Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧

နရီမင်း - ဘဝက မလုံခြုံဘူး

$
0
0
Than Htay Maung


နရီမင်း - ဘဝက မလုံခြုံဘူး

(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၆

လမ်းလျှောက်ရင်
နောက်ကို
ခဏခဏ ပြန်ကြည့်ရတယ်။

ဆိုင်ထိုင်ရင်
အတွင်းဆုံး သွားပြီး
အဝင်ဝကို မျက်နှာချင်းဆိုင်
ထိုင်ရတယ်။

ကားငှားစီးတော့
ဒရိုင်ဘာနောက်တည့်တည့်
ထိုင်တယ်။

ဘယ်သူ ဓားနဲ့ ထိုးမလဲ
ဘယ်သူ ဝင်ရိုက်သွားမလဲ
တိုင်းပြည်ပျက်ကြီးထဲ
ဘဝက မလုံခြုံဘူး။

အိပ်ခါနီး
တံခါးအားလုံး စစ်ပြီးတောင်
အိပ်မပျော်ဘူး။

မှေးခနဲ အိပ်ပျော်သွားရင်တောင်
လည်​မျိုညှစ်ခံရတယ် အိပ်မက်ပြီး
လန့်လန့်နိုးတယ်။

ဘဝက မလုံခြုံဘူး။

တရားဥပဒေစိုးမိုးရေးက
ကွန်ဒုံးလောက် စိတ်မချရတဲ့ တိုင်းပြည်မှာ
ဘဝက မလုံခြုံဘူး။

မလုံခြုံလိုက်တာမှ
သေပြီးတောင်
အုတ်ဂူ ဖောက်ခံရဦးမယ့် ဘဝ။

နရီမင်း
၁၉- ၉- ၂၀၁၆
↧

ထွန်းဝင်းငြိမ်း ● သခင်အုန်းမြင့် ကိုကိုးကျွန်း ပို့ခံခဲ့ရစဉ်က (၁)

$
0
0
  

ထွန်းဝင်းငြိမ်း ● သခင်အုန်းမြင့် ကိုကိုးကျွန်း ပို့ခံခဲ့ရစဉ်က (၁)
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၆

ဒီမိုကရေစီနဲ့ တရားမျှတမှု မထွန်းကားသေးတဲ့ နိုင်ငံတွေရဲ့ အစိုးရအပြောင်းအလဲဖြစ်ချိန်မှာ အာဏာကို ချုပ်ကိုင်ထားနိုင်သူ တွေဟာ သူတို့ရဲ့ ဆန့်ကျင်ဖက်အင်အားစုတွေကို အားနည်းသွားအောင် နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်လေ့ရှိပါတယ်။ အာဏာရှင် ခေတ်မှာတော့ တိုင်းပြည်နဲ့လူထုအတွက် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တရားမျှတမှုနဲ့ အမှန်တရားထွန်ကားအောင် ရပ် တည်ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံရေးသမားတွေ၊ သတင်းစာဆရာတွေ၊ စာပေအနုပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံရေးအပြောင်းအလဲတိုင်းမှာ ထိပ်ဆုံးက အဖိနှိပ်ခံရပြီး အနစ်နာခံ ရင်ဆိုင်ရလေ့ရှိပါတယ်။ အဲဒီထဲမှာ အမျိုးသား ခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိတ်ဆွေရင်းဖြစ်သူ၊ ကျော်လင်းစာပေကို ထူထောင်သူ၊ ဗမာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနယ်ထဲရောက်ရှိအောင် အဓိကကူညီပံ့ပိုးပေးခဲ့သူ၊ စစ်အစိုးရခေတ်မှာ နိုင်ငံရေးအကျဉ်း သားတွေကိုစောင့်ရှောက်ဖို့ ကမ္ဘာကြီးကို လှုံ့ဆော်ခဲ့သူ၊ သတင်းစာဆရာ တိုးတက်ရေး သခင်အုန်းမြင့်တို့လို ပုဂ္ဂိုလ်မျိုးတွေ ပါဝင်ပါတယ်။

၁၉၅၈ ခုနှစ်မှာ ဖဆပလ တည်မြဲအုပ်စုနဲ့ အဆင်ပြေတဲ့ ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရ တက်ပါတယ်။  အာဏာရ ဖဆ ပလအစိုးရထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် သဘောထားကွဲကြပြီး တည်မြဲနဲ့ သန့်ရှင်းဆိုပြီး အုပ်စု ၂ စုဖြစ်လာပါတယ်။ ငြိမ်းချမ်းရေးအတွက် သူပုန်တွေနဲ့ စေ့စပ်ဆွေးနွေးညှိနှိုင်းမယ်ဆိုတဲ့ ဦးနုရဲ့ သန့်ရှင်းအုပ်စုနဲ့ ငြိမ်းချမ်းရေးအတွက် လက်နက် ချ၊ အပြုတ်တိုက်ရေးဆိုတဲ့ တည်မြဲအုပ်စုဆိုပြီး ကွဲခဲ့ကြတာပါ။ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးညှိနှိုင်းရေး လိုလား ကြသူတွေ၊ ထောက်ခံကြသူတွေကို အိမ်စောင့်အစိုးရက ဖမ်းဆီးနှိပ်ကွပ်ခဲ့ပါတယ်။ အဲဒီသူတွေကို ပြည်မနဲ့ မိုင် ၃ဝဝ နီးပါး ဝေးတဲ့ ကိုကိုးကျွန်းထောင်ကို ပို့ပစ်ပါတယ်။ သခင်အုန်းမြင့်ဟာ ကိုကိုးကျွန်းထောင်ကို ပထမဆုံးပို့ခံခဲ့ရတဲ့အထဲမှာ ပါဝင်ခဲ့ သူပါ။ သခင်အုန်းမြင့် မကွယ်လွန်မီ ၂၀၀၈ ခုနှစ်က သူ့ဘဝ ဖြတ်သန်းမှုတွေကို ကျနော်နဲ့ ညီဖြစ်သူ ဒီဇိုင်းစိုးဝင်းငြိမ်းတို့ဟာ နှုတ်ပြောသမိုင်း အစီအစဉ်အနေနဲ့ ဗီဒီယိုမှတ်တမ်းရိုက်ကူးထားပါတယ်။ အဲဒီအထဲကမှ ကိုကိုးကျွန်းထောင် ပို့ခြင်းခံခဲ့ရတဲ့ သခင်အုန်းမြင့်ရဲ့ အတွေ့အကြုံတွေကို မူရင်းအတိုင်း တင်ပြလိုက်ရပါတယ်။

● ဖမ်းပုံ ဖမ်းနည်း
ကျနော်တို့ကို တရားရုံးတွေ ဘာတွေနဲ့ အမိန့်ချပြီးမှ ထောင်ထဲပို့တာ မဟုတ်ဘူးဗျ။ တစ်ခါတည်း ကောက်ဖမ်းပစ်လိုက်တာ။ ပုဒ်မငါး ငြိမ်ဝပ်ပိပြားရေးဥပဒေဆိုတာနဲ့ ဖမ်းတာပေါ့။ ၁၉၅၈ ခုနှစ် ဒီဇင်ဘာ ၁ ရက် ညပိုင်းမှာ ဖမ်းတာ။ ထောက်လှမ်းရေးတွေက ကျွန်တော်တို့ကို တွဲဖက်ထောင် ခေါ်သွားတယ်။။ အခုတော့ သီးသန့်ထောင်ခေါ်တာပေါ့။ အဲဒီအချိန်တုန်းက ဖမ်းတယ်ဆိုရင် ဖမ်းတဲ့အချိန်တိုင်း မနက် ၃ နာရီ ၃ နာရီခွဲပဲ။ ခေါ်သွားပြီးတော့ ထောင်ထဲတန်းထည့်တာ။ ထောင်ဆိုတာ ထောင်ပိုင်က ထောင်ပိတ်ချိန် ကျော်သွားရင် သေရေး ရှင်ရေးကိစ္စကလွဲလို့ ဘာအကြောင်းနဲ့မှ မဖွင့်ရဘူး။ ထောင်ဥပဒေက မနက်မိုးလင်း ထောင်ဖွင့်သံချောင်း မခေါက်မချင်း ထောင်မဖွင့် ရဘူး။ 



အဲဒီစည်းကမ်းတွေ ဘာတွေ တပ်က မလိုချင်ဘူး။ စစ်တပ်က သူတို့အမိန့်နဲ့ ထောင်ဖွင့်ခိုင်းပြီး လုပ်ချင်ရာလုပ်တာ။ ထောင် ကနေ လာထုတ်တော့လည်း မနက် ၃ နာရီခွဲပဲ။ တွဲဖက်ကနေပြီးတော့ ကျွန်တော်တို့ကို ထပ်ထုတ်တယ်။ အရေးထဲ နှင်းတွေကလည်း ကျလိုက်တာဗျာ။ အတော်လည်းချမ်းတယ်။ မနက်အစောကြီးကတည်းက  အင်းစိန်ဘူတာ ပလက်ဖောင်း ပေါ်မှာ ငုတ်တုတ်လေးတွေ ထိုင်နေရတာ။ ကျွန်တော်တို့ကို စစ်တပ် အစောင့်အရှောက်နဲ့ လိုက်ပို့တာ။ တပ်စိပ် တပ်စိပ်လား နှစ်စိပ်လား မသိဘူး။ များတော့ များတယ်။

၆၄ ယောက်စီးတဲ့ ရထားတွဲကြီးကို အကုန် ပိတ်ထားပြီး အချုပ်တွဲ လုပ်ထားတာ။ ရထားတွဲထောင့်တွေမှာ ပြတင်းတံခါး ရှေ့ နှစ်ပေါက်နဲ့ နောက်နှစ်ပေါက်ပဲ သူတို့အတွက် လေဝင်ရုံလေးထားပြီး ကျန်တာတွေ ပိတ်ထားတာ။ ကျွန်တော်တို့ ခုနှစ် ယောက်ကြားမှာ ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ညှပ်ထိုင်လိုက်လာပြီး သွားကြရတာ။ သွားတဲ့လူတွေက ဇော် တွေချည်းပဲ။  လမ်းစဉ် သတင်းအယ်ဒီတာ ကိုစောလွင်၊ ပမညတ သဘာပတိအဖွဲ့ဝင် သခင်ဗမောင်၊ မုတ္တမကုမ္ပဏီက မန်နေဂျာ သခင်ဗတင်၊ ပမညတ ခေါင်းဆောင် ကိုလှဝင်း၊ တောထဲကမိလာတဲ့ ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံ အတွင်းရေးမှူး ဗိုလ်မျိုးမြင့်၊ အလံနီ ကိုကိုလေးရယ် ကျနော်ရယ်ပေါ့။ အဲဒီကိုကိုလေးက ဗိုလ်တထောင်မှာ လုပ်တယ်ဆိုတာက ကျွန်တော်တို့ အဖမ်းခံရပြီး နောက်ပိုင်းကျမှလုပ်တာ။

● သရက်ထောင်သို့
အဲဒါ ကျွန်တော်တို့ကို ရထားနဲ့ခေါ်သွားတယ်။ ပြည်ကိုပါသွားတယ်။ ပြည်မှာ တညအိပ်တယ်။ တစ်ညအိပ်ပြီးတော့ အောင်လံအထိ မော်တော်ကားနဲ့ခေါ်သွားတယ်။ ကားနဲ့ ဟိုဘက်ကူးပြီးတော့ သရက်ထောင်ပို့တယ်။ ကျနော်တို့အရင် ရန်ကုန်ထောင်ကြီးကပို့လိုက်တဲ့ ကိုတင်စိုး၊ ကိုဝေလင်းရယ် စောစံအေးရယ် နောက်ပြီးတော့ ရဲဘော်ဋ္ဌေးရဲ့မိန်းမ မလှရွှေ ရယ် သူတို့လေးယောက်က အရင်ရောက်နေနှင့်တယ်။ ကျွန်တော်တို့ ခုနစ်ယောက် ရောက်သွားတော့ သရက်ထောင် တစ် ထောင်လုံး ရှင်းထားတာတွေ့ရတယ်။ သရက်ထောင်က ဘယ်လိုရှိလည်းဆိုတော့ အဆောင်တွေကို ကြက်ခြေခတ်ကြီးလို ဆောက်ထားတာ။ အဲဒါကို အဆောင်သဘောမျိုးလုပ်ထားတာ နှစ်ထပ်ရှိတယ်။ ကျနော်တို့ကို အပေါ်ထပ်တင်ထားတာ။

ကျွန်တော်တို့ ခုနှစ်ယောက်ကို အနောက်ဘက်ဆုံးအဆောင်မှာ ထားတယ်။ အဲဒီ သရက်ရောက်သွားတော့ ထောင်ဗူးထဲမှာ ကျွန်တော်တို့ကို ထောင်ကျကနေ ထောင်ဝန်ထမ်းလိုလုပ်ရတဲ့ ထောင်တန်းစီးဖြစ်နေတဲ့ ယာစင်ဆိုတဲ့ကုလားက ကျွန်တော် တို့ ထောင်ဗူးအောက် ဝင်ဝင်ချင်းအောက်မှာ ပုံစံဆိုပြီး ထိုင်ခိုင်းတာ။ ကျွန်တော်တို့ ဘယ်သူမှမထိုင်ဘူး။ တခါတည်း ဟိုမှာ ရေးထားတာကျတော့ အကျဉ်းသားများကို နှိပ်စက်ညှဉ်းပန်းရေးမပြုရလို့ ရေးထားတာပဲ။ ပေကပ်ကပ်နဲ့ နံရံမှီပြီးတော့နေ တဲ့လူနဲ့ ကိုယ့်အိပ်ယာလိပ်ပေါ် ထိုင်တဲ့လူနဲ့။ ပုံစံမထိုင်ဘူး။ အလံနီက ဘယ်လောက်အသုံးမကျလည်းဆိုတော့ ဆောင့် ကြောင့်လေးသွားပြီးတော့ တန်းစီးရှေ့မှာသွားပြီးတော့ ပုံစံထိုင်တယ်လေ။ ပုံစံဆိုတာက အကျအနတော့ မဟုတ်ဘူး။ ဆောင့်ကြောင့်လေးထိုင်လို့။ အဆောင်ထဲရောက်လည်းရောက်ရော ကိုဗတင်ကြီးက ဆဲလိုက်တာဆိုတာ ဘာအလံနီလည်း အလကားအလံနီ အသုံးမကျတဲ့အလံနီတဲ့။ အဲဒီတော့လည်း ဘာမှမပြောရဲဘူး။ ခံနေတာပဲ။ ကိုကိုလေးဆိုတာ ကျွန်တော် တို့ထဲမှာ ခေါင်းကိုမဖော်နိုင်ဘူး။ ကိုဗတင်ဆိုတာ ဂိုလ်ရှယ်မဟုတ်ဘူး မုတ္တမဗတင်လို့ခေါ်တယ်။ နောက်ပြီးတော့ လက်သီး ပုန်းဗတင်လို့ခေါ်တယ်။ လက်သီးပုန်းဆိုတဲ့ စာအုပ်ထုတ်ဖူးတယ်။ သူလည်း နာမည်ကြီးပဲ။ အာရ်အက်ဖ်အေမှာ ရောက်နေတဲ့ စန်းစန်းတင်ရဲ့ အဖေပေါ့။

အဲဒါနဲ့ ကျနော်တို့ခုနှစ်ယောက် တန်းစီတဲ့နေ့ကျတော့ နံပါတ်ကြီးကိုင်ရမယ်လို့ ပြောတယ်။ နံပါတ်ကြီးဆိုတာ အကျဉ်းသား ကိုယ်ရေး အချက်အလက် မှတ်တမ်းစာရွက်ကလေးပါပဲ။ ထုံးစံက အဲဒီစာရွက်ကလေးကိုင်ပြီး ရင်ဘတ်ရှေ့မှာ ကိုင်မြှောက် ပြထားရတာ။ ကျွန်တော်ကတော့ ခပ်တည်တည်ပဲ လက်ထဲမှာတော့ကိုင်ထားတယ်။ ပြောပြောချင်းတော့ မြှောက်သလို ဘာလိုလိုနဲ့ ပြီးတော့ချထားတာပဲ။ လက်ထဲမှာ ဒီလိုပဲ ဘေးတိုက်ချထားပြီး ကိုင်ထားတာပဲ။ အဲဒီမှာပေါ့ ကျွန်တော်ခုနပြောတဲ့ ကိုဝေလင်းနဲ့ စောစံအေးတို့ ထောင်ပိုင်နဲ့ စကားများကြတယ်။ ကုလားထောင်ပိုင်က ဒါနောက်ဆုံးသတိပေးတာတဲ့ ခပ်ပြတ် ပြတ် အမိန့်ပေးသလိုပြောတယ်။ သူက ပုံစံထောင်လို ကိုင်ချင်တာ။ သူက ကြိမ်းလားဝါးလားလုပ်တော့ ဟိုလူတွေက အကုန် လုံးကွန်မြူနစ်ပါတီက ဖြစ်နေတာကိုး။ ဟေ့ ထောင်ပိုင်ကြီး ခင်ဗျား ဒီလိုမပြောနဲ့လေ။ ခင်ဗျားက ထောင်ထဲမှာ ဘိန်းတွေ သွင်းပြီးတော့ ခင်ဗျားလူတွေကိုရောင်းခိုင်းနေတာ ကျုပ်တို့ အကုန်လုံးသိတယ်။ လုပ်ချင်ရာလုပ်လိုက်ရတယ်ဆိုပြီး အဲဒီလို ပြောလိုက်တာ။ သူတို့ ဘာမှမလုပ်ရဲပါဘူး။ တကယ်တမ်း ပြဿနာဖြစ်ရင် အဲဒီလိုလည်း ဖြေရှင်းကြရတာပေါ့။ သရက်မှာ နေရတာ အေးသလား မပြောနဲ့ဗျာ။ ကျွန်တော်တို့က ခုနစ်ယောက်ပဲ။ မလှရွှေပါတဲ့ သူတို့လေးယောက်ကို ကျွန်တော်တို့နဲ့ မထားဘူး။ တိုက်ထဲမှာ သပ်သပ်သွားထားတာ။ သူတို့က သရက်ထောင်မှာ အကုန်လုံး ကွန်မြူနစ်တွေပဲ စုထားမယ် ဆိုပြီးတော့ ရှင်းထားတာ။ မိလ္လာသိမ်းဖို့တို့ အလုပ်ကြမ်းလုပ်ဖို့တို့က ရာဇဝတ်မှုထောင်ကျထဲက နည်းနည်းပဲရှိတယ်။ 



အဲဒီက ကျွန်တော်တို့ ပြန်လာချိန်ထိတော့ နောက်ထပ် လူမတိုးဘူး။ အဲဒီကာလက စီးပွားရေးစီမံချက်တွေနဲ့လည်း ဖမ်း တယ်။ စီးပွားရေး သောင်းကျန်းတယ်ဆိုပြီးတော့ ဖမ်းလာတဲ့ ကျွန်တော်တို့နဲ့လည်းခင်တဲ့ နွားပွဲစားကြီး ဦးမြမောင်ရယ် နွားပွဲ စားကုလား တစ်ယောက်ရယ် ဦးထွန်းကြည်ဆိုတဲ့လူရယ် သူတို့ ၃ ယောက် မင်းတုန်းအချုပ်ထောင် ပြောင်းသွားရတယ်လေ။ မုတ္တမ သခင်ဘတင်ကြီးက ဝဝကြီးဆိုတော့ ရာသီဥတုအေးနေတဲ့ သရက်ရောက်တာ သူ့အတွက် အမှန်အကန် ဖြစ်နေတာ။ ကျွန်တော်တို့က အနွေးထည်အထပ်ထပ်နဲ့။ သူက အင်္ကျီတောင် ချွတ်နေလိုက်သေးတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့လည်းကျရော မိုးက ချလိုက်တာမှ တခါတည်းကို တနေကုန်ရွာချနေတာ တစ်ညလုံးရွာနေတာ။ အဲဒီအချိန်ထဲက အေးလိုက်တဲ့ဟာ။ အင်္ကျီချွတ်နေပါတယ်ဆိုတဲ့ ကိုဗတင်ကြီးလည်း ပါလာတဲ့အနွေးထည်တွေ ချပြီးတော့ ဝတ်ရတဲ့အပြင် စောင်ကြီးပါ ခြုံထားရ တာ။ မင်းတုန်းရောက်သွားတဲ့သူတွေက သရက်ကို အကြောင်းကြားစာဆိုပြီးတော့ ပို့တယ်လေ။ မင်းတို့ဆီမှာထက် ငါတို့ ဆီမှာ ပိုအေးတယ်တဲ့။ သူတို့က ပိုဆိုးမှာပေါ့။ အချုပ်ထောင်ဆိုတော့ သရက်ထောင်လို အုတ်ရိုးအကာအရံတွေ သိပ်ရှိမှာ မဟုတ်ဘူး။

● အင်းစိန် ပြန်ပို့ခြင်း
အဲဒီလို အသေးစိတ်တွေကတော့ အလံနီက ကိုကိုလေးရဲ့ ဘာလဲဟဲ့ ကိုကိုးကျွန်းဆိုတဲ့ စာအုပ်ထဲမှာ ရေးထားတာ အပြည့်အစုံပါတယ်။ အတော်စုံပါတယ်။ လူစာရင်းပါ ပါတယ်။ ကျွန်းကို အသုတ်လိုက် ဘယ်သူတွေ ရောက်လာတယ်၊ နောက်တစ်သုတ် ဘယ်သူတွေ ရောက်လာတယ်  စသဖြင့်ပေါ့။ နောက်တော့ ကျနော်တို့ကို သရက်ကနေ ပြန်ခေါ်တယ်။ အပြန်ကျတော့ လမ်းမှာ အလာတုန်းကလို တစ်ည မအိပ်ရတော့ဘူး။ မနက်ပိုင်း ခပ်စောစော သရက်ကနေပြီး အောင်လံ ဘက်ကူးပြီးတော့ အောင်လံကနေ ရန်ကုန်ကို ကားနဲ့ တောက်လျှောက်မောင်းတာ။ စစ်ကားနဲ့ ခေါ်လာပြီးတော့ မှော်ဘီ ရောက်လည်းရောက်ရော ညနေလေးနာရီလောက်ပဲ ရှိသေးတယ်။ ရိုးမအနောက်ခြမ်းတောထဲကို ဝင်သွားတာပဲဗျာ။ တော ကြီးကိုးဗျ။ အဲဒီလိုတောမျိုး အထက်အညာမှာ တခါပဲတွေ့ဖူးတယ်။ ကျနော်တို့ကို တောထဲက တပ်ထဲမှာထားတယ်။ အဲဒီက မှ အင်းစိန်ကို ည ၇ နာရီ လောက်မှပို့တာ။ အင်းစိန်ထောင်ကို ခေါ်လာတယ်။ အဲဒါတွေအကုန်လုံး ကျွန်တော်တို့ အိမ်က လူတွေက ကြိုသိနေတယ်။ သူတို့သိတော့ ကျွန်တော်တို့ ရောက်လာတဲ့ ည ၈ နာရီခွဲမှာလည်း သူတို့က ကျွန်တော် တို့ကို လှမ်းကြည့်လို့ မြင်နေရပြီ။ မသဲမကွဲပေါ့။ ကျွန်တော်တို့ ပါလာတယ်ဆိုတာလည်း သိတယ်။ လာမယ်ဆိုတာကိုလည်း သူတို့ကသိတယ်။ သူတို့ကတော့ ကိုကိုးကျွန်းပို့မယ်ဆိုတာပါ သိနေပြီ။

ကျွန်တော်တို့ သရက်မှာတုန်းက ငါတို့ကို ရန်ကုန်ပြန်ခေါ် ရမှာပဲဆိုပြီး ထင်ထားတာ။ ကျွန်တော်ကလည်း အနွေးထည်တွေ လဲနေပြီ။ ဘောင်းဘီတို့ အင်္ကျီတို့ အဝတ်အစားတွေနဲ့ စားစရာ သောက်စရာတွေ အကုန်လုံး ကိုဝေလင်းတို့အုပ်စုကို ပေး ပစ်ခဲ့တာ။ ကျွန်တော့် ရှမ်းဘောင်းဘီနှစ်ထည်နဲ့အနွေးထည်တော့ ပါလာခဲ့တယ်။ စောင်တွေ ခေါင်းအုံးတွေကိုတော့ ကျွန် တော်က မထားခဲ့ဘူး။ အကုန်သယ်တယ်။ ကိုဗတင်ကြီးက မုတ္တမကုမ္ပဏီကဆိုတော့ ကျွန်တော်တို့ ဖမ်းသွားကတည်းက ငါးခြောက်တွေ၊ စားစရာတွေ အဝတ်အစားတွေ အများကြီး ပါလာတာကိုး။ သူကလည်း သရက်ကလူတွေကို အကုန်ပေး ပစ်ခဲ့တာ။ တို့ရန်ကုန်ကျရင် လွတ်တော့မှာပဲ ဆိုပြီးတော့ပေါ့။ ဘယ်ဟုတ်မလည်း ရန်ကုန်ကျတော့ ကြိုးတိုက်လုပ်ထားတဲ့ နှစ်တိုက်ထဲကို ထည့်ပိတ်ပစ်လိုက်တာ။ အဲဒီတုန်းက ထောင်ပိုင်ကြီးက ဦးဘတင်။ သူက လူလည် သိပ်နပ်တယ်။ ကျွန်တော် တို့ကို လာပြီးတော့ ဘုရား တရား လေးစားဖို့ပေါ့ဗျာ။ သွားဖို့ လာဖို့ ပြင်ဆင်ဖို့ ကျန်းမာအောင်နေဖို့ ဆိုတာမျိုးတွေနဲ့ သူက ဘာမှ အထွေအထူး မပြောဘူး။ အဲဒီထဲက ကျွန်တော်တို့က သိပြီ။ ကျနော်တို့ကို ကိုကိုးကျွန်းပို့တော့မှာပဲ ထင်တယ်လို့။ အိမ်နဲ့လည်း မတွေ့ရဘူးလေ။ အိမ်နဲ့တွေ့ရရင် မလွတ်တောင်မှ ထောင်ဝင်စာ လည်းရ ပစ္စည်းလည်းရမယ်ပေါ့။ ကျွန်တော်က အနွေးထည် အိပ်ယာလိပ်တော့ ပါလာသေးတယ်။

● အင်းစိန်မှ ကိုကိုးကျွန်း
ကိုကိုးကျွန်းပို့မယ့်နေ့ကျတော့ ကျနော်တို့ကို အင်းစိန်ထောင်ကနေ အစောကြီးထုတ်တာ။ ၁၉၅၉ ခု ဇန်နဝါရီလ ၃ဝ ရက်နေ့ ပေါ့။ ကျနော့်အိမ်ကသူတွေ ကြိုသိကြတယ်။ သိတာက ဒီလိုဗျ။ ရေတပ်က ဗိုလ်မှူးသိန်းဟန်ဆိုတဲ့လူက ပြောတာ။ သူက လည်း ကျနော်တို့ရပ်ကွက်ထဲက အရှေ့အစွန်ဆုံးအိမ်မှာ နေတာကိုး။ သူပြောလို့ အိမ်ကသိတာ။ အိမ်ကသိတော့ ကျွန်တော့် အမျိုးသမီးက သံလျက်စွန်း ရတနာပုံရေဆိပ်မှာ လာစောင့်ကြည့်နေကြတာ။ သင်္ဘောပေါ်တင်ခါနီးတော့လည်း ကျနော်တို့ကို ကုန်းပတ်ပေါ်မှာ အကုန်မတ်တပ် ရပ်ခိုင်းထားတယ်လေ။ ဓါတ်ပုံတွေမှာ တွေ့မှာပေါ့။  



အိပ်ယာလိပ်က ချထားရတော့ သင်္ဘောပေါ်တက်တဲ့အခါ ကျွန်တော့်အိပ်ရာလိပ်ကို သူတို့က သယ်မလာခဲ့ဘူး။ ဗိုလ်မှူးသိန်း ဟန်က သဘောင်္ပေါ်တက်ပြီး စစ်ဆေးတော့မှ ဦးအုန်းမြင့်အိပ်ယာလိပ်ရောတဲ့ ဟိုမှာကျန်နေခဲ့ပြီ သယ်ပေးမယ့်လူမရှိလို့ဆိုပြီး ပြောလိုက်တယ်။ ကိုယ်တိုင်သယ်မယ်ဆိုတော့လည်း မသယ်ရဘူးလို့ ပြောတယ်။ ဗိုလ်မှူးသိန်းဟန်ကိုယ်တိုင် ဟိုအိပ်ယာ လိပ်တင်ဆိုပြီး တပ်သား တယောက်ကို ခိုင်းလိုက်တော့မှ ရောက်လာတယ်။ တင်ပေးလိုက်ပြီးတော့ သူကိုယ်တိုင်သဘောင်္သား ၁၆ ယောက်နေတဲ့ အခန်းကို စစ်ကြည့်တာ။ စစ်ကြည့်တော့ လေဝင်ပေါက်တွေ ပိတ်ထားတာ တွေ့တာပေါ့။ မော်တော်ကားတို့ ရထားတို့ဆိုရင် အမိုးပေါ်မှာ ရှိတယ်မဟုတ်လား။ အပေါ်မှာလှန်လိုက်လို့ရှိရင် လေဝင်တယ်။ ပိတ်လို့လည်းရတယ်။ အဲဒါ မျိုးတွေ အကုန်ပိတ်ထားတာ။ ဗိုလ်မှူးသိန်းဟန်က ဒီအတိုင်းဆို အကုန်သေကုန်မှာပေါ့ဆိုပြီး လွှတ်ခနဲကိုပြောတာ။ လိုက်ပို့ တဲ့ထောင်မှူးက ကာလကတ္တားတို့ တချို့နေရာတွေမှာဆိုရင် ဒိထက်များတဲ့လူတွေတောင်နေသေးတာ ဒီမှာက ၁၆ ယောက် ပဲ နေနေတာဆိုပြီး လေဝင်ပေါက်တွေကို ပိတ်သွားတယ်။ စစ်တပ်ကလိုက်ပို့တဲ့ ဗိုလ်က အောင်ထွန်းဆိုတာပေါ့ ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့ ဂုတ်ဂုတ် ဂုတ်ဂုတ်ဖြစ်သွားမယ်ဆိုပြီးပြောတဲ့ကောင်။ နောက်ကျတော့ အဲဒီကောင်ကနေတဆင့် မင်းသား ကြီး ကိုထွန်းဝေက ပို့လိုက်လို့ဆိုပြီး ကျွန်တော့်ဆီကို ပစ္စည်းတွေ လာပို့ဖူးတယ်။

