေကြား ပြန့်နှံ့နေတယ်လို့ ပြောလိုက်ပါတယ်။

လူတွေဟာ ပကတိချမ်းသာခြင်းကို မေးခွန်းထုတ်ကြတယ်။ ဘ၀အတွေ့အကြုံတွေ အသိဥာဏ်ပညာတွေဟာ ငွေကြေးဥစ္စာတွေကထ် တန်ဖိုး မရှိဘူးလား၊ အရေးမကြီးဘူးလား။ ပိုင်ဆိုင်မှုရှိမှ ဆိုတာက ပြည့်စုံမှုဆိုတာကို တားဆီးထားသလား။ ကျနော်တို့တတွေ တကယ်ပိုင်ဆိုင်ကြလို့လား။ ကျနော်တို့တွေက လမ်းခုလတ်မှာ ခေတ္တထိန်းသိမ်းသူတွေ သက်သက်သာ မဟုတ်ဘူးလား။

ချမ်းသာမှုဆိုတာကို ပြန်လည်ပြဌာန်းကြဖို့၊ ရှိတာကို မျှဝေသုံးစွဲကြဖို့ဆိုတာဟာ မျက်မှောက်ကာလရဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုကို မဖြေရှင်းနိုင်ရင် လူသားတွေ မျိုးတုန်းကုန်ကြလိမ့်မယ်လို့ စတီဖင်ဟော့ကင်းက ဝေဖန်လိုက်ပါတယ်။

ဒီတခါ ကျနော်တို့ အရေးနိမ့်ခဲ့ရင် ဗြိတိန်ခွဲထွက်တွေကို တွန်းအားပေးခဲ့တဲ့ အထီးကျန်နေလိုခြင်း၊ မနာလိုဝန်တိုခြင်းဆိုတဲ့ အာဃာတတွေဟာ ယူကေသာမက ကမ္ဘာကိုပါ ပတ်ပြီး သဒ္ဓါတရားထက်သန်မှုကို လည်ပင်းညှစ်ပါတော့မယ်။ ချမ်းသာတယ်ဆိုတာကို ကိုယ်ကျိုးသက်သက်အတွက် ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ဖွင့်ဆိုမှုတွေ၊ မျှဝေ ခွဲခြမ်း မသုံးစွဲလိုဘဲ တွန့်တို ၀န်တိုခြင်းကို ကျင့်သုံးတာတွေကို မိမိတိုင်းပြည်တွင်းမှာကော နိုင်ငံတကာမှာပါ ဖြန့်ချိ တိုက်တွန်းနေကြပါတယ်။ သည်အင်အားတွေ ကောင်းလာရင် ရှေ့တိုးလာရင်ဖြင့် ကျနော့်အမြင်မှာ ကျနော်တို့ လူသားမျိုးနွယ်တွေရဲ့ အနာဂတ်ဟာ ကောင်းလာစရာ မရှိတော့ပါဘူး။

( http://mashable.com/2016/07/29/stephen-hawking-wealth-brexit-britain/#PQZlSIe7zkqMကို ဆီလျော်အောင် ပြန်ဆိုပါတယ်)


ကာတွန်း ATH - သူ့အနားမှာ စောင်းမတီးပါ

$
0
0
 
ကာတွန်း ATH - သူ့အနားမှာ စောင်းမတီးပါ
(မိုးမခ) သြဂုတ် ၅၊ ၂၀၁၆

သဌမ - အမည်မဲ့ သီချင်းတပုဒ်

$
0
0

ပန်းချီသန်းဌေးမောင်


သဌမ - အမည်မဲ့ သီချင်းတပုဒ် 
(မိုးမခ) သြဂုတ်၊ ၅၊ ၂၀၁၆

လူတွေတော်တော်များများက ဒီပန်းချီကားကိုနားမလည်ဘူး ….
ဒီအနုပညာကို နားမလည်ဘူး စသဖြင့် ပြောလေ့ရှိကြတယ်။
အခုလိုချိုးငှက်လေးတကောင်ရဲ့ ကူချွဲနေတဲ့တေးသံလေးကျတော့ရော အဓိပ္ပာယ်ကို နားလည်ကြလို့လား … … .


ပြာမှောင်မှောင်တောင်တန်းများ
စိမ်းညို့ညို့တောအုပ်များ
တည်တည်ငြိမ်ငြိမ်အုပ်မိုးနေသော ဖြူဖြူဖွဖွတိမ်ဆိုင်အဆုပ်အခဲများ


တချို့တောင်ခြေတွေမှာတော့ မြူခိုးဖြူဖြူတို့ဝေနေဟန်က ရေဆေးကြည်ကြည်ပန်းချီကားတချပ်လို
မနက်ခင်းစောစောက မိုးတဖြိုက်နှစ်ဖြိုက်ရွာထားလို့မို့ မိုးရွာပြီးစ တောအုပ်ရဲ့အလှက ငိုပြီးစ မိန်းမလှလေးတယောက်ရဲ့ ညှို့နိုင်လွန်းတဲ့မျက်နက်ဝန်းလေးတွေလို ထိုးထွက်စနေခြည်မှာ လက်လက်ထ လှပနေလေရဲ့ …


အရိုင်းဆန်စွာ လျှို့ဝှက်လွန်းစွာ တည်ငြိမ်ရင့်ကျက်လွန်းစွာ ။


တကုကူး ကူး x x x တကုကူး ကူး x x x တကုကူး ကူး


ကျနော်က အားလပ်ရက်လေးမှာ ပန်းချီကားတချပ်ရေးဖို့ ထောက်ကူပစ္စည်းတွေနဲ့အတူ ဒီတောအုပ်ထဲ တိုးဝင်လာခဲ့တာပါ။ တောအုပ်ထဲက ဖြတ်သန်းတိုက်ခတ်လာတဲ့လေပြည်နဲ့အတူ ပထမဆုံးကြားလိုက်ရတဲ့ အသံကတော့...


ချိုးငှက်လေးတကောင်ရဲ့ ကူချွဲတေးချိုချို သစ်ရွက်ကြိုသစ်ရွက်ကြား နွေဦးသစ်ကိုင်းဖျား တကူးကူး ကူသံကြား။

ကျနော်ချစ်သိပ်ချစ်ရတဲ့ သူ့ကိုသတိရသွားတာလား၊ ကျနော်လွမ်းသွားတာလား၊ ကျနော့်စိတ်မှာ ကြည်နူးအေးချမ်းသွားမိသွားတာများလား …။


သယ်ယူလာခဲ့တဲ့ပစ္စည်းတွေ အသာချပြီး လက်ဝါးနှစ်ဖက်ကိုပူးကပ်လို့ လက်ခုပ်အဝမှာ နှုတ်ခမ်းကိုတေ့မှုတ်လို့ ခပ်ဆင်ဆင်ချိုးကူသံ တုံ့ပြန်လိုက်မိပေါ့။


ပိုပျော်သွားသည်လား အလွမ်းပြေသွားသလား …ရင်ထဲပေါ့သလိုရှိသွားလား၊

ယူဆောင်လာတဲ့ ပုံဆွဲစရာပစ္စည်းတွေကိုထုတ်ရင်း အောက်ဒိုးပန်းချီကားတချပ်ရေးဖို့ အဆင်သင့်ပြင်လိုက်ပါတယ်။


တကုကူး ကူး x x x တကုကူး ကူး x x x

သူကတော့ မရပ်မနား

အိမ်ပြန်ချင်သောဝေဒနာ ကန်းထရီးတေးတပုဒ်လေလား ၊

လွမ်းဆွတ်ခြင်း တမ်းတကြေကွဲတေးတပုဒ်လား ….၊ မျှော်လင့်ခြင်းမဲ့ ငိုကြွေးသံစဉ်လား၊

နွေဦးရာသီ အရိုင်းငှက်လေးရဲ့ကြိုဆိုခြင်း ရက်ပ်သီချင်းတပုဒ် များလေလား…၊

ဒါမှမဟုတ် အရိုင်းငှက်လေးရဲ့ တနေ့တာ ဝမ်းရေး ကြိုတွေးညည်းညူသံလား… ၊

တောအုပ်ထဲ မျက်စေ့လည်နေရှာသူအတွက် မြေပုံလမ်းညွှန်ရောမဖြစ်နိုင်ဘူးလား …

အနက်ရောင်ခြုံတန်းစည်းရိုးတွေကြား ထိုးထွက်နေတဲ့ သုံးရွက်ဆိုင် ပဲပင်တွေအကြောင်းလား… ၊

ဆုံးစမသိနိုင်တဲ့စမ်းချောင်းလေးရဲ့ရာဇဝင်၊ မြက်ခင်းကုန်းမြင့်ပေါ်က ရိုးရာပုံပြင်တွေများလား.. ၊

အရိုင်းငှက်လေးရဲ့ရင့်မှည့်စ လေပြည်အတွက် ယုံတမ်းစကားလည်း ဖြစ်နိုင်လေသည်ပဲ။


လူတွေတော်တော်များများက ဒီပန်းချီကားကိုနားမလည်ဘူး ….
ဒီအနုပညာကို နားမလည်ဘူး စသဖြင့် ပြောလေ့ရှိကြတယ်။


အခုလိုချိုးငှက်လေးတကောင်ရဲ့ ကူချွဲနေတဲ့တေးသံလေးကျတော့ရော အဓိပ္ပာယ်ကို နားလည်ကြလို့လား…….


လေပြည်အလာမှာ ယိမ်းနွဲ့နေတဲ့ တောရိုင်းပန်းပွင့်လေးတွေ၊ ဆိပ်ဖလူးပန်းတွေ မျောပါလာတဲ့စမ်းချောင်းလေးရဲ့ရေစီးသံ၊ ကြယ်တွေစုံတဲ့ညတညရဲ့အကြောင်းစတဲ့ သဘာဝအလှတွေကို လူတွေဟာ သိပ်အားမထုတ်လိုက်ရပဲ ခံစားသိလွယ် နားလည် ကျေနပ်လွယ်ကြပြီး ပန်းချီကားတချပ်၊ အနုပညာတခုကိုချဉ်းကပ်ဖို့ကျတော့ တော်တော်ခက်နေကြသတဲ့၊ တကယ်တန်းကျတော့ ပန်းချီကားတချပ်ဆိုတာ ပန်းချီဆရာရဲ့ ရင်ထဲကမှတဆင့် ဖူးပွင့်လာတဲ့ ပန်းရိုင်းလေးတပွင့်ပါပဲလေ….၊


ပုံဆွဲထောက်ခုံပေါ်က ရေဆေးစက္ကူပေါ်မှာ နံပါတ်ခြောက်ဘီ အမျိုးအစား ခဲသားပျော့ပျော့နဲ့ ပုံကြမ်းလျာထားခြင်းအလုပ်ကို စတင်လိုက်ပါတယ်။


ချိုချို သာယာ ညံစာစာ
တကုကူး ကူး x x x
တကုကူး ကူး x x x
တကုကူး ကူးလို့သာ အော်မြည်ရှာ နေတော့တာ….၊

အသေချာဆုံးကတော့ ဒီတေးသွားသံစဉ် ဒီစာသားဆိုသည်က ဒီလိုသာယာတဲ့နွေဦးမျိုးနဲ့သာ လိုက်ဖက်အည်ီဆုံးပါဆိုတဲ့အကြောင်း မင်းရဲ့အမည်မဲ့သီချင်းလေးအတွက် ဂုဏ်ပြုရင်း လေးလေးစားစား ပြောလိုက်ပါရစေ ငှက်ကလေးရေ …။ ။

သ ဌ မ

ဒီဇိုင်း ကိုမျိုး - ၈၈ ၊ ၂၈နှစ်

$
0
0

ဒီဇိုင်း ကိုမျိုး - ၈၈ ၊ ၂၈နှစ်
(မိုးမခ) သြဂုတ် ၅၊ ၂၀၁၆

အောင်ဆန်းစုကြည် - Unity, Diversity, Identity နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး

$
0
0


အောင်ဆန်းစုကြည် - Unity, Diversity, Identity နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး
(သျှမ်းသံတော်ဆင့်၊ သြဂတ်စ်လ ၄ ရက် ၂၀၁၆)
မိုးမခက ပြန်လည်ကူးယူဖော်ပြပါတယ်
UNFC (စည်းလုံးညီညွတ်သော တိုင်းရင်းသားဖက်ဒရယ်ကောင်စီ) ခေါင်းဆောင်များအား ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ကတွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သော မှတ်သားဖွယ်ရာ ဆွေးနွေးချက်များ

သျှမ်းသံတော်ဆင့်၊ သြဂတ်စ်လ ၄ ရက် ၂၀၁၆ (https://www.facebook.com/Panglong.burmese/)

အဖွင့်မိန့်ခွန်း
ကျမကိုအခုလိုလာပြီးတွေ့တဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ဒီလိုတွေ့ဆုံမှုအတွက်လည်ူ ကျမတို့မျှော်လင့်ခဲ့တာ ကြာပါပြီ။ တွေ့ဆုံခြင်းအားဖြင့်လည်း ကျမတို့အားလုံးအတွက် တိုးတက်မှုတွေ အကျိုးကောင်းတွေ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျမတို့တွေမိသားစုလိုတွေ့တယ်ဆိုတော့ ကျမတခုမေးချင်ပါတယ်။
ဒီအထဲမှာ ဘယ်သူအသက်အကြီးဆုံးလဲ ? ဦးကျော်တင့်ဆွေ အပါအ၀င်ပေါ့။ ဦးကျော်တင့်ဆွေက ကျမထက် ၃ လငယ်တယ်။ ကျန်တဲ့ဧည့်သည်တွေကော ကျမထက်ကြီးတဲ့သူပါလား။

ဗိုလ်ချုပ်ဆေထဲင်က အသက်ဘယ်လောက်လဲ။ ၈၀ နှစ်။ ကျမထက် ကြီးတယ်။ ဗိုလ်ချုပ်အန်ဘန်လာကော၊ ၆၇ ဆို ကျမထက်ငယ်တယ်။ ကျမထက်ကြီးတာ တယောက်ပဲ ရှိတာပေါ့။
ကျမဘာဖြစ်လို့မေးလဲဆိုတော့ ကျမ ဒီအစည်း အဝေးမလာခင် ကျမ စဉ်းစားမိတယ်။ ကျမတို့အားလုံးမှာ ကျမတို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ တူညီချက်တခု ရှိတယ်။ ကျမတို့ ဘယ်လိုမှအမြဲနေသွားလို့ မရဘူး။ ကျမတို့သက်တမ်းဆုံးတဲ့အခါမှာ ကျမတို့ ဒီလောကကနေ ထွက်သွားရမှာပဲ။
ကျမတို့ဒီလောကကနေမထွက်သွားခင်မှာ အားလုံး စုပေါင်းပြီးတော့ နိုင်ငံ့ တိုးတက်မှု လုပ်သွားချင်တယ်။ အဲဒါ ကျမစိတ်ထဲ ရောက်လာတယ်။ ကျမတို့ဒီမှာရှိတဲ့အားလုံး လူငယ်တွေအပါအ၀င်ပေါ့၊ ပြောလို့ရတာမဟုတ်ဘူး၊ လူငယ်၊ လူကြီး ဘယ်သူဟာ ဤလောကကြီးကနေ အရင်ထွက်သွားမလဲဆိုတာ တနေ့တချိန်တခါမှာ ကျမတို့ထွက်သွားရမှာပဲ။ ဘယ်သူမှငြင်းလို့မရဘူး။

ကျမတို့အားလုံးတခြားကိစ္စတွေ NCA နဲ့ဘယ်လောက်ပဲငြင်းခုံခုံ၊ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ဘယ်လောက်ပဲ ငြင်းခုံခုံ တူညီတဲ့ကိစ္စတခုကတော့ ကျမတို့ တချိန်ချိန်မှာ ဤလောကကနေ ထွက်သွားရမှာပဲ။ မထွက်သွားခင်မှာ ကျမညီညွတ်မှုကိုလိုချင်တယ်။ ကျမတို့အစဉ်အဆက် ကျမတို့ခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ မျှော်မှန်း ခဲ့တဲ့ညီညွတ်မှုကိုရယူပြီးတော့ ထားပစ်ခဲ့ချင်တယ်ဆိုတဲ့စိတ် ကျမ ပေါ်ပေါက်ခဲ့ပါတယ်။

နောက်တခုကျမစဉ်းစားမိတာ ဘာလဲဆိုတော့ ကျမတို့အားလုံးဟာ ဘာလဲ ဘယ်သူလဲဆိုတာ အရင်စဉ်းစား ရင်ကောင်းမလားလို့။ ဥပမာဆိုလို့ရှိရင် ကျမအနေနဲ့ ကျမကဘယ်သူလဲဆိုတော့ ကျမဟာမြန်မာနိုင်ငံသားတယောက်လို့ ပြောမှာလား၊ ကျမဟာ ကျမမိဘရဲ့သမီး ပြောရမှာလား၊ ကျမအဖေဟာ အညာသားဗမာစစ်စစ်၊ ကျမအမေဟာ ဧရာဝတီက မွန်သွေးပါတယ်။ ရခိုင်သွေး ပါကောင်း ပါမယ်။ ဘိုးဘိုးဘက်က ကျမသိပ်မသေချာဘူး။ သေချာတာကတော့ မွန်သွေးပါတယ်။ ကျမက မွန်မျိုးနွယ်လို့ခေါ်ရမှာလား။ အညာသားမျိုးနွယ်လို့ခေါ်ရမှာလား။ ပြောရမယ်ဆိုရင် ကျမတို့ Identity အမျိုးမျိုးရှိတယ်။ တခုတည်းမဟုတ်ပါဘူး။
ဒီတော့ ကျမက ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာတယောက်လို့ သတ်မှတ်ရမှာလား။
ကိုယ့်ကိုယ်ကို ဘာလဲဘယ်လူလဲဆိုတာသတ်မှတ်တာ အမျိုးမျိုးရှိတယ်။ လူတိုင်းလူတိုင်းမှာ ရှိပါတယ်။ အဲဒါ Diversity ပဲ။

နောက်ဆုံးတော့ ဒိုင်ဗာစီတီအရင်လာသလား ယူနီတီလာတာလား။ Diversity of the unity ဆိုတာ ဒီမတူကွဲပြားမှုဆိုတာ ကျမတို့အချင်းချင်းကြားထဲမှာ မဟုတ်ဘူး၊ ကျမတို့တယောက်ချင်း တယောက်ချင်းအတွင်းမှာကို မတူကွဲပြားမှုတွေ အစုံရှိပါတယ်။
ဥပမာဆို ကချင်။ ကချင်ဆိုပေမယ့် ကိုယ်ကိုးကွယ်တဲ့ဘာသာဆိုလို့ ကိုယ့်ရဲ့ Identity ပဲ။ ကိုယ်ကိုးကွယ်တဲ့ဘာသာဆိုလဲ မတူတဲ့ကချင်တိုင်းရင်းသားတွေ ရှိတယ်။ ကချင်ပြည်နယ်မှာ ဆိုတာလဲမတူတဲ့အရပ်ဒေသက လာတာရှိတယ်။ ကိုယ့်ရဲ့မိဘက မတူညီတဲ့အခြေအနေတွေ ရှိတယ်။ အဲဒီလိုအမျိုးမျိုးမတူညီတာ တွေရှိတယ်။
ကျမစဉ်းစားမိတာကတော့ တကယ်ကြီးတဲ့သစ်ပင်ကြီးတွေ ခိုင်ခံ့တဲ့သစ်ပင်ကြီးတွေဆိုတာ အမြစ်တွေအများကြီးရှိပါတယ်။ ဒီအမြစ်တွေအများကြီးစုစောင်းပြီးတော့မှ ခိုင်ခံ့တဲ့အပင်ကြီးတခု ဖြစ်လာတာပါ။ အမြစ်တခုတည်းရှိတဲ့အပင်တွေဟာ မခိုင်ခံ့ပါဘူး။
ဥပမာဆိုရင် မုန်လာဥ ဆွဲထုတ်လိုက်ရင်ပါသွားတာပဲ။ သူကအမြစ်က တခုတည်း ရှိတယ်။ တကယ်တော့ မြစ်မ ပင်မတခုတည်း ရှိတယ်။ နည်းနည်းလေးပေါ့။ တခြားအမြစ်သေးသေးလေးရှိရင် ရှိမယ်။ ဒီလိုအမြစ်ကြီးကြီးတခုတည်းရှိတာ မခိုင်ခံ့ပါဘူး။ ဆွဲနှုတ်လိုက်လို့ရှိရင် တခါတည်းပါသွားတာပဲ။

