Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ကာတွန်း ကိုခေတ် ● အသစ်လဲထားပြီ

$
0
0

ကာတွန်း ကိုခေတ် ● အသစ်လဲထားပြီ
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၁၇

ရန်လိုကျွဲ ● အမျိုးသားတို့ ကိုယ်ဝန်ဆောင်သောအခါ

$
0
0
ရန်လိုကျွဲ ● အမျိုးသားတို့ ကိုယ်ဝန်ဆောင်သောအခါ
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၇

အာလာဒင်မီးခွက်စောင့်သည့် နတ်ဘီလူးက သူ့ကို မီးခွက်တွင်းမှ ထွက်နိုင်အောင်ကူညီသူ ပြာသိုကြည်တင်၊ မယ် သောကြာ တို့ လင်မယားကို ကျေးဇူး ဆပ်သည့်အနေဖြင့် လိုရာဆုနှစ်ခု တောင်းခိုင်းသည်။ ပြာသိုကြည်တင်က ‘ဒီမိုကရေစီရချင်တယ်’ ဟု ဆုတောင်းသောအခါ နတ်ဘီလူးက   ဒီမိုကရေစီဖန်တီးပေးရန် အခက်အခဲနှင့် ကြုံရသော်လည်း နောက်ဆုံးတွင် ပြဿနာကို သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းပေးလိုက်သည်။ ဖြေရှင်းပုံမှာ ဒီမိုကရေစီဟုအမည်ရသော သတင်းစာတစ်စောင် ဝယ်ပြီး ပြာသိုကြည်တင်၏လက်ထဲ ထည့်လိုက်ခြင်းပင်တည်း။

(ဒီမိုကရေစီ သတင်းစာ ဝယ်ပေးလိုက်ပုံနှင့် ပြီးခဲ့သည့်လက အဆုံးသတ်ခဲ့သည်။ အောက်ဖော်ပြပါ ဇာတ်သိမ်းပိုင်းကို ပထမ ပိုင်း  မဖတ်ရသေးသူများလည်း  အရသာမပျက် ဖတ်ရှုနိုင်ပါကြောင်း အာမခံပါသည်။)

မယ်သောကြာမှာ အကင်းပါးသူဖြစ်၏။  ခင်ပွန်းသည် ပြာ သိုကြည်တင်က တိကျပြည့်စုံစွာ ဆုတောင်းခြင်း မပြုသော ကြောင့် တကယ့် ဒီမိုကရေစီ မရရှိဘဲ ၂ဝဝ တန် ဒီမိုကရေစီရရှိ သွားခြင်းဖြစ်ကြောင်း သဘောပေါက်သည်။ ထိုသင်ခန်းစာကို ယူ ပြီး သူ့အလှည့်တွင် ပြည့်ပြည့်စုံစုံ ဆုတောင်းရန်လည်း နတ်ဘီ လူးက သတိပေးသည်။

"ဒီတစ်ကြိမ် အလှည့်ကျသူက သေချာစဉ်းစားဆင်ခြင်မယ်လို့ ယူဆပါတယ်။ ကဲ…လိုရာဆန္ဒကို ပြောနိုင်ပါပြီ"

မယ်သောကြာသည် စိတ်လှုပ်ရှားစွာဖြင့် သူ့ဆုတောင်းကို ပြောပြလိုက်သည်။

"ကျွန်မတို့ အမျိုးသမီးတွေဟာ လစဉ် ရာသီသွေးလာတာနဲ့ ရင်ဆိုင်နေရတယ်။ ကိုယ်ဝန်ဆောင်ရပြီ ဆိုရင်လည်း အမျိုး သမီးတွေပဲ။ အင်မတန်မှကို ဒုက္ခကြီးလွန်းပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ရာသီသွေးလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း အလုပ် တွေကို ကျွန်မတို့ ဒုက္ခသီရိနိုင်ငံတော်ကြီးမှာ အမျိုးသားတွေ ရင်ဆိုင်ပါစေ။ ကျွန်မတို့ အမျိုးသမီးတွေ ဒီဒုက္ခများကနေ ကင်း လွတ်ခွင့်ရပါစေ"

မယ်သောကြာ၏ ဆုတောင်းစကားကြောင့် ခင်ပွန်းသည် ပြာသိုကြည်တင် မျက်လုံးပြူးသွားလေ၏။ အံ့သြလွန်းသဖြင့် စကား ပင် မပြောနိုင်တော့ချေ။ နတ်ဘီလူး၏ ပြူးပြီးသား မျက် လုံးလည်း ပိုပြူးသွားသည်။

"ကဲ…ကျွန်မရဲ့ ဆန္ဒကို အမြန်ဆုံး ဖြည့်ဆည်းပေးပေတော့။ ကျွန်မတို့ဟာ ဒီဒုက္ခတွေကြောင့် အိမ်မှာပဲ အနေများပြီး အိမ်မှု ကိစ္စ စီမံခန့်ခွဲရ၊ လုပ်ကိုင်နေရတာနဲ့ နားရတယ်ကို မရှိဘူးရှင့်။ သူတို့ ယောက်ျားသားတွေကတော့ အားလပ်နေတာကြောင့် ရပ် ကွက်ကျေးရွာကို ဦးဆောင်နိုင်သူ၊ နိုင်ငံကို ဦးဆောင်သူတွေ ဖြစ်လာကြတယ်။ ဒါတွေကို ကျွန်မ ကြည့်လို့မရတာ ကြာ ပြီ"

နတ်ဘီလူးက မယ်သောကြာ၏ ဆုတောင်းနှင့် ပတ်သက် ပြီး ပြင်ဆင်လိုက ပြင်ဆင်နိုင်ကြောင်း ပြောရာ မယ်သောကြာက ပြင်ဆင်မည်မဟုတ်ဟု ပြတ်သားစွာ ဆို၏။

"ကြိုက်သွားပြီ သခင်မရေ။ ခေါင်းမာတယ်ဆိုတာ မကောင်း ပေမယ့် ဒါဟာ ခေါင်းဆောင်တွေမှာရှိတတ်တဲ့ လက္ခဏာတစ်ခုပဲ။ ကဲ…သခင်မရဲ့ဆန္ဒ အခုချိန်က စပြီး ပြည့်ဝသွားပါပြီ။ ဒုက္ခသီရိမှာ  ရာသီသွေးလာခြင်း၊ ကိုယ်ဝန်ဆောင်ရခြင်းလုပ်ငန်းနှစ်ခုကို အမျိုးသမီးတွေ မခံစားရဘဲ အမျိုးသားတွေသာ ခံစားကြစေ…ဟတ်ချလောင်း"

ထိုသို့ ပြောဆိုပြီးနောက် နတ်ဘီလူးလည်း လင်မယား နှစ်ယောက်မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ပြာသိုကြည်တင် ၏ မျက်နှာမှာ မန်ကျည်းရွက်မျှသာ ကျန်တော့သည်။ မယ်သော ကြာကတော့ ဝမ်းသာလွန်းသဖြင့် ထခုန်လိုက်လေသည်။

● အပြောင်းအလဲ
နတ်ဘီလူး၏ ဖန်ဆင်းချက်က တိကျလှ၏။ ထိုနေ့မတိုင် ခင်က ဒုက္ခသီရိတွင် ကိုယ်ဝန်ရှိပြီးသား အမျိုးသမီးများမှတစ်ပါး ကျန်အမျိုးသမီးများ ကလေး မရနိုင်တော့ပေ။ အရွယ်ရောက်ပြီး အမျိုးသားများ ရာသီသွေးလာခြင်းကို လစဉ် ကြုံတွေ့ရလေတော့ သည်။ တစ်လကျော် နှစ်လအတွင်း အကာအကွယ်မသုံးသော အိမ်ထောင်ဘက်များ၊ အတူအိပ်ဖော်များကြားတွင် အမျိုးသမီး တို့ ကိုယ်ဝန်မရဘဲ အမျိုးသားများသာ ကိုယ်ဝန်ရလာကြခြင်း အကြောင်းကို ဆရာဝန်များက အံ့သြတကြီး သတင်းထုတ်ပြန် ကြသည်။ ဒုက္ခသီရိမှ ဖြစ်ထွန်းသမျှမှာ နိုင်ငံတကာသတင်း ဖြစ် လာလေတော့သည်။

ဒုက္ခသီရိရှိ အမျိုးသားတိုင်း သားအိမ်ရှိလာခြင်း၊ တင်ကား ရင်ထွားလာခြင်း စသော ကိုယ်ဝန်ဆောင် သားဖွားရန် အသင့် ဖြစ်သည့် အခြေခံလက္ခဏာများ ပိုင်ဆိုင်လာကြသည်။

"ကျွန်မတို့ ဒုက္ခသီရိ နိုင်ငံတော်ကြီးမှာ အမျိုးသားတွေ ရာသီသွေးလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း အလုပ်တွေကို ရင်ဆိုင် ပါစေဟူသော မယ်သောကြာ၏ ဆုတောင်းတွင် ‘ဒုက္ခသီရိ’ ဟူ သော ဒေသအကန့်အသတ် ပါဝင်သည်။ ရလဒ်အားဖြင့် နတ်ဘီ လူး၏ ဖန်ဆင်းချက်သည် ဒုက္ခသီရိသို့ ခေတ္တရောက်နေသော  နိုင်ငံခြားသားများလည်း အကျုံးဝင်ရာ သူတို့လည်း ကြီးမား သော အပြောင်းအလဲကို ရင်ဆိုင်ရလေ၏။

ထိုအချိန်က သတင်းသမား မော်ကွန်းဉာဏ်လင်းကဲ့သို့ ပြည်ပသို့ ခေတ္တ သွားရောက်သူ  ဒုက္ခသီရိသား အမျိုးသားတို့မှာ နတ်ဘီလူး၏ ဖန်ဆင်းချက်မှ လွတ်ကင်းသွားကြသည်။ သို့သော် လည်း ထိုသို့ လွတ်ကင်းကြောင်းကို ရုတ်တရက် မသိကြပေ။ မြောက်အမေရိကရောက် မော်ကွန်းဉာဏ်လင်းဆိုလျှင် သူ လည်း ကိုယ်ဝန်ရနိုင်သည်ဟု ယူဆပြီး အနေအထိုင် အထူးဆင် ခြင်၏။ သူ့တွင် လစဉ် ဓမ္မတာမလာခြင်းမှာ ရံဖန်ရံခါ ဖြစ်တတ် သည့်သဘောဟုလည်း ယူဆနေမိ၏။ ဓမ္မတာ ပုံမှန်လာစေရန် မည်သို့ နေထိုင်စားသောက်ရကြောင်း စာအုပ်စာတမ်းများ၊ ကျန်းမာရေးပညာပေး အင်တာနက်စာမျက်နှာများ ကို လေ့လာ ဖတ်ရှုနေတော့သည်။

ဒုက္ခသီရိတွင်မူ သူတို့၏ သတင်းစာတိုက်မှ မော်ကွန်း ကျော်ဇေယျာထွန်း၏ ဗိုက်မှာ သိသိသာသာ ကြီးလာသဖြင့် ဆေးခန်းသွားပြရာ ကိုယ်ဝန်ရှိခြင်း မဟုတ်ကြောင်း၊ ဘီယာ တန်ခိုးကြောင့် ဗိုက်ရွှဲလာခြင်း ဖြစ်ကြောင်း ဆရာဝန်က ပြော လိုက်သည်။ ဘီယာသမား အမျိုးသား  အများအပြား နေထိုင် သော ဒုက္ခသီရိတွင် ကိုယ်ဝန်ရှိခြင်းနှင့် ဗိုက်ရွှဲခြင်း မသဲကွဲသဖြင့် စမ်းသပ်ကြရာမှ ဆေးခန်းများ၊ ဆရာဝန်များ ဝင်ငွေ အထူး ကောင်းလာကြလေသည်။

ဘီယာ၊ အရက်တို့မှာမူ ရောင်းအား ထိုးကျသည်။  အကြောင်းမှာ ယမကာ သောက်သုံးသူ အမျိုးသား အများအပြား ကိုယ်ဝန်  ရှိနေကြသဖြင့် ယစ်ရွှေရည်မှီဝဲခြင်း ရပ်နားထားကြခြင်း ကြောင့်တည်း။

ထိုးကျသောအရာ နောက်တစ်ခုမှာ မုဒိမ်းမှုဖြစ်သည်။ မုဒိမ်းမှုကျူးလွန်သော အမျိုးသား မဆိုစလောက်သာ ရှိတော့ ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများက ဆိုသည်။

● ကံဆိုးစေသော ၇ ဂဏန်း
နိုင်ငံတကာတွင် ၂၈ ရက် ကြာတိုင်း အမျိုးသမီးတို့ ရာသီ သွေး တစ်ကြိမ် လာတတ်သည်။ တစ်နှစ်လျှင် ၁၃ ကြိမ် အများဆုံး ဖြစ်သည်။  ထိုအချက်ကြောင့်  ရှေးခေတ် အယူသီးသူတချို့က ၁၃ ဂဏန်းသည် ကြမ္မာဆိုးများနှင့် ဆက်နွှယ်နေကြောင်း ယုံကြည်ကြခြင်း ဖြစ်လေ၏။ ဒုက္ခသီရိသည်လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းလိုလှသည်ဖြစ်ရာ ၁၃ ဂဏန်းကို ပစ်မှတ်ထား ပိတ်ဆို့သည်။ ဘတ်စ်ကား လိုင်းနံပါတ်တွင်ပင် အမှတ် ၁၃ ကို ထည့်သွင်း ခြင်း မပြုခဲ့ချေ။

ထိုသို့သော ၁၃ ဂဏန်း မုန်းတီးမှုမှာ ဒုက္ခသီရိတွင် တဖြည်းဖြည်း ခေတ်တုံးသွား သည်။ အဘယ်ကြောင့်နည်း။

ဆိုခဲ့သလိုပင် ဒုက္ခသီရိတွင် အမျိုးသားတို့ ရာသီသွေးလာ စေရန် ဖန်တီးပေးခဲ့သူမှာ မီး ခွက်စောင့်ဘီလူး ဖြစ်သည်။  ဘီလူးကြီးက အမျိုးသားအချင်းချင်း ကိုယ်ချင်းစာသောအားဖြင့် ရက် ၅ဝ ပြည့်မှ တစ်ကြိမ် ရာသီသွေးလာစေရန် စီမံခဲ့၏။  ဘီလူး ကြီး ကျေးဇူးတော်ကြောင့် ဒုက္ခသီရိ အမျိုးသားတို့ ရာသီလာ ခြင်းကို တစ်နှစ်လျှင် ၇ ကြိမ်သာ အများဆုံး ကြုံတွေ့ရလေသည်။

ဤတွင် ၇ ဂဏန်းသည်  ကံဆိုးစေသော နံပါတ် ဖြစ်မှန်း မသိ ဖြစ်လာလေတော့သည်။ ခရီးသွားသည့်အခါ ကားပေါ်တွင် လိုက်ပါသူ ၇ ဦး ဖြစ်နေလျှင် ကားထဲ ကျောက်ခဲတစ်လုံး ကောက် ထည့်ပြီး ခေါ်သွားကြသည်၊ ‘မောင်ကျောက်ခဲ ပါတယ်ဆို တော့ ကျုပ်တို့က ၈ ယောက်ပေါ့ဗျာ၊ ဟဲဟဲဟဲ’ဟု ပြောပြီး ခရီးဆက်ကြ လေ၏။

● အမျိုးသား အခွင့်အရေး
အမျိုးသား အများ အပြား ရှိတတ်သည့် အကျဉ်းထောင်တွင်လည်း ပြောင်းလဲမှုများ ရှိလာသည်။ ရာသီသွေးလာစဉ် အသုံး ပြုရသည့် ဂွမ်းထုပ်များကို အကျဉ်း သားတိုင်းအတွက် လုံလုံလောက်လောက် ရရှိစေရန် စီစဉ်ထားလေသည်။ အကျဉ်းထောင် အလုပ်စခန်း များတွင်လည်း ရာသီသွေးလာသည့်  အကျဉ်းသားအတွက် အလုပ်နားရက်ကို ပြင်ပရုံးဌာန၊ ကုမ္ပဏီလုပ်ငန်း ခွင်များကဲ့သို့ သုံးရက် အနည်းဆုံး သတ်မှတ်ထားရန် သံမဏိစည်းကမ်းထုတ်လိုက်လေရာ အမျိုး သမီးအကျဉ်းသားတို့က "ဒါတော့ သိပ်များသွားပြီ၊ သူတို့အလှည့်ကျတော့ သိတတ်လိုက်ကြတာ"ဟု ဝေဖန်ကြလေ၏။

မီးခွက်စောင့်နတ်ဘီလူး၏  ကမောက်ကမ ဖန်တီးချက်များ အပြီး လအနည်းငယ်အကြာတွင် ခေတ်စားလာသည်မှာ  ‘အမျိုး သား အခွင့်အရေး’ ဟူသော စကားလုံး ဖြစ်လေသည်။ နိုင်ငံရေး သမားအများစုက အမျိုးသားများဖြစ်ကြရာ ထိုစကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးလာကြ၏။ အမျိုးသားများ ကြီးစိုးသည့် လွှတ်တော်တွင်လည်း အမျိုးသားအခွင့်အရေးဆိုင်ရာ ဥပဒေ များ၊ ရပိုင်ခွင့်များအကြောင်း အရေးတကြီး ဆွေးနွေးလာကြသည်။

တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေ  ရေးဆွဲ၊ ပြဋ္ဌာန်း၊ အတည်ပြုနိုင်ရေးအတွက် အထူးဝါယမ စိုက်ကြလေသည်။ ထို သို့သော ဥပဒေမျိုးကို ဦးစားပေးလွန်းခြင်းမှာ မဖြစ်သင့်ကြောင်း အပျိုကြီးများသမဂ္ဂက ဝေဖန်လိုက်သည်။

"လွှတ်တော်တွင်း ပြည်သူ့ကိုယ်စားလှယ်တွေ၊ ပြီးတော့ နေရာ ၃၅ ရာခိုင်နှုန်း အလိုအလျောက် ရတဲ့ ပုလိပ်အဖွဲ့ရဲ့ ကိုယ် စားလှယ်တွေကို ကြည့်လိုက်ရင် အများစုက အမျိုးသားတွေပဲ ဖြစ်တာ တွေ့ရတယ်ရှင့်။ ဟုတ်တယ်နော်။ လွှတ်တော်မှာ သူတို့ပဲ ခြယ်လှယ်နေတာကြောင့် ဒီလို ကြိုးပမ်းနေကြတာပါ"ဟု အပျို ကြီးများသမဂ္ဂ ပြောခွင့်ရသူတစ်ဦးက ကွမ်းသွေးကို ဗျစ်ခနဲ ထွေး ထုတ်ပြီး သုံးသပ်လိုက်သည်။

ဤအတောအတွင်း ကိုယ်ဝန်ဆောင်အမျိုးသားများ မီးဖွားခွင့်ဆိုင်ရာ အထူးဥပဒေကို လွှတ်တော်တွင် ကမန်းကတန်း ရေး ဆွဲပြဋ္ဌာန်းရာ ပြဋ္ဌာန်းသည့် ညနေပိုင်းတွင်ပင်  သမ္မတက လက်မှတ်ထိုး အတည်ပြုလိုက်သည်။ မီးဖွားခွင့်ကို အနည်းဆုံး တစ်နှစ် မဖြစ်မနေ ပေးရန်၊ ဆရာဝန် ထောက်ခံချက်ရှိလျှင် နှစ်နှစ်အထိ ပေးရန်၊ မီးဖွားခွင့်ယူသည့် ကာလအတွင်း လုပ်ခ လစာ အပြည့်ပေးရန်၊ အထူးထောက်ပံ့ကြေးပေးရန်တို့လည်း ဥပဒေအတွင်း ထည့်သွင်းရေးဆွဲထားသည်။

လွှတ်တော်တွင်း ဆွေးနွေးဆုံးဖြတ်မှုများကို အားရပါးရ ထောက်ခံသည့်အထဲတွင် မော်ကွန်းသတင်းစာလည်း ပါဝင်သည်။

"အမျိုးသားတို့ကိုယ်ဝန်ဆောင်ကာလ၊ မီးဖွားပြီးစကာလများအတွင်း ဇနီးသည်တို့သည် ချစ်ခင်ပွန်းအနီး နေထိုင်ခြင်း၊ ပြုစု ယုယမှု ပေးခြင်းဖြင့် လူသားဆန်မှုကို ပြသသင့်ပေသည်"ဟု မော်ကွန်းသတင်းစာ အယ်ဒီတာ့အာဘော်တစ်ခုတွင် ရေးသား တိုက်တွန်းလိုက်သည်။

● အပြောင်းအလဲကို ကျေနပ်ကြသလော
ဒုက္ခသီရိ၏ အပြောင်းအလဲမှာ သုံးနှစ်သုံးမိုး ကြာလာ ချေပြီ။

နိုင်ငံတကာမှ အမျိုးသားများက ဒုက္ခသီရိ၏ ဖြစ်ထွန်းမှု များကို အဝေးမှ စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ မည်သည့် အမျိုးသားမျှ ဒုက္ခသီရိသို့ အလည်အပတ်ပင် လာဝံ့ခြင်း မရှိကြ ချေ။ သံရုံးများတွင် တာဝန်ထမ်းဆောင်ရန် အမျိုးသမီးသံတမန် များသာ ရောက်လာကြကုန်၏။

အပြောင်းအလဲ သက်တမ်းရင့်လာသော်လည်း ဒုက္ခသီရိရှိ အမျိုးသားတို့မှာ သဘာဝအခြေအနေအသစ်နှင့် အသားမကျကြ သေးပေ။ အမျိုးသမီးတို့ကရော မည်သို့ရှိသနည်း။

အမျိုးသမီးအများအပြားသည်  ကိုယ်ဝန်ဆောင်မိခင်ဖြစ် ခွင့် ဆုံးရှုံးရသောကြောင့် အထူးဝမ်းနည်းပူဆွေးကြလေသည်။

ဖခင်အများစုက မိခင်စိတ် မရှိကြကြောင်း၊  ရင်သွေးငယ် ကို  ပြုစုလိုစိတ် မရှိကြကြောင်း၊ ကလေးမွေးပြီးသည်နှင့် ဘီယာ ဆိုင်သို့သာ ခြေဦးလှည့်နေကြကြောင်း  အမျိုးသမီးအဖွဲ့များ၊ ကလေးသူငယ်အဖွဲ့အစည်းများက အစီရင်ခံစာ ထုတ်ဝေကြ သည်အထိ အခြေအနေက ရုပ်ပျက်ဆင်းပျက် ဖြစ်လာသည်။

မီးခွက်စောင့်ဘီလူး သွားရောက် အိပ်ငိုက်ရသည့် နတ် သဘင်လွှတ်တော် အစည်းအဝေးတွင်လည်း ဒုက္ခသီရိ၏ ပြဿနာ အရပ်ရပ်နှင့် ပတ်သက်ပြီး  အရေးတကြီး အဆိုတင်သွင်း ဆွေး နွေးငြင်းခုံစရာ ဖြစ်လာသည်။ "ဒါဟာ လူလုပ်ပြဿနာ မဟုတ် ဘူး။ နတ်ဖန်တီးတဲ့ ပြဿနာဖြစ်တယ်။  ဒုက္ခသီရိမှာ အခြေအနေ နဂိုအတိုင်း ပြန်ဖြစ်အောင်လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ ကိုယ်စား လှယ်များက ဆန္ဒရှိကြတာကြောင့် ဒီပြဿနာကို အစပြုပေးတဲ့ အာလာဒင်မီးခွက်စောင့်နတ်က လူ့ပြည် ပြန်ဆင်းပြီး ဖြေရှင်းပါ။ ကန့်ကွက်မယ့်နတ် ရှိပါသလား"ဟု နတ်လွှတ်တော်ဥက္ကဋ္ဌ သီဟ (စခန်းသစ်)က မေးရာ ကန့်ကွက်မည့်နတ် မရှိသည့်အတွက် အာ လာဒင်နတ်ဘီလူး လူ့ပြည်ဆင်းရလေသည်။

နတ်ဘီလူး လူ့ပြည်ပြန်ရောက်လာပြီးနောက်  ဒုက္ခသီရိ သတင်းသမားများကွန်ရက် (DJN) ရုံးတွင် သတင်းစာရှင်းလင်း ပွဲ လုပ်သည်။   ယနေ့မှစ၍ ဇီဝကမ္မဗေဒ အပြောင်းအလဲ၊ ကိုယ် ဝန်ရှိခြင်း ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ဒုက္ခအဝဝကို အမျိုးသမီး တို့သာ တင်းပြည့်ကျပ်ပြည့် ခံစားရတော့မည်ဟု ကြေညာလေ၏။

ထိုကြေညာချက်နှင့် ပတ်သက်ပြီး သတင်းစာမျက်နှာဖုံးများတွင် ရက်အတန်ကြာ ဖော်ပြကြသည်။ အမျိုးသားအပေါင်းတို့ အောင် ပွဲခံမှု အကြီးအကျယ် ပြုလုပ်ကြရာ ဈေးကွက်အတွင်း ဘီယာ၊ အရက် ပြတ်လပ်သွားလေသည်။

● နိဂုံး
အခြေအနေအရပ်ရပ် သဘာဝအတိုင်း ပုံမှန်ပြန်ဖြစ်သွား သောကြောင့် အမျိုးသားများအတွက် အထူးပြဋ္ဌာန်းခဲ့သော ဥပဒေ၊ အမိန့်အရပ်ရပ်ကို ဖျက်သိမ်းလိုက်ကြောင်း စာဖတ်သူတို့ သဘောပေါက်ပေလိမ့်မည်။  ဟုတ်သည်၊ အမျိုးသားအခွင့်အရေး ဆိုင်ရာ အထူးပြဋ္ဌာန်းချက်များကို ရုပ်သိမ်း၊ ပယ်ဖျက်လိုက် ကြသည်။

ဤသို့သော အခြေအနေတွင် အမျိုးသမီးများနှင့် ပတ် သက်ပြီး လူ့အခွင့်အရေးအဖွဲ့များ၏ တောင်းဆိုချက် ပေါ်ထွက် လာသည်။ ထိုတောင်းဆိုချက်မှာ အခြားမဟုတ်ပေ။ ပြီးခဲ့သော ကမောက်ကမနှစ်ကာလအတွင်း  ယောက်ျားသားတို့ ရရှိခဲ့သော အခွင့်အရေးတို့မှာ လွန်စွာ ကောင်းမွန်လှသည်၊ အမျိုးသားများ အတွက် ရည်ရွယ်ပြဋ္ဌာန်းခဲ့သော ထို အထူးအခွင့်အရေးဆိုင်ရာ ဥပဒေ၊ အမိန့်များကို အမျိုးသမီးများအတွက် ပြဋ္ဌာန်းပေးပါဟူ သော တောင်းဆိုချက် ဖြစ်၏။

ထိုသို့ ရေးဆွဲပြဋ္ဌာန်းပေးရန် အမျိုးသမီးအမတ်များက လွှတ်တော်တွင် တောင်းဆိုရာ အမျိုးသားတို့ကြီးစိုးသော လွှတ် တော်က တစ်ခဲနက် ပယ်ချလိုက်လေသတည်း။

၂၀၁၇-ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၄၅) မှ သရော်စာ ဖြစ်ပါသည်။


ရန်လိုကျွဲ ရေးသည်။
သရုပ်ဖော်ကာတွန်း သီဟ (စခန်းသစ်)

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၃)

$
0
0
အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၂၃)
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၇

● ဘုရားသုံးဆူ နေ့ရက်များ (၁၁)
ဘုရားသုံးဆူ ၁၀၂ စခန်းမှာ တောင်ယာခုတ်ပြီး ကျောက်ဖရုံသီး အကြီးအကျယ် စိုက်ကြတယ်။ ဦးဆောင်သူတွေကတော့ တပ်ရင်း ၁၀၂ က ခေါင်းဆောင် ကိုတိုးကြီးနဲ့ ကိုရဲမွန်၊ ကျန်သူတို့ရဲဘော်တွေပဲ။ ကိုတိုးကြီးက ဂျီတီအိုင် ကျောင်းသား ဟောင်း၊ စိတ်ရင်းကောင်းတယ်။ လူချစ်လူခင်လည်း ပေါတယ်။ ဒါပေမယ့် ပြဿနာက စကားမပီတာ၊ 'တ'နဲ့ 'သ'နဲ့ မကွဲ ဘူး။ ဒါကြောင့် ကျနော်တို့က သူ့ကို စနောက်ကြတယ်။ "ကဲ… တိုတိုတိပ်တိပ်နဲ့ တေတေတပ်တပ် သွားကြမယ်။"တို့၊ "ဝက်သားကွာ အတစ်တစ်လေးတွေတုံးပြီး ချက်ထားတာ၊ တိုးလို့ တံမံတလင်းပေါ် တွန်လိုက်ရတယ်"ဆိုတာမျိုးပေါ့။ ကိုရဲမွန်ကလည်း အသက်ကြီးတဲ့ ဂျီတီအိုင်ဆင်း ကျောင်းသားတယောက်ပဲ။ သူတို့က တပ်ရင်း (၁၀၂) မှာ တထောင့် တနေရာ ဦးဆောင်မှု ယူထားကြတယ်။

