Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

တူမောင်ညို - အစွဲအလန်း နဲ့ စွဲစွဲမြဲမြဲ ရပ်တည်တာဟာ လုံးဝ ကွဲပြားခြားနားပါတယ်

$
0
0

တူမောင်ညို - အစွဲအလန်း နဲ့ စွဲစွဲမြဲမြဲ ရပ်တည်တာဟာ လုံးဝ ကွဲပြားခြားနားပါတယ်
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၆

အောက်တိုဘာလ ၁၅ ရက်နေ့၊ (NCA) စာချုပ်နှစ်ပတ်လည် အခမ်းအနားမှာ ပြောတဲ့ ကာချုပ် ဗိုလ်မင်းအောင်လှိုင်ရဲ့ပြော စကားထဲမှာ အောက်ပါ စကားရပ် ပါရှိပါတယ်။

“ကျွန်တော်တို့ဟာ ဒီမိုကရေစီလက်ခံတယ်ဆိုရင် ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်ကိုင်လမ်းစဉ်အပေါ် အစွဲ အလန်းကို ဖြတ်တောက်ပစ်ဖို့ လိုမှာဖြစ်ပါတယ် ”

အဲဒီစကားရပ်ကို ဝေဖန်ဆန်းစစ်ပါ့မယ်။

ရှင်းရှင်းလင်းလင်း ကြိုတင်ပြောလိုတာ တစ်ချက်ရှိပါတယ်။

အဲဒီအချက်က ဝေဖန်ဆန်းစစ်မယ့်အထဲမှာပါရှိတဲ့ “လက်နက်ကိုင်လမ်းစဉ်” ဆိုတဲ့စကားရပ်ဟာ “ကားပါမစ်” ကို ဒူးထောက် အညံ့ခံသွားတဲ့ လမ်းစဉ်မျိုးကို ထည့်သွင်း စဉ်းစားပြောဆိုခြင်း အလျဉ်းမရှိဘူးဆိုတဲ့ အချက်ပါပဲ။

ကာချုပ်ပြောသွားတဲ့စကားကို အပိုင်း နှစ်ပိုင်းခွဲပြီး ဝေဖန်ဆန်းစစ်ပါ့မယ်။

ပထမတပိုင်းက “ ဒီမိုကရေစီကို လက်ခံတယ်ဆိုရင်” ဆိုတဲ့ အပိုင်းဖြစ်ပြီး။

ဒုတိယအပိုင်းက “ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့လက်နက်ကိုင်အစွဲအလန်း” ဆိုတဲ့အပိုင်း ဖြစ်ပါတယ်။

ပထမပိုင်း “ ဒီမိုကရေစီကို လက်ခံတယ်ဆိုရင်”

ဒီအပိုင်းကို ဝေဖန်ဆန်းစစ်တဲ့အပိုင်းမှာ ပထမဆုံးမေးရမယ့် မေးခွန်းက ဘယ်လို ဒီမိုကရေစီအမျိုးအစားလဲ ဆိုတဲ့မေးခွန်းဖြစ် ပါတယ်။

ဒီမေးခွန်းကိုဖြေတဲ့နေရာမှာ ကိုယ့်စိတ်ကူးအိပ်မက်ထဲမှာရှိတဲ့၊ အကောင်အထည်မဲ့ ဒီမိုကရေစီဆိုတာမျိုးနဲ့ ဖြေကြားလို့ မဖြစ် နိုင်ပါဘူး။ ဒီကနေ့မှာ အခြေခံဥပဒေတစ်ရပ်အဖြစ် အသက်ဝင်နေတဲ့၊ တရားဝင်နေပြီဆိုတဲ့ “၂၀၀၈ အခြေခံဥပဒေ (ဝါ) စည်းကမ်းပြည့်ဝ တဲ့ ဒီမိုကရေစီ” ဆိုတဲ့ ဘောင်ထဲကနေ ဖြေဆိုကြရပါလိမ့်မယ်။

“၂၀၀၈ အခြေခံဥပဒေ(ဝါ) စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ကို တကယ့် ဒီမိုကရေစီအဖြစ် ဘယ်လိုမှ လက်မခံနိုင်ပါဘူး။

“၂၀၀၈ အခြေခံဥပဒေ(ဝါ) စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” ဆိုတာဟာ ရွေးကောက်ပွဲကနေ ပြည်သူတစ်ဦးချင်းက မဲပြား တစ်ပြားစီ ကိုယ်စီပေးပြီး ဖော်ပြပေးအပ်လိုက်တဲ့ ရာနှုန်းပြည့်ပြည်သူ့ဆန္ဒကို၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထား သူ မဟုတ်တဲ့၊ (စစ်မှုထမ်း)ဝန်ထမ်းတစ်ဦးဖြစ်တဲ့“ကာချုပ်” ဆိုသူလူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က အချိန်မရွေးအလွယ်တကူပယ်ချပစ်နိုင်တဲ့ ဒီမိုကရေစီ ဖြစ်ပါတယ်။

ဒါဟာ “၂၀၀၈ အခြေခံဥပဒေ(ဝါ) စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” အနှစ်သာရဖြစ်ပြီး၊ ဒီအခြေခံဥပဒေထဲမှာပါတဲ့ ပုဒ်မပေါင်း ၄၅၇ ခုနဲ့ ဇယား ၅ ခု ဟာ အဲဒီအနှစ်သာရကို အကောင်အထည်ဖော်နိုင်ဖို့ ဟိုဟိုဒီဒီ ရေးဆွဲပြဋ္ဌာန်းထားတာတွေသာဖြစ်ပါတယ်။ အဓိကအကျဆုံးပုဒ်မတွေကို ပုဒ်မ ၄၃၆(က) မှာ စာရင်းထိုးဖော်ပြထားတယ်။ အဲဒီမှာရေတွက်ဖော်ပြထားတဲ့ ပုဒ်မတွေကို ရွေးကောက်ပွဲ က ရွေးချယ်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်ဆိုသူတွေရဲ့များရာဆန္ဒနဲ့ ဘယ်လိုမှ ဘယ်တော့မှ ပြင်ဆင်ပြောင်းလဲနိုင်ဖို့ မဖြစ်နိုင်ပါဘူး။

“ကာချုပ်” ဆိုသူ သဘောမတူသမျှ ဘယ်လိုမှ ပြောင်းလဲပြင်ဆင်လို့မရနိုင်ဘူး။ ကာချုပ်ဆိုသူရဲ့ တစ်ဦးတစ်ယောက်ထဲက ပယ်ချတာကို ဖုံးကွယ်ဖို့အတွက် စစ်ဗိုလ် ၁၆၆ (၁၁၀ +၅၆) ဦး အဖြစ် လွှတ်တော်ထဲ ပို့ထားတာဖြစ်တယ်။ တကယ်တော့ အဲဒီ ၁၆၆ ဦး ဟာ ကာချုပ်ဆိုတဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ တသွေးတသံတမိန့်ကိုခြွင်းချက်မရှိနာခံကြရတဲ့အရုပ်ကလေးတွေမျှသာ ဖြစ်ပါတယ်။

သူတို့ရဲ့တကယ့်ဆန္ဒ၊ စိတ်ကူးစိတ်သန်းကို လွှတ်တော်ထဲမှာ ထုတ်ဖော်ပြောဆိုလို့မရဘူး။ ထမင်းစားဖိတ်ခေါ်တာတောင် ရဲရဲ မသွားဝံ့ကြဘူးမဟုတ်လား။

အဲဒီလို “ဒီမိုကရေစီ”၊ “၂၀၀၈အခြေခံဥပဒေ(ဝါ) စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ”၊ ပြည်သူ့ဆန္ဒကို စစ်တပ်ကိုင်ထားတဲ့ ကာချုပ် က အချိန်မရွေး ပစ်ပယ်၊ ဖယ်ရှား၊ ပယ်ဖျက်ပစ်နိုင်တဲ့ ဒီမိုကရေစီမျိုးကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။

အကယ်၍ ဒီစကားရပ်ကို ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုရင် နားလည်မှုတခုထားပြီး သည်းခံနားထောင်လို့ရပါ သေးတယ်။ သို့သော်လည်း ဒီစကားရပ်ကို ဒီချုပ်ပါတီ နာယကကြီးဦးတင်ဦးက ပြောတာဆိုရင်တော့ လက်ခံနိုင်စရာအကြောင်းရှိမှာ မဟုတ်ပါဘူး။ ဒီလိုပြောရတာ နောက်ခံသမိုင်းကြောင်း အခိုင်အမာရှိပါတယ်။ ဒီအပိုင်းကိုပြောမယ်ဆိုရင် ဒုတိယပိုင်းဖြစ်တဲ့ “ဒီမိုကရေစီ ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်ကိုင်အစွဲအလန်း” ဆိုတဲ့အပိုင်းကို ဝေဖန်ဆန်းစစ်ရင်းနဲ့ ပြောသွားရပါလိမ့်မယ်။

ဒုတိယအပိုင်း “ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့လက်နက်ကိုင်အစွဲအလန်း”

“ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်ကိုင်အစွဲအလန်း” တဲ့။

ဒီကနေ့ စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ပြီး နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်ပေါင်းစုံမှာ လွှမ်းမိုးခြယ်လှယ်ခွင့်ရရှိထား တဲ့ စစ်အုပ်စုဟာ နိုင်ငံရေးအာဏာကို ဘယ်နည်းနဲ့ရယူခဲ့ကြသလဲ။ ရွေးကောက်ပွဲနည်းနဲ့လား။ တကယ်တော့ ဒီမေးခွန်းဟာ မေးဖို့ တောင်မထိုက်တန်ပါဘူး။ ၁၉၄၈ ခုလွတ်လပ်ရေးရပြီးနောက် ဗမာပြည်သမိုင်းလက်တွေ့ကို ခေတ္တခဏမျှ ငဲ့စောင်းကြည့်လိုက်ရင် အရှင်း သား အကွင်းသားမြင်တွေ့ရပါလိမ့်မယ်။

၁၉၅၈ - ၅၉ မှာ ရွေးကောက်ခံ အစိုးရက အကြပ်ကိုင်ပြီး (အိမ်စောင့်အစိုးရဆိုပြီး) အာဏာသိမ်းခဲ့တာ ဘယ်သူတွေလဲ။

၁၉၆၀ ရွေးကောက်ပွဲနဲ့ အနိုင်ရလာတဲ့ (ပထစ) အစိုးရကို ဖမ်းဆီး၊ ၁၉၄၇အခြေခံဥပဒေကို ဖျက်ဆီးပစ်ခဲ့ကာ၊ ၁၉၆၂ မတ် မှာ အာဏာသိမ်းခဲ့တာဘယ်သူတွေလဲ။

၁၉၇၄ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲအတည်ပြုပြီး (မဆလ) တစ်ပါတီ၊ ဆိုရှယ်လိမ်ဝါဒနဲ့ တိုင်းပြည်နဲ့လူထုကို မွဲပြာကျ အောင်လုပ်ခဲ့တာ ဘယ်သူတွေလဲ။

၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး (ဝါ) ၁၉၈၈ ခုနှစ် အရေးအခင်းကြီးကို အကြမ်းဖက်ပစ်ခတ်နှိမ်နင်းပြီး အာဏာရ ယူခဲ့တာဘယ်သူတွေလဲ။

ဘာအခြေခံဥပဒေမှမရှိဘဲ ၁၉၈၈ ကနေ ၂၀၀၈ ခုနှစ်အထိ နှစ်ပေါင်း (၂၀) ကျော် ထင်သလို အုပ်စိုးခဲ့တာဘယ်သူတွေလဲ။ ပြည်သူတွေကို သေနတ်နဲ့ ငြိမ်ဝပ်ပိပြားအောင်လုပ်ခဲ့တာ ဘယ်သူတွေလဲ။အကြမ်းဖက်ဖိနှိပ်ခဲ့တာ ဘယ်သူတွေလဲ။

“၂၀၀၈ အခြေခံဥပဒေ” ကို စိတ်ကြိုက်ရေးပြီး အဓမ္မအတည်ပြုခဲ့တာ ဘယ်သူတွေလဲ၊ ဘယ်အဖွဲ့အစည်းလဲ။

အထက်မှာ ကောက်ခါငင်ကာစုစည်းပြလိုက်တဲ့အချက်အလက်တချို့ကို ဆန်းစစ်ကြည့်လိုက်ပါ။

ဗိုလ်နေဝင်းစစ်အုပ်စု၊ တော်လှန်ရေးကောင်စီ၊ (မဆလ) ၊ (နဝတ-နအဖ)စစ်အစိုးရ - ကြံ့ဖွံ့အစိုးရ - ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်တပ်ကို ဂုပ်ခွစီးထားတဲ့ လက်ရှိ စစ်အုပ်စု ပဲဖြစ်တယ်ဆိုတဲ့ အချက်ဟာ လယ်ပြင်မှာ ဆင်သွားတာထက် ပိုပြီး ထင်ရှားနေပါလိမ့်မယ်။

ဒါကြောင့် အဲဒီလို ဖြစ်ရပ်တွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့သူတွေက မျက်နှာပြောင်တိုက်၊ ဟိတ်ကြီးဟန်ကြီးလုပ်ပြီး၊ သူခိုးကလူ လူဟစ်သလို “ ဒီမိုကရေစီ ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်ကိုင်အစွဲအလန်း” လို့ ပြောဆိုနေတာဟာ နားခါးလှပါတယ်။ ရွံမုန်း၊ အော့ အန်ချင်စရာ ကောင်းပါတယ်။

စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ထားနိုင်သူတွေက အာဏာသိမ်းခဲ့တယ်၊ စိတ်ကြိုက် အခြေခံဥပဒေရေးခဲ့တယ်၊ အဓမ္မအတည်ပြုခဲ့တယ်၊ ဆက်လက်ပြီးတော့ စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ထားပြီး နိုင်ငံရေး၊စစ်ရေး၊ စီးပွားရေး နယ်ပယ် ပေါင်းစုံမှာ ဗိုလ်ကျလွှမ်းမိုးထားသူတွေက “ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်ကိုင်အစွဲအလန်း” ဆိုတဲ့စကားကို ပြောနေတာ ဟာ ယိုသူမရှက်မြင်သူကြားသူရှက်ဖွယ်လိလိပါ။ ဓားပြဂိုဏ်းခေါင်းဆောင်က “ဓားပြတိုက်တာ မကောင်းဘူး” လို့ တရားပြနေတာမျိုးပါပဲ။

ဒါကြောင့် ဒီလိုစကားမျိုးတွေကို ဒီမိုကရေစီဘက်ပြောင်းလဲရပ်တည်လာတဲ့ ဦးတင်ဦးကပြောရင်တောင် လက်မခံနိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောရတာပါ။ ဒေါ်အောင်ဆန်းစုကြည်က ပြောတာဆိုရင် “နားလည်မှုတခုထားပြီး သည်းခံနားထောင်လို့ရပါသေး တယ်” ဒေါ်အောင်ဆန်းစုကြည်က အထက်မှာတင်ပြခဲ့တဲ့ စစ်တပ်ကို ခါးပိုက်ဆောင်တပ်လိုလုပ်ပြီး အာဏာသိမ်းတဲ့ လှုပ်ရှားမှုတွေ မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ဖူးခြင်းလုံးဝ မရှိခဲ့လို့ပါပဲ။ ထောက်ခံအားပေးကြိုဆိုတာ မလုပ်ခဲ့ဖူးလို့ပါပဲ။

အစွဲအလန်းနဲ့ စွဲစွဲမြဲမြဲရပ်တည်တာဟာ လုံးဝကွဲပြားခြားနားတယ်၊ မတူညီဘူးဆိုတာ လူတိုင်းသိပါတယ်။

လက်နက်နဲ့အကြမ်းဖက်ဖိနှိပ် အနိုင်ကျင့် ဗိုလ်ကျတာတွေရှိနေသမျှ လက်နက်စွဲကိုင်ပြီး ခုခံတော်လှန်တာဟာ တရားမျှတပြီး ထာဝစဉ် မှန်ကန်မြဲ မှန်ကန်တယ်ဆိုတဲ့ အချက်ကိုတော့ စစ်မှန်တဲ့ဒီမိုကရေစီနဲ့စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်ရေးကို လိုလားသူ တိုင်း အနေနဲ့ စွဲစွဲမြဲမြဲစွဲကိုင်ရပ်တည်နေကြရအုံးမှာပဲဖြစ်ပါတယ်။

“၂၀၀၈ အခြေခံဥပဒေ(ဝါ) စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဟာ ဒို့လိုချင်တဲ့ ဒီမိုကရေစီပဲ၊ ဒို့လိုချင်တဲ့ တန်းတူတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို သွားနိုင်တဲ့ ဒီမိုကရေစီပဲလို့ အကောက်အယူရှိနေကြသူတွေကိုတော့ လွတ်လပ်စွာ ဘေးမဲ့ပေးလိုက်ပါတယ်။

ဒါကြောင့် စစ်မှန်တဲ့ဒီမိုကရေစီရေး၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုအရေးတို့ ဆိုတာတွေဟာ အထက်မှာ ဖော်ပြထားတဲ့ စစ်အုပ်စု အဆက်ဆက်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တွန်းလှန်ဖယ်ရှားနိုင်မှသာ အထမြောက်အောင်မြင် လာနိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့စစ်အုပ်စုဟာ “စစ်တပ်နဲ့ ၂၀၀၈ အခြေခံဥပဒေ” ကို ချုပ်ကိုင်ထားပြီး တတိုင်းတပြည်လုံးနဲ့ ပြည်သူတရပ်လုံး အပေါ် ဖိနှိပ်ချုပ်ချယ်နေတာလည်းဖြစ်ပါတယ်။


ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ဓမ္မရေစီး နဲ့ ကမ္ဘာ့ရေစီး

$
0
0

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ဓမ္မရေစီး နဲ့ ကမ္ဘာ့ရေစီး
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၆

ဆရာဇင်ဝေသော်ရဲ့ 'သီဟနာဒ'အမည်နဲ့ရေးတဲ့ ''ပါဠိစကားလုံးများနှင့် စကားပြောကြည့်ခြင်း''ဆိုတဲ့ စာလေး သူ့ဝေါပေါ်မှာ ပြန်တင်ထားတာကို ဖတ်ပြီး တွေးမိတာလေးကို ပြောမလို့ပါ၊ ''သီဟနာဒ''ဆိုတာ ခြင်္သေ့လို ကြုံးဝါးခြင်း(သို့) ရဲဝံ့ပြတ်သားစကားဆို ခြင်း''လို့ အဓိပ္ပာယ်ရတဲ့အတိုင်း သူ့စာက တိုတိုလေးပေမယ့် တကယ့် သီဟနာဒပါ။

သူ့စာမှာ - ဓမ္မနယ်ပယ်မှာ အဲ ..ဘယ်လိုပြောရမလဲ ..လူရာဝင်သွားသူ တစ်နည်း ဓမ္မအမြင်ခိုင်မာ သွားသူလို့ ဆိုရမည့် အငယ်ဆုံးအရိယာပုဂ္ဂိုလ် ''သောတာပန္န''ဆိုတာ''ဓမ္မရေစီးထဲ ရောက်သွားသူ''လို့ ခေါ်တယ်၊ ကမ္ဘာမှာ နိုင်ငံရေး, စီးပွားရေးစသည် ခိုင်မာပြီး လူရာဝင်သွားတဲ့ နိုင်ငံများကို ''ကမ္ဘာ့ရေစီးကြောင်းထဲရောက်သွားပြီ''လို့ သုံးတယ်။ ဖဲ့ကပ်ကပ်လုပ်မနေသင့်ဘူး၊ ဓမ္မရေစီး ဖြစ်ဖြစ် ကမ္ဘာ့ရေစီးဖြစ်ဖြစ် ရေစီးကြောင်းထဲ ရောက်သွားမှ ဓမ္မအရာဝင်၊ လူရာဝင်တယ်။ ယနေ့ ကမ္ဘာမှာတော့ ''ကမ္ဘာ့ရေစီး''လို့ သုံးကြတယ်၊ လမ်းကြောင်းမှန်ပေါ် ရောက်သွားခြင်းကို ဆိုလိုတယ် ..ဆိုတဲ့အကြောင်း ရေးထားတာလေးပါ။ တိုတိုလေးပဲ၊ အတော်ထိပါတယ်။ ''တစ်ကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့''ဆိုတာမျိုးပေါ့။

ဒါကို ဖတ်ပြီး ပြောချင်တာလေးက ကိုယ်တွေ့ဖြစ်ရပ်ကလေးနဲ့ စပြောရင် ပိုပြည့်စုံလိမ့်မယ်။

၁၉၇၈-ခုလောက်ကပါ၊ ဒေးဒရဲနိကာယ်သင်တန်းပြီးစ သင်တန်းမှတ်စုတွေ စုစည်းရေးသားဖို့ မိမိတို့ အညာသားဦးဇင်း လေးပါးလောက် ကျန်နေတဲ့အချိန် ရန်ကုန်ကမိတ်ဆွေ သတင်းစာဆရာတစ်ဦးက ပယ်လယ်ထဲမှာ စန္ဒားနဲ့ ငါးထောင်တဲ့အကြောင်း လေ့လာစာရေးချင်လို့ဆိုပြီးလာလို့ သူ့ကို စန္ဒားရှိရာပို့ရင်း ပင်လယ်ခရီးကို ကွင်းကျောင်းဆရာတော်က စီစဉ်ပေးတာ။

ပထမဆုံး ဒေးဒရဲကနေ တိုးမြစ် (ဧရာဝတီမြစ်)အဆုံး ပင်လယ်ဝက သံတိတ်ဆိုတဲ့ ပင်လယ်ကမ်းရွာ(တံငါရွာဆိုပါတော့) ကို ညအိပ်သွားရတယ်၊ ညပိုင်းတရားပွဲလေးလည်း လုပ်လိုက်သေးတယ်၊ ရာသီဥတုက ပုံမှန်ပါပဲ။ မနက်စော အရုဏ်တက်မှာ နံနက်ဆွမ်း စောစောကပ်ကြပြီး ခြောက်နာရီခွဲလောက် ပင်လယ်ခရီးစကြတာ။

စန္ဒားဆိုတာ ကမ်းနဲ့ ဆယ့်ခြောက်မိုင်လောက်ကွာတဲ့ ပင်လယ်ရေစီးကြောင်းမှာ အုံးပင်လုံးကြီးတွေ(ဇက်ကဖြတ်ပြီး) ခြောက်လုံးလောက်နဲ့ စိုက်ဆောက်ထားတဲ့ ငြမ်းတဲကြီးပါပဲ၊ ရေတက်ချိန်မှာ အဲဒီတဲပေါ်ကနေ ပိုက်ကြီးတွေချပြီး ရေစီးကြောင်းအတိုင်း မျှောလိုက်လာတဲ့ ငါးတွေထောင်တဲ့ နေရာပါ။

မိမိတို့အဖွဲ့အတွက် စီစဉ်ထားတဲ့ စက်လှေကြီးက စန္ဒားကနေ ငါးတွေသယ်ဖို့လုပ်တားတဲ့ အလျှာ ပေသုံးဆယ်၊ အနံ နှစ်ဆယ်ပေလောက် ကျယ်ပြီး အင်ဂျင်ပါဝါ နှစ်ရာစက် တပ်ဆင်ထားတဲ့ လှေကြီး၊ အောက်ထဲမှာ ငါးလှောင်၊ ရေမဝင်နိုင်အောင် အပေါ်က ပျဉ်အလုံဖုံး၊ အဲဒီပေါ်ကမှ နံရံခြောက်လက္မပျဉ်တစ်ချပ်စာပဲ အကာပါတဲ့ လှေပက်လက်ကြီးပေါ့၊ အဲဒီပေါ်မှာ မိမိတို့ အဖွဲ့ ရှစ်ယောက်စီးသွားကြတာ။

ကမ်းနဲ့ လေးမိုင်လောက်ရောက်တော့ လှိုင်းက တဖြေးဖြေးပုံမှန်ထက် ကြီးလာတယ်။ (နောက်မှသိရတာ ၇-နာရီ ရေဒီယို စလာလာချင်း မိုးလေဝသမုန်တိုင်း အထူးသတင်းက ကြေငြာပါသတဲ့)။ နောက်ထပ်နာရီဝက်လောက် ဆက်သွားတော့ မုန်တိုင်းက သိသိသာသာကြီးကို ပြတော့တာပဲ၊ အိမ်လုံး တောင်လုံးခန့် လှိုင်းတံပိုးကြီးများဆိုတာ စာထဲသာတွေ့ဖူးတာ၊ ခုတော့ ကိုယ်တွေ့ ကြုံတော့တာပါပဲ။

မိမိတို့ကို လိုက်ပို့တဲ့အထဲမှာ ကျောင်းအမ ဒကာမကြီး နှစ်ယောက်ပါတယ်။ သူတို့က ငိုယိုကုန်ပြီ၊ စက်လှေ အမြန်ပြန်လှည့်ဖို့ ပဲ့ကိုင်ကို အတင်း ငိုယိုပူစာနေသတဲ့။ ''ဘယ့်နှယ့်လုပ်ရမလဲ''ဆိုပြီး ပဲ့ကိုင်က မိမိကိုလာမေးတယ်။ သူကလည်း ပင်လယ်စက်လှေ ပဲ့ကိုင်နေပေမယ့် အညာသား ရေမကူးတတ်ဘူးတဲ့။

အဖွဲ့မှာ မိမိက ဆရာကြီးလိုဆိုတော့ အဆုံးအဖြတ်ခံယူတာပေါ့လေ။ ''ဒကာရေ ..ဒီနေရာမှာ မင်းက ပဲ့ကိုင်လေကွယ်၊ ငါရော ကျန်တဲ့အားလုံးက စီးသူသက်သက်ပဲ၊ မင့်အတွေ့အကြုံအရ ဘာလုပ်သင့်တယ်ဆိုတာ မင်းသာ ဆုံးဖြတ်ကွာ''ဆိုတော့ -

''လှိုင်းက သိပ်ကြီးနေပြီ၊ ဒီအချိန်နောက်ပြန်လှည့်ရင် လှိုင်းလုံးရှေ့ လှေကန့်လန့်ထိုးခံသလိုဖြစ်ပြီး ဒလိမ့်မှောက်ခုံ အားလုံး ဒုက္ခရောက်ကုန်မယ်၊ ဒီလှေက ပျဉ်အမိုး ဖုံးထားတာဆိုတော့ လှိုင်းလုံးဖုံးသွားပြီး ပြန်ပေါ်မှာ၊ နစ်အောင်အထဲ ရေမဝင်ဘူး၊ နောက်ပိုင်းက နည်းနည်းဝင်တဲ့ ရေကိုလည်း ဆယ်ကောင်အား စက်နှစ်လုံးနဲ့ စုပ်ထုတ်ထားတယ်၊ လှိုင်းလုံးကို တည့်တည့် တိုးဖြတ် ရမှာပဲဘုရား .. ဟိုးမှာ မြင်နေရတာ စန္ဒားပဲ၊ ရေစီးကြောင်းကို ခွဆောက်ထားတာ၊ အဲ့ဒီရောက်ရင် လှိုင်းမရှိတော့ဘူး၊ အေးဆေးပဲ''တဲ့။

''အဲဒီလိုဆို မင်းဆုံးဖြတ်တဲ့အတိုင်းသာ ဆက်လုပ်ကွာ''ဆိုတော့ ''အရှင်ဘုရားတို့ကိုတော့ ဒီသံကွင်းတပ်ထားတဲ့ ငုတ်လေး တွေမှာ လက်ထိပ်ခတ်ထားရမယ်ဘုရား၊ မတော်တဆ လှိုင်းလုံးအကြီးတွေ လွှမ်းရင် ပါသွားမှာစိုးလို့''ဆိုပြီး သံကွင်းမှာ အသင့် ပါလာတဲ့ ကြိုးများနဲ့ လက်ကို ချည်ပြီး သံကွင်းနဲ့တွဲစပ်ထားပါတယ်။ နောက်ပိုင်းက ဒကာမကြီးတွေကတော့ ငိုယိုပါလာခဲ့တယ်။

မိမိနဲ့အနီးကပ်မှာက မိုးကုတ်တရားပြကမ္မဋ္ဌာန်းဘုန်းကြီးတစ်ပါး ပါတယ်၊ သူက အနားကပ်ပြီး ''ဘယ်လို ဆက်လုပ်ကြမလဲ''တဲ့။ ''ခုချိန်မှာ အရှင်ဘုရား ဟောဟောနေတဲ့ ဝိပဿနာလိုပဲလေ၊ ကိုယ်က ဘာမှ လုပ်လို့ မရဘူး၊ သူလုပ်တာကိုပဲ သတိနဲ့ စောင့်ကြည့်နေရမှာ၊ ဘယ်လိုမှ မလုပ်နဲ့၊ သူလက်ထိပ်ခတ်ပေးတဲ့အတိုင်း မဖြည်ပစ်နဲ့၊ သတိနဲ့ငြိမ်ငြိမ်လိုက်ခဲ့ပေါ့''ဆိုတော့ ''ဆရာတော် ဘာများ နှလုံးသွင်းနေလဲ မေးတာပါ''တဲ့။

''ဓဇဂ္ဂသုတ်ဆိုတာ ကောင်းကင်ပေါ်မှာတောင် မြေကြီးပေါ်လို ထောက်တည်ရာရတယ်ဆိုမို့လား၊ ခုရေပြင်က မြေနဲ့ ပိုနီးပါတယ်၊ အေးဆေးပါ၊ ဓဇဂ္ဂသုတ်မှာဆိုတဲ့အတိုင်း ရတနာသုံးပါးဂုဏ် နှလုံးသွင်းလေ''ဆိုတော့ ''တပည့်တော် သံဗုဒ္ဓေကို ဆုံးအောင် ဆိုလို့မရဘူးဘုရား''တဲ့။ ''ဒီလိုဆို စာထဲပါတဲ့အတိုင်း ''နမော ဗုဒ္ဓဿ''ပဲ စိတ်ထဲက ဆိုနေ''ဆိုတော့မှ ငြိမ်သွားပြီး ပါးစပ်က လှုပ်စိ လှုပ်စိနဲ့ ဆိုနေထင်ပါရဲ့၊ ကိုယ်လည်း ဆိုနေမိပါတယ်။

အသဲယားစရာကောင်းတာကတော့ ရေစီးနဲ့ တစ်ခေါ်လောက်အလို၊ စန္ဒားနဲ့ကလည်း တစ်ဘလောက်စာလောက်အလို ရောက်နေပြီး ပြေးသာသွားလို့ရရင် ခြေလှမ်းတစ်ရာလောက် အလိုမှာပေါ့၊ လှိုင်းလုံးကြီးတွေက တကယ့် အိမ်လုံး တောင်လုံး လှေပေါ် ဝေါကနဲ ဝေါကနဲ လေးငါးလုံး ဆက်ဖုံးလိုက်တာ လက်က သံကွင်းနှစ်ခုကို မြဲမြဲဆုပ်ထားရတယ်၊ မျက်လုံးကလည်း ပင်လယ်ရေလွမ်းခံရတော့ ဖန်တွတ်ရဲစပ်နေပြီ၊ ရေစီးကြောင်းက အတော်နဲ့ မရောက်နိုင်ဖြစ်နေတာပဲ။

လှိုင်းကို ဦးတည့်တည့်နဲ့ရင်ဆိုင်ရင်း မသိမသာ တဖြည်းဖြည်းဆန်ကူးလို့ မိနစ်လေးဆယ်လောက်ကြာတော့မှ ရေစီးမြောင်း ရောက်ပါတယ်။

အား .. တကယ့်ကိုမှ အံ့သြစဖွယ်အစစ်ပဲဗျာ၊ ရေစီးကြောင်းက ပင်လယ်ကြီးထဲ ဖြတ်စီးနေတယ်သာဆိုတယ်၊ ပင်လယ်ကြီး မဟုတ်သလိုပါပဲဗျာ၊ ဘာလှိုင်းတံပိုးမှကို မရှိဘူး၊ စက်လှေကြီးကလည်း ဖျပ်ဖျပ်လူးနေတဲ့ ငါးခုံးမတစ်ကောင် ရေနက်ထဲ ပြန်ရောက် လိုက်သလို တစ်ခါတည်း ငြိမ်ကိုသွားတော့တာ။

ပါလာတဲ့ အရှင်မြတ်လေးတွေလည်း အဲဒီတော့မှပဲ ''ဟေး ''ကနဲ အော်လိုက်ကြပြီး ခပ်ထားတဲ့ ကြိုးတွေ ဖြေ၊ ထရပ်၊ စိုနေတဲ့ အပေါ်ရုံဧကသီကိုဖြန့်ပြီး နေလှန်းရင်း ပျော်ကြနဲ့ တစ်လှေလုံးလည်း အဲဒီတော့မှ အသံထွက်နိုင်ကြတယ်၊ အသက်လည်း ခုမှ ပုံမှန်ရှူနိုင်ကြ ထင်ပါရဲ့။

(နောက်မှ ပြောပြတော့ မိုးလေဝသက မုန်တိုင်းသတင်း ကြေငြာကတည်းက ကမ်းကနေ မှန်ပြောင်းနဲ့လှမ်းကြည့်နေတာ၊ လိုအပ်ရင် ကူညီဖို့ စက်လှေတစ်စီးနဲ့ ပင်လယ်ကျွမ်းကျင်သူ လေးငါးယောက်လည်း အသင့်ပြင်ဆင်ထားတာ၊ မုန်တိုင်းထဲမှာ နှစ်နာရီခွဲ ကျော်ကြာတယ်၊ အရှင်ဘုရားတို့ သင်္ကန်းတွေ ထဖြန့်မှပဲ တပည့်တော်တို့လည်း သက်ပြင်းချနိုင်တော့တယ်လို့ ပြောပါတယ်)။

အဲဒီတုန်းက လှိုင်းတွေကို ကျော်လွန်ပြီး ရေစီးထဲရောက်သွားချိန်မှာ ''လှိုင်းဒဏ်က လွတ်ပြီ''လို့ ခံစားလိုက်ရတဲ့ ဝိမုတ္တိသုခ ကတော့ ''ဘယ်လိုကိုပါပဲ''လို့ နှိုင်းယှဉ်ပြောပြစရာ စကားလုံးရော, ဥပမာရော ခုထိ ရှာမတွေ့သေးပါဘူး။ နိဗ္ဗာန်ဆိုတဲ့ ဝိမုတ္တိသုခဟာ လောကထဲမှာ ဖော်ပြစရာ ဥပမာနဲ့စကားလုံးများ မရှိတဲ့အတွက် ''လောကုတ္တရာ''လို့ ခေါ်ရတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ရေးရေး သဘောပေါက်လာသလိုလိုပဲ။

ဒါပေမယ့် ''အဲဒီ ဝိမုတ္တိသုခမျိုး နောက်ထပ်ခံစားလိုပါသေးသလား''ဆိုရင်တော့ ''နိုး''တကယ့်ကို ''နိုး''အစစ်ပါ။ ဘယ်တော့မှ မခံစားချင်တော့ဘူး။ လွတ်မြောက်မှုရဲ့ အရသာဆိုတာ မလွတ်မြောက်မှု ဆင်းရဲနဲ့ ကြုံပြီးမှ ရရှိခံစားနိုင်တာလေ၊ လွတ်မြောက်မှုကို ထပ်ခံစားချင်ရင် အဲလို ပင်လယ်ထဲ နောက်ကြောင်းပြန်လှည့်ပြီး ပင်လယ်လှိုင်းဒဏ် အလူးအလိမ့်ခံရဦးမှာဆိုတော့ ဘယ်နည်းနဲ့မှ နောက်ကြောင်း မပြန်ချင်တော့ဘူးဗျာ ..။ ဒီနေရာမှာတော့ ဖလသမာပတ်နဲ့ အကြိမ်ကြိမ်ထပ် ခံစားတယ်ဆိုတဲ့ လောကုတ္တရာ ဝိမုတ္တိသုခနဲ့ ကွာတာပေါ့လေ။

''အော် .. လောကုတ္တရာနယ်အဆုံး ရောက်ပြီးသူတွေ သံသရာကို ဘယ်တော့မှ ပြန်မလာဘူး''ဆိုတာ ဟုတ်ပေမှာပဲ။

ဒီအကြောင်း နောက်တစ်နေ့ညမှာ စပ်မိကြတော့ -

သင်တန်းနာယက တောင်တွင်းကြီးနတ်မှီဆရာတော်ဘုရားကြီးက ''ပစိဖိတ်မုဒ္ဒရာမှာ မျက်စိလည်နေတဲ့ သင်္ဘောတွေ၊ မုန်တိုင်းမိတဲ့သင်္ဘောတွေဟာ ''ခရိုစီအို''ဆိုတဲ့ ရေစီးကြောင်းကြီးတွေပေါ် ရောက်လိုက်တာနဲ့ တစ်ခါတည်း လှိုင်းလည်း ငြိမ်၊ မျက်စိလည်လည်း ပျောက်သွားတာပဲ၊ ဘယ်ရေစီးကြောင်းမှ လှိုင်းကြားပြန်ကွေ့တယ်ဆိုတာ မရှိဘူး၊ ဂျပန်ကမ်းခြေကို ဆိုက်သွားတာပဲ။

သတ္တဝါတို့ရဲ့ ခရီးကို ''သံသာရ သာဂရ = သံသရာတည်းဟူသော သမုဒ္ဒရာ၌''လို့ ဆိုသမို့လား၊ သံသရာဆိုတာ လောကဓံလှိုင်းတွေ၊ ဝါဒ ဝါဒန္တရဆိုတဲ့ အယူဝါဒလှိုင်းတွေ ဝုန်းဒိုင်းကြဲနေမှာပေါ့။ မဂ်ဆိုတဲ့ ဥာဏ်အမြင်ရရင် သမုဒ္ဒရာထဲက ရေစီးကြောင်းရောက်လိုက်သလို မျက်စိလည်စရာ၊ လမ်းမှားစရာလည်း မရှိတော့ဘူး၊ နိဗ္ဗာန်ဆိုတဲ့ ကမ်းကို တန်းနေတာပဲ၊ အဲဒါ ''သောတာပန္န = ရေစီးကြောင်းပေါ်ရောက်တယ်''လို့ တင်စားတာပေါ့''ဆိုတဲ့အကြောင်း အကျယ်တဝင့် ရှင်းပြပါတယ်။

ဆရာဇင်ဝေသော်စာကို ဖတ်ပြီး ဒီကိုယ်တွေ့လေးတွေ ပြန်တွေးရင်း ဆက်ပြီး စဉ်းစားနေမိတာကတော့ -

ခုဆို ရွှေပြည်ကြီးက ပြီးပြည့်စုံတဲ့ ဒီမိုကရေစီဆိုတဲ့ ကမ္ဘာ့ရေစီးဆီ ဦးတည်မိခါစရှိပါသေးတယ်။ ဖြစ်ခဲ့ပြီးတဲ့ လှိုင်းအရှိန်တွေ မငြိမ်သက်သေးသလို ရေစီးကြောင်း မဟုတ်တဲ့ ပင်လယ်ပြင်ကြီးကလည်း မုန်တိုင်းအသစ် လှိုင်းအသစ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် ရုန်းကန်နေရဆဲပါ။

ကိုယ့်ဝန်းကျင်မှာ ကမ္ဘာ့ရေစီးထဲရောက်နေပြီလို့ ဆိုနိုင်တဲ့ နိုင်ငံတွေကလည်း ခေတ်ပေါ်အင်တာနက်တို့ကဆင့် တွေ့မြင် ကြားသိနေရတော့ အသဲတယားယားနဲ့ အားမလို အားမရဖြစ်ကြတာကို စာနာနားလည်မိပါတယ်။

ဒါပေမယ့် တစ်ခေါ်လောက်ခရီးလေးကို နာရီနဲ့ချီပြီး သွားခဲ့ရတဲ့ အတွေ့အကြုံလေးအရ သည်းခံဇွဲသန်ရမည့် အချိန်တွေကိုလည်း မှန်းဆမိပါတယ်။ (မှန်းဆနားလည်ပေးကြရမှာပါ)။

လှိုင်းလုံးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန်မှာ စက်လှေပဲ့ကိုင်ဆရာ ပြောတဲ့ စကားလိုပေါ့လေ ..''ခုချိန်မှာ နောက်ကြောင်း ပြန်လှည့်လိုက်လို့ကတော့ လှိုင်းရှေ့မှာ အလျှားလိုက် စင်းပေးလိုက်သလို ဒလိမ့်ကောက်ကွေး နစ်သွားမည့်အရေးက ပိုလို့အလေး ထားစရာပါ။

(ဒီအတွေးစလေး ဖော်ပေးတဲ့ ဆရာဇင်ရေ ... ကျေးဇူးပါနော် ..။)

