Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ဝင်းအောင်ကြီး (မောင်အောင်မွန်) - ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထင်အောင်

$
0
0

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထင်အောင် - ဖျောက်နေသည့်ကြား ပျောက်မသွားသေးသူ 
ဝင်းအောင်ကြီး (မောင်အောင်မွန်) - ကျွန်တော်တွေးမိသလို ရေးပါမည် (၂၉၀)
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၇

(၁)
၁၉၅၁ ခု၊ကျွန်တော် အကြိုတက္ကသိုလ်ဝင်တန်း (Pre- Matric) ရောက်လာ၍ အင်္ဂလိပ်စာ(၃)အုပ်ထဲ Selections From Burmese Folk-Tales By Maung Htin Aung လည်းပါသည်။ စာအုပ်ရေးသူသည် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထင်အောင်မှန်းလည်း သိလိုက်ရသည်။ ကြားဖူးပြီးသား ရိုးရာပုံပြင်များပါ။ အသင်ပြကောင်းသောဆရာကြောင့် ဒေါက်တာထင်အောင်၏ အင်္ဂလိပ်စာရေးသားပုံကို မြည်းစမ်းခွင့်ရလိုက်ပြီ။

 နောက်နှစ်ကျတော့ ရန်ကုန်တက္ကသိုလ်ရောက် သူငယ်ချင်းကိုတင်ညွန့်ထံမှ စာတွေထဲ ဒေါက်တာထင်အောင် အကြောင်းမကြာခဏပါ၏။ မမြင်ဖူးခင်ကတည်းက သဘောကျနေသော ဆရာကြီးအား ၁၉၅၃ ခု၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားအဖြစ် ဆုံခွင့်ကြုံခွင့်ရကတည်းက ကြိုက်လိုက်ရာ ယနေ့အထိပါ။

၁၉၀၉ ခု၊ မေလ (၁၀)ရက်နေ့ဖွား မောင်ထင်အောင်တို့ သားချင်း (၆)ယောက်အနက် ယောက်ျားလေး (၄)ယောက်ထဲ သူကအငယ်ဆုံးဖြစ်သည်။ မောင်တင်ထွဋ်၊ မောင်မြင့်သိန်းနှင့် မောင်ကျော်မြင့်ပြီးတော့မှသူပါ။ နှမနှစ်ယောက်က တင်စောမူနှင့် ခင်စောမူ။ ညီအစ်ကိုတွေထဲ နံပါတ်(၄) ဖြစ်သောကြောင့်နေပါလိမ့်မည်၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဖြစ်လာစဉ် အမျိုးသား အဆောင်လိုက် ဘော်လီဘောပြိုင်ပွဲ ဒေါက်တာထင်အောင်က သူချီးမြှင့်သည့်ဖလားကို 4th Brother’s Cup ဟုနာမည်ပေး၏။

 ကျောင်းသားများက ညီပုလေးဒိုင်းဟု ချစ်စနိုးခေါ်ကြသည်။

 (၂)

၁၉၄၈ ခု၊ စက်တင်ဘာလ (၁၈)ရက်ညကို ဒေါက်တာထင်အောင် မေ့၍ရမည်မထင်ပါ။
သူတို့အစ်ကိုကြီး ICS ဦးတင်ထွဋ်သည် သြဂုတ်လ(၁၆)ရက်နေ့ကမှ နိုင်ငံခြားရေးဝန်ကြီးအဖြစ်က နှုတ်ထွက်ကာ တပ်မင်းကြီးဖြစ်လာ၏။ စက်တင်ဘာလ (၁၇)ရက်ညတွင် သူအယ်ဒီတာချုပ်လုပ်နေသော New Time of Burma သတင်းစာ ခေါင်းကြီးပိုင်းရေး အပြန်ကားပေါ်သို့ လူတစ်ယောက်က လက်ပစ်ဗုံးပစ်ဖောက်ရာ ပြင်းထန်စွာ ဒဏ်ရာရ၏။ သွေးသံရဲရဲနှင့် ဆေးရုံကြီးသို့သယ်သွား၍ ဒေါက်တာထင်အောင်တို့ အပြေးအလွှား လိုက်သွားကြသည်။

ဦးတင်ထွဋ်သည် နဖူး၊ ဘယ်ဘက်မေး၊ ဘယ်ဘက်ပေါင်၊ ဘယ်ဘက်ဒူး၊ ဘယ်ဘက်ခြေမျက်စိ၊ ဘယ်ဘက်ခြေဖျား၊ဘယ်ဘက်လက်ဖျားထိပ်- ဒဏ်ရာပေါင်း (၈) ခုနှင့် လူးလှိမ့်ခံနေရသည်ကို ဒေါက်တာဘသန်းတို့ ကြိုးစားကုသနေကြ၏။ စစ်ဦးစီး ဗိုလ်ချုပ်စမစ်ဒွန်းရောက်လာ၏။ မနက်မိုးလင်းတော့ ရက်သားပူပူနွေးနွေး နိုင်ငံခြားရေးဝန်ကြီး နာမည်ကြီး ဦးကျော်ငြိမ်းနှင့် အတူရောက်လာသော ၀န်ကြီးချုပ် သခင်နုက အိန္ဒိယကဆရာဝန်ကြီး ပင့်ကာကုသလိုကြောင်း ပြောကြားသည်။
သို့သော်လည်း ည(၇)နာရီ (၃၅)မိနစ်အချိန်၌ ဦးတင်ထွဋ် ကွယ်လွန်သွား၏။

လူသတ်ကောင်ကို ရန်ကုန်ရဲမင်းကြီး ဦးအောင်ချိန်တို့ စုံစမ်းနေရာ ပေါ်လုလုအခြေတွင် သခင်နုတို့က ဦးအောင်ချိန်အား ဖယ်ရှားပြီး သူ့နေရာလူစားခန့်လိုက်သည်။ လူသတ်ကောင်ကို တပြည်လုံးသိကြပြီး သေသည်ထိပေါ်တင်ကြီးနေသွား၏။

 ဒေါက်တာထင်အောင်သည် ပုထုဇဉ်လူသားမို့ အဘယ်မှာလျှင် မနာကြည်းပဲ နေပါမည်နည်း။

 (၃)

ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းက ၁၀ တန်းအောင်သော မောင်ထင်အောင်၊ ပညာဆက်သင်ပုံ အကြောင်းရှာမရပါ။ အင်္ဂလန်နိုင်ငံ Oxfort တက္ကသိုလ်နှင့် Cambridge တက္ကသိုလ်တို့တွင် တက်ခဲ့ပုံသာသွား တော့ရပါသည်။ Burmese Folk-Tales By Maung Htin Aung စာအုပ်ကို Oxfort တက္ကသိုလ်က ၁၉၃၇ ခု၊၌ ပုံနှိပ်ထုတ်ဝေကြောင်းတွေ့ရသည်။

၁၉၃၆ ခု၊ ဒုတိယကောလိပ်သပိတ်အပြီး ပေါ်ထွက်လာသော အမျိုးသားတက္ကသိုလ် ညနေသင်တန်း၌ အင်္ဂလိပ်စာနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များ စေတနာ့ဝန်ထမ်း ပို့ချကြောင်း မှတ်တမ်းများတွင်ပါရှိသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ရန်ကုန်တက္ကသိုလ် ပြန်ဖွင့်သောအခါ ၁၉၄၆-၄၇ အထိ အုပ်ချုပ်ရေးမှူး၊ အခေါ်အဝေါ်ပြောင်းလိုက်၍ ၁၉၄၇-၅၉ ခု၊အထိ ပါမောက္ခချုပ်ဖြစ်ခဲ့၏။

၁၉၅၉ ခု၊ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းက ဒေါက်တာထင်အောင်အား ပါမောက္ခချုပ်အဖြစ်က ဖယ်ရှားပြီး ဒုတိယအဓိပတိ အဖြစ်သို့ပို့လိုက်သည်။ ထို့နောက် သီရိလင်္ကာဆိုင်ရာ မြန်မာသံအမတ်အဖြစ် ကိုလံဘိုမြို့သွားရောက်အမှု ထမ်းရသည်။ ထိုစဉ်က သံအမတ်ဆိုသည်မှာ ယခင်ကကဲ့သို့ Career Diplomats များမဟုတ်တော့ဘဲ ပြည်တွင်း၌ မထားလိုသူများကိုသာ ခန့်လေ့ရှိ၏။
ဒေါက်တာထင်အောင်လို ပုဂ္ဂိုလ်အား ပဲခူတိုင်းလောက် မရှိတရှိနိုင်ငံသို့ ပို့ခြင်း၏နောက်ကွယ်က အကြောင်းကို စိတ်ဝင်စား၍ ကျွန်တော်ရှာဖွေလေ့လာရတော့သည်။

တပ်မတော်အရာရှိများ အရည်အသွေးမြင့်မားရေးကို အစဉ်တစိုက်လုပ်လေ့ရှိသော Brain of Army ဟု တင်စားခံရသူ ဗိုလ်မှူးကြီးမောင်မောင်က ဦးဆောင်ပြီး စစ်တက္ကသိုလ် (DSA) ဖွင့်ရန်စီစဉ်သည်။ ဘွဲ့ရပြီးမှ တပ်ထဲဝင်ခြင်းထက် (၁၀)တန်းအောင်ကတည်း စစ်ပညာနှင့် တက္ကသိုလ်ပညာ ပြိုင်တူသင်ကြခြင်း၏ သက်ရောက်မှုမို့ အစိုးရကလည်း သဘောတူဖော်ဆောင်ပေး၏။

ပါမောက္ခချုပ်ဒေါက်တာထင်အောင်တို့ကလည်း သင်ရိုးညွှန်းတမ်းများ ရေးဆွဲရာ၌ ၀င်ကူသလို ဆရာများလည်း စေလွှတ်ပေး၏။ သည်လိုနှင့် ၁၉၅၅ ခု၊ နှစ်တွင် စစ်တက္ကသိုလ် (DSA) ဖွင့်၏။ အဆင်ပြေ၏။ သို့သော်လည်း (DSA) သင်တန်းသားတွေထဲ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်ပဲ တန်းမြင့် (High School Final) သာအောင်သူများ ပါနေ၍ ပြဿနာတက်လာပြီ။ (DSA)သည် ရန်ကုန်တက္ကသိုလ်နှင့် ဆက်နွှယ်ထားသည်။ ဘွဲ့ကိုလည်း ရန်ကုန်တက္ကသိုလ်ကသာ ပေးရပါမည်။ ရန်ကုန်တက္ကသိုလ်အက်ဥပဒေအရ တက္ကသိုလ်ဝင်စာမေးပွဲ အောင်သူများသာ ရန်ကုန်တက္ကသိုလ် တက်ခွင့်ရှိ၍ ဘွဲ့ပေးချိန်တွင် ပြဿနာဖြစ်မည်။ ဒေါက်တာထင်အောင်သည် ဥပဒေ ပါရဂူ ( LLD) ဘွဲ့ကို တက္ကသိုလ်ကြီး (၄) ခုလောက်က ရထားသူ၊ ၀တ်လုံတော်ရလည်း ဖြစ်နေသူ၊ ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူဖူးသူ စသည်တို့ကြောင့် ထိုကိစ္စအရေးကြီးပုံကို ကောင်းစွာသိ၏။
ထိုသင်တန်းသားများအား ထုတ်ပယ်ခြင်းမပြုဘဲ တက္ကသိုလ်ဝင်စာမေးပွဲ သီးသန့်လုပ်ပေးရန် အကြံပေးကမ်းလှမ်းသည်။ ပညာတတ် ဗိုလ်မှူးကြီးမောင်မောင် ( ပထ၀ီဝင် ပါမောက္ခ ဒေါက်တာ ဒေါ်သင်းကြည်၏မောင်) က သဘောပေါက်နားလည်၍ ပြဿနာပြေလည်ကာ (DSA) 1st Batch သင်တန်း ဆင်းနိုင်ခဲ့ကြပုံကိုကြည့်ပါ။

 ဗထူး၌(၂)နှစ် မေမြို့သို့ပြောင်းပြီး(၂) နှစ် ပြည့်ပြီးနောက် သင်တန်းသား (၅၄)ယောက်အား စစ်ဘက် ဆိုင်ရာများစစ်ဆေးသလို ပညာပိုင်းဘာသာရပ်များက ရန်ကုန်တက္ကသိုလ်က သွားစစ်ပြီးနောက် အောင်စာရင်း ထွက်လာသောအခါ (၃၆) ယောက်အောင်သည်၊ ၁၉၅၉ ခု၊ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်တွင် အိမ်စောင့် အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်း အဓိပတိအဖြစ် ဘွဲ့လက်မှတ်များပေးပြီး ကြည်း-ရေ-လေ တပ်များ၌ ဗိုလ်များဖြစ်ခဲ့ကြ၏။

သို့သော်လည်း ထိုကိစ္စကို သေချာစွာ မသိသော ဗိုလ်ချုပ်ကြီးနေ၀င်းက ဒေါက်တာထင်အောင်အပေါ် အထင်လွဲဆဲဟု ဆိုကြ၏။ ထို့ပြင် တကသ နှင့် ရောလွန်း၍ ကြည့်မရခြင်းဟုလည်းဆိုကြပြန်သည်။

(၄)

တကယ်တော့ တကသ သည် ကျောင်းသားအားလုံးကို ကိုယ်စားပြုသည်ဟု ရန်ကုန်တက္ကသိုလ် အက်ဥပဒေ၌ အတိအလင်းဖော်ပြထားပါသည်။

တကသ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ရန် ပါမောက္ခချုပ်၌ တရားဝင်တာဝန်ရှိ၏။ ၁၉၄၉ ခု၊၌ ကျောင်းသားအချို့သည် တောခို၍ဖြစ်စေ၊ တပ်မတော်ဘက်က ၀င်တိုက်ရင်းဖြစ်စေ တိုက်ပွဲတွင်ကျဆုံးကြ၏။ ပညာတိုင်းတစနှင့် အချိန်မတန်မီ သေဆုံးသွားရသူများအား ၁၉၅၀ ခု၊ တွင် ဂုဏ်ပြုဆုတောင်းပွဲတရပ်ကို တကသ အမှုဆောင်ဖြစ်ဖူးသူ ပါမောက္ခ ဒေါက်တာသာလှတိှု့နှင့်အတူ ပါမောက္ခချုပ်က ကျင်းပရာသို့ တကသ ဥက္ကဋ္ဌ ဦးမောင်မောင်ကျော်တို့လည်း တက်ရောက်ကြသည်။
တက္ကသိုလ်စာတိုက်ရှေ့ ကွင်းပြင်ကို အောင်ကျော်ရင်ပြင်ဟု ခေါ်တွင်စေသည်။

၁၉၅၃ ခု၊ သြဂုတ်လ တကသ ပထမအသုတ် ရွေးကောက်ပွဲ ပျက်သွားသည်။ အောက်တိုဘာ ကျောင်းပိတ်ရက်ကို တလအစား (၁၅) ရက်သို့ ပြောင်းလဲရန် ဆီနိတ်ကဆုံးဖြစ်ရာ၊ ကျောင်းသားများက မကျေနပ်ကြ၊ ယခင်ကကဲ့သို့ တလပိတ်စေချင်သည်။ ထိုသဘောထား တင်ပြမည့် တကသ မရှိ။ အဖွဲ့အစည်း ပေါင်းစုံကိုယ်စား Action Committee ၀င်တို့အား ဒေါက်တာထင်အောင်က သူ၏မော်တော်ကားနှင့် ခေါ်ဆောင်ကာ ဒု အဓိပတိ ဒေါက်တာဘိုကြီးနှင့် ဆွေးနွေးညှိနှိုင်းစေသည်။ သို့သော် မပြေလည်။

ကမ္ဘာအလယ် ထယ်ဝါတင့်တယ်သော ရန်ကုန်တက္ကသိုလ်သို့ လက်နက်ကိုင်တပ်များဝင်ပြီ။
ကျောင်းသားတို့သွေး မြေကျရလေပြီ။ သီးခြားကင်းလွတ်သော တက္ကသိုလ် ( Independent University) ဖြစ်မှုတွင်းသို့ ၀င်ရောက်စွက်ဖက်မှုကို ပါမောက္ခတို့ တုံလှုပ်သွားကြ၏။ တကသ မရှိ၍သာထိုသို့ ဖြစ်ရဟုလည်း ယုံကြည်ကြသည်။

ထို့ကြောင့် တကသ အဓွန့်ရှည်ရေး ၁၉၅၄-၅၅ ခု ရွေးကောက်ပွဲကို ကြီးကြပ်ပေးရန် ပါမောက္ခ(၆)ဦး ပါဝင်သောအဖွဲ့ကို ဒေါက်တာထင်အောင်တို့က လုပ်ဆောင်ပေး၏။ ၁၆-၁-၅၁ နေ့တုန်းကလည်း တကသ က တက္ကသိုလ်ချင်းနှင့် နိုင်ငံခြား ဆက်သွယ်ရေးဋ္ဌာနဖွင့်ရာ ဒေါက်တာထင်အောင်က သဘာပတိ၊ တကသဥက္ကဋ္ဌ ဒု သဘာပတိ၊ ဒေါက်တာသာလှက ဘဏ္ဍာရေးမှူးအပြင် အခြားပါမောက္ခများ၊ ကျေင်းသားခေါင်းဆောင်များပါဝင် နိုင်ငံတကာ ဆက်ဆံရေးကိစ္စများစွာ ဆောင်ရွက်သည်၊ အစဉ်အလာ လမ်းဖွင့်ပေးခဲ့သည်။

ပါမောက္ခချုပ်တာဝန်နှင့်သာမဟုတ် တကသ အတွက်ဆို ဒေါက်တာထင်အောင်က လိုလိုလားလားပါ။
ထိုခေတ်က မြန်မာပြည်သို့ အလည်ရောက်လာသော နိုင်ငံခြာဧည့်သည်တော်ကြီးများ ရန်ကုန်တက္ကသိုလ်သို့ လာရောက်လေ့ရှိ၏။ ဘွဲ့နှင်းသဘင်ခန်းမ၌ အိမ်ရှင်အဖြစ် ဒေါက်တာထင်အောင်က ကြိုဆိုမိတ်ဆက်ပေးပြီးနောက် ကျောင်းသားများအား နှုတ်ခွန်းဆက်စကား ပြေကြားစေလေ့ရှိသည်။

၁၉၅၇ ခု၊ နှစ်က မြောက်ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်းအား ရန်ကုန်တက္ကသိုလ်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ (LLD) ကိုအဓိပတိဦးနုက အပ်နှင်းသည်။ စိတ်ဝင်စားသူများ တက်ခွင့်ရ၍ ကျွန်တော်လည်း ရောက်သွားသည်။ ဒေါက်တာထင်အောင်က ဧည့်သည်တော် သမတကြီးခင်ဗျာ၊ ကျွန်ုပ်တို့ တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌပါ--ဟုကြောညာလိုက်ရာ ခေါင်းပေါင်းနှင့် တကသ ဥက္ကဋ္ဌ ဦးစိုးသိန်း ၀င်လာတော့ တယောက်မကျန် မတတ်ရပ်ကာ ကြိုဆိုကြသည်။
ဒေါက်တာထင်အောင်က မိတ်ဆက်ပေးအပြီး ဦးစိုးသိန်းက ဟိုချီမင်းအား တကသ အလံငယ်ပေး၏။

 (၅)

၁၉၅၆-၅၇ ခု၊ တွင် ကျွန်တော် ရန်ကုန်တက္ကသိုလ် ပဲခူးခရိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း၏ အထွေထွေအတွင်းရေးမှူး အဖြစ်အရွေးခံရသည်။

တနေ့တွင် ပါမောက္ခချုပ်ရုံးသို့ အမြန်လာရောက်ရန် ဆင့်ခေါ်စာရရှိ၍ အပြေးအလွှားရောက်သွား၏။ ခပ်လှမ်းလှမ်းကသာ မြင်ဖူးသော ဒေါက်တာထင်အောင်အား အနီးကပ်မြင်ရ၊ နှစ်ယောက်ချင်း စကားပြောခွင့် ရလိုက်လေပြီ။ ရန်ကင်းကောလိပ်တွင် ပဲခူးသားများနှင့် စိန်ပေါလ်ကျောင်းသားဟောင်းများ ရန်ဖြစ်ကြသောကိစ္စ သွားရောက်ဖြေရှင်း ခိုင်းခြင်းဖြစ်ပါသည်။

အခြေအနေအရ ရန်ကင်းကိုဖြစ်စေ ထီးတန်းကိုဖြစ်စေ မလွှဲမရှောင်သာလို့ ပို့ထားရပေမေယ့် တက္ကသိုလ်ကျောင်းသား Gentleman ဆိုတာသိဖို့လိုတယ်၊ တက္ကသိုလ်ကျောင်းသားချင်း ရန်ဖြစ်တယ်ဆိုတာ ဟောဒီလို ဘယ်လက်သီးနဲ့ညာလက်သီး ထိုးသလိုပဲ၊ ကိုယ်ပဲနာတာတယ်မဟုတ်လား၊ အေး အဲဒါသွားရှင်းပြဟု ခေါ်ဆိုတာဝန် ပေးခြင်းဖြစ်သည်။

 ဒေါက်တာထင်အောင်သည် ပဲခူးသား၊ စိန်ပေါလ်ကျောင်းသားဟောင်း။
သို့သော်ယခုကိစ္စ၌ ပါမောက္ခချုပ်အနေနှင့် ကျယ်ကျယ်ဝန်းဝန်း ရှုမြင်သုံးသပ်ကြောင်း ထိုစဉ်ကပင် ကျွန်တော်သဘောပေါက် နားလည်ခဲ့၏။ ဆရာက ကျောင်းသားများကိုချစ်၏။ ဆရာ့ကိုလည်း ကျောင်းသားများက ချစ်ကြ၏။

ထိုနှစ်တွင် ကျွန်တော်တို့ အမှုဆောင်အဖွဲ့က ပဲခူမဂ္ဂဇင်းထုတ်သည်။ ပါမောက္ခချုပ်၏ သ၀ဏ်လွှာ ချီးမြှင့်ဖို့ ကျွန်တော်သွားရောက် မေတ္တာရပ်ခံရာ ရေးပေး၏။ ဒေါက်တာထင်အောင် အဆုံးသတ်ထားပုံက -----I myself can claim to be a Puguan, as I was born at Pegu, and I offer my felicitations to my fellow Peguans. ထို့နောက် ဆရာ့နာမည်နှင့် ရှည်လျားလှသည့် ဘွဲ့များဖော်ပြထား၏။

 ၁၉၅၅ ခု၊ ဒီဇင်ဘာလ (၆) ရက်နေ့ကို ကျွန်တော်ကောင်းစွာ မှတ်မိနေသေး၏။
ထိုနေ့က ဆိုဗီယက် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး နီကေတာ ခရုရှော့ဖ်နှင့် ၀န်ကြီးချုပ် ဘူဂါနင်တို့ ရန်ကုန်တက္ကသိုလ်သို့ အလည်လာရောက်၍၊ အစဉ်အလာအတိုင်း ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် ခန်းမ၌ ဧည့်ခံမိတ်ဆက်စကား အသီးသီးပြောကြားပြီး ပြန်အထွက်၌ ကျွန်တော်တို့ လက်ဝဲကျောင်းသားများ အနီးကပ်သွားကြ၏။ သုံးလေးယောက်လောက် လက်ဆွဲနှုတ်ဆက်လိုက်ရ၏။ အနားရောက်ဖို့ တိုးဝှေ့ကြရာ ကျွန်တော်လည်း အတော်နီးသွားပြီ။ ထိန်းမနိုင်သိမ်းမရ ဖြစ်တော့မည်။

 တော်ကြရောပေါ့ကွာ-- ဧည့်သည်တွေကို အားနာဖို့ကောင်းတယ်ဟု အသံအုပ်ပြီး ခပ်တိုးတိုး သတိပေးရာ ဆရာ့စကား နားထောင်ကြရင်း ထိုစဉ်က ခေတ်စားသော ကြွေးကြော်သံကို တယောက်က ပါမောက္ခချုပ် ဒို့ဆရာ-- ကျန်ကျောင်းသားများက သက်တော်ရာကျော် ရှည်ပါစေသား ဟုဆိုကြ၏။ ခရုရှော့ဖ်နား မကပ်ရသော ကျွန်တော်သည် ဆရာ့အနားမှာရှိနေ၍ ပြုံးလိုက်သည့် ဆရာ့မျက်နှာကို ကောင်းစွာမြင်လိုက်၏။

 နောက်တကြိမ် ပါမောက္ခချုပ် ဒို့ဆရာ--ဟုတိုင်သောအခါ ရှည်ပါစေ--ရှည်ပါစေ ဟု အော်ကြရာ ဒေါက်တာထင်အောင်က ဒီအရွယ်ရောက်မှတော့ ရှည်မယ်မထင်တော့ပါဘူးကွာလို့ ရယ်ကာပြောသည်။ ဆရာသည် ၀ပြီး အရပ်ပုသောကြောင့် ချစ်စနိုးကျီစားကြခြင်းပါ။
အဲဒါ ဒေါက်တာထင်အောင်နှင့် သူချစ်သေ သူ့ကိုချစ်သောကျောင်းသားများပါ။

(၆)

အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ကြီး(၁၅) အုပ်ရေးသားသူ ဒေါက်တာထင်အောင် မြန်မာလိုလည်း အရေးကောင်း အပြောကောင်း၏။

 မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်း အဖွဲ့ဝင်ဖြစ်၏။ စာပေဗိမာန်ရှေ့ မြက်ခင်းပြင်တွင် ညဘက် ဟောပြောပွဲများလုပ်၏။ ဒေါက်တာထင်အောင်က သူ၏ Thirty Seven Lords ကိုအခြေခံပြီး (၃၇) မင်း နတ်များအကြောင်း ဟောပြောရာ၊ လူ့ပြည့်လျှံနေ၏။ ကျွန်တော်လည်းသွား နားထောင်သည်။ ခပ်အေးအေး ရှင်းလင်းစွာပြော၏။ ဆရာ့မှာ ဟာသရှိရာ ပြုံးပြီးပြော၏။

 ဒေါက်တာထင်အောင်၏ ဂုဏ်သိက္ခာအရှိန်ကြောင့် ပရိသတ်က မရယ်ဝံ့သောအခါ သူကိုယ်တိုင် ရယ်ပြီးပြော၏။ ဘယ့်လောက်ချစ်စရာ ကောင်းလိုက်ပါသနည်း။

 ဒေါက်တာထင်အောင်သည် သူပျော်မွေ့သော ရန်ကုန်တက္ကသိုလ် ပရ၀ဏ်မှ ထွက်ခွါသွားရသည်။ ပညာသင်ယူခြင်းနှင့် ပညာသင်ပေးခြင်း၌သာ သူ့ဘ၀ကိုနှစ်မြှုတ်ထားသူမို့ စာမသင်ပဲနေနိုင်သူမဟုတ်၊ ပါမောက္ခချုပ်ဘ၀နှင့်ပင် အင်္ဂလိပ်စာ ဂုဏ်ထူးတန်း၌ သွားရောက်ပို့ချသည်။

၁၉၆၂ ခု၊ မတ်လ (၂)ရက်နေ့၌ စစ်တပ်က အာဏာသိမ်းတော့ သူ့အစ်ကို တရားသူကြီးချုပ် ဦးမြင့်သိန်း အဖမ်းခံရပြီး နှစ်အတန်ကြာ ထောင်သွင်းအကျဉ်းချခံရသည်။

 မေလ(၉)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကြီးကို ကြေညာချက်တိုလေးနှင့်ဖျက်လိုက်၏။
ကိုယ်စားလှယ်စုံ (၄၀) ကျော် တက္ကသိုလ်ကောင်စီကို စစ်ဗိုလ်(၄)ဦး ကထိကတဦးနှင့်အစားထိုး၏
ဇူလိုင်လ (၇)ရက်နေ့တွင် ကျောင်းသားများစွာ ပစ်သတ်ခံရ၏။
ဇူလိုင်လ (၈)ရက်နေ့နံနက်တွင် တကသ အဆောက်အအုံ ဖြိုဖျက်ခံလိုက်ရ၏။

ထိုသို့သိရပြီးနောက် ဒေါက်တာထင်အောင်သည် သူချစ်သော ရန်ကုန်တက္ကသိုလ်တွင် သင်ပေးခွင့်မရတော့သည့်အဆုံး Columbia University တွင် ဧည့်ပါမောက္ခ သွားလုပ်သည်။ နှစ်စေ့သွား၍ Fake Forest University သို့ပြောင်း၏။ ထို့နောက် ဘာသတင်းမှ မကြားရတော့။

၁၉၇၈ ခု၊မေလ(၁၀) ရက်နေ့တွင် ကွယ်လွန်ကြောင်း နာရေးကြော်ပါလာသည်။
ထိုနေ့ထုတ် အစိုးရသတင်းစာတွေထဲ တပ်ထွက် စာရေးဆရာ ဆွေလှိုင်ဦး ကွယ်လွန်ကြောင်းသတင်း ဓာတ်ပုံများနှင့် ဝေေ၀ဆာဆာဖော်ပြကြ၏။ ဒေါက်တာထင်အောင်အကြောင်း သတင်းတို တ၀ါကျ စာတလုံး လေးပင်မပါ၊ ယခုဆောင်းပါးရေးချိန်ထိ ကျွန်တော်မှတ်မိ ခံစားရဆဲပါ။

(၇)

ကြုံတုန်း ဆုံခိုက် ကြိုက်လိုက်ရသူများ စာအုပ်ထဲထည့်ရန် ဒေါက်တာထင်အောင်အကြောင်း ရှာဖွေ၏။ Google ထဲအထိ လိုက်ပြီးဖျောက်ထားကြသည်။ ရန်ကုန်တက္ကသိုလ်အကြောင်းတွင်လည်း မထင်မရှား ၀ိုးတ၀ါးနှင့် နှစ်ကြောင်း၊ သုံးကြောင်း၊ ဆရာ့ပုံမတွေ့၊ ဦးနေ၀င်းပုံတွေ့။

 ဒေါက်တာထင်အောင်ဟုရှာပြန်ရာ ဒေါက်တာထင်အောင်တွေ အများကြီးတွေ့၏။ နာမည်တူမရှားကိုး။ တက္ကသိုလ်တွေပေါ P.hD တွေ ဒုနှင့်ဒေး ပေါကြွယ်ဝသည့် ဒေသ၌ တဦးတယောက်က သူသာလျှင် ကမ္ဘာကျော်စာအုပ်ကြီး (၁၅) အုပ်ကို ရေးသူပါဟု ပြောလာလျှင်လည်း ၀ိုင်းယုံကြပေလိမ့်မည်။

ဤဆောင်းပါရေးချိန်ထိတော့ စနစ်တကျ ၀ိုင်းဖျောက်ထားသည့်ကြား ဒေါက်တာထင်အောင်ကတော့ ပျောက်မသွားသေးဟု တွေးမိကြောင်းပါ။

၂၀၁၇ ခု၊ နိုဝင်ဘာလ (၁၄)ရက်နေ့



ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ -Freshman, Sophomore, Junior & Senior

$
0
0

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ -Freshman, Sophomore, Junior & Senior
(Academic Weekly Journal, Yangon) မိုးမခ၊ နိုဝင်ဘာ ၁၈၊ ၂၀၁၇

မိုးချိုသင်း - ဒီနေ့ အဖေသာရှိရင် အဖေ့အသက် ၈၄ နှစ်

$
0
0


မိုးချိုသင်း - ဒီနေ့ အဖေသာရှိရင် အဖေ့အသက် ၈၄ နှစ်
(မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၁၇

ဒီနေ့ အဖေသာရှိရင် အဖေ့အသက် ၈၄နှစ် ရှိပြီပေါ့။ အဖေ့ကို ချစ်ခင်လွမ်းဆွတ်စိတ်တွေနဲ့ အဖေ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ တပည့် သားမြေးတွေက ရေးကြတာတွေ နှစ်စဉ်နှစ်တိုင်းလို ဖတ်ရ ကြားရပါတယ်။ ကိုယ်တိုင်လဲ ဘလော့ရေးစဉ်က ရံဖန်ရံခါ ရေးမိပါတယ်။ အဖေ့အကြောင်းလေးတွေကို ဟိုတကွက် ဒီတကွက် ဖတ်ရတာ ဘဝ မှန်ကူကွက်လေးတွေ ကြည့်ရသလို အရောင်စုံလှတယ်။ အခုလဲ အဖေ ထောင်ကထွက်ပြီး ၄ နှစ်အကြာ ၁၉၉၉မှာ ကိုယ့်အမ အငယ် မိုးမိုးနှင်းရှိတဲ့ Belgium ကို သွားဖို့ လုပ်စဉ်က အကြောင်း မရေးဖူးသေးတာမို့ အဖေ့မွေးနေ့ အမှတ်တရ ရေးမယ်လို့ စိတ်ကူးမိပါတယ်။

လွတ်လပ်တဲ့နိုင်ငံတနိုင်ငံမှာတော့ နိုင်ငံခြားထွက်တာ ဘာဆန်းမလဲ။ ဒါပေမဲ့ အညှိုးကြီးတဲ့ အာဏာရှင်လက်ထက်မှာတော့ ဒီကိစ္စဟာ ရာဇဝတ်မှုလိုပါပဲ။ အာဏာရှင် စစ်အစိုးရကိုဆန့်ကျင်တဲ့သူမှန်သမျှ ထောင်ထဲမှာ ထည့်ထားမယ်၊ ထောင်က ထွက်ရင်လဲ မြန်မာပြည်ဆိုတဲ့ ထောင်အကြီးကြီးထဲ ပြောင်းထည့်ထားတဲ့သဘောပါပဲ။ ဘယ်မှ လွတ်လွတ်လပ်လပ် သွားလာခွင့်မရှိ။ မိုးလင်းတာနဲ့ အဖေဟာ ဘယ်သွားသွား ဘော်ဒီဂတ်နဲ့ သွားနေရတယ်လေ။ ဒါပေမဲ့ အဖေက သူ့ကို တနေ့တနေ့ ဘာလုပ်သလဲ ထောက်လှမ်းနေသူကို မကျေနပ်မရှိဘဲ ခင်မင်နေပြီ။ လက်ဖက်ရည်ဆိုင်ထိုင်ရင်လဲ "ဘေး ဝိုင်းမှာ ထိုင် နားထောင်မနေပါနဲ့ဗျာ၊ ကျနော်တို့ ဝိုင်း လာထိုင်ပါ၊ ကျနော်တို့က စာအကြောင်း ပေအကြောင်း ရိုးရိုးပြောကြတာပါ"တဲ့။ ဒါနဲ့ ဟိုလူလဲ မနက်ဆို အိမ်ရောက်လာ၊ အဖေ့ မိတ်ဆွေတွေနဲ့ လက်ဖက်ရည်ဆိုင်၊ မဂ္ဂဇင်းတိုက် အကုန် တတွဲတွဲ သွားတော့တာပဲကိုး။ လက်ဖက်ရည်ဖိုးတောင် သူတလှည့် ကိုယ်တလှည့် ရှင်းကြတော့တာကိုး။ သူကလဲ အဘ အဘ နဲ့ ခင်ရှာပါတယ်။ တာဝန်အရ လုပ်ရရှာတာပါ။

ဒီလိုနဲ့ တနေ့မှာ ကိုယ့်အမ မနှင်းက မင်္ဂလာဆောင်ဖို့ ဖြစ်လာတယ်။ ရန်ကုန်မှာ သူ့ချစ်သူ Carl ရဲ့ မိဘတွေက အဖေ့ဆီ မနှင်းကို လာရောက် တောင်းရမ်းပြီး လူရင်း မိတ်ဆွေများနဲ့ ဧည့်ခံပွဲလေး ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ လုပ်ကြတယ်။ ပြီးတော့ တခါ Belgium မှာလဲ လုပ်ချင်ကြတာမို့ အဖေ့ကို သူ့သမီးလက်ထပ်ပွဲ တက်စေချင်ကြပါတယ်။ အဲဒီအချိန်မှာ မြန်မာပြည်မှာကလဲ ၉-၉-၉၉ ရောက်ခါနီးနေပြီ။ ၉ လေးလုံး မှာ (သူတို့အခေါ်) ဆူပူကြအုံးမှာမို့ နံမည်ရှိသူတွေ ကြို ဖမ်းနေတဲ့ ကာလပေါ့။ အဖေ့ကိုလဲ သင်္ကြန်သံချပ်တွေ ရေးသလားဆိုပြီး ထောက်လှမ်းရေးက ခေါ်ပြီး မေးလား မြန်းလား လုပ်နေပြီ။ ဒါနဲ့ ရန်ကုန်မှာ ရှိတဲ့ သမီး ၃ ယောက်ဟာ အဖေ့ကို နောက်တခါ အပါမခံနိုင်ဘူးဆိုပြီး မနှင်းဆီ ပို့ဖို့ ခေါင်းချင်းရိုက်ကြရတော့တာပေါ့။

အဲဒီအချိန်မှာ ကိုယ်ကလဲ စင်ကာပူက ပြန်ရောက်နေချိန်။ အမတွေနဲ့ တိုင်ပင်ပြီး အဖေ့ကို မနှင်းဆီ ရောက်အောင် ပို့မယ် ဆုံးဖြတ်ကြတယ်။ အဲဒီတုန်းက ကိုယ်တို့ဇနီးမောင်နှံက စင်ကာပူနဲ့ ရန်ကုန် သွားပြန်နေတာမို့ ကိုယ်တို့ ပတ်စ်ပို့ လုပ်တဲ့အခါ စာရွက်စာတမ်းတွေ လိုအပ်တာ လုပ်ပေးဖို့ ပတ်စ်ပို့ ရုံးမှာ လုပ်တဲ့ ဦးလေးတယောက်ကို အပ်နေကျ။ အဲဒီ ဦးက သဘောလဲ ကောင်း၊ အနေလဲ ရိုးအေးပြီး အင်မတန် သင့်တင့်တဲ့ ဝန်ဆောင်ခလောက်သာ ယူပါတယ်။ နေတော့လဲ ကိုယ်တို့အိမ်နဲ့ သိပ်မဝေးတော့ ကိုယ်တို့အတွက် အဆင်ပြေတာပေါ့။

ဒါနဲ့ အဖေ့ မှတ်ပုံတင်လေး ပေးပြီး အဖေ့ကို ပတ်စ်ပို့လေး လုပ်ပေးဖို့ ဦးဆီ အကူအညီ တောင်းရပါတယ်။ အဲဒီမှာ ပြောစရာရှိလာတာက အဖေ့ မှတ်ပုံတင်မှာ အဖေ့ နံမည်ရင်းက ဦးဘဂျမ်း ကိုး။ ကလောင်နံမည် တင်မိုး မဟုတ်ပါဘူး။ ဒါကြောင့် ပတ်စ်ပို့ လုပ်ပေးမဲ့ ဦးကို ရှင်းအောင် ပြောပြရပါတယ်။ ဦးလဲ သိတဲ့အတိုင်း အဖေက ကဗျာဆရာ မို့ ကဗျာရေးတဲ့နံမည်နဲ့ မှတ်ပုံတင်က အမည်ရင်း မတူဘူးပေါ့။ နောက်ပြီး အဖေ့ကို ကဗျာရေးလို့ ပုဒ်မ ၅ (ည) နဲ့ ၄ နှစ် ထောင် ချခဲ့တာ ဦးသိပါတယ်နော် ပေါ့။ တကယ်တော့ ကိုယ်ဟာ စိတ်ရှင်းချင်စိတ်နဲ့သာ မေးနေခဲ့ရတာပါ၊ ရင်တထိတ်ထိတ်ပါပဲ။ အဲဒီတုန်းက ဦးပြန်ဖြေတဲ့အဖြေဟာ ရိုးရိုးလေးမို့ အသဲထဲထိ စွဲနေအောင် မှတ်မိခဲ့ပါတယ်။ သမီးအဖေက ပြစ်ဒဏ်ကျခံပြီးပြီပဲ၊ လုပ်လို့ရပါတယ် တဲ့။ ဒါနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ စစ်ပြီး ဦးကယူထားလိုက်ပါတယ်။

