Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

မောင်ရစ် - အမေရိကန်အိပ်မက်တွေရဲ့ ဈာပန လို့ ချောင်စကီးက ပြောလိုက်ပြီ

$
0
0

မောင်ရစ် - အမေရိကန်အိပ်မက်တွေရဲ့ ဈာပန လို့ ချောင်စကီးက ပြောလိုက်ပြီ
(အတွေးအမြင် ၃၀၁၊ သြဂုတ်၊ ၂၀၁၇) မိုးမခ၊ သြဂုတ် ၁၈၊ ၂၀၁၇


Noam Chomsky’s new film “Requiem for the American Dream” ဆိုတဲ့ မှတ်တမ်းရုပ်မြင် ကြည့်ပြီးကြပြီလား။ အမေရိကန်အိပ်မက်များအတွက် ဈာပန လို့ ဘာသာပြန်ရမယ် ထင်တယ်။ ဈာပနဆိုတာထက် အသုဘရှုတယ်၊ အောက်မေ့ဘွယ် အခမ်းအနား ကျင်းပတယ်လို့ ဆိုမယ်။ ဈာပနဆိုတာက အသုဘအခမ်းအနားတခုလုံးကို ဆိုတာ။ အဲသည်မှာမှ အသုဘ မချခင် အောက်မေ့ဘွယ် အခမ်းအနားလုပ်တာ၊ အသုဘရှုတာကို requiem လို့ ပြော ဆိုပဲဗျ။ လူစုလူဝေးနဲ့ ကျင်းပရတာကိုး။ အခု ချောင်စကီး ပြောချင်တာက အမေရိကန်အိပ်မက် ဆိုတာတွေ သေဆုံးသွားပြီ၊ သူတို့တွေကို ဈာပနလိုက်ပို့လိုက်ရပြီလို့ ပြောချင်တာ။

ကဲ… ချောင်စကီးအကြောင်းက စပြောကြပါစို့။ သူ့ကို ကျနော်တို့ ဘယ်သိရမှာတုန်း၊ အနောက်နိုင်ငံက အတွေးအခေါ်သမားတွေကို။ အာရှသားတွေအဖို့က မတ်တို့ လီနင်တို့ အိန်ဂျယ်တို့လောက်တော့ ကြားဖူးနားဝ ရှိတယ်။ သူတို့နောက်ပိုင်း ဘယ်သူမှ သိပ်မသိတော့ဘူးလေ။

ဒါနဲ့ အခုတလောမှာ အမေရိကားမှာ ခေတ်စားလာတဲ့ နိုင်ငံရေးသမားကြီး ဘာနီဆန်ဒါး (Bernie Sanders) ဆိုတာတော့ သိကြမယ် ထင်ပါတယ်။ ၂၀၁၆ အမေရိကန်သမ္မတလောင်း ၀င်ပြိုင်နေတဲ့ လက်ဝဲသန်သူ နိုင်ငံရေးသမားကြီးပါ။ အထက်တန်းကျောင်းသားတွေ၊ ကောလိပ်ကျောင်းသားတွေက လူကြီးတွေ ရှေ့ကကြိုပြီးတော့ ဘာနီဆန်ဒါးရဲ့ တိုးတက်သော အမြင်တွေ အဘိဓမ္မာတွေကို ကြိုက်နှစ်သက်နေကြပါတယ်။ ဘာနီဆန်ဒါးက ၇၄ နှစ် တောင် ရှိနေပြီ။ ခုနက သူပြောတဲ့ ချောင်စကီးက ၈၇ နှစ် ရှိနေပြီ။ ဒီ အိုကြီးအိုမတွေရဲ့ အဘိဓမ္မာတွေကို နောက်ပေါက်ကလေးတွေ မျိုးဆက်သစ်တွေ ကြိုက်နေကြတယ်၊ ခိုက်နေကြတယ်ဆိုတာ စဉ်းစားစရာ ဖြစ်နေပြီ မဟုတ်ပါလား။

ချောင်စကီးတို့ ဘာနီဆန်းဒါးတို့ဟာ ၁၉၆၀ ၁၉၇၀ ခုနှစ်တွေတုန်းက အမေရိကန်၏ civil rights movement (နိုင်ငံသားအခွင့်အရေး ရပိုင်ခွင့် လှုပ်ရှားမှု) တွေကို ဖြတ်သန်းရုန်းကန်ခဲ့ကြသူ ခပ်မိုက်မိုက် တက်ကြွလှုပ်ရှားသူမျိုးဆက်တွေ ဖြစ်ပါတယ်။ ဘာနီဆန်ဒါးကတော့ အမေရိကန်နိုင်ငံရေးသမားဖြစ်လာပြီး ချောင်စကီးကတော့ MIT က တက္ကသိုလ်ဆရာ၊ စာရေးဆရာ၊ စာဟောဆရာ ဖြစ်လာပါတယ်။ သူတို့ ဟောကြ ပြောကြတာကတော့ အရင်းရှင်ကြီးတွေဟာ အရင်းတွေ အများကြီး လက်ကိုင်ထားပြီး လူလတ်တန်းစား၊ အခြေခံလူတန်းစားတွေကို ဖိနှိပ် ချုပ်ကိုင်မှုတွေ ကုတ်သွေးစုတ် အမြတ်ထုတ်မှုတွေ လုပ်နေတယ်။ သူတို့ကို လူထုက ပြန်လည် တွန်းလှန် ပြောင်းလဲ ပစ်ရမယ်။ အရင်းရှင်ကြီးတွေနဲ့ သူတို့လက်ကိုင်တုတ် နိုင်ငံရေးသမားတွေရဲ့ ချယ်လှယ်မှုနောက် လမ်းမှား မရောက်ဖို့ အသိဥာဏ် ပွင့်လင်းမှု ရှိရမယ် တဲ့။

အခု ချောင်စကီးရဲ့ အင်တာဗျုး ရုပ်မြင်မှတ်တမ်းဟာ အဲသည်အချက်ကို လူငယ်တွေ မျိုးဆက်သစ်တွေကို ပိုပြီး ထင်ရှားသိမြင်စေဖို့ တင်ဆက်ထားတာ ဖြစ်ပါတယ်။ အခုချိန်မှာ အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ပွဲတွေ၊ အရင်းရှင်တွေက အရင်းမဲ့တွေအပေါ် နင်းခြေမှုတွေ၊ စီးပွားရေးလုပ်ငန်းကြီးတွေက နိုင်ငံတွေ ပြည်သူတွေအပေါ်ကို သြဇာလွှမ်းမိုးတာတွေ ပြင်းထန်နေတာကြောင့် အဲသည် အဘိုးကြီးတို့တွေရဲ့ အဘိဓမ္မာတွေ ထောက်ပြဝေဖန်မှုတွေကို လူငယ်တွေက အထူးသဖြင့် နားစိုက်ထောင်လာပြီးတော့ ပြုပြင်ပြောင်းလဲရေး တော်လှန်ရေး တို့ကို တောင်းဆိုလာကြပါတယ်။

အမေရိကန်အိပ်မက်ဆိုတာက အမေရိကန်နိုင်ငံသားတွေဟာ အလုပ်နဲ့ အကိုင်နဲ့၊ မိသားစုနဲ့၊ အိုးနဲ့အိမ်နဲ့၊ ကားနဲ့ ၊ ပင်စင်နဲ့၊ စုဆောင်း ငွေကြေးနဲ့ အေးအေးသက်သာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတဲ့ ဘ၀လို့ ဆိုချင်ကြတာကိုး။ လက်တွေ့မှာ အမေရိကန်တွေဟာ အလုပ်မဲ့ အကိုင်မဲ့၊ မိသားစု တကွဲတပြားနဲ့၊ အိုးကြွေး အိမ်ကြွေး ကားကြွေးတွေ တပုံတပင် ပိပြားလျက်၊ မစုမဆောင်း ပင်စင်မဲ့၊ ငွေကြေးမဲ့၊ အပူအပင်တွေ တပုံတပင်နဲ့၊ အာမခံချက်မရှိတဲ့ ဘ၀တွေနဲ့ ဖြစ်နေကြတာက အခု လက်တွေ့ ဖြစ်နေကြပါတယ်။ အမေရိကန်နိုင်ငံရေးသမားတွေက ပြည်သူတွေ လူမှုဘ၀ စီးပွားရေးဘ၀ နိုင်ငံရေးဘ၀ လုံခြုံမှု အာမခံရှိမှု ကာကွယ်မှုတွေ မလုပ်ပေးကြဘဲ အရင်းရှင်ကြီးတွေ စိတ်တိုင်းကျ ချယ်လှယ်ခွင့်ပေးတဲ့ ဥပဒေတွေ စနစ်တွေနဲ့ မျက်စိမှိတ်ထားကြတယ်လို့ ဆိုပါတယ်။

အမေရိကန်မှာ လူဦးရေရဲ့ ၃% သော လူတစုကသာ အရင်းတွေကို ငွေကြေးတွေကို ချုပ်ကိုင်ထားသတဲ့။ တကမ္ဘာလုံးမှာ ဓနဥစ္စာအားလုံးကို ပိုင်ဆိုင်သူတွေဆိုတာ နိုင်ငံတော်တွေ အစိုးရတွေ ဆိုတာထက် ကုမ္မဏီကြီး ၂၅ ခုခန့်သာ ရှိပါတော့သတဲ့။ သည်တော့ အမေရိကန်အိပ်မက်တွေက ပြောသလို လူတကိုယ် အိမ်တလုံး ကားတစီး အလုပ်ကိုယ်စီဆိုတာ စိတ်ကူးယဉ် သက်သက် ၀ါဒမှိုင်းသက်သက်သာ ဖြစ်နေတော့ နောင်အနာဂတ်မှာ လူလုပ်ရမယ့် လူငယ် မျိုးဆက်သစ်တွေဟာ လက်ရှိ စနစ်ကြီး လူကြီးတွေ ပျက်စီးယိုယွင်းမှုကြီးတွေကို လုံးလုံး လက်မခံတော့ဘဲ တော်လှန်ရေးကို တောင်းဆို ပြုပြင်ပြောင်းလဲမှုကို ကြွေးကြော်နေကြတာ ဖြစ်ပါတယ်။ အဲသည်အတွက် ချောင်စကီး ထောက်ပြနေတဲ့ အချက်အလက်တွေ သမိုင်းဖြတ်သန်းမှုတွေကို သူတို့ လူငယ်တွေက နားထောင်ကြတယ်။ နားစွင့်ကြပါတယ်။ အဲသည်အတွက် ဘာနီးဆန်းဒါးလို လူကြီးတဦးရဲ့ ဆိုရှယ်လစ် အိုင်ဒီယာဖြစ်တဲ့ တာဝန်ခံတဲ့ တာဝန်ယူတဲ့ သာတူ ညီမျှတဲ့ လူ့ဘောင်မျိုးကို ထူထောင်နိုင်ဖို့ သူတို့တွေ တက်ကြွလာကြတာ ဖြစ်ပါတယ်။

ချောင်စကီးပြောတာ တခုကတော့ အမေရိကန်ပြည်ထောင်စုက စတင်ထူထောင်ကတည်းက လွဲချော်ခဲ့ပါ သတဲ့။ အမေရိကန်အခြေခံဥပဒေဆိုတာ အရင်းရှင်ကြီးတွေလက်ထဲမှာ အာဏာကို အပ်နှင်းထားခဲ့တာပါ။ အခြေခံဥပဒေက ဒီမိုကရေစီကို ထွန်းကားဖို့ ရေးထားတာ မဟုတ်ပါ။ ဒီမိုကရေစီကို ကန့်သတ်ဖို့ ၊ ဇက်သတ်ဖို့ ရေးထားတာ။ အရင်းတွေ စုတဲ့ဆီမှာသာ အာဏာက စုပြုံပြီး ရှိနေပါတယ်။ နိုင်ငံရေးပါတီတွေဆိုတာကလည်း အရင်းရှင်ကြီးတွေက လိုရာသုံးဖို့ တီထွင်ထားပေးခဲ့တာ တဲ့။ အမေရိကန်သမိုင်းဟာ ၂ ပါတီ တိုက်ပွဲ မဟုတ်ပါဘူး တဲ့။ ဒီမိုကရေစီဘက်တော်သား (လက်ဝဲသန်သူများ) များ၏ အုံကြွတော်လှန်မှုက တဘက်၊ အရင်းရှင်တွေနဲ့ လက်ကိုင်တုတ် နိုင်ငံရေးအုပ်စုတွေ ( ပါတီတွေ အပါအ၀င်) ရဲ့ ဖိနှိပ်ချယ်လှယ် အနိုင်ကျင့်မှုတွေကတဘက် မှတ်တမ်း ဖြစ်ပါတယ်။ ၁၉၃၀ ခုနှစ်တွေမှာ အလုပ်သမားအရေးတော်ပုံ၊ ၁၉၆၀ နောက်ပိုင်းမှာ ငြိမ်းချမ်းရေး၊ နိုင်ငံသားရပိုင်ခွင့်၊ အမျိုးသမီးများအရေး လှုပ်ရှားမှုတွေနဲ့ တိုက်ပွဲတွေ ဆက်ခဲ့ရတာပါ။ အခုလည်းပဲ လိင်ကွဲ လိင်တူ တန်းတူဖို့၊ အလုပ်သမားလစာ တန်းတူဖို့၊ အမေရိကန်တိုင်း သာတူညီမျှခွင့် ရှိဖို့ ဆက်တောင်းဆိုနေရတုန်းပါပဲ။


ချောင်စကီးက ဆက်ပြောပါသေးတယ်။ အရင်းနဲ့ အာဏာဟာ ခေတ်ပေါ်တော်လှန်ရေးလှုပ်ရှားမှုတွေကို ကန့်သတ်ပုံပြောင်းဖို့ အစွမ်းကုန် လက်တုန့်ပြန် တိုက်ခိုက်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲဆိုတာတွေ တီထွင်လိုက်တယ်။ ရွေးကောက်ပွဲကနေ အခွင့်ထူးခံ လွှတ်တော်အမတ်လူတန်းစားကို မွေးပြီးတော့ ပြည်သူနဲ့ ရန်တိုက်ပေးထားတယ်။ နိုင်ငံရေးပါတီတွေဆိုတာကလည်း လူထုကို မှိုင်းတိုက်ပြီး သွေးကွဲအောင် လှည့်စားထားတာပဲ တဲ့။ အရင်းရှင်ကြီးတွေရဲ့ ကုန်သွယ်စီးပွားလုပ်ငန်းတွေကို လူထုကနေ ဥပဒေနဲ့ ချုပ်ကိုင်ဖို့ ကြိုးပမ်းသမျှကို ပြန်လှန် ချေဖျက်ပစ်တယ်။ အမေရိကန်အိပ်မက်ကို လက်တွေ့မဖော်နိုင်အောင် ဖိနှိပ်ကြတယ်။ လူထုကို အာရုံပြောင်းသွားအောင် အားနည်းသွားအောင် လမ်းပျောက်သွားအောင် ကြော်ငြာတွေ စားသုံးသူဝါဒ၊ စားသုံးသူ ဦးစားပေးရေး ယဉ်ကျေးမှုတွေနဲ့ ၀ါဒမှိုင်းဖြန့်တယ်လို့ ချောင်စကီးက ဝေဖန်လိုက်ပါတယ်။

ချောင်စကီးရဲ့ အမေရိကန်အိပ်မက် ဈာပန အကြောင်းဟာ အခုချိန်မှာ ဖတ်လို့ကောင်း စဉ်းစားလို့ ကောင်းတဲ့ အချိန်အခါ အခြေအနေ တောင်းဆိုမှုနဲ့ ကောင်းကောင်းကြီး တိုက်ဆိုင်နေပါတယ် ခင်ဗျ။ လူလတ်တန်းစား ပညာတတ်တွေက သူတို့ကိုယ်သူတို့ လူတတ်ကြီးလုပ်နေချိန်မှာ ဟိုလိုလို ဒီလိုလိုနဲ့ တွေဝေ သံသယလမ်းပျောက်နေချိန်များမှာ လက်ယာစွန်း ဓနရှင် ရီပတ်ဘလစ်ကန်ပါတီနဲ့ သမတကြီး အရင်းရှင် ဒေါ်နယ်ထရန့်တို့ဟာ အရင်းရှင်ကြီးများပီပီ လူထုကို မျက်စိလည် လမ်းမှား အကွဲကွဲအပြားပြားဖြစ်အောင် လူမျိုးရေး ဘာသာရေး စီးပွားရေး နိုင်ငံရေး မှိုင်းအမျိုးမျိုး တိုက်ထားနှင့် ပြီးပါပြီ။ အဲသည်ထဲမှာ လူငယ်တွေ မျိုးဆက်သစ်တွေ ဘာကို ရွေးသလဲ၊ ဘယ် အဘိဓမ္မာ အတွေးအခေါ် အတွေးအမြင်ကို သူတို့ နားစွင့်သလဲဆိုတာဟာ ကျနော်တို့ မျက်မှောက်ပြုရမှာပါ။ မျက်ကွယ်ပြုရမှာ မဟုတ်ပါဘူး။ သူတို့က ဘာနီးဆန်းဒါးကို မျက်နှာမူတယ်၊ သူတို့က ချောင်စကီး ဟောပြောချက်တွေကို နားစွင့်ကြတယ်။ ဆင်ခြင်နေကြပါတယ်။ ဒီမိုကရက်ပါတီက သမတကြီး အိုဘားမားတို့ ဟီလာရီကလင်တန်တို့ကိုယ်တိုင်လည်း မျိုးဆက်သစ်ကို အဖြေရှာမပေးနိုင်လို့ သူတို့ဟာ ရှေးရိုးစွဲ ဒီမိုကရက်တွေသာ ဖြစ်တယ်လို့ သမုတ်ခြင်း ခံလိုက်ရပါပြီလို့ ဆိုထားပါတယ်။


ချောင်စကီးက အမေရိကန်အိပ်မက်တွေကို ဈာပနပို့ဖို့ သံချောင်းခေါက်လိုက်ပါတယ်။ အမေရိကန်တွေကိုယ်တိုင်က ဂိတ်ဆုံးရောက်နေပြီလို့တော့ ပြောမသွားတာ တော်သေးတာပေါ့ ခင်ဗျာ။ အချိန်မီသေးတယ် ထင်ပါရဲ့။ သူတို့စာအုပ်တွေ ဟောပြောချက်တွေနဲ့ တိုက်တိုက်ဆိုင်ဆိုင် အာရှက တရုတ်ကြယ်နီဟာ ဂလိုဘယ်လိုက်ဇေးရှင်းတို့ ၂၁ ရာစု ပိုးလမ်းမကြီးတို့ စတဲ့ ကြွေးကြော် စည်းရုံး လှုံဆော်ပြီး အရှိန်ယူလာနေတာကိုလည်း တွေ့နေရပြီ မဟုတ်ပါလား။



ခင်မောင်စော (ဘာလင်) - မြေနိမ့်ရာလှံစိုက် (ဝါ) ကုလသမဂ္ဂ၏ အနိုင်ကျင့်စော်ကားချက်

$
0
0


ခင်မောင်စော (ဘာလင်) -  မြေနိမ့်ရာလှံစိုက် (ဝါ) ကုလသမဂ္ဂ၏ အနိုင်ကျင့်စော်ကားချက်
(မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၇


မြန်မာပြည်တွင်း၌ "လူ့အသိုင်းအဝိုင်း"တခုက ကောလဟာလ သတင်းများဖြန့်နေကြပါသည်။ ကုလသမဂ္ဂလူအခွင့်အရေးကောင်စီဆုံးဖြတ်ချက်ကို မြန်မာအစိုးရက မလိုက်နာသည့်အတွက် ကုလသမဂ္ဂက မြန်မာနိုင်ငံကိုအရေးယူမည်။ ဒေါ်စုအပါအဝင် အစိုးရ နှင့်တပ်မတော်ထိပ်ပိုင်းမှ ပုဂ္ဂိုလ်များကို ရာဇဝတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး တွင်တရားစွဲတော့မည် စသည်ဖြင့် လျှောက်ပြောနေကြပါသည်။ မည်သည့်"လူ့အသိုင်းအဝိုင်း"ဆို သည်ကိုတော့ နန်းတော်ရှေ့ဆရာတင်၏ သီချင်းစာသားပါအတိုင်း "ပညာရှိကြပါလျှင် အမှန်တွေးယူ"ကြပါတော့။

ကုလသမဂ္ဂလူအခွင့်အရေးကောင်စီဆုံးဖြတ်ချက်ကို မြန်မာအစိုးရက လိုက်နာစရာမလိုပါ။ မလိုက်နာ၍လည်း ကုလသမဂ္ဂလူအခွင့်အရေးကောင်စီက ဘာမှမလုပ်နိုင်ပါ။ ထုံးစံအတိုင်း "Condemn ရှုတ်ချသည်"ဆိုသောစကားကိုသာ အလွန်ဆုံးသုံးနိုင်ပါမည်။ ဒါကိုလည်း ဂရုစိုက်စရာမလိုပါ။ Isreal ကိုဆိုလျင် ကုလသမဂ္ဂလူအခွင့်အရေးကောင်စီက condemn လုပ်ခဲ့သည်မှာအကြိမ် ၇၀ ကျော်နေပါပြီ။ ဘာမှလည်းမဖြစ်ပါ။ Israel ကလည်း ဘာဂရုမှ မစိုက်ပါ။

အမေရိကန်၏ UN ကိုယ်စားလှယ် Nikki Haley က လူ့အခွင့်အရေးကောင်စီတွင် လူ့အခွင့်အရေးကောင်စီသည် တရားမျှတမှု မရှိ၊ Israel ကို အကြိမ် (၇၀) သတိပေးပြီး တကယ်ကျူးလွန်သော ဗင်နီဇွဲလား၊ မူဆလင်နိုင်ငံများစသည်တို့ကိုမူ တခွန်းမျှမဟ၊။ လူ့အခွင့်အရေးကောင်စီကို လူကောင်းသူကောင်းတွေနှင့် ပြန်ဖွဲ့စည်းသင့်ပြီဟု ပြောခဲ့ပါသည်။ UK ၀န်ကြီးချုပ် ထရေဇာမေက လည်း လူ့အခွင့်အရေးဥပဒေတွေကို ပြင်ဆင်ရမည်ပာုပြောကြား ခဲ့ပါသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ဆိုလျှင်တော့ အများအားဖြင့် လိုက်နာလေ့ရှိကြသော်လည်း မလိုက်နာသည့် မြောက်ကိုရီးယား၊ Israel စသော နိုင်ငံများလည်းရှိပါ၏။

ဤကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတင်သည် နှင့် တရုတ်နှင့်ရုရှားတို့က ဗီတိုအာဏာသုံး၍ပယ်ချမည်မှာသေချာသည်။ double veto ဖြစ်မည်မှာသေချာသည်။ အမေရိကန်သမတသစ် Trump ကလည်း "မူဆလင်များအရေး"ကို သိပ်မကြိုက်ပါ။ ထို့ကြောင့် triple veto ပင်ဖြစ်ချင်ဖြစ်သွားနိုင်သည်။

ယန်ဟီလီး မြန်မာပြည်တွင်း ရောက်နေပြန်ပြီ ၊ ပြည်တွင်း၌ ရှိစဉ်၎င်း၊ ပြန်သွားလျှင်၎င်း ဘာတွေ ဖွဦးမည်မသိ။ ယခု ကုလသမဂ္ဂလူအခွင့်အရေးကောင်စီဆုံးဖြတ်ချက် ထွက်ပေါ်လာရသည်မှာလည်း သူ့စနက်ပင်ဖြစ်သည်။ ဆော်ဒီအာရေဗျတွင် မိန်းမများကားမောင်းခွင့်မရှိ၊ အစ္စလမ်ရှာရီယာဥပဒေဆိုပြီး လူကို ခေါင်းဖြတ်သတ်၊ အုတ်ခဲကျောက်ခဲများဖြင့် ပေါက်သတ်၊ ခေတ်နှင့်မဆီလျော်၊ လူမဆန်သောဥပဒေများ ရှိနေသော်လည်း ကုလသမဂ္ဂလူအခွင့်အရေးကောင်စီသည် တခွန်းမျှ မဟရဲပါ။ ငွေများတရားနိုင်ဆိုသလိုဖြစ်နေပါပြီ။ ကုလသမဂ္ဂသည်လည်း အာရပ်သမဂ္ဂဖြစ်သွားပါပြီ။


ဂျာမန် idiom တွင်Pruegelknabe ဆိုသောအသုံးရှိပါသည်။ "လူတကာက ဝိုင်းထိုးဝိုင်းရိုက် အနှိပ်စက်ခံနေရသော လူငယ်ကလေး (ဝါ) ဝိုင်း ဗိုလ်ကျခံနေရသူ"ဟုအဓိပ္ပါယ်ရပါသည်။ စစ်အစိုးရအဆက်ဆက် နာမည်ပျက်ခဲ့၍့ မြန်မာပြည်သည် ခုကဲ့သို့ကုလသမဂ္ဂ နှင့် OIC တို့၏ ဗိုလ်ကျခြင်းခံနေရသော "Pruegelknabe"ဖြစ်နေပါပြီ။


ရခိုင်ပြည်မှ ဘင်ဂါလီများပြဿနာသည် နေ့ချင်းညချင်းဖြေရှင်း၍ရမည့်ကိစ္စမဟုတ်ပါ။ "နိုင်ငံသားပေးသင့်သူကိုပေးပါ"ဆိုသော အကြံပေးချက်သည် တိမ်မယောင်နှင့်နက်သော်လည်း  ကလေးကအစ၊ လူတိုင်းလိုလိုပေးနိုင်သော အကြံဖြစ်ပါသည်။ နိုင်ငံတိုင်း၌ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ စစ်ဆေးမူများရှိပါသည်။ ဂျာမနီ၊ အမေရိကန်၊ စသောနိုင်ငံတိုင်းလောက်၌ ၎င်းနိုင်ငံ၏ တရားဝင်ဘာသာ စာနှင့်စကား၊ အခြေခံသမိုင်း၊ ပထဝီ၊ အုပ်ချုပ်ပုံစနစ်၊ အထွေထွေဗဟုသုတ စသည်တို့ကို စစ်ဆေးပြီး အောင်မြင်မှသာ နိုင်ငံသားအဖြစ်လက်မှတ်ကို ထုတ်ပေးပါသည်။ တကယ်စစ်လိုက်လျှင် ဘင်္ဂလီတသန်းကျော်တွင် မြန်မာနိုင်ငံသားဖြစ်သင့်ဖြစ်ထိုက်သူ တသောင်းပင်ပြည့်မည် မဟုတ်ပါ။ မြန်မာနိုင်ငံသားဖြစ်ခွင့်မရသူ တသန်းကျော်ကိစ္စကို မည်သို့ရှင်းကြပါမည်နည်း။

စကားတူပြော၊ ရုပ်ချင်းတူ၊ ဓလေ့တူ၊ ကိုးကွယ်သည့်ဘာသာတူ ဘင်္ဂလားဒက်ရှ်ကလည်း သူတို့လူမျိုးမဟုတ်ပါဟုပြောင်ငြင်းနေသည်။ ကိုးကွယ်သည့်ဘာသာတူ OIC အဖွဲ့ဝင် ၅၄ နိုင်ငံကလည်းလက်မခံကြ။ ထို"ရိုဟင်ဂျာ"ဆိုသူများသည် မြန်မာပြည်သားသာမက တိုင်းရင်းသားအဆင့်အထိ ရလိုပါ၏။ သို့သော် မြန်မာစကားနှင့်စာမသင်လိုပါ၊ မြန်မာနိုင်ငံတော်အလံကို အလေးမပြုနိုင်ပါဟု လုပ်နေသူများဖြစ်ပါသည်။ ထိုသူများအတွက် "လူ့အခွင့်အရေး"ဆိုပြီး တိုက်ပေးသည့်သည့်သူများသည် မြန်မာပြည်၏အချုပ်အချာအာဏာကို အလေးမထားတာလျင်ဖြစ်တော့သည်။ မြန်မာပြည်ကို အနိုင်ကျင့်လိုသူများသာဖြစ်ပါသည်။


