Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧

ရန်နည် (ဘုတလင်) ● ဆေးယဉ်နာ

$
0
0

ရန်နည် (ဘုတလင်) ● ဆေးယဉ်နာ
(မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၇

ကိုယ့်အသံ ကိုယ်ပြန်ကြားရတယ်ဆိုပေမယ့်
တောင်နံရံက ပြန်လာတဲ့ ပဲ့တင်သံဟာ
အက်ကိုးသံ အရောအနှောတွေနဲ့ဆိုတော့
အီမိုးရှင်း (emotion) က အထူအပါးမညီဘူး။

စားဝတ်နေရေးယန္တရားကြီး တဝီဝီလည်ပတ်ရာက
ထွက်ကျလာတဲ့ အမှုန်အမွှားတွေ
ပန်းစကြာမှန်ပြောင်း (kaleidoscope) ထဲ ထည့်ကြည့်
ထင်ယောင်မြင်မှား ပျော်မိ
ပြီး .. အတ္တတွေ အရွေလိုက်။

ဒီလိုနဲ့ပဲ
အချိုးမညီ သက်ရောက်မှုတွေက
ကံသေကံမ ဆေးမြီးတိုပေးနေရ (ခါးလန်လို့)
တွန့်ကြေမှုတွေထဲက တခုသောတွန့်ကြေမှုပေါ့
သုံးစားလို့မရတဲ့ ရိုးပိန်ဆံမာတွေနဲ့
ဗူလိနတ်စ အဖျင်းအမှော်တွေများတော့
စတိလောက်ပဲ အာသာဖြေလို့ ရမယ်ထင်ရဲ့။        ။

 ရန်နည် (ဘုတလင်)
↧

စံလှကြီး ● စံပြုထိုက်တဲ့ ဒို့ဘိုးဘွားတွေ အတုယူဖို့ ကောင်းလှပေ (၂)

$
0
0
စံလှကြီး ● စံပြုထိုက်တဲ့ ဒို့ဘိုးဘွားတွေ အတုယူဖို့ ကောင်းလှပေ (၂)
(မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၇

ယနေ့ခေတ် မြန်မာနိုင်ငံသားများ၏ မိဘဘိုးဘွားများ ဖြစ်သော ၁၉ ရာစုမှ မြန်မာများသည် အံ့သြစရာ မကောင်းပေဘူးလား။ နိုင်ငံခြားသားများကပင် ချီးကျူးရသော ကိုယ့်ကျင့်တရားရှိသူများ မဟုတ်ပေဘူးလား။ သဘောထားကြီးသော ရန်သူကပင် ချီးကျူးရသော အံ့မခန်းသတ္တိပိုင်ရှင်များ မဖြစ်ပေဘူးလား။ ယနေ့ခေတ်မှာ မြန်မာအချင်းချင်းပင် မြန်မာတွေ စည်းကမ်းရှိ အောင် ကိုယ်ကျင့်တရားကောင်းအောင် ကျောင်းတွေမှာ ပြည်သူ့နီတိသင်ပေးကြပါဟု တစာစာ တောင်းဆိုနေရပြီ။ သို့သော် ၁၉ ရာစုမှ ရှေးဘိုးဘွားမိဘတို့သည်ကား ပြည်သူ့နီတိကို လက်တွေ့ကျင့်သုံးခဲ့ကြပေသည်။ နိုင်ငံခြားသားတို့၏ ကိုယ်ချင်းစာ စိတ် ဒုက္ခရောက်သူကို ကူညီချင်စိတ်ကို အတုယူကြပါဟူ၍ ၂၁ ရာစုတွင် မြန်မာတွေက ဓာတ်ပုံတွေရိုက်၍ လူမှုကွန်ရက် တင်နေကြရပြီ။ မြန်မာနိုင်ငံသားတို့၏ ရှေးဘိုးဘေးများကား ကိုယ်ချင်းစာစိတ် ဒုက္ခရောက်သူကို ကူညီချင်စိတ် အပြည့်ရှိ သည်ဟု နိုင်ငံခြားသားများကပင် စာအုပ်စာတမ်းများနှင့် ချီးကျူးခဲ့ရလေသည်။

၁၉ ရာစုနှစ်က မြန်မာတွေက ထိုအရည်အချင်းကောင်းများရှိခဲ့သည်ဆိုလျှင် ၂၁ ရာစု မြန်မာများရော မည်သို့ရှိပါသနည်း။ အခြား အရည်အချင်းများကို အသာထားဦး။ ထိုခေတ်က မြန်မာ့လူ့ဘောင်တွင် လူသတ်မှုဆိုသည်မှာ ဖြစ်တောင့် ဖြစ်ခဲ ဖြစ် သည်။ လူသတ်မှုတခုလောက်ဖြစ်လိုက်လျှင်လည်း တမြို့လုံး တနယ်လုံးကပင် ထိတ်လန့်တကြားဖြင့် တလ ကိုးသီတင်း စကားဝိုင်းဖွဲ့ပြောလို့ မပြီးတော့ဟု ဆိုသည်။ ယခုခေတ်ကျတော့ လူသတ်မှုဆိုသည်က မြန်မာတွေ အတွက် မထူးဆန်း သလိုတောင် ဖြစ်သွားပြီလားဟု ထင်ရသည်။ လူတယောက် အသတ်ခံရသည်ဆိုလျှင် အလွန်မအံ့သြတော့။ နှစ်ယောက် သုံးယောက်လောက် အသတ်ခံရသည်ဆိုမှ နည်းနည်းအံ့သြမည်။ အသည်းနှလုံးတွေ အေးစက်ကုန်ကြပြီလားဟု ထင်ရ သည်။ ကိုယ့်ထက်နိမ့်ကျသူများကို ညှာတာဖို့အသာထား ကိုယ့်လူမျိုးတွေစားနေသော စားစရာများထဲတွင် ဝိသမလောဘဖြင့် ဆေးတွေခပ်ကြသည်ဆိုသော သတင်းတွေကလည်း မကြားချင်မှအဆုံး။ မြန်မာအများစုတွင် ၁၉ ရာစုနှစ်က ဖီးလ်ဒင်းဟော တွေ့ခဲ့သည်ဆိုသော စိတ်အရည်အသွေးတွေ ရှိ/မရှိ ကိုယ်တိုင် ဆန်းစစ်ကြည့်သင့်သည်။

၁၉ ရာစုနှစ်နှင့် ၂၁ ရာစုသည် ရာစုနှစ်ကြီး ၁ ခုကျော် ခြားနားနေသဖြင့် ထိုခေတ်က လူများနှင့် ယခုခေတ်လူများသည် ခြား နားလိမ့်မည်ဆိုသည်မှာ မှန်သည်။ သို့သော် ၁၉ ရာစုမှ မြန်မာများသည် ၂၁ ရာစု မြန်မာနိုင်ငံသားတွေ၏ မိဘဘိုးဘွားတွေပင် ဖြစ်သည်။ ခေတ်စနစ်တွေ ပြောင်းလခဲ့ပြီဆိုပေမင့် ကိုယ့်မိဘဘိုးဘွားများတွင်ရှိခဲ့သော အရည်အချင်းကောင်းများကို မ ယုတ်လျော့အောင် ထိန်းသိမ်းသင့်ပေသည်။ ပြောင်းလဲခြင်းဆိုသည်မှာ အကောင်းဘက်သို့ပြောင်းလဲခြင်းသာ ဖြစ်သင့်သည်။ အဆိုးဘက်သို့ ပြောင်းလဲခြင်း မဖြစ်ထိုက်ပေ။

နိုင်ငံခြားသားများက မြန်မာနိုင်ငံသား အများစု ကိုယ်ကျင့်တရားကောင်းခြင်းသည် ဗုဒ္ဓတရားတော် လွှမ်းမိုးမှုကြောင့် ဖြစ် သည်ဟု ဆိုခဲ့သည်။ သို့ဆိုလျှင် ယနေ့ခေတ် မြန်မာနိုင်ငံသားအများစုကရော ဗုဒ္ဓဘာသာဝင်များ မဟုတ်တော့ပြီလား။ ဒီလို တော့ မဟုတ်ပါ။ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံသားအများစု၏ ကိုးကွယ်ရာဘာသာ ဖြစ်ဆဲပင်။ ဒါဖြင့် ဗုဒ္ဓအယူဝါဒက ၁၉ ရာစုနှစ်က မြန်မာတွေလို အသည်းနှလုံးထဲတွင် မရှိကြတော့လို့လား။ ဤအချက်မှာ စဉ်းစားစရာ ဖြစ်လာသည်။ အံ့အား သင့်စရာ ကိုယ်တွေ့ ကြုံခဲ့တာလေးတွေ ရေးပြရဦးမည်။

စာရေးသူကိုယ်တိုင် ယနေ့ခေတ် မြန်မာတွေ ဗုဒ္ဓဘာသာနှင့်ပတ်သက်လျှင် အခြေခံဘယ်လောက်ရှိသလဲဆိုတာကို သိလို သဖြင့် ပတ်ဝန်းကျင်မှ နီးစပ်သူများကို နမူနာရွေးကောက်ပြီး အင်တာဗျူးလုပ်ဖူးသည်။ သိပ်တော့ မများလှပါ။ ၁၅ ယောက် ခန့်သာဖြစ်ပြီး အသက်အရွယ် အားဖြင့် ၂၅ ခန့်မှသည် ၄၀ ကျော်ခန့်အထိ ပါဝင်သည်။ အားလုံး ဘွဲ့ရပညာတတ်များဖြစ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပြူတာသမား စသဖြင့် ပါဝင်သည်။ သူတို့အားလုံး၏ ဥာဏ်ရည်မှာ သာမန်ထက် မြင့်သည်။ အားလုံးမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများလည်း ဖြစ်သည်။ မေးခွန်းမေးပုံက သူတို့ကို အလစ်အငိုက်  ဖမ်းပြီး မထင်မှတ်သည့် အချိန်တွင် မေးတာ ဖြစ်သည်။ ထမင်းစားချိန်၊ လက်ဖက်ရည် သောက်ချိန်၊ စကားဝိုင်းဖွဲ့ပြောချိန် စသဖြင့် မထင်မှတ်သည့် အချိန်တွင် မေးမြန်းသည်။ မေးခွန်းတွေကလည်း လုံးဝမခက်ပါ။ အခြေခံအဆင့်သာ ရှိပါသည်။ ကိုယ်တိုင်လည်း အခြေခံ မျှသာ သိသည်ကိုး။

ပထမဆုံး မေးခွန်းမှာ သူတို့ ကိုးကွယ်သော မြတ်စွာဘုရား၏အမည်ကို သိသလားဆိုသောအမေး ဖြစ်သည်။ အံ့အားသင့်စရာ သူတို့ထဲမှ အချို့သည် လုံးဝမသိကြကြောင်း တွေ့ရသည်။ တယောက်က သိဒ္ဓါတ်မင်းသားဟု စဉ်းစားပြီး ဖြေသည်။ မင်း သားဘဝတုန်းက အမည်ကိုသိချင်တာမဟုတ် ဘုရားဖြစ်လာတဲ့အခါ ခေါ်တဲ့အမည်နာမကို သိချင်တာဟု ကွန့်လိုက်သည့် အခါ မဖြေနိုင်တော့တာကို တွေ့ရသည်။ အမျိုးသမီးလေးတဦးဆိုလျှင် လုံးဝမသိပါဟု အမှန်အတိုင်း ဝန်ခံသည်။ မေးရသူက အားမလို အားမရ ဖြစ်လှသဖြင့် စဉ်းစားပါဦးဟု တိုက်တွန်းမှ အတန်ကြာစဉ်းစားပြီး ကောသလဘုရားလို့တော့ ထင်တာပါပဲ ဟူ၍ ခပ်ဆဆ ဖြေသည်။ ကောသလ အိပ်မက် ၁၆ ချက်ဟူ၍ ကြားဖူးသည်ကို ဖြေလိုက်ခြင်းဖြစ်ဟန်တူသည်။ ပြောမယုံ ကြုံဖူးမှသိဆိုသလို တကယ်ကြုံခဲ့ရခြင်းပါ။ ကျန်သူများကတော့ မြတ်စွာဘုရားရှင်၏အမည်ကို အမှန်အတိုင်း ဖြေနိုင်ကြ သည်။ ထို့ကြောင့် တဆင့်ထပ်တက်ပြီး အောင်ခြင်းရှစ်ပါးဆိုတာကို ပြည့်အောင်ရေတွက်ပြပါဟု မေးသောအခါတွင်တော့ တယောက်မှ မဖြေနိုင်တော့တာကို တွေ့ရသည်။ အောင်ခြင်းရှစ်ပါးတွင် ငါးပါးပြည့်အောင်ပြောနိုင်တဲ့လူဟာ အတော်ဆုံး ဆိုတာကို တွေ့လိုက်ရသည်။  မဖြေနိုင်တာက အလစ်အငိုက်ဖမ်းပြီး မထင်မှတ်ချိန်မှာ အမေးခံလိုက်ရလို့ဟူ၍ စောဒက တက်စရာတော့ ရှိပါသည်။ သို့သော် အသက် ၃၀ ကျော် ၄၀ ခန့်ရှိပြီးသူတဦးသည် ကိုယ်ကန်တော့ခဲ့ဖူးသော မြတ်စွာ ဘုရားရှင်၏နာမည်ကို မှီငြမ်းစာအုပ်မလို၊ အင်တာနက်တွင် ရှာစရာမလိုပဲ တရေးနိုး မေးတာတောင် ဖြေနိုင်သင့်သည်ဟု ယုံကြည်ပါသည်။ သူတို့လို ပညာတတ် ဥာဏ်ရည်မြင့်သူတွေတောင် ဒီလောက်အခြေခံနည်းသေးသည်ဆိုလျှင် သူတို့ လောက် ဉာဏ်ရည် မမြင့်သူတွေ၏ ဗုဒ္ဓနှင့်ပတ်သက်သည့် အခြေခံ ဘယ်လောက်ရှိမလဲဆိုတာ သိချင်လှသည်။

တနိုင်ငံလုံး စစ်တမ်းကောက်နိုင်လျှင် အတော်စိတ်ဝင်စားဖွယ် အဖြေတခုရမည်ဟု ထင်ပါသည်။ စိတ်ထင် ဗုဒ္ဓနှင့် ပတ် သက်ပြီး သေသေချာချာမသိသော မြန်မာများ၏ ရာခိုင်နှုန်း နည်းလှမည် မထင်ပါ။ (လွန်ခဲ့သော လအတန်ကြာကပင် မိတ် ဆွေများ လက်ဆင့်ကမ်းသဖြင့် ဗီဒီယိုဖိုင် အတိုကလေး ကြည့်လိုက်ရဖူးသည်။ ထို ဗီဒီယိုတွင် မြန်မာတွေကို လျှပ်တပြက် အင်တာဗျူးဝင်သည်။ မှတ်မိသလောက် မေးသော မေးခွန်းများမှာ မြန်မာနိုင်ငံ၏ လူဦးရေ၊ သမ္မတအမည်၊ ဒုသမ္မတ အမည် စသည်တို့ကို မေးမြန်းသည်။ မေးပုံကတော့ ပြင်ဆင်ခွင့်မပေးပဲ လျှပ်တပြက်မေးပုံ ရပါသည်။ အံ့သြစရာ ကောင်းလောက် အောင်ပင် အတော်များများ မဖြေနိုင်ကြောင်း တွေ့ရသည်။)

ဗုဒ္ဓဝင်ကို သိခြင်းနှင့် ဗုဒ္ဓတရားတော်ကို နားလည်ခြင်းမှာ ဆက်စပ်နေသည်။ ဗုဒ္ဓဝင်ဆိုသည်က ဗုဒ္ဓ၏အတ္ထုပ္ပတ္တိ ဖြစ်သည်။ နီးစပ်သော ဥပမာ ဆောင်ရလျှင် သမ္မတကြီး လင်ကွန်းဖြစ်စေ ဗိုလ်ချုပ်အောင်ဆန်းဖြစ်စေ သူတို့၏အတ္ထုပ္ပတ္တိကိုသိမှ သူတို့ စွမ်းရည်ကို သိနိုင်မည်။ ဒါမှလည်း သူတို့အပေါ် ကြည်ညိုမည်။ ထိုမှတဆင့်တက်ပြီး သူတို့လမ်းစဉ်ကို ကျင့်သုံးလာမည်။ ပုဂ္ဂိုလ်ခင်မှ တရားမင်သည် မဟုတ်ပါလား။ ဗိုလ်ချုပ်အောင်ဆန်း ဆိုသူကို နာမည်မှ မကြားဖူး သူ့အကြောင်းကို သေချာစွာ မသိပဲနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းစဉ်အတိုင်း ကျင့်သုံးနေပါသည် ဆိုတာ အဓိပ္ပါယ် မရှိလှပေ။

ရုတ်တရက် ဆိုရလျှင် ဘာသာရေး အကြောင်း ရေးနေသည်ဟု ထင်ဖွယ်ရှိသည်။ အမှန်တော့ ၁၉ ရာစုမှ မြန်မာတွေနှင့် ယနေ့ခေတ် မြန်မာတွေ အပြူအမူများ ကွာခြားသွားရခြင်း အကြောင်းကို ခြေရာခံနေခြင်းသာ ဖြစ်သည်။ တဆက်တည်း ဆိုရလျှင် ယနေ့ခေတ်တွင် ဗုဒ္ဓသာသနာတော်ကြီး တခြားဘာသာတွေကြောင့် ပျောက်ကွယ်ရတော့မည်ဆိုပြီး တခြား ဘာ သာဝင်တွေကို ပြဿနာရှာနေသူများ ရှိနေနိုင်ပါသည်။ ရှိနေနိုင်ပါသည်ဆိုတာတောင်မဟုတ်ပါ။ သေချာပေါက် ရှိနေကြောင်း ကိုယ်တွေ့အရ သိပါသည်။ ထိုသူများသည် ရေလိုက်လွဲနေသည်ဟု ယူဆပါသည်။ တခြားဘာသာဝင်တွေကို ပြဿနာ ရှာနေတာက အဖြေမှန်မဟုတ်။ ကိုယ့်ဘာသာဝင်များကိုသာ ဗုဒ္ဓမြတ်ရှင်၏အကြောင်း ဗုဒ္ဓတရားတော်များကို သဘော ပေါက်အောင် မည်သို့သင်ကြားပေးမည်နည်းဆိုသောနည်းလမ်းကိုရှာတာက ပိုကောင်းသည်ဟု မြင်ပါသည်။ ဤသည်မှာ မြတ်စွာဘုရားရှင်၏ အလိုတော်ကျလည်း ဖြစ်ပါလိမ့်မည်။

ဗုဒ္ဓမြတ်စွာဘုရား လက်ထက်တော်ကပင် ထိုပတ်ဝန်းကျင်တွင် ဗုဒ္ဓနှင့် အယူဝါဒ ဆန့်ကျင်ခြားနားကြသော အတွေးအခေါ် ဂိုဏ်းကြီးများ ရှိနေပြီးသား ဖြစ်သည်။ အယူဝါဒရေးရာ ယှဉ်ပြိုင်ပွဲများလည်းဖြစ်ခဲ့ကြောင်း ဗုဒ္ဓဝင်ကို နားလည်သူတိုင်း သိပါသည်။ ယှဉ်ပြိုင်တိုင်းလည်း ဗုဒ္ဓကသာ အနိုင်ရရှိခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ ထိုပွဲများတွင် ဗုဒ္ဓက စတင် စိန်ခေါ်ခဲ့သောပွဲကို မတွေ့ရ။ ဆိုလိုသည်မှာ မြတ်စွာဘုရားရှင်က တိတ္ထိ ဆရာကြီးများကို အယူဝါဒ ပြိုင်ကြရအောင်ဟု စတင် စိန်ခေါ်သောပွဲကို မတွေ့ရ။ တဖက်သားက စိန်ခေါ်လာမှသာ မလွှဲမရှောင်သာ လက်ခံ ယှဉ်ပြိုင်တော်မူသည်။ ထိုမျှမ က ဗုဒ္ဓကို ကြည်ညိုကိုးကွယ်သော အဇာတသတ်မင်း၊ ကောသလမင်း စသည့် သက်ဦးဆံပိုင်ဘုရင်များ၏ အာဏာကို သုံး၍ မိမိနှင့် အယူဝါဒ မတူသူများကို လုံးဝမဖိနှိပ်။ ဤသည်မှာ ဗုဒ္ဓ၏ မြတ်သော နှလုံးတော်ကို ပြခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင် သည် မိမိနှင့် အယူဝါဒ မတူသူများကို နှိပ်နယ် ချေမှုန်းလိုစိတ် မရှိကြောင်း ထင်ရှားပါသည်။ မိမိဝါဒ၌ ယုံကြည်ချက်ခိုင်မာပြီး ကောင်းစွာနားလည်သူသည် အခြားဆန့်ကျင်ဘက်များကို ကြောက်ရွံ့ဖွယ်မရှိ။ ယုံကြည် ချက် မခိုင်မာလျှင်သာ ကြောက်ရပေမည်။ (ပိဋကတ်စာပေတို့တွင် နှံ့စပ်သူပုဂ္ဂိုလ်တဦးသည် ဗုဒ္ဓမြတ်စွာက သူနှင့် အယူဝါဒ မတူသူများကို စတင်စိန်ခေါ်သောပွဲ ရှိခဲ့သည်ဟု ပြနိုင်လျှင်ကား ထိုသူ့ကို အလွန်ချီးကျူးရမည်သာ ဖြစ်သည်။ ကိုယ်တိုင် တော့ တပွဲမှ ထိုသို့ မတွေ့ဖူးကြောင်း ဝန်ခံပါသည်။)

အချုပ်အားဖြင့် ယနေ့ခေတ် မြန်မာများ၏ မိဘဘိုးဘွားတို့သည် ကိုယ့်ကျင့်တရားကောင်းသူ၊ ပြည့်သူ့နီတိကို လက်တွေ့ အပြုအမူများဖြင့် ကျင့်သုံးခဲ့သူများ ဖြစ်သည်။ နိုင်ငံခြားသားများကပင် ဝန်ခံချီးကျူးရသူများလည်း ဖြစ်သည်။ လူ့ဘောင် လောက ဆိုသည်မှာ လက်ဆင့်ကမ်း ပြေးပွဲကြီးပင် ဖြစ်သည်။ အဘိုးလက်ထက်က အခြေအနေထက် အဖေ့လက်ထက်တွင် ပိုသာရမည်။ အဖေ့လက်ထက်က အခြေအနေထက် သားသမီးလက်ထက်တွင် ပိုသာရမည်။ သို့မှသာ ထို့ လူ့အသိုင်းအဝိုင်း သည် တိုးတက်ပေမည်။ ထို့ကြောင့် ၂၁ ရာစု မြန်မာနိုင်ငံသားများသည် ရှေးမိဘဘိုးဘွားများ၏ ကိုယ့်ကျင့်တရားကောင်းပုံကို အတုယူ ကျင့်သုံးပြီး မိမိတို့လက်ထက်တွင် ရှေးကထက် အတတ်ပညာ၊ အသိပညာများ တိုးတက်နိုင်ကြပါစေဟုသာ။

(ဒီလှိုင်းဂျာနယ် အတွဲ (၆) အမှတ် (၂၉) နှင့် (၃၀) တွင် ပုံနှိပ်ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)
↧
↧

အောင်မောင်ဦး ● ကောင်းကင်ဘုံမှ နံရိုးများ

$
0
0
 အောင်မောင်ဦး ● ကောင်းကင်ဘုံမှ နံရိုးများ
(မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၇

ဘုရားသခင်က
နောက်ထပ်နံရိုးနှစ်ချောင်းကို ထုတ်ယူသွားခဲ့တယ်
ခင်မောင်တိုးဟာ ပထမနံရိုးဆိုရင်
ခိုင်ထူးဟာ ဒုတိယနံရိုးပါပဲ။

မိုးကျော်နဲ့ ခင်ဝမ်းကို ဆုံးရှုံးရ
ကိုမောင်မောင်ကို ဆုံးရှုံးရ
ထူးအိမ်သင်ကို ဆုံးရှုံးရ
ဗိုလ်ထီးကို ဆုံးရှုံးခဲ့ကြရတဲ့နောက်
စိုင်းခမ်းလိတ်၊ ကိုနေဝင်း၊
ကိုရဲလွင်နဲ့ ကိုမွန်းအောင်တို့ကလွဲရင်
ဒါ ငါတို့အနုပညာရယ်လို့ ကြုံးဝါးစရာ နည်းပါးလှပေရဲ့။

ငါတို့ နံရိုးအိမ်တလျှောက် မြည်ဟီးနေတဲ့
ပဲ့တင်သံတွေဟာ
သူတို့နှုတ်ဖျားကနေ တေးတွေအဖြစ် ထွက်ကျလာကြတဲ့အခါ
ကမ္ဘာမြေဟာ ငါတို့နဲ့အတူ တေးသီလို့။

မဇ္ဈိမလှိုင်းဟာ တို့ခေတ်ရဲ့သမိုင်းပေပ
သူတို့နှလုံးသွေးနဲ့ရေးခဲ့တဲ့တေးတွေကို
ငါတို့က ရင်ဘတ်နဲ့ကြားအောင် နားထောင်ခဲ့ကြတယ်
မျိုးဆက်တဆက်မကဟာလည်း
ရင်ဘတ်နဲ့ကြားအောင် နားထောင်ခဲ့ကြတယ်။