တလခွဲ ၊ နှစ်လလောက်ကြာတော့ အဖေ့ပတ်စ်ပို့ကျပြီ တဲ့။ ပတ်စ်ပို့ရုံးရှေ့မှာ ကပ်ထားတဲ့ စာရွက်တွေထဲမှာ အဖေ့နံမည် ပါလာပြီ၊ သွားကြည့်ချေ တဲ့။ အဲလို ကြားရတော့ ကိုယ့်ရင်ထဲမှာ တလှပ်လှပ်ဖြစ်နေတယ်။ ကိုယ်စာမေးပွဲအောင်စာရင်း ကြည့်ရတာတောင် အဲလောက် ရင်မခုန်ခဲ့ဘူး။ အဟုတ်ပဲ။ အဖေ့နံမည် ပတ်စ်ပို့ ထုတ်ယူနိုင်တဲ့ စာရင်းထဲ ပါလာပြီ။ ဒါပေမဲ့ စိတ်မအေးနိုင်သေးဘူး၊ စာအုပ်ကို သွားထုတ်တဲ့အခါ ခွင့်မပေးနိုင်ဘူး ဖြစ်နိုင်သေးတာကိုး။ အဲဒီအပူအပန်တွေ အဖေကတော့ ဘာမှ မသိရှာဘူး။ အဖေက သူ့သမီးမိုးစံနဲ့ ချိုသင်း ပတ်စ်ပို့ စာအုပ်ရဖို့ ကြိုးစားနေတယ်၊ ရချင်လဲ ရမယ် မရချင်လဲ မရဘူး၊ ဒီလောက်ပဲ ပေးသိထားတာကိုး။

ဒါနဲ့ အဖေ့ကို ပတ်စ်ပို့ သွားထုတ်ကြမဲ့ နေ့ ရောက်လာပါတယ်။ မနက်စောစော ရုံးဖွင့်ချိန်ရောက်အောင် အဖေ၊ ကိုယ့်အမကြီး မစံ နဲ့ ကိုယ်တို့ ၃ ယောက် ပန်းဆိုးတန်းက ရုံးကို သွားကြတာပေါ့။ အဖေကတော့ ခပ်အေးအေးပဲ၊ စာအုပ် ကိုယ်တိုင်ထုတ်ဖို့ သမီးတွေလက်ဆွဲပြီး လိုက်လာတယ်လေ။ ကိုယ်တို့ ညီအမနှစ်ယောက်မှာတော့ သိုသိုသိပ်သိပ် လုပ်နေရတာမို့ ဘယ်သူ့ကိုမှလဲ အသိမပေးရဲ၊ အဖေက အသိများတော့ ရုံးမှာ မိတ်ဆွေတွေနဲ့ တိုးမှာလဲ လန့်နေတာပါ။ ညီအမနှစ်ယောက်စလုံး အေးစက်ပြီး ချွေးပျံနေတဲ့ လက်ချင်း ဆုပ်ထားကြတယ်။ အဲဒီအချိန်မှာ အဖေ့ကို စိတ်မပူပန်စေချင်တဲ့စိတ်နဲ့ ကိုယ်က white lie သုံးလိုက်မိပါတယ်။ "အဖေ အခု စာအုပ်ကို ကိုယ်တိုင်သွားထုတ်ရင် အဲဒီစာအုပ် ထုတ်ပေးမဲ့သူကို ချိုသင်းတို့ ပိုက်ဆံပေးထားတာနော်။ ဘာမှမပူနဲ့ သိလား"ပေါ့။ (တကယ်က ဘယ်သူထုတ်ပေးမလဲဆိုတာတောင် မသိတာ ဘယ်လို ပိုက်ဆံပေးထားနိုင်ပါ့မလဲ) အဖေကလဲ သူနားလည်ပါတယ်ဆိုတဲ့ပုံစံနဲ့ အေး၊ အေး အဖေ သိပြီ တဲ့။ (တကယ်က ဒီသမီးတွေ ဘယ်လောက်ပူနေသလဲ အဖေ မသိရှာဘူးနော်)။

အဖေ့နံမည်ခေါ်တော့ အဖေသွားရတယ်၊ ကိုယ်လဲ အဖေ့နား ကပ်လိုက်သွားပြီး ရပ်နေတာပေါ့။ ထုတ်ပေးတဲ့လူက အသားဖြူဖြူ လူလတ်ပိုင်းပါ။ ဦးဘဂျမ်း မှတ်ပုံတင် ပြပါ တဲ့။ ကိုယ်က ဘေးက ကပျာကယာ မှတ်ပုံတင်ပေးလိုက်တော့ မှတ်ပုံတင်ကိုကိုင်ပြီး အဖေ့ကို ကြည့်လိုက်၊ မှတ်ပုံတင်ကို ကြည့်လိုက်ပေါ့။ အကြာကြီးပဲ။ ကိုယ့်ရင်တွေ တုန် လှပြီ။ သူ မှတ်မိသွားလို့ ကြည့်နေတာလား၊ ဒါ ကဗျာဆရာတင်မိုးမဟုတ်လား၊ သူနိုင်ငံခြား ထွက်ခွင့်မရှိဘူး ပြောလိုက်မှာလားပေါ့။ စိတ်က ပူလွန်းလို့ အဖေများ စိတ်ပူနေမလား အဖေ့မျက်နှာ လှမ်းကြည့်မိတော့ အဖေက ပြုံးပြုံးကြီး ဟိုလူကို ရဲရဲကြီး ပြန်ကြည့်နေတယ်။ အဖေ့စိတ်ထဲမှာ ဒီလူကို ငါ့သမီးတွေ ပိုက်ဆံပေးထားတယ် ငါ့ကို တာဝန်အရ စစ်နေတာ လို့ ထင်နေရှာလို့ ပြုံးပြုံးကြီး ပြန်ကြည့်နေတာပါ။

တကယ်က ဟိုးအရင်က အဖေ့ မှတ်ပုံတင်ကို အဝတ်လျှော်တဲ့အထဲ ထည့်လျှော်လိုက်မိလို့ ရေစိုပြီး အရောင် ပြယ်နေတာမို့ ဟိုလူ့ခမျာ အထပ်ထပ် စစ်နေတာပါ။ ပြီးတော့ "ရပြီ လက်မှတ်ထိုးပါ"တဲ့၊ အဖေက ပြုံးရွှင်စွာ လက်မှတ်ထိုးတော့ ဝန်ထမ်းက ယူပြီး လက်မှတ်ထိုးတဲ့ဘေးမှာ ကွင်းစ ကွင်းပိတ်လေးနဲ့ (ကိုယ်တိုင်) လို့ လက်ရေး ခပ်သော့သော့နဲ့ ခြစ်လိုက်ပါသေးတယ်။ ကိုယ်က အဲဒီစာလုံးလေးကို ကျ မလာတဲ့ မျက်ရည်စတွေနဲ့ ငုံ့ကြည့်နေမိတာမို့ စာလုံးလေးက ဝါးသွားပါတော့တယ်။

ဒီအဆင့်နဲ့ မပြီးသေးပါဘူး။ ပုံစံ ၁၇-၁၉ ဆိုလား လုပ်ရပါအုံးမယ်တဲ့။ အဲဒီတုန်းက စာအုပ်ရတာနဲ့ ဘဏ်မှာ ငွေသွင်းတဲ့ ကိစ္စ လုပ်ပြီးရင် အဲဒီပုံစံ ၁၇-၁၉ ကို ဘဏ်က ချလံနဲ့ လုပ်ရမှာပါတဲ့။ ဒါနဲ့ ညီအမနှစ်ယောက် နောက်တချီ မောင်းတင်ကြပြန်တာပေါ့။ အဖေကတော့ ရုံးကိစ္စတွေ ရှည်လျားထွေပြားတာတွေ မလုပ်ချင်တော့ပါဘူး။ မပြီးသေးဘူးလား သမီး နဲ့ တမေးတည်း မေးနေတာပါ။ သူက မြို့ထဲရောက်တုန်း သူ့မိတ်ဆွေတွေနဲ့ သွား join ချင်နေပြီ။ ခဏလေးပါ ဒါပြီးရင် ပြီးပါပြီဆိုပြီး ချော့ထားရပါတယ်။

ပုံစံ ၁၇ လား ၁၉ လား သေချာ မမှတ်မိတော့ပါ။ အဲဒီမှာ ဝန်ထမ်းအမျိုးသမီးက အကျင့်စာရိတ္တကောင်းမွန်ကြောင်း ကိုယ်နေတဲ့ ရပ်ကွက်က ရဲ ထောက်ခံစာ လိုပါသတဲ့။ ကိုယ်တို့ ညီအမနှစ်ယောက်စလုံး ဒါတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုပြီး ခေါင်းငိုက်စိုက်ဖြစ်သွားကြတာပေါ့။ ဒါဆို သူတို့ သိသွားတော့မှာ သေချာနေပြီ။ စာအုပ်ကြီး လက်ထဲ ရောက်ပြီးမှ သွားခွင့်မရတော့ဘူးပေါ့ ဆိုပြီး အတော်လဲ စိတ်ဓာတ်ကျသွားတာပါ။ ဒါနဲ့ ရှိတဲ့ အင်အားလေးတွေ စုပြီး ဝန်ထမ်းအမကို တောင်းပန်ရပါတယ်။ သူက မရဘူး တဲ့၊ ရပ်ကွက် ရဲ ထောက်ခံစာ လို ကို လိုပါသတဲ့။ ကိုယ်တို့ ညီအမနှစ်ယောက် ပြောလွန်းမက ပြောတော့ အထဲက အရာရှိကို ဝင်ပြောကြည့်ပါလား လို့ ပြန်ပြောပါတယ်။ ဒါနဲ့ ကိုယ်တို့လဲ အရာရှိ ရုံးခန်းထဲကို ရောက်ခဲ့ရပါတယ်။

အရာရှိကလဲ ခပ်အေးအေးပါပဲ။ စာရွက်တွေ လက်မှတ်ထိုးနေသလားပဲ။ တချက်မော့ကြည့်ပြီး ပြော တဲ့။ အဲဒီမှာ ကိုယ်က ကျမအဖေ မိသားစု ကိစ္စ အရေးတကြီး သွားစရာရှိတာမို့ ရဲထောက်ခံစာမပါဘဲ ပုံစံ ၁၉ ထုတ်ပေးဖို့ အင်မတန် ယဉ်ယဉ်ကျေးကျေး တောင်းပန်လိုက်ပါတယ်။ သူကလဲ ချက်ချင်းပဲ မရဘူး ပြောပါတယ်။ ရဲ ထောက်ခံစာပါမှ ထုတ်ပေးနိုင်မတဲ့။ ပြောပြီးတော့ ကိစ္စပဲ ပြီးသွားသလို မော့တောင် မကြည့်တော့ပါဘူး။ အဲဒီအချိန်မှာ ဒုန်း ဆိုတဲ့အသံအကျယ်ကြီးနဲ့ စားပွဲကို ထုလိုက်တာကြောင့် ကိုယ့် တကိုယ်လုံး တုန်သွားတာ။ ဘာလို့လဲဆို ဒုန်းဆိုပြီး စားပွဲကို လက်သီးနဲ့ ထုလိုက်တာ အဖေ လေ။

ကိုယ်တော့ သွားပြီ လို့ သိလိုက်ပါပြီ။ အရာရှိလဲ အံ့သြတကြီး မော့ကြည့်တယ်။ အဖေက "ငါ က တက္ကသိုလ်က ကျောင်းဆရာကွ။ ဒီလိုလူက သူများဆီက ကိုယ့်အကျင့်စာရိတ္တကောင်းကြောင်း သွားထောက်ခံ ခိုင်းရအုံးမှာလား"တဲ့။ "အဓိပ္ပါယ် ရှိမရှိလဲ စဉ်းစားကြစမ်းပါအုံး"တဲ့။ ဘုရား ဘုရားး။ အဲဒီမှာ အရာရှိက "အော် တက္ကသိုလ်က ဆရာလား တဲ့၊ ဒါဆို မလိုပါဘူး တဲ့။ ရှေ့ကောင်တာက လက်ခံဖို့ သူ လက်မှတ်ထိုးပေးလိုက်ပါ့မယ်"တဲ့။ ဒါနဲ့ ရှောရှောရှူရှူပဲ လုပ်ပေးလိုက်ပါတော့တယ်။ တကယ်တော့ အဖေဟာ ရုံးလုပ်ငန်း ကြိုးနီစနစ်တွေကို စိတ်ပေါက်သွားပုံပါပဲ။ အဲဒီတော့မှ ကိုယ်တို့လဲ သက်ပြင်းချ နိုင်ခဲ့ပါတယ်။ ၁၁ သြဂုတ်လ ၁၉၉၉ မှာ အဖေ ဥရောပကို ထွက်ခွာခဲ့ပါတယ်။

အဖေထွက်ပြီးနောက်ပိုင်းမှာ ရေဒီယို အသံလွှင့်ဌာနတွေက အဖေ့ရဲ့ထောင်ထဲက အတွေ့အကြုံ အင်တာဗျူးတွေ ပါလာခဲ့ပါတယ်။ အဲဒါကြောင့် အဖေ ဥရောပ ရောက်နေတာ "သူတို့"သိသွားခဲ့ပြီး အဖေ့ ဘော်ဒီဂတ်ကြီးကို မသိရကောင်းလားလို့ မျက်မာန်ရှတာကြောင့် နယ်ပြောင်းခံခဲ့ရပါတယ်။

အဲဒီကတည်းက မြန်မာပြည်ကနေ ခွဲခွာသွားတဲ့အဖေဟာ သူချစ်တဲ့ မြန်မာပြည်ကို အသက်ရှင်လျက် ပြန်လာခွင့် မရခဲ့တော့ပါဘူး။ အဖေ့ စာ၊ အဖေ့ နံမည်၊ အဖေ့အကြောင်း မြန်မာပြည်က ထုတ်တဲ့စာအုပ်တိုင်းမှာ ဖော်ပြခွင့် ပိတ်ပင်ခဲ့ပါတယ်။ အဖေ့ ကွယ်လွန်တော့လဲ အဖေ့ နာရေးတောင် သတင်းစာ၊ မဂ္ဂဇင်းတွေမှာ ဖော်ပြခွင့် မပြုခဲ့ပါဘူး။ အဖေကလဲ သူ့ နောက်ဆုံးအချိန်ထိ အာဏာရှင်စနစ်ဆိုးကို ကလောင်နဲ့ တိုက်ပွဲ ဝင် သွားခဲ့ပါတယ်။ အဖေကွယ်လွန်ပြီး ၁၀ နှစ်အကြာ မနှစ်ကမှ အဖေ့အရိုးအိုးလေးကို ကိုယ်တိုင် ပြန်ပို့နိုင်ခဲ့ပါတယ်။ အိမ်ပြန်ချင်လှတဲ့အဖေ ကျေနပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ အဖေရယ် အမေရယ် မောင်လေးဉာဏ်မိုးရယ် မိသားစု ပြန်ဆုံနိုင်ကြပြီပေါ့။
လွမ်းတယ် အဖေ...

ချစ်သမီး
ချို
(စာရေးသူ ဖေ့စ်ဘွတ်က ကူးယူဖော်ပြပါသည်)

လွတ်လပ်လှိုင်းမဂ္ဂဇင်း မိတ်ဆက်

$
0
0
လွတ်လပ်လှိုင်းမဂ္ဂဇင်း မိတ်ဆက်
(မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၁၇


လက်ခံရရှိတဲ့ အကြောင်းကြားစာက အောက်ပါအတိုင်း ဖြစ်ပါတယ်ခင်ဗျား။ ကြိုဆိုကြပါစို့။

မိတ်ဆွေများခင်ဗျား …
လွတ်လပ်လှိုင်းလို့အမည်ရတဲ့ မဂ္ဂဇင်းလေးတခုကို ထုတ်ဝေသွားမယ့်အကြောင်း နိုဝင်ဘာ(၁၉)ရက် စာဆိုတော်နေ့ အခါသမယမှာ အသိပေးအကြောင်းကြားအပ်ပါတယ်။ လက်ခံရရှိတဲ့ စာမူတွေအပေါ်မူတည်ပြီး ဒီဇင်ဘာ(၁)ရက်နေ့ကနေ စတင်ဖော်ပြသွားဖို့ ရည်ရွယ်ထားပါတယ်။ လွတ်လပ်လှိုင်းမဂ္ဂဇင်းကို စာမူတွေပေးပို့ကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။

လက်ပွတ်ဖုန်း (Smartphone)တွေနဲ့ ကျောက်သင်ပုန်း (Tablet) တွေ အသုံးများကြတဲ့ လူမှုကွန်ယက်မှာ လွတ်လပ်လှိုင်းကို ဖတ်ရှုရတာ အဆင်ပြေအောင်လို့ မဂ္ဂဇင်းရဲ့  အပြင်အဆင်ကို ပုံစံတမျိုးနဲ့တည်ဆောက်ထားပါတယ်။

အထူးသဖြင့် စာမျက်နှာများတဲ့ ဆောင်းပါးတွေ၊ ဝတ္ထုတွေကိုဖတ်ရတဲ့အခါ၊ ဓာတ်ပုံကလေးတွေကို ကြည့်ရတဲ့အခါ ပိုပြီး သက်သောင့်သက်သာရှိအောင်လို့ စာမျက်နှာအပြင်အဆင်ကို “မျက်စိတဝေ့စာ”ကလေး ပိုင်းဆစ်ဖန်တီးထားပါတယ်။ သဘောကျ နှစ်ခြိုက်ကြလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

အယ်ဒီတာအဖွဲ့
လွတ်လပ်လှိုင်းမဂ္ဂဇင်း (နိုဝင်ဘာ၊ ၁၉ ၊ ၂၀၁၇)

ကာတွန်း ညီပုချေ - အရှုံးခံသူများ

$
0
0

ကာတွန်း ညီပုချေ - အရှုံးခံသူများ
(မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၁၇

မောင်လူရေး - ဖွတ်ဂါရာမ "တင်းပါး"သံကြီး

$
0
0


မောင်လူရေး - ဖွတ်ဂါရာမ "တင်းပါး"သံကြီး
(မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၁၇

ဖွတ်ဂါရွာမတရွာလုံး အုံးအုံးကျွက်ကျွက်ဖြစ်နေသည်။ ဒီအုံးအုံးကျွက်ကျွက်က တရွာလုံးမှာ တအိမ်ချင်းစီဖြစ်ပျက်နေတဲ့ ဟာ။ တချို့အိမ်များတော့ ဒါးဆွဲဒုတ်ဆွဲ။ တချို့လဲ အိမ်ခွဲမယ်၊ အိုးခွဲမယ်နှင့်။ တချို့တော့ အိမ်ပေါ်က နှင်ချခံရသည်။

သိတယ်မဟုတ်လား။ တရွာလုံးပါသည့်ကိစ္စဆိုတာ နိုင်ငံရေးနှင့် ဘောပွဲဘဲရှိသည်။ အခုဟာက အရင်တခါဖြစ်ခဲ့သည့် "မီးကင်းစောင့်အဖွဲ့ဖြစ်မြောက်ရေးကော်မတီ"ဖွဲ့တုန်းကထက် ပိုရှုပ်ထွေးသည်။ ပိုပညာသားပါသည်။ "အိမ်တအိမ်မှာ ဘယ်သူအကောင်လဲ"ဆိုတာ ဆုံးဖြတ်ရသည့်ကိစ္စဆိုတော့ အိမ်တိုင်း အိမ်တိုင်း ဗြောင်းဆန်နေသည်။ တသက်လုံး ရန်ဖြစ်တယ်မကြားဘူးသည့် ရွာတောင်ပိုင်းက လင်မယားနှစ်ယောက်ဘဲရှိသည့် ဖိုးအေးနှင့် ဖွားသုန်တို့တောင် ဒီကိစ္စအတွက်နှင့် ရန်ဖြစ်ကြပြီး ဖွားသုန်က နွားတဲမှာ ခွဲအိပ်နေပြီဟု ကြားရသည်။

ရွာမြွေဝင်သည်ဟုပြောရမည်လား၊ အိမ်ပေါက်စေ့ ဂျင်းထည့်ခံရသည်ဟု ဆိုရမည်လားမသိပေ။ မိသားစုတစုချင်းဆီတောင် ဒီလောက်ကွဲကြပြီဆိုတော့ တရွာလုံးကတော့ ဖရဲသီး ပုဆိန်နဲ့ပေါက်ထားသလိုရှိချိမ့်မည်။ ဒီနှစ် ဘုရားပွဲ ဇာတ်ထည့်ဖို့မှ ဖြစ်နိုင်ပါတော့မလားမသိ။

"အိမ်တအိမ်မှာ ဘယ်သူအကောင်လဲဆိုတာ ရွေးရမည်'တဲ့။ ဒီသတင်းကို သယ်လာတာကတော့ ထုံးစံအတိုင်း ဖိုးထွေး။ သူက သတင်းဆိုတာထက် ပြဿနာကို သယ်လာခြင်းဖြစ်သည်။ အစကတော့ အမှုမဲ့ အမှတ်မဲ့နေနေကြသည်။ သူကလဲ ကြက်ဝိုင်းပြော၊ အရက်ဝိုင်းပြော။ အကြော်ဆိုင်ပြော၊ ကဇော်ဆိုင်ပြော။ ကျုပ်တို့ တရွာထဲမဟုတ်ဘူး။ တနိုင်ငံလုံးက ရွာတိုင်း ရပ်တိုင်းမှာ မဖြစ်မနေ လုပ်ရမှာဆိုတာလည်း ပါသေးသည်။ ဖိုးအေးကလဲ ရေဒီယိုက လွှင့်တာ သူ ကြားလိုက်ရသတဲ့။ ဖိုးထွေးပြောတာ ဟုတ်မယ်ဆိုတော့ ဖိုးအေးကို တရွာလုံးကလဲ အလွန်နှံ့စပ်သဖြင့် ရွာရေးရပ်တာ အားကိုးအားထားပြုရသူဆိုတော့ကာ တအိမ်စ နှစ်အိမ်စ မင်းအကောင် ငါအကောင်လုပ်ရာက ခုတော့ တရွာလုံး အုံးအုံးထဖြစ်နေကြသည်။ ပဲနှုပ်တောင် မသွားနိုင်ကြ။ တချို့အိမ်များဆို တယောက်တယောက် အမောက်ထောင်ပြကြရင်း ထမင်းဟင်းပင် မချက်ကြလို့ စားရေးသောက်တာပင် ခက်နေကြပြီ။ ဖိုးမောင်တို့ညီအကိုကတော့ ဘေးအိမ်တွေက အဆွဲမြန်လို့တဲ့။

အိမ်တအိမ်မှာ ဘယ်သူအကောင်လဲဆိုတာ ဘာ့လို့ ရွေးတာလဲဆိုတော့ အစက ဘယ်သူမှ ရေရေရာရာမသိကြ။ ပြဿနာဖြစ်လို့သာ ဖြစ်နေကြသည်။ မနေ့ကမှ ဖိုးထွေးက မြို့က ဂျာနယ်တစောင်ဝယ်ပြီး ဆရာတော်ကို အကျိုးအကြောင်း သွားလျှောက်၊ ဆရာတော်က အုံးမောင်းထု လူစုရှင်းပြမှ သဘောပါစပြုလာကြခြင်းဖြစ်သည်။

ဖိုးထွေးက မိုက်စမ်းသလိုလိုနှင့် ပြောမလို့ပြင်နေတုန်း ဆရာတော်က ပြီးပလား မိုက်ပေးဆိုမှ အရှိန်သတ်လိုက်သည်။ သူရှင်းပြတာနှင့် ဂျာနယ်ထဲပါတာကို ဆရာတော်က ထပ်ဆင့်ရှင်းပြခြင်းဖြစ်သည်။

"အဟမ်း အဟမ်း"ပရိသတ်ငြိမ်သွားအောင် အသံပေးပြီးမှ

"သပ္ပုရိသနွယ်ဝင် သူတော်စင်အပေါင်းတို့"ဆိုပြီး ထုံးစံအတိုင်း အစချီသည်။

"တကာမောင်ထွေးပြောတာက တနိုင်ငံလုံးမှာ သူကြီးရွေးပွဲ ပြန်လုပ်မယ်တဲ့။ အဲတော့ ဒို့ဖွတ်ဂါရွာမမှာလဲ သူကြီးရွေးပွဲ ပြန်လုပ်မယ်ပါ့"

"အင်း အခုသူကြီးက အရင်အစိုးရကခန့်ထားခဲ့တဲ့ အခုအစိုးရလက်ထက် သူကြီးတဲ့"ဆိုတော့ ကြောင်စီစီကြည့်နေကြသည့်ဒကာတွေကို မျက်မှန်လေးပင့်ပြီး "ရှင်းလား"လို့ ဘုန်းကြီးက မိန့်သည်။ ဘုန်းကြီးနားက တရားထောက်ဦးနီက ဘာလာလာ "တင်းပါး"ဆိုတော့ ထုံးစံအတိုင်း တင်းပါးသံကြားပြီးရင် ဘုန်းကြီးကလည်း ဟောစရာရှိတာ ဆက်ဟောနေကြ။

ဘုန်းကြီးက မျက်လွှာလေးပြန်ချပြီး "အဲဒါ သူကြီးရုပ် သိပ်မပေါက်လို့ ခု ပြန်ရွေးရမှာတဲ့"ဆိုတော့

လက်ရှိသူကြီးက ဖိုးထွေးကို မျက်နှာထားတင်းတင်းဖြင့် လှမ်းကြည့်သည်။ ဖိုးထွေးက မသိချင်ယောင်ဆောင်ပြီး စက်ကို အသံညှိသလိုလိုလုပ်နေသည်။

"အဲဒီ သူကြီရွေးဖို့ရာမှာ လုပ်ထုံးလုပ်နည်းက အဆင့်ဆင့်ရှိသတဲ့။ သူကြီးကို ရာအိမ်မှူးတွေက ရွေးရမှာတဲ့။ အဲဒီ ရာအိမ်မှူးကလဲ ခု ရာအိမ်မှူးမဟုတ်ဘူးတဲ့။ သူကလဲ အရင်အစိမ်းအစိုးရက ရွေးထားတော့ စိမ်းနေလို့တဲ့။ အစိမ်းဆိုတော့ သရဲမရဲစီးမယ် ထင်လို့နဲ့ တူပါရဲ့။ အဲဒေါ့ ရာအိမ်မှူးတွေကိုလဲ ပြန်ရွေးရမယ်တဲ့"

ထိုစဉ် ရာအိမ်မှူးများ ခေါင်းငုံသွားကြသည်။ မျက်နှာ ပျက်သွားသူ၊ မျက်နှာရှုံ့သူ မဲ့သူ၊ နှုတ်ခမ်းရွဲ့လိုက်သူ အမျိုးသမီးတွေ တော်တော်ပေါ်လာကြသည်။

"အဟမ်း အဟမ်း မောင်ထွေးနဲ့ ဂျာနယ်အလိုအရတော့ အဲဒီရာအိမ်မှူးကို ဆယ်အိမ်မင်းတွေက ရွေးပေးရမယ်တဲ့"

ဆယ်အိမ်ခေါင်းများနှင့် မိသားစုဝင်များ ခေါင်းထောင်ကြ၊ ပခုံးဝင့်ကြ၊ မျက်စပင့်ကြည့်ကြ လုပ်လာကြစဉ်

"ဆယ်အိမ်ခေါင်းပါဘုရား"ဟု သူကြီးက မကြိုက်သည့်လေသံဖြင့် ဝင်လျှောက်သည်။

"ငါ သိပါသကွဲ့ သူကြီးရဲ့၊ ခေါင်းဆိုတာ မြို့အရပ်မှာဆို အလွန်ရိုင်းတဲ့စကားကွဲ့။ ပြီးတော့ ဆယ်အိမ်ကို အစိုးရသောသူလို့ အဓိပ္ပါယ်ပေါက်အောင်၊ အုပ်ချုပ်ခံဆယ်အိမ်ကလဲ လေးစားသမှုရှိအောင် "ဆယ်အိမ်မင်း"လို့ သေချာခေါ်တာပါကွဲ့။ ရှေ့လျှောက် အားလုံး မှတ်ထားကြ"

"အဲဒီ ဆယ်အိမ်ခေါင်း အဲလေ ဆယ်အိမ်မင်းတွေကလဲ အရင်က ဘုမသိဘမသိ ရွေးလိုက်သူတွေဆိုတော့တဲ့၊ ခုအသစ် ပြန်ရွေးရမယ်တဲ့"ဟု ဆက်ဟောလိုက်ရာ ပရိသတ်တွေ လှုပ်လှုပ်ရှားရှားဖြစ်လာကြပြီး အသံဗလံများပင် ထွက်လာကြသည်။

"ဒီသူကြီးရွေးနည်း နိဿရည်းမှာ ဒီအချက်က သိပ်အရေးကြီးတယ်။ နားစိုက်စိုက်နာကြ ဒကာတို့"

"တင်းပါးဘုရား"

"အဟမ်း အဟမ်း"

"ဂွီ ဝီ ဝီ"စက်သံစူးစူးကြီး မြည်လာသဖြင့် ဆရာတော်လဲ အဟမ်းတင် ရပ်သွားသည်။ ဖိုးထွေးကို အားလုံးက ဝိုင်းကြည့်ကြသည်။ ဖိုးထွေးက ပွဲတပွဲပွဲမှာ လူတွေ သူ့ကို ကြည့်အောင် လုပ်လေ့ရှိသည်။ ဒါလဲ အဲလိုကြည့်အောင် လုပ်တာပင်ဖြစ်သည်။

"ဟဲ့ ကောင် ဖိုးထွေး၊ ဘယ့်နှယ်လုပ်နေတာလဲ"ဟု သူကြီးက အခွင့်ကြိုက်တုန်း ပါဝါပြသည်။

အဟမ်းသံနှင့် အခြေအနေကို ထိမ်းလိုက်ပြီး ဘုန်းကြီးက ဆက်ဟောသည်။

"ဆယ်အိမ်မင်းရွေးဖို့ရာမှာ ဆယ်အိမ်တစုစု။ ပြီးရင် အဲဒီဆယ်အိမ်ထဲက အိမ်ရှိလူကုန် ဆယ်အိမ်မင်းရွေးခွင့်မရှိဘူးနော်။ ကိုယ့်အိမ်ထဲက တယောက်ကိုဘဲ ရွေးရမှာ။ ကိုယ့်အိမ်နဲ့ကိုယ် ဆယ်အိမ်မင်းရွေးချယ်တင်မြောက်ပေးရမယ့် တယောက်ကို ရွေးထုတ်ရမှာ။ အဲဒီလူဟာ နှယ်နှယ်ရရမဟုတ်ဘူး။ ဆယ်အိမ်မင်း ရွေးကောက်တင်မြှောက်ပေးရမယ့် အာဂလူဖြစ်ရမယ်၊ သဘောပါကြရဲ့လား"

"တင်းပါး"

တရွာလုံးကြားလောက်သည့် "တင်းပါး"သံကြီးပင်။

မိသားစုချင်း မျက်စောင်းခဲနေကြပြီ။ ဓမ္မာရုံထဲ ထိုင်နေသူအကုန်လုံး လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ မာရသွန်အပြေးပြိုင်ပွဲက တာထွက်ရတော့မည့် လူအုပ်ကြီးဟန်ပေါက်နေသည်။ ခုချက်ချင်း အိမ်ပြန် ရွေးချယ်ကြတော့မည်ပုံ။

မောင်လူရေး



လှကျော်ဇော - တရုတ်ကွန်မြူနစ်ပါတီ (၁၉)ကြိမ်မြောက်အစည်းအဝေး။ အပိုင်း(၃)။ ရှီကျင့်ဖင်- အတွေးအခေါ်

$
0
0

လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် အစည်းအဝေး - အပိုင်း (၃)
(မိုးမခ) နိုဝင်ဘာ ၂ဝ၊ ၂ဝ၁၇

● ရှီကျင့်ဖင် အတွေးအခေါ်
(ခေတ်သစ်ကာလနဲ့အညီ တရုတ်ကွန်မြူနစ်ပါတီတည်ဆောက်ရေး)

၂ဝ၁၇ အောက်တိုဘာ ၁၈ ရက်နေ့ မနက် ပီကင်းပြည်သူ့ ခန်းမကြီးအတွင်း သဘာပတိစင်ပေါ်သို့ သမ္မတရှီကျင့်ဖင် ဝင် ရောက်လာတဲ့အခါ အသက် ၉၁ နှစ်ရှိ သမ္မတဟောင်း ကျန်းစစ်မင်၊ အသက် ၇၈ နှစ်ရှိ သမ္မတဟောင်းဟူချင်ထောင်တို့ နောက်ကပါလာပါတယ်။ ခန်းမကြီးတခုလုံးရှိ ကိုယ်စားလှယ် (၂ဝဝဝ) ကျော်နဲ့ အထူးဖိတ်ကြားထားသူများအားလုံး မတ်တပ် ရပ်လက်ခုပ်တီး သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လက်ရှိတာဝန်တွေထမ်းဆောင်နေတဲ့ ပါတီနိုင်ငံ ရေးဦးဆောင်အဖွဲ့အမြဲတန်းကော်မတီဝင်များနဲ့ တာဝန်များကအနားယူသွားပြီဖြစ်တဲ့ ထိပ်တန်းခေါင်းဆောင်များ (ဒုသမ တများ၊ ဝန်ကြီးချုပ်များ၊ လွှတ်တော်ဥက္ကဌများ/ဟောင်းများ) တသီတသန်းကြီး ဝင်လာကြပါတယ်။

အခမ်းအနားကို အခမ်းအနားမှူးဝန်ကြီးချုပ် လီခက်ချန်က နိုင်ငံတော်သီချင်းနဲ့ ဖွင့်လှစ်လိုက်ပြီးနောက် ကွယ်လွန်ကုန်ကြပြီ ဖြစ်တဲ့ခေါင်းဆောင်များ မော်စီတုန်း၊ ချူအင်လိုင်း၊ ချူတေး၊ လျှိုရှောက်ချီ၊ တိန်ရှောင်ဖင်၊ ချင်ယွန်အမှူးပြုတဲ့ မျိုး ဆက်ဟောင်းရဲဘော်ကြီးများအား ၁ မိနစ်ငြိမ်သက်စွာ အလေးပြုခဲ့ကြပါတယ်။

(မှတ်ချက်။ ။ ဒါတွေအားလုံးက တရုတ်ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်မှုဟာ တဆက်တစပ်ထဲရှိတယ်ဆိုတာကို ဖော်ညွှန်းနေ ပါတယ်။ ဒါ့အပြင်အခန်းအနားအပီးမှာ ခေါင်းဆောင်ဟောင်းရဲဘော်ကြီးများကို တနိုင်ငံလုံးကတက်လာတဲ့ ကိုယ်စားလှယ် များက သဘာပတိစင်ပေါ်တက် ဝမ်းသာအားရဝိုင်းဝန်းနှုတ်ဆက်နေကြတာတွေကို တွေ့ရပါတယ်။ ဒီကိုယ်စားလှယ်တွေဟာ ပါတီဝင် စုစုပေါင်း သန်း (၈ဝ) ကျော်ကို ကိုယ်စားပြုတာပါ။ ဒီမြင်ကွင်းက တရုတ်တပြည်လုံးရှိ ပါတီဝင်အားလုံးရဲ့စုစည်းညီညွ့တ်မှုကို ပြသလိုက်ပါတယ်။)

ဒီနောက်မှာတော့ (၁၈) ကြိမ်မြောက်ပါတီကွန်ဂရက်ရဲ့ဗဟိုကော်မတီရဲ့အစီရင်ခံစာကို အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖင် က တင်သွင်းပါတယ်။ ၃ နာရီခွဲကြာပါတယ်။

အနာဂါတ်အတွက် ယုံကြည်မှုတွေပြည့်လျှံနေတဲ့ ဒီအစီရင်ခံစာအကြောင်း ကြည့်ရအောင်ပါ။

ပါတီရဲ့အမျိုးသားကွန်ဂရက်ဆိုတာ ပြီးခဲ့တဲ့ (၅) နှစ်အတွင်းလုပ်ဆောင်ချက်များအပေါ်အဆိုးအကောင်း နိဂုံးချုပ်ပြီး နောင် (၅) နှစ်အတွက် လုပ်ဆောင်မယ့်စီမံကိန်းများကို တင်ပြလေ့ရှိပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သဘောတရားများပါ။

သဘောတရားတွေဟာ လက်တွေ့တွေကပေါ်ထွက်လာတာဖြစ်ပြီး တခါ ဒီသဘောတရားတွေကပဲ နောင်လက်တွေ့တွေကို ထပ်လမ်းညွှန်ပေးပါတယ်။ ဒါဟာ တရုတ်လူမှုအဖွဲ့အစည်းနဲ့ လူသားဘဝ (Humanity) ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တခုလုံးရဲ့ ဥပဒေသဖြစ်ပါတယ်။ ဒီနှစ်ကွန်ဂရက်မှာလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့သဘောတရားအသစ်စုပေါင်းထားချက်များကို တရုတ်ထူးခြားချက်များနဲ့ ကိုက်ညီတဲ့ ဆိုရှယ်လစ်စနစ်ခေတ်သစ်ပိုင်းဆိုင်ရာအတွေးအခေါ်များလို့ သတ်မှတ်ခေါ်ဝေါ်လိုက် တာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံမှာလည်း ဒီသတ်မှတ်ချက်ကို ရှီရဲ့အတွေးအခေါ်များလို့ ခေါ်ဆိုလိုက်ပြီး ပါတီရဲ့လမ်းညွှန်ချက်အဖြစ်ပါ သတ်မှတ်လိုက်ပါတယ်။

ဒီအတွေးအခေါ်တွေအားလုံးဟာ လွန်ခဲ့တဲ့ (၅) နှစ်အတွင်း ရှီကျင့်ဖင်တင်ပြခဲ့တဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အတွေးအမြင်များ၊

အတွေးအခေါ်များ၊ ဗျူဟာများ၊ နည်းနာများဖြစ်ရုံမက၊ တရုတ်ကွန်မြူနစ်ပါတီရဲ့လမ်းညွှန်မူဝါဒများဖြစ်တဲ့ မာက်စ်ဝါဒ-လီ နင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်၊ တိန့်ရှောင်ဖင်သဘောတရား၊ ကိုယ်စားပြုမှု သုံးခုသဘောတရားနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ သိပွံနည်းကျကြည့်မြင်နည်းတို့ရဲ့ တိုးတက်ဖြစ်ထွန်းမှုလည်း ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ဟာ တရုတ်အနာဂတ်ဖွံ့ဖြိုး တိုးတက်မှုလမ်းကြောင်းကို လမ်းညွှန်ပေးမှာဖြစ်ပြီး ဒီအခြေခံပေါ်ကနေ ဘက်စုံဒေါင့်စုံတဲ့ သေနင်္ဂဗျူဟာသစ်များကို ချမှတ် မှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်များအတွင်း တရုတ်ကွန်မြူနစ်ပါတီရဲ့ခိုင်မာတော့င်တင်းတဲ့ခေါင်းဆောင်မှုဟာ အခရာကျတဲ့အတွက် ပါတီတည်ဆောက်ရေးလမ်းစဉ်အသစ်များလည်း ပါပါတယ်။

