Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ကာတွန်း ကိုခေတ် - ကြောက်ခေတ် ပဲလား

$
0
0

ကာတွန်း ကိုခေတ် - ကြောက်ခေတ် ပဲလား
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆

ရေခဲမိုးတိမ် ကဗျာစာအုပ်

$
0
0

 
ရေခဲမိုးတိမ် ကဗျာစာအုပ်
(ကဗျာစာအုပ်မိတ်ဆက်နှင့် မိတ်ဆက်ကဗျာ)
(မိုးမခ ၊ သစ်ခက်သံလွင်) နိုဝင်ဘာ ၂၄၊ ၂၀၁၆




မက္ကဆီကိုဝေးဝေး မက္ကဆီကိုနီးနီး


ဘယ်နိုင်ငံတနိုင်ငံမှ သမိုင်းရဲ့အကျဉ်းသားမဖြစ်သင့်ပါဘူး တဲ့
ပြီးတော့ဘယ်နိုင်ငံတနိုင်ငံမှလည်းပထဝီရဲ့အကျဉ်းသားမဖြစ်သင့်ပါဘူး တဲ့
အမေရိကနဲ့ကလည်းနီးပ ဘုရားသခင်နဲ့ကလည်းဝေးပ
အဲဒီ မက္ကဆီကို။

အနားကျယ်ကျယ် ဦးထုပ်တလုံးရဲ့အောက်မှာ
သူ့မျက်လုံးထဲကအဓိပ္ပာယ်ကို ဖုံးကွယ်ထားတတ်တဲ့မက္ကဆီကို။
ငါတို့နဲ့ ရေမြေခြားသလောက် ရင်ချင်းနီးတဲ့
အော်တိုဗီယိုပါ့ဇ်လို ကဗျာဆရာတယောက်ရှိတဲ့မက္ကဆီကို
အဲဒီ မက္ကဆီကို, ကို ငါသွားမယ်။

အဲဒီမက္ကဆီကိုမှာ သေနတ်နဲ့မူးယစ်ဆေးဝါးပေါသလောက်
သေခြင်းတရားဟာ လက်လည်းမကွေးရဲ ခြေလည်းမဆန့်ရဲ။

သေနတ် မူးယစ်ဆေးဝါး နဲ့ သေခြင်းတရားဈေးပေါတဲ့နေရာမှာ
အချစ်နဲ့ လိင်ကိစ္စကလည်း ဝယ်လိုက်ရင် ချောဆီပါသုတ်ပြီးသား။

သေနတ်၊ မူးယစ်ဆေးဝါး၊ သေခြင်းတရား၊ အချစ်နဲ့လိင်ကိစ္စဈေးပေါတဲ့နေရာမှာ
အမှန်တရားဟာ
ဝယ်တဲ့တောင်းက တမျိုး၊ ရောင်းတဲ့တောင်းက တမျိုး။

အမေရိကရဲ့မြေအောက်ပိုက်လိုင်းထဲစီးဝင်နေတဲ့ရေဆိုးမြောင်းလို့
အစွပ်အစွဲခံနေရတဲ့ မက္ကဆီကို
ဒါပေမဲ့ အမေရိကရဲ့မိလ္လာပိုက် သူ့ဖဝါးအောက်က ဖြတ်ဖောက်ထားတာကို ခွင့်ပြုထားရတဲ့မက္ကဆီကို။

အဲဒီ မက္ကဆီကိုကိုငါသွားမယ်
အဲသလိုနေရာမျိုးမှာ ကန္တာရထဲကုလားအုတ်တကောင်ရှင်သန်သလို
ကဗျာ … ဘယ်လိုရှင်သန်လဲ
ပါ့ဇ် ကိုနားထောင်ဖို့ ငါသွားမယ်။

မက္ကဆီကိုမှာ အားအကောင်းဆုံး Institution ဟာ လူဆိုးဂိုဏ်းပဲ
တနိုင်ငံလုံး ယမ်းထုပ်တွေချိတ်ပြီး Remote ကိုသူတို့က ကိုင်ထားတာ
ငါ့နိုင်ငံမှာရှိရှိသမျှအကြောတွေပေါ် တည့်တည့်ခွထိုင်ထားတဲ့ အိုင်းအနာတွေလို
အားအကောင်းဆုံး Institution ဟာ စစ်တပ်ပဲ
သိင်္ဃိုရ်ပြည်ရဲ့ရှေ့ရေးဟာ သူ့အမြီးရဲ့Mindset အပေါ်မူတည်တယ်။

ပထဝီများများ သမိုင်းများများနိုင်ငံကြီးတွေကြား
ပွန်းလိုကစားခံနေရတဲ့ တော်လှန်ရေးများများငါ့နိုင်ငံ
အဲဒီလိုနိုင်ငံတနိုင်ငံမှာ
ဗမာကဗျာဆရာတွေ ကဗျာ ဘယ်လိုရေးကြလဲ
ပါ့ဇ်ကို ရှင်းပြဖို့ ငါသွားမယ်။

ဘုန်းကြီးထက် ဖာပိုပေါတဲ့ငါ့အိမ်နီးချင်းဗုဒ္ဓဘာသာနိုင်ငံ
အဲဒီနိုင်ငံကို ဖာအိတ်စ်ပို့လုပ်တဲ့ ငါ့နိုင်ငံ
ဖာထက် မိန်းမပျက်ယောက်ျားပျက် ပိုပေါတဲ့ငါ့နိုင်ငံ
အပျင်းနည်းနည်းကြီး ဣဿမစ္ဆေရိယစိတ်များများ ငါ့နိုင်ငံ
အဲ့သလိုနိုင်ငံမျိုးမှာ ကဗျာဘယ်လိုဆက်ရှင်သန်မလဲ
ပါ့ဇ်နဲ့ ဆွေးနွေးဖို့ ငါသွားမယ်။

အဖိနှိပ်ခံနိုင်ငံဆိုမှတော့
ချွတ်ခနဲ အသံကြားရင် ထရံကဓားပြေးဆွဲမိတာမျိုး
ကိုယ့်ခေါင်းရင်းက မာက္ခဝါဒ ထ မစမ်းဖူးတဲ့သူရှိမလား
ပါ့ဇ်နဲ့ငါ …

အေး …ငါပြန်လာမယ်
မက္ကဆီကိုနေရောင်အောက်မှာ သံလွင်သီးရောင်ပေါက်လာတဲ့အသားအရေနဲ့
ငါပြန်လာမယ်
လက်တင်အမေရိကဆန်တဲ့ကဗျာတချို့နဲ့
ငါပြန်လာမယ်
ဗမာကဗျာဆရာတွေအတွက် ပါ့ဇ်ပါးလိုက်တဲ့အထုပ်တထုပ်နဲ့
ဒါဘာလဲ - လျှော်ဖွတ်ထားတဲ့ ငွေမည်းတွေလား
အဲ့ဒီငွေမည်းတွေနဲ့လဲလှယ်ခဲ့တဲ့ ဆေးခြောက်တထုပ်လား
ဒါဘာလဲ - မက္ကဆီကန် ဂစ်တာတလက်လား
အဲဒီဂစ်တာအိမ်ထဲဝှက်ထည့်လာတဲ့သေနတ်တလက်လား
ဒါ ဘာလဲမမေးပါနဲ့
ငါတို့လိုနိုင်ငံမျိုးမှာ ဒီအထုပ်ဟာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။

(ကိုသန်းထွန်း)

...


ရေခဲမိုးတိမ်ကဗျာစာအုပ်အား ရန်ကုန်မြို့တွင် -

စာပေလောက စာပေ
ရာပြည့် စာပေ
အင်းဝ စာပေ
စာပေဗိမာန် စာပေ
စာပေနန်းတော် စာပေ
စောဦး စာပေ
နေစေး စာပေ
ပန်းရွက်နု စာပေ
မန္တလေး ညို
ပိုယက်ထရီဟောက်စ် / ကိုရိုးဒီ
နေစေး စာပေ ( ပြည်မြို့)
စောဦး စာပေ (ပဲခူးမြို့)
ပဲခူး သဇင်စာပေ(စောဦးမှ တစ်ဆင့်)
ချင်းတွင်းအိမ် စာပေ (မုံရွာမြို့)
ပန်းဆိုးတန်း၊ လှည်းတန်း၊ ၃၁လမ်း၊ ၃၂ လမ်းရှိ စာအုပ်ဆိုင်များတွင် ရရှိနိုင်ပြီဖြစ်ပါကြောင်း

နယ်ဝေးမှ မှာယူချင်သူများအနေဖြင့် Arkar Toewaiထံ Cb မှတဆင့်မှာယူနိုင်ပါသည်
09 - 787 909 674 သို့ဆက်၍ မှာယူနိုင်ပါကြောင်း....။



OCC Bus ရဲရင့်ဘုန်း - မီးလျှံငြီးငြီး ချက်ပလက်ကြီး - အမေရိကမှာပညာသင် (၁)

$
0
0
OCC Bus
ရဲရင့်ဘုန်း - မီးလျှံငြီးငြီး ချက်ပလက်ကြီး - အမေရိကမှာပညာသင် (၁)
(မိုးမခ၊ သစ်ခက်သံလွင်) နိုဝင်ဘာ ၂၄၊ ၂၀၁၆


၁၉၉၁ ဇူလိုင်လမှာ အမေရိကန်ပြည်ထောင်စု တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်က Newport Beach ဆိုတဲ့မြို့လေးကို ပညာသင်ကြားဖို့ ရောက်ရှိလာခဲ့ပါတယ်။ Los Angeles မြို့ကြီးရဲ့ တောင်ဖက် မိုင် ၅၀ လောက်ဝေးတဲ့ ဒီ လိမ္မော်သီးမြို့နယ် (Orange County) က ဒုတိယကမ္ဘာစစ်ပြီး ၁၉၆၀ လောက်ထိ လိမ္မော်သီးခြံများနဲ့ ပြည့်နေခဲ့တာပါ။ ၆၀ နောက်ပိုင်း L.A မှာလူတွေ များလာလို့ ရေကြည်ရာမြက်နု ရာ တောင်ဖက်ကိုရွှေ့ပြောင်းရင်း လူနေစည်ကားတဲ့ နေရာများ ဖြစ်လာခဲ့ပါတယ်။ ရာသီဥတုမျှတပြီး အနီးနားမှာ ကမ္ဘာကျော် ဒစ္စနီပျော်စရာခြံကြီး Disneyland ရှိပါတယ်။ ၁၉၅၅ က ဖွင့်လှစ်ခဲ့တဲ့ မူလ Theme-park ပါ။ Pacific သမုဒ္ဒရာရဲ့ ပင်လယ်ကမ်းခြေလေးဘေးမှာရှိပြီး လူနေမှုအနေနဲ့ လူဖြူအများစုနဲ့ အာရှတိုက်ဖွားများ မက္ကဆီကန်များ ၃၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ကျနော်တက်ရမဲ့ကျောင်းက လိမ္မော်သီး ကမ်းခြေ ဒေသကောလိပ် (Orange Coast Community College) လို့ ခေါ်ပါတယ်။



ဒေသကောလိပ်ဖြစ်ပြီး ကျောင်းသားကျောင်းသူ နှစ်သောင်းလောက် ရှိတယ်။ ဝေးလံတဲ့ တက္ကသိုလ် ကြီးတွေကိုမသွားချင်သေးရင် ပထမနှစ်နှစ်ကို ကိုယ့်အိမ်နားမှာပဲ တက်လို့ရအောင် စီစဉ်ပေးထားတာပါ။ GTI လို အသက်မွေးဝမ်းကျောင်းပညာ ၃ နှစ် ဒီပလိုမာသင်တန်းများ လည်း ပို့ချပါတယ်။ ဒီမှာတော့ Associate Degree လို့ ခေါ်ပါတယ်။ တကယ်တော့ မြန်မာပြည်က ပညာလာသင်လိုသူများ စရိတ်သက် သာပြီး အဆင်ပြေတဲ့ ဒီလိုဒေသ ကောလိပ်တွေက စသင့်ပါတယ်။ ကျောင်းနေအဆောင် များတော့ မရှိပါ။ အခု အဆိုကျော် ကိုတူးတူးရဲ့သမီးလေး အဲဒီ့မှာ ကျောင်းတက်နေတယ်လို့ ကြားပါတယ်။



ဒီ့မတိုင်ခင် စင်ကာပူမှာ မိဘများနဲ့နေထိုင်ရင်း NCC Dip နှစ်နှစ် တက်ခဲ့ပါတယ်။ သိတဲ့အတိုင်း စင်ကာပူက ရန်ကုန်လိုမြို့ကြီးဆိုတော့ သွားရေးလာရေးအရမ်းအဆင်ပြေပါတယ်။ ဘတ်စ်ကား၊ ရထား၊ အဌားကား အရမ်းပေါပြီး ဘယ်သွားသွား အချိန်သိပ်မကြာပါဘူး။ ကျနော်လည်း အခုတော့ နေရာသစ်ဆိုတော့ နေ့ တိုင်းလေ့လာ ဆည်းပူးရပါတယ်။ ရောက်ကါစ အမဝမ်းကွဲ အိမ်မှာနေတော့ သူတို့အပြင်သွားတိုင်း လိုက်သွားတယ်။ မြင်မြင်သမျှ လိုက်မှတ်ပေါ့။ အိမ်ကနေ အပြင်ကိုလမ်းလျှောက်ထွက်သွားတော့ နှစ်ထပ် အိမ်လေးတွေချည်းပါပဲ။ လမ်းမပေါ်ထွက်တော့လည်း ဘတ်စ်ကားတစီးမှ မတွေ့ပါဘူး။ ပြောရရင်တော့ ရန်ကုန် ဆင်ခြေဖုန်း လမ်းမကြီးတွေနဲ့ဝေးတဲ့ မြို့သစ်နေရာလေးတွေလိုပါပဲ။ ကျောင်းက ၅ မိုင် လောက် ပဲဝေးပေမယ့် လမ်းလျှောက်ဖို့ကလည်း မဖြစ်နိုင်ပါ။ ဒါနဲ့ လမ်းမကြီးကို လမ်းလျှောက်ပြီး ဘတ်စ်ကားစီးဖို့ လုပ်ရပါတယ်။ အိမ်က ဦးလေးက လမ်းညွှန်ပေးတယ်။ ဘတ်စ်ကားစီးသူနည်းလို့ ရထားလိုပဲ အချိန်နဲ့ လာပါတယ်။ မနက် ၆ နာရီနဲ့ ၉ နာရီ အထိ နာရီဝက်တစီးလောက်လာပြီး နေ့လည်ဖက် ၁-၂ နာရီမှ တစီးလာတယ်။



ကားကြီးတွေက အကြီးကြီးတွေ၊ မတ်တတ်ရပ်စီးသူတောင် သိပ်မရှိပါဘူး။ Wheelchair လဲ တင်ပေးသလို စက်ဘီး နှစ်စီးတင်တာလက်ခံပါတယ်။ ကားရဲ့ ရှေ့အပြင်ဖက်မှာချိတ်ဖို့ နေရာလုပ်ထားတယ်။ ကျနော်အတန်းစောပြီးတဲ့နေ့မှာကြ အဆင်မပြေလို့ စာကြည့်တိုက်မှာ စာဖတ်ရင်း စောင့်ရတယ်။

ဒါနဲ့ပဲ ၃ လလောက်ကြာတော့ ညီဝမ်းကွဲလေးရယ်၊ ဘန်ဘန်း ဆိုတဲ့ အင်ဒိုနီးရှား ကျောင်းသားလေး တယောက်ရယ် သီးသန့်အိမ်ခန်းငှားနေကြရော။


My College OCC

ခက်တာက ဈေးထွက်ဝယ်ဖို့ ကျောင်းပိတ်ရက် ဟိုနားဒီနားသွားဖို့ကအစ ပြဿ      နာဖြစ် လာပါ တယ်။ ဒါကလည်း ကိုယ်သွားတဲ့မြို့ပေါ် မူတည်တာပါ။ မြို့ကြီးတွေဖြစ်တဲ့ နယူးယောက်၊ ချီကာဂိုတို့မှာ ဘတ်စ်၊ ရထား ရှိပါတယ်။ ဒါနဲ့ပဲ ကားဝယ်ဖို့ စဉ်းစားရပါတော့တယ်။ မိဘတွေကိုလည်း အပူမကပ်လိုပါ။ ကျနော်ငယ်ငယ်က ဟောလိဝုဒ် ရုပ်ရှင်တွေ ကြည့်ရင် သဘောကျတာတခုက ကား အဟောင်းတွေ ကို ဈေးပေါပေါနဲ့ ဝယ်လို့ရတာရယ်၊ ဘားမှာ အရက်သွားသောက်ရင် ရွှေရောင် ဆံပင်နဲ့ ချောချောကောင် မလေးကို စကားစမြည်လေးပာ၊ အရက်လေးသောက်ပြီး ကိုယ့်နောက် လိုက်လာတာ ရယ်။ အော် ဟောလိ ဝုဒ် ဆရာတို့ရယ်။ မေ့နေတာက အဲဒါက မင်းသမီး၊ ကိုယ်က မင်းသားမဟုတ်ဖူးဆိုတာပဲ။ သူတို့လုပ်လို့ လူမည်းတွေ့ရင် ကြောက်၊ ညဆို အပြင်မထွက်ရဲ။



ကြုံတုန်း ကယ်လီဖိုးနီးယားပြည်နယ်အကြောင်း နည်းနည်းပြောပါ့မယ်။



အမေရိကန်ပြည်ထောင်စုရဲ့အနောက်ဖက်အကျဆုံး ပစ္စိဖိတ်ကမ်းခြေ အနောက်ဖက် ကမ်းရိုးတန်းမှာ ရှိပါတယ်။ အကျယ်အဝန်း စတုရန်းမိုင် ၁၆၃,၆၉၆ ရှိပြီး တောင်နဲ့မြောက် ၇၇၀ မိုင်ရှိတာမို့ ပမာဏ အားဖြင့် မြန်မာပြည်ရဲ့ ၆၅% ခန့်ရှိပါတယ်။ လူဦးရေအများဆုံး ၃၉ သန်းဖြစ်ပြီး မြို့ကြီးတွေ ကတော့ မြောက်ပိုင်းမှာ ဆန်ဖရန်စ္စကို နဲ့ တောင်ပိုင်းမှာ လော့စ်အင်ဂျလိစ်ပါ။



အချမ်းသာဆုံးပြည်နယ်မို့ Nickname ရွှေပြည်နယ် (Golden State) လို့ခေါ်ကြပါတယ်။ နံမည်ကျော် ကုမ္ပဏီများဖြစ်တဲ့ Facebook, Google, Apple တို့ မြောက်ပိုင်းမှာရှိတဲ့ Silicon Valley မှာ ရုံးစိုက်ကြတယ်။ လူမျိုးစုံနေတဲ့နေရာဖြစ်ပြီး လွတ်လပ်မျှတမှုကိုကြိုက်တဲ့ liberals များနေကြပါတယ်။ အခုပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကောလိပ် (Electoral College) မဲ အများဆုံး ၅၅ မဲထားရှိပြီး ကလင်တန်ကို ၂-၁ အသာနဲ့မဲပေးခဲ့တာမို့ အများစုက ထရန့်ပ် ကို ကြိုက်နှစ်သက်သူများမဟုတ်ပါ။


My First Car

ဒါနဲ့ ကျနော်လည်း ကားရှာပုံတော် ဖွင့်ရတော့ တာပေါ့။ မိဘကိုလည်း ဒုက္ခမပေးချင်တော့ ဟော လိဝုဒ် ရုပ်ရှင်တွေထဲကအတိုင်း ရာကျော်တန်ပဲ တတ်နိုင်ပါတယ်။ ကျနော်ကလည်း ကိုယ် တတ်နိုင်သလောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ ဆုံးဖြတ်ထားတယ်။ ညီဝမ်းကွဲက ဂျပန်ကျောင်းသူလေးတယောက်နဲ့ အီစီကလီ လုပ်နေတော့ သူ့သူငယ်ချင်း ဂျပန်လေး တယောက်ပြန်သွားလို့ သူ့ကားကြီးရောင်းဖို့ ထားခဲ့တယ် တဲ့။ အဲဒီ့ကားကြီးနဲ့ ဂျပန်မပြန်ခင် အမေရိကားတခွင်ပြဲပြဲစင်အောင် သွားခဲ့ဆိုပဲ။ ကျနော်တို့ သွားတော့ တိုက်ခန်းအောက်ဆုံးမြေညီထပ်မှာရပ်ထားတဲ့ ကျနော့်မိတ်ဆွေကြီးကို သိပ်ရှာစရာမလို ပဲ တွေ့ လိုက်ရပါတယ်။


အမေရိကန်တွေ ရွှေထီးဆောင်းစဉ်က ချက်ပလက် ကားအမည်းကြီး။ ကျနော်တို့ငယ်ငယ်က ဂျပန်ကလာတဲ့ တိုယိုတာ၊ ဒတ်ဆန်း ကားလှလေးတွေဝင်မလာခင် အဖေတို့ခေတ်က အော်စတင်၊ ပလိုင်းမောက်၊ ဖို့ဒ်၊ ချက် ပလက် စသည်ဖြင့် အင်္ဂလိပ်၊ အမေရိကန်ကားတွေ ခေတ်စားခဲ့ပါတယ်။ ထူထူထဲထဲ ခိုင်ခိုင်ခန့်ခန့် ကားကြီးတွေ။



တကယ်က ချက်ပလက်၊ နံမည်အမှန်က ရှယ်ဗလေး Chevrolet (သို့) ရှယ်ဗီ (Chevy) လို့ အတိုခေါ်ကြ ပါတယ်။ ကားကြီးက ၁၃ နှစ်သားဆိုပေမယ့် အတော်ဟောင်းနေပါပြီ။ ဂျပန်ကိုယ်တော်က ကားထိပ်ပိုင်းကို ရုပ်ရှင်ထဲကအတိုင်း မီးတောက် မီလျှံကြီးတွေ ဆွဲထားပါ တယ်။ ရှေ့က Shell အကာကလည်း မရှိတော့ သွားကြဲကြီး ဖြစ်နေပါတယ်။ ဒေါ်လာ ၄၀၀ တဲ့။ ကားကြီးကစုတ်ပေမယ့် စက်နှိုးပြီးမောင်းလို့ရရင် သူ့ဈေးနဲ့ သူ တန်ပါတယ်။


ကျနော်ကတော့ပျော်တယ်။ ဘယ်သူ့မှအားမကိုးရတော့ပဲ ကိုယ်သွားလိုရာသွားနိုင်တဲ့အပြင် အသက် ၂၀ ကျော်မှာ ကိုယ့်ပထမဆုံးကား ကိုယ့်ဘာသာကိုယ်ဝယ်နိုင်လို့ပါပဲ။ အခုခေတ် ၅ သိန်းနဲ့ ဘာကားရ မှာလဲ။ အဲဒီတုန်းက ဒေါ်လာက တစ်ရာဈေးလောက်။ ၄ သောင်းပဲ။



ဒီ ချက်ပလက်ကြီးက လူနဲ့ ပုံဖော်ရရင်တော့ သားရေဂျာကင်နဲ့ ဟော့ရှော့ အသက်ကြီးကြီး ရှေ့သွားတောင် မရှိတော့တဲ့ ရော့ကါကြီးနဲ့ တူပါတယ်။ လမ်းဘေးထိုးရပ်သွားမှာစိုးလို့ ဖြေးဖြေးသက်သာမောင်းလာရတယ်။ ဒါနဲ့ ကားဆိုင်ကိုသွားပြ Good Year ကားတာရာ လေးလုံးနဲ့ ဘက်ထရီအသစ် လဲလိုက်တာ နောက် ထပ် ဒေါ်လာ ၄၀၀ ထပ်ထွက်သွားပါတယ်။ ၈ လုံးအင်ဂျင် V8 ကြီး၊ လီဗာနင်းလိုက်ရင် တရူးရူးနဲ့ အရမ်းဆွဲ တယ်။

ဆီကလည်းအုပ်သလားမမေးနဲ့။ တစ်ဂါလံကို ၈ မိုင်လောက်ပဲရတယ်။ တိုက်ခန်းသစ်ပြောင်းတော့တောင် ပိုင်ရှင်ဂျူးက သူ့တိုက်ခန်း ကျက်သရေမရှိလို့ ကျနော့် ကောင်ကြီးကိုပဲ မျက်စောင်းထိုးနေတာ။ ရဲတွေတားတာလည်း မကြာခဏခံရတယ်။ လူရမ်းကား ဂိုဏ်းမင်ဘာ Gang Member ကားနဲ့တူနေလို့။ ကျနော့်ကိုတွေ့တော့ စာရွက်တွေစစ်ပြီး ပြန်လွှတ်လိုက်တာပါပဲ။

ဘာပဲပြောပြော တရူးရူးနဲ့ မီးလျှံငြီးငြီး ချက်ပလက်ကားကြီး ထိုးရပ်လာရင် လှည့်ကြည့်စရာ မလိုပါဘူး။ အပျိုကညာလေးတွေငေးရတဲ့ ဟောဒီက ရွှေမြန်မာလေးပါခင်ဗျာ။


ရဲရင့်ဘုန်း

အီကြာအော် - "ဖွတ်ကလေး၊ နာရီတလုံးနှင့် ဗိုလ်အောင်ဒင်"

$
0
0
Cartoon Saw Ngo (2008)

အီကြာအော် - "ဖွတ်ကလေး၊ နာရီတလုံးနှင့် ဗိုလ်အောင်ဒင်"
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆


"ငါက ဗိုလ်အောင်ဒင်
နင်က ဒါကိုမမြင်"

ခက်သေးတရွာလုံး ထုံးစံအတိုင်း လော်ဘေးဒဏ်ကို ခံနေရပေသည်။ ဗိုလ်အောင်ဒင် ပြန်မလာပါစေနှင့်ဟု အီကြာအော်တွေးမိသည်။

