Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧

အကျင့်စာရိတ္တနှင့် ပညာရေး ၊ ရေးသူ- သူရထိုက်

$
0
0

 အကျင့်စာရိတ္တနှင့် ပညာရေး ၊ ရေးသူ- သူရထိုက်
(မိုးမခစာအုပ်စင်) နိုဝင်ဘာ ၁၉၊ ၂၀၁၆

(၁) အာစရိယဆရာ မြတ်ဆရာ
(၂) ဗီဇပတ်ဝန်းကျင်နှင့်ကျွန်တော်တို့
(၃) ကျောင်းနေရမယ့်ကလေးတွေ
(၄) ပညာ့ခေတ်ထဲမှာ
(၅) ကျူရှင်
(၆) တခါတုန်းက သစ္စာအဓိဋ္ဌာန်
(၇) ပညာအမွေပေးဖို့ … စတဲ့ ဆောင်းပါးများအပါအဝင် ဆောင်းပါးပေါင်း (၂၅) ပုဒ်ပါဝင်ပြီး မြန်မာနိုင်ငံရဲ့ ယနေ့ပညာရေးလောကအပေါ် သုံးသပ်ဝေဖန်ဆွေးနွေးထားတဲ့ သူရထိုက်၏ “ပညာ့ခေတ်မဂွဇင်း” မှာ ဖော်ပြခဲ့တဲ့ဆောင်းပါးတွေကိုစုစည်းထုတ်ဝေထားတာဖြစ်ပါတယ်။ “အကျင့်စာရိတ္တနှင့် ပညာရေး” စာအုပ်မှာ ပညာ့ခေတ်မဂွဇင်းအယ်ဒီတာ ဆရာချစ်တိုးနွယ်က အမှာစာ ရေးသားပေးထားတယ်လို့သိရပါတယ်။

(၁) အာစရိယဆရာ မြတ်ဆရာ

(၂) ဗီဇပတ်ဝန်းကျင်နှင့်ကျွန်တော်တို့

(၃) ကျောင်းနေရမယ့်ကလေးတွေ

(၄) ပညာ့ခေတ်ထဲမှာ

(၅) ကျူရှင်

(၆) တခါတုန်းကသစ္စာအဓိဋ္ဌာန်

(၇) ပညာအမွေပေးဖို့

(၈) ငယ်ရွယ်တဲ့သူတွေအတွက်အချိန်နာရီ

(၉) စည်းကမ်းအကြောင်း

(၁၀) အမည်သညာ ခေါ်စရာ

(၁၁) ရင်းနှီးမြှုပ်နှံရမယ့်အချိန်

(၁၂) တခါက ဆရာနာတာရှည်

(၁၃) ပုံပြင်ထဲမှအတွေးများ

(၁၄) လူတိုင်းအတွက် ပညာသင်ယူခွင့်

(၁၅) အကျင့်စာရိတွနှင့်ပညာရေး

(၁၆) ပြီးပြည့်စုံတဲ့ အသက်အရွယ်

(၁၇) ကလေးတိုင်းပညာသင်နိုင်ဖို့

(၁၈) လူငယ်နှင့် ပရဟိတစိတ်ဓာတ်

(၁၉) ကလေးသူငယ်နှင့် ဆေးလိပ်ကွမ်းယာ

(၂၀) ဗိုလ်ချုပ်အစ်ကို ဦးဘဝင်း

(၂၁) လေ့လာသင့်တဲ့ နိုင်ငံရေးသိပွံပညာ

(၂၂) သတိပြုရမယ့်ဝတ်စားဆင်ယင်မှု

(၂၃) ပညာ၏ သဘောလက္ခဏာကိုဆင်ခြင်သုံးသပ်ခြင်း

(၂၄) ပညာရေးမှတပါး အခြားမရှိပြီ

(၂၅) အောင်စာရင်းထွက်တဲ့နေ့

ဆက်သွယ်ရန်
ပြည့်ပြည့်ဖောင်းဖောင်းစာပေ
အမှတ်- ဃ ( ၃၀)၊ ဝေပုလ္လ ၁ လမ်း ၊ (ဃ )ရပ်ကွက် ၊ မြောက်ဥက္ကလာ
Ph 09795862804
09250016186
↧

စောဝေ 🌑 သတိရခြင်းတွေ ပွင့်တယ်

$
0
0
ဓာတ်ပုံ - ရန်နောင်(ဗိုလ်တထောင်)


စောဝေ 🌑 သတိရခြင်းတွေ ပွင့်တယ်
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၆


ယက်လုပ်စိုက်ပျိုးခဲ့သမျှ
ကမ္ဘာကြီးအတွက် ဆိုတာနဲ့
သေဆုံးသူကို
ရှင်သူတွေအားလုံးက
ပန်းတွေ ပန်းတွေလိုဘဲ
သတိရခြင်းတွေ ပွင့်တယ်။

သမိုင်းလို့ ပြောမိတာနဲ့
ကောင်းခြင်းဆိုးခြင်းဆိုတဲ့ သံသရာမှာ
အယိမ်းအယိုင်မရှိ
တည်တံ့မြဲမြံတဲ့ ဖြစ်ခြင်းမှာ
သတိရခြင်းတွေ ပွင့်တယ်။

အူဝဲဆိုတဲ့ ငိုသံဟာ
တေးသွားတစအဖြစ်
လောကကြီးကို နှုတ်ဆက်ချိန်မှ
ရင့်ရော်ကြွေလွင့်လုထိ
မခမ်းတဲ့အမြဲမြစ် အမေဆိုတာကို
သတိရခြင်းတွေ ပွင့်တယ်။

ချီးမြှင့်မြှောက်စား
ဂုဏ်ပြုကြိုဆို
ဆုတွေ ချိတ်ခံရချိန်မှာ
နှလုံးသားကိုဆတ်ခနဲ
အပ်ချွန်နဲ့ ထိုးလိုက်သလို
တောထဲ တောင်ထဲမှာ
ခြွေချခံလိုက်ရတဲ့
ရဲဘော်ရဲဘက်တွေကို
သတိရခြင်းတွေ ပွင့်တယ်။

အရှေ့အနောက်
တောင်မြောက်
ကမ္ဘာကြီးကို လျှောက်ကြည့်တော့
ကိုလံဗတ်၊ ဗာစကိုဒဂါးမားနဲ့
ကနောင်မင်းသားကြီးကို
သတိရခြင်းတွေ ပွင့်တယ်။

စူပါမွန်းဖြစ်စဉ်ကြီးထဲ
ညလေးတည
လသာတာလေးကို ငေးပြီး
ဘာစကားမှ မပြောဘဲ
အင်းယားကန်ဘောင်မှာ
ထိုင်ခဲ့ကြတဲ့ သူ့ကို
သတိရခြင်းတွေ ပွင့်တယ်။

ဖေ့ဘွတ်ဆိုတဲ့ လူမှုကွန်ယက်ပေါ်
ကိုယ့်ကိုယ်တင်တဲ့ ဆယ်လီတွေက
ဇာတ်လမ်းတွေဆင်
ဇာတ်လမ်းတွေလုပ်
ချစ်ကြိုက်ကွဲညား အဟောင်းကြီးနဲ့
ဖျော်ဖြေရေးစစ်ခင်းနေကြ
နှလုံးသားစစ်စစ်နဲ့
လူသားတွေကို အနုပညာနဲ့ခင်းကျင်း
ကမ္ဘာ့ရွာမှာ
လှုပ်ခတ်ပြန့်ကားနေတဲ့အသံတွေထဲ
ဂီတအနုပညာကို ရှာမိတော့
အဉ္ဖလီမောင်မောင်
ကိုရဲလွင်
ခင်ဝမ်း
ကိုအောင်ဝင်း
ကေမြိုး
ခင်မောင်တိုး

မိုးမခပင်တွေ တို့သက်သေတည်
စိမ်းယဉ်သော အေးမြကန်သာမြေ
ရိုးမတောင်ခြေ ရင်ဝယ်အလှသစ္စာတည်
ငြိမ်းအေးစေ

သတိရခြင်းတွေ ပွင့်စေ
သတိရခြင်းတွေ ပွင့်တယ်
သ တိ ရ ခြင်း တွေ ပွင့်တယ်။ ။

စောဝေ
↧
↧

၂၀ နိုဝင်ဘာ၊ ဆန်ဖရန်မှာ ဟောမည့် ကြည်မင်း၊ ရွှေကူမေနှင်းနဲ့ မိချမ်းဝေ တို့ စာပေပွဲ

$
0
0
sfbaytalk-copy1
၂၀ နိုဝင်ဘာ၊ ဆန်ဖရန်မှာ ဟောမည့် ကြည်မင်း၊ ရွှေကူမေနှင်းနဲ့ မိချမ်းဝေ တို့ စာပေပွဲ
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၆
အမေရိကန်ပြည်ထောင်စုကို စာပေခရီးစဉ်နဲ့ စာရေးဆရာကြီးများဖြစ်တဲ့ ကြည်မင်း (ကျော်စောမင်း)၊ ရွှေကူမေနှင်းနဲ့ မိချမ်းဝေတို့ရဲ့ ပထမဦးဆုံး စာပေဟောပြောပွဲကို နိုဝင်ဘာ ၂၀၊  Swiss Park . 5911 Mowry Avenue,  Newark, CA 94560  (510) 793-6272မှာ နေ့ခင်း ၂ နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပမှာဖြစ်ပါတယ်။
ဟောပြောမယ့် ခေါင်းစဉ်တွေကတော့ -  မိချမ်းဝေ  -  ပင်လယ်ရဲ့ အတွင်းသားကို ဖွင့်ဖတ်၊ ကြည်မင်း - ခေတ်ပြိုင် မြန်မာစာပေ မြင်ကွင်းနဲ့  ရွှေကူမေနှင်း - သန္တိသုခ တို့ ဖြစ်ပါတယ်။ ဟောပြောပွဲ ဖြစ်မြောက်အောင်မြင်ရေးအတွက် စာချစ်သူများက တဦးလျင် ၁၅ဒေါ်လာ နှုန်းမျှနဲ့ ၀ိုင်းဝန်းကြဖို့အတွက် ကော်မီတီက မေတ္တာရပ်ခံထားပါတယ်။ မေတ္တာကို တုန့်ပြန်သောအားဖြင့် မြန်မာ့စားစရာများနဲ့ ဧည့်ခံမယ်လို့ ဆိုပါတယ်။

15055732_1723850544603621_4822024235972524455_n
လက်ခံရရှိထားတဲ့ စာရေးဆရာများရဲ့ အထုပ္ပတ္တိအကျဉ်းကို တင်ဆက်လိုက်ပါတယ်။

ကြည်မင်း (ကျော်စောမင်း) ၏ စာပေနှင့် ကိုယ်ရေးဘဝ အကျဉ်း
စာရေးဆရာကြည်မင်း (ခေါ်) ကျော်စောမင်း (အမည်ရင်း ဦးမောင်မောင်စံ) ၏ Profession မှာတိရစ္ဆာန် ဆေးကုဆရာဝန်ဖြစ်ပြီး မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ပါမောက္ခချုပ်အဆင့်အထိ တာဝန်ထမ်းဆောင် ခဲ့သည်။ ယခုအခါတွင်အငြိမ်းစားယူပြီး ရန်ကုန်မြို့တွင်အခြေချနေထိုင်သည်။
မြန်မာနိုင်ငံစိုက်ပျိုး၊ သစ်တောနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းပညာရှင်များအဖွဲ့Academy of Science ၏ အဖွဲ့ဝင်ပညာရှင်တဦးလည်းဖြစ်သည်။  ယဉ်ကျေးမှုဝန်ကြီးဌာန ၏ မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့တွင်လည်း အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသည်။ မြန်မာနိုင်ငံသတင်းစာဆရာအသင်းတွင် ရန်ကုန်တိုင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးပြီး ယခုအခါတွင် ဗဟိုစည်းကမ်းထိန်းသိမ်း ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ စာရင်းစစ်လည်း ဖြစ်သည်။
၁၉၄၆ ဇန်န၀ါရီတွင် ပုသိမ်မြို့တွင်မွေးဖွားသည်။ အသက် ၁၅ နှစ်အရွယ်တွင် ကဗျာဖြင့် စာပေနယ်သို့ဝင် ခဲ့သည်။ အသက်၂၀ တွင်ကြည်မင်း ကလောင်အမည်ကို အတည်တကျယူသည်။ မိခင်ဒေါ်ငွေကြည်နှင့်ဖခင် ဦး ကျင်မင်းတို့၏နာမည်များကို ပေါင်းစည်းထားခြင်းဖြစ်သည်။ ကြည်မင်း ကလောင်အမည်ဖြင့် ပထမဆုံးရေးသား သောစာပေမှာ ၁၉၆၈ မိုးရာသီထုတ်အိုးဝေဂျာနယ်မှ သရော်စာများဖြစ်သည်။ ဝေဖန်ရေးဆောင်းပါးများ ရေးရန် အတွက် ကျော်စောမင်းအမည်ကိုယူပြီး ၁၉၉၀မှစ၍ ဟန်သစ် မဂ္ဂဇင်းတွင် ဖတ်ကြည့်ကဏ္ဍကို တာဝန်ယူခဲ့သည်။
ကွယ်လွန်သူအထောက်တော်လှအောင်နှင့်အတူ သတင်းဂျာနယ်ကို ၁၉၆၉တွင် တည်ထောင်ခဲ့သည်။
ယနေ့အထိ ကဗျာ ၅၀ခန့်၊ ၀တ္ထုတို/ရှည် ၇၀ခန့်၊ ဆောင်းပါး ၆၀၀ ကျော်နှင့် လုံးချင်း ၄၀ ကျော် ပုံနှိပ်ပြီး ဖြစ်သည်။
ပထမဆုံးလုံးချင်းမှာ တူဒေးစာပေတိုက်မှ မျဉ်းပြိုင်မျိုးဆက် ဖြစ်ပြီး၊ နောက်ဆုံးထုတ်မှာ Wisdom House စာပေတိုက်မှထုတ်ဝေသော ဦးအောင်သင်းနှင့်ကျွန်တော် စာအုပ်ဖြစ်သည်။
လုံးချင်းစာအုပ်များအနက် လုပ်ချင်တာလုပ်နိုင်ဖို့၊ လုပ်သင့်တာလည်းလုပ်နိုင်ဖို့နှင့် ရှင်းတူးရှင်တူး မှာကိုယ်တွေ့ဖြစ်ရပ်များဖြင့် တင်ပြထား သော လူငယ်ကြီးပွားရေး အားဖြည့်လမ်းညွှန်စာပေ ဖြစ်သည်။ ဗေဒါတောမှဆည်းဆာမှာ ၀တ္ထုတိုပေါင်းချုပ်ဖြစ် သည်။ စာဖတ်သူတဦး၏ ဒိုင်ယာရီ မှာ ဝေဖန်ရေးဆောင်းပါးများဖြစ်သည်။ ပညာခရီးနှင့်ပညာမျက်စိ စာအုပ်မှာ နိုင်ငံခြားတွင် ပညာသင်ကြားခဲ့ရသော အတွေ့အကြုံများနှင့် ပညာရေးအတွေးအမြင်များဖြစ်သည်။ အင်္ဂလိပ်ဘာ သာဖြင့်လည်း ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါး၊ ပညာရပ်ဆိုင်ရာဆောင်းပါးများနှင့် စာပေသုတေသနစာတမ်းများရေး သားခဲ့သည်။
ယခုအချိန်တွင် ဒီမိုကရေစီတူဒေး သတင်းစာနှင့် ပြည်သူ့အရေး ဂျာနယ်တွင် နိုင်ငံရေးဝေဖန်စာများနှင့် ကြေးမုံသတင်းစာတွင် စာပေဝေဖန်ရေးများကို ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရေးသားနေဆဲဖြစ်သည်။
စာဖတ်သူတဦး၏ဒိုင်ယာရီ စာအုပ်ဖြင့် ၂၀၀၄ ထန်းရိပ်ညို စာပေဆုနှင့် ဦးဆောင် စွန့်စား စီးပွားရေး တည်ဆောက်ခြင်း စာအုပ်ဖြင့် ၂၀၀၈ သုတစွယ်စုံဘာသာပြန်စာပေဆု ရခဲ့ဖူးသည်။
ဇနီးဖြစ်သူ ဒေါက်တာခင်မမ (ဒုတိယပါမောက္ခချုပ်-ငြိမ်း)၊ သမီး၎ ဦးနှင့်အတူ ရန်ကုန်မြို့စမ်းချောင်းရပ် တွင်နေထိုင်လျက်ရှိသည်။
 

ရွှေကူမေနှင်း၏ ဘ၀နှင့်စာပေမှတ်တမ်း

အမည်ရင်း။ ။ ဒေါ်စံမေ
၁၉၃၉။ သြဂုတ်လ(၁၅)ရက်တွင်၊ ကချင်ပြည်နယ်၊ ရွှေကူမြို့၊ အဖ သစ်တော အကောက်စာရေးကြီး ဦးစိန်၊ အမိဒေါ်စောရင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ၈ယောက်မြောက်အနက် ပဉ္စမမြောက် ဖြစ်သည်။
၁၉၄၂။ ဒုတိယကမ္ဘာစစ်အတွင်း၊ တောတောင်းတွင်းü ပြေးပုန်းခဲ့ရသည်။
၁၉၄၆။ ရွှေကူမြို့၊ တောပုန်းရွာ၊ မူလတန်းကျောင်းü စတင်ပညာသင်ကြားသည်။
၁၉၄၇။ ရွှေကူမြို့၊ S.P.P ကျောင်းü ဆက်လက်ပညာသင်သည်။
၁၉၅၀။ ရွှေကူမြို့၊ အစိုးရအထက်တန်းကျောင်းü ပညာသင်သည်။
၁၉၅၅။ မတ်လ(၁)ရက်နေ့ထုတ်၊ တိုင်းရင်းမေဂျာနယ်တွင် 'ချောကလက်'အမည်ရှိ ၀တ္ထုတိုစတင်ပုံနှိပ် ခံရသည်။ (ရှစ်တန်းကျောင်းသူဘ၀)
၁၉၅၆။ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်။ တပြည်လုံးပထမဆင့်အုပ်ဆုü ပါဝင်ပြီး၊ တက္ကသိုလ် စကောလားရှစ်ပညာသင်ဆုရသည်။
၁၉၅၆။ ရန်ကုန်၊ ဆရာအတတ်သင်သိပ္ပံတက်ရောက်သည်။
၁၉၅၇။ ရွှေကူမြို့ü အလယ်တန်းပြဆရာမအဖြစ် အမှုထမ်းသည်။
၁၉၅၉။ ရန်ကုန်တက္ကသိုလ်သို့ ကချင်ပြည်နယ်၊ ပညာရေးဌာန၏ ပညာတော်သင်အဖြစ်တက်ရောက် သည်။ (ရတနာဆောင်၊ သဟာယနှင့်စာဖတ်အသင်းအမှုဆောင်၊ ကချင်ပြည်နယ်၊ ကျောင်း သားသမဂ္ဂ အမှုဆောင်)
၁၉၆၁။ ရွှေကူမြို့ü အထက်တန်းပြဆရာမအဖြစ် အမှုထမ်းသည်။
၁၉၆၃။ ဗန်းမော်သို့ပြောင်းရွှေ့အမှုထမ်းသည်။
၁၉၆၇။ B.A (ပြင်ပ၀ိဇ္ဇာ) ဘွဲ့ရသည်။
၁၉၇၀။ အထက်တန်းကျောင်းအုပ်တိုးမြှင့်ခံရသည်။ (လက်မခံ)
၁၉၇၁။ မြန်မာ့အသံသို့ ပြောင်းရွှေ့ အမှုထမ်းသည်။
၁၉၇၂။ ပထမဆုံးလုံးချင်းဝတ္ထု (ဘယ်မှာမိုးခိုရမလဲကွယ်) ထုတ်ဝေသည်။
၁၉၈၃။ မြန်မာ့အသံမှ ဆေးလက်မှတ်ဖြင့် အငြိမ်းစားယူသည်။
၁၉၈၈။ ၈၈-အရေးတော်ပုံတွင် စာပေနှင့်အနုပညာရှင်များအဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့သည်။
၁၉၈၉။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ခေါင်းဆောင်။ (ကလောင်အမည် ပိတ်ခံရသည်။)
၁၉၉၀။ ရန်ကုန်တိုင်း၊ တိုက်ကြီး (၁)လွှတ်တော်ကိုယ်စားလှယ်။
၁၉၉၁။ အင်းစိန်အကျဉ်းထောင်သို့ နိုင်ငံရေးပုဒ်မဖြင့် (၃)နှစ် အကျဉ်းကျသည်။
၁၉၉၂။ ထောင်မှလွတ်သည်။
၁၉၉၂။ အမေရိကန်သံရုံး၊ ဘာသာပြန်စာအုပ်ထုတ်ဝေရေးဌာနတွင် ဘာသာပြန်ဆရာ(ကန်ထရိုက်စနစ် ဖြင့်စာအုပ်များပြန်ဆိုထုတ်ဝေခဲ့သည်။) (သောမတ်ဂျက်ဖာဆင် အတ္ထုပ္ပတ္တိ၊ အမေရိကန်အစိုးရ၊ အမေရိကန်ဒီမိုကရေစီစာအုပ်များ ထင်ရှားသည်။)
၁၉၉၆။ ရွှေ… စာပေထုတ်လုပ်ရေး စတင်ထူထောင်သည်။ (ကလောင်အမည် ပြန်လည် သုံးစွဲနိုင်ခဲ့သည်။)
၂၀၀၀။ ပြည်ပသင်တန်းများ၊ ၀ပ်ရှော့များ၊ ဆွေးနွေးပွဲများ ဖိတ်ကြားခြင်းခံရသော်လည်း Passport မရခဲ့။
၂၀၁၀။ Passport ရသည်။
၂၀၁၀။ ရန်ကုန်တက္ကသိုလ်သမိုင်းတစိတ်တဒေသအဖြစ် 'ငါတို့ခေတ်ကတက္ကသိုလ်'ကို ရေးသား ထုတ်ဝေသည်။
၂၀၁၂။ အင်းစိန်အကျဉ်းထောင်တွင်းမှ ဘ၀အထွေထွေကိုဖော်ပြသော 'အင်းစိန်မှတ်တမ်း''အကျဉ်းစံ မိန်းမများ''နိုင်ငံရေးအကျဉ်သူများ''ကန္တာရနှင်းဆီ'စာအုပ်တို့ကိုထုတ်ဝေသည်။
၂၀၁၆။ 'အင်းစိန်မှတ်တမ်း'ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည်။ ယနေ့ထိဝတ္ထုတို ၁,၀၀၀ ကျော်၊ ဆောင်းပါး၂,၀၀၀ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် ၄၀၊ ပင်ကိုရေးလုံးချင်း စာအုပ် ၁၅၊ ဘာသာပြန် စာအုပ်၃၀၊ အတ္ထုပ္ပတ္တိနှင့် ဘာသာရပ်ဆိုင်ရာကျမ်း ၁၀၊ ပင်ကိုရေး အက်ဆေး၂၅ ရေးသားပြီးဖြစ်သည်။
ရွှေ…စာပေဒါနအဖွဲ့ (စာကြည့်တိုက်များသို့ စာအုပ်လှူခြင်း၊ ဟောပြောခြင်း)နှင့် မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ (ဒု-ဥက္ကဋ္ဌ) အဖြစ် ပရဟိတလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
Email - writerhnin@gmail.com