နာကျင်မှုရှိလေရာရာမှာ ဂီတဟာ
နူးနူးညံ့ညံ့ ပေါက်ကွဲနေတတ်တယ်
မိုးမခပင်တွေကြားက
ပြောင်းပြန်စီးနေတဲ့ မြစ်တစင်းရဲ့နံဘေးမှာ
ဇာတိအလွမ်းနဲ့တောက်နေတဲ့ မီးလင်းဖိုလေးတခုရဲ့နံဘေးမှာ
ရေရိုင်းမြေရိုင်းကို ခုတ်ထွင်ပိုင်းဖြတ်ခဲ့ကြတဲ့
လူငယ်လေးတစုဟာ
တော်လှန်ရေးကြီးတခုကို ဂစ်တာကြိုးတွေပေါ်တင်ခဲ့ကြဖူးတယ်။

"နှုတ်ဆက်ခဲ့ပါတယ်"ဆိုတဲ့သီချင်းနဲ့
ဇာတိကိုကျောခိုင်းခဲ့ကြတဲ့မျိုးဆက်ဟာ
"ဝေးခဲ့ပြီပန်းခရမ်းပြာ"မှာ ရင်ဟာ နင့်နေခဲ့လို့
"အိမ်အလွမ်း"ကို ဆုံးတဲ့အထိ မသီနိုင်ခဲ့ကြပါဘူး
ဆုံးတဲ့အထိ သီဖို့ကြိုးစားတိုင်းလည်း
သူတို့ရင်ဘတ်တွေဟာ လှိုင်းထလို့ချည်း ကျန်ရစ်ခဲ့ကြတယ်။

တရံရောများဆီမှာ
အညတြကြယ်တွေကို ရေရင်း
ညညတွေဆို တေးသီနေတတ်တဲ့
ဆေးမှူးလေးတယောက်ဟာ
မသေမပျောက်ကျန်နေသေးတဲ့
အကောင်းဆုံးသက်သေတယောက်လည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

အောင်မော်ဦး
သြဂုတ်၊ ၉၊ ၂၀၁၇။
↧

ခင်ဇော်မိုး ● ဗွီဒီယို

$
0
0
ခင်ဇော်မိုး ● ဗွီဒီယို
(မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၇

အခု​တော့ ဟမ်းဖုန်း​တွေ၊ လက်​​တော့ပ်​​တွေက​နေပဲ အင်​တာနက်​​သုံးတယ်​။ ဇာတ်​ကား​တွေကြည့်တယ်​။

ကျွန်​မတို့ ငယ်​ငယ်​တုန်းက အခု­လို ကိုယ့်​အခန်းနဲ့ကိုယ်​ တီ​ဗွီမရှိသလို တအိမ်တီဗွီတလ­ုံးလည်း မရှိဘူး။ ဟမ်းဖုန်းတယောက်​တလုံး ဆိုတာ ​ဝေးလှ​ပေါ့။ အခုပြုတ­်သွားတဲ့ သူကြီးဟောင်­းဦးငွေသော် ဗွီဒီယို­ရုံမထောင်ခင်ကဆို တော­င်ဘက်ရွာက ရုံကို သွာြး­ကည့်ရတာ။ ညနေဘက်ဆို ညပြမယ့်ဇာတ်ကားအမည်နဲ့ မင်းသား၊ မင်းသမီးအမည­်ကို မိုက်နဲ့ကြေညာတယ်​။ ညနေရောက်ပြီဆို နာ­းစွင့်နေ ကြတော့တာပဲ။ ဇာတ်လမ်းအမည် ခပ်မိုက­်မိုက်ဆိုလို့ကတော့  နေပူမိုးရွာမရှောင်ဘူး သွားတာ။ အဲ့နောက ဘယ်­သူတွေ ခေတ်စားလဲ ဆိုတော့ သီဟတင်စိုးတို့၊ နေ­မျိုးအောင်တို့၊ ဂျွန­်ကိုတို့ခေတ်စားနေတဲ့­အချိန်။ အဲ့ဒီ မင်း သ­ားတွေအမည် မိုက်အော်သ­ံကြားရင် ဇာတ်ကြမ်း ကာ­းဆိုတာ သိပြီးသားရယ်။ တော်လှန်ရေးကားတွေ အရိုက်များတာ ကိုး။

မိုက်ဟစ်သံကြားလို့ ကိုယ့်ကြိုက်တဲ့မင်းသာ­း၊ မင်းသမီးဖြစ်နေရင် ထမင်းကို နေမဝင်ခင်ကတ­ည်းကအစောကြီးစားတယ်။ နေဝင်ပြီဆိုရင် ဓာတ်မ­ီးကိုယ်စီကိုယ်ငှနဲ့ ထွက်ကြတော့တာပဲ။ နေ့တ­ိုင်းတော့လည်း လူကြီး­တွေကမသွားခံဘူး။ အဲ့ေ­တာ့ ချိန်ဆသွားရတာပေါ­့။ အဲ့နောက် ဗီဒီယြို­ကည့်ခက တစ်ယောက်ကို ဆယ့်ငါးကျပ်ပေးရတယ်။ ကျွန်မတို့ ကခပ်ငယ်ငယ်ပဲရှိ­သေးတာ။ နောက်တော့တဖြည­်းဖြည်း ဈေးက တက်တက်သ­ွားတယ်။ နှစ်ဆယ်ဖြစ်လ­ာတယ်။ နှစ်ဆယ့်ငါးကျပ­်ဖြစ်လာ တယ်။ နောက်တော့ ငါးဆယ်ထိဖြစ်သွားတာ။ ဒါလည်းကြည့်ကြတာပါပဲ ။ ကိုယ့်အိမ်မှမရှိ­တာကိုး။ ဘောလုံးပွဲလာ­တဲ့နေ့ဆို ဇာတ်ကားမပြ­ဘူးရယ်​။ ဘောလုံးပွဲကြည­့်ခက သီးသန့်ဈေးနဲ့ေ­လ။ တယောက်ကို တစ်ရာ­ပေးရတယ်။ ကျွန်​မတို့ကတော့­တခါမှမကြည့်ဖူးပါဘူ­း။ ကလေးဆိုတော့ ဖိုက်­တင် ကားတွေ၊ဟာသကားတွေပဲ အာရုံရတာလေ။

ဇာတ်ကားမပြခင်ကို လူစ­ုရင်း သီချင်းဖွင့်တယ­်။ နောက်တော့ သီချင်း­ဆိုကြတော့တာ။ ဆိုခက တပုဒ်တစ်ရာပေးရတယ်။ သီချင်းဆိုတဲ့သူ မျာ­းတဲ့နေ့ဆို ဇာတ်ကားပြ­တာနောက်ကျတယ်။ သူတို့­အတွက် တွက်ခြေကိုက်တေ­ာ့ ရုံပိုင်ရှင်ကကြို­က်သလောက်ဆိုခံတယ်။  တခါတလေ ပရိတ်သတ်က `ဇ­ာတ်ကားပြတော့´လို့ တယောက်တပေါက် ထအော်မှ မိုက်သိမ်း တော့တာပဲ။ အဲ့တုန်းကရွာဘက်မှာ သုံးလုံးချဲတွေ သိပ်ထိုးကြတာ။ ပေါက်သလောက်­လည်းပေါက်ကြတယ်။ တဥ­ီးတ ယောက်များ ပေါက်­သံကြားလို့ကတော့ အဲ့ည ဗွီဒီယိုရုံမှာ သီချ­င်း ဆိုကြတော့တာပဲ။ လူ­ရင်းတွေကို ဆိုခိုင်း­တာပေါ့။ အပေါင်း အသင်း­ဘော်ဒါတွေလောက်ပဲ။ လူ­များရင်တော့ တယောက်­တပုဒ်နှုန်းပေါ့ ။ အဲဒါထုံးစံဖြစ်နေတော့တ­ာပဲ။ အောင်ပွဲခံတဲ့သေ­ဘာပေါ့။ ဘာထူးလဲ ကျွန်​မရယ­်၊ ပေတိုးရယ် နှစ်ယော­က်သား ဆယ်တန်းအောင်တေ­ာ့ အိမ်ကအစ်​မတွေရယ်၊ အမ­ျိုးထဲကလူငယ်မှန်သမျှ အကုန်ဆိုကြတယ်။ ကျွန်​မကို တပုဒ်ဆိုလိုက်ေ­သး။

တခါတလေဆိုရင် `လ´ ကမရှိ၊ မှောင်မည်းနေတေ­ာ့ အိမ်ကပေးမသွားဘူးေ­လ။ အဲလိုညမျိုး ဇာတ်က­ားကောင်းနဲ့ညားလို့ကေ­တာ့ မခံမရပ်နိုင်ဖြစ်­ပြီး အိပ်လို့ကိုမပျေ­ာ်တော့တာ။ က​လေးအရွယ်​ဆို​တော့​ တစိမ့်စိမ်­့တွေးပြီး ဝမ်းနည်းနေ­ရော။ အခု​တော့လည်း အဲ့တုန်းက ကျွန်​မတို့ခေတ် ကျွန်​မတိ­ု့အဖြစ်က​လေး​တွေက လွမ်းစရာ။ ဂရုဏာသက်​စရာဖြစ်​တယ်​။

ဗွီဒီယိုကြည့်ရင်းစား­ဖို့ဆိုပြီး  နေ့ကြာစေ့လှော်တိ­ု့၊ မန်ကျည်းသီးရေပွစ­ိမ်တို့၊ ဇီးဖြူသီးဆာ­းရေစိမ်တို့ ဖရုံ​စေ့­လှော်တို့ တမျိုး မဟုတ်တမျိုး လုပ်ပြီး ယူသွားတတ်ကြ​သေးတယ်။ တေ­ယာက်ယူတော့ လိုက်ယူကြ­တော့တာ။ အဲ့နောက်ဆို ကာလသား တေ­ွက သူတို့အပျိုတွေကို သီချင်းဆိုပြီး ပိုး­ပန်းကြတာ။ ကိုယ့်ကြို­က်တဲ့ကောင်မလေး ဇာတ်ကားလာကြည့်တဲ့နေဆို ဘာ­ပြောကောင်းမတုန်း။ မရ­ှိလို့ ဘာရောင်းဆပ်ရဆပ­်ရ ဆိုတာမျိုးရယ်။ ဗီ­ွဒီယိုရုံထဲက လူတွေကလ­ည်း အဆိုကောင်းတဲ့သူဆ­ို ငြိမ်နေကြတော့တာ၊ ကျောက်ရုပ်တွေ အတိုင်­းပဲ။

တခါတုန်းက ရွာထဲက လူပျိုကြီးကိုသိန်းမော­င်  သီချင်းဝင်ဆိုပါေ­ရာ။ သူလည်း ကာလသားပေါ­က်တွေတုပြီး `ဘာမို့တ­ုန်း ပေါ့´ ဆိုပြီး သီချင်း ဆိုတာပေါ့။

ဟိုသီချင်းလေး။ သိတေ­ာ့သိတယ် ဂဃဏနမပြောနို­င်ဖြစ်နေတာ။ ထားပါတော့ သီချင်းစာသားပဲပြော­မယ်။

"မောင်မောင်.....မော­င်မောင် ...ခေါ်လိုက်စ­မ်းပါဗျ....ဗျာထူးချင­်လို့ပါ မမရယ်"ဆိုတဲ့ အဲ့စာသားကို လူပျိုကြီး က ဘယ်လိုဆိုတ­ယ်မှတ်လဲ။

အဲ့နေရာရောက်တော့ `ေ­မာင်မောင့်...မောင့်ေ­မာင့် ...´ဆိုပြီး ဘက­်ထရီဝပ်သလို အသံက၀ပ်သ­ွားရော။ နောက်ဆက်တွဲဆ­က်ဆိုဖို့ အသံကထွက်မလ­ာတော့ဘူး။ အဆုံးတော့ အချွဲလွန်သွားရှာတာပေ­ါ့။ အဲ့တုန်းက ဘာပြော­ကောင်းမလဲ။ လူက အများ­ဆိုတော့ ကလေး၊လူကြီးအ­ကုန် တရုံလုံး ဝုန်းခနဲနေတာပဲ။ ရယ်ချလိုက်­ကြတာ။ တချို့ဆို မျက်­ရည်တွေထွက်တဲ့ထိ ရယ်တ­ယ်။

မိန်းကလေးထဲကလည်း ရှိ­သေးတယ်။ အခု ကလေးတေ­ယာက်မအေဖြစ်နေတဲ့ ကို­မြတ်စံမိန်းမပေါ့။ သူ­ကလည်း အသံ သေးလေးနဲ့ငယ­်သံ ပါအောင်ဆိုတာ။ သီချင်းထဲက စကားပြော စာသားပါတဲ့နေရာရောက်ရင် (စကားပြော)ဆိုတဲ့စာလံ­ုးကို ကွင်းစကွင်းပိတ­်လေးနဲ့ သင်္ကေတပြထားတယ­်လေ။ အဲဒါကို မင်းသမီ­းချောက `အ´ ချက် ကမ်းကု­န်ရော။ အဲ့စာသားကိုပါ `စကားပြော.....´ဆြို­ပီး ဆက်ဟဲပါ လေရော။

`ဟော..ဗျာ...´

`အယ်...´ ဆိုတဲ့ အာေ­မဋိတ်စကားတွေအဆုံး ရယ­်လိုက်တာ တဝုန်းဝုန်း­ပဲ။ စီဒီပြားတို့၊ဒီဗ­ွီဒီပြားတို့ဆိုတာ ပေ­ါ်ကာစပေါ့။ အသံကိုဖျော­က်ပြီး စာတန်းကြည့် သီချင်းလိုက်ဆိုရတာက ခေတ်ထတုန်းကိုး။ အသံနေ­အသံထားသိမှ ဆိုနိုင်တ­ာလေ။ လွယ်တော့မလွယ်ဘူ­းရယ်​​လေ ဆိုဖူးမှသိတယ်။ သူတို့လို့ အိုးနင်းခွ­က်နင်းသမားတွေ ပုံလို­့ပါပဲ။ ပျော်တော့ပျော­်စရာ အကောင်းသားပါပဲ။

တခါတလေ မီးစက်ပျက်တ­ာနဲ့ကြုံရင် အတော်စိတ­်ညစ်ရတယ်။ တရုံလုံး­မှောင်မည်းနေတာ ။ ရုံ­ပိုင်ရှင်လာထွန်းပေးထားတဲ့ မျောက်ဖြူ ဓာတ်ခဲသုံးလုံးထည့် မီးဗြောင်းကလေးကလည်း ပိုးစု­န်းကြူးလောက် လင်းရှာတ­ာ။ မျက်စိအစာကျွေးစရာ၊ စိတ်အာရုံစခံစားစရ­ာဖြစ်တဲ့ ဗွီဒီယိုက ကြည့်မရသေးတော့ တ​ရုံလုံးစကားတွေပြောကြ။ ဆူည­ံလို့ပါပဲ။ မီးစက်ကပျ­က်​နေတာဆိုတော့ ရုံပို­င်ရှင်ကလည်း အဲ့လောက်­တော့သီးခံတယ်လေ။ အဲ့လ­ိုနေ့ဆို ပါလာတဲ့ နေ့­ကြာစေ့တို့၊ဘာတို့က နေရာရရော။ ရုံထဲမှာ စကားသံ­ရယ်၊ နေကြာစေ့တခွပ်­ခွပ် ကိုက်နွှာသံရယ်က အုပ်​မိုးနေတော့တာပေါ့။ တချို့ကလေးပေါက်စ တွေလ­ည်း မအေဖြစ်သူနဲ့အဆင်­မပြေဖြစ်ပြီး တဗြဲဗြဲ­ငိုကြ။

`ဒီကလေးနှယ် ငါစိတ်မ­ရှည်တော့ဘူး´ဆိုပြီး မအေဖြစ်သူရဲ့လျှင်မြန­်ဖျပ်လပ်တဲ့ လက်ဝါးနဲ­့ကလေးတင်းပါး မိတ်ဆက်­သံတွေရော အို...ဆူလို့ညံလို့ပဲ။  ကာလသ­ားတွေကလည်း မကြားနိုးနားနဲ့ အပျိုတွေကို ရိတိတိပြုကြ။ အပျိုတွေကလည်း ခေါင်းတွေ ဖိုခလုတ်ဆို­င် ဆိုင်ပြီး တတွတ်တွ­တ်ပြောကြ။ တခစ်ခစ်ရယ်­ကြ။

တခါက`လ´လည်းမရှိဘ­ူး။ အချိန်က မိုးတွင်­းကြီးမယ်။ ဇာတ်ကားက ပိုင်းပိုကြည့်ထားဖူးတဲ့အမိုက်စားဇာတ်ကားပေါ့။ မ သွားပဲ မနေနိုင်ြ­ကဘူး။  အိမ်မှာဆို အဖေနဲ့အမေပဲကျန်တယ်။ အစ်​မတွေကလည်း ကလေးတွေကေ­ျာပိုး၊ ခါးဆစ်ခွပြီး လိ­ုက် လာတာ။ ရုံထဲနေရာ မရ­မှာလည်း စိုးရသေးတာလေ။ ကျွန်​မတို့ကအရင်သွားနှင်­့ပြီး ရုံထဲကစိတ်ကြို­က်နေရာမှာ ဦးထား တာပေ­ါ့။ ခြေထောက်နှစ်ဖက်က­ို ကလေးတွေ ဖန်ခုန်ဖိ­ု့ကားထားသလို လက်နှစ်­ဖက်နောက်ထောက်ပြီး ကာ­းနိုင်သလောက် ကားထားကြ­တာရယ်။  အခုနေပြန်မြင­်ယောင်မိတော့လည်း တော်တော်ဆိုးခဲ့ကြတာပဲလို့ ​တွေးမိရင်း ရယ်ချင်စရာကြီးဖြစ်ရော­့။ အဲတုန်းကတော့ ရယ်ဖ­ို့နေနေသာသာ ချွေးကို­လုံးနေတာ​ပေါ့။ ရယ်စရာလိ­ု့လည်းမထင်ခဲ့ပေါင်ဘူး။

ဘာ့လို့လဲဆို့တော့ တခါတလေ နေရာမရလို့ ရုံတံခါးဝကနေ ​ခြေဖျားထောက်ပြီး ကြည့်ရတဲ့အရသာအဆိုး­အကောင်း သိနေ လို့ပဲ။ နှစ်ရွာပေါင်းမှ ဗွီဒ­ီယိုရုံတခုဆိုတော့ လူကအမြဲပြည့်သိပ်နေတာ­ချည်း​ရယ်​။

ဒါနဲ့ပြန်ဆက်ရအုံးမယ်။ အဲ့ဒီနေ့ကပေါ့။ ဇာတ­်ကားတဝက်လောက်ကျိုး­တော့ မိုးတွေရွာချတယ်။ သည်းလိုက်တဲ့ဖြစ်ခြ­င်း။ တဝေါဝေါ ရွာလိုက်­တာ သွန်ချတဲ့အတိုင်းပ­ဲ။ ဇာတ်ကားသာပြီးသွား­တယ်။ မိုးကမတိတ်ဘူး။ ခဏတော့စောင့်နေကြည့်ြ­က သေးတယ်။ မိုးပြတ်ပုံ­မပေါ်တော့ အရွှဲခံကြရတေ­ာ့တာပဲ။ အသာတကြည်မသွာ­းကြဘူး။ မိုးတွေကရွာ၊ လျှပ်စီးတွေက တဝင်း­ ဝင်းနဲ့မို့ လူတွေကြေ­ပးကြတာပေါ့။ ရွာေ­မြာက်ထိပ်ကရေတွေက ရွာ­တောင်ပိုင်းလမ်းမကြီး­အတိုင်း ရေးထွက်ရေစီး­တာလေ။ သိတဲ့အတိုင်းပဲ။ တရွာလုံးကမိုးရေတွေက လမ်းမကြီးအတိုင်းလိ­မ့်လာပြီးမှ နှစ်ရြွာ­ကားက လယ်တွေထဲစီးလိုစ­ီး။ ဝက်သစ် ခေါက်ပင်ကြ­ီးရှိတဲ့ လမ်းချိုင့်­ကြီးထဲ ဝပ်လိုဝပ်ပေါ့­။ အဲ့တုန်းကဆို နှစ်ရွ­ာကြားမှာ မိုးတွင်းဆိ­ုဗွက်တောကြီးဖြစ်နေတတ­်တယ်။ အခုမှသာ မြေသား­တို့၊ ကျောက်သဲတို့နဲ့ လမ်းကိုမြှင့်ပြီး ဘေးနှစ်ဖက်ကို ရေနှုတ်ေ­မြာင်းဖော်ထားတော့တာ။

ဒါနဲ့ အဲ့ညက ပြန်လာတေ­ာ့ လမ်းမကြီးပေါ်မှာရေေ​တွ​က ဒူးခိုက်နေတော့တာ။ လျှပ်စီးလက်နေတဲ့မိုး­ရွာကြီးထဲ ဓာတ်မီးတွေ­ကလည်း တဝင်းတည်းနေတာပ­ဲ။

`ဟဲ့ ကောင်မတွေ ဘာ့လို့အဲလောက်ပြေးနေကြတာတ­ုန်းဟဲ့´

`ငါ့ဖိနပ်ကျနေရစ်ပြီ လုပ်ကြပါအုံး´

`ငါ့စောင့်ပါအုံးဆိုအေ ကောင်မတွေရဲ့´

`ဟဲ့ ဟိုကလေးက ရှေ့ရေ­ာက်သွားတာလား၊ နောက်က­ျန်ရစ်တာလားမသိဘူး´

စတဲ့ အဲ့ဒီစကားသံတွေက တဝေါဝေါရွာနေတဲ့မိုး­နဲ့ လုံးထွေးနေတော့ပဲ။ စိတ်မောကိုယ်ပန်းတေ­ွဖြစ် စိတ်တွေလည်းတို၊ ရယ်လည်း ရယ်ချင်၊ ငို­လည်း ငိုချင်စရာကို ဖြ­စ်ရော့ပါပဲ။ အဲ့ဒီ ဒူ­းခိုက်နေတဲ့မိုးရေတွေ­ထဲ ပြေးကြတော့ တဝုန်ဝုန်းပစ်လဲကြ တာပေါ့။ ဘာပြောကောင်းမလဲ ပါးစ­ပ်တွေထဲ ရွှံ့ ​ရေတွေဝ­င်ကုန်တာပေါ့။

ဇာတ်ကားတပုဒ်ကြည့်ရ­ဖို့ သူများရွာထိသွား­ခဲ့ကြ။ အနုပညာကို စိတ­်လိုလက်ရ ခံစားခဲ့ကြရှာတ­ာ။ ငတ်မွတ်ခဲ့ကြတာ။ ကိုယ့်ဘဝနဲ့ကိုယ်ပျော်­ခဲ့ကြ၊ ကျေနပ်ခဲ့ကြတာ။ ကိုယ့်ခေတ်နဲ့ကိုယ် လက်ခံခဲ့ကြတယ်။

နောက်ပိုင်းတော့ အခြု­ပုတ်သွားတဲ့သူကြီးဦး­ငွေသော် ဗွီဒီယိုရုံ ထပြီးထောင်မှသာ တောင်­ဘက်ရွာကိုမသွားဖြစ်တေ­ာ့တာ ရယ်။ ရွာမှာဆိုတေ­ာ့ ပိုကြည့်ဖြစ်တယ်။ ဗွီဒီယိုရုံပို­င်ရှင် သူကြီးဟောင်း ဥ­ီးငွေသော်အိမ်က လမ်းက­လေးနဲ့အိမ်တအိမ်ခြာ­းတာ ဆိုတော့ မှောင်ပြီ­ဆိုရင်ထွက် ထွက်သွားမ­ိတယ်။ တခါတလေ ကိုယ်­ကြည့်ချင်တဲ့မင်းသား၊ မင်းသမီးမပြတာကြာနေရ­င် `ခင်ဗျားတို့ကလည်း­ အဲ့မင်းသား မင်းသမ­ီးခွေတွေပဲ ငှားခဲ့စမ­်းပါလို့´ဆိုပြီး ညှော­်တိုက်တယ်။ အဲဒါဆို ငှားပေးတယ်လေ။ အများကြ­ိုက်ကိုပေါ့။ ရွာကရုံ­ကျတော့ ပြေတီဦး တို့၊­နေတိုးတို့ တအားခေတ်ထ­နေပြီ။ အဲ့မင်းသားတွေ­ပြတဲ့ညဆို စူပါမင်းသာ­းတွေဆိုပြီး ကြည့်ခပိုပေးကြရတယ်။  သီချင်းဆ­ိုခကတော့ တစ်ပုဒ်တရာပ­ါပဲ။

တခါတလေတော့လည်း သီချင်းဆိုမယ့်သူမရှိဘူး။ အဲလိုညဆို အများကြိုက်မယ့် သီချင်းခွေကို ဖွင့်ပြပေးထားတယ်။ လူ စောင့်ရင်းပေါ့။ မလာသေးတဲ့သူတွေ ပြေးလာခ­ျင်အောင် သီချင်းနြဲ့­မှူတာလေ။ တချို့ညတေ­ွဆို `ဒီညတော့ မကြည့်­တော့ပါဘူး​လေ... နားပါဦ­း မယ်´လို့ဆိုပြီး ထမင­်းအေးဆေးစားနေကာမှ ရုံကသီချင်းကောင်းများ ထဖွင့်လို့ကတော့ စားလ­က်စ ထမင်းကန်ပြားကို ခွေးစာခွက်ထဲ ဂွပ်ဆို ထည့်ပြီး ပြေးတော့တာ။ ရေကိုမသောက်ဘူး။ အဲေ­လာက်ထိအောင်ပဲ။ တခါ­တလေ ဦးငွေသော်နဲ့ဗွီ­ဒီယိုပြတဲ့ သူ့သား လူ­လှတို့ ကသိကအောက်ဖြစ်ြ­ပီး စကားများထား။ ကြ­ည့်တဲ့သူတွေကမသိပဲ ဟိ­ုသီချင်းပြပေးပါ။ ဒီသ­ီချင်းပြပေးပါ ဆိုပြီး တယောက်တမျိုးအော်­ကြရင် လူလှက မနူးဘူးရ­ယ်။ `ငါပြချင်တာပြမှာ­ကွာ´လို့ ထအော်တယ်။ အဲလိုဆို လာကြည့်တဲ့သူ­တွေခမျာ ငြိမ်သွားရှာ­ကြရော။ တုတ်တုတ်မျှမလ­ှုပ်တော့ဘူး။ လူလှပြတဲ­့ခွေပဲ ကြည့်တော့တယ်။