ခေတ်သစ်လို့ သတ်မှတ်လိုက်မှုက တရုတ်ရဲ့တိုးတက်ဖွံ့ဖြိုးမှုလမ်းကြောင်းရဲ့ အရေးကြီးသမိုင်းဝင်ချိန်ခါကို အလေးပေး ဖော်ပြတာပါ။

တရုတ်တွေမှာ ရာပြည့်ရည်မှန်းချက်ကြီး (၂) ရပ်ရှိပါတယ်။

၁။ တရုတ်ကွန်မြူနစ်ပါတီ အနှစ်တရာပြည့်ချိန် (၁၉၂၁-၂ဝ၂၁) အဖက်ဖက်က မျှတသင့်တော်စွာချမ်းသာ ကြွယ်ဝတဲ့ လူ့ အဖွဲ့ အစည်းတရပ် တည်ဆောက်ပြီးရေး။

၂။ တရုတ်ပြည်သစ်တည်ထောင်တာ နှစ်တရာပြည့်ချိန် (၁၉၄၉-၂ဝ၄၉) မှာ အင်အားတောင့်တင်းတဲ့၊ ဒီမိုကရေစီရှိတဲ့၊ ယဉ် ကျေးမှုအရရှေ့တန်းရောက်တဲ့၊ ချမ်းသာကြွယ်ဝတဲ့ မျှတမှုရှိတဲ့  ခေတ်မီဆိုရှယ်လစ်နိုင်ငံတော်ကြီးတည်ဆောက်ပြီးရေး ဆိုတာပါပဲ။

ဒီအစီရင်ခံစာမှာ ရှီက ဒီရည်မှန်းချက်ကြီးများပြည့်ဝဖို့အတွက် အသေးစိတ်လမ်းညွှန်ချက်၊ စီမံကိန်းများကို အချိန်ကာလတွေ ခွဲ၊ အဆင့်တွေခွဲပြီး ပြောဆိုသွားတာပါ။

ရှီကလက်ရှိအခြေအနေတွေကိုပြောသွားရာမှာ တရုတ်ပြည်အနေနဲ့ လူထုသန်းပေါင်း တထောင်ကျော်ရဲ့ အခြေခံလိုအပ်ချက် များကို ယေဘုယျ ဖြည့်ဆည်းပေးနိုင်ခဲ့ပါပြီ။ လူအများ တင့်တောင်းတင့်တယ် နေထိုင်နိုင်ကြပါပြီ။ သင့်တင့်ချောင်လည်တဲ့အဖွဲ့အစည်းတရပ် မကြာခင်ပေါ်ပေါက်လာတော့မှာပါ။ လူတွေရဲ့ပိုမိုကောင်းမွန်တဲ့ဘဝအတွက် တောင်းဆိုချက်တွေဟာ ပိုမြင့်မားပိုကျယ်ပြန့်လာပါလိမ့်မယ်။ ရုပ်ဝတ္တုပစ္စည်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာတောင်းဆိုချက်များသာမက၊ ဒီမိုကရေစီတို့၊ တရားဥပဒေစိုးမိုးရေးတို့၊ တရားမျှတမှုတို့၊ လုံခြုံရေးတို့၊ သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးတို့ စတဲ့ တောင်းဆိုမှုတွေကလည်း မြင့်လာနေပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ထုတ်လုပ်မှုစွမ်းအင်ဟာ ယေဘုယျခြုံကြည့်ရင် အတော်တိုးတက်မှုရှိပြီး နယ်ပယ်အတော်များများမှာ ကမ္ဘာကိုရှေ့ဆောင်နေပေမဲ့ နိုင်ငံ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ မညီမမျှနဲ့ မလုံမလောက်ဖြစ်နေပါသေးတယ်။ ဒါဟာပြည်သူတွေရဲ့ပိုမိုကောင်းမွန်တဲ့ဘဝတောင်းဆိုမှုအတွက် အဟန့်အတားဖြစ်နေပါတယ်။ ဒါ့ကြောင့် တရုတ်လူအဖွဲ့အစည်းခေတ်သစ်ကာလရဲ့အဓိကပဋိပက္ခဟာ မညီမမျှမလုံမလောက်ဖြစ်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူလူထုရဲ့ အဆက်မပြတ်တိုးပွားနေတဲ့ ပိုမိုကောင်းမွတဲ့ဘဝအတွက် လိုအပ်ချက်များ ဖြစ်လာပါတယ်။

(မှတ်ချက်။ ယခင်ပါတီကသတ်မှတ်ထားတဲ့ ပဋိပက္ခ ပြည်သူလူထုရဲ့ရုပ်ဝတ္တုပစ္စည်းနဲ့ ယဉ်ကျေးမှု ဆိုင်ရာလိုအပ်မှုများ အ ဆက်မပြတ်တိုးမြင့်လာနေမှုနဲ့ လူမှုထုတ်လုပ်ရေးနိမ့်ကျမှု ဖြစ်ပါတယ်။ ဒီပဋိပက္ခအသစ်ကို ပြောင်းလဲသတ်မှတ်လိုက်ရတာ ကလည်း တရုတ်ပြည်ရဲ့ သိပွံနဲ့နည်းပညာ တိုးတက်မှုများက ထုတ်လုပ်မှုများကိုခေတ်နဲ့အမီ ရင်ဘောင်တန်းနိုင်လာလို့ ဖြစ် ပါတယ်။)

ဒီလိုပဋိပက္ခပုံစံပြောင်းသွားတဲ့အတွက် ပါတီရဲ့ရှေ့လမ်းစဉ်သတ်မှတ်ချက်များလည်း ပြောင်းသွားရမှာဖြစ်ပါတယ်။ ဒီအ တွက် တရုတ်အိပ်မက်ကိုအကောင်အထည်ဖော်ရေးဟာ ခေတ်သစ်ကာလမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ကြီးမြတ်တဲ့ သမိုင်း ဝင်တဲ့ အရေးတော်ပုံကြီး ဖြစ်ပါတယ်။ ဒီအရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် သမိုင်းအခြေအနေသစ်များကို ရင်ဆိုင် တိုက်ပွဲဝင်ပြီး တိုင်းပြည်နဲ့လူထုအတွက် လုံခြုံမှုနဲ့အကျိုးစီးပွားများကို အကာအကွယ်ပေးရပါမယ်။

လူမှုတည်ငြိမ်ရေးကို ထိမ်းသိမ်းပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရပါမယ်။ ဒီအတွက် ပါတီဝင်ထုတရပ်လုံးပါတီ ခေါင်းဆောင်မှုကို ကိုင်စွဲပြီး တရုတ်ဆိုရှယ်လစ်အရေးတော်ပုံကြီးမှာ ပါဝင်ရပါမယ်။

ဒီဖြစ်စဉ်များအတွင်းပါတီအခန်းကဏ္ဍဟာ အလွန်အရေးပါတဲ့အတွက် ခေတ်သစ်ကာလပါတီတည်ဆောက်ရေးကို အစွမ်း ကုန် ကြိုးစားရပါလိမ့်မယ်။

ခေတ်သစ်ကာလပါတီတည်ဆောက်ရေးအတွက်အထွေထွေလိုအပ်ချက်များ။

၁။  ပါတီကိုနိုင်ငံရေးအရတည်ဆောက်ခြင်း။ ပါတီကိုတက်ကြွရွှင်လန်းနေတဲ့ မာက်စ် ဝါဒီပါတီ၊ အုပ်ချုပ်ရေးနည်းပညာပြည့်ဝတဲ့ ပါတီတရပ်အဖြစ် တည်ဆောက်ရမှာဖြစ်ပြီး၊ အမြဲမပြတ် ခေတ်ရှေ့ပြေးနေဖို့လိုပါတယ်။ (Forefront of the Times) ပြည် သူလူထုတရပ်လုံးရဲ့ စိတ်ရောကိုယ်ပါထောက်ခံမှုကိုရရှိနေနိုင်အောင် ကြိုးစားရမယ်။ ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိရမယ်။ စမ်းသပ်မှုအမျိုးမျိုးကို ခံနိုင်ရည်ရှိရမယ်။

၂။ ပါတီတရပ်လုံးကို တရုတ်ထူးခြားချက်များနဲ့ကိုက်ညီတဲ့ ဆိုရှယ်လစ်စနစ် ခေတ်သစ်ပိုင်းဆိုင်ရာအတွေးအခေါ်များ တပ် ဆင်ပေးရမယ်။

၃။ ဘာသာရပ်လိုက် စွမ်းရည်ပြည့်ဝတဲ့ဝန်ထမ်းတပ်ဖွဲ့ကို မွေးမြူရမယ်။

၎။ ပါတီအဖွဲ့အစည်းများရဲ့အောက်ခြေအဆင့်များကို အားဖြည့်တည်ဆောက်ရမယ်။

၅။ ပါတီရဲ့လုပ်ငန်းများ ကောင်းမွန်တိုးတက်ရေးအတွက် အဆက်မပြတ်ကြိုးစားရမယ်။ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဖော်ဆာင်ရမယ်။

၆။ လာဘ်ယူ လာဘ်စားတိုက်ဖျက်ရေးတိုက်ပွဲ အပြတ်အသတ်အောင်ပွဲခံနိုင်ရေးအတွက် အာမခံရမယ်။

၇။ ပါတီနဲ့ နိုင်ငံတော်အပေါ်ကြီးကြပ်တဲ့စနစ်များ တိုးတက်ကောင်းမွန်လာစေရမယ်။

၈။ ကျွန်ုပ်တို့ရဲ့အုပ်ချုပ်ရေးဆိုင်ရာစွမ်းရည်ကို အဖက်ဖက်က ခိုင်မာအားကောင်းအောင် လုပ်ရမယ်။

ဒါတွေကတော့ ပါတီတည်ဆောက်ရေးဆိုင်ရာလမ်းညွှန်ချက် (အကျဉ်း) ဖြစ်ပါတယ်။ ဒါ့အပြင် ရှီရဲ့အစီရင်ခံစာမှာ တခြား နယ်ပယ်အသီးသီး တည်ဆောက်ရေးဆိုင်ရာပြောဆိုချက်များလည်း ပါဝင်ပါသေးတယ်။

အပိုင်း (၄) မှာ ဆက်လက်တင်ပြပါ့မယ်။

လှကျော်ဇော
၁၉၊ ၁၁၊ ၂ဝ၁၇။


အပိုင်း (၁) အပိုင်း (၂) 

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၁၆)

$
0
0
အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၁၆)
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၇

● ဘုရားသုံးဆူ နေ့ရက်များ (၄)

နိုင်ငံရေးအကွက်များ- အုပ်စုများ

ကျနော်ထင်မှတ်မထားဘဲ ဘုရားသုံးဆူ တပ်ရင်း (၁၀၁) စခန်းဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတယ်။

ဖြစ်ပုံက ဒီလို၊ သံလွင် ဥသုထစခန်းမှာ ကျင်းပတဲ့ ABSDF အရေးပေါ် ညီလာခံမှာ ဘုရားသုံးဆူစခန်းက ဒေါက်တာ နိုင်အောင်က ဒု-ဥက္ကဋ္ဌ (၂) အဖြစ် ရွေးချယ်တင်မြှောက်ခံရတယ်။ ပထမအကြိမ် ABSDF ဖွဲ့စည်းတဲ့ ညီလာခံတုန်းက ဥက္ကဋ္ဌ -ကိုထွန်းအောင်ကျော်၊ ဒု-ဥက္ကဋ္ဌ ကိုဝင်းမိုး (ယခု USA)၊ ကိုသန်းဝင်း (အထွေထွေအတွင်းရေးမှူး) (ယခု -USA)၊ တွဲဘက် အထွေထွေအတွင်းရေးမှူး (၁) ကိုအောင်နိုင် (ယခု VOA ဦးသန်းလွင်ထွန်း)၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ် ကိုကိုဦး (ယခု USA) တို့ကို ရွေးချယ်တင်မြောက်ခဲ့ကြတယ်။ ၁၉၈၈ နိုဝင်ဘာလ ၅ ရက်နေ့မှာ ညီလာခံပြီးခဲ့ တယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ သံလွင်မြစ်ဘေးက ဦးသုထစခန်းမှာ ၁၉၈၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ကနေ ၂၂ ရက် နေ့အထိ အရေးပေါ် ညီလာခံ ခေါ်ဆိုတယ်။ အဲဒီမှာ ဘုရားသုံးဆူ စခန်းက ဒေါက်တာနိုင်အောင်က ဒု-ဥက္ကဋ္ဌ (၂) အဖြစ် ရွေးချယ်ခံရတယ်။ ဖွဲ့စည်းပုံအသစ် ဖြစ်လာတယ်။ ဥက္ကဋ္ဌ- ကိုထွန်းအောင်ကျော်၊ ဒု-ဥက္ကဋ္ဌ (၁) ဦးယုနွယ်၊ ဒု-ဥက္ကဋ္ဌ (၂) ဒေါက်တာနိုင်အောင်၊ အထွေထွေအတွင်းရေးမှူး- ကိုသန်းဝင်း၊ တွဲဘက် အတွင်းရေးမှူး (၁) - စိုင်းဆာခေး၊ တွဲဘက် အတွင်းရေးမှူး (၂)- ကိုတင်စိုးနောင်.. အပါအဝင် ဗဟိုကော်မီတီဝင် ၁၄ ဦး ဖြစ်လာခဲ့တယ်။ [ဦးယုနွယ်ကတော့ ဘားအံ အထက (၁) မှာ ကျနော်အထက်တန်းတက်စဉ် သင်္ချာသင်ပေးခဲ့တဲ့ ဆရာအရင်းပဲ၊ ဘားအံသားတွေ အများစုရောက်ရှိ လာတဲ့ ဝမ်းခစခန်းကိုယ်စားလှယ်အနေနဲ့ ညီလာခံ တက်ရောက်လာခဲ့တယ်။]

အဲဒီအချိန်မှာ ဘုရားသုံးဆူ စခန်းက ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါက်တာနိုင်အောင်ရော၊ ကိုတင်စိုးနောင်ပါ ဗဟို ကော်မီတီ လူကြီးများအဖြစ် ရွေးချယ် ခံရတဲ့အခါ ဘုရားသုံးဆူစခန်းမှာ ကော်မီတီပြန်ရွေးဖို့ ဖြစ်လာခဲ့တယ်။ ဒါနဲ့ပဲ ကျနော်က မျှော်လင့်မထားဘဲ အများစုက စခန်းဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်လိုက်ကြတယ်။ ဒေါက်တာနိုင်အောင် ကတော့ ဆေးတက္ကသိုလ် (၁) က နောက်ဆုံးနှစ်ကျောင်းသားတဦးဖြစ်တဲ့ ကိုဇော်ဦးကို ဥက္ကဋ္ဌအဖြစ် လျာထားပုံရတယ်။ သူက ဘန်ကောက်အသိုင်း အဝိုင်းမှာ ပေါက်ရောက်တယ်။ သို့သော် စခန်းထုနဲ့ အနေဝေးသလို ဖြစ်လာတယ်။ ဆေးခန်းမှာ စေတနာထားကုပေးတဲ့ ကျနော့်ကို အများက ရွေးတင်လိုက်ပုံရတယ်။ ကိုဝင်းနိုင်ဦးလည်း ကျန်းမာရေး တာဝန်ခံ EC အဖြစ် ရွေးချယ်ခံရတယ်။ ကိုတင်စိုးနောင်ရဲ့ညီ ကိုတင်စိုးမောင် (စက်မှုတက္ကသိုလ် ကျောင်းသား) က အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့တယ်။ ဒီအခါမှာ ဒေါက်တာနိုင်အောင်က ကျနော်တို့ကို ပြန်ချုပ်ဖို့ ကြိုးစားလာတယ်။ နယ်မြေကော်မီတီဆိုတာ ဖွဲ့စည်းပြီး၊ ကိုဇော်ဦးကို စခန်း (၁၀၁) နဲ့ (၁၀၂) ပေါင်း နယ်မြေကော်မီတီ ဥက္ကဋ္ဌအဖြစ် တာဝန် ပေးတယ်။ ကျနော့်စွမ်းဆောင် မှုကို အားမရသေးလို့ စိတ်မချသေးလို့ ဖြစ်နိုင်သလို၊ အခြားကိစ္စတွေကို တွက်ဆ ဆောင် ရွက်တာလည်း ဖြစ်နိုင်တယ်။


 လမ်းမှားရောက် ဆိုးသွမ်းလူငယ်တစု


အဲသည်အချိန်မှာ ABSDF ဗဟိုကော်မီတီမှာလည်း ပြဿနာတွေက အများသားပါ။ ကိုဝင်းမိုး၊ ကိုအောင်နိုင်၊ ကိုကိုဦးတို့ က ကေအဲန်ယူကို ပုတ်ခတ်တိုက်ခိုက်ပြီး မဲဆောက်မှာ စာထုတ်ဝေတယ်လို့ ဆိုတယ်။ ဒီအတွက်ကြောင့် ကေအဲန်ယူ ထိန်းချုပ်ရာဒေသထဲကို သူတို့ကို ပြန်လာဖို့ တားမြစ်ထားတယ်ဆိုတဲ့ သတင်းတွေလည်း ရှိတယ်။ အဲဒီကာလက သတင်း တွေကို ဘန်ကောက်ပို့စ်၊ သည်နေးရှင်း သတင်းစာတွေမှာ ပြန်ဖတ်ရတယ်။ ကျောင်းသားခေါင်းဆောင်တွေနဲ့ အင်တာဗျူး တွေမှာ 'ကရင်နဲ့ တပ်ပေါင်းစု ခေါင်းဆောင်တွေက အိုမင်းနေကြပြီ၊ တွေးခေါ်ပုံ ခေတ်နောက်ကျတယ်။ ဒီပုံမျိုးနဲ့ဆို တော် လှန်ရေး တသက်မအောင်မြင်ဘူး'ဆိုတာမျိုး ဝေဖန်တာတွေ ဖတ်ရတယ်။ ကရင်ခေါင်းဆောင်တွေကလည်း 'ကျောင်းသား ခေါင်းဆောင်တွေဟာ ခုမှလာပြီး တော်လှန်ရေးကို စိတ်ကူးယဉ်နေကြတယ်။ လက်တွေ့ဖြတ်သန်းမှု နည်းသေးတယ်'ဆိုတာမျိုး ပြန်လည်ဝေဖန်တာတွေ ဖတ်ရတယ်။ ၁၉၈၉ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ဗဟိုကော်မီတီက ကိုဝင်းမိုး၊ ကိုအောင်နိုင်၊ ကိုကိုဦး၊ ကိုကျော်ထင်၊ ကိုဝမ်ဟုတ်၊ ကိုအာကာစိုးနောင်တို့ကို ရာသက်ပန်ထုတ်ပယ်ကြောင်း ကြေညာခဲ့ တယ်။ အကြောင်းပြချက်ကတော့ တာဝန်လစ်ဟင်းတယ်၊ ABSDF ညီညွတ်ရေး ထိခိုက်စေတယ်၊ မဟာမိတ်တွေကြား နားလည်မှု လွဲစေတယ်… စသည်ဖြင့် အကြောင်းပြတယ်။

တချိန်တည်းမှာ ဦးသုထစခန်း အရေးပေါ်ညီလာခံလုပ်တဲ့အခါမှာ ဗဟိုကို စင်ပြိုင်လုပ်တယ်လို့ ယူနေကြတဲ့၊ "ကေအဲန်ယူ နယ်မြေ ABSDF ဗဟိုကော်မီတီကိစ္စ"ကိုလည်း အရေးတကြီး ဆွေးနွေးကြရတယ်။ ကေအဲန်ယူဒေသအတွင်းမှာ ABSDF တပ်ရင်း (၂၀၁) ကနေ- (၂၁၀) အထိ ၁၀-ရင်းရှိနေတယ်။ ဒီစခန်းတွေ စုစည်းပြီး နယ်မြေကော်မီတီတရပ် ဖွဲ့ခဲ့တယ်။ ကေအဲန်ယူက ကျောထောက်နောက်ခံပြုထားပြီး ဗဟိုကော်မီတီကို စင်ပြိုင် ထားတယ်လို့ ယူဆနေကြတယ်။ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဖွဲ့စည်းတဲ့၊ အဲဒီ ကေအဲန်ယူအစည်းအရုံးနယ်မြေ ကော်မီတီမှာ ဥက္ကဋ္ဌ- ကိုကျော်ကျော် (ယခု မဲဆောက်)၊ ဒုဥက္ကဋ္ဌ- ကိုမောင်မောင်တိတ် (ကွယ်လွန်)၊ ကိုစံရွှေအောင် (အတွင်းရေးမှူး)၊ ကိုမောင်မောင်စိုး (တွဲဘက် အတွင်းရေးမှူး-၁) (အမေရိကန်တွင်ကွယ်လွန်)၊ ကိုသန်းထိုက် (တွဲဘက် အတွင်းရေးမှူး-၂) အဖြစ် ပါဝင်ကြတယ်။ ဒီလို ကေအဲန်ယူနယ်မြေ ကော်မီတီကို ဖျက်ပေးဖို့ အစည်းအဝေးမှာ ကိုထွန်းအောင်ကျော်က ပြောတဲ့အခါ၊ ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုဘသင်က "ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်… ကေအဲန်ယူနယ်မြေ ကော်မီတီကို ဆက်ထား ပေးပါ။ ခင်ဗျားတို့ ဗဟိုကိုလည်း ကျနော်တို့ ကူညီပါ့မယ်"ဆိုပြီး ပြောတယ်။ ကိုထွန်းအောင်ကျော်နဲ့ ဖဒိုဘသင်အကြား တင်းမာမှုလည်း ဖြစ်ခဲ့ရတယ်လို့ သူစာအုပ်မှာ ရေးထားတာ ဖတ်ရသေးတယ်။ [ထွန်းအောင်ကျော်၊ ကိုယ်တွေ့ အတွေ့ အကြုံများ၊ လွင်ဦးစာပေ၊ ၂၀၁၇၊ စာ-၁၇၇)။ အဲဒီအချိန်မှာ ABSDF ခေါင်းဆောင်တွေက မဲဆောက်မှာလည်း တဗိုလ် တမင်း ထင်ရာလုပ်နေကြတယ်။ ABSDF ဖွဲ့ပြီး ၃-လအကြာ ရေကျော်စခန်းမှာလည်း ဗဟိုကို အာဏာသိမ်းတယ်ဆိုပြီး ဖြစ်ခဲ့သေးတယ်။

ABSDF ဘုရားသုံးဆူ စခန်းမှာ အေးအေးဆေးဆေး နေမယ်ဆိုပေမယ့်လည်း၊ သတင်းတွေက ရှိနေသေးတယ်။ ကျနော်တို့ (၁၀၁) စခန်းဟာ ABSDF စခန်းလား၊ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သား ဦးအောင်နုဖွဲ့စည်းထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ဒီမိုကရေစီ အင်အားများ စည်းလုံးညီညွတ်ရေးတပ်ပေါင်းစု (ဒညတ) စခန်းတခုလိုလို ဖြစ်နေသေးတယ်ဆိုတဲ့ စွပ်စွဲချက်က ရှိနေသေးတယ်။ ကျနော်တို့စခန်းမှာကလည်း အလှူရှင်တွေ လာရင် လူထုတ်တန်းစီ ပြရတာလည်း အမော၊ အလှူရှင် တွေက ဘယ်သူက ဘယ်အဖွဲ့အစည်းက လာတယ်မှန်း မသိရဘူး။ ခဏခဏတော့ လူတွေ တန်းစီပြကြရတာမျိုး ရှိတယ်။

ကျနော်တို့ စခန်းကော်မီတီထဲမှာ ပြည်တွင်းမှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလတုန်းက ဦးနုဖွဲ့စည်းတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအဖွဲ့ (ယာယီ) မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တဲ့ ကိုရာဇာ (၁၉၇၄ ကျောင်းသားဟောင်း) နဲ့ ဦးစိုးတင့် ဆိုသူတို့က စခန်းကော်မီတီမှာ ပါဝင်ကြတယ်။ သူတို့က "ဖုန်းစောင့်ဦးမယ်… မြို့ပေါ်က ဖုန်းစောင့်ဦးမယ်"ဆိုပြီးတော့ မကြာခဏ ဆိုသလို စံခရပူရီမြို့ကလေးကို တက်သွားကြတယ်။ ဘန်ကောက်မြို့၊ သို့မဟုတ် အမေရိကန်ကခေါ်ဆိုလာမယ့် ဖုန်းတခုကို သူတို့က စောင့်နေကြတာ။ တနေ့မှာတော့ သူတို့ ဝမ်းသာပြီး စခန်းကိုပြန်လာကြတယ်။ သူတို့ ဝမ်းသာကြတဲ့ အကြောင်းကတော့ ဦးအောင်နုက နိုင်ငံခြားက အကူအညီငွေရှာလာတာ ရပြီ၊ မကြာခင်မှာပဲ (ဒညတ) တည်ထောင် တော့မယ်ဆိုတော့ သတင်းကြာတော့ ပျော်လာကြတာ။ စခန်းကို ဝင်ဝင်လာချင်း ဘားတိုက်တိုင်းကို ဆင့်ခေါ်တယ်။ အလံ တိုင်ရှေ့မှာ စုဝေးကြမယ်။ ဝမ်းသာစရာ သတင်း ပြောစရာရှိတယ်လို့ ဆိုလာတယ်။ ရဲဘော်တွေလည်း ဘားတိုက်အလိုက် တန်းစီ ထွက်လာကြတယ်။ အလံတိုင်ရှေ့မှာ စုမိတော့ ဦးစိုးတင့်က စကားပြောတယ်။ "ခင်ဗျားတို့ ဘာမှ မပူကြနဲ့တော့၊ ဝမ်းသာစရာ အခြေအနေတွေ ဖြစ်လာခဲ့ပြီ။ အားလုံးကောင်းပြီ"အဲသည်မှာ သူဘာဆက်ပြောရမှန်း မသိဖြစ်နေတယ်။ အမှန်က ဦးအောင်နု (ဒညတ) ဖွဲ့တော့မှာကို သူက ဝမ်းသာနေတာ၊ တကယ်က စခန်းနဲ့ (ဒညတ) က တရားဝင် ဘာမှ ပတ်သက်တာ မဟုတ်ဘူး။ ပြောရင်းတဝက်ရောက်မှ သူသဘောပေါက်သွားပုံရတယ်။ စကားရှေ့မဆက်နိုင်တော့ဘဲ ချာချာလည်နေတယ်။ ဒီအချိန်မှာပဲ ရဲဘော်တယောက်က ဖောက်ပြီး မေးခွန်းထုတ်တယ်။ "ကျနော်တို့ အခုအချိန်အထိ ဝမ်းသာစရာလည်း မတွေ့ရသေးပါလား၊ တိတိကျကျ ပြောပါ။ ဘာဝမ်းသာစရာလဲ"။ တယောက်တပေါက်နဲ့ အသံတွေ ဆူညံလာတယ်။ ဦးစိုးတင့်လည်း ငိုပြီး စင်ပေါ်က ဆင်းသွားရတယ်။ နောက်ပိုင်းမှာတော့ (ဒညတ) အဖွဲ့အစည်းက ဘုရားသုံးဆူနဲ့ နတ်အိမ်ထောင် ဒေသအကြား ပြည်သိမ်းစခန်းမှာ စခန်းတခုတည်ထောင်တယ်။ ကျနော်တို့ဆီက အချို့ ရဲဘော်တွေလည်း သူတို့စခန်းကို ဖောက်ခွဲရေးသင်တန်းတက်ဖို့ဆိုပြီး ထွက်ခွာသွားကြတာ ရှိတယ်။ ကျနော်တို့ဆီမှာက ခုချိန်အထိ လက်နက်မရှိ၊ ငွေကြေးမရှိ ဖြစ်နေတုန်းကိုး။ (ဒညတ) အဖွဲ့ရုံးက ဘန်ကောက်မှာ ရုံးစိုက်ပြီး ဦးညီထွေးက ဥက္ကဋ္ဌ၊ ဦးအောင်နုက ဒု-ဥက္ကဋ္ဌ၊ ဦးဇာလီမော်၊ သံမဏိ ဗိုလ်ခင်မောင်၊ ဦးအောင်မြင့်တို့က ဦးဆောင်ကြတယ်။


လမ်းမှားရောက် ဆိုးသွမ်းလူငယ်တစု

တချိန်ထဲမှာပဲ ဘုရားသုံးဆူဒေသမှာ အခြားအဖွဲ့အစည်းတွေလည်း ရှိနေသေးတယ်။ ရဟန်းပျိုသမဂ္ဂက အင်အားမများလှ ဘူး။ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ရုံးမှာ အခြေချ သီတင်းသုံးတယ်။ အငြိမ်းစား ဗိုလ်မှူးကြီး ဦးစိန်မြ (ချင်းမိုင်တွင် ကွယ်လွန်) ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Peoples' Defence Force- PDF) အဖွဲ့လည်း ရှိနေသေးတယ်။ ဆရာဦးတင့်ဇော် (အမည်ဝှက်- ဆရာတီ (သြစတြေးလျတွင် ကွယ်လွန်) က PDF ရဲ့ နိုင်ငံရေးတာဝန်ခံ ယူထားတယ်။ ဦးစိန်မြက ဂျပန်ခေတ် စစ်တက္က သိုလ်ဆင်း၊ ဝါရင့်စစ်သားကြီးပါပဲ။ စမတ်ကျတယ်။ နေပုံထိုင်ပုံကအစ တောင့်တောင့်ကြီး တပ်မှူးတဦးလို နေတယ်။ ပြည်ထဲရေး ဝန်ကြီးလည်း ဖြစ်ခဲ့ဖူးတယ် (၁၉၆၉၊ ၁၉၇၂)။ သူက ၁၉၇၁ ခုနှစ်၊ ဗမာပြည် ကွန်မြူနစ်ပါတီဖက်က အကြီး အကျယ် ထိုးစစ်ဆင်လာတဲ့ ကွမ်းလုံ-ဟိုက်ကမ်းပါး ရက် (၄၀) တိုက်ပွဲကို စီမံခုခံခဲ့သူ၊ မြန်မာပြည်မှာ တပ်တွေအများကြီး ကို ကိုင်ပြီး ခုခံစစ်ဆင်တဲ့ မဟာဗျူဟာမှူး (မဟာဗျူဟာ ကွပ်ကဲမှု ဌာနချုပ်မှူး) ဆိုတာ သူတယောက်ပဲ ရှိခဲ့သူဆိုပြီး ဂုဏ်ယူပြောဆိုတာ ကြားခဲ့ရဖူးတယ်။ ကျနော်တို့က အဲဒီကာလအခြေအနေကို သူ့ကို မေးကြည့်ဖူးတယ်။ "ဦးနေဝင်းက ဂျာမဏီကို ခရီးထွက်သွားတယ်။ ကာကွယ်ရေးဦးစီးချုပ် လုပ်နေတဲ့ ဦးစန်းယုက စစ်မတိုက်တတ်ဘူး။ ဒါကြောင့် ပြည်ထဲ ရေးဝန်ကြီးကနေပြီး ငါထွက်တိုက်ရတာ"လို့ သူက ပြန်ပြောပြတယ်။ စစ်ပွဲပြီးလို့ သူနာမည်တက်လာတဲ့အခါ ဦးနေဝင်းက မကြိုက်ဘူး။ ဒါကြောင့် ၁၉၇၂ မှာ အနားပေးခံရတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး ဖြစ်လာတော့ သူရယ်၊ ဦးစံသာ (ဗိုလ်မှူးကြီးဟောင်း)၊ ဂျွန်လှဝင်း၊ သံမဏိ ဗိုလ်ခင်မောင်တို့ စစ်ရေးအရ ပူးပေါင်းကြံစည်မှု လုပ်ခဲ့တယ်လို့ စစ်အစိုးရက စွပ်စွဲတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (ရကသ) နောက်ကွယ် က လှုပ်ရှားတယ်လို့ စွပ်စွဲတယ်။ ဒါကြောင့် သူက နယ်စပ်ကို ထွက်လာခဲ့ရတယ်။

နောက်ပြီး မွန်ဗဟိုဌာနချုပ်ထဲမှာ လက်နက်ယူပြီး ပြန်တိုက်မယ်၊ တွံတေးတောကြီးတန်းကို ပြန်အခြေချမယ်ဆိုတဲ့ စိုးလှ သင် (ကွမ်းခြံကုန်း) တို့ အုပ်စု တခုလည်း တွေ့ခဲ့ရတယ်။ သူတို့က သပိတ်ကာလက ငွေကြေးတွေ အများကြီးပါလာတယ်။ မွန်ပြည်သစ်ပါတီဆီက လက်နက်ဝယ်ပြီး၊ ရေလမ်းကြောင်းနဲ့ တွံတေးတောကြီးတန်းဖက်ဝင်မယ်ဆိုတာမျိုး ကြားရတယ်။ ကျနော်တို့က မစပ်စု ပါဘူး။ နောက်ပိုင်း ရှေ့တန်းဆင်းကြတော့လည်း ရေးတောင်ပိုင်းမှာ ဒီအဖွဲ့ကို တွေ့ကြရသေးတယ်။ နောက်ပိုင်းတော့ လက်နက်ချသလား၊ အဖမ်းခံရသလား မသိဘူး။ စိုးလှသင် (ကွမ်းခြံကုန်း) က ကျနော်တို့ ပြည်ပရောက် တွေကို အပုတ်ချတဲ့ "မြက်ခင်းသစ်"စာစောင်မှာ ပင်တိုင်ဆောင်းပါးရှင် ဖြစ်လာတာ တွေ့ရတယ်။

အဲဒီအချိန်မှာ ကျနော်တို့ကို အိမ်ရှင်အဖြစ် လက်ခံထားတဲ့ မွန်ပြည်သစ်ပါတီကလည်း နိုင်ငံတကာ ဆက်ဆံမှု၊ ထောက်ပံ့မှု တွေ လမ်းပွင့်လာခဲ့တယ်။ မွန်ပြည်သစ်ပါတီ တပ်ရင်းအသစ် (၁၁၁) ကို တိုးချဲ့တယ်။ ၁၉၈၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျနော် တို့ စခန်းနဲ့ မလှန်းမကမ်း (မွန်ဗဟိုဌာနချုပ်အနီးမှာ) ဗိုလ်သင်တန်းကျောင်းတခုကို ထိုင်ဝမ်အဖွဲ့အစည်းတွေ အကူအညီနဲ့ ဆောက်တယ်။ သင်တန်းကို သစ်လုံးခံတပ်သဖွယ် ခြံစည်းရိုးသေချာကာထားတယ်။ ကျောင်းရှေ့ဂိတ်မှာ စကောချပ်တွေ ပေါ်မှာ တရုတ်ဘူးသီး ငါးပေါင်းကြော်လိုမျိုး စာတွေ ရေးထားတယ်။ ဘာရေးထားတယ်တော့ မသိရဘူး။ အကြပ်သင်တန်း ကို ၃-လကာလ သတ်မှတ်ပြီး သင်တန်းသား ၁၀၀ ကို သင်တန်းပေးတယ်။ ဗိုလ်သင်တန်းအဆင့်ကို ၆-လ သတ်မှတ်ပြီး သင်တန်းသား (၆၀) ပါဝင်တယ်။ ဗိုလ်သင်တန်းကို ၁၉၈၉ ဇူလိုင်လမှာ စတင်ပြီး၊ ထိုင်ဝမ်က နည်းပြဆရာ ၄ ဦးက သင် ပေးတယ်။ ဗိုလ်မှူးကြီးအဆင့် ရှိတယ်လည်း ဆိုကြတယ်။ သင်တန်းစားရိတ်နဲ့ လက်နက်ကိရိယာတွေကို ထိုင်ဝမ်ကုမ္ပဏီ တခုက ထုတ်ပေးတယ်။ အဓိက ကြားခံဆက်သွယ်ပေးသူက ယခင် မွန်ပြည်သစ်တပ်ဦးနဲ့ ကူမင်တန်တပ်တွေအကြား (၁၉၅၁-၁၉၅၄) ကာလ စကားပြန်အဖြစ် ဆောင်ရွက်ပေးခဲ့တဲ့ မစ္စတာယပ် (Mr. Yap) ပဲ။ (နိုင်ပန်းသာ၊ မွန်နိုင်ငံရေး လှုပ်ရှားမှု သမိုင်းအတွေ့အကြုံ၊ အရှေ့ကြယ်စာပေ၊ ဒု-ကြိမ်၊ ၂၀၁၄၊ နှာ- ၂၅၉-၂၆၀)။ မစ္စတာယပ်က ဘန်ကောက်မှာ နေတယ်။ အဲဒီ ဗိုလ်သင်တန်းကို ကျနော်တို့ ABSDF က ရဲဘော်တွေကို မဖိတ်ခဲ့ဘူး။

မောင်စွမ်းရည် - ရွှေမန်းသား စာရေးဆရာကြီး မြမျိုးလွင်

$
0
0


မောင်စွမ်းရည် - ရွှေမန်းသား စာရေးဆရာကြီး မြမျိုးလွင်
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၇


မန္တလေးမှာ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းက စာဆိုတော်နေ့တိုင်း စာတမ်းဖတ်ပွဲနဲ့ သက်ကြီးစာဆိုများ ကန်တော့ပွဲလုပ် ခဲ့တဲ့ အစဉ်အလာတစ်ခု ၁၉၆ဝ-၇ဝ ပြည့်နှစ်များအတွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ စစ်အစိုးရက အဖွဲ့အစည်းတွေ တခုမှ မရှိရ၊ စုဝေးတာတွေ မလုပ်ရဆိုပြီး အမိန့်ပေး တားမြစ်လိုက်လို့ ရပ်သွားခဲ့ရတာကို ဝမ်းနည်းစွာမှတ်တမ်းတင် လိုက်ပါတယ်။

သက်ကြီးစာဆိုကန်တော့ခံဆရာကြီးများထဲမှာ ကျောက်ဝန်ဦးမြ၊ စစ်ကိုင်းဦးဖိုးသင်း၊ ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီးမြမျိုး လွင်အစရှိတဲ့ ပုဂ္ဂိုလ်ကြီးများပါဝင်ပါတယ်။ ဖတ်ခဲ့စတဲ့ စာတမ်း တွေကတော့ ဝတ္ထု၊ ကဗျာ၊ သမိုင်းစသဖြင့် စုံပါတယ်။ ဒီနေ့ခေတ် တက္ကသိုလ်တွေက မဟာဝိဇ္ဇာတန်းနဲ့ ပါရဂူကျမ်းတွေ ပြုစုကြရမှာ ကိုးကားရည်ညွှန်းရာကြရတဲ့ စာတမ်းတွေဖြစ်နေပါပြီ။ စာတမ်းတွေ က စာပေအကြောင်းသက်သက် ဖြစ်တဲ့အပြင် မျက်မှောက်ခေတ်အကြောင်း မပါရှိတဲ့အတွက် စစ်အစိုးရကို ထိခိုက်စရာအကြောင်း တွေ ဘာမှမပါရှိနိုင်ပါဘူး။ ''စစ်သားစာပေ''ဆိုပြီးတော့လည်း လွမ်း လောက်စရာမရှိလေတော့ သူတို့ကို လွမ်းတာ၊ မွှန်းတာတွေလည်း မပါဘူးပေါ့။