မိချမ်းဝေ၏ ဘ၀နှင့်စာပေ ကိုယ်ရေးအကျဉ်း
ဆရာမ မိချမ်းဝေသည် သထုံမြို့ ၌ အဖ ဦးထွင်းခင် (မြန်မာ) အမိဒေါ်သန်းစိန် (မွန်)တို့မှ ၁၉၅၃ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့မှာ ဖွားမြင်သည်။
၁၉၇၂ ခုနှစ်၊ အမှတ် (၈၇) အိုးဝေဂျာနယ်မှာပါဝင်သည့် ''ကျော်ဟိန်းအလိုရှိသည်''ဆောင်းပါးဖြင့် စာပေ နယ်သို့စတင်ဝင်ရောက်သည်။ ထိုဆောင်းပါးကို သခွတ်ပန်း(သထုံ) ကလောင်အမည်ဖြင့်ရေးသားခြင်းဖြစ် သည်။ စာရေးဆရာမကြီးခင်နှင်းယု၏ သခွတ်ပန်းဝတ္ထုကို နှစ်သက်í ယူသည်။ ထိုအမည်ဖြင့်ပင် တိုင်းရင်းမေ ဂျာနယ်မှာ ကဗျာများရေးဖွဲ့သည်။
၁၉၇၅ ခုနှစ်မှာ သထုံမြို့နယ် အ.ထ.က (၂) မှ ၁၀တန်းအောင်မြင်ပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့  နယ်တွင် မူလတန်းဆွဲခန့်ဆရာမအဖြစ် စတင်တာဝန်ထမ်းဆောင်သည်။
၁၉၈၄ ခုနှစ်တွင် မြိတ်မဂ္ဂဇင်း ၌ ကျွန်တော်ဖောင်းသမား'၀တ္ထုတိုကို မိချမ်းဝေ ကလောင်အမည် ယူလျက် ပါဝင်ရေးသားသည်။ ထိုဝတ္ထုသည် ဆရာမ မိချမ်းဝေ၏ ပထမဦးဆုံးဝတ္ထုတို လက်ရာဟုဆိုနိုင်သော မီးသွေးဖောင်းလုပ်သား တို့၏ ဘ၀ကိုညွှန်းဆိုနိုင်သည့် ၀တ္ထုဖြစ်သည်။
၁၉၉၀ ခုနှစ်မှ၍ ကျောင်း၊ ဈေးနှင့်လူမှုဘ၀ရှုခင်းဝတ္ထုတိုများကို ရုပ်ရှင်တေးကဗျာ၊ ကလျာ၊ မြားနတ်မောင်၊ မဟေသီ၊ မြန်မာ့ဓန စတဲ့ မဂ္ဂဇင်းတွေမှာ ပါဝင်ရေးသားသည်။
၁၉၉၆ ခုနှစ်၊ လုပ်သက် (၂၁) နှစ်အရတွင် ကျောင်းဆရာမအလုပ်မှ အနားယူကာ တနင်္သာရီတိုင်း ရေလုပ် သားတို့၏ဘ၀၊ ကျွန်း၊ တောင်၊ သောင်၊ ကမ်း-နောက်ခံဂုံးရှာ၊ ကမာငုပ်၊ ဂွေးဖောင်ချ၊ ၀ါးလတ်၊ ၀ါးတန်း၊ ငါးဖမ်း လှေစသော ပင်လယ်ပျော်တို့အကြောင်း အဓိကထား၍ ၀တ္ထုတိုများရေးသားခဲ့ပါသည်။
'ငါ့သမီးကတနင်္သာရီတိုင်းမှာနေခဲ့တယ်၊ တို့မြန်မာစာပေသမိုင်းမှာ အတွေ့ရနည်းတဲ့ ပင်လယ်တံငါ အကြောင်းတွေရေးဖို့ ကြိုးပမ်းပါလို့ လိုင်းချပေးသည့် မိခင်တဦးသဖွယ်စောင့်ရှောက်ခဲ့သူ စာရေးဆရာမကြီး လူထု ဒေါ်အမာရဲ့အားပေးမှုကြောင့် ပင်လယ်ရေလုပ်သားတို့ဘ၀ကို ကွင်းဆင်းလေ့လာရေးသားခဲ့သည်။
စာရေးဆရာ၊ သတင်းစာဆရာကြီး၊ လူထုစိန်ဝင်းက ပထမဆုံးပင်လယ်တံငါ စာရေးဆရာမအဖြစ် ချီးကျူး ကမ္ပည်း တင်ခြင်းခံရပြီး ဆရာမ၏ ဆလုံတိုင်းရင်းသားသရုပ်ဖော် 'ဇီဝဇိုးကျိန်စာ'၀တ္ထုတိုမှာ စာပေလောကသား တို့ အသိအမှတ်ပြုခံရသော ၀တ္ထုဖြစ်သည်။
ပင်လယ်ဝတ္ထုတိုများကိုစုစည်း၍ ဒေါ်ဒေါ်မာ၏ကြီးပွားရေးစာအုပ်တိုက် (မန္တလေး)က 'ကမာရင်ကွဲနဲ့ အခြားပင်လယ်ဝတ္ထုတို'များစာအုပ်ကို ထုတ်ဝေခဲ့သည်။
ထိုစာအုပ်ဖြင့်ပင် အမျိုးသားစာပေ၀တ္ထုတိုပေါင်းချုပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။ ၂၀၀၀ပြည့်နှစ်က ဖြစ်ပါ သည်။
၂၀၀၃ ခုနှစ်တွင် ပဂဲ(ခေါ်)ကျောက်ပုစွန်မွေးမြူ တင်ပို့ရောင်းချခြင်းဆိုင်ရာ အမျိုးသမီးတို့ရဲ့အားမာန် သရုပ်ဖော် 'မေ့ဆေး'၀တ္ထုတိုကို ဂျပန်နိုင်ငံတိုယိုတာ ဖောင်ဒေးရှင်းကထုတ်ဝေသောစာအုပ်တွင် ဂျပန်ဘာသာ သို့ ထည့်သွင်းပြန်ဆိုခြင်းခံရသည်။
ယခုအခါ လုံးချင်းဝတ္ထုရှည်၊ ၀တ္ထုတို၊ ခရီးသွားစာပေ စာအုပ်ပေါင်း(၂၂)အုပ်ကိုထုတ်ဝေပြီးဖြစ်သည်။
↧

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - Buffalo , Buffalo, Buffalo

$
0
0

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - Buffalo , Buffalo, Buffalo
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၆
↧

မောင်စွမ်းရည် - "တော်တာကို လော်မာတယ်ထင်"

$
0
0

မောင်စွမ်းရည် - "တော်တာကို လော်မာတယ်ထင်"
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၆

ငါ ကျောင်းသားအရွယ်မှာ
ငါ့ကျောင်းမှာ၊ ငါ့အတန်းမှာ
ငါဟာ ကမ္ဘာကျော်ခဲ့သူပါ။

ပညာတော်တယ်။ သင်္ချာတော်တယ်။
လက်ရေးလဲလှ၊ ကျက်စာရတယ်။
မြေပုံဆွဲ၊ အရုပ်ဆွဲတာလဲ လှတယ်။

ကောင်မလေးတွေရဲ့ စာအုပ်ထဲ
ပုံဆွဲပေးရတယ်။
တခါတခါ၊ အိမ်စာဖြေပေးရတယ်။
တခါတခါ၊ အက်ဆေးဘာညာနဲ့
သင်္ချာလဲ တွက်ပေးရသေးတာ။

ဒီတော့ ကောင်မလေးတွေက
ငါ့ကို ဇီးပေါင်း၊ မရမ်းပေါင်းတွေ ကျွေးတယ်။
မလိုချင်နေ၊ လိုချင်နေ၊ ချိုချဉ်တွေလဲ ပေးတယ်။
သနပ်ခါးနံ့၊ ရေမွှေးနံ့ကလဲ မွှေးတယ်။

ဘာမှမပေးလဲ၊ ငါကတော့ ပုံဆွဲပေးတယ်။
မေတ္တာနဲ့၊ သစ္စာနဲ့၊ ဘာညာပေါ့။

ခုအခါ၊ ငါဟာ
အသက်တွေကြီးလာ၊ ဇရာပိုင်းရောက်
ငါ့အသက်ဘယ်လောက်လဲဆိုတာ
ငါမပြောချင်တော့ပါဘူး - ကြီးပြီ၊ ကြီးပြီ။
ကြီးပြီ ...  နီးပြီ ... ဆိုတာ မတွေးချင်ပေမဲ့
နီးပြီဆိုမှတော့ ၊ မဝေးတော့ဘူးပေါ့။

ဒုတ်ကောက်၊ မျက်မှန်၊ အံကပ်၊ နားကျပ်
အဖိုးကြီးတွေ တပ်အပ်သော၊ အတပ်လေးပါး။
နားကမကွဲ၊ မျက်စိကမွဲ၊ သွားကကျဲ
ပါးကတွဲ၊ ခါးကလဲ မမြဲတော့သော်လဲ
မာန်က တက်မြဲ …။

နှောင်ခေတ်မွေးဖွား၊ ကျောင်းသားကျောင်းသူလေးတွေ
ငါ့မြေးအရွယ်။ ငါ့မြစ်အရွယ်။
စာကျက်ကြတယ်၊ စာထွက်ကြတယ်။
ရလွယ်လိုက်ကြတာ။
ပုံတွေဆွဲလိုက်ကြ၊ သူတို့ဖာသာဘာဝ
လှလိုက်ကြတာ။

မြေပုံတွေဆွဲကြ၊ လူပုံတွေဆွဲကြ
ဖားပုံတွေဆွဲကြ၊ ငါးပုံတွေဆွဲကြ
လှပသေသပ်၊ ဆွဲတတ်လိုက်ကြတာ
ကူသူ ကယ်သူ၊ ဘယ်သူမှမပါ
ငါ့ထက် တော်ကြတာတွေ၊
ငါ ငယ်စဉ်ကထက်၊ သွက်လက်ချက်ချာ
တော်လိုက် တတ်လိုက်ကြတာကွာ။

"လူကြီး"ဆိုတဲ့ငါ ... မုဒိတာ ဘာညာ
ပွားများရမှာပေါ့။ ခုတော့ကွာ…
ငါက ဒင်းကလေးတွေကို အထင်သေး။
ဒင်းကလေးတို့ကလဲ ငါ့ကိုအထင်သေး၊
(အထင်သေးတယ်၊ ထင်တာပဲလေ)

ခုကြည့်ပါအုံး။
တော်တော်လေးကြီးကတော့
သူတို့မှာ ကဗျာမသင်ရ၊ သဒ္ဒါမသင်ရနဲ့
သုဒ္ဓ , ကာရိုက်မသိ၊ ကာရန်နဘေမသိ
စက်နင်း ခွာထောက် လဲ၊ တယောက်မှမသိ
ဒွေးချိုး၊ လေးချိုး၊ တေးရိုးတွေ ကိုယ်မသိ
ရှေးထုံးအစစ်၊ လေးသုံးနှစ် တောင်မှ မသင်ရ။

ဒါပေမဲ့ကွာ၊ ငါ့မြေးသာသာ၊ သတ္တ၀ါလေးတွေက
ကဗျာရေးသတဲ့။
ကာရန်မပါ၊ ၀ါစာကမာနဲ့ ကဗျာလုပ်
စာအုပ်တွေထုတ်ကြ၊ တအုပ်ငါးထောင်တဲ့
ဟောင်ဖွာ ဟောင်ဖွာ၊ ညောင်နာနာနဲ့
ဇရာအို၊ ကဗျာအိုကို ကျောခိုင်း
ထင်ရာစိုင်းတယ်လို့ ခပ်ရိုင်းရိုင်း ထင်မြင် …။
တုံ့ကာ ၀ဋ်တင်၊ အထင်သေးကြ။
ကလေးက လူကြီးထက်သာကာ
ဇရာအို၊ မနာလိုလိုက်လေခြင်း
ရှင်းရှင်းပြောတာ။

သို့သော်ငြား၊ ကလေးများကနေ
"အဘ""အဘ"ခေါ်ဆို၊ ချိုချို ချဉ်ချဉ်
ကန်တော့ပြန်လျှင်၊ ယဉ်ကျေးသမှု
သာဓု - သာဓု -
သာဓု ... ခေါ်ဆို၊ မျက်ရည် စို ပြန်ပါရော။

မောင်စွမ်းရည်
၂၀၁၆ နိုဝင်ဘာ ၉
↧
↧

ထွန်းဝင်းငြိမ်း - မြန်မာ့ငြိမ်းချမ်းရေးနွေဦး စတင်နိုင်ပြီလော

$
0
0
ထွန်းဝင်းငြိမ်း - မြန်မာ့ငြိမ်းချမ်းရေးနွေဦး စတင်နိုင်ပြီလော
(သံတော်ဆင့်ဂျာနယ်၊ ရန်ကုန်) မိုးမခ၊ နိုဝင်ဘာ ၁၉၊ ၂၀၁၆


အားလုံး “တစ်” က ပြန်စ

တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကို လက်ရှိအစိုးရလက်ထက်မှာ မချုပ်ဆိုနိုင်ရင် သင်္ခါရသဘောတရားအရ မမြဲနိုင်ဘူး၊ အားလုံး “တစ်” က ပြန်စရမှာဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် သက်တမ်းကုန်ခါနီး လွှတ်တော်ထဲမှာ ဝန်ကြီး ဦးအောင်မင်း ဆိုသူက ပြောခဲ့ပါ တယ်။ အဲဒါက စစ်တပိုင်းအစိုးရရဲ့ NCA ဆိုတဲ့ ငြိမ်းချမ်းရေး အရောင်းမြှင့်တင်ပွဲမှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့လို့ ခြိမ်းချောက်သလိုလို၊ အကြပ်ကိုင်တာလိုလို၊ အတင်းတွန်းထည့်လိုက်တဲ့ စကားလို့ ဆိုနိုင်တယ်။ ငြိမ်းချမ်းရေးကို ကုန်ပစ္စည်းတခုလို သဘောထားပြီး အခု ဝယ်ရင် ဝယ်၊ မဝယ်သေးဘဲ ခေါင်းမာမာနဲ့ ငြင်းနေရင် မတန်တဆပေးရမယ်လို့ ပြောလိုက်တာလည်း ဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင်အင် အားစုတွေရဲ့ စုစည်းမှုကို အင်အားသုံး ထိုးနှက်ဖြိုခွဲလိုက်တာလည်းဖြစ်ပါတယ်။ ထင်ရှားတဲ့ဥပမာကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ အခုလောလောဆယ် အကြီးအကျယ်ထိုးစစ်ဆင်နေတဲ့ စစ်ပွဲတွေက သက်သေပါပဲ။
စစ်အုပ်စုက ဆောင်ရွက်ခဲ့တဲ့ လက်နက်ကိုင်ထားပြီး အပစ်အခတ်ရပ်စဲရေးတွေ၊ ဒေသဖွံဖြိုးရေးလုပ်ငန်းဆိုတာတွေ၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ဖွဲ့စည်းရေးတွေက ပေါ်ထွက်ခဲ့တဲ့ ရလဒ်တွေကို ကြည့်ရင် အကုန်လုံး ရိုးရိုးသားသား ငြိမ်းချမ်းရေးရဖို့ ရည်ရွယ်တာမဟုတ်ဘဲ၊ လူမျိုးစု လက်နက်ကိုင်အင်အားစုတွေကို စီးပွားရေး မက်လုံးတွေပေးကာ ချော့မြှူသိမ်းသွင်းပြီး တိုက်စိတ်ခိုက်စိတ်များ လျှော့ပါးလာစေအောင် လုပ်တယ်။ အဖွဲ့တွေ ကွဲကာ အင်အားချည့်နဲစေတယ်။ နောက်ဆုံးမှာ သူတို့စိတ်ကြိုက်အတိုင်း စီးပွားရေးခရိုနီ၊ နိုင်ငံရေးရေမြွေအဖြစ်နဲ့ လိုက်ပါလာကာ လက်နက်ချလာအောင် လုပ်တာသာ ဖြစ်ကြောင်းတွေ့နေရတာပါပဲ။

လှည့်ပတ်ကျုံးသွင်းနေ

အခုဆောင်ရွက်နေတဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်ဟာလည်း တကယ့်ပြဿနာဖြစ်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို မိမိရရ ဖြေရှင်းနိုင်အောင် တိုက်ရိုက်ဆွေးနွေးဖြေရှင်းတာ မဟုတ်ဘဲ ရှုပ်ထွေးတဲ့ ဖွဲ့စည်းမှုတွေနဲ့ ရှုပ်ထွေးတဲ့လုပ်နည်းတွေ သုံးပြီး နိုင်ငံရေးပြဿနာတွေကို စကားလုံးပြဿနာတွေအဖြစ် ထင်မြင်လာအောင် လုပ်တဲ့နေရာမှာ အထူးကျွမ်းကျင်ကြပါတယ်။ အစည်းအဝေးတွေ၊ တွေ့ဆုံစားသောက်ပွဲကြီးေ တွ၊ နိုင်ငံခြား လေ့လာရေးခရီးစဉ်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိတွေ့စေပြီး မြန်မာ့ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် တိုးတက်အောင်မြင်နေ သလို နိုင်ငံတကာကို အထင်ရောက်စေပါတယ်။ အဲဒီလို အစီအစဉ်တွေနဲ့ မနားတမ်းတင်ဆက်ထား ပြီး နောက်ဆုံးမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဖြေရှင်းရေးသည်သာ အကောင်းဆုံးအဖြစ် လက်ခံလာအောင် လှည့်ပတ်ကျုံး သွင်းနေတာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကလည်း စစ်တပိုင်းအစိုးရရဲ့ သတင်းစာတွေကနေ သူတို့လိုချင်တဲ့လမ်းကြောင်းကို အခုလို ဝါဒဖြန့်တာတွေ လုပ်ခဲ့ပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲများ မကျင်းပမီ အချိန်တွင် ငြိမ်းချမ်းရေးရယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် အခြေခံဥပဒေနှင့် အညီ ရွေးကောက်ပွဲဝင်လိုသည်ဆိုလျှင် မိမိတို့၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက် ပြီး အခြေခံဥပဒေနှင့် အညီ ဆောင်ရွက်ရမည်သာ ဖြစ်သည်။” ဆိုတာမျိုးအပြင် “ ရွေးကောက်ပွဲမှလွဲ၍ အခြားရွေးချယ်စရာ မရှိပြီ” ဆိုတဲ့ စစ်အုပ်စုလော်ဘီ၊ နိုင်ငံရေးပွဲစားတွေက “ ၂၀၁၀ ပေးထားချက်ကို လက်ခံလိုက်ပါ။ ငြင်းခုံနေရင်အချိန်ကြာပြီး တိုင်းပြည်တိုးတက်မှု နောက် ကျသွားမယ်။ နည်းပညာခေတ်မှာ တနှစ်ဆိုရင်သိပ်သိသာတယ်။ နှစ် ၅၀ လည်းနောက်ကျပြီးပြီ။” ဆိုပြီး အတင်းတွန်းမောင်း တင်ပါတယ်။

အဲဒီအချိန်က စစ်အုပ်စုရဲ့ တိုက်ရိုက်မီဒီယာမဟုတ်တဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာအယောင်ဆောင်ထားတဲ့ ပုဂ္ဂလိက စာနယ်ဇင်း တချို့မှာ “တတိယအင်အားစုလိုလို” “တတိယလိုင်း ယောင်ယောင်” ပုဂ္ဂိုလ်တချို့ က နိုင်ငံရေးပုရောဟိတ်လိုလို၊ နိုင်ငံရေးဗျူဟာ ကျွမ်းကျင်သူလိုလို စစ်အုပ်စုဘက်က ရပ်ခံ ဘက်လိုက်ပေးတဲ့၊ လူထုအမြင်ကို ဝေဝါးသွားအောင် မှိုင်းတိုက်ဝါဒဖြန့်ပေးတဲ့ သဘောထားကောက်ချက်လိုလို၊ သုံးသပ်ချက်ဆန်ဆန်၊ အယူအဆယောင်ယောင် အာဘော်တွေ ချိန်ကိုက်ထွက်ပေါ်လာပါတယ်။ ဒါမျိုးဟာ စစ်အုပ်စု အာဏာတည်မြဲရေး အတွက် ခေတ်အဆက်ဆက်က လုပ်ထုံးလုပ်နည်းတွေပါပဲ။

လူ့အခွင့် အရေးမြှင့်တင်ဖို့

စစ်တပိုင်းအစိုးရနဲ့ အရပ်သားအစိုးရသစ် လက်ထက်မှာ လွှတ်တော်တွေ၊ အုပ်ချုပ်မှုပုံစံအသစ်တွေနဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆိုတာတွေ ပေါ်ပေါက်ခဲ့ပေမယ့် လူထုရဲ့အခြေခံအခွင့်အရေးတွေကို ထိရောက်တဲ့ ကာကွယ်မှုပေးဖို့ ပျက်ကွက်ဆဲဖြစ်ပါတယ်။ လွှတ်တော်တွေက ဥပဒေများရေးဆွဲပြဌာန်းမှုမှာလည်း လူထုရဲ့အခွင့်အရေးတွေကို အလေးထား ထည့်သွင်းရေးဆွဲတာ မတွေ့ရသလောက် ပါဘဲ။ အရင်အစိုးရ အဆက်ဆက် လူထုကို ချုပ်ကိုင်ထားတဲ့ ဥပဒေတွေ ဖျက်သိမ်းတာ၊ ပြင်ဆင်တာ၊ အသစ်ရေးဆွဲတာတွေ အနည်းငယ် ရှိလာပေမယ့် နည်းပါးပါသေး တယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် တစ်ရပ်ပေါ်ပေါက်လာ တယ်ဆိုပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ထိရောက်တဲ့ ကာကွယ်မှုတွေ မပေးနိုင်ဘဲ၊ အဲဒီကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေကို ထိန်းချုပ် ကန့်သတ်ခံနေရပြီး လူ့အခွင့် အရေးမြှင့်တင်ဖို့ ကိစ္စရပ်တွေ ကို ဆောင်ရွက်နိုင်တာ မတွေ့ရပါဘူး။

အရပ်သား အစိုးရသစ် လက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရက အားထုတ်ဆောင်ရွက်တဲ့ပုံစံ သက်ရောက်ပေ မယ့် တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲကြီး၊ ငယ်တွေ၊ အပစ်အခတ်တွေ ကြိမ်ဖန် များစွာဖြစ်ပွားနေ ဆဲဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရသစ် လက်ထက်မှာ လူနည်းစု အခွင့်အရေးတွေအပေါ် ထိရောက်တဲ့ အကာအကွယ်ပေးဖို့ ကိစ္စတွေမှာ တာဝန် ပျက်ကွက်နေတာပါ။ နိုင်ငံသား တစ်ဦး ချင်းစီရဲ့ အခြေခံ အခွင့်အရေးများဖြစ်ကြတဲ့ ဆန္ဒဖော်ထုတ်ခွင့်၊ မြေယာ ပိုင်ဆိုင်ခွင့်၊ တရားမျှတတဲ့ ဥပဒေရဲ့အကာအကွယ် ရပိုင်ခွင့်၊ နှိပ်စက်ညှင်းပန်းမှုမှ ကင်းလွတ်ခွင့်၊ နှိပ်စက်သူတွေဟာ အပြစ်ပေး အရေးယူ ခံရခြင်းက ကင်းလွတ် နေတာတွေ၊ မျှတတဲ့ တရားစီရင်မှုနဲ့ ဥပဒေအရာမှာ တန်းတူမှုနဲ့ အကူအညီများပေးရေး ကင်းမဲ့နေတာကိုတွေ့နေကြရတာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို လက်ခံရမယ်ဆိုပြီး အကျပ်ကိုင်တောင်းဆိုနေတဲ့ ထိတွေ့ဆက်ဆံချော့မြှူနည်း၊ စစ်ရေးအရ ဖိအားပေးပြီး ခြိမ်းချောက်အကျပ်ကိုင်တဲ့နည်းတွေနဲ့ တော့ ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်လို့ မရနိုင်ပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ဆိုတာ နိုင်ငံရေးကိစ္စ ဖြေရှင်းရတာဖြစ်ပါတယ်။ ဒါကြောင့် လက်တွေ့ကျပြီး ရေရှည်တည်တံ့ခိုင်မြဲနိုင်မယ့် ညီညွတ်ရေးနဲ့သာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက် ရပါမယ်။ ဒါကြောင့် နိုင်ငံရေးအရ တန်းတူရည်တူရှိပြီး တရားမျှတ၊ လွတ်လပ်တဲ့၊ ဖိအားပေး၊ အကြပ်ကိုင်မှုကင်းတဲ့ ဒီမိုကရေစီနည်းကျ အပြန် အလှန် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့လိုပါတယ်။

နာမည်မျိုးစုံပေးထားတဲ့ အလဲအထပ်တွေ

အစိုးရအဆက်ဆက်က “ပြည်တွင်းငြိမ်းချမ်းရေး” ဆိုတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့အထိ တိုင်းပြည်မှာ ငြိမ်းချမ်းရေးမရှိခဲ့ပါဘူး။ အစိုးရသစ်တွေ ပြောင်းသွားပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ အပေါ်မှာ အမြစ်ပြတ်ချေမှုန်းရေး၊ အပြုတ်တိုက်ရေး၊ လက်နက်ချရေးဆိုတဲ့မူကို ကျင့်သုံးတာ ပြောင်းမသွားပါဘူး။ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်၊ အစုအဖွဲ့အလိုက်၊ အဖွဲ့အစည်းအလိုက် လက်နက် ချတာ၊ အလင်းဝင်တာ၊ လက်နက်နဲ့ ဒီမိုကရေစီ လဲလှယ်တာ၊ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်တာ စသဖြင့် နာမည်မျိုးစုံပေးထားတဲ့ အလဲ အထပ်တွေနဲ့ ငြိမ်းချမ်းရေးဆိုတာ တည်ဆောက်ကြပါတယ်။ အရင်းစစ်လိုက်တော့ လက်နက်ချတာနဲ့ အဖွဲ့အစည်း ဖျက်သိမ်းခံလိုက်တာပဲ အဖတ်တင်ပါတယ်။ လက်နက်ချသူ ချသွားပေမယ့်၊ ပျက်တဲ့ အဖွဲ့အစည်းတွေ ပျက်သွားပေ မယ့်၊ ပြည်တွင်းစစ်က ဖြစ်မြဲဖြစ်လျက်ပါ။ စစ်အာဏာရှင် စနစ်သာ သက်ဆိုးရှည်ခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကတော့ ဝေးကွာမြဲ ဝေးနေဆဲဖြစ်ပါတယ်။