ဒီကောင်က နာမည်ကြီး။ ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့ ဂုတ်ဂုတ် ဂုတ်ဂုတ်ဖြစ်သွားမယ်ဆိုတာ ထွက်ပြေးမယ်၊ ဆူမယ်၊ ပူမယ် မကြံနဲ့ စက် သေနတ်နဲ့ ပစ်သတ်မယ်လို့ ပြောလိုက်တာပဲ။ စက်သေနတ် ပစ်ရင် ဂုတ်ဂုတ်ဂုတ်ဂုတ်လို့ အသံမြည်တယ်လေ။ ကျွန်တော်တို့ ကုန်းပတ်ပေါ် မတက်ရဘူး။ အထဲမှာနေရတာ။ အထဲမရောက်ခင်မှာ လာပြီးတော့ တလာစီိတယ်ဗျာ။ အဲဒီလို ရှာဖွေရေး လုပ်ကတည်းက မီးခြစ်တို့ ဘာတို့ အကုန်လုံး သိမ်းထားရမှာ။ အဲဒါကို အထဲရောက်တော့ မီးခြစ်ရော ဆေးလိပ်ရော ပါတဲ့သူက ပါလာတယ်ဗျာ။ သဘောင်္ဝမ်းခေါင်းထဲမှာ သောက်ပါလေရော။ အကုန်လုံး အသက်ရှူကြပ်ကုန်တာပေါ။့ အဲဒါနဲ့ မသောက်ဖို့ တားကြတယ်။ ကျွန်တော် တို့က အိပ်လို့မရတော့ဘူး။ သဘောင်္သား ၁၆ ယောက်နေတဲ့အခန်းကို ကျနော်တို့ ၅၂ ယောက်ထည့်ထားတော့ လူတွေကအကုန်လုံး ကျောချလို့လည်း မရဘူး။ ထိုင်လို့ရှိရင်တော့ ကျုံ့ကျုံ့လေး ထိုင်ရတယ်။ အဲဒီလို မထိုင်နိုင်တော့ တယောက်ကိုတယောက် မှီတဲ့သူမှီ၊ လှဲတဲ့သူကလှဲ၊ ထိုင်တဲ့သူ ကထိုင်၊ ခေါင်းအုံးတဲ့သူ ခေါင်းအုံးပြီး ဖြစ်သလို ဒုက္ခခံခဲ့ကြရတာ။

စားဖို့သောက်ဖို့က ပေါင်မုန့်နဲ့ ငါးပိကျော်ပေးတယ်။ ဆာကလည်းဆာနေတော့ မဆိုးဘူးဗျ စားလို့ကောင်းတယ်။ အောက်က လူတွေက ရေတောင်မှ အနိုင်နိုင်။ အပေါ်က အစောင့်တွေက လိမ္မော်သီးတွေ အစားအသောက်တွေ စားပြီး ရေထဲပစ်ချကြ တယ်။ လိမ္မော်ခွံတွေ ရေပေါ်မှာ ပေါလောပေါလောနဲ့ မြောနေတာကို ကျနော်တို့ဘေးက အပေါက်ကနေကြည့်တော့ တွေ့နေ ရတယ်။ နှစ်ရက်လောက်ကြာတော့မှ ပြည်မရန်ကုန်မြို့နဲ့ ၂၆၇ မိုင်ကျော်ဝေးတဲ့ ကိုကိုးကျွန်းကိုရောက်တယ်။ ရန်ကုန်က မနက်အစောကြီးကတည်းက ထွက်သွားတာ ကျွန်းကို နောက်နေ့ ညနေ နေဝင်မှ ရောက်တာပဲ။ ရောက်သာသွားတယ် သင်္ဘောကုန်းပတ်ပေါ် တက်ခွင့်မရဘူး။

(ဆက်လက်ဖော်ပြပါမည်)
↧
↧

မောင်မှိုင်းလွင် (အင်းဝ) ● သစ္စာငှက်

$
0
0

မောင်မှိုင်းလွင် (အင်းဝ) ● သစ္စာငှက်
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၆

အောက်ချင်းငှက်သည်
သစ္စာတရား၏ နိမိတ်ပုံ။

အောက်ချင်းငှက်သည်
ချင်းလူမျိုး၏ သင်္ကေတ။

ချင်းနှင့်အောက်ချင်း၊သစ္စာချင်းဆုံ
ပင်လုံ ယုံ၍ ပုံအပ်ခဲ့ကြ။

၄၇ က ၊ ဝိသေသတိုင်း
၇၄ ကျ ပြည်နယ်
မအီမလယ်၊ ကတိပြယ်ကြ
မညီမမျှ တန်းမတူ
ပင်လုံမူသည် ပလုံဖြစ်ခဲ့။

အမှားဝေဖန်၊ အောက်ချင်းသံကို
ထောင်နံရံကြား၊ ထိမ်ဝှက်ထားကြ။

သစ္စာငှက် ဇွဲ၊ ရဲရင့်ဖြတ်လတ်
တောင်ဇလပ်ပန်း၊ တောင်တန်းများကို
သစ္စာဆို လှုပ်နှိုး၊ လဲကျနိုးထ
၉၀ ကျတော့ ကိုယ်စားလှယ်။

ကိုယ်စားလှယ်တော်၊ မမွေ့လျော်အား
လွှတ်တော်တံခါး၊ သော့ခတ်ထား၍
ထောင်တံခါးပွင့်၊ မင်းဒဏ်သင့်ပြန်။

အဓမ္မကို၊ ဓမ္မနှင့် တိုက်
ခေါင်းမငိုက်ဘူး တသက်တာ။

အာဏာရှင်ကို
စွမ်းအင်ရှိသမျှ၊ တဘဝလုံး
ကျုံးရုန်းတိုက်ရင်း၊ သစ္စာချင်းယှက်
အောက်ချင်းငှက်တို့ တေးသီလျက်
တောင်ဇလပ်မြေ ပွင့်ဝေလျက်။ ။

(ကျဆုံးရဲဘော် ဦးဒိုထောင် ....သို့)

မောင်မှိုင်းလွင် (အင်းဝ)
၁ ၉ . ၉ . ၂ ၀ ၁ ၆
↧

ကာတွန်း ညီထွေး ● သယ်ပုံ သယ်နည်း

$
0
0



ကာတွန်း ညီထွေး ● သယ်ပုံ သယ်နည်း
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၆
↧

မင်းကိုနိုင် ● ဆက်ရက် ခြေပြတ်ကလေး

$
0
0

မင်းကိုနိုင် ● ဆက်ရက် ခြေပြတ်ကလေး
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

သမီးနှင့်သား -
ဒီတစ်ပတ်တော့ သမီးနှင့်သား မေးထားတဲ့ မေးခွန်းကိုသတိရလို့ ဆက်ရက်ကလေးတွေအကြောင်း ပြောပြပါမယ်။ ဦးဦးဟာ တတ်နိုင်သရွေ့ ထောင်ထဲမှာ နေခဲ့တဲ့အကြောင်းတွေ သားတို့ကို ပြောလေ့မရှိဘူး။ ဒါပေမယ့် ဒီအကြောင်းကတော့ ထောင် ထဲဖြစ်စဉ်ပါမှ ဖြစ်မှာမို့ သည်းခံကြပါ။

ဦးဦးတစ်ယောက်ထဲ ထောင်ထဲအကြာကြီးနေလာတော့အခန်းရဲ့နောက် လေ၀င်ပေါက် (အမြင့်ကြီးကွ။ အိမ်သာဘောင်က ကုပ်တွယ်တက်ရတယ်)ကနေ အပြင်ကိုချောင်းကြည့်လေ့ရှိတယ်။ အဲဒီပေါ် ငှက်ကလေးတွေရံဖန်ရံခါ လာနားလေ့ရှိတော့ စပ်စုချင်တာပေါ့။ အခန်းအပြင်ဘက်မှာ အုတ်တံတိုင်းနံရံကြား မြေကွက်လပ်ကျဉ်းကျဉ်းရှိတယ်။ အဲဒီမှာ ရာဇ၀တ်မှုနဲ့ကျသူအချို့ဟာငှက်တွေကို ဖမ်းစားနေကြတာ။ ရာဇ၀တ်မှုဆိုတာခိုးဆိုးလုယက်တွေ ပြောပါတော့။ သူတို့က သားရေပင်ကြိုးကြီး ရှာပြီး နှစ်ဖက်ဖြတ်၊ အလယ်မှာ ကြေးနန်းကြိုးအပြားကြီးကြီးတခုကို ကျောက်နဲ့မြအောင် သွေးထားပြီး နှစ်ဖက်ချည်တယ်။ မြင်ယောင်ရဲ့လား..။ လေးခွပစ်သလိုလေ.။ ကြေးနန်းကြိုးက လောက်စားလုံးအိမ်လိုနေရာမှာ တပ်တာပေါ့။ ပြီးတော့မှ သူတို့က အပင်ကြီးကွယ်ရာမှာပုန်းနေပြီး သားရေးကြိုးအလယ်ကိုဆွဲထားတာ။ ကြေးနန်းကြိုးကလည်း အလိုက်သင့်ညွတ်ပြီး သူတို့လက်ထဲ ပါနေတာပေါ့။

သူတို့က မြေကွက်လပ်မှာ ထမင်းလုံးတွေ ကြဲလိုက်တယ်။ ကျီးတွေ ဆက်ရက်တွေ လာစားတာ စောင့်နေကြတာလေ။ ကြောက်တတ်တဲ့ သမီးကတော့ စာဖတ်ရင်း အသည်းတုန်နေမှာပဲ။ မတတ်နိုင်ဖူးကွာ.. ဒီလိုလူတွေ တကယ်ရှိနေတော၊ပြောချင်တဲ့အကြောင်းကလည်း ဒါပါမှ ဆိုတော့ ခက်သားပဲ။

ဒါနဲ့ ငှက်ကလေးတွေ လာစားကြလို့ အများကြီးဖြစ်လာတဲ့အခါ သူတို့က၀ှက်ပြီး ဆွဲဆန့်ထားတဲ့ သားရေကြိုးကို လွှတ် လိုက်တယ်။ ကြိုးအလယ်က ကြေးနန်းကြိုးက ဖြန်းခနဲ ပြေးရိုက်လိုက်တာပေါ့။ ငှက်ကလေးတွေ လည်ပင်းတွေပြတ်ပြီး သေ ကြရရှာတယ်။

အဲဒီမှာ သူတို့က ပြေးကောက်ပြီး၊ နောက်တစ်ခါ ထမင်းလုံးတွေကြဲ သားရေကြိုးကို ပြန်ဆွဲပြီး ပုန်းစောင့်နေကြပြန်ရော။ နောက်တခါ လာစားတဲ့ ငှက်ကလေးတွေ ခေါင်းပြတ်ပြီးသေကြရပြန်ရောပေါ့ကွာ။

ဦးဦးလည်း ငှက်ကလေးတွေအတွက် ထမင်းလုံးတွေဦးဦးအခန်းရဲ့ လေ၀င်ပေါက် ဘောင်ပေါ်တင်ပြီး ကျွေးထားလိုက်တယ်။ လာစားကြပါစေ ဆုတောင်းရတာပေါ့။ ဆုတောင်းပြည့်တဲ့အခါလည်းရှိ၊ မပြည့်တဲ့အခါလည်း ရှိပါပဲကွာ။

တစ်ခါတော့ဖြင့် ဆက်ရက်ကလေးတကောင်ဟာ အများနည်းတူ မြေပေါ်ကြဲထားတဲ့ထောင်ချောက်ထဲ ၀င်စားရင်းသားရေ ကြိုးဖြန်းခနဲ ထွက်လာတော့ လန့်ပြီးခုန်လိုက်တာတခြားငှက်တွေလို ခေါင်းမပြတ်ပဲ (သူက နည်းနည်းပိုမြင့်သွားတော့) ဖြေ တဖက်ပဲ ပြတ်သွားရှာတယ်။ နာနာကျင်ကျင်အော်ပြီး ပျံပြေးတော့တာပေါ့။ ဘယ်ကိုပြေးရမလဲ။ သူတို့အိမ်ပေါ့… သူတို့ အသိုက်ရှိတဲ့ အပင်ကြီးဆီပေါ့။

ဦးဦးလည်း တွယ်ကြည့်ရတာ ညောင်းလှပေမယ့် စိတ်ဇောဆောင်နေတော့ ဆက်ကြည့်နေမိတယ်။ ဆက်ရက်ခြေပြတ်ကလေး သွေးရူးသွေးတန်းပြန်လာတာ တွေ့ပေမယ့် သူ့အဖော်တွေဟာ .. သူဒီလို ခြေပြတ် ခဲ့တာတခုခုကြောင့်လို့ သဘောပေါက်နိုင် ပေမယ့် ဘာကြောင့်ဆိုတာတော့ တိတိကျကျ မသိကြဘူး။ ဒါကြောင့်လည်းနောက်ထပ် ဆက်ရက်လေးတွေ အများကြီး အခုနသတ်ကွင်းထဲ ထပ်ရောက်လာ ၊ ထပ်သေကြရပြန်တာပါပဲ။

သမီးနဲ့သားကတော့ အသည်းယားနေမှာပဲ။ ခြေပြတ်ကလေးက နောက်ငှက်တွေကို ပြောပြလိုက်ပါလားလို့ မချင့်မရဲ ဖြစ်နေ မှာပဲ။ သူလည်း ပြောချင်မှာပေါ့။ ခက်တာက ဆက်ရက်ကလေးတွေမှာ ဒီကိစ္စမျိုးပြောပြဖို့ ဘာသာစကားမပြည့်စုံရှာဖူးလေ။ သူတို့ဘာသာဘာဝ ခေါ်တာ ထူးတာ နှုတ်ဆက်တာ လောက်ပဲရှိမှာကိုး။

လူသားတွေမှာတော့ ဘာသာစကားရှိတော့ ပြောပြလို့ရတယ် တားမြစ်လို့ရတယ် မဟုတ်လား။ စာနဲ့ရေးပြလို့ရတယ်၊ ဖတ် တဲ့လူက သိသွားပြီး ဆင်ခြင်လို့ရတယ် မဟုတ်လား။
*-*-*

သမီးနဲ့သားရေ -
လူဖြစ်လာရတာ တိရစ္ဆာန်လေးတွေထက် သာတယ်ဆိုတာ ဒီတစ်ချက်ထဲကြည့်ရုံ အများကြီး မြင်သာမယ်လို့ထင်ပါတယ်။ တခြားအချက်တွေ များစွာရှိပေမယ့် ဦးဦးကတိုက်ဆိုင်နေတဲ့ ဒီတချက်ကိုပဲ ပြောပါရစေ။

ဒီလောက်ဆိုရင် တစ်ခါက သမီးနဲ့သား မေးခဲ့တဲ့ မေးခွန်းကိုဖြေပြီးပြီလို့ ယူဆပါတယ်။ တစ်ခါက မေးဖူးတယ် မဟုတ်လား ဘာလို့စာတွေ သင်ရတာလဲ။ ဘာလို့ ဟောပြောပွဲတွေ လုပ်ကြတာလဲဆိုတာ မေးဖူး တယ်လေ။

အတန်းပညာတွေ အများကြီး တတ်တာ၊ မတတ်တာ ခဏနေပါဦး။ စားရေးတတ်၊ ဖတ်တတ်ရင်၊ ဟောပြောတတ် နားထောင် တတ်ရင် ဘယ်လောက်ကျေးဇူးဖြစ်သလဲဆိုတာတွေးကြည့်ကြစေချင်တယ်။

ဦးဦးကတော့ လူတွေ အကျိုးရှိမည့် စာတွေ ရေးကြ ဖတ်ကြတာ မြင်တိုင်း ကောင်းကျိုးရှိရာ ဟော ပြောကြ၊ နားထောင်ကြတာ မြင်တိုင်း ဦးဦးနဲ့ဝေးခဲ့ရတဲ့ ဆက်ရက်ခြေပြတ်လေးကိုပဲ မြင်ယောင် သတိရနေဆဲပါ။

စာကြွင်း ။ ။ အဲဒီဆက်ရက်ခြေပြတ်လေးဟာ အများနည်းတူလုယက်အစာမရှာနိုင်တော့ သူ့ဘာဝကို ဘယ်လို ရုန်းကုန် ခဲ့ရ တယ်ဆိုတာ သမီးနဲ့သား သိချင်ရင် နောင်အလျဉ်းသင့်တဲ့အခါပြောပြပါဦးမယ်။

ချစ်တဲ့ ဦးဦး

- #မင်းကိုနိုင်
[ ယနေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးမှ ]

↧
↧

ခင်စန္ဒာမြင့် ● "ဘက"သို့မဟုတ် အမှိုက်ထဲက ရွှေ ဖြစ်သောနေရာက အသံများ

$
0
0


ခင်စန္ဒာမြင့် ● "ဘက"သို့မဟုတ် အမှိုက်ထဲက ရွှေ ဖြစ်သောနေရာက အသံများ
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၆
■ စုံစမ်းရေးသားသူ - ခင်စန္ဒာမြင့်
■ တည်းဖြတ်ပြင်ဆင်သူ - ငြိမ်းချမ်းအေး
■ ဓာတ်ပုံများ - ငြိမ်းချမ်းအေး

¹¹¹¹¹ ¹¹¹¹¹ ¹¹¹¹¹

"ကျုပ်ကို ကျောင်းမှာ မေတ္တာအခါတော်နေ့ လုပ်ရမယ်လို့ ပြောတယ်။ ကျုပ်တို့ဘုန်းကြီးကျောင်းမှာ နေ့တိုင်းကျောင်းသားတွေကို မေတ္တာပို့ခိုင်းတဲ့အလုပ် လုပ်နေတာ။ ဒီအခမ်းအနားတွေ လုပ်ဖို့မလိုဘူး။ သူတို့က ဓာတ်ပုံရိုက် ဟိုတင်၊ ဒီတင် အပေါ်ယံတွေလုပ်တယ်။ ဒါတွေက စာသင်ကြားရေးပိုင်းကို ဘာ အထောက်အကူမှ မပြုဘူး။ ဘုန်းကြီးတို့က စာတတ်အောင်သင်ပေးနေတာ။ သူတို့ပြဋ္ဌာန်းထားတဲ့စာက တကယ်သင်ရင် (၄) လနဲ့ ပြတ်တယ်။ ဒါကို (၁၀) လ ဆွဲသင်တယ်။ တကယ်တတ်လားမေး မတတ်ဘူး"

အရှင်လာဘသိဒ္ဓိ၊ လက်ထောက်ကျောင်းအုပ် (သင်ကြားရေး)
မေတ္တာနန္ဒ ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း

¹¹¹¹¹ ¹¹¹¹¹ ¹¹¹¹¹






ဘုန်းတော်ကြီးသင်ပညာသင်ကြားရေးစနစ်နဲ့၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေဆိုတာ မြန်မာနိုင်ငံမှာ မနေ့တနေ့ကမှ ပေါ်ပေါက်လာတဲ့ အရာတွေမဟုတ်ပါဘူး။ ရှည်လျားတဲ့ မြန်မာ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၁ ရာစု ပုဂံခေတ် အနော်ရထာမင်း လက်ထက်ကတည်းကစပြီး နန်းတွင်းမှာရှိတဲ့ မင်းညီမင်းသားတွေကစလို့ ကျွမ်းကျင်မှုအရည်အသွေးလိုအပ်နေတဲ့ လုပ်သားတွေအထိ ပညာသင်ကြားနိုင်တဲ့ အခွင့်အရေးကို ဘုန်းတော်ကြီးသင်ပညာရေးက စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ခေတ်သစ်မြန်မာပြည်ကို ထူထောင်ခဲ့ကြတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာ၊ ပညာ၊ စာပေ ဘက်ဆိုင်ရာ ခေါင်းဆောင်ကြီးများ အားလုံးဟာလည်း ဘုန်းကြီးကျောင်းက ပေးတဲ့ ပညာနဲ့ ဘဝကို စတင်ခဲ့ကြတာချည်းပါပဲ။

ဒါပေမယ့် ခေတ်စနစ်အပြောင်းအလဲနဲ့ အစိုးရအပြောင်းအလဲတွေကြားမှာ ဘုန်းတော်ကြီးသင် ပညာသင်ကြားရေးကျောင်းတွေရဲ့ အခန်းကဏ္ဍရေးစီးကြောင်းဟာလည်း ပြောင်းလဲခဲ့ရပါတယ်။ ၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်က ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာဦးစီးဌာန လက်အောက်မှာ ဌာနစိတ် တခုအဖြစ်ရှိခဲ့ရာကနေ ၁၉၇၄ ခုနှစ် ဆိုရှယ်လစ်လမ်းစဉ် ပါတီလက်ထက်မှာတော့ ပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။ ၁၉၈၉-၉၀ ခုနှစ်တွေမှာတော့ တိုင်းပြည်ရဲ့ လိုအပ်ချက်အရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို ပြန်လည်ဖွင့်ခွင့်ပြုခဲ့ပြီး အခုဆိုရင်တော့ မြန်မာနိုင်ငံတ၀ှမ်းမှာ ကျောင်းပေါင်း ၁,၇၀၀ ကျော်နဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀၀,၀၀၀ ကျော်တို့ကို ပညာသင်ကြားလျက်ရှိနေကြပါတယ်။

ဘုန်းတော်ကြီးပညာသင်ကျောင်းများဟာ ဒီလို တိုင်းပြည်ရဲ့ ပညာရေး ကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ထမ်းရွက်နေရပေမယ့် အခြေခံအဆောက်အအုံနဲ့ ရရှိတဲ့ ပံ့ပိုးမှုကတော့ ဝန်နဲ့အား မမျှ နည်းပါးလွန်းနေပါတယ်။ ဘားနက် အင်စတီကျူ့မြန်မာ (Burnet Institute Myanmar) နဲ့ ဘုန်းတော်ကြီးကျောင်းပညာရေး ဖွံ့ဖြိုးရေး အဖွဲ့ (Monastic Education Development Group – MEDG) တို့ ပူုးပေါင်းပြုလုပ်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ထုတ် လေ့လာမှု အရ ဆိုရင် ဘုန်းတော်ကြီးပညာသင်ကျောင်း အများစုမှာ စာသင်ခန်းသုံး ပရိဘောဂ၊ သင်ထောင်ကူ ပစ္စည်းများနဲ့ သန့်ရှင်းတဲ့ ရေအိမ်စနစ် မရှိကြပါဘူး။ 

၂၉ % ကသာ စာသင်သားမျာ အသုံးပြုနိုင်တဲ့ စာအုပ်နဲ့ စာကြည့်တိုက်များ ရှိပါတယ်။ ကျောင်းတွေရဲ့ ၆ % မှာ ရေအိမ်လုံးဝ မရှိပါဘူး။ ကျောင်းအားလုံးရဲ့ ၅၀ % ကျော်မှာ ရှိသင့်တဲ့ ကျောင်းသားနဲ့ ရေအိမ် အချိုး အရေအတွက်မရှိပါဘူး။ ၅၆ % က သာ ရေလောင်းအိမ်သာ ရှိပါတယ်။ ရှိတဲ့ ရေအိမ်များရဲ့ သန်းရှင်းမှုဟာလည်း ၄၃ % ကသာ အမှန်တကယ် ကျန်းမာရေးနဲ့ ညီညွတ် သန့်ရှင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ကျောင်းအားလုံးရဲ့ ၂၀ % နီးပါးခန့်က မသန့်ရှင်းတဲ့ ရေရင်းမြစ်ကို အသုံးပြုနေရပါတယ်။ ၂၂ % ကသာ လက်ဆေးဖို့ လုံလောက်တဲ့ ဆပ်ပြာထားပေးနိုင်ပါတယ်။ သုံးပုံတပုံ ဟာ သောက်သုံးနိုင်တဲ့ ရေ မထားရှိနိုင်ပါဘူး။ ၆၇ % ဟာ ကောင်းမွန်တဲ့ ရေ၊ မိလ္လာနဲ့ အညစ်အကြေးစွန့် စနစ်မရှိကြပါဘူး။

ဒါတွေဟာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေရဲ့ ပကတိ အခြေအနေကို ပုံဖော်နိုင်တဲ့ အချက်အလက် တချို့ဖြစ်ပါတယ်။ "ဘက"လို့အများက အလွယ်ခေါ်နေကြတဲ့ ဒီလို နိုင်ငံအနှံ့က ကျောင်းတွေဟာ အခက်အခဲမျိုးစုံကို နေ့စဉ် ရင်ဆိုင် ဖြေရှင်းနေရတဲ့ အပြင် မတည်ငြိမ်တဲ့ မူဝါဒမျိုးစုံ၊ နည်းစနစ်မျိုးစုံ၊ ညွှန်ကြားချက်မျိုးစုံတွေရဲ့ ဖိအားတွေအောက်မှာ အသက်ရှူရပ်မသွားအောင် အစွမ်းကုန် ရုန်းကန်ကြိုးစားနေရပုံဟာ မီးစာကုန်ခါနီး လူမမာသည်တယောက်လို ဖြစ်နေတယ် ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီလို ကျောင်းမျိုးတွေကပဲ အချိန်မရွေး လမ်းမှား၊ လမ်းဘေး ဒုစရိုက်လောကထဲ ရောက်သွားနိုင်တဲ့ တိုင်းပြည်ရဲ့ နင်းပြားလူတန်းစား လူငယ်တွေရဲ့ ပညာရေးအတွက် အဓိက စွမ်းဆောင်နေပါတယ်။

ပညာရေးဥပဒေသစ်နဲ့ ခေတ်သစ် စနစ်သစ် ဒီမိုကရေစီ ပညာရေး ဆိုကြတဲ့ မျက်မှောက်ခေတ်မှာ "All Inclusive အားလုံးပါဝင်နိုင်တဲ့ ပညာရေး"ဆိုတဲ့ စကားလုံးတွေကို အမှန်လက်တွေ့သုံးနိုင်ဖို့ဆိုတာ "ဘက"ကျောင်းတွေကို ချန်လှပ်မထားမှသာ အကျုံးဝင်နိုင်မှာပါ။ ဒီကျောင်းတွေကသာ အားလုံးတန်းတူ သင်ယူနိုင်တဲ့ ပညာရေးဖြစ်အောင် လက်တွေ့ကျကျ အခြေခံအားဖြင့် လုပ်ဆောင်နေကြတဲ့ ကျောင်းတွေပဲဖြစ်ပါတယ်။

“ဘက” ကျောင်းတွေဟာ ဒီလို အားလုံးပါဝင်နိုင်တဲ့ ပညာရေးကို လက်တွေ့ဖော်ဆောင်ပေးနေတဲ့ အစုအဖွဲ့တွေဖြစ်သော်လည်း အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနကတော့ အားပေးသည်လည်း မဟုတ်၊ အားမပေးဘူးလည်း မဟုတ် အနေအထားအပြင်၊ အရေးအရာမသွင်း ခွဲခြားချန်ထားတယ် သဘောဆိုနိုင်တဲ့ အကြောင်းတွေကို ရွာသစ်ကျေးရွာ၊ နွယ်ခွေစံပြကျေးရွာအုပ်စု၊ ထောက်ကြံ့၊ မင်္ဂလာဒုံမြို့နယ်မှာ တည်ရှိတဲ့ မေတ္တာနန္ဒ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ မိဘမဲ့လူငယ်များဖွံဖြိုးရေး ပရဟိတဂေဟာကို အလှူခရီးစဉ်တခုနဲ့ ရောက်သွားခဲ့စဉ်မှာ အခုလို သိရှိခဲ့ရပါတယ်။



နွယ်ခွေ ဘုန်းတော်ကြီး ကျောင်းဝင်းထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ သပ်ရပ်သန့်ရှင်းပြီး စနစ်ကျတဲ့ စာသင်ခန်းဖွဲ့စည်းမှု ပုံစံတွေနဲ့ "ဘက"ကျောင်းလေးတကျောင်းဆိုတာကို ခံစားသိခဲ့ရပါတယ်။













မိမဲ့ ဘမဲ့ကလေးတွေ၊ စီးပွားရေး အဆင်မပြေတဲ့ မိသားစုက ကလေးတွေ၊ နယ်စပ်ဒေသက တိုင်ရင်းသားလေးတွေဖြစ်တဲ့ ရှမ်း၊ ပအို့၊ ပလောင်၊ ရခိုင်၊ ခမီး၊ အခါ၊ လားဟူ စတဲ့ လူနည်းစု လူမျိုးအုပ်စုဝင် ကလေးငယ်တွေ၊ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အခြေပျက်အနေပျက်ဖြစ်ခဲ့ကြတဲ့ မြစ်ဝကျွန်းပေါ်ဒေသက ကလေးတွေ၊ အနီးနားတဝိုက်က ငါးကန်တွေလို စီးပွားလုပ်ငန်းကြီးတွေမှာ အလုပ်ကြမ်း လုပ်စားရတဲ့ အနယ်အနယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားများရဲ့ ကလေးတွေ စတဲ့ စတဲ့ အခြေခံလူတန်းစားတွေထဲက ကလေးငယ်တွေဟာ ဒီနေရာလေးမှာ သူတို့ရဲ့ အနာဂတ်နဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့ ပညာရင်နို့သောက်စို့ နေကြပါတယ်။