အဲဒီလိုစာတမ်းတွေရေးသားတင်သွင်းကြရာမှာ အစောပိုင်းက စာတမ်းတစ်ခုအကြောင်းကို သတိရမိလို့ ဒီဆောင်းပါးကို ရေးပါ တယ်။ စာတမ်းက ''လေးပဲတန်ဝတ္ထုခေတ်''အကြောင်းဖြစ်ပါ တယ်။ (စာအုပ်စာတမ်းတွေ ကျွန်တော့်မှာ ကိုးကားစရာမပါမရှိ လို့ အတိအကျမပြောနိုင်တာကိုတော့ ခွင့်လွှတ်ပါ) လေးပဲတန် ဝတ္ထုခေတ်အကြောင်းကို ရေးသားတင်သွင်းခဲ့သူက ''မောင်စွမ်းရည်''ဖြစ်ပါတယ်။ ခုရေးမယ့်အကြောင်းက မောင်စွမ်းရည် အကြောင်းမဟုတ်ပါ။ ကိုလိုနီခေတ်နှောင်းပိုင်းမှာ အထူးကျော်ကြားခဲ့တဲ့ ဝတ္ထုရေးဆရာကြီးတစ်ယောက်အကြောင်းကို ရေးမှာ ဖြစ်ပါတယ်။ ဆရာကြီးရဲ့အမည်က မြမျိုးလွင်တဲ့။ မြမျိုးလွင်က ''လေးပဲတန်ဝတ္ထုခေတ်ရဲ့ ဘုရင်''လို့ ကျော်ကြားခဲ့သူပါ။ သူနဲ့ခေတ်ပြိုင် လေးပဲတန်ရေးခဲ့သူတွေထဲမှာ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ ကြီး ''သုခ''လည်း ပါဝင်ခဲ့ပါတယ်။ စွန့်စားခန်းဝတ္ထုတွေကို ဘာသာပြန်လေ့ရှိတဲ့ ဒဂုန်ရွှေမျှားလည်း ပါဝင်ခဲ့ပါတယ်။ ဆရာကြီး မြမျိုးလွင်ကတော့ ထိပ်ဆုံးကပါ။

ဆရာကြီးမြမျိုးလွင်က မန္တလေးသားပါ။ ရုပ်ရည်သွင်ပြင်ကလည်း အညာသားစစ်စစ် နမူနာပြလောက်သူပါ။ အသားညိုညို၊ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးပါပဲ။ စကားပြောတော့ အသံသေး အသံပြာပဲဖြစ်ပါတယ်။ ဒါပေမဲ့ စကားပြောအလွန်ကောင်းပြီး မန်းဟန်၊ မန်းသံနဲ့ ဖွယ်ဖွယ်ရာရာ ပြောတတ်သူဖြစ်ပါတယ်။ သူကျော်ကြားတာကလည်း သူ့ဇာတ်ကောင်တွေ မန်းဟန် မန်းဆန်ဆန်နဲ့ ဖွယ်ဖွယ်ရာရာ ပြောတတ်ကြလို့ ဖြစ်တယ်။ ဒါ့ကြောင့် လူကြိုက်များခဲ့ပြီး လေးပဲတန်ဝတ္ထုခေတ်ရဲ့ ဘုရင်ဘွဲ့ကို စာဖတ်ပရိသတ်က ချီးမြှင့်ခဲ့တာပါ။ အဲဒီဝါကျကြီးတွေ စာမျက်နှာလောက်ရှည်တယ်။ ဒါပေမဲ့ ရေးသူရော ဖတ်သူပါ။ မျက်စိလည်စေတာမျိုးမရှိပါ။

ကျွန်တော်တို့ ကန်တော့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကျွန်တော်တို့က ''သြဝါဒချီးမြှင့်ပါဦး''လို့လည်း မေတ္တာရပ်ခံပါတယ်။ အံ့သြစရာကောင်းတာက မန္တလေးသားစာရေးဆရာကြီးတစ်ဦးဖြစ်တဲ့ ဆရာကြီး ရွှေဥဒေါင်းကတော့ စကားပြောအညံ့ဆုံးစာရေးဆရာထဲမှာ ထိပ်ဆုံးကပါရှိခဲ့ပါတယ်။ အသံတိုးတိုးနဲ့ အထစ်အထစ်ပြောလေ့ ရှိလို့ နားထောင်ရတဲ့ ပရိသတ်ကတောင် အားနာယူရပါတယ်။ ဒုတိယစကားပြောညံ့သူအဖြစ် ထင်ရှားသူက ကန်တော့ခံပုဂ္ဂိုလ်ထဲကဆိုရင် ရွှေကိုင်းသား ကလောင်အမည်ခံ ဆရာတော်ဦးသောဘိတ ဖြစ်ပါတယ်။ (ဦးသောဘိတက ပရိသတ်ကိုစကားမပြောရဲလို့ ဆရာဖြစ်လက်မှတ်ရှိလျက် ဆရာမလုပ်ဘဲ ကျောက်စာဌာနဝင် လုပ်ခဲ့တာတဲ့။) ရွှေမန်းသူ လူထုဒေါ်အမာတို့၊ အမ်အေဒေါ်တို့၊ ဒေါ်မာလာတို့လည်း စကားပြောညံ့သူတွေအဖြစ် ထင်ရှားပါတယ်။ ဒီအထဲမှာ စကားပြောကောင်းသူအဖြစ် ကျော်ကြားသူက ''အောက်သားစာရေးဆရာ''ကြီးပွားရေးဦးလှခေါ် ကျွန်တော်တို့ ရဲ့ ဦးလေးလှပဲဖြစ်ပါတယ်။ (စကားပြောညံ့လို့ ဦးလေးစိတ်ပျက်ရသူက - မောင်စွမ်းရည်) ဆရာကြီးမြမျိုးလွင်က စကားပြောကောင်း ပေမဲ့ အသံသြဇာမရှိရှာပါဘူး။ ''အသံသေးအသံကြောင်''လို့ပဲ အားနာပါးနာနဲ့ ကန်တော့ပြီး မှတ်ချက်ချလိုက်ပါတယ်။

လူငယ် စာရေးဆရာတွေထဲမှာ မောင်စွမ်းရည်က ဆရာကြီးမြမျိုးလွင်နဲ့ အရင်းနှီးဆုံးပါ။ မောင်သာနိုး၊ မောင်မိုးသူ၊ တင်မိုးတို့က ရန်ကုန် ဆင်းကုန်ကြတာကိုး။ ကြည်အောင်က ဝရန်းပြေးဖြစ်နေတာ ၁ဝ နှစ်လောက်ကြာပါတယ်။ စာတမ်းဖတ်ပွဲတွေမှာ တစ်ခါမှ မပါခဲ့ပါ ဘူး။ ကျွန်တော်နဲ့ ဆရာကြီးမြမျိုးလွင်နဲ့ အထူးရင်းနှီးခဲ့ရတာက မန္တလေးစာတမ်းဖတ်ပွဲတွေ ပြုလုပ်တဲ့ ၁ဝ နှစ်လောက်ကာလမှာ ကျွန်တော်တို့အုပ်စုထဲက ကျွန်တော်တယောက်ပဲ (ကျောက်ဖြူ မနမ်းဝံ့လို့ အောက်ပြည်ကို မလှမ်းဝံ့ခဲ့တာဖြစဝ်ပါတယ်) ဒါကြောင့် လေးပဲတန်ဝတ္ထုခေတ်စာတမ်းရေးဖို့တာဝန်ကို ဦးလေးလူထုဦးလှ (အထက်ဗမာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌကြီး)က မောင်စွမ်းရည်ကို တာဝန်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် မောင်စွမ်းရည်က ဆရာကြီးမြမျိုးလွင်နဲ့ ရက်အတော်ကြာ သွားရောက်တွေ့ဆုံပြီး ''ဗျူး''ခဲ့ရပါတယ်။ စာတမ်းကတော့ ပုံနှိပ်စာမူရှိပြီးဖြစ်လို့ ပြန်လည် ဖောက်သယ်ချရင် အချိန်ဖြုန်း၊ စာမျက်နှာဖြုန်းရာ ကျပါလိမ့်မယ်။ ခုဖောက်သယ်ချချင်တာက ဆရာကြီးပြောခဲ့တဲ့ စကားတွေထဲက မှတ်စရာ သားစရာလေးတွေအကြောင်းဖြစ်ပါတယ်။ ဆရာကြီးက ''သင်ခန်းစာယူကြဖို့''လို့ဆိုပြီး ပြောကြားခဲ့တာပါ။

ဆရာကြီးမြမျိုးလွင်က ''အမောင်တို့ စာရေးကြတဲ့အခါ ဝတ္ထုရေးတာပဲဆိုပြီး ကိုယ်သေချာမသိတာတွေကို မရေးမိကြပါစေနဲ့။ ကိုယ်သေချာသိတာကိုပဲ ရေးကြပါ''တဲ့။ ဆရာကြီးပေးတဲ့ ပထမသင်ခန်းစာက ''ကိုယ်တွေ့''တဲ့။ ဆရာကြီးရေးခဲ့တဲ့ ဝတ္ထုတွေထဲမှာ ဦးဆုံးကျော်ကြားသွားတဲ့ဝတ္ထုက ''သော်ကမယ်''ဆိုတဲ့ ဝတ္ထုလေး ပါတဲ့။ အဲဒီသော်ကမယ်ဝတ္ထုမှာ သော်ကပန်းအကြောင်းကို တခမ်းတနားဖွဲ့နွဲ့တင်ပြခဲ့တာ စာမျက်နှာ ၁ဝ မျက်နှာလောက်မက ရှိခဲ့ပါတယ်တဲ့။ ''သော်ကပန်းကို မင်းတို့မြင်ဖူးကြရဲ့လား''ဆိုပြီး သူ ကိုယ်တိုင်ရေးသားဖွဲ့နွဲ့ခဲ့တဲ့ သော်ကပန်းအချီးကို ပြန်လည်တင်ပြပါတယ်။ ပွင့်ဖတ်၊ ပွင့်ချပ်က ဘယ်လို၊ ရိုးတံလေးက ဘယ်နှယ်။ ရနံ့ကလည်းလေယူသင်းပြီး ပျားပိတုန်းတွေတဝဲဝဲနဲ့ပေါ့။ အဲဒီဝတ္ထု က ဆရာကြီးအဖွဲ့အနွဲ့ကောင်းလို့ အထူးကျော်ကြားသွားပြီး ရောင်းမလောက်ဖြစ်ခဲ့ရပါတယ်။

''တကယ်တော့ အဲဒီပန်းကို မမြင်ဘူးဘဲ ကျုပ်ကရေးခဲ့တာဗျ။ အတန်ကြာမှ ဘုန်းကြီးကျောင်းတစ်ကျောင်းကိုသွားရင်း သော်ကပန်းဆိုတာကို မြင်ဖူးခဲ့ပါတယ်။ သော်ကပန်းဆိုတာ မြင်ဖူးသူ တွေသိကြပါလိမ့်မယ်။ ''ပန်းသော်က၊ ဒေါန၊ ဇီဇဝါ''စသဖြင့် ရှေး စာတွေထဲမှာလည်း ကြားဖူးတော့ အထင်ကြီးမိတာပေါ့။ ကန်တော့ပါရဲ့။ ရှေးစာဆိုတွေကလည်း သော်ကပန်းကို ကျုပ်လို မမြင်ဘူးဘဲ ရေးဖွဲ့ခဲ့ကြသလား မသိဘူး။ အဲဒီပန်းက မွှေးလည်း မမွှေးဘူး၊ လှလည်း မလှပါဘူး။ နီတိတိ အချောင်းလေးပါပဲ။ ကျုပ်ဖြင့် တွေးမိတိုင်း ရှက်မိပါတယ်။ ခုတော့ မောင်တို့လူငယ်တွေ သင်ခန်းစာ ယူကြရအောင် ကိုယ့်အရှက်ထုပ်ကို ဖြည်ပြလိုက်ရတာပါ။ ကျုပ်ထက်ဆိုးတဲ့ လူလည်း ရှိသေးသဗျ။ သူကတော့ အောက်သားစာရေးဆရာပါ။ မေမြို့ကို အင်္ဂလိပ်လူဖြူဗိုလ်တွေ အပန်းဖြေမြို့အဖြစ် အသုံးပြုလာတော့ ထင်ရှားလာတဲ့ကာလပေါ့။ သူ့ဝတ္ထုရဲ့ ''လပ်ဖ်ဆင်း''ခေါ် ချစ်ခန်းကြိုက်ခန်းကို သူက မေမြို့တင်ပေးလိုက်တယ်။ မောင်တို့ စထရောဘယ်ရီပင်ကို မြင်ဖူးကြ ရဲ့လားမသိ။ ခရမ်းချဉ်ပင်လောက်ပဲ ရှိတာပါ။ အပင်ရော၊ အသီး ရော ခရမ်းချဉ်ပင်နဲ့ ဆင်တူတယ်။ အဲဒီစာရေးဆရာက သူ့ဇာတ်လိုက်နဲ့ ဇာတ်လိုက်မင်းသမီးကို စထရောဘယ်ရီပင်အောက်က ခုံတန်းလေးပေါ်မှာ ထိုင်ခိုင်းပြီး ရည်းစားစကား ပြောခိုင်းလိုက်ပါ တယ်။ သူက ကံကောင်းတယ်။ အဲဒီအခါက စထရောဘယ်ရီပင် ကို မြင်ဖူးတဲ့လူက ရှားတော့ သူ့အမှားကို သိပ်ပြီးလူမသိလိုက်ကြဘူး။ အဲဒါပါပဲ မောင်တို့ ... စာရေးရင် ကိုယ်မသိတာတွေကို မရေးကြပါနဲ့။ ကိုယ်သိတာကိုပဲ ရေးပါ။ ဝတ္ထုမှာ သဘာဝကျဖို့၊ အရေးကြီး ပါတယ်။ သဘာဝကျဖို့ရာက သဘာဝအတိုင်းမြင်ရ၊ ကြားရတာတွေကို ရေးရပါတယ်။ ဝတ္ထုဆိုတာ စိတ်ကူးယဉ်ပြီး ရေးတာဆိုပြီး သဘာဝမဟုတ်တာတွေ ရေးရင်အမှားအယွင်းတွေဖြစ်ပြီး ကိုယ့်စာပေသမိုင်းမှာ အမည်းကွက် ကျန်ရစ်ပါလိမ့်မယ်'' ... တဲ့။ အဲဒီအတွေ့အကြုံ ဥပမာပေးတာ တကယ်ပဲမှတ်သားထိုက်လှပါတယ်။

ဆရာကြီးမြမျိုးလွင်တို့ခေတ်မှာ ''ဖြစ်ရပ်မှန်''လို့ ရေးပြီး လူစိတ်ဝင်စားအောင် ရေးလေ့ရှိပါတယ်။ ''ဘဝသရုပ်ဖော်''''သရုပ်မှန်ဝတ္ထု''စတဲ့ စကားတွေ မသုံးသေးပါဘူး။ ဒီစကားတွေက စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်ရောက်မှ သုံးလာခဲ့တာပါ။ အင်္ဂလိပ်စကားလုံး ''ရီယယ်လစ်ဇင်''ကို ဘာသာပြန်ပြီး သုံးစွဲလာတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဆရာဇော်ဂျီကတော့ ''ဒိဌဓမ္မလောကအဖွဲ့''လို့ ရေးလေ့ရှိပါတယ်။ စာပေဝေါဟာရပါ။ ဒါပေမဲ့ ပန်းချီမှာသုံးတဲ့အခါ ''သရုပ်မှန်ပန်းချီ''လို့သုံးတာ သတိထားမိပါတယ်။ တက္ကသိုလ် မြန်မာစာမဟာတန်း၊ ပါရဂူတန်းကျမ်းပြုပြီးသားရှိရင် ပုံနှိပ်ထုတ်ဝေ စေချင်ပါတယ်။ ဆရာလုပ်တာမဟုတ်ပါ။ ကိုယ်သုံးချင်တော့ အလွယ်တကူရအောင်လို့ ပြောမိတာပါ။ တပည့်ခံချင်တာပါ။

မန္တလေးတက္ကသိုလ် မဟာဝိဇ္ဇာကျောင်းသားကြီးတစ်ဦးက ဆရာကြီးမြမျိုးလွင်ရဲ့စာတွေကို ကျမ်းပြုဖူးတယ်လို့ ကြားဖူးသလိုရှိ ပါတယ်။ အဲဒီကျမ်းကို စာအုပ်အဖြစ် ပုံနှိပ်ဖြန့်ချိဖို့ ကောင်းပါတယ်။ အပြင်လူတွေဖတ်ရ၊ မှတ်ရတာပေါ့။ အဲသလိုဘွဲ့လွန်ကျမ်းတွေ တိမ်မြှုပ်နေတာ အများကြီးပါ။ တချို့က အထူး ကောင်းတယ်ဆိုရင် ပုံနှိပ်ဖြန့်ချိဖို့ ကောင်းတယ် ထင်ပါတယ်။ မောင်သုတရဲ့ စာဆိုတော် အတ္ထုပ္ပတ္တိကျမ်းဟာ မဟာဝိဇ္ဇာကျမ်းလို့ ကြားဖူးပါတယ်။ ကြားဖူးတဲ့စာအတိုင်းမှန်တယ်ဆိုရင် ဘယ်လောက်ကောင်းသလဲ၊ ဘယ် လောက်အသုံးဝင်သလဲဆိုတာ ညွှန်းချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ''မြမျိုးလွင်စာပေ''ဆိုတဲ့ စာမျိုး ဖတ်ချင်မိပါကြောင်း။

မောင်စွမ်းရည်
၂ဝ၁၇၊ နိုဝင်ဘာ ၃

ကျော်နိုင် - စည်ပင်ဥပဒေ၊ ကျွန်တော် နှင့် ဂျင်း

$
0
0


ကျော်နိုင် - စည်ပင်ဥပဒေ၊ ကျွန်တော် နှင့် ဂျင်း

(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇

အသစ်ထွက်မယ်ဆိုတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ကျွန်တော် တော်တော်လေး စိတ်ဝင်စားပါတယ်။ ဘာကြောင့်စိတ်ဝင်စားသလည်းဆိုတော့ စည်ပင်ဥပဒေအသစ်ဟာ ၁၉၂၂ ခုနှစ် ရန်ကုန်မြူနီစီပါယ်အက်ဥပဒေကို မှီငြမ်းရေးဆွဲတယ်လို့ ကြားသိရလို့ပါ။ ဒါဆို ၁၉၂၂ ခုနှစ် ရန်ကုန်မြူနီစီပါယ် အက်ဥပဒေဆိုတာကြီးကိုကော ဘာကြောင့်စိတ်ဝင်စားသလည်းလို့ မေးကြလိမ့်မယ်။ အကြောင်းက ဒီလိုပါ။

ကျွန်တော်အမှန်တကယ်စိတ်ဝင်စားတာက အဆင့်မြင့်အဆောက်အဦများရဲ့ အရည်အသွေးကို စိစစ်ထိန်းသိမ်းရေးကော်မတီလို့ အဓိပ္ပါယ်သက်ရောက်မယ့် CQHP ဆိုတဲ့အဖွဲ့ကြီးက Mechanical Engineer တွေ၊ တိတိကျကျပြောရရင် မှတ်ပုံတင်စက်မှုအင်ဂျင်နီယာတွေကို P&S system practice လုပ်ခွင့် ငြင်းပယ်တယ်ဆိုတာကို စိတ်ဝင်စားတာပါ။ နိုင်ငံတကာမှာ အဆောက်အဦအတွင်း P&S system (Building Service) ကို Mechanical Engineer တွေ practice လုပ်နေကြသလို မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရဲ့ လမ်းညွှန်စာအုပ်မှာလည်း P&S system ကို Mechanical Engineer တွေရဲ့ scope အောက်မှာ ထည့်ထားပါလျက်နဲ့ CQHP က ဘာကြောင့် ငြင်းပယ်နေသလည်းဆိုတာကို စိတ်ဝင်စားတာပါ။ အဲ့ဒီလို စိတ်ဝင်စားလို့ လေ့လာစုံးစမ်းတဲ့အခါ YCDC မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ မြို့ပြအင်ဂျင်နီယာ သက်ကြီး၊ ရွယ်ကြီးတစ်ယောက်က စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ရှေ့မှောက်မှာ “၁၉၂၂ ခုနှစ်၊ ရန်ကုန်မြူနီစီပါယ်အက် ဥပဒေမှာ P&S system တွေကို မြို့ပြအင်ဂျင်နီယာတွေကိုသာ လုပ်ခွင့်ပြုထားကြောင်း”၊ ထွက်ဆိုသွားတယ်လို့ ကြားသိရတဲ့အတွက် ၁၉၂၂ မြူနီစီပါယ်ဥပဒေကို စိတ်ဝင်စားသွားတာပါ။

အဲ့ဒီလို စိတ်ဝင်စားသွားတဲ့အတွက် ၁၉၂၂ မြူနီစီပါယ်ဥပဒေကို ရှာဖွေရာမှာ အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ စာအုပ်တွေ့တဲ့အတွက် ဖတ်ကြည့်ပြီး ၁၉၂၂ မြူနီစီပါယ်ဥပဒေမှာ P&S system ကို မြို့ပြအင်ဂျင်နီယာတွေကိုသာ လုပ်ခွင့်ပြုတယ်ဆိုတာ မပါကြောင်း ထောက်ပြတဲ့အခါ အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့အထဲမှာ မပါတာပါ။ မြန်မာဘာသာနဲ့ရေးထားတဲ့အထဲမှာ ပါပါတယ် ... တဲ့။ ထူးတော့ ထူးဆန်းသားနော်။ ဒီတော့လည်း မြန်မာလိုရေးထားတဲ့ ၁၉၂၂ မြူနီစီပါယ်ဥပဒေကို ရှာဖတ်ရတော့တာပေါ့။ မြန်မာလိုရေးထားတဲ့အထဲမှလည်း မပါကြောင်း ထောက်ပြတဲ့အခါမှာတော့ ဘာမှ တုန့်ပြန်သံမကြားရတော့ပါဘူး။ အဲ့ဒီလိုဇာတ်ကြောင်းရှိခဲ့တဲ့ ၁၉၂၂ မြူနိစီပါယ်ဥပဒေကို စိတ်လည်းဝင်စား။ အင်္ဂလိပ်လိုကော၊ မြန်မာလိုကော အခေါက်ခေါက်ဖတ်ထားပြီးဖြစ်လို့ အဲ့ဒီဥပဒေထဲမှာ ဘယ်ဥပဒေတွေကတော့ ခေတ်မီနေဆဲဖြစ်တယ်၊ ဘယ်ဥပဒေတွေကတော့ လုံးဝ ခေတ်နဲ့ မလျှော်ညီတော့ဘူး၊ ဘယ်ဥပဒေတွေကတော့ ခေတ်နဲ့လျှော်ညီအောင် ပြုပြင်ပြောင်းလဲမှုလုပ်ရင် ရမယ်ဆိုတာတွေ အတွေးထဲမှာ ရှိထားတော့ကာ စည်ပင်ဥပဒေအသစ်ဟာ ၁၉၂၂ မြူနီစီပါယ်ဥပဒေကို မှီငြမ်းထားတယ်ဆိုတာကြားရတော့ တော်တော်လေး စိတ်ဝင်စားသွားတာ ဖြစ်ပါတယ်။ (စကားချပ်။ ။ စုံ/ကော် ကို လိမ်ညာထွက်ဆိုတဲ့ သက်ကြီး၊ ရွယ်ကြီး အင်ဂျင်နီယာကြီးကို ဘယ်လို အရေးယူဆောင်ရွက်သလည်းဆိုတာလည်း စိတ်ဝင်စားပါတယ်)

အဲ့ဒီလိုစိတ်ဝင်စားတာနဲ့အညီ စည်ပင်ဥပဒေသစ်ရဲ့ မူကြမ်းကို ပြည်သူတွေကို ဘယ်တော့များထုတ်ပြန်လေမလည်းလို့ စောင့်နေခဲ့ပါတယ်။ ဥပဒေမူကြမ်းဆိုတာ ပြည်သူတွေကို ချပြရိုးထုံးစံ ရှိလို့လားလို့အမေးရှိခဲ့ရင် ၁၉၇၄ အခြေခံဥပဒေကို နမူနာ ပေးရပါလိမ့်မယ်။ ဦးနေဝင်းဟာ ၁၉၇၄ အခြေခံဥပဒေ မူကြမ်းကို ပြည်သူတွေဆီ ဖြန့်ဝေခဲ့ပါတယ်။ သတင်းစာတွေထဲမှာ ရက်တွေ ဆက်တိုက် ဖေါ်ပြခဲ့သလို စာအုပ်မူကြမ်းကိုလည်း ရပ်ကွက်၊ကျေးရွာတွေအထိ ဖြန့်ချိပေးခဲ့ပြီး အဲ့ဒီခေတ်အခါက ပါတီကေဒါလောင်း လို့ သတ်မှတ်ထားတဲ့သူတွေက ပြည်သူတွေကို ရှင်းလင်းပြပါတယ်။ အဲ့ဒီတုန်းက အသက် ၈ နှစ်သားဘဲရှိသေးတဲ့ကျွန်တော်ဟာ ဒီအကြောင်းတွေ ခုချိန်ထိ မှတ်မိနေပါသေးတယ်။ ဦးနေဝင်းတောင် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ပြည်သူကို ချပြခဲ့သေးတော့ ရန်ကုန်မြို့တော်စည်ပင်ဥပဒေမူကြမ်းကိုလည်း ပြည်သူကိုချပြလိမ့်မယ်လို့ မျှော်နေခဲ့တာပါ။

မျှော်နေတုန်းမှာဘဲ အောက်တိုဘာလကုန်ပိုင်းလောက်က FB page တစ်ခုပေါ်မှာ စည်ပင်ဥပဒေမူကြမ်းကို တွေ့လို့ Download ဆွဲလိုက်ပါတယ်။ ပထမတော့ အဲ့ဒီဥပဒေမူကြမ်းဟာ အစစ်မဟုတ်ဘဲ တစ်ယောက်ယောက်က ဂျင်းထဲ့ထားသလားလို့ ထင်လိုက်ပါသေးတယ်။ ဒါပေမယ့် စာမျက်နှာ ၂၀၀ နီးပါး၊ တိတိကျကျပြောရရင် ၁၈၆ မျက်နှာကို ဘယ်သူက အပင်ပန်းခံ type ရိုက်ပြီး ဂျင်းထဲ့ပါ့မလည်းလို့တွေးမိပြီး အဲ့ဒီဥပဒေမူကြမ်းကို စဖတ်ပါတယ်။ ဖတ်ရင်း၊ ဖတ်ရင်းနဲ့ အဲ့ဒီဥပဒေမူကြမ်းသာ အစစ်ဖြစ်လို့ အဲ့ဒီဥပဒေသာ အတည်ဖြစ်သွားရင် ငါတို့ပြည်သူတွေ ဂျင်းအကြီးကြီးအထည့်ခံရတော့မှာဘဲဆိုတာ သိလာပါတယ်။

https://www.dropbox.com/s/nmk41u4wgwzfbyc/YCDC_Law_Draft.pdf?dl=0

အဲဒါကြောင့် ဥပဒေမူကြမ်းကို ဒုတိယတစ်ခေါက်ထပ်ဖတ်ပါတယ်။ ဒုတိယတစ်ခေါက်ဖတ်ချိန်မှာတော့ လက်ထဲမှာ ခဲတံ (သို့) ဘောပင် ကိုင်ထားပြီး တေးမှတ်စရာတွေကို စာအုပ်ထဲမှာ တေးမှတ်လိုက်သလို မှတ်စုထဲမှာလည်း ဘယ်စာမျက်နှာက ဘယ်ပုဒ်မကို ပြန်ကြည့်ရမယ်ဆိုပြီး မှတ်ထားခဲ့ပါတယ်။ တတိယအခေါက်မှာတော့ ပြန်ကြည့်ရမယ်ဆိုတဲ့ ပုဒ်မတွေအတွက် comment ပေးချင်တာတွေကို ရေးလိုက်တယ်။ အဲ့ဒီအချိန်အတွင်းမှာဘဲ အရေးကြီးတယ်ထင်တာလေးတွေကို post တင်ဖြစ်ပါတယ်။

အခုတော့ စည်ပင်ဥပဒေမူကြမ်းထဲမှာ ဘာ ဂျင်းတွေပါသလည်းဆိုတာ post တစ်ခုချင်းရေးဖြစ်ပါလိမ့်မယ်။

ကျွန်တော် စည်ပင်ဥပဒေမူကြမ်းကို အခုလို အရမ်းစိတ်ဝင်စားသွားတာဟာ ဒီပို့စ်ရဲ့ အစပိုင်းမှာ ဖေါ်ပြခဲ့သလိုဘဲ CQHP က ဆရာကြီးများကြောင့်သာဖြစ်ကြောင်းပါ။

စည်ပင်ဥပဒေထဲက အဖထက် သား (၁) လကြီးနေသော ပုဒ်မများ (ဂျင်းနံပါတ် - ၁)

စည်ပင်ဥပဒေက အဘယ့်ကြောင့် အဖထက် သားတစ်လကြီးနေပါသလည်း။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အမြင့်ဆုံး ဥပဒေပြု အာဏာပိုင်အဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော်ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် (၂) ရပ်ပေါင်းဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ အမြင့်ဆုံးအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ဟာ အစိုးရအဖွဲ့ဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့အကြီးအကဲဟာ နိုင်ငံတော်သမ္မတဖြစ်ပါတယ်။ နိင်ငံတော်သမ္မတဟာ နိုင်ငံတော်ရဲ့ ဥသျှောင်လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးဥပဒေပြုအဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး၊ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးကာ "မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေ"နဲ့ "မြန်မာနိုင်ငံ ဗိသုကာကောင်စီဥပဒေ"တို့ကို အတည်ပြုပြဌာန်းခဲ့ပါတယ်။

"ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ"ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပေးရမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပြီး အတည်ပြုပြဌာန်းမှာ ဖြစ်ပါတယ်။

တစ်ခုသိထားရမှာက ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတက ရွေးချယ်အမည်စာရင်းတင်သွင်းပြီး သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်များက ခန့်အပ်ခဲ့သူများ ဖြစ်ပါတယ်။ တနည်းဆိုရရင် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်တွေဟာ နိုင်ငံတော်သမ္မတက ရွေးချယ်တာဝန်ပေးထားတဲ့ သူတွေသာဖြစ်ပါတယ်။

အထက်ပါအချက်အလက်များအရ "မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ"၊ "မြန်မာနိုင်ငံဗိသုကာကောင်စီဥပဒေ"တွေနဲ့ "ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ"တွေကို အတည်ပြုပြဌာန်းတဲ့လွှတ်တော်တွေ၊ အတည်ပြုလက်မှတ်ရေးထိုးတဲ့ ပုဂ္ဂိုလ်တွေအကြား "အာဏာ၊ အဆင့်အတန်း"ဘယ်လောက် ကွဲပြားခြားနားတယ်ဆိုတာ သိသာထင်ရှားပြီဖြစ်ပါတယ်။

အရပ်စကားနဲ့ပြောရရင် အဖေ နဲ့ သား လောက်ကွာပါတယ်။

နောက်တဆင့်တင်ပြပါ့မယ်။ အင်ဂျင်နီယာကောင်စီဥပဒေ၊ နည်းဥပဒေတွေအရ။ ဗိသုကာကောင်စီဥပဒေ၊ နည်းဥပဒေတွေအရ။ ကောင်စီအသီးသီးမှာ မှတ်ပုံတင်ထားတဲ့ မှတ်ပုံတင်အင်ဂျင်နီယာများနဲ့ လိုင်စင်ဗိသုကာများဟာ မိမိတို့နဲ့သက်ဆိုင်တဲ့ ပညာရပ်ဆိုင်ရာလုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာလုပ်ငန်းတွေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တရားဝင်လုပ်ကိုင်ခွင့်ပေးထားပါတယ်။ (ပူးတွဲပါ ဓါတ်ပုံ ၁, ၂, ၃ တို့ကိုကြည့်ပါ)





ဒါပေမယ့် အသစ်ပြဌာန်းတော့မယ့် "ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေမူကြမ်း"၊ ပုဒ်မ ၄၀၉ (ဇ) မှာ "ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပေးထားတဲ့လိုင်စင်မရှိရင်၊ (တနည်းအားဖြင့် စည်ပင်မှာလိုင်စင်လျှောက်ပြီးလိုင်စင်ကြေးမပေးထားရင်) ဗိသုကာအင်ဂျင်နီယာ၊ အဆောက်အဦအင်ဂျင်နီယာ သို့မဟုတ် အင်ဂျင်နီယာအဖြစ် ဆောင်ရွက်ခြင်းမပြုရ"လို့ တားမြစ်ထားပါတယ်။

အဲ့ဒီတော့ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြီး၊ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြဌာန်းထားတဲ့ ဥပဒေတွေက လုပ်ပိုင်ခွင့်ပြုထားတာတွေကို တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပြဌာန်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပြဌာန်းတဲ့ဥပဒေက တားမြစ်ချုပ်ချယ်ထားတာဟာ လျှော်ကန်သင့်မြတ်ခြင်းရှိ၊ မရှိ အသိသာကြီးဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ စည်ပင်ဥပဒေမူကြမ်းရဲ့ ပြစ်မှုနဲ့ ပြစ်ဒါဏ်များအခန်း၊ အမှတ်စဉ် (၂၇) မှာ ပုဒ်မ ၄၀၉ (ဇ) ကိုကျူးလွန်သူ၊ တနည်းအားဖြင့် စည်ပင်ရဲ့လိုင်စင်မရှိဘဲ ဗိသုကာအင်ဂျင်နီယာ၊ အဆောက်အဦအင်ဂျင်နီယာ (သို့မဟုတ်) အင်ဂျင်နီယာလုပ်သူတွေကို ဒါဏ်ငွေ ကျပ် (၁၀) သိန်းမှ သိန်း (၅၀) အထိ ချမှတ်မယ်လို့ ဖေါ်ပြထားပါတယ်။ (ပူးတွဲပါ နောက်ဆုံးဓါတ်ပုံ နှစ်ခုကို ကြည့်ပါ)




အဲ့ဒီတော့ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြီး၊ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြဌာန်းထားတဲ့ ဥပဒေတွေက လုပ်ပိုင်ခွင့်ပြုထားတာတွေကို တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပြဌာန်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပြဌာန်းမယ့် ဥပဒေက ခြိမ်းခြောက်ဟန့်တားနေတာဟာ ဖြစ်သင့်ပါရဲ့လား။

အထက်ပါအချက်အလက်တွေကို ခြုံငုံသုံးသပ်ရရင် စည်ပင်ဥပဒေအသစ် မူကြမ်းရဲ့ပုဒ်မ ၄၀၉ (ဇ) ဟာ အရပ်စကားနဲ့ပြောရရင် အဖေ့ထက် သားက (၁) လကြီးတဲ့ ပုဒ်မ ဖြစ်နေပါတယ်။

ပုဒ်မ ၄၀၉ (ဇ) ဟာ စကားလုံးများ ပြောင်းလဲရမယ့် ပုဒ်မဖြစ်ပါတယ်။

ပုဒ်မ ၄၀၉ (ဇ) ကို ပြောင်းလဲခြင်းနဲ့အတူ ပုဒ်မ ၈၁ (​​ဎ) နဲ့ ပုဒ်မ ၁၀၆ (ခ)ပါစာသားများကိုလည်း ပြောင်းလဲရမှာဖြစ်ပါတယ်။

စည်ပင်ဥပဒေထဲက ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ (ဂျင်းနံပါတ် - ၂)

ဓမ္မာ၊ သောက အင်းဝ၊ ရာဇာ ဆိုတာကို လူငယ်အများစု ကြားဘူးကြပါ့မလား မသိပါ။

ရှေးလူကြီးအဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော စကားဖြစ်သည်။ အတူပေါင်းဖက်၍ မသင့်သောနေ့များ၊ တနည်းဆိုသော် ရန်ဖက်နေ့များကို ညွှန်းဆိုသောစကားဖြစ်သည်။ စနေနေ့ဖွား နှင့် ကြာသာပတေးဖွား၊ သောကြာဖွားနှင့် တနင်္လာဖွား၊ တနင်္ဂနွေဖွားနှင့် ဗုဒ္ဓဟူးဖွား၊ ဗုဒ္ဓဟူးဖွားနှင့် အင်္ဂါဖွားတို့သည် ရန်ဖက်များဖြစ်သည်။ ပေါင်းဖက်ရန်မသင့်။ ဤနေ့များ ပေါင်းဖက်လျှင် အကျိုးယုတ်မည်။ အထူးသဖြင့် အိမ်ထောင်ဖက်ရွေးချယ်ရာတွင်ဖြစ်သည်။ အယူသည်းသော ရှေးလူကြီးတို့က ဤစာချိုးကို စိုးရိမ်တကြီး လိုက်နာကြသည်။ ကျွန်တော်တို့ပျိုရွယ်စဉ်ကမူ ထိုမျှအလေးအနက်မထားတော့။ ယနေ့ခေတ်လူငယ်တို့ဆိုလျှင် ကြားဘူးကြမည်ပင် မထင်တော့။

အသစ်ပြဌာန်းမည့် ရန်ကုန်စည်ပင်ဥပဒေ မူကြမ်းတွင် ပေါင်းစပ်ရန်မသင့်သော အရာနှစ်ခုကို ပေါင်းစပ်ပေးထားသည်ကိုတွေ့ရသည်။ ဥပဒေကြမ်းရေးဆွဲသူများသည် အသက် (၅၀) တန်းအောက်များဖြစ်သည်မို့ ဓမ္မာ၊ သောက ကိုဘဲ မကြောက်ကြလေသလား မပြောတတ်ပါ။ သို့တည်းမဟုတ် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရင်ကြားစေ့ရေးမူဝါဒကို အပြည့်အဝလိုက်နာကြောင်းပြသည့်အနေဖြင့် ပေါင်းစပ်ရန်မသင့်သောအရာ နှစ်ခုကို ရအောင်ပေါင်းစပ်ကြည့်ကြသည်လားမသိ။

ဥပဒေကြမ်းရေးဆွဲသူတို့ ဘယ်အရာတွေကို ပေါင်းစပ်ပေးထားကြပါသလည်း။ အာဏာ နှင့် စီးပွားရေးလုပ်ပိုင်ခွင့် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးသဘောတရားများတွင် “အာဏာ” နှင့် “စီးပွားရေးလုပ်ပိုင်ခွင့်” သည် အင်းဝ၊ ရာဇာ ဖြစ်သည်။ မပေါင်းဖက်စကောင်း။ လူတစ်ဦးတည်း၊ အဖွဲ့အစည်းတစ်ခုတည်းက တပြိုင်နက်တည်းမှာ ရယူမထားသင့်သော အရာနှစ်ခုဖြစ်သည်။ သို့သော် ထိုအရာ နှစ်ခုကို “ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ မူကြမ်း” တွင် “ဥပဒေ၊ ပုဒ်မ” တို့ဖြင့် ပူးပေါင်းပေးထားသည်။ ဒေသန္တရ အာဏာပိုင်အဖွဲ့အစည်း ဆိုသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို အာဏာ တွေကော၊ စီးပွားရေးလုပ်ပိုင်ခွင့်တွေပါ ဥပဒေ၊ ပုဒ်မများဖြင့် အပ်နှင်းထားပါသည်။ ပုဒ်မ (၂၇)၊ ပုဒ်မ (၃၂) နှင့် ပုဒ်မ (၃၃) တို့အရ။

အဆိုပါ ပုဒ်မ သုံးခုဖြင့် အာဏာပိုင်အဖွဲ့ (၇)ဖွဲ့ ဖွဲ့၍ လုပ်ပိုင်ခွင့်အာဏာများ အပ်နှင်းထားသည်။ စီးပွားရေးအဖွဲ့အစည်း (၄) ခု ဖွဲ့၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုထားသည်။ လုပ်ပိုင်ခွင့်ပြုထားသော စီးပွားရေးလုပ်ငန်းများမှာ သိပ်တော့ မများလှ။ (၁) တည်ဆောက်ရေးလုပ်ငန်းများ၊ (၂) ဝန်ဆောင်မှုလုပ်ငန်းများ၊ (၃) အပန်းဖြေလုပ်ငန်းများ၊ (၄) အခြားစီးပွားရေးလုပ်ငန်းများ ဟူ၍ဖြစ်ရာ ဘာများ ကျန်ရှိပါသေးသနည်း။

နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင် ဦးကကြီးသည် ဝန်ဆောင်မှုလုပ်ငန်းတစ်ခု လုပ်ဆောင်ခွင့်ရရန် လိုင်စင်လျှောက်သည်။ ထိုဝန်ဆောင်မှုလုပ်ငန်းသည် စည်ပင်က စိတ်ဝင်စားသဖြင့် လုပ်ရန်ကြံစည်နေသော လုပ်ငန်းဖြစ်နေသည်။ မည်သူ လုပ်ကိုင်ခွင့်ရမည်နည်း။ တရားမျှတမှုဖြစ်စွာ မည်သူ့ကို လုပ်ကိုင်ခွင့်ပေးမည်နည်း။

နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင် ဦးခ သည် အပန်းဖြေလုပ်ငန်းတစ်ခု လုပ်ဆောင်ခွင့်ရရန် လိုင်စင်လျှောက်သည်။ ထိုလုပ်ငန်းသည် စည်ပင်က စိတ်ဝင်စားသဖြင့် လုပ်ရန်ကြံစည်နေသော လုပ်ငန်းဖြစ်နေသည်။ မည်သူ လုပ်ကိုင်ခွင့်ရမည်နည်း။ တရားမျှတမှုဖြစ်စွာ မည်သူ့ကို လုပ်ကိုင်ခွင့်ပေးမည်နည်း။

နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင် ဦးဂ…..
နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင် ဦးဃ….
…………………………………..
…………………………………..