ပြည်တွင်းစစ် မရပ်စဲနိုင်တဲ့ အချက်ဟာ ဒီမိုကရေစီပြည့်ပြည့်ဝဝမရှိတာနဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိတာကို ဝန်ခံနေတာ၊ သက်သေ ခံနေတာပဲ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်တွင်းစစ်ကိုရပ်စဲလို့ ရရဲ့လား၊ ဒီမိုကရေစီရော အပြည့်အဝ ရရှိနိုင်ပါရဲ့လား၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်ပါရဲ့လား။ ဆိုတာတွေက စဉ်းစားစရာမေးခွန်းတွေပါ။ နှိုင်းယှဉ်ချက်အနေနဲ့ဆိုရင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်တွင်းစစ်ကိုရပ်စဲနိုင်တဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုဖေါ်ဆောင်နိုင်တဲ့ အခွင့်အလမ်း တစ်စုံ တစ်ရာ ရှိတယ်လို့ ပြောနိုင်ပေမယ့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒီလို အခွင့်အလမ်းမျိုး ပါရှိတာ မတွေ့ရပါဘူး။ ဒါ့အပြင် စစ်အုပ်စုက ကိုင်စွဲထားတဲ့ “ထာဝရငြိမ်းချမ်းရေးပေါ်လစီ” ဆိုတာ အရင်းစစ်လိုက်ရင် လက်နက်ချ၊ တပ်ဖျက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲ ဝင်ရေးသာ ဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။

တဖြည်းဖြည်းနဲ့ ပုံပေါ်ထင်ရှားလာတာကတော့ “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ” မှာ အုပ်ချုပ်ရေး “တာဝန်” ပဲ ရှိနေပြီး တကယ့် အာဏာဟာ ကာချုပ်နဲ့စစ်တပ် လက်ထဲမှာပဲရှိမြဲ ရှိနေတယ်ဆိုတဲ့အချက်ပါပဲ။ အမှန်တကယ်ပြောင်းလဲဖို့ဆိုတာမှာလည်း စစ်အုပ်စုက မြန်မာ့ နိုင်ငံရေးမှာ ဘက်ပေါင်းစုံချုပ်ကိုင်ပြီး ဗိုလ်ကျလွှမ်းမိုးခြယ်လှယ်နေတဲ့ အဖြစ်ကို ဇစ်မြစ်ကနေ ပြောင်းလဲပစ်ဖို့ဖြစ်ပါတယ်။ ဒီအချက်ကို ပီပီပြင်ပြင် မပြောင်းလဲနိုင်သမျှ တကယ့်အပြောင်းအလဲဟာ လိုအပ်မြဲ လိုအပ် နေဦးမှာပါ။ အမှန်တကယ်ပြောင်းလဲလိုသူတွေရဲ့လက်ထဲမှာ “တာဝန်” ပဲရှိနေပြီး၊ အမှန်တကယ် အပြောင်းအလဲကို ပြုလုပ်နိုင်တဲ့ “အာဏာ” မရှိရင် အမှန်တကယ်ပြောင်းလဲရေးကို တကယ်တန်း အကောင်အထည်ဖော် လို့ ဖြစ်နိုင်ချေ ရှိမရှိဆိုတာ အရေးကြီးတဲ့ မေးခွန်းအဖြစ်ရှိနေဆဲပါပဲ။

လူသာဓုခေါ် နတ်သာဓုခေါ် ဝမ်းမြောက်ဖွယ် ကိစ္စ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပါအ၀င် အာမခံချက်ရှိပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် အစိုးရကို အဆိုပြုထားတဲ့ အချက် ၉ ချက်ပါ အဆိုပြုမှုကို နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

UNFC ရဲ့အဆိုပြုချက်မှာ စိတ်ဝင်စားဖို့ကောင်းတာက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာခြင်းကို အစိုးရ၊ တပ်မတော်မှ ဤသဘောတူညီချက် ရရှိပြီးနောက် ၂၄ နာရီအတွင်း ထုတ်ပြန်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီဝင်အဖွဲ့ဝင် အဖွဲ့အစည်းများက ၄၈ နာရီအတွင်း အသီးသီးထုတ်ပြန်သွားရန် ဆိုပြီးပါရှိတာ တွေ့ရပါတယ်။ ဒီအချက်ဟာ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် လက်တွေ့အကျဆုံး၊ လိုအပ်မှုအရှိဆုံးနဲ့ တိုင်းရင်းသားပြည်သူလူထုအပေါင်းအတွက် လူသာဓုခေါ် နတ်သာဓုခေါ် ဝမ်းမြောက်ဖွယ် ကိစ္စဖြစ်ပါတယ်။

လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့် အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အ၀ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားရန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့်တွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအားလုံးတို့၏ ကိုယ်စားလှယ်များနှင့် တရားဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ပါဝင်စေပြီး တိုင်းရင်းသားကိုယ် စားလှယ်များ နှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သော ကိုယ်စားလှယ်များကို ၎င်းတို့နှင့် စပ်ဆိုင်သော ကဏ္ဍများတွင် ပါဝင်စေရန်တို့ကိုလည်း အဆိုပြုချက်မှာ ဖေါ်ပြထားပါတယ်။ ကိုးချက်မြောက်အနေနဲ့ တောင်းဆိုချက် ရှစ်ချက်ကို နှစ်ဖက်ညှိနှိုင်းဆွေးနွေး သဘောတူညီမှုရရှိပြီးတာနဲ့ တစ်ပြိုင်နက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုဆိုင်ရာ သဘောတူညီချက် (NCA) ကို လက်မှတ်ရေး ထိုးရန်ဆိုပြီး အဆိုပြုထားတာကို တွေ့ရပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးနွေဦးကို စတင်ကြဖို့

ဒါကြောင့် အခုအနေအထားမှာ တပ်မတော်နဲ့ အရပ်သားအစိုးရဟာ စစ်အုပ်စုရဲ့ အရင်က ကျင့်သုံးနေကျ အပြုတ်တိုက်၊ လက်နက်ချ၊ တပ်ဖျက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲဝင်ဆိုတဲ့ မအောင်မြင်တဲ့ ငြိမ်းချမ်းရေးပေါ်လစီကို တရားသေဆုပ်ကိုင်ထားတာမျိုး မဖြစ်သင့်တော့ပါဘူး။ အခု ကြေညာလိုက်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်သွားရေးမူတွေကို အဓိကထားပြီး NCA ကို ဆက်လက် ဆောင်ရွက်နိုင်မှ သာလျှင် မြန်မာ့ငြိမ်းချမ်းရေးနွေဦးကို စတင်နိုင်မှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း
၉၊ ၁၁၊ ၂၀၁၆

မြန်မာသံတော်ဆင့်ဂျာနယ်
အတွဲ ၅၊ အမှတ် ၃၆၊ နိုဝင်ဘာ ၂၀ - ၂၇

ကိုးကား

၁။ ၈၊ ၁၁။ ၂၀၁၆ နေ့ထုတ်ပြန်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖွဲ့အစည်းများ၏အဆိုပြုချက် (မူကြမ်း)

၂။ ဝင်းတင်ထွန်း မလင်းနိုင်သေးတဲ့ ဗမာပြည်၊ လင်းတော့မှာလား ဗမာပြည် ပထမအကြိမ် စက်တင်ဘာ ၂၀၁၆။
↧

ဗိုလ်ထက်မင်း - တပ်မတော်ထဲ ဝင်ချင်စိတ် ဘာကြောင့် နည်းနေရတာလဲ ? အပိုင်း(၁)

$
0
0

ဗိုလ်ထက်မင်း - တပ်မတော်ထဲ ဝင်ချင်စိတ် ဘာကြောင့် နည်းနေရတာလဲ ? အပိုင်း(၁)
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၆
၁။ တပ်မတော်ရဲ့တပ်ရင်းတပ်ဖွဲ့တွေဟာ W.E (War Establishment) ဖွဲ့စည်းပုံအရ သတ်မှတ်အင်အား မပြည့်ကြဘဲ (တချို့တပ်ရင်းတွေ ၁၀၀ အောက် ၈၀ ခန့်) အဆမတန် နည်းနေတာကြောင့် ခွဲထွက်လှူပ်ရှားရတဲ့ စစ်ဆင်ရေးအတွက်ဆိုရင် တပ်မှူးတွေ ခေါင်းခဲရတဲ့ ပြသနာကြုံတွေ့ရပါတယ်။ ရှေ့တန်းစစ်ဆင်ရေး ထွက်ခါနီးပြီဆိုရင် စစ်ထွက်အင်အားတင်ရပြီဆိုပါက ဆေးနား ၊ဆေးရုံ ၊ဆေးခန်းတွေရှိ မိမိစစ်သည်တွေကို လိုက်လံကြည့်ရှူ့ကာ ဇွတ်အတင်းခေါ်လာရတဲ့ သဘောရှိပါတယ်။ နောက်တန်းဌာနချုပ်တပ်ခွဲမှာ လိုအပ်နေတဲ့ မော်တော်ယဉ်၊ ရိက္ခာဂိုဒေါင်၊ လက်နက်တိုက်တာဝန်ခံ၊ တပ်ရင်းဂတ်ကင်း၊ စတာတွေမှာ ဆေးနိမ့်စစ်သည်တွေကို မသိမသာ ချန်ထားရစ်ခဲ့ရပါတယ်။

၂။ ဒါဆိုရင် စစ်တပ်ထဲကို လူငယ်တွေ အရင်က ဘာလို့ဝင်ချင်ကြလဲ၊အခုကြတော့ ဘာကြောင့် ဝင်ချင်စိတ် နည်းသွားရတာလဲ ဆိုတာ မဟာဗျူဟာကျကျ ခွဲခြမ်းစိတ်ဖျာ သုတေသန လုပ်ကြည့်မယ်ဆိုရင် အောက်ပါ အတိုင်း တွေ့ရပါတယ်-

(က) နိုင်ငံရေးအခင်းအကျင်းဖြစ်စဉ်ပေါ် မူတည်ပြီး ဆက်စပ် ဖြစ်လာတဲ့ စစ်ရေး အကျပ်အတည်းများထဲမှာ ပေါက်ဖွားလာတဲ့ မျိုးချစ်စိတ် ဂယက်ရိုက်မှု၊ လှုံ့ဆော်မှု တို့မှ ဝင်ချင်ကြသလို လူထုအုံကြွမှူများအပေါ် အင်အား အလွန်အကျွံသုံးခဲ့လို့ ပုံရိပ်ကျဆင်းမှု၊ ထောက်လှမ်းရေးတပ်ဖွဲ့များရဲ့ ဖိနှိပ်ညှင်းပန်းမှုကြောင့် ဝင်ချင်စိတ် နည်းတာလား?

(ခ) တပ်ရင်းတရင်းနဲ့တရင်း တပ်တည်ရေခံမြေခံကောင်းမွန်မှုနဲ့  ဦးပိုင်မှာ ထည့်ထားတဲ့ ငွေအနည်းအများ စတာတွေ အပေါ်မူတည်ပြီး ကွာဟချက်ကြီးမားမှူကြောင့်လား?

(ဂ) ထိပ်ပိုင်းစစ်အာဏာရှင်များရဲ့ဂတိကဝတ် ပျက်ယွင်းမှူ၊ ရာထူးတိုးမြှင့်ရေး မူဝါဒ တပြေးညီတည်း မကျင့်သုံးမှုနဲ့ မကြာခဏပြောင်းလဲနေမှု၊ တပည့်လက်သား နေရာပေးမှူ၊ DSA အပတ်စဉ်ခွဲခြားမှူကြောင့်လား?

(ဃ) ဒီမိုကရေစီခေတ်မှာ ထိပ်ပိုင်းရာထူးများမှာ ပိတ်ဆို့မှူဖြစ်လာနေရာ သတ်မှတ်သက်တမ်းအတွင်း  ရာထူးတိုးဖို့ အလားအလာ မရှိပါက ပင်စင်ယူခိုင်းမှူကြောင့်လား?

(င) တပ်မတော်မှ ထွက်ပါက ဘဝ အာမခံချက်နည်းပါးမှူကြောင့် ဝင်ချင်စိတ်နည်းတာလား?

(စ) အဓမ္မ(လုပ်အားပေးခိုင်းစေမှုနဲ့ လူသစ်စုဆောင်းမှု)တို့ကြောင့် ဝင်ချင်စိတ်နည်းတာလား?

(ဆ) ပြင်ပအလုပ်အကိုင်ဝင်ငွေနဲ့ စစ်သည်လစာကွာခြားမှု ကြောင့် ဝင်ချင်စိတ်နည်းတာလား?

(ဇ) တပ်မတော်က ဘတ်ဂျတ် တိုးတောင်းနေတာဟာ နိုင်ငံ့လုံခြုံရေးအတွက် ပြည်ပမှ ဝယ်ယူဖြည့်တင်းနေတာ မှန်ပေမဲ့ Standard Army ဖြစ်ဖို့ အုပ်ချုပ်ထောက်ပံ့မှု တပ်မတော်သားတွေအတွက်ပြည့်စုံပြီလား?

ယခုဆောင်းပါးရေးနေတဲ့ ကာလမှာပဲ သတင်းတွေအရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဏာနျှစ်အတွက် ကျပ်ဘီလီယံ(၁၀၀)ခန့်ကို ဖြည့်စွက်တောင်းခံလာရာ ဒုဝန်ကြီးဗိုလ်ချုပ်မြင့်နွယ် က လွှတ်တော်ကို တင်လာတယ်လို့ သိရပါတယ်။ အဆိုပါငွေထဲမှာ စစ်လက်နက် ပစ္စည်းများဝယ်ယူရေးအတွက် ညွှန်ကြားရေးမှူးးရုံးများက ထပ်မံလိုအပ်ငွေ  ကျပ် (၂) ဘီလီယံနဲ့ တပ်မတော်(လေ) အရေးကြီးပစ္စည်းများ down payment (လက်ငင်း) ပေးချေရန်အတွက် ကျပ် (၃၅) ဘီလီယံ ဆိုပြီး စုစုပေါင်း ကျပ် (၃၇) ဘီလီယံပါဝင်ပေါတယ်။ အဆိုပါအသုံးစရိတ်ဟာ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်(၈၉) ဘီလီယံ ထဲတွင်ပါပြီး သာမန်အသုံးစရိတ်ကတော့ ကျပ် (၁၀) ဘီလီယံရှိတာမို့ အဲဒီခေါင်းစဉ်ကြီး၂ခုပေါင်းလိုက်ပါက စုစုပေါင်းကျပ် (၁၀၀) ဘီလျံ ခန့်ဖြစ်သွားကြောင်း လွှတ်တော်မှာ ဆွေးနွေးပြီး အတည်ပြုဖွယ်ရှိကြောင်းသိရပါတယ်။ ဒီစာရင်းကိုကြည့်ပါက နိုင်ငံခြားမှ ဝယ်ယူရမည့် ငွေကျပ် (၃၇) ဘီလီယံဟာ စုစုပေါင်း ကျပ်(၁၀၀) ရဲ့ သုံးပုံတပုံတောင်ရှိနေပြီဖြစ်လို့ တပ်မတော်အတွင်း သက်သာချောင်ချိရေး သုံးပေးမည့် ငွေပမာဏနဲ့ အဆမတန် ကွာဟနေတာ သတိပြု ရမှာဖြစ်ပါတယ်။

၃။ နိုင်ငံရေးအခင်းအကျင်းဖြစ်စဉ် ဆိုရာမှာ နိုင်ငံတကာ၊အိမ်နီးချင်းနိုင်ငံများနဲ့ပတ်သက်ခဲ့တဲ့ ဖြစ်စဉ်များကြောင့် မျိုးချစ်စိတ်အခံ ရှိတဲ့ ပြည်သူလူထုက တပ်မတော်ကို ထောက်ခံအားပေးရာမှ စစ်တပ်ထဲ ဝင်လာသူတွေများလာရပါတယ်။ လွတ်လပ်ရေးကြိုပမ်းမှုကာလ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှူအပေါ် အကြွင်းမဲ့ ယုံကြည်လာတာကြောင့် လယ်ထွန်နေဆဲမှာပင် ထွန်းတုံးပစ်ချပြီး BIA စစ်ကြောင်းနောက် ကောက်ကောက်ပါလိုက်လာတယ်လို့သိရပြီး ထိုခေတ်ကာ အင်အား(၂၀,၀၀၀) အထိ ရှိလာလို့ နယ်ချဲ့နဲ့ဖက်ဆစ်တို့မျက်လုံး
ပြူးကုန်ကြပါတယ်။ တရုတ်ဖြူကျူးကျော်မှု တိုက်ပွဲမှာ လေသူရဲ ဗိုလ်ပီတာကျဆုံးမှုအပေါ် ပြည်သူလူထု ဂရုဏာသက်ခဲ့ရပါတယ်။ တရုတ်နီတပ်များဟာ ခွင့်ပေးလိုက်တယ် အကြောင်းပြပြီး ဗကပတွေဘက် ပါလာတာကြောင့် ကွမ်းလုံရက် ၄၀ ၊ စီစီတာဖန် တိုက်ပွဲတွေမှာ ပြည်သူလူထုဟာ ဆန်ရိက္ခာနဲ့  လူနာတွေကို  စေတနာလုပ်အားပေး သယ်ပို့ပေးတဲ့ အထိ ထောက်ခံမှု ရေချိန်မြင့်တက်ကာ တပ်မတော်သားတွေကို ချစ်ခင်ခဲ့ကြပါတယ်။

၎။ ထိုင်းနဲ့ နယ်စပ်ပြသနာဖြစ်ချိန်မှာ လူထု အုတ်အော်သာင်းနင်းဖြစ်ပွားကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (UWSA ၊DKBA) ကပင် ပူးပေါင်းပါဝင်ဖို့ အဆိုပြုလာပါတယ်။ တပ်မ(၈၈) မကွေးတိုင်းမှာ ရွာအချို့ က လူငယ်များ အလုံးအရင်းနဲ့ စစ်တပ်ထဲဝင်ကြတဲ့ ဖြစ်စဉ်ရှိပါတယ်။ မကြာသေးမှီကပင် ကိုးကန့်တပ်ဖွဲ့များက တရုတ်အကူအညီယူကြောင်း သံသယဖြစ်ဖွယ်များ ပေါ်ထွက်လာချိန်နဲ့ ကြက်ခြေနီယာဉ်တန်းတောင် မရှောင်တိုက်ခဲ့လို့ ပြည်သူလူထုက တပ်မတော်ကို ထောက်ခံအားပေးလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ တချို့ တိုင်းရင်သားလက်နက်ကိုင်များနဲ့ တပ်မတော် တိုက်ပွဲများမှာ အချင်းချင်းဖြစ်ကြလို့ မတိုက်ချင်ကြဘဲ လူငယ်များစစ်ထဲ ဝင်လိုစိတ် နည်းပါးရတာလည်း ဖြစ်လာပါတယ်။

၅။ တပ်ထဲ ဝင်လာတဲ့တိုင်းရင်းသား အများဆုံးဟာ ရခိုင်နဲ့ ချင်းလူမျိုးများဖြစ်ပြီး ရခိုင်ဟာ အမျိုးသားရေး အန္တရာယ်ကျရောက်မဲ့ အရေးကာကွယ်နိုင်ဖို့  စစ်ပညာလိုအပ်တာမို့ အရာရှိအဆင့်ဆိုရင် စစ်ထဲဝင်တာ ဖြစ်တယ်လို့သိရပါတယ်။ ရခိုင်ဘယ်လောက်များလဲဆိုရင် ၁၉၈၅ခုနှစ် ခမရ(၁၅) တပ်ရင်းဖွဲ့စည်းပုံ အပြည့်တပ်ရင်းမှူး မှသည် အောက်ခြေ (တပ်ရဲ) စစ်သည်အထိ ရခိုင်တွေဘဲ ရောက်နေတာတွေ့ရပါတယ်။ စာရေးသူတို့ အပတ်စဉ် ကျောင်းဆင်းဆင်းချင်း ရခိုင်ပြည်နယ် ခလရ(၃၄)ကို ရခိုင်သူငယ်ချင်း ဒုဗိုလ်အဆင့်နဲ့ တာဝန်ကျလို့ ပျော်ရွှင်မြူးတူးပြီး ကျောင်းဆင်း သွားတာ တွေ့ရပါတယ်။

၆။ တပ်ရင်းတပ်ဖွဲ့ သက်သာချောင်ချိရေး လုပ်ပေးကြရမှာ သူတို့ “ဦးပိုင်” ထည့်ဝင်တဲ့ငွေ ပမာဏ အနည်းအများပေါ်မူတည်ပြီး အမြတ်ငွေထုတ်ယူရတာဖြစ်ပြီး ၊ အရင်းပေါ်မူတည်ပြီး လုပ်ဆောင်ရတာမို့ တပ်တတပ်နဲ့တတပ် ကွာဟချက်ကြီးမားပါတယ်။ တပ်တွေဟာ ဦးပိုင်မှ အမြတ်ငွေကို မထုတ်ယူခင် အထက်ဌာနကို မိမိတပ် ဘယ်လိုလုပ်ပေးမလဲ ဆိုတာ စီမံချက်တင်ပြရပါတယ်။ ဥပမာ - သားသမီးပညာရေး ထောက်ပံ့စရိတ်၊ သင်တန်းထောက်ပံ့၊ သာရေး နာရေးထောက်ပံ့၊ အားကစားထောက်ပံ့ ဆိုပြီး တိုက်ရိုက်ထောက်ပံ့ ခေါင်းစဉ်အောက်မှာရှိပါတယ်။ တဖန် မှီခို အိမ်ထောင်သည်များအတွက် အဓိကဆန်ကို လူကြီး ၈/၆ ပြည်၊ ၁၂နှစ်အောက် ကလေး ၆/၄ ပြည် ဆိုပြီး ပြင်ပက ဝယ်ယူရတဲ့ ဈေးထက် လျှော့ရောင်းပေးကာ စိုက်ငွေကို ဦးပိုင်းအမြတ်မှ ကျခံရတာမျိုးကျတော့ သွယ်ဝိုက်ထောက်ပံ့ ခေါင်းစဉ်အောက်မှာ ရှိပါတယ်။ ဥပမာ ၂၀၁၃ ခုနှစ် ဆန်ဈေး တပြည်၆၀၀ ကျပ်နှုန်း ဝယ်ရပြီး ရဲမေတွေကို ၃၀၀ မှ ၄၀၀ ကျပ်ထိ ပြန်ရောင်းတယ်လို့ သိရပါတယ်။ တပ်ရင်းတပ် တည်နေရာ နယ်မြေရေခံမြေခံကောင်းတဲ့အပေါ် မူတည်ပြီး အခွင့်အလမ်းအရ ထောက်ပံ့မှု ကွာခြားသွားတာတွေ့ရပါတယ်။ မဆလခေတ် ရခိုင်ပြည်နယ် နပခ တပ်တွေဟာ တပ်ရင်းအနည်းငယ်သာရှိရာ (ခလရ ၂၀၊ ခလရ ၃၄၊ ခလရ ၅၅) ထောက်ပံ့မှု ကောင်းတာမို့ နယ်မြေခံ ရခိုင်လူမျိုးများက အားကျလို့ ဝင်ခဲ့ပေမဲ့ နောက်ပိုင်းတပ်မများ (စကခ ၉၊ စကခ ၁၅) ဆက်တိုက်ဖွင့် လာပြီး တပ်ရန်ပုံငွေ နည်းလို့ မထောက်ပံ့နိုင်ဘဲ ဆင်းရဲကျပ်တည်းမှု မြင်တွေ့လာကြပါတယ်။ သာမန်လူတွေအတွက် ပြင်ပမှာ အင်း၊ အိုင်၊ ကန် မှ  ပုဇွန်၊ ငါးရှာ ပိုက်ချလုပ်ရုံနဲ့ တနေ့ ဝင်ငွေ (၃၀၀၀) ကျပ် ရကြရာ (ထိုစဉ်က စစ်သည်လစာသိန်းမကျော်သေး) ၀င်ငွေကြောင့် စစ်တပ်ထဲ မဝင်ကြတာဖြစ်တယ်။ လစာနီးပါး ဝင်ငွေတူ ရရင်တောင် အပြင်ကလူဟာ စစ်တပ်ထက် လွတ်လပ်စွာ နေထိုင်သွားလာရလို့လည်း စစ်ထဲ မ၀င်ကြတာလို့ ဆိုနိုင်ပါတယ်။

၇။ တပ်တွေကို မြို့နယ်တခုဆိုရင် စစ်နည်းဗျူဟာတခု တပ်ရင်း ၃ ရင်းဖွင့်ရမယ်ဆိုလို့ တပ်တွေတိုးချဲ့ ရတဲ့ အတွက် တချို့နေရာတွေဟာ မြို့နဲ့တော်တော်လှမ်းတဲ့ တောင်ကုန်း(နွေမှာ ရေရှား)တွေမှာ တည်ထားတာမျိုး၊ တောခုတ်ပြီး မိမိဖါသာ ရှင်းလင်းတည်ရတာမျိုး၊ လွင်တီးခေါင်လို ခြောက်သွေ့နေရာမျိုး၊ ငှက်ဖျားပေါတဲ့ နေရာမျိုး၊ ရွာသားပိုင် ရာဘာခြံ၊ လယ်မြေတွေကို ဈေးမတန်တဆ နှိမ်ပေးပြီး အဓမ္မသိမ်းကာ တပ်တည်ဆောက်ခိုင်းတာမျိုး၊ မြို့ရွာနဲ့ အလှမ်းဝေးကာ အုပ်ချုပ်မှူ ခက်ခဲပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြတ်သန်းသွားလေ့ရှိတဲ့  ဆက်သွယ်ရေးအဓိက လမ်းကြောင်းတွေကို ထိန်းချုပ်တဲ့ နေရာမျိုး၊ (ရှမ်းပြည်နယ်၊ အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်၊ တြိဂံတိုင်းစစ်ဌာနချုပ်၊ ကယားပြည်နယ် လွိုင်ကော် ဒကစ စစ်ဌာနချုပ် လက်အောက်ခံတပ်များ ...) စတာတွေကြောင့် တပ်မိသားစု ဆင်းရဲဒုက္ခပင်လယ်ဝေလို့ တိုင်းစစ်ဌာနချုပ်ရန်ပုံငွေကပင် သီးခြားထည့်ဝင် ထောက်ပံ့ပေးနေရတာလည်းရှိပါတယ်။