ကုလသမဂ္ဂသည် မြန်မာပြည်တွင် စစ်အစိုးရအဆက်ဆက် အုပ်ချုပ်ခဲ့စဉ်က ဒီမိုကရေစီပေးရန် အသံကောင်းဟစ်ခဲ့သည့်အဖွဲ့ဖြစ်ပါသည်။ မြန်မာပြည်သည်စစ်အစိုးရအဆက်ဆက် လက်အောက်၌ အနှစ် ၅၀ ကျော်နေခဲ့ရပြီး အရပ်သားအစိုးရတက်လာသည်မှာ တနှစ်ကျော်လေးသာရှိသေးသည်။ သို့ရာတွင် ၂၀၀၈ ခုနှစ်ကလုပ်ထားခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အုပ်ချုပ်နေရခြင်းဖြစ်ပါသည်။ ၎င်းဥပဒေအရ နိုင်ငံ၏လုံခြုံရေးကို ထိပါးလာခဲ့သော် "ကာလုံ"အစည်းအဝေးခေါ်ယူပြီး သမတက စစ်ဦးစီးချုပ်ကိုအာဏာကုန်လွှဲခွင့်ရှိသည်၊"ဆိုသည့်အပိုဒ်ပါရှိသည်။ အာဏာသိမ်းရန် မလိုတော့ပဲ စစ်အစိုး ရ တက်လာနိုင်သည်။ ကုလသမဂ္ဂနှင့် OICတို့၏ အနိုင်ကျင့်မှုများသည် မြန်မာပြည်ကို စစ်အုပ်ချုပ်ရေးအောက်သို့ အတင်းတွန်းပို့နေသကဲ့သို့ဖြစ်နေသည်။


မူဆလင်နိုင်ငံချင်းပင် စစ်ဖြစ်ခဲ့သည့်သာဓကများရှိပါသည်။ ဥပမာ အီရန်နှင့်အီရတ်။ ယခုလည်း ဆော်ဒီအာာရေဗျခေါင်းဆောင်သော အာရပ် ၅ နိုင်ငံလောက်နှင့် အခြား အာရပ်နိုင်ငံ "ကာတာ"တို့ ရန်စောင်နေကြပါသည်။ သက်ဆိုင်ရာနိုင်ငံသားများက မိမိတို့၏အမိနိုင်ငံအပေါ်သာ သစ္စာစောင့်ရပေမည်။ ထို့ကြောင့် မြန်မာမူဆလင်များ (အစိုးရ၏တရားဝင်ထုတ်ပြန်ချက်အရ ၄% ။ ကွယ်လွန်သူ ဦးကိုနီ၏ ၂၀၁၅ ကမိန့်ခွန်းအရ ၁၀% ။ မည်သူက မှန်သည်မသိပါ) တို့ကလည်း ဗမာမူဆလင်ကွန်ဂရက် (ဗမက) ၏ ၁၉၅၀ ခုနှစ် ဇန္နဝါရီလ ၄ရက်နေ့က ထုတ်ပြန်ခဲ့သော "ဗမာမူဆလင်များသည် တိုင်းတပါးသား မူဆလင်များနှင့်ဆက်ဆံရာတွင် မူဆလင်ညီအစ်ကိုများသဖွယ်သဘောထားမည်ဖြစ်သော်လည်း၊ ၎င်း တိုင်းတပါးသားမူဆလင်များနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတို့ ပြဿနာပေါ်လာလျှင်မူကား ဗမာမူဆလင်များသည် ပြည်ထောင်စုမြန်မာနိုင်ငံကိုသာ သစ္စာရှိရပေမည်"ဟု ကြေညာခဲ့သည့်အတိုင်းလိုက်နာကြပါ ဟု မေတ္တာရပ်ခံလိုပါသည်။ မြန်မာမူဆလင် ကိုမြအေး ပြောသကဲ့သို့ "မြန်မာမူဆလင်တွေဟာ အမိမြန်မာနိုင်ငံအပေါ်မှာ သစ္စာရှိရမယ် နိုင်ငံခြားသား အစ္စလမ်ဘာသာဝင်တွေဘက် က ရှေ့နေလိုက်စရာ ဝင်ကူစရာ မလိုဘူး"ဆိုသည်ကိုလည်း သတိမူကြပါ။


နိဂုံးချုပ်အနေဖြင့် ကုလသမဂ္ဂနှင့် ယန်ဟီလီးတို့အား သတိပေးလိုသည်မှာ"မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးအောက်သို့ ပြန်မရောက်စေလိုလျှင် ဖိအားမပေးကြပါနှင့်၊ ဗိုလ်မကျကြပါနှင့်။ မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးအောက်သို့ ပြန်ရောက်စေလိုလျှင် ဖိအားပေးကြပါ၊ ဗိုလ်ကျကြပါ"ဟုသာဖြစ်ပါကြောင်း။

ကာတွန်း ညီပုချေ - အရင်တုန်းကလို

$
0
0

ကာတွန်း ညီပုချေ - အရင်တုန်းကလို
(မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၇

မောင်စွမ်းရည် - ကျွန်တော်သိဖူးတဲ့ ဦးလွင်နှစ်ယောက်

$
0
0

မောင်စွမ်းရည် - ကျွန်တော်သိဖူးတဲ့ ဦးလွင်နှစ်ယောက်

(မိုးမခ) သြဂုတ် ၁၊ ၂၀၁၇

ဦးလွင်နှစ်ယောက်ကို ကျွန်တော်သိဖူးပါတယ်။ တစ်ယောက်က ဒီမိုကရေစီ ဦးလွင်ဖြစ်ပါတယ်။ တစ်ခြားတစ်ယောက်က ကွန်မြူနစ် ဦးလွင်ဖြစ်ပါတယ်။ တစ်နည်းပြောရရင် စစ်သားလူထွက် ဦးလွင်နဲ့ သူပုန်လူထွက် ဦးလွင်ပါ။ ဒီမိုကရေစီ ဦးလွင်ကို သူပုန်ဦးလွင်ထက် လူသိများပါလိမ့် မယ်။ ဒီမိုဦးလွင်ကို ကျွန်တော်ဆရာကြီး ကဗျာဆရာကြီး မင်းသုဝဏ်နဲ့ခမည်းခမက်တော်လို့ သိရှိ ခဲ့ရခြင်းပါ။ ဆရာကြီး မင်းသုဝဏ်ရဲ့သားက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လက်ရှိသမ္မတ ကြီး ဦးထင်ကျော်ဖြစ်ပါတယ်။ သမ္မတကြီးကတော် ဒေါ်စုစုလွင်က ဗိုလ်ချုပ်မောင်လွင်(ဦးလွင်)ရဲ့ သမီးဖြစ်ပါတယ်။ ကျွန်တော်တို့ အခြေခံပညာဦးစီးဌာန ကျောင်းသုံးစာအုပ်အဖွဲ့မှာ အင်္ဂလိပ်စာ ကျောင်းသုံးစာအုပ်များပြုစုရေးအတွက် ပါဝင်ဆောင်ရွက်သွားခဲ့သူလည်းဖြစ်ပါတယ်။

ဗိုလ်ချုပ်မောင်လွင်ကို ဗိုလ်ချုပ်တင်ဦးရဲ့ နာမည်နဲ့တွဲပြီး အထူးလေးစားခဲ့ရပါတယ်။ ဗိုလ်ချုပ် ကျော်ဇောကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိနဲ့ဆောင်းပါးတွေမှာ သူတို့ဟာဗမာပြည်ရဲ့ပြည်ပရန်သူဖြစ်တဲ့ တရုတ်ဖြူတွေကို ရွံ့ရွံ့ချွန်ချွန်တွန်းလှန်မောင်းထုတ်ခဲ့တဲ့သူရဲကောင်းတွေ ဖြစ်ပါတယ်။ ရန်ကုန်မြို့ တော်ကို သူပုန်ရန်ကကယ်တင်ခဲ့တဲ့ သူရဲကောင်းတစ်ဦးလည်းဖြစ်ပါတယ်။ ရှစ်လေးလုံးအရေး တော်ပုံကြီးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းတည် ထောင်တော့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဦးချစ်ခိုင်စတဲ့ တပ်မတော်ထိပ်တန်း အရာရှိ အငြိမ်းစားပုဂ္ဂိုလ်ကြီးများဟာ ရှေ့ဆုံးတန်းကဦးဆောင်ပါဝင်ခဲ့ကြပါတယ်။

ဒီမိုကရေစီအရေးမှာ တပ်မတော်ထိပ်တန်းပုဂ္ဂိုလ်ကြီးများ ရှေ့တန်းကဦးဆောင်ပါဝင်ခဲ့ကြ သလို စာပေ၊ ပန်းချီ၊ ဂီတ၊ ရုပ်ရှင်စတဲ့ အနုပညာလောက ကအကျော်အမော်ပုဂ္ဂိုလ်ကြီးများလည်း ရှေ့တန်းက ရင်ဘောင်တန်းပါဝင်ခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းဆဲကာလ မှာ ဗမာပြည်အနယ်နယ်အရပ်ရပ်က နိုင်ငံရေးသမားတွေလည်း နေ့စဉ်၊ ညစဉ် တဖွဲဖွဲလာရောက် စုဝေးနေကြတဲ့အတွက် အဖွဲ့ချုပ်ရုံးမှာကျွေးမနိုင်အောင်စည်းကားနေခဲ့ပါတယ်။ ထမင်းထုပ်တွေက လည်း ထောင်ပုံရာပုံ(တောင်ပုံ-ယာပုံ)ဆိုပါစို့။ ကြုံလို့ပြောရရင် မင်းသိင်္ခနဲ့ကျွန်တော်လည်း ထမင်း လက်ဆုံ စားခဲ့လိုက်ရဖူးပါတယ်။ ကျွန်တော်က သူ့ရဲ့အစောပိုင်းဝတ္ထုတွေကို ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီးဒဂုန်ရွှေမျှား၊ ဆရာကြီး စစ်ကိုင်းဦးဖိုးသင်းတို့ဝတ္ထုတွေက ယူခဲ့တာတွေကို ထောက်ပြခဲ့ဖူး ပါတယ်။ (ဆရာကြီးများကလည်း သူများနိုင်ငံက၀တ္ထုတွေကို ဘာသာပြန်ကြ၊ မှီးခဲ့ကြတွေပါပဲ)။ အဲ သလို မျက်ကြောတင်းခဲ့ကြတဲ့စာသမားနှစ်ဦးဟာ ဒီမိုကရေစီအရေးမှာ အပြုံးချင်းဖလှယ်ပြီး ထမင်း လက်ဆုံစားခဲ့ကြဖူးပါတယ်။ ဇော်ဇော်အောင်နဲ့မောင်စွမ်းရည်တို့လို ရှစ်လေးလုံးမှာ တစင်တည်း ဟောပြောကြပြီး အတူလည်ပင်းဖက်ဆင်းလာခဲ့ပါတယ်။ သူငယ်ချင်းပြန်ဖြစ်သွားပြီး ဘုံရန်သူ စစ်အာဏာရှင်ကို အတူတိုက်ကြစို့လို့ အဓိဌာန်ပြုခဲ့ကြပါတယ်။ ဒါတွေကတော့ ရှစ်လေးလုံးရဲ့ ကျေးဇူးတွေအဖြစ် ဖော်ပြလိုက်တာပါ။

အဖွဲ့ချုပ်ရုံးမှာ ဦးဝင်းတင်၊ ဗိုလ်သော်က၊ ဦးချမ်းအေး၊ မောင်စူးစမ်း၊ ကဗျာဆရာတင်မိုး၊ ပန်းချီ တင်မိုး၊ ဘာသာပြန်ဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူ၊ သတင်းစာဆရာမောင်ဝံ့သ၊ မုံရွာတင်ရွှေ၊ မင်းသားအောင်လွင် စတဲ့စာပေပန်းချီရုပ်ရှင်လောကသားများလည်း နေ့စဉ်လိုဆုံတွေ့ကြပါတယ်။ အမျိုးသမီးတွေထဲမှာတော့ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ရွှေကူမေနှင်း၊ ကြူကြူသင်းစတဲ့ စာရေး ဆရာမတွေလာကြပါတယ်။ (တစ်ချို့ကို ကျွန်တော်မေ့နေပါပြီ)

တစ်နေ့တော့ ဦးဝင်းတင်က ကျွန်တော့ကို “ကိုစွမ်းရည် ခဏ” ဆိုပြီး လူကြားထဲကဆွဲထုတ် ခေါ်ယူသွားခဲ့ပါတယ်။ စားပွဲတစ်ခုမှာ ကလောင်ကိုင်ပြီးအလုပ်ရှုပ်နေရှာတဲ့ ပုဂ္ဂိုလ်တစ်ဦးရှေ့ကို ခေါ်သွားပြီး မိတ်ဆက်ပေးပါတယ်။

“ ကိုစွမ်းရည် ဒါ ဦးလွင် ပါ။ အဖွဲ့ချုပ်မှာ ဘဏ္ဍာရေးတာဝန်ယူထားတဲ့ ဗိုလ်ချုပ်မောင်လွင်ပါ”၊

“ ဦးလွင် ဒါက ကဗျာဆရာ မောင်စွမ်းရည် ပါ။ အမည်ရင်း ဦးဝင်းဖေ တဲ့။ မန္တလေး လူထုကပါ။ အခု ရန်ကုန်မှာပဲ နေပါတယ်” စသည်ဖြင့် မိတ်ဆက်ပေးပါတယ်။ ဦးလွင်က အလုပ်ရှုပ်နေလို့ အားနာတာနဲ့ ကျွန်တော်တို့ စကားများများမပြောဘဲ ပြန်ထွက်လာခဲ့ကြပါတယ်။ ဦးဝင်းတင် က

“ဘယ့်နှယ်လဲ ဘယ်သူနဲ့တူတယ်ထင်သလဲ၊ မောင်စွမ်းရည်နဲ့ တူတယ်ဆိုပြီး ခဏခဏ လူမှားကြတယ်ဗျ” လို့ ပြောပြတော့မှ-

“ဟုတ်လား။ ကျွန်တော်က ဒီပုဂ္ဂိုလ်ကြီးကိုကြည့်ပြီး ခန့်ချောကြီးပဲလို့တွေးနေတာ” လို့ ပြန်နောက်လိုက်ခဲ့ပါသေးတယ်။ သြော်..ရဲဘော်ကြီး ဦးလွင်၊ သူရဲကောင်းကြီး ဦးလွင်။ အသက်တိုခဲ့ရှာတယ်။

သူပုန်ဦးလွင်ကလည်း မူလက ဗမာ့တပ်မတော်ကပဲလို့ ရေးတေးတေးမှတ်မိပါတယ်။ တပ်မ တော်ကနေ သွားတာလား၊ ကွန်မြူနစ်ပါတီကနေ သွားတာလား သေချာမမှတ်မိတော့ပါ။ (သူ့မြေး မိုးမခ မောင်ရစ်သိရင်ပြင်ပေးပါလိမ့်မယ်။ ကြိုတင်ကျေးဇူးတင်လိုက်ပါတယ်)။ သူက ဆိုရှယ်လစ် နိုင်ငံတွေကို သွားရတာပါ။ စာရေးဆရာမင်းလတ်(ရဲခေါင်)လိုပါပဲ။ မင်းလတ်ရဲခေါင်ကတော့ ဘာ သာသိပ္ပံကိုစူးစိုက်လေ့လာသူဖြစ်ခဲ့ပြီး ဦးလွင်ကတော့ စာနယ်ဇင်းပညာကိုစူးစိုက်လေ့လာခဲ့ပါ တယ်။ ဟံသာဝတီဦးဝင်းတင် နိုင်ငံခြား(နယ်သာလန်)မှာ သင်ယူခဲ့ရပုံနဲ့ အတူတူပဲဖြစ်မယ်ထင်ပါ တယ်။ ရုရှားနဲ့တရုတ်သဘောကွဲလွဲကြတော့ ဗမာပြည်ကွန်မြူနစ်ပါတီက တရုတ်ဘက်ပါခဲ့ပါ တယ်။ ဒါ့ကြောင့် ဥရောပရောက်ဗမာပြည်ကွန်မြူနစ်များလည်း တရုတ်ပြည်ကိုကူးပြောင်းခဲ့ကြရပါ တယ်။

ဗမာပြည်ကွန်မြူနစ်တွေက တောခိုကွန်မြူနစ်တွေမဟုတ်လား။ ဥရောပနိုင်ငံတွေက “မြို့ခိုကွန်မြူနစ်” တွေနဲ့ အနေအစားမတူနိုင်ကြဘူးပေါ့။ တွေးခေါ်ယူဆပုံတွေမှာလည်း မတူနိုင်ကြ ဘူး။ မင်းလတ်ရဲခေါင်လည်း နေလို့မရလို့ ဗမာပြည်ဘက်ကိုပြန်လာရင်း လမ်းများကဖြစ်ကညစ်နဲ့ အသေဆိုးသေခဲ့ရရှာပါတယ်။ ဦးလွင်ကတော့ လူငယ်အဖော်တွေ ၄-၅ယောက်ပါလာခဲ့ပါတယ်။ မအိတို့၊ သန်းစိုးနိုင်တို့ ပါလာခဲ့ကြာတမှတ်မိပါတယ်။ သန်းစိုးနိုင်က မကြာခင် အဖိုးမှိုင်းရဲ့ မြစ် သမက်ဖြစ်လာခဲ့ပါတယ်။

ဦးလွင်က ပန်းချီဝါသနာပါသတဲ့။ လူပျိုကြီး တစ်ကိုယ်တည်းနေတဲ့အခန်းထဲမှာ သူ့ပန်းချီကား တွေချိတ်ဆွဲထားပြီး အရိပ်တကြည့်ကြည့်နေတတ်သတဲ့။ တစ်ခါတစ်လေလည်း အခန်းထဲမှာ ပန်း ချီဆွဲလေ့ရှိတယ်။ အဲသလို အနုပညာမွေ့လျော်ပြီး သပ်သပ်ရပ်ရပ်ဝတ်စားနေထိုင်တာကို တောခို ကွန်မြူနစ်တစ်ချို့က ဓနရှင်ပေါက်စလူတန်းစား၊ ဘူဇွာဆန်တယ်လို့ ယူဆခဲ့ကြသတဲ့။ တစ်ချို့က စုတ်စုတ်ပြတ်ပြတ်နေမှ ပစ္စည်းမဲ့ဆန်တယ်ဆိုပြီး တမင်စုတ်စုတ်ပြတ်ပြတ် နေတတ်ကြသတဲ့။ ဦးလွင် အနုအလှကို ဥက္ကဋ္ဌကြီးသခင်သန်းထွန်းလည်းကြိုက်တာပဲ။ ကွန်မြူနစ်ဆိုတာ အလှအပ ကြိုက်ရတယ်လို့ ပြန်ပြောလေ့ရှိသတဲ့။ ကျွန်တော်တို့ မောင်သာနိုးဟာ အိပ်ယာခမ်းနား၊ အ၀တ်အစား သပ်သပ်ရပ်ရပ်နေတတ်တယ်။ မီးပူတိုက် ကြွေတင်အကျီင်္၊ လုံခြည်ကို ၀တ်လေ့ရှိ တယ်။ ဒါ့ကြောင့် တစ်ချို့သူ့ရဲဘော်တွေက “ ဗိုလ်နိုးက ဘူဇွာဆန်တယ်။ တယ်ပြီး အလှအပ၊ အသန့်အပြန့် ကြိုက်တာကိုး” လို့ မကြာခဏဝေဖန်ခံခဲ့ရဖူးတယ်။ “ကွန်မြူနစ်လဲ ဆိုသေးရဲ” လို့ တစ်ချို့နောက်ဆက်တွဲ မှတ်ချက်ထည့်လိုက်ပါသေးတယ်။ ကိုသားနိုးက “ ကျုပ်က အကောင်း ကြိုက်လို့ ကွန်မြူနစ်ဖြစ်တာ” “ ကျုပ် ကွန်မြူနစ်မို့ အလှကြိုက်တာ” စသဖြင့် ဖြေတတ်ပါတယ်။ တစ်ချို့က ကွန်မြူနစ်ဂိုက်ဖမ်းတယ်ဆိုပြီး ခုံဖိနပ်နဲ့ ဖျင်ကြမ်းလုံခြည်၊ အကျီင်္နဲ့ မဖွတ်မလျှော်နေလေ့ ရှိတယ်။ “ပစ္စည်းမဲ့” ဆိုတာကို “စုတ်စုတ်ပြတ်ပြတ်” လို့ အဓိပ္ပါယ်ကောက်ကြလို့ ဖြစ်ရတာပါ။ ကွန် မြူနစ်က ကွန်မြူနစ်ကိုအထင်သေးတဲ့သဘောပါပဲ။ ဒီလိုလူမျိုးတွေဟာ “ အကောင်း၊ အလှ” နဲ့ ကြုံရင် ကွန်မြူနစ်လူထွက်ဖြစ်သွားတော့တာပါပဲ။

ဦးလွင်က ကျန်းမာရေးလည်းသိပ်မကောင်းလို့ အနားယူဆေးကုဖို့လိုအပ်နေပါတယ်။ ဒါ့ကြောင့် ဗမာပြည်ရှိသူ့ရဲ့အစ်မအရင်းရှိရာကို ပြန်လာခဲ့ပါတယ်။ အစ်မအရင်းက ဒေါ်ခင်မျိုးချစ် ပါ။ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်ပါ။ သူတို့က ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုး တို့နဲ့ အတူနေခဲ့ကြလို့ မူလကကွန်မြူနစ်နဲ့နီးစပ်ခဲ့ဖူးပေမယ့် ဦးလွင် ပြန်လာချိန်မှာတော့ “ ဒီမို” တွေဖြစ်နေကြပါပြီ။ ဦးလွင်ရဲ့ အမည်ရင်းက ဦးသိန်းအောင်တဲ့။ ဦးလွင်ဆိုတာ ကွန်မြူနစ်ပါတီ တွင်း နာမည်ပါ။ ကျွန်တော်တို့က ဒေါ်ခင်မျိုးချစ်မှာ မောင်ငယ်တစ်ယောက်ရှိတယ်ဆိုတာကို လုံးဝမသိဖူးပါ။

ကျွန်တော့်အိမ်နဲ့ ဒေါ်ခင်မျိုးချစ်တို့အိမ်နဲ့ နီးပါတယ်။ မကြာမီ လူတစ်ယောက ကျွန်တော့် အိမ်ရှေ့ရောက်လာပါတယ်။ ကွန်မြူနစ် ယူနီဖောင်းနဲ့ပဲတူပါရဲ့။ ကာကီစိမ်းဝတ်စုံနဲ့၊ တရုတ်ကွန်မြူ နစ်တွေစောင်းလေ့ရှိတဲ့ လျှာထိုးဦးထုပ်နဲ့။ ဦးထုပ်မှာ ကြယ်နီ နဲ့ပါ။ ပိန်ပိန်ရှည်ရှည် ဒေါ်ခင်မျိုးချစ် တို့ပုံစံပါပဲ။ ကျွန်တော် အိမ်ကထွက်တွေ့တော့ သူ့ကိုယ်သူမိတ်ဆက်ပါတယ်။ “မောင်လွင်” တဲ့။ မြင်းခြံက ကျွန်တော့်ညီ၊ ကျွန်တော့တူ၊ ကျွန်တော့အပေါင်းအသင်းတွေနဲ့ တရုတ်ပြည်မှာတွေ့ဆုံ ခဲ့ ကြဖူးတယ်လို့ ပြောပြပါတယ်။ ရောက်လျှင် ရောက်ချင်း တမ်းကတဲ့ပုံစံပါပဲ။ စာသမား၊ ပန်းချီသမား ဆိုတော့ ကျွန်တော်နဲ့ချက်ချင်းခင်မင်သွားကြပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးစကား မပြောကြပါ။ စာကြောင်း၊ ပေအကြောင်း၊ ပန်းချီအကြောင်းတွေပဲ ပြောကြပါတယ်။ သူ့အစ်မဖို့ လက်ဆောင်ယူလာတဲ့ သူ့ပန်းချီကား တစ်ကား၊ နှစ်ကားကိုလည်း ပြပါတယ်။ သူရေးတဲ့ မြန်မာစာ စာတမ်းတစ်ခုကိုလည်း ပြပါတယ်။ မိုးမခမောင်ရစ်တို့က စာအုပ်ထုတ်ဖို့ကောင်းပါတယ်။ မိုးမခ မှာ တင်ပြရင်လည်း အများဖတ်ရတာပေါ့။

ကျွန်တော်တို့ ချက်ချင်းရင်းနှီးခင်မင်သွားကြတယ်။ ဒေါ်ခင်မျိုးချစ်တို့အိမ်ကိုလည်း အသွားစိတ် သွားခဲ့ပါတယ်။ ဒေါ်ခင်မျိုးချစ်က ကျွန်တော်သွားရင် “ ဟဲ့ကောင် … နင် ငါ့ဆီလာတာလား။ နင့် အဖေဆီ လာတာလား။ ငါ့ဆီလာတာမဟုတ်ရင် အပေါ်မတက်ခဲ့နဲ့။ အောက်မှာပဲ နင့် အဖေနဲ့ စကားပြောချေကြ” လို့ မောင်းချလေ့ရှိပါတယ်။ ကျွန်တော်တို့လည်း ခြံထဲကသစ်ပင်တွေကြားထဲ မှာ ခုံလေးများနဲ့ထိုင်ပြီး စကားပြောကြပါတယ်။ ဦးလွင်မှာ ကျွန်တောကလွဲပြီး ဧည့်သည်မရှိပါ။ ဆရာတက်တိုးဆီသွားချင်တယ်ဆိုလို့ လိုက်ပို့ရဖူးပါတယ်။ ပန်းသီးတွေ ထင်ပါရဲ့။ ၀ယ်ပြီး အိတ်နဲ့ ထည့်လာခဲ့ပါတယ်။

ဆရာတက်တိုးဆီရောက်သွားတော့ အံ့ကြရပါတယ်။ ဆရာတက်တိုးက “ ဟဲ့ မောင်သိန်း အောင်လား” လို့ ငယ်နာမည်ခေါ်ပြီး ဦးလွင်ကိုဆီးနှုတ်ဆက်ပါတယ်။ ဦးလွင်နဲ့ကျွန်တော်က သစ်သီးတွေ ဆရာ့ရှေ့ချပြီး ကန်တော့ကြပါတယ်။ ဆရာက ဆုပေးပြီး “ ကွန်မြူနစ်လူငယ်တွေထဲ မှာတော့ ဒီကောင် အတော်ဆုံး” ကွလို့ ကျွန်တော့်ကိုပြောလို့ “ဓနရှင်လူကြီးတွေမှာလည်း ဒီဆရာ အတော်ဆုံး” လို့ ကျွန်တော်က ပြန်ပြောလို့ အားလုံး ရယ်ကြ၊ မောကြရပါတယ်။ ကျွန်တော်က ကွန်မြူနစ် မဖြစ်ဖူးပေမယ့် ကွန်မြူနစ်သဘောတရားတွေနဲ့ စာပေဝေဖန်ခဲ့လို့ ကွန်မြူနစ်အခေါ်ခံခဲ့ ရပါတယ်။

မကြာခင် ဦးလွင် ဆေးရုံတက်ရပါတယ်။ အစကတည်းက ကျန်းမာရေး မကောင်းရှာလို့ပါ။ တစ်နေ့တော့ မောင်ငယ်ရဲ့ လက်ကလေးကိုကိုင်ပြီး အစ်မကြီးက ဘုရားစာတွေရွတ်တော့ မောင်ငယ်က သူ့လက်ကို ဆတ်ခနဲရုတ်ပြီးငြင်းဆန်လို့ မောင်နှမနှစ်ယောက် ရန်ဖြစ်ကြသတဲ့။ ဆွေမျိုးထက် ကွန်မြူနစ်ကို ချစ်တယ်တဲ့။ ခု သေခါနီးမှ ငါ့ကို ဒုက္ခလာပေးတယ်လို့လည်း ဆိုသတဲ့။ ဆေးရုံကဆင်းလာပြီးတော့ ဦးလွင်က အိမ်မှာသိပ်မကပ်တော့ဘူး။ ဦးခင်မောင်လတ်ရဲ့ တူ (ရဲအရာရှိ ဦးဘသော်ရဲ့သား) ခင်မောင်စီ(ခင်မောင်ရီရဲ့ညီ)အိမ်မှာ သွားနေလေ့ရှိပါတယ်။ အနောက်နားမှာ သိပ်မဝေးပါဘူး။ တစ်ခါတစ်လေ ဦးခင်မောင်လတ်က ထမင်းပို့ပေးပါတယ်။ ကြက်ပေါင်း လာပို့တာပါ။ တစ်ခါတစ်လေ ကွန်မြူနစ်ဟောင်း ဦးကြီးမြင့်ဆိုသူကလည်း စားစရာ အထုပ်ကလေးနဲ့ လူမမာလာမေးသလိုလာလေ့ရှိလို့မိတ်ဆွေဖြစ်ခဲ့ရဖူးပါတယ်။ ဗိုလ်ချုပ်ကျော်ဇော ရဲ့ ပဲခူးတပ်ရင်းအိမ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့သခင်စိုးတို့ ဖက်ဆစ်တော်လှန်ရေးကိစ္စ ဆွေးနွေးရ အောင်စီစဉ်ပေးဖို့ သခင်သန်းထွန်းကတာဝန်ပေးခဲ့တဲ့ရဲဘော်ကြီးလို့ စာတွေထဲမှာဖတ်ရဖူးပါတယ်။

