Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

မိုးမခ သြဂတ်စ် ထွက်ပြီ

$
0
0
မိုးမခ သြဂတ်စ် ထွက်ပြီ
သြဂတ်စ် ၁၅၊ ၂၀၁၇

ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့ သုတ၊ ရသအစုံအလင်အနဲ့အတူ မိုးမခလစဉ်ထုတ်မဂ္ဂဇင်းရဲ့ အတွဲ ၄၊ အမှတ် ၈၊ ၂၀၁၇ ကို ထွက်ရှိပါပြီ။

မိုးမခ မဂ္ဂဇင်း လစဉ်ထုတ်တွေကို မြန်မာနိုင်ငံ ဘယ်နေရာက မဆို ဖုန်းဆက် မှာယူနိုင်ပါတယ်။  ပို့ခ၊ ဝန်ဆောင်ခ မှာသူက ပေးစရာမလို၊ မိုးမခက အိမ်အရောက်ပို့ပေးနေပါတယ်။

မိုးမခ ရဲ့ ထုံးစံအတိုင်း မျက်မှောက်ရေးရာ၊ နိုင်ငံတကာရေးရာ၊ ပညာရေး၊ လူမှုရှုခင်း၊ စာပေရေးရာ၊ ကဗျာ၊ ဘာသာပြန်ကဗျာ၊ အက်ဆေး၊ ဝတ္ထုတို၊ မှတ်စုမှတ်တမ်း၊ ကာတွန်း၊ သရော်စာ အမယ်စုံ နဲ့ အကောင်းဆုံး ဖွဲ့စည်း တင်ဆက်ထားတဲ့ အတွက် ဝယ်ယူ သိမ်းဆည်းထားနိုင်ဖို့ လက်တို့လိုက်ပါတယ်။

ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ကို ဆက်သွယ်မှာယူနိုင်ပါတယ်။
 

 






မောင်ရင်ငတေ ● အမ်ဝမ်း အမြန်လမ်းမကြီးပေါ်က အဝါရောင် ရေဂျီယိုဂျက်

$
0
0
မောင်ရင်ငတေ ● အမ်ဝမ်း အမြန်လမ်းမကြီးပေါ်က အဝါရောင် ရေဂျီယိုဂျက်
(ပင်လယ်မရှိသောမြေသို့ စာစုများ)
(မိုးမခ) သြဂတ်စ် ၁၅၊ ၂၀၁၇

ကားကြီးဂိတ်ဝင်းထဲ တပတ်ပတ်ရှာမေး၊ သူတို့ လမ်းညွှန်ချက်အရ လမ်းတဘက်ကိုကူး လိုက်ပို့လေ သူတွေနဲ့ ပိုက်စိတ်တိုက် လိုက်ရှာလိုက်တော့ မိုင်ဝက်လောက်ပတ်မိမှ ရှာတွေ့ပါတယ်။ ကားဂိတ်ကို၊ တကယ့်ကားဂိတ်ဝင်းကြီးထဲမှာ ဂိတ်မရှိတဲ့ အဝါရောင် ရေဂျီယိုဂျက် စတူးဒန့်အေဂျင်စီ ကားရပ်နားရာကတော့ လမ်းဆုံတဘက်က ဘတ်စ်ကားမှတ်တိုင်သာသာမှာပါ၊ မှတ်တိုင်အနီးမှာတော့ အအေးဆိုင်လေးတဆိုင်တော့ ခြောက်ကပ်ကပ်နဲ့ ရှိနေလေရဲ့။


လမ်းနဘေးက ရေဂျီယိုဂျက် စတူးဒန့်အေဂျင်စီ ကားကြီးဂိတ် (ဓါတ်ပုံ မရငတ)

မေးမြန်းကြည့် သေချာပြီဆိုမှ လွယ်လာတဲ့ ကျောပိုးအိတ်တွေကိုချ လိုက်ပို့ကြသူနှစ်ဦးကို ဘာစားမလဲ ဘာသောက်မလဲ မေးပြီး ဆိုင်ရှင် ဟန်ဂေရီးယန်းသူကို ဘာရမလဲ မေးလိုက်ပါတယ်။ နံရံမှာကပ် မီနူးတွေအရကတော့ ဆန်းဒဝစ်တို့ ပေါင်မုန့် မီးကင်တို့ ဥရောပခေါက်မုန့်တို့ ပါနီနီတို့ပီဇာတို့ အသေးစား ရယ်ဒီမိတ် မီးအပူပေးရုံနဲ့ စားလို့ရတဲ့ စားစရာလေးတွေ ပါဝင် နေပေမယ့် ပြန်နွှေး မီးအပူပေးတဲ့ စက်ကမကောင်းလို့ ဘာမှမရပါဘူးတဲ့၊ အဲဒါနဲ့ လွယ်လွယ်ရတဲ့ အအေးမှာပေးပြီး မောင်ရင် ငတေတို့ ကတော့ စည်ဘီယာ အေးအေးနဲ့ ဘူဒါပက်ရဲ့ နေအပူကို အန်တုရပါတယ်။ ဟန်ဂေရီရဲ့ စည်ဘီယာ ဈေးနှုန်းက လည်း ငါးဆယ်စီစီတခွက်ကိုမှ နှစ်ယူရိုအောက်သာသာရှိနေလေတော့ ရောက်ခဲ့ဖူးပါတဲ့ ဥရောပတလွှားမှာ ဈေးအသက် သာဆုံးလို့သာဆိုရမှာမို့ အားပေးရခြင်းပါ။

ခရီးသွားမည့်သူများလည်း အိတ်ကြီးအိတ်ငယ်ကိုယ်စီလွယ်ပြီး ချွေးတလုံးလုံးနဲ့ ရောက်လာကြပါပြီ၊ အားလုံးလိုလိုရဲ့ ပုံပန်း သဏ္ဌာန်တွေက ကားဂိတ် ချက်ချင်းရှာမရလို့ စိတ်မောလူမော ဖြစ်နေကြတဲ့ ပုံစံတူတွေသာပါ၊ မောင်ရင်ငတေကတော့ ခပ်စောစောလေး ရောက်လာခဲ့လို့ရယ် ဘူဒါပက် ဘီယာ ခပ်အေးအေးကြောင့်ရယ် ချွေးတိတ်စ ပြုနေပါပြီ။

လိုက်ပို့ကြသူတွေပြန်သွားပြီး မကြာခင်မှာ ရေဂျီယိုဂျက်အဝါရောင်ကားကြီး နှစ်စီးသုံးစီး ဆက်တိုက်ဆိုသလို ရောက်လာပါ တယ်။ ပထမဝင်လာတဲ့ ကားဝါဝါကြီးက ဆာဘီးယားရဲ့မြို့တော် Belgrade ဘဲလ်ဂရိတ်လို့ခေါ်ကြပါတဲ့ Београд (Beograd) ဘယ်အိုဂရက်ဆီကို ဦးတည်သွားမယ့် ကားပါ။

ခလေးသူငယ်အများအပြားနဲ့ မိသားစုနှစ်စုသုံးစုက အိတ်ကြီးအိတ်ငယ်တွေနဲ့အတူ ကားပေါ်တက်ဖို့ အလုအယက် တွန်းထိုး တန်းစီလို့ နေကြပါတယ်။ မောင်ရင်ငတေလည်း သူတို့နဲ့ ခရီးတူမဟုတ်ဘူးဆိုတော့မှ အနည်းငယ် စိတ်သက်သာရာ ရရှိ သွားပြီး နောက်မှာ ကပ်ထိုးလာတဲ့ ဘရာတီဆလာဗာ ကားပေါ်တက်ဖို့ နေရာယူမိရပါတယ်။ အဲဒီအုပ်စုလိုမျိုးနဲ့ တခရီးတည်း သုံးလေးနာရီသွားရရင် ငိုသူ ယိုသူ အော်သူများတတ်လို့ စိတ်အာရုံနောက်ပြီး မောင်ရင်ငတေ့ ခရီးသွားခြင်းအနုပညာ ဖီ လင်များ အောက်တတ်လို့ပါ၊ တခြားအကြောင်းတော့ မရှိပါဘူး။



 ရေဂျီယိုဂျက် စတူးဒန့်အေဂျင်စီ (ဓါတ်ပုံ မရငတ)

ကားပေါ်ရောက်တော့ လူ သိပ်မရှိပါဘူး၊ ထိုင်စရာခုံ အလွတ်တွေ တော်တော်များများ ရှိနေပါတယ်။ အဲဒါနဲ့ နောက်နား သိပ်မရောက်တဲ့ ခုံကိုရွေး နေရာယူပါတယ်။ ကားက နေ့လည် ၁၄ နာရီ ၄၅ မိနစ် အတိအကျ နီးပါး စတင်ထွက်ပါတယ်။ ခရီးလမ်းကြောင်းက အနောက်ကနေ အရှေ့ကို သွားရမှာဆိုတော့ နေကကားခေါင်းတည်ရာမို့လို့ ဘယ်ဘက်ထိုင်ထိုင် ညာ ဘက်ထိုင်ထိုင် နေပူသိပ်မကွာပါဘူး၊ ရှေ့နားကတော့ လူနည်းနည်း များတတ်တာမို့ မောင်ရင်ငတေက လူရှင်းတဲ့ အနောက် ဘက်ကိုသာ ရွေးထိုင်ဖြစ်တာ များပါတယ်။




RegioJet  Autobusová Stanica (AS) Mlynské Nivy, Bratislava AS Mlynské Nivy

ဒီကားလိုင်းက RegioJet နဲ့ Student Agency နှစ်ခုပေါင်းပြီး အောင်မြင်လာတဲ့ အလယ်ဥရောပရဲ့ အဝေးပြေး ဘတ်စ် ကားလိုင်းပါ၊ Open Access Operator အဖြစ်အောင်မြင်လာတဲ့ လုပ်ငန်းတခုပါ၊ ချက်ပြည်ထောင်စုမှာ လုပ်ငန်းရုံးချုပ် တည်ရှိပါတယ်။ တည်ထောင်သူကတော့ Radim Jančura ပါ။

၁၉၉၆ ခုနှစ်မှာ အဝေးပြေးဘတ်စ်ကားလိုင်းလုပ်ငန်းကို စတင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ RegioJet ကို ထူထောင်ခဲ့ပြီး ရထားပြေးဆွဲခြင်း လုပ်ငန်းကို ပူးတွဲလုပ်ဆောင် အောင်မြင်မှုရရှိလာခဲ့တာပါ။

လက်မှတ်ခကတော့ ကြိုတင်ဝယ်ထားတာကြောင့်ရော ဒီ အလယ်ဥရောပဒေသတွေရဲ့ ကုန်းလမ်းပို့ဆောင်ရေး လက်မှတ်ခ တွေက အနောက်ဥရောပထက် သက်သာတာကြောင့်ရော ၁၀ ယူရိုမျှသာ ပေးဝယ်ခဲ့ရပါတယ်။ ကီလိုမီတာ နှစ်ရာကျော် ခရီးကို ဆယ်ယူရိုဆိုတာက တန်တယ် ပြောရမှာပါ။

၂၀၁၀ ခုနှစ် နောက်ပိုင်းမှာ ဥရောပ ကုန်းလမ်းခရီးသွားလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ချယ်လှယ် စိုးမိုးနေတဲ့ Eurolines ယူရိုလိုင်း တလိုင်းသာ ရှိနေရာကနေမှ (ဂျာမဏီရဲ့ Deutsche Touring တို့ ယူကေရဲ့ National Express Group တို့ ရှိခဲ့ပေမယ့် သိပ် မထင်ပေါ်လှပါဘူး၊) ဥပဒေတွေပြောင်းလဲလိုက်နိုင်ခဲ့လို့ အခုအခါမှာတော့ လိုင်းသစ်တော်တော်များများ ပေါ်ပေါက်လာတယ် ပြောရမှာပါ။

အဲဒီလို လိုင်းတွေထဲမှာ အလယ်ဥရောပရဲ့ မူလလက်ဟောင်း ရေဂျီယိုဂျက် လိုင်းကလည်း တစစနဲ့  ပိုမိုထင်ပေါ်လာတဲ့လိုင်းပါ၊ ဂျာမဏီရဲ့ Flixbus (MeinFernbus) အစိမ်းရောင် ဘတ်စ်လိုင်းကတော့ ဈေးကွက် တော်တော်များများကို ဈေးသက်သာစွာနဲ့ ထိမ်းချုပ်နိုင်နေပြီ ဆိုတာကိုတော့ နောက်များ အလျဉ်းသင့်လို့ ထပ်မံ စီးဖြစ်ခဲ့ရင် ရေးဖို့ကြိုးစားပါဦးမယ်၊ ၂၀၁၁ ခုနှစ်မှာ မြူးနစ်မြို့မှာ စတင်တည် ထောင်ခဲ့ပြီး ကိုယ်ပိုင်ဘတ်စ်ကား တစီးမှမရှိတဲ့ လိုင်းတလိုင်းက ဥရောပ အမြန်လမ်းမကြီးတွေပေါ် မှာ တနေ့ တနေ့ ခရီးသည် ခွန်နှသောင်းကျော် ရှစ်သောင်း (တနှစ်မှာ သန်း ၃၀ လောက်) ပို့ဆောင် ပေးနေနိုင်တယ် ဆို တာကတော့ ဘယ်လို ဘယ်လိုများ ဘယ်သူ ဘယ်သူတွေများ နောက်ကွယ်က ကြိုးကိုင်ချယ်လှယ်နေကြပါသလဲဆိုတာ သံသယရှိစရာပါ၊ ခုတော့ ရေဂျီယိုဂျက်အကြောင်းကိုသာ ဟန်ဂေရီရဲ့ အမ်ဝမ်း အမြန်လမ်းမကြီးနဲ့ မြင်ရကြုံခဲ့ရတာတွေကို ဆက်စပ် ရေးဖို့ ကြိုးစားပါမယ်။

ဒါပေမယ့်လည်း မောင်ရင်ငတေတို့လို သာမန်ခရီးသွားတွေအတွက်ကတော့ တီဂျီဗွီလို အိုင်စီအီးလို တာလေလို ယူရိုစတား လို အမြန်ရထား ဈေးနှုန်းကို လိုက်မမီနိုင်သူတွေအတွက် ဟိုနားဒီနား ကီလိုမီတာ နှစ်ရာသုံးရာ အဝေးကို ယူရိုကိုးကျပ်တ ဆယ်နဲ့ သွားလို့ရနေတဲ့ အဲဒီ အစိမ်းရောင် အဝါရောင် အပြာနုရောင် လိုင်းကားတွေကိုစီးရင်း ဒိုးရတော့မယ်အချစ်ရေ စာသားကို သတိတရအော်ကြရင်းနဲ့ သူတို့တတွေကို အားကိုးရတာ အမှန်ပါ၊ ဈေးကလည်း သာမန် အချိန်တွေမှာ ကြိုတင် ဝယ်ထားရင် ယူရို တဆယ် မပြည့်ပါဘူး၊ တခါတလေများ ကီလိုမီတာ တရာ့ငါးဆယ် နှစ်ရာခရီးကို အသွား လေး ငါးယူရို အပြန်တော့ လျှော့ဈေး တယူရိုတန်ခရီးတွေ ရှိတတ်ကြောင်းပါ၊ အခုတော့ စီးသူကများလာ သိသူများလာလို့ ငါးကျပ်တန် ခရီးတွေက လူသူမသွားတဲ့ အချိန်အခါမျိုးတွေမှာသာ ရှိပါတော့တယ်။


 
Margit-sziget (Margaret Island) Middle of the Danube in Budapest (ဓါတ်ပုံ မရငတ)

ကားဂိတ်က စထွက်လာပြီး သိပ်မကြာခင်မှာ ဒန်ညုမြစ်ကို ဖြတ်ကျော်ပါတယ်။ ဟန်ဂေရီ သို့မဟုတ် သူတို့ဒေသခံတွေအခေါ် Magyarország မာဂရာရိုရာဆတ်ဂ်ရဲ့မြို့တော်ကြီးကို ကျောခိုင်းထွက်ခွာ လာခဲ့ခြင်းပါ၊ မောင်ရင်ငတေ့အတွက် ရှန်ဂန်ဧရိ ယာဝင် နိုင်ငံတွေထဲက မရောက်ဖူးသေးသော နိုင်ငံ နှစ်နိုင်ငံ နယ်စပ်ကို ဖြတ်ကျော်ကူးသန်းမယ့် ဘတ်စ်ကားစီး ခရီးတခုပါ ခင်ဗျာ။

ဘူဒါပက်တခွင်အနှံ့ ကြိုဆိုဧည့်ခံ လိုက်လံပို့ဆောင်ပေးခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ် အိုင်အာဌာနက ဆရာနဲ့ မန်းတက္ကသိုလ် သမိုင်းဌာနက ဆရာမအပါအဝင် ညစာ ဗမာဟင်းမျိုးစုံလင်စွာနဲ့ တည်ခင်း ဧည့်ခံခဲ့တဲ့ ယူအန်ရုံးမှ အန်တီကြီးကို ဒီနေရာ ကနေ သတိတရနဲ့ မှတ်တမ်းတင်မိရင်း အန်တီကြီးရဲ့ အမျိုးသား လဘနွန်သားကြီးရဲ့ ဟန်ဂေရီယန်ဝိုင် သြစတြီးယန်းဝိုင် အကြောင်း သိကောင်းစရာတွေ ကြားနာခွင့်ရခဲ့တာကိုလည်း ဒီနေရာကနေ မှတ်တမ်းတင်လိုက်ရကြောင်းပါခင်ဗျား။
Köszönöm ကျေးဇူးအများကြီးပါ  Magyarok တို့ရေ။


 
Szabadság Híd ခေါ် Liberty Bridge (ဓါတ်ပုံ မရငတ)

အဲဒီလို စိတ်ကူးထဲမှတ်တမ်းတင်ရင်း ခပ်ဝေးဝေးမှာတဖြေးဖြေး မှုန်ဝါးဝါးကျန်ခဲ့တဲ့ Szabadság Híd ခေါ် Liberty Bridge ခေါ် အစိမ်းရောင် ရှေးဟောင်းတံတားကြီးကို လွမ်းစရာတွေနဲ့အတူ ထားခဲ့ရပါပြီ၊ မနေ့ ညနေစောင်းက ဒီတံတားကြီးနား အချိန်တော်တော်ကြာ ရှိနေခဲ့တာတွေကလည်း အတိတ်အဖြစ် ကျန်နေခဲ့ပါပြီ၊ မရောက်ဖူးသေးတဲ့ နေရာသစ်တနေရာကို ဆက်လက်ချီတက်ဖို့ ပြန်လည်၍မျက်စေ့ ခဏမှိတ် အားမာန်သွင်းရင်း တချက်မျှ ငိုက်မြည်းရင်း လိုက်ပါလာခဲ့ပါတော့တယ်။


 M1 Autópálya Motorway (Hungary) ဘူဒါပက် Rajka မှ ဘရာတီဆလာဗာသို့

လေးငါးမိနစ်ကျော်မျှ ငိုက်မြည်းပါလာရင်း ကားအလှုပ်မှာ ဖျတ်ကနဲ မျက်လုံးဖွင့်ကြည့်လိုက်မိတော့ ကားက အမြန်လမ်းမပေါ် မှာ အနည်းငယ် အရှိန်တင် မောင်းနေပါပြီ၊ ဟန်ဂေရီနိုင်ငံရဲ့ နံပါတ် (တစ်) အမြန်လမ်းမကြီးဖြစ်တဲ့ Autópálya Motorway M1 ပေါ်မှာပါ၊ ဒီလမ်းမက Budapest ကနေ Győr မှတဆင့် သြစတြီးယားမြို့တော် Vienna ဗီယန်နာကို သွားတဲ့ အမြန် လမ်းမကြီးပါ၊ ဟန်ဂေရီပြည်ရဲ့ အဓိကအရေးကြီးဆုံး ကုန်သွယ်ရာလမ်းကြောင်းဆိုလည်း မမှားပေဘူး၊ နှစ်လမ်းမောင်း လေးလမ်းသွား အမြန်လမ်းမကြီးဖြစ်ပြီး တချို့နေရာတွေမှာတော့ ပြုပြင်တိုးချဲ့နေဆဲပါ။

 M1European Route E60 E65 E75 (ဓါတ်ပုံ မရငတ)

European Route အနေနဲ့ဆိုရင်တော့ ဒီ ဟန်ဂေရီ M1 လမ်းမကြီးက E60 E65 E75 တို့ရဲ့ အစိတ်အပိုင်းတွေပါ၊ မောင်ရင် ငတေတို့က ဘရာတီဆလာဗာကိုသွားမှာဆိုတော့ M1 အဆုံး မရောက်ခင် Rajka လမ်းဆုံမှာ ညာဘက်ကိုချိုး မြောက်ဘက် ကိုသွားတဲ့ M15 အတိုင်း ဆက်သွားရမှာပါ။

ဥရောပ မြေပေါ်က အမြန်လမ်းမတွေကို သက်ဆိုင်ရာနိုင်ငံများက တနိုင်ငံချင်းအနေနဲ့ သူတို့ နဂိုရှိပြီးသား သတ်မှတ်ပေး ထားပြီးတဲ့အတိုင်း လမ်းမ အမှတ်တစ် နှစ်သုံးဆိုပြီး ရေးသားလို့ ဆက်လက် အသုံးပြုနေသလို ဥရောပတတိုက်လုံးက လမ်း တွေကိုလည်း အနောက်ကအရှေ့ မြောက်ကတောင် သွယ်တန်းလို့ European Route ဆိုပြီး အစိမ်းရောင် သင်္ကေတ လမ်းဆိုင်းဘုတ်တွေကို သတိထား ကြည့်မယ်ဆိုရင် တွေ့မြင်နိုင်ပါတယ်။ အီး ၆၀ လို စုံဂဏန်းလမ်းမကြီးတွေက အရှေ့က အနောက်သို့သွားတာ ဖြစ်ပြီး အီး ၆၅ တို့ အီး ၇၅ တို့လို မဂဏန်းတွေကတော့ တောင်ကနေ မြောက်ဘက်ဆီသို့ ဦးတည်လို့ သွားတာ ဖြစ်ပါတယ်။

ဘူဒါပက်အထွက် အမ်ဝမ်းလမ်းမကြီးကို European Route E60 အီး ၆၀ အဖြစ် သတ်မှတ်ပါတယ်။ ကီလိုမီတာ ရှစ်ထောင် (မိုင်ငါးထောင်နီးပါး) ရှိပြီး ဥရောပရဲ့ ဒုတိယ အရှည်ဆုံးလမ်းလို့ ဆိုပါတယ်။ ပြင်သစ် အနောက်မြောက်ဖျားစွန်း အတ္တလန် တစ်သမုဒ္ဒရာ ကမ်းခြေကနေ ဥရောပ နိုင်ငံပေါင်း ၁၂ နိုင်ငံကို ဖြတ်သန်းသွားပြီး တရုတ်အနောက်မြောက်ဖျားစွန်းက Erkeshtam နယ်စပ်ထိ ရောက်မယ့် လမ်းကြောင်းပါ၊ ဒီကနေ့ ဥရောပ အမြန်လမ်းမကြီးတွေထဲမှာ Classe A အဆင့်ဝင် အကောင်းဆုံး လမ်းမကြီးပါ၊ သို့ပေမယ့် အရှေ့ဥရောပ ရိုမားနီးယားတို့ ဂျော်ဂျီယာတို့ကို ကျော်လွန် သွားရင်တော့ လမ်း တွေက သာမန်အဆင့်သာ များပြားသလို ပင်လယ်နက်နဲ့ ကာစပီယန် ပင်လယ်တွေကိုလည်း ဖယ်ရီတွေနဲ့ ကူးဖို့ မလွယ်လှ သေးသမို့ European Route တွေထဲမှာ အရှည်ဆုံးလို့ ပြောဖို့ခက်လှပါတယ်လို့သာ မောင်ရင်ငတေ ယူဆမိကြောင်းပါ။

E65 က ဆွီဒင်ကနေ ပင်လယ်ကူး ပိုလန် ချက် ဆလိုဗားကီးယား ဟန်ဂေရီတို့ကို ဖြတ်သန်းသွားပြီး နောက် ဂရိမှာ ဂိတ်ဆုံး မှာပါ၊ E75 ကတော့ နော်ဝေး မြောက်ဖျားစွန်းကနေ ဖင်လန်မှာ ပင်လယ်ကူး ပြီး ပိုလန် ချက် ဆလိုဗားကီးယား ဟန်ဂေရီ တို့ကို ဖြတ်သန်းသွားပြီးနောက် သူလည်း ဂရိပြည်မှာပဲ ဂိတ်ဆုံးမှာပါ၊ လမ်းကြောင်းတွေကတော့ အရှေ့ခြမ်း အနောက်ခြမ်း ကွာပြီး တူလိုက်မတူလိုက်ပါ။

ရာသီဥတုကတော့ မိုးမရွာ နေသိပ်မပူပါဘဲ သာသာယာယာပါ၊ ဥရောပအရှေ့ခြမ်းက တောင်ခြမ်းနဲ့ ယှဉ်ကြည့်ရင် အအေး ဓါတ် အနည်းငယ်ပိုမိုပါတယ် ပြောရမှာပါ၊ မောင်ရင်ငတေတို့ သွားခဲ့တဲ့နေ့က ဧပရယ်လ တရက်နေ့ပါ၊ နွေဦးရာသီသို့ ဝင်နေပြီဆိုပေမယ့် ဆောင်းနှောင်းနှင်းကြွင်းအကျန်တဝက် မိုးတဝက်နဲ့ နွေနေအပူကို ဟုတ်တိပတ်တိ ကောင်းကောင်း မရသေးပါဘူး၊ ဒါပေမယ့် မိုးက တစက် နှစ်စက်လောက်သာကျတာဖြစ်လို့ ကံကောင်းသေးတယ် ဆိုရမှာပါ၊ ဒီဒေသကလည်း ဒန်ညုမြစ်ဝှမ်း မြေပြန့်လွင်ပြင် ဖြစ်ပြီး Western Carpathians တောင်တန်းမြင့်မြင့်များနဲ့ အလှမ်းဝေးလို့ နွေဆိုရင် နှင်းပျောက်တတ်တဲ့ နေရာပါ၊ Budaörs ကို ကျော်လာတော့ အိမ်ဆက်ပြတ်ပါပြီ။

E60 သို့မဟုတ် M1 လမ်းမကြီးဘေး မြင်ကွင်းတွေကတော့ သိပ်ထူးခြားမှု မရှိလှပါဘူး၊ စိုက်ခင်းစိမ်း ဝါနီညိုတွေကိုတော့ ထုံးစံအတိုင်း လမ်းတလျှောက် အဆက်မပြတ်ဆိုသလို တွေ့မြင်ရပါတယ်။ တခုကတော့ နည်းနည်းထူးခြားတယ် ပြောရမ လားပါ၊ စိုက်ခင်းတွေယာခင်းတွေကြားမှာ ကြော်ငြာဘုတ် ကြီးတွေ အတော်များများ တွေ့ခဲ့ရတာပါ၊ အဲဒါမျိုးတွေက ပြင်သစ်တို့ ဂျာမဏီတို့ နယ်သာလန်တို့မှာ တွေ့မြင်ရခဲသမို့မှလား၊ နည်းနည်း ထူးခြားတယ် ပြောမိရတာပါ၊ နောက်မကြာခင် ဒီအနောက်ဘက် ခြမ်းကိုများ ကူးများ ကူးစက်လာလေမလား စိုးရိမ်မိရကြောင်းပါ ခင်ဗျား။

အဲဒီလို ဆိုင်းဘုတ်ကြီးတွေကို တွေ့မိရတော့ ဘန်ကောက်တို့ ထိုင်းတို့ကိုတောင် အမှတ်ရမိပါတယ်။ အဲဟိုမှာက ဒီထက်ပိုဆိုး တယ်မှလား၊ သေသေချာချာ အခိုင်အမာနဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေကို တောကျေးလက်လမ်းရော မြို့အဝေးပြေးလမ်းမကြီးတွေမှာ နေရာအနှံ့ တွေ့မြင်ရမှာပါ။



E60 သို့မဟုတ် M1 လမ်းမကြီးဘေး (ဓါတ်ပုံ မရငတ)

ဒီမှာကတော့ အဆက်မပြတ်ဆိုပေမယ့် ထိုင်းလမ်းမတွေမှာလို သိပ်များလွန်းနေတယ်တော့ မဟုတ်သေးပါဘူး၊ မောင်ရင် ငတေလည်း အဲလို စိုက်ခင်းကာလာစုံကြားက ကြော်ငြာဆိုင်းဘုတ်ကြီးတွေကို ကြည့်ရင်း မှတ်တမ်းပြုရင်း ရေဂျီယိုဂျက်ရဲ့ သယ်ဆောင်ရာကို လိုက်ပါလာခဲ့ပါတယ်။

ဒီဒေသက ၁၉၅၀ ၆၀ ၇၀ နှစ်များ အခါက သမဝါယမတို့ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးတို့ လက်မှုလယ်ယာမှသည် စက်မှုလယ်ယာတို့ စတင်ထွန်းကားခဲ့ရာ နယ်မြေတွေပါ၊ အဲဒီ အောင်မြင်မှု အသင့်အတင့်ရဲ့ အကြွင်းအကျန်တွေကြောင့် အနောက် ဥရောပကို မမှီပေမယ့် အရှေ့ဖျား ဥရောပ ထက်တော့သာတဲ့ အနေအထားမှာ ရှိနေပါတယ်။

အနောက်ဥရောပရဲ့ လမ်းနဘေး စိုက်ခင်းတွေကို တွေ့ဖူးနေကျ မောင်ရင်ငတေကတော့ ဒီစိုက်ခင်းတွေကိုကြည့်ပြီး တနေရာ ရာမှာ နည်းနည်းတော့ လိုနေသေးတယ်လို့ ထင်မြင်ယူဆမိရကြောင်းပါ။

ဒီနေရာမှာ မောင်ရင်ငတေရဲ့ ခရီးတွေသွားရင်း တွေ့ကြုံမြင်မိခဲ့ရတဲ့ ကိုယ်ပိုင်အမြင်ကို ထည့်ပြောရ မယ်ဆိုခဲ့ရင် တော်တော် တော့ ကွာဟပါသေးတယ်။ ဘယ်လို ဘယ်ပုံနည်းနဲ့ ကွာဟပါတယ်လို့တော့ ပညာရှင်တွေလို သီအိုရီအရတွက်ချက်ပြီး မောင်ရင်ငတေ ပြောမပြတတ်ပါဘူး၊ သေချာတာတခုက မျက်မြင်အတွေ့အကြုံများနဲ့တင် အတော်ကြီး ကွာဟနေသေး ကြောင်းကိုသာ ပြောချင်မိပါတယ်။


 Komárom- Komárno နယ်ခြားသို့ (ဓါတ်ပုံ မရငတ)

ကားလမ်းက ဒန်ညုမြစ်ရဲ့ တောင်ဘက်ခြမ်းကနေ ယှဉ်လို့ ဖောက်ထားတာ ဖြစ်ပေမယ့် ခပ်ဝေးဝေးမို့ မြစ်ကိုတော့ မြင်တွေ့ ရခြင်း မရှိပါဘူး၊ အကယ်၍ ကိုယ်ပိုင်ကားနဲ့သာ မောင်ရင်ငတေရဲ့စိတ်ကြိုက်တောကျေးလက်လမ်းလေးတွေကသာ သွား ခွင့်ရခဲ့ရင်တော့ ဒီထက် ပိုမိုလှပ အေးချမ်းသာယာမယ့် ဟန်ဂေရီနဲ့ ဆလိုဗားကီးယား နယ်ခြား ဒန်းညုမြစ်ရိုးရဲ့ သဘာဝ မြင်ကွင်းတွေကို တွေ့မြင်နိုင်မှာပါ။

ဒါပေမယ့်လို့ ခရီးသွားခြင်းကို အများအားဖြင့် လိုင်းဘတ်စ်ကားသာ အားထားရ ဖက်တွယ်ထားရတဲ့ မောင်ရင်ငတေအဖို့ အဲဒီလောက် မြင်ကွင်းတွေနဲ့သာ တန်ရာတန်ရာ ကျေနပ်မိရ ပါတယ်။ ကားကြီး ကားကောင်းတွေနဲ့သွား လမ်းတလျှောက် အိပ်ငိုက်နေတတ်သူတွေနဲ့စာရင် ကျေနပ်ရခြင်းပေါ့။

ဟိုးခေတ်က စီးခဲ့ဖူးတဲ့ ကုန်တဝက် လူတဝက်တင် ဘတ်စ်ကားအိုကြီးတွေ၊ ကုန်းလမ်းပို့ဆောင်ရေး (ကပရ) ဟီးနိုးကား ယိုင်နဲ့နဲ့တွေ၊ တီအီး အီလဲဗန်းလို ကုန်ကား နောက်ခန်းတွေ၊ ဟိုင်းလက်ကားရဲ့ ခေါင်မိုးပေါ်တွေ ပုံစံမျိုးစုံ ဇရက်မင်း စည်း စိမ်ခံရင်း စီးခဲ့ဖူးပါတယ်။ အဲဒီလို ခရီးသွားကားတွေ စီးခဲ့ဖူး တာနဲ့ နှိုင်းစာရင် အခုဟာက အရမ်းကို ကောင်းနေတာမို့ ကျေနပ် နေတတ်တာလည်း ပါပါလိမ့်မယ်။

ဒီကနေ့ခေတ် နောက်ပေါက်လေးတွေနဲ့တော့ တွေ့ကြုံဖြတ်သန်း ခံစားရပုံကတော့ ဘယ်တူပါ့မလဲ။


 
 RegioJet နဲ့ Student Agency (ဓါတ်ပုံ မရငတ)

ချောမွေ့နေတဲ့ နိုင်လွန်ကတ္တရာ လမ်းမကြီးတလျှောက် တငြိမ့်ငြိမ့်တသိမ့်သိမ့် ပြေးလွှားနေတဲ့ မိုးလုံ လေလုံ အအေးလုံ အပူလုံ မှန်လုံ ဘတ်စ်ကားသစ်ကြီးပေါ်မှာ ကော်ဖီခါးခါးလေး တကျိုက်မော့ရင်း တယ်လီဖုန်းဘက်ထရီအားသွင်းကြိုး တန်းလန်းချိတ် တွေ့သမျှ လမ်းဘေးမှတ်တမ်းတင်ရင်း ဝိုင်ဖိုင်ကောင်းကောင်းနဲ့ ကိုယ်ပိုင်ချယ်နယ် တိုက်ရိုက်လွှင့်တင်နိုင် နေပါတဲ့ ဒီခေတ်ကြီးမှာ ဘာတွေကိုများ မကောင်းပြောရဦးမလဲလေ။ မောင်ရင်ငတေကတော့ နိုး .. ကွန်ပလိန်းပါ။