၈။ လူသစ်စုဆောင်းရာမှာ ပြင်ပပေါက်ဈေးဟာ တနှစ်ထက် တနှစ် တက်လာရာ အောက်ပါအတိုင်း ဖြစ်ပါတယ်-
၂၀၀၅ ခုနှစ် (၁၀၀,၀၀၀)ကျပ်၊
၂၀၁၀ ခုနှစ် (၅၀၀,၀၀၀)ကျပ်၊ 
၂၀၁၃ ခုနှစ် (၈၀၀,၀၀၀)ကျပ်၊ 
၂၀၁၆ ခုနှစ်မှာ ပြည်တွင်းတိုက်ပွဲတွေဖြစ်လာလို့ ခုန်တက်သွားပြီး (၁,၂၀၀,၀၀၀) ကျပ် အထိဖြစ်လာတယ်လို့ သိရပါတယ်။ 

ယခင်က စစ်သားစုဆောင်းရေးတပ်ကို တပ်ရင်းတွေက လူသစ်သွားယူရတယ် ဆိုရင် တပ်သားသစ် တစ်ဦးကို (၅,၀၀၀) ကျပ်နှုန်း နဲ့ (၂၀၀၀ ခုနှစ် ဈေးအရ) လိုင်းကြေး ပေးရတယ်လို့ တပ်ရင်းမှူးတစ်ဦးက ဆိုပါတယ်။ တပ်မတော်မှာ အရာရှိဆိုရင် စစ်မှုထမ်းပြီး ၁၀နှစ် အခြားအဆင့်ဆို ၂၀နှစ်။ ပြစ်မှု ကင်းရှင်းပါက ထွက်ခွင့်ရကာ ပင်စင် ခံစားခွင့် ရ ရမည် ဟု  ဗိုလ်မှူးကြီး (ငြိမ်း) တဦးနဲ့ သင်တန်းကျောင်း တပ်ကြပ်ကြီးတစ်ဦးတို့က ခန့်မှန်း(၂၀၀၈-၂၀၁၀) ခုနှစ်ကာလတုံးက စာချုပ်ဆိုတာ သိခဲ့ရတယ်လို့ဆိုပါတယ်။ တကယ်တမ်း လက်တွေနယ်ပယ်မှာတော့ တပ်အင်အားပြုန်းတီးမှာစိုးလို့  အထက်အရာရှိကြီးတွေဟာ နှူတ်ထွက်ခွင့်ကို အကြောင်းပြ ငြင်းပယ်ကြလေ့ရှိပါတယ်။ 

ဒါကြောင့် အရာရှိစစ်သည်တွေဟာ ကက(ဆေး) ဘုတ်နဲ့ အကြံအဖန်လုပ်ကာ ဆေးဘုတ်နဲ့  တပ်ထွက်ခွင့်ရရေး ကြိုးစားကြပါတယ်။ တပ်မှာ အသည်းရောင်ရောဂါပိုး (B/C)/ AIDS ဆို ထွက်ခွင့် ရလို့ အဲဒါတွေကို ရွှေပိုးလို့ တင်စားကြပြီး မရှိလည်း ရှိအောင် ဖန်တီးပါတယ်။ တချို့ ဒဏ်မခံနိုင်တော့လို့ အရာရှိများပင် ခွင့်မဲ့ ပျက်ကွက်တွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ခွင့်မဲ့ပျက်ကွက်ကြောင့် တချို့တပ်ရင်းမှူးများ အရေးယူခံရတာလည်း တွေရှိပါတယ်။ ခွင့်မဲ့ စစ်သည်တွေဟာ မိမိဇာတိ၊ နယ်ခြား တဖက်နိုင်ငံကို ထွက်ပြေးကြရင်း ပြသနာသတင်းတွေ ထွက်လာပါတယ်။  ဒါကြောင့် လစဉ် ခွင့်မဲ့စာရင်း လိမ်ပြနေရပြီး တခါတရံ ခွင့်မဲ့လစာများကို အရှိပြကာ ထုတ်ယူသုံးစွဲကြပြီး တပ်ကုန်ကျစရိတ်ကို တိုးတိုးတိတ်တိတ်ဖြေရှင်းရပါတယ်။ ဒါပေမဲ့ တစုံတဦးက သိသွားကာ တိုင်လို့ ပြုတ်သွားတဲ့ သူတွေလည်းရှိပါတယ်။ 

အခြားအဆင့်ဆိုရင် တပ်က ထွက်ချင်ပါက လူသစ် (၄) ဦး စုဆောင်း ပေးရမယ်ဆိုတဲ့ ချစ်တီး ဈေးသည်ဆန်ဆန် အနာမခံဘဲ ချည်နှောင်တာလည်းရှိပါတယ်။ ဗိုလ်မှူုးကြီးတစ်ဦးဆိုရင် သူ့တပည့် ရဲဘော်လေးတစ်ဦးဟာ ရွာပြန်ကာ စည်းရုံးလို့ လူသစ်(၄) ဦး ခေါ်လာခဲ့ပေမဲ့ သူ့ထွက်ခွင့်ကို နောက်ပြောင်းတဲ့လူကြီး (တိုင်းမှူး) က ဂတိပျက် ထွက်ခွင့်မပေးတာကြောင့် ရဲဘော့် ကုန်ကျစရိတ်ကို စိုက်ထုတ်ပေးလိုက်ရကာ ချော့မော့ထားရတယ်လို့ ဆိုပါတယ်။ စစ်သည်တွေ ခွင့်မဲ့ပျက်ကွက်တာဟာ တပ်မှာ နေမပျော်လို့ဖြစ်ပါတယ်။

၉။ တဖန် အရာရှိတွေအပြင် အရာရှိကတော်တွေပါ (ဘွဲ့) ရရမယ်ဆိုပြီး မူဝါဒတစ်ရပ် ချလာပြန်တယ်။ အရာရှိ တွေဟာ နဖူးစာရွာလည်ဆိုသလို ရှေ့တန်းမှာ အနေများလို့ သံယောဇဉ်ဖြစ်ပြီး တိုင်းရင်းသူတွေနဲ့ အိမ်ထောင် ကျပြီး အချို့တိုင်းရင်းသူတွေဟာ အခြေအနေမပေးလို့ ဘွဲ့မရတာကြောင့် ဂယက်ရိုက် ကုန်ပါတယ်။ စစ်ရေးချုပ် (နောင်သမ္မတ) ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းကို ဘွဲ့မရတာကို ရအောင် ရုံးအုပ်ချုပ်ကြီး တစ်ဦး မှတ်တမ်းရုံးမှာ ကြိတ်ပြီး လာပြင်တာကိုတော့ ဘယ်သူ့မှ မသိလိုက်ဖူးလို့ ကြားဖူးပါတယ်။ အရာရှိတွေ ဘွဲ့မရတာကို ရအောင် စာပေးစာယူပိုင်းမှာ မရရအောင်ကြိုးစားပြီး ဘွဲ့ရယူထားခဲ့တဲ့ အလုပ်သင်ဗိုလ်နဲ့ အခြားအဆင့်မှတက်လာတဲ့ အရာရှိတွေကို နှိမ်ထားတာတွေ့ရပါတယ်။ ဒါဟာလည်း တပ်မမှူး အဆင့်သာပေးပြီး တိုင်းမှူး ရာထူးကို မပေးတာဟာ DSA ကျောင်းဆင်းတွေကို ယှဉ်လာမှာစိုးလို့ဖြစ်တယ်လို့ ပြည်တွင်းက အရာရှိတွေက မြင်ကြပါတယ်။

 မော်ဖိုးကေတိုက်ပွဲတွေလို စစ်ဆင်ရေးထူးချွန်လို့ စွမ်းရည်ဘွဲ့ရထားသူ အလုပ်သင်ဗိုလ် ကျောင်းဆင်းများကို ပြသနာဖြစ်ရင်ဘဲ မညှာတာဘဲ ထောင်ချအရေးယူပြီး DSA ကျောင်းဆင်း အရာရှိတွေကြတော့ ပြသနာ ဖြစ်လာရင် တပ်ပြောင်း သတိပေးအဆင့်သာ ဘက်လိုက်တာ ရှိတယ်လို့ သူတို့က  ဆိုပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
↧

ကာတွန်း ညီပုချေ - ခေါင်းစဉ် ပေးမထား

$
0
0

ကာတွန်း ညီပုချေ - ခေါင်းစဉ် ပေးမထား
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၆
↧

ကမ်လူဝေး - အလင်းမဲ့ဘဝများ

$
0
0
Than Htay Maung


ကမ်လူဝေး -  အလင်းမဲ့ဘဝများ
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၆

မှောင်မိုက်သောညသည် တခါတရံ အတွေးစတို့ကို ရှည်လျားစေသည်။ ကာလကြာပြီဖြစ်သော ကိစ္စတို့သည် တိုက်ဆိုင်သောအခါ အတွေးထဲသို့ အလိုအလျောက် တိုးဝင်ရောက်ရှိလာတတ်သည်။ မထူးဆန်းလှပါ။

အိမ်ရှေ့ကိုလှမ်းကြည့်လိုက်တော့ မီးမလင်း၍ မှောင်နေသော လမ်းမီးတိုင်ကို တွေ့သည်။ မှောင်ပေမှာပေါ့ မီးပျက်နေတာကိုး။ မီးပြန်လာချိန်မှာ တော့ လင်းမှာပေါ့။ ဒီလိုတွေးမိတော့ အတွေးစတို့က ဆက်လာပြန်သည်။ အိမ်ရှေ့က လမ်းမီးတိုင်မီးလင်းဖို့ကြိုးစားခဲ့ရသော အကြောင်းတွေ။

အိမ်ရှေ့မှ လမ်းမီးတိုင်က မီးလုံးမကောင်း၍ မီးမလင်းသည်မှာ အတော်ကြာခဲ့ပြီ။ ဘယ်လောက်တောင်ကြာပြီလဲဟုဆိုလျှင် တလလား သုံးလလား တနှစ်လားဆိုသည်ကိုပင် မသိလောက်အောင် ကြာခဲ့ပြီဖြစ်သည်။ မီးလုံး မကောင်း၍ မီးမလင်းကြောင်း လျှပ်စစ်ရုံးသို့ သွားပြောဖြစ်သည်။ လျှပ်စစ်ရုံးကလည်း မီးလုံးလဲပေးမည်။ သို့သော် ဘတ်ဂျက်ကျသောအခါမှ လဲပေးနိုင်မည်ဟုရှင်းပြလေသည်။ ဟုတ်ပေသားပဲ။ ဘတ်ဂျက်မရှိပဲ ဘယ်လိုလုပ်လို့ရမလဲ။ ဒီလိုနဲ့ အိမ်ကို တပ်ဆုတ်ပြန်ခဲ့ရသည်။

မီးလုံးက ဦးလေးတို့အိမ်ရှေ့က ဓာတ်တိုင် တခုတည်းမီးမလင်းတာမဟုတ်ဘူးလေ။ ဦးလေး ညဖက် လမ်းတွေကို လိုက်ပတ်ကြည့်လိုက်ပါ။ တော်တော်များများမီးလုံးတွေ မလာတာ တွေ့မှာပါ။ ကျွန်တော်တို့လည်း ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အတိုင်း မီးလုံးတွေလဲဖို့တင်ပြပြီး ဘတ်ဂျက် တောင်းထားပါတယ်။ ဘတ်ဂျက်ရတာနဲ့မီလုံးတွေလဲပေးမှာပါလို့ အီးပီစီရုံးက ဝန်ထမ်း၏ ရှင်းပြသံက နားထဲတွင် တဖန်တလဲလဲကြားလို့နေမိသည်။ ဒီလိုနှင့် ကျလာမည့်ဘတ်ဂျက်ကြီးကို မျှော်ရင်း အချိန်တွေအတော်ကြာခဲ့ပြန်သည်။ အိမ်ရှေ့ကလမ်းမီးတိုင်ကတော့ မှောင်ဆဲ မှောင်မြဲ။

ဒီလိုနှင့် တနေ့တော့ ခေတ်စားနေသော စကားလုံးများဖြစ်သည့် ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ဆိုသည့်စကားလုံးများအတိုင်း ကြံရဖန်ရ ပြန်သည်။ လျှပ်စစ်ရုံးသို့သွားပြီး မီးလုံးကို ဘတ်ဂျက်ကျမှ မဟုတ်ပဲ ကိုယ့်အားကိုယ်ကိုးဝယ်ပေးမည့်အကြောင်း လဲပေးတပ်ပေးဖို့ အကြောင်းပြောတော့ ဟုတ်ပြီလိပ်စာပေးခဲ့ပါ။ သက်ဆိုင်ရာလိုင်းမင်းကိုလွှတ်လိုက်ပါမယ်။ လုပ်ပေးပါလိမ့်မယ်လို့ဆိုသည်။

လိုင်းမင်းလာမည့်အချိန်ကို အိမ်ကမျှော်ရင်းစောင့်ရင်း အချိန်တွေသာ ကုန်သွားသည်။ လိုင်းမင်းကတော့ ပေါ်မလာပါ။ ဒီလိုနှင့် အချိန်တွေကြာ မနေသာတော့မှ လျှပ်စစ်ရုံးမှာ အလုပ်လုပ်သော မိတ်ဆွေဝန်ထမ်းတယောက်ကိုပြောပြအကူအညီတောင်းဖြစ်သည်။ မိတ်ဆွေက အရန်ကောဟူသော မျက်နှာပေးနှင့် ပြုံးသည်။ လိုင်းမင်းတွေ လွှတ်လိုက်ပါ့မယ်။ သူတို့တွေ လဲပေးပါလိမ့်မယ်။ အားလုံးပြီးရင်တော့ မီးတိုင်တတိုင်ကိုဒီ၍ဒီမျှမုန့်ဖိုးလေးတော့ ပေးလိုက်ပါလို့မှာသည်။ ပေးရမှာပေါ့ဗျာ။ ဒီခောတ်ကြီးမှာ မပေးလို့မှမရတာ စားဝတ်နေရေးက အားလုံးအတွက် ခက်ခဲနေတာပဲလို့ ပြန်ပြောဖြစ်သည်။

နောက်ရက်သိပ်မကြာခင်မှာပင် သူ့ဟာနှင့်သူဆိုတော့ အဆင်ပြေချောမွေ့စွာ လမ်းမီးတိုင်က မီးလင်းသွားလေသည်။ မီးက လင်းသမှ မီးခလုတ်မပိတ်လျှင် နေ့ပါလင်းနေပြီး မီးခလုတ်မဖွင့်မိလျှင် မလင်းပြန်။ လမ်းမီးတိုင်များအတွက် သီးသန့်လျှပ်စစ်မီးလိုင်း မရှိတော့ဟုဆိုသည်။ လမ်းမီးတိုင်မှ မီးခလုတ်ကိုမနက်ပိတ်၍ ညမှောင်လျှင်ပြန်ဖွင့် ပေးရသည်။ ကိုယ်ထူကိုယ်ထ ပဲပြောပြော ကိုယ့်အားကိုယ်ကိုးပဲပြောပြော ဘယ်လိုကြီးလဲဟု မေးခွန်းမထုတ်ရဲပါ။ လမ်းမီးတိုင်မီးလင်းသွားသည်ကိုပင် ကြေနပ်ကျေးဇူးတင်နေရသည့်ဘဝမဟုတ်လား။

မီးလင်းသွားသော အိမ်ရှေ့ကလမ်းမီးတိုင်အကြောင်တွေးရင်း ငယ်ဘဝကိုအတွေးက ရောက်မိ ပြန်သည်။ ကျွန်တော်ငယ်ငယ်က သူငယ်ချင်းတယောက်ရှိခဲ့ပါသည်။ နှစ်ပေါင်း သုံးဆယ့်ငါးနှစ်လောက်ကြာခဲ့ပါပြီ။ သူတို့မိသားစုက ဆင်းရဲသည်။ သူက ကျွန်တော်နှင့်တတန်းတည်း တခန်းတည်း ဘေးခြင်းကပ်ထိုင်ဖြစ်သော သူငယ်ချင်း။ ကျွန်တော်က စာတော်သောကျောင်းသား။ သူက စာသိပ်မရ။ သို့သော် ကြိုးစားသူ။ ကျောင်းကအိမ်စာလုပ်ခိုင်းလျှင် တခါတရံ ပြီးအောင်လုပ်မလာ။ ကျောင်းရောက်မှ အသည်းအသန်ပြီးအောင်လုပ်တတ်သည်။ မနေနိုင်သော ကျွန်တော်က အိမ်စာပြီးအောင်လုပ်ခဲ့ဖို့တိုက်တွန်းဖြစ်သည်။

ထိုအခါ သူသည် အားငယ်သောအကြည့်ဖြင့်ကြည့်ရင်း ရေနံဆီကုန်သွားတော့ ဖယောင်းတိုင်လည်း မရှိတာနဲ့ စာဆက်လုပ်လို့မရဘူးဟု ပြောပါသည်။ ကျွန်တော်ရုတ်တရက် နားမလည်ခဲ့ပါ။ နားလည်အောင် သေသေချာချာမေးသောအခါမှ အကြောင်းစုံ ကိုသိလာရပါသည်။

သူတို့မိသားစုက လက်လုပ်လက်စား ဆင်းရဲသည်။ နေတော့မြို့ စွန်ရပ်ကွက်။ သူတို့အိမ်မှာ လျှပ်စစ်မီတာမရှိ။ အီးပီစီမှလျှပ်စစ်မီးမသွယ်နိုင်။ ညဖက်မှောင်လျှင် ရေနံဆီမီးအိမ်ထွန်း။ အချိန်တန်တော့ မှောင်ထဲမှာအိပ်။ ဒါကသူတို့ဘဝ။ ရေနံဆီကလည်း တနေ့စာ တနေ့စာ သူ့ အတိုင်းအဆနှင့်။ အဆင်ပြေ၍ မိဘက ဖယောင်းတိုင်ဝယ်ပေးထားလျှင်တော့ ဖယောင်းတိုင်မီးနှင့် စာဆက်လုပ်။ ဖယောင်းတိုင်မရှိလျှင်တော့ ထိုနေ့အဖို့ပြီးပြီ။

ကျွန်တော်ကြားတော့ စိတ်မကောင်းဖြစ်ရသည်။ ဒါဆိုမင်းစာကောင်းကောင်းဖတ်လို့ မရဘူးပေါ့ဟု စိုးရိမ်စွာ ပြောဖြစ်တော့ သူငယ်ချင်းရယ်သည်။ ဒီလောက်လည်း မဆိုးပါဘူးကွာ။ မိုးတွင်း မိုးရွာရင်သာ ဒုက္ခတွေ့တာပါ။ ကျန်တဲ့အချိန်က စာသာရေးရခက်တာ စာရေးရခက်လို့အိမ်စာမပြီးတာ စာတော့ကျက်လို့ရပါတယ်ဟုဆိုသည်။ မီးမရှိပဲ စာဘယ်လိုဖတ်မလဲလို့ တအံ့တသြမေးတော့။ ရပါတယ်ကွ။ အိမ်ရှေ့က လမ်းမီးတိုင်ရှိတာပဲ လမ်းမီးတိုင်အောက်မှာ သွားပြီးဖတ်ရတာပေါ့။ ဒီလိုပဲအဆင်ပြေပါတယ်လို့ဘဝကိုကြေနပ်စွာ နားလည်ပုံမျိုးနှင့် ဆိုသည်။

သူ့အခြေအနေကိုသိပြီး ကျွန်တော်မုန့်ဖိုးလေးတွေစု၍ ဖယောင်းတိုင်ထုပ်လေးတွေ ဝယ်ပေးဖြစ်သည်။ ထိုနှစ်က သူရော ကျွန်တော်ရော စာမေးပွဲအောင်၍ နောက်တတန်းတက်ခဲ့ကြပါသည်။

နှစ်တွေကြာခဲ့ပြီး သူနှင့် တကြိမ်ပြန်တွေ့ဖြစ်ပါသည်။ သူဆယ်တန်းနှင့်ကျောင်းထွက်လိုက်ရပြီး ပုံတူခဲရေးပန်းချီဆရာအဖြစ် အသက်မွေးနေကြောင်းသိခဲ့ရပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် သူငယ်ချင်းက သူ့လမ်းကိုသူလျောက်နေလေပြီ။ ကြေနပ်ရပေမှာပေါ့။

အချိန်ကာလတို့သည်နှစ်ပေါင်း သုံးဆယ့်ငါးနှစ်လောက် ကျော်ဖြတ်ခဲ့လေပြီ။ ဒီခေတ်ဒီအခါမှာရော ကျွန်တော့် ငယ်ဘဝ က သူငယ်ချင်းလို ဆင်းရဲသောကြောင့် ဖယောင်းတိုင်မဝယ်နိုင် LED မီးမဝယ်နိုင် ၍ စာမဖတ်ရစာမလုပ်ရသော ကလေးငယ်များ ဘယ်လောက်တောင် ရှိနေဦးမလဲ ကျွန်တော်မသိ နိုင်ပါ။ ကျွန်တော့်သူငယ်ချင်းလိုမီးလင်းနေသော လမ်းမီးတိုင်တွေအောက်မှာ စာဖတ်နေကြမလား။ ဒီခေတ်ကလေးငယ်တွေ ကျွန်တော့်သူငယ်ချင်းလို ကံကောင်းနိုင်ပါ့မလား။ မီးအမြဲ မှန်မှန်လင်းသော လမ်းမီးတိုင် ကျွန်တော်တို့ငယ်ငယ်ကလိုဒီနေ့ရှာလို့လွယ်ပါ့ဦးမလား။

ကျွန်တော့်သူငယ်ချင်း မီးမှန်မှန်လင်းသော လမ်းမီးတိုင်အောက်စာဖတ်ခွင့်ရခဲ့ခြင်းက ဒီနေ့ခေတ် ကလေးငယ်တွေထက် နည်းနည်းများ ပိုကံကောင်းခဲ့လေသလားဟုတွေးမိရင်း မှောင်နေသောည၏ လမ်းမများကို ကြည့်ရင်း အတွေးဆန့်မိပါသည်။ ။

ကမ်လူဝေး
↧
↧

မေငြိမ်း - အလယ်အလတ်လမ်းမှာ ဘယ်လို နေနိုင်မလဲ..