အသက်ငါးဆယ်ကျော်လာပြီမို့ အအိပ်ဆတ်ပြီး ညဘက် အိပ်မပျော်ချင်သလို ဖြစ်သည်။ အနှီ ထိုထိုသောလော်ဖြင့် တဖက်သားကို ဒုက္ခပေးလေ့ရှိသည့် ခက်သေးလော်ကိုင်အလှူခံများကို ငါနှင့် ကိုင်တုတ်ချင်စိတ်ကလေးကို မျိုသိပ်လိုက်ရပေသည်။

ထိုစဉ်အခါတွင် ခက်သေးရွာလယ်ခေါင်မှ ယာဉ်ကျောပြောင်းပြန်စီးလာသော ဖွတ်ကလေးတယောက် ဆိုင်ကယ်တဖွတ်ဖွတ်နှင့် အီကြာအော်ဆီ ရောက်လာလေတော့သည်။

"ကွမ်းတရာ ရေတမုတ်နဲ့
နာရီလေးတော့ ငါ့ဆီ ထားခဲ့"

ဖွတ်ကလေးက သူ့အသံပြဲဖြင့် သီချင်းဆိုရင်း ဆိုင်းမဆင့် ဗုံမပါပဲ အီကြာအော်ဆီ အလည်လာခြင်း ဖြစ်သည်။

"ဟေ့ကောင် ဖွတ်ကလေး နာရီလေးတော့ ထားခဲ့ လုပ်မနေနဲ့၊ မင်းအသံပြဲကြီးသာ ထားခဲ့ပါကွာ"

ဖွတ်ကလေးလည်း ဗိုလ်အောင်ဒင်ဂိုက်ချိုး၍ စိတ်ကြီးဝင်နေသည်ကို အသာရပ်လိုက်လေသည်။

"နာရီလေးတော့ ထားခဲ့ရမပေါ့ ဆရာအော်ရဲ့"

"ဟေ့ကောင် ပါတိတ်နာရီလားကွ ရှော့ရှိတယ်၊ တိုးတိုးလုပ်ပါကွာ၊ မင်းလည်း တစ်တစ်ဂျာနယ်လစ် ကြီးလို အီလိမ်ထောင်နံ့ ဥပဒေ ၆၆ ဃ နဲ့ ဂန့်နေဦးမယ်"

ခက်သေးတရွာလုံး နာရီတလုံးဖြင့် အလုပ်မရှိ အလုပ်ရှာကာ တိုင်ပတ်နေကြသည်။

တစ်တစ်ဂျာနယ်လစ်ကြီးခမျာလည်း ယုန်ကန်ဝန်ဂျီးချုပ်၏ အမျက်တော်ရှမှုကို ခံယူတော်မူ၍ ၆၆ ဃ တန်ခိုးဖြင့် လက်ထိပ်တန်းလန်းနှင့် မော်စကိုသို့ ဂျောင်းရရှာလေသည်။

"ဝန်ဂျီးချုပ်ကွီးဖြိုးက သူ နာရီ မယူကြောင်းပြောတာပဲ ဆရာအော်ရဲ့၊ တစ်တစ်က စလွန်တာပေါ့"

"ဝန်ဂျီးချုပ်ကလည်း မယူဘူးဆိုလည်း ပြီးရောပေါ့ကွာ၊ အခုအရေးယူတဲ့ကိစ္စက စာကလေးကို အမြောက်နဲ့ပစ်သလိုပဲ၊ လူကြားလို့မကောင်းဘူးလေ၊ အသရေဖျက်မှုနဲ့ တရားစွဲ ရတာပဲကွ"

အီကြာအော်က စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်လေသည်။ အမေပုကို အားပါးတရ ထောက်ခံ အားပေးမဲပေးခဲ့သည်မှာ တနှစ်ပင်ပြည့်သွားပြီ။ ဆင်ဖမ်းမည် ကျားဖမ်းမည်ဆိုကာ ကြွေးကျော်ခဲ့သာ အမေပုတပည့်ကျော်များလည်း ခက်သေးရွာ အမှိုက်ပုံနားတွင် ယင်ကောင်လောက်သာ ဖမ်းနေကြ သည်ကို အားမလို အားမရ ဖြစ်မိသည်။

"ဦးခိုနီကလည်း သူ ပါတိတ်နာရီ မပေးဘူးပြောတာပဲ၊ ဝန်ဂျီးချုပ်နဲ့လည်း အပြင်မှာ ကောင်းကောင်းတောင် မတွေ့ဖူးဘူးတဲ့ သတင်းစာ ရှင်းလင်းပွဲတောင် လုပ်လိုက်သေးတယ်"

"ဟေ့ကောင် ဖွတ်ကလေး ခိုနီဆိုတာက ဘယ်ရွာလူကြီးတက်တက် သူ့အတွက် ဆိုတဲ့သူပဲ၊ တို့ခက်သေးရွာကလည်း အလုပ်မရှိ ကြောင်ရေချိုးဆိုသလိုပဲ တခုခုဆို အလုပ်မရှိ သတင်းစာ ရှင်းလင်းပွဲလုပ်ကြတာ"

"မင်း မှတ်ထားရမှာက တကမ္ဘာလုံးမှာ လာဘ်အစားဆုံး ခက်သေးရွာကွ၊ မင်းက ဘာအောက်မေ့နေလဲ၊ သူခိုးတိုင်းက ခိုးတယ်ဝန်ခံမလားကွ"

"ဆရာအော် ပြောတာနော် ကျနော်မပါဘူး"

"ဟေ့ကောင် ဖွတ်ကလေး မင်းကလည်းကွာ၊ ဆရာတပည့် နှစ်ကိုယ်ကြားလေးပြောတာများ၊ ဖွဘုတ်ထဲ မဖွနဲ့နော်"

အီကြာအော်က အီလိမ်ထာင်နံ့ဥပဒေ ၊၆၆ ဃ ကို သတိရသွားပြီး လေသံကလေးဖြင့် ပြောလိုက်လေသည်။

"ဒါဖြင့် ဆရာအော်က ဒီပါတိတ်နာရီကိစ္စမှာ ဘယ်လိုထင်သလဲ"

"မထင်တတ်တာပဲကောင်းမယ်ထင်တယ်၊ တရားရုံးက ဆုံးဖြတ်ရမှာပေါ့ကွာ"

ခက်သေးရွာသားပြီပြီ ကိုယ့်အမြင်ကို ကိုယ်မပြောရဲသော အီကြာအော်က ဘေးဘီကြည့်ပြီး လေပြေလေးဖြင့် တီးတိုး ပြောလိုက်လေသည်။ တစိတ်ကို တအိတ်လုပ်ပြီး ဖော်လံဖားဖွ တတ်သူများက ခက်သေးရွာတွင် မှိုလို ပေါက်နေသည်မဟုတ်ပါလား။ အီကြာအော် ဖွခံရလျှင် အီလိမ်ထောင်နံ့မိပြီး အော်နေရမည်။

"ကွီးဖြိုးကို ကျုပ်ကတော့ ထောက်ခံတယ် ဆရာအော်၊ သူ့ကို ဝိုင်းရံရမယ်၊ သူက မျိုးနဲ့ရိုးနဲ့ ချမ်းသာပြီးသား"

"အံမယ် သောက်ကျိုးနဲ၊ မင်းတောင် လေကြီးလေကျယ်တွေ ဖြစ်နေပြီ"

မင်းငယ်ပါသေးတယ်ကွာ ဆိုသောအကြည့်ဖြင့် အီကြာအော်ကကြည့်ပြီး သူ့အံသွားကို လက်ဖြင့် ထိုးပြလိုက်လေသည်။

"စောင့်ကြည့်ရမှာပေါ့ကွာ၊ အေးကွ တစ်တစ်ကလည်း သေချာမှဖွရမှာ"

"ဒါနဲ့ မင်းလက်က နာရီတွေ ဘာတွေနဲ့ပါလား၊ ဘာနာရီလဲကွ၊ ပြစမ်းပါဦး"

"အဟီး.....၊ ပါတိတ်နာရီ အတုလေးပါ ဆရာအော်ရယ်"

"အတုမြင် အတတ်သင်ပါလား ဖွတ်ကလေးရယ်၊ မင်းကို ဘယ်သူကများ ကန်တော့သွားလည်း၊ မင်းက မျိုးရိုးလိုက် ချမ်းသာတယ်ဆိုပြီး ငါ့ကို လာမလိမ်နဲ့၊ အကြောင်းသိတွေ"

ခက်သေးရွာတွင် ကန်တော့သည်က ခေတ်စားသည် မဟုတ်ပါလား။ လာဘ်ပေးသည်ကိုတောင် ကန်တော့သည်ဟု သုံးစွဲသည်အထိ ခက်သေးရွာကြီးက ယဉ်ကျေးသည်။ တော်တော်ယဉ်ကျေးသော ခက်သေးရွာကြီးပေတကား။

"ဒါကတော့ ဆရာရယ် ကိုယ့်ကုသိုလ်နဲ့ ကိုယ်ပေါ့၊ လူနာရှင်တယောက်က ဘောက်ကန်ရွာက ပြန်လာတာပါလာလို့ ကန်တော့သွားတာပေါ့"

"ပြစမ်းပါဦးကွ၊ ပါတိတ်နာရီလေး မြင်ဖူးတယ် ရှိအောင်"

အသက်ကလည်း ၅၀ ကျော်လာပြီမို့ အဝေးတင်မက အနီးပါ မှုန်နေသော အီကြာအော်က ဖွတ်ကလေး၏ပါတိတ်နာရီကို သေချာယူ၍ ကြည့်လေသည်။

"အတုလား အစစ်လား မသိပါဘူးကွာ၊ အစစ်မှ မမြင်ဘူးတာ၊ မင်းဟာဆိုတော့ အတုကြီးမှန်းတော့ သိတယ်၊ မင်းဝန်ဂျီးချုပ်ဖြစ်ရင်တော့ ခိုနီက အစစ်နဲ့ လာကန်တော့မှာပေါ့"

"နေဦးကွ၊ ငါတို့က နာရီပဲ မဲနေတာ၊ ခိုနီက တခြားဟာတွေကို တခြားတယောက်ကို မပေးဘူး ပြောမသွားဘူး၊ ဒီကောင် ထုံးစံအတိုင်း လူလည်ကျတယ်"

ထိုစဉ်အခါတွင် မီးဖိုချောင်မှ ထွက်လာသော ဒေါ်အွန်မေးက ထုံးစံအတိုင်း

"ကိုအော်ရေ၊ ပါတိတ်တွေ ပါတက်တွေ လုပ်မနေနဲ့၊ တော့်လို ပါမစ်မပေးနိုင် အရေးမပါသူကို နာရီလက်ဆောင်ပေးဖို့ ကိုခိုနီက အိပ်မက်ထဲတောင် စဉ်းစားမှာမဟုတ်ဘူး၊ အခု ကုန်ဈေးနှုန်းတွေက ခေါင်ခိုက်နေပြီ၊ ဈေးတွေ ထပ်မတက်ခင် ကိုခိုနီ့ဆိုင်မှာ ဆီလေး ဆန်လေး ဆိုင်ဖွင့်တုန်း အကြွေးသွား ယူလိုက်ပါဦး"

ဤသို့ဆိုလျှင် အီကြာအော်က ဖွတ်ကလေးကို "ဘယ်နှနာရီ ထိုးပြီလဲ"ဟု မေးလိုက်လေသည်။

ဖွတ်ကလေးက သူ့လက်မှ ပါတိတ်နာရီအတုဖြင့် ဟန်လုပ်ရင်း

"၁၁ နာရီပဲ ရှိပါသေးတယ် ဆရာအော်ရဲ့၊ ဟာ.... နာရီက ၁၁ မှာ ရပ်နေတယ်"

"မင်းဟာကြီးက အင် ကြီးကိုးကွ"

ထိုစဉ် အီကြာအော်၏အိမ်ရှေ့မှ ကြွက်နီတို့ ကလေးတသိုက်က အုပ်စုလိုက် ဗိုလ်အောင်ဒင် သီချင်းဆိုသွားသည်ကို နားထောင်ရင်းပြုံးမိကာ ခိုနီစူပါမတ်ကက်သို့ အကြွေးဝယ် ထွက်လေ တော့သတည်း။

"ဗိုလ်အောင်ဒင် ကြမ်းတာရမ်းတာ
မကြောက်ပါနဲ့ မိန်းခေးရယ်.....၊
ကွမ်းတရာ ရေတမုတ်နဲ့
ပါတိတ်လေးတော့ ထားခဲ့......"။ ။

သဗ္ဗေသတ္တာကမ္မသကာ

ငြိမ်းချမ်းရေးသာ ပေးကြပါ နှင့် ဘကြီးမိုး

$
0
0

ငြိမ်းချမ်းရေးသာ ပေးကြပါ နှင့် ဘကြီးမိုး 
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆ 
ငြိမ်းချမ်းရေးသာ ပေးကြပါဆိုတဲ့ စကားလုံး သီချင်းစာသားဟာ ဘကြီးမိုး တက္ကသိုလ်ကျောင်းသားဘဝကပဲ ဆိုခဲ့ အော်ခဲ့တဲ့ သီချင်းစာသားပဲ ဖြစ်ပါတယ်။

ဘကြီးမိုးဟာ အင်္ဂလိပ်ခေတ်မှာမွေးခဲ့၊ ဂျပန်ဗုံးကြဲဒဏ်ကြောင့် မန္တလေးအိမ် ပြာ ကျခဲ့၊ ဂျပန်ခေတ်မှာ စစ်ပြေးဒုက္ခသည် ဖြစ် ခဲ့၊ စစ်ကြီးပြီး ကျောင်းနေစဉ်မှာ အသက်က မူလတန်းအရွယ်လည်း မဟုတ်တော့ အမျိုးသားကျောင်း နေရှင်နယ်ကျောင်းရဲ့ special class မှာ နေရတယ်။ နောက်တိုင်းချစ်ကျောင်း၊ ပြီးတော့ စိန်တောင် ဘုန်းကြီးကျောင်း။ စိန်တောင်ဘုန်းကြီး ကျောင်းက အစိုးရမူလတန်းကျောင်း ဖြစ် နေပြီလေ။ အဲသည်ခေတ် မူလတန်းက ငါးတန်း၊ပ◊္စမတန်း ဖြစ်ပါတယ်။ ပြည်တွင်း စစ်မှာပဲ ဘကြီးမိုး ဖခင်ဆုံးခဲ့ရတာ။ ဘယ် အချိန် ဘယ်မှာ ဆုံး တယ်ဆိုတာလည်း မသိ ခဲ့ရပါဘူး။ သည်တော့ ပြည်တွင်းစစ်ဆိုတာ ကြီးကို ဘကြီး မိုး အရမ်းမုန်းတီးခဲ့ ပါတယ်။

ဘကြီးမိုးမန်းတက္ကသိုလ်ရောက်တော့ ပြည်တွင်းငြိမ်းချမ်းရေးပွဲတွေက လုပ်နေကြပါပြီ။ ဘကြီးမိုး ပထမဆုံးပါဝင်ဖူးတဲ့ ငြိမ်းချမ်းရေးဆန္ဒပြပွဲဟာ မန္တလေးအိမ်တော်ရာ ၁၄ ခန်းဇရပ်မှာ ပြုလုပ်ခဲ့တဲ့ ပုံပါပဲ။ အဲသည်ဆန္ဒပြပွဲမှာ ဘကြီးမိုးက ပြည်တွင်းငြိမ်းချမ်းရေးအဆိုတင်ရမှာ ဖြစ်ပါတယ်။ အဲသည်အဆိုကို ကမ္ဘာ့ငြိမ်းချမ်းရေးအဆိုရှင် ရဲဘော်မောင်မောင်က အတင်းရော အဓမ္မပါ လဲပေးပါဆိုလို့ ပြည်တွင်းငြိမ်းချမ်းရေးအဆိုကို ကိုမောင်မောင်ရသွားတယ်တဲ့။ ပြည်တွင်းငြိမ်းချမ်းရေး အဆိုတင်တဲ့ ရဲဘော်မောင်မောင် ဆန္ဒပြပွဲမှာ အဖမ်းခံရပါတယ်။ ဘကြီးမိုးကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးအဆိုပဲ တင်ရလို့ အဖမ်း မခံရပါဘူး။

ဘကြီးမိုးက ဗိုလ်ချုပ်နေဝင်းရဲ့ အိမ် စောင့်အစိုးရအချိန်မှာ အ ဖမ်းခံရပါတယ်။ ပထစ ရွေးကောက်ပွဲနိုင်မှ လွတ်တာပါ။

လွတ်တော့ တက္ကသိုလ် ပြန်မတက် တော့ဘဲ စာပေလောကထဲကို စာရေး ဆရာ၊ ထုတ်ဝေသူ၊ အယ်ဒီတာ အဖြစ် လှုပ်ရှားအသက်မွေးခဲ့ပါတယ်။ နောက် ရေပွက်ပမာဆိုတဲ့ ဇာတ်ညွှန်းရေး ပြီး ရုပ်ရှင်လောကထဲ ဝင်ရောက်ခဲ့ပါတယ်။ နောက် ရုပ်ရှင်ဒါရိုက်တာအဖြစ် ဇာတ်ကား ကြီး ၁၀ ကား ရိုက်ကူးခဲ့ပြီး ရေချိုးခန်းမှာ ချော်လဲ၊ ပေါင်ရင်းကကျိုးလို့ ဆေးရုံတက် ခွဲစိတ်ကုသခဲ့ရပါတယ်။ အဲသည်အချိန်က အတော်ကြာတဲ့အတွက် ဇာတ်လမ်းကျပြီး ဖြစ်တဲ့ဇာတ်ကားကို သူငယ်ချင်းကို ပေး လိုက် ပြီး ရသစာပေအရေးအကျင့်နည်းလို့ ဘာသာပြန်လိုက်တာ ဘာသာ ပြန်ဆရာ ဖြစ်သွားပြန်ရော။

အဲသည်မှာ ဘကြီးမိုးဘဝက ကျောင်း သားခေါင်းဆောင်၊ အထိန်းသိမ်းခံ စာရေး ဆရာ၊ အယ်ဒီတာ၊ ထုတ်ဝေသူ၊ ရုပ်ရှင် ဇာတ်ညွှန်းရေးဆရာ၊ ရုပ်ရှင်ဒါရိုက်ကာနေ ဘာသာပြန်ဆရာ၊ အယ်ဒီတာပြန်ဖြစ်သွားရော။ အဲသည်မှာ ရှစ်လေးလုံးအရေးတော် ပုံနဲ့တွေ့ကာ ၁၉၅၈ မှာ အဖမ်းခံရတဲ့ ဘကြီးမိုးမှာ ရှစ်လေးလုံးမှာ အရေးတော် ပုံတပ်သားဖြစ်ခဲ့ပြီး အင်န်အယ်လ်ဒီ တည် ထောင်ရာမှာ ပါခဲ့ပြီး ၁၉၈၉ မှာ ထောင်ထဲ ကိုရောက်၊ ၁၉၉၂ မှာ လွတ်၊ ၁၉၉၆ ပြန်အဖမ်းခံရ၊ ၂၀ဝ၀ မှာ လွတ်ပါတယ်။

စာရေးတဲ့အလုပ်ပဲလုပ်နေတဲ့ ဘကြီး မိုးဟာ ပြည်တွင်းရေးဆောင်းပါးတွေကို ကုမုဒြာ၊ မော်ဒန်နဲ့ သံတော်ဆင့်တွေမှာ ပင်တိုင်ရေးနေရတော့ ၂၀၁၅ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲသတင်းတွေရေး ၊ အနိုင်ရပြီး အာဏာလွှဲမှလွှဲပါ့ မလားလို့ စောင့်ကြည့်ပူပန်ရ၊ နောက်လွှဲတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဒီချုပ်က ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ သမµတဦးသိန်း စိန် စတင်လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လက်မှတ်ထိုးသူများထက်ဝက် မထိုးသူများ ထက်ဝက် တစ်ပိုင်းတန်းလန်းထားခဲ့တာကို ဒေါ် အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံ ဆိုတဲ့ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပခဲ့ လို့ ငြိမ်ချမ်းရေးမျှော်လင့်ချက် ရှိပြီလားလို့ အောက်မေ့နေတုန်း အပစ်အခတ်ရပ်ထား တဲ့ ကေအိုင်အေနဲ့ တိုက်ပွဲပြန်ဖြစ်၊ တအာင်းနဲ့ တိုက်ပွဲဖြစ်၊ ရခိုင်နဲ့ တိုက်ပွဲတွေ ဖြစ်နေခဲ့ပါတယ်။

၂၁ ရာစုပင်လုံဟာ ၂၀၁၇ ဖေဖော်ဝါရီ မှာ ဆက်လုပ်ကြမှာပဲ၊ သည်ကြားထဲ ဖုန် ကြားရှင်ရဲ့ကိုးကန့်နဲ့ တိုက်ပွဲဖြစ်၊ နောက် မိုင်းလားနဲ့ “ဝ”ဖစ်မှာလားလို့ စိုးရိမ်နေစဉ် မှာ ရခိုင်ဘူးသီးတောင် မောင်တောမှာ နယ်စပ်လုံခြုံ ရေးရဲစခန်း သုံးနေရာကို အကြမ်းဖက်အဖွဲ့တွေက ဝင်တိုက်လို့ ရဲသားတွေ သေဆုံး၊ လက်နက်တွေ ပါသွားပါတယ်။ တပ်နဲ့ရဲက နယ်မြေရှင်းလင်းရေ လုပ်ရာမှာ လူမျိုးရေး၊ဘာသာရေး အမည် တပ်တဲ့ ဝါဒဖြန့်မှုတွေနဲ့ တိုက်ပွဲတွေဖြစ် လို့ နှစ်ဖက်က အကျအဆုံးတွေ ရှိခဲ့ပါတယ်။

သည်ကြားထဲမှာ မနေ့ကပဲ မူဆယ် ၁၀၅ မိုင်စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်သတဲ့။ ရခိုင်မှာ ၊ကချင်မှာ၊ရှမ်းမြောက်မှာ စစ်ရှောင်တွေ များသည်ထက် များလာနေ ပါပြီ။

အပစ်အခတ်ရပ်စဲရေးဆိုသဟာမှာ လည်း လက်နက်ကိုင်အဖွဲ့များနဲ့ တပ်မတော်တို့ဟာ နယ်မြေအနေအထား၊ လက်နက်အနေအထား စသည်ဖြင့် လုံခြုံရေး အ မြင်နဲ့ချည်းကြည့်နေကြလေတော့ဆွေးနွေးပွဲစားပွဲပေါ်မရောက်နိုင်ကြသေးဘူးပေါ့ဗျာ။

အသက် ၈၀ ရှိလာပြီဖြစ်တဲ့ ဘကြီးမိုး ဟာ ငြိမ်းချမ်းရေးဖြစ်အောင် လုပ်ကြပါ လို့ပဲ ပြောနိုင်တာပေါ့။

ငြိမ်းချမ်းရေးရမှ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်နိုင်မှာလေ။

ပြည်တွင်းငြိမ်းချမ်းရေးသာ ပေးကြပါ နှင့် ဘကြီးမိုး။



ဘကြီးမိုး

ဇာဝါရီ - ပူပန်သောက ရင်တမမနဲ့ အမေရိကန်များ

$
0
0


ဇာဝါရီ - ပူပန်သောက ရင်တမမနဲ့ အမေရိကန်များ
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆

မြန်မာစာဖတ်ပရိသတ်အနေနဲ့ ပြင်သစ်နိုင်ငံရှိ ချားလီ အပ်ဒိုး (Charlie Hebdo) အပတ်စဉ်မဂ္ဂဇင်းကို ၂၀၁၅ ဇန်နဝါရီလ (၇) ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းနဲ့အများ သိရှိကြမှာပါ။ ၁၉၇၀ (၁၉၈၁ မှာ ရပ်နားပြီး၊ ၁၉၉၂ မှာ ပြန်လည်ထုတ်ဝေ) နှစ်က စတင်ထုတ်ဝေခဲ့တဲ့ အပတ်စဉ်မဂ္ဂဇင်းကို ပြင်သစ်နိုင်ငံရေးသမားတွေ အထူးသဖြင့် ဆန့်ကျင်ဘက် လက်ယာ နိုင်ငံရေးသမားတွေ၊ ဘာသာရေး မျက်ကန်းမျိုးချစ်တွေက မနှစ်သက်ပါဘူး။ မဂ္ဂဇင်းရဲ့  အငြင်းပွားစရာ ကာတွန်း၊ သရော်စာတွေကြောင့်လည်း မကြာခဏ ပြဿနာတက် တရားစွဲဆို၊ တိုက်ခိုက်မှုတွေ ခံရတယ် (မြန်မာနိုင်ငံမှာဆို ၆၆(ဃ) နဲ့ တအုပ်စုလုံး အရေးယူခံရမှာ သေချာတယ်)။

အဆိုးဆုံးဖြစ်ရပ်က ရုပ်ပုံရုပ်ထု ကိုးကွယ်ခြင်းမရှိ၊ အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ သူတို့ရဲ့  သူတော်စင် တမန်တော် မိုဟာမက် နဲ့ အလာလ်ရှင်မြတ်တို့ကို လှောင်ပြောင်ရေးဆွဲထားတဲ့ မျက်နှာဖုံးကာတွန်းကြောင့် ပဲရစ်မြို့ ပေါ်ရှိ တဲ့ ချားလီ အပ်ဒိုး မဂ္ဂဇင်းတိုက်ကို ၂၀၁၁ နိုဝင်ဘာလမှာတကြိမ်၊ ၂၀၁၅ ဇန်နဝါရီလ (၇) ရက်နေ့မှာ ဒုတိယကြိမ် အစ္စလာမ်အစွန်းရောက် အကြမ်းဖက်အုပ်စုတွေက အစ္စလာမ်ဘာသာကို စော်ကားလို့ဆိုပြီး ရုံးအဖွဲ့ဝင် (၁၂) ဦးကို ပစ်သတ်ပြစ်တယ်။ (၁၁) ယောက် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ကြတယ်။