မှန်ပါတယ်  ဒီ ရေဂျီယိုဂျက်ရဲ့ ကားအဆင့်အတန်းကလည်း မဆိုးဘူးလို့ ပြောလို့ရပါတယ်။ အမြင်ပိုင်း ဆိုင်ရာမှာ ကောင်း မွန်သပ်ရပ် သန့်ရှင်းပါတယ်။ အိမ်သာလည်း ကောင်းပါတယ်။ ကော်ဖီလည်း တခွက်တိုက်ပါတယ်။ ထပ်သောက်ချင် လည်း တောင်းသောက် နိုင်ပါတယ်။ ကားစက်လည်း မပျက်ပါဘူး၊ လမ်းတွေက ကားသိပ်မကျပ်လို့ အချိန်လည်း မှန်ပါတယ်လို့ ပြောလို့ရပါတယ်။ အဲ  .. ဝိုင်ဖိုင်ကတော့ပါတယ် ဆိုရုံလေးပါ၊ ကွန်နက်ရှင်က မကောင်းလှပါ၊ ရသလောက်ပေါ့လေ။

လမ်းနဘေး ရွာလေးတွေကတော့ နေချင်စဘွယ်ရှိပေမယ့် တိတ်တိတ်ဆိတ်ဆိတ်နဲ့ လူခြေတိတ်တဲ့ ရွာကလေးတွေသာပါ၊ မောင်ရင်ငတေ ရောက်ဖူးတွေ့ဖူးသမျှ တောင်မြောက် ရှေ့နောက် ဥရောပက သူတို့တတွေရဲ့ လယ်ယာဥယျာဉ်ခြံမြေ စိုက်ပျိုးရေး လုပ်ငန်းခွင်တွေမှာ လူအင်အားများများနဲ့ တခါ ဖူးမျှမတွေ့ရှိဖူးပါဘူး၊ လူနည်းနည်း စက်ကျဲကျဲသာဆိုလို့ရပေမယ့် လည်း မြေကွက်လွတ်ဆိုတာ တွေ့ မြင်ရခဲပါတယ်။ စိုက်ပျိုးခင်း မတွေ့ရရင် ခပ်ပါးပါး တောအုပ်တန်းလေးတွေတော့ ရှိနေ တတ်မြဲပါ။

မောင်ရင်ငတေကတော့ စိုက်ခင်းပျိုးခင်းတွေရဲ့ ရောင်စုံသွေးစုံအပေါ်ယံအလှမှာသာ ယစ်မူးနေရင်း တောင်မြောက်ရှေ့နောက်စိုက်ခင်းတွေက အထွက်နှုန်း ကောင်းရဲ့လား၊ မျိုးစိတ်မျိုးရင်း မှန်ရဲ့လား၊   ဆေးဝါးသန့်ရဲ့လား ဈေးကောင်းရောရကြရဲ့ပါလား စသဖြင့် မတွေးအားခဲ့ပါဘူး၊ သီးနှံတွေ စိမ်းလို့စို နေတာ သီးနှံတွေ မှည့်လို့ဝါနေတာ မြင်ရတွေ့ရရင် စိတ်ချမ်းသာတတ်ရုံပါ ခင်ဗျာ။


 Győrújbarát- Győr (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေလည်း လမ်းဘေးဝဲယာကြည့် တငြိမ့်ငြိမ့်နဲ့ထွေရာလေးပါးတွေးရင်း စဉ်းစားလာရာက အိမ်ခြေနည်းနည်း နည်းနည်းနဲ့ ရွာကလေးတွေ စိတ်လာတာကို သတိပြုလိုက်မိရပါတယ်။ ဟန်ဂေရီ နိုင်ငံ အနောက်မြောက်ဒေသရဲ့ အကြီးဆုံးမြို့ Győr နယ်ထဲ ချည်းနင်းဝင်ရောက်လာတာပါ။

Győr ခေါ် Ráb မြို့က ဟန်ဂေရီရဲ့ ဆဋ္ဌမမြောက် အကြီးဆုံးမြို့သာဆိုပေမယ့် သိပ်ကြီးကြီးမားမား ဟုတ်ဟန်မတူပါဘူး၊ Győrújbarát လမ်းဆုံနဲ့ဘူဒါပက်က ကီလိုမီတာ ၁၂၀ ကျော် ကွာဝေးတာပါ၊ ဘူဒါပက်ကနေ ဗီယန်နာ ဘရာတီဆလာဗာ သွားရာလမ်းရဲ့ ခရီးတထောက်မြို့ ဆိုရင်လည်း မမှားပါဘူး၊ Rába မြစ်လေးနဲ့ ဒန်ညုမြစ် ဆုံတွေ့ရာ မြစ်ဆုံနဲ့ မနီးမဝေးမှာ တည်ရှိတာပါ။

Győrújbarát လမ်းဆုံကိုကျော်လာတော့ ကားလမ်းက ဒန်ညုမြစ်ကွေ့သွားသလို အနောက်မြောက် ဘက်သို ဦးတည်ပါ တယ်။ E60 E75 သို့မဟုတ် M1 လမ်းမကြီးအတိုင်း နောက်ထပ် ကီလိုမီတာ ၅၀ လောက် မောင်းလာလိုက်တော့ ဗီယန်နာ ဘရာတီဆလာဗာ လမ်းခွဲ M1-M15 လမ်းဆုံ Levél မြို့ အဝင်သို့ ရောက်ရှိ လာပါပြီ၊ M1 အတိုင်း ဆက်သွားမယ်ဆိုရင် များမကြာခင် ဆယ်မိနစ်ခန့်တွင်းမှာ သြစတြီးယားမြေသို့ ရောက်မှာပါ၊ Levél အနီး လမ်းဆုံကတော့ လမ်းဆုံသာ ဆိုပါတယ်။ ဘာတခုမှ ထူးခြားချက် မရှိပါဘူး၊ သာမန် နှစ်ထပ်ဂုံးကျော် လမ်းဆုံတခုသာပါ၊ အဲဒီလိုနေရာမျိုး ထိုင်းနိုင်ငံသာ ဆိုရင် လူတွေ ဆိုင်တွေ ဈေးတွေနဲ့ စည်းကားလို့နေမှာ အမှန်ပါ။


 Vitajte v Slovensko (ဓါတ်ပုံ မရငတ)

အဲဒီလို ဟန်ဂေရီ-သြစတြီးယား-စလိုဗားကီးယား သုံးနိုင်ငံလမ်းဆုံ သို့မဟုတ် M1-M15 လမ်းဆုံကို မသိမသာနဲ့ ကျော်ဖြတ် သန်းလာပြီး မောင်ရင်ငတေတို့က ညာဘက်သို့ချိုး မြောက်စူးစူးဆီသို့ M15 အတိုင်း ခရီးဆက်ပါတယ်။ သုံးနိုင်ငံရဲ့ တြိဂံ ဒေသဖြစ်ပေမယ့် တောတွေတောင်တွေ ထူထူထပ်ထပ် မတွေ့ရှိရပါဘူး၊ ဒန်ညုမြေပြန့်လွင်ပြင်ရဲ့ စိုက်ရေးပျိုးရေးကောင်းတဲ့ နေရာမို့လို့ စိုက်ခင်းတွေကိုသာ အဆက်မပြတ်ဆိုသလို မြင်တွေ့ရပါတယ်။

ဆယ့်လေးငါးမိနစ်ကျော်လောက် အကြာမှာတော့ ဟန်ဂေရီ အနောက်မြောက်စွန်း နယ်စပ်မြို့ Rajka မြို့ဝင် စာတမ်းနဲ့ ဆိုင်ဘုတ်ငယ်ကို တွေ့ရပါပြီ၊ မြို့တွင်းသို မဝင်ပါဘဲ မြို့ရှောင်လမ်းအတိုင်း ပတ်မောင်းသွားတော့ ရောက်ပါပြီ ရောက်ပါပြီ
Slovensko မြေသို့ ရောက်ပါပြီ။
Slovakia  Slowakei
Slovaquie  Slovensko

ဆလိုဗန်စကို သို့မဟုတ် ဆလိုဗားကီးယား သို့မဟုတ် ဆလိုဗက်တွေရဲ့မြေ၊ တချိန်ခါတုန်းက ချက်ကိုဆလိုဗားကီးယား ဆိုရှယ်လစ်တွေရဲ့ ဆလိုဗန်စကို မြေ၊ ၂၀၀၈ ခုနှစ်တုန်းက မောင်ရင်ငတေ နယ်နမိတ်စည်းနင်းပြီး ကျေနပ်ခဲ့ရတဲ့ ဆလိုဗန် စကို မြေ။



  
Myto.SK-Border Toll Gate Čunovo, Slovensko (ဓါတ်ပုံ မရငတ)

ဆလိုဗက်တွေရဲ့ မြေ၊ ထူးထူးခြားခြား ကြိုဆိုရေးတွေ မရှိပါဘူး၊အိမ်ခြေမရှိတဲ့ နယ်စပ်ဖြတ်ကျော်ဂိတ် တခုသာပါ၊ အနီးကပ် ဆုံးမြို့ကတော့ Čunovo အမည်ရပါတယ်။ ဟန်ဂေရီ နယ်စပ်မြို့ Rajka ကတော့ လူဦးရေ သုံးထောင်နီးပါး နေထိုင်ကြပြီး ဆလိုဗားကီးယားရဲ့ နယ်စပ် Čunovo မှာတော့ နေထိုင်သူ တထောင် မပြည့်ပါဘူး။ ရွှေရောင်တဝင်းဝင်း လက်ရာ မသေမ သပ် ယိုင်နဲ့နဲ့ ဆိုင်းဘုတ်ကြီး ဆိုင်းဘုတ်ငယ်တွေ မတွေ့မြင်ရပါဘူး၊ အဝင်အထွက် ဂိတ်အဟောင်းတော့ ရှိနေပေမယ့် ဘာ အစစ်အဆေးမှ မရှိပါဘူး၊ တခဏနား အာသာပြေပက်ချင်သူတွေပက်ဖို့ အစာပြေစားဖို့နားဖို့ ကဖေးသောက်ဖို့ ဆိုင်လေး တဆိုင်ရှိပါတယ်။ မောင်ရင်ငတေကတော့ တဖွာနှစ်ဖွာ ဖွာရှိုက်ရင်းနဲ့ အညောင်းပြေ ဂိတ်ဝနားသွား စနည်းနာပါတယ်။ ယူနီဖောင်းဝတ် တဦးနှစ်ဦးကလွဲလို့ လုံခြုံရေး ဘာညာ ထူးထူးထွေထွေ မရှိပါဘူး၊ လှမ်းမျှော်ကြည့် လိုက်တော့ လယ်ကွင်း ပြင်တွေသာ ပတ်လည်ဝိုင်းနေတာ တွေ့ရပါတယ်။ Toll Gate မှာလည်း ကား လေးတွေအစီးနှစ်ဆယ်လောက် ဂိတ်ကြေးပေးဖို့ တန်းစီနေတာမြင်ရပြီး ပြင်သစ် စပိန် နယ်သာလန် ဂျာမဏီ တို့လို ကုန်တင်ကားကြီးတွေ အမြောက်အများ မတွေ့ရပါဘူး။

ကားကလည်း ဆယ့်ငါးမိနစ်မျှသာ နားတာမို့ ခဏကြည့် ကားဘက်သို့ ပြန်လျှောက်လာခဲ့ရပါတယ်။ နယ်ခြားဂိတ် ညာ ဘက်ခြမ်း မလှမ်းမကမ်းမှာ သုံးနိုင်ငံ ဆုံချက်ပွိုင့်တည်ရှိလို့ သွားရောက်မှတ်တမ်း တင်ချင်ပေမယ့် လိုင်းကားစီးသမား မောင် ရင်ငတေ့အဖို့ စိတ်သာရှိ လူတော့ မရောက်နိုင်ခဲ့ပါဘူး။

ဟန်ဂေရီယန်တို့ရေ မင်းတို့ အခေါ် Párizs အမည်ရတဲ့ ပါရီမြို့ရောက် ဒုက္ခသည်တယောက်ပေါ့ကွာ၊ အဲဒီ ရွှေပြည် တော် သားဟောင်းကြီး မောင်ရင်ငတေ မင်းတို့ကို နှုတ်ဆက်ခဲ့ပါတယ်ကွာ။ လမ်းရဲ့သယ်ဆောင်ရာ ကျနော်သွားတော့မယ်ပေါ့၊ ဘိုင် ဘိုင် Au Revoir pour le Moment Viszlát a Pillanatban ပါ ခင်ဗျား။



Diaľnica D2 (Slovensko) (ဓါတ်ပုံ မရငတ)

ဒီနေရာက ဟန်ဂေရီ အမ်ဝမ်း လမ်းမကြီးအဆုံး ဆလိုဗန်စကို Diaľnica D2 ဒီတူး အမြန်လမ်းမကြီး အစပါ၊ ဟန်ဂေရီနယ်စပ်နဲ့ ချက်နယ်စပ်ကို ပေါက်တဲ့လမ်းပါ၊ သိပ်တော့ မရှည်လှပါဘူး၊ ကီလိုမီတာ ရှစ်ဆယ်ခန့်မျှသာ ရှည်ပါတယ်။ E65 E75 ဥရောပ အမြန်လမ်းမကြီးရဲ့ အစိတ်အပိုင်း လမ်းပါ။

ဒီလိုနဲ့ Magyarország မာဂရာရိုရာဆတ်ဂ် မြေကို ကျောခိုင်းခဲ့ပြီးနောက်  ဆလိုဗန်စကို မြေဆီသို့ စတင် ဝင်ရောက်လာခဲ့ပါပြီ၊ မြင်ကွင်းတွေကတော့ ဘာတခုမှ သိပ်အပြောင်းအလဲ မရှိလှပါဘူး။

ရေကြော မြေကြောတွေ ဆက်စပ်နေတာကိုး၊ လူနေမှုအဆင့်လည်း သိပ်ကွာခြားတာ မဟုတ်ပါဘူး၊ စကားပြောနဲ့ စာအရေး အသားက အတော်ကွာခြားဟန်ပေါက်ပါတယ်။ ချက်ပြည်ထောင်စုနဲ့ကတော့ တနိုင်ငံတည်းဖြစ်ခဲ့ဖူးတော့ စာစကား အတော် ဆင်တူဟန် တူပါတယ်။ မြို့တော်အမည် Bratislava ကို ဟန်ဂေရီယန် Magyar စကားနဲ့ Pozsony လို့ ရေးကြတာကိုသာ ကြည့်ပါတော့လေ။


အဝေးမြင် Bratislava ဘရာတီဆလာဗာ (ဓါတ်ပုံ မရငတ)

သိပ်မကြာပါဘူး၊ ဒီကနေ့ သွားရမယ့် ခရီးဆုံး ဘရာတီဆလာဗာ မြို့တော်လေးကို ခပ်လှမ်းလှမ်းမှာ စတင်၍ လှမ်းလို့မြင်တွေ့ နေရပါပြီ၊ နယ်စပ်နဲ့ မြို့တော်လေးက ဆယ့်ငါးကီလိုမီတာမျှ မဝေးတာကိုး၊ မြို့တောင်ဘက်က မြေပြန့်လွင်ပြင်တွေသာ များပေမယ့် မြောက်ဘက်ခြမ်းမှာတော့ တောင်စဉ်တန်း တွေ ရှိနေတာကို အဝေးကနေ လှမ်းမြင်တွေ့ရပါတယ်။



Most Apollo (Apollo Bridge) Bratislava (ဓါတ်ပုံ မရငတ)

မြို့ပြအိမ်ယာတွေကိုတွေ့ပြီး မကြာခင်လေးမှာတင် ဘရာတီဆလာဗာရဲ့ ဒန်ညုမြစ်ကူး တံတားကြီး Most Apollo ကို ကူးဖြတ်လို့နေပါပြီ၊ လှပတဲ့တံတားကြီးကို ကျော်ဖြတ်ပြီးရင်တော့ မောင်ရင်ငတေ တို့ရဲ့ ဒီကနေ့ ဘူဒါပက်- ဘရာတီဆလာဗာ ခရီးစဉ်ဂိတ်ဆုံး ရောက်ပါပြီ ခင်ဗျား။

ဒန်းညု မိုရာဗာ မြစ်ဆုံဘေး ရေပြင်ပြာပြာကို ထိုင်ငေးမယ့် စိတ်ကူးအိပ်မက်ကို တွေးရင်းပေါ့။ အဝါရောင် ရေဂျီယိုဂျက်ကို နှုတ်ဆက်ပြီး ဆင်းလာခဲ့ပါတော့တယ်။



ဘူဒါပက်မှ ဘရာတီဆလာဗာ ကီလိုမီတာ နှစ်ရာ 

ဘူဒါပက်မှ ဘရာတီဆလာဗာ ကွာဝေးတာက ကီလိုမီတာ နှစ်ရာ ကျသင့်ငွေက ယူရို နှစ်ဆယ်နီးပါး ကြာမြင့်ချိန်က သုံးနာရီမတ်တင်းခန့် ထိုက်တန်တဲ့ သင့်တော်တဲ့ ခရီးတခုပါလို့ ပြောကြားရင်းပင်လယ်မရှိသောမြေသို့ စာစု (၂) (အမ်ဝမ်း အမြန်လမ်းမကြီးပေါ်က အဝါရောင် ရေဂျီယိုဂျက်) ခရီးမှတ်တမ်းပုံရိပ်များကို ဒီနေရာမှာ ရပ်နားခွင့်ပြုကြပါ။

ဘရာတီဆလာဗာ-ဗီယန်နာ ဝမ်းယူရိုတန် ခရီးစဉ်အကြောင်း စာစု (၃) ဆက်ပါဦးမည်။ ဒန်းညုမြစ်ရိုးပေါ်က မြို့တော်တွေ အကြောင်းကိုတော့ ရေးစရာတွေက အများအပြားရှိလို့ လာမည် ကြာမည်ဟု ပြောကြားရင်း ...။

မောင်ရင်ငတေ
၀၁၀၄၂၀၁၇ - ၂၈၀၇၂၀၁၇

ဇင်လင်း ● နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုကြား ယုံကြည်မှုရှိမှ နိုင်ငံတိုးတက်နိုင်မည်

$
0
0
ဇင်လင်း ● နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုကြား ယုံကြည်မှုရှိမှ နိုင်ငံတိုးတက်နိုင်မည်
(မိုးမခ) သြဂတ်စ် ၁၅၊ ၂ဝ၁၇

ယခုတလောတွင် ပြည်သူလူထုအကြား လက်ရှိအစိုးရအပေါ် ထင်ယောင်ထင်မှားဖြစ်စေရန်၊ အကြည်ညိုပျက်စေရန်၊ ပြော ဆို လှုံ့ဆော်မှုများ ခပ်စိပ်စိပ်တွေ့နေရသည်။ သို့သော်လည်း ခြေခြေမြစ်မြစ်မဟုတ်သည့် အချက်အလက်များကို အခြေခံ ပြောဆိုနေသည်က များသဖြင့် ပြည်သူလူထုအများစု၏ ထောက်ခံမှုကိုကား ယိမ်းယိုင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိချေ။ လက်ရှိ အစိုးရသည် နှစ်ပေါင်း ၅ဝ ကျော် ပျက်စီးယိုယွင်းခဲ့သော နိုင်ငံကို ပြန်လည်ထူထောင်ရန် တာဝန်ကျလာသောကြောင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းထားသည့် အစိုးရဖြစ်သည်။ အစိုးရတာဝန်ထမ်းဆောင်သည်မှာ ၂ နှစ်ပင် မပြည့်သေး။ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှုန်း နှေးကွေးလွန်းသည်ဟု ဝေဖန်သံကို အများဆုံး ကြားနေရသည်။  ၂ နှစ်သားကို လမ်းလျှောက်ပုံ နှေးလွန်းသည်ဟု ဝေဖန်နေသကဲ့သို့ ဖြစ်သည်။ ယခင် စစ်အစိုးရအဆက်ဆက်က နိုင်ငံကို ကိုယ်ပိုင် ပစ္စည်း ကဲ့သို့ ထုချေခုတ်ဖြတ်ကာ၊ ကိုယ်ကျိုးရှာ ရောင်းစားခဲ့ကြသူများနှင့် နှိုင်းယှဉ်ပါက၊ လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်များအပေါ် အားမရသည့်တိုင် အပြစ်တင် မစောသင့်ဟု ထင်ပါသည်။

ပြည်သူလူထု အထူးသတိပြုသင့်သည့်အချက်မှာ လက်ရှိအစိုးရ၏ဆောင်ရွက်မှုများကို မအောင်မြင်စေလိုသူများ ရှိနေ သည်ဆိုသည့် အချက်ဖြစ်သည်။ ထိုသို့ အစိုးရ၏မူဝါဒနှင့် ဆောင်ရွက်ချက်များ မအောင်မြင်စေရန် ချိတ်ဆက်ဆောင် ရွက် နေသူများသည် အစိုးရယန္တရား၏အပြင်၌သာ ရှိသည်မဟုတ်။ အတွင်း၌လည်း ရှိနေနိုင်သည်ကို သတိချပ်ကြရမည်။ အထူး သဖြင့် အာဏာအလွဲသုံးကာ ကိုယ်ကျိုးရှာနေသူများကို သတိပြုသင့်ပေသည်။ တနည်းအားဖြင့် လက်ရှိအစိုးရ၏ ပြောင်းလဲ ချိန်တန်ပြီဟူသောဆောင်ပုဒ်ကို ဆန့်ကျင်နေသူများအား သတိထားရပေမည်။ မကြာသေးမီ  ဇူလိုင် ၂၇ ရက် ညက နေပြည် တော်ရှိ “အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန” ၌  နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန နှစ်ပတ် လည်နေ့ အခမ်းအနားကျင်းပခဲ့သည်ကို သတိပြုမိကြမည်ထင်သည်။

၎င်းအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ ရွေးကောက်ပွဲဝင်တဲ့အခါတုန်းက ပြောင်းလဲချိန်တန်ပြီဆိုပြီး တော့ ဝင်ခဲ့ပါတယ်။ အဲဒီလို ဆောင်ပုဒ်နဲ့ဝင်ခဲ့တော့ ပြောင်းလဲချိန်တန်ပြီဆိုသည်မှာ ပြောင်းလဲဖို့အဓိကက စိတ်ဓာတ် ပြောင်းလဲဖို့ ဖြစ်ပါတယ်။ ကျမတို့ဟာ ဒီမိုကရေစီလှုပ်ရှားမှုကို စတင်ကတည်းက တချို့က ဒီမိုကရေစီတော်လှန်ရေးလို့ ပြောကြတယ်။ ကျမတို့ တော်လှန်ရေးဟာ အကြမ်းဖက်တဲ့တော်လှန်ရေးမျိုး မဟုတ်ပါဘူး။ အဓိကကတော့ စိတ်ဓာတ် ပြောင်းလဲရေးပဲဖြစ်တယ်။ စိတ်ဓာတ်ကို မပြောင်းလဲဘဲနဲ့တော့ ဘာကိုမှ တကယ်ထိထိရောက်ရောက် ပြောင်းလဲနိုင်မှာ မ ဟုတ်ဘူး။ ကျမတို့ စိတ်ဓာတ်ပြောင်းလဲဖို့ဆိုတာက ပြည်သူ ပြည်သားတွေ၊ နိုင်ငံသူ နိုင်ငံသားတွေ စိတ်ဓာတ်ပြောင်းလဲ စေချင်တယ်ဆိုရင် ပထမဦးဆုံး အစိုးရဘက်ကနေပြီးစပြီး ပြောင်းလဲဖို့လိုပါတယ်” ဟု ပြောကြားခဲ့သည်ကို အထူးသတိပြု သင့်သည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောင်းလဲမှုကို ဝန်ထမ်းများကစပြီး ပြောင်းလဲရန်လိုသည်ဟု ဆိုသည်။ ယခင့် ယခင်နှစ်ပေါင်းများစွာကအတိုင်း ဆက်လုပ်ရန်မဖြစ်ဟုလည်း ဆိုပါသည်။ စိတ်ဓာတ်ပြောင်းလဲခြင်းဆိုသည်မှာ လုပ် ချင်စိတ်ရှိလျှင် အမြန်ဆုံးပြောင်းနိုင်ပြီး၊ မလုပ်ချင်ပါက အခက်ဆုံးဖြစ်သည်ဟု ပြောကြားသည်။ နောက်ဆုံး မိမိ ဘယ်လောက် ဆန္ဒရှိသလဲဆိုသည့်အပေါ်တွင် မူတည်သည်ဟု ဆိုသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကို အမျိုးသား ရင်ကြား စေ့ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဦးထိပ်ထားပြီး ပြည်သူများ၏ဘဝ တိုးတက်အောင် ကြိုးစားဆောင်ရွက်မည်ဟု ဆိုသည်။ အဂတိလိုက်စားမှု ကင်းရှင်းရေးသည်လည်း အရေးကြီးသည့် ရည်ရွယ်ချက်တစ်ခု ဖြစ်သည်ဟုလည်း သတိပေးခဲ့ သည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က "ကျွန်မတို့လုပ်နိုင်မှသာ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ နိုင်ငံတော်အစိုးရ အပေါ်မှာ ယုံကြည်မှုရှိမှာပါ။ နိုင်ငံတော်အစိုးရနဲ့ ပြည်သူလူထုကြားမှာ ယုံကြည်မှုမရှိရင် နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါ့ကြောင့် အတိုင်ပင်ခံရုံးဝန်ကြီးဌာနဟာ ပြည်သူ ပြည်သားတွေနဲ့ အစိုးရကြားမှာ ယုံကြည်မှုရှိ အောင် တည်ဆောက်တဲ့နေရာမှာ အဓိကကျတဲ့ ဝန်ကြီးဌာနဖြစ်တယ်လို့ ပြောရင်လည်း မမှားပါဘူး” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းပြောဆိုချက်များမှာ လွန်စွာဖြစ်သင့်ဖြစ်ထိုက်သောကိစ္စများဟု ဆိုရပါမည်။  ပြည်သူ့ အစိုးရဆိုသည်မှာ ပြည်သူလူထု၏ သုံးသပ်ဝေဖန်မှုကို မှန်မှန်ကန်ကန် သတ္တိရှိရှိနှင့် ရင်ဆိုင်နိုင်ရမည် ဖြစ်ပါသည်။  အစိုးရ နှင့် ဝန်ထမ်းများအနေဖြင့် ပြည်သူများ၏ အထင်အမြင်၊ အယူအဆများကို လေးစားဖို့လည်း လိုပါသည်။ အစိုးရအာဏာ မရမီက ပြည်သူများအား အမျိုးမျိုး မဲဆွယ်စည်းရုံးခဲ့ပြီး အစိုးရဖြစ်သည့်အခါ ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုခြင်းသည် အစိုးရကောင်းများ၏ အလုပ်မဟုတ်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောဆိုထားကြောင်း တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် ပြည်သူလူထုကို အလုပ်အကျွေးပြုရန် ရည်ရွယ်သော မူဝါဒများ ချမှတ်ဆောင်ရွက်လျှက်ရှိသည်။ ယင်းကဲ့သို့သော နိုင်ငံရေးပါတီတစ်ခုတွင် ပါတီဝင်တစ်ယောက်ဖြစ်လာပြီဆိုပါက၊ ထို ပါတီဝင်ပုဂ္ဂိုလ်သည် အနေအထိုင် အပြောအဆို အကျင့်အကြံမှအစပြု၍ မိမိကိုယ်ကို သတိထားရမည်။ အထူးသဖြင့် ဒီမိုက ရေစီအခြေပြုပါတီဖြစ်သဖြင့် ပိုပြီးသတိထားဖို့လိုသည်။ ဒီမိုကရေစီကျင့်စဉ်အရ လူလူချင်း လေးစားရမည်ဆိုသည့်အချက် သည် အရင်းခံကျသော ကျင့်ဝတ်ဖြစ်သည်။ တစ်ဖက်လူသည် ဆင်းရဲသားဖြစ်စေ၊ ပညာမတတ်သူဖြစ်စေ၊ ရာထူးနေရာ မရှိသူဖြစ်စေ၊ လူမျိုးဘာသာ မတူသူဖြစ်စေ၊ ဖြစ်သည့်တိုင် ဒီမိုကရေစီပါတီဝင်တစ်ယောက်အနေဖြင့် မထေမဲ့မြင် ဆက်ဆံ ခြင်း မလုပ်ရပေ။ လူတစ်ဖက်သားအား တန်းတူ လေးလေးစားစား ချေချေငံငံ ဆက်ဆံရမည်မှာ ပါတီဝင်တိုင်း၏ ကျင့်ဝတ်ဖြစ် သည်။ အာဏာရပါတီ၏ ပါတီဝင်ဖြစ်ပါက ပို၍ပင် တာဝန်ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် မိမိ၏ အပြောအဆို အပြုအမူ မှန်သမျှ မိမိကိုသာမက မိမိ၏ပါတီကိုပါ သက်ရောက်မှုဖြစ်စေနိုင်၍ ဖြစ်သည်။ အတိတ် သမိုင်းမှ မဆလပါတီ ကျဆုံးခြင်းကို လေ့လာလျှင် ပြည်သူအပေါ် မောက်မာခဲ့ပြီး ပြည်သူ့အကျိုးထက် မိမိကိုယ်ကျိုးကို ဗဟိုပြုလုပ်ကိုင်ခဲ့ကြသောကြောင့် ဖြစ် သည်။ ထိုကဲ့သို့ မောက်မာသော၊ ကိုယ်ကျိုးပဓါနပြုသော အကျင့်စရိုက်ဆိုးများကို ကျင့်သုံးကြခြင်းမှာ ပုဂ္ဂိုလ်စွဲ ဂိုဏ်းဂဏစွဲ ဆရာမွေး တပည့်မွေးအယူဝါဒများကြောင့်ဟု ဆိုနိုင်သည်။ အာဏာရှင် ဆရာကြီးမျာကို အမှီပြုကာ တပည့်ဖြစ်သူ အာဏာ ရှင်ပေါက်စများက ငွေကြေးလာဘ်လာဘ၊ တံစိုးလက်ဆောင်များများ ရရှိအောင် ရှာခဲ့ကြခြင်းဖြစ်သည်။ အာဏာရှင် အား ကိုးဖြင့် ပြည်သူလူထုအပေါ် မောက်မာရုံမက မိုက်ကြေးပါခွဲခဲ့ကြသည်။ ထိုစနစ်ဆိုးသည် နဝတနှင့်နအဖခေတ်ကစ၍ ယခု အချိန်အထိ ခေတ်စားလျှက်ရှိသည်။ ခရိုနီ သူဌေးအများစုသည် ထိုစနစ်ဆိုးက မွေးထုတ်ပေးခဲ့သူများဟု ဆိုနိုင်သည်။ ၎င်းတို့၏ကြီးပွားချမ်းသာ ကြွယ်ဝလာမှုများသည်  လာဘ်ပေး လာဘ်ယူစနစ်နှင့်မကင်းကြောင်း ပြည်သူအများပင် သိရှိနေ ကြသည်။

ပြည်သူထံမှ စီးဆင်းလာသည့် အာဏာ (Mandate) ရရှိထားသူ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များ အ နေဖြင့် ပြည်သူကို တာဝန်ခံဖို့လိုသည်။ ပြည်သူများ၏ လူမှုဖူလုံရေးနှင့် စားဝတ်နေရေးဘဝ တိုးတက်ကောင်းမွန်လာ ရေးကို တာဝန်ယူကြရမည် ဖြစ်သည်။ မိမိတို့အား လွှဲအပ်ထားသော အခွင့်အာဏာကို အလွဲမသုံးမိကြဖို့ အစဉ်သတိပြု နေထိုင်ကြ ရမည်။

ဆရာမွေးတပည့်မွေး ဂိုဏ်းဖွဲ့သည့် စရိုက်ဆိုးများကြောင့် တိုင်းပြည်ဆင်းရဲမွဲတေခဲ့ရသည့် သင်္ခန်းစာကို မမေ့ကြဖို့လိုသည်။ ပြည်သူကို မလေးစားဘဲ၊ ပြည်သူအပေါ်မောက်မာခဲ့သူများ၏ အကျင့်ဆိုးများကို လက်ရှိပြည်သူ့ကိုယ်စားလှယ်များနှင့် အစိုးရဝန်ထမ်းများက ဆက်လက်ကျင့်သုံးမှု မပြုကြရန် လွန်စွာအရေးကြီးသည်။ ထို့ကြောင့် တိုင်းပြည်၏ အလှည့်အပြောင်း တစ်ခုကို အကောင်းဘက်သို့ပြောင်းစေရန် လုပ်ဆောင်ကြရာတွင် “ဝန်ထမ်းများကစပြီး ပြောင်းလဲရန်လိုသည်” ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသည့်အချက်ကို လေးနက်စွာ နှလုံးသွင်းကြရပေမည်။

ယခုကဲသို့ အာဏာရှင်ခေတ်မှ ဒီမိုကရေစီခေတ်သို့ ပြောင်းလဲရန်အားထုတ်နေချိန်တွင် ဝန်ထမ်းများကစပြီး ပြောင်းလဲရန် လိုသည်ဟူသော အယူအဆမှာ ပြည်သူလူထု၏ လိုလားတောင်းဆိုချက်လည်း ဖြစ်သည်။ အစိုးရအမှုထမ်း အရာထမ်းများ သည် ပြည်သူ့အခွန်ဘဏ္ဍာ/ပြည်သူ့ဆန်စားနေကြသူများဖြစ်သဖြင့် ပြည်သူကို အလုပ်အကျွေးပြုကြရမည်။ ပြည်သူကို လေးစားစွာ ဆက်ဆံရမည်။ အာဏာရှင်ခေတ်တွင် အာဏာရှင်တို့အလိုကျ ပြည်သူကို ဓါးမိုးဆဲဆို ခြိမ်းခြောက် အုပ်ချုပ်ခဲ့ ကြသော်လည်း ယနေ့ ပြည်သူ့ဒီမိုကရေစီ အစိုးရခေတ်တွင်မူ အာဏာရှင်အကျင့်စရိုက်ဆိုးများကို ခဝါချကြရပေမည်။ ယနေ့ ခေတ်သည် စစ်အာဏာရှင်ခေတ်မဟုတ်တော့သည့်အလျောက် “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဆိုသည်ကို နှလုံးသွင်း ကြရမည်။ ပြည်သူကို မလေးမစားဆက်ဆံခြင်းသည် ကိုယ့်အမိ ကိုယ့်အဖကို စော်ကားခြင်းနှင့်တူကြောင်း အစိုရဝန်ထမ်း တို့ သတိချပ်သင့်သည်။