တရက်မှာ ကိုတိုးကြီးက ကြွားလာတယ်။ သူတို့ တောင်ယာစိုက်ထားတဲ့အကြောင်း။ ဘုရားသုံးဆူဒေသမှာက ကျောက်ဖရုံသီးက တလုံးကို ၅ ဘတ်ဈေးရတယ်။ ကျောက်ဖရုံသီးက ရေရှည်အထားအသို ခံပြီး၊ မပုတ်မသိုးတတ်တဲ့အတွက်ကြောင့် အိမ်တွေအတော်များများကလည်း ရေရှည်ရိက္ခာအတွက် ဝယ်ယူစုဆောင်းကြတယ်။ တကယ်တော့ ကျောက်ဖရုံသီးကို မြို့ဈေးက လာဝယ်တာ နည်းနည်းပါးပါးပဲရှိတယ်။ ဒေသဈေးကွက် စားသုံးမှုအတွက် လောက်သာ ဝယ်ယူနေကြတာ။ သူတို့က တပ်ရင်း ၁၀၂ နောက်ကျော တောင်ကုန်းကို တောင်ယာခုတ်လိုက်တယ်။ အဲဒီ တောင်ယာမှာ ကျောက်ဖရုံသီး၊ ရွှေဖရုံသီးတွေ စိုက်ထားတယ်။ သူတို့က တွက်ရေးတော့ စက်သူဌေး။

"အောင်သူ ရ.. ဒီလိုကွ၊ ကျောက်ဖရုံသီးက တပင်ကို ၁၀ လုံးထွက်မယ်။ ငါတို့က အပင် ၁၀၀၀၀ ကျော် စိုက်ထားတာ။ အဲသည်တော့ ကျောက်ဖရုံသီး အလုံး ၁၀၀,၀၀၀ (တသိန်းရမယ်)။ ကျောက်ဖရုံသီးတလုံးကို ၅ ဘတ်ဆိုရင်ကွာ ဝင်ငွေက ၅ သိန်းရမယ်။ လျော့လျော့ပေါ့ပေါ့ ၄ သိန်းတွက်ကွာ။ ဒီအချိန်မှာ အေကေသေနတ်တလက်က ၅,၀၀၀ ဘတ်ပဲ ရှိတယ်။ ဒါဆိုရင် သေနတ်ဝယ်ရင် အလက် ၈၀ ရမယ်။ ကျည်တွေဘာတွေတော့ ထပ်ဝယ်ဖို့ လိုသေးတာပေါ့။"သူတို့တွက်ကိန်းနဲ့ သူတို့ အလုပ်ဖြစ်နေကြတယ်။ အဲဒီကာလမှာ နယ်စပ်မှာ လက်နက်မှောင်ခိုတွေက ရှာရသိပ်မခက်လှဘူး။ အေကေ သေနတ်တလက် ၅,၀၀၀ ဆိုတာလည်း လူတိုင်းသိတဲ့ ဈေးလိုဖြစ်နေတယ်။ ကမ်ဘောဒီးယား ပြည်တွင်းစစ်ပြီးလို့ အဲဒီ ဖက်ကနေ ပိုလျှံလာတဲ့ လက်နက်တွေက ထိုင်းနယ်စပ်ဖက်ကို မှောင်ခိုလမ်းကြောင်းနဲ့ ရောက်လာကြတယ်။ တကယ် တော့ ကျောက်ဖရုံသီးဆိုတာ လူတိုင်းလိုချင်နေတဲ့ ရှားပါးပစ္စည်းမှ မဟုတ်ဘဲ။ ကိုတိုးကြီးတို့ တွက်ထားသလို အလုပ်မဖြစ် ကြောင်း ပြလာတယ်။ အစောပိုင်းမှာ ကျောက်ဖရုံသီး ဝယ်လက်ရှိတယ်။ ခဏနေတော့ ရွာအတွက်က နေ့ဖို့ညစာ ရှေ့ရေး အတွက် ကျောက်ဖရုံသီးက ဖူလုံသွားခဲ့ပြီ။ အဲဒီအခါမှာ ဘုရားသုံးဆူဈေးက မဖြူ -မနီတို့ဆိုင်မှာ ကျောက်ဖရုံသီးနဲ့ ကော်ဖီ ဘာတာစနစ်နဲ့ ဖလှယ်သောက်ကြရတယ်။ ကျောက်ဖရုံသီး တလုံး ၅ ဘတ်- ကော်ဖီတခွက် ၅- ဘတ်။ တပ်ရင်း ၁၀၂ က ရဲဘော်တွေက ကျောက်ဖရုံသီးတလုံးသယ်သွား၊ ၅ မိုင်လောက် ခရီးကိုလမ်းလျှောက်၊ ပြီးတော့ မဖြူ-မနီကို ပိုးပန်းရင်း လက်ဖက်ရည်-ကော်ဖီတခွက်ကို ကျောက်ဖရုံသီးတလုံးနဲ့ လဲလှယ်သောက်။ ပြီးတော့ ပြန်လာ။

ဒီလိုနဲ့ ဟိုဆိုင်မှာလည်း ကျောက်ဖရုံသီးတွေ ပုံလာပြီ။ ကျောက်ဖရုံသီး ၂-လုံး ၅ ဘတ်ဖြစ်လာတယ်။ အရင်က တလုံး ကော်ဖီတခွက်ဆိုရင်၊ နောက်တော့ ကျောက်ဖရုံသီး ၂-လုံးပေးမှ ကော်ဖီတခွက်ရတော့တယ်။ စခန်းဂိုဒေါင်ထဲလည်း ကျောက်ဖရုံသီးတွေပုံလို့။ ဒါနဲ့ ဘုရားသုံးဆူဒေသကို ရန်သူ့စစ်ကြောင်းက ထိုးစစ်ဆင်လာတော့မယ်ဆိုတော့ ကိုတိုးကြီး တို့က "တို့ ကျောက်ဖရုံသီးတွေကို လိုချင်လို့ လာလုတဲ့စစ်ပွဲပဲ။ 'ကျောက်ဖရုံသီးစစ်ပွဲ'လို့ သမုတ်ကြတယ်။

စစ်ပူလာတော့မယ်ဆိုတော့ တပ်ရင်း ၁၀၂ စခန်းအနား ကျောက်တောင်မှာ အခြေချတဲ့ အမေရိကန် ဘုန်းကြီးကလည်း နှုတ်ဆက်တယ်။ "ဒီနေရာမှာ မငြိမ်းချမ်းတော့ဘူး၊ သူထွက်သွားရတော့မယ်"လို့ ပြောတယ်။ တပ်ရင်း ၁၀၂ စခန်းချရာ အနီး ကျောက်တောင်ဂူထဲမှာ အမေရိကန်ဘုန်းကြီးတပါး သီတင်းသုံး စခန်းချနေခဲ့တယ်။ သူ့အကြောင်း သေသေချာချာ မသိရသလို၊ ကျနော်တို့ကလည်း စပ်စုပြီး မမေးဖြစ်ခဲ့ကြဘူး။ သတင်းကြားဖူးတာတော့ တခါက သူက လေယာဉ်မှူးဖြစ်ခဲ့ ဖူးတယ်လို့လည်း ဆိုတယ်။ လေယာဉ်ပျံဆင်းဖို့ တခါ ခက်ခဲနေချိန်မှာ လေယာဉ်ပျံတောင်ပံပေါ်မှာ မြန်မာပြည်က ရဟန္တာ ဘုန်းကြီးတပါးကို တွေ့ရတယ်။ နောက်တော့ လေယာဉ်ရှောရှောရှုရှု ဆင်းသက်သွားနိုင်တယ်ဆိုတဲ့ ပုံပြင်တပုဒ်ကြားရဖူး တယ်။ ဒီဘုန်းကြီးဟာ အဲဒီပုံပြင်ဇာတ်လမ်းထဲက လေယာဉ်မှူးလို့လည်း ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ် ဒီအမေရိကန် ဘုန်းကြီးက ဝိနည်းစောင့်လွန်းတယ်။ မနက်ဆွမ်းခံရင် ဖိနပ်မစီးဘူး။ မျက်လွှာကိုချထားတယ်။ သတ်မှတ်ထားတဲ့ ခြေလှမ်းက လွဲလို့ ရှေ့ကိုမကြည့်ဘူး။ ဆွမ်းခံတဲ့အချိန်အခါမှာလည်း သတ်မှတ်အရေအတွက်ရှိတဲ့ အိမ်ကိုပဲ ဆွမ်းခံတယ်၊ ရရင်ဖုန်းပေးတယ်။ မရခဲ့ရင်လည်း မရတဲ့အတိုင်း အငတ် ဥပုသ်စောင့်တယ်။ ကျနော်တို့စခန်းက ရဲဘော်တွေလည်း တခါ တလေ ဆွမ်း၊ စားဖွယ်သွားကပ်လှူဖူးတာ ရှိတယ်။ ကျနော်ကတော့ သူတခါငှက်ဖျား ဖျားနေလို့ ဆေးသွားချိတ်ပေးဖူး တယ်။ အခုတော့ ဒီဒေသဟာ မငြိမ်းချမ်းတော့ဘူး ဆိုပြီး ထွက်သွားတော့တယ်။

ဒီအချိန်မှာ ကျနော်တို့စခန်း ရဲဘော်တွေအတွက် စစ်ကြောင်းတက်လာရင်တောင် ခုခံဖို့ သေနတ်မရှိဘူး။ ဒီလိုနဲ့ ဘန်ကောက်တက်ပြီး ကျနော်တို့ ကျောင်းသားအဖွဲ့တွေကို အကူအညီပေးနေကြ အဖွဲ့အစည်း၊ မိသားစုတွေဆီကို အလှူခံ ကြရတယ်။ ပြောရရင် ဘန်ကောက်မှာ အဖွဲ့အစည်းအချို့က ကျောင်းသားအဖွဲ့အစည်းတွေကို ကူညီရေးနဲ့ ထောက်ပံ့ရေး လုပ်ဆောင်နေကြတယ်။ တခုကတော့ ကုလသမဂ္ဂ ဌာနတခုက အရာရှိ ဒေါက်တာတင်မြင့်ဦး ဦးဆောင်တဲ့ အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေအဖွဲ့ (Emergency Relief Fund-- ERF) အဖွဲ့ပဲ။ သူတို့မိသားစု နေထိုင်ရာ တိုင်ပင်းတာဝါ (Taipen Tower) အဆောက်အဦကို စွဲလို့၊ "အိမ်ကြီး"လို့လည်း ခေါ်ကြတယ်။ နောက်တဖွဲ့ကတော့ ဦးမောင်မောင်ဆွေ၊ ဒေါက်တာ ခင်မောင်ကြွယ်၊ ဒေါ်ပြုံးနဲ့ ဦးစိုင်းထွန်းတို့ ဦးဆောင်တဲ့ (United States of Burma--USB) အဖွဲ့ပဲ။ သံရုံးတခု မှာ အလုပ်လုပ်နေတဲ့ ဦးစိုးပိုင်တို့ မိသားစုကလည်း ကူညီကြတယ်။ ဦးအောင်နု ဦးဆောင်တဲ့ (ဒညတ) အဖွဲ့ကတော့ ယခင်က စခန်းတွေကို ကူညီတယ်။ နောက်ပိုင်း သူတို့လည်း နိုင်ငံရေးအသင်းအဖွဲ့ တခုဖြစ်လာပြီးတဲ့နောက်မှာ သူတို့နဲ့ အလွမ်းသင့်သူတွေကိုပဲ ကူညီတော့တယ်။ ကျနော်တို့စခန်းကို USB အဖွဲ့က ဘတ်ငွေတသိန်းကျော် ကူညီတာနဲ့ တပ်စိတ် တစိတ်စာ သေနတ်တွေ ချက်ချင်ဝယ်ယူ တပ်ဆင်နိုင်လိုက်တယ်။ (တပ်စိတ် တစိတ်စာဆိုတဲ့နေရာမှာ လူ ၁၀ ယောက် အတွက် လက်နက်ငယ် ၉ လက်၊ ကျည်နဲ့ RPG-2 ခွင်းဒုံးတလက် ပါဝင်တယ်။) အဲဒီအချိန်မှာ ကျန်စခန်းအသီးသီးက လည်း ငွေရှာကြတယ်။ ဗဟိုပြန်ကြားရေးဌာနက ကိုကိုလေးလည်း ငွေတွေနဲ့ ပြန်လာတယ်။ မွန်ပြည်သစ်ပါတီဆီက သေနတ်အချို့ဝယ်ယူ၊ တပ်ရင်း (၁၀၂) ကို တပ်ဆင်ပြီး သူလည်း ရှေ့တန်းဆင်းဖို့ လုပ်တယ်။

ကျနော်တို့ ဘုရားသုံးဆူစခန်းကို စတက်လာခဲ့တဲ့ မုက္ကနင်ကျေးရွာမှာ နောက်ပိုင်းတော့ အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ အစိုးရစစ်တပ် ခလရ (၁၀၆) က တပ်ရင်း ထိုင်နေခဲ့တယ်။ တပ်ရင်းမှူးကတော့ နောက်ပိုင်း နာမည်ကြီးလာမယ့် ဒု-ဗမက သီဟသူရ သူရစစ်မောင်ပဲ။ အခု ဘုရားသုံးဆူထိုးစစ်ကိုလည်း သူကပဲ ဗျူဟာမှူးလုပ်ပြီး ထိုးစစ်ဆင်လာမယ်။ တပ်ရင်း ၃ ရင်း ပါမယ်လို့ဆိုတယ်။ အဲဒီအချိန်မှာ မွန်မဟာမိတ် ခေါင်းဆောင်တွေက အမျိုးမျိုး သုံးသပ်နေကြတုန်းပဲ။ အရင်တုန်းက လည်း ဘုရားသုံးဆူဒေသကို လာပြီး ထိုးစစ်ဆင်ခဲ့ဖူးတာ ရှိတယ်။ သို့သော်လည်း အခြေချသိမ်းပိုက် စခန်းထိုင်ထားတာ မျိုး မရှိခဲ့ဘူး။ စခန်းတွေကို သိမ်းပိုက်၊ မီးရှို့ဖျက်ဆီးပြီး ပြန်ဆင်းသွားကြတာ များတယ်။ အကြောင်းကတော့ နောက်တန်း ကနေ ထောက်ပံ့ရတာ ထောက်ပံ့ရေးလမ်းကြောင်း ရှည်လှတယ်။ အခု အချိန်မှာလည်း အရင်လိုပဲ တခဏတာ လာရောက်သိမ်းပိုက်တဲ့ ထိုးစစ်မျိုး ဖြစ်မယ်လို့ မှန်းဆကြသူတွေလည်း ရှိတယ်။ ဒါပေမယ့် ကေအဲန်ယူဒေသက စခန်းတွေ ကိုလည်း တခုပြီးတခု ထိုးစစ်ဆင်သိမ်းပိုက် တိုက်ခိုက်နေပြီ၊ ဒီတခါ ဘုရားသုံးဆူစခန်းရရင် လက်လွှတ်ဖွယ် မရှိဘူး၊ အတည်တကျ စခန်းချသွားနိုင်တယ်လို့ သုံးသပ်နေသူတွေလည်း ရှိတယ်။ စစ်သတင်းကြောင့် စည်ကားစ ကျေးရွာလူထု တွေလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ကုန်ကြတယ်။ တရက်မှာ ဘုရားသုံးဆူအနီးက သစ်စက်မှာ လူအချို့ရန်ဖြစ်ကြတယ်။ ရန်ဖြစ်တဲ့ ဝရုန်းသုန်းကား သတင်းကြောင့်ပဲ ရွာလန့်ပြီး ပြေးတယ်။ ဘုရားသုံးဆူကျေးရွာ ခြောက်ကပ်သွားတယ်။

မွန်ပြည်သစ်ပါတီကတော့ မွန်အမျိုးသားနေ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အချိန်။ ဒီနှစ်ပွဲကို စစ်ကြောင်းလျှောက်၊ ချီတက် အလေးပြုမယ်။ ဘုရားသုံးဆူရွာက ကွင်းမှာ ကျင်းပမယ် ပြင်ဆင်ထားလို့၊ မုတ်ဦးတွေလည်း ရွာလမ်းမမှာ ပြင်ဆင်ထားကြ တယ်။ ရွာလူထုတွေ မလန့်ရအောင်လည်း ရွာထဲမှာ လော်စပီကာနဲ့ လှည့်ပြီး ဗမာ-မွန်-ကရင် ဘာသာတွေနဲ့ ကြေညာ တယ်။ "မိဘပြည်သူများ ခင်ဗျား၊ ရန်သူ့ရဲ့ ထိုးစစ်အပေါ် ဘာမှ စိုးရိမ်ကြောက်လန့် မရှိကြပါနဲ့။ ကျနော်တို့ အောက်ခြေက ရွာတွေမှာ ခံစစ်တွေ သေချာပြင်ဆင်ထားပြီး ရှိနေပါတယ်။ မွန်ပြည်သစ်ပါတီ အင်အား… မည်မျှ၊ ကေအဲန်ယူနဲ့ ကေအဲန် ဒီအို ကာကွယ်ရေးတပ်ဖွဲ့… အင်အား မည်၍မည်မျှ၊ ကျောင်းသားတပ်ဖွဲ့… အင်အား မည်၍မည်မျှ… ခုခံစစ်ကို သေချာ ပြင်ဆင်ထားပါတယ်၊ မစိုးရိမ်ကြပါနဲ့…. "စပီကာနဲ့ လှည့်ပြီး ကြေညာသံတွေကို ကြားနေကြရတယ်။ ဒါပေမယ့် ရွာက ခြောက်ကပ်နေခဲ့ပြီ။ လူတွေ မရှိတဲ့အခါ ခွေးတွေက အစာရလိုရငြား ကျနော်တို့ သွားလေရာနောက်ကို တကောက် ကောက် လိုက်နေကြတယ်။ အရင်လို မဟောင်နိုင်တော့ဘူး။ ကျနော်တို့ဆီက တခုခု စားရနိုးနဲ့ နှာခေါင်း တရှုံ့ရှုံ့၊ အသနားခံတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတတ်ကြတယ်။

ဒီအချိန်မှာ ကျနော်တို့ ဖတ်ဖူးတဲ့ "ပါရီကျဆုံးခန်း"ဝတ္ထုကြီးက ပိုလို့ ပီပြင်လာသလိုပဲ။ ပြင်သစ်လွှတ်တော်ထဲမှာ အမတ် မင်းတွေက လက်သီးလက်မောင်းတန်း ဆွေးနွေးနေကြပုံကို မြင်ယောင်လာတယ်။ "ကျနော်တို့ဟာ ဂျာမန်ရဲ့ ထိုးစစ်ကို ရိုက်ချိုးနိုင်ပါတယ်။ ဟစ်တလာရဲ့ တပ်တွေဟာ ပြင်သစ်တပ်မတော်ရှေ့မှောက်မှာ ဒူးထောက်ခစားရမှာ။ ပြင်သစ်တွေဟာ သူတို့ရဲ့ နီမောင်းတဲ့ သွေးတွေ၊ သတ္တိတွေကို ပြသဖို့ အချိန်တော်ပါပြီ"စသည်ဖြင့် ကြားယောင်လာတယ်။ ပြင်သစ် လွှတ်တော်ထဲ ဝိုင်အရက်ခွက်တွေ မြှောက်ရင်း၊ ကခုန်ပွဲ အခမ်းအနားတွေကို ရှုစားရင်း။ တချိန်တည်းမှာ စစ်မတိုက်ချင်ဘဲ ရှေ့တန်းကို လိုက်သွားရတဲ့ ကွန်မြူနစ် "လူဆန်း"အဖြစ်ကိုလည်း ကျနော်တို့ မြင်ယောင်နေကြတယ်။
"ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ်မဟုတ်ဘူး။ ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ်မဟုတ်ဘူး။ ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ် မဟုတ်ဘူး။"ဒီလို ရေရွတ်ရင်း လူဆန်းတယောက် ရှေ့တန်းကို တရွတ်တိုက် ပါသွားရပုံ။

ဘုရားသုံးဆူ ထိုးစစ်မတိုင်ခင်မှာ ပူးတွဲစစ်ဆင်ရေး ညှိနှိုင်းဖို့ အစည်းအဝေးခေါ်တယ်။ မွန်ပြည်သစ်ပါတီက ဖိတ်ခေါ်တယ် ဆိုပေမယ့် မွန်ပြည်သစ်မှာ ရှိတဲ့ ဗိုလ်သင်တန်းကျောင်းကို ဦးစီးနေတဲ့ တိုင်ဝမ်လူမျိုး မစ္စတာရပ် (Mr. Yap) က ဖိတ်ခေါ် တာ။ မွန်ပြည်သစ်ပါတီ ဌာနချုပ်အနားမှာ ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်း ခမ်းမဆောင် တခုမှာ ဒီအစည်းအဝေးကို ကျင်းပတယ်။ ဒီသင်တန်းကျောင်းကတော့ သစ်လုံးတွေကို ခံတပ်တွေသဖွယ် ကာရံထားပြီး၊ ဘူးသီးငပေါင်းကြော်လို တရုတ်စာတွေကိုလည်း စကောချပ်ကြီးတွေပေါ် ရေးလို့ ဆိုင်းပုတ်တွေသဖွယ် ကပ်ထားသေးတယ်။ အစည်းအဝေးကို မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ရွှေကျင်၊ စစ်ဦးစီး ဗိုလ်ချုပ်ထောမွန်တို့ တက်ကြတယ်။ ကေအဲန်ယူ ခေါင်းဆောင်တွေဖက်က ဗိုလ်ချုပ် တာမလာဘော၊ ဖူးတာအယ်၊ ဗိုလ်မှူးတူးတူးလေး နဲ့ အချို့ တက်ကြတယ်။ ကျနော်တို့ ကျောင်းသားအဖွဲ့တွေ ဖက်ကတော့ ကျနော်၊ ဦးမြင့်လှိုင် (၁၀၁ ခွဲ ၂)၊ ကိုသီရီညွန့်၊ ကိုတိုးကြီး၊ ကိုဝင်းမိုး (၁၀၂)၊ ဆရာကျော်တင့်၊ ကိုသန်းနိုင် (၁၀၁) တို့ တက်ကြတယ်။

မစ္စတာရပ်က အမှာစကား စပြောတယ်။ အင်္ဂလိပ်လို။ "အခု အခြေအနေမှာ ရန်သူဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် က စစ်ဗျူဟာ (၂) ဦးဆောင်ပြီး တက်လာတယ်။ ခလရ (၃၁)၊ ခလရ (၁၀၁)၊ ခလရ (၁၀၆) တပ်ရင်းတွေပါတယ်။ ရန်သူ အင်အားနဲ့ မွန်၊ ကရင်၊ ကျောင်းသား အင်အားပူးပေါင်းလိုက်ရင် ကျနော်တို့ဖက်က အင်အားကလည်း မငယ်လှဘူး။ ကျနော်တို့ ညီညွတ်ရင် ဒီထိုးစစ်ကို ရိုက်ချိုးနိုင်မယ်"မိန့်ခွန်းတွေ ခြွေနေတယ်။ သူက မော်စီတုန်းရဲ့ ပြောက်ကျားစစ် ဗျူဟာတွေ ဖြစ်တဲ့ "ရန်လာ ငါနား၊ ရန်နား ငါရှုပ်၊ ရန်ဆုတ် ငါတိုက်၊ ရန်ပြေး ငါလိုက်"စတဲ့ ဗျူဟာတွေကို ကိုးကားပြော သေးတယ်။ အမှည့်ချွေစစ်၊ ခံစစ်ထဲက ထိုးစစ် စသဖြင့် သီအိုရီတွေကိုလည်း ရွတ်နေတယ်။ နည်းနည်းကြာတော့ ဥက္ကဋ္ဌ နိုင်ရွှေကျင်က ကြည့်လို့မရတော့ဘူး ထင်တယ်။ "မစ္စတာရပ်… ခင်ဗျားတော်သင့်ပြီ၊ ကျနော်တို့ အရေးပေါ်နေပြီ၊ ကျနော် တို့ချင်း ဆွေးနွေးပါရစေ"လို့ ပြောတယ်။ မစ္စတာရပ်လည်း ငြိမ်သွားတယ်။ ကေအဲန်ယူဖက်ကတော့ ကိုယ်ဖက်ကိုယ်သာ လုံအောင်ကာ ဆိုတဲ့ သဘောထားမျိုး ပေးတယ်။ တိတိကျကျ ပူးပေါင်းဆောင်ရွက်မှုမျိုး သိပ်မတွေ့ရဘူး။ အရေးပေါ် စက် ဆက်သွယ်ရေးအတွက် စကားဝှက် စက်လိုင်းလဲလှယ်တာလောက်တောင် မတွေ့ရဘူး။ အစည်းအဝေးက ဒီလိုပဲ ပြီးသွားခဲ့ တယ်။ ကျနော်တို့လည်း သူတို့ တိုင်ဝမ်အဖွဲ့ရုံးက ကျွေးမွေးတဲ့ တရုတ်စာ စားကောင်းသောက်ဖွယ်တွေကို စားပြီး ပြန်လာခဲ့ ကြတယ်။ လူသူရှင်းနေတဲ့ ကျေးရွာ ဖုန်ထူထူလမ်းမထဲ ကားဖြတ်မောင်းပြီး ရွာထဲဝင်လာခဲ့တယ်။ ဖိုးဝီးကား နောက်ပွင့် တွေအပေါ်မှာ သေနတ်တွေ တထောင်ထောင်နဲ့ ကောင်းဘွိုင်တွေလို။

"ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ်မဟုတ်ဘူး။ ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ်မဟုတ်ဘူး။"ကျနော်တို့ ရဲဘော်တွေလည်း ပါရီ ကျဆုံးခန်းထဲက လူဆန်းလို ရေရွတ်ရင်း ရှေ့တန်းကို ဆင်းသွားကြတယ်။

ဆဒုံးမြို့ ဒုက္ခသည်စခန်း

$
0
0


ဆဒုံးမြို့ ဒုက္ခသည်စခန်း မြင်ကွင်း
ဖြိုးသီဟချို/Myanmar Now (မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၁၇


ကချင်ဒေသ တိုက်ပွဲများကြောင့် ကချင်ပြည်နယ် ဆဒုံးမြို့ ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသူများထဲတွင် လီဆူတိုင်းရင်းသား အများအပြား ပါဝင်သည်။

မကြာသေးမီက စစ်ရှောင်စခန်းတွင် မှတ်တမ်းတင်ထားသော မြင်ကွင်းတချို့ကို ဖော်ပြလိုက်သည်။




ဆဒုံး စစ်ဘေးရှောင်စခန်းတွင် ဆော့ကစားနေသည့် ကလေးငယ်များ။


ညစာအတွက် ပြင်ဆင်နေသည့် လီဆူ ကလေးငယ်။




စစ်ဘေးရှောင်စခန်းတွင် မနက်စာ ပြင်ဆင်နေသည့် လီဆူ မိသားစု။




ဆဒုံးစစ်ဘေးရှောင်စခန်းတွင် နေရာမလုံလောက်၍ ၁ဝ ပေ အကျယ်အဝန်းတွင် မိသားစု တစ်စုနေထိုင်နေရသည်။ ထိုမိသားစုမှ ကလေးငယ်တို့ အိမ်စာလုပ်နေသည်ကို ပုံတွင် တွေ့နိုင်သည်။




စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်၂ဦးဆော့ကစားနေပုံ။




သားငယ်ကိုအဝတ်အစားလဲပေးနေသည့် လီဆူတိုင်းရင်းသူ မိခင်။




စစ်ဘေးရှောင်စခန်းအတွင်း ညပိုင်းဘုရားဝတ်ပြုရန် ဓမ္မတေးသီချင်းများကို အကြိုရွတ်ဆိုလေ့လာရသည်။




စခန်းအတွင်း ဓမ္မတေး သီဆိုနေသူများ။




ဆဒုံး စစ်ဘေးရှောင်စခန်း၏ နံနက်ခင်းအလှ။






စစ်ဘေးရှောင်စခန်းအတွင်း အဖော်မပါဘဲ ဆော့ကစားနေသည့် လီဆူကလေးငယ်။

အောင်ဒင် - နိုင်ငံတကာ ဖိအားများကို နည်းလမ်းတကျ တုန့်ပြန်ကြဖို့

$
0
0


အောင်ဒင် - နိုင်ငံတကာ ဖိအားများကို နည်းလမ်းတကျ တုန့်ပြန်ကြဖို့
(ခေတ်ရနံ့မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၁၇) မိုးမခ၊ ဒီဇင်ဘာ ၃၊ ၂၀၁၇

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေဟာ ဆက်လက် မြင့်မားနေဆဲဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရများကတင် ဖိအားပေးနေတာမဟုတ်ပဲ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများမှာ အခြေစိုက်တဲ့ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ ဘာသာရေးအဖွဲ့အစည်းများကပါ ပြည်သူလူထုအခြေပြု လှုပ်ရှားမှုများ (Grassroots Campaigns) ပြုလုပ်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေ စတင်ပြုလုပ်နေပါပြီ။ ဒီ ဖိအားပေးမှုတွေကို ကျနော်တို့ မြန်မာနိုင်ငံက စနစ်တကျ ရင်ဆိုင်တုန့်ပြန်နိုင်ကြဖို့ ဒီဆောင်းပါးနဲ့ အကြံပြုချင်ပါတယ်။