$
0
0

မေငြိမ်း - အလယ်အလတ်လမ်းမှာ ဘယ်လို နေနိုင်မလဲ..
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၆


ဒီအိမ်သေးသေးလေးကို ဝယ်မယ်လို့ ဆုံးဖြတ်ဖြစ်တဲ့အထဲမှာ.. ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်းလေးနဲ့ ။ အိမ်ခန်း ၄ခန်းမို့ ကိုယ့်မိသားစု ၅ယောက် အဆင် ပြေပြေနေနိုင်တယ်..၊ ရာကျော့်အကြိုက် မြေကွက်ကလေးလည်း အသင့် ဖြစ်တယ်.. ကျောင်း ကောင်းတဲ့ ဧရိယာ ဖြစ်တယ်.. ဈေးတွေ ကားဂိတ်တွေနဲ့ မနီးမဝေး ဖြစ်တယ် .. ကိုယ့်အနီး ပတ်ဝန်းကျင်မှာ ကိုယ့်လူတွေ ဆယ်အိမ် မက ရှိတယ်.. လမ်း ထိပ်မှာ ရေစီးမြောင်းလေးရှိတယ်.. ပြီးတော့ စုစုပေါင်းမှ တစ်ဘက် ၁၀ အိမ်နဲ့ အိမ် ၂၀ပဲ ရှိတဲ့ လမ်းတို လေး။ လမ်းထဲ မပြောင်းခင်မှာ လမ်းထဲ မှာနေနှင့်တဲ့ ထိုင်းမလေးနဲ့ အလုပ်တူမို့ သူ့ဆီကနေ လမ်း ရဲ့ အေချမ်းပုံကို ကြားပြီးသား ဖြစ်တဲ့အပြင် ကျမ စိတ်ကြိုက် ကွက်တိ ဖြစ်သွားတာကတော့ လမ်းနာမည်လေးပါ။ ဒီလမ်းလေး နာမည်ကို ကျမ က မဇ္ဈိမ ရိပ်သာ လို့ ကိုယ့်ဘာသာနာမည်ပေးလိုက်တယ်။ ပြီးတော့ လမ်းလျှောက်လာရင်း လမ်းဆိုင်းဘုတ်လေး ကို သတိ ထားမိ တိုင်း ‘အလယ်အလတ်လမ်းထဲ အစွန်းများလွတ်အောင် သွားကြစို့နော်.. အလယ် အလတ် လမ်းပဲ မိတ်ဆွေ သွားစို့နော် ’လို့ သတိတရ ညည်းဖြစ်တယ်။ 

လမ်းကလေးထဲမှာ ကျမတို့က လမ်းအဝင် လေးအိမ်မြောက် .. ပထမဆုံးအိမ်က အသက် ၆၀ ဝန်းကျင် ရှိ နေပြီ ဖြစ်တဲ့ လူဖြူအမျိုးသမီး နဲ့ လူမည်းအမျိုးသမီး စုံတွဲ၊ ဒုတိယအိမ်က ကျမတို့မိသားစု နဲ့ ခင်ခင်မင်မင် ရှိတဲ့ လူဖြူ အမျိုးသားလေး နဲ့ ထိုင်ဝမ် အမျိုးသမီး လေးတို့ စုံတွဲ၊ တတိယအိမ်က အသက် ၈၀ကျော် လူဖြူ အမျိုးသမီးကြီး (ခုတော့ ဆုံးသွားရှာပြီ.. သူဆုံးသွား တော့ စိတ်ထိခိုက်လို့ ကျမ သူ့အကြောင်း စာရေးဖူးသေး တယ်)၊ ပြီးတော့ ကျမတို့အိမ်ကလေး၊ ကျမတို့ ဘယ်ဘက်ဘေးအိမ်ကတော့ အင်မတန်ဖော်ရွေတဲ့ လူဖြူ မိသားစု .. အမေ နဲ့ သားသမီး ၃ ယောက် (အဖေ မရှိ)၊ အဲဒီအိမ်ရဲ့ ဘေးက စစ်ပြန် လူဖြူအမျိုးသား တစ်ယောက် နဲ့ သူ့ မောင်နှမတွေ နေကြ တယ်။ အဲဒီ အိမ် ရဲ့ ဘေးတဘက်က လမ်းထဲမှာ အချမ်းသာဆုံးဖြစ် မယ်ထင်တယ်.. လှေတွေဘာတွေ အပိုင်ရှိတယ်.. လူဖြူတွေပဲ.. တွေ့ရင် Hi , Hello အမြဲ လုပ်တယ်.. ရာကျော်နဲ့တော့ အပင်တွေအကြောင်း စကားတွေဘာတွေ ပြောလေ့ရှိတယ်..။ နောက်တအိမ်က ကျမ သူငယ်ချင်း ထိုင်းဆရာမလေး နဲ့ သူ့အမျိုးသားက လူဖြူ.... သားလေး တစ်ယောက်နဲ့။ ရပြီပေါ့..
ကံကောင်းချင်တော့ ကျမတို့ မျက်နှာချင်းဆိုင်မှာ အိမ်မရှိဘူးလို့ ပြောရမယ်.. ရှိတဲ့အိမ်က လမ်းတဘက်ကို မျက်နှာလှည့်တဲ့အိမ်။ အဲ့ဒီဘေးမှာ သီးသီးသန့်သန့်ဆန်တဲ့ လူဖြူ အမျိုးသမီးစုံတွဲ။ နောက်တအိမ်က လူတွေ တော့ မြင်တောင် မမြင်ဖူးလှဘူး။ သူတို့အိမ်ကို အပင်တွေအများကြီး အုပ်မိုးထား လို့ ကောင်းကောင်းတောင် မမြင် ရ။ ဟိုတဘက် လမ်းထိပ်ပိုင်းမှာတော့ သားတို့ သမီးတို့နဲ့ ကျောင်းတူ ကလေးတွေရှိတဲ့ Hispanic အိမ် တစ်အိမ် နဲ့ လူမည်းအိမ်တစ်အိမ် ရှိတယ်.. ကျန်တာကတော့ ရှိနေ မှန်းတောင် မသိရတဲ့ လူဖြူတွေပါပဲ။ ဆိုတော့ ပြောချင်တာက အင်မတန်အေးချမ်း ငြိမ်ဆိတ်တဲ့ အိမ်နီး ချင်းတွေ ရှိတဲ့ လမ်းလေးဆိုပါတော့။ တကယ် တမ်းဆို လမ်းထဲ လူစည်စည်နဲ့ ကလေးတွေ လာကစားကြလို့ ဆူဆူညံညံ ရှိတတ်တာတောင် ကျမတို့ တစ်အိမ် ပဲ ရှိမှာ။ 

အဲဒီ ကျမတို့ လမ်းလေးလိုပဲ ကျမတို့ ရပ်ကွက် နဲ့ ကျမတို့ ပြည်နယ်ရဲ့ နေရာ အတော်များများမှာ အသား ရောင်စုံ ယဉ်ကျေးမှုတွေ အစုံ နဲ့ အေးအေးငြိမ်းငြိမ်း နေသား တကျ ရှိခဲ့တာပါ။ ခုကျမှပဲ ဒီအနီးအနားက မြို့နယ်တစ်ခုမှာ “ဒါ ထရမ့် ရဲ့ တိုင်းပြည်.. လူဖြူများ အတွက်သာ” ဆိုတဲ့ စာတန်းတွေ လာတီနိုတွေရဲ့ ခရစ်ယန် ဘုရားရှိခိုးကျောင်းမှာလာချိတ်တယ် ဆိုတာမျိုး ကြားဖူးလာရတာပါ။ ဒါဟာ သတင်းပေးသူ နဲ့ သတင်းယူသူကြား နားလည်မှု လွဲမှားတာ မဟုတ်ဘူးဆိုရင်တော့ အန္တရာယ်ကြီးတဲ့ သတင်းစကားကို အသုံးချဖို့ အခွင့်ကောင်းယူမှုပဲ ဖြစ်ပါတယ်။ ဒီအတွက် တာဝန်ရှိသူဟာ သတင်းစကား ပါးတဲ့သူပါပဲ။ အဲဒီသူဟာ ကျမတို့လက်ခံရမယ့် ရွေးကောက်ခံ သမ္မတအသစ်ပဲ ဖြစ်ပါတယ်။ 

+++++
ကျမတို့ ဒီတိုင်းပြည်ရောက်ပြီး ၂နှစ်လောက်ကြာတဲ့အထိ ကျမတို့နဲ့ အတော် ကွဲပြားတဲ့ လူမည်းတွေရဲ့ စရိုက် သဘာဝကို ဘယ်လိုမှ မယဉ်ပါးနိုင်ပါဘူး။ ဒါကြောင့် တခါတလေ မိသားစုထဲ ဝေဖန်မိရင် သမီး နဲ့ သားငယ် က ကျမတို့ကို ချက်ချင်းတားပါတယ်။ ဒါဟာ လူမျိုးရေးခွဲခြားမှုပဲ မေမေ တဲ့။ တခါတလေဆိုလည်း လာတီနို အများစုက ကလေး တွေမွေး.. အလုပ်မလုပ်ဘဲ ထောက်ပံ့ကြေးစားနေတာကို ကျမတို့ Tax ပေးရ သမျှ သူတို့ အခွင့်အရေး ယူနေ တာ မကြိုက်ကြောင်း ပြောမိရင်.. သမီးက တားပါတယ်။ သူတို့ကျောင်းမှာ လူမျိုးရေး ၊ ပုံပန်း သဏ္ဍာန် ၊ ဘာသာရေး ၊ ကိုယ်ပိုင်အယူအဆတွေနဲ့ ဆင်းရဲ ချမ်းသာတွေကို ဝေဖန်ပြစ်တင် တာ ကဲ့ရဲ့ တာတွေ မလုပ်ဖို့ကို သေချာ သင်ပေး လေ့ကျင့်ပေးပုံရပါတယ်။ တခါတလေတော့ ကလေးတွေကို အကဲပါ လှချည့် လို့တောင် ခံစားရပါတယ်။ ဒါပေမဲ့ ကောင်းတဲ့ကိစ္စပဲ ရယ်လို့ ကိုယ့်ကိုယ်ကို လေ့ကျင့်ယူရ ပါတယ်။ ဒီတော့မှပဲ ကိုယ်တိုင် လည်း တကယ့် လူ့ယဉ်ကျေးမှုဆိုတာကို သတိပြုမိလာခဲ့တာတွေ ရှိပါတယ်။ (အမေရိကန်တွေရဲ့ အကျင့်တိုင်း ကောင်းတယ်လို့ မဆိုလိုပါ)

ပြောရရင် ကျမတို့ကိုယ်တိုင်အပါအဝင် ဒီနိုင်ငံသား ခံယူထားသူအားလုံးဟာ အမေရိကန်တွေပါ။ အသား အရောင် အရသာ ကွဲပြားပြီး လူဖြူ .. လူမည်း .. အညို .. အဝါ .. အေရှန်း ..စသဖြင့် အကြမ်းဖျဉ်း ခေါ်နေရ တာပါ။ တကယ်တမ်းကတော့ Native American တွေကလွဲလို့ အားလုံးဟာ Immigrant တွေချည်းပါ။ သူတို့ လူဖြူတွေ ကိုယ်တိုင်လည်း Immigrant တွေပဲ မဟုတ်လား။ စောစောကြီး ရောက်နေ တာနဲ့ နောက် ကျရောက် လာကြတာ ပဲ ကွာတာပါ။ အားလုံးတန်းတူ အခွင့်အရေးနဲ့ အားလုံး အလုပ်လုပ်ကြ.. ရုန်းကန်ကြရ တယ်။ စောစောရောက်ရင် စောစော အခြေကျ မယ်.. နောက်ကျမှ ရောက်ရင် အခြေကျတာ နောက်ကျမယ်.. ဒါပါပဲ။ ချမ်းသာ ဆင်းရဲ ဆိုတာလည်း ဒီနိုင်ငံမှာတော့ အဆန်းတကြယ် မဟုတ်ပါဘူး။ ပြောရရင် ကျမဖြင့် နေ ခဲ့ တဲ့ ၈ နှစ်မှာ တခါမှ ဒါဟာ သူများ တိုင်းပြည်လို့ မခံစားရဖူးပါဘူး။ အမေရိကန်ပြည်ထောင်စု ဟာ ရောက် လာနေ ထိုင်ခွင့်ရသူတိုင်းရဲ့ တိုင်းပြည်ပါ။ ဒါကိုပဲ အမေရိကန်ရဲ့ ခေါင်းဆောင်တိုင်းက ရည်မှန်းတာပါ။ ခု တစ်ယောက်ကျမှ တကယ့် အမေရိကန်ရဲ့ အစဉ်အလာသမိုင်း ကို ဖောက်ချင်နေတာ မဟုတ်ဘူးလား။ 

ကျမတို့ အများစု ဟီလာရီကလင်တန် ကို မဲပေးခဲ့ကြတယ်.. ကျမတစ်ယောက်တည်း အနေနဲ့တော့ သူ့ကို မကြိုက်နိုင် တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ရွေးစရာ နှစ်ယောက်မှာ တိုင်းပြည်အတွက် ဆိုးကျိုး နဲ့ ကောင်း ကျိုး.. ဘယ်ဟာ ပိုများနိုင်သလဲဆိုတာကိုပဲ တွေးပြီး သူ့ကိုပဲ ရွေးခဲ့တာပါ။ သိပ်ကို ရှင်းတဲ့ အဖြေပါ။ ကျမအတွက် တော့ ထရမ့် ကို ရွေးစရာအကြောင်း ဘာမှ မရှိပါ။ 

ဒီနေရာမှာ “ထရမ့်ကို ပညာမတတ်တဲ့ သူတွေ အများစုက မဲပေးခဲ့ကြတယ်”ဆိုတဲ့ကောက်ချက်ကို သဘော မတူ သလို ပြစ်တင်ဝေဖန်ကြတဲ့ (အထူးသဖြင့် အမေရိကန်နိုင်ငံ က မဟုတ်တဲ့) လူတွေ ကို ပြောပြချင် တာ က အမေရိကန်နိုင်ငံ ရဲ့ ပြည်နယ် ၅၀ မှာ ပညာမတတ်တဲ့သူ (ပညာ ဆုံးခန်းတိုင်အောင် မသင်တဲ့ သူ) တွေ အများကြီး ရှိတယ် ဆိုတာကို သိစေချင်ပါတယ်။ တက္ကသိုလ် ပညာရေး ကုန်ကျစရိတ်ကို မခံနိုင် တာကြောင့်ရော .. အလုပ် လုပ်တဲ့ ဝင်ငွေနဲ့ သက်သောင့်သက်သာ ပျော်ပျော်ပါးပါး နေနိုင်တာကြောင့်ရော အထက်တန်းပြီး ကျောင်းဆက်မတက်တဲ့ ဦးရေ သိပ်များပါတယ်။ သူတို့ဟာ အလုပ် နဲ့ အပျော်အပါးကလွဲလို့ ဘာကိုမှ စိတ်မဝင်စားပါဘူး။ အထူးသဖြင့် နယ်မြို့တွေဘက်မှာပါ။ ကျမစိတ်ထင် မြို့ပြနဲ့ နီးတဲ့ .. အစိုးရ ရုံးစိုက်ရာနဲ့ နီးတဲ့ မြို့တွေမှာသာ ပညာရေးကို အုံနဲ့ ကျင်း နဲ့ အားစိုက်ကြပုံရပါတယ်။ ဒါကလည်း မိဘတွေရဲ့ အခြေအနေ နဲ့ အလုပ်အမျိုးအစားအပေါ် မူတည်ပါတယ်။ ဒါကြောင့် ထရမ့် မဲနိုင်တဲ့ ဒေသတွေ အကြောင်း ကောင်းကောင်း သိနေတဲ့ အမေရိကန် နိုင်ငံသားတွေက ထရမ့်ကို မဲပေးတဲ့ အများစုဟာ ပညာမတတ်တဲ့ .. ပညာမရှိတဲ့ .. လက်လုပ် လက်စားတွေ လို့ ပြောကြတာ ဖြစ်ပါတယ်။ (ဒါ့ထက်ပိုတွေးကြည့်ရင် ပညာဆိုတာ စဉ်းစားချင့်ချိန်ဉာဏ်ပဲ မဟုတ်ပါလား)

နောက်တခုကတော့ လူမျိုးရေး.. အမျိုးသားရေး စိတ်သိပ်ကြီးတဲ့ လူဖြူ ရီပတ်ဘလစ်ကင်တွေဟာ ထရမ့်ကို မကြိုက်ရင်တောင်မှ အမျိုးသမီးသမ္မတ မဖြစ်ရေးအတွက် ပယ်ခဲ့ကြတာပါ။ သတင်းတစ်ခုမှာဆိုရင် ပင်ဆယ်ဗေးနီးယားပြည်နယ် က အမျိုးသမီးတစ်ယောက် ကို သတင်းထောက်က ဘာလို့ ထရမ့်ကို မဲပေးလဲ လို့ မေးတာမှာ ဒေါ်ကလင်တန်က အမျိုးသမီးမို့ စစ်တပ်ကို ဘယ်လိုအမိန့်ပေးမလဲ ဆိုတာမျိုး ပြောပါတယ်။ ဒါတောင် ပင်ဆယ်ဗေးနီးယားဆိုတာ တောမြို့မဟုတ်တဲ့အပြင် ဝါရှင်တန်ဒီစီနဲ့ အတော် နီးသေး တဲ့ ပြည်နယ် ပါ။ နောက် အမျိုးသား တစ်ယောက်ကကျတော့ ဟီလာရီကလင်တန်က အသက်ကြီးတဲ့ အမျိုးသမီးမို့ Hot Flesh ဖြစ်မယ်.. ဒါကြောင့် သူ့ စိတ် ခံစားမှုကြောင့် စစ်ပွဲတွေဖြစ်မှာပေါ့လို့ ဖြေတယ်။ ဒါနဲ့ သတင်းထောက် က အမေရိကန်သမိုင်းမှာ စစ်ပွဲတွေ ဖြစ်အောင် အမိန့်ပေးခဲ့တာ အမျိုးသား သမ္မတ တွေလေ.. ဆိုတော့ အင်း .. အဲ .. နဲ့ ၊ ဒါပေမဲ့ သူ သမ္မတ မလုပ်နိုင်ဘူး.. လို့ပဲ ဘာအကျိုးအကြောင်းမှ မပြနိုင်ဘဲ ပြောသွားတယ်။ 

အဲဒါ သတင်းတွေမှာ တွေ့ရ သလောက်ပဲ ရှိသေးတာ။ ဒါ့ထက်ဆိုးတာတွေတောင် ရှိသေးတယ်။
နောက်ထပ် သတင်းတစ်ခုမှာလည်း.. ထရမ့် ထောက်ခံသူ အမျိုးသမီးတစ်ယောက်ကျတော့ ထရမ့်ရဲ့ အမျိုးသမီးတွေ အပေါ် လိင်ပိုင်း ဆိုင်ရာစော်ကားပြောတာတွေကို ဘယ်လို သဘောထားလဲလို့ မေးတာမှာ ‘သူက ယောကျာ်း ပဲ.. ယောက်ျား ဆိုရင် ဒီလိုပဲ လုပ်ရမှာပဲ.. ကျမဖြင့် ဒီလို မလုပ်ရင်တောင် ယောက်ျားမပီသ ဘူး လို့ ထင်တယ်’ ဆိုတာမျိုး ဖြေခဲ့တယ်။ အဲလိုလူမျိုးတွေရဲ့ မဲတွေကို ထရမ့်က ရခဲ့တာပါပဲ။ ဒါကြောင့်ပဲ တရားမဝင် ရွှေ့ပြောင်း နေထိုင်သူတွေကို ချက်ချင်းပြန်ပို့မယ်လို့ မဲဆွယ်ပွဲမှာ ပြောခဲ့တဲ့ စကားကို လိုသလို ယူပြီး... ရွှေ့ပြောင်း နေထိုင်သူ တွေကို ပြန်ပို့မယ်လို့ .. လုပ်ပစ်လိုက်တဲ့သူတွေ ပေါ်လာတာပါပဲ။

ထရမ့်ကို မဲပေးသူတိုင်း ပညာမတတ်သူလို့ မဆိုလိုပါ။ ဒါပေမဲ့ ကျင့်ဝတ်သိက္ခာပိုင်းမှာ ပြစ်ချက်ပေါင်းများစွာ ရှိနတဲ့သူကို မဲပေးခဲ့ကြတဲ့ ပညာတတ်တွေကိုတော့ အံ့သြမိတာ အမှန်ပါ။ ပြီးတော့ ဒီနေရာမှာ နှစ်ယောက် စလုံးကို မကြိုက်လို့ မဲမပေးခဲ့ကြတဲ့သူတွေကိုတော့ ကျမ ဘာမှ မပြောလိုပါ။ ဒါက ကိုယ့်ရဲ့ နိုင်ငံသား တာဝန် နဲ့ နိုင်ငံအပေါ် စေတနာထားမှုကိစ္စပါပဲ။ 

++++++
ခုမှ ကျမ ပြောချင်တာ ရောက်ပါပြီ။ ကျမတို့ အသက် ၅၀ ပိုင်းတွေဟာ ဘာအနာဂတ်မှ သေသေချာချာ မရှိတော့ပါဘူး။ ဘယ်လို အေးရာအေးကြောင်းနေနိုင်မလဲဆိုတာလောက်ပဲ ပူပင်စရာရှိတာပါ။ ဒါပေမဲ့ လူငယ်တွေအတွက်တော့ ဒီနိုင်ငံရဲ့ အရေးဟာ သူတို့ရဲ့ အနာဂတ်မို့ သိပ်အရေးကြီးပါတယ်။ ဒါကြောင့် သမ္မတ တစ်ယောက်ရဲ့ ၄နှစ်သက်တမ်းဆိုတာ လူငယ်တွေအတွက် သိပ်ကို အရာရောက်တဲ့အချိန်ကာလပါ။ ဒီ သမ္မတက လူငယ်တွေရဲ့ ဘဝတွေအတွက်အရေးပါတဲ့ နိုင်ငံလုံခြုံရေး.. နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး.. သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး .. ပြည်တွင်းငြိမ်းချမ်းရေး .. ခိုင်မာတဲ့ဘဝရည်မှန်းချက်ထားနိုင်ရေး နဲ့ စိတ်ပိုင်း ဆိုင်ရာ လုံခြုံ အေးချမ်းရေးတွေကို ဘယ်လောက် အာမခံပေးနိုင်လဲ ဆိုတာတွေ သိပ်အရေးကြီးပါ တယ်။ 

ဒါကြောင့် ဒီသမ္မတ မလုပ်ပေးနိုင်ဘူးလို့ သူတို့ ခံစားရတဲ့အခါ ဒါကို သိအောင် ပြောဖို့ လိုတယ်လို့ လူငယ်တွေ က ထင်ပုံ ရပါတယ်။ တကယ်လည်း သမ္မတ ဟာ ဒါတွေကို သိဖို့ လိုပါတယ်။ ဒါကြောင့် လူငယ်တွေ ဆန္ဒပြကြ ရတယ်လို့ ထင်ပါ တယ်။ တခုတော့ ရှိပါတယ်။ ဆန္ဒပြတာမှာ ဒီမိုကရေစီ ဆန်ဖို့တော့ လိုပါတယ်။ စုစုစည်းစည်း ငြိမ်းငြိမ်း ချမ်းချမ်း ရှိဖို့လိုပါတယ်။ ရုန်းရင်းဆန်ခတ် ကြမ်းကြမ်း တမ်းတမ်းတွေ ဖြစ် လို့ မရပါဘူး။ ဒါကို နားလည်ကြ ရပါမယ်။ သွေးဆူတဲ့သူတွေ ပါလာတတ်တာမို့ စည်းကမ်းတကျ ထိန်းနိုင် ကိုင်တွယ်နိုင်ရပါမယ်။ လူငယ်အများစု ကတော့ ဒါကို သဘောပေါက် ကြမယ်လို့ ထင်ပါတယ်။ 

+++++
ကျမကတော့ လူငယ်တွေကို နားလည်ပါတယ်..။ ဆန္ဒပြကြသူတွေထဲမှာ အသားရောင်အစုံပါတာပါ။ သူတို့ ရဲ့မကျေနပ်တဲ့ ခံစားချက်.. လိုလားချက်တွေ .. စိုးရိမ်ပူပန်မှုတွေ.. အစော်ကား ခံရမှုတွေ.. . ဒီလို သမ္မတမျိုးရဲ့ လက်အောက်မှာ နေရမယ့် အရှက်.. မာန တွေ .. ဒါတွေကို ကျမလည်း ခံစားရပါတယ်။ ဒီကြားထဲ လူဖြူ မဟုတ်တဲ့သူတွေဆိုရင် ခြိမ်းခြောက်ခံရမှုတွေပါ ပါလာပြီဆိုတော့ ဒါကို အစိုးရအနေနဲ့ကို ဖြေရှင်းပေး ရ တော့မယ့် အခြေအနေ ရောက်လာပြီလို့ ထင်ပါတယ်။ 

++++
စကားစပ်လို့ ပြောရရင် သမီးက ဆန္ဒပြတဲ့အထဲ ဆရာဆရာမတွေ .. သူငယ်ချင်းတွေနဲ့အတူတူ သွားမယ် သာ ပြောနေတာပါ.. သမီးတို့ ကျောင်းမှာ ဘာပြဿနာမှ မရှိသေးပါဘူး.. ကျမတို့လည်း ကျမတို့ရဲ့ အလယ် အလတ် လမ်းလေးထဲမှာ အေးချမ်းဆဲပါ။ ဒါပေမဲ့ ကျမတို့ဟာ ကိုယ်တော့မကြုံရသေးလို့ ဒါတွေကို ကြိုတင် မကာကွယ် ဘူး.. မတားမြစ်ဘူး.. အသိ မပေးကြဘူး ဆိုရင်.. ကျမတို့ ကိုယ်တိုင်လည်း ဒါတွေကို သိပ် မကြာခင်ကာလမှာ ခံစား လာရမှာ မဟုတ်ပါလား..။ အနည်းဆုံးတော့.. သမ္မတ ထရမ့် .. ဒီသတင်း စကားတွေကို ရသင့်.. ကြားသင့်တယ်လို့ ကျမ သဘောတူ ပါတယ်။ တကယ်တော့လည်း ဖြစ်နိုင်ရင် အလယ်မှာပဲ အေးအေးနေနေချင်တာတော့ ဘယ်သူ မဆိုပဲ မဟုတ်လား။ 

(ကျမ ခံစားချက်အရ.. ကျမ သိသလောက်လေး.. ကျမ မိတ်ဆွေတွေကိုသာ သိစေချင်လို့ ရေးတာမို့ ဒီစာကို Share မလုပ်ကြစေချင်ပါဘူး.. ကျမရဲ့ မိတ်ဆွေတွေထဲ နိုင်ငံရေးအရ စိတ်ဝမ်းကွဲကြတာကို မဖြစ်စေချင်လို့ ဒီမိုကရေစီအရ သဘောကွဲခွင့်ကို ကိုယ်ခံစားရသလို ရေးပြတာပါပဲ)
↧

ကာတွန်း ဆွေသား - ထက်တိုင်းလည်း မကောင်း

$
0
0

ကာတွန်း ဆွေသား - ထက်တိုင်းလည်း မကောင်း
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၆
↧

မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၃)