အထူးသဖြင့် ပြည်သူလူထုနှင့် နေ့စဉ်ထိတွေ့ဆက်ဆံနေရသော ပြည်ထဲရေးလက်အောက်ခံ ဌာနဆိုင်ရာများကို ပိုမိုကြပ် မတ်ပေးဖို့ လိုပေသည်။ ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းကာကွယ်ပေးရမည့် ရဲတပ်ဖွဲ့ကဲ့သိုသော အဖွဲ့အစည်းများ၊ တရားရုံး များ အနေဖြင့် ပြည်သူလူထုအား ယဉ်ကျေးစွာဆက်ဆံတတ်ရန် သင်တန်းများပေးရုံမက ကြီးကြပ်စောင်ကြည့်ပေးရန် လည်း လိုသည်။ ပြည်သူလူထုက အစိုးရဝန်ထမ်းများကို ယခင်ခေတ်ကကဲ့သို့ ကြောက်ရွံ့ကာ မဆက်ဆံလိုဘဲ ဖြစ်နေ သည်မှာ မကောင်းပေ။ အမှန်ဆိုလျှင် အစိုးရဌာနများသည် ပြည်သူလူထုနှင့် ရင်းနှီးဖေါ်ရွေသည့်ဆက်ဆံရေးမျိုး ရှိသင့် သည်။ သို့မှသာ ပြည်သူတို့ ထံမှ လိုအပ်သော အကူအညီကို ရရှိနိုင်ပေသည်။ ယခု အစိုးရအုပ်ချုပ်ရေးနှင့် ဥပဒေစိုးမိုးရေး ကဏ္ဍများတွင် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုကို ထိုက်သင့်သလောက်မရသည်မှာ အစိုးရဝန်ထမ်းများကို ပြည်သူက ယခင်ခေတ်နည်းတူ ရွံရှာကြောက်ရွံ့နေ၍ ဖြစ်သည်။ ဤအခြေအနေအမှန်ကို သက်ဆိုင်သူ ဌာနဆိုင်ရာ အမှုထမ်း အရာ ထမ်းများအနေဖြင့် လက်ခံရမည်ဖြစ်သည်။ ၎င်းအခြေအနေကို ပြောင်းလဲပစ်ရန်အတွက် ထိုဝန်ထမ်းများကိုယ်တိုင် မိမိတို့၏ စရိုက်ဆိုးများကို ချေချွတ်ဖို့လိုသကဲ့သို့၊ သက်ဆိုင်ရာ အစိုးရဌာနအကြီးအကဲများကလည်း လိုအပ်သည့်အမိန့်၊ ဥပဒေများ ပြဋ္ဌာန်း၍ ကြပ်မတ်အရေးယူသင့်ပေသည်။

အထူးသဖြင့် အစိုးရဌာနများအတွင်း ဝန်ထမ်းအချင်းချင်း ဆက်ဆံရေးကိုလည်း အပြန်အလှန်လေးစားစွာ ပြောဆိုစေရန် အရာရှိများက တာဝန်ခံဖို့ လိုသည်။ အချို့ အရာရှိ၊ မိမိတို့၏ လက်အောက်ဝန်ထမ်းများကို ဆဲဆိုခြင်း၊ ကြိမ်းမောင်းခြင်း၊ ခြိမ်းခြောက်ခြင်းများ လုပ်ရုံမက ကိုယ်ထိလက်ရောက် ထိုးကြိတ် ရိုက်နှက်ခြင်းများပင်ရှိကြောင်း လွှတ်တော်ရပ်ဝန်း သတင်း များအရ ကြားခဲ့ရသည်။ ထို့ကြောင့် ဝန်ထမ်းများ အမှားကျူးလွန်လျှင် ရုံးလုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်း များနှင့် အညီ အရေးယူရန် ထိန်းကြောင်းသင့်သည်။ ရုံးကိစ္စကြောင့် လာရောက်ကြသော အရပ်သားပြည်သူများအား  ဆက်ဆံရာ၌ အထက်စည်းမှ ပြောဆိုခြင်းများ ရှိနေဆဲဖြစ်သည်။ ဧည့်သည်ပြည်သူများကို မသိကျိုးကျွံ မထေမဲ့မြင်လုပ် ခြင်းမျိုး မပြုကြရန် တာဝန်ရှိ အရာရှိဝန်ထမ်းများက ကြီးကြပ်သင့်သည်။ အရပ်သားပြည်သူများသည် အစိုးရဝန်ထမ်းများ၏ ထမင်းရှင်များဖြစ် သည်ကို မမေ့သင့်။ မည်သည့် အစိုးရဌာန၊ မည်သည့်အစိုးရဝန်ထမ်းဖြစ်စေ အရပ်သားပြည်သူတို့ကို လက်အောက်ငယ်သား၊ ကျေးကျွန်များသဖွယ် ဆက်ဆံမှု မပြုရ။ ရုံးသို့ အကြောင်းကိစ္စရှိ၍ ရောက်ရှိလာသော  အရပ်သားပြည်သူများကို နှုတ်ကြမ်း လျှာကြမ်းဖြင့် အပေါ်စီးကဆက်ဆံခြင်း၊ ဆဲဆိုအော်ငေါက်ခြင်းလုပ်ပါက ထိထိရောက်ရောက် အရေးယူအပြစ်ပေးကာ ပြုပြင်ရမည်ဖြစ်သည်။

သတင်းမီဒီယာများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ကော်မရှင်ဥက္ကဋ္ဌက ဝန်ထမ်းများနှင့်ပတ်သက်၍ အကြံ ပြုခဲ့ဖူးသည်။ ပြည်သူလူထုကို ရုံးဌာနများသို့ အကြိမ်ကြိမ်ချိန်းဆိုကာ အချိန်ဆွဲခြင်း၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်အောင် လုပ်၍ လာဘ်ပေးစေရန် တမင်ဖန်တီးသည့်ကိစ္စများ လျော့နည်းကျဆင်းရေးအတွက် အကြံပြုချက်များ လွှတ်တော်သို့ တင်ပြခဲ့သည်ဟု သိရသည်။ သို့သော် လွှတ်တော်က အဆိုကို မှတ်တမ်းတင်ရုံသာ တင်သည်။ ထိရောက်သည့် အစီအစဉ်များ ဆက်လက်ရေးဆွဲကာ ပြုပြင်ပြောင်းလဲလာအောင် အရေးယူဆောင်ရွက်ခြင်း ယခုအထိ မတွေ့ရသေး။ အဂတိလိုက်စားမှု ကင်းရှင်းရေးသည်လည်း အစိုးရ၏ အရေးကြီးသည့် ရည်ရွယ်ချက်တစ်ခု ဖြစ်သည်ဟု  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောဆိုထားသည်ကို ထောက်ရှု၍ အစိုးရဝန်ထမ်းလောက ပြုပြင်ပြောင်းလဲရေးကို အစိုးရလွှတ်တော်နှင့် တရားရုံးတို့ အထူးအားစိုက် လက်တွဲဆောင်ရွက်ကြချိန်တန်ပြီ ဖြစ်သည်။ အစိုးရယန္တရားအတွင်းရှိ အမှုထမ်း အရာထမ်းများ ပြည်သူ လူထုကို မထေမဲ့မြင်ပြုနေသမျှ အစိုးရ သိက္ခာကျလိမ့်မည်။ အစိုးရဝန်ထမ်းများ အကျင့်ပျက်ခြစားနေသည်ကို တိုက်ဖျက်ရန် နှေးကွေးနေပါက  အစိုးရအပေါ် ပြည်သူလူထုက အကြည်ညိုပျက်လိမ့်မည်။ အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှု မပျက် ပြားစေရန် အစိုးရဝန်ထမ်းများ ပြည်သူကို လေးစားစွာဆက်ဆံတတ်ရန် ပညာပေးပါ။ အစိုးရအဖွဲ့အမှုထမ်း အရာထမ်း အ ဆင့်ဆင့်အတွင်း အကျင့်ပျက် လာဘ်စားမှုကို နိုင်ငံရေး သန္နိဋ္ဌာန်ချမှတ် တိုက်ဖျက်ပါဟု တိုက်တွန်းအပ်ပါသည်။

ဇာနည်ဝင်း (Myanmar Now) ● ပြည်သူ့ဘဏ္ဍာအသုံးပြုမှုစောင့်ကြည့်ရန် ဒေါ်ညိုညိုသင်း တိုက်တွန်း

$
0
0
ဇာနည်ဝင်း (Myanmar Now) ● ပြည်သူ့ဘဏ္ဍာအသုံးပြုမှုစောင့်ကြည့်ရန် ဒေါ်ညိုညိုသင်း တိုက်တွန်း
(မိုးမခ) သြဂတ်စ် ၁၅၊ ၂၀၁၇


ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်း 
(ဓာတ်ပုံများ - ပြည့်ပြည့်/Myanmar Now)

ပြည်သူ့ဘဏ္ဍာ အသုံးပြုရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတို့ကို  ဖိအားပေး၊ တွန်းအားပေး၊ ပညာပေး၊ စည်းရုံး၊ လက်တွဲခေါ်သည့်အခါ ဝိုင်းဝန်းလုပ်ဆောင်ရန် လိုအပ်ကြောင်း  ရန်ကုန်မှ ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဒေါ်ညိုညိုသင်းက သြဂုတ် ၁၁ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

ရန်ကုန်၊ ကမာရွတ်မြို့နယ်၊  ယုဒဿာန်ရိပ်သာတွင် ၂ ရက်ကြာ ပြုလုပ်သည့်  ပွင့်လင်းပါစေ ဘဏ္ဍာငွေ၊ ချမ်းသာကြွယ်ဝ ပြည်သူ့ဘဝဟု အမည်ပေးထားသော ကာတွန်းပြပွဲ ဖွင့်လှစ်သည့် အခမ်းအနားတွင် ဒေါ်ညိုညိုသင်းက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

"(ပြည်သူ့ဘဏ္ဍာကို) မှန်မှန်ကန်ကန် အသုံးပြုအောင်၊ နိုင်ငံတစ်နိုင်ငံမှာ အလိုအပ်ဆုံးဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေမှာ သုံးအောင် တွန်းအားပေးဖို့ တာဝန်သည် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ချည်းပဲ မဟုတ်ပါဘူး၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပြည်သူတွေ၊ အနုပညာသမားတွေ၊ အားလုံး အားလုံးရဲ့ တာဝန် ဖြစ်ပါတယ်"ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

ကာတွန်းပြပွဲ ပြုလုပ်ခြင်းကဲ့သို့သော ပညာပေးလှုပ်ရှားမှုများသည်  ပြည်သူလူထုကြားထဲတွင် "ဒါဟာ ဒို့ကိစ္စ၊ ဒို့ရဲ့ပိုက်ဆံကို လူတစ်စုက အသုံးပြုနေခြင်းဟာ ဒို့ရဲ့ကိစ္စ"ဟု ပိုမို သဘောထားလာစေရန် အထောက်အကူ ဖြစ်နိုင်သည်ဟု   ဒေါ်ညိုညိုသင်းက ပြောသည်။

ဒေါ်ညိုညိုသင်းသည် မကြာသေးမီနှစ်များအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ်  ငါးနှစ်ကြာ တာဝန်ယူစဉ် ပြည်သူ့ဘဏ္ဍာသုံးစွဲခွင့်ရသည့် အစိုးရအဖွဲ့၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို အထူး စောင့်ကြည့်လေ့လာ ဖိအားပေးသူအဖြစ်  လူသိများသည်။

ရန်ကုန်တွင် ပြုလုပ်ခဲ့သော ပွင့်လင်းပါစေ ဘဏ္ဍာငွေ ကာတွန်းစုစည်းခင်းကျင်းမှုသည် နယ်လှည့်နေသော ပြပွဲအမျိုးအစား ဖြစ်ကြောင်း သိရသည်။

● စာရင်းစစ်

ဌာနဆိုင်ရာတို့ကို စောင့်ကြည့်သည့် ယန္တရားများထဲတွင် စာရင်းစစ်ချုပ်ရုံးလည်း ပါဝင်သည်။
အစိုးရအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု  နိုင်ငံနှင့် ပြည်သူအတွက် မည်မျှ အကျိုးသက်ရောက်မှုရှိကြောင်း  စိစစ်သုံးသပ်နိုင်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက စစ်ဆေး အစီရင်ခံလျက်ရှိကြောင်း  မတ်လလယ်ပိုင်းက ထုတ်ပြန်သည့် အစိုးရပြန်ကြားရေးဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ဝန်ထမ်းအင်အား ၆,၅ဝဝ ကျော်ဖြင့်  အဖွဲ့အစည်း ပေါင်း ၁၅,၂၄ဝ ကို   တစ်နှစ် တစ်ကြိမ် စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

သို့သော်လည်း "ဌာနအဖွဲ့အစည်းတစ်ခုချင်းစီ၏ ဘဏ္ဍာရေး နှစ်တစ်နှစ်အတွင်း ဆောင်ရွက်သည့်လုပ်ငန်းများ၊ စာရင်းများအားလုံးကို စစ်ဆေးရန် ရရှိ သည့်အချိန်နှင့် ဝန်ထမ်းအင်အား အကန့်အသတ်တို့ကြောင့်"ရာနှုန်းပြည့် မစစ်ဆေးနိုင်ကြောင်း၊  စစ်ဆေးခံရမည့်အဖွဲ့အစည်း၏ ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှုစနစ်အား လေ့လာ၍ လိုအပ်သည့် အတိုင်းအတာ ပမာဏကို ကောက်နုတ်ရွေးချယ် စစ်ဆေးရကြောင်း စာရင်းစစ်ပညာရှင်တစ်ဦးကို  ကိုးကားပြီး ရေးသားထားသည်။

တင့်ဇော်လွင် - ဒေါက်တာရောဘတ်ကော့ (Robert Koch) တံဆိပ်ခေါင်းများ

$
0
0
တင်ဇော်လွင် - ဒေါက်တာရောဘတ်ကော့ (Robert Koch) တံဆိပ်ခေါင်းများ
(မိုးမခ) သြဂုတ် ၁၆၊ ၂၀၁၇
"ဒီတလတော့ ငါ့တူကြီးကို တီဘီ(TB) ဆိုတဲ့ အဆုတ်နာရောဂါအကြောင်းနဲ့ ပတ်သက်ပြီး ပြောပြစရာတွေ ရှိတယ်ကွ"

"ဟာ လွဲပါစေ ဖယ်ပါစေ ဦးလေးရာ။ ကြားရတာနဲ့တင် နှလုံးတုန် ရင်တုန် ရှိလိုက်တာ၊ လန့်သွားတာပဲ"

"အေး မင်းလန့်မယ်ဆိုရင်လဲ လန့်စရာဘဲကွ။ တို့ကမ္ဘာသူ ကမ္ဘာသားတွေကို သေမင်းဆီ ပို့ခဲ့တဲ့ သေမင်းတမာန်ရောဂါကြီးတွေထဲမှာ တခု အပါအ၀င်ကွ။ Tuberculosis ဆိုတဲ့ TB အဆုတ်နာရောဂါကို တကမ္ဘာလုံးက ကြောက်နေဆဲဘဲကွ"

''အခုတော့ ကုလို့ရပြီမဟုတ်လား။ ဆေးတွေရှိပြီ မဟုတ်လား။ ဦးလေးက ဆရာဝန်ဆိုတော့ ပိုသိမှာပေါ့''

"ဆေးတွေ ရှိနေပြီ။ ဆေးတွေသောက်ရင်ပျောက်နပြီ။ ဒါပေမယ့် ခုထိဒုက္ခပေးနေတုန်း။ ကမ္ဘာကြီးပေါ်က ပျောက်ကွယ် မသွားဘူးကွ။ ကျောက်ရောဂါ (Small pox) ဆိုရင် အခုဒီကမ္ဘာကြီးမှာ လုံးဝမရှိတော့ဘူး။ ပျောက်သွားပြီ။ ကာကွယ်ဆေးနဲ့ နှိမ်နှင်းနိုင်တော့ Small Pox is now history ကွ။ 1979 ခုနှစ်ကတည်းက။ ဒါပေမဲ့ TB ကတော့ ကာကွယ်ဆေးမပေါ်သေးလေတော့။ အဲဒီပိုးကို ပထမဆုံးတွေရှိခဲ့တဲ့ ဂျာမန်ဆရာဝန် ရောဘတ်ကော့ (Robert Koch) နဲ့ပတ်သက်ပြီး ထုတ်တဲ့တံဆိပ်ခေါင်းတွေ အကြောင်းပါ။ အဲဒါတွေကို ပြောချင် ပြချင်လို့ပဲ။

ရောဘတ်ကော့က TB တင်မကပါဘူးကွာ။ အခြားရောဂါပိုးတွေလည်း သူကတွေ့ခဲ့တဲ့အပြင် ရောဂါ ပိုးမွှားပညာရပ်အတွက် အရေးကြီးတဲ့ သီအိုရီတွေ၊ စည်းမျဉ်းတွေကိုလည်း ချမှတ်ပေးခဲ့သေးတယ်။ He was the founder of modern Bacteriology. အဲဒါကြောင့် 1905 ခုနှစ်မှာ ဆေးပညာမှာ နိုဗယ်ဆု ရခဲ့တယ်ကွ။"

“ ပိုးကိုတွေ့ရုံပဲတွေ့တာလား၊ မကုန်နိုင်ဘူးလား ဦးလေး”

“ TB ကို ကုတဲ့ဆေးက ပိုးကိုတွေ့ပြီး နှစ်ပေါင်း ၅၀ လောက်ကြာတော့မှ ရှာဖွေတွေ့ရှိတာကွ”

“ ပိုးကိုတွေ့တဲ့သူက တစ်ယောက်။ အဲဒီပိုးကို နိုင်အောင်သတ်တဲ့ဆေးကို ရှာဖွေတွေ့ရှိသူက တစ်ယောက်။ အဲဒီလိုလား ဦးလေး”

"မှန်တယ်ကွ။ နှစ်ယောက်စလုံးပဲ ဆေးပညာ နိုဗယ်ဆုတွေ ရခဲ့ကြတယ်။ နှစ် ၅၀ လောက်တော့ ခြားတာ ပေါ့ကွာ။ ရောဘတ်ကော့ တွေ့ခဲ့တဲ့ပိုးတွေကတော့-

Anthrax ကိုဖြစ်စေတဲ့ပိုးကို (၁၈၇၇ ခုနှစ်မှာ)
TB ကိုဖြစ်စေတဲ့ပိုးကို (၁၈၈၂ ခုနှစ်မှာ)
ဝမ်းရောဂါ Cholera ကိုဖြစ်စေတဲ့ပိုးကို (၁၈၈၃ ခုနှစ်မှာ)
ဒီလိုဆက်တိုက် ရှာတွေ့ခဲ့တာ။ Anthrax ကတော့ ဒေါင့်သန်းရောဂါ ခေါ်တယ်။ ကျွဲ၊ နွားတွေမှာဖြစ်ပြီး လူကို ကူးတဲ့ရောဂါတစ်မျိုးပဲ။"

“ တွေ့တာနဲ့ပျောက်အောင် ကုနိုင်တာနဲ့ နှစ်ပေါင်း ၅၀ တောင် ကြာသလား ဦးလေးရ။ ကျနော့်ကို ရှင်းပြပါဦး”

“ ဟာ ငါ့တူကလည်း။ ဒီပိုးကြောင့် ဒီရောဂါဖြစ်ရပါတယ်ဆိုတာကို အပ်ကျမတ်ကျပြောဖို့က ပထမဆုံးလုပ်ရမှာလေကွာ။ ဘာအကောင်၊ ဘာပိုးမှန်းမသိပဲ အဲဒီပိုးကို ဘယ်လိုသတ်နိုင်မလဲကွ။ ခက်ခက်ခဲခဲရှာရတာပါ။ အဲဒီပိုးတွေ ဘယ်လိုဆိုတာကို မှန်ဘီလူးအောက်မှာမြင်အောင် ကြည့်ရသေး တာ။ ပြီးတော့မှ အဲဒီပိုးတွေကို မွေးကြရသေးတာ။ အဲဒီပိုးနဲ့ အဲဒီရောဂါနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိမရှိ သေချာအောင်စမ်းသပ်ကြည့်ရသေးတာ။ အားလုံးသေချာမှ တထစ်ချကောက်ချက်ချရတဲ့ နည်းစနစ်မျိုးကွ။ ရောဘတ်ကော့က အဲဒီရောဂါ သုံးမျိုးဖြစ်စေတဲ့ ပိုးတွေကို အဲဒီလိုရှာတွေ့ခဲ့တာ။ ၀မ်းရောဂါဆိုရင် သူနေတဲ့ဂျာမနီမှာ အဖြစ်နည်း၊ အတွေ့နည်းလို့ ဖော ဖောသီသီတွေ့ရတဲ့ အိန္ဒိယအထိကို လိုက်ပြီးလေ့လာရှာဖွေရတာ။ ဒါ့ကြောင့်လည်း လူတွေရဲ့အသက်ကို ကယ်နိုင်ခဲ့တာပေါ့။ သူ့ကိုဂုဏ်ပြုပြီးတော့လည်း တစ်ကမ္ဘာလုံး တံဆိပ်ခေါင်းတွေ အထိမ်းအမှတ်အဖြစ် ဝေေ၀ဆာဆာထုတ်ခဲ့ကြတယ်ကွ။ အခု ငါ့တူကို ဦးလေပြဖို့ စိတ်ကူးထားတာ ဒီမှာ ကြည့်။"

(Dr Rober Koch (1843 - 1910) အတွက် နှစ်ပတ်လည်နေ့များတွင် ဂုဏ်ပြုထုတ်ဝေသော တံဆိပ်ခေါင်းများ)


1944 Germany အာဏာရှင် ဟစ်တလာလက်ထက်

၁၉၅၃ - ဘယ်လဂျီယန်

၁၉၆၀ - ဂျာမဏီ

၁၉၆၀ ရူမေးနီးယား

၁၉၆၁ - ရုရှား

၁၉၉၃ - ကျူးဘား


(တီဘီပိုးတွေ့ရှိခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ၁၉၈၂ ခုနှစ်တွင် နိုင်ငံတကာက ထုတ်ဝေသော တံဆိပ်ခေါင်းများ)




 
ဟန်ဂေရီ

မိုနာကို

ပိုလန်

ယူဂိုဆလာဗီယား

အီဂျစ်

ပြင်သစ်

မောရိယ

မက္ကဆီကို

တန်ဇန်းနီးယား

ဂီနီ

ဇိုင်ယာ

ဗင်နီဇူလား

ဇင်ဘာဘွေ

ထိုင်ဝမ်

တရုတ်ပြည်

အိန္ဒိယ

ဖိလစ်ပိုင်

တောင်အာဖရိက
 

"ကြည့်ရတာ အားပါးတရပါပဲ ဦးလေးရာ။ ကျတော်တို့ဆီက တစ်ခုမှမပါတာကိုတော့ သိပ်ပြီးဘ၀င် မကျဘူး။ ဦးလေး အရင်က ထပ်ခါတလဲလဲပြောဖူးသလိုပါပဲ။ အစိုးရတွေ အဆက်ဆက်၊ နယ်ပယ်နေရာ အတော်များများမှာ နိုင်ငံတကာနဲ့ ရင်ဘောင်မတမ်းနိုင်ပဲ ကျတော်တို့တွေ နောက်မှာကျန်နေခဲ့ကြတာ မဟုတ်လား”

“ ဟေ့ အချိန်ရှိပါသေးတယ်ကွ။ ခု ထ လုပ်ရင် ခုဖြစ်ပါတယ်။ အားမလျော့စမ်းပါနဲ့။ ဒါပေမဲ့ ကြိတ်နှုံး ကိုတော့ တင်ထားမှဖြစ်မှာနော်”

"ဟုတ်ကဲ့ပါ ဦးလေး။ ဒါနဲ့ ဒီအမှတ်အသားလေးက ဘာလေးလဲဟင်၊ ဒီတံဆိပ်ခေါင်းတွေပေါ်မှာ ခဏခဏတွေ့နေရလို့။ အဲဒါလေးလည်း ရှင်းပြပါဦး”


(Double Barred Cross - တန်း ၂ တန်းပါ လက်ဝါးကပ်တိုင်)

 
(တီဘီနှင့် အဆုတ်ရောဂါများ တိုက်ဖျက်ရေးအဖွဲ့)

"အော်ဒီ Logo (လိုဂို) ကလေးကတော့ တီဘီနဲ့ အဆုတ်ရောဂါတိုက်ဖျက်ရေးအတွက် တီထွင် ထားတဲ့နိုင်ငံတကာအသိအမှတ်ပြု သုံးစွဲနေတဲ့အမှတ်အသားကလေး ပါကွာ။ လက်ဝါးကပ်တိုင် ကို တန်း၂တန်း ထည့်ထားတာလေ။ နောက်တစ်ခု ဒီနေရာမှာ ဦးလေးပြောချင်တာလေးတစ်ခုရှိတယ်ကွ။ မင်း ဒီတံဆိပ်ခေါင်းတွေကို သေသေချာချာကြည့်ရင် ရောဘတ်ကော့ရဲ့မူရင်းဓာတ်ပုံတွေမှာ အဖြူအမည်း ပုံတွေကိုပဲ များသောအားဖြင့်သုံးကြတယ်ကွ။ နဂိုရှိရင်းပုံကို သူ့အတိုင်းမပြောင်းလဲပဲ သုံးကြတယ်။ သမိုင်းအရ တန်ဖိုးထားရမယ့်ပုံတွေကို မူရင်းအဖြူအမည်းနဲ့ပဲ တလေးတစားဂုဏ်ပြု ဖော်ပြလေ့ရှိကြတယ်ကွ။"

“ဟုတ်တယ်နော် ဦးလေး။ ဦးလေးပြောမှ ကျတော်သတိထားမိတယ်။ အခုခေတ်မှာ အဖြူအမည်းနဲ့ ရိုက်တဲ့ ဂျူးလူမျိုးတွေအကြောင်း ရုပ်ရှင်ကားဟာလေ . . . “

"Schindler’s List (ရှင်းဒလားလစ်)ပေါ့ကွ။ သမိုင်းတန်ဖိုးထားချင်လို့။ ကြောင်ကြောင်ကျားကျားအ ရောင်တွေမပါဘဲ တမင်တကာကို အဖြူအမည်း (Black & White) ရိုက်ပြလိုက်တာကွ။ ဦးလေးဆိုလိုခ ချင်တာက လေးလေးနက်နက်ခန့်ခန့်ထည်ထည်ဖြစ်စေချင်ရင် မူရင်းပုံကိုသုံးပါ။ မူရင်းအရောင်အတိုင်း ထားပါ။ ထိန်းသိမ်းထားပါ။ အဲဒါကိုပြောချင်တာပေါ့ကွာ။ တခြားပြင်ပမီဒီယာတွေ၊ စာစောင်ဂျာနယ်တွေ ကတော့ သူတို့စိတ်ကူးတည့်ရာ၊ သင့်တော်ရာအရောင်တွေ ထပ်သွင်းထပ်ဖြည့်ခြယ်သ ရိုက်နှိပ်ထုတ် ဝေကြမှာပေါ့။ ဒါပေမဲ့ အစိုးရကဦးဆောင်ပြီး ခန့်ခန့်ညားညားထုတ်ဝေရမယ့် တံဆိပ်ခေါင်းထုတ်တာမျိုး ကျတော့ ပိုကျက်သရေရှိအောင် မူရင်းပုံတွေ၊ မူရင်းအရောင်တွေသုံးရင် ပိုကောင်းတာပေါ့ကွာ”

“ဟုတ်တာပေါ့နော် ဦးလေး”


တင့်ဇော်လွင်

လင်းငယ် ● ပညာတမူ၊ ယွန်းသူတို့ ဌာနေ

$
0
0
လင်းငယ် ● ပညာတမူ၊ ယွန်းသူတို့ ဌာနေ
(မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇

“စစ်မှာတမူ
နှမလေး မယ့်ထက်ဖြူကို ယူမလားတော်။

စစ်မှာ ယွန်းမ
နှမလေး မယ့်ထက်လှကို ရမလားတော်”

(၁)
အခု ဒီမြို့ကို ရောက်နေခဲ့တာ တလလောက်ရှိပြီ။ ဒီမြို့ဆိုပေမယ့် နိုင်ငံကူးလက်မှတ်ကိုင်ပြီးမှ တရားဝင်လာလို့ရတဲ့မြို့။ တိုင်းတပါးလို့ အလွယ်ခေါ်ရင်လည်း ရမှာပါ။ ဒါပေမဲ့ တစိမ်းတွေနေတဲ့မြို့တော့လည်း မဟုတ်ပြန်ဘူး။ အိမ်နီးချင်းတွေ အများကြီးထဲမှာမှ အရင်းနှီးဆုံး အိမ်နီးချင်းမြို့။ လာချင်ရင် နီးလွန်းတဲ့မြို့။ ဒီမြို့မှာပဲ ကိုယ့်အမျိုးတွေ အများကြီးက တရား မဝင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ နှစ်ကလာများစွာကတည်းက ရောက်ရှိနေထိုင်ခဲ့ကြတာကို ကိုယ်မလာခင်ကတည်းက သိပြီး သား။ ဒါပေမဲ့ ဒီလောက်တော့လည်း အများကြီးတွေ့ရလိမ့်လို့ မမျှော်လင့်ခဲ့။ နယ်ဘက်လောက်မှာသာ ပိုများမယ် ထင်ခဲ့တာ။

ကိုယ်က သူတို့အများစုနဲ့ မတူညီတဲ့ရည်ရွယ်ချက်တခုနဲ့လာခဲ့သူဆိုတော့ သူတို့နဲ့ အများကြီးပတ်သက်ရမယ်လို့လည်း မ တွက်ဆမိခဲ့။ ဒါပေမဲ့ သွေးဆိုတာက အရောင်ရှိပါသည်။ ကိုယ့်မမြင်ပေမယ့် မြင်သူတွေ ရှိပါသည်။

အကြောင်းတိုက်ဆိုင်စွာပင် တစ်နှစ်တာကာလ ကိုယ်နေထိုင်မည့် အနီးအနားမှာ ချစ်လှစွာသော ဗားမားဟုအမည်ရနိုင်မည့် ကျောင်းကလေးလည်း ရှိနေသည်။ ပြီးတော့ တိုက်ခန်းတခုတည်းမှာ အတူတူနေတဲ့ မိတ်ဆွေတယောက် ကိုယ့်ပြည်ပေါက် ကလေးတွေ၊ ကိုယ့်ပြည်မှာ မပေါက်သော်ငြား ကိုယ့်ပြည်ကို ပြန်ဆက်လိုသူ လူငယ်တွေကို ဘာသာစကား သင်ပေးနေ သည်။ စေတနာ့ဝန်ထမ်းလုပ်သည့်အကြောင်းကို စိတ်ဝင်စားမိရင်း ကိုယ်ဝင်ပါမိတော့သည်။

ဒီမှာ ဝမ်းရေးအတွက် လာအလုပ်လုပ်ရင်း ဆယ်တန်းဖြေချင်တဲ့ကလေးတွေအတွက် အချိန်ပိုင်းစာပြပေးဖို့ လူလိုနေတယ်ဆို သောအခါ နှစ်ခါ မစဉ်းစားဘဲ မြန်မာစာသင်ပေးမယ်လို့ ပြောလိုက်မိသည်။ ပြောပြီးကာမှ မြန်မာစာမှာ ဘာတွေပါမှန်းပင် မမှတ်မိတော့လောက်အောင် ကိုယ်က စာနဲ့ဝေးခဲ့ပြီ။ ကိုယ်တိုင်လည်း ကိုယ့်စာနဲ့ ကိုယ်နပန်းလုံးရဦးမည်။ ဖြစ်မှ ဖြစ်ပါ့မလား။

(၂)
ညောင်ရမ်းခေတ်က “ဇင်းမယ်ဆိုသည့် ညိုတဲ့မြို့” ဆီကို စစ်ချီသွားမည့် ရဲမက်သူငယ်တယောက်ကို ချစ်သူက ပူပန်စကားပါး သည်။ သူ့ထက်လှသူ မယ့်ထက်ဖြူကိုတွေ့ရင်၊ သူ့ထက်လှသည့် ယွန်းမကိုတွေ့ရင် သူ့ကို ပစ်ထားခဲ့မှာလား။ ကိုယ်ကျောင်း သားဘဝက အတွေးတချို့ကို ပြန်အမှတ်ရမိသွားသည်။ ဖြူစင်ရိုးအတဲ့ ကိုးတန်းဆယ်တန်းကျောင်းသားဘဝကို ယိုးဒယား မြန်မာစစ်ပွဲဆိုတဲ့ အကျည်းတန်သည့် အမုန်းတရား သွပ်သွင်းမှုကြီးက ရောက်လာခဲ့သည်။ မဖြစ်မနေ သင်ရသည်။ ရဲသွေး ရဲမာန်တွေက ကြီးကောင်ဝင်စ ကိုယ့်စိတ်များကို လွှမ်းမိုး ဝါးမြိုခဲ့သည်။ ကံအားလျော်စွာ နုံ့နဲ့လှသည့် မှတ်ဉာဏ်ကြောင့် ဒါတွေကို အကြာကြီး မမှတ်မိတာ ကံကောင်းသည်ဟု ပြောရမလား။ ဒါတောင် မြန်မာတွေက ယိုးဒယားကို ဘယ်လို အနိုင် ယူခဲ့တာ၊ ယိုးဒယားတွေက မျိုးချစ်စိတ်မရှိလို့ အနိုင်ကျင့်တာကို ခေါင်းငုံ့ခံပြီး နယ်ချဲ့တွေနဲ့ပေါင်းခဲ့တာ။ ဒါကြောင့် သူတို့က တိုင်းပြည်တော့ ကျွန်မဖြစ်ခဲ့။ မြန်မာတွေကတော့ ကိုယ့်တိုင်းပြည်ကိုထိရင် ရရင်ရ မရရင် ချမှာပဲဆိုသည့် ရဲရဲတောက်စိတ် ဓာတ်ဖြင့် နယ်ချဲ့တွေကို တိုက်ခိုက်ခဲ့သည်။ ဒါမျိုးတွေပါတယ်ဆိုတာလောက် ခပ်ရေးရေး မှတ်မိနေသေးသည်။