လက်ရှိ နိုင်ငံတကာဖိအားနှင့် ရှေ့အလားအလာများ
ကျနော်တို့ မြန်မာနိုင်ငံမှာက နိုင်ငံတကာသတင်းတွေကို အပြည့်အဝ အကုန်အစင် မသိနိုင်ကြတာရယ်၊ ကိုယ့်ခေါင်းဆောင်အပေါ် အကြည်ညိုလွန်ကဲပြီး စိတ်ကူးယဉ် ဖန်တီးတဲ့ သတင်းမှားတွေကိုပဲ စိတ်ဝင်တစား မျှဝေကြတာရယ်ကြောင့် ပြည်သူအများဟာ နိုင်ငံတကာဖိအားပေးမှုများရဲ့ အတိုင်းအတာကို သေသေချာချာ မသိကြဘူးလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ပထမဆုံး လက်ရှိ နိုင်ငံတကာဖိအားပေးမှုအခြေအနေနဲ့ နောင်အလားအလာများကို ရှင်းပြချင်ပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်တစ်ရပ်ကို "ကောင်စီဥက္ကဋ္ဌ၏ ကြေညာချက်" (Presidential Statement) ပုံစံနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက်ဟာ မြန်မာနိုင်ငံက မလွဲမသွေလိုက်နာရမယ့် ဆုံးဖြတ်ချက် (Binding Resolution) တစ်ရပ် မဟုတ်ပေမယ့် ဒီလို "ကောင်စီဥက္ကဋ္ဌ၏ ကြေညာချက်"ကို အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးရဲ့ သဘောတူညီမှုနဲ့ ထုတ်ပြန်နိုင်တာက အင်မတန်အရေးကြီးတဲ့ ဆောင်ရွက်ချက်ပါ။ တရုတ်အစိုးရက ဗြိတိန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံက ပူးတွဲတင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ငြင်းပယ်နိုင်ခဲ့ပေမယ့် ဒီကြေညာချက်ထုတ်ဖို့ကိုတော့ သဘောတူညီခဲ့ရပါတယ်။ ဒါဟာဖြင့် တရုတ်အစိုးရကိုယ်တိုင်က မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ပြသနာအပေါ် စိုးရိမ်ပူပန်မှုရှိတယ်ဆိုတာ သက်သေပြသလို မြန်မာနိုင်ငံမှာ အခြေအနေ တိုးတက်ကောင်းမွန်ခြင်းမရှိလို့ နောင်တစ်ချိန်မှာ ဗြိတိန်နဲ့ ပြင်သစ်တို့က ဆုံးဖြတ်ချက်မူကြမ်း ထပ်တင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် သူ့ရဲ့ ဗီတိုအာဏာသုံးပြီး ကာကွယ်ဖို့ မသေချာဘူးဆိုတာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ကျင်းပနေဆဲ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးရဲ့ တတိယကော်မတီအစည်းအဝေးမှာ အီဂျစ်နိုင်ငံက အစ္စလမ်နိုင်ငံများအဖွဲ့ (Organization of Islamic Countries/ OIC) ကိုယ်စား တင်သွင်းတဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲ ၁၃၅ မဲ၊ ကန့်ကွက်မဲ ၁၀ မဲ၊ ကြားနေမဲ ၂၆ မဲနဲ့ အတည်ပြုလိုက်ပါတယ်။ ၂၁ နိုင်ငံက မဲပေးဖို့ ပျက်ကွက်ပါတယ်။ ကန့်ကွက်မဲပေးတဲ့ ၁၀ နိုင်ငံမှာ အင်အားကြီးနိုင်ငံများ ဖြစ်တဲ့ တရုပ်နဲ့ ရုရှား၊ အာဆီယံအဖွဲ့ဝင်များ ဖြစ်ကြတဲ့ ကမ်ဗောဒီးယား၊ လော၊ ဖိလစ်ပိုင် နဲ့ ဗီယက်နမ်၊ အာရှတိုက်ကပဲဖြစ်တဲ့ ဘူတန်နိုင်ငံနဲ့ ထူးထူးခြားခြား အရှေ့အလယ်ပိုင်းက ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယား၊ အရှေ့ဥရောပက ဘယ်လားရုစ် နဲ့ အာဖရိကတိုက်က လောလောဆယ် အာဏာသိမ်းမှုဖြစ်နေတဲ့ ဇင်ဘာဘွေ တို့ပါဝင်ပါတယ်။ ထောက်ခံကြတဲ့အထဲမှာ အာဆီယံအဖွဲ့ဝင်များဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်း၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂနိုင်ငံများ၊ အစ္စလမ်မစ်နိုင်ငံများအဖွဲ့ဝင်နိုင်ငံများ ပါဝင်ကြပါတယ်။ အာဆီယံအဖွဲ့ဝင်များ ဖြစ်ကြတဲ့ စင်္ကာပူ၊ ထိုင်း၊ အာရှအင်အားကြီးများဖြစ်ကြတဲ့ အိန္ဒိယ၊ ဂျပန်တို့က ကြားနေတဲ့အထဲမှာ ပါဝင်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ဒီဇင်ဘာလထဲမှာ ကျင်းပမယ့် အထွေထွေညီလာခံ စုံညီအစည်းအဝေးမှာ ထပ်မံ မဲခွဲတဲ့အခါ မဲအရေအတွက် အပြောင်းအလဲရှိနိုင်ပေမယ့် ထောက်ခံမဲအများစုနဲ့ အတည်ပြုနိုင်မှာ သေချာသလောက်ရှိပါတယ်။ မြန်မာနိုင်ငံက ဒီဆုံးဖြတ်ချက်ကို လက်မခံပါ။

နောက်ထပ် ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လူ့အခွင့်အရေးကောင်စီကတော့ မတ်လ ကတည်းက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို အတည်ပြုပြီး နိုင်ငံတကာအချက်အလက် ရှာဖွေရေးကော်မရှင် (International Fact-Finding Commission) တစ်ရပ်ကို ဖွဲ့စည်းတာဝန်ပေးထားပြီးသား ဖြစ်ပါတယ်။ အဲဒီ ကော်မရှင်က မြန်မာနိုင်ငံသို့ လာရောက်စုံစမ်းခွင့် တောင်းခံတာကို မြန်မာအစိုးရက လက်မခံပါ။

ဥရောပသမဂ္ဂနိုင်ငံများ (EU) က မြန်မာ့ တပ်မတော်ခေါင်းဆောင်များကို အဆက်အသွယ်ဖြတ်ခြင်းဖြင့် စတင်အရေးယူပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း မြန်မာ့တပ်မတော်ခေါင်းဆောင်များကို ပစ်မှတ်ထားတဲ့ အရေးယူမှုတွေ စတင်နေပါပြီ။ အီးယူနဲ့ အမေရိကန်ပြည်ထောင်စု အစိုးရများက မြန်မာနိုင်ငံအစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးကော်မရှင်ကို ပြည်ဝင်ခွင့်ပေးပြီး စုံစမ်းစစ်ဆေးခွင့်ပြုဖို့ တောင်းဆိုနေကြပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေးအခင်းဟာ လူမျိုးစုသန့်စင်ရှင်းလင်းရေး (Ethnic Cleansing) ဖြစ်တယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။ ဒါဟာဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့၊ တစ်ရက်တာ မြန်မာနိုင်ငံခရီးစဉ် ခရီးစဉ်အပြီး ရက်ပိုင်းလေးအတွင်းမှာ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ မြန်မာနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နှစ်ယောက်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က Rex Tillerson ကို ဒီနေ့ခေတ်မှာ အင်မတန်ရှားပါးတဲ့ ပွင့်လင်းတဲ့အမြင်ရှိသူတစ်ယောက်လို့တောင် ချီးကျူးလိုက်ပါသေးတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် (UN Special Envoy on Myanmar)
လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ ကြေညာချက်မှာ အတွင်းရေးမှူးချုပ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ယောက် ခန့်အပ်တာဝန်ပေးသင့်ကြောင်း အကြံပြုထားပါတယ်။ အထွေထွေညီလာခံဆုံးဖြတ်ချက်မှာတော့ အတွင်းရေးမှူးချုပ်ကို အငယ်တန်းအတွင်းရေးမှူးချုပ် (Under-Secretary-General) ရာထူးအဆင့်ရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ယောက်ကို အထောက်အကူပြု ရုံးအဖွဲ့နဲ့တကွ ခန့်အပ်တာဝန်ပေးဖို့ ညွှန်ကြားထားပါတယ်။ အငယ်တန်းအတွင်းရေးမှူးချုပ်ရာထူးဟာ ကုလသမဂ္ဂမှာ တတိယအမြင့်ဆုံး ရာထူးဖြစ်ပါတယ်။ အထွေထွေညီလာခံ တတိယကော်မတီမှာ အီဂျစ်နိုင်ငံက တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲ အတည်ပြုရာမှာ အတွင်းရေးမှူးချုပ်က ပူးတွဲတင်သွင်းတဲ့ အထူးသံတမန်ခန့်အပ်ရေး ဘတ်ဂျက်မူကြမ်းကိုပါ တတိယကော်မတီက အတည်ပြုပေးခဲ့ပါတယ်။

ဒီ ဘတ်ဂျက်အရ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦးနဲ့ အဖွဲ့ဝင် ၆ ဦးပါတဲ့ ရုံးအဖွဲ့အတွက် တစ်နှစ်စာ အသုံးစားရိတ် ဒေါ်လာ တစ်သန်း ၅သိန်း ၄သောင်း ၁ ထောင် (US$ 1,541,100) သတ်မှတ်ထားပါတယ်။ အထူးသံတမန်ဟာ အငယ်တန်း အတွင်းရေးမှူးချုပ် ရာထူးအဆင့်ရှိရမယ်။ ဒေသအတွင်း (အရှေ့တောင်အာရှ ဒေသအတွင်း) မှာ ရုံးဖွင့် အခြေစိုက်ရမယ်။ ရုံးအဖွဲ့ဝင် ၆ ဦးအနက် ညွှန်ကြားရေးမှူးအဆင့် ၁ ဦး၊ အကြီးတန်းနိုင်ငံရေးအရာရှိ ၁ ဦး၊ အလတ်တန်း နိုင်ငံရေးအရာရှိ ၁ ဦး နဲ့ ဒေသဆိုင်ရာဝန်ထမ်း ၁ ဦးတို့ဟာ ဒေသအတွင်းဖွင့်လှစ်မယ့် ရုံးမှာ တာဝန်ယူပြီး အကြီးတန်းနိုင်ငံရေးအရာရှိ ၁ ဦးနဲ့ အလတ်တန်း နိုင်ငံရေးအရာရှိ ၁ ဦးတို့က နယူးယောက်၊ ကုလသမဂ္ဂဋ္ဌာနချုပ်မှာ ရုံးထိုင်ပြီး ဒေသအတွင်းက အထူးသံတမန် ရုံးအဖွဲ့ (Office of the UN Special Envoy on Myanmar) ကို ပံ့ပိုးပေးရမယ်လို့ ဆိုပါတယ်။

အထူးသံတမန်ရဲ့ လုပ်ငန်းတာဝန်တွေကို (၁) ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရာတွင် တိုးတက်မှုရှိရေး၊ (၂) မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ တိုးတက်စေရေး၊ နဲ့ (၃) ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်လည်လက်ခံရာတွင် တိုးတက်မှုရှိရေး စသည်ဖြင့် အပိုင်း သုံးပိုင်း ခွဲခြားသတ်မှတ်ထားပါတယ်။ အထူးသံတမန်ဟာ မြန်မာအစိုးရကို (၁) ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ စစ်ဆင်ရေးများ ရပ်တန့်ရေး၊ (၂) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အကန့်အသတ်မရှိ ခွင့်ပြုရေး၊ နဲ့ (၃) ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များ မိမိတို့ သဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်ရာတွင် လုံခြုံစွာ၊ ဂုဏ်သိက္ခာဖြင့် ပြန်လာနိုင်ရန် အာမခံဆောင်ရွက်ရေးတို့အတွက် တိုက်တွန်းရမယ်လို့လည်း ဆိုထားပါတယ်။

အထူးသံတမန်ဟာ ဒေသအတွင်း နိုင်ငံတစ်ခုခုမှာ နေထိုင်သူဖြစ်ရမယ် (Home-based) လို့လည်း ဆိုထားပါတယ်။ ဒါကြောင့် ဒေသအတွင်းက ဒီဆုံးဖြတ်ချက်ကို ထောက်ခံအားပေးခဲ့ကြတဲ့ အစ္စလမ်နိုင်ငံ ၃ နိုင်ငံ (မလေးရှား၊ အင်ဒိုနီးရှား နဲ့ ဘရူနိုင်း) မှ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ သံအမတ်ကြီးဟောင်း တစ်ယောက်ယောက်ဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ဖြစ်လာနိုင်ပါတယ်။ တစ်ချိန်တုံးက မလေးရှားနိုင်ငံက ရာဇာလီ အစ္စမေးကို အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ဘူးတာမို့ရယ်၊ ဘရူနိုင်းနိုင်ငံက နိုင်ငံရေးအရ သိပ်တက်ကြွမှုမရှိတာကြောင့် ဒီတစ်ကြိမ် အင်ဒိုနီးရှားနိုင်ငံက ဒီရာထူးကို ရမယ် ထင်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အစ္စလမ်မစ်နိုင်ငံများအဖွဲ့က ဦးဆောင်တင်သွင်းပြီး မြန်မာနိုင်ငံအရေးမှာ ကုလသမဂ္ဂကို အသုံးချပြီး ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားတာဖြစ်လို့ မြန်မာနိုင်ငံက လက်မခံနိုင်ကြောင်း ကြေညာထားပါတယ်။ ဒါကြောင့်မို့ ဒီဆုံးဖြတ်ချက်အရ ဖွဲ့စည်းပေါ်ပေါက်လာမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို လက်မခံသင့်ပါ။ ဒီအထူးသံတမန်ဟာလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုတင်မက အစ္စလမ်မစ်နိုင်ငံများအဖွဲ့ကိုပါ ကိုယ်စားပြုသလို ဖြစ်နေမှာပါ။

ဒါပေမယ့်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်ကို ပြည်ဝင်ခွင့်မပေးပဲ ငြင်းဆန်ဖို့ဆိုတာ ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ပူးပေါင်းဆောင်ရွက်ပါမယ်လို့ ကတိကဝတ်ပြုထားတဲ့ မြန်မာအစိုးရအတွက် သိပ်မလွယ်လှပါ။ ဒီ အထူးသံတမန်ကို လက်မခံရင် ဖိအားပေးမှုတွေ များပြားလာမှာ ဖြစ်သလို လက်ခံလိုက်ရင်လည်း မြန်မာနိုင်ငံကို အကြိမ်ပေါင်းများစွာ လာရောက်ပြီး အနီးကပ် စွက်ဖက်နေဦးမှာပါ။

အစိုးရမဟုတ်သော ဖိအားများ
တစ်ချိန်က အမေရိကန်ပြည်ထောင်စုကို ဗဟိုပြုပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားမှု (Free Burma Movement) ဆိုပြီး ရှိခဲ့ပါတယ်။ စစ်အစိုးရရဲ့ အုပ်စိုးမှုအောက်မှာ အရှုံးမပေးတမ်း တိုက်ပွဲဝင်နေကြတဲ့ ပြည်တွင်းက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ပြည်ပကနေ ထောက်ခံအားပေးဖို့ ပြည်တွင်းက ထွက်ခွါလာတဲ့ မြန်မာ့ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ နိုင်ငံတကာ ကျောင်းသားအဖွဲ့အစည်းများ ပူးပေါင်းလှုပ်ရှားကြတာပါ။ ၁၉၉၆ ခုနှစ်လောက်မှာ စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်လောက်မှာ အဆုံးသတ်သွားခဲ့ပါတယ်။ အဲဒီ အချိန်လောက်မှာ တောင်အာဖရိကနိုင်ငံက အသားအရောင်ခွဲခြားဆက်ဆံတဲ့ လူဖြူအစိုးရကို ဆန့်ကျင်တဲ့ အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှုကြီး (Anti-Apartheid Movement) ပြီးဆုံးသွားခဲ့ပါပြီ။ တောင်အာဖရိကနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားပေးမှုတွေ မြှင့်တင်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများက အသုံးပြုခဲ့တဲ့ နည်းဗျူဟာတွေကို မြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားမှုက အမွေဆက်ခံပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခြင်းမပြုဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေ (Tourism Boycott Campaign) လုပ်ခဲ့ကြတယ်။ မြန်မာနိုင်ငံတွင်းမှာ ရင်းနှီးမြှုတ်နှံထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံက ထွက်ခွါအောင် အစုရှယ်ယာပိုင်ရှင်တွေက တဆင့် ဖိအားပေးတဲ့ လှုပ်ရှားမှုတွေ (Share-Holders Campaign)၊ မြန်မာနိုင်ငံက တင်သွင်းတဲ့ ပစ္စည်းတွေကို မဝယ်ကြဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေ (No “Made in Burma” Campaign)၊ နောက်ထပ် နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုမပြုအောင် လူထုအင်အားနဲ့ ကုမ္ပဏီရုံးများရှေ့မှာ ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတယ်။ မဲဆန္ဒရှင် ပြည်သူများရဲ့ အင်အားနဲ့ ကွန်ဂရက်လွှတ်တော်အမတ်တွေကို စည်းရုံးပြီး မြန်မာစစ်အစိုးရကို ပြစ်တင်ရှုံ့ချတဲ့ ဆုံးဖြတ်ချက်တွေ၊ မြန်မာစစ်အစိုးရကို စီးပွါးရေးပိတ်ဆို့မှုနဲ့ အရေးယူတဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ခဲ့ကြတယ်။ အဲဒီ မြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားမှုကြီးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးမှာ အတိုင်းအတာတစ်ခုအထိ အရေးပါခဲ့ပြီး မြန်မာစစ်အစိုးရအပေါ် ပြင်းထန်တဲ့ နိုင်ငံတကာဖိအားပေးမှုတွေ သက်ရောက်စေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က စလို့ မြန်မာနိုင်ငံအတွင်း အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ စတင်ဖြစ်ပွါးခဲ့ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်လောက်မှာ မြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားမှုကြီးဟာ ပြည်တွင်းက ရဲဘော်များအတွက် မလိုအပ်တော့တာမို့ အလိုအလျောက် ပြိုကွဲသွားခဲ့ပါတယ်။ အခုတော့ အဲဒီ မြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့ကြဘူးတဲ့ အမေရိကန်နဲ့ ဥရောပ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက သူတို့ထောက်ခံအားပေးတဲ့ ရိုဟင်ဂျာများအတွက် ရိုဟင်ဂျာလွတ်မြောက်ရေး လှုပ်ရှားမှု (Free Rohingya Movement) ကို စတင်လိုက်ကြပါပြီ။

အဲဒီ ရိုဟင်ဂျာလှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ အဖွဲ့အစည်းတွေက အထက်ဖော်ပြပါ နည်းဗျူဟာတွေကို သုံးပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးကြပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ကြပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ၊ ဆုတံဆိပ်တွေကို ပြန်လည်ရုပ်သိမ်းဖို့ ဆုချီးမြှင့်တဲ့ အဖွဲ့အစည်းတွေကို ဖိအားပေးကြပါလိမ့်မယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေ၊ ထင်ရှားကျော်ကြားသူတွေကို စည်းရုံးပြီး မြန်မာနိုင်ငံကို ပြစ်တင်ရှုပ်ချတဲ့ ကြေညာချက်တွေ ထပ်ခါ၊ ထပ်ခါ ထုတ်ပြန်ပါလိမ့်မယ်။ ဘင်္ဂါလီတွေကို ဝါရှင်တန် ဒီစီကို၊ လန်ဒန်ကို ဖိတ်ခေါ်ပြီး လွှတ်တော်ကြားနာပွဲတွေမှာ သက်သေခံထွက်ဆိုစေပါလိမ့်မယ်။ မြန်မာနိုင်ငံတွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ထွက်ခွါအောင် ဖိအားပေးကြပါလိမ့်မယ်။ နောက်ထပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မရှိအောင် တားဆီးကြပါလိမ့်မယ်။ မြန်မာနိုင်ငံက ပစ္စည်းတွေကို ဝယ်ယူတင်သွင်းခြင်းမပြုဖို့ တောင်းဆိုကြပါလိမ့်မယ်။ ကမ္ဘာလှည့်ခရီးသည်တွေ မြန်မာနိုင်ငံကို မသွားနိုင်အောင် တားမြစ်ကြပါလိမ့်မယ်။ မြန်မာနိုင်ငံအပေါ် စီးပွါးရေးပိတ်ဆို့မှုတွေနဲ့ အရေးယူဖို့၊ မြန်မာခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး (International Criminal Court/ ICC) တင်ဖို့ သက်ဆိုင်ရာအစိုးရများကို ဖိအားပေးကြပါလိမ့်မယ်။

အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်ပြီး မြန်မာပြည်လွတ်မြောက်ရေး နိုင်ငံတကာလှုပ်ရှားမှုကြီးမှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ၁၂ နှစ်ကျော် ပါဝင်ခဲ့ဘူးတဲ့ ကျနော့်အတွေ့အကြုံအရ အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံအစိုးရများဟာ အခြားနိုင်ငံများရဲ့ အရေးအခင်းများကို ဝင်ရောက်ဖြေရှင်းရာမှာ ဆန်ရှင်လို့ခေါ်တဲ့ စီးပွါးရေးပိတ်ဆို့မှုတွေနဲ့ အရေးယူတာကို မကြိုက်ပဲ သံတမန်ရေးလှုပ်ရှားမှု (Diplomacy) ကိုသာ ဦးစားပေးချင်ကြပါတယ်။ ဒါပေမယ့် ရွေးချယ်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက ဆန်ရှင်ဥပဒေပြဋ္ဌာန်းပြီး ဖိအားပေးရင်တော့ သူတို့ မလွန်ဆန်နိုင်ပါ။ မကြိုက်သော်လည်း ကွန်ဂရက်လွှတ်တော်က ဥပဒေပြဋ္ဌာန်းတဲ့ အရေးယူမှုတွေကို အကောင်အထည်ဖော်ကြရပါတယ်။ ဒါကြောင့်လည်း ကျနော်တို့က မဲဆန္ဒရှင်ပြည်သူများကို အရင်စည်းရုံး၊ သူတို့ရဲ့ ထောက်ခံမှုနဲ့ ကွန်ဂရက်လွှတ်တော်အမတ်များကို ချဉ်းကပ်ပြီး အရေးယူမှုတွေ ဥပဒေဖြစ်လာအောင် စည်းရုံးလှုံ့ဆော်ပြီး ကွန်ဂရက်လွှတ်တော်ရဲ့ ဖိအားနဲ့ အမေရိကန်ပြည်ထောင်စုအစိုးရက အရေးယူမှုတွေကို လက်တွေ့အကောင်အထည်ဖော်အောင် ကြိုးစားကြရတာ ဖြစ်ပါတယ်။

ဒီကနေ့အခြေအနေမှာတော့ မြန်မာနိုင်ငံလွတ်မြောက်ရေးလှုပ်ရှားမှုကြီးကို ထောက်ခံခဲ့ကြတဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်အများစုဟာ ရိုဟင်ဂျာလို့ ခေါ်ကြသူများအပေါ် စာနာမှုအရှိဆုံး ပုဂ္ဂိုလ်များ ဖြစ်နေကြပါပြီ။ ရိုဟင်ဂျာအဖွဲ့အစည်းများက အမေရိကန်၊ ဗြိတိန်နဲ့ အီးယူနိုင်ငံများက ကွန်ဂရက်လွှတ်တော်များကို စည်းရုံးလိုက်နိုင်ပါပြီ။ ကျနော်တို့ မြန်မာပြည်လွတ်မြောက်ရေး နိုင်ငံတကာလှုပ်ရှားမှုကြီး ဆောင်ရွက်တုံးက ရန်ပုံငွေမလောက်မငှနဲ့ ငတ်တလှည့်၊ ပြတ်တလှည့် လှုပ်ရှားခဲ့ကြရတာ ဖြစ်ပေမယ့် အခု ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများကတော့ အစိုးရများ၊ ပါလီမန်များနဲ့ အနီးကပ်ဆုံး ဆက်သွယ်နိုင်ပြီး အစိုးရများ၊ ဖောင်ဒေးရှင်းများမှ ရန်ပုံငွေတွေ ဖောဖောသီသီ ရနေတာပါ။ ဒါကြောင့် ထိရောက်တဲ့ အဆက်အသွယ်တွေနဲ့ လုံလောက်တဲ့ ငွေကြေးထောက်ပံ့မှုတွေ ရရှိထားတဲ့ ရိုဟင်ဂျာအဖွဲ့အစည်းများရဲ့ လှုပ်ရှားမှုတွေဟာ ရှေ့မှာလည်း ပိုပြီး အားကောင်းလာမှာ ဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ပိုမိုပြင်းထန်တဲ့ ဖိအားပေးမှုတွေ ဆက်လက် သက်ရောက်နေဦးမှာပါ။

ဖိအားများကို ကြောက်ရန်မလို၊ သို့သော် နည်းလမ်းတကျ တုန့်ပြန်ကြဖို့ လို
နိုင်ငံတကာဖိအားပေးမှုတွေ ဘယ်လောက်များများ၊ ပြည်တွင်းမှာ အစိုးရနဲ့ တပ်မတော်၊ အစိုးရနဲ့ ပြည်သူ ညီညွတ်ကြမယ်၊ စိန်ခေါ်မှုတွေကို အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ပူးတွဲ ရင်ဆိုင်ကြမယ်၊ ပြည်တွင်းပြဿနာတွေကို အမှန်ကန်ဆုံးနဲ့ အမျှတဆုံးဖြစ်အောင် ဖြေရှင်းနိုင်ကြမယ်ဆိုရင် ဒီဖိအားပေးမှုတွေဟာ တစ်ချိန်မှာ ပျောက်ကွယ်သွားပါလိမ့်မယ်။

ဒါပေမယ့် ပြည်တွင်းညီညွတ်ရေးနဲ့ ပြည်တွင်ဿးနာများကို မှန်ကန်မျှတစွာ ဖြေရှင်းရေးဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရှိတာမို့ တပ်မတော်အပေါ် အစိုးရက ဩဇာသက်ရောက်မှု မရှိနိုင်ပါ။ ဘာသာရေးနဲ့ လူမျိုးရေးအစွန်းရောက်များပါဝင်တဲ့ မကောင်းဆိုးဝါးအင်အားစုကြီးကလည်း အစိုးရနဲ့ တပ်မတော်အကြား ပိုပြီး သွေးကွဲအောင် ဖန်တီးနေပြန်ပါတယ်။ နိုင်ငံခြားအစိုးရများရဲ့ တပ်မတော်အပေါ် သီးခြား ပြစ်တင်အရေးယူမှုတွေကလည်း တပ်မတော်နဲ့ အစိုးရကို ပို၍ ဝေးကွာစေနိုင်ပါတယ်။

ပြည်တွင်းတွင်လည်း အစိုးရရဲ့ လုပ်ငန်းစဉ်များကို ပြည်သူအများက ချွင်းချက်မရှိ ထောက်ခံနေသည် မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် လူထုထောက်ခံပွဲများ နိုင်ငံတဝှမ်းကျင်းပနေသော်လည်း ထောက်ခံကြသူများသည် ဒေါ်အောင်ဆန်းစုကြည်က အကောင်အထည်ဖော်မည်ဟု ကတိပြုထားသည့် ကိုဖီအာနန်ကော်မရှင်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို သေသေချာချာ နားလည်သိရှိခြင်းမရှိပဲ လူပုဂ္ဂိုလ်ကိုသာ ထောက်ခံနေကြခြင်း ဖြစ်ပါတယ်။ ပြည်သူလူထုကိုယ်တိုင်က ယင်းအကြံပြုချက်များကို သိရှိနားလည်ပြီး စိတ်ပါလက်ပါ ထောက်ခံရန်နှင့် ယင်းအကြံပြုချက်များကို အစိုးရမှ အကောင်အထည်ဖော်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အထူးလိုအပ်ပါတယ်။ ဘာသာပေါင်းစုံဆုတောင်းပွဲများ ကျင်းပနေသော်လည်း ယင်းဆုတောင်းပွဲများသည် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသူများနှင့် မသက်ဆိုင်သလို ဖြစ်နေပါတယ်။ မြန်မာပြည်သူ တစ်ရပ်လုံးက တစ်ဘက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများနှင့်ပါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန် အထူးအရေးကြီးပါတယ်။

ကျနော်တို့ ပြည်သူများမှာလည်း "ငါ"စွဲတွေ ကြီးလှပါတယ်။ "ငါတို့ ကိုးကွယ်တဲ့ ဘာသာက အကောင်းဆုံး"၊ "ငါတို့လူမျိုးက အမြတ်ဆုံး"၊"ငါတို့ နိုင်ငံက အကြီးကျယ်ဆုံး"၊ "ဗမာလူမျိုးဆိုတာ တစ်ချိန်တုံးက ကမ္ဘာကို စိုးမိုးအုပ်ချုပ်ခဲ့တာ"၊ "ဗုဒ္ဓဘာသာမှလွဲ၍ အခြားဘာသာအယူဝါဒ ကိုးကွယ်သူများဟာ မိစ္ဆာဒိဌိ"၊ စတဲ့ ကိုယ့်ကိုယ်ကို အလွန်အကျွံ အထင်ကြီးမှုတွေ၊ အမှားကို အမှန်အဖြစ် တရားသေလက်ခံထားမှုတွေ မဖျောက်နိုင်သ၍ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူမျိုး၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးဆိုတာ မဖြစ်နိုင်ပါ။ ဒီကြားထဲ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့အတွက် ဘာသာခြားတွေကို သတ်တာ အပြစ်မရှိဘူးလို့ ဟောပြောနေတဲ့ ဘာသာရေးခေါင်းဆောင်တွေ ရှိနေပြန်ပါတယ်။

