Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၄)

$
0
0

မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၄)
ကျူရှင်ပေါ်လာရခြင်းအကြောင်းရင်းထဲမှာ ပညာရေးစနစ်ဟာတရားခံပဲ
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၆

ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။
=====

မာန် ။ ။ နယ်တွေမှာပြဿနာတက်တာလည်း အဲဒါတွေပဲဆရာ၊ ကျနော်တို့ခရမ်းသုံးခွနယ်ဘက် ကျောင်းတွေဆိုပါတော့၊ အမှတ်(၁)ရှိမယ်၊ မြို့မကျောင်းဆိုတာတွေရှိမယ်၊ အဲဒီလိုကျောင်းတွေမှာ ရှိတဲ့ ဆရာဆရာမတွေက အခြားတောနယ်ဘက်က ဆရာဆရာမတွေထက် အခွင့်အရေးသာတယ်။

နံပါတ်တစ်က ကျူရှင်သင်ခွင့်ရတယ်ဆရာ၊ ဆရာမက မသင်ချင်ပါဘူးဆိုတာတောင်မရဘူး၊ မိဘကအတန်းပိုင်ဆရာမဆီမှာ အတင်းလာအပ်တယ်၊ အဲဒီလိုပုံစံမျိုးတွေဖြစ်တယ်၊ နောက် ဒီထက်အခွင့်အရေးသာတာက မြို့ကကျောင်းကြီးတွေမှာက ပွဲတွေလမ်းတွေနဲ့မွေးနေ့ကိစ္စ၊ အာစရိယ ပူဇော်ပွဲ၊ ဘာကိစ္စညာကိစ္စ၊ ပေါင်းရေးသင်းရေးသွားရေးလာရေးကိစ္စက အစ သာတယ်၊ အဲဒီတော့အဲဒီလိုကျောင်းကြီးတွေကိုရဖို့ ဆရာဆရာမတွေ တိုးဝင်တယ်၊ သူ့ထက်ငါ ရချင်တယ်၊ ရွာဘက်တွေဆင်းရဲချို့ငှဲ့တဲ့နေရာတွေမှာကျတော့ ဆရာဆရာမတွေကြာကြာမနေချင်ဘူး၊ မနေချင်ပေမဲ့လည်း မနေလို့တော့မရပါဘူး ၊ နှနှစ်နေရတယ် သုံးနှစ်နေရတယ်၊ ပြီးတာနဲ့ ပညာရေးမှူးကို ပိုက်ဆံပေးတယ်၊ မြို့ကျောင်းတွေကိုပြောင်းကြတယ်၊

အဲဒီတော့ တောနယ်မှာ ကျန်ခဲ့တဲ့ကလေးတွေက ပညာရေးကိုအကုန်မရတော့ဘူး၊ ဆရာမတွေကလည်း နှနှစ်သုံးနှစ် သင်ပြီးရင် ပြေးပြီ၊ ဝတ်ကျေတန်းကျေသင်ခဲ့တယ်၊ သူ့သက်တမ်းလေးအတွင်းမှာပေါ့၊ ပြီးရင် မြို့ကိုရွေ့ကြတယ်၊ ရွာက ကလေး တွေမှာ သူတို့တွေအခြေခံကောင်းကောင်းမရကြဘူး၊ မူလတန်း၊စောစောက ဆရာပြောသလို အင်မတန်အရေးကြီး တဲ့မူလတန်းတွေ၊ ဘာမှတကယ်မရလိုက်ဘူး၊ လေးတန်းအောင်ရင် မြို့ကျောင်းကိုသွားတက်ပြီ၊ တချို့ရှစ်တန်းအောင်ရင်သွားတက်ကြပြီ၊ အဲဒီမှာ မြို့ကျောင်းကဆရာဆရာမကထုတော့တာပဲ၊ နင်တို့ဒါလေးတောင် မသင်ထားဘူးလား၊ am,is,are, was,were တောင်မသိဘူးလားနဲ့ ထုရော/ ကလေးတွေက တကယ်မသိတာဆရာ၊ အခြားဘာသာတွေလည်း အဲဒီလိုပဲ၊ ဘာမှအခြေခံပါမလာဘဲ ကလေးတွေက အလယ်တန်းရောက်လာ အထက်တန်းရောက်လာတယ်၊ မြို့ကျောင်းကထုတော့ ကလေးတွေက ကျောင်းမတက်ချင်တော့ဘူး၊ မတက်ချင်လည်း မိဘကလွတ်တော့ တက်ရတယ်၊

ဒါပေမဲ့ ကလေးတွေကကျောင်းမှာမပျော်ဘူး၊ မြို့ကျောင်းမှာဆက်မတက်ချင် တော့ဘူး၊ နောက်ဆုံးကျောင်းထွက်ကုန်ကြ တယ်၊ အဲဒီပြဿနာတွေလည်းရှိတယ်ဆရာ၊ အဲဒီအပေါ်ဆရာ့ အမြင်ပြောပါဦး။


မင်းသစ် ။ ။ ကျနော့်အမြင်ပြောပါဆိုရင် ပြောရမယ်ဆိုရင်တော့ စခန့်ကတည်းက လူတွေ့စစ်ဆေးပြီး ခန့်ပေါ့။ စာရွက်နဲ့မခန့်နဲ့၊ ဒီရွာသွားရမယ်၊ နေနိုင်လား၊ သွားနိုင်လား၊ သုံးလေးနှစ်နေရမယ်၊ နေနိုင်လား၊ နော်၊ ဟုတ်ပြီလား။ နောက်ပြီးတော့ အဝေးကိုသွားသင်တဲ့ဆရာဆရာမတွေကိုပိုက်ဆံပိုပေးရမယ်ဗျ၊ ဘာပဲပြောပြော ခရမ်းသုံးခွ ဟိုဘက်က ရွာတွေဆိုတာ ဘာထူး တုန်း၊ ခင်ဗျားနယ်ခြားသွားသင်ရတာနဲ့ဘာထူးတုန်း၊ အဲဒီတော့၊ အဲဒီလိုဆရာဆရာမတွေကို ကျနော်က တောဘောနပ်စ်ပေါ့၊ လစဉ်နော် လစဉ်၊ အဲဒါပိုပေးသင့်တယ်လို့ ကျနော်ထင်တယ်၊ အဲဒီဘောနပ်စ်ကိုပါ စာချုပ်ထဲထည့်ချုပ်ရမယ်။ ပေးကိုပေးရမယ်။ သူ့ဘက်ကပျက်ကွက်လို့ရှိရင် ထုတ်ပစ်လိုက်၊ နောက်တယောက်လာလိမ့်မယ်၊ နောက်တယောက်ထပ်ချုပ်။ ကျနော်တော့ အဲဒီနည်းပဲကြိုက်တယ်။

မာန်။ ။ တချို့ရွာတွေကျတော့ကြတော့သိပ်ခံရတယ်ဆရာ၊ ကျနော်စောစောကစကားဆက်ဦးမယ်၊ ဥပမာ ရွာတရွာပေါ့၊ အဲဒီရွာကကျောင်းမှာ ကျောင်းသားရှစ်ဆယ်ရှိတယ်၊ ဒါဆိုရင် ဆရာဆရာမ လေးဦးငါးဦး ရှိရမယ် စသဖြင့်ပေါ့၊ ဒါပေမဲ့ မရှိဘူးဆရာ၊ စာရင်းထဲမှာရှိတယ်၊ တကယ်သွားကြည့်ရင် မရှိဘူး၊ စစ်ဆေးရေးကလည်းမစစ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မြို့နယ် ပညာရေးဌာနကဆင်းပြီး စစ်ရတာကိုး၊ အဲဒီမှာမြို့နယ်ပညာရေးဌာနနဲ့ ကျောင်းအုပ်နဲ့ပေါင်းပြီး အစိုးရလစာကို ပေါ်ပေါ်တင်တင်ပဲ လိမ်စားကြတယ်၊ ဆရာဆရာမက ရွာကိုနှစ်ရက်သုံးရက် လာတယ်၊ ဆရာမကြီးကလည်း သူ့ကျောင်းမှာ ဆရာဆရာမအပြည့်ရှိတယ်ပေါ့၊ လစာကိုလိမ်ထုတ်တယ်၊ အဲဒီကကလေးတွေရဲ့ဘဝဟာ တော်တော်သနားစရာကောင်း တယ်၊ ရွာပါနစ်နာတာပေါ့ဆရာ၊ အဲဒီရွာကလူတွေထဲက နည်းနည်းပါးပါး ပေါက်ပေါက်ရောက်ရောက် ရှိတဲ့သူက တိုင်မယ် တောမယ်လုပ်တဲ့အခါကြရင် ပညာရေးမှူးက ဘာပြောလဲဆိုရင်၊ ခင်ဗျားတို့ ကျောင်းပါ ဖြုတ်ပစ်လိုက်မယ်၊ သူကလုပ် ပိုခွင့်ရှိတယ်ဆရာ၊ ဒီကျောင်းက ကျောင်းသားမပြည့်စုံလို့၊ အဆောက်အဦမရှိလို့၊ ဘာမပြည့်စုံလိုဘာညာနဲ့ ကျောင်းကို ဖြုတ်ပစ်ရင်အဲဒီရွာနှစ်ခါနာဦးမယ်၊ ဒါတွေက ပညာရေးမှူးလက်ထဲမှာရှိတယ်၊ ဘာမှလုပ်လို့မရတဲ့အဆုံး နှစ်တိုင်နှစ်တိုင်းခံနေရတဲ့ ရွာတွေ အများကြီးရှိတယ်ဆရာ၊ တချို့ဆရာမတွေ မြို့မှာပဲကျူရှင်သင်တယ်၊ ရွာကျောင်းက ဆားဗစ်ယူထားတယ်၊ အဲဒီလိုမျိုးတွေဆရာ။

မင်းသစ် ။ ။ ကျနော်ပြောမယ်ဗျ၊ ကျူရှင်ပေါ်လာရခြင်းအကြောင်းရင်းထဲမှာ ပညာရေးစနစ်က တရားခံပဲ၊ ဆယ်တန်းအောင်မှတ်နဲ့တက္ကသိုလ်ဝင်ခွင်ဆုံးဖြတ်လိုက်တယ်၊ အဲဒီမှာ မြန်မာစာတောင် ကျူရှင်ယူရတဲ့ဘဝရောက်တာ၊ ကျနော် တို့တုန်းက မရှိဘူး၊ သူ့ဟာသူ ဘယ်နှမှတ်နဲ့အောင်ခဲ့ အောင်ခဲ့၊ ဘယ်ဘာသာယူယူ၊ ဟိုမှာလိုက်နိုင်ရင်ယူလေ၊ မလိုက်နိုင်ရင်ခံလေ၊ အဲဒီလိုဗျ။

မာန် ။ ။ ကလေးတွေမှာကြည့်လိုက်ရင်လည်းသင်ရတဲ့စာတွေကမနည်းဘူးဆရာ၊ ကျောပိုးအိတ်တွေများ ကျနော်မနည်း သယ်ရတယ်၊ ကလေးတွေမှာကျူရှင်က ဘယ်နှအုပ်၊ကျောင်းကဘယ်နှအုပ်နဲ့ သင်လိုက်ရတာလည်း နည်းတာမဟုတ်ဘူး၊ ဘာသာစုံနဲ့သင်ရိုးညွန်းတန်းစာအုပ်တွေနဲ့ သယ်လိုက်ရရင် တနင့်တပိုးကြီး၊ ပြီးရင် ကျောင်းချိန်ကျူရှင်ချိန်၊ အချိန်ပိုနဲ့ပြေးလွှား နေရတာအပြင် စာဖတ်ချိန်မရှိဘူး။

မင်းသစ်။ ။ ခင်ဗျား အဲဒါတဆက်တည်းပြောလိုက်မယ်၊ ကျောင်းတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေ မရှိတော့တဲ့အတွက်၊ ဒီကလေး တွေ အနုပညာနဲ့လည်း ဝေးတယ်၊ အားကစားနဲ့လည်းဝေးတယ်၊

ဆက်လက်ဖော်ပြပါမည်။
သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။

ရွှေကူမေနှင်း၊ ကြည်မင်းနဲ့ မိချမ်းဝေတို့ရဲ့ ပထမဦးဆုံး အမေရိကန်စာပေဟောပြောပွဲ ကျင်းပ

$
0
0

ရွှေကူမေနှင်း၊ ကြည်မင်းနဲ့ မိချမ်းဝေတို့ရဲ့ ပထမဦးဆုံး အမေရိကန်စာပေဟောပြောပွဲ ကျင်းပ
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၆

ဆန်ဖရန်စစ္စကို ဘေးဧရိယာ၊ နယူးအခ်မြို့၊ ဆွစ်ပတ်ခ်ခန်းမဆောင်မှာ မြန်မာပြည်က စာရေးဆရာများ ဖြစ်ကြတဲ့ ...

 ရွှေကူမေနှင်း၊

 ကြည်မင်းနဲ့

မိချမ်းဝေတို့ရဲ့ ပထမဦးဆုံးအကြိမ်မြောက် အမေရိကန်စာပေဟောပြောပွဲကို


ဧည့်ပရိသတ် ၁၀၀ ကျော်နဲ့ အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါတယ်။

စာရေးဆရာတို့ကို ၎င်းတို့ရဲ့ စာချစ်သူတို့က အယ်လ်အေမြို့တော်တ၀ိုက်သို့ အလယ်အပတ်ခရီး ၀ိုင်းဝန်း စီစဉ် ပို့ဆောင်ပေးခဲ့ကြပါတယ်။ ထိုနောက် နယူးယောက်မြို့တော်သို့ ခရီးဆက်ကြမှာ ဖြစ်ပါတယ်။


နယူးယောက်မြို့တော်မှာ နိုဝင်ဘာ ၂၇ မှာ မြန်မာစာပေဟောပြောပွဲတခု ကျင်းပရန် ဒေသခံ စာဖတ်ပရိသတ်တို့က ၀ိုင်းဝန်း စီစဉ်နေကြပါတယ်။

ဓာတ်ပုံ ပန်းသီး

မောင်မောင်စိုး - ပြည်တွင်းစစ်၏ အခန်းဆက်များ

$
0
0

မောင်မောင်စိုး - ပြည်တွင်းစစ်၏ အခန်းဆက်များ
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၆

(နိုဝင်ဘာ  ၂၁) ပြသနာရဲ့ဘက်နှစ်ဘက်

20/11/2016 နေ့က ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲစဉ်များစွာပါသော စစ်ပွဲတခုဖြစ်ပွါးခဲ့သည်။ အနဲဆုံး တိုက်ပွဲကြီးငယ် ၁၁ ခုနှင့် အနဲဆုံး တံတား ၃ စင်း မိုင်းခွဲဖျက်ဆီးခဲ့ပြီး ကျယ်ပြန့်တဲ့ စစ်မျက်နှာဖွင့်လှစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၄ ခုက ပူးပေါင်းပြု လုပ်ခဲ့တဲ့ စစ်ဆင်ရေးတခုလို့ သုံးသပ်ရပါသည်။ အဆိုပါစစ်ပွဲ၏သတင်းသည် လျင်လျင်မြန်မြန်ပျံ့နှံသွားခဲ့ပြီး အမြင် အမ် ဳိ းမ် ဳိး ဖေါ် ပြကြသည်ကို တွေ့ရသည်။

ပထမအချက်အနေနှင့် မူဆယ်ဒေသတိုက်ပွဲအတွင် အရပ်သားများ ထိခိုက်မှု ရှိခြင်းနှင့် ပတ်သက်၍ ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်မှု ကြောင့် အရပ်သားများ ထိခိုက်မှု လက်ခံနိုင်ဘွယ်မရှိဟု၍၎င်း အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှု အား လက်ခံနိုင်ဘွယ်မရှိဟူ၍၎င်း တဖက်က ဆိုကြသည်။

အခြားဘက်ကမူ တောတောင်တွင်းရှိ တိုင်းရင်းသားကျေးရွာများ စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံး ခဲ့ရသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ကြောင်း လက်ရှိတွင် အိုးအိမ် ရပ်ရွာကိုစွန့်၍ စစ်ဘေးဒုက္ခသည် စခန်းတွင် တိုင်းရင်းသား ၅ သိန်းခန့်နေရသည် မှာ နှစ်အချို့ ရှိပြီဟု တုန့်ပြန်ပါသည်။

 ဒုတိယအချက် တဖက်က လက်ရှိအစိုးရမှာ အရပ်သားအစိုးရဖြစ်သည်။ တပ်မတော် အစိုးရမဟုတ်။ တပ်မတော်သည် အရပ်သားအစိုးရ၏လက်အောက်ခံ ဖြစ်သည်။ လက်ရှိ တိုင်းရင်းသားများ လက်နက်ကိုင်တိုက်ခိုက်သည်မှာ အရပ်သား အစိုးရကို ဦးတည်သည်ဖြစ်၍ လက်မခံနိုင်ဟုဆိုပါသည်။

အခြားဘက်ကမူ ပြီးခဲ့ သော ၃ လကျော်ကထဲက ကချင်ပြည်နယ်တွင် KIA တပ်ဖွဲ့စခန်းများကို ထိုးစစ်ဆင်
နေသည်မှာ ၃ လကျော်ကြာခဲ့ပြီးဖြစ်ကြောင်း ထို့အတူ TNLA တပ်ဖွဲများကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာလည်း ကြာမြင့်ပြီဖြစ်ကြောင်း ထိုအချိန်ကာလက အရပ်သားအစိုးရက မည်သည့်စကားတခွန်းမှ ပြောဆိုခြင်းမရှိခဲ့ကြောင်း ထို တိုက်ခိုက်မှုများတွင် အရပ်သားအစိုးရ သဘောထားမည်သို့နည်းဟု တုန့်ပြန်သည်။

 တတိယအချက် တဖက်က လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားအဖွဲ့များအနေနှင့် NCA ထိုး၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲပါဝင်ရမည့်အချိန် မပါဝင်ဘဲ စစ်တိုက်သည်ကို လက်မခံနိုင်ဟု ဆိုကြသည်။ တဘက်ကလည်း KIA အနေနှင့် NCA ထိုးရန် ဆွေးနွေးနေသော်လည်း တပ်မတော်က ထိုးစစ်ဆင်နေ ကြောင်း ထို့ပြင် MNDAA/ TNLA/ AA ၃ ဖွဲ့အား NCA တွင် ပါဝင်ခွင့်ပြု ရန် အစိုးရ
နှင့်တပ်မတော်ဘက်က လမ်းပိတ်ထားကြောင်း တုန့်ပြန်ပါသည်။

 ဖြစ်ပွါးနေသောပြသနာများတွင် မတူသော အမြင် မတူသောဘက်များ ရှိနေသည်။ စစ်ပွဲအရှိန်မြင့်လာသည်နှင့်အမျှ ဘက်နှစ်ဘက်၏ မတူသောအမြင် မြင့်တက်နိုင်ပါသည်။ ထိုမတူသော ဘက်နှစ်ဘက်ကို အပြန်အလှန် စေ့စေ့ငုငု နားလည်သုံးသပ်ဖြေရှင်းနိုင်မှသာ  စစ်ပွဲကို လျှော့ချ နိုင်ပေလိမ့်မည်။ ထိုမတူသော ပဋိပက္ခဖြစ်ပွါးနေသော ဘက်နှစ်ဘက်ကို ထိန်းညှိဖြေရှင်းခြင်း မပြုနိုင်ပါက စစ်ပွဲ သည် ပိုမို အရှိန်မြင့်သွားပေလိမ့်မည်။

 လွန်ခဲ့သော ၂ နှစ်ခန့်က တရုတ်မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌ မစ္စတာ ကင်ကျိ ယွမ် ပြောသည့် တရုတ်မြန်မာနယ်စပ် မြန်မာပြည်အရှေ့မြောက်ပိုင်တွင် ထိမ်းမနိုင် သိမ်းမရသည် ပဋိပက္ခများ ပေါက်ဖွါးလာမည်ကို စိုးရိမ်မိသည် ဟူသည့်စကားအား သတိရမိသည်။



20/11/2016 - နိုဝင်ဘာမနက်ခင်းက စစ်သတင်း
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက် နံနက် စစ်သတင်းနှင့်စတင်သည်။ မြန်ဆန်လာသည့် ဆက်သွယ်ရေးစနစ်နှင့် လုမှု ကွန်ယက်များကြောင့်၎င်း လူထုကမိမိသိရသမျှ သတင်းများကို တင်နေကြ၍၎င်း စစ်သတင်းများကို မြန်ဆန်စွာ ကြားသိရသည်။

နေ့လည်ပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး အဖွဲ့မှ၎င်း တပ်မတော်၏ မြဝတီသတင်းဌာနမှ ၎င်း တိုက်ပွဲသတင်းများကို ထုတ်ပြန်သည်ကို တွေ့ရသည်။ အဆိုပါတရားဝင်သတင်းထုတ်ပြန်မှု အရ နေရာ ၁၁ ခုတွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး လားရှိုး မူဆယ် ကားလမ်းပေါ်ရှိ တံတား ၃ စင်း ဖေါက်ခွဲဖျက်ဆီးခံရကာ အချို့နေရာများတွင် ယနေ့ 20/11/2016 ညနေ၃ နာရီချိန်ခန့်ထိ တိုက်ပွဲဖြစ်ပွါးနေဆဲဟုဆိုပါသည်။

တိုက်ပွဲဖြစ်ပွါးရာနေရာများ

၁။ မူဆယ်အဝင်ရဲကင်း
၂။ ၁၀၅ မိုင် ကုန်သွယ်ရေးဇုံ ရဲကင်း
၃။ ၁၀၅ မိုင် မောင်းတန်ဂိတ်
၎။ မူဆယ် အရှေ့မြောက် ၁၂ မိုင်အကွာရှိ ဟိုနောင်ရဲကင်း
၅။ မူဆယ်နှင့် ၁၈ မိုင်အကွာ ပြည်ထောင်စုလမ်းမပေါ်ရှိ နန့်ပေါ်စခန်း
၆။ နန့်ပေါ်စခန်းအား လာရောက်ပူးပေါင်းသော တပ်မတော်စစ်ကြောင်း
၇။ ကြူ ကုတ် ပန်ဆိုင်းရှိ ရဲစခန်း
၈။ ကြူ ကုတ် ပန်ဆိုင်းရှိ တပ်မတော်စခန်း
၉။ မုန်းကိုးရှိ တပ်မတော်စခန်း ( ဗျူ ဟာကုန်း ဟုခေါ်ကြသည်)
၁၀။ ဖေါင်းဆိုင်ရှိ တပ်မတော်စခန်း
၁၁။ မန်ကန်ရှိ တပ်မတော်စခန်း တို့ဖြစ်ကြသည်။

မိုင်းခွဲခံရသော တံတားများ

၁။ နန့်ပေါ်တံတား
၂။ ဆွမ်လုံတံတား
၃။ သိန္နီအထွက်ရှိ နမ္မတူတံတားတို့ဖြစ်သည်ဟုဆိုပါသည်။

ထိခိုက်ကျဆုံးမှု

အစိုးရ၏တရားဝင် သတင်းထုတ်ပြန်ချက်အရ အရပ်သား ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသည်ဟု ဆိုပါသည်။ နှစ်ဖက်တပ်ဖွဲ့ဝင်များ၏ အကျအဆုံး နှင့် တိကျစွာ ဖေါ်ပြခြင်းမရှိကြသေးပါ။

တိုက်ခိုက်သောတပ်ဖွဲ့များ

အဆိုပါ တပ်မတော်စခန်းနှင့် ရဲစခန်းများအား တိုက်ခိုက်သည့် တပ်ဖွဲ့များမှာ KIA ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၊ ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ TNLA တအန်းပလောင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ဖြစ်သည်ဟု တရးဝင်သတင်းများတွင်ဖေါ်ပြသည်။
အခြားသတင်းများအရ တရုတ်နယ်စပ်ဒေသတွင် ဖွဲ့စည်းထားသော ULA/ AA ရခိုင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့လည်းပါဝင်သည်ဟုဆိုသည်။

ပွင့်လင်းရာသီအစတွင် ဖြစ်ပွါးသောတိုက်ပွဲများသည် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များ စနစ်တကျ ပူးပေါင်းဆောင်ရွက်သည်ဟု သုံးသပ်ရပြီး ဆက်လက်၍ တိုက်ပွဲများ ပိုမိုလာနိုင်သည်ဟု သုံးသပ်ရသည်။

 တိုက်ပွဲများကျယ်ပြန့်လာပါက နယ်မြေချင်းဆက်စပ်နေသော SSPP/SSA တပ်ဖွဲ့များပါ အဆိုပါတိုက်ပွဲများအတွင်း ပါဝင်လာနိုင်ဘွယ် ရှိပါသည်။

အဆိုပါအဖွဲ့များ၏ပူးပေါင်းမှု သည် စစ်ဆင်ရေးတခုအတွက် ပူးပေါင်းခြင်းသက်သက်လော သို့မဟုတ် ယခင်ကတည်းက အသံထွက်နေသော FUA ခေါ် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အား ဦးတည်ဆောင်ရွက်နေ ခြင်းလောဆိုသည်ကိုတော့ ဆက်လက်စောင့်ကြည့်ရပေဦးမည်။

တိုက်ပွဲသုံးသပ်ချက်

လားရှိုး မူဆယ်လမ်းပေါ်ရှိ တံတား ၃ စင်းအား မိုင်းခွဲခြင်းနှင့် မူဆယ် နန့်ပေါ်စသည့် ပြည်ထောင်စုလမ်းမ ပေါ်ရှိ တပ်စခန်းများအား တိုက် ခိုက်ခြင်းသည် စစ်ရေးအရ စစ်ကူဖြတ်တောက်ထိမ်းချုပ်ရန် ရည်ရွယ်ပုံရပြီး နိုင်ငံရေးအရ တတိုင်းပြည်လုံးရော နိုင်ငံတကာကပါ အာရုံစိုက်စေရန် ရည် ရွယ်ပုံရသည်။