ဒီလို Diversity ရှိတဲ့ အမြစ်တွေအများကြီးရှိတဲ့သစ်ပင်ကြီးတွေသာ တကယ်ကို ခိုင်ခံ့နိုင်မှာပါ။ အဲဒီတော့ကျမတို့ကနေပြီးတော့ Diversity of Strength ဆို ပြီးတော့ လက်တွေ့ကျကျ သဘာဝ အရ မှန်တယ်လို့ ကျမမြင်တယ်။ ကျမတို့ဘယ်သူမှ Identity တခုတည်းရှိတာ မဟုတ်ဘူး။ ကျမ ဒီဟာကို ဘာဖြစ်လို့လေ့လာလဲဆိုတော့ ကျမတို့တကမ္ဘာလုံးမှာဖြစ်နေတဲ့ Identity Crisis ပေါ့နော်၊ အထူးသဖြင့် ဘာသာရေးအရ ကွဲပြားတာတွေ၊ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ ပြင်သစ်မှာ ကြီးလာတဲ့ North Africa ကမူစလင်ဘာသာဝင်တယောက်က ရေးဖူးပါတယ်။

ဒီ Identity နဲ့ပတ်သက်လို့ပေါ့။ လူတွေဟာ ကိုယ့်မှာ Identity တခုရှိတယ်လို့ သတ်မှတ်လိုက်လို့ ရှိရင် ပြဿနာ ဖြစ်တယ်တဲ့။ ဒါပေမဲ့ လူတိုင်းလူတိုင်းမှာ Identity အများကြီးရှိတယ်။ ဒီဟာတွေ အားလုံးကိုသိမ်းသွင်းပြီးတော့ လက်ခံပြီးတော့ ကျော်လွှားနိုင်ရမယ်။ ဒီဟာတွေအားလုံးကို အင်အားဖြစ်အောင် လုပ်ဆောင်နိုင်ရမယ်ဆိုတော့ ကျမ ဒီဟာကို သိပ်ကို သဘောကျပါတယ်။
ကျမတို့အားလုံးဟာ ပြည်ထောင်စုသားတွေဆိုတဲ့ Identity ကိုလည်း ရှိစေချင်တယ်။ ကိုယ်သက်ဆိုင်ရာသက်ဆိုင်ရာ တိုင်းရင်းသားဆိုတဲ့ Identity ကိုလည်း ရှိစေချင်တယ်။ ကိုယ်ကိုးကွယ်ရာဘာသာဆိုတဲ့ Identity ကိုလည်း ရှိစေချင်တယ်။ ကိုယ့်ရဲ့မိဘတွေကလည်း လူမျိုးစုတခုတည်းကပဲ ဖြစ်ချင်မှဖြစ်မယ်။ ဒီလိုမတူကွဲပြားတဲ့ Identity ကိုပေါင်းပြီးတော့ ပိုပြီးခိုင်ခံ့တဲ့အပင်ကြီးသဖွယ်ဖြစ်တဲ့ ပြည်ထောင်စုကိုထူထောင်တာဟာ ကျမတို့ခေတ်မှာ ကျမတို့ အသက်ရှင်ကာလမှာ ကျမတို့ထူထောင်သွားစေချင်တယ်။

ကျမတို့ ဒီမှာအမြဲရှိနေမှာမဟုတ်ဘူး။ ဒါ ဘယ်သူမှ ငြင်းလို့ရမှာမဟုတ်ဘူး။ ကျမတို့ အသက် ၅၀ ကျော်လာတာနဲ့အမျှ သက်တမ်းတ၀က်ရောက်တဲ့သူက များပါတယ်။ အသက်တရာကျော်တဲ့သူက အခု နည်းနည်းတော့ များလာတယ်။ ကျမတို့မြန်မာနိုင်ငံရဲ့ပျမ်းမျှခြင်းသက်တမ်းနဲ့ အမျိုးသားတွေ က ၆၃ နှစ်၊ အမျိုးသမီးတွေက ၆၅ နှစ်ဆိုတော့၊ ဒီမှာလည်း အမျိုးသားတွေဘက်က ၆၃ နှစ်ကျော် သွားပြီ၊ ကျမလည်း ၆၅ နှစ်ကျော်သွားပြီ၊ ကျမတို့မှာ ကျန်တဲ့သက်တမ်းအတွင်းမှာ ကျမတို့ ရေရှည်ထားပေးခဲ့ရမယ့် နောင်မျိုးဆက်တွေအတွက် ဘာဖြစ်မလဲဆိုတာ စဉ်းစားပြီးတော့ ကျမတို့ပြောမယ်ဆိုမယ် ဆွေးနွေးမယ်ဆိုရင် အခက်အခဲရှိမယ်မထင်ဘူးလို့ ကျမယုံကြည်ပါတယ်။

အဲဒါ့ကြောင့်မို့လို့ ဒီအချက်နှစ်ချက် မနေ့က စဉ်းစားတာပါ။ ဒီအစည်းအဝေးကျရင် ပွင့်ပွင့်လင်း ပြောရရင် အောင်မြင်ချင်စေတယ်။ အရင်တုန်းကမအောင်မြင်ခဲ့တဲ့ဟာကို အောင်မြင်ချင်တယ်။ ဒီလိုအောင်မြင်မှုရအောင် ဘယ်လိုစဉ်းစားမလဲဆိုတော့ ကျမ အတွေးနှစ်ခု ၀င်လာတယ်။ တခုက အကန့်အသတ်မရှိတဲ့အချိန်မရှိဘူး။ ကမ္ဘာကြီးတောင်မှအကန့်အသတ်မရှိဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး။ ကမ္ဘာကြီးလည်း တချိန်တခါ ပြီးသွားမှာပဲပေါ့နော်။ ကျမတို့တဦးချင်းတဦးချင်းမှာ အကန့်အသတ်မဲ့အချိန်ရှိတာ မဟုတ်ပါဘူး။ ဒီရှိတဲ့အချိန်ကို တန်ဖိုးအရှိဆုံးဖြစ်အောင်လို့ သုံးစေချင်တယ်။ ဒီရှိတဲ့အချိန်ကို သတ္တိရှိရှိနဲ့ အပြောင်းအလဲဖြစ်အောင် ကျမလုပ်ချင်တယ်။

နောက်ပြီးတော့ ကျမတို့အားလုံးဟာ Identity ပေါ့နော် အမျိုးမျိုးရှိတယ်။ တခုတည်း ရှိတာ မဟုတ်ဘူး။ အဲဒီလိုစဉ်းစားမယ်ဆိုလို့ရှိရင် ကျမတို့ ကွာဟချက်တွေက အင်မတန်မှ နည်းသွား မယ်။ ဥပမာဆိုလို့ရှိရင်ကျမမေမေ က မွန် ဆိုတော့မွန်သွေးပါတယ်။ မွန်တွေနဲ့ ချိတ်ဆက်မှု လုပ်လို့ရတယ်။ ကျမအဘိုးက ခရစ်ယာန်ဆိုတော့ ခရစ်ယာန်တွေနဲ့ ချိတ်ဆက်လို့ ရတယ်။ ကျမတို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာက ဘာသာဆိုပြီးတော့ ဗုဒ္ဓဘာသာနဲ့ ချိတ်ဆက်လို့ရတယ်။ တူညီတဲ့အပိုင်းတွေမှာ ကျမတို့ချိတ်ဆက်ပြီးတော့ ငါတို့အားလုံးဟာ မျှဝေနိုင်တာပဲဆိုတဲ့ စိတ်ထားနဲ့ ပြဿနာတွေကို ကိုင်တွယ်မယ်ဆိုရင် ဖြေရှင်းမယ်ဆိုရင် ချဉ်းကပ်မယ်ဆိုရင်တော့ မဖြေရှင်းနိုင်တဲ့ကိစ္စမရှိဘူးလို့ ကျမထင်ပါတယ်။

Identityနဲ့ ပတ်သက်လို့ ကျမ ကလေးမတယောက်အကြောင်းဖတ်ပြီးတော့ သူကလည်း ဒီလိုပါပဲ။ သူ့ရဲ့မျိုးနွယ်တွေမနေတဲ့နိုင်ငံမှာ ကြီးလာရတော့သူ့ရဲ့ Identity ကို သူပြောပြေတော့Tangla Identity ပေါ့။ ရှုပ်ထွေးလှတဲ့ Identity ပေါ့။ သူဘယ်သူလဲဆိုတာ သူဆုံးဖြတ်ရတာ ရှုတ်ထွေးနေ တယ်။
ဒီလိုရှုတ်ထွေးမှုက ကျမတို့မဖြစ်စေချင်ဘူး။ ကိုယ့်မှာရှိတဲ့ Identity အားလုံးဟာ တန်းတူရည်တူ လက်ခံနိုင်တယ်။ သူတို့တွေဟာ သဟဇာတရှိရှိနဲ့ ရှင်သန်နိုင်တယ်။ ဒီလိုအခြေအနေမျိုး ဖြစ်စေ ချင်တယ်။ ပြည်ထောင်စုဆိုတာ ဒီလိုပါပဲ။ အားလုံးဟာ အတူတူနေပြီးတော့ ကိုယ့်ရဲ့မတူညီတဲ့ ကိစ္စတွေကို သဟဇာတဖြစ်အောင်လုပ်တာဟာ ပြည်ထောင်စုတည်ထောင်ခြင်းပါပဲ။
အဲဒီလိုစိတ်ဓာတ်နဲ့သွားမယ်ဆိုရင် ကျမတို့အောင်မြင်နိုင်မယ်လို့ ကျမယုံကြည်ပါတယ်။ ဒါကိုကျမတို့အနေနဲ့ ကျမတို့တိုင်းရင်းသားတွေက ဘာ့ကြောင့် ဒီ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့ အခက်အခဲရှိတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောပါ။ ပွင့်ပွင့်လင်းလင်းပြောရင် ကျမတို့လည်း ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ ကြိုးစားပါ့မယ်။ ကျမတို့အနေနဲ့လည်း ကျမတို့ အမြင်တွေကို ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန် ပြောပြမယ်။ အခြေခံအားဖြင့်တော့ ပွင့်လင်းဖို့ ဖြောင့်မတ်ဖို့ လိုပါတယ်။ ဖြောင့်မတ်ဖို့ ပွင့်လင်းဖို့ဆိုတာကလဲ ဒါ ပထမလိုအပ်တဲ့ ယုံကြည်မှုပဲ။ ကိုယ်မယုံကြည်တဲ့သူနဲ့ဆို ပွင့်လင်းဖို့ အင်မတန်မှ ခက်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီသူဟာ ကိုယ့်ကို မကောင်းကြံမယ်လို့ ထင်ရင် သူနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံမယ်ဆိုရင် ကိုယ့်အကြောင်း သိသွားတာကိုအခြေခံပြီးတော့ အခွင့်အရေး ယူမလား ဆိုပြီးတော့ ဒီလိုစိုးရိမ်မှုလည်း ရှိနိုင်ပါတယ်။ ပထမဦးဆုံး တယောက်နဲ့တယောက် ပွင့်လင်းနိုင်ဖို့ အတွက် ဖြောင့်မတ်နိုင်ဖို့အတွက် အဲဒီ့အထိတော့ ယုံကြည်မှုရှိရမယ်။

ကျမတို့ဟာ တယောက်နဲ့တယောက် ဆွေးနွေးတဲ့အချက်တွေကိုပြန်ပြီးတော့ တိုက်ခိုက်ဖို့ သုံးဖို့အတွက် မဟုတ်ဘူး၊ ကြားမှရှိနေတဲ့ပြဿနာကို ဘယ်လိုပြေလည်အောင် အဖြေရှာဖို့။ ကျမထပ်တလဲလဲ ပြောပါတယ်။ ပြဿနာဟာ ခက်တာမဟုတ်ဘူး။ အဖြေရှာမှာမို့ပဲ အရေးကြီးတာ။ ပြဿနာတော့ ရှိမှာပဲ။ အခုလည်း ရှိမှာပဲ၊ နောင်လည်း ရှိမှာပဲ။ ကျမတို့ပြည်ထောင်စုကြီးတည်တည်တံ့တံ့ရှိတဲ့အခါမှာလဲရှိမှာပဲ။ အဲဒီ့တော့ ပြဿနာဖြေရှင်းတဲ့ နည်းကိုပဲ ကျမတို့ရှာဖို့ပါပဲ။ ပြဿနာကိုတော့ စိုးရိမ်ဖို့ မလိုပါဘူးလို့ ကျမအနေနဲ့တင်ပြချင်ပါတယ်။

ဒါ့ကြောင့်မို့လို့ NCA အခက်အခဲငြိမ်းချမ်းရေးပရောဆက်တွေရဲ့အခက် အခဲတွေကို ပြဿနာပါလို့ ဆိုမယ့်အစား ကိုင်တွယ်ရမယ့်ကိစ္စတခုဆိုတဲ့အမြင်နဲ့ ၀ိုင်းပြီးတော့ အဖြေရှာပေးချင်ပါတယ်လို့ ကျမမနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

ဆွေးနွေးချက်
အခုကျမတို့ ဆွေးနွေးပြောဆိုသွားတဲ့အထဲမှာ ပင်လုံစာချုပ် NCA ဖက်ဒရယ်နဲ့ တိုက်ပွဲတွေ အကြောင်းပါမယ်။ အချိန်ကာလအကြောင်းပါတယ်နော်။
ကျမတို့ အချိန်ကာလ အရင်ကြည့်ရအောင်၊ အချိန်ကာလ အကန့်အသတ် တခုလိုတယ်လို့ ဘာကြောင့်ကျမတို့ဆုံးဖြတ်ရသလဲဆိုရင် တခြားနိုင်ငံကနေရတဲ့ အတွေ့အကြုံကို ကျမတို့ကြည့် ပြီးတော့ ပြောတာပါ။ တခြားနိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကိုစတဲ့အခါမှာ အချိန်အကန့်အသတ်မရှိထားလိုက်တဲ့အခါမှာ အလုပ်ကိုမပြီးဘူးဆိုတာ ဖြစ်သွားပါတယ်။

ဥပမာဆိုရင် အထူးသဖြင့် မြောက်အိုင်ယာလန်နဲ့ပတ်သက်လို့ ထဲထဲဝင်ဝင်လုပ်ခဲ့တဲ့ Jonathan Powell တို့ဆိုရင်သိဖူးကြမှာပါ။ သူပြောခဲ့တာက သူတို့ ပထမပိုင်းမှာ ဘာမှားသွားလဲဆိုတာက အကန့်အသတ်မရှိ အချိန်ကိုထားလိုက်တဲ့အခါကျတော့ အလုပ်မဖြစ်ဘူးတဲ့။ သူတို့အရင်တုန်းက ထင်ခဲ့တာက အရင်တုန်းက အကန့်အသတ်မရှိ ပြောချင်တာပြော ဆွေးနွေးချင်တာ ဆွေးနွေးဆိုလို့ ရှိရင် ပြဿနာတွေပြေလည်သွားမယ်လို့ ထင်ပေမယ့် မဟုတ်ဘူးတဲ့။ ပြဿနာတွေမဆုံးနိုင်ဘူးပဲ ဖြစ်သွားတယ်။ အဲတော့ အိုင်ယာလန်ကိုပြန်ကြည့်မယ်ဆိုရင်တော့ အိုင်းရစ်ပြဿနာ စတာဟာ Cromwell တို့လက်ထက်ကတည်းက ထဲထဲဝင်ဝင်စတယ်ဆိုရင် အဲဒီမတိုင်မီကတည်းက အိုင်ယာလန်တို့ကနေသွားသွားပြီးတော့ ဒီမိန်းလန်းနားကနေပြီးတော့ အင်္ဂလိပ်တွေ ကျူးကျော်တာ တွေဆိုတာ ၁၃ ရာစုလောက်ကတည်းက စခဲ့တဲ့ကိစ္စပါ။
တရားဝင် အိုင်ယာလန်ကိုဝင်သိမ်းလိုက်တာကတော့ Cromwell တို့ခေတ်မှာပေါ့နော်။ အဲဒီကနေ တွက်လာရင်တောင်မှ နှစ် ၃၀၀ ကျော်မှ ငြိမ်းချမ်းရေးရအောင်လုပ်တယ်။ အဲတော့ နှစ် ၃၀၀ ကြာ မှာ ပြဿနာတခုဟာ သူ့ဘာသာသူ ပျောက်သွားလားဆိုတာ သူ့ဟာသူ မပျောက်သွားပါဘူး။ သူတို့ဆွေးနွေးယူရပါတယ်။ အဲတာ ကျမတို့ကိုသတိပေးလိုက်တာက အချိန်သတ်မှတ်ချက်ဆိုတာ ရှိသင့်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူ့သဘာဝအလျောက် အချိန်ရှိရင် ရှိသလောက် ပြောမယ် ဆိုမယ် ငြင်းမယ်ခုံမယ်ပေါ့။ အဲတာကို အချိန်သတ်မှတ်ချက်တခုထားမှသာလျှင် ပြောမယ်ဆိုရင် အချိန်နဲ့ပတ်သက်ပြီးတော့လည်း ပန်းတိုင်တခုထားရပါမယ်။ ကိစ္စရပ်တွေနဲ့ပတ်သက်မှသာ ပန်းတိုင် ထားရမှာမဟုတ်ပါဘူး။ အချိန်နဲ့ပတ်သက်လို့လည်း ပန်းတိုင်တခုထားရမယ်လို့ ပြောတဲ့ဟာကိုလည်း ကျမ အမြဲမှတ်ထားပါတယ်။

တိုက်ပွဲနောက်တခုက ခုနက ခေါင်းဆောင်ကြီးတွေပြောသွားတဲ့အထဲမှာ တိုင်းရင်းသားတွေ အချင်းချင်းလည်း တိုက်ပွဲတွေဖြစ်နေကြတယ်ဆိုတာကတော့ အဲတာဟာ ကျမတို့အတွက် လေးလေးနက်နက် စဉ်းစားစရာပဲ။ ဘာဖြစ်လို့တိုက်ပွဲတွေဖြစ်လဲ။ တိုက်ပွဲတွေဖြစ်တယ်ဆိုတာဟာ နိုင်ငံရေးသဘောထား မတူညီမှုကြောင့်ဖြစ်တာလား။ ရှိတဲ့အရင်းအမြစ်တွေအတွက် လုကြတာ ပေါ့နော်။ မျှမျှတတ မခွဲယူနိုင်မှုကြောင့်ဖြစ်တာလား။ တခြားကိစ္စတွေကြောင့်ဖြစ်တာလား။ အပြင်ပယောဂကြောင့်ဖြစ်တာလား …စသည်ဖြင့်။
ဘာဖြစ်လို့ တိုင်းရင်းသားတွေကြားထဲမှာ တိုက်ပွဲတွေဖြစ်သလဲဆိုတာကျမတို့ စဉ်းစားရပါလိမ့်မယ်။ အဓိကကတော့ ဗမာ့တပ်မတော်ပေါ့နော်။ နိုင်ငံ့တပ်မတော်ခေါ်မှာလား ရွေးရတာခက်ပါတယ်။ တကယ်တော့ ဗမာအများစုပါနေတော့ ဗမာ့တပ်မတော်ပဲခေါ်ရမှာပေါ့။