ဒီတကြိမ် နိုဝင်ဘာလ (၉) ရက်နေ့ထုတ် မဂ္ဂဇင်း မျက်နှာဖုံးမှာတော့ လူပြောအများဆုံး ကမ္ဘာကြီးနဲ့ အမေရိကန်နိုင်ငံသားတွေ (အထူးသဖြင့် မြို့ ပေါ်နေ ဒီမိုကရက် ပညာတတ်တွေ၊ အမျိုးသမီးများနဲ့ ဟီလာရီ ကလင်တန် ကို ထောက်ခံအားပေးသူတွေ) ကို အရှက်တကွဲ၊ အံ့သြတုန်လှုပ်သွားခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲရလဒ်ကို လှောင်ပြောင်ထားတဲ့ ကာတွန်း (ဖော်ပြပါပုံကို ကြည့် - Credit Charlie Hebdo - charliehebdo.fr အင်တာနက် စာမျက်နှာမှ)။

အမေရိကန်နိုင်ငံအတွင်း ဒီနှစ်ပိုင်းအတွင်း ကြီးထွားလာတဲ့ လူမျိုးရေး (လူဖြူ - လူမည်း/လူနည်းစု) ပြဿနာကို မီးရှို့ ယပ်တောင်ခပ်၊ လူမည်းအိုဘားမား သမ္မတ ဖြစ်လာတဲ့အပေါ် မချိတင်ကဲ ဖြစ်ခဲ့ကြတဲ့ လူဖြူအစွန်းရောက်တွေ (KKK, Nero Nazi, Skinhead, White Supremacist) ကို မြှောက်ထိုးပင့်ကော်၊ လူမျိုးရေးသွေးခွဲစကားတွေ၊ ညစ်ပက်ကြမ်းကြုတ် လိမ်ညာဖြီးလုံးတွေနဲ့ (ကလင်တန် မုန်းတီးသူများရဲ့  ထောက်ခံမှုနဲ့) အများမမျှော်လင့်ထားတဲ့ ဒေါ်နယ်ထရမ့် အမေရိကန်နိုင်ငံရဲ့  (၄၅) ယောက်မြောက် သမ္မတ ဖြစ်လာတာကြောင့် ပြည်သူအများစု အိပ်မက်ဆိုးမက်၊ အထိတ်တလန့်ဖြစ်ကာ
ဒီလို သမ္မတအုပ်ချုပ်မှုအောက်မှာ မနေတော့ဘူး ပြောဆိုသူတွေ၊ စိုးရိမ်ပူပန်သူများအတွက် ချားလီ အပ်ဒိုး မျက်နှာဖုံကာတွန်းက “Obama de nouveau citoyen comme les autres -- Obama, once again a regular citizen, like the rest of us - အိုဘားမားလည်း အခုတော့ ဒို့တွေလိုပဲ သာမန်ပြည်သူ ပြန်ဖြစ်ပြီ” စာတန်းနဲ့ လူဖြူ ရဲနှစ်ယောက် ပစ်ခတ်လို့ ဇောချွေးတလိပ်လိပ်၊ ပြူးတူးပြဲတဲ အသက်လုပြေးနေတဲ့ အိုဘားမား ရုပ်ပြောင်ပုံက လက်ရှိ လူဖြူရဲ နဲ့ လူမည်းတွေကြား ဖြစ်နေတဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ လူမျိုးရေးပဋိပက္ခတွေကို ထိထိမိမိ သရုပ်ဖော်လိုက်တယ်။

ပြောလဲပြောစရာ

ဒီနှစ် ၂၀၁၆ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ လူရှစ်ရာကျော် (အများစု လူမည်း နဲ့ လက်တင်နိုင်ငံသား) လူဖြူ ရဲတွေရဲ့  ပစ်ခတ်မှု၊ ရိုက်နှက်မှု၊ ထောင်တွင်းညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ သေဆုံးခဲ့တယ်။ လူဖြူ ရဲတွေရဲ့  လက်မြန်ခြေမြန် (Trigger --) ပစ်ခတ်မှုနဲ့ သေဆုံးသူတွေအတွက် လူမည်းတွေက တရားဥပဒေနဲ့အညီ (ရဲတွေကို) အရေးယူဖို့ တောင်းဆိုနေချိန်မှာ လူမည်းတွေရဲ့  တောင်းဆိုမှု (Black Lives Matter) ကို လှောင်ပြောင် ပြစ်တင်ဝေဖန်ရှုတ်ချ၊ လူဖြူရဲတွေရဲ့  လုပ်ရပ်ကို ချီးကျူး (လက်လွတ်စပယ်) ပြောဆိုမှုတွေကြောင့် ရှေ့ မှာ ဖြစ်လာနိုင်တဲ့ မိမိတို့ အခွင့်ပြန်သာပြီ အထင်နဲ့ လူဖြူအစွန်းရောက်တွေက ဘာသာမတူ၊ လူမျိုးကွဲပြား လူနည်းစုတွေအပေါ် တရားမဲ့ ကျူးလွန်မှုတွေ ဖြစ်လာနိုင်တာကို အများစု စိုးရိမ်ပူပန်နေကြတယ်။ တချို့ မြို့ ရွာတွေမှာ ဒီရက်အတွင်း လူမျိုးစုလူနည်းစုတွေကို ခြိမ်းခြောက်ပြောဆိုမှု သတင်းတွေကို တွေ့မြင်ကြားနေရတယ် (အမေရိကန်နိုင်ငံမှာ အရုပ်ဆိုးအကျည်းတန်လှတဲ့ လူဖြူတွေ ကြီးစိုးတဲ့ ကျေးကျွန်စနစ်၊ လူမျိုးရေး (ဘာသာရေး) ခွဲခြားဆက်ဆံမှုတွေ နှစ်ပေါင်းရာချီ တည်ရှိခဲ့ပြီး လွန်ခဲ့တဲ့ ၁၉၇၀ အစောပိုင်းကာလမှ ပျောက်ကွယ်သွားခဲ့တယ်)။

အခုတော့ အမေရိကန်နိုင်ငံရေး ဂငယ်ကွေ့ (U-turn) ပြောင်းလဲမှုက မယုံနိုင်စရာ … အမေရိကန်ပြည်ထောင်စုရဲ့  ပထမဦးဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့တဲ့ ဘာရက် အိုဘားမားကို မကျေနပ် သဘောမကျခဲ့တဲ့ အစွန်းရောက် လူဖြူကြီးစိုးရေး အုပ်စုတွေ အလိုကျ ဘာရက် ဟူစိန် အိုဘားမား (Barack Hussein Obama) က အမေရိကန်မှာ မွေးဖွားသူမဟုတ် (အာဖရိကန် ကင်ညာသား)၊ မူစလင်ဘာသာဝင်၊ တရားမဝင် ခိုးဝင်လာတဲ့ မက်ဆီကန် နဲ့ တောင်အမေရိကတိုက်သားတွေကို မတားမြစ်နိုင်သူ၊ အစ္စလာမ် အကြမ်းဖက်များကို ပြတ်ပြတ်သားသား မချေမှုန်းနိုင်သူ၊ လူဖြူတွေရဲ့  လုပ်အားခဝင်ငွေတွေနဲ့ တရားမဝင် ခိုးဝင်လာသူတွေ နဲ့ လူမည်းများအတွက် ဈေးနှုန်းချို ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်ပေးသူ၊ ရုရှား တရုတ်တို့ကို ကြောက်ရွံသြဇာခံသူ၊ အမေရိကန်သြဇာကို ကမ္ဘာမဖြန့်နိုင်တဲ့ အမေရိကန်သမိုင်းမှာ အညံ့ဆုံး၊ အချော်ဆုံး ခေါင်းဆောင် စတဲ့ အခြေအမြစ်မရှိ စွပ်စွဲချက် သောင်းခြောက်ထောင်နဲ့ အမျိုးသမီး၊ ဘာသာမတူ၊ လူမျိုးကွဲတွေကို မှိုချိုးမျှစ်ချိုး ပြောဆိုတဲ့ပုဂ္ဂိုလ် သမ္မတဖြစ်လာတော့ အရှက်တကွဲ ဖြစ်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ ကမ္ဘာကြီး အထိတ်တလန့်၊ ရင်တမမနဲ့ စိုးရိမ်ပူပန်ကြောင့်ကြကြတာ မဆန်းပေ။

နောက်ဆုံး အမေရိကန်နိုင်ငံသူ/သားတွေ ဆုတောင်းနေကြတာက မစ္စတာထရမ့် မဲရဖို့အတွက် ဖြီးဖျန်းပြောခဲ့သလို (သမ္မတသက်တမ်းမှာ) မရမ်းကားရင် ကမ္ဘာကြီး ငြိမ်းချမ်း၊ အမေရိကန်ပြည်သူတွေ ကောင်းစွာအိပ်စက်နိုင်ပါလိမ့်မယ်။

ချားလီ အပ်ဒိုး (Charlie Hebdo) မဂ္ဂဇင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်ဝေသည်။

မောင်စွမ်းရည် - မိုးချိုသင်းရဲ့မှတ်တမ်း

$
0
0
တင်မိုးနဲ့ မောင်စွမ်းရည် (၂၀၀၆)

မောင်စွမ်းရည် - မိုးချိုသင်းရဲ့မှတ်တမ်း
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆
မိုးချိုသင်းဆိုတာ ကဗျာဆရာကြီး တင်မိုးရဲ့သားသမီးလေးယောက်အနက် အငယ်ဆုံးသမီးပါ။ အငယ် ဆုံးသားကလေးယောက်ရှိခဲ့ဖူးပေမဲ့ သဘောင်္လိုက်ရင်း ကွယ်လွန်သွားခဲ့ရှာပါတယ်။ ဒီစာအုပ်မှာ သမီးထွေး မိုးချိုသင်းက သူ့ဖခင်၊ မိခင်နဲ့ မောင်နှမအားလုံး အကြောင်းကို သူသိမြင်ခံစားမိသလို စီကာပတ်ကုံးရေသား ထားပါတယ်။ သူ့မှာ တူမလေးတွေလဲ ခြောက်ယောက်ရှိသတဲ့။ အားလုံးက ဘယ်လ်ဂျီယံနဲ့ သူ့အစ်မမိုးမိုးနှင်း နဲ့ အတူနေကြတယ်။ အမလတ် မိုးအေးလဲ သူ့ကလေးတွေနဲ့အတူ ဘယ်လ်ဂျီယံ မှာပဲနေတယ်။ မိုးချိုသင်းက သူ့ခင်ပွန်းနဲ့အတူ အမေရိကန်ပြည်ထောင်စု၊ လော်စ်အိန်ဂျဲလိစ်မှာ အခြေချနေတယ်။ သူ့ဖခင်က ကဗျာဆရာ ကြီး ဦးတင်မိုးက ရာသီဥတုမျှတတဲ့လော့စ်အိန်ကျဲလိစ်မှာ သမီးငယ်မိုးချိုသင်းနဲ့ အတူနေခဲ့တယ်။ ကွယ်လွန် တော့လဲ သမီးငယ်ဆီမှာပဲ ကွယ်လွန်သွားပါတယ်။

သမီးမိုးချိုသင်းက သူ့အဖေအညာသား၊ တောသားကြီးရဲ့အကြောင်းကို သူ့စာအုပ်ရှေ့ဆုံးမှာဖော်ပြ တယ်။ ''ဘလော့ဂါကြီးသို့''တဲ့။ ဗမာပြည်ကသူ့အပေါင်းအသင်းတွေကတော့ ''ငါတို့တင်မိုးဟာ ဟောလိဝုတ် မြို့ အရိပ်မှာ ကွန်ပျူတာ ခလုတ်တွေနှိပ်ရင်း တကယ့်မော်ဒန်များ ဆရာကြီးဖြစ်သွားခဲ့တာကိုး''လို့ အောက်မေ့ကြ ရှာမယ်။ သူ့သမီး ဘလော့ဂါကို အားကျလို့ သူလဲ ဘလော့ဂါလုပ်ချင်တယ်လို့ သမီးငယ်ကို ပူဆာတယ်။ သူ့သမီး ငယ်ကပဲ အားလုံးသောသူ့သမီးတွေရဲ့သဘာဝအတိုင်း အဖေလိုချင်တယ်ဆိုရင် မိုးပေါ်ကလမင်းကြီးဆီက ထမင်းဆီဆမ်းရွှေလင်ဗန်းနဲ့ ယူပေးမယ့်သမီးမျိုးဘဲ ဆိုတော့ သူ့အဖေကြီးအတွက် အာကာကို လွှာပုံပြုရအောင် ဘလော့စာမျက်နှာ ဖွင့်ပေးလိုက်တယ်။ အဖေ့ကို ကွန်ပျူတာခလုပတ် နှိပ် သင် တော့ ခလုတ်တခုပေါ် တင်လိုက်တိုင်း ဒီစာလုံးတလုံးတည်းကို တစာမျက်နှာပြည့်တာတောင်  လက်ပြန်မကြွလို့ မနည်းကြီး ဆွဲဖယ်ရသတဲ့။ ဘာပဲဖြစ်ဖြစ် သူဟာ မကွယ်လွန်ခင်မှာ ကွန်ပျူတာခလုပ်နှိပ်တဲ့ ဟောလိဝုတ်က ဘလော့ဂါ ကဗျာဆရာဖြစ်သွားကြောင်းမှတ်တမ်း တပုဒ်တော့ ဖြစ်သွားခဲပါတယ်။

ရေးသူကိုယ်တိုင်ဝန်ခံထားသလိုပဲ သူ့အတွေးအားလုံးဟာ သူ့မိသားစုအကြောင်းကိုပဲ ရေးထားတာ ပါ။ တခြားအကြောင်း လုံးဝမပါဘူး။ သူ့ ''ဘလော့''မှာ အာကာကို လွှာပုံပြုပြီး စိတ်ကူးပေါက်တိုင်း ထရေးထား တဲ့စာကလေးတွေပါ။ အားလုံးပုဒ်ရေ ၁၅၀လောက်ရေးထားတာရှိသတဲ့။ ဒီစာအုပ်ငယ်မှာတော့ပုဒ်ရေ ၄၂ပုဒ်ပါ ၀င်ပါတယ်။ စာမျက်နှာ ၁၅၀ ပဲ ရှိပါတယ်။ ထုတ်ဦးမယ်ဆိုရင် နောက်ထပ် နှစ်အုပ်တော့ ထုတ်လို့ဖြစ်ပါသေး တယ်။ ထုတ်ဖြစ်အောင်ထုတ်ပါလို့ပန်ကြားလိုက်ပါတယ်။

ဒီစာအုပ်မှာတော့ စားအုပ်အမည်ကို ''မှတ်တမ်း''လို့ပဲနာမည်ပေးထားတော့ နာမည်က ''ရင့်''နေသလို ပဲ၊ သူ့မိသားစုဝင်တွေကို လွမ်းတိုင်းရေးထားတဲ့မှတ်တမ်းလေးတွေမို့ ''လွမ်းမှတ်တမ်း''လို့ဆိုရင် ကောင်းသေးရဲ့ လို့ ဆရာလုပ်လိုက်ချင်ပါတယ်။ (ခွင့်လွှတ်ပါ) ဒီလိုစာပေမျိုးစားက ဗမာစာပေလောကမှာ ရှားပါးတယ်လို့ပြော ချင်ပါတယ်။ မိုးချိုသင်းက သူ့စိတ်ကူးပေါက်တိုင်း လွတ်လွတ်လပ်လပ်ရေးထားတာကလေးတွေဖြစ်လို့ သူ့အလှ နဲ့သူ 'အလှကိုယ်စီ'ရှိနေကြပါတယ်။ သူ့မှတ်တမ်းက 'သူ့အလွမ်းနဲ့ဇာတ်လမ်းနဲ့'လို့ဆိုရမလိုပါဘဲ။

သူ့အမျိုးအစားကို သူက ''မှတ်တမ်း''လို့နာမည်ပေးမထားရင် အက်ဆေးလေးတွေလို့ခေါ်မိမယ်ထင်ပါ တယ်။ အက်ဆေးကို ဗမာလို ဘာသာပြန်ဖူးကြတာက 'အစမ်းစာ'တဲ့ 'စာမွန်'တဲ့ ။ ဗမာပြည်မှာ ခုလိုအစမ်းစာ စာမွန်လေးတွေရေးကြတာတွေ ရှိပါတယ်။ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေ ဖူးကြတာတွေလဲ တွေ့ဖူးပါတယ်။ ကျနော် ဖတ်ဖူးသလောက်ကတော့ အားလုံးမဆိုးပါဘူး။ ''မဆိုးကိုယ်စီ၊ ဆိုရမည်''လို့ပဲ ဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့သိပ်ပြီး အားထုတ်ကြိုးစားမှုတွေရဲ့လက်ရာ၊ ခြေရာတွေ ထင်နေသလိုပါပဲ။ အားထုတ်မှု-ကြိုးစားမှုမှာ မမြင်ရတဲ့''ချုပ်ရိုးပျောက်''ကလေးတွေ မဟုတ်ကြဘူး။ သဘာဝအလျောက်၊ အလိုလို ပေါ်ထွက်ဖူးပွင့်လာတဲ့လက္ခဏာ သိပ်မတွေ့ကြရဘူး။ ''ခံစားမှု''ထက် အတွေးက ပိုများနေသလား ထင်ရပါတယ်။ စာတပုဒ်မှာ ၀ါကျတွေပါတယ်။ စာပိုဒ်တွေပါတယ်။ စကားလုံးတွေပါတယ်။ ၀ါကျတွေကို အိမ်ဆောက်သလို စီပြီး တည်ဆောက်ရတာပါပဲ။ ပျဉ်ချပ်ကလေးတွေကို နေရာတကျ ဆက်ရ၊ ဖြတ်ရပါတယ်။ ဒါံကြောင့်ထင်ပါရဲ့ဆရာကြီးရွှေဥဒေါင်းက စာရေးဆရာကို ''၀ါကျလက်သမား''လို့ခေါ်ဝေါ်သုံးစွဲဖူးပါတယ်။ ရွေးချယ် စီမံမှု မကောင်းရင်၊ မကောင်းသလို၊ ကောင်းရင်ကောင်းသလို အပြင်လူက မြင်တတ်ပါတယ်။ အိမ်ကို သူကိုယ်တိုင် မဆောက်တတ်ပေမဲ့၊ စာကို သူကိုယ်တိုင် မရေးတတ်ပေမဲ့၊ အိမ်အရည်အသွေးကို သိသလို၊ စာအရေအသွေးကိုလည်း ဘေးလူက သိပါတယ်။

မိုးချိုသင်းက အင်းစိန်ရှိသူတို့အိမ်ကလေးအကြောင်းကိုလဲ ရေးထားတယ်။ ဗမာပြည် ဘယ်နေရာမှ မရှိ တဲ့ ''ကဗျာဆရာရဲ့အိမ်''ပါပဲ။ စိတ်ဝင်စားစရာကောင်းလို့ အိမ်ဆောက်ဆဲကာလမှာရော၊ အိမ်ဆောက်ပြီးတဲ့အ ခါမှာရော လူတွေ တမင်တကာ တကူးတက လာကြည့်ကြတဲ့ အိမ်ကလေးပါပဲ။ ဂျပန်မှာ ဗိသုကာပညာကို ရှစ်နှစ် ကြာအောင်သင်ယူလာခဲ့တဲ့ ဂျပန်ပြန် ဗိသုကာ ဦးရွှေရဲ့လက်ရာတဲ့ ။ ဦးရွှေဆိုသူကလဲ အညာသားပဲ။ အဖိုးအခ ပေးရင် အိမ်ရှင်တို့ဆွဲထိုးမယ်ဆိုတဲ့ လူစားမျိုး။ သူကလဲ ကဗျာဆရာကို ခင်လွန်းလို့ သူ့စိတ်ကူးနဲ့သူ ဆောက်ပေး ကာ၊ အပေါင်းအသင်းတွေက သစ်လာပေး၊ အုတ်လာပေး နဲ့ အကြွေးပေးကြတာတဲ့။ အကြွေးပေးတဲ့လူတွေကလဲ သူတို့ဖာသာလာပေးကြတာ။ ''အကြွေး''လို့မှတ်ထားရင်း စိတ်ဆိုးမှာပဲ ဆိုတဲ့ အပေါင်းအသင်းတွေချည်းပဲ။ ကဗျာဆရာကို အဲသလိုချစ်ကြတာ။ ဒီလို နတ်စင်လိုလို၊ ရေချမ်းစင်လိုလို (သိန်းသန်းထွန်းရဲ့မှတ်ချက်) အိမ်ကလေး အကြောင်းကိုလဲ မိုးချိုသင်းက ''လွမ်းမေတ္တာ''ကဗျာတစ်ပုဒ်ကို သီကုံးထားပါတယ်။ မေတ္တာနဲ့ ဆောက်တဲ့အိမ် တဲ့။

တင်မိုးဆိုတာ အညာသား၊ တောသားကြီးပီပီ ရုံးပြင်ကနားတွေရှိ အလွန်ကြောက်ရှာတယ်။ ရွံကြောက် လို့တောင် ပြောရပါတယ်။ ဒီကြားထဲက ရုံးရော၊ ထောင်ရော ရောက်ခဲ့ရှာပါတယ်။ အလွန်ကို ရိုင်းစိုင်း ယုတ်မာ တဲ့စစ်အရိုးရခေတ်မှာ၊ အလွန်ကို ရိုးရိုးအေးအေး နေချင်ရှာသူတွေလဲ အေးအေးမနေရပါဘူး။ ကျောင်းဆရာ စာသင်တဲ့ကိစ္စနဲ့ ရုံးရောက်ရ၊ ကဗျာဆရာ ကဗျာဖွဲ့လို့ ရုံးရောက်ရတာတွေ ... မိုးချိုသင်းရေးဖြစ်သလား မသိပါ။ ဒီစာအုပ်ငယ်မှာတော့ တရားရုံးမှ လက်ထပ်တဲ့ ကိစ္စနဲ့ ရုံးရောက်ရတဲ့ကိစ္စကို မိုးချိုသင်းက ရေးထားပါ တယ်။ ''ဤလည်း တဒုက္ခ''ဆိုတဲ့ အဖြစ်မျိုးပါ။ ''ကြည် ပါတယ်လေ''ဆိုတဲ့ မှတ်တမ်းလေးကို ဖတ်ကြည့်ပါ။ တကယ့် ကို ရယ်ရအခက်၊ ငိုရအခက် ဆိုတာမျိုးပါပဲ။

မိုးချိုသင်းတို့ အဖေကြီးဟာ ကဗျာစပ်တာကလွဲလို့ ဘယ်နေရာမှ အစွမ်းအစမရှိတဲ့ လူမျိုးပါ။ မိန်းမ ဘယ် လိုရသွားသလဲတော့ မသိပါ။ သူ့မိဘနဲ့ အမ,နှမတွေ၊ သူ့ဇနီးနဲ့ သမီးရော သူ့ကို ၀ိုင်းချစ်ကြပုံကလဲ တုန်လို့ ဆိုရမှာပဲ။ သူ့တို့ဝိုင်းပြုစုယုယကြတာနဲ့ သူဘာမှလုပ်လိုက်ရတယ် မရှိ။ ထမင်းခွံပေးကြတယ်။ အကျီင်္ဝတ်ပေး၊ လုံချည် ၀တ်ပေးကြတယ်။ သမီးတယောက်က ဗီတာမင်ဆေးပြားကို သူတို့အဖေ ပါးစပ်ထဲ ထည့်ပေးရင်း၊ တခြားတယောက်က သောက်ရေခွက်ကို အဖေ့ပါးစပ်မှာ တေ့ပေးကြတယ်။ သမီးတယောက်က ခေါင်းကို အုံးဆီလမ်းပေး ရင်း၊ ကျန်တယောက်က ဘီးနဲ့ဖီးပေးပါတယ်။ သမီးတွေ အကျီင်္ဝတ်ပေးရင် အဖေလုပ်သူက ဆေးလိပ်ကို ဘယ် ညာ လက်ပြောင်းသောက်ရင်း လက်လျှိပေးရတယ်။ အဲဒီတုန်း တယောက်က အကျီင်္ကြယ်သီး တပ်ပေး တယ်။ သူ့သူငယ်ချင်းတွေကလဲကျောင်းမှာဆိုရင် အ၀တ်လျော်ပေးကြ၊ အ၀တ်လဲပေးကြတယ်။ သူ့တပည့်တွေ ကလဲ ဒီလိုပါပဲ။ ဘေးကဓါတ်မသိသူတွေက မြင်ရင် ဘယ်လိုမှတ်ချက် ချမလဲမသိ။

သူ့သူငယ်ချင်းတဦးကတော့ သူဆေးလိပ်သောက်တာ မကြိုက်လို့နဲ့ဆေးလိပ် ၀ှက်ထားဖူး သတဲ့။ အဲဒီတော့ သူ့ကို အဖေကဗျာဆရာကြီးက ဓါးနဲ့ လိုက်ထိုးသတဲ့။ ဆေးလိပ်သောက်ရင် ဒီတနှစ်အတွင်းသေမယ်လို့ ဆရာဝန်ကပြောတော့လဲ  သူ့သူငယ်ချင်းတစ်ဦးက ငိုယိုပြီး တောင်းပန်ရှာတယ်။ သူ့သမီးတွေက ဘာပြောတယ် မှတ်သလဲ ... ''ဦးရယ်' ... အဖေကြီးသနားပါတယ်။ သောက်ပါစေ"တဲ့။ သမီးတွေကလဲ အဲ့လိုသမီးတွေ၊ အဖေကလဲအဲလိုအဖေကြီး။

ဒီအကြောင်းတွေဟာ သူ့သမီးတွေ မကြားရက်တဲ့ အကြောင်းတွေပါ။ ဒါကြောင့် အဖေနဲ့ပတ်သတ်ရင် ထိလွယ် ခိုက်လွယ်တဲ့ သမီးတွေက မှတ်တမ်းလည်း တင်ကြမှာမဟုတ်ပါလို့ ထင်ထားတဲ့အတိုင်း မိုးချိုသင်းရဲ့မှတ်တမ်းမှာ မပါပါ။