စစ်ရေးအဓိက ရည်မှန်းချက်မှာ မုန်းကိုး ဖေါင်းဆိုင် မန်ကန် ဒေသ ဖြစ်ပုံရပြီး ပန်ဆိုင်း ကြူ ကုတ်မှာ အရန်ဖြစ်ပုံရသည်။ ၎င်းတို့၏ ပူးပေါင်း ဆောင်ရွက်မှု နှင့် စစ်ရေးရည်မှန်းချက်အရ တိုက်ပွဲများသည် တစ်ရက်ထဲနှင့် ပြီးသွားဘွယ်မရှိဘဲ လနှင့်ချီ၍ ကြာမြင့်နိုင်ကာ စစ်မျက်နှာများ ကျယ်ပြန့်သွား နိုင်သည်ကို သတိပြု ရန်လိုပါသည်။ အမြန်ဆုံးစစ်ပွဲကူးစက်နိုင်သည်မှာ ကိုးကန့်ဒေသနှင့် ဝမ်ဟိုင်းဒေသဟုဆိုရပါမည်။

စစ်ရေးတင်းမာမှု

ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတောဒေသတွင် စစ်ဆင်ရေး များပြု လုပ်နေရပြီး ထိုဒေသရှိ တပ်မတော်တပ်ရင်းတပ်ဖွဲ့များ ထုတ်နှုတ်ရန် မဖြစ်နိုင်ပေ။ UWSA နှင့်  ရင်ဆိုင်နေရသော ဒေသများတွင်လည်း နှစ်ဖက်တပ် များ ရင်ဆိုင်နေရပါသည်။

UWSA နှင့် ရင်ဆိုင်နေသောဒေသများမှာ

၁။ ကွန်လုံဒေသ
၂။ တန့်ယန်း မန်မန်းဆိုင် ဒေသ
၃။ ကျိုင်းတုံ ၊ မိုင်းယန်း ၊ မိုင်းယောင်းဒေသ
၎။ မိုင်းဆတ် ၊ မိုင်းတုံ ၊ ပုံပါကျင်ဒေသ တို့ဖြစ်သည်။

ထို့ပြင် ကချင်ပြည်နယ်ရှိ KIA တပ်စခန်းတခုဖြစ်သော ဂီဒွန်စခန်းအား တိုက်ခိုက်နေသည်မှာလည်း ၃ လကျော်ကြာမြင့်ပြီဖြစ်သည်။ စစ်ရေး အရတင်းမာမှု ဖြစ်သော နှစ်ဖက် စစ်ပြင်ဆင်နေသော ဒေသများ ပို၍ များပြား လာနေသည်ဟု ဆိုရပါမည်။

ထူးခြားမှု

တိုင်းရင်းသားလက်နက်ကိုင်များနှင့်ဖြစ်ပွါးသည့် တိုက်ပွဲသတင်းများ နှင့်ပတ်သက်၍ တပ်မတော် မြဝတီသတင်းဌာနမှ လိုအပ်လို သတင်းထုတ် ပြန်လေ့ရှိသော်လည်း အရပ်သားအစိုးသစ်က သတင်းထုတ်ပြန်သည်က ဤ အကြိမ် ပထမဆုံးအကြိမ်ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်တွင် KIA/MNDAA/ TNLA  လက်နက်ကိုင် ပူးပေါင်းအဖွဲ့ဟု သုံးစွဲပြီး မြဝတီသတင်းတွင် လက်နက်ကိုင် ပူးပေါင်းအဖွဲ့ဆိုသည်ရော အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ ဆိုသည်ရော တွဲ၍သုံးစွဲသည်ကို တွေ့ရပါသည်။ ဤသည်မှာ စကားလုံး
အသုံးအနှုံးထက် ငြိမ်းချမ်းရေးမျှော်လင့်ချက် မည်မျှကျန်သေးသည်ကို တွက်ဆလို၍ဖြစ်ပါသည်။

ခေါင်းနှင့်ပန်း

စစ်နှင်ငြိမ်းချမ်းရေးဆိုသည်မှာ ဒင်္ဂါးပြားတပြား၏ ခေါင်းနှင့် ပန်းကဲ့သို့ ဖြစ်ပေရာ ပန်းမကျလျင် ခေါင်းကျမည် ဟုသာ ဆိုရပေတော့မည်။

ကာတွန်း မိုးသွင် - ပြောမထွက်တော့ဘူးလား ငင်

$
0
0

ကာတွန်း မိုးသွင် - ပြောမထွက်တော့ဘူးလား ငင်
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၆

မောင်တမ်းတ ● အမှောင်ထဲကလာ အမှောင်ထဲကိုသွား

$
0
0

မောင်တမ်းတ ● အမှောင်ထဲကလာ အမှောင်ထဲကိုသွား
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၆

ကျွန်တော့်ကို ၁၉၇၆ ခုနှစ် အောက်တိုဘာလ မှာ ရန်ကုန်မြို့မှာ မွေးခဲ့တယ်။ ဘဝကို နောက်ပြန်လှည့်ကြည့်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ် ကလို့ ပြောရမယ်။

ကျွန်တော်တို့ လူသတ္တဝါတွေအနေနဲ့ ကိုးလလွယ် ဆယ်လဖွားလို့ဆိုကြတော့ တိတိကျကျမဟုတ်တောင် အကြမ်းဖျင်း မှန်း ဆကြည့်ရရင် ကျွန်တော့်ကို ၁၉၇၅ ခု ဒီဇင်ဘာလနှောင်းပိုင်းနဲ့ ၁၉၇၆ ခု ဇန်နဝါရီလအစောပိုင်းကြားမှာ သန္ဓေတည်ခဲ့တယ် လို့ ခန့်မှန်းမိတယ်။

အဲဒီတုန်းက ကျွန်တော့်အစ်ကိုက လေးနှစ်သားမို့ သိတတ်စပြုတဲ့အရွယ်တော့ ရောက်နေပြီလို့ဆိုရမယ်။ အဖေနဲ့အမေက ကုန်သွယ်ရေးကဝန်ထမ်းတွေမို့ ကျွန်တော်တို့အိမ်မှာ အိမ်ဖော်ထားရတယ်။

ဒီတော့ ၃၇လမ်းထဲက ကျွန်တော်တို့ရဲ့အခန်းလေးမှာ အဖေ အမေ ကျွန်တော့်အစ်ကိုနဲ့ အိမ်ဖော်အစ်မကြီးအပါအဝင် လူ လေး ယောက်နေကြတယ်။ အဖေနဲ့အမေက ဝန်ထမ်းမို့လို့ တနင်္လာနေ့ကနေ သောကြာနေ့အထိ ရုံးကို သွားရတယ်။ အိမ်မှာ ကလည်း အိမ်ဖော်အစ်မကြီးက အမြဲရှိနေတယ်။ အိမ်ဖော်အစ်မကြီးက ကျွန်တော်တို့အခန်းရဲ့ထပ်ခိုးလေးပေါ်မှာနေပြီး အဖေနဲ့အမေက အောက်ထပ်မှာ နေကြတယ်။

ဒီတော့ အဲဒီတုန်းက အဖေနဲ့ အမေ လိင်ဆက်ဆံကြတဲ့အချိန်ဟာ ညဘက် အိပ်ရာဝင်ကြတဲ့အချိန် အမှောင်ထုကြီးထဲက လူခြေတိတ်နေချိန်လို့ ခန့်မှန်းလို့ရတယ်။ အဲဒီညတညမှာ ကမ္ဘာကြီးထဲကို ကျွန်တော်ရောက်လာခဲ့တယ်။ ပိန်းပိတ်အောင် မှောင်နေတဲ့ အမှောင်ထုကြီးထဲကနေ ကမ္ဘာကြီးထဲကို ကျွန်တော်ရောက်လာခဲ့ပါတယ်။

ပြီးတော့ တခြားတခြားသော လူသတ္တဝါတွေအတိုင်းပဲ ကျွန်တော်လည်း အစဉ်အတိုင်း ကြီးပြင်းခဲ့တယ်။ ပီဘိကလေးငယ် လေးတယောက်ဘဝကနေ လူပျိုပေါက်အရွယ်၊ လူပျိုအရွယ်တွေကို ဖြတ်သန်းပြီး လူလတ်ပိုင်းအရွယ်ကို ရောက်လာခဲ့တယ်။
လွန်ခဲ့တဲ့ခုနစ်နှစ် ရှစ်နှစ်လောက်ကတော့ ဆေးရုံမှာ ခွဲစိတ်ကုသမှုတခု ကျွန်တော်ခံယူရတယ်။ အဲဒီ ခွဲစိတ်ကုသမှုအတွက် ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မေ့ဆေးပေးခံရတယ်။ နောင်အခါမှာလည်း အဲဒီနည်းအတိုင်း စုစုပေါင်း ဆယ် ကြိမ်လောက် မေ့ဆေးပေးခံခဲ့ရတယ်။

အတွေ့အကြုံအသစ်မို့ ဘယ်လိုနေမလဲလို့ ကျွန်တော် စိတ်ဝင်စားမိပေမယ့် မေ့ဆေးဆရာဝန်က အသက်ကို ပြင်းပြင်း ရှူလိုက်လို့ပြောလို့ နှာခေါင်းကိုအုပ်ထားတဲ့အုပ်ဆောင်းအောက်ကနေ အသက်ပြင်းပြင်းရှူလိုက်တဲ့အချိန်မှာပဲ ကျွန်တော် လောကကြီးကို မေ့သွားတယ်။

သတိပြန်ဝင်လာတဲ့အချိန်ရောက်တော့ ကျွန်တော်ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့အခန်းကနေ ကျွန်တော့် ခုတင်ကျွန်တော်ပြန် ရောက်နေတယ်။ အချိန်ကိုသိချင်လို့ တွေ့တဲ့သူနာပြုဆရာမတယောက်ကိုမေးလိုက်တော့ ကျွန်တော်မေ့သွားတာ ငါး နာရီ လောက် ရှိတယ်။ အဲဒီ ငါးနာရီလုံးလုံး ကျွန်တော့်မှာ အသိစိတ်ဆိုတာ လုံးလုံးပျောက်နေတယ်။ တနည်းပြောရရင် အဲဒီ ငါးနာရီဟာ ကျွန်တော့်ဘဝထဲက နှုတ်ပစ်လိုက်ရတဲ့ ငါးနာရီလိုမျိုးလို့ ခံစားရတယ်။ အိပ်တာနဲ့မတူတာက ကျွန်တော့်မှာ အချိန်ဆိုတဲ့သဘောတရား လုံးလုံးပျောက်နေတယ်။

ကျွန်တော့်အတွက် မေ့သွားတဲ့အချိန်နဲ့ သတိပြန်လည်လာတဲ့အချိန်ကြားမှာ ဘာမှ အကြားအလပ်မရှိဘဲ တဆက်တစပ် တည်းလို ဖြစ်နေတယ်။ ခိုင်းနှိုင်းပြီးပြောရရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျခြင်းမျိုးထက် အများကြီးပိုတဲ့ အိပ်မောကျခြင်းတမျိုး လို့ ပြောရမယ်ထင်တယ်။

အိပ်တာကမှ အိပ်စက်ခြင်း ရဲ့အဆင့်အမျိုးမျိုးကို မလွဲမသွေ ဖြတ်သန်းရလို့ စိတ်ထဲမှာ ဝိုးတိုးဝါးတား အိပ်မက်လိုလိုအတွေး တွေ စိတ်ကူးတွေရှိနေသေးတယ်။ မေ့ဆေးပေးခံရတာ ကျတော့ လုံးလုံးလျားလျားကို အရာအားလုံးကို မေ့လျော့သွားတဲ့ သဘောမျိုးလို့ ကျွန်တော်စဉ်းစားမိတယ်။ မသေဖူးလို့ သေတယ်ဆိုတာ ဘယ်လိုဆိုတာ မပြောနိုင်ပေမယ့် မေ့ဆေးပေးခံ ရတာနဲ့ ခပ်ဆင်ဆင်ပဲနေမှာပဲလို့ ကျွန်တော်စဉ်းစားမိတယ်။

သေလိုက်တာနဲ့ တနည်းပြောရရင် နှလုံးခုန်ရပ်သွားတာနဲ့၊ ဦးနှောက်အလုပ်လုပ်တာရပ်သွားတာနဲ့ (Brain Dead) ခုနက မေ့ဆေးပေးခံ လိုက်ရသလိုမျိုးပဲ လုံးဝအသိစိတ်ပျောက်သွားမှာပဲလို့ ကျွန်တော် စဉ်းစားမိတယ်။

နေ့ဘက်မှာပဲ သေသေ ညဘက်မှာပဲ သေသေသဘောတရားကတော့ တူတူပါပဲ။
ဖျတ်ခနဲ မီးပျက်သွားသလိုမျိုးလို့ ပြောရမယ်ထင်တယ်။
လင်းနေရာကနေ ဖြုတ်ခနဲမှောင်သွားသလိုမျိုးလို့ ပြောရမယ်ထင်တယ်။
ကျွန်တော်တို့လူသားတွေအားလုံး ဘာဆို ဘာမှန်း ဘယ်သူမှမသိရတဲ့အမှောင်ထုကြီးထဲက လာခဲ့တယ်။
ပြီးတော့ ကျွန်တော်တို့တွေအားလုံး ဘာဆိုဘာမှန်း ဘယ်သူမှမသိနိုင်တဲ့ အမှောင်ထုကြီးထဲကို သွားရမယ်။
လူတွေ ဘယ်ကလာတာလဲ… လူတွေ ဘယ်ကိုသွားနေကြတာလဲ…။
လူတွေဟာ ဘယ်သူတွေလဲ….။
ကျွန်တော် စဉ်းစားနေမိပါတော့တယ် ။ ။

မောင်တမ်းတ
(မောင်တမ်းတသည် စာရေးဆရာ ညိုထက်ညို၏ ကလောင်အမည်ခွဲ ဖြစ်ပါသည်။)

ကာတွန်း သောကြာ ● ငြိမ်းချမ်းရေး ထရိုဂျန်

$
0
0

ကာတွန်း သောကြာ ● ငြိမ်းချမ်းရေး ထရိုဂျန်
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၆

ခက်သီ ● ပြည်တွင်းစစ်

$
0
0

ခက်သီ ● ပြည်တွင်းစစ်
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၆

စစ်က သူ့အလိုအတိုင်းဖြစ်လို့မှမရတာ
ကျောက်စိမ်းကလည်း ဆတ်ကော့လတ်ကော့
သဘာဝဓာတ်ငွေ့ကလည်း မူတူတူ
ကျွန်းသစ်နဲ့ မြစ်ဆုံကလည်း ညုတုတု
တောင်တန်းနဲ့ ပင်လယ်တွေက ဖြားယောင်းနေတော့
စစ်က ကမူးရှုးထိုးပေါ့
အခေါ်သာပြည်တွင်းစစ်
ကျည်ဆန်တွေက ပြည်ပက ဝင်လာတာ
ကြာခဲ့ပေါ့။      ။

ခက်သီ

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၄၂)

$
0
0

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၄၂)
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၆

● သူပုန်ကျောင်းသား
အရင်ကာလတုန်းကတော့ လက်ဝဲအနွယ်များသည် ကိုယ့်ကိုကိုယ် ဗော်ရှီဗစ်ဟု ဆိုလေ့ရှိကြသည်။ ထိုစဉ်က ကိုဦးလှစော လည်း ထိုစဉ်က ဗော်ရှီဗစ်တယောက်ဖြစ်သည်ဟု ဆိုရပါမည်။ သူ၏ညီနှင့် မိမိအတန်းဖော်ဖြစ်ခြင်းကြောင့်သာမကဘဲ မောင်ခိုင်အောင် (စစ်တွေ) ဟူသော ကလောင်အမည်ဖြင့် ကဗျာတွေစာတွေ ဖန်တီးရေးသားလေ့ရှိသဖြင့် လူချင်းမသိသော် လည်း နာမည်တော့ ကောင်းစွာရင်းနှီးပြီး ဖြစ်သည်။ စာစောင်တွေ ကြေညာချက်တွေ သူတို့စီစဉ်ထုတ်ပြန်ချိန်တွင်လည်း မိမိနှင့်အယူအဆတူသည်ဖြစ်၍ကောင်းစွာ ဝိုင်းရံကူညီမှုပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သူကမျက်နှာချို၍ မိတ်ဆွေအပေါင်းအသင်းများသူဖြစ်၍လည်းမိမိတို့ ခင်မင်လွယ်ခြင်းဖြစ်ပုံရသည်။ ၁၉၆၈ ခုနှစ်က စက်မှုတက္ကသိုလ်သို့ရောက်လာသော ကိုဦးလှစောသည် ဒုတိယနှစ်ကျောင်းသားဘဝ ၁၉၆၉ ကျွန်းဆွယ်အရေးအခင်းတွင် ကျောင်းထုတ်ခံရပြီး သူပုန်ကျောင်းသားဘဝစတင်ခဲ့သည်ဟု ဆိုရမည်။ ထို့နောက် ၂ နှစ်အကြာ ၁၉၇၁ ခုနှစ်တွင် ကျောင်းမှ ပြန်လည်လက်ခံခဲ့ပြီး ၁၉၇၅ ဇွန် ၆ အရေးတော်ပုံကာလက RIT ပဉ္စမနှစ်ကျောင်းသားတဦးဖြစ်သည်။

၁၉၇၅ ခုနှစ် ဇွန် ၆ သပိတ်ကာလက မိမိနှင့်သူ စကားများများ မပြောဖြစ်ခဲ့ပါ။ တယောက်နှင့် မျက်မှန်းတန်းမိပြီး သတိထား မိခဲ့ကြရုံသာ ဖြစ်သည်။ ထို့နောက် ထိုသပိတ်အပြီး မိမိနှင့်သူ အတော်ကြာအောင် မဆုံဖြစ်ခဲ့။ သတင်းတွေတော့ ကြားနေခဲ့ရ သည်။ ၁၉၇၅ ဇွန် ၁၁ ရက် မနက် ရွှေတိဂုံဘုရားပေါ်က သပိတ်စခန်းအား တပ်ကဝင်စီးသည့်အခါ အဖမ်းခံရသည့်အထဲ ပါသွားသည်။ တရားရုံးအတင်ခံရပြီး ထောင် ၉ နှစ်ကျသည်။ ၁၉၈၀ ခုနှစ်တွင် ဗိုလ်နေဝင်း၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လွတ်သည်ဟု ကြားရသည်။

စက်မှုတက္ကသိုလ်၌ ကျောင်းပြန်တက်ခွင့်မရတော့။ သို့နှင့်သူသည် မိဘများရှိရာ ရခိုင်ပြည်နယ် မြောက်ဦးသို့ပြန်ပြီး ကျူရှင် ဆရာ ဘဝဖြင့် ဘဝပြန်စခဲ့ရသည်ဟုဆိုသည်။ ၁၉၈၄/၈၅ တွင် စစ်တွေ၌ ကျူရှင်ဆရာအဖြစ် ပြန်အသက်မွေးဝမ်းကျောင်းပြု နေစဉ်ကာလအတွင်း ၁၉၈၈ အရေးတော်ပုံနှင့်ကြုံတော့ အတွေ့အကြုံရှိသည့် သူပုန်ကျောင်းသားတယောက်ဖြစ်သောသူသည်စစ်တွေ အထွေထွေသပိတ်ကော်မတီ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်ဟု ကြားသိရသည်။ နဝတက အာဏာ သိမ်းပြီးနောက် ထိပ်ဆုံးကအဖမ်းခံရသောစာရင်းထဲတွင် ပါဝင်မည်ကတော့ အထူးပြောစရာလိုမည်မထင်ပေ။ဖမ်းပြီး တနှစ် ခန့် အာမခံနှင့်လွှတ်ထားခံရသေးသော်လည်း ၁၉၈၉ နှစ်ကုန်ခါနီးတွင် စစ်တွေတွင် ဖြစ်ပေါ်လာသော နိုင်ငံရေးတင်းမာမှု များကြောင့် အာမခံရုပ်သိမ်းခံရပြီး ထောင် ၁၄ နှစ် ကျခံရန် စစ်ခုံရုံး၏ အမိန့်ချမှတ်ခံရပြီး  ဒုတိယမ္မိထောင်ထဲဝင်ရပြန်တော့ သည်။ မြို့ပေါ်ဒီမိုကရေစီရေးလှုပ်ရှားသူများအတွက်ကတော့ အိမ်နှင့်ထောင် အိမ်ဦးနှင့် ကပြင်ကို ကူးချီ သန်းချီလုပ်သကဲ့သို့ ရှိချေတော့သည်။

အားလုံးသည် တဆင့်စကား တဆင်နားဖြင့် ကြားရသောအကြားများရှိသကဲ့သို့ နောက် သူနှင့်ပြန်ဆုံမှ ပြောဖြစ်သည်များ လည်းရှိသည်။ တကယ်တော့ သူနှင့်မိမိက နောင် ၂၅ နှစ်ခန့်ကြာမှ ပြန်တွေ့ရသည်။ မျက်ခုံးကောင်းကောင်း မျက်နှာချိုချို နှင့် ကဗျာဆရာ သူပုန်ကျောင်းသားသည် နှစ်အစိတ်ခန့်ကြာသွားသော်လည်း ပြန်လည်တွေ့ကြသောအခါ ပိန်ပိန်ပါးပါးနှင့် သိပ်ပြီးပုံစံမပြောင်းလှပေ။

၁၉၉၉ လား ၂၀၀၀ ခုနှစ်လားတော့ မမှတ်မိတော့။ မိမိ ပထမဆုံးအကြိမ်အဖြစ် စစ်တွေသို့ရောက်သွားသည်။ သူသတင်းကို စုံစမ်းရာ သူငယ်ချင်းဆရာဝန်တဦးက လူတယောက်လွှတ်၍ အကြောင်းကြားပေးသည်။ မိမိ အလုပ်ကိစ္စတခုနှင့် အပြင်သွား နေရာမှ ပြန်ရောက်တော့ တည်းခိုခန်းမန်နေဂျာက ဆီးကြို၍ပြောသည်။

"ဆရာကို လူတယောက်လာရှာသွားတယ်၊ ဦးလှ ဘယ်သူဆိုလားဘဲ နိုင်ငံရေးသမားတယောက်ဘဲဆရာ"မိမိပြုံးမိသည်။ လာရှာသူက ကိုဦးလှစောမှန်း တန်းသိလိုက်သကဲ့သို့ နိုင်ငံရေးအရတင်းမာမှု ဖမ်းဆီးမှုများရှိနေသည့်အချိန်ကာလတွင် သူ့ အား နာမည်မသိသူများကပင် "နိုင်ငံရေးသမား"ဟုကောင်းစွာ သိနေခြင်းကို ပြုံးမိသည်။ ညနေတခေါက် သူနောက်တခေါက် ပြန်လာရှာ၍ သူပုန်ကျောင်းသားဟောင်း စစ်တွေက လူသိများသော နိုင်ငံရေးသမားနှင့် မိမိနှင့်ပြန်လည်၍ အသစ်တဖန် ဆုံ ဖြစ်ကြသည်။ နှစ်ယောက် စလုံးအကြိုက်တူသော ယမကာအားမှီဝဲရင်း ရှေ့ဟောင်းနှောင်းဖြစ်တွေလည်း ပြောဖြစ်သည်။ လက်ရှိအကြောင်းလည်း ပြောဖြစ်သည်။ အိပ်မက်တွေအကြောင်း လည်းပြောဖြစ်သည်။ မျှော်လင့်ချက်များက မည်မျှပင် မှုံဝါးနေသည်ဖြစ်စေ မိမိတို့ကတော့ မျှော်လင့်ချက်များဖြင့် အသက်ဆက်ရှင်သန်ချင်သောသူများ ဖြစ်ခဲ့ကြပေတော့သည်။

၂၀၀၇ နောက်ပိုင်းတော့ သူနှင့်မိမိ ပိုနီးကပ်စရာအကြောင်းပေါ်လာသည်။ သူစစ်တွေမှ ရန်ကုန်သို့ မိသားစုလိုက် အိမ်ပြောင်း လာခဲ့သည်။ မိမိနေသောနေရာနှင့် မဝေးလှသောနေရာသို့ ပြောင်းရွှေ့လာသည်ဖြစ်ရာ မကြာခဏဆုံဖြစ်သည်။ အတူတကွ လဘက်ရည်လည်းသောက်ဖြစ်သည်။ ယမကာလည်း သောက်ဖြစ်သည်။ ခေတ်ပေါ်ဝေါဟာရနှင့်ဆိုရသော် သူနှင့် မိမိသည် ရင်ဘတ်ချင်းနီးစပ်သူများဖြစ်၍ စကားပြော၍ ငြင်းကြခုန်ကြ၍ အလွန်ကောင်းသည်။ တယောက်ပြောသည်ကို တယောက် လိုက်ထောက်ခံနေလျင် ထိုစကားဝိုင်းမျိုးက ပျင်းဖို့ကောင်းသည်။ အပြန်အလှန် ထောက်ပြဝေဖန် ငြင်းခုံနိုင်မှ စကားဝိုင်း ကစည်ကားသည်။ ထို့အတူ အပြန်အလှန်နားလည်မှုရှိကြဖို့လည်း လိုသည်။

သို့သော် အနှီ သူပုန်ကျောင်းသား ရခိုင်နိုင်ငံရေးသမားသည် ရပ်တည်ချက်မာကျောသော်လည်း ကဗျာသမား စာသမားပီပီ နှလုံးသားကား နူးညံ့ လွန်းလှသည်။ ခံစားလွန်းလှသူလည်းဖြစ်သည်။ ရဲဘောရဲဘက်များကို သံယောဇဉ်ကြီးလွန်းလှသူ လည်းဖြစ်သည်။ တရက်တော့ မိမိအိမ်တွင် အကြောင်းအရာတခုကို ပြောကြဆိုကြရင် သူရှိုက်ကြီးတငင် ငိုပါသည်။ ပွင့်လင်း စွာ ရင်ဖွင့်နိုင်သူများကြားမို့လည်းဖြစ်သည်။ ကြီးတောင့်ကြီးမား ယောက်ျားရင့်မကြီးတယောက် ရှိုက်ကြီးတငင်ငိုတော့ မိမိသမီးငယ်များကသူအားနားမလည်နိုင်ကြပေ။ ခပ်လှမ်းလှမ်းမှ တအံ့တသြငေးမောကြည့်ကြသည်။ မိမိသမီးငယ်များသာမက လူအချို့လည်း နားလည်နိုင်လိမ့်မည်မဟုတ်ပေ။ လူတယောက်အား နားလည်ပေးဖို့ဆိုသည်မှာ သူ့ကိုကောင်းစွာသိမှသာ ဖြစ်နိုင်ပေလိမ့်မည်။ ခေတ်ပေါ်ဘန်းစကားနှင့်ဆိုရလျင် သူ့ရင်ဘတ်ထဲဝင်ကြည့်နိုင်မှ ဖြစ်နိုင်ပေလိမ့်မည်။

နာဂစ်မုန်တိုင်းနှင့်အတူ ၂၀၀၈ အခြေခံဥပဒေ ပြဌာန်းခြင်းခံရပြီးနောက် သူအား နိုင်ငံရေးလှုပ်ရှားမှုများကို ပြန်လည် တွေ့မြင်ရသည်။ နိုင်ငံတကာသို့ သွားလာလှုပ်ရှားသည်ကို တွေ့ရသည်။ သတင်းစာမျက်နှာများပေါ်တွင် တွေ့လာရသည်။ လေလှိုင်းပေါ်တွင် သူ့အသံများကြားလာရသည်။ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ RNDP ၏ အတွင်းရေးမှူးဖြစ်လာသည် ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးကို ရယူပြီး ရခိုင်အမျိုးသားနိုင်ငံရေးအတွက် ခြေလှမ်းများစတင်ရန် ဆုံးဖြတ်လိုက်ပုံရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် သူကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်ခြင်းပြုသည်ကိုမတွေ့ရ။ သူ့ပါတီအတွက်သာ နောက်က ဝိုင်းဝန်နေ သည်ကို တွေ့ရသည်။၂၀၁၄ ခုနှစ် RNDP နှင့် ALD ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ပေါင်းပြီး ရခိုင်အမျိုးသားပါတီ ANP အဖြစ်ဖွဲ့စည်းသည်။ ရခိုင်စည်းလုံးရေးကို အားထုတ်ခဲ့ကြသည်။ ANP ပါတီပေါင်းစည်းရာတွင် သူအတွင်းရေးမှူး တာ ဝန်မှထွက်ပေးပြီး သာမန်ဗဟိုကော်မတီအဖြစ်သာ တာဝန်ယူသည်ကိုတွေ့ရသည်။

မြို့ပေါ် တိုင်းရင်းသားပါတီများ မြို့ပေါ် နိုင်ငံရေးအင်အားစုများနှင့် ခင်မင်ရင်းနှီးသောသူသည် ထိုတပ်ပေါင်းစုကိစ္စများအ တွက်လည်း အတော်လေးအချိန်ပေးရပုံပေါ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်နေရာမှ ဝင်ပြို င် သူသည် တလခန့်အလိုမှ သူ့မဲဆန္ဒနယ်သွားနိုင်သည်။ မိမိက သူ့အား ....