ဒါပေမဲ့ ဗမာ့တပ်မတော်ခေါ်ပြန်တော့လည်း ဗမာလူမျိုးနဲ့ တခြားတိုင်းရင်းသားတွေ တိုက်နေတယ် ဆိုတဲ့ပုံစံကြီးဖြစ်နေတဲ့ခါကျတော့ ၀မ်းသာစရာကိစ္စမဟုတ်ပါဘူး။ ဒါဘယ်လိုပဲပြောပြော တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ တိုက်ပွဲတွေဖြစ်နေတာမဟုတ်ဘူး။ တိုင်းရင်းသား အချင်းချင်းလည်းဖြစ်နေတယ်ဆိုတော့ ဒီဟာကိုကျမတို့က မေးခွန်းမေးရမယ်။ ဘာဖြစ်လို့ကျမတို့ အချင်းချင်းတိုက်ပွဲတွေဖြစ်နေရသလဲ။ ဘာကြောင့်လဲ။ မတူကွဲပြားမှုကြောင့်လို့ပြောသွားတဲ့အပေါ် မှာ ကျမတို့က ဖက်ဒရယ်သာအဖြေဆိုတာ လက်ခံထားပြီးသားပါ။

ဖက်ဒရယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ရမယ်ဆိုတော့ အမှန်ပြောရင် ဒါ ကျမတို့ခေါ်လို့မရဘူး။ ငြိမ်းချမ်းရေးညီလာခံလည်းဖော်လို့မရဘူး။ ဘာဖြစ်လို့ပြောလဲဆိုတော့ ဖက်ဒရယ်ဆိုတဲ့အနက် အဓိပ္ပာယ်ကိုဖော်ရမယ်ဆိုရင် ပညာရှင်များပေါင်းစုံ၊ နှစ်ပေါင်းရာနဲ့ချီပြီး ဖော်လို့မရပါဘူး။ တိတိကျ ကျဖော်လို့ မရပါဘူး။ အခုထက်ထိ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းေ တွက တချိန်လုံး ထုတ်နေကြတာ။ တယောက်တမျိုးပေါ့။ နောက်ဆုံး ကျမတို့ရဲ့နိုင်ငံရဲ့ဖက်ဒရယ်က ဘာလဲဆိုတာ ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကပဲဆုံးဖြတ်မှာ။ အမေရိကန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေက ဂျာမနီ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မတူပါဘူး။ ဂျာမနီနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေကလည်း ဆွိစ္စလန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း မတူပါဘူး။ မတူတာနဲ့အမျှ သူတို့ရဲ့ဖက်ဒရယ်တွေ ကလည်း တခုနဲ့တခု ကွာခြားပါတယ်။
ကွာခြားတဲ့အပေါ် ဘယ်ဟာက ပိုကောင်းတာလဲဆိုတာကိုလည်း ပြောဖို့ခက်ပါတယ်။ သူ့နည်းသူ့ဟန်နဲ့ အောင်မြင်နေကြတာပဲမတူကြဘူးပေါ့။ ကျမတော့ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ပြည်သူတွေကိုရှင်းပြတဲ့အခါမှာ အရင်တုန်းကတော့ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ၀ါဒဖြန့်မှုတွေ အများကြီး ရှိပါတယ်။

ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး။ ကျမတို့အဖွဲ့က အမြဲတမ်း ဖက်ဒရယ်နဲ့ရပ်တည်ခဲ့တာကိုး။ အဲဒါကြောင့် NLD က ခွဲထွက်ရေးကိုလိုလားတယ်။ ပြည်ထောင်စုပြိုကွဲအောင် လုပ်နေတာဆိုပြီး အဲ့ဒီတုန်းက ဖက်ဒရယ်ဆိုတဲ့စကားသုံးရင် ဖမ်းတာဆီးတာတွေ ရှိခဲ့ပါတယ်။ ကျမတို့တော့ ဖက်ဒရယ်ဆိုတာကို အမြဲသုံးခဲ့တယ်။ မူအရပေါ့။ ဖက်ဒရယ်ဆိုတာခွဲထွက်ရေးမဟုတ်မှန်း လူထုကို သိစေချင်လို့။ ဆိုတော့ ဖက်ဒရယ်ဆိုတဲ့အဓိပ္ပာယ်ကို အရိုးသားဆုံးရှင်းပြရမယ်ဆိုရင် နိုင်ငံတနိုင်ငံ အတွင်းမှာ အာဏာကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ၊ တိုင်းအစိုးရတွေကြားထဲမှာခွဲယူဖို့၊ ခွဲယူတဲ့စနစ်။ အဲဒီဟာ ဖက်ဒရယ်ပဲ။
ဘယ်လိုပုံစံနဲ့ ခွဲယူလည်းဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်တယ်။

ဖက်ဒရယ်နဲ့ပတ်သက်ပြီး ပညာရှင်တွေရဲ့လေ့လာချက် သုတေသနပြုချက်အရ ဖက်ဒရယ်စနစ် လုပ်လိုက်တဲ့အခါမှာ ခွဲထွက်ချင်တဲ့ စိတ်ဓာတ်တွေက ကျဆင်းသွားတယ်။ ဒါကြောင့် ဖက်ဒရယ် ဆိုတာ ခွဲထွက်ချင်တဲ့စိတ်ကို အားပေးတာတော့မဟုတ်ဘူး။ ခွဲထွက်ချင်စရာအကြောင်းမရှိအောင် အဆောက်အအုံတခုကို တည်ဆောက်တာပဲဆိုပြီးတော့ ကျမတို့ဒီလိုပဲရှင်းပြပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ကျမတို့နိုင်ငံနဲ့အသင့်တော်ဆုံး ဖက်ဒရယ်ပုံစံတခုကို သတ်မှတ်ပေးပါ မယ်။
ဆက်ပြီးပြောမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံက ဖက်ဒရယ်ကရအောင်လုပ်မယ်ဆိုတော့ ညီလာခံတွေဘာတွေနဲ့ပတ်သက်လို့ Ceasefire မရခင် ညီလာခံလုပ်လို့သင့်တော်ပါ့မလား ခုနပြောတဲ့အတိုင်း အချိန်တိတိကျကျ လိုအပ်ပါတယ်။ ဆိုတော့ NCA ဘက်ကို ပြန်လှည့် လာပါမယ်။

NCA

NCA ထဲမှာပါတဲ့အချက်တွေကိုတချို့ဟာတွေက သဘောမတူဘူး။ ဒါကြောင့် NCA ရေးဆွဲရေးမှာ ကျမတို့အဖွဲ့ချုပ် မပါခဲ့ပါဘူး။ ကျမတို့ကဏ္ဍလည်း အင်မတန်မှသေးပါတယ်။ ကျမတို့ ကိုယ်စားလှယ် ၂ ယောက်ပဲ တက်ပါတယ်။ NCA နဲ့ပတ်သက်လို့ ကျမတို့သဘောမတူခဲ့တာတွေ လည်း ရှိခဲ့ပါတယ်။ သို့ပေမယ့် ကျမတို့တောင်းဆိုတာ တခုပဲရှိခဲ့ပါတယ်။ ပြုသာပြင်သာအောင်တော့ ထည့်ခဲ့ပါ။ အဲဒါမထည့်ခဲ့လို့ ကျမတို့လက်မခံနိုင်ပါဘူး။ ဒါတောင်မှ ကျမတို့ လက်မှတ်မထိုးခဲ့ပါဘူး။ ပြည်ထောင်စုနေ့တုန်းကလေ။ မထိုးဘူးဆိုတာက ကျမတို့ကို နို့တစ်စ်မပေးဘဲနဲ့ လာပါ တက်ပါ လက်မှတ်ထိုးပါဆိုတော့ ကျမတို့ကိုယ်စားလှယ်တွေက ထိုးခွင့် မရှိဘူးလေ။ တိတိကျကျပြောမယ်ဆိုရင် NCA လက်မှတ်ထိုးပြီးတာနဲ့ ရက်ပေါင်း ၉၀ အတွင်း ငြိမ်းချမ်းရေးညီလာခံလုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒီတိုင်းပဲဖြစ်မယ်ဆိုရင် NCA က ဘယ်တော့လောက်မှ လက်မှတ်ထိုးနိုင်မလဲဆိုတာ ကျမတို့မှန်းလို့ရမယ်။ NCA လက်မှတ်ထိုးပြီးမှ ဆက်ပြီးသွားဖို့ဆိုတာ အမှန်ပြောရင် ကျမတို့ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ အရင်တုန်းက အုပ်ချုပ်ရေး ယန္တရားလို့ပဲ ပြောချင်ပါတယ်။ ဒါကျမတို့ အမွေခံပါတယ်။

နိုင်ငံတနိုင်ငံရဲ့အစိုးရတာဝန်ကိုယူတဲ့အဖွဲ့ဟာ အရင်အစိုးရလုပ်ခဲ့သမျှကိုတာဝန်မယူဘူးဆိုပြီး လုပ်လို့မရပါဘူး။ ဒါကြောင့် ဒီ NCA ဆိုတဲ့ဝန်ထုပ်ဝန်ပိုးက ကျမတို့အပေါ် ရောက်လာပါတယ်။ ကျမတို့ကထမ်းပြီး တတ်နိုင်သမျှပြေလည်အောင်လုပ်ရမှာပဲ။ အခွင့်အလမ်းတခုလို့ကျမမြင်သလို တိုင်းရင်းသားတွေကို မြင်စေချင်ပါတယ်။ NCA က ဒီတိုင်းရှိတယ်ဆိုပေမယ့် တချို့သော ဒက်ဖှ်နေးရှင်း Definitions တွေက အဓိပ္ပာယ်ဖော်မှုတွေက မပြီးပြတ်သေးပါဘူး။ ဒီအဓိပ္ပာယ်ဖော်မှုတွေက အလျှော့အတင်းလုပ်လို့ရပါတယ်။ ဒါကြောင့် အားလုံး အဆင်ပြေစေ ရမယ်လို့ မပြော လိုဘူး။ အရင်တုန်းကကျမကိုဟို ဘက် ကလာကမ်းလှမ်းတုန်းက Calculated risk ယူလိုက်ပါဆိုသလို။ ၂၀၁၂ ကနေ မကျော်ဖြတ်နိုင်ရင် ၂၀၁၅ ကို ကျမတို့ရောက်မှာ မဟုတ်ပါဘူး။ ကျမတို့အလျှော့အတင်းလုပ်ခဲ့ပါတယ်။ အလျှော့အတင်းလုပ်ပြီးတော့မှ အောင်မြင်အောင် လုပ်ရမှာပဲ။

ပင်လုံညီလာခံ

ပင်လုံညီလာခံဆိုတာ ပင်လုံ Agreement အပေါ်မှာအခြေခံမှာလား။ ပင်လုံစိတ်ဓာတ်အပေါ်မှာ အခြေခံတာလား။ ပင်လုံသဘောတူညီချက်ဟာ ယျေဘုယသဘောဆန်ပါတယ်။ တိတိကျကျရယ်လို့တော့ မဟုတ်ပါဘူး။ ပြန်ဖတ်ကြည့်မယ်ဆိုရင်တော့ အဓိကပါနေတာက ကချင်နဲ့ပတ်သက်တဲ့ဟာ ပါတာပါ။ တခြားတိုင်းရင်းသားတွေနဲ့စာလို့ရှိရင်တော့ အပိုဒ် ၅ အပိုဒ် ၆ နဲ့အပိုဒ် ၉ မှာ သေသေချာချာကို ကချင်ဆိုပြီးတော့ ဖော်ပြထားတာရှိပါတယ်။ ၈ မှာတော့ ရှမ်းကို ဖော်ပြထားပါတယ်။ ရှမ်းကိုဖော်ပြထားရာမှာလည်း တကယ်တော့ General ဖြစ်ပါတယ်။ ဥပမာ (VIII) The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.

အဲတော့ without prejudice ဆိုတာ အဓိပ္ပာယ် အမျိုးမျိုးဖော်လို့ရပါတယ်။ အဲတော့ ပင်လုံစာချုပ် အတိုင်းသွားမယ်ဆိုလို့ရှိရင်တောင်မှ လိုတိုးပိုလျှော့တွေ အများကြီး လုပ်နိုင်တဲ့အခြေအနေ ရှိပါ တယ်။ ဒါဟာ ကျမတို့အတွက် ပြဿနာမဖြစ်နိုင်ပါဘူး။ ပြဿနာက တကယ် ကျမတို့သဘော တူညီမှုယူချင်တယ်ဆိုလို့ရှိရင် ဘာမှပြဿနာမှ မရှိပါဘူး။ ကျမက ပင်လုံစိတ်ဓာတ်လို့ပြောတာ ဟာ ပူးပေါင်းဆက်ဆဲရေး။ ပူးပေါင်းခြင်းအားဖြင့်ပေါ့နော်။ ဒါပေမဲ့ ကျမတို့က စိတ်ဓာတ်ပဲယူရမယ်။ ဒီထဲမှာ ရှမ်း၊ ကချင်၊ ချင်း၊ ဗမာ ပါတယ်။ မွန်မပါ ကယားမပါ ။ မပါတာတွေ အများကြီးပဲ။ ဒါကြောင့် ကျမက ပင်လုံစိတ်ဓာတ်ကို အခြေခံပါလို့ ပြောတာ။ ပင်လုံစာချုပ်ကိုအခြေခံမယ်ဆိုရင် ကချင်၊ ချင်း၊ ဗမာ၊ ရှမ်းနဲ့ပဲ ပြီးသွားရောလားဆိုတာ မဖြစ်နိုင်ပါဘူး။ နောက် ပင်လုံစာချုပ်ထဲက အတိုင်းလို့မပြောတာဟာ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို ကန့်သတ်ချင်လို့ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ပင်လုံစာချုပ်က ကျဉ်းလွန်းလို့ပါ။ ဒါ့ထက်ပိုပြီးတော့ ကျယ်ပြန့်ဖို့ ကျမတို့ လိုပါ တယ်။ တကယ့် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ ဆိုလို့ရှိရင်ပေါ့။

နိဂုံး
နောက်တခုက ဒီ Ceasefire တွေလုပ်မှ အားလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးပြီးမှ ညီလာခံကို စနိုင်မယ်ဆိုရင် ညီလာခံဘယ်တော့စနိုင်မလဲ။ အဲတော့ အဲလိုဆိုလို့ရှိရင် ညီလာခံမဖြစ်မြောက်ချင်တဲ့ အဖွဲ့အစည်းတခုတည်းကနေပြီးတော့ အားလုံးကိုပျက်စီးအောင် လုပ်လို့ရတယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာ ကျမတို့ဒီကိစ္စလည်း လေ့လာပြီးပါပြီ။ အပစ်ရပ်စဲရေးသဘောတူညီချက်တွေထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် ၉၀ ရာခိုင်နှုန်းက လပိုင်းအတွင်း ချိုးဖောက်တယ်။ ဒါတကမ္ဘာလုံးက အဖြစ်အပျက်ကိုကြည့်လိုက်တာ။ အဲတော့ ကျမအမြဲဘဲပြောတယ်။ အပစ်အခတ်ရပ် စဲရေးပျက်ဖို့ဆိုတာ ၁ စက္ကန့်ပဲ လိုတယ်။
ကျည်ဆံတတောင့်ထွက်ဖို့ဆိုတာ ၁ စက္ကန့်ပဲ။ ၁ စက္ကန့်တောင်မရှိဘူးထင်တယ်။ ကျမတော့ မကျွမ်းကျင်တော့ သိပ်မသိဘူး၊ သေနတ်တွေ ဘာတွေနဲ့။ ကျွမ်းကျင်တဲ့ဗိုလ်ချုပ်တွေတော့ ပိုသိတာပေါ့။ အဲတော့ ဒိုင်းဆိုတာနဲ့အပစ်ရပ်က ပြိုကွဲသွားနိုင်တယ်။ ကျည်ဆံတတောင့်ဟာ အပစ်ရပ်ပျက်စီးတဲ့ အခြေအနေကိုဖန်တီး နိုင်တယ်။ အဲဒီ့တော့ အဲဒီအပေါ်ကို ကျမတို့ရဲ့ငြိမ်းချမ်း ညီလာခံကအခြေခံမှာလား။ အဲဒီ့တော့ ကျမတို့ရဲ့ဒီငြိမ်းချမ်းရေးညီလာခံက သိပ်ကို အားနည်းသွား ပါတယ်။ ဒါကြောင့် ကျမတို့က တမူးတရှူး ကမန်းကတန်း လုပ်ချင်တာ မဟုတ်ပါဘူး။

တကယ်ပြောမယ်ဆိုရင် ကျမတို့ ငြိမ်းချမ်းရေးညီလာခံဖြစ်သင့်တာဟာ ရာစုနှစ် တ၀က်လောက်ကို ရှိနေပါပြီ။ ဒါကျမတို့ သိပ်ပြီးတော့ ကမန်းကတန်းလုပ်တယ်လို့ ပြောလို့မရပါဘူး။ လုပ်ခဲ့တဲ့ လုပ်ခဲ့တဲ့အစဉ်အဆက်တွေအပေါ်ကျမတို့အခြေခံတာပါ။ ကျမတို့ ဒီ စပြီးဆွေးနွေးတဲ့ ၂ လ လောက်ကမှ စတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေး Process ပရောစက်ဆိုတာ ဟိုးကတည်းက လွတ်လပ်ရေး ရကတည်းက စတယ်လို့ပဲပြောလို့ရမှာပေါ့။
လွတ်လပ်ရေးနဲ့အတူတူ ကျမတို့ပြည်တွင်းငြိမ်းချမ်းရေးကိုဆုံးရှုံးခဲ့တာကိုး။ အဲဒီတော့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်လို့ကြိုးပမ်းမှုတွေက လွတ်လပ်ရေး သက်တမ်းနဲ့အတူတူပဲလို့ ကျမတို့ပြောလို့ရပါတယ်။