ပဓာနနာယကဆရာတော် ဘဒ္ဒန္တရေ၀တာစာရ (မေတ္တာနန္ဒ ကျောင်း)
ဒီကျောင်းကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အလွန်ကတည်းက တည်ထောင်ခဲ့တာ ဖြစ်ပြီး ဆရာတော် ဘဒ္ဒန္တရေ၀တာစာရက ပဓာနနာယကဆရာတော်အဖြစ် ဆောင်ရွက်နေပါတယ်။ မူလတန်းလွန် ကျောင်း အဖြစ် ၇ တန်း အထိ ကျောင်းမှာ အခမဲ့ စာသင်ကြားနေပေးပြီး ၈၊ ၉၊ ၁၀ ကျောင်းသားများကိုတော့ အစိုးရ ကျောင်းမှာ စာသင်ကြားနိုင်အောင် ကျောင်းအိပ်၊ ကျောင်းစား အဖြစ် စားရိတ်ငြိမ်း လက်ခံကာ ပံ့ပိုးပေးနေပါတယ်။ ဆရာမ အင်အား (၁၂) ဦး နဲ့ ကျောင်းနေ နဲ့ အပြင်အနီးအနားက လာတက်သူ စုစုပေါင်း ကျောင်းသူ ကျောင်းသားပေါင်း (၅၁၀) ဦးကို ပရဟိတ စာသင်ကြားပေးနေပါတယ်။ ကျောင်းကနေ တက္ကသိုလ်ဝင်တန်း ဝင်ဖြေခဲ့တာ ၃ နှစ် ရှိပြီ ဖြစ်ပြီး

ပထမ နှစ် ၇ ဦး၊ ဒုတိယနှစ် ၁၁ ဦး၊ တတိယနှစ်က ၄ ဦး အောင်မြင်ခဲ့ပါတယ်။ ၁၀ တန်းအပြီး မှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင် ဝင်နိုင်အောင်လည်း ဆရာတော်က သူ့ရဲ့ ဒါယကာ၊ ဒါယိကာမ စီးပွားရေး လုပ်ငန်းရှင်များနဲ့ သင့်လျော်ရာ အပ်နှံပေးပါတယ်။ စာသင်ကြားမှု ပြီးဆုံးသွားပေမယ့်လည်း ကျောင်းမှာ အိမ်ထောက် မပြုသေးသရွေ့ နေခွင့်ရှိပြီး အပြင်မှာ အလုပ်အကိုင် ရှာဖွေ၊ အသက်မွေးဝမ်းကျောင်းဘဝကို ရှာဖွေ တည်ဆောက်နိုင်ပါတယ်။

ပညာရေးအတွက် ဒီလို စနစ်ကျတဲ့ "ဘက"ကျောင်းလေးဖြစ်ပေါ်လာဖို့နဲ့ ရေရှည်တည်တံ့ဖို့ ဝိုင်းဝန်းကြိုးစားနေကြသူတွေမှာ ပြည်တွင်းပြည်ပက ရဟန်း၊ လူ၊ ပုဂ္ဂိုလ် တဦးချင်း၊ အဖွဲ့အစည်း အစုံစုံပါပဲ။ ကျောင်းစတင် ထူထောင်စဉ်မှာ အမေရိကန်နိုင်ငံမှာ သီတင်းသုံးနေတဲ့ ဆရာတော်ဒေါက်တာဓမ္မပီယနဲ့ သူ့ရဲ့ ဒါယကာ၊ ဒါယိကာမတွေရဲ့ အင်အားစိုက်ထုတ်မှုကလည်း အဓိကကျခဲ့တယ်လို့ သိရပါတယ်။




နိုင်ငံတော် အစိုးရက မသင်မနေရ မူလတန်းပညာရေးလို့ ဆိုထားပေမယ့်လည်း သန်းခေါင်စာရင်းပါမှ၊ မွေးစာရင်းပါမှ စသည်ဖြင့် လုပ်ထုံးလုပ်နည်းတွေ၊ ကန့်သတ်ချက်တွေများလွန်းလှတဲ့ စနစ်ကြောင့် နာဂစ်လို သဘာဝဘေးဒဏ်နဲ့ လောကဓံ အခက်အခဲတွေကို ခံစားခဲ့ရလို့ အိုးမဲ့ အိမ်မဲ့၊ မိသားစုဘဝမဲ့ ဖြစ်နေရတဲ့ ဘ၀တွေထဲက ကျောင်းသားလူငယ်တွေမှာတော့ မွေးစာရင်းဆိုတာမပြောနဲ့ မွေးတဲ့ အချိန်နေ့ရက်တွေကိုတောင် မသိနိုင်ကြတာကြောင့် သူတို့တွေအတွက် ထုံးတမ်းစဉ်လာ ပညာရေးနဲ့ ကျောင်းဝင်ခွင့်ပုံစံတွေမှာ အခက်အခဲ ရှိပါတယ်။ ပညာရပ်ဝန်းနဲ့ ရင်းနှီးကျွမ်းဝင် ရှင်သန်ခွင့် မရရင် ဒီလို အခြေအနေမလှတဲ့ ကလေးငယ်တွေရဲ့ ဘဝဟာ မကောင်းမှု ဒုစိုက်တွေမှာ မွေ့လျော်နိုင်ပြီး လူ့အဖွဲ့အစည်းအတွ် အဆိပ်အတောက်တွေ ဖြစ်လာနိုင်ပါတယ်။




အရှင်လာဘသိဒ္ဓိ၊ လက်ထောက်ကျောင်းအုပ် (သင်ကြားရေး)
မေတ္တာနန္ဒ ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း

"ပညာရေးမှာ အဆင့်ခွဲသတ်မှတ်မယ်ဆိုရင် ဦးဇင်းတို့က အဆိုးဝါးဆုံး အခြေအနေတွေထဲက ကလေးတွေကို လက်ခံသင်ကြားပေးနေရတာပါ။ ပိုက်ဆံတတ်နိုင်တဲ့ လူတွေကတော့ ကိုယ်ပိုင်ကျောင်းတွေပို့မယ်၊ အလယ်အလတ်တန်းစားတွေကျတော့ အစိုးရကျောင်းပို့မယ်။ မိဘမရှိ၊ မပြည့်စုံ၊ စာရိတ္တညံ့ ဒီလိုကလေးတွေပဲ ဦးဇင်းတို့ဆီရောက်လာတာ။ ဒါကို ဖြစ်အောင် ပညာသင်ပေးနေရတာ။ အမှိုက်ထဲက ရွှေကောက်နေရတာ။ ဒီလိုမှ မထိန်းရင် လမ်းဘေးကို ရောက်သွားကြမှာ။ လမ်းပေါ်ရောက်သွားတဲ့ တရာမှာ တယောက်တောင် လမ်းမှန်ပြန်ရောက်ဖို့ မလွယ်ဘူးလေ"လို့ သင်ကြားရေးပိုင်းမှာ တာဝန်ယူထားရတဲ့ လက်ထောက်ကျောင်းအုပ်ဆရာတော် အရှင်လာဘသိဒ္ဓိ က မိန့်ကြားခဲ့ပါတယ်။




၇ နှစ်သားကတည်းက သင်္ကန်းစည်းခဲ့သူ စစ်ကိုင်းတိုင်းကန့်ဘလူက ကိုရင်ငယ် ပဏ္ဍိတ၊ အခု ဆဌမတန်းရောက်နေပါပြီ၊ ဒီမှာ စာသင်ရတာ ပျော်တယ်ဆိုပါတယ်၊ အင်မတန် သွက်လက် ချက်ချာတဲ့ ကိုရင်ငယ်လေးပါ၊ ကျွန်မ သူတို့ အတန်းကို ခေတ္တာ ခဏ အချိန်ပိုင်း စာသင်ပေးတော့ မေးခွန်းမေးလိုက်တိုင်း လက်ညှိုးထောင် ဖြေကြားတတ်သူ တဦးပါ။

ဒါ့အပြင် တလအတွင်း အခန်း (၃) ခန်းပြီးအောင်သင်ရမယ်၊ တလမှာ ၂၅ မှတ်ဖိုး စာမေးပွဲဖြေရမယ် ဆိုတဲ့ ညွှန်ကြားချက်တွေကို လက်မခံနိုင်တဲ့အတွက် ဆရာတော်တို့ဟာ ကျူရှင်မလိုဘဲ တကယ်တတ်တဲ့ ပညာရေးကိုသာပေးတဲ့ ကိုယ်ပိုင်စာမေးပွဲစနစ်တွေနဲ့ သင်ကြားနေကြောင်း၊ စာမေးပွဲကို အခြေခံတဲ့ ပညာရေးစနစ်ကို မကြိုက်တဲ့အတွက် အတန်းတင်ပေးဖို့ကိုလည်း ကျောင်းတွင်း ဘုတ်အဖွဲ့ အစည်းအဝေးထိုင်ပြီး တကယ်အရည်အချင်းပြည့်မီတဲ့ ကျောင်းသားတွေကိုသာ အတန်းတင်ပေးကြောင်းကိုလည်း လက်ထောက်ကျောင်းအုပ်ဆရာတော်က မိန့်ကြားခဲ့လို့ သိခဲ့ရပါတယ်။

အခြေအနေမပေးလို့ ကျောင်းနဲ့ အလှမ်းဝေးနေရသော်လည်း စာသင်ကြားခွင့်ရမယ်ဆိုရင် အများနည်းတူ သင်ကြားနိုင်ကြတဲ့ ကလေးတွေအဖို့ အသက်အရွယ်ကကြီး အတန်းက မူလတန်းက မတက်ဆိုတာမျိုးဖြစ်နေမယ်ဆိုရင်၊ သူသင်ယူနိုင်တာထက် ကျောင်းစာက နိမ့်နေတဲ့အတွက် ကျောင်းစာအပေါ်စိတ်ဝင်စားမှု လျော့နည်းနိုင်သလို၊ အစိုးရကျောင်းမှာ ကျောင်းထွက်လက်မှတ်က ၄တန်း၊ ၅တန်းအောင် ဖြစ်နေသော်လည်း ကလေးရဲ့ စာသင်ယူနိုင်စွမ်းက ၃ တန်းလောက်သာရှိနေမယ်ဆိုရင်လည်း ကလေးတယောက်ဟာ သူ့ရဲ့ကျောင်းစာကို ကြောက်ရွံ့သွားနိုင်ပါတယ်။ ဒီလို အဖြစ်မျိုးတွေမရှိအောင် ဆရာတော်တို့က အစိုးရကျောင်းတွေရဲ့ မူဝါဒသတ်မှတ်မှုတွေနဲ့မတူ အသက်ပြည့်တဲ့ ကလေးတိုင်းကို ကျောင်းအပ်လက်ခံပြီး၊ သင်ယူနိုင်တဲ့ကလေးတိုင်းကို အတန်းကျော်တင်ပေးတဲ့ စနစ်ကို ကျင့်သုံးနေတယ်လို့လည်း သိခဲ့ရပါတယ်။

အစိုးရရဲ့ "ဘက"ကျောင်းတွေအပေါ်စိတ်ဝင်စားမှုအပိုင်းနဲ့ အကူညီပေးမှုအပိုင်းကို လက်ထောက် ကျောင်းအုပ်ဆရာတော်ကို ဆက်လက်မေးမြန်းကြည့်ရာမှာတော့ "အစိုးရက စနစ်ပြောင်းသွားတယ်သာဆိုတယ်။ တချို့ကိစ္စတွေမှာ ဘုန်းကြီးတို့ ဘက ကျောင်းတွေကို ဘာမှအသိမပေးဘဲ ချန်လှပ်ထားခဲ့တာတွေရှိတယ်။ ပညာရေးဥပဒေ ဘယ်လောက်ပြောင်းပြောင်း ဘက ကျောင်းတွေအပေါ် ခွဲခြားဆက်ဆံတဲ့ စနစ်ကြီးရှိနေသရွေ့ အလကားပဲ"ဟု ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

အစိုးရအနေနဲ့ နိုင်ငံတော်အဆင့် ပညာရေးကိုမြှင့်တင်ဖို့ဆိုတာမှာ အခြေခံလူတန်းစားတွေရဲ့ပညာရေးကို ဦးစားပေးစဉ်းစားရမှာဖြစ်ပါတယ်။ တူညီတဲ့နည်းစနစ်ကို ရရှိသင်ယူနေစေကာမူ လမ်းဘေးမြက်တောမှာ လေ့ကျင့်ကစားနေတဲ့ ဘောလုံးအသင်းက အားကစားသမားနဲ့၊ လေ့ကျင့်ရေးဘောလုံးကွင်းမှာ လေ့ကျင့်ကစားခွင့်ရတဲ့ ဘောလုံးအသင်းက အားကစားသမားတွေရဲ့ အရည်အသွေးတွေက ကွာခြားသလိုပါပဲ။ ဘယ်လောက်ပဲ သင်ကြားရေးပိုင်းမှာ တတ်စွမ်းသမျှစေတနာထား သင်ကြားပေးပေမယ့် အစိုးရရဲ့ စိတ်ဝင်တစား ပံ့ပိုးပေးမှုအပိုင်းကလည်း အရေးကြီးလှပါတယ်။




ဒါကြောင့် "ဘက"ကျောင်းတွေရဲ့ သင်ကြားသင်ယူမှု အပိုင်းတွေမှာ နည်းလမ်းကျတဲ့ ထောက်ပံ့ပေးမှုတွေကို အစိုးရက ပြုလုပ်ပေးဖို့ရာမှာ လွန်စွာ အရေးကြီးလှသလို၊ အောက်ခြေအဆင့်ဆင့်ကလည်း "ဘက"ကျောင်းက ကျောင်းသားတွေကိုရော ဆရာတွေကိုပါ အခြား အခြားသော ကျောင်းများက ကျောင်းသားတွေ၊ ဆရာတွေလို တန်းတူထားဆက်ဆံရေး၊ တဆင့်နှိမ့်ကာခွဲခြား မဆက်ဆံကြရေးတို့ဟာလည်း အရေးတကြီးလိုအပ်ချက်တွေဖြစ်နေပါတယ်။



ဆရာမ ဒေါ်မေဖြူအောင် (မေတ္တာနန္တကျောင်း)

"ကျွန်မတို့လည်း ဒီနိုင်ငံမှာမွေးတဲ့ ဒီလူမျိုးပါပဲ။ ဒီနိုင်ငံကပေးတဲ့ ဘွဲ့ကို ယူထားကြတဲ့သူတွေပါပဲ။ လက်ရှိသင်တန်းတွေအများကြီးတက်ထားတဲ့ လူတွေနဲ့ စေတနာအရင်းခံပြီး ကိုယ်သိထား၊ တတ်ထားလေးနဲ့ သင်ပေးနေရတဲ့ ကျွန်မတို့ကြားမှာ ကွာဟချက်တွေရှိနေမယ်ဆိုတာကို ကျွန်မတို့ ကာယကံရှင်တွေကိုယ်တိုင်လည်း နားလည်ပါတယ်။ လက်ခံပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကိုလည်း တန်ဖိုးထားဆက်ဆံပေးဖို့၊ လိုအပ်တာတွေပံ့ပိုးပေးဖို့လည်းလိုပါတယ်။ ခွဲခြားတက်ဆံခံရတာတွေ အများကြီးရှိပါတယ်။ တကယ့်လက်တွေ့မှာ အစိုးရကပေးတဲ့ သင်တန်းတွေ သွားတက်တဲ့အခါ ပိုခံစားရတယ်။ ဟိုရောက်ရင် ကျွန်မတို့မှာ ဘယ်နေရာထိုင်ရမှန်းတောင် မသိရတဲ့ အနေအထားမျိုးတွေရှိတယ်။ ကျွန်မတို့ကလူကြီးတွေမို့ ကြိတ်ခံနိုင်ပေမယ့်၊ ကလေးတွေကြတော့ စိတ်ထိခိုက်ကြတယ်။"လို့ "ဘက"ပညာရေးတွင် (၇) နှစ်ကြာပညာသင်ကြားပေးနေတဲ့ မေတ္တာနန္တကျောင်းက ဆရာမ ဒေါ်မေဖြူအောင်က အခုလို သူခံစားခဲ့ရတာတွေကို စိတ်ထိခိုက်စွာနဲ့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။ သင်တန်းခေါ်လို့ သွားတယ်၊ ပြီးတော့ ခေါ်နှိမ်တယ် ဆိုတဲ့ သဘောမျိုးကြီးဟာ မဖြစ်သင့်ပါဘူး လို့ ဆိုပါတယ်။

အစိုးရဘက်က ငွေကြေးထောက်ပံ့ပေးမှု အပိုင်းနှင့်ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့ "ဘက"ကျောင်းတွေကို မနှစ် စာသင်နှစ်ကစပြီးတော့ ကျောင်းအသုံးစရိတ်အတွက် ထောက်ပံ့ပေးကြောင်း၊ ‘ဒါပေမယ့် တခြားကျောင်းတွေနှင့်တန်းတူ ပေးခြင်းမဟုတ်ဘဲ ခွဲခြားပေးတာဖြစ်ကြောင်း၊ အစိုးရကျောင်းတွေကိုတော့ ကျောင်းသားတယောက်ကို (၅၀၀၀) နှုန်းနဲ့ ထောက်ပံ့ပေးပေမယ့် "ဘက"ကျောင်းတွေကိုတော့ လူဦးရေ အချိုးနဲ့ အချိုးချ၍သာ ပေးကြောင်းကိုလည်း လက်ထောက်ကျောင်းအုပ်ဆရာတော်၏ မိန့်ကြားချက်များကနေ သိရှိခဲ့ရပါသေးတယ်။ ဒါ့အပြင် ဆရာ ဆရာမ တွေအတွက် လစာအဖြစ် ကျောင်းသား အယောက် (၄၀)တွင် ဆရာ တယောက်နှုန်းဖြင့် တလလျှင် (၃၆,၀၀၀ကျပ်) ပေးသောကြောင့် ကျောင်းတွင် ဆရာဆရာမ (၁၂) ယောက်ရှိသော်လည်း (၅) ယောက်စာသာရကြောင်း။ ဒါကြောင့် ဆရာတော်တွေကပဲ ဆရာဆရာမတွေကို သူတို့ရဲ့ စေတနာကို လေးစားသောအားဖြင့်လည်းကောင်း၊ ဘ၀ရပ်တည်ရေး အထောက်အကူဖြစ်နိုင်ဖို့ရာ လည်းကောင်း ဆရာတယောက်ကို (၇၀,၀၀၀ ကျပ်) စီရအောင် အလှူခံရရှိငွေများထဲကနေ ဖြည့်စွက်ပေးရကြောင်းတွေကိုလည်း သိခဲ့ရပါတယ်။

ထိုသို့ထောက်ပံ့ပေးမှုတွေနှင့်အတူ ကန့်သတ်မှုတွေ၊ ချုပ်ကိုင်မှုတွေလည်း ပါဝင်လာတယ်လို့ လက်ထောက်ဆရာတော်က အခုလို မိန့်ကြားထားပါသေးတယ်။

"ဘုန်းကြီးတို့ကို သဒ္ဒါရင်လှူ၊ မသဒ္ဒါရင် မလှူနဲ့။ နဂိုထဲက အိတ်စိုက်ပြီး ဒီဘုန်းကြီးတွေက လုပ်နေတာ။ ဟိုစစ်၊ ဒီစစ်လုပ်မယ်ဆိုလို့ စာရင်းဇယားရှုပ်တယ်၊ မယူဘူးလို့ ဆိုပြီးကန့်ကွက်တော့၊ မယူမနေရ ယူရပါမယ်ဆိုပြီးလုပ်တယ်။ ယူတော့ ဘာတွေဖြစ်လာလဲ။ ဒီခေါင်းစဉ်မှဖြစ်မယ်၊ ဟိုခေါင်းစဉ်နဲ့ဆိုမရဘူး။ ဘာဝယ်ရမယ်၊ ညာဝယ်ရမယ်၊ ဒါဆိုမဖြစ်ဘူးဆိုတော့ ဦးဇင်းတို့မှာ လိမ်ရမှာလား။ ဘုန်းကြီးတွေကို ဖိုးတွမ်တီးလုပ်ခိုင်းနေတာလား။ ဘုန်းကြီးတွေမှာ သူ့ဝိနည်းနဲ့ သူရှိနေတယ်။ အစကတည်းက အိမ်သာကနေ စာသင်ခန်းအဆုံး ဘုန်းကြီးတို့ အလှူခံပြီး ဒီကလေးတွေကို ကျွေးမွေး ပညာသင်ပေးနေတာ။ သူတို့ဆရာမတွေ မယုံရတိုင်းဘုန်းကြီးတွေကို လာမချုပ်နဲ့လေ"ဟု ပံ့ပိုးမှုများနောက်ကွယ်က မလိုလားအပ်သည့် ထိန်းချုပ်မှုတွေအကြောင်းကို မိန့်ကြားသွားခဲ့သည်။

ဘ၀ပေးအခြေအနေအရ "ဘက"ကျောင်းတွေမှာ ပညာသင်ကြားနေရတဲ့ ကလေးငယ်တွေဟာ မိဘတယောက်မရှိသောသူ၊ နှစ်ယောက်လုံးမရှိသောသူတွေနဲ့ မိဘရှိသော်လည်း လက်တလောဖြေရှင်းနေရတဲ့ မိသားစုဝမ်းရေးပြသနာတွေ ကိုယ်စီရှိနေတတ်ကြပြန်ပါသေးတယ်။ ဒီလိုကလေးငယ်တွေရဲ့ စိတ်နဂိုအခြေခံမှာကိုက ၀မ်းနည်းစိတ်တွေ၊ အားငယ်စိတ်တွေနဲ့ ရှိနေတတ်ကြပါတယ်။ သူတို့ဘယ်လောက်ပဲကြိုးစားပါစေ "ဘက"ကျောင်းကထွက်တာဟေ့ ဆိုတဲ့ အထင်သေး နှိမ်ချခံရတဲ့ ခွဲခြားဆက်ဆံရေးကို ခံရတဲ့အခါမှာ "ငါတို့ ဆယ်တန်းအောင်လည်း ဘာမှထူးမှာလဲ။ ငါတို့ဘွဲ့ရတော့လည်း ဘယ်သူက အလုပ်ခန့်မှာလဲ"ဆိုတဲ့ အတွေးမျိုးရှိနေတတ်ကြပြီး လမ်းဘေးကို အချိန်မရွေးပြန်ရောက်သွားနိုင်ကြပါတယ်။



ပဲခူးဘက်က ရောက်လာတဲ့ ၁၀ တန်း ကျောင်းသူငယ်ပါ၊ မေတ္တာနန္တကျောင်း မှာ နေရ၊ စားရတာ အဆင်ပြေတယ် ပြောပါတယ်၊ အထက (၃) အစိုးရကျောင်း မှာ သွားတက်ရတာလည်း အဆင်ပြေပါတယ်တဲ့၊ ခွဲခြားဆက်ဆံခံရမှုတော့ သူ့အတွေ့အကြုံအရ မရှိပါဘူးဆိုပါတယ်၊ ဝမ်းသာစရာပါ၊ လမ်းလျှောက်သွားရတာတော့ ဝေးတယ် ပြောပါတယ်၊ ၁၀ တန်းအောင်ပြီးရင် ပရဟိတ စာပြန်သင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိပါသတဲ့..။

ဒီလိုမျိုးအခြေအနေတွေရှိနေတဲ့ ကလေးတွေကို ကျောင်းခန်းထဲ မရောက်ရောက်အောင် ဆွဲခေါ်ကာ ပညာသင်ပေး၊ နေစရာ စားစရာ ပေးကျွေးထားရတဲ့ "ဘက"ကျောင်းက ဆရာတော်တွေ ဆရာ၊ ဆရာမတွေရဲ့ စေတနာဟာ သာမန်ထက်အများကြီး သာလွန်လှပါတယ်။ လောကီအရှုပ်အထွေးက လွတ်ချင်လို့ သင်္ကန်းဝတ်နေကာမှ မတထောင်သားရဲ့တာဝန်ကို ထမ်းထားရတဲ့ ဆရာတော်တွေရဲ့ ၀န်ထုပ်ဝန်ပိုးဟာ ဘယ်လောက်များကြီးမားလိုက်ပါသလဲ။ မိမဲ့၊ ဘမဲ့ ကလေးတွေနဲ့ အောက်ခြေဘ၀တွေထဲက ကလေးတွေကို ဆွမ်းခံ၊ အလှူခံ ကျွေးမွေး ပညာသင်ပေးနေရင်း မလောက် မင တွေဖြစ်လာရင် ဘယ်လိုများရင်ဆိုင်ဖြေရှင်းသလဲဆိုတာကို ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တရေ၀တာစာရ ကို မေးမြန်းကြည့်ရာမှာတော့ ဒကာမအရင်းတွေဖြစ်တဲ့ "ထူး ရေခဲမုန့်"က ဒါယကာ၊ ဒါယိကာမတွေ၊ ဒီကျောင်းကို ဖြစ်မြောက်အောင်လှူဒါန်းထားပေးတဲ့ မြေအလှူရှင် ဒေါ်ညိုညိုဝင်းနဲ့ ဒေါ်အေးအေးဝင်းညီအစ်မနဲ့ ထောက်ကြံ့မှာရှိတဲ့ "မင်္ဂလာ"ကုန်စုံရောင်းဝယ်ရေး တို့ဆီမှာ အလှူခံရပါတယ်"လို့မိန့်ကြားပါတယ်။

စားဝတ်နေရေးနဲ့ ပညာပေးရေး တင်မက ကျောင်းမှာက ဆယ်ကျော်သက် အရွယ်တွေလည်း ရှိတာကြောင့် မမှားမယွင်း အောင် ထိန်းကျောင်းရတဲ့ "ဘက"ကျောင်းက ဆရာဆရာမတွေရဲ့ စေတနာနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကလည်း မသေးလှပါဘူး။






"အပျိုအရွယ်လေးတွေပါတော့ စည်းစနစ်နဲ့ အုပ်ချုပ်ရတယ်။ တချို့ဆို ဝေးလံခေါင်ဖျားတဲ့နေရာက လာရတော့ အရမ်းဗဟုသုတနည်းတော့ နားလည်အောင် စိတ်ရှည်လက်ရှည်နဲ့ပြောရတာတွေရှိတယ်။ ကလေးမလေးတယောက်ဆို အဖေနဲ့အမေရန်ဖြစ်ကြရင်း အဖေလုပ်သူက အမေကိုရိုက်တာလက်လွန်ပြီးဆုံးသွားတယ်။ အဖေက ထောင်ကျတယ်။ ဒီလိုကလေးမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေရှိတယ်။ ဒါတွေကအစ လိုက်ပြီး ထိန်းကျောင်းပေးရပါတယ်"လို့ လည်း စေတနာအရင်းခံ လုပ်ဆောင်နေရတဲ့ "ဘက"ဆရာတွေရဲ့ ဘ၀ကို မေတ္တာနန္တကျောင်းက အမျိုးသမီးအဆောင်မှူးဖြစ်တဲ့ ဆရာမ ဒေါ်အိရွှေစင်က ပြောပြပါတယ်။

ပြောင်းလဲလိုက်တဲ့ မူဝါဒပိုင်းအရ ၂၀၁၄ခုနှစ်ကစပြီး စတုတ္ထတန်းနှင့် အဌမတန်းတွေကို အစိုးရစစ်အဖြစ် စာမေးပွဲတွေစစ်တဲ့ စနစ်မှာ အောင်ချက်ရာခိုင်နှုန်း ကောင်းတဲ့ကျောင်းတွေထဲမှာ "ဘက"ကျောင်းတွေလည်း ပါပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် "ဘက"ကျောင်းက ကလေးများနဲ့ ဆရာတွေရဲ့ အရည်အသွေးဟာလည်း အခြား အစိုးရကျောင်းများ၊ ပုဂ္ဂလိကပိုက်ဆံကျောင်းများ အောက် ထူးခြား နိမ့်ကျတယ်လို့ မဆိုနိုင်ပါဘူး။ သိသိသာသာ နိမ့်ကျနေတာကတော့ ပေယျာလကန် ပြုထားခြင်းရလဒ် အထွေထွေ ပံ့ပိုးမှု နိမ့်ပါးနေခြင်းပါပဲ။ အလှူတခုတည်း အားကိုးနဲ့ ဘယ်အရာမှ ရေရှည်ရပ်တည်နိုင်ဖို့ ခက်ခဲလှပါတယ်။ နိုင်ငံတော်အဆင့် ကောင်းမွန်မျှတတဲ့ စနစ်၊ မူဝါဒ၊ ဥပဒေပြုမှုတွေ လိုနေပါတယ်။

မေတ္တာနန္တ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တရေ၀တာစာရ က အဆုံးမှာ အစိုးရနဲ့ တာဝန်ရှိသူများ အားလုံးကို သိစေချင်တဲ့ သတင်းစကားကို မိန့်ကြားခဲ့ပါတယ်။ “ကျောသားရင်သားမခွဲခြားသင့်ပါဘူး၊ ဘုန်းကြီးတို့ ရုန်းနေတာက နိုင်ငံအတွက်၊ သာသာနာ အတွက်ပါ၊ အစိုးရကျောင်း ဆရာ၊ ဆရာမ တွေနဲ့ ညီတူညာတူ ပရိဟတိ ဆရာ၊ ဆရာမတွေကိုလည်း ချီးမြှင့်စေချင်ပါတယ်၊ ပရဟိတဆရာက ပညာမတတ်၊ ဘွဲ့မရ၊ အောက်တန်းစားတွေလို ခွဲခြား ဆက်ဆံမှုတွေ မပြုစေချင်ပါဘူး” လို့ ဆရာတော် က မြွက်ကြားခဲ့ပါတယ်။