ဇင်းမယ်ဆိုတာ ယိုးဒယားကို ပြောတာပဲကွလို့ ဆရာကရှင်းပြချိန်မှာ ရှင်ငြိမ်းမယ်ရဲ့ စစ်မှာတမူ အိုင်ချင်းကို ကိုယ်တို့တွေ အားရပါးရ ရွတ်ဆိုခဲ့ကြ သည်။ ကိုယ်တိုင်ပင်လျှင် စစ်ချီသွားတဲ့ စစ်သားကြီးလိုလို။ ငါက ဘာဖြစ်လို့ ယွန်းမကို ယူရမှာတုန်း။ ယွန်းမဆိုသော ဇင်းမယ်သူ၊ အခုခေတ် ကျွန်တော်တို့ ခေါ်နေတဲ့ ယပလက်မလေးတွေ လှတာကို ကိုယ်က သိမှမသိသေး။

“စစ်မှာယွန်းမ
နှမလေး မယ့်ထက်လှကို မရဘူးဗျာ”

(၃)
အကြွေစေ့လေးထည့်လိုက်ရုံနဲ့ ဈေးချိုချို သက်သာစွာ အသုံးပြုနိုင်သည့် အဝတ်လျှော်စက်ကလေးဘေးမှာ မတ်တပ်ရပ်ရင်း ဘေးပတ်ဝန်းကျင်ကို ငေးနေမိသည်။ လက်ထဲမှာက လေ့လာလက်စ ဆယ်တန်း မြန်မာစာ စာအုပ်လေး။ ဆယ်တန်းစာအုပ် လေးထဲက ကဗျာလေးကိုဖတ်ရင်း အတွေးစများကို ဟိုဟိုသည်သည်။ ခေတ်ပြိုင်ဆိုတာတွေကို နည်းနည်း နှိုင်းယှဉ် ကြည့် တတ်လာတော့ ငါသင်ခဲ့ရတာတွေ ဟုတ်မှဟုတ်ပါ့မလား လူကြီးပေါက်စအတွေးမျိုး တွေးကြည့်ရဲလာသည်။ ကိုယ်တိုင် ရောက်နေရာကို ကြည့်လိုက်ပြန်တော့ မိုးမျှော်တိုက်များ ပတ်ချာလည်။

စားရေးသောက်ရေးအတွက် အဆင်ပြေပြေ လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းသည်။ သန့်ရှင်းသပ်ရပ်သည်။ လျှပ်စစ်မီးက (ဈေးနည်းနည်း ကိုယ့်အတွက် ကြီးတာကလွဲလို့) အလွန်ပြတ်ခဲသည်။ လူတွေက စည်းကမ်းပိုရှိသည်။ ကားတွေက လမ်းသွားလမ်းလာတွေကို ဦးစားပေးသည်။ လျင်လျင်မြန်မြန် ရွေ့လျားနေသည့် ကမ္ဘာ ကြီးထဲမှာ နောက်ဆုံးပေါ် ဂီတတွေ၊ အသုံးအဆောင်တွေ၊ နည်းပညာတွေကို အသုံးချရင်း ရင်ဘောင်တန်း စီးဆင်းနေသည်။ ဒါတောင် ဖွံ့ဖြိုးဆဲ နိုင်ငံလို့သာ သတ်မှတ်ထားသည့်အဆင့်မှာပင် ရှိသေးသည်။  သူတို့မြို့ကို innovation 4.0 နည်းပညာ ဆန်းသစ်မှူအဆင့်လေးဟုဆိုကာ တွန်းအား ပေးကြိုးပမ်းနေချိန် ကိုယ့်မြို့လေးမှာက renovation (ပြန်လည် ပြင်ဆင်ခြင်း) သည်ပင် အနှုတ်လက္ခဏာ ပြနေမည်လား မသိ။

တောသားမြို့ရောက်လို ကိုယ့်မြို့လေးနဲ့ အရာရာ ယှဉ်ကြည့်မိနေသည်ကိုက တောသားအတွေး ဖြစ်မည်။ ကိုယ်တိုင်သည်ပင် ဒီမြို့လေးမှာ ပို့ချနေတဲ့ ပညာရပ်တချို့ကို လိုချင်၍ နှစ်ကာလတခု ရင်းနှီးပြီး ကြိုးစားခဲ့ရသည်။ ဒီမြို့လေးက ပညာရပ်ဝန်းထဲ ဝင်ကြည့်မိကာမှ သူတို့တွေ ဘယ်လိုတွေးလဲဆိုတာ မြင်ရသည်။ ကိုယ်မြင်မိသည်ပင် အပေါ်ယံသာ ဖြစ်ဦးမည်ထင်၏။ ကိုယ်လို တောသားတယောက်အတွက် အရာရာဟာ အထင်ကြီး လေးစား စရာ အပြည့်။ ကိုယ်ဘယ်လောက် တောကျခဲ့မှန်း ပြန်မြင်ရသည်ကိုက အမြတ်လို့ ဆိုရမလား။

ပညာကို အားကိုးခဲ့သော ယွန်းသူတို့ အရပ်မှာ၊ ပညာလာရှာသည့် ကိုယ့်အတွက် ပညာလိုနေသည့်ကလေးတချို့ကိုတွေ့ရ ပြီး တတ်အားသမျှ ပြန်ဝေ မျှခွင့်ရတာကိုက ပညာပါရမီ ဖြစ်ပါစေတော့။ ထိုပညာပါရမီသည်ပင် ကိုယ့်တောမြို့လေးအတွက် ကြယ်အလင်းမျှ ဖြစ်ပါစေတော့။

လင်းငယ်

စာပြီး
၁၄ သြဂတ် ၂၀၁၇
နေ့ခင်း ၁း ၂၀၊ ဘန်ကောက်။

ကာတွန်း ဆွေသား ● နာမည်ပျက်တော့မယ်

$
0
0
ကာတွန်း ဆွေသား ● နာမည်ပျက်တော့မယ်
(မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇

မင်းခိုင် ● ကျောက်ခေတ်ဦးမှာ တို့တတွေ ... နေ

$
0
0
မင်းခိုင် ● ကျောက်ခေတ်ဦးမှာ တို့တတွေ ... နေ
(မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇

ပညာရေးဆိုတာ ဘာလဲ၊ ပညာသင်တယ်ဆိုတာ ဘာလဲဆိုတဲ့မေးခွန်းအတွက် ရောင်စုံအဖြေတွေ ရှိပြီးသား၊ ကြားဖူးပြီးသား ပါ။ ဥပမာ နိုင်ငံသားကောင်းဖြစ်ဖို့တို့၊ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်းရဖို့၊ အတတ်ပညာတခုခုကို နားလည် တတ်ကျွမ်းစေဖို့၊ စာရိတ္တကောင်းဖို့၊ စဉ်းစားတွေးခေါ်တတ်ဖို့ ... စသည်စသည်ဖြင့်ပေါ့လေ။ အဲဒီ့ထဲမှာ ကျနော်အကြိုက်ဆုံး အ ကောက်အယူကတော့ သိမှုကနေ မသိမှုဆီကိုသွားခြင်းတဲ့။ တနည်းအားဖြင့် သိခြင်းကနေ မသိခြင်းဆီသို့ ... ။

ကျနော် ပိုပြီးဝေးဝေးမြင်ရတယ်ဆိုရင် အဲ့ဒါ ရှေးမဟာလူကြီးတွေရဲ့ ပုခုံးပေါ် တက်ကြည့်ခဲ့လို့ပါပဲဆိုတဲ့ နယူတန်ကြီးစကား ငှားသုံးရမှာပါပဲ။ အရင်သိခဲ့တဲ့ အသိတွေကို အခြေခံပြီး မသိသေးတဲ့နယ်ဆီကို အရောက်သွားနိုင်ရပါတယ်။ ပညာသင်တယ် ဆိုတာ အဲ့ဒါပါပဲ။ သင်ယူလေ့လာတယ်ဆိုတာ အဲ့ဒါပါပဲ။

အက်တမ်ကမ္ဘာကြီးကို ဖွင့်ဆိုရှင်းလင်းခဲ့တဲ့၊ တည်ဆောက်ပြခဲ့တဲ့ သော်မဆွန်၊ ရူသာဖို့ဒ်နဲ့ ဘိုးတို့ဆိုတာ ဆရာတပည့်တွေပါ။ သော်မဆွန်နဲ့ ရူသာဖို့ဒ်ကလည်း လုပ်ဖော်ကိုင်ဖက် ဆရာတပည့်တွေ .. ၊ ရူသာဖို့ဒ်နဲ့ ဘိုးတို့ဟာလည်း လုပ်ဖော်ကိုင်ဖက် ဆရာတပည့်တွေပါပဲ။ သူတို့ဟာ ရှေ့ကဆရာတွေရဲ့အသိတွေကိုနင်းပြီး အသိသစ်တွေကို ရှာခဲ့တယ်၊ တွေ့ခဲ့တယ်။ ပညာ သင်တယ်ဆိုတာ အဲ့ဒါပါပဲ။

သင်ယူလေ့လာတယ်ဆိုတာ အဲ့ဒါပါပဲ။

မင်းနှယ်ကွယ် ... ကြီးကြီးကျယ်ကျယ်တွေ ... ဒီမှာ ဘယ်နှယ့်လုပ် နယူတန်တွေ ဘိုးတွေ ဖြစ်မလဲကွ၊ ဒီမှာ အသစ်တွေ့ဖို့ နေနေသာသာ သူများရှာထားတဲ့ဟာတွေတောင် မနည်းလေ့လာနေရတာကွဆို ... ဟုတ်ကဲ့ လူတိုင်းကို ထူးချွန်အောင် လုပ်ရမယ်လို့ ပြောတာမဟုတ်ပါဘူး၊ အသိသစ်တွေ တွေ့ရမယ်လို့ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မသိခြင်းနယ်ဆိုကို မျှော် ကြည့်နိုင်ရပါမယ်။ ဥပမာ သမိုင်းသင်တယ်ဆိုပါစို့။ အရင်က ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံနဲ့ အခုကြုံတွေ့နေရတာတွေနဲ့က မတူပါဘူး။ ဒါပေမဲ့ အရင်က အသိကို အခြေခံပြီး အခုကြုံတွေ့လာတဲ့ ဖြစ်ရပ်အသစ်ကို ဝေဖန်အကဲခတ်နိုင်ရပါ့မယ်။ အဲဒါ သိခြင်းကနေ မသိခြင်းဆီသို့ပါ။ ဘောဂဗေဒဆိုလည်း အဲလိုပါပဲ။ သိခဲ့တဲ့ အသိ (ဥပဒေသ) နဲ့ လက်တွေ့မှာဖြစ်နေတဲ့ ဖြစ် ရပ်အသစ်တွေကို ဝေဖန်ကြည့်ရတာပဲ မဟုတ်လား။

ပြောလိုရင်းက တခွန်းတည်းပါ။ ပညာသင်တယ်ဆိုတာ ကလေးတွေခေါင်းထဲ ဒေတာတွေ လောင်းထည့်တဲ့ဖြစ်စဉ် မဟုတ်ပါ ဘူး။ ဘာဒေတာတွေလဲဆိုတာကို သိဖို့က အနိမ့်ဆုံးအဆင့်ပါပဲ။ ပြီးရင် အဲဒီ့ဒေတာတွေကို သရုပ်ခွဲနိုင်ရပါ့မယ်။ ပြီးရင် မှန်လား၊ မှန်လား၊ ယုတ္တိရှိလား မရှိလား စမ်းစစ်နိုင်ရမယ်။ ပြီးရင် အကျိုးအကြောင်း ဝေဖန်နိုင်ရမယ်။ အမြင့်ဆုံးကတော့ သိ ထားခဲ့တဲ့ အချက်အလက်အသိပညာနဲ့ ဖြစ်ရပ်အသစ်တွေကို ဝေဖန်နိုင်ခြင်းပေါ့။ တနည်းအားဖြင့် သိခြင်းကနေ မသိခြင်းဆီ သို့ ... ။

မှန်ပါတယ် .. အဲဒီ့စွမ်းရည်ဟာ ကျောင်းသား တယောက်နဲ့တယောက် မတူပါဘူး။ မတူနိုင်ပါဘူး။ ဒါပေမဲ့ အဲဒါက တပိုင်းပါ။ ပညာရေးဆိုတာကတော့ အနိမ့်ဆုံး အဲလောက်တော့ လုပ်ပေးရပါမယ်။ မေးခွန်းပုံစံကအစ အဲလိုဖြစ်အောင် ဆွပေးနိုင်ရပါ့ မယ်။

ကျနော်တို့ဆီမှာ ကျက်စာလို့ သတ်မှတ်ထားတဲ့ သမိုင်းလိုဘာသာမျိုးကိုတောင် သူတို့ဆီမှာ (အင်္ဂလန်မှာ)

ဘယ်လိုမေးပါသလဲ ... ။

ဟုတ်ကဲ့၊ ဗာဆိုင်းစာချုပ်အကြောင်းရေးပါဆိုတဲ့ အဖြစ်အပျက် (ဒေတာ) ကို မေးတဲ့မေးခွန်းမျိုးလည်း ပါပါတယ်။ ဒါပေမဲ့ ပေးထားတဲ့အမှတ်က နည်းနည်းရယ်ပါ။ သူအများဆုံးပေးတဲ့ မေးခွန်းမျိုးရှိပါတယ်။ အမှတ် ၅၀ တောင်ပေးတဲ့ မေးခွန်းပါ။ ဘယ်လိုမေးသလဲဆို ... ဥပမာ ဟစ်တလာ့အကြောင်း (ဒုတိယကမ္ဘာစစ်နဲ့ ဂျာမဏီနိုင်ငံအကြောင်း) ဆိုပါတော့။ အဲဒါနဲ့ ပတ်သက်တဲ့ မတူတဲ့ဖော်ပြချက် (အမြင်) တွေကို အရင်ဆုံးပေးလိုက်ပါတယ်။ စာရေးဆရာတယောက်ရဲ့အမြင်၊ နိုင်ငံရေး သမားတယောက်ရဲ့အမြင်၊ ကွန်မြူနစ်တယောက်ရဲ့အမြင် .. စသည်ဖြင့်ပေါ့လေ ... စုံအောင်ပေးပါတယ်။ Source A, Source B ဆိုပြီး တန်းစီပေးတာ သုံးလေးခု .. မကပါဘူး။ ခုနစ်ခု၊ ရှစ်ခုထိ ရှိပါတယ်။

ပြီးတော့မှ ဒီလိုမေးခွန်းမျိုးတွေကို တန်းစီမေးပါတော့တယ်။

Study Sources A and B

How far do these two sources agree? Explain your answer using details of the sources.

Study Sources C and D

Does Source C make Source D surprising? Explain your answer using details of the sources and your knowledge.

Study E

Do you trust this source? Explain your answer using details of the sources and your knowledge.

အမြင်တခုနဲ့ တခုနဲ့ ဘယ်လိုကွာဟတယ်၊ ဘယ်အမြင်က ဘယ်အမြင်ကို ဆန့်ကျင်တယ်၊ ထောက်ခံတယ်၊ ဘယ်အမြင်ကဖြင့် အားကောင်းတယ်၊ ဘယ်အမြင်ကဖြင့် ယုတ္တိမရှိဘူး ... အဲဒါတွေကို ကိုယ့်ဘာသာ ဖတ်ပြီး သုံးသပ်ရမှာ။ နှိုင်းယှဉ်ကြည့်ရမှာ။ ဆုံးဖြတ်ရမှာ။ တွေးရခေါ်ရမှာ။ ယုတ္တိကျကျ စဉ်းစားရမှာ ... ။ ကိုင်း ... ကြည့်စမ်း ... ဒါ သိခြင်းကနေ မသိခြင်းဆီကို သွားတာပဲမဟုတ်လား။ သူတို့ရဲ့ပညာရေးဆိုတာ အဲလို ... ။

ကျနော်အကြိုက်ဆုံးကတော့ ဖတ်စာအုပ်ဘောင်ကိုတောင် ကျော်တာပါပဲ။ using details of the sources and your knowledge တဲ့။ ပေးထားချက်တင်မက မင်းရဲ့ဗဟုသုတကိုပါ ထည့်သုံးတဲ့ .. ။ ဟား ... ဒီလိုမေးခွန်းမျိုးကိုသာ ရွှေပြည်ကြီးက Textbook သရဏံ ဂိစ္ဆာမိ လုပ်နေတဲ့သူတွေ တွေ့လို့ကတော့ သွေးပျက်ပြီး သေကုန်မှာတောင် စိုးရပါတယ်။

ဟေ့ကောင် ... မင်း ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောမနေနဲ့။ ဟိုက ဟိုပဲ။ ဒီက ဒီပဲ။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ပဲကွဟု ဆိုငြားအံ့ .. ။ ကျနော့်အနေနဲ့ မေးခွန်းနှစ်ခုလောက်ပဲ မေးချင်ပါတယ်။

၁) ကျနော်တို့ဆီက ကျောင်းသားတွေဟာ အဲလိုသင်ကြားလို့ မရနိုင်လောက်အောင် ဉာဏ်ရည်နိမ့်ကျပါသလား။

၂) ကျနော်တို့ဆီက ဆရာတွေကရော အဲလိုသင်ကြားနိုင်စွမ်း မရှိဘူးလား .. ။

အထက်က စကားကိုပဲ ပြန်ကောက်ပါမည်။ ပညာသင်တယ်ဆိုတာ ဒေတာတွေ လောင်းထည့်တာမဟုတ်ဘူး။ တနည်း အားဖြင့် ပညာသင်တယ်ဆိုတာ ဆရာဆီ့က ဒေတာတွေကို တပည့်တွေဆီ ကူးပြောင်းပေးတဲ့ data transferring process မဟုတ်ပါဘူး။

21 ရာစုမှာ ဒေတာဆိုတာ ဂူးဂဲလ်ပါပဲ။ ဘာကိုရှာရမလဲဆိုတာပဲ သိဖို့လိုပါတယ်။ ပြီးရင် Enter ခေါက်လောက်ရုံပါပဲ။

၂၀၁၀ ခုနှစ်တွင် စစ်ကိုင်းတိုင်း၌ ဂျုံစိုက်ဧကပေါင်း ... တစ်သိန်းကျော် တစ်သိန်းကျော် ရှိသည် ... နားပါ။

မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်များမှာ ကျွန်း၊ သစ်မာ၊ ဆန်စပါးနှင့် .. ဆန်စပါးနှင့် .... နားပါ။

ကန္ဒီစာချုပ်ကို ၁၉၄၆ ခု .. ဘယ်လ ဘယ်ရက်မှာ ... နားပါ။

အီလက်ထရစ်ပိုတင်ရှယ် အစ်သည် ဝါ့ဒါန်း ဝါ့ဒါန်း ... နားပါ .. နားပါ .. နားပါ။

ကလေးတွေ ပြောသလိုပြောရရင် ကိုင်းကြီးကြီးမှာ သွားနားပါ။

ဟုတ်ကဲ့၊ ရွှေပြည်ကြီးမှာတော့ မေးခွန်းပုံစံကအစ memorizing data အဆင့်မှာ ဂိတ်ဆုံးနေတယ်ဆိုတာလည်း မှန်ပါတယ်။ understanding data အဆင့်တောင် မရောက်တရောက်ဆိုတော့ analyse လုပ်ဖို့ဆို ဝေလာဝေးပေါ့ဗျာ။ ဒီလိုမေးခွန်းပုံစံတွေကြောင့်လည်း အာဂုံဆောင်မှ အာဂလူဆိုတဲ့ အမြင်တွေ အပြောတွေ ကြီးစိုးနေတာ၊ အလုပ်ဖြစ်နေတာပေါ့ဗျာ။

ဟုတ်ကဲ့ ... ငါ့သားရေ .. င့ါတပည့်ရေ .. ဒီသားကောင်က ဒိလို၊ ဒီနေရာကို ဒီအချိန်ဆိုလာပြီ၊ ဒီကနေ စောင့်ဖမ်း .. စ သည်ဖြင့် data transfer လုပ်တဲ့ သင်ကြားနည်းက ကျောက်ခေတ်ဦး အမဲလိုက်တဲ့နေရာမှာတော့ အသုံးဝင်ပါလိမ့်မယ်။

အင်းလေ ... ကျောက်ခေတ်ဦးမှာ အမဲလိုက်ရတာကို ပျော်နေသူတွေလည်း ရှိမှာပေါ့လေ။ ပျော်ပါစေလေ .. ပျော်ပါစေ။

ကျနော့်အနေနဲ့ကတော့ အိုင်ဒီယာတခု၊ လက်တော့တလုံးနဲ့ ကမ္ဘာကို တက်သိမ်း၊ ဓနတွေကို ဖန်တီးနေတဲ့ ၂၁ ရာစုမှာ ချွေးတလုံးလုံးနဲ့ ဖားရှာ ငါးရှာ အမဲလိုက်နေတဲ့ ကျနော့်တို့ ကျောင်းသားတွေကို ကြည့်ပြီး မပျော်နိုင်ပါဘူးဗျာ ...။

မုဆိုးရာသီက ..
....
.......

ကုန်
ခဲ့
ပြီ
မို့
ပါ။

မင်းခိုင်
၁၆၊ သြဂုတ်၊ ၂၀၁၇

ယောဟန်အောင် ● သူခိုးတွေကြားထဲ ငါပြုတ်ကျတဲ့အခါ

$
0
0
ယောဟန်အောင် ● သူခိုးတွေကြားထဲ ငါပြုတ်ကျတဲ့အခါ
(မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇

ညက ဘယ်မှာခေါင်းချခဲ့ပါလိမ့်
မိုးလင်းနိုးထတော့ မြေကဖုန်းဆိုး
သူခိုးတွေကြားထဲ ငါပြုတ်ကျနေခဲ့တယ်။

ငါကျောချမ်းသွားပေါ့
အသွင်မတူလို့ကတော့ ဒီနေရာက ပြန်လမ်းမရှိဘူး
ဂျက်လန်ဒန် ပြုတ်ကျတဲ့ ချောက်ကမ်းပါးမျိုးလား
သတိတရားကို ပြန်မွေး
ငါဟာ တွေးခေါ်တတ်သူပါ
ငါဟာ ပညာတတ်ပါ…
အသွင်ယူနေထိုင်ရင်း သူတို့အရပ်ကို ကျမ်းပြုဖို့ဖြစ်ခဲ့တယ်။

ဒီအရပ်မှာ အထာထားလို့ မရဘူး
ငါလစ်ရင် ငါ့ဟာ သူခိုးမယ်
သူလစ်ရင် သူ့ဟာ ငါခိုးမယ်
စောရနက္ခတ်နိုးကြား
မျိုးရိုးဗီဇမှာ မင်ကြောင်ထိုးထားတဲ့ အရပ်။

ဒီအရပ်မှာ သူခိုးပြေးစရာမလို
ထိုးကွင်းထစရာမလိုဘူး
တခါတလေ ပြူးပြဲပြီး "လူ.. လူ… လူ"
ထဟစ်ပေးရသေးတယ်
ဂျပိုးက တကယ်ကြီးလာတော့ သူခိုး
ရန်သူမျိုး ၅-ပါးမှာ တပါး ဆိုသမို့။

မျက်စေ့လျှင်တယ်၊ လက်ယဉ်တယ်
အပြင်ပန်းလည်း မင်သေသေပဲ
ဘယ်သူပဲဖြစ်ဖြစ် အပြစ်သား မထင်ရဘူး
ရုပ်တည်ကြီးတွေနဲ့ သွားနေကြ လာနေကြ
သေချာကြည့်မှ
အချို့ဗိုက်တွေက ဟိုင်းဝေးနဲ့ဖောင်းကား
အချို့ပါးစပ်တွေ ဒီဇယ်နဲ့ပြောင်ရောင်
အချို့လည်ချောင်းတွေမှာ တံတားရိုးတွေ ထိုးထိုးထောင်ထောင်
အချို့မောင်တွေက ဘတ်စကားစင်းလုံး မြိုချ
ခြေဖျားလက်ဖျား အေးစရာမလို
မြေကြီးကို တရားဝင် နေရာရွှေ့ကြ
အချို့က ဆည်မြောင်းကြီး ထမ်းချလာကြတယ်။

Open Sasame!
ဒီလိုဂါထာနဲ့ အလီဘာဘာရဲ့ သိုက်တံခါး မပွင့်နိုင်ဘူး
တချို့တံခါးတွေ မြောင်းဖောက်ရေပေးရတယ်
တချို့တံခါးတွေ အတွင်းလူမွေးရတယ်
ဆွေမျိုးတွေ ဖွင့်ပေးတာလည်း ရှိရဲ့
မိုးလားကဲလား… သူခိုးတွေ မပွင့်တဲ့တံခါးဆိုတာ မရှိဘူးဆိုပဲ

ခိုးမှု (ပုဒ်မ-၃၇၈)
လူတစ်ယောက် (လက်ရှိဖြစ်တဲ့) (ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း) ကို
(လက်ရှိဖြစ်သူ သဘောမတူဘဲ)
(မရိုးဖြောင့်သဘောနဲ့ ယူရန်ကြံရွယ်ပြီး)
(ထိုပစ္စည်းကို ရွှေ့စေရင်) ခိုးမှုမြောက်တယ်
ဒီလောက်တော့ ကြည်ကြည်ဖြူဖြူ ပေးယူနေကြကိစ္စပါ။

လုယက်မှု မှန်သမျှဟာ ခိုးမှုပဲ
ခြောက်လှန့်တောင်းယူမှု မြောက်ရမယ်
ငါးယောက်နဲ့ အထက်ဖြစ်ရင် 'ဓါးပြ'၊
ဘက္ကဒက်က သူခိုးအာမက်လို
ဓါးကောက်တွေ လွယ်ထားဖို့ မလိုဘူး
'ဟောက်'ရုံလောက်နဲ့ စားရမယ်
ရင်မှာပန်းတွေ ဖူးပွင့်နေတာ မဟုတ်ဘူးနော်
နမိတ်တော်ရုံ ပြတာနဲ့
ဆရာ… ဘာလိုချင်သလဲ ဖြစ်သွားစေရမယ်။

ထေယျာဝဟာရော= ချိန်လိမ်၊ တင်းလိမ်၊ အသပြာလိမ်ဖြင့် ခိုးခြင်း၊
ပသယှာဝဟာရော= နိုင်ထက်စီးနင်း အတင်းဗလက္ကာရ ခိုးခြင်း၊
ပဋိစ္ဆန္နာဝဟာရရော = ဖုံးဝှက်ပြီးမှ ခိုးခြင်း၊
ပရိကပ္ပါဝဟာရော = ဥစ္စာနေရာကို ကြံစည်၍ ခိုးခြင်း၊
ကုသာဝဟာရော = စာ၊ စာရင်းကို လိမ်၍ ခိုးခြင်း *
ခိုးဆိုးနှိုက်ခြင်း၊ စဉ်းလဲဗေဒ
ဒီအရပ်မှာ နှုတ်အတတ်၊ လက်အတတ်၊ ဆန်းသစ်ကြံဆ
သူခိုးတို့ရဲ့ နိဗ္ဗာန်ခေါ်ရလောက်ပေရဲ့။

အိမ်တိုင်းဟာလည်း သူတို့ စားကျက်မြေပေါ့
ဌာနတိုင်းဟာလည်း သူတို့ စားကျက်မြေပဲ
ပျော်ပျော်နေ သေခဲတယ်
ဒါပေမယ့်၊
ရေမြေကုန်းခြား ခရီးသွား၊ ပင်လယ်ဓားပြလောက်လည်း
တကောင်မှ ဖြစ်ဖြစ်မြောက်မြောက် မရှိပြန်ဘူး။
"နင့်ကိုမိပြီ...
ရဲတင်း၊ ပုဆိန်၊ ဓားလှံ တံကျင် ဘာလိုချင်လဲ"
သတိုးမင်းဖျား ငတက်ပြားသူခိုးကို အမေးမှာ
"ငါ့ကိုမိပြီ၊ ကွပ်လိုရာ ကွပ်လော့၊
ငါ့အလိုသော်ကား မိဖုရားစောဥမ္မာ"ဆိုတဲ့
သူခိုး သဘာလည်း မတွေ့သေးဘူး။

ဒီလိုနဲ့
ငါ့ကျမ်းဋီကာ ရှည်ရှည်လာ
အသွင်ယူလာတာလည်း ဂိုဏ်းဆရာကြီး ဖြစ်လုလု
နောက်ဥတု သုံးပါးများတော့
ဒီလူတွေကြား ဆက်နေဖြစ်သွားဖို့ များနေပြီ။ ။

သြဂုတ် ၁၄၊ ၂၀၁၇

* မြဝတီ ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာ မဟာဋီကာသစ်ကျမ်းကြီးမှ ခိုးခြင်းအကြောင်း

ဇော်အောင် (မုံရွာ) ● အင်ဂိုလာ၊ အမေရိကန်၊ စင်ကာပူနဲ့ မြန်မာကမ်းလွန်ရေနံသင်္ဘောလုပ်ငန်း

$
0
0
ဇော်အောင် (မုံရွာ) ● အင်ဂိုလာ၊ အမေရိကန်၊ စင်ကာပူနဲ့ မြန်မာကမ်းလွန်ရေနံသင်္ဘောလုပ်ငန်း
(မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇

• ကိုဇော်ပြောင် မြန်မာနိုင်ငံကို ပြန်ခြင်း
စာရေးသူ ကိုဇော်ပြောင် ရန်ကုန်၊ အီမန်နျူရယ်အသင်းတော်အနီးက မိတ်ဆွေတဦးရဲ့ တိုက်ခန်းမှာစခန်းချပြီး၊ မြန်မာနိုင်ငံမှာ စတင်လှုပ်ရှားခဲ့ပါတယ်။ ၂၀၁၄ သင်္ကြန်ပွဲမှာ ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်၊ စက်စဲ ခရီးစဉ်များသွားရောက်ခွင့်ရရှိပြီး၊ မနေ့က ဒေါ်အောင်ဆန်းစုကြည်ရောက်ခဲ့တဲ့ မွန်ပြည်နယ်၊ သံဖြူဇရပ်ကိုလည်း ရောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်းက မြန်မာ၊ ကရင် မိသားစုများနဲ့ ဝိညာဉ်ရေး အတူခံစား၊ လှုပ်ရှားခဲ့ပြီး၊ မွန်ပြည်နယ်က မြန်မာ၊ မွန်၊ ကရင်မိသားစုများ အထူးသဖြင့် သင်္ကြန် ပျော်ပါးနေတဲ့ မွန်လူငယ်များကြားမှာ သူတို့စကားနားမလည်ပဲ သွားလာနေထိုင်ခဲ့ရပါတယ်။ နောက်ဆုံးတော့ ကိုဇော်ပြောင် မြန်မာပြည်ကို အလုပ်လုပ်ဖို့အကြံ မထမြောက်ပဲ၊ ငွေကုန်၊ လူပင်ပန်းပြီး စင်ကာပူကို ပြန်ရောက်လာပါတယ်။

• စင်ကာပူကမ်းလွန် ရေနံကုမ္ပဏီတခု (PACC Offshore)
အရှေ့တောင်အာရှမှာ အချမ်းသာဆုံးလို့သတ်မှတ်ထားတဲ့ ရောဘတ်ကွပ်ပ် (Robert Kuok) စီးပွားရေးအင်ပါယာကြီးမှာ တခုဖြစ်တဲ့၊ စင်ကာပူ ကမ်းလွန်ရေနံကုမ္ပဏီမှာအလုပ်ဝင်ခွင့် ဘုရားသခင် ပေးသနားတော်မူပါတယ်။ လစာ အများကြီးမဟုတ် ပေမဲ့ ငွေကြေးအလွန်ခက်ခဲနေတဲ့အချိန်မှာ မမျှော်လင့်ပဲ အလုပ်ကိုရရှိခဲ့ပါတယ်။ ဒီအလုပ်က အလွန်မလွယ်လှကြောင်း၊ မိမိရှေ့မှာပဲ ဒီနေရာမှာလုပ်သွားတဲ့ မြန်မာမိတ်ဆွေနှစ်ဦး အလုပ်ထွက်သွားရကြောင်းကို သိရှိထားပြီးဖြစ်ပါတယ်။ မိမိနဲ့အတူ လုပ်ရမဲ့ မင်တာလို့ခေါ်တဲ့ စီနီယာပုဂ္ဂိုလ်ဟာ မြန်မာလူမျိုးဖြစ်ကြောင်း၊ ဂျာမဏီမှာဘွဲ့ရပြီး၊ ဆူဗရီဘာသာကိုးကွယ်သူဖြစ် ကြောင်း၊ ဘာသာရေးလွတ်လပ်စွာကိုးကွယ်သူဖြစ်ပြီး အလွန်အလုပ်ကြိုးစားသူဖြစ်ကြောင်း။ ဂျာမဏီနိုင်ငံသားအဖြစ် ခံယူ ထားသူဖြစ်ကြောင်း၊ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ် တင်အောင်မြင်ဦးကဲ့သို့ အလွန်အလုပ်ကြိုးစားပြီး၊ နှုတ်မိန့်နဲ့လုပ်သူ၊ သူခိုင်း တဲ့အတိုင်းလုပ်မှ ကြိုက်သူဖြစ်ကြောင်း၊ မှားယွင်းမှုများဖြစ်လာရင် ပြတ်သားစွာပြောဆို၊ လူများကြားမှာ မိမိမသိ၊ မတတ်တာ တွေ အရှက်ကွဲနိုင်ကြောင်း၊ သူကိုယ်တိုင်လည်း အရှက်တကွဲဖြစ်ရင်လည်း ခံနိုင်သူဖြစ်လို့ ကုမ္ပဏီမှာ အလုပ်ကြိုးစားသူ၊ အားအလွန်ကိုးရသူ၊ ကုမ္ပဏီက လက်မလွှတ်ရသူဖြစ်ကြောင်း၊ Offshore အလုပ်မှာ သင်္ဘောများစွာကို အုပ်ချုပ်နေတဲ့ သင်္ဘောသူကြီး၊ စက်ချုပ် Captain, Chief Engineer ခေါင်းဆောင်များနဲ့ တန်းတူဆက်ဆံပြီး သင်္ဘောရဲ့ ဂြိုလ်တု ဆက်သွယ်ရေး၊ လျှပ်စစ်ထိန်းချုပ်စနစ်များကို လမ်းညွန်၊ ဦးဆောင်၊ နည်းပညာအကူညီပေးရတဲ့ဌာန၊ Technical Superintendent အဖြစ် အာဏာပိုင်တဦးဖြစ်ပါတယ်။