အဲဒီတော့ ကျမပြောလိုတာက လိုချင်တာတွေတောင်းပါ။ ကျမတို့ပေးမယ်လို့ အာမမခံဘူး။ ကျမတို့ ဆွေးနွေးမယ်။ ဒါပေမဲ့ Calculated Risk ဆိုတာ ကိုလည်း ယူပါ။ ၁၀၀ ရာခိုင်နှုန်း အာမခံချက်ရှိမှလုပ်မယ်ဆိုရင် ကျမတို့ ဘယ်တော့လုပ်ဖြစ်မှာ မဟုတ်ဘူး။ ဘယ်တုန်းကမှကျမတို့ ၁၀၀ ရာခိုင်နှုန်းက မရှိခဲ့ပါဘူး။ ဥပမာကျမတို့ ၂၀၁၂ - ၂၀၁၅ မှာ ၀င်ပြိုင်တုန်းက - ၉၀ တုန်းကကြည့်ပါလား ဘာဖြစ်သွားလဲ။ ဘာကြောင့်အခု ၀င်ပြိုင်မှာလဲ လို့မေးတယ်။
အဲဒီတော့ ခုနကပြောသွားသလိုပေါ့နော်။ အရင်တုန်းက ဖေဖေတို့နဲ့ သဘောတူညီချက်ဟာ နောက်ပိုင်းကျတော့ မတည်ဘူး။ မတည်လို့ အခု နောက် သဘောတူညီချက်အသစ် မယူသင့်ဘူး ဆိုတာ မသင့်ဘူးဆိုလို့ရှိရင် ကျမတို့ က ၉၀ တုန်းက ကျမတို့ရဲ့ရွေးကောက်ပွဲရလာဒ်ဟာ အဟောသိကံဖြစ်သွားလို့။ ၂၀၁၂ ၊ ၂၀၁၅ တို့ဟာ အခွင့်အရေး အလွတ်ခံခဲ့ကြမှာလား။
အလွတ်ခံခဲ့ရင်တော့ ကျမတို့မှားမယ်လို့ ပြန်ပြီးတော့သုံးသပ်လို့ရပါတယ်။ မှားမယ်၊ မှန်မယ် ဆိုတာ ၁၀၀ ရာခိုင်နှုန်း ကျမတို့ ပြောလို့မရဘူး။ ကျမတို့စွန့်စားပြီးတော့မှ တခါဖြစ်ပြီးလို့ အမြဲပဲဖြစ်မယ်လို့ အဲဒီအမြင်နဲ့ဆိုရင်တော့ အရှေ့တိုးလို့ရမှာမဟုတ်ဘူးဆိုပြီးတော့ ကျမတို့စွန့်စားပြီး လုပ်လိုက်တာပါ။

အသေးစိပ်ဟာတွေနဲ့ပတ်သက်လို့ကတော့ ကျမသိတယ်၊ တိုင်းရင်းသားတွေနဲ့ဆွေးနွေးရမယ်။ ဘာပဲဆွေးနွေးဆွေးနွေး Peace Process မှာ ၀င်နိုင်ရေး ကိုဦးတည်ပြီးတော့ ဆွေးနွေးပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။ Peace Process မှာဝင်နိုင်ဖို့ ဒို့ဘယ်လို လုပ်ကြမယ်။ ဘယ်လို အပေးအယူလုပ်ကြမလဲ၊ အဲဒီလိုပုံစံနဲ့ပဲဆွေးနွေးပါလို့ မေတာရပ်ခံချင်ပါတယ်။
ဒါကြောင့် ကျမတို့က ပင်လုံစိတ်ဓာတ်က အင်မတန်ကျယ်ပြန့်တယ်။ သဘောတူညီချက်က နည်းနည်းကျဉ်းတယ်။ အဲဒါ ကျမတို့စဉ်းစားပြီးပြေလည်အောင် လုပ်ပါမယ်။

၂၁ ရာစုပင်လုံညီလာခံကိုလည်း အပစ်အခတ်ရပ်စဲရေးမထိုးတဲ့လူတွေကိုလည်း တက်နိုင်တဲ့ အနေအထားမျိုးကို ဖန်းတီးချင်တယ်။ ဒါပေမဲ့ တန်းတူညီတူတော့ အခွင့်အရေးပေးလို့မရဘူး။ ဒါကတော့ လက်တွေ့ကျပါတယ်။ ဘာလို့လဲဆိုတော့ လက်မှတ်မထိုးတဲ့အတူတူပဲဆိုရင်တော့ ဘယ်သူက ထိုးတော့မှာလဲ။ လက်မှတ်မထိုးတဲ့လူနဲ့ လက်မှတ်ထိုးနဲ့ လူနဲ့အတူတူပဲဆိုရင်တော့ ဘယ်သူကမှ ထိုးတော့မှာမဟုတ်ဘူး။

အဲ့ဒီတော့အဲ့ဒီဟာတခုကတော့ သတ်မှတ်ချက်ကတော့ ရှိမှာပေါ့။ ဒါပေမဲ့ ကျမတို့က တတ်နိုင်သမျှ အောလ်အင်ကလူးစစ် (All Inclusive) ဖြစ်အောင်လို့ ဘယ်လိုပုံစံနဲ့လက်မှတ်မထိုးတဲ့သူတွေ ပါဝင်ပြီးတော့ကျမတို့ ညီလာခံဖြစ်မြောက်ရေးအတွက်လုပ်နိုင်မလဲဆိုပြီးတော့ ကျမတို့အဲဒါကိုလည်း စဉ်းစားထားပြီး သားပါ။

အကောင်းဆုံးကတော့ လက်မှတ်ထိုးပြီးဝင်လာရင်ကောင်းတာပေါ့။ အဲတော့ လက်မှတ်ထိုးနိုင် အောင်လို့ ဒီအန်စီအေ အပေါ်မှာပတ်သက်ပြီးတော့ ဘယ်လိုအလျှော့အတင်းလုပ်မလဲ။ ဘယ်လိုအဓိပ္ပာယ်ဖော်မလဲဆိုတာကို ကျမက ဦးတည်စေချင်တယ်။ လက်မှတ်မထိုးဘဲနဲ့ တက်ရအောင်လုပ်ပေးဆိုရင် ဒါကတော့ မတရားဘူး။ လက်မှတ်ထိုးတဲ့လူတွေက ပြောမှာပါ ကျနော်တို့ကျတော့ လက်မှတ်ထိုးရတယ်။ သူတို့က လက်မှတ်မထိုးရဘူးဆိုရင်ကျမက ဘယ်လိုဖြေရမလဲ။

လှကျော်ဇော ● ဆင်းရဲခြင်းလွတ်ကင်းအောင်

$
0
0
လှကျော်ဇော ● ဆင်းရဲခြင်းလွတ်ကင်းအောင်
(မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၆

ယခုတလော (၂၀၁၄-ဖေဖော်ဝါရီ လဆန်းပိုင်း) မှာ ပြည်တွင်းပြည်ပ မီဒီယာများမှာရော၊ အင်တာနက် ကွန်ရက်များမှာရော ရေပန်းစားပွက်လောထနေတဲ့ သတင်းတပုဒ်ရှိပါတယ်။ အဲဒီသတင်းကတော့- ဇန်နဝါရီလ ၂၈ ရက်နေ့က မကွေးတိုင်း ဒေ သ ကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာက ဒေသခံ များနဲ့တွေ့ဆုံစဉ် မွေးမြူရေးလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး (ဗိုလ်ချုပ်) ဦးအုန်းမြင့်ရဲ့ ပြောကြားချက်များ…ပါ။

ဦးအုန်းမြင့်ရဲ့ မိုက်မိုက်ရိုင်းရိုင်း- ရင့်ရင့်သီးသီးပြောဆိုချက်တွေကို တအံ့တဩ နားထောင်လိုက်ရပေ မယ့်အဲဒီအကြောင်း ကိုတော့ လူအတော်များများက ပြန်လည်ဝေဖန်ရေးသားပြောဆိုပြီးဖြစ်လို့ ထပ်မရေးချင်တော့ပါ။ ကျွန်မရေးချင်တဲ့အကြောင်း က  အဲဒီပြောကြား ချက်တွေရဲ့ အဆုံးသတ်ကလေးမှာ ပြောသွားတဲ့စကားတွေနဲ့ပတ်သက်ပါတယ်။“ဝန်ကြီးဦးအုန်းမြင့်က ဒေသခံများကို အာဟာရပြည့်ဝရန်အတွက် အသားစားရန်၊ ငါးစားရန်၊ ဥစားရန်နှင့် နွားနို့သောက်ရန်လည်းထည့်သွင်း ပြောဆိုသွားပါ သည်”….တဲ့။

အဲဒီအပိုဒ်ကလေးကိုဖတ်ရကြားရတော့ ကျွန်မ လွန်ခဲ့တဲ့ အနှစ် (၄၀) ကျော် မဆလခေတ်က အလုပ်သင်ဆရာဝန်ဘဝ ဖြတ်သန်းခဲ့စဉ်က အတွေ့အကြုံတွေကို ပြန်သတိရမိပါတယ်။
••• ••• •••

ကျွန်မ ၁၉၇၀- က ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ အမ်ဘီဘီအက်စ် ဘွဲ့ရခဲ့ပါတယ်။ ၁၉၇၁- တနှစ်လုံး အလုပ်သင်ဆရာဝန်အဖြစ်နဲ့ရန်ကုန်မြို့ပေါ်ရှိဆေးရုံတွေဆေးပေးခန်းတွေမှာလှည့်လည်ပြီး အလုပ်တာဝန်တွေ ထမ်းဆောင်ခဲ့ရပါတယ်။ အဲဒီ တုန်းက ကြုံခဲ့ရတာပါ။

ကျွန်မဟဲလ်ပင်လမ်းက “ကလေးဆေးရုံကြီး” မှာ ကြုံတွေ့ခဲ့ရတာတွေကို အရင်ပြောပြပါမယ်။ ပထမဆုံး ကျွန်မတာဝန်ကျ တဲ့ဌာနက “ပြင်ပလူနာဌာန” (OPD) ပါ။ အဲဒီဌာနရဲ့ဌာနမှူးက ဒေါက်တာ ဒေါ်ရီရီလှပါ။ ယုဝတီခင်ဦးဆိုတဲ့ ကလောင်နာမည် နဲ့လည်း စာတွေပေတွေ ရေးပါတယ်။ အလွန်စိတ်စေတနာ ပြည့်ဝ သူပါ။ ဗမာပြည်ရဲ့တခုတည်းသော ကလေးဆေးရုံကြီးဖြစ်တဲ့ အတွက် ရန်ကုန်တမြို့လုံးကတင်မက ဗမာတပြည်လုံးကပါ ကလေးလူနာတွေလာရောက်တဲ့အတွက် အလွန်လူနာများပါ တယ်။ မနက် ဆေးရုံတံခါးကိုဖွင့်လိုက်တာနဲ့ လူနာတွေတဝုန်းဝုန်းတရုန်းရုန်းနဲ့ ပြင်ပလူနာဌာနကြီးတခုလုံး ပြည့်လျှံ သွားတာပါပဲ။ လူနာတနေ့တနေ့ ထောင်ချီရှိပါတယ်။ ဥက္ကလာပတို့ သာကေတတို့ကဆိုရင် မနက် ၂ နာရီ ၃ နာရီ လောက် ကတည်းက လာတန်းစီနေတာပါ။ တခါတလေ ကလေးလူနာတွေ ဘယ်လောက် ပြင်းထန်သလဲဆိုရင် ကျွန်မတို့ဆရာဝန် တွေရှေ့ရောက်လို့ အမေတွေက ကလေးတွေကို ခြုံပေးထားတဲ့စောင်တွေ အနှီးတွေခွာလိုက်မှ ကလေးအသက်မရှိတော့ တာတွေ တွေ့ရတတ်ပါတယ်။

အဲဒါမျိုးတွေ ကြုံလာရတော့ ဒေါ်ရီရီလှက မနက် ၈-နာရီ ဆေးရုံဖွင့်တာနဲ့ (တခါတရံ ၇ နာရီခွဲလောက် ရောက်လာတတ်ပါ တယ်။) တန်းစီနေတဲ့လူနာတွေကို လှည့်ကြည့်ပါတယ်။ ပြင်းထန်တဲ့လူနာတွေ တွေ့ရင် တန်းမစီခိုင်းတော့ဘဲ ဆေးရုံချက်ချင်း တင်ပေး လိုက်ပါတယ်။ ကျွန်မတို့အလုပ်သင်ဆရာဝန်တွေရော၊ သူနာပြုတွေကိုရော နောက်ဆုံး တံခါးစောင့်တွေကိုပါ  လူနာအရေးကြီးရင်ကြီးသလို သူ့ကို အသိပေးဖို့ မှာထားပါတယ်။ သူ့ရဲ့အဲဒီလိုဝိရိယစိုက်လုပ်ဆောင်မှုကြောင့် နောက်ပိုင်း ဆရာဝန်ရှေ့ရောက်တာနဲ့ လူနာအသက်ပျောက်နေတဲ့အဖြစ်မျိုး မတွေ့ရတော့ပါဘူးဒီနေရာမှာ ကြုံတုန်းတခုပြောပြချင်ပါ သေးတယ်။ ရာသီဥတုအပြောင်းအလဲကာလ (မိုးဦးကျစ) တွေမှာ ကလေးတွေ အထက်လှန် အောက်လျှော၊ ဝမ်းဖော ဝမ်းယောင် စတဲ့ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါအမျိုးမျိုးဖြစ်လာတတ်ပါတယ်။ သံကောင်စွဲ တဲ့ရောဂါကလည်း ကလေးအများစုမှာ အခြေခံအားဖြင့် ရှိနေတတ်ပါတယ်။ ရန်ကုန်မြို့လယ် ကျူး ကျော် ရပ်ကွက်များကလူတွေကို ဆင်ခြေဖုံးပတ်ဝန်းကျင်အရပ်တွေ (သာကေတတို့၊ ဥက္ကလာတို့) ကို ဘာအခြေခံအဆောက်အအုံမှ စီစဉ်မပေးဘဲ ရွှေ့ပြောင်းပစ်လိုက်လို့ အဲဒီအရပ်က လူတွေကူးစက် ရောဂါအမျိုးမျိုး ဖြစ်နေချိန်ပါ။ ဝမ်းရောဂါတွေခံစားရပြီး ရေဓာတ်ချို့တဲ့နေတဲ့ (Dehydration) ကလေး တွေကို ပေးစရာဆေးအလုံအလောက် ကျွန်မတို့မှာမရှိပါဘူး။ ဒါကြောင့် အကြံအဖန်တွေလုပ်ရပါ တယ်။ ရေချက်အေးတွေကို ဇလုံကြီးတွေထဲမှာ ထည့်ထားပြီးဆား၊ ပိုတက်ဆီယမ်ဆေးပြား၊ ဂလူးကို့စ် အမှုန့်တွေရောဖျော်ပြီး အရောင်နည်းနည်းရဖို့ အတွက် အနီရောင်ရှိတဲ့ ချောင်းဆိုးပျောက်ဆေး (Mixt.Carmanative) အရည်လေးနည်းနည်း ရောထည့်ပြီး ရေပုလင်း လေးတွေနဲ့ အဆင်သင့် ထည့်ထားရပါတယ်။ အဲဒီပုလင်းကလေးတွေကို ရေဓာတ်ချို့တဲ့နေတဲ့ ကလေးတွေ သောက်ဖို့ပေး ရပါတယ်။ ကလေးမိခင်တွေကတော့ ဘာမှမသိရှာဘဲ ကလေးတွေဝမ်းလျှောလာရင် ပန်းရောင် ဆေးရည်လေး ပေးပါ။ အဲဒီဆေးနဲ့ အရင်တခေါက်က ကောင်းသွားတာ။ သိပ်စွမ်းတဲ့ဆေးဆိုပြီး တောင်းတတ်ပါတယ်။ အကြောင်းသိ ဆရာဝန်၊ ဆရာမတွေကတော့မချိတဲ့နှလုံးနဲ့ပြုံးလို့သာ နေရပါတယ်။ (တကယ်လည်း ဝမ်းလျှောတာ သိပ်မပြင်းထန်ရင် ထွက်သွားတဲ့ ရေဓာတ်၊ ဆားဓာတ်ဖြည့်ပေးလိုက်နိုင်ရင် ကောင်ကောင်း သွားတတ်ပါတယ်။ နောက်ပိုင်း ကျန်းမာရေး၊ ပညာပေးရေးတွေ ခေတ်စားလာတော့ မိခင်တွေက ဓာတ်ဆားရည် ဖျော်တတ်လာပါတယ်။ လူနာတွေက သိပ်များတော့ ပြောပြချိန်မရှိပါဘူး။ နောက်ပိုင်းဘီပီအိုင်ကလည်း ဓာတ်ဆားရည်ထုပ်တွေ ထုတ်လာပါတယ်။)

အဲဒီတုန်းက “ကလေးဆေးရုံ”မှာ အတွေ့ရများနေတဲ့ရောဂါသည်ကလေးများကတော့ Kwashiorkor ကွာရှာကောလို့ခေါ်တဲ့  အာဟာရ (အထူးသဖြင့် အသားဓာတ် Protein) မလုံလောက်လို့ဖြစ်တဲ့ ရောဂါသည်လေးတွေပါ။ နို့ညှာကလေးတွေမှာ အဖြစ်များလို့ ‘နို့ညှာကလေးရောဂါ’  လို့လည်း မြန်မာ မှုပြုထားပါတယ်။ ကလေးအငယ်ထပ်ရှိလာရင် နို့ညှာကလေးကို နို့ဖြတ်လိုက်တဲ့အတွက် အသားဓာတ်လျော့နည်းပြီးဖြစ်ရတာပါ။ ဗိုက်ကလေးက ပူပူ၊ ခြေထောက်ကလေးတွေ၊ လက်က လေးတွေ ဖောရောင်ပြီး ကိုယ်ခန္ဓာ အရေပြားပေါ်မှာလည်း အစက်အပြောက်မျိုးစုံနဲ့ ဆေးရုံကိုရောက်လာတတ် ပါတယ်။ အဲဒီ ကလေးတွေကို အတွင်းလူနာအဖြစ် အဆောင်တဆောင်မှာစုထားပြီး  ဆေးရုံက အထူးကျွေးမွေးနှုန်း (Special Diet) စီစဉ်ပြီး ကျွေးမွေးပါတယ်။ အဲဒီတုန်းက ဆေးရုံအုပ်ကြီးက ဒေါက်တာ ဦးတင်ဦးပါ။ သူက ဒီလိုရောဂါကုရတာကို သိပ်စိတ် အားတက်ကြွပါတယ်။ စိတ်အားတက်ကြွလည်း တက်ကြွစရာပါပဲ။ အခြေခံဘာရောဂါမှမရှိဘဲ အာဟာရမလုံလောက်မှုကြောင့် ဖြစ်ရတာဆိုတော့ ဆေးရုံမှာ ကုလသမဂ္ဂတို့၊ ယူနီဆက်ဖ်တို့က လှူဒါန်းထားတဲ့ နို့မှုန့်တွေဖျော်တိုက်လိုက်ရုံနဲ့ ကလေးတွေ ဟာ တပတ်ဆယ်ရက်အတွင်း အဖောအရောင်တွေကျသွားပြီး ပြောင်ပြောင်ရောင်ရောင် ဖြစ်လာပါတယ်။ ဒါပေမဲ့ အိမ်ပြန် သွားပြီး ၁ လ ၂ လနေရင် ဒီရောဂါလက္ခဏာတွေနဲ့ပဲ ပြန်ပြန်ရောက်လာ ပါတယ်။