"ကိုယ့်လူ မသွားသေးဘူးလား တလလောက်ဘဲလိုတာ"ဟုဆိုတော့ ...
"အေးဆေးပါ ကိုယ့်လူတွေလုပ်နေကြတယ်၊ ပူစရာမလိုဘူး၊ ပြိုင်ဘက်အမတ်ကို မဲသုံးသောင်းအကျောပေးမယ်"ဟု သွား ခါနီး ဆိုသွားခဲ့သေးသည်။ ထို့နောက် မြောက်ဦးမြို့နယ်တွင်း ရွာစဥ့်၍ စည်းရုံးရေးဆင်းနေသည့် သူနှင့် ANP ပါတီဝင်များအား လူမှုကွန်ယက်စာမျက်နှာများတွင် တွေ့ရသည်။ ရွေးကောက်ပွဲကျင်းပဘို့ ၃/၄ရက်သာလိုတော့သည့်အချိန်တွင် မိမိထံသို့ တခါ ဖုန်းဆက်သည်။

"ပြိုင်ဘက်ကို မဲလေးသောင်း အကျောပေးမယ်ဗျို့၊ နဲရင် မဲငါးသောင်းပေးမယ်ဗျာ"ဟူသည့် ပြုံးချို ရွှင်ပြသည့် သူ့အသံကို ကြားလိုက်ရသည်။ သူနှင့် သူ့ပါတီ သူ့လူထုအခြေအနေကို ကောင်းစွာစည်းရုံးဆုပ်ကိုင်မိသည်ဟု မိမိသဘောပေါက်မိသည်။ ရွေးကောက်ပွဲ မဲစာရင်းထွက်လာတော့ မဲခြောက်သောင်းဖြင့် သူအပြတ်အသတ်နိုင်သည်။ သူ့ပြိုင်ဘက်ပါတီကသူများမှာ မဲရာဂဏန်း ထောင်ဂဏန်းသာရကြသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ANP ပါတီ အားကောင်းသည်ကို ဖေါ်ပြခြင်းလည်း ဖြစ်သည်ဟု ဆိုရပါမည်။

ထို့နောက် သူအား ခေါင်းပေါင်းစတထောင်ထောင်နှင့် ခန့်ငြားနေသော ပြည်သူ့လွှတ်တော်အမတ်မင်းအဖြစ် ၂၀၁၆ ခုနှစ်အ တွင်းတွေ့ရပါတော့သည်။ ယခင်က လက်ဝဲရခိုင်ကျောင်းသားလူငယ်တယောက်မှသည် ရင့်ကျက်သည့် ရခိုင်အမျိုးသားနိုင်ငံ ရေးခေါင်းဆောင်တဦးအဖြစ် ပြောင်းလဲတွေ့ရသည်။ မပြောင်းလဲသည်တော့ တခုရှိသည်။ ၎င်းမှာ ရခိုင်ပြည်သူအများစု ထောက်ခံမှုရသည့် အများစုကိုယ်စားပြု ဘော်ရှီဗစ်အမတ်မင်းဖြစ်နေခြင်းဟုဆိုရမည်။ သူသည် အချိန်အခါသင့်စွာပင် ရခိုင် အမျိုးသားရေး ပလက်ဖေါင်းပေါ်၌ ထွက်ပေါ်လာခြင်းသည် ရှောင်တခင်တော့ ဟုတ်ဟန်မတူပေ။

၂၀၁၆ ခုနှစ် ဇူလိုင်လကုန်ပိုင်းက ကျင်းပသည့် မိုင်ဂျာယာန်ညီလာခံတွင် သူ့ကိုတွေ့ရသည်။ NBF ဟုခေါ်သည့် ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်းမှ ကိုယ်စားလည် ၅ ဦးတွင် သူတဦးအပါဖြစ်သည်။ မြို့ပေါ် တရားဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတပ်ပေါင်းစု နောက်တခုဖြစ်သည့် UNA မှ စိုင်းကျော်ညွှန့်နှင့် သူ့အား ညီလာခံတွင်းဆွေးနွေးချက်များအရ သတိပြု မိကြသည်။ ထို့ပြင် သူသည် မိုင်ဂျာယာန်ညီလာခံတက်သည့် တဦးတည်းသော လွှတ်တော်ကိုယ်စားလည်ဟု မှတ်တမ်းလည်း ဝင်ခဲ့သည်။

အဆိုပါ ညီလာခံတွင် ရခိုင်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်သည်။ NCA လက်မှတ် ထိုးထားသည့် ALP/AAUNFC အဖွဲ့ဝင်ဖြစ်သည့် ANC/AA နှင့် ငြိမ်းချမ်းဆွေးနွေးပွဲများသို့ မတက်လှမ်းနိုင်သေးသည့် ULA/ AA တို့ဖြစ်သည်။ ထိုအဖွဲ့အားလုံးတွင် သူနှင့်ရင်းနှီးသူများ သူတပည့်များပါသည်။ သူ၏နိုင်ငံရေးဖြတ်သန်းမှု ကျူရှင်ဆရာ သက်တမ်းနှင့်အတူ သူ၏ကဗျာတွေ စာတွေအရဖြစ်ပုံရသည်။ သူ၏ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု ကြောင့်လည်းဖြစ်ပုံ ရသည်။ သေချာသည်ကတော့ သူသည် ရခိုင်ပြည်နယ်နိုင်ငံရေးတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေသည်။ သူ၏ အ နှစ် ၆၀ ကျော် လူ့သက်တမ်းသည် နိုင်ငံရေးနယ်ပယ်တွင် အချိန်ကုန်ဆုံးခဲ့ရသည် မဟုတ်ပါလော။

မိုင်ဂျာယာန်သည် သူအတွက် လွမ်းစရာလည်း ဖြစ်ခဲ့ပုံရသည်။ ၁၉၇၅ဇွန် သပိတ်ကာလက သူနှင့်လက်တွဲခဲ့သော ခင်မင် ရင်းနှီးခဲ့သော ကိုကျော်ဇောဦး (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောသား) သည် ၁၉၇၅ ခုနှစ် ဇွန် ကိုဦးလှစောတို့ ထောင်ကျပြီး တနှစ်ကျော်ခန့်အကြာတွင် CPB အရှေ့မြောက်သို့ ရောက်သည်။ ထိုစဉ်က လျှို့ဝှက်ရေးအရ နာမည်များ ပြောင်းကြရရာ ကျော်ဇောဦးက သူချစ်ခင်သော ရဲဘော် ကိုဦးလှစော၏ ကလောင်နာမည်အားယူ၍ ရဲဘော်ခိုင်အောင်ဘဝ ခံယူသည်။ အ ရှေ့မြောက်နယ်စပ် CPB ဒေသတွင်သိကြသော ရဲဘော်ခိုင်အောင်မှာ ကျော်ဇောဦးဖြစ်သည်။

ကျော်ဇောဦးကား မရှိရှာတော့။ ကွယ်လွန်သွားရှာပြီ ဖြစ်သည်။ သို့သော် နယ်စပ်တွင် မားယုံဆိုသည့် ကချင်အမျိုးသမီး တဦးနှင့်အိမ်ထောင်ကျပြီး သူ့မျိုးဆက်များ ကျန်ခဲ့သည်။ ကျော်ဇောဦး၏ သမီးကြီးဖြစ်သူ နူးနူးအား မိုင်ဂျာယာန်တွင် KIO/KIA တပ်ဖွဲ့ဝင် ဆရာဝန်မလေးအဖြစ် ကိုဦးလှစော တွေ့ခဲ့ရသည်။ ရဲဘော်ရဲဘက်ဖြစ်ခဲ့သူ ရဲဘော်ခိုင်အောင်၏ သမီးဖြစ်သူ အား မောင်ခိုင်အောင် (စစ်တွေ) တွေ့ဆုံခြင်းဖြစ်သည်။ မြို့ပေါ် ဥပဒေတွင်း နိုင်ငံရေးသမား မောင်ခိုင်အောင်သည် သူ၏ရဲ ဘော် ရဲဘော်ခိုင်အောင်၏မျိုးဆက်အား လက်နက်ကိုင်တပ်ဖွဲ့တွင် ဆက်လက်တွေ့နေရဆဲဖြစ်သည်။ မြန်မာ့ပြည်နိုင်ငံရေးညတာရှည်လွန်းလှသည်ဟု ဆိုရပါမည်။

"ကျနော် စာရေးမယ်ဗျာ၊ ခိုင်အောင်မှ ခိုင်အောင်ထံပေးစာဆိုပြီး ခေါင်းစဉ်တပ်မယ်၊ ကျနော်တို့ ဖြတ်သန်းမှုတွေ အမြင်တွေကို ပုံဖေါ်ရေးမယ်"ဟု မိုင်ဂျာယာန်ကအပြန်တွင် ဆိုပါသည်။ သို့သော် ယခုအချိန်ထိ သူမရေးနိုင်သေးပေ။ ရှုပ်ထွေးလှစွာသော မြန်မာ့နိုင်ငံရေး ရခိုင့်နိုင်ငံရေးတွင် အလုပ်ရှုပ်နေဟန်တူသည်။ ရုန်းကန်နေရဟန် တူသည်။ နိုင်ငံရေးခရီးရှည်အား မမော မပမ်း လျှောက်နေပုံရသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး လွှတ်တော်တွင်း သူ၏ဆွေးနွေးချက်ကြောင့် စီ ကနဲဖြစ်သွားသည်။
သူ့အား လူသိများသွားသည်။ သူ့အား လူမုန်းများသွားသည်ဟုလည်း ဆိုနိုင်သည်။ သို့သော် သူ၏ ရဲဘော်များ မဲဆန္ဒရှင်များ ၏ထောက်ခံမှုများကိုလည်း ပို၍ရလိုက်သည်ဟု ဆိုနိုင်သည်။ ဤအချင်းအရာမှာ နိုင်ငံရေးနယ်ပယ်တွင် ရှောင်လွှဲ၍မရပေ။ နိုင်ငံရေးနယ်ပယ်တွင် လက်ခုတ်သြဘာသံချည်းမျှော်လင့်၍ မရနိုင်။ ဆဲဆိုဝေဖန်သံများကိုလည်း ရှောင်လွှဲ၍မရနိုင်ပေ။ မိမိ မှန်ကန်သည်ဟုယူဆသော နိုင်ငံရေးရပ်တည်ချက်ပေါ်တွင် ရပ်ခံလိုက်သည်နှင့် ချစ်ခြင်းရော မုန်းခြင်းပါ ရှောင်ကွင်း၍ မရ နိုင်။

"ကျနော် နိုင်ငံရေးကအနားယူပြီးရင် အေးအေးဆေးဆေး စာရေးချင်တယ်ဗျာ"ဆိုသည့် ဗိုလ်အောင်ဆန်း၏စကားကို သတိ ရမိသည်။ ပညာရှင်ဖြစ်ချင်သော ရဲဘော်အောင်ကြီးအား သတိရမိသည်။ တိုင်းပြည်အခြေအနေကလည်း ယနေ့တိုင် အေး အေးလူလူ စာရေးနေ၍မရသည့်အခြေအနေဖြစ်နေသေးသည်က ဝမ်းနည်းစိတ်ပျက်ဘွယ်ဟု ဆိုရမည်။ လူသားတယောက် အနေနှင့် မိမိအလုပ်တခုကို ရပ်တန့်၍ ရ/မရ ဆိုသည်မှာ တခါတရံ သူ၏ ဆုံးဖြတ်ချက်နှင့်ဆိုင်သည်။ တခါတရံ ပတ်ဝန်းကျင် အခြေအနေများနှင့် ဆိုင်သည်။ မည်သို့ဆိုစေ မည်သူမပြု မိမိမှုသာဖြစ်သည်ဟု ဆိုကြသည်။ သမိုင်းကိုရေးသားကြသည်က တော့ ပညာရှင်များဖြစ်ကြသော်လည်း သမိုင်းကို ထုဆစ်သူများက ပြည်သူများဖြစ်ကြပါသည်။

ပြိုင်ပွဲတခုတွင် ဝင်ပြိုင်ကြသူတိုင်း အနိုင်အရှုံးသည် ရှောင်လွှဲ၍မရသကဲသို့ တိုက်ပွဲတခုတွင် ပါဝင်သူတိုင်း အနိုင်အရှုံးအား ရှောင်လွှဲ၍မရပေ။သို့သော် တခါတရံ အရှုံးအနိုင်က အမှန် အမှားကို ဆုံးဖြတ်နိုင်စွမ်းမရှိပေ။ သို့မဟုတ်ပါက "အို အေသင်မြို့ သားအပေါင်းတို့ အမှန်အမှားသည် ယခုအခါ သင်တို့နှင့် ကျွန်ုပ်တို့ကြား မကွဲပြားသေးပါ"ဟုဆိုကာ အဆိပ်ခွက်ကို မော့ သောက်၍သေသွားသည့် ကြီးကျယ်ခမ်းနားသူတယောက် သမိုင်းတွင် ပေါ်ပေါက်လာစရာမရှိပေ။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)

Kim Addonizio ● Virgin Spring (အပျိုစင် နွေဦး ● မြန်မာပြန် နရီမင်း)

$
0
0
 
Kim Addonizio ● Virgin Spring (အပျိုစင် နွေဦး ● မြန်မာပြန် နရီမင်း)
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၆

မြင်ကွင်းက ကြောက်မက်ဖွယ်
လူနှစ်ယောက် မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေတယ်
အဲ့ဒီမိန်းကလေးက သူ သွားနေတဲ့ ဘုရားကျောင်းလမ်းကနေ
သွေဖည်ပြီး
အဲ့ဒီလူတွေနောက်
မိုက်မိုက်မဲမဲ ပါသွားတယ်။

အဲ့ဒီလူတွေက မိန်းကလေးကို
မုဒိမ်းကျင့်ပြီး
သတ်လိုက်တယ်
အဲ့ဒီလူတွေနဲ့အတူ
ကောင်ကလေး တယောက်လည်း ပါလာတယ်။

ခဏ စောင့်ကြည့်ပြီး
မိန်းကလေးအလောင်းကို ထားခဲ့ကြတယ်
ရုပ်ရှင်ရဲ့ နောက်တစ်ခန်းက
ပိုကြောက်စရာ ကောင်းတယ်။

လူနှစ်ယောက်နဲ့
ကောင်ကလေးဟာ မိန်းကလေးရဲ့ မိဘတွေမှန်း မသိဘဲနဲ့
အဲ့ဒီမိန်းကလေးရဲ့ မိဘတွေ နေတဲ့အိမ်ကို တစ်နည်းနည်းနဲ့ ရောက်သွားတယ်။
မိန်းကလေးရဲ့မိဘတွေကလည်း ဘာမှ မသိကြပါဘူး။

သူတို့အားလုံးကို
အစားအသောက်တွေ
ကျွေးမွေးတယ်။

သူတို့အားလုံး စားပွဲရှည်မှာ အတူတကွ ထိုင်ရင်း
ပေါင်မုန့် ဖဲ့ကြတယ်။
ဒါကတော့ ကြောက်စရာ
အကောင်းဆုံးပဲ
သူတို့ထဲက တစ်ယောက်က
မိန်းကလေးရဲ့အမေကို
မိန်းကလေးဆီကနေ
ချွတ်ယူလာတဲ့ အ၀တ်အစားတွေ ရောင်းဖို့ ကြိုးစားတယ်။

အသတ်ခံလိုက်ရတဲ့ သူ့သမီးရဲ့ အ၀တ်တွေကို
အမေက ၀ယ်မယ်လို့
စဉ်းစားချင်ယောင်ဆောင်တယ်။

အဲ့ဒီအခိုက်အတန့်မှာ အမေဟာ ဘယ်လို ဟန်ဆောင်နိုင်မှာလဲ
သူ့ကိုယ်သူ
ဘယ်လို ထိန်းချုပ်မှာလဲ
ဒါပေမဲ့ သူ လုပ်နိုင်ခဲ့တယ်
အမေက အပြင်ကို
ထွက်သွားတယ်
အလုံခန်းထဲမှာ သူတို့အားလုံးကို သော့ပိတ်ထားခဲ့တယ်
အမေက သူ့ခင်ပွန်းထံ
ပြေးသွားတော့ အဲ့ဒီလူတွေကို သတ်ဖို့တာဝန်က အဖေ့လက်ထဲကို ကျရောက်သွားတယ်
ဒီလိုပဲ ဆက်ဖြစ်သွားတယ်။

မုဒိမ်းမှု ၊ သစ္စာဖောက်မှု ၊
လူသတ်မှု။
ကောင်ကလေးကိုတောင်
ချမ်းသာမပေးဘူး။
ပြီးတော့ အဖေရော
ဘာဖြစ်သွားလဲ။
သူ့သမီး အသတ်ခံရတဲ့ နေရာမှာ ဘုရားကျောင်းတကျောင်း ဆောက်လုပ်ပါရစေလို့
ဆုတောင်းရင်း
သမီးရဲ့အလောင်းကို
ကိုင်မြှောက်လိုက်တဲ့အခါ
အံ့ဖွယ်ရေတွေ မြေကြီးထဲကနေ ပန်းထွက်လာတယ်။

ဒါဆို တော်လောက်ပါပြီ
ဒီလိုဆို ကျေပြီပေါ့၊
ဟိုလူတွေရဲ့
နောက်လိုက်ကောင်းတွေက
လက်စားချေတယ်။

မိန်းကလေးမိသားစုကို
သုတ်သင်လိုက်တယ်
ဒါဆို တခြားရော ဘာဖြစ်သေးလဲ
အသတ်ခံရတဲ့ မိန်းကလေးရဲ့အမ
ကိုယ်ဝန်ရှိနေတဲ့
ဆံပင်အနက်ရောင်နဲ့
မိန်းကလေးဟာ
အဲ့ဒီနေ့နံနက်က
ဘုရားကျောင်းလမ်းပေါ်က
ကိုက်အနည်းငယ်အကွာ
အနောက်ဘက်မှာ ရှိနေတယ်
သူဟာ အဲ့ဒီလူတွေ နောက်က လိုက်သွားပြီး သူတို့
မိန်းကလေးကို အမဲဖြတ်နေတုန်း
လုံခြုံရာ နေရာကနေ
ခြောင်းကြည့်နေတယ်။

သူ့လှပမှု၊ သူ ပျက်စီးခဲ့ရတဲ့လမ်းကြောင်းတွေအတိုင်း
သူရဲ့ မိုက်မဲတဲ့
မသိနားမလည်မှုအတိုင်း
ညီမလေး ဘာဖြစ်သွားတယ်ဆိုတာ
ကျွန်မ မသိဘူးတဲ့။

သူဟာ ကမ္ဘာကြီးရဲ့
ရက်စက်ကြမ်းကြုတ်မှုကို သိတဲ့သူပဲ။

ဝက်သိုးတွေကို ဆက်ပြီး
သစ်စေ့တွေ ကြဲပက်ကျွေးရင်း
သူဟာ ဘာမှ မပြောတဲ့သူ
သူဟာ အသက်ရှင်ကျန်ရစ်တဲ့သူ။

Kim Addonizio ၏ Virgin Spring ကို ပြန်ဆိုပါတယ်။

နရီမင်း

Photo : Kim Addonizio (၁၉၅၄ ဖွား) အမေရိကန် ကဗျာဆရာမ/ဝတ္ထရေး ဆရာမ
Photo Credit : LinTan

ဇင်လင်း ● ငြိမ်းချမ်းရေးခရီး…နီးသလား….ဝေးသလား

$
0
0

ဇင်လင်း ● ငြိမ်းချမ်းရေးခရီး…နီးသလား….ဝေးသလား
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၆

မြန်မာနိုင်ငံ၏ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေသည် ညှိနှိုင်းမှု အဆင်မပြေနိုင်ဘဲ၊  သောင် မတင်ရေမကျ ရှိနေခဲ့ရာမှ ရွှေပြည်တော် မျှော်လေတိုင်း ဝေးနေဦးမည်လားဟု လူထုအကြား သံသယများ ပွားများနေကြရ ပြန်ပြီ ဖြစ်သည်။  ရှမ်းပြည်မြောက်ပိုင်း မူစယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုံရှိ အစိုးရလုံခြုံရေးစခန်းကို နိုဝင်ဘာလ ၂၀ ရက် နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကုန်သွယ်ရေးလမ်း အားပိတ်ထား ခဲ့ရကြောင်း သျှမ်းသံတော်ဆင့် သတင်းအရ သိရသည်။ အရုဏ်မတက်မှီ နံနက် ၉ နာရီအထိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ စုပေါင်းထားသည့် မဟာမိတ်တပ်ဖွဲ့ဝင်များက မန္တလေး၊ လားရှိုး၊ မူစယ်လမ်း ၁၀၅ မိုင်ကုန်သွယ် ရေးဇုံရှိ အစိုးရ လုံခြုံရေးစခန်းနှင့် ပန်ဆိုင်းအခြေစိုက် အစိုးရ ရဲတပ်ဖွဲ့စခန်းများ ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းကဆိုသည်။  နေပြည်တော်ရှိအစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာန သတင်းတွင်မူ – ကချင်၊ တအာင်းနှင့် ကိုးကန့်တပ်မတော်တို့ စုပေါင်း ထားသော တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ သိန္နီမြို့နယ်၊ မူစယ်မြို့နယ်က ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ၊ ပန်ဆိုင်း ၊ မုံးကိုးတို့၌ ရှိသည့် ရဲစခန်းများကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဒေသခံ ပြည်သူ ထောင်ဂဏန်းချီ၍ မူစယ်ဘက်သို့၎င်း၊ တရုတ်ဘက်ခြမ်း သို့၎င်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း သျှမ်းသံတော်ဆင့် သတင်းအရ သိရသည်။  အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ တရုတ်နိုင်ငံက အထူးစိုးရိမ်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့များအနေဖြင့် တိုက်ပွဲများရပ်ဆိုင်းကာ၊ ပဋိပက္ခများ ပိုမိုဆိုးရွားမလာစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၀ ရက်နေ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ တရုတ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကလည်း တရုတ်တပ်ဖွဲ့များကို တရုတ်-မြန်မာနယ်ခြားတလျောက် အရေးပေါ်တပ်လှန့်ထားကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု Reuters သတင်းတွင် ဖေါ်ပြထားသည်။

ရန်ကုန်မြို့ တရုတ်သံရုံးကလည်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်ကိုဖြတ်ကျော်၍ တရုတ်နိုင်ငံအတွင်း ထွက်ပြေးခိုလှုံလာသော မြန်မာနိုင်ငံသား အချို့ကို လူသားချင်းစာနာမှုအရ စောင့်ရှောက်ထားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကိုလည်း ဆေးရုံတင်ကုသပေးနေကြောင်း၊ မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံသားများသည်လည်း မိမိတို့လုံခြုံရေးအတွက် သတိဖြင့် နေထိုင်ကြစေလိုကြောင်း၊  ပဋိပက္ခ ဖြစ်ပွားရာ ဒေသများကို ရှောင်ရှားကြစေလိုကြောင်း၊ အရေးကြုံလျှင် ရန်ကုန်နှင့် မန္တလေးမှာရှိ တရုတ်သံရုံးနှင့်  ကောင်စစ်ဝန်ရုံးများသို့ အကြောင်းကြားစေလိုကြောင်း တရုတ်သံရုံး၏ Facebook စာမျက်နှာမှတဆင့် သတိပေးနှိုးဆော် ထားသည်ကို တွေ့ရသည်။

လွန်ခဲ့သည့် သီတင်းပတ်က  “ညီညွတ်သောတိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင်စီ”(UNFC) ၏ အဆိုပြုချက် ၈ ချက်နှင့်စပ်လျဉ်း၍ အစိုးရနှင့် တပ်မတော်ဘက်မှ မူဝါဒပိုင်းဆိုင်ရာ တစ်စုံတစ်ရာ ပြောင်းလဲမှု မရှိလျှင်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ၌ ပါဝင်လက်မှတ်ထိုးရေးမှာ ဆက်လက်ဖင့်လေးနေဦးမည်ဟု သုံးသပ် ပြောဆိုမှုများ ရှိခဲ့သည်။ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စား လှယ်အဖွဲ့DPNတို့ ယခု နိုဝင်ဘာအတွင်း ထပ်မံတွေ့ဆုံရန် လျာထားသော်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ အဆုံးအဖြတ်နှင့် မူဝါဒချမှတ်မှုအပေါ် မူတည်နေကြောင်း ယေဘုယျအားဖြင့် သတင်းထွက်ပေါ်လျှက်ရှိသည်။

