Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧

ကာတွန်း ညီပုချေ - သူချည်းသာလော

$
0
0

ကာတွန်း ညီပုချေ - သူချည်းသာလော
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၇
↧

တည်ဘွားဦး - ပန်းတွေ ပွင့်တာတောင် မပျော်ရဘူး

$
0
0
ပန်းတွေ ပွင့်တာတောင် မပျော်ရဘူး 
 တည်ဘွားဦး
(မိုးမခ)၊ ဒီဇင်ဘာ ၇၊ ၂၀၁၇
 
သူ့ကမ္ဘာက ကျယ်တယ် 
ကျနော့် ကမ္ဘာက ကျဉ်းတယ် 

သူက 
ပန်းခင်းထဲက ပန်းပွင့် ပိုမွှေးတယ်လို့
ပြောလာပါတယ် 

ကျနော်က 
လမ်းနံဘေးက ပန်းပွင့်က ပိုမွှေးတယ်လို့
ပြောလိုက်ပါတယ် 

ပန်းတွေ အများကြီး ပွင့်ကြတယ်။

ငြင်းခုန်ခြင်းမှာ ညဥ့်နက်ခဲ့ကြတယ် 

ညဥ့်နက်ခြင်းမှာ ငြင်းခုန်ခဲ့ကြတယ်။ 

တည်ဘွားဦး 
၁၉ ၀၁ ၂၀၁၇
↧
↧

ဧရာ(မန္တလေး) - ပုံစံဖွဲ့၍ တွေးခေါ်ခြင်း

$
0
0

ဧရာ(မန္တလေး) - ပုံစံဖွဲ့၍ တွေးခေါ်ခြင်း

(မြန်မာတိုင်းမ်၊ ရန်ကုန်၊ ဒီဇင်ဘာ ၆) မိုးမခ၊ ဒီဇင်ဘာ ၇၊ ၂၀၁၇

ယနေ့ခေတ်သည် သတင်းအချက်အလက်များ ပြည့်အီနေသည့် ခေတ်ဖြစ်သည်။ မိမိ သိလိုသမျှကို အင်တာနက်ပေါ်တွင် ခလုပ်တချက် နှိပ်လိုက်ရုံဖြင့် မိမိဦးနှောက်က လက်ခံနိုင်လောက်သည်ထက် ပိုလွန်းနေသည့် အချက်အလက်များ တသီတတန်းကြီး ထွက်ကျလာမည် ဖြစ်သည်။ အဖိုးတန်သည့် အချက်များပါသလို သတင်းယောင်များ၊ သတင်းမှားများလည်း ရောပါလာမည်။ ထို့ကြောင့် ထိုသတင်း အချက်အလက်များကို စိစစ်ဝေဖန်နိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ နားလည်နိုင်စွမ်းက ပို၍ ပို၍ အရေးပါလာသည်။ စဉ်းစားတွေးခေါ်ခြင်းဟု ဆိုလျှင် ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်း (critical thinking)၊ သမားရိုးကျလမ်းမှ ဖောက်ထွက်၍ တွေးခေါ်ခြင်း (lateral thinking)၊ ပုံဆောင်၍ တွေးခေါ်ခြင်း (metaphoric thinking) စသည်တို့ကို အသိများပြီး ဖြစ်ပါလိမ့်မည်။ ယခုစာစုတွင် လူသိနည်းသေးမည်ဟု ထင်ရသည့် “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” (pattern thinking) အကြောင်းကို မိတ်ဆက်ပေးလိုပါသည်။