မြို့တော်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကြမည်။ ကန်ထရိုက်တာ ဦးတ၊ ဦးထ၊ ဦးဒ…. ဦးအ တို့ ပျော်ကြသည်။ တင်ဒါတွေတင်ကြမည်ပေါ့။ သို့သော် စည်ပင်၏ "တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်မည့် စီးပွားရေးအဖွဲ့က"ထိုတည်ဆောက်ရေးလုပ်ငန်းများကို လုပ်မည်တဲ့။

ဟုတ်ကဲ့ခင်ဗျာ။ ပြည်သူတို့ ဘာလုပ်စားကြရပါမည်လည်း။

စည်ပင်ဥပဒေက ပြည်သူများရဲ့အခန်းကဏ္ဏကို လုံးဝလစ်လျှူရှုထားသည်တော့မဟုတ်ပါ။ စည်ပင်ဥပဒေမူကြမ်းတွင် ပြည်သူတို့၏ အခန်းကဏ္ဏကိုလည်း ပုဒ်မများဖြင့် ပြဌာန်းထားပေးပါသည်။ အခွန်အမျိုးမျိုးကောက်ခံခြင်း။ ပစ္စည်းခွန်၊ အထွေထွေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်၊ ပိုင်ဆိုင်ခွန်။ ပြည်သူတို့ အခွန်ပေးစားကြပါမည်။
စည်ပင်ဥပဒေ - မယောင်ရာ ဆီလူးပြီး၊ ကင်ဆာကိုတော့ ဥုံဖွတောင် မမန်းပေး (ဂျင်းနံပါတ် -၃)
အခုတစ်ခါပြောမှာကတော့ COI (Conflict of Interest) နဲ့ ethics အကြောင်းဖြစ်ပါတယ်။

လက်ရှိ တာဝန်ကြီးကြီးတွေယူထားတဲ့ လူကြီးအများစုကိုယ်တိုင်က COI ဆိုတာကို နားမလည်သလိုဖြစ်နေတော့ COI နဲ့ ethics ကို ကျွန်တော်နားလည်သလိုဘဲ ရှင်းပြပါ့မယ်။ မြန်မာလိုတော့ ဘာသာမပြန်တော့ပါဘူး။

ဥပမာ။ ။ သွင်းကုန်၊ထုတ်ကုန် လုပ်ငန်းရှင်ကြီးတစ်ဦးကို ကုန်သွယ်ရေးဝန်ကြီး (သို့မဟုတ်) စီမံဘဏ္ဏာဝန်ကြီးအဖြစ် ခန့်အပ်မယ်ဆိုရင် အဲ့ဒီခန့်အပ်မှုဟာ COI ရှိတဲ့ ခန့်အပ်မှုလို့ ပြောလို့ရပါတယ်။ အဲ့ဒီလူဟာ ကုန်သွယ်ရေးဆိုင်ရာမူဝါဒ၊ အကောက်ခွန်ဆိုင်ရာ မူဝါဒတစ်ခု ချမှတ်ရာမှာ သူချမှတ်တဲ့ မူဝါဒဟာ သူ့ကုမ္ပဏီရဲ့ အကျိုးစီးပွားကို လုံးဝ မငဲ့ကွက်ဘဲ ချမှတ်နိုင်ပါ့မလား။ တိုင်းပြည်အတွက် ရာနှုန်းပြည့်အကျိုးရှိမယ့် ကုန်သွယ်ရေးဆိုင်ရာ မူဝါဒဟာ သူ့ကုမ္ပဏီရဲ့ အကျိုးစီးပွားကို တော်တော်လေး ထိခိုက်စေမယ်ဆိုရင် အဲ့ဒီမူဝါဒကို သူချမှတ်ပါ့မလား။ အဲ့ဒီအစား တိုင်းပြည်အတွက်လည်း ထိုက်သင့်သလောက်အကျိုးရှိ၊ သူ့ကုမ္ပဏီအတွက်လည်း မထိခိုက်စေမယ့် မူဝါဒကို ချမှတ်လေမလား။ အမျိုးမျိုးတွေးနိုင်ပါတယ်။ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါဟာ COI ကြောင့်ပါ။

တဆက်တည်း ethics အကြောင်းပြောပါ့မယ်။ အဲ့ဒီဝန်ကြီးဟာ သူ့ကုမ္ပဏီ အကျိုးယုတ်ရင်ယုတ်ပါစေ၊ တိုင်းပြည်အတွက်ရာနှုန်းပြည့်အကျိုးရှိမယ့်မူဝါဒကို ချမှတ်လိုက်တယ်ဆိုရင်တော့ သူဟာ သူ့အလုပ်ကို ethics အပြည့်နဲ့လုပ်သွားတယ်လို့ ပြောရပါမယ်။ ဒါတောင် သူ့အနေနဲ့ အဲ့ဒီဆုံးဖြတ်ချက်ကိုချဘို့ စဉ်းစားချိန်မှာ သူ့ကုမ္ပဏီအကျိုး နဲ့ တိုင်းပြည်အကျိုး လွန်ဆွဲနေမှာပါ။ ဒါဟာ COI ဖြစ်ပါတယ်။

အဲ့ဒီဝန်ကြီးဟာ သူ့ကုမ္ပဏီ ထိခိုက်နစ်နာမှုမရှိအောင် တိုင်းပြည်အတွက် အကျိုးထိုက်သင့်သလောက်ဘဲရှိနိုင်မယ့် မူဝါဒတစ်ခုကို ရွေးချယ်ချမှတ်လိုက်ရင်တော့ သူ့လုပ်ရပ်ဟာ ethics မရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီထက်ဆိုးတာက သူ့ကုမ္ပဏီ အကျိုးရှိဘို့အတွက် တိုင်းပြည်အကျိုးမဲ့စေမယ့် မူဝါဒမျိုးကို ချမှတ်နိုင်တာပါဘဲ။ ဒါဆိုရင်တော့ အဲ့ဒီဝန်ကြီးဟာ ethics (ကျင့်ဝတ်သိက္ခာ) မရှိယုံမက ယုတ်မာတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါဆိုရင် အရေးကြီးရာထူးခန့်အပ်မှုတွေမှာ COI ကင်းဘို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိသာပြီဖြစ်ပါတယ်။ ခန့်အပ်ခံရသူဟာ သူ့အလုပ်ကို ethics အပြည့်နဲ့လုပ်မလား၊ ethics မရှိဘဲလုပ်မလား ဆိုတဲ့အဆင့်အထိ မရောက်စေဘဲ COI လုံးဝကင်းရှင်းအောင် ခန့်ရမှာ ဖြစ်ပါတယ်။

ဒီ post ရဲ့ခေါင်းစဉ်နဲ့ဆိုင်တာ စပြောပါ့မယ်။

စည်ပင်ဥပဒေမူကြမ်းမှာ ဘာတွေမယောင်ရာဆီလူးဖြစ်နေသလဲ။

ပုဒ်မ ၂၆ (ဃ) မှာ”အများပြည်သူစုဝေးနိုင်သည့် လေဟာပြင်နေရာများ၊ အပန်းဖြေနေရာများတွင် သာယာငြီမ့်ငြောင်းသော တေးဂီတများဖြင့် ဖျော်ဖြေပေးနိုင်ရန် စီမံဆောင်ရွက်ခြင်း” ဆိုပြီး ပြဌာန်းထားပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဟာ အများပြည်သူအပန်းဖြေနိုင်အောင် ဆောင်ရွက်ပေးရမှာ မှန်ပါတယ်။ ဒါပေမယ့် ဥပဒေ၊ ပုဒ်မ ပြဌာန်းပြီး လုပ်စေရလောက်သည်အထိ လိုအပ်ပါရဲ့လား။

ပုဒ်မ ၇၁ မှာလည်း “ကော်မတီသည် မြို့တော်နယ်နမိတ်အတွင်း ရာသီအလိုက်သီးပွင့်ကြသည့် သစ်သီးများ၊ ပန်းမန်များကို အခါအားလျှော်စွာ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရမည်” လို့ ဖေါ်ပြထားပါတယ်။

ပုဒ်မ ၇၁ မတိုင်မီ ပုဒ်မ ၇၀ မှာ “ကော်မတီသည် မြို့တော်နယ်နမိတ်အတွင်း အပန်းဖြေနေရာများတွင် သစ်သီးဝလံ၊ ပန်းမန်စိုက်ပျိုးရေးဆိုင်ရာ ပြပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပညာပေးဟောပြောပွဲများ၊ ခင်းကျင်းပြုလုပ်ဆာင်ရွက်နိုင်သည်။ အခြားအစိုးရဌာနများ၊ ပြင်ပအဖွဲ့အစည်းများက ခင်းကျင်းပြုလုပ်လိုပါက ကော်မတီထံ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြိုတင်လျှောက်ထားလာပါက ခွင့်ပြုနိုင်သည်” လို့ပြဌာန်းထားပြီးပါပြီ။

ဒါဆိုရင် သစ်သီး ပန်းမန်ပြိုင်ပွဲတွေ လုပ်ဘို့ ပုဒ်မ ၇၁ ပြဌာန်းတာဟာ လိုအပ်ပါရဲ့လား။ စည်ပင်ဟာ အဲ့ဒါတွေလုပ်သင့်တာ မှန်ပါတယ်။ ဒါပေမယ့် ဥပဒေထဲမှာ ပုဒ်မနဲ့ ထည့်သွင်းပြဌာန်းဘို့လိုအပ်ပါရဲ့လား။

ကျွန်တော့်အမြင်မှာတော့ ပုဒ်မ ၂၆ (ဃ) နဲ့ ပုဒ်မ ၇၁ တို့ဟာ မယောင်ရာ ဆီလူးတဲ့ ပုဒ်မတွေလို့ မြင်ပါတယ်။

ကင်ဆာကိုကျတော့ ဥုံဖွလေးတောင် လုပ်မပေးဘူးဆိုတာ ဘာကို ဆိုလိုပါသလည်း။

ဒီဥပဒေထဲမှာ COI နဲ့ပါတ်သက်လို့ ဘာမှ ထည့်သွင်းဖေါ်ပြထားခြင်း မရှိလို့ပါ။

အခန်း (၃)၊ “စည်ပင်သာယာရေးကော်မတီများ ရွေးကောက်တင်မြှောက်ခြင်း” အောက်က ပုဒ်မတွေမှာ COI နဲ့ပါတ်သက်တာ တစ်ခုမှ မပါပါဘူး။ ဒါကြောင့် ဒီဥပဒေကြမ်းဟာ ၁၉၂၂ ရန်ကုန်မြူနီစီပါယ်ဥပဒေကို မှီငြမ်းထားတယ်ဆိုတာ လုံးဝမယုံနိုင်တာပါ။ ဒီဥပဒေအတွက် စင်္ကာပူက ကျွမ်းကျင်သူတွေ အကြံပေးတယ်ဆိုတာလည်း လုံးဝ မဖြစ်နိုင်ပါ။

စည်ပင်ကော်မတီဝင်အတွက် ရွေးကောက်ခံခွင့်ရှိတဲ့ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းကို ပုဒ်မ (၂၀) မှာဒီလို ဖေါ်ပြထားပါတယ်။

“ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သော တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူဖြစ်ရမည်”။

စည်ပင်ကော်မတီဝင်တွေအတွက် လိုက်နာရမယ့် COI နဲ့ လွတ်တော်ကိုယ်စားလှယ်တွေအတွက် လိုက်နာရမယ့် COI တွေဟာ သဘောသဘာဝခြင်း မတူဘူးဆိုတဲ့ တကယ့်အခြေခံအကျဆုံး အချက်ကိုတောင်မှ ဥပဒေကြမ်းရေးဆွဲသူတွေ မသိကြတာလား။ ဒါမှမဟုတ် COI မလွတ်မကင်းသူတွေကို စည်ပင် ကောင်မတီထဲ ထည့်ဘို့ ကြိုတင်ကြံရွယ်ထားကြလို့လား။ ကာယကံရှင်တွေဘဲ သိမှာဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေကတော့ အဲ့ဒီလိုဖြစ်ဘို့ လက်မခံနိုင်ပါဘူး။ ကော်မတီဝင်တွေ COI ကင်းဘို့ ဥပဒေ၊ ပုဒ်မတွေ ပါရှိရမှာဖြစ်ပါတယ်။ COI နဲ့ငြိတဲ့သူတွေ ကော်မတီဝင်အဖြစ် ရွေးကောက်ခံခွင့်မရှိတဲ့ပုဒ်မတွေ၊ ပြစ်ဒါဏ်တွေ မပါ၊ ပါအောင် ထည့်ရပါမယ်။

ကော်မတီဝင်တွေသာမဟုတ်ပါဘူး။ အာဏာပိုင်အဖွဲ့ ၇ ဖွဲ့မှာလည်း COI မကင်းတဲ့သူတွေ မပါစေရပါဘူး။ “အဆောက်အဦများ စနစ်တကျရှိရေး အာဏာပိုင်အဖွဲ့” မှာ ပြင်ပပညာရှင်လို့ အမည်ခံပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင် ခရိုနီ၊ တိုင်ကွန်းတွေ မပါစေရပါဘူး။ “ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့” မှာ ပြင်ပပညာရှင်လို့အမည်ခံပြီး ရေဆိုးရေညစ်တွေထုတ်လွှတ်မယ့်စက်ရုံပိုင်ရှင်တွေ မပါစေရပါဘူး။ အဲ့ဒီလိုမပါစေရအောင် တားမြစ်ထားတဲ့ပုဒ်မတွေ ဥပဒေကြမ်းထဲမှာ မပါပါဘူး။

အရေးမပါတာတွေကိုတော့ ပုဒ်မတွေနဲ့ ပြဌာန်းထားပြီး အရေးကြီးတဲ့ ပုဒ်မတွေကျတော့ လုံးဝမပါသမို့ ဒီ post ရဲ့ခေါင်းစဉ်ကို “မယောင်ရာဆီလူးပြီး ကင်ဆာကိုတော့ ဥုံဖွလို့တောင် မန်းမပေးတဲ့ ဥပဒေ” လို့ တင်စားလိုက်တာပါ။
(စာရေးသူ၏ ဖေ့စ်ဘွတ်ပို့စ်ကို ခွင့်တောင်းပြီး တင်ပါတယ်)

မောင်အောင်မွန် - တင်မိုးကို အဘယ့်ကြောင့် လူအများကချစ်ကြသနည်း

$
0
0

 မောင်အောင်မွန် - တင်မိုးကို အဘယ့်ကြောင့် လူအများကချစ်ကြသနည်း 
ကျွန်တော်တွေးမိသလို ရေးပါမည် (၂၉၁)
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇

(၁)
အကယ်၍သာ ကဗျာဆရာကြီးတင်မိုး အသက်ရှင်နေပါလျှင် ၂၀၁၇ ခု၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် အသက်(၈၄) နှစ်ပြည့်မည်။ သို့သော်လည်း သူမပျော်သော သူမနေတတ်သော အရပ်တွင် ကြိုးစားနေထိုင်ရင်း ကွယ်လွန်ရ၏။ သူပျော်သော သူနေချင်သော ဇာတိမြေတွင် သူကွယ်လွန်ကြောင်း နာရေးကြော်ငြာလေးပင် သတင်းစာထဲ ထည့်၍မရသည့်ကာလ။ နောက်ပိုင်း သူ့အရိုးပြာသာ မြန်မာပြည်ပြန်ခွင့်ရသည်။

ထည်ဝါသော သူ့ဂူဗိမ္မာန်ကို ကာယကံရှင် မမြင်ရ၊ တင်မိုးမြင်ချင်မည်လား ဆိုသည်ကို ကျွန်တော်မသိ။ ကျွန်တော်သိသည်က တင်မိုးကို လူအများကချစ်ကြ၏။ သူနှင့် နှစ်(၃၀) လောက် ရင်းနှီးသူမို့ သိထားသည်က တင်မိုးသည် လူတွေအကြိုက်လိုက်ကာ သူစာမရေး၊ သူမဟောပြော၊ သူမလုပ်၊ သူယုံကြည်ကိုသာ ရေး၏၊ ဟောပြော၏၊ လုပ်၏။

 တင်မိုးသည် How to Win Frieds and Influence People By Dale Carnegie ဝေး၍ သခင်နု ဘာသာပြန်သော လူပေါ်လူဇော်လုပ်နည်း စာအုပ်ဖတ်ဖူးမည်မထင်ပါ။ ဟန်ဆောင်ကာပြုံးရ အလကားနေရင်း မြှောက်ပင့်ရ ဆိုသည်တို့ကား ပင်းပန်းလှပါဘိ။

သို့ပါလျက် တင်မိုးကို အဘယ့်ကြောင့် လူအများက ချစ်ကြသနည်း။

(၂)

တင်မိုးနှင့် စတင်ခင်မင်သောနေ့ကို ထူးခြားစွာ ကျွန်တော်မှတ်မိနေ၏။
ကျွန်တော်ထို့နေ့က ကိုမောင်မောင်ညွန့် (ညွန့်ကြူး) ထံသို့သွားရာ လူမတွေ့ သော့ခလောက်သာမြင်ရ၊ စိတ်ပျက်နေစဉ် ခင်ဗျားလူကြီး မိသားစုနဲ့ အပြင်ထွက်သွားကြတယ်ဟု လှမ်းပြောသူက ကဗျာဆရာတင်မိုး။ ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဋ္ဌာနတွင် သူတို့အတူလုပ်ကိုင်ကြပြီး Pagan House တွင် သူတို့မိသားစု(၂)စု ကပ်လျက်နေထိုင်ကြသည်။

သူတို့ရုံးထိုင်သော အဆောက်အအုံသည် ၁၉၅၅ ခု၊က ကျွန်တော် 1st Yr B.Sc (Engg) တက်ခဲ့သော BOC College ဖြစ်သည်။ စာသမား ပေသမားများ ရှိကြ၍လည်း ကျွန်တော် မကြာခဏ ရောက်သွားလေ့ရှိပြီး တင်မိုးနှင့်လည်း မျက်မှန်းတန်းမိနေ၏။ ကျွန်တော့်ကိုလည်း မောင်အောင်မွန်မှန်း သူသိနေပါသည်။
အဖန်ရည်သောက်နေသူ တင်မိုးက လာဗျာဟုဆို၍ သူ့ဘေးဝင်ထိုင် သူငှဲ့ပေးသော ပန်ကန်လုံး ယူသောက်လိုက်ရင်း--၊ စကားတွေ ဖောင်ဖွဲ့ကြသည်။ သူ့ကဗျာ ကိုယ့်ဝတ္ထုကစ၍ စာအကြောင်း၊ မန္တလေး တက္ကသိုလ်အကြောင်း ရန်ကုန်က တကသ အကြောင်း၊ ပမညတ အကြောင်း၊ကျွန်တော် ၃ နှစ်ခန့် အလုပ်သွားလုပ်ခဲ့သော ဆိုဗီယက်ယူနီယံ အတွေ့အကြုံ၊ မြို့မငြိမ်းအကြောင်း မြန်မာ့အသံအကြောင်း၊ တင်မိုး၏ ဖန်မီးအိမ်အကြောင်း မောင်အောင်မွန်၏ ရူးတုန်းမိုက်တုန်း သည်အရွယ် ၀တ္ထုတိုစု စာအုပ်အကြောင်း စသဖြင့်--စသဖြင့် မှောင်စဖြစ်လာတော့မှ ကျွန်တော်လည်း နှုတ်ဆက်ကာ ပြန်လာခဲ့၏။
ထိုလိုနေ့မျိုးကို အဘယ်သူမေ့ နိုင်ပါမည်နည်း။

ထပ်တွေ့ကြ ထပ်ပြောကြ ပိုမိုခင်လာကြ၏။ ကျွန်တော်က ကဗျာမစပ်တတ်၊ သို့သော် တင်မိုး၏ ကဗျာများကိုကြိုက်သည်။ ဘာအကြောင်းရေးရေး-- ထီးလေးနဲ့မနီဖြစ်ဖြစ်၊ သူ့သမီးလေး အကြောင်းဖြစ်ဖြစ်၊ ဗကပ လူကြီးမင်း ဖြစ်ဖြစ် ကဗျာပီသ၍ ဖတ်ကောင်းခြင်းဟု ကျွန်တော်ခံစားရသည်။ အကြေင်းအရာ ကွဲချင်ကွဲ ကြည်နူးချင်ကြည်နူး ဒေါသထွက်သင့်ထွက် တင်မိုးရေးလိုက်တော့ ပီပါဘိ ကဗျာ။

(၃)

စတင်တွေ့ဆုံစဉ် ၁၉၇၀ ခု၊ လောက်ကပါ။

အသက်အရွယ်ရ စာပေ၀ါလည်း အတော်အတန်ရနေကြပြီမို့ ကျွန်တော်တို့ သတ်မှတ်ချက်မထားပဲ အလိုလိုအပြန်အလှန်လေးစားမှု (Mutual Respect) ပေါ်အခြေခံကာ ဆက်ဆံကြရာ တင်မိုးကွယ်လွန်ချိန်ထိ။ တင်မိုး၏ပုဂ္ဂလိကဘ၀ (Personal Life) ကို မထိ မတို့ မရေးပါ၊ ရေးလျှင်လည်း ဖေါ့၍ သို့မဟုတ် ဖွ၍ မရေး။ အရှိကိုအရှိအတိုင်း ရေးရပါမည်။ သို့သော် ဤဆောင်းပါးသည် သူ့အတ္ထုပ္ပတ္တိ မဟုတ်၊ တင်မိုး၏စာပေ သုံးသပ်ချက်လည်း မဟုတ်ပါ။ ဆုံဖူး ကြုံဖူး ကြိက်ဖူးသူ တယောက်၏ အပိုင်းအကန့်လေးမျှသာဖြစ်ပါ၏။

တင်မိုးကို အဘယ့်ကြောင့် လူတွေချစ်ကြသနည်း။

ဖတ်သွားရင်း ဆောင်းပါးဆုံးပါက စာဖတ်သူအဖြေရပါလိမ့်မည်။ ယခု ကျွန်တော်ဆက်ရေးပါမည်။ မောင်စွမ်းရည်နှင့် စောပြီးသိ၊ မိသားစုချင်းလည်းခင်သည်။ တင်မိုးမိသားစုထဲက မိုးမိုးစံတယောက်သာ မြင်ဖူးပါသည်။ ရင်းနှီးသည်ဟု သုံးရခြင်းမှာ တင်မိုးနှင့်မူ ပွင့်လင်းစွာ သူ့အမြင်ကိုယ့်သဘောထား ရဲတင်းစွာ ပြောမနာ ဆိုမနာရှိသောကြောင့်ပါ။

 မောင်စွမ်းရည်နေထိုင်ရာ ၀ဂ္ဂီကို ကျွန်တော်ပြောင်းသွားပြီး သူ့အိမ်သို့ချောင်းပေါက်လုနီး ရောက်ပါ၏။ တင်မိုးနှင့်မဆုံ၊ အမေရိကန်တွင်လည်း သုံးယောက်သား အတူမထိုင်လိုက်ရပါ။ ၀ဂ္ဂီတွင် အိမ်နီးချင်း သမိုင်းဋ္ဌာနက ဆရာဦးအောင်မြင့်အိမ်၌သာ တင်မိုးနှင့်မကြာခဏဆုံ၏။ တကြိမ်မတော့ မောင်သာနိုးတောင် ပါသေး၍ ကျွန်တော်မြင်ဖူး သိခွင့်ရဖူးလိုက်၏။

၁၉၈၈ ခု အရေးအခင်းကနေ မျှော်လင့်ချက်ကြီးမားစွာ ထားခဲ့ကြသည်။ ကျွန်တော် အယ်ဒီတာအဖြစ် ပါဝင်သော သတင်းမဂ္ဂဇင်း န၀တ တက်လာချိန် ရပ်သွား၍တောမှာ သွားနေရ၏။ ၁၉၉၀ ခု၊ ရွေးကောက်ပွဲတွင် မိုင်(၁၀၀) လောက်အကွာကနေ ကမာရွတ်မဲဆန္ဒနယ်၌ ဦးဝန် (NLD) အားမဲလာပေးကြသည်။ NLD ပါတီက အပြတ်အသတ်နိုင်၍ မျှော်လင့်ချက်ပိုကြီးခဲ့ကြသည်။ ပို၍အထိနာကြရသည်။

ထိုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် တင်မိုးဇနီးဆုံးကြောင်း ရွာကနေသတင်းကြားရ၏။
ဒါတင်မက အဖမ်းခံကြရသူတွေထဲ တင်မိုးလည်း ပါသွားကြောင်းသတင်းကြားရပြန်၏။
၁၉၉၁ ခု၊ ဒီဇင်ဘာလ (၁၀)ရက်နေ့ ဒေါ်စုနိုင်ဘယ်လ်ရသည့် အထိန်းအမှတ် တက္ကသိုလ်နယ်မြေထဲ ကဗျာစာရွက်များ ဝေငှကြသောကြောင့် ကဗျာရေးသူ တင်မိုးအား ဖမ်းခြင်းဖြစ်သည်။ အမေလည်းဆုံး အဖေလည်းအဖမ်းခံရနှင့် လူမမယ်သမီးလေးတွေ အဘယ်သို့ရှိလေစ၊ ကျွန်တော်မတွေးချင်တော့ပါ။
လက်ဖက်ရည်ဆိုင်ထိုင် အပေါင်းအသင်းများနှင့် လွတ်လပ်စွာပြောဆိုရခြင်းကို အလွန်အမင်းခုံမင်သူ တင်မိုးအကျဉ်းထောင်ထဲ တယောက်တည်းမည်သို့ နေမည်နည်းဟု ကျွန်တော်တွေးကြည့်၍မရနိုင်ပါ။ အကုသိုလ်က ဆက်ကာ ဆက်ကာ လာနေရာ-- နောက်ထပ် သတင်းဆိုးများလည်း ကြားရပြန်သည်။
ကိုယ်တိုင်လည်း ဘ၀ပျက်နေ၍ Pagan House သို့ သတင်းသွားမမေးနိုင်။

(၄)

၁၉၉၂ ခု၊ မေလ ကျွန်တော် ဘန်ကောက်သို့ စွန့်စားထွက်လာတော့ မိသားစု (၄) ယောက် (၃) နိုင်ငံ၌ ကွဲနေကြပြီ။ ပထမ အလွတ်သတင်းထောက်၊ နောက်ပိုင်း VOA သို့အသံသွင်း သတင်းဖိုင်များပို့သည်။ VOA အရှေ့တောင်အာရှ ဗျူရိုအကြီးအကဲ Dan Robinson ၏ စီစဉ်ကူညီမှုရယူ-အတူလုပ်ကိုင်ကြရသည်။ ၁၉၉၅ ခု၊ အောက်တိုဘာလ၌ VOA တွင်အလုပ်ရ၍ ကျွန်တော် Washington DC ရောက်လာ၏။
ပထမ တင်မိုးလွတ်လာကြောင်း သတင်းရသည်။

ထို့နောက် ပိုဝမ်းသာဖွယ် မြန်မာပြည်ကထွက်လာကာ ဘယ်လ်ဂျီယမ်ရှိ သမီးဒေါက်တာ မိုးနှင်းအိမ်သို့ ရောက်နေကြောင်း သိရချင်း၊ တယ်လီဖုန်းဆက်တော့ တင်မိုးနှင့် ဖြစ်ကြောင်းကုန်စင် စကားပြောကြရသည်။ အမေရိကန်သို့ လာရန်လည်း တိုက်တွန်းလိုက်၏။

တင်မိုး လန်ဒန်ရောက်သွားတော့ မိတ်ဆွေဟောင်း ဒေါက်တာအောင်ခင် (သမိုင်း)နှင့်ပြန်တွေ့သည်။ ပါရီမြို့တွင် လူစုံသော လွတ်လပ်သော မြန်မာအိမ်ရှင်က ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွနေသူ၊ Beyond Rangoon ရုပ်ရှင်ကြောင့် အများက မင်းသားကြီးဟုခေါ်သော ကိုအောင်ကို၊ တင်မိုးနှင့်ချက်ချင်း ခင်မင်ကြ၏။ ထူးသည်ကား သူ့အား ၁၉၆၆ ခု၊လောက်က Albert Camus ၏ The Outsider ကို သူစိမ်းဆန်ဆန် အမည်ပေးကာ ပြင်သစ်ဘာသာမှ တိုက်ရိုက်ပြန်ဆိုရေးသားသူ အောင်မျိုး(ပြင်သစ်စကားပြန်) မှန်းသိကြောင်း လူအများရှေ့ တင်မိုးကထုတ်ပြောခြင်းပါ။
ကိုအောင်ကို အံ့သြလွန်း၍ ထကလေတော့သည်။

နယူးယောက်မြို့မှ စာပေဟောပြောပွဲ၌ သတင်းလာယူရန် VOA သို့ ဖိတ်စာရောက်လာ၏။ တင်မိုးလည်းပါမည်၊ ဘန်ကောက်မှာတုန်းက ခင်မင်ခဲ့သူ Dan Robinson က မြန်မာပိုင်းဋ္ဌာနမှူး ဖြစ်နေချိန်၊ ကျွန်တော့်အား တာဝန်းပေးသည်။ VOA သတ်မှတ်ချက်အတိုင်း လေယာဉ်ပျံလက်မှတ်၊ မင်ဟန်တန်ရှိ ဟိုတယ်တွင် တည်းခိုရန်ပါ စီစဉ်ပေး၏။

၂၀၀၀ ခု၊ မေလ(၂၇)ရက် တနင်္ဂနွေနေ့။

နယူးယောက်လေဆိပ်၌ ကျင်းပရေးကော်မတီဝင် ကိုမိုးချမ်းနှင့်တွေ့၍ တင်မိုးဘယ်မှာလဲဟုမေးရာ ကိုကျော်ဝင်းအိမ်သို့လိုက်ပို့ ပေးသည်။ အမေရိကန် စီးကရက်တလိပ်ပြီး တလိပ်သောက်ရင်း ပြုံးနေသော ကန်မြဲဇဂျမ်းရွာသား တင်မိုးက ၀မ်းသာအယ်လှဲဆီးကြိုသည်။ ကျနော့်ဆန္ဒပြောရာ သူကခေါင်းညိတ်၏။
သည်လိုနှင့် တင်မိုးနှင့် သီးသန့် Interview ရှည်၊ VOA က ဦးစွာအသံလွှင့်လိုက်နိုင်၏။
ဟိုတယ်သို့သွား ရေမိုးချိုး၊ နေ့လည်စာစားပြီးနောက် တရုတ်တန်း ဆွန်ယက်ဆင်ကျောင်းက ဟောပြောပွဲမှာ သတင်းသွားယူ၏။ ကာတွန်းဝင်းထွန်း (Mr. Burma) ကစဟောသည်၊ ထို့နောက် RFA ၌ လုပ်နေပြီဖြစ်သော ရုပ်ရှင်ဒါရိုက်တာ ၀င်းဖေ၊ ဆက်၍ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ)၊ နောက်ဆုံးကျမှ တင်မိုးက ဟောသည်။

လူစည်ကားသလို ပွဲကလည်းကောင်းပါ၏။

 ပြည့်ပြည့်စုံစုံအသံသွင်းယူခဲ့ပြီးနောက် စာပေဟောပြောပွဲ ကနေတိုက်ရိုက်လွှင့်သလို အချိန်ပေးEdit လုပ်၏။ VOA နားထောင်ပြီးနောက် တင်မိုးက ကိုအောင်မွန်ဝတ္ထုမရေးနဲ့တော့၊ သတင်းထောက်ပဲ ဆက်လုပ်ဟုပြော၏။ ကြေးမုံဦးသောင်းကလည်း ကောင်းကြောင်း အလားတူပြောသည်။

(၅)

RFA ၌လုပ်ပြီး Washington DC မှာပင်နေသော ကိုစိန်ကျော်လှိုင်က ဆရာတင်မိုး ရောက်နေတယ်၊ အေးအေးဆေးဆေး စကားပြောကြရအောင် စားစရာဝယ်ပြီးလာခဲ့ပါဟု အကြောင်းကြား၍ ထမင်း၃ ပွဲဝယ်ကာ ကျွန်တော်ရောက်သွား၏။ ပြင်ပနိုင်ငံများမှ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များ အကြောင်း သိကောင်းစရာတွေ ကိုစိန်ကျော်လှိုင်က ပြောပြသည်။ နှံ့စပ်ကျွမ်းကျင်သူ၏ ရှင်းပြချက်က ကိုတင်မိုးအဖို့ ကြီးမားစွာ အထောက်အကူပြုပေလိမ့်မည်။

ထို့နောက် စာပေအကြောင်း ဆက်ကြ၏။ ကျွန်တော်သည် ငွေစရွှင်နေချိန်မို့ တွေ့ဆုံသော ဧည့်သည်တိုင်းအား ယူချင်ချင် မယူချင်ချင် US$50. စီပေးစမြဲပါ။ မြန်မာပြည်၌ ရှိစဉ် ကဗျာဆရာများက မဂ္ဂဇင်းတိုက်များသို့ တရာမပေး ကဗျာမရေးဟု ရာဇသံပေးပုံ သတိရလိုက်သည်။ ပြီးတော့ တမာတို့ လတာတို့ကနေ ထိုင်းနယ်စပ်၊ ဥရောပ နှင့် အမေရိကန်၌ သူတွေ့ကြုံ ခံစားပုံ ကဗျာများလည်း ဖတ်ချင်၏။ ထို့ကြောင့် US$100 တန်တရွက်ပေးပြီး တရာပေးပါတယ်--- ကဗျာရေးပါဗျာဟု တိုက်တွန်းလိုက်သည်။
တရာမပေးလည်း ကဗျာရေးမှာပါဟု ဆိုသွားသည့်အတိုင်း တင်မိုးကဗျာများ ဖတ်ကြရလေပြီ။

 ကွယ်လွန်သူ ကိုတင်မောင်ဝင်း၏ဇနီး ဒေါ်ခင်မျိုးအေးက ဘန်ကောက်မှ တယ်လီဖုန်းဆက်ပြီး ခေတ်ပြိုင်ဂျာနယ်တွင် တင်မိုးကဗျာများ ထည့်ချင်၍ ပြောပေးဖို့ အကူအညီတောင်းလာ၏။ ပြောပြတော့ တင်မိုးက ခေါင်းညိတ်သည်။ တဆင့်တက်ကာ ကဗျာနှင့်အတူ ရှင်းလင်းချက် အတိုလေးဖြစ်ဖြစ်ရေးပါ၊ များလာလျှင် စာအုပ်ဖြစ်လာမည်ဟု ကျွန်တော်ကဆိုတော့ သူသဘောတူပြန်၏။
သည်လိုနှင့်ပင် ခေတ်ပြိုင်ဂျာနယ်တွင် တင်မိုး၏ ကဗျာလည်းဖတ်ရ စာလည်းဖတ်ကြရသည်။

တနေ့သ၌ မေရီလန်း၌နေသော ကိုသိန်းထိုက်ဦး (ကဗျာဆရာ ထိုက်သူနိုင်)က ဆရာ တင်မိုးရောက်နေ ကျွန်တော့်အား တွေ့ချင်သည်ဟုဆို၍ မီးရထားစီးခရီးနှင်ရသည်။ ရောက်သွားတော့ တင်မိုးအစဖော်ပေး၍ တောစတွိုင်းဝတ္ထုများနှင့်ဂေါ်ကီဝတ္ထုများ နှိုင်းယှဉ်ကာ ဆွေးနွေးကြသည်။ ပြီးခါနီး၌ RFA မှ ကိုဝင်းဖေနှင့် ကိုတင်အောင်ခိုင်တို့ ရောက်လာကြပြီး ၀င်နားထောင်၏။

အရေးကြီးတချက် သတိထားမိလိုက်ပြီ။ ကျွန်တော်က တင်မိုးကိုသာဆက်ပြောနေပြီး တင်မိုးကမူ အခြား(၃) ယောက်ကိုပါပြောနေသည့်အလား ထူးခြားလှလေစွ။ ထိုစွမ်းပကားနှင့်ပင် ဟောပြောပွဲတွင် ပရိသတ်ထဲက တဦးချင်းစီကို တိုက်ရိုက်ပြောနေသလို ခံစားကြရ၍ တင်မိုးကိုကြိုက်ကြခြင်း အကြောင်းတရပ်ဖြစ်ပေလိမ့်မည်။ ထူးခြားစွာ အောင်မြင်သော ကျောင်းဆရာတို့၌လည်း အလားတူရှားပါး အရည်အချင်းမျိုး ရှိတတ်ကြ၏။

