Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧

ကာတွန်း ဆွေသား - ဘေးတွေနဲ့ ပြေ

$
0
0

ကာတွန်း ဆွေသား - ဘေးတွေနဲ့ ပြေ
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၆
↧

ဆောင်းယွန်းလ - “မျှော်လင့်ခြင်း”

$
0
0

ဆောင်းယွန်းလ - “မျှော်လင့်ခြင်း” 
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၆

အိမ်မက်ထဲ ချိန်းတွေ့မိတဲ့
ကောင်းကင်နတ်သမီးတပါးလိုပဲ…

ညနက်မဲကြီးတွေထဲမှာ
တရေးနိုးတိုင်း
မရိုးတဲ့ ဇာတ်လမ်းတပုဒ် ဖတ်သလိုမျိုး
အကြိမ်ကြိမ် ပြန်လှန်ဖတ်နေခဲ့ရ…

မနက်ခင်း ဘဝနဲ့
လက်ရေတပြင်တည်း ဝင်ထိုင်မိတဲ့
စားပွဲဝိုင်းတဖက် နံရံထက်မှာတော့
နွေလွန်မိုးဦး ပန်းချီကားတချပ်အဖြစ်သာ…

ပူလောင်အိုက်စပ်မှုတွေက
မုန်တိုင်းတခုလို ရာနှုန်းပြည့်ရွာတယ်..

ဒါပေမယ့်..
အသက်နဲ့ ဝိဥာဉ်တည်သရွေ့
ဘယ်ကိုမှ မရွေ့ဘူး။

ဆောင်းယွန်းလ (သြဂုတ် ၂၂ရက်၊၂၀၁၆)
↧
↧

မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ -အပိုင်း ၂၆

$
0
0


မောင်မောင်စိုး -  လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ -အပိုင်း ၂၆
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၆


ဦးချစ်ဆိုင် ၂

မိမိက ဘလက်ကော်ဖီမှာသည်။ ကျန်သူများကတော့ လက်ဖက်ရည်မှာသည်။ ပြီးတော့ရွှေဘဲဆေးပေါ့လိပ်မှာသည်။ တခါတရံမြေပဲဆားလှော်မှာသည်။ ပြီးတော့ ရေနွေးကြမ်း တအိုးပြီးတအိုး မှာသည်။ တခွက်ပြီးတခွက်သောက်၍ တခွန်းပြီး တခွန်းပြောသည်။ တခါတရံတော့ အလုအယက်ပြောသည်။ တခါတရံ စကားသံများတိုး၍ တခါတရံစကားသံများကျယ်လောင်
သည်။ ငြင်းစရာရှိရင်လည်း မလျှော့တမ်းငြင်းသည်။ မသိသေးလျှင်လည်း သူများပြောသည်ကို တိတ်ဆိတ်စွာ နားထောင်သည်။ ဦးချစ်ဆိုင်၏ဗန်ဒါပင်ရိပ်သည် မိမိတို့အတွက် စိတ်အားထက်သန်စေသည့် စကားဝိုင်းများကျင်းပရာ ဖြစ်သည်။

၇ ရက်ဇူလိုင် ကျောင်းသမဂ္ဂ ဗကသ၊ တကသ၊ ဖဆပလ၊ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်ကိုလိုနီ ဂျပန်တော်လှန်ရေး ပြည်တွင်းစစ် ပါလီမန်ဒီမိုကရေစီ ၁၉၆၂ စစ်တပ်အာဏာသိမ်းမှုဗိုလ်နေဝင်းနှင့် မဆလ၊ ကွန်မြူနစ်နှင့် CPB ဇာဘုရင်နှင့် ရုရှားအောက်တိုဘာတော်လှန်ရေး လီနင်၊ စတာလင်၊ ခရူးရှော့တို့နှင့် ဆိုဗီယက်ယူနီယံ၊ ချန်ကေရှိတ်၊ မော်စီတုန်းတို့နှင့်တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ် တော် လှန်ရေး၊ ကားလ်မတ်၊ အိန်ဂျယ်တို့နှင့် ကွန်မြူနစ်ပါတီကြေညာစာတမ်း၊ အရင်းကျမ်းအစွန်းထွက်တန်ဖိုး၊ နိုင်ငံတော်နှင့်တော်လှန်ရေးအနုပဋိလောမရုပ်ဝါဒ၊ ဂျူရင်းအား ချေပချက်၊ ချေဖျက်ခြင်း၏ချေဖျက်ခြင်း၊ ကျူးဘားတော်လှန်ရေး၊ လူ ၁၂ ယောက် သေနတ် ၁၂ လက် ကတ်စထရိုနှင့် ချေဂွေဗာရား၊ အာဖရိကနှင့် ပက်ထရစ်လူမွန်ဘာ မဆလနှင့် မဇ္ဇျိမပဋိပဋာ
ဝါရှင်တန်လင်ကွန်းတို့၏ အမေရိကကမ္ဘာ့ပုလိပ်ကြီးအဖြစ်နံမည်ပျက်နေသောအမေရိကန်နှင့် စီအိုင်အေ၊ ဗီယက်နမ်နှင့် အင်ဒိုချိုင်းနား ၃ နိုင်ငံနှင့်အမေရိကန်၏ B 52 ဗုံးကြဲလေယဉ်များ ဗိုလ်ကယ်လီနှင့် ဗီယက်နမ်စစ်ရာဇဝတ်မှု၊ အမေရိကန်၊ ဗီယက်နမ်စစ်ဆန့်ကျင်ရေးနှင့်ဟစ်ပီများ အသားရောင်ခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ဒေါက်တာမာတင်လူသာကင်း ဦးနု၊ ပဒပနှင့် ထိုင်းနယ်စပ်လှုပ်ရှားမှုများ၊ CPB အရှေ့မြောက်စစ်ရေးသတင်းများ၊ တရုတ်ဗမာအရေးအခင်းနှင့် ဆန်လုပွဲ၊ ကျွန်းဆွယ်အရေးအခင်း၊ မီးလောင်ဒဏ်ရာနှင့်ပစ်ထားသော ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ် မှ တော်ဝင်နှင့်ယုဇနဟုနံမည်ပြောင်းခဲ့သည့်ကာလတန်နှင့်ရွိုင်ရယ်ရုပ်ရှင်ရုံ ၂ ရုံ (ယခုစင်ထရယ် ဟိုတယ်) စသည်တို့အပြင် မင်းမင်းလတ်၊ တက္ကသိုလ်ထွန်းနောင်၊ လားရှိုးသိန်းအောင်တို့နှင့် စတီယို သီချင်းများ၊ ကျော်ဟိန်းနှင့်စိန်ဂေါ်လီလမ်းသရဲဂိုဏ်း စသည်စသည်တို့မှာ ဦးချစ်ဆိုင်လက်ဖက်ရည် ဝိုင်းတွင် မိမိတို့ပြောခဲ့ဆိုခဲ့ကြ ငြင်းခဲ့ခုန်ခဲ့ကြသည့် အကြောင်းအရာအစိတ်အပိုင်းအချို့ ဖြစ်ပေသည်။

သို့သော် လေးနက်သည့် အကြောင်းအရာများသာမက ရွှတ်နောက်နောက်တွေလည်းပါသည်။

ဗန်ဒါပင်ရိပ်အောက်က လက်ဖက်ရည်စားပွဲဝိုင်းသည် ဆွေးနွေးငြင်းခုံစရာများစွာဖြင့် မိမိတို့ပျော်မွေ့ရာ ဖြစ်ခဲ့သည်။ မနက်လည်းထိုင်သည်။ နေ့လည်လည်းထိုင်သည်။ ညပိုင်းလည်းထိုင်သည်။ ဦးချစ်ဆိုင်သည် မိမိတို့ဆုံမှတ်ဖြစ်လာသည်။ စုရပ်ဖြစ်လာသည်။ တယောက်ယောက်ကို ရှာချင်လျှင် လာရှာသည့်နေရာဖြစ်လာသည်။ ရေနွေးကြမ်းအသောက်များလာလျှင် ဦးချစ်ဆိုင်ဘေးက ငှက်ပျော တောထဲ ပြေးရသည်။ ညဘက်ထိုင်လျှင်တော့ ည ၉ နာရီမထိုးခင်ထဖို့လိုသည်။ မင်္ဂလာဒုံပြန်မည့် လိုင်းကားက ည ၉ နာရီနောက်ဆုံးလောက် တောင်ငူဆောင်ရှေ့က ပြည်လမ်းမှတ်တိုင်သို့ ရောက်သည်။ ထိုကားမမီလျှင် အခြားကားမရှိတော့။ ထိုစဉ်က မင်္ဂလာဒုံသို့ အမှတ် ၉ ကား
လိုင်း တခုသာရှိသည်။ ထို့အတူ မင်္ဂလာဒုံအဆောင်ပြန်ရောက်ရန် ကားခပေးဖို့ အနည်းဆုံး ပြား ၃၀ တော့အကြွေချန်ရသည်။ ထိုစဉ်က အကြွေစေ့တချွင်ချွင်သံ ကြားရနေဆဲကာလဖြစ်သည်။ အခုတော့ အကြွေ ဘယ်ရောက်၍ ဘယ်ပျောက်မှန်းမသိလေတော့။ ထိုစဉ်က တက်စီအဖြစ်ပြေးဆွဲသော သုံးဘီးကားက ကားပေါ်စတက်၍ မီတာချိုးလျှင် ပြား ၅၀ နောက် တမိုင်ကို ၁၀ ပြားထပ်
တက်သည်။ သို့သော် ထိုသုံးဘီးကားခ မတတ်နိုင်၍ အထုပ်အပိုးမပါလျှင် သုံးဘီးမစီးနိုင်ခဲ့ပါ။

သို့နှင့်ဦးချစ်ဆိုင်သည် မိမိတို့၏ဆုံမှတ် တွေ့ဆုံရာ ငြင်းခုံရာ ဆွေးနွေးရာပျော်မွေ့ရာ နေရာလေး ဖြစ်သည်။ ညနေဘက် စကားဝိုင်းကြာ၍ ဗိုက်ဟာလာလျှင် ပင်းယဆောင်ရှေ့ဘက်တွင် ဖွင့်ထားသော ဆိုင်တန်းလေးသို့ အသုတ်စာစ၍ ဗိုက်ဖြည့်သည်။ တပွဲကို ပြား ၆၀ လား ၁ ကျပ်လားပေးရသည်ထင်
သည်။ ထို့နောက် ဦးချစ်ဆိုင်ပြန်ထိုင်သည်။ အချိန်လွန်၍ ကားမမီလျှင် ဒဂုံဆောင်၌ဝင်အိပ်သည်။ ပေါ့ပါးလွတ်လပ်သော တက္ကသိုလ်ကျောင်းသားဘဝအဆောင်နေကျောင်းသားဘဝဟု ဆိုရမည်။

ဦးချစ်ဆိုင်အထိုင်ကြာတော့ မိမိသူငယ်ချင်းများအပြင် ထိုင်နေကြသူများနှင့် မျက်မှန်းတန်းမိလာသည်။ ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်းပြီးတော့ ကျောင်းများပိတ်သည်။ မိမိတို့က စာမေးပွဲရှိနေ၍ သိပ်မကြာမီပြန်ဖွင့်သည်။ ပင်မတက္ကသိုလ်ကမဖွင့်သေး၍ ဦးချစ်ဆိုင်၌ လူရှင်းသည်။ မိမိတို့ ထိုင်နေ ကြ ၄ ဝိုင်းတော့ရှိသည်။ တဝိုင်းကတော့ မိမိတို့ဝိုင်းဖြစ်သည်။ နောက်တဝိုင်းကတော့ တက္ကသိုလ် ကျော်ဝင်းမောင်နှင့်ကိုရွှေသိမ်းမင်းတို့ ၂ ယောက်အဓိကထိုင်သည့် ဝိုင်းဖြစ်သည်။ နှစ်ယောက်စလုံးက စာသမားဖြစ်၍ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းထုတ်ဝေရေးကို တက်တက်ကြွကြွ လုပ်နေကြသူများဖြစ်သည်။

ကိုကျော်ဝင်းမောင်က အသားမဲမဲအရပ်ပုပု မျက်မှန်တဝင်းဝင်းနှင့် တိုက်ပုံအင်္ကျီနက် အမြဲဝတ်တတ်သူ ဖြစ်သည်။ တက္ကသိုလ်ကျော်ဝင်းမောင်အမည်ဖြင့် ကဗျာရေးသည်။ ကိုရွှေသိမ်းမင်းကတော့ အသားဖြူ ဖြူ အရပ်မြင့်မြင့်၊ နေကာမျက်မှန်တပ်လေ့ရှိကာ စတိုင်ကျသူ ဖြစ်သည်။ တခါတရံတရံ ဦးချစ်ဆိုင်၌ သူ့အဖော် ကိုယ့်အဖော်မလာ၍ စောင့်ဆိုင်းနေချိန်တွင် ကိုကျော်ဝင်းမောင်နှင့် မိမိ ၂ ယောက်သား ဝိုင်းပေါင်း၍ကဗျာအကြောင်းစာအကြောင်း၊ ကျောင်းအကြောင်း နှစ်လည်မဂ္ဂဇင်းအကြောင်း ရောက်တတ်ရာရာပြောတတ်ကြသည်။ တခါတရံ ဦးချစ်ဆိုင်ရှေ့ ဗန်ဒါပင်ရိပ်အောက်၌ ထန်းပလက် ပြား ပက်လက်ကုလားထိုင်ပေါ်တွင် ငိုက်မြည်းနေတတ်သဖြင့် "ထန်းပလက်ပြားပေါ် အိပ်ပျော်နေ သောကဗျာဆရာ "ဟုမိမိကဆိုလျှင် ကိုကျော်ဝင်းမောင်တယောက် ပြုံးနေတတ်သည်။ ယခုတော့ ကွယ်လွန်သွားပြီဟုကြားရသည်။
၂၀၀၀ စွန်းစွန်းလောက်က ကိုရွှေသိမ်းမင်းနှင့် ဆရာပါရဂူအိမ်တွင် တခါဆုံရာ သူကတော့ စာပေထုတ်ဝေရေးနယ်ပယ်တွင် ကျင်လည်နေသည်ကို တွေ့ရသည်။

နောက်တဝိုင်းကတော့ တကိုယ်တော်ဝိုင်းဟုဆိုရမည်။ သူကတော့ အသားဖြူဖြူ အရပ်မောင်း ကောင်းကောင်း၊ လူပုံချောချော၊ ကိုယ်ကြပ်ရှပ်လက်ရှည်၊ ခေါင်းလောင်းဘောင်းဘီရှည်တို့ကို စတိုင်ကျစွာ ဝတ်စားတတ်သည်။ ဦးချစ်ဆိုင်ထောင့်တထောင့်ရှိ စားပွဲတလုံးတွင် တကိုယ်တည်း လက်ဖက်ရည်တခွက်၊ ရွှေဘဲဆေးပေါ့လိပ်တလိပ်ဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေတတ်သည်။
ဆိုင်ထဲဝင်လာသူတိုင်းကို ပြုံးပြလေ့ရှိသူ မျက်နှာရွှင်သူဖြစ်သည်။ ထိုစဉ်က သူနံမည်ကို မိမိတို့မသိပါ။ နောင်များမကြာမီ သူ့အား ရုပ်ရှင်မင်းသားထွန်းထွန်းနိုင်အဖြစ် ရုပ်ရှင်လောကတွင် တွေ့ရသည်။ နောက်တော့ ဒါရိုက်တာနောင်ထွန်းလွင်ဖြစ်လာသည်။ ပြီးခဲ့လေးငါးနှစ်ခန့် သူမကွယ်လွန်မီလမ်း၌ ဖြတ်ခနဲတွေ့လိုက်သည်။ အသားအနည်းငယ်ညိုသွားပြီး မျက်နှာတွင်ဝက်ခြံအဖုအထစ်များနှင့် ဗိုက်ကလည်း အတော်ရွှဲနေသည်။ ငယ်ရုပ်မရှိတော့။
မျက်လုံးမျက်ဖန်တွင်သာ ငယ်ရုပ်ကျန်တော့သည်ဟုဆိုရမည်။

နောက်တဝိုင်းကတော့ တက္ကသိုလ်ဆရာများဝိုင်း၊ ဆရာကြီးများဝိုင်းဖြစ်သည်။ ထိုစဉ်က စာပေလောကတွင် ဇော်မော်သင်း ဟုတွဲလုံးဖြင့် နံမည်ဆရာဦးအောင်သင်း၊ တက္ကသိုလ်မင်းမော်၊ နှင့် ဇော်ဇော်အောင်တို့ဖြစ်သည်။
တက္ကသိုလ်အသီးသီးက မြန်မာစာဆရာများဟု ဆိုရမည်။ ဆရာအောင်သင်းကတော့ နောက်ပိုင်းတွင်"မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့"ရည်မျှော်ကာ ရေးသားဟောပြောမှုများစွာပြုလုပ်ခဲ့သူဖြစ်သည်။ တက္ကသိုလ်မင်းမော်ကတော့ ထိုစဉ်က "သူငယ်ချင်း "အစပြုစပ်ဆိုသည့် ကဗျာများဖြင့် နံမည်ရ သည်။
ဆရာဇော်ဇော်အောင်ကတော့ မော်ဒန်စာပေအယူအဆများ တင်ပြနေသကဲ့သို့ ပါတစ်ဖီးလစ်နာရီ ပတ်သော စုံထောက်တယောက်ကိုဖန်တီးနေသည်။

သူတို့ဝိုင်းသို့ အခြားသူများလည်း လာလေ့ရှိသည်။ တဦးကတော့ တက္ကသိုလ်ဝင်းမွန်ဖြစ်သည်။ သူလည်း တက္ကသိုလ်တခုက မြန်မာစာဆရာဖြစ်သည်။ ထိုကလောင်နံမည်ဖြင့်စာများ မိမိနှင့် မရင်းနှီးသော်လည်း အောင်ခန့်ဟူသောအမည်ဖြင့် ဘာသာပြန်သည့် စာအုပ်များကို မိမိထိတွေ့မှု ရှိသည်။
နောက်တဦးကတော့ တက္ကသိုလ်ဆရာမဟုတ်။ ထိုကာလက တက်သစ်စစာရေးဆရာတဦးဖြစ်သော ငြိမ်းကျော်ဖြစ်သည်။ ထိုကာလက "ငွေတောင်"ဟူသောစာအုပ်ဖြင့် အမျိုးသားစာပေဆုရသည်။ "နှလုံးသားမြို့ဟောင်းတူးဖော်ချက်နောက်ဆုံးအစီရင်ခံစာ ""အတိတ်လွင်ပြင်ကို ဖြတ်သန်းလာ
သောကြင်နာသူ မျက်နှာစိမ်း "စသည့်စာအုပ်များဖြင့် နံမည်ရသည်။

မည်သို့ဆိုစေ သူ၏စာအုပ်အမည်များက ဆွဲဆောင်မှုရှိသည်။ သူတို့ဝိုင်းကတော့ စာပေ သဘောတရားမျိုးစုံကို အာဘောင်အာရင်းသန်သန် ငြင်းခုံဆွေးနွေးလေ့ရှိသည်။ စာပေသဘောတရားကျမ်းကိုးကျမ်းကားမျိုးစုံကို ကိုးကားလေ့ရှိသည်။ အစပိုင်းက အသံသိပ်မကျယ်လှပေမဲ့ အာဘောင်အာရင်းသန်လာသည့်နှင့်အမျှ အသံတွေကျယ်လာတတ်သည်။ တခါကမိမိတို့ဝိုင်းနှင့်ကပ်ရက်ကျတော့ မိမိနားမခံသာတော့ပေ။ မလုပ်သင့်သောလူငယ်စိတ်နှင့် တုံ့ပြန်သည်။ တုံ့ပြန်ပုံက ဇိနတ္တပကာသနီမှစ၍ကြားဖူးသမျှစာအုပ်ကြီးပေါင်းစုံကိုရွတ်ပြီး ဘယ်စာအုပ် ဘယ်အတွဲ စာမျက်နှာဘယ်လောက်မှာ ဘယ်လိုဆိုသည်ဟူ၍ စာအုပ်တွေထဲမပါသည့် မိမိပြောချင် သည့်တွေ့ကရာအကြောင်းအရာပေါင်းစုံကို ခပ်တည်တည် ကျယ်ကျယ်လောင်လောင် ငြင်းခုံ ပြကြခြင်းဖြစ်သည်။ အသံကိုတမင်မြှင့်၍ ငြင်းကြသည်။
ကိုစိုးအောင်၊ မောင်မောင်ထွေး၊ သိန်းမြင့်၊ မိမိတို့က ဒါမျိုးဆိုလျှင် အတိုင်အဖောက်ညီကြသည်။ လူငယ်ဘဝဆိုတော့ ဆင်ခြင်တုံကင်းမဲ့ခဲ့ပါသည်။ ဆရာများကတော့ အတော်စိတ်ညစ် သွားကြပုံရသည်။ မိမိတို့ကို ဘယ်သူဘယ်ဝါမှန်းမသိသော်လည်း မျက်မှန်းတမ်းမိနေပြီဖြစ်၍ နောင်သူတို့ဝင်လာလျှင် မိမိတို့နှင့် အဝေးဆုံးဝိုင်းမှာ သွားထိုင်ကြတော့သည်။

အဆိုပါ လက်ဖက်ရည်ဝိုင်း ၄ ဝိုင်းကား ကျောင်းဖွင့်ရက်သာမက ကျောင်းပိတ်ရက်တွင်ပါရှိခဲ့ကြသည့် ဝိုင်းများဖြစ်တော့သည်။ ခြောက်ကပ်တိတ်ဆိတ်နေသော ကျောင်းပိတ်ရက်ကာလများတွင်ပင် ဦးချစ်ဆိုင်၌ မိမိတို့နှစ်သက်ခုံမင်စွာ မွေလျော်ခဲ့ကြသည်။ စိမ်းမြမြဗန်ဒါရွက်များ အုံ့ဆိုင်ဝေဆာ
နေသည့်အောက်မှ ဦးချစ်ဆိုင်သည် အေးချမ်းလှပခဲ့သည်။ စည်ကားလှသည့်သက်တမ်းရှည် ရန်ကုန် ပင်မတက္ကသိုလ်ကြီး၏အရှိန်သြဇာက ဦးချစ်ဆိုင်၏အမည်နံမကို ထင်ရှားစေခဲ့သည်။ သို့သော် ရန်ကုန်တက္ကသိုလ်ကြီးကျောင်း ပိတ်ရက်များဆက်ခဲ့ပြီး ကျောင်းသားမရှိသည့် ဝင်းတံခါးများ သော့ခတ်ခံထားရသည့် ခေတ်ကာလသို့ ရောက်သည့်အချိန်ကာလ တာရှည်ခဲ့ပြီးနောက် ဦးချစ်ဆိုင်သည်လည်း ရာဇဝင်ထဲတွင် ကျန်ခဲ့ပေတော့သည်။

ထိုအတူ ကမ္ဘာ့တက္ကသိုလ်အဆင့်အတန်းသတ်မှတ်ချက်များ အရှေ့တောင်အာရှ တက္ကသိုလ် အဆင့်အတန်းသတ်မှတ်ချက်များတွင် မကြာမီကာလ၌ နှစ် ၁၀၀ ပြည့်တော့မည့် ရန်ကုန်ပင်မ တက္ကသိုလ်ကြီး အဆင့်ပျောက်နေခဲ့သည်။ ပညာမြင့်မှ လူမျိုးမြင့်မည်ဟု တဖွဖွရေရွတ်နေကြသော် လလည်း လက်တွေ့တွင် တချိန်ကစည်ပင်ခဲ့သော အရှေ့တောင်အာရှနိုင်ငံများမှ အားကျလေးစားခဲ့ ရသော ပင်မတက္ကသိုလ်ကြီးကား ရာဇဝင်ထဲ၌ ကျန်ရစ်နေခဲ့သည်။ တက္ကသိုလ်နယ်မြေ နေဝင်ခဲ့သည်။ သစ်ပုတ်ပင်အိုလည်း တိတ်ဆိတ်စွာ ကြေကွဲဝမ်းနည်း၍ နေပေလိမ့်မည်။

"ပြည်သူ့ခေတ်တွင် တို့တတွေကျောင်းတက်မည် "ဟူသောတေးသံသည် ကံကော်ပင်တန်းများကြား တိုးညှင်းစွာပျံ့လွင်၍နေပေတော့သည်။

ဆက်လက်ဖော်ပြပါမည်

Mg Mg Soe ( မောင်မောင်စိုး )
photo credit Thein Myint

မှတ်ချက် ။ ။ လွမ်းရစ်ဝေသော နေ့များညများဘဝပေါင်းများစွာ အပိုင်း ၂၇ မှ စသည့် အခန်း ၅ အား မကြာမီ ဖော်ပြသွားပါမည်။ ယခု ခေတ္တရပ်နားပါမည်။
↧

ဝင်းအောင်ကြီး - ပုဂံနှင့်မျက်ရည်

$
0
0

ဝင်းအောင်ကြီး - ပုဂံနှင့် မျက်ရည် 
ကျနော်တွေးမိသလို ရေးပါမည် (၁၅၆)
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၆

၁၉၆၀ ခုက ကိုမြသန်းတင့်၏ ညီများနှင့် ပုဂံသို့ ပထမအကြိမ် ရောက်ဖူး၏။ နောက်တာဝန်နှင့် ရောက်သွားပြီး မြန်မာ့အသံ သာယာရှုခင်း ဒို့ပြည်တွင်း အစီအစဉ်ကနေ ၂ ပိုင်းအသံလွှင့်နိုင်ခဲ့ရာတွင် ဆရာဇော်ဂျီ၏ ဆောင်းပါးများလေ့လာ ကိုယ်တိုင်လည်းမေးမြန်းခဲ့သည်။

၁၉၆၆ ခု၊ ဆိုဗီယက်ယူနီယန်တွင် ၁၁ ရာစု အဆောက်အဦများဆီရောက်ခိုက် ရှင်းပြသူက ပုဂံနှင့်ခေတ်ပြိုင် ပိသုကာလက်ရာများဟု ထောက်ပြသည်ကို မှတ်မိနေသည်။ ၁၉၉၈ ခု၊ အမေရိကန်တွင် သမီး၏ Green Card အတွက် စစ်ဆေးအပြီး လူဝင်မှုအရာရှိက ကျနော့အား “ ဦးဘိုကေကို သိလား၊ ပုဂံကလေ သူ့ကိုလွမ်းလို့” ဟုမေးသံ ကြားယောင်လာ၏။ ပုဂံကို ပြင်ချင်သလိုပြင်၊ လုပ်ချင်သလိုလုပ်၊ ဖြစ်ချင်သလိုဖြစ်နေသည်များကို မနေနိုင်သူတို့ FB ကနေတင်ပြ၍ မကြာခဏမြင်ရသည်။ ပုဂံခေတ်ပန်းချီကားများမှ အ၀တ်အစားများကိုပင် ပြင်ဆင်ရေးဆွဲလိုကြောင်း လေသံများကြားဖူးပါ၏။ ပုဂံကျောက်စာကို စာလုံးပေါင်းကိုပင် ပြင်လို့ရနေကြသောကာလကိုး။

ပုဂံကား ကမ္ဘာအံ့ဖွယ်ပါ။ လုပ်ချင်တိုင်းလုပ်နေကြသည်က ပိုပြီးအံ့သြဖွယ်ကောင်း၏။ ငလျင်ကြောင့် ပျက်သည်များကို ကျန်သလောက် ထိန်းသိမ်းလို့ရသည်။ လူဖျက်လို့ ပျက်ရင်း ပျက်ရင်း နာမည်ပင်ပျောက်ကွယ်သွားမည်။ တန်ဖိုးထားလေးစားသူတို့၏ အသံကိုကြားရတော့ အားတက်စရာ။

မနေနိုင်၍ သိမ်းထားသည့် ဓာတ်ပုံလေးပြန်ကြည့်ရင်း ဗိုလ်မှူးဘရှင်၊ ဦးဘိုကေ၊ဆရာမင်းသုဝဏ်နှင့် ပါမောက္ခ လုစ်တို့ ... ။ သူတို့ချစ်သည့် ပုဂံမှာ သုတေသနလုပ်ရင်း ပုံ။ ကျနော့မျက်စိ အခြေအနေ မကောင်းသေးသည့်ကြား ကြိုးစားရေးရသမို့လား ပုဂံအပျက်အစီးသတင်းကြောင့်လားမသိ၊ မျက်ရည်ကျလာ၏။ ပုံထဲကပညာရှင်များ တဆက်တည်း ဆရာဇော်ဂျီ စသဖြင့် ... ။ အင်း အနော်ရထာ ကျန်စစ်သား စသဖြင့် သူတို့လည်း သိရလျှင်ဝမ်းနည်းကြပေလိမ့်မည်။ ငလျင်ကြောင့်ထက် အသိဥာဏ်မရှိ တာဝန်မဲ့သူတွေကြောင့် ပျက်နေသည်ကို သိလို့ မျက်ရည်ကျပါက ဧရာဝတီမြစ်တောင် ရေလျှံသွားနိုင်ဟု တွေးမိကြောင်းပါ။

ဝင်းအောင်ကြီး (မောင်အောင်မွန်)
 ၂၀၁၆ ခု၊ သြဂုတ်လ ၂၄ ရက်နေ့။
↧

လှကျော်ဇော - နိုင်ငံတကာအခြေအနေအပြောင်းအလဲများ

$
0
0

လှကျော်ဇော -  နိုင်ငံတကာအခြေအနေအပြောင်းအလဲများ
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၆

ကမ္ဘာ့နိုင်ငံရေးနဲ့စီးပွားရေးအဆင့်အတန်း (order)ဟာ အလျင်အမြန် အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်။ ဒါတွေကိုအမီလိုက်နိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် အခုတလောဖြစ်ပေါ် လာနေတဲ့အခြေအနေတွေ၊ အဲဒါတွေအပေါ် ပညာရှင်တွေ၊ သုတေသနသမားများရဲ့သုံး သပ်ချက်များကိုလက်လှမ်းမီသမျှ စုဆောင်းရေးသားလိုက်ပါတယ်။ မှီငြမ်းနိုင်ဖို့ပါ။

(မှတ်ချက်။ ။ အချက်အလက်များအားလုံး တရုတ်မီဒီယာများကပါ။)

၁။ ကမ္ဘာစီးပွားရေးအခြေအနေ။ နလံမထူသေးပါ။ ဒါ့အပြင် globalization အရှိန်ကျ လာမှု ကြောင့် နိုင်ငံရေးဂယက်ရိုက်ခတ်မှုများလည်း များလာပါတယ်။ (ဥပမာ Brexit ကိစ္စမျိုး။ Trumpသြဇာကြီးလာမှု) သဘောက နဂိုရှိရင်းစွဲ establishment ကို ဆန့်ကျင်တဲ့စိတ် ဓာတ်တွေပေါ်လာနေမှုတွေ မြင်လာရပါတယ်။(ဒါတွေကို လက်ဦးမှုရှိရှိမဖြေရှင်းရင် လူမှု ရေး တည်ငြိမ်မှုတွေ ထိခိုက်လာနိုင်ပါတယ်။) အရှင်းရှင်စနစ်ရဲ့အပြောင်းအလဲကို မုချလုပ်ရ ပါလိမ့်မယ်။ ဆေးမြီးတိုများနဲ့တော့ မဖြစ်နိုင်တော့ပါ။(ဥပမာ) ရွှေ့ပြောင်းနေထိုင်လာသူများ ကို ဈေးပေါပေါနဲ့ ခိုင်းစားပြီး ဖြေရှင်းနည်းမျိုး။ အဲဒီနည်းရဲ့မကောင်းတဲ့အကျိုးဆက်(ဥပမာ အကြမ်းဖက်ဝါဒ) တွေကလည်း ပေါ်လာနေပါတယ်။