$
0
0

မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၃)
ပညာရေးဝန်ကြီးဌာနရဲ့အဓိကရည်မှန်းချက်က အောင်ချက်မြင့်မားရေးတဲ့
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၆

ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။
===

မာန် ။ ။ ဆရာပြောတာတော်တော်ခံရတယ်ပေါ့။
မင်းသစ် ။ ။ ဒါပေါ့၊ ယောက်ျားတခြားလုပ်စရာအလုပ်တွေ အများကြီးရှိတယ်ဗျာ၊ ကျောင်းဆရာထက် ဝင်ငွေကောင်းတယ် ဗျာ၊ အဲဒါမလုပ်ဘဲနဲ့ ကျောင်းဆရာဝင်လုပ်တယ်ဆိုတာ ဒီသင်ကြားရေးကို တော်တော်ချစ်မြတ်နိုးလို့၊ ပင်လည်းပင်ပမ်းသေး တယ်နော်၊ အဲဒီတော့ ဘယ်သူတွေကပိုပြီးတော့ တက်တက်ကြွကြွကြိုးစားသလဲဆိုတော့ ဆရာတွေကပိုပြီးတော့ တက် ကြွကြိုးစားတယ်၊ ခုနောက်ပိုင်းတော့ ကိုမာန်သတိထားမိလား၊ ကျောင်းဆရာမရှိတော့ဘူး။

မာန် ။ ။ အဲဒါပြောတာလေဆရာ၊ကျောင်းတကျောင်းမှာ ဆရာကောင်းမရှိရင် နာမည်မထွက်တော့ဘူး။
မင်းသစ် ။ ။ မဟုတ်ဘူး၊ ယောက်ျားဆရာကိုမရှိတော့တာ။

မာန် ။ ။ ပညာရေးလျော့ကျတာ အဲဒါတွေပါလားဆရာ။
မင်းသစ် ။ ။ ပါတာပေါ့။

မာန် ။ ။ ဆရာဆိုတော့ ကျောင်းသူကျောင်းသားကလည်းပို ပြီးတော့ အဟန့်ရှိတယ်၊ ဆရာကောင်းတယောက်ရှိနေရင်ပေါ့၊
မင်းသစ် ။ ။ ရှင်းရှင်းပြောရရင် ကျောင်းဆရာမရှိတဲ့ကျောင်းဟာ အဖေမရှိတဲ့အိမ်လိုပဲ။

မာန် ။ ။ ကောင်းလှချည်လားဆရာ
မင်းသစ် ။ ။ အဖေရှိတဲ့အိမ်၊ အဖေ့ရဲ့စောင့်ရှောက်ထိန်းသိမ်းမှု၊ အမေ့ရဲ့စောင့်ရှောက်ထိန်းသိမ်းမှု၊ အဲဒီနှစ်ခုကြားမှာနေရတဲ့ကျောင်းသားက ပိုပြီးတော့ကောင်းတာပေါ့၊ အိမ်မှာအဖေနဲ့အမေ၊ ကျောင်းမှာ ဆရာနဲ့ဆရာမ၊ ဘယ်လောက်ကောင်းသလဲ၊ ကျနော်တို့ကိုပုဆိုးဝတ်နည်းက ဗိုက်ကြောဆွဲလိမ်ပြီး သင်ပေးတယ်၊ ဟုတ်လား၊ အင်္ကျီဝတ်တာအချိုးမကျရင် ခေါင်းခေါက် တာ၊ ဆရာမတွေက၊ အဲဒီလိုဗျာ။

မာန် ။ ။ ဆရာပြောချင်တာတွေဆက်ပါဦးဆရာ။
မာန် ။ ။ ပြောချင်တာပြောပါဦးဆိုရင်တော့ ခင်ဗျားပြောသလိုပဲ ၊ပညာရေးကိုရင်းနှီးမြုပ်နှံ့ဖို့ပါ၊ ကျနော်ပြောပြမယ်၊ အခု ကမ္ဘာပေါ်မှာ ပညာရေးအဆင့်အမြင့်ဆုံး ဘယ်နိုင်ငံတွေလည်းမေးရင် ဖြေကြတယ်၊ အမေရိကန်တို့ အင်္ဂလန်တို့၊ အဝေးကြီး၊ အဝေးကြီးကိုကျန်ခဲ့ပြီ၊ နောက်ကျခဲ့ပြီ၊ အမေရိကန်အစိုးရလည်း စိတ်တွေညစ်နေတယ်၊ သူတို့ကလေးတွေ အင်္ဂလိပ်စာ မတတ်တော့ဘူးနော်၊ အဲဒီတော့ ဘယ်သူတွေရှေ့တန်းရောက်နေသလဲဆိုတော့ စကန်ဒီနေဗီးယားနိုင်ငံတွေ ရှေ့တန်း ရောက်လာတယ်၊ ဘလ်ဂျီယံတို့ ဟော်လန်တို့၊ နောက်တခါ နော်ဒစ်နိုင်ငံတွေဖြစ်တဲ့ နော်ဝေတို့၊ ဆွီဒင်တို့၊ ဖင်လန်တို့ …အဲဒါတွေကနံပါတ်ဝမ်းတွေကောင်းပြီ၊ အဲဒီမှာဖြစ်နေတာတွေ ပညာရေးဌာနက ငနဲတကောင်ကိုပြောပြချင်တာ၊ သူနဲ့ပတ်သက်လို့ပြောချင်တာနှစ်ချက်ရှိတယ်၊ နောက်မှပြောမယ်၊ အဲဒီနိုင်ငံတွေမှာ မူလတန်းပြဆရာဆရာမတွေက လစာအများဆုံး

မာန် ။ ။ ဩော်၊ ဂျပန်မှာလည်း အဲဒီလိုကြားတယ်ဆရာ
မင်းသစ် ။ ။ လုပ်ခလစာတွေများတယ်၊ ဒီမှာသားကRIT ဝင်တယ်လေ၊ သမီးက MC လေဆိုပြီး ကြွားကြတယ်မို့လား၊ သူတို့ ဆီမှာ ဘယ်လိုကြွားသလဲသိလား၊ သမီးလေးကပညာရေးတက္ကသိုလ်ဝင်ခွင့်ရတာ၊ သားက ဆရာအတတ်သင် တက်ခွင့်ရ တာ၊ အဲဒါကို ဂုဏ်ယူတာ၊ အရေးကြီးတယ်၊ဟိုတနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်က ဆရာဆရာမတွေလစာ တိုးပေးရမယ် ဆိုတာ ပညာရေးဌာနကညွန်ကြားရေးမှူးဆိုတဲ့ငနဲက မဖြစ်နိုင်ဘူးတဲ့၊ သူတို့ဌာနမှာ လူသိပ်များတယ်တဲ့၊ ဒီကောင်ဗျာ ဘာ ဘာနဲ့နိုင်းပြတုန်းသိလား၊ မူလတန်းပြဆရာဆရာမတွေကို အောက်တန်းစာရေးလစာနဲ့ဗျာ၊ မဆိုင်ဘူး၊ဟိုကအောက် တန်းစာရေး၊ ဒါကဆရာမ၊ ဒါက ဆရာမဟ၊ အဲဒီလို လစာစကေးချင်း သွားယှဉ်မနေနဲ့၊ ဒါက ထွေအုပ်ဌာနရဲ့မြို့ပိုင်ထက်အရေးကြီးတယ်၊ ဒါ မူလတန်းပြဆရာမ၊ သိပ်ကိုအရေးကြီးတယ်၊ အဲဒီလိုဗျာ၊ အဲဒီငနဲက အဲသလိုပြောတယ်။

နောက်တခုပြောသေးတယ်၊ ကျောင်းမှန်မှန်တက် စာမခက်ဘာညာ။ အဲဒါတွေလည်း ပြန်လုပ်မယ်တဲ့။ လူသားအရင်း အမြစ်တွေ ဆုံးရှုံးကုန်မယ်တဲ့။ နေပါဦး ကျုပ်တို့က လူသားအရင်းအမြစ်ကို ထူတောင်မှာလား၊ ပညာတတ်တွေ မွေးထုတ်မှာ လား။ ဖွတ်ကြားအရင်းအမြစ်ကို ကျုပ်တို့ ထူထောင်ကြမှာလား။

ဟုတ်လား၊ ကိုမာန်စဉ်းစားကြည့်။  ဦးနုပြောသလိုပေါ့၊ ဒီကောင့်ကို ၄၀ ရအောင် ဆက်ဖြေခိုင်းတဲ့။ အမှတ်တစ်ရာပေး တဲ့ဘာသာရပ်မှာ လေးဆယ်တောင်မရဘူးဆိုရင် အဲဒါ ဖွတ်ကြား။ ဒီကောင့်ကို အအောင်ပေးမပေးနဲ့ အတန်းတင်မပေး နဲ့၊ ဒီကောင်ဒုက္ခပေးတော့မှာ။  ကျုပ်တို့ဆီမှာ physic ဆယ့်ငါးမှတ်နဲ့လည်း တက္ကသိုလ် တက်တာပဲ။ အမှန်တော့ ပညာရေး ရဲ့အန္တိမရည်မှန်းချက်က ဘာလဲ။ အောင်ချက်မြင့်မားဖို့လား၊ တကယ့်ပညာ တတ်တွေ မွေးထုတ်ဖို့လား။

မာန် ။ ။ ဟုတ်ပေါ့ဆရာ။
မင်းသစ် ။ ။ နှစ်ချက်ထဲပဲ၊ ပညာတတ်တွေ မွေးထုတ်မှာလား၊ အောင်ချက်မြင့်မားရေးလုပ်မှာလား၊ ဒီနှစ်ချက်ကိုရွေး။ ဘယ်နိုင်ငံမှာမှ အောင်ချက်မြင့်မားရေးစီမံကိန်းမရှိဘူး၊ ဘယ်နိုင်ငံမှကိုမရှိဘူး၊ ဒီငပေါ တိုင်းပြည်မှသာ အဲဒါကြီးရှိနေတာ။ လွတ်လပ်ရေးရပြီးကတည်းက ဝန်ကြီးဌာနတွေထဲမှာအမှတ်သည်းခြေမရှိဆုံး၊ ပညာမရှိဆုံးပြောပါဆိုရင် ပညာရေးဝန်ကြီး ဌာနပဲ။

မာန် ။ ။ ဟုတ်ကဲ့ပါဆရာ၊ ဆရာ့ကိုကျနော်ပြောသလိုပေါ့။ နယ်ဘက်က၊ ချင်းပြည်နယ်ဘက်က အင်္ဂလိပ်စာနဲ့ဘွဲ့ရလာတဲ့ညီလေးတယောက်၊ ဟိုမှာလည်း ခင်လာတော့ ရန်ကုန်ရောက်တုန်းတွေ့ကြတယ်။ ဘာလာလုပ်တာတုန်းမေးကြည့်တော့ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး 4skill လာတက်တာတဲ့ နေပါဦး ဘာနဲ့ကျောင်းပြီးတာလဲမေးကြည့်တော့ အင်္ဂလိပ်စာနဲ့တဲ့၊ ဘယ်နှနှစ်တက်ရသလဲဆိုတော့ လေးနှစ်တက်ရတယ်။ လေးနှစ်တက်ရပြီး အခုဘာလို့လာထပ်တက်နေတာလဲမေးတော့၊ ကျနော်သိသလိုလိုနဲ့ ဘာမှမသိဘူးတဲ့ဆရာ၊ လေးနှစ်ဆိုတာ နည်းတာမဟုတ်ဘူးနော်။
မင်းသစ် ။ ။ကျွတ်ကျွတ်၊ နှမျောစရာကြီးဗျာ၊ တကယ်တန်းသာ အင်္ဂလိပ်စာအေဘီစီဒီတတ်တဲ့ ကလေးတယောက်ကို တစ်နှစ်ခွဲသင်ရင် လုံးဝကိုအင်္ဂလိပ်စာတတ်စေရမယ်၊ 4skill တော့ မရဘူးပေါ့၊ ဒါပေမဲ့ တတ်သင့်တာတတ်ရမယ်။

မာန် ။ ။ ဒီလေးနှစ်အတွင်းမှာကုန်ဆုံးသွားတဲ့အချိန်တွေ၊ ခွန်အားတွေ၊ ငယ်ရွယ်တဲ့ ဦးနှောက် ခွန်အားတွေဆရာရယ်။
မင်းသစ် ။ ။ ဘယ်လောက်နှမျောဖို့ကောင်းသလဲဗျာ၊ အံ့ဩလို့ မဆုံးဘူး၊ အောင်ချက်မြင့်မားရေးတဲ့၊ ပညာရေးဝန်ကြီးဌာနရဲ့အဓိကရည်မှန်းချက်၊ အောင်ချက်မြင့်မားရေးတဲ့၊ အမယ်လေးဗျာ၊ ဖြစ်မှ ဖြစ်ရလေ၊ အဲဒီတော့ ကုစားတို့ဆေးမြီးတိုတို့နဲ့ ပြန်တင်ပေးဦးမယ်။ အောင်ချက်မြင့်မားပါတယ်လုပ်ဦးမယ်။

မာန် ။ ။ သူတို့ရဲ့အဓိကအချက်ကတော့ ကလေးတွေဒီပညာနဲ့အတန်းတွေပြီးသွားတယ်၊ ရှစ်တန်းအောင်တယ်၊ ကိုးတန်း အောင်တယ်၊ ဆယ်တန်းအောင်တယ်၊ ဘွဲ့ရတယ်ဆိုပေမဲ့လည်း အလုပ်အကိုင်အစိုးရက မဖန်တီးပေးနိုင်းဘူး၊ ဒီပညာနဲ့လည်း ဘာမှသုံးစားလို့မရတဲ့အတူတူ အတန်းလေးတွေများအောင်သွားရင် သူတို့ဘဝမှာ ဘယ်နှတန်းပြီး မြောက်ပြီပေါ့၊ သင်ယူ ပြီးပြီ၊ ဖြေပြီးပြီ၊ အောင်မြင်ပြီးကြောင်းပေါ့။ အဲဒီလက်မှတ်လေးတွေနဲ့ သူတို့ကိုစိတ်ကုစားချက်ပေးလိုက်တ သဘောပါပဲ။ ပညာအရည်အချင်းကြီးကြီးမားမားရသွားပြီဆိုတဲ့သဘောတော့မဟုတ်ပါဘူး။ ပညာတွေသင်ပြီးတော့ အစိုးရကလည်း အလုပ်မပေးနိုင်ဘူး။ သင်တဲ့ပညာတွေကလည်း ကျောင်းပြီး သွားတာတောင် ဆက်လေ့လာရတုန်း။ ဆရာပြောတဲ့ မဟာဝိဇ္ဇာတွေတောင်မှ ဆရာပြောသလို တကယ်တန်းဘာမှမတတ်ဘဲ ဘွဲ့တွေရနေတော့၊ ဒီလိုပဲသာမန်ဘွဲ့တွေကတော့ ဒီအတိုင်း ဆက်ဖြစ် နေဦးမှာပါ။ ပညာရေးပြုပြင်ပြောင်းလဲတယ်ပြောင်းလဲတယ်ဆိုပြီးတော့ အများကြီးရင်နှီးမြုပ်နှံမပေးဘူး။ ဘတ်ဂျက်တွေချမပေးနိုင်ဘူး၊ သင်ကြားရေးစနစ်တွေကိုမပြောင်းဘူးဆိုရင် ဒီအတိုင်း သွားနေဦးမှာပါဆရာ။
မင်းသစ် ။ ။ ဒီလိုပဲသွားမှာပါ၊ ဒီလိုပဲသွားမှာပါဆိုတာ၊ ဒီပုတ်သာပြောင်းသွားတယ်၊ ဒီပဲကဒီပဲပဲ၊ လက်ရှိအစိုးရရဲ့ဝန်ကြီးဌာနတွေ၊ ခင်ဗျားဘယ်လောက်အသည်းနာဖို့ကောင်းတုန်းဆိုရင် မြို့နယ်ပညာရေးမှူးကြီးတွေ၊ တကယ့်ဆရာဆရာမကြီးတွေ၊ အထက်တန်းကျောင်းအုပ်ကြီးတွေ၊ ရာထူးတိုးဖို့နေရာမရှိဘူး။ ဟိုကောင်တွေ(မိုးကျရွှေကိုယ်)နေရာယူထားလို့။ တကယ်ဆို ပညာရေးကိစ္စ ဒီဆရာဆရာမကြီးတွေနှောကျေအောင်သိတာပေါ့ဗျာ ဟုတ်ဖူးလား။

ဆက်လက်ဖော်ပြပါမည်။
သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။

↧

ကာတွန်း အောင်မော် ● မြွေမြွေခြင်း ခြေမြင်

$
0
0

ကာတွန်း အောင်မော် ● မြွေမြွေခြင်း ခြေမြင်
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၆
↧
↧

ရိုးခက် ● စစ်ဘေးသင့် ကလေးငယ်

$
0
0
ရိုးခက် ● စစ်ဘေးသင့် ကလေးငယ်
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၆

သတ်ပုံမှားနေတဲ့စိတ်က
အနားသတ်မရှိတော့
အတွေးဟာ ပြောင်းပြန်စီးတယ်
မိုးက တစိမ့်စိမ့်ရွာတယ်
ဟိုအဝေးက လမ်းဟာ
မဖြောင့်တန်းဘူး
တက်ခေါက်သံတွေက ဆူညံလို့
ဒုက္ခကို လွယ်ပိုးထားတဲ့ခေတ်ဟာ
အိုးကြီးအိုမကိုဖြစ်
မနိုင်ဝန်ထမ်းထားရတဲ့အခါ
ခေတ်ကို အပြစ်မတင်ပါနဲ့
စနစ်ကိုတော့ အပြစ်တင်ချင်တင်ပါ
ဝန်စည်စလှယ်တွေ
တနေ့တခြား နင့်လာတယ်
ရှေ့နွား ဖြောင့်ဖြောင့်မသွားတော့
နောက်က ပါချင်သလိုပါတာ
အပြစ်မပြောပါနဲ့
လမ်းတွေ ဖြောင့်တန်းဖို့
စနစ်တွေ ဖြောင့်တန်းဖို့လိုတယ်
နင့်လာတဲ့ ရင်အစုံဟာ
ခြေထောက်တဖက် ဖြတ်ခဲ့ရ
ကျွန်တော့်နားတွေ
ဘာသံမှမကြားခဲ့ရတော့
အလေးအပင်တွေ မ, ရတဲ့အခါ
ရှိနေတဲ့ လက်တဖက်နဲ့
မ, လို့မရတာတော့ သေချာတယ်
အဖေမသေးခင်က
လုပ်ပေးခဲ့တဲ့
သစ်ဂွ (ခွ) ချိုင်းထောက်ကလေး
ခု ကျွန်တော့်အရပ်ထက် တိုနေတယ်
အမေ ဘယ်ရောက်နေပြီလဲ
အမေမစားပဲ ချန်ထားခဲ့တဲ့
ထမင်းကြမ်းခဲလေး
ကျွန်တော်နောက်ဆုံး တွေ့ရတာ
ယမ်းနံ့တွေ သင်းလို့
လမ်းဟာ ဖြောင့်မလိုနဲ့
ကျွန်တော့်ရဲ့ယုံကြည့်မှုဟာ
ခုတော့ ..........
ငြိမ်းချမ်းရေးကို တောင်းတလို့   ။   ။

ရိုးခက်
၇. ၁၀. ၂၀၁၆

↧

၂၀၁၆ ခုနှစ် နယူးယောက်မြို့ စာပေဟောပြောပွဲ နိုဝင်ဘာ ၂၇ အတွက် ဖိတ်စာ

$
0
0


၂၀၁၆ ခုနှစ် နယူးယောက်မြို့ စာပေဟောပြောပွဲ နိုဝင်ဘာ ၂၇ အတွက် ဖိတ်စာ
(မိုးမခ ကြော်ငြာ) နိုဝင်ဘာ ၂၁၊ ၂၀၁၆

စာရေးဆရာ ကြည်မင်း 
စာရေးဆရာမ ရွှေကူမေနှင်း
စာရေးဆရာမ မိချမ်းဝေ

27th November, 2016. (9:30am-1:30pm) St. James' Episcopal Church, 84-07 Broadway. Elmhurst, NY 11373.

ဆက်သွယ်ရန်၊ ဦးကျော်ဝင်း 718- 205-7403, ကိုရန်နိုင်စိုး 347- 730-8770, ကိုနေတင်မြင့် 347- 944-7341, မစန္ဒာ 347- 840-0282, မဧကရီဖြိုး 646- 246-3293, မချောစု 718- 207-4279
↧

ကာတွန်း ညီထွေး - အရပ်သားအစိုးရ ဘယ်ကို တက်

$
0
0

ကာတွန်း ညီထွေး - အရပ်သားအစိုးရ ဘယ်ကို တက်
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၆
↧

လင်းမိုးစွေ ● ပီအိုက်တူး

$
0
0

လင်းမိုးစွေ ● ပီအိုက်တူး
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၆
 

လွိုင်လုံတောင်ခြေက နမ့်တိန်းချောင်းနံဘေး
သီချင်းတွေ
ငိုနေတာလား ဆိုနေတာလား
နူးညံ့ညင်သာ
တိုးတိုးကလေး တိတ်တိတ်ကလေးပါပဲ။

ကြားနေရတယ်
အကျယ်ကြီး ကြားနေရတယ်
လေလှိုင်းမှတဆင့်
လွိုင်လင် တောင်ကြီး
မန္တလေးရောက် ရှမ်းတယောက် အထိ
ရန်ကုန်တော့ ဖြည်းဖြည်းပေါ့ အထိ
ကတ်ဆက်တိတ်ခွေတွေ A_Side, B_Side
အပြန်ပြန် အလှန်လှန် ဖွင့်လို့
တိတ်သားတွေ ပါးသွားတဲ့အထိ
နေရာတိုင်းမှာ ကြားနေရတယ်။

သဘာဝကပေးတဲ့ ဥဩငှက်သံလို
ဆိုတော့
သူ့အသံက
သဘာဝ
သူ့သီချင်းက
သဘာဝ...။

ဥဩဆွဲသံတွေ ဆူညံနေတဲ့ကမ္ဘာမှာ
ဥဩငှက်သံလို
ချိုလို့ ။

ဥဩငှက်သံလို
ဆိုလို့
လင်းခေးကို  ပြန်မလာနိုင်တော့တဲ့အထိ...။

လင်းမိုးစွေ
၂၆ . ၁၀ .၂၀၁၆
↧
↧

ကာတွန်း ဇာနည်ဇော်ဝင်း ● ငြိမ်းချမ်းရေး

$
0
0

ကာတွန်း ဇာနည်ဇော်ဝင်း ● ငြိမ်းချမ်းရေး
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၆
↧

နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက် မတ်စောက်သောလမ်းများ (၂)

$
0
0

နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက် မတ်စောက်သောလမ်းများ (၂)
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၆

[၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ စာပေဗိမာန်ကပြုလုပ်မည့် "ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်း ဖတ်ပွဲ"အတွက် စာတမ်းတောင်း၍ တင်သွင်းခဲ့သော်လည်း ပယ်ချခံရသည့်စာတမ်း ဖြစ်သည်။  

အခန်း ၂ - ပြည်တွင်းစစ်ရဲ့အစနဲ့ သမိုင်းအကျဉ်း
အခန်း ၃ - စစ်ခြေလှန်းနောက်က ကပ်လိုက်လာတဲ့ ငြိမ်းချမ်းရေးကို မိုးမခစာဖတ်ပရိသတ်အတွက် ဆက်လက် ဖော်ပြလိုက် ပါသည်။]

၂။ ပြည်တွင်းစစ်ရဲ့အစနဲ့ သမိုင်းအကျဉ်း

ဗမာပြည်မှာ ပြည်တွင်းစစ်စဖြစ်တဲ့ကာလကို ၁၉၄၈ခုနှစ်၊ မတ်လ(၂၈)ရက်လို့ အားလုံးကလက်ခံထားတယ်။ ဒါပေမဲ့ဘယ် သူ့ကြောင့် ဖြစ်ရတယ်ဆိုတာနဲ့ပတ်သက်လို့ ကွဲလွဲချက်တွေရှိပါတယ်။ အထူးသဖြင့်အာဏာ ရအစိုးရအဆက်ဆက်က ပြည်တွင်းစစ်ဖြစ်ရတာဟာ ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တော်လှန်ရေးကြောင့်လို့ တလျှောက်လုံးပြောခဲ့ရေးခဲ့ပါတယ်။ တောထဲရောက်သွားခဲ့ရတဲ့ ကွန်မြူနစ်ပါတီကလည်း ဒီကိစ္စအတွက်တရား ၀င်ဖြေရှင်းနိုင်ခဲ့တာမျိုးမရှိပါဘူး။ ဖြေရှင်းခဲ့ရင် လည်း လူသိပ်မသိခဲ့ဘူးလို့ပြောရမှာပါ။ ဒီကိစ္စမျိုးကလည်းသိမိခဲ့ သူတွေကပြောမှ၊ ပြောတဲ့စကားကလည်း ယုတ္တိရှိမှ၊ ခိုင်လုံမှ၊ ယုံကြည်ရလောက်မှပဲ လက်ခံနိုင်မယ်ထင်ပါ တယ်။