ဒါပေမဲ့ ဒီစာအုပ်ဟာ ကဗျာဆရာအဖေကြီးအကြောင်း သက်သက်မဟုတ်ပါ။ အမှာစာမှာ ပါတဲ့အတိုင်းပဲ သူ့မိသားစုဝင်တွေအားလုံးအကြောင်း ပါဝင်ပါတယ်။ သူ့မှာ သားသမီးမရှိတော့ ကြောင်ကလေး၊ ငှက်ကလေးတွေကိုပဲ သားသမီးလုပ်ရပါတယ်။ သူတို့အဖေကိုလည်း ကြောင်လေးလို အမွှေးသတ်နေချင်ပုံရပါတယ်။ သူတို့အဖေက ကလေးမရှိတဲ့မိတ်ဆွေ၊ သူငယ်ချင်း၊ ဇနှီးမောင်နှံတွေကို တွေ့ရင်ပြောလေ့ရှိတာကို သူပေါင်းအသင်းတွေ သတိရကြတယ်ထင်ပါတယ်။ 'ငါ့ကို မွေးစားပါလား'တဲ့။ သူ့သမီးတွေကတော့ သူတို့အဖေကြီးကို သူမျာျးမွေးစားတာကို လက်ခံကြမှာ မဟုတ်ပါ။ သူတို့အဖေကို ''ဆီဖြူဖန်းခါး ဆိုရင်''ငုံလို့များတောင် ထားချင်ကြရှာတာပါ။ သူတို့ အဖေကို မွေးစားဖို့ကြံတဲ့ ကာတွန်းဆရာတဦးကတော့ လူတော့မွေးစားချင်တယ်၊ ဆေးလိပ်ကို မ မွေးစားနိုင်လို့ မွေးစားခွင့်ကို လက်လွှတ်ခဲ့ရပါသတဲ့။ အဖေနဲ့ဆေးလိပ်၊ အဖေနဲ့တယော၊ အဖေကို ၀ယ်မပေးလိုက်ရတဲ့  ဒိုးပတ် (ဗုံ)၊ အဖေနဲ့ ဘုန်းကြီး စတဲ့အကြောင်းအရာတွေ သမီးဖြစ်သူ 'ဘလောဂါ'စာရေးအုံးမယ် ထင်ပါ တယ်။

စာဆိုတာ မေတ္တာနဲ့၊ ခံစားမှုနဲ့ရေးမှ အရသာ ပိုပါတယ်။ မေတ္တာရနံ့သင်းနေတော့ ဖတ်ကောင်းပါတယ်။ မိုးချိုသင်းက သူ့အဖေလိုပဲ အမုန်းထက် အချစ်ကိုပဲ ရေးဖွဲ့လိုပုံရပါတယ်။ အမုနုးနဲ့ ကင်းအောင်နေတဲ့ကြားက စစ်အစိုးရရဲ့ (ဓမ္မရံကြီး ဘုရားတည်သလို အပ်ဖျား ထောက်စရာ မကျန်)  ရှာရှာဖွေဖွေနှိပ်စက်မှုတွေကို ခံရရှာတော့မှသာ အမုန်းကဗျာတွေရေး ဖြစ်ခဲ့ရှာပါတယ်။ အဖေရဲ့မေတ္တာ၊ စေတနာအမွေတွေကို ခံယူထားတဲ့ သမီးမိုးချိုသင်းလဲ ဗမာပြည် မပြန်သမျှ တော့''အမုန်း''တွေနဲ့ တွေ့ရမှာမဟုတ်ပါ။

မိုးချိုသင်းရဲ့မှတ်တမ်းတွေဟာ ခံစားမှုကိုသာ လွတ်လွတ်လပ်လပ် ရေးဖွဲ့ သီကုံးထားတာဖြစ်လို့ စာထဲမှာ ''ခြေရာလက်ရာတွေ''မတွေ့ရပါ။ စာရေးရာမှာ အခက်ဆုံးဖြစ်တဲ့ ဟာသဓါတ်ကလေးပါ ရေးနိုင်တဲ့အစွမ်းလဲ မိုးချိုသင်းမှာ ရှိနေပါတယ်။ ဒါကလဲ မေတ္တာဓါတ်ခံကြောင့်ပါပဲ။ မေတ္တာဓါတ်ခံဟာ အစွမ်းပြချင်စိတ်များကိုပဲ မထွက်ပြူစေနိုင်ပါ။ စာကို လှစေပါတယ်။ စာလှလှလေးတွေ ရေးနိုင်ပါစေ။ ဆက်ရေးပါ ... သမီး။ 'အဖေနဲ့ သူရဲ့သူငယ်ချင်းများ'ဆိုတဲ့ ခေါင်းစီးလဲ ပါပါစေ။

(မိုးချိုသင်း အဖေရဲ့ သူငယ်ချင်းတစ်ဦး)

မိုးချိုသင်းစာအုပ်အကြောင်းက သည်မှာပါ - http://moemaka.com/archives/39665


Karen Buddhist Society of Albany ကို ဖွဲ့စည်းပြီ

$
0
0




Karen Buddhist Society of Albany ကို ဖွဲ့စည်းပြီ
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆

အယ်ဘေနီ မြန်မာမိသားစုများထံက သတင်းပေးပို့ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စု၊ Texas ပြည်နယ်၊ Amarillo မြို့ရှိ ထီးဆေမေးယွာကျောင်းမှ ဆရာတော် ဒေါက်တာအရှင်ခေမိန္ဒ၏ နယူးယောက်ပြည်နယ် သာသနာပြုခရီးစဉ်အတွင်း Albany မြို့ ကို အောက်တိုဘာ (၇) ရက်၊ ၂၀၁၆ ညနေပိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် ကြွရောက်လာခဲ့ပါသည်။

ဆရာတော်သည် အောက်တိုဘာ(၈)ရက်နေ့တွင် Albany မြို့၏ အထင်ကရနေရာတစ်ချို့နှင့် ပြတိုက်သို့ ဒကာတော်များနှင့်အတူ လေ့လာကြည့်ရှုခဲ့ပြီး ညနေ(၇)နာရီအချိန်တွင် မြို့ခံ ကရင်ဗုဒ္ဓဘာသာဝင်များနှင့် တွေ့ဆုံစည်းဝေးကာ မြို့ခံဘာသာဝင်တို့၏ ပြင်းပြသောဆန္ဒအရ Karen Buddhist Society of Albany အဖွဲ့ကို ဆရာတော်မှ ဦးဆောင်ဖွဲ့စည်းပြီးမြောက်ခဲ့သည်။

ယင်းအဖွဲ့ကို ပြည်နယ်အစိုးရ အသိအမှတ်ပြုသည့် အဖွဲ့ဖြစ်သည့်အထိ ဆရာတော်မှ လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဘုန်းကြီးကျောင်းတည်ဆောက်နိုင်သည့်အထိ စီမံကိန်းများချမှတ် ခဲ့သည်။

" Karen Buddhist Society of Albany "

သြ၀ါဒ စရိယ- ဒေါက်တာအရှင်ခေမိန္ဒ၊ ဦးပဏ္ဍိတ
နာယက- ဦးစောဘမြင့်၊ ဦးစောအ၀င်း

ဥက္ကဌ - စောမျိုးလွင်
ဒုဥက္ကှဌ- ဦးပညာစက္က
ဒုဥက္ကဌ- နောင်ထီ့

အတွင်းရေးမှူး- စောနိုင်ဇေယျာမွန်
တွဲဘက်အတွင်းရေးမှူး(၁)- စောဟေကျော်
တွဲဘက်အတွင်းရေးမှူး(၂)- စောချစ်ငွေ

ဘဏ္ဍာရေးမှူး- စောအကျော်
ဒု ။ - နော်လီ

စာရင်းကိုင်- စောဒါးဒါးဘို
တွဲဘက်စာရင်းကိုင်- စောအယ်ဒါး

စာရင်းစစ်- စောဌေးမြင့်၊ အလျားဖေါင်

စည်းရုံးရေးမှူး- စောသိန်းဝင်း၊ စောဟေ့ဟီ၊ စောဒါးသွေး ။ စောဖိုးထူး၊ စောလားပွယ်။

ပျော်တော်ဆက်သာဂိ - ကျေးဇူးတော်နေ့ ကြက်ဆင်တကောင်၏ မေတ္တာစာ

$
0
0

ပျော်တော်ဆက်သာဂိ - ကျေးဇူးတော်နေ့ ကြက်ဆင်တကောင်၏ မေတ္တာစာ 
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆

ကျုပ်က ကြက်ဆင်တကောင်ပါ။ အမေရိကန်လိုဆိုရင်တော့ တာကီပေါ့။ နိုဝင်ဘာ ၂၄ ဟာ အမေရိကန်လို အနောက်ကမ္ဘာက ကျေးဇူးတော်နေ့ ဖြစ်ပါတယ်။ မိသားစုတွေ ဆုံပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော် အောက်မေ့ကြတယ်၊ မိသားစု ညနေစာ လက်ဆုံ စားကြပါတယ်။ အဲသည်က တရားဝင် ကျေးဇူးတော်ညစာမှာ ကျုပ်တို့ ကြက်ဆင်ပါပါတယ်။ ကြက်ဆင်တွေ ကာလနာတိုက်တဲ့နေ့ပေါ့ ခင်ဗျာ။ ကြက်ဆင်တွေ ကင်ကြ ပေါင်းကြ ချက်ပြုတ် စားသောက်ကြတာ ရိုးရာအစဉ်အလာ ဖြစ်ပါတယ်။ ကြက်ဆင်တွေဟာ တမျိုးလုံး တဆွေလုံး ကောင်းကင်ဘုံက ဘုရားသခင်ဆီ သည်အချိန်ရောက်ပြီဆိုရင် သွားဖို့ အချိန်ဆိုက်ပြီပေါ့။

ကျုပ်ပြောချင်တာက သည်လိုပါ။ ကျုပ်တို့ ကြက်ဆင်တွေမှာလည်း သူတို့လို နတ်ပြည်ရှိပါတယ်။ လူသားတွေ ကျေးဇူးတော်အောက်မေ့ဖို့ ကျုပ်တို့တွေ အသွေးအသားတွေ ပေးဆပ်ပြီး ပါရမီဖြည့်ပေးရတာမို့ ကျုပ်တို့ကြက်ဆင်တွေ ကွယ်လွန်ကြရင် ဘုရားသခင်ဆီ ရောက်ကြတယ်။ ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုကို ခံစားရပြီး ကြက်ဆင်တို့ နတ်ပြည်မှာ ခံစား စံစားရတယ်လို့ ဆိုပါတယ်။ ကြက်ဆင်တို့နတ်ပြည်ဝင်ဖို့အတွက် ကြက်ဆင်ဂိတ်ဆိုတာ ကောင်းကင်ဘုံမှာ ရှိသဗျ။ ကျုပ်တို့တွေဟာ အမေရိကန်တွေ အနောက်နိုင်ငံက လူတွေ ဘယ်လိုမျိုး ကြက်ဆင်သားတွေ လမ်းခင်းပြီး ကျေးဇူးတော် အောက်မေ့ကြပုံကို တခမ်းတနား အစီရင်ခံရ အစစ်ခံရပါတယ်။ သည်လိုမျိုး အစစ်ခံပြီးမှသာ ဂုဏ်ပြုလက်မှတ်ထုတ်ယူရင်း ကြက်ဆင်နတ်ပြည်ကို လစ်ကြရတာကိုး။

သည်လိုမျိုး ဒဏ္ဍာရီနဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ဆိုတော့ ကျုပ်တို့ကြက်ဆင်တွေဟာ ကျေးဇူးတော်နေ့ဆိုတာကို တမျှော်မျှော်နဲ့ ကျုပ်တို့ သွေးသားတွေ ပေးဆပ် စွန့်လွှတ် ပါရမီဖြည့်ပြီးတော့ နတ်ပြည်တက်မယ့်နေ့ကို လည်ပင်းရှည်အောင် တမျှော်မျှော်နဲ့ ပေါ့ ခင်ဗျာ။

ကျုပ်လည်း ကြက်ဆင်တကောင်ဆိုတော့ ရိုးရာအတိုင်း တိုင်းပြည်နဲ့ လူမျိုး အတွက် အဲလေ နတ်ပြည်တက်ဖို့အတွက် စိတ်ထက်သန်နေတယ် ဆိုရမှာပေါ့။ ကျုပ်လည်း ကြက်ဆင်တကောင်အဖြစ်က စုတေပြီး ဆူပါမားကက်ထဲမှာ ကြက်ဆင်အလောင်းကောင် အအေးအခဲအဖြစ် ပထမအဆင့် ရောက်ရှိလာရပါတယ်။ ကျုပ်ကလည်း ကြက်ဆင်ဝိညာဉ်အဖြစ်နဲ့ ကြက်ဆင်ရုပ်အလောင်းဘေးကနေ တကောက်ကောက်လိုက်ပြီး ကျေးဇူးတော်နေ့ ညစာစားပွဲအပြီးအထိ လိုက်လံ စောင့်ကြည့်ရတဲ့ တာဝန်နဲ့ကိုး။ ကျုပ်ကို ဘယ်လို သယ်ဆောင်မယ်၊ ဘယ်လို ချက်ပြုတ်ပြင်ဆင်ပြီး ဘယ်လို မိသားစုတွေက ဘယ်လိုမျိုး ကျေးဇူးတော်ကို ချီးမြှောက်လေမလဲ အစအဆုံး မှတ်တမ်းယူပြီးမှသာ ကျုပ်က ကြက်ဆင်ဂိတ်ကို တက်ပြီး နတ်ပြည်တက်ခွင့်ပါမစ် ရမှာ ဖြစ်တယ်လေ။

ဖြစ်ချင်တော့ ကျုပ်ကြက်ဆင်အလောင်းကောင်ဟာ ဆူပါမားကက်က ၀န်ထမ်းတွေကို ခွဲဝေပေးတဲ့ ကျေးဇူးတော်နေ့ လက်ဆောင်ထုတ်တခုထဲ  ရောက်သွားပါတယ်။ ကျုပ်ကလည်း ရင်ခုန်စွာနဲ့ ဆူပါမားကက်က ဈေးအရောင်းသည်ဝန်ထမ်းနောက်ကို လိုက်ပါသွားရသပေါ့။ သည်ဝန်ထမ်းက အမေရိကန်စစ်စစ်မဟုတ်ဘဲ အာရှတိုင်းပြည်က ဗမာတဦး ဖြစ်နေသဗျ။ ကျုပ်ရဲ့ ရှေးက ဘိုးဘွားများအပြောအရ ကြက်ဆင်ကြီး တကောင်လုံးကို ဗန်းပေါ်တင်၊ ကိုယ်ထဲက ကလီစာတွေ ထုတ်၊ ဖွယ်ဖွယ်ရာရာ အစာတွေသွတ်ပြီး မီးဖိုကြီးထဲထည့်နဲ့ ကြီးကျယ်ခမ်းနားစွာ ချက်ပြုတ် ပြင်ဆင်မယ်လို့ ထင်တလုံးနဲ့ စိတ်ကူးတွေ ယဉ်ပြီး လိုက်ပါသွားတာပေါ့ဗျာ။

အထင်နဲ့ အမြင်ကတော့ စကတည်းက ယဉ်သကိုးပဲဗျို့။ သူတို့ ဗမာတွေအိမ် ရောက်ရောက်ချင်းမှာ ဆူပါမားကက်က ဈေးခြင်းတောင်းသိမ်းအလုပ်လုပ်ရတဲ့ ၀န်ထမ်းကလေးက သူ့မိန်းမကို ကြက်ဆင်ကောင်ကြီး ထည့်တဲ့ ကျွတ်ကျွတ်အိတ် စ အပ်တဲ့ဆီမှာတင်ပဲ ရင်ဆို့ရတော့တာကိုး။

အိမ်သားက ကြက်ဆင်ကို အပ်လိုက်ချိန်မှာပဲ အိမ်သူက 'ဟင် ... လာပြန်ပြီလား ကြက်ဆင်တကောင်'ဆိုတာနဲ့ စပါတယ်။ အိမ်သားကလည်း 'အေးကွာ သူတို့တွေ ကျေးဇူးတော်အတွက် လက်ဆောင်က ကြက်ဆင်ကိုးကွာ။ ငါတို့ ကြိုက်တဲ့ ကြက်တို့ ၀က်တို့ ငါးသလောက်တို့ ငပိကောင်တို့မှ မဟုတ်တာကိုး'လို့ ညီးညူပါတယ်။ ကျုပ် ကြက်ဆင်ခင်ဗျာ ခေါင်းနပမ်းကြီး သွားတာပါပဲ ခင်ဗျ။ သူတို့သာ ကြက်ဆင်သားကို စားတော်တည်တော် မမူဘဲ အဟောသိကံ လုပ်လိုက်လို့ကတော့ ကျုပ်အဖို့ ကြက်ဆင်နတ်ပြည်တက်ဖို့ လမ်းပျောက်ပြီး လူပြည့်မှာ မကျွတ်မလွတ် တ၀ဲလည်လည် ဖြစ်တော့မှာကိုး။ ဒါဟာ ကြက်ဆင်တို့အတွက် အပါယ်လမ်း ဖြစ်ပါတယ်။ ကျုပ်တို့ ကြက်ဆင်တွေအတွက် အလွန်မှ ကျက်သရေတုံးတဲ့ အဖြစ်ဆိုးပါ။

ကျုပ်တို့ ကြက်ဆင်တွေကလည်း သည်လိုမျိုး ကိုယ့်အသုံးတော်ခံရမယ့် အိမ်ရှင်တွေကို ကြိုတင်ရွေးချယ်ခွင့် မရှိတာကိုးလေ။ အခုကျတော့ ကြက်ဆင်ကို ကျေးဇူးတော်အောက်မေ့ဖို့ စနစ်တကျ မစီမံတတ်တဲ့ တပြည်သားအိမ်ရှင်တွေ လက်ထဲ ကျရောက်သွားရတော့ ကျုပ်ခင်ဗျာ အမေရိကန်မှာ အမေရိကန်စစ်စစ် ကြက်ဆင်များ သမဂ္ဂကနေ အမေရိကန်စစ်စစ် ကြက်ဆင်စားသုံးသူများလက်ထဲ ကျရောက်ရေး အဆိုတင်သွင်းပြီး အခြေခံဥပဒေကို ပြင်ဆင်ရရင် ကောင်းမလားလို့ အတွေးတောင် ပေါက်မိပါရဲ့။

အိမ်သူကတော့ ကျုပ် ကြက်ဆင် ရုပ်မပျက်ရအောင် သူတို့ ရေခဲသေတ္တာထဲက အအေးခန်းထဲကို ထည့်သွင်းထားလိုက်ပါတယ်။ သူတို့အအေးခန်းထဲမှာက သူတို့ဗမာတွေအကြိုက် ဟင်းလျာတွေ အသားတွေချည်းဆိုတော့ အားလုံးက အာရှသားတွေချည်းပဲခင်ဗျ။ ကျုပ်တို့ အမေရိကန်မှာ သည်ဗမာတွေ ရွှေ့ပြောင်းနေထိုင်တာ အလွန်ကြာပြီဆိုတော့ ကျုပ်အဖို့က မစိမ်းသော်လည်း ကျုပ်အဖြစ်က ဗမာတွေ မီးဖိုချောင်ထဲ ကျေးဇူးတော်ညစာအဖြစ် ဘယ်လိုမှ အသုံးတော်ခံခွင့် မရရင် နတ်ပြည်တက်ဖို့ ဘယ်လို လုပ်ရလေမလဲလို့သာ မျက်နှာမကောင်းဖြစ်ရတာပါ။

အာရှသားတွေအကြိုက် ကြက်ရိုးတို့၊ ကြက်သည်းမြစ်တို့၊ ၀က်ခေါင်း၊ ၀က်နားရွက်၊ ၀က်ကလီစာ၊ ၀က်လက်၊ ကြက်ခြေထောက်တို့ ငါးခူ ငါးမြစ်ခြင်း၊ ငါးရံ့တို့တတွေကတော့ ကျုပ်ကို ၀ိုင်း နားချပါတယ်။ မည်သို့ပင် ဖြစ်စေကာမူ ဗမာအိမ်ရှင်တို့၏ ကျေးဇူးတော်နေ့ ညစာမှာ ဘယ်ထောင့် ဘယ်နေရာကဖြစ်ဖြစ် ကျုပ် ကြက်ဆင်တကောင်အနေနဲ့ အသုံးတော် ခံခွင့်ရရေးသာ အဓိကကျတယ် ဆိုတဲ့အကြောင်း၊ ကြက်ဆင်တကောင်လုံး အစာသွတ်ပြီး အပေါင်းမခံရချင်နေပါစေ ညစာထဲက ဟင်းတခွက်ဖြစ်ခွင့်ရခဲ့ရင်လည်း ကြက်ဆင်နတ်ပြည်က လက်ခံအောင် သူတို့တွေ ဆန္ဒပြုလက်မှတ်တွေ စုထိုးပေးလိုက်မယ်ဆိုတဲ့အကြောင်း အားပေးပါတယ်။ ဒါနဲ့လည်း ကျုပ်ခင်ဗျာ ရင်နည်းနည်း အေးရတာပေါ့လေ။

မအေးရတာက အိမ်သူနဲ့ အိမ်သားပါ။ ကြက်ဆင်တကောင်ကို ဗမာနည်း ဗမာဟန် ဘယ်လို ချက်ပြုတ်ပြီး ကျေးဇူးတော်နေ့ ညစာအဖြစ် စားသုံးကြမလဲဆိုတာ ခေါင်းချင်း ရိုက်နေကြသံကို မီးဖိုချောင် အအေးခန်းထဲကနေ အတိုင်းသား ကြားနေရပါတယ်။ သူတို့ ဖေ့စ်ဘွတ်တွေ ယူကျုတွေက ဗမာမီးဖိုချောင် ၀က်ဆိုက်တွေ နွားဆိုက်တွေမှာကလည်း ကြက်ဆင်သား ဗမာတွေအကြိုက် ချက်ပြုတ်နည်းဆိုတာ တစက်ကလေးမှ မပါဘူးတဲ့။ အမေရိကန်တွေလို ကြက်ဆင်ကောင်လုံး ချက်ပြုတ်စားသောက်မယ်ဆိုရင် တမိသားစုလုံးက ညစာကို မစားဘဲ မက်ဒေါ်နယ်ကို ချီတက်ကြမယ်လို့  အိမ်သူတို့ရဲ့ သားသမီးတွေက အရေးဆိုနေကြပါတယ်။ တယ်ခက်တဲ့ အမေရိကန်ရောက် ဗမာမိသားစုတွေပါလားလို့ သက်ပြင်းမောများတောင် ချမိပါတယ်။

သူတို့တွေဟာ ကျုပ်လို ကြက်ဆင်တကောင် နတ်ပြည်အ၀င်လှနိုင်ရေးအတွက် အတော်ကို ခေါင်းမီးတောက်ပြီး ဗမာမိတ်ဆွေတွေဆီ ဖုန်းတွေဆက် မက်ဆင်ဂျာကနေ စကားပြောပြီး တိုင်ပင်ကြပါတယ်။ နောက်ဆုံးတော့ မိုးမခမီဒီယာက မီးဖိုချောင်ကဏ္ဍကို စာရေးနေတဲ့ စားတော်ကဲသာဂိဆီကို လှမ်းတိုင်ပင်ကြပါတယ်။ သာဂိက ဟင်းသာ မချက်တတ်တာ တောပြော တောင်ပြော အလွန်ပြောတတ်တယ်လို့ ဆိုပါတယ်။ ဗမာတွေ အမေရိကန်ဆန် အရေး၊ အမေရိကန်တွေ ဗမာဆန်ဖို့ အရေးတွေ ပြောဆိုလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ သည်တော့လည်း အိမ်ရှင်တွေ အားကိုးတာ မဆန်းသလို ကျုပ်လို မျက်စိလယ် လမ်းမှားသူ ကြက်ဆင်တကောင်ကလည်း အားကိုးမိတာ မမှားဖူး ဆိုရပါမယ်။

သာဂိဟောတဲ့ တရားက သည်လိုပါ။ ဗမာတွေဟာ အမေရိကန်ပြည်ကို ပြောင်းရွှေ့နေထိုင်ပြီးကတည်း သည်လို ပြသနာတွေ ရင်ဆိုင်နေကြ ဖြစ်ပါသတဲ့။ တချို့ဗမာတွေဟာ အမေရိကန်လုံးလုံး ဖြစ်ကုန်ကြတာမို့ သည်လိုမျိုး အခက်အခဲတော့ မရှိကြတော့ပါဘူး တဲ့။ သို့သော်လည်း တချို့ဗမာတွေကတော့ အမေရိကန်တပိုင်း ဗမာတပိုင်း ဖြစ်နေကြတာမို့ ကြက်ဆင်တွေက ဗမာတွေကို လက်မခံနိုင်၊ ဗမာတွေကလည်း ကြက်ဆင်ကို ဘာလုပ်ရမယ် မသိ ဖြစ်ကြရပါသတဲ့။ တကယ်တန်းကတော့ အမေရိကန်ပြည်ကြီးဟာ နိုင်ငံတကာ ဟင်းပေါင်းအိုးကြီး၊ အားလုံး ရောကြိုစပ်ပေါင်း စုပေါင်းရာ melting pot ကြီး ဖြစ်တာမို့ ကြက်ဆင်ကော ကြက်သားငပိချက်ကောဟာ အားလုံး သာတူညီမျှ စုပေါင်း တန်းတူ နေထိုင် ပျော်ရွှင်ကြရမှာ ဖြစ်ပါသတဲ့။ ဒါကြောင့်မို့ အမေရိကန်တွေရဲ့ လက်ဆောင် ကျေးဇူးတော်နေ့ အထိမ်းအမှတ် ကြက်ဆင်ကို ဗမာတွေက လက်သင့်ခံပြီး ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စီစဉ်ကြရမယ်၊ စဉ်းစားကြပါလို့ တိုက်တွန်းရင်း စာတော်ကဲသာဂိက မိန့်ခွန်းကို နိဂုံးချုပ်လိုက်ပါသဗျ။