အပ္ပမာဒေန သမ္ပာဒေထ

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

၃ဝ-၁ဝ-၂ဝ၁၆



ကာတွန်း ဂျော်ဒီး - သင့်မြတ်ရေး မေတ္တာရေစင်

$
0
0

ကာတွန်း ဂျော်ဒီး - သင့်မြတ်ရေး မေတ္တာရေစင်
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၆

လက်ျာဝင်း ● ဦးဝင်းထိန်ရေး ဗိုလ်ကြီးအုန်းကျော်မြင့် (သို့မဟုတ်) အမှောင်၏အတွင်းသား

$
0
0



လက်ျာဝင်း ● ဦးဝင်းထိန်ရေး ဗိုလ်ကြီးအုန်းကျော်မြင့် (သို့မဟုတ်) အမှောင်၏အတွင်းသား
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂ဝ၁၆

"အဲ့ဒီနေ့က ညနေငါးနာရီလောက်ပေါ့၊ ထမင်းစားပြီး၊ အထဲဝင်ပြီး အေးအေးဆေးဆေးနေဖို့ တံခါးပိတ် ခါနီးမှာ ခဲလုံးကျ လာတယ်။ ကျွန်တော်အပေါ်တက်ကြည့်တော့ မြင်တယ်။ အခုအုန်းကျော်မြင့်ကို သရဏဂုံ တင်နေတယ်တဲ့၊ ကျွန်တော်စိတ် မကောင်းဘူး၊ ဒီနေ့ညတော့ စီရင်တော့မှာပဲတဲ့။ မနက်မိုးလင်းတဲ့အခါ တခါ ကျောင်းသားတွေက ခဲလုံးပေါက်ပြီးပြောတယ်။ ညတုန်းက အုန်းကျော်မြင့်ဟာ ရဲရဲဝံ့ဝံ့နဲ့ စီရင်တာကို ခံသွားပြီတဲ့၊ ကျွန်တော် အင်မတန်ကို စိတ်မကောင်းဖြစ်ရပါတယ်။"

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး၏ ပြောစကား ကောက်နုတ်ချက်
ဗိုလ်ကြီးဟောင်း (ဦး) ဝင်းထိန် ၏ ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှုစာအုပ်မိတ်ဆက်ပွဲ
(၁၉-၁ဝ-၂ဝ၁၆)

(၁)
ဗိုလ်ကြီး အုန်းကျော်မြင့်တို့ကိစ္စဖြစ်တော့ ကျွန်တော်က ကလေးပဲ ရှိပါသေးတယ်။ အိမ်မှာ အဖိုးနဲ့ အိမ်နီးနားချင်း လူကြီးတွေ စုစုပြီး အဲ့ဒီကိစ္စကို စိတ်ဝင်တစား ပြောဆိုဆွေးနွေးကြတာ၊ ရေဒီယိုစုပြီး နားထောင်ကြတာကို  ခုထိအမှတ်ရနေဆဲပါ။  အဲဒီအချိန်ကစလို့ ဗိုလ်ကြီးအုန်းကျော်မြင့်၊ ဗိုလ်ကြီးဝင်းသိန်း၊ ဗိုလ်ချုပ်ကြီးတင်ဦး စတဲ့ နာမည်တွေဟာ ကျွန်တော်နဲ့ ယဉ်ပါးခဲ့ပါတယ်။  ဘာမှန်းမသိညာမှန်းမသိ အဲဒီပုဂ္ဂိုလ်ကြီးတွေကို သဘောလည်းကျနေမိခဲ့တယ်။  အဖိုးတို့စကားဝိုင်းရဲ့ ရိုက်ခတ်မှုတွေကြောင့်လည်း ဖြစ်မှာပေါ့လေ၊ ဒါက ကြီးမှ ပြန်တွေးမိတာပါ။

ဗိုလ်ကြီးအုန်းကျော်မြင့်အကြောင်းဟာ နှစ်ပေါင်းများစွာ ဒဏ္ဍာရီဆန်ဆန် တည်ရှိနေခဲ့ပါတယ်။  ခရေစေ့ တွင်းကျ ဘယ်သူမှ မသိခဲ့ရပါဘူး။  ပြောဆိုခွင့်ရေးသားခွင့်လည်း ရှိမှမရှိဘဲကိုး၊ ဒီနေ့ ဒီအချိန်မှာတော့ အဲဒီ အရေးမှာ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သူ ဗိုလ်ကြီးဟောင်း ဝင်းထိန် (ဦးဝင်းထိန်) က စာတစောင်ပေတဖွဲ့ တင်ဆက် ခဲ့ပါပြီ။


ရေးသူ - ဦးဝင်းထိန် ၊ ဗိုလ်ကြီး အုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှု
(ကောင်းကင်သစ် စာပေတိုက်၊ ၂ဝ၁၆ အောက်တိုဘာ၊ တန်ဖိုး ၃,ဝဝဝ ကျပ်)



(၂)
ပထမဆုံးစာရေးသူ ဦးဝင်းထိန်ရဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်အပေါ် သဘောထားကို ခုလိုတွေ့ရပါတယ်။

"မန္တလေးတက္ကသိုလ်က ဘွဲ့ရပြီးတော့မှ ကျောင်းဆရာလုပ်ရင်းနဲ့ အရာရှိဖြစ်လာတာပေါ့။  တပ်ရောက်တော့ တပ်က တာဝန် တွေထမ်းဆောင်တော့လည်း ပြောင်မြောက်တဲ့ဆောင်ရွက်ချက်တွေ မရှိခဲ့ဘူး၊ သူ့ရဲ့ထူးခြားချက်က အရာရှိကြီးတွေလာပြီ ဆိုရင် အင်မတန်ကို ပြာပြသလဲနဲ့ ဧည့်ခံလှုပ်ရှားတတ်တဲ့ အကျင့်ရှိတယ်။  အဲဒီခေတ်အခေါ်အရတော့ အနားပြာပေါ့။  အဲဒီလို အနားပြာ ဖြစ်ခဲ့တဲ့ပုံစံကို ကျွန်တော်ကသိခဲ့တော့ တပ်မတော်မှာ အဲဒီလိုလူမျိုးက စစ်ရေးအရ ခေါင်းဆောင်ကောင်း တယောက် ဖြစ်လာစရာအကြောင်းကို မရှိဘူး။  သူက ဗိုလ်ချုပ်ကြီးကျော်ထင်ရဲ့ PSO အနေနဲ့ ကျန်တဲ့အရာရှိတွေကို ဗိုလ် ကျတယ် အနိုင်ကျင့်တယ်၊ သြဇာပြတယ်၊ သြဇာပြတဲ့အလေ့အထရှိတော့ ကျွန်တော်နဲ့က ဦးသန့်အရေးအခင်းမှာလား၊ အလုပ်သမား အရေးအခင်းမှာလား မသိဘူး၊ ကျွန်တော်တို့က စစ်ရုံးမှာနေရင်းနဲ့ အဆက်အသွယ်တွေနဲ့ ဖြစ်စဉ်တွေကို လေ့ လာရပါတယ်။ အဲဒီလို နေ့မအိပ်၊ ညမအိပ်လုပ်နေရတဲ့အခါမှာ သူက သြဇာလာပြလို့ ကျွန်တော်နဲ့ ကတောက် ကဆဖြစ်ခဲ့ရ တယ်။ အဲဒီလိုဖြစ်ခဲ့ဖူးတဲ့အပြင် သူ့အရည်အချင်းက သာမန်ဆိုတော့ အထင်ကြီးစရာမရှိဘူး…"တဲ့။

အဲဒီအချိန်ဟာ အများသိကြတဲ့ အတိုင်း အာဏာရှင်ကြီး ဦးနေဝင်း ဗမာပြည်ကို အုပ်စိုးနေတဲ့ကာလပါ။  သူ့လက်အောက်က တပ်၊ လမ်းစဉ်ပါတီ၊ နိုင်ငံတော်ကောင်စီ စတာတွေဟာ ဦးနေဝင်းနဲ့ စစ်အာဏာရှင်စနစ်ရဲ့ အကျိုးစီးပွားကိုပဲ ကာကွယ်စောင့် ရှောက်ကြရတာ ဖြစ်ပါတယ်။  တပ်က အရာရှိတွေလည်း ဒီအတိုင်းပဲပေါ့၊  အားတက်သရော စိတ်ပါလက်ပါ ကာကွယ်စောင့် ရှောက်သလား၊ မင်းတိုင်းကျေ (ခေတ်စကားအရတော့ ဖောရှော) ကာကွယ်စောင့်ရှောက်သလားဆိုတာပဲ ကွာမှာပါ။

ဦးဝင်းထိန်က ဗိုလ်ကြီးအုန်းကျော်မြင့်အပေါ်ပေးတဲ့ မှတ်ချက်တွေဟာ ဟုတ်ကောင်းဟုတ်မှာပါ။  သို့သော်လည်း ဗိုလ်ကြီး အုန်းကျော်မြင့်ဟာ စစ်အာဏာရှင်တစုကို လုပ်ကြံဖို့ကြိုးစားရင်း အသက်စွန့်သွားသူ ဖြစ်ပါတယ်။  ဗိုလ်ချုပ်ကြီး သူရဦးတင် ဦးအတွက် မခံချင်စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ပြည်သူအများရဲ့ဒုက္ခကို စာနာနားလည်မိလို့ပဲဖြစ်ဖြစ် သူ့ဘဝ၊ သူ့ရာထူး၊ သူ့အသက် ကိုပေးဆပ်သွားသူ ဖြစ်ပါတယ်။  အဲသလောက်ကြီး နှိမ့်နှိမ့်ချချ မရေးသင့်ဘူးလို့ ကျွန်တော်မြင်ပါတယ်။

စာအုပ်ရဲ့အဆုံးမှာ ဦးဝင်းထိန်က ...

"အုန်းကျော်မြင့်ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်က လူတိုင်းကိုသိတဲ့အခါကတော့ ကျွန်တော်အစမှာ ပြောခဲ့တာကတော့ အုန်း ကျော်မြင့်ကို အရာရှိချင်းယှဉ်ပြီးတော့ အထင်မကြီးတာကို ပြောခဲ့ဖူးတာရှိတယ်။ သို့သော် နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်တော့ သူက ခံစားချက်ဖြင့်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ တိုင်းပြည်ရဲ့ အပြောင်းအလဲ၊ ခေါင်းဆောင်တွေရဲ့ အပြောင်းအလဲ၊ လမ်းစဉ်ရဲ့ အပြောင်းအလဲကို လာပြီးတော့ လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဆိုတဲ့အခါ ကျတော့သမိုင်းမှာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ အတွက် တခန်းတကဏ္ဍကနေ အနစ်နာခံပြီးလုပ်သွားတဲ့ပုဂ္ဂိုလ်လို့ ကျွန်တော်ပြောရင် မှားမယ်လို့မထင်ပါဘူး"  လို့ ပြန်လည် ရေးသားခဲ့ပေမယ့် ရှေ့စကားက ကျွံသွားခဲ့ပြီးပါပြီ။

(၃)
ဗိုလ်ကြီးအုန်းကျော်မြင့်တို့အမှု ရုံးထုတ်တဲ့အခါကျတော့ ဦးဝင်းထိန်လည်း ရုံးထွက်ပြီး အစစ်ခံရပါတယ်။  တရားခွင်မှာ ဦး ဝင်းထိန်က (အခြားသက်သေတွနဲ့ မတူဘဲ) တရားခံအဖြစ် စွပ်စွဲခံထားရသူတွေကို တရင်းတနှီး နှုတ်ဆက်တယ်။  နှုတ်ဆက် တဲ့အပြင် ဗိုလ်ကြီးအုန်းကျော်မြင့်လက်ကိုဆွဲပြီး လက္ခဏာတောင်ကြည့်လိုက်သေး တယ်။  ဒါကို SB တပ်မှူး  ဒု-ဗိုလ်မှူးကြီး ဦးစိုးမြင့်ကနေ “ဟေ့လူ ကိုဝင်းထိန် ခင်ဗျားတရားခံတွေနဲ့ မရောရဘူး” လို့ ပြောတယ်။  အဲဒီမှာ ဦးဝင်းထိန်က “ကျွန်တော် ဘယ်သိမလဲဗျာ။ ခင်ဗျားတို့မှ ကြိုပြောမထားဘဲနဲ့” လို့ ပြန်ပြောပါတယ်။  ဒီကိစ္စကို SB က အထက်ကို ဘယ်လို Report တင်ခဲ့သလဲဆိုတာ ဦးဝင်းထိန်က အခုလိုရေးပြထားပါတယ်။

"ကျွန်တော်အပြင်ရောက်တော့ မျိုးမြင့်က ကျွန်တော်ကိုပြောတယ်။ မင်းက တော်တော်နောက်တဲ့ကောင်ပဲ၊ ဘာလဲကွလို့ ပြန်မေးတော့ မင်းကိုရုံးထုတ်တုန်းက ရုံးရောက်တော့ တရားခံတွေထဲက ဗိုလ်ကြီးအုန်းကျော်မြင့်ကို Congratulations လုပ် တယ်လို့ ဟိုအထဲမှာပါတယ်တဲ့။ စသုံးလုံး Report ထဲမှာ ပါတယ်တဲ့"။

(မျိုးမြင့်ဆိုတာ ဦးဝင်းထိန်ရဲ့ သူငယ်ချင်း၊ အဲဒီတုန်းက ရဲချုပ်ဦးသန်းရွှေရဲ့ PSO)

လူတွေအများမြင်ကွင်းမှာ လက္ခဏာ ခဏတဖြုတ်ယူကြည့်တာကို လက်ဆွဲနှုတ်ဆက်တယ်ဖြစ်အောင် သတင်းပို့တတ်တဲ့ စစ်အာဏာရှင်ထောက်လှမ်းရေးအဖွဲ့အစည်းတွေကြောင့် ဒုက္ခရောက်ရသူ ပြည်သူအပေါင်း ဟာ မရေမတွက်နိုင်တော့ပါဘူး။  မဆလတခေတ်လုံး ထင်ရာစိုင်းခဲ့ကြမှာပါ။ ဘာအမှန်တရားမှမသိ၊ ဘာဥပဒေမှ မရှိပါဘူး။ ဗိုလ်ကြီးအုန်းကျော်မြင့်ကို ကြိုးပေးစီရင်တာ ဥပဒေနဲ့ မညီပုံကိုလည်း ဦးဝင်းထိန်က --

"ဥပဒေရှိတယ်။ အဲဒီဥပဒေက ဘာလဲဆိုရင် သေဒဏ်ပေးတော့မယ်ဆိုလို့ရှိရင် မသေခင်တရက်မှာ သူ့ဘာသာ ရေးနဲ့ပတ် သက်ပြီးတော့ လုပ်ပေးရမယ်။ ဘုန်းကြီးနဲ့တွေ့ပြီးတော့ သီလယူတာတို့၊ ဘာတို့လုပ်ပေးရတယ်။ နောက်မိသားစုကို တနေ့ လုံး၊ တညလုံးတွေ့ခွင့်ပေးရမယ်။ စားစရာရှိရင် ဘာစားချင်လည်း လုပ်ပေးရမည်။ အဲဒီလိုဥပဒေကြောင်းအရ ရေးထားတာ ရှိသော်လည်းပဲ လုံးဝလျစ်လျူရှုပြီးတော့ ဇနီးကိုတောင်အသိမပေးဘဲ သေဒဏ်ပေးလိုက်တာပါ။ ဦးနေဝင်းရဲ့ လွန်ကဲမှုလို့ ပြောရမှာပေါ့"လို့ ရေးသားခဲ့ပါတယ်။

(၄)
"ဆရာသမားကြီးကလည်း တရက်ကျတော့ပြောတယ်။  ငါကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး ဗိုလ်ချုပ်ကြီးဖြစ်တုန်းက ငါ အထက် က ပုဂ္ဂိုလ်သမ္မတကော၊ ဝန်ကြီးချုပ်ကောပေါ့၊ အရေးယူချင်တဲ့ကိစ္စတွေကျရင် ဘယ်လို ဘယ်လိုအရေးယူ၊ လွယ်တယ်ကွာတဲ့၊ တချို့ ငါခံလိုက်ရတယ်တဲ့၊ တချို့ ငါ့နောက်ပိုင်းမှဖြစ်တဲ့လူတွေကျရင် အဲဒီလိုမဖြစ်ရအောင် ၁၉၇၄ မှာရှိတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်စေ၊ ပုဂ္ဂိုလ်သည် နိုင်ငံရေးအားဖြင့်၊ အုပ်ချုပ်ရေးအားဖြင့် အစစအရာရာမှာ ထူးထူးချွန် ချွန်ဖြစ်လို့ ဒီလိုနေရာမျိုးကို ရောက်ခဲ့တာ။ ဒီလိုလူမျိုးကိုတော့ ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် ကာကွယ်တဲ့ဥစ္စာတော့ ငါလုပ် ပေးခဲ့မယ်ဆိုတော့ အမယ်လေး ကျွန်တော်ဖြင့် ထိုင်ရှိခိုးချင်လိုက်တာ။ ရိုသေလိုက်တာ၊ ကန်တော့ချင်လိုက်တာ၊ သိပ်ချစ် သွားတာ၊ တို့ဆရာသမားကြီး တို့ကို ဒီလိုကာကွယ်စောင့်ရှောက်မှုရှိပါလားဆိုပြီး၊ ဒါပေမဲ့ အဲဒီညကျတော့ တင်ဦးပါလာ ပါတယ်။ ထွက်တော့လည်း တရားရဖို့ ကောင်းတယ် ထွက်တော့တဲ့။"

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး၏ ပြောစကား ကောက်နုတ်ချက်
ဗိုလ်ကြီးဟောင်း (ဦး) ဝင်းထိန်၏ ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှုစာအုပ်မိတ်ဆက်ပွဲ
(၁၉-၁ဝ-၂ဝ၁၆)

ဗိုလ်ချုပ်ကြီးဟောင်းသူရဦးတင်ဦးနဲ့ပတ်သက်လို့ ဦးဝင်းထိန်က သူ့စာအုပ်မှာ ခုလိုဖော်ပြခဲ့ပါတယ်။

"တပ်မတော်ကို တပ်မတော်ပီပီသသအနေနဲ့ မဟုတ်ဘဲ နိုင်ငံရေးမှာ အသုံးချတဲ့အခါမှာ တော်လှန်ရေးကောင်စီ တက်က တည်းက တပ်မတော်ဟာ ဆိုရှယ်လစ်စနစ်ကို ကာကွယ်တဲ့ တပ်မတော်အဖြစ်နဲ့ နိုင်ငံရေးဇာတ်သွင်းခဲ့တယ်။  ဦးနေဝင်းက အခါအားလျော်စွာ အာဏာ ကစားတဲ့အခါ ကျွန်တော်တို့ နာယကကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကလည်း ကစားခံရတဲ့အခါမှာ ပါသွားတာပေါ့…"တဲ့။

ဒီနေရာမှာ စကားကြုံပြောချင်တာက တော်လှန်ရေးကောင်စီခေတ်ကတည်းက တပ်မတော်ဟာ ဆိုရှယ်လစ်စနစ်ကို ကာ ကွယ်တဲ့တပ်မတော်ဖြစ်တယ်လို့ ဦးဝင်းထိန်ရေးတာ ကျွန်တော်လက်မခံပါဘူး။း (ဦးဝင်းထိန် အလွယ်ရေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။)

စစ်အာဏာရှင်စနစ်ကို ကာကွယ်တဲ့တပ်မတော်ပဲ ဖြစ်ခဲ့ပါတယ်။ သူရဦးတင်ဦး ဘယ်လိုဖြုတ်ချခံရတယ်ဆိုတာ ဦးဝင်းထိန်ရဲ့ စာအုပ်မှာ ဖော်ပြထားပြီး သူရဦးတင်ဦးရဲ့ “ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီးတဦး” (RFAအသံလွှင့်ချက်များ) စာအုပ်မှာလည်း ကျွန်တော် ဖတ်ခဲ့ဖူးပါတယ်။  ဦးနေဝင်းသား ဖြိုးဝေဝင်းရဲ့ ဆံပင်ရှည်ကို တပ်က ရဲဘော်တယောက်က အတင်းခေါ်ယူညှပ် မိလို့ ဦးနေဝင်းက အမျက်တော်ရှပါတယ်။ ဦးတင်ဦးကို မကြည်မလင်ဖြစ်ပါတယ်။  ဒါကိုမျက်တော်ပြေစေဖို့ ဦးတင်ဦးက ဗကပနယ်မြေ တစိတ်တဒေသကို သိမ်းပိုက်ပြီး ဦးနေဝင်းကို လက်ဆောင်မွန်ပြုဖို့ ကြံစည်စဉ်းစားခဲ့ပုံတွေ ဖော်ပြခဲ့တာလည်း ကျွန်တော်မှတ်မိနေပါသေးတယ်။  ဒါပေမဲ့ ဦးတင်ဦးအချိန်မရလိုက် တော့ပါဘူး။ သူ့ကို ဦးနေဝင်းက ဖြုတ်ချလိုက်ပါပြီ။

(၅)
ဒီလိုအဖြစ်အပျက်တွေကို ဖတ်ရ၊ ပြန်သတိရရတဲ့အခါတွေမှာ စစ်အာဏာရှင်စနစ်ဆိုတာ ဘယ်သူ့ကိုမှ အကျိုးမပေး၊ နောက်ဆုံးအာဏာရှင်ကိုယ်တိုင်ကိုသော်မှ အကျိုးမပေးပါလားလို့ ဆင်ခြင်ရှုမြင်မိပါတယ်။ ဗိုလ်နေဝင်းတက်လာတဲ့ နောက်ပိုင်း မှာ ဗိုလ်နေဝင်းဟာ သူနဲ့ မတိမ်းမယိမ်းစစ်ခေါင်းဆောင်တော်တော်များများ (အာဏာသိမ်းဖက်များ) ကို အကြောင်းအမျိုးမျိုးနဲ့ လက်ဦးမှုယူကာ ရှင်းလင်းပစ်ခဲ့ပါတယ်။ (ဥပမာ-ဗိုလ်အောင်ကြီး၊ ဗိုလ်စောမြင့်) မဆလဖြစ်လာတော့လည်း ဒီအတိုင်းပဲ ဆက်ကျင့်သုံးပါတယ်။ သူရဦးတင်ဦးတို့ မျက်မှန်တင်ဦးအားနဲ့ ဖြုတ်တယ်။  နောက်တော့ မျက်မှန်တင်ဦးက တိုင်းပြည်ခေါင်း ဆောင် One and Half ဆိုတာမျိုးအထိ ဖြစ်လာတော့ ဗိုလ်နေဝင်းက သူ့အတွက် အန္တရာယ်ရှိလာပြီထင်ပြီး မျက်မှန်တင်ဦးကို ရှင်းပစ်ခဲ့တယ်။ နောက် နဝတခေတ်မှာ ဗိုလ်နေဝင်းက ဦးခင်ညွန့်ကို နေရာပေးမြှောက်စားခဲ့ပြန်တယ်။ ဒီနောက်ပိုင်းကိစ္စ တွေကတော့ ပြည်သူအများသိပြီးသားပါ။ ဗိုလ်နေဝင်း၊ ဗိုလ်ခင်ညွန့်တို့ကိုယ်တိုင် ဘယ်လိုအဆုံးသတ်ခဲ့ကြသလဲဆိုတာကို ပေါ့။

ဘာတွေဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ပြည်သူအများလိုလားတဲ့ ဒီမိုကရေစီဘက်ကိုကူးပြောင်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦး တင်ဦးတို့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်တို့ကို ကျွန်တော်လေးစားတန်ဖိုး ထားပါတယ်။  ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးအတွက် ဒီထက်တိုးပြီး ကြိုးစားအားထုတ်ကြလိမ့်ဦးမယ်လို့လည်း ယုံကြည်မျှော်လင့်မိကြောင်းပါခင်ဗျာ။

လက်ျာဝင်း

ဦးဝင်းထိန် ပုံ Illustration by James Ferguson (Credit Financial Times)

ခင်ဇော်မိုး ● စိမ်းလာပါဦးမည်လား အကျွန့်မြေ

$
0
0

ခင်ဇော်မိုး ● စိမ်းလာပါဦးမည်လား အကျွန့်မြေ
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၆

အပျင်းကြီးတယ်လို့ ပြောလည်း ခံရမှာပါပဲ။ တောသူဖြစ်ပေမယ့်  တခါတလေ ယာတော၊ လယ်ခင်း သွားချင်စိတ်မရှိလှဘူး။ အဲသလို အပျင်းထူမိတဲ့အကြောင်းရင်းလည်းရှိတယ်လို့ပြောရမှာပဲ။ ရှင်းရှင်းပြောရရင်တော့ စိတ်ကုန် စိတ်ပျက်မိတာလို့ ဆိုရမှာပေါ့။ ဒီနှစ်ဆို ပိုပြီးစိတ်ကုန်စိတ်ညစ် ရတယ်။ လုပ်သမျှ သီးနှံကလည်း အဆင်မပြေလှပါဘူး။ ဘာ့ကြောင့်လဲဆိုရင်တော့ သီးနှံတွေ တွက် ရာသီမိုးမပို့လို့ပါဘဲ။ တောင်သူလယ်သမားတွေ သိပ်ကိုပင်ပန်းကြရတယ်။

အဲ့ဒီပင်ပန်းတာကိုပဲ နာမ်၊ နာမဝိသေန/ ကြိယာ၊ ကြိယာဝိသေသနကို စသဖြင့်ခွဲသလို ခွဲခြားပြရရင် ပင်ပန်းခြင်းနှစ်မျိုး ရှိတယ်။ ပထမ ကတော့ သိတဲ့အတိုင်း လူပင်ပန်းခြင်း ဖြစ်ပြီး၊ နောက်တခုကတော့ သီးနှံအဆင်မပြေခြင်းတွက် စိတ်ပင်ပန်းခြင်းပါပဲ။ ဒါနဲ့ပြောရဦးမယ်။ ကျမတို့ဘက်မှာ လယ်၊ ယာပိုင်ရုံဖြစ်ပြီး ငွေအရင်းအနှီးမရှိဘဲ လယ်ပိုင်ရှင်လုပ်မရဘူး။ လယ်ထဲထွန်ချ၊ နွားချ ၊ သီးနှံချရုံနဲ့ သီးနှံမရကြပါဘူး။ မိုးအဆင်ပြေလို့ အပင်ပေါက်လာရင်တောင် လက်တဆစ်ထက်ပိုမထွား ဘူး။ မြေမကောင်းလို့နေမှာပါလို့ ထင်မှတ်မိချင် ထင်မှတ်မိလိမ့်မယ်။ တကယ့်မြေ့သံမဏိစိုက်လည်း မြေဆီမြေသြဇာ မထည့်နိုင်ရင် သွားကြည့်စရာမလိုဘူး။ ဖြစ်ကိုမဖြစ်ထွန်းတာ။ အဲ့ဒီတော့ ကျမတို့ဒေသက တောင်သူ လယ်သမားတွေမှာ ထွန် ထယ် နွား သီးနှံချရုံမဟုတ်တော့ဘူး။ အခုခေတ်ပေါ် မြေဆီ အမျိုးအမည် သုံးကြရတယ်။ ပြီးတော့ ဆေးလည်းဖျန်းကြရ ပါတယ်။ ပြီးတော့ တပင်တပန်းစိုက်ပျိုးတဲ့ သီးနှံဈေးတွေထက် မြေသြဇာ ဆေးတွေက အဆမတန်ဈေးများလွန်းပါသေးတယ်။

တကယ့်ကို အချိန်ပြည့်အပင်ပန်းခံနိုင်မှ အရင်းအနှီးကြီးမှ သီးနှံရပါတယ်။

ကုန်ကျစရိတ်နဲ့ရတာတွက်ရင် သိပ်လည်း ကွာဟမနေဘူး။ ကိုယ့်လုပ်အားခ ဘေးမဲ့လွှတ်ထား။ အဲ့ဒီလိုအရင်းအနှီးစိုက် လုပ်အားစိုက်လို့ ရာသီမိုးပို့ပေးလို့ သီးနှံလေးတွေအဆင်ပြေပြေသိမ်းရရင် လယ်သမားတွေ အိတ်စိုက်လုပ်ရလည်း မမြင်မိ၊ မပြောကြပါဘူး။ အခုဟာက လုပ်အားစိုက်ကြရ၊ အရင်းအနှီးစိုက်ကြရ ရာသီမိုးကမပို့ဆိုတော့ မိအေးနှစ်ခါနာဖြစ်ရော။ သီးနှံအဆင်မပြေ ဖြစ်ကြတဲ့ အခါ ယာခင်းသွားရင် စိတ်ညစ်ရတာမို့ ကျမအစအခြားသူတွေအဆုံး အိမ်ပြန်လာရင် လင်းတကြီး လည်လိမ်ထားသလိုပါပဲ။  အဲ့ဒီတော့ ဆည်ရေမရသေးတဲ့ ကျမတို့ဒေသခံ လယ်သမားတွေမှာ တောယာခင်း တွေဆီ ပိုက်ရေတွင်းတွေတူးကြရပါတယ်။ ဒီမြေ၊ဒီယာ ဒီရွာမှာမွေးကြီးပြင်းလာတော့ ဒီအလုပ်ကိုပဲ   စွန့်ပစ်လိုက်ရမယ်ဆိုလည်း ဘယ်လိုမှ မလုပ်နိုင်ကြ ဘူးပေါ့။ ယာခင်းတွေတိုင်း ရေတွင်းတူးလို့မရပါဘူး။ စပါးစိုက်ရာ အင်းတွေမှာပဲ ရေတွင်းတူးလို့ ရတော့ ကုန်းလယ်တွေအတွက်သီးနှံကတော့ ရာသီမိုးပို့မှ သီးနှံရကြပါတယ်။

အရင်းအနှီးရှိတဲ့ လယ်ယာပိုင်ရှင်တွေကတော့ သီးနှံရအောင် ပိုလုပ်နိုင်ကြတာပေါ့။ လက်လုပ် လက်စားနဲ့ မြေလေးအနည်း အကျင်း ရှိသူတွေကတော့ လုပ်နိုင်သလောက်ပဲ စိုက်ထုတ်လုပ်ကြ ပါတယ်။ မိုးဦး မိုးလယ် မိုးနှောင်း တွေမှာ တခါတလေ မိုးနည်းလို့ များလို့ မိုးခေါင်လို့ ဆိုပြီး တမိုးလို တမိုးပိုနဲ့ သီးနှံအထွက်က မှန်းချက်နဲ့နှမ်းထွက် သက်သက်စင်အောင်လွဲတာတွေပဲ များကြရ ပါတယ်။ အဲသလိုဆိုရင် လူကြီးတွေလည်း တရားသဘောမမှတ်နိုင်ကြတော့ရှာ။ ချူသံပါအောင် ညည်းကြရှာပါ တယ်။ လယ်ပိုင်ယာရှင်တွေ သီးနှံရမှ အလုပ်သမားတွေလည်း အဆင်ပြေတာပေါ့။ ဒီလိုနဲ့ပဲ ငတ်တလှည့် ပြတ်တလှည့် ဆိုသလိုက များတာပါ။ ရတာလေးနဲ့စားလိုက် အရင်းနှီးထည့် လိုက်၊ ငုတ်သွားခံရလိုက်နဲ့ ဒုံရင်းဟာဒုံရင်းပါပဲလို့ ပြောချင် တယ်။ ဖွံ့ဖြိုးတိုးတက်မှု မရှိပါဘူး။ အဲ့ဒီလိုအဆင်မပြေတဲ့နှစ်တွေမှာ ရှိတဲ့သူက နှစ်လည်ခါကျူး ဆန် ဆီအပြည့်နဲ့ စားနိုင်ပေမယ့် မရှိတဲ့လက်လုပ်လက်စားအလုပ်သမားတွေမှာ ဝမ်းရေးတွက် ပူကြရပါတယ်။ စားချိန်ရောက်လို့ ထမင်းချက် စရာ ဆန်မရှိ ဆီမရှိတဲ့ဘဝတွေ ပတ်ဝန်းကျင်မှာ ကြားရတယ်။

"တအိမ်ထောင်မွဲတာ ဆယ်အိမ်ကူမရ "ဆိုသလို တခါတလေပေးကျွေးနိုင်ပေမယ့် အမြဲတစေ ဘယ်သူမှ အခြားအိမ်ထောင် တစုကို မပေးကမ်းနိုင်ကြ။ အဲဒီတော့ ရေကြည်ရာ မြက်နုရာ သွားကြရှာကြရတာပေါ့။ ဘယ်သူမဆို ကိုယ့်အိမ် ကိုယ့်ယာ ကိုယ်အသိုက်အမြုံ ကိုယ့်ဒေသကိုခွဲခွာပြီး အရပ်တပါးကို သွားလိုကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ လွမ်းရေးထက် ဝမ်းရေးခက်ကြ ရပြီမို့ ထွက်ခွာကြရတယ်။ တချို့ယောက်ျားသားတွေက ဇနီး သားမယားကိုပစ်ပြီး ကျောက်တွင်းတွေ သွားကြ။ တခြားကို ထွက်ကြနဲ့ သွားကြတယ်။
များသောအားဖြင့်တော့ သားပျိုသမီးပျိုတွေပါပဲ။ မိန်းကလေးတွေ တနယ်တကျေးကို အလုပ်လုပ် ထွက်ကြတော့တယ်။  နေပူပူမှာ ပင်ပင်ပန်းပန်းနဲ့ ကြောပူ၊ ခါးနာ၊ ချွေးပျံခံပြီး လုပ်နေကြတာ တောင် ဝမ်းရေးအဆင်မပြေမှတော့ ထွက်ခွာကြ တော့တယ်။ တချို့ ရန်ကုန်ကိုသွားကြတယ်။ အခုအများဆုံးကတော့ ထိုင်းကို ဆိုလားပဲ။ လူအယောက် (၃ဝ) လောက် သွားကြတယ်။ ပထမအရဲစွန့်သွားကြသူတွေက နှစ်လသုံးလနေ ငွေ ရှစ်သိန်း ကိုးသိန်းလွှဲကြတယ်ဆိုတော့ အားကျပါးကျ လိုက်ကြတော့တာပါပဲ။ ကုန်ကုန်ပြောရရင် ကိုယ်ပါသွားရမလိုလို အားကျမိသေး တယ်။ သူတို့ဘယ်လိုနေ ဘယ်လိုစား ဘယ်လိုပင်ပန်းတာတော့ မသိပါဘူး။ ငွေပို့နိုင်တာပဲ မဆိုးဘူးပြောရမှာ။  ဒီနှစ်အလှူပြုမယ့် ရွာအလှူလေးတွေမှာ ရှင်လောင်းရှည့်စရာ ကွမ်းတောင် ပန်းတောင်ကိုင်တွေ အိုးစည်ဒိုးပတ်ဝိုင်းတွေ ဦးရွှေရိုးတို့ ဒေါ်မိုးတို့၊ ရွှဲတိုက်မယ့် ကာလသား တသိုက် …စသဖြင့် လူတွေအကုန်အစင်နီးပါးမရှိသလောက်ဖြစ်နေပါပြီ။ သူတို့တတွေက ရွာကို မလွမ်းအားခဲ့ ရင်တောင် ရွာလမ်းမှာလျှောက်နေကျ သူတို့တတွေကို ကျမတော့ လွမ်းနေမိတယ်။ ရွာကထွက်သွားတဲ့   မသိတဲ့သူမ သိတော့ပါဘူး။ တချို့ရွာကို ပြန်လာမှပဲ "အော် နင်ဘယ်သူဘယ်ဝါမို့လား "ဆိုပြီး လူကိုမြင်မှသိတော့တဲ့သူတွေလည်း ဒုနဲ့ဒေးဖြစ်နေပြီ။

လယ်သမားတွေ၊ လက်လုပ်လက်စားတွေ အားလုံးအလုပ်လုပ်ကြပါတယ်။ တောင်သူလယ်သမား၊ တောသူတောသားတွေ ဟာ သီးနှံအတွက် နေပူမိုးရွာ မရွေးကြရပါဘူး။ မိုးထဲစိုက်ရမယ့်သီးနှံအတွက် မိုးထဲရေထဲ စိုက်ကြရပါတယ်။ မိုးထဲရေထဲလည်း သိမ်းဆည်းကြရပါ တယ်။ ဒါပေမဲ့ ဆင်းရဲခံကြရတာနဲ့ ပြန်ရတာ အထွာမမျှ။ တောင်သူလယ်သမားတွေ တော်တော်ကို စိတ်ညစ်ကြရတော့တာပေါ့။ အခုဆိုရင် စပါးလယ်တွေအားလုံး ရေလိုနေကြပါတယ်။ မိုးမရွာဘူး။ ဆည်ရေမရဘူး။ အဲ့ဒီတော့ စပါးအင်းတွေတွက်တူးထားတဲ့ ရေတွင်းတွေကနေ ရေတင်ကြရ ပါတယ်။ နားချိန်မှာ မနားရတော့ဘူး။ စက်တွေတဒုံးဒုံးနဲ့ စပါးလယ်ခင်းတွေမှာ စည်ကားနေတာ ပွဲဈေးတန်းကျလို့ပါပဲ။ သူသူငါငါ  စက်လှည်းတောထွက်တာမြင်ရင် လှမ်းပြော ကြတယ်။ "ဟေ့ကောင်ကြီး ရေနံဆီမိုးရွာပြီလား"ဆိုပြီးပေါ့။ ဒီနှစ်ဆို ပိုပြီးဆိုးပါတယ်။ လယ်ရေတွေခဏခဏ ခမ်းသွားကြလို့ ခဏခဏရေတင်ကြရပါတယ်။ တချို့လူကြီးတွေကတော့ ဒီနှစ်ငလျင်ကြောင့် မြေတွေဟာပြီး ရေခမ်းတယ်လို့လည်း တယောက်တပေါက်ပြောကြတာ စုံလို့ပါပဲ။ လယ်သမားတွေအတွက် စီးပွားရေးဟာ စိုးရိမ်အမှတ်ဖြစ်နေပါပြီ။

ကျမတို့ဒေသလို အခက်အခဲဖြစ်နေတဲ့ ဒေသတွေလည်းရှိသလောက် ရှိကြမှာပါ။ အဓိကတော့ မိုးမပို့ရင်လည်း လယ်သမားတွေအဆင်ပြေဖို့ ဆည်မြောင်းတွေဖောက်၊ လယ်တွေ ဆည်ရေ သောက်နိုင်ဖို့တွက် တာဝန်ရှိသူတွေစီမံကြဖို့ လိုအပ်နေပါပြီ။ ပြီးတော့ စိုက်ပျိုးရေး လမ်းညွှန်မှု လည်း လိုအပ်ပါတယ်။ မြို့ပြတိုးတက်နေရုံနဲ့ ကြီးပွားတဲ့နိုင်ငံ မဟုတ်ပါဘူး။ ကျေးလက်အထိ ထိုးဖောက်ပြီး တသားတည်းကျမှာသာ ကြီးပွားတဲ့နိုင်ငံဖြစ်မှာပါ။ ကျေးလက်ဒေသဖွံ့ဖြိုးမှုဟာ အဓိကရင်းမြစ်ပါ။

ကျေးလက်ဒေသဖွံ့ဖြိုးမှုအတွက် အချက်(၅)ချက်ကိုတော့  သိကြပြီးဖြစ်မှာပါ။
(၁) လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး
(၂) သောက်သုံးရေ/ရေ ဖူလုံစွာရရှိရေး
(၃) ကျန်းမာရေး အဆင့်အတန်းမြင့်မားရေး
(၄)ပညာရေး အဆင့်အတန်း မြင့်မားရေး
(၅)စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး

အဲ့ဒီအချက်အလက်တွေ ပြည့်စုံမှသာ စစ်မှန်တဲ့ကျေးလက်ဒေသဖွံ့ဖြိုးမှုတွေရှိလာမှာပါ။ ကိုယ့်ပြည်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသကို  မွန်းမံခြင်းသာလျှင် ကိုယ့်လူမျိုးကိုစောင့်ရှောက်ခြင်း မည်ပါလိမ့်မယ်။ အဲ့ဒီတော့ အဲ့ဒီအချက်အလက်တွေကို အာရုံစိုက်ဖို့လိုပါ တယ်။  ဒေသစီးပွားရေးကိုပဲ ဦးစားပေးရ ပါမယ်။ ဒါမှသာ အခြားအချက်အလက်တွေကို ပြုဆောင်လိုက်နာနိုင်ကြ မှာပါ။ ဒါကြောင့် စိုက်ပျိုး ရေးနဲ့ပတ်သက်တဲ့ စိုက်ပျိုးရေးဟောပြောပွဲတွေ ပြုကြရပါမယ်။ နည်းပေးလမ်းညွှန်ပြုကြရပါမယ်။ အခုချိန်မှာ စာပေဟောပြောပွဲထက် စိုက်ပျိုးရေးဟောပြောပွဲကပဲ လိုအပ်ပါတယ်။ ကျမ ရွာမှာပဲ ကြီးပြင်းခဲ့ရသူဖြစ်သလို လယ်သမားသမီးဖြစ်တဲ့အတွက် ဒေသခံတွေရဲ့ အကြပ်အတည်းကို ပိုနားလည်သလို အားလုံးရဲ့ခံစားမှုဟာ ကျမခံစားမှုလို့ပဲ ပြောပါရစေ။ စီးပွားရေးအဆင်ပြေလို့ သီးနှံမဖြစ်ထွန်းကြလို့ ခေါင်းမီးတောက်နေတဲ့ လယ်သမားတွေဟာ စာပေဟောပြောပွဲ မတက်နိုင် ကြရှာပါဘူး။ (ကျမ စာပေကိုစော်ကားခြင်းမဟုတ်ပါ ကျေးလက်နေလယ်သမားတွေ အကြပ် အတည်းကို ညွှန်ပြခြင်းပါ)