ပြန်တွေးကြည့်တော့ ကျွန်​မတို့  ​တောသူတောင်သားဆို­တာ အင်မတန်မှလည်း သနာ­းစရာကောင်းကြပါတယ်။ တနေ­ကုန် ပင်ပင်ပန်းပန်း အ­လုပ်လုပ်ရတယ်။ နေဝင်မှထမင်ဝိုင်းကို ရေနံ­ဆီမီးခွက်တို့ ရေနံ့ဖ­ယောင်းတိုင်လေးတို့ထွ­န်းပြီး စားကြရတယ်။ ပြီးရင် ဗွီဒီယိုကိုလည်း ကြည့်ချင်သေးတော့ မနားနိုင်ပါဘူး။ မျက်စိအလုပ်ပေးတယ်။ ဗွီဒီယိုဇာတ်ကားဆိုတာ လည်း ငတ်မွတ်စဉ်ကာလဆိုတော့ ကြည့်ချင်တာမှ တအားပဲ­ပေါ့။ ဒါ့ကြောင့် ပင်­ပန်းတယ်မထင်ဘူး။ ဗွီ­ဒီယိုလေးကြည့်မှသာ စာ­းဝင်အိပ်ပျော်ဆိုပါတေ­ာ့။

အခု​ခေတ်ကျ​တော့ ဗွီဒီယိုဇာတ်ကားတက­ားကို မဆိုထားနဲ့။ ကမ္ဘာ့သတင်းကိုတောင် သူတို့ဂျင်းဘောင်းဘီ ဘေးထိုးထဲက ဟမ်းဖုန်း­တလုံးတည်းမှာ အချိန­်မရွေးကြည့်လို့ရနေပြ­ီမဟုတ်​လား။

အခုချိန်တော့လည်း အဲဒ­ီအကြောင်း၊ အဖြစ်အပျက်­သရုပ်တွေက လွမ်းစရာလိ­ုလို။ ပြီးတော့ အဲ့ဒီ­အချိန်က အဖြစ်အ­ပျက်လေးတွေက အခု​နေ ဗွီဒီယိုဇာတ်ကားတက­ားလိုပါပဲ။ ကျွန်​မတို့အတေ­ွးထဲ၊ မျက်လုံး­တွေထဲ ရှိနေတယ်လေ။

အေးလေ... ကိုယ့် `လ´ နဲ့ကိုယ်တော့ `သာ´ ခဲ­့ကြတာမှတ်သာရယ်။  အခု​တော့ ပြန်​မရနိုင်​​တော့တဲ့ ​ရွာဓ​လေ့၊ ရပ်​ဓ​လေ့ ချစ်​စရာ အမူအယာ​လေး​တွေကိုက  လွမ်းစရာဖြစ်​​နေ​​လေရဲ့။

ခင်ဇော်မိုး
↧

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – THE RIGHT WORD 5

$
0
0

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – THE RIGHT WORD 5
(မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၇

(BARE , NAKED , NUDE ,  STRIPPED )

၁။  လူအတွက်​ သုံးလျှင်​ အ၀တ်​မပါ ခြင်းကို ဆိုလိုသည်​။ အရာဝတ္ထုတွင်​ သုံးလျှ င်​ အဖုံးအကာနှင့်​ ရှိရမည့်​ တန်​ဆာမပါ​သောဟု ဆိုလိုသည်​။

၂။ BARE ကို လူအတွက်​ သုံးလျှင်​ တကိုယ်​လုံးမဟုတ်​ဘဲ ကိုယ်​ခန္တာ၏​ အစိတ်​အပိုင်း တခုခု အတွက်​သုံး နိုင်​သည်​။
bare foot ဘိနပ်​မပါ​သော ​ခြေ​ထောက်
bare arms and legs လက်​အိတ်​ ​ခြေအိတ်​ မပါ​သော
Bare body အ​ပေါ်ပိုင်း အင်္ကျီမပါ​သော

၃။ BARE ကို အရာဝတ္တုအတွက်​ သုံး​သေါ် ရှိရမည့်​အရာ မရှိခြင်းကို ​ဖေါ်ပြသည်​။
a tree bare of leaves သစ်​ရွက်​မရှိ​သောအပင်

၎။ BARE သည်​ အပိုစာသားမပါခြင်းကိုလည်း ​ဖေါ်ပြသည်​။
bare facts အပိုစာသားမပါ​သော အချက်​အလက်​များ
bare necessities လိုအပ်​ချက်​များသက်​သက်​အပိုမပါ။

၅။ NAKED ကို လူအတွက်​ သုံးလျှင်​ အ၀တ်​ လုံး၀၀တ်​မထား​သောဟု ဆိုလိုသည်​။ အခြား​နေရာတွင်​ ဘာမှ ဖုံးကွယ်​ မထား​သောဟု ဆိုလိုသည်​။

Naked truth
ဘာမှ ဖုံး ကွယ်​မထားသောအမှန်​တရား

Naked branches of the tree
သစ်​ပင်​၏ သစ်​ရွက်​ လုံးဝမရှိ​သော အကိုင်းများ

၆။ NUDE ကို လူများ အတွက်​သာ သုံး​လေ့ရှိသည်​။
လူပုံ သို့မဟုတ်​ ရုပ်​ထုတွင်​ NUDE သည်​ အ၀တ်​ လုံးဝ ၀တ်​မထားခြင်းကို ဆိုလိုသည်​။

၇။ STRIPPED သည်​ BARE, NAKED, NUDE ဖြစ်​သွား​အောင်​အခြား တခုခုက လုပ်​လိုက်​ခြင်းကို ​ဖေါ်ပြသည်​။ တခါတရံတွင်​ STRIPPED OF သည်​ အားလုံးကို သိမ်းပိုက်​လိုက်​သည်​ ယူလိုက်​သည်​ ဆုံးရှုံးသွားသည်​ဟု ဆိုလိုသည်​။

He is stripped of all his powers
သူသည်​ အာဏာအားလုံးကို လက်​လွတ်​ဆုံး ရှုံးရသည်​။

He is stripped of all his privileges
သူသည်​ အခွင့်​အ​ရေးများအားလုံးကို ဆုံးရှုံးခံရသည်​။

၈။  ဆန့်​ကျင်​ဘက်​များ

CLOTHED ,COVERED , DRESSED

↧
↧

အောင်သူငြိမ်း ● အဲန်ဂျီအို မျိုးဆက်များ

$
0
0


အောင်သူငြိမ်း ● အဲန်ဂျီအို မျိုးဆက်များ
(မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၇


တလောက ကျနော်သင်တန်းတခုမှာ 'အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ' (Role of civil society) ကို ပြော ဖြစ်ပါတယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်း (Civil society) ဆိုတာကတော့ တသီးပုဂ္ဂလ လူပုဂ္ဂိုလ်တွေနဲ့ နိုင်ငံတော်အစိုးရတို့အကြား မှာ အတင်းအကျပ်ပြုမှုကင်းစွာ လူသားချင်း အသင်းအပင်းဖွဲ့စည်းထားသည့် နယ်ပယ်နေရာလို့ Oxford Handbook on Civil Society စာအုပ်မှာ ယေဘုယျ ရှင်းပြထားပါတယ်။ ဒီအသင်းအပင်းတွေက အစိုးရနဲ့ကင်းရမယ်၊ ဈေးကွက်နဲ့ ကင်းရမယ်။ တန်ဖိုးထားမှု (Value) ဆိုင်ရာ၊ သို့မဟုတ် လက်ငင်း အကျိုးဖြစ်မှု (interest) ဆိုင်ရာ ရည်ရွယ်ချက်တွေနဲ့ စုပေါင်းလုပ် ကိုင်ကြတာတွေ ဖြစ်ပါတယ်။

အဲသည်မှာ ကျနော်က ဟားဗတ်ပါမောက္ခ၊ ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ရေး လှုပ်ရှားသူ ဒေးဗစ်ကော်တွန် (David Korton) ပြောတဲ့ အဲန်ဂျီအို မျိုးဆက် ၃-ခုကို ကိုးကားပြီး ရှင်းပြဖြစ်ပါတယ်။ နောက်ပိုင်း အချို့ပညာရှင်တွေက ဖြည့်စွက်ပြီး အဲန်ဂျီအိုမျိုးဆက် ၄-ခုအဖြစ် ရေးသားကြတာတွေ ရှိပါတယ်။

အဲန်ဂျီအို ပထမမျိုးဆက် (First generation NGO) က အလှူပေးရေးလောက်ပါပဲ။ကယ်ဆယ်ရေးနဲ့ လူမှုဖူလုံရေး ကိစ္စတွေ လုပ်ပေးပါတယ်။ မြန်မာ ပြည်မှာတော့ သာရေး၊ နာရေးအသင်း၊ နာ/ကူအသင်း… စသည်ဖြင့် အများအပြား ရှိပါတယ်။ ရေဘေးတွေဖြစ်လာရင် အလှူခံတွေလည်း အများအပြား တွေ့ကြရပါတယ်။ လူတဦးချင်း၊ မိသားတစုချင်း လည်း လုပ်လို့ရပါတယ်။ သူ့ရဲ့စီမံခန့်ခွဲပုံက သယ်/ပို့ ထောက်ပံ့ကိစ္စ (Logistics) မျိုးပါ။

အဲန်ဂျီအို ဒုတိယမျိုးဆက် (Second generation NGO) ကတော့ ရပ်ရွာဖွံ့ဖြိုးရေးကိစ္စတွေ လုပ်ကိုင်ကြပါတယ်။ သင်တန်း ကိစ္စတွေ၊ ဖွံ့ဖြိုးရေးကိစ္စတွေ ရေတို-ရေရှည် ပတ်သက်လာပါတယ်။ သူ့ရဲ့စီမံခန့်ခွဲပုံကတော့ စီမံချက်စက်ဝိုင်း ခန့်ခွဲမှုခေါ်ကြ တဲ့ (Project cycle management) တွေ ပါလာပါတယ်။ လိုအပ်ချက်လေ့လာ၊ အစီအစဉ်ရေးဆွဲ၊ အကောင်အထည်ဖော်၊ ပြန်လည်စိစစ်သုံးသပ် စသည်ဖြင့်ပါ။ နာဂစ်အပြီး ကယ်ဆယ်ရေးအဖွဲ့တွေက နောက်ပိုင်း ရပ်ရွာဖွံ့ဖြိုးရေးချည်းကပ်မှုဖက် ကို အများအပြား ပြောင်းသွားကြပါတယ်။

အဲန်ဂျီအို တတိယမျိုးဆက် (Third generation NGO) ကတော့ ရေရှည်တည်တံ့တဲ့ စနစ်ပြောင်းလဲ ဖွံ့ဖြိုးမှု (Sustainable systems development) ကို ဦးစားပေးလာပါတယ်။ သူတို့ကတော့ ခရိုင်၊ ဒေသ၊ နိုင်ငံတော်အဆင့်အထိပါ ပါဝင်ပတ် သက်နိုင်ဖို့ ကြိုးပမ်းကြပါတယ်။ မြန်မာနိုင်ငံမှာ ဥပမာပေးရရင် စနစ်ပြောင်းနိုင်ဖို့ ကြိုးစားနေကြတဲ့ NNER (ပညာရေးပြုပြင် ပြောင်းလဲမှုကွန်ရက်)၊ လူငယ်မူဝါဒရေးဆွဲရေး ကွန်ရက်၊ မြို့နယ်အုပ်ချုပ်ရေးဥပဒေ ပြင်ဆင်ရေးအတွက် လှုပ်ရှားနေကြ သူများ၊ သဘာဝပတ်ဝန်းကျင်အရေး၊ အမျိုးသမီးအရေး၊ ငြိမ်းချမ်းရေး လှုပ်ရှားနေသူ အများအပြား ရှိပါတယ်။ သူတို့က လော်ဘီခေါ်တဲ့ အစိုးရကို တိုက်တွန်းစည်းရုံးရေး လုပ်ငန်းတွေလည်း လုပ်ကြပါတယ်။ စနစ်ကို ပြင်ဆင်ချင်ကြတာပါ။ သူတို့ရဲ့ စီမံခန့်ခွဲမှုကျ တော့ Strategic system management လို့ခေါ်ကြပါတယ်။ မဟာဗျူဟာကျ ချည်းကပ် စနစ်စီမံမှုမျိုးပါ။

ဒေးဗစ်ကော်တွန် အယူအဆကို ချဲ့ထွင်ပြီး စတုတ္ထမျိုးဆက် အဲန်ဂျီအို (Fourth generation NGO) ကိုလည်း ဆွေးနွေးကြ ပါတယ်။ သူတို့ကတော့ နိုင်ငံဘောင်ကျော် ဖြစ်လာပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဖွံ့ဖြိုးမှုအတွက် လှုံ့ဆော်ကြသူ တွေပါ။ ဥပမာ- ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ရေး လှုပ်ရှားကြသူကွန်ရက်တွေ၊ ဂရင်းပိစ်၊ ကမ္ဘာ့ကြွေးမြီလျော်ပစ်ရေး၊ ကုလသမဂ္ဂ ပြုပြင်ရေး စတာတွေ ပါဝင်ပါတယ်။ ပြင်ဆင်မှုလုပ်ငန်းထက် ဘောင်ကျော်ကြည့်ကြတယ် ဆိုပါတယ်။

အဲသည်တော့ တနေ့က ကျေးလက်ဆွေးနွေးပွဲမှာ ကျောင်းလိုတော့ အလှူခံပေးတယ်။ တခုခုလိုရင် စီးပွားရေးလုပ်ငန်းရှင် တွေဆီက အလှူခံဖြည့်ဆည်းပေးတာ ဒေသတနေရာ၊ အချိန်တခုအတွက်တော့ အလုပ် ဖြစ်ပါတယ်။ ဒေသခံလူထု လက်ငင်း အကျိုးအတွက်တော့ ဖြစ်ပါတယ်။ ဒါပေမယ့် 'ကိုယ်ထူကိုယ်ထ'ဆိုတာ မြန်မာပြည်သူတွေ ရပ်တည်နေခဲ့ကြရတာ ကြာ ရှည် နေပါပြီ။ ပထမမျိုးဆက် အဲန်ဂျီအိုလောက် အလှူပေးရေးလောက် စဉ်းစားချက်ပါ။ ကျနော်တို့ လိုချင်တာက စနစ်ကို ပြင်မယ့် အစိုးရမျိုးပါ။ လက်တန်းမဟုတ်ဘဲ မဟာဗျူဟာမြောက် ချည်းကပ်ပုံနဲ့ ဖြေရှင်းပေးမှုမျိုးပါ။

အောင်သူငြိမ်း

သြဂုတ် ၈၊ ၂၀၁၇
Third Generation NGO Strategies: A Key to People-centered Development

http://davidkorten.org/wp-content/uploads/Korten%20Third%20Generation%20NGO%20Strategies.pdf
↧

ဇင်လင်း ● စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ (သို့မဟုတ်) နောက်မျိုးဆက်များသို့ စာပေအတွေးအမြင် အမွေပေးခဲ့သူ

$
0
0
ဇင်လင်း ● စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ 
(သို့မဟုတ်)
 နောက်မျိုးဆက်များသို့ စာပေအတွေးအမြင် အမွေပေးခဲ့သူ
(မိုးမခ) သြဂတ်စ် ၁၁၊ ၂ဝ၁၇

စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ ကွယ်လွန်ခဲ့သည်မှာ ၂ဝ၁၇ ဩဂုတ်လ ၁၁ ရက်နေ့တွင်  ၄ နှစ်ပြည့်ခဲ့ပေပြီ။ ဆရာ မောင်ဝံသ အဆုတ်ကင်ဆာရောဂါ ခံစားနေရကြောင်း စတင်သတင်းကြားသိရစဉ်က စာရေးသူမှာ ပြည်ပသို့ ရောက် ရှိနေချိန်ဖြစ်သည်။ ဆေးပညာတိုးတက်နေသော ယခုခေတ်တွင် အဆုတ်ကင်ဆာကို အခြေအနေအဆိုးဘက်သို့ ရောက် မသွားအောင် ထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့သေးသည်။ သို့သော်လည်း မိမိ၏ အတွေး မမှန်ခဲ့ပေ။ ဆရာ မောင်ဝံသ သည် စာရေးရန် အကောင်းဆုံးအချိန် ပညာဗဟုသုတများဖြင့် ရင့်ကျက်နေချိန် အသက် ၆၉ နှစ်အရွယ်တွင် ရန်ကုန်မြို့ ဝိတိုရိယဆေးရုံ၌ အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပေသည်။ သူ၏ ကျောင်းသားခေါင်းဆောင်ဘဝ၊ သတင်းစာ ဆရာဘဝနှင့်  နိုင်ငံရေးသမားဘဝတို့နှင့်စပ်လျဉ်း၍ သူ့မိတ်ဆွေ သူငယ်ချင်း ငယ်ပေါင်းကြီးဖေါ်အတော် များများက ရှု ထောင့် အသီးသီးမှ ပြန်ပြောင်းရေးသားဖေါ်ပြခဲ့ကြသည်။ သို့တိုင်အောင် ပြည့်စုံနိုင်ဖွယ် မရှိဟု ထင်သည်။

မိမိနှင့် ဆရာမောင်ဝံသသည် ငယ်ပေါင်းကြီးဖေါ်များတော့ မဟုတ်ခဲ့။ သို့သော် ၁၉၆၂ ခုနှစ် ဇူလိုင်ကျောင်းသား အရေးတော်ပုံ ကာလတွင် သူ့အမည်ရင်း ကိုစိုးသိမ်း(ပဲခူး) ဆိုသည်ကို မိမိအနေဖြင့် ကြားသိနေခဲ့သည်။ ထိုစဉ်က ဦးတင်မောင်ဝင်း(၁၉၉ဝ ပြည်သူ့လွှတ်တော်အမတ်၊ အင်းစိန်ထောင်တွင်း ကျဆုံး)၊ ဦးမိုးဟိန်း(သား ဂျာနယ်ကျော်၊ ကွယ်လွန်)၊ တို့နှင့်အတူ အရေး ပေါ်ဖွဲ့စည်းခဲ့သည့် ကျောင်းသားအခွင့်အရေး ကော်မတီတွင် ဦးစိုးသိမ်းလည်း ပါဝင်ခဲ့ သည်။ မိမိက တာမွေတန်းမြင့် အထက်တန်းကျောင်း၊ ကျောင်းသားသမဂ္ဂတွင် အမှုဆောင်တစ်ဦး အဖြစ်ပါဝင်ခဲ့သဖြင့်၊ ထိုစဉ်က ဗ.က.သ၊ တ.က.သ နှင့် ရ.က.သ အမှုဆောင်အချို့နှင့် ရံဖန်ရံခါထိတွေ့ဆက်ဆံခဲ့ဖူးသည်။ သို့ဖြစ်၍ ထိုစဉ်က လူချင်းမဆုံခဲ့သော်လည်း မောင်ဝံသဖြစ်လာမည့် ကိုစိုးသိမ်း (ပဲခူး) ၏အမည်ကိုမူ သိရှိနေခဲ့သည်။

ဆရာမောင်ဝံသ နှင့် ပုဂ္ဂိုလ်ချင်း ပထမဆုံး စတင်သိကျွမ်းခဲ့ရသည်မှာ ဆရာမောင်စွမ်းရည် မိတ်ဆက်ပေးမှုကြောင့်ဖြစ် သည်။ ၁၉၈၅ ခုနှစ် နှစ်လယ်ပိုင်းလောက်ဟု မှတ်မိသည်။ ဆရာမောင်စွမ်းရည်နှင့် ပန်းချီဆရာ ယဉ်မင်းပိုက်တို့ ရှိသည့် ခြောက်ထပ်ရုံးသို့ မိမိရောက်ခဲ့သည်။ ပညာရေးဌာနတစ်ခုဖြစ်သည့် သင်ရိုးညွှန်းတမ်းဌာနရုံးဟု မှတ်မိသည်။ ရုံးဆင်းချိန် တွင် ဆရာစွမ်းနှင့်အတူ ဒေါင်းစာပေတိုက်သို့ ခေတ္တဝင်ရောက်ခဲ့သည်။ မိမိ၏ ဇနီး မေတင်နွဲ့(စာကြည့်တိုက်ပညာ) ၏ စာပေဝေဖန်ရေးသမိုင်းကောက်ကြောင်း အခန်းဆက် ဆောင်းပါးများကို အတွေးအမြင်စာစောင်တွင်  အသုံးပြုရန် ဆရာ စွမ်းက အကျိုးဆောင်ပေးထားသည်။ ထို့ကြောင့် မိမိအားလည်း ဆရာစွမ်းက ဆရာမောင်ဝံသ နှင့် မိတ်ဆက်ပေး ထားလို ခြင်းဖြစ်သည်။ ထိုစဉ်က မိမိသည် ပုဒ်မ ၅ ည ဖြင့် အင်းစိန်ထောင်တွင် ၂ နှစ် ကျော်ကြာခဲ့ပြီး ပြန်လွတ်လာသည်မှာ  လေးငါးလခန့်အကြာကာလဖြစ်သည်။ ဆရာမောင်စွမ်းရည် က မိမိ၏ ဇနီး မေတင်နွဲ့(စာကြည့်တိုက်ပညာ) ၏ စာမူကို အတွေးအမြင်၌ သုံးရန်ပေးထားသည်မှာ မကြာသေးပေ။ သို့ဖြင့် မိမိအား နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးအဖြစ် မောင်ဝံသနှင့် မိတ်ဆက်ပေးသည်။ မေတင်နွဲ့၏ ခင်ပွန်းဖြစ်ကြောင်းလည်း ပြောပြသည်။ ဤသို့ဖြင့် ဆရာနှင့် စတင် သိကျွမ်းခဲ့သည်။

ဆရာက တရင်းတနှီး သိဟောင်းကျွမ်းဟောင်းပမာ ဧည့်ခံစကားပြောခဲ့သည်ကို မှတ်မိနေသည်။ မိမိ၏ ထောင်ကျခဲ့ရသည့် အမှုအကြောင်းကို စာနာစွာ မေးမြန်းခဲ့သည်။ ဆရာသည် သတင်းစာဆရာတစ်ဦးဖြစ်သော်လည်း ထိုစဉ်ကပင် ခေတ်ပြိုင် နိုင်ငံရေးအခြေအနေကို အထူးစူးစိုက်မှု ရှိကြောင်း သတိပြုမိသည်။ သတင်းစာဆရာပီပီ မိမိအား အလွတ်သဘော အင်တာဗျူးလုပ်သကဲ့သို့ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင် နှင့် လက်ငင်းလူမှုစီးပွားရေးဘဝအခြေအနေ တို့ကို စူးစမ်း မေးမြန်းခဲ့သည်။ သူ့အမြင်ကိုလည်း မိမိက ပြန်လှန်မေးမြန်းခဲ့ဖူးသည်။ အစိုးရသတင်းစာတိုက်တွင် အယ်ဒီတာလုပ်ရသည့် ဘဝကို ကျေနပ်မှု ရှိ/မရှိ မှတ်မှတ်ရရ မေးခဲ့သည်။ လူ့အဖွဲအစည်းကို ပိုကောင်းမွန်စေရန် ကူညီရာတွင် သတင်းစာဆရာ တစ်ဦးအနေဖြင့် အခွင့်အလမ်းကောင်းများရှိကြောင်း၊ သို့ဖြစ်၍ သူ့အနေဖြင့် လက်ရှိ သတင်းစာဆရာ ဘဝကို အခက်အခဲ များရှိသည့်တိုင် ကျေနပ်ကြောင်း၊ အချိန်အခါ အခြေအနေပေါ်မူတည်၍ ပြည်သူ့နားမျက်စိတာဝန်ကို ယခုထက်ပိုမို ထမ်းရွက်ခွင့် ရှိလာနိုင်မည်ဟု ယုံကြည်ကြောင်း ချင့်ချင့်ချိန်ချိန် ပြောခဲ့သည်။