အဆောက်အအုံအရပြောင်းလဲမှု structural changes-တွေ လုပ်ရလိမ့်မယ်။ တကယ်တော့-ဆိုရှယ်လစ်စနစ်ရော အရင်းရှင်စနစ်ရော သီးခြားသန့်သန့်သွားလို့မရတော့။ Globalization ကအတော် နက်ရှိုင်းနေပြီ။ အဲဒီအခြေပေါ်မှာပဲ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရမှာပါ။

ဒီနေရာမှာတရုတ်တင်လာတဲ့- ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေး အားလုံးပါဝင်လာရေး အားလုံး အကျိုးအမြတ်ရရှိရေး (အခုနောက်ပိုင်း တရုတ်က win-winဆိုတဲ့စကားထက် all inclusive ဆိုတဲ့စကား ပိုသုံးလာပါတယ်။)-- ဆိုတဲ့အခြေပေါ်မှာတင်လာတဲ့ သေနင်္ဂဗျူဟာ စီမံကိန်း များ ဖြစ်တဲ့ ၁။ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်။ (AIIB) နဲ့ ၂။ ပိုးလမ်းမ (၂) သွယ် (ကုန်းလမ်း-ရေလမ်း) one belt one road (OBOR) စီမံကိန်း(၂) ခုမှာ ၀င် ရောက်ပူးပေါင်းလာတဲ့ နိုင်ငံများစာရင်းကိုကြည့်ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံများသာမက (အမေရိကန် မဟာမိတ်များအပါ) ဖွံ့ဖြိုးပြီးနိုင်ငံများပါ ပါဝင်နေတာတွေ့ရပါတယ်။ တရုတ်ကိုယ်တိုင် တောင် အတော်အံ့သြနေပုံရပါတယ်။

(ဥပမာ--AIIB မှာ တရုတ်က ၅၁ရာခိုင်နှုန်း ရင်းနှီး မြှူပ်နှံဖို့ရာထားပေမဲ့ ၀င်ရောက်ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံတွေများလွန်းလို့ (ဒီနှစ်ကုန်မှာ-နိုင်ငံ- ၈၀ ကျော်မယ်။) အခုတော့ ၃၀ ရာနှုန်းပဲ မြှုပ်နှံရပါတော့တယ်။ AIIB အောင်မြင်မှုမှာ အကြောင်း တွေရှိတယ်။ တရုတ်က ဗီတိုမသုံးဘူး။ တရုတ်စီံမံကိန်းများအတွက်မသုံး။ … ဆိုတဲ့ကတိ (၂) ခု ပေးထားတဲ့အတွက်လည်း ဖြစ် တယ်။ တရုတ်က သုံးစရာလည်း မလိုဘူး။ သူ့မှာ တခြားဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တွေရှိ တယ်။)

ဒီနေရာမှာ ၁၉၄၉ ခုနှစ်က (အဲဒီတုန်းကဆိုဗီယက်ယူနီယံ) က ဟိုက်ဒရိုဂျင်ဗုံး (အနုမြူဗုံးထက် အဆင့်မြင့်) ထုတ်လုပ်ပေးတဲ့ သိပ္ပံပညာရှင်-အင်ဒရေ-ဆားခရော့ဗ်ရဲ့စာတမ်း (၁၉၆၇ထုတ်) အကြောင်းပြောပြချင်ပါတယ်။

(ကိုးကား။ ။  ၁။ အိုးဝေလဖက်ရည်ကြမ်းဝိုင်း (ပထမအုပ်) ညိုမြ ။နှာ-၂၁၂-၂၂၀)
၂။ Wikipedia။

 ဒီစာတမ်းက အကြောင်းအရာအတော်များများဟာ အခုခေတ် တရုတ်တွေ တင်လာနေတဲ့ကြွေးကြော်သံတွေ (တချိုများဆို- စကားလုံးက အစ) နဲ့တူညီနေတာတွေ တွေ့ရပါတယ်။

အခု အဲဒီစာတမ်းရဲ့အကျဉ်းချုပ်အချက်များကိုကြည့်ရအောင်ပါ။

၁။ အနုမြူပေါ်ပေါက်လာချိန်မှစပြီး ကမ္ဘာကိုဝါဒရေးရာအရ ခွဲခြားလို့မရတော့။ လူသား အားလုံး အနုမြူလောကကြီးအတွင်း စုပြုံရောက်သွားပြီ။ (အခု ရှီကျင့်ဖင်သုံးနေတဲ့ ကံတူ အကျိုးပေးနိုင်ငံများ- shared-destiny ဆိုတာနဲ့တူ) အနုမြူဗုံးများအပြိုင်အဆိုင် ထုတ်လုပ်ကြ ပြီး အခု စုပုံလာနေတဲ့ဗုံးများရဲ့အာနိသင်ဟာ ဒီကမ္ဘာကြီးကိုတကြိမ်သာမက အကြိမ်ပေါင်း (၃၀) ဖျက်ဆီးနိုင်ပြီ။ ဒါကြောင့် သူရော ငါရော အကုန်သေပြီး ကမ္ဘာပျက်တဲ့လမ်းစဉ်ကို လိုက်ကြ မလား။

အပြုလမ်းစဉ်” အားလုံးတိုးတက်ရေး၊ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး၊ လွတ်လပ်စွာ တွေးတောမော်ျခေါ်ရေး” (Peace-Coexistence and Intellectual Freedom) ဆိုတဲ့အားလုံး ကောင်းစားရေး (တရုတ်ကသုံးတာ inclusive တဲ့။) ကိုလိုက်ကြမလား …တဲ့။

၂။ လူဦးရေတိုးနှုန်းဟာ ၅၀ ရာနှုန်း၊ ရိက္ခာတိုးနှုန်းဟာ ၇၀ ရာနှုန်း ဒါကြောင့် ဆင်းရဲမှုပပျောက်သင့်တယ်။ ဆင်းရဲမှုက မုန်းတီးမှုအပါ အနိဋ္ဌာရုံအမျိုးမျိုးကို ပေါ်ထွက်စေ တယ်။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်ရေး ညီမျှဖို့အတွက် ချမ်းသာတဲ့နိုင်ငံများက ၀င်ငွေတွေကို နှစ်စဉ်အချိုးကျအလှုငွေထည့်ဝင်ပြီး (မိမိတို့ဝင်ငွေရဲ့ ၂၀ ရာနှုန်း) ဆင်းရဲတဲ့နိုင်ငံတွေကို ကူညီရမယ်။(အခု ကုလသမဂ္ဂလုပ်ဆောင်နေတဲ့(ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး MDG စဉ် ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး SDG17 စတာတွေဟာ ဒီအပေါ်မှာ အခြေခံထားပါ တယ်။) တရုတ်ရဲ့ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေး…. ဆိုတဲ့ကြွေးကြော်သံရဲ့အခြေခံ အတွေး အခေါ်ဟာ….ကမ္ဘာပေါ်မှာရှိရှိသမျှ အရင်းအမြစ်အားလုံးကို တရားမျှတစွာ ခွဲဝေမယ်ဆို ရင် ကမ္ဘာလူဦးရေ (၇ )ဘီလီယံအတွက် လုံလောက်တယ် … ဆိုတဲ့ယူဆချက်ပေါ်ဖြစ်ပါတယ်။

၃။ ရုရှားဟာ ကွန်မြူနစ်စနစ်လက်အောက်မှာ ပြောသလောက် မတိုးတက်ဘဲ အမေရိကန်ပြည်ကြီးဟာလည်း ဓနရှင်စနစ်အောက်မှာ ပြောသလောက် မဆုတ်ယုတ်ကြောင်း၊ ဒါ ကြောင့် ၀ါဒ မတူညီတဲ့နိုင်ငံကြီးများ တိုးတက်မှုညီမျှလာအောင် အမေရိကန်များက ဆိုရှယ် လစ်စနစ်ရဲ့ကောင်းကွက်များကို ကူးယူကျင့်သုံးပြီး ရုရှားကလည်း ဓနရှင်စနစ်ရဲ့အောင်မြင် မှုများကို အတုယူသင့်တယ်။ ဒါ့အပြင် ဘာထရင်ရပ်ဆယ်ရဲ့ပြောစကားတချို့ကို ကိုးကား ထားပါတယ်။” တဖက်သားကို အပြုတ်တိုက် အနိုင်ယူလိုတဲ့ စိတ်ဓာတ်များကို စွန့်ပယ်နိုင်မှ သာ ဒီကမ္ဘာကြီးဟာ အနုမြူစစ်ပွဲကလွတ်ကင်းနိုင်မှာ” … တဲ့။ (ဒါကလည်း အခုတရုတ်တွေ ပြောနေတဲ့ Cold –War mentality. Zero-sum game တွေ ပပျောက်အောင်လုပ်ရမယ်။ ဆိုတာနဲ့ ကိုက်နေပါတယ်။)

၎။ ဒီအမြင်တွေကိုစုစည်းပြီး ဆာခါးရော့ကရှေ့ရေးခန့်မှန်းချက်တွေ တင်ပြထားပါသေး တယ်။ ဒီအထဲက အံ့သြစဖွယ်မှန်ကန်လာတဲ့အချက်များအနက် တခုကိုတင်ပြချင်ပါတယ်။

၁၉၈၀ ပြည့်နှစ်မှ၂၀၀၀ ပြည့်နှစ်အတွင်း ကမ္ဘာတခုလုံးတိုးတက်မှု အဆင့်အတန်းများ တူညီ လာပြီမို့ ကမ္ဘာတခုလုံးကို တာဝန်ခံယူအုပ်ချုပ်တဲ့ ကမ္ဘာအစိုးရအဖွဲ့ကြီး ပေါ်ပေါက်လာမယ် တဲ့။ ရုရှားနဲ့ အမေရိကန်တို့ကပဲ ဒီလိုအစိုးရမျိုးပေါ်ပေါက်လာအောင် ကုလသမဂွနဲ့ ပူးတွဲ ဆောင်ရွက်ကြလိမ့်မယ်တဲ့။ (တရုတ်က အခုတင်နေတဲ့ Global Governance အယူအဆနဲ့ တူနေပြီး ဒါကို တရုတ်က ကုလသမဂွနဲ့အတူ G 20 နိုင်ငံများရဲ့ အခန်းကိုဖော်ထုတ်နေတာ တွေ့ရပါတယ်။ ဒီနှစ် ၉ လပိုင်း ဟန်ကျိုးမှာကျင်းပမဲ့ ဂျီ-၂၀-အစည်းအဝေးရဲ့အစီအစဉ်များ ဟာ စိတ်ဝင်စားဖွယ်ပါ။ ထူးခြားတဲ့ အမြင်တွေ ထွက်လာနိုင်ပါတယ်။)

ဒါတွေကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း(၇၀)က ပေါ်ထွက်ခဲ့တဲ့ စာတမ်းအကြောင်းနဲ့ တရုတ်ရဲ့လက်ရှိပေါ်လစီများ တိုက်ဆိုင်နေမှုအကြောင်းများပါ။

ဒါ့အပြင် အရင်းရှင်စနစ်ရဲ့အကြပ်အတည်းနောက်တခုက အခုထွက်လာနေတဲ့ Chilcot Report အဲဒါက အီရတ်စစ်ပွဲအတွင်း ဗြိတိသျှတို့ပါဝင်မှုအပေါ်စုံစမ်းစစ်ဆေးပြီး ထွက်လာတဲ့ အစီရင်ခံစာ။ တိုနီဘလဲကို အရေးယူဖို့တောင်းဆိုလာတာတွေ။ ဘလဲက သူ့အမှားအတွက် တောင်းပန် စကားဆိုလာ။

(ဒါမျိုးက ဆက်လာမဲ့အကျိုးဆက်တွေ ရှိတယ်။ ၂၀ ရက်နေ့က မြထွန်းဦး သတင်းစာရှင်းပွဲ ကြည့်ပါ။ အမှားဝန်ခံပြီးရင် တာဝန်ခံမှု၊ နောင်မဖြစ်အောင် ကာကွယ်ရေး စသဖြင့် ဒါတွေ ဘယ်လိုလုပ်မလဲ။ မရှောင်မလွှဲသာ ၂၀၀၈ ပြင်ဆင်ရေးများ ပါလာနိုင်) ။

Regime change အတွက်စစ်ရေးအရ၀င်စွက်ဖက်မှု ရဲ့အကျိုးဆက်တွေ။ သတင်းအချက်အလက် မှားယွင်းမှု တွေ (တမင်လုပ် မလုပ်)။ သေဆုံးရသူများ (အီရတ်မှာ အများစုအရပ်သားများ ခံနေရမှုများ) ကို ဘယ်လိုတာဝန်ခံကြမလဲ။ (accountability) အကျိုးဆက်အဖြစ်ပေါ်ထွက်လာတဲ့ အကြမ်းဖက် ၀ါဒကို ဘယ်လိုတိုက်မလဲ။ … ဆိုတဲ့ငြင်းခုံမှုတွေဟာ ကမ္ဘာနိုင်ငံရေး အဆင့်နေရာ (International Political Order) အပြောင်းအလဲဘက် တာစူနေပါတယ်။

 (အင်္ဂလိပ် အနေနဲ့ အမေရိကန်ရဲ့နောက်လိုက်အဖြစ်ကနေ ရုန်းထွက်မဲ့လက္ခဏာများပေါ်ထွက်လာ တာ ကြည့်ပါ။ ၁။ ဆီးရီးယားကိစ္စ။ ၂။ AIIB ကိစ္စ။ ၃။ Brexit ကိစ္စ။ အခု တရုတ်နဲ့ Free Trade Agreemnt; လွတ်လပ်စွာကုန်သွယ်ခွင့်… FTA လုပ်မဲ့ကိစ္စ။) ဒါတွေက အမေရိကန်ရဲ့ hegemony အဆင့်ကို ကျသွားစေတယ်။ သူပြောတိုင်းမပြီးတော့။

ဒီလိုအကြပ်အတည်းတွေက လွတ်ဖို့ အရင်းရှင်နိုင်ငံများရဲ့ကြိုးပန်းမှုတွေပေါ်လာပြီး တခြား အလျှင်အမြန်တိုးတက်လာနေတဲ့နိုင်ငံများ (အထူးသဖြင့်တရုတ်နဲ့) ထိတ်တိုက် တွေ့ တွေ့နေတာဖြစ်ပါတယ်။

ဥပမာ။ အမေရိကန်ရဲ့အာရှ-ပစိဖိတ်ပြန်လှည့်လာတဲ့ပေါ်လစီဆိုပါစို့။

US ကတသက်လုံးကိုင်စွဲလာတဲ့ အရှေ့အလယ်ပိုင်းဦးစားပေးရေးမူကို ဘာလို့ စွန့် လွှတ်လိုက်တာလဲ။ ၁။ အဲဒီကရေနံကိုသိပ်အားကိုးစရာမလိုတော့။ (US ဆီမှာ ရှေးလ်ရေနံ အလုံအလောက်ရှိနေပြီ။)

၂။ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ လက်နက်ဈေးကွက်က ပြည့်စုံလုံလောက်နေပြီ။ ပိုလျှံ တောင်နေပြီ။

နောက်ထပ်ရောင်းရဖို့ မမြင်တော့။ ဒီမှာတင် ဈေးကွက်သစ်ရှာဖို့ လိုလာပါတယ်။

အာရှ- ပစိဖိတ်နိုင်ငံတွေ- စီးပွားရေးအရှိန်အဟုန်ကောင်းလာမှုကြောင့် မျက်စိကျလာပြီး တောင်တရုတ်ပင်လယ်ကိစ္စ တမင် တင်းမာလာအောင်လုပ်နေတာ/

တရုတ်ရဲ့အရှိန်အဟုန် မြင့်လာတာကိုလည်း ထိန်းချုပ်နိုင်၊ အဲဒီပတ်လည်က နိုင်ငံများကိုလည်း စစ်လက်နက် ပစ္စည်းများရောင်းနိုင်။ ဒါဟာ US ရဲ့Military-Industrail Complex-လုပ်ဟန်တွေပဲ။ သိပ် အလုပ်မဖြစ်တော့။

တနေ့က တရုတ်တီဗီဆွေးနွေးပွဲ တခုမှာ အိန္ဒိယပါမောက္ခ တယောက်က တရုတ်နဲ့ ငါတို့စစ်ဖြစ်ရင် တို့ (၂) နိုင်ငံလုံး နာမယ်။ တို့(၂) နိုင်ငံလုံးကို ခွပြီး လက်နက်ရောင်း တဲ့ နိုင်ငံတွေက ပွမှာ။ တို့ဘယ်တော့မှ ဒီလိုမျိုးထောင်ချောက်ထဲ ပြန်မဆင်းတော့ဘူး…တဲ့။ ဒါကြောင့် တောင်တရုတ်ပင်လယ်ကိစ္စလည်း သိပ်ကြီးကြီးမားမား ပြဿနာ ပေါ်နိုင်စရာမရှိ။ တရုတ်နားရွက် တံထွေးဆွတ်ရုံလောက်ပါပဲ။ (ဖီလစ်ပိုင်-ဆီနိတ်တာ တယောက်ကတော့ ငါတို့တိုင်းပြည်အတွက် အမေရိကန်က ဘယ်စစ်တိုက်ပေးမှာလဲ။ ငါတို့နိုင်ငံတကာ တရားရုံးအတွက် ကုန်ကျစရိတ်တွေကို အမေရိကန်ကိုတောင်းရမယ် … လို့တောင် ပြော သွားသံကြားရပါတယ်။)

ဒီနေရာမှာ နိုင်ငံတကာပင်လယ်ပြင် ဥပဒေတွေနဲ့ ပတ်သက်လို့လည်း ပြောစရာတွေရှိပါတယ်

၁။ ဥပဒေတမျိုးက…. ကျွန်းတွေကို အရင်ဆုံးတွေ့ရှိပြီး နံမည်ပေးတာ မိမိနိုင်ငံရဲ့အုပ်ချုပ်မှု အောက်သွင်းထားခဲ့ရင် အဲဒီနိုင်ငံပိုင်တယ်လို့ သတ်မှတ်ပါတယ်။ (တရုတ်ရဲ့ အခုကျွန်းတွေ (ရှီရှားနန်ရှားကြုံရှား စတာတွေ) ဒါတွေက အဲဒီဥပဒေအောက်မှာဖြစ်တယ်။

၂။ နောက်ဥပဒေတမျိုးက နိုင်ငံတွေရဲ့ကမ်းခြေက မိုင်(၂၀၀)အတွင်း အဲဒီနိုင်ငံရဲ့စီးပွားရေး ဇုံနယ်ဖြစ်တယ်။ (EEZ) လွတ်လပ်စွာဖြေရှင်းခွင့်ရှိတယ်။ (ဥပမာ-ငါးဖမ်းခွင့်၊ သယံဇာတတူးဖော်ခွင့်စသဖြင့်) အဲဒီဥပဒေအောက်မှာ ဖီလစ်ပိုင်ပြောနေတဲ့ ဟွမ်ယွင်ကျွန်း (နန်ရှား ကျွန်းစုထဲက ကျွန်း တကျွန်း ) ကိစ္စပါဝင်နေတာ။

သဘောကတော့ ပိုင်ဆိုင်တဲ့မျဉ်းတွေ ထပ်ကုန်တာပါ။

ဒါ့အပြင် …UNCLOS ဆိုတဲ့ ကုလက တင်ထားတဲ့ ဥပဒေတွေလည်း အမျိုးမျိုး ရှိသေးတယ်။ လိုသလိုဆွဲယူနိုင်တဲ့ဥပဒေတွေပါ။

ဒါကြောင့် တရုတ်က-ပိုင်ဆိုင်မှုကိုငြင်းမနေကြဘဲ ပူးတွဲစီးပွားရှာရေးကို တင်နေတာဖြစ် တယ်။ သူ့ဘက်ကိုယ့်ဘက် အမှန်ချည်းဖြစ်လို့ပြဿနာတွေကို သက်ဆိုင်ရာနိုင်ငံများနဲ့ ငြိမ်း ချမ်းစွာဆွေးနွေးဖြေရှင်းဖို့ အာစီယံနီုင်ငံများနဲ့ သဘောတူပြီးသား။ (ဖီလစ်ပိုင်သမ္မတဟောင်း ရာမို့စ်လက်ထက်က) အခုလားအိုးမှာ ကျင်းပတဲ့အာစီယံ + အစည်းအဝေးတွေမှာလည်း အိမ်ရှင်လားအိုးက ဒီကိစ္စ အတင်တောင်မခံပါ။

ဒါ့အပြင် ဇူလိုင်(၁၂) ရက်နေ့ကချမှတ်ခဲ့တဲ့ တရားရုံး award ကိုတရုတ်က”စက္ကူတရွက် လို့ပဲ သဘောထားတယ်” လို့အပြတ်ပြောထားပြီး စစ်ရေးအတွက်လည်း ပြင်ဆင်ထားပါ တယ်။ ဇူလိုင်(၁၈) ရက်နေ့က ပီကင်းကို အလည်အပတ်ရောက်လာတဲ့ အမေရိကန်ရေတပ် စစ်ဦးစီးကို တရုတ်ရေတပ်က ဗိုလ်ချုပ်ပြောတဲ့စကားတွေကို ကြည့်ပါ။

“ကျွန်တော်တို့ ဘယ်သူကိုမှ ဒုက္ခမပေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကိုဒုက္ခတွေ ပေးလာရင်လည်း မကြောက်ဘူး။ ရင်ဆိုင်ဖြေရှင်းသွားမှာပဲ ”

“ကျွန်တော်တို့အနေနဲ့  တောင်တရုတ်ပင်လယ်တွင်းက ကျွန်းတွေအပေါ် တည်ဆောက်ရေး တွေ ဆက်လက် လုပ်ဆောင်သွားမယ်။ တရုတ်ရေတပ်အနေနဲ့ တိုင်းပြည်ရဲ့အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ခြိမ်းခြောက်မှု ထိပါးမှုတွေကိုရင်ဆိုင်ဖို့ လုံလောက်တဲ့ ပြင်ဆင်မှုများ ပြု လုပ်ပြီး ဖြစ်တယ်။”

“တရုတ်အနေနဲ့ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးပြီး နိုင်ငံတကာ ဥပဒေများ ထုံထမ်းများနဲ့အညီ ဖြေရှင်းသွားမယ်။”

“ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ဘိုးဘွားတွေက ချန်ထားပေးခဲ့တဲ့အမွေကို တလက်မမှ အဆုံးရှုံးခံမှာ မဟုတ်ဘူး။ ကိုယ်မပိုင်တဲ့မြေ တလက်မကိုမှလည်း မလိုချင်ပါဘူး။”

အဲသလို အမေရိကန်စစ်ဗိုလ်ချုပ်တယောက်ကို မူအရ ပြတ်ပြတ်သားသား ပြောလိုက်ပေမဲ့ တဖက်ကလည်း (သူတို့ပြောထားတဲ့ ပူးတွဲဖွံ့ဖြိုးတိုးတက်ရေး-ဆိုတဲ့လမ်းကို ဖေါ်ဆောင်ဖို့) အဲဒီပတ်လည်က နိုင်ငံများနဲ့ စီးပွားရေးလုပ်ငန်းများလုပ်နိုင်မဲ့ စီမံကိန်းများကို (အထူးသဖြင့် ခရီးသွားလာရေးနဲ့ ပတ်သက်တဲ့) လည်း တဖြေးဖြေး လုပ်နေပါတယ်။

ဥပမာအားဖြင့် ဒီစာတမ်းနဲ့အတူ ပူးတွဲပို့လိုက်တဲ့ပုံကို ကြည့်ပါ။ (China Daily- 21-7-2016) ဟိုင်နန်ကျွန်းမြို့တော် စန်းရဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့အပျော်စီးသင်္ဘော ဖြစ်ပါတယ်။ အခုပြေးနေတဲ့ခရီးစဉ်ဟာ ဟိုင်နန်းကျွန်းတပတ်နဲ့ အနီးအနားကျွန်းတွေကိုပဲ ဖြစ်ပေမဲ့ နောင်(၅)နှစ်အတွင်း အဲလိုသင်္ဘောမျိုး (၈)စီး ထပ်ဖြည့်ပြီး နိုင်ငံတကာခရီးများ (ဗီယက်နမ် စင်ကာပူ ၾသစေတ်းလ်… အမေရိကန်) ကိုသွားမှာ ဖြစ်တယ်။ (အခု လောလောဆယ်မှာလည်း တျန်းကျင်းကနေ တောင်ကိုးရီးယား-ဂျပန်တို့ကို ပြေးနေတဲ့ အပျော်စီး သင်္ဘောတွေရှိတယ်။)

တရုတ်ရဲ့ခရီးသွားဧည့်သည်များကို နိုင်ငံတိုင်းက သိပ်လိုလားပါတယ်။ (ငွေဖြုန်း နိုင်လို့) ဥပမာအားဖြင့် ၂၀၁၅ ခုနှစ်က တရုတ်ကမ္ဘာလှည့်ခရီးသွားသူ သန်း (၁၂၀) ကျော် တယ်။ သုံးတဲ့ငွေက ဒေါ်လာဘီလီယံ (၁၀၅) ကျော်တယ်။ ဂျပန်နိုင်ငံရဲ့ခရီးသွားဌာန ၀င်ငွေ ရဲ့ ၄၈ ရာနှုန်းဟာ တရုတ်ခရီးသည်တွေဆီက ဖြစ်တယ်။ (ဒါကြောင့် ဂျပန်ဝန်ကြီးချုပ် အာဘေး ဆုပ်စူး စားရူးဖြစ်နေရတာ။)

ဒါ့ကြောင့်ပဲ အခုသမ္မတရှီကျင့်ဖင်တင်နေတဲ့ အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေး အသစ်.. ဆိုတဲ့လုပ်ဟန် အတော်အောင်မြင်လာတာပါ။

၁။ AIIB လုပ်ငန်းများမှာ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေ(WB IMF ADB) ပါဝင်လာမှု။

၂။ ရုရှားက ပူတင်တင်ထားတဲ့ - ယူရေရှား (အရင် ဆိုဗီယက်က ခွဲထွက်ခဲ့တဲ့ နိုင်ငံများပြန် စည်းရုံးဖို့လုပ်တာ)

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို တရုတ်ရဲ့ပိုးလမ်းမစီမံကိန်းနဲ့ဆက်စပ်လိုက် နိုင်တာ။
…စတာ တွေဟာ …သက်သေတွေပါပဲ။

အခုဆက်စောင့်ကြည့်ရမဲ့ ကိစ္စကတော့ (ပူတင် တင်နေတဲ့)- အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် နိုင်ငံတကာ တပ်ပေါင်းစုဖွဲ့ရေး ဆိုတာပါ။

US အပါ အနောက်နိုင်ငံတွေက အကြမ်းဖက်ဝါဒကို ကြည့်မြင်ရာမှာ စံ(၂)မျိုးနဲ့ ကြည့်နေ တာကို ပြင်ရမှာခက်နေတယ်။ ရုရှားက ချက်ညာ၊ တရုတ်က စင်ကျန်း စတာတွေကို သူတို့က ရုရှားနဲ့တရုတ် နားရွက် တွံထွေးဆွတ်ဖို့ မွေးထားချင်နေတာ။ အကြမ်းဖက်အထဲ မထည့်ချင်ဘူး။

ဒါ့အပြင် ရရှိထားတဲ့ ထောက်လှမ်းရေးသတင်းတွေ ဖလှယ်ရေးဆိုတာကလည်း Cyber security ကိစ္စပါနေပြန်တယ်။ ဒါကို USအနေနဲ့ တရုတ်-ရုရှား တို့နဲ့ ပူးတွဲမလုပ်နိုင်ဘူး။

ဘယ်လိုဘဲဖြစ်ဖြစ် အခုလောလောဆယ်မှာတော့ ဆီးရီးယားမှာတော့ အမေရိကန်တွေ ဟာ မလွှဲမရှောင်သာ ရုရှားနဲ့ပူးပေါင်းလုပ်ဆောင်နေရပြီး အာဖဂန်မှာလည်း တရုတ်နဲ့ ပူး ပေါင်း လုပ်နေရပါပြီ။

ဒါဟာ တဖြည်းဖြည်းနဲ့ Multi-Polar World Order ဖြစ်လာနိုင်တဲ့ အကြောင်းအချက် တွေပါပဲ။

အဲဒီကနေ-ကမ္ဘာနိုင်ငံရေးအဆင့်အတန်း …International Political Order.

ကမ္ဘာဘဏ္ဍာရေးအဆင့်အတန်း-International Financial Order.