ကျမ စိတ်မကောင်းဖြစ်ရပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ထွက်ခွာလိုခြင်းမဟုတ်ပဲ စွန့်ခွာနေကြလို့ပါပဲ။ ကျမတို့မြေ၊ ကျမတို့ဒေသဟာ ကျမတို့လူမျိုးတွေကို ရှင်သန်နိုင်စွမ်းမရှိစေနိုင်ရော့သလား အတွေးက လူကိုချောက်ချားစေပါတယ်။

ဒါကြောင့် အဝေးမှာ ဖြစ်သလိုစား ဖြစ်သလိုနေထိုင်ပြီး မိသားစုစားဝတ်နေရေး ဖြေရှင်းနေကြရ သော ခရီးဝေးပျံကြရတဲ့ငှက်ကလေးတွေနဲ့တူတဲ့ ကျမတို့ဒေသခံပြည်သူတွေလည်း အတောင်ပံ တွေညောင်းနေရှာမယ် ထင်ပါတယ်။ (အနာတရတွေ လည်း ရှိပါလိမ့်မယ်) သူတို့နေကြရတဲ့အသိုက်တွေဟာ လုံခြုံမှုရှိပါတယ်လို့ ဘယ်သူများပြောရဲပါသလဲ။ ဥကိုစားချင်တဲ့ ကျီးမည်းတွေကတော့ အသိုက်ကို ရှာနေကြမှာပဲ။ သူတို့အသိုက်တွေလုံခြုံပါစေလို့ပဲ ကျမ ဆုတောင်းပေးနိုင်ပါတယ်။ ကျမ ဟာ ပြည်သူတယောက်ဖြစ်လို့ ဆုကိုသာပန်ခွင့်ရှိသူပေါ့။

ဒါကြောင့် ဒေသခံကျေးလက်နေ လယ်သမားတို့ရဲ့ဖြတ်သန်းနေထိုင်မှု ဘဝကိုလည်း ပြည်သူတွေအားလုံး စာနာ နားလည်လိမ့်မယ်လို့ ကျမယုံကြည်မိပါတယ်။

ခင်ဇော်မိုး
၂၅ အောက်တိုဘာ၊ ၂၀၁၆ (၁၀း၂၆ နာရီ)

မောင်တူး ● သက်ရှိပန်းချီ - အပိုင်း (၂၂)

$
0
0

မောင်တူး ● သက်ရှိပန်းချီ - အပိုင်း (၂၂)
ကျောင်းသားတပ်မတော် ရဲဘော် ကျော်အဲဖေါ ဂုဏ်ပြုစာတမ်း
(မိုးမခ) နိုဝင်ဘာ ၁၊ ၂ဝ၁၆

ငှက်ကင် စားနေပါတယ်။ ချိုးငှက်ကလေးတွေကို ထောင်ဖမ်းပြီး ပျဉ်းကတိုး ထင်းမီးခဲတွေနဲ့ကင်တယ်။ ငှက်သား အနံ့တွေ မွှေးလာလို့ ဖဲ့မြည်းကြည့်လိုက်ပြီး ဆက် စားနေမိကြပြီ။ ကျနော်နဲ့အတူ ရှိနေသူက ရဲဘော် ကျော်အဲဖေါ။ ကရင်လို ကျော်က ဗမာကလို ကို (သို့မဟုတ်) မောင်။ ကျော်= မောင်။ အဲ= ချစ်၊ ဖေါ= ပန်း။ ဒါကြောင့် ကျော်အဲဖေါ= မောင်ချစ်ပန်း။ ငှက် ကလေးတွေရဲ့ တကူကူးသံ၊ ငြိမ့်ငြောင်း ဖေါ့ပြောင်းတဲ့ ရေစီးသံ၊ ဝါးရွက်ခတ်သံကလေးတွေနဲ့ သာယာလှပနေတဲ့ စမ်းချောင်းဘေး၊  ဝါးရုံတောအုပ်တွေရဲ့ ခပ်လှမ်းလှမ်း၊ ညောင်ပင်ကြီး တပင်အောက်မှာ ငှက်ကင်တွေ စားနေကြတာပါ။ တောကြီးမျက်မည်းမှာ ကျောင်းသားတပ်မတော်သား တွေဖြစ်ကြတဲ့ ကျနော်တို့ဟာ မြို့ပေါ်မှာလို လက်ဖက်ရည်ဆိုင်မရှိ၊ မုန့်ဆိုင်မရှိတဲ့ အရပ်မှာ ရောက်နေခဲ့ကြတာလေ။ တောတွင်းရှာဖွေ စားသောက်တတ်ပါမှ ဝမ်းဝကြမယ့်အချိန်ပေါ့။ နေရာက - ကြာအင်းဆိပ်ကြီး မြို့နယ်၊ ကရင်ပြည်နယ်။ အချိန်ကတော့ ၁၉၉ဝ ခုနှစ်။ သိကြတဲ့အတိုင်း ၈၈၈၈ မှာ ကျောင်းသားတွေ တောခိုလာကြတယ်။ ကျောင်းသားကနေ စစ်သားဖြစ်လာကြတော့တာပေါ့။ တကယ်တော့ ကျောင်းသား စစ်သား၊ ကျောင်း သားတပ်မတော်သားပါ။ ၁၉၈၈ ခုနှစ် နိုဝင်္ဘာလ ၁ ရက် ကျောင်းသားတပ်မတော် စဖွဲ့တယ်။ အဲ့သည့် ငှက်ကင်စားနေချိန်က ကျောင်းသားတပ်မတော်က ၂ နှစ်သားပေါ့။ အခု ၂ဝ၁၆ ခုနှစ် နိုဝင်္ဘာ ၁ ရက်ကတော့ ကျောင်းသားတပ်မတော် ၂၈ နှစ်ပြည့်ပြီ။ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) All Burma Students’ Democratic Front (ABSDF) တည်ထောင်ခဲ့တာ ၂၈ နှစ် ပြည့်သွားပြီ။ ဒီအချိန်မှာ ကျနော်စဉ်းစားမိလိုက်တာက ၁၉၉ဝ ရွေးကောက်ပွဲ နှစ် ကျောင်းသားတပ်ဖွဲ့ပြီးစ ၂ နှစ်မြောက်က ကျော်အဲဖေါနဲ့အတူ ချိုးငှက်ကလေးတွေ ကင်စားခဲ့ကြတဲ့အကြောင်းပါ။ တော ထဲမှာ သေနတ်ကိုင်ကင်းစောင့်ချိန် ကျောင်းသားဘဝက ကျက်မှတ်ခဲ့ရတဲ့ကဗျာလေးတွေကို ပြန်ရွတ်နေမိတာလဲ ခဏခဏ ပေါ့။

နေဝင်စ ချိုးမရယ်ကူ

နေဝင်စ ချိုးမရယ်ကူ      
တောသူမလေးအဝေး၊
စာကိုသာ စာကိုငတ်လို့
ကူရှာသလော ကူသလော၊
ရေကိုသာ ရေကိုငတ်လို့ 
ကူရှာသလော ကူသလော၊
နွားကျောင်းသားငယ် ကျော့ကွင်းရယ်တယ်၊
ဘယ် ဘယ်ကို  ဘယ်ကိုရယ်မိ ခြေကိုမိလို့၊
ဘယ် ဘယ်ကို ဘယ်ကိုရယ်နှက်
လည်ပင်းအထက် ခေါင်းကိုနှက်လို့၊
ဘယ် ဘယ်ကို ဘယ်ကိုရယ်ခွဲ
ရင်ကိုခွဲလို့၊
ရှားမီးခဲတွင်၊ ရဲရဲငယ်ကင်
အကျွန် မမြင်ဝံ့ပါပြီကလား
ရွှေချိုးဖိုရယ်လေ မယ့်လင်သား။ ။


ငယ်ငယ်က ကျက်မှတ်ပြီး စာမေးပွဲမှာ ဖြေရလို့ မမေ့တဲ့ ရှေးအမည်မသိ စာဆိုရဲ့ ကဗျာပါ။ ချိုးထောင်ခဲ့တဲ့ ကျနော်တို့ဟာ ကဗျာထဲကလို နွားကျောင်းသားတွေ မဟုတ်ကြပါ။ ကျောင်းသားတပ်မတော်သားတွေ ဖြစ်ပါတယ်။ ကျော့ကွင်း ကြိုးကွင်းနဲ့ ချိုးထောင်ခဲ့တာလဲ မဟုတ်ပါ။ ညောင်ပင်ကြီးကို ဓါးနဲ့ထစ်တော့ ထွက်လာတဲ့ ညောင်စေးတွေကို ဝါးတုတ်တံတွေအပေါ်ကို သုတ်လိမ်းတယ်၊ အဲ့ဒီ ညောင်စေးတွေသုတ်ထားတဲ့ ဝါးတံတွေကို ချိုးငှက်တွေ ရေလာသောက်တတ်တဲ့ စမ်းချောင်းစပ်မှာ လိုက်ထိုးထားလိုက်တယ်။ ငှက်တွေ ရေလာသောက်တော့ အတောင်တွေကို ညောင်စေးတွေ ထိကပ်ပြီး မပျံနိုင်တော့မှ ဖမ်းယူကြတာပေါ့။ ပြီးတော့ ငှက်ကို ကင်စားကြပြီ။ ဒါက ကျနော်တတ်တာ မဟုတ်ပါဘူး။ ကရင်လူမျိုးဖြစ်တဲ့ ကျော်အဲဖေါ က လုပ်ပြတာပါ။ ဒါကြောင့်လဲ ညောင်စေးနဲ့ ငှက်ဖမ်းနည်း ရခဲ့တယ်။

ကျော်အဲဖေါဟာ ကရင်ပြည်နယ်ထဲမှာနေတယ်။ ၈၈၈၈ မှာ သူ့ရွာက သပိတ်စခန်းမှာ ဝင်သပိတ်မှောက်တယ်ပေါ့။ စစ်တပ် အာဏာသိမ်းတော့ တခြားသူငယ်ချင်းတွေနဲ့အတူ တောခိုလာတယ်။ ကျောင်းသားတပ်မတော်သား ဖြစ်လာတယ်။ သူက ပညာအရည်အချင်း သိပ်မရှိပါဘူး။ ဗမာစကားကိုတောင် သိပ်မလည်ဝယ်ဘူး။ ဒါပေမယ့် ငါးရှာ၊ ဖါးရှာ၊ ငှက်ထောင်၊ ဟင်း သီးဟင်းရွက်ရှာတာတွေမှာ ကျွမ်းကျင်တယ်။ တဲအိမ်ဆောက်၊ ဝါးခုတ်၊ နှီးဖြာစတာတွေကို သူက လုပ်တတ်တယ်။ ဓါးတ ချောင်းပေးပြီး သူ့ကို တောထဲလွှတ်ပေးလိုက်။ သူပြန်လာရင် ပလိုင်း အပြည့် စားစရာတွေပါလာမယ် ဆိုတာမျိုးလေ။ တော တွင်းတက္ကသိုလ်မှာတော့ ပါရဂူဘွဲ့ရပေါ့။ လူကောင် သေးသေး၊ ပုပုကလေး၊ စကားပြောရင် မပွင့်တပွင့်နဲ့သူ့ကို အခု ကျောင်း သားတပ်မတော်သက်တမ်း ၂၈ နှစ်မှာ သတိရနေပါတယ်။ အခုတော့ သူ မရှိတော့ပါ။ ကျောင်းသားတပ်မတော် ရှေ့တန်း တနေရာမှာ ကျဆုံးခဲ့ပါပြီ။

တပ်မတော်အစိုးရတဲ့                                                                                          
ကျောင်းသားတပ်မတော်တဲ့                                                                                     
ဘယ်နိုင်ငံမှာ ကြားဖူးလဲ
ပြည်တွင်းစစ် ၆၅ နှစ်ကျော်ပြီ                                                                                    
ဘယ်နိုင်ငံမှာ ကြားဖူးလဲ
လူမျိုးစုတိုင်းနီးပါး လက်နက်စွဲကိုင်ခဲ့ကြတယ် 
ဘယ်နိုင်ငံမှာ ကြားဖူးလဲ။                     

(မောင်အောင်ပွင့်) ABSDF ငွေရတုထုတ် ဒေါင်းအိုးဝေ မဂ္ဂဇင်းမှ - - -


ဒီနေ့မှာ ပြန်စဉ်းစားမိတာက ငါတို့ဘာလို့ ကျောင်းသားတပ်မတော်ထဲ ဝင်ပြီး စစ်တိုက်ခဲ့ကြတာလဲ။ ဘာလို့ စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြသလဲ ဆိုတာပါ။ ကျော်အဲဖေါကတော့ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ သူနေခဲ့စဉ်က အစိုးရ စစ်တပ်ရဲ့ အ ကြောင်းတွေ ပြန်ပြောပြပါတယ်။  တောတွင်းကရင်လက်နက်ကိုင်တွေကို နှိမ်နင်းဖို့ အကြောင်းပြပြီး မဆလ အစိုးရစစ်တပ် တွေ သူတို့ရွာကို မကြာမကြာလာ စခန်းချပုံတွေ၊ စစ်သားတွေလာတိုင်း ဆန်၊ ကြက်၊ ဝက်တွေ မပေးမနေရ သွားပေးကြရ တာတွေ၊ အလှည့်ကျ အထမ်းသမား လုပ်အားပေး ပေါ်တာ လိုက်ပေးကြရတာတွေ၊ အစိုးရ စစ်တပ်က ပေါ်တာခေါ်သွားပြီး မိုင်းနင်းမိလို့၊ တိုက်ပွဲအတွင်း သေနတ်မှန်လို့ သေကြရတာတွေကအစ ရွာပြင်တောထဲမှာ အဓမ္မပြုကျင့်ခံရပြီး ကရင်အမျိုး သမီးတွေ သေဆုံးသွားကြရတာတွေလဲ ပါဝင်တာပါ။ ဒီအထဲမှာ သူတို့ ကျောင်းကို အစိုးရတပ်တွေက ပိတ်ခိုင်းခဲ့လို့ စာမ သင်ကြရတာကို စိတ်အနာဆုံးပါ တဲ့။ ဒီလိုနဲ့ ၈၈၈၈ အရေးတော်ပုံကြီးအပြီး ကျောင်းသားတွေတောခိုတော့ သူလည်း ပါလာခဲ့ပါတယ်။ မောင်းပြန်သေနတ်ကိုကိုင် တိုက်ပွဲတိုင်းမှာ သူ ပါဝင်တိုက်ခိုက်ခဲ့တယ်။ ကျောင်းသားတပ်မတော် ခွပ်ဒေါင်း အလံလွှင့် စစ်ကြောင်းတွေနဲ့အတူ ဒေါနတောင်တန်း၊ စောထတောင်တန်းစတဲ့တောင်တန်းတွေကို အလီလီ ဖြတ်ကျော်ခဲ့ ဘူးပြီ။ ၈၈ ကျောင်းသားတိုင်းလဲ သိပြီးသားပါ။ ကံကော် စိန်ပန်းတွေဝေဆာလှနေတဲ့ တက္ကသိုလ်မြေမှာ ယမ်းနံ့တွေဖုံး၊ သေနတ်သံတွေလွှမ်း၊ ကျည်သင့် ကျောင်းသားကျောင်းသူတွေရဲ့ သွေးနီနီတွေ လွှမ်းခဲ့ကြရပါတယ်။ ဦးနေဝင်း စစ်တပ် အသွင်ပြောင်း တပါတီ အာဏာရှင် (မဆလ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၂၆ နှစ်ဖိနှိပ်မှုကြောင့် သူပုန်ကျောင်း သားတွေ ပေါ်ပေါက်လာတယ်လို့ ဆိုရမယ်။ ကျောင်းသားတွေကိုဖမ်း ထောင်ချ နှိပ်စက်တာတွေကတဆင့် သပိတ်စခန်း တွေဖြစ်လာပြီး နောက်တဆင့်တက် ကျောင်းသားတပ်မတော် ဖြစ်လာတယ်လို့ပြောရင် ဘယ်သူငြင်းမလဲ။

ထောင်တွေ၊ တန်းတွေလည်း
စာသင်ခန်းဖြစ်ခဲ့။
စာသင်ခန်းတွေလည်း
သပိတ် စခန်းတွေ ဖြစ်ခဲ့။
ရိုးမတောတွေလည်း
ဘဝတက္ကသိုလ်ဖြစ်ခဲ့။

ရှစ်လေးလုံး သန္နိဋ္ဌာန်
မောင်းပြန်သေနတ်
ဒေါင်းအလံ တင်ကာ တိုက်ပွဲဝင်ဖို့ရာ
မြန်မာပြည် တနံတလျား
ရိုးမတောင်တွေကြားက
ဒေါင်းတမန်များ ပြန်လာမယ်။ ။

နီလွင်သွေး (ဒဿနိက) ၈၊ ၈၊ ၂ဝဝ၇

ဒီနေ့ ကျောင်းသားတပ်မတော် ၂၈ နှစ်ပြည့် အခမ်းအနားတွေကျင်းပနေကြပါတယ်။  ကျဆုံးသွားခဲ့သူ ရဲဘော် ကျော်အဲဖေါကို သတိရနေပါတယ်။ ကျနော် ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) သတင်းထောက်လုပ်ရတော့  ABSDF ဗဟို ဒေါင်းခွင် ဋ္ဌာနချုပ်မှာ အနေများလာချိန် ကျော်အဲဖေါ ရှေ့တန်းတိုက်ပွဲတခုမှာ ကျဆုံးသွားခဲ့တာပါ။ ၂၈ နှစ်တာအတွင်း ကျဆုံး ကျောင်းသားစစ်သည် အာဇာနည် ၇၄ဝ ဦးနဲ့ ဒါဏ်ရာရ ကျောင်းသားတပ်မတော်သား ၄ဝဝ ရှိခဲ့ပါတယ်။ မြန်မာပြည် တနံတလျား ကချင်နယ်မြေကစ ကယန်း ပအိုဝ်း ကရင် ကယား မွန် စတဲ့ နယ်အသီးသီးက စစ်မြေပြင်တွေမှာ နဝတ၊ နအဖ အာဏာရှင်တွေနဲ့ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြတာပါပဲ။ ဒီထဲမှာ ရဲဘော်ထွန်းဦး၊ ရဲဘော်ခင်ထွန်းကြည်၊ ရဲဘော်ဆန်းလင်းတို့လို ဗဟိုကော်တီဝင်တွေလည်း ပါရဲ့။ ရဲဘော်တိုက်မောင်း၊ ရဲဘော် လှတိုးတို့လိုတပ်ရင်းမှူးတွေလဲ ကျဆုံးခဲ့တယ်။ ရဲဘော်ဝလုံး၊ ရဲဘော်ကျော်စွာနဲ့ ရဲဘော်ကျော်အဲဖေါတို့လဲ စွန့်လွှတ်သွားခဲ့ကြပါတယ်။

ကျော်အဲဖေါနဲ့ အတူ ငှက်တွေကင်စားကြ၊ အတူကင်းစောင့်ကြချိန် သူကပြောတယ်။ သူ့မှာ အမိုး (အမေ) ရယ်၊ အပါး (အဖေ) ရယ် ညီမလေး ၂ ယောက်ရယ် ရှိတယ်တဲ့။ သူတို့ ကို အရမ်းလွမ်းတယ်တဲ့။ ဒါကြောင့် အိမ်ပြန်ချင်ပေမဲ့ ကျောင်းသား တပ်မတော် တော်လှန်ရေး အောင်မြင်မှ သူ အိမ်ပြန်မယ်လို့ ဆိုတယ်။ ကျနော်က ငါလဲ မင်းလိုပဲ။ အားလုံးပြီးမြောက်မှ အိမ်ပြန်မယ်။ အဖေနဲ့ အမေကိုတွေ့မယ်ပေါ့။ ကျနော့် ဖေဖေကတော့ နယ်စပ်မှာ လာတွေ့လို့ တွေ့လိုက်ရပါတယ်။ မေမေ ကတော့ ဖုန်းနဲ့ စကားပြောခွင့်တော့ရပေမဲ့ ကျနော်က ပြန်မသွားနိုင်သေးလို့ မတွေ့လိုက်ရပါဘူး။ ကျနော့်မေမေဟာ အောက် တိုဘာလ ၃ ရက်က ကွယ်လွန်ခဲ့ပြီ။ ကျနော့်ထက် ပိုဆိုးသူက ကျော်အဲဖေါပါ။ သူမရှိတော့ပြီမို့ သူ့အမိုး သူ့အပါးနဲ့ ညီမ လေးတွေကို ဘယ်တော့မှ မတွေ့နိုင်တော့ဘူးလေ။

ABSDF ကျောင်းသားတပ်မတော်၂၈ နှစ်မြောက် ဒီနေ့ ဒီရက်မှာတော့ ကျဆုံးသွားတဲ့ ခွပ်ဒေါင်းရဲဘော်အားလုံးကို အလေးပြု လိုက်ပါတယ်။ ကောင်းရာသုဂတိ လားကြပါစေနော်။ ။

မောင်တူး
ဝ၁ နိုဝင်ဘာ ၂ဝ၁၆ အင်္ဂါနေ့

ကာတွန်း ဆွေသား - ပြောင်းလဲချိန် တန်ပြီ

$
0
0


ကာတွန်း ဆွေသား - ပြောင်းလဲချိန် တန်ပြီ
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၆

လူဗိုလ် - အပြစ်မဲ့သူတို့၏ ဝဋ်ကြမ္မာ

$
0
0



POS

လူဗိုလ်  - အပြစ်မဲ့သူတို့၏ ဝဋ်ကြမ္မာ 
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၆

သူဆိုလိုတာကို ကျနော်သဘောပေါက်၏။ ကျနော်က ဒီရွာမှာစာသင်တဲ့ဆရာဆိုပေမယ့်ကျောင်းသားတပ်မတော် ကဆိုတာ ရွာသားတိုင်းသိကြသည်။ သို့ကြောင့်ပင် မိုင်းအကြောင်းကို ကျနော်နားလည်လိမ့် မည်ဟုထင်ပုံရသည်။ အမှန်က ကျနော်နဲ့မနီးစပ်ခဲ့။ ကျနော်က ABSDF ရဲဘော်တယောက်ဖြစ်ပေမယ့် ကျနော်ထမ်းဆောင်ဖူးသည့် တာဝန်များထဲတွင် တိုက်ခိုက်ရေးကဏ္ဍမပါ။
(၁)

ကုန်းတက်ကိုအကျော် တိုးနိုးနိုပါတို့တဲစုကို လှမ်းမြင်လိုက်ရမှ သက်ပြင်းချမိသည်။ လျှောက်ခဲ့ရသည့် ခရီးက မိုင်၂ဝ ကျော်၊ တောင်ကုန်းအဆင်းအတက်တွေချည်း။ ခုမြင်လိုက်ရတဲ့တဲစုတွေက လယ်ခိုဒိုးသာရွာ သင်္ချိုင်းကုန်း အနီး တောင်ကြောတွေရဲ့ကြားက ပုန်းတဲတွေ။ ၁၉၉၇ - ခုနှစ် ရွာတွေမီးရှို့ခံရပြီး ရွာအနီးအနားမှာတောင်မှ နေခွင့်မရကြတဲ့ ရွာ သားတွေကို သံတောင်မြို့အနီးမှာ စုစည်းပြီးထားလို့ “စုစည်းရွာ” ဟူ၍ပေါ်ပေါက်လာခဲ့၏။ စုစည်းရွာမှာနေကြရတဲ့ မိသားစု တွေ ရိက္ခာစုနိုင်ဖို့နဲ့ ရွာပြန်ပြီး၊ ပုံမှန်ခြံလုပ်ငန်းတွေလုပ်နိုင်ဖို့အတွက် ဒီတဲစုကလေးတွေက ခေတ္တတည်းခိုစရာ … ။

“ဟာ ဆရာလူဗိုလ်၊ ဆရာတယောက်ထဲလား၊ အခု ဘယ်ကလာတာလဲ”

ကျနော်ကိုမြင်လိုက်သည်နှင့် တိုးနိုးနိုပါရဲ့ အံ့သြတကြီးနှုတ်ဆက်သံ။ သူ့နံဘေးမှာ ကျော်ကဒါ၊ ပြီးတော့ လယ်ခိုဒိုး သာ ရွာသားအချို့။

“ကျနော် ကိုမူဒိုရွာကလာတာလေ။ စုစည်းမှာနေထိုင်ရတဲ့ အခြေအနေလေးတွေသိချင်လို့ ပြန်လာလည်တာ။ ဟိုမှာ နေရထိုင်ရတာ အဆင်ပြေကြရဲ့လား”

 ၁၉၉၆ - ခုနှစ် လယ်ခိုဒိုးသာရွာမှာ ကျနော်က ကျောင်းဆရာ။ နှစ်ကုန်လို့ နွေရာသီကျောင်းပိတ်ချိန်လည်းရောက် စစ်အစိုးရတပ်များ ကရင်ပြည်နယ် သံတောင်တမြို့နယ်လုံးက ရွာတွေအားလုံးကိုမီးရှို့ခဲ့သည်။ မီးရှို့ပြီးစမှာ ရွာသားတွေက ရွာနီးတဝိုက်မှာ ပုန်းအောင်းနေကြသေးသည်။ ကျနော်လည်း လယ်ခိုဒိုးသာရွာသားတွေနဲ့အတူ၊ ငှက်ပျောပင်တွေကိုခင်း၊ ငှက်ပျောရွက်တွေကိုမိုး တဲကလေးတွေ ဆောက်ပြီး နေခဲ့ကြသည်။ ခွေးဟောင်သံကြားရင်၊ ကြက်တွန်သံကြားရင်၊ ကလေး ငိုသံကြားရင်၊ မီးခိုးထွက်တာမြင်ရင် နအဖစစ်တပ်တွေက သေနတ်နဲ့လှမ်းလှမ်းပစ်တတ်ပေမယ့် ရွာသားတွေမှာ မျက်နှာက အပြုံးမပျက်ကြ။ မွေးကတည်းကကြုံလာရသည့် အဖြစ်အပျက်တွေမို့ ရိုးနေကြပုံပေါ်၏။ တောတောင်ထဲ ဖါးရှာ၊ ငါးရှာ၊ သဘာဝအသီးအရွက်တွေ လုရှာကြရင်း ပျော်နေကြရှာသည်။

 တလလောက်ကြာမှ စုစည်းရွာကိုအားလုံးလာကြ။ မလာရင် တွေ့တဲ့လူအကုန် ပစ်မယ်ကြားတော့မှ ရွာသားတွေ တစုပြီးတစုထွက်သွားကြသည်။ နောက်ဆုံးကျနော်တယောက်ထဲ။ အစားအစာအခက်အခဲနဲ့ လူသူမရှိ တယောက်ထဲနေရ တဲ့ဒုက္ခကို ဆက်မခံနိုင်တဲ့အဆုံး ရွာသားတွေရှိနေသေးတဲ့ ကရင်နှင့်ကရင်နီ နယ်စပ်က ရွာတွေဘက်မှာသွားနေခဲ့ရသည်။

“အဆင်ပြေပါတယ်ဆရာ၊ ရောက်စက အိုးခွက်နဲ့ ဆန်ကအစထုတ်ပေးတယ်။ နောက်ပိုင်းကြတော့ ကိုယ့်ဖါသာ ကိုယ်ရှာစားရတယ်။ ဆန်ကိုတော့ ဟိုမှာဝယ်စားလိုက်၊ တခါတခါဒီမှာ လာပြန်သယ်လိုက်ပဲ။ ဟင်းချက်စရာကတော့ ဝယ် မစားနိုင်ဘူးဆရာရေ၊ ကျနော်တို့က ကျွဲလိုနွားလိုစားကြတာဆိုတော့ ဝယ်မစားနိုင်ကြဘူး၊ တွေ့ရာအသီးအရွက်တွေကို ခူးစားရင်း ကြာလာတော့အပင်တွေက အရွက်ရင့်တွေတောင် မကျန်ကြတော့ဘူး။ ဒါကြောင့်ခွင့်တောင်းပြီး ဒီမှာဟင်းစား လာပြန်ရှာနေရတယ်”

“ဆရာကကံကောင်းတယ်။ မနေ့ညက ကျနော် ဂျီတကောင်ရထားတယ်။ အခု ဝမ်းတွင်းသားတွေ ချက်ထားတယ် ဆရာရေ။ တခါထဲထမင်းစားတော့မလား”

 “ထမင်းဆာလာတာနဲ့အတော်ပဲ တိုးနိုးနိုပါရေ။ ကျနော်လည်း ဒီမှာလာပြန်နေချင်ပြီ”

 ကျော်ကဒါတို့အဖွဲ့က ထမင်းဝိုင်းပြင်နေကြပြီ။ ကျနော်ကတော့ တိုးနိုးနိုပါကိုတွေ့လိုက်ရတာနဲ့ ဟင်းကောင်းစားရ တော့မယ်လို့ ကြိုတွေးပြီးသား။ ဟိုးအရင်သူတို့အိမ်မှာ အတူတူနေခဲ့ရတဲ့အချိန်ကဆိုရင်၊ တောဝက်သား၊ ဂျီသား၊ တော ကြက်၊ ငှက်၊ ဖား၊ ငါး တမျိုးပြီးတမျိုး မရိုးနိုင်အောင်ရှာကျွေးနေကျ။ တချို့တောကောင်တွေဆိုရင် နာမည်တောင်မခေါ် တတ်ဘူး။ ကြက်လိုလို ငှက်လိုလိုအကောင်တွေ၊ ကြောင်လိုလို ကြွက်လိုလိုအကောင်တွေ အစုံပါ၏။ ရစ်တို့၊ ဖြူတို့၊ ပွေး တို့ဆိုလျှင် လယ်ခိုဒိုးသာရွာမှာနေမှ ကျနော်မြင်ဖူး၊ စားဖူးသည်။

“ကဲ လက်ဆေးဆရာရေ စားကြမယ်”

ကြမ်းပြင်မှာဝိုင်းထိုင်ကြပြီး ထုံးစံအတိုင်း မစားခင်ဝတ်ပြုဆုတောင်းကြသည်။ ဒီနယ်တဝိုက်မှာက ခရစ်ယာန်ဘာ သာဝင်တွေချည်း။ ကျနော်လည်း သူတို့နည်းတူ မျက်စိမှိတ်ငြိမ်နေလိုက်ရ၏။

“စားလို့ရပြီဆရာရေ၊ အားရပါးရစား” ဆိုမှ မျက်စိဖွင့်ကြည့်လိုက်မိသည်။

“ဆရာရော ကိုမူဒိုရွာမှာနေရတာ အဆင်ပြေရဲ့လား”

“ပြေတယ်လည်းမဟုတ်ပါဘူးဗျာ၊ လူတွေနဲ့အတူနေရတယ်၊ စိတ်ချလက်ချအိပ်လို့ရတယ်၊ ထမင်းမငတ်ဘူး ဆိုရုံ ပါပဲ။ ကျနော်လည်းဟိုရောက်မှ ပညာတွေတိုးလာတယ်။ အခုစပါးလည်းရိတ်တတ်ပြီ၊ ဆူးလည်းထိုးတတ်ပြီ တိုးနိုးနိုပါရေ၊ အခု ကျနော်ဟိုမှာ ဒီးဒါးခိုရွာ၊ မာဘွယ်ခိုရွာနဲ့ ဂေလော်ခီးရွာက ကလေးတွေကိုပါခေါ်ပြီး စာသင်ပေးနေတယ်”

“ကောင်းတယ်ဆရာ။ ကလေးတွေလည်း ရွာတွေမီးရှို့ခံထားပြီးကတည်းက တောထဲပုန်းနေကြရတော့ လူနဲ့ကို တူကြတော့မှာမဟုတ်ဘူး။ စာလည်းမသင်ရ၊ အိမ်နဲ့လည်းမနေရ”

စကားပြောရင်း တိုးနိုးနိုပါက အသည်းဖတ်ကြီးကြီးတဖတ်ကို ကျနော့်ပန်းကန်ထဲ ခပ်ထည့်ပေးကာ အူဖတ်တဖတ် ကိုခပ်၍ သူ့ပါးစပ်ထဲသို့ တန်းထည့်လိုက်၏။

(၂)

“ဝုန်း”

ထမင်းဝိုင်းမှ စကားသံများလည်းရပ်၊ ဆောင်းပုဇင်းရင်ကွဲသံများလည်းရပ်သွားကြ၏။ ရွာအနောက်ဖက်မှ အသံ ဖြစ်သည်။ ကျနော်တို့နှင့်ဆိုလျှင် အများဆုံး တမိုင်ကျော်ကျော်သာ ကွာနိုင်သည်။

“ဟာ မိုင်းသံပဲ၊ ဘာဖြစ်ပြန်ပြီလဲမသိဘူး”

“တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူးထင်တယ်၊ လက်နက်ငယ်အသံတွေ မကြားရဘူး”

ကျနော်တို့ထမင်းဝိုင်းကို လက်စသတ်လိုက်ကြပြီး သတိဝီရိယဖြင့် မီးမှုတ်၊ အသံတိတ်ကာ ငြိမ်နေ လိုက်ကြသည် ကျနော်လည်း တနေကုန်လမ်းလျှောက်ထားရသဖြင့် လှဲနေရင်းက အိပ်ပျော်လုလု။

“တိုးနိုးနိုပါ၊ တိုးနိုးနိုပါ”

ဟိုမှာ မိုရှေးမိုင်းနင်းမိလို့ ဟုလှမ်းပြောရင်း နေသာဆိုးပါတယောက် ဒါးပလိုင်းကိုလွယ်လျှက် အမောတကော ရောက် လာသည်။

“ဘာ … ဘယ်လိုဖြစ်တာလဲ”

မိုရှေးမှာ တိုးနိုးနိုပါ(တိုးနိုးနို၏အဖေ)ရဲ့ ယောက်ဖ။ တိုးနိုးနိုမို(တိုးနိုးနို၏အမေ) ရဲ့ အကို။

“ညနေက မိုရှေးကို တောကြက်ထောင်ဖို့ပြင်နေတာတွေ့တယ်။ ခိုဒိုးကားရွာဖက်သွားတဲ့လမ်းမှာ သွားထောင်မလို့ လုပ်နေလို့ သူ့ကိုသတိပေးခဲ့သေးတယ်။ အဲ့ဒီလမ်းက စစ်သားတွေဖြတ်ဖြတ်သွားတတ်လို့ ဗိုလ်သဲဒယ်အဖွဲ့က မိုင်းထောင် တဲ့ ကျော်ဂေါ်အယ်က ဒီလမ်းမှာမိုင်းထောင်မယ်လို့ အကြောင်းကြားထားပြီးသား”

ဗိုလ်သဲဒယ်ဆိုတာက ကေအန်ယူကတပ်ခွဲမှူး၊ နှုတ်ခမ်းမွှေးစစ၊ အရပ်မြင့်မြင့်နှင် ဆက်ဆံရေးကောင်းသူ။ ပညာတတ် တယောက်။

“ဒါဆိုရင် ဒီဖက်ကထောင်တဲ့မိုင်းပေါ့” လို့ ကျနော်ဖြတ်မေးလိုက်သည်။

“သေချာတာပေါ့၊ ထောင်မယ်ဆိုရင်လည်း ဘယ်နေရာလောက်မှာဆိုတာ မပြောထားဘူး။ လမ်းဆိုတာက အရှည်ကြီး။ ဘယ်နားမှာဆိုတာ ဘယ်လိုခန့်မှန်းမလဲ”

“မိုရှေးကလည်းဂရုမစိုက်တာပါ၊ ကြက်ထောင်စရာနေရာတွေအများကြီးပဲ”

အချိန်က ၁၂ - နာရီကျော်ကျော်။ လကွယ်ညမို့ တလောကလုံးမှောင်မဲနေသည်။ ဒီဇင်ဘာလမို့ အအေးဓာတ်က အားကောင်းဆဲ။ ကျနော်မျက်လုံးထဲတွင်တော့ သဘောကောင်းကောင်း၊ ခပ်အေးအေးနေတတ်သည့် ကိုမိုရှေးမျက်နှာ ကို မြင်ယောင်နေမိသည်။

“ဒီလိုနေလို့တော့မဖြစ်ဘူး၊ မိုရှေးကိုဒီည တွေ့အောင်သွားရှာမှဖြစ်မယ်။ ဆရာလည်းလိုက်ခဲ့ပေါ့”

တိုးနိုးနိုပါ စဉ်းစားနေရင်းမှ ရုတ်တရက်ပြောလိုက်သည်။ တိုးနိုးနိုပါက ကျနော့်မွေးစားအဖေ။ အသက်သိပ် မကွာလှေ ပမယ့် မိဝေးဖဝေးဖြစ်နေတဲ့ကျနော့်ကို မိဘတဦးလို သဘောထားနိုင်သူ။ သူ့သားတိုးနိုးနို ကျောင်းတက်ရင်း ဖျားလို့ ကျနော်ဆေး သွားကုဖူးသည်။

တိုးနိုးနိုအထက်ကနှစ်ယောက်နဲ့ အောက်ကတယောက် ရောဂါနဲ့ဆုံးပါးဖူးသဖြင့် သူ့ သားရောဂါ ကို ပျောက်အောင်ကုသပေးသူ၊ ကျေးဇူးရှင်အဖြစ်ကျနော့်ကို သတ်မှတ်ထားဟန်ရှိသည်။

သူ့အိမ်တွင်လာနေဖို့ ဖိတ်ခေါ်ကာ၊ သား အရင်းတယောက်လို သဘောထားခဲ့သူလည်းဖြစ်သည်။

“ဆရာမှာဆေးပါတယ်မဟုတ်လား”

တိုးနိုးနိုပါမှ ဆက်၍မေးသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျနော်နားချင်နေသည်။ တနေကုန်ပင်ပန်းခဲ့သည်နှင့် အိပ်ချိန်လွန်နေခြင်းများကြောင့် အလွန်အိပ်ချင်လှပြီ။ သို့သော်မိုရှေးက တိုးနိုးနိုပါရဲ့ယောက်ဖ၊ လယ်ခိုဒိုးသာရွာရဲ့ သင်းအုပ် ဆရာ၊ ဒါထက်အရေးကြီးတာက ကလေးငယ်(၂) ယောက်ရဲ့ဖခင်၊ သူ့မိသားစုကို စုစည်းရွာမှာထားခဲ့ပြီး ရွာမှာဟင်းစား ပြန်လာရှာစားသူ၊ တခုခုများဖြစ်သွားရင် …

“ကျနော့်မှာပါပါတယ်၊ ဆေးမစုံပေမယ့် တတ်နိုင်သလောက်ကြည့်လို့ရတာပေါ့”

“ဟုတ်တယ်ဆရာ၊ ဆရာပါလာတယ်ဆိုရင် မိုရှေးလည်းအားရှိမှာ”

“ဒါဆိုရင်မြန်မြန်သွားကြမယ်၊ ကျော်ကဒါက ဆရာ့ဆေးပုလိုင်းကိုလွယ်ကူလိုက်” ဟုပြောကာ တိုးနိုးနိုပါက
ဓားချင်းကို လွယ်၊ တူမီးကိုထမ်းကာ ရှေ့ဆုံးမှထွက်သွားသည်။ ကျနော်နှင့် ရွာသားများက နောက်မှ …။

(၃)