ထို့နောက်တွင် ဆရာနှင့် တစ်လ တစ်ကြိမ်မျှ အနည်းဆုံး တွေ့တတ်သည်။ မိမိ၏ ဇနီးဖြစ်သူက တက္ကသိုလ်တွင် ဆရာမ အလုပ်ဖြင့် မအားလပ်သည်ကများသဖြင့် အတွေးအမြင်စာစောင်အတွက် သူ့စာမူသွားပို့ပေးရခြင်း၊ စာအုပ် ထွက်သည့် အခါ ဒေါင်းစာပေတွင် စာမူခနှင့် စာအုပ်ထုတ်ပေးရခြင်းတို့ကြောင့် ဆရာနှင့် မကြာခန ဆုံမိလေ့ရှိသည်။ ဆရာ့ဇနီး ဒေါ်မြင့်မြင့်နှင့်လည်း ခင်မင်သိရှိခဲ့ရသည်။ ဆရာ့တိုက်မှာပင် ဆရာ မောင်သော်က၊ ဆရာ ပါရဂူ၊ ဆရာ ကျော်ဇောနိုင်၊ ဆရာကြည်သာဦးတို့နှင့်လည်းတွေ့ဆုံခဲ့ဖူး သည်။ ဆုံကြတိုင်းလည်း တစ်နေ့တစ်ခြား  ဒီဂရီမြင့်တက်လာနေသော နိုင်ငံရေးအကြောင်းအရာများကိုသာ ပြောဖြစ်ကြသည်။ သတင်းဖလှယ်ဖြစ်ကြသည်။ ၁၉၈၆-၈၇ နှစ်များ၌ မြန်မာ့နိုင်ငံရေး အခြေအနေမှာ သိသိသာသာ နိုးကြားလာနေသည်။  ၁၉၈၆ ခုနှစ် ဖေဖေါ်ဝါရီလထဲတွင် ဖြစ်ပေါ်ခဲ့သည့်  ဖိလိပိုင် ပြည်သူ လူထုနှင့် အာဏာရှင် မားကို့စ် သတင်းကို မြန်မာပြည်သူ အများစိတ်ဝင်စားခဲ့သည်ကို အမှတ်ရမိသည်။  ‘ဖိလိပိုင် အာဏာရှင် မားကို့စ် ဖြုတ်ချရေး လူထုအရေးတော်ပုံကြီး’ တွင် မည်ကဲ့သို့ အဖြေထွက်လာနိုင်သနည်းဆိုသည်ကို ဆရာ မောင်ဝံသ၊ ဆရာကြည်သာဦးတို့နှင့် ပြောဖြစ်သည်ကို မိမိ သတိရနေသည်။ ထိုစဉ်က တစ်နေ့ပြီး တစ်နေ့ ဖိလိပိုင် လူထုအရေးတော်ပုံသတင်းကို မိမိတို့စောင့်ပြီး နားစွင့်ဖြစ်ကြသည်။ ထို့ပြင် ဖိလိပိုင်၏ ဂယက်သည် မြန်မာနိုင်ငံကို ရိုက်ခတ်နိုင်မည်လား စသဖြင့် ဆွေးနွေးပြောဆိုစရာ အကြောင်းအရာလည်းဖြစ်ခဲ့သည်။  အမေရိကန်က ကျောထောက် နောက်ခံပေးထားသည့် မားကို့စ်က လူထုအား ချေမှုန်းနိုင်မည်လား။ သို့မဟုတ် အမေရိကန် သဘောထား ပြောင်းကာ မားကို့စ်ကို လူထုကဖြုတ်ချနိုင်မည်လား စသဖြင့် အမျိုးအမျိုး ဆွေးနွေးသုံးသပ်ခဲ့သည်၊၊ ဆရာမောင်ဝံသ က ဖိလိပိုင် တပ်တွင်းအခြေအနေ သတင်းအချို့ကြောင့် မားကို့စ် အခြေအနေယိုင်သွားနိုင်သည်ဟု သုံးသပ်ခဲ့သည်ကို မှတ်မိနေသည်။ နောက်ပိုင်းတွင် ‘ကိုရာဇံ အကွီနို’နှင့်အတူ လူထုအောင်ပွဲခံ သွားသောအခါ မိမိတို့ အားရဝမ်းသာဖြစ်ခဲ့ဖူးသည်။ ဆရာ  ကလည်း အာဏာရှင် မာကို့စ် ကျဆုံးကာ ဖိလိပိုင် ပြည်သူတို့ အောင်ပွဲရခဲ့သည့် အတွက် ကျေနပ်ကြောင်း ပြောဖူးသည်၊၊

ဆရာနှင့် မှတ်မှတ်ရရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မုန်တိုင်းထန်သောကာလများအတွင်း ပြန်ဆုံခဲ့ရသည်။ မိမိက ရန်ကုန်တိုင်းရုံး ရုံးအဖွဲ့မှူးတာဝန်ထမ်းဆောင်စဉ်က ဆရာသည် ပဲခူးတိုင်းစည်းရုံးရေးအဖွဲ့အလုပ်အမှုဆောင်ဖြစ်သည်။ NLD ရန်ကုန်တိုင်းရုံးက စီစဉ်သည့် လူငယ်သင်တန်း အမှတ်စဉ် ၁ တွင် ဆရာက နိုင်ငံရေးသိပ္ပံကဏ္ဍကို ပို့ချခဲ့ပြီး၊ မိမိက အခြေခံ အင်္ဂလိပ်စာဖတ်ခြင်းဘာသာရပ်ကို ပို့ချခဲ့သည်။ ရန်ကုန်တိုင်းရုံးတွင် မိမိက အိမ်ရှင်ဖြစ်သဖြင့် ဆရာ့ကို ကြိုဆို ဧည့်ခံရင်း ထိုစဉ်က နိုင်ငံရေး အခြေအနေ အလားအလာ သုံးသပ်ချက်များကို ဆရာ့ထံက ကြားနာခဲ့ရဖူးသည်။ ထိုစဉ်က ရန်ကုန်တိုင်း၏ ရှေ့ဆောင်ဖြစ်သည့် ဦးတင်မောင်ဝင်း (ခရမ်း) နှင့် ဆရာ မောင်ဝံသတို့သည် ၁၉၆၂  ကျောင်းသား အခွင့်အရေးကော်မတီတွင် အတူလက်တွဲခဲ့ဖူးကြသဖြင့် သူတို့ချင်းဆုံမိလျှင် ရှေးဟောင်းနှောင်းဖြစ်များ ပြောကြသည်။ ထိုအခါ မိမိက ပင်တိုင်ပရိတ်သတ် ဖြစ်ခွင့် ကြုံခဲ့သည်။ လွမ်းမောစရာ ကာလများဟု ဆိုရပေမည်။

နောက်တော့ မိမိက အဝေးရောက်ညွန့်ပေါင်းအစိုးရကိစ္စဖြင့် ၁၉၉၁ မှ ၁၉၉၇ အတွင်း အင်းစိန်ထောင်၌ အကျဉ်းကျသည်။ ထိုကာလများတွင် ဆရာသည်လည်း ထောင်သို့ ဝင်လိုက်ထွက်လိုက်ဖြစ်ခဲ့ကြောင်း ကြားရသည်။ နောက်ပိုင်း CRPP ကိစ္စ တွင်ပတ်သက်မှုအတွက် ထောက်လှမ်းရေးကို ရှောင်ရင်းတိမ်းရင်း ဒေါက်တာစိန်ဝင်းဦးဆောင်သည့် အမျိုးသားညွန့်ပေါင်း အစိုးရအဖွဲ့ရှိရာ ထိုင်းနိုင်ငံဘက် မိမိရောက်သွားသည်။ ဆရာမကွယ်လွန်မီ ၂ဝ၁၃ နှစ်ဆန်းပိုင်းလောက်က ဖုန်းလိုင်းပေါ် တွင် နောက်ဆုံးစကားပြောခွင့် ရလိုက်သည်။ ထိုစဉ်ကတော့ နောက်ဆုံးဟု မထင်မိ။ လွတ်လပ်တဲ့အာရှအသံ တနင်္ဂနွေ စကားဝိုင်းတစ်ခုတွင် ဆရာနှင့် လေလှိုင်းပေါ်၌ ဆုံခဲ့ခြင်းဖြစ်သည်။ စကားဝိုင်းအတွက် လူမစုံမီ စောစောချိတ်ဆက်မိသော ဆရာနှင့် မိမိအား ဖုန်းလိုင်းပေါ်၌ စီစဉ်သူက စကားပြောခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ မိမိက ဆရာ ကျနော့်ကို မှတ်မိရဲ့လားဟု မေးသော အခါ ဆရာက အားပါးတရရယ်၍ “ဟေ့လူ ခင်ဗျားကို မမှတ်မိစရာ လားဗျ။ လေလှိုင်းမှာလည်း အသံတွေ မကြာမကြာ ကြားနေရတာပဲလေ။ ပြန်လာဖို့ လုပ်တော့ဗျ။ ဒီဘက်မှာ လုပ်စရာတွေ အများကြီး ဖြစ်နေပြီ။” ဟု ပြောခဲ့ သေးသည်။ အမှန်တော့ ထိုအချိန်တွင် မိမိ ပြန်လာရန် စီစဉ်နေချိန်လည်း ဖြစ်သည်။ သို့သော် မိမိ နောက်ကျသွားခဲ့သည်။ ၂ဝ၁၄ မတ်လတွင်မှ မိမိပြန်ရောက်ချိန်တွင် ဆရာက ထာဝရထွက်ခွာသွားနှင့်ပြီ။

ဆရာကွယ်လွန်ချိန်တွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်၊ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ဒုတိယဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်နေချိန်ဖြစ်သည်။ ဆရာမောင်ဝံသ သည် စာရေးဆရာ သတင်းစာဆရာမျှသာမဟုတ်။ နိုင်ငံရေးတွင်လည်း ထဲထဲဝင်ဝင် ပါခဲ့ဖူးသူဖြစ်သည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပဲခူးတိုင်း၊ ဝေါမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူ လည်း ဖြစ်သည်။ စာရေးဆရာ အယ်ဒီတာ ဆရာ မောင်မိုးသူ၏ အမြင်တွင်မူ ဆရာမောင်ဝံသသည် သတင်းစာဆရာ ဖြစ်သည် ဟုဆိုသည်။

“Professional ‘ကျွမ်းကျင်အတတ်ပညာရှင်’ သတင်းစာသမားပေါ့။ နိုင်ငံရေးတော့ ပြောရတာ ခက်ပါတယ်။  Professional သတင်းစာဆရာတော့ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ ကိုဝံသသည် မဆလခေတ် သတင်းစာဆရာ အဖြစ်နဲ့ စပြီး လုပ်ခဲ့ တယ်။ ဟံသာဝတီတို့  ဗိုလ်တထောင်တို့ မြန်မာ့အလင်းတို့ သတင်းစာတွေမှာ ကိုဝံသက လုပ်ဖူးတာပေါ့။ အဲဒီကတည်း က သတင်းစာဆရာပါပဲ။ ကိုဝံသရဲ့ ထူးခြားချက်က အဲဒီအချိန်ကတည်းက စာတွေရေးတယ်၊ အတ္ထုပ္ပတ္တိတွေ ရေးတယ်၊ ဘာသာတွေပြန်တယ် စသည်အားဖြင့်ရေးတယ်။ နောက်တခုက အတွေးအမြင်စာစောင်ကိုလည်း ထုတ်တယ်။ မောင်ဝံသ သည် စာပေဘက်က သတင်းစာဆရာ၊ စာရေးဆရာအဖြစ် ပိုပြီးတော့ ကျနော့်မျက်စိထဲ မြင်ပါတယ်။” ဟု ဆရာမောင်မိုးသူ က မှတ်ချက်ပြုခဲ့သည်။

ဆရာ မောင်ဝံသနှင့် အတူ ပြည်သူ့ခေတ်ဂျာနယ်ကို ဦးဆောင်လုပ်ကိုင်ခဲ့သော စာရေးဆရာ ဒေါက်တာ ဖေမြင့် (လက်ရှိ ပြန်ကြားရေးဝန်ကြီး) က ယခုကဲ့သို့သော နိုင်ငံရေး အကူးအပြောင်းကာလတွင်  ဆရာ မောင်ဝံသ ကွယ်လွန်ခြင်းသည် တိုင်းပြည်အတွက် ဆုံးရှုံးမှုတခု ဖြစ်သည်ဟု ဆိုသည်။

“စာနယ်ဇင်းသမားတွေ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ စတုတ္ထမဏ္ဍိုင် တည်ဆောက်ဖို့ ကြိုးစားနေတဲ့ အချိန်ကာလမှာ ဦးဆောင်ရွက်ပြုပြီးလုပ်နိုင်တဲ့ ဆရာမောင်ဝံသလို ပုဂ္ဂိုလ်မျိုး ဆုံးရှုံးသွားတာ စာနယ်ဇင်းလောကအတွက် အတော် ဆုံးရှုံးပါ တယ်။  ကျနော်တို့ တိုင်းပြည် ဒီမိုကရေစီအကူးအပြောင်းမှာ စောင့်ကြည့်ဝေဖန် တည့်မတ်ပေးနေတဲ့ စာနယ်ဇင်းသမား ကောင်း ဆုံးရှုံးတော့ တိုင်းပြည်အတွက်လည်း ဆုံးရှုံးတယ်လို့ ပြောလို့ရပါတယ်။” ဟု ဆရာ ဖေမြင့်က မှတ်ချက်ပြုသည်။

ဆရာ ဦးဝင်းတင်ကတော့ သူ့ရဲဘော် မောင်ဝံသကို “ကတ္တီပါ လက်သီးပြင်းနဲ့ စစ်အာဏာခေတ်တစ်ရှဉ်းကို ဖြတ်သန်းခဲ့ သူ” ဟု ဂုဏ်တင်ဖေါ်ညွှန်းသွားခဲ့သည်။

ဦးဝင်းတင်က “ကိုဝံသနဲ့ ကျနော် စတွေ့တာက အလုပ်သင် သတင်းထောက် အဖြစ် လုပ်သားပြည်သူ့နေ့စဉ်ကို ကျနော်ရောက်လာတဲ့ အချိန်။ တွက်ကြည့်ရင် နှစ်ပေါင်း ၅ဝ ရှိပြီဗျ။ ကျနော့် ဟံသာဝတီ သတင်းစာကို အယ်ဒီတာ အနေနဲ့ ရောက်လာသေးတယ်။ သူလုပ်တဲ့ အတွေးအမြင် စာစောင်မှာလည်း ကျနော်က ဆောင်းပါးတွေ အများကြီးရေးဖူးတယ်။ ၁၉၈၈ ခုနှစ်ကျတော့ သူ NLD ကို ရောက်လာတယ်။ NLD ပါတီရဲ့ပဲခူးတိုင်းမှာ စည်းရုံးရေးမှူး လုပ်တယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ အမတ်အဖြစ်သူ အရွေးခံရတယ်။ ၁၉၉၁ မှာ NLD ဗဟို ကော်မတီဝင် ဖြစ်လာတယ်။ ထောင်ထဲကို ဝင်လိုက်ထွက်လိုက်နဲ့ ပြစ်ဒဏ်ပေးခံရတယ်။ သူနဲ့ ကျနော်နဲ့က စာပေသမား အနေနဲ့ ရော၊ သတင်းစာဆရာ အနေနဲ့ရော၊ နိုင်ငံရေးသမား အနေနဲ့ရော ပေါင်းခဲ့တာ။” ဟု ပြန်ပြောင်းပြောပြကြောင်း ဧရာဝတီ အကြီးတန်းသတင်းထောက် ထက်နိုင်ဇော်၏ သတင်းဆောင်းပါး၌ ဖေါ်ပြထားသည်။


ဆရာ မောင်ဝံသ ၏ စာပေစေတနာ ကြီးမားပုံကို မိမိအနေဖြင့် အနည်းငယ် ထပ်ဖြည့်ချင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော် ၁၉၈၆ ခုနှစ်လယ်ပိုင်းလောက်တွင် ဆရာ့ကို မေးခွန်းတစ်ခု မှတ်မှတ်ရရ မေးခဲ့ဖူးသည်။ အတွေးအမြင်စာစောင် ထုတ်ဝေသည့် ရည်ရွယ်ချက်ကို မေးကြည့်မိခဲ့ခြင်းဖြစ်သည်။ အမှန်ပြောရလျှင် ထိုစဉ်က အတွေးအမြင်စာစောင်သည် အသက် ၇ဝ ကျော် ဆရာကြီးများ၏ ဆောင်းပါးများကို ဦးစားပေးဖေါ်ပြနေသည်ကို မိမိက သတိပြုမိသဖြင့် မေးကြည့်မိ ခြင်းဖြစ်သည်။  ဈေးကွက်အမြင်ဖြင့် ကြည့်လျှင် အတော်စွန့်စားထားသည့် အလုပ်လည်း ဖြစ်သည်။ လူငယ်စာဖတ် ပရိသတ်တို့ အတွက် လေးပင်သော ဆောင်းပါးများဖြစ်သည်။ လူလတ်ပိုင်းနှင့် လူကြီးပိုင်းကိုသာ အားပြုရမည့် စာစောင် ဖြစ်သည်။ မိမိ မှတ်မိသလောက် အတွေးအမြင်၏ ကလောင်ရှင်များမှာ စာရေးဆရာကြီးများမှာ ဒဂုန် ဦးစန်းငွေ၊ ဦးသော်ဇင်၊ မင်းသုဝဏ်၊ မောင်ထင်၊ တက်တိုး၊ တင့်တယ်၊ ဆင်ဖြူကျွန်း အောင်သိန်း၊ ဦးကြီးမောင် (ငွေဥဒေါင်း)၊ ဆန်းထွန်း(မန်းတက္ကသိုလ်)၊ ဆန်းလွင်၊ ပါရဂူ၊ မောင်သော်က၊ ဦးဝင်းတင် (ပေါ်သစ်)၊ မြသန်းတင့်၊ ဦးသန်းထွန်း(ရွှေဘို)၊ အောင်သန်း(မန္တလေး)၊ လင်းယုန်မောင်မောင်၊ မောင်ဆုရှင်၊ တင့်ဆန်း၊ မောင်သာနိုး၊ ရွှေဘို မိမိကြီး၊ ဒေါ်မေတင်ထွဋ်၊ အစရှိသဖြင့် ဝါရင့် စာရေးဆရာကြီးများ ဖြစ်ကြသည်။ ဆောင်းပါးများကလည်း အတွေးအမြင်ဆိုသည့် အမည်နှင့် လိုက်အောင် တွေးတောမြော်မြင်ဖွယ်ရာ အကြောင်းအရာများဖြစ်သည်။ တစ်ခုတော့ ရှိသည်။ ထိုစဉ်က မြန်မာနိုင်ငံ အခြေအနေမှာ Closed Society ဖြစ်နေသောကြောင့် အစိုးရအာဘော်မဟုတ်သည့် စာကောင်းစာသန့်ကို ဖတ်လိုသော ပရိသတ်အတွက် ‘အတွေးအမြင်’ ကို သီးသန့်အားထားခဲ့ကြရသည်။

ဆရာ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးရှင်းရှင်း နှစ်လိုဖွယ်ဖြစ်သည်။ အသက် ၇ဝ ကျော် ၈ဝ အတွင်းရောက်နေကြသော စာရေးဆရာကြီးများထံတွင် အလွန်အဖိုးတန်သည့် ပြောစရာ သုတရတနာ အကြောင်းအရာများ မကုန်နိုင်အောင် ရှိနေသည်။ သူတို့ကျန်းကျန်းမာမာရှိနေစဉ် သူတို့၏ အသိပညာဗဟုသုတများကို အများသူငါ ဖတ်ရရုံမက၊ နောင် မျိုးဆက်တို့အတွက် ရေရှည်သိမ်းဆည်းထားနိုင်ရန် ရည်ရွယ်၍ အကျိုးအမြတ်ကို မမျှော်လင့်ဘဲ၊ အတွေးအမြင်ကို ထုတ်ဝေဖြစ်ခြင်းဖြစ်ကြောင်း ဆရာက ပြောပြခဲ့သည်။ တနည်းအားဖြင့် ရှေးခေတ် စာရေးဆရာကြီးများ၏ အတွေးအခေါ် အသိအမြင် အယူအဆများ ကိုးကားစရာ သမိုင်းအတွေ့အကြုံများနှင့် မှတ်တမ်းမှတ်ရာများကို နောက်မျိုးဆက်များသို့ လက်ဆင့်ကမ်း မျှဝေပေးလို ခြင်းဖြစ်သည်ဟု မိမိအနေဖြင့် ယေဘုယျနားလည်ခဲ့သည်။ ထို့ကြောင့် ဆရာမောင်ဝံသ၏ စာပေလောကအပေါ် နောက်မျိုးဆက်တို့အပေါ် ထာရှိခဲ့သည့် စေတနာ နှင့် အမြော်အမြင်ကြီးမားခြင်းကို သူ၏ “အတွေးအမြင်မဂ္ဂဇင်း” က သက်သေပြလျှက်ရှိသည်။ စာကောင်းသန့်များဖြင့် စာပေစေတနာ သန့်ရှင်းထက်သန်မှုကို ပြသခဲ့သည့် “အတွေးအမြင်မဂ္ဂဇင်း” ကို ၁၉၈၄ ခုနှစ် အောက်တိုဘာလ မှ စတင် ထုတ်ဝေခဲ့ပြီး၊ ယခုအထိ ဆက်လက် ရှင်သန်နေပေသည်။ “အတွေးအမြင်မဂ္ဂဇင်း” ရှင်သန်နေခြင်းသည် ဆရာမောင်ဝံသ ၏ မွန်မြတ်လှသည့် စာပေစေတနာ ဆက်လက်ရှင်သန်နေခြင်းဖြစ်သည်။

“အတွေးအမြင်မဂ္ဂဇင်း”သည် နောက်မျိုးဆက်တို့အတွက် မောင်ဝံသ ၏ ‘စာပေနှင့် အတွေးအမြင် ဉာဏ်ပညာ အမွေ’ လည်း ဖြစ်ပေသည်။ ဝါရင့်စာရေးဆရာ သတင်းစာဆရာ ဆရာမောင်ဝံသ၏ နာမည်ဂုဏ်သတင်း ထာဝစဉ် ထွန်းလင်းတည်တန့်ပါစေကြောင်း ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။

7 July, 2017 (Wednesday) ဒီလှိုင်းစာစောင် အတွဲ (၆) အမှတ် (၃ဝ) ၌ ဖေါ်ပြခဲ့သော ဆောင်းပါး။
↧

ကာတွန်း KZZH - ဘော်ဒါစိတ်

$
0
0

ကာတွန်း KZZH - ဘော်ဒါစိတ်
(မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၇
↧

နယူးဇီလန်- (၆၈) နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနား နယူးဇီလန်နိုင်ငံ အောက္ကလန်မြို့တွင် ကျင်းပ

$
0
0
(၆၈) နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနား နယူးဇီလန်နိုင်ငံ အောက္ကလန်မြို့တွင် ကျင်းပ 
(မိုးမခ) သြဂုတ် ၁၂၊ ၂၀၁၇

သြဂုတ်လ (၁၂) ရက်တွင်ကျရောက်သည့် (၆၈)ကြိမ်မြောက်ကရင့်အာဇာနည်နေ့ အခမ်းအနား အောက် မေ့အလေးပြုပွဲကို နယူးဇီလန်နိုင်ငံရောက် ကရင်အမျိုးသားထုက New Zealand Karen Association (NZKA) ကရင်အမျိုးသားများအဖွဲ့ (နယူးဇီလန်) ၏ ဦးဆောင်မှုဖြင့် နယူးဇီလန်နိုင်ငံ အောက္ကလန်မြို့ မန်ဂေရီရပ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြသည်။

ထိုအခမ်းနားတွင် လွန်ခဲ့သော (၆၈)နှစ် ၁၉၅၀ ခု သြဂုတ်လ ၁၂ ရက် ယခုလိုနေ့တွင် စစ်အာဏာရှင်တို့၏ လက်ချက်ဖြင့်ကျဆုံးသွားခဲ့ရသော ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်တကွ ယနေ့ထက်တိုင် ကရင်အမျိုးသားထုတရပ်လုံးလွတ်လပ်ရေးနှင့် ကရင့်ကံကြမ္မာ ကရင်ကိုယ်တိုင်ပြဋ္ဌာန်းနိုင်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်သွေးချွေး ဘဝများပေးဆပ်ခဲ့ကြသည့် အဆင့်နေရာအသီးသီးမှခေါင်းဆောင်များ၊ ရဲဘော်များ ကျဆုံးခဲ့ရသည်ကို မေ့ဖျောက်မသွားကြစေရန်နှင့် ယင်းတို့မျှော်မှန်းခဲ့သည့်ရည်မှန်းချက်များ မပြည့်မြောက် မပြီးဆုံးသေးသည့် ယနေ့ကာလတွင် မိမိတို့ပခုံးပေါ်တွင်ကျရောက်လာသည့် ကရင်ပြည်သူ လူထုအပေါ် ပေးဆပ်တာဝန်ယူရမည့်ဝတ္တရားများကို ယနေ့လူငယ် မျိုးဆက်သစ် ကရင်လူငယ်လေးများက ကိုယ်နိုင်ရာ အခန်းကဏ္ဍမှနေ၍ သမိုင်းလက်ဆင့်ကမ်း ဆက်လက်ထမ်းပိုးသယ်ဆောင်သွားကြရန် ပြောဆို ဖတ်ကြား တိုင်တည်ခဲ့ကြသည်။ 

NZKA ဥက္ကဋ္ဌစောအားနမ်က ယခုလို ကရင့်အာဇာနည်နေ့အလေးပြုအောက်မေ့အခမ်းအနားကျင်းပရခြင်း ၏ရလာဒ်အဖြစ် နယူးဇီလန်နိုင်ငံတွင် ကြီးပြင်းလူလားမြောက်ရသည့် ကရင်မျိုးဆက်သစ်လူငယ်တို့ကို မိမိ တို့၏သမိုင်း၊ မိမိတို့၏ရိုးရာဓလေ့ထုံးတမ်းများကိုမေ့ပျောက်မသွားဘဲ တန်ဖိုးထားစောင့်ထိန်းသွားနိုင်ရန် အထောက်အကူဖြစ်စေကြောင်း ပြောသည်။
ထို့အတူ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသည့် NZKA အဖွဲ့၏နာယက ဖြစ်သူ ဖဒို နီနီ့ကလည်း ကရင့်အမျိုးသားလွတ်မြောက်ရေးသမိုင်းကို မမေ့ပျောက်ရေးနှင့် ကရင်အမျိုးသားတို့၏ ကိုယ် ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို မျိုးဆက်သစ်လူငယ်များကတန်ဖိုးထားစောင့်ထိန်းရင်း မပြီးဆုံးသေး သည့် ကရင်အမျိုးသားရေးလှုပ်ရှားမှုများကို ဆက်လက်ပခုံးပြောင်းတာဝန်ယူသွားနိုင်ရန် စေ့ဆော်ပေး နိုင် ကြောင်း သုံးသပ်ပြောပြသည်။
ကရင်အမျိုးသားလူငယ်တဦးဖြစ်သူ စောယွာအယ်ကလည်း ယခုလိုအခမ်းအနားများကြောင့် မိမိတို့မသိမီခဲ့ သည့် ကရင့်သမိုင်းကိုသိနားလည်လာပြီး မိမိတို့မှာ ကိုယ်ပိုင်တိုင်းပြည်ရှိပါလျက် ယခုလိုတိုင်းတပါးသို့ ထွက်ခွာလာခဲ့ကြရသည့်ဘဝအကြောင်းတရားများကို နားလည်လာခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့လက် ဝယ်ရောက်နေသည့် မျက်မှောက်ကာလတွင် မိမိတို့အမျိုးသားလွတ်မြောက်ရေး၊ တိုးတက်မြင့်မားရေး အတွက် ကျရာအခန်းမှနေ၍ တာဝန်ယူလိုစိတ်များ ဖြစ်ပေါ်လာရကြောင်း ပြောဆိုသည်။

အဆိုပါအခမ်းအနားသို့ နယူးဇီလန်ရောက် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ၊ အခြားတိုင်းရင်းသား မဟာမိတ်အဖွဲ့များအပါအဝင် ကရင်အမျိုးသားများ အစရှိသည့် အင်အား ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြ သည်။


↧
↧

ရဲရင့်သက်ဇွဲ ● မသိတော့ဘူး … နည်းနည်းလေးရအောင်တွေး

$
0
0
ရဲရင့်သက်ဇွဲ ● မသိတော့ဘူး … နည်းနည်းလေးရအောင်တွေး
(မိုးမခ) သြဂတ်စ် ၁၂၊ ၂၁၀၇

ဝင်ရိုးစွန်းရဲ့ ဒီတနွေ
နည်းနည်း နွေပီသလာတဲ့အထဲမှာ
တိုက်ခတ်လာတဲ့ လေကတော့
အအေးဓာတ်ကိုသယ်ဆောင်လာတုန်းပဲ ….။

ငါ … အိမ်ရှေ့ဝရံတာမှာရပ်ရင်းငေး
ဟိုး … ဝေးဝေးက အနာဂတ်ကိုတွေး
ခပ်ရေးရေး ခပ်ဖြေးဖြေးသာ မပီဝိုးတဝါး
ဆည်းဆာတိမ်တောက် အိမ်ပြန်ရောက်ချင်တယ် …..။

စိတ်အာရုံတွေ ကစဥ့်ကလျား
အတွေးများဖရို ဖရဲ
တောင်မင်းကို မြောက်မင်းမကယ်နိုင်
ဒီတခန်းရပ်ပြဇာတ် ဇာတ်နာလှတယ် …

ယုံကြည်မှု စုံလုံးကန်းတဲ့အခါ
ကိုယ့်အိမ်နီးနားချင်းမိတ်ဆွေများရဲ့
ဝှက်ထားသောလက်သဲများ အလုအယက်
ဒုက္ခကန္တာရ ကပ်ဆိုးကြီးထဲ
ပွယောင်းယောင်း ယောင်ကိုင်းကိုင်း
အသက်ဓာတ်ဟာ
ထွက်ပေါက်ရှိရာ တွားတွားတက်လာ …..