• အင်ဂိုလာ ကမ်းလွန်ရေနံတွင်းတခု
တနေ့မှာ ကုန်တင်ကုန်ချ၊ သယ်ယူပို့ဆောင်ရေးသင်္ဘောတစီး AHTS Anchor Handling Tugs တန်ချိန် တထောင် လောက်ပဲရှိပါတယ်။ အင်ဂိုလာနိုင်ငံမှာ သင်္ဘောကိုထိန်းချုပ်တဲ့ Dynamic Position DP System, ကမ်းလွန်ရေနံတွင်း မီတာ ၅၀၀ ဇုန်အတွင်းရောက်ရင်၊ သင်္ဘောကို ၂ မီတာထက် ပိုမရွှေ့အောင် ထိန်းချုပ်တဲ့စနစ်ဖြစ်ပါတယ်။ အင်အားကောင်း လှတဲ့ သင်္ဘောမိန်းအင်ဂျင်၂ လုံး၊ ဘောင်းထရပ်စတြာ၊ စတန်းထရပ်စတြာ (Main Engine, Bow Thruster, Stern Thruster ..) တို့ကို သင်္ဘော ရှေ့နောက်၊ ဘယ်ညာ၊ လူးလွန့်ခြင်းကို ထိန်းချုပ်မောင်းနှင်တဲ့စနစ် DP System ဆိုတာ ချို့ယွင်းချက်တခုကိုပြင်ဆင်ဖို့ အရေးတကြီး လိုအပ်လာပါတယ်။ ဒီပြင်ဆင်မှုမလုပ်ရင် သင်္ဘောက ကမ်းလွန်ရေနံတွင်း မီတာ ၅၀၀ အတွင်း ဝင်လာခွင့်မပေးပါဘူး။ ဒါဆို သင်္ဘောငှားစားတဲ့ ကုမ္ပဏီအဖို့ သင်္ဘောငှာခ တနေ့ ဒေါ်လာ ၅ သောင်း မရတော့ပဲဖြစ်ရင် စီးပွားရေးအလွန်ထိခိုက်ပါတယ်။

ဒီစနစ်ကိုပြင်ဆင်ပေးနိုင်တာကတော့ ဒီစနစ် DP System ထုတ်လုပ်ရောင်းချတဲ့ GE General Electric လို့ခေါ်တဲ့ အမေရိ ကန်ကုမ္ပဏီ ဧရာမကြီးဖြစ်ပါတယ်။ သူတို့က စပယ်ယာပတ်စ် အပိုပစ္စည်းနဲ့ အင်ဂျင်နီယာ လွှတ်ပေးမယ်။ Spare Parts & Service Engineer။ စကားမစပ်ပြောရရင် ဒီလို အဆင့်မြင့်ပညာရပ် ထုတ်လုပ်ရောင်းချတဲ့ ဂျီအီးဆိုတဲ့ အမေရိကန် ကုမ္ပဏီကြီးက ပစ္စည်းလေးတခုကိုဝယ်ရင် လက်တဝါးလောက်ရှိတဲ့ပစ္စည်းကို ဒေါ်လာ သောင်းဂဏန်းပေးရပါတယ်။ သင်္ဘော ဘယ်ညာတိမ်စောင်းမှုထိန်းတဲ့ MRU Magnetic Motion Unit ဆိုရင် ကာကွယ်ရေး၊ စစ်တပ်သုံးနည်းပညာအဖြစ် သတ်မှတ်ထားလို့ ဝယ်မယ်ဆိုပြီး၊ ပိုက်ဆံရှိတိုင်း ဝယ်ခွင့်မရပါဘူး။ အမေရိကန်အစိုးရဆီကို နိုင်ငံခြားတင်ပို့ခွင့်လိုင်စင်၊ ပါမစ် လျှောက်ရပါတယ်။ စစ်ရေးမှာမသုံးပဲ စီးပွားရေး၊ ကမ်းလွှန်ရေနံလုပ်ငန်းမှာသုံးတာပါလို့ လျှောက်လွှာတင်ရတယ်။ တလကနေ သုံးလအထိ အမေရိကန်အစိုးရက စိစစ်ပါတယ်။ ဒါကြောင့် လိုင်စင်၊ ပါမစ်ဆိုတာ မြန်မာနိုင်ငံမှာပဲ ရှိတာမဟုတ်၊ နိုင်ငံတိုင်းမှာရှိပါတယ်။ ဒါပေမဲ့ အစိုးရစစ်တပ်ဆိုင်ရာ လိုင်စင်ပါမစ်၊ နိုင်ငံတော်လုံခြံရေးအတွက် ဖြစ်ပါတယ်။

ပစ္စည်းပို့ပေးခြင်း၊ အမေရိကန်နိုင်ငံမှ အင်ဂိုလာကမ်းလွန်ရေနံတွင်းဆီသို့ ပစ္စည်း သင်္ဘောပေါ်ရောက်အောင်ပို့ပေးခြင်း၊ ရောက်တာသေချာမှ အင်ဂျင်နီယာလိုက်သွားခြင်း လုပ်ငန်းတွေ လုပ်ရပါတယ်။

၁။ ပစ္စည်း သင်္ဘောပေါ်ရောက်အောင် ပို့ပေးခြင်း
ပစ္စည်းကို အမေရိကန်နိုင်ငံကဝယ်ဖို့ ထုံးစံအတိုင်း၊ Quotation, Price Negotiation, Purchase Order, Delivery ဝယ်ယူ ရေးလုပ်ထုံးလုပ်နည်းကို နှစ်ရက်အတွင်း အမြန်ဆုံးလုပ်ရပါတယ်။ ငွေပေးချေမှု စိတ်ချရတဲ့ ပီအို P.O ထုတ်ပေးပြီးမှာ အမေရိကန် ကုမ္ပဏီကြီးက ဒီပစ္စည်းကို ပို့ပေးဖို့ စတင်လှုပ်ရှားပါတယ်။ သူတို့လက်ထဲရှိတဲ့ အပိုပစ္စည်းဆိုတော့ ချက်ချင်း ဒီအိပ်အယ်လ် DHL နဲ့ ပို့လိုက်ပါတယ်။ အင်တာနက် dhl.com ဝက်ဆိုဒ်မှာ ပစ္စည်းပို့တဲ့ မှတ်ပုံတင်နံပါတ်ကို ကြည့်လိုက် ပါတယ်။ ဘယ်အချိန်၊ ဘယ်နေ့မှာ ဘယ်လေဆိပ်ကိုရောက်သွားပြီဆိုတာ အင်တာနက်မှာ မြင်နေရပါတယ်။ နှစ်ရက်လောက် ကြာတော့ ပစ္စည်းဟာ အမေရိက၊ အင်္ဂလန်၊ တောင်အာဖရိကမြို့များကို ဖြတ်ကျော်ပြီး အင်ဂိုလာနိုင်ငံ၊ ပွန်တီနိရို Pointe Norie မြို့ကို ရောက်သွားပြီလို့ သိရပါတယ်။ မပို့ခင် ဒီပစ္စည်းကို အခွန်ဌာန Custom မှာ အမြန်ဆုံးထုတ်ယူဖို့ အဲဒီနိုင်ငံ အေးဂျင့်စီကို ခွင့်ပြုချက်တောင်းထားရပါတယ်။ အဲဒီအေးဂျင်စီက ကွန်ဂိုလေဆိပ်၊ အခွန်ဌာနမှာ သွားရောက်ထုတ်ယူပါတယ်။

အခက်အခဲကြီးတခုကတော့ အင်ဂိုလာနိုင်ငံရဲ့ အဂတိလိုက်စားမှုကြီးတွေ ဖြစ်ပါတယ်။ ၂၀၁၁ မတိုင်မီ မြန်မာစစ်အာဏာရှင် ခေတ်နဲ့ တပုံစံထဲ ဖြစ်ပါတယ်။ အမေရိကန်ကုမ္ပဏီက ပို့လိုက်တယ်။ ပစ္စည်းတန်ဖိုးက ဒေါ်လာတသိန်းတောင် တန်တယ် ဆိုတာ ပို့လိုက်တဲ့ပစ္စည်း၊ စာရွက်စာတမ်းတွေမှာ အမှန်အတိုင်းရေးထားလို့ .. ပိုက်ဆံတောင်းမဲ့လူတွေ တန်းစီစောင့်နေပါ တယ်။ စီမံခန့်ခွဲရသူက စင်ကာပူနိုင်ငံကဖြစ်ပါတယ်။ ပစ္စည်းပို့တာက အမေရိကန်နိုင်ငံက၊ ပစ္စည်းလက်ခံတာက အဂတိ လိုက်စားမှုမှာ CPI Corruption Index ဘုရင်အဖြစ် သရဖူဆောင်းတဲ့ အင်ဂိုလာနိုင်ငံဆိုတော့၊ အင်ဂိုလာနိုင်ငံကလူတွေကို တယ်လီဖုန်း၊ အီးမေးနဲ့ဆက်သွယ်ပြီး ပစ္စည်းရရှိရေးကို ကြိုးစားရပါတယ်။

နောက်ဆုံးတော့ ဒေါ်လာတသောင်းတန် လက်တဝါးလောက်ရှိတဲ့ပစ္စည်းထုတ်လေးကို အေးဂျင်စီက အခွန်ဌာနက ထုတ်ယူ ဖို့ စုစုပေါင်း ဒေါ်လာ ၂၀၀၀ ကျော် တောင်းပါတယ်။ ဟာ.. ဘာလို့ဒါလောက်တောင်းရတာလဲဆိုတော့ အေးဂျင့်က တွက်ပြ ပေးပါတယ်။ ဘယ်သူ့ကို ဆယ်ဒေါ်လာ၊ နှစ်ဆယ်ဒေါ်လာ… လူပေါင်း ၂၀ လောက်ကို ပေးရတယ်။ လိုက်ပေးတဲ့ ဌာနဆိုင်ရာ တွေ အများကြီး၊ နောက်ဆုံး လုံခြုံရေး၊ စစ်သား၊ ရဲသားတွေအထိ ..အကောက်ခွန် ဂိုထောင်မှူးအထိ ပေးရမယ် လို့ အီးမေးလ်နဲ့ ကုန်ကျစရိတ်တွေ တင်ပြပါတယ်။ ပစ္စည်းထုတ်မဲ့ရက်ကလည်း သောင်္ကြာနေ့၊ နောက်နေ့ဆို ရုံးပိတ်သွားပြီ၊ ခက်ခဲသွားပြီပေါ့။

စင်ကာပူက ကိုဇော်ပြောင်တို့အဖွဲ့ကတော့ နောက်နေ့ စနေ၊ တနင်္ဂနွေပိတ်သွားရင် ပစ္စည်း သင်္ဘောပေါ်ရောက်ဖို့ ၃ ရက် ထပ်ကြာသွားမယ် စိုးရိမ်ကြတယ်။ နောက်ဆုံး အင်ဂိုလာစံတော်ချိန် ည ၈ နာရီမှာ အေးဂျင့်ဆီပို့ပေးလိုက်တဲ့ ပိုက်ဆံ ဒေါ် လာ၂၀၀၀ သူတို့လက်ထဲရောက်သွားပါတယ်။ ထုံးစံအတိုင်း ဟွန်ဒီ ဆရာကြီး Western Union ကိုသုံးပြီး ငွေပို့ပေးရပါတယ်။ ငွေ အေးဂျင့်လက်ထဲရောက်သွားတာနဲ့ အင်ဂိုလာနိုင်ငံ အစိုးရ အကောက်ခွန်၊ ဂိုထောင်များက ဝန်ထမ်းတွေ ည ၉ နာရီမှာ လူ၂၀ လောက်ရောက်လာပြီး ပစ္စည်းကိုထုတ်ပေးပါတယ်။ ဒီလိုစနစ်မျိုး ပိုက်ဆံပေးရင် ဝန်ထမ်းတွေက ညသန်းကောင်လည်း လာအလုပ်လုပ်ပေးတဲ့ ဝန်ထမ်းမျိုးတွေ မြန်မာပြည်မှာလည်း ရှိနေပါတယ်။

၂။ အင်ဂျင်နီယာလိုက်သွားခြင်း
လိုက်သွားမယ့် အင်ဂျင်နီယာအတွက် လက်မှတ်ဝယ်ပါတယ်။ အထူးတန်းလက်မှတ် ဝယ်ပေးရတယ်။ လက်မှတ်ဖိုး ဒေါ်လာ ၅ ထောင် အသွားအပြန်လက်မှတ် ဝယ်လိုက်ပါတယ်။ ပစ္စည်းက အင်ဂိုလာနိုင်ငံ အကောက်ခွန်ဌာနမှာ တစ်နေလို့ လေယာဉ် လက်မှတ် နောက်တပတ် ရွေ့ဆိုင်းလိုက်ရပါတယ်။ အဲဒီမှာ ဂျီအီးဆိုတဲ့ကုမ္ပဏီကြီးကို အစ်အောက်မေးမြန်းတော့ အမေရိ ကန်မန်နေဂျာကြီးက တပတ်ရွှေ့ဆိုင်းရင် အင်ဂျင်နီယာ အမေရိကန်နိုင်ငံမှာ စောင့်ဆိုင်းခ Standby Charge တနာရီ ဒေါ် လာ၂၀၀၊ တရက်ဆိုရင် ဒေါ်လာ ၁၆၀၀၊ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ဆို စောင့်ဆိုင်းခ ၂ ဆ၊ တရက် ဒေါ်လာ ၃၂၀၀ ပေးရမယ်လို့ ပြောလာပါတယ်။ ဟာ.. ဒါဆိုရင် ဘယ်ဖြစ်မလဲဆိုတော့ ..ဂျီအီး ကုမ္ပဏီကိုအလုပ်အပ်ရင် ကျနော်တို့ အလုပ် လုပ်တဲ့စည်းမျဉ်းကတော့ ဒီလိုပဲ၊ Stand by လုပ်တာဆိုတာ အင်ဂျင်နီယာကို တခြားအလုပ် မလုပ်ခိုင်းပဲ၊ ဒီအလုပ်အတွက် စပါယ်ရှယ် စောင့်ခိုင်းထားရတာကြောင့် အလုပ်စာချုပ်ကို ပြပါတယ်။

စောင့်ဆိုင်းခ တရက် ဒေါ်လာ ၁၆၀၀၊ ဒီပြဿနာ နောက်မှရှင်းမယ်။ လောလောဆယ် ပစ္စည်းသင်္ဘောပေါ် တပတ်အတွင်း ရောက်သွားအောင်လုပ်ရပါမယ်။ အင်ဂိုလာအေးဂျင့်ကိုပဲ လေသံချိုချို စိတ်တွေလျှော့ထားပြီး တောင်းသလောက် ဈေးဆစ် လို့လည်း မရ၊ ပေးရပါတော့တယ်။ ဒါမျိုး အထူးအရေးကြီးကိစ္စဖြစ်လာတော့ တောင်းတဲ့လူတွေကလည်း သဘောကျတယ်။ ပေးရတဲ့လူကလည်း ဘာမှမတတ်နိုင်တော့ ပေးရပါတော့တယ်။

နောက်ဆုံး ပစ္စည်း သင်္ဘောပေါ်ရောက်သွားပြီဆိုမှ အင်ဂျင်နီယာ လေယာဉ်နဲ့လိုက်သွားပါတယ်။ ထုံးစံအတိုင်း လေယဉ် ခရီးများ နယူယောက်၊ လန်ဒန်၊ ကိတ်ပတောင်း၊ ပွန်တီနိုရီမြို့များကို အဆင့်ဆင့် နာရီပေါင်း ၃၀ လောက် ပျံသန်း၊ ရပ်နား ခြင်းတွေနဲ့ အင်ဂိုလာနိုင်ငံကို ရောက်သွားပါတော့တယ်။

အင်ဂိုလာနိုင်ငံက ၂၀၁၅ မှာ အီဘိုလာရောဂါကြောင့် လူတွေမသွားချင်သလို၊ အလွန်အဂတိလိုက်စားလို့ လေဆိပ်အဝင်မှာ သိပ်ကိစ္စမရှိပေမယ့် ပြန်အထွက်မှာ အလွန်ပြဿနာများပါတယ်။ လေဆိပ် လူဝင်ကြီးကြပ်မှု၊ အကောက်ခွန်တွေရဲ့ တောင်း ရမ်း ပေးကမ်းမှုတွေ တဦးကို ၅ ဒေါ်လာ၊ ၁၀ ဒေါ်လာ စသဖြင့် ပေးလိုက်မှ အဆင်ပြေတယ်။ မဟုတ်ရင် ကြံဖန်ရစ်နေလို့ ၅ ဒေါ်လာ၊ ၁၀ ဒေါ်လာတန် အမေရိကန်ဒေါ်လာတွေ များများထည့်သွားရတဲ့နိုင်ငံဖြစ်ပါတယ်။

ပိုဆိုးတာက အရင်တုန်းက ပြင်သစ်ကိုလိုနီနိုင်ငံဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး မြန်မာပြည်လို ပြည်တွင်းတိုင်းရင်းသားတွေ တိုက်ခိုက်ကြလွန်းလို့၊ တနယ်မှာ ဘုရင်ခံတပါး အုပ်ချုပ်နေကြပါတယ်။ စုစုပေါင်း လူမျိုးစု ၂၀၀၀ ကျော်ရှိပြီး၊ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး ဗမာလူမျိုးကအုပ်ချုပ်ပေမယ့် အင်ဂိုလာမှာတော့ အင်အားအကြီးဆုံးလူမျိုးစုဆိုတာမရှိဘူး။ တော်တော် ခက်ခဲတဲ့ အုပ်ချုပ်ရေးကို ပြင်သစ်အုပ်ချုပ်စဉ်ကအိုကေပေမယ့် အခုတော့ ကမ္ဘာ့အဂတိအကြီးမားဆုံး နိုင်ငံဖြစ်နေပါတယ်။

• ကမ်းလွန်ရေနံ
ခပ်မြတ်မြတ်ကလေးရတဲ့လုပ်ငန်းဆိုတော့ အညှီရှိရာ ယင်အုံသလို တောင်းရမ်းမှုတွေ အရမ်းများပါတယ်။ ပြင်သစ်စကား ပြောမှ တနိုင်ငံလုံး နားလည်တယ်။ အင်္ဂလိပ်စကားပြောတဲ့ စာရေးသူတို့ မြန်မာ၊ စင်ကာပူ၊ အမေရိကန်၊ အင်္ဂလန်၊ တောင် အာဖရိကနိုင်ငံသား စီးပွားရေးအုပ်စုတွေအတွက် မဟာအခက်ခဲကြီးပါ။ အေးဂျင့်လက်ထဲပဲ ပုံအပ်ထားလိုက်ပါတယ်။ အေး ဂျင့်ကတော့ ဘာသာစကားမျိုးစုံပြောတတ်တော့ စကားပြောကောင်း ငွေရွှင်တဲ့အေးဂျင့်ဖြစ်ပါတယ်။

• နိဂုံး လုပ်ငန်းပြီးမြောက်ခြင်း
အင်ဂျင်နီယာကို လေဆိပ်မှာ အေးဂျင့်ကထုတ်ယူပြီး၊ ကြယ်ငါးလုံးဟော်တယ်ကြီးမှာ တရက် ဒေါ်လာ ၃၀၀ ပေးပြီး ပို့ထား လိုက်ပါတယ်။ အရေးထဲ သင်္ဘောရှိတဲ့ ကမ်းလွန်ရေနံတွင်းရှိရာ မိုင် ၁၀၀ လောက်ဝေးတဲ့နေရာကိုပို့ပေးမယ့် မော်တော် ဘုတ်လေးက တခေါက်ကို ဒေါ်လာ ၅၀၀၀ တောင်းနေတယ်။ အင်ဂိုလာ ဆိပ်ကမ်းဌာနကလည်း ငွေတောင်းတယ်ဆိုပဲ။ အင်ဂိုလာမှာရှိတဲ့ ဟယ်လီကော်ပတာ ကုမ္ပဏီကိုငှားပြီး၊ ဟယ်လီကော်ပတာနဲ့ပို့ရင် မြန်ဆန်၊ ဈေးသက်သာမယ်ထင်လို့ မေးမြန်းစုံစမ်းတော့ ဒေါ်လာသောင်းကျော်ပေးရမယ်ဆိုပါတယ်။ နောက်ဆုံးတော့ မော်တော်ဘုတ် သွားလာခွင့်၊ ပါမစ်လိုင် စင်လုပ်နေတာ ၃ ရက်ကြာသွားပါတယ်။ အင်ဂျင်နီယာကတော့ ဟိုတယ်မှာပဲနှပ်ပြီး နေပါတယ်။ Stand by Charge တရက် ဒေါ်လာ ၁၆၀၀၊ ဟိုတယ်ခ တရက် ဒေါ်လာ ၃၀၀၊ အင်ဂျင်နီယာ စားသောက်စရိတ် တရက် ဒေါ်လာ ၁၀၀ .. မတတ်နိုင်ပါ။ နောင်ခါလာ နောင်ဈေး။ အင်ဂျင်နီယာ သင်္ဘောပေါ်ရောက်ရမယ်။ အလုပ်ပြီးရမယ်ပေါ့။

နောက်ဆုံး အင်ဂျင်နီယာ သင်္ဘောပေါ် ရောက်သွားပြီး အလုပ်လုပ်လိုက်တာ တရက်ထဲနဲ့ ပြီးသွားပါတယ်။ အဲဒီရက်ပိုင်းမှာ ဆော့ဝဲ Software အင်ဂျင်နီယာဆီ ထည့်မပေးလိုက်လို့၊ ပါမသွားလို့ ဂြိုလ်တုဆက်သွယ်ရေးနဲ့ ဆော့ဝဲလ်ပို့ပေးရပုံလည်း အလွန်စိတ်ပျက်စရာကောင်းပါတယ်။ အင်ဂျင်နီယာက လူချည်းပဲသွားတာပါ။ သူ့ဟန်းဖုန်းနဲ့ လက်ပ်တော့၊ လက်ဆွဲအိတ်နဲ့ပဲ၊ အလုပ်အတွက် Drawings၊ စာရွက်စာတမ်းတွေလည်း သူသင်္ဘောပေါ်ရောက်မှ ဂြိုလ်တုအင်တာနက်နဲ့ သင်္ဘောဆီပို့ပေး၊ သင်္ဘောမှာ ပရင်တာနဲ့ Print လုပ်ပေးရပါတယ်။ ပြီးတော့ ပြီးသွားပါပြီ။

နောက်နေ့ အင်ဂျင်နီယာ အိမ်ပြန်ခရီးစဉ် စီစဉ်ရပြန်ပါတယ်။ လေယဉ်လက်မှတ်ကို နေ့ကို ပြောင်းရွှေ့ရတယ်။ ပြောင်းရွှေ့ခ ဒေါ်လာ ၅၀ ပေးရပါတယ်။ ဒါပေမဲ့ အင်ဂိုလာနိုင်ငံက လေယဉ်လက်မှတ်မရသေးလို့ ဟိုတယ်မှာ ထပ်ပြီးစောင့်နေရပါ သေးတယ်။ အင်ဂျင်နီယာကတော့ အင်ဂိုလာနိုင်ငံ၊ ပွန်တီနိုရယ်မြို့တော်က ပြင်သစ်စကားပြော လူမည်းအမျိုးသား၊ အမျိုး သမီးတွေနဲ့ တရုန်းရုန်း ပျော်ပါးနိုင်ပါပြီ။ နောက်နှစ်ရက်ဆို အင်ဂျင်နီယာရဲ့ ဇာတိမြို့၊ အမေရိကန် နယူးယောက်ကို ပြန် ရောက်တော့မှာဆိုတော့ ပျော်နိုင်ပါပြီ။ စင်ကာပူက စီမံခန့်ခွဲတဲ့ ကိုဇော်ပြောင်တို့အုပ်စုလည်း သက်ပြင်းချလိုက်နိုင်ပါတော့ တယ်။

ဇော်အောင် (မုံရွာ)
၁၅ သြဂုတ်လ၊ ၂၀၁၇။

(မိုးမခ) မေ ၂၂၊ ၂၀၁၅ ဖော်ပြခဲ့သည်။


မှတ်ချက်။ ။ အင်ဂိုလာနှင့်မြန်မာ နှစ်နိုင်ငံကို ကမ္ဘာ့အဂတိအများဆုံးစာရင်းတွင် http://www.transparency.org/cpi2014/results အောက်ဆုံးဘိတ်တွင် ကပ်လျက် တွေ့နိုင်ပါသည်။ မြန်မာ (အဆင့်-၁၅၆) က အင်ဂိုလာ (အဆင့်-၁၆၁) ထက် ပိုသာပါသည်။ ၂၀၁၆ တွင် အဂတိအညွှန်း ၁၃၆ အထိ တိုးတက်လာပါသည်။

၁။ ဒိန်းမတ်
၂။ နယူးဇီလန်
၇။ စင်ကာပူ
၁၂။ ဂျာမဏီ
၁၅။ ဂျပန်
၁၇။ အမေရိကန်

၁၅၆ မြန်မာ (၂၀၁၁ တွင် အဆင့်-၁၇၀ မှ ၂၀၁၃ တွင်အဆင့်-၁၅၆ ဖြစ်လာသည်)..၂၀၁၆ တွင် မြန်မာအဆင့် ၁၃၆ အထိ တိုးတက်လာပါပြီ။

၁၆၁ အင်ဂိုလာ
၁၇၄ ဆိုမာလီယာ (အဂတိအလိုက်စားဆုံးနိုင်ငံ)

ကျော်ဇံလှ (ကလေးဝ) ● နံနက်ခင်း သတင်း

$
0
0

ကျော်ဇံလှ (ကလေးဝ) ● နံနက်ခင်း သတင်း
(မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇

မြစ်ကို ငေးမိတော့လည်း
လတ်ဆတ်တဲ့ရေစီးတွေက
အားကောင်းမောင်းသန် ။

ပြုစားမှုကင်းတဲ့ ကမ်းစပ်များဆီ
လှိုင်းတွေက တဝုန်းဝုန်း ဝင်ဆောင့်။

ငါ ငေးရီနေမိတဲ့ နာရီများ
အလှည့်ကျ မုန်တိုင်းများ
တောထဲက ပြန်လာတဲ့ သားသတ်သမားများ။

ရေပြင်ကျယ် ထွက်ခွာသွားတဲ့
တံငါသည်များ။

သီချင်းသံတွေ နဲ့ လယ်ကွင်းများ
အမှိုက်ကားတစင်းရဲ့ ခေါင်းလောင်းသံများ။

စားကျက်ထဲက ပျော်ရွှင်မှုတွေကို
တောစပ်က ငြိမ်သက် ဝပ်တွားနေတဲ့
အသက်လုပွဲများ။

သည်မနက်ခင်းသတင်းဖတ်ပြီးကတည်းက
ရေတခွက် ဒေါင်းမျို ကြက်မျို မျိုရင်း
စစ်တလင်းဘက် စစ်ခင်းထွက်ရပြန်တော့တယ်။ ။

ကျော်ဇံလှ (ကလေးဝ)

လှကျော်ဇော ● ဝ တောင်တန်းက သစ္စာပန်းတခက် (ရဲဘော်အီလွတ် သို့မဟုတ် မစန်း)

$
0
0
လှကျော်ဇော ● ဝ တောင်တန်းက သစ္စာပန်းတခက်
(ရဲဘော်အီလွတ် သို့မဟုတ် မစန်း)
(မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇

အချိန်က ၁၉၈၄ ခုနှစ် အစောပိုင်းကာလ ....။
နေရာက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဗဟိုရုံးနဲ့အရှေ့မြောက်စစ်ဒေသတို့ရုံးစိုက်ရာပန်ဆန်း (ယခုအခေါ်-ပန်ခန်း)။

အဲဒီနေ့က ကျွန်မတို့ရဲ့အရှေ့မြောက်စစ်ဒေသဆေးရုံကြီးမှာ သတင်းတရပ်ပျံ့နှံ့လာပါတယ်။ ကိုနိုင်ဦးကြီး ဝတောင်ခရိုင်က ဝ အမျိုးသမီးလေးတယောက်နဲ့ လက်ထပ်လာပြီဆိုတဲ့သတင်းပါ။ ရှေ့တန်းစစ်ဆင်ရေးတာဝန်တရပ်နဲ့ ဝ တောင်ခရိုင်ဘက် ရောက်သွားတဲ့ အရှေ့မြောက်စစ်ဒေသစစ်ဦးစီးဌာနက ရဲဘော်နိုင်ဦးက အီလွတ်ဆိုတဲ့အမျိုးသမီးလေးနဲ့ တွေ့ဆုံ မေတ္တာ မျှခဲ့ပြီး လက်ထပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူက တာဝန်အရ ပန်ဆန်းပြန်လာရာမှာ ယောင်နောက် ဆံထုံးပါပြီး အီလွတ် ကလေးပါ ပါလာတာပါ။ ပန်ဆန်းမြို့နယ်ရုံးမှာရောက်နေကြပြီဆိုတဲ့သတင်းကြောင့် ကျွန်မနဲ့ ဆရာမကြီးဒေါ်ငွေ (စစ်ဒေသ ဆေးရုံ၊ ဒုနိုင်ငံရေးမှူး) တို့နှစ်ယောက်သား မြို့နယ်ရုံးသွား ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

ဝ အမျိုးသမီးလေးတွေဝတ်ဆင်တတ်တဲ့ အနက်ရောင်သင်တိုင်းနဲ့ ခေါင်းပေါင်းလေးပေါင်းထားတဲ့ အီလွတ်ကိုစတွေ့လိုက်ရက တည်းက အသားညိုစိမ့်စိမ့် မျက်ခုံးကောင်းကောင်း မျက်လုံးတောက်တောက်လေးနဲ့ အညာသူလေးတယောက်ကိုတွေ့လိုက် ရသလို စိတ်ထဲရင်းနှီးသွားလိုက်တာလေ။ သူက ဗမာစကားလေးလည်းတတ်တော့ ပိုပြီးရင်းနှီးသွားပါတယ်။

အနားမှာရပ်နေတဲ့ ကိုနိုင်ဦးကို ခင်ဗျားကြီးက ဘယ်ဆိုးလို့လဲ။ အညာသားက အညာသူလေးတယောက် ရှာတွေ့လာပါလား လို့နောက်လိုက်တော့ သူက တဟဲဟဲနဲ့ သဘောကျနေလိုက်တာ။   အဲဒီအချိန်ကစလို့ အီလွတ်တယောက် ကျွန်မတို့အသိုင်း အဝိုင်းထဲရောက်လာခဲ့ပါတယ်။   ကိုနိုင်ဦးနဲ့ကတော့ ကျွန်မတို့မိသားစုနဲ့က ရင်းနှီးကျွမ်းဝင်ပြီးသားပါ။ နောက်ပိုရင်းနှီးသွားရတဲ့ အကြောင်းကတော့ သူတို့ရဲ့သမီးဦးလေးကို ကျွန်မမွေးပေးခဲ့ရလို့ပါပဲ။ ဒီနောက်တော့ ကျွန်မတို့တတွေ ဆွေမျိုးရင်းခြာ တွေ လိုနေခဲ့ကြတာ ၁၉၈၉ ပါတီကြီး ကစဥ့်ကရဲဖြစ် ပြေးရလွှားရနဲ့ နောက်ဆုံးကျွန်မတို့လည်း တကွဲတပြားတွေဖြစ်ကုန်ကြပါ တော့တယ်။

ဒီ့နောက်ပိုင်းတော့ အဆက်အသွယ်တွေ ရတချက် ပြတ်တချက်နဲ့ နောက်ဆုံး အီလွတ်ကျန်းမာရေးအခြေအနေကြောင့် ထမင်းဆိုင်လုပ်ငန်းမလုပ်နိုင်တော့ပဲ နားလိုက်ရပြီဆိုတဲ့သတင်းကြားလိုက်ရပါတယ်။ နောက်ပိုင်း ဆက်သွယ်ရေးနည်းနာ ပေါင်းစုံပေါ်ပေါက်လာတော့ ကျွန်မတို့နဲ့အဆက်အသွယ်ပြန်ရလာပြီး ပန်ဆန်းတုန်းကအတိုင်း တရင်းတနှီးပြန်ဆက်ဆံလာ ခဲ့ကြရာက နောက်ဆုံး ၁၇-၅-၂ဝ၁၇ နေ့မှာ သူကွယ်လွန်သွားတဲ့အထိပါပဲ။ လက်ချောင်းလေးတွေမှာ စတင်ခဲ့တဲ့အဆစ်အ မြစ်ကိုက်ရောဂါကစပြီး တကိုယ်လုံးရှိ တခြားအဆစ်တွေပျံ့နှံ့သွားပြီး နောက်ဆုံး ကျောက်ကပ်စွမ်းအင်ကျဆင်းခြင်းတို့၊ အဆုပ်ရောင်ခြင်းတို့ဆိုတဲ့ ရှုပ်ထွေးမှုတွေဝင်လာလို့ဖြစ်ပါတယ်။