ကျုပ်တို့ ကြက်ဆင်နဲ့ ရေခဲသေတ္တာထဲက ဗမာ့ဘက်တော်သား အသားကောင်တွေကလည်း အားတွေ တက်ပြီး အိမ်ရှင်လင်မယားရဲ့ မျက်နှာတွေကို အားကိုးတကြီး မျှော်ကြည့်နေမိကြတာပေါ့။ အိမ်သားကလည်း အကြံခက်ဟန် မျက်နှာကို အောက်စိုက်လို့၊ အိမ်သူကလည်း အကြံနက်နေဟန် မျက်မှောက်ကြုတ်ပြီး အတွေးနယ်ချဲ့လို့၊ ကလေးတွေနဲ့ သူတို့ ကြောင်တွေ ခွေးတွေကလည်း တီဗီရှေ့က ဆိုဖာမှာ စုဝေးထိုင်လို့ ဗိုက်ဟောင်းလောင်းကို လက်ပိုက်ပြီး ဖိလို့ ငေးနေကြသဗျ။

သိပ်မကြာခင်မှာပဲ ... ငါတို့ ဗမာတွေ ကြံလိုက်ရင် နံရံတောင် တုတ်ခနောင်းဖြစ်သေးတာပဲ ဆိုတဲ့ အသံနဲ့အတူ သူတို့တတွေ ဥာဏ်အလင်းတွေ ပွင့်ကုန်ကြပါတယ်။ အဲသည်နောက်မှာ ကျုပ်ကြက်ဆင်ကြီးကို တစစီ အသားတွေ နွှင်ပြီး ကြက်ရိုးမိတ်ဆွေတွေနဲ့ပေါင်း၊ အုန်းနို့တွေနဲ့ရောကြိုလို့ ဗမာတွေ အကြိုက် အုန်းနို့ခေါက်ဆွဲအိုးကြီး ချက်ပစ်လိုက်ကြတော့တာပါပဲ။ ကျန်တဲ့ အသားမျှင်တွေကို ငပိတွေ၊ ငရုတ်သီးတွေ၊ ပုဇွန်ခြောက်တွေနဲ့ ရောနယ်ပြီးတော့  ကြက်ဆင်ငပိကြော် ချက်ကြပြန်သေးသဗျ။ ကျုပ်ခင်ဗျာ ဗမာတွေမီးဖိုချောင်ထဲမှာ ကျေးဇူးတော်နေ့ ညစာစားပွဲအတွက် ဗမာနည်းဗမာဟန်နဲ့ ကြက်ဆင်လူရာဝင်ခွင့် လိုက်ရလို့ ၀မ်းသာလွန်းလို့ မျက်ရည်များတောင် လည်မိပါသေးတယ်ခင်ဗျာ။

သည်လိုနဲ့ ကျေးဇူတော်နေ့ရဲ့ ညသန်းကောင်ကို ရောက်၊ ကျုပ်ရဲ့ ကြက်ဆင်ရုပ်ကလာပ်ကြီးလည်း ဗမာဟင်းလျာများအဖြစ် အသွင်ပြောင်းရာက သူတို့ ၀မ်းဗိုက်တွေထဲ အဟာရအဖြစ် ပြောင်းလဲ ကွယ်ပျောက်သွားချိန်အပြီးမှာ ကျုပ်ရဲ့ ကြက်ဆင်တို့တာဝန် ကျေးဇူးတော်ညစာ အဖြစ် ကျေပွန်ပြီမို့ ကောင်းကင်ယံထက်က ကြက်ဆင်ဂိတ်ကို ချီတက်ဖို့ အချိန် ရောက်ဆိုက်ပါတော့တယ်။

ကျုပ်လည်း နတ်ပြည်က ကြက်ဆင်ဂိတ်ကို ခပ်သွက်သွက်လေး လှမ်းလာရင်း ကိုယ့်အဖြစ်ထူးပုံကို အတွေးနယ်ချဲ့မိပါတယ်။ ငါတို့ အမေရိကန်ကြက်ဆင်တွေဟာ အမေရိကန်ကျေးဇူးတော် ကြက်ဆင်ဟင်းလျာ တမျိုး တပုံစံတည်းကနေ ခွဲဖြာထွက်လို့ အမေရိကန်ရောက် လူမျိုးပေါင်းစုံရဲ့ အဖုံဖုံသော ကျေးဇူးတော် ဟင်းလျာများအဖြစ် အသုံးတော် ခံကြရဖို့ အချိန်ရောက်နေပြီ ဆိုပါလား ဆိုတာပါ။ ကြက်ဆင်ဂိတ်က စိန့်ပီတာလည်း သည်လိုမျိုး တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြသူ အမျိုး ဘာသာစုံတဲ့ အိမ်များက ကြက်ဆင်တွေကို ကြက်ဆင်နတ်ပြည်မှာ သာတူညီမျှ အသိအမှတ်ပြု ချီးမြှောက်ကြရတော့မယ် ဆိုတာပါ။

ရှေ့က ရောက်နှင့်နေတဲ့ ကြက်ဆင်တွေကတော့ သူတို့အသုံးတော် ခံခဲ့ရတဲ့ ကြက်ဆင်ဟင်းလျာများအကြောင်း အချင်းချင်း သတင်းမျှဝေ စီစီညံညံ ပြောဆိုနေကြပါတယ်။ ဂုဏ်ယူဝင့်ကြွားစွာနဲ့ပေါ့ ခင်ဗျာ။ အမေရိကန်နည်း အမေရိကန်ဟန် ဟင်းချက်နည်းများနဲ့ စီမံခြင်း ခံခဲ့ရသူ ကြက်ဆင်တွေကြားထဲမှာ ဗမာအိမ်က ပြန်လာသူ ကျုပ်ကတော့ အများနဲ့ မတူတဲ့ ကြက်ဆင်ဟင်းလျာ ဖောက်ထွက် ချက်ပြုတ်မှုကို အားပါးတရ ဖောက်သည်ချလိုက်ပါသဗျား။

ဟိတ် !!! ကျုပ်ကတော့ ကြက်ဆင်အုန်းနို့ခေါက်ဆွဲ နဲ့ ငပိကြော်ချက် တဲ့ ကွ လို့ ...

ကဲ ဗမာပရိသတ်ကြီးအတွက် အမေရိကန် ကြက်ဆင်တကောင်ရဲ့ ကျေးဇူးတော်နေ့ အမှတ်တရ မေတ္တာစာပါ။  သာဓုခေါ်ချင် ခေါ်နိုင်ကြပါပြီ။



၉၆ နှစ် မြောက် အမျိုးသားနေ့ ရန်ကုန်မှာ အစိုးရနဲ့ အရပ်ဖက်တို့ ပူးပေါင်းကျင်းပ

$
0
0



၉၆ နှစ် မြောက် အမျိုးသားနေ့ ရန်ကုန်မှာ အစိုးရနဲ့ အရပ်ဖက်တို့ ပူးပေါင်းကျင်းပ
(ဌေးအောင်၊ မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၆


ရန်ကုန်တိုင်ဒေသကြီးအစိုးရအဖွဲ့ ၊ ရန်ကုန်တိုင်းလွှတ်တော်နှင့် ၈၈ပွင့်လင်းလူ့ အဖွဲ့ အစည်း၊ မြို့ မကျောင်းသားများ၊ ကျောင်းသားသမဂ္ဂများစသည့် အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းကျင်းပသော (၉၆)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားအား ယနေ့ (၂၄.၁၁.၂၀၁၆) ညနေ (၄) နာရီတွင် ရန်ကုန်မြို့  ပြည်သူ့ ရင်ပြင်၌ ကျင်းပခဲ့သည်။




အခမ်းအနားသို့  ပါတီအဖွဲ့ အစည်းကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့ အစည်းကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကျောင်းသား/သူ တက်ကြွလှုပ်ရှားသူများ စုစုပေါင်း နှစ်သောင်းခန့် တက်ရောက်ခဲ့ကြသည်။




ဓာတ်ပုံ-ဌေးအောင်

ကာတွန်း ညီပုချေ - မီးခိုးတိတ် ဆိုလို့

$
0
0

ကာတွန်း ညီပုချေ - မီးခိုးတိတ် ဆိုလို့
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၆

ရဲရင့်သက်ဇွဲ - ငြိမ်းချမိးရေးလဲ သွေးသံရဲရဲ

$
0
0

ရဲရင့်သက်ဇွဲ - ငြိမ်းချမိးရေးလဲ သွေးသံရဲရဲ
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၆


သြော်…စစ်ဟူသည်
သွေးတွေရယ် ယမ်းငွေ့ တွေရယ်
ငိုသံတွေရယ် သချီိုင်းကုန်းရယ်
ရောယှက်ထားသော အနိဌာရုံ ပန်းချီကားတချပ် ……

(စစ်န င့်ငြိမ်းချမ်းရေးသီချင်းမှ)

ခေတ်အဆက်ဆက်
စပါးနှံ ချီလာတဲ့ ငြိမ်းချမ်းးရေး ချိုးငှက်
သွေးသံရဲရဲ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနဲ့ 
ငြိမ်းချမ်းရေး အပစ်အခတ် ရပ်စဲရေး စာချုပ်
သွေးသံရဲရဲ

လူကို လူလို မဆက်ဆံ
လူရာမသွင်း
မသွားရ မလာရ စီးပွားမရှာရ
ပညာမသင်ရ
အခြေခံလူ့ အခွင့်အရေးများရိုက်ချိုးခံရ
မျှော်လင့်ချက်မဲ့ အနာဂတ်မဲ့ဘ၀များနဲ့ နေခဲ့ရ
နေ့ ရက်များ ရာသီကြာညောင်း
နှစ်ပေါင်းကြာလာ နာကျည်းမှုများ
အုံကြွပေါက်ကွဲ စစ်ပွဲဖြစ်လာ
နှစ်ဦးနှစ်ဖက် သွေးသံရဲရဲ

ရှင်မရေ
ဘယ်သူနိုင်လည်း
ဘယ်သူရှုံးလည်း
ဒါဟာ ဘောလုံးပွဲ မဟုတ်ဘူး
သက်ဆိုင်သူများ အုပ်စိုးသူများ
ကိုယ့်စကား ကိုယ်တာဝန်ယူကြ
တာဝန်ခံကြ အဲ့သလိုမဟုတ်ခဲ့ရင်
လွတ်လပ်မှု တန်းတူညီမျှမှု
လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့် စာသားများ
အခြေခံဥပဒေထဲမှ ပယ်ဖျက်လိုက်ပါ
သမတ အထက်မှာ အမေစုရှိတယ်
အမေစုအထက်မှာ စစ်တပ်ရှိတယ်
ဒီမိုကရေစီက နုနု စစ်အာဏာကရင့်ရင့်

သြော်… တိုင်းပြည်ပျက်မည့် စစ်မီးလျှံများ
သွေးသံရဲရဲ …..


ရဲရင့်သက်ဇွဲ
နိုဝင်ဘာ ၁၅ ၂၀၁၆

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၄၃)

$
0
0

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၄၃)
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၆

● သြဘာသံများနှင့်သူ
နိုင်ငံရေးနယ်ပယ်တွင် ကျင်လည်သူတဦးဖြစ်စေ အများနှင့်ပတ်သက်သောနယ်ပယ်များတွင် ကျင်လည်နေသူများဖြစ်စေ အများ၏ထောက်ခံမှု ချီးကျူးထောပနာပြုမှုလည်းကြုံရသကဲ့သို့ အများ၏ ပြစ်တင်ရှုံ့ချမှု ဝေဖန်တိုက်ခိုက်မှုကို ရှောင်လွှဲ၍ မရပေ။ ကြုံသမျှ အကောင်းအဆိုးအား ခါးစည်း၍သာ ဖြတ်ကျော်ရပေသည်။

၂ဝ၁၆ ခုနှစ် သြဂုတ်လအကုန်တွင် ကျင်းပသည့် ၂၁ ရာစုပင်လုံညီလာခံတွင် ANP ပါတီ၏ ကိုယ်စားလှယ်အဖြစ် ကိုဦးလှ စောတက်ရောက်သည်။
ANP ပါတီ၏ စာတမ်းအား ANP ပါတီ၏ ဥက္ကဌက ဖတ်ကြားသည်။ သို့သော် ထိုစာတမ်းသည် သူ့လက်ရာမကင်းဟု မိမိတို့ ရင်းနှီးသူများက သဘောပေါက်ကြသည်။ ၂၁ ပင်လုံတွင် လေ့လာသူအဖြစ်တက်ရောက်နေသူ မန္တလေးမှ ရှေ့နေ ကိုသိန်း သန်းဦးက ညီလာခံခေတ္တနားချိန်တွင် ကိုဦးလှစောအား "ခင်ဗျားတို့ ANP တင်တာ ဖက်ဒရယ်မဟုတ်ဘူးဘဲ၊ ကွန်ဖက်ဒရိတ် ဘဲဗျ"ဟု ဆိုသည်။ ကိုဦးလှစောက ပြုံး၍ "သမိုင်းလည်း ပြန်ကြည့်ပါဦးဗျာ၊ ကျုပ်တို့ တိုင်းရင်းသားတွေ တကျပ်ဖိုးတောင်းလို့ ဆယ်ပြားတင်ရဲ့လားဆိုတာ"ဟု ဆိုသည်။

လူခန္ဓာကိုယ် ဝဝလုံလုံးနှင့် မောင်ကမ္ဘာဟု ငယ်သူငယ်ချင်းများကခေါ်လေ့ရှိသည့် ကိုသိန်းသန်းဦးသည် ရီရီမောမော နောက်နောက်ပြောင်ပြောင် ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်သကဲ့သို့ ရောက်လေရာအရပ်တွင် "ကျုပ်က ဗကပနော်"ဟု ဆို လေ့ရှိသူဖြစ်သည်။ "မဟုတ်ဘူးဗျ ၊ ကြိုပြောထားမှ နိုမို့ဆိုရင် ဗကပ တွေ ထိုးဖေါက်ဝင်နေပြီတို့ ဘာတို့နဲ့ တိုက်ခိုက်ကြလွန်းလို့"ဟုဆိုသည်။ ကိုသိန်းသန်းဦးက ရီမော၍ ကိုဦးလှစော အားလက်ညှိုးထိုးပြီး ....

"ဒီလူပေါ့ဗျ ၈၈ အပြီး ကျုပ်တို့ မနတ (အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု) ဖွဲ့တော့ ကျုပ်တို့ရုံးလာပြီး ခင်ဗျားတို့တွေက အခု အမျိုးသားရေးဝါဒီပေါ့လေဆိုပြီး လာချဲသွားတာ၊ အခုသူက ရခိုင်အမျိုးသားရေးပါတီခေါင်းဆောင်လေ"ဟုပြောရင်း ရီသည်။ ကိုဦးလှစောက ပြုံး၍နေသည်။ကျောင်းသားဘဝက လက်ဝဲဝါဒကိုယုံကြည်ခဲ့သော ကျောင်းသားများ၏ လက်တွေ့နိုင်ငံရေး နယ်ပယ်တွင် ဖြတ်သန်းခဲ့ရသောပုံရိပ်များ ဖြစ်ပေလိမ့်မည်။

ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံက ၂ဝ၁၆ စက်တင်ဘာ ၃ ရက် နေ့ စနေနေတွင်ပြီးသည်။ "မနက်ဖြန် ကိုဖီအာနန်နဲ့ ရန်ကုန်မှာတွေ့ဖို့ ကားလွှတ်ခေါ်ထားတယ်ဗျာ၊ ကျနော်တို့မလိုက်နိုင်တော့ဘူး ကျန်တဲ့သူတွေဘဲသွားတွေ့လိမ့်မယ်၊ တန င်္လာနေ့မှာ လွှတ်တော်မှာ အဲဒီကိစ္စ ကျနော်ဆွေးနွေးဖို့ ရှိနေလို့"ဟုပြောရင်း သူ နေပြည်တော်တွင် ကျန်ခဲ့သည်။

ထို့နောက်တွင် အတော်ပွဲဆူသည့်ကိစ္စတွေဖြစ်လာသည်။ လွှတ်တော်တွင် ခေါင်းပေါင်းစတလူလူနှင့် ဆွေးနွေးနေသည့် ကို ဦးလှစောပုံ နေရာတကာ တွေ့ရသည်။ ကိုဖီအာနန်ကော်မရှင်အား ကန့်ကွက်ဆွေးနွေးသည့် ကိုဦးလှစောက ရခိုင်ပြည်နယ် အရေးကိစ္စများအတွက် ရခိုင်ပြည်သူအများစုထောက်ခံမှုကိုရရှိထားသည့် ANP ပါတီအား အစိုးရက ဆွေးနွေးဖက်အဖြစ် သဘောထားမထားသည့်ကိစ္စကို အလေးတင်းဆွေးနွေးသွားသည်။ ယခင်သမတဟောင်း ဦးသိန်းစိန်လက်ထက်က လေး ပွင့်ဆိုင်တောင်းဆိုသည်ကို သတိရမိသည်။

ကိုဖီအာနန်ကော်မရှင်နှင့်ပတ်သက်၍ ANP ပါတီ၏ ကြေညာချက်လည်းထွက်လာပေရာ ထောက်ခံသူများရော ကန့်ကွက်သူ များနှင့်ပါ ပွဲစည်လှသည်။ မစ္စတာကိုဖီအာနန်ကတော့ ANP ပါတီ ဒုဥက္ကဌ ကိုခိုင်ပြည်စိုးနှင့်အဖွဲ့အား ဖိတ်ခေါ်တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးအား ကိုင်တွယ်ဖြေရှင်းရာတွင် ANP ပါတီနှင့် ဦးစွာညှိနှိုင်းဆွေးနွေးရန်လိုသည်ဟု သူအကြံပြုခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေ ကိုဦးလှစောတယောက် သူ့အား ထောက်ခံသူများ ရှိကဲ့သို့ သူ့အား ရခိုင်အမျိုးသားရေးဝါဒီအဖြစ် ပြင်းပြင်း ထန်ထန် ထိုးနှက်တိုက်ခိုက်မှုကိုလည်း ခံနေရသည်။ သူကလည်း မလျှော့။ သူ့မူနှင့်သူ ဆက်လက်ချီတက်နေသည်။ ရခိုင် အမျိုးသားရေးဝါဒီအဖြစ် ထိုးနှက်တိုက်ခိုက်ခံနေရသော သူ့သတင်းအားနားထောင်ရင်း မိမိပြုံးမိသည်။

ပြီးခဲ့သော ၄ နှစ်ခန့်က သြစတေးလျ ကင်ဘာရာတက္ကသိုလ်ကဖိတ်ကြားသည့် စာတမ်းဖတ်ပွဲတခုတွင် စာတမ်းဖတ်အပြီး ဝိုင်းဝန်းဝေဖန်တိုက်ခိုက်စွဲချက်တင်နေကြသော သြဇီရောက် ဘင်္ဂလီများအလယ်တွင် တဦးတည်းရင်ဆိုင်ခဲ့ရသော ကိုဦးလှ စောကို ပြန်မြင်ယောင်မိသည်။

ပြီးခဲ့သောတနှစ်ခန့်ကလည်း ရခိုင်ဘင်္ဂလီများနှင့်ပတ်သက်ပြီး ဂျာနယ်တခုတွင်ပါသည့် ကိုဦးလှစောအင်တာဗျူး၏ အင်တာ ဗျူးတခုနှင့်ပတ်သက်ပြီး မကျေနပ်သည့် ရခိုင်ဘုန်းတော်ကြီးအချို့နှင့် ရခိုင်အချို့က သူ့အား ရခိုင်သစ္စာဖောက်အဖြစ် ကြေ ညာရန်လည်း ကြိုးစားခဲ့ဘူးသည်။ သူ့အား ရခိုင်သစ္စာဖောက်အဖြစ်ကြေညာရန် ဆွေးနွေးပွဲကို စစ်တွေရှိ ဘုန်းတော်ကြီး ကျောင်းတကျောင်းတွင် ကျင်းပခဲ့ဘူးသည်။ လူရာဂဏန်းမျှတက်သည့် ထိုဆွေးနွေးပွဲတွင် သူ့အားထောက်ခံသူများ၏ ရပ်ခံ ချက်ကြောင့် ရခိုင့်သစ္စာဖောက်ဟု ကံကောင်းထောက်မစွာ အကြေညာမခံခဲ့ရပေ။

ဤသည်ကိုပင်နိုင်ငံရေးလောက သဘာဝဟုခေါ်ရမည်ထင်သည်။ သူ့အား ချစ်ခင်ထောက်ခံသူများလည်းရှိသည် ထိုးနှက်တိုက်ခိုက်နေသူများလည်းရှိသည်။ ရခိုင်အမျိုးသားရေးဝါဒီဟု စွပ်စွဲသူလည်းရှိသည်။ ရခိုင်သစ္စာဖောက်ဟုစွပ်စွဲသူလည်းရှိသည်။ ဘင်္ဂလီများကလည်း ထိုးနှက်တိုက်ခိုက်သည်။ ၁၉၇၅ ဇွန်သပိတ်က သူပုန်ကျောင်းသားလေးတယောက်သည် အနှစ် ၄ဝ ကျော်ကြာသည့်တိုင်အောင် နိုင်ငံရေးနယ်ပယ် ရုန်းကန်ရှင်သန်နေဆဲဖြစ်သည်။

သူကဲ့သို့ပင် ဘဝပေါင်းများစွာရှိကြသည်။ သမိုင်းကို ရတတ်သမျှ ထုဆစ်ခဲ့ကြသူများစွာရှိသည်။ ထိုသူတို့ ဘဝများစွာကို မိမိထိတွေ့ရသလောက်တို့ထိပုံဖေါ်ချင်ပါသည်။ သူတို့အားလုံးသည် မိမိချစ်ခင်ခဲ့ရသောသူများ ဖြစ်ကြပါသည်။ ၁၉၇၅ ဇွန်သ ပိတ်ကာလကထဲက သွေးနီးခဲ့ကြသူများဖြစ်ခဲ့သည်။ ဘဝများစွာထဲက ဘဝအပိုင်းအစများဖြစ်ပါသည်။

● ရွှေတိဂုံ ကုန်းတော်ပေါ်သို့

၁၉၇၅ ဇွန် ၉ ရက်နေ့တွင် တက္ကသိုလ်အားလုံးပိတ်ကြောင်း ကြေညာသည်။ ဆရာတွေ အာဏာပိုင်တွေကလည်း ကျောင်း သားတွေအိမ်ပြန်ဖို့ နယ်ပြန်ဖို့ ဖိအားပေးစီစဉ်ကြတော့သည်။ သပိတ်တိုက်ပွဲတွင် ပါဝင်ကြသည့် ကျောင်းသား ကျောင်းသူ အများစုမှာ ဆရာများ အာဏာပိုင်များကို ရင်ဆိုင်ရန်လွယ်ကူလှသော်လည်း ရင်ဆိုင်ရန်မလွယ်ကူသူများ ပေါ်လာသည်။ ထိုသူများကတော့ မိမိ သားသမီးများ သားချင်းများကို မျက်ရည်လယ်ရွဲနှင့် လာရောက်ခေါ်ငင်ကြသည့် မိဘဆွေမျိုး သား ချင်းဖြစ်သည်။ ရက်စက်ကြမ်းကြုတ်စွာသပိတ်များကို နှိမ်နင်းဖြိုခွင်းလေ့ရှိသည့် ဗိုလ်နေဝင်းတို့ စစ်အုပ်စုအကြောင်းကို ကောင်းစွာသဘောပေါက်နားလည်ထားကြသည့် မိဘသားချင်းများက သူတို့၏ တူသားနောင်မယ်များအား တွေး၍ ပူပင် သောကရောက်ကြသည်မှာ ဓမ္မတာဟုဆိုရပေမည်။

ထို့နောက်တွင်တော့ တက္ကသိုလ်ပင်မဝင်းအတွင်း သပိတ်မှောက်ကျောင်းသားဦးရေ တဖြေးဖြေးလျော့ကျလာသည်။ တဖက် ကလည်း မိမိတို့မစီစဉ်တတ်သည်လည်းပါသည်။ သပိတ်မှောက်ကျောင်းသားအချို့၏ အကြံဉာဏ်ကောင်းများကို မနာယူ နိုင်ခဲ့သည်လည်းပါသည်။ ဇွန် ၈ ရက်လား ဇွန် ၉ ရက်လားမမှတ်မိတော့။ ချီတက်ပွဲတခုကပြန်လာပြီး မိမိတို့ ဘွဲ့နှင်းသဘင် ခန်းမ မျက်စောင်းထိုးရှိ စိန်ပန်းပင်များအောက်တွင် ကိုယ်အစုနှင့်ကိုယ် ထိုင်၍ နားနေခိုက် မိမိတို့ ဆေး ၂ တတိယနှစ်ဆေးမှ ကိုအောင်ဝင်းမောင် (ဒေါက်တာအောင်ဝင်းမောင်-ဟင်္သာတ-ကွယ်လွန်) ရောက်လာပြီး ....