၂၁ ရာစုပင်လုံညီလာခံ ပထမအကျော့အပြီးတွင် အစိုးရတပ်မတော်က ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ KIO ထိန်းချုပ် နယ်မြေများအား ပြင်းထန်စွာ ထိုးစစ်ဆင်ခဲ့သောကြောင့် ကျေးလက်နေ ဒေသခံပြည်သူများ  စစ်ဘေးလွတ်ရာ ထွက်ပြေး ကြရပြီး၊ ကလေးငယ်များအပါအဝင် ဒေသခံများ သေကြေထိခိုက်နစ်နာမှုများ ရှိခဲ့သည်။ ရလဒ်မှာ ရန်ကုန်၊ မြစ်ကြီးနား နှင့် တနိုင်း စသည့် မြို့များ တွင် စစ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ အောက်တိုဘာလအတွင်း ပေါ်ပေါက်ခဲ့သည်။ ကချင် ပြည်နယ်တွင် စက်တင်ဘာလမှ စတင်၍ တပ်မတော်က ဝေဟင်ရော မြေပြင်ကပါ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်စခန်းများကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ရာ၊ အဓိက ထိခိုက်နစ်နာရသူများမှာ သာမန် အရပ်သူအရပ်သားများသာ ဖြစ်သည်။

နိုဝင်ဘာ ၉ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံတွင် ကျင်းပခဲ့သည့် EU ဥရောပသမဂ္ဂ ကာကွယ်ရေးဦးစီးချုပ်များ စစ်ဘက်ဆိုင်ရာကော်မတီ အစည်း အဝေးတွင် “The Military's Role in a Democratic Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော UWSA “ဝ” တပ်ဖွဲ့နှင့် ကချင် လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ ၂ ဖွဲ့အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA သဘောတူစာချုပ်တွင် ပါဝင် လက်မှတ် မထိုးဘဲ နိုင်ငံရေးဆွေးနွေးပွဲများ တက်ရောက်ရန် ကြိုးစားခြင်းသည် နိုင်ငံရေးအရ မျှတမှု မရှိ ဖြစ်စေကြောင်း မှတ်ချက်ပေးပြောဆိုခဲ့သည်။ ၎င်းအပြင် ဒီမိုကရေစီကို အကြောင်းပြ၍ အစိုးရအုပ်ချုပ်မှုကို လက်နက်ကိုင်ဆန့်ကျင်သည့် မည်သူ့ကိုမဆို တပ်မတော်က ကာကွယ် တိုက်ခိုက်သွားမည်ဟုလည်း ဆိုသည်။  ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ် သက်၍ ပြောရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို အပြည့်အဝ ပုံဖော်ပေးနိုင်သော အခြေခံဥပဒေ ဖြစ်သည့်အပြင်၊ ပကတိအခြေအနေနှင့် ညီညွတ်သော တပ်မတော်၏  အခန်းကဏ္ဍကို ထည့်သွင်း ရေးဆွဲထားသည့် ဥပဒေဖြစ်သည်ဟု ဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ရန်ကုန်မြို့၌ တတိယအကြိမ် တွေ့ဆုံခဲ့သော်လည်း အဆိုပြုထားသည့် အချက်များကိစ္စ ဆွေးနွေးမှု  တစ်စုံတစ်ရာ သဘောတူညီမှု မရခဲ့ကြောင်း သတင်းများအရ သိရသည်။

အောက်တိုဘာ ၃၁ ရက်နေ့က မြစ်ကြီးနားမြို့တွင် ဒေသခံတိုင်းရင်းသား ၈ ထောင်ကျော်က ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ၌ ပါဝင်လက်မှတ်ရေးထိုး၍ နိုင်ငံတော်က ဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် ဆန္ဒပြတောင်းဆိုကြကြောင်း RFA ရေဒီယိုသတင်းအရ သိရသည်။ မကြာသေးမီက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်တွင် အချိန်မဆွဲဘဲ လက်မှတ်ရေးထိုးကြရန် အောက်တိုဘာ ၂၈ ရက်တွင် တိုက်တွန်း ပြောကြားခဲ့သည်။

သို့ရာတွင် ငြိမ်းချမ်းရေးဆွေးနွေးရန် ပြင်ဆင်နေခိုက်မှာပင် တိုက်ပွဲများက ဆက်လက်ဖြစ်ပွားနေသည်။ ရှမ်းပြည် နယ် မြောက်ပိုင်း မူဆယ်မြို့နယ်တွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၆ တို့ ၂ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားသဖြင့် ဒေသခံရွာသူရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNG သတင်း အရ သိခဲ့ရသည်။ တိုက်ပွဲကြောင့် မုံးဘော်၊ မန်ကောင်း ရွာမှ အိမ်ထောင်စု ၆၀ ခန့် သည် လက်ရှိ မန်ပင်းရွာ ခရစ်ယာန် ဘုရားကျောင်းတွင် ခိုလှုံနေကြသည်ဟု မုံးဘော် ရွာလူကြီး တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အစိုးရတပ်မ ၉၉ လက်အောက်ခံ ခမရ ၃၁၃ တပ်ရင်း တပ်ဖွဲ့များသည် KIA တပ်ရင်း ၃၆ အုပ်ချုပ်ရေးနယ်မြေဖြစ်သော မန်ကောင်းရွာ အထက် နေရာများသို့ ဝင်ရောက်လာသောကြောင့် နိုဝင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ရှေ့တန်း KIA သတင်းများကို ကိုးကား၍  KNG သတင်းဌာနက ဖေါ်ပြသည်။ ဒေသခံများအဆိုအရ  တပ်မတော်ဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ရှိသည်ဟု ဆိုသည်။ နှစ်ရက်သာ တိုက်ခိုက်မှုအပြီး တပ်မတော်ဘက်မှ စစ်အင်အား ပြန်လည် ဖြည့်တင်းနေသကဲ့သို့၊ KIA ဘက်ကလည်း တပ်ကူများ ပြန်လည် ဖြည့်တင်းနေသည့် သတင်းများကြောင့် ဒေသခံများက စစ်ပွဲများ ပိုမို ပြင်းထန်လာမည်ကို စိုးရိမ်နေကြကြောင်း သတင်းကဆိုသည်။

ကချင်ပြည်နယ်သို့ အစိုးရတပ်အင်အား ဆက်လက် တိုးမြှင့်ပို့ဆောင်နေခြင်းကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ကြောင်း KIA ဘက်မှ ဆိုသည်။ နှစ်ဖက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသော ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ် KIA အမာခံ စခန်းများရှိရာ Nhkram Bum တောင် နှင့် Lai Hpawng Bum တောင်သို့ စစ်ကူ အမြောက်အများ ထပ်မံရောက်ရှိကြောင်း၊ လိုင်ဇာ ဗဟိုဌာနချုပ် KIO သတင်းနှင့် ပြန်ကြား ရေးဌာန တာဝန်ရှိသူ ဒု ဗိုလ်မှုးကြီး နော်ဘူက ကချင်သတင်းဌာန KNG ကို ပြောသည်။

“သူတို့ဘက် မနေ့ညကလည်း နေရာအနှံ့ တပ်အင်အားတွေ ဖြည့်ထားတာတွေ့ရတယ်။ အဲဒါတွေကို ပြန်ရုတ်သိမ်းဖို့ အခြေအနေ မရှိတဲ့အတွက် တိုက်ပွဲ ပိုပြင်းထန်လာနိုင်တယ်။ အဲကြောင့် ကျနော်တို့ လည်း သတိထားနေတယ်။” ဟု ဒုဗိုလ်မှုးကြီး နော်ဘူက KNG ကို ပြောသည်။

ဗဟိုဌာနချုပ် Laiza နှင့် Laisin Bum လုံခြုံရေးအတွက် စစ်ရေး မဟာဗျူဟာ အရ အရေးပါသော KIA လှုပ်ရှားတပ်ရင်း DND D ၂၅၂ ၏ Nhkram Bum တောင် စခန်းများနှင့် KIA တပ်ရင်း (၃) Lai Hpawng Bum တောင် စခန်းများ ကို တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ ရက်ပေါင်း ၆၀ ကျော်ပြီ ဖြစ်ကြောင်း သတင်းအရ သိရသည်။ Nhkram Bum မှ Gidon စခန်းကို တပ်မတော်က လက်နက်ကြီးများနှင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုမှာ နေ့စဉ် ဖြစ်ပွားနေသည်ဟု ဒုဗိုလ်မှုးကြီး နော်ဘူက ပြောသည်။ လွန်ခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့က တပ်မတော် MIG ၂၉ ဂျက်တိုက် လေယာဉ် ၂ စီးသည် ယင်းတောင် နှစ်လုံးရှိ KIA စခန်းများကို လေးကြိမ်တိုင် လာရောက်ပစ်ခတ်ခဲ့ကြောင်း ကချင်သတင်းဌာနက ဖေါ်ပြခဲ့သည်။ ထိုသို့ တပ်မတော်၏ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်သည့် လုပ်ရပ်သည် “စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် ပေါ်ထွန်းရေးကို ဖျက်ဆီးနေခြင်း” နှင့် “ပြည်တွင်း စစ်မီးကို ပိုမိုကြီးထွား ပြန့်နှံ့လာစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်” ဟု KIO ဗဟိုကော်မတီက အောက်တိုဘာ (၈) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကချင်လွတ်မြောက် ရေးတပ်မတော် (KIO) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ယာယီအပစ်ရပ်စဲရေး ကြေညာပြီး နိုင်ငံရေးဆွေးနွေးရန် အစိုးရနှင့် တပ်မတော်တို့အား ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာက တိုက်တွန်းခဲ့ကြောင်း နိုဝင်ဘာ ၄ ရက်နေ့ 7DayDaily သတင်းတွင် တွေ့ရသည်။ KIO/KIA အနေဖြင့် ငြိမ်း ချမ်းရေးကို လိုလားသော်လည်း လတ်တလော တိုက်ပွဲ များရှိနေခြင်းက ဆွေးနွေးမှုပြုလုပ်ရန် အဟန့်အတားဖြစ်စေကြောင်း KIO ဒုတိယဥက္ကဋ္ဌ ဟောင်းဖြစ်သူ ဒေါက်တာ မနမ် တူးဂျာက ပြောသည်။ ဒေါက်တာ မနမ်တူးဂျာသည် ၂၀၁၃ တွင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ တရားဝင်မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီး လက်ရှိ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူး တွဲကော်မတီ (UPDJC) ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။

တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA)အရ ဒေသဆိုင်ရာအဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-L) များကို လာမည့် ဇန်န၀ါရီတွင် စတင်ဖွဲ့စည်းမည် ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် JMC အဖွဲ့ဝင် ဒေါက်တာမင်းဇော် ဦးက နိုဝင်ဘာ ၉ ရက်နေ့က အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တွေ့ဆုံစဉ် ပြောသည်။ ဒေသဆိုင်ရာ အဆင့် JMC သည် တပ်မတော်နှင့် NCA လက် မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား စစ်ရေး ပဋိပက္ခများ ဖြစ်ပွားပါက စောင့်ကြည့်စိစစ်ခြင်း၊ အငြင်းပွားမှုများကို ညှိနှိုင်းဖြေရှင်းခြင်း လုပ်ငန်းများ အပါအ၀င် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့် JMC ၏ လုပ်ငန်းတာဝန်များကို ကူညီပံ့ပိုး ခြင်းများ လုပ်ဆောင်ရမည်ဟု ဆိုသည်။

လက်ရှိအခြေအနေတွင် ငြိမ်းချမ်းရေးကိုယ်စားလှယ်များ အဓိကစိုးရိမ်နေသည်မှာ NCA လက်မှတ်ထိုးပြီးသည့်နောက် တိုက်ပွဲများ ထပ်မံ ဖြစ်နိုင်သလားဆိုသည့် အချက်ဖြစ်သည်။  တိုက်ပွဲထပ်မဖြစ်အောင် မည်သို့လုပ်ဆောင်ကြမည်နည်း၊  JMC အဖွဲ့အနေဖြင့်လည်း လက်မှတ်ထိုးပြီးသည့် အဖွဲ့များနှင့် တိုက်ပွဲဖြစ်လျှင် မကောင်းဟု မြင်ကြောင်း၊ ၎င်း စိုးရိမ်မှုများ  တပ်မတော်နှင့် အစိုးရဘက်တွင်လည်း ရှိကြောင်း၊ JMC အဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦး က ဆိုသည်။

ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားများ ဆုံးရှုံးနစ်နာလျှက်ရှိသည့်ကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က စာနာကြောင်း ပြောခဲ့ဖူးသည်။  နိုင်ငံရေး တန်းတူရပိုင်ခွင့် တောင်းဆိုချက်များကိုလည်း မှန်ကန်စွာ ညှိနှိုင်းအဖြေရှာမည်ဟု  ကတိပေးဖူး သည်။ NLD အစိုးရက စစ်ရေးပဋိပက္ခအားလုံး ချုပ်ငြိမ်းရန် ကြိုးပမ်းနေသည်မှာ ထင်ရှားပါသည်။ အစိုးရ၏ မူဝါဒနှင့် စေတနာကို အရာထင်စေရေးအတွက် တပ်မတော်က သစ္စာရှိရှိ တာဝန်သိသိ ကူညီဖို့လိုပေသည်။

တိုက်ဆိုင်စွာပင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း အကြမ်းဖက်သမား ၆၉ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၂၃၀ ကျော်ကို ဖမ်းဆီးထားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၁၄ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်ကို တွေ့ရသည်။ ယခု တဖန် ရှမ်းပြည်မြောက်ပိုင်း မူစယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုံရှိ အစိုးရလုံခြုံရေးစခန်းကို နိုဝင်ဘာလ ၂၀ ရက် နေ့ နံနက်ပိုင်းတွင် ကချင် KIA ၊ ပလောင် TNLA ၊ ကိုးကန့် MNDAA နှင့် ရခိုင် AA စသည့်တပ်ဖွဲ့များပါဝင်သည့်  တိုင်းရင်းသားမဟာမိတ် တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် တပ် ပေါင်းစု(၄) ဖွဲ့က ရှမ်းပြည်မြောက်ပိုင်း မြန်မာ့တပ်မတော် တပ်စခန်းများအား တိုက်ခိုက်ရခြင်းမှာ ကချင်နှင့် ရှမ်းပြည်နယ် အတွင်း အစိုးရတပ်မတော်က ထိုးစစ်ဆင်နေခြင်း ရပ်စဲပေးစေလို၍ ဖြစ်ပြီး၊ အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ စတင်နိုင်ရန်ဖြစ်သည်ဟု TNLA ဗိုလ်မှူးတာအိုက်ကျော်က ဗွီအိုအေသတင်းသို့ ပြောကြောင်း ကြားသိရသည်။

NLD အစိုးရက စစ်ရေးပဋိပက္ခအားလုံး ချုပ်ငြိမ်းရန် ကြိုးပမ်းနေစဉ် ဤသို့ စစ်ရေးပဋိပက္ခများ ထပ်မံ ဖြစ်ပေါ်လာမှုကြောင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်ကို နှောင့်နှေးစေသကဲ့သို့ရှိသည်။ သို့သော်လည်း အစိုးရက ကုလသမဂ္ဂနှင့်တကွ နိုင်ငံတကာ သံတမန်များ၊ ပြည်တွင်းပြည်ပ သတင်းထောက်များကို ပွင့်လင်းမြင်သာစွာ လေ့လာ သတင်းယူခွင့်ပြုထားမည် ဆိုပါက လက်ရှိအရေးကိစ္စများကို မကြာမီ ဖြေရှင်းနိုင်ဖွယ်ရှိပါသည်။ သို့တိုင်အောင် လက်ရှိ ဖြစ်ပေါ်နေသည့် ငြိမ်းချမ်းရေး အလားအလာသည် တိုးတက်မည်လား၊ ဆုတ်ယုတ်မည်လား ဆိုသည်ကို မှန်းဆရန်မှာ မလွယ်ကူလှပါ။ အစိုးရနှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့အနေဖြင့် စက်တင်လဆန်းမှစတင်ခဲ့သော တပ်မတော်၏ တိုင်းရင်းသားဒေသ ထိုးစစ်များကို ယာယီရပ်ဆိုင်းထားစေရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား တိုက်တွန်းသင့်သည်။ အထူးသဖြင့် ၂၁ ရာစုပင်လုံ ညီလာခံ (ဒုတိယအကျော့) ကျင်းနေစဉ်တွင် သေနတ်သံများ တိတ်နေလျှင် ပို၍ မင်္ဂလာရှိပေမည်။ UNFC  ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းနှိုးဆော်ချက်ကို အလေးထား စဉ်းစား၍ မှန်ကန်သည့် ဆုံးဖြတ်ချက် ချနိုင် လျှင် ငြိမ်းချမ်းရေးကိစ္စ တိုးတက်ဖြစ်ထွန်းလာဖွယ် ရှိသည်။

ခြုံငုံသုံးသပ်ရလျှင် ငြိမ်းချမ်းရေးအောင်မြင်ရန်အတွက် အဓိကအဆုံးအဖြတ်ပြုနိုင်ခွင့်သည် NLD အစိုးရနှင့် တပ်မတော်တို့ ၏ လက်ဝယ်ရှိနေသည်။ တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို ပင်လုံဒုတိယအကျော့တွင် ပါဝင်ခွင့်ပြုစေချင်သည်။ တစ်ဖွဲ့မျှ ကျန်ရစ်ခဲ့လျှင်ပင် ရေရှည်အတွက် စိတ်မအေးဖွယ် ဖြစ်စေလိမ့်မည်။ ဆွေးနွေးပွဲကာလအတွင်း အတင်းအကျပ် လက်နက်ချခိုင်းခြင်းလည်း မပြုသင့်။ လတ်တလောအခြေအနေတွင် နိုင်ငံရေးအရ အပေးအယူမတည့်သေးလျှင် တိုင်းရင်း သားအဖွဲ့များအနေနှင့် လက်နက်ကိုင်ထားလိုသည်မှာ သဘာဝကျသည်။ တနည်းအားဖြင့် သူတို့ လုံခြုံစိတ်ချရမှုအတွက် စိတ်မအေးနိုင်သေး၍ ဖြစ်သည်။ အပြန်အလှန်ယုံကြည်မှု အရေးကြီးသည်ကို ငြိမ်းချမ်းရေး ဆွေးနွေးဖေါ်အားလုံး စိတ်ရင်းကောင်းဖြင့် ဆင်ခြင်စဉ်းစားသင့်သည်။ ရိုးရိုးသားသား တန်းတူရည်တူ ညီရင်းအစ်ကို စိတ်ဓါတ် အရင်းခံဖြင့် နိုင်ငံရေး ဆွေးနွေးပွဲ ခရီး ဆက်ကြမည်ဆိုလျှင် ငြိမ်းချမ်းရေးသည် ဝေးလွန်းသည် ထင်ရ သော်လည်း ထင်သလောက် မဝေးလှဟု ဆိုနိုင်ပါသည်။။။

ဂျူနီယာဝင်း ● ခေတ်တခေတ်၏ သူရဲကောင်းများ

$
0
0

ဂျူနီယာဝင်း ● ခေတ်တခေတ်၏ သူရဲကောင်းများ
(အတွေးအမြင် အမှတ် - ၂၉၂၊ ၂ဝ၁၆ အောက်တိုဘာ)
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂ဝ၁၆

ပြင်သစ်စာရေးဆရာကြီး အလက်ဇန်ဒါဂျူးမား (Alexandre Dumas) (၁၈ဝ၂-၁၈၇ဝ) ရေးသားသော Three Musketeers (သူရဲကောင်းသုံးယောက်) သည် ၁၈၄၄ မှာ ထွက်ရှိခဲ့သည်။ ဝတ္တုသည် သမိုင်းရာဇဝင်စွန့်စားခန်းဖြစ်သည်။ ဖတ်လို့အလွန် ကောင်းသည်။ ပြင်သစ်ဘုရင်လူဝီ-၁၃ (Louis XIII) (၁၆၁ဝ) လက်ထက်ကို နောက်ခံထားထားသော ဝတ္တုကြီးဖြစ်သည်။ လူဝီ-၁၃ ၏ ဝန်ကြီးချုပ် ရစ်ချလူးသည် ၁၆၂၅ တွင် အာဏာရလာချိန်တွင် ဒါးတညန်အမည်ရှိ လူငယ်လေးက ပါရီသို့ ရောက်လာသည်။ ဒါးတညန် နှင့် ဘုရင့်သူရဲကောင်းသုံးယောက်ဖြစ်သော အော်သို၊ ပေါသို၊ အာရမီ တို့နှင့် တွေ့ဆုံခဲ့ကာ သူတို့လေးဦး စွန့်စားခန်းများဖြင့် ပရိသတ်များကို မိတ်ဆက်ပေးထားသည်။

ခေါင်းစဉ်အားဖြင့် သူရဲကောင်းသုံးဦးဟု တပ်ထားသည်။ ဒါးတညန်သည် နောက်မှ ပေါက်သောရွှေကြာပင် ဖြစ်သည်။ သို့သော် တဦးနှင့်တဦး သံယောဇဉ်တွယ်ကာ ဓားရေးကျမ်းကျင်သော သူရဲကောင်းများအဖြစ် တိုင်းပြည်ကို ကာကွယ်ကြ ပုံများအဖြစ် မြင်တွေ့ကြရသော ဝတ္တုကြီးဟု ဆိုနိုင်ပါသည်။ သူတို့၏ ကြွေးကြော်သံမှာ One For All, All For One (အား လုံးအတွက် တယောက်၊ တယောက်အတွက် အားလုံး) ဟု ဖြစ်သည်။ သူတို့ထဲက တဦးဦး ဒုက္ခရောက်ပါက အားလုံးနဲ့ဆိုင် သည်ဟူသော အဓိပ္ပါယ်ဖြစ်သည်။ တဦးကိုတဦး အသက်ပေး၍ ကာကွယ်ပေးကြမည်ဟူသောသဘော ဖြစ်သည်။ ဝတ္တုကို ဘာကြောင့် The Four Musketeers သူရဲကောင်းလေးယောက်ဟု မတပ်သလဲဟု တွေးစရာဖြစ်သည်။ ဂျူးမားသည် သူရဲ ကောင်းသုံးယောက်ကိုသာ အဓိကထားလိုသည်ဟု မြင်သည်။ ဒါးတညန်သည် သူတို့ဘဝထဲကို နောက်မှ ဝင်လာသည့် လူတဦးဖြစ်ကာ၊ ဒါးတညန်ကို တူသားတဦးလို ချစ်ခင်ပြီး၊ သူလုပ်သမျှတွေကို ဝိုင်းဝန်းကူညီပေးကြသူများအဖြစ် တွေ့မြင်ရ သည်။ သို့သော် နောင်တချိန်တွင် ဒါးတညန်သည် သူတို့အား ဒုက္ခပြန်ပေးလိမ့်မည်ဟု စာဖတ်သူများပင် မရိပ်မိအောင် ဂျူးမားက ရေးသားနိုင်စွမ်းရှိပါသည်။

ဒါးတညန်သည် တော်ဝင်မိသားစုမှမွေးဖွားလာသူ အဓိကဇာတ်ကောင်အဖြစ် တွေ့ကြရသည်။ သူ၏အိပ်မက်က နန်းတော် မှာ သစ္စာရှိသူရဲကောင်းအဖြစ် အလုပ်အကျွေးပြုလိုသည်။ ဖခင်ဖြစ်သူက မိတ်ဆွေဟောင်းဖြစ်သော ပြင်သစ်သူရဲကောင်း များ၏ ကပ္ပတိန်ထံ စာတစောင်ပေးကာ သူ့သားကို လွှတ်လိုက်သည်။ စာကို ဒါးတညန်လက်ထဲကနေ အခိုးခံလိုက်ရသည်။ ယင်းသည် နောက်ပိုင်း သူရဲကောင်းသုံးဦးနှင့် တွေ့ဆုံကြဖို့ ဇာတ်ကွက်များ ဖြစ်လာသည်။

ဂျူးမားသည် သူ၏သူရဲကောင်းများကို ယခုလိုပုံဖော်ရေးသားခဲ့သည်။ ဒါးတညန်က စူးရှထက်မြတ်သော အသက်၁၆နှစ်- ၁၈နှစ် အရွယ်သာသာ လူငယ်ကလေး၊ အော်သိုက စကားအပြောအဆိုနည်းပြီး၊ အရေးတကြီးစကားအပြောအဆိုနည်းပြီး၊ အရေးတကြီးကိစ္စများတွင်သာ လက်ဟန်ခြေဟန်၊ မျက်နှာရိပ် မျက်နှာကဲဖြင့်သာ အပြောအဆိုရှိသူ၊ ပေါ်သိုကတော့ အဝတ်အစားဖက်ရှင်ကျကျ ဝတ်ဆင်ရတာ နှစ်သက်သူ၊ အာရမီကတော့ ဘုရားရှိခိုးကျောင်းက ဘုန်းတော်ကြီးအဖြစ် သူ့ဘဝကို တည်ဆောက်ချင်သူ စသည်ဖြင့် သူတို့၏ပုံပန်းများကို မှန်းဆကြည့်ရမည်ဖြစ်လေသည်။ သူတို့အားလုံး၏ တူညီသောအချက်က ဓားရေး အလွန်ကျွမ်းကျင်ကြခြင်း ဖြစ်သည်။ သို့သော် အသက်အငယ်ဆုံး ဒါးတညန်သည် သူရဲကောင်းသုံးယောက်နှင့် ယှဉ်ခုတ်နိုင်သူအဖြစ် တွေ့ကြရသည်။