ဒီလို အခြေအနေမျိုးမှာ နိုင်ငံတကာ၏ စွပ်စွဲချက်များကို သေသေချာချာ နားလည်ရန်လိုအပ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရနှင့် ပြည်သူတစ်ရပ်လုံးက ဘင်္ဂါလီများအား တိုင်းရင်းသားအဖြစ်၊ နိုင်ငံသားအဖြစ် မသတ်မှတ်ပဲ ပြည်ပမှ ခိုးဝင်လာသူများအဖြစ် သတ်မှတ်ကာ နိုင်ငံအတွင်းမှ မောင်းထုတ်ရန် ကြိုးစားနေတယ်လို့ စွပ်စွဲနေတာပါ။ မြန်မာအစိုးရက ထွက်ပြေးသွားသူများကို ပြန်လည်လက်ခံ၍ နိုင်ငံသားဖြစ်ထိုက်သူများကို နိုင်ငံသားအဖြစ် အမြန်ဆုံး အသိအမှတ်ပြုပြီး မြန်မာပြည်သူများကလည်း ၎င်းတို့အား နိုင်ငံသားအချင်းချင်းအဖြစ် လက်ခံ၍ ဘာသာ၊ လူမျိုးမခွဲခြားပဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ကြမည်ဖြစ်ကြောင်း သက်သေမပြနိုင်သ၍ နိုင်ငံတကာ၏ ဖိအားပေးမှုများ၊ စွပ်စွဲမှုများ ရပ်တန့်မည် မဟုတ်ပါ။ ပြန်ဝင်လာသူများကို လက်ခံပြီးလျင်လည်း ၎င်းတို့အား ရခိုင်ပြည်နယ်အတွင်း ဆက်လက်လှောင်ပိတ်ထား၍ မဖြစ်နိုင်ပါ။ ပြန်ရောက်လာသူများအတွက် နိုင်ငံအတွင်း လွတ်လပ်စွာသွားလာနေထိုင်ခွင့်မရှိသ၍၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများကို အစိုးရက တာဝန်မယူသ၍၊ လုံခြုံရေးအတွက် အစိုးရက တာဝန်မခံနိုင်သ၍ နိုင်ငံတကာဖိအားများ ရပ်တန့်မည်မဟုတ်ပါ။ ၎င်းတို့အား နိုင်ငံအတွင်း လွတ်လပ်စွာ အခြေချနေထိုင်ထိုင်ခွင့်ပေးရန်အတွက်လည်း မြန်မာပြည်သူများ၏ သဘောထားကြီးမှုနှင့် အမှန်တကယ် ဘာသာ၊ လူမျိုးမခွဲခြားပဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေလိုစိတ်ရှိရန် အရေးကြီးပါတယ်။

အထက်ပါအချက်အလက်များကို အခြေခံ၍ အောက်ပါအတိုင်း အကြံပြုချင်ပါတယ်။
(က) မြန်မာအစိုးရမှ ဘင်္ဂါလီများနှင့် ပတ်သက်သည့် မူဝါဒကို ရှင်းလင်းပြတ်သားစွာ ကြေညာရန်။ ။
ဦးသိန်းစိန်အစိုးရလက်ထက်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးစုဟူ၍ မရှိကြောင်း ပြတ်သားစွာ ငြင်းဆိုခဲ့ပါတယ်။ ယနေ့ကာလတွင်လည်း တပ်ချုပ်က အဆိုပါမူဝါဒကို ပြတ်သားစွာ ကြေညာထားပါတယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း မရှိသေးပါ။ တစ်ဖက်တွင်လည်း နိုင်ငံတကာအသိုင်းအဝိုင်းမှ သူမအား ရိုဟင်ဂျာများဖက်မှ ရပ်တည်ပြောဆိုခြင်း မရှိသည့်အတွက်၊ စစ်တပ်ကို အပြစ်မတင်သည့်အတွက် ပြစ်တင် ရှုံ့ချနေကြပါတယ်။ သို့ပါ၍ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးစုဟူ၍ မရှိကြောင်း၊ ကိုယ့်ကိုယ်ကို စိတ်ကြိုက်အမည်ပေးခွင့်၊ ကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ခွင့် (Self-identification) ဟူသည့် အကြောင်းပြချက်ဖြင့် ၎င်းအမည်ကို နိုင်ငံတကာမှ အသိအမှတ်ပြုလျင်တောင်မှ ၎င်းတို့သည် မြန်မာနိုင်ငံ၏ ဋ္ဌာနေတိုင်းရင်းသားလူမျိုးစုအဖြစ် အသိအမှတ်ပြုခံရမည် မဟုတ်ကြောင်း၊ ၎င်းတို့သည် အိမ်နီးချင်း တရုတ်၊ အိန္ဒိယစသည့်နိုင်ငံများမှ မြန်မာနိုင်ငံအတွင်း လာရောက် အခြေချနေထိုင်သူများနှင့် အတူတူပင် ဖြစ်ကြောင်း၊ အင်္ဂလိပ်ကိုလိုနီခေတ်မှစ၍ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာ ဆွေစဉ်မျိုးဆက်နေထိုင်ခဲ့သူများသည် နိုင်ငံသားဖြစ်ထိုက်သူများ ဖြစ်၍ ၎င်းတို့အား စီစစ်လက်ခံပြီး နိုင်ငံသားအဖြစ်အသိအမှတ် ပြုမည်ဖြစ်ကြောင်း၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရပြီးသည့်နောက် နိုင်ငံအတွင်း မည်သည့်နေရာတွင်မဆို လွတ်လပ်စွာအခြေစိုက်နေထိုင်ခွင့်အပါအဝင် နိုင်ငံသားအခွင့်အရေးများကို တန်းတူရည်မျှခံစားနိုင်အောင် အစိုးရမှ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်လာမည့် သူများကလည်း နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန်၊ နိုင်ငံလူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစွာ နေထိုင်ရန်၊ ဥပဒေများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ ခိုးဝင်လာသူများအား စစ်ဆေးတွေ့ရှိက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ စသည်ဖြင့် မူဝါဒသဘောထား အတိအကျ ရှင်းလင်းစွာ ထုတ်ပြန်သင့်ပါတယ်။

ရိုးရိုးရှင်းရှင်း ပြောရရင်ဖြင့် ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် နိုင်ငံသားဖြစ်ခွင့်ကိုသာ မျှော်လင့်နိုင်ပြီး တိုင်းရင်းသားလူမျိုးစုဖြစ်ခွင့် လုံးဝမရှိကြောင်း ပြတ်သားစွာ ကြေညာရန် ဖြစ်ပါတယ်။

(ခ) ပြည်သူလူထုမှ ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များကို သိရှိနားလည် လက်ခံအောင် ပညာပေးစည်းရုံးရန်။ ။
ကိုဖီအာနန်ကော်မရှင်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် ၈၈ ချက်ကို အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် ဩဂုတ်လ နောက်ဆုံးပတ်က ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ သို့သော်လည်း အများပြည်သူ မသိရှိကြပါ။ အစိုးရပိုင် သတင်းစာများနှင့် ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ၎င်းအကြံပြုချက်များအား နေ့စဉ်၊ အခန်းဆက် ဖော်ပြသင့်ပါတယ်။ သဘောထားမျှတသော စာရေးဆရာများအားလည်း ယင်း အကြံပြုချက်များနှင့် ပတ်သက်၍ အများပြည်သူအလွယ်တကူနားလည်အောင် ရှင်းလင်းတင်ပြသည့် ဆောင်းပါးများအား အစိုးရသတင်းစာတွင် ဖြစ်စေ၊ အခြားစာစောင်များတွင် ဖြစ်စေ ရေးသားကြရန် တိုက်တွန်းသင့်ပါတယ်။ တက္ကသိုလ်၊ ကောလိပ်များတွင်လည်း ဆရာ/ဆရာမများ၏ ဦးဆောင်မှုဖြင့် ကျောင်းသား/သူများ ၎င်းအကြံပြုချက်များကို သိရှိအောင်၊ လက်ခံအောင် စည်းရုံးသင်ကြားမှုများ၊ ဆွေးနွေးမှုများ ပြုလုပ်သင့်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ဦးဆောင်၍ ပညာရှင်များ၊ အစိုးရဋ္ဌာနဆိုင်ရာများဖြင့် ဆွေးနွေးပွဲများ ကျင်းပ၍ ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များကို အများနားလည်ရေးနှင့် အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးသင့်ပါတယ်။

(ဂ) မှုခင်းဆိုင်ရာ နိုင်ငံတကာစုံစမ်းရေးကော်မရှင်တစ်ခု ဖွဲ့စည်းတာဝန်ပေးရန်။ ။
နိုင်ငံတကာက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းထားသည့် အချက်အလက်ရှာဖွေရေးကော်မရှင် (UN Fact-Finding Commission) ကို ပြည်တွင်းသို့ ဝင်ရောက်စစ်ဆေးခွင့်ပေးရန် တောင်းဆိုနေကြပါတယ်။ ခွင့်မပြုသင့်ပါ။ ကုလသမဂ္ဂရဲ့ ထိပ်တန်းခေါင်းဆောင်များကိုယ်တိုင်က "လူမျိုးတုံးသတ်ဖြတ်မှု"ဟု တစ်ဖက်သက် ဆုံးဖြတ်ထားပြီးသား ဖြစ်၍ ယင်းကော်မရှင်ကို ဝင်ခွင့်ပေးလျင်လည်း အလားတူဆုံးဖြတ်ပါလိမ့်မယ်။ သို့သော်လည်း ဖြစ်ရပ်တစ်ခုလုံးကို ရာဇဝတ်မှုကြီးတစ်ခုအဖြစ်သတ်မှတ်ပြီး ရာဇဝတ်မှုခင်းဆိုင်ရာ နိုင်ငံတကာစုံစမ်းရေးကော်မရှင် (International Commission of Forensic Enquiry) ဖွဲ့စည်းတာဝန်ပေးသင့်ပါတယ်။ ယင်းကော်မရှင်တွင် နိုင်ငံတကာမှ လေးစားသော စစ်အရာရှိဟောင်းများ၊ ဥပဒေပါမောက္ခဟောင်းများ၊ တရားသူကြီးဟောင်းများ၊ ရဲအရာရှိဟောင်းများ၊ ထောက်လှမ်းရေးအကြီးအကဲဟောင်းများ၊ သမိုင်းပညာရှင်များ ပါဝင်သင့်ပါတယ်။ ဩဂုတ်လ ၂၅ ရက်နေ့မှ စသည့်အကြမ်းဖက်မှုများနှင့် နောက်ဆက်တွဲအခြေအနေအရပ်ရပ်ကို ရာဇဝတ်မှုခင်းရှုထောင့်မှ စုံစမ်းစစ်ဆေးရန် ဖြစ်ပါတယ်။ ယင်းသို့ စစ်ဆေးခြင်းဖြင့် အကြမ်းဖက်သမားများ၏ စည်းရုံးလှုံ့ဆော်မှုများ၊ တိုက်ခိုက်မှုများ၊ ရွာမီးရှို့မှုများ၊ ပြည်တွင်းမှ ဘင်္ဂါလီများအား ပြည်ပသို့ ထွက်ခွါလာအောင် စည်းရုံးမှုများ၊ မဟုတ်မမှန် လိမ်လည်ဝါဒဖြန့်မှုများ၊ ဘာသာရေးကျောင်းများတွင် မြန်မာ/ရခိုင် မုန်းတီးရေး လှုံ့ဆော်မှုများနှင့် အကြမ်းဖက်သင်တန်းပေးမှုများ၊ ပြည်မမှ ခွဲထွက်ရန် ကြံစည်အားထုတ်မှုများ၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်ပနိုင်ငံများ၏ အားပေးမှုများကို ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ပါတယ်။ မိမိတို့ဘက်မှ အမှားအယွင်းရှိလျင်လည်း ဖော်ထုတ်ခံရပါလိမ့်မယ်။ ထိုအခါ ပြတ်ပြတ်သားသား အရေးယူဖို့လည်း လိုအပ်ပါတယ်။

တကယ်ညီညွတ်ကြဖို့လို၊ တကယ် မှန်ကန်မျှတဖို့လို
ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွေ၊ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေ ဘယ်နှစ်ကြိမ်လုပ်လုပ်၊ ဘယ်လောက်ပဲ ကျယ်ကျယ်ပြန့်ပြန့် လုပ်လုပ် နိုင်ငံတကာဖိအားပေးမှုတွေက အလွယ်တကူ ပပျောက်သွားမှာ မဟုတ်ပါ။ ဒီဖိအားတွေကို ငါတို့ ဂရုမစိုက်ပဲ နေနိုင်ပါတယ်လို့ မာနကြီးနေလို့လည်း မဖြစ်ပါ။ နိုင်ငံတကာအထောက်အပံ့တွေ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ လျော့နည်းသွားတာနဲ့ အမျှ မြန်မာနိုင်ငံရဲ့ စီးပွါးရေးကို အကြီးအကျယ်ထိခိုက်မှာပါ။ နိုင်ငံတကာက မြန်မာပြည်က ကုန်ပစ္စည်းတွေ ဝယ်ယူတင်သွင်းခြင်း မပြုတော့ရင်လည်း ပြည်တွင်းစီးပွါးရေးကို ထိခိုက်မှာပါ။ စီးပွါးရေး ကြပ်တည်းတာနဲ့ အမျှ အလုပ်လက်မဲ့အရေအတွက် ပိုများ၊ ဆင်းရဲနွမ်းပါးမှု မြင့်မားတာနဲ့ အမျှ လူကုန်ကူးမှုတွေ၊ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ၊ အကျင့်စာရိတ္တ ပျက်ပြားမှုတွေ ပိုပြီး မြင့်မားလာမှာပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်မှာပါ။ နိုင်ငံတကာမှာ မြန်မာပြည်သူတွေကို မုန်းတာနဲ့အမျှ ပြည်ပရောက် မြန်မာနိုင်ငံသားများ လုံခြုံမှု မရှိနိုင်ပါ။ ပြန်ဝင်ရောက်လာသူတွေထဲမှာလည်း အကြမ်းဖက်သမားတွေ ပါဝင်လာနိုင်ပြီး တချို့လည်း အခုမှ နာကျည်းမှုတွေနဲ့ အကြမ်းဖက်ဝါဒကို ရွေးချယ်လိုက်သူတွေလည်း ရှိလာနိုင်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်တင်မကပဲ မြန်မာတစ်နိုင်ငံလုံးမှာ လုံခြုံမှု ကင်းမဲ့နိုင်ပါတယ်။ ကိုးကွယ်ရာ ဘာသာကွဲပြားသူ အသိုင်းအဝိုင်းများကြားမှာ အပြန်အလှန် မယုံကြည်မှုတွေ မြင့်မားပြီး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ပိုပြီး ဖြစ်ပွါးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဖိအားတွေကို ဂရုမစိုက်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို တံခါးပိတ်နေလို့လည်း မဖြစ်နိုင်ပါ။

ကျနော်တို့ အားလုံး အမှန်တကယ် ညီညွတ်ကြမှ၊ ပြည်တွင်းပြဿနာတွေကို အမှန်တကယ် မျှမျှတတ ဖြေရှင်းနိုင်မှ ဒီနိုင်ငံတကာ ဖိအားတွေကို ကျနော်တို့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ကြမှာပါ။

လေးစားစွာ၊

အောင်ဒင်
နိုဝင်ဘာ ၁၉၊ ၂၀၁၇။ ရန်ကုန်

လင်းသစ္စာဦး - အဖြေ မရှိတဲ့ မေးခွန်းများ

$
0
0
အဖြေ မရှိတဲ့  မေးခွန်းများ
လင်းသစ္စာဦး
(မိုးမခ)၊ ဒီဇင်ဘာ ၃၊ ၂၀၁၇
 
ဖျောက်ဆိပ်ကြယ်လေးတွေဟာ ငါတို့အနာဂတ်လား တဲ့
မလင်းလက်နိုင်တော့တဲ့ ပိုးစုန်းကြူလေးက မေးတယ်
ဒဏ်ရာကိုနက်နက်တူးရင်  ကျောက်စိမ်းထွက်နိုင်သလားဆရာ တဲ့
ပထဝီဘာသာရပ်နဲ့ နေသားမကျသေးတဲ့ ကျောင်းသားလေးကမေးတယ်
လူလူချင်းတူညီပါလျက်  ဘာကြောင့် ပိုင်ဆိုင်မှုတွေ မညီမျှတာလဲ တဲ့
ဒုက္ခသည်စခန်းက ခြေတဖက်ဆာနေတဲ့ကောင်မလေးက မေးတယ်
ဘုရားသခင်ဆီမှာ  ဒီအဖြေတွေ ရှိနိုင်ပါသလားတဲ့
တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်တဲ့ကောင်းလေးက မေးတယ်
စစ်ပွဲတွေဆီက ဘာအကျီုးအမြတ်တွေ ရနိုင်ပါသလဲတဲ့
ရွာကိုပစ်ပြေးနေရတဲ့ စစ်ရှောင်ကောင်လေးက မေးတယ်
ဒီသောကတွေက လွတ်မြောက်ဖို့ ဘာတွေလိုအပ်ပါသလဲ တဲ့
ဆေးရုံမှာပိုက်တန်းလန်းနဲ့ အသက်လုနေရတဲ့ လူမမာလေးက မေးတယ်
မီးပြတိုက်ကြီးတွေဆီမှာ သူတပါးဘဝကို လင်းလက်စေလိုတဲ့ဆန္ဒတစုံတရာ ရှိနိုင်ပါသလားတဲ့
အသက်သေနေတဲ့ ပင်လယ်ကြီးက တမေးတည်း မေးနေတော့တယ်. . . . .

လင်းသစ္စာဦး

ဝေမြင့်မောင်-ချစ်စကား ခြစ်ကြည့်တော့ ကြမ်းပြင်ပေါ်က အနီကလေးတွေ

$
0
0

ချစ်စကား ခြစ်ကြည့်တော့ ကြမ်းပြင်ပေါ်က အနီကလေးတွေ
ဝေမြင့်မောင်
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၇


နင့်ကိုချစ်တယ်လို့သူပြောလာမှာပဲဆိုပြီး သူမ အမြဲထင်နေခဲ့တယ်။ ရှည်လျားတဲ့ ညတွေမှာဆို အိမ် အပေါ် ထပ်က တဒေါက်ဒေါက်နဲ့ အသံတွေကြားရတတ်တာ အသေအချာသိတော့ အဲဒီအသံတွေကို သူမ စောင့် နေတတ်တယ်။ တခါတလေတော့လည်း အဲဒီကြားနေရတဲ့ အသံလေးတွေကို နေကြာစေ့ကလေးဖြစ်ပါစေ၊ ချိုချဉ်ကလေး ဖြစ်ပါစေလို့ဖန်တီးပြီး သူမ ဝါးစားတတ်တာပဲ။ သူမအတွက် အကောင်းဆုံး အပျင်းဖြေမှု တခုပဲ။
 
ဘုရားသခင်အနေနဲ့တော့ သူမကို တားဆီးကန့်ကွက်စရာ အထူးအထွေရှိမနေပါဘူး။ ဆဲတာမှ မဟုတ်ဘဲ။ အဲဒါကြောင့်လည်း သူမကတော့ သိပ်ပြီးမတတ်နိုင်စရာမရှိပါဘူး။ သူမဟာ နေကြာစေ့ကလေး လက်ထဲက ဝါးရင်း သူ့လည်ပင်းတွေ သူ့ပါးတွေ နှုတ်ခမ်းတွေကို နမ်းနေမိတယ်။ တပြိုင်နက် အလုပ်နှစ်ခုလုပ်တယ်ဆို တာ ဒါမျိုးကို ပြောတာဖြစ်မလားပဲ။ တခါတလေတော့လည်း သူ့ကို ဒီအတိုင်း သူမ ထိုင်ကြည့်တတ်တယ်။ ဒီအတိုင်းကြည့်နေရတာကလည်း ပျော်စရာကောင်းတာအမှန်ပါပဲ။ အိပ်မက်ထဲမှာဆို သူနဲ့ချစ်မှုတောင် ပြု တယ်လို့ သူမ မက်တတ်တယ်။ မောပန်းမှု ပျော်ရွှင်မှုတွေဟာ သူမနိုးလာတဲ့အခါ အလိုမပြည့်မှု အလိုမကျ မှုအဖြစ်သာ ပြောင်းလဲသွားတတ်ကြတယ်။ အဲဒီအချိန်တွေမှာဆို သူမအနေနဲ့ ထထပြီး ရေသောက်ပေးရ တယ်။ ခါတိုင်း သောက်နေကျ ရေခွက်ကြီးဟာ သိပ်လေးတာပဲလို လည်း သူမ ထင်တတ်တာပေါ့။ 

ဟိုနေ့ညကဆို ရေပုံးကြီးကို သူမဝါးစားပစ်လိုက်တာ။ သူ မ ပါးစပ်ထဲမှာ ရေတွေ ရေဗူးအခွံအပိုင်းအစတွေ အပြည့်။ တချို့ရေတွေဆို သူမပါးစပ်ထဲက အူလျားဖားလျား ထွက်ပြေးခုန်ထွက်လာတတ်ကြတယ်။ 

သူမကတော့ အဲဒါကို ကြည့်ပြီး ရယ်မောနေတတ်တယ်။ ပြီးတော့လည်း သူမ ခုတင်ပေါ်ကို ပြန်ရောက်တဲ့ အခါ သူ့အကြောင်းတွေထဲ ပြန်ရောက်သွားတာပါပဲ။
သူမ တခါမက တွေးဖူးတယ်။ သူ ငါ့အနားကို အခုနေရောက်ရင် သိပ်ကောင်းမှာပဲဆိုတဲ့ဟာမျိုးပေါ့။ မိန်းကလေးတန်မဲ့ဆိုတာမျိုးက သူသူ ကိုယ်ကိုယ် တွေးမိကြမှာပဲဆိုပေမယ့် သူမကတော့ တကယ်ပျော်မိ တာပဲ။ ဘယ်သူမဆို ပျော်မှာပဲလို့ထင်ပါတယ်။ ဒါကိုလည်း ဘုရားသခင်အနေနဲ့ ကန့်ကွက်လိမ့်မယ်လို့ သူမ မယုံကြည်ဘူး။ 

ဥပမာ ဆိုပါစို့။ သူဟာ သူမခုတင်ပေါ် ဝုန်းဆိုပြီးရောက်လာတဲ့အချိန်မျိုးမှာပေါ့။ အဲဒီအချိန်မှာ သူနဲ့သူမဟာ တင်းတင်းကြပ်ကြပ် ဖက်နမ်းဖို့ သွေးဆူနေပြင်ဆင်နေကြတဲ့အချိန်မှာ ဝုန်းဆိုပြီး ဘုရားသခင်ပေါ်လာတာ မျိုးပေါ့။ ပြီးတော့ ဘုရားသခင်က ပြောမယ်။ ဒီလို တွေ့ဆုံဖို့မသင့်တော်ဘူးလို့ ကိုယ်တော်ထင်တယ်။

 ဒီတော့ ကိုယ်တော့် အနေနဲ့  လုပ်ပေးနိုင်စရာ တခုပဲရှိတယ်။ မိန်းကလေး မင်းကြိုက်ရာတောင်းပါ ပြော လာမယ်ဆို သူမအနေနဲ့ ကျေးဇူးပါအရှင်ဘုရား တပည့်တော်မ တောင်းဆိုစရာ တခုပဲရှိပါတယ်။ 

အဲဒါကတော့ အခုချက်ချင်း ဒီအခန်းထဲ ကနေ ကိုယ်တော် ရှောင်ပေးပါလို့ ပြောမယ်။ အဲဒီအခါ သူက သူမ ကို အံ့သြနေတဲ့ မျက်လုံးတွေနဲ့ကြည့်မယ်။ ပါးစပ်ကတော့မပြောဘူး။ သူမက သူ့ကိုကြည့်ပြီး ကဲ စရအောင် လို့ ပြောမယ်။ ဘုရားသခင်ကတော့ လူသားကို ချစ်တဲ့သူမို့ သူမရဲ့ဆန္ဒကလေးကို လိုက်လျောပေးမှာ သေ ချာပါတယ်။ အဲဒီလိုတွေးပြီး သူမရယ်နေတတ်တယ်။ သူမရယ်တဲ့အခါ အခန်းဟာ ပိုပြီးသေးလာသလိုလို ဘာလိုလိုပဲ။ သူမ မျက်နှာဟာလည်း ရှည်လာသလိုလိုပဲ။ အခန်းမျက်နှာကျက်ပေါ်က ပန်ကာဟာလည်း အရည်တွေ ပျော်ကျနေသလိုပဲ။

တခါတလေတော့လည်း အခန်းထဲမှာထိုင်ပြီး စားပွဲပေါ်က ပန်းအိုးကလေးကို ငေးကြည့်နေမယ်။ 

ငေးကြည့်တာများ ဘယ်လိုထိုင်ရမယ် ဘယ်လိုတော့ ထရမယ်ဆိုပြီး သတ်သတ်မှတ်မှတ်မရှိလေတော့ သူမအနေနဲ့အေးဆေးပါပဲ။ တခါတလေလည်း ထိုင်ပြီး ကြည့်တာပဲ။ တခါတလေတော့လည်း ရပ်ကြည့်နေ မိတာပဲ။ အဲဒီပန်းအိုးလေးဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲကလို စားပွဲပေါ်ကနေခုန်ဆင်းလာပြီး သူဖြစ် သွားမယ်။ အဲဒီအခါ သူမပျော်သွားပြီး သူ့ကိုဆွဲဖက်မယ်။ သူကလည်း သူ မကိုပြုံးပြပြီး အားပါးတရပြန် ဖက်မယ်။ ဖက်လို့ ဝတဲ့အခါမှာတော့ အခန်းထဲပတ်ပြီး လမ်းလျှောက်ကြမယ်။ ပြီးတော့ ငါတို့ဘာလို့များ ဒီအခန်းလေးထဲမှာ ကမ္ဘာ ကြီးမရှိတော့သလိုမျိုး မမောမပန်းလျှောက်နေကြရတာလဲလို့ သူမက သူ့ကို ပြောမယ်။ ပြီးတာနဲ့ လျှောက်နေတာ ကိုရပ်ပြီး နှစ်ယောက်သား ပြိုင်တူရယ်မောကြမယ်။ ပြီးတော့ သူမ ပါးကို ဖွဖွလေးနမ်းပြီး သူဟာ စားပွဲပေါ်ကို ပြန်တက်သွားမယ်။ ပန်းအိုးလေးအဖြစ် ပြန်ပြောင်းသွားမယ်။

အဲဒီလိုများ သူမတွေးတဲ့ နေ့တွေဆို ထိုင်ရာကထပြီး စားပွဲပေါ်က ပန်းအိုးလေးကို ပြေးဖက်ပစ်တာပဲ။ အားပါးတရနမ်းနေမိတတ်တယ်။ ပြီးတော့ သတိလွတ်သွားတာကို ပြန်သတိရတဲ့အခါ ရွာတော့မယ့် မိုးတိမ်မည်းများလို သူမမျက်နှာဟာ မှောင်နေမယ်။ အဲဒီလိုအဖြစ်အပျက် တွေက ခဏခဏဖြစ်နေ တတ်တော့ သူမအနေနဲ့ ဘာဖြစ်တာလဲလို့ စဉ်းစားမနေတော့ဘူး။ ဒါက ပုံမှန်လုပ်စရာ တစ်ခုလိုမျိုးတာင် ဖြစ်လာပြီ။ တနေ့နဲ့တနေ့တော့ လုံးဝမတူနိုင်ဘူးပေါ့။ အဲဒီလိုဆို ပျင်းစရာကြီး ဖြစ်နေတော့မှာ။

တခါတလေ စာကျက်ရတဲ့ညမျိုးမှာဆို သူမစာအုပ်ထဲကစကားလုံးတွေဟာ သူ့ပုံရိပ်တွေချည်းပဲ။ သူ့နာမည်တွေ သာ သူမပါးစပ်က ထွက်ထွက်လာတတ်တယ်။ နာမည်ဆိုတာကလည်း သူမ ပေးထားတာ ပါ။ အဲဒီလိုမျိုးကစားနည်းက ပျော်စရာတော့ ကောင်းတာအမှန်ပဲ။ တခါတလေများဆို စာအုပ်ထဲက စကား လုံးတွေဟာ တစ်လုံးချင်း အပြင်ကို ခုန်ထွက်လာကြတယ်။ ပြီးတော့ စကားလုံးတွေဟာ စက်ရုပ်တရုပ်လို မျိုး အချင်းချင်းဆက်သွယ် ချိတ် ဆက်ကြပြီးတဲ့အခါ လူတယောက်ဖြစ်လာတယ်။ အဲဒါ သူပေါ့။ သူမ သိပ် တွေ့ချင်တဲ့သူပေါ့။ သူတို့စကားတွေ အပြန်ပြန်အလှန်လှန် ပြောကြမယ်။ တခုခုစကားပြောရတာ အဆင် မပြေဘူးဆို သူမဟာ သူ့ကို လက်နဲ့ ခုတ်ပစ်လိုက်တာပဲ။ ပြီးတာနဲ့အသစ်ကနေ ပြန်စတာပေါ့။ 

ဒီလိုညလေးတွေလည်း ရှိတာပေါ့။ အခန်းထဲက ဘီဒို။ အဝတ် တွေ။ စာအုပ်တွေ။ တခါသုံး အီဗာတွေ။ လျှပ်စပ်ပစ္စည်းတွေ။ ပန်ကာ။ ဖိနပ်။ အတွင်းခံ အစရှိရှိသမျှ အရာအား လုံးဟာ သူဖြစ်နေတတ်ပဲ။ တခါတလေများဆို ကျောင်းသွားတဲ့အခါ ကျောပိုးအိတ်ထဲမှာ သူ့ကို အဝတ်နဲ့ ပါးစပ်ပိတ်ပေးပြီး သူမခေါ် လာတာပဲ။ တခါတလေတော့လည်း သူဟာ သူမ စက်ဘီးနောက်က ထိုင်လို့။ သူမက စက်ဘီးကလေးကို အားပါးတရ နင်းလို့။