ရွာကိုဖြတ်တက်၍ ၁၅ - မိနစ်လောက်လျှောက်အပြီး ဓာတ်မီးရောင်နှင့် လူတစုကိုမြင်လိုက်ရသည်။ ဓာတ်မီး အလင်းေ ရာင်များမှာ အတန်းလိုက်မဟုတ်ဘဲ အစုလိုက်ဖြစ်နေခြင်းနှင့် ကရင်လိုစကားပြောသံများကိုကြားနေရသဖြင့် ရွာ သားများ ဖြစ်ကြောင်းခန့်မှန်နိုင်သည်။ ကျနော်စိုးရိမ်မိသည်မှာ ဗုန်းကွဲသံကြားသဖြင့် အစိုးရစစ်တပ်များတောနင်းနိုင်၍ တည့်တည့် တိုးမိမည်ကိုသာ။ ပို၍နီးလာလေလေ စကားသံများမှာ ပို၍ရှင်းလာလေလေဖြစ်ပြီး၊ လယ်ခိုဒိုးသာရွာသူကြီး ဦးစောထူးနှင့် ရွာသားများဖြစ်နေကြသည်။

“တိုးနိုးနိုပါရေ၊ မိုရှေးတော့ ခြေတဖက်ပြတ်သွားပြီ၊ ခုနက နေဆဲပြန်ရောက်လို့ပြောပြတယ်။ သူနဲ့အတူတူသွားတာ တဲ့၊ ကြက်ထောင်ချောက်တွေလိုက်ချပြီးအပြန် မိုရှေးက တောကြောင်သွားစောင့်မယ်လို့ပြောပြီး စားပင်ဖက်ကိုအသွား နင်းမိသွား တာတဲ့။ နေဆဲလည်းလန့်ပြီးပြန်ပြေးလာတယ်။ ခက်တာက ညကလည်းမှောင်၊ အဲ့ဒီနားတဝိုက်မှာက မိုင်းက ၂ - လုံး ကျန်သေးတယ်ဆိုတော့ သွားရမှာ ခပ်လန့်လန့်ဖြစ်နေကြတယ်”

“ဟာ ဆရာလူဗိုလ်လဲ ပါတာပဲ၊ အတော်ပဲဆရာရေ၊ ဆရာ့ကိုပဲ အားကိုးရမှာပဲ” ဟု နေဆဲမှလှမ်း ပြောသည်။

သူဆိုလိုတာကို ကျနော်သဘောပေါက်၏။ ကျနော်က ဒီရွာမှာစာသင်တဲ့ဆရာဆိုပေမယ့်ကျောင်းသားတပ်မတော် ကဆိုတာ ရွာသားတိုင်းသိကြသည်။ သို့ကြောင့်ပင် မိုင်းအကြောင်းကို ကျနော်နားလည်လိမ့် မည်ဟုထင်ပုံရသည်။ အမှန်က ကျနော်နဲ့မနီးစပ်ခဲ့။ ကျနော်က ABSDF ရဲဘော်တယောက်ဖြစ်ပေမယ့် ကျနော်ထမ်းဆောင်ဖူးသည့် တာဝန်များထဲတွင် တိုက်ခိုက်ရေးကဏ္ဍမပါ။ ဆက်သွယ်ရေး၊ ပြန်ကြားရေးနှင့် ပညာရေးဌာနများတွင်သာ လုပ်ကိုင်ခဲ့ဖူးသဖြင့် မိုင်းကိစ္စကို နား မလည်ရိုးအမှန်။

“ဆရာရေ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့လည်း ခြေမချရဲဘူးဖြစ်နေကြတယ်။ မသွားရင်လည်း သွေးထွက် လွန်ပြီး မိုရှေးတယောက် ဒုက္ခရောက်မှာ”

ကျနော်ဘာဆက်လုပ်ရမည်နည်း။ လမ်းသိသည့်ရွာသားများကလည်း ရှေ့ကမသွားရဲ။ ကျနော်ကိုယ်တိုင်က လည်း ထိုနည်းတူစွာ။ ပို၍ဆိုးသည်ကား မိုင်းကိစ္စကိုကျနော်နားမလည်ကြောင်း ရွာသားများကိုရှင်းပြရင်လည်း ကြောက်၍ ပြောသည်ဟု ထင်နိုင်သည်။ ယုံကြည်မှုကင်းမဲ့သွားနိုင်သည်။ မတတ်နိုင်တော့၊ မိမိ၏ကျေးဇူးရှင်များအပေါ် ကျေးဇူးဆပ် နိုင်ခွင့်ကို လက်ရှိအခြေအနေနဲ့ပဲ အရယူရတော့မည်။ ဘဝဘဝတွေနဲ့ရင်းပြီး ဗမာမှန်ရင် လူဆိုး၊ လူယုတ်မာဟု သတ်မှတ် ထားခဲ့ကြသော တောင်ပေါ်ဘွဲကရင်များကို ကောင်းသည့်ဗမာဆိုတာ ရှိသေးကြောင်းကို ကြုံတုန်းသက်သေပြရမည်။

“ဒါဆိုရင် ကျနော်ရှေ့ကသွားမယ်။ ခပ်လှမ်းလှမ်းကလိုက်ခဲ့ကြ၊ ကျနော်ကလမ်းမသိတော့ လမ်းခွဲရှိရင် အော်ပေး ပေါ့။ ကဲ သွားကြစို့”

 ရှေ့မှသာလျှောက်ခဲ့ရသည် ကျနော့်စိတ်မှာ လေးနေ၏။ ခြေနှစ်ဖက်မှာ ခဲကြီးကြီးဆွဲထားသလိုလို။ အရဲစွန့်၍ ရှေ့ မှထွက်ခဲ့ရပေမယ့်ဘုရားတနေမိ၏။ လမ်းကလည်းမှောင်၊ ဓာတ်မီးကလည်း အားနည်းနေသဖြင့် တောင်ကြောတလျှောက် အဆင်းအတက်ကိုလမ်းလျှောက်ရသည်မှာ မဖြောင့်။ ဖြစ်နိုင်လျှင် ဤအဖြစ်အပျက်ကို အိပ်မက်သာဖြစ်စေချင်တော့သည်။

(၄)

ဗီဒီယိုကြည့်သလို၊ ကက်ဆက်နားထောင်သလိုသာ ကျော်လို့ရရင် လက်ရှိအခြေအနေကို ကျော်လိုက်ချင်၏။

“ဆရာ … ဆရာ့ဓာတ်မီးက သိပ်အားမကောင်းဘူး၊ ကျနော့်ဓာတ်မီးနဲ့လဲပေးမယ်၊ ခဏစောင့်ပါဦး”

 နောက်မှ တိုးနိုးနိုပါအသံကြောင့် ခဏရပ်စောင့်၍ဓါတ်မီးလဲလိုက်သည်။ တိုးနိုးနိုပါ၏ ကျနော့်အပေါ် မေတ္တာထား နိုင်မှုနှင့် ဂရုတစိုက်ရှိမှုတို့ကို သတိပြုလိုက်မိသည်။ ကျနော့်မှာတော့ ခဏတာ ခုလိုရပ်နားခွင့်ရရှိလိုက်ခြင်းသည်ပင် မဟာ အခွင့်အရေးတရပ်။ စိတ်ကိုအတင်းချုပ်တည်းကာလျှောက်နေရခြင်းမှ ကင်းလွတ်ခွင့်၊ လွတ်မြောက်ခွင့်ပေတည်း။
ဓာတ်မီးလဲလိုက်ခြင်းကြောင် လမ်းကိုကောင်းကောင်းမြင်ရလေပြီ။ လမ်းမမြင်ရ၍ ဖြေးဖြေးလျှောက်နေရသည်ဟု ဆင်ခြေပေးခွင့်မရှိတော့။ ခပ်သွက်သွက်လျှောက်မှဖြစ်တော့မည်။ ကျနော့်ကိုကျနော်လည်း အမျိုးမျိုးအားပေးနေရသည်။

တပ်ရင်းမှရဲဘော်များ၏ နောက်ပြောင်ပြောခဲ့ဖူးသည်များကို ပြန်သတိရမိသည်။ မိုင်းမှာ ကိုယ်ပိုင်နံပါတ်နဲ့ နာမည် တွေ ကပ်ပါပြီးသားတဲ့။ အတွေ့အကြုံများထဲမှ စကားများဖြစ်၏။ ရှေ့ကသွားတဲ့လူမထိပဲ နောက်ကလူကိုထိတဲ့အဖြစ်တွေ၊ လူအများသွားလာနေကျနေရာနဲ့ အမြဲနေနေကျနေရာတွေမှာ ခဏလာလည်တဲ့လူကျမှထိတတ်တဲ့အဖြစ်တွေကနေ ပေါ် လာတဲ့စကားလေ။
ဟုတ်သည်။ ကံပါရင်တော့ နင်းမိမှာပဲ။ ခုမနင်းမိလည်း နောက်နင်းမိချင် နင်းမိနိုင်တာပဲ။ ဖြေးဖြေးလျှောက် လျှောက်၊ မြန်မြန်လျှောက်လျှောက်၊ နောက်ကလျှောက်လျှောက်၊ ရှေ့က
 လျှောက်လျှောက် ထိချင်တဲ့သူထိမှာပဲ။ မထူး တော့ပါဘူး၊ ရဲရဲသာလျှောက်တော့လူဗိုလ်ရေဟု စွတ်အတင်းအားပေးကာ သွက်သွက်ကလေး လျှောက်လိုက်မိသည်။

အတော်ကလေးလျှောက်မိပြီး ခပ်ညည်းညည်းအော်သံကိုကြားလိုက်ရ၍ အပြေးလေးသွားကြည့်မိသည်။ သေချာ တာပေါ့ ကိုမိုရှေး။ ညာဖက်ခြေ ဒူးဆစ်အောက်တွင်မရှိတော့။ ပက်လက်အနေအထားဖြင့်လဲနေသည်။ သွေးများမှာ မြင်မ ကောင်း။ မျက်နှာမှာလည်း စိုးရိမ်သောကများနှင့်အတူ ညှိုးငယ်နေ၏။

“ကိုမိုရှေး၊ ကျနော်ဆရာလူဗိုလ်ပါ။ ကျနော်တို့ရောက်လာကြပြီ ဘာမှအားမငယ်နဲ့။ တိုးနိုးနိုပါလည်းပါတယ်”
ဟု တတ်နိုင်သမျှ အားပေးစကားဆိုရင်း သူ့လက်တဖက်ကို ဆုပ်ကိုင်ထားလိုက်မိသည်။

“ဆရာရယ်ကယ်ပါဦး၊ ကျနော်တော့ဒုက္ခရောက်ပြီ၊ ခြေထောက်လည်းမရှိတော့ဘူး” မိုရှေးရဲ့မျက်နှာမှာ မျက်ရည် အရွှဲသား။

ဒီအချိန်မှာပဲ ရွာသားတဖွဲ့လုံးရောက်လာကြသည်။ ကျနော်က ကိုမိုရှေးခြေထောက်ကို ပါလာသည့်ပုဆိုးဖြင့် ဖြန့် အုပ်ထားပေးလိုက်သည်။ မြင်နေရလျှင် ရွာသားတယောက်ဝင်လာတိုင်း “ဟာ” “ဟယ်” အသံများနှင့် မျက်နှာပျက်ပျက် သွားတတ်မှုများကြောင့် လူနာအားငယ်သွားမှာကို စိုးရိမ်မိ၍။

ကျိန်းသေသည်မှာ ကျနော်သည် ဆေးပညာကျွမ်းကျင်သူတယောက်မဟုတ်။ အထူးသဖြင့် ခုလိုထိခိုက်ဒဏ်ရာများနှင့် ပို၍ပင်မနီးစပ်။ လေ့လာဖတ်ရှုဖူးသမျှများနှင့် အတန်အသင့်သော အတွေ့အကြုံများအရသာ ကုသနေရခြင်း ဖြစ် သည်။ ကျောင်းစာသင်ပေးရင်းက ကျောင်းသားများကို စ၍ကုသခဲ့သည်။ ပထမစားဆေးများနှင့်သာ။ နောက်ပိုင်းဖြေ ဆေး၊ အသက်ကယ်ဆေးများရှိလာမှ ထိုးဆေးများကိုအသုံးပြုခဲ့သည်။ ကျောင်းသားများကိုကုသနိုင်မှုများအပေါ် ရွာသားများမှ ယုံကြည်လက်ခံလာကြ၍ ရွာမှပင် ဆေးဝါးများဝယ်ယူပေးကာ ကုသစေခဲ့၏။ မိမိ၏စေတနာထားမှု၊ ရွာသားများ၏ ယုံ ကြည်မှုနှင့် ဆေးပညာကို တတ်နိုင်သရွေ့လေ့လာကာ စနစ်တကျအသုံးချနိုင်မှုများကြောင့် လယ်ခိုဒိုးသာရွာသာမက နီးစပ် ရာရွာများမှပင် မိမိကိုအားကိုးလာကြသည်။

“ဖြစ်တတ်လျှင်ပျောက်တတ်သည်”ဟူသော ရိုးရာအစွဲများဖြင့် ရောဂါကို ရင် ဆိုင်နေရာမှ ကုသမှုကို အလေးထားလာကြခြင်းဖြစ်၏။

ပါလာသည့်ဆေးများထဲမှပင် သွေးတိတ်ဆေး၊ သွေးအားနည်းမှုမှ သက်သာစေနိုင်သည့်ဆေးများပေးပြီး သူကြီး နှင့် တိုးနိုးနိုပါတို့ကို ခပ်လှမ်းလှမ်းသို့ခေါ်ကာ လူနာရှေ့တွင် မျက်နှာမပျက်မိကြဖို့၊ စိတ်ဓာတ်ကျစေနိုင်မည့်စကားများကို မပြောမိစေဖို့၊ ပုခက်နှင့်ပင် ထမ်းစင်ကိုအမြန်လုပ်ကြဖို့တို့ကိုသတိပေးလိုက်သည်။ ပုခက်မှာ ကျနော့်တွင်အသင့်ပါလာ၍ အဆင်ပြေသွားပြီး၊ ထမ်းစင်အတွက်ဝါးခုတ်ရန်ကိုမူ တိုးနိုးနိုပါမှတာဝန်ယူလိုက်၏။
ထိုအချိန်တွင် ကိုမိုရှေးမှ ရေဆာသည်ဆို၍ ဗီတာမင်ကေစားဆေး (၂) လုံးကို ရေဗူးအဖုံးနှင့်တခွက်စာရေဖြင့် တိုက်ပေးလိုက်သည်။ ရေများများပေးသောက်၍မဖြစ်။

(၅)

နှစ်ယောက်တဖွဲ့ဖြင့် လူနာကိုအလှည့်ကျထမ်းကာ ပြန်ခဲ့ကြသည်။ လမ်းကလည်းဆိုး၊ မှောင်ကလည်းမှောင်မို့ ခက်ခက်ခဲခဲသွားနေရသဖြင့် ခရီးကသိပ်မတွင်။ စိတ်မကောင်းမှုများကြားက ကြည်နူးမှုဖြစ်ရသည်မှာ ရွာသားများသည် ခိုကပ်ခြင်းမရှိသည့်အပြင် အတင်းလုထမ်းနေကြသဖြင့် တားနေရသည့်အဖြစ်ကိုပင်။

“ဆရာလူဗိုလ်…ဒီညတော့ နီးစပ်ရာဖာလာခြံတခုမှာပဲ အိပ်လိုက်ကြတော့မယ်။ ညဥ့်လည်းသိပ်နက်နေပြီ။ ဆရာ လည်းရှိသမျှဆေးနဲ့ အတတ်နိုင်ဆုံးကူညီပေးပါ။ မနက်စောစောထပြီး ကျနော်တို့မိုရှေးကို သံတောင်ကိုပြန်ခေါ်သွား မယ်လေ”

“ရပါတယ်သူကြီးရယ်၊ ကျနော့်ကိုတော့ ဘာမှထည့်တွက်မနေပါနဲ့။ ကျနော့်မှာဆေးမစုံလို့သာ စိတ်မကောင်းဖြစ် နေရတာပါ။ ဒီအချိန်မှာ ဒရစ်သွင်းနိုင်ရင်သိပ်ကောင်းမယ်။ ကျနော့်မှာလည်းမပါဘူး”

သူကြီးနှင့်စကားပြောနေစဉ် လူနာခေါ်ခိုင်းသည်ဆို၍ အမြန်လိုက်သွားရပြန်သည်။ ရာသီဥတုမှာအေးလွန်းသဖြင့် ဒဏ်ရာမှကိုက်ခဲနေဟန်ရှိသည်။

“ဆရာရေ၊ ကျနော့်ကိုကယ်ပါဦး။ ခြေထောက်ကတအားနာနေလို့”

“ဟုတ်ကဲ့ပါကိုမိုရှေး၊ ကျနော် အခုပဲဆေးတလုံးထိုးပေးမှာပါ။ ဒီဆေးထိုးပြီးရင် သက်သာသွားမှာပါ”

ကျနော်အရေးပေါ်သိမ်းထားသည့် ဆိုဆီကွန် ထိုးဆေးပေးလိုက်ပြီး၊ ဗီတာမင်ကေစားဆေးကိုပါ ထပ်ပေးလိုက် သည်။ ဒီအချိန်လူနာအိပ်ပျော်သွားပါက လူနာရော ကျန်ရွာသားများပါအကျိုးရှိနိုင်သည် မဟုတ်ပါလား။

“ဘာမှအားမငယ်နဲ့ကိုမိုရှေး၊ ကျနော့်သူငယ်ချင်းတွေထဲမှာလည်း ဒီလိုအဖြစ်မျိုးတွေ အများကြီး တွေ့ခဲ့ဖူးတယ်။ ရဲဘော်တယောက်ဆို မာနယ်ပလောမကျခင်တိုက်ပွဲတခုမှာ လက်ထဲကမိုင်းထကွဲလို့ လက်(၂) ဖက် ပြတ်သွားပြီး မျက်လုံး (၂) လုံးပါ ထိသွားတယ်။ မျက်လုံးတလုံးတော့ပြန်မြင်ရတယ်။ သူနာမည်က မိုးကျော်တဲ့”

“သူကစိတ်ဓာတ်မကျတဲ့အပြင် ဒဏ်ရာရပြီးနောက်ပိုင်းစိတ်ဓာတ်က ပိုပြင်းထန်လာတယ်လို့တောင် ပြောလို့ရ တယ်။ လက်(၂)ဖက်နဲ့ မျက်လုံးတလုံးမကောင်းတော့ပေမယ့် တစက်ကလေးမှ အနားမနေဘူး။ ရှေ့တန်းစခန်းကုန်းတွေ အထိ လိုက်နေနိုင်သေးတယ်။ လမ်းလျှောက်ရင်လည်း သူ့ကိုတွဲခေါ်တာမျိုးကို မကြိုက်ဘူး။ ဘယ်သူ့ကိုမှလည်း အားမကိုး ဘူး”

တတ်နိုင်သမျှ အားပေးနေရင်းနဲ့ပဲ လူနာအိပ်ပျော်သွားသည်။ ကျနော်လည်းအိပ်ချင်နေပြီ။ အိပ်စရာနေရာ ရှာ ကြည့်တော့ ဝါးသဲ့ပြားတချပ်ခင်းထားသော နေရာလွတ်တခုကိုတွေ့ရသည်။ ဘေးနားမှာမီးဖိုနှင့်။

“ဆရာ ဒီမှာဆရာအတွက်နေရာလုပ်ထားတယ်။ ခဏအိပ်လိုက်ပါလား”

“ကျေးဇူးပဲ တိုးနိုးနိုပါရေ”

အချိန်က ည ၂ - နာရီခွဲတောင်ကျော်သွာပြီ၊ ကျနော်လည်းခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားသည်။

(၆)

“ဆရာ ဆရာ ခဏလောက်ထပါဦး၊ မိုရှေးခေါ်ခိုင်းလို့”

အိပ်ပျော်လို့ တနာရီတောင်မပြည့်သေးမီတွင် တိုးနိုးနိုပါလာပြန်နှိုးသည်။ ဆေးပလိုင်းကိုလွယ်၍ ချက်ချင်းလိုက် သွားလိုက်သည်။

“ဆရာရယ် ဆရာ့ကိုလည်းအားနာပါတယ်၊ ကျနော်ဘယ်လိုမှ အိပ်လို့မရတော့လို့ပါ။ ဒဏ်ရာက တအားနာတာပဲ ဆရာရယ်၊ ကျနော့်ကိုဆေးထပ်ထိုးပေးပါဦး”

ရာသီဥတုကအေးလွန်း၍ ဒဏ်ရာမှနာသည်ဆိုသည်မှာ သဘာဝကျပါသည်။ သို့သော် ကျနော့်မှာဆိုဆီကွန် မရှိ တော့၊ ဒိုင်ယာဇီဖင်ထိုးဆေးတလုံး ထပ်ထိုးပေး၍၊ နောက်ထပ် ဒိုင်ယာဇီပင်စားဆေးနှင့် ဗီတာမင်ကေ ထပ်ပေးလိုက်သည်။

“ကိုမိုရှေးရေ၊ စိတ်ထဲမှာ ဒဏ်ရာအကြောင်းပဲတွေးပူနေရင်တော့ အိပ်လို့ရမှာမဟုတ်ဘူး၊ ဖြစ်ခဲ့ပြီးမှတော့ ရတဲ့ နည်းနဲ့ဆက်ရင်ဆိုင်ကြရမှာပဲ။ ဘုရားသခင်လည်းခင်ဗျားကို ပစ်ထားမှာမဟုတ်ပါဘူး၊ တတ်နိုင်ရင် ဟိုးငယ်ငယ်က အကြောင်းတွေဖြစ်ဖြစ်၊ လူပျိုအရွယ်တုန်းက အကြောင်းတွေပဲဖြစ်ဖြစ် တွေးနေလိုက်ပါလား။ ခင်ဗျားအိပ်ပျော်သွား လိမ့် မယ်”

ကျနော်ပြောသလိုလုပ်၍ပေလား၊ ဆေးတန်ခိုးကြောင့်ပေလားမသိ၊ ခဏကြာတော့ လူနာပြန်အိပ်ပျော်သွားသည်။ ကျနော်လည်းနေရာကိုပြန်၍ မီးခဏလှုံပြီး ပြန်အိပ်လိုက်သည်။ တိုးနိုးနိုပါတယောက်သာ လူနာဘေးတွင် စောင့်နေပြီး၊ ကျန် ရွာသားအားလုံးမှာ အိပ်ပျော်နေကြလေပြီ။

(၇)

ကျနော်ပြန်နိုးလာတော့ နံနက် ၄ - နာရီခွဲပြီးပြီ၊ ရွာသားတချို့က ခရီးထွက်ဖို့ပြင်နေကြပြီး၊ တချို့က ထမင်းချက်နေ ကြသည်။ လူနာကို လှမ်းအကဲခပ်ကြည့်တော့ အိပ်ပျော်နေဆဲ။ တိုးနိုးနိုပါလည်းလူနာဘေးတွင် အိပ်ပျော်လျှက်။ တညလုံး စောင့်နေရသဖြင့် အိပ်ချင်ရှာမှာပေါ့။

“နိုးပြီလားဆရာ၊ နည်းနည်းလင်းလာတာနဲ့ ကျနော်တို့ခရီးထွက်ကြမယ်။ လမ်းမှာလိုမယ်ထင်တာလေးတွေကို လည်း ပြင်ဆင်ပေးလိုက်ပါဦးဆရာ”
သူကြီးမှနှုတ်ဆက်ရင်း လူနာအတွက်စိတ်ပူပင်နေမှုများကို ထုတ်ဖော်ပြသည်။

“ဟုတ်ကဲ့ပါသူကြီး၊ ကျနော့်မှာရှိတဲ့ဆေးတွေထဲက လိုအပ်မယ့်ဆေးတွေ ပေးလိုက်ပါမယ်။ ဒါပေမဲ့ ဆေးထိုး တတ် တဲ့ လူတယောက်တော့လိုမယ်”

“ဒါဆိုရင် ကျော်ကဒါဖြစ်မလားဆရာ”

“ကောင်းတယ်သူကြီး၊ အရင် ကျနော့်ဆီမှာ လာလေ့လာဖူးတယ်။ ဆေးလည်းထိုးဖူးတယ်။ သူ့ကိုခဏခေါ်ပေးပါ လားသူကြီး၊ ကျနော်လိုတာလေးတွေ မှာလိုက်ချင်လို့”

“နေဆဲရေ၊ ကျော်ကဒါကို ခဏသွားခေါ်ပေးစမ်းပါဦး၊ ငါခေါ်ခိုင်းတယ်လို့ပြောလိုက်”

 ဆေးပုလိုင်းထဲမှ လိုအပ်မယ်ထင်တဲ့ဆေးတွေကို ထုတ်ကြည့်နေသည်။ လမ်းမှာလိုနိုင်တာတွေက သွေးတိတ် ဆေး၊ စိတ်ငြိမ်ဆေး၊ အကိုက်အခဲပျောက်ဆေးနဲ့ အသက်ကယ်ဆေးတွေ။ သံတောင်မြို့ရှိဆေးရုံကို အချိန်မီရောက်သွားဖို့ပဲ လိုသည်။ လမ်းမှာအနည်းဆုံး (၈) နာရီလောက်ကြာနိုင်တာမို့ လိုအပ်မည့်ဆေးတွေကို တွက်လိုက်၏။

“ဆရာ ကျနော်ရောက်ပြီ၊ ဘာကိစ္စလဲဆရာ”

“သြော် ကျော်ကဒါရေ ဒီလို၊ ကျနော်ကခင်ဗျားတို့နဲ့လိုက်လို့မရဘူး။ လူနာကလမ်းမှာ ဆေးထိုးဖို့လိုဦးမယ်။ ဒါကြောင့် ခင်ဗျားကို ဆေးပစ္စည်းတွေအပ်လိုက်ပြီး လိုတာတွေမှာလိုက်ချင်လို့”

 “ပြောပါဆရာ”

“အရေးကြီးတာက လူနာကိုရေများများမတိုက်မိဖို့ ဂရုစိုက်ပါ။ ရေများများသောက်ရင် သွေးထွက်များမယ်။ ဒါကြောင့် လမ်းမှာ သူရေတောင်းသောက်ရင် ရေဗူးဖုံးတဖုံးစာပဲတိုက်ပါ။ ရေတိုက်တိုင်း ဗီတာမင်ကေ (၂) လုံးထည့်တိုက်၊ နောက်ပြီး သိပ်နာ၊ သိပ်ကိုက်တယ်ပြောရင် ဒိုင်ယာဇီဖင်ထိုးဆေးကို အကြောထဲကနေထိုးပေးပါ။ လူနာအခြေအနေဆိုးလို့ ဥပမာ ထူးထူးခြားခြားအမူအရာပျက်နေရင်တော့ အသက်ကယ်ဆေးကိုအကြောထဲကပေး။ နောက်ပြီး ဆေးတွေကိုလည်း သေသေ ချာချာသိမ်းထားပေးနော်။ ရှင်းရဲ့လား ကျော်ကဒါ၊ မရှင်းရင်၊ နားမလည်ရင်ပြန်မေးနော်”

“ရှင်းပါတယ်ဆရာ”

 ဆေးတွေနဲ့ ဆေးပစ္စည်းတွေကို ကျော်ကဒါကိုအပ်လိုက်သည်။ ခဏနေတော့ မိုးလင်းစပြုလာပြီး၊ လူနာပါနိုးလာ သဖြင့် ဆေးထပ်ပေးရင်း အားပေးစကားပြောရပြန်သည်။ လူနာမှာ ဆေးအရှိန်ကြောင့်ပေလား၊ သူ့ကိုယ်သူထိမ်းနိုင်လာ၍ ပေလားမသိ၊ အရင်လောက်မညည်းတော့။

“ကဲ ကိုမိုရှေးရေ၊ နောက်မှပြန်တွေ့ကြမယ်၊ အားလုံးပဲဗျာ လမ်းမှာဂရုစိုက်ကြပါ။ ရေများများမတိုက်မိစေဖို့တော့ အားလုံးပဲသတိထားကြပါဗျာ”

လူနာကိုထမ်းပြီးထွက်သွားကြပြီ၊ တိုးနိုးနိုပါတယောက် ရှေ့အတော်ရောက်ပြီးမှ ကျနော်ရှိရာသို့ပြန်လာကာ …

“ဆရာရေ ကျနော်တို့ ၂ - ရက်၊ ၃ - ရက်လောက်ကြာရင်ပြန်လာမယ်။ ဆရာ ကျနော်တို့တဲမှာ ပြန်စောင့်နေပေါ့၊ ဂျီသားတွေ ဆရာကြိုက်သလိုလုပ်စား၊ သွားလိုက်ဦးမယ်နော်ဆရာ”

ရွာသားများ ကျနော့်မြင်ကွင်းထဲမှ တစစပျောက်ကွယ်သွားကြပြန်ပြီ။ လယ်ခိုဒိုးသာရွာအနီးတဝိုက်တွင် လူဆို၍ ကျနော်တယောက်ထဲ။ ဒုတိယအကြိမ်မြောက် တယောက်ထဲ။

(၈)

တိုးနိုးနိုပါ ပြန်အလာကို (၅) ရက်ကြာစောင့်ပြီး ပြန်မလာနိုင်တော့ဟုယူဆမိသဖြင့် ကျနော်ကို မူဒိုရွာသို့ပြန်ခဲ့ သည်။ သို့သော်လမ်းရှိ သော့ခေါ်စောရွာသို့အရောက် အရေးပေါ်လူနာရှိနေသဖြင့် (၂) ည ဝင်အိပ်လိုက်ရသည်။ ဒုတိယ ညနေတွင် သံတောင်မှ ပြန်လာသောရွာသားအချို့ထံမှ လယ်ခိုဒိုးသာရွာမှ သတင်းများကို ကြားလိုက်ရ၏။

“ဆရာရေ၊ သောက်ရေခပ်ချောင်းရောက်တော့ မိုရှေးကရေဆာလို့တောင်းသောက်တယ်။ ရေနဲနဲပဲတိုက်ကြပါ တယ်။ ဒါပေမဲ့ သူကဒေါသထွက်ပြီး ငါ့ကိုရေလေးတောင် မသထာကြတော့ဘူးလားလို့ပြောရင်း အော်အော်ပြီးငိုလို့ ရေ အဝပေးသောက်လိုက်ကြတယ်တဲ့။ သောက်ရေခပ်ချောင်းကထွက်ကတည်းက သွေးထွက် ပိုများလာတယ်တဲ့။ နောက် သံတောင်မြို့ လည်းဝင်ရော စိတ်လျှော့လိုက်ပုံရတယ်၊ ဆေးရုံမရောက်ခင် လမ်းမှာပဲအသက်ထွက်သွားတယ်”

“ဟာ ဒါဆို သွားတဲ့နေက့ထဲက မိုရှေးဆုံးတာပေါ့”

”ဟုတ်တယ်ဆရာ၊ ဆရာဆီပြန်အကြောင်းကြားဖို့ လူကြုံကလည်းမရှိ၊ ဟိုမှာလည်းနာရေးကိစ္စနဲ့ လူတွေကလည်း မအားကြ။ ဆရာ့ကိုတော့ အားနာစရာဖြစ်သွားတယ်”

“မလိုပါဘူးဗျာ၊ အစအဆုံးမကူညီလိုက်နိုင်တာကိုပဲ ကျနော်စိတ်မကောင်းဖြစ်မိတာပါ”

ဟုတ်ပါသည်။ ကိုမိုရှေးအခြေအနေမှာ စိုးရိမ်လောက်စရာ အခြေအနေမရှိ။ ငြိမ်းငြိမ်းချမ်းချမ်းကာလဖြစ်ပြီး လမ်း ပန်းဆက်သွယ်ရေးသာကောင်းခဲ့လျှင် ခုလိုဝမ်းနည်းကျေကွဲဖွယ်ရာ အဖြစ်ဆိုးမျိုးနှင့်ကြုံနိုင်စရာမရှိပေ။ ခုတော့ ကလေး နှစ်ယောက်နှင့် သူ့မိန်းမခမျာဒုက္ခဝဋ်ကျွေးကြမ္မာတွေကို ဆက်ခံရရှာပေဦးတော့မည်။

ဆရာစောဘွဲ့မှူးသီချင်းထဲက “တောင်ပေါ်မှာဝေ၊ တောင်ပေါ်မှာနေ၊ တောင်ပေါ်မှာကြွေ သစ်ရွက်တွေလို တို့ဘ၀ဟာလည်း” စာသားလေးလို… ။ ။

(ကရင်ပြည်နယ်၊ တပ်မဟာ (၂)နယ်မြေ၊ သံတောင်မြို့နယ်ရှိ ဘွဲကရင်များ၊ အထူးသဖြင့် လယ်ခိုဒိုးသာရွာသားများနှင့် တိုးနိုးနိုပါတို့မိသားစုအား လွမ်းဆွတ်သတိရခြင်း အမှတ်တရ…)

ကိုသန်းလွင် - အာဏာ၊ သြဇာ၊ ပါဝါ

$
0
0

ကိုသန်းလွင် - အာဏာ၊ သြဇာ၊ ပါဝါ

(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၆

(၁)

တခါက မောင့်ထိုင်းတောင်ကုန်း အနီး ကျေးရွာသုသာန်တခုဘေးမှဖြတ်သွားသော ပညာရှိကြီး ကွန်ဖြူးရှပ် မှာ အုတ်ဂူတခု ဘေးတွင် ၀မ်းနည်းပက်လက်ငိုကြွေးနေသော အဘွားအိုတဦးကိုတွေ့သဖြင့် “ဘာကြောင့်များ ငို ကြွေးနေရတာပါလဲ”ဟု မေးခဲ့လေသည်၊ အဘွားအိုက အုတ်ဂူမှာ ကျားကိုက်ပြီးသေသွားသောသားဖြစ်သူ၏ အုတ်ဂူဖြစ်ကြောင်း၊ သား၏ဖခင်နှင့်အတူ အဖိုးဖြစ်သူတို့မှာလည်း အလားတူကျားကိုက်ခံရသောကြောင့်ပင် သေသွားကြရကြောင်းရှင်းပြသည်၊ “ဒါဆိုဘာဖြစ်လို့ ဒီရွာမှာနေနေရတာလဲ ကျားတွေမရှိတဲ့နေရာမှာသွားနေပါ လား” ဟု အကြံပေးလေသည်၊ အဖွါးအိုက “ ဒီရွာမှာက ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရ မရှိဘူလေ” ဟု ဖြေလေ သည်။

တခါက တရုပ်ပြည် အင်ပါယာပိုင်ရှင်ဧကရာဇ်မင်းကြီးများသည် ပြည်သူပြည်သားများအပေါ် ကျားသတ္တ၀ါထက် ဆိုးရွားအောင် အုပ်ချုပ်ခဲ့ကြဟန်တူသည်။

(၂)

၁၉၃၈ ခုနှစ်က ဘာထရန်ရပ်ဆဲလ်၏ “ပါဝါ” Power- New Social Analysis ခေါ်စာအုပ်ထွက်ပေါ်လာခဲ့ပါသည်၊ အင်္ဂလန်နိုင်ငံမှ အတွေးအခေါ်ပညာရှင်ကြီး၏ များပြားစွာသော စာအုပ်များအနက်မှ ဤစာအုပ်ကို ထူးခြားသည် ဟုမဆိုနိုင်ပါ၊ သို့ပါသော်လည်း လူ့အဖွဲ့အစည်းတည်ဆောက်ပုံ၊ အစိုးရများဖွဲ့စည်းတည်ဆောက်ပုံ အခွင့်အာဏာ များနှင့် ပါတ်သက်၍ စဉ်းစားတွေးတောစရာအချက်များစွာကို ဤစာအုပ်တွင် တွေ့မြင်နိုင်ပါသည်။

လူတို့၏အပြုအမူများကို စေ့ဆော်တွန်းအားပေးသည့်အရာများစွာရှိသည်၊ ဆစ်ဂမာန်ဖရိုက်က လိင်စိတ်ဆန္ဒ သည် အဓိကဟုဆိုသည်၊၊ ကားလမတ်(စ)က လူတို့၏ ကြွယ်ဝချမ်းသာမှုကအဓိက ကျသည်ဟု ရေးခဲ့သည်၊ ဘာထရန်ရပ်ဆဲလ် ကမူ လူတို့၏ အပြုအမှုကို အလွှမ်းမိုးဆုံးသောအရာမှာ ပါဝါ ခေါ် အခွင့်အာဏာ သာဖြစ် သည်ဟု ဆိုခဲ့ပါသည်။

ကျွန်တော်တို့ သည် တွေးခေါ်ပညာရှင်များ မဟုတ်ကြသောကြောင့် သူ၏ရေးသားချက်အားလုံးကို နားလည် သည်ဟုမဆိုနိုင်ပါ၊ သို့ပါသော်လည်း ရပ်ဆဲလ်က“ပါဝါသည် လူကို ခြစားပျက်စီးစေသည်” ဟုဆိုသည်နှင့်အတူ နိုင်ငံတခု တွင် အုပ်ချုပ်သော အစိုးရများ၏ အခွင့်အာဏာမှာ အထိန်းအကွပ်ရှိသင့်သည် ဟုရေးပြခဲ့ပါသည်။

ကမ္ဘာ့သမိုင်းတလျှောက် ဂရိ၊ အေသင်၊ ပလေတိုတို့ခေတ်မှစတင်၍အစိုးရများ၏ သက်ဦးဆံပိုင်၊ အာဏာရှင်၊ တပါတီစနစ်၊ ဆွေစဉ်မျိုးဆက်စနစ်စသည်ဖြင့် ပုံစံအမျိုးမျိုးရှိကြရာတွင် ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်ခြင်းသည် သာအကောင်းဆုံးဖြစ်သည်ဟုဆိုခဲ့ပါသည်၊ သို့ပါသော်လည်း သမိုင်းကိုပြန်ကြည့်လျင် ဒီမိုကရေစီစနစ် ကြောင့် ပင် အဒေါ့(ဖ)ဟစ်တလာ၏ နာဇီအာဏာရှင်အစိုးရများ တက်လာနိုင်ခဲ့ကြသည်၊ ထို့ကြောင့် ဒီမိုကရေစီစနစ် သည် အဖြေမဟုတ်သေး၊ အဖြေ၏ တစိတ်တပိုင်းအဖြစ်သည်၊ အုပ်ချုပ်သော အစိုးရများကို Check and Balance ခေါ် စီစစ်ထိန်းချုပ်ပေးသည့် နည်းလမ်းများရှိရလိမ့်မည်ဟု ရေးသားခဲ့ ပါသည်၊

သူ၏အကြံပြုချက်များကို ခေါင်းစဉ် ၄ ခုဖြင့်ဆွေးနွေးခဲ့ပါ သည်၊ (၁) နိုင်ငံရေးအခြေအနေ၊ (၂) စီးပွားရေး အခြေအနေ (၃) ၀ါဒဖြန့်ချိရေး၊ (၄) လူတို့၏ စိတ်သဘောထား နှင့်ပညာရေး ဟူ၍ အပိုင်းလေးပိုင်း တင်ပြခဲ့ပါသည်။

ကွန်ဖြူးရှပ်က အုပ်ချုပ်သူများကို လူမှုရေးနှင့် အုပ်ချုပ်ရေး ပညာရပ်များကို သင်တန်းပေးခြင်းဖြင့် ပျော့ပြောင်း မှန်ကန်စွာ အုပ်ချုပ်တက်သော ခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာရမည်ဟု ယုံကြည်ခဲ့ပါသည်၊ ဒီမိုကရေ စီစနစ်မှာ ပြည်သူအားလုံး ပြောရေးဆိုခွင့်ရှိအောင် အခွင့်အလန်းများကို ဖန်တီးပေးသော်လည်း ရုတ်တရက် ပေါ်ပြူလာဖြစ်လာသူတဦးကို ကျိုးကြောင်းပြည့်စုံအောင် မစဉ်းစားနိုင်ဘဲ မဲပေးတတ်ကြပါသည်၊

ထိုနည်းတူ ယနေ့ အမေရိကန်ပြည်တွင် ရွေးကောက်ပွဲကို ၂၀၁၆ ခု နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပတော့ မည်ဖြစ်ရာ မစ္စတာဒေါ်နယ်ထရန့် မှာ ပြည်သူသန်းပေါင်းများစွာက မဲပေးသဖြင့် ရီပါတ်ပလီကင်ပါတီ၏ သမ္ပတ လောင်းဖြစ်လာခဲ့သည်၊ သူ၏ မဆင်မခြင်ပါးစပ်သရမ်းမှုများအကြောင်းကို ကြားကြရပါသည်၊ သူသည် လက် သရမ်းသူတဦးလည်းဖြစ်ကြောင်း အမျိုးသမီးဆယ်ဦးထက်မနဲ ပြောဆိုနေကြပါသည်၊ ထရန့်ကမဲရလာဒ် ကို အတည်ပြုသင့်မှပြုမည်ဟု၎င်း၊ ပြိုင်ဘက်ကို သူသမ္မတဖြစ်လာပါက ထောင်ချပစ်မည် ဟူ၍ ၄င်းပြောဆိုလျက်ရှိ သည်။