အပြောင်းအလဲတွေဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီအပြောင်းအလဲများပေါ်မူတည်ပြီး ဗမာပြည်လို အင်အားချိနဲ့တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေနဲ့နိုင်ငံကြီးများအကြား သင့်တင့်မျှတစွာ နေထိုင် ဆက်ဆံနိုင်လျှင် မိမိနိုင်ငံအတွက် မိမိ ပြည်သူလူထုအတွက် အကျိုးရှိနိုင်ပါတယ်။

လှကျော်ဇော
↧
↧

ခင်မျိုးချစ် - တို့တတွေနှင့် မတန်လေသလား

$
0
0


ခင်မျိုးချစ် - တို့တတွေနှင့် မတန်လေသလား
(ဇန်န၀ါရီ ၄၊ ၂၀၀၈ ပြန်လည်ဆန်းသစ်ခြင်း)

မိုးမခ၊ သြဂုတ် ၂၅၊ ၂၀၁၆

(၁၉၇၅ ခုနှစ် ဂျူလိုင်လ ကြေးမုံသတင်းစာ တွင်ဖော်ပြခဲ့သော ဒေါ်ခင်မျိုးချစ် ရေးသားခဲ့သော “တို့တတွေနှင့် မတန်လေသလား” အမည်ရှိ ဆောင်းပါးကို အမှတ်တရ တင်ဆက်လိုက်ရပါသည်။)

မြေငလျင်ဒဏ်ကြောင့် ပုဂံညောင်ဦးရှိ ဘုရားစေတီတော်များ ပျက်စီးရသည့်သတင်းမှာ တိုင်းပြည် အဖို့ ဆုံးရှူံးမူကြီးတခု ဖြစ်ခဲ့သည်။

မနေ့တနေ့ဆီကပင် ”ငါ့မြေးတွေကို ပုဂံ ညောင်ဦး သွားပြရအုံးမယ်” ဟု ပြောမိသေးသည်။ ကျွန်မ ငယ်စဉ် အဖိုး (မြန်မာပညာရှိ ဦးဖေ) က လက်ဆွဲခေါ်သွားပြီး ဂုဏ်ယူစရာ ချစ်မြတ်နိုးစရာတွေကို ပြခဲ့သည်။ ကျွန်မတို့၏သား ကိုလည်း ထို့နည်းအတူ ခေါ်သွား၍ ပြခဲ့သည်။ ယခုတော့ မြေးတွေကို ပြရဦးမည်ဟု မျှော်လင့်ခဲ့သည်။

ပုဂံဆိုလျှင် ဘာကြည့်စရာ ရှိလို့လဲ၊ ဘုရားပျက်တွေ ရှိတာပဲ၊ ဖုံကလည်း ထူ ဆူးကလည်း စူးနဲ့ ဟုပြောသူတွေ အများ တွေ့ခဲ့ရသည်။ နိုင်ငံခြားခရီးသည်တွေက စိတ်ဝင်စားလာမှ ရောယောင်ပြီး စိတ်ပါကြသူတွေ ရှိသည်။

ဘုရားတွေထဲက နံရံပန်းချီတွေကို ၀င်ကြည့်ရမှာတောင် အပေါ်ကပြိုကျမှဖြင့် ဆို ပြီး တွေးကြောက်သူမျိုးတွေလည်း ရှိသည်။

ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်၏ ယဉ်ကျေးမှု အမွေအနှစ်ကို ဂုဏ်ယူရမှန်း မသိတတ်သူတွေ၊ ရှေးဟောင်းပစ္စည်းဆိုလျှင် နိုင်ငံခြားသားတွေကို ရောင်းချဘို့လောက်သာ စိတ်ကူးသူတွေ၊ တန်ဖိုး မထားတတ်သူတွေ၊ မြို့ပျက်ကြီး၊ အုတ်ပုံစုကြီးကိုသာ မြင်တတ်၍ ဤနေရာ ဌာနမှနေ၍ လူမျိုးတမျိုးလုံးကို လိမ္မာ ယဉ်ကျေးအောင် သင်ပြသည်၊ ထေရာဝါဒ ဗုဒ္ဓဘာသာတရား အခြေခံခဲ့သည်ကိုပင် မသိ နားမလည်ကြသူတွေ၊ ရှေးသူဟောင်းများ ထားခဲ့၍ ယဉ်ကျေးမူ အမွေအနှစ်တွေ ဂုဏ်ယူစရာ ရှိနေပါကလားဟု ကျေးဇူးမတင်တတ်သူတွေ၊ သည်လူတွေနှင့် မြတ်မွန်ရတနာများနှင့် မထိုက်တန်၍ပင် ယခုလို ဖြစ်ရလေသလား ဟု တွေးမိသည်။

ငလျင်ပဲ သူလှူပ်ချင်တဲ့ နေရာ လှူပ်မှာပေါ့ဟု ဆိုချင် ဆိုနိုင်သည်။ ရှေးဟောင်းသမိုင်းများတွင် လူများ ယုတ်မာ ဆိုးရွားမူတွေ ကျင့်ကြသဖြင့် မြေငလျင်နှင့် မီးတောင် ပေါက်ကွဲဒဏ်များ သင့်ခဲ့ရသော ဆိုဒွန်နှင့် ဂူမိုးရာမြို့တော်ကြီး နှစ်မြို့နှင့် ပွန်ပီမြို့တော်ကြီးများ အကြောင်းကို ယနေ့ ထင်ရှားခဲ့သည်။ ရှေးဟောင်း ပစ္စည်း မြတ်မွန်ရတနာများကို မှောင်ခို ရောင်းစားချင်ကြသူတွေကို “အဖို့ ဒါလောက် ရှိတာ လုပ်ကြစမ်း …” ဟု စေတီတော်များက ရင်ခွဲပြီး ပေးလိုက်ကြလေသလားဟု ၀မ်းနည်းစွာ တွေးမိပါတော့သည်။ ။

↧

မြန်မာပြည် မူးယစ်ဆေးဝါးနှင့် မောင်မိုးသူ

$
0
0



မြန်မာပြည် မူးယစ်ဆေးဝါးနှင့် မောင်မိုးသူ
(ကုမုဒြာဂျာနယ်၊ ဇူလိုင် ၂၄၊ ၂၀၁၆) မိုးမခ၊ သြဂုတ် ၂၅၊ ၂၀၁၆

မောင်မိုးသူတို့ မြန်မာနိုင်ငံကတော့ မူးယစ်ဆေးဝါးမှာ နံပါတ်ဝမ်း တစ်ဂဏန်းဆိုသလိုပါပဲ အမြင့်ဆုံးအခြေအနေမှာ ရှိနေပါတယ်။ ရှက်ရမလား၊ ဂုဏ်ယူရမလား မပြောတတ်ပါဘူး။

အဲ နံပါတ်ဝမ်း တစ်ဂဏန်းတော့ မဟုတ်ဘူးခင်ဗျ။ အတိအကျရေးရရင်တော့ နံပါတ်တူး နှစ်ဂဏန်းလို့ရေးရမယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘိန်းစိုက်ပျိုး ထုတ်လုပ်တဲ့နေရာမှာ မြန်မာပြည်ဟာ ပထမ နံပါတ်တစ်နေရာ မရဘူးခင်ဗျ။ အာ ဖဂန်နစ္စတန်ရဲ့နောက် နံပါတ်နှစ်မှာပဲ ချိတ် တာကိုး။ တစ်လောက မူးယစ်ဆေးပြားတွေ အကြီးအကျယ် ဖမ်းဆီးမိတုန်းကလည်း ကမ္ဘာ့စံချိန်မှာ ဒုတိယအများဆုံးဆိုလားပဲ။

ဘယ်လိုပဲဖြစ်ဖြစ် နံပါတ်ဝမ်း တစ်ဂဏန်းရချင်ဖြစ်ချင်တဲ့ မောင်မိုးသူအတွက် ကသိကအောက်တော့ ဖြစ်ရတာပေါ့ခင်ဗျ။ ကမ္ဘာမှာ အကျော်ကြားဆုံး ဘိန်းဘုရင် လော်စစ်ဟန်ဆိုတာ မောင်မိုးသူတို့ မြန်မာနိုင်ငံကပေါ့ခင်ဗျ။ ကမ္ဘာ့မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့က အလိုအပ်ဆုံးပုဂ္ဂိုလ်ဆိုပဲ။

နောက်တော့ မောင်မိုးသူတို့ မြန်မာနိုင်ငံမှာ အထင်ကရ အကျော်ကြားဆုံး အေရှားဝေါရဲ့ လုပ်ငန်းရှင်ကြီး ဖြစ်လာပါတယ်။ အေရှားဝေါ ကျေးဇူးနဲ့ အရင်သုံးလေးရက်သွားရတဲ့ မူဆယ်-ရွှေလီကို မနက်သွား ညနေရောက် နေ့ချင်းပေါက် ကားနဲ့ မောင်မိုးသူ သွားနိုင်ခဲ့ပါတယ်။ ကျေးဇူးကြီးလှပါတယ်ခင်ဗျ။

တစ်ခေါက်သာ ဖြတ်ဖူးတဲ့ အမြန်လမ်းရဲ့ တစ်စိတ်တစ်ပိုင်းဟာ အေရှားဝေါ ကျေးဇူးတဲ့။ ပင်လယ်ကမ်းခြေ အနားယူစခန်း ဖြစ်တဲ့ ချောင်းသာနဲ့ ငွေဆောင်သွားလမ်းနှစ်ခုမှာ ငွေဆောင်က လမ်းပိုသာတယ် ခင်ဗျ။ အဲဒါလည်း အေရှားဝေါက ဖောက်ထားတာဆိုပဲ။ ကျေးဇူးကြီးလှကြောင်းပါ။ ဒါ့ကြောင့်ပဲ ၄င်းပုဂ္ဂိုလ်ကြီးကွယ်လွန်တော့ တခမ်းတနား အကြီးအကဲများ ကိုယ်တိုင်တက်ရောက် ချီးမြှင့်ခဲ့ကြပေတာပဲလေ။

ဘိန်းစိုက်၊ဘိန်းရောင်းရာမှာ ဝတို့၊ ကိုးကန့်တို့လည်း နာမည်ကြီးပေါ့ခင်ဗျ။ ကိုး ကန့် ခေါင်းဆောင် ဖုန်ကျားရှင်ကဝင်တိုက်လို့ မြန်မာတပ်မတော် အသေအပျောက် ရှိခဲ့ရဖူးပါတယ်။ လက်နက်ချင်းကွာဆိုပဲ။တစ်ခါ မြန်မာတပ်က လိုက်တိုက်တော့ တစ်ဖက်နိုင်ငံ ထွက်ပြေးဆိုပဲ။ အဲဒါနဲ့ အ ပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးပွဲတွေမှာ ကိုးကန့်၊ အေအေနဲ့ ပအိုဝ်းကို လက်မခံဘူးလို့ ပြောကြတယ်ခင်ဗျ။

တစ်လောက ထိုင်းမှာ မူးယစ်ဆေးဝါး အကြီးအကျယ်ဖမ်းမိရာမှာ အဓိကခေါင်းဆောင်က ဒုခေါင်းဆောင်တဲ့။ ဒါပေမဲ့ ဝခေါင်းဆောင်တွေကတော့ အဲသည် ခေါင်းဆောင်ဟာ သူတို့လူ မဟုတ်တော့ကြောင်း ကြေညာပါတယ်။

အဲ အဲသည် မူးယစ်ဆေးဝါးကတော့ ဘိန်း၊ ဘိန်းဖြူ မဟုတ်တော့ဘူးခင်ဗျ။ ဆေးပြားတဲ့။ ယာဘဆိုလားဘာဆိုလား၊ သဲသဲကွဲကွဲ မောင်မိုးသူမသိပါဘူး။ ရန်ကုန်မှာမိတဲ့ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ဖမ်းမိတယ်ဆိုတာလည်း အဲသည် ဆေးပြားတွေပဲခင်ဗျ။

ဆေးပြားကတော့ ဘိန်းက ထုတ်တာ မဟုတ်ဘူးခင်ဗျ။ ဓာတုပစ္စည်းတွေ ပေါင်းစပ်ပြီး ဆေးပြားရိုက်တာတဲ့။ အိမ်တွင်းက အဝတ်လျှော်စက်လောက်ဆိုရင်ပဲ ထုတ်လို့ လုပ်လို့ ရပြီတဲ့။

အဲသည် ဆေးပြားတွေ မိလိုက်တာလည်း ကမ္ဘာ့ဒုတိယအကြီးဆုံး၊ အာရှတိုက်ရဲ့ အကြီးဆုံး ပမာဏဖမ်းမိတယ်ဆိုတဲ့သတင်းတို့၊ လမ်းဘေးရေမြောင်းထဲမှာ မိတဲ့သတင်းတို့ ကြားရပါတယ်။ ထူးဆန်းတာက ပိုင်ရှင်မဲ့ဖြစ်နေတာပါပဲ။ ကားကြီးနဲ့မိလည်း ပိုင်ရှင်မဲ့တဲ့ ၊ အိမ်ကြီးထဲမှာမိလည်း ပိုင်ရှင်မဲ့တဲ့။

အဲသည်လောက် အဲသည်လောက် ဆေးပြားများဖမ်းမိတာ မြန်မာနိုင်ငံက ထုတ်လုပ်တာ ဖြစ်ပုံရပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက်သာ ထုတ်လုပ်ရောင်းချတာ ဟုတ်မှဟုတ်ရဲ့လားပေါ့လေ။ ဆိပ်ကမ်းတွေမှာမိ၊ လေဆိပ်တွေမှာမိ ဖြစ် နေလေတော့ နိုင်ငံတကာကိုများ အဓိက ဖြန့်ချိရောင်းချနေလေရော့သလား လို့ စဉ်းစားစရာဖြစ်သပေါ့ ခင်ဗျ။

မြန်မာနိုင်ငံ အနှံ့အပြားမှာ မူးယစ်ဆေးဝါး ဆေးပြားတွေဟာ ဘယ်လောက်ဝယ်လို့ လွယ်ကူသလဲဆိုရင် နေရာတကာ အရပ်တကာ ရန်ကုန်မြို့အပါအဝင် ဝယ်လို့ လွယ်သတဲ့ခင်ဗျ။ ဖမ်းမိကြတဲ့ သုံးစွဲသူ အတော်များများလည်း ထောင်နန်းစံနေရ တာ တွေ့ရပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲမှုမှာကချင်၊ ရှမ်း မြောက်ဟာအများဆုံးဆိုပဲ။ ရွှေတူးရာ၊ ကျောက်စိမ်းတူးရာ အရပ်တွေမှာလည်း အလွန်ဆိုးတယ်လို့ သတင်းတွေ ကြားရပါတယ်။

အဲဒါ အရင်အစိုးရလက်ထက်က သတင်းတွေပေါ့ခင်ဗျ။

ယခု ဒီမိုကရေစီအစိုးရလက်ထက်မှာတော့ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမှာ မီးရှို့ ဖျက်ဆီးတဲ့ သတင်းတွေ ဖတ်ရတယ်ခင်ဗျ။

တစ်နေ့ကပဲ မန္တလေးမှာ ရဲတပ်ဖွဲ့ဝင် ၃၀ဝ ကျော် ပါဝင်ပြီး ရုတ်တရက် ရှောင်တခင် နာမည်ကြီးအရပ်ဒေသတွေမှာ ဝင်ဖမ်းတော့ သုံးစွဲသူများနဲ့ သုံးစွဲသူတွေကို ရောင်းချသူတွေပဲ ဖမ်းမိသတဲ့ခင်ဗျ။

လက်ကား ဖြန့်ချိရောင်းချနေသူများကိုတော့ ယခုအချိန်အထိ မကြားမိသေးပါ ဘူး။ မိလိုက်ရင် ပိုင်ရှင်မဲ့ပဲ။ စစ်ကိုင်းတိုင်းကားပေါ်မှာ မိတာလည်း ကားသမားက ကယ်ရီ အဆင့်ပဲတဲ့။

သည်လောက် ကြီးကျယ်ပြီးတိုင်းပြည်အနှံ့ဖြစ်နေတဲ့ မူးယစ်ဆေးဝါးဆေး ပြား ထုတ်လုပ်ရောင်းချသူများဟာ အလွန့်အလွန်အစွမ်းထက်သူများ ဖြစ်စရာရှိတယ်လို့ သတ်မှတ်ရတော့မှာပေါ့ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ယခုအချိန်အထိ လက်သည်မှ မမိသေးတာပဲ။

ဒါပေမဲ့ မောင်မိုးသူတို့ မြန်မာပြည်မှာတော့ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ် ရာမှာ နံပါတ်တူး နှစ်ဂဏန်း ဖြစ်နေသည့် တိုင် လက်သည်တော့ မပေါ်သေးဘူး ခင်ဗျ။

မြန်မာပြည် မူးယစ်ဆေးဝါးနှင့် မောင် မိုးသူပါ။
↧

ငြိမ်းချမ်းအေး ● ပုဂံရဲ့ အစစ်အမှန် မူလဝိညာဉ်ကို အသက်ပြန်သွင်းပါ

$
0
0
ငြိမ်းချမ်းအေး ● ပုဂံရဲ့ အစစ်အမှန် မူလဝိညာဉ်ကို အသက်ပြန်သွင်းပါ
(The Ladies News / မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၆

မနေ့က (သြဂုတ် ၂၄) ငလျင်ဒဏ်ကြောင့် ဘုရားပေါင်း နှစ်ရာကျော် ပျက်စီးတဲ့ အထဲမှာ ပုဂံက ရှေးဟောင်း ဘုရားတွေ အများအပြား ပါသွားခဲ့တဲ့ အတွက် တိုင်းသူပြည်သား လူအများ လိုပဲ ကျနော်လည်း စိတ်နှလုံးဝမ်းနည်း ကြေကွဲဖြစ်နေရပါတယ်။ ဒါပေမယ့် လူအများဟာ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များဟာ ပုဂံရဲ့ အစစ်အမှန် နှလုံးသားဝိညာဉ် တန်ဖိုးကို အမှန်အကန် သိကြပါရဲ့လား ဆိုပြီးလည်း စဉ်းစားခန်း ဝင်နေမိပါတယ်။


ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များ ပုံဖော်ခဲ့တဲ့ ပုဂံကတော့ မြန်မာ လူမျိုးကြီးဝါဒ မဟာမြန်မာ စစ်ပဒေသရာဇ် လက်နက် နိုင်ငံတော် ပုဂံ ပါပဲ။  အာဏာအတွက် ယတြာချေ၊ ဘုရားမြင် မြင်မြင်သမျှ ရွှေချ၊ မူလ နံရံ ဆေးရေးပန်းချီလက်ရာကောင်းတွေကို ကော်ပတ်စားပြီး ရွှေချ၊ နေရာတကာ ထုံးဖြူသုတ်၊ စီးပွားရေးပေါင်းစား အကျိုးအမြတ် အတွက် ဘုရားထဲအထိ ဟိုတယ်ဆောက်၊ ဂေါက်ကွင်းဆောက်၊ နန်းမြင့် မျှော်စင် ဆိုပြီး လုပ်၊ အာဏာ လောဘ ရူးမှု အစုံစုံ စတဲ့ ရှေးဟောင်းတန်ဖိုးတွေကို ဖျက်ချင်တိုင်း ဖျက်ခဲ့ကြတဲ့အပြင် လူမျိုးကြီး လူမျိုးရေးမှိုင်းတိုက်ရာ အဖြစ်ပါ ပုဂံဟာ အသုံးချခံရရှာတယ်။   “ကြီးမြတ်လေသော သမိုင်းကြောင်းများ” ဆိုပြီး လက်နက်ကိုင် အားကြီးသူ နိုင်ရာစားတဲ့ စစ်ဝါဒ မဟာ မြန်မာ ဝါဒ မြစ်ဖျားခံရာ သက်သက် ပုဂံဟာ ဖြစ်ရရှာတယ်။

ပုဂံကို “မဟာမြန်မာ” သာ အတွင်တွင် လုပ်ခဲ့ကြပေမယ့်  အခုလို သိသာမြင်သာတဲ့ သဘာဝဘေးအတိ ကြုံချိန် ပုဂံကို မြတ်နိုးကြသူတွေ၊ ပုဂံအတွက် တုန်လှုပ် ကြသူတွေမှာ မြန်မာ (ဗမာ) မဟုတ်တဲ့ နိုင်ငံသားတွေ၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေ၊ ကမ္ဘာအနှံ့က နိုင်ငံခြားသားတွေ အများအပြား ပါ နေတာကို ကြည့်ရင် ပုဂံတန်ဖိုးဟာ လူမျိုး တမျိုး၊ ဘာသာ တခု ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ဘောင်အတွင်းက ကင်းလွတ်နေတယ်ဆိုတာ မြင်နိုင်ရပါမယ်။  အမှန်တော့ ပုဂံကို လူသားရဲ့ ယဉ်ကျေးခြင်း၊ လူသားရဲ့ ပညာဉာဏ် ကြီးရင့်ခြင်း၊ လူသားရဲ့ ကြီးကျယ် ခမ်းနားခြင်း၊ လူသားရဲ့ ဖြစ်တည်မှုကို ရှာဖွေခြင်း၊ တွေ့ရှိခြင်း၊ တည်ဆောက်ခြင်း၊ လူသားဝါဒအတွက် အားကျရာ နှလုံးသား ဝိညာဉ် "ရာဇဝင်များရဲ့ သတို့သမီး"အဖြစ်သာ ပူဇော် ထိုက်ပါတယ်။


ဓာတ်ပုံ - Corto Maltese @ Flicker

ဒါပေမယ့် စစ်ဝါဒ မှိုင်းဖုန်းတဲ့ သမိုင်းစာအုပ်၊ ကျောင်းစာသင်ခန်း ပြဋ္ဌာန်း စာမှာတင်မက  အိမ်ရှင် အဖြစ် ကျင်းပခွင့်ရတဲ့ အရှေ့တောင်အာရှ အားကစားပွဲလို တိုင်းပြည်ရဲ့ အထင်ကရ ဂုဏ်ဆောင် နိုင်ငံတော် အဆင့် ပွဲကြီးတွေမှာပါ ပုဂံဟာ “မဟာမြန်မာ” အဖြစ်သာ ဂီတ၊ အနုပညာ Soft Power တွေ အဖြစ် လူမျိုးရေး ပြင်းထန်တဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ စစ်ဗိုလ်ချုပ်ကြီးများ ဖန်တီးတဲ့ ခေတ်စနစ်ဆိုးဒဏ်ခံ သားကောင် ကျနော်တို့ အားလုံး၊ အထူးသဖြင့် မျိုးဆက်သစ် လူငယ်များဟာ ရရှိ ခံစား မှိုင်းတိုက် ခံခဲ့ရပါတယ်။

တကယ်တော့ ပုဂံခေတ်ကို ကြည့်ရင် ပန်းပေါင်းစုံ ပွင့်လန်းတဲ့ အယူဝါဒစုံ ထွန်းကားတဲ့ ဗဟုယဉ်ကျေးမှု ကိုသာတွေ့ရမှာဖြစ်ပါတယ်။ ဘာသာ သာသနာဆိုရင်လည်း ခေတ် သဘော စစ်မှန်တဲ့ ထေရဝါဒ ဗုဒ္ဓ ဘာသာမှ ဆိုတဲ့ ပြင်းထန်တဲ့ အစွဲအလမ်းမျိုး မရှိပါဘူး၊ မဟာယန လည်း ရှိတာပါပဲ။  ဗြဟ္မဝါဒလည်း ထွန်းကားတာပါပဲ။  ဟိန္ဒူ ဓလေ့၊ အယူဝါဒလည်း ကျယ်ပြန့်တာပါပဲ။  အနော်ရထာ မင်းမြတ်က ထေရဝါဒ ဗုဒ္ဓ ဘာသာကို ထိန်းသိမ်းချင်လို့ အရည်းကြီးတွေ နှိမ်နင်းတယ်ဆိုတာ နောက်မှ ဖြစ်လာတဲ့ ယုံတမ်းစကားတွေပါ။  လွတ်လပ်တဲ့ နတ်ကိုးကွယ်မှုလည်း ရှိတယ်။  မင်းက လည်း တဖက်သတ် ဖိနှိပ်၊ တားမြစ်မှုပြုခဲ့ကြောင်း အထောက်အထား မရှိပါဘူး။  မွန်နိုင်ငံကို သာသနာအစစ် လိုချင်လို့ သွားသိမ်းတယ် ဆိုတာလည်း နောက်ပိုင်းမှ အမျိုးသား၊ ဘာသာ သာသနာ ဇောင်းပေး အမြင်နဲ့ တရားမှု ရှာ၊ သမိုင်း ဖန်တီး ကောက်ချ ဆွဲကြတာပါ။  တကယ် သိမ်းရခြင်း အကြောင်းရင်းမှာ ဘာသာရေး အကြောင်းက အဓိက မဟုတ်ပါဘူး။  ယခုခေတ်လို ဘာသာရေး ဗန်းပြပြီး ကျားမ လိင် ခွဲခြား မှုမျိုးလည်း မရှိပါဘူး။  အမျိုးသမီး သာသနာ့ဝန်ထမ်းတွေလည်း အမျိုးသားနဲ့ တန်းတူပါပဲ။

ပုဂံခေတ်သာသာနကို ယုံတမ်းမပါ၊ ချဲ့ကားမပါ သုတေသန အမြင်၊ ပညာပိုင်းဆိုင်ရာ သက်သက် လေ့လာထားတဲ့ စာအုပ်တွေမှာ ဒီအကြောင်းတွေ အသေးစိတ် ဖတ်နိုင်လေ့လာနိုင်ပါတယ်။  သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းရဲ့ “History Of Buddhism In Burma A.D 1000 – 1300 (1956)”  ကျမ်းလို သုတေသနစာတမ်းတွေ၊ ကျမ်းတွေ အများကြီး ရှိပါတယ်။

ပုဂံခေတ် လောက် အယူဝါဒ စုံ အထွန်းကားဆုံး၊ လက်သင့် အခံဆုံး၊ သည်းခံနိုင်မှု အရှိဆုံး၊ ရင်ဘက် အကျယ်ဆုံး၊ နှလုံးအပြည့်ဆုံးခေတ် ဗမာ့ သမိုင်းမှာ မရှိဘူးလို့တောင် ဆိုနိုင်ပါတယ်။ ပုဂံခေတ် ဗိသုကာ မူလလက်ရာမှတ်တမ်းတွေက သက်သေပါပဲ။ အယူဝါဒစုံ လွှမ်းမိုးနေတာ တွေ့ရပါမယ်။


ဓာတ်ပုံ - Gordon Johnstone


(၂၁) ရာစု ခေတ် ဗမာပြည်က လူတွေ၊ အထူးသဖြင့် လွတ်လပ်ရေးရပြီးကတည်းက တိုင်းပြည်မှာ လက်နက်အားကိုးနဲ့ လူတွင်ကျယ် လုပ်နေတဲ့ တဖက်ပိတ် အစွန်းရောက် အမျိုးသားရေးဝါဒီ စစ်ဗိုလ်ချုပ်ကြီးတွေ (၁၀) ရာစု၊ (၁၁) ရာစု ဝန်းကျင် ပုဂံခေတ်က ရှေးမြန်မာကြီးတွေ လောက် အမြင်ကျယ် နှလုံးသားကြီးရင် လူမျိုးရေး၊ ဘာသာရေး အမုန်းတွေ၊ ပဋိပက္ခတွေ၊ ပြည်တွင်း စစ်ပွဲ၊ ရန်ပွဲတွေ မရှိဘဲ ခွင့်တူညီမျှ လူသားဝါဒ ဖြူစင်တဲ့ လူမျိုးစုံ၊ ဘာသာစုံ ပြည်ထောင်စု ပင်လုံ အိပ်မက် လက်တွေ့ အကောင်အထည် ဖော် နိုင်တာ ကြာလှရှိလို့ တိုင်းပြည်လည်း ကမ္ဘာအလယ်မှာ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာရင်မော့ ခေါင်းကော့ ဖြစ်နေမှာပါ။  အဲဒီလိုဆိုရင် ဘာသာ သာသနာ လည်း အစစ်အမှန် ထွန်းကားကျယ်ပြန့်နေမှာ ဧကန် မလွဲ ဖြစ်ပါတယ်။

၁၉၇၅ ပထမ အကြီမ် ပုဂံငလျင် အပြီးကတည်းက မဆလ၊ နဝတ၊ နအဖ စစ်အစိုးရ ခေတ်များ အဆက်ဆက် ဦးနှောက်မဲ့၊ အမြော်အမြင် မဲ့၊ အတ္တအခြေခံ၊ ကိုယ်ကျိုး အာဏာ လောဘ အတွက် ရှေးမူ ပုဂံခေတ် လက်ရာ ဒီဇိုင်း ဗိသုကာ တွေကို ဖျက်ချင်တိုင်း ဖျက်ခဲ့ပုံသာဓကကို PVC ပိုက် ကျိုး ထီးတော်ကနေ ထွက်လာတာက အစ၊ အခု ငလျင်မှာ ကြီးကြီးမားမား ပျက်စီးသမျှ အသစ်ပြင်ထားတဲ့ အစိတ်အပိုင်းတွေ သာ ဖြစ်နေခြင်း အထိ အခု ၂၀၁၆ ပုဂံ ငလျင် မှာ ဓာတ်ပုံ မှတ်တမ်းတွေနဲ့ တကွ ထင်ထင်ရှားရှား မြင်တွေ့ရတော့ လူအများများ တက်တခေါက်ခေါက်နဲ့ ယူကျုံးမရ ဖြစ်နေကြပါတယ်။

တကယ်တော့ လူသားသမိုင်းယဉ်ကျေးမှုစဥ့်ကဲတိုးတက်လာတဲ့ သမိုင်းအမွေအနှစ် အမြောက်အမြားကို  ‘Homo Erectus (မတ်မတ်ရပ်နိုင်ပြီးတဲ့ လူသား)’ ကနေ ‘Homo Sapiens (အသိဉာဏ်ရှိလူသား)’ ဖြစ်စဉ် အဆင့်ဆင့် နောက်ပိုင်း သမိုင်းမတင်မီနဲ့ တင်ပြီး ခေတ်တွေ၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စတဲ့ ခေတ်အဆက်ဆက် မှတ်တမ်းမှတ်ရာ အမွေအနှစ် ရှေးဟောင်းလက်ရာတွေ၊ ကျောက်နံရံပန်းချီတွေကို ဗမာပြည် အနှံ့ တောင်ပေါ် မြေပြန့် အညာ အကြေ အရပ်ဒေသမရွေးမှာ တွေ့နိုင်ပါတယ်။  ဒါတွေဟာလည်း ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သူ လူမျိုးအားလုံးရဲ့ သမိုင်းအမွေအနှစ်တွေပါပဲ။  တနည်းအားဖြင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားကြည့်ရင် ဒါဟာ ကမ္ဘာ့လူသားသမိုင်းက “မဟာလူသား” မျိုးနွယ် တခုလုံးရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမွေလည်း ဖြစ်ပါတယ်။  ဒီလို လူသားအားလုံးနဲ့ ဆက်စပ်တဲ့ ခေတ်အဆက်ဆက် သမိုင်းအစစ်အမှန် အမွေအနှစ် အစစ်အမှန်တွေကိုလည်း အုပ်စိုးသူ စစ်ဗိုလ်ကြီးများက တန်ဖိုးမထားခဲ့ပါဘူး။  လူသားအစ ရှာနိုင်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုတောင် တချိန်တုန်းက အာဏာနဲ့ ပိတ်သိမ်းတားခဲ့ဖူးပါတယ်။  “မဟာလူသားမျိုးနွယ်” တခုလုံးနဲ့ ဆက်စပ်တဲ့ ရှေးဟောင်းအမွေအနှစ်အားလုံးဟာ အာဏာရစ်မူးသူများရဲ့ မထီမဲ့မြင်ပြုမှုကို ခံခဲ့ရတယ်ဆိုတာလည်း ဒီအချိန်မှာ လူအများ ပြန်လည်သုံးသပ်သင့်ပါတယ်။

စစ်ဗိုလ်ချုပ်ကြီးများ ဖျက်ခဲ့တဲ့ ပုဂံ ဟာ ငလျင်ကြီးတွေထက် ဆိုးရွားခဲ့တာမှန်ပါတယ်။ ဒါကြောင့် ဒေါက်တာသန်းထွန်းက “ပုဂံ ဘယ်သူ တည်သလဲ အသေအချာ ငါမသိဘူး၊ ပုဂံဖျက်သူ၊ ဘယ်သူဆိုတာတော့ သေချာသိတယ်” ဆိုတဲ့ နာမည်ကျော် စကားကို ဆိုခဲ့ခြင်းပါ။

ဒါပေမယ့် ဒီလို စစ်ဗိုလ်ကြီးများ ဖျက်ခဲ့သမျှတွေ ထဲမှာ အဆိုးရွားဆုံး၊ အပြင်းထန်ဆုံးနဲ့ အယုတ်မာဆုံး ဖျက်ခဲ့တာကတော့ ပုဂံဆက်စပ် စိတ်ဓာတ် နာမ်ဝိညာဉ် အဇ္ဈတ္တသန္တာန် လူသားပီသမှုဂုဏ်ရည်တွေပါပဲ။  လူသား ယဉ်ကျေးမှုကို စုတုပြု ရယူတည်ဆောက်ခြင်း၊ မတူကွဲပြားတဲ့ အယူဝါဒဓလေ့တွေကို လေ့လာသင်ယူခြင်း၊ မတူညီမှုတွေကို လက်ခံ ခန္တီပါရမီ (Tolerance) ရင့်သန် ကျင့်ကြံခြင်း၊ လူသားရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်တွေကို နှစ်ထောင်ချီ စံထား အားကျရတဲ့ အထိ တည်ဆောက်ပြနိုင်ခဲ့ခြင်း စတဲ့ လူသားရဲ့ အံမခန်းတဲ့ ဖြစ်တည်မှု ကို ခိုင်မာစေခဲ့တဲ့ ပုဂံရဲ့ အစစ်အမှန် နှလုံးသား ဝိညာဉ်တွေကို အုပ်စိုးသူ စစ်ဗိုလ်ကြီးများ ခေတ်အဆက်ဆက် စနစ်တကျ ဝါဒမှိုင်း အမျိုးမျိုးနဲ့ ဖျက်ခဲ့ကြပါတယ်။

ဒါကြောင့် အခု ဒီမိုကရေစီခေတ်သစ် စနစ်သစ်မှာ ပုဂံကို အမှန်တကယ် ကယ်တင် စောင့်ရှောက်ကာ ယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းချင်တယ်ဆိုရင်ဖြင့် ဗိသုကာ လက်ရာတွေကို ပြည်တွင်း ပြည်ပ တတ်သိပညာရှင်များနဲ့ ပညာ ဉာဏ်  အမြော်အမြင် အခြေခံ လုပ်ဆောင်ရမှာ ဖြစ်သလို မဟာမြန်မာ လူမျိုးကြီးဝါဒ ကို ပြည်ထောင်စု ပင်လုံ စိတ်ဓာတ်နဲ့ အစားထိုးကာ ဗဟုဝါဒ အခြေခံ လူမျိုး ဘာသာ ယဉ်ကျေးမှု စုံ ထွန်းကား သက်ဝင်တဲ့ မူလ ပုဂံ ဝိညာဉ်ကို အသက်ပြန်သွင်းဖို့ လိုကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
၂၅ သြဂုတ် ၂၀၁၆