ဇာတ်လမ်းသည် ရှေးခေတ်နိုင်ငံရေးသမိုင်းဝင်အဖြစ်များကို ပြန်ပြောင်းမြင်ယောင်စေသည်။ ထိုခေတ်က သူရဲကောင်းတွေက သည်လိုပါလား ဟု အထင်ကြီးဖွယ်ဖြစ်အောင် ရေးသားထားသည်။ ဝတ္တုထဲတွင် မီလာဒင် ဟူသော အမျိုးသမီးဇာတ်ကောင် ပါသည်။ မီလာဒီသည် တချိန်တုန်းက အော်သို၏ဇနီးဖြစ်ခဲ့ဖူးပြီး၊ မကောင်းမှုများစွာကို လျို့ဝှက်စွာ ကျူးလွန်ခဲ့သူဖြစ်သည်။ နောက်တော့ ဝင်တာမြို့စားနဲ့လက်ထက်ခဲ့ကာ သူ့နောက်ကြောင်းကို မြှုပ်ထားသည်။ မြို့စားကွယ်လွန်သွားတော့ ကာဒိနယ်ရစ်ချလူးထံ သူလျှို၊ သတင်းပေး၊ လူသတ်စသော မကောင်းမှုများ လုပ်ပေးခဲ့လေသည်။

၁၈၅၄ တွင် Twenty Years After (နှစ်ပေါင်းနှစ်ဆယ်ကြာပြီးနောက်) ဟူသော ဝတ္တုကြီး ထွက်ပေါ်လာသည်။ သူရဲကောင်း သုံးယောက်၏ အဆက်ဖြစ်သည်။ ဒါးတညန်နှင့် သူရဲကောင်းသုံးယောက်တို့သည် တဦးနှင့်တဦး ခွဲခွာခဲ့ကြပြီးနောက်၊ နှစ်ပေါင်းနှစ်ဆယ် ကြာပြီးနောက်၊ ၁၆၄၈-၄၉ ကျမှ ပြန်တွေ့ကြလေသည်။ ၄င်းတို့သည် ထိုကာလအတွင်း အင်္ဂလန်နိုင်ငံ၏ ပြည်တွင်းစစ်ထဲ ပါဝင်လှုပ်ရှားကြပုံများဖြစ်သည်။

ဂျူးမားသည် လွန်ခဲ့သောနှစ် ၂ဝကျော်က သမိုင်းဝင်အဖြစ်အပျက်များနှင့် ယခုနောက်နှစ်၂ဝကြာပြီးနောက် ပြောင်းလဲသွားသော နောက်ခံသမိုင်းအကြောင်းများကို အချိတ်အဆက်မိမိ ရေးသားသွားသည်။ ဘုရင်လူဝီ-၁၅၏ ကလေးဘဝ၊ အင်္ဂလန်ပြည်တွင်းစစ် အဆုံးသတ်၊ တော်လှန်ရေးကို ဦးဆောင်သူ အော်လီဗာခရွန်းဝဲလ်၏ အောင်မြင်မှုများရဖို့ ဦးတည်လာပုံ၊ ဘုရင် ချား (၁) ကွပ်မျက်ခံရပုံ၊ ပြင်သစ်နိုင်ငံမှ သမိုင်းဝင်အဖြစ်များကို တွေ့ကြရသည်။

ဇာတ်အိမ်သည် နိုင်ငံရေးအရရော၊ သမိုင်းအရပါ ရှုပ်ထွေးလှသည်။ သြစတြီးယားဘုရင်မ အမ်၊ ဝန်ကြီးချုပ် မာဇာရင်၊ ဘာစ်တီးအကျဉ်းထောင်မှ လူဝီ-၁၃ ၏ သစ္စာခံ ကာဒီနယ်ဒီရစ်ချလူးတို့အပြင် မိခင်ဖြစ်သူ မီလာဒီ သေဆုံးမှုအတွက် လက်စားချေဖို့ စိတ်အားထက်သန်နေသူ သားဖြစ်သူက အော်သိုကို လက်တုံ့ပြန်မှုများက စိတ်လှုပ်ရှားစရာ ဇာတ်ဝင်ခန်းများ ဖြစ်သည်။

ဝတ္တုကြီးထဲတွင် စစ်ပွဲအတွင်း ဒါးတညန်၊ ပေါ်သိုတို့ကတဖက်၊ အာရာမီနှင့် အော်သိုက တဖက် ဖြစ်ခဲ့သော်လည်း၊ စစ်မြေပြင်တွင် သူတို့လေးဦးဆုံတွေ့သောအခါ ပြန်လည်ပေါင်းစည်းမိကြကာ ဘုရင်ချား (၁) ဘက်က တိုက်ခဲ့ကြသည်။ ဘုရင်ချား (၁) ကွပ်မျက်ခံရမည့် ကိစ္စတွင် ကယ်တင်ဖို့ ကြိုးစားခဲ့ကြသည်။ သို့သော် မအောင်မြင်ပဲ သူတို့ပြင်သစ်သို့ ပြန်လာကြသည်။ နောက်ဆုံးခန်းတွင် ဒါးတညန်က ပါရီတွင် နေရစ်ကာ ဘုရင့်အမှုတော်ထမ်းသည်။ အော်သိုနဲ့ပေါ်သိုတို့က သူတို့နေရပ်သို့ ပြန်သွားသည်။ အာရာမီက ဘုရားရှိခိုးကျောင်းတွင် ဘုန်းတော်ကြီးလုပ်သည်။  

ထိုဝတ္တုသည် ဂျူးမားရေးသားသော ဝတ္တုတွေထဲမှာ ဖတ်လို့အကောင်းဆုံးအဖြစ် ခံစားမိသည်။ ထပ်ကာတလဲလဲပြန်ဖတ်ချင်သည်။ ဂျူးမားသည် သူဖန်တီးသော ထိုသူရဲကောင်းများကို စာဖတ်သူများအား သံယောဇဉ်ဖြစ်သွားအောင်၊ ချစ်ခင်သွားအောင် ပြုစားလိုက်သော အရေးအသားများအဖြစ် မှတ်ကျောက်တင်ရမည်ဖြစ်လေသည်။ ထိုကဲ့သို့သော စာဖတ်သူများအား ဆွဲဆောင်လိုက်သော၊ သူတို့ကို သံယောဇဉ်ဖြစ်ကာ သက်ရှိလူသားများ၊ သူရဲကောင်းများသဖွယ် ဖြစ်သွားရသော သူတို့ကိုTwenty Years After ပြီးနောက် ဘာများဆက်ရေးလေမလဲ စိတ်ဝင်တစား ရှိလာကြစဉ်မှာ နောက်ဝတ္တုထွက်ပေါ်လာသည်။ ထိုဝတ္တုသည် စာဖတ်သူများ၏ နှလုံးသားကို ကွဲကြေသွားစေခြင်းသည် ဂျူးမား၏ The Three Musketeers ကနေ ဆွဲယူလာသော ရည်ရွယ်ချက်များ ဖြစ်လေမလားဟု သံသယဖြစ်ခဲ့ရပါသည်။   

Twenty Years After ပြီးနောက်သိပ်မကြာမီမှာပင် ဂျူးမား၏ The Man In The Iron Mask (သံခေါင်းစွပ်မင်းသား) ဝတ္တုကြီး ထွက်ပေါ်လာသည်။ ယင်းတွင် သူရဲကောင်းသုံးယောက်နှင့် ဒါးတညန်တို့ကို ၁၆၆၁ ခုနှစ်တွင် ပြန်လည်တွေ့ကြရပုံဖြစ်သည်။ သူတို့၏ ကြွေးကြော်သံ One for All, All for One (အားလုံးအတွက် တယောက်၊ တယောက်အတွက် အားလုံး) ဖြင့် ပြန်လည်အသက်သွင်းပေးလိုက်သည်ဟု ဆိုနိုင်သည်။ ဇာတ်လမ်းထဲတွင် ဒါးတညန်နဲ့ သူ့ရဲဘက်တွေက အခုနောက်နှစ် ၃၅ နှစ်ကြာမှာ ပြန်တွေ့ကြတော့ သူတို့ဘာတွေ ဖြစ်နေကြပြီလဲဟု စိတ်ဝင်စားဖွယ် ဖြစ်စေသော ဇာတ်လမ်းဖြစ်သည်။ အသက်အရွယ်အားဖြင့် လူကြီးပိုင်း အရွယ်ရောက်နေကြပြီဖြစ်သော သူရဲကောင်းသုံးယောက်အနက် အာရာမီကတော့ ဘုန်းတော်ကြီး၊ ပေါ်သိုက ချမ်းသာသော မြို့စားကြီး၊ အော်သိုက သားဖြစ်သူ သူရဲကောင်း ရာအို နဲ့အတူတကွ နေထိုင်လျက်ရှိကာ၊ ယခုအခါ အသက် ၅ဝ နီးပါးအရွယ် ရှိနေသည့် ဒါးတညန်က ဘုရင်လူဝီ-၁၄၏ ကိုယ်ရံတော်ဖြစ်နေကာ သူရဲကောင်းများ၏ ကပ္ပတိန်ဖြစ်နေသည်။  

ဇာတ်လမ်းအရရော၊ သမိုင်းအရပါ လူဝီ-၁၄က အသက် ၂ဝ အရွယ်မှာ ထီးနန်းရသည်။ ဝတ္တုထဲတွင် သူမွေးကာစတုန်းက လူဝီ-၁၄မှာ သူနှင့်ချွတ်စွပ်တူသော အမြွှာလူဝီတယောက် ရှိခဲ့ပြီး၊ ၄င်းသည် မွေးခါစကတည်းက ထီးနန်းပြဿနာဖြစ်မည်စိုးကာ ဘာစတီးအကျဉ်းထောင်ထဲ သံခေါင်းစွပ်ထားကာ  အသက်ရှင်နေခဲ့ရသည်ဟု ဂျူးမားက ဖန်တီးရေးသားထားသည်။ ယခုအခါ ထိုအမြွှာလေးသည် အသက် ၂ဝ အရွယ်ရောက်နေပြီဖြစ်သည်။ တိုင်းပြည်ကို ကောင်းစွာမအုပ်ချုပ်သော လက်ရှိဘုရင်လူဝီ-၁၄ကို ထီးနန်းချပြီး၊ ထိုသံခေါင်းစွပ်မင်းသားလေးကို ထီးနန်းတင်ဖို့အကြံကို သူရဲကောင်းအာရာမီက ကြံစည်သည်။ အာရာမီနှင့်အတူ ပေါ်သိုက ပူးပေါင်းခဲ့သည်။ ယင်းအဖြစ်သည် ဘုရင့်အမှုတော်ထမ်း ဒါးတညန်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားသည်။ အော်သိုတို့သားအဖမှာ One For All, All For One (အားလုံးအတွက် တယောက်၊ တယောက်အတွက် အားလုံး) ဟူသော ကြွေးကြော်သံကို သစ္စာရှိစွာဖြင့် ထိုကိစ္စထဲ ဝင်ပါလာသည်။

ဝတ္တုကြီးသည် အလွန်ရှုပ်ထွေးသော နိုင်ငံရေးဇာတ်အိမ်ကြီးဖြင့် တည်ဆောက်ထားသည်။ ဖတ်လို့တော့ အတော်ကောင်းသည်။ သို့သော် နောက်ဆုံးတွင် သူရဲကောင်းသုံးယောက်မှာ တိုင်းပြည်ကို သစ္စာဖောက်သူများဟူသော တံဆိပ်တပ်ခံရသည်။ ဒါးတညန်ဦးဆောင်သော သူရဲကောင်းစစ်တပ်၏ အဝိုင်းခံလိုက်ရကာ၊ သူရဲကောင်းသုံးယောက်ထဲက ခွန်အားဗလကြီးမားဆုံး ပေါ်သိုက အရင်သေသည်။ နောက်တော့ အော်သို သေသည်။ ဒါးတညန်သည် နောက်ဆုံးတော့လည်း One For All, All For One (အားလုံးအတွက် တယောက်၊ တယောက်အတွက် အားလုံး) ဟူသော ကြွေးကြော်သံကို ရင်ထဲမှာပဲ သိမ်းထားလိုက်ရသည်။ သူ့မိတ်ဆွေများကို ကယ်တင်ဖို့ မအောင်မမြင်ဖြစ်သွားသည်။ နောက်ဒါးတညန်သည် ဘုရင့်အမှုတော် တာဝန်ဆက်ထမ်းရင်း သေဆုံးသွားသည်။ ဇာတ်သိမ်းမှာတော့ ပြဿနာကိုစခဲ့သူ အာရာမီတဦးသာ ကျန်ရစ်ခဲ့သည်။

The Three Musketeers မှသည် ယခုနောက်ဆုံးဝတ္တုကြီးအထိ သူရဲကောင်း ဇာတ်လမ်းများကို အသေးစိတ် သုံးသပ်ကြည့်ပါက၊ သူရဲကောင်းများသည် ဘုရင်အဆက်ဆက် အမှုထမ်းနေကြသော သစ္စာရှိသူရဲကောင်းများဖြစ်ကာ၊ ၄င်းတို့သည် တိုင်းပြည်အရေးထက် ဘုရင်တွေရဲ့ လူမှုရေးပြဿနာတွေ၊ တိုင်းရေးပြည်ရေးနဲ့မဆိုင်တဲ့ လူမှုရေးကိစ္စများကိုသာ အသက်ပေးပြီး၊ လုပ်ဆောင်နေကြသူများဖြစ်သည်ဆိုတာကို ပြသသွားသည်ဟု ဆိုရမည်။ ယခု The Man In The Iron Mask မှာ အသိသာဆုံး ဖြစ်သည်။ တိုင်းပြည်အတွက် အသက်ပေးဝံ့လေသော သူရဲကောင်းကြီး ဒါးတညန်ဟာ နောက်ဆုံးတော့လည်း ဘုရင်လူဝီရဲ့လူမှုရေးကိစ္စများနဲ့ ခိုင်းစေသမျှကို အသက်ဆုံးသည်အထိ လုပ်ပေးသွားသူအဖြစ် မြင်ကြရသည်။ ဘုရင်လူဝီ-၁၄ သည် စာဖတ်သူများ၏ ဟီးရိုးကြီး ဒါးတညန်ကို - မင်းဟာ နောက်ဆုံးတော့လည်း ငါ့ကိုယ်ရံတော်ဆိုတဲ့ ရာထူးမက်တဲ့ သာမန်လူတယောက်ပါပဲလား - ဟု ရယ်သွမ်းသွေးသွားတာကို ရင်နာနာနဲ့ စာဖတ်သူများ လက်ခံလိုက်ရခြင်းသည် ဂျူးမား၏ စာဖတ်သူများကို ပေးလိုက်သော မက်ဆေ့ခ်ျတခု ဖြစ်လေသည်။ သူရဲကောင်းလေးဦးရဲ့ One For All, All For One (အားလုံးအတွက် တယောက်၊ တယောက်အတွက် အားလုံး) ဟူသော ကြွေးကြော်သံသည်လည်း ငယ်ငယ်တုန်းက သီဆိုခဲ့သည့် စိတ်ကူးယဉ်တီးလုံးပမာ ပျက်ပြယ်သွားရလေသည်။  

Man In The Iron Mask သည် အမှန်တော့ သူရဲကောင်းများဇာတ်သိမ်းဟု ဆိုရမည်ဖြစ်ပါသည်။ ဝတ္တုကို လေ့လာသုံးသပ်ကြည့်ပါ ‘သံခေါင်းစွပ်နဲ့လူ’ ဆိုတာ ဘာမှအရေးမပါလှပါ။ လွမ်းမောဖွယ် အချစ်ဇာတ်လမ်း၊ စွန့်စားခန်း၊ နိုင်ငံရေး၊ ဂုဏ်သိက္ခာ အစရှိသော  အဖြစ်အပျက်များသည်သာ မှတ်ကျောက်တင် ကျန်ရစ်မည် ဖြစ်ပါသည်။ စာရေးဆရာကြီး ဂျူးမားသည် သူမွေးဖွားခဲ့သော သူရဲကောင်းများကို နောက်ဆုံးဇာတ်သိမ်းမကောင်းစွာ အဆုံးသတ်ပေးလိုက်ပါသည်။ တိုင်းပြည်ရဲ့ သူရဲကောင်းလို့ ကြွေးကြော်နေကြသူတို့ဟာ အမှန်တော့ တိုင်းပြည်ကောင်းစားဖို့ထက် အုပ်ချုပ်သူဘုရင်တွေ၊ ဘုရင်မတွေရဲ့ လူမှုရေးကိစ္စများနဲ့သာ အချိန်ကုန်ပြီး၊ အသက်စွန့်နေကြသူတွေသာ ဖြစ်ပါတယ်လို့ စာရေးဆရာကြီး ဂျူးမား၏ The Three Musketeers uae The Man In The Iron Mask အထိ သူရည်ရွယ်ချက်ရှိရှိ ဖန်တီးမွေးထုတ်ခဲ့တဲ့  သူရဲကောင်းတွေကို သူ့လက်နဲ့ပဲ သူဇာတ်သိမ်းခဲ့သော အဆုံးသတ်ကတော့ စာဖတ်သူများ၏ နှလုံးသားအား ကလောင်တံဖြင့် ထိုးနှက်လိုက်ခြင်း ဖြစ်ပါတော့သည်။

ဂျူနီယာဝင်း

ကာတွန်း ဝင်းအောင် - မသေနိုင်တဲ့ ငှက်

$
0
0

ကာတွန်း ဝင်းအောင် - မသေနိုင်တဲ့ ငှက်
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၆

ဘေးဧရိယာရောက် ရွှေကူမေနှင်း စာပေဟောပြောပွဲ မှတ်တမ်း

$
0
0

ဘေးဧရိယာရောက် ရွှေကူမေနှင်း စာပေဟောပြောပွဲ မှတ်တမ်း
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၆
ဆန်ဖရန်ဘေးဧရိယာ၊ နိုဝင်ဘာ ၂၀၊ မှာ ဟောပြောခဲ့တဲ့ ရွှေကူမေနှင်း ဟောပြောပွဲ ရုပ်သံမှတ်တမ်း ကောက်နုတ်ချက်

ကမ်လူဝေး ● ကစားပွဲ

$
0
0


ကမ်လူဝေး ● ကစားပွဲ
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၆

ပိုက်ဆံများများ သုံးပြီး
အလုပ်လုပ်တမ်း ကစားတယ်
အလုပ်လုပ်တယ်လို့
အများက ထင်မှတ်သွားအောင်
အလုပ်လုပ်တမ်း ကစားတယ်။

ရွှေသီးမည့် မြေကွက်ကြီးပေါ်
ဟော်တယ်ကြီးတွေ ဆောက်ပြီး
အလုပ်လုပ်တမ်း ကစားတယ်။

ခမ်းနားတဲ့ အဆောက်အဦးကြီးတွေပေါ်
ကုမ္ပဏီကြီးတွေ ထောင်ပြီး
အလုပ်လုပ်တမ်း ကစားတယ်။

လှပတဲ့ ရေမြေတောတောင်ကြားမှာ
ကော်ဖီဘားနဲ့ ကိတ်မုန့်ဆိုင်ဖွင့်ပြီး
အလုပ်လုပ်တမ်း ကစားတယ်။

တနေ့တခြား ကြီးထွားလာတဲ့ ဓနဟာ
အလုပ်လုပ်ရင်း ပွားလာတယ်လို့ ထင်အောင်
အလုပ်လုပ်တမ်း ကစားတယ်။

အလုပ်တွေ များတယ်
အလုပ်လုပ်တမ်း ကစားတယ်
ကြိုးစားမှုက အရာထင်တယ်
ရေမြေပြောင်းတော့
မိတ်ဖက်ကောင်းလို့ ခေါ်ရတယ်။   ။

ကမ်လူဝေး

ဗိုလ်ထက်မင်း - တပ်မတော်ထဲ ဝင်ချင်စိတ် ဘာကြောင့် နည်းနေရတာလဲ - အပိုင်း (၂)

$
0
0

ဗိုလ်ထက်မင်း - တပ်မတော်ထဲ ဝင်ချင်စိတ် ဘာကြောင့် နည်းနေရတာလဲ - အပိုင်း (၂)
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၆

၁၀။ အလားတူ နယ်ဘက်တက္ကသိုလ်ဘွဲ့ရကျောင်းဆင်း(OTS) အရာရှိတွေကိုလည်း အသက်ကြီးလို့ဆိုပြီး မသိမသာ ဖယ်တာ၊ ဗိုလ်မှူးချုပ်အဆင့်နဲ့အထက်အဆင့်ထိ သတ်မှတ်အချိန် ကာလပြည့်လို့မှ ရာထူးမတက်ဖူး (အပြစ်ရှာမရလို့ဖယ်ရခက်တာမို့) ဆိုပါက ပင်စင်ပေးထွက်ရမည်ဆိုကာ အောက်ပါအတိုင်းဖြစ်လာပြန်တယ်။

ဗိုလ်မှူးချုပ်ဆို (၁+၅) နှစ်၊ ဗိုလ်ချုပ်ဆို (၁+၄) နှစ်လို့ဆိုပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်အဆင့်ဆိုရမှာ တိုင်းမှူးကို မရည်ရွယ်ဘဲ တွဲဘက် (စစ်ရေးချုပ်/ စစ်ထောက်ချုပ်)၊ တပ်ထိန်းချုပ်၊ ညွှန်ကြားရေးမှူး အချို့ရာထူးတွေ က ဗိုလ်ချုပ်တွေကို ဆိုလိုဟန်တူပါတယ်။ ဒါဟာ Line Up ထိုးတားတဲ့ DSA အများစုပေးထားတဲ့ တိုင်းမှူးတွေကို ထိခိုက်မှာစိုးလို့ဖြစ်ပြီး မကောင်းတတ်လို့ ဗိုလ်ချုပ်အဆင့်ပေးထားတဲ့ အခြားအပါတ်စဉ်အရာရှိကြီးတွေကို ပစ်မှတ်ထား ဖယ်လာမည့် သဘောရှိတယ်လို့ ဗိုလ်မှူးကြီးတစ်ဦး (ငြိမ်း) က ယူဆပါတယ်။ နောက်ပိုင်း နယ်ဘက် ဝန်ကြီးဌာနတွေကို ပြောင်းရွေ့ခွင့်ပိတ်နေရာ တချက်ခုတ်နှစ်ချက်ပြတ် အနေကြာ ရာထူးမတက်တော့ပါက ဗိုလ်မှူးချူပ်မှ ဗိုလ်ချုပ်အဆင့်ထိရှိသူတွေကို ပင်စင်ပေးမယ်ဆိုတာဟာ OTC နဲ့OTS ကျောင်းဆင်းတွေကို ရာထူးလည်း မတိုးပေးချင်၊ အပြစ်လည်းရှာမရ ၊ပြသနာလည်း မဖြစ်ပေမဲ့ အလိုလို ဖယ်လိုက်ပြီးသား ဖြစ်မဲ့အနေအထားလို့ သူက မြင်ပါတယ်။

၁၁။ ဘွဲ့ရမှ NDC (ယခု နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်)ပေးတက်ပြီး တပ်မမှူးအထက် အရာရှိကြီးအဆင့် ရာထူး စဉ်းစားမယ် ဆိုလို့ ဘွဲ့မရသေးတဲ့ OTC အလုပ်သင်ဗိုလ် (တေဇ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုပြီး ခေါ်ဝေါ်ထား) များဟာ စာပေးစာယူကို ပင်ပန်းကြီးစွာ ယူခဲ့ရပေမဲ့ တဖန် ဒီဘွဲ့ကို တန်ဖိုး မရှိသယောင် DSA တချို့က ပြောလာကြပါတယ်။ တကယ်တမ်း DSA မှာ သင်ခဲ့တဲ့ နယ်ဘက်တက္ကသိုလ်က သင်ခန်းစာ ၄နှစ်စာကို  ၂နှစ်နဲ့ချုံ့ပြီး သင်ကြားပေးထားရာ အဆိုပါ DSA ဘွဲ့ကို နယ်ဘက်မှာကော နိုင်ငံတကာကပါ အသိအမှတ်ကော ပြုကြရဲ့လား မေးစရာရှိပါတယ်။ အရာရှိတိုင်း ဘွဲ့ရမှ နိုင်ငံတကာနဲ့ ယှဉ်ဘောင်တန်းနိုင်မယ်ဆိုတာ  လက်ခံပေမဲ့ ဘွဲ့ရ OTC နဲ့ OTS ဆင်းအရာရှိများကို ဘာကြောင့် တိုင်းမှူး အများစု မပေးရတာလဲ ဆိုတော့ DSA ကို ဦးစားပေးချင်လို့အဖြေထွက်တယ်လို့ အဲဒီ ဗိုလ်မှူးကြီးက ဆိုပါတယ်။

၁၂။ တိုင်း၊ တပ်မ၊ စကခ၊ ဒကစ တပ်များ တိုးချဲ့လာရာ တပ်ဟောင်းများမှ လုပ်သက်ရင့် တပ်သားမှ ဆရာတွေကို တဆင့်မြှင့် ရာထူးတွေတိုးပေးကာ တပ်သစ်တွေ ပြောင်းခိုင်းလေရာ တပ်သစ်တွေမှာ ဆရာတွေများကာ တပ်ဆိုင်းဘုတ်သာရှိပြီး တပ်သားနည်းတဲ့ တပ်မဲ့ ဗိုလ်ဘဝ ကြုံရတဲ့ အရာရှိတွေလည်း ရှိပါတယ်။ တဖန် အရာရှိတွေ တဆင့်မြှင့် ရာထူးလစာ ခံစားရတဲ့ OFFICIATING ဘဝမှာ လူသစ်စုဆောင်းရမည် ဆိုတာမျိုး ဖြစ်လာပြန်တယ်။ စာရေးသူ သိရတာက စစ်ရေးချုပ်ဖြစ်ခဲ့တဲ့ ဦးသိန်းစိန်ရဲ့ ကိုယ်ရေးအရာရှိဗိုလ်ကြီးဟာ တပ်မ(၁၁)မှာ တဆင့်မြှင့်ရာထူးအတွက် ပုသိမ်သွားပြီး ရဲဘော်(တပ်သားသစ်) တစ်ဦးကို ကျပ် တသိန်းပေးဝယ် ဖြည့်ပေးရတယ်လို့ဆိုပါတယ်။ စစ်သားစုဆောင်းရေး ဖိအားပေးလို့ တချို့တပ်တွေက လူသစ်ရပေမဲ့လည်း ချက်ခြင်း မပြရဲသေးဘဲ မိမိတပ်မှာ ခွင့်မဲ့ပျက်ကွက်များနေလို့ ချိန်ထိုး တင်နေရတာလည်း ရှိပါတယ်။ လူသစ် ဒလကြမ်း စုဆောင်းမှုကြောင့် ဘူတာရုံ၊ ဈေး၊ ကားဂိတ်တွေမှာ ကလေး၊ စိတ်လေသူများ၊ စာရိတ္တ ပျက်ယွင်းသူများ ပါလာပြီး တရားမဝင် လူကုန်ကူးမှုသဖွယ် ဖြစ်လာပါတယ်။