ဒါကြောင့် ကလေးမိဘတွေကို ကျန်းမာရေးပညာပေးဖို့အတွက် ညနေပိုင်းမှာ (၁ ပတ် ၂ ကြိမ်- follow-up)  ပြန်ခေါ်ပြီး ကလေးတွေကို ဘာကျွေးရမယ်။ အာဟာရမပျက်အောင် ဘယ်လိုချက်ရ ပြုတ်ရမယ်ဆိုတာတွေ သင်ပြပေးပါတယ်။ ဒီလုပ်ငန်းကို လူမှုရေးလုပ်ငန်းတွေမှာစိတ်အားထက်သန်တဲ့ ဒေါ်ရီရီလှကိုပဲ တာဝန်ပေးထားပါတယ်။ (နောက်ပိုင်းတော့ သခင်မြပန်းခြံမှာဆေးခန်းပြောင်းရွှေ့ဖွင့်ပြီး ဟောပြောပွဲတွေလည်းလုပ်ပါတယ်။) ကာကွယ်ဆေးတွေ ဘာတွေလည်း ထိုးပေးပါတယ်။ အဲဒီမှာ ဒေါ်ရီရီလှက- ကလေးမိဘတွေကို ကလေးကို ဘာကျွေးရမယ်၊ ဘယ်လိုကျွေးရမယ်ဆိုပြီး စိတ်ရှည် လက်ရှည် ပြောပြတတ်ပါတယ်။ သူက လူနာကလေးတိုင်းကို တဦးချင်းရဲ့လိုအပ်ချက်အလိုက် တဦးချင်းကို ပြော ပြနေ တာပါ။ ကျွန်မတို့ အလုပ်သင်ဆရာဝန် ၂ ယောက်လောက်လည်း သူနဲ့အတူ ရှိတတ်ပါတယ်။ သူက လူနာရှင်မိဘများဘက် လှည့်ပြောလိုက်၊ ကျွန်မတို့ဘက် လှည့်သင်ပေးလိုက်နဲ့ပါ။ တခါမှာတော့ မိဘရှင်တဦးက ဒီလိုပြန်ပြောလာပါတယ်။ “ဒေါက် တာရယ်- ကျွန်တော်တို့က  အခု ဒေါက်တာပြောပြသလို ဘယ်အသားမှာ ဘာဓာတ်ပါတယ်၊ ဘာဘီတာမင်ပါတယ်၊ ဘာမသိ ညာမသိပေမယ့် ဘယ်ဟာကတော့ စားကောင်းတယ်ဆိုတာ သိပါတယ်။ ကိုယ့်ကလေးကို ကြက်ဥလေး၊ ကြက်သဲလေး၊ နွားနို့ လေးကျွေးချင်ပါတယ်။ မတတ်နိုင်လို့ပါ” လို့ မရဲတရဲ မပွင့်တပွင့် ပြောလာပါတယ်။

ဆရာမကြီးလည်း မျက်စိမျက်နှာပျက်ပျက်နဲ့ငြိမ်ကျသွားပြီးနောင်လည်း ကြက်ဥကြက်သားစတာတွေ သိပ်မပြောတော့ဘဲ မိဘရှင်များလည်း တတ်နိုင်ကောင်းတဲ့ မြေပဲယိုထိုးကျွေးနည်းတို့၊ ဘိန်းမုန့်လုပ် ကျွေးနည်းတို့၊ ပဲထမင်းလုပ်ကျွေးနည်းတို့ စတာတွေကို သင်ပေးပါတယ်။ဒါပေမဲ့ ဒီလိုမျိုး ရောဂါသည် ကလေးတွေ သိသိသာသာ လျော့နည်း ကျဆင်းသွားတာမတွေ့ရပါဘူး။
••• ••• •••

နောက်အတွေ့အကြုံတခုကတော့ - ဒီလိုပါ။
တောင်ဥက္ကလာပ ‘တီဘီ ရောဂါတိုက်ဖျက်ရေးဆေးပေးခန်း’မှာ ကြုံခဲ့ရတာပါ။ အဲဒီတုန်းက ဗမာပြည်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) အကူအညီနဲ့ ကူးစက်ရောဂါတိုက်ဖျက်ရေး (တီဘီငှက်ဖျား) လုပ်ငန်းတွေ လုပ်နေပါတယ်။ အဲဒါတွေကို ကျွန်မတို့ နောက် ဆုံးနှစ်ကျောင်းသားဘဝကတည်းက စာ တွေ့ရော လက်တွေ့ရော သင်ယူရပါတယ်။ အလုပ်သင်ဆရာ ဝန်ဖြစ်တော့ လည်း အဲဒီလိုမျိုး ဆေးပေး ခန်းတွေမှာ သွားတာဝန်ထမ်းရပါတယ်။ ဒီလိုနဲ့ ကျွန်မဟာ တောင်ဥက္ကလာပဆေးရုံကို ရောက်သွား တာပါ။ အဲဒီတုန်းက နယ်လှည့်ဓာတ်မှန်ရိုက်ကားကြီးတွေနဲ့  ရပ်ကွက်တွေထဲလှည့်ပြီး အခမဲ့ ဓာတ် မှန်ရိုက်ပေးပါတယ်။ အဲဒီကနေ တွေ့ရှိတဲ့လူနာတွေကို ရပ်ကွက်အလိုက်မှတ်ပုံတင်ပြီး တီဘီဆေးတွေ ကို တပတ်(၂) ကြိမ် လာယူသောက်စေရပါတယ်။ (အိမ်ပေးလိုက်ရင် မသောက်မှာစိုးရလို့ ဆေးခန်းမှာ ပဲ သောက်ခိုင်းရတာပါ။) ဆေးကို ၃-လ တန်သည်၊ ၆-လတန်သည် သောက်ခိုင်းရပါတယ်၊ ကျွန်မတို့ ကို ကာကွယ်ရေးဆေးပညာဌာန ဆရာများက ဒီလိုမျိုးနည်းနဲ့ အိန္ဒိယမှာ တီဘီရောဂါ ပပျောက်လု မတတ်ဖြစ်နေပြီလို့ ပြောဖူးပါတယ်။ ဆရာတွေ မကြခဏပြောတတ်တဲ့ စကားတောင် မှတ်မိနေပါသေး တယ်။(just round the corner တဲ့။ မကြာခင်ပေါ့လေ။) အဲဒီဆေးခန်းမှာ ကျွန်မတို့တာဝန်က ဆေး တိုက်တဲ့ နေ့တွေမှာလူနာတွေကို ဆေးစောင့်တိုက်ရတာ၊ ဆေးလာမယူတဲ့ လူနာတွေကို အိမ်လိုက် ကြည့်ရတာ(ဆေးက ရပ်လို့မဖြစ်ဘူး။ အချိန်မှန်မှန် မသောက်ရင်အဲဒီဆေးက ‘ပြီး’သွားပြီး ဆေးပြီးပိုး (drug-resistent-strain) ပေါ်လာတတ်ပြီး ဆေးမတိုး ဖြစ်တတ်ပါတယ်။ ) ရောဂါသည်နဲ့ ထိတွေ့သူ စာရင်း (contact-list) ယူပြီး အဆက်မပြတ်ကြပ်မတ်ကြည့်ရှုပေးပြီးရောဂါ ကူးကူးချင်းသိအောင်နဲ့ ဆေးကုသနိုင်အောင် စီစဉ်ပေးရပါတယ်။

တခါတော့ ဆေးပေးခန်းစာရေးလေးက လူနာတယောက် ဆေးလာ မယူတာ ၂ ပတ် ရှိပြီလို့ သတင်း ပို့လာပါတယ်။ ကဲ-ဒါဖြင့် လိုက်ကြည့်ရအောင်ဆိုပြီး ကျွန်မတို့ အဲဒီလူနာအိမ်ကို လိုက်သွားပါတယ်။ ကျွန်မတို့ရောက်သွားတော့ လူနာက အိမ်ရှေ့ခန်း ကပြင်လေးမှာ ထိုင်နေပါတယ်။ အနားမှာလည်း ကလေး ၂ ယောက်ကစားနေတာတွေ့ရပါတယ်။ အိမ်အတွင်းခန်းက အမျိုးသမီးငယ်တယောက် လသားအရွယ် ကလေးလေးချီ ထွက်လာပါတယ်။ အိမ်ရှင်အမျိုးသားက နေ့စားအလုပ်သမားတဲ့။ မိုး မလင်းခင်ကတည်းက အိမ်ကထွက်သွားပြီး မိုးစုပ်စုပ်ချုပ်မှအိမ်ပြန်ရောက်သတဲ့။ တနေ့လုံးရသမျှ အလုပ်လုပ်ရတာတဲ့။ လူနာက အသက်(၅၀)ကျော်ယောက္ခမကြီး။ မိုးရွာလို့ရင်ကျပ်ပြီး လမ်းမလျှောက် နိုင်လို့မလာတာလို့ အဲဒီအမျိုးသမီးကပဲ ရှင်းပြပါတယ်။ ကျွန်မတို့လည်း ပါလာတဲ့ဆေး (လူနာ လာ မယူဖြစ်တဲ့ဆေးတွေ) ပေးပြီးနောက်အပတ် ဆေးပေးခန်းလာဖြစ်အောင်လာဖို့ပြောပြီး ပြန်ခဲ့ပါတယ်။

နောက်တပတ်ကျတော့ အဲဒီလူနာကိုသူ့သားက တွဲပိုးပြီး လာပို့ပါတယ်။ ကျွန်မက လူနာကို ဆေးတိုက် ပေးပြီး လူနာရှင်အမျိုးသားကို ခေါ်စကား ပြောပါတယ်။ ကျန်းမာရေးပညာပေးပေါ့။ လူနာနဲ့မထိတွေ့ဖို့၊ သီးခြားခွဲစား ခွဲအိပ်ဖို့ စတာတွေ။ ဒါ့အပြင် လူနာနဲ့ထိတွေ့နေသူအားလုံး(သူတို့ဇနီးမောင်နှံနဲ့ ကလေး ၃ ယောက်) တီဘီရောဂါတိုက်ဖျက်ရေးဌာနချုပ်(U.T.I -ဗိုလ်ချုပ်လမ်း-ရန်ကုန်ဆေးရုံကြီးရှေ့ မျက်နှာ ချင်းဆိုင်မှာရှိ) ကိုသွားပြီး ဓာတ်မှန်ရိုက်ဖို့၊ အဲဒီမှာက ဓာတ်မှန် အလကားရိုက်ပေးပြီး  စစ်ဆေးပေး ကြောင်း စတာတွေ ဟောရပြောရပါတယ်။ လူနာရှင်လည်း ခေါင်းတညိတ်ညိတ်နဲ့ နားထောင်သွားပါ တယ်။

နောက်တခါလာတော့ ကျွန်မက ဓာတ်မှန်သွားရိုက်ပြီးပလားလို့မေးတော့ မရိုက်ရသေးဘူးလို့ ဖြေပါ တယ်။ အလွန်ကူးစက်လွယ်တဲ့ တီဘီရောဂါသည်နဲ့ထိတွေ့နေရတဲ့ အလွန်နုနယ်တဲ့ ကလေးတွေကို မြင်ထားရတဲ့ကျွန်မက “ဒီမယ်၊ ခင်ဗျားတို့ကို ဓာတ်မှန်က အလကားရိုက်ပေးမှာ။ ရောဂါရှိရင်လည်း ကျွန်မတို့က အလကားကုပေးမှာ။ ဒီလောက် လုပ်ကိုင်ပေးနေတာတောင် ခင်ဗျားတို့က နားမထောင်ပါ လား။ ကလေးတွေအတွက် သိပ်အန္တရာယ်ကြီးတယ်။ သိရဲ့လာ”…. ကရုဏာ ဒေါသောနဲ့ပြောမိပါ တယ်။ လူနာရှင်က ခေါင်းငုံ့ နားထောင်နေပါတယ်။ ဘာမှလည်းပြန်မပြောဘဲ ထပြန်သွားပါတယ်။

အတော်လေးကြာမှ ဆေးပေးခန်းစာရေးလေးက ကျွန်မနား မရဲတရဲကပ်လာပြီး “ဒေါက်တာကို ကျွန်တော် တခုသတိပေးချင်လို့ပါ။ ဒေါက်တာကတော့ စေတနာနဲ့ ပြောတာမှန်ပါတယ်။ ဒါပေမဲ့ တခု စဉ်းစားကြည့်ပါ။ ဓာတ်မှန် အလကားရိုက်ပေးတာမှန်ပေမယ့် အဲဒီလူအုပ်ကြီးအသွားစရိတ် အပြန် စရိတ် လိုပါတယ်။ ပြီးတော့ သူတို့က တနေ့လုပ်မှတနေ့စားရတာ။ လမ်းစရိတ် တတ်နိုင်တောင် အဲဒီ နေ့ ဘာနဲ့သွားစားကြမလဲ။ ဒါကြောင့် မသွားကြတာ ဖြစ်မှာ”…လို့ ပြောလာပါတယ်။

ကဲ- ကျွန်မရော ဘာများတတ်နိုင်တော့မှာလဲ။ နောက် မကြာခင်မှာပဲ အဲဒီအိမ်က ကလေးတယောက် တီဘီဦးနှောက် အမြှေးပါးရောင်ရောဂါနဲ့ ကလေးဆေးရုံကြီးမှာ ဆုံးသွားကြောင်းကြားရပါတယ်။ ဒါတောင် အဲဒီအချိန် (မဆလခေတ်) က အခမဲ့ပညာ ရေးတို့၊ အခမဲ့ဆေးကုသရေးတို့  ကြွေးကြော်ကောင်းနေတဲ့ အချိန်ပါ။
••• ••• •••

ဒီလိုမျိုးအဖြစ်အပျက်တွေ အခုကော မရှိတော့ဘူးလား။ ဗမာပြည်မှာ ကျုပ်တို့တပ်မတော်က ဘာမဆို လုပ်ပေးနေရတာ လို့ဆိုတဲ့ (နယ်လှည့် ပါးရိုက်ဝန်ကြီး) ဗိုလ်ချုပ်အုန်းမြင့်ကို မေးပါရစေ…. ခင်ဗျားတို့ နှစ်ပေါင်း ၆၀ နီးပါး ဗမာပြည်ကြီးကို အုပ်ချုပ်လာကြတာ ဘာလို့ဒီလောက်အကုရလွယ်တဲ့ ကူးစက် ရောဂါ (တချို့နိုင်ငံတွေမှာ ရှာမတွေ့တော့ဘူး။) တွေကို ပျောက်အောင်ကုမပေးနိုင်ကြရတာတုန်း။ ဘာလို့ အခုအချိန်အထိအာဟာရပြည့်ဖို့ ဘာစားရမယ်၊ ညာစားရမယ် ညွှန်ကြားနေ ရတာတုံး။ တရားခံက ဘယ်သူတုန်း…..မေးပါရစေ။

ဒါကြောင့်ပဲ ထင်ပါရဲ့။ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားကို ဆရာဝန်အဖြစ်ကနေ ဘာကြောင့် တော်လှန် ရေးသမားလုပ်ရတာလဲလို့မေးတော့ ….“လူတဦးချင်းမှာ ဖြစ်နေတဲ့ရောဂါထက် တမျိုးသားလုံးမှာဖြစ်နေတဲ့ ရောဂါပျောက် စေချင်လို့” လို့ ဖြေတာ ဖြစ်မှာ။

လှကျော်ဇော
(၁၀-၂-၂၀၁၄)

မှတ်ချက်။ ၂၀၁၄-မေလထုတ် အရေးတော်ပုံဂျာနယ်။ အတွဲ (၂) အမှတ် (၁) မှ ဆောင်းပါး။  


ရန်လင်းအောင် - ခေါင်းစဉ်ကွဲ

$
0
0

ရန်လင်းအောင် - ခေါင်းစဉ်ကွဲ 
(မိုးမခ) သြဂုတ် ၅၊ ၂၀၁၆

ကြမ်းကန့်လန့် ခင်းထားတယ် -
လောင်းရိပ်က သြဇာကြီးလွန်း -
ပေါင်းမြက်တွေ အိပ်မွေ့ကျနေတာ ဘာဆန်းလဲ ?

တရေးပဲ နိုးနိုး
လန့်ပဲ နိုးနိုး
မူရင်းသတ်ပုံဆိုလည်း

သွေးဖောက်စစ်ရမယ် … … …

၈. ၃ .၂၀၁၆

ခင်လွန်း - ကောင်းကင်ချစ်တဲ့ ကောင်ကလေး

$
0
0


ခင်လွန်း - ကောင်းကင်ချစ်တဲ့ ကောင်ကလေး

(မိုးမခ) သြဂုတ် ၅၊ ၂၀၁၆
၁။



နီနီသည် မိုးကောင်းကင်ကိုချစ်သော ကောင်လေးတယောက်ဖြစ်သည်။ မိုးကောင်းကင်သည် သူ့အတွက်တော့ သုံးမကုန်ဖြုန်းမကုန် ဆွဲ၍မဆုံးနိုင်တော့သည့် ပုံဆွဲစက္ကူချပ်ကြီးတချပ်လို ခံစားမြင်နေမိသည်။ ပြီးတော့ ပန်းချီကားချပ်တွေကုဋေကုဋာ ခင်းကျင်းထားသည့် ပန်းချီပြခန်းကြီး တခုအဖြစ်လည်း သူ မြင်သည်။

စင်စစ် ပန်းချီပြခန်းတခုထဲသို့ သူအမှန်တကယ်ရောက်ဖူးခဲ့သည်မှာ အိပ်မက်လိုတော့ဖြစ်နေသည်။ ပထမတော့ ဘာရယ်ညာရယ်ဟု သူမသိ။ ရောက်ဖူးနေကြ သာမာန်အိမ်တအိမ်အဖြစ်လို့သာ သူ ထင်မိသည်။ အိမ်က အိမ်အိုအိမ်ဟောင်းကြီး ဖြစ်သော်လည်း ကျယ်ကျယ်ပြန့်ပြန့်ရှိသည်။ အခန်းဖွဲ့ တွေ ကျယ်သည်။

ပြတင်းပေါက်တွေများသလို တခန်းမှတခန်းအကူး တံခါးမကြီးများကလည်း များသည်။ ထိုပြတင်း ပေါက်များ ထိုတံခါးမကြီးများအနီးတွင် နီနီတို့ပျိုးကမ္ဘာဥယျာဉ်ထွက် ပန်းပင်ဂမုန်းပင်အမျိုးမျိုးကို အိမ်တအိမ်၏ အလှအပ အဆင်တန်ဆာအဖြစ် လာရောက်ပို့ပေးရစဉ်က ရောက်ခဲ့ခြင်းဖြစ်သည်။ နီနီက ပျိုးခင်းကမ္ဘာဥယျာဉ်က လုပ်သားခေါ်မလား၊ အဖွဲ့ဝင်လားခေါ်မလား။ အဲ ဘာမှန်းညာမှန်း ပင် ကိုယ့်ဘာသာမသိ။ ပန်းအိုးကြီးများကိုချဖို့ ကားကိုထိုးရပ်လိုက်တော့ ပန်းချီကားတချပ်ကို ဆွဲ နေဟန်ရှိသည့် လူတယောက်က ထိုင်ရာမှထလာကာ နေရာလိုက်ပြပေးသည်။

သူ့လက်ထဲမှာတော့ နီနီတခါမှမမြင်ဖူးသေးသည့် စုတ်တန်အရွယ်အစား ခပ်ငယ်ငယ်လေး တ ချောင်းကိုင်လို့။ နီနီမြင်ဖူးနေကျက သံစည်ပိုင်းဆေးသုတ်သည့် စုတ်တန်ပြားပြား ကြမ်းကြမ်းကြီး မျှသာ။ စဥ့်ရောင်အမျိုးမျိုးသုတ်လိမ်းထားသည့် ပန်းအိုးကြီးတွေကို သူ့နေရာနှင့်သူချထားပြီး ချိန် မှာတော့ နီနီသည် သူရောက်နေသည့်အဆောက်အဦကို ဝေ့ဝဲကြည့်မိလေသည်။