"ဘီးကလေးကိုစီး အချစ်ကလေးကို တင်ပြီး .... မောတော့မောတာပေါ့ ဒါပေမဲ့ မမောဘူး"

စိုင်းထီးဆိုင်ရဲ့ သီချင်းကိုညည်းပြီး သူမ စက်ဘီးကလေး နင်းလို့။ သူဟာ သူမနောက်က ထိုင်လို့။ သူမရဲ့ အရာအားလုံးဟာ သူပါပဲ။ သူမအနေနဲ့ဒီလို ဖန်တီးရတာ သိပ်ပျော်တယ်လေ။ အာသာပြေတာပဲ။ သူမ ပျော်နေတာပဲ။

သူမအနေနဲ့ကတော့ သူဟာ သူမကိုချစ်တယ်လို့ ပြောလာလိမ့်မယ်။ ပြီးတော့ လက်ထပ်ပါရစေပြောပြီး လက်စွပ်ကလေးနဲ့ ဒူးထောက်လိမ့်မယ်။ အဲဒီလို အပြည့်အဝ သူမယုံကြည်ထားတယ်။သူမက သူ့လက်စွပ် ကိုလက်ခံပြီး ခေါင်းညိတ်မယ်။ ပြီးတာနဲ့မင်္ဂလာဆောင်ကြမယ်ပေါ့။ မိဘမဲ့ဂေဟာတခုမှာ မိတ်ရင်းဆွေရင်း တွေကိုဖိတ်ပြီး အလှူလုပ်ရင်း မင်္ဂလာဆောင်မယ်ပေါ့။ အိမ်ကလေးတလုံးဝယ်ကြမယ်။ အိမ်ကလေးဟာ ချစ်စရာကောင်းနေ မယ်။ ပန်းပင်ကလေးတွေ သစ်ပင်ကလေးတွေ စားပင်ကလေးတွေလည်း ရှိနေမယ်။ 

အိမ်ထဲမှာ စာကြည့် တိုက်ကလေးတခုလည်း ထားမယ်ပေါ့။ တနင်္ဂနွေနေ့များဆို လက်ချင်းချိတ်ပြီး ဘုရား ကျောင်းအတူသွားကြမယ်။ စနေ နေ့များဆို ရုပ်ရှင်အတူကြည့်ကြမယ်။ မိုးတအားရွာတဲ့နေ့များဆို သူ့ကို တင်းတင်းလေးဖက်ထားပြီး အိပ် မယ်။ နံနက်နိုးလာတဲ့အခါ သူ့နှုတ်ခမ်းကိုနမ်းပြီး ထလို့ရမယ်ပေါ့။ 

ယုန်ကလေးလည်း မွေးမယ်။ အမေ့အတွက် ငွေလေးပို့ပေးမယ်။ တစ်နှစ်လောက်နေပြီးတဲ့အခါ ချစ်စရာ ကလေးလေးတစ်ယောက်ယူမယ်။ သူနဲ့တူတဲ့ ကိုယ်ပွားလေးပေါ့။ သူမအနေနဲ့တော့ ကလေးလေးဟာ သူမနဲ့ နည်းနည်းကလေးတူရင် ကျေနပ်ပါတယ်ပေါ့။ အဲဒီလိုတွေ တွေးပြီး သူမ ပျော်နေတတ်တယ်။ တခါတလေတော့လည်း ငါလေးဟာ သိပ်စိတ်ကူးယဉ်နေပါလား လို့ သူမ တွေးမိတတ်ပေမယ့် ဒါက ခဏပါပဲ။ ပြီးတော့လည်း ပြန်တွေးတာပါပဲ။


သူ့ကို တခါပဲ သူမ တွေ့ဖူးတယ်။ အဲဒီနောက်ပိုင်း လုံးဝမတွေ့ ရတော့ဘူးလို့ သူမအနေနဲ့ပြောမယ်ဆို ကြည့်ရတာ မှားမယ်ထင်တယ်။ သူမက သူ့ကို ခဏခဏတွေ့နေရတာပဲ။ စကားတွေလည်း ပြောနေရ တာပဲ။ ဒါပေမဲ့ တကယ့် ပြင်ပဖြစ်ခြင်းမှာတော့ သူမဟာ သူ့ကို တခါပဲ တွေ့ဖူးသေးတယ်။ မြင်မြင်ချင်း ချစ်တယ်ဆိုတာမျိုးထက်ပိုတယ် ပြောရမလားပဲ။ ဒါကိုတော့ သူမ တခါတလေ ပြန်တွေးမိတတ်တယ်။ 

ခဏတာ ပြန်လည်ရောက်ရှိတဲ့ ရှားရှား ပါး ပါးအချိန်လေးတွေမှာပေါ့။ အဲဒီလိုအချိန်မှာဆို သူမပါးတွေဟာ နီရဲနေတတ်တယ်။ တယောက်ယောက်က သူ့ကို သွားပြီးစကားပြောရင် ချက်ချင်းပြန်ပြောနိုင်မယ့်အနေ အထားမဟုတ်ဘူး။ သူ့ကို သူမ စတွေ့တော့ လမ်းမပေါ်မှာပဲ။ မိုးအုံ့နေတဲ့ တနေ့ပေါ့။ ရွာတော့ မရွာဘူး။ သူဟာ အေးအေးဆေးဆေးပဲ။ သူ့ဘေးနားမှာ အဘွားကြီး တယောက်။ သူတို့ဟာ လက်ချင်းဆက်ပြီး သွားနေကြတာ။ သူက အံ့သြနေတဲ့သူမကို မြင်ပြီး ပြုံးပြလိုက်တယ်။ သူမကို ပြုံးပြတာလားဘာလားတော့ မပြောတတ်ပေမယ့် ငါ့ကိုပြုံးပြတာပဲလို့ သူမ ယုံကြည်နေမိတယ်။ 

သူ့အပြုံးတွေဟာ သူမအတွက်တော့ အံ့သြစရာကောင်းလောက်အောင် ဆန်းကြယ်လို့။ အချစ်ဆိုတာမျိုး ထက်ပိုတဲ့ အရာဖြစ်မယ်။ သူ့ကို ကြည့်ပြီး အံ့သြနေတုန်းမှာပဲ သူမသတိပြန်ဝင်လာတယ်။ ပြီးတော့ သူမပါးစပ်က အပြုံးလိုလိုအရာတခု ထွက်ကျလာတယ်။ ကဗျာဆရာတယောက်ကများ အဲဒီအဖြစ်အပျက် ကို မြင်ရမယ်ဆို သူမနှုတ်ခမ်း ပေါ်က နှင်းဆီဖူးကလေးထွက်ကျလာ အဲဒီလို ရေးမလားပဲ။ ခက်တာက ကဗျာဆရာလည်း အဲဒီမှာရှိမနေဘူး။ သတိပြန်ဝင်လာပြီး ပြန်ပြုံးပြတဲ့အခါ သူဟာ သူမ ရှေ့ နားမှာ မရှိ တော့ဘူး။ သူမ ငေးနေတာ တော်တော်လေး ကြာ သွားပုံပါပဲ။ အဲဒီနောက်ပိုင်း မတွေ့ရတော့တာ ဘယ် လောက်များကြာပြီလဲ။ တကယ့်ပြင်ပမှာပေါ့။ ဒါပေမဲ့ သူမအတွက်တော့ အဲဒီနေ့ဟာ သိပ်ပြီးကြည်နူးဖို့ ကောင်းတာမျိုးပေါ့။ 

ချစ်စရာကြောင်ကလေးကို အပိုင် ပိုင်ဆိုင် ရတာမျိုးလား။ ဒါမှမဟုတ်။ ကလေးငယ်တယောက် ကစားစရာ အရုပ်သစ်ရသလိုမျိုးလား။ အဲဒီလိုခံစားမှုမျိုးလို့ ပြောရမှာပဲ။ ဒီလို ပြောရတာမျိုးက သိပ်တော့ ကောင်းတဲ့ ကိစ္စမဟုတ်ဘူး။ ပုံတူကို ပြန်လည်တည်ဆောက်ပြတဲ့အရာပဲ။ ရှေ့ ကတခုနဲ့ အခု နောက်ဖြစ်လာတဲ့ တခု ဟာ ဘယ်လိုမှမတူညီနိုင်ဘူးဆိုတာတော့ သေချာပါတယ်။ သူမကတော့ အေးဆေးပါပဲ။


သူ့ဘေးနားက ဘွားတော်ကြီးက ဘယ်သူလဲ။ သူ့အမေများလား။ သူ့အဒေါ်များလားပဲ။ ကြည့်ရတာ သား အမိတွေလိုလို ဘာလိုလို ထင်ချင်စရာကောင်းတာတော့ အမှန်ပါပဲ။ ဒီလိုတွေးတဲ့အခါမျိုးဆို သူမမျက်နှာ ဟာ ပြုံးနေလို့။ ကြည့်ရတာ သူ့အမေဟာ ငါ့အမေပဲလို့များ သူမ သတ်မှတ်လိုက်ပြီလားမပြောနိုင်ဘူး။ 

သေချာတာကတော့ အဲဒီလိုတွေးမိတိုင်း သူမပျော်နေတတ်တာပဲ။ သူမရဲ့ အပြုံးကလေးဟာ ပျား တကောင် ဖြစ်မယ်ဆို သူဟာ လှလှ ပပပွင့်အာနေတဲ့ ပန်းကလေးတပွင့်ဖြစ်မှာပေါ့။ ပျားကလေးဟာ ပန်းပွင့်ကလေးနားမှာ တဝီဝီနဲ့ရှိနေသင့်တာပေါ့။ မဟုတ်ဘူးလား။ တခါတလေတော့လည်း သူမတွေးမိတာ ကတမျိုး။ အဲဒီတခုကိုတွေးတဲ့နေ့များဆို သူမ မျက်နှာ ဟာ ကြွေပြီးခြောက်သွားတဲ့ပန်းကလေးလိုပဲ။ ကောက်နမ်းကြည့်မယ်ဆို ဘာအရသာမှမရှိနိုင်တော့ဘူး။ သူမ တွေးမိတာက သူ့ဘေးနားက တွေ့ရတဲ့ အဘွားကြီးဟာ သူ့ဇနီးမယားများဖြစ်နေမလားဆိုတာမျိုးပေါ့။

ဟေ့ အဘွားကြီးလာစမ်း ခင်ဗျားမျက်နှာကို ကျုပ်ဓားနဲ လှီးပစ်မယ် အဲဒီလို အသံကျယ်ကြီးနဲ့ သူမ အော်ပစ် လိုက်တယ်။ အဘွားကြီးကတော့ သူမအော်တာကိုမကြားဘူး။ ပြုံးပြုံးလေးနဲ့သွားနေတာပါပဲ။ သူနဲ့အတူ ပေါ့။ သူမ အော်လေ အဘွားကြီးက မကြားလေပဲ။ ဒါပေမဲ့ သေချာတာကတော့ အဲဒီလိုတွေးမိတိုင်း သူမ မတရား ပင်ပန်းရတာပဲ။ အပြင်းအထန်ပြေးပြီး တအားမောဟိုက်နေရှာတဲ့အပြေးသမားတယောက်ရဲ့ အသက်ရှုသံလိုပဲ သူမ အသက်ရှူသံတွေက။

ဘယ်လိုပဲဖြစ်ဖြစ်။ နံနက်ခင်းစောစောနိုးလို့ မျက်လုံးတွေဖွင့်တဲ့အခါ သူဟာ သူမဘေးနားမှာ အရင်လို အိပ်မြဲ။ သူမနဲ့အတူ နံနက်စာအတူ စားမြဲ။ သွားမြဲလာမြဲ။ သူမကတော့ သူဟာ သူမကိုချစ်တယ်လို့လာ ပြောမယ်လို့ အမြဲတမ်းယုံကြည်နေတယ်။ တကယ့် ပြင်ပဘဝဆိုတာ ခဏလေးပဲ။ 

အချိန်တော်တော်များများမှာ သူဟာ သူမ ဘေးနားရှိနေတုန်းပဲ။
ဟောဟိုမှာ။ ပြောနေတုန်းမှာပဲ သူမကို လက်ထပ်ခွင့်တောင်းဖို့ သူလာနေပြီ။
သူမ တချက်ပြုံးလိုက်တယ်။
တကယ်ကိုရှည်လျားပြီး မပြီးနိုင်မဆုံးနိုင်တဲ့အပြုံးမျိုး ရက်စက်တဲ့အပြုံးမျိုးဆိုပေမယ့် လှတာကတော့ အမှန်ပဲ။

ဝေမြင့်မောင်

ဆန်ဖရန်ဘေး တံတားဂိတ်မှာ ယာဉ်တိုက်မှုကြောင့် ၀န်ထမ်း မြန်မာအမျိုးသမီး သေဆုံး

$
0
0



ဆန်ဖရန်ဘေး တံတားဂိတ်မှာ ယာဉ်တိုက်မှုကြောင့် ၀န်ထမ်း  မြန်မာအမျိုးသမီး သေဆုံး
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၇

ဒီဇင်ဘာ ၂၊ စနေနေ့ မနက်လင်းအားကြီး ၅ နာရီခန့်က ဆန်ဖရန်ဘေးဧရိယာ၊ ဥက္ကလံမြို့နဲ့ ဆန်ဖရန်မြို့ ကူး တံတား (Bay Bridge) က ဂိတ်ကြေးကောက်စခန်းကို ထရပ်ကားကြီးတစီး ၀င်တိုက်ခဲ့တာကြောင့် ဂိတ်ကြေးကောက်စခန်းက ၀န်ထမ်း မြန်မာအမျိုးသမီး စီစီဟန် နေရာမှာပဲ သေဆုံးခဲ့ရပါတယ်။ အဲသည်ထရပ်ကားကြီးကို မောင်းလာသူဟာ မူးယစ်ဆေးဝါးစားသုံးထားပုံရပြီး အရှိန်မြင့်စွာမောင်းလာလို့ အခြား ကားလေးစီးကိုလည်း တံတားဂိတ်အ၀င်နားမှာ ဆက်တိုက် တိုက်ခဲ့ပြီး အရှိန်မထိန်းနိုင်ဘဲ ဂိတ်ကြေးကောက်စခန်းကိုပါ ပျက်စီးသွားအောင် တိုက်လိုက်တာ ဖြစ်ပါတယ်။

ကားမောင်းသူဟာ အသက် ၃၀ ခန့်ရှိပြီး အခြားယာဉ်တိုက်ခံရသူများနဲ့အတူ ဆေးရုံမှာ ကုသမှု ခံနေရပါတယ်။ သူ့ကို လူသေမှု၊ မူးယစ်ဆေးသုံးမှုတို့နဲ့ ရဲက အမှုဖွင့်ထားပါတယ်။



 သေဆုံးသူ စီစီဟန်ဟာ အသက် ၄၆ နှစ်ရှိပြီး ဘေးဧရိယာက ဆန်လိုရင်းဇိုမြို့မှာ မိသားစုနဲ့အတူ နေထိုင်သူဖြစ်ပါတယ်။ သူသေဆုံးချိန်မှာ ခင်ပွန်းသည်နဲအတူ ၁၀ နှစ်အရွယ် သမီးတဦး ကျန်ရစ်ပါတယ်။ တံတားဂိတ်ဝန်ထမ်းအဖြစ် ၁၀ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး လူချစ်လူခင်များသူလို့ မိတ်ဆွေ ၀န်ထမ်းတွေက ပြောကြပါတယ်။ ပြည်နယ်ရဲ့ လမ်းတံတားဝန်ထမ်းတဦး တာဝန်ထမ်းဆောင်စဉ် သေဆုံးရလို့ ပြည်နယ်၏ ၀န်ကြီးချုပ် ဘရောင်းက မိသားစုနဲ့ အတူ ၀မ်းနည်းကြောင်း ပြန်ကြားချက်ထုတ်ခဲ့ပါတယ်။ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၀န်ကြီချုပ်ရုံးမှာ အလံကို တိုင်ဝက်လွှင့်ထူထားပါတယ်။


ဆန်ဖရန်ဘေးဧရိယာရဲ့ ကားအများဆုံး ဖြတ်သန်းတဲ့ ဘေးဘရစ်ဂ်ျမှာ ဖြစ်ပွားတဲ့ ကားတိုက်မှုဖြစ်တာကြောင့် ဖွင့်ထားတဲ့ ဂိတ်စခန်းတွေထဲက လမ်း ၁၀လမ်းကို ခေတ္တ ပိတ်ထားတာကြောင့် စနေနေ့တနေ့လုံးမှာ အဆိုးဝါးဆုံး ယာဉ်ကြောပိတ်ဆိုဖြစ်ခဲ့ရပါတယ်။ တနင်္ဂနွေနေ့မှာလည်း ဂိတ် ၁၄ ကနေ ၁၇ အထိကို ဆက်ပိတ်ထားပြီး စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။ အခင်းဖြစ်ပွားတာကနေ ဂိတ် ၁၄ မှာ ဖြစ်ပါတယ်။ တနလာင်္နေ့မှာလည်း ဂိတ်အချို့ဆက်ပိတ်ထားနိုင်တာမို့  ကားတွေ ယာဉ်ကြော ကြံ့ကြာမှု ဆက်ဖြစ်နေနိုင်ပါတယ်။

ဆန်ဖရန်ဘေးဧရိယာက မြန်မာအမျိုးသမီး စီစီဟန် (၄၆နှစ်) ကြေကွဲဖွယ် မတော်တဆမှုနဲ့ ရုတ်တရက် ကွယ်လွန်ရတဲ့အတွက် မိုးမခမီဒီယာကလည်း ၀မ်းနည်းပါကြောင်း သိနေရာကနေ မှတ်တမ်းပြုလိုက်ပါတယ်။






ရွှေပြည်စိုး - နယူးယောက်မှာ ပီနန်ဆရာတော်ကြီး ရည်စူး ဆွမ်းကပ်

$
0
0

ရွှေပြည်စိုး - နယူးယောက်မှာ ပီနန်ဆရာတော်ကြီး ရည်စူး ဆွမ်းကပ်
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၇

နိုဝင်ဘာ ၃၀ ရက်က အမေရိကန်ပြည်၊ နယူယောက်မြို့မှာ တပည့်သံဃာများနဲ့ တကာတကာများ စုပေါင်း၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန် ဆရာတော်ကြီး ဦးပညာဝံသအား ရည်စူး ရက်လည်ဆွမ်းကပ် လှူဒါန်းခဲ့ကြသည်။

ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ကြီး ဦးပညာဝံသ(အဂ္ဂမဟာပဏ္ဍိတ)သည် မလေးရှား နိုင်ငံ၊ ပီနန်ကျွန်းရှိ ဓမ္မိကာရာမ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ၂၀၁၇-နိုဝင်ဘာ-၂၄ ရက်နေ့က ပျံလွန်တော်မူသွားရာ ယနေ့ (၃၀-၁၁-၂၀၁၇)တွင် ဆရာတော်ကြီး တည်ထောင်ခဲ့သော နယူးယောက် မြို့ Long Island မြို့နယ်ရှိ ဗုဒ္ဓဒီပန်ကျောင်းတော်ကြီး၌ ဆရာတော်ကြီး၏ တပည့် သံဃာတော်များနှင့် တကာ တကာမများ စုပေါင်း၍ ရက်လည်ဆွမ်းကပ်ခြင်းကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်ကြ ပါသည်။

၁။ တကာ တကာမများက သရဏဂုံ သုံးပါးနှင့် ငါးပါးသီလကို ခံယူဆောက်တည်ကြပါသည်။

၂။ ဆရာတော် သံဃာတော်များက ဆရာတော်ဘုရားကြီးအား ရည်စူး၍ မေတ္တာသုတ် စသော ပရိတ်တရားတော်များကို ရွတ်ဖတ် ပူဇော်ကြပါသည်။

၃။ ဆရာတော် အရှင်မဏ္ဍလ (B.A., M.A.)က သံဝေဂတရားလေးပါး ဖြစ်သော -

(၁) ကျန်းမာခြင်းသည် နာခြင်းလျှင် အဆုံးရှိသည်။

(၂) ငယ်ရွယ်နုပျိုခြင်းသည် အိုမင်းရင့်ရော်ခြင်းလျှင် အဆုံးရှိသည်။

(၃) အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးရှိသည်။

(၄) ပြည့်စုံခြင်းသည် ပျက်စီးခြင်းလျှင် အဆုံးရှိသည် -

ဟူသော သံဝေဂ တရားများ၏ အနက် အဓိပ္ပာယ်များကို ရှင်းလင်း ဟောကြားတော်မူသည်။

၎။ ဆရာ ဦးခင်မောင်စန်းကလည်း တိပိဋက ဓမ္မဘဏ္ဍာဂါရိက ဆရာတော်တော်ကြီး ဦးဝိစိတ္တ၏ သံဝေဂ ဂါထာနှင့် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ ဝိပဿနာသံဝေဂ ဂါထာ (၂)ပုဒ်ဖြင့် ရွတ်ဆို ပူဇော်ပါသည်။

၅။ ပျံလွန်တော်မူသွားသော ပီနန်ဆရာတော်ကြီး ဦးပညာဝံသအား ရည်စူး၍ ရေစက်ချ အမျှဝေ ကြပါသည်။

၆။ ပင့်သံဃာ (၁၁)ပါးအား သင်္ကန်း တစ်စုံစီနှင့် နဝကမ္မ ဝတ္ထုငွေများ လှူဒါန်းပါသည်။

၇။ ကြွရောက်လာသော ဆရာတော်ကြီး၏ တပည့် တကာ တကာမ (၅၀)ကျော်အား နေ့လည် စာဖြင့် ဧည့်ခံ ကျွေးမွေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။


ရွှေပြည်စိုး
၃၀-၁၁-၂၀၁၇

မိုက်ခဲစိန် - မီးတူးခံလိုက်ရတဲ့ အမေရိကန်ကျားတွေ

$
0
0


မိုက်ခဲစိန် - မီးတူးခံလိုက်ရတဲ့ အမေရိကန်က ကျားတွေ
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၇

မီးတူးခံလိုက်ရတယ်ဆိုတော့ သူတို့ရိုးရာ ဘာဘီကျုး မီးဖုတ်စားရင်း မီးဟတ်သွားလို့လား ထင်နေဦးမယ်။ ဟုတ်ပါဘူး။  # Me Too လှုပ်ရှားမှုနဲ့ အမျိုးသမီးတွေက သူတို့ကို ယောကျားသားများက လိင်ပိုင်းဆိုင်ရာ ကာအိနြေ္ဒပိုင်းဆိုင်ရာ စော်ကားခဲ့ကြတာကို ထုတ်ဖော်လာကြရာမှာ အဲသည်အမှုကို ကျုးလွန်ခဲ့ကြတဲ့ အထင်ကရ ယောကျာ်းသားတွေ ဗူးပေါ်သလိုပေါ်လာကြပြီး အကျိုးနည်းကုန်ကြရတာကို ပြောချင်တာပါ။ အမေရိကန်မှာက အဲသည်အမှုတွေကို ဖုံးဖိပြီး သြဇာ အာဏာ ငွေကြေးတွေနဲ့ ဖိထား ဖျောက်ထားရာကနေ မိန်းမသားတွေဟာ ရေငုံနှုတ်ပိတ် မနေကြတော့ဘဲ ကိုယ်တိုင်ထုတ်ဖော် ပြောဆိုကြလို့ ကျုးလွန်သူတို့ အရှက်တကွဲဖြစ်ကြရတာ ဖြစ်ပါတယ်။ သူတို့ကတော့ Name and Shame - အမည်တတ်ပြီး အရှက်ရစေတယ်ပေါ့။

ဒီလှုပ်ရှားမှုက စတင်ခဲ့တာ ၁၀ နှစ်လောက် ရှိပြီ။ အမျိုးသမီးအက်တီဗစ် Tarana Burke က ၂၀၀၆ မှာ စတင်ခဲ့တယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ လူတန်းစား အလွှာစုံ အရောင်မျိုးစုံက အမျိုးသမီးများ အမျိုးသမီးငယ်များကို ကိုယ်ချင်းစာနာပြီး အားပေးနိုင်ရေးလှုပ်ရှားမှုပါ။ # Me Too - ဟက်ရှ်တက်ဂ်မီးတူး ဆိုပြီး အင်တာနက်က ဆိုရှယ်မီဒီယာမှာ ၀ိုင်းဝန်းရပ်တည်ပေးအောင် စည်းရုံးလှုံ့ဆော်ကြပါတယ်။ အဲဒီလို လိင်ပိုင်းဆိုင်ရာ ကာအိနြေ္ဒပိုင်းဆိုင်ရာ ထိခိုက်အောင် စော်ကား နှောက်ယှက် ကျုးလွန်တာကို သူတို့က sexual harassment လို့လည်း သုံးပါတယ်။

အလုပ်ခွင်တွေ ကျောင်းကောလိပ်တွေ ဖြော်ဖြေရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေဟာ ယောကျာ်းတွေရဲ့ အနိုင်ကျင့် စော်ကားခြင်းကို ခံနေကြရတယ်၊ သူတို့က ထုတ်ဖော်ပြောပြန်ရင်လည်း ပရိသတ်ကြီးက နင်တို့က အနေအထိုင်မတတ်တာကိုးဆိုပြီး ပြစ်တင်ကြတယ်၊ မိန်းမတွေကို ယောကျာ်းတွေရဲ့ အဖြည့်ခံလိုမျိုး စိတ်ထားနဲ့ နှိမ်ချင်တဲ့စိတ်ကလည်း အခြေခံအားဖြင့် ရှိတယ်လို့ ဆိုပါတယ်။ မိန်းမတယောက် အနိုင်ကျင့်ခံရတိုင်းမှာ အတော်များများက မိန်းမဘက်ကို အပြစ်လို့ မြင်ကြတာကို အရင်ဆုံး တွန်းလှန်နေကြရတယ်လို့ အမျိုးသမီးအက်တီဗစ်တွေက ပြောကြပါတယ်။ အခုအချိန်မှာတော့ အမျိုးသမီးတွေရဲ့ ကာယအိနြေ္ဒကို ကာကွယ်ဖို့ လေးစားဖို့ မစော်ကားဖို့ အခွင့်အရေးမယူဖို့ကို အလုပ်ခွင် ကျောင်းတွေ ဖြော်ဖြေရေးလုပ်ငန်းတွေမှာ ပညာပေးတာ အရေးယူဖို့ ကြိုးစားတာတွေ တဖြေးဖြေးတော့ ဖြစ်လာနေပါပြီ။

သည်လိုအချိန်မှာ ၂၀၁၇ အောက်တိုဘာလမှာတော့ဖြင့် ဟောလီဝုဒ် ရုပ်ရှင်ကုမ္မဏီတွေထဲက အထင်ရှားဆုံး ၀ိုင်းစတိန်း (Weinstein) ရဲ့ လုပ်ငန်းရှင်၊ ထုတ်လုပ်သူ ဟာဗီဝိုင်းစတိန်းဟာ အမျိုးသမီးအနုပညာသည်အချို့ကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုတွေ လုပ်ခဲ့ကြောင်း ကာယကံရှင်တွေက ရေငုံနှုတ်ပိတ် မနေတော့ဘဲ ထုတ်ဖော်ပြောဆိုလာခဲ့ကြတာကြောင့် အရှက်တကွဲဖြစ်ပြီး ရာထူးကနေ ထုတ်ပယ်ခြင်း ခံလိုက်ရပါတယ်။ သူက အဲသည်အမျိုးသမီးထဲက တချို့ကို ငွေကြေးလျော်ကြေးပေးပြီး စာချုပ်စာတမ်းနဲ့ ထုတ်မပြောရလို့ လုပ်ထားခဲ့တာကိုလည်း ကာယကံရှင်တွေက မလိုက်နာကြတော့ဘဲ ဖွင့်ချလိုက်ကြတာပါ။ အမေရိကန်တရားရေးစနစ်ကလည်း မတရားအလုပ်ခံရသူက တရားစွဲရင်တောင် ခုံရုံးပြင်ပ နှစ်ဘက်ကျေနပ်အောင် ညှိနှိုင်းခွင့်၊ လျော်ကြေးပေးပြီး နှုတ်ပိတ်ခွင့်တွေ ရှိတာကြောင့် ပြည်သူတွေက အမှန်ကို မသိနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုတော့ သိလာရပါပြီ။

ဟောလီဝုဒ်က စလိုက်တဲ့ အထုပ်ဖြေမှုကြောင့် ဟောလိဝုဒ်က မင်းသားတွေထဲက ကယ်ဗင်စပေစီ (Netflix - House of Cards) တို့နဲ့တကွ အတော်များများလည်း ထိခိုက်ကုန်ကြပါတယ်။ သူတို့ရိုက်ထားတဲ့ ရုပ်ရှင်တွေ စီးရီးတွေထဲကနေ အထုတ်ခံလိုက်ရပါတယ်။ တီဗီရုပ်မြင်သံကြားထဲကဆိုရင် လူဝီစီကေ လို လူရွှင်တော်လည်း အရှက်တကွဲဖြစ်သွားရပါတယ်။ ဒါနဲ့တင်ပဲလားဆိုတော့ စာနယ်ဇင်းနယ်ပယ်ထဲက ထင်ရှားတဲ့ မီဒီယာတင်ဆက်သူတွေလည်း ဗူးပေါ်သလိုပေါ်လာလို့ သူတို့ရုပ်မြင်အစီအစဉ်တွေကနေ အနားယူလိုက်ရပါတယ်။ NBC က မက်လောအာ၊ CBS က ချားလီရို့စ်၊ ရေဒီယိုထုတ်လုပ်သူတွေ တင်ဆက်သူတွေပါ ပါဝင်ပါတယ်။ စီလီကွန်ဗယ်လီက ပုဂ္ဂိုလ်တွေထဲက ထူထောင်သူအချို့လည်း အစွပ်စွဲခံရလို့ တချို့ကတော့ ရာထူးကနေ ထုတ်ပေးပါတယ်။ ရောဘတ်စကိုဘဲ (Transformation Group) က တဦးအပါအ၀င်ပါ။