၁၃။ လူမှုမီဒီယာက ပေးပို့လာတဲ့ စစ်သည်တစ်ဦးရဲ့ လတလရဲ့ လစာရှင်းတမ်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

အသက်အာမခံ - ၈၄၂၀ ကျပ်၊
ဦးပိုင်အကျီင်္ -       ၇၀၀၀ ကျပ်၊
နာရေး -              ၅၀၀ ကျပ်၊
စစ်ဝတ် -             ၆၀၀ ကျပ်၊
ဦးပိုင်စုငွေ -     ၁၀,၀၀၀ ကျပ်၊
ကထိန် -            ၃၀၀၀ ကျပ်၊
လစာထုတ်စရိတ်-   ၅၀၀ ကျပ်၊
ဘုရားအလှူငွေ -     ၅၀၀ ကျပ်
---------------------------------------
ဖြတ်ငွေစုစုပေါင်း - ၃၀,၅၂၀ ကျပ်
-----------------------------------------
လစာ ဝင်ငွေ -    ၁၄၄,၄၈၀ ကျပ်
ဖြတ်ငွေ -          ၃၀,၅၂၀ ကျပ်
-------------------------------------------
ကျန်ငွေ -          ၁၁၃,၉၆၀ ကျပ်

အထက်ပါရှင်းတမ်းအရ စစ်သည်(တပ်သား)တစ်ဦးရဲ့ အခြေခံလစာမှာ (ရေး/၁၄) အရ (၁၂၀,၀၀၀) ကျပ် ရှိပြီး နှစ်တိုး ၂နှစ် လျှင် ကျပ်(၁၀,၀၀၀) နှုန်းနဲ့ အများဆုံး ကျပ်(၂၀,၀၀၀) ထိ ထားရှိသဖြင့် အဆိုပါ စစ်သည်အနေနဲ့ (၁၄၀,၀၀၀) ကျပ် ရဟန်တူပါတယ်။ ဒါ့အပြင် ဟင်းစားဖိုး ရိက္ခာစိုငွေကို တနေ့ (၇၅၀)ကျပ် နှုန်းရဖို့  ရှိနေသေးရာ ရှေ့တန်းမထွက်တဲ့ ရက်တွေအတွက် အစွန်းထွက် ကျပ် (၄၀၀၀) ကျော်ရနေတာ ဖြစ်နိုင်ပါတယ်။ အဆိုပါစစ်သည်ရဲ့ ခံစားချက်  ပေါ်ထွက်ပုံရပြီး ဖြတ်ငွေ ခေါင်းစဉ်အချို့ (ဦးပိုင်စုငွေ၊ ရောင်းမစွံတဲ့ ဦးပိုင်အကျီင်္ ဇွတ်ယူခိုင်းမှု၊ စစ်ဝတ်ဖိုး သဘာဝ မကျမှု၊ လစာထုတ်စရိတ် ယူတာ မရိုးသားမှု၊ ကထိန်နဲ့ ဘုရားအလှူငွေ) ဟာ ကာယကံရှင် ဆန္ဒမပါနိုင်ဘဲ ဖြတ်ထားတာ တွေ့ရပါတယ်။

၁၄။ အရာရှိဆိုရင် ယခင်ကလို ကက(နက်)က ဖွင့်ပေးတဲ့ သက်သာဆိုင်ပုံစံမျိုး အရာရှိစစ်ဝတ်ပစ္စည်း အရောင်းဆိုင် မရှိတော့သလို ဆေးပစ္စည်းနဲ့ ARMY RUM အရက်တွေဟာ ရောင်းမကောင်းကြတဲ့အတွက် အပိုဝင်ငွေ နည်းပါးသွားပါတယ်။ ပေါ်တာလို့ခေါ်တဲ့ ဝန်ထမ်းဆန် မရတော့တာမို့ တပ်သက်သာ ချောင်ချိရေး တဖက်တလမ်းမှ မလုပ်ပေးနိုင်တော့တာ ဖြစ်လာပါတယ်။ ဦးသိန်းစိန်အစိုးရကာလမှာ ကက(ဆေး)မှ စစ်ဗိုလ်ဆရာဝန်များကို ကျန်းမာရေးဝန်ကြီးဌာနကို ပြောင်းရွေ့မည်အလုပ်မှာ နယ်ဘက်ဆရာဝန်များက ကန့်ကွက်တာမို့ နယ်ဘက်ပြောင်းပေးဖို့ ပိတ်သွားစေပါတယ်။

 ဆေးတက္ကသိုလ်မှ ပေါ်တာချောဆွဲခံရတဲ့ ဗိုလ်ကြီးသန့်ဇာနည်ဇေယျဟာ မယ်နယ်ပလော၊ ဝမ်ခတိုက်ပွဲကြီးတွေနဲ့ ရှမ်းပြည်နယ် ဝေလံခေါင်ဖျားတဲ့ တပ်နယ်တွေမှာ စွမ်းစွမ်းတမန် ကြိုးစားလုပ်ပြခဲ့ပေမဲ့ တပ်မှာ နှစ်စေ့လို့ သူ့ကို ထိပ်ပိုင်းလူကြီးတွေက ပြန်မကြည့်ခဲ့တာ တွေ့ခဲ့ရပါတယ်၊

၁၅။ တဖန် စစ်တိုက်ရန် မရှိက ပြည်သူ့အကျိုးပြုလုပ်ဆောင်ရန် ဆိုတဲ့ ခေါင်းစဉ်လှလှလေး တပ်ကာ Fatigue လုပ်အားပေး အတင်းအဓမ္မ ခိုင်းစေမှု ကြောင့် ခွင့်မဲ့ပျက်ကွက်၊တပ်ပြေးတွေ ဖြစ်ပွါးရတဲ့ အကြောင်းရင်း တရပ်ဖြစ်ပါတယ်။ အထူးသဖြင့် ရှေ့တန်းစစ်ဆင်ရေးမှ ပြန်လာလို့ လက်ချိုးရေရတဲ့ အနားယူကာလ ၁လ ခန့်ကာလလေးမှာ စစ်သည်တွေကို အနားပေး၊ မိသားစု ဧဧလူလူ မနေခိုင်းဘဲ လုပ်အားပေးခေါင်းစဉ်အောက်မှာ လိမ့်နေအောင် ခံခဲ့တာတွေ၊ တိုင်းစစ်ဌာနချုပ်က တပ်နယ်လုံခြုံရေး၊ ရန်သူသတင်းပေါ်လို့ဆိုကာ နားတဲ့ တပ်တွေကို အတင်းအဓမ္မ ရှင်းလင်းထွက်ခိုင်းတာတွေဟာ စစ်သည်တွေရဲ့ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပါတယ်။ ဒါကြောင့် စစ်သည်တွေက မြန်မြန် ရှေ့တန်းထွက်ရပါစေလို့ ရွှဲ့ပြီး ဆုတောင်းတာလည်း ရှိပါတယ်။ နဝတခေတ် ဝန်ကြီးဌာနတွေက ဈေးပေါပေါနဲ့ရတဲ့ စစ်သည်လုပ်အားကို (ပြောတော့ မင်းတို့နောင်ရေး ဦးပိုင်မှာ ထည့်ပေးမယ်ဆို ကာ) သုံးပြီး မြေလတ် မီးရထားလမ်း ဖေါက်လုပ်ခိုင်းတာမျိုးတွေဟာ တိုက်စွမ်းရည် ကျယုံမက စစ်စိတ်၊ စစ်မာန်ပျောက်ဆုံးကုန်တယ်၊ စစ်သားပေါက်တူးကိုင်တာ မဖြစ်သင့်ဖူးလို့စစ်ဆင်ရေးနံမည်ကျော် ဒုဗိုလ်ချုပ်ကြီး မောင်လှက ဝေဖန်ဖူးပါတယ်။ ဒါ့အပြင် ကြံ့ဖွတ်ပါတီ၊ စည်ပင်သာယာလို မြို့နယ် ဌာနဆိုင်ရာ ဆေးရုံ၊ ကျောင်းတွေက တပ်နယ်အစည်းအဝေးတွေမှာ မြို့သာယာလှပရေး၊ ကျန်းမာရေး၊ သန့်ရှင်ရေးဆိုတဲ့ ခေါင်းစဉ်များနဲ့ချယ်သပြီး ရှေ့တန်းပြန်တပ်တွေကို အနိုင်ကျင့်ကြကာ လုပ်အားပေး ထုတ်ခိုင်းနေလို့ စစ်ပြေးတွေ ဖြစ်ကုန်ကြပါတယ်။

၁၆။ တပ်မတော်က ထွက်သွားကြတဲ့ အရာရှိစစ်သည်တွေဟာ ပြင်ပနယ်ပယ်မှာ ဘာမှ မလုပ်စားတတ်ဘဲ မျက်စိသူငယ်နားသူငယ်နဲ့ မန်နေဂျာ မဖြစ်တဖြစ်၊ ဈေးကွက်အရောင်းတာဝန်ခံလိုလို၊ လုံခြုံရေး အကြပ်လိုလို ၊ ကားဒရိုင်ဘာ၊ စပယ်ယာ၊ အငှားကားမောင်း၊ ဆိုက်ကားနင်း၊ မြင်းလှည်းမောင်း၊ သမ္မာန်ခပ်၊ လက်မှတ်၊ ဂျာနယ် စာစောင်လိုက်ရောင်း ဘဝတွေမှာ ကျင်လည် ဖြတ်သန်းနေရပါတယ်။ ဦးပိုင်၊ MEC လို ဖက်စပ်ကုမ္ပဏီ၊ စက်ရုံအလုပ်ရုံတွေမှာ အလုပ်ခန့်ထားပေးတာ၊ စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းတွေမှာ မတည် ထူထောင်ပေးခြင်းဖြင့် သူတို့ရဲ့ စားရေး၊ နေထိုင်ရေးကို ဦးစွာ ဖြည့်ဆည်းပေးမဲ့အစား သေခါနီးကျမှ ဘိုးဘွားရိပ်သာ ဆောက်လုပ်ပေးတာကြတော့ စိတ် မသက်မသာ ဖြစ်မိပါတော့တယ်။

၁၇။ တပ်တွေ စစ်သား(လူသစ်) မစုဆောင်းဖူးဆိုရင် အထက်ကလည်း လူသစ် မချပေးဖူးဆိုတာ သိရလို့ဒီလို အကြပ်ကိုင်တာမျိုး မဖြစ်သင့်ဖူးလို့မြင်ပါတယ်။ လက်ရှိ ခြေလျင်၊ခြေမြန်တပ်ရင်းတွေဟာ အင်အားအများဆုံးရှိ  (၁၂၀) ဦးသာ ရှိလို့ တပ်ရင်းပေါင်း (၅၂၂) နဲ့ (၇၀,၀၀၀) ခန့်သာရှိနိုင်တယ်လို့ တပ်မိသားစုဝင်တစ်ဦးက ဆိုပါတယ်။ စာရေးသူ ယူဆတာက ဒီအင်အားဟာ ရှေ့တန်း စစ်ထွက်အင်အားဖြစ်နိုင်ပြီး နောက်ချန် အင်အားအနေနဲ့ တပ်ရင်းဌာနချုပ် တပ်ခွဲ၊ လစာကြပ်၊ လက်နက်ကုတ်၊ ဂတ်ကင်းအပါအဝင် ဆေးနိမ့်၊ ဆေးရုံ၊ သင်တန်းတက်၊ အားကစား၊ တွဲဘက်အင်အား (၈၀) ခန့် ရှိနေသေးရာ တပ်ရင်းတရင်း (၂၀၀) ခန့်ရှိနိုင်သေးပြီး မည်သို့ဆိုစေ အင်အား (၂၀၀) နဲ့တွက်ဦးတော့ ယခုဆိုရင် တပ်ရင်းပေါင်း (၆၀၀) ကျော်နေပြီး တပ်မတော်(ကြည်း) တိုက်ခိုက်ရေးအင်အားမှာ ယန္တယားတပ်ဖွဲ့၊ ပညာသည်၊ အကူလက်ရုံးတပ်ဖွဲ့၊ ရုံးSTAFFS များ မပါ အသားတင် အင်အား (၁၂၀,၀၀၀) ကျော်ရှိနိုင်ပါတယ်။ တပ်မတော်မီဒီယာမှ တက်လာတဲ့သတင်းအရ ကမ္ဘာနိုင်ငံပေါင်း ( ၁၂၆ )နိုင်ငံတွင်အဆင့်(၁၅) ရှိပြီး မြန်မာ့တပ်မတော်မှ တိုက်ပွဲဝင် စစ်သည်အင်အား (၄၀၆,၀၀၀ )ဦးရှိတယ်လို့ဆိုပါတယ်၊

၁၈။ တပ်သားသစ် စုမရလို့ ဖိအားဒဏ်မခံနိုင်ကာ တပ်ပြေးဖြစ်ကုန်တဲ့ စစ်သည်တွေ ရှိတယ်လို့အရာရှိ (ငြိမ်း) တစ်ဦးက ဆိုပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပိုနည်းသွားပြီး ၁၉၉၂ ခုနှစ်မှ ၂၀၀၂ ခုနှစ်ထိ (နောက်ပိုင်း တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အဆင့် သီးခြားခွဲထုတ်စေကာ) အဓမ္မ လူသစ်စုဆောင်းရေး လုပ်ကြတယ်လို့သူက ဆိုပါတယ်။ အိမ်ပြန်နောက်ကျတဲ့ အလုပ်သမားတွေ၊ဘူတာရုံ ၊ကားဂိတ်၊ သင်္ဘောဆိပ်တွေမှာ ယောင်လည်လည် ဖြစ်နေတဲ့ ကလေးတွေ၊ သစ်ခိုးမှုနဲ့ ဖမ်းမိတဲ့ တရားခံတွေဟာ ပစ်မှတ်ဖြစ်လာတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ပြင်ပမှာ ရာဇဝတ်မှုဖြစ်ပြီး အရေးပေါ်ခိုလုံရာ နေရာဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။ တစ်ရွာကို ဘယ်နှစ်ယောက်ဆိုတာလည်း ဦးသန်းရွှေ လေယာဉ်နဲ့သွားနေစဉ် အောက်ငုံ့ ကြည့်လို့ ရွာကြီးတွေကို တွေ့လိုက်ရာမှ ဒီလောက်လူတွေ အများကြီး မင်းတို့မရှာနိုင်ဖူးလား ဆိုပြီး ကြားသိရတယ်လို့ သိရပါတယ်။ စာရေးသူ သိရတဲ့ အခြားသတင်းအရင်းအမြစ်တခုက ကက(ကြည်း) လေးလပတ် အစည်းအဝေးတခုမှာ ဦးသန်းရွှေ တပ်မမှူး လုပ်ခဲ့တဲ့ သူ့ခေတ်နဲ့နှိုင်းယှဉ်ပြီး မြန်မာပြည်မှာ ရွာပေါင်း (၅၀,၀၀၀) ကျော်ရှိရာ တစ်ရွာ တစ်ယောက်နှုန်း နဲ့ဆိုရင် လူသစ် (၅၀,၀၀၀) ကို ဘာလို့မရှာနိုင်ရတာလဲ ဆိုပြီး ဖိအား ပေးတယ်လို့သိရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)


တူမောင်ညို - အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်း

$
0
0


တူမောင်ညို - အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်း
မိုးမခ ၊ နိုဝင်ဘာ ၂၃၊ ၂၀၁၆

“ တိုင်းရင်းသားအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ - ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်စို့ ”

(၉၆) နှစ် မြောက်အမျိုးသားနေ့ ဦးတည်ချက် ၄ ရပ်ထဲက ဦးတည်ချက်နှစ်ရပ်ကို ပေါင်းစပ်ထားတဲ့ အမျိုးသားနေ့ ဆောင်ပုဒ် ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ဟာ အတိုင်ပင်ခံလျှောက်သောလမ်း ဘာလဲဆိုတာကို အတိအလင်း ညွန်ပြနေပြီး အတိုင်ပင်ခံလျှောက်တဲ့ လမ်းဆိုတာဟာ တနည်းအားဖြင့်ပြောရရင် နိုင်ငံတော်အစိုးရလျှောက်လှမ်းရမယ့်လမ်းလည်းဖြစ်တယ်ဆိုတာ အားလုံးက သဘောပေါက် နားလည်ထားပြီးသားဖြစ်ပါမှာ။

တိုင်းရင်းသားအားလုံး ဘက်စုံဖွံ့ဖြိုးဖို့ - ပြည်ထောင်စုကြီးတစ်ခုလုံးငြိမ်းချမ်းဖို့ဆိုတဲ့ ဦးတည်ချက်ကို ပေါက်မြောက်အောင် အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်လှမ်းနေတဲ့ ဒီလမ်းဟာ သာယာဖြောင့်ဖြူးသော လမ်းမကြီးတော့မဟုတ်ပါဘူး။ အတားအဆီးတွေ၊ အနှောင့် အယှက်တွေ၊ အကန့်အသတ်တွေနဲ့ဖြစ်ပါတယ်။

ဒါကြောင့် ဒီခေါင်းစဉ် (အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်း) အောက်ကနေ ဖြစ်ပေါ်လာတဲ့ဖြစ်ရပ်တွေဖြစ်စဉ်တွေကို ဝေဖန် ဆန်းစစ်ပြီး မိုးမခစင်မြင့်ကနေ ရေးသားတင်ပြသွားလိုပါတယ်။ မိုးမခအယ်ဒီတာများကလည်း “ဆိုင်းငံ့ခြင်း” မပြုဘဲ ဖော်ပြပေးလိမ့်မယ် လို့ (မရဲတရဲ) မျှော်လင့်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းမှာ ရင်ဆိုင်နေရတဲ့ အတားအဆီးတွေ၊ အနှောင့်အယှက်တွေ၊ အကန့်အသတ်တွေက ဘာတွေလဲ။ အခြေခံအားဖြင့် အမျိုးအစား နှစ်မျိုးပဲရှိတယ်လို့မြင်ပါတယ်။

ပထမအမျိုးအစား - သဘာဝတရားရဲ့ အကန့်အသတ်ပါ။ ဒါဟာ လူသားတိုင်းကြုံမြဲဓမ္မတာဖြစ်တဲ့ အသက်အရွယ် အိုမင်းလာ မှုဖြစ်ပါတယ်။ ဇရာရဲ့လက္ခဏာနဲ့ သူ့အပေါင်းအသင်းတွေက ဘာတွေလဲဆိုတာ အများသိပြီးသားမို့ အသေးစိတ်တွေ မရေးလိုတော့ပါ။

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အရွယ်နဲ့မလိုက်အောင် သန်တုန်းမြန်တုန်းပဲ ဆိုတာကိုတော့ သူ့လှုပ်ရှားမှုကတွေက သက်သေခံနေ ပါတယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်လျှောက်သောလမ်းဟာ အကွေ့အကောက်အတားအဆီး၊ အကန့်အသတ်တွေများသလို ရှည်ရှည်ဝေးဝေး လည်း လျှောက်လှမ်းရမှာလို့ မြင်ပါတယ်။ ဒါကြောင့် ဒီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းကြတဲ့သူတိုင်းအတွက် အသက်အရွယ်ဟာ အကန့်အသတ်တစ်ခုပါပဲ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာဒဂုန်တာရာတို့လည်း “ညီညွတ်ရေး - ငြိမ်းချမ်းရေး - ဒီမိုကရေစီရေ - တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး” ဆိုတဲ့ ဦးတည်ချက်ကို မမှတ်မသုန်လျှောက်လှမ်းခဲ့ကြတာပါပဲ။ “ ဆရာမသေခင် တိုင်းပြည်မှာ တကယ့်ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်” ဆိုတဲ့ ဆန္ဒကို ရင်ဝယ်ပိုက်ပြီး သဘာဝမိခင်ရဲ့ခေါ်ဆောင်တာကို ငြင်းပယ်ခြင်းငှာ မစွမ်းသာခဲ့ကြပါဘူး။

ဒါကြောင့် အသက်အရွယ်ဟာ ဒီလမ်းကို လျှောက်တဲ့နေရာမှာ အကန့်အသတ်တစ်ခုပါဘဲ။

ဒုတိယအမျိုးအစားမှာတော့ အပိုင်း နှစ် ပိုင်းပါဝင်ပေါင်းစပ်ထားတဲ့ အတားအဆီးအကန့်အသတ်ဖြစ်ပါတယ်။ သဘာဝတရားရဲ့ အကန့်အသတ်မျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရာစုနှစ်ဝက်ကျော်ကြာ အထိုင်ကျနေတဲ့ အတားအဆီးအကန့်အသတ်တော့ဖြစ်ပါ တယ်။ အပိုင်း နှစ် ပိုင်းပါဝင်ပေါင်းစပ်ထားတဲ့ အတားအဆီးအကန့်အသတ်က တစ်ခုက တပ်မတော်ကို ဂုတ်ခွစီးထားတဲ့ စစ်အုပ်စုေ နာက်တစ်ခုက “၂၀၀၈ အခြေခံဥပဒေနဲ့တည်ဆဲဥပဒေများ” အပါအဝင်ဖြစ်တဲ့ စစ်ဗျူရိုကရေစီယန္တရားကြီးပဲဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းမှာ ပုံစံမျိုးစုံနဲ့ပေါ်ပေါက်လာတဲ့ အတားအဆီး၊ အနှောင့်အယှက်၊ အကန့်အသတ်မှန် သမျှရဲ့ဇစ်မြစ်နဲ့ပင်မရေစီးကတော့အထက်မှာတင်ပြခဲ့ အစိတ်အပိုင်းနှစ်ရပ်ဖြစ်တဲ့ စစ်အုပ်စု၊ “၂၀၀၈အခြေခံဥပဒေနဲ့တည်ဆဲဥပဒေများ” အပါအဝင်ဖြစ်တဲ့ စစ်ဗျူရိုကရေစီယန္တရားကြီးပဲဖြစ်ပါတယ်။

စစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ ကုမ္ပဏီကြီးနှစ်ခုကနေ အတားအဆီးတွေ၊ အနှောင့်အယှက်တွေ၊ အကန့်အသတ် တွေကို (ကာလ၊ ဒေသ၊ ပရောဂနဲ့အညီ) တံဆိပ်မျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ဒလဟော ထုတ်လုပ်ဖြန့်ဖြူးနေတာပါ။

ဒါကြောင့် အတိုင်ပင်ခံလျှောက်သောလမ်းမှာ ရင်ဆိုင်ကျော်လွှားရမယ့် အဓိကပြဿနာဟာ စစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီ ယန္တရားပဲဖြစ်ပါတယ်။ “တိုင်းရင်းသားအားလုံး ဘက်စုံဖွံ့ဖြိုးဖို့ - ပြည်ထောင်စုကြီးတစ်ခုလုံးငြိမ်းချမ်းဖို့ဆိုတဲ့ ဦးတည်ချက်” ကို ပေါက် မြောက်အောင် လျှောက်လှမ်းနိုင်/မနိုင်ဆိုတဲ့ မေးခွန်းရဲ့အဖြေဟာ စစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီယန္တယားကြီးကို အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဘယ်လောက် ယဉ်ပါးစေနိုင်သလဲဆိုတဲ့အချက်နဲ့ ဘယ်လိုမှ ခွဲခွာလို့ မရအောင်ပဲ ဆက်စပ်နေပါတယ်။

ညီညွတ်ငြိမ်းချမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စစ်အုပ်စုဆိုတဲ့ ကျားဆိုးကို ဂုတ်ခွစီးပြီး နဖားကြိုးတပ်နိုင်ဖို့က အခြေခံ အကျဆုံး လိုအပ်ချက်ဖြစ်ပါတယ်။ တောရိုင်းကိုခုတ်ထွင်ရှင်းလင်းပြီးမှသာ လယ်မြေယာမြေကိုတည်နိုင်သလိုပါပဲ။ ကြက်ဥကြော်စား ချင် ရင် ကြက်ဥကို ခွဲကြရမှာပါပဲ။

ဒီကနေ့စစ်အုပ်စုဟာ “ကာချုပ်”ကနေတဆင့် တပ်မတော်တစ်ခုလုံးကို ချုပ်ကိုင်လွှမ်းမိုးထားနိုင်တဲ့ အနေအထားအောက်မှာ သူတို့ရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အကျိုးစီးပွားတွေကို “၂၀၀၈ အခြေခံဥပဒေ” ဆိုတာနဲ့ “တရားဝင်” သို့မဟုတ် “ဥပဒေနဲ့အညီ” ဖြစ်အောင် စိတ်ကြိုက်ဖန်တီးရေးဆွဲပြဋ္ဌာန်းထားဖြစ်ပါတယ်။

ဒါကြောင့်အဓိကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပုံပေါ်အောင် ပြောစမ်းပါဆိုရင်အခုလိုပြောနိုင်မယ်လို့ထင်ပါတယ်။ စစ်အုပ်စု အတွက် “ကာချုပ်”ဟာ ညာလက်သီးဖြစ်ပြီး၊ ဘယ်လက်သီးကတော့ “၂၀၀၈ အခြေခံဥပဒေ” ဖြစ်ပါတယ်။ စစ်အုပ်စုက ဒီလက်သီး နှစ်ဖက်ကို တစ်လုံးချင်းဖြစ်စေ၊ အတွဲလိုက်ဖြစ်စေ ( ဂျက် - ဘက် - ဝမ်း - တူး ဆိုသလို) ဝှိုက်လက်သီး၊ ထောက်လက်သီး၊ ဖြောင့် လက်သီး စသဖြင့် အတိုးအဆုတ်စိတ်ကြိုက်လုပ်ပြီး “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကြိုးဝိုင်း” ထဲမှာ တက်လာသူတွေကို ထိုးသတ်နေ တာဖြစ်ပါတယ်။