တစ်နေ့တော့ ကျွန်တော်စာပေဟောပြောပွဲခရီးတွေက ပြန်အလာမှာ အိမ်နီးချင်း ရွှေကူမေနှင်း က ဦးသိန်းအောင် ဆုံးပြီ။ ခုပဲ ဆရာ့အိမ်ရှေ့က ကြံတောကိုသွားပြီး သဂြိဟ်ခဲ့ကြတယ်။ ကျွန်မ ခုပဲ ပြန်လာခဲ့တယ်။ လိုက်သွား…..လိုက်သွား…….. အလောတကြီးပြောတာနဲ့ ကျွန်တော်လည်း ချက်ချင်းလိုက်သွားခဲ့ပါတယ်။ အဲဒီမှာ ဦးလွင်ရဲကတူ ဒေါက်တာခင်မောင်ဝင်းနဲ့ ဇနီးရွှေရီဝင်းတို့ နှစ်ယောက်ပဲ မီးသင်္ဂြိုဟ် တဲ့နေရာကထွက်လာကြတာတွေ့ရပါတယ်။ ဒါနဲ့ ကျွန်တော်လည်း တစ်ယောက်တည်းသွားပြီး ဂါရ၀ပြုလိုက်ရပါတယ်။ လက်အုပ်ချီရင် သူက ကြိုက်မယ်မထင်ဘူး။ ဒါနဲ့ လက်သီး ဆုပ်ပြီး ကိုယ့်နဖူးအနီးမြှောက်ပြီး အလေးနီ ပြုခဲ့လိုက်ပါတယ်။ ရဲဘော်ကြီး ဦးလွင် ရောက်ရာဘ၀မှာ (နောင်ဘ၀ကို သူမယုံတောင်၊ ကျွန်တော်က ယုံလို့) သူ ဒီဘ၀ဖြစ်ချင်ရှာတဲ့ ပန်းချီဆရာ၊ စာရေးဆရာဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းလိုက်ပါတယ်။

မောင်စွမ်းရည် (၂၀၁၇ ၊ သြဂုတ် ၂)

ကာတွန်း ညီပုချေ - ကြောင် ကြောင် ကျား ကျား

$
0
0

ကာတွန်း ညီပုချေ - ကြောင် ကြောင် ကျား ကျား
(မိုးမခ) သြဂုတ် ၁၉၊ ၂၀၁၇

အောင်ဝေး - ကာ န ယ် နဲ့  ပ န်း ချီ ဆ ရာ

$
0
0

အောင်ဝေး - ကာ န ယ် နဲ့  ပ န်း ချီ ဆ ရာ 
(မိုးမခ) သြဂုတ် ၁၉၊ ၂၀၁၇

"ကာနယ်က
ငါ့ ဆရာကွ"
ဈာပနယာဉ်တန်း
ကမ္ဘာအေးလမ်းမှာ
သူ လွမ်းပြော ပြောတယ်။
လောကနတ်
ကာနယ်ကြည်မောင်
ဓမ္မိကဘသန်း
ပန်းဆိုးတန်း
လွမ်းမိုးသန်းစရာ
အတိတ်မှာ။
ကာနယ့်ဆီက
ဂီတရဲ့ပန်းချီ
ဒါမှမဟုတ်
ပန်းချီရဲ့ဂီတ
သူရခဲ့မယ်။
အဖမ်းအဆီး
အချုပ်အနှောင်
အမှောင်လက်သည်းဝှက်
ထောက်လှမ်းရေးနဲ့
သတင်းပေး
ငရဲခွေးတွေ စောင့်ကြည့်နေတဲ့ကြား
ဈာပနကားတစ်စီးပေါ်မှာ
သူ
ကာနယ့်ကို နောက်ဆုံးဂုဏ်ပြုဖို့
လိုက်ပါလာရဲ့။
ဒါကြောင့်လည်း
ခင်ဝမ်းက
ခင်ဗျားကို ချစ်ခဲ့တာနေမှာ
အို ... မောင်ဒီ။ ။
ေ အ ာ င္ ေ ၀ း
(၂၀၀၄၊ သြဂုတ် ၁၉ နေ့က ကွယ်လွန်ခဲ့သော အန်ကယ်ဦးကြည်မောင်သို့)

တိုးနှောင်မိုး ● ဒီဘက်​​ခေတ်

$
0
0

တိုးနှောင်မိုး ● ဒီဘက်​​ခေတ်
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၇

အမှန်​တရားတခုကို တခုထက်​ပိုပြီး​ရွှေးချယ်​ဖို့
ပန်းချီကား​ဆေး​ရောင်​ချယ်​သ သလို
စိတ်​ကူးရှိတဲ့အတိုင်း စိတ်​ကူးနိုင်​ဖို့
ဒီဘက်​​ခေတ်​မှာ​ သေနတ်​မလိုဘူး။

ဦး​နှောက်​လိုတယ်
စက်​ယန္တယားသည်​ လူသားမဟုတ်
ငါးတူ ဖားတူ လိုတယ်​။

ညငှက်​​တွေ ညီကို မသိ တသိ ပျံသန်း
အသံထွက်​ပျံသန်းဖို့အထိ
ကြောင်​မည်းကြီးလည်း ငါး​ကြော်​ကြိုက်​တယ်
ဆိုဒီယမ်​ ကယ်​လ်​ဆီယမ်​ ဟိုက်​ဟီလစ်​ဘယ်​ဘိုလို
အလန်းမ်း​ပေးမရတဲ့ ရုပ်​ရှင်​​တွေ​ငေးကြည့်
အလွတ်​ကျက်​ထားတဲ့ဆာ​လောင်​မှုက အငတ်​​ပြေမယ်​ထင်​လို့လား
အ​ရှေ့တိုင်းဆန်​တဲ့ ဥ​ရောပဓ​လေ့​တွေ
စစ်​မက်​ကိုစစ်​ပွဲ​တွေနဲ့ ကိုင်းကူးမျိုးပွားတဲ့​ခေတ်
ကတ္တီပါကားလိတ်​​နောက်​ကွယ်​က
လက်​မည်းကြီး​တွေ​ နေရာအနှံကြီးစိုး​နေတဲ့​ခေတ်​။

လိင်​စိတ်​ကြွ​ဆေး သံပုရာသီး​ရှောက်​သီးနဲ့ကျည်​ဆံ
ကံကံ၏အကျိုး အိုင်းစတိုင်းနဲ့ နယူတန်​​ပေါင်းနှုတ်​​မြှောက်​စား
က​လေးနို့ဘူးထဲ ကြိယာဝိ​သေသန​တွေများ​နေတဲ့​ခေတ်​။

အရစ်​ကျ​ချေး​ငွေ ကမ္ဘာ့ကုန်​သွယ်​​ရေးဗဟို
လွတ်​လပ်​​ရေးကို ဝယ်​လိုအားထက်​​ ရောင်းလိုအားမြှင့်
နယ်​စည်းမခြားလင်းအ​မှောင်​​တွေ
တရားဝင်​​လျှော်​ဖွတ်​လို့ရတဲ့​ခေတ်​။

ပျား​တွေ​ စွေ့​စွေ့ခုန်​​အောင်
အသံ​နေအသံထားနဲ့ပြဇတ်​မင်းသားလို​ ဒေါ်နယ်​ထရန့်​ မဲနိုင်​တဲ့​ခေတ်​။
ဆို​ရေးရှိအပ်​ ဆို​ရေးလှ​စေဆိုတဲ့အတိုင်း
ဘယ်​​တော့မှမယုံရ
မျက်​လှည့်​နဲ့ ပညာ​ရေးနဲ့ အစိုးရနဲ့ ၂၀၀၈ နဲ့
ချွေးတလုံးလုံးအဓိပ္ပါယ်​​တွေ ​ဇောက်​ထိုးမိုး​မျှော်
တာ့​ရော့ကဒ်​လို ရှင်​သန်​ရာလမ်းများ အတိအကျ
ဆား​တွေငံလာတာလည်း ​ရေးကြီးခွင်​ကျယ်
ဖား​တွေ ဖားရင်း တုံး​အောက်​​ရောက်​သွားတာနဲ့ မဆိုင်​ဘူး။

အ​နေအထားအရ က​လေးငိုသံကစ
သတိထား​နေရပြီး
အမျိုးသား​ရေးနဲ့ နိုင်​ငံ​ရေး ​လေ ဝမ်း မကွဲတဲ့​ခေတ်​။

သေနတ်​နဲ့ အပြာကားနဲ့ ဖုန်းနဲ့ဆက်​သွယ်​​ရေးနဲ့
ကီးလွဲ​နေတဲ့ဇိမ်​နဲ့ Live ကြည့်​​နေတဲ့ လူသတ်​ပွဲ
ဘောလုံးပွဲ​လောင်းသလို
နွားပွဲ​တွေကြက်​ခွပ်​သလို ကြက်​ခွပ်​ပြီး စစ်​ပွဲ စီးကရက်​မီး
မ​သေ​သေးတဲ့အဖြစ်​။

ဒီဘက်​​ခေတ်​က
ထင်​တိုင်းမဖြစ်​​သေးတဲ့ ရာသီဥတုအ​ခြေအ​နေ
ဒေးကာနယ်​ဂျီ​ ဈေးထွက်​​ရောင်း​နေရသလိုအဖြစ်​များ
ဆန္ဒမပါပဲ အလိုမတူပဲ မှတ်​ပုံတင်​လုပ်​သွားတဲ့​ခေတ်
အချိုမှုန့်ပိုစားလာတယ်​။

ဆေးခန်းမှာ တရားရုံးမှာ သင်္ချိုင်းကုန်းမှာ
လူစည်​ကား​နေသလို
အ​ဝေး​ပြေးကား​တွေ လမ်း​ပျောက်​​နေတဲ့​ခေတ်
တစ်​နဲ့တစ်​ဆယ်​ကြား အရိပ်​​တွေကြမ်း​နေတဲ့​ခေတ်​။

တကယ်​​တော့ပျားရည်​ဟာ
ခြေ​ထောက်​ကျိုးနေတဲ့​ခေတ်​ပျား​ခြေရာကို ပျားတိုင်းသိသလို
ပန်း​တွေပန်းထွက်​​နေ​အောင်​ပွင့်​တဲ့ပန်းခင်း
က​လေးသူငယ်​များမိဘမဲ့
မိဘများငိုပွဲဝင်
မမြင်​ကွယ်​ရာက​ ခေါင်​​ဖောက်​ထွက်
သစ်​ရွက်​ဟာ ကြယ်​လို ​ကြွေချင်​လို့မရဘူး
စိတ်​​ကောက်​​နေတဲ့ချစ်​​မေတ္တာ
အိမ်​မပြန်​​တော့တဲ့ကြင်​နာခြင်း
အလင်းကို အ​မှောင်​ဖမ်းသလို
မုန်​လာဥ​တွေ
မုန်​လာဥ​တွေ
မုန်​လာဥ​တွေ
ဒီဘက်​​ခေတ်​ မုန်​လာဥ​တွေများလာတဲ့​ခေတ်
ဒီဘက်​​ခေတ်​ဟာ ဒီဘက်​​ခေတ်​ကို ထိုင်​​ငေးကြည့်​​နေတယ်
ဒီဘက်​​ခေတ်​ကလည်း ဒီဘက်​​ခေတ်​ကို ပြန်​​ငေးကြည့်​​နေတယ်
ဒီဘက်​​ခေတ်​ထဲမှာ။      ။

တိုး​နှောင်​မိုး
၁၃၊ ၂၊ ၂၀၁၇

ကာတွန်း ATH ● ထင်လို့လား ...

$
0
0
 ကာတွန်း ATH ● ထင်လို့လား ...
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၇

ထွန်းဝင်းငြိမ်း ● ၂၁ ပင်လုံ ငြိမ်းချမ်းရေးညီလာခံက ဖွဲ့စည်းပုံကို ပြင်နိုင်မလား

$
0
0
ထွန်းဝင်းငြိမ်း ● ၂၁ ပင်လုံ ငြိမ်းချမ်းရေးညီလာခံက ဖွဲ့စည်းပုံကို ပြင်နိုင်မလား
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၇

● လွတ်လပ်ရေးနဲ့ ပြည်တွင်းစစ်
ကျနော်တို့နိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကထဲက လူထုအုံကြွမှုတွေနဲ့ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရတယ်။။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်၊ နောက် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်ပြီးချိန်ကစပြီး တပ်မတော်ဟာ တိုင်းပြည်ရဲ့နိုင်ငံရေး၊ စီးပွား ရေး ၊ အုပ်ချုပ်ရေးတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်။ စစ်အုပ်စု ထိပ်သီးတစုက မဆလ တစ်ပါတီ စစ်အာဏာရှင်စနစ်ကျင့်သုံးခဲ့တယ်။ ဒါကြောင့် မို့လည်း စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ အခြေခံလူတန်းစားတွေရဲ့ သပိတ်တိုက်ပွဲတွေ အသီးသီး ပေါ်ပေါက်လာခဲ့ရတယ်။ အစိုးရအဆက်ဆက်ဟာ ၁၉၄၇ ပင်လုံစာချုပ်ပါ စိတ်ဓါတ်နဲ့ ကတိက၀တ်တွေ ပျက်ကွက်ခဲ့တာကြောင့် တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တော်လှန် ရေးတွေ ပေါ်ပေါက်ခဲ့တယ်။ အဲဒီလိုနိုင်ငံရေးအခြေအနေတွေကြောင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုတွေ၊ သပိတ်တိုက်ပွဲတွေနဲ့ တိုင်းရင်းသားတွေရဲ့ ခုခံတော်လှန်စစ်ပွဲတွေဟာ ဒီနေ့ထိ ပြင်းပြင်းထန်ထန်ရှိနေတာ အထင် အရှားပါ ပဲ။

● တပ်မတော်အတွက် အခွင့်အခါကောင်း
စစ်အာဏာရှင်စနစ်ကိုပြောင်းလဲလိုတဲ့ လူမျိုးပေါင်းစုံပြည်သူထုကြီးဟာ ၂၀၁၅ အထွေထွေရွေကောက်ပွဲမှာ ပြောင်းလဲချိန် တန်ပြီဆိုတဲ့ ကြွေးကြော်သံကို ကိုင်စွဲခဲ့တဲ့ အန်အယ်ဒီကို ဆန္ဒမဲပုံအောပေးခဲ့ကြတယ်။ တကယ်တော့ ပြည်သူလူထုဟာ ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာကို တပ်မတော်အနေနဲ့ မျက်ဝါးထင်ထင် တွေ့မြင်ရတာလည်းဖြစ်တယ်။ တပ်မ တော်အနေနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ လူထုဆန္ဒကို လေးလေးစားစား အကောင်အထည်ဖေါ်ပေးပြီး အင်အယ်ဒီအစိုးရကို ၀ိုင်းဝန်းကူညီပံ့ပိုးမှု ပြုရမှာပါ။ အဲဒီလိုလုပ်ရပ်တွေနဲ့ လက်ရှိတပ်မတော်ရဲ့ စွန်းထင်းနေတဲ့ အတိတ်ပုံရိပ်တွေကို ကုစားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း တပ်ရဲ့ဂုဏ်သိက္ခာကို တိုးမြှင့်နိင်မှာဖြစ်ပါတယ်။ ဒီလို အခွင့်အခါ ကောင်းကို တပ်မတော်အနေနဲ့ လက်တွေ့အမိအရ ရယူစေချင်ပါတယ်။

● ဆရာကြီးမှိုင်းရဲ့ ငြိမ်းချမ်းရေးမူ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတော့ ပြည်တွင်းစစ်ကို ဖြေရှင်းရာမှာ တဘက်နဲ့တဘက် ရန်သူတွေလို သဘောမထား ကြဘဲ မိတ်ဖက် ပဋိပက္ခအဖြစ်ခံယူကာ တန်းတူရေး၊ တရားမျှတမှု၊ အပြန်အလှန်လေးစားမှု၊ လွတ်လပ်ပွင့်လင်းမှုနဲ့ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးရေးတွေကိုအခြေခံတဲ့ သူမနာ ကိုယ်မနာနည်းနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာကြပြီး ပြည်သူ လူထုဆန္ဒနဲ့အညီ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ ဆရာကြီးအနေနဲ့ တဖက်နဲ့တဖက် အမြစ်ပြတ် ချေမှုန်းရေး၊ တဖက်သတ် ဖိအားပေးပြီး ခြိမ်းခြောက် အကြပ်ကိုင်ကာ လက်နက်ချအလင်းဝင်ရေး စတာတွေကို အားမပေးပါ ဘူး။ ဆရာကြီးရဲ့ ငြိမ်းချမ်းရေးနည်းနာ မှာ ပြည်တွင်း စစ်ရပ်စဲရေးနဲ့ ပြည်တွင်း ငြိမ်း ချမ်းရေးဆိုပြီး ၂ ပိုင်းခွဲပြောပါတယ်။ ပြည်တွင်းစစ်အရင်ရပ်စဲပြီးတော့မှ ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့ ဖြစ်ပါတယ်။ အဲဒီနည်းနာဟာ ဒီနေ့အထိ တိုင်းပြည်အတွက် လက်တွေ့ကျတဲ့ အသုံးဝင်နေဆဲလုပ်ဟန်အဖြစ် စစ်စစ်မှန်မှန် အကောင်အထည်ဖေါ်ကျင့်သုံးဖို့ လိုအပ် နေဆဲ ဖြစ်ပါတယ်။

● ပြောင်းလဲချိန်တန်ပြီ
ပြည်သူတရပ်လုံးက တခဲနက်မဲပေးခဲ့တဲ့ အင်အယ်ဒီအစိုးရဟာ ပြောင်းလဲချိန်တန်ပြီ ကြွေးကြော်သံနဲ့အတူ ငြိမ်းချမ်းရေး၊ တရား ဥပဒေစိုးမိုး ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့ကို ဆောင်ရွက်မယ်ဆိုပြီး ကတိပြုကြွေးကြော်ခဲ့ပါတယ်။ တိုင်းရင်း သားပြည်သူလူထုတရပ်လုံးက ယုံကြည်စွာ မဲပေးခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ တပ်မတော်ဗိုလ်ချုပ်ကြီးများနဲ့ ရင်းနှီး ချစ်ခင်စွာ မိသားစုသဖွယ် ဆက်ဆံရေးကိုလည်း အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး အခြေအနေကောင်းတွေအဖြစ် ရှုမြင်ခဲ့ကြပါတယ်။

၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံနဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်ဟာတိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့အချိုးအကွေ့ဖြစ်ပါတယ်။ သမိုင်းမှာ တနိုင်လုံးနဲ့ဆိုင်တဲ့ နိုင်ငံရေးစနစ် အပြောင်းအလဲဖြစ်တိုင်း တဦးကောင်း တယောက် ကောင်းနဲ့ မပြောင်းလဲနိုင်ပါဘူး။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတွေမှာ နိုင်ငံရေးပါတီတွေနဲ့ တိုင်းချစ်ပြည်ချစ် အင်အားစုအသီးသီး လက်တွဲပူးပေါင်းကာ လူထုလှုပ်ရှားမှုကြီးတရပ်အဖြစ် ပေါင်းစပ်နိုင်ခဲ့လို့သာ အောင်မြင်ခဲ့တာ ဖြစ် ကြောင်း သတိပြု သင်ခန်းစာ ယူစရာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်မှသာ တကယ့်အပြောင်းအလဲကို ရရှိမှာ ဖြစ်ပါတယ်။

● အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာ
လက်ရှိ ကျနော်တို့ တိုင်းပြည်အနေနဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသားစီးပွားရေးဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းနေချိန်ဖြစ်ပါတယ်။ နိုင်ငံကြီးငယ်တွေက အဖက်ဖက်က ထောက်ခံအားပေး၊ ပံ့ပိုးကူညီနေကြတာကိုလည်း ကျနော်တို့ ကြိုဆိုရမှာ အမှန်ပါပဲ။ အထူးသဖြင့် အင်အားကြီးနိုင်ငံတွေရဲ့ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး မဟာဗျူဟာအခင်းအကျင်း အားပြိုင်မှုတွေမှာ အသုံးချခံ မဖြစ်ရအောင် ရပ်တည်ရမှာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ လွတ်လပ်မှု၊ ဂုဏ်သိက္ခာနဲ့ အမျိုးသားအကျိုးစီးပွား မထိခိုက်အောင် သတိ ပြု ထိန်းသိမ်း ကာကွယ် ဆက်ဆံသွားဖို့ရာလည်း အထူးလိုအပ်လှပါတယ်။

● ပင်လုံစာချုပ်နဲ့ အမျိုးသားညီညွတ်ရေး
ကျနော်တို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားညီညွတ်ရေးတည်ဆောက်မှု လုပ်ငန်းစဉ်ဟာ အခြားသောနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးပြဿနာ ဖြေရှင်းရေး လုပ်ငန်းစဉ်တွေနဲ့ မတူနိုင်ကြောင်း သတိပြုကြရပါမယ်။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် မတိုင်ခင် ရှည်လျားတဲ့ အတိတ်ကာလများမှာ တိုင်းရင်းသားတွေဟာ ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်လူထု၊ ကိုယ့်သခင်၊ ကိုယ့်ယဉ်ကျေးမှုနဲ့ သီးခြား ရပ်တည်နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အရ ဗမာပြည်ဆိုတဲ့ နာမည်နဲ့ တအိမ်တည်း၊ တမိသားစုတည်းလို အတူတကွ နေထိုင်ဖို့ လွတ်လပ်ရေးရယူခဲ့တာ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့အခါ ပင်လုံစာချုပ်မှာ ပါဝင်တဲ့ တိုင်းရင်းသားအခွင့်အရေးတွေ ဖဆပလ အစိုးရက ပယ်ဖျက်ခဲ့ပါတယ်။ ဒီမိုကရေစီအခွင့်အရေးတွေကို မှန်မှန်ကန်ကန် မကျင့်သုံးနိုင်ခဲ့ပါဘူး။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ မဖြေရှင်းခဲ့ကြတာကြောင့် ယုံကြည်မှုပျက်စီးပြီး အမျိုးသားညီညွတ်ရေးပြိုကွဲကာ ပြည်တွင်းစစ်ဖြစ်ခဲ့ရပါတယ်။ အဲဒီလို သမိုင်းရေးထူးခြားချက်တွေအရ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေနဲ့ အာဏာရအစိုးရအဆက်ဆက်ရဲ့ လက်နက်ကိုင်ပဋိပက္ခဟာ ကြီးမားလာခဲ့ပြီး တဖက်ကိုတဖက် မယုံကြည်မှု တွေသာ တိုးပွားလာခဲ့ရပါတယ်။

● ယုံကြည်မှုနဲ့ တန်းတူရေး
အခုအချိန်ဟာ လူထုဆန္ဒနဲ့ တက်လာတဲ့ အစိုးရ အာဏာရရှိချိန်ဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ အကောင်းဆုံး အခြေအနေ ဖြစ်ပါတယ်။ ယုံကြည်မှုတည်ဆောက်ရာမှာ နိုင်ငံရေးအရ အာမခံချက်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ တိုင်းရင်းသား တွေရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ တန်းတူခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ခိုင်ခိုင်မာမာ ပြဋ္ဌာန်းနိုင်မှသာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကို လက်တွေ့တည်ဆောက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိပြီး လက်တွေ့တန်းတူအကျိုးခံစားခွင့်ရှိလာမယ်ဆိုရင် ခိုင်မြဲတဲ့ ယုံကြည်မှု ရရှိလာမှာဖြစ်ပါတယ်။ အဲဒီလို အခြေအနေတွေ ရရှိကြမှသာ ကိုယ့်အချင်းချင်း တိုက်ခိုက်နေကြတဲ့ ပြည်တွင်းစစ်သံသရာကြီးက လွတ်မြောက်နိုင်မှာပါ။ ကိုင်ထားတဲ့ လက် နက်တွေဟာ ကိုယ့်အချင်းချင်း တိုက်ခိုက်ဖို့ မဟုတ်ပါဘူး၊ ပြည်သူလူထုကို ဗိုလ်ကျ အနိုင်ကျင့်ဖို့လည်း မဟုတ်ဘူး။ ကိုယ့်လူထု၊ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းပြည် ကာကွယ်စောင့်ရှောက်ဖို့ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့၊ လူမျိုးမရွေး ပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အောက်မှာ အတူတကွ ရှိနေကြဖို့ အရေးကြီးပါတယ်။ ပြည်တွင်းစစ်ဟာ နိုင်ငံရေးပြဿနာဖြစ်ပါတယ်။ တကယ်တော့ ပြည်တွင်းစစ်ကို တရားမျှတမှုရှိရှိ၊ ဒီမိုကရေစီ နည်းလမ်းတကျ နိုင်ငံရေးအရ ဖြေရှင်းကြရမှာဖြစ်ပါတယ်။

● မိုင်ဂျာယန်မှသည် ၂၁ ရာစုပင်လုံသို့
မိုင်ဂျာယန် ဆွေးနွေးပွဲ ဆုံးဖြတ်ချက်တွေနဲ့ ၂၁ ပင်လုံငြိမ်းချမ်းရေးညီလာခံဟာ တိုင်းပြည်အတွက် အချိုးအကွေ့တခုတမျှ အရေးကြီးတယ်လို့ ယူဆပါတယ်။ ၁၉၄၇ ပင်လုံစိတ်ဓါတ်နဲ့ ကတိက၀တ်တွေရဲ့ အနှစ်သာရကို ရယူပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသားညီညွတ်ရေးကို ဦးတည် ဖော် ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ၂၁ ပင်လုံငြိမ်းချမ်းရေးညီလာခံဟာ တရားမျှတ၊ တန်းတူ ပွင့်လင်းလွတ်လပ်မှုနဲ့ နိုင်ငံရေးအင်အားစုအသီးသီးက သဘောတူထားကြတဲ့ မူဘောင်ဖြစ်စေရပါမယ်။ အဲဒီမူဘောင်တွေမှာ ပါဝင်သင့်တဲ့ အခြေခံအချက်တွေကို အခုလိုမြင်ပါတယ်။

ဆွေးနွေးပွဲတွေနဲ့ ၂၁ ပင်လုံငြိမ်းချမ်းရေး ညီလာခံ ကြီး အေးဆေး တည်ငြိမ်စွာကျင်းပနိုင်ဖို့ တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုများတွေ ရပ်ဆိုင်းထား သင့်ပါတယ်။ အင်အယ်ဒီအစိုးရနဲ့ တပ်မတော် ဆွေးနွေးပြီး လုံလောက်တဲ့ အချိန်ကာလတခုသတ်မှတ်ကာ အပစ်အခတ်ရပ်ဆိုင်းကြောင်း ဦးစွာ စတင် ကြေညာသင့်ပါတယ်။ တပြိုင်ထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း အစိုးရက အပစ် အခတ် ရပ်ဆိုင်းပေးဖို့ မေတ္တာရပ်ခံသင့်ပါတယ်။ ဒါမှသာ ယာယီအပစ်အခတ်ရပ်ဆိုင်းရေး ပေါ်ပေါက်လာနိုင်မယ်လို့ ယူဆပါတယ်။