“ဘက” ကျောင်းတွေ ထမ်းနေရတဲ့ မနိုင်ဝန်ကို သိနားလည်နိုင်ကြဖို့၊ အခွင့်အရေး၊ ရပိုင်ခွင့်တွေ တန်းတူ ဖြစ်ဖို့၊ မလိုလားအပ်တဲ့ ထိန်းချုပ်မှု တွေ ဖြေလျှော့ပေးဖို့၊ ပညာရေးစနစ်သစ်နဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေ မှာ အလွှာစုံ အတန်းစုံ အတွက် ထည့်သွင်းစဉ်းစားပြီး လက်တွေ့ အလုပ်ဖြစ်တဲ့ ချဉ်းကပ်မှုတွေ လုပ်ဆောင်ဖို့ ဒါတွေကတော့ အမှိုက်ထဲက လက်တွေ့ ရွှေကောက်ပြနေသူ ဘက ဘုန်းတော်ကြီးပညာသင်ကျောင်းက အနှစ်ချုပ် စကားတွေပဲ ဆိုနိုင်ပါတယ်။

"ပညာမြင့်မှ လူမျိုးတင့်မည်"ဆိုတဲ့ ဆောင်ပုဒ်လို တိုင်းပြည်ရဲ့ အနိမ့်အမြင့်နေရာအနှံ့မှာ နေထိုင်နေကြတဲ့ လူမျိုးစုံ၊ ဘ၀စုံ၊ အခြေအနေစုံက ကလေးတွေရဲ့ ပညာရေးကို သက်ဆိုင်ရာပညာရေး ဌာနအဆင့်ဆင့်မှသည် အစိုးရအဖွဲ့အထိ အလေးအနက်ထားစဉ်းစားသင့်လှပါတယ်။ ဒါမှသာ ပညာရည်ပြည့်ဝတဲ့ လူဘောင်အသိုင်းအ၀ိုင်း၊ နိုင်တကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ လူသားမျိုးနွယ်အရင်းအမြစ်တွေ နိုင်ငံမှာ ပေါ်ထွက်လာနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် “အားလုံးပါဝင်နိုင်ရေး” ဆိုတဲ့ ပညာရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးနေတဲ့ “ဘက” ကျောင်းတွေရဲ့ ပကတိအခြေအနေတွေ၊ “ဘက” ကျောင်းက ဆရာဆရာမတွေရဲ့ အခက်အခဲနဲ့ ခံစားချက်တွေကို နှလုံးသားနဲ့ နာကြား နားလည်ရင်း ကံအကြောင်းမလှတဲ့ နိုင်ငံတဝှမ်းက သိန်း သန်းချီ ကလေးငယ်တွေရဲ့ အနာဂတ်ကို မြှင့်တင်နိုင်ဖို့ရာ အမှိုက်ထဲက ရွှေ ဖြစ်နေသော နေရာများကို တန်ဖိုးထား လှည့်ကြည့်စေချင်မိပါကြောင်း …။


ခင်စန္ဒာမြင့်
23-8-2016 (5:26PM)

ကိုးကား -
J.R. Andrus in Burmese Economic Life, Stanford University Press, Stanford, California, 1946, pp. 36-37
http://www.medg.org/
↧

NLD အလံ လက်ရာရှင် ပန်းချီ မောင်မောင်သိုက် အမှတ်တရ ပန်းချီပြပွဲ ပြုလုပ်မည်

$
0
0

NLD အလံ လက်ရာရှင် ပန်းချီ မောင်မောင်သိုက် အမှတ်တရ ပန်းချီပြပွဲ ပြုလုပ်မည်
၂၅ စက်တင်ဘာ၊ ၂၀၁၆ (တနင်္ဂနွေနေ့)
အေဝမ်းရုပ်ရှင်ခြံ ၈ မိုင် ခွဲ၊ မရမ်းကုန်းမြို့နယ် ရန်ကုန် မြို့

အောင်မြင်ကျော်ကြခဲ့သည့် စာနယ်ဇင်းသရုပ်ဖော်ပန်းချီဆရာ ပန်းချီ မောင်မောင်သိုက် ကွယ်လွန်ခြင်း (၅) နှစ်ပြည့် အမှတ် တရ ပန်းချီပြပွဲ ကို သားဖြစ်သူ ပန်းချီဇေဖြိုးနှင့် ငယ်သူငယ်ချင်းဖြစ်သူ ပန်းချီ ကိုသိန်း (ခ) ဟာသ သရုပ်ဆောင် မောင်စပ်စု (ခ) အေးဝမ်ဦးးသိန်းထွဋ်တို့က ရှစ်မိုင်ခွဲ အေဝမ်းရုပ်ရှင်ခြံမှာ လာမည့် တနင်္ဂနွေ စက်တင်ဘာ ၂၅ တွင် စီစဉ်ပြုလုပ်မည် ဖြစ်သည်။

အစီအစဉ်တွင် အမှတ်တရ စကားပြောကြားခြင်း၊ ပန်းချီ မောင်မောင်သိုက်ရဲ့ ပန်းချီကားများ၊ မျက်နှာဖုံး ပန်းချီများနှင့် ဒီဇိုင်း လက်ရာများကို ပြသခြင်း၊ လက်တွေ့ မော်ဒယ်လ် ပန်းချီ ရေးဆွဲခြင်း အစီအစဉ်များ ပါဝင်မည် ဖြစ်ပြီး မော်ဒယ်လ် ပန်းချီ ရေးဆွဲလိုသည့် ပန်းချီ အနုပညာရှင် ဆရာများ၊ ဝါသာနာရှင်များကိုလည်း ဖိတ်ခေါ်ထားသည်။

ပန်းချီ မောင်မောင်သိုက် ၏ အနုပညာ ညီငယ် တဦး ဖြစ်သူ ပန်းချီ မျိုးမြင့်ကလည်း သူ၏ မြင်ဆရာ၊ ကြားဆရာ နှင့် ပန်းချီ လောကထဲ ရာက်လာခါစ လက်တွဲခေါ်ယူမှုနှင့် လမ်းညွှန်သင်ကြားမှု တွေ ပြုလုပ်ခဲ့သူ ပန်းချီ မောင်မောင်သိုက် အကြောင်း အမှတ်တရ စကား ပြောကြားမည်ဟု သိရှိရသည်။



ပန်းချီ မောင်မောင်သိုက် သည် ၂၀၁၁ ခုနှစ် သြဂုတ်လ (၅) ရက် နေ့ အသက် (၆၆) နှစ် အရွယ် တွင် ကွယ်လွန်ခဲ့သည်။

ပန်းချီ မောင်မောင်သိုက်ကို လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောက်စဉ် အဖိအနှိပ် ကန့်သတ် မှုကြားထဲတွင် ပါတီ အလံ ဒီဇိုင်းရေးဆွဲခဲ့သူအဖြစ်လည်း အမှတ်ထင်ထင် ရှိကြသည်။

မိုးမခ

@ Moemaka Media
Website: http://moemaka.com/
English Section: http://eng.moemaka.net/
Blog: http://blog.moemaka.com/
Facebook: https://web.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
↧

ဗိုလ်ထက်မင်း - လက်နက်ကိုင်ထားမှ ငြိမ်းချမ်းရေးရမှာလားနဲ့မေးခွန်းများ - အပိုင်း(၃)

$
0
0
 
Senior General Min Aung Hlaing's facebook, Sept 14th, 2016

ဗိုလ်ထက်မင်း - လက်နက်ကိုင်ထားမှ ငြိမ်းချမ်းရေးရမှာလားနဲ့မေးခွန်းများ - အပိုင်း(၃)
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၆

(ဂ) တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့များအကြား ယုံကြည်မှု၊ နားလည်မှု၊

ယုံကြည်မှု၊ နားလည်မှု ဆိုရာမှာ တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆက်ဆံရေး ကောင်းမွန်မှူ အပေါ် အခြေခံပြီး ဆက်ဆံရေးကောင်းတဲ့ အုပ်စု၊ ဆက်ဆံရေးခပ်ကြဲကြဲရှိတဲ့ အုပ်စု၊ ဆက်ဆံရေးဆိုးဝါးနေတဲ့ အုပ်စုဆိုပြီး (၃) အုပ်စုခွဲမြင်ရတယ်။

ဆက်ဆံရေးကောင်းတဲ့ NCA လက်မှတ်ထိုးတဲ့အဖွဲ့(၈)ဖွဲ့၊ ( ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)) ။

(ကိုးကန့်- MNDAA)  ကြောင့်ဝ (UWSA) နဲ့ မိုင်းလား (NDAA) အဖွဲ့ဟာ ဆက်ဆံရေးကြဲပေမဲ့ တြိဂံတိုင်း တိုင်းမှူးတွေဖြစ်ခဲ့ကြတဲံ့  ဦးသိန်းစိန်နဲ့တပ်ချုပ်တို့နဲ့ Personal ရင်းနှီးအရ တစုံတရာ တိုက်ပွဲ မဖြစ်အောင် နှစ်ဖက်လုံး စည်းကမ်းတကျ နေခဲ့ပါတယ်။

ဆက်ဆံရေးအဆိုးဝါးဆုံးကတော့ UNFC 
( UNFC members (previous members of CEFU)

  1. Kachin Independence Organization (KIO)
  2. New Mon State Party (NMSP)
  3. Shan State Army-North (SSPP /SSA)
  4. Karen National Union (KNU)
  5. Karenni National Progressive Party (KNPP)
  6. Chin National Front (CNF)
5 new members:

  1. Lahu Democratic Union (LDU)
  2. Arakan National Council (ANC)
  3. Pa-Oh National Liberation Organization (PNLO)
  4. Ta-ang National Liberation Army (TNLA) also known as Palaung State Liberation Front (PSLF)
  5. Wa National Organization (WNO)
(previous 6th new member Kachin National Organization has merged with the KIO)

နဲ့ AA ,TNLA , MNDAA အဖွဲ့တွေဘဲဖြစ်ပါတယ်။

နှစ်ပေါင်း(၆၀)ကျော် ဖြစ်ပွားခဲ့တဲံ့ ပြည်တွင်းစစ်ကြောင့်စစ်အာဏာရှင်တွေရဲ့ ပြုမူ ဆောင်ရွက်ခဲ့တာတွေ ကြောင့် တော်တော်နဲ့ ယုံကြည်မှူ မရဘဲ တပ်မတော်နဲ့အဲဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ခက်ခက်ခဲခဲ တည်ဆောက် နေရပါတယ်။ အဲဒီ တိုင်းရင်းသားခေါင်းဆောင်တွေဟာ အပစ်ရပ် လက်မှတ်မထိုးတာကို အခွင့်ကောင်းယူပြီး လူသစ်စုဆောင်း၊ ၊အင်အားတည်ဆောက်ကာ နယ်ပယ်ဧရိယာ ချဲ့ထွင်မှူ၊ သယံဇာတ သယ်ထုတ်မှု၊ အခွန်အကောက် ကြမ်းတမ်းမှုကြောင့် ပြည်သူလူထု ထွက်ပြေးလာရကာ တပ်မတော်နဲ့ထိပ်တိုက်တွေ့ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေရပါတယ်လို့ တပ်မတော် လိုလားသူတွေဘက်က ဆိုကြပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံး ရပ်ဆိုင်းပြီး ပြည်နယ်ဖွံဖြိုးရေး (ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စက်မှုဇုန်လို အလုပ်အကိုင် ဖန်တီးခွင့် အပါအဝင် ရင်းနှီးမြှူပ်နှံမှု၊ သယံဇာတ ခွဲဝေပိုင်ဆိုင်မှု) တိုးတက်ဖို့ ပြည်ထောင်စုအစိုးရကို ဘာတွေ တောင်းကြမယ်ဆိုတာ အဓိက ဆွေးနွေးကြစေလိုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဗမာမုန်းတီးရေးကို ၀ါဒဖြန့်နေချိန်မှာ ဗမာပြည်က ဘယ်တပ်မတော် စစ်ကျောင်း၊ ဘယ်တက္ကသိုလ်မှ သင်ရိုးမှာ တိုင်းရင်းသားတွေကို သွေးခွဲဖို့ မုန်းတီး ရက်စက်ဖို့ မသင်ကြားပါကြောင်း၊ တိုင်းရင်းသားတွေကို ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၊ အယူဝါဒ ယဉ်ကျေးမှု ဓလေ့ထုံးစံများ လေးစားလိုက်နာပါလို့ဘဲ သင်ကြားပေးထားတာကို တပ်မတော်ထုတ်တဲ့ စစ်သည်တော်ကျင့်ဝတ် (၆၀) မှာ ရှိပါကြောင်း တပ်မတော်အရာရှိအချို့က သူတို့ ခံစားချက်ကို ထုတ်ပြောလာတာ တွေ့ရပါတယ်။

"ကိုယ့်တိုင်းရင်းသားတွေမှာက စစ်ဖြစ်ရင် စစ်ရှောင်တာကိုက ဖြစ်နိုင်ရင် မြို့ပေါ် တက်ရှောင်နေကြတာပါ၊ နောက်ဆုံး မြို့တက်ဖို့ လမ်းကြောင်းတွေ ပြတ်တောက်ကုန်လို့ တောထဲ တောင်ထဲနဲ့ နယ်စပ်ကို ဖြတ်ကျော်ကြရတာ ဖြစ်ပါတယ်။ လက်နက်ကိုင်ချင်း အတူတူ ပြည်သူတွေဟာ လက်ရှိအစိုးရကို အားကိုးကြပါတယ်။"လို့ သူတို့တွေ မြင်တာကို ပြောကြပါတယ်။

အဓိက လုပ်ဆောင်သင့်ရာမှာ အရပ်သားနဲ့ရန်သူမှားယွင်းလို့ သတ်ဖြတ်မိရင် တာဝန်ရှိသူအဆင့်ဆင့် အရေးယူမှာဖြစ်သလို ပြည်သူကို ဝန်ချတောင်းပန်ခြင်းနဲ့ နစ်နာသူများကို ထိုက်သင့်တဲ့ လျော်ကြေးပေးရမှာဖြစ်ကြောင်း၊ ရေးမြို့မှာ အရပ်သား(၁)ဦးနဲ့ရှမ်းပြည်မြောက်ပိုင်း သူပုန်အထင်နဲ့ ရွာသား၎ဦးသတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေမှာ တပ်က စေတနာသန့်သန့် ပံ့ပိုးထောက်ပံ့ပြီး ဒုတိုင်းမှူးအဆင့် စုံစမ်းစစ်ဆေးတာမျိုး ပြုမှူဆောင်ရွက်ချက်ဟာ ကြိုဆိုရမှာ ဖြစ်သလို လူထုအမြင်မှာလည်း နားလည်ခွှင့်လွှတ်လိမ့်မယ်လို့ယုံကြည်ကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။ ယခုဆိုရင် ပြစ်မှူကျူးလွန်သူ တပ်မတော်သားထဲမှ တပ်မမှူးးအဆင့်တောင် တခါမှမလုပ်စဖူး အရေးယူခဲ့တာတွေ့နေရပြီဖြစ်ပါတယ်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ်အဖြစ် မိုင်ဂျာယန် အစည်းအဝေးသို့ တက်ရောက်ခဲ့သူ စိုင်းကျော်ညွှန့်က ပြောရာမှာ-
“၂၁ ပင်လုံလိုပဲ ခေါ်ခေါ် ဘယ်လိုပဲခေါ်ခေါ် ဒီညီလာခံမှာ တက်ရောက်မဲ့ ရထားကို ဘယ်နေရာကစီးစီး စီးလို့ရတယ်ဆိုတဲ့ စကားခေတ်စားနေတာ ရှိပါတယ်။ ဒါပေမဲ့ ရထားလက်မှတ်လည်းမပေးဘူး။ ပေးလည်း ပေးမစီးဘူးဆိုရင် ဒါက စဉ်းစားစရာရှိပါတယ်။ အစိုးရအနေနဲ့ကလည်း အားလုံးပါဝင်လာနိုင်အောင် ဘယ်လို အခင်းအကျင်းတွေ ဖန်တီးပေးထားသလဲဆိုတာက အရေးကြီးပါတယ်။ အားလုံးကို လာပါလာပါ ပြောပြီး လာနိုင်တဲ့ အခင်းအကျင်း မဖန်တီးပေးနိုင်ဘူးဆိုရင် တိုက်ပွဲဆိုတာ ရှမ်းမြောက်တင်မက ကချင် ၊ ရခိုင် မှာလည်း ဖြစ်နေတယ်။ နေရာတော်တော်များများ မှာ ဖြစ်နေတဲ့ ပဋိ့ပက္ခတွေပါ။ အစိုးရအနေနဲ့ အခင်းအကျင်းကောင်းကို ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။ ” ဆိုပါတယ်။

ဒီရထားကိစ္စကို တပ်မတော်အရာရှိတစ်ဦးက ပြန်လှန်မေးခွန်းထုတ်ထားတာကို တွေ့ရပါတယ်။
           ရှမ်းပြည်ထဲက ၀ပြည်၊ ပလောင်ပြည် ခွဲထွက်ပြီး အသစ်ဖွဲ့ မှာ ရှမ်းတွေက လက်ခံပါ့မလား။ ဆိုလိုတာက ဒီဘက်မှာ ဒေါ်စုနဲ့  တပ်ချုပ် နဲ့ ပြီးရင် အားလုံးပြီးတယ် ဟိုဘက်မှာက မပြီးဘူး။ အဖွဲ့ အချင်းချင်းရော အဖွဲ့ တစ်ခုထဲမှာပါ သဘောထားအမျိုးမျိုး ရှိနေကြတယ်။ ဒါက လက်ရှိ အရှိတရား။  ဒေါ်စုရဲ့ ရထား ဥပမာလို ဆိုရရင်တော့ ရထားက ထွက်မှဖြစ်မယ်၊ ဘူတာရုံက မကောင်းဘူးတို့၊ ရထားက မော်ဒယ်အောက်တယ်တို့  လက်မှတ်က ဈေးကြီးတယ် လုပ်နေတာဖြစ်တယ် ..." 
လို့ ဆိုသွားပါတယ်။ သူဆိုလိုချင်တာက ရထားကတော့ အဆင်သင့်ဖြစ်နေပြီ။ အသေးစိတ်ကိစ္စတွေကို ရထားပေါ်တက်ပြီးမှ ပြောမလား၊ ရထားပေါ် မတက်ခင် ပြောမလား။ ပြီးတော့ ရထားပေါ်မတက်ခင် ပြေလည်နိုင်သလောက် ပြေလည်အောင် လုပ်ပြီး ရထားပေါ်တက်၊ ရထားပေါ်မှာလည်း ဆက်လက်ပြီး ပြေလည်အောင် ဆက်လက် ဖြေရှင်းတောင်းဆိုမှုတွေ လုပ်သွားရင် မဖြစ်နိုင်ဘူးလားလို့ စဉ်းစားချက်ကို ပေးတာ ဖြစ်ပါတယ်။

အလားတူ ... “ဒီမိုကရေစီနည်းကျဆိုရင် တပ်မတော်က အရပ်သား အုပ်ချုပ်မှုအောက်မှာ ရှိရမှာဖြစ်တယ်။ ဒါကကျွန်တော်တို့တင် မကဘူး ပြည်သူအားလုံးက တောင်းဆိုနေတဲ့ အရာပါ။"လို့ ကေအိုင်အို ၊
ကေအိုင်စီ ဒုတိယ ဥက္ကဌ (၂) ဗိုလ်ချုပ်ဂွန်မော်ရဲ့ပြောဆိုချက်ကိုလည်း တပ်မတော်လက်အောက်ခံ အရာရှိတွေဘက်ကလည်း မေးခွန်းထုတ်စရာရှိတယ်လို့ ပြောလာကြပြန်ပါတယ်။

                “တပ်က ယခုအရပ်သားဦးထင်ကျော်နဲ့ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့အောက်မှာ နေနေပြီ။ သူတို့လက်ထက်မှာ တိုက်နေတယ်ဆိုတာက လက်ရှိအစိုးရရဲ့ အချုပ်အခြာကို ကာကွယ်ဖို့ တိုက်နေရတာလို့ တပ်မတော်သားတွေဘက်က ယူဆပါတယ်။ ယခင်အစိုးရကို အယုံအကြည်မရှိလို့ လက်မှတ်မထိုးသေးရင် အခုအစိုးရလက်ထက်မှာလည်း လက်မှတ်မထိုးသေးဘူးဆိုတာကို ဘယ်လို ယူဆရမလဲ။ ကချင်ပြည်နယ်မှာ ဦးစခုန်တိန့်ယိမ်းက ၂၀၁၅ ရွေးကောက်ပွဲမှာတုန်းက အပြိုင်ပါတီတွေကို လက်နက်နဲ့ ခြိမ်းခြောက်ခဲ့တယ်။ အခု အစိုးရသစ်လက်ထက်မှာ တရားဥပဒေနဲ့ အရေးယူ ဆောင်ရွက်တယ်။ ကျနော်တို့ တပ်မတော်သားတွေက အခုချိန်မှာ ပြည်သူတွေကို ကာကွယ် စောင့်ရှောက်ဖို့ လုပ်နေရတယ်လို့ ထင်ပါတယ်။"

သူတို့ပြောချင်တာကတော့လူထုရွေးကောက်ပွဲအရ အနိုင်ရတဲ့ အရပ်သားအစိုးရလက်အောက်မှာ တပ်မတော်က ယခင်တုန်းက အခြေအနေတွေ လုပ်ကိုင်ပုံတွေနဲ့ မတူတော့ဘဲ ပြောင်းလဲမှုတွေ ဖြစ်လာနေတယ်။ တဖက်က တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း တပ်မတော်အပေါ်ကို သံသယရှိနေတုန်းဆိုရင်လည်း ပြန်လှန် စဉ်းစားစေချင်တယ်လို့ သဘောထားရှိပုံမျိုး ဖြစ်ပါတယ်။

တပ်မတော်ဘက်ကကော တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ပြောလေ့ ပြောထ ရှိတာက နိုင်ငံရေးသမားတွေထက် စစ်သားလို ပြုမူဆောင်ရွက်ရတာဟာ ပိုပြီး အလုပ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ စစ်သားလို လုပ်ခဲ့ကြတာကြောင့် ပြည်တွင်းစစ်ဖြစ်ပွားရာဒေသတွေမှာ ယခင် စစ်ခေါင်းဆောင်တွေနဲ့ ယခင်အစိုးရတွေ လက်ထက်မှာ (လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်တဲ့) ပြည်သူစစ်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့တွေ အများအပြား တိုးပွားခဲ့ပါတယ်။ ထို့အတူ အထူးအုပ်ချုပ်ခွင့်ရဒေသတွေလည်း ပေါ်ထွန်းလာခဲ့ပါတယ်။ ယခင်ခေတ်တွေက အပစ်ရပ်လက်မှတ်ထိုးပြီးနောက် စီးပွားရေးလုပ်ကွင်း လုပ်ကွက်တွေကို စစ်အုပ်စုကနေ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို ပေးအပ်ခဲ့ကြပါတယ်။ စစ်သားလို လုပ်တာ အလုပ်ဖြစ်တယ် ဆိုရင် အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့တွေဟာ နားလည်မှု၊ ယုံကြည်မှုကို ထိန်းသိမ်းပြီး ဆက်လက် ရပ်တည်ပါသလားလို့ တပ်မတော်ဘက်က အရာရှိတွေအချို့က မေးခွန်းထုတ်လေ့ ရှိပါတယ်။

တပ်မတော်သားတွေဘက်က (အချို့ကလိုပဲ ဆိုချင်ဆို) သူတို့တွေ ဝေဖန်လေ့ရှိတာက UWSA ,MNDAA တို့ဟာ လက်ရှိအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကြသလို လက်ရှိ တပ်ချုပ်ကိုလည်း တွေ့ဆုံခဲ့ကြတာ မကြာသေးမီက တွေ့ခဲ့ရပါတယ် တဲ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC အဖွဲ့တွေ တွေ့တဲ့ဖြစ်စဉ်မှာတော့ တပ်ချုပ်နဲ့ တွေ့ဖို့ ၀န်လေးခဲ့ကြသလားလို့ ဆိုကြတာ တွေ့ရပါတယ်။ ဒါဟာ စစ်သားလို တုန့်ပြန်တာလား၊ နိုင်ငံရေးသမားလို တုန့်ပြန်တာလားဆိုပြီး တပ်ဘက်က အကဲဖြတ်ချင်ကြပုံ ရပါတယ်။

ဒါကြောင့် NCA လက်မှတ်မထိုးကြတာချင်းအတူတူ UWSA, NDAA တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးသားထိသွားစေတဲ့ တိုင်းရင်းသား
လူငယ်တွေ့ဆုံပွဲ စီစဉ်တာ လုပ်ကြတာမျိုး UNFC ဘက်ကလည်း သံတမန်ဆန်တဲ့ ယုံကြည်မှု နားလည်မှုကို တည်ဆောက်တဲ့ ပြောဆို ဆွေးနွေး ညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာစေချင်တယ်လို့ တပ်မတော်ဘက်က ဆိုလိုချင်ပုံရှိပါတယ်။ သို့သော်လည်းပဲ  ပင်လုံညီလာခံဖွဲ့ပွဲမှာ UWSAအဖွဲ့အား ကဒ်ထုတ်ပေးတာ ချွတ်ယွင်းချက်မဖြစ်သင့်သလို၊  ကဒ်ကိစ္စလှဲပေးတာကိုလည်းUWSAက သဘောထားကြီးကြီး လက်ခံပေးရမှာဖြစ်ပြီး ညီလာခံမှ ထွက်ခွါသွားတာဟာလည်း ငြိမ်းချမ်းရေးစိန်ခေါ်ချက် ဖြစ်သွားတာမို့ အရင်
က ခွဲမထွက်ပါဖူး ဆိုတဲ့ ထုတ်ပြန်ချက်တွေကိုလည်း သံသယဖြစ်သွားစေပါတယ်။

ဥရောပသံအမတ်ကြီး နဲ့ The voice အင်တာဗျုးမှာ ကောက်နှူတ်တင်ပြလိုတာက “အရေးကြီးတာတခုက ယုံကြည်မှု တည်ဆောက်တာပေါ့။ အဖွဲ့နှစ်ဖွဲ့ နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်ဖို့လည်း လို
ပါတယ်။ ယုံကြည်မှု တည်ဆောက်ဖို့အတွက်လည်း သူတို့မှာ တည်ဆောက်ချင်တဲ့စိတ် ရှိဖို့လည်း လိုပါတယ်။ ဒါတွေမရှိဘူးဆို ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့ တကယ့်ကို ငြိမ်းချမ်းချင်တယ်။ NCA နဲ့ ပတ်သက်ပြီး လက်မှတ်ထိုးတယ်၊ မထိုးဘူးဆိုတာ သူတို့ဆုံးဖြတ်ရမယ့် ကိစ္စပေါ့။ ကိုယ်ပိုင်ဆုံးဖြတ်ရမှာ။ ကျွန်တော်တို့ကတော့ သူတို့ကို တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် မျက်နှာစုံညီ ဆွေးနွေး စကားပြောစေချင်တာပါ။စကားပြောမှ ဘာမကျေနပ်တယ်ဆိုတာ သိရမယ်။ မကျေနပ်ဘူး ဆိုတာနဲ့ မပြီးစေချင်ဘူး။” ပြောသွားပါတယ်။

UNFC အနေနဲ့ အစိုးရအပေါ် ဆက်ဆံရေး ကောင်းမွန်မှု ထိုက်သင့်သလိုရှိနေပေမဲ့ တပ်မတော်နဲ့
 ဆက်ဆံရေးအပိုင်းကျတော့ အားနာစွာနဲ့၅၀%သာသာဘဲ ရှိတယ်လို့သတ်မှတ်ရမှာဖြစ်တယ်။ ဒါကြောင့် ချင်းမိုင်မှာ စုဝေးတိုင်ပင်ကြေညာချက်ထုတ်၊ မီဒီယာတွေနဲ့ထုတ်ပြန်တာထက်စာရင် များများတွေ့ဆုံမှ ရင်းနှီးမှုမှသည် နားလည်မှု၊ ထိုမှတဖန် ယုံကြည်မှု ဆတက်တံပိုးတိုးလာမှာဖြစ်တာကြောင့် တပ်မတော်နဲ့မကြိုက် တာကို ဒေါ်အောင်ဆန်းစုကြည်ပြောသလို ပွင့်လင်းစွာပြောခြင်းဖြင့် တိုက်ရိုက် ထိတွေ့ဆက်ဆံမှူ များများလုပ်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
↧

ကာတွန်း Joker - ဒီနေ့ လာဘ်မစားပါ

$
0
0

ကာတွန်း Joker - ဒီနေ့ လာဘ်မစားပါ
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၆
↧
↧

ဆလိုင်းနီဝိုင်၏ ချင်းအတွက် စပ်ဖျင်းဖျင်းကဗျာများ စာအုပ်

$
0
0

ဆလိုင်းနီဝိုင်၏ ချင်းအတွက် စပ်ဖျင်းဖျင်းကဗျာများ စာအုပ်
(SK ရှန်လိန်း) မိုးမခ၊ စက်တင်ဘာ ၂၁၊ ၂၀၁၆

ဆလိုင်းနီဝိုင်ရေးသော ချင်းအတွက် စပ်ဖျင်းဖျင်းကဗျာများနှင့် အခြားကဗျာများ စာအုပ်ထွက်ရှိလာသည်။ ချင်းတို့၏ဘဝနှင့် ချင်းတို့၏ ရင်ချိုင့်ထဲက ပရမတ္တသစ္စာကို အလှမ်းမှီသမျှ ကဗျာရသဖြင့်နှိုက်ထုတ်ထားပါသည်ဟု ဆလိုင်းနီဝိုင်က အမှာစာ အတိုလေး ရေးထားသည်။ စာအုပ်တွင် ကဗျာ ၂၃ ပုဒ် ပါဝင်သည်။ အချို့ကဗျာများမှာ ချင်းရောင်ခြည် မဂ္ဂဇင်းနှင့် အခြားစာနယ်ဇင်းများတွင် ပုံနှိပ်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ချင်းတစ်ယောက်၏ ချင်းနှင့်ပတ်သက်သော ခံစားချက်အထွေထွေများကို စကားလုံးပြောင်ပြောင်၊ အတွေးထက်ထက် လွတ်လပ်သောကာရံနဘေမိမိ ဖြင့် ရေးဖွဲ့အန်ချထားကြောင်း ဆရာဝိသေသက မှတ်ချက်ပေးသည်။

ဦးဆလိုင်းရွှေလင်း (အမှတ် ၀၀၆၇၀)၊ သုဒ န္တစာပေ၊ အမှတ် ၃၁ ၊ ၆-လွှာ ၊နှင်းဆီကုန်းလမ်း၊ အလုံ၊ ရန်ကုန်က ထုတ်ဝေသည်။ ဦးအောင်ကျော်ထူး (မှတ်ပုံတင် ၀၀၁၆၇) မြတ်ပန်းရဂုံပုံနှိပ်တိုက်၊အမှတ် ၁၇၊ ရန်ပြေ ၁၀-လမ်း။ ၃-ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်က အဖုံးနှင့် အတွင်း စာသားများကို ပုံနှိပ်သည်။

၂၀၁၆ အောက်တိုဘာလတွင် ပထမအကြိမ်၊ အုပ်ရေ ၅၀၀ ဖြစ်သည်။

စာအုပ်ဖတ်ရှုလိုသူများ ၀၉ ၃၀၀၀ ၄၉၇၄ ၊ ၀၉၇၉၉၆၇၉၉၅၉ သို့ ဆက်သွယ်နိုင်သည်။

(ဟိုချင်း ဒီချင်း) အမည်ရှိ ကဗျာကို နမူနာဖေါ်ပြလိုက်ပါသည်)

ချင်းတဲ့-
ရှင်းရှင်းလေးပဲ
အမည်ကတော့ တလုံးထဲ
ဒါပေမဲ့- ရှင်းလေ ရှုတ်လေ

အထုပ်တွေက များများလာ၊
ဟိုမျိုးနွယ် ဒီမျိုးနွယ်
ဟိုကိုးကွယ် ဒီကိုးကွယ်
ဟိုမြို့နယ် ဒီမြို့နယ်
တောင်ပေါ် မြေပြန့်
ချောင်းဖျား ချောင်းအောက်
ဟိုဘက် ဒီဘက်
ငါတို့မှ ချင်းအစစ် ငါတို့ကချင်းမစစ်
ခပ်ညစ်ညစ် ခပ်ထွေထွေ
ပေတေတေချင်း ဝေလေလေချင်း
ယာခုတ်တဲ့ချင်း အထာလုပ်တဲ့ချင်း
ဝက်မွေးတဲ့ချင်း ထွက်ပြေးတဲ့ချင်း
ငြီးတွားတဲ့ချင်း ကြီးပွါးတဲ့ချင်း
အလှကြိုက်တဲ့ချင်း ပြတိုက်ထဲကချင်း
တုတ် (ဒုတ်) ကြားကချင်း လုပ်စားတဲ့ချင်း
မယ်လိုဒီချင်း အင်ဂျီအိုချင်း
ချင်းတွေ ချင်းတွေ
အဖုံဖုံ အဝဝ စုံပွ
ဥုံဖွ- ငါကော ဘာချင်းလဲ
အတင်းတုတ်တဲ့ ချင်းစုတ်လား
အတင်းပြောတဲ့ ချင်းချောလား
(သြော် မေ့လို့ မေ့လို့)
ချင်းတွေတူတာ နှစ်ခု ကျန်သေးတယ်
(တွီးအော့) ကြတာနဲ့ (အွီးဆွော) စားတာလေ။ ။
↧

ဂျော်ဒီး - မိုးမခဂေဇက်

$
0
0


 ဂျော်ဒီး -  မိုးမခဂေဇက်

(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၆
“ဖုန်း..ဒိုင်း..ဂွမ်း..ချကွ..”