"ဟေ့ကောင် မောင်မောင်စိုး မင်းတို့ ဒီလိုထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲကွ၊ သမဂ္ဂဝင်းထဲ ကျောက်တိုင်ဆောက်ဖို့ လုပ်ပေါ့ ဟို မှလည်း ဆောက်စရာပစ္စည်းတွေ ရှိနေတာဘဲ"ဟု လာပြောသည်။

ထိုအချိန်က သူပေးသောအကြံဉာဏ်ကို မယူဖြစ်လိုက်။ သပိတ်ကော်မတီတွင်လည်း တင်ပြ၍မဆွေးနွေးဖြစ်ခဲ့။ နောင် ပြန် စဉ်းစားကြည့်လိုက်မိတိုင်း နောင်တရသည်။ ကိုအောင်ဝင်းမောင်ပေးသောအကြံအတိုင်း သမဂ္ဂဝင်းအတွင် ကျောက်တိုင် ဆောက်လိုက်ပါက ကျောင်းသားများအား စုစည်းရာတွင်လည်းကောင်း၊ ပြင်ပမှ လူထုအား စုစည်းရာတွင်လည်းကောင်း၊ စုစုစည်းစည်းလှုပ်ရှားမှုတခုအဖြစ် အထောက်အကူဖြစ်ပေလိမ့်မည်။ ပြန်တွေးတိုင်း နောင်တရမိသည်။ ထို့ကြောင့်လည်း လူ မိုက်နောက်မှ အကြံရဟူ၍ ဆိုကြခြင်းဖြစ်ပုံရသည်။

ထိုသပိတ်တိုက်ပွဲအတွင်း အခြားအခက်အခဲတခုလည်း ရှိသည်။ ၎င်းမှာ တက္ကသိုလ်အသီးသီးမှ တက်ကြွလှုပ်ရှားသူများ အချင်းချင်း တဖွဲ့နှင့်တဖွဲ့ ကောင်းစွာမသိကြခြင်းဖြစ်သည်။ ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့် ပိတ်ပင်ထားသည် မှာ ဆယ်စုနှစ်တစုကျော်ခဲ့ပြီဖြစ်သည်။ ကိုယ်အစုလေးနှင့်ကိုယ်သာ ကြိတ်၍လှုပ်ရှားနေရသည်။ ထောက်လှမ်းရေးနှင့်သတင်း ပေးအန္တရယ်ကို သတိထားနေကြသည်ဖြစ်ရာ တဖွဲ့နှင့်တဖွဲ့ လွယ်လင့်တကူ မယုံကြည်ရဲကြပေ။ ထို့ကြောင့်လည်း တက္က သိုလ်တခုနှင့်တခု ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်ရာတွင် အခက်အခဲရှိနေသည်။ ထို့အချင်းအရာသည်လည်း ကျောင်းသားလှုပ်ရှားမှုကို ညီညီညွတ်ညွတ်နှင့် အင်ကြီးအားကြီးဖြစ်သည့် လှုပ်ရှားမှုတခုဖြစ်စေဖို့ အဟန့်အတားဖြစ်စေခဲ့ သည်။

သို့နှင့် အင်အားနဲလာသော ကျောင်းသားများအနေနှင့် မိမိအင်အားကို စုစည်းထားနိုင်ရန်နှင့် လူထုနှင့် ပိုမိုပူးပေါင်းနိုင်ရန် ၁၉၇၅ ဇွန်လ ၁ဝ ရက်နေ့တွင် ရွှေတိဂုံဘုရားပေါ်၌ သပိတ်စခန်းဖွင်ရန် ဆုံးဖြတ်လိုက်ကြပြီး ဘွဲ့နှင်းသဘင်ခန်းမမှ ရွှေတိ ဂုံဘုရားရင်ပြင်ပေါ်သို့ ပြောင်းရွှေ့လိုက်ကြသည်။ ပင်မ တက္ကသိုလ်နယ်မြေကား တိတ်ဆိတ်ခြောက်ကပ်၍ ကျန်နေခဲ့သည်။

ဇွန်လ၏မိုးရေစက်အောက်တွင် သစ်ပုတ်ပင်အိုမက တိတ်ဆိတ်စွာသက်ပြင်းချသည်။ အဓိပတိလမ်းသည် ငြိမ်သက်နေသည်။ စိန်ပန်းပင် ကန့်ကော်ပင်များအောက်က ခုံတန်းဖြူလေးများသည်လည်း ထိုင်သူမဲ့ခဲ့သည်။ ဘွဲ့နှင်းသဘင်ခန်းမလည်း စကား မဆိုနိုင်တော့။ လွမ်းရစ်ဝေသော နေ့ရက်တရက်ဖြစ်ခဲ့တော့သည်။

● အရုဏ်မတက်မှီ
ညအမှောင်ထုစိုးမိုးလာသည်နှင့်အမျှ ရွှေတိဂုံရင်ပြင်သည် တိတ်ဆိတ်၍ လာသည်။ ညသန်းခေါင်ကျော်မှစ၍ ရွှေတိဂုံဘုရား မုခ် လေးမုခ်ရှိရာ လေးဘက်လေးတန်မှ လုံခြုံရေးတပ်ဖွဲ့များ စတင်နေရာယူဝင်ရောက်လာသည်။ ရွှေတိဂုံဘုရားပေါ်မှာ သပိတ်မှောက်ကျောင်းသားများကို ရှင်းလင်းရေးသည်လည်း စစ်ဆင်ရေးတရပ်ဖြစ်သည်။ အဆိုပါမြေပြင်စစ်ဆင်ရေးကို ကွပ်ကဲသူက တပ်မမှူးဗိုလ်မှူးကြီး ရန်နောင်စိုးဖြစ်ပြီး အသုံးပြုသည့် တပ်ကလည်း ခြေမြန်တပ်မ ၇၇ ဖြစ်သည်။

၁၉၇၅ ဇွန် ၁၁ ရက်နေ့ အာရုံမတက်မှီ ၂ နာရီခန့်တွင် ရင်ပြင်ပေါ်ရှိ သပိတ်စခန်းအား ဝိုင်းမိသည်။ မည်သည့်ရုန်းရင်းဆန်ခတ်မှု မှတော့မဖြစ် သပိတ်မှောက်ကျောင်းသားတို့က အသာတကြည် အဖမ်းခံသည်။ ရင်ပြင်ပေါ်တွင် အဖမ်းခံရသည်က ကျောင်း သူ ၁၁ ယောက်အပါအဝင် စုစုပေါင်း ၂၁၃ ဦးဖြစ်သည်ဟု သိရသည်။

အားလုံးတော့ အဖမ်းမခံမရပါ။ တပ်ကလာဝိုင်းချိန်တွင် တိတ်တဆိတ်ထွက်ခွာပြီး သွေးဆေးကန်ဘက် ခုန်ချ ထွက်ပြေးလွတ် မြောက်သူအချို့လည်းရှိသည်။ ထိုထဲတွင် ကိုတင်မောင်သန်း (ရန်အောင်စာပေ -၂) လည်း ပါဝင်သည်။ နောက်တနှစ်ခန့် အကြာ ကိုကြီးမြင့်နှင့်ပြန်ဆုံတော့"ဒီလူတွေ အဲဒီဝိုင်းတဲ့ မနက်အစောကြီး ကျုပ်အိမ်ရောက်လာပြီး အဝတ်အစားလာတောင်း သွားသေးတယ်ဗျ၊ ဘယ်ပြေးကြလဲမသိဘူး"ဟု ဆိုသည်။

၁၉၇၅ ဇွန် ၁၁ ရက်နေ့မနက်စောစောတွင် ဖမ်းဆီးထားသော သပိတ်မှောက်ကျောင်းသားများကို တင်ဆောင်သည့် ကား တန်းသည် ရွှေတိဂုံဘုရားမှ အင်းစိန်ထောင်သို့ ဦးတည်ထွက်ခွာသည်။ ကားတန်းပေါ်မှ ကြွေးကြော်သံများ ကမ္ဘာမကြေ သီချင်းဆိုသံများ ပျံ့လွင့်နေသည်။ ရန်ကုန်မြို့ ၏အမှောင်ထုနှင့် တိတ်ဆိတ်မှုကို ဖြို ခွဲခဲ့သည်။

"တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ ဒို့ပြေ ဒို့မြေ ... များလူ ခပ်သိမ်း ငြိမ်းချမ်းစေဖို့ ....."


ဆက်လက်ဖော်ပြပါမည်။
 မောင်မောင်စိုး (Mg Mg Soe)

ဒီလူည ● စစ်

$
0
0


ဒီလူည ● စစ်
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၆

တစ်ဆစ်ပြီးတစ်ဆစ် ပြုတ်ထွက်လာတဲ့ကျောရိုး ဆစ်တွေလိုပဲ
ပျက်ကျလာတဲ့ ခြေတဖက် လက်တဖက်
မျက်လုံးတလုံး ခေါင်းတလုံး။

ခင်ဗျားက သက်ဆိုးအရှည်ဆုံး ဒရက်ကူလာ
ခင်ဗျားသွားကြား
အမှောင်စောတဲ့ညတွေက ရှည်လျားလွန်းတယ်။

ဘယ်လောက်ထိ ကမ္ဗာပျက်သံကိုနားဆင်ချင်လို့လဲ
ဘယ်လောက်ထိ ချွေးတွေမျက်ရည်တွေကို
ညှစ်ချချင်လို့လဲ
ဘယ်လောက်ထိ ခင်ဗျားက သွေးဆာနေလို့လဲ

ဒါက ဝမ်းနည်းကြောင်း မျက်ရည်ကျပြရုံနဲ့
ပြတ်ကျန်ခဲ့တဲ့ သံယောဇဉ်ကြိုးကိုပြန်ဆက်လို့မှ မရတာ
မီးခိုးတွေလို လွယ်လွယ်ကူကူနဲ့
ပျောက်ကွယ်သွားမယ့် ပွန်းရာပဲ့ရာမှမဟုတ်တာ။

ဒီမှာကြည့်
အထူးပြုလုပ်ချက်တွေမပါဘဲ အသက်လုပြေးနေတဲ့လမ်း
ဒီမှာကြည့်
ဘာမိတ်ကပ်မှမလိမ်းထားဘဲ ယမ်းငွေ့တွေကြား
လောင်ကျွမ်းနေတဲ့မျက်နှာ
ဒီမှာကြည့်
ခလုတ်တချက်နှိပ်ရုံနဲ့ မှောင်သွားနိုင်တဲ့ညနေတွေ
ဒီမှာကြည့်
ဒီမှာကြည့်

ဟဲလို! မစ္စတာကြီး အဲလ်ဖက်နိုဘယ်
ခင်ဗျားသားလိုက်တဲ့ မျဉ်းပေါ်
ခုတော့ လူသေအလောင်းတွေ ထပ်နေပြီ
ခင်ဗျားရှာဖွေခဲ့တဲ့ ပိတ်ဖြူစပေါ်
ခုတော့ စွန်းထင်းလာတဲ့အကွက်တွေက ဖျက်မရတော့ဘူး။

ဘယ်စာမျက်နှာထိ ရောက်အောင်သွားရမှာလဲ
ဘယ်ကမ္ဘာရောက်မှ လုံခြုံမှာလဲ
ဘယ်မီးလင်းဖိုနားရောက်မှ အ နွေးဓာတ်ရမှာလဲ

ခဏတဖြုတ်လည်းမ ရောက်ချင်တဲ့နေရာ
ခဏတဖြုတ်လည်း မကြည့်ချင်တဲ့နေရာ
ခဏတဖြုတ်လည်း မနားချင်တဲ့နေရာ

အသိုက်ဖျက်ခံလိုက်ရတဲ့ငှက်တွေလို
အသိုက်ပျက်နေရတဲ့ မြေဇာပင်တွေ
တပင်ချင်းပျိုးနှုတ်သလို ပါသွားတဲ့အသက်ဓာတ်တွေ
မိသားစုစုံစုံညီညီ ယာခင်းတွေဆီ ပြန်မရောက်နိုင်တော့တဲ့ မနက်ဖြန်တွေ

ခင်ဗျားက ခုထက်ထိ သွေးမဝသေးတဲ့ ဒရက်ကူလာ

ခင်ဗျားက ခုထက်ထိ အရွယ်ကောင်းတုန်း
ခင်ဗျားက ခုထက်ထိ အစွယ်ကောင်းတုန်း။  ။

ဒီလူည

သရုပ်ဖော်ပန်းချီ - သန်းဌေးမောင်

နိုင်ဝင်းသီ ● လူနှင့် လမ်းမများ

$
0
0

နိုင်ဝင်းသီ ● လူနှင့် လမ်းမများ
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၆

၁။ လိပ်ပြာ
အဝေးပြေးလမ်းမတစ်စင်းပေါ်က ယာဉ်မောင်းတယောက်ရဲ့ သွေးခုန်သံဟာ ဘယ်လောက်ထိအောင် ပူနွေးလတ်ဆတ်ပါ သလဲ။ သူ့အိမ်သားတွေ သိကြမှာမဟုတ်ပါ။

ကျွဲရိုင်းတကောင်လို သန်စွမ်းကြံ့ခိုင်တဲ့ ဝန်တင်ကားတစ်စီးကို ဖဲကြိုးနက်တခွေ ခင်းဖြန့်ထားသလို ရစ်ခွေတွန့်ကွေးနေတဲ့ အဝေးပြေးလမ်းမကြီးတစင်းပေါ်မှာ လိုရာခရီးရောက်အောင် ထိန်းကျောင်း မောင်းနှင်ရတဲ့ အရသာဟာ ဘယ်လောက်တောင် စေးစေးပိုင်ပိုင်နိုင်လိုက်သလဲဆိုတာကိုလည်း သူ့အိမ်သားတွေတယောက်မှ ခံစားတတ်ကြမှာ မဟုတ်ပါ။

အကွေ့အချိုးများစွာနဲ့ ကုန်းတက်ကုန်းဆင်းများပြားလှတဲ့ လမ်းမမျိုးတွေပေါ်မှာ ရင်တလှပ်လှပ်နဲ့ ကားမောင်းရတဲ့ခံစားမှုမျိုးကိုလည်း သူ့အိမ်ကလူတွေ တစ်ယောက်မှသိကြမှာ မဟုတ်ပါ။

နှစ်ပေါင်းများစွာ စတီယာရင်ကိုင်လာခဲ့တဲ့ လက်ကြမ်းကြမ်းတစုံကိုဘာဖြစ်လို့များ သူတို့နားလည်မှု မပေးနိုင်တာပါလိမ့်။

သူ့ရင်ကို ဗြိကနဲ ခွဲချလိုက်ရင် လမ်းမကြီးတွေ တစင်းပြီးတစင်း၊ လမ်းငယ်လေးတွေ တမြွှာပြီးတမြွှာ အလိပ်လိုက်အမြွှာလိုက် လုံးထွေးဖြာကျလာမှာကို သူတို့တွေ တကယ်ပဲ မသိကြဘူးလား။

၂။ ရက်စွဲများ
သူ့အခန်းကျဉ်းလေးထဲမှာ လဲကျသေဆုံးနေသော ဘီယာဘူးခွံနှစ်ခုရှိသည်။

ရွက်နုဝေဖို့ မေ့လျော့နေသော သစ်ပင်တပင် ရှိသည်။ ဖုန်တက်နေသောပုတီးတကုံးရှိသည်။ ထက်ထက်မိုးဦးပုံပါသော ရွက်ဆုတ်ပြက္ခဒိန်တခုရှိသည်။ ငိုက်မျဉ်းနေသော ရက်စွဲ တချို့ရှိသည်။ အိုက်စပ်နေသော နွေဥတုတခုရှိသည်။

သူ့ခန္ဓာကိုယ်ထဲမှာတော့ ပေါက်ပြဲနေသော သွေးကြောမျှင်တချို့ရှိသည်။

(အဲဒီသွေးကြောမျှင်တချို့ပေါက်ပြဲခဲ့လိ့လည်း သူလေဖြတ်သွားခဲ့ရတာမဟုတ်လား) လမ်းမများကို လွမ်းဆွတ်ရီဝေနေသော မျက်လုံးတစုံရှိသည်။ အေးခဲထုံကျင်နေသော ခန္ဓာကိုယ်တခြမ်း ရှိသည်။ လေဖြတ်ထား၍ အမြဲတစေငြိမ်သက်နေသောခြေထောက်တဖက်ရှိသည်။ ပိုက်ဆံများများပေးလျှင် ပြုံးရွှင်နေတတ်သော ဇနီးတယောက်ရှိသည်။ တနေ့လုံးနေလို့ "နေကောင်းရဲ့လားဖေဖေ"ဟုစကားတခွန်း မေးဖော်မရသော သားသမီးသုံးယောက်ရှိသည်။ အတိုးရောအရင်းပါ ပြန်မဆပ်ရသေးသော ကြွေးအနည်းငယ်ရှိသည်။

နားထိုင်းပြီး ပစိပစပ်အလွန်များလှသောယောက္ခမတယောက်ရှိသည်။

၃။ ဖြတ်သန်းခြင်း

လေမဖြတ်ခင်တုန်းကတော့ အလွန် ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝတခုကို သူ ပိုင်ဆိုင်ခဲ့ဖူးပါသည်။

အဲဒီအချိန်တုန်းက လမ်းမတွေဟာ သူ့ရဲ့ယုံကြည်မှုတွေကို သန်မာတောင့်တင်းစေခဲ့ဖူးသည်။ ခရီးစဉ်တစ်ခုအတွက် ယာဉ်မောင်းထိုင်ခုံပေါ်မှာ ဝင်ထိုင်ပြီး စတီယာရင်ကို စူးစူးမြဲမြဲ ဆုပ်ကိုင်မိလေ တိုင်း သူ့ကိုယ်ခန္ဓာထဲမှာ စိတ်ချယုံကြည်မှု များဖြင့် အမြဲတမ်းပူနွေးလာခဲ့ဖူးသည်။ အဲဒီယုံကြည်မှုတွေနဲ့ပဲ ဆံပင်တွေ ဖွာလန်ကြဲပြီး အသားအရေနီစပ်စပ်နဲ့ လူတ ယောက်ရဲ့အတ္ထုပ္ပတ္တိကို လမ်းမတွေပေါ်မှာ သူ ရေးထိုးခဲ့ဖူးသည်။

အဲဒီခွန်အားတွေနဲ့ပဲ ပျော်ရွှင်စရာ ကောင်းတဲ့မိသားစုဘဝတခုကို ခက်ခက်ခဲခဲနဲ့ တည်ဆောက်လာခဲ့ရတာမဟုတ်လား။
အဲသလို စိမ်းလန်းတဲ့ရက်စွဲတချို့ကို ပိုင်ဆိုင်ဖို့အတွက် လမ်းမပေါင်းများစွာပေါ်မှာ နေ့ရောညပါ သူဖြတ်သန်းလာခဲ့ရတာ မဟုတ်လား။

သူဟာ လေမဖြတ်ခင်တုန်းက လှည်းဆွဲတဲ့ မြင်းတကောင်ထက်တောင် ပင်ပန်းခဲ့တယ်ဆိုတာ အဲဒီလမ်းမကြီးတွေ အသိဆုံးဖြစ်ပါသည်။

အခုတော့ လူတွေဟာ သူ့ကိုရော၊ သူ့အတ္ထုပ္ပတ္တိကိုရော မေ့လျော့ထားလိုက်ပုံရ သည်။ သူ့ဘဝထဲမှာ အခိုင်အမာရှိခဲ့ဖူးသောလမ်းမတွေကိုလည်း အမှောင်ကမ္ဘာတခုထဲသို့  အပြီးတိုင် ကန်ချပစ်လိုက်ပုံရသည်။

ပြင်ပနှင့်ဆက်သွယ်မှုပြတ်တောက်နေသောသူ့ဝန်းကျင်သည် ချောက်ချားစရာကောင်းလောက်အောင် အမြဲတမ်းငြိမ်ဆိတ် နေလေသည်။    
           
၎။ တံခါးများ  
သူ့ဘဝမှာ ပြတင်းတံခါးနှစ်ချပ်ရှိသည်။ တချပ်မှာ သူနှင့် သူ့မိသားစုကို အေးစက်စွာ ပိတ်ကာထားသော တံခါးဖြစ်ပြီး နောက်တချပ်မှာ သူနှင့်လောကကြီးကို ရံဆီးပိတ်ကာထားသော တံခါးဖြစ်သည်။

တခါတရံ သူ၏ အခန်းကျဉ်းလေးထဲမှနေ၍ သူ့သမီးအကြီးမက မွေးထားသော မြေးမလေး၏ အော်ဟစ်ငိုယိုသံများကို ကြားရတတ်သည်။ တခါတရံ တနေကုန်ဖဲလည် ရိုက်နေသော သူ့သမက်၏ မူးမူးရူးရူးနှင့် ဆဲဆိုသံများကို ကြားနေရသည်။ တခါတခါတော့လည်း မျက်စိလည် လမ်းမှားပြီး သတင်းလာမေးဖော်ရသော မိန်းမဘက်က ဆွေမျိုးတချို့၏ စကားသံများ ကိုလည်း ကြားနေရတတ်သေးသည်။

အဲဒီ သတင်းလာမေးတဲ့လူတွေဟာ သူ့ကို ဝင်ပြီးမကြည့်နိုင်လောက်အောင် သူဟာ သူ့မိသားစုရဲ့ ဒုက္ခအရင်းအမြစ်တခုဖြစ်နေခဲ့ပြီလား။

အဲဒီလိုစိတ်မျိုးဝင်လာလျှင်တော့ ကလေးငယ်လေးတယောက်လို ရှိုက်ကြီးတငင်နှင့် သူ ငိုကြွေးမိသည်။ ငိုပြီးသွားလျှင်တော့ မောမောနှင့် သူအိပ်ပျော်သွားတတ်ပါသည်။

သူ့မိန်းမကတော့ တနေ့လျှင် သူ့ဆီကို နှစ်ကြိမ်လာလေ့ရှိသည်။ နေ့လည်ထမင်း ပို့ချိန်နှင့် ညနေထမင်းပို့ချိန်တွင် လာခြင်းဖြစ်သည်။ ထမင်းပို့ချိန်ဟုဆိုသော်လည်း ထမင်းပေါ်တွင် ဟင်း အနည်းငယ်ပုံထားသောသံပန်းကန်ပြားတချပ်ကို သူ့ဘေးသို့လာချပေးခြင်းသာ ဖြစ်ပါသည်။

ကျန်သည့်အချိန်များမှာတော့ သူ့မိန်းမ ဘယ်ကိုရောက်နေမှန်း သူမသိပါ။

သူ့မိန်းမနှင့်သူဟာ တအိမ်တည်းမှာနေပြီး ဘဝခြားနေခဲ့တာ ကာလအတန်ကြာမြင့်ခဲ့ပြီပဲ။

သူ့သမက်ကတော့ ဖဲနိုင်လာသည့်ရက်မျိုးဆိုလျှင် လက်ဖက်ရည်လေး၊ မုန့်လေး၊ လိမ္မော်သီးလေး၊ ပန်းသီးလေး ဝယ်ခဲ့ဖော်ရသေးသည်။ ဟိုတလောလေးကတင်...

"ကျွန်တော်တယောက်လုံးရှိပါတယ်အဖေရာ.....ဘာမှ အားမငယ်ပါနဲ့ "ဟုသူ့ကိုအားပေး ပြီး သူပိုင်သည့် စက်ဘီးလေးကို ဖဲပေါင်ရိုက်ခဲ့သည်။ အဲဒီတုန်းက သမက်လုပ်သူကို သံကုန်ဟစ်ပြီး ဆဲတော့ သမက်လုပ်သူက ဒါဟာ မိသားစုဘဝ ရှင်သန်လှပရေးအတွက် တိုက်ပွဲဝင်ရင်း လက်လွန် သွားတာပါဟု သူ့ကိုပြန်ပြောခဲ့သည်။ သေစမ်းပါကွာ.....အယုတ်တမာကောင်။

ဒီလိုနှင့်ပဲ သူ့ဘဝဟာ နေ့တာတွေ ရှည်လျားခဲ့သလို ညတာတွေဟာလည်း စိတ်ပျက်စရာ ကောင်းလောက်အောင် ရှည်လျားလာခဲ့ပါသည်။

၅။ အိပ်မက်
ငြိမ်သက်နေသော အနက်ရောင်မြွေများ။ လီဘာကို သူ ဖိနင်းလိုက်တိုင်း ကားအောက်ထဲသို့ လျှောခနဲပြေးဝင်လာသော မြွေနက်များ၊ လမ်းဘေးမှ မိုင်တိုင်ဖြူဖြူလေးများ၊ ကဖေးဆိုင်များ၊ တည်းခိုခန်းများ၊ လေထိုးကျွတ်ဖာဆိုင်လေးများ၊ လိပ်ပြာမလေးများ၏တောင်ပံခတ်သံများ၊ ကားထဲသို့ လွင့်ဝင်လာသော မိုးရေစက်များ၊ မြူနှင်းပြာများ၊ မျှော်လင့်ချက်မိုးတိမ်များ၊ နှင်းခွဲမီးရောင်အောက်က ညများ၊ လွင့်ပြေးနေသောအလင်းတန်းများ၊ နေရောင်ဝတ်မှုန်များ၊ လရောင်ပန်းပွင့်များ၊ လူပေါင်းစုံ ကိုင်ထား၍ နံစော်ညစ်ပတ်နေသော ငွေစက္ကူများ၊ ငွေစက္ကူပေါင်းစုံနှင့် ထိတွေ့ထားသောကြောင့် ညစ်ပတ်နံစော်နေသော လူများ။ လူတချို့၏ ရယ်မောသံများ၊ လမ်းတချို့၏ ညည်းတွားသံများ၊ လူတချို့မောင်းနေသောကားများ၊ ကားတချို့မောင်းနေ သော လူများ...............................