ထို့ကြောင့် ဒီမိုကရေစီစနစ်က ကောင်းမွန်သော အစိုးရကို ရပါလိမ့်မည်ဟု အာမမခံကြောင်း ထင်ရှားပါသည်၊ သို့သော် တိုင်းသိပြည်သိ အကျင့်စာရိတ္တ မကောင်းဘူးဟု ယူဆရသူများကို တိုင်းပြည်ကမရွေးချယ် ဘဲနေနိုင် စေခဲ့ပါသည်၊၊ လူနည်းစုက ကြိုက်သည်ဆိုစေ ထိုအဖွဲ့အစည်းကို တနိုင်ငံလုံးရှိ လူများစုကို အုပ်ချုပ်ခွင့် မပေးရ အောင်တားမြစ်နိုင်ကြပါသည်။

သူက ဒီမိုကရေစီစနစ်အောင်မြင်ရေးအတွက် မွန်တက်စကျူး (Moutesquieu) ၏ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တခုနှင့်တခု လွတ်လွတ်လပ်လပ် ထားရှိရန်လိုကြောင်း ထောက်ပြထားပါသည်၊ တရုတ်ပြည်တွင် ဧကရာဇ်မင်းကြီးများက ပြည်သူ့အကျိုး ကို ကာကွယ်လိုသော ရည်ရွယ်ချက်ဖြင့် “ကိုယ်တိုင်ဝန်ခံချက်မရှိဘဲ ဘယ်သူ့ကိုယ်မှ အပြစ်မပေးရ” ဆိုသော စည်းကမ်းချက်မျိုးကို ချခဲ့ဖူးပါသည်၊ ဤညွှန်ကြားချက်ကို လိုက်နာကြရသော အောက်မှအရာရှိများက တရားခံဆီ မှ ၀န်ခံချက်ကို မရမချင်း ညှင်းပန်းနှိပ်စက်ကြသော (Torture) နည်းကို သုံးလာကြပါသည်၊ တချို့ကလည်း ရဲတို့၏ အာဏာ အလွဲသုံးစားမှုကို မပျောက်စေရန် တရားခံဝန်ခံချက်ကို သက်သေအဖြစ်မသုံးရဟူသော ဥပဒေများပြဌာန်းလိုကြ ပါသည်။

ကားလမတ်(ခ)က နိုင်ငံရေး အာဏာတခုတည်းနှင့် ညီမျှခြေတခုသို့မရောက်နိုင်၊ စီးပွားရေးအင်အား ပါမှသာ တည်ငြိမ်သော လူနေမှုစနစ်ကို တည်ထောင်နိုင်လိမ့်မည်ဟု ရေးခဲ့သည်၊ ထို့ကြောင့် စီးပွားရေးကို နိုင်ငံအစိုးရ ကပိုင်ဆိုင်စေရမည်၊ ထိုအစိုးရသည် ဒီမိုကရေစီအစိုးရဖြစ်စေရမည် ဟုလည်းဆိုခဲ့ပါသည်၊ ကားလမတ်(စ) ၏အဆိုကို တ၀က်ကိုသာသုံးပြီး နိုင်ငံပိုင်စီးပွားရေးစနစ် ထူထောင်ခဲ့ကြကာ ဒီမိုကရေစီ ဖြစ်ရမည်ဆိုသော အချက်ကို လစ်လျူရှု ထားကြသည့် နိုင်ငံများစွာတို့၏ ဥပမာကို ကျွန်တော်တို့ တွေ့နိုင်ကြပါသည်။

အရင်းရှင်နိုင်ငံများတွင် စီးပွားရေးကုမ္ပဏီများမှာ စက်မှုပညာ တိုးတက်မှုကြောင့် အလွန်ကြီးမားလာကြပါ သည်၊ ထိုအခါ အစိုးရများအနေဖြင့် စီးပွားရေးလုပ်ငန်းများကို တပိုင်းတစ သိမ်းသွင်းလာကြသလိုပင် စီးပွားရေး လုပ်ငန်းရှင်များကို ပိုမို၍ ကျယ်ကျယ်ပြန့်နေရာပေးကြရပါသည်၊ အစိုးရကပျော့လွန်းလျင် စီးပွားရေး ကုမ္ပဏီများ က နိုင်ငံရေးကို ချယ်လှယ်လာတက်ကြပါ၏၊ ဘယ်နည်းပင်ဖြစ်စေ တည်ငြိမ်သော နိုင်ငံဖြစ်စေရန် နိုင်ငံရေးနှင့် စီးပွားရေး အာဏာများမှာ တစုတစည်း ရှိနေကြရန် လိုအပ်ပါ သည်။

ပုဂ္ဂလိကကုမ္ပဏီများ အင်အားကြီးမားလာမှုကြောင့် အစိုးရကို ရုပ်သေးရုပ်ဖြစ်စေပြီး အစိုးရ၏အာဏာပိုင်စိုးမှုကို လွှဲပြောင်းယူသင့်သည်ဟု မဆိုလိုပါ၊ အစိုးရများအနေဖြင့် ဘယ်သူ့စကားကိုမှ နားမထောင်ဘဲ ကိုယ်ထင်ရာစိုင်း နေ၍မရဟုသာဆိုလိုပါသည်။

ဒီမိုကရေစီနိုင်ငံများတွင် ပြည်သူလူထုသည် မိမိတို့၏ ခံစားချက်များကို ထုတ်ဖော်ပြောဆိုပိုင်ခွင့်ရှိရသည်၊ ဥပဒေကို ချိုးဖောက်အောင် လှုံ့ဆော်စည်းရုံးခြင်းမပြုသမျှ ပြည်သူတိုင်းက မိမိ၏ဆန္ဒကို ဖော်ပြနိုင်စွမ်းရှိကြရပါ မည်၊ အစိုးရအပေါ် ဝေဖန်မှုပြုသူကို အစိုးရက တရားဝင်ဖြစ်စေ၊ တရားမ၀င်ဘဲဖြစ်စေ အရေးယူအပြစ် ပေး၍ မရပေ၊ အစိုးရအပေါ်ဝေဖန်မှုများ ရှိနေသဖြင့် အစိုးရကမည်သည့်ကိစ္စမဆိုလက်လွတ်စပ္ပါယ်လုပ်၍မရ တော့ပေ၊

နိုင်ငံရေးလွတ်လပ်ခွင့်ရှိရမည်ဆိုသည်မှာမှန်၏၊ သို့ပါသော်လည်း ဟစ်တလာကဲ့သို့ အာဏာရပြီးသည်နှင့် မသမာသောနည်းများကိုသုံးကာ နောက်တကြိမ် မဲအနိုင်ရ အောင်လုပ်ခွင့်မရစေရန် သေချာရေးသားထားသော စည်းကမ်းချက်များရှိရပါမည်။

စိတ်ပညာသဘောအရ အာဏာအလွဲသုံးစားလုပ်မှုများ မပေါ်ပေါက်အောင် ဖန်တီးရန်မှာ အခက်ခဲဆုံးဖြစ်သည်၊ ကြောက်လန့်ခြင်း၊ တဇွတ်ထိုးပြုမူခြင်း လူအုပ်စုနှင့် အကြမ်းဖက်မှုများကြောင့် လူထုသည်ခေါင်းဆောင်တဦးကို မျက်စိမှိတ် ကိုးကွယ်ခြင်းပြုလုပ်လာတတ်ကြသည်၊ အာဏာရှင်ကြီးများမှာ ထိုအခြေအနေကို အခွင့်ကောင်းယူ ခါ မိမိသြဇာကျယ်ပြန့်အောင်ဖန်တီးတတ်ကြသည်။

ထို့ကြောင့် လူထုကို သွေးဆူလွယ်ခြင်းမရှိအောင်၊ ထစ်ကနဲဆို အကြမ်းဖက်နည်းဖြင့် ပြသနာ ဖြေရှင်းကြသော အကျင့်မရှိအောင် ပညာပေးကြရပါမည်။

သမ္မတအိုဘားမားက အီရတ်နှင့် အာဖဂန်နစ်စတန်တို့မှ စစ်တပ်များရုတ်သိမ်းခဲ့ရာတွင် အကြမ်းဖက်သမားများ၊ အစွန်းရောက်ဝါဒီများ၏ လွှမ်းမိုးခြင်းကိုမခံရအောင် လူငယ်များကိုပညာပေးမည့် စာသင်ကျောင်းများ တည် ဆောက်ပေးခွင့် မရခဲ့သည်ကို ၀မ်းနည်းမိကြောင်း (Presidential Townhall meeting) တခုတွင် ပြောသံကို ကြားလိုက်ရဖူးပါသည်။

ဒီမိုကရေစီသဘောထား ရှင်သန်ရေးအတွက် လူသည် အရည်အချင်းနှစ်မျိုးရှိဖို့လိုသည်၊ လူသည်မိမိဖါသာ ယုံကြည်မှုရှိပြီး မှားယွင်းသောဝါဒဖြန့်မှုကို ချက်ချင်းလက်ခံခြင်းမပြုသော ကိုယ်ပိုင်ခံယူချက်မျိုးရှိသင့်သည်၊ သို့ပါသော်လည်း အများဆန္ဒအရ တညီတညွတ်ဆုံးဖြတ်ထားချက်မျိုးကို လိုက်နာနိုင်စွမ်းလည်းရှိရမည်၊ ဤအချက်နှစ်ခုမှာ တခုနှင့်တခု ဆန့်ကျင်ဖက်ဖြစ်နေလေရာ အမှားအမှန်ကိုဆုံးဖြတ်ရန်မှာ မလွယ်ကူဘဲရှိ တတ်ပါသည်။

ဒီမိုကရေစီစနစ်အောင်မြင်စေရန် လူတို့တွင် အမုန်းတရားနှင့် ဖျက်လိုဖျက်ဆီးလုပ်လိုမှုများ ကင်းရှင်းရမည်၊ ၄င်းမှာလူတို့၏ ကိုယ်ပိုင်စာရိတ္တ၊ အသိဥာဏ်နှင့် နှင့် ၀ုန်းကနဲ ကောက်ချက်ဆွဲခြင်းကို ရှောင်ရှားနိုင်ခြင်းအပေါ် တွင်မူတည်နေပါသည်၊ လူတို့သည် နိုင်ငံရေး၊ စီးပွားရေးအခြေအနေဆိုးများနှင့် ဆိုင်နေရလျင် ဆီလျော်သော ဆုံးဖြတ်ချက်များကိုချနိုင်ရန် လူတိုင်းတွင် လုံလောက်သော ပညာအရည်အချင်းရှိထားကြရန် လိုပါသည်။

တချို့သော မိဘများနှင့် ကျောင်းများက ကလေးများကိုစာသင်ကြားရာတွင် ရိုသေကျိုးနွံစေသောအကျင့်ကို သင်ပေးလိုကြရာ ၄င်းတို့က ကျွန်များ သို့မဟုတ် သူပုန်များဖြစ်အောင် တွန်းနေကြသလိုဖြစ်ပြီး လူအဖွဲ့အစည်ုး အတွက် လိုအပ်သောလုပ်သားများကို ဖန်တီးပေးရာမရောက်ပေ၊ ဒီမိုကရေစီစနစ်က လူအများနှင့် လိုက်လျော ညီထွေဖြစ်အောင် အလုပ်လုပ်တတ်သော လုပ်သားများကိုသာ လိုအပ်ပါသည်။

(၄)

ရပ်ဆဲလ်က လူမှုရေးညီမျှမှုများရရှိစေရန် အာဏာခွဲဝေရေးတွင် လက်တွေ့အကျနိုင်ဆုံးနှင့် ညီတူညီမျှ ဖြစ်စေ ရမည်ဟု ဆော်သြခဲ့ပါသည်၊ လူနေမှုစနစ်ကို ထိမ်းကျောင်း ဦးဆောင်နိုင်ရန်မှာ ချမ်းသာကြွယ်ဝခြင်းကပဓါန မဟုတ်၊ သြဇာ အာဏာကသာ အဓိကပိုကျသည်ဟုသူယုံကြည်ခဲ့ပါသည်၊ နိုင်ငံတော်သည် မြေနှင့်သယံဇာတ တို့ကို ပိုင်ဆိုင်သော်လည်း အစိုးရမှာ ဒီမိုကရေစီအစိုးရ မဟုတ်လျင် ပြည်သူ့အတွက် အကျိုးမရှိနိုင်ဟုလည်း ရေးသားခဲ့ပါသည်၊

ဂျော့အိုဝဲလ်က ၁၉၃၈ ခုနှစ် ရပ်ဆဲလ်၏စာအုပ်ကိုဖတ်အပြီး ဘာထရန်ရပ်ဆဲလ်လို ပုဂ္ဂိုလ်မျိုး ထောင်ကျခံမနေ ရဘဲ လွတ်လပ်သော ကမ္ဘာတွင် အသက်ရှင်နေဆဲဖြစ်သည်ဆိုသောအချက်ကပင် သူ့အတွက်ကျေနပ်ပီတိ ဖြစ်ရပါသည် ဟုဆိုခဲ့သည်၊ အကယ်၍ ရပ်ဆဲလိ၏စာအုပ်တွင် အချို့သော စာမျက်နှာများမှာ ဖတ်စရာမပါ ဗလာကျင်းနေသည်ဟုဆိုပါလျင် သူကအငြင်းပွားစရာမရှိသော အများသိ၊ အမှန်တရားများကို ရေးထားသော ကြောင့်သာဖြစ်ပါလိမ့်မည်၊ သို့ဆိုလျင် ယနေ့ အသိဥာဏ်ရှိသော လူတို့၏တာဝန်မှာ အမှန်တရားကို ပင် ထပ်ခါထပ်ခါ ပြောပြရန်တာဝန်ရှိသည်ဟု ဆိုရလိမ့်မည်၊ အင်အားသုံး၍ စည်းလွတ်ဝါးလွတ် အနိုင်ကျင့်ကြ သော ယနေ့ခေတ်တွင် ထိုအချက်များကို ထပ်ချည်းတလဲလဲ ပြောကြရပါလိမ့်မည်၊

ဒီမိုကရေစီစနစ်သည်စီးပွားရေးညီမျှမှုမရှိခဲ့လျင်၎င်း၊ ထိုက်တန်သော ပညာရေးစနစ်မရှိခဲ့လျင်၎င်း အဓိပ္ပါယ် မပြည့်ဝ အနှစ်သာရကင်းမဲ့နေတတ်ပါသည်၊ စာရေးသူအများစုသည် ဒီမိုကရေစီ၏ အနှစ်သာရကို ချီးချီးပပ ပြောဆိုနိုင်ကြပြီး ထိုအခြေအနေကို ရောက်ရန် ဘာလုပ်ရမည်ဆိုသော နည်းလမ်းများကိုမူ တိတိပပ မပြောနိုင် ကြပေ၊

ကျွန်တော်တို့သည် နိုင်ငံအသီးသီး အစိုးရအသီးသီးတို့၏အပြုအမူနှင့် နိုင်ငံတို့၏ အတက်အကျသမိုင်း ဖြစ်ရပ် များကို လေ့လာနေကြဆဲဖြစ်ပါသည်၊ လူ့ဘောင်ကောင်းကျိုးအတွက် လိုက်နာအပ် သတိပြုအပ်သော အချက် များကိုလည်း ရေးသားဝေဖန်နေကြရဆဲဖြစ်ပါသည်၊ မည်သို့ဆိုစေ ကမ္ဘာတွင် အာဏာရှင်စနစ်များသည် တစစ ပြိုကွဲပျက်ပြုန်းရမည်ဆိုခြင်းမှာ အမှန်တရားတရားတခုဖြစ်နေပါပြီ၊

ကွန်ပျူတာခေတ်၊ သတင်းနည်းပညာခေတ် ကိုမရောက်မှီ ၁၉ရ၀ ခုနှစ်ကကွယ်လွန်သွားသောကြောင့် အင်တာနက် တော်လှန်ရေးအကြောင်း ရပ်ဆဲလ်၏ အမြင် အယူအဆများကို ကျွန်တော်တို့ ကြားနာခွင့်မရတော့ ပါ၊ တခေတ်တခါက ကမ္ဘာကြီးကိုပိုမိုအေးချမ်းသောနေရာ ဖြစ်စေရန် အတွေးခေါ်အမြင်သစ် များစွာကိုရေးသား ခဲ့သော ဖီလိုဆိုဖာကြီးအဖို့ ယနေ့ခေတ်သစ်အကြောင်း ပြောစရာမြောက်များစွာ ရှိနေမှာသေချာပါသည်။

ကိုသန်းလွင်

Reference: Power: A new Social Analysis By Bertrand Russell


ယောဟန်အောင် - ဆေးမှူးကလေးရဲ့ ပြောပြချက်

$
0
0

artistsinspireartists.com

ယောဟန်အောင် -  ဆေးမှူးကလေးရဲ့ ပြောပြချက် 
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၆

ငါ ငိုကြွေးပြီကောင်လေး...
ဆေးမှူးလေးရေ
စစ်ပွဲနံ့တွေရနေတယ်...။

တိမ်တွေဟာ သူ့မိုးစက်တွေကို
သိမ်းလိုပါလျက် စွန့်ရသလို
ဝါထိန်စိုပြေ တောင်ယာတွေ
ငါတို့စွန့်ရလေတော့မယ်။

တောကောင်တွေ
ရွာမှာဝင်နေ၊ သေဆုံးတဲ့ရွာ
တေးသံပျောက်ဆုံး
မီးခိုးပျောက်ဆုံး
ကျောက်တုံးတွေတောင် သေနေသလို...။

ပုရစ်ကောက်သလို
ပုန်းတဲတွေ ဖြိုခံရလေတော့မယ်။
တချို့တလေလဲ
တသီတတွဲကြီး ဖမ်းခံရ
ပြန်တွေ့ကြတော့မှာ မဟုတ်ဘူး...။

တောင်ကျချောင်းရေကြမ်းတာမျိုး
အဆိုးရွားဆုံး သက်တမ်းတချိန်
အို ...ကျိန်စာတော်
သားရဲတွင်းကို ဖန်ဆင်းတော်မူတယ်..။

ငါတို့ရဲ့ မျှော်လင့်ခြင်းတွေ
ဆုတောင်းအပ်နှင်းနိုင်တဲ့
ဘုရားကျောင်းတွေ
မီးထဲ လဲလျောင်းခဲ့ရ
ပြာဟောင်းမြေမှာ မြက်ထောင်းထောင်းထ
ဆာလောင်တဲ့အခါကျမှ
ဗိုက်ဝတဲ့ကျေးဇူးတော်ကို ကြည်နူးရတယ်..။

ဘုရားသခင်ဟာ ဘယ်တော့မှ မအိပ်ဘူး
သူမြင်တယ်။
ကညင်ဆီ မီးတုတ်လို
ထူးခြားထွန်းလင်းတဲ့
ကြီးမားအားရှိတဲ့ ဘုရားသခင်
ငါထင်တယ်..
အခုတော့ သူအလုပ်များနေတယ်။

မိုးကျမှ
မျက်နှာပြရတဲ့ မှိုပွင့်များလို
ငါတို့ရွာပုန်းတွေ
ဘယ်ရာသီအထိ ခိုရမလဲ။
လင်းနို့ငှက်တွေ အိပ်တန်းတက်သလို
ဘယ်ခါ အိမ်ကိုပြန်ရမလဲ။
စစ်ပွဲပြီးတဲ့အခါ
ပြန်လည်ရှင်သန်ခြင်းရွာ
တခါ ဖန်ဆင်းပါလိမ့်မယ်။

နားစွင့်စမ်း ကောင်လေး...
အဲဒါဟာ
ကျွဲချိုမှုတ်တဲ့ တေးသံထင်တယ်....။

ယောဟန်အောင်
၁၉၉၇ နိုဝင်ဘာ ၁၁။

မောင်မိုးသူ - စိန်မြင့် သုံးယောက် အကြောင်း

$
0
0

မောင်မိုးသူ - စိန်မြင့် သုံးယောက် အကြောင်း
  (မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၆


မနက်က မောနင်းစတားကို စိန်မြင့်လာပါတယ်။ လာတော့ မောင်မိုးသူ စားပွဲမှာ လာရပ်၊ မောင်မိုးသူကို လက်ဆွဲပြီးနေကောင်းလားဘာလားလို့ အာလာပ သလ္လာပ ပြောနေတာပေါ့လေ။ မောင်မိုးသူလည်းဝိုင်းထဲက ပုဂ္ဂိုလ်များနဲ့ အဲဒါမန္တလေးက စိန်မြင့်ပေါ့၊ နာမည်ကျော် နာမည်ကြီးပါပဲလို့ ပြောရတာပေါ့။

ဟုတ်ပါတယ်။ စိန်မြင့်ဟာ မန္တလေးမှာက ရွှေချည်ထိုး စိန်မြင့်ဆိုပြီး နာမည်ကျော်ပေါ့။ ကြံ့ခိုင်ဖွံ့ဖြိုးရေးခေတ်မှာလည်း လူကြီးတစ်ယောက် လုပ်ဖူးထင်ပါ့။ အဲသည် စိန်မြင့်ဟာ ဝင်းဖေတို့၊ ပေါ်ဦးသက်တို့၊ မောင်မိုးသူတို့ထက် နည်းနည်းငယ်ပါတယ်။ ပေါ်ဦးသက်နဲ့တော့ အမျိုးတော်သလား မသိပါဘူး။ ပန်းချီမှာလည်း နာမည်ကျော်ပေါ့ ခင်ဗျ။ မောင်မိုးသူက သူ့လက်ရာတွေကို မြင်တိုင်း မင်းလက်ကတော့ ပေါ်ဦးနဲ့ ဝင်းဖေ စပ်ကျထားတဲ့သူလို့ ပြောဖူးပါတယ်။ ပေါ်ဦးရဲ့ မြန်မာမှုနဲ့ ဝင်းဖေရဲ့ မော်ဒန်ကိုတစ်မျိုး ဖြစ်အောင် စပ်ရေးနိုင်တဲ့သူလေ။ စိန်မြင့်ရဲ့ နတ်ကားတွေက အထင်အရှားအကျော် အကြားပေါ့။

စိန်မြင့်နဲ့ ဥမ္မာမိုးမြင့်တို့ နှစ်ယောက်တွဲ ထရိတ်ဒါးဟိုတယ်မှာလုပ်တဲ့ ပြပွဲကိုလည်းသွားဖူးသလို ဝင်းဖေမြန်မာပြည် ပြန်ရောက်စဝင်းဖေနဲ့ စိန်မြင့်နှစ်ယောက်တွဲပြတဲ့ပွဲလည်း မောင်မိုးသူသွားဖြစ်ရောက်ဖြစ် အားကျဖြစ်ရ ပါတယ်။

တစ်လောက ရုပ်ရှင်အစည်းအရုံး ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ဝင်းဖေနဲ့တွေ့တော့ ဝင်းဖေက သူကတော အရုပ်တွေရေးနေရတယ်ဗျာ၊ ကိုမိုးကောတဲ့။ မောင်မိုးသူက ကျွန်တော်ကတော့ ဆောင်းပါးတွေရေးနေရတာနဲ့ ပန်းချီဘက်ကိုမလှည့်နိုင်ပါဘူး၊ မလှည့်ဖြစ်သေးပါဘူးလို့ ပြောရပါတယ်။ ဝင်းဖေကတော့ မြှောက်ပေးတယ်။ ဆွဲပါဗျ၊ ပန်းချီဆွဲရတာ ပျော်စရာကောင်းပါတယ်တဲ့။

ဟုတ်ပါတယ်။ ကင်းဗတ်အဖြူထည်ကြီးပေါ်မှာ အရောင်တွေတင်ရတာ၊ ရေးရတာ၊ ဆွဲရ တာ ပျော်စရာကောင်းကြောင်း မောင်မိုးသူသိပါတယ်။ ဒါပေမဲ့ ဖုတ်ပူမီးတိုက် ဆောင်းပါးတွေ အများကြီး အများကြီးရေးနေရလေတော့ ပန်းချီဘက်ကိုမလှည့်နိုင်ဘူး ဖြစ်နေပါတယ်။

အဲသည် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာပဲ ဂရေ့စ်ခေါ် ဆွေဇင်ထိုက်က မောင်မိုးသူကို လူတွေသူတွေအကြားမှာ ဦးစိန်မြင့်လို့ခေါ်ပြီး နှုတ်ဆက်ပါတယ်။ ဆွေဇင်ထိုက်ခေါ် ဂရေ့စ်ရဲ့ မိဘနှစ်ပါးလုံးနဲ့လည်းသိ၊ ဂရေ့စ်ရဲ့ညီမ ဒေါ်လီနဲ့လည်း မောင်မိုးသူ သိတဲ့အပြင် ဆွေဇင်ထိုက်နဲ့လည်း ရုပ်ရှင်ကားကြီးတစ်ကား၊ ဗီဒီယိုတစ်ကား၊ နှစ် ကားတိတိ မောင်မိုးသူ ဒါရိုက်တာလုပ်ပြီး ရိုက်ဖူးပါတယ်။

ဂရေ့စ်က မောင်မိုးသူကို ဘယ်အချိန်တွေ့တွေ့ ဦးစိန်မြင့်လို့ခေါ်လေ့ရှိပါတယ်။ မောင်မိုးသူကလည်း အေး ညည်းယောကျာ်း ဟိုအကောင်ကို သတိရတိုင်း မောင်မိုးသူကို ဦးစိန်မြင့် ခေါ်နေတာပေါ့လေဆိုတော့ သူက စပ်ဖြဲဖြဲလုပ်နေပါ တယ်။ တကယ်လည်း ဆွေဇင်ထိုက်ရဲ့ ခင်ပွန်းက စိန်မြင့်ပဲလေ။ ကလန်ကလားနဲ့ ရုပ်ရှင်မင်းသားစိန်မြင့်ပေါ့။ အဲသည် စိန်မြင့်နဲ့ မောင်မိုးသူတို့ကတော့ စိန်မြင့်တို့ ညီအစ်ကို ဆန်းညွန်ဦးမှာလုပ်က တည်းက သိပါတယ်။ စိန်မြင့်နဲ့ မိုးသူက သက်တူရွယ်တူလောက်ပဲ ရှိလိမ့်မယ်ထင်ပါရဲ့။

စိန်မြင့်က ရုပ်ရှင်ထဲကို မောင်မိုးသူနောက်မှ ရောက်လာတာပါ။ သူ့ရဲ့ပထမ ဆုံးကား သာကေတ မြရတနာရုံမှာ တင်တုန်း စိန်မြင့်ကိုမင်းသားတင်ပြီးရိုက်ချင်တဲ့ ကုမ္မဏီတစ်ခု က သူ့ဇာတ်ရုပ်နဲ့ ကားတစ်ကားရေးပေးလို့လာအပ်တော့ မောင်မိုးသူက စိန်မြင့်ကို လူချင်းရင်းပေမဲ့ ရုပ်ရှင်ဇာတ်ရုပ်ကို မသိဘူး၊ သူ့ကား ရန်ကုန်မှာတင်တုန်းကလည်း မကြည့်ဖြစ်ဖူးဆိုတော့ သာကေတ မြရတနာရုံမှာတင်ထားတဲ့ ကားသွားကြည့်ပါဆိုပြီး ရုပ်ရှင်ကုမ္မဏီက ကားစီစဉ်ပေးပါတယ်။

ညနေ ၆း၃၀ နာရီ သာကေတ မြရတနာရုံမှာ စိန်မြင့်ဇာတ်ကားပြသနေတုန်းဖြစ်ပါတယ်။ မောင်မိုးသူ ရုံရှေ့ရောက်တော့ လူတွေက ရုံးစုရုံးစုနဲ့ မောင်မိုးသူကို ဝိုင်းကြည့်ကြပါတယ်။ သူတို့က ရုပ်ရှင်မင်းသား စိန်မြင့်လာမယ်ဆိုလို့ စောင့်နေကြတာတဲ့။ တချို့ကလည်း ပိန်တာ ရှည်တာပဲ တူတာပါကွလို့ ပြောကြဆိုကြပေါ့။

စိန်မြင့်က ဆွေဇင်တိုက်နဲ့ အိမ်ထောင်ကျပါတယ်။ သူတို့ရဲ့သမီးကလေး နွေးနွေးဟာ မောင်မိုးသူရဲ့ အငယ်ဆုံးသား ညီညီနဲ့  မတိမ်းမယိမ်း၊ ဖြူဖြူပိန်ပိန်ကလေးတွေ။

စိန်မြင့်နဲ့ မောင်မိုးသူ စာပေဟောပြောပွဲမှာလည်း အတူဟောဖူးပါတယ်။ ဟောပြောပွဲမှာ စိန်မြင့်က ကျွန်တော်က ဘာမှ မဟောတတ်ဘူးခင်ဗျလို့ပြောတာကိုပဲ ပရိသတ်ကပွဲကျ နေတာကို ကြုံရဖူးပါတယ်။

စိန်မြင့် ကွယ်လွန်တော့ စိန်မြင့်ရဲ့အသုဘကို ဂရေ့စ်ကတာဝန်ယူပါတယ်။ ဂရေ့စ်ရဲ့ နံဘေးမှာရှိတာက ဒါရိုက်တာမောင်ဝဏ္ဏနဲ့ မောင်မိုးသူ။သည်နှစ်ယောက်ကတော့ အရပ်မတူပေမဲ့ ရုပ်ကတူတယ်။ နှုတ်ခမ်းမွေးပါတာရော၊ စုတ်ချွန်းချွန်းနိုင်တာရော၊ အရက်သောက်တာချင်းရော။ ဒါပေမဲ့ မောင်မိုးသူက မောင်ဝဏ္ဏထက် အသက်ကြီးပြီး ရုပ်ချောပါတယ်။ မောင်ဝဏ္ဏက မောင်မိုးသူကို တစ်သက်လုံး အစ်ကိုအစ်ကိုနဲ့ ပေါင်းပြီး အတူသောက်ခဲ့ကြတာ ။ စိန်မြင့်ရဲ့ အသုဘမှာ ဂရေ့စ်နံဘေးမှာရှိခဲ့တဲ့ မောင်ဝဏ္ဏလည်း ခုတော့ မရှိပြီပေါ့။ အဲဒါက မောင်မိုးသူနဲ့ နာမည်တူ ရုပ်ရှင်မင်းသားစိန်မြင့်ဖြစ်ပါတယ်။

နောက်ထပ် နာမည်တူ စိန်မြင့်ကတော့ မောင်မိုးသူကိုယ်တိုင်ပါပဲ။ မောင်မိုးသူရဲ့ ငယ်နာ မည်က စိန်မြင့်ဖြစ်ပါတယ်။ ကျောင်းသားဘဝနာမည်ကလည်း စိန်မြင့်ပဲ၊ အထက်တန်း အောင်လို့ မန္တလေးတက္ကသိုလ်ရောက်တော့ ကျောင်းသားခေါင်းဆောင်လုပ်တုန်းက လည်း နာမည်ကစိန်မြင့်ပဲဖြစ်ပါတယ်။ ကဗျာတွေစာတွေရေးတော့ ကလောင်နာမည်က မောင်သက်ဦး ဖြစ်ပါတယ်။

၁၉၅၈ မှာ အဖမ်းခံရပြီး စိန်ပန်းဂါတ်တဲမှာချုပ်ထားတုန်း အပြင်ကစာနယ်ဇင်းတွေကို စိန်မြင့် နာမည်၊ မောင်သက်ဦး နာမည်နဲ့ရေးလို့ မဖြစ်နိုင်တော့ကြည်အေးကို စွဲလမ်းတဲ့ မောင်မိုးသူဟာ ကြည်အေးရဲ့ ညကြီးမိုးချုပ် ထပြီးထိုင်နေဆိုတဲ့ တစ္ဆေကဗျာကို ကြည်အေးက မမိုးသူဆိုတဲ့ ကလောင်အမည်နဲ့ရေးခဲ့တာကို သတိရပြီး မောင်မိုးသူဆိုတဲ့ ကလောင်အမည်ယူခဲ့တာပဲဖြစ်ပါတယ်။

အချုပ်ထဲကလွတ်တော့ တက္ကသိုလ်ပြန်မတက်ဖြစ်တော့ဘဲ စာပေလောကထဲ ခြေစုံပစ်ဝင်လိုက်တော့ မောင်မိုးသူဖြစ်နေပါပြီ။ ၁၉၅၉ ကပါ။ အဲသည်လိုနဲ့ စာပေ လောက၊ ရုပ်ရှင်လောကတွေမှာ မောင်မိုးသူလို့ပဲ သိကြသူ ကများပြီးစိန်မြင့်ဆိုတဲ့ နာမည်ကို သိတဲ့သူတောင်အတော်ရှားသွားပါတော့တယ်။ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါတာလည်း မိုးသူ၊ အင်န်အယ်လ်ဒီအဖွဲ့ တည်ထောင်ရာမှာပါတာလည်း မိုးသူမို့ ထောင်ထဲမှာ မိုးသူရဲနာမည် ကိုရေးတာတောင် စိန်မြင့်ခေ မိုးသူလို့ မရေးဘဲမိုးသူခေါ် စိန်မြင့်လို့ ရေးဆွဲထားလေတော့ စစ်အစိုးရက မိုးသူကိုပဲထောင်ချချင်နေတာ၊ မိုးသူကိုပဲ စာမရေးစေချင်တာ၊ ရုပ်ရှင်မရိုက်စေချင်တာ၊ နိုင်ငံရေး မလုပ်စေချင်တာလို့ မှတ်ယူခဲ့ရပါ တယ်။

၂၀ဝ၀ ပြန်အလွတ်မှာ မိုးသူနာမည်ကို သုံးခွင့်ရပါတယ်။ စိန်မြင့်နာမည်ကိုတော့ မန္တလေး စိန်မြင့်လာတဲ့အခါ၊ ဒေါ်ဆွေဇင်ထိုက်က ဦးစိန်မြင့်လို့ ခေါ်တဲ့အခါမှ ကိုယ့်နာမည်ကို စိန်မြင့်မှန်း ပြန်မှတ်မိရပါတယ်။

စိန်မြင့်သုံးယောက်အကြောင်းဖြစ်ပါတယ်။

မောင်မိုးသူ

စီစီသွယ် (S/OKA ၀၈၉ ၈၁၈) - နိုင်ငံတော်အတိုင်ပင်ခံ၏ ပန်ကြားချက်နှင့် ပြည်ဝင်ခွင့်

$
0
0


စီစီသွယ် (S/OKA ၀၈၉ ၈၁၈) - နိုင်ငံတော်အတိုင်ပင်ခံ၏ ပန်ကြားချက်နှင့် ပြည်ဝင်ခွင့်
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၆


အသံတွေ ကြားနေရသည်။ အမေရိကန်ပြည်ထောင်စု မြန်မာသံရုံး၏ အင်တာနက်စာမျက်နှာထဲ ၀င်ကြည့်ရတာလဲ အကြိမ်ကြိမ်။ အမိမြေနင်းခွင့်ရရန် ဖြည့်ရသည့် လျှောက်လွှာပုံစံများလည်း နဂိုအတိုင်း။ ခံဝန်ချက်ထိုးရသည့် အချက်များလည်း တုပ်တုပ်မျှ မလှုပ်။ ပျောက်ကွယ်ခြင်း မရှိသေး။ ကွန်ပျူတာများ၊ အသိများ၏ လက်ကိုင်ဖုန်းများမှ ၀င်ကြည့်တော့လည်း တွေ့ရှိချက်က အတူတူ။

နိုင်ငံတော်အတိုင်ပင်ခံက ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာပြည်သို့ လာရောက်ကူညီပါ။ တိုင်းတပါးသားများအားလည်း လာရင်းကိစ္စလုပ်ရင်း မြန်မာနိုင်ငံသားများအား တတ်နိုင်သည့် ကိစ္စများ လုပ်ပေးသွားပါ၊ သင်ပေးသွားပါ ဟု ပန်ကြားသည်။

တကယ်လက်တွေ့မှာတော့ ပြည်ဝင်ခွင့်လျှောက်လွှာပုံစံများတွင် ပါရှိသည့် အချက်များကြောင့် မြန်မာနိုင်ငံတွင်းတွင် ကူညီမှုများ တရားဝင် လုပ်ပေး၍ မရပါ။

တိုင်းတပါးသားများလည်း လာရင်း ရည်ရွယ်ချက်မှ လွဲ၍ တရားဝင် ကျန်တာ လုပ်ခွင့် မရှိပါ။ နိုင်ငံခြားသားများ လျှောက်နိုင်သည့် ပြည်ဝင်ခွင့် ၁၁ မျိုးတွင် “အလုပ်ရာဇ၀င်” လျှောက်လွှာပုံစံကို ဖြည့်ရပါသည်။

ပြည်ပမှ မြန်မာနိုင်ငံသားများနှင့် ၎င်းတို့၏ မိသားစု ရင်းချာများ ပြည်ဝင်ခွင့်လျှောက်ရာတွင် ကိုယ်ရေးရာဇ၀င်၊ အလုပ်ရာဇ၀င်၊ လူမှုရေးဗီဇာ၊ သံအမတ်ကြီးသို့ လိပ်မူသော လျှောက်လွှာပုံစံ၊ စုစုပေါင်း ၄ စောင် ဖြည့်ရပါသည်။

သို့မှသာ မိဘဆွေမျိုးများ၏ အိမ်တွင် နေထိုင်ခွင့် ရှိမည်။

(၁) သံအမတ်ကြီးသို့ လိပ်မူသော ပုံစံတွင် မိဘဆွေမျိုးများနှင့် တွေ့ဆုံလိုခြင်း သက်သက်ကြောင့် ပြန်ခွင့်ပြုပါရန်

(၂) အလုပ်ရာဇ၀င် လျှောက်လွှာပုံစံတွင် လာရင်းရည်ရွယ်ချက်မှ လွဲ၍ ဆက်စပ်ခြင်း မရှိသည်များကို မလုပ်ရပါရန်

(၃) လူမှုရေးဗီဇာ လျှောက်လွှာပုံစံတွင် အခကြေးငွေ ယူ၍ဖြစ်စေ၊ မယူဘဲဖြစ်စေ မည်သည့်ကိစ္စတွင်မှ ပါဝင်ပတ်သက်ခြင်း မရှိပါရန် … စသည့် ခံဝန်ချက် ကန့်သတ်ချက်များ ပါရှိနေပါသည်။

အထက်ပါအချက်များကြောင့် မြန်မာပြည်သို့သွားလျင် မိဘဆွေမျိုးများနှင့် တွေ့ဆုံခြင်းမှ လွဲ၍ တရားဝင် ကျန်တာလုပ်၍ မရပါ။ ထိုအချက်များ တရားဝင် မဖြုတ်သ၍ နိုင်ငံတော်အတိုင်ပင်ခံ၏ ပန်ကြားချက်ကို တရားဝင်လုပ်ဆောင်ပေးရန် မဖြစ်နိုင်ပါ။ နိုင်ငံ၏ အကျိုးပြုလုပ်ငန်းများကို တရားဝင်လုပ်ဆောင်ခွင့် မရှိပါ။

“က၀ိအို၏ အိမ်ပြန်ချိန်” ရေးချိန်တွင် သိမ်းထားသော ပြည်ဝင်ခွင့်လျှောက်လွှာပုံစံများကို အလွယ်တကူကြည့်နိုင်ရန် တင်ပြပါသည်။ အမေရိကန်နိုင်ငံရှိ မြန်မာသံရုံး (Washington DC, New York, Los Angelese) အင်တာနက်စာမျက်နှာများတွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

နိုင်ငံတော် အတိုင်ပင်ခံ၏ ဆန္ဒ၊ ပြည်သူ့ဆန္ဒများ ပြီးပြည့်စုံစေရန် ရည်သန်လျက်


စီစီသွယ် (S/OKA ၀၈၉ ၈၁၈)
ခေတ္တ အမေရိကန်ပြည်ထောင်စု

လက်ရှိပုံစံတွေကိုလည့်း မြန်မာသံရုံးရဲ့ ဝဘ်ဆိုက်ဒ် စာမျက်နှာဖြစ်တဲ့ http://www.mewashingtondc.com/visa_en.phpမှာ ကြည့်လို့ရပါတယ်

စမ်းစမ်းတင် - Trick or Treat- Halloween မုန့်မကျွေးရင် သရဲချောက်မှာနော်

$
0
0
 

စမ်းစမ်းတင် - Trick or Treat- Halloween မုန့်မကျွေးရင် သရဲချောက်မှာနော်
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၆