ရဲဘော်အီလွတ် (သို့မဟုတ်) မစန်း ကွယ်လွန်သွားပြီးနောက် သူ့အကြောင်း တချို့ရဲဘော်များ သတင်းကွန်ယက်များမှာ အောက်မေ့ဖွယ်စာတမ်းများရေးကြပါတယ်။ သူ့အတွက် သတိရ အောက်မေ့ဖွယ်အခမ်းအနားလေးလုပ်ရာမှာလည်း သူနဲ့ အတူနေခဲ့ဖူးသူများက သူ့အကြောင်းအမှတ်တရတွေပြောကြားတာတွေရှိပါတယ်။ အဲဒီအခန်းအနားလေးမှာ ရဲဘော်များကသူ့အကြောင်းချီးကြူးပြောဆိုကြရာမှာ ကျွန်မစိတ်ထဲစွဲသွားတဲ့အကြောင်းကတော့ မစန်းက ဘယ်သူ့အကြောင်းမှ မကောင်း မပြောဘူးဖူးတဲ့။ အဲဒီအရာလေးကတော့ သူ့ဆီကွကွန်မလေ့လာရမယ့်အချက်ကလေးပါပဲ။

သူ့ဈာပနလေးအကြောင်းရေးထားတဲ့ မောင်လှဝင်း (မြင်းခြံ) ရဲ့စာတန်းထဲမှာ အီလွတ်သည် အနေအထိုင် ရိုးရှင်းသလို စိတ်ဓာတ်လည်း ရိုးရှင်းသည်။ ဘယ်လောက်အခက်အခဲတွေ့တွေ့ ပါတီကို တခါတရံမျှ အပြစ်မပြောခဲ့ဖူးပါ။ ပါတီအစီအမံ အတိုင်းနေထိုင်ရင်း ပါတီကို အမြဲတမ်းယုံကြည်လေးစားနေသည်က သူ့စိတ်ဓာတ်ပင်ဖြစ်သည်လို့ ရေးထားတာ တွေ့ရပါ တယ်။

ဟုတ်ပါတယ်။ အီလွတ် (နောင် မစန်းလို့ နာမည်ပြောင်းခဲ့ပါတယ်) ဟာ ပါတီထဲရောက်တဲ့နေ့ကစပြီး ပါတီရဲ့အနိမ့်အမြင့် အတက်အကျ ခရီးကြမ်းကြီးတလျှောက် ဇွဲနဘဲကြီးမားစွာ ပါဝင်လျှောက်လှမ်းခဲ့ပါတယ်။ ၁၉၈၉ သူ့ဇာတိမြေကိုခွဲခွာခဲ့ရပြီး အလွန်ခေါင်တဲ့ နှင်းခဲတွေဖုံးနေတဲ့ ကချင်တောင်တန်းများပေါ်မှာ ကိုယ်ထူကိုယ်ထ စိုက်ပျိုးစားသောက်နေထိုင်ခဲ့ရတာ တိုင်း ခြားပြည်ခြားနယ်စပ်မြို့ရွာငယ်လေးတွေမှာ ရရာကျပန်းအလုပ်ကလေးတွေဝင်လုပ်ရတာ နောက်ဆုံးထမင်းဆိုင်လေးတဆိုင်ဖြစ်လာအောင် အလွန်ကြီးမားတဲ့ လုံ့လဝိရိယနဲ့ကြိုးစားခဲ့ရပါတယ်။

အဲသလို ပါတီကြီးအလဲလဲအပြိုပြိုဖြစ်စဉ် အသက်မထွက်အောင် အလွန်ခက်ခဲစွာရုန်းကန်နေရစဉ် အီလွတ်ဟာ ပါတီဝင်ဖြစ် ရေးတောင်းဆိုခဲ့တာပါ။ ဒီအချက်ဟာ အီလွတ်ရဲ့အလွန်ပြတ်သား ခိုင်မာလှတဲ့ နိုင်ငံရေးရပ်တည်ချက်ကိုဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ အများကြီးလေးစားဂုဏ်ယူမိပါတယ်။ (အဲဒီကာလများက ပါတီကနေစွန့်ခွာသွားနေကြတာအများအ ပြားပါ။ ရဲဘော်ထွန်းက မြှုပ်ခါနီးသင်္ဘောကြီးပေါ်ကနေ ကြွက်များဆင်းပြေးနေသလိုလို့ ပြောခဲ့ဖူးပါတယ်။)

ကျွန်မတို့ပါတီမှာ အီလွတ်လို မောင့်မျက်နှာ တရွာမှတ်ထင်ပြီး တော်လှန်ရေးထဲပါဝင်လာသူများ ရှိကြပါတယ်။ အများတ ကာ့အများစုကြီးဟာ ခင်ပွန်းသည်များအပေါ် အလွန်ခိုင်မာလှတဲ့ မေတ္တာ သစ္စာတရားများအပေါ်အခြေခံပြီး ခင်ပွန်းသည်ရဲ့ယုံကြည်ချက်အရေးတော်ပုံများအပေါ်ထားရှိတဲ့ စိတ်ဓာတ်နဲ့ တာဝန်ဝတ္တရားများကို ကူညီပါရမီဖြည့်ခဲ့ကြပါတယ်။ ခေတ် သစ် တော်လေးဝဝင် အမျိုးသမီးများပါပဲ။ အဲသလို အမျိုးသမီးကြီးများကို ကျွန်မတို့ ကျန်ရစ်သူ လွမ်းရစ်သူများက စာ က ဗျာတွေ ရေးဖွဲ့ပြီး မှတ်တမ်းတင် အလွမ်းဖြေကြလေ့ရှိပါတယ်။ သူတို့တတွေရဲ့ဘဝများဟာလည်း လွမ်းမောဘွယ်ရာအပြည့် ဖြစ်နေတာကိုး။

ဒီဆောင်းပါးကိုရေးနေစဉ်အတွင်း စိတ်ထဲပေါ်လာတဲ့ ကဗျာလေးတပုဒ်ရှိပါတယ်။ ကျွန်မမေမေအတွက် (ကို) ဖိုးသံ (လူထု) ရေးပေးတဲ့ ကျွန်တော်တို့ဒေါ်ဒေါ်ဆိုတဲ့ ကဗျာလေးပါ။ မေမေကွယ်လွန်ပြီး (၆) နှစ်မြောက်အထိမ်းအမှတ်အဖြစ်ထုတ်ဝေတဲ့ အလွမ်းစာပန်းခြင်းလေး (နှင်းဆီနီစာပေ) စာအုပ်အတွက်ရေးပေးခဲ့တာပါ။ မေမေအကြောင်း အဓိကရေးတာဖြစ်ပေမဲ့-နောက်ဆုံးအပိုဒ်ကလေးကတော့ အီလွတ်တို့လိုလူမျိုးများနဲ့လည်း သက်ဆိုင်တာဖြစ်လေတော့ အဲဒီကဗျာပိုဒ်ကလေးနဲ့ပဲ ကျွန်မရဲ့ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေ။

သြော် ... ဒေါ်ဒေါ်ရယ် ...
တော်လှန်ရေးဆိုတာဟာ
ခေါင်းဆောင်တွေ
သူရဲကောင်းတွေနဲ့ချည်း
ပြီးတာမှ မဟုတ်တာ။

ဂျယ်နီမာက်စ်
ကရွပ်စကားယားနဲ့
ဒေါ်ဒေါ်တို့လိုပုဂ္ဂိုလ်တွေလည်း
တော်လှန်ရေးထဲကနေ
သေခွဲသာ ခွဲသွားကြတာပါ။

ကျန်ရစ်သူတွေအတွက်တော့
ဝမ်းနည်းတာ လွမ်းဆွတ်တာ
အတူတူချည့်ပါပဲ။

နွေလည် နွေမို့
မိုးလည်း မိုးမို့
ဆောင်းလည်း ဆောင်းမို့ ... ။ ။

ရဲဘော်အီလွတ် (မစန်း) တယောက် ငြိမ်းချမ်းစွာအနားယူပါတော့။

လှကျော်ဇော
၁ဝ၊ ၈၊ ၂ဝ၁၇။

မှတ်ချက်။
၁။ ဂျယ်နီမာက်စ် - ကွန်မြူနစ်ဝါဒတည်ထောင်သူ ကားလ်မာက်စ်ရဲ့ဇနီး။        
၂။ ကရွပ်စကားယား - ဆိုဗီယက်ယူနီယံနိုင်ငံကိုတည်ထောင်ခဲ့သူ လီနင်ရဲ့ဇနီး။
၃။ ၁၇၊ ၈၊ ၂ဝ၁၇ နေ့မှာကျရောက်တဲ့ ရဲဘော်အီလွတ်ကွယ်လွန်ခြင်း (၃) လပြည့်အထိမ်းအမှတ်အဖြစ်ရေးဖွဲ့ပါတယ်။
၎။ ဝ တောင်တန်းက လွမ်းပန်းချီ၊ ဆောင်းပါးအမှတ် (၅) ဖြစ်ပါတယ်။

မောင်စွမ်းရည် - ချစ်ဦးညီနဲ့ တင်မိုး

$
0
0


မောင်စွမ်းရည် - ချစ်ဦးညီနဲ့ တင်မိုး

(မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၇

အဖိုးကြီးမို့ ယောင်ယောင်မှားမှားနဲ့ ချစ်ဦးညိုကို “ချစ်ဦးညီ” လို့ ရေးလိုက်မိတာမဟုတ်ပါ။ ညီလေး တစ်ယောက်လိုချစ်လို့ “ချစ်ဦးညီ” ခေါ်တာပါပဲ။ ဒီလို “ချစ်ဦးညီ” လို့ သူ့ကို နာမည်ပြောင်းခေါ်တဲ့သူက တစ်ယောက်တည်းရှိပါတယ်။ ကျွန်တော်တို့ဘေးလူတွေက ရောယောင်ပြီး “ချစ်ဦးညီ” လို့ခေါ်ရင် မကြိုက်ပါ။ ကျွန်တော်တို့လည်း သူ့ကို ညီလေးလို ချစ်ခွင့်မရှိဘူးလား မမေးနဲ့။ ဦးခေါင်း ခါပါလိမ့်မယ်။ ပါးစပ်က ဆေးလိပ်ခဲ ထားလို့ နှုတ်နဲ့မပြောအားဘူးလေ။

ဒီလိုဆို ချစ်ဦးညိုရဲ့ တစ်ဦးတည်းပိုင် အစ်ကိုကြီးက ဘယ်သူလဲဆိုတာ တစ်ချို့ကရိပ်မိလောက်ပါပြီ။ ဟုတ်ကဲ တင်မိုး ပါ။ ကွယ်လွန်သူ ကဗျာဆရာရာကြီး ဦးတင်မိုးပါ။ မန္တလေးတက္ကသိုလ်ထွက်၊ လူထုတိုက်ထွက် တင်မိုး ပါ။ မန္တလေးကို ဘာလို့ထည့်ပြောရသလဲဆိုတော့ ရွှေမန်းသား ချစ်ဦးညိုအကြောင်းပြောမှာမို့ပါ။ မောင်သာရက သူဟာ မန္တလေး ဈေးချိုတော် ခေါင်မိုးပေါ်မှာမွေးဖွားခဲ့သူပါလို့ မန္တလေးသားစစ်ကြောင်း လက်မ ထောင်ပြောလေ့ရှိသလို၊ မောင်မိုးသူက ငါက နာရီစင်ကြီးဖက်မွေးတာလို့ ကြွားလေ့ရှိပါတယ်။ အုပ်ကြီးဝင်းဖေနဲ့ ချစ်ဦးညိုတို့ကတော့ ကျုပ်တို့က နန်းတော်ရှေ့ မန်းပန်တျာကျောင်းခေါင်းမိုးပေါ်မွေးတာလို့ ပြောမလားမသိပါ။

ဟုတ်ကဲ့ ချစ်ဦးညို ရဲ့ ဖခင်က ပန်းတျာကျောင်းတည်စကတည်းက အမျိုးသားအကသင် ဆရာကြီးပါ။ ကဗျာလွန်အကရ၊ ကကွက်စုံ၊ ကကြိုးစုံပါတဲ့ အကပညာဟာ မန်းပန်တျာထွက် အကနည်းပညာစစ်စစ်ပါ။ ကဗျာ လွတ်အကကို တီထွင်သူအကပညာရှင်မင်းသားကြီးရဲ့အမည်က ရွှေဒေါင်းညို တဲ့။ မင်းသားကြီး ရွှေဒေါင်းညိုရဲ့ ညီတော်အရင်းက အငြိမ့်ကြေးတီးဆရာကြီးတစ်ဦးပါ။ သူမတူအောင်ကျော်ကြားခဲ့တဲ့ အငြိမ့်မင်းသမီးကြီး လေဘာတီမမြရင်ရဲ့ အငြိမ့်သဘင်မှာကြေးမောင်းတီးတဲ့ဆရာကြီး ဦးအုန်းဖေပါ။ အဲဒီဆရာကြီးရဲ့သမီးက ယိုးဒယားပြန်အမာစိန် တဲ့။ ပီကင်းပြန် နွဲ့နွဲ့စန်းနဲ့ ယိုးဒယားပြန်အမာစိန်တို့ဟာ မန်းပန်တျာကျောင်းထွက်အဖြစ် အထူးကျော်ကြားခဲ့တဲ့ အငြိမ့်မင်းသမီးနှစ်လက်ဖြစ်ပါတယ်။ ခေတ်ပြိုင်တွေပါ။

အငြိမ့်မင်းသမီးယိုးဒယားပြန် အမာစိန်ဟာ ၁၉၅၆-၅၇ လောက် အငြိမ့်စင်ပေါ်တက်ကခဲ့ပါတယ်။ ဒီအချိန်မှာ မန်းတက္ကသိုလ်မောင်သာနိုး(တက္ကသိုလ်ဝင်း)၊ တက္ကသိုလ်မောင်တင့်ဝေ(ကျောက်ပန်းတောင်း) တို့က တက္ကသိုလ်ကို ရောက်နေကြပြီး မောင်စွမ်းရည်၊ ကြည်အောင်၊ မောင်သိန်းနိုင်၊ တင်မိုး တို့က နောက်မှရှေ့ဆင့် နောက်ဆင့်ရောက်လာခဲ့ကြပါတယ်။ မောင်သာနိုးက တကသအမှုဆောင် ကျောင်းသားခေါင်းဆောင်ဖြစ်ပြီး၊ မောင်တင့်ဝေက အဆောင်သယာရနဲ့ စာဖတ်အသင်းတို့၊ မြင်းခြံခရိုင်အသင်းတို့မှာ အမှုဆောင်၊ တက္ကသိုလ်ဝင်း က လူထုတိုက်ထွက် စာရေးဆရာအဖြစ်နဲ့ မန်းတက္ကသိုလ်ကလောင်ရှင်အသင်းဥက္ကဋ္ဌ ကျောက်ပန်းတောင်းသား ထဲက ထွန်းနွယ်ဆိုသူတစ်ယောက်ပါ ထည့်ပြောဖို့လိုပါတယ်။ သူကတော့ သီချင်းဆိုဝါသနာကြီးသူတစ်ဦးပါ။ ဒါ ပေမဲ့ ဟိုသုံးဦးလောက် ရှေ့တန်းမရောက်ဘူး။ ဟိုသုံးဦးက အမာစိန်ကို တက္ကသိုလ်မှာ ပထမဆုံးစင်တင်ပွဲထုတ် သူတွေဖြစ်လို့ ဖော်ပြတာပါ။ သူတို့က တက္ကသိုလ်ပွဲတိုင်းမှာ အမာစိန်ကို ခေါ်တဲ့အပြင် ကလောင်ရှင်တွေဖြစ်လို့ စာနယ်ဇင်းတွေမှာလည်း ဆောင်းပါးတွေရေးကြပါတယ်။ “ညီမလေး” “ညီမလေး” နဲ့ တစ်လေးတည်း လေးနေ ကြပါပြီ။ မောင်သာနိုးဆိုရင် အင်္ဂလိပ်ဘာသာလူဖြူစကားနဲ့ ဆောင်းပါးရေးပြီး အမာစိန်ကိုသြဘာပေးခဲ့ဖူးပါ တယ်။ မှတ်မှတ်ရရပြောရရင် အဲဒီဆောင်းပါးမှာပါတဲ့ Pois ဆိုတဲ့စကားလုံးကို အဓိပ္ပာယ်မသိလို့ အဘိဓာန်လှန် လိုက်ရသေးသဗျ။

ဒေါ်ခင်နှင်းယုရဲ့ ၀တ္ထုကို မင်းသားကောလိပ်ဂျင်နေ၀င်း၊ တေးရေးအဆိုတော်ကိုမြတ်လေးနဲ့ မင်းသမီး ကြီး ကြည်ကြည်ဌေးတို့ ပါဝင်သရုပ်ဆောင်ခဲ့ကြတာ သတိရကြပါလိမ့်မယ်။ အငြိမ့်မင်းသမီးကြီးရဲ့အမည်က မဗေဒါ ဆိုတွင်ပါရဲ့။ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာကို သီချင်းလုပ်ထားတာလေ။ ဆိုချင်တာက တက္ကသိုလ် ကျောင်းသားနဲ့အငြိမ့်မင်းသမီးဇာတ်လမ်းတွေဟာ ခေတ်တိုင်းမှာဖြစ်နေကြ။ ကြုံနေကြဇာတ်လမ်းတွေဖြစ်ခဲ့ကြ ပြီး ဒီနေ့ထိလည်း မရိုးနိုင်တဲ့ဇာတ်လမ်းတွေပါ။

ကျွန်တော် နောက်တစ်နှစ်နောက်ကျပြီး မုံရွာက မောင်သိန်းနိုင်နဲ့ မြင်းခြံက တင်မိုးတို့ မန်းတက္ကသိုလ် ရောက်လာကြတယ်။ ၁၉၅၇ ဖြစ်မယ်။ အဲဒီနှစ်မှာ တက္ကသိုလ်ဝင်းဆိုတဲ့ ကိုဝင်းမောင်က ကလောင်ရှင်အသင်း ဥက္ကဋ္ဌ၊ တင်မိုးခေါ် ကိုဘဂျမ်းက ဒုတိယဥက္ကဋ္ဌ၊ မောင်သိန်းနိုင်က အတွင်းရေးမှူး။ သူတို့က စာဆိုတော်နေ့စာဆို ကြီးများကန်တော့ပွဲမှာ အမာစိန်အငြိမ့်နဲ့ဧည့်ခံပါတယ်။ တက္ကသိုလ်အမာစိန်ဆိုတဲ့ ရွှေခြည်ထိုးစလွယ်ကြီးကို ဥက္ကဋ္ဌတက္ကသိုလ်ဝင်းက ချီးမြင့်ချင်ပါတယ်။ တက္ကသိုလ်ဝင်းဆိုတာ သစ်ကုန်သည်၊ သစ်စက်ပိုင်ရှင်တစ်ဦးရဲ့ သား ဆိုထင်ပါတယ်။ ဧရာဝတီမြစ်ကမ်း ပိုက်ကျုံးရပ်ကနေပြီး မော်တော်ဆိုင်ကယ်နဲ့ကျောင်းတက်သူပါ။ လက်ပတ်နာရီ ရွှေကြိုးနဲ့ ရွှေကြယ်သီးနဲ့။ လူပုံကတော့ ပုပု၊ ရုပ်က တက္ကသိုလ်ကျောင်သားရုပ်မပေါက်ဘဲ အညာ က ထန်းလျက်ပွဲစားရုပ်မျိုးပါ။ သူက အမာစိန်သွားရာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေကို လိုက်ပြီးပွဲကြည့်သူ ပါ။ တက္ကသိုလ်မှာ အခမ်းအနားရှိတိုင်း အမာစိန်ကို ငှားခိုင်းပြီး တစ်ခါတစ်ရံမှာ သူကပဲ ငွေစိုက်ထုတ်ငှားစေ သူပါ။ အမာစိန်ကိုတော့ တိုင်းရင်းဆေး၊ တိုင်းရင်းသူမဂ္ဂဇင်းတွေနဲ့ အမြဲလက်ဆောင်ပေးပြီး ရိုက်နေသူပါ။ သူ့အ ကြောင်း လူတိုင်းသိနေကြတော့ အမာစိန်ကို ရွှေခြည်ထိုးစလွယ်ကြီးချီးမြင့်ဖို့ရာ သူ စင်ပေါ်မတက်ရဲပါ။ စင်ပေါ်မှာ သူ့ဆရာမကြီး ပါဠိပါမောက္ခဒေါ်အုန်းကလည်း သူ့တပည့် ယုဝတီကလောင်ရှင် ပင်းယမွှေးနဲ့အတူ ထိုင်နေကြဆဲပါ။ ဆုရတဲ့ကျောင်းသားတွေကို ဆုပေးဖို့ပါ။ ပရိသတ်ရှေ့တန်းမှာက ဆရာကြီးမြကေတု(ဦးချမ်းမြ)၊ ဆရာတက္ကသိုလ်ဘုန်းနိုင်၊ ဦးမောင်မောင်တင် စတဲ့သူ့ဆရာတွေက ထိုင်နေကြ တော့ သူစင်ပေါ်မတက်ရဲလို့ တင်မိုး ကိုတက်ခိုင်းတယ်။ တင်မိုးနဲ့သူက ပွဲမတိုင်ခင် ဒီစလွယ်ကြီးချီးမြင့်ပုံကို အကြိမ်ကြိမ်ထုတ် တိုက်ခဲ့ပေမယ့် တင်မိုးက စလွယ်ကို ဇောက်ထိုးပြောင်းပြန်ဆွဲချိတ်ပေးခဲ့ပါတယ်။ ပရိသတ်က “ ဇောက်ထိုး ပြောင်းပြန်ကြီးဗျို” အော်တော့ တင်မိုး လည်းဆင်းခါနီးမှ နောက်ပြန်လှည့်ပြီး စလွယ်ကိုပြန်ဖြုတ်ဖို့ လုပ်ပါတယ်။ အမာစိန်က သူ့ဖာသာပြန်ပြင်ပြီးနေတာကို သူက အမာစိန်ရဲ့ခါးမှာရှိတဲ့ (စလွယ်ကိုတွယ်တဲ့)တွယ် ချိတ်ကို လိုက်ဖြုတ်ပါတယ်။ အမာစိန်က နောက်ဆုတ်၊ သူက လိုက်နဲ့ ပရိသတ်ကလည်းပွဲကျ။ ဆိုင်းကလည်း ဗိန်းမောင်းရိုက်ပေးပေါ့။ နောက်ဆုံးတော့ တင်မိုးက စင်ပေါ်ကခုန်ချပြီး ပရိသတ်ဆီးပွေ့တဲ့ကြား ရုန်းထွက်ပြေး လိုက်တာ ပရိသတ်ထဲကိုပြန်မလာတော့ပါဘူး။ အဲဒိဖြစ်ရပ်ဟာ တက္ကသိုလ်မှာပြောစမှတ်ပြုကျန်ရစ်တဲ့ “တင်မိုး နဲ့ အမာစိန်” ဇာတ်လမ်းပါ။ တင်မိုးက တက္ကသိုလ်ဝင်းရဲ့ကိုယ်စား ကြားထဲ တင်မိုး ခါးနာ မဟုတ်ပဲ၊ ကြားထဲက တင်မိုး ခါးထိုး ဇာတ်လမ်းဖြစ်သွားခဲ့ရတာပါပဲ။

တင်မိုး အိမ်ထောင်ပြုတော့ သူ့အိမ်ငှားနေပါတယ်။ အရိုးအိုးဘုရားရဲ့ အရှေ့ဘက်တဲ့။ ကြံကြံဖန်ဖန် ဖြစ်ချင်တော့ အမာစိန်တို့အိမ်နဲ့ တင်မိုးအိမ်က မျက်နှာချင်းဆိုင်။ နောင်တစ်ချိန်မှာတော့ အမာစိန်မိသားစုအပြင် အငြိမ့်အဖွဲ့ တစ်ဖွဲ့လုံးနဲ့တင်မိုးနဲ့ ရင်းနှီးသွားခဲ့ကြပါတယ်။ ချစ်ဦးညိုနဲ့ တင်မိုးနဲ့က အတွေ့နောက်ကျပါတယ်။ ချစ်ဦးညို၊ ပန်းတျာကျောင်းအုပ်ပန်းချီဆရာကြီး ဦးဝင်းဖေ၊ ပေါ်ဦးသက်၊ မောင်စွမ်းရည်၊ ဒေါက်တာအောင်ခင် (လော့အိန်ဂျလိ)မှာ ကွယ်လွန်သူနဲ့။ ခုခါ မလေးရှားမှာထင်ပါရဲ့ဒေါက်တာမောင်မောင်ညိုတို့ဟာ မန္တလေး အမှတ် ၁ အ ထ က ကျောင်းထွက်တွေပါ။ ချစ်ဦးညိုက တက္ကသိုလ်ရောက်တာနောက်ကျလို့ စာပေနယ်ထဲ ရောက်ကြမှ တင်မိုးနဲ့ခင်မင်ကြရတာပါ။ ချစ်ဦးညိုနဲ့ဆိုရင် စာပေဟောပြောပွဲတွေထွက်တဲ့အခါ တင်မိုးက ဘယ်မဆို လိုက်ပါတယ်။

ချစ်ဦးညိုက ပန်တျာကျောင်းခေါင်းမိုးပေါ်မွေးသူဖြစ်လို့ အက ကောင်းပါ။ အမာစိန်က သူ့အဖေသင်ပေး လို့ လေဘာတီမမြင်ရင်သီချင်းတွေ အကုန်ရပါတယ်။ မြို့မငြိမ်းတို့၊ နန်းတော်ရှေ့ဆရာတင်တို့ရေးတဲ့ သီချင်း တွေပေါ့။ မန်းတက္ကသိုလ်မှာ မောင်သာနိုး၊ တင်မိုးနဲ့ ထွန်းနွယ်တို့ကလည်း အဲဒီသီချင်းတွေအကုန်ရပါတယ်။ အမာစိန်နဲ့ တက္ကသိုလ်ဘက်ထိသွားဆိုတော့ ဒီသီချင်းတွေဟာ မန္တလေးတစ်ခွင်ပြန်လည်ခေတ်စားသွားခဲ့ ပါတယ်။ စစ်ကိုင်းတောင် တန်ဆောင်မုန်းလပြည့် ညပွဲတွေမှာလည်း ဒီသီချင်းတွေချည်းပါပဲ။ ‘မန်ဒါလီ၊ နှစ်ယောက်တည်း၊ ဦးသ၀န်ကြောင်၊ ချစ်တာ ပဓာန၊ မင်းဂံတုတ်၊ တုံးကျော်မ၊ စတဲ့သီချင်းတွေကို မောင်သာနိုးနဲ့ တင်မိုး၊ ချစ်ဦးညိုနဲ့ တင်မိုး၊ ဆုံမိတိုင်းလိုလို ဆိုကြပါတယ်။

ချစ်ဦးညိုက သဘင်မဂ္ဂဇင်းကို တည်းဖြတ်ထုတ်ဝေဖူးပါတယ်။ ဘယ်မဂ္ဂဇင်းမှာမှ ပင်တိုင်ရေးလေ့မရှိတဲ့ တင်မိုးက သဘင်မဂ္ဂဇင်းမှာ ပင်တိုင်ရေးပေးပါတယ်။ ကျွန်တော်မှတ်မိသလောက်ကတော့ ကဗျာအဖွင့်၊ ကဗျာ ခံစားမှုဆောင်းပါးတွေကိုပဲ တင်မိုးရေးခဲ့တယ်။ တင်မိုးက မဂ္ဂဇင်း ၀ါသနာတော့ကြီးပါတယ်။ ချစ်ဦးညိုရဲ့ သဘင် မဂ္ဂဇင်းကို သူ့မဂ္ဂဇင်းလိုပဲ သံယောဇဉ်ကြီးပါတယ်။ စာမူပေးဖို့တစ်ခါ၊ မဂ္ဂဇင်းပေးဖို့တစ်ခါနဲ့ တစ်ခါတလေများနှစ်ခါအနည်းဆုံး ချစ်ဦးညိုနဲ့တင်မိုးတို့တွေ့ကြပါတယ်။ ပါးစပ်ကလည်း ချစ်ဦးညီ ၊ ချစ်ဦးညီနဲ့ တဖွဖွခေါ်လေ့ရှိပါတယ်။ အသိုင်းအ၀ိုင်းတစ်ခုလုံးကတော့ ဒါဟာ ဆရာမိုးက စောင်းချိတ်ပြီး ယောက်ဖ လို့ခေါ် နေတာလို့ နားလည်ထားကြပါတယ်။

ကျွန်တော်ရယ်၊ ချစ်ဦးညိုရယ်၊ တင်မိုးရယ် အတူတူ စာပေဟောပြောပွဲသွားကြတဲ့အခါ အလွန်ဘက်ညီ ပါတယ်။ မန္တလေးအုပ်စုလည်းဖြစ်တဲ့အပြင် အမာစိန်အုပ်စုလို့လည်း ဆိုနိုင်ပါတယ်။ ချစ်ဦးညိုနဲ့ ဒီသုံးယောက် ဆုံမိရင် အမာစိန်ကိုလွမ်းကြရပါတယ်။ တကယ်တော့ နောက်ကြ စကြတာပါ။ ကျွန်တော်တို့အားလုံးက အမာစိန် ကို သန့်သန့်ရှင်းရှင်းချစ်ကြတာပါ။ နှမလေးတစ်ယောက်လို ချစ်ကြတာပါ။ သူ့ရဲ့အနုပညာကိုလည်း လေးစား တန်ဖိုးထားကြပါတယ်။ သူကလည်း အဖေကိုယ်တိုင်နောက်ကတီးမှုတ်နေတော့ ကလက်တက်တက်မပြောပါ။ ၀ါသနာလည်း မပါရှာပါ။ နွဲ့နွဲ့စန်းနဲ့သူနဲ့ တက္ကသိုလ်မှာ ခေတ်ပြိုင်ကျော်ကြားခဲ့ကြတယ်။ နှစ်ယောက်စလုံး မန်းပန်တျာကျောင်းထွက်တွေပါ။ ဒါပေမဲ့ နွဲ့နွဲ့စန်းက လုံးကြီးပေါက်လှ ဆိုပါစို့။ နွဲ့နွဲ့စန်း က တဲ့အခါ ကျောင်းသားတွေက နှာတွန်သံပေးကြလို့ ဆုံကြပါစို့။ လက်ခေါက်မှုတ်ပြီး တွန် တတ်ကြပါတယ်။ ဒါတွေကို ကျွန်တော်က ခရီးသွားရင်း ချစ်ဦးညိုကိုပြောပြပါတယ်။

ချစ်ဦးညိုနဲ့တွဲစ ပထမပိုင်းခရီးတူထွက်ကြတို့ ညအိပ်ရင် တက္ကသိုလ်အကြောင်း စားမြုံပြန်ကြတော့ ချစ်ဦးညိုက အမာစိန်အကြောင်း စကား စလာပါတယ်။ သူ့အဖေနဲ့ အမာစိန်အဖေ ညီအစ်ကိုဆိုတာကြားဖူးပေမဲ့ အမာစိန်နဲ့မောင်နှမဆိုတာကိုသတိမထားမိတဲ့ တက္ကသိုလ်မှာ အမာစိန်ခေတ်စားခဲ့ပုံတွေကို စိတ်ပါလက်ပါပြော ရင်း တက္ကသိုလ်ဝင်း နောက်ပိုးခန်းတွေကိုပါ ပြောပြခဲ့ပါတယ်။ တင်မိုးနဲ့အမာစိန် ဇာတ်ကောင်လည်းပြောပြဖူးပါ တယ်။ တော်ပါသေးရဲ့ မကြားဝံ့မနာသာ တစ်ခုမှမပါခဲ့ပါ။ အတင်းအဖျင်းပြောစရာအကြောင်းလည်း မရှိပါ။ အားလုံးစကားတွေပြီးတော့မှ ချစ်ဦးညိုက သူနဲ့အမာစိန် မောင်နှမတွေဆိုတာ ပြောလိုက်ပါတယ်။ တော်သေးရဲ့ ဘာမှ အတင်းအဖျင်းမပါလို့။

ကျွန်တော်တို့သုံးယောက်သား ရခိုင်ခရီးတစ်ခု သွားဖူးတယ်။ ခုပြန်ကြားရေးဝန်ကြီးဖြစ်နေတဲ့ ဒေါက် တာဖေမြင့်က သံတွဲမှာ စာရေးဆရာဖြစ်စအခါပေါ့။ ဒေါက်တာဖေမြင့်က ကျွန်တော်တို့ကို ပင်လယ်ကမ်းစပ် တည်းခိုခန်းမှာ နေရာချထားပေးပါတယ်။ တစ်ယောက်တစ်ခန်းစီအိပ်ကြတော့ သန်းခေါင်ကျော်နေပြီ။ တင်မိုးက တစ်ယောက်တည်း ဆေးလိပ်ဖွာနေရာကထွက်လာတော့ ကျွန်တော်အထွက်နဲ့ဆုံတယ်။ ဟေ့ ဘယ်လဲဆိုတော့ ချစ်ဦးညီတဲ့။ မှတ်မှတ်ရရ ချစ်ဦးညိုနဲ့ဆုံတိုင်း မာမာအေးနဲ့ဆုံတိုင်း တင်မိုးက သီချင်းဆိုချင်တာပါ။ သူများဆိုတာ နားထောင်ချင်တာထက် သူကိုယ်တိုင်ဆိုချင်တာက ပိုကဲပါတယ်။

ကျွန်တော်အလွမ်းဆုံးကတော့ တင်မိုးက ချစ်ဦးညိုနဲ့ကျွန်တော့ကို တစ်ဖက်တချက် ပုခုံးဖက်ပြီး သီချင်း ဆိုခဲ့ကြတဲ့ ညတစ်ညပါပဲ။ တက္ကသိုလ်အဓိပတိလမ်းမကြီးမှာ လူရှင်းချိန် လသာတဲ့ညမှာ ရောက်တတ်ရာရာ သီချင်းတွေဆိုကြတော့ နောက်ဆုံးတင်မိုးဆိုလိုက်တဲ့သီချင်းက ကျွန်တော်တို့လည်းမမျှော်လင့်၊ တခြားသူ့မိတ် တွေအပေါင်းအသင်းတွေလည်း မျှော်လင့်ထားမှာမဟုတ်တဲ့ သီချင်းပါ။ ဂိုယာရမ် တဲ့။ သူဆိုတော့ ချစ်ဦးညိုနဲ့ ကျွန်တော်ပါ သံပြိုင်လိုက်ဆိုမိကြပါတယ်။ ချစ်ဦးညိုရေ မှတ်မိတယ်မဟုတ်လား။ ဒါဟာ ကျွန်တော်တို့ သုံးယောက် နောက်ဆုံးတွဲခဲ့ကြတာဖြစ်မယ် ထင်ပါတယ်။