ညီလာခံကြီးမှာ ပါဝင်ကြမယ့် နိုင်ငံရေးအင်အားစုများဟာ အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးရေးစာချုပ် (အင်စီအေ)ကို အခြေမခံဘဲ နိုင်ငံရေးအင်အားစုအားလုံး ပါဝင်ရေးဖြစ်သင့်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီလို နိုင်ငံ့သမိုင်းမှာ တိုင်းပြည်အတွက် ကိုယ်ကျိုး စွန့် အနစ်နာခံပြီး အကျိုးပြုခဲ့ကြတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေကို ချန်လှပ်ခဲ့ဖို့ မသင့်ပါဘူး။ အဲဒီလိုအဖွဲ့အစည်းတွေ ပါဝင်ခြင်းအားဖြင့် တိုင်းပြည်အတွက် နိုင်ငံရေးအရ အကျိုးရှိတဲ့ အကြံဥာဏ်ကောင်းတွေ ရရှိနိုင်မှာဖြစ်ပါတယ်။

ညီလာခံကြီး မတိုင်မှီမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အတားအဆီးဖြစ်စေတဲ့ မတရားသင်းအက်ဥပဒေတွေ၊ အရေးပေါ်စီမံမှုဥပဒေပုဒ်မတွေ၊ နိုင်ငံတကာရောက် နိုင်ငံရေးအင်အားစုတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ ဂုဏ်သိက္ခာရှိရှိ ပြည်တော်ပြန်နိုင်ဖို့ အမည်မည်းစာရင်းတွေ ပယ်ဖျက် ပြီး ဥပဒေ၊ နည်းဥပဒေတွေ ဖြေလျော့ဖို့လည်း လိုအပ်ပါတယ်။

၂၁ ပင်လုံငြိမ်းချမ်းရေးညီလာခံကြီးရဲ့ ဆွေးနွေးဆုံးဖြတ်ချက်တွေကို မဲအရေအတွက်အနည်းအများနဲ့ ဆုံးဖြတ်တာမျိုး မဖြစ်သင့်ပါ။ သင့်တော် တဲ့ အချိန်အတွင်းမှာ အားလုံးက ကျေနပ်လက်ခံတဲ့အဆင့် ရောက်ရှိဖို့ ဆွေးနွေးညှိနှိုင်းခြင်းသည်သာလျှင် အကောင်းဆုံး နည်းလမ်းဖြစ်ပါ တယ်။ ဖိအားတခုခုကြောင့် မကျေမလည်၊ မရှင်းမလင်းနဲ့ အလောတကြီး ဆုံးဖြတ်ချက်ရယူတာမျိုး မပြုကြစေလိုပါ။ အချိန်ကာလတခုယူသင့် ပါက ယူပြီး အားလုံးပါဝင် သဘောတူလက်ခံရေးဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

အကယ်၍ အခြေအနေအကြောင်းအမျိုးမျိုးအရ တချို့အင်အားစုတွေဟာ လောလောဆယ်လိုက်ပါ သဘောတူလက်ခံနိုင်စွမ်း မရှိသေးရင် အဲဒီအင်အားစုကို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအရ ၀ိုင်းပယ်တာ၊ ဖိအားပေးအကြပ်ကိုင်တာ၊ ခြိမ်းခြောက်တာ၊ ပိတ်ဆို့တားဆီးတာ၊ အင်အားသုံးပြီး အကြမ်းဖက်တိုက်ခိုက်ချေမှုန်းတာမလုပ်ဖို့ အခိုင်အမာသဘောတူဆုံးဖြတ်ချက်တွေ အာမခံချက်တွေရှိဖို့လည်းလိုအပ်ပါတယ်။

နိုင်ငံရေးအင်အားစုအားလုံးက ကျေကျေနပ်နပ်ဆွေးနွေးပြီး ချမှတ်အတည်ပြုလိုက်တဲ့မူ၊ သဘောထားဆုံးဖြတ်ချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ အခြေခံအုတ်မြစ်အဖြစ် အသက်ဝင်စေရမှာ ဖြစ်ပါတယ်။ ညီလာခံကြီးကဆုံးဖြတ်လိုက်တဲ့ မူ၊ သဘောထား ဆုံးဖြတ်ချက်တွေကို လွှတ်တော်က အတည်ပြုချက်ပေးဖို့သာ ဖြစ်ပါတယ်။ အဲဒီလိုနည်းလမ်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို စ၊ လယ်၊ ဆုံး အရေးကြီး တဲ့ အချက်တွေ ပြင်နိုင်မှ (သို့မဟုတ်) အသစ်ရေးဆွဲနိုင်မှသာ တကယ့်အပြောင်းအလဲနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ် ပါတယ်။

အထူးသတိပြုစရာ တခုကတော့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး ပြင်ဆင်နေချိန်မှာ အကောင်းဘက်ဦးတည်နေတဲ့ နိုင်ငံရေးအခြေအနေကို မရှုစိမ့်နိုင်တဲ့ နောက်ကြောင်းပြန်လိုသူတစုရဲ့ အန္တရာယ်ကို သတိထားရပါမယ်။ ပြည်တွင်းစစ်ကို အသုံးချ အကာ အကွယ်ယူပြီး သူတို့ရဲ့ ဥစ္စာဓနတွေ ကာကွယ်ဖို့နဲ့ မလျော်သြဇာအာဏာ ထူထောင်ထားသူတွေဟာ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ပျက်ပြားအောင် အပျက်သဘောဆောင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ နှောက်ယှက်ဖျက်ဆီးမှုတွေ ဆောင်ရွက်ကြမယ့် အနေအထားကို ပြည်သူ လူထုတရပ်လုံးက သတိပြု ထုတ်ဖေါ် ကာကွယ်ကြဖို့ လိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း
၎ ရက်၊ သြဂုတ်လ၊ ၂၀၁၆။
NewsWatch ဂျာနယ်၊ ၁၈-၈-၂၀၁၆ နေ့ထုတ်မှ။

မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး - အပိုင်း (၇)

$
0
0
မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး - အပိုင်း (၇)
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၇

● ခေတ်အဆက်ဆက် ဖြေရှင်းမှု
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီမွတ်စလင်များပြဿနာကို ခေတ်အဆက်ဆက် ဖြေရှင်းခဲ့ကြသည်။ ရခိုင်ပြည်နယ်တွင် အဆ မတန် တိုးလာသောဘင်္ဂါလီလူဦးရေ သာမန်ဖြစ်သည်ဟု ယူဆရန်ခက်ခဲသည်။

ဘူးသီးတောင် မောင်တောဒေသ ဘင်္ဂါလီ မွတ်စလင်လူဦးရေ ...
၁၉၁၁ ခုနှစ် ၁၁၁၇၂၃ ယောက်
၁၉၂၁ ခုနှစ် ၁၃၃၆၈ဝ ။
၁၉၇၃ ခုနှစ် ၃၉ဝ၃ဝ၃ ။
၁၉၈၃ ခုနှစ် ၄၅၄၇၆ဝ ။
၁၉၉၃ ခုနှစ် ၅၄၉၅၄၈ ။
၂ဝဝ၃ ခုနှစ် ၆၃၆၅၄၄ ။
၂ဝ၁၆ ခုနှစ် ၇၅၅၃၇၁ ။  တို့ဖြစ်ကြရာ ထိုလူဦးရေတိုးမှုသည် လူဦးရေ ပေါက်ကွဲနေသောအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဆက်မပြတ် ခိုးဝင်လာနေသည်လော ဆိုသည်မှာ စဉ်းစားဘွယ်ဖြစ်သည်။

နိုင်ငံသားစီစစ်မှုနှင့် ခိုးဝင်သူများထိမ်းချုပ်နိုင်ရန် ပြီးခဲ့သောကာလများက ဟင်္သာစီမံချက် နဂါးမင်းစီမံချက်တို့ ချမှတ် လုပ် ဆောင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီလူဦးရေ သိန်းအချို့ ထွက်ပြေးခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် UN နှင့် နိုင်ငံတကာမှဖိအားပေးမှုကြောင့် ပြန်လည်လက်ခံခဲ့ရသည်။ ဖိဖိစီးစီး ပြတ်ပြတ်သားသား မလုပ်နိုင်ခဲ့ပေ။

ထို့ပြင် ဖဆပလခေတ်၌လည်း မဲဆွယ်စည်းရုံးရန်အလို့ငှါ ရိုဟင်ဂျာအား အသိမှတ်ပြုခဲ့ခြင်း မေယုနယ်ခြားခရိုင်သတ်မှတ် ပေးခြင်း နအဖခေတ်နှောင်းပိုင်းတွင်လည်း ကြံ့ခိုင်ရေးပါတီအတွက် မဲရရှိရန် ဘင်္ဂါလီများအား မဲပေးခွင့်ရှိသည့် white card ထုတ်ပေးခဲ့ခြင်းတို့စသည့် အာဏာပိုင်များ၏ မိမိနိုင်ငံရေးလောဘအလို့ငှာ ဆောင်ရွက်ခဲ့သည်များမှာလည်း ပြဿနာကို မဖြေရှင်းနိုင်ဘဲ ပို၍ဆိုးလာသည်။  ထို့ပြင် မြန်မာအာဏာပိုင်များသည် မူဝါဒမရှိဘဲ မိမိနှင့် သင့်မြတ်လျင် သင့်မြတ်သလိုဆောင်ရွက်ခဲ့ခြင်းကြောင့်များလည်းဖြစ်သည်။  ဥပမာ မုန်းဝန်းတရုတ် သို့မဟုတ် တာမိုးညဲဒေသရှိ တရုတ်များကို ဥပဒေနှင့် အညီ နိုင်ငံသားပေးသည်က ပြဿနာမဟုတ်သော်လည်း မုန်းဝန်းတရုတ်ကို မုန်းဝန်းဗမာဟု အလွယ်တကူ ပြောင်းလဲသတ် မှတ်ခွင့်ပြုသည့် လွဲချော်မှုဖြစ်သည်။ ဤသို့ ခိုင်မာသည့်မူဝါဒမရှိခဲ့သည့်အတွက် ပြဿနာသည် ပို၍ဆိုးဝါးလာစေသည်။

၂ဝ၁၂ ပဋိပက္ခသည် သမတဦးသိန်းစိန်လက်ထက်တွင် ဖြစ်ပွားခဲ့သည်။ သမတဦးသိန်းစိန်လက်ထက်တွင် ထိုပြဿနာ အတွက် စုံစမ်းကော်မရှင် ဖွဲ့၍စစ်ဆေးစေခဲ့သော်လည်း သူ၏သမတသက်တမ်းအတွင်း ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေ။  သမတဦးသိန်းစိန်လက်ထက်တွင် white card ပြန်လည်ရုပ်သိမ်းပြီး နိုင်ငံသားစိစစ်မှုကိုပြန်လည်လုပ်ရန် ကြိုးပမ်းခဲ့သော် လည်း အောင်မြင်မှုမရခဲ့ပေ။  white card ရုပ်သိမ်းပြီးနောက် ရခိုင်တို့၏ ကျေနပ်မှု အတော်အတန်ရခဲ့သော်လည်း ဘင်္ဂါလီ မွတ်စလင်တို့၏ မကျေနပ်မှု တိုးပွားလာသည်။

၂ဝ၁၆ ခုနှစ် NLD အစိုးရတက်လာပြီးနောက် ရခိုင်ပြဿနာဖြေရှင်းရန်အတွက် မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်တရပ် ဖွဲ့စည်းခဲ့သည်။  ကော်မရှင်၏ကြားဖြတ်အစီရင်ခံစာတစောင် ၂ဝ၁၇ မတ်လအတွင်း ထွက်ပေါ်လာခဲ့သည်။  ထိုအစီရင်ခံစာ ရခိုင်ပြည်နယ်တွင် နိမ့်ကျနေသော ကျန်းမာရေး ပညာရေး စီးပွားရေးအခြေအနေများကို ထောက်ပြခဲ့ပြီး နိုင်ငံသားပြုခွင့်ပြဿနာ IDP စခန်းများ အမြန်ရုပ်သိမ်းရေးပြဿနာ ဘင်္ဂါလီမွတ်စလင်များအား ခရီးသွားလာခွင့်ကန့်သတ်သည့်ပြဿနာ သတင်းလွတ်လပ်ခွင့်ပြဿနာတို့ကို ဖြေရှင်းရန် ထောက်ပြထားခဲ့သော်လည်း လောလော ဆယ် ဖြေရှင်းနိုင်ခြင်း မရှိသေးပါ။

သို့သော် ထိုကော်မရှင်အား ရခိုင်လူထုနှင့် ရခိုင်လူထုက ရွေးကောက်ပွဲတွင် ကိုယ်စားပြုမှုပေးခဲ့သော ရခိုင်ပါတီ၏ ထောက်ခံ မှု မရခဲ့ပါ။

● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးတွင် တွေ့ရသည့်ပြဿနာများ
၁။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့်ပတ်သက်၍ ရခိုင်တို့က သမိုင်းအထောက်အထားများအရ ရခိုင်ပြည်နယ်သို့ ဘင်္ဂါလီ မွတ်စလင်ဝင်ရောက်မှု ၃ ကြိမ်ဝင်ရောက်မှုရှိပြီး ဗြိတိသျှခေတ်တွင် အလုံးအရင်းနှင့် ဝင်ရောက်လာခြင်းဖြစ်ပြီး စစ်တကောင်း ဘင်္ဂါလီမွတ်စလင်များအဖြစ် သတ်မှတ်ကြသည်။

ဘင်္ဂါလီများမွတ်စလင်များကမူ ၎င်းတို့သည် ၇ ရာစုကထဲက သင်္ဘောဖြင့်ဝင်ရောက်လာသည့် အာရပ်မွတ်စလင်အနွယ် ရိုဟင်ဂျာလူမျိုးများဟုဆိုသည်။  သို့သော် ရခိုင်အား ၁၂၃ နှစ်ကြာ အုပ်ချုပ်ခဲ့သော မှတ်တမ်းများ ပြန်တမ်းများတွင် ရိုဟင် ဂျာဟုဖေါ်ပြခြင်းမရှိသကဲ့သို့ ၁၉၅၁ ခုနှစ် ဇွန်လတွင်ကျင်းပသည့် ရခိုင်ရှိ ဘင်္ဂါလီ မွတ်စလင်ကိုယ်စားလည်များ၏ အလယ် သံကျော် ညီလာခံတွင်လည်း ရိုဟင်ဂျာဟု သုံးနှုန်းခဲ့ခြင်းမရှိခဲ့ပေ။ ရခိုင်မွတ်စလင်ဟုသာ သုံးစွဲခဲ့သည်။  နှစ်ပေါင်း ၁၂ဝဝ ကျော်ကြာခဲ့ပြီဆိုသည့် လူမျိုးတမျိုး၏အမည်သည် အနီးခေတ်မှတ်တမ်းများတွင် မတွေ့သည့်အပြင် သမိုင်းဆိုင်ရာ အ ထောက်အထားမှတ်တမ်းမရှိသော ၁၉၅၁ အထိသုံးစွဲခြင်းမရှိသေးသော လူမျိုးတမျိုး၏အမည်အား လက်သင့်ခံရန် မဖြစ် နိုင်ပေ။

သို့ဖြစ်ရာ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုး ရှိ/မရှိဆိုသည်ကို ရှောင်လွှဲရန် အကြောင်းမရှိပေ။  သမိုင်းတွင် အဆိုပါလူမျိုး ရှိ/မရှိ ဆိုသည်ကို လက်ရှိရိုဟင်ဂျာဆိုသည်ကို လက်ခံသုံးစွဲနေသော UN အပါ နိုင်ငံတကာ သမိုင်းပညာရှင် ပြည်တွင်းသမိုင်း ပညာရှင်များနှင့် ပွင့်လင်းစွာဖြေရှင်းရမည့် ပြဿနာဖြစ်သည်။  မုချ ဖြေရှင်းရမည့် ပြဿနာဖြစ်သည်။  သို့မဟုတ်ဘဲ ရခိုင် ပြည်နယ်ရှိ ဗုဒ္ဓဘာသာအဝန်းအဝိုင်း မွတ်စလင်အဝန်းအဝိုင်းဆိုသည့် ကြားချသည့်အသုံးအနှုန်းမျိုးဖြင့် နင်တန် နင်တန် ပုဂံကွဲဆိုသည့် ဖြေရှင်းပုံမျိုးဖြင့် ပြဿနာအား မဖြေရှင်းနိုင်ပေ။

အဆိုပါပြဿနာသည် ရခိုင်တွင် တိုင်းရင်းသားလူမျိုးတမျိုး လွန်ခဲ့သော နှစ်တထောင်ခန့်ကထဲရှိနေ မနေဆိုသည့်ပြဿနာဖြစ် သည်။  ဤပြဿနာကို ရှင်းလင်းစွာ မဖြေရှင်းပါက နိုင်ငံတကာက တိုင်းရင်းသားလူမျိုးတမျိုးအား အခွင့်အရေးမပေးဆိုသည့် အမြင်ဖြင့်ကြည့်နေပေလိမ့်မည်။  ၎င်းဘင်္ဂါလီမွတ်စလင်များသည် နှစ်ထောင်ချီ ကြာမြင်ခဲ့ပြီဆိုသည့် တိုင်းရင်းသားလူမျိုး တမျိုးလော သို့မဟုတ် အင်္ဂလိပ်ခေတ်တွင်မှ အင်္ဂလိပ်တို့ခေါ်သွင်းလာသော စစ်တကောင်းသားများလောဆိုသည့် ပြဿနာ လောဆိုသည်ကို ပြတ်ပြတ်သားသား အရင်ဆုံးဖြေရှင်းရန်လိုသည်။  ထိုအရင်းခံပြဿနာကို ဖြေရှင်းသည့်အပေါ်မှ ကျန် အရာများကို ဖြေရှင်းနိုင်ပေလိမ့်မည်။

၂။  နိုင်ငံသားပြဿနာနှင့်ပတ်သက်၍ အကောင်ထည်ဖေါ်ရာတွင် နိုင်ငံတိုင်းတွင် သတ်မှတ်ထားသည့် စည်းကမ်းနှင့်အညီ သာဖြစ်ရပေမည်။ ဗြိတိသျှခေတ်မှတ်တမ်းများအရ ၁၉၃ဝ ခုနှစ် ရခိုင်သို့ ဝင်ရောက်လာသူ စစ်တကောင်းသားများထဲမှ ရခိုင်တွင်ဖွါးမြင်သူများ ရှိလာပေရာနိုင်ငံသား ဥပဒေအရ မှန်မှန်ကန်ကန်ဆောင်ရွက်ပါက ထိုက်သင့်သည့် နိုင်ငံသားဖြစ်ခွင့် ရနိုင်သည်။  ထို့ပြင် ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်မရသေးသူများအားလည်း အဆင့်တခုသတ်မှတ်ရန်လိုအပ်မည်။  ဥပဒေအရ နိုင်ငံသားဖြစ်သူများအား နိုင်ငံသားအခွင့်အရေး ပေးရန်လိုသည်။

ဘင်္ဂါလီမွတ်စလင်များအနေနှင့် ဒေသခံတိုင်းရင်းသားလူမျိုးတမျိုးဟုတောင်းဆိုခြင်း သီးခြားမွတ်စလင်ပြည်နယ်တခုတောင်းဆိုခြင်းများအားရခိုင်တို့သည်၎င်း ပြည်ထောင်စုအစိုးရသည်၎င်း တပ်မတော်သည်၎င်း လက်သင့်ခံရန် မရှိပေ။  ထို့ပြင် ဘင်္ဂါလီမွတ်စလင်များအနေနှင့် နိုင်ငံသားဖြစ်ခွင့်နှင့်ပတ်သက်၍ ဥပဒေနှင့်အညီပူးပေါင်းဆောင်ရွက်ရန်လိုသည်။ ဤအချက် ကို ငြင်းဆန်နေပါက မှားယွင်းပေလိမ့်မည်။  တိုင်းရင်းသားလူမျိုးတမျိုး မွတ်စလင်ပြည်နယ်ဆိုသည်ထက် နိင်ငံသားပြဿနာ က ပို၍ လက်တွေ့ကျသည်။  နိုင်ငံသားအသိမှတ်ပြု အခြေခံမရှိဘဲ အခြားပြဿနာများဖြေရှင်းရန် မဖြစ်နိုင်ပေ။

အင်္ဂလိပ်ခေတ်၌ ရန်ကုန် မန္တလေးတို့တွင် အိန္ဒိယမှ ဝင်ရောက်လာသူအများအပြားရှိသည်။  တချိန်က အင်္ဂလိပ်တို့၏ကောင်းမှု ကြောင့် ရန်ကုန်တွင် အိန္ဒိယတိုင်းရင်းသားက အများစုဖြစ်ခဲ့ဘူးသည်။  ထိုအထဲမှ ဟိန္ဒူရော မွတ်စလင်ပါ နိုင်ငံသားဖြစ်ခွင့်ရသူအများအပြားရှိခဲ့သည်။ ထိုသူသည် ယခုအခါမြန်မာပြည်တွင်း၌ နိုင်ငံသားအဖြစ်ရပ်တည်ခဲ့သည်။  ထိုသူတို့သည် မိမိကိုယ်မိမိ တိုင်းရင်းသားလူမျိုးဟုတောင်းဆိုခဲ့ခြင်း မရှိသကဲ့သို့ မွတ်စလင်ပြည်နယ်တောင်းခံခြင်းလည်းမရှိပေ။  နိုင်ငံသား ဖြစ်မှုကိုသာ ဦးတည်ခဲ့ကြသည်။

UN နှင့် INGO များကလည်း နိုင်ငံသားပြုမှုနှင့်ပတ်သက်၍ အသိမှတ်ပြု ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။  ၎င်းပြဿနာကို မျက်ကွယ်ပြုထားရန် မဖြစ်နိုင်ကြောင်း ၎င်းတို့အားရှင်းလင်းရန်လိုအပ်သည်။

IDP စခန်းဖျက်သိမ်းရေး ခရီးသွားလာခွင့် ပညာသင်ကြားရေးစသည်တို့အတွက် အချက်အခြာကျသည်မှာ နိုင်ငံသားပြုမှု ဖြစ်သည်။  မည်သည့်နိုင်ငံတွင်မဆို နိုင်ငံသားဖြစ်ခွင့်သည် ဥပဒေနှင့်အညီသာဖြစ်သည်။

၃။  ပြည်ထောင်စုအစိုးရအနေနှင့် မည်သူထံမှအကြံယူသည်ဖြစ်စေ ရခိုင်ပြသနာကို ဖြေရှင်းရာတွင် ဦးစွာအားဖြင့် အငြင်း ပွားဖွယ်ရာမရှိ နိုင်ငံသားများဖြစ်ပြီး မဲပေးခွင့်ရှိသည့် ရခိုင်တိုင်းရင်းသားများနှင့် ပူးပေါင်း၍ ဖြေရှင်းရန်လိုအပ်သည်။  ပြည် ထောင်စုအစိုးရသည် ဒေသခံရခိုင်တိုင်းရင်းသားများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ ရခိုင်နှင့် ဘင်္ဂါလီမွတ်စလင်ပြဿနာအားဒိုင်လူကြီးသဘွယ် ကြားဝင်ဖြေရှင်း၍ မရပေ။

ဒေသခံတိုင်းရင်းသားများ၏ သဘောထားမယူဘဲ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက ဦးသိန်းစိန်အစိုးရလက်ထက်က OIC ရုံးဖွင့်ရန်ကန့်ကွက်ခြင်း NLD အစိုးရလက်ထက် ကိုဖီအာနန်ကော်မရှင်အား ကန်ကွက်ခြင်းကဲ့သို့ကန့်ကွက်မှုများကြုံ ရ ပြီးနောက် ဒေသခံတို့၏ ပူးပေါင်းဆောင်ရွက်မှု ရမည်မဟုတ်ပေ။  ဒေသခံတို့ပူးပေါင်းဆောင်ရွက်မှုရမှသာ အောင်မြင်စွာဖြေရှင်းနိုင်ပေမည်။

၎။  ရခိုင်ပြည်နယ်ရှိ ရခိုင်တိုင်းရင်းသားများအပေါ် အစိုးရအုပ်ချုပ်ရေးအာဏာသက်ရောက်သကဲ့သို့ ဘင်္ဂါလီများအပေါ် တွင်လည်း သက်ရောက်ရန်လိုအပ်သည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြဿနာကိုဖြေရှင်းရာတွင် မျက်မှောက်အခြေအနေကိုသာမက သမိုင်းဆိုင်ရာပြဿနာများကို ထည့်သွင်းစဉ်းစားသုံးသပ်ရန်လိုသည်။  ထို့ပြင် တစိတ်တပိုင်းသာမကြည့်ဘဲ တခုလုံးကို ကြည့်ရန်လိုသည်။  ထို့ပြင် ဘင်္ဂါလီ ဘက်သာမက ရခိုင်များဘက်ကိုလည်း ကြည့်ရန်လိုသည်။  ထို့ပြင် ရခိုင်ပြည်နယ်နှင့်သာ သက်ဆိုင်သည်ဟုမကြည့်ဘဲ တပြည်လုံးနှင့်ဆိုင်သည့်ပြဿနာအဖြစ်ကြည့်ရန်လိုသည်။ သာမန် ဘာသာကွဲများ အတူယှဉ်တွဲနေထိုင်ခြင်းထက်ပိုသော သ မိုင်းဆိုင်ရာပြဿနာရှိသည်ကိုလည်း လေးနက်ရန်လိုပါသည်။

၅။  ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေးတိုးပွားခြင်းသည် လူ့အဖွဲ့အစည်း ဟန်ချက်ပျက်နိုင်သဖြင့် ရခိုင်သို့ ဘင်္ဂါလီများ ခိုးဝင်မှု ထိမ်းချုပ်ရန်သော်၎င်း ဘင်္ဂါလီမွတ်စလင်များ ဇနီးအများယူသည့်စနစ်နှင့် သားသမီးအကန့်အသတ်မရှိမွေးဖွားမှုတို့နှင့်ပတ် သက်၍ ထိမ်းချုပ်ရန်သော်၎င်း လုပ်ဆောင်ရန် လိုအပ်သည်။  စင်္ကာပူကဲ့သို့နိုင်ငံမျိုးမှ မွတ်စလင်ဘာသာဝင်များ ထိမ်းမြှားခြင်း ဥပဒေများ လေ့လာမှီငြမ်းသင့်သည်။

၆။  ရခိုင်နှင့် ဘင်္ဂါလီအတူယှဉ်တွဲနေထိုင်ခြင်းအတွက် နှစ်ဖက်စလုံးမှ လူထုကိုယ်စားပြုသူများ ပါဝင်အဖြေရှာသင့်သည်။  လက်ရှိကာလ၌ ရခိုင်ပြည်နယ်လူ့အဖွဲ့အစည်းအတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီမွတ်စလင်များသည် ရေနှင့်ဆီကဲ့ သို့  သတ်သတ်စီဖြစ်နေပေရာ သီအိုရီအရ လွယ်ကူသလောက် လက်တွေ့ဖြတ်ကျော်ရန် လွန်စွာခက်ခဲပေမည်ဟု ယူဆပါ သည်။ လက်တွေ့တွင် စိုးရိမ်မှုသည် နှစ်ဖက်လုံးတွင် ရှိနေပါသည်။

ထို့အတူ ပြည်မမှ ရခိုင် ဘင်္ဂါလီပြဿနာအား ကြည့်မြင်သုံးသပ်သူများအနေနှင့် ဤပြဿနာသည် ရခိုင်တို့၏ ပြဿနာသက် သက်မဟုတ် မတူသောဘာသာဝင်များ အတူယှဉ်တွဲနေထိုင်ရေးသက်သက်မဟုတ် ဘင်္ဂါလီမွတ်စလင် တသန်းကျော်အား နိုင်ငံသားပြု ခွင့်ပေးပြီး မြန်မာပြည်အနှံ့ သွားလာနေထိုင် ခွင့်ပြုရမည့်ပြဿနာဖြစ်နေသည်ကို ထည့်သွင်းစဉ်စားကြရန်လိုပါ သည်။  မွတ်စလင်ပြည်နယ်တောင်းဆိုရန် ဦးတည်နေသော ပြဿနာဖြစ်သည်ကို နားလည်ရန်လိုအပ်ပါသည်။