The Ladies News journal တွင် မူလ ထုတ်ခဲ့သည်။  The Laides News စာမျက်နှာတွင်လည်း ဖတ်ရှုနိုင်ပါသည်။

https://web.facebook.com/News.TheLadies/posts/613368018838171:0

ဓာတ်ပုံများ License Wiki Common
၁) စည်သူ ၂  ဘုရင်လက်ထက် ပုဂံ နိုင်ငံတော် အင်ပါယာ (circa ၁၂၁၀ ခုနှစ်)
၂) ပုဂံလွင်ပြင်ပေါ်မှာ တွေ့မြင်ရတဲ့ ဘုရားပုထိုးစေတီများ (ဓာတ်ပုံရိုက်သည့်နေ့ ၁၄ သြဂတ် ၂၀၀၇) ဓာတ်ပုံပိုင်ရှင်/ဓာတ်ပုံဆရာ - Corto Maltese 1999 @ Flicker
၃) ပုဂံနေဝင်ချိန်ရှုခင်း ဓာတ်ပုံပိုင်ရှင်/ဓာတ်ပုံဆရာ -  Gordon Johnstone

↧

ဂျူနီယာဝင်း - ကျွန်မတို့ ဘာတွေ ဆုံးရှူံးဦးမှာလဲ

$
0
0


ဂျူနီယာဝင်း - ကျွန်မတို့ ဘာတွေ ဆုံးရှူံးဦးမှာလဲ
(မိုးမခ) သြဂုတ် ၂၆၊ ၂၀၁၆

ကျွန်မ၏အဘွားဖြစ်သူ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က ၁၉၇၅ခုနှစ် မေလ ရ ရက်နေ့က လှူပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်ဆီးသွားသော ပုဂံဘုရားများသတင်းကို ကြားကာ

ကြေးမုံသတင်းစာတွင် “တို့တတွေနဲ့မတန်လေသလား“ ဟူသော စာတစ်ပုဒ်ကိုရေးသားခဲ့သည်။ ထိုစာပါလာသော ကြေးမုံသတင်းစာကို ပုသိမ်တွင် ရောက်ရှိနေခဲ့ကြသော ကျွန်မတို့အတူဖတ်ခဲ့ကြရသည်။ စာထဲတွင် ၁၉၇၅ခုနှစ် မေလ ၇ရက်နေ့ ညနေ ၆နာရီ၃၅မိနစ်တွင် လှူပ်ခဲ့သောငလျင်သည် ပုဂံပြည်က ဘုရားများကို ပျက်ဆီးသွားစေခဲ့ပြီ၊ သူ့မြေးကလေးတွေ အရွယ်ရောက်လာရင် ပုဂံပြည်ကို ခေါ်ကာ ဂုဏ်ယူဖွယ်ကောင်းလှသည့် ရှေးအမွေအနစ်များရှိရာ ပုဂံပြည်က စေတီပုထိုးများကို လိုက်ပြဖို့ စိတ်ကူးယဉ်အိပ်မက် ပျက်ခဲ့လေပြီဟု ဆိုသည်။

မေမေကြီးဒေါ်ခင်မျိုးချစ်သည် သူအင်မတန်မြတ်နိုးကာ သူရေးသောစာများထဲတွင် များစွာနေရာယူခဲ့သော မင်းအနော်ရထာ၏ သမိုင်းကြောင်းများ၊ ပုဂံပြည်တည်ထောင်ပုံများကို ပြန်လည်မြင်ယောင်ကာ စိတ်ကူးနေမည်ဆိုတာကို မှန်းဆ၍ရနိုင်ပါသည်။ အနော်ရထာရဲ့ လက်နဲ့တည်ခဲ့သောဘုရားများ၊ ကျန်စစ်သားမင်းအငွေ့အသက် များရှိနေသော၊ ရှေးက သူရဲကောင်းများ၏ ခြေရာလက်ရာများ ထင်နေခဲ့သော၊ ဗုဒဘာသာစတင် မြစ်ဖျားခံဖို့အတွက် အကြောင်းဖန်ရာ ရှင်အရဟံနဲ့ မင်းအနော်ရထာတို့ တွေ့ခဲ့ရာ စသောစသော ပုဂံမြေမှာ သူတို့တွေရဲ့ ၀ိညဉ်တွေ ရှာဖွေဖို့ အကောင်းဆုံးဖြစ်ခဲ့ရတဲ့ သည်ဘုရားမြေ ပုဂံပြည်ကို မေမေကြီးတော်တော်လေး မြတ်နိုးတန်ဖိုးထားခဲ့မှာပဲဆိုတာကို Working People’s Daily အင်္ဂလိပ်သတင်းစာထဲမှာ ဖော်ပြခဲ့သော A Letter to My Grandchildren မှာ လည်းတွေ့ရလေသည်။ သူ့မြေးကလေးများ အား “မြေးတို့ဘာတွေဆုံးရှူံးခဲ့သလဲ သိကြရဲ့လား …“ ဟု သူ့မြေးပေါက်စကလေးများကို ၀မ်းနည်းစကားဆိုထားတာကို တွေ့ကြရသည်။

ကျွန်မသည် ပုဂံကို မေမေကြီးဒေါ်ခင်မျိုးချစ်ကွယ်လွန်ခဲ့ပြီး နှစ်တော်တော်လေး ကြာမှ ရောက်ခဲ့ရပါသည်။ မေမေကြီးရေးသားခဲ့သော Anawrahta of Burma ကို ထုံးလိုချေ ရေလိုနှောက် ဖြင့် ဘဘကြီးဦးခင်မောင်လတ်က သင်ပေးထားခဲ့တာတွေကြောင့်၎င်း၊ မေမေကြီးရေးသားခဲ့သော စာများကို ဖတ်ခဲ့တာတွေကြောင့်၎င်း၊ ပုဂံမြေကို ချေချရတော့မည်ကို တော်တော်လေး စိတ်လှူပ်ရှားခဲ့ရပါသည်။ ကျွန်မလက်ထဲတွင် မေမေကြီးရေးသားသော စာအုပ်ထဲက အမှတ်တရနေရာများ၊ ဘုရားများကို ရေးမှတ်ထားသော စာအုပ်ကို ကိုင်ထားပါသည်။ ဒီနေရာတွေကိုမရောက်ရောက်အောင်သွား ရမည်။

ပုဂံကိုရောက်ခဲ့သော ခရီးစဉ်သည် စိတ်ဝင်စားစရာကောင်းပါသည်။ ပုဂံမြေကြီးသည်ပင် ကျွန်မအတွက် မနင်းရက်လောက်အောင် တန်ဖိုးမဖြတ်နိုင် ဖြစ်ခဲ့ရပါသည်။ ထိုဒေသအရပ်မှာ နေထိုင်နေကြသူတွေကိုလဲ ကံကောင်းသူများဟု ကင်ပွန်းတပ်ချင်ပါသည်။ ပုပ္ဗါးတောင်ကို ရောက်တော့ မေမေကြီးရေးတဲ့ထဲက ဇာတ်ကောင်များ ကိုမြင်ယောင်ကာ စိတ်ထဲမှန်းကာ မြင်ယောင်မိပါသည်။ ကျွန်မစိတ်ထဲက မေမေကြီးပြောပြမယ့် နေရာတွေ၊ ရှင်းပြမယ့်နေရာတွေ ရောက်ခဲ့ပြီ၊ မေမေကြီးလည်း ကျေနပ်လိမ့်မည် ဟုတွေးနေပါသည်။ မြန်မာလူမျိုးမှန်ရင် ပုဂံတော့ရောက်ဖူးရမည် လို့လဲ မေမေကြီးကပြောခဲ့တယ်လေ။ ကျွန်မ တော်တော်နောက်ကျမှ ရောက်ခဲ့ပေမယ့် ကျေနပ်ပါသည်။ ဘုရားပရ၀ဏ်တွေမှာ ကလေးလေးတွေက ဘိုလိုကျွှမ်းကျွမ်းကျင်ကျင်နဲ့ ဘုရားသမိုင်းတွေကို ခရားရေလွတ်ပြောနေတာကို ငေးမောခဲ့ရပါသည်။ မြန်မာလိုလဲ လိုက်မမှီနိုင်လောက်အောင် ရှင်းပြပြောပြနေတာကို တွေ့ပြီး တအံ့တသြ နားထောင်လိုက်ရပါသည်။ ကျွန်မရှာနေသော နေရာတချို့ကို သူတို့ကို အကူအညီ တောင်းလိုက်ရပါသေးသည်။ သြော်… မေမေကြီးပြောပြတဲ့အထဲ သူတို့လေးတွေအကြောင်း မပါပါလား။ မေမေကြီးကတော့ သူငယ်ငယ်တုန်းက သူ့အဘိုးမြန်မာပညာရှိဦးဘေက ပုဂံဘုရားသမိုင်းနဲ့ အနော်ရထာမင်းအကြောင်းတွေ ရှင်းပြပြောပြတာကို နာယူမှတ်သားခဲ့ရသတဲ့။

ပုဂံဘုရားများကို ကျွန်မရေးမှတ်ထားသော စာရင်းများအတိုင်း မြင်းလှည်းဆရာက လိုက်ပို့ပေးပါသည်။ တချို့နေရာများကို မြန်အောင် ကားငှားသွားရပါသည်။ ၁၉၇၅ ငလျင်မလှူပ်ခင်က မေမေကြီးက ပုဂံဘုရားတွေကို ဖူးတွေ့ခဲ့တယ်။ ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံဘုရားတွေကို မြင်ယောင်ပြီး စိတ်နှလုံးကြေကွဲခဲ့တယ်။ ကျွန်မကတော့ ငလျင်မလှူပ်ခင်က ပုဂံကို မသိဘူး။ ငလျင်လှူပ်ပြီးတဲ့နောက် တော်တော်ကြာမှ ပုဂံကိုရောက်ခဲ့တော့ ဒေသခံတွေနဲ့ ပုဂံဘုရားတွေအကြောင်း ရှင်းပြပေးတဲ့ သူတွေကြောင့် မူရင်းအခြေအနေများကို မှန်းပြီး ကန်တော့ခဲ့ရသည်။ သူတို့က အဲသည်ဆေးရောင်တွေက မူလအရောင်မဟုတ်တော့ဘူး …တဲ့။ အဲသည်နေရာက အုပ်ချပ်တွေက…… တဲ့။ ထိုနေရာတွေမှာ အရင်က ရှေးမူလက်ရာတွေ ရှိခဲ့တယ်… တဲ့။ သိပ်ကို နှမျောစရာကောင်းတဲ့ အမှတ်တရတွေပေါ့ …..စသည့်ဖြင့် လက်ညိုးထိုး ရှင်းပြကြတာတွေကို ရင်နာနာနှင့် နားထောင်ခဲ့ရသည်။ ဒါပေမယ့် အဲဒါတွေက ၁၉၇၅ခုနှစ် ငလျင်လှူပ်လို့ ပျက်စီးသွားခဲ့ရတာတွေ မဟုတ်ဘူး….။ မေမေကြီးသိပါ့မလား…. ပုဂံဘုရားတွေဟာ လူတွေဖျက်ဆီးလိုက်လို့ တော်တော်ကြီး ပျက်စီးနေပြီ။

မေမေကြီးကတော့ သူ့စာထဲမှာ ရှေးဟောင်းပစ္စည်း အမွန်အမြတ်တွေကို မှောင်ခိုရောင်းစားချင်သူတွေအဘို့ လုပ်ကျစမ်းဟဲ့လို့ စေတီတော်များ ရင်ခွဲပြီးပေးလိုက်ကြလေသလား …ဟု ငလျင်ဒဏ်ကြောင့် ပုဂံဘုရားများ ပျက်စီးကြေကွဲကြရတာကို ခံစားရေးခဲ့တာ ဖတ်ခဲ့ရတာကို သတိရမိသည်။ ယခုတကြိမ် ၂၀၁၆ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅နာရီ ၄မိနစ် ၅၅စက္ကန့်မှာ ရီချာစကေး ၆.၈ နဲ့ငလျင်လှူပ်တဲ့ဒဏ် ပုဂံမှာခံခဲ့ရကာ ဘုရားစေတီပုထိုးများ ပျက်စီးကြရတာကို ကြားသိရချိန်မှာ မေမေကြီးကို သတိရမိပါသည်။ မေမေကြီး ဘာရေးမှာလဲ။ ဘာများရေးစရာ ကျန်ဦးမလဲ။

နောက်တစ်ကြိမ်များ ကျွန်မ ပုဂံပြည်ကြီးကို ထပ်ရောက်ခဲ့ရင် ပုဂံညောင်ဦးက ဒေသခံတွေက ကျွန်မကို သည်နေရာတွေက ၂၀၁၆ ငလျင်ကြောင့် ပျက်စီးခဲ့တာတွေလို့ ပြောပြကြတာကို ကြားရမလား၊ ဒါမှမဟုတ်…… ..

ဂျူနီယာဝင်း
↧
↧

ခက်သီ - ဘုရားသခင်အတွက် မေးခွန်း

$
0
0
Than Htay Maung


ခက်သီ - ဘုရားသခင်အတွက် မေးခွန်း
(မိုးမခ) သြဂုတ် ၂၆၊ ၂၀၁၆

လမ်းတိုင်းဟာ ရောမကိုရောက်နိုင်ပေမယ့်
ရောမ ကနေ ရောက်နိုင်တာတလမ်းပဲရှိတယ်
အဲ့ဒါဟာ ငရဲပဲ

ဆီဇာဟာ ကလီယိုပတ်ထရာရဲ့ ရင်သားထက်မှာ စစ်ရှုံးခဲ့တယ်
ငါတို့အားလုံးဟာ ဘရုတပ်စ်များသာပေါ့
ရဲရဲကြီး နာမည်ပျက်ကြတာပေါ့။

မာတဲ့ခေါင်းက ရိုက်ခွဲလို့အကောင်းဆုံးပဲ
ညစ်ပတ်ပေရေမှ လျှော်ဖွတ်ရတာမဟုတ်ဘူး
အဖြူလည်း အဖြူစွန်းတာပဲ
အမြဲလျော်ဖွတ်နေရတယ်

မင်းရဲ့ဦးခေါင်းထဲ ယမ်းဘီလူးတွေတပ်ဆင်ထားရင်
မင်းရဲ့နှလုံးသားမှာ ဘယ်ချိုးငှက်မှ
သံလွင်ခက်နဲ့ရောက်မလာဘူး

မင်းရရှိမှာ
ဆူးခက်သရဖူနဲ့ လှောင်ပြောင်သရော်မှု
မင်းရဲ့ရှင်ပြန်ထမြောက်ချိန်ကို
လူသားတွေကကျောခိုင်းလို့ ...။

ငတ်မွတ်နေတဲ့ ကလေးငယ်တွေနဲ့
ခြေတဖက်ပြတ်စစ်သားတယောက်က ပြောမယ်
လူတိုင်းက ယေရှုမဖြစ်နိုင်ဘူး
ဖြစ်ရင်းဖြစ် နပိုလီယံပဲ ဖြစ်မယ်တဲ့ ...။

အာဟာရပြတ်လဲကျနေတဲ့အဘွားအိုတယောက်က ပြောလိုက်တယ်
ယေဟောဝါက
နပိုလီယံကို နှစ်ယောက်မဖန်ဆင်းခဲ့ဘူး
နပိုလီယံတော့ဖြစ်မှာမဟုတ်ဘူး
နပိုလီယံရူးပဲ ဖြစ်ရမယ် ... ။

မင်းတို့ရူးသွပ်မှုအောက်မှာ
ငါ့တောင်ယာခင်းလေးနဲ့
ငါ့လင်သား
ငါ့သားမြေမြစ်များ ပါသွားခဲ့ပြီ
ပျက်သုဉ်းခြင်းဟာ အဆုံးရှိတယ်
အမုန်းတွေဟာ အဆုံးမရှိဘူး
စစ်ပွဲတွေ ဘယ်နည်းနဲ့ပြီးမလဲ
ဘုရားသခင်သာ ဖြေနိုင်မယ့်မေးခွန်းပဲ ။ ။

ခက်သီ
↧

ကာတွန်း မိုးသွင် - ဆန္ဒထုတ်ဖော်လိုက်တဲ့ ငလျင်

$
0
0

ကာတွန်း မိုးသွင် - ဆန္ဒထုတ်ဖော်လိုက်တဲ့ ငလျင်
(မိုးမခ) သြဂုတ် ၂၆၊ ၂၀၁၆
↧

ယာတောက သာဗြော - အဝေးက ပေးစာတစောင် (ပုဂံငလျင်)

$
0
0
Paw Oo Thet
 
ယာတောက သာဗြော - အဝေးက ပေးစာတစောင် (ပုဂံငလျင်)
(မိုးမခ) သြဂုတ် ၂၆၊ ၂၀၁၆
 (သူ့ဖေ့စ်ဘွတ်က ယူပါတယ်)

 ကိုဟိုဒင်းရေ ...
စာလည်းမရေးဖြစ်တာကြာပြီဗျာ။ အခုတော့ပုဂံဘုရားတွေပြိုတဲ့ချောက်ငလျင်သတင်းကြားရတော့ ရင်ထဲမှာခံစား ချက်ပြင်းလွန်းလို့ ဒီစာကိုကောက်ရေးလိုက်ပါတယ်။ ၁၉၇၅ခုနှစ်တုန်းက ပထမအကြိမ် ပုဂံဘုရားတွေပြိုတဲ့ငလျင်တုန်းက ကျွန်တော်ကထောင်က ထွက်လာပြီ၊ တောမခို သေးဘူး။ အဲဒီညနေက မန္တလေးဧရာဝတီမြစ်ဘေး၊ ချော်ဆိပ်မှာကျွန်တော်တို့ ဘော့လုံးသွားကစားနေတော့ ငလျင်က မန္တလေးမှာလည်းနည်းနည်းလှုပ်ပေမယ့် ဘာမှမသိလိုက်ဘူး။ အိမ်ပြန်ရောက်လို့ထမင်းစားတော့မှသိတာ။ သိတော့ ထမင်းတောင် ဆက်မစားနိုင်တော့ဘူး။

ပုဂံဟာကျွန်တော့်ရဲ့သညာထဲမှာ သိပ်ကြီးကျယ်ခမ်းနား၊ ဂုဏ်ပြောင်တဲ့သမိုင်းကဏ္ဍတခုဖြစ်တယ်ဗျ။ ဗမာပြည် သမိုင်းမှာ ကျွန်တော်တို့အမျိုးသားတွေရဲ့ ဂုဏ်ယူစရာရွှေခေတ်တွေကို ကိုယ်စားပြုတဲ့ အထောက်အထားဆိုလို့ ပုဂံနဲ့ မြောက်ဦးမှာပဲ ရှိတော့တယ်လို့မှတ်ထားတာ။ ကျန်တဲ့နေရာတွေမှာလည်း (ဥပမာ - အင်းဝ) မရှိဘူး မပြောပါဘူး။ ရှိသလောက်ရှိပါတယ်။ ဒါ ပေမဲ့ ဒီနှစ်နေရာလို ထုထုထည်ထည်၊ များများစားစားဘယ်မှာမှမရှိဘူးဗျ။

 ပြောရဦးမယ်။ ကျွန်တော်ထောင်ထဲရောက်ကာစ၊ ၁၉၆၆-၆၇ခုလောက်ဖြစ်မှာပေါ့။ ကျွန်တော် ကဗျာမှော်ပေါက်ပြီး ကဗျာတွေစက်နဲ့လှည့်ထုတ်သလိုရေးမိတဲ့အချိန်မှာ ကိုယ်အင်မတန်ကြည်နူးမိတဲ့ ရှုခင်းတခုကို ပြန်တွေးပြီး လွမ်းလွမ်း ဆွတ်ဆွတ်ရေးမိဖူးတယ်ဗျ။ အဲဒီကဗျာရဲ့အစပိုင်းမှာ “စူဠာမဏိဆို၊ စေတီအိုကြီးရဲ၊ အထက်ကွမ်းထောင်နား”ကနေမြင် ရတဲ့ပုဂံမြင်ကွင်းကို ပြန်ရေးမိတာပါ။

ကျွန်တော်ကထောင်ထဲ မရောက်မီလေးတင်ကပဲ မိသားစုနဲ့အတူ ပုဂံကို မှတ်မှတ် ရရ ခရီးတခေါက် ရောက်ခဲ့ဖူးတယ်ဗျ။ အဲဒီခရီးမှာ ကျွန်တော်တို့အိမ်သားတွေနဲ့အတူ (အဖေတော့မပါဘူး၊ သူက သတင်းစာ ဦးစီးနေခဲ့တယ်) ဆရာတော်ရွှေကိုင်းသား၊ ဆရာကြီးရွှေဥဒေါင်း၊ ပန်းချီဆရာ ကိုပေါ်ဦးသက် စတဲ့လူတွေလည်းပါတော့ သိပ်အဓိပ္ပာယ်ရှိတာပေါ့ဗျာ။ သူတို့ပါးစပ်က ထွက်တာတွေ နားထောင်မှတ်သားရင်း ပုဂံပန်းချီကားကြီးကိုကြည့်ရတဲ့အတွေ့အကြုံဟာ ဘာနဲ့ကမှနှိုင်းယှဉ်လို့မရပါဘူး။

ပုဂံအကြောင်းပြန်စဉ်းစားလိုက်တိုင်း ကျွန်တော့်အဖို့ဂုဏ်ယူမဆုံး၊ ကြည်နူး မဆုံးမို့ ဒီလိုကဗျာရေးမိခဲ့တာပါ။ နောက်တခါ။ ကျွန်တော် ပီကင်းက မဟာတံတိုင်းကြီးပေါ်ကို ပထမဆုံးအကြိမ်တက်မိတော့ ဟိုးအဝေးကြီးမျက်စိ တဆုံးအထိ တောင်တွေကို နဂါးကြီးတကောင်လို တွန့်လိမ်တွယ်ဖက်ထားတဲ့ မဟာတံတိုင်းကြီးရဲ့မြင်ကွင်းကိုကြည့်ရင်း ကျွန်တော့ခေါင်းထဲမှာ ပုဂံဟာ ဖြတ်ကနဲ ပေါ်လာပြန်ပါတယ်။ တခြားမဟုတ်ပါဘူး။ လူသားတွေရဲ့စွမ်းအား၊ လူသားတွေရဲ့ ကြီးမြတ်မှုပါ။ ပုဂံတုန်းကလည်း ရာထောင်ချီတဲ့ အဆူဆူသောစေတီဘုရားတွေကိုဖူးရင်း အဲဒီလိုပဲ “အော်- ငါတို့နိုင်ငံ သားတွေ၊ လူသားတွေဟာတယ်လည်းစွမ်းပကားကြီးပါလား၊ ဖန်တီးနိုင်စွမ်း ရှိပါကလား”လို့ ခေါင်းထဲမှာ ပေါ်ခဲ့ဘူးတယ်။ ကျွန်တော်ကတခြားဘယ်တိုင်းပြည်မှလည်းမရောက်ဖူးတော့ ကျွန်တော့်ခေါင်းထဲမှာဒီလိုခံစားမှုပေါ်တာ  ဒီနှစ်ခါပဲလို့ ပြော ရမှာပါ။

 ကျွန်တော့်စိတ်ထဲမှာ ဗမာပြည်သားမှန်ရင် ပုဂံကိုတန်ဖိုးထားဂုဏ်ယူရမယ်၊ ဧရာဝတီကိုချစ်ရမယ်ဆိုတာကို အစွဲ တခုလိုစွဲနေပါတယ်။ ကျနော်တို့ကျောင်းသားအရွယ်ကတည်းက အင်မတန် စွဲလန်းခဲ့ကြတဲ့ ဆရာ့ဇော်ဂျီ့ကဗျာတပုဒ်ကို ခင်ဗျားမှတ်မိသေး တယ်မဟုတ်လား။

 စေတီနဲ့တန်ဆောင်း ဆည်ချောင်းနဲ့ စပါးနှံ
 ရွှေပေါက္ကံပြည်တကြောမှာ ပေါချင်တိုင်းပေါတဲ့ပြင်
ဝပြောတဲ့သာသနာ ခေါင်းလောင်းသံညံမစဲရယ်နှင့်
ပုဂံပွဲ သာလွန်းလို့ လာသူလာသွားသူသွား
လယ်တွင်းသားပြည်တော်သား အသည်သားမင်းမှုထမ်း တစိတ်ဝမ်းတလက်ညီ ပြည်ရေးကိုပြိုင်တူချီကြတော့
 ပြည်တော်မြတ် ပဲ့တင်သံ ဘဝဂ်ကညံပါရော ...

ဆိုတာလေ။

အခုတော့ပြိုကုန်ပြီတဲ့ဗျာ။ ပြိုကုန်ပြီတဲ့။ သင်္ခါရတော့ သင်္ခါရပေါ့ဗျာ၊ ဒါပေမဲ့ ဒီသင်္ခါရမျိုးကိုတော့ တခါမှမကြုံဖူးချင် ပါဘူး။ အင်တာနက်ခေတ်မို့ ငလျင်သတင်းကိုလှုပ်ပြီးနောက် တနာရီလောက်အကြာမှာပဲ ကြားသိရလို့ ရင်တထိတ်ထိတ်နဲ့ ရေဒီယိုသတင်းတွေကိုနားထောင်မိပါတယ်။ ဘီဘီစီမှာပါလာတာက အားလုံးပေါင်း ၁၈၅ဆူတဲ့၊ နာမည်ကြီးတွေထဲက ဆိုရင် စူဠာမဏိတဲ့၊ လောကနန္ဒာတဲ့၊ ထီးလိုမင်းလိုတဲ့၊ အမလေးဆက်မကြားပရစေနဲ့တော့။ ကမ္ဘာပျက်တဲ့သတင်းကို ကြားရသလိုပဲဗျာ။ အခုလိုပြိုတဲ့အတွက် ဘယ်သူ့ကိုမှ ကျွန်တော်အပြစ်မတင်လိုပါဘူး။ ဒါပေမဲ့ဒီနိုင်ငံမှာက ပြန်ပြင်တယ်ဆိုတဲ့အခါမှာ အပြစ်တင်စရာတွေပေါ်လာတတ်တယ်ဗျ။ အခုကိုပဲပုဂံကိုယူနက်စကိုက ပုဂံကိုရှေးဟောင်း အမွေအနှစ်ပစ္စည်း စာရင်းထဲမသွင်းဘူးလို့ဆိုထားသမှုတ်လား။ အဲဒီလိုအသိအမှတ်မပြုတဲ့အကြောင်းရင်းက ဗိုလ်သန်းရွှေ -ဗိုလ်ခင်ညွန့်တို့က ဘုရားစေတီအိုတွေ၊ အပြိုအပျက်တွေကိုသူတို့ဖာသာသူတို့ ထင်သလိုပြုပြင်ထီးတင်တာတွေ၊ ဗေဒင်ကိန်းခန်းနဲ့ ယတြာ လိုအပ်ချက်အရ ပုဂံရှေးဟောင်းစေတီတော်တွေအကြားမှာ မန္တလေးခေတ်စတိုင်နန်းမြို့တော်တည်ဆောက်တာတွေ ကြောင့်လို့ ကြားဖူးတာပဲဗျ။

အမယ်ကြီးအိုကိုမိတ်ကပ်နဲ့နှုတ်ခမ်းနီဆိုးပေးသလိုလုပ်တဲ့ အဲဒီစစ်ဗိုလ်တွေဟာ သူတို့ကိုယ် ကျိုးအတွက် ဘုရားဒါယကာ၊ ကျောင်းဒါယကာဖြစ်ချင်၊ ယတြာလုပ်ချင်၊ အနော်ရထာ၊ ကျန် စစ်သားစသူတွေနဲ့ တတန်းတည်းဖြစ်ချင်လို့လျှောက်လုပ်ရာကနေ ပျက်စီးကုန်ခဲ့ရတဲ့ ဗမာ့ရှေးဟောင်းအမွေအနှစ်တွေ များလှပါပြီ။ ဒီနေ့ ခေတ်နိုင်ငံရေးမှာ ခေတ်နောက်အကျဆုံး၊ နောက်ပြန်အဆွဲဆုံးနည်းဖြစ်တဲ့ ဘာသာရေးကိုအသုံးပြုပြီးအာဏာထိန်းဟာ ဗမာပြည်ရဲ့ခေတ်သစ်သမိုင်းမှာ ဗိုလ်သန်းရွှေ-ဗိုလ်ချင်ညွန့်တို့ဟာအဆိုးဆုံးလို့ပြောနိုင်တယ်ဗျ။ နောက်ပြီး ဗိုလ်ခင်ညွန့် ထောင်ကထွက်လာပြီးတဲ့နောက် အဲဒီလိုလုပ်တာတွေနဲ့ပတ်သက်ပြီးမီဒီယာက မေးတဲ့အခါမှာ ဗိုလ်ခင်ညွန့်က သတင်း ထောက်အမျိုးသမီးလေးကို မောက်မောက်မာမာ ပြန်ပြောခဲ့တာကိုလည်း မှတ်မိကြလိမ့်မယ်ထင်ပါတယ်။

ကိုယ်ကျိုး အတွက်ဆိုရင်စေတီပုထိုးဘုရားတွေကိုတောင်ချမ်းသာမပေးတဲ၊ ဘနဖူးသိုက်တူးဖို့အမြဲအသင့်ရှိတဲ့ ဒီစစ်ဗိုလ်တွေရဲ့သြဇာ အရှိန်အဝါတွေ ဒီနေ့အထိ ဘယ်လောက်ရှိနေသေးသလဲ မသိဘူး၊ ဒါကြောင့် ဗမာပြည်သားတွေက ဒီတခါပြန်ပြုပြင်တယ်ဆို ရင် အရင်စစ်ဗိုလ်တွေ လုပ်သလိုပဲဖြစ်ဦးမှာလားလို့ စိုးရိမ်ကြတာ လွန်တယ်မဆိုနိုင်ဘူးဗျ။

 ဘယာဘေးကွာဝေးကြပါစေ။
ယာတောကသာဗြော
↧

မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း

$
0
0
Saya Swan & Tin Moe with Pwintphyu Nandar (@ 2006)
မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း
(မိုးမခ) သြဂုတ် ၂၆၊ ၂၀၁၆


ဂျပန်ခေတ်မှာ ကိုဘဂျမ်းက အသက်၁၃-၄နှစ်အရွယ်ရှိပါပြီ။ “ဂျပန်ခေတ်အကြောင်း အမှတ်တရပြောစမ်း” လို့ အပြန်အလှန် မေးကြ ဖြေကြဖူးပါတယ်။ သူပြောတာက


ဂျပန်ခေတ်မှာ ကျနော်မှတ်မိတာကတော့ဗျာ၊ မြင်းခြံကနေ စစ်ဘေးရှောင်လာတဲ့ မိသားစုဝင်ထဲက ကောင်မလေးတယောက်နဲ့ ရင်းနှီးခင်မင်ဖူးတယ်ဗျ၊ အသားညိုညို၊ နာမည်တောင် ကျနော် မှတ်မိသေးတယ်၊ ----- တဲ့၊ နာမည်ပြောတော့ ကျွန်တော်တို့ မြင်းခြံက ဂါးဗားမင်းကျောင်းမှာ ကျွန်တော်တို့ထက် တတန်းကြီးတဲ့ ကျောင်းသူတဦး ဖြစ်နေပါတယ်။