အားပါးပါး။ အိမ်လုံးပြည့်ပန်းချီကားတွေချည်းပါပဲလား။ ဒါတွေအားလုံး ခုနလူကြီး ဆွဲထားတာများ လားလို့ သူထင်မိသည်။ ပန်းချီကားတွေသာ မဟုတ်။ တချို့စားပွဲလေးများပေါ်တွင် ပန်းပုရုပ်များ၊ ဇာတ်ပွဲတွေမှာတွေ့ရတတ်သည့် ဝန်ရုပ်၊ ဇော်ဂျီ ရုပ်၊ သူတော်ရုပ်တွေကိုလည်း လှမ်းတွေ့ရသည်။ သူနှင့်အနီးဆုံးနံရံပေါ်က ပန်းချီကားတချပ်ကိုမြင်မိချိန်မှာတော့ သူ့စိတ်ထဲ စပ်ဖျဉ်းဖျဉ်းလေးလို ဖြစ် သွားခဲ့သည်။ ထိုပန်းချီကားလေးက နီနီတို့အညာကျေးလက်ရွာလေးတရွာ၏မြင်ကွင်းကို ရေးခြယ် ထားခြင်းဖြစ်သည်။ ရွာလမ်းဖုန်အလိမ်းလိမ်းတွင် နွားအုပ်တအုပ် မောင်းသွင်းလာသည့် မြင်ကွင်း။ ဝင်လုဆဲနေလုံးကြီးက ဖုန်လိပ်ကြီးများနောက်တွင် နီရင့်ညိုမှိုင်းလျက်။ မကြာမီ စုန်းစုန်းမြှုပ်သွား တော့မည့်အသွင်။

နီနီအံ့သြသွားသည်။ ပန်းချီကားချပ်လေး၏အရွယ်က ခပ်ငယ်ငယ်။ သူမြင်နေရသည့်မြင်ကွင်းက ရွာလမ်း၊ တဲအိမ်၊ နွားအုပ် နှင်တန်ကိုင်မြှောက်နေသည့် နွားကျောင်းသား။ ကြည့်အုံး၊ ဟိုးနောက် မှာလည်း ဆည်းဆာနေလုံးရဲ့အရောင်များ ဖြာလွှင့်။ ဒီအရွယ် ပန်းချီကားလေးမှာမြင်နေရသည့် အ ရောင်တွေ အရုပ်တွေ လှုပ်ရှားမှုတွေက အကျယ်အပြော။ ဖုန်တွေအလိပ်လိပ် ထနေပုံများ ကိုယ့် ရွာကိုပဲ ပြန်ရောက်နေတော့သလိုလို။

နောက်ပန်းချီကားတချပ်မှာတော့ ညမိုးကောင်းကင်၏ တိမ်လိပ်တိမ်ဆိုင်များ၊ လမင်းကိုဝန်းရံနေ သည့် ကြယ်ကလေးများ။ အပြာရင့်မှောင်အာကာပြင်၌ ဖြူလွှလွှတိမ်သားတိမ်ဆိုင်တွေက လေထဲ လွှင့်နေသလိုလို။ ကြယ်ကလေးများ လက်ပနေသည်ကလည်း အရောင်များပြက်ပြက်ထလျက်။ ဒီပန်းချီကားလေးကလည်း ၁၆-နှစ်သားအရွယ် နီနီ့လက်တတောင်သာသာခန့် မျှသာ။ နီနီ့ အတွေး က လက်တတောင်သာသာရှိသည့် နေရာလေးတနေရာတွင် မိုးကောင်းကင် တပြန့်တပြောကြီးကို ထည့်သွင်းနိုင်သည်ဆိုသည့် အသိ၊ အတွေး။ တယ်လည်း ဆန်းပြားတဲ့ အတတ်ပညာပါလား။



“ဟေ့ချာတိတ်၊ မင်းက ပန်းချီဝါသနာပါသလားကွ ”

ပန်းချီကားတွေထဲ နီနီနစ်မြောနေစဉ် ပန်းချီဆရာဖြစ်ဟန်တူသော စုတ်တန်ကိုင်ထားသည့် လူက မေးတော့ နီနီသည် ယောင်အမ်းအမ်းဖြင့် ခေါင်းငုံ့ပြမိလားမသိ။

“အေး၊ ဝါသနာပါရင် ပန်းချီသင်ပေါ့ကွာ၊ မင်းက ငယ်ငယ်လေးရှိသေးတာပဲ၊ ပန်းချီဆရာဖြစ်လာမှာ ပေါ့၊ ကဲ မင်းသူငယ်ချင်း တွေစောင့်နေပြီ။ သွားလိုက်အုံး ”

ထိုမှစ၍ မိုးကောင်းကင်ကို သူစတင်ချစ်သွားခဲ့ခြင်းဖြစ်သည်။ အရင်ကတော့ သူ့ခေါင်းပေါ်မှာအမြဲရှိ နေသည့် မိုးကောင်းကင်ကို ချစ်ရကောင်း မြတ်နိုးရကောင်းမှန်းမသိခဲ့သလို ယောင်မှားမော့ငေး ကြည့်ဖို့ပင် အမှတ်ရတတ်သည့် ကောင်ကလေး မဟုတ်ခဲ့ပေ။ သြော် မိုးကောင်းကင်ကြီးကလည်း သူ့ကိုများ တခါတလေဖူးမျှ ငုံ့ကိုင်းကြည့်မိပါရဲ့လားလို့ ခုနေခါတွင် သူ တကိုယ်တည်း မေးခွန်းတွေ ထုတ်နေမိတတ်သည်။

ခွင့်လွှတ်ပါ မိုးကောင်းကင်ကြီးရယ်။ နီနီကလည်း နီနီ့အဖြစ်ကို မေ့လျော့နေတဲ့ မိုးကောင်းကင်ကြီး ကို ခွင့်လွှတ်ပါတယ်ဟု တယောက်တည်းလည်း မကြာခဏ စကားပြောတတ်သည်။ တခါတော့ ထိုအဖြစ်ကို အောင်လေးက ကြားသွားဟန်ရှိ၍ သူ့နားတိုးကပ်ကာ မေးလေသည်။

“ဟေ့ကောင် ငနီ၊ မင်းတယောက်ထဲ စကားတွေပြောနေတယ်ဟုတ်လား၊ အဲဒီအကျင့်မကောင်းဘူး ငနီ။ တော်ကြာ မင်းရူးသွားလို့ ဦးလေးခင်ကြီးက အိမ်ကနှင်ထုတ်နေအုံးမယ်” ဟု သတိပေးယူရ သည့်အထိ။

ဘာပဲပြောပြော နီနီကတော့ မိုးကောင်းကင်ကြီးကို အချစ်ကြီးချစ်သွားခဲ့ပြီ။ ပျိုးကမ္ဘာဥယျာဉ်တွင် တနေကုန် တကုန်းကုန်းတချိချိ လုပ်ခဲ့ကိုင်ခဲ့ရသမျှ ညညများဆိုလျှင် မိုးကောင်းကင်ကြီးကို မော်ကြည့်ကာ တိမ်တောင်ပန်းချီ၊ ကြယ် ပန်းချီတွေကို တမေ့တမော ငေးကြည့်ရသည်မှာ ထူးခြား ဆန်းကျယ်လှသည့်အရသာဖြစ်သည်ဟု သူယုံသည်။

“ဟေ့နီနီ၊ ဘာတွေတွေးနေတာလဲကွ။ ကဲ ဟိုမှာပျိုးထားတဲ့ သူယောင်မယ်ဂမုန်းတွေ နေဝလောက် ပြီ၊ အရိပ်ထဲ ပြန်ရွှေ့ကြတော့၊ နော်သား”

ဦးလေးခင်ကြီးက သူ့ကို သားဟု ခေါ်လိုက်သည့်အတွက်တော့ သူ့ရင်ထဲ သိမ့်ခနဲဖြစ်ရသည်မှာ အ မှန်ပင်။ နီနီက ဟုတ်ကဲ့ဟု တခွန်းထဲပြောကာ ကံကော်ပျိုပင်လေးအရိပ်အောက်က ထွက်ခဲ့လေ သည်။

၂။

ရွာက နီနီထွက်ခွာလာချိန်မှာ အသက် ၁ဝ နှစ်ကျော်ကျော်မျှသာ။ အမေနှင့်အဖေ ရှေ့ဆင့်နောက် ဆင့် ဆုံးပါးသွားသည့် နောက် အမေ့မောင် ဘဒွေးတော်ဦးပဉ္ဇင်းလေးရှိရာ မန္တလေးရွှေမြို့တော်သို့ အားကိုးတကြီး ရှာခါဖွေခါ သွားရောက်ခဲ့သော်လည်း မျက်စေ့လည်နေသည့် လူမမယ်လေးနီနီနှင့် ဦးလေးခင်တို့တွေ့ကာ သူ့ကို ရန်ကုန်ရွှေမြို့တော်ကြီးသို့ခေါ်လာသည့်အတွက် ပျိုးခင်းကမ္ဘာဆို သည့် ပန်းပျိုးဥယျာဉ်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

ဦးလေးခင်က ဆိုလေသည်။

ပျိုးခင်းကမ္ဘာဆိုတာ ပန်းတွေချည်းပျိုးတာ မဟုတ်ဘူးသားရဲ့။ အားကိုးရာမဲ့နေတဲ့ မင်းတို့လို ကလေးတွေ လမ်းမှားမရောက်သွားဖို့နဲ့ မင်းတို့ အနာဂတ်လေးတွေ လှပဖို့ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပျိုးထောင်တဲ့ အလုပ်ကိုလည်း ဦးလေးခင်လုပ်တယ်လေဟု သူ့ကို ပြောပြသည်။



ဦးလေးခင်သည် ဇနီးသားသမီးမရှိသူ တကိုယ်တည်းသမားပီပီ ကလေးများအပေါ်မှာတော့ တ ကယ်ပင် ချစ်ခင်နှစ်လိုပုံရပါသည်။ ပျိုးခင်းကမ္ဘာ၌ နီနီ့ အရင်ရောက်နှင့်သူရော နီနီ့ နောက်မှ ရောက်လာသူရော ဆယ်ယောက်ကျော်ရှိသည်။ သူတို့ အားလုံးကို ဦးလေးခင်က မခွဲမခြားဆက်ဆံ ကျွေးမွေးပါသည်။ မခွဲမခြားဝတ်စား ဆင်ယင်စေပါသည်။ ဦးလေးခင်၏ ဥယျာဉ်တွင် အားလုံးတူ တူညီညီ အလုပ်လုပ်လုပ်ရပါသည်။ နီနီတို့တွေကို စာသင်ကျောင်းထားမပေးသော်လည်း ခေတ် ပညာတတ်ဖြစ်သည့် ဦးလေးခင်ကိုယ်တိုင် ညအခါများတွင် စာသင်ပြပေးသည်။ ကျောင်းစာသာ မ က အထွေထွေဗဟုသုတတွေ လည်းသင်သည်။ အထူးသဖြင့် သစ်ပင်ပန်းပင်တွေအကြောင်းကို ပို ပြီးအသားပေးသင်သည်။ သူက နီနီတို့ကို လူတန်းစေ့ထက် မြင့်မားစေချင်တာလည်းပါသည်။ စာသင်ကျောင်းတွေက ကျဉ်းမြောင်းပါတယ်ကွာဟုဆိုကာ ကိုယ်တိုင်သင်ကြားခြင်း ဖြစ်သည်။ နီနီတို့ကတော့ နားလည်တချက် နားမလည်တချက်။

ပြီးတော့ ဦးလေးခင်သည် လူပျိုကြီးပီပီ စည်းစနစ်ကျသည်။ နီနီတို့ကိုလည်း စည်းစနစ်တကျ အုပ် ချုပ်ပဲ့ပြင်သည်။ နီနီတို့သည် ဦးလေးခင်၏ရင်အုပ်အောက်တွင် ခိုက်ရန်ဖြစ်ပွားခြင်းမရှိလောက် အောင် သင့်သင့်မြတ်မြတ်ရှိကြသည်။ ချစ်ချစ်ခင်ခင်လည်း ရှိကြပါသည်။

တကယ်တော့ ဦးလေးခင်၏ဘဝမှာ သစ်ပင်ပန်းမာလ်များသာ။ ဝင်စားမွေ့လျော်မှုကလည်း သစ်ပင် ပန်းမာလ်များသာ။ ဂမုန်းမျိုးစုံ ရွက်လှမျိုးစုံ သစ်ခွမျိုးစုံ နှင်းဆီမျိုးစုံ စိုက်ပျိုးထားသော သည်လို ဥယျာဉ်မျိုး ရန်ကုန်မြို့ကြီးလိုနေရာ၌ ရှာမှရှားဟု ဆိုကြသည်။ ဦးလေးခင်၏ နောက်တခုထူးခြား ချက်ကိုလည်း နီနီမြင်မိသည်။ သူက ပန်းမာလ်သစ်ပင်တွေကို လူတွေထက် ပိုချစ် ပိုစွဲလန်းသည့် စိတ်ရှိသူပီပီ လူတိုင်းကို သူ့လိုချည်းဖြစ်စေချင်သည့် လူစားမျိုးဟုလည်း နီနီမြင်သည်။ သစ်ပင် ပန်းမာလ်တွေ မြတ်နိုးတတ်သူများကိုလည်း လူကြီးလူကောင်း နိုင်ငံကြီးသားများ ဖြစ်သည်ဟု လည်း ဦးလေးခင်က အမြဲပြောဆိုတတ်သည်လေ။

သည်တွင် နီနီတို့၏အနာဂတ်ကိုလည်း ဦးလေးခင်ပင် ပိုင်ဆိုင်နေသည်။ ဦးလေးခင်က နီနီတို့ အား လုံးကို သူနှင့်စံထား၍တိုင်းသည်။ ဦးလေးခင်၏ စိတ်ကူးစိတ်သန်းများ၊ ဝင်စားမှုများ၊ အနာဂတ်အိပ် မက်များသည် နီနီတို့ဖြစ်သည်။ ဦးလေးခင်၏ ဆုံးမသွန်မှုနှင့် လမ်းညွှန်မှုများကိုဖြစ်စေ၊ ဦးလေးခင် ၏ လိုအင်ဆန္ဒကို ဆန့်ကျင်လျှင်ဖြစ်စေ ပျိုးခင်းကမ္ဘာမှဝေးရာကို ထွက်သွားပေတော့။

နီနီတို့သည် ဦးလေးခင်ဖြစ်လိုရာကိုရော သူဖြစ်ခွင့်မပိုင်ခဲ့သည့် လက်လွှတ်ဆုံးရှုံးခဲ့ရမှုများကိုပါ ရယူပေးဖို့အတွက် ဒီနေရာကိုရောက်နေရတာလားဟု နီနီတွေးမိလာသည်။ ရောက်ခါစ သုံးလေး နှစ်လောက်ကတော့ ဒီလိုတွေး ဒီလိုမြင်ခဲ့သည်တော့မဟုတ်။ ခု ကြီးခေါင်ဝင်စ အသိဉာဏ်လေးမြင့် လာတော့ တဖြည်းဖြည်း နီနီတွေးတတ်စပြုလာသည်။ လူတွေအကြောင်းကို နားလည်စပြုလာ သည်ဟုလည်း ဆိုနိုင်သည်။ လူတိုင်းကိုယ်စီတွင် ရှင်သန်နေထိုင်မှုအတွက် ရည်ရွယ်ချက်တခု၊ မျှော်မှန်း ချက်တခုစီတော့ ရှိကြမြဲဆိုတာ။ ဦးလေးခင်က ရုက္ခဗေဒလောကကို ရူးရူးသွပ်သွပ်ချစ် မြတ်နိုးသူ။ ဦးလေးခင်၏ အသက်ရှင် နေထိုင်ခြင်းသည် သစ်ပင်ပန်းမာလ်တွေကို မျိုးစိတ်များခွဲဖို့၊ မျိုးစိတ်ကွဲများချင်း ပေါင်းစည်းပြီး အသစ်သစ်သောမျိုးစိတ်တွေ စမ်းသပ်ဖန်တီးကြည့်ဖို့။

တခါကတော့ နီနီ့ကို ဦးလေးခင်ပြောပြဖူးသည်။ ဟောဒီ့ပျိုးခင်းကမ္ဘာဥယျာဉ်ဟာ ရုက္ခဗေဒနယ်ပယ် မှာ အတိုင်းအတာတခုအထိ အသိအမှတ်ပြုခံရအောင် သူရည်ရွယ်ကြိုးပမ်းနေတာတဲ့။ လောလော ဆယ်တော့ ဒို့တွေ မြှုပ်နှံကြရတာပေါ့ကွာတဲ့။

ဦးလေးခင်ကို နီနီနားလည်ပါသည်။ နီနီတို့ကမ္ဘာသည် ဦးလေးခင်၊ နီနီ့တို့ဘဝသည် ဦးလေးခင်၊ နီနီ့တို့ကို ပဲ့ကိုင်သူသည် ဦးလေးခင်၊ နောက်ဆုံး နီနီ့တို့၏အနာဂတ်သည်ပင် ဦးလေးခင် မဟုတ် လား။ ထို့အတူ အောင်လေးတို့ အခြားသူတွေကရော။ ပြောရလျှင်တော့ မိုးကောင်းကင်ကို မော့မ ကြည့်မိသူအားလုံးတို့သည် ဦးလေးခင်သာ ကိုးကွယ်အားထားရာ၊ စံပြု လိုက်နာရာအဖြစ် ခံယူနေ ကြလိမ့်မည်မလွဲဟု နီနီမြင်မိနေလေပြီ။

၃။

ငါ ပန်းချီဆရာဖြစ်ချင်တယ်ကွာ၊ ငါ ပန်းချီသွားသင်မယ်လို့ စိတ်ကူးမိတယ်လို့ အောင်လေးကိုပြော တော့ ဦးလေးခင်သိရင် မင်းကို အိမ်ကနှင်ချမှာကွ၊ စိတ်ကူးမယဉ်ပါနဲ့ငနီရာ၊ သူဖြစ်စေချင်တာ လုပ် စမ်းပါဟု အောင်လေးက တိုးတိုးတိတ်တိတ်ပြန် ဖျောင်းဖျနေလေသည်။

ဦးလေးခင်က သစ်ပင်ပန်းပင်လောကမှာ ပါရဂူကြီးဖြစ်ချင်သလို ငါရော ပန်းချီဆရာတယောက် မ ဖြစ်ချင်ရဘူးတဲ့လားကွာဟု နီနီက ပြန်မေးတော့ အောင်လေးတယောက် ဘာမှပြန်မပြောတတ်ရှာ တော့။
အောင်လေးသည် နီနီ့လိုပင် ကျေးလက်ပေါက်လူငယ်လေးဖြစ်ပြီး နီနီ့အပေါ်ချစ်ခင်သံယော ဇဉ် ကြီးရှာသည်။ ပန်းချီပြခန်းကို ရောက်ခဲ့ဖူးချိန်မှစ၍ နီနီတယောက် မိုးကောင်းကင်ကြီးပေါ်ကို ညလုံး ပေါက်ထိုင်ငေးကြည့်နေတတ်တာကိုလည်း သတိထားမိသည်။ ငေးမောကြည့်နေရုံမကသေး၊ သူ့ လက်ချောင်းလေးများကို ကောင်းကင်သို့ဆန့်တန်းပြီး ပန်းချီရေးနေသည့်ဟန်နှင့် လှုပ်ရှားနေပုံကိုပါ သတိထားမိနေသည်။