၇။  ၂ဝ၁၆ ခုနှစ် နှစ်ကုန်မှစတင်ဖြစ်ပွားခဲ့သည့် မောင်တောအကြမ်းဖက်မှုသည် နိုင်ငံတကာ အစွန်းရောက် အကြမ်းဖက်သမား များနှင့် ဆက်စပ်နေသည့်ကိစ္စဖြစ်ပေရာ အထူးသတိပြု ရမည့်ကိစ္စတရပ်ဖြစ်သည်။  အစွန်းရောက်အကြမ်းဖက်သမားများသည် အရပ်သားပစ်မှတ်များကို ဦးတည်တိုက်ခိုက်လေ့ရှိကြသည်။ ထို့ပြင် အရပ်သားများအားလည်း အကာကွယ်ယူ၍ တိုက်ခိုက် တတ်ကြသည်။  အရပ်သားပစ်မှတ်များအား အကြမ်းဖက်တို့က တိုက်ခိုက်ခြင်းအား နိုင်ငံတကာသို့ ချ ပြရှင်းလင်းရသည်မှာလွယ်ကူသော်လည်းအကြမ်းဖက်တို့က အရပ်သားများအား အကာကွယ်ပြု၍ တိုက်ခိုက်ခြင်းအား တုန့်ပြန်ရာတွင်၎င်း ယင်း ကိစ္စအားနိုင်ငံတကာသို့ ချပြရှင်းလင်းရာတွင်၎င်း ခက်ခဲတတ်ပေရာ ၎င်းအတွက် ပြင်ဆင်မှု ရှိရန်လိုအပ်သည်။

ထို့ပြင် မောင်တောဒေသ ဘင်္ဂါလီ မွတ်စလင် အကြမ်းဖက်တိုက်ခိုက်မှုများကို သုံးသပ်ရာတွင် လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းတိုက်ခိုက်သည်ဆိုခြင်းထက် ကျေးရွာလူအုပ်စုများအား စည်းရုံးတိုက်ခိုက်သည်များကို တွေ့ရသည်။ ထို့အပြင် ၎င်းအကြမ်း ဖက်အဖွဲ့များသည် တောတွင်းတွင် စခန်းချ ဖွဲ့စည်းသည်ဆိုသည်ထက် အိမ်ခြေထောင်ချီ၍ရှိသည့်ပြင် အစိုးရ အုပ်ချုပ် ရေးယန္တယားများ ဝင်ရောက်ချုပ်ကိုင်ရန်ခက်ခဲသည့် ဘင်္ဂါလီကျေးရွာများတွင် အခြေပြုလေ့ကျင့်သည်ဟု ယူဆရသည်။  လက်တွေ့တွင်လည်း မောင်တောတိုက်ခိုက်မှုများတွင် ပါဝင်သူများ၏ တောတွင်းစခန်းဆိုသည်ကို မတွေ့ရပါ။ ရှုပ်ထွေး၍ ဖြေရှင်းရန် ခက်ခဲသည့်ပြဿနာဖြစ်သည်။  ဤပြဿနာအား နိုင်ငံတကာအားရှင်းလင်းရန်လိုအပ်သည်။

နိုင်ငံတကာတွင် ဘင်္ဂါလီမွတ်စလင်များ၏ အတုအယောင် ဓါတ်ပုံများ ဗွီဒီယိုဖိုင်များဖြင့် လုပ်ကြံဝါဒဖြန့်မှုများကို ပြန်လည်မှန် ကန်စွာ တုန့်ပြန်နိုင်ရန် အစိုးရသတင်းဌာနတခုနှင့် မလုံလောက်ပေ။  တောင့်တင်းခိုင်မာအားကောင်းသည့် မီဒီယာတရပ်လို အပ်သည်။

၈။  မောင်တောဒေသပြဿနာတွင် အခြားအရေးပါသော ကိစ္စတရပ်မှာ မူးယစ်ဆေးဝါးပြဿနာဖြစ်သည်။  မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ်သို့ စီးဝင်နေသည့် ယာမစိတ်ကြွဆေးပြားတင်သွင်းရောင်းဝယ်မှုမှ ပမာဏ ခန့်မှန်းဖေါ်ပြရန်ပင်ခက်ခဲလောက် အောင် များပြားသည်ဟု ဒေသခံများကဆိုပါသည်။ ဘင်္ဂလားဒေ့ရှ်ကဘက်မှ ဝယ်လိုအားသည် လွန်စွာမြင့်မားသည်။  တင် သွင်းလာသမျှ လက်ခံဝယ်ယူနိုင်စွမ်းရှိသည်ဟု ဆိုသည်။  အဆိုပါ မူးယစ်ဆေးပြားများကို မောင်တောမှသည် ဘင်္ဂလားဒေ့ရှ် မှတဆင့် အရှေ့အလယ်ပိုင်းဒေသဆီသို့ သယ်ဆောင်ဖြန့်ဖြူးကြသည်ဟု ဆိုကြပါသည်။  အရောင်းအဝယ်ပမာဏမှာ အလွန်မြင့်မားသည်ဟု ဆိုသည်။

၂ဝ၁၆ အကုန်နှင့် ၂ဝ၁၇ အတွင်း မောင်တောဒေသ၌ ယာမဆေးပြားဖမ်းဆီးရမှုများမှာ စံချိန်တင်သည့် ပမာဏများဖြစ်သည်။  မူးယစ်ဆေးရောင်းဝယ်မှုသည် အကျင့်ပျက်ခြစားမှုနှင့် အကြမ်းဖက်မှုတို့ ယှက်နွယ်နေပါသည်။

၉။  မောင်တောရှိ ပုန်ကန်တိုက်ခိုက်မှုတွင် ပါကစ္စတန်နိုင်ငံမှ အစွန်းရောက်များပါဝင်သည်ကို ဗုံးစမ်းသပ်ရာမှ သေဆုံးသူ ၂ ဦးအား သက်သေအဖြစ်တွေ့ရပြီဖြစ်ရာ အခြားနိုင်ငံခြားသား အကြမ်းဖက်မည်မျှ ဝင်ရောက်နေသည်ကို အထူးသတိပြုရန် လိုအပ်နေပေသည်။  ထို့အတူ နိုင်ငံတကာကဲ့သို့ အရပ်သားပစ်မှတ်များကို ဦးတည်သည့် လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များလုပ်လာနိုင်သည်ကို သတိပြုရန်လိုပါသည်။

ထို့ကြောင့် ချုပ်၍ဆိုရလျင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြဿနာအား လျင်မြန်စွာဖြေရှင်းရန်လိုအပ်နေပါသည်။  ကြန့်ကြာအချိန် ဆွဲ နေ ပါက နောက်ထပ်ပေါက်ကွဲမှုတခုအား မလွဲမသွေ ကြုံရနိုင်ပါသည်။  ၎င်းတို့သည် ရိုဟင်ဂျာတိုင်းရင်းသား လူမျိုးတ မျိုးဖြစ်သည်ဆိုသည်နှင့်ပတ်သက်၍ ရှင်းလင်း ပတ်သားသည့်ဆုံးဖြတ်ချက်ချ ရန်လိုအပ်သည်။  ထိုသို့ဆုံးဖြတ်သည့်အခြေခံ ပေါ်မှ နိုင်ငံသားပြဿနာကို ဥပဒေနှင့်အညီ ဖြေရှင်းရန်လိုအပ်ပါသည်။  ထိုဖြေရှင်းမှုအား ဒေသခံရခိုင်တိုင်းရင်းသားအားအခြေပြုပြီး ၎င်းတို့ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဖြင့် ဖြေရှင်းရန်လိုအပ်ပါမည်။ ထို့အတူ ပြဿနာ၏ ဘက်အားလုံးအား လည်းကောင်း၊ သမိုင်းဆိုင်ရာပြဿနာများအားလည်းကောင်း ထည့်သွင်းစဉ်စား ဖြေရှင်းကြရန်လိုအပ်ပေလိမ့်မည် ဖြစ်ပါ သည်။

ပြီးပါပြီ။
မောင်မောင်စိုး

(ဧရာဝတီမြန်မာပိုင်း၌ ဇူလိုင် ၂၆၊ ၂၀၁၇ ရက်နေ့က ဖော်ပြပြီးဖြစ်သည်)


Photo credit : The Nation 

နေရိုင်း ● ၂၉ နှစ်

$
0
0
နေရိုင်း ● ၂၉ နှစ်
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၇

ပွဲကပြီးသေးတာ မဟုတ်ဘူး
တောကြောင်တွေက လက်ခတ်မောင်းခတ်
ပန်းတွေက ကြွေနေလိုက်တာ
ကောင်းကင်ကကြယ်တွေကိုမော့ကြည့်မိတော့
ကြွေကျသွားတဲ့ကြယ်တွေကို နှမျောမိ။
တိမ်တအုပ်တွေ့လိုက်တယ်
ရွေ့လျားရာလမ်းက ခြားနားနေတယ်။

နေရိုင်း
၈၊ ၈၊ ၂၀၁၇

မြတ်လှိုင်း ● ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆန်နေသေးသည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး

$
0
0
မြတ်လှိုင်း ● ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆန်နေသေးသည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၇

ကျွန်တော်တို့မြန်မာနိုင်ငံဟာ ပဒေသရာဇ်မင်းတွေအုပ်ချုပ်ရာကဆင်းသက်လာတဲ့ နိုင်ငံဖြစ်ပါတယ်။ ပဒေသရာဇ်ခေတ်တွေ မှာ ဘုရင်ကို ကိုးကွယ်ခဲ့ကြတာပါ။

ပဒေသရာဇ်ခေတ်ဘုရင်များဟာ သက်ဦးဆံပိုင်စနစ်နဲ့ တဦးတည်းဆုံးဖြတ်ပြီး တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ကြတယ်ဆိုတာ အား လုံး အသိပါ။ တိုင်းသူပြည်သားများကလည်း သူတို့ရဲ့ ဘုရင်ကိုကြောက်ရွံ့ပေမယ့် များသောအားဖြင့် ချစ်မြတ်နိုးပြီးကိုးကွယ် ခဲ့တာကို တွေ့ရပါတယ်။

တကယ်တမ်းပြောရမယ်ဆိုရင်တော့ သက်ဦးဆံပိုင်ဘုရင်တွေဟာ အာဏာရှင်ကြီးတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကျွန် တော်တို့နိုင်ငံဟာ စစ်အာဏာရှင်လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ သက်ဦးဆံပိုင်ဘုရင်တွေကို အစဉ်အလာအရ တိုင်း သူပြည်သားတွေဟာ ချစ်ခင်မြတ်နိုးခဲ့ပေမယ့်၊ တိုင်းပြည်ကို လက်နက်အားကိုးသိမ်းယူထားကြတဲ့ စစ်အာဏာရှင်တွေကို တော့ ပြည်သူတွေက မချစ်ခဲ့ပါဘူး။ မချစ်တဲ့အပြင် မုန်းတီးရွံရှာခဲ့ကြပါတယ်။

ကမ္ဘာပေါ်မှာ ခေတ်တခေတ်ဖြစ်ခဲ့တဲ့ ကွန်မြူနစ်စနစ်မှာဆိုရင်လည်း ကွန်မြူနစ်ခေါင်းဆောင်ကြီးတွေက အာဏာရှင်ဖြစ်သွား တာ များခဲ့ပါတယ်။ ကွန်မြူနစ်နိုင်ငံက ကွန်မြူနစ်ခေါင်းဆောင်ကြီးတွေအပေါ် ပြည်သူတွေက ချစ်ခင်မြတ်နိုးတန်ဖိုးထားခဲ့ ပါ တယ်။

ချစ်ခင်မြတ်နိုးတန်ဖိုးထားတဲ့အပြင် ပုဂ္ဂိုလ်ကိုးကွယ်မှုတွေပါဖြစ်ခဲ့ကြပါတယ်။ ဒီလိုပုဂ္ဂိုလ် ကိုးကွယ်မှုတွေကနေ အာဏာရှင် အဖြစ် တွန်းပို့လိုက်ကြတာပါ။ အာဏာရှင် ဖြစ်သွားတဲ့အခါ ပြည်သူတွေထဲမှာကြိုက်နှစ်သက်သူတွေရှိနေသလို၊ မကြိုက်နှစ် သက်တဲ့လူတွေလည်း ရှိလာပါတယ်။ အာဏာရှင်ဖြစ်သွားသူတွေရဲ့သဘာဝအတိုင်း မိမိကိုယ်ကိုယ် အထင်ကြီးစိတ်ဖြစ်ခဲ့ သလို၊ မိမိကိုမကြိုက်နှစ်သက်သူတွေရဲ့ တန်ပြန်တော်လှန်လာမှာကိုလည်း ကြောက်တတ်လာပါတယ်။

ကျွန်တော်ပြောချင်တာက ပြည်သူတွေလေးစားအားကိုးမှုကိုခံရတဲ့အခါ အာဏာရှင်တယောက်ဖြစ်သွားတတ်ပါတယ်။ ဒီလို မဖြစ်အောင် ခေါင်းဆောင်တယောက်ကို လိုအပ်ချက်အရ တင်ပေးခဲ့သူတွေအနေနဲ့ အမြဲဝန်းရံကြပ်မတ်ပေးကြဖို့လိုသလို၊ အမြဲလမ်းကြောင်းမှန်အောင် အကြံပေးနိုင်ဖို့လည်း လိုပါတယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့နိုင်ငံမှာ နယ်ချဲ့ဗြိတိသျှကို တော်လှန်ဖို့အတွက် တကယ်ကိုအရည်အချင်းရှိပြီး  တကယ်ကိုကျိုးစွန့်အနစ်နာခံတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းပြည်ရဲ့ ခေါင်းဆောင်အဖြစ် တင်ပေးလိုက်ပါတယ်။

တိုင်းပြည်ခေါင်းဆောင် (သို့မဟုတ်) အမျိုးသားခေါင်းဆောင်အဖြစ်တင်ပေးလိုက်တဲ့အချိန်မှာ အမျိုးသားရေးအင်အားစုအနေ နဲ့ သခင်မြတို့လို၊ ဒီးဒုတ်ဦးဘချိုတို့လို အမျိုးသားရေး ခေါင်းဆောင်တွေက ဝန်းရံပေးထားခဲ့ပါတယ်။ အမြဲတမ်းလည်း အကြံ ပေးနိုင်ခဲ့ပါတယ်။

အမျိုးသားခေါင်းဆောင်၊ လူထုခေါင်းဆောင်ဖြစ်လာတဲ့အခါ ပြည်သူတွေရဲ့ ချစ်ခင်မြတ်နိုးမှုကို ရရှိခဲ့ပါတယ်။ ဒီကနေကိုး ကွယ်မှုမဖြစ်အောင် ဒီမိုကရေစီစနစ်ကို ရွေးနိုင်ခဲ့ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ဒီမိုကရေစီစနစ်ဟာ ပြည်သူတွေဆီကဆင်းသက်တဲ့ အာဏာနဲ့ အုပ်ချုပ်ရတဲ့စနစ်ပါ။ ဒီမိုကရေစီစနစ်ကိုအားလုံးသိကြပေမယ့် နည်းနည်းတော့ ပြန်ပြောပြချင်ပါတယ်။ ဒီမိုကရေစီ (Democracy) ဆိုတာက ပြည်သူ့ထံက ဆင်းသက်လာတဲ့ အာဏာကိုပြည်သူတို့ဆီကိုပြန်လည်စီးဆင်းတယ်ဆိုပြီး အဓိပ္ပါယ်ရပါတယ်။

ဒီမိုကရေစီကိုကာကွယ်ပေးထားတာက (Constitution) ဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လည်း ပြည်သူတွေကိုယ်တိုင်က သဘောတူလက်ခံတဲ့အချက်တွေနဲ့ ရေးဆွဲနိုင်ရပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရအာဏာခွဲဝေပေးတဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့က မဏ္ဍိုင်တရပ်နဲ့တရပ် ထိန်းညှိ တည့်မတ်ပေးရပါတယ်။

ဒီမိုကရေစီစနစ်ကိုသွားမယ်ဆိုရင် မဏ္ဍိုင်တခုစီမှာ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တွေ ရှိရပါတယ်။ မဏ္ဍိုင်တရပ်တိုင်း ရဲ့ခေါင်းဆောင်တွေမှာလည်း (level) တူ ဝန်းရံသူ (သို့မဟုတ်) အဆင့်သိပ်မကွာခြားတဲ့ခေါင်းဆောင်တွေရှိရပါတယ်။ ဒီ ပုဂ္ဂိုလ်တွေဟာပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ပြည်သူ့ကိုယ်စားလှယ်တွေထဲက ပြန်လည်ရွေးချယ်တင် မြှောက်ခံ ထား ရသုတွေ ဖြစ်ပါတယ်။ ဒီလိုတဆင့်ပြန်ရွေးချယ်ထားတဲ့ မဏ္ဍိုင်ခေါင်းဆောင်များကို ပြည်သူတွေအနေနဲ့မကြိုက်နှစ်သက်ဘူးဆိုရင် ပြန်လည်ဖြုတ်ချနိုင်ပါတယ်။ ဒါဟာလည်း ပြည်သူတွေပါဝင်ဆောင်ရွက်တာပဲဖြစ်ပါတယ်။

မဏ္ဍိုင်ကြီးသုံးရပ်က ဆုံးဖြတ်မှုတိုင်း၊ လုပ်ဆောင်မှုတိုင်းကိုပြည်သူတွေ သိစေရပါတယ်။ မဏ္ဍိုင်တခုနဲ့တခုလည်း အမြဲစောင့် ကြည့်နေမှတာဝန်ကို ကျေပွန်မှာပါ။

ဒီလိုအခြေအနေတွေရှိလို့လည်း ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ခေါင်းဆောင်တွေက မြန်မာပြည်ကို ဒီမိုကရေစီစနစ်နဲ့တည်ဆောက်သွားနိုင်ဖို့ရွေးချယ်ခဲ့တာပါ။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါလီမန်ခေါ်ယူခဲ့ပြီးရင် မြန်မာပြည်မှာလူထုခေါင်း ဆောင်တဦးထဲဦးဆောင်မယ့် နိုင်ငံမဟုတ်ဘူးဆိုတာ ပြခဲ့ပါတယ်။ မဏ္ဍိုင်သုံးခုက ခေါင်းဆောင်တွေ တယောက်ကို တ ယောက် စောင့်ကြည့်ရတော့မှာပါ။ မဏ္ဍိုင်သုံးရပ်ကခေါင်းဆောင်တွေပေါင်းပြီး အုပ်ချုပ်မယ့်နိုင်ငံတခုဖြစ်သွားမှာပါ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ အဲဒီလိုအခြေအနေဖြစ်ဖို့ အများကြီးကြိုးစားရဦးမှာပါ။ အခုလက်ရှိအနေအထားအရပြောရရင် ဒီမိုကရေစီဆိုတဲ့နာမကိုခေါ်ဝေါ်နိုင်ဖို့တောင် မဖြစ်သေးပါဘူး။ ရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူတွေရဲ့ တရားဝင်အသိအမှတ်ပြု မခံရပဲရေးဆွဲလိုက်တဲ့အခြေအနေက ဒီမိုကရေစီစကားရပ်နဲ့မညီဖြစ်နေတာကိုကြည့်ရင် သိနိုင်ပါ တယ်။ ဒီမိုကရေစီဆိုတဲ့စကားလုံးကိုအသုံးမပြုနိုင်သေးတဲ့အခါ ဒီမိုကရေစီမှာပါဝင်နေရမယ့် လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှု၊လူ့အခွင့်အရေးတွေကလည်းပျောက်ကွယ်နေမှာပါပဲ။ ဒီမိုကရေစီဆိုတဲ့စကားစုကိုအသံထွက်နိုင်ဖို့ အရင်ကြိုး စားရမှာပါ။

အခုဆိုကျွန်တော်တို့မြန်မာပြည်မှာ ဒီမိုကရေစီကိုဖော်ဆောင်မယ့် အရပ်သားကြီးစိုးတဲ့ လွှတ်တော်တွေနဲ့ အရပ်ဘက်အစိုးရတခြမ်းပေါ်ပေါက်လာခဲ့ပါပြီ။ ဒါပေမဲ့ အရပ်သားတွေကြီးစိုးတဲ့ လွှတ်တော်ကြီးကို စတင်ခေါ်ယူကျင်းပခြင်းခြင်းပဲ ဘဝင်မကျ ခဲ့ရဘူး။

လွှတ်တော်ဥက္ကဋ္ဌရွေးတဲ့မြင်ကွင်းဟာ အပေါ်ကချပေးတဲ့လောင်းစာရင်းကို ကျန်တဲ့ အရပ်သားလွှတ်တော်ကိုယ်စားလှယ် တွေက တပြိုင်နက်ထဲထောက်ခံ အတည်ပြုလိုက်တဲ့သဘောဖြစ်နေခဲ့တယ်။ အပြိုင်မဲဆွယ်ပြီး ယှဉ်ပြိုင်အရွေးခံရပြီးမှတင် မြှောက်တဲ့ပုံစံကို မတွေ့ ခဲ့ရဘူး။

ဒါဟာ မဆလတစ်ပါတီအာဏာရှင်စနစ်က ပုံစံမျိုးလိုပါပဲ။ ဒီမိုကရေစီကိုပုံဖော်မယ့် ဒီမိုကရေစီပါတီက ဒီမိုကရေစီစနစ်ကိုပုံစမဖော်နိုင်ခဲ့ပါဘူး။ အရပ်ဘက်အစိုးရတခြမ်းမှာလည်း နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်တဲ့အခါ စောစောကပြော ခဲ့တဲ့အတိုင်း အပေါ်က ချပေးတာကို ဝိုင်းထောက်ခံပေးတာကိုမြင်တွေ့ခဲ့ရပါတယ်။ အစိုးရဝန်ကြီးတွေ ရွေးချယ်ခန့်အပ် တဲ့အခါ တဦးတယောက်ရဲ့ဆုံးဖြတ်ရွေးချယ်တဲပုံစံမျိုးပါပဲ။ အရပ်သားလွှတ်တော် (အင်အယ်ဒီ လွှတ်တော်ကိုယ်စား လှယ် များ) အများစုလွှမ်းမိုးတဲ့လွှတ်တော်တွေမှာ စတင်ကြီးစိုးချိန်ကတည်းက တပါတီစနစ်ပုံစံမျိုးတွေ အခုအချိန်ထိ တွေ့မြင် နေရတုန်းပါ။


အင်အယ်ဒီလွှတ်တော်ကိုယ်စားလှယ်တစ်ဦးတင်မယ့်အဆိုကိုအင်အယ်ဒီပါတီက ကြီးကြပ်စိစစ်ပြီးအတင်မခံရဆိုတဲ့အဖြစ်မျိုးတွေ မဖြစ်သင့်တော့ပါဘူး။ ဒီမိုကရေစီစနစ်လို့ခေါ်နိုင်ဖို့တောင် ခက်နေသေးတဲ့အခြေအနေမှာ အင်အယ်ဒီအစိုးရအနေ နဲ့ရော၊ လွှတ်တော်တွေ အနေနဲ့ပါ ဒီမိုကရေစီစနစ်ကို တဖြည်းဖြည်းပုံပေါ်လာနိုင်အောင် ကြိုးစားနေရပါလိမ့်မယ်။ လွှတ်တော်နဲ့အစိုးရကိုထိန်းကျောင်းပေးတဲ့ပုံစံမျိုးတွေလည်း ပျောက်နေပါတယ်။

အဓိကပြောချင်တာက လွှတ်တော်တွေမှာဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှု၊ လူ့ အခွင့်အရေးစတာတွေကို ကျင့်သုံးနိုင်ဖို့ လိုနေပါပြီ။ အင်အယ်ဒီလွှတ်တော်ကိုယ်စားလှယ်တွေကို လွတ်လပ်စွာအဆို တင် ခွင့်၊ လွတ်လပ်စွာငြင်းခုန်ခွင့်တွေပေးနိုင်ဖို့ လိုနေပါတယ်။ ဒီပုံစံအတိုင်းသာဆက်သွားနေမယ်ဆိုရင် တစ်ပါတီအာဏာရှင်စနစ်ရောက်သွားနိုင်ပါတယ်။

အစိုးရခေါင်းဆောင်ဒေါ်အောင်းစုကြည်မှာလည်း အခက်အခဲများစွာရှိနေပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းလိုဝန်းရံအကြံပြုနိုင်တဲ့သုခမိန်တွေမရှိတဲ့အခက်အခဲဟာ လက်ရှိဖြတ် သန်းနေရတဲ့နိုင်ငံရေးဘဝအတွက် စိန်ခေါ်မှုကြီးတရပ်ပဲဖြစ်ပါတယ်။

စစ်အာဏာရှင်ခေတ်အောက်ကရုန်းထွက်လာရတဲ့အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စွန့်လွတ်စွန့်စားခဲ့မှုတွေ ကြောင့် ပြည်သူတွေရဲ့ချစ်ခင်မြတ်နိုးမှုကို ခံခဲ့ရတာပါ။

အတိုက်အခံဘဝမှာ အင်မတန်မှကြမ်းတမ်းတဲ့လမ်းကိုလျှောက်ခဲ့ရပြီးစစ်အာဏာရှင် စနစ်ကို အသေခံတိုက်ပွဲဝင်ရဲတာ ကြောင့် ပြည်သူတွေက လူထုခေါင်းဆောင်အဖြစ် သတ်မှတ် ခဲ့ကြတာပါ။ ဒါပေမဲ့ တိုင်းပြည်ကိုဒီမိုကရေစီစနစ်နဲ့သွားဖို့ရည်ရွယ်ပြီးအစိုးရခေါင်းဆောင်အဖြစ် ကို ရွေးချယ်ခဲ့ပါတယ်။ လူထုခေါင်းဆောင်ဆိုတာ ပြည်သူတွေရဲ့ချစ်မြတ်နိုးမှုကိုခံရတဲ့သူ တယောက်ပါ။ ဒါပေမဲ့ အစိုးရခေါင်းဆောင်ဆိုတာ အချိန်အကန့် အသတ်ရှိနေသလို ဝေဖန်မှုတွေလည်း များပြားစွာပေါ် လာ မှာပါ။

အရေးကြီးတာက တိုင်းပြည်ကိုစစ်အာဏာရှင်စနစ်အောက်ကရုန်းထွက်နိုင်ဖို့ ပြည်သူ တွေကိုဦးဆောင်နိုင်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံပေးနေတဲ့ လူတွေအပေါ်မှာလည်း မူတည်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတာတွေကိုဝေဖန်အကြံပြုနိုင်ရပါ လိမ့်မယ်။ ခေါင်းဆောင်နောက်က သစ္စာရှိရှိလိုက်နေရုံလောက်နဲ့မဖြစ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောသမျှ ခေင်းညိတ်ပြနေရုံလောက်နဲ့ဆို ဒီမိုကရေစီကိုပုံပေါ်အောင် မဖော်နိုင်ပါဘူး။

အခုဖြစ်နေတာကိုကြည့်မယ်ဆိုရင် လွှတ်တော်တွေနဲ့အရပ်ဘက်အစိုးရတခုလုံး ဒေါ်အောင်ဆန်းစုကြည်အပေါ်မူတည်သလိုဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် မှီခိုအချောင်လိုက်သလိုဖြစ်နေတယ်လို့ ထင်မိပါတယ်။ ဒီမိုကရေစီခေတ် ကို အသွင်ကူးပြောင်းနေတဲ့ကာလမှာ မဏ္ဍိုင်တိုင်းကလူတွေအားလုံးထက်မြက်သွက်လက်နေရမှာပါ။ နဂိုရှိနေတဲ့ အရည် အချင်းထက် ပိုပြီးရှိအောင် ကြိုးစားနေရမှာပါ။ အခုအချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက်ရော အရပ်ဘက်အစိုးရ အတွက်ပါ ကြီးမားတဲ့စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။