သည်နေရာကနေ နိုင်ငံရေးနယ်ပယ်ထဲကိုပါ အမှုတွေပေါ်လာတဲ့အခါ ရီပတ်ဘလင်ကန်အမတ်တွေကော ဒီမိုကရက်တွေမှာပါ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်သူတွေအဖြစ် ပေါ်ပေါက်လာပါတယ်။ ဒေါ်နယ်ထရန့်ကိုယ်တိုင် (အမေရိကန်သမ္မတ) က ယခင်တုန်းက မိန်းမတွေကို ကိုယ်ထိ လက်ရောက်ဖူးကြောင်း သတင်းထွက်ခဲ့ပေမယ့် သူကတော့ ငြင်းဆိုပြီး နောက်မဆုတ်ခဲ့ပါဘူး။ သည်တော့ အမေရိကန်နိုင်ငံရေးသမားတွေထဲက သူ့ဘက်သား ရီပတ်ဘလစ်ကန်အမတ်တွေကတော့ အစွပ်စွဲခံရတာကို မျက်နှာပြောင်တိုက်ပြီး ဆက်နေကြပါသတဲ့။ သူတို့ပြောတာက မဲဆန္ဒရှင်တွေက ဖြုတ်မချသမျှ သူတို့ကတော့ မထွက်နိုင်ပါဘူးတဲ့။ ဒီမိုကရက်ထဲက စွပ်စွဲခံရတဲ့ အမတ် ၂ဦးကတော့ သူတို့ကို လွှတ်တော်ကနေ စုံးစမ်းရေးကော်မရှင်နဲ့ စစ်ဆေးမှုခံမယ်လို့ ပြောကြားပါတယ်။

အဲသည်မှာ ထပ်မံပြီး ဗူးပေါ်လာပြန်တာက အမေရိကန်နိုင်ငံရေးမှာ အမျိုးသမီးတွေ အစော်ကားခံရတာ လွှတ်တော်သက်တမ်း အစိုးရသက်တမ်း နိုင်ငံသက်တမ်းတမျှလောက်ရှိနေပေမယ့် ဥပဒေတဖက်စောင်းနင်းနဲ့ လျော်ကြေးပေးတန်ပေး၊ နှုတ်ပိတ်တန်ပိတ်၊ အလုပ်ကနေ အမျိုးသမီးကို ထုတ်ပစ်တန် ထုတ်ပြီး ဖုံးဖိနေကျ အစဉ်အလာရှိနေတဲအကြောင်း ဖြစ်ပါတယ်။ အခြား စီးပွားရေး၊ အနုပညာ၊ လုပ်ငန်းတွေမှာကတော့ ဘုတ်အဖွဲ့တို့ လုပ်ငန်းရှင်တို့က စာရိတ္တပျက်စီးမှုအဖြစ် အရေးယူကြသော်လည်း နိုင်ငံရေးမှာကတော့ လက်တလုံးခြား ကင်းလွတ်ခွင့်ရှိနေတာကို # Me Too Movement ကြောင့် မီးမောင်းထိုးခံရပြီး ရှုတ်ချခံရသည်အထိ ထင်ရှားလာတာ လက်ရှိအမြတ်လို့ပဲ ဆိုရပါမယ်။

သမ္မတ ဘီကလင်တန်တုန်းက မော်နီကာလောဝင်စကီးနဲ့ ရှုပ်ခဲ့တာ ခုံရုံးဖွဲ့ Impeachment လုပ်ဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ သမ္မတ ဘုရှ်အကြီးလည်း အစွပ်စွဲခံရပါတယ်။ သူကတော့ လက်ရှိမှာ  အသက် ၉၃ နှစ် ရှိနေပါပြီ။ လွန်ခဲ့တဲ့ အတိတ်က လက်ရောက်မှုတွေအတွက် သူက ခုချိန်မှာ ၀မ်းနည်းကြောင်း ပြန်တောင်းပန်ခဲ့ပါသတဲ့။

အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး ရရှိရမယ်လို့ လှုပ်ရှားမှုဟာ သမိုင်းနဲ့ ချီခဲ့ပါပြီ။ အမျိုးသမီးတွေ မဲပေးခွင့်၊ အလုပ်လုပ်ခွင့်၊ လုပ်ခလစာ တန်းတူခွင့် စတာတွေနဲ့ တိုက်ပွဲဝင် တောင်းဆိုခဲ့ကြဆဲ။ ဆက်လက်လည်း ရုန်းကန်နေဆဲပါပဲ။ အခုတခါကတော့ မိန်းမတွေရဲ့ ကာယအိနြေ္ဒကို လေးစားဖို့ မစော်ကားဖို့ အနိုင်မကျင့်ကြဖို့ ဆက်လက်တောင်းဆိုနေကြပါတယ်။ ခေတ်အဆက်ဆက် လုပ်ငန်းခွင် အိမ်ထောင် ကျောင်း အနုပညာ နိုင်ငံရေး နယ်ပယ်အတွင်းမှာ သူတို့တွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုတွေ မလုပ်ကြဖို့ကို မီးမောင်းထိုးပြတဲ့ အချိန်ကို ရောက်လာတဲ့ သဘောပါပဲ။

မြန်မာပြည်မှာလည်း သည်လိုမျိုး လှုပ်ရှားမှုတွေ ဆွေးနွေးမှုတွေ ရှိလာကြပါတယ်။ မြန်မာပြည်မှာ လက်တွေ့မှာ အမျိုးသမီးအခန်းကဏ္ဍကို ဘယ်လိုများ ရှိနေလဲဆိုတာ သုံးသပ်ကြည့်သင့်ပါတယ်။ အနည်းဆုံး ထင်ရှားတဲ့ ဥပမာကို ထုတ်ပြရရင် မြန်မာ ရုပ်ရှင် ရုပ်သံ ဇာတ်လမ်းတွေမှာ အမျိုးသားတွေက အမျိုးသမီးတွေကို အော်ဟစ် နောက်ပြောင် အနှောက်အယှက်ပေးတဲ့ အခန်းတွေ၊ အရက်သောက် မူးယစ်သူ ယောကျာ်းတွေက အမျိုးသမီးတွေကို စော်ကားတဲ့ အခန်းတွေ မြင်တွေ့ရလေ့ရှိပါတယ်။ အမျိုးသမီးတွေက ကယ်တင်ရှင် သူရဲကောင်းအမျိုးသားတွေကို စောင့်မျှော်ပြီး ကယ်တင်ရှင်ရှာနေရတဲ့ ဇာတ်ကွက်တွေ များပါတယ်။ အမျိုးသမီးတွေရဲ့ ခွန်အား၊ အားမာန်၊ ရုန်းကန် ရင်ဆိုင် တိုက်ပွဲဝင်မှုတွေ များများစားစား မမြင်ရသေးဘူးလို့ ဆိုရပါမယ်။ မြန်မာပြည်မှာ လိင်ပိုင်းဆိုင်ရာ အစော်ကား ကျုးလွန်ခံရသူများအတွက် အကာအကွယ်ပေးမှုတွေ၊ အပြစ်ကျုးလွန်သူကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ ဆောင်ရွက်ကြဖို့ အစိုးရအဆင့် လွှတ်တော်အဆင့်မှာလည်း ဆက်လက် ဆောင်ရွက်နေကြဆဲ ဖြစ်တာကို မြင်တွေ့နေရပါတယ်။ လူထု လူတန်းစားအဆင့်တိုင်းမှာလည်း awareness သိမြင်မှု ရေချိန် မြင့်သည်ထက် မြင့်ဖို့ အားပေးကြစေလိုကြောင်း တိုက်တွန်းလိုက်ပါတယ် ခင်ဗျား။

ကိုသန်းလွင် - ဂျပန်ရေဘေးကာကွယ်ရေး

$
0
0



ကိုသန်းလွင် - ဂျပန်ရေဘေးကာကွယ်ရေး
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၇
(၁)

တိုကျိုမြို့မြောက်ဖက် မြေကြီးအောက်မှာရှိသော (Kasukabe Faciliny) သည် ကမ္ဘာပေါ်တွင် လူဦးရေ အထူ ထပ်ဆုံးဖြစ်သည့် မြို့တော်ကြီးမှလူများကို ရေကြီးခြင်းဘေးမှ အကာအကွယ်ပေးရန် ဆောက်လုပ်ထား ခြင်း ဖြစ်ပါသည်၊ “အဘယ်မျှကြီးသလဲ “ ဆိုသည့် ပမာဏကိုပြောပြရန် အခက်အခဲရှိပါသည်၊ အမေရိကန်ပြည်မှ လွတ်လပ်ရေးမယ် (Statue of Liberty) ရုပ်ထုကြီးပင် ၀င်ဆန့်နိုင်မည်ထင်ပါသည်။

တစ်ခုနှင့်တစ်ခု တူးမြောင်းများဖြင့် ဆက်သွယ်ထားပြီး ရေပိုရေလျှံများကို သိုလှောင်ပေးမည့် ရေထိမ်းသိမ်းရာ နေရာကို ဒေါ်လာ ၂ ဘီလီယံမျှအကုန်ကျခံပြီးတည်ဆောက်ထားခြင်းဖြစ်သည်၊ ၁၉၉၀ မှာ စတင်တည်ဆောက် ပြီး ၂၀၀၆ တွင်ပြီးစီးသည်၊ ကမ္ဘာနှင့်အ၀ှမ်း ရာသီဥတုဖေါက်ပြန်မှုကြောင့် (Climate Change) ဖြစ်ရာမှမိုးသည်း ထန်စွာ ရွာရသည်ဟု ယုံကြည်ကြသည်၊ လွန်ကဲသောမိုးကြောင့် ရေကြီးမှုဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်ရန် တိုကျို မြို့တော်ကြီးမှ ပြင်ဆင်ထားပုံကို တအံ့တသြမြင်ကြရပါသည်။

(၂)

အမေရိကန်ပြည်တွင် မုန်တိုင်းများကြောင့် ဖြစ်ပေါ်လာမည့်ရေကြီးမှုကို တွေ့ကြုံခဲ့ရပြီးဖြစ်သည်၊ တက်ဆပ်(စ) လိုမြို့တော်ကြီး၌ပင် ပြင်ပြင်ဆင်ဆင်လုပ်မထားခြင်း၏ အကျိုးဆက်များကိုကမ္ဘာက တွေ့မြင်ခဲ့ပြီးဖြစ်သည်၊ လူ အများအိုးအိမ်ပျက်စီးကုန်ပြီး ဒုက္ခကိုလှလှကြီးတွေ့ခဲ့ကြရသည်၊ တက်ဆပ်(စ)မြို့အနေဖြင့် မုန်တိုင်းကယူ ဆောင် လာမည့် ရေများကို ထိမ်းသိမ်းနိုင်ရန် ဒေါ်လာသန်း ၄၀၀ တန် ရေလှောင်ကန် တစ်ခုတည်ဆောက်ဖို့ ဗဟို အစိုးရကို ရံပုံငွေတောင်းခံနေပြီဖြစ်သည်။

‘အခုအချိန်ထိတော့ အောင်မြင်နေတာပါဘဲ’ ဟု ဤရေလှောင်ကန်အဆောက်အဦး၏တာဝန်ခံ မစ္စတာအာဘေး (Kunahan Abe) ကပြောသည်၊ တိုကျိုမြို့တော်အနေဖြင့် ၂၀၂၀ တွင် အိုလံပစ်ပွဲတော်ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကစား ရန်ရည်ရွယ်ထားရာ ပိုမို၍ပြင်းထန်သော မုန်တိုင်းများမှ သယ်လာမည့်ရေကြီးခြင်းဒဏ်ကို ခံနိုင် ရည်ရှိမရှိ မေးခွန်းများကို မေးနေရပြီဖြစ်သည်။

ဂျပန် ကျွန်း တစ်ကျွန်းလုံး တစ်နာရီလျင် ၂လက္မ ထက်ပိုမို မိုးရွာသွန်းခဲ့သည်မှာ လွန်ခဲ့သောနှစ်ပေါင်း ၃၀ အတွင်း ၃၀ ရာခိုင်နှုန်း တိုးတက်လာသည်၊ လွန်ခဲ့သော ကာလများအတွင်းမှာမူ တစ်နာရီ ၃ လက္မ ထက် ပိုမို ရွာသွန်းသည်မှာ ၇၀ ရာခိုင်နှုန်းမျှမြင့်တက်လာသည်ကို တွေ့ရသည်။

မိုး ဟူသော စကားလုံးကို တစ်ဒါဇင်မျှသောစကားလုံး တို့ဖြင့် ပြောဆိုနိုင်သော ဂျပန်လူမျိုးတို့အတွက် ကာလ အသစ်တစ်ခု အတွင်းသို့ချင်းနင်း ၀င်ရောက်လာခြင်းပင်ဖြစ်တော့သည်။

ပင်လယ်ရေမြင့်တက်လာမှုကလည်း တိုကျို၏ လူနေထူထပ်သော ဒေသအတွင်းနေထိုင်ရသူများအဖို့ အန္တရာယ် နှင့် ပိုမိုနီးစပ်လာသည်၊ နှစ်ပေါင်းများစွာ အ၀ီဇိတွင်းများ (Ground water) ကို စုတ်ယူနေခြင်းကြောင့် တိုကျို၏ တချို့နေရာများတွင် နှစ်ပေါင်း ၁၀၀ အတွင်း ၁၅ ပေအထိ နိမ့်ကျသွားသည်၊ မြို့၏တချို့နေရာများသည် ပင်လယ်ရေမျက်နှာပြင် အောက်ကျရောက်နေပြီး ရေမ၀င်နိုင်စေရန် ဒိုက်များဖြင့် ကာကွယ်ထားရသည်၊ ၂၀၁၄ ခုနှစ်က ဆွစ်နိုင်ငံ (Reinsurance firm) တစ်ခု၏ အဆိုအရ တိုကျိုမြို့နှင့် ကမ်းခြေမြို့တော်ဖြစ်သော ယိုကို ဟားမား တို့သည် မိုးရွာသွန်းမှုနှင့်အတူ ငလျင်လှုတ်ခြင်းတို့ကြောင့် ကမ္ဘာပေါ်တွင် နေထိုင်ရန်အန္တရာယ် အများ ဆုံးနေရာ အဖြစ် သတ်မှတ်ခြင်းခံရသည်။

၂၀၁၅ ခုအကုန်ပိုင်းက တိုင်ဖုန်းမုန်တိုင်းကြောင့် ရွာသွန်းခဲ့သော မိုးရေ ၆၇၀ သန်း ကုဗပေမျှကို မြေအောက် ရေလှောင်ကန်ထဲသို့ မောင်းသွင်းပေးခဲ့ပြီးဖြစ်သည်၊ ကြီးမားလှသောဧရိယာအတွင်းမှ ရေများကို လေးရက်ကြာ ဘိုးအင်း ၇၃၇ အင်ဂျင်နှင့် ညီမျှသော ရေပန့် များဖြင့် မောင်းယူရသည်၊ တိုကျိုမြို့၏ ‘Edogen’ အရပ်မှာ မြေနိမ့် ပိုင်းဖြစ်၍ အခြေအနေမှာ အဆိုးဆုံးဖြစ်သည်။

ဂျပန်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှုကြောင့် အခြေအနေမှာပိုမိုဆိုးရွားစေသည်၊ ဤပရော့ဂျက်ကိုစစဉ်က ဂျပန် အစိုးရ၏ငွေကိုပုံအော၍ သုံးနိုင်ခဲ့သဖြင့် ‘ငွေလဲကုန် ကွန်ကရစ်များလဲကုန်’ ဆိုသကဲ့သို့ ကွန်ကရစ်ကိုပုံအော၍ သုံးခဲ့သည်၊ ယခုအခါ အစိုးရ၏ကြွေးမှာ ဂျပန်စီးပွားရေးတစ်ခုလုံး၏ ၂ ဆမျှ ရှိနေသဖြင့် တဖက်က အသက် အရွယ်ကြီး သူတို့ ကို စောင့်ရှောက်နေရသော ဂျပန်ပြည်မှာ ငွေကိုချွေတာနေရသည်။


မစ္စတာအာဘေးက ပရော့ဂျက်အတွက်ကုန်ကျငွေမှာ တခါထဲ တပြိုင်နက်ထဲ သုံးရသောငွေဖြစ်သည်၊ နောက် တခါ ဂျပန်ပြည်မှာ ဤမျှမြောက်များလှသောငွေကြေးကို သုံးစွဲနိုင်စရာအကြောင်းမရှိဟုပင် ပြောစမှတ်ရှိသည်၊ ဤပရော့ဂျက်ကိုလာရောက် ကြည့်ရှုကြသူအားလုံးက ဤမျှကြီးမားသော ပရော့ဂျက်ကြီးအတွက် အံ့အားသင့် ကြရပါသည်။

အချို့ကလည်း မြစ်ကြီးများရှိအဓိက ဆည်များတွင်လည်း အကာအရံများ တည်ဆောက်ပြီးပြီ၊ ပင်လယ်ကမ်းခြေ တလျှောက်လည်း ကွန်ကရစ်များဖြင့် ‘Shore Line’ တည်ဆောက်ပြီးပြီ၊ ထို့ကြောင့် ကွန်ကရစ်ကို သုံးဘို့လိုအပ် မှုရှိမရှိက စောဒကတက်ကြသည်။

အရှေ့ပိုင်း Saitama နယ်တွင် ကာဆူကာဘေး တည်ရှိပြီးရေကြီးမှုကို အကာအကွယ်ပေးနိုင်မှုကြောင့် မြို့ပြ စက်ရုံများ ဖွံ့ဖြိုးတိုးတက်လာကြသည်၊ ဤနယ်တ၀ိုက်၌ ကြီးကျယ်သော စက်မှုကုမ္ပဏီများ တည်ဆောက်ကြ သည်၊ အထူးသဖြင့် ဒေသတ၀ိုက်ကုန် ဖြန့်ချိရေးဌာနများ ဖွင့်ကြသည်၊ Shopping Mall အသစ်လည်း တည် ဆောက်ပြီးနေပေပြီ။

ဤ ရေလှောင်ကန် ကြောင့် တိုကျိုမြို့တော်၏ မြောက်ဘက်၌ရှိသော မြစ်ကြီးလေးခုမှ ရေများကို သိမ်းယူနိုင် စွမ်းရှိခဲ့သည်၊ အချိန်တစ်ခုအထိ ရေပိုရေလျံများကို သိမ်းဆည်းနိုင်စွမ်းရှိသဖြင့် အဓိကကျသော အခန်းမှပါဝင်ခဲ့ သည်၊ ပေ ၂၅၀ အထိ နက်ရှိုင်းသောနေရာများပါဝင်သည်။

တူးမြောင်းပေါင်းများစွာတို့ဖြင့် ဆက်သွယ်ထားသော ရေလှောင်ကန်ကြီးမှာ ဘောလုံးကွင်းတစ်ကွင်း အထက် ကျယ်ဝန်းသည်၊ ပေ ၆၀ ခန့်မြင့်သော တိုင်လုံးများ ယက်မကြီးများဖြင့် တည်ဆောက်ထားပုံမှာ ကြီးမားသော ဘုရားရှိခိုးကျောင်းကြီးများသဖွယ်ဖြစ်သည်၊ ဤရေလှောင်ကန်ကြီးမှ ရေကို (Controlled rate)ဖြင့် ဧရာမ ရေပန့် ကြီးများဖြင့် အနီးမှ ‘Edo’ မြစ်ထဲသို့ မောင်းထုတ်နိုင်သည်။

ရေကြီးချိန်မဟုတ်လျင် ဧရာမအဆောက်အဦးကြီးကို လှည့်လည်ကြည့်ရှုနိုင်ပါသည် အပြင်မှလူများသည် ရေလှောင်ကန်၏ ကြမ်းပြင်အပေါ်ထိ လမ်းလျှောက်ကြည့်ရှုနိုင်ကြသည်၊ ဤနည်းဖြင့် အပြင်လူထုကို ရေကြီး ခြင်းနှင့်ပါတ်သက်၍ အသိပညာ ပေးဝေငှနိုင်ကြသည်။

(၃)

သဘာဝကြီး၏ ဘေးရန်များမှာ မသိကျိုးကျွံပြု၍၊ ဖြစ်လာမှဖြစ်သလိုခံလိုက်သည်ထက် တက်နိုင်သမျှကြိုတင် ပြင်ဆင်၍ကာကွယ်နိုင်ကြခြင်းကအကောင်းဆုံးဖြစ်ပါသည်၊ ဤသည်မှာ လူ့ယဉ်ကျေးမှုကာလ တလျောက် လုံးက လူတိ့လိုက်နာခဲ့ကြရသောနည်းဥပဒေသ တစ်ခုပင် ဖြစ်သည်။

ကိုသန်းလွင်

Ref: Internet: Tokyo is preparing”Beyond anything we have evet seen, Heroko Tabushi.

ကာတွန်း ဆွေသား - စားပွဲ

$
0
0

ကာတွန်း ဆွေသား - စားပွဲ
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၇

ဧရာ(မန္တလေး) - ဝါဇီမှာ ရိုက်ထုတ်စရာ မလိုတဲ့ အီးပိုက်ဆံ …

$
0
0


ဧရာ(မန္တလေး) - ဝါဇီမှာ ရိုက်ထုတ်စရာ မလိုတဲ့ အီးပိုက်ဆံ …

(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၇

၂၀၀၈-ခု ကမ္ဘာ့ စီးပွားပျက်ကပ်ဆိုက်တော့ ငွေတမျိုး ပေါ်လာခဲ့တယ်။ အဲဒီအချိန်မှာ အစိုးရတွေက ငွေအလုံးအရင်းနဲ့ ဘဏ်တွေကို ကယ်ကြ ဒါပေမယ့် တကယ် အထိနာတာက လူလတ်တန်းစား လူအများစု။ ဒီတော့ ဘဏ်တွေ အစိုးရတွေရဲ့ ချုပ်ကိုင်မှု ကင်းတဲ့ ငွေကြေးကို လူလတ်တန်းစား ပညာတတ်တွေက စိတ်ကူးယဉ်ခဲ့ကြတယ်။ သူ့ကိုယ်သူ Satoshi Nakamoto လို့ အမည် ပေးထားတဲ့ (အခုအထိ ဘယ်သူမှန်း မသိရသေး) ဉာဏ်ကြီးရှင် တဦးက ၂၀၀၉-ခု ဇန်နဝါရီမှာ Bitcoin: A Peer-to-Peer Electronic Cash System ဆိုတဲ့ စာတမ်းတခု ရေးခဲ့တယ်။ လက်တွေ့လည်း သူကိုယ်တိုင် ဆော့ဖ်ဝဲရေးပြီး Bitcoin လို့ခေါ်တဲ့ cryptocurrency ကို ထုတ်ခဲ့တယ်။ စိတ်ကူးယဉ် ဆန်ဆန် စခဲ့တယ်လို့ ပြောနိုင်ပေမယ့် ဒီနေ့ အွန်လိုင်းပေါ်က နေရာအတော်များများမှာ Bitcoin နဲ့ ဈေးဝယ်လို့ ရနေပြီ။ စထုတ်တဲ့ အချိန်က Bitcoin တခု တန်ဖိုးက ပြားဂဏန်းလောက်တောင် မတန်ပေမယ့် ဒီနေ့ ပေါက်ဈေးအရ US$ 10866 တန်နေပြီ (ပြီးခဲ့တဲ့ အပတ်ကမှ 7000 ကျော်ပဲ ရှိသေး)။ Bitcoin လို အခြား cryptocurrency တွေလည်း ထွက်လာကြတယ်။ အခုဆိုရင် IPO (initial public offering) လို ICO (Initial Currency Offering) ဆိုတာတောင် ပေါ်လာတယ်။

ပုံမှန်အားဖြင့် ငွေအဝင်အထွက် လယ်ဂျာ စာရင်းစာအုပ်ကို ဘဏ်တွေက ချုပ်ကိုင်ထားတယ်။ ဒီတော့ Bitcoin မှာ ဘဏ်တွေရဲ့ ထိန်းချုပ်မှု ကင်းတယ်ဆိုတော့ ဘယ်မှာ သိမ်းသလဲလို့ မေးစရာ ရှိတယ်။ လယ်ဂျာကို တနေရာတည်းမှာ ထိန်းချုပ် မထားဘဲ၊ ကွန်ပျူတာတွေထဲမှာ ထားပါတယ်။ ဒီကွန်ပျူတာတွေကို တခုနဲ့ တခု ကွန်ရက် (Peer-to-Peer Network) နဲ့ ချိတ်ထားတယ်။ လယ်ဂျာက ကွန်ပျူတာ တလုံးထဲမှာ မရှိဘဲ၊ ကွန်ရက်ပေါ်က ကွန်ပျူတာ တွေပေါ်မှာ ရှိပါတယ်။ အချက်အလက်တွေကို တိမ်ပေါ်မှာ သိမ်းတယ် (store on cloud) လို့ ပြောလေ့ရှိပါတယ်။ တကယ်တော့ တိမ်ဆိုတာ အခြားမဟုတ်ပါဘူး Google, Microsoft, Apples စတဲ့ Data Center ကြီးတွေမှာပါ။ အခုကွန်ရက်ကတော့ အဲဒီလို ဗဟိုထိန်းချုပ်ထားတဲ့ Data Center တွေပေါ်မှာ သိမ်းတာ မဟုတ်ဘဲ အလုံးတိုင်းကို တလုံးနဲ့ တလုံး ချိတ်ထားတဲ့ ကွန်ပျူတာတွေထဲမှာ distributed ledger အဖြစ် ဖြန့်ပြီး သိမ်းထားတာပါ။

စာရင်းအင်းမှာ အဝင်အထွက် စာရင်းတခုခု ပျောက်သွားရင် ပြဿနာရှိပါတယ်။ ဒီလို မဖြစ်အောင် Blockchain လို့ ခေါ်တဲ့ နည်းစနစ်ကို အသုံးပြုပါတယ်။ ငွေအဝင်အထွက် စာရင်း ကို Block ထဲမှာ သိမ်းပါတယ်။ Block တခုနဲ့ တခုကို Cryptographic Hash တွေနဲ့ ချိတ်ဆက်ထားပါတယ်။ ရှိပါတယ်။ Hash ဆိုတာက သင်္ချာသဘောနဲ့ ပြောရင် one-way function တမျိုးပါ။ x ဆိုတဲ့ ဂဏန်းကို ဆိုတဲ့ hash function ထဲထည့် သွင်းလိုက်ရင် y ဆိုတဲ့ ဂဏန်းရပါတယ် ဆိုပါစို့။ hash function က တလမ်းသွား ဖြစ်တဲ့ အတွက် y ကနေ x ပြန်ရဖို့အတွက် inverse function မရှိပါဘူး။ Block တခုရဲ့ အစမှာ အရင် Block ရဲ့ hash ကို ထည့်ပြီး ချိတ်ထားလို့ Blockchain လို့ ခေါ်တာပါ။ ဒီလို hash နဲ့ ချိတ်ထားတဲ့ လယ်ဂျာမှာ စာရင်း တခုခု ပျောက်သွားရင်၊ ဒါမဟုတ် အပိုတခု ဝင်လာရင် အလွယ်တကူ စစ်လို့ ရပါတယ်။ နောက်တခါ ဒီစာရင်းက ဘယ်ကလာသလဲဆိုတဲ့ ပြဿနာအတွက် အရောင်းအဝယ်လုပ်သူက ဒစ်ဂျစ်တယ်နည်းနဲ့ လက်မှတ်ထိုးထားပါတယ်။

နောက်ပြဿနာတခုက ကွန်ပျူတာ တလုံးနဲ့ အခြားတလုံးမှာ ရှိတဲ့ လယ်ဂျာတွေက အမြဲ တူနေအောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ ပြဿနာပါ။ ဒီအတွက် Consensus Algorithm ကို သုံးပါတယ်။ ဒါက ဗဟိုထိန်းချုပ်မှု ကင်းတဲ့ မဲဆန္ဒပေးနည်း၊ တင်ဒါခေါ်နည်း မျိုးပါပဲ။ အရောင်းအဝယ် လုပ်တော့မယ်ဆိုရင် ဝန်ဆောင်မှုပေးတဲ့ ကွန်ပျူတာကနေ ကိုယ်ရဲ့ စာရင်းကို အထက်ကပြောခဲ့တဲ့အတိုင်း Block တခုတည်ဆောက်ပြီး Blockchian ကို ကွန်ရက်ပေါ်မှာ ရှိတဲ့ အခြား ကွန်ပျူတာတွေ အားလုံးဆီကို ဖြန့်ပြီး ပို့ပေးပါတယ်။ အဲဒီအချိန်မှာ အခြားဘယ်သူက ပို့တာမရှိရင် ကျန်တဲ့ ကွန်ပျူတာတွေက အဲဒီ Block ကို ယူပြီး သူတို့ရဲ့ လယ်ဂျာမှာ ဖြည့်စွက်ရပါတယ်။ တကယ်လို့ တချိန်ထဲမှာ တခြား ကွန်ပျူတာတွေကနေလည်း အခြားအရောင်းအဝယ် အတွက် အခြား Block ကို ပို့လာမယ်ဆိုရင် Blockchian ရှည်တဲ့ စာရင်းကို အတည်ယူရပါတယ်။ မအောင်မြင်တဲ့သူက နောက်ဆုံး Blockchain ကို မူတည်ပြီး နောက်တကြိမ် ပြန်ပို့ရပါတယ်။