“ ဟေ့..ကိုယ့်အချင်းချင်း ရန်မဖြစ်ရဘူးလေ”

“စစ်ပွဲတွေ..အဲလေ..ရန်ပွဲတွေ ရပ်ပစ်”

ဂျီးဒေါ်တစ်ယောက် ဟိုဟိုသည်သည် လမ်းလျှောက်ရင်း မိုးမခ ရွာထိပ်ညောင်ပင်ကြီး အနီးအရောက်တွင် အနှီကဲ့သို့ ဆူဆူညံညံအသံများကို ကြားလိုက်ရသဖြင့် ကြည့်လိုက်ရာ ကလေးငယ်တသိုက်… ဆွဲကြလွဲကြ၊ ဆော်ကြ နှက်ကြနှင့် ၀ရုန်းသုန်းကားရန်ပွဲတပွဲကို တွေ့လိုက်ရသည်။

 “ဟိတ်..ကလေးတွေ..ဘာလို့ရန်ဖြစ်နေကြတာတုန်း၊ ရပ်စမ်း..ရပ်စမ်း”

ဂျီးဒေါ်၏အောင်မြင်ခန့်ငြားသောအမိန့်ပေးသံကြောင့် ကလေးတသိုက်မှာ ရန်ပွဲကို ရပ်ရင်း ဂျီးဒေါ်ကို ၀ိုင်းဝန်းတိုင်တောကြလေသည်။

“ စောငိုက..သားဆံပင်ကို အရင်စဆွဲတာ..ဟီး..ဟီး” မောင်ရစ်က ငိုရင်း တိုင်သည်။

“မင်း..အာမရွှီးနဲ့..ငါက ဆံပင်ဆွဲရအောင် မင့်မှာ ဆွဲစရာ ဆံပင်ရှိလို့လားကွ..”

“ကဲ..တိတ်ကြ..တိတ်ကြ.. တနေ့ကပဲ.. အချင်းချင်းရန်ဖြစ်ရင်..နောက်ကိုပုံပြင် ပြောမပြတော့ဘူးလို့ ပြောထားတယ်လေ၊ အဲဒီတုန်းကတော့ အကုန်လုံး ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့၊ လူဆိုတာ ကိုယ်ပေးတဲ့ကတိကိုယ်တည်မှပေါ့ကွ”

“အနော်..တို့ ရန်မဖြစ်ဘူး၊ အနော်တို့ကို ပြောပြပါ..၊ ရန်ဖြစ်တဲ့ကောင်တွေ ပုံပြင် နား မထောင်ခိုင်းနဲ့..ဂျီးဒေါ်”

 ပဏာဝင်ယူသော..ကျော်ဟုန်းကိုမောင်ရစ်က မကျေမချမ်းကြည့်ရင်း…

“လူကြီးတွေတောင်.အပစ်အခတ်ရပ်စာချုပ်တွေ လက်မှတ်အတင်းထိုးခိုင်းပြီး ငြိမ်းချမ်းရေး ညီလာခံတွေ အကြီးအကျယ်လုပ်ပြပြီး စစ်ပွဲတွေဆက်ဖြစ်နေသေးတာပဲကွာ။ တို့ကလေးတွေ တခါတလေ ကတိမတည်တာလောက်တော့ ဂျီးဒေက ခွင့်လွှတ်မှာပါကွ..၊ ဟုတ်တယ်နော်ဂျီးဒေါ်”

“ကဲ..ကဲ..တော်ကြတော့၊ ပြောရင်းဆိုရင်း ရန်ထပ်ဖြစ်နေဦးမယ်..၊ အရင်တပတ်က ပုံပြင် အဆက်ကို ပြောပြမယ်”

“ဝေး..ဟေး..ဟေး”

ကလေးတသိုက်မှာ ပျော်ရွှင်မြူးထူးစွာဖြင့် ဂျီးဒေါ်အနီးတွင် ၀ိုင်းစုထိုင်လိုက်ကြသည်။

“အရင်တပတ်က..ပုံပြင်က ဘယ်မှာဆုံးပါလိမ့်”

ဂျော်ဒီးက ၀မ်းသာအားရ..၀င်ဖြေသည်..။

“မြွေမင်းသားလေးနဲ့ မထွေးလေးလက်ထပ်ပြီး..သားလေးတယောက်ရလို့ မင်းသားလေးက ကုန်ကူးထွက်သွားတဲ့အခန်း ရောက်ပြီ ဂျီးဒေါ်”

 “ဘယ်ကလာ..အဲဒါက ဟိုးအရင်တပတ်ထဲက ပြီးပြီးသားကြီး..”

ရမ်းဖြီးနေကျ..ဂျော်ဒီးကို မင်းညွန့်လှိုင်က ဒေါက်ဖြုတ်ရင်း ….

“ မင်းသားလေးနဲ့ မထွေးလေးရတာကို..မထွေးလေးရဲ့ အစ်မ မကြီးနဲ့ မလတ်က မနာလို ဘူး။ ဒါနဲ့ မင်းသားလေး ကုန်ကူးသွားနေတုန်း..မထွေးလေးတို့ သားအမိကို.. ပင်လယ် ကမ်းစပ်ကို ဒန်းစီးရအောင်လို့ ညာခေါ်ပြီး..ပင်လယ်ထဲ ပြုတ်ကျအောင် တွန်းချလိုက်တယ်။ ဒါပေမဲ့ ကံကောင်း ချင်တော့ မထွေးလေးတို့သားအမိကို ငှက်ကြီးဝန်ပိုကြီးတကောင်က ကယ်ပြီး သူ့အသိုက်ရှိတဲ့ သစ်ပင် အမြင့်ကြီးဆီ ခေါ်သွားတဲ့အခန်း ရောက်နေပါပြီဗျ။ ကျနော်ကမှ အမှတ်အသား ကောင်း တာနော်။ ဟုတ်တယ်နော်..ဂျီးဒေါ်”

 “အော်..အေးဟုတ်ပြီ..၊ ကဲ..ဆက်ပြောမယ် ”

ထုံးစံအတိုင်း ကလေးအားလုံးမှာ ရန်ပွဲကိုခေတ္တရပ်ပြီး ပုံပြောကောင်းတဲ့ဂျီးဒေါ်၏လေကြောတွင် နစ်မျောကြလေသည်။

“မထွေးလေးတို့ သားအမိခမျာ.. အသက်မသေပေမယ့် ငှက်ကြီးဝန်ပိုကြီးရဲ့ အသိုက်ထဲ မှာပဲ ကျဉ်းကျဉ်းကြုပ်ကြုပ် နေကြရသတဲ့၊ တနေ့တော့ မထွေးလေးက သူ့သားလေးကို ချော့သိပ် နေကျအတိုင်း “ငန်းတော်ရေ..မြွေမင်းရဲ့ သား..အိပ်ပါတော့လား” လို့ သီချင်းလေး ဆိုသိပ်မိသတဲ့။ ငှက်ကြီးဝန်ပိုကြီးက မျက်ထောင့်နီကြီးနဲ့ကြည့်ပြီး…

“တယ်..ငါ နှုတ်သီးနဲ့တစ်ပေါက် နှစ်ပေါက်ပေါက်လိုက်ရ..၊ ဘာ..ငန်းတော်ရေ မြွေမင်းရဲ့  သားလဲ” လို့ပြောလိုက်တော့ မထွေးလေးခမျာ ကြောက်ကြောက်နဲ့သီချင်းကို ပြင်ဆိုရသတဲ့။

 “ငှက်ကြီးဆို..၀န်ပိုရဲ့ သား..၊ အိပ်ပါတော့လား” လို့ ပြင်ဆိုလိုက်မှ.. ငှက်ကြီးဝန်ပိုကြီးက .
“ဟား..ဟား..ဟား..ဟား” နဲ့ သဘောတွေကျသွားသတဲ့”

ရန်လင်းအောင်က မျက်မှောင်ကြုတ်ရင်း

“ မထွေးလေးကလည်းဗျာ..၊ တကယ်လည်း..ငှက်ကြီးဝန်ပို သားမဟုတ်ပဲနဲ့ ဘာလို့ ပြင်ဆိုရတာလဲဗျ”

တူမောင်ညိုက..ပြောကွက်ရသွားကာ…

“ ဟ..သူက ဒီအသိုက်ထဲ ရောက်နေမှ ဒီအသိုက်ရှင်ရဲ့ အကြိုက်လိုက်ပြောရတော့တာ ပေါ့ကွာ။ ဟိုလွှတ်တော်ထဲက လူကြီးတွေလို အစိုးရအဖွဲ့က လူကြီးတွေလိုပေါ့ကွ..။ ၂၀၀၈ အခြေခံ ဥပဒေအသိုက်ကြီးထဲ ရောက်သွားတော့ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ မှန်မှန် မမှန်မှန် အသိုက်ရှင် အကြိုက်လိုက်ရတော့တာပေါ့ကွာ၊ ချော့ရတော့တာပေါ့ကွာ၊ ပျော့ရတော့တာပေါ့ကွာ”

“စာတိုငညိုကွ”

ကလေးအရွယ်နဲ့မလိုက် စာတိုပေစဖတ်ပြီး ကြီးကြီးကျယ်ကျယ်ပြောတတ်သော တူမောင် ညိုကိုသူငယ်ချင်းများက စာတိုငညိုဘွဲ့ ပေးထားလေသည်။

“ ဆက်ပြောပြပါ..ဂျီးဒေါ်”

“ အဲဒီလို နေတုန်း မင်းသားလေးက ကုန်သွယ်သွားရာကနေ..အမြတ်တွေအများကြီးရပြီး သူ့ဇနီးမထွေးလေးနဲ့သူ့သားလေးအတွက် လက်ဆောင်ပစ္စည်းတွေနဲ့ ပြန်လာတော့မယ်လို့ အကြောင်းကြားလိုက်သတဲ့ ။ အိမ်မှာ ကျန်ခဲ့တဲ့မကြီးနဲ့ မလတ်လည်း အရမ်းပျော်သွား တာပေါ့။ မထွေးတို့ သားအမိမရှိရင် မင်းသားလေးပါလာတဲ့ လက်ဆောင်ပစ္စည်းတွေလည်း သူတို့ပဲရမယ်။ နောက် မင်းသားလေးကလည်း သူတို့နှစ်ယောက်ကိုပဲ လက်ထပ်ယူလိမ့်မယ်လို့ တွေးပြီးတော့ ပေါ့။ သူတို့စိတ်ထဲမှာ မထွေးလေးတို့ သားအမိဟာ ပင်လယ်ထဲမှာ သေလောက်ပြီလို့ပဲ ထင်တာပေါ့ကွယ်”

 မျက်ရှုလေးက…မျက်နှာလေးငိုမဲ့မဲ့ဖြင့် မှတ်ချက်ချသည်။

“ တော်တော်ဆိုးတဲ့ မကြီးနဲ့မလတ်နော်..၊ မထွေးလေးကတော့ သူ့အစ်မတွေဆို ချစ်လိုက်ရတာ၊ ရင်ကြားစေ့ချင်လိုက်ရတာ၊ သူတို့ကတော့ အကောက်ကြံကြတယ်”

“ အေးကွဲ့ကံကောင်းချင်တော့ ကုန်သွယ်ရာက ပြန်လာတဲ့မင်းသားလေးတို့ရဲ့  လှေကြီး ဟာ..မထွေးလေးတို့ရောက်နေတဲ့ငှက်ကြီးဝန်ပိုကြီးရဲ့ အသိုက်ရှိတဲ့ သစ်ပင်ကြီးဘေးက ဖြတ်လာ ရသတဲ့။ အဲဒီမှာ သစ်ပင်ပေါ်ကနေပြီး ကလေးသိပ်ရင်း သီချင်းဆိုနေတဲ့ မထွေးလေးအသံကို မင်းသားလေးကကြားလိုက်သတဲ့။ ဒါနဲ့ လှေထိုးသားတွေကို သစ်ပင်နားကပ်ရပ်ခိုင်းပြီး သစ်ပင်ပေါ်
တက်ကြည့်မှ.. မထွေးလေးနဲ့ သူ့သားလေးကို တွေပြီး ဖြစ်ကြောင်းကုန်စင်ကို သိတော့တာပေါ့လေ။ ဒီအချိန်မှာပဲ…အစာရှာထွက်နေတဲ့ ငှက်ကြီးဝန်ပိုကြီး ပြန်ရောက်လာပြီး မင်းသားလေးတို့ အဖွဲ့ကို ရန်ပြုဖို့ကြိုးစားတော့သတဲ့။ မင်းသားလေးကလည်း. .ပြန်ခုခံတိုက်ခိုက်သတဲ့၊ မထွေးလေးက..နှစ်ယောက်စလုံး..အဲ..  တယောက်နဲ့တကောင်စလုံးကို တားမြစ်သတဲ့။ ငှက်ကြီးဝန်ပိုကြီးကိုလည်း တောင်းပန်သတဲ့ ။ သူတို့မိသားစုအတူတူပြန်နေခွင့်ပေးဖို့ပေါ့။ မင်းသားလေးကိုလည်း..ငှက်ကြီးဝန်ပိုကြီးက သူတို့သားအမိရဲ့ အသက်သခင် ကျေးဇူးရှင်မို့ ပြန်မတိုက်ခိုက်ပဲ ပြဿနာပြေလည်အောင်ဖြေရှင်းဖို့ တောင်းပန်ဖျောင်းဖျသတဲ့။

နောက်ဆုံးတော့…မင်းသားလေးက..ငှက်ကြီးဝန်ပိုကြီးကို သူ့မိန်းမနဲ့ကလေးကို သူနဲ့ ပြန် ထည့်ပေးရင် ငှက်ကြီးဝန်ပိုကြီးကြိုက်တဲ့ ပင်လယ်ငါးအကောင်(၅၀၀)ပေးပါ့မယ်လို့ ညှိလိုက်တော့ မှ ငှက်ကြီးဝန်ပိုကြီးက အင်တင်တင်နဲ့.. အင်း.. ဒါဆိုလည်း. ပင်လယ်ငါး လတ်လတ်ဆတ်ဆတ်
အကောင်ငါးရာကို ခုချက်ချင်းပေးလို့ ပြောလိုက်သတဲ့။  ဒါနဲ့..မင်းသားလေးက သူ့တပည့်လှေထိုး သားငါးရာကို ပင်လယ်ငါးတကောင်စီ ခုချက်ချင်းဖမ်းပြီး ငှက်ကြီးဝန်ပိုကြီးကိုပေးဖို့ အမိန့်ပေး လိုက်တော့ ချက်ချင်းပဲ..ပင်လယ်ငါး အကောင်ငါးရာ ပြည့်သွားသတဲ့။ ဒါနဲ့..ငှက်ကြီးဝန်ပိုကြီးလည်း
မတတ်သာပဲ မထွေးလေးနဲ့သူ့သားလေးကို မင်းသားလေးလက်ထဲ ပြန်ထည့်လိုက်ရသတဲ့ကွယ်..”


 “စားပွဲဝိုင်းထိုင်ပြီးစေ့စပ်ဆွေးနွေးညှိနှိုင်းအဖြေရှာတယ်ဆိုတာ..ဒါမျိုးပေါ့ကွ”

ဇာနည်ဝင်းက ကြားဖူးနားဝစကားလုံးဖြင့်ဝင်ထောက်လေရာ..မိုးချိုသင်းက မျက်စောင်း “၀င်မရှုပ်ကြနဲ့၊ ပုံပြင်အရသာပျက်တယ်၊ ဆက်ပြောပါဂျီးဒေါ်..သူတို့မိသားစုလေး ပျော်ရွှင်စွာအိမ်ပြန်ကြရောလား၊ ချိုသင်းက ပုံပြင်ကလေးတွေဆို ပျော်စရာဇာတ်သိမ်းလေးတွေပဲ ကြိုက်တယ်..”

“ပျော်ရမှာပေါ့..ချိုသင်းရဲ့၊ ဒါနဲ့..မင်းသားလေးနဲ့မထွေးလေးတို့မိသားစုဟာ အိမ်ကို ပျော်ပျော်ရွှင်ရွှင်ပြန်လာကြသတဲ့။ လမ်းမှာ မင်းသားလေးက ရက်စက်တဲ့မကြီးနဲ့မလတ်ကို
ပညာတော့ပေးမှဖြစ်မယ်လို့ပြောသတဲ့။ စိတ်ကောင်းရှိတဲ့ မထွေးလေးကတော့ သူ့အစ်မတွေကို
အာဃာတမထားဖို့၊ ဖြစ်ခဲ့သမျှတွေကို သင်ပုန်းချေဖို့ ဖျောင်းဖျသတဲ့..”

 “မထွေးလေးက..အမျိုးများရင်ကြားစေ့ရေးစိတ်ဓတ်အရမ်းရှိတာပဲနော်”

“ မင်းသားလေးရဲ့ တပည့်တွေကတော့..သူတို့ကို နည်းနည်းတော့ ပညာပေးသင့်တယ်။ ဘာလို့လဲဆိုတော့ အရမ်းခွင့်လွှတ်ပြ၊ သင်ပုန်းချေပြလိုက်ရင် နောက်ကို ဒီလိုမတရားရက်စက်တဲ့ လုပ်ရပ်တွေ သူတို့ဆက်လုပ်နေရင် ဘယ်လိုလုပ်မလဲပေါ့။ သူတို့ နောင်တရအောင်တော့ လုပ်ရ မယ်လို့ ပြောသတဲ့။ ဒါနဲ့..မင်းသားလေးနဲ့ သူ့တပည့်တွေတိုင်ပင်ပြီး…မကြီးနဲ့ မလတ်ကို လှမ်း အကြောင်းကြားသတဲ့။ “လက်ဆောင်တွေအများကြီးပါလာတယ်၊ နက်ဖန်မနက်ပြန်ရောက်မှာမို့နှစ်ယောက်စလုံး
လှေဆိပ်ကနေ ဆင်းကြိုပါ” လို့ မှာလိုက်သတဲ့၊ ဒီသတင်းစကားလည်းကြားရော မကြီးနဲ့မလတ်မှာ ၀မ်းသာလုံးဆို့မတတ်ပျော်တာပေါ့။ ဒါနဲ့..မင်းသားလေးဆီကို လူကြုံပြန်မှာသတဲ့”

“ ဟင်..ဂျီးဒေါ်ကလဲ၊ မထွေးလေးတို့ခေတ်က..လှေခေတ်ဆိုတော့ ဆက်သွယ်ရေးက အဲလောက်ကောင်းပါ့မလား၊ သတင်းပို့တာလည်း မြန်လိုက်တာနော်၊ ဘာနဲ့သတင်းပို့တာတဲ့လဲ”

အရာရာ ယုတ္တိကျမကျတွေးတောဆင်ခြင်..ဆင်ခြေများတတ်သောငြိမ်းချမ်းအေးက
အထွန့် တက်လေသည်။

“ပုံပြင်ပဲကွယ်၊ မယုံရင်..ပုံပြင်မှတ်ဆိုတာရှိသားပဲကွယ့်၊ သူတို့လည်း ခုခေတ်လို လူမှု ကွန်ယက်တို့ဘာတို့ တခုခုတော့ ရှိမှာပေါ့ကွယ့်။ ကဲ..ဂျီးဒေါ်ချည့် ပြောပြနေရတာထက် မင်းတို့ပါ စဉ်းစားစိတ်ကူးကြည့်ရအောင်၊ သူတို့ ဘယ်လိုကွန်ယက်နဲ့ဆက်သွယ်မယ်ထင်လဲ ”

“မကြီးနဲ့မလတ်ကိုလည်း လူမှုကွန်ယက်စာမျက်နှာတခုထောင်ခိုင်းလိုက်၊ သူတို့စာ မျက်နှာနာမည်ကိုတော့ သူတို့ရဖို့အတွက်ပဲ ကြည့်တတ်သူတွေမို့ “သူရစိတ်ပုတ်” လို့ နာမည်ပေးမယ်၊ မယုံရင်ပုံပြင်လို့မှတ်ပါဘိ…”

ဂျော်ဒီးက သူ့ထင်ရာမြင်ရာစိတ်ကူးကို ၀င်ပြောပြရာ..

“ အေးအေး..၊ အဲဒီ သူရစိတ်ပုတ်..စာမျက်နှာကနေ..ဒီလို..သတင်းစကားပါးတယ်တဲ့။
“ မြန်မာစကားမှာတော့ “သားရွှေအိုးထမ်းလာတာ မြင်ချင်တယ်” ဆိုတာရှိပါတယ်။
ယနေ့မှာတော့ အမေ/အစ်မ(စု) UK ၊ USA ၊ UN ခရီးစဉ်မှာ ရွှေအိုးများ၊ စိန်အိုးများ
ရွက်သယ်ပြီး ပြန်လာခဲ့စေချင်တယ်။ နိုင်ငံနှင့် ပြည်သူအတွက်လေ..”..အဲ..အဲ..”

“ ဟာ…ဂျီးဒေါ်..ပုံပြောရင်း သူကိုယ်တိုင် အိပ်ငိုက်နေပြီ၊ အဲဒါ..ဟိုလူကြီး ဖေ့စ်ဘွတ် စာမျက်နှာက စကားလုံးတွေဗျ”

တူမောင်ညိုက အလန့်တကြားထအော်သည်။

“ ဘွာတေး..ဘွာတေး..၊ သူရချင်း မှားသွားလို့၊ သူရစိတ်ပုတ်တို့ညီအစ်မကလည်း
မင်းသားလေးကို ရွှေအိုးစိန်အိုးတွေ သယ်လာခိုင်းတာပဲမို့ ရောသွားတာ၊ သူရစိတ်ပုတ်တို့ ကလည်း သူတို့လောဘကိုဖုံးကွယ်ချင်တော့ ရွှေအိုးစိန်အိုးတွေက သူတို့အတွက်မဟုတ်ပါဘူး၊ မထွေးလေးတို့ သားအမိအတွက် ကုသိုလ်ကောင်းမှုတွေလုပ်ပေးချင်လို့ပါ ဘာညာသာရကာနဲ့
လူကြားကောင်းအောင် အာဖျံကွီးလုပ်တာပေါ့ကွယ်”

“တူတယ်ဗျာ..၊ သူရချင်း..”