ပုံသဏ္ဍာန်မတူတဲ့အစိုးရအဖွဲ့အချင်းချင်း ခက်ခဲစွာဆက်ဆံနေရတဲ့အနေ အထားတွေ၊ အဖျက်အန္တရာယ်တွေလည်း များနေ တဲ့အချိန်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်ဘက်အစိုးရရဲ့ဝန်ကြီးတွေ လုပ်ငန်းမကျွမ်းကျင်တာတွေ၊ ပါးနပ်စွာ မကိုင်တွယ်တတ်တာတွေ၊ အရည်အချင်းနည်းပါးတာတွေကြောင့် အခုဆိုပြည်သူတွေထဲမှာမကျေနပ်တဲ့လေသံတွေ ကြား နေရပါပြီ။ ပြောရမယ်ဆိုရင် အရပ်ဘက်အစိုးရဝန်ကြီးတွေခန့်အပ်တာဝန်ပေးတာ ကြိုတင် ရွေးချယ်ထားတာ၊ နေရာချထားတာတွေမရှိခဲ့လို့ဖြစ်တယ်ဆိုတာ အခုတစ်နှစ်ကျော်ကြာတဲ့အခါမှာ သိသာလာပါတယ်။ ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုင်စွဲထားတဲ့ ရင်ကြား စေ့ရေးမူကလည်း အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။

နောက်အရေးအကြီးဆုံးတချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့အာဏာရအင်အယ်ဒီ ပါတီမှာ ဒေါ်အောင်ဆန်းစုကြည်ကိုအ ကြံဉာဏ်ပေးနိုင်တဲ့ခေါင်းဆောင်တွေမရှိတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ပြောသမျှစကားကို ခေါင်းညိတ်လက်ညှိုး ထောင်ကြတဲ့လူတွေပဲ ရှိနေတယ်လို့ ထင်မိပါတယ်။ ဒါဟာ မဆလတစ်ပါတီအာဏာရှင်စနစ်က ပုံစံလိုပါပဲ။ ဒေါ်အောင်ဆန်း စုကြည်အတွက် အခုကာလဟာအခက်ခဲဆုံးအချိန်ဖြစ်ပါလိမ့်မယ်။ ပြည်တွင်းပြည်ပ အထွေထွေစိန်ခေါ်မှုတွေကို ရင်ဆိုင် ကျော်ဖြတ်ရမယ့်ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ တခုပါ။

ဒီလိုသာ မြန်မာပြည်ဒီမိုကရေစီလမ်းကိုဆက်သွားနေမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှာ ချစ်မြတ်နိုးသူတွေ၊ မလိုမုန်း ထားသူတွေကြားမှာ အထီးကျန်ဆန်သွားပါလိမ့်မယ်။ ကမ္ဘာအရှေ့တိုင်းပြည်တွေမှာကလည်း ပုဂ္ဂိုလ်ရေးကိုးကွယ်တတ်တာ အစဉ်အလာတခုလို ဖြစ်နေတဲ့တွက် ပြည်သူတွေကချစ်ခင်အားကိုးပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဟာ အန္တရာယ်ရှိပါတယ်။ ကျွန် တော်တို့မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်ပါ အန္တရာယ်ရှိမှာ စိုးရိမ်မိပါတယ်။

မြတ်လှိုင်း


photo credit : The New York Times

ကျော်ထင် ● တံတားခုံးလေး ရှိသေးတယ်

$
0
0
ကျော်ထင် ● တံတားခုံးလေး ရှိသေးတယ်
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၇

(၁)
ဗိသုကာပညာကို နကန်းတလုံးမှ နားမလည်ပါဘူးလေ။ ဒါပေမဲ့ ဒီအဆောက်အဦ လှ မလှ၊ ကြိုက် မကြိုက်ကိုတော့ ဟဒယ နဲ့တိုက်စစ်ပြီး တုံ့ပြန်တတ်ပါတယ်။

ဒီစကားအရဆိုရင်တော့ တံတားဟောင်းလေးကို ပိုလွမ်းမိတယ်။ တံတားဟောင်းလေးက ခုတံတားလို ကွန်ကရစ်တွေ မဟုတ်ဘူး။ တဖြောင့်တည်း မဟုတ်ဘူး။ တံတားနဲ့တွဲပြီး ဘုရားကျောင်းဆောင် ဆောက်မထားဘူး။ တံတားဟောင်းလေးက သစ်သားတံတား။ ကြမ်းကလည်း သစ်သားကြမ်း။ ဘယ်လိုတံတားမျိုးနဲ့တူသလဲဆိုရင် ဦးပိန်ကို လက်ညှိုးထိုးပြရမှာပါပဲ။ ဒါပေမဲ့ ကျနော်တို့တံတားမှာက လက်ရမ်းလေးတွေရှိတယ်။

တံတားအလယ်မှာက ထိုင်စရာ အပန်းဖြေစရာ ရှိတယ်။ ခုံးလေးတခုံးနဲ့တံတားကို ကွေးမိုထားတယ်။ ခုံးလေးရဲ့ဘေးပန်းမှာ ခုံလေးတွေ တပ်ဆင်ပေးထားတယ်။ တံတားလေးကြည့်ရတာ မမာဘူး။ မခက်ထန်ဘူး။ ကောက်ကြောင်းတွေက ခက်ခက် မာမာ တဖြောင့်တရောင့် မဟုတ်ဘူး။ ယောက်ျား မဆန်ဘူး။ အနွဲ့အပျောင်းနဲ့ ဣတ္ထိယအလှတွေ ယှက်နွယ်နေတယ်။ တံ တားတိုင်ရိပ်၊ တန်းရိပ်တွေ ရေမှာထိုးကျနေတာ ပန်းချီဆရာ ခြယ်မှုန်းထားတဲ့ အလင်းအမှောင်တွေလိုပဲ။

တံတားလေးဟာ ကန်ရေပြင်ကို သံလိုက်အိမ်မြှောင်တခုလို တန်းနေတယ်။ တောင်နဲ့ မြောက်။ ကန်ရေပြင်ကတော့ အရှေ့ နဲ့အနောက်က ပိုကျယ်တာ။ တံတားပေါ်ကို ညဆို သေချာလျှောက်ရတယ်။ နေ့ဆိုလည်း နမော်နမဲ့ လုပ်လို့မရပါဘူး။ ကြမ်း ခင်းတွေက အချို့နေရာတွေမှာ ကျိုးနေတယ်။ မရှိတော့တဲ့နေရာက မရှိတော့ဘူး။ ညဆိုတော့ ပိုဆိုးတာပေါ့။ မှောင်လွန်းလို့ လူသိပ်မလျှောက်ကြဘူး။ ဖြတ်သွားဖြတ်လာ ကျဲတယ်။ လျှပ်စစ်မီးဆိုတာကလည်း ညထဲမှာ ပျောက်ပျောက်နေတတ်တယ်။

ဒီအမှောင်ကို ကြိုက်တဲ့ ညတွဲတွေကတော့ရှိတယ်။ ဒါပေမဲ့ ခုခေတ်လို မများဘူး။ လူဦးရေကလည်း အဲ့ဒီ့တုန်းက နည်းသေး တာပါမယ်ထင်တယ်။ ထူးတာ၊ ခြားတာကတော့ ညတွဲတွေထဲက မိန်ကလေးတွေ။ သူတို့က ခုခေတ်တွေ့နေရတဲ့ မိန်းကလေး မျိုးတွေလို မဟုတ်ကြဘူး။ ညငှက်လေးတွေ။ ပခြုပ်သည်လေးတွေ။ ခန္ဓာနဲ့ဝမ်းစာကို လဲလှယ်စားသောက်ရသူတွေ။ ခန္ဓာ မပါရင်၊ ဝမ်းစာ မလာတဲ့သူတွေလေ။

ခုခေတ်မှာတွေ့ရတဲ့ ညတွဲတွေထဲက မိန်းကလေးတွေကျတော့ ၉ တန်း၊ ၁၀ တန်း ကျောင်းသူလေးတွေ။ ဒီ့ထက် ငယ်တာ တွေလည်းပါတယ်။ ဝန်ထမ်းတွေလည်း ပါတယ်။ ကောင်းရောင်း ကောင်းဝယ်လေးတွေလို့ပြောရင်ရမယ့် အမျိုးအစားထဲက ပေါ့။ သူတို့က ချစ်ခြင်းမေတ္တာ၊ ဆန္ဒ၊ သွေးသားရမ္မက်၊ ဒါတွေအတွက်လား။

ကျနော်တို့ တဆယ်ကျော် အသက်တွေတုန်းက မိန်းမကောင်းလေးတွေ ညမထွက်ကြဘူး။ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ယဉ်ကျေးမှုမရှိဘူး။ ဒီတော့ မထိုင်တတ်ကြဘူး။ ထိုင်ရင်လည်း ဘာလိုလိုညာလိုလိုအကြည့်ခံကြရတာ။ ဘောင်ဘီရှည်ဝတ်တဲ့ ယဉ်ကျေးမှုတောင် ရောက်မလာသေးဘူး။ ခုလို အတိုအပြတ်တွေဆိုတာ ဝေးပေါ့။

မှတ်မိသေးတယ်။ ဘောင်းဘီရှည်ကို ကျနော်တို့မြို့မှာ အင်တာပရော်ညာလုပ်တဲ့ ကောင်မလေး။ စွန့်ဦးတီထွင် စပြီးဝတ်ဆင် တဲ့ ကောင်မလေး။ သူက ဦးမြိုင်သမီး။ ဦးမြိုင်ဆိုတာက သုဘရာဇာ။ သင်္ချိုင်းလုပ်သား။ အဲ့ဒီ့မျိုးဆက်လေးလေ။

သူဘောင်းဘီဝတ်ပြီး ရှမ်းကန်မြောက်ဘက်ဘေးလမ်းအတိုင်း လျှောက်ပြန်သွားတာ မှတ်မိနေတယ်။ ခပ်တည်တည်ပဲ။ ဘယ်သူ့မှ ဂရုမစိုက်ဘူး။ ဘယ်သူကမှလည်း သူ့ကို ဂရုစိုက်ဟန် မရှိပါဘူး။ အားလုံးဟာ အပြန်အလှန် ဘာသိဘာသာပါပဲ။

အဲ့ဒီ့အရင်က သူကလွဲရင် ဘောင်ဘီရှည်ဝတ်တဲ့ မိန်းကလေးကို ကျနော်တော့ မတွေ့မြင်ဖူးဘူး။ မရှိဘူးလို့ထင်တာပဲ။ ကျ နော်တို့ယောက်ျားလေးတွေဝတ်ရင်တောင် တချို့က မျောက်ကြီးလို့ စတတ်ကြတာ။ ကျနော် ဖင်ကျပ်ဘောင်ဘီလေးဝတ်သွားတော့ အဲ့ဒီလို အစခံခဲ့ရဖူးတယ်။

(၂)
ကျနော် ငါးတန်းလောက်မှာ ရှမ်းကန်ကြီးရဲ့ကံကြမ္မာက ပြောင်းသွားတယ်။ ဒီ့အရင် ရှမ်းကန် သမိုင်းကလည်း မရေ မရာပါ။ ရှမ်းတွေ တူးခဲ့လို့ ရှမ်းကန် တွင်သလိုလို၊ ကန်ရဲ့တောင်နဲ့ မြောက်မှာ တောင်ကုန်းတွေရှိတော့ မိုးရာသီမှာ ရေတွေစီးကျတယ်။

တောင်ကုန်းနှစ်ဘက်စလုံးကရေတွေဟာ နေရာတခုတည်းကို စီးဝင်လို့ ရေတွေလျှံတယ်။ ဒါ ကိုအစွဲထားပြီး လျှံကန်ခေါ်ရာက ရှမ်းကန်ဖြစ်လာတယ်လည်း ပြောတာရှိတယ်။ အမျိုးမျိုး အပြောခံရတဲ့ ကန်ပါ။

ကန်ကြီးပြောင်းလဲဖို့ဖန်လာတာက မြို့နယ်ပါတီယူနစ်က ရန်ပုံငွေရှာဖွေရေး မဟာဗျူဟာကြောင့်လို့ ပြောကြတယ်။ ဒီဗျူဟာ အရ ကန်ထဲမှာ ကြာတွေစိုက်ကြတယ်။ ဒီတော့ ကန်ထဲမှာ ကြာတွေဖူးခဲ့တယ်။ ပွင့်ခဲ့တယ်။ ဖူးလိုက်ပွင့်လိုက်တာမှ သော သောလှုပ်ပဲ။ နောက်ဆုံး ရေကိုတောင် မမြင်ရတော့တဲ့အထိ ကြာတွေများခဲ့တယ်။ ကန်ရေပြင်ကို ငေးကြည့်ချင်ရင်တောင် ငေးခွင့်မရှိတော့ဘူး။ ရေပင့်ကူလေးတွေ ကူးသွားတိုင်း ဖြစ်လာတတ်တဲ့ ရေဂယက်ဝိုင်းဝိုင်းတွေကို တွေ့မြင်ခွင့် မကြုံတော့ ဘူး။ ကန်ဘောင်ဘေးပေါက်နေတဲ့ စိန်ပန်းရိပ်တွေ ရေပြင်ပေါ် ဘယ်လိုလုပ်ပြီး ထင်ဟပ်တော့မလဲ။

ကြာတွေက သန်လိုက်တာ။ ကြာခွက်တွေလည်း တအားပဲ။ ကြာစေ့ ပြူးပြူးအာအာတွေကို စားရတာက အရသာရှိလှတယ်။ ကြာခွက်တွေ ခူးရောင်းလိုက်ရလို့ရန်ပုံငွေ ဘယ်လောက်ရသွားသလဲတော့ ကျနော်တို့မသိဘူး။ ကျနော်တို့က ကလေးတွေ ကိုး။ သိတာကတော့ သိပ်မကြာတဲ့ကာလမှာ ကန်ရေတွေ ခမ်းကုန်တာ။ ရေတွေ မရှိတော့ဘူး။ ကြာတွေက ရေတွေကို အ ကုန်သောက်ပစ်တာ။ ကြာဒဏ်ကို ရေတွေမခံနိုင်တော့ဘူး။

ရေတွေမရှိတော့သလို ရေခမ်းတဲ့နေရာတွေက ကြာတွေလည်း အပြိုပြိုအလဲလဲနဲ့ အပင်ပုပ်နံ့ လိုလို၊ ရေပုပ်နံ့လိုလိုတွေ နံ လာတယ်။ ရွှံ့ဗွက်တွေ ပေါ်လာတယ်။ ရွှံ့တွေထဲမှာ ငါးတွေ လူးလူးလွန့်လွန့်။ အချို့မြေကြီးတွေဆို အပေါ်ပိုင်းမှာ ပတ်ကြား တောင် အက်ကွဲကုန်ပြီ။ လိပ်ကြီးတွေကတော့ နေစရာ မရှိ စားစရာမရှိ ဖြစ်ကုန်ပြီပေါ့။ မသမာတဲ့သူတွေကတော့ အတိဒုက္ခ ရောက်နေတဲ့ အဲ့ဒီ့လိပ်ကြီးတွေကို သယ်ယူသွားကြတယ်။ ငါးတွေကိုလည်း လွယ် လွယ်ကူကူပဲ ဖမ်းယူကြတယ်။ တကယ် တော့ ကန်ထဲက ငါးတွေ၊ လိပ်တွေဆိုတာ ဇီဝိတဒါန ပြုထားကြတာ။ ဒါဟာ ကန်ကြီးရဲ့ ကန်မမာသက်တမ်းမှာ မြင်လို့ မကောင်းဆုံး မြင်ကွင်းပါပဲ။ ဇီဝိတဒါနအမိန့်ကို အဓမ္မ ယုတ်သိမ်းတာခံလိုက်ရတာ။ ဒါနရဲ့ မူလဘူတသားတွေ သိရ မြင်ရ ရင်တော့ ရင်ထုမနာဖြစ်မှာ အသေအချာပါပဲ။

(၃)
ဒီကန်မမာကြီးကို နောက်ဆုံးမှာ ပြင်ဖို့လုပ်ကြတယ်။ အုတ်အော်သောင်းတင်းပါပဲ။ ပြင်တော့လည်း ကမ်းလုံးညွတ်မျှ လာ ကြည့်ကြတယ်။ မြေတူးစက်တွေ မြေကော်စက်တွေဆိုတာ မြင်မှ မမြင်ဖူးကြတာ။ ကန်ထဲဆင်းပြီး backhold တွေနဲ့ မြေတူး နေတာဟာ အဲ့ဒီ့ခေတ်ကတော့ အံ့ဖွယ်သရဲ မြင်ကွင်းပါပဲ။ ကျနော်တို့ကလေးတသိုက်အတွက်တော့ မျက်စေ့ပသာဒ ရှိပါ့။ ကမ်းလုံးညွတ်လာကြည့်တဲ့လူတွေဆိုတာ အနီးအနားက ရပ်ကွက်သား ရပ်ကွက်သူတွေ အများဆုံးနေမှာပါ။

တောင်ကုန်းတကုန်းနဲ့ လမ်းတလမ်းခြားတဲ့ ရဲစခန်းထဲက ကျနော့်သူငယ်ချင်းတွေတောင်ပါသေး။ ကျော်ထွန်းနဲ့တိုးနိုင်။ တိုးနိုင်ကြီးကတော့ ပညာလည်း ဖြစ်ဖြစ်မြောက်မြောက် မတတ်ရှာဘူး။ ဆိုက်ကားနင်း အရက်သောက်နဲ့ပဲ စောစောစီးစီး ထပြန်သွားရှာပြီ။ ကျော်ထွန်းကိုတော့ မတွေ့တော့ဘူး။ ယာဉ်ထိန်းလား နယ်ထိန်းလားမသိဘူး။ မန္တလေးလား၊ တံတားဦး လားလည်း မကွဲဘူး။ ကြားတာပဲရှိတယ်။ မရေရာဘူး။

ဒီကောင်တွေနှစ်ကောင်နဲ့ကန်ပြင်တာ သွားကြည့်တယ်။ ကန်ကြီးထဲကို ဆင်းကြတယ်။ မြေတူးစက်တွေနဲ့ဝေးဝေးမှာပေါ့။ အရင်ဆို ရေအောက်မှာပဲရှိကြတဲ့ မြေကြီးတွေဟာ ကျနော်တို့ခြေထောက်အောက်ကို ရောက်နေကြတယ်။ နင်းရတာ အိတိ အိတိနဲ့၊ မြေရဲ့အပေါ်ကြောက ခြောက်နေပြီး အတွင်းထဲမှာက ရွှံ့အဖြစ်နဲ့ရှိနေသေးတော့ စပရိန်လိုပဲ။ ခုန်ပေါက်လို့ ကောင်း တယ်။

ဟိုဘက်နားမှာတော့ လူကြီးတွေကော၊ ကျနော်တို့လို အရွယ်တွေကော အများကြီးဟာ ငါးတွေကို တပျော်တပါးကြီး ဖမ်းနေ ကြတာ။ သွားကြည့်လိုက်တော့ ငါးတွေဆိုတာ အများ ကြီးပဲ။ အထွေးလိုက် အလုံးလိုက်ပဲ။ ငါးခူတွေ၊ ငါးကျီးတွေ၊ ငါးဖယ်တွေ အစုံပါပဲ။ သူတို့ ဘယ်မှ မပြေးနိုင်ဘူးလေ။ လည်စင်းခံလိုက်ကြရတာ။ လိပ်တွေရဲ့အဖြစ်ဆို စိတ်မကောင်းဖြစ် ဖို့အကောင်း ဆုံးပဲ။ မြေတူးစက်တွေ နင်းလို့အခွံတွေ ထက်ခြမ်းကွဲတာ ကွဲ။ မြေကော်ကားရဲ့ သံထည်တွေမှာ ကိုယ်တွေ ပြတ်လိုပြတ်နဲ ၊့ ကြေကြေမွမွ ဖြစ်တဲ့အကောင်က ဖြစ်ပါပဲ။

ဒီအဖြစ်တွေကို ပြန်တွေးရင်း ငါးတွေ လိပ်တွေဟာ စနစ်တခုရဲ့သားကောင်ဖြစ်ရတာပဲလို့ ပြန်ပြောင်း မိတယ်။ ကြာတွေသာ မစိုက်ခဲ့ရင်၊ ကန် မကောဘူး။ ကန်သာ မကောရင် ရေ မခမ်းဘူး။  ရေ မခမ်းရင် ကန် မပြင်ဘူး။ ကန် မပြင်ရင် လိပ်တွေ ငါး တွေ သေမှာ မဟုတ်ဘူး။ ခုတော့ နောက်ငါးတွေ ကောင်းစားဖို့အတွက် သူတို့အသက်တွေ စတေးလိုက်ရတာပဲလေလို့ သူတို့ကို သူရဲကောင်းအဖြစ် တွေးကြည့်ပေးခဲ့တယ်။

(၄)
တကယ်လည်း ကျနော်တို့လူ့ လောကမှာ ခေတ်ဆိုးက လွတ်မြောက်ဖို့ဆိုတာ တော်လှန်ရေး လိုတယ်လေ။ အဲ့ဒီ့အတွက် မျိုးဆက်တဆက်ဟာ အနာခံပြီးတော်လှန်ရမှာပါပဲ။ ဒီသီအိုရီဟာ ဒီနေ့ထိအောင် အမှန်ပဲ ဖြစ်နေပါသေးတယ်။ မမှားဘူး။ မ တော်လှန်ရင် မစတေးရင် ဘာမှ မရနိုင်ဘူး။ ရရင်လည်း ပေးစာကမ်းစာလောက်ပဲရမှာ။ လိုချင်ရင် တိုက်ယူလေ။ စတေးယူ။

ဘယ်သူမှတော့ မ စတေးချင်ကြဘူးပေါ့။ ဒါပေမဲ့ လောကကြီးက ဒီတရားကိုပဲ အမှန်လုပ်ပြီး ခွင့်ပြုထားသေးတာဆိုတော့ စတေးရဦးမှာပဲ။ စစ်မှန်တဲ့အခွင့်အရေးတွေ၊ စစ်မှန်တဲ့ ဒီမိုက ရေစီတွေကို ရဖို့ ဆိုတာ တိုက်ယူမှ ရမှာပဲ။ စတေးနိုင်မှ ရမှာပဲ။

ဒီအတွေးအမြင်နဲ့ပဲ သေခဲ့ ပျက်စီးခဲ့ကြတဲ့ လိပ်တွေ၊ ငါးတွေကို ပြောင်းလဲဖို့စတေးခဲ့ကြတဲ့ မျိုးဆက်တွေလို့ဖြေတွေး တွေး ပေးခဲ့တယ်။ သူတို့ရဲ့အဖြစ်ဆိုးတွေကို စိတ်ထဲကထွက်အောင် ကြိုးစားကြည့်မိတယ်။ သူတို့တွေ စတေးခဲ့ကြလို့ ရှမ်းကန်ကြီး ပြောင်းလဲသွားတယ်။

အသွင်သစ်နဲ့မျက်နှာစာ အသစ်ကို ဖွင့်လှစ်နိုင်လိုက်တယ်။ ဒါကြောင့်ပဲ တံတားဟာ ရုပ်ထွက် အသစ်နဲ့ပေါ်ထွက်လာခဲ့တာ။

တံတားခုံးလေးဟာ တပြန့်တည်းဖြစ်သွားတယ်။ ကွန်ဂရစ်နဲ့။ကွန်ဂရစ်ဘောင်ကို ခွေလို့၊ ကြားမှာ သံတန်းအကာတွေ တပ် ထားကြတယ်။ တံတားလေးက လှသွားလို့ တံတားမြောက် ဘက်ထိပ်မှာ စံပြဓာတ်ပုံဆိုင်လေးတောင် ဖွင့်ခဲ့ဖူးတယ်။ ကန်ကြီးက တသွေးတမွေးနဲ့ လှသွား လို့ လူတွေလည်း ဓာတ်ပုံရိုက်လာကြတယ်။ ကန်ဘောင်မှာ ရေတမာနဲ့ စက္ကူပန်းရုံတွေ တိုးလာတယ်။ လူသွားလမ်းလေးလည်း ကွန်ကရစ်ခင်းတဲ့လမ်းလေး။ ဗိုလ်ချုပ်ကြေးရုပ် မည်းမည်းကြီးလည်း ဝါဝါဖြစ်သွားပြီး ယူနီဖောင်းအရောင် ပြောင်းသွားတယ်။

ဒါပေမဲ့ ကုက္ကိုပင်တွေနဲ့ တရုတ်မန်ကျည်းပင်တွေကတော့ လူတွေ စနစ်တွေလို အရင်အတိုင်းပဲ။ တခြာကော ... ကျနော့် အ ထင်မှာတော့ ခုံးတံတားလေးဟာ ဒီအတိုင်းပဲ ရှိနေသေးတယ်။

ကျော်ထင်

ဆောင်းယွန်းလ ● ဒီကဗျာ မြန်မြန်သေမှ အေးမယ်

$
0
0

ဆောင်းယွန်းလ ● ဒီကဗျာ မြန်မြန်သေမှ အေးမယ်
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၇

ရိုးရိုးသားသား ချစ်နေခဲ့ပါတယ်ဆိုတဲ့
ပြောနေကျ စကားတခွန်းနဲ့
လုံလောက်သွားခဲ့ပြီလား
အမေးခက်လို့ မမေးရက်ပေမယ့်
မွဲတေနေတဲ့ ဆင်းရဲခြင်းက
အမိုးမလုံ အကာမလောက်ဖြစ်နေတဲ့အခါ
ငါ ဒီကဗျာကိုရေးဖြစ်တယ်

ကြိုးကြိုးစားစား ချစ်နေခဲ့ပါတယ်ဆိုတဲ့
ပြောနေကျ စကားတခွန်းနဲ့
စားသောက်နေထိုင်နိုင်ခဲ့ပြီလား
အမေးခက်လို့ မမေးရက်ပေမယ့်
အသေရုံတမယ် စားနေကျ ထမင်းဝိုင်းထဲ
ငါးပိရည်ကျဲကျဲကို ရွှဲရွှဲဆမ်းမစားနိုင်တဲ့အခါ
ငါ ဒီကဗျာကို ရေးဖြစ်တယ်

နိုးနိုးကြားကြား ချစ်နေခဲ့ပါတယ်ဆိုတဲ့
ပြောနေကျ စကားတခွန်းနဲ့
ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နိုင်ခဲ့ပြီလား
အမေးခက်လို့ မမေးရက်ပေမယ့်
နာရီနဲ့အမျှ သွေးထွက်နေတဲ့ တောင်တန်းတွေနဲ့
ဒဏ်ရာဗလပွရနေတဲ့ စမ်းချောင်းတွေကိုမြင်ရတဲ့အခါ
ငါ ဒီကဗျာကိုရေးဖြစ်တယ်

ဆိုရိုးရှိတဲ့အတိုင်းကတော့
ကဗျာဆရာသေပေမယ့် ကဗျာတွေမသေဘူးတဲ့
ငါကိုယ်တိုင်က ကဗျာဆရာမဟုတ်လေတော့
ငါမသေခင်
အခု ငါရေးနေခဲ့တဲ့ကဗျာကို အရင်သေစေချင်တယ်။

ဆောင်းယွန်းလ
(သြဂတ်စ် ၂၁ ရက်၊ ၂၀၁၇)

ကာတွန်း ရွှေဗိုလ် ● နိုင်ငံရေးလုပ်တယ်ဆိုတာ ...