ဒါဆိုရင် မကြာခဏသွားပြီး သူများပို့တာနဲ့ တိုက်နေရင် ခဏခဏ ပြန်ပို့နေရမှာပေါ့လို့ မေးစရာ ရှိပါတယ်။ ဒီအတွက် ကိုယ် Block မှာ nonce လို့ခေါ်တဲ့ ကျပန်းကိန်း တခုထည့်ပေးရပါတယ်။ nonce အမျိုးမျိုး ထည့်စမ်းပြီး ကိုယ့် Block ရဲ့ Hash ဂဏန်း အစမှာ 0 အလုံးပေါင်း (ဆိုပါစို့) ၁၃ လုံး ရအောင် လုပ်ရပါတယ်။ ယေဘုယျအားဖြင့် ဒီလိုလုပ် ဖို့ ၁၀ မိနစ်လောက် ကြာပါတယ်။ ဒီလိုကြိုးစားထားတာကို Proof-of-work လို့ ခေါ်ပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ တိုက်ဆိုင်မိဖို့ ခက်ပါတယ်။ ဒီလိုကြိုးစားမှု ရလဒ်အဖြစ် ဝန်ဆောင်မှုပေးသူတွေက Bitcoins တချို့ရပါတယ်။ ဒီ Bitcoins က အရောင်းအဝယ် လုပ်သူဆီက ရတာမဟုတ်ပါဘူး။ ဒီ Bitcoin စနစ်ကနေ ရတာပါ။ ငွေကြေးရဲ့ သဘောက ရှားပါးမှုက အရေးကြီးပါတယ်။ အခုလည်း ရွှေတူးသလို ကြိုးစားပမ်းစား nonce တွေရှာ Blockchain တွေဆောက်ပေးပြီး Bitcoin တူးသူတွေကို miner တွေလို့ ခေါ်ပါတယ်။ အချို့ဝန်ဆောင်မှု ပေးသူတွေကတော့ အရောင်းအဝယ်လုပ်သူဆီကလည်း Bitcoin နဲ့ အခကြေးငွေ ယူပါတယ်။

Bitcoin က ကိုယ့်ကွန်ပျူတာကို အားကိုးပြီး တူးယူရတာဖြစ်လို့ အခြားငွေကြေးတွေလို ဗဟိုဘဏ်ကြီးတွေကနေ ငွေကို ရိုက်ထုတ်စရာ မလိုတော့ပါဘူး။ ခေတ်သစ် လောပန်းလောင်းတွေက ကျောက်မတူးတော့ဘဲ Bitcoin တူးကြပါလိမ့်မယ်။

ကာတွန်း ဇာနည်ဇော်ဝင်း - တအိမ်တရုပ်

$
0
0

ကာတွန်း ဇာနည်ဇော်ဝင်း - တအိမ်တရုပ်
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၇

ညိုထက်ညို - ကျိန်စာ

$
0
0
သန်းဌေးမောင်၏ ပန်းချီ၊ (ကြာကန်)


ညိုထက်ညို - ကျိန်စာ
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၇
ကမ္ဘာမကြေ
ကန္တာမြေက
ကျောင်းတွေဖျက်ဖို့
ပျက်ကွက်သူတွေ
စွယ်တော်တစ္ဆေ
ခြောက်ပါစေ။ ။

(ခင်ပွင့်ဖြူသို့)


မောင်ရစ် - ကျနော်တို့အတွက် ပုံမှန်အသစ်များ

$
0
0


မောင်ရစ် - ကျနော်တို့အတွက် ပုံမှန်အသစ်များ
(ဒီဇင်ဘာ အတွေးအမြင်) မိုးမခ၊ ဒီဇင်ဘာ ၆၊ ၂၀၁၇


ဗိုလိုကတော့ New Normal ပါတဲ့။ အရင်တုန်းက ပုံမှန်ဆိုတာ ကနေ နောက် ပုံမှန်အသစ် အခြေအနေတခုကို ရောက်ရှိသွားတာပါ။ အရင်တုန်းက ဘတ်စကားတွေ ကြပ်တယ်။ အခု ပိုပြီး ကြပ်လာတယ်။ ဆက်ပြီးတော့လည်း ကြပ်နေဦးမှာပဲ ဆိုရင် အခု ပိုဆိုးနေတဲ့ အခြေအနေကို new normal လို့ ပြောလေ့ရှိပါတယ်။ ပြန်ပြီး ကောင်းချင်မှ ကောင်းသွားမယ်၊ ဒီထက် ပိုဆိုးဖို့ ရှိမယ်ဆိုတဲ့ သဘောနဲ့။ ဒါ ပုံမှန်အသစ်ပဲ။ အသားကျအောင် ကျင့်နေကြပေတော့လို့ ဆိုချင်တာ။

အခု ဥတုရာသီ ပြောင်းလဲခဲ့ပြီ။ climate change ဖြစ်နေပြီ။ အရင်တုန်းကထက် ပို ပူမယ်၊ ပိုအေးမယ်၊ ပိုပြီး ရေကြီးမယ်။ အရင်တုန်းကလို အခြေအနေမျိုး ပြန်မရနိုင်တော့ဘူး။ ပြောင်းသွားပါပြီ။ ဒါ ပုံမှန်အသစ် ဖြစ်သွားပြီ။ new normal ဖြစ်နေပြီလို့ ဆိုလိုပါတယ်။ ဥတုရာသီ ပြောင်းသွားပြီမို့ အိမ်တွေကို ပင်လယ်ရေမျက်နှာပြင်ထက် မြင့်အောင် ဆောက်ရမယ်၊ ရေကြီးတာ ပုံမှန်ဖြစ်ပြီမို့ ခြေတံအိမ်ရှည်တွေနဲ့ နေရတော့မယ်။ ဒါကို ဆိုလိုပါတယ်။

အခြေအနေဆိုးတခုကနေ ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်ချက်တွေနဲ့ ဇွတ်တရွတ်ကြီး အကောင်းမြင်နေတဲ့အခါမှာ လက်တွေ့ဆန်ဆန် အခြေအနေကို သုံးသပ်ဖို့၊ လက်ရှိ အနေအထားကို လက်ခံဖို့ ... "ဒါက new normal ပဲ။ ဒီကနေပြီး ဆက်စဉ်းစားပါ၊ ဆက်သုံးသပ် အဖြေရှာကြပါ"လို့ တိုက်တွန်းလေ့ ရှိပါတယ်။

အမေရိကန်မှာ အလယ်အလတ်ကျတဲ့ အစွန်းမရောက်တဲ့ သမ္မတ အုပ်ချုပ်မင်းလုပ်လိမ့်မယ်။ လူတွေက အဲသလို လူမျိုးကို ရွေးကောက်တင်မြှောက်လိမ့်မယ်လို့ ထင်နေခဲ့ကြတယ်။ ထင်သလို မဖြစ်ခဲ့ဘူး။ လက်ယာစွန်း အမျိုးသားရေးဝါဒီ စီးပွားရေးကိုယ်ကျိုးကြည့်သမား ဒေါ်နယ်ထရန့်ကို ရွေးချယ်ခဲ့ကြတယ်။ အဲသည်လူနဲ့ အပေါင်းအပါတွေ ချယ်လှယ်သမျှ အမေရိကန်တွေကော နိုင်ငံတကာကပါ ခံစားနေကြရတယ်။ အင်အားသုံး ဖြေရှင်းတာ၊ အမိန့်အာဏာသုံးပြီး တဖက်သတ်အုပ်ချုပ်နေတာတွေအပြင် ကိုယ်နဲ့မတူ ကိုယ့်ရန်သူလိုမျိုး ဝေဖန် နှိပ်ကွပ်တာတွေနဲ့ နိုင်ငံရေး အုပ်ချုပ်ရေးမှာ ကျင့်သုံးနေတာ အများအမြင် ဖြစ်ပါတယ်။ ဒါ new normal ပါ။ ထကြွ နိုးကြားလာတဲ့ အစွန်းရောက်တွေ အမျိုးသားရေးဝါဒီတွေ ကိုယ်ကျိုးသက်သက်ကြည့်မှုတွေဟာ ဒီသမ္မတသက်တမ်း ၁ခု ဖြစ်ဖြစ် ၂ ခုဖြစ်ဖြစ် အပြီးမှာ ပြန်ပြီး ပြောင်းလဲ တည်ငြိမ်သွားမယ် ထင်ပါသလား။ မထင်ပါနဲ့ ဒါ ပုံမှန်အသစ် ဖြစ်သွားပါပြီ။

ဒီမိုကရေစီဆိုတာနဲ့ အကုန်လုံးအကောင်းချည်းပဲ ဖြစ်မယ် ထင်ထားတာ မဟုတ်တဲ့အကြောင်း အမြဲတန်း new normal တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ကြောင်းကိုလည်း လက်ရှိ မြန်မာပြည်က အခြေအနေနဲ့ ကျနော်တို့တတွေလည်း သဘောပေါက်နေလောက်ပြီ ထင်ပါတယ်။ ဒီလိုဆိုတာနဲ့ အကောင်းမမြင်ရတော့ဘူးလား မမေးပါနဲ့။ အကောင်းမြင်ပါ။ မျှော်လင့်ချက် ထားပါ။ သို့သော်လည်း လက်တွေ့ကျကျ ရင်ဆိုင်ဖို့ စိတ်ကူးသိပ်မယဉ်ဖို့ကို ဆိုလိုပါတယ်။

လက်ရှိအခြေအနေနဲ့ မြန်မာပြည်မှာ ၂၅% သော တပ်မတော်အခန်းကဏ္ဍက ရှိနေဦးမှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့မှာကော အုပ်ချုပ်ရေးမှာကော အရင်တုန်းက ၀န်ထမ်းတွေ ပုဂ္ဂိုလ်တွေ ရှိနေဦးမှာပါပဲ။ ရှင်းလင်းတဲ့ ဥပမာက သတင်းစာနဲ့ ရုပ်မြင်သံကြားဟာ အရင်တုန်းကလို အစီအစဉ်တွေ တင်ပြပုံတွေကနေ တော်တော်နဲ့ ရုန်းထွက်နိုင်ဦးမှာ မဟုတ်ပါ။ ခရိုနီတွေနဲ့ အရင်အစိုးရလက်ထက်က အသိုင်းအ၀ိုင်းတွေ ပတ်ဝန်းကျင်တွေကလည်း ဆက်ပြီး တွင်ကျယ် လုပ်ကိုင်စားသောက်နေကြဦးမှာပါပဲ။ ဒါဆို အရင်အတိုင်းပဲပေါ့။ old normal ပဲပေါ့လို့ စောဒကတက်ချင်စရာပါ။ အခု ဆိုလိုချင်တာက ဒီမိုကရေစီနည်းကျ တက်လာတဲ့ အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံတော်အဆောက်အဦ ဆိုတဲ့ အသစ်ဖြစ်ပေါ် တိုးတက်လာမှုတွေနဲ့အတူ ယခင်က အဆောက်အဦ၊ လူတွေ၊ အစုအဖွဲ့တွေဟာ ဆက်လက်ပြီး အတူ ယှဉ်တွဲ တည်ရှိနေကြတာ ဖြစ်တယ်ဆိုတဲ့ new normal ကို ပြောပြချင်တာပါ။ ငါတို့ခေတ်ရောက်ပြီ သူတို့ခေတ်ကုန်ပြီ ဆိုတဲ့ normal မျိုး မဟုတ်ဘဲ ငါတို့ကော သူတို့ကော အကုန်ပါဝင်နေတဲ့ new normal လို့ ဆိုချင်တာပါ။

နိုင်ငံတော်စီမံကိန်းတွေမှာ ယခင်အစိုးရက စာချုပ်ချုပ်ခဲ့တဲ့အတိုင်း ဆက်ပြီး လိုက်နာ ဆောင်ရွက်နေရဆဲ ဖြစ်ပါတယ်။ ပြောင်းလဲတာကို ချက်ခြင်း မလုပ်နိုင်ကြပါ။ အဲသည်အတွက် ဒေသခံတွေ အရင်းအမြစ်တွေ နစ်နာဆုံးရှုံးရတာတွေကိုလည်း ဆက်လက်ခံစားနေကြရဆဲပါပဲ။ နောက်အသစ်ဖြစ်လာမယ့် နိုင်ငံတော်စီမံကိန်းတွေကို ယခင်ကသင်ခန်းစာကို ယူပြီး ထပ်မမှားကြဖို့ပဲ ဖြစ်ပါတယ်။

ကျောက်မီးသွေးတူးတာမှာ စီမံကိန်း ချို့ယွင်းချက်ကြောင့် ဒေသခံတွေ နစ်နာရတယ်၊ ပတ်ဝန်းကျင် ထိခိုက်နစ်နာနေရတယ်။ သို့သော်လည်း new normal ဆိုပြီးတော့ ကြည့်မယ်ဆိုရင် တိုင်းပြည် လျပ်စစ်စွမ်းအင် ရေတိုမှာ ထုတ်နိုင် သုံးနိုင်ဖို့က အသစ်လုပ်ဆောင်မယ့် ကျောက်မီးသွေးစီမံကိန်းကနေ ဖြည့်ဆည်းပေးနိုင်ဖို့က အလားအလာကောင်းနေပါတယ်။ အဲသည်အတွက် ကျောက်မီးသွေးစီမံကိန်းကို ဒေသခံနဲ့ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အစိုးရက တာဝန်ခံပြီး ဖြည့်ဆည်းပေးနိုင်ရင် မကောင်းဘူးလား။ ဂက်စ်တွေ ရေနံတွေက အယင်အစိုးရ စီမံကိန်းတွေကြောင့် အကုန်လုံး စာချုပ်နဲ့ သူများဆီကို ပါသွားပြီမို့ လက်တွေ့မှာ အသစ်ရှာတွေ့ပြီး အမြန် အကောင်အထည်ဖော်နိုင်တဲ့ ကျောက်မီးသွေးစွမ်းအင်ကို ရေတိုသုံးကြရင် ဥပဒေ နည်းဥပဒေတွေ နဲ့ လုပ်ကြရင် ကောင်းမယ် မဟုတ်လား။ ဒါက ပုံမှန်အသစ်အတွက် တွေးနည်းပါ။

လက်ပံတောင်းတောင်စီမံကိန်းကို ရင်ဆိုင်ရာမှာလည်း new normal နဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ အရင် old normal လို သဘာဝပတ်ဝန်းကျင်ကြီးက အကောင်းအတိုင်း ပြန်မရတော့ပါ။ ဂေဟစနစ်တွေက ပျက်သုဉ်းနေပြီ ဖြစ်ပါတယ်။ စီမံကိန်း ရပ်ရပ် နားနား၊ အလျော်ပေးပေး၊ ပြန်လည် တည်ဆောက်ရေး ဘယ်လိုလုပ်လုပ် ပျက်စီးသွားတဲ့ သဘာ၀၀န်းကျင်နဲ့ ဒေသခံတွေ ဘ၀ အရင်လို ပြန်မရနိုင်တော့ပါ။ ဒီလို အပျက်အစီးတွေဟာ new normal ဖြစ်တယ်ဆိုတာ လက်ခံလိုက်ပြီဆိုရင် စဉ်းစားပုံအသစ် ရင်ဆိုင်ပုံအသစ် ပြင်ဆင်ပုံအသစ် ပေါ်ထွက်လာလိမ့်မယ် မျှော်လင့်မိပါတယ်။

မြန်မာပြည်မှာ သံသယတွေ မရှင်းနိုင်သေးသ၍ကတော့ ပြည်တွင်းစစ်ကလည်း တိုက်နေဦးမှာပဲ၊ ဘာသာခြားတွေနဲ့လည်း အထူးသဖြင့် ရခိုင်နယ်စပ်လို ဒေသတွေမှာ ပဋိပက္ခတွေ ဖြစ်နေဦးမှာပဲ။ ဟိုတုန်းကလည်း ဖြစ်ခဲ့တာပဲ၊ ဖြစ်နေတာပဲ။ ဖြစ်အောင် လုပ်နေတဲ့ အင်အားစုတွေ ရှိနေတာပဲ။ သူ့အလိုလိုလည်း ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ဒါကို အရှိအတိုင်း ရင်ဆိုင်ပြီး ပကတိအတိုင်းမြင်ပြီး မြန်မာပြည်သူတွေကိုယ်တိုင်က စိတ်ကူးထဲမှာ ဖော့ပြီး တွေးမနေဘဲနဲ့ ရင်ဆိုင်ကြတာ ပြင်ဆင်ကြတာ new normal ဖြစ်ပါလိမ့်မယ်။

ဖြိုးသီဟချို/Myanmar Now - လီဆူတိုင်းရင်းသားတစ်ယောက်၏ ငြိမ်းချမ်းရေး အိမ်မက်

$
0
0

ဖြိုးသီဟချို/Myanmar Now  - လီဆူတိုင်းရင်းသားတစ်ယောက်၏ ငြိမ်းချမ်းရေး အိမ်မက် 
(Myanmar NOW) မိုးမခ၊ ဒီဇင်ဘာ ၆၊ ၂၀၁၇
 
စစ်ဘေးရှောင်စခန်းရောက် လီဆူတိုင်းရင်းသား ဦးဗျာလင်းနှင့် မိသားစု (ဓာတ်ပုံများး - ဖြိုးသီဟချို/ Myanmar Now)

ဆဒုံး (Myanmar Now) — တောင်ယာမှအပြန် နေအိမ်ဧည့်ခန်းအတွင်း မဖိတ်ခေါ်ဘဲ ရောက်ရှိနေသည့် ရိုင်ဖယ်သေနတ်ကို တွေ့လိုက်သည့်အခါ သရဲတစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ ဦးဗျာလင်း ထိတ်လန့် တုန်လှုပ်သွားသည်။

နေအိမ်တွင် ရိုင်ဖယ်သေနတ် လာရောက်ထောင်ထားသည့် သဘောမှာ စစ်မှုထမ်းရန်အတွက် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)က ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်ကို ထိုဒေသတွင် မွေးဖွားကြီးပြင်းလာသည့် သူ့အတွက် မည်သူ့ကိုမျှ မေးမြန်းနေစရာမလိုဘဲ သိနှင့်နေပြီးဖြစ်သည်။

“အစကတည်းက သူတို့က ရွာထဲမှာရှိတဲ့ အိမ်တွေမှာ ဘယ်သူတွေက စစ်မှုထမ်းရမယ်ဆိုတာကို သိတယ်။ အဲဒီတော့ စစ်မှုထမ်းရမယ့် နာမည်ကို လာကောက်ရင်းနဲ့ သေနတ်ကိုတစ်ခါတည်း ထားသွားတာ။ ထွက်ပြေးလို့လည်း မရ၊ တိမ်းရှောင်လို့လည်းမရတာနဲ့ သူတို့ပြောတာကို နားထောင်လိုက်ရတယ်” ဟု ၄၅ နှစ်အရွယ် ဦးဗျာလင်းက ရှင်းပြသည်။

ဤသို့ဖြင့် တရုတ်-မြန်မာ နယ်စပ် အနီးရှိ လီဆူတိုင်းရင်းသား အများစုနေထိုင်ရာ ငါန့်ထုံကျေးရွာ ဇာတိ ဦးဗျာလင်းသည် KIA တွင် ၇ နှစ်ကြာ စစ်မှုထမ်းခဲ့သည်။

အစာအိမ်ရောဂါကြောင့် KIA မှ အနားယူခဲ့ပြီးနောက် မိသားစုနှင့် ပြန်လည်နေထိုင်စဉ် ကချင်ဒေသ တစ်ကျော့ပြန် စစ်ပွဲများ ဖြစ်ပွားလာရာ မိသားစုဝင်များ ရွာကို စွန့်ခွာ ထွက်ပြေးကြရသည်။ နောက်ဆုံးတွင် ဆဒုံးမြို့ရှိ ဒုက္ခသည်စခန်းသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းစစ်က မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇ဝ ကျော် ဖြစ်ပွားလျက်ရှိရာ တိုင်းရင်းသားဒေသတွင် နေထိုင်သော ဦးဗျာလင်းတို့အတွက် စစ်ပွဲအတွေ့အကြုံ ဆိုသည်မှာ အသစ်အဆန်း မဟုတ်ချေ။ ကလေးဘဝကပင် စစ်ပွဲများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သောကြောင့် သူ့တွင် စစ်ရေးပဋိပက္ခ၊ စစ်၏ အနိဋ္ဌာရုံတို့နှင့် ပတ်သက်ပြီး ပြောပြစရာ များစွာ ရှိနေသူဖြစ်သည်။

“ကျွန်တော် ၅နှစ်သားလောက်မှာ ကတည်းက ရွာနားမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်လို့ အမေနဲ့ အဖေက ကျောပိုးပြီး ထွက်ပြေးလာခဲ့ရပါတယ်” ဟု သူက စဉ်းစားရင်း ပြောသည်။

ထိုအချိန်က နိုင်ငံတကာက ကူညီမည့် အဖွဲ့များလည်းမရှိသကဲ့သို့ လူ့အခွင့်အရေး အဖွဲ့များလည်း မရှိခြင်းကြောင့် ဒုက္ခအလွန်ရောက်ခဲ့ရသည်ဟု ပြောသည်။

“ဒီလိုမျိုးစစ်ဖြစ်တာကို လုံးဝ၊ လုံးဝ မလိုလားတာ အမှန်ပါပဲ။ စစ်ကြောင်းတွေလာပြီ ဆိုပြီးတော့ တစ်နေရာကနေ တစ်နေရာကို ခဏခဏ ပြောင်းရွှေ့သွားခဲ့ရပါတယ်၊ ဒီမှာ အိမ်ဆောက်ပြီးရင်လည်း ပြန်ပြီး ပစ်ထားခဲ့လိုက်နဲ့ နေခဲ့ရပါတယ်” ဟု ဦးဗျာလင်းက ပြောသည်။

မြေစာပင်
ဆဒုံးမြို့ရှိ အစိုးရ ရုံးဟောင်းတစ်ခုတွင် တည်ရှိသည့် စခန်းတွင် ခိုလှုံနေကြသူများမှာ တရုတ်-မြန်မာ နယ်စပ်ရှိ လီဆူ တိုင်းရင်းသား ကျေးရွာများဖြစ်သည့် ခေါင်ရှောင်၊ လောင်ပြင်၊ ကျင်လုံ၊ ငါန့်ထုံ၊ အင်ဘူကောင်း၊ ပန်ဆဲ၊ ပျန့်ပုံ၊ ထွန်ခုတ်ထန်၊ တန်လှိုင်တို့မှ တိမ်းရှောင်လာကြသူများ ဖြစ်သည်။

ဒုက္ခသည် စခန်းတာဝန်ခံ ကိုဝမ်းဟူက ၎င်းတို့စခန်းတွင် ခိုလှုံနေသူ ၆ဝဝ ကျော် ရှိကြောင်း၊ ကျည်ဆံနှင့် ဗုံးဆံများကြား နေထိုင်ရသည့် အရပ်သားများမှာ တပ်မတော်နှင့် KIA တို့ကြား ဓားစာခံများ ဖြစ်နေရကြောင်း သူက ဆိုသည်။

၁၉၉၄ အပစ်ရပ်စာချုပ် မချုပ်မီ တိုက်ပွဲများဖြစ်ပွားစဉ် တပ်မတော်က အဓမ္မခိုင်းစေမှုများ ရှိခဲ့ပြီး တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့သည့် ၂ဝ၁၁ခုနှစ်တွင်တော့ အဓမ္မခိုင်း စေမှုများ ပြုလုပ်လာသည်မှာ KIA ဖြစ်သည်ဟု သူက ပြောသည်။

“ထမင်းပို့။ ကျည်ဆန်ပို့ပေါ့၊ ရှေ့တန်းကို သွားရတာ၊ အလှည့်ကျ တာဝန်နဲ့ သွားနေရ တာပေါ့။ ရှေ့တန်းမှာ သူတို့က တိုက်နေတာ၊ ကျွန်တော်တို့က အထောက်အကူအနေနဲ့ ပို့ပေးနေရတာ” ဟု ကိုဝမ်းဟူက ပြန်ပြောပြသည်။

“သွားတဲ့အခါမှာတော့ လမ်းက ရှင်းရှင်းလေး။ ပြန်လာတဲ့ အခါမှာတော့ ဗုံးတွေကြဲလို့ လမ်းတောင်မှ ခုတ်ရှင်းပြီးတော့မှ ပြန်လာရတယ်။ လေယာဉ်လာတဲ့အခါမှာ ကျွန်တော်တို့က ပုန်းပေါ့” ဟု ကိုဝမ်းဟူက ဒုက္ခသည်စခန်း အတွင်းရှိ ယာယီဘုရားကျောင်းတွင် ထိုင်ရင်း ပြောပြသည်။

စခန်းတာဝန်ခံတစ်ဦးဖြစ်သည့် ကိုငွာလင်းက ၂ဝ၁၁ တိုက်ပွဲများ ပြန်ဖြစ်လာချိန်တွင် နယ်စပ် အနီးရှိ တိုင်းရင်းသားများမှာ တိမ်းရှောင်ရခြင်းမှာ တပ်မတော်က အဓမ္မစေခိုင်း၊ နှိပ်စက်မည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်ဟု ပြောသည်။

“၁၉၉၄ မတိုင်ခင်က တိုက်ပွဲတွေ ဖြစ်တုန်းကလို ပေါ်တာဆွဲတာတွေ လုပ်ဦးမလား ဆိုပြီးတော့ ပြေးကြတာ” ဟု ကိုငွာလင်းက ပြောသည်။

လက်တွေ့တွင်မူ KIA ၏ အဓမ္မခိုင်းစေမှုများဖြင့်သာ ကြုံတွေခဲ့ရသည်ဟု သူက ပြောသည်။

“ဒီမှာ တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှာ တပ်မတော်ဘက်က စည်းရုံးရေးဆင်းနေတဲ့ အချိန်မို့လို့ ထင်ပါတယ်။ ဒီဘက်မှာတော့ ပေါ်တာဆွဲတာတို့ဘာတို့လည်း မရှိဘူး။ သိက္ခာလည်း တော်တော်လည်း ထိန်းနေပါတယ်” ဟု ကိုငွာလင်းက ထင်မြင်ချက်ပေးသည်။

KIA နှင့်ဆက်သွယ်သော ရွာသားများ ဖမ်းဆီးနှိပ်စက်ခံရသည့်ထဲတွင် ဦးလာစစ်၊ ဦးလာလဲ အမည်ရှိ ညီအစ်ကို နှစ်ဦးလည်း ပါဝင်သည်ဟု ပြောသည်။

“ညီအကိုနှစ်ယောက် KIA ကို ရိက္ခာသွားပို့တဲ့အချိန်မှာ တပ်မတော်နဲ့ တွေ့ပြီး ဖမ်းဆီးခံခဲ့ရပါတယ်။ ထောင် ၃ နှစ် ကျခံခဲ့ရပြီးတော့ အရိုက်အပုတ် ခံခဲ့ရပါတယ်” ဟု ကိုငွာလင်းက ပြောသည်။

“စစ်တပ်နှစ်ခုရဲ့ ကြားမှာ သူတို့ လုပ်ချင်တာ၊ လုပ်တာကို ခံခဲ့ရပါတယ်။ ဟိုဘက်က ခြိမ်းခြောက်၊ ဒီဘက်က ခြိမ်းခြောက်နဲ့ တော်တော် ဒုက္ခရောက်ခဲ့ပါတယ်”

ငြိမ်းချမ်းရေး အိပ်မက်

မပေါ်ကျေးရွာဇာတိ ၁၅ နှစ် အရွယ် မိန်းကလေးတစ်ဦးသည် လွန်ခဲ့သော ၇ နှစ်ကပင် ဒုက္ခသည်အဖြစ်ကို မခံယူဘဲ ရောက်ရှိခဲ့သည်။

၂ဝ၁၁ခုနှစ် တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့သည့်အချိန်က ဒုတိယတန်းကျောင်းသူဖြစ်သည်ဟု အမှတ်တရ ပြန်ပြောပြသည်။

“စစ်ဖြစ်တဲ့ အချိန်တုန်းက အရမ်းငယ်သေးတယ်။ တိုက်ပွဲဖြစ်တော့ တစ်ခါမှ မရောက်ဘူးတဲ့နေရာ ရောက်တယ်ဆိုတော့ ပျော်လည်း ပျော်တယ်။ ဗုံးသံတွေကြားတော့ အရမ်းလည်း ကြောက်ခဲ့ရတယ်။ လမ်းက အဝေးကြီးလျှောက်ခဲ့ရလို့ အရမ်းလည်း ဒုက္ခရောက်ခဲ့ရတယ်” ဆဒုံးဒုက္ခသည် စခန်းအတွင်းရှိ ယာယီ ဘုရားကျောင်းတွင် ဝတ်ပြုနေသူများကို ငေးရင်း ထိုမိန်းကလေးက ပြန်ပြောပြသည်။

စစ်ရေးနှင့် တွေ့ကြုံရမှု များပြားလာသောကြောင့် သူ၏ ပညာရေးလည်း ထိခိုက်ရသည်။ မြို့ပြရှိ သူ့အရွယ် တခြားကလေးများ ၁ဝ တန်း တက်တော့မည့်အချိန်တွင် သူက ၅ တန်းသာ ရောက်သေးသည်။

သူက ကျောင်းပုံမှန်တက်ရသောအခြေအနေကို မျှော်လင့်နေသူဖြစ်သည်။


ဆဒုံးမြို့ ဒုက္ခသည်စခန်းရောက် ဦးဗျာလင်း

ယခင် KIA စစ်သားဟောင်း ယခု စစ်ပြေးဒုက္ခသည် ဦးဗျာလင်းက ၎င်းတို့ဒေသတွင် တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည့်အတွက် သူတို့တွင် အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင် မရှိသလို၊ တပါးသူ အထောက်အပံ့ကိုလည်း အချိန်ကာလ ကြာရှည်စွာ မယူလိုကြောင်း ပြောသည်။