သူ အိပ်မက်မက်နေရာက ဖျပ်ခနဲလန့်နိုးလာတိုင်း ဝါးထရံမှာ ကပ်ထောင်ထားသော ချိုင်းထောက်ကလေးက သူ့ကိုကရုဏာ သက်စွာနှင့် ငေးကြည့်နေလေသည်။

တခါတခါတော့လည်း  ချိုင်းထောက်ကလေးဟာ အိပ်ပျော်နေတဲ့ သူ့ကိုယ်ပေါ်မှာ သူနှင့်အတူ အိပ်မောကျလို့။

၆။ လမ်း
တညမှာတော့ နားထိုင်းပြီး ပစိပစပ် အလွန်များသော သူ့ယောက္ခမကြီး၏ စကား တခွန်းကြောင့် သူ ဒေါသ တော်တော် ထွက်သွားသည်။

"ငှက်ပျောတုံးကို ဆေးထိုးပေးတာကမှ လမ်းထလျှောက်ချင် လျှောက်လိမ့်ဦးမယ်။ ညည်းယောက်ျားကတော့ ဒီတသက် လျှောက်နိုင်ဖို့လမ်း မမြင်တော့ပါဘူးအေ။အဲဒီတော့ ညည်းလည်း တောင်တောင်အီအီတွေလျှောက်တွေးမနေနဲ့။ နောက်ယောက်ျားတယောက် ယူချင်ရင် ကောက်သာယူလိုက်။ ဘယ်တတ်နိုင်ပါ့မလဲအေ။ သတ္တဝါတခု ကံတခုပဲပေါ့။ ဒီလိုချည်း စခန်းဆက်သွားလို့ကတော့ ဘယ်ဖြစ်မှာလဲ"

ကြည့်စမ်း.....။ နှစ်ပေါင်းသုံးဆယ်ကျော် ကားမောင်းကျွေးခဲ့တဲ့ လူတယောက်ကို ဘေးမှာထားပြီး သူတို့ ဒီလိုစကားမျိုးကိုပြောထွက်ကြသလား။

တချိန်တုန်းက သူဟာ သူ့မိသားစုအပါအဝင် လူတွေရဲ့ မျှော်လင့်ချက်မျိုးစုံကိုနေပူမိုးရွာမရှောင် ဆောင်ကြဉ်းသယ်ပိုးလာခဲ့တဲ့ လူမဟုတ်ဘူးလား။ သူ့မိသားစုအတွက်လမ်းမတွေပေါ်မှာ ဘဝမှတ်တိုင်တွေ မတ်မတ်ခိုင်ခိုင် တတိုင်ပြီးတတိုင် ထူစိုက်ပေးခဲ့တာတွေကို လွယ်လင့်တကူနဲ့ သူတို့မေ့လျော့ပစ်လိုက်ကြပြီလား။

သူ့ကိုယ်ထဲမှာ ခုန်တိုးနေသောသွေးခုန်သံကို ဇူးလူးဗုံတိုခေါက်သံတခုလို အဆက်မပြတ် သူကြားနေရလေသည်။

အလကားလူတွေ.....လမ်းမတွေလောက်မှ သစ္စာတရားမရှိတဲ့လူတွေ။

လမ်းမတွေလောက်မှ သူ့အပေါ်နွေးထွေးကြင်နာမှု မရှိတဲ့လူတွေ။

သူ ပေါက်ကွဲပြီး အော်ဟစ်ရယ်မောပစ်လိုက်ချင်သော်လည်း မရယ်ဖြစ်ပါ။ ပြတင်းတံခါးရွက်မှ မြင်တွေ့နေရသော ညကိုသာ ငေးကြည့်နေမိသည်။ တအောင့်နေတော့ ကြယ်တွေသီးထနေသောညကို ငေးရီကြည့်နေရင်းက ဝမ်းနည်းလာလေသည်။

ညသည် ညဆန်စွာပင် အေးစက်စိမ်းနက်လျက်။

နှင်းမှုန်နှင်းစက်လေးတွေ ဖွဖွညင်ညင်အိကျနေသော နောက်တနေ့ နံနက်စောစောမှာတော့ အသက်ကင်းမဲ့နေသောသူ၏ ခန္ဓာကိုယ်ကို ချိုင်းထောက်ကလေးနှင့်အတူယှဉ်တွဲ၍ သူ့အိမ်သားတွေ တွေ့ရှိရပါသည်။

အေးစက်တောင့်တင်းနေသော သူ့အလောင်းကို တွေ့ရှိခဲ့သောနေရာမှာ သူ့ အိမ်နှင့် အတန်လှမ်းသော အဝေးပြေးလမ်းမကြီး ပေါ်၌ ဖြစ်လေသည် ။    ။
                               

နိုင်ဝင်းသီ
ချယ်ရီ / ၂၀၀၂ ၊ မတ်လ

တူမောင်ညို - အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်း - (၂)

$
0
0


တူမောင်ညို - အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်း - (၂) 
((၁၀၅) မိုင်က သေနတ်သံများ)
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၆

အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းမှာ သေနတ်သံတွေမြည်ဟိန်းနေပါတယ်။

ဒီလိုသေနတ်သံတွေ မြည်ဟိန်းနေတာ မဆန်းကျယ်ပါဘူး။ ဒီချုပ်ပါတီ “အစိုးရအာဏာ” မရခင်ကလည်း မြည်ဟိန်းနေခဲ့တာ ပဲလေ။ ၁၉၄၈ ကနေ စပြီး ဒီကနေ့အထိ သေနတ်သံတွေမကြားရတဲ့နေ့ရက် ဗမာပြည်မှာ ရှိခဲ့ဖူးလို့လား။ ဒီချုပ်ပါတီ အစိုးရအာဏာရရှိ လာခဲ့တဲ့ ( ၈ ) လတာမျှ ကာလအတွင်းမှာရော သေနတ်သံ တွေမကြားရတဲ့နေ့ရက်ရယ်လို့ရော ရှိခဲ့ဖူးလို့လား။ မရှိခဲ့ပါဘူး။

ဒီ (၁၀၅) က ပေါ်ထွက်လာတဲ့ သေနတ်သံတွေဟာ သီးခြားပေါ်ပေါက်လာတဲ့ အကြောင်းတရားသေနတ်သံ မဟုတ်ဘဲ။ နဂိုရှိနေတဲ့၊ မပြီးဆုံးနိုင်ဘဲရှိနေတဲ့ ပြည်တွင်းစစ်၊ ပြီးပြတ်ပြေလည်အောင် မဖြေရှင်းနိုင်သေးတဲ့ ပြည်တွင်းစစ်အခန်းဇာတ်လမ်းရှည်ကြီးက မွေးထုတ်ပေးလိုက်တဲ့ အကျိုးဆက်သေနတ်သံတွေပဲ ဖြစ်ပါတယ်။

(၁၀၅) မိုင်က သေနတ်သံတွေနဲ့အတူ ထူးခြားမှု ၃ ခုကို သတိပြုမိပါတယ်။

ပထမတစ်ခုက “ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲသိတယ်လေ” လို့ဆိုရမယ့် ဒီချုပ်ပါတီအစိုးရနဲ့ ပြည်သူတွေအကြားက ဆိုတဲ့ အနေအထားကို (၁၀၅) မိုင်ကသေနတ်သံတွေ အတိအလင်း ပုဒ်ဖြတ်ချပေးလိုက်တဲ့အချက်ပါ။

“ပြည်သူ့အစိုးရအနေဖြင့် ကိုယ့်အနေအထားနှင့်အခြေအနေကို စေ့စပ်သေချာစွာ ပြန်လည်စိစစ်သုံးသပ်ရန် အထူးလိုအပ်လိမ့် မည်ဟု ယူဆပါသည်” ဆိုတဲ့ ဝေဖန်တိုက်တွန်းချက်မျိုးတွေကို “ ပြည်သူ့အရေးဂျာနယ် ” အယ်ဒီတာ့အာဘော် ကနေရေးသားဖော်ပြလာ ပါတယ်။ ပြည်သူ့အရေးဂျာနယ်ဆိုတာ ပြန်ကြားရေးဝန်ကြီးဒေါက်တာဖေမြင့် အယ်ဒီတာအဖြစ် လုပ်ခဲ့ဖူးတဲ့ ဂျာနယ်ပဲလေ။

ဒုတိယတစ်ခုကတော့ “လူကြီးမင်း၏ စာတမ်းသည် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြဿနာရှိ သည်ဟုယူဆသောကြောင့်” ဆိုတဲ့ အကြောင်းပြန်ချက်နဲ့ “ဆိုင်းငံ့” လိုက်တဲ့ စာတမ်းများကိစ္စဖြစ်ပါတယ်။

ဆိုင်းငံ့တယ်ဆိုတာ (ယာယီအားဖြင့်ဖြစ်စေ) တကယ်တော့“ဆင်ဆာ” တမျိုးပါပဲ။ ဒီချုပ်ပါတီအစိုးရ၊ ပြန်ကြားဝန်ကြီးဌာနက လက်တွေ့ ကျင့်သုံးလိုက်တဲ့ ဆင်ဆာဖြတ်နည်း တစ်ခုလို့ ခေါ်ရမှာဖြစ်ပါတယ်။

“ခေတ်ပြိုင်သမိုင်းဆိုင်ရာစာပေစာတမ်းဖတ်ပွဲ” ဆိုတာကို ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပတာပါ။ အခုလို စာတမ်း တွေကို ဆိုင်းငံ့ဆင်ဆာနဲ့ တားမြစ်ပိတ်ပင်လိုက်တာဟာ အစိုးရရဲ့သဘောထားလို့ပဲ ယူဆရမှာဖြစ်ပါတယ်။

“လူကြီးမင်း၏ စာတမ်းသည် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြဿနာရှိသည်ဟု ယူဆသော ကြောင့် ” လို့ အတိအလင်းဆိုထားလေတော့ စာတမ်းတစ်ခု သို့မဟုတ် လွတ်လပ်စွာရေးသားဖော်ပြထားမှုတစ်ခုဟာ သေနတ်သံတွေ လိုပဲ ငြိမ်းချမ်းရေး ထိခိုက်စေပါသလား။ “ဓားသွား ထက် ကလောင်သွားထက်တယ်” ဆိုတဲ့စကားနေရာမှာ၊ မောင်းပြန်သေနတ်သံထက် စာတမ်းက ပိုကြီးကျယ်ကျယ်လောင်လောင်မြည်ဟိန်းနေပါလား။

“လူကြီးမင်း၏ စာတမ်းသည် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြဿနာရှိသည်” တဲ့။

“ဆိုင်းငံ့ဆင်ဆာ” အပေါ်မြင်တဲ့ အမြင်က ဒီလိုပါ။

“ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်ပြဿနာရှိသည်ဟုယူဆသော စာတမ်းများ” အပေါ်ဆင်ဆာဖြတ်လိုက်တာဟာ သီးခြား ကိစ္စတစ်ခုလို့ မမြင်ဘဲ။ မကြာမီ ( ၂၀၁၇ ခုဖေဖေါ်ဝါရီလမှ ကျင်းပမယ်ဆိုတဲ့) ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး စင်မြင့်မှာ တင်သွင်း ဖတ်ကြားကြအုံးမယ့် စာတမ်းတွေနဲ့ တွဲပြီးစဉ်းစားမိတာပါ။ အဲဒီမှာတင်ပြလာမယ့်စာတမ်းတွေကို အခုလိုပဲ ဆင်ဆာဖြတ်တောက်မှာဖြစ် တယ်လို့ ကြိုတင်သတင်းစကားပါးလိုက်တာနဲ့ နမူနာပြလိုက်တာပဲဖြစ်လိမ့်မယ်လို့ တွေးထင်ယူဆမိပါတယ်။

၂၁ ရာစု ပင်လုံ (ပထမအစည်းအဝေး) မှာ လွတ်လပ်ရေးနဲ့ အတူရှည်ကြာခဲ့တဲ့ ပြည်တွင်းစစ်နဲ့ ပြည်ထောင်စုဝေဒနာကို ၁၀ မိနစ်မျှရတဲ့ အချိန်ဒုလ္လဘ ကလေးအတွင်းမှာ မာရသွန်တင်ပြခဲ့ကြရပါတယ်။ ဒီလို တင်ပြတာကို စစ်အုပ်စုက လိုလားပုံမရဘူး။ အစာမ ကြေဘူး။ ဒါကြောင့် ကာချုပ်က (NCA) စာချုပ်တစ်နှစ်ပြည့်ပွဲမှာ “(NCA) ကို လက်မှတ်ရေးထိုးခြင်းမရှိဘဲ (NCA) စာချုပ်ပါ ကိစ္စရပ်များ ကို ကျော်လွန်ပြီး အမျိုးသားအဆင့်ဆွေးနွေးပွဲများသို့ သွားနိုင်ရန်ကြိုးစားနေခြင်းဟာ မဖြစ်သင့်ပါဘူး” သတိပေးခဲ့တာပါ။ ဆိုလိုချင် တာကတော့ (NCA) လက်မှတ် မထိုးရင် နိုင်ငံရေးဆွေးနွေးမှုနဲ့ နိုင်ငံရေးအရပါဝင်ဆောင်ရွက်မှုကို ခွင့်မပြုနိုင်ဘူးလို့ ပြောတာပါပဲ။

အထက်ပါ အချက်တွေနဲ့ ဆက်စပ်စဉ်းစားလိုက်တော့ ဆိုင်းငံဆင်ဆာကိစ္စဟာ “လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ် ငန်းစဉ်များတွင် ပြဿနာရှိသည်” လို့ (အစိုးရက) ယူဆရင် တင်သွင်းဖတ်ကြားခွင့်ပြုမှာမဟုတ်ဘူး ဆိုတဲ့ ကောက်ချက်ထွက်ပေါ်လာ စေပါတယ်။

တတိယထူးခြားချက်ဆီကို သွားကြပါအုံးစို့။

ဒီတတိယထူးခြားချက်ဆိုတာက တခြားမဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့စွဲနဲ့ထုတ်ပြန်လိုက်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကြေညာချက်အမှတ် (၁/၂၀၁၆) နဲ့ ပတ်သက်ပြီး ပြောချင်တာပါ။

ယခင်က သေနတ်သံတွေ၊ လက်နက်ကြီးပစ်သံတွေ၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်သံတွေ ပွက်ပွက်ဆူ နေခဲ့သော်လည်း ဘယ်လိုတုန့်ပြန်သံမှ ထွက်ပေါ်လာခဲ့ဖူးခြင်း မရှိခဲ့သော်လည်း (၁၀၅)မိုင်က ပေါ်ထွက်လာတဲ့သေနတ်သံတွေကတော့ တုန့်ပြန်သံတစ်ခုကို ရရှိစေခဲ့ပါတယ်။

ဘယ်သူက တုန့်ပြန်တာလဲ။ ဘယ်သူ့အသံလဲ။ ဒီမေးခွန်းအတွက် (NRPC)ကြေညာချက် အမှတ် (၁/၂၀၁၆) ကိုယ်၌မှာ ပါရှိတဲ့ အချက်တွေကို သုံးသပ်တင်ပြရင်း အဖြေပေးပါရစေ။

ဒီတုန့်ပြန်သံဟာ ဒီချုပ်ပါတီအစိုးရဆီက မဟုတ်ပါဘူး။ ပြည်ထောင်စုလွှတ်တော်ဆီကနေလာတဲ့ အသံလည်းမဟုတ်ပါ။

ဒေါ်အောင်ဆန်းစုကြည်မှာ ဦးထုပ် (၆) လုံးရှိပါတယ်။ (စတီဗင်ကိုဗေးရဲ့ ဦးထုတ်တွေကိုတောင် သတိရစရာ)

(NRPC) ဥက္ကဋ္ဌ ဆိုတဲ့ ဦးထုပ်

(UPDJC) ဥက္ကဋ္ဌ ဆိုတဲ့ ဦးထုပ်

နိုင်ငံခြားရေးဝန်ကြီး ဆိုတဲ့ ဦးထုပ်

အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ဦးထုပ် ( ဦးထုပ်လို့ သုံးရင်မသင့်တော်ပါဘူး။ “သရဖူ” လို့ဆိုမှသာ ဂုဏ်နဲ့ဒြပ်ကိုက်ညီမှာပါ)

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဆိုတဲ့ ဦးထုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဆိုတဲ့ ဦးထုပ်

ပူပူနွေးနွေး ပေါ်ထွက်လာခဲ့တဲ့ ကြေညာချက်အမှတ်(၁/၂၀၁၆) ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က (NRPC) ဥက္ကဋ္ဌ ဆိုတဲ့ ဦးထုပ်ဆောင်းပြီး ထုတ်ပြန်လိုက်တာပါ။

ဒီကြေညာချက်ရဲ့နောက်ထပ်ထူးခြားချက်ကတော့ ကြေညာချက်ထဲက စကားလုံး အသုံးအနှုန်းတွေပါပဲ။

နာကျင် အသည်းပေါက်ကုန်ကြတဲ့ အသုံးအနှုန်းတွေကတော့ “တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရွပ်ရွပ်ချွံချွံစွမ်းဆောင် မှုများကြောင့်” ဆိုတာနဲ့ “အပြစ်မဲ့အရပ်သားပြည်သူများပါ ထိခိုက်သေဆုံးဒဏ်ရာရရှိ” ဆိုတာတွေပဲဖြစ်ပါတယ်။ သေနတ်သံတွေနဲ့ အတူ တက်လာတဲ့ မေးခွန်းတွေက ယခင်တိုက်ပွဲတွေမှာလည်း အပြစ်မဲ့အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့တာပါပဲ အဲဒီတုန်း က ဘာကြောင့် တိတ်ဆိတ်နေခဲ့တာလဲ ဆိုတဲ့မေးခွန်းပါပဲ။

ဒီ စကားလုံးအသုံးအနှုန်းတွေ အပေါ်မှာ ကျနော်ကတော့ ဟောဒီလို မြင်ပါတယ်။

ပြည်သူ့ဆန္ဒ၊ ပြည်သူ့ရွေးချယ်မှုနဲ့ ပေါ်ပေါက်လာတဲ့ ဒီချုပ်ပါတီအစိုးရဆိုတဲ့ ထမင်းဦးပေါင်းလေးဟာ စစ်အုပ်စုနဲ့ စစ်ဗျူရို ကရေစီယန္တယား အိုးဟောင်းကြီးထဲထည့်လိုက်လို့ (ကိုယ်တိုင် အဲဒီချဉ်ဖတ်အိုးကြီးတွေထဲ ခုန်ဆင်းသွားလို့) ချဉ်သိုးသွားရတာပါပဲ။

ဘယ်သူမပြု မိမိမှုဆိုတဲ့စကားလိုပါပဲ။

တကယ်တော့ (၁၀၅)မိုင်ကနေ ပေါ်ထွက်လာတဲ့သေနတ်သံတွေပေါ် (NRPC)ကထုတ်ပြန်တဲ့ကြေညာချက်လောက်နဲ့ ရပ်တန့် မနေသင့်ပါဘူး။ (NRPC) ကတောင် အလေးထားနေရင်၊ နိုင်ငံတော်အစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်ကြီးကလည်း အရေးယူအလေးထား ပြီး လိုအပ်သလို ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။

ပြည်သူကရွေးချယ်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း တိုင်းရင်းသားပြည်သူတွေ အနှစ်နှစ်အလလ မျှော်ကိုးတောင့်တနေကြတဲ့ ငြိမ်းချမ်းရေးဆန္ဒ၊ ငြိမ်းချမ်းရေးအသံကို လွှတ်တော်ထဲမှာ ထင်ဟပ်စေသင့်တယ် မဟုတ်ပါလား။

“တိုင်းပြည်နဲ့အဝန်း ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်စဲကြပါရန် နိုင်ငံတော်အစိုးရ ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များအားလုံးထံ တိုက်တွန်းကြောင်းအရေးကြီးအဆို” တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ကြီးထဲမှာ ချက်ချင်းလက်ငင်းတင်ပြ ဖို့ မသင့်တော်ပေဘူးလား။ ဒီလို တင်ပြဖို့ ပြည်သူကရွေးချယ်စေလွှတ်လိုက်တဲ့၊ တာဝန်သိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တိုင်းမှာ တာဝန်ရှိတယ်လို့ အလေးအနက် ယူဆပါတယ်။ နှောင့်နှေးကြန့်ကြာနေဖို့ မသင့်တော်ပါဘူး။

တာဝန်သိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဒီလိုအရေးကြီးအဆိုကို လွှတ်တော်ကြီးက မျက်နှာလွှဲနေဝံ့မယ်မထင် သလို။ ဘယ်လိုလူစားတွေကလည်း ပြည်သူတွေရဲ့ငြိမ်းချမ်းရေးဆန္ဒ၊ ငြိမ်းချမ်းရေးအသံနဲ့ ဖီလာဆန့်ကျင်ပြီး၊ ကန့်လန့်တိုက်ပြီး ဒီအဆို ကို ကန့်ကွက်ဝံ့မှာ မို့လို့လဲ။

ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့လည်း “ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ ” အရ လုပ်ဆောင်နိုင် တာတွေရှိပါတယ်။ “တာဝန်နဲ့လုပ်ပိုင်ခွင့်တွေ”တရားဝင်ပြဋ္ဌာန်းပေးထားပြီးသားဖြစ်ပါတယ်။ တတိုင်းတပြည်လုံးကို လွှမ်းခြုံနိုင်တဲ့ တာဝန် တွေ၊ လုပ်ပိုင်ခွင့်တွေ ရှိပါလျက်သားနဲ့ (NRPC) ဥက္ကဋ္ဌဆိုတဲ့ ဦးထုတ်လေးဆောင်းပြီး ကြေညာချက်ထုတ်တာဟာ သဘာဝမကျပါဘူး။ မဆီလျှော်ပါဘူး။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ “သရဖူ” ကိုဆောင်းပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများထံ လိုအပ်တဲ့ အကြံဉာဏ်တွေ၊ တိုက်တွန်းချက်တွေပြုသင့်တာပါ။ ပြည်သူလူထံလည်း လိုအပ်သလို ပန်ကြားသင့် တာပါ။

အခုတော့ ဘယ်လို တစုံတရာတွေကြောင့်များ ဒီတာဝန်တွေကနေ လွှဲရှောင်သွေဖီနေရပါသလဲ လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို မေး ချင်ပါတယ်။

နိုင်ငံတော်သမ္မတကြီးနဲ့တကွ အစိုးရအဖွဲ့အနေနဲ့လည်း တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ လိုအပ် သလို တိုက်တွန်းတာ၊ မေတ္တာရပ်ခံတာတွေမလုပ်သင့်ပေဘူးလား။

ကြေညာချက်ထဲကထူးခြားချက် နောက်တစ်ခုကတော့ (AA)ရခိုင်တပ်မတော် ဆိုတာကို ထည့်သွင်းမထားတဲ့အချက်ပါပဲ။

“နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ”က ထုတ်ပြန်တဲ့သတင်းမှာလည်း (AA) မပါ ပါဘူး။ တမင်ရည်ရွယ် ချက်ရှိရှိမထည့်တာလို့ယူဆပါတယ်။တဖက်ကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ပါဝင်တိုက်ခိုက်တဲ့အဖွဲ့အစည်းတွေထဲမှာ(AA)နာမည် ပါ ရှိပါတယ်။ ကြေညာချက်စာရွက်ပေါ်မှာပဲပါပြီး လက်တွေ့တိုက်ပွဲတွေမှာ ပါ/မပါကတော့ ကာယကံရှင်တွေက ထုတ်ဖော်ရှင်းလင်းမှသာ သိရှိနိုင်မှာပါ။ အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီလို့ ဘယ်လိုပင် တံဆိပ်ကပ်ထားသော်ငြားလည်း သတင်းဇစ်မြစ်ကတော့ စစ်တပ်ပိုင်(မြဝတီ) ဖြစ်ပါတယ်။

ဒါတွေဟာ အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းပေါ်ကနေ ကြုံတွေ့လာရတဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုပါပဲ။

စစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ ကုမ္ပဏီကြီးနှစ်ခု တည်ရှိနေသမျှ အတားအဆီးတွေ၊ အနှောင့်အယှက်တွေ၊ အကန့် အသတ်တွေဟာ (ကာလ၊ ဒေသ၊ ပရောဂနဲ့အညီ) တံဆိပ်မျိုးစုံ၊ ပုံစံမျိုးစုံ မရိုးရအောင်ပေါ်ထွက်နေမှာပါ။

အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းမှာ သေနတ်သံတွေ၊ သွေးတွေ၊ မျက်ရည်တွေ၊ ပြည်သူတွေရဲ့ဘေးဒုက္ခတွေ အမြန်ဆုံး ရပ်စဲသွားနိုင်ပါစေ ။

ဆက်ရေးပါအုံးမယ်။

ဗိုလ်ထက်မင်း - တပ်မတော်ထဲ ဝင်ချင်စိတ် ဘာကြောင့် နည်းနေရတာလဲ? - အပိုင်း (၃) နိဂုံးချုပ်

$
0
0
တပ်မတော် BGF၊ KNU ၊DKBA တို့ပူးပေါင်း၍ မြ၀တီမြို့နယ် ထုံးတံတားရွာလမ်းခင်း။ ၁၀၊၁၁၊၂၀၁၅

ဗိုလ်ထက်မင်း - တပ်မတော်ထဲ ဝင်ချင်စိတ် ဘာကြောင့် နည်းနေရတာလဲ?  - အပိုင်း (၃) နိဂုံးချုပ်
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၆


၁၉။ ၁၉၈၈ခုနှစ်လူထုအုံကြွမှူအရေးအခင်းကြီးနဲ့ရွှေဝါရောင်အရေးအခင်းတွေမှာ စစ်အာဏာရှင်တွေရဲ့ ဖိအားပေးခိုင်းစေမှူ ဒဏ်ကြောင့် တပ်မတော်သမိုင်း ပုံရိပ်ကျဆင်းခဲ့ရပါတယ်။ စာရေးသူဆိုရင် ၁၉၈၈ ခုနှစ်က (ဆေးနဲ့ စက်မှု) တက္ကသိုလ်တို့မှ ကျောင်းနေဘက် သူငယ်ချင်းများနဲ့ ပါးစပ်အမြှူပ်ပြန်သည်အထိ ငြင်းခုံ စကားများခဲ့ရတယ်။ ဆူးလေရှေ့မှာ သစ်ပင်ကွယ်ပြီး ကျောင်းသားများ ပစ်ခံနေရတဲ့ ဗွီဒီယိုထိုးပြပြီး ပါမောက္ခတစ်ဦးက မေးခွန်းထုတ်တာကို ခံရပါတယ်။ စာရေးသူရဲ့ ဗိုလ်လောင်းတပတ်စဉ်ထဲ တချို့သူငယ်ချင်းတွေဆိုရင် အိမ်မှာ သူတို့မိဘတွေက ဓါတ်ပုံဝှက်ထားရတယ်လို့ သိရပါတယ်။ ထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့ လူမဆန်စွာ နှိပ်စက်မှု၊ အပြစ်မရှိသူတွေကိုပါ မစိစစ်ဘဲ ထောင်ချမှုတွေကြောင့် လူထုစိတ်က တပ်မတော်ကိုဘဲ သိမ်းကျုံး အပြစ်တင်ခဲ့ကာ လူးလိမ့်နေခဲ့ရပါတယ်။ ဒီဂယက်တွေကြောင့် တပ်ထဲဝင်လာမှူ နည်းပါးသွားပါတယ်။