 (၆)

၂၀၀၁ ခု၊ အောက်တိုဘာလ (၁၄) ရက်နေ့။  အတိုက်ခံရပြီးခါစ နယူးယောက်မြို့တွင် စာပေစောပြောပွဲ လုပ်ပြန်ရာ သတင်းသွားယူရပြန်၏။ ဒေါက်တာာ တင်မောင်သန်း (သင့်ဘ၀)၊ ကျောင်းသားခေါင်းဆောင် ကိုအောင်ဒင်နှင့် ကိုအောင်စောဦးတို့ ဟောနေသည်ကို ကျွန်တော်တို့ နားထောင်နေကြရင်း တင်မိုးက စီးကရက်တလိပ်ပြီးတလိပ်သောက်နေ၏။ ခေတ်ပြိုင်ဂျာနယ်ထဲ သူရေးသော မြေးလေးကို အညာသို့ခေါ်သွားပြီး ထန်းလျက်ကျွေးမည့် အိမ်လွမ်းတမ်းတချင်း ကဗျာလေး ကျွန်တော့်ခေါင်းထဲဝင်လာ၍ သတိပေးမိသည်။

ကိုတင်မိုး စီကရက်တွေ ဒီလောက်သောက်နေရင် အညာမသွးနိုင်ဖြစ်နေမယ်နော်ဟု။

 ဆက်သောက်နေပြီး သူကအလှည့်ကျ စင်ပေါ်ရောက်သွားတော့မှ ကျွန်တော့်မျက်နှာတည့်တည့်ကြည့်--ခပ်ပြတ်ပြတ်ပြောပုံက-- လူတွေကခက်တယ်ဗျာ၊ စီးကရက်ဆိုတာ ဘာမှန်းမသိ-- သောက်လည်းမသောက်ဖူး၊ ကောင်းမှန်းလည်း နားမလည်၊ စီးကရက်အရသာ ဆိုတာတော့ ဝေလာဝေးနဲ့၊ စီးကရက်သောက်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်တဲ့--အဲဒီဘာဖြစ်တော့ကော ဘာဖြစ်လဲဟု ပြောရာ ပရိသတ်က ကြောင်နေ၏။

ပြီးတော့မှ တင်မိုးကဆက်ဟောသည်။

 စောစောကတော့ ကျွန်တော်ထပြေးရတော့မလိုလို၊ နောက်တော့ စိတ်အေးသွား၍ အသံသွင်းလို့ရပြီ။ တင်မိုးက တပိုဒ်ရွတ်လိုက် ရှင်းပြလိုက်လုပ်နေသော မနက်ဘင်လာဒင် ညဗိုလ်နေ၀င်း ကဗျာသက်သက်ကို တင်မိုးရွတ်သံနှင့် လိုချင်၍ကူညီပါဟု စာတိုရေးကာ အောက်ကနေလှမ်းပေးလိုက်၏။ ဘာလဲဟုသိချင်နေသည့် ပရိသတ်အား လေးစားမြဲ တင်မိုးက--၊

သူက သတင်းအေဂျင်စီမှာ သုံးဖို့ကဗျာရွတ်ခိုင်းတာပါ၊ သူက တကသ စင်မြင့်ကလာတဲ့ သတင်းသမားပါ၊ ရသစာပေရေးသားတဲ့ စာရေးဆရာလည်းဖြစ်သေးတယ်--စသဖြင့်ပြောရာ ကျွန်တော်ဖြင့် အံ့ကိုသြရော။
သူဆင်းလာတော့ ကိုတင်မိုးကလည်းဗျာ၊ ကျွန်တော်ကစေတနာနဲ့ပြောတာကို--စကားမဆုံးမီသူကဖြတ်၍
ဒီမယ် ကိုအောင်မွန် ကျုပ်ပြောတာ စင်ပေါ်ကလေ--အဲဒီတုန်းကပြောပေါ့၊ စင်ပေါ်ဖြင့်မတက်ရဲတဲ့ စာရေးဆရာ--ဟဲဟဲဟဲ--၊ အားပါးတရရယ်မောကာ စီးကရက်မီးညှိနေသူမှာ ကဗျာဆရာတင်မိုး မဟုတ်တော့၊ နှစ်လိုဖွယ်ကောင်းလှသော အညာသားစစ်ဘဂျမ်းကြီးဖြစ်နေပြီ။

အသံလွှင့်သမား--ဘောလုံးပွဲကနေတိုက်ရိုက် လက်တန်းပြောသူ ၀တ္ထုများစွာရေးနေသူမို့ သူတို့နှင့်အတူ စာပေလိုက်ဟောရန် ခေါ်မရသည်ကို အစပြန်ဖော် ပြောဆိုခြင်းဖြစ်သည်။

Washington DC က စာပေဟောပြောပွဲတွင် အခြားတဦးသတင်းယူ၏။
ကျွန်တော်အေးဆေးစွာ နားထောင်ရသည်။ တင်မိုးက နာမည်ကြီး ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကိုပြန်ပို့ကြပါလေ--ကဗျာ ဖြစ်ရပုံကိစ္စ အစအဆုံး ရိုးသားစွာရှင်းလင်းစွာ ဟောပြောသည်။ လူအများထင်သလို တွေးသလိုမဟုတ်၊ ဒါဖြစ် ဘာလဲဆိုတော့ ဒါပဲဟု အညာသားစိတ်ထားနှင့် ပြောသွားသည်။

နောက်မေ့မရသည်က သိင်္ဂီတ၀က်မြတ၀က်။

 အမေရိကန်၌ ဆောင်းဦးရာသီတွင် သစ်ရွက်တွေအရောင်ပြောင်းချိန် တင်မိုး ကျွန်တော့်ထံဖုန်းဆက်ပြီး အရွက်လေးတွေက အစိမ်းတပိုင်း အ၀ါတပိုင်းနဲ့ မောင်အောင်မွန်ရဲ့ သိင်္ဂီတ၀က်မြတ၀က် အတိုင်းပဲဟုဆို၏။ ခေတ်ပြိုင်တွင်လည်း ရေးသည်။ ကျွန်တော်၏ ထိုပထမဆုံး လုံးချင်းဝတ္ထူအကြောင်း တင်မိုးနှင့်ဘယ်တုန်းကမှ ကျွန်တော်မပြောမိပါ။

တခါက ကိစ္စတရပ်ကို သူက ယစ်ပူဇော်ခြင်းဟုရေး၏။ သူနှင့်တွေ့တော မဟုတ်ကြောင်းစကာရှိသေး တင်မိုးက ခေါင်းညိတ်၍ ဆက်ပြောရန်မလိုတော့၊ အပြန်အလှန် ယုံကြည်စိတ်ချကြသည်လေ။ ထို့ပြင်ထိုလို ကိစ္စမျိုးတွေဆို ကိုယ်စောင့်နတ်တောင် မကြားအောင်ပြောကြမြဲပါ။
တင်မိုးနှင့်မောင်အောင်မွန်တို့ ဆက်ဆံနည်း။

(၇)

၂၀၀၇ ခု၊ ဇန်န၀ါရီလ (၂၂)ရက်နေ့။

VOA တွင် အသံလွှင့်ဖို့ အလုပ်များနေကြစဉ် တင်မိုးဆုံးသွားပြီဟု သတင်းဝင်လာ၏။ တင်မိုးကို အာလုံးက ခင်မင်ကြသမို့ မေးကြ မြန်းကြ သွားဖို့လုပ်ကြနှင့် အသီးသီးစီစဉ်ကြ၏။

 ဆေးလိပ်ကြောင့်လား၊ အချိုတွေကြောင့်လား၊ အငန်တွေကြောင့်လား၊ ထောင်ထဲကဒဏ်တွေကြောင့်လား၊ မနေချင်သည့်ဒေသ၌ နေနေရ၍လား၊ အသက်ရွယ်ရလာချိန် ဇာတိသို့မပြန်နိုင်ဟူသော ဇရာစိတ်၏ဖိစီးမှုကြောင့်လား--စသဖြင့် လားပေါင်းများစွာ ကျွန်တော့်အတွေးထဲ ၀င်လာသည်။

တင်မိုးအား ကျွန်တော် မသေစေချင်သေးပါ။

သူနှင့်ပိုရင်းနှီးသူများ--ထို့ထက်ပို၍ သူ့ရင်နှစ်သီးချာ သမီးများ ကပိုလို့ပင် မသေစေချင်သေးပါ။

တင်မိုးကိုယ်တိုင်ကလည်း သေချင်ဦးမည်ဟု ကျွန်တော်မထင်။ မနေရလို့ သေရပြီ၊--သို့သော်လက်ဗလာနှင့် ထွက်ခွါသွားသော တင်မိုးသည် ကဗျာကောင်းများစွာ ချန်ထားခဲ့သည်။

တင်မိုးကဗျာကိုကြိုက် တင်မိုးကိုချစ်သော လူအများကျန်ရစ်ခဲ့ကြ၏ဟု တွေးမိကြောင်းပါ။

၂၀၁၇ ခု၊ နိုင်ဝင်ဘာလ (၁၉)ရက်နေ့။

ကာတွန်း ဖိုးဇော်(လှိုင်သာယာ) - ဟုတ်တယ် မဟုတ်ဘူး

$
0
0

ကာတွန်း ဖိုးဇော်(လှိုင်သာယာ) - ဟုတ်တယ် မဟုတ်ဘူး
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇

ထွန်းအောင်ကျော် - ဒေါ်အောင်ဆန်းစုကြည် အခက်အခဲစိန်ခေါ်မှုများကို ကျော်လွှားနိုင်ပါ့မလား

$
0
0


ထွန်းအောင်ကျော် - ဒေါ်အောင်ဆန်းစုကြည် အခက်အခဲစိန်ခေါ်မှုများကို ကျော်လွှားနိုင်ပါ့မလား

(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇

 နိုင်ငံခြားတိုင်းပြည်များACကလူမျိုးတုံးသတ်ဖြတ်မှုဟုပြစ်တင်စွပ်စွဲခံနေရမှု နှင့်မိမိတိုင်းပြည်တွင်း ရှိသူများက ဗုဒ္ဓဘာသာကို သစ္စာဖောက်ဖျက်သူအဖြစ် စွပ်စွဲမှုများအကြားတွင် သူမသည်သူမ၏ တိုတောင်းသော အုပ်ချုပ်မှုကာလ အတွင်း ညပ်နေ ခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရပြီး ၂နှစ်တာကာလနီးပါးရှိလာခဲ့ချိန်တွင် မြန်မာနိုင်ငံ၏ အာဏာအရှိဆုံး ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် စစ်တပ်နှင့်အမျိုးသားရေးဗုဒ္ဓဝါဒီတို့က တဖက် မူဆလင်ထကြွမှုနှင့် နိုင်ငံတကာဖိအားက တဖက်တို့အကြား တွင်ကြားညှပ်နေခဲ့သည်။

အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတို့အနေနှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ပြောင်းလဲလာခြင်းကိုလိုချင်သလား သို့မဟုတ် စစ်အုပ်ချုပ်ရေး ပြန်လည်ခေါင်းထောင် လာခြင်းကို လိုချင်သလားဆိုသည်ကိုစဉ်းစားကြဖို့ လိုပေသည်။ ရှုပ်ထွေးလှသည့်ရိုဟင်ဂျာပြဿနာကို ဂဃဏန နားလည်မှုမရှိပါက ထိုအချက်သည် စစ်အုပ်ဝါဒဆီသို့ ပြန်လည်သွားသည့် ရွေးချယ်မှုကို ဖိတ်ခေါ်သလိုဖြစ်စေပေလိမ့်မည်။

ဖြည့်စွက်ပြောရလျှင် လက်ရှိလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲသည်လည်း သဘောတူညီမှုရရန် ဖြစ်နိုင်ခြေမရှိသေး။ မြန်မာနိုင်ငံ၏ နက်ရှိုင်းစွာရှိနေသော အခက်အခဲ ပြဿနာများကို အောင်မြင်စွာ ကိုင်တွယ်နိုင်ရန်မှာသူမ၏အရည်အချင်း၊ အခြေအနေအရပ်ရပ်ကိုနားလည်နိုင်စွမ်းနှင့် မဟာဗျူဟာချမှတ်လုပ်ဆောင်မှုပေါ်တွင်မူတည်သလို အနောက်နိုင်ငံများ၏ ပံ့ပိုးထောက်ခံအားပေးမှုအပေါ်တွင်လည်း မူတည်နေပေသည်။

သူမ၏အဓိကစိမ်ခေါ်မှုမှာ စစ်တပ်မှ ဆယ်စုနှစ်တစုကျော် ရေးဆွဲပြီးမှအတည်ပြုထားခဲ့သည့် ၂၀၀၈အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးပင်ဖြစ်သည်။ ထိုဥပဒေသည်နိုင်ငံတခုလုံးကိုလွှမ်းခြုံထားပြီး ဒီမိုကရေစီနည်းကျ ဥပဒေမဟုတ်သလို ဖက်ဒရယ်ဥပဒေလည်း မဟုတ်သည့်အပြင် ထိုဥပဒေသည် စစ်တပ်ကိုအစိုးရပိုင်းအုပ်ချုပ်မှုတို့နှင့် စီးပွါးရေး အခွင့်အလန်းများကို ကြီးမားစွာ ဆုပ်ကိုင်ထားနိုင်ခွင့်ကို စောင်းပေးထားသည့် ဥပဒေဖြစ်သည်။

ဗုဒ္ဓဘာသာနှင့် ကြံခိုင်ဖွံဖြိုးရေးပါတီ

သူမအနေနှင့်ရင်ဆိုင်ရသည့်ကြီးမားသည့် စိမ်ခေါ်မှုမှာကြံခိုင်ဖြိုးပါတီမှ အားပေးအားမြှောက်ပြုနေသည့် အမျိုးသားရေး ဗုဒ္ဓဘာသာ ထကြွလာမှုပင်ဖြစ်သည်။ တပ်မတော်မှမွေးဖွားလာသည့် ကြံခိုင်ဖြိုးပါတီသည် ၂၀၂၀ရွေးကောက်ပွဲကို အနိုင်ရရန် စိုင်းပြင်းလျက်ရှိသည်။ ကြံခိုင်ဖြိုးပါတီကိုထင်ရှားစွာ ထောက်ခံအားပေးနေသူတယောက်မှာ အမျိုးသားရေး ဗုဒ္ဓဘာသာအဖွဲ့ မဘသကို ဦးဆောင်နေသူ အစွန်းရောက်ဗုဒ္ဓဘာသာဘုန်းကြီး ဝိရသူဖြစ်ပြီး တိုင်းမဂ္ဂဇင်းတွင် ဗုဒ္ဓအကြမ်းဖက်ဝါဒီ၏ မျက်နှာဟု ဖော်ပြ ခံရသူဖြစ်သည်။

အမျိုးသားရေး ဗုဒ္ဓဝါဒီအုပ်စုပေါ်ထွန်းလာခြင်းက မူဆလင်များကိုပစ်မှတ်အဖြစ်ထားလာခဲ့သည်။ ထင်ရှားသည့် မူဆလင် လူ့အခွင့်အရေးရှေ့နေဦးကိုနီကို၂၀၁၇ခုနှစ် ဂျန်နဝါရီလတွင် နေ့ခင်းကြောင်တောင် ရန်ကုန်နိုင်ငံတကာလေဆိပ်တွင် လူအများကြား ပစ်သတ်လုပ်ကြံခြင်းခံခဲ့ရသည်။ ထိုသေနတ်သမားကိုငှားရမ်းခဲ့သူမှာ စစ်တပ်မှအငြိမ်းစား ဗိုလ်မှူးတယောက် ဖြစ်ပြီး ထိုသူကမဘသကို အလှူငွေသိန်း၅၀၀ကျပ် လှူဒန်းခဲ့သူလည်းဖြစ်သည်။ ထိုသူနှင့်ကြံရာပါများသည်လည်း စစ်တပ်ထွက်အရာရှိဟောင်းများဖြစ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အတွေးအမြင်သမားတယောက်ဖြစ်ပြီး လက်တွေ့ပဓါနကျကျ လုပ်သူတယောက်မဟုတ်ချေ။ သူမကစစ်တပ်အရာရှိဟောင်းများကို သူမ၏အစိုးအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်စေခွင့်ပေးခဲ့လျှင် တပ်မတော် ခေါင်းဆောင်များ သည် အပေးအယူလုပ်လာပြီး နောက်ဆုံးအခြေခံဥပဒေကြီးကို ပြောင်းလဲရန် သဘောတူညီလာလိမ့်မည်ဟု ယုံကြည်ထား သူဖြစ်သည်။

သူမအနေနှင့် စစ်ဗိုလ်ချုပ်များနှင့်ပူးပေါင်းဆောင်ရွက်ရင်း အမျိုးသားရင်ကြားစေ့ရေးကို တွင်တွင်ပြောကြားနေသော်လည်း စစ်ဗိုလ်ချုပ်များတွင် အခြေခံဥပဒေကိုပြောင်းလဲပစ်လိုသော စိတ်ဆန္ဒအလျှင်းမရှိကြချေ။ တဖက်တွင် သူတို့နိုင်ငံရေး ကစားကွင်းတွင် သူမကိုဆန့်ကျင်နိုင်ဖို့ ကျိုးစားလျက်ရှိကြသည်။

တပ်မတော်မှ ထိပ်တန်းစစ်အရာရှိကြီးများသည် သူတို့သည် နိုင်ငံရေးပါတီများနှင့် ပတ်သက်ခြင်းမရှိကြောင်း စစ်မှုထမ်းစဉ် ကာလကပြောကြားခဲ့ကြသော်လည်း စစ်တပ်မှအနားယူသည့်အခါတွင် အခြားနိုင်ငံရေးပါတီများကို မျက်ကွယ် ပြုလျက် ကြံခိုင်ဖြိုးပါတီသို့သာ ဝင်ရောက်ကြသည်။ အပြန်အလှန်အားဖြင့် သူတို့၏သစ္စာစောင့်သိမှုကို ဂုဏ်ပြုသောအားဖြင့် သူတို့အားဗဟိုကော်မတီဝင်များအဖြစ် ကြံခိုင်ဖြိုးပါတီမှ ခန့်ထားခဲ့သည်။

မဘသကိုမဟာသံဃနာယကအဖွဲ့မှ တရားမဝင်ဗုဒ္ဓဘာသာအဖွဲ့အစည်းအဖြစ် ပိတ်ပင်တားမြစ်ခဲ့သော်လည်း သူတို့၏လုပ် ဆောင်မှုများကို အစိုးရက ကိုင်တွယ်ရန်မပြုလုပ်ရဲဘဲ ဖြစ်နေခဲ့သည်။

ရခိုင်အရေးကိုဖြေရှင်းရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် အကြံပေးကော်မတီ မှ ရခိုင်ပြဿနာအတွက် အဖြေရှာမှုအကြံပြုချက်ကို သမတဦးထင်ကျော်ထံသို့ ၂၀၁၇ခုနှစ် သြဂုတ်လ ၂၃ရက်နေ့တွင် တင်သွင်းခဲ့သည်။ ရခိုင်ပြည်နယ်ရှိပြည်သူများအတွက် ငြိမ်းချမ်းရေး၊ မျှတရေး နှင့်အနာဂါတ်အတွက် ကြီးပွါးချမ်းသာရေး တို့ကိုရှေ့ရှုသော အကြံပြုချက်သည် ပြဿနာများကိုဖြေရှင်းနိုင်မည့် မျှော်လင့်ချက်များကိုရရှိလာစေသည်။

သို့ရာတွင်၂ရက်အကြာ၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ ပုလိပ်စခန်း ၃၀ ကို သူတို့ကိုယ်သူတို့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် အာဆာဟုခေါ်သော အဖွဲ့ကလျှပ်တပျက် တချိန်တည်း တနေ့တည်း ဝင်ရောက် တိုက်ခိုက် ခဲ့ကြသည်။ကျေးရွာများရှိ ရခိုင်လူမျိုးများ၊ တိုင်းရင်းသားမျိုးနွယ်များနှင့် ဟိန္ဒူဘာသာဝင်များ စုစုပေါင်း ၄သောင်းခန့် နီးရာ စစ်တွေမြို့သို့ထွက်ပြေးကြရသည်။ အာဆာတိုက်ခိုက်မှုသည် စနစ်တကျစီမံထားပြီး အောင်မြင်စွာ သူတို့ရည်မှန်းချက် ကို အကောင်အထည်ဖော်နိုင်ခဲ့ကြသည်။ အပြစ်မဲ့ရခိုင်၊ တိုင်းရင်းသားမျိုးနွယ်များနှင့် ဟိန္ဒူလူမျိုးများကို သတ်ဖြတ် ခဲ့ကြသည့်အပြင် ဟိန္ဒူ ၁၀၀ကျော်ကို သတ်ဖြတ်မြေမြုပ်ထားမှုကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြသည်။

အာဆာတိုက်ခိုက်မှုသည် ကိုဖီအာနန်အကြံပြုချက်နောက် ၂ရက်အကြာတွင် ဖြစ်ပွါးခဲ့ခြင်းသည် တိုက်ဆိုင်မှုမဟုတ်ချေ။ အာဆာသည်ငြိမ်းချမ်းစွာ ဖြေရှင်းရေးကိုလိုလားသည့်အဖွဲ့မဟုတ်ချေ သူတို့မျှော်မှန်းချက်မှာ ရခိုင်ပြည်နယ်မှခွဲထွက်ပြီး မူဆလင်ပြည်နယ်ထူထောင်ရေးပင်ဖြစ်သည်။ မြန်မာစစ်တပ်မှ အင်အားဖြင့်တုံပြန်တိုက်ခိုက်ခဲ့ပြီး ဒါးလှံနှင့်အိမ်လုပ် ဖောက်ခွဲရေးပစ္စည်းများကိုသာ ကိုင်ဆောင်ထားသည့် အာဆာအဖွဲ့ဝင် ၃၀၀ခန့်ကို သတ်ဖြတ်ခဲ့ကြသည်။

ထိုအချက်ကရိုဟင်ဂျာများကိုသတ်ဖြတ်နေပါသည်ဆိုသည့် စွပ်စွဲမှုကိုဖြစ်ပေါ်လာစေသည်။ တချိန်တည်းမှာပင် ရခိုင်နှင့်ဟိန္ဒူများကလည်း ရိုဟင်ဂျာစစ်သွေးကြွများလက်ချက်ကြောင့် သူတို့ဆွေမျိုးများသတ်ဖြတ်ခံရကြောင်း ပြောကြားခဲ့ကြသည်။ ထိုပြောကြားချက်နှစ်ခုလုံး မှန်နိုင်ပါသည်။

မြန်မာစစ်တပ်မှအာဆာအဖွဲ့ဝင်များသည် ရိုဟင်ဂျာရွာများကို မီးတိုက်ခဲ့ကြပြီး ရွာသားများကိုမောင်းနှင်ထုတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ရိုဟင်ဂျာများက သူတို့ရွာကိုမီးရှို့သူများမှာ မြန်မာစစ်တပ်ဖြစ်သည်ဟုဆိုသည်။ နှစ်ဖက်လုံးမှ ပြောစကားများသည် မှန်နိုင်ပါသည်။ ထိုအကြောင်းများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ ရိုဟင်ဂျာ ၆ သိန်းခန့်စုပြုံ ရောက်ရှိလာခဲ့ပေသည်။

မြန်မာအစိုးရမှသတင်းသမားများကို ထိုပြဿနာဖြစ်နေသော ဒေသများသို့ သွားရောက်ရန်ခွင့်မပြုခဲ့သဖြင့် အာဆာစစ်သွေးကြွများက မီးရှို့နေသည်ဆိုစေကာမူ သက်သေပြနိုင်ခြင်းမရှိချေ။

အာဆာ၏နည်းဗျူဟာသည် သံသယဖြစ်စရာနည်းနည်း ရှိသည်။ သေနတ်နှင့် လူ အင်အားမယှဉ်နိုင်ပါဘဲလျက် လျှပ်တပျက် တိုက်ခိုက်ပြီး ကျေးရွာများရှိ ရိုဟင်ဂျာများကို အကယ်၍ သူတို့ရွာထဲတွင် ဆက်နေမည်ဆိုလျှင် သူတို့အားလုံး အသတ်ခံရ လိမ့်မည် ဖြစ်ကြောင်းဝါဒဖြန့်ချီခြင်းပင်ဖြစ်သည်။ ထိုလူသိန်းနှင့်ချီပြီး ထွက်လာအောင် လုပ်လိုက်သည့်အတွက် ကမ္ဘာ၏ အာရုံစူးစိုက်မှုကို ရရှိသွားခဲ့ခြင်းသည် အာဆာ ရည်မှန်းချက်အောင်မြင်ခြင်း ဖြစ်သလို ရိုဟင်ဂျာများသည် ဖိနှိပ်ခံလူတန်းစား များ ဖြစ်ကြောင်းကိုတင်ပြနိုင်ခဲ့သည်။ ထိုပဋိပက္ခကြောင့် စစ်တပ်ကိုပြစ်တင်မှုထက် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ရန် ကိစ္စဖြစ်လာခဲ့သည်။

နိုင်ငံတကာနိုင်ငံရေးကွင်းတွင်သူမသည် လူမျိုးတုံးသတ်ဖြတ်မှုတွင်တားဆီးရန်တာဝန်ရှိသည်ဟုဆို၍ ပြစ်တင်ခြင်းကို ခံနေရပြီး ပြည်တွင်းတွင်လည်း ဗုဒ္ဓဘာသာအစွန်းရောက်များက မူဆလင်များဖက်သို့ ယိမ်းသည်ဟု ပြစ်တင်ဝေဖန်ခြင်း ကိုခံနေရသည်။

တချိန်ကအနောက်၏ ချစ်မြတ်နိုးခြင်းခံရသူသည် ယခုအခါရိုဟင်ဂျာများ ဒုက္ခခံစားနေရမှုများကို ထုတ်ဖော်မပြောဆို ရကောင်း လားဟု ပြစ်တင်ဝေဖန်ခြင်းကိုခံနေရသည်။ သူမ၏ချစ်လှစွာသော အောက်စဖို့တက္ကသိုလ်ကြီးမှ မကြာခင် ကာလက ခန်းမတွင် ဂုဏ်ယူစွာ ချိတ်ထားသော သူမ၏ပုံကိုဖြုတ်ချခဲ့သည်။

တဖက်တွင်လည်း မဘသနှင့်ကြံခိုင်ဖြိုးပါတီတို့မှ သူမ၏အစိုးရကို ရိုဟင်ဂျာများကို ဘင်္ဂါလီဟု မခေါ်ဆိုသည့်အတွက်ဟု ရှုံချပြစ်တင်နေကြသည်။ ယခင်သမတ ဦးသိန်းစိန်ကို ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီ တယောက်အဖြစ် ချီးမွန်းကြပြီး မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိ ဘင်္ဂါလီများသာရှိကြောင်း ကြွေးကြော်ကြသည်။ အနောက်နိုင်ငံများနှင့် ပြည်တွင်းဝေဖန်မှု များကို ရှောင်ရှားရန်အတွက် ဒေါ်စုအစိုးရသည် ရခိုင်ပြည်နယ်ရှိ မူဆလင်များဆိုသည့် အသုံးအနှုန်းကိုသုံးစွဲခဲ့သည်။

လွန်ခဲ့သောအပတ်က တပ်မတော်က အကြမ်းဖက်သမားများကို ရခိုင်ပြည်နယ်တွင်ခြေမှုန်းခဲ့ခြင်းအပေါ် ထောက်ခံပွဲကြီးကို ရန်ကုန်မြို့တော်တွင်ပြုလုပ်ခဲ့ပြီး သမတဦးတင်ကျော်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့အား တပ်မတော်ကို ထောက်ခံမှု မပြုသည့် အတွက်ဟု ဆိုကာပြစ်တင် ဝေဖန်ခဲ့ကြသည်။ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် လွှတ်တော်အမတ်ဖြစ်ပြီး တပ်မှူးတယောက်လည်းဖြစ်ခဲ့သူက တပ်မတော်ကိုမထောက်ခံတဲ့သူဆိုတာ သူပုန်ပဲဟုဟောပြောခဲ့သည်။ သူက ရိုဟင်ဂျာထောက်ခံသူများသည် ငှက်များသာဖြစ်သည်ဟု ဒေါ်စုတို့ပါတီ အမှတ်အသား ခွပ်ဒေါင်းကိုရည်ညွှန်းလျက် တိုက်ရိုက်ပုတ်ခတ်ခဲ့သည်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့်ကျောင်းသားများသည် မြန်မာနိုင်ငံရှိစစ်အစိုးရများကို ဆန့်ကျင်ရာ၌ ရှေ့တန်းမှ ပါဝင်ခဲ့ကြ သူများ ဖြစ်သည်။ ၁၉၈၈၊ ၁၉၉၀၊၂၀၀၇ခုနှစ်တို့တွင် သံဃာတော်များက စစ်အစိုးရကို ဆန့်ကျင်ခဲ့ကြပြီး သံဃာတော် မြောက်များစွာ အဓမ္မသင်္ကန်းချွတ်ခံရခြင်း နှိပ်စက်ညှင်းပန်းခြင်းများခံခဲ့ကြရသည့်အပြင် ထောင်နှစ်ရှည်ကျခဲ့ကြသည်။ စစ်တပ်သည်ယခုအခါတချိန်က သူတို့ကိုဆန့်ကျင်ခဲ့သောသံဃာတော်များကို သူတို့ကိုထောက်ခံသူများဖြစ်လာအောင် ဗုဒ္ဓဘာသာကို အမျိုးသားရေးအသွင်ဗုဒ္ဓဘာသာအဖြစ် အားပေးရင်း သူတို့ဖက်သို့ထောက်ခံသူများအဖြစ် အောင်မြင်စွာဖက်ပြောင်းနိုင်ခဲ့ကြသည်။

ထိုကြောင့်ရလာသည့်ရလာဒ်မှာ မူဆလင်ဆန့်ကျင်ရေးနိုင်ငံအနှံ ဖြစ်ပွါးလာခြင်းဖြစ်သည်။ တချိန်က စစ်ဆန့်ကျင်ရေး သံဃာတော်များသည် စစ်တပ်နောက်ခံပြုထားသော ကြံခိုင်ဖြိုးပါတီ၏ ထောက်ခံအားပေးမှုကို ရရှိလာခဲ့သည်။ သို့ရာတွင်နိုင်ငံရေးအမြင်ရှိသော ၂၀၀၇ခုနှစ်ရွှေဝါရောင် သံဃာတော်များသည် ဒေါ်စုကိုဆက်လက် ထောက်ခံနေဆဲဖြစ်သည်။

ဒီမိုကရေစီတိုးတက်ထွန်းကားလာရေး အားနည်းလာခြင်း

ဒေါ်စုသည်ယခုအခါ အမျိုးသားရေးဗုဒ္ဓဘာသာဝင်များနှင့် တပ်နောက်ခံအားပြုထားသည့်နိုင်ငံရေးပါတီတို့၏ ဖိအားနှင့် အခြား တဖက်တွင်လည်း ရိုဟင်ဂျာအရေးနှင့် အနောက်နိုင်ငံများ၏ဖိအားနှစ်ခုကြားတွင် ဖိနှိပ်ထားခြင်းခံနေရသည်။ သူမ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု ဗျူဟာကို ကြီးမားစွာ အားနဲမှုကိုဖြစ်လာစေသည်။ သူမ၏တပ်မတော်နှင့် ရင်ကြား စေ့ရေး ဆောင်ရွက်မှုများသည်အလုပ်မဖြစ်ပေ၊ သူမ၏ တချိန်ကမဟာမိတ်ဖွဲ့ထားသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများ နှင့်လည်း ပြိုကွဲလျက်ရှိသည် အဘယ့်ကြောင့်ဆိုသော် သူတို့သည် ပစ်ပယ်ခြင်းခံနေရသည်ဟု ခံစားနေရသောကြောင့် ဖြစ်သည်။ ထိုကြောင့် တိုင်းရင်းသားများနှင့် လက်နက်ကိုင် ပဋိပက္ခတ်ကိစ္စကို ဖြေရှင်းနိုင်ရေးမှာ ဆက်လက်ဝေးကွာ နေအုံးမည်ဖြစ်သည်။

သူမအုပ်ချုပ်နေစဉ်ကာလ ထိုပြဿနာများကိုကျော်လွှားနိုင်ရန်အတွက် သူမအနေနှင့် စစ်တပ်ကိုသာ စောင်းပေး၍ အမျိုးသားရင်ကြားစေ့ရေးလုပ်ဆောင်နေသည့် ဗျူဟာကိုပြန်လည်စဉ်းစားသင့်ပြီး သူမအပေါ် ဆက်လက် သစ္စာရှိနေသော မိတ်ဆွေဟောင်းများကို ယုံကြည်စွာလက်တွဲနိုင်ဖို့လိုပေသည်။ သူမအနေနှင့်နိုင်ငံတွင်း မည်သည်တို့ မှားနေသည်ကို စစ်တပ်ငြိုငြင်မှုကို ကြည့်မနေဘဲ ထုတ်ဖော်ပြောဆိုနိုင်ဖို့ လိုပေသည်။

အကယ်၍ သူမအနေနှင့် ပြည်သူတို့အတွက် ရဲရဲတင်းတင်း ထုတ်ဖော်ပြောဆိုနိုင်မည်ဆိုလျှင် သူမအနေနှင့် အနောက်နိုင်ငံများ၏ယုံကြည်မှုကို ပြန်လည်ရရှိလာနိုင်ပြီး အရာရာတွင် စစ်တပ်လွှမ်းမိုးထားသော အခြေခံဥပဒေကို ပြောင်းလဲရန် ပိုမိုအခွင့်သာသော အနေအထားကိုရရှိနိုင်မည်ဖြစ်သည်။

စာရေးသူ - ထွန်းအောင်ကျော်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး၏ ဥက္ကဋ္ဌဟောင်းတဦးဖြစ်ပြီး အမေရိကန်နိုင်ငံ ကော်နယ်တက္ကသိုလ်တွင် အာရှဆိုင်ရာလေ့လာရေးဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရယူထားသူဖြစ်သည်။

အောင်ငြိမ်းချမ်း (Myanmar Now) ● နည်းပညာသစ်နှင့် ထိတွေ့လာသော ရခိုင်ဒေသလယ်သမားများ

$
0
0

အောင်ငြိမ်းချမ်း (Myanmar Now) ● နည်းပညာသစ်နှင့် ထိတွေ့လာသော ရခိုင်ဒေသလယ်သမားများ
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇

မြေပုံ၊  မင်းပြား (Myanmar Now)— ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ လောင်းဒရိတ်ကျေးရွာ အပြင်ဘက် တောင်ကုန်း ငယ်များကြားရှိ လယ်ကွင်းမှာ စပါးပင်များဖြင့် စိမ်းလန်းနေသည်။  မျိုးကောင်းမျိုးသန့်နှင့် နည်းစနစ်သစ်သုံးထားသော သူ၏ လယ်သည် ယခင်ကာလများထက် ပိုမိုအကျိုးပေးမည်မှာ သေချာသောကြောင့် ဦးသန်းရွှေမောင် ကျေနပ်လျက်ရှိသည်။

ဦးသန်းရွှေမောင်သည် ယခင်က  မိရိုးဖလာ စိုက်ပျိုးနည်းဖြစ်သည့် ပျိုးပက်ကြဲသည့်နည်းလမ်းကိုသာ အသုံးပြုခဲ့သူဖြစ်သည်။ အကူအညီပေးရေးအဖွဲ့အစည်းတစ်ခု၏ သင်ကြားမှုအစီအစဉ်တစ်ခုတွင် ရွာရှိ  စပါးစိုက်တောင်သူဆယ်ဦးပါဝင်ရာ ထိုအထဲ တွင် ဦးသန်းမောင်ရွှေက ခေါင်းဆောင်ဖြစ်သည်။

ရရှိလာသည့်စိုက်နည်းသစ်ကို ပြောင်းလဲအသုံးပြုရာမှ ရလဒ်ကောင်းများမြင်နေရပြီဟု သူက တက်တက်ကြွကြွ ပြောပြ သည်။

“စိုက်ပျိုးရေးနည်းလမ်းအသစ်နဲ့ စိုက်တော့ မျိုးစပါးကုန်ကျတာလည်း နည်းလာတယ်။ စပါးပင်တွေကလည်း အပင်တွေ အများကြီး ပွားလာတယ်” ဟု ဦးသန်းရွှေမောင်က ပြောသည်။ 


  မြေပုံမြို့နယ်၊ လောင်းဒရိတ်ကျေးရွာမှ ဦးသန်းရွှေမောင်ကို သူ၏လယ်ယာလုပ်ငန်းခွင်တွင် နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်
(ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

စိုက်ပျိုးနည်း အပြောင်းအလဲနောက်ပိုင်း တွေ့ရသည့် စိုက်ခင်းအခြေအနေကိုကြည့်ပြီး စပါးအထွက်နှုန်း နှစ်ဆတိုးလာမည်ဟု စိုက်ပျိုးသည့် တောင်သူများက ဆိုကြသည်။

ဤဖြစ်ထွန်းမှုမှာ ကူညီရေးအဖွဲ့၏ စီမံကိန်းဒေသအတွင်းသာဖြစ်ပြီး စီမံကိန်းနယ်မြေအပြင်ဘက်ကျေးရွာများနှင့် သက်ဆိုင် မည်မဟုတ်ပေ။

မြေပုံမြို့နယ်မှာ စိုက်ပျိုးရေးဒေသတစ်ခုဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာန၏ အချက်အလက်များအရ ယခုဘဏ္ဍာနှစ်အတွက် မိုးစပါး ၆၅,၂၅၄ ဧက စိုက်ပျိုးခဲ့ပြီး တောင်သူအများစုမှာ မိရိုးဖလာ ပျိုးပက်ကြဲသည့် နည်းလမ်းသာ အသုံးပြုကြကြောင်း သိရသည်။

● စိုက်ပျိုးနည်းသစ်
ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊  မြေပုံ၊  မင်းပြား၊  ပေါက်တောမြို့နယ်တို့တွင် လယ်သမား အများအပြားကို အကူအညီပေးနေ သော တက်လမ်းစီမံကိန်းသည်  ၂ဝ၁၃ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။  ဤစီမံကိန်းသည်  ပြည်နယ်အတွင်း သဘာဝ ဘေးဒဏ် ကျရောက်ထိခိုက်လွယ်သော ကျေးရွာများတွင် ရေရှည် စားနပ်ရိက္ခာ ဖူလုံရေး၊  အစာအာဟာရ ပြည့်ဝရေး၊  ရေ၊  ပတ် ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊  အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ တိုးတက်ရေးတို့ကို လုပ်ဆောင်ခြင်းဖြင့် ဒေသခံတို့ ရပ်တည်နိုင်စွမ်းမြင့်မားရန်ရည်ရွယ်ကြောင်း သိရသည်။ အဆိုပါစီမံကိန်းကို မြန်မာပြည်ဒေသအများအပြားရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်စပ်နေသော အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) က ငွေ ကြေး ထောက်ပံ့ထားသည်။