အောင်လေးရေ ကြည့်စမ်း၊ ဟိုမှာတွေ့လား၊ အဲဒါ ကိန္ဒရာအရုပ်လေကွာ၊ ဟိုးမှာက တာဝတိံသာက စောင်းတန်းကြီးပေါ့ တွေ့လားဆိုကာ တိမ်တွေကိုကြည့်ကာ ခဏခဏထထအော်တတ်သဖြင့် ခဏ ခဏသူ စိတ်ညစ်ရဖူးသည်။ ဒီကောင်ရူးသွား ပြီလားမသိဟုပင်တွေးမိပြီး ဦးလေးခင်ကိုပင် ပြောပြ သင့်မသင့် စဉ်းစားနေရသူဖြစ်သည်။

တနေ့ခင်းမှာတော့ နီနီသည် ပလစ်စတစ်အိတ်ကြီးများနှင့် မျိုးပွားထားသော ဂမုန်းပင်ကြီးတပင်ကို စူးစိုက်ကာ ကြည့်နေမိသည်။ အပင်ကြီးက ကြီးလှပြီ။ စိမ်းရင့်ရင့်ရွက်ဖားကြီးများက နေရောင်ထဲ တွင် အရောင်တင်ထားသလို လက်နေသည်။ ဂမုန်းမျိုးပေါင်းများစွာရှိသည့်အနက် အပွင့်လှလှ လေးတွေပွင့်သည့် ဂမုန်းပင်မျိုးထဲက ဖြစ်သည်။ ခုလည်း သည်ဂမုန်းပင်ကြီး အပွင့်တွေ ပွင့်နေ သည်။ အဖြူရောင်ပွင့်ဖတ်များကြားက ဝတ်ဆံလေးမျာမှာ ရွှေမှုန်ရွှေစလေးများနှယ် လှလှပပ။ နီနီက စိမ်းရင့်ရွက်ဖားတွေနှင့် ဆယ်စွယ်နုရောင် ရွက်တန်တွေများကြားမှ ထိုဂမုန်းပွင့်လေးတွေကို ပန်းချီကားတခုလိုကြည့်မြင်ရင်း စိတ်ကူးနှင့် ဆေးသားအရောင်တွေ သွင်းနေမိသည်။

ဦးလေးခင်ကတော့ မကြာခင် ဒီဂမုန်းပင်ကြီးကို စဥ့်ရည်သုတ်ထားသည့် ပန်းအိုးကြီးတလုံးတွင် ရွေ့ကာ ရောင်းတန်းတင်ပေတော့မည်။ နီနီမှာက ပန်းချီဆွဲဖို့ စုတ်တန်တွေ အရောင်တွေမပြောနှင့် မိုးကောင်းကင်ကြီးမှလွဲ၍ ပုံဆွဲစက္ကူပင် မရှိသေး။ တကယ်တော့လည်း နီနီ ပန်းချီဆွဲခွင့်ရဖို့ပင် ဦး လေးခင် ခွင့်ပြုမည်လိမ့်မည်မဟုတ်သလို ပန်းချီတွေ ဘာတွေနားလည်မည့် လူစားလည်းမဟုတ် သည်ကို နီနီ အသိပင်။ ဦးလေးခင်က လူတွေအားလုံး သူ့လို ရုက္ခဗေဒချစ်သူသာ ဖြစ်စေချင်သူ။ နီနီ ကလည်း အပင်တွေ အပွင့်တွေ အရွက်တွေကိုမုန်းသူမှမဟုတ်တာ။ နီနီ ပန်းချီဆွဲရင် ပန်းပွင့် တွေရော သစ်ပင်မြင့်ကြီးတွေရော ထည့်ရေးမှာဖြစ်သလို မြက်ခင်းစိမ်းလေးလည်း ပါနိုင်သည်ပဲ လေ။ ဦးလေးခင် နားလည်ပေးမလား။

ဒီလိုတွေးတော့ တလောက ဦးလေးခင်ပြောတာကို သတိရမိသည်။ ဟေ့နီနီ၊ မင်းက ပန်းချီဆရာ ဖြစ်ချင်လို့ဆို။ ပန်းချီဆရာ ဖြစ်ချင်ရင် ဖြစ်နိုင်တဲ့နေရာသွားကွ။ ငေးငေးငိုင်ငိုင်နဲ့ ညမအိပ် နေ့မအိပ် ဖြစ်နေလို့ရူးသွားရင် ငါဆေးကုမပေးဘူးတဲ့။

ဟုတ်တော့လည်း ဟုတ်သည်။ ဦးလေးခင်သည် သစ်ပင်ပန်းမာလ်များကို မြတ်နိုးသူသော်လည်း စိတ်ကူးယဉ်သမားတော့ မဟုတ်။ သူ့စီမံကိန်းများ၊ သူ့အိပ်မက်များတွင် သစ်ပင်ပန်းမာလ်တွေကို ဘယ်လို မျိုးစပ်ရမည်။ ဘယ်လို မျိုးပွားရမည်။ ဘယ်လို စောင့်ထိန်း ကြီးထွားအောင် လုပ်ရမည်။ ဒါတွေပဲ ရှိသည်။ အခြားအရာများ မရှိ။ အခြားလည်း စိတ်ကူးမယဉ်။ သူ လုပ်ချင်တာပဲ သူသိသူ။ သူက ကိုယ်တိုင်စိတ်ကူးမယဉ်သလို နီနီ တို့တွေ စိတ်ကူးယဉ်တာကိုလည်း မကြိုက်။ အားပေး မည့် ပုံလည်း မပေါ်။ ကိုယ့်ဆန္ဒကို ဖွင့်ပြောရအောင်ကလည်း သူ့ကျေးဇူး မသိသူ ဖြစ်ပေရော့မည်။

နီနီ သည် ဟင်းခနဲမြည်အောင် သက်ပြင်းရှည်ကြီးချလိုက်ကာ ဂမုန်းပင်ကြီး၏ရှေ့ ဂမုန်းပွင့်လေး တွေနားတိုးကာ ဒူးထောက်လျက်သား ထိုင်ချလိုက်သည်။

အို…ကြည့်စမ်း၊ အမြစ်တွေ မြေပေါ်ထိုးထွက်နေလိုက်တာ။ ဖွေးဖွေးဆွတ်ဆွတ် ဖွာထွက်ဖြာလွှင့်နေ သည့် အမြစ်နုလေးတွေ။ ပလစ်စတစ်အိတ်ကြီးအတွင်း မြေသားများထည့်သွင်း ပျိုးထားသည့် ဂမုန်းပင်ကြီး၏ အမြစ်ပွားများက အိတ်ခွံကိုထိုးခွဲကာ ပကတိမြေသားစစ်စစ်ပေါ်သို့ ထိုးဖြာထွက်နေ ကြတာကို သူမြင်လိုက်ရတာလေ။

ပကတိမြေသားပေါ်က သစ်တပင်၏အမြစ်။ ပုံသွင်းပျိုးထောင်ခံထားရသောသစ်တပင်က သဘာဝ အတိုင်း မြေသားစစ်စစ် ဆီကိုသွားဖို့ ထိုးဖောက်ရုန်းထွက်နေတာလေ။ အပွင့်များပင် ပွင့်လို့။ သည် မြင်ကွင်းကိုမြင်တော့ နီနီသည် အသိစိတ်တခု ဖျတ်ခနဲလက်သွားကာ ပန်းအိုးကြီးများစီတန်း စိုက် ပျိုးထားရာဘက်သို့ ချာခနဲလှည့်လိုက်သည်။ အပင်တွေ ပန်းတွေ သူ့သဘာဝနှင့်သူ ပွင့်ကြလန်းကြ ပါစေလား။
သူက မိုးကောင်းကင်ကို ချစ်သူ။ မဟာပထဝီ မြေဆိုင် မြေသားတွေကိုလည်း ချစ်သူ။ သစ်ပင်ပန်း ပွင့်တွေကိုလည်း ချစ်သူ။ ပန်းပွင့်တွေ သစ်ပင်တွေကရော။ မြေဆိုင်မြေသားများနှင့် အာကာသ မိုးကောင်းကင်ကြီးကို ချစ်ကြသည်ပဲမဟုတ်လား။ ထိုအချစ်တွေအတွက် သူ တခုခုလုပ်ရတော့ မည်။
ခဏအကြာမှာတော့ နီနီတယောက် ပျိုးခင်းကမ္ဘာဥယျာဉ်ထဲက စဥ့်ရည်သုတ် မြေပန်းအိုးကြီးများ ဖြင့် စိုက်ပျိုးထားသည့် ပန်းအိုးကြီးများမှန်သမျှကို တလုံးပြီးတလုံး ဆက်တိုက် ရိုက်ခွဲပစ်နေတာ တွေ့ရသည်။

အမြစ်တွေကို မင်းတို့ချစ်တဲ့မြေပေါ်မှာ လွတ်လွတ်လပ်လပ်လျှောက်ခွင့် ပေးလိုက်ကြပေတော့ ချစ် လှစွာသောအပင်တို့ရေ။ နီနီသည် မြေတူးဆွသည့် ခရင်းခွတချောင်းကိုကိုင်လျက် မားမားကြီးရပ် ကာ မြေအိုးပုံစံခွက်ထဲမှ ထွက်ကျလာသည့် အပင် တို့ကိုကြည့်လိုက် ကောင်းကင်ကိုမော်၍ ကြည့် လိုက်နှင့် မျက်လုံးအစုံက ဝင်းဝင်းတောက်နေသည်။

“ ဟေ့ဟေ့ နီနီ မင်းဘယ်လိုလုပ်လိုက်တာလဲ၊ ဘယ်လိုလုပ်လိုက်တာလဲ၊ သွားပါပြီ။ သွားပါပြီကွာ။ မင်း ၊ မင်း …”

ဒါ ဦးလေးခင်၏အသံလား။ အောင်လေး၏အသံလား။ …အို၊ ဘယ်သူ့အသံတွေမှန်း နီနီမသိတော့။ ဘာသံကိုမှလည်း မကြားတော့။ ပန်းအိုးတွေ အစိတ်စိတ်အမွှာမွှာကွဲကုန်ချိန်တွင် ကောင်းကင်ကို ချစ်သည့်ကောင်ကလေးသည် ပျိုးခင်းကမ္ဘာဥယျာဉ်ကို ကျောခိုင်းထွက်ခွာလာခဲ့လေပြီ။


ခင်လွန်း
၃ဝ၊ နိုဝင်ဘာ၊ ၂ဝဝ၎

(၂၀၀၄ ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြပြီးဖြစ်)

လင်းမိုးစွေ ● အသံညစ်ညမ်းမှု

$
0
0


လင်းမိုးစွေ ● အသံညစ်ညမ်းမှု
(မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၆

ပန်းချီကားထဲက အော်သံ
စကားလုံးတွေအဖြစ်...၊
ရွတ်ဖတ်ဖို့ မလိုတော့ဘူး
စာရွက်ပေါ်ငယ်သံပါအောင် အော်နေတယ်။

စည်းက ချိုးလို့ရတယ်
စည်းကျိုးလို့မရဘူး
သီချင်းက နားမှာ နားနေပြီ။

နားစောင့်ကောင်းတယ်ဆိုတာ
အကြားက အသံထက်မြန်နေလို့
အသံရှိရာသွားနေတာပါ။

မမြင်ချင်ယောင် ဆောင်လို့ရတယ်
မကြားချင်အောင် ဆောင်လို့မရဘူး
စောင်းပြောနေသလိုစကားတွေက
နားထဲအတည့်ဝင်လာတယ်။

နားထဲ ဝင်သွားတဲ့အသံ
နားထဲက ပြန်မထွက်တော့ဘူး။

ဒေါသက မိုးသားတွေလို
အလိပ်လိုက်တက်လာလို့ စည်းကျိုးပြီ။

အသံကြောင့် ဖားသေသလို
ဖားကြောင့်လည်း အသံသေပါစေ။

လင်းမိုးစွေ
၂၈.၇.၂၀၁၆

နိုင်ငံတကာသာဂိ - သမ္မတလောင်း ဒေါ်နယ်ထရန့်ရဲ့ အတက်အကျများ

$
0
0


နိုင်ငံတကာသာဂိ - သမ္မတလောင်း ဒေါ်နယ်ထရန့်ရဲ့ အတက်အကျများ
(မိုးမခ) သြဂုတ် ၅၊ ၂၀၁၆


ဇူလိုင်လကုန်ခါနီးမှာ ရီပတ်ဘလစ်ကန်ပါတီညီလာခံကြီးကနေ သူတို့သမ္မတလောင်းအဖြစ် သေဌေးကြီး ဒေါ်နယ်ထရန့်ကို တင်မြှောက်လိုက်တယ်။ သူ့ကို လူကြိုက်များတဲ့ နှုန်းတွေ တက်လာတယ်လို့ ဆိုကြတယ်။ ဒီမိုကရက်တွေရဲ့ ပါတီညီလာခံကြီး နောက်ကလိုက်လာတဲ့ပြီး ဒေါ်ကလင်တန် သမ္မတလောင်းအဖြစ် တဖက်ပါတီက အတည်ပြုတဲ့ နောက်ပိုင်း ထရန့်တယောက် တောက်လျောက် ကာလနာတိုက်တော့တာပဲ။ ဒေါ်နယ်ထရန့်၏ တလွဲများဆိုတာ ကျမ်းပြုစုရတော့မလိုပါ။ အခုတော့ သူ့ကို လူကြိုက်နည်းလာပြီလို့ ဆိုကြပြန်တယ်။ ဘယ်လိုများ ဖြစ်ရပြန်တာပါလိမ့်နော်။

အမေရိကန်တီဗီတွေနဲ့ တခြား သတင်းမီဒီယာတွေက ထရန့်ကြီးနဲ့ သူ့ပါတီတို့ အထိနာနေတာကို တန်းတန်းစွဲလိုက်ပြီး သတင်းပို့နေကြတယ်။ အမေရိကန်ပြည်သား တ၀က်လောက်ကလည်း ထရန့်တယောက် တွစ်တာကနေ ဘာတွေများ လက်လွတ်စပယ်ပြောလိုက်မလဲ၊ ဘယ်သူက ဆော်ထည့်လိုက်မလဲလို့ ရင်မပြီး စောင့်ကြည့်နေကြတယ် ဆိုတယ်။

အခုဆိုရင် ထရန့်တယောက်ဟာဖြင့် မီဒီယာရဲ့ အမြင်မှာ ဘောင်ထဲမှာ အဆိုးတွေချည်း ဖြစ်နေတော့တာပဲ။ အစကတော့ ရွေးကောက်ပွဲအကြို ပါတီသမ္မတလောင်းပြိုင်ပွဲဝင်စဉ်က ရွှေထီးဆောင်းခဲ့တာတွေ ဘယ်ရောက်ကုန်ပြီလဲ။

ပြောရရင် ထရန့်အတွက် အကြိုကာလ Primary season အုပ်စုဗိုလ် ပွဲစဉ်ရာသီကုန်သွားလို့ပါ။ အခု ဖိုင်နယ်ပွဲ တကယ်ကန်ရတော့မှာကိုး။ ဟိုတုန်းက ပါတီတွင်း ဗိုလ်လုခဲ့တာ၊ အခုဟာက ပြည်ထောင်စုအဆင့် ချန်ပီယန်ကန်ရတော့မှာလေ။ ပရိသတ်ချင်း မတူတော့ပါ။ လူထုပရိသတ်က တိုးလာ များလာပြီ။ ပိုပြီး အာရုံစိုက်လာကြပြီ။ လူတန်းစားစုံ အဆင့်အတန်းစုံ အသွေးအရောင်စုံက မဲပေးကြတော့မှာကိုး။ ပရိသတ် တောင်းဆိုမှုတွေ မျှော်လင့်ချက်တွေဟာ ပြိုင်ပွဲဝင်သူကို ဖိအားတွေ တိုးပေးပါတော့တယ်။

လူများစု သဘောထားကို မစောကြောနိုင်သူတွေဟာ နောက်ဆက် အကျိုးနည်းရပါတယ်။ အမေရိကန်မှာ သမ္မတလောင်းတွေထဲမှာ လူထုသဘောထားကို မရိပ်စားနိုင်ဘဲ ကိုယ့်မြင်းကိုယ်စိုင်းခဲ့ကြလို့ အကြိုရွေးကောက်ပွဲတွေမှာတော့ ပါတီတွင်းမှာ အနိုင်ရပါရဲ့၊ ပါတီပြင်ပ လူထုကြားထဲ တိုက်ရိုက် ရွေးကောက်ပွဲကျမှ အရေးနိမ့်ကြရပါတယ်။

အကြိုကာလတွေမှာ လုပ်ငန်းရှင် အသက် ၇၀ အရွယ် ထရန့်တယောက်က အပြောအဆို ရမ်းကားချင်တိုင်း ရမ်းကားခဲ့တာပါ။ နိုင်ငံရေးလုပ်တဲ့သူတွေရဲ့ လက်တွေ့သဘောတရားတွေကို ဖီဆန်ခဲ့တယ်။ သူဘယ်လောက် ထိခိုက်တာ နစ်နာတာတွေ ပြောဆိုခဲ့ ပြောဆိုခဲ့ သူ့နောက်က ပါတီတွင်း မဲတွေက တိုးပြီးရင်းတိုးခဲ့တယ်။ နောက်ဆုံးမတော့ ပါတီတွင်း မဲ ၅၀% ကျော်နဲ့ ပြိုင်ဖက်တွေကို ကျော်တက်ပြီး သမ္မတလောင်း ဖြစ်လာခဲ့တယ်။

သူဖြတ်သွားသမျှမှာ အငြင်းပွားစရာတွေ ဖန်တီးခဲ့တာချည်းပဲ။ ဒီလိုနဲ့ သူ ခေတ်စားလာခဲ့တာ အခုအချိန်ထိ နောက်ဆုံး ဆိုရမှာပေါ့။ အရှိန်သတ်မရတဲ့ ထရန့်ရဲ့ ပုံရိပ်ဟာ ခုတော့ဖြင့် တန်ပြန်မှုတွေ ရင်ဆိုင်လာရပါပြီ။ အပေါင်းလက္ခဏာကနေ အနှုတ်လက္ခဏာဖြစ်အောင် ခလုတ်က တချက်နှိပ်လိုက်သလို မြန်ဆန်လှပါတယ်။

တက်ခရုက သူ့ပါတီတွင်း ပြိုင်ဘက်ဟောင်းက သတိပေးခဲ့ပါတယ်။ မီဒီယာတွေဟာ ထရန့်ကို ထိခိုက်စေမယ့် အကြောင်းအရာတွေ စုဆောင်းထားပြီး သူတကယ်သမ္မတလောင်း အတည်ပြုပြီးနောက်မှာ အုံလိုက် ကျင်းလိုက် ဆော်ကြလိမ့်မယ်တဲ့။ အခုမှာတော့ဖြင့် မီဒီယာတွေဟာ ထရန့်ကို မှန်ပြောင်းအသစ်နဲ့ အသေးစိတ် စောင့်ကြည့် သတင်းပို့လာကြတဲ့အတွက် ရှုထောင့်ကလည်း ပြောင်းလာပါတယ်။

အခု ၅ ရက်အတွင်းမှာ ထရန့်ရဲ့ လူထုအကြိုက်နှုန်း ဦးဆောင်နေတာ ကျဆင်းသွားပါတယ်။ ဒီမိုကရက် သမ္မတလောင်း ဟီလာရီကလင်တန်ဟာ သူ့ပါတီညီလာခံအပြီးမှ လူကြိုက်များမှု တက်လာပါတယ်။ ဒါတွေက ကလင်တန်လုပ်လို့ မဟုတ်ပါ။ ထရန့်ကိုယ်တိုင်က သူ့ဖာသာသူ အကျလမ်း ရွေးခဲ့တာလို့ ဆိုကြတယ်။