“ခင်ဗျားက အဲဒီကျောင်းသူ၊ မြို့ကြီးသူလိုဟာမျိုးကို စာပေးရဲလို့လား၊ ခင်ဗျားကစာပေးတာ ၀ါသနာပါ တယ်ဆို” လို့ မေးတော့ ရယ်ဖြဲဖြဲနဲ့…။


“မဟုတ်ပါဘူးဗျာ။ ကျုပ်ကကြောက်တတ်ပါတယ်။ ဒါပေမဲ့ သူက မကြောက်တတ်ဘူးဗျ။ ဘဂျမ်းရေ၊ ပြောင်းခင်းထဲ သွားရအောင်လို့ မကြာခဏ လာခေါ်တယ်။ ကျွန်တော်က တခါတော့ အီးအီးပါချင်လို့လား။ ပြောင်းခင်းက ရှုပ်တယ်၊ ရှင်းတဲ့နေရာမှာ ထိုင်ရအောင်” လို့ပြောဖူးတယ်။


သူက “မဟုတ်ဘူး၊ လင်မယား လုပ်တမ်းကစားရ အောင်..” တဲ့။


“ငယ်သေးတော့ ကျုပ်လည်း ဘုမသိ ဘမသိပါပဲ” စသဖြင့် ပြောဖူးပါတယ်။


ဂျပန်ခေတ်အကြောင်း စကားစပ်မိတိုင်းကျွန်တော်က “ဘဂျမ်းရေ ပြောင်းခင်းထဲသွားရအောင်” ဆိုရင် “တော်စမ်းပါ၊ စကားကောင်းပြောမလို့ ပါ” လို့ မျက်နှာထားနဲ့ ဟောက်တတ်ပါတယ်။


တကယ်တော့ဂျပန်ခေတ်မှာ ကိုဘဂျမ်းတယောက် တော်တော် ကောင်းစားလိုက်ပါတယ်။ သူက ဉာဏ်ကောင်းတော့ ဘာသင်သင်၊ သင်တိုင်းရတာကိုး။ ဂျပန်ခေတ်မှာ ဖက်ဆစ် ဂျပန်အရိုင်းတွေက အများစုဖြစ်ပေမဲ့ စာရေးဆရာတွေ၊ ကျောင်းဆရာတွေလည်း စစ်တိုက်ဖို့ စိတ်မပါဘဲ၊ စစ်ထဲ လိုက်လာကြရတာတွေရှိပါတယ်။ ကျွန်တော်တို့ရွာမှာလည်း အဲသလို ဂျပန်စစ်ပြေးတယောက်ကို ကျွေးထားရဖူးပါတယ်။


ကိုဘဂျမ်းတို့ ရွာကိုလာတဲ့ ဂျပန် တွေထဲမှာ ပညာတတ်တွေ တော်တော်လေးပါလာသတဲ့။ သူတို့က ဂျပန်စာ၊ ဂျပန်သီချင်းတွေသင်ပေးတယ်။ ပထမတော့ ကလေးတွေကို “ကူးဝါး” ဆိုထင်ပါရဲ့၊ ဂျပန်ဂျုံကြမ်းမုန့်လေးတွေကျွေးပြီး သီချင်းသင်ပေးတယ်။ ရှီရိုဂျီနီ၊ ဟကာကူ၊ ရှိရိုမာနီရိုမဲ့ အစရှိတဲ့ ဂျပန်သီချင်းဟာ သူတို့ တက်နေ၀န်းနီ အလံတော်သီချင်းဆို ထင်ပါရဲ့။ အဲလို သီချင်းတွေသင်ပေးတော့ မောင်ဘဂျမ်းလေးက အသွက်ဆုံးတဲ့။


ဂျပန်တွေက လူငယ်လူရွယ်တွေကိုတော့ သီချင်းပါမက ဂျပန်လိုပါ သင်ပေးသတဲ့။ သူ့ကို ဉာဏ်ကောင်း တယ်ဆိုပြီး ဂျပန်စာပါသင်ပေးကြတယ်။ သူ့အိမ်က ကိုဘဂျမ်းကို ချော့မော့ပြီး နေ့တိုင်းရေမိုးချိုး၊ သနပ်ခါးလိမ်းပေး၊ အ၀တ်အစားလဲပေးတာ လုပ်ထားနှင့်ရတယ်။ ကိုဘဂျမ်းက ရေချိုးရမှာ ကြောက်တော့ အတော်ချော့မော့ပြီး ချိုးပေးရမှာပေါ့။ အချိန်တန်ရင် ဂျပန်ဆရာတွေ ရောက်လာပြီး “ဘဂျမ်း-ဘဂျမ်း”ဆိုပြီး ကူးဝါးမုန့်တပြပြနဲ့ ချီပိုးပြီး ခေါ်သွားကြတာတဲ့။ နမ်းလိုက်၊ ရှုပ်လိုက်၊ မုန့်ကျွေးလိုက်နဲ့ပေါ့။


ဂျပန်စာသင်ပေးတော့လည်း လူကြီးတွေထဲမှာတောင် မောင်ဘဂျမ်းက အတော်ဆုံးဖြစ်နေသတဲ့။ ဂျပန် စကားကို မွှတ်နေအောင်ပြောနိုင်တဲ့အပြင် “ခန်းဂျီး`ဂျပန်စာကိုတောင် ချောနေအောင်ရေးတတ်သတဲ့။ လက်ရေး ကောင်းမှကောင်းဆိုကိုး။


ဟုတ်ပါတယ်။ တခါတော့ ဂျပန်က ဗမာပြည်မှာ ပညာလာသင်တဲ့ “အိုနိုတိုးရု”တဲ့၊ သူက အထက်ဗမာနိုင်ငံ စာဆိုတော်နေ့ စာတမ်းဖတ်ပွဲမှာတောင် မြန်မာလို စာတမ်းတစော င်ဖတ်သွားဖူးတယ်။ ကျနော်တို့ ရန်ကုန်ရောက်ကြတော့ သူက မြန်မာစာ ကျောင်းသားမဟုတ်တော့ဘူး၊ သမိုင်းသုတေသီ ဖြစ်နေပါပြီ။ သူ့ကို ကိုဘဂျမ်း၊ ကိုသာနိုးနဲ့ ကျနော်တို့သုံးယောက် လှည်းတန်းထိပ်၊ လက်ဖက်ရည်ဆိုင်တဆိုင်မှာ လက်ဖက်ရည်နဲ့ ဧည့်ခံပြီး စပ်မိစပ်ရာစကားတွေပြောကြရာ ကျနော်က “ဂျပန်သီချင်းတပုဒ်ရတယ်” လို့ပြောလိုက်မိတယ်။ ကိုဘဂျမ်းနဲ့ ကိုသာနိုးတို့က သူတို့လည်းရတယ်တဲ့။ သူတို့ကဂျပန်ခေတ်မှာ ဂျပန်စကား၊ ဂျပန်စာတောင် သင်ခဲ့ရတာကိုး။ ကျနော်က တောကြိုအုံကြား ကားလမ်းရထားလမ်း မပေါက်တဲ့ တောရွာလေးတရွာမှာဆိုတော့ ဂျပန် တောင် စစ်ပြေးတယောက် နှစ်ယောက်လောက်ပဲ ရောက်ဖူးတဲ့ ရွာသိမ်ရွာငယ်လေးပါ။ ကျနော်တို့သုံးယောက်လုံး ဂျပန်နိုင်ငံတော်သီချင်းကို သံပြိုင်ဆိုပြတော့ ဂျပန်ဧည့်သည်ကြီး အံ့သြသွားရပါတယ်။


ကိုဘဂျမ်းနဲ့ကျနော် အမေရိကန်ပြည်ထောင်စုမှာ နှစ်ဗွေတည်း တွဲမိကြတော့ ဂျပန်က ဗမာစာပေသမား လူငယ်လေးတွေက စာပေဟောပြောပွဲဖိတ်လို့ ဂျပန်ပြည်ကို မမျှော်လင့်ဘဲ ရောက်သွားခဲ့ရဖူးပါတယ်။ (အနောက် နိုင်ငံကိုသွားတာ အရှေ့ရောက်သွားခဲ့ရတော့ ကံမျက်စိလည်တယ်ဆိုပါတော့..။)


ဂျပန်ပြည်၊ တိုကျိုမြို့မှာမြန်မာလူ ငယ်တွေက`မိုးသောက်ကြယ်`ဆိုတဲ့ မြန်မာစာကြည့်တိုက်ကလေး တခု တည်ထောင်ထားတာရှိပါတယ်။ အမေလူထုဒေါ်အမာက မိုးသောက်ကြယ် စာကြည့်တိုက် တာဝန်ခံတဦးဖြစ်တဲ့ မတင်တင်ဝင်းကို ဖုန်းဆက်ပြီး ချီးကျူးဖူးပါတယ်။ ဂျပန်မှာ မြန်မာစာကြည့်တိုက် တည်ထောင်တယ်ဆိုလို့ပါ၊ “ငါလည်း လူထုကိုက်ထုတ် စာအုပ်တွေလှူမယ်” လို့ပြောဖူးပါတယ်။ အဲဒီ မိုးသောက်ကြယ် စာကြည့်တိုက်မှာ ကျနော်တို့တည်းခိုကြတယ်။ အဲဒီမှာပဲ အိပ်ကြ၊ စားကြ၊ ဆုံကြပါတယ်။


အဲဒီကို ကျနော်တို့ ရောက်သွားတဲ့ အချိန်မှာ ထုတ်တဲ့ “မိုးသောက်ကြယ်” စာစောင်က နောက်ဆုံး စာမျက်နှာမှာ ဂျပန်လိုရေးထားတဲ့ စာ တမျက်နှာပါလို့ ကိုဘဂျမ်းက အသံထွက်ဖတ်တော့ အိမ်ရှင်ကလေး တွေက အံ့သြသွားကြပါတယ်။ ကိုဘဂျမ်းက အဲဒီမှာတင် ဇာတ်စုံခင်းပြီး သူဟာ ဂျပန်တွေရဲ့အချစ်တော်ကလေး အဖြစ်နဲ့ ဂျပန်စာ၊ ဂျပန်စကားတွေကို ဂျပန်ခေတ်က သင်ယူခဲ့ရပုံ ဇာတ်လမ်းကိုလွမ်းစဖွယ် ပြန်လည် ပြောပြဖူးပါ တယ်။


ကိုဘဂျမ်း ကွယ်လွန်ပြီးတော့လည်း ဂျပန်က ရဲဘော်လေးတွေက ကျနော့်ကို စာပေဟောပြောပွဲဖိတ်တုန်း ပဲ။ ကျွန်တော်က ၀ါရှင်တန်မှာနေတဲ့ ပန်းချီကိုဝင်းဖေကို စာရေးဆရာအဖြစ် ဖိတ်ခေါ်သွားရပါတယ်။ သူကလည်း ၀တ္ထုတိုပေါင်းချုပ်တွေ ထုတ်ဖူးတာကိုး။


အဲဒီအခေါက်တုန်းက လေဟာပြင် ဟောပြောပွဲ တပွဲမှာ ဂျပန်မိတ်ဆွေ ကိုရွှေဘ(တာနာဘေး) က မျက်စိမျက်နှာပျက်သွားရှာပါတယ်။ နောက်တော့ သူကပြောပါတယ်။ ဒါတွေဟာ ဗမာပြည်ကို ဂျပန်ဖက်ဆစ်တွေ ရောက်ခဲ့တယ်ဆိုတဲ့ ခြေရာလက်ရာတွေပဲ။ ဒါမျိုးတွေကြားရတာ စိတ်မကောင်းဖူးလို့ပြော ရှာပါတယ်။


ဂျပန်ခေတ်မှာသူတို့ရွာရော၊ ကျနော်တို့ရွာေ ရာ ဘေးကင်းခဲ့ပါတယ်။ ဂျပန်နှိပ်စက်တဲ့ ဒဏ်ရာဒဏ်ချက်တွေ မခံလိုက်ရပါဘူး။ ဒါ့ကြောင့်ဖက်ဆစ်ကို ကိုယ်တွေ့မကြုံလိုက်ရဘဲ စာတွေ့ပဲ ကြုံတွေ့ရဖူးပါတယ်။ ကိုဘဂျမ်းက ဂျပန်မွေးစားသား လိုဖြစ်ခဲ့ရတော့ (ဒီလိုကျွန်တော်ရေးတာ သူ ကြိုက်မှာ မဟုတ်ဘူး) မန္တလေးမှာရှိစဉ် ”ဂျပန်စစ်သားနဲ့မြန်မာအဖိုးအို” ဆိုတဲ့ကဗျာရှည်တပုဒ်ရေးလိုက်ခဲ့ဖူးတယ်။ မြန်မာအဖိုးအိုတဦးက မိတကွဲဖတကွဲ စစ်ထဲကိုပါလာရပြီး ဂျပန်စစ်ရှုံးတော့ တယောက်တည်း ပြေးမိပြေးရာပြေးလာရှာတဲ့ ဂျပန်စစ်သားလေးကို သားသမီးချင်းစာနာမိပြီး ဖက်ဆစ်တော်လှန်ရေး ဗမာရဲဘော်တွေရဲ့ လက်ထဲကို မအပ်ဘဲ ကယ်ဝှက်ထားတဲ့ အကြောင်းကို ကဗျာဖွဲ့ဆို ထားတာပါ။


အထက်ဗမာနိုင်ငံစာဆိုတော်နေ့ စာတမ်းဖတ်ပွဲ တခုမှာ ကိုသာနိုးက စာပေသဘောတရား စာတမ်းတစောင်ကို ဖတ်ပါတယ်။ အဲဒီထဲက Humanism (လူဝါဒ၊ မေတ္တာဝါဒ) အကြောင်းကိုရှင်းပြတော့ တင်မိုးရဲ့”ဂျပန် စစ်သားနှင့်မြန်မာအဖိုးအို” ဆိုတဲ့ ကဗျာဟာ ဖောက်ပြန်တဲ့ “လူသားဝါဒ” ကဗျာပေါ့ လို့ နမူနာပြပြီး ရှင်းလင်းပါတယ်။ “တကယ်က ဂျပန်စစ်သား တယောက်ကို ကျုပ်တို့ကများ ဖမ်းမိရင် ဟောသလို-ဟောသလို ကျား - ရား ဆိုပြီးလှံစွပ်နဲ့ ထိုးသတ်ပစ်မှာ” လို့ အသံနေ အသံထားရော အမူအရာရောလုပ်ပြီး လှံစွပ်ထိုးပြလို့ ပရိသတ်က အလွန်သဘော ကျပါတယ်။


“ကိုယ်မသတ်ချင်လည်း ပြောက်ကျား ရဲဘော် တော်လှန်ရေးသမားတွေရဲ့လက်ထဲအပ်ရမှာ၊ ကိုတင်မိုးရဲ့” လို့ ကဗျာဆရာကို တိုင်တည်ပြီးပြောလို့ ကိုဘဂျမ်းလည်း အူတက်မတတ်ရယ်ရင်း “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ နောက်တခါ မိရင် အပ်ပါ့မယ်” လို့ ပြန်ဖြေရပါတယ်။


အဲဒါဟာ ဂျပန်ခေတ်က တင်မိုးရဲ့ဘ၀နဲ့ ဂျပန်ခေတ်ကိုထင်ဟပ်တဲ့ “လူသားမေတ္တာဝါဒ” ကဗျာအကြောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းရဲဘော် တစုရဲ့ဆက်ဆံရေး တကွက်ကိုလည်း`ကျွဲကူးရေပါ`ပေါ့ခင်ဗျာ။


မောင်စွမ်းရည်
↧
↧

ကိုသန်းလွင် - ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး

$
0
0



ကိုသန်းလွင် - ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး

(ဗွိုက်စ် ဂျာနယ်) မိုးမခ၊ သြဂုတ် ၂၆၊ ၂၀၁၆

(၁)

စင်ကာပူဆိပ်ကမ်းသို့ နိုင်ငံခြားမှ ကွန်တိန်နာဖြင့်ရောက်လာသော ပစ္စည်းများကိုရွေးယူရန်အတွက် စာရွက် စာတမ်းများ ကိစ္စရှင်းလင်းရန် အလုပ်ချိန် ၃ရက်အချိန်ပေးရပါသည်၊ ထို့နောက်တွင် သက်ဆိုင်ရာ အေးဂျင့်က ပိုင်ရှင်လက်ဝယ် အရောက်လာပို့နိုင်ကြပါသည်။ လေကြောင်းလိုင်းမှ ရောက်ရှိလာသည် ဆိုပါက ပိုင်ရှင်အဖို့ နေ့ချင်းပြီး မိမိပစ္စည်းကို ထုတ်ယူသွားနိုင်ကြပါသည်၊

ကျွန်တော်တို့နိုင်ငံတွင် ပစ္စည်းများရွေးယူကြရာ၌ထိုစံနှုန်းများအတိုင်း လိုက်မှီနိုင်ရမည်ဟု မဆိုလိုပါ၊ သို့ပါသော် လည်း ပစ္စည်းတခုသည် အကောက်ခွန်ဌာနတွင် ရက်မည်မျှထက်ပိုပြီးမကြာစေရဆိုသော စည်းကမ်းချက်များ ရှိသင့်ပါသည်၊

(၂)

ကုန်ဈေးနှုန်းချိုသာ တည်ငြိမ်ရေးအတွက် ကုန်ပစ္စည်းများ တနေရာမှတနေရာသို့ ရွှေ့ပြောင်း သယ်ယူရာတွင် စားရိတ်ကျဉ်းပြီး မြန်ဆန်ဘို့ အရေးကြီးပါသည်၊ ခရီးလမ်းပမ်းတွင် အစစ်အဆေး အဟန့် မတားများမရှိစေရပါ၊ ဧရိယာကျယ်ဝန်းလှသောကျွန်တော်တို့နိုင်ငံတွင်တနေရာမှတနေရာသို့ ကုန်ပစ္စည်းများ ရွှေ့ပြောင်းသယ်ဆောင် ရာတွင် စားရိတ်စားခ ကြီးမြင့်ပါက ကုန်ပစ္စည်းများဈေးတက်ပြီး စားသုံးသူတို့သာ ဈေးကြီးပေးကြရပါသည်။

ထိုနည်းတူ အစိုးရသို့ပေးရသော အကောက်ခွန်ငွေကြီးမားမှုကြောင့်လည်းဈေးတတ်ရသည်များ ရှိပါသည်၊ အကောက်ခွန်ဟုဆိုရာတွင် အစိုးရ၏ ဘဏ္ဍာငွေစာရင်းသို့ပေးသွင်းရသည့်နည်းတူ တရားမ၀င်ဘဲ ပေးနေ ကြရသည့်ကုန်ကျစားရိတ်များလည်း ပါဝင်ပါသည်။

သြဂုတ်လဆန်းပိုင်းက စီးပွားရေးပြုပြင် ပြောင်းလဲမှုများပြုလုပ်နေသော အိန္ဒိယပါလီမန်က ၁၉၁၇ ခုနှစ် ဧပြီလမှ စတင်၍နယ်မြေကိုလိုက်ပြီး ကွဲပြားနေသောအကောက်ခွန်အမည်၊ ပုံစံအမျိုးမျိုးပေးကြရသောစနစ်ကို ဖျက်သိမ်း ပြီး အိန္ဒိယတပြည်လုံးတွင် (စင်ကာပူနိုင်ငံပုံစံ) Government Service Tax ခေါ် GST ကို တမျိုးတည်းသာ ပေးကြရမည်ဟု ဥပဒေ ကို ပြဌာန်းလိုက်ပါသည်၊ အိန္ဒိယအစိုးရက ဤပြုပြင်ပြောင်းလဲမှုအတွက် အကောက်ခွန် အရာရှိ ၆ သိန်းကျော် ကို သင်တန်းများပေးရမည်၊ ကွန်ပျူတာစနစ်ကို ပြုပြင်ရမည်ဟုကျေငြာခဲ့ပါသည်၊

ကျွန်တော်တို့နိုင်ငံတွင်လည်း အကောက်ခွန်ဟုဆိုရာတွင် ရောင်းခွန်၊ စီးပွားရေးခွန်၊ ၀င်ငွေခွန် စသည်ဖြင့် အမည်အမျိုးမျိုး ပုံစံအမျိုးမျိုး ရှိနေခြင်းမှာ မဖြစ်သင့်တော့ပါ၊ စီးပွားရေးလုပ်ငန်းများကပေးရမည့် အကောက်ခွန် မှာ တန်ဘိုးတခု၊ နှုန်းတခုထဲသာ ဖြစ်သင့်နေပါပြီ။

အကောက်ခွန်ဌာနအရာရှိကြီးများသည် အစိုးရ၏ ရထိုက်သော အခွန်ငွေကိုတိုး၍သာ ကောက်ခံကြရမည်၊ ၄င်းတို့သည် တိုင်းပြည်၏၀င်ငွေကို ရှာပေးသူများဖြစ်သည်ဟု ခံယူတက်ကြပါသည်၊ ဖွံ့ဖြိုးပြီးနိုင်ငံဘတ်ဂျက် များ၏၀င်ငွေအမျိုးအစားကိုကြည့်လျင် ကုန်ပစ္စည်းများအပေါ်တွင် ကောက်ခံသည့် ၀င်ငွေ၏ ရာခိုင်နှုန်းမှာ များပြားသည်ဟု မဆိုနိုင်ပါ၊ လည်ပါတ်ငွေ စင်ကာပူဒေါ်လာ ၆၅ ဘီလီယံမျှရှိသော စင်ကာပူ ဘတ်ဂျက်တွင် နိုင်ငံတွင်းသို့ ၀င်လာသည့် ပစ္စည်းများပေါ်တွင် စည်းကြပ်သည့်အကောက်ခွန်က ၂.၅ဘီလီယံ ဘိုးသာရှိပါသည်၊ ထိုဘတ်ဂျက်၏ ၀င်ငွေအများဆုံးမှာ ကော်ပိုရေးရှင်းကြီးများက ပေးဆောင်သည့် အကောက်ခွန်က (၂၁%) အများဆုံးဖြစ်ပြီး ကုန်ပစ္စည်းများအပေါ်ကရသောအကောက်ခွန်မှာ ၄% သာရှိပါသည်။ အိန္ဒိယနိုင်ငံ၏ဥပမာ တွင် ၁၉ % နှင့် ၉ % ဖြစ်ပါသည်၊

အကောက်ခွန်ဌာန၏ အဓိကရည်ရွယ်ချက်များတွင် နိုင်ငံအတွင်းသို့ မလိုလားအပ်သော ပစ္စည်းများ၊ အန္တရာယ် ဖြစ်စေမည့်ပစ္စည်းများ ၀င်မလာအောင်တားဆီးရန်နှင့် ၀င်လာသောပစ္စည်းများပေါ်မှ အကောက်ခွန်ဝင်ငွေကို စည်းကြပ်ပေးရန် ဖြစ်ပါသည်။

တချိန်တည်းမှာပင် မိမိ၏လုပ်ထုံးလုပ်နည်းများတွင် ပိုင်ရှင့်ထံပစ္စည်းထုတ်ပေးရေးကို ကြန့်ကြာစေသော စည်းကမ်းနည်းလမ်းများ မပါဝင်စေရပါ၊ စင်ကာပူတွင် အကောက်ခွန်အရာရှိက ကုန်သည်ကကျေငြာထားသော ပစ္စည်းတန်ဘိုး (Invoice Value) မှာနည်းနေပါသည်၊ ပြင်ဆင်ပေးပါဟု တောင်းဆိုသည်ကို မကြုံရဘူးပါ၊ အကောက်ခွန်အရာရှိများတွင် ပစ္စည်းတန်ဘိုးသည်မည်၍မည်မျှ ရှိရမည်ဟု စစ်ဆေးသတ်မှတ်ရန်တာဝန်မရှိပါ၊ အကယ်၍တန်ဘိုးကို မမှန်မကန် ကျေငြာထားသည်ဟုယူဆလျင် သက်ဆိုင်ရာတို့က ပိုင်ရှင်အားစစ်ဆေး အရေးယူမှုကို ပစ္စည်းထုတ်ပေးလိုက်ပြီးမှ ဆောင်ရွက်ပါသည်၊

မြန်မာနိုင်ငံတွင်မူ ပိုင်ရှင်က မည်သို့ပင် ကျေငြာထားစေကာမူ အကောက်ခွန်အရာရှိ ရာဖြတ် များကသာ ပစ္စည်း ဈေးနှုန်းကိုသတ်မှတ်ပေးပါသည်၊ ဤစနစ်ကြောင့် ပစ္စည်းထုတ်ရန် အချိန်ကြာမြင့်ကြသည်နည်းတူ တာဝန်ရှိ အရာရှိများမှာ ချမ်းသာကြွယ်ဝလာကြပါသည်၊ ပိုင်ရှင်များက ပစ္စည်းတန်ဘိုးကို မှန်မှန်ကန်ကန် ဖေါ်ပြလာကြ ရန်မှာ ဒီမိုကရေစီခေတ်သစ်တွင် စည်းကမ်း ကောင်းလာသည်နှင့်အမျှ အချိန်ယူဆောင်ရွက်လျင် မဖြစ်နိုင်စရာ အကြောင်းမရှိပါ၊ အရေးယူခြင်း၊ ဒဏ်ချခြင်းကိစ္စကို ထင်သာမြင်သာပွင့်လင်းစွာ လုပ်ဆောင်ပေးရန်သာလိုပါ သည်၊

ဆိပ်ကမ်းဂိုဒေါင်တွင် ကွန်တိန်နာများ စုပုံနေပြီးဆိုလျင် နိုင်ငံစီးပွားရေးအတွက် မကောင်းသောလက္ခဏာ များသာ ဖြစ်ပါသည်၊ ကုန်သည်က ကုန်ပစ္စည်း ထွက်မလာသောကြောင့် ပိုပေးလိုက်ရသော ငွေကြေးအတွက် တင်သွင်းသော ပစ္စည်းတန်ဘိုးပေါ်တွင် အပိုဆောင်းပြီး စားသုံးသူများကသာ ပေးကြရပါသည်၊ ကွန်တိန်နာများ မြန်မြန်ဆန်ဆန်မထွက်နိုင်ခြင်းသည် ကုန်ပစ္စည်းဈေးနှုန်းကို တက်အောင်လုပ်နေသည်နှင့် အတူတူပင်ဖြစ်ပါ သည်။

အစိုးရကလုပ်နည်းလုပ်ထုံး အသစ်များကျေငြာလျင် ကုန်ပစ္စည်းထုတ်ပေးမှုကို နှောင့်နှေးသွားစေမည့် စည်းကမ်းများမပါဝင်အောင်သတိပြုကြရပါမည်၊ ကိုလိုနီစနစ်ကရေးဆွဲခဲ့သော ဥပဒေနှင့် နည်းလမ်းများသည် စစ်အစိုးရ အဆင့်ဆင့်တွင် ပိုမို ကောင်းလာစရာမရှိပါ၊

(၃)

ကျွန်တော်တို့သည် ပေါ်လစီအမှားများနှင့် နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ကြရသူများဖြစ်ပါသည်၊ Economic Liberalization ခေါ် စီးပွားရေးပြုပြင်ပြောင်းလဲမှုများလုပ်ရာတွင် ထိုပေါ်လစီအမှားများကို ပြုပြင် ပေးသည့်နည်းတူ အစိုးရရုံးများမှ ကြိုးနီစနစ်များကိုလည်း ဖယ်ရှားပေးကြရမည် ဖြစ်ပါသည်။

ကျွန်တော်တို့သည် အိန္ဒိယ၊ တရုတ်ပြည်၊ ယိုးဒယားတို့နှင့် နယ်နိမိတ်ချင်းဆက်စပ်နေသော နိုင်ငံဖြစ်ပါသည်၊ ကုန်သွယ်ရေးတွင် ဘင်္ဂလားဒက်ရှ၊ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စသည်ဖြင့် ကုန်ကူးသန်းရောင်းဝယ် ကြရာတွင် ပထ၀ီအနေအထားအရ အချက်အချာကျသည့်နေရာတွင်တည်ရှိပါသည်၊ နိုင်ငံအရပ်ရပ်မှ ကုန်တင် ကားကြီများ ဥဒဟို သွားလာနေရမည့် အနေအထားပင်ဖြစ်ပါသည်။

အေရှလမ်းမကြီး၏ ပရောဂျက်မှာ အရှိန်အဟုန်ဖြင့် ရုပ်လုံးပေါ်စပြုနေပြီဖြစ်ရာ ဤကုန်စည်စီးဆင်းမှုများက ကျွန်တော်တို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပေးမည့်အပြင် ပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

ထိုသို့ကုန်ကားကြီးများဥဒဟိုဖြတ်သန်းသွားလာနိုင်ရေးမှာလမ်း၊ တံတားများခိုင်ခံ့မှုရှိရန် လိုသလိုအကောက်ခွန် ဆိုင်ရာ လုပ်နည်း လုပ်ထုံးများမှာ နိုင်ငံတကာစံနှုန်းအတိုင်း ပြဌာန်းထားပြီး ဖြစ်နေရပါမည်။ မြို့များ၏ အ၀င် အထွက်နေရာများတွင် ဘားတန်းချကာ ငွေကောက်ခံနေခြင်းများသည် ကုန်စည် စီးဆင်းမှု၏ အဟန့်အတား များပင်ဖြစ်ပါသည်၊ လုံခြုံရေးအတွက် တပ်စိပ်၊ တပ်ဖွဲ့ချထားခြင်းကို ကန့်ကွက်ရန် မရှိပါ၊ သို့ပါသော်လည်း ဖြတ်သွားသမျှသောယာဉ်များကို မည်သည့်နည်းနှင့်မျှ ဟန့်တားအနှောင့်အယှက်ပေးခြင်းများမလုပ်ရပါ၊

မြို့ဝင်ကြေးဂိတ်ဟူ၍မြို့အ၀င်တိုင်းတွင် ငွေကောက်ခံသောစနစ်များကိုလည်းဖယ်ရှားပြစ်သင့်ပါသည်၊ ဤစနစ်မှာ ဘယ်နိုင်ငံမှာမှ မတွေ့ရသော ထူးဆန်းလှသည့် မြန်မာတို့၏ စနစ်ဟုသာဆိုချင်ပါတော့သည်၊

ပေါ်လစီရေးဆွဲသူများသိလျက်နှင့်ဖြစ်စေ၊ မသိဘဲဖြစ်စေ ချမှတ်ထားသော စည်းကမ်းတခုသည်ကုန်စည်စီးဆင်း မှုကိုအဟန့်အတားဖြစ်နေသည်ဟုဆိုလျင် ၄င်းတို့ကို ရှာဖွေပြီး ဖယ်ရှားပေးရန်မှာ နိုင်ငံတော် အစိုးရ၏တာဝန် ပင်ဖြစ်ပါသည်၊

ကိုသန်းလွင်

၂၀၁၆ ခု သြဂုတ်လ ၂၄ ရက် Voice Journal
↧

အထက်ဗမာနိုင်ငံစာရေးဆရာအသင်း နှင့် ဘကြီးမိုး

$
0
0
၂၀၁၅ နိုဝင်ဘာတုန်းက ဇော်ဇော်အောင်၊ မောင်မိုးသူ၊ ခင်ဆွေဦး၊ မောင်စွမ်းရည်၊ ဂုဏ်ထူးသိန်းနိုင်၊ ၀င်းဖေ

အထက်ဗမာနိုင်ငံစာရေးဆရာအသင်း နှင့် ဘကြီးမိုး 

(ကုမုဒြာဂျာနယ်၊ ရန်ကုန်ထုတ်) မိုးမခ၊ သြဂုတ် ၂၆၊ ၂၀၁၆
 

၂၀၁၆ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ မန္တလေး ရွှေပြည်သာဟိုတယ်ခန်းမမှာပြုလုပ်တဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကကြီးမှူးကျင်းပတဲ့ ဂုဏ်ထူးဆောင် အသင်း သားကြီးများအားဂါရဝပြုဩဝါဒခံယူပွဲသို့ ဂုဏ်ထူးဆောင်အသင်းသားကြီးအဖြစ်ကြွရောက် ချီးမြှင့်ပေးပါရန်လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ဆိုတဲ့ဖိတ်စာလေးစောင်ရတယ် ခင်ဗျ။ ဖိတ်စာလေးစောင်က ဘကြီးမိုး၊ မောင်သာနိုး၊ မောင်စွမ်းရည်နဲ့ ဝင်းဖေ (ဒါရိုက်တာ)တို့ အတွက် ဖြစ်ပါတယ်။