အောက်တိုဘာ ၃၁ ရက်ဟာ တိုတိုရှင်းရှင်း ပြောရရင် တစ္ဆေကြီးပွဲပါပဲ။ ဗမာပြည်မှာ တရုတ်တွေလုပ်တဲ့ ပွဲကိုတော့ အမှတ်ရမိပါတယ်။ တချို့ ဗမာတွေ အယူရှိတဲ့ အကျွတ်အလွတ်ပွဲနဲ့ ဆင်မဆင်တော့ မသိပါ။ အကျွတ်အလွတ်ပွဲဆိုတာ ကြားသာကြားဖူးပြီး ဘာကြောင့်လုပ်သလဲဆိုတာ စိုးစဉ်းမျှ မသိတာလည်း အမှန်။
ဗမာပြည်မှာ အလွတ်ပညာသင်ကျောင်းတွေ ထွန်းကားနေတော့ ကလေးတွေ ၀တ်စုံမျိုးစုံနဲ့ Halloween ပွဲ ဆင် နွှဲနေတဲ့ ပုံတွေတွေ့ရတော့ အနောက်တိုင်း အလေ့ ကူးစက်သွားပြီလို့ တွေးရပါတယ်။
၁၉၆၂ ခုမှာ ဗိုလ်ချုပ်နေ၀င်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး ကိုယ်ပိုင် အလွတ် ပညာသင်ကျောင်းတွေ၊ ခရစ်ယာန် သာသနာပြုကျောင်းတွေကို ပြည်သူပိုင် သိမ်းလိုက်တဲ့နောက် မြန်မာ့နည်း မြန်မာ့ဟန်ကိုပဲ စွဲကိုင်စေပါတော့တယ်၊ ပညာရေး အဆင့်နိမ့်ကျတာ မနိမ့်ကျတာ ဒီနေရာမှာ ဘာမှ မပြောလိုဘဲ ဗမာစာကလွဲလို့ ဘာသာရပ်တိုင်း အင်္ဂလိပ်လိုသင်နေရာက အင်္ဂလိပ်စာကလွဲလို့ အားလုံး ဗမာလို သင်ရပါတော့တယ်။ ဒါကြောင့်လည်း အင်္ဂလိပ်စာညံ့ကုန်ကြပါတယ်။ မိဘအသိုင်းအ၀ိုင်းမကောင်းရင် ဒါမှမဟုတ်ကိုယ်တိုင် ကျားကုပ်ကျားခဲ မကြိုးစားရင် အင်္ဂလိပ်စာက ဘယ်လိုမှ ကောင်းမလာနိုင်ပါဘူး၊ မြန်မာမှုမြတ်နိုးပြီး မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ပဲ ချီတက်တဲ့အခါ အင်္ဂလိပ်စာ ညံ့လို့ ဗမာစာရော ကောင်းကြပါသလား။ က သတ်နဲ့ တ သတ် လွဲကြပါတယ်။ ၀ါကျ တကြောင်းသာ ဆုံးသွားပေမဲ့ ဘာကို ဆိုလိုမှန်းမသိ၊ ကြိယာကို နာမ်လိုရေးတဲ့အခါ ထမင်းစားခြင်း အမှု တို့- ဆွေးနွေးမှုတို့ ဖြစ်။ နိုင်ငံတကာ ဘာသာရော မိခင်ဘာသာပါညံ့ကုန်ကြ ပြန်ပါတယ်။ 

သာသနာပြုကျောင်းနေသူတွေကို မြန်မာ့ယဉ်ကျေးမှုနဲ့ အလှမ်းဝေးတယ်- လူက ငပိစားပြီး ဗိုလ်ဆန်တယ်လို့ အပြောခံရတဲ့ ပြည်သူပိုင် မသိမ်းခင်ကာလမှာ … ကျောင်းမှာ Halloween ပွဲ မကျင်းပပါ။ ဒီဇင်ဘာ ခရစ်စမတ်ကျောင်း ပိတ်ကာနီးလောက်မှသာ လက်ဆောင်ဖလှယ်ကြ- ကပွဲလုပ်ကြ- သီချင်းဆိုကြပြန်တော့လည်း အင်္ဂလိပ်သီချင်းဆိုကြပေမဲ့ မြန်မာ သီချင်းဆို- မြန်မာအက က ကြတာများတာ မှတ်မိပါတယ်။ တကယ်တော့ မာသာကြီးတွေက သူတို့မွေးရပ်မြေက စလာတဲ့ Halloween ပွဲကို အောက်တိုဘာလကုန်မှာ ကျင်းပနိုင်ပေမဲ့ မကျင်းပပါ။ အင်္ဂလိပ်ကိုလိုနီခေတ်က အင်္ဂလိပ်တွေကို အာခံတဲ့နေရာမှာ တူလွန်းလို့ ဗမာတွေကို အင်္ဂလိပ်တွေက အရှေ့တိုင်းက အိုင်းရစ်တွေလို့ ပြောခဲ့ပါတယ်။ မာသာကြီးတွေက အိုင်ယာလန်က လာကြတဲ့ ကက်သလစ် သီလရှင်တွေပဲ ဖြစ်ပါတယ်။ 

နိဒါန်းတွေအပျိုးလွန်နေတာ ခုမှတကယ်ပြောမယ့် Halloween အကြောင်းရောက်ပါပြီ။ Halloween ဟာ အစဉ်အလာအနေနဲ့ ၀တ်စုံ ၀တ်တာထက်… ခုလိုပဲ အိမ်မှာ မီးတွေထွန်း၊ ချောက်ချားစရာ အရိုးခေါင်းတွေချ၊ ပင့်ကူမျှင်တုတွေလုပ်၊ ရွှေဖရုံသီးကို သူရဲမျက်နှာ ထွင်း -သရဲပုံတွေ.. သွေးစုတ်ဖုတ်ကောင်တွေ ပြထားလေ့ရှိခဲ့တာလို့ ဆိုပါတယ်။ 

အင်္ဂလိပ်တွေက အရှေ့တိုင်းက အိုင်းရစ်လို့ပြောတဲ့ ဗမာတွေလိုပဲ အိုင်ယာလန်သားတွေကလည်း နာနာဘ၀ကို ယုံကြည်တဲ့ သဘောရှိပါတယ်။ ခု ဗမာနိုင်ငံထိပျံ့လာတဲ့ Halloween ဟာ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ မှာ အိုင်ယာလန်က စခဲ့တာပါတဲ့။ ရည်ရွယ်ချက်က ဗမာလို ပြောရင် သံပုံးတီး တောထုတ်တာပါပဲ၊ နာနာဘာဝတွေ သူတို့မြေထဲ ယောင်လည်လည်ရောက်မခင် ဆောင်းတွင်းမတိုင်ခင် သရဲဝတ်စုံတွေဝတ်ပြီး သရဲတွေကို ရွာထဲဝင်မလာရဲအောင် လှန့်တဲ့ အလေ့စခဲ့တာပါ။ 

ခရစ်တော်ပေါ်ပြီး အေဒီ ၁၀၀၀ ပြည့်နှစ်မတိုင်ခင်မှာပဲ နွမ်းပါးတဲ့မိသားစုတွေဟာ တအိမ်ဝင် တအိမ်ထွက်သွားကြပြီး အိမ်ရှင်တွေကို သူတို့အိမ်ကသေသွားတဲ့ သူတွေအတွက် ဆုတောင်းပေးပါမယ်- ဒိအတွက် အပြန်အလှန်အဖြစ်သူတို့ စားဖို့သောက်ဖို့ စားစရာလေးများပေးကြပါ ဆိုတဲ့ ဓလေ့ပေါ်လာတယ်လို့ ဆိုပါတယ်။ စားစရာတောင်းတဲ့ အလေ့နဲ့ သရဲဝတ်စုံဝတ် သရဲကိုချောက်တဲ့ အလေ့နှစ်ခုပေါင်းစပ်သွားပြီး .. မုန့်မကျွေးရင် သူရဲချောက်မှာနော်- ဒါမှ မဟုတ် အချောက်မခံရင် မုန့်ကျွေး trick or treat ဆိုတဲ့ကလေးတွေ အရပ်ထဲ အိမ်တကာလှည့် မုန့်ဖိုးပဲဖိုး သကြားလုံး ချိုချဉ် သစ်သီး ယူတဲ့ ပျော်ဓလေ့ ဖြစ်လာတာပါပဲ။
အမေရိကန်ပြည်ထောင်စုကိုတော့ အိုင်ယာလန်က ပြောင်းလာတဲ့ လူတွေနဲ့ အတူ ၁၉ ရာစုမှာ trick or treat ဓလေ့ဝင်လာပါတယ်။ ၁၉၂၀ ပြည့်လွန်နှစ်ပိုင်းတွေမှာ အတော်ပေါ်ပြူလာဖြစ်လာပေမဲ့ ဒုတိယကမ္ဘာစစ် အတွင်းမှာတော့ သကြားချွေတာတဲ့အနေနဲ့ trick or treat မလုပ်ဖြစ်ပါဘူး။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ သူပြန်လာပြီပေါ့ - trick or treat အချောက်ခံမလား မုန့်ကျွေးမလား Halloween ပွဲအတွက် အမေရိကန်တွေ ဒီနှစ်မှာ ဒေါ်လာသန်း ရှစ်ထောင်ကျော် သုံးလိမ့်မယ်လို့ ခန့်မှန်းထားတော့ ကြားထဲက နှမျောနေသေး၊ အေးလေ… သင်္ကြန်လို သုံးကြဖြုန်းကြမှာပေါ့။ 

Halloween ၀တ်စုံတွေထဲ ကလေးတွေက ပေါ်ပြူလာအဖြစ်ဆုံး ဆူပါဟီးရိုး ၀တ်စုံ ၀တ်ကြပြီး Princess ၀တ်စုံ နဲ့ တိရစ္ဆာန်လို ၀တ်စုံက ဒုတိယနဲ့ တတိယရှိတယ်တဲ့… ကလေးတွေကတော့ အရပ်ထဲ သကြားလုံး လှည့်တောင်းရုံ…. မိဘတွေကတော့ သားသမီးတွေ ပူဆာတဲ့ ၀တ်စုံဝယ်ပေးပေါ့… ဈေးကတော့ အမျိုးမျိုးပေမဲ့ ပေးတော့ပေးရတာပဲ … ရာသီစာကို… 

လူငယ်တွေလည်း ဘယ်နေမလဲ… သူတို့ကတော့ ဆန်းသစ်နိုင်သမျှ ထွင်နိုင်သမျှထွင်… သကြားလုံးလိုက်တောင်းတဲ့ အရွယ်လွန်ပြီမို့ စားသောက်ဆိုင်တွေ ဘားဆိုင်တွေဘက် လှည့်… ပျော်ကြ..မြူးကြ…သောက်ကြ.. စားကြပေါ့ အထည်လုပ်ငန်းနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေ ၀င်ငွေကောင်းတဲ့ တစ္ဆေကြီးပွဲပေပါ့။

အဆိပ်သင့်ငါးပိမျိုးစုံ

$
0
0
အဆိပ်သင့်နေသော ငါးပိမျိုးစုံ (စိုးစံထိုက်)
နိုဝင်ဘာ ၁၊ ၂ဝ၁၆



ပြီးခဲ့တဲ့လလယ်ပိုင်းက တွေ့ရတဲ့ ရန်ကုန်မြို့ ငါးပိအရောင်းဆိုင်တချို့ (ဓာတ်ပုံများ - ဌေးအောင်၊ မိုးမခ)

မကြာသေးခင်က ရန်ကုန်မြို့ရဲ့ ဈေးတစ်ခုအတွင်း သားငါး ရောင်းတဲ့နေရာကို ရောက်သွားချိန်မှာ အံ့သြစရာ အခြေအနေ တစ်ခုကို တွေ့ခဲ့ရပါတယ်။

ဟင်းသီးဟင်းရွက်တန်းမှာတော့ ယင်ကောင်တွေ တဝီဝီ ပျံသန်းနေပေမယ့် ငါးပိဆိုင်တွေမှာတော့  ယင်ကောင် တစ်ကောင်မှ မရှိသလို၊ ငါးပိပုံထဲမှာလည်း လောက်ကောင်လေးတွေကို မတွေ့ရပါဘူး။  ငါးပိနဲ့လောက် ရွှေနဲ့ကျောက်လို့ ဆိုကြပေမဲ့ ငါးပိဆိုင်တွေရဲ့ အနေအထားက အဲဒီဆိုရိုးစကားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

မြန်မာတွေရဲ့ ရိုးရာအစားအစာ ငါးပိမှာ ဆိုးဆေး၊ ယင်မနားဆေး၊ လောက်သေဆေး၊ ပိုးသတ်ဆေးတွေ ပါဝင်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေတာ နှစ်နဲ့ချီ ရှိခဲ့ပေမယ့်လည်း ငါးပိနဲ့ ပတ်သက်တဲ့ သုတေသနတွေ ထွက်ပေါ်လာခြင်း မရှိသေးသလို စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုတာ လေထဲ တိုက်အိမ်ဆောက်သလို မှုန်ဝါးဝါး ဖြစ်နေဆဲပါ။   

ကင်ဆာနဲ့ ရောဂါစုံဖြစ်ပွားနေခြင်းဟာ လူသုံးများတဲ့ ငါးပိထဲ ပိုးသတ်ဆေး၊ ဓာတုဆေးပါဝင်မှုနဲ့ ဆက်စပ်နေပြီး ဒီပြဿနာကို ပူးပေါင်းဖြေရှင်းဖို့ လိုအပ်နေချိန်မှာ အစားအစာတွေ ဘေးကင်းလုံခြုံအောင် အစိုးရက ယခုထက်ပိုပြီး ထိထိရောက်ရောက် မလုပ်ဘူးလားလို့   မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ငါးပိထဲက  အာဆင်းနစ်
ရန်ကုန်မှာ အစားအစာသုတေသီတချို့ရဲ့ အကူအညီနဲ့ ဈေးကွက်ထဲက ငါးပိနမူနာတချို့ယူပြီး  အစိုးရ အသိအမှတ်ပြုဓာတ်ခွဲခန်း ၁ဝ ခု လောက်ကို မကြာသေးခင်က သွားရောက် ဆက်သွယ်ရာမှာ ဓာတ်ခွဲခန်း ၄ ခုကသာ ငါးပိကို လက်ခံ စစ်ဆေးနို်င်တာ တွေ့ရပါတယ်။  အဲဒီထဲမှာပဲ ဓာတ်ခွဲခန်း၂ခုက အာဟာရတန်ဖိုးတွေကိုသာ စစ်ဆေးပေးနိုင်တာပါ။

ဓာတ်ခွဲခန်း တစ်ခုရဲ့ အဖြေကတော့ မျှင်ငါးပိနမူနာမှာ အာဆင်းနစ် ပါဝင်မှု မရှိပါဘူး။  တခြား ဓာတ်ခွဲခန်း တစ်ခုရဲ့ တွေ့ရှိချက်ကတော့  အာဆင်းနစ်ဓာတ် ပါဝင်မှုက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ချက်ထက် ၅ ဆနီးပါး ပိုနေပါတယ်။ ဓာတ်ခွဲခန်းမှူးကတော့ အာဆင်းနစ်ဓာတ်ပါဝင်မှုဟာ ဓာတုဆိုးဆေးကြောင့်လို့ ပုံသေ ပြောလို့မရဘူး၊ ဧရာဝတီတိုင်းဒေသကြီးကထွက်တဲ့ ငါးပိတွေမှာဆို ရေကတစ်ဆင့် ပါဝင်နိုင်တယ်လို့ သုံးသပ်ပါတယ်။

အစားအသောက် ဆိုင်ရာ ပညာရှင် ဒေါက်တာစိုးခိုင်ကလည်း  ဒေသတချို့ရဲ့ မြစ်ချောင်း၊ အင်းအိုင်များက ရရှိတဲ့ ငါးပုစွန်တွေမှာ အာဆင်းနစ်က သဘာဝ အလျောက် ပါဝင်နိုင်သလို၊ ငါးပိထုတ်လုပ်ပုံ အဆင့်ဆင့်မှာလည်း ပါဝင်လာနိုင်ခြေရှိတယ်လို့  ရှင်းပြပါတယ်။
အာဆင်းနစ် အဆိပ်သင့် ရောဂါလက္ခဏာတွေထဲ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ ပါဝင်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အသည်းကင်ဆာက ကင်ဆာရောဂါအားလုံးရဲ့ တတိယ အဖြစ်အများဆုံးအဆင့်မှာ ရှိနေကြောင်း ရန်ကုန်၊ လမ်းမတော် မြို့နယ်  ခုတင် ၅ဝဝ ဆံ့ ဆေးရုံကြီးရဲ့ မှတ်တမ်းများအရ သိရပါတယ်။
အဲဒီ ဆေးရုံမှာ အသည်းနဲ့ပတ်သက်ပြီးကုသမှု ခံယူနေတဲ့ လူနာများစွာထဲမှာ တစ်ဦးက ၅၆ နှစ် အရွယ် ဒေါ်ခင်ခင်စော ဖြစ်ပါတယ်။

 “ရုတ်တရက် ခေါင်းမူးပြီး ကြွက်တက်လို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကိုရောက်မှပဲကျွန်မမှာ ဆီးချို၊ သွေးတိုးသာမကဘဲ အသည်းကိုပါ ထိနေတယ်ဆိုတာ သိရတာ”  လို့ ဒေါ်ခင်စောက ဆိုပါတယ်။

“နေ့တိုင်းစားနေတဲ့ ငါးပိမှာ ဆိုးဆေးတွေ၊ ယူရီးယားတွေ ထည့်တယ်လို့ အပြင်မှာပြောကြတာပဲ။ ငါးပိရည် မပါရင် ထမင်းစားမမြိန်လို့ စားနေတာပဲ။ အခုတောင် သွေးတိုးရောဂါရှိတယ်လို့ ဆရာဝန်ပြောလို့ လျှော့စားနေရတယ်”  

သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ ကင်ဆာ အပါအဝင် မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် သေဆုံးမှုနှုန်းက မြင့်မားလာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သည့် ရောဂါများကာကွယ်နှိမ်နင်းရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ရွှေက ပြောပါတယ်။ တခြားရောဂါတွေကြောင့် သေဆုံးသူ ရာခိုင်နှုန်းထက် ထက်ဝက်ကျော် ရှိနေတယ်လို့ သူက ဆိုပါတယ်။

အာဆင်းနစ်အဆိပ်သင့် အစားအစာတွေကြောင့် အသည်း၊  ကျောက်ကပ် ပျက်စီးစေတယ်၊   ရောဂါလက္ခဏာ ပေါ်လာဖို့လည်း ၅ နှစ်မှ ၁၅ နှစ်အတွင်း ကြာတတ်တယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။
အာဆင်းနစ် ပါဝင်တဲ့ရေကို သောက်သုံးရတဲ့ ဒေသက ဒေသခံတွေ အနေနဲ့ ဆီးအိမ်၊ အဆုတ်၊ အရေပြား ကင်ဆာတို့ ဖြစ်စေနိုင်ပြီး အရေပြား ပြဿနာ များ၊ သွေးလည်ပတ်မှုစနစ်၊ ပင်ကို ခုခံအားစနစ် နဲ့ အာရုံကြော စနစ်တွေကို ပျက်စီး ထိခိုက်စေနိုင်တယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့စစ်တမ်းက ဖော်ပြထားပါတယ်။

ငါးပိ ဈေးကွက်
မြန်မာပြည်သား အများအပြား နှစ်သက်ကြတဲ့ ငါးပိကို ဧရာဝတီတိုင်း ဒေသကြီးမှာ စီးပွားဖြစ် ထုတ်လုပ်လျက်ရှိပြီး နိုင်ငံအနှံ့ ဖြန့်ချိနေပါတယ်။
ဈေးနှုန်းအနည်းငယ် မြင့်မားတဲ့ မြိတ်၊ ထားဝယ်ဒေသနဲ့ ရခိုင်ပြည်နယ်ထွက်ငါးပိက ဒေသတွင်း စားသုံးမှုများပြီး တစ်ခြားဒေသကို တင်ပို့မှု နည်းပါတယ်။

နှစ်စဉ် ငါးပိနဲ့ ငန်ပြာရည်တန်ချိန် ၃,၁ဝဝ၊ ငါးခြောက်တန်ချိန် ၅၃,ဝဝဝ လောက်ကို အလုပ်သမားအင်အား ၆,ဝဝဝ ဝန်းကျင်နဲ့ ထုတ်လုပ်နေကြောင်း ငါလုပ်ငန်း ဦးစီးဌာနရဲ့ ခန့်မှန်းစာရင်းတွေမှာ တွေ့ရပါတယ်။
ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ငါးပိ၊ ငါးခြောက်ဇုန်မှာ အလုပ်ရုံ ၄ဝဝ ဝန်းကျင်ဟာ မြေအောက်ရေကိုသာ သုံးစွဲကြပြီး  ရေသန့်စက်တွေ တပ်ဆင်သုံးစွဲဖို့ တွက်ခြေ မကိုက်နိုင်ဘူးလို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ငါးပိလုပ်ငန်း လုပ်ကိုင်သူတွေက စည်ပင်သာယာရေး ကော်မတီ၊ ငါးလုပ်ငန်း ဦးစီးဌာနတို့မှာ လုပ်ငန်းလိုင်စင် လျှောက်ဖို့ လိုအပ်ပါတယ်။ ငါးပိလုပ်ငန်းရှင် ၂ဝဝ ကျော်က ငါးလုပ်ငန်းဦးစီးဌာနမှာ လိုင်စင် တင်ထားတယ်၊ ဒါဟာ နိုင်ငံတစ်ဝန်း လုပ်ငန်းရှင် အရေအတွက်ရဲ့ ၁ဝ ရာခိုင်နှုန်းကိုသာကိုယ်စားပြုတယ်လို့ မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည် ထုတ်လုပ် ရောင်းဝယ်သူများ အသင်း အတွင်းရေးမှူး ဦးထွန်းစိန်က ပြောပါတယ်။

မျှင်ငါးပိနဲ့ ဆိုးဆေး
ငါးပိဆိုတာ မိသားစု အများစုရဲ့ မီးဖိုခန်းထဲမှာ  သိမ်းဆည်း သိုလှောင်ထားတဲ့ အစားအစာ ဖြစ်ပါတယ်။  နိုင်ငံရပ်ခြားကို ရောက်နေတဲ့ မြန်မာတွေ အမြဲတောင့်တမိတဲ့ အစားအစာ စာရင်းမှာလည်း ငါးပိရည်၊ ငါးပိထောင်းက ထိပ်တန်းမှာ နေရာယူထားပါတယ်။

ရန်ကုန်၊ လမ်းမတော်မြို့နယ်နေ  ဒေါ်ခင်မေမြင့်က  “ဇာတိမြေဖြစ်တဲ့ သံတွဲကပဲ မျှင်ငါးပိကို မှာပြီးတော့ သုံးတာ။ လတ်ဆတ်တဲ့ မျှင်ကောင်တွေကို ထောင်းထားတဲ့အတွက် အနံ့ ပိုကောင်းတယ်။ အိမ်က ဟင်းချက်တဲ့အခါ မပါမဖြစ်ဆိုတော့ ၁ နှစ်စာလောက်ကို ဝယ်လှောင်ထားရတယ်” လို့ ပြောပြပါတယ်။
ငါးပိမှာ   အာဟာရဓာတ်တွေ၊ ဗီတာမင်တွေ အများကြီးပါဝင်တဲ့အတွက် အရိုးအဆစ် သန်မာစေရုံမက ကျန်းမာရေးအတွက်လည်း များစွာ အကျိုးပြုတယ်လို့ ပညာရှင်တွေဆီက သိရပါတယ်။

 
 

ကမ်းရိုးတန်းဒေသမှာ ငါးခြောက်လုပ်ဖို့ စံမမီတဲ့ငါးတွေကို ကြိတ်ပြီး ဆားလူး လိုက်ပါတယ်။ အဲဒီနောက် ပုစွန်ဖွဲခွံ ရောထည့်ပြီး ကြိတ်ရပါတယ်။ လုပ်ငန်းရှင်တချို့ကတော့ မကြိတ်ခင်မှာ ဆိုးဆေးကို ရေဖျော်ပြီး ဖြန်းတယ်၊  သုံးခေါက်လောက် ကြိတ်လိုက်ရင် အရောင်ညီညာတဲ့ မျှင်ငါးပိကို ရနိုင်တယ်လို့  ပြောပါတယ်။ 
ဈေးကွက်မှာ မျှင်ငါးပိ ရောင်းပန်းလှဖို့ ဓာတုဆေး အသုံးပြုလာတာ နှစ်ပေါင်း ၄ဝ ဝန်းကျင် ကြာခဲ့ပြီလို့ သိရပါတယ်။

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က တားမြစ်တာတွေ ရှိပေမယ့် ငါးပိ ထုတ်လုပ်သူတချို့က တားမြစ်ဆိုးဆေးတွေရဲ့ အန္တရာယ်ကို သိပုံမရကြပါဘူး။  စားသုံးသူတချို့ကလည်း မျှင်ငါးပိ ဆိုတာ အနီရောင်လို့ ထင်မှတ်နေတာတွေလည်း ရှိပါတယ်။

မျှင်ငါးပိ အရောင်နီနေတိုင်းလည်း အရောင်ပါတယ်လို့ ပြောလို့ မရပါဘူး။ ပင်လယ် လေတိုက်တာတွေ ပြောင်းလဲတဲ့အခါ  သဘာဝအရောင်ပါတဲ့ မျှင်ငါးပိကို ရရှိနိုင်ပါသေးတယ်။
အရောင်ထည့်ရခြင်းရဲ့ အားသာချက်ထဲမှာ အရသာ ခါးသက်မသွားခြင်း၊ တာရှည်အထားခံခြင်းတို့ ပါဝင်ကြောင်း ငါးပိလုပ်ငန်းရှင် တစ်ဦးက ပြောပြပါတယ်။

ရန်ကုန်မြို့က ငါးပိလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးရွှေမန်းက  “လုပ်ငန်းရှင်တွေ အနေနဲ့ အမြဲတမ်း ဓာတ်ခွဲခန်းကို သွားပြီး စမ်းသပ်နေဖို့ မဖြစ်နိုင်ပါဘူး၊ ငါးပိထွက်တဲ့ အချိန်ကျရင် တစ်ရက်ကို ငါးပိကုန်သည် အယောက် ၆ဝကနေ ၈ဝ အထိ ဘုရင့်နောင် ပွဲရုံကို တင်ပို့နေတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

တားမြစ်ဆိုးဆေး နဲ့ ကင်ဆာ
စားသောက်ကုန်တွေ အရောင်အဆင်း လှ၊ အရသာ ကောင်း၊  တာရှည်ခံဖို့အတွက် ဓာတုဆေး သုံးစွဲတာ ပိုမို များပြားလာကြောင်း ဈေးကွက်ထဲ စုံစမ်းမှု အရ  သိရပါတယ်။   
အစားအစာထဲ အများဆုံးတွေ့ရှိရတဲ့ ဓာတုဆိုးဆေးမှာ အထည်ချုပ်လုပ်ငန်းသုံး Rhodamine B ဖြစ်ကြောင်း၊ အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း တို့ လတ်တလော ဖြစ်ပေါ်စေကြောင်း သိရပါတယ်။ ရေရှည်မှာတော့ ခန္ဓာကိုယ်ကြီးထွားမှု ထိခိုက်စေခြင်း၊ အသည်း၊ ကျောက်ကပ်တို့ ပျက်စီးခြင်းနဲ့ ကင်ဆာ ရောဂါတွေ ဖြစ်ပေါ်စေနိုင်ကြောင်း   FDA က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဒီဆိုးဆေးအပါအဝင်  Auramine O, Sudan Dyes, Orange II တို့ဟာ  မြန်မာပြည် အစားအသောက်လုပ်ငန်းအတွင်း အများဆုံး သုံးနေကြတဲ့   အန္တရာယ်ရှိ တားမြစ်ဆိုးဆေးများ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဓာတ်ခွဲခန်းမှူး တစ်ဦးကတော့ သူတို့ဆီမှာ Rhodamine B မှတစ်ပါး တခြားတားမြစ်ဆိုးဆေးတွေကို   ရှာဖွေ စမ်းသပ်နိုင်တဲ့ နည်းပညာတွေ မရှိသေးဘူးလို့ ပြောပြပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ကင်ဆာရောဂါတွေရဲ့ ၉ဝ ရာခိုင်နှုန်းဟာ အစားအသောက်က မြစ်ဖျားခံတယ်လို့ မီဒီယာတချို့မှာ ဖော်ပြနေကြတာ ကြာပါပြီ။

၂ဝဝ၈ ခုနှစ်ကကျန်းမာရေး ဝန်ကြီးဌာနက ဈေးကွက်အတွင်း မျှင်ငါးပိမှာ တားမြစ်ဆိုးဆေးပါရင် သိမ်းယူပြီး ဖျက်ဆီးခဲ့ပါတယ်။
အစားအသောက်မှာ တားမြစ်ဓာတုဆေး လုံးဝ အသုံး မပြုဖို့ လုပ်ငန်းရှင်တွေကို သတိပေးထားပြီး လိုက်နာမှုမရှိပါက အမျိုးသား အစားအသောက် ဥပဒေ အရ အရေးယူမယ်လို့လည်း သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။

၂ဝ၁၄ ခုနှစ်က ဧရာဝတီတိုင်း ဒေသကြီးမှာ FDA ရုံးခွဲတစ်ခုကို တိုးချဲ့ခဲ့ပြီး ဈေးကွက်ထဲ စစ်ဆေးရာမှာ မျှင်ငါးပိ ၇ဝ ရာခိုင်နူန်းလောက်မှာ တားမြစ်ဆိုးဆေး ပါဝင်တာ တွေ့ရှိခဲ့ရတယ်လို့ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဒေါက်တာပြည့်ဖြိုးက ပြောပါတယ်။

ဧပြီကနေ စက်တင်ဘာအတွင်း ဧရာဝတီတိုင်း ဒေသကြီး ကျေးရွာမြို့နယ်တွေက ရရှိတဲ့ မျှင်ငါးပိ နမူနာတွေကို ဓာတ်ခွဲခန်းပို့ စစ်ဆေးထားတယ်၊ တားမြစ် ဆိုးဆေး တွေ့ရှိရင် မူလထုတ်လုပ်တဲ့ နေရာအထိ ရှာဖွေ အရေးယူသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

 “ငါးပိ ထုတ်လုပ်တဲ့ နေရာတွေမှာ ဆိုးဆေးအသုံးပြုထားတဲ့ လက်ရာတွေ ရှိနေတုန်းပါပဲ။ သူတို့ ပြောတာက အရင်တုန်းက လက်ကျန်တွေပါလို့တော့ ပြောတယ်” လို့ ဒေါက်တာပြည့်ဖြိုးက ဆိုပါတယ်။
ဇူလိုင်လကလည်း မန္တလေးတိုင်း ဒေသကြီးအတွင်း ဈေး ၁၃ ခုက ရရှိတဲ့  ငါးပိ နမူနာတွေရဲ့ ၁၉ ရာခိုင်နှုန်းမှာ တားမြစ်ဆိုးဆေး တွေ့ရှိရကြောင်း FDAက ထုတ်ပြန်ခဲ့ပါသေးတယ်။

သဘာဝဆိုးဆေးတွေ ရှိပေမဲ့ ကုန်ကျစရိတ် ကြီးမားခြင်း၊ တာရှည်မခံခြင်း၊ ရောင်းပန်းမလှခြင်း၊ ဝယ်ယူရရှိဖို့ ခက်ခဲခြင်းတို့ကြောင့် လုပ်ငန်းရှင်တွေက အသုံးပြုမှု နည်းပါးတယ်လို့ ဆိုပါတယ်။

ယင်မနားဆေးနဲ့ ပိုးသတ်ဆေး
ငါးပိ ရောင်းတဲ့ဈေးတွေမှာ ရောင်းချသူတွေဟာ  မိရိုး ဖလာ နည်းတွေအရ ဆိုလို့ရှိရင် တစ်နေ့စာကိုပဲ ပုံပြီးရောင်းတာပါ။ လုပ်ငန်းရှင် ဦးရွှေမန်းက “ဆားကို အသုံးပြုပြီး ထိန်းရင်လည်း ရပါတယ်။ နည်းပညာကိုတော့ လုပ်သက်ရင့်တဲ့ လူတွေဆီက သင်ယူ ရတာ တွေလည်း ရှိပါတယ်” လို့ ဆိုပါတယ်။

ငါးပိ ငါးခြောက်တွေမှာ ယင်မနားဆေး အသုံးပြုနေကြတာလည်းကာလ အတော်ကြာနေပြီ ဖြစ်ကြောင်း၊ လောလောဆယ်မှာ ထိန်းချုပ်လို့ရတဲ့ အနေအထားကိုတော့ ရောက်နေပြီ ဖြစ်ကြောင်း လက်တွေ့ကွင်းဆင်းပြီး တွေ့ရတဲ့ အခြေအနေကို ဒေါက်တာပြည့်ဖြိုးက ပြောပြပါတယ်။

ယင်မနားဆေး ထည့်သွင်းထားခြင်း ရှိမရှိကို ငါးလုပ်ငန်း ဦးစီးဌာနနဲ့ စိုက်ပျိုးရေး ဦးစီးဌာနမှာ ရှိတဲ့ ဓာတ်ခွဲခန်းတွေမှာသာ စစ်ဆေးနိုင်တာပါ။

“ဓာတုဗေဒ ဆိုးဆေး၊ ယင်မနားဆေး၊ တာရှည်ခံဆေး မသုံးစွဲဖို့ကျွန်တော်တို့ အသင်းအဖွဲ့က အသိပညာပေး ဆွေးနွေးပါတယ်၊ ဒါပေမယ့် လိုက်နာမှု အားနည်းနေတာ တွေ့ရပါတယ်၊ကျွန်တော်တို့ အဖွဲ့က အာဏာပိုင် အဖွဲ့အစည်း လည်း မဟုတ်တော့ တင်းကျပ်စွာ လုပ်ဆောင်လို့ မရပါဘူး” လို့ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည် ထုတ်လုပ် ရောင်းဝယ်သူများ အသင်း အတွင်းရေးမှူး ဦးထွန်းစိန်က ပြောပါတယ်။

ရန်ကုန် ဈေးကွက်အတွင်း လေ့လာတဲ့အခါ Tricholorofon (ထရိုင်ကလိုရိုဖောင်း)လို့ခေါ်တဲ့ ပိုးသတ်ဆေး တမျိုးကို ငါးပိ ထုတ်လုပ်သူတွေ ဝယ်ယူမှု ရှိနေတယ်လို့ သိရပါတယ်။

အဲဒီ စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတု ဆေးဝါးကို အစားအစာတွေမှာ ထည့်သွင်း အသုံးပြုရင်  ငွေဒဏ်ကနေ ထောင် ၅ နှစ် အထိ ချမှတ်နိုင်တဲ့ ပိုးသတ်ဆေး ဥပဒေ ပုဒ်မ(၃၃)အရ အရေးယူခံရနိုင်တယ်လို့ ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းသီးနှံကာကွယ်ရေး တာဝန်ခံ ဦးဝင်းစိုးက ပြောပါတယ်။

 “ပိုးသတ်ဆေး ရောင်းမယ် ဆိုလို့ရှိရင် သုံးစွဲပုံသင်တန်း တက်ရပါတယ်။ သင်တန်း လက်မှတ်ရပြီးမှပဲ ပိုးသတ်ဆေးရောင်းချခွင့် လိုင်စင် လျှောက်ရတာပါ။ ဒါတွေမရှိဘဲ ရောင်းချရင် ပိုးသတ်ဆေး ဥပဒေနဲ့ အရေးယူပါမယ်” လို့ ဦးဝင်းစိုးက ရှင်းပြပါတယ်။

ထရိုင်ကလိုရိုဖောင်းက အမှုန့်၊ အရည်နဲ့ အခဲ ဆိုပြီး ပုံစံ ၃ မျိုးနဲ့ ဈေးကွက်ထဲမှာ ရှိတာပါ။ အဲဒီထဲမှာ တရုတ် နိုင်ငံကနေ တရားမဝင် တင်သွင်းတဲ့ အစိမ်းရောင်ပုလင်းကို သုံးစွဲမှုများတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။

နယ်ဘက်က မှာယူတာတွေကိုလည်းကားဂိတ်ကနေတဆင့် ပို့ပေးတယ်လို့ ရောင်းချသူတွေက ပြောပါတယ်။ ရောင်းချ သူ တွေကလည်း ဓာတုဆေးဝါးတွေနဲ့ ဒီဓာတုဆေးဝါးတွေရဲ့ အန္တရာယ်ကို နားမလည်တာ တွေ့ရပါတယ်။   ဆေးအမည်ကိုတောင် မှန်ကန်အောင် မပြောနိုင်ဘဲ လောက်သေဆေး၊ ယင်မနားဆေး အစရှိတဲ့ အခေါ်အဝေါ်တွေနဲ့ ရောင်းချ နေကြတာပါ။

ပိုးသတ်ဆေး တာရှည် အသုံးပြုမိရင်  ဥာဏ်ရည်၊ မျိုးပွားစွမ်းအင်၊  ရောဂါဘယဒဏ်ခံနိုင်ရည်ရှိမှုတို့ ကျဆင်း လာခြင်း၊ ပုံမမှန်မွေးဖွားမှု၊ ကင်ဆာရောဂါတို့ ဖြစ်ပေါ်လာနိုင်စေတယ် လို့ ဒေါက်တာပြည့်ဖြိုးက ပြောပြပါတယ်။

“ဘယ်ပိုးသတ်ဆေးကိုမှ အစားအသောက်မှာ ပါဝင်ဖို့် FDAက ခွင့်ပြုထားတာ မရှိဘူး။ အခုမထည့်ဖို့ ညှိနှိုင်း ထားတယ်၊ နည်းပညာ ရှာနေတယ်။ ဒီကြားထဲ ကျုးလွန်ရင် အရေးယူမယ်” လို့ သူက ပြောပါတယ်။

ငါးပိထဲက ဓာတ်မြေသြဇာ
သဘာဝ အလျောက်ရှိတဲ့ ယူရီးယားဆိုတာက နိုက်ထရိုဂျင်ပါဝင်တဲ့ ဓာတုပေါင်းစပ်မှု ဖြစ်ပြီး နို့တိုက်သတ္တဝါ တွေက စွန့်လိုက်တဲ့ ဆီးမှာပါဝင်ပါတယ်။

အစားအသောက်ရေးရာ ပညာရှင် ဒေါက်တာစိုးခိုင်က အသားဓာတ်ကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ယူရစ်အက်ဆစ်ဟာ အဆစ် အမြစ် ရောင်ရမ်းတဲ့ရောဂါကို ဖြစ်စေတယ်လို့ ပြောပြပါတယ်။

 “အသည်းရောဂါနဲ့ ကျောက်ကပ်ရောဂါ ရှိသူတွေ အနေနဲ့ ယူရီးယားဓာတ် ပါဝင်မှု မြင့်တဲ့ ကြက်သား၊ ငါး၊ ငါးပိ၊ ငါးပိရည် စတာတွေကို မစားသုံးသင့်ဘူး” လို့လည်း ဒေါက်တာစိုးခိုင်က ပြောပါတယ်။
ဒေါက်တာပြည့်ဖြိုးကလည်း ယူရီးယားနဲ့ ပတ်သက်ပြီး  အလားတူ သုံးသပ်ပါတယ်။

“အပူပေး ချက်ပြုတ်လိုက်တဲ့ ယူရီးယားက အငွေ့ပျံသွားတဲ့အတွက် အန္တရာယ်တော့ မရှိလောက်တော့ဘူး။ ဒါပေမယ့် စိတ်ချလက်ချ စားသုံးဖို့ မပြောနိုင်သေးပါဘူး။ တိကျတဲ့ သုတေသနရလဒ်တွေလည်း မရှိသေးပါဘူး” လို့ ဒေါက်တာပြည့်ဖြိုးက ပြောပါတယ်။

အရည်ကျိုငါးပိမှာ ယူရီးယားဓာတ်မြေသြဇာကို ထည့်ခြင်းဖြင့် ထုတ်လုပ်မှုကြာချိန်ကို လျှော့ချနိုင်တယ်၊ ယူရီးယားကို မသုံးတဲ့ လုပ်ငန်းရှင်လည်း ရှိတယ်လို့  သူက ဆက်ပြောပါတယ်။

ငါးပိလုပ်ငန်းကိုကာလကြာရှည် လုပ်ကိုင်ဖူးသူ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က အမျိုးသမီးတစ်ဦးက  “တစ်လ အတွင်း ငါးပိဖြစ်စေဖို့အတွက် မြေဆီ(ဓာတ်မြေသြဇာ) အဖြူတစ်မျိုးကို ထည့်ပြီး သိပ်ပါတယ်။ အဲဒီမြေဆီ အဖြူမှုန့်ကိုလည်း ဘုရင့်နောင်ပွဲရုံတန်းက စိုက်ပျိုးရေးဆိုင်တွေက ဝယ်ယူရပါတယ်”  လို့ ပြောပြပါတယ်။