ကိုယ်မပျော်ပါဘူး
ကိုယ်မငိုပါဘူး …….
ဝင်ကစွတ်ကောင်တို့ရဲ့
စိတ်ထဲ ဘာတွေများရှိလေမလဲ
ရေကြည်ရာ မြက်နုရာသို ထွက်သွားကြသူများ
သမိုင်းမဝင်ပေယ့် သမိုင်းတွင်နေတဲ့
အသက်စွန့်သွားသူများ
ဘယ်တော့များလည်း နှင်းရယ်
ဘယ်တော့များလည်း နှင်းရယ်

နွေလည် နေ့ရဲ့အိပ်မက်
စိတ်ပျက်လက်ပျက်
ကောင်းကွက်တကွက်မှမရှိသော်လည်း
ဒါဟာ လောကရဲ့ သစ္စာတရား …
တို့မှားသွားလား ..မသိတော့ဘူး
မသိတော့ဘူး… မသိတော့ဘူး……။

ရဲရင့်သက်ဇွဲ
↧

ဝေယု ● ဆက်သွယ်မှုဧရိယာပြင်ပတွေ

$
0
0
ဝေယု ● ဆက်သွယ်မှုဧရိယာပြင်ပတွေ
(မိုးမခ) သြဂတ်စ် ၁၂၊ ၂၀၁၇

သွားတွေမပါရင်
ဘာနဲ့ဝါးရမလဲ
ခြေထောက်မပါရင်
ဘာနဲ့လျှောက်ရမလဲ
ဒီမိုကရေစီအကြောင်း
ကဗျာရေးရတာပျင်းတယ်။

မြို့တွေအကြောင်း
တီးမိခေါက်မိရုံပါပဲ
နိုင်ငံရေးအကြောင်း
နေနိုင်လွန်းပါတယ်
ဟိုအရေးဒီအရေးတော့
ကျင်းထဲကြပ်ထဲ နားနားနေနေ
မနေနိုင်တဲ့အကြောင်း။

လမ်းဟာ
ဒလိမ့်ခေါက်ကွေးသွားနေရတဲ့ ပက်ကျိတကောင်အကြောင်းပဲ
အစိမ်းရောင်ရှုခင်းထဲ
မြွေဟောက်တကောင်
ပါးပျဉ်းထောင်လာတယ်။

ဘဝဟာ
ဈေးသွားဈေးပြန်
ချည်မျှင်ချည်ထည်တွေဆီကရလာတဲ့
အနံ့တွေအကြောင်းပဲ။

တဦးနဲ့တဦး
ညီရင်းအကိုတမျှ ချစ်ကြည်ရင်းနှီးကြ
ဒါတောင်မှ
သူ့ဘဝလေး လေထဲ တဲတဲလေးရယ်။

ငါအကြောင်းမပြန်လိုဘူး
ငါ့အကြောင်းနဲ့ငါ ရှိစေတော့
ငါအကြောင်းမပြန်လိုဘူး
မင်းအကြောင်းနဲ့မင်း သာယာချမ်းမြရှိစေတော့။

ရပ်ထဲရွာထဲကျော်ကြားမဲ့အလုပ်ဆိုတာ
ငါမပါတဲ့ ငါ့ဘဝ ငါ့တိုင်းပြည် ငါ့အကြောင်းတွေဆီက လာတာပဲ
မင်းမပါတဲ့ မင်းဘဝ မင်းတိုင်းပြည် မင်းအကြောင်းတွေဆီက လာတာပဲ။         ။

ဝေယု
↧

ကာတွန်း ATH - အဖြေ

$
0
0

ကာတွန်း  ATH - အဖြေ
(မိုးမခ) သြဂုတ် ၁၃၊ ၂၀၁၇
↧

ယောဟန်အောင် ● ရန်တွေဝိုင်းနေတဲ့ မြို့

$
0
0
ယောဟန်အောင် ● ရန်တွေဝိုင်းနေတဲ့ မြို့
(မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၇

မီးမိုး၊ မြားမိုးမရွာသေးပေမယ့်
ဒီမြို့ကို ရန်တွေက ဝိုင်းပတ်ထားပြီးပြီ
ဟိုမှာ လှုပ်လှုပ်ရွရွ ဒီနားက ရုတ်ရုတ်သဲသဲ
သားရဲအနံ့တွေနဲ့ ဂနာမငြိမ်
မီးခိုး တိမ်စိုင်မှောင်ကျ
ကောလဟာလတွေက တအိမ်ဝင် တအိမ်ထွက်။

တချိန်က လှပပွင့်ဖူးခဲ့တဲ့ မြို့ကြီးပါ
မီးရောင်စုံနဲ့ တေးတွေမတိတ်ဆိတ်ခဲ့
ခုမှ လူတွေက
စိတ်ချလက်ချ အိပ်လို့မရနိုင် ဖြစ်နေပုံများ
"အိပ်မပျော်သူအတွက် ညတာရှည်လျား
ပန်းနေသူ ခရီးသွားအတွက် တစ်ယူဇနာ ပိုရှည်လျား
သူတော်ကောင်းတရားကို မသိနားမလည်ကြသော လူမိုက်များအတွက်
သံသရာသည် အလွန်ရှည်လျား"နေရတယ်။ *

ပန်းပွင့်များ၊ ဝိုင်ခွက်များ ကပွဲများညှိုးလျ
တချို့က ကြံ့ကြံ့ခံ၊ တချို့လက်မြှောက်
အနောက်ဖက်တံခါး ကျိုးပျက်ပြီလား
အရှေ့စစ်မျက်နှာမှာ ဘာလို့အကြာကြီး တိတ်ဆိတ်နေရပါလိမ့်
ပလိပ်၊ ကြွက်သေနဲ့ ခွေးအူသံများ
စိတ်ဝိညာဉ်တွေ ရွာရိုးကိုးပေါက် ခြောက်ခြားနေရသလိုလို
အပြိုအပျက်တွေကို ထိုင်အုပ်ချုပ်လို့
မြို့ဝန်က သဟောက်သဟမ်းနဲ့ ဟန်ကိုယ့်ဖို့လုပ်နေသေးတယ်။

တောက မြို့ကို ပတ်ဝိုင်းတာလား
မြို့ကတောကို ပတ်ဝိုင်းတာလား မသိ
ဝိုင်းတာတော့ ဝိုင်းပတ်ထားကြပြီ
ပြည်သူက လူထုကို ပတ်ဝိုင်းထားတယ်
သတင်းက မီဒီယာကို ပတ်ဝိုင်းထားတယ်
သံဃာက ရဟန်းကို ပတ်ဝိုင်းထားတယ်
တိုင်းရင်းသားက လူနည်းစုကို ပတ်ဝိုင်းထားတယ်
တို့မီးက ရှို့မီးကို ပတ်ဝိုင်းထားတယ်။

မြို့ရိုးဟာ ခြစားတာတွေနဲ့ ပေါက်ပြဲ
တရားနဲ့ မျှတမှုဟာလည်း တရားသူကြီးဆီမှာ မနေတော့ဘူး
ခိုးလမ်းကနေ ကျွန်တွေ ကူးသွားကြ
ကမ်းတိုက်စားလို့ တဖက်မြေဖို့သလို
သူတပါးမြို့တွေကို သစ္စာခံကုန်ကြတယ်။

မြို့လမ်းမထဲ မထွက်ရဲအောင် ဖြစ်လာတယ်
'အကြောက်တရား'ကိုယ်၌က ပိုကြောက်ဖို့ ကောင်းနေသလိုပဲ
သတင်းထဲ ရန်ပေါင်းခ
မင်တံနဲ့ လည်ပင်းကိုထောက် လုယက်ကြတယ်
ကြက်သီးမွေးညှင်းထစရာ
သေနတ်သမားဟာ ဆင်ခြင်တုံတရားကို တေ့ပစ်ထည့်လိုက်တယ်။
သတင်းဆိုးကတော့ လျို့ဝှက်ကြံစည် သေနတ်သမားဟာ
လူတိုင်းနောက်နားမှာ ရှိနေနိုင်ပြီး၊
သတင်းကောင်းကတော့
လူသူအားလုံး လွတ်လပ်မှု နည်းနည်းကျဉ်းမြောင်းလိုက်တာပါပဲ။

ငှက်တွေ ကောင်းကင်က ပြုတ်ကျလာတယ်
တဖက် ကင်းတပ်မြို့က စာပို့ငှက်ပါ ပါသွားခဲ့
တီးတိုး တီးတိုးနဲ့ သတင်းတွေ ဟိုနားသည်နားလောင်တယ်
သင်္ဘောတွေ အလံထောင်လာနေကြပြီလား
အပစ်ရပ်ညှိနှိုင်းမှု စာလွှာပါးလိုက်ပြီဆို
ဂလိုဘယ်လိုက်ဇေးရှင်းက ဒရမ်တီးပြီးလာနေဆိုလား
အိုဘော (OBOR) ရထား ** က နက်ဖြန်ဆိုက်မှာလား
စစ်ကူတွေက ရထားနဲ့ လိုက်လာမှာလား
ကွဲပြားသိဖို့ ခက်ကုန်တယ်။

ကြယ်တွေ လတွေကို ထွက်မကြည့်ရဲကြတော့ဘူး
အိမ်အမှောင်ထဲနေကြ၊ မိဘတွေက
ဒဏ္ဍာရီလာ ဘီလူး သဘက် ပေတမှတ်တမ်းတွေ ပြန်ပြောကြတယ်။
ဒီခေတ်မှာ ရေကိုချွေတာပါကွဲ့
အလင်းကို ချွေတာပါကွဲ့
ပျက်စီးရန် ကပ်ကြီးသုံးပါး *** မှာ
အဆုံးအမတရားတွေ တည်ကြပါတဲ့။

"ဗုဒ္ဓာနံ ဇီဝိတဿ
န သက္ကာ ကေနစိ
အန္တရာယော ကာတုံ၊
တထာ မေ ဟောတု"
ဗုဒ္ဓာနံ … မြတ်စွာဘုရားတို့၏ ဇီဝိတဿ … အသက်တော်၏၊ အန္တရာယော … ဘေးအန္တရာယ်ကို၊ ကေနစိ … တစုံတယောက် သောသူသည်၊ ကာတုံ … ပြုခြင်းငှာ၊ နသက္ကာ … မတတ်နိုင်၊ တထာ … ထို့အတူ၊ မေ … တပည့်တော်အား၊ ဟောတု … ဖြစ်ပါစေသတည်း။ ****

"ချစ်သူတို့ သင်တို့သည်
မိမိတို့ အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ
မိမိတို့ကိုတည်ဆောက်လျှက်၊
သန့်ရှင်းသော ဝိဉာဉ်တော်အားဖြင့် ဆုတောင်း ပဋ္ဌနာပြုလျှက်၊
ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌
ကိုယ်ကိုကိုယ် စောင့်ရှောက်၍
ထာဝရအသက်အလို့ငှာ၊
ငါတို့သခင် ယေရှုခရစ်၏
ဂရုဏာတော်ကို မျှော်လင့်၍နေကြလော့" *****

ကလေးများ
ပေါင်မုန့် ဆွပ်ပြုတ်၊ အရိုးအရင်းတမ်းတ
တအီအီ ငိုကြလို့…
ဒဏ်ရာ အနာတရနဲ့ လူတွေပြန်လာခဲ့ကြတယ်
သွေးညှီ ပုတ်အဲ့ ဒရိမ်းဒယိုင်
မျှော်လင့်ချက်ပြိုကွဲ မီးတိုင်တွေအောက်မှာ
ထိုင်နေတဲ့ သူတို့တွေ
လူယောင်ဆောင်နေကြသူများလား
ဘုန်းကြီးတွေက ဘုန်းကြီးအစစ်တွေလား
ဓမ္မဆရာတွေကရော ဓမ္မအစစ်တွေ ဟောမှာလား
သံသယမိုးရေအောက်၊ အဝိဇ္ဖာ ခေါင်းလောင်းထိုးသံတွေအောက်
မြို့တော် ခါးရိုးဟာ ပိုကောက်ကွေးနေခဲ့ရတယ်။ ။

သြဂုတ် ၇၊ ၂၀၁၇
-----------------------
ပိုလန်ကဗျာဆရာ ဘစ်နျူး ဟားဘတ် (Zbigniew Herbert) (၁၉၂၄-၁၉၉၈) ၏ ရန်သူဝိုင်းခံနေရသောမြို့မှ အစီရင်ခံစာ တစောင် (Report From The Besieged City) ကဗျာကို ဆင့်ပွားခံစား ရေးဖွဲ့ပါသည်။
---------------------
* ဓမ္မပါဒ (၆၀)
** တရုတ်နိုင်ငံ၏ စင်္ကြန်ပတ်လမ်း One belt -One Road စီမံကိန်း
*** ကပ်ကြီး ၃ ပါး
(၁) ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း
(၂) သတ္တတန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း
(၃) ရောဂန္တရကပ် = အနာရောဂါဘေးကြောင့် ပျက်စီးခြင်း
**** ဓာရဏပရိတ်
***** (ယုဒ ၂၀း၂၁)
↧
↧

လင်းသက်ငြိမ် ● ရေကြီးချိန် အမှတ်တရများ

$
0
0
လင်းသက်ငြိမ် ● ရေကြီးချိန် အမှတ်တရများ
(မိုးမခ) သြဂတ်စ် ၁၄၊ ၂ဝ၁၇

မနေ့ညက မိုးတွေရွာသွန်းပြီးတဲ့နောက် အိမ်ရှေ့မြောင်းထဲမှာ ရေတွေတိုးလာတယ်။ ဒေါင်းမြူးချောင်း ရေလျှံ နေခြင်းဖြစ်ပါ လိမ့်မယ်။  မိုးရာသီ ရေကြီးရေလျှံခြင်းမှာ ကျွန်တော်တို့အတွက် မထူးဆန်းသောကိစ္စတစ်ခုပါပဲ။  မြောင်းထဲကနေ အိမ်ဝင်းထဲ တရွေ့ရွေ့တိုးဝင်လာတဲ့ ရေဝါဝါတွေကိုကြည့်ရင်း ငယ်ငယ်က ရေကြီးချိန်တွေကိုသတိရလာမိ။  အိမ်ခေါင်းမိုး မြုပ်လုမြုပ်ခင် အထိ ရေအကြီးအကျယ်ကြီးတာကို ငယ်ငယ်ကတစ်ခါကြုံခဲ့ဖူးပါတယ်။  အိမ်ပေါ်မှာ လူနေလို့မရတော့ အဝတ်အစားတွေ ထမင်း အိုးတွေ ဆန်အိတ်တွေကိုသယ်ပြီး ကျွန်တော်တို့ထက် ကုန်းကျတဲ့ လမ်းတစ်ဖက်က အိမ်မှာသွားနေကြရတယ်။  ဆေမျိုးမတော်စပ်ပေမယ့် ရပ်ဆွေရပ်မျိုးဖြစ်နေတဲ့အိမ်ဆိုတော့ ကျွန်တော်တို့မိသားစုကို နေရာပေးကြပါတယ်။  မှတ်မိသေး တယ် အဲ့ဒီအချိန်က အဝတ်တွေရေစိုမှာစိုးလို့ အမေက ကျွန်တော့်အဝတ်တွေကို အကုန်ချွတ်ထားပြီးရေထဲက သွားရတာပေါ့ ကျွန်တော်တို့မောင်နှမတွေကရေမကူးတတ်တော့ အဖေပဲကျောပိုးပြီးလိုက်ပို့ရတယ်။ ကျွန်တော်က လေးတန်း ငါးတန်း အရွယ် ထင်တာပဲ အဲ့ဒီအချိန်ရှက်တတ်နေပြီ။ ရှက်ဆို အဲ့ဒီအိမ်မှာက ကျွန်တော်နဲ့သက်တူရွယ်တူ ကောင်မလေးတွေလည်း ရှိတယ်လေ။ ရှက်ကိုးရှက်ကန်းနဲ့ အပြေးအလွှားအဝတ်တွေပြေးယူဝတ်ရတာကို မှတ်မိနေသေးတယ်။ ရေမကျခင် နှစ်ရက်သုံးရက်တော့အဲ့ဒီအိမ်မှာအိပ် အဲ့ဒီအိမ်မှာ ချက်ပြုတ်စားသောက်ရတယ်။

ငါးတွေ ပုဇွန်တွေ အလွန်ပေါတာကိုလည်း မှတ်မိနေသေးတယ်။ မြက်ပင်တွေကြားထဲ ကားယားကားယားသွားနေတဲ့ ပုဇွန်လုံးတွေကို တွေတွေ့ရင်ကျွန်တော်တို့ အလုအယက်ပြေးကောက်ကြတယ်။ ရေတက်စအချိန်မှာ ရေစီးနဲ့ပါလာတဲ့ငါးပြေမ တွေလည်း တဖျပ်ဖျပ် ခုန်နေကြတယ်။ ငါးပြေမကိုအလုအယက်ကောက်လို့ ခဏခဏဆူးစူးခံရဖူးတာပေါ့။ ရေကချက်ချင်း မကျပဲ ဖြည်းဖြည်းချင်း တအိအိကျဆင်းပါတယ်။ ရေကျတဲ့အခါအိမ်ကြမ်းပြင်ပေါ် တင်ကျန်နေရစ်ခဲ့တဲ့ နွံတွေကိုဆေးကြောရတာလည်းအလုပ်တစ်ခုပါပဲ။ ရေကျသွားပြီးရင် အိမ်ဘေးကမြောင်းထဲမှာ ငါးမျှားတယ်။ ငါးကိုင်းထောင်တယ်။ ဟင်းစား မရှားဘူး။ ငါးကိုင်းကတော့ အဖေထောင်တာပါ။ ငါးကိုင်းထောင်တာကတော့ ငါးပြေမတို့ ငါးဖျင်းမသလက်ခေါက်တို့ကို ငါး မျှားချိတ်ကြီးကြီးနဲ့ အရှင်လတ်လတ်ချိတ်ပြီး ထောင်တာပါ။ မသေသေးတဲ့ငါးတွေ ပြေးနေတော့ ငါးမျှားကြိုးဟာ ဟိုဒီ ပြေးလွှားနေတယ်။ ညပိုင်းမှာ ငါးကိုင်းကို ဝုန်းခနဲ ဝုန်းခနဲအစာဟပ်တဲ့အသံကြားရင် အဖေသွားဖြုတ်ပါတယ်။ ငါးကိုင်းမှာ မိလေ့ရှိတာကတော့ ငါးဘတ်ပါ။ အကောင်ကြီးကြီး အသားစားတဲ့ငါးပေါ့။ လေးငါးခြောက်ကောင်လောက် မိတတ်ပါတယ်။

အိမ်ရှေ့ကလယ်ကွင်းတွေဟာ ရေပြင်ကြီးဖြစ်နေတယ်။ ရေစီးနဲ့မျှောလာတဲ့ သစ်တုံးများ၊ ရေစီးအားကြီးတဲ့အခါဆို နွားတွေ၊ ဝက်တွေပါ မျှောပါလာတာကိုလည်းမြင်ဖူးပါတယ်။ အရှေ့ရေအနောက်ရေဆုံတဲ့အခါ ရေကြီးအားကောင်းတယ်လို့လည်းအဖေတို့ပြောကြတာကိုကြားဖူးတယ်။ အရှေ့ရေဆိုတာ ဒေါင်းမြူးချောင်းရေဖြစ်ပြီး ကောလင်းအရှေ့ဘက်ခြမ်းကနေစီးဆင်းပါတယ်။ အနောက်ရေဆိုတာကတော့ ဝန်းသိုကလာတဲ့ တောင်ကျရေဖြစ်မယ်ထင်ပါတယ်။ အရှေ့ရေ အနောက်ရေပေါင်း ဆုံကြတဲ့အခါ ရေအဆမတန်ကြီးတတ်ပါတယ်။ အရှေ့ရေအနည်းငယ်ကြည်လင်ပြီး အနောက်ရေက ဝါကျင်ပြီး နုံးများပါတာ ကိုလည်း မှတ်မိနေပါတယ်။  တနိုင်ငံလုံး ဟိုးလေးတကြော်ဖြစ်သွားတဲ့ ရေကြီးမှုမှာ ကျွန်တော်ကောလင်းမှာရှိမနေပါ။ လား ရှိုးမှာ အလုပ်သွားလုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဝက်စာကျွေးတဲ့ လှေသေးသေးလေး (ကျွန်တော်တို့အခေါ် ဝက်စလောင်း)နဲ့ ရင်စို့လောက်ရှိတဲ့ ရေထဲဆော့ဖူးတယ်။ လှေတွေနဲ့ သွားလာနေကြတဲ့လူကြီးမြင်ရင်စီးချင်ပေမယ့် အိမ်ကမစီးခိုင်းပါ။

တစ်ခေါက်ရေကြီးတဲ့အချိန်ုမှာတော့ ရေမကူးတတ်တဲ့ကျွန်တော်ရေနစ်ခဲ့ဖူးပါသေးတယ်။ ဖြစ်ပုံက အိမ်က မွေးထားတဲ့ဘဲတွေ ရေလာတာနဲ့ထိန်းမရပဲ ဝရုန်းသုန်းကားဆော့ပြီးရေကူးကြတာပါပဲ ပထမကတော့ အိမ်ရှေ့မှာဆိုတော့ ဘာမှမဖြစ်သေး။  အဲ့ဒီကနေ သတ္တဝါတွေက ရေကူးကျွမ်းကြောင်းပြတာထင်ပါရဲ့ ခပ်လှမ်းလှမ်းအထိ ရောက်သွားတော့တယ်။ အမေဆူမှာ ကြောက်တော့ ကျွန်တော်လိုက်မောင်းရတာပေါ့။ ဘဲအုပ်ကို မျက်ခြည်မပြတ်အောင် ကြည့်ပြီး ခါးလည်လောက်ရှိတဲ့ရေထဲကနေလိုက်ရတယ်။ ဒင်းတို့က လိုက်လေပြေးလေပဲ။ ရေပြင်ကြီးဖြစ်နေတော့ မြောင်းရှိတာကိုသတိမထားမိပဲ ကျွန်တော် ရေနစ်တော့တာပဲ။ ပါးစပ်ထဲကို ရေတွေဝင်ပြီးမလှုပ်နိုင်တော့ပဲ ယက်ကန်ယက်ကန်နဲ့ ရေထဲမြုပ်နေတဲ့အခိုက်ဖျပ်ကနဲ လက် က တစ်ခုခုကို ဖမ်းဆုပ်လိုက်မိတယ်။