သိန်းဖေမြင့်ရဲ့ ကျော်ငြိမ်းစာအုပ်မှာ ဒီလိုရေးထားတယ်။

''ကျော်ငြိမ်းသည် မမွေးစေချင်သောသားကို ဖျက်ပစ်ရန်ဆုံးဖြတ်လိုက်လေသည်။ တပြည်လုံး ရှိကွန်မြူနစ်ပါတီခေါင်းဆောင်များဖမ်းရန် ဆုံးဖြတ်လိုက်သည်။ စောစောကဂိုရှယ်တယောက်တည်း ဖမ်းထား လိုက်ရန်ကား ကြောက်ရွံ့နေခဲ့သေး၏။ အခုတော့ တပြည်လုံးဖမ်းပွဲစလေပြီ။ တပ်မတော်ထဲမှ ဗိုလ်သက်ထွန်း ကဖမ်းမည့်အကြောင်း သခင်သန်းထွန်းအားသတင်းပေးလိုက်သဖြင့်သာ ဗဟိုခေါင်းဆောင်များ လွတ်ထွက်ခြင်း ဖြစ်လေသည်။ ပြည်တွင်းစစ်စလေပြီ။''၂

ဒါကသိန်းဖေမြင့်ရေးသားချက်ပါ။ အဲဒီစာအုပ်မှာ ဦးကျော်ငြိမ်းရဲ့နိဒါန်း(အမှာစာ)လည်း ပါပါတယ်။

သခင်တင်မြရဲ့ 'ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ'စာအုပ်မှာတော့ ၁၉၄၈ခုနှစ်၊ မတ်လကုန်ပိုင်းကာလကို ဒီလိုရေးထားတယ်။

''မတ်လ၂၈ရက် နံနက်စောစောကြီးမှာ ဆကာကြီးဂါတ်တဲထဲက ပုလိပ်(၁၀)ယောက်လောက် လက်နက်ကိုယ်စီနဲ့ ကျွန်မတို့ အိမ်ကိုလာဝိုင်းပါတယ်။ …ခေါင်းဆောင်လာတဲ့ရာဇ၀တ်အုပ်က အဖေ့ကိုသူတို့လာ ရှာတဲ့အမည်ကို ပြောလိုက်တော့မှ… ဗမာပြည်ကွန်မြူနစ်ပါတီ မြို့နယ်ခေါင်းဆောင်သခင်အေးငြိမ်းကို လာရှာ တာတဲ့။ ဖမ်းဝရမ်းလည်းပါလာတယ်။

နေ့လယ်က ရေဒီယိုသတင်းမှာ ရန်ကုန်ဗကပဌာနချုပ်ခေါင်းဆောင်သခင်သန်းထွန်း၊ သခင် ဗသိန်းတင်နဲ့ ဂိုရှယ်တို့ကို ဆိုင် ရာမှသွားရောက်ဖမ်းရာမှာ  လွတ်မြောက်သွားကြောင်း၊ အလုံမြို့နယ်တပ်နီဌာန ချုပ်တွင်မူတပ်နီဗိုလ်ချုပ် ဗိုလ်သိန်းတန်၊ ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်) နဲ့ ဗိုလ်လှမြိုင်အစရှိသော လူပေါင်း (၇) ယောက်ကို ဖမ်းဆီးရမိကြောင်း သတင်းကြေ ညာသွားပါတယ်။…နောက်နေ့တွေမှာ အနယ်နယ်ကအဖမ်းအဆီး သတင်းတွေနဲ့ ဗမာပြည်ကွန်မြူနစ်တွေက ကျေးရွာသူကြီး တွေဆီက လက်နက်ဝင်သိမ်းသွားတဲ့၊ ဖဆပလခေါင်းဆောင်တွေကို ဖမ်းသွား၊ သတ်သွားတဲ့သတင်းတွေ နေ့စဉ်သတင်းစာ တွေထဲမှာ နေ့ဆက်လိုပါလာပါတော့တယ်။ (စာ-၁၂၁-၂)
သခင်သန်းထွန်းအပါအ၀င် ခေါင်းဆောင်တွေဟာ ဧပြီလထဲကျမှ ရန်ကုန်ကထွက်နိုင်ခဲ့တာပါ။ (စာ-၁၄၄)''၃

အဲဒီအချိန်တုန်းက သိန်းဖေမြင့်က ဗမာပြည်ကွန်မြူနစ်ပါတီက နုတ်ထွက်ခါစဖြစ်ပြီး သခင်တင်မြကတော့ အလံနီကွန်မြူနစ် ပါတီက ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်းကျောင်ဇောရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာတော့ ဒီလိုရေးထားပါတယ်။

''ထိုဆိုရှယ်လစ်ပါတီသည် ဗိုလ်ချုပ်ကွယ်လွန်ပြီးနောက် ဦးနုကိုတဘက်ကမှီခိုပြီး တဘက်က ဖက်ဆစ်အာဏာတစိတ် တပိုင်းဖြင့် ရပ်တည်နေသည်။ ပြည်သူလူထုအတွင်းတွင် CPB နှင့် ယှဉ်ပြိုင်ပြီး ရပ်တည်မနေနိုင်။ ဗိုလ်ချုပ်ကွယ်လွန်ပြီး တနှစ်အတွင်းမှာပင် CPB ကိုဖိနှိပ်လာ သည်။ နောက်ဆုံးCPBကိုတော တွင်းမောင်းချရေးဖြစ်စေသော ရန်ကုန်နှင့်တကွ တပြည်လုံးရှိ ကွန်မြူနစ်ပါတီဝင်များကိုတပြိုင်တည်း အစုလိုက်အပြုံလိုက် ဖမ်းဆီးတော့သည်။ သို့သော် ခေါင်းဆောင်အများ စုသည် မျိုးချစ်ပြည်ချစ်နှင့် လိုလားသူများ၏ ကြိုတင်သတင်းပေးမှုကြောင့် နာရီပိုင်းအတွင်း အချို့လည်းညအိပ်နေရာမှ ထွက်ပြေးလွတ်မြောက်သွားပြီး တောတွင်းမှမီး ကျိုးမောင်းပျက်လက်နက်နှင့်ခုခံသည်။ သို့ဖြင့်လူထုအတွင်း မရပ်တည်နိုင် သော ဆိုရှယ်လစ်များသည် ဤနည်းဖြင့် CPB ကိုတောတွင်းမောင်းချပြီး သောင်းကျန်သူဟုဆိုကာ ဆိုရှယ်လစ် လွှမ်းထား သောစစ်တပ်သို့ လွှဲအပ်ဖိနှိပ်ပါတော့သည်။ ဤနည်းဖြင့်ဆိုရှယ်လစ်များသည် စစ် တပ်အားကိုး၊ နယ်ချဲ့အားကိုးဖြင့်ပြည်တွင်း စစ်ကြီးကို ဖန်တီးလိုက်ပါတော့သည်။ ထိုကိစ္စကို ပုဂ္ဂိုလ်အရ ဦးဆောင်ဆောင်ရွက်သူမှာ ထိုစဉ်ကပြည်ထဲ ရေးဝန်ကြီး ဖြစ် သော ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်ဦးကျော်ငြိမ်းပင်ဖြစ်သည်။ သူသည်ဗမာပြည် ပြည်တွင်းစစ်၏ ပုဂ္ဂိုလ်အရတရားခံ နံ ပါတ် (၁) ဖြစ်သည်။''၎

အခုဖော်ပြခဲ့တဲ့အချက်တွေကိုကြည့်ရင် ပြည်တွင်းစစ်ဖြစ်ရခြင်းဟာ ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ပြီး အာဏာရအစိုးရက အတိုက်အခံပါတီတွေကိုဖိနှိပ်မှုကနေ ပေါ်လာခဲ့တာဖြစ်တယ်ဆိုတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ဒါက၀ါဒရေးရာအခြေခံ ကြောင့်ဖြစ်ခဲ့ရတဲ့ ပြည်တွင်းစစ်။

တိုင်းရင်းသားလူမျိုးများရဲ့ လက်နက်ကိုင်တော်လှန်ရေးကရော ဘာကြောင့်ဖြစ်ပေါ်လာခဲ့ရပါသလဲ။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော က ၁၉၆၁၊ သြဂုတ်လ (၂၀) ရက်မှာ ဒီလိုမှတ်ချက်ပေးခဲ့ပါတယ်။

''ဒီပြည်တွင်းစစ်ကို ထပ်ပြီးပိုမိုနက်ရှိုင်းစေတဲ့ အကြောင်းတရပ်လည်းရှိပါသေးတယ်။ ဒါကတော့ တိုင်း ပြည်မှာလွတ်လပ်ရေးနဲ့ အတူ အရေးကြီးဆုံးဖြေရှင်းရမယ့် ပြဿနာကြီးတရပ်ဖြစ်တဲ့လူမျိုးစုများက အမျိုးသားရေးရဲ့အခြေခံသဘောထားဖြစ်တဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးပြသနာများအပေါ်မှာ မှန်ကန်စွာမဖြေရှင်းနိုင်ဘူး။ ဒီလိုမဖြေရှင်းနိုင်ကြတဲ့အတွက် လူမျိုးစုများဟာ မိမိတို့ရဲ့တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လူးလွန့်လှုပ်ရှားပြီး တိုက်ပွဲဝင်လာခဲ့ကြတယ်။ ဒါကိုပင် လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းဖြေရှင်းသလို မဖြေရှင်းနိုင်ဘဲ ဖိနှိပ်ရေးကိုသာ အလေးပေးခဲ့တဲ့အတွက် လူမျိုးစုများနဲ့ ပဋိပက္ခပိုမိုပြင်းထန်လာခဲ့တယ်။ နောက်…လက်နက်ကိုင်တိုက်ပွဲတွေဖြစ်လာခဲ့ရတယ်။''၅

ဒီမိန့်ခွန်းမှာပါတဲ့မှတ်ချက်ဟာတိုင်းရင်းသားလူမျိုးများရဲ့ လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရတဲ့အကြောင်းကို ခြုံငုံမိတာကြောင့် တိုင်းရင်းသားခေါင်းဆောင်များရဲ့စကားတွေကို ထပ်ပြီးမကိုးကားတော့ပါဘူး။ လုံလောက်မှု ရှိနေလို့ပါ။

ပြည်တွင်းစစ်ရဲ့အစောပိုင်းကာလနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာကောင်းတဲ့မှတ်ချက်တခု ရှိပါသေးတယ်။ အဲဒါကတော့ ဗိုလ်မှူးချစ်ကောင်းရဲ့မှတ်ချက်ပါ။

''ပြည်တွင်စစ်ကား ညီအစ်ကိုမောင်နှမအချင်းချင်း၊ သူငယ်ချင်းမိတ်ဆွေအချင်းချင်း တိုက်ကြသောစစ်၊ ဘတပြန်ကျားတပြန် တိုက်ကြသောစစ်ပင်ဖြစ်၏''၆

နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွေတုန်းက အတူလက်တွဲလုပ်ခဲ့ကြသူတွေ မိတ်ဆွေတွေ၊ ညီအစ်ကိုတွေက ပြည်တွင်းစစ်ဖြစ်လာတော့ ဘက်တဘက်စီမှာ ရပ်တည်ရင်း တိုက်ခဲ့ကြရတဲ့ စစ်တွေဖြစ်ခဲ့တယ်။ ပြည်တွင်း စစ်ရဲ့ပထမမျိုးဆက်က ဒီလိုအခြေအနေကနေ အခုလိုနှစ်ပေါင်း (၇၀) နီးပါးကြလာ တဲ့အခါမှာ တတိယမျိုးဆက်ကိုရောက် လာပြီလို့ ပြောနိုင်တဲ့အခြေအနေလည်းဖြစ်ပါတယ်။ စစ်သက်တမ်းရှည် ကြာလာတာနဲ့အမျှ ဆုံးရှုံးမှုပေါင်းမြောက်မြားစွာတွေထဲမှာ လူ့အသက်တွေ၊ ဘ၀တွေ၊ ပစ္စည်းဥစ္စာတွေ၊ အနာဂတ်တွေတင်မကဘဲ အရင်တုန်းကရှိခဲ့ဖူးတဲ့ ညီနောင်သားချင်း စိတ်ဓာတ်တွေလည်း ပါဝင်ပါတယ်။ အဲဒီဆုံးရှုံးမှု တွေထဲက အကြီးဆုံးသောဆုံးရှုံးမှုကိုပြောရရင် ပင်လုံစာချုပ်ကိုအခြေခံပြီးရှိခဲ့တဲ့ တိုင်းရင်းသားသွေးစည်းညီ ညွတ်ရေးစိတ်ဓာတ်နဲ့ ခံစားမှုပဲဖြစ်ပါတယ်။

တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးဆိုတဲ့ နိုင်ငံရေးအခြေခံပေါ်ကနေ ရပ်တည်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားမျိုးနွယ် တွေနဲ့ စစ်အာဏာရှင်အဆက်ဆက်တို့ တိုက်ခဲ့ကြတဲ့တိုက်ပွဲရှည်ကြီးရဲ့အကျိုးဆက်ကတော့ ဗမာတိုင်းရင်းသားတွေ အ ပေါ်ကို မုန်းတီးလာ၊ ဆန့်ကျင်လာခဲ့ကြတာပဲဖြစ်ပါတယ်။

ဒါကိုပြေလည်ကျေအေးအောင် ဖြေရှင်းဖို့ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းမှာအတူ တကွလျှောက်ကြဖို့ ပဲဖြစ်ပါတယ်။ တကယ်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာရှိနေတဲ့ နိုင်ငံရေးစစ်မီးကို နိုင်ငံရေးနည်းနဲ့ တရားမျှ တမှုရှိရှိဖြေရှင်းပြီး ငြိမ်းချမ်းရေးရှိလာ၊ ရလာအောင်လုပ်ကြဖို့ပဲဖြစ်ပါတယ်။

ကျွန်တော်တို့ မျှော်လင့်နိုင်ခြေရှိပါသလား။

ကျွန်တော်တို့ မျှော်လင့်ချက်တွေ ပြည့်ဝလာနိုင်ခြေရှိနေပါပြီလား။

ရှေ့ကိုလှမ်းမျှော်ကြည့်ဖို့အတွက် ကျန်ခဲ့တဲ့နောက်ဘက်(ဒါမှမဟုတ်) အနာဂတ်ကိုမျှော်ကြည့်ဖို့အ တွက်အတိတ်ကိုပြန်ငဲ့ကြည့်ကြရအောင်။

အတိတ်၊ ပစ္စုပ္ပန်နဲ့အနာဂတ်ဟာ ကာလကွင်းဆက်တွေဖြစ်နေလေတော့ ရှေ့တလံမျှော်ကြည့်ဖို့အ တွက် နောက်ဘက်က တခေါ်စာအကွာကို ငဲ့ကြည့်ကြရအောင်ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတဲ့စကားကို ဘယ်တုန်းကစပြောခဲ့ကြပါသလဲ။

၃။ စစ်ခြေလှန်းနောက်က ကပ်လိုက်လာတဲ့ ငြိမ်းချမ်းရေး

၁၉၄၈၊ မတ်လ ၂၈ရက်မှာ ပြည်တွင်းစစ်စခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး သိပ်မကြာခင်မှာပဲဖြစ်ခဲ့တာမို့ ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးရဲ့ ဖွားဖက်တော်လို့ပြောလေ့ရှိကြပါတယ်။

''ပြည်တွင်းစစ် စတင်ခဲ့ပြီးနောက် ရက်သတ္တတပတ်ကြာတဲ့ ၅.၄.၁၉၄၈ မှာ ဆရာကြီးသခင် ကိုယ်တော်မှိုင်းက ဖဆပလထဲမှာ လည်းမပါ။ ကွန်မြူနစ်တို့ဘက်ကိုလည်းမသိလိုက်ဘဲရှိကြတဲ့ သခင်ထိပ်တင်ကိုယ်တော်ကြီးနဲ့ သခင်ဗမောင်အစရှိတဲ့ သခင် တချို့ကိုခေါ်ပြီး အမြန်ဆုံးတို့ ဗမာအစည်းအရုံးကို ပြန်လည်ဖွဲ့စည်းကြဖို့နဲ့ ပါတီနိုင်ငံရေးဝါဒလမ်းစဉ်တွေကို အဓိကထားမ လုပ်ဘဲ ပြည်တွင်းငြိမ်းချမ်းရေးရရှိရာ ရရှိကြောင်းအတွက် လုပ်ဆောင်ကြစေလိုကြောင်း မိန့် ကြားခဲ့တယ်။ သခင်ခေါင်း ဆောင်တွေကလည်း လတ်တလောလုပ်ငန်းတွေချမှတ်ပြီးပြည်တွင်း ငြိမ်းချမ်းရေးကြိုးပမ်းနိုင်ဖို့အတွက် တို့ဗမာအစည်း အရုံးကို ပြန်ဖွဲ့စည်းကြတယ်''၇

၁၉၄၈ ၊ စက်တင်ဘာလ ၁၉ရက်မှာ အဖွဲ့အစည်းပေါင်းစုံ ကိုယ်စားလှယ်တွေရဲ့အစည်းအဝေးကိုပြုလုပ် ပြီးဆရာကြီးသခင်ကိုယ်တော်မှိုင်းအပါအ၀င် (၁၇)ဦးနဲ့ နိုင်ငံတော်အေးချမ်းသာယာရေးအဖွဲ့ကို ဖွဲ့ခဲ့တယ်။

၁၉၄၈၊ ဒီဇင်ဘာ၂၅ရက်မှာ ရွှေတိဂုံစေတီတော်၊ ရာဟုထောင့် သံတန်ဆောင်းကြီးမှာ ရန်ကုန်မြို့ပေါ်ရှိ ကျောင်းတိုက် ပေါင်းတရာကျော်က ဆရာတော်သုံးထောင်လောက်ရယ်၊ တခြားဘာသာပေါင်းစုံဂိုဏ်းပေါင်းစုံက ခေါင်းဆောင်တွေရယ်နဲ့ လူထုပရိသတ် နှစ်ထောင်ကျော်တက်ရောက်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအစည်းအဝေးကြီးတခုကို ပြုလုပ်ခဲ့ပါတယ်။

၁၉၅၁ ခုနှစ်အတွင်းမှာ ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံ (People's Peace Front) ကိုဖွဲ့စည်းခဲ့တယ်။ ၁၉၅၂ ခုနှစ်၊ မတ်လ၁၀ရက်ကနေ ၁၄ရက်အထိ ရန်ကုန်မြို့၊ ဂျူဗလီဟောမှာပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကွန် ရက်(ဗမာနိုင်ငံ)ရဲ့ပြည်လုံးကျွတ်ညီလာခံကနေ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအဆိုကို ဆုံးဖြတ် ချက်ချမှတ်ပြီး (၁၀၊ ၇၊ ၁၉၅၂) မှာ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ပန်ကြားလွှာကိုထုတ်ပြန်ခဲ့ တယ်။ အဲဒီနောက်မှာ အထက်ဗမာပြည်တခွင်ကို လှည့်ပြီးတရားဟောတာတွေနဲ့ တခြားလှုပ်ရှားတွေလုပ်ခဲ့ တာကို စာရှည်မှာစိုးလို့ ဆက်မပြောတော့ပါဘူး။

ဒီနေရာမှာ ထူးခြားတဲ့အဖြစ်အပျက်တခုကို ပြောချင်ပါတယ်။ အဲဒါကတော့ ပြည်တွင်းငြိမ်းချမ်းရေးအ ဖွဲ့(၈)ဦးကော်မတီဖွဲ့စည်းပြီး လှုပ်ရှားခဲ့တဲ့အထဲက ဖြစ်ပါတယ်။

''၁၉၅၈ ခုနှစ်၊ မတ်လ ၂၈ရက်မှာ တနေ့တည်း၊ တရက်တည်း၊ တချိန်တည်း အချိန်ကိုက် ပြီး တနိုင်ငံလုံးမှာရှိတဲ့ ခရိုင်မြို့နယ်အသီးသီးမှာ ငြိမ်းချမ်းရေးဆန္ဒပြပွဲကြီးတွေ ကျင်းပပြုလုပ် ခဲ့တာပဲဖြစ်ပါတယ်။''၈

ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့က အဲဒီလိုလှုပ်ရှားမှုတွေလုပ်နိုင်ခဲ့ပေမယ့်လည်း ၁၉၅၈၊ အောက်တိုဘာလ အတွင်း အာဏာလွှဲပြောင်းမှု (ပထမအကြိမ် စစ်အာဏာသိမ်းမှု)ကြီး ပေါ်ပေါက်ပြီးနောက်ပိုင်း ၁၉၅၉ခုနှစ်မှာ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ (၈)ဦးကော်မတီကို ဖျက်သိမ်းခဲ့ရတယ်။ ၁၉၆၀ရွေးကောက်ပွဲနဲ့ ပထစ(ဦးနု) အစိုးရ တက်လာပြီး မရှေးမနှောင်းကာလ( ၂၄.၄.၁၉၆၀)မှာပြည်တွင်းငြိမ်းချမ်းရေး နှိုးဆော်ချက်စာတမ်းတခုကိုထုတ် ပြန်ခဲ့ပါတယ်။

၁၉၆၀၊မေလ(၂၂)ရက်မှာ ''ပြည်တွင်းငြိမ်းချမ်းရေး နှိုးဆော်ရေးအဖွဲ့''ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်ပြီးဖွဲ့စည်းခဲ့တယ်။ ဆရာကြီးရဲ့ကျန်းမာရေးကြောင့် အရှေ့ဂျာမဏီမှာ ဆေးသွားကုပြီးပြန်ရောက်လာ တဲ့အခါ ပြည်တွင်းငြိမ်းချမ်းရေးနှိုးဆော်ရေးအဖွဲ့ကနေ ၁၉၆၁ခုနှစ်၊ မတ်လ(၉)ရက်မှာ ''ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့''ဆိုတဲ့နာမည်ကိုပြောင်းခဲ့တယ်။ ဆရာကြီးကဥက္ကဋ္ဌတာဝန်ယူခဲ့ပြီး ခရိုင်၊ မြို့နယ်အသီးသီးမှာပြည်တွင်း ငြိမ်းချမ်းရေး စည်းရုံးရေးကော်မတီတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြတယ်။ ပြည်တွင်းစစ်ရပ် စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွက် လှုပ်ရှားမှုတွေဆက်လုပ်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ်၊ မတ်လ(၂)ရက်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းကဦးဆောင်ပြီး စစ်တပ်ကတိုင်းပြည်အာဏာသိမ်း ခဲ့တယ်။ တော်လှန်ရေးကောင်စီဖွဲ့တယ်။ နောက်ပိုင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုဖွဲ့တယ်။ စစ်တပ် ခေါင်းဆောင်တွေဦးဆောင်တဲ့ နိုင်ငံရေးပါတီကိုဖွဲ့စည်းပြီး တိုင်းပြည်ကိုတပါတီစနစ်နဲ့သွားဖို့ ပြင်ဆင်ခဲ့တာ လည်းဖြစ်ပါတယ်။ အဲဒီကာလ(၁၉၊ ဇွန်၊ ၁၉၆၂)မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဒီလိုပြောခဲ့တယ်။

''တပါတီစနစ်ပဲဖြစ်ဖြစ်၊ ပါလီမန်ဒီမိုကရေစီစနစ်ပဲဖြစ်ဖြစ် ကြိုက်ရာကိုထူထောင်ရာတွင် မ စည်းလုံးမညီညွတ်ကြလျှင် အောင်မြင်နိုင်မည်မဟုတ်။ ညီညွှတ်စည်းလုံးမှအောင်မြင်နိုင် မည်။''၉

ငြိမ်းချမ်းရေး၊ ညီညွှတ်ရေး၊ ဒီမိုကရေစီရေးဆိုတာ တကယ်တမ်းစဉ်းစားကြည့်ရင် သုံးပွင့်တခိုင်ဖြစ်နေ တဲ့ နိုင်ငံရေးပန်းခက်တခက်ပါ။ ဒီ(၃)ခုထဲက တခုပျက်ရင် ကျန်တာတွေကလည်း အာမခံချက်မရှိ၊ သဟဇာ တမဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။ အခုလတ်တလောကိုပဲကြည့်ပါ။ ငြိမ်းချမ်းရေးမရှိတော့ ညီညွှတ်ရေးဆို တာမမြင်ရ။ ညီညွှတ်ရေးမရှိတော့ ငြိမ်းချမ်းရေးဆိုတာက အလှမ်းကွာဝေးနေ။ အဲဒီလိုအခြေအနေမျိုးမှာ ဘယ် လိုဒီမိုကရေစီမျိုးပဲဖြစ်နေပါစေဦးတော့၊ ဒီမိုကရေစီကိုယ်တိုင်က စိုးတထိတ်ထိတ် ဒီမိုကရေစီဖြစ်နေမှာပါပဲ။ ''စစ် မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ''ဆိုတာကိုပဲ မင်းကရော ဒီမိုကရေစီစစ်လို့လားဆိုပြီးတော့ မေးခွန်းအ ထုတ်ခံနေရတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