ဘုရင့်နောင် ပွဲရုံတန်း စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်တွေကိုကွင်းဆင်းလေ့လာ စုံစမ်းတဲ့အခါ  ငါးပိကုန်သည်တွေက ယူရီးယားကို အရည်ကျိုငါးပိ ထုတ်လုပ်ဖို့ ဝယ်ယူတယ်လို့ ပြောပေမယ့် အခုလို ပြဿနာတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ငါးကန်ထဲထည့်ဖို့သာ ပြောဆို ဝယ်ယူမှုတွေ ရှိနေတယ်လို့် သိရပါတယ်။

စိုက်ပျိုးရေးသမားက ယူရီးယား အရည်အသွေးကို သေချာစစ်ပြီးမှ ဝယ်ပေ မယ့် ငါးကန်သမားတွေကတော့ ဈေးပေါတာကိုသာ ဝယ်ယူလေ့ ရှိတယ်လို့ အရောင်းဝန်ထမ်း တစ်ဦးက ပြောပြပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး အတွင်း ငါးပိထုတ်လုပ်မှုတွေကို သုတေသန လုပ်နေသူ ဒေါက်တာပြည့်ဖြိုးကတော့ ထုတ်လုပ်ပုံ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ သန့်ရှင်းမှု အားနည်းတယ်လို့ ပြောပြပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ငါးပိစက်ရုံတွေမှာဆိုရင် ခေါင်းစွပ်၊ လက်အိတ်တွေနဲ့ အဝတ်အစား အကာ အကွယ် တွေကို သေချာသပ်ရပ်စွာ ဝတ်ဆင်ပြီးကျန်းမာရေးနဲ့ ညီညွတ်အောင် ထုပ်လုပ်မှု၊ သန့်ရှင်းမှုတို့ကြောင့် သူတို့ငါးပိကို နိုင်ငံတကာပို့တဲ့ အဆင့် ဖြစ်နေပါပြီ။

စားသုံးသူကာကွယ်ရေး
ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ချိုက မမှန်မကန် ထုတ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေကို  စားသုံးသူကာကွယ်ရေး ဥပဒေအတိုင်း အရေးယူတယ်လို့ ပြောပါတယ်။

“ငါးပိဆိုတာက အမျိုးသားရေး စားကုန်။  ငါးပိ ငါးခြောက် ထုတ်လုပ်တဲ့ ပုံစံက ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ငါးပိဆိုတာ စထုတ်ကတည်းက ခြေထောက်နဲ့နင်းပြီး သိပ်တာ”  လို့ ဦးမြင့်ချိုက ရှင်းပြပါတယ်။

ဒေါက်တာပြည့်ဖြိုးကတော့ ၂ဝ၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ စားသုံးသူကာကွယ်ရေး ဥပဒေမှာ လိုအပ်ချက်တွေ ရှိနေသေးကြောင်း ထောက်ပြပါတယ်။

 “အဟောင်းက လိုအပ်ချက်တွေ သိပ်များနေလို့ စနစ်နဲ့ အံမဝင်တော့လို့ အသစ် ရေးဆွဲနေပါတယ်” လို့ ဒေါက်တာပြည့်ဖြိုးက ဆိုပါတယ်။

စားသောက်ကုန်နဲ့ ပတ်သက်တဲ့ မသမာမှုတွေ တွေ့ရင် တိတိကျကျ သတင်း ပေး တိုင်ကြားပါက လာရောက် စစ်ဆေး အရေးယူပါမယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခုချိန်ထိတော့ ကျန်းမာရေး ဝန်ကြီးဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ စားသုံးသူကာကွယ်ရေး အသင်းတွေကို တိုင်ကြားချက်တွေ ရောက်လာတာနည်းပါးနေသေးတယ်လို့ သိရပါတယ်။

ဓာတုကင်းစင်တဲ့ ငါးပိ၊ ငါးခြောက်နဲ့ ငန်ပြာရည်လုပ်ငန်းတွေကို ထောက်ခံစာ ထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောပါတယ်။

ငါးပိ လုပ်ငန်းရှင် ဦးရွှေမန်းက နိုင်ငံတကာအဆင့်မီ သန့်သန့်ရှင်းရှင်း ထုတ်လုပ်ဖို့ ကြိုးပမ်းနေသူဟာ နည်းပညာ၊ ငွေကြေး အကန့်အသတ်တို့နဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။

“ထိုင်းနိုင်ငံအထိ နည်းပညာတွေကို သွားရောက် လေ့လာခဲ့ပေမယ့် တစ်ချို့စက်ရုံတွေက ဝင်ရောက် လေ့လာခွင့်တောင် မပေးပါဘူး။ ထုတ်လုပ်မှု အဆင့်ဆင့်တွေကို လက်နဲ့လုပ်တာထက် စက်နဲ့လုပ်တဲ့ စနစ်ကို ရောက်စေချင်နေပြီ။ နိုင်ငံတော် အဆင့်ကူညီပံ့ပိုးမှုတွေနဲ့ အဆင့်မီနည်းပညာတွေ ပံ့ပိုးပေးစေချင်ပါတယ်” လို့ ဦးရွှေမန်းက ပြောပါတယ်။

ငါးပိ၊ ငန်ပြာရည်ကို နိုင်ငံတကာ လက်ခံဖို့အတွက်  ဆိုရင် နည်းပညာမှန်ကန်စွာ၊ သန့်ရှင်းစွာ ထုတ်လုပ်ရမှာပါ။ 

အကောင်းဆုံးကို ဘယ်လို ထုတ်လုပ်ကြမလဲဆိုတာ အားလုံး ပူးပေါင်းပါဝင်ပြီး အဖြေရှာကြဖို့ လိုအပ်ပါတယ်။ အဲဒီလိုမျိုး မလုပ်နိုင်ရင်တော့ နိုင်ငံတကာကိုလည်း မထိုးဖောက်နိုင်တဲ့အပြင် ပြည်တွင်းမှာလည်း အများပြည်သူအတွက် ကျန်းမာရေး အန္တရာယ်ရှိပြီး ဆုံးရှုံးနစ်နာမှုတွေ ဆက်လက် ကြုံတွေ့နေကြရဦးမှာ ဖြစ်ပါတယ်။  ။

(အလွတ်တန်းသတင်းထောက် စိုးစံထိုက်က ငါးပိလုပ်ငန်းနှင့်ဈေးကွက်အတွင်း ကိုယ်တိုင်ကွင်းဆင်းပြီး စုံစမ်းဖော်ထုတ် ရေးသားထားခြင်း ဖြစ်ပါသည်။)


အဲလိုထူး - ဂါ… ဂါ … ဂါရဝ

$
0
0


အဲလိုထူး - ဂါ… ဂါ … ဂါရဝ
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၆

စီးပွားရေးလက်ကြီးသမားတွေ.. အရာရှိအရာခံကြီးတွေနဲ့ ပတ်သက်တဲ့အသိုင်းအဝန်းကြားမှာတော့.. အတိုကောက်အဖျားဆွတ်ပြီး …ဂါ… တယ်ဆိုရင်ပဲ ပြည့်စုံကုံလုံနေပါပြီ။ သူတို့လူကြီးတွေကိုယ်တိုင်က လိုလိုချင်ချင်သုံးစွဲနေတဲ့ ဘန်းစကား အသုံးအနှုံးဖြစ်ပါတယ်။ သူတို့မှာတော့ အဆင့်ဆင့်သွားကြရတဲ့ အနေအထားရှိပါတယ်။ စီးပွားရေးလောကမှာ တော်ရုံတန်ရုံ တနိုင်တပိုင် လုပ်ငန်းသေးသမားက နိုင်ငံတော်အဆင့်လုပ်ငန်းကြီးသမားကို ဂါ ရတယ်၊ အသက်အရွယ်နဲ့မဆိုင်ဘူး၊ ဆရာဂုဏ်သမားဂုဏ်နဲ့ မဆိုင်ဘူး၊ တခါ နိုင်ငံတော်အဆင့် စီးပွားရေးသမား (ခရိုနီလို့လည်းခေါ်ကြတယ်) ကလည်း သူနဲ့ပတ်သက်ဆက်နွယ်နေတဲ့ နိုင်ငံတော်အဆင့် လူကြီးမင်းတွေကို ဂါရတယ်။ အဲဒီနိုင်ငံတော်အဆင့်လူကြီးမင်းတွေကလည်း သူ့ထက်ကြီး… ရွှေပြည်စိုးတွေကို သူ့အဆင့်အတန်းအလိုက် ဂါကြရပါတယ်၊ ယခုလိုသီတင်းကျွတ်ကာလမျိုးဆိုရင် ဂါလို့ မဆုံးကြတော့..။ အဆင့်ဆင့်ကို ဂါနေကြရတာ.. ဒါလည်း..လုပ်ငန်းသဘောတွေနဲ့ ဆက်စပ် ပတ်သက်နေတာ အမှန်ပါပဲ။

တကယ်တော့..ဂါရဝပြုတယ် ကန်တော့တယ်ဆိုတာ ကိုယ်ထက်အသက်အားဖြင့် ဝါအားဖြင့် ရာထူးအားဖြင့် ကြီးမြတ်တဲ့သူတွေ မိဘဆွေမျိုးဆရာသမားတွေကို ဝါထွက်မှာ ကန်တော့ကြတဲ့အလေ့အထပါ။ အင်မတန် ကောင်းမွန်တဲ့အလေ့အထပါ။ ဒါကိုလိုအပ်တဲ့နေရာဆွဲယူပြီး စီးပွားရေးအပေးအယူအတွက် ကောင်းကောင်းကြီး အသုံးချနေတာမျိုးကတော့ ဆယ့်ခြောက်နှစ်သားတို့ရဲ့ ဘာသာစကားနဲ့ပြောရရင်… မမိုက်ဘူး။

နိုင်ငံပိုင်သတင်းစာတွေထဲမှာ ဆရာကန်တော့ပွဲနဲ့ပတ်သက်တဲ့ လှုပ်ရှာမှုတွေ အစပျိုးနေကြတာ တွေ့မိပါတယ်၊ ဘယ်ကျောင်းရဲ့ ဆရာကန်တော့ပွဲကိုတော့ ဘယ်ရက်… ဘယ်ရက်မှာ ကျင်းပမှာဖြစ်ပါတယ်၊ အနယ်နယ်အရပ်ရပ်ကို ရောက်နေတဲ့ ကျောင်းသူကျောင်းသားဟောင်းတွေအနေနဲ့ ဒီလို ဆက်သွယ်ပါဆိုပြီး၊ ဂါရဝတရားကို ဖော်ကျုးတဲ့ပွဲ။ 

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ဆွမ်းပတ်တခု တာဝန်ယူထားလို့ မွေးရပ်မြေပြန်တဲ့အချိန်မှာပဲ အလယ်တန်း အထက်တန်းတက်ခဲ့တဲ့ကျောင်းက ဆရာကန်တော့ပွဲကျင်းပရေးကော်မတီ ဖွဲ့တဲ့ အစည်းအဝေးကို တက်ရောက်ပေးဖို့ ဖိတ်ကြားတယ်။ ကိုယ်က.. ရန်ကုန်ရောက်ကျောင်းသားဟောင်းတွေရဲ့ ကိုယ်စားပေါ့။ လုပ်နေကျ နယ်ခံဦးလေးဦးကြီးတွေက နာယကနေရာနေပြီး ကိုယ်တွေသက်တမ်းကလူတွေနဲ့ ဆရာ ကန်တော့ပွဲဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းလိုက်တယ်။ ကိုယ့်ကို စာပေနယ်ထဲမှာ ရှိနေမှန်းသိလို့ ဆရာကန်တော့ပွဲ အမှတ်တရစာစောင်တခု ထုတ်ဝေနိုင်ဖို့ တာဝန်ပေးတယ်။ ကိုယ်လည်း တာဝန်ယူပါတယ်ပေါ့။ အ.ထ.က (ထူးကြီး) မြတ်ဆရာ ပူဇော်ကန်တော့ပွဲ အမှတ်တရစာစောင်..။

အဲဒီမှာ.. မနှစ်က  ကော်မတီဟောင်းကတင်ပြပြီး နာယကဆရာတဦးက ဆွေးနွေးတဲ့အကြောင်းအရာတခုကို အာရုံစိုက်မိတယ်။ ဆရာဟောင်း ဆရာမဟောင်းတွေကို ကန်တော့တဲ့ငွေကြေးတန်ဖိုး၊ မနှစ်က ဆရာ/ ဆရာမတဦးကို ၆၀၀၀၀ (ခြောက်သောင်းကျပ်) ကန်တော့တယ်လို့ ဆိုပါတယ်။ အခုခေတ်လို ငွေကြေးဖောင်းပွမှုမျိုးနဲ့ စာရင် အလွန်နည်းပေါ့။ ခြောက်ဆယ်ကျော် ခုနှစ်ဆယ် ရှစ်ဆယ် ဆရာကြီး ဆရာမကြီးတွေအဖို့ တပည့်တွေအပေါ် ကျောင်းအပေါ် တာဝန်ကြေခဲ့တာနဲ့စာရင် ငွေခြောက်သောင်းက ဘာမှ မပြောပလောက်ဘူး ဖြစ်နေတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ခုနှစ်သောင်းလောက် တိုးပေးဖို့ ကော်မတီအသစ်ကို တင်ပြ ဆွေးနွေးလာခြင်း ဖြစ်ပါတယ်။ အကျိုးမသိ အကြောင်းမသိ ဆိုရင်တော့ တိုးပေါ့။ တကယ်ဆို ဆရာ ဆရာမတဦးကို တစ်သိန်းလောက် ပေးသင့်တာ။

ဒါပေမဲ့ ကော်မတီသစ်မှာ တာဝန်ရှိသူတယောက်က ထပြီး ဆွေးနွေးရှင်းလင်း တယ်။ အရင်နှစ်က.. ကန်တော့ခံ ဆရာ ဆရာမ (၉၆) ယောက်ရှိပြီး ဒီနှစ်မှာတော့ အသက်ခြောက်ဆယ်ပြည့်ပြီး ကန်တော့ခံစာရင်းဝင် သွားတဲ့ ဆရာဆရာမ ခြောက်ဦး ခုနှစ်ဦးလောက် ထပ်တိုးဖို့ ရှိတဲ့အတွက် ကန်တော့ခံအရေ အတွက်က ရာကျော်ဖြစ်သွားမှာ သေချာတယ်လို့ တင်ပြပါတယ်။ ဒီတော့.. တဦးလျှင် ၆၀,၀၀၀ နှုန်းနဲ့ မြှောက်ချလိုက်ရင်တောင် သိန်း (၆၀) လောက် လျှောခနဲ ကုန်သွားမှာဖြစ်တဲ့အကြောင်း၊ ဆရာကန်တော့ပွဲ အခမ်းအနားပီပီပြင်ပြင်ဖြစ်မြောက်အောင် အကျွေးအမွေးနဲ့ ဧည့်ခံမှုအပိုင်းမှာ ကုန်ကျတာတွေနဲ့ ပေါင်းလိုက်ရင် နှစ်စဉ် သိန်း (၁၀၀) ရဲ့ အထက်မှာပဲ ရှိတယ်ဆိုတဲ့အကြောင်း၊ ဒီနှစ်မှာ.. စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေလည်း ချို့တဲ့၊ လယ်သမား ယာသမားတွေလည်း ထွက်နှုန်းနည်း ဈေးနည်းဖြစ်နေတာကြောင့် အလှုငွေ သိန်းတစ်ရာပြည့် အောင် တိုက်တိုက်တွန်းတွန်း အလှူငွေ ရှာဖွေရမှာဖြစ်တယ်လို့ တင်ပြလာပါတယ်။ ဒါလည်း ထည့်သွင်းစဉ်းစားရ မယ့် အချက်တစ်ချက် ဖြစ်နေပါတယ်။ ဝါကျတွေကို ချုံ့ချလိုက်ရင် ကိုယ့်ဆရာ ဆရာမတွေကို ဂါဖို့ကို စီစီစစ်စစ် ချင့်ချင့်ချိန်ချိန် လုပ်ရမယ့်သဘော၊ လတ်တလော မဆုံးဖြတ်နိုင်သေးပဲ အလှူငွေအခြေအနေပေါ်ကြည့်ပြီး လုပ်ကြတာပေါ့လို့ မှတ်ချက် ရေးသွင်းလိုက်ရပါတယ်။

ဆရာကန်တော့ပွဲတာဝန်တချို့ကို ကိုင်ပြီး ရန်ကုန်ပြန်ရောက်တော့ ဧည်သည်အဖြစ် ညီတော်မောင် ရောက်လာ တယ်။ သူ့ အကြောင်းတရားနဲ့သူပါ။ မြို့ထဲထွက်ရက်နဲ့ ကြုံနေတာမို့ အပြန်မှာ အတူပြန်ကြမယ် ချိန်းလိုက်တယ်။ လမ်း(၄၀)ထိပ်က GOLDEN SKY မှာ ချိန်းလိုက်တော့ အိတ်အရှည်ကြီး တလုံးဆွဲပြီး ဆိုင်ထဲဝင်လာတယ်။

သူကိုလည်း ဆရာကန်တော့ပွဲနဲ့ပတ်သက်တဲ့ တာဝန်တခု ပေးစရာရှိတယ်။ သူက. .နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်နေရသူ။ သူတို့နယ်ပယ်မှာ ထူးကြီးကျောင်းထွက်တွေ အများကြီး ရှိတယ်။ ရာထူးကြီးကြီးတွေရော… သေးသေးတွေရော၊ ဒါတွေဆီက အလှူခံပေးဖို့ပြောမယ် ဆို… ဆရာကြီး ဆရာမကြီးတွေကို ဂါရဝပြုကြဖို့၊ သူကလည်း ကောက်ပေးမယ်လို့ အာမခံထားပါတယ်။ လောလောဆယ်တော့ သူ သောက်ဦးမယ်ပေါ့။ ဝိုင်းထဲက ပုလင်းလက်ကျန်ကို လက်လှမ်းပြီး လက်နှစ်လုံးလောက် လောင်းထည့်၊ ရေခဲထည့်ရေ ထည့်ပြီး စာရေးဆရာ ကာတွန်းဆရာတွေနဲ့ တသားတည်းဖြစ်အောင် မော့ချလိုက်တယ်။ ပြီးတော့ သူမှာပါလာတဲ့ စက္ကူအိပ်ကို ဟပြီး ပုလင်းရှည်အတောင့်ကြီးကို ဆွဲထုတ်လိုက်တယ်။ ဒါကိုချကြမလားပေါ့။

အာလုံးတွန့်သွားကြတယ်။ Blue Label။

လက်ရှိ ဝိုင်းထဲမှာ သောက်နေကြတာက GRAND ROYAL ဝီစကီအပြာ၊ တစ်ပိုင်းပြားနဲ့ ဘီယာသုံးလေးခွက်၊ ကြက်ဥကြော်ကလေးနှစ်လုံး၊ ဘယ်လိုမှ လိုက်ဖက်မှု မရှိပါဘူး၊ သူ့ကို ဂါလိုက်တာလို့ ဆိုပါတယ်။ ဆရာ ဆရာမတွေကို ဂါဖို့အကြောင်းပြောရင်းနဲ့ တန်ကြေးအားဖြင့် တစ်သိန်း ရှစ်သောင်းကျော် ရှိတယ်လို့ သိတဲ့ လူကပြောပါတယ်။

ဆရာ ဆရာမတွေအတွက် တယောက်ကို ခြောင်သောင်း ဂါ တာကနေ ခုနှစ်သောင်း တိုးဖို့ ဘယ်လိုလုပ်ကြမလဲလို့ စဉ်းစားရ ခက်နေတဲ့ကြားမှာ…။

အဲလိုထူး

ကာတွန်း မင်းထက်လူ - မျှောလိုက်ကြ

$
0
0
 ကာတွန်း မင်းထက်လူ - မျှောလိုက်ကြ 
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၆

ဆောင်းယွန်းလ - “နှစ်ဆယ့်ရှစ်နှစ်တံဆိပ်နဲ့ အင်္ကျီ”

$
0
0


ဆောင်းယွန်းလ - “နှစ်ဆယ့်ရှစ်နှစ်တံဆိပ်နဲ့ အင်္ကျီ”
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၆
တချို့နေရာတွေက ကွဲကုန်ကြပြီး
တချို့နေရာတွေကတော့ ပြဲကုန်ကြပြီ။


တချို့နေရာတွေက ချုပ်ရိုးတွေပြုတ်ပြီး
တချို့နေရာတွေက အသားဆွေး လောက်တွေဖွေးခဲ့ပြီ။

တချို့နေရာတွေမှာ အဖာအထေးတွေများလာခဲ့ပြီး
တချို့နေရာတွေမှာတော့ အနာဖေးတွေများလာခဲ့ပြီ။

အဲဒီ နှစ်ဆယ့်ရှစ်နှစ်တံဆိပ်နဲ့ အင်္ကျီကိုပဲ
တချို့က ကျည်ကာအင်္ကျီတထည်လို ဝတ်ထားကြပြီး
တချို့က ဆုတ်ဖြဲပြီး မီးရှို့ဖျက်ဆီးပစ်လိုက်ကြပြီ။

အဲဒီ နှစ်ဆယ့်ရှစ်နှစ် အင်္ကျီကိုပဲ
တချို့က သေတ္တာထဲ ခေါက်သိမ်းထည့်ထားပြီး
တချို့က အပြစ်အနာရှာပြီး တံဆိပ်ခွာခဲ့ကြပြီ။

အဲဒီ နှစ်ဆယ့်ရှစ်နှစ် အင်္ကျီကိုပဲ
တချို့က အမြတ်အစွန်းနဲ့ လေလံတင် ရောင်းလိုက်ကြပြီး
တချို့က ရက်လည်ဆွမ်းသွပ် အမျှဝေလိုက်ကြပြီ။

ငါတို့မှာသာ
အဲဒီ ဟောင်းနွမ်းသွားတဲ့ အင်္ကျီလေးရဲ့ တံဆိပ်ကို
လမ်းသွားတိုင်း အပြင်ဘက်ထုတ်ဝတ်ထားကြရင်း
သတင်းကြီးတဲ့ မင်းသမီးရဲ့ ဇာတ်သိမ်းခန်းကို
ကန္တာရထဲမှာ မိုးမျှော်သလို မျှော်ခဲ့ကြ…။

ဆောင်းယွန်းလ (အောက်တိုဘာ ၃၁ရက်၊ ၂၀၁၆)
ကျောင်းသားတပ်မတော် (မကဒတ) ဖွဲ့စည်းခဲ့ခြင်း ၂၈နှစ်မြောက်အတွက် အမှတ်တရ ရေးဖြစ်ပါသည်။

ဟေမန်သဇင် - Halloween Festival ... ဟောလိုဝင်းပွဲတော် နဲ့ တွေးမိတွေးရာ

$
0
0

ဟေမန်သဇင် - Halloween Festival ... ဟောလိုဝင်းပွဲတော် နဲ့ တွေးမိတွေးရာ
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၆

အမေရိကန် ပြည်ထောင်စုမှာ အောက်တိုဘာ ၃၁ ရက်နေ့  ကို ဟောလိုဝင်း ပွဲတော် နေ့  လို့  သတ်မှတ်ထားတယ်။ ဒီနှစ် မှာ တော့ အောက်တိုဘာ ၃၁ ရက်နေ့  က တနင်္လာ နေ့  ဖြစ်တာ ကြောင့် ကျောင်း တွေ အလုပ်တွေ မှာ တော်တော် များ များ ဟာ သူတို့ နှစ်သက်တဲ့ ၀တ်စုံတွေ ၀တ်ပြီး ကျောင်းသွား အလုပ်သွားကြတယ်။ ကျောင်းတွေ အလုပ်တွေ မှာ လည်း ဟောလိုဝင်း ပါတီ တွေ ကို ပျော်ပျော် ပါးပါး လုပ်ကြတယ်။

ဟောလိုဝင်းနားနီး ပြီ ဆို စတိုးဆိုင်တွေ ဈေးတွေ မှာ ရွှေဖရုံ သီး အသေး အလတ် အကြီး ဆိုဒ်စုံ ရောင်းကြတယ်။ သူတို့ တွေ ကို အိမ်တွေ ရှေ့  မှာ ချထား ပြီး ဟောလိုဝင်း ကို ကြို ကြတာကိုး ။
ဒီလိုပဲ ဟောလိုဝင်းနဲ့ ပတ်သက်တဲ့ ဝတ်စုံတွေ အမျာကြီး ကို စတိုးဆိုင်တွေမှာ ရောင်းကြတယ်။ စုံးမ ..သူရဲ စတဲ့ ဝတ်စုံ က စလို့  စင်ဒရဲ လား ၀တ်စုံ. စူပါမန်း.. ဘက်မန်း.. သူနာပြု..ဆရာဝန်.. မီးသတ်.. စတဲ့  အသင့်ချုပ်ပြီးသား အမျိုးမျိုး အစုံ စုံ ကို ကိုယ်ကြိုက်တာ ရွေး ၀ယ်နိုင်သလို .. ကိုယ့် ပုံစံ စတိုင်နဲ့ ကိုယ့်ဖာသာ ဒီဇိုင်းထွင်ပြီး ချုပ်တဲ့ သူ တွေ လည်း ရှိတယ်။ ဟိုးတုန်း က တော့  ၀တ်စုံတွေ ဟာ တယောက်နဲ့  တယောက် ပိုပြီး ကြောက်စရာ ကောင်းတဲ့ ဒီဇိုင်း တွေ နဲ့ အပြိုင်အဆိုင် ၀တ်ကြဆင်ကြတယ်။ ကြောက်စရာ့ မျက်နှာဖုံးတွေ တပ်နဲ့ ပေါ့။

ဒါပေမဲ့  ဒီဖက် နှစ်တွေ မှာ အမုန်းတရားတွေ အကြမ်းဖက် တာတွေ ကြိ့ ကြား ကြို့ ကြား တွေ ဖြစ်နေတော့.. ဟောလိုဝင်း မတိုင်မီမှာပဲ.. တချို့  စတိုးဆိုင်တွေဟာ ..မျက်နှာဖုံး နဲ့  ၀တ်စုံတွေ မရောင်းဖို့  သူတို့ ဖာသာ သူတို့ တွေ ဆုံးဖြတ်တယ်ဆို တဲ့  အကြောင်း သတင်းထဲ မှာ တွေ့ လိုက်ရသေးတယ်။

အိမ်တွေမှာလည်း ဟောလိုဝင်း အပြင်အဆင်တွေအတွက် တနှစ်နဲ့ တနှစ် မရိုးရအောင်.. အမျိုးမျိုး အဖုံုံ ဖုံ ပြင်ကြ ဆင်ကြတယ်။ ပင့်ကူအိမ်တွေ.. အရိုးခြောက်တွေ.. ကြောက်စရာ့  အရုပ်တွေ.. တို့ လို တွဲလောင်း နဲ့ .. တချို့  အိမ် တွေ မှာ ဆို ရောင်စုံ မီးတွေ ထိန်ထိန်ထွန်းပြီး ဟောလိုဝင်း ကို ကြို ကြတယ်။ ကိုယ်တွေ နဲ့  ကပ်ရက် က အိမ်မှာ ဆို သူ့ အိမ်ရှေ့  ခြံ ကို သချိင်္ုင်း ကြီး လို ပြင်ထားတယ်။ တအိမ်ကျော် ကလည်း သရဲ ခြောက်တဲ့ အိမ် ပုံစံ ပြင်ထားပြီး လာတဲ့  သူတွေ ကို စိတ်ဝင်စား အောင် လုပ်ထားတယ်။

ကိုယ်တွေ က တော့  တခြားသူတွေ လို ထွေထွေထူးထူး ပြင်ဆင်မထားပါဘူး။ ညဖက်မှာ ၀တ်စုံ အမျိုး မျို နဲ့  လာကြမဲ့  ဟောလိုဝင်း ချစ်သူတွေ အတွက်.. ကြို ဆို ပါတယ်.. အိမ်ကိုလာပြီး Trick or Treat လာပြီး တောင်းလှည့် ပါ....ဆိုတာ သိအောင်.. လျှပ်စစ်ရေဖရုံသီး လေးထွန်း.. အိမ်ရှေ့  မီးကို ဖွင့်ပြီး စောင့် နေရုံ ပါပဲ။

ကိုယ်တို့  လမ်းလေး မှာ တချို့ အိမ်တွေ ဟာ ဟောလိုဝင်း အတွက် တကယ့် ကို စိတ်ပါလက်ပါ ပြင်ဆင်ကြတာမို့  အဲဒီနေ့  ဆို ကိုယ် တို့ လမ်းဟာ တကယ့် ကို စည်ကားပါတယ်။ ည ၆နာရီ ခွဲ လောက်က စပြီး ကလေး အရွယ်စုံ ဟာ သူတို့ ကြိုက်တဲ့  ၀တ်စုံလေးတွေ ၀တ်ပြီး တအိမ် ၀င် တအိမ်ထွက် Trick or Treat မေးကြ.. အိမ်ရှင် တွေ က လဲ Treat လို့ ပြောပြီး သူတို့  စီစဉ်ထားတဲ့ လက်ဆောင်လေးတွေ ကို ပေးကြပေါ့။ တော်တော် များများ က ကိုယ်တွေ လိုပဲ သကြားလုံး မျိုးစုံ.. ကွတ်ကီး နဲ့  ချောကလက်မျိုးစုံ ကို ပါလာတဲ့  ပုံးလေးတွေ..အိတ်လေးတွေ ထဲ ထည့်ပေးကြတယ်။ တချို့ တွေ က တော့  တခြား လက်ဆောင်လေးတွေ.. ကလေး တွေ အကြိုက် Sticker လေးတွေ.. အထွေအထူးလေးတွေကို ထုပ်ပိုးပြီး ပေးလေ့ရှိတယ်။

ကိုယ်တွေ ဖက်မှာ လာလေ့ ရှိတဲ့ သူ တွေ ဟာ ကလေးတွေ များပါတယ်။ ၂ နှစ် ၃နှစ် က စလို့  မူကြို မူလတန်း အရွယ်တွေ များပါတယ် ။ သူတို့ တွေ ရဲ့  မိဖ တွေ အဖိုးအဖွားတွေ ကြီးဒေါ်တွေ ဖြစ်ဟန် တူတဲ့  လူကြီးတွေ ဟာ ခြံဝ တွေ မှာ စောင့် ပြီး သူတို့ ကလေး တွေ ရဲ့ Trick or Treat တောင်းတာ ကို စောင့် ပေးကြတယ်။ ပြီးရင် Thank you.. Happy Halloween လို့ ကလေးတွေက အိမ်ရှင်တွေကို ပြောဖို့  ခပ်လှမ်းလှမ်း က နေ လှမ်းသတိပေး သင်ပေးကြတယ်။ သူတို့ ကိုယ်တိုင် ကလည်း ခြံထိပ်ကနေ သူတို့ ကလေးတွေ အတွက် Thank You လို့ လှမ်းပြောကြတယ်။

 တနှစ်မှာ ဒီတရက်ဟာ ကိုယ်နဲ့ မသိတဲ့ သူတွေ ဆီကနေ ပျော်ပျော်ပါးပါး တောင်းလို့ ရတဲ့ နေ့ ဖြစ်သလို ပေးတဲ့ သူတွေ ကလည်း ကိုယ်နဲ့ တခါမှ မသိဖူး မမြင်ဖူး တဲ့ သူတွေ ကို ပျော်ပျော်ရွှင်ရွှင် ပေးကြတဲ့ နေ့ လေးတနေ့  လည်းဖြစ်တယ်။ အကောင်းနဲ့ အဆိုး ဟာ ဒွန်တွဲ နေသလို ပဲ.. ဒီလို နေ့ တွေ မှာ အခွင့်ကောင်းယူပြီး ဒုစရိုက်တွေ လုပ်တဲ့သူတွေ လည်း ရှိနေတတ်တယ်။ ဒါပေမဲ့  ဆောင်ရန် ရှောင်ရန်တွေ သတိတရားတွေ နဲ့  ဒီဓလေ့ ကို လက်ဆင့် ကမ်းပြီး တနှစ်ပြီး တနှစ် ဆင်နွဲ နေဆဲပါပဲ။

ကလေးတွေ အတွက်တော့  ဟောလိုဝင်းဟာပျော်စရာပေါ့။။ သူတို့  ကြိုက်တဲ့ ဝတ်စုံ လေး တွေ ၀တ်.. ညဖက်ရောက် ရင် တလမ်းဝင် တလမ်းထွက် တအိမ်ဝင် တအိမ်ထွက်.. Trick or Treat လုပ်ပြီး ..ရလာတဲ့ သကြားလုံးတွေ ကွတ်ကီးတွေ ချောကလက်တွေ.. လက်ဆောင်လေးတွေ.. တပွေ့ တပိုက်နဲ့  .. အိမ်ရောက် ရင်သူတို့ ရလာတာလေးတွေ တစိမ့်စိမ့် ကြည့်နဲ့ ပေါ့။

ကိုယ်တွေ အတွက်ကောလို့ တွေးလိုက်မိတော့ .. ကလေးတွေလို ကိုယ်က Trick or Treat မလုပ်ဖြစ်ပေမဲ့  နှစ်တိုင်း ၀တ်စုံအမျိုး မျိုး နဲ့ လာ တဲ့ အရွယ်စုံ ကလေးတွေ အတွက်.. သကြားလုံးမျိုးစုံ ကို တောင်းကြီးထဲ အပြည့်ထည့် ပြီး ..လာသမျှ တွေ ကို Treat..Treat လို့ ပြောပြီး ပေးရတာ.. ပျော်စရာ ဟောလိုဝင်း နေ့ လေး ဖြစ်ပါစေ..လို့ ပြန်နှုတ်ဆက်ရတာ .. ဟာ ကိုယ့်စိတ်ကို ချမ်းမြေ့ စေတယ်။

ဒီလို အချိန်မှာ ကိုယ်တွေ ဖက်မှာ နွေကုန်ပြီး ဆောင်းဝင်စပြုပြီပေါ့။ နွေ မှာ အားပါးတရ မြင်ရတဲ့  နေရဲ့  အလင်းရောင် ကို ဒီအချိန်မှာ တိုရေရှားရေ ပဲမြင်ရတော့တယ်။ မနက်ဆို လည်း နောက်ကျ မှ နေ ကို မြင် ရ တော့ သလို ညနေ ဆိုလည်း တနေ့ ထက်တနေ့  စော စော ပြီး နေ၀င် သွားတော့ တနေ့ ထက် တနေ့  အမှောင်ဟာ စော စော ပြီး ရောက် လာတော့တယ်။ ဒါ့အပြင် ရာသီဥတု ကလည်း တဖြည်းဖြည်း အပူဓါတ်တွေ နဲ နဲ လာပြီး အအေး ဓါတ်တွေ က ပိုပို ကဲလာနေတယ်။ 

လူစိတ် သဘာဝ ဟာ လည်း ဥတုရာသီ ကို အမှီပြုတယ် ထင်ပါရဲ့ ။ အသက်အရွယ်ပေါ် မူတည်ပြီး အမှီပြု ပမာဏ ဟာ တိုက်ရိုက်အချိုး ကျတယ်ထင်ပါ့ ။ ရာသီဥတု ကြည်လင်ရင်.. စိတ်ကလေးဟာ ရွှင်ပြ ဖို့  လွယ်တယ်။ ရာသီ က မုန်မှိုင်း..မိုး က တစိမ့်စိမ့်.. အအေးက ကဲ ဆိုရင်တော့ .. စိတ် ကလေး ဟာ ဥတုရာသီ လိုပဲ မှုန်တုန်တုန် မှိုင်းတိုင်းတိုင်း ဖြစ်ချင်သလိုသလို နဲ့  ..  ဒီလို အချိန်မျိုးမှာ ဒီလို ဟောလိုဝင်း ပွဲတော် ကျင်းပတာဟာ.. လကွယ်ည မှောက်မိုက်နေတဲ့  ကောင်းကင်မှာ ကြယ်တွေ ကို ပြိုးပြိုးပျက်ပျက် မြင်လိုက်ရသလို..မှုန်မှိုင်း ချင်နေတဲ့  စိတ် လေး ကို လည်း အပျော်ဓါတ်လေး ပက်လိုက်သလို ခံစားရပါတယ်။

နေရာတိုင်းမှာ အလုံးစုံ ပြည့်စုံနိုင်ဖို့ ဆိုတာ ရှားပါတယ်။ တရားမျှတလို မှု့  နဲ့  မတရားအနိုင်ကျင့်လိုမှု့ .. ငြိမ်းချမ်းလိုမှု့  နဲ့  အကြမ်းဖက်လိုမှု့ ..ပျော်ရွှင်နုးညံ့ လိုမှု့ နဲ့  နှိပ်စက် ညှဉ်းပမ်းလိုမှု့  စတဲ့ ဆန့်ကျင် ဖက်တွေဟာ အမြဲလိုလို.. စီးချင်းထိုးနေသလိုပါပဲ.. ဒီလို ဟောလိုဝင်းပွဲတော်မှာလည်း ရုပ်ဆိုး အကျဉ်းတန်စေတဲ့  ဖြစ်ရပ်တွေ က လဲ ကြို့ ကြား ရှိနေတာပါပဲ.. ဒါပေမဲ့ ဒါတွေကို ဆင်ခြင်သတိနဲ့  ပျော်ရွှင်တဲ့ ပွဲတော် ပုံရိပ်ကလေး ဆက်ဆက်ပြီး ဖြစ်နေဖို့  ကို မျိုးဆက်တွေ တဆက်ပြီး တဆက် လက်ဆင့်ကမ်း ပေးနေတယ်လို့  ကိုယ့်စိတ်ထဲ မြင်မိခံစားမိသလိုပဲ။ ဒီလို အတွေးကလည်း ဥတုရာသီ နဲ့  အပြိုင် မှုန်တုန်တုန် မှိုင်းတိုင်းတိုင်း ဖြစ်နေတဲ့  စိတ်ကလေး ကို အကြည်ဓါတ် ကလေး ပက်လိုက်သလို ကြည်လင် လန်းဆန်းလာသလို ခံစားရမိပါတယ်။

ဟောလိုဝင်းရဲ့ သမိုင်းကြောင်း နောက် ခံ ကို စိတ်ဝင်စားရင်တော့   Wiki တို့  Google တို့  မှာ ရှာလိုက်ရင် တပုံတပင် ကြီး တွေ့ နိုင်တာမို့  သူနဲ့ ဆက်စပ်ပြီး ပေါ်လာ တဲ့ တွေးမိတွေးရာ ကို ပဲ ရေးလိုက်တာပါ။

 Nov 01. 2016

လှမျိုးထွန်း ● မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ပြောင်းရန် ၁၉၇၆ ခုနှစ်တွင် အာဏာသိမ်းရန် ကြိုးပမ်းခြင်း

$
0
0



 
လှမျိုးထွန်း ● မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ပြောင်းရန် ၁၉၇၆ ခုနှစ်တွင် အာဏာသိမ်းရန် ကြိုးပမ်းခြင်း
(The Ladies News Journal / မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၆

ဗိုလ်ကြီးအုံးကျော်မြင့်၏ အမှုက ၁၉၇၆ ခုနှစ်တွင် တိုင်းပြည်၏ စိတ်ဝင်စားမှုကို အခံရဆုံး ဖြစ်ခဲ့သည်။ အရပ်ထဲက လူတွေကတော့ နိုင်ငံတော် လုပ်ကြံမှုဟု ခေါ်ကြ၏။ မဆလအစိုးရ သတင်းစာတွေကတော့ နိုင်ငံ ခေါင်းဆောင်များကို လုပ်ကြံရန် ကြံစည်မှုဟု ခေါင်းကြီးတပ်ရေးခဲ့သည်။ လုပ်ကြံမှုကို ခေါင်းဆောင်သူက ကာကွယ်ရေးဦးစီးချုပ် အသစ်၏ ကိုယ်ရေးအရာရှိ၊ ပူးပေါင်း ဆောင်ရွက်သူတွေကလည်း တပ်မတော် အရာရှိကြီးများ၏ ကိုယ်ရေးအရာရှိတွေ၊ အသေးအမွှားကိစ္စကို အကြောင်းပြုကာ မကြာသေးခင်က ရာထူးမှ ထုတ်ပယ်ခြင်းခံရသော ဗိုလ်ချုပ်ကြီးဟောင်း တဦးကလည်း ကြံရာပါအဖြစ် ပါဝင်သည်ဟု ရေးတော့ အားလုံးက စိတ်ဝင်စားခဲ့တာ အမှန်ပင်ဖြစ်သည်။