ဟုတ်ပေသားပဲ၊ ဘကြီးမိုးလည်း ဂုဏ်ထူးဆောင်အသင်းသားဖြစ်နေပေါ့။ အထက်ဗမာ နိုင်ငံစာရေးဆရာအသင်းကြီး အကြောင်းကိုဘကြီးမိုးတစ်ယောက် တသသလွမ်းဆွတ်နေ ရပါတယ်။

မန္တလေးကို ဘကြီးမိုးမသွားနိုင်တာကသေချာပါတယ်။ ဘကြီးမိုးမန္တလေးကိုနောက် ဆုံးအခေါက်ရောက်ခဲ့တုန်းက မန္တလေးတက္ကသိုလ်ရဲ့ အဓိပတိဟောင်းဘကြီးမိုးတို့ရဲ့ ဆရာကြီး ဦးကိုလေးရဲ့ရာပြည့်ပွဲကို မန္တလေးတက္ကသိုလ်ကျောင်းသားဟောင်းအဖြစ် လေယာဉ်ပျံအသွားအပြန်စီစဉ်ပြီး ဆရာဦးညွန့်မောင်က ဖိတ်ကြားလို့ မောင်သာနိုး၊ မောင်သိန်းနိုင်၊ ဘကြီးမိုးတို့သုံးယောက်သွားခဲ့ပါတယ်။ အခမ်းအနားကမန္တလေးမြို့ တော်ခန်းမမှာ ပြုလုပ်တာပါ။

အဲသည်တုန်းက တာဝန်ခံဖိတ်ကြားတဲ့ ဦးညွန့်မောင်ကကျွန်တော်တို့တစ်တွေ ခုလိုပြန်ဆုံရတာ နောက်ဆုံးဖြစ်ချင်ဖြစ်မှာနော်လို့ပြောသေးတာကို ဘကြီးမိုးကြားယောင် နေမိပါ တယ်။အဲသည်ပွဲပြီးလို့ မကြာမတင်မှာပဲ ဦးညွန့်မောင်ကွယ်လွန်ကြောင်းသတင်း ကြားရပါတယ်။

ယခု မောင်သိန်းနိုင်ကမျက်စိခွဲထားလို့ အနားယူနေ၊ မောင်သာနိုးကလမ်းလျှောက်ဖို့ခက်ခဲနေ၊ ဘကြီးမိုးကလည်း စပို့ရှပ်၊ ဘောင်းဘီရှည်ဝတ်ပြီး မနက် မနက် မောနင်းစတား လက်ဖက်ရည်ဝိုင်းကို သွားနေပေမဲ့လာခေါ်တဲ့ ကိုသန်းဝင်းကားအလာကို အိမ်အောက်ကလှေကားရင်းအုတ်ခုံမှာ ထိုင်စောင့်၊လာကြိုတဲ့ ကိုသန်းဝင်းကားပေါ်တက်၊ ပြန်လာတော့ အိမ်ကအဖော် ဒေါ်ဝေကိုဖုန်းဆက်ပြီး လှေကားရင်းကလာကြိုခိုင်းပြီး သွားနေရတာပါ။

မောနင်းစတားမှာ မိတ်ဆွေများစုံပြီး စားပွဲပေါ်က နေ့စဉ်ထုတ်သတင်းစာ၊ ဂျာနယ်တွေဖတ်၊ နိုင်ငံရေးသတင်း၊ အနုပညာ သတင်းတွေဖလှယ်ဖြစ်လို့သွားနေရတာပါ။ မောနင်း စတားမှာ နန်းကြီးသုပ်၊ ဝက်မြီးရှည်၊ ဆိတ်စွပ်နဲ့ နံပြားသုံးမျိုး တစ်နေ့တစ်မျိုးစားပါတယ်။ဘကြီးမိုးအတွက် နန်းကြီးသုပ်နဲ့ ဝက်မြီးရှည်ပြင်ပေးရတဲ့ သူက အထူးစပယ်ရှယ်ထက် ဝက်လောက်ပြင်ပေးရှာတာပါ။ နံပြားကတော့ထက်ဝက်ပဲ ဘကြီးမိုးစားနိုင်တာပါ။ ဆိတ်စွပ်စားတဲ့နေရာမှာ နိုင်ငံရေးစာတမ်းဖတ်ပွဲ သဘာပတိလုပ်တဲ့ကိုလေး (အင်းဝဂုဏ် ရည်)က ဘကြီးမိုးကို ဟေ့လူ ခင်ဗျားနံပြားထက်ဝက်ပဲစားနိုင်ပေမဲ့ စွပ်ပြုတ်တော့ ကုန် အောင်သောက်နိုင်သားတဲ့။ အားပေးစကား ပြောရှာပါတယ်။

အဲအထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ဖိတ်စာလေးစောင်က သင့်နော်ယူလာတာပါ။ သင့်နော်နဲ့အတူပါလာတာက လူထုစာကြည့်တိုက်မှူးကလေး၊ ကျော်ဇံလှ (ညီစေမင်း )တော့ ပါလာပေမဲ့မောနင်းစတားကို လိုက်မလာဖြစ်ဘူး။ ညီစေမင်းကလေးမောင်ရဲညီ၊ လေးမောင်ကဘကြီးမိုးတို့နောက်နှစ်မတကသ အမှုဆောင်အရွေးခံရတဲ့လူ။ ကိုကိုးကျွန်း ကို ဖိုးသံချောင်းတို့၊ ကိုစိန်ဝင်းတို့နဲ့ ပါသွားပြီး ကိုကိုးကျွန်းအစာငတ်ခံ တိုက်ပွဲမှာ ကျဆုံးသွား ရှာတဲ့လူ။ ဒါတွေဟာ သမိုင်းတွေ၊ ရာဇဝင်တွေ ပေါ့နော်။

အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဖိတ်စာကိုကြည့်ပြီး ဦးလေးနဲ့ဒေါ်ဒေါ်ကိုအရမ်း လွမ်းပါတယ်။ ဘကြီးမိုးတို့တစ်တွေအားလုံးကို ရင်အုပ်မကွာပြုစုမြေတောင် မြှောက်ပေး တဲ့ သူကတော့ ဦးလေးနဲ့ဒေါ်ဒေါ်ပါပဲ။ ဆရာကြီးရွှေဥဒေါင်းတို့၊ ဆရာကြီး မြမျိုးလွင် တို့၊ စစ်ကိုင်းဦးဘိုးသင်းတို့လည်း ပါတာပေါ့ခင်ဗျ။

ဦးလေးလှက ဥက္ကဋ္ဌအဖြစ် အထက်ဗမာနိုင်ငံစာရေးဆရာအသင်းကိုတည်ထောင်တာပါ။ ဘကြီးမိုးတို့တစ်တွေအားလုံးက အမှုဆောင်တွေပေါ့ခင်ဗျ။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းဟာ စာပေလှုပ်ရှားမှုများစွာလုပ်ခဲ့ကြပါတယ်။ စာတမ်းဖတ်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ စာတမ်းတွေမှာလည်း မောင်သာနိုးတို့၊ ဘကြီးမိုးတို့ ပါဝင်တင်ပြ ခဲ့ကြ တာပါ။

မဂ္ဂဇင်းတစောင် စာအမြုတေဆိုတာလည်းထုတ်ဖူးတယ်။ ကဗျာပေါင်းချုပ်လည်းထုတ်ဖူးတယ်။ မန္တလေးကအနုပညာပေါင်းစုံ စာပေ၊ ဂီတ၊ သဘင်၊ ပန်းချီအားလုံးစုပြီး လယ်တောဆင်းပွဲလုပ်ဖူးတယ်။ အဲသည် လယ်တောဆင်းပွဲကို အမှတ်တရဇာတ်အိမ်တည်ပြီး ဆရာကြည်(ဦးကြည်မြ)က ဇာတ်ညွှန်းရေး၊ ဘကြီးမိုးက ဒါရိုက်တာလုပ်ပြီး မမလေးပန်စရာ ရုပ်ရှင်ဇာတ်ကားရိုက်ဖူးတယ်။

ဘကြီးမိုးရဲ့ ၇၉နှစ်မွေးနေ့အမှတ်တရ အဖြစ် ဘကြီးမိုး မန္တလေးမှာ မင်္ဂလာဆောင်တဲ့ ဓာတ်ပုံနဲ့သတင်းကို လူထုထဲမှာပါတာ စာကြည့်တိုက်မှူးကလေးကဖော်ပြပေးလို့ အလွမ်းပြေ ကြည့်လိုက်ရပါသေးတယ်။ အဲဒါနဲ့ စကားစပ်မိပြီး ဘကြီးမိုးနဲ့ အမာက ၁၉၅၈ မှာ မင်္ဂလာဆောင်တာခင်ဗျ။ ဆောင်တဲ့နေရာက မန္တလးက မီးရထားရိပ်သာမှာ။ နေ့ပွဲအဖြစ် ဂီတလုလင်နဲ့ နွဲ့နွဲ့စမ်းကကပြပြီး ညပွဲတော့ အမာစိန်ကပါတယ်။ နွဲ့နွဲ့စမ်း နဲ့ အမာစိန်နှစ်ယောက်စလုံးကိုငှားရမယ်လို့ အစ်ကိုဆရာတွေကညွှန်ကြားလို့ ငှားရ တာပါ။ မင်္ဂလာဆောင် အခမ်းအနားမှာ ဆရာဦးချမ်းမြ(မြကေတု)၊ ဦးလေးလှ (လူထုဦးလှ) နဲ့ ဆရာကြည် (ဦးကြည်မြ)တို့က ဩဝါဒစကားပြောပါတယ်။ ပျော်စရာ ကောင်းတာက သတို့ သားဖြစ်တဲ့ ဘကြီးမိုးကလည်း ကျွန်တော်လည်းပြောမယ်ဆိုပြီးတက်ပြောသတဲ့။ မှတ်တမ်း ပါပဲ။

အဲသည် ဘကြီးမိုးရဲ့မင်္ဂလာပွဲရဲ့ ဓာတ်ပုံဆရာကတော့ ကိုစောလွင်ပေါ့ခင်ဗျ။ ဥက္ကဋ္ဌကြီး ကိုစောလွင် ဖြစ်ပါတယ်။ ဘကြီးမိုးနဲ့ အမာက ၅၈ ဒီဇင်ဘာမှာမင်္ဂလာဆောင်ပြီး ကိုစောလွင်နဲ့ စိန်စိန်ရီက ၅၉ ဇန်နဝါရီမှာ မင်္ဂလာဆောင်ကြပါတယ်။ ကိုစောလွင်ဟာ လူထုအယ်ဒီတာလုပ်ဖူးသလို ထောင်လည်းကျဖူးတယ်ခင်ဗျ။ ကိုစောလွင်က ၈၈ ဩဂုတ် လဆန်းမှာကွယ်လွန်တော့ ရန်ကုန်ကနေ ကိုဝင်းတင် နဲ့ ဘကြီးမိုး ကမန်းကတန်းပြေး လာပြီးကိုစောလွင်အသုဘကို တက်ကြပါတယ်။ ပြီးတော့ကတိုက်ကရိုက်ပဲ ရန်ကုန်ပြန်ပြေး ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဩဂုတ် ၈ ရက်နေ့ကျတော့ ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်မှာကိုး။

ရှစ်လေးလုံးအရေးတော်ပုံမှာ မောင်သော်က၊ ဦးဝင်းတင်၊ ဘကြီးမိုးတို့ရန်ကုန်မှာပါကြသလိုကိုလေး၊ ကြည်အောင်တို့လည်း မန္တလေးမှာပါကြတာပေါ့။ အခုတော့ဖြင့် မောင်သော် က၊ ဦးဝင်းတင်တို့ မရှိကြတော့သလို ကြည်အောင်လည်းမရှိတော့ပါဘူး။ ဖိတ်စာပို့လိုက်တဲ့ လေးယောက်အနက် မောင်သာနိုး၊ ဘကြီးမိုးကမသွားနိုင်ပါဘူး။ မောင်စွမ်းရည် ကတော့ အမေရိကားမှာ၊ ဝင်းဖေကတော့ ထိုင်းမှာပန်းချီပြပွဲလုပ်နေသလား မသိပါဘူး။

ဪ……… အခုတော့လည်း လွမ်းမောစရာပေပဲပေါ့။ အထက်ဗမာနိုင်ငံစာရေးဆရာ အသင်းဖိတ်စာကိုကြည့်ပြီး မန္တလေးပွဲကိုမတက်နိုင်ပေမဲ့ ဘကြီးမိုးစာရေးပြီးအလွမ်းဖြေ လိုက်ရပါတယ်။

အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း နှင့် ဘကြီးမိုးပါ။
↧

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ (con & scam)

$
0
0

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ (con & scam)
(Academic Weekly Journal, Yangon) မိုးမခ၊ သြဂုတ် ၂၆၊ ၂၀၁၆
↧

မင်းကိုနိုင် ● ပုဂံလက်ရုံးများ၊ ပုဂံနှလုံးသား

$
0
0
မင်းကိုနိုင် ● ပုဂံလက်ရုံးများ၊ ပုဂံနှလုံးသား
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

မြန်မာဟုဆိုသည်နှင့် ရွေတိဂုံ၊ ပုဂံ၊ ကျိုက်ထီးရိုး၊ အင်းလေး စသဖြင့် စီတန်းမြင်လာရစမြဲဟု ရောက်ဖူးသည့် နိုင်ငံခြားသား များက ဆိုလေ့ရှိသည်။

ပုဂံဟုဆိုသည်နှင့် ခမ်းနားကြီးမြတ်ခြင်းဟူသော စကားလုံးက ကျွန်တော်တို့ရင်ထဲ ထည်ထည်ဝါ၀ါကြီး ၀င်လာရစမြဲဖြစ်ပါ သည်။ ပုဂံ၏ သမိုင်းနှင့် မင်းဆက်တို့အကြောင်း ငြင်းခုန်စရာတွေ ရှိကောင်းပေမည်။ ပုဂံဘုရားပုထိုးစေတီများ၏ ခမ်းနားကြီး မြတ်မှုကိုတော့ အငြင်းပွားစရာ မမြင်ပါ။

ယခုငလျင်ကြောင့် ပုဂံ၊ စေတီ ၊ ပုထိုးတွေ ပြိုပြီတဲ့။
-*-*-*-

မြန်မာတို့နှလုံးသားများပေါ် ပြိုကျသလို ခံစားကြရသည်။ ပုဂံစေတီ ပုထိုးများသည် ဘာသာတစ်ခု၏ သာသနိကအဆောက် အဦမျှမက၊ ကမ္ဘာကြီးအတွက် အစားမထိုးနိုင်သော ရှေးဟောင်းအမွေအနှစ်လည်းဖြစ်သည်ဟု အမြင်ကျယ်သူများစွာက လက်ခံထားကြသည်။ သမိုင်းတခေတ်၏ မြင့်မားသော ဗိသုကာပညာ၊ လုပ်အားရှင်တို့၏ စွမ်းဆောင်မှုတို့ဖြင့် ဖြစ်တည်ခဲ့သော ပုဂံ။မည်သည့် ကမ္ဘာကျော်ပန်းချီကားနှင့်မဆို ယှဉ်ဝံ့သည့် ပုဂံ၏အလှ၊ မည်သည့်သမိုင်းဝင် အဆောက်အအုံများနှင့် မဆို အပြိုင် ခံ့ထယ်နိုင်သည့် ပုဂံ၏ ဗိသုကာလက်ရာ။

ထိုပုဂံသည် ယခုတဖန် ငလျင်ဒဏ်ခံရပြန်ပြီ။

လွန်ခဲ့သော ၄၁ နှစ်အကြာ ၁၉၇၅ ခုနှစ်ကလည်း ယခုလိုပင် ရစ်ချက်စတာစကေး (၆.၈) ပြင်းအားရှိ ငလျင်က ပုဂံကို မြိုချဖို့ ကြိုးစားခဲ့သေးသည်။

ရနိုင်ရိုးလား…။
--*-*-*--

ရှေးမြန်မာတို့သည် သဘာဝဂူများမရှိသည့် လွင်ပြင်ဆံသောပုဂံအရပ်မှာ စေတီဘုရားများတည်ရာ၌ ဂူကျောင်းများကိုပါ တည်ခဲ့ကြသည်။ ဘုရားဖူးတို့ အရိပ်ရ အေးချမ်းစွာ ဘာဝနာပွားနိုင်ရည်ရွယ်ခဲ့ဟန်လည်း တူပါသည်။

ယခုငလျင်အပြီးမှာ ဗိသုကာပညာရှင်တဦးက အခုလို နှမြောတသ ပြောသည်။ စူဠာမဏိဆိုပါတော့ဗျာ “ကွမ်းတောင်ရဲ့ အ ထက်ကို အသစ်ပြန်ဆက်တာ အသစ်နဲ့အဟောင်း တသားတည်းဆက်ဖို့ဆိုတာ တော်ရုံနည်းပညာနဲ့မရဘူး။ အသစ်ရဲ့လေး လံတဲ့ဝန်ကို အုတ်ဟောင်းတွေက ဘယ်လိုထမ်းထားနိုင်မလဲဆိုတာပါ ထည့်စဉ်းစားရတာမျိုးဗျ။ အခုငလျင်ကြောင့် ကွမ်း တောင်အထက်က အသစ်ပိုင်းပြိုကျတော့ မူရင်းပစ္စယံအဆင့်ဆင့် အင်္ဂတေ၊ ပန်းဆွဲတွေ၊ စေတီရံတွေ အပါအ၀င်ပေါ့ဗျာ။ ရှေးဟောင်းဗိသုကာတန်ဖိုးတွေ ပွတ်တိုက်ဖိမိပြီး ပျက်စီးကုန်ကြတယ်” ဟု မချင့်မရဲ ပြောသည်။

အတွင်းရှိ နံရံဆေးရေး ပန်းချီတွေကိုလည်းကြည့်ပါဦး။ အာနန္ဒာအုတ်ကျောင်းအပါအ၀င် အချို့ဂူဘုရားများအတွင်း နံရံဆေး ရေးပန်းချီများမှာ ကြွေပန်းကန် အချပ်လိုက် ကျကွဲသလို ကွာကျပြီး အစိတ်စိတ် ကွဲခဲ့ရသည်။ စေတီဂူဘုရားများကို ရှေးမူ မပျက် စနစ်ကျစွာ ပြန်တည်ဆောက်နိုင်သည်ဆိုပါဦးတော့ ကျကွဲခဲ့သည့် နံရံဆေးပန်းချီများကိုတော့ အစားထိုးနိုင်တော့မည် မထင်။
--*-*-*--

ယခုပုဂံငလျင် သတင်းဓာတ်ပုံ ဗီဒီယိုများတက်လာသည်နှင့် တကမ္ဘာလုံးမှ ပုဂံချစ်သူများ တုန်လှုပ်ခြောက်ချား ရေရွတ်ကြ သည်။ “ကျွန်တော်မြန်မာနိုင်ငံသားမဟုတ်ပါဘူး ဒါပေမယ့် အာရှသားတယောက်အနေနဲ့ ပုဂံကို ဂုဏ်ယူမဆုံး အခြားတိုက် သားတွေနဲ့တွေ့တိုင်း ၀ံ့ကြွားနေခဲ့ရတာဗျ။ ယခုတော့ အတော်ဆုံးရှုံးတယ်လို့ ခံစားရတယ်။ စနစ်တကျ ပညာရှင်တွေခေါ်ပြီး ပြန်ပြင်မယ်ဆိုရင်ပြောစမ်းပါ။ ကျွန်တော့်ချွေးနဲစာလည်း ပါစမ်းပါရစေ” ဟု အာရှသားတယောက်က သတင်းပေးသည်။

“ကျွန်တော် ပုဂံကို အလျဉ်းသင့်တိုင်းလာတယ်။ လာတိုင်းလည်း ခံစားလို့ မ၀သလို၊ ဂုဏ်ယူလို့မဆုံးဘူး။ ကျွန်တော်က ဥ ရောပသားပေမယ့် ဒါက ကမ္ဘာကြီးရဲ့ ရှေးဟောင်းအမွေအနှစ်တခုပဲလေ။ လူသားတယောက်အနေနဲ့ ဂုဏ်ယူတာပေါ့။ ယခုလိုဖြစ်သွားတာသိပ်စိတ်ထိခိုက်တယ်။ ဒါပေမယ့် စိတ်မပျက်ဘူး။ ခင်ဗျားတို့ (မြန်မာတွေ) ပြန်လုပ်နိုင်မယ်လို့ ယုံပါတယ်” ဟု ဆိုသည်။ မြန်မာတွေ လုပ်ပြနိုင်ပါ့မလား။ ဒီမေးခွန်းထွက်လာပြီ။ လုပ်ပြခဲ့ပြီးပြီ ။

လုပ်နိုင်စွမ်းရှိကြောင်းလည်း ပုဂံစေတီဘုရားများကို တည်ထားသက်သေပြခဲ့ပြီ။ ယခုငလျင်ကရော မြန်မာတွေရဲ့ အစွမ်း ကိုစမ်းပြန်ပြီတဲ့လား။
--*-*-*--

တကယ်တော့ ယခုငလျင်ကရော ၁၉၇၅ ငလျင်ထက်များ ပိုပြင်းထန်လို့လား။ ယခုခေတ်လူအများ၏ သဒ္ဓါတရားနှင့် ပုဂံ ဘုရားများအပေါ် မြတ်နိုးကြည်ညိုစိတ်များက ၁၉၇၅ တုန်းကထက် လျော့ပါးမှာမို့လို့လား။ သတင်းနည်းပညာ ဒီလောက် တောင် ထွန်းကားတဲ့ခေတ်ကြီးမှာ အရင်ကထက်သာဖို့ပဲရှိတယ်ဟု ကျွန်တော်တို့ယုံသည်။ တကယ်တော့ ၁၉၇၅ တခုတည်း သာမဟုတ် ပုဂံကား ငလျင်ဒဏ်ကို အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ပြီးပြီ။ လဲပြိုရသမျှ အကြိမ်ကြိမ်ပြန်ထ ရပ်ပြခဲ့ဖူးပြီ။

၁၉၇၅ ကိုမှီလိုက်သူများ ကောင်းစွာမှတ်မိကြပါလိမ့်မည်။ ပုဂံငလျင်ကြောင့် ပျက်စီးသွားရသော ဘုရားပုထိုး စေတီများပြန် လည်ပြုပြင်ရေး ခေါင်းစဉ်တက်လာသည်နှင့် တပြည်လုံးက လက်တွေအိပ်ကပ်ထဲ နှိုက်ပြီးသား။ ဖလားထဲ ထည့်ပြီးသား။ တနေ့ တနေ့ သတင်းစာထဲ အလှူစာရင်းတွေက မဆုံးနိုင်ခဲ့။

ပုဂံသူ၊ ပုဂံသားများ၏ ပုဂံကိုချစ်ပုံကိုလည်း ကြည့်ပါဦး။ ဘုရားပြိုပျက်ရာမှာ ထွက်လာကျလာသော ကျောက်ရတနာ အပါအ၀င်ရွှေငွေနှင့်တကွ ဌာပနာတော်များကို မသမာသူတို့လက် မကျရောက်စေရန် နေ့ရော၊ ညပါ ကင်းအထပ်ထပ် စောင့်ခဲ့ကြ။သူတို့၏ လုပ်ရပ်နှင့်စေတနာကို သိရှိသွားပြီး အလေးအမြတ်ပြုသူတို့က ထမင်းထုပ်တွေ ရပ်ကွက်အလိုက်အလှည့် ကျပို့ကြ။ မည်သူမျှ တိုက်တွန်းစရာမလို နတ်လူသာဓု ခေါ်စေခဲ့ကြသည်။
-*-*-*-*-

၁၉၉၀ လွန်နှစ်များက ပြုလုပ်ခဲ့သော ပုဂံဒေသထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများအပေါ် ကမ္ဘာ့သမိုင်းပညာရှင်များ၊ ရှေ့ ဟောင်း အမွေအနှစ်ထိန်းသိမ်းရေးပညာရှင်များက ဝေဖန်ထောက်ပြခဲ့ကြသည်။ ထိုအချက်များကို လစ်လျူရှုလျက် အဆင် ခြင်မဲ့ပြုပင်မှုများကြောင့် ယူနက်စ်ကို (UNESCO) အပါအ၀င် ကမ္ဘာကြီး၏ ပစ်ပယ်မှုကိုခံခဲ့ရဖူးသည်။ ၆၁ မီတာအမြင့်ရှိ ခေတ် ပေါ်မျှော်စင်သစ်ဆောက်ခြင်း၊ ဂေါက်ကွင်း တည်ခြင်း၊ ကတ္တရာလမ်းသစ်ခင်းခြင်းတို့မှာ ရှေးဟောင်းပုဂံ၏ တန်ဖိုးကို ပျက်စီးစေခြင်းပင်ဖြစ်ကြောင်း ထင်သာမြင်သာအချက်များအဖြစ် ထောက်ပြခဲ့ကြသည်။

“ရှေးဟောင်းအမွေအနှစ်ဆိုပြီး ကမ္ဘာကို ပြမယ်ဆိုကာမှ အသစ်တွေဆောက်ထည့်လိုက်တော့ ဘယ်သူကလက်ခံမှာလဲ” ဟု အမြင်အသိရှိသူ လူငယ်တဦးက စိတ်ပျက်လက်ပျက်ခေါင်းရမ်းလျက် ငြီးတွားဖူးသည်။ ယခုပုဂံကိုရော ဘယ်မူတွေနှင့် ပြန်ပြင်ကြမှာတုန်းဟု မေးကြပြီ။
-*-*-*-*-

နှစ်သန်းလေးငါးဆယ် ကြာပြီလို့ သတ်မှတ်ထားတဲ့ ပရိုင်းမိတ်ခေတ်ကိုထားလိုက်ပါဦး။ လွန်ခဲ့တဲ့ နှစ် သုံးသန်းခန့်ကတည်းက ကျောက်ခေတ်လူသားများအဖြစ် သဘာဝဘေးဒုက္ခအပေါင်းရဲ့ စမ်းသပ်တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ရှင်သန် အောင် ရပ်တည်ခဲ့တဲ့ လူသားတွေပဲ။ ငလျင် တမျိုးမျိုးအတွက်တော့ လူသားရဲ့မာန် အလျော့မခံခဲ့ကြပါ။ မြန်မာဆိုတာ ဆုံးရှံးမှု များအတွက် စုပ်တသပ်သပ် ကြေကွဲငြီးငြူရုံလောက်သာ တတ်တဲ့ လူမျိုးမဟုတ်ကြောင်း သက်သေပြကြရပေဦးမည်။

ယခုငလျင်ဘေးမှ ပုဂံကို မြန်မာတို့ ပြန်ထူ၊ ပြန်ထူ ရပ်ပြကြဦးမှာလည်းသေချာပါသည်။ ပုဂံဘုရားများ ပြုပြင်ရေးဆိုသည်နှင့် ချွေးနည်းစာများကို တွန့်ဆုတ်နေမည်မဟုတ်။ ထမင်းအိုးထဲထည့်မည့် ဆန်ကိုလျှော့ပြီး အလှူခံဖလားထဲ ပိုထည့်ကြပေ ဦးမည်။

အလှူငွေလုံလောက်ပြီဆိုပါစို့ ဘယ်လိုပြန်တည်ကြမည်နည်း။ ပိုက်ဆံရှိတယ်၊ ပန်းရံဆရာနဲ့ အုတ်စီသမားခေါ်ပြီး တိုက်တ လုံး ဆောက်ပြလိုက်ဦးမည်ဟူသည့် ပေါ့တီးပေါ့ဆ အတွေးမျိုးမဟုတ်။ မြန်မာဆိုတာ ရှေးဟောင်းအမွေကို ထိန်းရာမှာ ကမ္ဘာ စံညွှန်းတွေမှီတဲ့ပညာရှင်တွေရဲ့ အကြံဉာဏ် လုပ်အားတွေနဲ့ ပူးပေါင်းပြီး စနစ်တကျပြန်တည်မယ့် လူမျိုးဆိုတာ ပြကြလိမ့် မည်။ ဆိုလိုသည်ကား သဒ္ဓါတရားသာ ထက်သန်သည်မဟုတ်။ ဇွဲသတ္တိသာခိုင်မာသည်မဟုတ် ဉာဏ်အမြော်အမြင်ပါ ယှဉ် လျက် လဲရာကထရပ်ပြမည့် လူမျိုးဖြစ်ကြောင်း ပုဂံမြေမှာ သက်သေထူကြပေဦးမည်။

- #မင်းကိုနိုင်
( ယနေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါး မှ )
↧
↧

ရန်လိုကျွဲ ● 7PAY သတင်းစာ အမှုဖွင့်ခံရခြင်း၏ ကောင်းကျိုးများ

$
0
0
ရန်လိုကျွဲ  ● 7PAY သတင်းစာ အမှုဖွင့်ခံရခြင်း၏ ကောင်းကျိုးများ
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၆

၂၀၁၆-သြဂုတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ် (၃၇) မှ သရော်စာ ဆောင်းပါး ဖြစ်ပါသည်။

ဒုက္ခသီရိနိုင်ငံ၏ အပြောင်းအလဲများသည် ဗိုလ်ချုပ်ကြီးအေး ချမ်းသာယာရေးတို့ ရေးဆွဲထားသည့် ဇာတ်ညွှန်းအတိုင်း တဖြည်း ဖြည်း အကောင်အထည်ပေါ်လျက်ရှိသည်ဟု ဆိုရမည်။

နိုင်ငံ၏သမိုင်းကိုပြန်ကြည့်လျှင် ပုလိပ်တပ်ဖွဲ့ကြီးကို ပါ လေရာ သို့မဟုတ် ပလေရာအဖြစ် အမြဲတမ်း တွေ့ရပေမည်။

ဒုက္ခသီရိနိုင်ငံရေးလောကအတွင်း လူတွင်ကျယ်၊ လူစွမ်း ကောင်း၊ လူတော်လူကောင်း၊ လူမတော် လူမကောင်း၊  လူမျိုးကြီး ဝါဒီ၊ လူမစွမ်းနတ်မခံရသူ၊ လူလွန်မသား စသဖြင့် အမျိုးမျိုး အထွေထွေသော လူအပေါင်းတို့  ကြီးစိုး၏။

ရံဖန်ရံခါ ညင်သာသိမ်မွေ့၊ ရံဖန်ရံခါ မုန်တိုင်းကျ မိုးကြိုးပစ် ချတတ်သော နိုင်ငံရေးလောကဟူသည်မှာ အမြင်မတူ၊ ငြင်းခုံ၊ စကားများ၊ လေပေါ၊ ရန်ဖြစ်၊ ပြန်ချစ်၊ ရန်ပြန်ဖြစ်ရသော သဘော သဘာဝရှိ၏။ ထိုသဘာဝရှိသော နိုင်ငံရေးဇာတ်ခုံထက်သို့  ပုလိပ် တပ်ဖွဲ့ကြီး၏ခေါင်းဆောင်တချို့ တက်ရောက်ပွဲကြမ်းပြီးနောက် ပိုင်းတွင်မူကား ဒုက္ခသီရိသည် အမှောင်တိုက်ထဲကျသွားသော နိုင်ငံဖြစ်လာလေသည်။