အားကိုးအားထားကိုင်တွယ်စရာလေးရှိလာတော့ ကိုယ်ကရေပေါ်ပြန်ပေါ်လာပြီး ကုန်းပေါ်ပြန်တက်လာနိုင်ခဲ့တယ်။ ကျွန် တော် ကြောက်လန့်လို့ တုန်နေပါပြီ။ ကယ်တင်ရှင်ကိုကြည့်လိုက်မိတော့ မြက်ဖုတ်ကလေးဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဘဲအုပ်ကို မျက်စိကစားကြည့်တော့ အိမ်ရှေ့ပြန်ရောက်နေကြပြီ။ အိမ်ကဆူမှာစိုးတာနဲ့ ရေနစ်တဲ့အကြောင်းကို ဘယ်သူ့ကိုမှ မပြောရဲပဲ မှင်သေသေနေခဲ့ရတာပေါ့။

ရေကြီးချိန်ဆို အမှိုက်တွေနဲ့အတူပါလာတတ်ကြတာကမြွေတွေပဲ။ အဆိပ်ရှိတဲ့မြွေကော အဆိပ်မရှိတဲ့မြွေကော။ အိမ်ပေါ် တက်ပြီး သေတ္တာကြားတို့၊ အဝတ်ပုံထဲတို့ ဝင်ဝင်ခွေနေတတ်ကြလို့ သတိထားရပါတယ်။ ရေကျချိန်ဆို မြွေမျိုခံနေရတဲ့ဖား ရဲ့ အော်သံကို ခဏခဏကြားနေရတတ်ပါတယ်။ ရေကြီးချိန်မြွေတွေနဲ့ပတ်သက်ပြီး ခြောက်ခြားစရာညနေတစ်ခု ကျွန်တော် ကြုံခဲ့ဖူးပါသေးတယ်။  ညနေခြောက်နာရီလောက်မှာ လမ်းထိပ်ကမုန့်ဆိုင်မှာ ကျွန်တော်မုန့်သွားဝယ်ပါတယ်။ ရေကလမ်းပေါ် မတက်သေးပေမယ့် အိမ်ဝင်းတွေထဲတော့ ဝင်နေကြပြီ။ အိမ်ကနေ သုံးလေးအိမ်ကျော်ခဲ့တော့ ဘုန်းကြီးကျောင်းဘေးကကွက် လပ်တစ်ခုမှာ ရေတွေဖွေးနေတယ်။ အလင်းရောင်နည်းနည်းရနေတော့ ရေတွေတလှုပ်လှုပ်နေတာကို ကျွန်တော် လှမ်းမြင် နေရတယ်။ အဲ့ဒီကွက်လပ်ရှေ့အရောက် လှမ်းကြည့်လိုက်တော့ မြွေတွေ အများကြီး ကွက်လပ်တစ်ခုလုံး ပွတ်သိပ်နေတာပဲ ကျွန်တော် ကြက်သီးတွေဖြန်းကနဲထပြီး ထွက်ပြေးခဲ့မိပါတော့တယ်။  မုန့်ဆိုင်က အပြန်မရဲတရဲလှမ်းကြည့်မိတော့ ရေပြင်ပဲရှိ နေတာ ကိုတွေ့ရပြန်တော့ မစဉ်းစားတတ်တော့။ အခုထိအဲ့ဒီလောက်များတဲ့မြွေတွေကို အဲ့ဒီတစ်ခါပဲ မြင်ခဲ့ဖူးပါတယ်။

ဒီနှစ်အိမ်ပြန်လာတော့ မြို့ပတ်ပတ်လည်က မြောင်းတွေကို ဘက်ဟိုးတွေနဲ့ပြန်ဖော်ပြီး ရေထွက်ပေါက်တွေကိုချဲ့ထားတယ်လို့သိရပါတယ်။ မိုးကလည်း အရမ်းမရွာတော့ အရင်လို ရေကြီးတာတွေ မရှိသေးပါ။ ကျွန်တော်ရောက်လာတဲ့အချိန်မှာ အခုတစ်ခါကောဆို အိမ်ထဲကို ရေနှစ်ကြိမ်ဝင်ခဲ့ပြီးပြီဖြစ်ပါတယ်။ ခြေမျက်စိသာသာပဲမို့ ပြဿနာမရှိပါ။ ဒါပေမယ့်မြောင်းကြီး တွေကလည်းနက် အကာအရံလည်းမရှိတော့ ကမ်းပါးတွေပြိုစပြုနေတာကို တွေ့ရပါတယ်။ မိုးတွင်းမှ စလုပ်ရလို့ပဲလား ဒါမှ မဟုတ် မလုပ်နိုင်သေးတာပဲလားတော့ မသိပါ။ ဒီပုံအတိုင်းဆို အကာအရံမရှိတဲ့မြောင်းကြီးတွေဟာ ဒီတမိုးပဲခံနိုင်မယ်လို့ တွေးမိပါတယ်။ တဖြည်းဖြည်းချင်းကမ်းပါးများပြိုကျကာ ပြန်ကောသွားနိုင်ပါတယ်။ မြောင်းထက်နိမ့်နေတဲ့တံတားတွေကိုလည်း ပြု ပြင်ပေးရပါမယ်။ မြောင်းတွေကို ကွန်ကရစ်တမံမလုပ်နိုင်သေးတောင် သဲအိတ်ကျောက်အိတ်တွေနဲ့ကာရံထားသင့်တယ်လို့ထင်မိပါတယ်။ မြို့ပေါ်မှာ ရေမနေတော့တဲ့အတွက် ရေသွားလမ်းတလျှောက်ကရွာတွေ အနေအထားဘယ်လိုရှိ မယ် ဆိုတာတော့ ကျွန်တော်မသိသေးပါ။ ရေကြီးချိန်အမှတ်တရတွေကို စဉ်းစားရင်း ဆက်လာခဲ့တဲ့အတွေးတွေပါပဲ။ အိမ် ဝင်းထဲ အစာရှာလာတဲ့ ရေကြက်သံတွေ၊ ဖားအော်သံတွေကြားမှာ အရင်ကလို ငါးတွေပွက်တဲ့အသံကိုတော့ မကြားရတော့ ပါဘူး။ လူဆိုတာ အခက်အခဲတွေကြားထဲကနေတောင်အမှတ်ရစရာ အဖြစ်အပျက်တွေ ရှိနေတတ်ကြပါသေးတယ်။ ဘဝတစ်လျှောက်မှာ အမှတ်တရတွေကတော့ ဆက်တိုက်ရောက်ရှိနေဦးမှာပါပဲ။ ပြန်ပြောစရာကောင်းတဲ့ အမှတ်တရတွေ ကော ပြန်ပြောစရာမကောင်းတဲ့ အမှတ်တရတွေကောရောယှက်နေမှာပါပဲ။ ဘဝရဲ့အမှတ်တရတွေထဲ အမှန်ခြစ်တွေ ကြက် ခြေခတ်တွေနဲ့ လုံးထွေးနေမှာက သဘာဝပဲမဟုတ်လား။ ကြက်ခြေခတ်ကိုတော့ ဘယ်သူမှလိုချင်မယ်လို့ မထင်ပါဘူး။ အ မှန်ခြစ်တွေချည်းပဲဆိုတာကလည်း လွယ်ကူတဲ့ကိစ္စမဖြစ်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် အမှတ်တရတွေကို ကျွန်တော်တို့ရှင်သန်နေတဲ့ကာလအတွင်းမှာ မလွဲမသွေ ထွေးပွေ့နေရဦးမယ်ဆိုတာကတော့ ငြင်းလို့မရနိုင်တဲ့အကြောင်းအရာပဲ မဟုတ်ပါလား။

လင်းသက်ငြိမ်
↧

မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး - အပိုင်း (၅)

$
0
0
မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး - အပိုင်း (၅)
(မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၇

● ၁၉၄၂ ခုနှစ် ရခိုင် ဘင်္ဂါလီအရေးအခင်း
ဂျိမ်းဘက်စ်တာ အစီရင်ခံစာထွက်လာသော်လည်း ဒုတိယကမ္ဘာစစ်ဖြစ်လာ၍ အကောင်အထည်ဖေါ်နိုင်ခြင်း မပြုနိုင်သည့် ပြင် အင်္ဂလိပ်တို့သည် ဂျပန်နှင့်ပေါင်း၍ ၎င်းတို့အားတော်လှန်ကြသည့် မြန်မာပြည်မှ ဒေသခံတိုင်းရင်းသားများအား လုံးဝ အယုံအကြည်မရှိတော့ပေ။  ထို့ကြောင့် ရခိုင်မှ အင်္ဂလိပ်များဆုတ်ခွာသောအခါ နောက်ချန်အဖြစ် စစ်တကောင်းမွတ်စလင်တပ်ဖွဲ့များအားလက်နက်ထုတ်ပေးခဲ့သည်။ (စစ်တကောင်းတပ်ဖွဲ့ဝင်များအား ရခိုင်တို့က ရာဇပုတ်တပ်ဖွဲ့ဝင်များဟု ခေါ် ကြသည်) ထိုစစ်တကောင်းတပ်ဖွဲ့ဝင်များ အားကိုးအားထားရာပြုရာသည် ရခိုင်သို့ဝင်ရောက်နေသည့် စစ်တကောင်းမွတ်စလင်များဖြစ်ခဲ့ကြပြီး အင်္ဂလိပ်တို့ကလည်း ၎င်းတို့အား အမာခံသတင်းပေးများအဖြစ် မွေးမြူထားခဲ့သည်။ ဤသို့ စစ်တ ကောင်းသားများအား ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်အကျိုးစီးပွားပေါ်မျှော်ကိုး၍ လက်နက်တပ်ဆင်ပေးခဲ့ခြင်း လက်ရုံး ထားခဲ့ခြင်းသည် ၁၉၄၂ ရခိုင် ဘင်္ဂါလီအရေးအခင်းအတွက် ရေခံမြေခံပျိုးပေးခဲ့ခြင်းဖြစ်သည်ဟု သမိုင်းပညာရှင်များက သုံး သပ်ကြပါသည်။  နောက်ပိုင်းတွင် ဘင်္ဂါလီတို့ကရခိုင်ဒေသ၌ မွတ်စလင်ပြည်နယ်တောင်းဆိုလာခြင်းသည် ဒုတိယကမ္ဘာစစ် အတွင်းက ဘင်္ဂါလီတို့သစ္စာရှိမှုအတွက် အင်္ဂလိပ်တို့ပေးခဲ့သည့် ကတိကဝတ်ဟု ဆိုခဲ့သည်။ သို့ဖြစ်ရာ အင်္ဂလိပ်နယ်ချဲ့တို့ ၏ ဒဏ်ကို ယနေ့တိုင်ခံနေရဆဲဟု ဆိုရပါမည်။

၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ စစ်တွေအား အကြီးအကျယ် ဗုံးကြဲပြီးနောက် ရခိုင်၌ မှန်တမ်းကျသည့် အုပ် ချုပ်ရေးပျက်သုဉ်းချိန်တွင် မြို့နယ်အသီးသီး၌ မင်းမဲ့စရိုက်များနှင့်အတူ ရခိုင် ဘင်္ဂါလီအရေးအခင်း ဖြစ်ပွားခဲ့သည်။ ၁၉၄၂ အရေးအခင်းသည် မြေပုံမြို့နယ် ရက်ချောင်းရွာသူကြီး ရခိုင်လူမျိုးညီအကိုနှစ်ဦးအား ရက်ချောင်းရှိ ဘင်္ဂါလီများက သတ် ဖြတ်ခဲ့ရာ သိန်းကျော်အောင် ကျော်ယတို့ဦးဆောင်သည့်ရခိုင်များက ရက်ချောင်း ဘင်္ဂါလီရွာကို ပြန်လည်မီးရှို့လိုက်ရာမှ ရခိုင် ဘင်္ဂါလီအဓိကရုဏ်းသည် ရခိုင်ပြည်နယ်အနှံ့ ပြန့်နှံ့သွားခဲ့သည်။

မြေပုံမြို့ နယ်မှစ၍ ပေါက်တော မင်းပြား စစ်တွေ မြောက်ဦး ကျောက်တော် စသည့်မြို့ နယ်များတွင် အဓိကရုဏ်းများ ဆက် တိုက်ဖြစ်သည်။  အင်္ဂလိပ်အဆုတ် ဂျပန်အဝင် အုပ်ချုပ်ရေးပျက်ပြားကာ နယ်အလိုက် အာဏာရှင် အငယ်လေးများ တဗိုလ် တမင်း အုပ်ချုပ်နေကြရာ အခြေအနေကို ထိမ်းသိမ်းရန်ခက်ခဲနေသည်။ ရခိုင်တိုင်းရင်းသားခေါင်းဆောင်များနှင့် ရခိုင်သို့ဝင် ရောက်လာပြီဖြစ်သည့် BIA ဗမာ့လွတ်လပ်ရေးတပ်မတော်တို့ပူးပေါင်းကာ အခြေအနေကို ထိမ်းသိမ်းရန်ကြိုးစားသော်လည်း မလွယ်ကူခဲ့ပေ။

စစ်တွေ ပေါက်တော မြောက်ဦးဖက်မှ ထွက်ပြေးသွားသော ဘင်္ဂါလီများသည် ဘူးသီးတောင် မောင်တောဘက်သို့ ရောက် သွားသောအခါ လူများစု အနေအထားပြန်ရသွားပြီး မောင်တော ဘူးသီးတောင်နယ်ထဲမှ ရခိုင်တိုင်းရင်းသားရွာများ ပြန်လည် မီးရှို့ဖျက်ဆီးခဲ့ကြပြန်သည်။  နှစ်ဖက် လူမျိုးရေးမည်မျှတင်းမာခက်ထန်၍ ပြင်းထန်ခဲ့သည်နှင့်ပတ်သက်၍ ထိုစဉ်က ရခိုင် နိုင်ငံရေးသမားတဦးဖြစ်သူ ဘုံပေါက်သာကျော်နှင့် ဗြိတိသျှစစ်ထောက်လှမ်းရေးတာဝန်ယူခဲ့သူ အန်ထိုနီအိုင်ဝင် Antony Irwin တို့၏မှတ်တမ်းများအရ ကုလား ၂ဝဝ ကို တယောက်ထဲသတ်ခဲ့သည်၊ ကုလား ၃ဝဝ ကို တယောက်ထဲ သတ်ခဲ့သည်ဟု ဂုဏ်ယူဝံ့ကြွားနေသော ရခိုင်အချို့တွေ့ရသကဲ့သို့ ရခိုင် ၂ဝဝ ကို တယောက်တည်းသတ်ခဲ့သည်၊ ရခိုင် ၃ဝဝ ကို တယောက် တည်းသတ်ခဲ့သည်ဟု ဂုဏ်ယူဝံ့ကြွားနေသည့် ဘင်္ဂါလီမွတ်စလင်များကိုလည်း တွေ့ရသည်ဟု ဆိုပါသည်။

မြောက်ဦး မြေပုံ စသည့်မြို့နယ်များတွင် ဘင်္ဂါလီရွာအချို့ ဖျက်ဆီးမီးရှို့ခံခဲ့ရသော်လည်း တကယ်တမ်းအထိနာခဲ့သည်မှာ ဘူးသီတောင် မောင်တော မြို့နယ်များထဲမှ ရခိုင်တိုင်းရင်းသားကျေးရွာများဖြစ်သည်။  ဘူးသီးတောင်မြို့နယ်အတွင်း ရခိုင် တိုင်းရင်းသား ကျေးရွာ ၂၁၇ ရွာ ပြာကျခဲ့သည်။ မောင်တောမြို့နယ်တွင်းရှိ ရခိုင်တိုင်းရင်းသားကျေးရွာ ၁၂၉ ရွာလုံး မီးရှို့ ဖျက်ဆီးခံလိုက်ရသည်။  ထိုအရေးအခင်းကာလအတွင်း လူ နှစ်သောင်းအထက်သေဆုံးသည်ဟု ခန့်မှန်းရပါသည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ပျက်စီးသွားသောရွာများတွင် ပြန်လည်နေရာချသောအခါ ဘင်္ဂါလီရွာများအများစုမှာ ပြန်လည်အခြေချနေထိုင်နိုင်ခဲ့ကြသည်။  ဥပမာ မြောက်ဦးမြို့နယ်တွင်း ဖျက်ဆီးခံလိုက်ရသော ဘင်္ဂါလီရွာ ၁၆ ရွာလုံးတွင် ဘင်္ဂါလီများ ပြန်လည်အခြေချ နေထိုင်နိုင်ခဲ့ကြသည်။  ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်ဝင်ရောက်လာသော အင်္ဂလိပ်အုပ်ချုပ်ရေးကလည်း အကာကွယ်ပေးပုံရသည်။

မောင်တောမြို့ နယ်အတွင်း၌ ပျက်စီးသွားသော ရခိုင်တိုင်းရင်းသား ကျေးရွာ ၁၂၉ ရွာအနက် ရွာပေါင်း ၉၈ မှာပြန်လည်ထူ ထောင်နိုင်ခြင်း မရှိတော့ပါ။ ဘူးသီးတောင်မြို့နယ်အတွင်း၌လည်း ပျက်စီးသွားသော ရခိုင်တိုင်းရင်းသားကျေးရွာ ၂၁၇ ရွာ အနက် ၁၁၆ ရွာ ပြန်လည်ထူထောင်ခြင်းမပြုနိုင်တော့ပါ။  ထိုသို့မပြုနိုင်သည့်အပြင် ပြန်လည်မထူထောင်နိုင်သော ရခိုင် တိုင်းရင်းသားကျေးရွာများတွင် ဘင်္ဂလီတို့ဝင်ရောက်အခြေစိုက်နေထိုင်ကြရာ ဘူးသီးတောင်မြို့နယ်အတွင်းတွင် ယခင် ရ ခိုင်တိုင်းရင်းသားကျေးရွာ ၆၁ ရွာ၌ ဘင်္ဂါလီတို့ ဝင်ရောက်အခြေချနေထိုင်ခဲ့ကြသည်ဟု ရခိုင်သမိုင်းဆရာကြီး မောင်ဘသိန်း ပြု စုရေးသားထားပါသည်။ သို့ဖြစ်ရာ မောင်တော ဘူးသီးတောင်ဒေသရှိ ရခိုင်တိုင်းရင်းသားများမှာ ၁၉၄၂ အဓိကရုဏ်း အ တွင်း အသက်ဆုံးရှုံးခြင်း ရွာများဆုံးရှုံးခြင်းအပြင် လယ်ယာမြေ များပါဆုံးရှုံးခဲ့ရသည်။  ထိုသူတို့၏ အဆက်အနွယ်များသည် ကျောက်တော် မြောက်ဦး ရသေ့တောင် စစ်တွေမှသည် ရမ်းဗြဲကျွန်းအထိ ရွှေ့ပြောင်းနေ ထိုင်ခဲ့ကြသည်။

သို့ဖြစ်ရာ ၁၉၄၂ ခုနှစ် အရေးအခင်းတွင် နှစ်ဖက်သေကြေ ဆုံးရှုံးခဲ့ကြ ပျက်စီးခဲ့ကြသော်လည်း အင်္ဂလိပ်ပြန်ဝင်လာပြီးနောက် ဘင်္ဂါလီအများစုအင်္ဂလိပ်တို့၏ တရားဝင်အသုံးအနှုန်းအရ စစ်တကောင်းမွတ်စလင်များသည် ဖျက်ဆီးခံရသော ၎င်းတို့ကျေး ရွာများတွင် အများစု ပြန်လည်အခြေချနေထိုင်နိုင်ကြသော်လည်း မောင်တော ဘူးသီးတောင်မြို့နယ်များတွင် ရခိုင်တိုင်းရင်းသားရွာအများအပြား ပြန်လည်နေထိုင်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သော သူတို့၏ အဆက်အနွယ်များ ရခိုင်တိုင်းရင်းသားများ၏ ရင်တွင်း၌ ၎င်းတို့ရွာများ လယ်မြေများဆုံးရှုံးသည့် ပုဂ္ဂလိကဆုံးရှုံးမှုထက်ပို၍ ၎င်းတို့လူမျိုးများ နေထိုင်ပိုင်ဆိုင်ခဲ့ရာ ရေမြေတောတောင်များ ဆုံးရှုံးခဲ့ရသည်။  ၎င်းတို့၏ အချုပ်အခြာအာဏာများ ဆုံးရှုံးလက်လွှတ်ခဲ့ရသည်ဟူ သည့် ခံယူချက်များရှိ၍ နေပေတော့သည်။

သို့ဖြစ်ရာ ရခိုင်ပြည်နယ်ရှိ ရခိုင် ဘင်္ဂါလီပြဿနာကို ကြည့်မြင်ရာတွင် ၁၉၄၂ ခုနှစ် ရခိုင် ဘင်္ဂါလီအရေးအခင်းနှင့် ရခိုင်တိုင်း ရင်းသားတို့၏ စိတ်ခံစားချက်ကို ထည့်သွင်းတွက်ချက်ရန် မုချလိုအပ်ပေလိမ့်မည်။

● ဘင်္ဂါလီမွတ်စလင်တို့၏ ပုန်ကန်ထကြွမှုများ
၁၉၄၂ ခုနှစ် ရခိုင် ဘင်္ဂါလီအရေးအခင်းနှင့်အတူ ဘင်္ဂါလီတို့၏ ပုန်ကန်ထကြွမှု များအစပြုခဲ့သည်ဟု ဆိုရပါမည်။  ၁၉၄၂ ခုနှစ် နှစ်ဆန်းဘူးသီးတောင် BIA တပ်များသိမ်းပိုက်နိုင်ခဲ့သော်လည်း မောင်တောအား ၁၉၄၂ ခုနှစ်အောက်တိုဘာခန့်မှ ဂျပန်တို့ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သည်။ သို့ဖြစ်ရာ အင်္ဂလိပ်အဆုတ် ဂျပန်တပ်များမဝင်မီ ရခိုင်ဘင်္ဂါလီအရေးအခင်းအတွင်း ရခိုင် ကျေးရွာအားလုံး ဖျက်ဆီးခံရပြီးချိန်ကာလတိုအတွင်း မောင်တောတွင်ဘင်္ဂါလီများသည် အုံမော်မျာ ဦးဆောင်သည့် ငြိမ်းချမ်းကော်မတီဖွဲ့စည်း၍ မောင်တောမြို့နယ်အုပ်ချုပ်ရေးကို ချုပ်ကိုင်ခဲ့သည်။  ဤကော်မတီသည် မောင်တောမြောက် ပိုင်းကို တာဝန်ခံအုပ်ချုပ်ခဲ့ပြီး မောင်တောတောင်ပိုင်းအား အီးဒီအက်စ်မာရတန် ခေါင်းဆောင်သောအဖွဲ့က အုပ်ချုပ်ခဲ့သည်။  ၎င်း အဖွဲ့များသည်တရားစီရင်ရေးနှင့်လက်နက်ကိုင်တပ်ဖွဲ့ပါထူထောင်ထားခဲ့သည်။  ၁၉၄၂ ခုနှစ် အောက်တိုဘာလဂျ ပန် များဝင်ရောက်လာသောအခါ ထိုအဖွဲ့ကိုဖျက်သိမ်းခဲ့သည်။ သို့သော် ထိုအဖွဲ့သည် ဂျာမေယာတူအူလေမာဟူသော ဘာ သာရေးအသင်းအဖွဲ့ပုံစံနှင့် ဆက်လက်ရပ်တည်ခဲ့သည်။ သို့သော် အချို့မှတ်တမ်းများအရ အဆိုပါ ဘာသာရေးအသင်း အား ၁၉၃၆ ခုနှစ်ကထဲက စတင်ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။

ထိုအဖွဲ့အစည်းများ၏ နိုင်ငံရေးလှုပ်ရှားမှုသည် နတ်မြစ်ဝှမ်း မယူတောင်တန်းနှင့် ကုလားပန်ဇင်းမြစ်ဝှမ်း မောင်တော ဘူး သီးတောင် ဒေသအား မွတ်စလင်ပြည်နယ်ဖွဲ့စည်းရေးသို့ဦးတည်ရေးသို့ ဦးတည်ခဲ့သည်။ စစ်ကြိုခေတ် အိန္ဒိယနိုင်ငံလွတ်လပ်ရေးလှုပ်ရှားမှုနှင့် ပါကစ္စတန်ဟူ၍ မွတ်စလင်နိုင်ငံထူထောင်ရေးလှုပ်ရှားမှုရှိနေရာ အစောပိုင်းကာလ၌ မောင်တော ဘူးသီးတောင်ဒေသအား အရှေ့ပါကစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်') တွင်ပေါင်းထည့်ရန် ကြိုးစားခဲ့သည်။ သို့သော် ဗိုလ်ချုပ် အောင်ဆန်းနှင့် ပါကစ္စတန်ထူထောင်သူ အလီဂျင်းနားတို့တွေ့ဆုံပြီ မောင်တောဒေသအား မြန်မာပြည်ပိုင်နက်အဖြစ် အသိ အမှတ်ပြုခဲ့ရာ အဆိုပါကြိုးစားချက် ပျက်ပြယ်သွားခဲ့သည်။  ထိုအခါ မြန်မာပြည်တွင်း၌ မွတ်စလင်ပြည်နယ်ရရှိရေး နိုင်ငံရေး
လှုပ်ရှားမှုနှင့်အတူ မူဂျာဟစ်ဒင် (ဂျီဟတ် ဘာသာရေးစစ်ပွဲဆင်နွှဲသူများ) ပုန်ကန်ထကြွမှုများ မောင်တော ဘူးသီးတောင် ဒေသတွင် ဆက်လက်ဖြစ်ပေါ်လာခဲ့သည်။  ထို့ပြင် မွတ်စလင်ပြည်နယ်ထူထောင်ရေးသည် စစ်အတွင်း ဗြိတိသျှတို့ပေးသော ကတိကဝတ်ဟုလည်း ဘင်္ဂါလီများကဆိုကြသည်။