အဲဒီလို ညီညွတ်ရေးမရှိကြတဲ့ အခြေအနေအောက် (တနည်းပြောရရင်) ငြိမ်းချမ်းရေးမရှိဘဲ ပြည်တွင်း စစ်ဖြစ်နေသမျှတော့ တိုင်းပြည်ကိုဘယ်လိုနိုင်ငံရေးစနစ်နဲ့ ထူထောင်ထူထောင်၊ အောင်မြင်မှာမဟုတ်ဘူးလို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ပြောခဲ့တာပဲဖြစ်ပါတယ်။ အဲဒီလိုပြောခဲ့တဲ့အတွက် ညီညွတ်ရေး၊ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်လာတာတွေရှိခဲ့ ဖြစ်ခဲ့ပါသလား။

''တော်လှန်ရေးကောင်စီအစိုးရနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ (သခင်စိုး)၊ ကေအင်န်ယူပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ချင်းဦးစီးအဖွဲ့၊ အ မျိုးသားဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစု(မဒညတ)အဖွဲ့တို့ရဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည် တွင်းငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုများဟာ ၁၉၆၃ခုနှစ်၊ ဇွန်လ၁၁ရက်နေ့မှ ၁၉၆၃ခုနှစ်၊ နိုဝင် ဘာလ၁၅ရက်နေ့အထိ စုစုပေါင်း၅လကျော်ကြာပါတယ်။ မြန်မာတနိုင်ငံလုံးဟာ ဒီရက်တွေ အတွင်းမှာ ရွှင်ရွှင်လန်းလန်းတက်တက်ကြွကြွဖြစ်နေကြပါတယ်။''၁၀

ဒါကတော့ အဲဒီကာလတုန်းက ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်ခဲ့တဲ့ စာရေးဆရာ ဉာဏ်မောင်ချစ် (ဦးလှရွှေ)ရဲ့ ဆောင်းပါးထဲကဖြစ်ပါတယ်။ အဲဒီကာလမှာ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကလည်း ငြိမ်း ချမ်းရေးဆွေးနွေးပွဲကို ကြိုဆိုကြပြီး စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော်တည်ဆောက်နိုင် ဖို့အတွက် ငြိမ်းချမ်းရေးဆန္ဒပြပွဲကြီးကို ပြုလုပ်ဖို့နှိုးဆော်စာတစောင် ထုတ်ပြန်ခဲ့တယ်။ အဲဒီစာထဲကအချက်တ ချို့ကို ကောက်နုတ်တင်ပြချင်ပါတယ်။

''ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ လူထုလူတန်းစား၊ လူမျိုးစု၊ လူ့အလွှာအသီးသီးတို့သည် ယနေ့ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်ကိုရပ်စဲ၍ မိမိတို့အကျိုးစီးပွားနှင့်ကိုက်ညီသည့်စစ်မှန် သော ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်လိုကြသောဆန္ဒဖြင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးတိုက်ပွဲကြီးကို တဦးနှင့်တဦးလက်တွဲဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။

ယခုလာမည့် နိုဝင်ဘာလ၁၀ရက်နေ့တွင် ရန်ကုန်မြို့၌ ရန်ကုန်၊ အင်းစိန်၊ ဟံသာဝတီ၊ ပဲခူး၊ သာယာဝတီနှင့် မအူပင်၆ခရိုင်မှလည်းကောင်း၊ နိုဝင်ဘာလ၁၅ရက်နေ့တွင် မန္တလေးမြို့၌ မန္တ လေး၊ မုံရွာ၊ ကျောက်ဆည်၊ ရွှေဘို၊ မြင်းခြံ၊ မိတ္ထီလာနှင့်စစ်ကိုင်း ၇ခရိုင်တို့မှလည်းကောင်း၊ လူ ထုလူတန်းစား၊ လူမျိုးစု၊ လူ့အလွှာအသီးသီးသည် စုရုံးချီတက်ကြလျက် ပြည်သူ့ကော်မတီမှ ကြီးမှူး၍ ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒပြပွဲများ ကျင်းပပြုလုပ်ရန် စိုင်းပြင်လျက်ရှိကြသည်။

လူထုအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ကြ။''၁၁

ဒါကလည်း ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအတွက် ပြည်သူလူထုပူးပေါင်းပါဝင်မှုရဲ့ ဖော်ပြချက်ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆန္ဒပြပွဲကို ၁၉၆၃၊ နိုဝင်ဘာလ၁၀ရက်က ရန်ကုန်မှာကျင်းပခဲ့ပြီး ၆ခရိုင်မှ လူထုအင်အား (တသိန်း ကျော်)ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူလူထုကြီးက ငြိမ်းချမ်းရေးကို ဘယ်လောက်တောင်မှ လိုချင်တမ်းတ ဖြစ်ခဲ့ကြသလဲဆိုတာကို ဖော်ထုတ်ပြသနိုင်ခဲ့ပေမယ့်လည်း ၁၉၆၃၊ နိုဝင်ဘာ ၁၄ရက်မှာ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး ပျက်သွားခဲ့ပါတယ်။ ၁၉၆၄၊ မတ်လ(၂၈)ရက်မှာ ''အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ် သည့်ဥပဒေ''ဆိုတာကို ထုတ်ပြန်ပြီး နိုင်ငံရေးပါတီ၊ အသင်းအဖွဲ့တွေရဲ့ တရားဝင်တည်ရှိမှုကို ဖျက်သိမ်းလိုက် တဲ့အထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့လည်း ပါသွားပါတော့တယ်။

အဲဒီနောက်ပိုင်းကာလတွေမှာ တဖွဲ့ချင်းစီနဲ့လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှိခဲ့ပါသေးတယ်။ ထင်ထင်ရှားရှားအနေနဲ့ သိရတာတွေကတော့-

''၁၉၈၀၊ စက်တင်ဘာ ၂၃ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)က မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီ(မဆလ)ကိုပေးပို့ခဲ့တဲ့ 'တွေ့ဆုံဆွေးနွေးကြရန် ကမ်းလှမ်းချက်'ကြောင့် နှစ်ဘက်ဆွေး နွေးခဲ့ကြတာရယ်၊ ၁၉၈၀-၈၁ ခုနှစ်ထဲမှာ ကေအိုင်အိုနဲ့ မဆလပါတီတို့ဆွေးနွေးခဲ့ကြတာရယ် တွေဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲတွေပျက်ခဲ့တယ်ဆိုတာလည်း တွေ့ရပါတယ်။''၁၂

ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ အ ပစ်အခတ်ရပ်စဲရေးစာချုပ်တွေ ချုပ်ဆိုခဲ့ကြပြီး နှစ်ဘက်စလုံးက စစ်နားနေခဲ့ပါတယ်။ ဒါပေမဲ့ တတိုင်းပြည်လုံး မှာ စစ်ပွဲတွေရပ်စဲသွားခဲ့တာတော့မဟုတ်ပါဘူး။ ဟိုနားထဖြစ်လိုက်၊ ဒီနားထဖြစ်လိုက်နဲ့ဖြစ်နေခဲ့တဲ့တိုက်ပွဲတွေ ဟာ အပစ်အခတ်ရပ်စဲရေးကာလတလျှောက်လုံးမှာ ရှိနေခဲ့ပါတယ်။

၂၀၁၀မှာ အစိုးရဖြစ်လာတဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအသံတွေပြန်ပြီး ကျယ်လောင်လာခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဖို့ ညှိနှိုင်းဆွေးနွေးနေတုန်းမှပဲ အစိုးရဘက်ကထိုး စစ်တွေမကြာခဏဖြစ်ခဲ့ပါသေးတယ်။ ဒီလိုနဲ့ ၂၀၁၅၊ အောက်တိုဘာ(၁၅)ရက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း(၈) ဖွဲ့တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အဖွဲ့အားလုံးပါဝင်ရေး (All Inclusive) မှုကို အစိုးရဘက်ကသဘောမတူ လို့ NCA စာချုပ်အတွက်ဆွေးနွေးခဲ့တဲ့ အဖွဲ့တော်များများက လက်မှတ်မထိုးခဲ့ကြပါဘူး။

အခု NLD အစိုးရသစ်လက်ထက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ရာစုပင်လုံ ပထမအကြိမ် ကို ၂၀၁၆၊ သြဂုတ်လ(၃၁)ကနေ စက်တင်ဘာလ(၃)ရက်အထိ နေပြည်တော်မှာကျင်းပခဲ့ပါတယ်။ အဲဒါပြီးရင် နိုင်ငံရေးဆွေးနွေးပွဲတွေဆက်လုပ်ဖို့လည်း အစီအစဉ်ချမှတ်ထားကြပါတယ်။ ဒါပေမဲ့အဲဒီညီလာခံပြီးလို့ မကြာခင် မှာပဲ ကေအိုင်အေဌာနချုပ်ကို တပ်မတော်ဘက်ကထိုးစစ်ကြီးတွေ ဆင်နွှဲနေတာ၊ ကရင်ပြည်နယ်ဘက်ခြမ်းမှာ တိုက်ပွဲတွေဖြစ်နေတာ၊ TNLA နဲ့တိုက်ပွဲတွေဖြစ်နေတာ၊ NCA လက်မှတ်ထိုးထားတဲ့ RCSS (SSA) နဲ့တိုက်ပွဲ တွေဖြစ်နေတာတွေကို ဒီစာတမ်းရေးနေချိန်အထိ ကြားသိနေရတုန်းဖြစ်ပါတယ်။

စာတမ်းတင်သွင်းခဲ့သူ ■ နောင်ကျော်

(ဆက်လက်ဖော်ပြပါမည်။)

¹¹¹¹¹ ¹¹¹¹¹  ¹¹¹¹¹  ¹¹¹¹¹

နိဒါန်းနှင့် အခန်း (၁) ဖတ်လိုပါက --

နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သောလမ်းများ
http://moemaka.com/archives/54983http://blog.moemaka.com/2016/11/blog-post_925.html
↧

သာထက်အောင် ● ရှေးမကျ တကျပုံပြင်

$
0
0

သာထက်အောင် ● ရှေးမကျ တကျပုံပြင်
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၆

၁၉၇၃ ခုနှစ် ရန်ကုန်တက္ကသိုလ်က စိတ်ပညာအဓိကနဲ့ ဘွဲ့ရလာတော့ လူက အသက် နှစ်ဆယ် စွန်းစွန်းပဲရှိ ပါသေးတယ်။  ဘွဲ့မရခင် ကျောင်းတက် နေတုန်းမှာတော့ အဆောင်ကြေး၊ ထမင်းလခ၊ အပိုသုံး၊ ကျောင်းလခတွေကို အိမ် ကပို့ပေး ထောက်ပံ့ပေးလို့ သိပ်မပူရပေမယ့် ကျောင်းပြီးဘွဲ့ရတဲ့အထိ အိမ်ကိုမှီခိုနေရသေးတယ်ဆိုရင် သိပ်မဟုတ်တော့ပါဘူး။  မန္တလေးက Transfer လုပ်လာတဲ့သူဆိုတော့ အစိုးရ အဆောင် မရလို့ နာနတ်တော လမ်းထဲက ပုဂ္ဂလိကအဆောင်မှာ ငှားနေပြီး လှည်းတန်းတ၀ိုက်က ရွှေမြိုင်တို့ ဒေါ်အေးကြင်တို့ဆိုတဲ့ ထမင်းဆိုင် တွေကတော့ ကျွန်တော်တို့လို အပြင်ဆောင် သမားတွေ မှီခိုအားထားရဆိုပါတော့။  ပြည်လမ်း လိုင်းပေါက်နားက ဗာစီတီ ထမင်းဆိုင်ပိုင်ရှင် ကိုကျော် သဘောကောင်းသလို သူ့ဇနီးကလည်း အင်မတန်ဖော်ရွေပြီး သန့်သန့်ပြန့်ပြန့် နဲ့ ည၊ မနက်စားမှ တလကို ကျပ် ၆၀ ပဲပေးရပါတယ်။

အဲဒီခေတ်က ပုဂ္ဂလိက အဆောင်တွေမှာနေရင် တလ ၃၀ ကျပ်၊ ထမင်းလခက ၆၀ ကျပ်၊ လက်မှတ်ထိုး စာရင် ၇၅ ကျပ် (မစားတဲ့ နပ်အတွက် မတွက်ပါဘူး)၊ ကျောင်းလခက ၁၅ ကျပ်၊ လက်ဖက်ရည်ဖိုး၊ ဆေးလိပ်ဖိုး၊ လမ်းစရိတ်နဲ့ဆို တလ ၁၅၀ လောက်တော့ ကုန်ပါတယ်။ (ဒူးယားနှစ်လိပ်တမတ်၊ ကျောင်းထဲက သံပုရာရည် တခွက် တမတ်၊ ဒံပေါက် တပွဲ နှစ်ကျပ်ခွဲ၊ ရုပ်ရှင်ရုံ ၀င်ခ တကျပ်ခွဲ၊ နှစ်ကျပ်ခွဲ၊ သုံးကျပ်ခွဲ)။

ခုခေတ်ကုန်ဈေးနှုန်းတွေနဲ့ ယှဉ်လိုက်ရင်တော့ ပုံပြင်လိုဖြစ်နေပေမယ့် … အဲဒီခေတ်၊ အဲဒီအခါတုန်းကလည်း ဓနအင်အား မချမ်းသာ၊ အဆက်အသွယ်နောက်ခံ ဘက်ဂရောင်းကောင်းကောင်းမရှိသူတွေအဖို့တော့ ခက်ခဲပင်ပန်းစွာရုန်းကန်ကြရတာပါပဲ။

ဘွဲ့ရပြီးသူတယောက်အတွက် အဲဒီအချိန်က ထွက်ပေါက် ထွက်လမ်းက ဒုရဲအုပ် လျှောက်ချင်လျှောက်၊ ဒါမှမဟုတ် သမ၀ါ ယမဦးစီးဌာန၊ ဒါမှမဟုတ် တောသွားပြီး တွဲဖက်ကျောင်းဆရာလုပ်၊ အဆက်အသွယ်ရှိတဲ့ငွေ ကြေးတတ်နိုင်သူများကတော့ သင်္ဘောသား အိပ်မက် မက်ကြတဲ့အချိန်ဆိုပါတော့၊ တချို့လည်းတက္ကစီထွက်မောင်း။

ဘွဲ့ရလူငယ် တယောက်ဖြစ်ပေမယ့် ရန်ကုန်မြို့တော်ကြီးမှာ ယောင်ချာချာနဲ့ တလကို မြန်မာကျပ်၂၀၀ ရဖို့ အခွင့်အလမ်းကို မမြင်တော့တဲ့အဆုံး တောသွားပြီး တွဲဖက်ကျောင်းဆရာ ဆိုတဲ့ အရပ်က စုပေးတဲ့ ငွေ၂၀၀ နဲ့ ဘ၀ကို ရှင်သန်ခဲ့ရပါတယ်။

တွဲဖက်ကျောင်းဆရာဘ၀ ၂ နှစ်လောက်လုပ်ပြီးတဲ့အခါကျတော့ စဉ်းစားရပြန်ပြီ၊ ဒီလိုပဲတော့ ကျောင်းဆရာဘ၀နဲ့ လမ်းဆုံး တော့ရမှာလားဆိုတဲ့ အတွေးက၀င်လာပြီး ကန်သေးသေးထဲမှာ ငါးကြီးကြီးရစရာအကြောင်း မရှိလို့ မြင်လာပြီး ရန်ကုန်ကို မိဘတွေနဲ့ အခြေပြန်ချပါတယ်။  ရန်ကုန်မှာ ဟိုဟာလုပ်ရနိုး၊ သည်ဟာကိုင်ရနိုးဖြစ် နေတဲ့ကျွန်တော့ကို မိဘတွေက ရှိတာ လေးထုခွဲပေးပြီး လေးဘီတစီးဝယ်၊ မင်းကားမောင်းစားတော့ဆိုတာနဲ့ ဘ၀တကွေ့မှာ ကျွန်တော် တက္ကစီ မောင်းသမား ဖြစ်ခဲ့ရပါသေးတယ်။  တမြို့လုံးပတ်ပြီး လှိမ့်နေရတဲ့ တက္ကစီအနီ စာရင်၊ ပရိုက်ဗိတ် တက္ကစီက ပိုက်ဆံအရ သိပ်မကွာလှဘဲ လူသက်သာတာမို့ ဘီ ၆၀၀ ဗင်လေး တစီးဝယ်ပြီး၊ အနော်ရထာလမ်းနဲ့ လွစ္စလမ်း (ဆိပ်လမ်းသာလမ်း) ထောင့်က ဂိတ်မှာ ပရိုက်ဗိတ်တက္ကစီ မောင်းသူ ဘ၀ရောက်ခဲ့ရပြန်ပါတယ်။

အဲဒီမှာ တင်အေးဆိုသူနဲ့ ကျွန်တော်ဆုံပြီး သူငယ်ချင်း ဖြစ်ခဲ့ရပါတယ်။  ဂိတ်မှာက လူစုံ ကားစုံဆိုပါတော့။   အဲဒီခေတ်အခါ တုန်းက ခုလောက်ကားမျိုးမစုံသေးတော့ ပါပလီကာ၊ ဖင်မလီယာ၊ လေးဘီးတို့ပဲများပါတယ်။  သင်္ဘောသားတွေ တင်သွင်း လာတဲ့ Hilux ပစ်ကပ်တွေကတော့ လူများများ၊ ပစ္စည်းတွေ ဘာတွေတင်ချင်တဲ့ သူတွေ၊ ဘုရားဖူးသွားချင်တဲ့ သူတွေလောက် ပဲ အသုံးများပါတယ်။  ဟိုနားသည်နားကတော့ ဆီစားလည်း သက်သာ လမ်းကြိုလမ်းကြားလည်း ၀င်လို့လွယ်တဲ့ ဂျပန်ကား လေးတွေပဲ အသုံးများပါတယ်။  အဲဒီထဲမှာမှ ကျွန်တော့်သူငယ်ချင်း တင်အေးက ရှားရှားပါးပါး FIAT ဆီဒင်ကားနဲ့ လာဆွဲ ပါတယ်။  သူ့ကားကို အကြောင်းပြုပြီး (ဂိတ်မှာ တင်အေး နှစ်အေးရှိတော့) သူ့ကို ဖိယက်တင်အေး လို့ခေါ်ကြပါတယ်။  အသက်က ကျွန်တော်နဲ့မတိမ်းမယိမ်းဆိုတော့ ခုဆိုသူလည်း ၆၀ ကျော်ရောပေါ့။ ထားပါတော့။

တင်အေးက ဒီဂိတ်မှာ ဆွဲလာတာလည်း ကြာပြီ သူ့အဖေကလည်း မက်ကင်းနစ်ဆိုတော့ သူ့ကိုကား Expert လို့ ဂိတ်က လူငယ်လေးတွေက မြင်ကြတယ်။  ဆိုင်းကမားသား ၀ါးလက်ခုပ်လေးတော့ တီးတက်သလို မက်ကင်းနစ်သားဆိုတော့ ကား အကြောင်းနည်းနည်းပါးပါးတော့ သိပါတယ်။  တကယ်ပြင်တက်တဲ့ အဆင့်ရှိသလားဆိုတော့လည်း မရှိပါဘူး။  ဂိတ်မှာကားနဲ့ ပတ်သက်လို့ ဆီမမှန်၊ မီးမမှန်၊  စက်သံလေးမှမမှန်ရင် ကိုတင်အေးနည်းနည်းကြည့်ပေးစမ်းပါဦးဆိုရင် သူကကြည့်ပေးတတ် ပါတယ်။  သူပြောတာ မှန်တာရှိသလို မှားတာတွေလည်းရှိသပေါ့။

အဲသလို… တနေ့တော့ တင်အေးတစယောက် တနေကုန်ပျောက်နေပါတယ်။  ဘော်ဒါတွေမေးကြည့် လိုက်တော့ မနက်အ စောကြီးကတည်းက အော်ဒါရသွားဆိုပဲ။  ညနေစောင်းလောက်တော့မှ သူဂိတ်ကိုပြန်ဝင် လာပါတယ်။  သူ့တွေ့တာနဲ့ ဟေ့ ကောင် မင်းဒီနေ့ အော်ဒါကြီးရလာတယ်၊ လက်ဖက်ရည်တိုက်ဆိုတော့ တင်အေးက တဟီးဟီးရယ်ရင်း၊ လာ.. လာ.. မင်း ငါပြောစရာရှိတယ်ဆိုပြီး နှစ်ယောက်သားလမ်းထိပ်က တရုတ်လက်ဖက်ရည် ဆိုင်မှာထိုင်ကြပါတယ်။

ထိုင်လို့မှလက်ဖက်ရည်တောင်မရောက်သေးဘူး 'ဟီး-ဟီး- ဒီနေ့ ငါသောက်ရှက်ကွဲလာတယ်ကွ'ဆိုပြီး မချိုမချဉ်မျက်နှာနဲ့ သူ့ဇာတ်လမ်းကိုစပါတော့တယ်။

မနက်စောစော အော်ဒါရလို့ ဟိုဟိုဒီဒီလိုက်ပို့ရင်း တနေရာရောက်တော့ ပါစင်ဂျာကစောင့်ဗျာ၊ နည်းနည်းကြာမယ် ဆိုလို့ တင်အေးတယောက် ဆေးလိပ်သောက်ရင်း ကက်ဆက်လေးဖွင့်ငြိမ့်နေတုန်း… လမ်းရဲ့တဖက်မှာ အရပ်အခေါ် လိပ်ခုံးကား လို့ ခေါ်တဲ့ ဗောက်စ်ဝက်ဂွန် ကားတစီး ထိုးရပ်နေတာတွေ့ပါသတဲ့။  ကား မောင်းလာတဲ့သူက အမျိုးသမီး၊ အသက်ခပ်ကြီးကြီး ပညာတတ် လူကုံထံ ဖြစ်ဟန်ရှိတဲ့ပုံစံမျိုး စိန်နားကပ် တဖျပ်ဖျပ်နဲ့လို့ ဆိုပါတယ်။  ကားပေါ်တက်လိုက် ဆင်းလိုက်နဲ့ စိတ် အိုက်နေပုံပေါ်တဲ့ အဖွားကြီးကြည့်ပြီး ကားပျက်နေပြီဆိုတာ တင်အေး သဘောပေါက်လိုက်ပါတယ်။ ခုခေတ်လို မိုဘိုင်းဖုန်း တွေဘာတွေ မပေါ်သေးတဲ့ခေတ်ဆိုတော့ အနီးအနားမှာ ဖုန်းဆက်ဖို့ နေရာရှာမတွေ့ရင် အတော် ဒုက္ခရောက်တာကလား၊ အားနေတဲ့ တင်အေးက လမ်းတဖက်ကူးသွားပြီး ကားပျက်လို့လား အန်တီလို့ ၀င် စပ်စုလိုက်တော့ ဟုတ်တယ်လူလေးရေ၊ ကားကမောင်းရင်းထိုး ရပ်သွားလို့ နားလည်ရင် နည်းနည်း ကြည့်ပြုပေးပါ့လားဆိုတော့ တင်အေးကရပါတယ်။  ကျွန်တော်က မက်ကင်းနစ်ပါပေါ့။  အဖွားကြီးမျက်နှာဝင်းထိန်သွားပြီး၊ ပါးစပ်ကလည်း ဘုရားမတာ..ဘုရားမတာ တတွတ်တွက်ရွတ်ဆိုရင်း တင်အေးကိုအားကိုးတကြီး မျှော်လင့်ရှာတာပေါ့။

တင်အေးက ကားရဲ့ စက်ခန်းကိုကြည့်ချင်လို့ ရှေ့သွားပြီး ဘောနပ်ဖုံးကို ဖွင့်မယ်အလုပ် အဖွားကြီးက 'လူလေးရယ်၊ အင်ဂျင် က နောက်မှာပါကွယ်'ဆိုတဲ့ စကားလည်း ကြားရော တင်အေး ခေါင်းမိုးကြိုးပစ်ပြီး ထူပူပြီး 'ဟဲ- ဟဲ-သိပါတယ်၊ သေချာအောင် ရှေ့ရော နောက်ရော စစ်ကြည့်တာပါ'ဆိုပြီး ရှက်ရမ်းရမ်းခဲ့ပါသေးသတဲ့။  ရှေ့ လျှောက်ဒီထက် အရှက်ကွဲဖို့ အကြောင်းများ တာမို့ အန်တီ ကားက ၀ပ်ရှော့ပို့မှ ရမယ်ဆိုပြီး တချိုးတည်းလစ်ခဲ့တဲ့ အကြောင်းပြောပြီး တင်အေး တ၀ါးဝါးရယ်နေပါတော့တယ်။

ခုတလော ရွှေပြည်ကြီးက ၀ါးလုံးနင်းဝါးခြမ်းနင်း နိုင်ငံရေး၊ အမြီးအမောက်မတည့် အုပ်ချုပ်ရေးစနစ် ခပ်ထူထူ ခပ်ပိန်းပိန်း ကိုယ်စားလှယ်တော်များကို မြင်ရတွေ့ရတဲ့အခါ ဗောက်စ်ဝပ်ဂွန်ကားရဲ့ အင်ဂျင်ခန်း ရှေ့မှာရှိမှန်း နောက်မှာရှိမှန်း အသေအ ချာမသိဘဲ ကားပြင်ဖို့ကြိုးစားခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းတင်အေး မျက်နှာကြီး မြင်မြင်ပြီး ပြုံးမိပါသေးတယ်။

သာထက်အောင်
နိုဝင်ဘာ ၂၀၊ ၂၀၁၆
↧
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>