၂၀။ အချုပ်ဆိုရသော် လူငယ်များ တပ်မတော်ထဲ ဝင်ချင်စိတ် နည်းသွားရတာဟာ အထက်ပါတင်ပြခဲ့တဲံ့ အ ကြောင်းအချက်များအရ ဖြစ်ပြီး ယနေ့ခေတ်မီဒီယာပွင့်လင်းလာချိန်မှာ ပိုလို့တောင် ဖုံးဖိလို့ခက်ခဲသွားပြီး  သတင်းပျံ့လွယ် သိလွယ်တာကြောင့် စိုးရိမ်သွားဟန်တူပါတယ်။ ဒါ့အပြင် တိုက်တွန်းချင်တာက တပ်မတော်ဟာ “အာဏာရှင် အဆက်ဆက် အသုံးချခံ” ဖြစ်တာမို့ ပါတီနိုင်ငံရေး လောင်းရိပ်မှ ကင်းလွတ်ပြီး ပြည်သူကို ကာကွယ်တဲ့ Professional Army ကိုသာ တက်လှမ်းသင့်ပါတယ်။ တပ်ချုပ် ကြွေးကြော်နေတဲံ့ Standard Army ဆိုတာဟာ လက်နက်ကိုင်သောင်းကျန်းသူများရှိနေလို့  နိုင်ငံတော် အာဏာ တစိတ်တပိုင်း ရယူထားပြီး ပြောတာလို့ နားလည်ပေမဲ့ ပြည်ပကဝယ်ဖို့ နိုင်ငံခြားကိုကြီး ထွက်ဖို့ အားသန်နေမဲ့အစား Standard Army မှာ အဓိကကျနေတဲ့ အုပ်ချုပ်ထောက်ပံ့မှု ကောင်းမှ စစ်ထဲဝင်လာကြမှာမို့ ဘတ်ဂျက်ခွဲတမ်းကို ပြန်လည်သုံးသပ်သင့်ပါတယ်။ တကယ်ကော တပ်တွေမှာ စစ်သားတွေ ပြည့်စုံပြီလား ဆိုတာမေးရင် အားလုံးနီးပါး ခေါင်းခါပါလိမ့်မယ်။ တပ်နေပျော်ရေး စီမံချက်တွေဟာ စာရွက်မှာဘဲ ရှိနေတုံးဘဲလား၊ လူပျိုဘားတိုက် အိမ်ထောင်သည် လိုင်းခန်းတွေအထိ ဆင်းကြည့်သင့်ပါတယ်။ တကယ်တော့ လေးလပတ် အစည်းအဝေးတခုမှာ ဦးသန်းရွှေ ဒေါကန်ဖူးတဲ့ တနှစ်လျှင် တပ်မ တခုစာလောက် စစ်ပြေးအင်အားရှိနေတာမို့ အဓမ္မ စစ်သားစုဆောင်းရေးထက် လက်ရှိသူတွေကို ထွက်မပြေးနိုင်အောင် သက်သာချောင်ချိရေးကောင်းကောင်းပေးပြီး  “ပျော်အောင်” ထားရင် ယနေ့ခေတ်မီဒီယာပွင့်လင်းလာချိန်မှာ လူငယ်များ အလိုလို အားကျလာကာ အသိစိတ်ဓါတ်နဲ့  ဝင်လာပါလိမ့်မယ်။

၂၁။ ဒီလိုအတိုင်းသာ ဆက်သွားနေပါက တပ်မတော်အရာရှိ(ငြိမ်း) ရဲကျော်သူရ ယူဆသလို Attitude  Mindset တွေ မပြင်ရင် စစ်မှုထမ်းမနေရ စနစ်လည်း အကောင်အထည်ဖေါ်ဖို့ မလွယ်ဖူး လို့ထင်ပါတယ်။  ယနေ့ခေတ် ပြောင်းနေပြီဖြစ်ရာ ၁၀တန်း မအောင်ဘဲ ကွန်ပျူတာ ကျွမ်းကျင်သူတွေ၊ IT လုပ်ငန်းနဲ့အသက် မွေးသူတွေ၊ မတရားမှူကို ရွံ့မုန်းတဲ့ လွတ်လပ်စွာနေခဲ့ရတဲ့ လူငယ်တွေကို ဆဲဆိုထိုးကြိတ်လို့ မရနိုင်တော့ တာဟာ ဟိုပုန်းကျောင်းဖြစ်စဉ်နဲ့ စစ်တက္ကသိုလ်ဗိုလ်လောင်း သေဆုံးဖြစ်စဉ်တွေက သတိပေးသလိုဖြစ်နေ
 ပါတယ်။ စစ်တပ်အမိန့်နာခံရေးစနစ် ပုံစံသွင်းတယ်ဆိုတာ နည်းမှန်လမ်းမှန် အပြစ်ပေးတဲ့စနစ်နဲ့သာ သွားသင့်ပါတယ်။ စစ်တပ်ထဲ ဝင်မည့် လူငယ်တွေဟာ ဒီလိုနိုင်ထက်စီးနင်းဖြစ်စဉ်တွေကြောင့် မိဘတွေက ဟန့်တားလာပြီး တွန့်ဆုတ်သွားပါမယ်။ အလားတူ ကျောင်းဆင်းစ ဒုဗိုလ်တွေဟာ စစ်မြေပြင် အတွေ့အကြုံ မရှိသေးခင်  လက်အောက်ငယ်သား ဆရာနဲ့ စစ်သည်များကို အာဏာပြ နိုင်ထက်စီးနင်းလုပ်မယ် ဆိုရင် နောက်ကျဉ်ဆံနဲ့ မိသွားနိုင်ပါတယ်။ ရှေ့တန်းမှာ ရဲဝံ့စွာလုပ်ပြနိုင်ပြီး အနစ်နာခံ ရဲဘော်ရဲဘက်သဖွယ် စံနမူနာပြလုပ်ပြမယ်ဆိုရင် စစ်သည်တွေဟာ အသေခံ ကာကွယ်သွားတဲ့ ဖြစ်စဉ်တွေဒုနဲ့ဒေးရှိပါတယ်။

၂၂။ ဒါ့အပြင် အသက်၄၀ပင် မကျော်သေးတဲ့ တပ်ရင်းမှူးတွေကို “အဘခေါ်ခိုင်းတဲ့စနစ်” ပြင်ရပါမယ်။  ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးတွေဟာ DSA၊ OTS ၊OTC အဆင့်၊ ကျောင်းတော်ကြီးစိတ် (ဒေါ်စိန်အေး) နဲ့ မခွဲခြားဘဲ  တန်းတူရည်တူ ညီအကိုလို ဆက်ဆံကာ တော်ရင်တော်သလို ၊ကောင်းရင်ကောင်းသလို ချီးမြောက်သင့်ပါတယ်။ ယနေ့ခေတ်မှာ တပ်ရင်းမှူး အသစ် ပြောင်းလာတဲ့သူဟာ ဘယ်ကျောင်းဆင်းဖြစ်တယ် ဆိုတာ  ရဲဘော်တွေကတောင် သိနေပြီဖြစ်ပါတယ်။ ပြည်သူချစ်တဲံ့ တပ်မတော်ဖြစ်အောင် အရင်ပြုမူရပါမယ်။ သဘာဝဘေးအန္တရယ် ကျရောက်တာမျိုးကျရင် တပ်မတော်သားများရဲ့ တက်ကြွစွာ ကယ်ထုတ်ပေးတာဟာ ပြည်သူနှလုံးသားထိမှန် စေပါတယ်။ မကြာသေးမီကမှ ရခိုင်ပြည်နယ် အကြမ်းဖက်ခံရလို့ နယ်မြေရှင်းလင်းရေး လိုက်လံဆောင်ရွက်ပေးတဲံ့ တပ်မတော်သားတွေကို ရမ်းဗြဲက ပြည်သူလူထုရဲ့ ထောက်ပံ့တဲ့ မေတ္တာရိပ် ရရှိသွားပါတယ်။ အထက်မှာ တင်ပြခဲ့သလို ကတိကဝတ်တည်မှု၊ အုပ်ချုပ်ရေး၊စီမံခန့်ခွဲ့ရေးအားနည်းချက်၊တွေကို ဖြည့်ဆည်းပေးကာ သက်သာချောင်ချိရေး ထိုက်သင့်သလို လုပ်ဆောင်ပေးမယ်ဆိုရင် စစ်တပ်ထဲ ဝင်သူပေါ်လာ လိမ့်မယ်။ အဆိုပါလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့  ပိုက်ဆံ ဘယ်မှာလဲ လို့မေးလာနိုင်ပါတယ်။ အဖြေက လွှတ်တော်မှာ ကာကွယ်ရေး ဘတ်ဂျက် တိုးတိုးပြီး တောင်းနေရတာ ရှိပြီး နိုင်ငံတော် လုံခြုံရေးအရ နိုင်ငံတကာနဲ့ခေတ်မှီ ရင်ဘောင်တန်းအောင် စစ်လက်နက်ပစ္စည်း၊ ယာဉ်တွေ ဖြည့်တင်းနေတယ်လို့အကြောင်းပြချက်ဟာ အတိုင်းအတာ တခုအထိ မှန်ပေမဲ့ အုပ်ချုပ်ထောက်ပံ့မှူကိုလည်း ပစ်မထားဘဲမျှမျှတတသုံးပါ လို့ဆိုချင်ပါတယ်။ ပြည်ပက ဖြည့်တင်းဝယ်ယူနေရစတမ်း ဆိုရင် နိုင်ငံဘတ်ဂျက် အကုန်ပေးတာတောင် လောက်ငှမှာ မဟုတ်သလို အထက်ပါ သက်သာချောင်ချိရေးအတွက် ဘတ်ဂျက်ကို အနည်းငယ်သာ သုံးမည်ဆိုပါက Standard Army  ဖြစ်မလာနိုင်ဘဲ စစ်တပ်ဆိုရိုးစကားလို US PLAN နဲ့ အီကော ADMIN သွားနေတာဘဲ ဖြစ်ပါတော့မယ်။

၂၃။ အဆိုပါ ဘတ်ဂျက်နဲ့ပြည်ပမှ ဖြည့်တင်းနေတာကြောင့် အုပ်ချုပ်ထောက်ပံ့မှူ လစ်ဟာနိုင်ဖွယ်ရာ ဆက်စပ်နိုင်တဲ့ ဖြစ်စဉ်တခု ဆောင်းပါးလက်စသတ်ချိန်မှာ တက်လာပါတယ်။ မကြာသေးခင်က ရခိုင်ပြည်နယ်၊ မောင်းတော စစ်ဆင်ရေးနယ်မြေမှာ ဒုတ်ဒါး၊ လက်နက်ငယ် ကိုင်ထားတဲ့ ဘင်္ဂလီအကြမ်းဖက် အလုံးအရင်းနဲ့  တပ်မတော် တိုက်ပွဲမှာ တပ်ရင်းမှူးအဆင့် ကျဆုံးသွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမှုမီဒီယာပေါ်မှာ တင်လာတဲ့ တပ်မတော်အရာရှိ(ငြိမ်း) ငွေစိုးက မချိတင်ကဲ ဝေဖန်လိုက်တာကို ဦးစွာ တင်ပေးလိုက်ပါ့မယ်။

အခုတော့ မြန်မာ့တပ်မတော်အနေနဲ့ ဘယ်လိုတွေ ဘယ်ညာတွေ ဖြစ်ကုန်ကြပြီလဲ ။ ခေါင်းဆောင်ရဲ့ ကွပ်ကဲ ကြီးကြပ်မှု ညံ့ဖျင်းလွန်းလို့လား။ ခေါင်းဆောင်စိတ် မရှိတော့လို့လား ။ ရဲဘော်ရဲဘက်စိတ်တွေ မရှိတော့လို့လား ။ စစ်ရေး စွမ်းရည် ညံ့ဖျင်းသွားတာလား ။

ကျုပ်တို့ရှေ့က စစ်သားအိုကြီးတွေတောင် အငတ်ငတ်အပြတ်ပြတ် အစုတ်စုတ် အပဲ့ပဲ့ ဘ၀တွေမှာတောင် စစ်သွေးစစ်မာန် တက်ကြွရင်း မြန်မာ့သတ္တိကို ပြခဲ့ကြတယ် ။

အခုတော့ ရုပ်ပိုင်းဆိုင်ရာပြည့်စုံပြီး စိတ်ပိုင်းဆိုင်ရာတွေ ကျဆင်းနေလို့လား ။ စစ်ရေး လေ့ကျင့်ရေး အုပ်ချုပ်ရေးတွေကို စာရွက်ပေါ်မှာ မညာတမ်း ပြန်လည် ဆန်းစစ်သင့်ပြီ ။ သုံးသပ်သင့်ပြီ ။
မှားတော့ မှားနေတယ်ဗျ ။

ပြည်ပစစ်ကို မပြောနဲ့ ကိုယ့်ပြည်တွင်းမှာ ရှိနေတဲ့ ဒီ မဖြစ်စလောက် လက်နက်ကိုင်လူနည်းစုကလေးကိုတောင်မှ ကျုပ်တို့ တပ်မတော်ကြီးက နိုင်အောင် အမြစ်ပြတ်အောင် မတိုက်ခိုက်နိုင်သေးဘူးဆိုရင် ပြည်ပရန်ကာကွယ်ရေး ဆိုတဲ့ မြန်မာ့တပ်မတော်ကြီးရဲ့ ရည်မှန်းချက်ကြီးက လေထဲမှာ တိုက်အိမ် ဆောက်သလို ဖြစ်နေတော့မယ် ။ 
ဒီအတိုင်း မပြုပြင် မထိန်းကျောင်းဘဲ သွားနေရင်တော့ တိုင်းပြည်ဟာ ရေတိမ် နစ်တော့မယ် ။ လက်နက်ဆန်း လက်နက်ကြီးတွေ ၀ယ်ယူဖြည့်တင်းနေရုံနဲ့ ခေတ်မီတပ်မတော်ကြီး မဖြစ်ဘူးဗျ ။ လက်နက်ဆန်းတွေကို ပစ်တတ် ခတ်တတ်အောင်လည်း ပညာအရည်အချင်းတွေ ပြည့်စုံမှ ဖြစ်မယ် ။ ကမ္ဘာ့နိုင်ငံအသီးသီးက အောက်ခြေစစ်သား အဆင့်လောက် ရဲဘော်လောက်က ရဟတ်ယာဉ်မောင်းတတ်နေတဲ့ အခြေအနေမှာ ကိုယ့်ဆီက ရဲဘော်တွေက စက်ဘီးတောင် ကောင်းကောင်း မစီးနိုင်တဲ့ ဘ၀အခြေအနေနနဲ့ အသိဉာဏ် နည်းမှုတွေနဲ့ ရင်ဆိုင်နေကြရတယ် ။ 
ရဲဘော်တစ်ယောက်ကို ကားမောင်းခေါ် သွားဘူးတယ် ။ ရည်မှန်းနေရာရောက်တော့ ကျုပ် ကားပေါ်က ဆင်းသွားပေမယ့် သကောင့်သားအနှီးရဲဘော်က ကားပေါ်က မဆင်းနိုင်ဘူး ။ မဆင်းနိုင် မဆင်းနိုင်နဲ့ သေချာမေးကြည့်တော့မှ မင်း ဘာလို့ မဆင်းသေးတာလဲလို့ မေးကြည့်မှ ကားတံခါးကို မဖွင့်တတ်လို့တယ် တဲ့ ဆိုပဲဗျာ ။ ကျုပ် စိတ် မကောင်း ဖြစ်ခဲ့ရတယ် ။ 
ဒါမျိုးတွေ ... စိတ်ဓာတ်တွေကို ခိုးမစားအောင် ၊ လုံးပါး မပါးအောင် ကျုပ်တို့ ပြည်သူတွေ ချစ်မြတ်နိုးတဲ့ တပ်မတော်ကြီးအနေနဲ့ ခေတ်နဲ့အညီ ပြောင်းလဲ တိုးတက်ဖို့တော့ လိုအပ်မယ် ထင်တယ် ။ 
ရှေ့လျှောက် တွေးလေ ရင်ထိတ်လေပဲဗျာ ။
ငွေစိုး

၂၃။ စာရေးသူက သုံးသပ်တင်ပြလိုတာက တပ်ရင်းမှူးရှေ့မှာ လက်ဖြောင့်၊ တပ်ခွဲ၊ တပ်စု၊ တပ်စိတ် အဆင့်ဆင့် ကာထားရာ ကိုးကန့်တပ်တွေလို လက်ဖြောင့် sniper သုံးနိုင်တဲ့ အနေအထားမျိုး ဘင်္ဂလီ အကြမ်းဖက်သူတွေ မရှိနိုင်သေးတာမို့ တပ်ရင်းမှူးကို ပစ်ဖို့ အတော်ခက်ခဲမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆောင်းပါးမှာ တင်ပြထားသလို အထက်ဌာနကို တိုက်ခိုက်ရေး စစ်ထွက်အင်အား စာရင်းကို စာရွက်ပေါ်မှာ ပြထားတတ်တာမို့စစ်ကြောင်းမှာ ထုံးစံအတိုင်း မြေပြင်ကျတော့ စစ်သည်ပါဝင်မှု၊ ရှေ့တန်း စစ်ထွက်အင်အား နည်းပါးမှု ကြောင့် တပ်ရင်းမှူး ကိုယ်တိုင် ရှေ့တန်းကျကျ point နားရောက်နေတာဖြစ်နိုင်ပြီး ပစ်ခံရတာ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုတော့ ကျဆုံးသွားတဲ့ ညီငယ်အရာရှိ (တပ်ရင်းမှူး) ကို အပြစ်တင်တာ လုံးဝမဟုတ်ဘဲ ယနေ့ခေတ်ဗျူဟာမှူးမှ သည် တပ်ချုပ်အထိ ဒီလိုစစ်ထွက် အင်အားတပ်တွေမှာ စာရင်းထက် နည်းနေတာကို သိလျှက်နဲ့လက်လွှတ်စပယ် မခိုင်းသင့်သလို ၊ အုပ်ချုပ်ထောက်ပံ့မှု ပျက်ကွက်နေတာ တာဝန်ခံမှု၊ တာဝန်ယူမှု လိုအပ်နေတယ်လို့ယူဆပါတယ်။ အဆုံးထိ သင်ခန်းစာ ဖေါ်ထုတ်လိုက်ရင် တပ်အင်အား ပြည့်ဝဖို့ လူထုကို စည်းရုံးပြီး တပ်ကို အုပ်ချုပ်ထောက်ပံ့မှု ကောင်းအောင် ဘယ်လိုလုပ်မလဲ၊ စစ်လက်နက်ပစ္စည်း၊ ယာဉ်တွေ ဝယ်ယူရာမှာ မရှိမဖြစ်၊အရေးကြီး လိုအပ်တာကိုဘဲ ဝယ်သင့်ပြီး ကျန်တာကို တပ်မတော် အတွင်း အုပ်ချုပ်ထောက်ပံ့မှုအတွက် ဘတ်ဂျှက် ခွဲတမ်း ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတာ နည်းလမ်းရှာဖွေဖို့ဘဲ သုံးသပ်ပါတယ်။

၂၄။ တဖန် ယခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့  မူမမှန်မှု၊ သြဇာ အာဏာနယ်ပယ် ချဲ့ထွင်မှူ၊ ပြည်သူလူထုအား အဓမ္မ အခွန်ကောက်ကြမ်းမှုနဲ့ လူသစ်စုဆောင်းမှု၊ ပြည်သူလူထု တောင်းဆိုမှူကြောင့်၊ အစိုးရရဲ့ အချုပ်အချာအာဏာထိပါးမှု ကြောင့် တပ်မတော်က ကာကွယ်စောင့်ရှောက် နေရတယ်၊ တရားသော စစ်ဆင်နွှဲနေတာဖြစ်တယ် ဆိုတဲ့ သဘောတရားအမြင်ကို လူငယ်တွေ သိရှိနားလည်းအောင် မီဒီယာနဲ့ တုံ့ပြန်မှူ အားနည်းနေပါသေးတယ်။ တိုင်းရင်းသားလက်နက်ကိုင်တချို့ကဘဲ တပ်မတော်ကဘဲ တဖက်သတ် တိုက်ခိုက်နေသယောင် ဝါဒဖြန့်နေတာ ခံနေရပါတယ်။ MNDAA နဲ့တိုက်ပွဲတွေမှာ လူထုပါလာတာကို နမူနာယူပြီး တိုက်ပွဲဖြစ်စဉ်တိုင်း လူထုထံ ချပြကာ စိတ်ဓါတ်စစ်ဆင်ရေး ကက(ပြည်)မှ စည်းရုံးလှူံ့ဆော်မယ်ဆိုရင် လူငယ်များ မျိုးချစ်စိတ်ဓါတ် နိုးကြားတက်ကြွကာ စစ်ထဲဝင်ရောက်လာမှူ အလားအလာမြင်ပါတယ်။

ဒါကြောင့် ထိပ်ပိုင်းလူကြီးများအနေနဲ့ မိမိချမှတ်ထားတဲ့မူဝါဒကို ပြန်လည်သုံးသပ်ကာ အထက်တင်ပြပါ အချက်အလက်တွေကို ပြုပြင်လိုက်ပေးမည်ဆိုပါရင် W.E ပြည့် စွမ်းရည်တောင့်တင်းတဲ့ ပြည်သူချစ်တဲ့ တပ်မတော်တရပ်ဖြစ်လာမှာ ဧကန်မလွှဲဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

(ပြီးပါပြီ)

ကာတွန်း မင်းထက်လူ - မရပ်တော့ဘူး တဲ့

$
0
0

ကာတွန်း မင်းထက်လူ - မရပ်တော့ဘူး တဲ့
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၆

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - One for All

$
0
0

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - One for All
(Academic Weekly Journal, Yangon) မိုးမခ၊ နိုဝင်ဘာ ၂၆၊ ၂၀၁၆

မောင်မောင်စိုး - ပြည်တွင်းစစ် အခြေခံ

$
0
0


မောင်မောင်စိုး - ပြည်တွင်းစစ် အခြေခံ
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၆

တိုင်းရင်းသားလက်နက်ကိုင်များနှင့်တိုက်ပွဲများ မြန်မာပြည်မြောက်ပိုင်း၌ ပြန်လည်ဖြစ်ပွါးလာပြီးနောက် ပြည်တွင်းစစ်နှင့်ပတ်သက်၍ သုံးသပ်ကြရာတွင် မတူသောအမြင်များစွာကိုတွေ့ရသည်။ ထိုအမြင်များထဲမှ တခုမှာ ပြည်တွင်းစစ်များသည် သယံဇာတခွဲဝေမှု များတွင် အခြေခံသည်ဆိုသည့်အချက်ဖြစ်သည်။ မိမိအနေ
နှင့် ထိုအမြင်သည် လက်တွေ့မကျ သည့်ပြင် ထိုသို့သောစဉ်းစာကြည့်မြင်မှု ပေါ် အခြေခံက ပြသနာကို မှန်ကန်စွာမဖြေရှင်းနိုင်ဟုယူဆပါသည်။

လက်တွေ့ မြန်မာပြည် ပြည်တွင်းစစ်အစတွင် တွေ့ရသည့် ဗမာပြည်ကွန်မြူ နစ်ပါတီ အလံနီကွန်မြူ နစ်ပါတီ ပြည်သူ့ရဲဘော်တို့နှင့် ဖြစ်ပွါးသောစစ်ပွဲများသည်  အယူဝါဒအပေါ် အခြေခံပါသည်။ အလားတူ ၁၉၄၉ ခုနှစ် ကရင်တို့၏ပုန်ကန်မှု စတင်ချိန်တွင် ဟတ်ကြီးရေကာတာဆိုသည်မှာ မရှိသေးပါ။ ၁၉၅၈ ခုနှစ် ရှမ်းတို့၏
ပုန်ကန်မှု စတင်စဉ်က မိုင်းရှူးရတနာမြေမရှိသေးပါ ။ သံလွင်မြစ်ပေါ်မှ ရေကာ တာ စီမံကိန်းများမရှိသေးပါ။ ၁၉၆၁ ခုနှစ် ကချင်ပုန်ကန်မှု စတင်စဉ်က မြစ်ဆုံစီမံကိန်းမရှိပါ။ ဖါးကန့်ဒေသ ရေပမ်းစားရန် အချိန် များစွာလိုပါသေးသည်။

လက်ရှိတိုင်းရင်းသားတို့နှင့်ဖြစ်ပွါးသည့် လက်နက်ကိုင် ပဋိပက္ခသည် မည်သည့်အပေါ်အခြေခံပါသနည်း။ မိမိအမြင်ကတော့ နိုင်ငံရေးပြသနာပေါ်အခြေခံပါသည်။ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအပေါ်တွင် အခြေခံပါသည်။ လက်နက်ကိုင်တိုက်ပွဲရှည်ကြာ၍ ဖြစ်ပေါ်လာသော ဘတ်ဂျက်ပြသနာသည် နောက်ဆက်တွဲပြသနာဖြစ်ပါသည်။

ပြသနာအခြေခံကို မှန်ကန်စွာမြင်မှ ပြသနာကို မှန်ကန်စွာဖြေရှင်းနိုင်ပါလိမ့်မည်။ အကယ်၍ နိုင်ငံရေးပြသနာအခြေခံကို မဖြေရှင်းဘဲ သယံဇာတ ခွဲဝေရေးသည် ပြသနာဖြေရှင်းရေး၏ အခြေခံဟုယူဆပါက မှန်ကန်စွာဖြေရှင်းနိုင်လိမ့် မည်မဟုတ်ပေ။ သယံဇာတ အနည်းအကျ ဉ်းခွဲဝေပေးခြင်း သို့မဟုတ် အခွင့်အရေး အချို့ပေးခြင်း သို့မဟုတ် ကားပါမစ်ပေးခြင်းဖြင့် လက်ရှိ တိုင်းရင်းသားတို့နှင့်ဖြစ်ပွါးသည့် လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။

မောင်မောင်စိုး (Mg Mg Soe )

Photo - တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံ ။ နေပြည်တော်၊ နိုဝင်ဘာ ၂၅
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>