အကျတွေရဲ့ အစကတော့ တိုက်ပွဲကျ အမေရိကန်စစ်မှုထမ်းရဲ့ မူဆလင်မိဘ ၂ဦးကနေ စပါတယ်။ သူတို့က ထရန့်ရဲ့ မူဆလင်တွေအားလုံး ပြည်ဝင်ခွင့် မပေးရေးပေါ်လစီကို ဒီမိုကရက်ပါတီညီလာခံကြီးကနေ ဝေဖန်ခဲ့ကြတယ်။ သူတို့သား မူဆလင်လည်း အမေရိကန်စစ်ပွဲမှာ တိုင်းပြည်အတွက် အသက်စွန့်ခဲ့တာကို ထောက်ပြတာပါ။ အဲဒါကို တုန့်ပြန်တဲ့အနေနဲ့ ထရန့်နဲ့ ဘက်တော်သားတွေက မူဆလင်မိဘ ၂ ဦးကို လူမှုရေးအရ ပုတ်ခတ် စော်ကားပါတယ်။ မူဆလင်မိန်းမ (မိခင်)က ယောကျာ်းကို ကျော်ပြီး စကားမပြောရဲဘူး၊ ဒါ မူဆလင်ထုံးစံပဲလို့ ပျက်ရယ်ပြုလိုက်တာပါ။ အဲသည်မှာတင် မူဆလင်မိဘ ၂ဦး ပြန်လည် တုန့်ပြန်တာကို မီဒီယာတွေ ၀က်ဆိုက်တွေက တင်ဆက်ပြီး ထရန့် ပြန်အတိုက်ခံရတော့တာပါပဲ။

ထရန့် လက်လွတ်စပယ်ပြောလိုက်တာဟာ စစ်မှုထမ်းဟောင်းတွေကိုပါ စော်ကားသလို ဖြစ်သွားပါတယ်။ ပါတီတွင်းက တပ်မတော်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်တွေ၊ စစ်မှုထမ်း မိသားစုတွေကို ထိခိုက်စေပါတယ်။ ထရန့်ထင်တာက မူဆလင်တွေကို သူ လက်တုန့်ပြန်လိုက်ရတယ် ထင်နေတယ်။ ထိခိုက်သွားတာက အမေရိကန် တပ်မတော်နဲ့ မိသားစုတွေအထိ ပြန့်သွားပါတယ်။

ထရန့်ရဲ့ အရင်ထောက်ခံသူတွေက ပါတီတွင်း ဘက်တော်သား မဲရှင်တွေပါ။ အခုဟာက တနိုင်လုံး အတိုင်းအတာက ပါတီတွင်း ပါတီပ မဲဆန္ဒရှင် လူပေါင်းစုံ။ တပ်မတော်သားတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ မိသားစုတွေ အစုံအလင်ပါနေပါပြီ။ ဒါကို စိတ်ကြီးဝင်နေတဲ့ ထရန့်က မရပ်သေးပါဘူး။ ပါတီမဲဆွယ်ခရီးစဉ်တခုမှာ ပါတီဝင် စစ်မှုထမ်းဟောင်း အဖိုးကြီးတဦးက သူ့စစ်မှုထမ်းကောင်း တံဆိပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးအပ်တာကို ပြောင်ချော်ချော် လုပ်ပစ်လိုက်ပါတော့တယ်။ သူ ဒါမျိုး လိုချင်နေတာ ကြာလှပြီ။ အခုလို လွယ်လွယ်နဲ့ လက်ဆောင်ရတာ ဟန်ကျသကွာလို့ ရယ်သွမ်းသွေးလိုက်တာ ဖြစ်ပါတယ်။ ဗီယက်နမ်စစ်ကာလတုန်းကလည်း ဆေးနား ကျောင်းနား အကြိမ်ကြိမ်နဲ့ စစ်မှုထမ်းဖို့ကို ဒေါ်နယ်ထရန့် ပျက်ကွက်ဘူးကြောင်း သတင်းတွေက ဖော်ထုတ်လာကြပါတယ်။

ဒေါ်နယ်ထရန့်က ဒါတင်ဘဲလား ဆိုတော့ မဆုံးသေးပါဘူး။ ရီပတ်ဘလစ်ကန်ရဲ့ ရန်ပုံငွေအများဆုံးထည့်ဝင်တဲ့ ကုဋေကြွယ် ညီအကိုအရင်းရှင်ကြီးတွေဖြစ်တဲ့ ကောက်ညီနောင်ကိုလည်း သရော်မော်ကားလိုက်ပါသေးသတဲ့။ သူတို့တွေက သူတို့အတွက် ရုပ်သေးတွေကို ငွေပေးတာလို့ ပြောထည့်လိုက်တာပါ။ ကော်ညီနောင်နဲ့လည်း တွေ့ဖို့ ငြင်းလိုက်ပါကြောင်း သူက ကြွားလုံးထုတ်ပါတယ်။ တကယ်က ကောက်ညီနောင်က ထရန့်နဲ့ တွေ့ဆုံဖို့အရေး အရင်ဦးဆုံး ငြင်းပယ်ထားပြီးသားပါတဲ့။

အခုလို အဖျက်အမှောင့်တွေ ဖြစ်နေချိန်မှာ ထရန့်က ဟီလာရီကလင်တန်နဲ့ သမ္မတလောင်းချင်း စကားစီးချင်းထိုးပွဲတွေ လုပ်ဖို့ကို ငြင်းပယ်လိုက်ပြန်ပါတယ်။ သူက ပြောတာကတော့ အမေရိကန်ဘောလုံးရာသီ ထိပ်တန်းပွဲတွေနဲ့ တိုက်နေလို့တဲ့။ တကယ်က မတိုက်ပါဘူး။ သမတလောင်ချင်း စကားစီးချင်းထိုးပွဲတွေကို ပါတီ ၂ ခု က စီစဉ်တာ မဟုတ်ပါ။ ပါတီပြင်ပ တသီးပုဂ္ဂလတွေက စီစဉ်တာ လွန်ခဲ့တဲ့ ၁၀ လ ကတည်းကပါ။ ဘာပွဲတွေနဲ့မှ တိုက်ဆိုင်နေတာ မရှိပါ။

ထရန့်က ပေါက်ပန်းဈေး စွတ်စွဲစကားတွေနဲ့ ပြိုင်ဘက်တွေကို ပစ်ပေါက်လေ့ရှိပါတယ်။ အမေရိကန် ရွေးကောက်ပွဲကလည်း လုပ်ကြံဖန်တီးထားတာပါတဲ့။ ဒါက သူ ရွေးကောက်ပွဲ ရှုံးလို့ ရှိရင် ကြိုကန်ထားတာလို့ သုံးသပ်ကြပါတယ်။ ရှုံးမှာပေါ့ ရွေးကောက်ပွဲက ကြိုတင် လုပ်ကြံထားတာမို့လို့ ပြောဦးမှာကိုး။ ရွေးကောက်ပွဲကို ညစ်ထားတယ်ဆိုတာ သမိုင်းမှာ မရှိပါဘူး။ ထရန့်ကတော့ ဒါတွေကို စွတ်စွဲစရာ ဆင်ခြေတွေအဖြစ် မကြာခန သုံးစွဲဖို့ ပြင်ထားတာပါ။

ရီပတ်ဘလစ်ပါတီ အတွင်းပိုင်း ခေါင်းဆောင်အချို့ကလည်း ထရန့်တယောက်ကို အစားထိုးနိုင်ဖို့ အခြားသမ္မတလောင်း ကြိုရှာထားကြတယ်လို့ လေသံထွက်လာပါတယ်။ အမေရိကန် ရွေးကောက်ပွဲ ရာဇ၀င်မှာ ဒါမျိုး မဖြစ်ဖူးသေးပါ။ ပါတီညီလာခံက ရွေးထားတဲ့ သမ္မတလောင်း သေမှ သို့မဟုတ် ကံဆိုးတဲ့ အဖြစ်ဆိုးနဲ့ တိုးမှသာ လူစားထိုးလို့ ရတယ် ဆိုပါတယ်။

ထရန့်ကို်ယ်တိုင်ကလည်း သမ္မတလောင်း လုပ်တမ်း ကစားနေတာလို့ လူတွေက သံသယရှိကြတယ်။ တကယ်သမ္မတလုပ်ချင်တာထက် သူရဲ့ ပုံရိပ် မြှင့်တင်ချင်လို့ နိုင်ငံ့အမြင့်ဆုံး ပြိုင်ပွဲကို ၀င်ပြိုင်တာမျိုး၊ သူ့အမည် ကြော်ကြားမှုကို လုပ်စားချင်တာမျိုး ဖြစ်တယ်လို့ ဆိုကြတယ်။ သူကိုယ်တိုင် သရုပ်ဆောင်ရွေးပွဲ ၀င်ပြိုင်သလိုမျိုး ဟန်ရေးပြနေတာလို့ သုံးသပ်လာကြပြန်ပါတယ်။

ထရန့်ကတော့ ခုချိန်ထိ သူ့ကိုယ်သူ ဟုတ်လှပြီ အထင်တလုံးနဲ့ ချီတက်နေဆဲပါပဲ။ ရှေ့ကိုလည်း ဆက်တိုးဖို့သာ အာရုံရှိပြီး လွယ်လွယ်နဲ့တော့ နောက်ဆုတ်မယ့်ပုံ မရှိပါဘူး။ ခုချိန်မှာတော့ တပြည်လုံးအနှံ့ မဲဆန္ဒရှင်တွေကြားမှာ ထရန့်ကို မျက်လုံး ဒေါက်ထောက်ကြည့်နေကြရတဲ့အဆင့်ကို ရောက်နေပါပြီ။ မှန်ပြောင်းနဲ့ ထောင်ကြည့်ရင် မှန်ပြောင်းအသေးဖက်က ကြည့်မိသလို ရုပ်ထွက်ကတော့ တဖြေးဖြေး သေးငယ် လာ၊ ကျုံ့ဝင် မှုံမွှားလာနေတယ်လို့ ဆိုရမယ် ထင်ပါတယ်။




ရည်ညွှန်း - National Public Radio ဆောင်းပါး

http://www.npr.org/2016/08/04/488625889/what-changed-trump-s-terrific-primary-run-hits-the-post-convention-skids?ft=nprml&f=1001ကို ဆီလျော်အောင် ပြန်ဆိုပါတယ်။








တင်တင်ညို (ဒလမြို့နယ်) - ပြည်ထဲရေးဝန်ကြီးသို့ အိမ်ပြန်ချိန်နောက်ကျသူတဦးရဲ့ အိတ်ဖွင့်ပေးစာ

$
0
0


တင်တင်ညို (ဒလမြို့နယ်) - ပြည်ထဲရေးဝန်ကြီးသို့ အိမ်ပြန်ချိန်နောက်ကျသူတဦးရဲ့ အိတ်ဖွင့်ပေးစာ
(မိုးမခ) သြဂုတ် ၅၊ ၂၀၁၆

ဒီလိုတွေဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါ၊ တွေးမထားခဲ့ပါ၊ လျှော့တွက်တာတော့ မဟုတ်ပါဘူး။ မထင်မှတ်ထားတာတွေ ဖြစ်နေတော့  အချိန်မတန်လို့  အိမ်မပြန်ရသေးဘူးလို့ပဲ တွေး ပြီး ဖြေသိမ့်ရတာပေါ။့ ကိုယ့်နိုင်ငံက ထွက်လာတာ ၉ နှစ်နီးပါး ရှိပြီ။ ဆွေမျိုး မိတ်ဆွေ၊ နိုင်ငံ့အရေး လုပ်ဖော်ကိုင်ဖက်၊ နိုင်ငံရေးအမှုတွေနှင့် ထောင်နန်း စံဖက်၊ ရပ်ဆွေရပ်မျိုး အားလုံးကို တနေ့မှ မမေ့ပါ၊ ရင်နှစ်သည်းခြာ တဦးတည်းသော သမီးလေးကိုလည်း လွမ်းမိပါသည်။ (တထောင်ထဲ အတူဝင်ကြတော့ သူက ဆယ်ကျော်သက်ကလေး၊ အခုတော့ လူရွယ်တဦး ဖြစ်နေပေပြီ)။ သမီးရေ … မေမေပြန်လာဖို့ လုပ်နေပြီ၊ ဘယ်အချိန်ရောက်မည် လက်လှမ်းမှီသမျှ မိတ်ဆွေများကိုလဲ အသိပေးခဲ့သည်။

ယခင်တုန်းကတော့ ကျွန်မတို့ အချိန်မတန်၍ မြန်မာပြည်ပြန်ရန် အချိန် ရက် လ နှစ် မခန့်မှန်းနိုင်ဖြစ်နေကြရသည်။ အကြောင်းအရင်းက ကျမတို့ရဲ့နိုင်ငံမှာ ပြည်သူ့အစိုးရစစ်စစ် တက်ပြီးမှ အိမ်ပြန်မယ်လို့ ဆုံးဖြတ်ထားလို့ ဘယ်တုန်းကမှ မြန်မာနိုင်ငံ ပြန်ဖို့ မလုပ်ခဲ့။ ယခု စတင်ပြင်ဆင်တာ ပြည်သူ့ အစိုးရ တရားဝင်ဖြစ်တဲ့နေ့ နောက်ပိုင်းမှ စတင်ပါတယ်။ ကိုယ့်စိတ်ကို ရှင်းရှင်း ဖြစ်ချင်လို့။

မိခင်နိင်ငံပြန်ရန် ခရီးသွားခွင့်စာအုပ် ဇူလိုင် ၁၆ ရက်နေ့ ကရရှိပါတယ်။ ဇူလိုင် ၁၈ ရက်နေ့ မှာ အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမှာ ရှိတဲ့ မြန်မာသံရုံးကို သွားတယ်။ ဖောင်ဖြည့်ရန် စာရွက်ထုတ်တဲ့အခါမှာ မိမိ၏ဆန္ဒနဲ့ မကိုက်ညီတဲ့ အကြောင်းအရာ နှစ်ချက်ကို တွေ့ရပါတော့သည်။

၁ အချက်က (မိမိရဲ့ ဆွေမျိုးများနှင့် တွေ့ဆုံရန် အလည်သက်သက်ဖြစ်ပြီး မည်သည့်အဖွဲ့အစည်း နှင့်မျှ ပါဝင် ပတ်သက် လုပ်ကိုင် ဆောင်ရွက်ခြင်း မပြုပါ ဟု ၀န်ခံ ကတိပြု လက်မှတ်ရေးထိုးရန်) ၊

၂ အချက်က (အလုပ်အကိုင် ကိုယ်ရေးသမိုင်းကြောင်း ရေးရန်)၊ တို့ ပါရှိပါသည်။

ဒီအချက်ပါ အကြောင်းအရာများကို သံရုံးအရာရှိနှင့် တွေ့ ဆုံဆွေးနွေးခဲ့သည်။ အဆိုပါအရာရှိက (ဒီစာရွက်နှင့်ပတ်သက်ပြီး ထည့်သွင်းဖြည့်စွက်ခြင်း၊ လက်မှတ်ထိုးခြင်း ပြုလုပ်ရန်မလိုဘဲ ဗီဇာ ထုတ်ပေးမည်ဖြစ်ကြောင်း) ဖြေကြားပါသည်။

ကျမ ပြန်ဆွေးနွေးခဲ့တာကတော့ - (ဤခံဝန်ချုပ်ခြယ်သည့် အကြောင်းအရာများကို တရားဝင်ပယ်ဖျက်ပေးရန်)။ (သက်ဆိုင်ရာလူကြီးမင်းများထံ တင်ပြ ကူညီပေးပါရန်)။  ( အားလုံးတရားဝင်ပယ်ဖျက် ပြီးမှသာ ကျမ၏ဗီဇာကို လာလျှောက် တော့မည်)။

ထိုနောက် ကျမ ဗီဇာစာရွက်များကို မဖြည့်တော့ဘဲ အားလုံးပြန်ယူလာခဲ့ပါသည်။

ကျမဘ၀မှာ မြန်မာနိုင်ငံကို ဆန့်ကျင်သည့် လုပ်ရပ်များ တခါမျှ မလုပ်ခဲ့။ မှန်တာလုပ်၊ ဟုတ်တာပြောသည်။ မတရားမှုကို ဆန့်ကျင်ခဲ့သည်။ သည့်အတွက် … NLD ပါတီဝင်တယောက်အနေနဲ့  နိုင်ငံရေးပုဒ်မ (၅ည ၊ ၀၉၀၇/ စီ) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။ ဥပဒေသည် နိုင်ငံတိုင်းမှာရှိသည်၊ လူတိုင်းသိသလို ကျမလဲ သိသည်၊ မတရားထောင်ချခဲ့ရသည်မှ လွဲ၍ (တရားသောဥပဒေ) ကို မချိုးဖောက်ခဲ့ပါ။

အင်းစိန်ထောင်မှ လွတ်ချိန် အများ လွတ်လူများ ပြန်သလို အိမ်ကို ချက်ချင်း ပြန်ချင်ခဲ့ပါသည်။ ထောင်ညွန်မှူး စကားပြောဖို့ ထိုင်စောင့် နေခဲ့ရတဲ့ အချိန်၊ ဒါတင်မပြီးပဲ ပြည်ထဲရေးဝန်ကြီး မောင်ဦးက ၁၀ ဦးထဲ သီးသန့် စကားပြောဖို့ နေပေးခဲ့ရတဲ့ အချိန်တွေ ပြန်ပေးရခဲ့သေးသည်။ ထောင်ထဲက ထွက်ချိန်တန် လွတ်ချိန်တန် တချိန်တည်းနှင့် မထွက်ခဲ့ရဘဲ အချိန် လေး ငါးနာရီ နောက်ကျမှ အိမ်ပြန်ခဲ့ရတဲ့ အဖြစ်မျိုး ကျန်မတို့ ကြုံခဲ့ရ ပြီးပါပြီ။

ယခုလည်း ပြည်သူ့အစိုးရ တက်ပြီးပြီ။ အားလုံးသော အဝေးရောက် မြန်မာပြည်သူတွေ တခါတည်း တပြေးတည်း အတူတူ အိမ်ပြန်ခွင့် ရသင့်နေပြီ။ အိမ်ပြန်ခွင့် မရကြသေး။ အကြောင်းကြောင်းတွေနဲ့ အိမ်ပြန်နောက်ကျနေဆဲ။ အချိန်တွေ ပေးပြီး စောင့်ဆိုင်းနေရဆဲ ဖြစ်နေသည်။ ကျမ အိမ်ပြန်ချိန်ကို ပြင်ဆင်ပြီး စောင့်နေပါသည်။ ကျန်းမာရေးက ငယ်စဉ်ကလို မကောင်းတော့ပါ။ ဆရာဝန်က အနားယူခိုင်းနေသည်။ ဒီစာကို နည်းနည်း နားပြီးမှ ရေးရလို့ နောက်ကျသွားရပြန်ပါပြီ။

ကိုယ့် မိခင်နိုင်ငံကို ပြန်ချင်သူများ အားလုံး ၀န်ခံချက်တွေ လက်မှတ်ရေးထိုးရန် မလိုတော့ဘဲ အိမ်ပြန်နိုင်ကြစေရန် တောင်းဆိုအပ်ပါတယ်။

တင်တင်ညို (ဒလမြို့နယ်)
ခေတ္တ အမေရိကန်ပြည်ထောင်စု


Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>