$
0
0
ကာတွန်း ရွှေဗိုလ် ● နိုင်ငံရေးလုပ်တယ်ဆိုတာ ...
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၇

ကာတွန်း ATH - မနာဘူးလား

$
0
0

ကာတွန်း ATH -  မနာဘူးလား
(မိုးမခ) သြဂုတ် ၂၂၊ ၂၀၁၇

နိုင်ဝင်းသီ ● ချစ်ခြင်းဂယ်လာရီ

$
0
0
နိုင်ဝင်းသီ ● ချစ်ခြင်းဂယ်လာရီ
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁

(တစ်)
အချစ်ဟူသော စကားလုံးကို သူ့ဘဝထဲသို့ ပထမဦးဆုံးဆွဲသွင်းခဲ့သူမှာ သူ၏ ဦးလေးတော်စပ်သူဖြစ်သည်။

ဦးလေးမှာ မိန်းမရှိပါသည်။ ကလေးနှစ်ယောက်လည်းရှိသည်။ သူသတိပြုမိသလောက် ဦးလေး၏မိန်းမသည် စကားနည်းပြီး  အလွန်အေးချမ်းသူဖြစ်သည်။ သူတို့အိမ်ထောင်သက်တမ်းတလျှောက် ဦးလေးမူးပြီး ဆူဆူပူပူ ထလုပ်သည့်ရက်မျိုးကလွဲ၍ သူတို့လင်မယားနှစ်ယောက် အော်ဟစ်ပေါက်ကွဲနေတာမျိုးကို  တကြိမ်တခါမှ သူမကြုံခဲ့ဘူးပါ။ သို့သော်လည်း ဦးလေးသည် နူးညံ့သိမ်မွေ့သော သူ့မိန်းမကိုပစ်ပြီး နောက်မိန်းမတယောက် ယူသွားခဲ့လေသည်။

"မိန်းမတွေဟာ သူတို့ယောက်ျားဘဝကိုရမှ အချစ်ဆိုတာ ယောက်ျားလေးတွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ
နားလည်လာမှာကွ"

အဲဒီနေ့တုန်းက ဦးလေး၏မျက်လုံးများသည် ခါတိုင်းမြင်တွေ့နေကျ မျက်လုံးများလို ပျော်ရွှင်နေသော မျက်လုံးမျိုးမဟုတ်ဘဲ
လျှို့ဝှက်မှုများဖြင့် တောက်ပနက်ရှိုင်းနေခဲ့သည်။

ဦလေး၏စကားလုံးတွေကို သူနားမလည်သလို ဦးလေး၏မျက်လုံးတွေထဲက လျှို့ဝှက်ချက်ကိုလည်း သူ အဓိပ္ပါယ်မဖော် တတ်ခဲ့ပါ။ ဦးလေးနောက်ယူလိုက်သော  မိန်းကလေးက အရင်မိန်းမထက် အသက်တဝက်ခန့်ငယ်ရွယ်ပြီး မော်ဒယ်လ်တ ယောက်နှင့် ဆင်ဆင်တူမှန်းတော့ သူသတိပြုမိခဲ့သည်။သို့သော်လည်း ဦးလေးသည် ထိုမိန်းကလေးနှင့်လည်း သုံးနှစ်ခန့်သာ ပေါင်းသင်းခဲ့လေသည်။

"မထူးပါဘူးကွာ .. မိန်းမဆိုတာ မိန်းမပါပဲ။ ဘာမှ မထူးခြားပါဘူး"  ဟု ခြူသံပါအောင်ညည်းညူပြီး တောရကျောင်းတကျောင်း မှာ ဘုန်းကြီးဝတ်သွားခဲ့သည်။ သူ့မိန်းမနှစ်ယောက်မှာသာ ပစ္စည်းခန်းကိစ္စအတွက် တရားတွေ တဘောင်တွေဖြစ်ပြီး ကျန် ရစ်ခဲ့လေသည်။

မှတ်မှတ်ရရ အဲဒီအချိန်ကစပြီး အချစ်ဆိုသောစကားလုံးသည် သူ့ဘဝထဲကို ဘာအဆက်အစပ်မှမရှိပါဘဲနှင့် လွင့်ဝင်လာခဲ့
သည်။ အဲဒီတုန်းက သူ အလွန်ငယ်ပါသေးသည်။

(နှစ်)
အချစ်ဟူသော စကားလုံးနှင့် ဒုတိယအကြိမ် ပတ်သက်ရသည်မှာ နောက်ဆုံးနှစ်စာမေးပွဲကို ဖြေဆိုရန်အတွက် မြို့ပြသို့ တက်လာခဲ့စဉ်ကဖြစ်သည်။ ထိုအချိန်တုန်းက ကုမ္ပဏီတခုမှာ အလုပ်လုပ်ပြီး ပြင်ပဘော်ဒါဆောင်တခုမှာ သူ နေထိုင်ပါသည်။

ထိုဘော်ဒါဆောင်မှာ နေထိုင်ခဲ့စဉ်ကာလတလျှောက်လုံး သူနှင့် ရင်းနှီးခင်မင်သူဟူ၍ နှစ်ယောက်သာ ရှိသည်။ ပထမလူမှာ လိုင်းပေါင်းစုံကိုင်သော ပွဲစားတယောက်ဖြစ်ပြီး ဒုတိယလူမှာ ဆင်ခြေဖုံးမြို့ကလေးများသို့ လှည့်လည်၍ မျက်လှည့်ပြစား နေသော  မျက်လှည့်ဆရာတယောက်ဖြစ်သည်။

သူသတိပြုမိသလောက်တော့ ပွဲစားမှာ လုပ်ငန်းခွင်ဝင်ဖို့ အမြဲတမ်း နိုးကြားလန်းဆန်းနေသော လျှာတချောင်းရှိသည်။ ငွေ စက္ကူများကို ခုန်ဟပ်ဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေသော သားရေအိတ်မည်းတလုံးရှိသည်။ ကြံရည်ဖန်ရည်အသင့်အတင့်ရှိ သော ဦးခေါင်းတလုံးရှိသည်။ မိုးလင်းသည်နှင့် ဘယ်သူ့ကို ဘယ်လိုခွင်ရိုက်ရပါမည်လည်းဟု ချောင်းမြောင်းနေသော မျက် လုံးတစုံရှိသည်။ ထိုခန်းဝင်ပစ္စည်းတွေနှင့်ပဲ ပျော်ရွှင်စရာကောင်းသော ရက်စွဲတချို့ကို သူ ရှာဖွေတွေ့ရှိလာခဲ့တာမဟုတ်လား။

လွန်ခဲ့သည့် သုံးနှစ်ခန့်ကတော့ ကြံရည်ဖန်ရည်အသင့်အတင့်ရှိသော သူ့ဦးခေါင်းထဲမှ ထက်မြက်မှုတွေ တခုပြီးတခု ထွက် ကျလာခဲ့သောကြောင့် ပွဲစား တော်တော်လေးကို အဆင်ပြေခဲ့သည်။ ထိုရက်စွဲတွေတုန်းက မြို့ပြ၏ညနေခင်းများကို ရီဝေ ပျော်မောစွာ ဖြတ်သန်းခဲ့နိုင်ရုံမက တိုက်ခန်းတခန်းနှင့် ဆလွန်းကားတစီးကိုပါ ပွဲစားဝယ်နိုင်ခဲ့သည်။ သို့သော်လည်း ပွဲစား သည် လှပဆန်းကြယ်သော ခေတ်သစ်ဘောဂဗေဒ  ကကြိုးသစ်များကို ကြာမြင့်စွာ မကနိုင်ခဲ့ရှာပါ။ ရောင်းမှား ဝယ်မှားခွင် တခုတွင်  ရုန်းထွက်ခြင်းငှာ မည်သို့မျှ မစွမ်းသာသောကြောင့်  ဆိတ်ဖလူးပန်းရနံ့ မွှေးရီထုံယစ်သောနေရာတခုသို့ မမျှော်လင့် ဘဲနှင့် ရောက်ခဲ့ရလေသည်။

ထိုကာလအတွင်း သူ အသေအချာပိုင်ဆိုင်ခဲ့သော ရုပ်ဝတ္ထုပစ္စည်းတွေအားလုံးကို ပွဲစား ဆုံးရှုံးခဲ့သည်။ ကာနှင့်တိုက်ခန်းကို
လည်း သူ ဆုံးရှုံးခဲ့ရသည်။ သူ ကိုးစားယုံကြည်ခဲ့သော မိတ်ဆွေတွေအားလုံးကိုလည်း သူ ဆုံးရှုံးခဲ့ရသည်။ ခိုင်မာသော ကတိကဝတ်တွေကိုလည်း သူ ဆုံးရှုံးခဲ့ရသည်။ အဆိုးတကာ အဆိုးဆုံးမှာ ပွဲစားနယ်ပယ်တွင် မတ်မတ်ခိုင်ခိုင် စိုက်ထူထားခဲ့ သော သူ၏အမည်နာမကို ဆုံးရှုံးသွားရခြင်းဖြစ်လေသည်။

ဆုံးရှုံးမှုပေါင်းများစွာကို ခါးသက်စွာ ကြုံဆုံခဲ့ရသော ပွဲစား၏ဘဝမှာ နာကျင်စရာပင် ကောင်းနေသေးတော့သည်။ သို့သော်
လည်း ထိုပွဲစား စိတ်ဓာတ်မကျပါ။ အမှောင်ထဲမှ ကျွတ်လွတ်လာသည်နှင့်နှစ်ပေါင်းများစွာသူ ကျင်လည်ခဲ့သော ပွဲစားအဝန်း အဝိုင်းထဲကိုပဲ သူ ခြေပြန်ချခဲ့သည်။ သူ့ဘဝနေမှုဟန်ပန်နှင့် လိုက်လျောညီထွေအဖြစ်ဆုံးနယ်ပယ်ဟာ ဒီနယ်ပယ်တခုပဲ ရှိ တာမဟုတ်လား။

တခါတခါတော့လည်း မြို့ပြ၏ ညခင်းထဲကို ငေးငေးရီရီကြည့်နေသော ပွဲစား၏မျက်ဝန်းတွေထဲမှာ နာကျည်းမုန်းတီးမှုများဖြင့်
တောက်ပလာသည်ကို သူ တွေ့ခဲ့ဖူးပါသည်။ ပွဲစားကတော့ သူ့ကိုပြောခဲ့ဖူးသည်။

"ကိုယ့်ရဲ့နံကြားထဲကို ထိုးစိုက်မယ့်ဓားဟာ ဘယ်တော့မှ အဝေးကြီးကမလာဘူးကွ။ ကိုယ်နဲ့ အနီးကပ်ဆုံးနေရာကပဲ လာ လေ့ရှိတာ"

မှားယွင်းခွင့် အလွန်နည်းပါးသော မိုင်တိုင်အမှတ်သို့ ရောက်ရှိနေသူတဦး၏ ရင်ထဲကလာသော စကားဖြစ်ပါသည်။ သူ့နံကြား
ထဲကို စိုက်ဝင်တုန်ခါသွားသော ဓားကို ဘယ်သောအခါမှ မေ့လျော့သွားမှာ မဟုတ်သလို အဲဒီဓားကိုပဲ မြည့်နေအောင်သွေးပြီး ထိုလူ့ကို ပြန်လည်ထိုးစိုက်ရမှာဖြစ်ကြောင်း ပြောခဲ့သောညက အေးစက်တောက်ပနေသော သူ့မျက်လုံးတွေကိုကြည့်ပြီး ခြေဖျားလက်ဖျားတွေ အေးစက်သွားခဲ့သေးသည်။

သူ့ရဲ့လုပ်ငန်းနယ်ပယ်ထဲမှာ မည်ကဲ့သို့သော နည်းဗျူဟာမျိုး ခင်းကျင်းဖြန့်ကျက်သည်မသိရသော်လည်း သူနှင့်ဆက်ဆံရာ မှာတော့ ရိုးသားဖြူစင်မှုကို ဆုပ်ကိုင်မိသောကြောင့် ထိုပွဲစားကိုတော့ သူ ခင်မင်မိသည်။

(သုံး)

မျက်လှည့်ဆရာ၏ ဘဝကောက်ကြောင်းကတော့ တဘာသာ။ ကနဦးက ကြေးနီရောင်တောက်ပနေသော အသားအရောင်၊ ပါးလျပိန်သွယ်သောကိုယ်ခန္ဓာအချိုးအဆက်၊ လှိုင်းထတွန့်ကွေးနေသော ဆံပင်နက်နက်များနှင့် အရောင်ရင့်ရင့်ရှပ်လက်ရှည် များကို သပ်ရပ်စွာ ဝတ်ဆင်လေ့ရှိသောသူ့ကို မျက်လှည့်ဆရာတဦးဖြစ်လိမ့်မည်ဟူ၍ ဘယ်သူကမှ မထင်ခဲ့ပါ။ အ ဆောင်မှ အစောဆုံးထွက်ခွာသူဖြစ်ပြီး အဆောင်သို့နောက်အကျဆုံး ပြန်ရောက်လာသူတဦးအဖြစ်နှင့်သာ သူတို့အားလုံးက သူ့ကို သိထားကြပါသည်။

အဆောင်မှ သူထွက်ခွာသွားတိုင်း အတော်အသင့်ကြီးမားသော ခရီးဆောင်အိတ်တလုံးကို လွယ်သွားတတ်သလို အဆောင် သို့ပြန်လာတိုင်းလည်း  ထိုအိတ်မည်းကြီး ပြန်ပါလာတတ်သည်ကို သူတို့အားလုံး သတိပြုမိကြသည်။ ထိုအိတ်က အနည်း ငယ် လေးပင်ပုံလည်း ရပါသည်။

သူနှင့် ရင်းနှီးခင်မင်သွားတော့မှ ထိုအိတ်ထဲတွင် ဆာလာအိတ်ဖြင့် ထုတ်ပိုးထားသော စပါးကြီးမြွေနှစ်ကောင် ထည့်ထားမှန်း
သူတို့သတိပြုမိတော့သည်။ ဒါ့အပြင် လူအရိုးခေါင်းခွံနှစ်ခုကိုလည်း မြွေတွေနှင့် ရောနှောပြီး ထည့်ထားပါသေးသည်။ ထို အခါကျမှ သူ့ကို မျက်လှည့်ဆရာတယောက်ဖြစ်နေမှန်း သူတို့ သိကြပါတော့သည်။

"မြွေတွေပါတဲ့မျက်လှည့်ဆရာကို ဘယ်လိုအဆောင်မျိုးက လက်ခံမှာလဲကွာ။ ဒါ့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတခုမှာ အလုပ်လုပ်နေတာပါပြောပြီး အဆောင်မှာခပ်တည်တည်နဲ့ နေနေရတာကွ"

ကာယကံရှင်တော့ ဘယ်လိုနေသည်မသိ။ သူနှင့်ပွဲစားကတော့ လက်မောင်းလုံးခန့်ရှိမည့် စပါးကြီးမြွေနှစ်ကောင်ကို နိစ္စဒူဝ
အသွားအပြန် သယ်မ နေရသော ပွဲစားကိုကြည့်ပြီး မောဟိုက်လာလေသည်။ ပွဲစားက ခေါင်းတရမ်းရမ်းနှင့်  ...

"ခင်ဗျားဗျာ ...ဒီမြွေနှစ်ကောင်နဲ့ အရိုးခေါင်းနှစ်လုံးကို တနေရာရာမှာ ထားခဲ့ဖို့ကောင်းတယ်။ အသွားသယ်  အပြန်သယ်နဲ့
ခင်ဗျားကိုကြည့်ရတာ ပင်ပန်းလိုက်တာဗျာ"

မျက်လှည့်ဆရာက ခြောက်ကပ်စွာပြုံးပြီး...

"ကျွန်တော် ပစ္စည်းထားနေကျအိမ်တွေက ဒီ့ပြင်ပစ္စည်းတွေကို လက်ခံတယ်ဗျ။ မြွေနှစ်ကောင်နဲ့ အရိုးခေါင်းကျတော့ လက် မခံတော့ဘူး။ ဒါကြောင့်မို့လည်း အသွားသယ် အပြန်သယ်နဲ့  အပင်ပန်းခံပြီးသယ်နေရတာပေါ့ဗျာ။ ဘယ်သူက အလေးခံပြီး သယ်ချင်ပါ့မလဲ။ ကားစီး၊ ရထားစီးလို့များ ဒီကျေးဇူးရှင် နှစ်ကောင်နဲ့ ဘယ်လောက်ဒုက္ခရောက်တယ်အောက်မေ့လဲ"

ပွဲစားက လှုပ်စိလှုပ်စိဖြစ်နေသော ဆာလာအိတ်ကိုကြည့်၍ ပခုံးတချက်တွန့်လိုက်ပြီး ...

"ဟေ့လူရာ...အိတ်ကိုချည်ထားတဲ့ကြိုးက ခိုင်ရဲ့လားဗျာ။ ကြည့်လည်းလုပ်ပါဦး။ တော်ကြာ ကြိုးပြေသွားလို့ ခင်ဗျားဘော် ဒါနှစ်ကောင်ထွက်လာရင် တဆောင်လုံး ပြေးနေရပါဦးမယ်ဗျာ"

"ကြိုးပြေသွားလို့ မဖြစ်ဘူးသူငယ်ချင်းရ၊ ခိုင်အောင်ချည်ထားရတယ်။ အရင်ဘော်ဒါဆောင်မှာနေတုန်းက ကြိုးပြေပြီး ထွက်သွားလို့ ဒီအဆောင်ကို ပြောင်းလာခဲ့ရတာဗျ"

ဆာလာအိတ်ထဲမှ လျှောခနဲထွက်သွားသည့် မြွေနှစ်ကောင်၏ အရွေ့အလျားကိုစိတ်ကူးထဲမှာ ပုံဖော်ကြည့်ပြီး သူ့ ခြေဖျား
လက်ဖျားတွေ အေးစက်သွားလေသည်။ သူသိချင်စိတ် ပြင်းပြစွာနှင့် ...

"ဒါဆိုရင် ဒီမြွေတွေဟာ အပြင်ဘက်ကို ရောက်သွားတာပေါ့နော်"

မျက်လှည့်ဆရာက အစီခံမပါသော စီးကရက်တလိပ်ကို မီးညှိ၍ အားရပါးရ ရှိုက်ဖွာလိုက်ပြီး ...

"ဒါပေါ့ကွ...အိတ်ထဲက ထွက်သွားပြီဆိုမှတော့ အပြင်ဘက်ကို ရောက်သွားပြီပေါ့ကွ"

"ဘယ်နေရာတွေကို ရောက်သွားလဲ"

မျက်လှည့်ဆရာက စီးကရက်မီးခိုးငွေ့များကို ဟူးခနဲ မှုတ်ထုတ်လိုက်ပြီး ...

"ဘယ်နေရာ ရောက်သွားတယ်ထင်လို့လဲ။ တကောင်က အဆောင်ပိုင်ရှင် မိန်းမကြီးအိပ်တဲ့ အိပ်ရာပေါ် တက်ခွေနေတာကွ"

"ဟာ"

"မိန်းမကြီးကွာ အော်လိုက်တာမှ ငယ်သံကို ပါနေတာပဲ။ တော်သေးတာပေါ့ကွာ။ လန့်ဖျပ်ပြီး တခုခုဖြစ်မသွားတာ"
ပွဲစားက ဝိုင်းစက်အံသြသွားသော မျက်လုံးများဖြင့် မျက်လှည့်ဆရာကို ကြည့်လိုက်ပြီး ...

"နောက်တကောင်ကရော"

"နောက်တကောင်က အဆောင်နားက ဓမ္မာရုံကို ရောက်သွားတာဗျ။ ဓမ္မာရုံမှာကလည်း တရားပွဲရှိနေတော့ ဘာပြောကောင်းမ
လဲဗျာ ဘုန်းကြီးလည်း ထပြေး။ တရားနာနေတဲ့ ပရိသတ်တွေလည်း ရုတ်ရုတ်သဲသဲဖြစ်ပြီး ထပြေးရတာပေါ့။ ပြောရရင်တော့ အဲဒီညကစပြီး ကျွန်တော်လည်း အဆောင်က ဆင်းခဲ့ရတာပါပဲဗျာ။ နောက်တနေ့လေးတောင် အကူးမခံတော့ဘူး။ ညတွင်း ချင်းကို မောင်းချလိုက်တာပါပဲ သူငယ်ချင်းတို့ရာ"

သူတို့အားလုံး ရယ်မောလိုက်ကြပါသည်။

မျက်လှည့်ဆရာနှင့်မသိကျွမ်းခင်က သူ့ရဲ့အသွင်သဏ္ဌာန်ဟာ အေးစက်စက်နိုင်လှသော်လည်း ခင်မင်သွားချိန်မှာတော့ သူ့ဘဝဟာ စိတ်ဝင်စားစရာကောင်းလာပါသည်။

ပွဲစားကတော့ မျက်လှည့်ဆရာကို ရှေ့တည့်တည့်မှာထားပြီး ပြောခဲ့ဖူးသည်။

"ဒီလူက တွံတေးတောကြီးတန်းတောင်ရောက်ဖူးတဲ့လူ မဟုတ်ဘူး။ ဒါပေမဲ့ နှင်းဖုံးနေတဲ့ ရေခဲတောင်ထိပ်က သစ်ဥသစ်ဖုတွေ
ကို သက်စွန့်ဆံဖျား တူးဖော်ပြီး မိဘပြည်သူများရဲ့ ကျန်းမာရေးအတွက် လာပြီးရောင်းချပေးတာပါလို့ ပြောတဲ့လူကွ။ သူ ပြောပုံ ဆိုပုံနဲ့ သူပစ်သွင်းလိုက်တဲ့အလုံးတွေက တော်ရုံလူမပြောနဲ့။ သူများမျက်ခုံးမွေးပေါ် စင်္ကြန်လျှောက်နေတဲ့ ငါတို့လို လူမျိုးတွေတောင် ငိုင်ဆင်းသွားရတာကွ"

မျက်လှည့်ဆရာ စိတ်ဆိုးပုံမရပါ။ သူ့ရဲ့ဝသီအတိုင်း ငွေ့ငွေ့ကလေး ပြုံးပြီး ...

"ဒါက ကျွန်တော်မို့လို့ ဒီလောက်ပြောနိုင်တာပါဗျာ။ ခင်ဗျားသာ ကျွန်တော့်နေရာမှာဆိုရင် ဒီဆေးမြစ်ကို တနေ့နှစ်ကြိမ် သွေးလူးပေးရင် လေဖြတ်ပြီးလဲနေတဲ့ လူမမာတောင် ဆယ်ရက်အတွင်း ထထိုင်လိမ့်မယ်လို့ ခင်ဗျားပြောမှာမို့လား"

ပွဲစားဟာ စားပွဲကို လက်ဖဝါးနှင့် ဖြန်းခနဲ ရိုက်လိုက်ပြီး ...

"သိပ်သေချာတာပေါ့ဗျာ။ပြောမှာပေါ့။ ဒါပေမဲ့ ပြောတယ်ဆိုတဲ့နေရာမှာ ခင်ဗျားပြောသလို ဆယ်ရက်အတွင်း ထထိုင်မှာလို့
တော့ မပြောဘူး။ ခင်ဗျားပြောတဲ့ ဆယ်ရက်က ရက်ရှည်နေသေးတယ်။ ကျုပ်ဆို သုံးရက်တည်းနဲ့ ငေါက်ခနဲ ထထိုင်မှာလို့ ပြောမှာ"

အကြောင်းရင်း မသိသေးသည့်လူတွေဆိုလျှင် သူတို့နှစ်ယောက်၏ ပြူးပြူးပြဲပြဲ အမူအရာကိုကြည့်ပြီး စိတ်တွေ ရှုပ်ထွေး သွားနိုင်ပါသည်။ သို့သော်လည်း သူတို့နှစ်ယောက်ဟာ ဘာမှ မဖြစ်ပါ။ နယ်နိမိတ် ကန့်သတ်မထားသော သူတို့နှစ်ယောက် ရဲ့ဆက်ဆံရေးဟာ အမြဲတမ်း ထိုအတိုင်းပဲရှိခဲ့သည်။

တခါတခါတော့လည်း ဘဝအခင်းအကျင်းနှင့် စိတ်ဖွဲ့စည်းပုံချင်း အနည်းငယ်မျှလောက်ပင်တူညီမှုမရှိသော သူတို့နှစ်ယောက် ၏ချစ်ခင်ရင်းနှီးမှုကို သူ ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ရသည်။ သူတို့နှစ်ယောက်မှာ တူညီတာဆိုလို့ တခုပဲရှိသည်။
မိန်းမများကို ခါးခါးသီးသီးမုန်းတီးရာတွင် သွားတူနေခြင်းပင်ဖြစ်လေသည်။

မျက်လှည့်ဆရာက "မိန်းမနဲ့ရှေ့နေသာမရှိရင် မဟာဘဒ္ဒကမ္ဘာကြီးဟာ အတော့်ကို သာယာလှပလာမှာကွ"ဟု မြွက်ကြားခဲ့ဖူး
သလို ပွဲစားကလည်း "ကမ္ဘာလောကကြီးကိုစိမ်းလန်းစိုပြည်စေချင်ရင် မိန်းမနဲ့ယင်ကောင်ကို ပြတ်ပြတ်သားသား ချေမှုန်းပေး ရမယ်ကွ"ဟု ရဲရဲတောက် သြဝါဒ ပေးခဲ့ဖူးပါသည်။
သည်လို မိန်းမမုန်းတီးရေးဝါဒီတွေကြားမှာ ချစ်ခြင်းမေတ္တာကို ထိစမ်းပွတ်သပ်ဖို့ရာ သူ့အတွက် အခွင့်အလမ်း သိပ်မရှိလှပါ။ မည်ကဲ့သို့သော ခံစားမှုမျိုးကို ဖြစ်တည်စုဖွဲ့ထားမှန်း သူ မသိသော်လည်း မိန်းမများကို မုန်းတီးသည့်နေရာမှာတော့ နှစ် ယောက်စလုံးဟာ ခါးသီးတူးခြစ်နေအောင်ကို မုန်းတီးကြကြောင်း သူ သတိပြုမိသည်။

မြို့ပြညခင်းများမှာ သူတို့အဆောင်နှင့် ခပ်လှမ်းလှမ်းမှာရှိသော ရထားသံလမ်းဘေးက အရက်ဆိုင်လေးမှာ ထိုင်လိုက်တိုင်း သူတို့စကားဝိုင်းတွင် မပါမဖြစ်သောအဓိကဘာသာရပ်မှာ မိန်းမမုန်းတီးရေးဘာသာရပ်ပင် ဖြစ်သည်။ မိန်းမတွေ မကောင်း ကြောင်းသာ ထိုင်ပြောပါဟုဆိုလျှင်  ဒီလူတွေဟာ ခုနှစ်ရက်ခုနှစ်လီ ထမင်းမစားဟင်းမစားဘဲ ထိုင်ပြောမည့် လူတွေဖြစ်သည်။

အဲသည်လိုများ တစိမ့်စိမ့်နှင့် ပြောနေရလျှင် သူတို့မျက်လုံးတွေဟာ ကြယ်ပွင့်တွေလို တဖျတ်ဖျတ်နှင့် တောက်ပနေတတ်ပါ
သည်။ မျက်လှည့်ဆရာတွင် ချောမောလှပသော မိန်းမတယောက် ရှိခဲ့ဖူးပြီး ထိုမိန်းမသည် မျက်လှည့်ဝိုင်းတွင် ဘင်တီးသော သူ့တပည့်တယောက်နှင့် လိုက်ပြေးသွားခဲ့ကြောင်း အဆောင်ထဲမှာ သူ ကြားခဲ့ဖူးသည်။

အလားတူပင် ပွဲစားတွင်လည်း ဆယ်မာဟေးယက်စ်နှင့်တူသော မိန်းမခပ်ချောချောတယောက်ရှိပြီး ထိုမိန်းမသည်လည်း ပွဲစားထက်လက်ရောခြေပါ ပိုပြီးသွက်လက်သော အခြားပွဲစားတယောက်နှင့် လိုက်ပြေးသွားခဲ့ကြောင်း  သူကြားခဲ့ဖူးပါသည်။ ဘာပဲပြောပြောကိုယ့်မိန်းမတွေ နောက်ယောက်ျားနောက်လိုက်သွားရုံနဲ့ တကမ္ဘာလုံးက မိန်းမတွေအပေါ် သိမ်းကြုံးမုန်းတီး နေတာကတော့ မကောင်းလှပါဘူး။

သည်လိုနှင့်ပဲ လရောင်ပျောက်ဆုံးနေသော မြို့ပြညများကို တညပြီးတည အေးစက်လေးကန်စွာနှင့် သူ ဖြတ်သန်းလာ ခဲ့ရသည်။ နောက်ဆုံးနှစ်ဖြေဆိုပြီး၍  ခွင့်ဆယ်ရက်ယူပြီး နယ်ကို ခေတ္တပြန်တော့ သူတို့နှစ်ယောက်စလုံး သူ့ကို သင်္ဘောဆိပ် သို့ လိုက်ပို့ကြပါသည်။

ခွင့်ရက်ကုန်ဆုံး၍ အဆောင်ကို သူပြန်ရောက်တော့  ဘယ်လိုမှ ယုံကြည်နိုင်စရာမရှိသော သတင်းတပုဒ်ကို အံ့သြတုန်လှုပ်စွာ
သူ ကြားရတော့သည်။ ပေါင်တံရှည်ရှည်မုဆိုးမတယောက်နှင့် ပွဲစားယူလိုက်သော သတင်းဖြစ်သည်။ ထိုသတင်းကို ကြား ကြားချင်း မျက်လှည့်ဆရာသည် အရက်ကို လူမှန်းသူမှန်းမသိအောင်သောက်ပြီး တညလုံး အော်ဟစ်နေခဲ့သည်ဟု အ ဆောင်ကလူတွေ ပြောပြ၍ သူသိခဲ့ရသည်။