“ ဒါနဲ့…နောက်တနေ့မနက်မှာ..မင်းသားလေးရဲ့ ကုန်သွယ်လှေကြီးဟာ လှေဆိပ်ကို
ရောက်လာသတဲ့၊ သူရစိတ်ပုတ်တို့အဖွဲ့၊ အဲ…ညီအစ်မလည်း လှေဆိပ်မှာသွားကြီးတွေ အဖြဲသားနဲ့
ချိတ်ထမီကြီးတွေ စွန်တောင်ဆွဲဝတ်ပြီး ကြိုဖို့ရောက်နေကြသတဲ့။ လှေဆိုက်တော့ မင်းသားလေး က…
“ကဲ..လာကြ..လာကြ..၊ ဟောဒီမှာ လက်ဆောင်သေတ္တာတွေ..၊ ပထမတော့ မထွေးလေးတို့ သားအမိအတွက်ပေါ့ဗျာ။ အခုသူတို့မရှိကြဘူးဆိုတော့ ခင်ဗျားတို့ပဲယူရတော့မှာပေါ့။ ရော့.. သေတ္တာနှစ်လုံး၊ အိမ်ကို ခင်ဗျားတို့ဖာသာ ထမ်းကြပေရော့” ဆိုပြီး မကြီးနဲ့မလတ်ရဲ့ ခေါင်းပေါ်ကို သေတ္တာတစ်လုံးစီ တင်ပေးလိုက်သတဲ့။ မကြီးနဲ့မလတ်လည်း မနိုင်မနင်းပေမယ့်လောဘနဲ့မို့
သေတ္တာတွေ လေးလေ ပိုသဘောတွေ့လေပေါ့ကွယ်။ ငါတို့ရမယ့် လက်ဆောင်တွေအများကြီး
ဆိုပြီးတော့ပေါ့။ လမ်းတ၀က်ကျတော့ မကြီးရွက်ထားတဲ့သေတ္တာထဲက အရည်တွေ စီးကျလာတယ်။ အရည်ပူနွေးနွေးတွေမျက်နှာပေါ်စီးကျလာတော့ မကြီးက နှာခေါင်းတရှုံ့ ရှုံ့ နဲ့ ဘာတွေပါလိမ့်လို့ မေးလိုက်သတဲ့။
မင်းသားလေးက..
“ ဒါ ..အမေရိကန်နိုင်ငံထုတ်…ရေမွှေးတွေ၊ ပိတ်ဆို့ထားတာတွေ ဖွင့်လိုက်လို့ ထွက်ကျလာတာ၊ ဒါ..ခင်ဗျားတို့အတွက်အထူးအခွင့်အရေးရတာပဲ” လို့ပြောလိုက်သတဲ့။
မကြီးစိတ်ထဲမှာ “ အမေရိကန်ရေမွှေးကလည်း လူသေးနံ့လိုပဲ” လို့တွေးမိသတဲ့။
နောက်..မလတ်ရွက်ထားတဲ့သေတ္တာထဲကလည်း ၀ါဝါပျစ်ပျစ်တွေ စီးကျလာပြန်ရောတဲ့။
မလတ်က အော်မေးတော့ မင်းသားလေးက…
“ ဒါက အင်္ဂလန်ကလာတဲ့မျက်နှာသစ်ရည်တွေ မိတ်ကပ်ရည်တွေဗျ..” လို့ ပြောပြန်တော့ မလတ်ခမျာ လေးလေးလံလံကြီးထမ်းထားရင်း..အင်္ဂလန်မျက်နှာသစ်ရည်ကလည်း အီအီးနံ့
မွှေးတယ်တော့လို့ တွေးမိသတဲ့။

ဒါနဲ့ အိမ်ရောက်လို့ သူတို့ခေါင်းပေါ်က သေတ္တာကြီးတွေကိုချပြီး အမြန်ဖွင့်ကြည့်တော့မှ တလုံးထဲမှာ မထွေးလေးနဲ့ နောက်တလုံးထဲမှာ တခစ်ခစ်ရယ်နေတဲ့ သူ့သားလေးကို တွေ့ရသတဲ့။ အီးတွေသေးတွေ ပေနေတဲ့ သူရစိတ်ပုတ်တို့အဖွဲ့ကို မင်းသားလေးက “နောက်နောင်ကို မကောင်း စိတ်မမွေးဖို့နဲ့..ကိုယ်ပြုသမျှ ကုသိုလ်ကံ အကုသိုလ်ကံတွေဟာ ကိုယ့်ဆီကို တူညီစွာ အကျိုးပေး တတ်တယ်” လို့ဆုံးမသတဲ့။ ကဲ..မိုချိုသင်းအကြိုက်..ပုံပြင်လေးကတော့ ပျော်ပျော်ရွှင်ရွှင် အဆုံး သတ်လိုက်ပြီ။ ကျန်တဲ့ကလေးတွေရော…သဘောကျရဲ့ လား”

ကလေးများကား ကလေးအီအီးတွေ သေးတွေပေကျံနေသော သူရစိတ်ပုတ်တို့ ညီအစ်မ ကို မြင်ယောင်ကြည့်ရင်း အားရ၀မ်းသာဖြစ်ကာ..တဟီးဟီးတဟားဟား..သဘောကျနေကြသည်။

“ကဲကဲ..ပုံပြင်လေးကတော့..ဒါပါပဲကွယ်၊ ဂျီးဒေါ်လည်း လမ်းဆက်လျှောက်လိုက်ဦးမယ်၊ ရန်မဖြစ်ကြနဲ့နော်..၊ နောက်တပတ်ကျရင်..” လောဘကြီးအီးလောက်ရ” ဆိုတဲ့ ပုံပြင်လေး ပြောပြ ချင်သေးတယ်။ ဟို..စိန်အိုးရွှေအိုးတွေမျှော်နေတဲ့ လောဘကြီးတဲ့ သူရငတက်ပြားကြီး တယောက် အကြောင်းပေါ့ကွယ်။ သူမျှော်နေတဲ့ စိန်အိုးရွှေအိုးတွေထဲမှာ ဘာတွေပါမလဲ ဆိုတာတော့ စောင့် နားထောင်လိုက်ဦးမယ်။”
↧

မေချိုလွင် (ဒလမြို့နယ်) - အိမ်ပြန်ချိန် နောက်မကျတော့ စေလို

$
0
0

မေချိုလွင် (ဒလမြို့နယ်) - အိမ်ပြန်ချိန် နောက်မကျတော့ စေလို 
(မိုးမခပေးစာ) စက်တင်ဘာ ၂၁၊ ၂၀၁၆

အမေရိက မှ မြန်မာတိုင်းရင်းသား မိသားစု ၂ စုရဲ့ မြန်မာရိုးရာ မင်္ဂလာ ဧည့်သည့်ခံပွဲလေးတစ်ခု နှင့် နိုင်ငံရေး နှင့် ဆက်နွယ်နေတဲ့ မိသားစု ၃ စုရဲ့ ကံတရား (သို့) အိမ်ပြန်ချိန်တွေ နောက်ကျနေကြသူများ (ဒေါက်တာစိန်ဝင်း ၊ဒေါ်စီစီ ၊ဒေါ်တင်တင်ညို)နှင့် အိမ်ပြန်ချိန် ကို မျှော်လင့် စောင့်စားနေကြသော မိတကွဲ ဖတကွဲ အသိုက်အမြုံကွဲ နိုင်ငံရေး မိသားစုများ သို့

ဗမာတိုင်းရင်းသား သတိုးသား မောင်ပေါ်ထွန်းဇော် ၊ အဘ ဦးညီညီလွင် + အမိ ဒေါ်တင်တင်ညို(ခေတ္တ-အမေရိကန်ပြည်ထောင်စု) နှင့် ကယားတိုင်းရင်းသူ သတိုးသမီး မမုဖော (ခ) မမူးပေါ် ၊ အဘ ဒေါက်တာစိန်ဝင်း + ဒေါ်စီစီ(ခေတ္တ-အမေရိကန်ပြည်ထောင်စု) တို့၏ မင်္ဂလာပွဲလေးဘဲ ဖြစ်ပါတယ်

သတို့သမီးလေး မုဖော (ခ) မူးပေါ်ရဲ့ မိဘ အရင်း ၂ ဦးလုံးဟာ ကယားပြည်နယ် မှာ ကျန်ရစ်ခဲ့ပြီး မုဖောလေးနဲ့ ခွဲခွာနေရတာ ဆယ်စုနှစ် ၁ ခု ကျော် ကြာခဲ့ပါပြီ။ မိဘ ၂ ပါး အနားမှာ မရှိတဲ့ သတို့သမီးလေးအတွက် ဒေါက်တာ စိန်ဝင်း (အာဇာနည်ခေါင်းဆောင်ကြီးဦးဘဝင်းရဲ့သား၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူ ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကို တစ်ဝမ်းကွဲ တော်စပ်သူ)နှင့် ဇနီးဒေါ်စီစီတို့မှ သတို့သမီးလေး၏ မိဘ ၂ ပါးနေရာ မှနေ၍ မင်္ဂလာဧည့်ခံပွဲလေးကို တက်ရောက်ကျင်းပပေးခဲ့ပြီး မင်္ဂလာ ဇနီး မောင်နှံ ၂ ဦးအား လက်ထပ် လက်စွပ်များ ဆင်မြန်းပေးခဲ့ ပါတယ်။

 အသက် ၇ နှစ်အရွယ်မှာ ကယားမလေး မုဖော(ခ)မူးပေါ်လေးဟာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်တဲ့ကာလ၊ တိုက်ပွဲအလယ်ရောက်နေတဲ့ ရှမ်းကယားနယ်စပ်၊ ဇာတိရွာလေး မှ နေ၍ လွယ်အိတ်၁ လုံးထဲ သကြားလုံး ၁ ထုတ်နဲ့ ရေဗူးကို ထည့်ကာ သံလွင်မြစ်နဲ့ တောတောင် အထပ်ထပ်ကိုကျော်လျက် မိဘ ၂ ပါးနှင့်ခွဲခွာ ပြီး အဘိုးအဘွား၊ ဦးလေး အဒေါ်တို့နှင့်အတူ တောလမ်းခရီးကြမ်းကို ၁ လ တိတိ ခြေလျင်လျောက်ခါ ထိုင်းနယ်စပ်ကို ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။

ထိုင်းနယ်စပ်မှတဆင့် အမေရိကန် နိုင်ငံသို့ ရောက်ရှိကာ အလုပ်လုပ်ပြီး မိဘ မိသားစု ညီအကိုမောင်နှမများနှင့် ခွဲခွာကာ ငယ်ငယ်ရွယ်ရွယ် နှင့် တိုင်းတပါးမှာ ဘဝကို ရုန်းကန် ကြိုးစားနေရတဲ့ ရိုးသားတဲ့ တိုင်းရင်းသူလေး တဦးဖြစ်ပါတယ်။

သတို့သား မောင်ပေါ်ထွန်းဇော် ဟာ ရန်ကုန်တိုင်း၊ ဒလမြို့နယ် ဇာတိ ဖြစ်ပြီး မိခင် နိုင်ငံရေး အကျဉ်းသူဟောင်း ဒေါ်တင်တင်ညို  (ယခင် NLD ပါတီဝင်) နှင့် အတူ ရွှေဝါရောင် သံဃာ့ အရေးအခင်းအပြီး အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ NLD ပါတီဝင်၊ နိုင်ငံရေး အကျဉ်းသူဟောင်း ဒေါ်တင်တင်ညိုဟာ ၂၀၀၃ ဒီပဲယင်း အရေးအခင်းကာလ မှာ သူမ နေအိမ်တွင် NLD ပါတီ အထိမ်းအမှတ် အလံ ၊ရင်ထိုး၊ နဖူးစည်း၊ လက်ပတ် စသည့် အမှတ်တရ အထိမ်းအမှတ်ပစ္စည်းများ ထုတ်လုပ် စု ဆောင်းမှု ၊ ဒီပဲယင်း အရေးအခင်းမှ ထွက်ပြေးလွတ် မြောက်လာသူ မျက်မြင်သက်သေ များ အား ထွက်ပြေးလွတ်မြောက်အောင် ကူညီပေးမှု၊ နိုင်ငံရေးမှု ပုဒ်မ (၅)ည တို့ဖြင့် ယခင်အာဏာရှင် အစိုးရဟောင်းရဲ့ မတရားသဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့သူ ဖြစ်ပါတယ်။

ဒေါ်တင်တင်ညိုဟာ အင်းစိန်ထောင်အတွင်း ၃ နှစ် ကျော်ခန့်နေခဲ့ရပြီး နောက်မှာ လွတ်ငြိမ်းချမ်းသာ ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ ထောင်မှ လွတ်မြောက်လာပြီး နောက်မှာလဲ သူမ ယုံကြည်ရာ နိုင်ငံရေး ကို ဆက်လက် လုပ်ကိုင် ခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် သံဃာ့ အရေးအခင်း မတိုင်မီ ၁ လ အလို သြဂုတ်လမှာ လှည်းတန်းတွင် လောင်စာဆီ ဈေးနှုန်း မြှင့်တက်မှု လျော့ချပေးရေး လူထုဆန္ဒ ဖေါ်ထုတ်ပွဲအား ဦး မင်းကိုနိုင် ဦးကိုကိုကြီး တို့မှ ဦးဆောင်၍ လူ အင်အား ၇၀၀ ခန့်ပါဝင်ကာ ဆန္ဒ ပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံ့ရဲ့ တိုင်းပြည်အပြောင်းအလဲ အတွက် အရေးပါသော လူထုလှုပ်ရှားမှု အကြို အစပျိုး မှုတရပ် အနေဖြင့် အာဏာရှင် အစိုးရအား ကိုင်လှုပ်နိုင်မည့် ဆန္ဒပြပွဲ ဖြစ်ခဲ့ ပြီး ဒလမြို့နယ် မှ NLD နိုင်ငံရေး အကျဉ်းသူဟောင်း ဖြစ်သူ ဒေါ်တင်တင်ညို လည်း ဦးမင်းကိုနိုင် ဦးကိုကို ကြီး တို့နှင့် အတူ ရှေ့ဆုံးမှ ဦးဆောင်ပါဝင် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ထို့နောက် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှု ဆန္ဒပြပွဲ နှင့်အတူ ဆက်တိုက်ဆိုသလို စက်တင်ဘာ သံဃာ့အရေးအခင်း ပေါ်ပေါက်ခဲ့ပြီး နောက်မှာတော့ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ တို့တွင် (လောင်စာဆီ ဈေးနှုန်း မြင့်တက်မှုအား အကြောင်းပြ၍ တိုင်းပြည် ဆူပူ ပျက်စီးအောင် စည်းရုံးလှုံဆော် ဆန္ဒပြနေကြသူများ) ဆိုသော ခေါင်းစဉ်ဖြင့်) ဆန္ဒပြသူ တို့ရဲ့ ဓါတ်ပုံများဖြင့် ပါလာခဲ့ပြီး ယခင် အာဏာရှင် အစိုးရမှ ဦးဆောင်ဆန္ဒပြသူများအား လိုက်လံဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်များချမှတ်ခဲ့ရာ ပါဝင်ခဲ့တဲ့ ဒလမြို့နယ် မှ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်တင်တင်ညို ဟာလည်း သားအကြီး မောင်ပေါ်ထွန်းဇော်နှင့်အတူ ထွက်ပြေး တိမ်းရှောင်ခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ ထိုင်းနိုင်ငံမှတဆင့် အမေရိကသို့ရောက်ရှိခဲ့တာ ဖြစ်ပါတယ် ။ဒေါ်တင်တင်ညို ရှိရာ အမေရိကသို့ ဒေါ်တင်တင်ညို ရဲ့ခင်ပွန်းဖြစ်သူ ဦးညီညီလွင်နှင့် သားငယ် မောင်အောင်ခိုင် တို့ ပါ ထပ်မံ လိုက်ပါသွားပြီး ဒေါ်တင်တင်ညို ရဲ့ သမီး ဖြစ်သူ မမေချိုလွင် ကတော့ မြန်မာနိုင်ငံမှာ တစ်ဦးတည်းကျန်ရစ်ဲခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကသို့ ယခင် ကြမ်းတမ်းခက်ခဲပြီး မတည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေ ကြောင့် မိသားစု များနဲ့ကွဲကွာ ပြီး ရောက်ရှိခဲ့ကြရတဲ့ မြန်မာတိုင်းရင်းသား မောင်ပေါ်ထွန်းဇော် နှင့် မူးပေါ်တို့ ဟာ အမေရိကမှာ ဖူးစာဆုံ ပြီး လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ် မိသားစု ၂ စုရဲ့ မင်္ဂလာပွဲမှာ ထပ်မံ ပါဝင်ကူညီပေးခဲ့တဲ့ မိသားစုကတော့ အိမ်ပြန်ချိန် တွေ နောက်ကျနေတဲ့  ဒေါက်တာစိန်ဝင်းနှင့် ဇနီး ဒေါ်စီစီ မိသားစု ဘဲဖြစ်ပါတယ်။ ကဝိအို ရဲ့ အိမ်ပြန် ချိန် ဆောင်းပါးနှင့် အတူ မြန်မာပြည် ပြန်လာဖို့ ကြိုးစား ရာမှာ အမေရိကန် နိုင်ငံရှိ မြန်မာသံရုံးမှာ ခံဝန်လက်မှတ် ထိုးခိုင်းတဲ့ ယခင်အစိုးရဟောင်းရဲ့ မူဝါဒ အဟောင်း လက်ကျန်တွေ ကြောင့် ကဝအိုရဲ့ အိမ်ပြန်ချိန်ဟာ အခက်အခဲတွေနဲ့ အတူ ကြန့်ကြာနေဆဲပါ။

ဒေါက်တာစိန်ဝင်းဟာ အာဇာနည်ပုဂ္ဂိုလ်ကြီး ဦးဘဝင်းရဲ့ သားဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူအရင်းဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကို တစ်ဝမ်းကွဲဖြစ်ပြီး နိုင်ငံရေးအရ အမေစုအတွက် အားကိုးအားထား အထောက်အပံ့ ဖြစ်ခဲ့တဲ့ တချိန်က ပြည်ပရောက် စင်ပြိုင်အစိုးရ ညွှန့်ပေါင်းအစိုးရအဖွဲ့ ရဲ့ ဝန်ကြီးချုပ် လဲဖြစ်ခဲ့ဖူးပါတယ်။ အခုချိန် ဟာ ဒီမိုကရေစီ အရပ်သား အစိုးသစ် လက်ထပ် ပြည်သူလူထု က ရွေးချယ်တင်မြှောက်ခဲ့တဲ့ ပြည်သူ့အစိုးရ တရပ် ဖြစ်နေပြီမို့ ပြည်ပ ရောက် နေတဲ့ နိုင်ငံရေး အင်အားစုများ ဂုဏ်သိက္ခာ ရှိစွာ ပြည်တော် ပြန်ဝင်သင့်ချိန် ကို ရောက်နေပါပြီ။ ဂုဏ် သိက္ခာရှိစွာ ပြည်တော်ပြန်ဝင်ဖို့ အတွက်လဲ အာဇာနည် မျိုးရိုး ဆိုတဲ့ မာန် တွေနဲ့ သံရုံးက အစိုးရဟောင်းရဲ့ လက်ကျန် မူအဟောင်းတွေ နဲ့ နိုင်ငံရေး မလုပ်ပါဘူး ဆိုတဲ့ ခံဝန် လက်မှတ် ကို မထိုးနိုင်သေးလို့ အိမ်ပြန်ချိန် တွေ နောက်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုကြီးပါ ။ ဒေါက်တာစိန်ဝင်းနှင့် ဒေါ်စီစီ တို့ နည်းတူ ခံဝန် လက်မှတ် မထိုးနိုင်၍ အိမ်ပြန်ချိန်တွေ နောက်ကျနေသူတွေ ထဲ မှာ မေချိုရဲ့ မေမေ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်တင်တင်ညို (ဒလမြို့နယ်) လဲ ပါဝင်နေပါတယ်။


မှတ်တမ်းဓာတ်ပုံများ- မေချိုရဲ့ အကို ပေါ်ထွန်းဇော်နှင့် ယောင်မလေး မူးပေါ်ရဲ့ အမေရိကန်နိုင်ငံ ဗားဂျီးနီးယားပြည်နယ်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲကို ဒေါက်တာစိန်ဝင်းနှင့် ဇနီးဒေါ်စီစီတို့ သတိုးသမီး ၏ မိဘ နေရာမှနေ၍ ကြွရောက်ချီးမြှင့် အားပေးစဉ် အမှတ်တရ။

 ကံတရားရဲ့ လှည့်စားမှု လှည့်ကွက်များ နဲ့ အခက်အခဲ များအားလုံး ပြေလည်ချိန် တန်ပြီး မကြာခင် အချိန်ကာလ တစ်ခု မှာ ကွဲကွာ နေတဲ့ မိသားစုတိုင်း ပြန်လည် ဆုံဆည်းနိုင်ကျပါစေလို့ ဆုတောင်းမျှော်လင့်လျက် ...

 မေချိုလွင်(ဒလမြို့နယ်)
↧

နောင်ကျော် - နိုင်ငံရေးစိတ်ဝင်စားတယ် ဆိုလို့

$
0
0



နောင်ကျော် - နိုင်ငံရေးစိတ်ဝင်စားတယ် ဆိုလို့
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၆ 

နိုင်ငံရေးစိတ်ဝင်စားသူ လေ့လာသူတွေဟာ နိုင်ငံရေး အဘိဓာန်ကိုပါ ဖတ်လေ့ရှိတယ်။ လက်တွေ့နယ်ပယ်မှာ သုံးနေတဲ့စကားလုံးရဲ့နောက်ခံနဲ့ တကယ့်ဆိုလိုချက်က ဘာလဲဆိုတာကို သိချင်စိတ်ရှိကြလို့ပါ ။နိုင်ငံရေးလုပ်နေ ပါတယ်ဆိုပြီး ဘယ်ဝါဒသဘောထားနဲ့ အနာဂတ်ရည်
မှန်းချက်က ဘယ်လိုဆိုတာ မပြောနိုင်လည်း ရပါတယ်။သူဟာ ပေမီ စံမီနိုင်ငံရေးသမားတော့ ဖြစ်မှာမဟုတ်။ စာ မဖတ်ဘဲ ဖတ်ရကောင်းမှန်းမသိဘဲ မီးကျိုးမောင်းပျက်
နိုင်ငံရေးစာအုပ်မျိုးလောက်ပဲဖတ်ပြီး နိုင်ငံရေးဂုရုထင်နေ ကြသူတွေကလည်း ပေါမှပေါတဲ့ လောကကြီး။
 

 ဗမာစာနဲ့ထုတ်ခဲ့တာဆိုလို့ ကျနော်သိတာပြောရရင် ဗိုလ်မှူးချစ်ကောင်းရဲ့ နိုင်ငံရေးအဘိဓာန်နဲ့ အခုတင်တဲ့
မောင်ဝံသရဲ့စာအုပ်ပဲ ရှိတယ်။ကျနော်တို့တုန်းကတော့ ဗိုလ်မှူးချစ်ကောင်းစာအုပ်ပဲ  ဖတ်ခဲ့ကြရတာ ။နိုင်ငံရေး အဘိဓာန်ပြုစုဖို့ဆိုတာ ဘာသာပြန်တတ်ရုံလောက်နဲ့ မရ။ ကိုယ်တိုင်လည်း နိုင်ငံရေးလောကထဲမှာ ထဲထဲဝင်ဝင် ဖြတ်သန်းဖူးမှ ပိုကောင်းတယ်ဆိုတာ မောင်ဝံသနဲ့
ဗိုလ်မှူးချစ်ကောင်းက ဥပမာပြခဲ့ပါတယ်။ ဒါမှ ပိုထိမိတဲ့ ရှင်းလင်းချက်တွေ ရနိုင်မယ် ထင်တယ်။
 

 ပညာရပ်နယ်ပယ်တိုင်းအတွက် အဘိဓာန်တွေဆိုတာ  ဗမာပြည်မှာ ခုထိမရှိသေးဘူး။ရှိဖို့ တက္ကသိုလ်လောက မှာ အရင်တုန်းက လုပ်ခဲ့ဖူးသတဲ့။ စာအုပ်ထွက်မလာနိုင်ဘူး ထင်တယ်။ ထွက်ခဲ့ဖူးရင်တောင်မှ ကျယ်ကျယ်ပြန့် ပြန့် မဖြစ်ခဲ့ဘူး။ ပညာရပ်ဆိုင်ရာ ဝေါဟာရများဆိုတဲ့ စာအုပ်။
 

 အခု မောင်ဝံသရဲ့စာအုပ်ကတော့ လေ့လာချင်စိတ်ရှိသူတွေအတွက် အကူအညီဖြစ်ပါလိမ့်မယ်။၂၀၁၁ ဇွန်လ တုန်းက ထုတ်ခဲ့တာပါ။တချို့ဝေါဟာရတွေကို သိဖို့ နမူနာအနေနဲ့ တင်ပေးလိုက်ပါတယ်။





 



↧
↧

ကာတွန်း OKKW ● လူ့အခွင့်အရေး

$
0
0
 
ကာတွန်း OKKW ● လူ့အခွင့်အရေး
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၆
↧

မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအားသုံးသပ်ချက် - အပိုင်း (၇)

$
0
0

မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအား သုံးသပ်ချက် - အပိုင်း (၇)
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၆

● NCA နှင့် UWSA
UWSA သည်လည်း NCA ဆွေးနွေးရာတွင် မပါဝင်ခဲ့သကဲ့သို့ NCA ထိုးရန်မလိုအပ်ဟု ငြင်းပယ်ထားသော အဖွဲ့ဖြစ်သည်။ UWSP/UWSA အနေနှင့် NDAA မိုင်းလားအဖွဲ့နည်းတူ ၁၉၈၉ ခုနှစ်က ငြိမ်းချမ်းရေးစာချုပ်ဆိုထားခဲ့ပြီး သမတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားပြီး လွှတ် တော်ဆင့် စာချုပ်ချုပ်ဆိုရန်သာ ကျန်ရှိသည်ဟု ယူဆထားသည်။ ၎င်းတို့ ချုပ်ဆိုသောစာချုပ်များသည် ယခု NCA ထက်များ စွာစောသဖြင့် NCA လက်မှတ်ထိုးရန် မလိုအပ်ဟု ယူဆထားသည်။

UWSA အဖွဲ့အား NCA လက်မှတ်ထိုးရန် သမတဟောင်း ဦးသိန်းစိန်လက်ထက်က ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပါ။ လက်ရှိအစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများနှင့် UWSA ခေါင်းဆောင်များနှင့် မိုင်း လားတွင် တွေ့ဆုံခဲ့ပြီးနောက် UWSA အဖွဲ့အား နေပြည်တော်သို့ ဖိတ်ခေါ်ခဲ့သည်။ UWSP အတွင်းရေးမှူး ဦးပေါက်ယိုရိနှင့် ဦးကျောက်ကော့အန်းတို့ နေပြည်တော်သို့လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့အနေနှင့် ၂၁ ရာစုပင်လုံညီလာခံသို့တက်မည်ဟု ကတိပြုခဲ့ကြသော်လည်း NCA လက်မှတ်ထိုးရေးကို ရှောင်ရှားခဲ့ကြသည်။

၂၁ ရာစုပင်လုံကျင်းပရေးအတွက် UPDJC ပူးတွဲအစည်းအဝေးသို တက်ရောက်ရန် NDAA မိုင်းလားအဖွဲ့မှ ကိုယ်စားလှယ်စေ လွှတ်ခဲ့သော်လည်း UWSA မှ ကိုယ်စားလှယ်စေလွှတ်ခဲ့ခြင်းမရှိပေ။ သို့ဖြစ်ရာ ညီလာခံကျင်းပမည့်အခြေအနေနှင့် ပတ် သက်၍ နားလည်သဘောပေါက်မှု လွဲချော်ခဲ့သည်ဟု ယူဆရသည်။ ၂၁ ရာစုပင်လုံတွင် UWSA မှ တက်ရောက်သော ကိုယ် စားလှယ်အဖွဲ့မှာ ၁၇၁ စစ်ဒေမှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဦးဆမ်လော့ ဦးစီးအဖွဲ့ဖြစ်ရာ တပ်ရင်းအဆင့်သာဖြစ်၍ ကိုယ်စားလှယ်အဆင့်နိမ့်၍ လွှတ်သည်ဟု ယူဆရသည်။ ဤသို့ဖြစ်ရခြင်းမှာ NCA လက်မှတ်မထိုးသေးသောအဖွဲ့များ၏ ညီလာခံတွင်ပါဝင်ခွင့်နှင့် တင်ပြခွင့်တို့နှင့်ပတ်သက်၍ UPDJC ၏ ဆွေးနွေးချက်များနှင့်ပတ်သက်၍ ရှင်းလင်းစွာ UWSA အဖွဲ့မသိရသည့် အခြေအနေပေါ်တွင် မူတည်သည်ဟု သုံးသပ်ရသည်။

တဖန်ညီလာခံတွင်လည်း UWSA အဖွဲ့အား လေ့လာသူကဒ်ပြားထုတ်ပေးခြင်း စာတမ်းဖတ်ကြားမှုနှင့်ပတ်သက်၍ ရှင်းလင်းစွာမသိရခြင်းနေရာထိုင်ခင်း အဆင်မပြေခြင်း စသည်တို့ကြောင့် UWSA အဖွဲ့ ညီလာခံအဖွင့်နေ့တက်ပြီးနောက် ၎င်းတို့တင် သွင်းမည့် စာတမ်းအား ကော်မတီထံအပ်နှံထားပြီး ညီလာခံမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။ တာဝန်ရှိသူများ လိုက်လံဆွေး နွေးသော်လည်း မရတော့ပေ။ တကယ်တော့ NDAA မိုင်းလားအဖွဲ့အားလည်းဖွင့်ပွဲနေ့တွင် လေ့လာသူကဒ်များသာထုတ်ပေးထားခဲ့ပြီးညပိုင်းရောက်မှ ကဒ်များပြန်လည်လဲပေးရန် အကြောင်းကြားခဲ့ကြသည်။ NDAA နားလည်မှုပေးခဲ့သော်လည်း UWSA အဖွဲ့ကတော့ သည်းမခံခဲ့ဟု ဆိုရပါမည်။

ဤပြဿနာနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော် UWSA အဖွဲ့အား အဆင်မပြေမှုများအတွက် မေတ္တာ ရပ်ခံချက်တစောင်ထုတ်ပြန်ခဲ့သည်။ အလားတူပင် UWSP ကလည်း ၎င်းတို့ထွက်ခွာရခြင်းအပေါ် ကြေညာချက် တ စောင်ထုတ်၍ တုန့်ပြန်ခဲ့သည်။ ၎င်းတို့အနေနှင့် ညီလာခံမှထွက်ခွာခြင်းသည် ညီလာခံအားဆန့်ကျင်ခြင်းမဟုတ်ဘဲ ညီလာခံ ၏အစီအစဉ်များ တရားမျှတမှုမရှိခြင်းအား ကန့်ကွက်ခြင်းဖြစ်သည်ဟုဆိုသည်။ ထို့ပြင် ၎င်းတို့အနေနှင့် ငြိမ်းချမ်းစာချုပ်နှင့် ပတ်သက်၍ လွှတ်တော်အဆင့်ကျန်ရှိသောစာချုပ်အား ချုပ်ဆိုပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖေါ်သွားမည်ဟုဆိုခဲ့သည်။ ထိုကြေညာချက်အရ UWSA အနေနှင့် NCA လက်မှတ်ထိုးရေးကို ပယ်ချထားသည်ဟုဆိုရမည်။

ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပြီးပါက NCA လက်မှတ်ရေးထိုးရန်လိုအပ်သည်ဆိုသည့်အချက်အား အစိုးရဘက်တောင်းဆိုသေည်လည်း UWSA က နောက်တဆင့်ကို လွှတ်တော်အဆင့်ဟု သတ်မှတ်ထားသည်ကို တွေ့ရပေသည်။ UWSA သည် ၁၉၈၉ ခုနှစ် အပစ်ရပ် လက်မှတ်ထိုးပြီးနောက် သမတဦးသိန်းစိန်လက်ထက် ၂၀၁၁ စက် တင်ဘာလ ၆ ရက်နေ့တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့တွင် ပြည်ထောင်စုအဆင့်လက်မှတ်ရေးထိုးထားပြီးဖြစ်ရာ လွှတ်တော်မှ အသိအမှတ်ပြု ရန်သာ လိုပေတော့သည်ဟု UWSA ကခံယူပြီး NCA ထိုးရန်မလိုအပ်ဟု ရပ်ခံထားသည်။