၁၉၄၂ ခုနှစ် အရေးအခင်းအပြီး ဂျမေရာတူအူလေမာအဖွဲ့သည် မောင်တောဒေသ၌ အူရဒူနှင့်အာရဗီစာသင်သည့် အာရဗီ စာသင်ကျောင်း ၁၃ ကျောင်း ဖွင့်လှစ်ခဲ့သည်။  ထိုကျောင်းများသည် မွတ်စလင်ပြည်နယ်ထူထောင်ရေးအတွက် နိုင်ငံရေးအ ထောက်အပံ့ဖြစ်ခဲ့သည်။  ထိုမှသည် မွတ်စလင်ပြည်နယ်ထူထောင်ရေးကြွေးကြော်သံဖြင့် ၁၉၄၇ ခုနှစ် မေလတွင် ဇဖေါရ် ကဝါလ်ခေါင်းဆောင်သည့် အင်အား ၂၇ဝဝ ခန့်ရှိသည် မူဂျာဟစ် လက်နက်ကိုင်ပုန်ကန်မှု ပေါ်ပေါက်ခဲ့ပြီး ဘူးသီးတောင်မြို့ နယ်အတွင်းအခြေစိုက်ခဲ့သည်။  မူဂျာဟစ်ပေါ်လာပြီးမကြာမီ မောင်တောမြို့နယ် အလယ်သံကျော်တွင် အခြေစိုက်သည့် ဂျမေရာတူအူလေမာအဖွဲ့ အတွင်းရေးမှူး ဒူဒူမျာနှင့် လက်နက်ကိုင်အင်အား ၃ဝဝ ခန့်သည် မူဂျာဟစ်နှင့် ပူးပေါင်းခဲ့သည်။

ထို့အတူ မောင်တော အလယ်ပိုင်းတွင် အဘူဟူဆောင်း ခေါင်းဆောင်သည့် မူဂျာဟစ်အဖွဲ့ မောင်တောတောင်ပိုင်းတွင် ကာဆင်းခေါင်းဆောင်သောမူဂျာဟစ်ပါတီတို့ အလျှိုလျှိုပေါ်လာသည်။ အင်အားလည်း တောင့်တင်းလာကြသည်။ ၁၉၄၈ ခုနှစ် မှစ၍ မောင်တော ဘူးသီးတောင်မြို့များကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြသည်။ ထို့အတူ အဖွဲ့ကွဲများအချင်းချင်းလည်း တိုက် ခိုက်ကြသည်။ မူဂျာဟစ်တို့၏တိုက်ခိုက်မှုကြောင့် မောင်တော ဘူးသီးတောင်ရသေ့တောင်မြို့ နယ်များအတွင်းမှ ရခိုင်တိုင်း ရင်းသားကျေးရွာ အများအပြားပျက်စီးခဲ့သည်။

မူဂျာဟစ်တို့၏ အဓိကတောင်းဆိုချက်များမှာ ကုလားတန်မြစ်နှင့် နတ်မြစ်ကြား မွတ်စလင်ပြည်နယ်ထူထောင်ပေးရန် ၎င်း တို့အား တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု ပေးရန် မူဂျာဟစ်တို့အား တရားဝင်အသိအမှတ်ပြုရန် အူရဒူစာအား ၎င်းတို့၏တရားဝင်စာအဖြစ်သင်ကြားပေးရန် စသည်တို့ပါဝင်သည်။

ပြည်ထောင်စုအစိုးရသည် လွတ်လပ်ရေးအပြီး ပြည်တွင်းပုန်ကန်မှုများနှင့် ရင်ဆိုင်နေရသဖြင့် အစောပိုင်းကာလက ကောင်း စွာ စစ်မဆင်နိုင်ဘဲ ၁၉၅၄ ခုနှစ် နိုဝင်ဘာတွင်မှ မူဂျာဟစ်များအား ထိထိရောက်ရောက်စစ်ဆင်နိုင်ပြီး မူဂျာဟစ် အဓိက ခေါင်းဆောင်များကျဆုံးခါ အဓိကစခန်းများကို သိမ်းယူနိုင်ခဲ့သည်။  ထို့နောက် မူဂျာဟစ်များ အင်အားလျော့ကျပြီး နယ်စပ် တွင် အဖွဲ့ငယ်များအဖြစ်လှုပ်ရှားသည့်အဆင့်သို့ ရောက်သွားခဲ့သည်။  ထို့နောက် ဆက်လက်ပြုလုပ်သော စစ်ဆင်ရေးများ ကြောင့် ၁၉၆၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ မောင်တောတောင်ပိုင်းတွင် မူဂျာဟစ် ၂၉ဝ လက်နက်ချပြီး မူဂျာဟစ်လှုပ်ရှားမှု အရှိန်လျော့သွားခဲ့တော့သည်။  ဤမူဂျာဟစ်လှုပ်ရှားမှု အဆုံးသတ်ခြင်းသည် သန်ရှင်းအစိုးရ၏ မေယုနယ်ခြားခရိုင် ယာယီ ဖွဲ့စည်းပေးခြင်းနှင့် ဆက်စပ်ဘွယ်ရှိသည်ဟု အကဲခတ်များကဆိုကြသည်။ သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာ သိမ်း ပြီးနောက် မေယုခရိုင်ဆိုသည်လည်း ပျောက်ကွယ်သွားခဲ့တော့သည်။

သို့သော် ၁၉၄၂ ခုနှစ် အရေးအခင်းနှင့် ထိုမူဂျာဟစ်လှုပ်ရှားမှုအပြီးတွင် မောင်တော ဘူးသီးတောင်မြို့ နယ်များအတွင် ရခိုင် တိုင်းရင်းသားလူဦးရေ သိသိသာသာလျော့ကျသွားပြီး ဘင်္ဂါလီမွတ်စလင်အရေအတွက် သိသိသာသာ မြင့်တက်ခဲ့တော့ သည်။  မောင်တောမြို့နယ်အတွင်း ရခိုင်တိုင်းရင်းသားကျေးရွာ ၉၈ ရွာပြန်လည်မထူထောင်နိုင်ခဲ့သော်လည်း ဘင်္ဂါလီရွာများ ကတော့ ရွာသစ်များပါတိုးလာသည်။  မူလကရွာ ၁၄ဝ သာရှိသော မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီရွာ ယခုအခါ ၂၇၂ ရွာအထိဖြစ်လာသည်။  ဘူးသီးတောင်မြို့နယ်အတွင်း ၁၉၄၂ မတိုင်မီက ရခိုင်တိုင်းရင်းသားကျေးရွာ ၃၉၂ ရွာ ဘင်္ဂါလီ၄၂ ရွာသာရှိရာမှ ဖျက်ဆီးခံရသည့် ရခိုင်တိုင်းရင်းသားကျေးရွာများအနက်မှ ၁၁၆ ရွာမှာ ပြန်လည်ထူထောင်နိုင်ခြင်းမရှိတော့ပေ။  ယခင် ရခိုင်တိုင်းရင်းသားကျေးရွာ ၆၁ ရွာတွင် ဘင်္ဂါလီတို့ ဝင်ရောက်အခြေစိုက်နေထိုင်သည့်ပြင်ဘင်္ဂါလီရွာသစ် ၄၇ ရွာထပ်တိုးခဲ့သည် (၂ဝဝဝ ခုနှစ်) ယခု ၂ဝ၁၆ နှစ်ကုန်တွင် ဘင်္ဂါလီရွာ ၁၇၅ ရွာအထိ ရှိလာခဲ့သည်။  ကျန်ရှိသော ရခိုင်ရွာများ မှာလည်း ထွက်ပြေးကြသဖြင့် အိမ်ခြေ ၃ဝဝ အထက်ရှိသောရွာကြီးများမှ အိမ် ၄ဝ/၅ဝ သာရှိသော ရွာလေးများဖြစ်သွားခဲ့သည်။

အထက်ပါ မူဂျာဟစ်လှုပ်ရှားမှု များအားကောင်းစဉ်က မောင်တောမြို့နယ် အလယ်သံကျော်တွင် အနယ်အနယ်အရပ်ရပ်မှ ဘင်္ဂါလီမွတ်စလင်များပါဝင်သည့် ညီလာခံတရပ်အား ၁၉၅၁ ခုနှစ် ဇွန်လတွင်ကျင်းပခဲ့ပြီး ၎င်းတို့၏ နိုင်ငံရေးတောင်းဆို ချက်များအား ပြည်ထောင်စုအစိုးရခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။  အဆိုပါ ဘင်္ဂါလီ မွတ်စလင်များ၏ တောင်းဆိုချက်များတွင် ၎င်းတို့ကို ၎င်းတို့ ရခိုင်မွတ်စလင် Arakani Muslims ဟုသုံးစွဲထားပြီး မွတ်စလင်များအား ရခိုင် များနှင့်တန်းတူ အခွင့်အရေးပေးရန်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းအား မွတ်စလင်ပြည်နယ်ဖွဲ့စည်းခွင့်ပေးရန်၊ ပြည်ထောင်စု အစိုးရအဖွဲ့တွင် မွတ်စလင်ဝန်ကြီးခန့်အပ်ပေးရန်၊ ရခိုင်တိုင်း၏ ကိစ္စအဝဝတွင် ရခိုင်နှင့်မွတ်စလင် ၅ဝ % စီ ဝေစုခွဲဝေသည့် စနစ်ကျင့်သုံးရန်၊ မွတ်စလင်မူလတန်း အလယ်တန်းကျောင်းများတွင် ဘာသာအားလုံးအား အူရဒူဘာသာဖြင့် သင်ကြားရန်၊ မွတ်စလင်များအား ၎င်းတို့ဆန္ဒမပါဘဲ အခြားဘာသာသင်ကြားခြင်းမပြုရန် စသည့်အချက်များပါဝင်သည်ကိုတွေ့ရသည်။

အဆိုပါ အလယ်သံကျော်ညီလာခံ ထုတ်ပြန်ချက်တွင် မွတ်စလင်ပြည်နယ်ထူထောင်ရေးအား ထင်ရှားစွာတွေ့မြင်ရပြီး မွတ် စလင်တို့အား တိုင်းရင်းသားအဖြစ်အသိမှတ်ပြု ပေးရန်တောင်းဆိုထားသည်ကို တွေ့ရသည်။ သို့သော် ၁၉၅၁ ခုစ် ဇွန်လ တွင် ကျင်းပသည့် ဘင်္ဂါလီမွတ်စလင်တို့၏ အလယ်သံကျော်ညီလာခံအထိ ရိုဟင်ဂျာဆိုသည်ကို သုံးစွဲခြင်းမရှိသေးဘဲ ရခိုင် မွတ်စလင်ဟူ၍သာ သုံးစွဲသည်ကို တွေ့ရှိရပေးသည်။

သို့ဖြစ်ရာ ၁၉၄၂ ရခိုင် ဘင်္ဂါလီအရေးအခင်း မူဂျာဟစ်ဒင်ပုန်ကန်မှုနှင့် အလယ်သံကျော်ညီလာခံတို့သည် ရခိုင် ဘင်္ဂါလီပြဿနာဖြေရှင်းရေးစဉ်းစားရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များဖြစ်သည်။

ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး

(ဧရာဝတီမြန်မာပိုင်း၌ ဇူလိုင် ၇၊ ၂၀၁၇ တွင်ဖေါ်ပြပြီးဖြစ်သည်။)
 Photo credit : New York Time 
↧

ကာတွန်း နေညိုအေး (ဥသျှစ်ပင်) ● ပြည်သူ့ပိုက်ဆံ ပေါ်တင် ခိုးတဲ့ကောင်တွေ

$
0
0
ကာတွန်း နေညိုအေး (ဥသျှစ်ပင်) ● ပြည်သူ့ပိုက်ဆံ ပေါ်တင် ခိုးတဲ့ကောင်တွေ
(မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၇
↧

ဆလိုင်းမြတ်နိုးသူ ● လာလီပေါပ့်များနှင့် နေထိုင်ခြင်း

$
0
0
ဆလိုင်းမြတ်နိုးသူ ● လာလီပေါပ့်များနှင့် နေထိုင်ခြင်း
(မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၇

ငါဟာ ငါမှဟုတ်ရဲ့လားလို့ တွေးချိန်မရဘူး
လာလီပေါပ့်တွေ အထပ်လိုက်
ဒါ အပျင်းဖြေစရာကစားနည်းတခုဖြစ်မယ်ဆိုတာ ရိပ်မိတယ်
သေချာအောင် အတည်ပြုလို့မရ
မြက်ခင်းစိမ်းစိမ်းပေါ်က ကုလားထိုင်တခုမှာ ငါရောက်နေတယ်

လာလီပေါပ့်တချောင်းကို ကောက်လိုက်တော့
ရှေ့က နောက်ခံတွေဟာ ပြောင်းသွား
မြို့ဟာ မျက်စိစမ်းသပ်မှုခံယူဖို့ တန်းစီနေတဲ့ပုံစံ
ရေဟာ မြို့ကိုဝါးစားဖို့ တဖြည်းဖြည်း ချီတက်လာတယ်

ငါ့ပါးစပ်ထဲ လာလီပေါပ့်ရောက်သွားတယ်
ဒူးစပ်နားထိ ရေဟာ တက်လာ
မြို့က တောင်းပန်တယ် ကျနော် မျက်စိမစမ်းရသေးပါ
ငါ့လက်မှာ နောက်ထပ် လာလီပေါပ့်အသစ်တခု
ရေဟာ ခါးစပ်နားထိရောက်သွား
လာလီပေါပ့်အသစ် ကုန်သွားပြီ
ငါ့လက်ဟာ နောက်ထပ်လာလီပေါပ့်တခု

ကျနော် မျက်စိစမ်းသပ်ပြီးရင် အားလုံးဖြစ်စေရပါမယ်
ရေဟာ လည်ပင်းကို ကျော်လို့ 
ငါ ငေးကြည့်ရင်းပဲ လာလီပေါပ့်တွေ ထပ်ဝါးနေမိတယ်
ကျနော် ဘယ်လိုသေသွားသလဲဆိုတာ
မျက်စိကောင်းမှဖြစ်မယ်
ရေဟာ မြို့ကို အပြီးဝါးစားလိုက်တယ်

လက်ထဲ လာလီပေါပ့်ကို ချနင်းပစ်လိုက်တော့ ရေဟာ ပျောက်သွား
သက်ပြင်းချပြီး လာလီပေါပ့်ကိုထပ်ယူတော့ နောက်ခံဟာ ပြောင်းသွား
လာလီပေါပ့် ငါဟာ လူတယောက်ကိုစားနေတယ်
သိပ်အရသာ ရှိတာပဲ။

ဆလိုင်းမြတ်နိုးသူ
ဇူလိုင် ၂၀၁၇
↧
↧

ကျော်ထင် ● တောတွေလည်းပြုန်း၍

$
0
0
ကျော်ထင် ● တောတွေလည်းပြုန်း၍
(မိုးမခ) သြဂတ်စ် ၁၄၊ ၂ဝ၁၇

(၁)
မရွယ်ဘဲ စောကဲ မင်းဖြစ်တဲ့။ ဒီစကားပုံဟာလေ ကျနော့်အတွက်တော့ မှန်လွန်းတယ်လို့ ဆိုရမယ်။ ကျောင်းဆရာဘဝကို မရည်ရွယ်ဘဲ ရခဲ့တယ်။ လုပ်စကတော့ စိတ်ပါလှတယ်လို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းက အကူအညီတောင်းတာနဲ့လိုအပ်တဲ့ ကျောင်းလေးမှာ လိုအပ်တဲ့ဘာသာပြအဖြစ် ဝင်သင်လိုက်တာ။ အဲ့ဒါကနေ ကျောင်းဆရာဘဝ စတော့တာပါပဲ။

ကျောင်းက ရွာကျောင်းလေးပါ။ တွဲဖက်အထက်တန်းကျောင်းအဖြစ်နဲ့ ဖွင့်ထားတာ။ မြို့နဲ့ ဆယ်မိုင်လောက် ဝေးတယ်။ စက်ဘီးနဲ့သွားရတယ်။ ရွာလမ်းရှိပေမယ့် အဲ့ဒီ့ရွာလမ်းက လှည်းလမ်းဆိုတော့ စက်ဘီးနဲ့သွားလို့မဖြစ်ဘူး။ မိုးဆို ရွှံ့တွေ နစ်တယ်။ ဆောင်းနဲ့နွေဆိုရင် ဖုတ်တွေထူလို့ဝပ်တယ်။ ဒီတော့ အဲ့ဒီ့လမ်းကို ရှောင်ပြီး သံလမ်းဘေးအတိုင်း သွားကြတယ်။ ရွာလမ်းထက်လည်း ပိုနီးတယ်။ ပြီးတော့ ရွှံ့နဲ့ဖုန်လည်း မရှိလို့ ကျနော်တို့သံလမ်းဘေးက လမ်းကိုပဲ ရွေးကြတယ်။

ဒါပေမဲ့ သံလမ်းနဲ့အပြိုင်ပြေးနေတဲ့လမ်းလေးက လောက်လောက်လားလားလမ်းတော့ မဟုတ်ပါဘူး။ လမ်း ရယ်လို့ဖောက် ပေးထားတာလည်း ဟုတ်ဟန်မတူပါဘူး။ သံလမ်းအတွက်ခင်းထားတဲ့ ရိစာမြေဟာ သံလမ်းရဲ့ဘေး တဖက်တချက်မှာ လူ သွားလို့ ဖြစ်တဲ့လမ်းလေးတွေအဖြစ် ပေါ်နေတာ။ ဒီလမ်းတွေဟာ ကျယ်လှ တတောင်ပေါ့။ တချို့နေရာတွေဆို စက်ဘီးနင်း နိုင်တဲ့နေရာက တထွာသာသာရယ်။ ဒီတထွာသာသာ၊ တတောင်သာသာမှာကိုပဲ ဇလီဖားတုံးတွေကို မလှုပ်အောင်၊ ငြိမ် အောင်ဖို့ထားတဲ့ ဂဝံကျောက်အချွန်အတက်တွေက ပြန့်ကျဲကျနေလို့ လမ်းက ပိုကျဉ်းသွားတယ်။

ကျောက်ခဲတွေကို ရှောင်ရင်းတိမ်းရင်း နင်းရတာပေါ့။ ဘေးကို ချော်စင်းသွားရင်တော့ ချိုင့်နဲ့ လယ်ကွင်းအစပ်တွေထဲ ကျမှာ ပဲ။ ကျသွားရင်လည်း ကြီးကြီးမားမားအန္တရာယ်မျိုးနဲ့တော့ ကြုံရမှာမဟုတ်ပါဘူး။ မသကာ ရွှံ့ပေ၊ ရေစို၊ ဒူးပြဲ၊ လက်ပေါက်နဲ့ ခြေကျိုး ခေါင်းကွဲ ဖြစ်ရုံလောက်ပါပဲ။ နံဘေးမှာ တောချုံတွေက ပေါပါတယ်။ တောချုံထဲက ယောက်ဖခွေးခေါ်ငှက်သံတွေက သာယာပါ့။

ဖိုးခေါင်ငှက်တွေကတော့ တော်တော်လေချွန်ကောင်းတယ်။

လမ်းပေါ်ကကြည့်ရင် တဖက်တချက်ဆီက လယ်ကွင်းတွေကို အရောင်အမျိုးမျိုးနဲ့ စီးပြီးမြင်နေရတယ်။ ရာသီတွေပေါ် တည်ပြီး လယ်ကွင်းတွေက စိမ်းလိုက်၊ဝါလိုက်နဲ့ ၊ မည်းတဲ့အခါလည်း ရှိတယ်။ကျနော်တို့ ဖြတ်သွားကြ တဲ့ အချိန်တွေကလည်း နေရောင် နုနုသာ ရှိသေးတဲ့ မနက်ခင်းနဲ့ နေအေးအေးဖြစ်နေပြီဖြစ်တဲ့ ညနေခင်းတွေဖြစ်နေလို့ ရှုမျှော်ခင်းတွေဟာ ကြည့်လို့ ကောင်းနေတယ်။

စပါးပင် စိမ်းစိမ်းတွေကို မြင်လိုက်။ ရိုးပြတ်တွေ ဖြစ်လိုက်နဲ့။ သဘာဝဇာတ်ခုံကြီးရဲ့ အခင်းအကျင်းတွေဟာ သူ့အလှည့်မှာ သူ့ဝတ်ရုံနဲ့သူ။ ဝတ်ရုံ မမှားဘူး။ စိမ်းတခါ၊ ဝါတလှည့်၊ မည်းတလှည့်၊ ညိုတဖုံနဲ့ အမျိုးမျိုး အရောင်စုံကိုလွှမ်းခြုံနေတာ။

(၂)
ကျောင်းရောက်ဖို့ တနာရီကျော်ကျော်လောက်နင်းရတယ်။ သံလမ်းဘေး လမ်းမြှောင်လေးအတိုင်း စက်ဘီးကို ဂရုတစိုက် နင်းနေရလို့ စက်ဘီးတောင် ခပ်ကျွမ်းကျွမ်းဖြစ်လာတယ်။

ချောင်းရိုးလေးတွေဖြတ်တဲ့နေရာကျတော့ စက်ဘီးနင်းလို့မရတော့ဘူး။ ဆင်းကြရတယ်။ ရိုးကိုဖြတ်ထားတဲ့ အုတ်တံတား လေးပေါ်က ဇလီဖားတုံးတွေကို ကြည့်လျှောက်ရင်း စက်ဘီးကို မပြီးဖြတ်ရတယ်။ တခါတလေ လက်သက်သာအောင် စက် ဘီးဖင်ထိုင်ခုံကို ပခုံးပေါ်တင်ပြီး ထမ်းလိုက်တယ်။ တံတားက သိပ်အရှည်ကြီးတော့ မဟုတ်ပါဘူး။ ရှစ်ပေ ကိုးပေပေါ့။ အမြင့် ကလည်း အမြင့်ဆုံးဆိုတဲ့နေရာ ရှစ်ပေလောက်ပဲရှိမှာ။

တံတားအောက်မှာက တောချုံတွေနဲ့ ရေစပ်စပ်ရယ်။ တခါတရံ ငုံးလေးတွေ ဝပ်နေတာကို လှမ်းတွေ့ရတယ်။ သူတို့ကတော့ ကျနော်တို့အရိပ်ကို လှစ်ခနဲတွေ့တာနဲ့ တောချုံတွေထဲ တိုးလျှိုးပျောက်ကွယ်သွားကြတယ်။ အတူပါလာတဲ့ ကိုလှမြင့်က ရေကြက်တဲ့။

ကျနော်က ငုံး။ သူက ရေကြက်။ ငြင်းမနေတော့ပါဘူး။ ဘဝမှာ ငြင်းရတာတွေ များလွန်းလို့ မငြင်းချင်တော့တာ မဟုတ်ပါဘူး။ ကိုလှမြင့်ကြီးကို ကျနော်က အမြဲတမ်း ခံငြင်းနေတတ်တာဖြစ်လို့တခါတလေ အားနာစိတ်ဝင်ပြီး မငြင်းချင်တာမျိုးပါ။

(၃)
တံတားနှစ်စင်း ကူးပြီးပြီဆိုရင် အဲ့ဒီ့အနီးအနားက ပေါက်ပင်အောက်မှာ ခဏထိုင်သေးတာ။ တလမ်းလုံး ကျနော်ပဲနင်းရမှာ ဆိုတော့ နားမှဖြစ်မယ်။ ကိုလှမြင့်က နောက်က လိုက်စီးရုံသက်သက်ပဲ။ ရေသာခိုပြီး မနင်းတာတော့ မဟုတ်ပါဘူး။ သူက ကိုယ်လက် မသန်ဘူးလေ။ မွေးရာပါ ချို့ယွင်းတာ။ ခြေချောင်းလေးတွေ မပါဘူး။ ငုံးတိ။ ခြေမနေရာမှာပဲ တချောင်းတည်း မည်ကာမတ္တာတွေ့ရတယ်။ ဒါတောင် ခြေသည်း ပါမလာဘူး။ လက်က ညာလက်စုံပေမယ့် ဘယ်လက်မှာ လက်သန်းနဲ့ လက်မပဲပါတယ်။

သူက အင်္ဂလိပ်စာသိပ်ကောင်းတယ်။ ကျနော်နဲ့က ငယ်ငယ်ကတည်းက တွဲခဲ့တာ။ အစ်ကိုတယောက်လိုကော၊ သူငယ်ချင်း တယောက်လိုကော။ အင်္ဂလိပ်စာမှာလည်း သူ့ဆီ တပည့်ခံခဲ့သေးတာဆိုတော့ ဆရာလိုကောပါ ပါတယ်။ ကျနော်က စာ အုပ်တွေ ဝယ်စုတာများတော့ လကုန်ခါနီးရင် ပိုက်ဆံပြတ်တယ်။ ဒီတော့ ကိုလှမြင့်ဆီက ပိုက်ဆံချေးသုံးရသေးတာဆိုတော့ သူက မြီးရှင်ဆိုလည်း ဟုတ်နေပြန်တယ်။