● ဒုက္ခအတိ
လူအများ၏အမြင်မှာ ပုလိပ်တပ်ဖွဲ့ခေါင်းဆောင်တို့ နိုင်ငံ ရေးတွင် ဝင်ရှုပ်ကြသည်ဟူ၍ ဖြစ်သည်။

ပုလိပ်ခေါင်းဆောင်များကမူ ဝင်ရှုပ်ခြင်းမဟုတ်၊ ဝင် ရောက်ကယ်တင်ခြင်းဖြစ်သည်ဟု ပြောသည်၊ ဝါဒဖြန့်သည်။ ပုလိပ်ခေါင်းဆောင်တို့ကား လူလည်လူနပ်များတည်း။ ကယ်တင် ခါနီးချိန်တွင် ပြဿနာတက်စေသော၊ မိုးမီးလောင်စေသော ဖြစ် ရပ်တို့ ပေါ်ပေါက်လာစေရန် စနစ်တကျ ဖန်တီး၏။

ပြဿနာတက်၊ မိုးမီးလောင်ချိန်တွင် ဝင်ရောက် ငြှိမ်းသတ် ကယ်တင်လေတော့သည်။ သူတို့၏ ကယ်တင်ပွဲ နောက်ဆက်တွဲ လုပ်ရပ်များမှာ သိမ်မွေ့မှု မရှိပေ။ နိုင်ငံရေးသမားများ၊ ဘာသာ ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ တက်ကြွသူများ၊ အလွန်တက်ကြွလွန်းသူ များ၊ ကျောင်းသားများ၊ ကလန်ကဆန်လုပ်ရန် အသင့်ဖြစ်နေသူ များကို ပညာပြ၊ အနိုင်ကျင့်၊ ဆူပူမှုဖန်တီးသူ တံဆိပ်ကပ်ပြီး အကျဉ်းထောင်အဆောက်အအုံအတွင်းသို့ ထည့်ထားခြင်းမှာ စကြဝဠာသိ ဖြစ်ရပ်များပင်။

ဒုက္ခသီရိသည် နှစ်ပေါင်း ၃ဝ အတွင်း ပုလိပ်အဖွဲ့၏ ကယ် တင်ခြင်းကို သုံးကြိမ်ခံခဲ့ရသည်။ ဒုက္ခသည် ဖြစ်သွားသူ အရေ အတွက်  သိန်း ၃ဝ ခန့်သည် နယ်စပ်ဒေသတွင် နှစ်ပေါင်း ၃ဝ ကျော်ကြာ ခိုလှုံကြရသည်။

ဇာတ်ပေါင်းသော် ဒေသတွင်း အလားအလာအကောင်း ဆုံးနိုင်ငံဟု ယူဆခံခဲ့ရသော ဒုက္ခသီရိသည် ကယ်တင်ခြင်းအဖွဲ့နှင့် သုံးကြိမ်ရင်ဆိုင်ရပြီးနောက် ဒုက္ခအတိပြီးသောနိုင်ငံ ဖြစ်သွား သဖြင့် နိုင်ငံအမည်သည်လည်း ဒုက္ခအတိဟု ထင်ရှားလာသည်။ ကာလကြာရှည်သော် ဒုက္ခအတိမှ ဒုက္ခသီရိဟု အမည်ရွေ့လျော သွားသည် ဟူ၏။

● စည်းကမ်းကောင်းသော
‘နိုင်ငံရေးတွင် ဝင်ရှုပ်ခြင်း’ဟူသော အသုံးအနှုန်းကို ပုလိပ် ခေါင်းဆောင်တို့က မနှစ်သက်ကြပေ။ ‘ကယ်တင်ခြင်း’ဟူသော ဝေါဟာရကိုသာ နှစ်ခြိုက်စွာ သုံးစွဲကြသည်။ ဤသည်မှာ ဒုက္ခ သီရိ၏ ခေတ်သစ်နိုင်ငံရေးသမိုင်းအကျဉ်းတည်း။

မကြာသေးခင်နှစ်များအတွင်း ဒုက္ခသီရိခေါင်းဆောင်တို့ က ကယ်တင်ခြင်းဇာတ် ခင်းရသည်မှာ ပျင်းစရာကောင်းလွန်း သဖြင့် စနစ်သစ်တစ်ခုကို ပွဲထုတ်လိုသည်ဟု ကြေညာလိုက်သည်။ ထိုစနစ်မှာ ‘စည်းကမ်းကောင်းသော ဒီမိုကရေစီစနစ်’ဖြစ်လေ သည်။ ထိုစနစ်သည် စကြဝဠာထဲတွင် အကောင်းဆုံးစနစ်ဖြစ် သည်ဟု အများပြည်သူ ယုံကြည်အောင် အကြိမ်ကြိမ်  ဝါဒဖြန့်၏။

ထိုစနစ်အရ ရွေးကောက်ပွဲကျင်းပမည်ဟုဆိုကာ ပုလိပ်အဖွဲ့ ခေါင်းဆောင်တို့က ပါတီတစ်ခု တည်ထောင်သည်။ ပါတီ၏အမည်ကို ပြည်သူ့ပါတီဟု အမည် ခပ်တည်တည် ပေးလေသည်။ ပြည်သူပိုင်ပစ္စည်း၊ ဘဏ္ဍာ၊ အဆောက်အအုံတို့ကို အသုံးပြုသော ပါတီဖြစ်သောကြောင့် ထိုသို့ အမည်ပေးခြင်းဟူ၏။

များမကြာမီ ရွေးကောက်ပွဲကြီး ကျင်းပ၏။ ပြည်သူ့ပါတီ ဝင်ပြိုင်၏။ မနိုင်နိုင်အောင် လုပ်၏။

ဤသို့ဖြင့် စည်းကမ်းကောင်းသော ဒီမိုကရေစီစနစ် ပေါ် ပေါက်လာလေသည်။

● ကိုယ့်နည်းကိုယ့်ဟန် ထရိုဂျန်
စည်းကမ်းကောင်းသော ဒီမိုကရေစီစနစ်သည် စကြဝဠာ ထဲတွင် အကောင်းဆုံးစနစ်ဖြစ်သည်ဟု အကြိမ်ကြိမ်  ဝါဒဖြန့်ပြီး ချိန်တွင် ယုံကြည်သူ အနည်းငယ်ရှိလာသည်။ ပုလိပ်အဖွဲ့ခေါင်း ဆောင်များ၊ အာဏာရ ပြည်သူ့ပါတီခေါင်းဆောင်များက အခိုင် အမာယုံကြည်သူများထဲတွင် ပါဝင်ကြလေသည်။ ပြောဖန်များ သွားသောကြောင့် ကိုယ်တိုင် အဟုတ်ကြီးထင်သွားခြင်းပင်တည်း။

ထိုသို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပြင်းထန်လွန်းမှု ပုံ မှန်ထက် ပိုမိုလွန်ကဲလာချိန်တွင် ပုလိပ်ခေါင်းဆောင်ပိုင်းက သတ္တိရှိလာသည်။ မည်မျှ သတ္တိရှိလာသနည်း။ အတိုက်အခံခေါင်း ဆောင်ကို ထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးရဲသည်အထိ သတ္တိ ရှိလာသည်ဟု ဆိုရမည်။

ပြန်လွတ်လာသော အတိုက်အခံခေါင်းဆောင်က  ပြည်သူ မနာသော၊ ထောင်ထဲ မဝင်ရသော နည်းလမ်းသုံးပြီး တိုက်ကွက် ဖော်လေသည်။ ကမ္ဘာကျော် ထရိုဂျန်ဗျူဟာကို အနည်းငယ် ပြင် ဆင်ပြီး သုံးမည်ဟု ဆို၏။ ထရိုဂျန်ဗျူဟာဟူသည်မှာ ပြိုင်ဘက်ကို အလဲထိုးနိုင်သည့် ဗျူဟာဖြစ်သည်။ ရှေးကာလ စစ်ပွဲတစ်ခုမှ ပေါ် ပေါက်လာသော ဗျူဟာဖြစ်သည်။ ဟိုးရှေးရှေးတုန်းက မြို့ပြ နိုင်ငံတစ်ခုက တခြားမြို့ပြနိုင်ငံတစ်ခုကို သွားရောက်တိုက်ခိုက် သည်ဟု ပုံပြင်က ဆိုသည်။

အတိုက်ခံရသူက ရိက္ခာလုံလောက်၊ လက်နက်ပြည့်စုံ၊ မြို့ ရိုးအခိုင်အမာတည်ဆောက်ပြီး ခုခံ၏။ ကာလကြာသော် အပြင် ဘက်မှ ဝိုင်းထားသူတို့သာ အထိနာ၊ အခက်တွေ့လာသဖြင့် စစ် ဗျူဟာ ပြောင်းရလေသည်။ သူတို့က ဆုတ်ခွာဟန်ပြုပြီး မနီး မဝေးတွင် တပ်ဖျောက်လိုက်ကြသည်။ သို့သော်လည်း သုံးထပ် တိုက်ခန့် ပမာဏရှိသည့် လှလှပပ မြင်းရုပ်ကြီးကို ထားခဲ့လေသည်။

မြို့ရိုးအတွင်းမှ ပြင်ပသို့ လှမ်းကြည့်ရာ ရန်သူတို့  ဆုတ်ခွာ သွားသည်ကို မြင်ရသဖြင့် အနှီ လှတပတ မြင်းရုပ်ကြီးကို မြို့ရိုး အတွင်းသို့  သွင်းလာကြပြီး သောက်စားမူးယစ် အောင်ပွဲခံကြ သည်ဟု ပုံပြင်ထဲတွင် အတိအကျ ဆိုထားသည်။ နိဂုံးချုပ်ပြောရ လျှင် ညအမှောင်ကျချိန်တွင် မြင်းရုပ်အတွင်းမှ ရန်သူလက်ရွေး စင် ကွန်မန်ဒိုများ တိတ်တဆိတ်ထွက်လာပြီး မြို့ကို မီးရှို့တိုက် ခိုက်သည်၊ မြို့တံခါးများကို ဖွင့်သည်၊ တပ်ကူများ ရောက်လာပြီး အင်အားသုံး ချေမှုန်းလေရာ ထိုမြို့ပြနိုင်ငံ စစ်ရှုံးလေတော့သည်။ ဤပုံပြင်ထဲမှ မြင်းရုပ်ကြီး၏ အမည်မှာ ထရိုဂျန်ဖြစ်လေရာ ပြိုင် ဘက်များရှိရာသို့ ကိုယ့်လူရောက်အောင် သွင်းသည့်နည်းနာကို ထရိုဂျန်ဗျူဟာဟု သမိုင်းဆရာတို့က  ဆိုကြလေသည်။

ယနေ့ခေတ်တွင် ဒုက္ခသီရိအတိုက်အခံခေါင်းဆောင်က ထို နည်းနာကို အနည်းငယ်ပြင်ဆင်ပြီး သုံးလေသည်။ အာဏာရ ပါတီခေါင်းဆောင်များစွာထဲမှ ဦးငွေမန်းဆိုသူကို မိတ်ဆွေဖွဲ့လေ ၏။ ကာလတိုအတွင်း လွန်စွာ ရင်းနှီးသောမိတ်ဆွေများ အဆင့် သို့ပင် ရောက်လာသည်။

နိုင်ငံရေးအကဲခတ်တို့ကမူ အတိုက်အခံခေါင်းဆောင်ကို ချီးကျူးကြလေသည်။ ထရိုဂျန်မြင်းရုပ်ကို ကိုယ်တိုင် မလုပ်၊  မြို့ရိုး ထဲမှ မြင်းရုပ်ကြီးတစ်ခုကို မြို့ပြင်ထွက်လာအောင်လုပ်ပြီး ပြိုင် ဘက်တွေကြား ယုန်ထင်ကြောင်ထင်၊ ကစဥ့်ကလျားဖြစ်ပြီး ပြို ကွဲစေသည့် နည်းဗျူဟာ၊ ကိုယ့်နည်းကိုယ့်ဟန် ထရိုဂျန်နည်း ဗျူဟာ သုံးနေပြီဟု မှတ်ချက်ပြုကြ၏။

ထိုနည်းဗျူဟာ မည်မျှအထိ အလုပ်ဖြစ်သနည်းဟူမူ ပြည် သူ့ပါတီအတွင်း အယူအဆနှစ်မျိုး ဖြစ်သွားသည်အထိပင်။ မိတ် ဆွေမရှိ၊ ရန်သူသာရှိသည်ဟူသော အယူအဆကို ကိုင်စွဲထား သည့် နဂိုမူလ ခေါင်းမာဂိုဏ်းသားများက တစ်ဖက်၊ ရန်သူ၏အင် အား ကိုယ့်အင်အားဟူသော အယူအဆသစ်ကို စွဲကိုင်သူတို့က တစ်ဖက် ဖြစ်လာသည်။ ဒုတိယအုပ်စုကို ဦးဆောင်သူမှာ ဦးငွေ မန်း ဖြစ်ကြောင်း စာရှုသူတို့ သဘောပေါက်ကြမည်ဟု ယူဆ ပါသည်။ ဟုတ်ပါသည်။ ဒုတိယအုပ်စုကို ဦးဆောင်သူမှာ ဦးငွေ မန်း ဖြစ်တော့သည်။

● ဦးငွေမန်း ရွာပြင်ရောက်
ထိုသို့ စိတ်ဝမ်းကွဲနေစဉ်မှာပင် ရွေးကောက်ပွဲရာသီ ကျ ရောက်လာလေသည်။ ရွေးကောက်ပွဲမှာ အကြိတ်အနယ် ရှိလှ၏။ ပဝါမကူ၊ ရေမရှူတမ်း ပြိုင်ကြ၏။ အတိုက်အခံ ပေါ်ပြူလာပါတီက အပြတ်အသတ် အနိုင်ရသွားလေသည်။

မျှော်လင့်မထားသော သို့မဟုတ် မဖြစ်စေချင်သော အခင်းအကျင်းကို ပုလိပ်အဖွဲ့ခေါင်းဆောင်ပိုင်းက မကျေနပ်ချေ။ သူတို့၏ နိုင်ငံရေးအတောင်ပံ ပုံပျက်ပန်းပျက် ဖြစ်ရသည်မှာ ဦးငွေမန်းကြောင့်ဟု အဖြေထုတ်လေသည်။ ညနေခင်းတစ်ခုတွင် သူတို့ အကြီးအကျယ် ရန်ဖြစ်ကြ၏။ ညတွင်းချင်းပင် ဦးငွေမန်းကို ပြည်သူ့ပါတီရုံးခန်းထဲမှ ဆွဲထုတ်ကြ၊ မောင်းထုတ်ကြ၏။ သင် သွားလိုရာ သွားနိုင်ပြီ၊ ငါတို့နှင့် မသက်ဆိုင်တော့ချေဟု ဆိုကြ၏။

ဦးငွေမန်း ရွာပြင်ရောက်သွားလေရာ အကဲခတ်တို့က သူ့ ကို အကောင်းဆုံးအရှုံးသမား၊ မဟာပြုပြင်ပြောင်းလဲရေးသမား၊ ဖောက်ထွက်လှုပ်ရှားသူ၊ နိုင်ငံရေးစွန့်ဦးတီထွင်သူ၊ သေတ္တာ အပြင်ဘက်ထွက်ပြီး ရှုမြင်သူ စသဖြင့် ကင်ပွန်းတပ်ကြသည်။ ပြည်သူ့ပါတီတွင်မူ သူ့အမည်ကို စကားထဲ ထည့်မပြောရဲကြသဖြင့် ထရိုဂျန်ကြီးဟူသော အမည်ဝှက်ကိုသာ သုံးကြသည်။

ပြည်သူလူထုထဲတွင်လည်း ဦးငွေမန်းကို ‘ငါတို့လေးစားသူ ရဲ့ မိတ်ဆွေဆိုတော့လည်း ငါတို့မိတ်ဆွေပဲပေါ့ကွာ’ ဟု သတ်မှတ် သူ အများအပြားရှိလာသည်။

အခဲမကြေသော ပုလိပ်အဖွဲ့ခေါင်းဆောင်ပိုင်းက ဦးငွေမန်း ကို အနီးကပ် စောင့်ကြည့်လေတော့သည်။

တစ်နေ့သားတွင် ဦးငွေမန်း၏ ပြောကြားချက်များအတွင်း   ‘ရွေးကောက်ပွဲအနိုင်ရ ပေါ်ပြူလာပါတီ အစိုးရကို လေးစားပါ’ဟူသော စကားတစ်ခွန်း  ပါလာသည်။ ထိုပြောဆိုချက်ကို 7PAYသတင်းစာ၏ သတင်းတစ်ပုဒ်တွင်လည်း တွေ့ရလေသည်။

ထိုစကားက မည်သို့သော အဓိပ္ပာယ် ရသနည်း၊ သူ ဘာ ကြောင့် ထိုသို့ မြွက်ဆိုသနည်း၊ ထိုစကားနောက်ကွယ်တွင် မည် သည့်မြှုပ်ကွက် ရှိသနည်းဟု ပုလိပ်အဖွဲ့ခေါင်းဆောင်ပိုင်းက စဉ်း စားခန်း ထုတ်လေသည်။ ရက်ပေါင်းလေးဆယ်ခန့် စဉ်းစားခန်း ထုတ်ကြပြီးနောက်တွင် ကောက်ချက်တစ်ခု ချလိုက်သည်။’အစိုးရကို လေးစားပါ ဟူသည်မှာ ပုလိပ်အဖွဲ့ကို မလေးစားကြနဲ့’ဟု တိုက်ရိုက်ဘာသာပြန်နိုင်သည်ဟူသော ကောက်ချက်ပင်။

ထိုသို့ ကောက်ချက်ချပြီးသကာလ မည်သို့ တုံ့ပြန်မည်နည်း ဟု တိုင်ပင်ဆွေးနွေးကြရာ ထိုပြောဆိုချက်ကို သတင်းအဖြစ် ရေးသားဖော်ပြသော 7PAY သတင်းစာကို ဖိအားပေးသင့် ကြောင်း၊ ထိုသို့ ဖိအားပေးခြင်းဖြင့် ဦးငွေမန်းကိုရော၊ စာနယ်ဇင်း သမားတို့ကိုပါ ပညာပေးရာရောက်ကြောင်း ဆုံးဖြတ်ကြလေသည်။

● 7PAY သတင်းစာ
ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ကြသည်။ 7PAY သတင်းစာကို ဖိအားပေးကြလေသည်။ 7PAY  သတင်းစာလည်း နေရင်းထိုင်ရင်း နာမည်ကြီးသည်ထက် ကြီးလေသည်။  တချို့ သော အကဲခတ်တို့က ဤဖြစ်ရပ်ကြီးတစ်ခုလုံးမှာ လုပ်ဇာတ်ဖြစ် သည်၊ ခေတ်ပေါ် ကြော်ငြာနည်းတစ်ခုဖြစ်သည်ဟုပင် ယူဆကြ သည်။ ဖိအားပေးမှု ရုပ်သိမ်းသည်ဟု သတင်းထွက်လာသောအခါ ‘ကဲ…အစက ငါမပြောလား’ဟု သူတို့က အခိုင်အမာ ဆိုလေ၏။

ဒုက္ခသီရိစာနယ်ဇင်းလောကသားတို့ကမူ ဤဖြစ်ရပ်ကြီး နှင့် ပတ်သက်ပြီး အပြင်းအထန် ကန့်ကွက်ကြသည်။ ငါတို့ကို သတင်းရေးခွင့် မပေးတော့ဘူးလား၊ အမှောင်ခေတ်ကို ပြန်သွား တော့မှာလား စသည်ဖြင့် ဆူညံစွာ ဝေဖန်ကြ၏။ အကောင်းမြင်သူ မရှိသလောက်ပင်။

မရှိသလောက်ပင် ဟူသည်မှာ အနည်းငယ်ရှိသည်ဟု ဘာသာပြန်နိုင်သည်။ ဟုတ်သည်၊ အကောင်းမြင်သူ အနည်းငယ် ရှိနေသည်။ ထိုမဆိုစလောက်သော အနည်းငယ်ထဲတွင် သတင်း ထောက် ရန်လိုကျွဲ ပါဝင်လေသည်။ အကောင်းဘက်မှ ရှုမြင် ကြောင်းလည်း အွန်လိုင်းတွင် လက်ဆော့ရေးသားလိုက်သည်။

စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကြွေးကြော်လေ့ရှိသော မော် ကွန်းသတင်းစာက ရန်လိုကျွဲကို မကျေနပ်ချေ။ မော်ကွန်းမှ ရုပ်အဖြောင့်ဆုံး သတင်းသမား ကျော်ဇေယျဆိုလျှင် ”ဟေ့ ကောင်…မင်းက ဘာကြောင့် အကောင်းမြင်ရတာလဲ၊ သတ္တိရှိရင် ရုံးကို လာခဲ့၊ ချက်ချင်းလာခဲ့၊ ငါနဲ့ တွေ့မယ်”ဟု ဖုန်းဆက်ပြီး  အော်ဟစ်ခြိမ်းခြောက်၏။

ဒုက္ခသီရိ တယ်လီဖုန်းလိုင်းများ မကောင်းသဖြင့် သူ့အသံ က မသဲကွဲလှချေ။ ”ရုံးကို လာခဲ့၊ ချက်ချင်း လာခဲ့”ဟူသော အသံ ကိုသာ အနည်းငယ် သဲကွဲစွာ ကြားရသည်။ ထို့ကြောင့် ရန်လိုကျွဲ လည်း မော်ကွန်းရုံးသို့ သုတ်ခြေတင်ရလေ၏။ ရုံးခန်းငှားခ မပေး နိုင်တော့သဖြင့် အခန်းရှင်က နှင်ချနေပြီလော၊ သတင်းထောက် အချင်းချင်း ရန်ဖြစ်သောကြောင့် ထိပ်ပေါက် ခေါင်းကွဲကုန်ပြီ လော စသဖြင့် တွေးမိ၏။

ရုံးသို့ ရောက်သော် အရာအားလုံး ပုံမှန်ရှိနေသည်။ ၉ဝ ရာခိုင်နှုန်းသော သတင်းထောက်တို့က Facebook သုံးနေသည်။ ၁ဝ ရာခိုင်နှုန်းသော သတင်းထောက်တို့က မွန်းတည့်ချိန်အထိ ရုံးရောက်မလာသေး။ ဒါဆိုလျှင် ကျော်ဇေယျက ဘာကြောင့် အရေးတကြီး လှမ်းခေါ်ရသနည်း။ ချောင်ထဲတွင် Facebook သုံးနေသော ကျော်ဇေယျကို ကြည့်လိုက်တော့လည်း ခပ်တည် တည်။ ဒါဆို သေချာပြီ၊ ဧပြီ ၁ ရက်နေ့ မဟုတ်ဘဲ ဧပြီဖူးလုပ်တာ ခံလိုက်ရပြီ။

တကယ်တော့ ရန်လိုကျွဲ ရောက်လာကတည်းက ကျော် ဇေယျ ရင်တွေ ခုန်နေသည်။  ရင်ခုန်သည်ဆိုသည်မှာ တခြား မဟုတ်။ ဖုန်းထဲတွင် ဒေါသအလျောက် ဟိန်းဟောက်လိုက်သော် လည်း ဗလကြီးကြီး ရန်လိုကျွဲ ရုတ်တရက် ရောက်ချလာချိန်တွင် ထွက်ပြေးရန်လည်း အခြေအနေမပေးသဖြင့် ရင်ခုန်ထိတ်လန့် နေခြင်းပင်။

● အကောင်းမြင်သမား
ရင်ခုန်နေသော ကျော်ဇေယျကို ရန်လိုကျွဲက ‘ဘ’သုံးလုံး မေးခွန်းဖြင့် လှမ်းနှုတ်ဆက်ပါ၏။

”ကျော်ဇေယျ၊ ဘာတွေရေး၊ ဘာတွေလုပ်နေလဲ၊ ဘာ ထူးလဲ”

သူကောင့်သားလည်း အယောင်ယောင် အမှားမှား ဖြေ၏။

”7PAY သတင်းစာနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေ လုပ် နေတာပါ”

”ဟာ…ကောင်းတာပေါ့။ ဒါ ရာသီစာပဲ။ ငါ့ကိုလည်း ဗျူး လေကွာ။ ဒါမှ မတူတဲ့ အမြင်တွေ ရအောင်လို့”

ရန်လိုကျွဲ သာသာထိုးထိုး ရောင်းတတ်သဖြင့် ကျော်ဇေယျ လည်း အချင်းချင်း ဗျူးရလေတော့သည်။

ကျော်ဇေယျ – ဦးငွေမန်းပြောဆိုချက်ကို သတင်းထဲထည့်ရေးတဲ့ 7PAY သတင်းစာ မကြာသေးခင်က ဖိအားပေးခံရပါတယ်။ ပုလိပ်အဖွဲ့ကြီး ဖိအားပေးတာနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါ သလဲ။

ရန်လိုကျွဲ – ဒါအင်မတန် ကြိုဆိုချင်စရာကောင်းတဲ့ တုံ့ပြန်မှုပါ။ ကျွန်တော် သောက်ရမ်းကြိုက်ပါတယ်။

ကျော် – ဘာကြောင့် သောက်ရမ်းကြိုက်၊ သောက်ရမ်း ကြိုဆိုရ တာလဲ။

ကျွဲ – ဘာကြောင့်လဲဆိုတော့ သူတို့က ဖိအားပဲ ပေးတာလေ။ ခါ တိုင်းဆို ထောင်ထဲ တန်းထည့်လိုက်တာမဟုတ်လား။ အခုလုပ် ရပ်က ခါတိုင်းထက် အဆပေါင်းများစွာ ညင်သာတယ်လေ။ ဒါ ကြောင့် သောက်ရမ်းကြိုက်၊ သောက်ရမ်း ကြိုဆိုမိတာပါ။

ကျော် – ပုလိပ်အဖွဲ့ ဖိအားပေးတဲ့အတွက် စာနယ်ဇင်းလောက အတော်လေး ပွက်လောရိုက်သွားပါတယ်။ ဒါကိုရော အကောင်း မြင်ပါသလား။

ကျွဲ – အကောင်းမြင်ပါတယ်။ ပုလိပ်အဖွဲ့ကြီးက အခုလို အစွယ် ထုတ်ပြလိုက်တဲ့အတွက် လူတွေက သြော်…စည်းကမ်းကောင်း သော ဒီမိုကရေစီစနစ်ဆိုတာ ဒါပါလားလို့ ပိုပြီး သဘောပေါက် သွားပါတယ်။ ဒီဖြစ်ရပ်က အားလုံးကို အလင်းပြသလို ဖြစ်သွား တယ်ဆိုတော့…ဘယ်လိုပြောမလဲ…ကောင်းတာပေါ့နော်။

ကျော် – ပုလိပ်အဖွဲ့ကြီးကို ဘယ်လို သုံးသပ်ချင်ပါသလဲ။

ကျွဲ – ပုလိပ်အဖွဲ့ခေါင်းဆောင်ပိုင်းက စာနယ်ဇင်းမှာ ပါသမျှကို ဆက်လက် စောင့်ဖတ်မယ့် သဘောရှိတယ်။ ဒါ အင်မတန်ကောင်း ပါတယ်။ စာများများဖတ်တော့ အသိအမြင် တိုးပွားတာပေါ့ဗျာ။ စာဖတ်ခြင်းကြောင့် မည်သူမဆို လိမ္မာရေးခြား ရှိလာနိုင်တယ်။ ကိုယ့်အလုပ်က ဘာလဲဆိုတာ ပိုပြီး သဘောပေါက်လာအောင် စာဖတ်ခြင်းက အားပေးတယ်။

ကျော် – တခြား ပြောချင်တာ ရှိသေးလား။

ကျွဲ – ဒီအင်တာဗျူးကို  ပုလိပ်အဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေ မဟုတ်ရင်တောင် အလယ်အလတ်ခေါင်းဆောင်တွေ ဖတ်ဖြစ် မယ်လို့ ယူဆပါတယ်။ သူတို့ရဲ့ လှုပ်ရှားတုံ့ပြန်မှုကို ကျွန်တော် ရန်လိုကျွဲက အကောင်းမြင်တယ်ဆိုတာ သူတို့ သိသွားမှာ ဖြစ်တဲ့ အတွက် ပုထုဇဉ်တို့ သဘာဝ သူတို့ အင်မတန် သဘောကျ နှစ် သက်လိမ့်မယ်လို့ ယူဆပါတယ်။ ဒီလောက်ပါပဲ။

အင်တာဗျူးအပြီးတွင် ရန်လိုကျွဲလည်း မော်ကွန်းရုံးမှ ပြန်ခဲ့လေသည်။

နာရီများမကြာမီ မော်ကွန်းသတင်းစာတိုက်က ဖုန်းဆက် အကြောင်းကြားလာသည်။ သူတို့ရုံးတွင် ပြုလုပ်ခဲ့သော အင်တာ ဗျူးကို သတင်းစာမျက်နှာဖုံးတွင် ဖော်ပြမည်ဟူ၏။     ။
↧

တူမောင်ညို ● ကြံ့ဖွံ့ပါတီညီလာခံရဲ့ အထက်မှာ သဖန်းသီးပုပ် ရှိတယ်

$
0
0
တူမောင်ညို ● ကြံ့ဖွံ့ပါတီညီလာခံရဲ့ အထက်မှာ သဖန်းသီးပုပ် ရှိတယ်
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၆
 

ကြံ့ဖွံ့ပါတီ  “ဒုတိယအကြိမ်ပါတီညီလာခံ” ပြီးသွားပြီ။

ဗိုလ်သန်းဋ္ဌေး၊ ဗိုလ်မြတ်ဟိန်း၊ ဗိုလ်သက်နိုင်ဝင်းတို့ခေါင်းဆောင်တဲ့စီအီးစီသစ်ပေါ်လာတယ်။ ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ် သန်းဋ္ဌေး၊ ဗိုလ်မြတ်ဟိန်းနဲ့ စည်းကမ်းထိန်းသိမ်းရေးကိုင်ထားတဲ့ ဗိုလ်ခင်ရီတို့က (စတသ - ၁၇) ဆင်းတွေဖြစ်တယ်။ ဒါ့အပြင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (NDC)  သင်တန်းအမှတ်စဉ် (၄) ကိုလည်း အတူတူတက်ခဲ့ကြသူတွေဖြစ်တယ်။ (NDC) သင်တန်းအမှတ်စဉ် (၄) ကို လက်ရှိကာချုပ် ဗိုလ်မင်းအောင်လှိုင်လည်း တက်ခဲ့တာပါပဲ။ ဗိုလ်မင်းအောင်လှိုင်က (စတသ -၁၉ ) ဖြစ်တယ်။ ဒီတော့ လက်ရှိ အသစ်ရွေးလိုက်တဲ့ ကြံ့ဖွံ့ပါတီထိပ်ပိုင်းတွေဟာ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ရဲ့ စီနီယာတွေဖြစ်တယ်။

အထွေထွေအတွင်းမှူးဖြစ်တဲ့ ဗိုလ်သက်နိုင်ဝင်းကတော့ (ဗသက - ၅၆) ကဖြစ်ပြီး၊ (NDC) သင်တန်း အမှတ်စဉ် (၅) တက် ရောက်ခဲ့သူဖြစ်တယ်။

ဥက္ကဋ္ဌသစ်ဖြစ်တဲ့ ဗိုလ်သန်းဋ္ဌေးက ဗိုလ်နေဝင်းရဲ့သမက်နဲ့မြေးတွေကိစ္စမှာ သူ့ရဲ့သစ္စာရှိမှုကို ထိုစဉ်က “နံပတ်ဝမ်း” ဖြစ်တဲ့ ဗိုလ်သန်းရွှေထံ ပထမသတင်းပေးတင်ပြခဲ့သူဖြစ်တယ်လို့ သိရတယ်။ အဲဒီအချိန်တုန်းက သူဟာ (တမခ -၇၇ ) ရဲ့ တပ်မမှူးဖြစ်တယ်။

ကြံ့ဖွံ့ပါတီဒုတိယအကြိမ်ပါတီညီလာခံကနေသတိပြုမိတဲ့အချက်တွေနဲ့ ထင်မြင်ယူဆချက်တွေကို တင်ပြပါရစေ။

● ပထမဆုံးအချက်
ညီလာခံက ဗိုလ်ရွှေမန်းနဲ့သူ့ရဲ့နောက်လိုက်နောက်ပါတသိုက်တောင်းဆိုခဲ့ကြတဲ့ အချက်တွေမှန်သမျှကို ဘေးချိတ်ခဲ့တယ် ဆိုတဲ့အချက်ပဲ။ ဗိုလ်ရွှေမန်းနဲ့သူနောက်ပါအုပ်စုက (၂၄-၄-၂၀၁၆)ရက်စွဲနဲ့  ကြံ့ဖွံ့ပါတီ ဗဟိုကော်မတီ ၁၃၆ ဦး လက်မှတ် ထိုးပြီး အရေးပေါ် ညီလာခံခေါ်ပေးဖို့တောင်းဆိုခဲ့ကြတယ်။

ဒါ့အပြင် ဒီကိစ္စကို ဗိုလ်ရွှေမန်းနဲ့နောက်ပါတသိုက်က သတင်းစာရှင်လင်းပွဲလုပ်ခဲ့ပြီး“ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှပါတီဝင်များ၏ ထုတ်ပြန်ကြေညာ ချက်” ဆိုတာကိုလည်း (၂၇-၄-၂၀၁၆) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြပါတယ်။

အဲဒီကြေညာချက်ထဲမှာ ဗိုလ်ရွှေမန်းတို့အုပ်စုက ဆင်ဖမ်းမှာလိုလို၊ ကျားမြှီးပဲ အတင်းဆွဲတော့မှာလိုလို ရေးထားတာပါ။

ပေါ်လွင်အောင် ကြေညာချက်ထဲပါတဲ့ အချက်တချို့ကို ကောက်နုတ်ဖော်ပြရရင် ...