ဒီကြိုးဝိုင်းထဲကို အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ပါတီဟာ “ ပြင် - ဝင်” နဲ့ “ဝင် - ပြင်” ဆိုတဲ့ လမ်းစဉ် နှစ်ရပ်တိုက်ပွဲမှာ အတိုင်ပင်ခံရဲ့ လမ်းစဉ်ဖြစ်တဲ့ “ဝင် - ပြင်”ဟာ အနိုင်ရသွားပြီး။ အရှိကို အရှိတိုင်းမြင်တယ်ဆိုတဲ့ လက်တွေ့ကျမှုနဲ့အတူ တိုးဝင်သွားခဲ့တာပါ။ အခု ရင်ဆိုင်နေရတဲ့ အတားအဆီးတွေ၊ အနှောင့်အယှက်တွေ၊ အကန့်အသတ် တွေဟာ “ဝင် - ပြင်” လမ်းစဉ်ပေါ်ကနေ ကြုံတွေ့ရတဲ့ အကျိုး ဆက်တွေပဲဖြစ်ပါတယ်။ “ပြင် - ဝင်” လမ်းစဉ်ရဲ့အသက်ဝိဉာဉ်လို့ ဆိုရမယ့် “ရွှေဂုံတိုင်ကြေညာချက်” ကိုတော့ အတိတ်မှာ ချန်ထားရစ်ခဲ့ ကြပါပြီ။ “ပြင်-ဝင်” လမ်းစဉ်ရဲ့မာလိန်မှူးကြီးဖြစ်တဲ့ ဦးဝင်းတင်လည်း မြင့်မြတ်ရာဘုံဘဝမှာ ဆရာလူထုဦးစိန်ဝင်းနဲ့ “ဌာနချုပ်ကို အမြောက်နဲ့ခွင်းကြ” ဆိုတဲ့ ဆောင်းပါးကိစ္စ ဆွေးနွေးပြီးလောက်ပြီလို့ ထင်ပါတယ်။

“၂၀၀၈ အခြေခံဥပဒေ” ရဲ့ စည်းကမ်းပြည့်ဝတဲ့ ကြိုးဝိုင်းထဲမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ သူ့ကိုယ်သူ ပေါင်းစပ်သူ၊ ဖြန်ဖြေသူ၊ ညှိနှိုင်းဆောင်ရွက်သူဆိုတဲ့ အနေအထားကို သူကိုယ်တိုင် ရွေးချယ် ဖန်တီးခဲ့ပါတယ်။ အဲဒါကတော့ “ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာဥပဒေ ” ဆိုတာကို ချက်ချင်းပြဋ္ဌာန်းခဲ့ပါတယ်။

ဒီလိုရွေးချယ်ဖန်တီးရတာကလည်း ခိုင်မာတဲ့အခြေခံအချက်နဲ့ အကြောင်းတရားရှိပါတယ်။ အဲဒါကတော့ ၂၀၀၈ အခြေခံ ဥပဒေ၊ ပုဒ်မ ၅၉ (စ) ဆိုတဲ့ စစ်အုပ်စုက တမင်တကာထည့်သွင်းရေးဆွဲထားခဲ့တဲ့ ပိတ်ဆို့ကန့်သတ်မှုကြောင့်ပါပဲ။

ပုဒ်မ ၅၉ (စ) ဟာ အရင်းစစ်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအဆင့်နေရာကို ဗြောင်အကျဆုံး ပိတ်ပင် ကန့်သတ်ထားတာပါ။ ဒါဟာ စစ်အုပ်စုရဲ့ မပြေငြိမ်းနိုင်တဲ့ အာဃာတကို အထင်အရှားပြသတဲ့ အချက်ဖြစ်ပြီး၊ ဒီအာဃာတဟာ စစ်အုပ်စု ရဲ့ ဂေါ့ဖားသားဖြစ်တဲ့ ဗိုလ်နေဝင်းဆီကနေ အာဏာအမွေနဲ့အတူ တပါတည်းဆက်ခံထားတဲ့ အာဃာတအမွေလည်းဖြစ်ပါတယ်။

စစ်အုပ်စုက အခြေခံဥပဒေ စိတ်ကြိုက်ရေးဆွဲနိုင်တဲ့ အနေအထားအောက်မှာ “ အငြိုးအတေးအာဃာတ ” ဟာ အခြေခံ ဥပဒေ ပုဒ်မဖြစ်လာခဲ့ပြီ။

ဥပဒေပုဒ်မ ဖြစ်လာတဲ့ စစ်အုပ်စုရဲ့ အငြိုးအတေးအာဃတ ကို တခဲနက်အနိုင်ရလာတဲ့ (၂၀၁၅ ) ရွေးကောက်ပွဲရလဒ်နဲ့ ကျော်လွှားခဲ့ပါတယ်။ ဒီကျော်လွှားမှုဟာ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့မှာ တရားဝင် အတည်ဖြစ်လာတဲ့ “ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာဥပဒေ ” ဆိုတာပါပဲ။ ဒီချုပ်ပါတီအစိုးရဖွဲ့ပြီး ရက်ပိုင်းအတွင်း ပေါ်ပေါက်လာတဲ့ ဥပဒေဖြစ်ပါတယ်။ ဒီချုပ်ပါတီလွှတ်တော် အမတ်အများစုရဲ့လွှတ်တော်က ပထမဆုံးပြုလုပ်ဖန်တီးပေးလိုက်တဲ့ ဥပဒေပြုမှုလည်းဖြစ်ပါတယ်။

ဒီဥပဒေပြဋ္ဌာန်းမှုကို စစ်အုပ်စုဟာ “ကာချုပ်” ကနေတဆင့် ပြင်းပြင်းထန်ထန်ကန့် ကွက်ဆန့်ကျင်ခဲ့တာပါ။

လွှတ်တော်ထဲမှာ “ကာချုပ်” ရဲ့စစ်ဗိုလ်တွေဟာ ဒီဥပဒေကြမ်းကို တစ်ပိုဒ်ခြင်း ဆွေးနွေး အတည်ပြုရာမှာရော၊ ဥပဒေကြမ်း တစ်ခုလုံးကို အတည်ပြုရာမှာရော ၂ ကြိမ်တိုင်တိုင် (မဲမပေးဘဲ) မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ “အနိုင်ကျင့်ခံရတယ်” လို့ လည်း စစ်သားရင့်မာကြီးတွေ ပါးစပ်ကနေ သနားစဖွယ် ပြောဆိုခဲ့ကြပါတယ်။

“ကာချုပ်” ရဲ့ လွှတ်တော်တွင်းပြောခွင့်ရတွေဖြစ်တဲ့ ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးကြီး အောင်သီဟ၊ ဗိုလ်မှူးကြီး ထွန်း မြတ်ရွှေ တို့ရဲ့ “ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ” အပေါ် ကန့်ကွက်ဝေဖန်တဲ့ ဆွေးနွေးချက်တွေကို ပြန်ကြည့်ပါ။

“ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ” ထဲမှာပါရှိတဲ့ “တခဲနက်” ဆိုတဲ့စကားလုံး ၊ “ဒေါ်အောင်ဆန်းစုကြည်” ဆို တဲ့ စကားလုံးတွေကအစ စစ်ဗိုလ်တွေဟာ သဲကြီးမဲကြီးဆန့်ကျင်ခဲ့ကြတာကို တွေ့ရပါလိမ့်မယ်။ ဒီစစ်ဗိုလ်တွေဟာ သူတို့သဘောနဲ့သူတို့ ဆန့်ကျင်နေတာမဟုတ်ပါဘူး။ စစ်အုပ်စုရဲ့အကျိုးစီးပွာဆိုတဲ့ဘက်ကနေ ရပ်တည်ပြီး ကန့်ကွက်ဆန့်ကျင်နေကြတာပါ။ “ကာချုပ်” ရဲ့ အမိန့် အတိုင်းကန့်ကွက်ဆွေးနွေးခဲ့ကြလည်းဖြစ်ပါတယ်။

ဘယ်လိုပဲ ကန့်ကွက်ပါစေ။ နောက်ဆုံးမှာတော့ ဒီမိုကရေစီရဲ့ထုံးစံအတိုင်း လွှတ်တော်ထဲမှာ အများစုဖြစ်တဲ့ ဒီချုပ်ပါတီ လွှတ်တော်အမတ်များဘက်က အနိုင်ရပြီး “ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ” ဟာ တရားဝင်အတည်ဖြစ်လာပါတယ်။ စစ်အုပ်စုအတွက် လုပ်နိုင်စရာ နည်းလမ်းတစ်ခုတော့ကျန်ပါသေးတယ်။ ဒါကတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေဟာ အခြေခံဥပဒေ နဲ့ညီ/မညီ အဆုံးအဖြတ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး (CTU) ကို တင်ပြပြီး ခုံရုံးရဲ့ အဆုံးအဖြတ်ခံယူဖို့ပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကို သုံးဖို့/မသုံးဖို့ စစ်အုပ်စုက ချိန်ဆနေဟန်ရှိပါတယ်။

ဒီအချက်တွေကို ရှည်ရှည်ဝေးဝေးရေးပြရတာဟာ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ သူ့ကိုယ်သူ “ပေါင်းစပ်သူ၊ ဖြန်ဖြေသူ၊ ညှိနှိုင်း ဆောင်ရွက်သူ” ဆိုတဲ့ အနေအထားကို သူကိုယ်တိုင်ရွေးချယ်ဖန်တီးခဲ့ပေမယ့် နှစ်ဖက်စလုံးက (စစ်အုပ်စုဘက် နဲ့ဒီမိုကရေစီ ဘက်တော် သားများဘက်) ဒီအနေအထားကို လက်မခံခဲ့ကြပါဘူး။ စစ်အုပ်စုဘက်က “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ” လက်မခံဘူး ဆိုတာဘာကြောင့်လဲ ဆိုတဲ့အချက်က ရှင်းပါတယ်။ သူတို့ဟာ အငြိုးအာဃာတကို ဥပဒေပုဒ်မအဖြစ်ဖန်တီးပြီး ဒေါ်အောင်ဆန်းစု ကြည်ကို နိုင်ငံရေးအဆင့်နေရာမပေးဖို့ လုပ်ဆောင်ခဲ့ကြသူတွေမဟုတ်လား။

ဒီမိုကရေစီဘက်တော်သားများဘက်ကလက်မခံနိုင်တာတော့ သဘာဝကျပါတယ်။ မတရားမှုနဲ့တရားမှု ယှဉ်ပြိုင်လာတဲ့ အခါ မှာ သူတို့ လေးစားတဲ့၊ တန်ဖိုးထားတဲ့၊ မျှော်လင့်ချက်ထားတဲ့ ခေါင်းဆောင်ဟာ တရားတဲ့ဘက်က ရပ်စေချင်တာ အလွန်ကို သဘာဝကျ ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သူဆုံးဖြတ်ထားတဲ့ဘက်ကနေ စိမ်းစိမ်းပြတ်ပြတ်ကြီးရပ်တည်နေလေတော့၊ ဒီမိုကရေစီဘက် တော်သားတွေထဲမှာ ကတ္တီပါလမ်းခွဲတွေ ပုံစံမျိုးစုံနဲ့ဖြစ်ကုန်တော့တာပါပဲ။ မျှော်လင့်ထားသမျှ သဲထဲရေသွန်ဖြစ်ရတယ်ဆိုပြီး စိတ်ပျက် သွားကြရတော့တာပါပဲ။ ချစ်လိုလျက်နဲ့ဝေးကွာသွားကြရတဲ့ အဖြစ်တွေပါ။

သတ္တုချကြည့်လိုက်တော့ စစ်အုပ်စုကလည်း “အတိုင်ပင်ခံဥပဒေနဲ့ပုဂ္ဂိုလ်”ကို အငြိုးအာဃာတနဲ့ ခါးခါးသည်းသည်း လက်မခံ သလို။ ဒီမိုကရေစီဘက်တော်သားများဘက်က အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ရပ်တည်ချက်နဲ့သဘောထားပုံတွေကို နိုင်ငံရေးအရလက်မခံနိုင် တာပဲ အဖတ်တင်သွားပါတော့တယ်။ သင့်မြတ်ရေးအိုးတော်လုပ်တာမှာ ဖုတ်ရင်းက မကျက်ဆိုတာလိုဖြစ်ရတဲ့ ကိန်းဆိုက်သွားပါတော့ တယ်။

ဒီအချက်တွေဟာ အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းပေါ်ကနေ ကြုံတွေ့လာရတဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုပါပဲ။

ဆက်ရေးပါအုံးမယ်။

မောင်မောင်စိုး ● ငြိမ်းချမ်းရေးအတွက် လိုအပ်သည့် အခြေခံမူ

$
0
0

မောင်မောင်စိုး ● ငြိမ်းချမ်းရေးအတွက် လိုအပ်သည့် အခြေခံမူ
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၆
 
၂၀၁၆ ခုနှစ်အတွင်း အရပ်သားအစိုးရသစ်တက်လာပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်လာသည်။ အရှိန်ဟုန်မြှင့်၍ ဆောင်ရွက်လာသည်ဟု ဆိုရပါမည်။ သို့ပေသော်ငြားလည်း မြန်မာ့ပြည်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကား လက်ရှိအခြေအနေတွင် အများစိတ်တိုင်းကျလောက်အောင် ဖြစ်ပေါ်တိုးတက်မှု မြန်ဆန်မှုမရှိဘဲ ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေတွင် ရှိသည်ဟုအများက ယူဆနေကြပါသည်။

ကော်မတီများ အစည်းအဝေးများ ညီလာခံများ အဆက်မပြတ်ဆိုသလို ကျင်းပဆောင်ရွက်နေသော်လည်း အစိုးရသစ် တက်ပြီး ၇ လကျော်ကြာမြင့်သည့်အချိန်ထိ ဖြစ်ပေါ်တိုးတက်မှု အဆင့်သစ်တခု မရရှိနိုင်သည်မှာ အဘယ်ကြောင့်နည်းဆို သည်ကို ပြန်လည်ဆင်ခြင်သုံးသပ်ကြရန် လိုအပ်ပါမည်။

NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဘယ်မူပေါ်က သွားမည်နည်းဆိုခြင်း တနည်းအားဖြင့် အဆိုပါငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေး အတွက် မည်သည့်အခြေခံမူပေါ်ကသွားမည်နည်းဆိုသည်က အရေးပါလှသည်။ တပ်မတော်ကမူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို NCA အခြေခံပေါ်မှ သွားမည်ဟု စောစီးစွာကပင် ရပ်ခံထားသည်။ အရပ်သားအစိုးရသစ်ကလည်း ၎င်းတို့တာဝန်ယူစက မည်သို့မှမဆိုခဲ့သော်လည်း အစိုးရသစ်တက်ပြီး ၅ လခန့်အကြာ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ဖွင့်ပွဲနေ့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို NCA အခြေခံပေါ်မှသွားမည်ဟု အတိအလင်းဆိုခဲ့သည်။

ထိုညီလာခံအပြီး ၂ လခန့်အကြာ ၂၀၁၆ အောက်တိုဘာလအတွင်း NCA လက်မှတ်ထိုးသည်မှာ တစ်နှစ်ခန့် ကြာမြင့်ပြီဖြစ် သော်လည်း NCA လက်မှတ်ထိုးသည့်အဖွဲ့တိုးမလာသည်မှာ ဝမ်းနည်းစရာကောင်းကြောင်း NCA ပြင်ပတွင် အချိန်မဖြုံးကြ စေလိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်ဦးရွက်ပြုနေသည့် NLD ခေါင်းဆောင်ပိုင်းက ဆိုခဲ့သည်။ သို့ဖြစ်ရာယခု အချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ NCA အခြေခံပေါ်ကသွားရေးနှင့်ပတ်သက်၍ အရပ်သားအစိုးရသစ်ရော တပ်မတော် ရော တသဘောတည်းဖြစ်သွားခဲ့ပြီဟု သုံးသပ်ရပါသည်။

ဤတွင် သုံးသပ်ရန်လိုအပ်သည်မှာ NCA ခေါ် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် အခြေခံမူလော သို့မဟုတ် လုပ်ငန်းစဉ်လောဆိုသည့်အချက်ဖြစ်သည်။ အခန်း ၇ ခန်း အချက် ၃၃ ချက်ပါ NCA သဘောတူညီချက်တွင် နိုင် ငံရေးလုပ်ငန်းစဉ်များ အပစ်ခတ်ရပ်စဲရေးလုပ်ငန်းစဉ်များနှင့် ၎င်းလုပ်ငန်းများ အကောင်အထည်ဖေါ်ရေးအတွက် ပူးပေါင်း က်ာမတီများ အစည်းအဝေးများ ညီလာခံများ စသည့် "အင်စတီကျူရှင်း"များ ပါဝင်ပါသည်။ သို့ဖြစ်ရာ NCA သည် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အားအကောင်အထည်ဖေါ်ရန် သဘောတူထားသည့်လုပ်ငန်းစဉ် (process) များဟုဆိုပါက ပို၍ သင့်လျော် မှန်ကန်မည်ဟု သုံးသပ်ရပါသည်။ ထိုလုပ်ငန်းစဉ်ဖြစ်သော NCA တွင် အခြေခံမူတရပ်တော့ပါရှိပါသည်။ ၎င်းမှာ "တနိုင်ငံ လုံး""Nationwide"ဟူသည့် စကားရပ်ဖြစ်သည်။ NCA သဘောတူညီချက်ပါ အင်စတီကျူရှင်းများသည် လုပ်ငန်းစဉ်များဖြစ်သကဲ့သို့ "တနိုင်ငံလုံး"ဟူသောစကားရပ်ကတော့ လွဲချော်၍မရသည့် အခြေခံမူဟုဆိုရမည်။ ထို "တနိုင်ငံလုံး"ဆိုသည့် မူအပေါ်ရပ်ခံရေးအတွက် အချို့က "အားလုံးပါဝင်ရေး"ဟု သုံးစွဲကြပြီး အချို့က "ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံးပါဝင်ရေး"ဟု သုံးစွဲကြပါသည်။

● တောင်အာဖရိက
တောင်အာဖရိက နိုင်ငံသည်လည်း အသားအရောင်ခွဲခြားမှုကြောင့် ပြင်းထန်သော နိုင်ငံရေး စစ်ရေးတိုက်ပွဲများဖြင့် ကာလရှည်ရင်ဆိုင်ခဲ့ရပြီးခက်ခဲသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖြတ်သန်းလုံးပမ်းခဲ့ရသည့် တိုင်းပြည်ဖြစ်သည်။ ထိုကဲ့သို့သော နိုင်ငံမျိုး၏အတွေ့အကြုံများသည် မိမိတို့အတွက် လေ့လာစရာ သင်္ခန်းစာယူစရာအချက်များရှိပေသည်။ တိုင်းပြည် အခြေ အနေ လူမျိုးအကျင့်စရိုက်နှင့် မတူညီသောထူးခြားချက်များကြောင့် တောင်အာဖရိကပုံစံအား မိမိတို့ ပုံတူကူးချရန် မဖြစ်နိုင် သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေခံကျသည့်မူများကိုမူ မိမိတို့ လေ့လာရယူနိုင်ပါသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၉ ရက်နေ့အထိ အစိုးရ/တပ်မတော် နှင့် NCA ထိုးသည့်/မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် ၁၈ ဦးခန့်သည် တောင်အာဖရိကသို့ သွားရောက်လေ့လာခဲ့ကြသည်။ မြန်မာ ပည်မှ သွားရောက်သည့်ကိုယ်စားလှယ်များအား တောင်အာဖရိက သမတဟောင်း မစ္စတာဒီကလပ်က တွေ့ဆုံပြီးငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးရာတွင် အရေးကြီးသည့်အချက်မှာ အဆိုပါငြိမ်းချမ်းရေးဖြစ်စဉ်၌ လက် နက်ကိုင်ပဋိပက္ခတွင်ပါဝင်နေသော အဖွဲ့အားလုံး (ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ) ပါဝင်နိုင်ရေးဖြစ်သည်ဟု ရှင်းလင်း ဆွေးနွေးခဲ့သည်။

တောင်အာဖရိကငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရဘက်မှပါဝင်ခဲ့သော လူဖြူသမတ မစ္စတာဒီကလပ်အနေနှင့် လူကိုယ် တိုင် ရှင်းလင်းပြောပြနိုင်သေးသော်လည်း ကွယ်လွန်သွားရှာပြီဖြစ်သည့် အဓိကအတိုက်အခံခေါင်းဆောင် မစ္စတာနယ်ဆင် မင်ဒဲလားကတော့ လူကိုယ်တိုင် ရှင်းလင်းပြောပြနိုင်ခြင်းမရှိတော့ပါ။ သူ၏လက်တွေ့လုပ်ဆောင်ချက်များအား လေ့လာသုံး သပ်ရမည်ဖြစ်ပါသည်။

နယ်ဆင်မင်ဒဲလား၏ တောင်အာဖရိက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ချက်တွင် ထင်ရှားစွာမြင်သာသည့်အချက်မှာ တောင်အာဖရိကပဋိပက္ခတွင် ပါဝင်နေသူအားလုံးအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲတွင် ပါဝင်ခွင့်ရှိရေး ပါဝင်လာနိုင်ရေး အတွက် ပြတ်သားစွာ ရပ်ခံခြင်းဖြစ်သည်။ နယ်ဆင်မင်ဒဲလားအနေနှင့် တောင်အာဖရိကငြိမ်းချမ်းရေးအားဆောင်ရွက်ရာ၌အသားရောင်ခွဲခြားရေးအား လက်ကိုင်ထားကျင့်သုံးနေသည့် လူဖြူအစိုးရနှင့်သူ၏ပါတီဖြစ်သော ANC African National Congress ကြားက ပြဿနာသက်သက်ဟူ၍ ကြည့်မြင်ဖြေရှင်းခြင်းမရှိခဲ့ပေ။

ANC သည် ၁၉၁၂ ခုနှစ်ကစပြီး South African Native National Congress တောင်အာဖရိကဒေသခံအမျိုးသားကွန်ဂရက် အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၀ ခုနှစ် တွင် လူဖြူအစိုးရက ANC ပါတီတရားဝင်ရပ်တည်မှုအား တားမြစ်ပိတ်ပင်သောအခါ ANC ပါတီသည် Umkhonto we Sizwe ခေါ် "The Spear of the Nation""နိုင်ငံတော်၏ လှံတံ"ဟု အဓိပ္ပါယ်ရသည့်လက် နက်ကိုင်တပ်ဖွဲ့တခုအား တောင်ပံအင်အားတခုအဖြစ်ဖွဲ့စည်း၍ အသားရောင်ခွဲခြားသည့် လူဖြူအစိုးရအား ဆန့်ကျင်အံတု ခဲ့သည်။ သို့ဖြစ်ရာ ANC သည် တောင်အာဖရိကတွင် အင်အားအတောင့်ဆုံး လူထုထောက်ခံမှုအရဆုံး သက်တမ်းအရှည် ကြာဆုံးသော နိုင်ငံရေးပါတီတခု ဖြစ်သည်။

သို့သော် နယ်ဆင်မင်ဒဲလားသည် တောင်အာဖရိက ငြိမ်းချမ်းရေးပြသနာကိုဖြေရှင်းရာတွင် လူဖြူအစိုးရနှင့် ANC ပါတီနှစ်ခု ကြား ပြသနာသက်သက်အဖြစ် မကြည့်မြင်ခဲ့ပေ။ ထိုနှစ်ဖွဲ့ကြားပြဿနာကို ဖြေရှင်းရုံမျှသက်သက်ဖြင့် တောင်အာဖရိက ငြိမ်းချမ်းရေးပြသနာကို ဖြေရှင်း၍ မရနိုင်သည်ကို ကြည့်မြင် သုံးသပ် လုပ်ကိုင် ရပ်ခံခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း မင်ဒဲလားသည် တောင်အာဖရိက ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြည်တွင်းပဋိပက္ခတွင် ပါဝင်သည့်အဖွဲ့အားလုံး အင်အား ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ပါဝင်နိုင်ရေးကို ပြတ်ပြတ်သားသားရပ်ခံခဲ့သည်ကို တွေ့ရသည်။

မင်ဒဲလား၏ တောင်အာဖရိက ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်ရေးမူနှင့်ပတ်သက်၍ ပြတ်သားစွာရပ်ခံချက်တခုအဖြစ် တွေ့ ရှိရသည်မှာ တောင်အာဖရိကပဋိပက္ခအတွင်း အင်အားအသေးငယ်ဆုံးဖြစ်သည့်ပြင် တောင်အာဖရိက လူဖြူအစိုးရနှင့် လူ ဖြူ စစ်တပ်တို့က လက်သင့်ခံရန် ခါးခါးသီးသီးငြင်းပယ်ခြင်းခံရသည့် တောင်အာဖရိကကွန်မြူနစ်ပါတီအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်းပါဝင်ခွင့်ရရေးအတွက် ရပ်ခံခဲ့ခြင်း ဖြစ်ပေသည်။

● အခြေခံမူ
သို့ဖြစ်ရာ လက်ရှိမြန်မာပြည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားပြဿနာဖြေရှင်းနိုင်ရေးအတွက် လက်နက်ကိုင် ပဋိပက္ခတွင်ပါဝင်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တိုင်းရင်းသားနိုင်ငံရေးပါတီအားလုံး ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် ပါဝင်နိုင်ရေးသည် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အခြေခံမူအဖြစ် ကိုင်စွဲရန်လိုအပ်ပေမည်။

လက်ရှိမြန်မာပြည်တွင်း၌ ဖြေရှင်းရန်လိုအပ်သည့် အခြေခံ ပဋိပက္ခကြီး ၂ ရပ်ရှိသည်။ ပထမပဋိပက္ခမှာ ဒီမိုကရေစီရေး လူ့အခွင့်အရေးဆိုင်ရာပဋိပက္ခဖြစ်ပြီး ဒုတိယပဋိပက္ခက တိုင်းရင်းသားရေးဆိုင်ရာပဋိပက္ခဖြစ်သည်။ မြန်မာပြည်ငြိမ်းချမ်းရေး အတွက် ထိုပဋိပက္ခ ၂ ခုစလုံးအား ဖြေရှင်းရန်လိုအပ်သည်။ ထို့အတူ ထိုသို့ဖြေရှင်းရာတွင် အဆိုပါ ပဋိပက္ခအတွင်းပါဝင်နေ သည့် အဖွဲ့အားလုံး (ကြီးသည် ငယ်သည်မဟူ) ပါဝင်နိုင်ရေးသည် ရှေးဦးလိုအပ်သည့် အခြေခံမူအဖြစ်ထားရှိရန် လိုအပ်ပေ သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် "အားလုံးပါဝင်ရေး"သည် အခြေခံရမည့် မူတရပ်ဖြစ်ပြီး "NCA"သည် လုပ်ငန်းစဉ်ဖြစ်သည်ဟု သုံးသပ်ရပါသည်။ လုပ်ငန်းစဉ်တရပ်ဆိုသည်မှာ အခြေအနေအချိန်အခါနှင့် ကိုက်ညီစေရန် ပြုပြင်ပြောင်းလွဲ၍ရသည်။ အ ခြေခံမူကတော့ ထိုလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ရပ်ခံရမည့်မူ ဖြစ်ပေသည်။

မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဦးဆောင်ဦးရွက်ပြုနေသူများ ပါဝင်ဆောင်ရွက်နေသူများအနေနှင့် "အားလုံးပါဝင် ရေး "ဆိုသည့် အခြေခံမူပေါ်မှ ပြတ်ပြတ်သားသား ရပ်ခံဆောင်ရွက်နိုင်ပါမှ ကျန်လုပ်ငန်းစဉ်များကို အခြေအနေနှင့်ကိုက် ညီအောင် ပြု ပြင်ဖေါ်ဆောင်နိုင်ပေလိမ့်မည်။

"အားလုံးပါဝင်ရေး"ဆိုသည်မှာ မြန်မာပြည်ငြိမ်းချမ်းရေး အောင်မြင်နိုင်ရေးအတွက် အခြေခံမူဖြစ်သည်ဆိုခြင်းကိုတော့ ခိုင် ခိုင်မာမာ ရပ်ခံကြဖို့ လိုအပ်ပေသည်။

မောင်မောင်စိုး (Mg Mg Soe)

လင်းသက်ငြိမ် ● စစ်ကြောင်း

$
0
0


လင်းသက်ငြိမ် ● စစ်ကြောင်း
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၆

စစ်ကြောင်းဟာ သူ့အလံလို တလူလူ
စစ်ကြောင်းဟာ မကျဘူး စစ်သားတွေသာ
တစ်ယောက်ပြီး တယောက် ကျကျသွား
စစ်ကြောင်းဟာ သူ့ဝါဒနဲ့သူ
သူ့သေနတ်ပြောင်းလို ပြောင်လက်လို့
ယမ်းငွေ့တွေ ဖုန်မှုန့်တွေ သေနတ်သံတွေနဲ့
စစ်ကြောင်းတလျှောက် စွပ်ကြောင်းတွေထင်းလို့
ထင်းနေတဲ့စွပ်ကြောင်းမှာ သွေးစတွေပေကျံလို့
ပန်းပွင့်ဖပ်အကြွေများ
ပြားကပ်နေတဲ့မြက်ပင်များ
ရူးသွပ်နေတဲ့ဖိနပ်ရာများ
စစ်ကြောင်းဟာ စစ်အကြောင်း အပီအပြင်ပြောပြသွားခဲ့တယ်
စစ်ကြောင်းဟာ အစစ်ဖြစ်ကြောင်း
ငိုသံတွေက သက်သေပြတယ်
စုတ်ပြဲနေတဲ့ထမီ၊ အသံတိတ်နေတဲ့ခွေး၊ မီးခိုးအူနေတဲ့ရွာတွေ
ကြည့်ဖူးတဲ့ဇာတ်ကားတွေကို
ဒီမှာထည့်သွင်းရေးသားလိုက်ပါတယ်
စစ်ကြောင်းကို ဘယ်သူခလုတ်နှိပ်လိုက်တာလဲ
စစ်ကြောင်းထဲ စက်ရုပ်မျက်နှာတွေနဲ့ စစ်သားတွေ
ရက်စက်သောလေ့ကျင့်ခန်းများရဲ့ ပြက္ခဒိန်အိုကို
မှတ်ဉာဏ်အခန်းထဲ တပိုင်းတစထည့်လို့
စစ်ကြောင်းအကြောင်းရေးတော့
အောင်သပြေတွေအကြောင်းပါ ထည့်ရေးရမလား
ရဲဘော်မသေ သေသော်ငရဲမလားကော ရေးဖို့လိုလား
ချိုးဖြူငှက်နဲ့ မီးခိုးတွေမည်းနေတဲ့မျက်နှာ
ဘယ်အရာကို လူတွေမြင်တွေ့ဖူးခဲ့ကြပါသလဲ
စစ်ကြောင်းဟာ ဘယ်သူမောင်းလိုက်မှန်းမသိပဲ ရွေ့လျား
စစ်ကြောင်းကို ဘယ်သူကျောင်းသလဲ ငါစဉ်းစား
စစ်ကြောင်းမှာ စစ်သားတွေတင်မကပဲ
တခြားလူတွေလည်း ကျသွားခဲ့ရကြောင်း သတင်းတွေကပြောပြလည်း
စစ်ကြောင်းကတော့ သူ့အလံနဲ့သူ တလွင့်လွင့် ။

လင်းသက်ငြိမ်

မောင်ရစ် - ထိုးမယ့်ဆင် နောက်တလှမ်းဆုတ် ဆိုသတဲ့လား ဒီမိုကရေစီ

$
0
0


မောင်ရစ် - ထိုးမယ့်ဆင် နောက်တလှမ်းဆုတ် ဆိုသတဲ့လား ဒီမိုကရေစီ
(အယ်ဒီတာ့လက်ရေး) မိုးမခ၊ နိုဝင်ဘာ ၂၃၊ ၂၀၁၆

အမေရိကန်ပြည်ထောင်စု နိုဝင်ဘာလ ၈ ရက်နေ့ဟာ သူတို့သမ္မတရွေးကောက်ပွဲနေ့ပါ။ အဲသည်နေ့ဟာ ဒီမိုကရက်ပါတီအတွက်တော့ အမှောင်ကျ အင်္ဂါ ( Black Tuesday) လို့ ဆိုရပါမယ်။ အများတကာနဲ့ မြန်မာပြည်သူအတော်များများ မျှော်လင့်တောင့်တနေကြသလို ဒေါ်ကလင်တန် သမ္မတ ဖြစ်မလာဘဲ အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း ဒေါ်နယ်ထရန့် နှာတဖျား၊ ဆံတမောက် အသာနဲ့ သမ္မတကြီးအဖြစ် ရွေးချယ်ခံလိုက်ရလို့ပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ကြီးတ၀ှမ်းလုံး '၀ပ်'သွားလိုက်တာများ မနည်း နှာနှပ်ယူရတယ်လို့ ပြောချင်ပါတော့တယ်။ ဘယ်သူကမှ မထင်ထားဘူးကိုး။ မီဒီယာတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးဝါရင့်တွေနဲ့ မျိုးဆက်သစ်တွေက ငါတို့ ဟီလာရီ အသာစီးနဲ့ အနိုင်ရမယ် ထင်ထားတာ တကယ်တန်း မဲပုံးတွေ ထုတ်ရေလိုက်တော့ မြို့သူ မြို့သား မဲတွေထက် တောသူ တောင်သား နယ်မြို့တွေက မဲတွေက အသာရပြီး ဒေါ်နယ်ထရန့်ကြီး နိုင်သွားတယ်ပဲ ဆိုကြပါစို့။

အမေရိကန်တွေက မဲရှုံးလို့ တောခို သူပုန်ထ၊ တပ်မတော်က အာဏာတွေ သိမ်း၊ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးတွေ ဖွဲ့ကြတယ်လို့တော့ မကြားမိသော်ငြား စိတ်မကျေနပ်သော ကျောင်းသူ ကျောင်းသား လူငယ်တွေကတော့ မြို့ကြီးတွေမှာ လမ်းပေါ်ထွက်ပြီး တပတ်လောက်တော့ ဆန္ဒပြလိုက်ကြပါတယ်။ အကောင်းဆုံ အရှုံးသမား ဒေါ်ကလင်တန်ကတော့ အရှုံးကို လက်ခံပြီး ပြည်သူတွေက ရွေးချယ်ခံခေါင်းဆောင်ကို သဘောထားကြီးစွာနဲ့ လက်သင့်ခံဖို့ နားချပါတယ်။ လက်ရှိသမ္မတ အိုဘားမားကတော့ ချောမွေ့သာယာတဲ့ အာဏာလွှဲပြောင်းမှု ဖြစ်စေဖို့ အာမခံချက်ပေးပါတယ်။ ဒီလိုနဲ့ ပြီးသွားတယ် ဆိုကြပါစို့။

တကယ်တန်းမှာကျတော့ လမ်းပေါ်က ဆန္ဒထုတ်ဖော်တာတွေ၊ အရှုံးသမားတွေက သဘောထားကြီးကြောင်း ထုတ်ပြတာတွေနဲ့ ပြီးမသွားပါခင်ဗျ။ အရှုံးကို သင်ခန်းစာယူကြတဲ့ အဆင့်ကို တနိုင်ငံလုံးက လူကြီး လူငယ် အဖွဲ့အစည်းတွေက သူ့နည်းသူ့ဟန်နဲ့ လုပ်ဆောင်ကြတော့တာပါပဲ။

ပထမဆုံး သင်ခန်းစာ ထုတ်ကြသူတွေက မီဒီယာ စာနယ်ဇင်းသမားတွေပါ။ သူတို့တွေရဲ့ လွဲချော်မှုကို ၀န်ခံရင်းနဲ့ကနေ ပြည်သူတွေကို အသိပညာပေး၊ သတင်းပေး၊ အချက်အလက်မှန်တွေ၊ ပွင့်လင်းမြင်သာမှုတွေ သတင်းပို့နေကြသူတွေဟာ အားနည်းမှုတွေ ရှိတယ်၊ ပြည်သူတွေဟာ သတင်းအချက်အလက် အစစ်အမှန် မှန်မှန်ကန်ကန်ဆိုတာထက် အစွန်းရောက်တဲ့ အယူအဆတွေရဲ့ ဖိဆီးမှုတွေ ခံစားခဲ့ကြရတယ်၊ သည်တော့ ငါတို့တွေ သည်ထက်ပိုပြီး စာနယ်ဇင်းအလုပ် ဆထက်တံပိုး လုပ်ကြရမယ်လို့ ကောက်ချက်ဆွဲကြတာပါ။ မီဒီယာတွေဟာ ထရန့်ကို ဝေဖန်ခဲ့ကြသော်လည်း အဲသည်ဝေဖန်ထောက်ပြတဲ့ အသံတွေထက် အစွန်းရောက်သူတွေရဲ့ ၀ါဒဖြန့်မှုအသံတွေက ကျယ်လောင်လွန်းတာမို့ သူတို့ ပရိသတ်ဆီကို အရောက် မပို့နိုင်ခဲ့ဘူးလို့ သူတို့က ၀န်ခံကြတာပါ။

ဒုတိယ သင်ခန်းစာ ယူကြသူတွေက ဒီမိုကရက်နိုင်ငံရေးပါတီနဲ့ တိုးတက်သောအမြင်ရှိတဲ့ လူမှုအဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ သူတို့တွေ လစ်လျူရှုထားမိတဲ့ လူတန်းစားတွေဟာ အမေရိကန်မြို့ကြီး ပြကြီးတွေ အပြင်ဘက်က တောနယ် မြို့ငယ် လူထု လူတန်းစား အလုပ်သမားတွေ မိသားစုတွေ ဖြစ်နေတယ်။ သူတို့ကို အဖက်လုပ်ပြီး မစဉ်းစားမိတာ၊ မစည်းရုံးမိတာဟာ အလွန်လွဲမှားတယ်လို့ ၀န်ခံကြတာ ဖြစ်ပါတယ်။ ဆင်းရဲ ချို့တဲ့တာ၊ ဗဟုသုတ အားနည်းတာ၊ အလုပ်အကိုင် ရှားပါးတာ၊ ရှေးရိုးစွဲ အမြင် ထက်သန်တာတွေဟာ ကုသပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်တယ်၊ ၀ဋ်နာ ကံနာပဲဆိုပြီး လစ်လျူရှုထားလို့ မရဘူး ဆိုတာပါ။ ၀ါဒဖြန့် မှိုင်းတွေမိသွားတဲ့ လူထုဟာ ကြောက်စိတ်၊ စိုးရိမ်စိတ်၊ ဒေါသစိတ်တွေနဲ့ မဲလက်မှတ်ကို အသုံးချလိုက်တဲ့အခါ လူအများထောက်ခံသူဟာ မဲရှုံးနိုင်တယ်လို့ သူတို့ ကောက်ချက်ဆွဲကြပါတော့တယ်။

နောက်သင်ခန်းစာယူကြသူတွေကတော့ ဆိုရှယ်မီဒီယာနဲ့ အင်တာနက်ကုမ္မဏီကြီးတွေ ခင်ဗျ။ ဖေ့စ်ဘွတ်နဲ့ ဂူးဂဲမှာ မဟုတ်တန်းတရားတွေ လုပ်ကြံသတင်းမှားတွေ အစွန်းရောက်မှိုင်းတိုက်တာတွေကို ထိထိရောက်ရောက် တားဆီး ရှင်းလင်းနိုင်ခြင်း မရှိခဲ့ဘူးလို့ သူတို့က သင်ခန်းစာ ထုတ်ကြပါတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ ဂူးဂဲပေါ်မှာ အစွန်းရောက် အမုန်းပွား သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်နေကြသူတွေ အဖွဲ့တွေအကြောင်း စာနယ်ဇင်းသမားတွေက ထုတ်ဖော်ဝေဖန်ကြပါတယ်။ အဲဒါတွေကို ဗဟုသုတနည်းသူ၊ ကိုယ်ခံအားနည်းသူတွေက မြိန်မြိန်ရှက်ရှက် စားသုံးပြီးတော့ ဆုံးဖြတ်ချက်တွေ ချကြတာကြောင့် လို့ ဆိုကြပါတယ်။ သတင်းမှားကော သတင်းမှန်ကောကို ဖေ့စ်ဘွတ်ပေါ် ဂူးဂဲပေါ် ရှာဖွေလို့ ရပေမယ့် သတင်းမှားကို ပိုပြီး လူကြိုက်များ အားကိုးကြတာမို့ ဒါကို ကာကွယ်သင့် ကြိုတင် ဖယ်ရှားသင့်တယ်လို့ နည်းပညာကုမ္မဏီတွေက ယူဆကြပါတယ်။

နောက်တချက်ကတော့ နယ်ခြားမဲ့ အတားအဆီးမဲ့ ဆိုင်ဘာအကြမ်းဖက် သောင်းကျန်းမှု ဖြစ်ပါတယ်။ ဆိုင်ဘာလုံခြုံရေး အကာအကွယ်တွေကို ထိုးဖောက်ပြီး အစိုးရ၊ လွှတ်တော်၊ ပါတီ၊ နိုင်ငံရေးသမား၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်း အဖွဲ့အစည်းစုံက သတင်းအချက်အလက်တွေ ကိုယ်ရေးကိုယ်တာတွေ လျိ့ဝှက်ချက်တွေကို ခိုးယူခြင်း၊ ဖြန့်ချိ တိုက်ခိုက်ခြင်း၊ အလွဲသုံးစားလုပ်ခြင်းတွေဟာ အင်တာနက်ခေတ်မှာ တိုးပွားသည်ထက် တိုးပွားလာပြီး လူ၊ အဖွဲ့အစည်း၊ မိသားစု၊ ကုမ္မဏီတွေသာမက နိုင်ငံတော်တွေကို ထိခိုက်အောင် မင်းမဲ့စရိုက်ဖြစ်အောင် လုပ်စွမ်းနိုင်တယ်ဆိုတာကို သိရှိလက်ခံရတာပါ။ ဒါတွေကို ဘယ်လို ပြင်ဆင်မလဲ၊ ပညာပေးမလဲ၊ အရေးယူကြမလဲဆိုတာကိုတော့ အစိုးရတွေနဲ့ ကုမ္မဏီကြီးတွေက လူသိရှင်ကြား သင်ခန်းစာ ထုတ်မပြသေးဘူးလို့ ဆိုရပါမယ်။

နောက်တခုကတော့ ... သူတို့ကတော့ internet troll လို့ ခေါ်ကြတယ်။ troll ဆိုတာ မှင်စာတွေ၊ ကြပ်တွေလို့ ဘာသာပြန်ရမလား မသိဘူးဗျ။ သူတို့က ဘာမှန်းညာမှန်း သိလို့ တတ်လို့ မဟုတ်၊ သူတို့ စိတ်ချဉ်ပေါက် စွဲလန်းတဲ့ တစုံတရာ တစုံတဦးနောက်ကို တကောက်ကောက်လိုက် နှောက်ယှက်တိုက်ခိုက်တဲ့ လမ်းသရဲလိုမျိုးတွေပေါ့။ အင်တာနက်ပေါ်မှာလည်း အဲသည် troll တွေ မှင်စာတွေ ကြပ်တွေဟာ ခေတ်အလွန်စားလာပါတယ်။ သူတို့ ကြိုက်တဲ့လူနောက် တကောက်ကောက်လိုက်တာထက် သူတို့မကြိုက်တဲ့ လူတွေ အကြောင်းအရာတွေကို တကောက်ကောက် နောက်ကလိုက်ပြီး တစိုက်မတ်မတ် ဆဲဆို ရုန့်ရင်းကြမ်းတမ်း စော်ကား မော်ကား လိုက်လုပ်၊ အကြမ်းဖက်မယ်၊ ဘာညာ လိုက်လံ ခြိမ်းခြောက်၊ နှောက်ယှက်တာမျိုး လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ သူတို့တွေကို ပဒူအုံ တုတ်ထိုးလိုက်သလို လုပ်မိ ဆွမိ မှိုင်းတိုက်မိလိုက်ရင် ကိုယ့်စာရိတ်နဲ့ ကိုယ် လိုက်ပြီး အနှောက်အယှက်တွေ ပေးပါလိမ့်မယ် ခင်ဗျား။ internet troll တွေဟာ hate news ကော၊ fake news ကော သောကော ရောကော အကုန်လုံး လိမ်းကျံပြီး မင်းမဲ့စရိုက်တွေ အင်တာနက်ပေါ်မှာ ပြုမူကြတာတွေ ဆိုးဝါးလာနေကြောင်း၊ သူတို့တွေကို သတိထားဖို့ အင်တာနက်သားများကလည်း မကြောက်မရွံ တွန်းလှန်ပစ်ဖို့ လိုကြောင်း အင်တာနက်အကဲခတ်အဖွဲ့တွေက ထောက်ပြလာကြပါတယ်။

အဲသည်နေရာမှာ အကြောက်တရားတွေ အမုန်းတရားတွေ မင်းမဲ့စရိုက်တွေ ကြီးစိုးလာလို့ နောက်တွန့် ကြောက်ရွံ့ပြီး ဘောင်းတော်ညိတ် စိတ်တော်သိ ဒူးထောက် အညံ့ခံသွားရမယ်လို့ သင်ခန်းစာယူသွားကြလိမ့်မယ်လို့ မထင်နဲ့လို့ ဒေါင်ဒေါင်မြည်ပြကြသူတွေကတော့ တီဗီပေါ်ကနေ ဒေါ်နယ်ထရန့်နဲ့ အပေါင်းအပါတွေကို ဟားတိုက်သရော်ခဲ့ကြတဲ့ လူရွှင်တော်မင်းသား မင်းသမီးတွေ ခင်ဗျ။ သူတို့တွေကတော့ ငါတို့တွေရဲ့ ပြက်လုံးတွေကို ဆင်ဆာလုပ်ပြီး အရှိန်လျော့ချလိမ့်မယ် မထင်ပါနဲ့တဲ့။ နောက်ပိုင်းဆို ခေတ်ကြီးရဲ့ ကမောက်ကမတွေ နိုင်ငံရေးသမားတွေရဲ့ ကမောက်ကမတွေ ပိုထင်ရှားလာလို့ ငါတို့တွေ ရှေးကထက် ပိုပြီး ပြက်ကြရလိမ့်မယ်လို့ စိန်ခေါ်လိုက်ကြောင်းပါ။

အထက်ပါကိစ္စတွေကတော့ လတ်တလော ဖြစ်ရပ်တွေ လှိုင်းတွေကနေ သင်ခန်းစာ ယူကြတာဖြစ်ပါတယ်။ နိုင်ငံရေး နောက်ခံသမိုင်းကြောင်းကနေ သင်ခန်းစာယူကြတာကလည်း စိတ်ဝင်စားစရာပါ။ အိုဘားမား သမ္မတ ၈ နှစ်လုံးလုံးမှာ မြန်မာလို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ၂ ရပ်လုံးမှာ (ကွန်ဂရက်နဲ့ ဆီးနိတ်) ရီပတ်ဘလစ်ကန်တွေက အများစုအမတ်တွေနဲ့ပါ။ သူတို့က ၈ နှစ်လုံးလုံး အိုဘားမားကို အာဏာဖီဆန်ခဲ့ကြတာပါ။ အတိုက်အခံ အတားအဆီးတွေ အများကြီးအောက်ကနေ ဒီမိုကရက်နဲ့ အိုဘားမားတို့က တိုင်းပြည်ကို တရွတ်ဆွဲ ခေါ်ခဲ့ရတာ။ သည်တော့ ကလင်တန် ဒီတခေါက် နိုင်ခဲ့ရင်လည်း လွှတ်တော် ၂ ရပ်လုံးမှာ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေချည်းမို့ နောက် ၄ နှစ်လည်း လွှတ်တော်တံတိုင်းကြီးကို ကျော်ပြီး အုပ်ချုပ် မင်းလုပ်ဖို့ လွယ်လှတယ် မဟုတ်ပါတဲ့။

အခုလို ထရန့်တယောက် ရီပတ်ဘလစ်ကန်တွေဘက်ကနေ သမ္မတဖြစ်၊ လွှတ်တော် ၂ ရပ်လုံးကလည်း အနိုင်ရပါတီက အမတ်တွေချည်းဆိုတော့ သည် ၄ နှစ်လုံးလုံး ရီပတ်ဘလစ်ကန်တွေချည်း တကွင်းလုံး စိတ်တိုင်းကျ ကစားဖို့ ချည်း ဖြစ်ပါစေတဲ့။ သူတို့တတွေ တကယ်တန်း စိတ်တူ ကိုယ်တူ တသဘောတည်း ရှေးရိုးစွဲနည်းတွေ ၀ါဒတွေနဲ့ ၄ နှစ်တာ အုပ်ချုပ်ဖို့ဆိုတာ လွယ်လှတာ မဟုတ်ပါလို့ သုံးသပ်ကြပါတယ်။

လူကြိုက်နည်းတဲ့ သမ္မတနဲ့ ရှေးရိုးစွဲတွေ ကြီးစိုးတဲ့ လွှတ်တော်အမတ်တွေဟာ လွှတ်တော်နဲ့ အစိုးရပြင်ပက အတိုက်အခံတွေ၊ နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းတွေ၊ မျိုးဆက်သစ်တွေရဲ့ မျက်စိထောက်ထောက်ပြီး စိန်ခေါ်မှုတွေ တုန့်ပြန်မှုတွေကို ရင်ဆိုင်ကြရဦးမှာ ဖြစ်ပါတယ်။ အရင်သမ္မတ ဘွတ်ခ်ျလက်ထက်တုန်းကလည်း သည်လိုမျိုး အုပ်ချုပ်မင်းလုပ်ခဲ့ကြပေမယ့် အရင်တုန်းကထက် ပိုပြီး တက်ကြွ ပွင့်လင်းလာတဲ့ မျိုးဆက်သစ် ရေချိန်နဲ့ လှိုင်းကို သူတို့ ရင်ဆိုင်ကြရလိမ့်မယ် လို့ ဆိုပါတယ်။ မျိုးဆက်ဟောင်းတွေအတွက်လည်း အချိန်ကုန်မြန်ကြလိမ့်မယ်လို့ တွက်ဆကြပါတယ်။ အသက်တွေက ကြီးကုန်ကြပြီ မဟုတ်လား။ တိုးတက်တဲ့ မျိုးဆက်သစ်တွေအတွက် ခါးသီးတဲ့ အရှုံးကို သူတို့ ခံစားလိုက်ရတာ ကောင်းပါသတဲ့။ ငယ်ငယ်ရွယ်ရွယ်မှာ အနိုင်ချည်းပဲ ရနေတဲ့ ၂၁ ရာစု မျိုးဆက်ဟာ အခုလို အရှုံးကို တွေ့လိုက်ရတော့ နောင်လာမယ့် ပွဲတွေအတွက် ပိုပြီး သတိကြီးသွားစေတယ်။ ပေါ့ပေါ့ဆဆ မဖြစ်တော့ဘူးလို့ သဘောထားကြပါလိမ့်မယ်။

မြန်မာလိုဆိုရင်တော့ ထိုးမယ့်ဆင် နောက်တလှမ်းဆုတ်တယ်လို့ သင်ခန်းစာတွေ ယူပြီး တွေးကြတယ် ဆိုပါတယ်။ မြန်မာပြည်သားတွေအတွက် ဆိုရင်ကော ... နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးမိတ်ဆွေတဦးဖြစ်တဲ့ ခေတ်ပြိုင် ဒေါ်ကလင်တန်တယောက် သမ္မတ မဖြစ်လိုက်ရတာ အသည်းနာစရာပါ။ အမျိုးသမီး ခေါင်းဆောင်တွေ ခေတ်စားတော့မယ့် သမိုင်းစာမျက်နှာကို အမေရိကန်က မလှန်နိုင်လိုက်တာ ရင်နာစရာ။ သို့သော် သင်ခန်းစာဆိုတာ ခေတ်ကြီးက ဘယ်လိုပဲ စီးစီး ... အခန့်မသင့်လို့ သတိကြီးကြီး မထားနိုင်ရင်တော့ လှိုင်းတွေလည်း ပြောင်းပြန် ဆန်တတ်တယ် ဆိုတာ ဒီမိုကရေစီ လေလား ... ဒီမိုကရေစီ မိုးလား ... ဟေ လာ မောင်တို့ ၀ါး။ ။

ဘေးဧရိယာရောက် မိချမ်းဝေ စာပေဟောပြောပွဲ မှတ်တမ်း

$
0
0

ဘေးဧရိယာရောက် မိချမ်းဝေ စာပေဟောပြောပွဲ မှတ်တမ်း
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆
ဆန်ဖရန်ဘေးဧရိယာ၊ နိုဝင်ဘာ ၂၀၊ မှာ ဟောပြောခဲ့တဲ့ မိချမ်းဝေ၏ ဟောပြောပွဲ ရုပ်သံမှတ်တမ်း ကောက်နုတ်ချက်

Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>