ချစ်ဦးညိုနဲ့ကျွန်တော်နဲ့ နောက်ဆုံးအကြိမ်ဆုံမိကြတာကိုလည်း လွမ်းမိပါတယ်။ ကျွန်တော် ပြည်ပ မထွက်ခင် နောက်ဆုံးတွေ့ခဲ့ကြတာ ဆိုလိုပါတယ်။ ညီလေး ချစ်ဦးညို မှတ်မိပါလေစ။ ဒေါ်ခင်မျိုးချစ်ရဲ့ နောက်ဆုံးခရီးမှာပေါ့။ ဒေါ်ခင်မျိုးချစ်ရဲ့ ရုပ်အလောင်းဘေးမှာ ကျွန်တော်နဲ့ချစ်ဦးညို နှစ်ယောက်သား ရှိုက်ကြီး တင် ငိုကြွေးရင်း အမေ ဒေါ်ခင်မျိုးချစ်ကို ပြိုင်တူဦးချနှုတ်ဆက်လိုက်ကြပါတယ်။ နောက်တော့ ကျွန်တော်ပြည်ပ ထွက်လာလို့ ချစ်ဦးညိုနဲ့မဆုံဖြစ်တော့ပါ။

ချစ်ဦးညိုကို ဆရာမကြီးဒေါ်ခင်မျိုးချစ်တို့ ဇနီးမောင်နှံက အလွန်ချစ်ပါတယ်။ ကျွန်တော်နဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ဇနီးမောင်နှံက ရင်းနှီးကြတာက အိမ်နီးချင်းမို့ပါ။ အဝေးကြီးနေတဲ့ ချစ်ဦးညိုကို ခဏခဏ တွေ့ချင် လို့ တစ်ခါတစ်လေ ကျွန်တော့်ကိုရှာခိုင်းတတ်ပါတယ်။ ဒေါ်ခင်မျိုးချစ်နဲ့ လူထုဒေါ်အမာတို့ကလည်း အသက်ကြီးသွားလို့သာ။ တကယ်တော့ သူတို့လည်း တင်မိုးလိုပါပဲ။ လေဘာတီ မမြရင်ဆိုတဲ့သီချင်းတွေကို အလွန်ဟဲချင်ကြရှာပါတယ်။ ချစ်ဦးညိုက ဆိုတတ်၊ ကတတ်တဲ့အပြင် သဘင်လောကအကြောင်းလည်း ထဲထဲ ၀င်ဝင်သိလို့ ဇာတ်သဘင်စိတ်ဝင်စားသူတွေက ချစ်ဦးညိုနဲ့ပြောကြဆိုကြရတာ မွေ့လျော်တတ်ကြပါတယ်။

အခု အမေရိကားကို ချစ်ဦးညိုတို့လာမယ်ဆိုတော့ ချစ်ဦးညိုအလွမ်းငွေ့တွေက ထောင်းထောင်းထလာ တာနဲ့ စာထရေးလိုက်တော့ ချစ်ဦးညိုမဟုတ်ဘဲ ချစ်ဦးညီ ဖြစ်သွားပါလေရော။ ချစ်ဦးညီဆိုတော့ ချစ်ဦးအစ်ကိုကြီးတို့ ချစ်ဦးကချေသည်မလေးတို့ပါ တသီကြီးပါလာလို့ မလည်းကလောင်ချုပ်ယူရပါတယ်။ သြော် လွမ်းသလေး၊ မန်းမြေ တ မိပြန်တော့၊ စွမ်းကဖေးမှာ လွမ်းပွေစွရယ်နဲ့ ဂျမ်းရေ ... လိုပဲတော့ ထန်းရေက တငုံ နှစ်ငုံ…..။ ကာရန်ဆွဲရာ ရေးမိပါလေရော။

မောင်စွမ်းရည်၊ ဇူလိုင် ၃၀

ဒေါက်တာခင်မောင်ဝင်း (သချာင်္) - ဥာဏ်စမ်း (၁)

$
0
0

ဒေါက်တာခင်မောင်ဝင်း (သချာင်္) - ဥာဏ်စမ်း (၁)
(မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၇
ဝက် နှင့် ကြက်တူရွေး အရေအတွက်

မောင်ညိုသည် ဝက်များနှင့် ကြက်တူရွေး များကို မွေးထားသည်။ ၄င်းတို့၏ ခေါင်းအရေအတွက် မှာ ၁၅ ခု
နှင့် ခြေထောက် အရေအတွက်မှာ ၅၀ ဖြစ်လျှ င် ဝက် ဘယ် နှစ်ကေါင် ရှိသနည်း။ အားလုံးတွင် အမြီး ဘယ်နှစ်ခု ရှိသနည်း ။

စဉ်းစားနည်း
ဝက် အရေအတွက် = x
ကြက်တူရွေး အရေအတွက် = y ဟုထါးပါ။

ဝက် နှင့် ကြက်တူရွေး အရေအတွက်ပေါင်းသည် ခေါင်း အရေအတွက်ဖြစ်သည်။ ဝက်တစ်ကေါင်တွင် ခြေထောက် လေးချောင်းစီ နှင့် ကြက်တူရွေး တစ်ကေါင်တွင် ခြေ ထေါက်နှစ်ချောင်းစီ ရှိသည်။

တွက်နည်း နှင့် အဖြေ
ခေါင်း အရေအတွက် = x + y

ကြက်တူရွေး၏ခြေထောက် အရေအတွက်ပေါင်း = 2 y

ဝက်၏ ခြေထောက်အရေအတွက် ပေါင်း = 4 x

ထို့ ကြောင့်

x + y =15 _ __ __ __ __ 1

4 x + 2 y =50 - --- --2

ညီ မျှ ခြင်း 1 နဲ့ 2 မှ x နှင့် y တို့ကှို ရှာသော်

x =10 y= 5

ဝ က် 10 ကောင် နှင့် ကြက်တူရွေး 5 ကေါင်

ဝက်တွင်သာ အမြီး ရှိသည်ဟု ယူဆလျ င် အမြီး ဆယ်ခုဖြစ်သည်။ ဝက် နှင့် ကြက်တူရွေးတွင် အမြီးရှိသည်ဟု ယူဆလျှင် အမြီး ဆယ့်ငါးခု ဖြစ်သည်။

နောက်တစ်နည်း ဝက်နှင့် ကြက်တူရွေး ဆယ့်ငါးကေါင် ဖြစ်နိုင်သောနည်းများကို စမ်းကြည့်သော်

ကြက်တူရွေး နဲ့ ဝက်။ ( ခြေထေါက် စုစုပေါင်း )

1 & 14  (2 + 56) = 58

2 &  13 (4 + 52) = 56

3 & 12 (6 + 48) = 54

4 & 11 (8 + 44) = 52

5 & 10 (10 + 40) = 50

နောက် တစ် နည်း

အကောင် အရေအတွက် = 15

အားလုံးတွင် ခြေထောက် နှစ်ချောင်းစီရှိလျှင် ခြေထောက် အရေအတွက် = 2 ×15 = 30

ယခု ခြေထောက်အရေအတွက် 50 ဖြစ်သဖြင့်

ပိုနေသော ခြေထောက် အရေအတွက် = 50 - 30 = 20

ခြေနှစ်ချောင်းပို --- --- --- ဝက်တစ်ကေါင်

20 --- --- --- ---- --- --- ---  20÷2 = 10 ကေါင်

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (27)

$
0
0
လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (27)
အိမ်သုံး ကျောင်းသုံး ရုံးသုံး - GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၇

Using multiple sheets

တဖိုင်တည်းတွင် Google Sheet အများအပြား တွဲသုံးခြင်း

Sheet နဲ့ Docs နဲ့ မတူတာကတော့ စာရင်းစာရွက်တွေကို တဖိုင်တည်းမှာပဲ တွဲပြီး sheet အများအပြား ဖွင့်လှစ် သုံးစွဲတာမျိုး ဖြစ်ပါတယ်။ docs မှာဆိုရင် လအလိုက် တဖိုင်စီ သိမ်းထားရမယ်။ sheet မှာ ဆိုရင်တော့ တဖိုင်တည်းအတွင်းမှာ multiple sheet လို့ ခေါ်တဲ့ sheet တွေကို လအလိုက် သီးခြားစီ ဖွင့်ပြီး တွဲသိမ်းထားလို့ ရပါတယ်။ မာတီပယ်ရှိ(တ်) တွေကို အသစ်လုပ်တာ၊ ကူးတာ၊ ဖျက်တာ၊ ရွေ့တာကို ဒီသင်ခန်းစာကနေ သရုပ်ပြမှာ ဖြစ်ပါတယ်။

To create a new sheet: စာရင်းစာရွက်အသစ် ဖွင့်ခြင်း


အခု ဥပမာမှာကတော့ ကွန်ပြူတာစင်တာတခုမှာ လအလိုက် ဆားဗစ်စာရင်းတွေ ထည့်သွင်းတဲ့ sheet တွေကို ဖွင့်ပြီး ထားမယ် ဆိုကြပါစို့။

  1. Add Sheet command ကို sheets toolbar ကနေ အောက်ပါအတိုင်း ခေါ်သုံးပါ။
  2. Clicking the Add Sheet command.
  3. A new sheet (sheet 1) ဆိုတာ ပေါ်လာပါမယ်။ A new sheet appears in the sheets toolbar.

အပေါ်မီးနူးကနေလည်း sheet အသစ်ကို ထည့်လို့ ရပါတယ်။ Insert Menu ကို ဆွဲချပါ။ ပြီးတော့ New sheetလို့ drop-down menu ကနေ ရွေးပါ။

Clicking Insert and selecting New Sheet.

To rename a sheet: စာရင်းစာရွက်ကို အမည်ပြောင်းခြင်း

  1. Sheet tabကို အရင် ရွေးချယ်ပါ။ ပြီးတော့ အဲသည် မောက်စ်ကနေ ထောက်ပြီး ပေါ်လာတာကနေ Rename...လို့ ဆလက်လုပ်ပါ။
  2. Renaming a sheet.
  3. သင်အလိုရှိရာ အမည်ကို ပြောင်းရိုက်ထည့်ပါ။ အခုဆိုရင်တော့ မေလ ဆိုပြီး ရိုက်ထည့်လိုက်ပေါ့။
  4. Renaming a sheet.
  5. ပြီးတာနဲ့ Enter ခေါက်။ sheet အမည် ပြောင်းပြီးပါပြီ။
  6. The renamed sheet.

To switch to a different sheet: Sheet တခုမှ တခုသို့ ကူးပြောင်းခြင်း

  1. sheet tabsတွေကို မောက်စ်နဲ့ နှိပ်လိုက်ပါ။ sheet တခုကနေ နောက်တခုကို display ပြောင်းသွားပါလိမ့်မယ်။
  2. Selecting the desired sheet.
  3. ဇန်န၀ါရီ sheet ကို ပြောင်းနှိပ်လိုက်တော့ January မှာ ရှိနေတဲ့ စာရင်းတွေ ပေါ်လာတာပေါ့။The selected sheet.

ဒီ sheet တွေကိုလည်း gmail account တွေကနေ share လုပ်လို့ ရပါတယ်။ သူများတွေနဲ့ စာရင်းတွေကို ခွဲပြီး ၀ိုင်းလုပ်ကြတာမျိုး လုပ်လို့ရတာပေါ့။ ဒါကို docs သင်တုန်းက ပြောပြီး ဖြစ်ပါတယ်။ သဘောက အတူတူပါပဲ။ တခု ထူးတာကတော့ ကိုယ့်စာရင်းကို ရှယ်ထားပေမယ့် သူများ ၀င်မပြင်စေချင်ရင် sheet Protect လုပ်လို့ ရပါတယ်။ လုပ်နည်းကတော့ ကိုယ့် sheet ကို မောက်စ်နဲ့ ထောက်ပြီးတော့ ပေါ်လာတဲ့ မီးနူးကနေ Protect Sheet ကို နှိပ်ပါ။ Protecting a sheet.

To move a sheet: Sheet တွေကို နေရာ အထားအသို ရွေ့ခြင်း

  1. ရွေ့ချင်တဲ့ စာရင်း sheet tab ကို ကလစ်လုပ်၊ မောက်ကို ဖိပြီး ဆွဲပြီး လိုတဲ့ နေရာကို ရွှေ့လို့ ရပါတယ်။ ဥပမာ May ကို Jan နောက်နေ April sheet tab နောက်အထိ ရောက်အောင် Click and drag လုပ်ပါ။
  2. Moving a sheet tab
  3. မောက်စ်ကို လွှတ်လိုက်ရင် သူ့အဲသည်ကို ရွှေ့သွားပါလိမ့်မယ်။
  4. After placing the tab

To duplicate a sheet: Sheet ကို မိတ္တူ ပွားခြင်း

  1. ကော်ပီပွားလိုတဲ့ sheet tab ကို ကလစ်လုပ်ပါ။ ပြီးတော့ Duplicate ကို Menu ကနေ ရွေးချယ်ပါ။

  1. Selecting Duplicate
  2. Copy of Mayဆိုပြီးတော့ May Sheet Tab ဘေးမှာ ပေါ်လာပါတယ်။ ပြီးတော့မှ Rename Sheet လုပ်ပေါ့။ The duplicated sheet

To copy a sheet to another spreadsheet in Google Drive

သင့်မှာ အခြား spreadsheet ဖိုင်တွေ ဒရိုက်ထဲမှာ ရှိသေးရင် အဲသည်ဖိုင်ထဲကို လက်ရှိ ဖိုင်ထဲက sheet tab ကိုလည်း ကူးပေးလို့ ရတယ်နော်။ တဖိုင်တည်းအတွင်းက sheet tab တွေ ကူးတာမဟုတ်ပါ။ သဘောကတော့ ဒီနှစ် ဆားဗစ်လော့ဖိုင်ထဲက မေလ စာရင်းစာရွက်ကို မနှစ်က ဆားဗစ်လော့ဖိုင်ထဲဆီကို ကော်ပီ ကူးပို့ထားလို့ ရတယ်လို့ ပြောချင်တာ။ သင်တန်းဆရာက ဒါကို သရုပ်ပြပေးဖို့ လိုပါတယ်။

To delete a sheet: sheet ကို ဖျက်ခြင်း

  1. Sheet tabကလစ်လုပ်ပါ။ Delete from the menu ရွေးချယ်ပါ။
  2. Selecting Delete
  3. သင့်ကို သတိပေးတဲ့  warning dialog box ပေါ်လာမယ်။ သေချာရင်တော့ OKကို ကလစ်လုပ်ပြီး ဖျက်နိုင်ပါပြီ။
  4. Clicking OK

ဆက်လက်ဖော်ပြပါမည်

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - a drop

$
0
0

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - a drop 
(Academic Weekly Journal, Yangon) မိုးမခ၊ သြဂုတ် ၁၇၊ ၂၀၁၇

မျိုးတေဇာမောင် ● မီးခိုးခေါင်းတိုင်

$
0
0

မျိုးတေဇာမောင် ● မီးခိုးခေါင်းတိုင်
(မိုးမခ) သြဂတ်စ် ၁၇၊ ၂၁၇

ဖျော့တော့တဲ့ ဆည်းဆာနေရောင်အောက်မှာ
တစ်ကိုယ်တည်းရပ်နေတယ်
ဆံပင်နက်နက်တွေ လေကြောင့်လွင့်နေပေမယ့်
ပိန်သွယ်တဲ့အရိပ်တစ်ခု ကတော့ ငြိမ်သက်စွာရပ်လို့
မြို့တော်တံတိုင်း အောက်ဘက်ဆီမှာ
နည်းနည်းအေးပြီး၊ နည်းနည်း အထီးကျန်ဆန်တယ်
ကျနော်ဟာ ပျံတက်သွားချင်နေတဲ့ မီးခိုးခေါင်းတိုင်။

ဦးခေါင်းကိုငုံ့ပြီး၊ ရှည်လျားတဲ့ ကျုံးကိုငေးကြည့်မိ
ရေဟာ ကျုံးနှုတ်ခမ်းထိလျှံလို့၊
ကောက်ကောက်ကွေ့ကွေ့ စီးဆင်းနေတာ
နှစ်ထောင်ပေါင်းများစွာ
ဘယ်သူ ကျနော့်ကို အကျဉ်းချခဲ့သလဲ။

နေ့လည်ခင်းတိုင်း
ကောင်းကင်ပေါ်က တိမ်လွှာဖြူဖြူတွေရဲ့ခြေရာတွေကို ကျနော် မော့ငေးတယ်။

ကျနော် အဝေးကို ခရီးနှင်ဖို့ တမ်းတမိ
အို... အဲ့ဒီ့မြစ်ကြောင်းရှည်ရှည်၊ တောင်တန်းပြာပြာတွေ
ကျနော်ဟာ တိမ်တွေကို လိုက်ဖမ်းနေတဲ့
ကြိုးကြာတစ်ကောင်ဖြစ်ခဲ့ရင်
ဒါမှမဟုတ် ဖုန်မှုန့်လေးတစ်မှုန့်ဖြစ်ခဲ့ရင်တောင်...
ဒါပေမယ့် ကျနော်ဟာ
အခြားလူတွေဆီ အထီးကျန်မှုတွေ မျှဝေနေရင်း
မြို့တော် တံတိုင်းအောက်ဘက်နားမှာ ထင်နေတဲ့
အရိပ်တစ်ခုမျှသာ ။

Lo Fu ရဲ့ CHIMNEY
From: River of the Soul; 1956

မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး - အပိုင်း (၆)

$
0
0
မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး - အပိုင်း (၆)
(မိုးမခ) သြဂတ်စ် ၁၇၊ ၂၀၁၇

● ၂ဝ၁၂ ခုနှစ် ရခိုင် ဘင်္ဂါလီအရေးအခင်း
၂ဝ၁၂ ခုနှစ် ရခိုင် ဘင်္ဂါလီအရေးအခင်းသည် ၂ဝ၁၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ၌ ရခိုင်အမျိုးသမီးငယ် မသီတာထွေး မုဒိန်းကျင့်သတ်ဖြတ်ခံရခြင်း ၂ဝ၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့တွင် မွတ်စလင် ၁ဝ ဦးအား လူတစုက သတ်ဖြတ်လက်စားချေခြင်းမှစတင်သည်ဟု ဆိုကြသည်။  ထိုဖြစ်စဉ်အား အစိုးရ၏ ကိုင် တွယ်မှု အားနည်းခြင်းကြောင့် သို့မဟုတ် ပြဿနာဖန်တီးလိုသူ အစွန်းရောက်လူတစုက ဖန်တီးခြင်းကြောင့်ဟုလည်း ဆိုကြ သည်။  ထိုသို့ဆိုနိုင်သည့် အကြောင်းအချက်များလည်း ရှိပါသည်။  သို့သော် တကယ်တမ်းဆိုရလျင် တကယ်ပြဿနာမှာ နှစ်ပေါင်းများစွာရှိနေသည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြဿနာအား မှန်ကန်စွာဖြေရှင်းခြင်းမရှိဘဲ ပြဿနာမရှိသကဲ့သို့ ထား ခဲ့ခြင်း၏ အကျိုးဆက်ဖြစ်သည်ဟုဆိုရပါမည်။  ပြဿနာဖန်တီးသူတို့က မည်သို့ ဖန်တီးချင်သည်ဖြစ်စေ မူရင်းရေခံမြေခံမရှိ ဘဲ ပြဿနာကြီး ပေါ်ပေါက်လာနိုင်ခြင်းမရှိပေ။

ထို့ကြောင့်လည်း လူသောင်းချီသေဆုံးခဲ့သည့် ၁၉၄၂ ခုနှစ် ရခိုင် ဘင်္ဂါလီအရေးအခင်းအပြီး နှစ်ပေါင်း ၇ဝ အကြာတွင် ကြီး မားသည့် ဒုတိယအကြိမ် ရခိုင်ဘင်္ဂါလီအရေးအခင်းဖြစ်ပေါ်လာခဲ့သည်။  ထို့ပြင် ဤပြဿနာသည်နိုင်ငံတကာက အာရုံစိုက် သည့် ပြဿနာလည်းဖြစ်လာခဲ့သည်။  ကြာမြင့်စွာပစ်ထားခဲ့၍ ရောဂါရင့်မှကုသရသည့် အခြေအနေမျိုးလည်းဖြစ်နေပေ တော့သည်။

ကျောက်နီမော်နှင့် တောင်ကုတ်ပြဿနာများပေါ်ထွက်လာသည့် ရက်ပိုင်းအတွင်း ဘင်္ဂါလီမွတ်စလင်များ အများစုနေထိုင် သည့် မောင်တောမြို့၌ ၂ဝ၁၂ ဇွန်လ ၈ ရက် သောကြာနေ့တွင် နေ့ဝတ်ပြုဆုတောင်းပွဲအပြီး ဗလီအတွင်းမှ ထွက်လာသော ထောင်နှင့်ချီသော ဘင်္ဂါလီ မွတ်စလင်များသည် တုတ်ဒါးလက်နက်စွဲကိုင်၍ ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များနှင့်နေအိမ် အဆောက်အုံများ ဗုဒ္ဓဘာသာ ဘာသာရေးအဆောက်အအုံများကို တိုက်ခိုက်ကြတော့သည်။  ဤသို့မောင်တော၌ ဆူပူအုံ ကြွမှုသည် ကျောက်နီမော်နှင့်တောင်ကုတ်အရေးကြောင့်သက်သက် ပေါ်လာသည်ဟု ယူဆ၍မရပေ။ အဘယ်ကြောင့် ဆိုသော် ဤသို့ပြဿနာများမရှိမီ ၁၉၈၈ ခုနှစ်ကလည်း တကြိမ်ဖြစ်ဘူးခဲ့၍ ဖြစ်သည်။

၁၉၈၈ ခုနှစ် မေလ ၁၃ ရက်နေ့ည ၇ နာရီခန့်တွင် ဘင်္ဂါလီမွတ်စလင်လူဦးရေ ၅ဝဝဝဝ ခန့်သည် မောင်တောမြို့အား ဝိုင်း၍ ကြွေးကြော်သံများဟစ်ကြွေး၍ ဆူပူမှုဖြစ်ပွားခဲ့သည်။ နေအိမ်အချို့ နှင့် ဘုန်းကြီးကျောင်းတကျောင်းအား ဖျက်ဆီးမှု ပြုခဲ့ သည်။ မြို့တွင်း ရဲတပ်ဖွဲ့နှင့်ထိမ်းသိမ်းရန် မလွယ်ကူခဲ့ပေ။ မြို့အားဝိုင်းထားစဉ် ဖုန်းလိုင်းများပါဖြတ်တောက်ထားခဲ့၍ မြို့ နှင့် ၄ မိုင်အကွာရှိ လုံထိန်းတပ်ဖွဲ့သို့ ကားဖြင့်ဖေါက်ထွက်ပြီး အကူအညီရယူပြီး လုံထိန်းတပ်ဖွဲ့ရောက်လာမှပင်အခြေအနေ ထိမ်းသိမ်းနိုင်ပြီး မနက်မိုးမလင်းမီ ဘင်္ဂါလီမွတ်စလင်များ လူစုခွဲသွားကြသည်။ ဤအခြေအနေသည် ရခိုင်ပြည်နယ်အခြား နေရာများတွင် မည့်သည့်အဖြစ်အပျက်များမှမရှိဘဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဤလှုပ်ရှားမှုနောက်ကွယ်တွင် RSO ခေါ် ရို ဟင်ဂျာသွေး စည်းညီညွတ်ရေးအဖွဲ့ကကြိုးကိုင်နေသည်ဟု ယူဆကြသည်။  ထိုလုပ်ဆောင်ချက်အား ရဲတို့အား မကျေနပ်၍ ဆန္ဒပြသည်ဟူ၍ ရှင်းလင်းမှုများရှိသော်လည်း ညဘက်လူအင်အားအများအပြားနှင့် မြို့အားဝိုင်းခြင်းသည် သာမန်ဆန္ဒပြမှု မျိုးတော့မဟုတ်ပေ။ သို့သော် ၁၉၈၈ ခုနှစ်တွင် ပြည်တွင်း၌လည်း နိုင်ငံရေးအကြပ်အတည်းဖြစ်ပေါ်နေရာ ဤကိစ္စအား ပြည်တွင်းမှရော နိုင်ငံတကာကပါ အာရုံမစိုက်မိပေ။

သို့ဖြစ်ရာ ၂ဝ၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ မောင်တောဆူပူမှုသည် ကျောက်နီမော် တောင်ကုတ်ပြဿနာတို့ကြောင့် ရှောင် တခင်ပေါ်လာသည့်ပြသနာမဟုတ် ရေရှည်အမြစ်တွယ်နေသည့်ပြဿနာကြောင့်ဖြစ်သည်။ အခွင့်အခါကောင်းတွင် ပြန် လည် ပေါ်လာသည့်ပြဿနာဖြစ်သည်။  မောင်တောဆူပူမှု အတွင်း မြို့တွင်းရှိ အိမ်များ ဈေးဆိုင်များ ဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရသကဲ့သို့ မောင်တောမြို့ အနောက်တောင်ဖက်ရှိ ရခိုင်တိုင်းရင်းသားကျေးရွာ ၁ဝ ရွာခန့် မီးရှို့ဖျက်ဆီးခံ လိုက်ရ သည်။

ထို့နောက် ၂ဝ၁၂ ဇွန်လ ၉ ရက်နေ့တွင် စစ်တွေမြို့၌ ဆူပူမှုဖြစ်သည်။ နေအိမ်များ ရပ်ကွက်များ ရွာများအပြန်အလှန် မီးရှို့ ဖျက်ဆီးကြတော့သည်။ ထို့နောက်မငြိမ်သက်မှုများမှာ အောက်တိုဘာလအထိ ဖြစ်ပွားသည်။  ကျောက်ဖြူမြို့တွင် အောက် တိုဘာလ ၂၂ ရက်နေ့တွင်ဖြစ်ပွားသည်။  အပြန်အလှန်တိုက်ခိုက်မှုများကြားတွင် မီးလောင်ပျက်စီးမှု များ သေကြေဒဏ်ရာရမှု များ များပြားခဲ့သည်။  စစ်တွေ ကျောက်ဖြူရှိ ဘင်္ဂါလီတို့၏အိမ်များ ဗလီများ အဖျက်ခံခဲ့ရသကဲ့သို့ ရခိုင်တို့၏အိမ်များ ဘုန်း ကြီးကျောင်းများလည်း ဖျက်ဆီးခံခဲရသည်။  သို့ဖြစ်ရာ ၂ဝ၁၂ ရခိုင် ဘင်္ဂါလီ အရေးအခင်းသည် ဇွန်လမှ အောက်တိုဘာလအထိ ၅ လတာကြာမြင့်ခဲ့ပြီး ဆုံးရှုံးပျက်စီး သေကြေဒဏ်ရာရမှု များစွာဖြစ်ပွားခဲ့သည်။  ဒုက္ခသည်စခန်းများစွာ ပေါ်ပေါက်ခဲ့သည်။  အပြန်အလှန်စွပ်စွဲမှု များစွာပေါ်ခဲ့သည်။  မီးအား မည်သူက စရှို့သည်မည်သူက စတင်တိုက်ခိုက်သည်ဆိုသည်တို့ အပြန်အ လှန် ငြင်းခုံခဲ့ကြသည်။ အပြန်အလှန်ယုံကြည်မှု ပျက်ပြားသွားသည်ကတော့ အသေအချာဖြစ်သည်။

ယခုအချိန်တွင် ရခိုင်ဒုက္ခသည်စခန်းများကို ပြန်လည်နေရာချ ပေးနိုင်ပြီဖြစ်သော်လည်း ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်စခန်းများ ကို ပြန်လည်နေရာချပေးနိုင်ခြင်း မရှိသေးပါ။

● အနီးခေတ် ဘင်္ဂါလီမွတ်စလင်တို့၏ ပုန်ကန်ထကြွမှုများ
၁၉၈၈ ခုနှစ်မေလ မောင်တောမြို့ အား ဝိုင်းပြီး မကြာမီ ၁၉၉၄ ခုနှစ်တွင် RSO ခေါ် ဘင်္ဂါလီမွတ်စလင် လက်နက်ကိုင်အဖွဲ့ အင်အား ၁၂ဝ ခန့်သည် ပင်လယ်ရေကြောင်းလမ်းမှ မောင်တောမြို့နယ်တွင်းသို့ ဝင်ရောက်လာခဲ့သည်။ ၁၉၉၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ညတွင် မောင်တောမြို့ နေရာ ၁၂ နေရာ ဗုံးများခွဲရာ ဗုံး ၉ လုံးပေါက်ကွဲသည်။ မပေါက်ကွဲသော ဗုံး ၃ လုံးအား အာဏာပိုင်များက သိမ်းဆီးရမိခဲ့သည်။ ထိုနေ့ညတွင် RSO အင်အား ၈ဝ ခန့်က မောင်တောတောင်ပိုင်းသို့လည်းကောင်း၊ အင်အား ၄ဝ ခန့်က မြောက်ပိုင်းသို့လည်းကောင်း ဝင်ရောက်ခဲ့သည်။

မောင်တောတောင်ပိုင်းသို့ဝင်ရောက်သည့် RSO များ ကျောက်ပန်းဒူရွာ ဇေယျဝတီရွာတို့ကို တိုက်ခိုက်ခဲ့သည်။  မြောက်ပိုင်း သို့ဝင်သော RSO များက ရွှေတောင်ရွာအား တိုက်ခိုက်ခဲ့သည်။  ထိုနောက် တပ်မတော်က ဝင်ရောက်ရှင်းလင်းရာ ရက် ၂ဝ ခန့်အတွင်း RSO ၅၈ ဦးသေဆုံး၍ လက်နက်ခဲယမ်းများသိမ်းဆည်းရမိကာ ဗုံးထောင်ရာတွင် ပါဝင်သူ ၈ ဦးအား ဖမ်းဆီးရမိခဲ့ သည်။  RSO လှုပ်ရှားမှု အရေးနိမ့်သွားခဲ့သည်။

၂ဝ၁၂ အရေးအခင်းများအပြီး ၄ နှစ်အကြာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် နောက်တကြိမ် အစိုးရ နယ်ခြားစောင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့သည်။  မောင်တောမြို့နယ်အတွင်းရှိ အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်ရှိရာ ကျီးကန်းပြင်စခန်း၊ ငါးခူရစခန်းနှင့် ကိုးတန်ကောက်စခန်းတို့ကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။  အဆိုပါ အောက်တိုဘာတလအတွင်း ရဲတပ်ဖွဲ့မှ ၉ ဦးကျဆုံး တပ်မတော်က ၅ ဦးကျဆုံးကာ လက်နက် ၄၈ လက် ဆုံးရှုံးခဲ့သည်။  ဘင်္ဂါလီမွတ်စလင်လက်နက်ကိုင်များဖက်ကလည်း ၃၄ ဦးသေပြီး ၄၉ ဦး ဖမ်းဆီးခံခဲ့ရသည်။

ထိုမှစ၍ မောင်တောဒေသတွင်း၌ လက်နက်ကိုင်တိုက်ခိုက်မှုနှင့် မတည်ငြိမ်မှုများဖြစ်ပွားခဲ့သည်။ ၂ဝ၁၆ ခုနှစ်ကုန်ပိုင်းတွင် အစိုးရနှင့်တပ်ကအခြေအနေကို ပြန်လည်ထိမ်းချုပ်နိုင်ခဲ့သည်။ လက်ရှိ မောင်တောနယ်အတွင်း ဘင်္ဂါလီမွတ်စလင်တို့၏ လက် နက်ကိုင် လှုပ်ရှားမှုကို အကာမူ မူဂျာဟစ်ဒင်အဖွဲ့က ဦးဆောင်နေသည်ဟု ဆိုသည်။ တိုက်ပွဲများအတွင်း RSO တံ ဆိပ်များ အလံများကိုလည်း တွေ့ရသည်ဟု ဆိုသည်။

လတ်တလောတွင် တိုက်ခိုက်မှုများငြိမ်သက်နေသော်လည်း လှုပ်ရှားမှုများရှိနေဆဲဖြစ်သည်။  ၂ဝ၁၇ မေလ ၃၁ ရက်နေ့က မောင်တောမြို့နယ်ချောင်းကုလားမြောက်ကျေးရွာမှ မော်လဝီဆရာတယောက်အိမ်တွင် လမ်းလျှောက်စကားပြောစက် အ လုံး ၄ဝ သိမ်းဆည်းရမိပြီး လူကမူ ထွက်ပြေးလွတ်မြောက်နေသည်ဟု ဆိုသည်။ ထို့ပြင် ၂ဝ၁၆ အောက်တိုဘာ ၉ ရက်မှ မေလကုန်အထိ အရပ်သား ၃ဝ သေဆုံး ၂၂ ပျောက်ဆုံး စုစုပေါင်း ၅၂ ဦးထိရှိပြီဖြစ်သည်။ အစိုးရအုပ်ချုပ်ရေးပိုင်းနှင့် နီး စပ်သော ဘင်္ဂါလီမွတ်စလင်လူကြီးများ ကျေးရွာအုပ်ချုပ်ရေးမှူးများ သေဆုံးသည့်အထဲတွင် ဆက်တိုက်လိုပါဝင်လာသည်ကို တွေ့ရသည်။

ထို့ပြင် မေလအတွင်း ဗုံးပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီးသေဆုံးရာတွင် ပါကစ္စတန်နိုင်ငံသား ၂ ဦးပါဝင်သည်ကို တွေ့ရ သည်။  လက်ရှိ ဘင်္ဂါလီမွတ်စလင်တို့၏ လက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံတကာအကြမ်းဖက်အဖွဲ့စည်းများ နှင့် ဆက်စပ်နေကြသည်။