“ဥပဒေအထက်တွင် ဘယ်သူမှမရှိစေရေး - ၂၀၁၅ ခုနှစ်၊ သြဂုတ်လ(၁၂)ရက် ည(၁၀)နာရီခွဲ အချိန်ခန့်တွင် လုံခြုံရေးအဖွဲ့ အင်အားအသုံးပြုပြီး ပါတီဌာနချုပ်ရုံးကို စီးနင်းနေရာယူသိမ်းပိုက်ရှာဖွေပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအား ပြင်ဆင်ဖွဲ့ စည်းခဲ့တယ်--- ပါတီညီလာခံနှင့် ပါတီဗဟိုကော်မတီကရွေးချယ်တင်မြှောက်ထားသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကို ဖယ် ရှားပြီး ရက်ပိုင်းအတွင်းမှပါတီဝင်ဖြစ်လာသူများနှင့်သာမန်ပါတီဝင်အချို့တို့ကို ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တိုက်ရိုက် ခန့်အပ်ခဲ့တယ် --- ဒါတွေဟာ တည်ဆဲဥပဒေနှင့် ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ချိုးဖောက်ခြင်း ရှိ/မရှိ အလွယ်တကူသိမြင်နိုင် တယ်” --- စတဲ့အချက်တွေပါရှိပါတယ်။

ဒီကြေညာချက်ပါ သဘောထားတွေအချက်အလက်တွေအပေါ်မှာ ဗိုလ်ရွှေမန်းတို့အုပ်က တကယ်တန်း အလေးထားတယ် ဆိုရင် သူတို့ဘက်က တုန့်ပြန်ပြီး လုပ်ဆောင်စရာတွေအများကြီးရှိပါတယ်။  အခုတော့ ဗိုလ်ရွှေမန်းတို့အုပ်က ထုတ်ပြန်ခဲ့တဲ့ (၂၇-၄-၂၀၁၆) ရက်နေ့၊ ကြေညာချက်ဟာ စက္ကူစုတ်ဖြစ်သွားရှာပြီလား။

ဒါပေမယ့် အခုချိန်အထိညီလာခံသာပြီးဆုံးသွားတယ် သူတို့ရဲ့ (၂၇-၄-၂၀၁၆) ရက်နေ့၊ ကြေညာချက်မှာ ထုတ်ပြန်ထားခဲ့တဲ့ အချက်တွေနဲ့ပတ်သက်ပြီး ဗိုလ်ရွှေမန်းဆီကရော သူ့နောက်လိုက်တွေဆီကရော ဘာဆို ဘာသံမှ မကြားရပါဘူး။ (၂၂-၄-၂၀၁၆) ရက်စွဲနဲ့ ကြံ့ဖွံ့ပါတီစီအီးစီရဲ့အဆုံးအဖြတ်ဟာ ဗိုလ်ရွှေမန်းတို့တသိုက်အတွက် (final and conclusive) အပြီးအပြတ် အတည်ဖြစ်ခဲ့ပြီလား။

[ ပြည်တွင်း ပြည်ပ မီဒီယာတွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မေးသံမြန်းသံမကြားမိပါဘူး။ ဘာကြောင့်လဲတော့ မသိပါ။]

● ဒုတိယအချက်
ဗိုလ်ရွှေမန်းကတော့ ဒုတိယအကြိမ်ပါတီညီလာခံကရွေးချယ်လိုက်တဲ့ ဗဟိုကော်မတီသစ်ကိုလက်ခံကြောင်း ဥက္ကဋ္ဌသစ်ဖြစ် တဲ့ ဗိုလ်သန်းဋ္ဌေးထံ (၂၃ သြဂုတ်)နဲ့ လိပ်မူထားတဲ့ “ဝမ်းမြောက်ဂုဏ်ယူကြောင်း” ဆိုတဲ့ စာပို့ထားတာတွေရပါတယ်။

ဒီစာရဲ့သဘောက ဗိုလ်ရွှေမန်းတို့အုပ်စုဟာ သူတို့ကြေညာချက်ထဲမှာတောင်းဆိုထားတဲ့ကိစ္စတွေကို စွန့်လွှတ်လိုက်ပါပြီ။ ရုပ်သိမ်းလိုက်ပါပြီ၊ ညီလာခံ အဆုံးအဖြတ်ကို ကျေကျေနပ်နပ်လက်ခံလိုက်ပါပြီ၊ ဆိုတဲ့သဘောကို ဖော်ပြပြောဆိုလိုက် တာများလား။

 ဗိုလ်ရွှေမန်းဟာ ကြံ့ဖွံ့ပါတီနဲ့ ကွာ ရှင်းပြတ်စဲသွားပြီဆိုတဲ့ သဘောလား။ သမ္မတထက်မြင့်တဲ့ရာထူးရှိရင်တောင် ယူချင်တယ်၊ လုပ်ဆောင်ချင်တယ်ဆိုပြီး ရည်မှန်းချက် အလွန်ကြီးလှတဲ့ ဗိုလ်ရွှေမန်းဟာ အားလုံးကိုစွန့်လွှတ်ကျောခိုင်းလိုက်ပြီလား။

ဒါမှမဟုတ် ဗိုလ်ရွှေမန်းကိုယ်တိုင်ဦးစီးတဲ့ ပါတီတစ်ခု သီးခြားထောင်မလား။ ဒီလိုရော တကယ်တန်း လုပ်ဝံ့ပါ့မလား။  ၂၀၁၇ မှာ ကျင်းပမယ်ဆိုတဲ့ “ကြားဖြတ်ရေးကောက်ပွဲ” မှာ တသီးပုဂ္ဂလ အဖြစ် မကျေပွဲ ဝင်နွှဲဦးမှာလား။  ဒီချုပ်ပါတီထဲ ကူးပြောင်း မှာလား။  ဒီချုပ်ပါတီဆိုင်းဘုတ်အောက်ကနေ ကြားဖြတ်ရွေးကောက်ပွဲဝင်ဦး မှာလား --- စသဖြင့်  စိတ်ဝင်စားစရာတွေပါ။

● တတိယအချက်
ဗိုလ်သိန်းစိန်- ဗိုလ်ဌေးဦးတို့အုပ်တွေကို ဗဟိုနာယကတွေ၊ ဗဟိုအကြံပေးတွေအဖြစ် “အနားပေး” လိုက်တာပါပဲ။ ဗိုလ်ရွှေမန်း အပါအဝင် ၁၇ ဦးကို (၂၂-၄-၂၀၁၆)ရက်နေ့ကြံ့ဖွံ့ပါတီစီအီးစီအစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီဝင်အဖြစ်မှ “အနားပေး” ခဲ့တာကို ဒုတိယအကြိမ်ပါတီညီလာခံက အတည်ပြုမှတ်တမ်းတင်ခဲ့ပြီလား။

ညီလာခံက အဆုံးအဖြတ်အားလုံးဟာ ညီလာခံထက်မြင့်တဲ့နေရာက လာတယ်ဆိုတာကို သူတို့အားလုံး နားလည်ထားကြပုံ ရပါတယ်။ ဆုံးဖြတ်တဲ့အတိုင်း တိတိကျကျနာခံကြရမယ်ဆိုတာလည်း သူတို့အားလုံး သဘောပေါက်ကြတယ်။ ဒါကြောင့်လဲ ဒီဆုံးဖြတ် ချက် အားလုံးကို ဗိုလ်သိန်းစိန် - ဗိုလ်ဌေးဦးတို့အုပ်စုနဲ့ ထုတ်ပယ်ခံဗိုလ်ရွှေမန်းနဲ့နောက်ပါတသိုက်ကရော တသွေမတိမ်း နာခံကြခြင်းဖြစ် ပါတယ်။   ဒီလိုအဆုံးအဖြတ်မျိုးက ကြံ့ဖွံ့ပါတီညီလာခံမှာ တင်ပြီး ဆုံးဖြတ်လို့ မရနိုင်ဘူး။

အဆုံးအဖြတ်တွေက ကြံ့ဖွံ့ပါတီညီလာခံထက်မြင့်တဲ့၊ အငြိမ်းစားနေတယ်ဆိုတဲ့ “နံပတ်ဝမ်း” ဗိုလ်သန်းရွှေဆီ ကလာတာပဲဖြစ် မယ်လို့ယူဆတယ်။ “မြစ်ဆုံကိစ္စ”နဲ့ပတ်သက်ပြီး ဘယ်သူ့ဆီမှာ အဆုံးအဖြတ်ရှိတယ်၊ ဘယ်သူအခရာလဲဆိုတာ ပြည်ပ (စီပီစီ) က မစ္စတာ စုံ့ထောင်း ဆိုသူရဲ့ ခရီးစဉ်မှာတွေ့ခဲ့မြင်ခဲ့ကြရပြီပဲ။

● စတုတ္တအချက်
စစ်အုပ်စုက ဖွဲ့တဲ့ပါတီရဲ့အထက်မှာ ပါတီစည်းမျဉ်းတို့၊ ပါတီညီလာခံတို့ မရှိဘူး။ “စစ်အုပ်စုနံပါတ်ဝမ်း” သာရှိတယ်။

အခြေခံဥပဒေရဲ့အထက်မှာစစ်အုပ်စုရှိသလို၊ ကြံ့ဖွံ့ပါတီရဲ့အထက်မှာလည်း၊ ကြံ့ဖွံ့ပါတီဖွဲ့စည်းပုံရဲ့အထက်မှာ ပါတီညီလာခံရဲ့ အထက်မှာ “အငြိမ်းစားနံပါတ်ဝမ်း” ရှိနေတာကို မြင်ခဲ့ကြရပြီ။

စစ်အုပ်စုတွေဟာ အခြားသူတွေ၊ အခြားပါတီတွေကို အကဲဖြတ်တဲ့နေရာမှာ အဖြစ်မှန်နဲ့ မကိုက်မညီတာတွေရှိပေမယ့်၊ သူတို့ အချင်းချင်းအကဲဖြတ်တဲ့နေရာမှာတော့ တိတိကျကျရှိသလို၊ ထိထိမိမိကွက်ကွက်ကွင်းကွင်းနဲ့ သရုပ်ပေါ်လှပါတယ်။ ဒါကလည်း တခြံထဲ ပေါက်လာကြသူတွေအချင်းချင်းဆိုတော့ မြွေ မြွေချင်း ခြေထောက်သာမက ခြေသည်းလေးတွေကိုပါ မြင်တဲ့သဘောပဲဖြစ်ပါလိမ့်မယ်။

စစ်တပ်ပိုင်မြဝတီသတင်းစာက ဗိုလ်ရွှေမန်းကို အထဲမှာလောက်အတိပြီးတဲ့သဖန်းသီးပုပ်လို့ ဖော်ပြခဲ့တာ ဘယ်လောက် သရုပ်သကန် ပီပြင်ပါသလဲ။ အခုလည်း ကြံ့ဖွံ့ပါတီရဲ့ ဒုတိယအကြိမ်ညီလာခံကနေ ပီပီပြင်ပြင်မီးမောင်းထိုးပြနေတဲ့ အချက် တစ်ချက်ရှိပါတယ်။ အဲဒါကတော့ သဖန်းသီးပုပ်အားလုံးရဲ့အထက်မှာ သဖန်းသီးပုပ်အားလုံးက  အကြွင်းမဲ့နာခံရတဲ့ “ သဖန်းသီးပုပ်နံပတ်ဝမ်းကြီး” ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။

အခုတော့ကြံ့ဖွံ့ပါတီစီအီးစီအသစ်က ကိုဖီအာနန်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မယ့် “ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်”ကိစ္စ အပေါ် သဘောထားကြေညာချက်ထုတ်ပြန်ပြီး ပွဲထွက်လာခဲ့ပြီ။

● ညွန်း - ထုတ်ပယ်ခံရတဲ့ကိစ္စ သူရဦးရွှေမန်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်(RFA)၊ ၂၇-၄-၂၀၁၆
-  ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော် မရှင်ရှိ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ပါတီဝင်များ၏ ထုတ်ပြန်ကြေညာချက် (၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်)
Photo credit : AP
↧

စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့

$
0
0
စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့
( ကြ မ်း ကြ မ်း တ မ်း တ မ်း ဘ ၀ လ မ်း များ )
(မိုးမခ/ သစ်ခက်သံလွင်) သြဂတ်စ် ၂၆၊ ၂၀၁၆

---------
၁၉၈၈ ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်​အာဏရှင်​စနစ်​ အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေး​အတွက် တိုက်ပွဲဝင်ခဲ့ကြ တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်​လှန်​​ရေးခရီးလမ်းတလျှောက် ကျနော် ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ​ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်​ပွဲဝင်​ခဲ့ကြတဲ့ ရဲ​ဘော်​သူငယ်​ချင်း​များအား အမှတ်​ရဂုဏ်​ပြုခြင်းအဖြစ်​​သော်​လည်း​ကောင်း၊ နောင်​ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်​မျိုးဆက်​သစ်​များ​ သိရှိလေ့လာနိုင်​ရန်​အတွက်​သော်လည်းကောင်း မိုးမခ/ သစ်​ခက်​သံလွင်​အွန်လိုင်းမှ တဆင့်​ ​ရေးသားတင်​ဆက်​လိုက်​ပါသည်​။

စိုးလွင်(၀မ်ခ) (၂၁၁)

------------

တနေ့.. ရန်သူတပ်ရင်းမှူး ဗိုလ်မှူးမင်းဉာဏ်ရှိန်ဦးစီးပြီး ၈၄ မမပါတဲ့စစ်ကြောင်းတကြောင်း ဟာ ကျောက်တောင်နဲ့ မယ်ညောခီ စခန်းနှစ်ခုကြားကနေ ၀င်ရောက်လာတယ်။ သူတို့ရဲ့အကြံအစည်းက သံလွင်မြစ်အနောက်ဘက်အခြမ်းကို ခြေကုပ်ယူလိုက် နိုင်ရင် မယ်ညောခီ၊ ကျောက်တောင်၊ ထီးဝါ၀ိကျိုးတို့ ကို တိုက်စရာမလိုဘဲ မာနယ်ပလောကို ထိန်းချုပ်နိုင်ဖို့ပဲ။

မာနယ်ပလောကို တိုက်ခိုက်လာတဲ့ရန်သူကို တွန်းလှန်ဖို့ တပ်မဟာ (၃) ကချီတက်လာတဲ့ ကျောင်းသားတပ်မတော် တပ် ရင်း (၂၁၂) တပ်ရင်း (၂၁၄) တွေ မာနယ်ပလောရဲ့ ရှေ့ကာစခန်းတခုဖြစ်တဲ့ မယ်ညောခီကို ရောက်ရှိလို့နေရာယူပါပြီ။

မယ်ညောခီတောင်ကုန်းပေါ်ကို ကျနော်တို့ထက်အရင် ရောက်ရှိနေရာယူထားတဲ့ တပ်တွေက တပ်ရင်း (၂၀၈) နဲ့ တပ်ရင်း (၂၀၄~၂၀၅) တွေ။ သူတို့တွေက ကျနော်တို့မရောက်ခင်ကထဲက ဒီတောင်ကုန်းပေါ်မှာ ရန်သူနဲ့ပွဲပေါင်းများစွာတိုက်ပြီးကြ ပြီ။

တပ်ရင်း (၂၀၈) ဆို...K.N.U မဟာမိတ်နဲ့ပေါင်းပြီး သထုံလောက်က ထွက်လာတဲ့ရန်သူကို လမ်းတလျှောက် လုံး ပြောက် ကျားတိုက်ခိုက်လာပြီး ဒီမယ်ညောခီတောင်ကုန်းပေါ်ရောက်မှ ခံစစ်ဆင်ရတဲ့တပ်..။

ကျနော် မယ်ညောခီမှာ တာဝန်ထမ်းနေတဲ့တလလောက်အတွင်း တခါတရံမှပစ်တဲ့ ရန်သူရဲ့လက်နက်ကြီး ဒဏ်ကလွဲပြီး တိုက်ပွဲမဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ကျနော်တို့မရောက်ခင်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကအများကြီး။ ကြားရတဲ့သတင်းတွေထဲက တခုက..ရန်သူ့ရဲ့ ၈၄မမ တလက်ကို ကျနော်တို့ မဟာမိတ်အဖွဲ့တွေက ရလိုက်တဲ့သတင်း။ (၈၄မမ နောက်ပွင့်ရိုင်ဖယ်က ဆွီဒင်နိုင်ငံထုတ် တင့်ကားဖျက်လက်နက်။ ရန်သူကတော့ အဲဒါကို ကျနော်တို့ရဲ့ဘန်ကာတွေ ဖြိုတဲ့နေရာမှာ သုံးတယ်။ ပြင်းအားကောင်းတယ်။ တရားမ၀င်ဝယ်ယူထားတဲ့ ဒီလက်နက်ကို ကျနော်တို့ရသွားမှာ အစိုးရစစ်တပ် က မလိုလားဘူး။ နိုင်ငံ တကာ သိသွားမှာစိုးတယ်။ ဒါကြောင့် တော်ရုံတန်ရုံ စစ်ကြောင်းမှာ ၈၄ မမကို မသုံးဘူး။ လိုအပ်လို့သုံးမယ်ဆိုရင်လည်း ၈၄ မမ ကိုင်တဲ့တပ်ခွဲကို ဘယ်ညာတောင်ပံ တပ်ခွဲတခွဲစီက လုံခြုံရေးယူပေးကြတယ်)

ဒီမှာလည်း မာနာပလောရဲ့မြေအနေအထားကိုရှင်းပြဖို့ လိုလာပြီ။ သောင်ရင်းမြစ်နဲ့ သံလွင်မြစ် ခွစီးနေတဲ့နေရာမှာ မာနယ် ပလော ရှိတယ်။ သောင်ရင်းမြစ်ရဲ့ အရှေ့ဘက်မှာက ထိုင်းနိုင်ငံ။ အနောက်ဘက်မှာက မြန်မာပိုင် မာနယ်ပလော၊ မာနယ် ပလောရဲ့ အနောက်ဘက်မှာက သံလွင်မြစ်က စီးဆင်းတယ်။ မယ်ညောခီတောင်ကုန်း ကျောက်တောင် တောင်ကုန်း တွေရဲ့အရှေ့ဘက်မှာ သံလွင်မြစ် ရှိတယ်။ ဒီတောင်ကုန်းတွေရဲ့အနောက်ဘက်မှာတော့ နံမည်ကြီး ထီးဝါ၀ိကျိုး (သို့) ခွေး အိပ်တောင်ရှိတယ်။

တနေ့..ရန်သူတပ်ရင်းမှူး ဗိုလ်မှူးမင်းဉာဏ်ရှိန်ဦးစီးပြီး ၈၄ မမပါတဲ့စစ်ကြောင်းတကြောင်း ဟာ ကျောက်တောင်နဲ့ မယ်ညောခီ စခန်းနှစ်ခုကြားကနေ ၀င်ရောက်လာတယ်။ သူတို့ရဲ့အကြံအစည်းက. သံလွင်မြစ်အနောက်ဘက်အခြမ်းကို ခြေကုပ်ယူလိုက် နိုင်ရင် မယ်ညောခီ၊ ကျောက်တောင်၊ ထီးဝါ၀ိကျိုးတို့ ကို တိုက်စရာမလိုဘဲ မာနယ်ပလောကို ထိန်းချုပ်နိုင်ဖို့ပဲ။

ဒါကိုရိပ်မိတဲ့ K.N.U ကလည်း မင်းဉာဏ်ရှိန် ဦးစီးတဲ့ ရန်သူစစ်ကြောင်း ၀င်ရောက်လာချိန်မှာ မတိုက်ဘဲ ရှောင်ပေးလိုက်ပြီး..ရန်သူစစ်ကြောင်းကျွံဝင်သွားချိန်မှ ရန်သူဝင်လာရာလမ်းကြောင်းကို ပိတ်ဆို့လိုက်တော့တယ်။ ဒီမှာပဲ သံလွင်မြစ်နဲ့ မယ်ညောခီ ကြားမှာပိတ်မိနေတဲ့ ဗိုလ်မှူးမင်းဉာဏ်ရှိန် ဦးစီးစစ်ကြောင်းကို K.N.U နဲ့ ကျောင်းသားတပ်ဖွဲ့ပေါင်းပြီး ၀ိုင်းပတ်ခြေမှုန် တော့တာပဲ။

ရန်သူဟာ ရက်အနည်းငယ်လောက် ခံတိုက်နိုင်သေးပေမဲ့ ရက်ကြာလာနဲ့အမျှ ကျည်ဆံအခက်အခဲ ရိက္ခာအခက်အခဲနဲ့ စစ်ကူမရတဲ့အတွက် ကျနော်တို့မဟာမိတ်တပ်တွေကို ခံမတိုက်နိုင်ဘဲ ရှောင်ပြေးနေ ရတော့တယ်။ ကျနော်တို့အဖွဲ့တွေကလည်း လေးဘက်လေးတန်က ပိတ်ဆို့ထားတော့ ထွက်မပြေးနိုင် ဘဲ နေ့ဘက်ဆို တောထဲမှာပုန်းနေပြီး ညဘက်ဆို လူမနေတော့တဲ့ရွာပျက်တွေထဲ ရိက္ခာဝင်ရှာကြတယ်။ ဒီအကြောင်းကိုသိလိုက်တဲ့ ကျနော်တို့မဟာမိတ်တွေက သူတို့လာတဲ့အချိန် ညဘက်မှာ စောင့်ပစ်တော့ တယောက်သေ နှစ်ယောက်သေနဲ့ နောက်ဆုံး ရန်သူလည်း အုပ်စုတွေကွဲပြီး တပ်ပျက်သွားတော့တယ်.. တချို့တွေလည်း အစားရေစားပြတ်ပြီး တောထဲမှာသေကုန်တယ်။

(ကျနော် မယ်ညောခီတောင်ကုန်းပေါ်တက်လာတုန်းက..လမ်းမှာ စမ်းချောင်းတခုတွေ့တာနဲ့ ရေသောက် မယ်လေလို့ စမ်းချောင်းထဲဆင်းသွားတာ..သောက်မလို့လုပ်တုန်း အပုတ်နံ့ရလို့ မသင်္ကာတာနဲ့ စမ်းချောင်း အထက်သွားကြည့်တာ သေနေတဲ့ ရန်သူအလောင်းတလောင်း တွေ့ရတယ်)။

တချို့တွေလည်း လက်နက်ချကြတယ်။ (မယ်ညောခီတောင်ကုန်းပေါ်မှာရှိတဲ့ ကျောင်းသားအဖွဲ့နဲ့ စစ်ကူလို လို့ အရေးပေါ်ခေါ်ထားရတဲ့ N.L.D အဖွဲ့တွေကိုအားပေးဖို့ လက်နက်မပါဘဲ တက်လာကြတဲ့ အမျိုးသားညွန့်ပေါင်းအစိုးရဖွဲ့ဝင် ၀န်ကြီးတွေထံမှာ ရန်သူက လက်နက်ချကြတယ်) ဗိုလ်မှူးမင်းဉာဏ်ရှိန်ဦးစီးတဲ့တဖွဲ့ဆို လက်နက်မချဘဲထွက်ပြေးတာ K.N.U က ဖမ်းမိလိုက်တယ်။ နောက် ဆုံးတော့ ရန်သူလည်း ၈၄မမလည်း ပေးလိုက်ရ၊ လူတွေလည်း သေတဲ့သူသေ ဖမ်းမိတဲ့သူဖမ်းမိနဲ့ ဇာတ်လမ်းသိမ်းသွားတော့တာပဲ။

နောက်တခုက....ရီစရာလည်းဖြစ်၊ စိတ်နာစရာလည်းဖြစ်တဲ့အဖြစ်။

ကျနော် မယ်ညောခီတောင်ပေါ်မှာရှိနေတဲ့အချိန်၊ မယ်ညောခီအရှေ့မှာရှိနေတဲ့ ခွေးအိပ်တောင်ကို ရန်သူက လေယာဉ်နဲ့လာတိုက်တာ..သုံးစီးတအုပ်နဲ့ နှစ်အုပ်ပေါင်း ခြောက်စီးလာတိုက်တာ။ ပထမအစီးက လေယာဉ်ခေါင်းစိုက်မိတာနဲ့ rocket နဲ့ စပစ်တယ်။ rocket ပစ်ပြီးတာနဲ့ ပစ်မှတ်ရှိရာကို လေယာဉ်ကို ဦးစိုက်ဆင်းရင်း စက်သေနတ်ကို ပစ်လာတော့တာပဲ။ ပြန်ဦးမော့တက်တဲ့ အချိန်မှာတော့ ဗုံးကို ကျဲချခဲ့လိုက်တယ်။ ပထမလေယာဉ်ပျံတက်သွားတာနဲ့ ဒုတိယလေယာဉ်ကလည်း ပထမ လေယာဉ်လုပ်သွားသလို rocket ပစ်ပြီး စ၀င်လာတော့တာပဲ။

လေယာဉ်သုံးစီးတအုပ်စုက ကျည်မကုန်မချင်း အခေါက်ခေါက်အခါခါ ဒီပုံစံနဲ့ပစ်သွားကြတယ်။ ပထမအုပ်စု ကျည်ကုန်လို့ပြန်တာနဲ့ ဒုတိယအုပ်စု လေယာဉ်သုံးစီးက ၀င်ပစ်ပြန်ပေါ့။

ဒီလိုရန်သူက ကိုယ့်လူတွေကို ပစ်နေတာကို မယ်ညောခီကုန်းပေါ်မှာရှိနေတဲ့ ကျောင်းသားရဲဘော်တွေ က ဘာကြောင့်မှန်းမသိ ခုန်ပေါက်အော်ဟစ်ပြီး လက်ခုပ်တွေ တီးနေခဲ့ကြတယ်။ (ပြန်တွေးလိုက်တိုင်း စိတ်နာ စရာ)။ ကျနော့်စိတ်ထင်..လေယာဉ်နဲ့တိုက်တာ တခါမှမတွေ့ဘူးလို့ ထင်တယ်။

တိုက်ပွဲပြီးသွားတော့ ..K.N.U ရဲဘော်လေးတယောက်က ခပ်ရွတ်ရွတ် ကျောင်းသားရဲဘော် တယောက် ကို မေးသတဲ့.."ဗုံးကျဲပြီး လေယာဉ် ပြန်တက်သွားချိန်မှာ တဂီးဂီးနဲ့ကြားရတဲ့အသံက ဘာဖြစ်တာလဲ"တဲ့..(အမှန်တော့ ဒီ တဂီးဂီးအသံက စက်သေနတ်ပစ်တဲ့အသံ..လေလှိုင်းကြောင့် အသံနောက်ကျပြီး လေ ယာဉ် ပြန်တက်ချိန်ကျမှ တိုက်ဆိုင်စွာကြားလိုက်ရတာ)..

ဒါပေမဲ့ ကျနော်တို့ မောင်ကျောင်းသားက နောက်တောက်တောက်ဖြေလိုက်တာက.. "ဒီအသံက လေယာဉ် ပြန်တက်ချိန်မှာ လေယာဉ်ဂီယာချိန်းတဲ့အသံကွ"တဲ့။ ရိုးသားတဲ့ K.N.U ရဲဘော်လေး က တော့ ယုံတာပဲ။
နောက်တခုက သမိုင်းတွင်မဲ့ အဖြစ်အပျက်တခု။

တရက်..ကျနော်လည်း တိုက်ပွဲမဖြစ်လို့ ပျင်းပျင်းရှိတာနဲ့ ရန်သူ့သတင်းတွေထောက်လှမ်းတဲ့ ကြားဖြတ်စက် နားသွားပြီး နားထောင်နေမိတယ်။ တိုက်ဆိုင်စွာပဲ ဗိုလ်ချုပ်မောင်လှက သူ့ရဲ့ဗျူဟာမှူးတွေကို အမိန့်ပေးနေ တာ ကြားလိုက်ရတယ်။
မောင်လှ..."မင်းတို့ ဒီကောင်တွေကို ဒီနေ့ ဘာလို့မတိုက်သေးတာလဲ"

ဗျူဟာမှူး.."မနေ့က ကျားသစ်နဲ့ နှင်းဆီတက်တိုက်တာ နှင်းဆီအထိနာသွားလို့ ခဏနားထားတယ်"

မောင်လှ.."မလိုချင်ဘူး။ အခု လက်နက်ကြီးပစ်ကူပေးတာနဲ့ လုပ်ငန်းစပါ"

ဒီမှာတင် ဗျူဟာမှူးဆိုသူက သူ့စစ်ကြောင်းမှူးတွေကို"မအေး-ိုး စစ်ကြောင်းမှူးတွေ မင်းတို့ပထွေး ပြောတာ ကြားတယ်မဟုတ်လား"လို့ ပြောတော့တာပဲ။ ဒီလိုပြောတာကို စက်တွေဖွင့်ထားတဲ့အတွက် ဗိုလ်ချုပ်မောင် လှလည်း ကြားမှာပဲ။ ဒါပေမဲ့ ဘာမှထပ်ပြောသံမကြားရတော့ဘူး။ စက်ပဲပိတ်လိုက်ကြသလား..လေလှိုင်းပဲမကောင်းလို့မကြားရတာလားမသိတော့ဘူး။ နောက်သုံးရက်လောက်နေလို့ ကြားရတာက တိုင်းရင်သားစည်းလုံးညီညွတ်ရေးကိုရှေ့ရှု၍ မာနယ်ပလောထိုးစစ်ကို တဖက်သတ်အပစ်ရပ် လိုက်ကြောင်း ဗိုလ်ချုပ်မောင်လှက ကြေညာသွားတာပဲ။ ဒီမှာတင် မာနယ်ပလောစစ်ပွဲလည်း ရပ်သွား ပြီး နှစ်ဖက်ရဲဘော်တွေလည်း ၀မ်းသာကြပေါ့။

စိုးလွင်(၂၁၁) (၀မ်ခ)
↧
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>