တိုက်ပွဲများရပ်ပြီး ငြိမ်းချမ်းရေး အမှန်တကယ် ရရှိပါက နေရာတကာ သွားလာ လုပ်ကိုင် စားသောက်နိုင်မည်ဖြစ်ပြီး နိုင်ငံနှင့်ပြည်သူ စီးပွားဖွံ့ဖြိုးနိုင်မည်ဟု ဆိုသည်။

“ငြိမ်းချမ်းရေးရပြီဆိုရင် ကျွန်တော် ငိုကြွေးမတတ် ပျော်ရွှင်မိမယ် ထင်ပါတယ်” ဟု ပြောလိုက်သည့် ဦးဗျာလင်း၏ တုန်ရီနေသည့်အသံက ဒုက္ခသည်စခန်းအတွင်းရှိ ဆူညံနေသော ကလေးငိုသံများကြားမှ တိုးညှင်းစွာ ထွက်ပေါ်လာလေသည်။

ဧရာ(မန္တလေး) - ဒစ်ဂျစ်တယ်ငွေကြေးက disruptive technology (တော်လှန်တဲ့ နည်းပညာ) လား

$
0
0

ဧရာ(မန္တလေး) - ဒစ်ဂျစ်တယ်ငွေကြေးက disruptive technology (တော်လှန်တဲ့ နည်းပညာ) လား
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၇

ဒစ်ဂျစ်တယ် ငွေကြေးရောဂါက အမေရိကန်ဗဟိုဘဏ်အထိ ကူးစက်လာပြီဆိုတဲ့ သတင်းတပုဒ်ကို ဒီနေ့ ဖတ်လိုက်ရတယ်။ အမေရိကန်ဗဟိုဘဏ်ကနေ ဒစ်ဂျစ်တယ်ငွေကြေး ထုတ်မယ်လို့ ပြောဖို့ အချိန် စောလွန်း နေသေးပေမယ့်၊ ဒါဟာ သူတို့ စဉ်းစားနေတဲ့ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေး စနစ်ကို ပြောင်းသုံးဖို့ တိုက်တိုက်တွန်းတွန်းလုပ်နေကြတဲ့ အဖွဲ့အစည်း တွေလည်း ရှိပါတယ်။ ဆွီဒင်နိုင်ငံ Riksbank ကဆိုရင်တော့ ငွေစက္ကူတွေ အသုံးနည်းသွားပြီ ဆိုတာနဲ့ သူတို့ဘဏ်က ကမ္ဘာမှာ ပထမဆုံးဘဏ်အဖြစ် ဒစ်ဂျစ်တယ်ငွေကြေးကို စတင် ထုတ်ဝေသွားမယ်လို့တောင် ကျေညာထားတယ်။

တကယ်တော့ အစိုးရနဲ့ ဗဟိုဘဏ်တွေကနေ ထုတ်မယ့် ဒစ်ဂျစ်တယ်ငွေကြေးနဲ့ Bitcoin ရဲ့ သဘောက ကွာခြားပါလိမ့်မယ်။ အရင်ပို့စ်မှာ ရေးခဲ့သလိုပဲ Bitcoin ဆိုတာက အစိုးရနဲ့ ဘဏ်ကြီးတွေရဲ့ ဗဟိုချုပ်ကိုင်မှုကို ဆန့်ကျင်တဲ့ သူပုန်စိတ်နဲ့ စိတ်ကူးယဉ်ဆန်ဆန် စခဲ့ကြတာပါ။ အခုဆိုရင် လက်ရှိ ငွေကြေးစနစ်ကို စတင် စိန်ခေါ်စပြုလာပြီ။ အကယ်၍သာ ဗဟိုဘဏ်တွေကနေ ဒစ်ဂျစ်တယ် ငွေကြေးတွေ ထုတ်လာမယ်ဆိုရင် Bitcoin လို public distributed network မျိုးကို အခြေခံတာထက် private centralized network ကို အခြေခံဖို့ပဲ များပါတယ်။

စီးပွားရေး နိုဘယ်ဆုရှင်တွေဖြစ်တဲ့ Joseph Stiglitz နဲ့ Robert J. Shiller တို့ကတော့ Bitcoin က လက်ရှိငွေကြေးစနစ်ကို ပျက်ပြားအောင်လုပ်နိုင်တဲ့ အတွက် သိပ်သဘောတွေ့ဟန် မတူပါဘူး။ Bitcoin က “ဘယ်လောက်အထိ ဆက်တက်ဦးမယ်တော့ မသိဘူး။ ၁၉၂၀-ခုနှစ်တွေတုန်းက စတော့ဈေးကွက်လို တက်ဦးမှာပေါ့။ နောက်ဆုံးတော့ ၁၉၂၉ ခုနှစ်ကလို အခြေနေမျိုး ပြန်ရောက်သွားမယ်” လို့ Shiller ကဆိုပါတယ်။ အဲဒီလို တနေ့ရောက်ရင်တော့ Bitcoin နဲ့ အခြား distributed cryptocurrenies တွေကို အစိုးရတွေကနေ ဥပဒေနဲ့ ပိတ်ပစ်လိုက်နိုင်တယ်လို့ ဆိုပါတယ်။

စီးပွားရေးပညာရှင်တွေ ခန့်မှန်းသလို Bitcoin ဈေးကွက်က ပူပေါင်းပေါက်သလို ပေါက်ပြီး ပျက်စီးသွားနိုင်တယ် ဆိုပေမယ့်၊ Bitcoin ကို ဖန်တီးပေးခဲ့တဲ့ Blockchian ဆိုတဲ့ နည်းပညာကတော့ disruptive technology အဖြစ် ဆက်ရှိသွားပါလိမ့်မယ်။ အစိုးရနဲ့ ဗဟိုဘဏ်တွေကလည်း ဒစ်ဂျစ်တယ် ငွေကြေးစနစ်ဖက်ကို တဖြည်းဖြည်း ဦးတည်သွားပါလိမ့်မယ်။

မှတ်ချက်။ disruptive technology (တော်လှန်တဲ့ နည်းပညာ) ဆိုတာက လက်ရှိ နည်းပညာတွေကို နလန်မထူနိုင်အောင် ရိုက်ချိုးလိုက်တဲ့ နည်းပညာမျိုးပါ။ ဥပမာအားဖြင့်ဆိုရင် စီဒီနဲ့ MP3 တွေကြောင့် ကက်စက်တိတ်ခွေတွေ ခေတ်တုန်းသွားရတယ်။ LCD (Liquid Crystal Display) ပေါ်လာတော့ ရှေးတုန်းက CRT (Cathode Ray Tube) ဖန်သားပြင်တီဗီကြီးတွေ မျိုးတုန်းသွားတယ်။ လက်ကိုင်ဖုန်းတွေပေါ်လာတော့ Pager တွေကို မျိုးတုန်းသွားတယ်။

Ref:
https://www.wsj.com/…/digital-currency-fever-may-spread-to-…
https://www.cryptocoinsnews.com/nobel-economists-dont-like…/
https://www.wsj.com/…/dudley-says-fed-has-started-thinking-…

လင်းငယ်- အလင်း

$
0
0

အလင်း 
လင်းငယ်
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၇

၁) 

အားလပ်ရက်တရက် နေ့ခင်းဘက် ရေချိုးနေသည်။ ရေကန်ရဲ့တဝက်လောက်ကို နေရောင်က ဖြာကျနေ သည်။ ကျန်တဝက်က နေရောင် မရှိ။ နေရောင်ကျနေတဲ့အပိုင်းက ရေထဲမှာ မျောနေတဲ့အမှိုက်၊ အမှုန် အမွှားလေးတွေကို အထင်းသားမြင်ရသည်။ အဲ့ဒါနဲ့ နေရောင်မကျ တဲ့အရိပ်ကျတဲ့အပိုင်းကရေကို ခပ်ချိုး လိုက်မိသည်။ ချိုးပြီးလိုက်ကာမှ ကိုယ့်ဘာသာတွေးပြီးလည်း ရယ်ချင်သွား၏။ နေရောင်ရဲ့အရှိန် ကြောင့် ကိုယ့်မျက်စိထဲမှာ ကန်တခုထဲကရေကိုတပိုင်းကသန့်ပြီး တပိုင်းကမသန့်ဘူး ထင်မိနေခြင်း ဖြစ်သည်။ တပြိုင်နက်ထဲမှာလည်း ဆင်ခြင်စရာတခုရသွားသည်။ နေရောင်သာမကျခဲ့ရင် ဒီရေတွေကို ရေသန့် တွေလို့ ထင်မြဲထင်နေခဲ့မှာပင်။ 

ဒီအဖြစ်မျိုးငယ်ငယ်တုန်းကလည်း ကြုံခဲ့ဖူးတာကို သတိရသည်။ ပြတင်းပေါက်နားမှာ ထိုင်တဲ့အခါ ဖြစ်စေ၊ အိမ်ထရံပေါက်က ဖျာကျလာတဲ့အလင်းတွေကိုဖြစ်စေ ငေးကြည့်ဖူးသည်။ အလင်းတန်းတွေထဲမှာ အမှုန် အမွှားတွေလွင့်နေတာကို တွေ့တော့ ရှုရှိုက်မိမှာစိုးရိမ်သောကြောင့် အလင်းနဲ့ဝေးရာ ခပ်လှမ်းလှမ်းမှာ သွား နေမိသည်။ အလင်းရောင်တွေက ငါတို့အိမ်ထဲကိုဖုန်မှုန့်တွေ သယ်လာသည်ဟု ကလေးအတွေးမှာ ထင်ခဲ့မိ တာ။ တကယ်တမ်းမှာ တောရွာလေတရွာရဲ့ ဖုန်ထူထူလမ်းနံဘေးက ထရံကာသက်ငယ်မိုး အိမ်လေးထဲ မှာ ကိုယ်မသိ၊ ကိုယ်သတိမထားမိဘဲ ဖုန်မှုန့်တွေက အပြည့်ရှိနေပြီးသား။ အိမ်လေးရဲ့အတွင်းဘက် လေ ထုထဲမှာ ဖုန်မှုန်များက အပြည့် အသိပ်ရှိနေပြီးသား။ အလင်းရောင်ထိုးလိုက်မှသာ ကိုယ့်မံသမျက်စိဖြင့် မြင် ရခြင်းသာ။ အလင်းကြောင့် မြင်ရတာကိုမမြင်ဘဲ အလင်းကို အပြစ်တင်မိခြင်းဟု ဆိုရလေမည်လား။ 

၂) 

တောအရပ်က လူတွေဆေးရုံလာရင် မကြာခဏ ပြောသံကြားရသည်။ ဆေးရုံကို မရောက်ချင်ဘူး။ ဆေးရုံ ရောက်မှ ရောဂါတွေပိုဆိုးကုန်တာဆိုတာမျိုး မကြာခဏ ကြားရဖူးသည်။ ဒီတော့ မထူးဆန်းစွာဘဲ သက် ဆိုင်ရာကျန်းမာရေးဝန်းထမ်းများက လိုအပ်လို့ သူတို့ကို ဆေးရုံဆေးခန်းမှာ စစ်ဆေးတာတွေလုပ်ရန် စေ လွှတ်လျှင် မသွားချင်ကြပေ။

အဲ့သည်ထဲမှာ ကြီးတော်တယောက်က တော်တော်ဆိုးတာကို မှတ်မိနေတာ သည်။ သူ့ဆီမှာလည်း ပါးစပ် ရာဇဝင်တွေ အစုံရှိသည်။ ရွာတောင်ပိုင်းက ဘယ်သူပေါ့။ လူကဖြင့် အကောင်းကြီး။ ဆေးရုံရောက်မှ ကင် ဆာဖြစ်တာတဲ့။ ဦးဘယ်သူဆိုလည်း ကျန်းမာတာမှ ဒေါင် ဒေါင်မြည်ပဲ။ ဆေးခန်းက ဆရာလေးဆီရောက်မှ သွေးတိုးနေ သတဲ့။ ဆီးချိုလည်း ဖြစ်နေသတဲ့။ ဒီလို ဇာတ်လမ်းတွေ မရိုးနိုင်အောင် သူ့ဆီက ကြားရ သည်။ သူက ပြောတတ်သေးသည်။ 

ခုခေတ်ကြီးကလည်း ခေတ်ပျက်ကြီးကိုး ရောဂါဘယတွေကလည်း ပေါမှပေါ။ ၉၆ ပါးတောင် မကတော့ပါ ဘူး။ ဆေးရုံတွေကို သွားကို မသွားချင်ဘူး။ စိတ်ဆင်းရဲလွန်းလို့ဆိုတာလည်း ပါသေး။ သူပြောတာကို နား ထောင်ပြီး ရယ်လည်းရယ်ချင် သနားလည်း သနားရသည်။ ကိုယ်တတ်အားသမျှ ကြုံသလို ရှင်းပြရ သည်။ ကြီးတော်ရယ်မဟုတ်ပါဘူး။ အရင်ကလည်း လူတွေ ရောဂါဖြစ်ကြပါတယ်။ 

လူတွေရောဂါဖြစ်နေပြီးသားပါ။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လက်လှမ်းမီလာတာ၊ ဆေးဝါးတွေ ကောင်းလာ တာ၊ ခေတ်မီစက်ကိရိယာတွေ ပေါလာတာကြောင့် အရင်က လူတွေမသိတဲ့ရောဂါတွေကို ဖော်ထုတ်ကုသ လာနိုင်တာပါလို့ ပြောလည်း နားမလည်ပါ။ လက်မခံပါ။ သူ့ ဆီကိုတော့ ကိုယ်ပေးတဲ့အလင်းရောင်က ရောက်ဟန်မတူ။

၃)

ပြတင်းတံခါးဖွင့်ကာ ခေတ်တခေတ်ပြောင်းတိုင်း၊ ပိုမိုပွင့်လင်းလာတိုင်း ပြဿနာတွေ ပိုတွေ့ရတတ်သည် မှာ သဘာဝတခုပင်ဖြစ်သည်။ အရင်က မရှိပါဘူး ကောင်းပါတယ် လုပ်ထားသမျှ သေချာ အလင်းကောင်း ကောင်းနဲ့ ကြည့်မှ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်နေသည်ကို မြင်လာရသည်။

အရင်က ဆောက်ချင်သလို စိတ်ထင်တိုင်းဆောက်ခဲ့သမျှ လမ်းများတံတားများသည် အရည်အသွေးမမီ သည်ကို ပွင့်လင်းလာမှ သိရသည်။ အရင်က ဖမ်းချင်သလိုဖမ်း ထောင်ချတတ်သည်ကို ဘယ်ပုဒ်မနဲ့ ဖမ်း ဆီးခံရတာ လူဘယ်နှစ်ယောက် ရှိပြီး တိတိကျကျရေတွက်ဝေဖန်လာနိုင်သည်။ အစိုးရမင်းတို့၏ အားနည်း ချက်များကို မကွယ်မဝှက် ထောက်ပြလာနိုင်သည်။ 

သို့သော်လည်း မင်းတို့လိုချင်လှချည့်ရဲ့ ဒီမိုကရေစီဆို။ အခုကြည့်လေ ပြဿနာပေါင်း သောင်းခြောက် ထောင်။ အရင်ကဆို နားအေး ပါးအေးပဲ။ ဘာသံမှမကြားရဘူး။ နဂိုရှိရင်းစွဲ ပြဿနာထက် အလင်းရောင် ရလာခြင်းကို အပြစ်တင်မည့်သူတွေကလည်း မနည်းမနော။ အရင်တုန်းက ဒီလောက်အေးချမ်းသာယာနေ တာကွာ။ ဆန္ဒပြတယ်ဆိုတာ ကြားတောင်မကြားဖူးဘူး။ အခုများ ပြလိုက်ရတဲ့ဆန္ဒတွေ ခဏခဏ။ အရင်သူကြီးတုန်းက အေးဆေးပဲ။ အခု သူကြီးကျမှ အရှုပ်တွေမနည်းဘူးဆိုသည့် သူကြီးဟောင်းတမ်းတ ဖော်များကလည်း တပုံတပင်ဖြစ် သည်။ အမှောင်ထဲတွင် နေသားကျလာသူများအတွက် အလင်းရောင်၏ ဒဏ်ကို မခံနိုင်ကြခြင်းများ လေလား။ 

၎)

လူတယောက်မှာရော ပိုပြီး အလင်းရောင်ရသွားခဲ့ရင်၊ ဉာဏ်အဆင့်မြင့်သွားခဲ့ရင် ကြည်လင်နေသည့် ရေ ထဲမှာပဲ ရှုပ်ထွေပွေလီနေသောအညစ်အကြေးများကို မြင်လာပေသည်။ ထို့အတူ သာမာန်လူတယောက် အတွက် ပြဿနာဟုမမြင်နိုင်သည်ကို ပညာရှင်တယောက်၏ ပညာမျက်စိဖြင့်မှု ပြဿနာအကြီးကြီးဖြစ် မည်။ မိုက်ကရိုစကုတ်ဖြင့် ကြည့်ခြင်းလိုပင် ဖြစ်နေမည်။ သာမာန်လူ၏အမြင်တွင် ရောဂါသေးသေးလေး သည် အသက်ကိုပင် နှုတ်ယူနိုင်သော အပြစ်အနာအဆာ ဖြစ်နေတတ်သည်။ လူတယောက် အသတ်ခံရ သည်။ 

သာမာန်လူအတွက်တော့ သာမာန်လူသတ်မှု။ သို့သော် နောက်ဆက်တွဲဂယက်များကို တွက်ချက် တတ်သူ အဖို့၊ နောက်ခံအကြောင်းရင်း ကိုမြင်ကာ ဆင်ခြင်တတ်သူအဖို့ တိုင်းပြည်အတွက် လုပ်ကြံမှုတခုအဖြစ် မြင် ကောင်း မြင်နိုင်မည်။ ဒီမိုကရေစီဆိုသည့် လူအများ၏အမြင်ကို အားပြုသည့်စနစ်တရပ်တွင် အလင်းရောင် ထွန်းပြနိုင်မည့် ပညာမျက်စိရှိသူများဆိတ်သုဉ်းနေခဲ့လျှင်တော့ ရှေ့တိုးနိုင်မည့်ခြေလှမ်းများ ဆုတ်ယုတ်နေ မည်ထင်၏။

ပြဿနာများကိုဖြေရှင်း၍ အနာဂတ်တည်ဆောက်ရာတွင် ပညာရှင်များ၏အား၊ ပညာ၏အားကို အထူးကိုး စားသင့်နိုင်ရန် ပညာရှင်တွေကို မွေးထုတ်နိုင်စေကြောင်း မှောင်ဆဲသန်းခြောက်ဆယ်အတွက် တွေးပူဆု တောင်း မိ၏။ သို့သော်ငြား မြင်သူများက ပြသသည်ကို မမြင်ဘဲ ပြသသူကိုသာ မြင်လျက် ဝေဖန်ကဲ့ရဲ့ အပြစ်စကားဆိုတတ်ခြင်းတတ်ကြခြင်း၊ မြင်၍ ပြသသူကိုမလို ငါပြသည်ကိုသာ မြင်စေလိုတတ်ခြင်းများကို လည်း လူ့သဘောလူ့မနောဟုတင်ကြိုမြင်ကာ ပြင်ဆင်ရမည်ကလည်း အသေအချာ။

စာပြီး။။3rd Feb 2017: 2:30 pm @STW

လောကဓာတ်ခန်း သာဂိ – Google Application in the Cloud (38) (နိဂုံး)

$
0
0

လောကဓာတ်ခန်း သာဂိ – Google Application in the Cloud (38) (နိဂုံး)
အိမ်သုံး ကျောင်းသုံး ရုံးသုံး - GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၇

ဆလိုက်ရှိုးတွေ ပြပြီ

Presenting your slide show

အခုအချိန်မှာတော့ သင်ရဲ့ Presentation Slide တွေကို ပရိသတ်ကို ပြသဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ကိုယ့်ဖာသာကိုယ်လဲ တဦးတည်း လေ့ကျင့်ကြည့်ဖို့လိုပါတယ်။ ဆလိုက်တခုချင်းပြမယ်။ ရှင်းပြမယ်။ နောက်ဆလိုက်တခုကို ကူးမယ်။ စသည်ဖြင့်ပေါ့။ လေ့ကျင့်ပြီးတာနဲ့ ပရိသတ်ရှေ့မှာ ချပြလို့ ရပြီပေါ့။

To start a slide show: ဆလိုက်ရှိုးကို စတင်ပုံ

သင်တင်ပြမယ့် ဆလိုက်ရှိုးကို စတင်ပုံ နည်းအမျိုးမျိုး ရှိပါတယ်။

  • Present command ကို မောက်စ်နဲ့ နှိပ်ရင်၊ လက်ရှိရောက်နေတဲ့ slide ကနေ ပြသလို့ ရပါတယ်။
  • Clicking the Present command
  • Present from beginningဆိုပြီး Present ခလုပ်ကို pull down လုပ်ပြီးမှ စရင်တော့ ဆလိုက်နံပါတ် ၁ ကနေပြီး ပြသမှာ ဖြစ်ပါတယ်။
  • Selecting Present from beginning
  • Presenter viewဆိုတာကနေ လုပ်မယ် ဆိုရင်တော့ - ကွန်ပြူတာမြင်ကွင်းမှာ ပြတင်း ၂ ခု ပွင့်သွားမှာ ဖြစ်ပါတယ်။ တခုက သင့်အတွက်သီးသန့် ကွန်ထရိုးလုပ်နိုင်တဲ့ ပြတင်းပါ။ တခုကတော့ ပရိသတ် မြင်နေရမယ့် ဆလိုက်ပြတင်း ဖြစ်ပါတယ်။ အဲသည်မှာ သင့်အတွက် ကြိုပြီး ဆလိုက်တွေ ချိန်ဆနိုင်တာ၊ နုတ်စ်ရေးထားတာကို မြင်ရတာ၊ အချိန်ဘယ်လောက် ကုန်နေသလဲ ပြတာတွေ ပါဝင်ပါတယ်။ ဥပမာအားဖြင့် သင်က ပရိုဂျက်တာချိတ်ထားတဲ့ ကွန်ပြူတာသုံးတယ် ဆိုပါစို့။ ပရိုဂျက်တာ မြင်ကွင်းမှာ ပရိသတ်အတွက် ဆလိုက်ပြတင်းကို နေရာချထားပါ။ သင့်စာပွဲပေါ်က ကွန်ပြူတာမျက်နှာမှာကတော့ ကွန်ထရိုးပြတင်းကို ချထားလို့ ရပါတယ်။
  • Selecting Presenter view

Navigating the presentation - ဆလိုက်တွေကို ရှေ့နောက်သွားပုံ


Present လုပ်ပြီဆိုတာနဲ့ မြင်ကွင်းမှာ ဆလိုက်က အပြည့် ပေါ်လာပါပြီ။ မောက်စ်ကို ကလစ်လုပ်ရင် သို့မဟုတ် ကီးဘုတ်ပေါ်က စပေ့ဘားကို ပုတ်လိုက်ရင် slide နောက်တခု သို့မဟုတ် အခန်းအကူးအပြောင်းတခုကို ရှေ့တိုးသွားပါတယ်။ ကီးဘုတ်ပေါ်က Arrow မြားတွေနဲ့လည်း ဆလိုက်ကို ရှေ့နောက် ကစားလို့ ရပါတယ်။ စကရင်ပေါ်မှာ မောက်စ်နဲ့ပဲ လှုပ်ရှားချင်ရင်တော့ မောက်စ်ကို ပြတင်း၏ ဘယ်အောက်ထောင့်ကို သွားလိုက်ပါ။ အဲသည်မှာ navagation သွားလို့ရတဲ့ ခွင်ကလေးတခု ပေါ်လာပါမယ်။ 

Navigation commands in presentation mode

 

Tips for presenting - ဆလိုက်ရှိုးပြစဉ် သိထားစရာများ


အကောင်းဆုံးကတော့ ပွဲမ၀င်ခင် အပြင်ကျင်းပ ဆိုသလို အရင် လေ့ကျင်းကွင်းဆင်းထားဖို့ ဖြစ်ပါတယ်။ သတင်းကြေညာသူလို၊ အစည်းအဝေးတင်ပြသူလို၊ ကြော်ငြာတင်ဆက်သူလို၊ စာသင်တဲ့ ကျောင်းဆရာလို စသည်ဖြင့် ကိုယ့်အတွက် ဘယ်လိုအမူအရာ ပုံစံကနေ သင်ပြောချင်တာကို တင်ဆက်နိုင်မလဲဆိုတာ စမ်းသတ်ပါ။ ပြီးတော့ ကွန်ပြူတာတွေနဲ့ ချိတ်ဆက်သုံးမယ့် ပရိုဂျက်တာ၊ ကီးဘုတ်၊ မောက်စ်၊ စပီကာ၊ မိုက်ခရိုဖုံး စတာတွေကိုလည်း ရင်းနှီးအောင် စမ်းသပ်ထားရပါမယ်။ ဘယ်စကရင်က ပရိသတ်မျက်နှာမူရာမှာ ပေါ်နေမလဲဆိုတာ သေချာအောင် စစ်ဆေးပါ။ သင့် နုတ်တွေ ကွန်ထရိုးတွေက အများမြင်ကွင်းမှာပါ ပေါ်နေရင် အထင်အမြင် ကျဆင်းတာပေါ့။

Challenge! အိမ်စာ

 

  1. သင်စိတ်ကြိုက် ပရင်ဇင့်လုပ်မယ့် ဖိုင်ကို ဖွင့်ပါ။
  2. Presenter viewသုံးပြီးတော့ ဆလိုက်တွေကို အစကနေ ဖွင့်ပါ။
  3. ဆလိုက်တွေ အကူးအပြောင်း ရှေ့တိုး နောက်ဆုတ် နည်းမျိုးစုံနဲ့ စမ်းသပ်ကြည့်ပါ။
  4. ကံကောင်းပါစေ။

နိဂုံး

Google Application in the Cloud သင်ခန်းစာ စီးရီး ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။ Gmail သုံးစွဲပုံက စတင်ပြီး Contacts, Task, Calendar, Drive and Sharing တွေကို သင်ကြားပေးခဲ့ပါတယ်။ နောက်တော့ ကွန်ပြုတာထဲ ထည့်သိမ်းထားစရာမလိုတဲ့ အင်တာနက်ပေါ်ကနေ အခမဲ့ ရယူ သုံးစွဲနိုင်တဲ့ Goolge Office Application တွေ ဖြစ်တဲ့ Docs, Sheet နဲ့ Slide တို့ကိုလည်း မိတ်ဆက် ပြသနိုင်ခဲ့ပါတယ်။ အရေးကြီးတာက ကွန်ပြူတာက ခေတ်ပြောင်းသွားတဲ့အတွက် Personal Computer (တကိုယ်ရေသုံးကွန်ပြူတာ) မဟုတ်တော့ဘဲ Network Computer (ကွန်ယက်ချိတ်ကွန်ပြူတာ) စနစ်နဲ့ အကျင့်ကို မိတ်ဆက်တဲ့အနေနဲ့ Drive and Gmail ကနေ Sharing and collaboration လုပ်ပြီး မျှဝေသုံးစွဲ ဖန်တီးခြင်းကိုပါ ပြသနိုင်ခဲ့တယ်လို့ ယူဆပါတယ်။

ဒီသင်ခန်းစာတွေကို တစုတစည်းတည်း စာအုပ်ဖြစ်အောင် လုပ်ပါမယ်။ ပြီးတော့ ကွန်ပြူတာသင်တန်းဆရာတွေကို လေ့လာစဉ်းစားနိုင်အောင် ပေးဝေချင်ပါသေးတယ်။ လေ့ကျင့်လိုသူတွေအတွက်ကလည်း မိမိလက်ကိုင်ဖုံးကနေ သည်သင်ခန်းစာတွေကို လေ့ကျင့်လို့ရတဲ့အတွက် ကွန်ပြူတာတလုံးလုံး မလိုတော့ပါဘူး။ သင့်လက်ကိုင်ဖုံးဟာ သင့်ကွန်ပြူတာ ဖြစ်တယ်ဆိုတာကို သိရှိပြီး အစွမ်းကုန်အသုံးချနိုင်ဖို့အတွက်က သင့်ဖုံးထဲမှာ Google Application တွေ Cloud (Internet) ပေါ်က ဆွဲချပြီး ထည့်ထားလိုက်နိုင်ရုံနဲ့ ဖြစ်နေပါပြီ။

၂၀၁၇ ဇန်န၀ါရီကနေ အပတ်စဉ် မပျက်မကွက် ကြိုးစားပြီး ရေးဖြစ်ခဲ့တာ ၂၀၁၇ ဒီဇင်ဘာလဆန်းမှာ အဆုံးသတ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အတော် ၀မ်းသာ ဂုဏ်ယူမိပါတယ်။ ဒီလိုဖြစ်မြောက်အောင် တိုက်တွန်းအားပေးသူ မိတ်ဆွေသူငယ်ချင်းတွေထဲက ကိုမိုး (Creative Computer School)၊ မောင်ဦး နဲ့ အောင်နိုင်သူ တို့ကို ကျေးဇူးတင်ပါတယ်။ (အချွန်နဲ့ မ တာလည်း ဖြစ်နိုင်ပါတယ်)။

စာအုပ်ထုတ်ရင် မိမိအမည်နောက်မှာ BE (Electronics, RIT) MSc (Computer Science, USA) ဆိုပြီး သူများတွေ ထည့်သလို ထည့်ရင် ကောင်းမလားလည်း စိတ်ကူးပေါက်ရာ တွေးနေမိပါသေးတယ်။ ဟဲဟဲ။
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>