မင်းပြား၊  မြေပုံမြို့နယ်များရှိ ကျေးရွာပေါင်း ၁ဝ၂ ရွာတွင် လယ်သမား ၄,ဝဝဝ သည် တက်လမ်း၏ စိုက်ပျိုးရေးအစီအစဉ်များ တွင် ပါဝင်နေသည်ဟု ဆိုသည်။

လယ်သမားသင်တန်းကျောင်း ၅၄ ခုရောက် ဒေသခံတို့ကို စပါးအထွက်နှုန်း နှစ်ဆတိုးနိုင်သည့် လက်တွေ့နည်းနာတို့အကြောင်း ပြသ ပို့ချချက်များအတွင်း  မြေပြင်သည့်အချိန်မှ စတင်ပြီးရိတ်သိမ်းချိန်အထိ လိုက်နာရမည့် အချက်များလည်း ပါဝင်ကြောင်း၊  သင်တန်းပြီးလျှင် နီးစပ်ရာတောင်သူတို့ထံ ဗဟုသုတ ပြန်လည်မျှဝေပေးကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

မျိုးစပါး ထုတ်လုပ်ရေးအတွက် စီမံကိန်းဒေသတွင်း   လယ်သမား ၈၁၅ ဦးက မျိုးသန့်ပွားများထုတ်လုပ်နည်း အစီအစဉ်တွင် ပါဝင်ခဲ့သည်။ ၎င်းတို့ ထုတ်လုပ်သော အထွက်တိုးမျိုးစပါး ၆,၇၆၇ တင်းကို လယ်သမား ၄,ဝဝဝ ကျော်ထံ ၂ဝ၁၅ စိုက်ပျိုး ရာသီအတွက် ပြန်လည်ဖြန့်ဝေပေးခဲ့ပြီး ထွက်ရှိလာသည့် မျိုးစပါးများသည် ထိုနှစ်က တိုက်ခတ်ခဲ့သော ကိုမန်မုန်တိုင်းဒဏ် ကို တွန်းလှန်ရှင်သန်နိုင်ခဲ့သည်ဟု တက်လမ်း၏ အစီအရင်ခံစာထဲတွင် ဖော်ပြထားသည်။

စိုက်ပျိုးရေးအထောက်အကူပြုလုပ်ငန်းများအတွက် ထွန်စက် ၁ဝ၇ လုံး၊  စပါးခြွေလှေ့စက် ၇၉ လုံးကိုလည်း စီမံကိန်းလေးမြို့နယ်အတွင်းရှိ လယ်သမားများအတွက် ဖြန့်ဝေပေးခဲ့သည်။

● မျိုးကောင်း မျိုးသန့်
ပြောင်းလဲလာသည့် နည်းစနစ်များကို ကျင့်သုံးနိုင်ရန်အတွက် မိရိုးဖလာနည်းမှ ခွဲထွက်လိုက်သော်လည်း အခက်အခဲတချို့ ရှိနေသေးကြောင်း  ဦးသန်းရွှေမောင်က ပြောသည်။  နည်းလမ်းသစ်က လူအား၊  ငွေအား ပိုမိုကုန်ကျမည်ဟု သူက ဆို သည်။

“မိရိုးဖလာနည်းအတိုင်းဆိုရင်တော့ ပက်ကြဲလိုက်တာပဲ၊  ပျိုးထောင်ပြီးစိုက်ရင်တော့ လူရော၊ ငွေရော လိုလာပြီလေ” ဟု ဦးသန်းရွှေမောင်က ပြောသည်။

မြေပုံနှင့် ကပ်လျက်တည်ရှိသည့် မင်းပြားမြို့နယ်၊  ကြိမ်ချောင်းကျေးရွာတွင် နေထိုင်သော ဦးကျော်သောင်းက ယခုနှစ်တွင် လုပ်သားရှားပါးမှုကြောင့် မိရိုးဖလာ နည်းလမ်းဟောင်းကိုသာ အသုံးပြုနေသည်ဟု ဆိုသည်။ 


နိုဝင်ဘာလဆန်းပိုင်းက မင်းပြားမြို့နယ်၊ ကြိမ်ချောင်းရွာတွင် စပါးရိတ်သိမ်းနေသည့် လယ်သမားများ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

အဆိုပါလုပ်သားအင်အား အခက်အခဲအတွက် ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခုကိုလည်း တက်လမ်းက အကြံပေးထား သည်။ ဖြေရှင်းသည့်နည်းမှာ တောင်သူအချင်းချင်း အပြန်အလှန်ကူညီပေးရေးပင်ဖြစ်သည်။

ဤဒေသတွင် ရေလမ်းခရီးကိုသာ အားထားနေရခြင်းမှာ စိုက်ပျိုးထွက်ကုန်များ ဈေးကွက်သို့ အဆင်ပြေ ချောမွေ့စွာရောက်ရှိ ရေးအတွက်  အဟန့်အတား ဖြစ်နေသည်ဟု တက်လမ်းလူထုဆက်သွယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး  Jennifer M. Macintyre က ပြောသည်။

“ထွက်လာတဲ့စပါးက စားနပ်ရိက္ခာဖူလုံတာတော့မှန်တယ် ဝင်ငွေတိုးလာအောင် ဈေးကွက်ကို လက်လှမ်းမှီအောင် ရောင်းဖို့ ကတော့ အခက်အခဲ ရှိသေးတယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။

ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်က စပါးဈေးကွက် ခိုင်မာစေရန် မျိုးကောင်းမျိုးသန့်များ အသုံးပြုရန် လိုအပ်နေ ကြောင်း၊ မျိုးကောင်းမျိုးသန့်များ ပိုမိုထွက်ရှိရေးအတွက် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးတည်လုပ်ဆောင်နေကြောင်း ပြောသည်။

“မျိုးကောင်းမျိုးသန့် နည်းတယ်၊ ပြီးတော့ မျိုးတွေကရောနေတယ်။ ရောနေတော့ စပါးအရည်အသွေးက အရမ်းကို နိမ့်ပါ တယ်” ဟု ဝန်ကြီးက စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံးတွင် မကြာသေးခင်က တွေ့ဆုံစဉ် ပြောပြသည်။

● နည်းပညာ မျှဝေရေး
စပါးအထွက်နှုန်းတိုးလာရန် စိုက်ပျိုးနည်းစနစ်သစ်များကို သေချာစွာ လိုက်နာရန် လိုအပ်ပြီး လိုက်နာခြင်းမရှိသည့် တောင် သူတချို့မှာ အထွက်နှုန်းလျော့ကျခြင်းနှင့် ကြုံတွေ့နေရသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ ကြိမ်ချောင်းရွာမှ ဦးကျော်သောင်း ဖြစ်သည်။

သူ၏ လယ်မှ စပါးအထွက်နှုန်း များစွာ မတက်ရသေးသည့် အကြောင်းရင်းမှာ နည်းသစ်ကို စနစ်တကျလိုက်နာမှု အားနည်း သောကြောင့် ဖြစ်ဖွယ်ရှိသည်ဟု ဦးကျော်သောင်းက ပြောသည်။

“ပေါင်းမြက်တွေထွက်လာမှာစိုးလို့ စိုက်ခင်းထဲကို ရေထည့်ပြီးပိတ်ထားလိုက်တော့ အထွက်နှုန်းက သိသိသာသာ မတက် လာဘူး” ဟု ဦးကျော်သောင်းက ပြောသည်။

တက်လမ်း စီမံကိန်းဝင် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် International Resuce Committee (IRC)  မှ ဒုတိယညွန် ကြားရေးမှူး (စီမံခန့်ခွဲရေး)  ဦးအောင်ကြီးက ရခိုင်ဒေသခံ တောင်သူတို့သည် နည်းစနစ်သစ်ကို အပြည့်အဝ ကျင့်သားရဟန် မရှိသေးဟု သုံးသပ်သည်။

“နည်းစနစ်သစ်တွေနဲ့ စံပြစိုက်ကွက်တွေစိုက်ပြတယ်။ ဒါပေမဲ့ တချို့ကလည်း လိုက်နာဖို့ အခက်အခဲရှိတယ်။ တချို့ကလည်း သိပ်မယုံသေးဘူး။ မိရိုးဖလာနည်းကို မစွန့်လွှတ်နိုင်ကြသေးဘူး” ဟု ဦးအောင်ကြီးက စစ်တွေမြို့ရှိ IRC ရုံးတွင် တွေ့ဆုံစဉ် ပြောပြသည်။

တက်လမ်းအဖွဲ့၏ နိုင်ငံတကာ စိုက်ပျိုးရေး မန်နေဂျာ Gerasmo Pono ကလည်း လယ်သမားတို့သည် သင်တန်းကျောင်းများက ပို့ချ ဖြန့်ဝေလိုက်သည့် နည်းပညာများ၏ ၇ဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းအထိသာ  အသုံးချနေကြသည်ဟု ခန့်မှန်းသည်။

“တောင်သူလယ်ယာစာသင်ကျောင်းများ အစီအစဉ်က နည်းပညာအသုံးချမှုကို IRC အနေနဲ့ စစ်တမ်းကောက်ယူပြီး ဒီနှစ် ကုန်မှာ ကိန်းဂဏန်းအတိအကျ ထွက်ပေါ်လာမှာဖြစ်ပါတယ်”  ဟု Gerasmo Pono က ရှင်းပြသည်။

မကြာသေးခင်က လောင်းဒရိတ်ကျေးရွာအပြင်ဘက် လယ်တောထဲတွင် တွေ့ရသော ဦးခင်သန်းမောင်သည် တက်လမ်းအစီ အစဉ်နှင့် သက်ဆိုင်ခြင်း မရှိပေ။  သူက အစီအစဉ်တွင် ပါဝင်နေသူတို့၏ အလားအလာ ကောင်းသော စပါးခင်းများ၏ အခြေ အနေကို ကြည့်ပြီး နည်းပညာများရယူရန် ဆန္ဒရှိနေသည်။

“သူတို့စိုက်တာကြည့်လိုက်တော့ ကျွန်တော်တို့လည်း အဲဒီလိုစိုက်ချင်လာတယ်” ဟု ဦးခင်သန်းမောင်က ဆိုသည်။

သို့သော်လည်း  တက်လမ်းစီမံကိန်းသည် လာမည့်နှစ်  ဒီဇင်ဘာလတွင် ပြီးဆုံးမည်ဖြစ်သည်။

သင်တန်းဆင်း တောင်သူတို့က နည်းပညာလိုအပ်သည့် ကျေးရွာသားများကို ပြန်လည် မျှဝေနိုင်ရေးကိုလည်း တက်လမ်းက စီစဉ်ထားသည်။

စိုက်ပျိုးနည်းစနစ်များကို သေချာလိုက်နာသည့် ဦးသန်းရွှေမောင်က လောင်းဒရိတ်ကျေးရွာအပြင်ဘက် သူ၏လယ်ကွက် အတွင်း စပါးပင်များကို ၁ဝ လက်မစီခြားကာ အတန်းလိုက်စိုက်ပျိုးခြင်းသည် ပက်ကြဲစိုက်ပျိုးခြင်းထက် အပင်အထွက်နှုန်း သိသာစွာ ပြောင်းလဲလာသည်ဟု ပြောသည်။

တစ်ဧကလျှင်တင်း ၅ဝ ဝန်းကျင်သာထွက်ခဲ့သော်လည်း စနစ်သစ်ကြောင့်  တင်း ၁ဝဝ နီးပါး ထွက်ရှိမည်ဟု မျှော်မှန်းကြောင်း ဦးသန်းရွှေမောင်က ပြောသည်။

“အထွက်နှုန်း တိုးလာရင်တော့ ကုန်ကျစားရိတ်တွေလည်း ကာမိလာမယ် ထင်တယ်။ ပြီးတော့ အမြတ်အစွန်း ပိုလာမယ်” ဟု  ဦးသန်းရွှေမောင်က သူ၏စပါးခင်းကို ကြည့်ရင်း ပြောလိုက်သည်။ ။

လင်းခါး - ယင်ကောင်

$
0
0


ယင်ကောင်
လင်းခါး
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇
 
ယင်ကောင်ဟာ ထူးဆန်းတယ်
အသံမြည်တယ် လက်နံတယ်
တဝီဝီမြည်တယ် နှာမောင်းပွတ်တယ်
ရောဂါပိုး သယ်ဆောင်တယ်
ယင်ကောင်ဟာ သနားဖို့ကောင်းတယ်

ဘုန်းတော်ကြောင့် ဗမာမင်းအဆက်ဆက်ဟာ
ယင်ကောင်ကို မြင်ဖူးမယ် မထင်ဘူး
ယင်ကောင်လည်း ဘုရင်တွေကို မြင်ဖူးမှာ မဟုတ်ဘူး
ဒါကတော့ ဘုန်းကံနဲ့ မဆိုင်ဘူးထင်တယ်
တနေ့တော့ ယင်ကောင်ဟာ စဉ်းစားတယ်
ပညာမဲ့တဲ့ ခြင်တွေဟာ ဘယ်တော့မှ
မအောင်မြင်နိုင်တဲ့ တော်လှန်ရေးကို မိုက်မဲစွာ ဆင်နွှဲနေကြတယ်
ဇွဲသန်တဲ့ ပျားတွေကျပြန်တော့လည်း
တဘဝလုံး ဘုံအလုပ်ဖွဲ့မှာ ကျွန်ပြုစေခိုင်းတာ ခံနေရပြန်တာပဲ
မျောက်လို စူးစမ်း
မိချောင်းလို သတိနဲ့ယှဉ်
ဓမ္မနဲ့သာ ဘဝကိုဖြတ်သန်းမှလို့ တွေးသတဲ့။

ယင်ကောင်ဟာ မုန်းဖို့ကောင်းတယ်
တားမြစ်ထားတဲ့ အစားကိုစားတယ်
ဘုန်းတော်ကြောင့် ယင်ကောင်ကို
ငါတို့ ဘယ်တော့မှ ဖမ်းလို့မရ
ရခဲ့ရင်လည်း အဲဒီယင်ကောင်ဟာ
ထဘီတန်းအောက်ကပျံခဲ့တဲ့ ယင်ကောင်ပဲ ဖြစ်ရမယ်။ ။


ကာတွန်း ရွှေဗိုလ် ● သမ္မတဆိုတာ

$
0
0

ကာတွန်း ရွှေဗိုလ် ● သမ္မတဆိုတာ
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇

ကိုသန်းလွင် ● ဆိုကရေးတီးနှင့် လူ့ဘဝ

$
0
0
ကိုသန်းလွင် ● ဆိုကရေးတီးနှင့် လူ့ဘဝ
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇

(၁)
ဘီစီ ၃၉၉ ခုနှစ်က ဆိုကရေးတီးကို သေဒဏ်ချမှတ်လိုက်သောအခါ သူ့မိတ်ဆွေများကသူ့ကို လွတ်မြောက်ရာ လွတ် မြောက်ကြောင်း ထွက်ပြေးဘို့ အကြံပြုကြပါသည်၊ သူတို့တွင် ထောင်အရာရှိများကို လာဘ်ထိုးရန်ငွေကြေး ရှိသည်၊ သူတို့ နားလည်ထားကြသည်မှာ ထောင်အရာရှိများကလည်း ဖီလိုဆိုဖာကြီးကို လွတ်ရာလွတ်ကြောင်း သွားစေချင်ကြသည်၊ သူတို့လိုအပ်နေသည်မှာ ဆိုကရေးတီးက သဘောတူညီဘို့ပင်ဖြစ်သည်။

သူကထွက်ပြေးရန်အကြံပေးခြင်းကိုလက်မခံပါ၊ ဥပဒေအတိုင်း တသက်လုံးနေလာခဲ့သည်၊ ဘယ်သောအခါမှ ဥပဒေကို မချိုးဖောက်ဟု ဆိုသည်။

(၂)
ကျွန်တော့်ဖခင်က ဤအတိုင်းပြောပြခဲ့ပါသည်၊ ကျွန်တော်သည် အသက်အရွယ်ငယ်သေးသဖြင့် ဆိုလိုချက်ကို စေ့စေ့ငုငု နားမလည်ခဲ့ပါ၊ ကျွန်တော်လက်ခံထားခဲ့သည်မှာ အလွန်ကျော်ကြားကြားသော ပုဂ္ဂိုလ်ကြီးများသည် ဥပဒေကိုလိုက်နာရန် အတွက် ‘သေ’ဘို့ကိုပင် အဆင်သင့်ရှိကြသည် ဟူ၍ ဖြစ်ပါသည်၊ ယခု သမ္မတထရန့်လက်ထက်တွင် ဤပြဿနာတွင် အခြားဒိုင်မေးရှင်းတခုကိုမြင်နိုင်ကြပါသည်၊ လူတယောက်၏ ရွေးချယ်ပိုင်ခွင့်သည် သူ၏ လူ့အဖွဲ့အစည်းကို ထိခိုက် မထိခိုက် ဟူ၍ဖြစ်ပါသည်။

သမ္မတကြီးထရန့်သည် ဆိုကရေးတီး၏ အရွယ် (၇ဝ) ဖြစ်ပါသည်။ ဤအသက်အရွယ်တွင် ဆိုကရေးတီးသေသွားခဲ့ပါသည်၊ ထရန့်သည် ဆိုကရေးတီးလို ခေါင်းမာသူဖြစ်သည်၊ သူတို့ တူညီချက်က ဤအချက်နှစ်ချက်သာ ဖြစ်သည်။

ဆိုကရေးတီးသည် ဘဝတခုလုံးအမှန်တရားနှင့်ကောင်းမွန်သောအရာများကို စဉ်ဆက်မပြတ်ရှာဖွေခဲ့သည်၊ အုပ်ချုပ်ရေး နှင့်ရာထူးဂုဏ်ရှိန် ကိုမမက်၊ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာရေးကိုလည်း အလိုမရှိခဲ့ပေ၊ ထရန့်ကမူ ဤသို့မဟုတ် သူသာ အကုန်သိပြီး ကမ္ဘာ၏အမြင့်ဆုံးရုံးကို သူပိုင်သဘွယ် ပြုမူခဲ့သည်၊ ဆိုကရေးတီးသည် နိုင်ငံကလိုအပ်လာသောအခါ စစ်သားအဖြစ် စစ်မှုထမ်းခဲ့သည်၊ ထရန့်မှာမူ စနစ်ကိုလှည့်စားပြီး အပေါက်ရှာကာ စစ်သားအဖြစ် တာဝန်ထမ်းဆောင်ရခြင်းကို ငြင်းပယ်ခဲ့သည်၊ ဆိုကရေးတီးက သူသည် ဘာမှသိသေးသည် မဟုတ်၊ လူတို့သည် တတ်သိနားလည်သူ့ထံမှ အတတ်ပညာ ကို သင်ယူပြီး လူအုပ်စုနောက်မှ လိုက်ပါခြင်းကို လိုအပ်လျင် ရှောင်ရှားရမည်၊ ထရန့်မှာအားလုံးတတ်ပြီး၊ နားလည်ပြီးဖြစ်သဖြင့် လူအုပ်ကိုဆရာလုပ်သည်၊ သူသည်သူ့နိုင်ငံမှ တတ်ကျွမ်းသောပညာရှင်များ၏စကားကိုနားမထောင်၊ နိုင်ငံရပ်ခြားတိုင်းတပါး မှအမြင်၊ အယူအဆကို ကောင်းသည်ဟု ချီးကျူးသည်၊ နိုင်ငံရေးရာများတွင် သူသာလျင်အရေးပါသူတစ်ယောက်အဖြစ် သဘောထားသည်။

ဆိုကရေးတီးကသူ့ကို စစ်ဆေးသော ဂျူရီ လူကြီး ၅ဝ၁ ယောက်၏ ရှေ့မှောက်တွင်ထွက်ဆိုသည်မှာ သူသည် အေသင် မြို့မှလူငယ်တွေကို ဖျက်ဆီးသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း၊ ဘုရားသခင်အသစ်ကို ဖန်တီးသည် ဆိုခြင်းမှာ မဟုတ်ရ ကြောင်းကို ထွက်ဆိုခဲ့သည်၊ သူသည်တိုင်းပြည်မှ ထွက်ခွါသွားရေးကို အလိုမရှိကြောင်းနှင့် ထိုပြစ်ချက်များကြောင့်သူ့ကို အပြစ်မပေးထိုက်ကြောင်း ထုချေပါသည်။

မည်သို့ဖြစ်စေ ဂျူရီလူကြီးများက သူ့ကို သေစေရမည်ဟု အမိန့်ချမှတ်သောအခါ  အေးဆေး တည်ငြိမ်စွာ ခံယူသွားရှာသည်၊ သူကအေသင်မြို့သားတစ်ယောက်အနေဖြင့် အေသင်မြို့လူကြီးများက ဆုံးဖြတ်ချက်ကို မည်မျှပင်သူ့အလိုနှင့် ဆန့်ကျင်စေ ကာမူ လက်သင့်ခံသည်ဟုဆိုသည်။

သမ္မတထရန့်ကအမေရိကန်နိုင်ငံက တရားစီရင်ရေးကို ရယ်ဘွယ်သာသဘောထားသည်။ သူ၏အပေါင်းပါ မိတ်ဆွေများကို တရားရုံးကဆင့်ခေါ်ခြင်းကို မခံမရပ်နိုင်၊ နိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း မလေ့လာဘဲနေသည်။
ဆိုကရေးတီးက သူ့အပေါ်စွဲချက်များကို အချက်ကျကျ ဖြေဆိုခဲ့သော်လည်း သူ၏တင်ပြချက်များမှာ တိုင်းပြည် ၏ စွဲဆိုချက်များနှင့်စာသော် ဘာမျှအရေးမကြီး၊ တိုင်းပြည်တွင် ဥပဒေကခိုင်မြဲဖို့ အရေးကြီးသည်၊ တရားရုံး တစ်ခုက ဆုံးဖြတ်ချက်ချပြီးလျင် အေသင် ဥပဒေအရ အယူခံပိုင်ခွင့်မရှိပေ။

စစ်အတွင်းဖြစ်စေ၊ တရားရုံးတော်၌ဖြစ်စေ၊ အခြားဘယ်နေရာမှာဘဲဖြစ်စေ၊ လူတစ်ဦးတစ်ယောက်သည် မြို့တော်၏ဥပဒေကို လိုက်နာရန်လိုအပ်သည်၊ ဆိုကရေးတီးကသူ့မိတ်ဆွေ ‘Crito’ ကိုပြောသည်၊ ထိုအရာများ ကို တပည့်ဖြစ်သူ ပလေတိုက မှတ်တမ်းတင်ထားခဲ့ပါသည်၊ ဥပဒေဆိုသည်မှာ လူတစ်ဦးတစ်ယောက်အတွက် နှစ်မျိုးရွေးချယ် နိုင်ကြောင်း၊ ပဌမအချက်မှာ အသာတကြည် လိုက်နာရန်နှင့် ဒုတိယအချက်မှာ ထိုဥပဒေကို မကြိုက်လျင် ပြုပြင် ပြောင်းလဲပစ်ရမည်ဟု ပြောခဲ့သည်။

ဥပဒေကို သင့်အလိုနှင့်ကိုက်ညီသောအခါ၌သာ လိုက်နာရန်မဟုတ်၊ အေသင်မြို့တွင်နေထိုင်ခြင်း၊ သူ၏ကလေး များကို အေသင်မြို့၌ ပညာသင်စေခြင်းဖြင့် အေသင်မြို့အပေါ်တွင် အယုံအကြည်ရှိကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်၊ ဥပဒေကို ယခုမှဆန့်ကျင်လျင် အပြောတမျိုးအလုပ်တမျိုးဖြစ်သွားနိုင်ပါသည်၊ အသက်သေမှာ ကြောက်သောကြောင့် အပြောတမျိုးအလုပ်တမျိုးလုပ်သည်ဟု အပြောမခံနိုင်ပါ။

ဆိုကရေးတီးနှင့်ယှဉ်ပြိုင်ပြီး မငြင်းနိုင်သောအခါ သူ၏မိတ်ဆွေများအဖို့ သူနှင့်သဘောတူညီလိုက်ရန်သာ ရှိပါ သည်၊ သူ၏ နောက်ဆုံးအချိန်အတွင်း သူနှင့်အတူရှိနေကြရန်သာကြိုးပမ်းကြရ တော့သည်၊ ဆိုကရေးတီးက နောက်ဆုံးအချိန်တွင် ဆွေးနွေးလိုသောအကြောင်းအရာမှာ ဖီလိုဆိုဖီသာ အဓိကဖြစ်သည်၊ ‘သေချာမဆန်းစစ်ရ ဘဲနှင့် ဘဝတစ်ခုဟာ နေဖို့မကောင်းပါဘူး’ ဟူ၍ ပြောသွားခဲ့သည်။

ဆိုကရေးတီးကွယ်လွန်သွားသောအချိန်မှာ အေသင်မြို့သည် လွန်စွာအန္တရာယ်ကြီးမားသော အချိန်ဖြစ်သည်၊ လွန်ခဲ့သော ၅နှစ်က အေသင်သည် ကြီးမားသောရန်သူဖြစ်သည့်စပါတာတို့နှင့်စစ်ရှုံးခဲ့ရသည်၊ ကျဉ်းမြောင်း သော အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခြင်းခံရသည်၊ ထိုသူများက ဆိုကရေးတီးနှင့် အဖေါ်၎ဦးကို အခြားလူတစ်ဦး ကိုဖမ်းဆီးအပစ်ပေးရန် အမိန့်ပေးခြင်းခံရသည်၊ ဆိုကရေးတီးတို့က ငြင်းပယ်သောအခါ ထိုငြင်းပယ်သူများကို ဖမ်းဆီးအပြစ်ပေးရန်ကြံစည်သည်၊ ပြည်ပရောက် ဒီမိုကရေစီဘက်တော်သားများက အချိန်မီ ကယ်တင်နိုင် သဖြင့် ဆိုကရေးတီးသေဘေးမှ သီသီလေး လွတ်မြောက်ခဲ့သည်။

ထိုအချိန်က အေသင်မြို့တွင် တည်ရှိခဲ့သော ဒီမိုကရေစီမှာ တည်ငြိမ်မှုမရှိ၊ ဆန်းသစ်သော အယူအဆနှင့် တိုး တက်သော အမြင်တို့မှာ အမြဲသံသယဝင်ခံရသည်၊ ၄၂၃ ဘီစီသို့ ရောက်သောအခါ ‘cloud’ခေါ် ပြဇာတ်ဖြင့် ‘အရစ်စတိုဖိန်း’ က ဆိုကရေးတီးနှင့် အပေါင်းပါတို့ကို လှောင်ပြောင်ခဲ့သည်၊ သူ၏မှားယွင်းသောစွတ်စွဲချက် များကြောင့် နောက်ပိုင်းတရားစွဲစရာတွေဖြစ်ခဲ့ရသည်၊ ဆိုကရေးတီးမှာ နောက်ပိုင်းအာဏာရှင်ဖြစ်လာမည့် ‘critias’ ကို စာသင်ပေးခဲ့ရသည်၊ အချို့က ဤဖြစ်ရပ်ကြောင့် နောက်ပိုင်းတရားစွဲခံရရန်ဖြစ်လာသည်ဟု ဆိုကြသည်။ အခြား ဖီလိုဆိုဖါ ဖြစ်သူ Anaxagoras ဆိုသူမှာ မှားယွင်းစွာ စွပ်စွဲခံရပြီး တိုင်းပြည်မှ ထွက်ခွာသွားရ သည်။

သူ၏ တိုက်ရိုက်ကျသော မေးခွန်းများ၊ အဖြေကို ဒက်ထိရောက်စေနိုင်သော မေးခွန်းများ မေးတတ်ခြင်းကြောင့် ဆိုကရေးတီးမှာ နာမည်ရခဲ့ပါ၏၊ သို့သော် တချိန်တည်းမှာပင် ထိုမေးခွန်းများမေးသောကျင့်ကပင် သူ၏ထာဝရ ရန်သူများကို ဖန်တီးပေးသည်၊ သူသည် လူကြားတွင် အရာရောက်အောင် ရေးကြီးခွင်ကျယ်လုပ်တတ်သူ မဟုတ်၊ နာမည်ကျော်လျင်ပြီးရောလုပ်တတ်သည့်လူမျိုးမဟုတ်ရကားရန်သူများကလည်း မနည်းလှပါ၊ သို့သော် သူသည် အာဏာရှိသူများနှင့် အပေးအယူလုပ်ရန်ကိုမူ စိတ်မကူးခဲ့ချေ။

သူက ဂျူရီလူကြီးများကို ပြောခဲ့သည်၊ တိုင်းပြည်မှာ မကောင်းတာတွေ မဖြစ်ရအောင်၊ မဖြစ်သင့်တာတွေ မဖြစ်ရအောင် အကာအကွယ်ပေးတဲ့လူတွေနဲ့ ဆန့်ကျင်ပြီး နေလို့ကတော့ ဘယ်သူမှ အသက်ရှင်နေထိုင်ရ မည်မဟုတ်ပါ၊ “သေခြင်းကို ရှောင်ရှားရတာလွယ်ပါတယ်၊ ဒါပေမယ့် သေတာထက်ဆိုးတဲ့ မကောင်းမှုက သေခြင်းထက်ပိုပြီး မြန်မြန်ဆန်ဆန် သွားနိုင်တယ်” ဟုပြောခဲ့သည်။

အေသင်က စပါတာစစ်ပွဲတွင် ကျဆုံးသူများ၏ အလောင်းကို ပစ်ထားခဲ့ရကောင်းလားဟုဆိုခါ စစ်ဗိုလ်ချုပ် ၆ ဦးကို တရားစွဲ တင်သည်၊ ထိုသူတို့ကို ကွက်မျက်ဖို့ အမိန့်ချသည်၊ ဆိုကရေးတီးတစ်ဦးတည်းကသာ ဆုံးဖြတ် ချက်ကို ဆန့်ကျင်သည်၊ ဆိုကရေးတီးပါဝင်သော ခုံသမာဓိလူကြီးများ၏ဆုံးဖြတ်ချက်ဖြစ်သောကြောင့်စိတ်ပျက် ဝမ်းနည်းဖွယ်ရာ ကောင်းသည်။

(၃)
မစ္စတာထရန့်မှာ ပေါ်ပြူလာကျသော အမျိုးသားရေးဝါဒကို လက်ကိုင်ထားသည်၊ သူ့ကိုထောက်ခံသော လူတစ်စုနှင့် ပေါင်း၍ ထိုလူတစ်စုကိုသာ ကြည့်တတ်သည်။

မိမိဂုဏ်သိက္ခာကို အထိခိုက်မခံဘဲ သေခြင်းကို ရွေးချယ်ခြင်းမှာ ဆိုကရေးတီးတစ်ဦးတည်းသာ မဟုတ်ပါ၊ လူ့သမိုင်း တလျောက်မှာ လူပေါင်းမြောက်မြားစွာ ရှိကြပါလိမ့်ဦးမည်၊ နိုင်ငံတစ်နိုင်ငံ၏ ဥပဒေကို အသက်ပေး ၍ကာကွယ်ခြင်းမှာ ရှာမှရှားသောဖြစ်ရပ်ပင်၊ ထိုဥပဒေမှာ လူရိုသေ ရှင်ရိုသေ ရှိဘို့တော့ လိုအပ်သည်. သို့ပါသော်လည်း ဥပဒေမှာ မိမိကိုယ် ရေးကိုယ်တာကိစ္စများလောက် အရေးမကြီးဘူးဟု ကမ္ဘာ့အင်အားအကြီး ဆုံးနိုင်ငံကြီး၏ ခေါင်းဆောင်ကြီးက ယူဆနေ သောအခါ အမြင်မလှတော့ပေ၊ ဒေါ်နယ်ထရန့်၏ အမှန်တရားကို မျက်ကွယ်ပြုပြီး နိုင်ငံရှိ လူ့အဖွဲ့အစည်းများကို မယုံကြည် ခြင်းမှာ သူ၏ အဆိုးဆုံး အချက်ဖြစ်သည်။

ထရန့်၏လုပ်ရပ်ကြောင့် နိုင်ငံတွင်းရှိ မိဘပေါင်းများစွာက သူတို့သားသမီးများကို ဘယ်ဟာကိုယူဟု သင်ကြား ကြပါ မည်နည်း။

ကိုသန်းလွင်
Ref: Socrates in the age of Trumpယ Nicos Konstandaras , New Yrok Times November 11 2017

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၁၇)

$
0
0
အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၁၇)
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇

● ဘုရားသုံးဆူ နေ့ရက်များ (၅)
ကျနော်တို့ ဘုရားသုံးဆူစခန်းရှိစဉ် သာသနာပြုအဖွဲ့တွေလည်း စခန်းကို ရောက်လာကြတယ်။ သူတို့အတွက် ကျနော်တို့ က ဈေးကွက်အသစ်ဖြစ်နေမလားပဲ။ ရောက်လာတဲ့ အဖွဲ့အစည်းတခုက ဂျိန်းဘာသာလိုမျိုး အဖွဲ့ပဲ။ သူတို့အဖွဲ့အစည်း အခြေခံအယူဝါဒကို PROUT (Progressive Utilization Theory) လို့ ခေါ်ကြတယ်။ ၁၉၅၉ ခုနှစ်မှာ အိန္ဒိယပညာရှင် နဲ့ လူမှုရေးလှုပ်ရှားသူ ပရာဘတ် ရာဂျန် ဆာကာ (Prabhat Ranjan Sarkar) က ဖော်ထုတ်ခဲ့တဲ့ စီးပွားရေးနဲ့ လူမှုရေး အယူအဆလို့လည်း ဆိုကြတယ်။ သူက မာ့စ်ဝါဒနဲ့ အရင်းရှင်ဝါဒကြားက အခြားရွေးချယ်စရာ လမ်းကြောင်းတခုရှာတယ် လို့လည်း ဆိုတယ်။ သူတို့ဘာသာတရားက သဘာဝပတ်ဝန်းကျင်၊ အပင်၊ တိရိစ္ဆာန် စသည့်ဖြင့် အားလုံးကို ကာကွယ်မှု ပေးတယ် ဆိုတယ်။ ဘုန်းကြီး၊ သီလရှင်ဖြစ်သူတွေက အဝါရောင်ခြုံထည်ကို ဝတ်ကြရတယ်။ သတ်သတ်လွတ်စားကြရ တယ်။ ဘုန်းကြီးတွေကို 'ဒါဒါ'လို့ခေါ်ပြီး၊ သီလရှင်တွေကို 'ဒီးဒီး'လို့ ခေါ်ကြတယ်။ စခန်းမှာ ဟောပြောချင်တယ်ဆိုတော့ ဟောပေါ့။ ရဲဘော်တွေကိုတော့ သည်းညည်းခံနားထောင်ပေးဖို့ မေတ္တာရပ်ခံရတယ်။ ဒီဟောပြောပွဲပြီးရင် သူတို့က အချို့ ပစ္စည်းတွေ လှူဒါန်းမယ်။ ဖိနပ်တွေလည်း ဝေပေးဖို့ ပါလာတယ်။ "စောစောအိပ်ရင် စောင်ရမယ်၊ စောစောထရင် ဖိနပ် ရမယ်"ဆိုတဲ့ ရဲဘော်တွေအတွက် တစုံတရာ အဆင်ပြေသွားနိုင်တယ်။ ကျနော်တို့ စခန်းစာကြည့်တိုက်ထဲမှာ ဟောပြော ပွဲ စီစဉ်ပေးရတယ်။ သူတို့ ဟောပြောတာကလည်း ဟုတ်သား၊ သိပ္ပံနည်းကျသလိုလို။

"တိရိစ္ဆာန်တွေဟာ မူလက ရေနေ သတ္တဝါတွေ၊ ကမ္ဘာကြီး ရေလွှမ်းစဉ်ကာလ၊ နောက်ပိုင်းမှာ သူတို့က ကုန်းတပိုင်း၊ ရေတပိုင်းသတ္တဝါ (amphibious animals) တွေ ဖြစ်လာကြတယ်။ ရေထဲကနေ ကုန်းပေါ်ကိုတက်လာကြတယ်။ အဲဒီ အတွက်ကြောင့် ကုန်း (မြေ) ကို သိပ်ခင်တွယ်တယ်။ ငါ့မြေ၊ ငါ့လယ်ကွက်၊ ငါ့ဒေသ၊ ငါ့နိုင်ငံ …စသည်ဖြင့် တွယ်တာ ကြတယ်"။ မြေကြီးကို အစွဲအလန်းကြီးကြပုံတွေကို ဟောတယ်။ ဒါတင်မကသေးဘူး။ အိန္ဒိယဗုံတိုသံနဲ့ ကကြရသေး တယ်။ "ဘာဘာနမ်၊ ကေဘာလံ"ဒီလိုစာသားကို အခေါက်ခေါက်အခါခါ ဆိုပြီး ကကြရတယ်။ နောက်ပိုင်းက ရဲဘော်တွေ ကတော့ ဘာာဘာနမ်တင် မကတော့ဘူး။ 'မြနန္ဒာ နေညိုညို ရစ်ကာသန်းတော့'တွေ ဖြစ်ကုန်ကြပြီ။ သူတို့လည်း ကျေနပ် ပြီး ပြန်သွားတယ်။ ကျနော်တို့လည်း ဖိနပ်တွေ၊ အထောက်အပံ့တွေရတယ်။ တခုပဲ စိုးရိမ်မိတယ်။ ဗီဒီယိုမှတ်တမ်းတင် သွားတော့ ဒီဗီဒီယိုကိုများ စစ်အစိုးရ ရသွားရင် ဒုက္ခဆိုပြီး တွေးမိတယ်။ ကျောင်းသားတွေ တောထဲမှာ ငှက်ဖျားရောဂါရပြီး ရူးကြောင်ကုန်ကြပြီလို့ ဝါဒဖြန့်ရင် ဒုက္ခ။ [အဲသည်အဖွဲ့က ယခုတိုင် စံခရပူရီမြို့ကလေးမှာ တရားထိုင်စခန်းတခုဆောက် ထားတယ်။ မိဘမဲ့ကလေးတွေကို ပညာသင်ပေးဖို့ PROUT School ကျောင်းလေးတခု ဖွင့်ထားဆဲပဲ။]