ဗိုလ်နေဝင်းအာဏာသိမ်းပြီး ၁၉၆၃ ခုနှစ် မတရားသင်းကြေညာရာတွင် ရိုဟင်ဂျာအမည်တပ်ထားသော အဖွဲ့အစည်းအားလုံး ပါသွားသည်။  ရိုဟင်ဂျာကျောင်းသားသမဂ္ဂခေါင်းဆောင် မိုဟာမက် ဂျဖါ ဟာဘစ် Mohammad Jafar Habib အပါအဝင် တက်ကြွလှုပ်ရှားသူများက မြေအောက်ရောက်သွားကြပြီး ၁၉၆၃ မေလတွင် ရိုဟင်ဂျာလွတ်လပ်ရေးတပ်ဖွဲ့ Rohingya Independence Force RIF ကိုစတင်ဖွဲ့စည်းရာ အစောဆုံး ရိုဟင်ဂျာအမည်ခံ သူပုန်အဖွဲ့ဖြစ်လာခဲ့သည်။  ၁၉၆၁ ခုနှစ် မူ ဂျာဟစ်ဒင်များ အဆုံးသတ်သွားပြီး ပြန်လည်ပေါ်လာသော သူပုန်အဖွဲ့ဟု ဆိုရမည်။ ၁၉၇၄ ခုနှစ်တွင် ထိုအဖွဲ့သည် Rohingya Patriotic Front RPF ဟုဖြစ်လာသော်လည်း ရခိုင်တွင် မလှုပ်ရှားနိုင်ဘဲ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတွင် အခြေ ပြုလှုပ်ရှားခဲ့သည်။

၁၉၇၈ ခုနှစ် မြန်မာနိုင်ငံတွင်း နေထိုင်သူများအား စစ်ဆေးရန် နဂါးမင်းစစ်ဆင်ရေးပြုလုပ်သည့်အခါ ဘင်္ဂါလီ ၂၅ဝဝဝဝ ခန့် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသောအခါ နိုင်ငံတကာ၏ အာရုံစိုက်မှုရရှိပြီး ဆော်ဒီအာရေဗျ၏အကူအညီ စတင်ရရှိခဲ့သည်။

ထိုသို့နိုင်ငံတကာအထောက်ပံ့များရလာသောအခါ ပို၍ စစ်သွေးကြွသော အစိတ်အပိုင်းများသည် RPF မှ ခွဲထွက်ပြီး RSO ကို ထူထောင်ခဲ့ကြသည်။  ပို၍တင်းကြပ်သော ဘာသာရေးစည်းကမ်းများကြောင့် ကမ္ဘာ့မွတ်စလင်အသိုင်းအဝိုင်းရှိ အလား တူအဖွဲ့များ၏ ထောက်ခံမှု ရခဲ့သည်။  ဘင်္ဂလားဒေ့ရှ် အာဖဂန် မလေးရှား ကက်ရှမီးယားတို့မှ အဖွဲ့များ၏ ထောက်ခံမှု ရ လာပြီး ဘင်္ဂလားဒေ့ရှ် Ukhia ရှိ RSO စခန်းများတွင် အာဖဂန်နည်းပြများကို တွေ့လာရပြီး RSO ၁ဝဝ ခန့်မှာလည်း အာဖဂန် သို့သင်တန်းသွားတက်ခဲ့သည်။ ၁၉၉၄ တွင် ရခိုင်သို့ RSO တို့ဝင်ရောက်ခဲ့သော်လည်း အရေးနိမ့်ခဲ့သည်။

ဘင်္ဂါလီမွတ်စလင်များထဲမှ အလယ်အလတ်ကျသောသူများသည် Arakan Rohingya Islamic Front ARIF ဟူ၍ ဖွဲ့စည်း ခဲ့သည်။  RPF လက်ကျန်နှင့် RSO များထွက်ပြေးလားသူများနှင့်ဖွဲ့စည်းခဲ့သော်လည်း အင်အားကြီးထွားမလာဘဲ ဘင်္ဂလား ဒေ့ရှ်တွင်လည်း ခြေကုပ်ကောင်းစွာမရခဲ့ဟု ဆိုပါသည်။  ၁၉၉၈ ခုနှစ်တွင် Arankan Rohingya National Organization အာရကန်ရိုဟင်ဂျာအမျိုးသားအဖွဲ့ဖြစ်လာပြီး အလယ်အလတ်အယူဝါဒကိုဖေါ်ပြ၍ စစ်တကောင်းနှင့် ကော့ဘဇားတွင် ပြည်ပြေးအဖြစ် ရပ်တည်ခဲ့ကြသည်။ သို့သော် နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရက နယ်စပ်ကို ပို၍ထိမ်းချုပ်လာပြီးသည့် နောက်ပိုင်း ထိုအဖွဲ့များသည် သိပ်အလုပ်မဖြစ်တော့ဟု၍လည်း ဆိုကြသည်။

သို့သော် ရခိုင်ရှိ ဘင်္ဂါလီမွတ်စလင်များထဲမှ တက်ကြွသူများသည် နောက်ပိုင်း၌ မလေးရှားဖီလစ်ပိုင် အင်ဒိုနီးရှားတို့ရှိ မွတ် စလင်စစ်သွေးကြွများနှင့် အဆက်အစပ်ပိုရှိလာသည်။  ထိုပြင် ပို၍တက်ကြွသည့် မျိုးဆက်တခု ထွက်ပေါ်လာသည်ဟု သုံး သပ်ကြသည်။  ၂ဝ၁၄ ခုနှစ် ဖေဖဝါရီနှင့်မေလကလည်း အသေအပျောက်များသော တိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း ပြည်တွင်းမီဒီယာများတွင် ဖေါ်ပြခြင်းမရှိဟုဆိုပါသည်။ နောက်တဖန် ၂ဝ၁၆ခုနှစ် အောက်တိုဘာမှစ၍ ထပ်မံတိုက်ခိုက်မှု များပေါ်လာသည်။

အဆိုပါစစ်သွေးကြွများအား ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နယ်စပ်များတွင် လေ့ကျင့်ပေးနေကြသည်။ ဖိလစ်ပိုင် မလေးရှား အင်ဒိုနီးရှားမှ အကြမ်းဖက်အဖွဲ့များနှင့် အဆက်အသွယ်ရှိကြသည်။  လက်ရှိလှုပ်ရှားမှု နောက်ကွယ်မှ အဓိကခေါင်းဆောင်မှ ရခိုင်ပြည်နယ်မှမိဘများမှ ပါကစ္စတန်နိုင်ငံတွင် ဖွားမြင်သူ Abdus Qadoos Burmi ဟူ၍လည်း ဆိုကြသည်။  ယခုအချိန်ထိ စစ်သွေးကြွ မည်မျှရှိသည်။ မည်သို့လက်နက်တပ်ဆင်ထားသည်။ မည်သူကခေါင်းဆောင်ဖြစ်၍ မည်သည့်အဖွဲ့အစည်းဖြစ်သည်ဆိုသည်တို့မှာ ယခုအချိန်ထိ ရှင်းရှင်းလင်လင်းမရှိသေးပါ။  အမည်အမျိုးမျိုးခေါ်ဝေါ်သုံးစွဲနေကြဆဲဖြစ်သည်ဟု မြန်မာ့အရေးကျွမ်းကျင်သူတဦးဖြစ်သူ ဘာတေးလင်နာက သုံးသပ်ဖေါ်ပြထားပါသည်။

၂ဝ၁၇ ဇွန်လအတွင်း မြန်မာအစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အား Aqua Mul Mujahidin ခေါ် AMM အဖွဲ့က ဦးဆောင်ခြင်းဖြစ်ပြီး ၎င်းအဖွဲ့အပြင် Rohinja National Security Committee အဖွဲ့လည်း ရှိခဲ့သည်ဟု ဆိုပါသည်။  ထို ၂ ဖွဲ့ပေါင်း၍ Arakan Rohigya Salvation Army ARSA အား ၂ဝ၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး စစ်ရေးတာဝန်ခံမှာ Aqua Mul Mujahidin AMM မှ ဟာဘစ်ဒူဟာ ဖြစ်သည်ဟုဆိုသည်။ ၂ဝ၁၇ ခုနှစ် ဇွန်လအတွင်း မယူတောင်တန်းပေါ်ရှိ ARSA စခန်းတခုအား တပ်မတော်က ရှင်းလင်း နိုင်ခဲ့သည်ဟု ဆိုသည်။  ထို့အပြင် ထို ARSA အဖွဲ့သည် ကျေးရွာ ဆယ်အိမ်မှူး ရာအိမ်မှူး စာကြည့်တိုက်မှူး များအပါ အဝင် အရပ်သား ၃၄ ဦးအားသတ်ဖြတ်ပြီး ၂၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အစိုးရက တရားဝင်ထုတ်ပြန်ထား ပါသည်။

သေချာသည်မှာ လက်ရှိမောင်တောဒေသတွင် လှုပ်ရှားနေသောအဖွဲ့များသည် နိုင်ငံတကာ အစ္စလမ် စစ်သွေးကြွများ ISIS စသည်တို့နှင့် အဆက်အသွယ်ရှိသည်က သေချာသလောက်ဖြစ်သည်။  ထို့ကြောင့်လည်း ၂ဝ၁၆ ခုနှစ်မောင်တောဖြစ်စဉ်အား ကြည့်၍ Jane's defence စာစောင်က ၂ဝ၁၇ ခုနှစ်တွင် အကြမ်းဖက်မှုများ ပိုဆိုးလာနိုင်သည်ဟု သုံးသပ်သည်။  ဖီလစ်ပိုင် မာရဝီမြို့တိုက်ခိုက်မှု ထိုင်းတောင်ပိုင်းတိုက်ခိုက်မှုများကြောင့် အရှေ့တောင်အာရှတွင် မွတ်စလင်စစ်သွေးကြွတို့၏ တိုက် ခိုက်မှု ပိုလာနိုင်သည်ဟု သုံးသပ်နေကြသည်။

၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်း မောင်တောတိုက်ခိုက်မှုဖြစ်စဉ်တွင် အထူးသတိထားရမည်မှာ နိုင်ငံတကာ အစ္စလမ်မစ် အစွန်း ရောက်အကြမ်းဖက်သမားများနှင့် ဆက်နွယ်မှုဟု ဆိုသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

(ဧရာဝတီ မြန်မာပိုင်း၌ ဇူလိုင် ၂၅၊ ၂၀၁၇ ရက်နေ့က ဖော်ပြပြီးဖြစ်သည်။)


Photo credit : Getty Images

တူမောင်ညို ● မြွေအရေခွံလဲသလို အပြောင်းအလဲမျိုးလား

$
0
0
တူမောင်ညို ● မြွေအရေခွံလဲသလို အပြောင်းအလဲမျိုးလား
(မိုးမခ) သြဂတ်စ် ၁၇၊ ၂၀၁၇

စစ်တပ်ဆိုတာ (ပဒေသရာဇ်၊ အရင်းရှင်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်) အစိုးရရဲ့ အစိတ်အပိုင်းသာဖြစ်တယ်။ အစိုးရအဖွဲ့ဝန်ကြီး ဌာနတွေအနက် တစ်ခုဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ စစ်တပ်ကို ထားရှိမြဲဖြစ်တယ်။ ဘယ်လိုအစိုးရပဲဖြစ်ဖြစ် အရင်းခံမူက အစိုးရရဲ့အမိန့်ကို စစ်တပ်က နာခံရတာဖြစ်တယ်။

လက်ရှိ “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲက ဒီချုပ်အစိုးရနဲ့ စစ်တပ် ဆက်ဆံရေး အနေအထား ( ခုပြောနေကြတဲ့ တပ်ဘက် အရပ်ဘက်ဆက်ဆံရေးဆိုတဲ့ စကားလုံးနဲ့ပြောရရင်) ဟာ အစိုးရဟာ တပ်ကို အမိန့်မပေးနိုင်တဲ့အပြင် “ချော့မော့တောင်းပန် နေရတဲ့ ဆက်ဆံရေး” လို့ ပြောရင် အပြောလွန်ရာကျမယ် မထင်ပါဘူး။

မြန်မာနိုင်ငံမှာတော့ ၁၉၆၂ မတ်လက စလို့ စစ်တပ်ဟာ အဲဒီ ပုံစံက ပျက်ပြားသွားတယ်။ ဗိုလ်နေဝင်းလက်အောက် လုံးလုံး လျားလျား ကျရောက်သွားတယ်။ ဗိုလ်နေဝင်းစာ စစ်တပ်ကို သူ့ခါးပိုက်ဆောင်တပ်သဖွယ် အသုံးချသွားခဲ့တယ်။ “၁၉၇၄ အခြေခံ ဥပဒေ” အတည်ဖြစ်လာတော့ စစ်တပ်ဟာ (မဆလ) ပါတီရဲ့အမိန့်ကို နာခံခဲ့ရတာပဲဖြစ်တယ်။ (မဆလ) ပါတီဆိုတာ ဗိုလ်နေဝင်းရဲ့ ခါးပိုက်ဆောင် ပါတီသာဖြစ်တယ်။ ခါးဆောင်ပါတီ၊ ခါးပိုက်ဆောင်စစ်တပ်နဲ့ ဗိုလ်နေဝင်းဟာ  ဆိုရှယ်လစ်စနစ် ကို ချီတက်ခဲ့တာ တိုင်းပြည်နဲ့ ပြည်သူဟာ အဆင်းရဲဆုံးနိုင်ငံ (LDC) ဘဝ သက်ဆင်းကျရောက်သွားခဲ့ရတယ်။

ဗိုလ်နေဝင်းက သူ့စိတ်ကြိုက် ကာချုပ်တွေ တင်ခဲ့တာပဲဖြစ်တယ်။ ဗိုလ်စောမောင်ကို ဖယ်ရှားပြီး ဗိုလ်သန်းရွှေ ကာချုပ်ဖြစ် လာတာဟာ ဗိုလ်နေဝင်း mandate နဲ့ဖြစ်တာပါ။ ဗိုလ်နေဝင်း စိတ်ကြိုက်ခန့်ခဲ့တဲ့ ကာချုပ် ၅  ယောက်ရှိပါတယ်။
[ဗိုလ်စန်းယု၊ ဗိုလ်တင် ဦး (ဒီချုပ်နာယက) ၊  ဗိုလ်ကျော်ထင်၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ] တို့ ဖြစ်ပါတယ်။
၁၉၄၇ အခြေခံဥပဒေထဲမှာ စစ်တပ်နဲ့ပတ်သက်လို့ တလုံးတပါဒမှ ရေးမထားပါဘူး။
စစ်တပ်ဟာ ဗိုလ်နေဝင်းရဲ့ တလက်ကိုင်ပဲ။ ဒီလိုကိုင်နိုင်ဖို့ ဂတ်စတာပိုထောက်လှမ်းရေးကိုလည်း ဗိုလ်နေဝင်းက လက်သပ် မွေးထားတယ်။ ဒီမှာလည်း ထောက်လှမ်းရေးညွန်ချုပ်ဆိုတာ သူ့စိတ်ကြိုက်ခန့်ခဲ့တာဖြစ်တယ်။

(ဗကပ) နဲ့ စစ်ပြိုင်တိုက်နိုင်တဲ့ စစ်ဗိုလ်တွေကို ဗိုလ်နေဝင်းက ထိပ်ပိုင်းရာထူးမပေးပါဘူး။ တပ်အပေါ် စစ်ရေးသြဇာလွှမ်းပြီး သူ့ကို ကျောသွားမှာ အဖြစ်မခံနိုင်ပါဘူး။ ဒါကြောင့် ပြည်တွင်းစစ်မှာ (ဗကပ) ကို တိုက်တဲ့ စစ်ဗိုလ်တွေ တပ်မှာ နေရာမရပါဘူး။
 ဗိုလ်ထွန်းရီ (နပိုလီယံ) [နောင် (တစည) ပါတီဥက္ကဋ္ဌ] ဟာ သူတို့စစ်တပ်ထဲမှာ ဖိုက်တာပဲ။ ဗိုလ်ထွန်းရီဟာ ကာချုပ်ဖြစ်ရမယ့် သူပဲ ဒါပေမယ့် ဘာမဟုတ်တဲ့အကြောင်းပြချက်နဲ့ ဗိုလ်နေဝင်းက သူ့ကို (ဗိုလ်ထွန်းရီ) ဖယ်ရှားပစ်ပြီး (ကာချုပ် ဖြစ်နိုင်တယ်လို့ ဘယ်သူကမှ ထင်မှတ်မထားတဲ့) စစ်ရေးချုပ်လုပ်နေတဲ့ ဗိုလ်စောမောင်ကို ကာချုပ်ခန့်ခဲ့တယ်။

အထက်ပါအချက်အလက်များကနေ ဘာကိုကောက်ချက်ချပြောနိုင်သလဲဆိုတော့ ဒီတော့ ၁၉၆၂ ကနေ ၁၉၉၂ (ဗိုလ်သန်း ရွှေ ကာချုပ်ဖြစ်လာတဲ့အထိ) နှစ်ပေါင်း ၃၀ လုံးလုံး စစ်တပ်နဲ့ကာချုပ်ဆိုတာ စစ်အုပ်စုထိပ်သီးဗိုလ်နေဝင်းရဲ့ သစ္စာခံ၊ အသုံး တော်ခံတွေ တလက်ကိုင်တွေသာဖြစ်တယ်ဆိုတဲ့အချက်ကို ပြောနိုင်ပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွင်းဖို့ (မိုးပေါ်ထောင်ဖောက်တာမပါဘူး၊ တည့်တည့်ပစ်တယ်) အမိန့်ပေးခဲ့သူဟာ ဗိုလ်နေဝင်းဖြစ်ပြီး၊ “စောမောင် - ခင်ညွန့် အာဏာသိမ်းကြ” လို့ ခေါ်ပြီး အမိန့်ပေးတာလည်း ဗိုလ်နေဝင်း ပဲဖြစ်တယ် မဟုတ်ပါလား။

ဗိုလ်သန်းရွှေဟာ ဗိုလ်နေဝင်းကို ဖယ်ရှားခဲ့သူဖြစ်တယ်။ ဒီလိုဖယ်ရှားနိုင်ဖို့ ဗိုလ်သန်းရွှေအတွက် ရေခံမြေခံ ၃ ခု အသင့်ရှိနေခဲ့ တယ်။ ပထမတစ်ခုက သူကိုယ်တိုင် ဗိုလ်နေဝင်း mandate နဲ့ ကာချုပ်ဖြစ်နေတဲ့အချက်၊ ဒုတိယတစ်ခုက ဗိုလ်နေဝင်း အိုမင်းတွင်းဆုံးကျလာတဲ့အချက်၊ တတိယအချက်က ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးက ဗိုလ်နေဝင်းနဲ့ (မဆလ) အုပ်စု ကို မြောင်းထဲတွန်းချလိုက်တဲ့အချက်ဖြစ်ပါတယ်။

 ဒီ ၃ ချက်အနက် အဓိကအကျဆုံးအချက်က “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ဟာ ဗိုလ်နေဝင်းရဲ့ဇာတိရုပ်ကို ဖွင့်ချပြီး နိုင်ငံရေးသေတွင်းထဲပို့ပစ်လိုက်တဲ့အချက်ဖြစ်ပါတယ်။ ဗိုလ်နေဝင်း ဘယ်လိုမှအဖတ်ဆယ်မရနိုင်တဲ့ အချက်ဖြစ်တယ်။ ဒီအ ချက်တွေကို ပိုင်ပိုင်နိုင်နိုင်အသုံးချပြီး ဗိုလ်သန်းရွှေဟာ နံပါတ်ဝမ်းဖြစ်တာတာပါပဲ။

ဒါဟာ နံပါတ်ဝမ်းကို ဖယ်ရှာသူဟာ နံပါတ်ဝမ်းဖြစ်လာတယ်။ ဒါဟာ  ပဒေသရာဇ်ခေတ်မှာလို အဖေကို သတ်သူ၊ ဘကြီးကို သတ်သူဟာ ရှင်ဘုရင်ဖြစ်တယ်ဆိုတဲ့ လောဂျစ်ပါပဲ။ စစ်တပ်ထဲမှာတော့ နံပါတ်ဝမ်းကို ဖယ်ရှားနိုင်သူဟာ နံပါတ်ဝမ်းဖြစ် တာပါပဲ။

၂၀၀၄ မှာတော့ အင်မတန်စွာနေတဲ့ ဗိုလ်ခင်ညွန့်ကို ဖြုတ်ချလိုက်နိုင်တဲ့အခါမှာ  ဗိုလ်သန်းရွှေဟာ  စစ်တပ်ထဲမှာ  ပြိုင်ဘက် ကင်းတဲ့ စစ်အုပ်စု နံပါတ်ဝမ်း ဖြစ်လာပါတယ်။

ဗိုလ်သန်းရွှေဟာ ဗိုလ်နေဝင်းလို ကာချုပ်တွေ မခန့်ခဲ့နိုင်ဘူး။ သူကိုယ်တိုင်ပဲကာချုပ်လုပ်တယ်။ ဒါပေမယ့် စစ်တပ်နဲ့အစိုးရ ထဲမှာ ရာထူးအဆင့်နေရာတွေ ဖန်တီးပေးပြီး နယ်စားပယ်စားလို အပိုင်စားနေရာ ခွဲဝေပေးထားခဲ့တယ်။  ခွဲဝေစားသောက်စေခဲ့ တယ်။ ဒါဟာ ဗိုလ်နေဝင်းနဲ့ မတူတဲ့ပရိယာယ်ကျင့်သုံးမှုဖြစ်တယ်။ ဒီလိုနဲ့စစ်ဗိုလ်ထိပ်သီးတွေဟာ မကြုံဖူး၊ မကြားဖူးတဲ့ ပမာဏနဲ့ ကျိကျိတက် ချမ်းသာလာကြတယ်။  (နဝတ-နအဖ) ဗိုလ်သန်းရွှေခေတ်မှာ ဒီလိုဖြစ်လာတာပဲ။ ၁၉၉၂ ဗိုလ်သန်းရွှေ ကာချုပ်စဖြစ်တဲ့ နှစ်ကနေ ၂၀၁၀ ဗိုလ်သန်းရွှေအနားယူတဲ့အထိဆိုရင် ၁၈ နှစ်နီးပါး ရှိတယ်။

ဗိုလ်သန်းရွှေဟာ နားတယ်ဆိုပေတယ်လို့ ဗိုလ်နေဝင်းလို အရေးတော်ပုံနဲ့ဖြုတ်ချခံရတာမဟုတ်ဘူး။ သူ့စိတ်ကြိုက် “၂၀၀၈ အခြေခံဥပဒေ” ရေးဆွဲအတည်ပြု၊ ကြံ့ဖွံ့အသင်းကို နိုင်ငံရေးပါတီအဖြစ်ပြောင်း၊ သူ့စိတ်ကြိုက် ကာချုပ်ခန့်ပြီး ကန့်လန့်ကာ နောက်ဝင်သွားတာဖြစ်တယ်။

ဗိုလ်သန်းရွှေ စိုးမိုးသွားတဲ့ ၁၈ နှစ်ကာလမှာလည်း စစ်တပ်နဲ့ ထိပ်သီးစစ်ဗိုလ်တွေ ဟာ ဗိုလ်သန်းရွှေ သစ္စာခံ၊ အသုံးတော်ခံ၊ တစ်လက်ကိုင်တွေပဲဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်တယ်။ ဒီတော့ ဗိုလ်နေဝင်းပဲဖြစ်ဖြစ်၊ ဗိုလ်သန်းရွှေပဲဖြစ်ဖြစ် “စစ်တပ် (ဝါ) တပ်မတော်”  ကို သူတို့ကိုယ်ကျိုးသက်သက်အတွက် အသုံးချသွားတာသာဖြစ်တယ်ဆိုတဲ့အချက်ကို အထင်အရှားတွေ့မြင်ရမှာဖြစ်ပါတယ်။

ဗိုလ်နေဝင်းနည်းက စစ်တပ်အခန်းကဏ္ဍကို “၁၉၄၇ အခြေခံဥပဒေ” ထဲ ထည့်မရေးဘဲ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အရာရာ ကို လွှမ်းမိုးချုပ်ကိုင်ထားတာဖြစ်တယ်။ ဗိုလ်သန်းရွှေနည်းကတော့ စစ်တပ်အခန်းကဏ္ဍကို  “၂၀၀၈ အခြေခံဥပဒေ” ထဲမှာ ဗြောင်ထည့်ရေးပြီး နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အရာရာကိုလွှမ်းမိုးချုပ်ကိုင်ထားတာဖြစ်တယ်။

 ဒါဟာ စစ်အုပ်စုရဲ့စံကျတဲ့ အတွေးအခေါ်နဲ့လုပ်ပုံလုပ်နည်းဖြစ်တယ်။  အကုန်အစင်ဖယ်ရှားပစ်ရမယ့်အရာဟာ အဲဒီအတွေး အခေါ်နဲ့ အဲဒီလုပ်ပုံလုပ်နည်းတွေပဲဖြစ်တယ်။

“စစ်ဘက်အုပ်ချုပ်မှုမှ အရပ်အုပ်ချုပ်ရေးသို့” ပြောင်းတယ်ဆိုတာမှာ “တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေဝင်းမှ (မဆလ) ပါတီဥက္ကဋ္ဌ ဦးနေဝင်းထံသို့ ပြောင်းနည်း” မျိုးလည်း ကြုံခဲ့ကြဖူးပြီ။ “(နအဖ) စစ်အစိုးရမှ ကြံ့ဖွံ့အစိုးရသို့ ပြောင်းနည်း” လည်း ကြုံခဲ့ကြဖူးပြီ။ စစ်ဗိုလ်တွေ ယူနီဖောင်းဝတ်ရာကနေ အရပ်ဝတ်ပြောင်းဝတ်တဲ့ “အပြောင်းအလဲ” ဆိုတာမျိုးနဲ့တော့ ကွဲပြား ခြားနေစေချင်ပါတယ်။

နောက်တစ်ခုက “သူရဗိုလ်ရွှေမန်း၊ သူရဗိုလ်အောင်ကို” တို့ ပါးစပ်ကနေ စစ်တပ်ဟာ သူ့နေရာမှန် ပြန်သွားရမယ်၊ ပြန်သွား သင့်တယ်လို့ တည်တည်ကြည်ကြည်ပြောတာဆိုတာ၊ သူတို့ပိုင် (social media) ပေါ်ကနေ ထုတ်ဖော်ရေးတာများ၊ ကြားဖူး ဖတ်ဖူးကြပါသလား။

စစ်တပ် (ဝါ) တပ်မတော်ကို သူ့နေရာမှန်မှာ ထိုက်ထိုက်တန်တန် ပြန်ရောက်စေချင်ကြတာပါပဲ။
အဲဒီနေရာမှန်ဆိုတာ တခြားမဟုတ်ဘူး။ စစ်အုပ်စုရဲ့ တစ်လက်ကိုင်ဘဝ၊ ခါးပိုက်ဆောင်ဘဝက ယတိပြတ် ကင်းလွတ်စေပြီး၊ တိုင်းရင်းသားပြည်သူများနဲ့ ဒီမိုကရေစီကိုကာကွယ်တဲ့ ဂုဏ်သိက္ခာရှိတဲ့တပ်ဆိုတဲ့နေရာမှန်ကို ပြန်ရောက်စေချင်တာပါ။ ဒီနေရာမှန်ကို ရောက်မသွားစေချင်သူဟာ တပ်မတော်ကို အစဉ်အဆက် ဂုပ်ခွစီးထားတဲ့ တစ်လက်လက်ကိုင်လုပ်ထားတဲ့၊ ခါးပိုက်ဆောင်လုပ်ထားတဲ့ စစ်အုပ်စုပဲဖြစ်တယ်။ ဒီတော့ စစ်အုပ်စုက ဒီအချက်ကို အကြောက်အကန် ကာကွယ်နေတာ ဖြစ်တယ်။

မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Democratic Transition ) မှာ (NDC) က ဗိုလ်မှူးကြီးအောင်မြင့်ဦး ဆွေးနွေးတယ်၊ ပြောဆိုတယ်ဆိုတဲ့အချက်တွေကို ကြည့်လိုက်တော့ စစ်အုပ်စုအတွေးအခေါ်ကို လာတင်ပြတာ ဆွေးနွေးတာဖြစ်တယ်။ နှစ်ပေါင်း ၅၀ နီးပါး တိုင်းပြည်ကို လွှမ်းမိုးအုပ်စိုးခဲ့တဲ့ ကာလကိုပြန်ကြည့်ပါ။ အဲဒီ ကာလထဲမှာ စစ်တပ် (ဝါ) တပ်မတော်ဟာ ဗိုလ်နေဝင်း (သို့မဟုတ်) (မဆလပါတီ) (သို့မဟုတ်) ဗိုလ်သန်းရွှေစစ်အုပ်စုရဲ့တစ်လက်ကိုင်တပ်ဘဝ၊ ခါးပိုက်ဆောင်တပ်ဘဝအဖြစ်နဲ့ အသုံးတော်ခံခဲ့ရတယ်ဆိုတာ ထင်ရှားပါတယ်။

 “သူရ၊ သီဟ” ဆိုတဲ့ ဆုတွေတံဆိပ်တွေ စစ်အုပ်စုက ပေးသနားခဲ့ပေမယ့်၊ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေဆီကနေ စစ် ဗိုလ်စစ်သားတွေ တကယ်တန်းရရှိခဲ့တဲ့ ဆုလာဘ်ကတော့ ရွံရှာမုန်းတီးမှုနဲ့ ဆန့်ကျင်တော်လှန်မှုပါပဲ။

လူမျိုးပေါင်းစုံပြည်သူလူထုရဲ့သားသမီးတွေ ဖွဲ့စည်းထားပြီး၊  ပြည်သူ့ဘဏ္ဍာငွေနဲ့ယူနီဖောင်း၊ လစာ၊ ပင်စင်ထိ ရယူခံစားနေ တဲ့ စစ်တပ်က ပြည်သူလူထုရဲ့ အသုံးတော်ခံဘဝ၊ ပြည်သူ့တစ်လက်ကိုင်စစ်တပ်ဘဝကို ဘာဖြစ်လို့ ခါးခါးသီးသီးငြင်းပယ်နေရ တာလဲ။

“တပ်မတော်သာအမိ - တပ်မတော်သာအဖ” ဆိုတာ စစ်အုပ်စုက လှည့်စားထားတဲ့ မှိုင်းတိုက်ထားတဲ့၊ ပြည်သူလူထုနဲ့ တပ် မတော်ကို သွေးခွဲရန်တိုက်ပေးထားတဲ့ ကြွေးကြော်သံတွေသာဖြစ်ပါတယ်။

“စစ်ဘက်အုပ်ချုပ်မှုမှ အရပ်အုပ်ချုပ်ရေးသို့” စစ်အုပ်စုက ပြောင်းလဲချင်တဲ့ အပြောင်းအလဲဆိုတာဟာ မြွေအရေခွံလဲ သလို အပြောင်းအလဲမျိုးသာဖြစ်ပါလိမ့်မယ်။ 


Photo credit : Asia News

စာအုပ်သတင်း- မြတ်ငြိမ်းရဲ့ နိုင်ငံတကာ ဝတ္ထုတိုစုစည်းမှု

$
0
0



မြတ်ငြိမ်းရဲ့နိုင်ငံတကာဝတ္ထုတိုစုစည်းမှု
(မိုးမခ)၊ သြဂုတ် ၁၈၊ ၂၀၁၇

ဘာသာပြန်၊ ပင်ကိုယ်ရေးနဲ့ တက်ကျမ်း စုစုပေါင်းစာအုပ် (၉၀) ခန့် ရေး သားခဲ့သူ ဆရာမြတ်ငြိမ်း ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အမှတ်တရအဖြစ် သဟဇာတစာပေက ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပါတယ်။ 

ချက်ကော့၊ အိုဟင်နရီ၊ ဖရန့်အိုကွန်းနား၊ ဇိုရှင်ကို၊ အိပ်ခ်ျအိပ်ခ်ျမန်ရို၊ ဟာနန်ဒိုတီးလက်ဇ်၊ ဘားတော့ဘရက်၊ လီလီကာနာကော့စ်၊ ဆိုဒါဘာ့ဂ်ျ ၊ ကမူး ၊ ဆယ်လီ ဘင်ဆန်၊ ယူဒိုရာဝဲလ်တီ ၊ အယ်လ်ဘာရိုနဲ့ လွီဂျီပီရန် ဒယ်လိုတို့ရဲ့ဝတ္ထုတို (၂၁) ပုဒ် ပါဝင်ပါတယ်။ 

ရုရှား ၊ မက္ကဆီကို ၊ ဂျာမန်၊အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ အိုင်ယာလန်၊ အမေရိကန်၊ ကိုလံဘီယာနိုင်ငံတွေက ထင်ရှားတဲ့ စာရေးဆရာတွေရဲ့ လက်ရာမွန်တွေကို ဆရာမြတ်ငြိမ်း ရဲ့ ဟန်အတိုင်း သပ်ရပ်လှပစွာ ပြန်ဆို ထားတဲ့ နိုင်ငံတကာဝတ္ထုတိုစုစည်းမှု စာအုပ်လေးပါ။ 

ကွဲပြားခြားနားတဲ့ရေးဟန်များနဲ့အတူ လူ့အဖွဲ့အစည်းအပေါ်မှာ ချဉ်းကပ်ပုံချင်းလည်း စာရေးသူတယောက်နဲ့ တယောက် တူညီမှုမရှိတာကို ဒီစာအုပ်လေး ထဲမှာ အသေအချာမြင်တွေ့ရပါလိမ့်မယ်။ မုတ်သုံရဲ့ပန်းချီလက်ရာကို ဗဂျီလင်းဝဏ္ဏက ဒီဇိုင်းပြုလုပ်ထားတာမို့ စာအုပ်ရဲ့အဖုံးဟာ ပန်းချီကားလေး တချပ်လို လေးနက်လှပနေပါတယ်။ 
သဟဇာတစာပေက အဆင်အပြင် သေသေသပ်သပ်နဲ့ ထုတ်ဝေထားတာဖြစ်ပြီး စာအုပ်ကောင်း တွေထုတ် ဝေနေတဲ့ ဆုရောင်စဉ်စာပေကနေပြီး ပြည်လုံးကျွတ်ဖြန့်ချိပါတယ်။ 
စာမျက်နှာ ၂၈၂ မျက်နှာပါဝင်ပြီး ရောင်းဈေး ၃၅၀၀ ကျပ်နဲ့ ၂၀၁၇ ခုနှစ် ဇူလိုင် လထဲမှာ ဖြန်ချိလိုက်ပြီဖြစ်ပါ ကြောင်း စာချစ်သူများကို သတင်းပေးလိုက်ရပါတယ် ။ ။ 
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>