စစ်အုပ်ချုပ်ရေးနှင့် စစ်တပ် အသွင်ပြောင်း အုပ်ချုပ်ရေး တလှည့်စီ အုပ်ချုပ်တာကို မျိုးဆက် ပေါင်းများစွာ ခံလိုက်ရတာကြောင့် သမိုင်းနှင့် ပတ်သက်သော ဖြစ်ရပ်ပေါင်းများစွာကို ကောလာဟလအဖြစ် နှင့်သာ မြန်မာနိုင်ငံသားတွေ သိခဲ့ရတာ များသည်။ တပ်အုပ်ချုပ်ရေးတွေ ဘယ်လိုပဲ နာမည်ပြောင်းပြောင်း မပြောင်း တာကတော့ စာပေနှင့် သတင်းလွတ်လပ်ခွင့်ပင် ဖြစ်သည်။ တာဝန်ကျေတာထက် ပိုအလုပ်လုပ် တတ်သည့် ဆင်ဆာဘုတ် အဖွဲ့ဝင်တွေကြောင့် အဖြစ်မှန်တွေက ဦးစားပေးမခံရ။ အချို့သော ဖြစ်ရပ်များက ဒဏ္ဍာရီပုံပြင်လို ကျန်ရစ်ခဲ့သော်လည်း အချို့သောဖြစ်ရပ်များက လက်ခံသောသူ၏ နိုင်ငံရေးအမြင်နှင့် သုံးသပ်ချက်ပေါ် မူတည်၍ သူရဲကောင်းတဖုံ မိုက်မဲသော တလမ်းသွားသမား တလှည့်အဖြစ် ကျန်ရစ်လေသည်။ ပြည်သူ့အစိုးရ ခေတ်ဟု မကြားတကြား ပြောခွင့်ရသော ယခုအချိန်တွင် လွန်ခဲ့သော အမှောင်ခေတ်က ထုတ်ဖော်ပြောခွင့် မရသော အကြောင်းအရာ ပေါင်းများစွာ စာတစောင် ပေတဖွဲ့ဖြင့် ထုတ်ဝေခွင့် ရလာခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်နီးပါးက ဗိုလ်ကြီးအုန်းကျော်မြင့် ခေါင်းဆောင်ခဲ့သော မအောင်မြင် ခဲ့သည့် နိုင်ငံတော် လုပ်ကြံမှုအကြောင်း ထိုစဉ်က ကိုယ်တိုင်ပါဝင် ပတ်သက်ခဲ့သူတဦး ရေးသည့် စာအုပ် မကြာသေးမီက ထွက်ပေါ်လာသည်။ ရေးသားသူ ကိုယ်တိုင်က တပ်မတော်က ဗိုလ်ကြီးဟောင်းတဦး ဖြစ်သည့် အပြင် လက်ရှိအာဏာရ ပါတီကြီးတွင် ထင်ရှားသော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်း ဖြစ်သည်။ အဖြစ် အပျက်နှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိသူတွေ၊ ထိုခေတ်ကို မမီလိုက်သူတွေ အတွက်တော့ မသိသောအချက် အလက်တွေ အများအပြား ဖတ်ခွင့်ရသည်။ စာရေးသူကတော့ “ကျွန်တော်ရေးချင်တဲ့ အကြောင်း၊ ကျွန်တော်ပြောချင်တဲ့ အကြောင်း” ဟု စာအုပ် အမည်ပေးထားသလို သူပြောချင်တာတွေကိုချည်း တအုပ်တမကြီး ပြောချသွားခဲ့သည်။ အဓိကဇာတ်ဆောင် ဗိုလ်ကြီးအုန်းကျော်မြင့် အကြောင်းတွေက အနည်းငယ်သာ ပါဝင်၏။

စစ်ရုံးတွင် တာဝန်ကျသော ဗိုလ်ကြီးတဦးနှင့် ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်ရေးအရာရှိ တဦးတို့၏ စားရိပ်သာတွင် ဆုံလေ့ရှိသည့် အကြောင်းကလွဲ၍ ဘာတခုမှမပါ။ ဒါကလည်း ပြသ၁နာမရှိပါ။ သူသိသလောက်သာ ရေးပေလိမ့်မည်။ သို့သော် ဗိုလ်ကြီးအုန်းကျော်မြင့်၏ လူကြီးများကို လုပ်ကြံဖို့အထိ ဖြစ်ပေါ်လာသော အကြောင်းတရားနှင့် အကြံအစည် အထမြောက်သွားခဲ့ပါက ဘာတွေ ဆက်လုပ်မည်ဟူသော ရည်ရွယ်ချက် အကြောင်းကို သုံးသပ်ပုံကတော့ ထူးဆန်းသည်ဟု ဆိုရမည်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးတင်ဦးကို ဘာမဟုတ်သည့် အကြောင်းပြချက်ဖြင့် ကာကွယ်ရေး ဦးစီးချုပ်အဖြစ်မှ ဖယ်ရှားလိုက်ခြင်းကို မကျေနပ်သဖြင့် ထလုပ်သည့် အစီအစဉ် မကျသော လုပ်ကြံမှုသာဖြစ်သည်ဟု သုံးသပ်ခဲ့သည်။

ပစ်မှတ်ထားသူများတွင် ဦးနေဝင်းမပါ။ နိုင်ငံတော် ကောင်စီဝင် ထိပ်တန်းခေါင်းဆောင်အချို့ကိုသာ ပစ်မှတ်ထားပြီး တပ်မတော်နေ့ ညစာစားပွဲတွင် အူဇီစက်သေနတ်ငယ်ဖြင့် အနီးကပ် ပစ်ခတ် သတ်ဖြတ်မည်ဟုသာ ထိုစဉ်က သတင်းစာများတွင် ပါဝင်သော ထုတ်ပြန်ချက်အတိုင်း တင်ပြခဲ့သည်။

ဗိုလ်ချုပ်ကြီးတင်ဦးကို တပ်မတော်ကနေ ထုတ်ပယ်ခဲ့သည့်ကိစ္စတွင် အဓိကကျသည့် ဦးနေဝင်း၊ ထိုအချိန်က လူတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ရသည့် အာဏာရှင် အစစ်အမှန်ကြီးတဦးကို ချန်လှပ်ပြီး လက်ညိုးထောင် ခေါင်းညိတ်သာ လုပ်နိုင်သည့် ဒုတိယတန်း ခေါင်းဆောင်တွေကိုသာ ပစ်မှတ်ထား လုပ်ကြံရလောက်အောင် စီမံမှုညံ့ဖျင်းကြောင်း ပေါ်လွင်အောင် ရေးသားခဲ့သည်က ဘဝင်မကျစရာ ဖြစ်သည်။ ခေါင်းဆောင်မှုတွင် ပါဝင်သော အရာရှိငယ်များ အားလုံး ဗိုလ်သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြပြီး တိုက်ပွဲအတွေ့အကြုံ ကိုယ်စီကနေမှ တပ်မတော် ခေါင်းဆောင်များ၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးများဖြစ်ကြ ခြင်း ဖြစ်သည်။ မဆလပါတီ ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း အချို့ကို လုပ်ကြံသတ်ဖြတ်ပြီးမှ တပ်မတော်မှ ထုတ်ပယ်ပြီးသား ဗိုလ်ချုပ်ကြီးတဦးကို ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည်တင်မြောက် မည်ဆိုတာ မဖြစ်နိုင်မှန်း တပ်မတော် အကြီးအကဲများနှင့် တွဲဖက်လုပ်ကိုင်နေသည့် ကိုယ်ရေးအရာရှိ ဗိုလ်ကြီးများက အခြားသူထက် လက်တွေ့ကျကျ ပိုသိမည်သာ ဖြစ်၏။

အမိန့်ကိုသာ ဦးထိပ်ပန်ဆင်သော တပ်မတော်တွင် အထက်အရာရှိကို လုပ်ကြံဖို့မပြောနှင့် ပေးအပ်သော အမိန့်အတိုင်း မလိုက်နာလျှင်တောင် ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်တာ လူတိုင်းအသိပင် ဖြစ်သည်။ စစ်ဥပဒေက အရပ်ဘက် ဥပဒေထက် ပိုမိုပြင်းထန်သည်။ သေဒဏ်ထိုက်ရုံသာမက အမည်ပါပျက်အောင် လုပ်တတ်သော ခေတ်ဆိုတာကိုလည်း ဗိုလ်ကြီးအုန်းကျော်မြင့်တို့ အားလုံး နားလည်ထားပြီးသား ဖြစ်မည်။ သို့သော် သူတို့၏ ရည်ရွယ်ချက်က မွန်မြတ်သည်ဟု ပြောရမည်။ ကိုယ်ကျိုးအတွက် ဘာတခုမှမပါ။ စစ်မြေပြင် အရည်အချင်းထက် အာဏာရှင်အပေါ် သစ္စာခံသည့်သူများကို ရွေးချယ်မြှောက်စား တတ်သော အလေ့အထကို လက်တွေ့ကျကျ တော်လှန်ပြခြင်းဖြစ်သည်။

အမှန်တကယ်က ဆင်ကန်းတောတိုး သာမာန်လုပ်ကြံမှု မဟုတ်။ နိုင်ငံရေး အပြောင်းအလဲအတွက် တပ်မတော် အရာရှိငယ်တစု စွန့်စားခြင်း ဖြစ်သည်။ ခေါင်းဆောင်သူကား တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ အနီးကပ် ကိုယ်ရေးအရာရှိ ကိုယ်တိုင်ပင်ဖြစ်သည်။ လူယုံတွေကိုသာ မြှောက်စားတတ်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်နှင့် အာဏာရှင်ဦးနေဝင်းကို ဖြုတ်ချဖို့အတွက် တပ်မတော်၏ အစဉ်အလာအတိုင်း အာဏာသိမ်းခြင်းရန် ကြံစည်ခြင်းသာ ဖြစ်တော့သည်။

အာဏာသိမ်းအဖွဲ့ကို ခေါင်းဆောင်သော ဗိုလ်ကြီးအုန်းကျော်မြင့်က ပြည်ပ ခရီးထွက်ခွာမည့် ဦးနေဝင်းကို ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးရန် ဖြစ်သည်။ အစိုးရသစ်၏ ခေါင်းဆောင်အတွက် ရာထူးမှ ဖယ်ရှားခြင်း ခံထားရသော ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးကို ရည်မှန်းထားသည်။ သို့သော် သူရဦးတင်ဦးကို တစုံတရာ တိုင်ပင်ခြင်း အလျဉ်းမရှိ။ ဦးနေဝင်းကို ဖမ်းဆီးပြီး အာဏာသိမ်းမှု အောင်မြင်သော အခါတွင်မှ အစိုးရအဖွဲ့ကို ခေါင်းဆောင်ဖို့ ကမ်းလှမ်းရင်း ဖွင့်ပြောဖို့ ကြံရွယ်ထားခြင်းဖြစ်သည်။ သတ္တုတွင်း ဝန်ကြီးဌာနတွင် ဒုဝန်ကြီးဖြစ်နေသည့် ဗိုလ်မှူးကြီးသန်းတင်ကိုလည်း ပူးပေါင်းပါဝင်ဖို့ ပြောဆိုသည့်အခါ အာဏာသိမ်းအဖွဲ့တွင် ပါဝင်ကောင်း ပါဝင်မည်ဟုလည်း မျှော်လင့်ထားကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ဝါရှင်တန်သို့ ပေးပို့သော စာတွင် ရေးသားထားသည်။

ဗိုလ်ကြီးအုန်းကျော်မြင့်၏ နိုင်ငံရေး ရည်ရွယ်ချက်နှင့် ပတ်သက်၍ အာဏာသိမ်း အစိုးရသစ်သည် အနောက်အုပ်စုနှင့် ဆက်ဆံရေးလိုလားသော အစိုးရဖြစ်မည်၊ ဒီမိုကရေစီ အစိုးရဖြစ်မည်၊ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ကို ဆန့်ကျင်သော အစိုးရဖြစ်မည်ဟု သံတမန်အရာရှိနှင့် စကားပြောဆိုစဉ်က အမေရိကန် အစိုးရထံသို့ ၎င်း၏ ရည်ရွယ်ချက်များ အကြောင်း ပြောပြခဲ့သည်။ တဖြည်းဖြည်း ယိုယွင်းနိမ့်ကျသော တိုင်းပြည်၏ စီးပွားရေးနှင့် လွတ်လပ်ခွင့်များ ဆုံးရှုံးနေသည့် မြန်မာနိုင်ငံ၏ အနာဂတ်ရေးအတွက် စိတ်တူကိုယ်တူ အရာရှိများကို စုစည်းကာ တိုင်းပြည်အတွက် စွန့်စားလုပ်ဆောင်ကြရန် တိုင်ပင်သဘောတူ ခဲ့ကြသည်ဟု ဗိုလ်ကြီး အုန်းကျော်မြင့်က ပြောကာ အာဏာသိမ်းခြင်း နည်းလမ်းဖြင့်သာ အစိုးရအဖွဲ့ကို ပြောင်းလဲနိုင်မည်ဟု ၎င်းတို့ အရာရှိတစုက ယုံကြည်ကြောင်း ပြောခဲ့သည်။

ဗိုလ်ကြီးအုန်းကျော်မြင့်တို့၏ အကောင်အထည် မဖော်ခဲ့နိုင်သော ၁၉၇၆ ခုနှစ် တပ်မတော်နေ့ ညစာစားပွဲ လုပ်ကြံမှု အကြောင်းကိုသာ မဆလအစိုးရ မီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။ ဦးဝင်းထိန်ရေးသော စာအုပ်တွင်လည်း ဒီအကြောင်းအရာကိုပဲ အစီအစဉ်မကျသော လုပ်ကြံမှုအဖြစ် ချိုးချိုးနှိမ်နှိမ် ရေးသားတာကို ဖတ်ရသည်။ အမှန်က တပ်မတော်နေ့ ညစာစားပွဲတွင် သတ်ဖြတ်ဖို့ အစီအစဉ်ပျက်သွားပြီး နောက်ထပ်လုပ်မည့် အာဏာသိမ်း အစီအစဉ်ကြောင့် ဖြစ်သည်။ ၁၉၇၆ ခုနှစ် ဩဂုတ်လတွင် ဦးနေဝင်း၏ မြောက်ကိုရီးယားနိုင်ငံကို သွားဖို့အစီအစဉ်က ရှိထားပြီဖြစ်သည်။ ရန်ကုန်လေဆိပ်တွင် တပ်ခွဲ နှစ်ခွဲ အင်အားဖြင့် အာဏာရှင်ကြီး ဦးနေဝင်းကို ဖမ်းဆီးရန် ကြံရွယ်ထားသည်။

ဇာတ်သိမ်းပိုင်းကတော့ အားလုံးသိပြီးသားပင် ဖြစ်သည်။ လူကြီးတွေကို လုပ်ကြံမည်၊ အာဏာသိမ်းမည် ဆိုသည့်အကြောင်း သတင်းအစအန ရသွားသည်နှင့် ဝန်ကြီးချုပ်ဖြစ်သူ ဦးစိန်ဝင်းက ကာကွယ်ရေးဦးစီးချုပ်ကို ဝန်ကြီးချုပ်ရုံးထံလာဖို့ ဇူလိုင်လ ၂ ရက်နေ့မနက်တွင် အရေးကြီး အစည်းအဝေးခေါ်သည်။ အမျိုးသား ထောက်လှမ်းရေးအဖွဲ့က မျက်မှန်ကြီးတင်ဦး ကိုယ်တိုင် အချိန်ကြာမြင့်သော အစည်းအဝေး၌ ပါဝင်သည်။ ညနေပိုင်းမှပြီးသော အရေးပေါ် အစည်းအဝေးကနေ စစ်ရုံးကိုအပြန် ဦးစီးချုပ်၏ကားကို ကိုယ်တိုင် မောင်းပို့ပေးခဲ့ရသူက ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့် ကိုယ်တိုင်ပင်ဖြစ်သည်။ “ဒီတရားခံတွေကို ပိုက်စိပ်တိုက်မတွေ့ တွေ့အောင် မြေလှန်ရှာမယ်။ ဘာမှ သနားစရာမလိုဘူး။ တွေ့တဲ့နေရာမှာ ခွေးတကောင်ကို ပစ်သတ်သလို သတ်ပစ်မယ်” လို့ စည်းဝေးရာမှာ ပါဝင်သည့် စစ်ထောက်လှမ်းရေး ညွန်ကြားရေးမှူး ဗိုလ်မှူးကြီးအောင်ဌေးက ကြိမ်းဝါးခဲ့သည်ဆိုသော စကားကို ပြန်ကြားသည်။

ပုံမှန်မဟုတ်သော အခြေအနေကို ရိပ်စားမိသောကြောင့် ညမှောင်သော အချိန်တွင် ဗိုလ်ကြီး အုန်းကျော်မြင့် ဆုံးဖြတ်ချက် ချလိုက်သည်။ ထောက်လှမ်းရေး လက်ကနေ လွတ်အောင် အရပ်ဝတ်ဖြင့် အမေရိကန်သံအမတ်ကြီး အိမ်ကိုသွားကာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။ သံအမတ်ကြီးက အိမ်တွင်မရှိ၊ ပါကစ္စတန်သံအမတ်ကြီး၏ ဧည့်ခံညစာစားပွဲ ရောက်နေသည်။ သံရုံးက သူ၏တောင်းခံမှု ငြင်းပယ်ခဲ့သည့်နောက် ဗိုလ်ကြီးအုန်းကျော်မြင့် အတွက် မျှော်လင့်ချက် ကုန်ဆုံးသွားသည်ဟု ပြောရမည်။ နောက်ပိုင်းတွင် ရက်စက်သော အမျိုးသား ထောက်လှမ်းရေးအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

နိုင်ငံခေါင်းဆောင်ကြီးများကို လုပ်ကြံရန် ကြံစည်မှုဖြင့် ဗိုလ်ကြီးအုန်းကျော်မြင့်ကို သေဒဏ် ပေးခဲ့သည်။ ထို့အပြင် ၁၉၇၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သော အသစ်စက်စက် ဥပဒေဖြစ်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို နှောင့်ယှက် ဖျက်ဆီးမှုများဖြင့် ထောင်ဒဏ် ၁၄ နှစ်ပင် ပါလိုက်သေးသည်။

နိုင်ငံတော်လုပ်ကြံမှုဟု ခေါင်းစဉ်တပ်သည်ထက် မအောင်မြင်သော စစ်အာဏာသိမ်းရန် ကြံစည်မှုအဖြစ် ခေါ်တာကမှ ပိုမိုသင့်တော်မည် ထင်သည်။ ကိုယ်ကျိုးမပါ မြန်မာနိုင်ငံအား ဆိုရှယ်လစ် လမ်းစဉ်အောက်မှ လွတ်မြောက်အောင် ကြံစည်ကြိုးပမ်းရင်း သေဒဏ်ပေး အသတ်ခံရသော ဗိုလ်ကြီးအုန်းကျော်မြင့်ကို နောက်လူတွေက စနစ်တခုကို ပြောင်းလဲအောင် အားထုတ်ခဲ့သူအဖြစ် အသိအမှတ်ပြုထားသည်သာ ဖြစ်၏။

ပုဂ္ဂိုလ်ရေးအရ သူရဦးတင်ဦး ရာထူးမှဖြုတ်ချခံရသည့် အတွက် မကျေမနပ်ဖြစ်ကာ တပ်မတော်နေ့ ညစာစားပွဲတွင် မဆလလူကြီးအချို့ကို အူဇီသေနတ်ဖြင့် လုပ်ကြံရန်ကြံစည်မှု အဖြစ်သာ သေးသိမ်သော အကြမ်းဖက် လုပ်ရပ်အဖြစ် ဝါဒဖြန့် သတင်းထုတ်ပြန်ချက် အတိုင်း ရေးသားနေသည်ကို ပြန်လှန်ချေပနိုင်ရန် အတွက် ထိုစဉ်က အဖြစ်အပျက်များကို သိမီခဲ့သူများက သည်ထက်ပိုမို၍ ပြည့်ပြည့်စုံစုံ ရေးသားနိုင်လျှင် ပိုကောင်းပါလိမ့်မည်။

လှမျိုးထွန်း
The Ladies News
(စာရေးသူနှင့် The Ladies News ၏ ခွင့်ပြုချက်ဖြင့် မိုးမခတွင် ကူးယူ ဖော်ပြခြင်း ဖြစ်သည်။)
မူရင်း The Ladies News Link :
http://theladiesnewsjournal.com/articles/sat-2016-10-29-1246/4026

https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/647052888803017/?type=3


မြန်မာစာရေးစာဆရာ ၃ ဦး အမေရိကန် စာပေဟောပြောပွဲခရီး လာရောက်မည်

$
0
0
မြန်မာစာရေးစာဆရာ ၃ ဦး အမေရိကန် စာပေဟောပြောပွဲခရီး လာရောက်မည်
(မိုးမခ) နိုဝင်ဘာ၂၊ ၂၀၁၆

နိုဝင်ဘာ လလယ်ပိုင်းမှာ မြန်မာစာရေးဆရာများဖြစ်တဲ့ ကြည်မင်း၊ ရွှေကူမေနှင်း နဲ့ မိချမ်းဝေတို့ အမေရိကန်ပြည်ထောင်စုကို စာပေဟောပြောပွဲခရီးစဉ်အဖြစ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး စာပေဟောပြောပွဲကို နိုဝင်ဘာလ  ၂၀၊ ဆန်းဒေးမှာ ဆန်ဖရန်ဘေးဧရိယာမှာ ကျင်းပမှာဖြစ်ပြီး ဒုတိယစာပေဟောပြောပွဲကိုတော့ နယူးယောက်ပြည်နယ်မှာ ကျင်းပဖို့ ရှိပါတယ်။ အသေးစိတ်ကို ဆက်လက်တင်ပြပါမယ်။

လက်ခံရရှိထားတဲ့ စာရေးဆရာများရဲ့ အထုပ္ပတ္တိအကျဉ်းကို တင်ဆက်လိုက်ပါတယ်။


 ကြည်မင်း (ကျော်စောမင်း) ၏ စာပေနှင့် ကိုယ်ရေးဘဝ အကျဉ်း


စာရေးဆရာကြည်မင်း (ခေါ်) ကျော်စောမင်း (အမည်ရင်း ဦးမောင်မောင်စံ) ၏ Profession မှာတိရစ္ဆာန် ဆေးကုဆရာဝန်ဖြစ်ပြီး မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ပါမောက္ခချုပ်အဆင့်အထိ တာဝန်ထမ်းဆောင် ခဲ့သည်။ ယခုအခါတွင်အငြိမ်းစားယူပြီး ရန်ကုန်မြို့တွင်အခြေချနေထိုင်သည်။

မြန်မာနိုင်ငံစိုက်ပျိုး၊ သစ်တောနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းပညာရှင်များအဖွဲ့Academy of Science ၏ အဖွဲ့ဝင်ပညာရှင်တဦးလည်းဖြစ်သည်။  ယဉ်ကျေးမှုဝန်ကြီးဌာန ၏ မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့တွင်လည်း အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသည်။ မြန်မာနိုင်ငံသတင်းစာဆရာအသင်းတွင် ရန်ကုန်တိုင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးပြီး ယခုအခါတွင် ဗဟိုစည်းကမ်းထိန်းသိမ်း ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ စာရင်းစစ်လည်း ဖြစ်သည်။

၁၉၄၆ ဇန်န၀ါရီတွင် ပုသိမ်မြို့တွင်မွေးဖွားသည်။ အသက် ၁၅ နှစ်အရွယ်တွင် ကဗျာဖြင့် စာပေနယ်သို့ဝင် ခဲ့သည်။ အသက်၂၀ တွင်ကြည်မင်း ကလောင်အမည်ကို အတည်တကျယူသည်။ မိခင်ဒေါ်ငွေကြည်နှင့်ဖခင် ဦး ကျင်မင်းတို့၏နာမည်များကို ပေါင်းစည်းထားခြင်းဖြစ်သည်။ ကြည်မင်း ကလောင်အမည်ဖြင့် ပထမဆုံးရေးသား သောစာပေမှာ ၁၉၆၈ မိုးရာသီထုတ်အိုးဝေဂျာနယ်မှ သရော်စာများဖြစ်သည်။ ဝေဖန်ရေးဆောင်းပါးများ ရေးရန် အတွက် ကျော်စောမင်းအမည်ကိုယူပြီး ၁၉၉၀မှစ၍ ဟန်သစ် မဂ္ဂဇင်းတွင် ဖတ်ကြည့်ကဏ္ဍကို တာဝန်ယူခဲ့သည်။

ကွယ်လွန်သူအထောက်တော်လှအောင်နှင့်အတူ သတင်းဂျာနယ်ကို ၁၉၆၉တွင် တည်ထောင်ခဲ့သည်။

ယနေ့အထိ ကဗျာ ၅၀ခန့်၊ ၀တ္ထုတို/ရှည် ၇၀ခန့်၊ ဆောင်းပါး ၆၀၀ ကျော်နှင့် လုံးချင်း ၄၀ ကျော် ပုံနှိပ်ပြီး ဖြစ်သည်။

ပထမဆုံးလုံးချင်းမှာ တူဒေးစာပေတိုက်မှ မျဉ်းပြိုင်မျိုးဆက် ဖြစ်ပြီး၊ နောက်ဆုံးထုတ်မှာ Wisdom House စာပေတိုက်မှထုတ်ဝေသော ဦးအောင်သင်းနှင့်ကျွန်တော် စာအုပ်ဖြစ်သည်။

လုံးချင်းစာအုပ်များအနက် လုပ်ချင်တာလုပ်နိုင်ဖို့၊ လုပ်သင့်တာလည်းလုပ်နိုင်ဖို့နှင့် ရှင်းတူးရှင်တူး မှာကိုယ်တွေ့ဖြစ်ရပ်များဖြင့် တင်ပြထား သော လူငယ်ကြီးပွားရေး အားဖြည့်လမ်းညွှန်စာပေ ဖြစ်သည်။ ဗေဒါတောမှဆည်းဆာမှာ ၀တ္ထုတိုပေါင်းချုပ်ဖြစ် သည်။ စာဖတ်သူတဦး၏ ဒိုင်ယာရီ မှာ ဝေဖန်ရေးဆောင်းပါးများဖြစ်သည်။ ပညာခရီးနှင့်ပညာမျက်စိ စာအုပ်မှာ နိုင်ငံခြားတွင် ပညာသင်ကြားခဲ့ရသော အတွေ့အကြုံများနှင့် ပညာရေးအတွေးအမြင်များဖြစ်သည်။ အင်္ဂလိပ်ဘာ သာဖြင့်လည်း ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါး၊ ပညာရပ်ဆိုင်ရာဆောင်းပါးများနှင့် စာပေသုတေသနစာတမ်းများရေး သားခဲ့သည်။

ယခုအချိန်တွင် ဒီမိုကရေစီတူဒေး သတင်းစာနှင့် ပြည်သူ့အရေး ဂျာနယ်တွင် နိုင်ငံရေးဝေဖန်စာများနှင့် ကြေးမုံသတင်းစာတွင် စာပေဝေဖန်ရေးများကို ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရေးသားနေဆဲဖြစ်သည်။

စာဖတ်သူတဦး၏ဒိုင်ယာရီ စာအုပ်ဖြင့် ၂၀၀၄ ထန်းရိပ်ညို စာပေဆုနှင့် ဦးဆောင် စွန့်စား စီးပွားရေး တည်ဆောက်ခြင်း စာအုပ်ဖြင့် ၂၀၀၈ သုတစွယ်စုံဘာသာပြန်စာပေဆု ရခဲ့ဖူးသည်။

ဇနီးဖြစ်သူ ဒေါက်တာခင်မမ (ဒုတိယပါမောက္ခချုပ်-ငြိမ်း)၊ သမီး၎ ဦးနှင့်အတူ ရန်ကုန်မြို့စမ်းချောင်းရပ် တွင်နေထိုင်လျက်ရှိသည်။



ရွှေကူမေနှင်း၏ ဘ၀နှင့်စာပေမှတ်တမ်း
 

အမည်ရင်း။ ။ ဒေါ်စံမေ

၁၉၃၉။ သြဂုတ်လ(၁၅)ရက်တွင်၊ ကချင်ပြည်နယ်၊ ရွှေကူမြို့၊ အဖ သစ်တော အကောက်စာရေးကြီး ဦးစိန်၊ အမိဒေါ်စောရင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ၈ယောက်မြောက်အနက် ပဉ္စမမြောက် ဖြစ်သည်။

၁၉၄၂။ ဒုတိယကမ္ဘာစစ်အတွင်း၊ တောတောင်းတွင်းü ပြေးပုန်းခဲ့ရသည်။

၁၉၄၆။ ရွှေကူမြို့၊ တောပုန်းရွာ၊ မူလတန်းကျောင်းü စတင်ပညာသင်ကြားသည်။

၁၉၄၇။ ရွှေကူမြို့၊ S.P.P ကျောင်းü ဆက်လက်ပညာသင်သည်။

၁၉၅၀။ ရွှေကူမြို့၊ အစိုးရအထက်တန်းကျောင်းü ပညာသင်သည်။

၁၉၅၅။ မတ်လ(၁)ရက်နေ့ထုတ်၊ တိုင်းရင်းမေဂျာနယ်တွင် 'ချောကလက်'အမည်ရှိ ၀တ္ထုတိုစတင်ပုံနှိပ် ခံရသည်။ (ရှစ်တန်းကျောင်းသူဘ၀)

၁၉၅၆။ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်။ တပြည်လုံးပထမဆင့်အုပ်ဆုü ပါဝင်ပြီး၊ တက္ကသိုလ် စကောလားရှစ်ပညာသင်ဆုရသည်။

၁၉၅၆။ ရန်ကုန်၊ ဆရာအတတ်သင်သိပ္ပံတက်ရောက်သည်။

၁၉၅၇။ ရွှေကူမြို့ü အလယ်တန်းပြဆရာမအဖြစ် အမှုထမ်းသည်။

၁၉၅၉။ ရန်ကုန်တက္ကသိုလ်သို့ ကချင်ပြည်နယ်၊ ပညာရေးဌာန၏ ပညာတော်သင်အဖြစ်တက်ရောက် သည်။ (ရတနာဆောင်၊ သဟာယနှင့်စာဖတ်အသင်းအမှုဆောင်၊ ကချင်ပြည်နယ်၊ ကျောင်း သားသမဂ္ဂ အမှုဆောင်)

၁၉၆၁။ ရွှေကူမြို့ü အထက်တန်းပြဆရာမအဖြစ် အမှုထမ်းသည်။

၁၉၆၃။ ဗန်းမော်သို့ပြောင်းရွှေ့အမှုထမ်းသည်။

၁၉၆၇။ B.A (ပြင်ပ၀ိဇ္ဇာ) ဘွဲ့ရသည်။

၁၉၇၀။ အထက်တန်းကျောင်းအုပ်တိုးမြှင့်ခံရသည်။ (လက်မခံ)

၁၉၇၁။ မြန်မာ့အသံသို့ ပြောင်းရွှေ့ အမှုထမ်းသည်။

၁၉၇၂။ ပထမဆုံးလုံးချင်းဝတ္ထု (ဘယ်မှာမိုးခိုရမလဲကွယ်) ထုတ်ဝေသည်။

၁၉၈၃။ မြန်မာ့အသံမှ ဆေးလက်မှတ်ဖြင့် အငြိမ်းစားယူသည်။

၁၉၈၈။ ၈၈-အရေးတော်ပုံတွင် စာပေနှင့်အနုပညာရှင်များအဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့သည်။

၁၉၈၉။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ခေါင်းဆောင်။ (ကလောင်အမည် ပိတ်ခံရသည်။)

၁၉၉၀။ ရန်ကုန်တိုင်း၊ တိုက်ကြီး (၁)လွှတ်တော်ကိုယ်စားလှယ်။

၁၉၉၁။ အင်းစိန်အကျဉ်းထောင်သို့ နိုင်ငံရေးပုဒ်မဖြင့် (၃)နှစ် အကျဉ်းကျသည်။

၁၉၉၂။ ထောင်မှလွတ်သည်။

၁၉၉၂။ အမေရိကန်သံရုံး၊ ဘာသာပြန်စာအုပ်ထုတ်ဝေရေးဌာနတွင် ဘာသာပြန်ဆရာ(ကန်ထရိုက်စနစ် ဖြင့်စာအုပ်များပြန်ဆိုထုတ်ဝေခဲ့သည်။) (သောမတ်ဂျက်ဖာဆင် အတ္ထုပ္ပတ္တိ၊ အမေရိကန်အစိုးရ၊ အမေရိကန်ဒီမိုကရေစီစာအုပ်များ ထင်ရှားသည်။)

၁၉၉၆။ ရွှေ… စာပေထုတ်လုပ်ရေး စတင်ထူထောင်သည်။ (ကလောင်အမည် ပြန်လည် သုံးစွဲနိုင်ခဲ့သည်။)

၂၀၀၀။ ပြည်ပသင်တန်းများ၊ ၀ပ်ရှော့များ၊ ဆွေးနွေးပွဲများ ဖိတ်ကြားခြင်းခံရသော်လည်း Passport မရခဲ့။

၂၀၁၀။ Passport ရသည်။

၂၀၁၀။ ရန်ကုန်တက္ကသိုလ်သမိုင်းတစိတ်တဒေသအဖြစ် 'ငါတို့ခေတ်ကတက္ကသိုလ်'ကို ရေးသား ထုတ်ဝေသည်။

၂၀၁၂။ အင်းစိန်အကျဉ်းထောင်တွင်းမှ ဘ၀အထွေထွေကိုဖော်ပြသော 'အင်းစိန်မှတ်တမ်း''အကျဉ်းစံ မိန်းမများ''နိုင်ငံရေးအကျဉ်သူများ''ကန္တာရနှင်းဆီ'စာအုပ်တို့ကိုထုတ်ဝေသည်။

၂၀၁၆။ 'အင်းစိန်မှတ်တမ်း'ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည်။ ယနေ့ထိဝတ္ထုတို ၁,၀၀၀ ကျော်၊ ဆောင်းပါး၂,၀၀၀ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် ၄၀၊ ပင်ကိုရေးလုံးချင်း စာအုပ် ၁၅၊ ဘာသာပြန် စာအုပ်၃၀၊ အတ္ထုပ္ပတ္တိနှင့် ဘာသာရပ်ဆိုင်ရာကျမ်း ၁၀၊ ပင်ကိုရေး အက်ဆေး၂၅ ရေးသားပြီးဖြစ်သည်။

ရွှေ…စာပေဒါနအဖွဲ့ (စာကြည့်တိုက်များသို့ စာအုပ်လှူခြင်း၊ ဟောပြောခြင်း)နှင့် မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ (ဒု-ဥက္ကဋ္ဌ) အဖြစ် ပရဟိတလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

Email - writerhnin@gmail.com



မိချမ်းဝေ၏ ဘ၀နှင့်စာပေ ကိုယ်ရေးအကျဉ်း

ဆရာမ မိချမ်းဝေသည် သထုံမြို့ ၌ အဖ ဦးထွင်းခင် (မြန်မာ) အမိဒေါ်သန်းစိန် (မွန်)တို့မှ ၁၉၅၃ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့မှာ ဖွားမြင်သည်။

၁၉၇၂ ခုနှစ်၊ အမှတ် (၈၇) အိုးဝေဂျာနယ်မှာပါဝင်သည့် ''ကျော်ဟိန်းအလိုရှိသည်''ဆောင်းပါးဖြင့် စာပေ နယ်သို့စတင်ဝင်ရောက်သည်။ ထိုဆောင်းပါးကို သခွတ်ပန်း(သထုံ) ကလောင်အမည်ဖြင့်ရေးသားခြင်းဖြစ် သည်။ စာရေးဆရာမကြီးခင်နှင်းယု၏ သခွတ်ပန်းဝတ္ထုကို နှစ်သက်í ယူသည်။ ထိုအမည်ဖြင့်ပင် တိုင်းရင်းမေ ဂျာနယ်မှာ ကဗျာများရေးဖွဲ့သည်။

၁၉၇၅ ခုနှစ်မှာ သထုံမြို့နယ် အ.ထ.က (၂) မှ ၁၀တန်းအောင်မြင်ပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့  နယ်တွင် မူလတန်းဆွဲခန့်ဆရာမအဖြစ် စတင်တာဝန်ထမ်းဆောင်သည်။

၁၉၈၄ ခုနှစ်တွင် မြိတ်မဂ္ဂဇင်း ၌ ကျွန်တော်ဖောင်းသမား'၀တ္ထုတိုကို မိချမ်းဝေ ကလောင်အမည် ယူလျက် ပါဝင်ရေးသားသည်။ ထိုဝတ္ထုသည် ဆရာမ မိချမ်းဝေ၏ ပထမဦးဆုံးဝတ္ထုတို လက်ရာဟုဆိုနိုင်သော မီးသွေးဖောင်းလုပ်သား တို့၏ ဘ၀ကိုညွှန်းဆိုနိုင်သည့် ၀တ္ထုဖြစ်သည်။

၁၉၉၀ ခုနှစ်မှ၍ ကျောင်း၊ ဈေးနှင့်လူမှုဘ၀ရှုခင်းဝတ္ထုတိုများကို ရုပ်ရှင်တေးကဗျာ၊ ကလျာ၊ မြားနတ်မောင်၊ မဟေသီ၊ မြန်မာ့ဓန စတဲ့ မဂ္ဂဇင်းတွေမှာ ပါဝင်ရေးသားသည်။

၁၉၉၆ ခုနှစ်၊ လုပ်သက် (၂၁) နှစ်အရတွင် ကျောင်းဆရာမအလုပ်မှ အနားယူကာ တနင်္သာရီတိုင်း ရေလုပ် သားတို့၏ဘ၀၊ ကျွန်း၊ တောင်၊ သောင်၊ ကမ်း-နောက်ခံဂုံးရှာ၊ ကမာငုပ်၊ ဂွေးဖောင်ချ၊ ၀ါးလတ်၊ ၀ါးတန်း၊ ငါးဖမ်း လှေစသော ပင်လယ်ပျော်တို့အကြောင်း အဓိကထား၍ ၀တ္ထုတိုများရေးသားခဲ့ပါသည်။

'ငါ့သမီးကတနင်္သာရီတိုင်းမှာနေခဲ့တယ်၊ တို့မြန်မာစာပေသမိုင်းမှာ အတွေ့ရနည်းတဲ့ ပင်လယ်တံငါ အကြောင်းတွေရေးဖို့ ကြိုးပမ်းပါလို့ လိုင်းချပေးသည့် မိခင်တဦးသဖွယ်စောင့်ရှောက်ခဲ့သူ စာရေးဆရာမကြီး လူထု ဒေါ်အမာရဲ့အားပေးမှုကြောင့် ပင်လယ်ရေလုပ်သားတို့ဘ၀ကို ကွင်းဆင်းလေ့လာရေးသားခဲ့သည်။

စာရေးဆရာ၊ သတင်းစာဆရာကြီး၊ လူထုစိန်ဝင်းက ပထမဆုံးပင်လယ်တံငါ စာရေးဆရာမအဖြစ် ချီးကျူး ကမ္ပည်း တင်ခြင်းခံရပြီး ဆရာမ၏ ဆလုံတိုင်းရင်းသားသရုပ်ဖော် 'ဇီဝဇိုးကျိန်စာ'၀တ္ထုတိုမှာ စာပေလောကသား တို့ အသိအမှတ်ပြုခံရသော ၀တ္ထုဖြစ်သည်။

ပင်လယ်ဝတ္ထုတိုများကိုစုစည်း၍ ဒေါ်ဒေါ်မာ၏ကြီးပွားရေးစာအုပ်တိုက် (မန္တလေး)က 'ကမာရင်ကွဲနဲ့ အခြားပင်လယ်ဝတ္ထုတို'များစာအုပ်ကို ထုတ်ဝေခဲ့သည်။

ထိုစာအုပ်ဖြင့်ပင် အမျိုးသားစာပေ၀တ္ထုတိုပေါင်းချုပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။ ၂၀၀၀ပြည့်နှစ်က ဖြစ်ပါ သည်။

၂၀၀၃ ခုနှစ်တွင် ပဂဲ(ခေါ်)ကျောက်ပုစွန်မွေးမြူ တင်ပို့ရောင်းချခြင်းဆိုင်ရာ အမျိုးသမီးတို့ရဲ့အားမာန် သရုပ်ဖော် 'မေ့ဆေး'၀တ္ထုတိုကို ဂျပန်နိုင်ငံတိုယိုတာ ဖောင်ဒေးရှင်းကထုတ်ဝေသောစာအုပ်တွင် ဂျပန်ဘာသာ သို့ ထည့်သွင်းပြန်ဆိုခြင်းခံရသည်။

ယခုအခါ လုံးချင်းဝတ္ထုရှည်၊ ၀တ္ထုတို၊ ခရီးသွားစာပေ စာအုပ်ပေါင်း(၂၂)အုပ်ကိုထုတ်ဝေပြီးဖြစ်သည်။
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>