ထို့ပြင် UWSA သည် ယခုအစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးကော်မရှင်နှင့်ဆွေးနွေးသည့်အခါ MNDAA/TNLA/AA အဖွဲ့၃ ဖွဲ့ပါဝင်ရေးအားလည်း တောင်းဆိုလာသည်ကိုတွေ့ရသည်။ မူလက အဆိုပါ ၃ ဖွဲ့သည် UNFC နှင့် ကပ်လျက်ရှိသော်လည်း NCA လက်မှတ်ထိုးခွင့်ပြုရန် အစိုးရနှင့် တပ်မတော်၏ ငြင်းပယ်မှုကြောင့် UWSA နှင့် ပူးကပ်သွားသည်ဟု ယူဆရသည်။ ထို့ကြောင့် UWSA အနေနှင့် NCA လက်မှတ်ထိုးရေးအား ဆက်လက်ပယ်ချဖွယ်ရှိသည့်အပြင် MNDAA/TNLA/AA အဖွဲ့၃ ဖွဲ့NCA တွင်ပါဝင်ခွင့်ပြု ရေးည်လည်း UWSA နှင့်ဆွေးနွေးရာတွင် ပါဝင်နေမည့် ဆက်စပ်ပြဿနာတခုဖြစ်နေပေလိမ့်မည်။

ဖြစ်ရပ်အားလုံးသုံးသပ်ကြည့်လျင် လက်နက်ကိုင်အင်အားအများဆုံးလက်နက်အင်အားအများဆုံး ထိမ်းချုပ်နိုင်သည့် နယ် မြေအများဆုံးဖြစ်သည့် UWSA နှင့် ဆက်ဆံညှိနှိုင်းရေးသည် အလွန်အကဲဆတ်သည့် ပြဿနာတခုအဖြစ် တည်ရှိနေသည် ဟု ဆိုရမည်။

● NCA နှင့် ထို ၃ ဖွဲ့
MNDAA/TNLA/AA ထို ၃ ဖွဲကား NCA တွင်အားလုံးလက်မှတ်ထိုး ရေးအတွက်သော့ချက်ပြဿနာဟု ဆိုရပါမည်။ ထို ၃ ဖွဲ့ ပါဝင်ရေးအတွက် UNFC ၇ ဖွဲ့က ရပ်ခံသကဲ့သို့ UWSA/NDAA ကလည်း ရပ်ခံသည်။ ထို့ပြင် တရားဝင်နိုင်ငံရေးပါတီအများစုကလည်း ရပ်ခံကြသည်။ သို့ဖြစ်ရာ NCA တွင် အားလုံးပါဝင်လက်မှတ်ထိုးရေးအတွက် ထို ၃ ဖွဲ့ပြဿနာအား မည်သို့ ကြည့်မြင်ချဉ်းကပ်ဖြေရှင်းမည်ဆိုသည်က အရေးပါပေလိမ့်မည်။

ထို ၃ ဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စပြီးမှ ပေါ်လာသောအဖွဲ့များဖြစ်၍လည်းကောင်း၊ တိုင်းပြည်အချုပ်အခြာအာဏာကို ထိပါးစေသည်ဟူ၍လည်းကောင်း၊ အဆိုပါ ၃ ဖွဲ့ကို NCA လက်မှတ်ထိုးရေးတွင် ပါဝင်ခွင့်ပြုရန် တပ်မတော်က ငြင်းဆန်ခဲ့ သည်။ MNDAA သည် ၂၀၀၉ ခုနှစ်က ကိုးကန့်ဒေသ မှ အင်အားသုံးဖြေရှင်းဖယ်ရှားခံရပြီးနောက် ၂၀၁၃ မှစ၍ သံလွင်မြစ်အနောက်ခြမ်းတွင်ပြန်လည်လှုပ်ရှားခဲ့ပြီး ၂၀၁၅ နှစ်ဆန်းတွင် ကိုးကန့်ဒေသတွင်းပြန်လည်ဝင်ရောက်သဖြင့် တပ်မတော်နှင့် တိုက်ပွဲကြီးများ ၄ လနီးပါးဖြစ်ပွါးခဲ့သောအဖွဲ့ဖြစ်သည်။ လက်ရှိတွင် MNDAA တွင် တပ်ရင်း ၄ ရင်းပါ တပ်မဟာ ၃ ခုဖွဲ့ စည်းထားပြီး အင်အား ၂၀၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။

TNLA ကတော့ ၂၀၁၂ တွင် လူအင်အား ၄၀ ခန့်နှင့် ပြန်လည်အစပြုခဲ့ပြီး ယခုအချိန်တွင် တပ်မဟာ ၄ ခု ဗျူဟာ ၂ ခုနှင့် အင်အား ၆၀၀၀ ကျော်ခန့်ရှိသည့်အဖွဲ့ဖြစ်သည်။ AA ကား ၂၀၀၉ နှစ်မှ စတင်ဖွဲ့စည်းပြီး ကချင်ပြည်နယ်တွင် အင်အားအချို့၊ ထိုင်းနယ်စပ် ကရင်ပြည်နယ်တွင်း အင်အားအချို့၊ ရခိုင်ပြည်နယ်ထဲတွင် အင်အားအချို့ ရှိသည်။ ၎င်းတို့အဖွဲ့မှာ တပ်ဖွဲ့အ နေနှင့်ရော မြေအောက်လှုပ်ရှားမှု ပုံသဏ္ဌာန်နှင့်ပါ ပေါင်းစပ်လှုပ်ရှားနေရာ အင်အားခန့်မှန်းရန် ခက်ခဲသည်။ အင်အား ထောင်ဂဏန်းခန့်ရှိမည်ဟု ယေဘုယျ သုံးသပ်ရပေသည်။

ထို ၃ ဖွဲ့နှင့်ပတ်သက်၍ မူလက လက်နက်စွန့်ရမည်ဟု တပ်မတော်က ဆိုထားသော်လည်း သြဂုတ်လဆန်းတွင် လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ကြောင်း ကြေငြာချက်ထုတ်ပြန်ပါက ၂၁ ရာစုပင်လုံညီလာခံတွင်ပါဝင်ခွင့်ပြုမည်ဟု ဆိုခဲ့သည်။ သို့နှင့် NDAA မိုင်းလား၏ကြားဝင်စီစဉ်ပေးမှု အရ ၂၀၁၆ သြဂုတ်လ ၉ ရက်နေ့တွင် ငြိမ်းချမ်းကော်မရှင်မှ ဦးသိန်းဇော် ဦးခင်ဇော် ဦးနှင့် အကြံပေးအဖွဲ့မှ ဦးအောင်ကြည်တို့သည် မိုင်းလားမြို့၌ MNDAAဥက္ကဌ ဖုန်တရွှင်၊ အတွင်းရေးမှူး ဦးထွန်းမြတ်လင်း ULA/AA ခေါင်းဆောင်ဗိုလ်မှူး ချုပ်ထွန်းမြတ်နိုင် PSLF/TNLA ဥက္ကဌ တာ့အိုက်ဖုန်းတို့နှင့်တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာ၌ အဆိုပါ ၃ ဖွဲ့ကြေညာချက်တခု ထုတ်ပြန်ရန်ငြိမ်းချမ်းကော်မရှင်က တောင်းဆိုခဲ့သည်။ ထိုကြေညာချက် တွင် ဖေါ်ပြရန်နှစ်ဖက်ညှိနှို င်း၍ မရသည့်အချက်မှာ တပ်မတော်ဘက်က အဆိုပြုသော"လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ် ရေး"အား အဆိုပါ ၃ ဖွဲ့မှ "လက်နက်ကိုင်ပဋိပက္ခဖြေရှင်း"စသည့်ဝေါဟာရနှစ်ခု ညှိနှိုင်း၍မရခဲ့ပေ။ အကယ်၍သာ ညှိနှိုင်း၍ ရခဲ့ပါ ညီလာခံတက်ရန် ဖိတ်စာတခါတည်းပေးခဲ့သည်ဟု ငြိမ်းချမ်းရေးကော်မရှင်ဘက်မှဆိုသည်။

ဤတွင်တွေ့ရသည့်အချက်တခုမှာ ဤပြဿနာသည် ဝေါဟာရပြဿနာသက်သက်မဟုတ်ဘဲ အတွင်းသဘောများပါသည်ဆိုခြင်းဖြစ်သည်။ ထို့ ကြောင့်လည်း ၂၀၁၆ သြဂုတ်လ ၁၁/၁၂/၁၃ နေ့ကကျင်းပသောအစည်းအဝေးများတွင် "နိုင်ငံရေးပါတီ"အစား "တရားဝင်နိုင်ငံရေးပါတီ"ပြောင်းလဲသတ်မှတ်ခြင်း ၂၀၁၆ သြဂုတ်လ ၁၅ ရက်နေ့ကကျင်းပသော UPDJC အစည်း အဝေး၌ "ညီလာခံကိုယ်စားလှယ်"အစား ညီလာခံတက်ရောက်သူ"ဟု ဝေါဟာရများပြောင်းလဲသတ်မှတ်ခြင်းသည် အတွင်း သဘောများ များစွာပါသည်ဟု ဆိုရပါမည်။

နောက်တချက်မှာ ထို ၃ ဖွဲ့နှင့်ပတ်သက်၍ ညီလာခံတက်ရောက်ခွင့်ရပြီးပါကလည်း အစိုးရက မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို ရှင်းလင်းစွာမသိရသေးပေ။ ပုံမှန် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပြီး NCA လက်မှတ်ထိုးခွင့်ပြု မပြု ရှင်းလင်းစွာမသိရသေးပေ။ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်နိုင်ရေးအတွက် အားလုံး NCA ထိုးရမည်ဟု ဆိုထားသော်လည်း အဆိုပါ ၃ ဖွဲ့အား NCA ထိုးခွင့်ပြု မပြု ရှင်းလင်းမှုမရှိသေးဟု ဆိုရမည်။

မည်သို့ဆိုစေ အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးအတွက်ဆိုလျင် ပါဝင်သည့်ဘက်အားလုံးအား နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိသောထွက်ပေါက်ပေးရန်လိုအပ်ပါသည်။ ထွက်ပေါက်ပိတ်ထားသကဲ့သို့ဖြစ်ပါက ပြင်းထန်သည့် ရုန်းကန်မှုများကို ကြုံ တွေ့ရမည်မှာ ဓမ္မတာပင်ဖြစ်သည်။

9/8/2016 နေ့ ထို ၃ဖွဲ့နှင့် ညှိနှိုင်းမှု မပြီးပြတ်ခဲ့ပေ။ ထို ၃ ဖွဲ့အနေနှင့်၎င်းတို့ ဗဟိုကော်မတီနှင့် ပြန်လည်ညှိနှိုင်းရမည်ဆိုကာ မတင်မကျနှင့်ရပ်တန့်သွားခဲ့သည်။ ၂၀၁၆ သြဂုတ်လ ၁၅ ရက်နေ့ နေပြည်တော်တွင်ပြုလုပ်သောUPDJC အစည်းအဝေးတွင် တရားဝင်နိုင်ငံရေးပါတီများက အဆိုပါ ၃ ဖွဲ့ပါဝင်ရေးကိုတောင်းဆိုရာ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးဦးခင်ဇော်ဦးက အဆိုပါ ၃ ဖွဲ့ကြေညာချက်ထုတ်ပြန်သည်ကို စောင့်ဆိုင်းနေကြောင်း၊ အကယ်၍ မထုတ်ပြန်ပါကလည်း မိမိတို့ထပ်မံသွား ရောက်ဆွေးနွေးဦးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော် ၂ ရက်ခန့်အကြာတွင် အဆိုပါ ၃ ဖွဲ့က "လက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေး"ဆိုသည့် ဝေါဟာရပါသည့် ကြေညာ ချက်အား ထုတ်ပြန်လိုက်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဦးခင်ဇော်ဦးက "တက်ချင်တိုင်းတက်ရအောင် တောင်ပြုံးမဟုတ်ဘူး "ဖိတ်စာတွေ အမှိုက်ပုန်းထဲလိုက်ပြီ"ဟု ပြင်းပြင်းထန်ထန်ပြောလိုက်ရာ ပွဲဆူသွားပြီး နားမခံသာအောင်ဖြစ်ခဲ့သည်။

သို့သော် တဖက်ကကြည့်လျင် ဦးခင်ဇော်ဦးပြောသကဲ့သို့ စေ့စပ်ညှိနှိုင်းနေဆဲကိစ္စတခုကို ဆက်လက်ညှိနှိုင်းမှုမရှိဘဲ ကြားခံ မိုင်းလားအဖွဲ့မှတဆင့် ဆက်သွယ်ညှိနှိုင်းမရှိဘဲ ဤသို့သဘောထား ထုတ်ပြန်ခြင်းသည် အဆိုပါ ၃ ဖွဲ့အနေနှင့် ဆက်လက် ညှိနှိုင်းမှုလမ်းကြောင်းကို ဖြတ်တောက်ပစ်ရာရောက်ပေသည်။

ပြဿနာတခုလုံးအရကြည့်လျင် အဆိုပါ ၃ ဖွဲ့၏ "လက်နက်ကိုင်ပဋိပက္ခဖြေရှင်းသွားရေး"ဆိုသည့်မူနှင့်ပတ်သက်၍ ပြဿ နာမရှိပေ။ မှန်ကန်သည်ဟု ဆို၍ရပါသည်။ သို့သော် လောလောဆယ်ကာလတွင် ထိုဝေါရသုံးစွဲမှုနှင့်ပတ်သက်ပြီး ညှိနှိုင်း ဆဲကာလဖြစ်ရာ ထပ်မံညှိနှိုင်းသည့် လမ်းကြောင်းအား ဖွင့်ထားရန်လိုအပ်သည်။ မိမိအမြင်အရဆိုလျင် ထိုသို့သောကာလတွင် အဆိုပါ ၃ ဖွဲ့အနေနှင့် ကြေညာချက်ထုတ်ပြန်ရန် မလိုအပ်ပေ။ အဖွဲ့အစည်းတခုအနေနှင့် မိမိရပ်တည်ချက် ခိုင်မာသည်ကို ပြသရန် လိုအပ်သကဲ့သို နည်းပရိယယ်အရ ပျော့ပြောင်းရန်လည်း လိုအပ်သည်။ လက်ရှိကာလတွင် နိုင်ငံရေးပြဿနာကိုစားပွဲဝိုင်းပေါ်တွင် ဆွေးနွေးရန် လိုအပ်သည်ဟု ယူဆသူအားလုံးသည် နည်းပရိယာယ် ပျော့ပြောင်းစွာကျင့်သုံးရန် လိုအပ် သည်။ အဆိုပါ ၃ ဖွဲ့အနေနှင့် ကြေညာချက်ထုတ်လိုက်ခြင်းသည် နောက်တကြိမ် တွေ့ဆုံညှိနှိုင်းမှု ဖျက်လိုက်သကဲ့သို့ ဖြစ် သွားခဲ့ပေသည်။ မိမိအမြင်အရဆိုလျင် အဆိုပါကြေညာချက်ကို ထုတ်ပြန်ခြင်းမပြုဘဲ နောက်တကြိမ် သို့မဟုတ် နောက် ထပ်အကြိမ်ကြိမ်တွေ့ဆုံ၍ နှစ်ဖက်လက်ခံနိုင်သည့် အဖြေတခုကို ရှာသွားသင့်သည်ဟု ယူဆပါသည်။ ရပ်တည်ချက်နှင့် နည်းပရိယယ်ပျော့ပြောင်းမှုသည် လက်တွေ့နယ်ပယ်တွင် ကျင့်သုံးရာ၌ အတော်ပင်ရှုပ်ထွေးသည်ကတော့ အမှန်ပင်ဖြစ် သည်။

မည်သို့ဆိုစေ အဆိုပါ ၃ ဖွဲ့ညီလာခံတွင် ပါဝင်လာရေး NCA လက်မှတ်ထိုးရာတွင် ပါဝင်လာရေးသည် NCA လက်မှတ်ထိုး ရာတွင် သို့မဟုတ်ညီလာခံတွင် အားလုံးပါဝင်ရေးအတွက် သော့ချက်ပြဿနာဖြစ်သည်ကတော့ အမှန်ပင်ဖြစ်သည်။ ထို ပြဿနာသည် ပထမအကြိမ်ညီလာခံအပြီးတွင် ဖြေရှင်းနိုင်ရန် ဦးစွာကြိုးပမ်းရမည့် တာဝန်ဖြစ်သည်။ တကယ်တော့ MNDAA နှင့် TNLA တို့မှာ မူလကတည်းက UNFC တွင်ပါဝင်သူများဖြစ်ပြီး ULA/AA မှာလည်း UNFC အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားသူဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေနှင့် NCA ဆွေးနွေးစဉ်ကာလက UNFC နှင့် အတူပါခဲ့သည်ဖြစ်ရာ NCA လက်မှတ်ထိုးရန် မခက်ခဲပေ။ အစိုးရနှင့် တပ်မတော်က လက်တွေ့တည်ရှိနေသောအခြေအနေကို အသိမှတ်ပြု ရန်သာ လိုအပ်ပါသည်။

မိမိအမြင်အရ ခက်ခဲနေသည်မှာ NCA လက်မှတ်ထိုးပြီး တပ်များနေရာချထားမှု ဖြစ်ပုံရသည်။ ရှမ်းမြောက်ရှိ TNLA တပ်ဖွဲ့ တပ်နေရာချမှု အားတပ်မတော်အနေနှင့် သိပ်ပြဿနာမရှိသော်လည်း ကိုးကန့်ဒေသတွင်း MNDAA တပ်များနေရာချထားမှု အထူးသဖြင့် ရခိုင်ပြည်နယ်တွင်း AA တပ်ဖွဲ့များနေရာချထားမှုများနှင့်ပတ်သက်ပြီး တပ်မတော်အနေနှင့်အသိမှတ်ပြုပေး ရန် ခက်ခဲနေဆဲဖြစ်သည်ဟု သုံးသပ်ရပါသည်။ သို့သော် အဆိုပါ ၃ ဖွဲ့ပြဿနာသည် NCA တွင်အားလုံးပါဝင်လက်မှတ်ထိုးရေး ညီလာခံတွင်အား လုံးပါဝင်၍ နိုင်ငံရေးအရဆွေးနွေးဖြေရှင်းရေးအတွက် အရေးပါသည့်သော့ချက်ပြဿနာဖြစ်သည်ကို တော့ သတိပြုကြရမည်ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe ( မောင်မောင်စိုး)
↧

ကာတွန်း လိုင်လုဏ် ● ပို ငိုချင်လာတယ်

$
0
0
  
ကာတွန်း လိုင်လုဏ် ●  ပို ငိုချင်လာတယ်
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၆
↧

ငြိမ်းချမ်းအေး ● ဒီမိုကရေစီ ဆိုသူများ သိစေရန်

$
0
0


 

ငြိမ်းချမ်းအေး ● ဒီမိုကရေစီ ဆိုသူများ သိစေရန်
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၆

လူကုန်ကူးမှု၊ အိမ်တွင်း အကြမ်းဖက်မှု၊ အဓမ္မ လုပ်အားခိုင်း စေ ကျွန်ပြုမှု တွေ ပါဝင်တဲ့ အခု လူအများ စိတ်ဝင်တစား ရှိကြတဲ့ အင်းဝ အပ်ချုပ်ဆိုင် အမှုမှာ ဘာသာရေး၊ လူမျိုးရေး အသွင် မဆောင်ဖို့ အားလုံး သတိပြု စောင့်ထိန်းရပါမယ်။

ဒါပေမယ့် အခု ဖြစ်နေတာက လူမှုကွန်ရက်စာမျက်နှာတွေမှာ NLD၊ မေမေ စု၊ ဒီမိုကရေစီ အော်သူ တချို့ အင်းဝ အပ်ချုပ်ဆိုင် အမှုမှာ “မ-ဘ-သ” မလာဘူးလား၊ မပါဘူးလား ဆိုနေကြတော့ ပါစေချင်ပုံရတယ်လို့ ယူဆရပါမယ်။ ဒီမိုကရေစီ လိုလား ထောက်ခံသူများ ဆိုတဲ့ အွန်လိုင်းက လူတချို့ က အတော် ကြောက်စရာ ကောင်းတဲ့ အဆိပ်သင့်တဲ့ မှိုင်းတွေ တိုက်နေကြတယ်။ တချို့ ကတော့ ဒါကို မ-ဘ-သ အပေါ် သရော်မှု၊ လှောင်မှု သဘော ဆိုချင်ကြတာပေါ့။ ဒါပေမယ့် ဒီလို အချိန် လှောင်စရာ၊ ပြောင်စရာ အချိန်မဟုတ်ပါ။ အချိန်မရွေး ထ မီးတောက်ကြီး ဖြစ်နိုင်တဲ့ မီးစာ အကြီးကြီး ရှိတဲ့ အချိန်၊ အကဲဆတ်တဲ့ အနေအထားပါ။

ရာဇဝတ်မှုဟာ ရာဇဝတ်မှု သက်သက် ပဲ ဖြစ်ရမယ်၊ မြင်ရမယ် မဟုတ်ဘူးလား။ တာဝန်သိ တာဝန်ကျေ ပြည်သူ၊ စာနယ်ဇင်း ပူးပေါင်းပြီး ဥပဒေ ဘက်တော်သားဆိုသူတွေရဲ့ ပျက်ကွက်မှုကို ဖြည့်ဆည်း ပေးတယ်၊ လမ်းမှန်ရောက်အောင် လုပ်နေတယ်၊ လူ့အခွင့်အရေး ကော်မရှင် ဆိုပြီး ကြားက ပွဲစား အလုပ် ဝင် လုပ်ပေးနေတဲ့ လူတွေကို ရှက်တတ်အောင် သင်ပေးနေတယ်၊ တည့်မတ် မှန်ကန်စေဖို့ ကြိုးစားနေကြတယ်၊ တရားမျှတမှု ဖော်ဆောင်နိုင်အောင် ဆက်လက် စောင့်ကြည့် ဝန်းရံနေတယ်။

ဒီလိုပဲ ဖြစ်ရမှာပေါ့။ မဆိုင်တဲ့ အမျိုးဘာသာသာသနာ ကို တလွဲ အသုံးချ၊ “မ-ဘ-သ” အမည်ခံပြီး လူမျိုးရေး၊ ဘာသာရေး အသားပေး သွေးထိုးလိုသူ တွေကို သွား ခနဲ့ စရာ၊ လှောင် စရာ ဘာလိုမလဲ။

ရာဇဝတ်မှုမှာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ဇာတိ မရှိပါ။ လူမျိုးတိုင်း၊ ဘာသာတိုင်း လူတိုင်းမှာ လူကောင်း၊ လူဆိုး၊ စိတ်ကောင်းရှိသူ၊ မရှိသူ၊ လူသားဆန်သူ၊ လူစိတ်ကင်းမဲ့သူတွေ ရှိကြတာ လောကဓမ္မတာပါပဲ။
အစဉ် အဆက် အမျိုးသားရေး ကို အသုံးချ မှိုင်းတိုက်၊ လူမျိုးရေး မုန်းတီးမှု တွေ လုပ်နေတဲ့ စစ်အုပ်စု လော်ဘီတွေက ဒီ ရာဇဝတ်မှုကို လူမျိုး ၊ ဘာသာ အသားပေး ဇောင်းပေး လုပ်တာက မဆန်းပါ။ ဒါကို ဒီမိုကရေစီကို မြတ်နိုးသူ၊ တရားဥပဒေ ကို လေးစားသူ၊ တရားမျှတမှုကို လိုလားသူ အမှန် ဆိုရင် ရာဇဝတ်မှုကို ရာဇဝတ်မှု အဖြစ် ထောက်ပြ၊ တရားမျှတမှု ဖော်ဆောင်ဖို့ပဲ တောင်းဆိုရမှာပါ။



Facebook ကတော့ ငြိမ်းချမ်းရေး အတွက် ချစ်ခြင်း မေတ္တာနဲ့ စပါ ဆိုထားပါတယ်။


ကျနော်ကတော့ ငြိမ်းချမ်းရေး လိုချင်ရင် တရားမျှတမှု အလုပ် လုပ်ရမယ် ဆိုတဲ့ စကားကိုပဲ ထောက်ခံပါတယ်။

စက်တင်ဘာ ၂၁ ဒီနေ့ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့လည်း ဖြစ်ပါတယ်။ ဗမာပြည် ငြိမ်းချမ်းရေး အတွက် ဆိုရင် တရားမျှတမှုကို ဖော်ဆောင်ဖို့ပဲ ပြောရပါမယ်။ တိုင်းပြည် အုတ်မြစ် ဖွဲ့စည်းပုံ ကစလို့ မတရားတဲ့ တရားဥပဒေတွေ ရှိနေတာမို့ တရားဥပဒေ အတိုင်း ဖြစ်ရမယ် မပြောလိုပါ။ တရားမျှတမှု Justice ကိုသာ တောင်းဆိုရပါမယ်။ ဒါမှ ဗမာပြည် ငြိမ်းချမ်းပါမယ်။

ဒီလို တရားမျှတမှု တောင်းဆိုရမယ်၊ ဖော်ဆောင်ရမယ် ဆိုတာ မှာ အိမ်တွင်း အကြမ်းဖက်မှု၊ မတရား ကျွန်ပြုမှု၊ လူသားနဲ့ လုပ်အားအပေါ် ခေါင်းပုံဖြတ်မှုက အစ နိုင်ငံတော် အဆင့် မူဝါဒ၊ ပေါ်လစီတွေနဲ့ လူအများကြား (နိုင်ငံသား လူမျိုးစု လူတန်းစား စုံ အကြား) သယံဇာတ၊ အရင်းအမြစ်၊ ဓန ခွဲဝေမှု မမျှတမှု အဆုံးထိ “တရားမျှတမှု ကို အခြေခံမှု” ပါရပါမယ်။ ဒီ့အတွက် တောင်းဆို တိုက်ပွဲဝင် အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ရပါမယ်။ လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်ဖို့ မဖြစ်ရပါ၊ မဟုတ်ရပါ။

အခု အင်းဝ အပ်ချုပ်ဆိုင် ဖြစ်စဉ်မှာ မ-ဘ-သ က ပစ်မှတ်ထားနေတဲ့ လူအုပ်စု ဝင်တဲ့ ဖြစ်နေလို့ကို စတင် ဖော်ထုတ်သူတွေနဲ့ မီဒီယာ က လူမျိုးရေး၊ ဘာသာရေး အရောင် ပယောဂ မကပ်အောင် ကျင့်ဝတ် ဘောင် စည်းကမ်းတွေနဲ့ သတင်းတွေကို တင်ပြနေကြရတာပါ။

အွန်လိုင်း မှာ အမောင်တောင် မှန်း မြောက်မှန်း မသိဘဲ မေမေ ချီးမွမ်းခန်းဖွင့်၊ မေမေ တရား လက်ကိုင်ထား ပွားများပြီး ဒီမိုကရေစီ နာမည်ခုတုံးလုပ် လူပြိန်းကြိုက် နာမည်ကျော်ကြားသူတွေကို ကြုံတိုင်း ပြောတဲ့ စကားနဲ့ပဲ နိဂုံးချုပ် ထပ်ပြောပါမယ်။

ခင်ဗျားတို့ မပါရင်၊ ပါးစပ် ပိတ်နေရင် ဗမာပြည် ဒီမိုကရေစီ သန့်ရှင်း အဆင့်မီ အရည်သွေး ပြည့်ဝ သိက္ခာ ရှိပါမယ်။ အဆိပ်အတောက် တွေ နဲ့ လူပြိန်းကြိက် အွန်လိုင်း Like များအောင် ရေးမယ့် အစား ကိုယ့် အဆင့် ကိုယ် သိပြီး ပါးစပ်ပိတ်နေတာက ခင်ဗျားတို့ ချစ်တယ် ဆိုတဲ့ တိုင်းပြည်၊ လိုလားတယ် ဆိုတဲ့ ဒီမိုကရေစီ နဲ့ ကြည်ညိုလေးစားတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီရာ ရောက်ပါတယ်။

ငြိမ်းချမ်းအေး
စက်တင်ဘာ ၂၁၊ ၂၀၁၆
ဒီမိုကရေစီခေတ်ရဲ့ အမှိုက်သရိုက်တွေ အကြောင်း ယခင် ရေးဖူးတဲ့ မိုးမခ ဆောင်းပါးတွေကို အောက်ပါ Links များမှာ ဖတ်ရှုနိုင်ပါတယ်။ 

ဒီမိုကရေစီကို ဈေးဖျက်ကြသူများ
@ http://moemaka.com/archives/41156
http://www.moemaka.blogspot.com.au/2014/12/blog-post_61.html

ဒီမိုကရေစီကို အိုးမည်းသုတ်သူများ
@ http://gita.cc/archives/42100
http://www.moemaka.blogspot.com.au/2015/01/blog-post_611.html

ဒီမိုကရေစီကို ဝမ်းယောင်စေသူများ
@ http://gita.cc/archives/42310
http://www.moemaka.blogspot.com.au/2015/02/blog-post_77.html

ဒီမိုကရေစီနည်းကျ သရော်ပါ
@ http://gita.cc/archives/42543
http://www.moemaka.blogspot.com.au/2015/02/blog-post_811.html

ဒီမိုကရေစီကို ‘ပြာ’ စေသူများ
http://moemaka.com/archives/42924
http://blog.moemaka.com/2015/03/blog-post_973.html

ဒီမိုကရေစီရဲ့ အမှိုက်သရိုက်များ
http://moemaka.com/archives/53594
http://blog.moemaka.com/2016/09/blog-post_50.html

↧
↧

ဆောင်းလူ ● ကျွ န် ပြု ခြ င်း

$
0
0


ဆောင်းလူ ● ကျွ န် ပြု ခြ င်း
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၆

နိုင်ငံသားတွေကို နိုင်ငံခြားသားတွေက ကျွန်ပြုတယ် ...။
နိုင်ငံသားတွေကို နိုင်ငံသားအချင်းချင်းက ကျွန်ပြုတယ် ...။

နိုင်ငံသားတွေကို သခင်အားရ လူပါးဝတွေက ကျွန်ပြုချင်ကြတယ် ...။
နိုင်ငံသားတွေကို အထက်ခံ အောက်ဖားတွေက ကျွန်ပြုချင်ကြတယ် ...။
နိုင်ငံသားတွေကို ကျွန်အချင်းချင်းတောင် .. ကျွန်ပြုချင်နေကြတယ် ...။

လူလည်တွေက အားနာမှုကို ခုတုံးလုပ် ကျွန်ပြုတယ် ...။
လူပျင်းတွေက ညှာတာမှုကို ခုတုံးလုပ် ကျွန်ပြုတယ် ..။
လူလည် လူပျင်းတွေက ရှက်စိတ်ကင်းမဲ့မှုနဲ့ ကျွန်ပြုတယ် ...။

ကျွန်ပြုတယ် ....
ကျွန်ပြုတယ် ....
ကျွန်ပြုတယ် ....
ကျွန်ပြုတယ် ....