သူ အဆောင်ကို ပြန်ရောက်တော့ မိန်းမယူသွားသော ပွဲစားရော၊ အဆောင်ပြောင်းသွားသော မျက်လှည့်ဆရာပါ အဆောင် မှာမရှိတော့ပါ။ အဆောင်မှူးထံမှာ သူတို့နေထိုင်သည့် လိပ်စာပေးသွားခဲ့သော်လည်း သူတို့ဆီကို သူ မသွားဖြစ်ပါ။

နောက်နှစ်လလောက်နေတော့ မိန်းမဆိုလျှင် အသံပင်မကြားချင်သော မျက်လှည့်ဆရာ၏ နောက်ဆက်တွဲသတင်းကို သူ ကြားရပြန်သည်။

ကလေးသုံးယောက်ပါသော နှစ်ခုလပ် နှစ်လင်ကွာ မိန်းမတယောက်နှင့် မျက်လှည့်ဆရာယူလိုက်သောသတင်းဖြစ်သည်။ ထိုသတင်းကို ကြားသိစဉ်ကာလက သူတို့အဆောင်ကလူတွေအားလုံး မီးကိုစတင်တွေ့ရှိခဲ့သော ကမ္ဘာဦးလူသားများလို တ အံ့တသြဖြစ်ကုန်ကြကြောင်း သူတွေ့ရှိရပါသည်။

သူကတော့ သူတို့နှစ်ယောက်နှင့် တွေ့ခဲ့လျှင် အချစ်ကို သူတို့က ရှာဖွေတွေ့ရှိသွားတာလား။ ဒါမှမဟုတ် အချစ်က သူတို့ကို ရှာဖွေတွေ့ရှိသွားတာလား မေးမြန်းဖို့ စိတ်ကူးထားလိုက်သည်။ ။
      
နိုင်ဝင်းသီ

မင်းကိုနိုင် ● ကပ်ခွာစိတ်ထားများ

$
0
0
 
မင်းကိုနိုင် ● ကပ်ခွာစိတ်ထားများ
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

“လူတွေဟာ ကိုယ့်နိမိတ်ကိုယ် ဖန်တီးနေကြတာ၊ကြည့် နိမိတ်မရှိ နမာမရှိ၊ ကားမှာ ကျည်ပေါက်ရာတွေ ပိုက်ဆံ အကုန်ခံပြီး ကပ်စရာ ဒီလောက်ရှားသလား”

သက်ကြီးတစ်ယောက်၏ မာန်မဲသံနှင့် ညွှန်ပြရာကျနော် ကြည့်မိသည်။ စတစ်ကာ ခေါ်ကပ်ခွာတွေ စိတ်ကူးပေါ်သလို ကား တွေမှာ ကပ်ကြသူတွေ အကြောင်းလည်း တစ်ဆက်တည်းတွေးမိပါ၏။ သာမန်လိုအပ်ချက်ထက် ကျော်လွန်၍ကပ်ကြသော ကပ်ခွာတွေ ကိုယ်စီ အဓိပ္ပါယ်နှင့်။ ကပ်သူတွေကိုယ်တိုင် ဘယ်လိုစိတ်သဘောရှိသည်ကို ပြနေသည်ဟု ကျနော် ထင်သည်။ ကားထဲမှာ ကလေးတွေပါတယ်ဟူသည့် ယေဘုယျအသိပေးချက်မျိုးကို ဘာမှမဆိုလိုပါ။ “ကပ်မလိုက်နဲ့” ၊ “ဖြည်းဖြည်း” စ သည်တို့မှာလည်း မဆန်းပါ။ တချို့စာတမ်းများကတော့ ထူးသည်။

“ခရီးသည်ဘက်က အမြဲမှန်သည်” ဟူသည့် စာတမ်းကပ်ပြီး ထိုအတိုင်း ကျင့်ကြံသော၊ သည်းခံတတ်သော အငှားယာဉ်မောင်း တွကို ကျနော် မကြာခဏ ကြုံဖူးသည်။ မဆန်းသော်လည်း အသိအမှတ်ပြုပါသည်။ တစ်ဦးကတော့ ထူးသည်။ ဘ၀တူ ယာဉ်မောင်းများ အန္တရာယ်ကင်းကြပါစေဟု စာတန်းကပ်ထား၏။

သူ့စာတမ်းနှင့်အညီ သူကိုယ်တိုင်လည်း မှန်မှန် မောင်းသည်။ စိတ်ရှည်ရှည်ထားသည်။ လမ်းကြောင်းပြောင်းလိုလျှင် အနည် ဆုံး ဆယ်စက္ကန့်ကြိုအချက်ပြပြီးမှ ယာဉ်ကြောပြောင်းသည်။ သူ့စိတ်ထားကို သူ့ကားပေါ်ကပ်ပြီး ခရီးသွားနေသူဖြစ်ပါ၏။ သူ့ကပ်ခွာစာတန်းကို မြင်ရုံမျှ လူတွေမှာ စိတ်ချမ်းသာရာရကြရသည်။

ဘတ်စကားကြီးက သူ့ယာဉ်ကြောမှကျော်၍ ၀ဲဘက်ကပ်ကာ လုမောင်းလာသည်။ ပြီးတော့ ယာဘက်ယာဉ် ကြောသို့ ပြန် ၀င်ရန် ယာဉ်အကူက တစ်ကိုယ်လုံးထွက်လာပြီး တစ်စီးလောက် တစ်စီးလောက်ဟုအော်ကာ လမ်းတောင်း၏။

ပေးသူက ပေးလိုက်လျှင် ၀င်သည်။ မပေးလျှင်တော့အင်ဂျင်သံကြီး တဗြဲဗြဲပေးကာ ခေါင်းကို ဇွတ်တိုးဝင်တော့သည်။ ဒါတွေ က ရိုးနေပြီဆိုသော်လည်းနေ့စဉ် ကြုံရတိုင်း တစ်ဖက်လူတွေ သွေးတိုးအောင် စိတ်အနှောင့်အယှက်ဖြစ်ကြရတာ ကြုံသူ တိုင်းသိကြပါသည်။

တစ်မြို့လုံး အလုအယက် မောင်းနေကြသည့် ရန်ကုန်တွင် မိတ်ဆွေတစ်ယောက်ကတော့ သူ့ကားတွင် After You ဆိုသည့် စာတန်းကို ကပ်ထားသည်။ ထိုစာတန်းနှင့်အညီ သူတစ်ပါးကို ဦးစားပေး စောင့်ပေးလေ့ရှိသည်။ မိသားစုမိတ်ဆွေ အတော် များများက သူ့ကားကို မစီးချင်ကြ။ သူကတော့ လေအေးအေးဖြင့် ရှင်းပြလေ့ရှိသည်။

“ကမ္ဘာမှာလည်း တန်းစီစနစ်ဆိုတာ အားလုံးကျင့်သုံးနေကြတာပဲ၊ ဒီစနစ်ကို ကျနော်ကြိုက်တယ်၊ ယုံတယ်၊ တစ်ခါတစ်ရံ ကျတော့ ဦးစားပေးဖို့ လိုအပ်လာတယ်၊ အဲဒီအခါမျိုးမှာ ကျနော်က သူတစ်ပါးကို ဦးစားပေးချင်တယ်လေ၊ ဒါနဲ့ ဒီစာတန်းကပ် ထားတာ”

သူ့စကား နားထောင်ရင်း ကျနော်တို့ဆီမှာ ကားတွေအလုအယက် နိုင့်ထက်စီးနင်းမောင်းကြပုံတွေ မြင်ယောင်လာသည်။ ဥပမာ- လမ်းမပေါ်သို့ လမ်းသွယ်ထဲမှကားတွေတက်ချင်သည်ဆိုပါစို့။ လမ်းမကြီးက ဦးစားပေးလမ်းဖြစ်သည်။ လမ်းမကြီး ပေါ်ရှင်းမှ လက်သွယ်ထဲကကားက တက်ခွင့်ရှိသည်။ ဒါက အားလုံးသိပြီးသားကိစ္စ၊ ထိုအခါမျိုးဆိုလျှင် ထိုမိတ်ဆွေက ဦးစားပေးလမ်းမကြီးပေါ်မောင်းနေပါလျက် လမ်းသွယ်ထဲမှာကားများထွက်နိုင်ရန် ရပ်ပေးစောင့်ပေးလေ့ရှိသည်။

“အဲဒီလိုလုပ်တော့ တုံ့ပြန်မှုတွေ ဘယ်လိုရှိလဲ”

“ကောင်းပါတယ်၊ ကျေနပ်ကြပါတယ်၊ ကျေးဇူးတင်ကြောင်း လက်ပြသွားကြတယ်၊ ပြဿနာက ကျနော့်မိန်းမပဲ၊ သူ့တုံ့ပြန်မှု ကတော့ မကောင်းလှဘူးပေါ့၊ ကားလမ်းကျပ်ရတဲ့အထဲ နောက်ကျပါပြီ၊ ဝေသန္တရာကြီးရဲ့လို့ သြဘာပေးခံရတာပေါ့”

သူပြုံးနေသော်လည်း ကျနော်ရယ်မိသည်။ ညီလေးရည်ရွယ်ချက်တွေ ဘယ်လောက်အောင်မြင်သလဲဟု တဆက်တည်း မေးကြည့်ပါ၏။

“ကျနော် ယုံကြည်လို့ ကျင့်တယ်၊ တခြား လူတွေလိုက်လုပ်နိုင်ရင် ပိုကောင်းတာပေါ့၊ ဒါမျိုးကအုပ်စုလိုက် ကျင့်ကြံရမှာ မျိုး လို့ ကျနော် ထင်တယ်၊ ဒါက ပရဟိတ တစ်မျိုးပဲလေ”

သူ့စကားကို ကျနော် စူးစိုက်စဉ်းစား ပါသည်။ မြို့ကြီးလမ်းများတွင် ဇွတ်တိုးခေါင်းဝင်၊ ကြိမ်းမောင်း၊ ငေါက်ငမ်း သွေးဆူနေကြ သည့် မြင်ကွင်းများ အသံများကြား သူလိုလူဘယ်နှဦရှိပါ့။ စည်းကမ်းကောင်းသည့်နိုင်ငံများဘက် ဂရုပြုကြည့်မိသည်။ လမ်း သွယ်မှ ကားများထွက်ရန် အခက်အခဲဖြစ်နေ လျှင် ဦးစားပေးလမ်းပေါ်မှ ကားများကလျှော့ပေးကြသည်။ လမ်းသွယ်ထဲမှ ကားများ အခွင့်အရေးကိုရတုန်း အကုန်မယူကြပါ။ တစ်စီးစနှစ်စီးစသာထွက်ပြီး နောက်ကားများက ရပ်စောင့်ကာလမ်းမ ကြီးပေါ်မှ ကားများကိုမောင်းကြရန် ပြန်ဦးစားပေးလေ့ရှိကြပါသည်။ ဆိုလိုသည်ကတော့ တစ်လှည့်စီဦးစားပေးကြသည် ဆိုပါတော့။

မိမိက ဦးစားပေးဖြစ်နေပါလျက် ပြန်ဦးစားပေးနေသောထိုမိတ်ဆွေအတွက် အများ၏ တုံ့ပြန်မှုကို ကျွန်တော်စဉ်းစားနေစဉ် သူ့အား နောက်ကားများက သြဘာပေးကြသည်ကို တွေ့လိုက်ရသည်။ လမ်းမကြီးဖြစ်ပါလျက် လမ်းသွယ်ထွက် ကားတွေကို ဒီလောက် ဦးစားပေးနေရသလားဟု ဒေါသဖြစ်ပြီး နောက်မှနေ၍ ဟွန်းတွေစုပြုံ တီးကြခြင်းပင်ဖြစ်ပါသည်။

အငှားယာဉ်တစ်စီးသည် ရှေ့က အငှားယာဉ်ကိုအတင်းကျော်တက်ကာ ခရီးသည်ကို ၀င်လုလိုက်၏။ လမ်းဘေးချ မရပ်၊ လမ်းလယ်မှာပင်ရပ်ကာ ဈေးစကားပြောနေကြသေး၏။

နောက်ကားများ သည်းမခံနိုင်တော့။ တစ်ခုခု လှမ်းသတိပေးရန် ကြံကြသည်။ ကားဟွန်းများပေါ် လက်များရောက်သွားကြ၏။ ထိုစဉ် ထိုရှေ့ကား နောက်မြီးမှာကပ်ထားသည့် ကပ်ခွာစာတမ်းကို မြင်ကြရလေသည်။ “ဟွန်းမတီးနဲ့ ဖေဖေ သိတယ်"ဟူ သတက်။

မင်းကိုနိုင်
[ပြည်သူ့အရေးဂျာနယ် အပတ်စဉ်ဆောင်းပါးမှ]

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – ဥာဏ်စမ်း (၂)

$
0
0

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – ဥာဏ်စမ်း (၂)
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၇

ဂဏန်းဆယ်လုံးပေါင်းခြင်း

ဂဏန်းဆယ်လုံး၏ ပေါင်းလဒ် သည် ၂၆၂၄ ဖြစ်သည်။ ၄င်းတို့ထဲမှ ဂဏန်းတစ်လုံးကို ၄၅၆ မှ ၆၅၄
ဟု ပြောင်းလိုက်လျှင် ယင်းပါင်းလဒ်သည် ဘါဖြစ်သွားမည်နည်း။ အကယ်၍ ဂဏန်းဆယ်လုံးအစါး ၁၅ လုံး သို့မဟုတ် အလုံး ၂၀ ဖြစ်သွားလျှင် အဖြေသည် ဘါဖြစ်သွားမည်နည်း။

စဉ်းစားနည်း

ဂဏန်း ဆယ်လုံး၏ ပေါင်းလဒ် သည် ၂၆၂၄ ဖြစ်သည်။ ဂဏန်းတစ်လုံးသည် ၄၅၆ ဖြစ်သည်။ ထိုဂဏန်းကို ၆၅၄ ဖြစ်အောင် တိုးလိုက်သော် ပေါင်းလဒ်သည် မည်ကဲ့သို့တိုးလာမည်ကို စဉ်းစါးပါ။

တွက်နည်း နှင့် အဖြေ

ဂဏန်းတစ်လုံးသည် ၄၅၆ ဖြစ်ရာ မှ ၆၅၄ ဖြစ်သွားသော် တိုးလာသေါ ပမာဏ
= ၆၅၄ _ ၄၅၆ = ၁၉၈

ပေါင်းလဒ်တွင်လည်း ၁၉၈ ခု တိုးလာသောကြောင့် နောက်ရလာမည့်ပေါင်းလဒ်
= ၂၆၂၄ + ၁၉၈ = ၂၈၂၂

      ဤပု စ္ဆာတွင် ဂဏန်းဆယ်လုံး အစါး ၁၅ လုံး သို့မဟုတ် အလုံး ၂၀ စသည်ဖြင့် ဖြစ်လျှင် ဘာအကျိုးသက်ရောက်မှုမှ မရှိချေ။ တွက်နည်းနှင့် အဖြေသည် အတူတူ ဖြစ်သည်။ ဂဏန်းအရေအတွက်သည် မည်သို့မှ အကျိုးသက်ရောက်မှု မရှိချေ။

နောက် တစ် နည်း

ဂဏန်း တစ် လုံး = x
ကျန် ဂဏန်း ကိုးလုံး ပေါင်းလဒ် = y ဟုထားပါ
ထိုအခါ x + y = 2624
x = 456 ဖြစ်လျှ င်
456 + y = 2624
y =2624 - 456 = 2168
အကယ်၍ x = 654 ဖြစ်သွားပြီး ကျန်ကိုးလုံးသည် မပြောင်းဘဲ
y = 2168 ဖြစ် နေ လျှ င်
x + y = 654 + 2168 = 2822
ဂဏန်း အရေအတွက်သည် ဘယ်လောက်ပင်ဖြစ်စေ တွက်နည်းနှင့် အဖြေသည် အတူတူ ဖြစ်သည် ။

မောင်လူရေး - တိုင်ကွန်းချိန်ခါ သမယာ

$
0
0

မောင်လူရေး - တိုင်ကွန်းချိန်ခါ သမယာ 

(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၇

မနေ့ညက ကျောင်းထဲက ဆိုင်ကယ်တစီးပျောက်သွားတယ်။ ကျောင်းအဝင်က တံခါးမရှိ၊ ဟောင်းလောင်းဆိုတော့ အလွယ်တကူ ဝင်ယူလို့ရတာပေါ့လေ။ ဟိုတုန်းက သွေးလှူရှင်လာရှာသူတွေ၊ အောက်စီဂျင်ဗူးလာငှားသူတွေ အခက်အခဲတွေ့နိုင်တာနဲ့ ပျက်သွားတဲ့မုခ်သေးကတံခါး ပြန်မတပ်ဖြစ်သလို မုခ်အသစ်ဆောက်သူက တံခါးပြန်တပ်မပေးတော့ မုခ်ကြီးမှာလဲ တံခါးမရှိဖြစ်နေတာကို ဒီအတိုင်းဘဲ ထားလိုက်တယ်။ ခုကတော့ အောက်စီဂျင်ဗူးငှားပေးတာဘဲ ကျန်တော့တယ်။ သွေးကတော့ သူ့နေရာနဲ့သူ အဖွဲ့လေးတွေလဲ ရှိလာကြပြီ။ ရွှေခြင်္သေ့သန့်စင်သွေးအလှူရှင်အသင်းအနေနဲ့ သီးခြားမလုပ်ဖြစ်တော့ဘူး။ အဲဒီအဖွဲ့လေးတွေဆီ ပြန်ပေါင်းထည့်လိုက်ပြီ။ စကားမစပ် သန့်စင်သွေးဆိုတာက သွေးလှူရှင်စုစည်းကထဲက HIVပိုး၊ Bပိုး၊ Cပိုး ကြိုတင်စစ်ခဲ့တဲ့အတွက် သုံးထားတာပါ။ ပိုးတွေက ဝင်ကာစဆို ခုစစ်တဲ့ဟာတွေနဲ့ စစ်လဲ မတွေ့ဘူးဆိုတော့ အဲဒီအတွက် ကာဗာလုပ်ထားတဲ့သဘောပါ။

ဆိုင်ကယ်က ကျောင်းက ကလေးဟာ။ ကျောင်းမှာ သူတို့အလုပ်ကလေးရှိဖို့နဲ့ မြတ်တာလေးကို သူတို့တွေ စားရသောက်ရအောင်ရယ်၊ စားသုံးသူတွေလဲဘဲ ဆီမသန့် မကောင်းလို့ဖြစ်ရတဲ့ ရောဂါဘေးတွေက ဝေးအောင်ပေါ့လေ၊ ဆီစစ်စစ်စားရအောင်ဆိုပြီး ဆီစက်လေးတည်ထားတယ်။ သူတို့ဆိုတာက HIVကြောင့် မိဖမဲ့သွားတဲ့ကလေးတွေကို ပြောတာပါ။ လမ်းပျော်တွေကတော့ နှစ်ယောက်သုံးယောက်ဘဲ ကျန်တော့တယ်။ အလုပ်ခွင် ဝင်သူဝင်ကျ၊ မိဘဆီ ပြန်ရောက်သူရောက်ကျ။ အိမ်ထောင်ကျသူ ကျကြ။ လမ်းပေါ်ပြန်တက်သူတက်ကျနဲ့ သိပ်မကျန်တော့ဘူး။ အလည်အပတ်နဲ့ သိပ်ကျန်းမာရေးမကောင်းရင်တော့ ရောက်လာကြတယ်။

ဆိုင်ကယ်ပိုင်ရှင်ကလေးက ဆီစက်ကို ကိုင်တွယ်လည်ပတ်သူ။ ဆိုင်ကယ်က သူ့လုပ်အားခနဲ့ ဝယ်ထားတာဆိုတော့ တော်တော်နှမျှောနေပုံဘဲ။ မျက်နှာလေးညှိုးလို့။ အရင်ကလဲ သူဖုန်းပျောက်ဖူးတယ်။ ချွေးနဲစာနဲ့ ဝယ်ထားတဲ့ဟာလေးဘဲ။ အဲဒီတုန်းကလဲ သူ့ပြောသံကြားရသေးတယ်။ ငါကတော့ လုပ်လိုက်ရတာ၊ မင်းတို့ကတော့ လွယ်လွယ်လေးဘဲတဲ့။ သူက ဆီစက်လည်ရင်း အားတဲ့အချိန် ဂစ်တာတီးကျင့်တယ်။ အားတဲ့ရက် ဂစ်တာသွားသင်တယ်။ သူ့ဆရာအိမ်က ဝေးတော့ ဂစ်တာသွားသင်တာအဆင်ပြေအောင်ဆိုပြီး ဆိုင်ကယ်ဝယ်ထားတာ မကြာသေး။ ခုတော့ စက်ဘီးလေး ပြန်အားကိုးရုံပ။

ခုတလော ဖုန်းခိုး ဆိုင်ကယ်ခိုးတွေက ယဉ်တိုက်မှုလိုဘဲ သိပ်များနေတယ်။ ခိုးကြတာက လူငယ်လေးတွေများပါတယ်။ ရပ်ထဲ ရွာထဲမလဲ အလုပ်အကိုင်မရှိ ဝေလေလေတွေ မြင်နေ တွေ့နေရတယ်။ လူငယ်လေးတွေ အလုပ်မလုပ်ကြတာက အလုပ်ရှားတာထက် လုပ်ခတွေက နည်းလွန်းပြီး အလုပ်ခိုင်းချိန်သိပ်များတာက အဓိကအကြောင်းဖြစ်မယ်ထင်တယ်။ အဲဒီဝေလေလေ လူငယ်လေးတွေဟာ တကယ်တော့ အလုပ်ခွင်တွေက ပြန်အန်ထွက်လာကြတာတွေပါ။ လမ်းပျော်လေးတွေလဲ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်တွေမှာ သွားလုပ်ကြတယ်။ ပိုက်ဆံကောင်းကောင်းမရ၊ ၁၃/၁၄နာရီလောက်ခိုင်း၊ နေမကောင်းလို့လဲ မနားရ၊ အပြင်ထွက်ရင်လဲ မကြိုက်၊ ဆဲဆိုကြိမ်းမောင်းနေတယ်ဆိုတော့ လမ်းပေါ် ပြန်ရောက်လာကြတယ်။ နောက် အဲဒီရပ်ကွက်ထဲ ဝေလေလေလေးတွေဟာ အရက်သမားလေးတွေလဲ ဖြစ်နေကြတယ်။ တချိန်က သပ်သပ်ရပ်ရပ် တောင့်တောင့်တင်းတင်းလေးတွေ။ ခုတော့ ယိုင်တိုင်တိုင် ပျော့တော့တော့။ အရက်က သူတို့ခွန်အားနဲ့ စွမ်းအားကို တိုက်စားသွားသယောင်။ အလုပ်ခွင် ပြန်ရောက်နိုင်ချေမမြင်။

အရက်ဆိုင်တွေကလဲ သိပ်များလွန်းသကိုး။ လက်ဖက်ရည်ဆိုင်ထက်တောင် ပိုများနေမင့်ဟာ။ အလုပ်အကိုင်မရှိကြပေမဲ့ အသောက်အစား အသုံးအဖြုန်းက ရပ်လို့မရတော့ ခွင်ဖန်ကြတယ်။ ပြီးတော့ ဝမ်း တူး သရီးထိုးကြတယ်။ ပီးတော့ လွယ်တာ ခိုးကြပြုကြတယ်။ ပြီးတော့ ဆေးပြားတွေကလဲ လက်တကမ်းမှာ။ မိနေတဲ့အရေအတွက်တွေသာကြည့်တော့လေ။

ဘိန်းဖြူဆိုလဲ ကောလင်း ဝန်းသို ပင်လည်ဘူးဘက်မှာဆို (၂၀၀) နှစ်ရာဖိုးတောင် ထိုးပေးသတဲ့။ အဲဒီဘက်က HIV ပေါ့စတစ်လေးတွေ ကျောင်း( ရွှေခြင်္သေ့လူမှုစောင့်ရှောက်ရေးအဖွဲ့ )ကို ရောက်ရောက်လာလို့ သိရတာပါ။ ရောက်လာကြတဲ့သူတွေက ဒုတ်ကတဆင့် ကူးကြတာ၊ လူငယ် လူလတ်တွေချည်းပါဘဲ။ တော်တော်များများ အိမ်ထောင်သည်တွေချည်း။ တလောကတော့ ၁၄နှစ်သားတောင် ပါလာသေးရဲ့။ အဲဒီတကြောလုံး HIVပေါ့စတစ်တွေ မရေမတွက်နိုင်အောင် ရှိပါလိမ့်မယ်။ ရွာတိုင်းနီးနီး ဘိန်းဖြူလိုသလောက်ရတာဆိုတော့လေ။ ပီးတော့ HIVနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတော်တော်များများဟာ ပညာပေးလုပ်ငန်းတွေ နားသွားကြပြီမဟုတ်လား။ လုပ်ခဲ့တိုင်းကလဲ ဒီနယ်မြေတွေ ပါခဲ့တာမဟုတ်ဆိုတော့။ ARVကလဲ အဲဒီဘက်မှာ မရသေးတော့ ဆေးထွက်ကုတဲ့သူကလဲ နည်းတယ်။ ခုတော့ ကောလင်းမှာ ပေးနေပြီမို့ အဝေးမသွားရတော့ တော်တော်လေး အဆင်ပြေကြမယ်ထင်ပါရဲ့။ အဲဒီဘက်မှာလဲ ခိုးတဲ့ဝှက်တဲ့သတင်းတွေ အတော်များလာတယ်။ လုတဲ့ ယက်တဲ့သတင်းတွေရောပေါ့။

ပြည်ထောင်စုအစိုးရရော ဒေသဆိုင်ရာအစိုးရတွေပါ အလုပ်ချိန်နဲ့ လုပ်အားခမျှတအောင်၊ အလုပ်အကိုင်အခွင့်အလမ်းတွေပေါအောင် အထူးအာရုံစိုက်လုပ်စေချင်ပါတယ်။ လူတယောက်ထဲက နှစ်ယောက်စာအလုပ်ချိန်တွေ လုပ်နေရတာဟာ အလုပ်အကိုင်တွေ ရှားရသလို အလုပ်အကိုင်ကိုလဲ ရွံ့မုန်းစေပါတယ်။ အလုပ်ချိန်များ လုပ်အားခနည်းပါးတာဟာ ကောင်းရာမွန်ရာအလုပ်တွေကို ကျောခိုင်းစေသလို ဖြစ်နေပါတယ်။ မိုးလင်း မိုးချုပ် အလုပ်ချိန်တွေဟာ လူတယောက်ရဲ့ လူမှုဘဝပျော်ကွယ်သွားလောက်အောင်ဖြစ်လာတဲ့အတွက် ဘေးထွက်ဆိုးကျိုး အများကြီးရှိပါတယ်။ လူတွေဟာ အလိုလို ကြမ်းတမ်းခက်ထန်လာစေမှာဘဲဖြစ်သလို ကိုယ့်ကိုယ်ကို တန်ဖိုးထားမြတ်နိုးမှုပျောက်ဆုံးသွားစေပါမယ်။ သူတပါးကို တန်ဖိုးထားဖို့ဆိုတာ ဝေးလာဝေးပါဘဲ။ ဒီဒဏ်ရာတွေကို အမြန်ဆုံး မကုစားနိုင်ရင်တော့ လုံခြုံစိတ်ချရတဲ့ နေထိုင်မှုမျိုးရဖို့လဲ ခက်ခဲလိမ့်မည်ဖြစ်ပါကြောင်း။

အင်း ပြောသာ ပြောရတယ်။ ခု ခါသမယကား တိုင်းပြည်ပျက်လောက်အောင် သယံဇာတတွေ တူးဆွခုတ်ဖြတ်သိမ်းဆည်းရောင်းစား လာဘ်ပေးလာဘ်ယူမှုများနဲ့ ကြီးပွားလာကြတဲ့ခရိုနီကြီးတွေကို အညှီနံ့ပျောက်အောင် တိုင်ကွန်းလို့ ပြောင်းလဲခေါ်ဆိုနေတဲ့အချိန်သမယကြီးဖြစ်နေပေသကိုး။

မောင်လူရေး
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>