 ဘုရားသုံးဆူ တပ်ရင်း (၁၀၁) ရုံးခန်းရှေ့ အမှတ်ရ

နောက်တခုကတော့ ထိုင်ဝမ်အဆက်အသွယ် တာအိုဝါဒ (Taoism) ဘုန်းကြီးကျောင်းပဲ။ ကြည့်ရတာ မွန်ပြည်သစ်ကို စစ် သင်တန်းကျောင်းပေးတဲ့ အကူအညီနဲ့အတူ ဘာသာရေးအဖွဲ့လည်း ရောက်လာပုံရတယ်။ သူတို့ကျောင်းကို မွန်ပြည်သစ် ပါတီ ဌာနချုပ်နားမှာ ဆောက်ထားတယ်။ ဘုန်းကြီး၊ သီလရှင်က သာမန်အချိန်မှာ လူလိုပဲ ဝတ်တယ်။ ဝတ်ပြုဆုတောင်း ခါနီးမှ အဖြူရောင် ဝတ်ရုံရှည်ကြီးကို ခြုံလိုက်ရတယ်။ ဆုတောင်းဝတ်ပြုတယ်။ သူတို့ကျောင်းကိုသွားရင် သတ်သတ်လွတ် ထမင်းကျွေးတယ်။ သတ်သတ်လွတ် ဆိုသော်လည်း တကယ့် အသား၊ ငါးတွေလို အမြင်အရ ကောင်းကောင်းစီမံထား သလို၊ အရသာကလည်း ကောင်းလှတယ်။ ဒီနေရာကလည်း ကျနော်တို့ရဲဘော်တွေအတွက် ငတ်ကြီးကျ စားသောက်ဖို့ နေရာတခုပါပဲ။ သူတို့ကန်တော့ရတဲ့ နတ်ဘုရားထဲမှာ ကွမ်ယင်မယ်တော်ပါတယ်။ ဗိုက်ပူပူဘိုးတော်ပါတယ်။ အခြား ကျနော်တို့ အမည်အားဖြင့် မသိနိုင်သေးတဲ့ တရုတ်နတ်ဘုရားတွေလည်း ပါသေးတယ်။ သူတို့ဆီသွားတဲ့အခါ ကျနော် တို့ အမည်တွေကို ကောင်းကင်မှာရှိတဲ့ ဘုရားဆီမှာ မှတ်ပုံတင် register လုပ်ကြရတယ်။ မိုင်းကိုင်စက္ကူလို စာရွက်ကလေး ပေါ်မှာ ကျနော်တို့နာမည်တွေကို တရုတ်ဘာသာနဲ့ ရေးတယ်။ ကိုယ့်ဘာသာကိုယ် အင်္ဂလိပ်ရေးရေး၊ မြန်မာလိုရေးရေး ရတယ်။ ဘုရားသခင်က ဘာသာပေါင်းစုံ ဖတ်တတ်တယ်။ ပြီးတဲ့အခါ အဲဒီစက္ကူပါးကလေးကို မီးရှို့လိုက်တဲ့အခါ လေထဲ လွင့်ပျံသွားတယ်။ ကျနော်တို့ နာမည်တွေလည်း ဘုရားဆီမှာ မှတ်ပုံတင်ပြီးသား ဖြစ်သွားတယ်။ သူတို့က ကျနော်တို့ ကောင်းပေါ့ ဆုတောင်းပေးကြတယ်။

အဲဒီမှာ ပြောပြထားတဲ့ လျှို့ဝှက်ချက်တခု ရှိလာတယ်။ သိပ်ပြီး အရေးကြုံရင်၊ အသက်ဘေးနဲ့ ရင်ဆိုင်ရမယ့် ကာလမျိုးမှာ ဒီ ဂါထာလေးကို ရွတ်ပါတဲ့။ ဘာမှန်းတော့ အဓိပ္ပါယ် မသိပါဘူး။ "ဝူးထိုက်ဖော် မီလား"လို့ ဆိုတယ်။ ဒါကို အသံထွက် ရွတ်လို့ မရဘူး။ တိတ်တိတ်ပဲ စိတ်ထဲက ရွတ်ရမယ်။ အသံထွက်ရွတ်ရင် ဘုရားက ကြားပြီး သူ့အတွက် အလုပ်ရှုပ်မယ်၊ စိတ် အနှောက်အယှက် ဖြစ်ရမယ်ပေါ့။ ဒီလို ဂါထာရွတ်လိုက်တာကို ဘုရားက ကြားတဲ့အခါ အကယ်လွှတ်ပါလိမ့်မယ် .. စသည်ဖြင့်ပေါ့လေ။ ဟုတ်တော့ ဟုတ်နေကြတယ်။

ဒီလိုနဲ့ မွန်အမျိုးသားနေ့အကြို တပ်ဖွဲ့ပေါင်းစုံ ဘောလုံးပွဲ ဖြစ်လာခဲ့တယ်။ ကျနော်တို့ကလည်း တပ်ရင်း ၁၀၁၊ ၁၀၂ ပေါင်းပြီး ဒိုင်းယူဖို့ ဘော်လုံးတဖွဲ့ ထွက်တယ်။ မွန်ပြည်သစ်ပါတီကလည်း တပ်ရင်းအလိုက် ဘောလုံးအဖွဲ့တွေ ထွက်ကြတယ်။ ဘူးသီးငါးပေါင်းကြော်စာနဲ့ ဗိုလ်သင်တန်းကျောင်း အသင်းကလည်း ဝင့်ဝင့်ကြွားကြွား ဘောလုံးပွဲမှာ လာယှဉ်တယ်။ ကျနော်တို့ အသင်းမှာတော့ မြန်မာ့လက်ရွေးစင်တွေပါတယ်။ တပ်ရင်း (၁၀၂) က ကိုယဉ်ထွေး ဆိုရင် မြန်မာ့လက်ရွေးစင် ဂိုးသမား၊ တပ်ရင်း (၁၀၁) က မင်းလွင်ကြီးဆိုရင် မြန်မာ့လက်ရွေးစင် ဘော်လီဘောသမား၊ အခြားနယ်အဆင့် လက်ရွေးစင်၊ တက္ကသိုလ် ကျောင်းလက်ရွေးစင်တွေလည်း ရှိကြတယ်။ သို့ပေသော်လည်း အာဟာရ က မပြည့်၊ လေ့ကျင့်မှုက မရှိ၊ ငှက်စားထားတာလည်း ရှိနေကြသေး။


သစ်တုံးပေါ်- ကိုဝင်းနိုင်ဦး၊ ကိုတေဇာမင်း၊ ကိုမင်းလွင်
မတ်တပ်ရပ်- ကိုသက်ဌေးနိုင်၊ ကိုအောင်အောင်
အောက်- စာရေးသူ၊ ကိုစိုးအောင်

ဒီလိုနဲ့ ကန်လာကြတာ ဖိုင်နယ်ပွဲမှာ ကျောင်းသားအဖွဲ့နဲ့ ဗိုလ်သင်တန်းကျောင်း အဖွဲ့တို့ တွေ့ဖို့ ဖြစ်လာတယ်။ ဒိုင်းဆုကြီး ကို မက်သလို၊ ဆုရမယ့်ငွေသားကလည်း မက်စရာ။ အနည်းဆုံးတော့ ဗိုက်ပွဲခံသွားနိုင်တယ်။ ဒီလိုနဲ့ ဘောပွဲက အကြိတ် အနယ်။ အရှုံးမခံနိုင်တော့ဘူး။ ဘောလုံးက ကျနော်တို့ ဂိုးဘက်လည်း နီးလာရော၊ ကျနော်တို့ ကျောင်းသားအစုဆီက အသံကြီး တခဲနက်ထွက်လာတယ်။ 

"ဝူးထိုက်ဖော် မီလား"

ဘောလုံးက ဂိုးတိုင်ကို ချော်ထွက်သွားတယ်။ ဘုရားကယ်လိုက်တာပေါ့။ ဒီလိုနဲ့ မွန်ဗိုလ်သင်တန်းကျောင်း အဖွဲ့ဖက် ဂိုးတိုင်နားကို ကပ်လာတယ်။ ကျနော်တို့လည်း ဂိုးသွင်းတော့မယ် ဆိုတော့ ရင်တခုန်ခုန် တခဲနက် အားပေးနေကြရတယ်။ မွန်ရဲဘော်တွေဖက်က အသံကြီးထွက်လာတယ်။ "ဝူးထိုက်ဖော် မီလား"။ သူတို့ကလည်း တာအိုဘာသာရေး စည်းရုံးမှု တစုံတရာ ခံကြရတဲ့သူတွေ၊ ဒီအကြောင်းလည်း သိသင့်သလောက် သိထားကြသူတွေ။

"ဝူးထိုက်ဖော် မီလား"
"ဝူးထိုက်ဖော် မီလား"

ဒီလိုနဲ့ ဘော်လုံးကွင်းတကွင်းလုံး "ဝူးထိုက်ဖော် မီလား"ဆုတောင်းသံတွေနဲ့ ဆူညံနေခဲ့တယ်။ တာအို ဘာသာရေး အဖွဲ့ လည်း ဘောလုံးပွဲပရိသတ်ထဲပါတယ်။ သူတို့လည်း မျက်နှာပူပူနဲ့ အစောကပဲ ကွင်းထဲက ထွက်သွားကြတယ်။ ပွဲပြီးတော့ သရေကျတယ်။ ကျနော်ကတော့ ကျနော်တို့ ဘောလုံးကန်နေစဉ်ကာလမှာ ဘုရားသခင်ကတော့ ဘောလုံးကို ဟိုဖက် သယ်ပြေးလိုက်ရ၊ ဒီဖက်သယ်ပြေးလိုက်ရ လုပ်နေမှာတော့ မြင်ယောင်မိတယ်။ [ဒါပေမယ့် အခုထက်တိုင် ကျနော့်မိန်းမ မွန်ရွာသူကတော့ တာအိုဘာသာကို ဆက်လက်ကိုးကွယ်တုန်းပဲ။ အိမ်မှာလည်း ကွမ်ယင်မယ်တော် ဘုရားစင်တခု ရှိတယ်။]

ကိုနိုင်း ● ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့် (၃၈)

$
0
0
ကိုနိုင်း ● ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့် (၃၈)
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂ဝ၁၇

● စစ်ကိုင်းအက်ပီဂရမ်ကို ခံစားခြင်း
ဒီအပတ်တော့ ပြတင်းတံခါးဖွင့်လိုက်တဲ့အချိန်မှာ အလွန်ကြေကွဲဝမ်းနည်းစရာသတင်းကိုကြားလိုက်ရပါတယ်။ ဒီသတင်း ဟာ ပြတင်းတံခါးရဲ့ဇာခန်းဆီးဖြစ်တဲ့နှလုံးသားကို လှုပ်ခါလိုက်ပါတယ်။ "ကဗျာဆရာ၊ စာရေးဆရာ မင်းသစ်ဆုံးပြီ"တဲ့။ အင်မတန်မှနှမျောဖို့ကောင်းတဲ့ ကဗျာဆရာကြီး၊ စာရေးဆရာကြီးတယောက် ကြွေလွင့်ခဲ့ရပြီ။ သူက တခေတ်မှာ တယောက် လို့ဆိုရအောင် အနုပညာပါရမီနဲ့နေထိုင်တဲ့သူတယောက်ပါပဲ။

၁၉၇ဝ မိုးဝေမဂ္ဂဇင်းခေတ်မှာကဗျာတွေရေးခဲ့သလို၊ ဝတ္ထုတိုတွေလည်းရေးခဲ့ပါတယ်။ သူ့ဝတ္ထုတွေက စတိုင်ရာဝတ္ထုတွေပါ။ သူ့စတိုင်ရာ ဝတ္ထုတွေ ထဲမှာ "အိပ်မက်ကွန်ဖရင့်""တစ္ဆေရင်ကွဲ"“မဟာနန္ဒာ Ph7"စတဲ့ဝတ္ထုတိုတွေက စာဖတ်သူတွေစိတ်ထဲမှာစွဲငြိခဲ့တဲ့အနုပညာ ဖန်တီးမှုတွေပါပဲ။ ဒါတွေအပြင် ဆရာမင်းသစ်ဟာ နိုင်ငံကျော်အဆိုတော် တွံတေးသိန်းတန်ရဲ့နာမယ်ကြီးသီချင်းတွေကိုလည်း ရေးဖွဲ့ပေးခဲ့ပါတယ်။

မဂ္ဂဇင်းဂျာနယ်တွေမှာလည်း အယ်ဒီတာ၊ အယ်ဒီတာချုပ်ဆောင်ရွက်ခဲ့ပြီး စာပေအကျိုးကိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက် သူမဆုံးခင်အချိန်မှာ “ပညာရေး ဝေး ဝေး"ဆိုတဲ့ပညာရေးလောကရဲ့လိုအပ်ချက်တွေကိုထောက်ပြတဲ့ဆောင်းပါးတွေကို ရေးနေခဲ့ပါတယ်။

ပြောမယ်ဆိုရင် တချိန်တုန်းကရန်ကုန်မြို့ကြီးရဲ့ကျူရှင်လောကမှာ BIO မင်းသစ်ဆိုပြီး နာမည်ကြီးခဲ့ပါတယ်။ သူက စစ်ကိုင်း ဇာတိပါ။ သူ့ရဲ့ ဇာတိစစ်ကိုင်းကိုလည်း "စစ်ကိုင်းအက်ပီဂရမ်"ဆိုတဲ့ကဗျာကို ရေးဖွဲ့ခဲ့ပါတယ်။ အခု စစ်ကိုင်းအက်ပီဂရမ် ကိုပြန်ပြီး ကြေကွဲစွာခံစားနေမိပါတယ်။

စစ်ကိုင်း... တဲ့
ဘုရားသခင်ရဲ့၊ အလှပဆုံးလက်ရာတစ်ခုပေါ့။

စစ်ကိုင်း ...တဲ့။
ဧရာဝတီရဲ့နှလုံးသား၊ သိမ်းထားတဲ့နေရာလေ။

မြန်မာပြည်တစ်နံတစ်လျား၊ မြောက်ဖျားကနေ တောင်ဖျား
စီးသွားတဲ့ ဧရာဝတီ၊ ဒီနေရာမှာ တော်လှန်
မင်းဝံထံ ဦးခိုက်ဝပ်တွား၊ အရှေ့ကအနောက်ကိုစီးသွားရဲ့။
မြစ်ညာသားတို့၊ ကြည့်လှည့်ကြ။  မြစ်ခြေသားတို့၊ ကြည့်လှည့်ကြ။

စစ်ကိုင်းမှာ ....
ဧရာဝတီထဲက နေထွက်တယ်။ ဓရာဝတီထဲမှာ နေဝင်တယ်။

ဧရာဝတီဝတ္တုရှည်ကြီးမှာ၊ အလှပဆုံး ကလိုင်းမ (ခ်) (စ်) ဟာ
ဒီနေရာမှာပေါ့ ... ။

ဒီနေရာပေါ့ဆိုတဲ့နေရာမှာတင် ကဗျာဆရာဟာ စစ်ကိုင်းအက်ပီဂရမ်ကိုစိတ်ဝင်စားအောင် စဖွဲ့ပါတယ်။ သီချင်းအနေနဲ့ပြော ရရင် ခြေဆင်း (intro) ပါပဲ။ ဧရာဝတီမြစ်ကြီးဟာ မြောက်မှတောင်စီးဆင်းနေတဲ့မြစ်အရှည်ကြီးတစ်စင်းလို့ ကျွန်တော်တို့ သိမှတ်ထားခဲ့ရပါတယ်။ ဒါပေမဲ့ ဧရာဝတီမြစ်ဟာ စစ်ကိုင်းတောင်ခြေမှာတော့ အရှေ့ကနေအနောက်ကို ဖြတ်သန်းစီးနေတယ် ဆိုတာ စိတ်ဝင်စားစရာပါ။ နောက်ဧရာဝတီထဲက နေထွက်ပြီး ဧရာဝတီထဲမှာပဲ နေဝင်သွားတယ်ဆိုတာကလည်း ထူးခြားပါ တယ်။ တောင်ပေါ်ကနေကြည့်ရင် နေထွက်တာကိုရော၊ နေဝင်သွားတာကိုပါ မြင်နေရတယ်လို့ ဆိုလိုရေးဖွဲ့လိုက်တာပါ။

မြောက်ဖျားဒေသမှာ
အမြီးနှစ်ခွချန်ထားခဲ့တဲ့၊ ဧရာဝတီဆိုတဲ့ နဂါးဟာ
မြစ်ဝကျွန်းပေါ်မှာ  ခေါင်းတစ်ရာပွား၊ ကပ္ပလီပင်လယ်ထဲ ငုပ်ရှိုးသွား
အသည်းနှလုံးကိုတော့ စစ်ကိုင်းမှာ၊ထားခဲ့သတဲ့။

အဲဒီနဂါးပေါ်ကကင်းခြေများ
စစ်ကိုင်းတံတားတဲ့လေ... ။

စစ်ကိုင်း...တဲ့။
မယဉ်မရိုင်း၊ မြို့စစ်ကိုင်း ... တဲ့။

သူစိမ်းတွေက ပြောကြတာလေ။
ဟုတ်ကဲ့....  ရိုးရိုးလေးနဲ့
ခမ်းနားလှပတဲ့ မြို့တမြို့ပါပဲ။

ကဗျာဆရာကတော့ ဧရာဝတီမြစ်ကြီးကိုနဂါးတကောင်အဖြစ် တင်စားရေးဖွဲ့လိုက်ပါတယ်။ ဧရာဝတီနဂါးကြီးဟာရစ်ခွေစီးဆင်းနေတာကို မြင်တွေ့ နိုင်ပါတယ်။ မြန်မာပြည်မြောက်ဖျားက မေခ၊ မလိခဆိုတဲ့အရပ်မှာ အခြေတည်ခဲ့တာကို အမြီး နှစ်ခွချန်ထားခဲ့တယ်လို့ နိမိတ်ပုံယူပါတယ်။

နောက်မြန်မာပြည်ရဲ့မြစ်ဝကျွန်းပေါ်အရပ်မှာ ဧရာဝတီမြစ်ရဲ့မြစ်ငယ်တွေအဖြစ်ခွဲဖြာစီးဆင်းပြီး ကပ္ပလီပင်လယ်ထဲစီးဝင် သွားတာကို ဧရာဝတီဆိုတဲ့နဂါးဟာ မြစ်ဝကျွန်းပေါ်မှာ ခေါင်းတစ်ရာပွား၊ ကပ္ပလီပင်လယ်ထဲငုပ်လျှိုးသွားဆိုပြီး တင်စား လိုက်ပါတယ်။ စစ်ကိုင်းအရပ်မှာတော့ ဧရာဝတီရဲ့နှလုံးသားကိုထားခဲ့တယ်လို့ ဆိုပါတယ်။ အမှန်တကယ်လည်း စစ်ကိုင်း ဟာ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အရေးပါတဲ့မြို့၊ အလေးအမြတ်ထားရ မယ့် တောင်တစ်ခုပါပဲ။ ဒီလိုအလေးအမြတ်ထားရပုံတွေကိုကဗျာထဲမှာတွေ့ရပါတယ်။

ပုညတောင်ဆီ၊ ရီလျက်မလင်း
မဝင်းအုံ့မှိုင်း စစ်ကိုင်းတစ်ဖက်... တဲ့။

ရှင်ထွေးနာသိမ်ရဲ့လက်ဖျား
ဘုရားသခင်ရဲ့ စကားလုံးများ၊ စီးဝင်လှုပ်ရှားရင်ခုန်သွား ။

ဒီမြေကိုရောက်၊ ဒီရေကိုသောက်မိရင်
အနုပညာသမားတို့ရဲ့ဘဝင်၊ ညှို့ဆွဲတိုးဝှေ့ ဖမ်းယူငင်
မပြန်ခင် စာဖွဲ့ကြ၊ အပြန်တွင် တေးဖွဲ့ကြ
ရေးခဲ့ကြတဲ့ စစ်ကိုင်းအလှ...။

ဇေယျာရွှေမြေ ...၊ မြစ်ရေခွေဝန်း...ပုညရှင်... စေတီအပါး
 စစ်ကိုင်းတောင်... စစ်ကိုင်းတောင်  အထက်နားဆီက...
ကမ်းခြေဇေယျာဦးဝယ် ... မှန်းချွေမေအလှမှူးရယ်...

လွမ်းနေ... နေပါဘူးကွယ်။
စစ်ကိုင်းတံတားဘက်ဆီကို
သူလာမလားလို့ ၊မျှော်ကြည့်မိသည်…။
သြော်၊ မြန်မာပြည်မှာ မြို့ဘွဲ့တေး
အရေးခံရဆုံး မြို့တစ်မြို့ပေပလေ။

စစ်ကိုင်းတောင်ကိုရောက်ဖူးသူတိုင်း သိကြမှာပါ။ မရောက်ဖူးရင်လည်း ဒီကဗျာထဲမှာဖော်ကျူးထားတဲ့အလှတွေကိုမြင်ယောင်ပြီး ခံစားနိုင်ပါတယ်။ စစ်ကိုင်းတောင်ရဲ့သဘာဝအလှတွေကို ဖွဲ့သီထားကြတဲ့တေးသီချင်းတွေ များစွာရှိနေပါတယ်။ တကယ်ပဲ စစ်ကိုင်းတောင်ဟာ အနုပညာသမားတွေရဲ့ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီမြေကိုရောက်၊ ဒီရေကိုသောက် မိရင်၊ အနုပညာသမားတို့ရဲ့ဘဝင်၊ ညှို့ဆွဲတိုးဝှေ့ ဖမ်းယူငင်၊ မပြန်ခင် စာဖွဲ့ကြ၊ အပြန်တွင်တေးဖွဲ့ကြ၊ ရေးခဲ့ကြတဲ့စစ်ကိုင်းအလှ ဆိုတဲ့ ကဗျာဆရာရေးဖွဲ့တင်စားတာကို ဘယ်သူမှငြင်းဆန်နိုင်မယ် မထင်ပါဘူး။

စစ်ကိုင်း...တဲ့။
သမိုင်းမရိုင်းခဲ့တဲ့ မြို့တမြို့ပါပဲ။

သမိုင်းမြင်းငါစိုင်း၊ စစ်ကိုင်းရောက်တော့
စစ်ကိုင်းဆိုရင်၊ ပုဂံပြည့်သခင်
ပရိမ္မက  ထီးလှိုင်ရှင်၊ ကျန်စစ်သားရဲ့ ဇာတိခွင်။

အပယ်ခံအသင်္ခယာစောယွန်း ၊ ဘုန်းထွန်းလို့ ဓါးထက်
အင်းဝအရင်က နန်းတစ်ဆက် ... ။

စစ်ကိုင်းမြို့ဟာ မြန်မာရာဇဝင်မှာထင်ရှားတဲ့သူတွေ ပေါ်ထွန်းခဲ့တဲ့မြို့တမြို့ပါ။ ကျန်စစ်သားရဲ့ဇာတိမြို့ဖြစ်နေတာနဲ့တင် ပြည့်စုံနေပါပြီ။

ခုနစ်စင်ကြယ်ပြောင် ၊အမြီးထောင်လို့
သန်းခေါင်ကျော်လို့သန်းလွဲ၊ ကြယ်မှုန်ဖွဲဖွဲ
လရောင်မွဲမွဲအောက်မှာ
ဧရာဝတီပေါ်က  လှေငယ်တစ်စင်း၊ အင်းဝဘက် တဖြည်းဖြည်းချဉ်းကပ်
ယင်းရဲငူ ကျောက်ဆောင်ဆိပ်မှာ၊ရိပ်ခနဲ ခုန်ပျံလွှား
ဗိုလ်တက်ပြားဆိုတဲ့ ပစ္စည်းမဲ့ရွှေတိုက်စိုး

မိုးလင်းမှ စစ်ကိုင်းကိုပြန်၊ သူ့နည်း သူ့ဟန်နဲ့ တော်လှန်ရေးလုပ်
ဟုတ်ကဲ့ ...၊ ကျွန်ုပ် ဦးညွတ်လိုက်ပါတယ်။

စစ်ကိုင်း...တဲ့။
သူတော်စင်တွေနဲ့အတူ၊ သတ္တိခဲတွေနေတဲ့မြို့ပေါ့။

တရားလည်းဖက်၊ ဓားလည်းထက်တဲ့ စစ်ကိုင်း
သူ့သမိုင်းသူဖြတ်ကျော်၊ သူရဲကောင်းတို့ တိုက်ပွဲပျော်
အတိတ်ခေါ်သံကြားမိရဲ့။

စစ်ကိုင်းတံတားထိပ်
တိတ်တဆိတ်ရပ်မိ၊ တလှပ်လှပ်ရင်ခုန်သံ
ရဲဘော်သိန်းတန်ကို သတိရ၊ မှူးသမိန်ကို တမ်းတ
ဗိုလ်ကျင်မောင်ကို အမှတ်ရ၊  ရဲဘော်ဋ္ဌေးကို လွမ်းရ
နောင်ရိုးတင်ဝင်းကို လွမ်းတ... ။

စစ်ကိုင်း...တဲ့။
ကဗျာကရိုဏ်း၊ စာကသိုဏ်းနဲ့
ဆရာမှိုင်းတဖွဖွ၊ ချစ်ခဲ့ရတဲ့ မြို့ပေပ။
စစ်ကိုင်းမှာခေါင်းချ ၊ရှင်မဟာသီလဝံသရဲ့ အုတ်ဂူဘေး
ငါရပ်ရင်း ငေးမိ ...
ကဗျာဆရာဝိညာဉ်၊ မင်းဝံတွင်ခို
ရွှေကိုင်းသားကို လှုပ်နိုး၊ ဦးဘိုးသင်းရဲ့ ရုပ်ပုံလွှာ
မဟာဆွေရဲ့ အပြုံးမျက်နှာ၊ ညောင်ပင်သာ ဦးပုည
ဆုံးမစကားသံသဲ့သဲ့လေး၊ သြော် ...ကိုအေးလွင်ရယ် လွမ်းလိုက်တာ ... ။

ခေတ်တိုင်းမှာ တစ်ယောက်ဆိုရင် တစ်ယောက်ဆိုသလောက် ထူးခြားတဲ့ပါရမီရှင်တွေထွက်ပေါ်ခဲ့အရပ်ပါ။ ဒီကဗျာထဲက ပညာရှင်တွေရဲ့ ထွန်းတောက်မှုကို ဒီအရပ်ဒေသကလူတွေ ဘယ်လောက်ဂုဏ်ယူနေကြမလဲ။ ကြားရသူတွေတောင် အား ကျမိလောက်ပါတယ်။ သဘာဝအလှတွေ၊ သာသနာတော်မှာထွန်းပြောင်မှုတွေ၊ ပါရမီရှင်ပုဂ္ဂိုလ်တွေ အပြည့်အလျှံရှိခဲ့ တဲ့စစ်ကိုင်း။

စစ်ကိုင်း...တဲ့။
ကာလများရိုင်းတဲ့အခါ၊ အရူးမီးဝိုင်းလည်း ခံခဲ့ရဖူးရဲ့။

ရေကြီးခဲ့...၊ ငလျင်လှုပ်ခဲ့...၊ မီးလောင်ခဲ့...
ပြီးတော့ ...
ခတ္တာငုံစ  ဝါခေါင်လ တစ်ညနေမှာ ၊ ဖက်ဆစ်တွေ ဘီလူးစီး
ကျီးတွေပြို ခွေးတွေအူ...
တစ်မြို့လုံးလည်း ကျွတ်ကျွတ်ဆူ
ထူပါရုံငို ...၊ ရွှေသာလျောင်းငို ...
စစ်ကိုင်းကောင်းကင်ပြိုကျခဲ့ ... ။

နောက်ကြည့်ကျွန်းဆိုတဲ့အမည်ဟောင်း
အလောင်းကြည့်ကျွန်းလို့ ပြောင်းခဲ့ရ
ကာလမကောင်း ခေတ်ခယောင်းကို၊ လှည့်စောင်းကြည့်မိ
သတိရရင်း၊ စစ်ကိုင်းဟာ မျက်ရည်ကျတယ်။
စစ်ကိုင်း...တဲ့။

လောကဓံရဲ့ မိတ်ဆွေရင်းကြီးပေါ့။
ဘဝကိုမကျေနပ်၊ လောကကြီးကို မကျေနပ်
သည်းအူပြတ်မျှ ခံစားရတဲ့အခါ၊ ထုံးရယ်၊ ဗမာဆေးရယ်၊ ဒေါသရယ်
သောကနဲ့အတူ ကွမ်းယာထဲ ထည့်ဝါး၊စစ်ကိုင်းသားတွေ ကွမ်းစွဲသွားပေါ့။

သဘာဝဘေးဒဏ်၊ အသဘာဝဘေးဒဏ်
စစ်ဘေးနဲ့ စစ်ဒဏ်၊ စစ်ကိုင်းသားတို့ အံကြိတ်ခံ
စစ်ကိုင်းဝိညာဉ် အမြဲရှင်သန်
စစ်ကိုင်း...တဲ့။

အမြဲတမ်း ပြုံးနေတဲ့ မြို့ပါပဲ။
လောကဓံတရားနဲ့၊ ခပ်ခါးခါးလေးကြုံရရင်
မတုန်မလှုပ် ကွမ်းလေးမြုံ့၊ ငုံ့နေတဲ့ခေါင်း ပြန်မော့
ကြော့ကြော့လေးပြုံးနေတဲ့ စစ်ကိုင်း

သမိုင်းဆရာတွေမျက်ရည်ဝိုင်းလောက်တယ်။
စစ်ကိုင်း... တဲ့။
ပျော်ပျော်နေသေခဲတဲ့ သူရဲကောင်း၊ တိုက်ပွဲပေါင်းက သိန်းရာထောင်
ဒီလိုနဲ့ ...၊ အသက်တစ်ထောင် ပြည့်တော့မယ်။

ကဗျာဆရာက ဒီကဗျာကိုရင်နာစရာလေးနဲ့ အဆုံးသတ်သွားပါတယ်။ ပြန်တွေးကြည့်ရင် သဘာဝအလှတွေပြည့်လွှမ်း နေတဲ့မြို့၊ သာသနာရောင် ထွန်းပြောင်အောင် သပ္ပာယ်မှုတွေ ရယူထားတဲ့ စစ်ကိုင်းတောင်၊ ဒီလိုအရပ်ဒေသမှာ အာဏာရှင်စစ်ဘီလူးတွေက ပြည်သူတွေကိုသေနတ်နဲ့ ပစ်သတ်ရက်တယ်လို့။ ပြန်တွေးမိတိုင်းရင်နာတယ်။ ၈၈ ပြည်သူ့အရေးတော်ပုံကြီးမှာ အကျည်းတန်ဆုံးဖြစ်ရပ်ပါ။ ဒါကို ကဗျာဆရာက ရင်နာနာနဲ့ ရေးဖွဲ့သွားပါတယ်။

အခုအချိန်မှာတော့ ရင်နာတဲ့စစ်ကိုင်းအတွက် မှတ်တမ်းတင်ရင်း တာဝန်ကျေခဲ့တဲ့ကဗျာဆရာမင်းသစ်ကိုလည်း ပြန်တွေးမိ တိုင်း ရင်နာရပါတော့မယ်။ လောကကောင်းကျိုး၊ စာပေလောကကောင်းကျိုး၊ အနုပညာလောကကောင်းကျိုး၊ ပညာရေး လောက ကောင်းကျိုးတွေ အတွက် တာဝန်ကျေခဲ့တဲ့သူကတော့ မရှိတော့ပါဘူး။ သူချစ်တဲ့လောကကြီးကိုနှုတ်ဆက်လက်ပြပြီး ထွက်ခွာသွားပါပြီ။ သူက သူ့ကိုပေးခဲ့တဲ့ လောကတာဝန်တွေကို ကျေခဲ့ပေမယ့် လောကကြီးကရော သူ့အပေါ်တာဝန်ကျေပါရဲ့လားလို့မေးနေမိပါတော့တယ်။

ဒီဆောင်းပါးငယ်နဲ့ နောင်တော်ကြီး ဆရာမင်းသစ်ကို ဝမ်းနည်းကြေကွဲစွာ ဂုဏ်ပြုမှတ်တမ်းရေးဖွဲ့လိုက်ပါတယ်။ ငြိမ်းချမ်းရာနေရာလေးမှာနားခိုနိုင်ပါစေ။

ကိုနိုင်း

ရည်ညွှန်း
ဆရာမင်းသစ်၊ (စစ်ကိုင်းအက်ပီဂရမ်)၊ ၈၈ အရေးတော်ပုံ ၂၅ နှစ်ပြည့် ငွေရတုကဗျာ။

ကျော်နိုင် – စည်ပင်ဥပဒေ၊ ကျွန်တော် နှင့် ဂျင်း (၄)

$
0
0



ကျော်နိုင် – စည်ပင်ဥပဒေ၊ ကျွန်တော် နှင့် ဂျင်း
စည်ပင်ဥပဒေကြမ်းရေးသူများ၏ စေတနာ (ဂျင်းနံပါတ် - ၄)
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၇


ဟိုတလောက RIT နောင်တော်တစ်ဦးဖြစ်တဲ့ ကိုတင့်လွင် (Chemical 86) ရဲ့ ပို့စ် ၂ ခုကိုဖတ်ပြီး စည်ပင်ဥပဒေကြမ်းရေးသူတွေရဲ့ စေတနာကို ချက်ချင်းပြေးမြင်မိတယ်။ အဲ့ဒီအကြောင်း အခု ဂျင်းစီးရီးမှာ ထည့်ရေးမယ်လို့ စဉ်းစားထားပေမယ့် အမှတ်စဉ် (၄) မှာရာထားထားတာတော့မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဂျင်းစီးရီးကို ဖတ်နေတဲ့သူတွေအတွက် စည်ပင်ဥပဒေကြမ်းရေးသူတွေရဲ့ ရင်ထဲက စေတနာအမှန်ကို စောစောစီးစီးမြင်နိုင်စေဘို့ ဒီပို့စ်ကို အမှတ်စဉ် (၄) မှာ ရေးလိုက်ပါတယ်။

ပူးတွဲပါဓါတ်ပုံက ပုဒ်မ ၄၀၉ (ဇ) အတွက် ပြစ်မှုပြစ်ဒါဏ်တွေဟာ ဂျင်းနံပါတ် -၁ မှာတုန်းက ပြထားပြီးသားဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတွေမှာ လိုအပ်သလိုအစစ်ဆေးခံပြီး မှတ်ပုံတင်လက်မှတ်ရပြီးသား ဗိသုကာ၊ အင်ဂျင်နီယာတွေ စည်ပင်ကို လိုင်စင်ကြေးထပ်မပေးဘဲ လုပ်ငန်းဆောင်ရွက်ရင် ချမှတ်မယ့်ဒါဏ်ငွေက အနည်းဆုံး (၁၀) သိန်းနဲ့ အများဆုံး သိန်း (၅၀)။ အဲ့ဒီ ဗိသုကာတွေ၊ အင်ဂျင်နီယာတွေ ကျူးလွန်တဲ့အပြစ်က စည်ပင်ကို လိုင်စင်ကြေးမပေးမှု။ အဲ့ဒီ ဗိသုကာတွေ၊ အင်ဂျင်နီယာတွေရဲ့ အရည်အချင်းကိုက သက်ဆိုင်ရာ ဗိသုကာကောင်စီ၊ အင်ဂျင်နီယာကောင်စီတွေက စိစစ်ထားပြီးသား။ (အခု နောက်ဆုံးဝါကျအတွက် သဘောမတူသူတွေ ပို့စ်အဆုံးက မှတ်ချက်ကို ဖတ်ကြည့်ပါ)

နောက်ထပ်ဓါတ်ပုံမှာပါတဲ့ ပုဒ်မ ၄၁၆ (က) အတွက် ပြစ်ဒါဏ်ကိုကြည့်ပါ။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အသား၊ အစားအသောက်နဲ့ ဆေးဝါးတွေကို ထုတ်လုပ်၊ ရောင်းချ၊ သိုလှောင်သူတွေ အတွက်ငွေဒါဏ်က အနည်းဆုံး (၁) သိန်းနဲ့ အများဆုံး (၅) သိန်း။ ထောင်ဒါဏ် (၆) လလို့ ပါပေမယ့် မချမဖြစ်မဟုတ်။ ငွေဒါဏ်နဲ့လည်း ပြီးသွားနိုင်တယ်။ အဲ့ဒီလူတွေကျူးလွန်တဲ့အပြစ်ကြောင့် လူ့အသက်တွေသေစေနိုင်တယ်၊ ကင်ဆာလိုရောဂါတွေဖြစ်စေနိုင်တယ်။ တစ်ဦး တစ်ယောက်တည်းကို ထိခိုက်မှာမဟုတ်ဘူး။ လူပေါင်း ရာ၊ ထောင်ချီပြီး ထိခိုက်နိုင်တယ်။ အဲ့ဒီအတွက် ပြစ်ဒါဏ်က (၁) သိန်း မှ (၅) သိန်းအထိ။

တဆက်တည်းတွေ့နေရမယ့် ပုဒ်မ ၄၁၅ (ဂ)၊ ၄၁၅ (ဃ) နဲ့ ၄၁၅ (င) တို့ရဲ့ပြစ်ဒါဏ်တွေကို ဖတ်ကြည့်ပါဦး။ ပုဒ်မ ၄၁၅ (ဃ) နဲ့ ၄၁၅ (င) လို ရန်ကုန်တမြို့လုံးကလူတွေအားလုံးကို ထိခိုက်၊ အန္တရာယ်ပေးနိုင်တဲ့ (ရောဂါဖြစ်စေတဲ့ အန္တရာယ်ကနေ အသက်အန္တရာယ်အထိ) ပြစ်မှုတွေကို ကျူးလွန်သူတွေအတွက် အနိမ့်ဆုံး ဒါဏ်ငွေက (၁၀) သိန်းနဲ့ အမြင့်ဆုံး ဒါဏ်ငွေက သိန်း (၅၀)။ ထောင်ဒါဏ် (၆) လမှ (၁) နှစ်ထိလို့ပါပေမယ့် မချမနေမဟုတ်။ ငွေဒါဏ်နဲ့လည်း ပြီးသွားနိုင်တယ်။

နှိုင်းယှဉ်ကြည့်ကြရအောင်။



ဗိသုကာ၊ အင်ဂျင်နီယာတွေအတွက် စည်ပင်ကို လိုင်စင်ကြေးမပေးတဲ့ ပြစ်မှုအတွက် ဒါဏ်ငွေက (၁၀) သိန်းမှ (၅၀) သိန်းအထိ။

ပြည်သူတွေ ရာချီ၊ ထောင်ချီ ပြီး ရောဂါရ၊ အသက်သေစေနိုင်တဲ့ ပြစ်မှုကျူးလွန်သူတွေအတွက် ငွေဒါဏ်က (၁) သိန်းမှ (၅) သိန်း။

ရန်ကုန်တိုင်းအတွင်းက လူအားလုံး အန္တရာယ်ဖြစ်၊ ရောဂါဖြစ် (ကင်ဆာလိုရောဂါဖြစ်ရင် အသက်ပါသေ) စေနိုင်တဲ့ ပြစ်မှုကျူးလွန်သူအတွက် ပြစ်ဒါဏ်က (၁၀) သိန်းမှ (၅၀) သိန်းအထိ။

စည်ပင်ဥပဒေကြမ်းရေးတဲ့သူတွေရဲ့ ပြည်သူတွေအပေါ် ထားတဲ့စေတနာကို ကွက်ကွက်ကွင်းကွင်း မြင်သာပြီထင်ပါတယ်။

(မှတ်ချက်။ ။ ကျွန်တော် ဒီပို့စ်ကို ရေးတာဟာ ဥပဒေရှုထောင့်ကနေ ရေးတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ဗိသုကာကောင်စီနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတွေမှာ မှတ်ပုံတင်ထားတဲ့ ဗိသုကာတွေ၊ အင်ဂျင်နီယာတွေဟာ ဥပဒေရှုထောင့်ကကြည့်ရင် စည်ပင်အနေနဲ့ လုပ်ငန်းဆောင်ရွက်ရန် အရည်အချင်းပြည့်မီတဲ့ ဗိသုကာတွေ၊ အင်ဂျင်နီယာတွေအဖြစ် လက်ခံရမှာဖြစ်ပါတယ်။ ဗိသုကာကောင်စီ၊ အင်/ယာကောင်စီတွေက ဗိသုကာတွေ၊ အင်/ယာတွေကို ဘယ်လိုစိစစ်တယ်ဆိုတာက ဒီပို့စ်နဲ့ အကြုံးမဝင်ပါဘူး)
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>