ခေတ်အဆက်ဆက်
ကျွန်ပြုတယ် ....။

ခေတ်အဆက်ဆက်
လူ လူ ချင်း ကျွန်ပြုတယ် ...။

ခေတ်အဆက်ဆက်
ကျွန် ကျွန် ချင်း ကျွန်ပြုတယ် ...။
↧

ထွန်းဝင်းငြိမ်း ● သခင်အုန်းမြင့် ကိုကိုးကျွန်း ပို့ခံခဲ့ရစဉ်က (၂)

$
0
0

ထွန်းဝင်းငြိမ်း ● သခင်အုန်းမြင့် ကိုကိုးကျွန်း ပို့ခံခဲ့ရစဉ်က (၂)
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၆

● ကျွန်းပေါ်က ထောင်
ကျွန်းမှာ ကျွေးတဲ့အစားအသောက်ကတကယ့်ကိုဆိုးတာဘဲဗျ။ ရောက်ခါစ သုံးရက်လောက်က ဘာမှမပါဘဲ ကျွေးတာ။ အင်္ဂါနေ့တရက်ပဲ လောက်တက်နေတဲ့ ငါးခြောက်ကျွေးတယ်။ ကျန်တဲ့ရက်တွေမှာ ပိုးကိုက်ထားတဲ့ ခပ်ညံ့ညံ့ ပဲဟင်းချိုရယ် ငါးပိစိမ်းစားတဇွန်းနဲ့ လုံးတီး ဆန်ချက်ထားတဲ့ ထမင်းတပန်းကန်စာလောက် တပုံစံရတယ်။ ပုဒ်မငါးဆိုတာ အသား ရှစ်အောင်စရတယ်။ လ္ဘက်ရည်ချို ကော်ဖီ ရတယ်။ ဆပ်ပြာ၊ အုန်းဆီ၊ ကြက်ဥရတယ်။ အဲဒီအခွင့်အရေးတွေ ကျွန်းမှာ ဘာမှမပေးဘဲ အကုန်ရုပ်သိမ်းပစ်တယ်။ နိုင်ငံရေးသမားတွေ စိတ်ဓါတ်ကျပြီး စိတ်ဓါတ်ပျက်ပြားသွားအောင် မသေရုံတမယ် ကျွေးထားတာဘဲ။ ရောက်ခါစ ဘယ်မှမထွက်ရဘူး။ ရေချိုးတောင် မထွက်ရဘူး။ လေး၊ ငါးရက်နေမှ လေးယောက် တတွဲ၊ သုံးယောက်တတွဲ ထွက်ပြီး ရေချိုးရတယ်။

နေရတာက ထောင်ဆိုပေမယ့် ပြည်မမှာရှိတဲ့ထောင်တွေလို မဟုတ်ဘူး။ နေထွက်ရာကိုဝဲ ဦးတည်ပြီး အရှေ့တောင်ခပ် ယွန်းယွန်းကို မျက်နှာမူထားတဲ့ စတုဂံပုံသဏ္ဍာန် သံဆူးကြိုးကာထားတဲ့ဝင်းထဲမှာ သစ်သားအဆောက်အဦး ၁ဝ လုံးကို ၂ လုံးစီဘေးချင်းယှဉ်ပြီး ဆောက်ထားတာ။ စစ်တန်းလျား ဘားတိုက်တွေနဲ့ တူတယ်။

အဲဒီအဆောက်အဦးတွေကို တဆောင်စီခွဲပြီး သံကြိုးတွေ ထပ်ပြီး ကာထားသေးတယ်။ သံဆူးကြိုးဝင်းတွေက သိပ်မကျယ်ပါ ဘူး။ အလျားပေ ၁ဝဝ အနံပေ ၇ဝ လောက်ရှိတာပေါ့။ အဆောင်တွေရဲ့ ဘေးဘက်သံဆူးကြိုးတွေမှာ ဝင်းတံခါးကြီးတွေ တစ်ခုစီထားပြီး တစ်ဆောင်နဲ့ တစ်ဆောင် ကူးဖို့ အမြင့် ၄ ပေ အကျယ် ၃ ပေလောက်ရှိတဲ့ ငုံ့ပေါက် ကလေးတွေ ဖေါက်ထား တယ်။ ဒါပေမဲ့ တံခါးတွေကို အမြဲတန်း ပိတ်ထားတာပဲ။

ကျွန်တော်တို့ရောက်စက အတွင်းသံဆူးကြိုးဝင်းပဲ ကာပြီးကာစရှိသေးတယ်။ နောက်တော့ သံဆူးကြိုးအမြင့်တစ်ထပ် ထပ်ပြီးကာတယ်။ အပြင်သံဆူးကြိုးနဲ့ အတွင်းသံဆူးကြိုးကြားမှာ ပေ ၅ဝ လောက် ကြားအကျယ်ချန်ပြီး ကာထားတာ။ အတွင်းသံဆူးကြိုးက ၁၄ ပေလောက် မြင့်မယ်။ အပြင်သံဆူးကြိုးက ၁၆ ပေလောက် မြင့်တယ်။ အပြင်ဘက်မှာလည်း သံဆူးကြိုးခွေကြီးတွေ အလိပ်လိုက် ချထားသေးတယ်။




မီးဖိုအဆောက်အဦးကြီး ၂ ခုက ထောင်ရဲ့ ဘယ်ညာ ၂ ဘက်မှာ ရှိနေတာ။ တစ်ဖက်က ထမင်းစားခန်း၊ နောက်တစ်ဖက်က မီးဖိုခန်းပေါ့။ နောက်ပိုင်းမှာ ဘယ်ဘက်က မီးဖိုကြီးကို ထောင်ကျမီးဖို၊ ထမင်းစားခန်းကြီးကို ထောင်မှူးကြီးရုံခန်း၊ ညာဘက် အနောက်ဘက်မီးဖိုကြီးကို ပုဒ်မငါး မီးဖို၊ ထမင်းစားခန်းကြီးကို ဆရာဝန်ဆေးပေးခန်းဆိုပြီး ပြောင်းလိုက်တယ်။ ထောင်က ပင်လယ်ကမ်းစပ်နဲ့ ကိုက် ၁ဝဝ လောက် ဝေးတယ်။ ရေမျက်နှာပြင်ထက် ပေ ၄ဝ၊ ၅ဝ လောက် မြင့်တဲ့ သောင်စပ်မြေပြန့်ပေါ်မှာ ဆောက်ထားတော့ ပင်လယ်ရေပြင်ကို မလှမ်းမကမ်းမှာ မြင်နေရတာပေါ့။

● တင်းကြပ်တဲ့ အုပ်ချုပ်ရေး
နေ့တိုင်း ပဲရေလုံပြုတ်နဲ့ လုံးတီးဆန်ပေါ်မှာ ငပိကလေးလက်တဆစ်လောက်ကို အာဟာရအဖြစ် စားနေရတာဘဲ။ စားရေးသောက်ရေးနဲ့ ဆေးလိပ်ပြဿနာက နေ့တိုင်း တိုက်ပွဲဝင်နေရတာ။ ဒါကြောင့်မို့ ထောင်ဝင်းအတွင်းထဲက သဲပေါ်မှာ ပေါက်နေတဲ့ အရွက်နုကလေး တွေကိုနုတ် ရေဆေးပြီး တို့စားကြတာဘဲ။ ဘာပင်လဲ မခေါ်တတ်ဖူး။ မုံလာပင်ပေါက်နဲ့ ခပ်ဆင်ဆင်တူတော့ သဲမုံလာလို့ နာမည်ပေး ထားကြတာ။ ဆေးလိပ်အတွက် ကျွန်တော်တို့ နားပူလွန်းလို့ ဆေးရွက်ကြီး သုံးပိဿာလောက်ရတယ်။ အဲဒီတော့ အတော် အဆင်ပြေ သွားတယ်။ စက္ကူဆိုလို့ အတိုအစမကျန်အောင် ဝါဒါတွေက သိမ်းပစ်လိုက်တော့ လိပ်သောက်ဖို့ စက္ကူမရှိဘူး။ ဒါကြောင့်မို့ ရေချိုးသွားရင်း ရေတွင်းနားမှာ ပေါက်နေတဲ့ သဖန်းရွက်တွေ ကိုခူးပြီး သဲနဲ့ဖိပြီး လိပ်သောက်ရတာ။ အဲဒီ သစ်ရွက်တွေကို ထောင်မှူးတွေ့ရင် သိမ်းပြီး လွှင့်ပစ်တတ်သေးတယ်။

နေထိုင်ရေး ကြပ်တည်းမှုက ပြည်မအကျဉ်းထောင်တွေထက် အများကြီးဆိုးတာပေါ့။ ဒီလိုနေနေရတဲ့အထဲ တခါတလေ သင်္ဘောတွေ လာပြီး ပြန်ထွက်တဲ့အခါ အဆောင်တွေကို တစ်နာရီလောက် ပိတ်ထားသေးတယ်။ သင်္ဘောထွက်သွားပြီးမှ ပြန်ဖွင့်တာ။ အဲဒီအချိန်က နွေရာသီဆိုတော့ သင်္ဘောတွေ စက်လှေတွေ လာတဲ့အခါတိုင်း ရွာမလို့ခေါ်တဲ့ ကျွန်တော်တို့နေရာနဲ့ ၇ မိုင်လောက်ဝေးတဲ့ ကျွန်းရဲ့ မြောက်ဖျားဘက်မှာ ဆိုက်လေ့ရှိတယ်။ အဲဒီရွာမဘက်က သင်္ဘောထွက်တာ ကျွန်တော်တို့ကို ထောင်ပိတ် လူစစ်တာတွေ လုပ်သေး တယ်။ နေ့တိုင်းလည်း တလာစီတယ်။ အပြင်ရေချိုးသွားရင်း ကောက်လာတဲ့ အုန်းမှုတ်ခွက်ပဲ့တွေ ခရုခွံတွေကိုတောင် သိမ်းတတ် သေး တယ်။ အဲဒီခွက်တွေ ခရုခွံတွေက တခြားသုံးဖို့ မဟုတ်ဘူး။ ဟင်းထည့်စားဖို့နဲ့ ဟင်းခပ်ဖို့ ဇွန်းလုပ်ဖို့အတွက်ပေါ့။

ချိုးရေက လက်ယက်ရွံ့တွင်းက ရေတွေချိုးရတာပဲ။ သောက်ရေကလည်း အဲဒီရေကိုပဲ စစ်ပြီး သောက်ရတာ။ ဘယ်လိုပဲစစ်စစ် ထုံးနှစ်နဲ့ မလွတ်ပါဘူး။ ကျွန်တော်တို့ သောက်နေတဲ့ အဲဒီရေတွေကို ရေနွေးကျိုကြည့်လိုက်ရင် အောက်ခြေမှာ ထုံးလက် နှစ်လုံးလောက် တင်နေတာပဲ။ ရောက်ခါစက ကျွန်တော်တို့ထားတဲ့ထောင်နဲ့ ပင်လယ်ပြင်အကြားကွက်လပ်မှာ လေယာဉ်ပျံ ကွင်း  လုပ်ဖို့ဆိုပြီး အဲဒီနေရာက အုန်းပင်တွေကို ဘူဒိုဇာနဲ့ ထိုးလှဲပစ်တယ်။ အုန်းပင် ၇ဝဝ လောက်ရှိတယ်။ ကိုကိုးကျွန်းမှာရှိတဲ့ အုန်းပင်တွေက တစ်ပင်မှာ အလုံး ၃ဝဝ ကျော် ၄ဝဝ လောက် သီးတော့ အုန်းသီး အလွန်ပေါတယ်။ အဲဒီမှာ ဘူလ်ဒိုဇာမောင်းတဲ့ တပ်သားက အုန်းသီးတွေတင်လာပြီး သံဆူးကြိုး ကနေ ငတ်နေတဲ့ ကျွန်တော်တို့ကို ပေးတာတောင် အစောင့်ထောင်ကြပ်က ပေးခွင့်မပြုဘဲ ဖမ်းပြီး ရုံးတင်သေးတယ်။

● ပထမကိုကိုးကျွန်း ရောက်ကြသူများ
ကျွန်တော်တို့ကျွန်းမှာ နေခဲ့ရတဲ့အခေါက်ကို ပထမကျွန်းလို့ခေါ်ကြတယ်။ ဇင်ယော် တထပ်သင်္ဘောနဲ့ ပို့တဲ့ အဲဒီအခေါက်မှာ ဗမာပြည် ကွန်မြူနစ်ပါတီက လေထီးဗိုလ်အုန်းမောင်၊ လမ်းစဉ်သတင်းအယ်ဒီတာ ကိုစောလွင်၊ ပမညတ သခင်ဗမောင်၊ မုတ္တမ သခင်ဗတင်၊ ပမညတ ကိုလှဝင်း၊ ငြိမ်းချမ်းရေးအဖွဲ့ ဗိုလ်ထွန်းစိန်၊ အလံနီ ကိုကိုလေးစတဲ့သူတွေ ၅၂ ယေက်ပါလာ တာပေါ့။ ကျွန်တော်တို့အပြင် ဒုတိယအသုတ်နဲ့ တတိယအသုတ် ထပ်ရောက်လာသေးတယ်။ ၁၉၅၉ ခု မတ် ၁၉ မှာ ဒုတိယအသုတ်ရောက်တယ်။ သခင်ဖေဌေး၊ ပမညတတွေနဲ့ ပုဒ်မငါး ၅ဝ ကျော်လောက် ပါတယ်။ သခင်ဖေဌေးနဲ့ ဟင်္သာ တခရိုင်က ဗကသ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုအောင်ချမ်း၊ ကိုမောင်မောင်ကြီး၊ ကိုအောင်ထွန်း၊ ပီစီပီက ကိုဖိုးဆင့်အပါအဝင် ပုဒ်မငါး အကျဉ်းသား ၂ဝ ကျော်လောက်ကို ဘိုကလေးမြို့နယ်ထဲက ဂေါ်တူးကျွန်းအကျဉ်းထောင်ကနေ ခေါ်လာတာ။




တတိကအသုတ်က ၁၉၅၉ ခု မေလ ဂ ရက်မှာ ရောက်တာပေါ့။ ပုဒ်မငါး ၂၈ ယောက်ပါတယ်။ ဗိုလ်ချုပ်အကို ဦးအောင်သန်း ဆရာဇော်ဂျီရဲ့ညီ ဖျာပုံဦးလှသောင်း၊ သခင်မြသန်း၊ သခင်ခင်ဇော်၊ ကိုခင်မောင်အုန်း၊ ကိုဖေအောင်၊ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးအဖွဲ့က ဝတ်လုံကိုထွန်းတင်၊ မြသန်းတင့်၊ ကိုတင်စိုး၊ ကိုသန်းစော၊ ဖိုးသာဘေးတို့ ပါကြတယ်။ သုံးသုတ်ပေါင်း ၁ဝဝ ကျော် ရှိတယ်။ ဒုတိယ ကိုကိုးကျွန်းဆိုတာ ဗိုလ်နေဝင်းအာဏာသိမ်းတဲ့ တော်လှန်ရေးကောင်စီတက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်တော့ အကုန်လိုက်ဖမ်းထားတဲ့ တိုင်းရင်းသားတွေ၊ ဗကသ၊ တကသ ကျောင်းသားခေါင်း ဆောင်တွေ၊ လက်ဝဲနိုင်ငံရေးသမားတွေထဲက ၂၃ဝ ကျော် ကျွန်းပို့တဲ့ အခေါက်ကို ပြောတာ။ သူတို့က ၁၉၆၉ ကနေ ၁၉၇၁ ထိ သုံးနှစ်နီးပါးကြာ ကျွန်းမှာနေခဲ့ရတာ။ ကျွန်တော်တို့ ပထမ ကျွန်းက တနှစ်ကျော်လောက်ပဲ နေခဲ့ရတာပေါ့။

● အစာငတ်ခံတိုက်ပွဲ
၁၉၅၉ ခု ဒီဇင်ဘာလ ၁ ရက်နေ့မှာ အလံနီပါတီက သခင်ဖေဋ္ဌေးက တစ်ဦးချင်းအနေနဲ့ အစာငတ်ခံတိုက်ပွဲ စတိုက်တယ်။ သူ့ရဲ့ တောင်းဆိုချက်တွေက လုံးဝလွှတ်ပေးရေး၊ ပြည်မထောင်သို့ ပြောင်းရွှေ့ပေးရေးနဲ့ ပုဒ်မ ၅ အခွင့်အရေး အပြည့်အဝ ရရှိရေး၊ ရရှိထားတဲ့ အထူးတန်းအခွင့်အရေးများ ရရှိရေးတွေပေါ့။

သခင်ဖေဋ္ဌေးက ထောင်ထဲမှာ ၁၁ နှစ်ကျော် ကြာအောင်နေနေရတဲ့သူ။ ၁၉၄၉ ခုနှစ်လောက်က အဖမ်းခံရပြီး မတရားသင်း ပုဒ်မနဲ့ ထောင် ၂ နှစ်ချထားတာ။ နှစ်စေ့တော့ လွှတ်မပေးဘဲ ပုဒ်မ ၅ နဲ့ ဆက်ပြီးတော့ ချုပ်ထားတာ။ သူက နှိပ်စက်ခံရတဲ့ ဒဏ်တွေကြောင့် ခေါင်းနဲ့ လည်ပင်းကြီးစောင်းပြီး ခြေလက်တွေ မသန်စွမ်းသူဖြစ်တယ်။ လမ်းသွားရင် တုတ်ကောက်နဲ့ထောက် နားနားပြီးသွားရတာ။ ရေချိုးတဲ့အခါ၊ ထမင်းစားတဲ့အခါ၊ နောက်ဖေးနောက်ဖီသွားတဲ့အခါ လူတစ်ယောက်အကူအညီ မပါဘဲ မဖြစ်နိုင်ဘူးပေါ့။

သူလို ဒုက္ခသည်ကြီးတစ်ယောက်ကို နှစ်ရှည်လများလည်း ဖမ်းဆီးထားသေးတယ်။ ဂေါ်တူကျွန်းထောင်ကနေ ကိုကိုးကျွန်း ထောင် ပို့ပြီးတော့လည်း ညှင်းပန်းထားသေးတယ်။ သည်းမခံနိုင်လောက်အောင် ဖြစ်နေရတော့ ထိပ်ဆုံးကနေ တိုက်ပွဲဝင် တော့ တာပေါ့။ သခင်ဖေးဋ္ဌေးက ဒီဇင်ဘာလ ၁ ရက်နေ့မှာ အစာငတ်ခံဆန္ဒပြဖို့ အာဏာပိုင်တွေကို အကြောင်းကြား လိုက်တာနဲ့ သူတို့လည်း တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတာပဲ။ သခင်ဖေဋ္ဌေးအနေနဲ့ တစ်ဦးချင်းဆုံးဖြတ်ချက်အရ လုပ်တာဖြစ်ပေမယ့် သူ့တိုက်ပွဲကို တခြားပါတီ အဖွဲ့အစည်းတွေက ထောက်ခံကြပါတယ်။ ဝန်းရံပေးဖို့ ဆုံးဖြတ်ထားကြတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မီးပြသင်္ဘောနဲ့ ဒုတိယထောင်မင်းကြီးဦးငြိမ်းလှိုင် ဗဟိုလုံခြုံရေးကောင်စီက အထူးတာဝန်နဲ့ စေလွှတ်လိုက်တဲ့ ဗိုလ်ကြီးလှမောင်တို့အပြင် တခြား ဗိုလ် ၃၊ ၄ ယောက်ပါလာတယ်။ ရောက်ရောက်ချင်းပဲ ထောင်ထဲကို လှည့်ပတ်ကြည့်ပြီး သခင်ဖေဋ္ဌေးနဲ့ သွားတွေ့တယ်။ ထောင်မင်းကြီးနဲ့ ဗိုလ်ကြီးလှမောင်တို့က သခင်ဖေဋ္ဌေးကို သည်းခံပြီး စောင့်ပေးပါ။ တောင်းဆိုချက်တွေကို စာနှင့်ရေးပြီး တောင်းဆိုကာ အစာငတ်ခံတိုက်ပွဲကိုရပ်လိုက်စေချင်တယ်။ တောင်းဆို ချက်တွေကို စဉ်းစားပေးပါမယ်ဆိုပြီး ကတိပြုဝန်ခံပြောဆိုတော့ သခင်ဖေဋ္ဌေးက အဲဒီနေ့မှာပဲ အစာငတ်ခံတိုက်ပွဲကို ရပ်ပေး လိုက်တယ်။

ပြည်မမှာလည်း အိမ်စောင့်အစိုးရသက်တမ်းပြည့်ခါနီး နောက်အစိုးရကို အာဏာလွှဲရတော့မှာတွေနဲ့ ကျွန်းတိုက်ပွဲကို ဆက် ပြီး မကြီးထွားစေချင်တာလည်းပါမှာပေါ့။ အဲဒီကာလကစပြီး ရေဒီယိုနားထောင်ခွင့်တွေ ပြန်ရတယ်။ ကျွန်းကို စရောက်က တည်းက ရုပ်သိမ်းထားတဲ့  ပုဒ်မငါး အခွင့်အရေးတွေ ပြန်ပေးတယ်ဆိုပြီး ဆေးလိပ်၊ နို့ဆီစသောပစ္စည်းတွေ ထုတ်ပေးတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့လောက် ကျတော့ ပါလီမန်ဖျက်သိမ်းလိုက်တဲ့သတင်းတွေ ရွေးကောက်ပွဲကျင်းပပေးတော့မယ်ဆိုတဲ့ ကြေညာချက်တွေကို ကြားရတော့တာပေါ့ဗျာ။

● နှုတ်ဆက်ခဲ့ပြီ ကျွန်းဌာနီ
ဒီဇင်ဘာလ ၂၃ ရက်နေ့ ညဘက်မှာ ကိုကိုးကျွန်းမှ နိုင်ငံရေးအကျဉ်းသားတွေကို ဒီဇင်ဘာလ ၃၁ ရက်နေ့အမီ ပြန်ခေါ် မည်ဖြစ်ကြောင်း ရေဒီယိုက ကြားရတယ်။ အဲဒီနေ့ကစ သင်္ဘောလာမည့်ရက်ကိုမျှော်ပြီး နိုင်ငံရေးအကျဉ်းသားတွေ ပျော်ကြ တာပေါ့။ ၈ ဆောင်ဘက်က စာရေးဆရာမြသန်းတင့်၊ ကိုတင်စိုး၊ ဘိုးသာတေး၊ ကိုခင်မောင်အုန်းတို့ လူသိုက်တွေက မြို့မ ငြိမ်းရဲ့ ပြည်တော်ဝင်သီချင်းကို သံပြိုင်ဆိုနေကြတာဘဲ။ အစောင့်ဝါဒါများတွေလည်း ဘာမှမတတ်နိုင်ဘူး။ တံခါးတွေလည်း အလိုလိုပွင့်နေပြီ။ ထောင်ဝင်းထဲမှာရှိတဲ့ အုန်းပင်တွေက အုန်းသီးတွေကိုလည်း ထောင်မှူးတွေအလစ်မှာ အစောင့်ဝါဒါတွေ ရှေ့မှာပဲ အကုန်တက်ခူးပြီး စားပစ်လိုက်ကြတာ။ 




ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ အထူးလွှတ်လိုက်တဲ့ သီဟသင်္ဘောက ကိုကိုးကျွန်း ၇ မိုင် အကျဉ်းထောင်ကို ဆိုက်ကပ်လာ တယ်။ ညနေ ၅ နာရီလောက်မှာ ထောင်က ကျွန်တော်တို့အားလုံး လူ ၁ဝဝ ကိုထုတ်ပြီး သင်္ဘောပေါ်ကို တင်ထားလိုက်တယ်။ နောက်နေ့ နံနက် ၆ နာရီခွဲလောက် ထွက်ပြီး ကျွန်းမြောက်ဖက်ဖျားလေယာဉ်ပျံကွင်းတည်ရှိတဲ့ ရွာမဘက်က တံတားဆောက် ဖို့ တိုင်းတာနေကြတဲ့ ဗမာ့ရေတပ်မတော်က အင်ဂျင်နီယာတွေ တင်ခေါ်ခဲ့တာ။ မနက် ၁ဝ နာရီလောက် ထွက်လာပြီး ရန်ကုန်ကို နောက်တစ်နေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့တစ်နာရီမှာ ရောက်တယ်။

● အင်းစိန်က နောက်ဆုံးနေ့ရက်များ
ဒီရောက်တော့ ကျွန်တော်တို့ကို အင်းစိန်ထောင်ကြီး ပို့လိုက်တာပေါ့။ ကျွန်တော်တို့ ကိုကိုးကျွန်းပြန်တွေကို သီးခြားတိုက်ထဲ မှာ ထားတယ်။ သက်ဆိုင်ရာတွေရဲ့ အထူးအမိန့်အရ သီးခြားခွဲထားတာတဲ့။ အင်းစိန်ထောင်ရောက်တော့ ထောင်ဥပဒေ အတိုင်း ခံစားခွင့်တွေ အတိအကျရတော့ စားသောက်နေထိုင်ရေးက အဆင်ပြေပါတယ်။ ဘယ်တော့လွှတ်ပေးမယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ နောက်တခု က ကိုကိုးကျွန်းထောင်ထက်ဆိုးဝါးတဲ့ ဂေါ်တူကျွန်းထောင်ပို့ပစ်မယ်ဆိုတာတွေနဲ့လည်း ခြိမ်းခြောက်တုန်းပဲ။ ထောင်ထဲက ဆိုရိုး စကားတခုရှိတယ်။ ထောင်ဆိုတာ အဝင်လွယ်သလောက် အထွက်ခက်သတဲ့။ သိပ်မှန်တာဘဲ။ ဖမ်းတုန်းက လွယ်လွယ်လေး ထည့်လိုက် တာဘဲ။ သူတို့က လွှတ်ပေးဖို့ကျတော့ နည်းမျိုးစုံနဲ့ စီစစ်လိုက်တာ။ ရိုက်နှက်၊ ခြိမ်းခြောက်၊ နိုင်ငံရေး အညွန့်ကျိုးအောင် ကတိဝန်ခံချက် လက်မှတ်တွေ ထိုးခိုင်း။ စိတ်ဓါတ်တွေ မပျက်ပျက်အောင် ငွေကြေးတွေ၊ ရာထူးတွေ၊ အခွင့်အရေးတွေနဲ့ နိုင်ငံရေးသမားတွေကို ဖျက်ဆီးပစ်တယ်ဆိုတာ စစ်အုပ်စု ထုံးစံဘဲ။

၁၉၆ဝ ခု ဇန်နဝါရီ ၁၆ ရက်နေ့မှာ တစ်သုတ်၊ မတ်လ ၃၁ ရက်နေ့မှာ တစ်သုတ် လွှတ်ပေးတာ ကျွန်တော်တို့မပါဘူး။ ကျွန် တော်တို့က လက်မှတ်လည်း မထိုးဘူး။ ကျန်တာတွေလည်း မလိုက်လျောကြတော့ နောက်ဆုံး မေလ ၁၄ ရက်နေ့ လွှတ်တဲ့ အသုတ်မှ ကျွန်တော်ရယ် ကိုစောလွင်၊ ကိုလှဝင်း၊ ကိုအောင်ဘန်း၊ ကိုခင်မောင်အုံးတို့ လွတ်လာတော့တာပါပဲ။

ထွန်းဝင်းငြိမ်း                                                
(၁၃-၉-၂ဝ၁၆)
သခင်အုန်းမြင့် (၂၈-၄-၁၉၁၈ မှ ၁၇-၉-၂ဝ၁ဝ) ကွယ်လွန်ခြင်း ၆ နှစ်မြောက် အမှတ်တရ ဂါရဝအဖြစ် ရေးသားပါတယ်။

↧

ဓာတ်ပုံ ဂျစ်တူး(မုံရွာ) - အမေစု ဂုဏ်ပြု ဒီဇိုင်း

$
0
0

ဓာတ်ပုံ ဂျစ်တူး(မုံရွာ) - အမေစု ဂုဏ်ပြု ဒီဇိုင်း
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၆

အဝါရောင်
အမေကအဝါရောင်ကို ကိုယ်စားပြု့ တဲ့ 
ဘုရား ၊ တရား ၊ သံဃာ ၊ ရတနာမြတ်သုံးပါးကို
ဦးထိပ်ပန်ဆင်သူ
အနီရောင်
အမေဟာတိုင်းပြည်နဲ့ လူမျိုးအတွက်
ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ သတ္တိရှိသူ
အစိမ်းရောင်
ကျောင်းသား ၊ လယ်သမား
တိုင်းသူပြည်သားများကို
လေးစားချစ်ခင်တန်ဖိုးထားသူ
အဖြူရောင်
အမှောင်တိုင်းပြည်ကြီးကို
အလင်းဆောင်မည့်သူ 
↧
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>