သူ့ကို တလမ်းလုံး၊ တနှစ်လုံး ကျနော်ကပဲ တင်နင်းသွားရတာ။ လမ်းက ကျဉ်းကျဉ်း၊ လူကနှစ်ယောက်၊  ဘေးမှာ ချောက် ဆိုတော့ ဂရုစိုက်ရတယ်။ နှစ်ယောက်လုံးက ရှုခင်းတွေလည်း ခံစားချင်သေးတော့ ငေးလည်းငေး၊ သတိလည်း ပေးပေါ့။ မျက်နှာချင်းဆိုင်က စက်ဘီးတစီးလာပြီဆိုရင်တော့ နှစ်စီးလုံးနင်းရင် ရှောင်လို့မရဘူး။ တစီးစီးကရပ်ပြီး ဘေးကပ်ပေးမှ တစီးနင်းလို့ရတယ်။ သံလမ်းဘေးမှာ လမ်းက ဘယ်ညာ အပြိုင်ရှိနေပေမယ့် ဘယ်ဖက်က လမ်းဆိုးလို့ လူတွေမသွားကြဘူး။ ဒီတော့ လမ်းကျဉ်းကျဉ်းမှာ ဟိုဘက်ကလာတဲ့သူနဲ့ ဒီဘက်ကသွားတဲ့သူ မျက်နှာချင်းဆိုင်တွေချည်းတွေ့ကြတာ။ ဒီလိုတွေ့ တော့လည်း တစီးစီးက လိုလိုလားလား ရပ်ပေးကြတာပါပဲ။ ဘယ်သူမှ ငြူစူတယ်လို့ မတွေ့ဖူးဘူး။

အဲ့ဒီလို ကျနော်တို့ရပ်ပေးရတဲ့အခါကျရင် နေ့တိုင်းမြင်နေရတဲ့မြင်ကွင်းတွေဖြစ်ပေမယ့် ကျနော်တို့ ရိုးမသွားဘူး၊ အီ မသွား ဘူး။ ရပ်ပေးကြတုန်း ငေးကြတယ်။ ဗျိုင်းတွေ၊ နွားငေါက်သံတွေ၊ ကောက်လှိုင်းစည်းတွေ၊ ကောက်ရိုးကို မီးရှို့လို့ထွက်လာတဲ့ မီးခိုးငွေ့တွေနဲ့ စပါးနံ့သင်းသင်းတွေ။ ကောင်းကင်ပြာပြာနဲ့လယ်ကွင်းပြင်ကြီးရဲ့ ဆက်ကြောင်းတွေဖြစ်တဲ့ ဟိုးဝေးဝေးရွာတန်း ရှည်ဆီက သစ်ကြီးဝါးအုပ်တွေ။ ဒါတွေဟာ လွမ်းစရာကောင်းပါ့။

တခါတလေကျတော့လည်း ကျနော်တို့က ရပ်ပေးဖို့စိတ်ကူးလိုက်ပေမယ့် တဖက်ကလာတဲ့သူက “သွားပါ၊ သွားပါ၊ ခင်ဗျားတို့ အရင်သွားပါ။”ဆိုလို့ သူ့သိတတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ခပ်သွက်သွက်လေးတောင် နင်းပေးခဲ့တာမျိုးလည်း ရှိ တယ်။ သူတို့က ကျနော်တို့ကို ကျောင်းဆရာတွေမှန်းသိလို့ လမ်းပေးကြတာတော့ မဟုတ်ပါဘူး။ အဲ့ဒီ့လမ်းကျဉ်းလေးပေါ်မှာ သွားလာနေကြတဲ့သူတွေအားလုံး သိတတ်ကြပါတယ်။ တဖက်လူကို ပိုကြည့်တယ်။ အလေးအပင်နဲ့ဆို ဦးစားပေး ရကောင်း မှန်းသိကြတယ်။ ကိုယ်ဆိုတာထက် တခြားဆိုတာကို အလေးထားတတ်ကြတယ်။

ကျနော်တို့က နှစ်ယောက်ဆိုတော့ အလေးအပင်အဖြစ် အခြားပစ္စည်းပစ္စယတွေမပါပေမယ့်လည်း ဦးစား ပေးခံရပါတယ်။ သူတို့က ကျနော်တို့ကို ရပ်စောင့်ပေးကြတယ်။ အဲ့ဒီလိုအခါမျိုးနဲ့ကြုံရင် ရှေ့နားရောက်တော့ ကျနော်တို့ထပ်ရပ်ကြတယ်။ ပတ်ဝန်းကျင်လည်း ငေးဖို့၊ အမောလည်းပြေဖို့၊ စကားစမြည်လည်း ပြောဖို့ပေါ့။ စကားတွေကလည်း နေ့တိုင်းပြောတာကို၊ ကုန်- မကုန်နိုင်ဘူး။ တမျိုးမဟုတ် တမျိုးကတော့ နေ့တိုင်း ရှိနေတတ်တယ်။

ဘုန်းတော်ကြီးကျောင်းရှေ့က ရေအိုးစင်လေးကတော့ ညနေအပြန်ဆို ကျနော်တို့အတွက် အိုအေစစ်ပါပဲ။ ရေတွေ တမုတ် ပြီး တမုတ် ခပ်သောက်၊ မြက်ခင်းစိမ်းစိမ်းပေါ် ခြေပစ်လက်ပစ်ထိုင်။ သံလမ်းဘေး လူ့ယဉ်ကျေးတွေရဲ့ အကြောင်းတွေကိုပြော။ တကယ့်ကို ရေ မရောသေးတဲ့ ချစ်စရာ စရိုက်တွေ၊ ကြည်နူးစရာဓလေ့တွေ ရှင်သန်နေတဲ့ ဗမာ့ယဉ်ကျေးမှုတောအုပ်ကြီးပါပဲ။

(၄)
ခုတော့ အဲ့ဒီ့တောကြီးလည်း ပြိုပြီထင်ပါရဲ့၊ ပြုန်းပြီထင်ပါရဲ့။

ကားလေးတစင်းနဲ့စာလိုက်သင်နေတဲ့ကျနော်တော့ စက်ဘီးလေးကို မစီးဖြစ်တော့ပါဘူး။ စက်ဘီးလေးလည်း မရှိတော့ဘူး။ သံလမ်းဘေးက လမ်းလေးဆီလည်း မရောက်ဖြစ်တော့ပါဘူး။ တဖက်လူကို ဦးစားပေးသွားလာတတ်တဲ့ လူ့ယဉ်ကျေးတွေမှ အဲ့ဒီလမ်းလေးပေါ်မှာ သွားလာကြသေးရဲ့လား။ ဘုန်းတော်ကြီးကျောင်းရှေ့ ရေအိုးထဲက ရေကကော မကြိုမချက်ရဘဲနဲ့ အ ရင်လို သန့်စင်နေသေးရဲ့လား။

ကျနော့်ရှေ့မှာတော့ လူတွေဟာ ကိုယ်ဦး ကိုယ်ရ၊ ငါဦး ငါရ သွားလာနေတော့တာပဲ မြင်နေရတယ်.....။ ။

ကျော်ထင်
↧

ကိုသန်းလွင် ● မလေးရှားအတိုက်အခံ အင်အားစု

$
0
0
 ကိုသန်းလွင် ● မလေးရှားအတိုက်အခံ အင်အားစု
(မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၇

(၁)
မလေးရှားတွင် အတိုက်အခံဆိုသည်မှာ မရှိမဖြစ်ဖွဲ့စည်းထားရခြင်းပင် ဖြစ်သည်။ အစိုးရအနေဖြင့် မှုစရာမလိုခဲ့ပေ၊။ ယခု အခါဝန်ကြီးချုပ်ဟောင်း မဟာသီယာ (Mahathir Muhamad) ပါဝင်သော အတိုက်အခံအဖွဲ့အစည်းတခုကို ဖွဲ့စည်း နိုင် ခဲ့ကြပြီဖြစ်သည်။ သူ၏လက်ထောက်ဟောင်း အန်ဝါအီဗရာဟင်  (Anwar Ibrahim) ပြန်လည် ပူးပေါင်းမိခါ မလေးရှား အ တိုက်အခံ အင်အားစုကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ ထိုအဖွဲ့အစည်းကို (Parakan Harnpan) ဟုခေါ်သည်။ နောက်ဆုံး PH ၏ ခေါင်းဆောင်သုံးယောက်ကိုကြေညာခဲ့သည်။

အန်ဝါအီဘရာဟင် မှာ PH ၏ခေါင်းဆောင်ဖြစ်သည် ဒေါက်တာမဟာသီဟာမူရာမက်မှာ အဖွဲ့၏ ချဲယားမင်းဖြစ်သည်။ အန် ဝါ၏ဇနီး (Dr Wan Azizah) ဖြစ်သူမှာ PH ၏သမ္မတဖြစ်သည်။ အဓိကခက်ခဲနေသော ပြဿနာမှာ ဒေါက်တာမဟာသီဟာနှင့် အမ်ဝါတို့၏နေရာများသတ်မှတ်ဖို့ဖြစ်သည်။ သို့ပါသော်လည်း ထိုကိစ္စမှာ နောက်မှဖြေရှင်းလျင်လည်း ရနိုင်မည်ဖြစ်သည်။

(၂)
ထိုအတိုက်အခံ ခေါင်းဆောင်နှစ်ဦးသည်သာ မစ္စတာနာဂျစ်  (Najib Razak) ကိုတိုက်ခိုက်ရန်အတွက် အကောင်း ဆုံးနေရာ ရောက်အောင် စွမ်းဆောင်နိုင်သူနှစ်ဦးအဖြစ် ယူဆကြသည်။ မစ္စတာနာဂျစ်မှာ BN-Barisan Nasional ၏ပါတီမှဖြစ်ပြီး ၁၉၅၇ ခုနှစ် လွတ်လပ်ရေးရသည်မှ ယနေ့အထိ အာဏာကိုဆုပ်ကိုင်ထားသောအဖွဲ့ဖြစ်သည်။ မလေးရှားတွင် အကြီးဆုံး ကုမ္ပဏီဖြစ်သော 1MDB ( 1Malaysia Development Berhad) ကူမ္ပဏီမှ ရန်ပုံငွေ ဖြစ်သော ဒေါ်လာသန်း ၁ ထောင်ကျော် ကိုသူ့ကိုယ်ပိုင် အကောင့်အတွင်းသို့ လွှဲပြောင်းပေးခဲ့ရသည်ဟူသောစွတ်စွဲချက်များကြောင့် ဝန်ကြီးချုပ်လုပ်သူမှာ နာမည် ပျက်ခဲ့ရသည်။

၁၉၈ဝ နှစ်များကဖြစ်သည့် နိုင်ငံ၏ဝန်ကြီးချုပ်ဖြစ်သူ မဟာသီယာမှ သူ့ကိုဆက်ခံမည့်သူအဖြစ် အန်နဝါကို ရွေးချယ်တင် မြှောက်ခဲ့သည်။ မဟာသီယာ၏ထောက်ခံမှုဖြင့် UMNO United Malays National Organization (BN ၏မိခင်ပါတီဖြစ်သည်) ၏ ပါတီဝင်ပြီး ၁ဝ နှစ်အတွင်းမှာ မလေးရှားဒုတိယဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သူဒုတိယဝန်ကြီးချုပ်ဖြစ်စဉ်ကာလမှာပင် အကယ်၍ ဒေါက်တာမဟာသီ ထွက်ပေးမှသာ သူကဝန်ကြီးချုပ် လုပ်နိုင်မည်ဖြစ်သည်။ သူ့ဘာသာ ထွက်ပေးရန်မစောင့်နိုင် တော့သဖြင့် ထွက်ခွာသွားစေရန် ဆောင်ရွက်ခဲ့သည်။

ဒေါက်တာမဟာသီမှာ ရာထူးရှိနေစဉ်တွင် ပုန်ကန်လာသော အန်ဝါကိုတိုက်ခိုက်တော့သည်။ ၁၉၉၈ ခုနှစ်တွင် အန်ဝါကို ခြစားမှု၊ လိင်မှုဆိုင်ရာပြစ်မှုများဖြင့် ထောင်ချခဲ့သည်။ မဟာသီယာမှာ မလေးရှားနိုင်ငံ၏ အကြာမြင့်ဆုံး ဝန်ကြီးချုပ်အဖြစ်မှ ၂၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါက်တာမဟာသီယာ၏အကြံအစည်မှာ သူ့ရာထူးမှနှုတ်ထွက်ပြီး တနှစ်အကြာ ၂ဝဝ၄ ခုနှစ်တွင် အန်ဝါကို ထောင်မှ လွှတ်ပေးရန်ဖြစ်သည်။ ပထမ သူ့ကို ဆက်ခံသူအဖြစ် မစ္စတာအဗ္ဗန္ဒူလာ ဘာဒါဝီ (Abdulla Ahmad Badawi) ကိုရွေးချယ်ခဲ့ သည်။ ၂ဝဝ၉ ခုနှစ်တွင် ဒေါက်တာအဗ္ဗန္ဒူလာကို နှုတ်ထွက်စေပြီးလက်ရှိဝန်ကြီးချုပ်လုပ်နေသူ မစ္စတာနာဂျစ်ကို မြှောက် တင်ခဲ့သည်။

အစစအရာရာသည် မဟာသီယာ၏ စီစဉ်သည့် အကွက်အတိုင်းပင်ဖြစ်၏ သို့တစေ နာဂျစ်က မဟာသီယာ၏သားကို UMNO ၏ အရေးပါအရာရောက်သော ငါးနေရာမှတနေရာသို့ မြှင့်တင်ပေးရန်ငြင်းဆန်ခဲံသည်။်၊ ဤစီမံကိန်းကို နာဂျစ်က မ လိုက်နာသောအခါ နာဂျစ် ရာထူးမှထွက်ရေး ကြိုးပမ်းခဲ့ပြန်သည်။ ဝန်ကြီးချုပ်၏ အနေအထားကို ခိုင်ခန့်အောင်စီမံပေးခဲ့သူမှာ မဟာသီယာ ပင်ဖြစ်သည်။  မဟာသီယာမှာ ပါတီတွင်ပုန်ကန်ရန် မဖြစ်နိုင်သောအခါ ပါတီပြင်ပမှထွက်၍ အတိုက် အခံပါတီ နှင့် ပူးပေါင်းပြန်သည်။ (Parti Pribumi Bersatu Malaysia (PPBM) တို့ပါတီမှာ ယခင်ကနာဂျစ်၏ အုပ်ချုပ်မှုကို ပုန်ကန်ခဲ့ သူများဖြင့် စုစည်းဖွဲ့စည်းထားခြင်း ဖြစ်သည်။
ထိုအတွင်း DAP (Democraric Action Party) ကလည်း ဒေါက်တာမဟာသီယာ အတိုက်အခံဘက်သို့ ကူးလာခြင်းကို သံသယမျက်လုံးဖြင့် စောင့်ကြည့်နေခဲ့သည်။ DAP မှာ တရုတ်လူမျိုးတို့အခြေခံသည့်ပါတီဖြစ်ပြီး ဒေါက်တာမဟာသီယာ ဝန်ကြီးချုပ်လုပ်စဉ်က သူ့တို့သားအဖမှာ အကြိမ်ကြိမ်ထောင်သွင်း အကျဉ်းချခံရသည်။ ယခု DAP ကပါ ဒေါက်တာမဟာသီယာ အတိုက်အခံပါတီအားလုံး၏ ခေါင်းဆောင်အဖြစ်လက်ခံခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဒေါက်တာမဟာသီယာအနေဖြင့် အတိုက်အခံအင်းအားစု တကွဲတပြားဖြစ်မနေဘဲ တစု တပေါင်းတည်း ဖြစ်မှသာ နာဂျစ်ကိုဖယ်ရှားနိုင်လိမ့်မည်ဟု ခံယူထားသည်။

ဒေါက်တာမဟာသီယာအနေဖြင့် တောင်းပန်စကားမဆိုဘဲ အတိုက်အခံက လက်ခံနိုင်မလားဟု မေးစရာရှိသည်။ မလေးလူ သားထုကို ဖြတ်သန်းရာတွင် မဟာသီယာလိုလူကလည်း လိုသေးသည်။ မဟာသီယာတဦးသည်သာ UNMO မှ မဲများ၊ PAS (Parti Islam Se-Malaysia) မှ မဲများကို အရယူပေးနိုင်မည်ဖြစ်သည်။ PH အနေဖြင့်ကလည်း ထိုမဲများရမှသာ နာဂျစ်ကို ဖယ်ရှားနိုင်ကြပေမည်။

တခြားထုတ်ဖော်မပြောကြဘဲ မဟာသီယာကို လိုအပ်ချက်တခုကလည်း ရှိနေသေးသည် အကယ်၍ မဲများမရ ခဲ့သော် BN ပါတီအနေဖြင့် အလွယ်ကူအာဏာကို စွန့်လိမ့်မည်မမျှော်လင့်နိုင်ချေ၊ မလေးရှားအနေဖြင့် အတိုက်အခံပါတီက အနိုင်ရ၍ အာဏာကို စွန်လွှင့်သွားခဲ့သည့် သာဓကများ မရှိခဲ့ဘူးချေ၊ အကယ်၍ နာဂျစ်များမဲရှုံးခဲ့သော်  COR ခေါ် (Conference of Ruler) COR နှင့် အရေးပေါ်အခြေ အနေကြေငြာ၍နေနိုင်သေးသည်။ ရွေးကောက်ပွဲအဖြေက ဘာဘဲဖြစ်စေ နာဂျစ်ကညစ် လိုလျင် ညစ်၍ရသည်။

COR Rule ကိုအသုံးပြုနိုင်ရန် ဆူလတန်များ၏အခန်းသည် ကဏ္ဍမှာအရေးကြီးလာသည်။ ဆူလတန်များသည် သူနေရာနှင့် သူ အလွန်သြဇာအာဏာရှိပြီး အလွန်တန်ခိုးထွားသည်။ ဆူလတန်သည် နိုင်ငံရေး၏အပေါ်ဘက်မှာ နေရမည်ဆိုသော်လည်း နိုင်ငံရေးတွင်အာဏာရပါတီ ၏ဆန္ဒနှင့်ဆန့်ကျင်ဘက် ဝင်ရောက်ပတ်သက်နေခဲ့ခြင်းမျိုး ၃ ခါကြုံခဲ့ပြီးပြီ၊ ထိုသို့ဝင်ရောက် နှောက်ယှက်နိုင်ခြင်းများကြောင့် အလွန်မိုက်မဲသော နိုင်ငံရေးသမားက သာ မလေးရှားနိုင်ငံရေးတွင် ဆူလတန် ကို ထည့်သွင်းမစဉ်းစားဘဲနေလိမ့်မည်။

ဤနေရာတွင် ဒေါက်တာ မဟာသီယာမှာအရေးတကြီး ဇာတ်တိုက်ဖြစ်နေတော့သည်။ အကယ်၍သာ PH အနိုင်ရရှိခဲ့သော် COR နှင့် PH အကြား လမ်းခင်းအဆက်အစပ်လုပ်ပေးနိုင်သည်။ မလေးရှား ဆူလတန်များအနေနှင့်ကလည်း အဓိကလို အပ်ချက်မှာ အစိုးရပိုင်းတွင် မလေးများအသာစီးရရေးသာ အဓိကဖြစ်သည်။

အခြားမလေးရှား လူ့အဖွဲ့အစည်း၏ အဓိကကျောရိုးဖြစ်သည့် မြိုပြရေးရာ လုပ်ငန်များ (Civil services) နှင့်လုံခြုံရေးအဖွဲ့မှာ လည်း BN မဟုတ်ပါက မဟာသီယာပါလျင် ထိုအဖွဲ့ကိုလက်ခံဘို့ ဝန်လေးဘွယ်မရှိ။

မလေးရှားဖြစ်နေသည်မှာ တရုတ်တို့၏ပါတီဖြစ်သော DAP ကို အာဏာပေးရမှာ အကြောက်ဆုံးဖြစ်သည်။ တရုတ်အမျိုးသားရေးဝါဒကြီးစိုးသောလူများအာဏာရသွားမှာကို စိုးရိမ်ကြသည်။ မလေးအမျိုးသား ကြီးစိုးရေးဝါဒကို လက်ကိုင်ထား သူများဖြစ်သည်။ အကယ်၍ မဟာသီယာသာ DAP အစိုးရနှင့် တွဲပြီးတက်လာလျင် ထိုသူများ၏ စိုးရိမ်မှုကိုလည်း ဖယ်ရှား ပေးနိုင်မည်ဖြစ်သည်။

မလေးအဖွဲ့အစည်းအနေဖြင့် အန်ဝါကို လက်ခံနိုင်င်မည်လားဟု မေးစရာရှိသည်။ မလေးအဖွဲ့အစည်းအနေဖြင့် အန်ဝါအပေါ် သံသယရှိမည်မှာ မလွဲပါ၊ အကယ်၍အန်ဝါသာ အာဏာရရှိပါက သူ၏လစ်ဘရယ် (Libral) ဝါဒကြောင့် မလေးသာ အဓိက ထားသည့် ပရောဂျက်အများအပြား ဆုံးရှုံးနစ်နာသွားနိုင်လေသည်။ ဤကိစ္စ အတွက်မူ မဟာသီယာပါလာလျင် မလေးအုပ်စု အတွက် စိတ်သက်သာရာရစေနိုင်သည၊ မဟာသီယာ၏ မူဝါဒများလည်း မလေးသာလျင် အဓိကဖြစ်သည်။

ဒေါက်တာမဟာသီယာ၏ ကာလတလျောက်လုံး မလေးများသာ အဓိကဖြစ်သည်ဟူသောဝါဒမှာ အရိုးစွဲနေခဲ့ပြီဖြစ်သည်။ သူ့လက်ထက်က မလေးများကိုသာ အဓိကရည်ရွယ်၍လည်း ပရောဂျက်အမျိုးမျိုးဖန်တီးပေးခဲ့သည်။

(၃)
မလေးရှား ရွေးကောက်ပွဲသည်၂ဝ၁၈ နှစ်အလယ်ပိုင်းတွင် ဖြစ်ဖွယ်ရှိသည်။ နာဂျစ်အနေဖြင့်အတိုက်အခံ ပါတီ များအရှုတ် အထွေးများနှင့် ဖြစ်ပေါ်နေသည်။ အဆင်သင့်မဖြစ်သေးဟု ယူဆလျင် ၂ဝ၁၇ နှစ်ကုန်ပိုင်းတွင် ဖြစ် ဖွယ်ရှိသည်။ ဒေါက်တာ မဟာသီယာအနေဖြင့် အနေအထားအားလုံးကို ကျော်ဖြတ်ခဲ့ပြီးပြီ၊ အစိုးရဝန်ကြီးချုပ်အဖြစ် ၂၂ လည်းလုပ်ခဲ့ပြီ၊ ယခုအတိုက်အခံများနှင့်ပေါင်းခြင်းမှာလည်း သူ၏နည်းတစ်ခုသာဖြစ်သည်။ အထူးသဖြင့် ထောင်ချခဲ့ဘူးသော အတိုက်အခံခေါင်း ဆောင်နှင့် သင့်မြတ်အောင်ပေါင်းနိုင်ခြင်းမှာ ဘာဖြစ်ဖြစ် လုပ်မည်ဟူသောသဘော ပေါ်ပေါက်နေလေသည်။

ကိုသန်းလွင်
Ref: Why Malaysian Opposition needs Mahathir, James Chin Today, 24 July 2917

↧

ဆောင်းယွန်းလ ● မမြင် မခင် မကြင်ပဲ လွမ်း

$
0
0

ဆောင်းယွန်းလ ● မမြင် မခင် မကြင်ပဲ လွမ်း
(မိုးမခ) သြဂတ်စ် ၁၅၊ ၂၀၁၇

မထားတတ်တဲ့စိတ်က ကျဉ်းနေတော့
ချောင်းကလေး
ထားရာမှာ အေးအေးမနေနိုင်ဘူး
ထားတတ်တဲ့ စိတ်က ကျယ်ဝန်းနေတဲ့အခါ
ပင်လယ်ပြာ စေရာကို သွားနိုင်တယ်

ပန်းသတင်းကိုလည်း လေညှင်းဆောင်ရဲ့
လူသတင်းကိုလည်း လူချင်းဆောင်ခဲ့ဆိုလေတော့
လူကို လူချင်းလွမ်းတာ ဆန်းသလား

ကက်ဆက်ထဲ
လွင့်ဝဲလာတဲ့ သီချင်းထဲမှာ
အလွမ်းတွေများများပါလာရင်
မြန်မြန်လွင့်ပြီး များများလွမ်းနေလိုက်ကြရုံပေါ့
လူကိုသေစေတတ်တဲ့ ဗုံးသေနတ်သံတွေမှ မဟုတ်တာပဲ

ဘာလဲ
ခင်ဗျားက အလွမ်းကိုဖမ်းချုပ်ထားနိုင်စွမ်းတဲ့ ထောင်မှူးကြီးလား
လွမ်းဆွတ်ခြင်းနဲ့ ဝမ်းနည်းကြေကွဲခြင်းမှာ မူပိုင်ခွင့်ရှိလို့လား
ဒါဆိုရင်လည်း
ခင်ဗျားရဲ့ကျဉ်းနေတဲ့ စိတ်တွေနဲ့
အလွမ်းကို ထောင်သွင်းအကျဉ်းချထားလိုက်ပါ
မူပိုင်ခွင့် မှတ်ပုံတင်ပြီး ပလက်စတစ်လောင်းထားလိုက်ပါ

ကျယ်ဝန်းတဲ့ ကျနော်တို့ရဲ့စိတ်တွေထဲမှာ
တစုံတယောက်ရဲ့ တစုံတရာအတွက်
လွပ်လပ်စွာလွမ်းနေမယ့် နေ့ရက်တွေက မကုန်မခမ်း
လွမ်းရေးရှိက ဆက်လက်လွမ်းနေကြမည်သာ။

ဆောင်းယွန်းလ
(သြဂတ်စ် ၁၄ ရက်၊ ၂၀၁၇)
↧
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>