၁၉၉၄-ခုနှစ်က ဆော့ဖ်ဝဲအင်ဂျင်နီယာ လောကတွင် အလွန် ရေပန်းစားသွားခဲ့သည့် “ဒီဇိုင်းပုံစံများ” Design Patterns: Elements of Reusable Object-Oriented Software အမည်ရသော စာအုပ်တအုပ် ထွက်ခဲ့ဖူးသည်။ မိမိတို့ ဖြေရှင်းရမည့် ပြဿနာအများစုမှာ အသစ်အဆန်း မဟုတ်၊ အရင်က အလားတူ ပြဿနာများ ရှိခဲ့ဖူးသလို၊ ထိုပြဿနာတို့ အတွက် အဖြေများကလည်း ရှိနှင့်ပြီး ဖြစ်သည်။ ထို့ကြောင့် ပြဿနာတိုင်းကို အစမှ စကာ ကျားကုတ်ကျားခဲ အဖြေထုတ်နေရန် မလိုတော့။ ပြဿနာတို့၏ သဘောသဘာဝနှင့် နောက်ခံ အခြေအနေတို့ကို သေခြာစနစ်တကျ နားလည်ရန် ကြိုးစား၍ ယင်းပြဿနာနှင့် ဆင်တူသည့် ပြဿနာဟောင်းများ၏ အဖြေများကို ပြန်လည် အသုံးချနိုင်သည်။ ဤစာအုပ်တွင် ရှေးယခင်က ရှိခဲ့ဖူးသည့် ပြဿနာတို့ကို စနစ်ကျသရုပ်ခွဲကာ၊ အသင့်ပြန်လည် အသုံးချနိုင်မည့် စံပြအဖြေများကို ထုတ်ပေးထားသည်။ ဤစာအုပ် ထွက်ပြီး မကြာမီပင် “ဒီဇိုင်းပုံစံများ” နှင့် ဆိုင်သည့် အလားတူ စာအုပ်များ တအုပ်ပြီး တအုပ် ထွက်လာသည်။ “ဒီဇိုင်းပုံစံများ” သည် ဆော့ဖ်ဝဲ ရေးသူများနှင့် ဆော့ဖ်ဝဲ ပိသုကာများအတွက် တတ်အပ်သည့် ဘာသာရပ်တခု ဖြစ်လာသည်။ ဆော့ဖ်ဝဲ ရေးသူများကလည်း “ဒီဇိုင်းပုံစံများ” များကို တွင်တွင်ကြီး သုံးလာကြသည်။

“ဒီဇိုင်းပုံစံများ” ကို အကြောင်းပြု၍ “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” (pattern thinking) ဟူသည့် ဝေါဟာရကို တစတစ သုံးလာကြသည်။ မည်မျှ ရှုပ်ထွေးခက်ခဲသော ပြဿနာ ဖြစ်ပါစေ အပေါ်ယံ အသေးစိတ်အချက်များတွင် နစ်မြုတ်မနေဘဲ၊ ပဓာနသည့် အချက်များကို ဆွဲထုတ်ကာ ရိုးရှင်းသည့် ပုံစံတခုအဖြစ် ပြဿနာကို အပေါ်စီးမှ ခြုံငုံသုံးသပ်ရှုမြင် အဖြေရှာနိုင်သည်။ ပြဿနာတို့ကို ထိုသို့ ချဉ်းကပ် အဖြေရှာသည့်နည်းလမ်းကို “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” ဟု ခေါ်သည်။ ဤဝါဟာရကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုကြသေးသော်လည်း၊ အသစ်အဆန်းတော့ မဟုတ်။ မိမိတို့ တွေ့ကြုံသိမြင်သည့် အချက်အလက်များထဲမှ ပုံစံတူ၊ အဆင်တူများကို သိမှတ်နိုင်သည့် စွမ်းရည်သည် လူ့ဦးနှောက်၏ အရေးပါသည့် ကိစ္စတရပ်ဖြစ်သလို၊ “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” သည်လည်း စဉ်းစားတွေးခေါ်မှုများ အားလုံး၏ အခြေခံ ကျောရိုးပင် ဖြစ်သည်။

“ပုံစံဖွဲ့၍ တွေးခေါ်ခြင်း”ကို ဆော့ဝဲနယ်တွင် သာမက သိပ္ပံ၊ သမိုင်း၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့် နယ်ပယ် အသီးအသီးတွင်လည်း အသုံးချနိုင်သည်။ သိပ္ပံပညာ၏ သဘော ကိုယ်တိုင်က လောကမှ ဖြစ်ရိုးဖြစ်စဉ် နိယာမ သဘောတရားများကို ထုတ်ဖော် ရှင်းလင်းခြင်းပင် ဖြစ်သည်။ သိပ္ပံပညာရှင်တို့သည် အချက်အလက်များကို စနစ်တကျ စူးစမ်း လေ့လာ၍ ထူးခြားသည့် လက္ခဏာများ၊ ဆက်စပ်ပုံများကို ရိုးရှင်းစွာ ရှင်းလင်းပြနိုင်မည့် သဘောတရား ပုံစံကို ဖွဲ့စည်း တည်ဆောက်သည်။ ထို့နောက် ထပ်မံတွေ့ရှိရသည့် အချက်များကို မိမိ တည်ဆောက်ထားသည့် ပုံစံသစ်တွင် ဘောင်ဝင် မဝင် စစ်ဆေးရသည်။ ဤသည်မှာ သိပ္ပံသုတေသနလုပ်ငန်း၏ သဘောသဘာဝပင် ဖြစ်သည်။

“ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” သာဓကတခု အဖြစ် ချားလ်ဒါဝင်၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် သဘောတရား ထုတ်ဖော်တွေ့ရှိခဲ့ပုံကို လေ့လာကြည့်နိုင်သည်။ ဒါဝင်သည် ကမ္ဘာပတ်၍ တိရိစ္ဆာန်နှင့် အပင်မျိုးကွဲများကို ရှာဖွေစုဆောင်း သုတေသနပြုခဲ့သည်။ အထူးသဖြင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဂလပဂို့စ်ကျွန်းစုတွင် တွေ့ရှိရသည့် စာငှက်မျိုးကွဲများက သူ့ကို အံအားသင့်စေခဲ့သည်။ အချို့ကျွန်းမှ စာငှက်များက ကြီး၍ မာကျောသည့် နှုတ်သီး ရှိကြပြီး၊ အချို့ကျွန်းမှ စာငှက်များက ချွန်ထက်သော နှုတ်သီး ရှိကြသည်။ မျိုးစိတ်တို့သည် ပြောင်းလဲမှု မရှိဘဲ မျိုးရိုးလိုက်သည်ဟု ရှေးက လက်ခံယုံကြည် ထားခဲ့ကြသည်။ ယခု သူတွေ့ရှိထားသော အချက်များနှင့် ဆန့်ကျင်ဖက် ဖြစ်၍ နေသည်။ ထို့နောက် နှုတ်သီး အရွယ်အစားနှင့် ပုံသဏ္ဍာန်များသည် ထိုငှက်တို့ စားသည့် အစားအစာများနှင့် ဆက်နွယ်နေသည်ကို သတိပြုမိသည်။ နှုတ်သီး ချွန်၍ သွယ်သော ငှက်များသည် အင်းဆက်ပိုးများကို စားကြသည်။ နှုတ်သီး မာ၍ တိုသော ငှက်များက မြေပြင်ပေါ် ကျနေသည့် သစ်စေ့များကို စားကြသည်။ ရှားစောင်း စေ့ကို စားသည့် ငှက်တို့၏ နှုတ်သီးက ကြီး၍ ချွန်နေကြသည်။ မျိုးစိတ်တို့သည် မိမိတို့ ရှင်သန်ကြီးပြင်းရသည့် ပတ်ဝန်းကျင် ရေမြေသဘာဝအလိုက် ပြောင်းလဲနေပုံကို ဒါဝင် နားလည် သဘောပေါက်လာသည်။

ဒါဝင်သည် သူငယ်စဉ်က ဖတ်ခဲ့ဖူးသည့် မားလ်သပ်စ်၏ “လူဦးရေတိုးပွားမှု သဘောတရား စာတမ်း” (Thomas Malthus’s Essay on the Principle of Population, 1798) ကို ပြန်၍ အမှတ်ရသည်။ ထိုစာတမ်း၏ အနှစ်ချုပ်သဘောမှာ စာနပ်ရိက္ခာ အထွက်နှုန်းက ပုံမှန်သာ တိုးတက်နေသော်လည်း၊ လူဦးရေက ဆပွားနှုန်းဖြင့် တိုးတက်နေသဖြင့်၊ ငတ်မွတ် ခေါင်းပါးမှုဘေး၊ ကပ်ရောဂါဘေးနှင့် စစ်ဘေးတို့နှင့် ရင်ဆိုင်ကြရလိမ့်မည်၊ နောင်မျိုးဆက်တို့သည် မိမိတို့ ဘဝ ဆက်လက်ရှင်သန်နိုင်ရန် ရုံးကန်ကြရမည် ဟူ၍ ဖြစ်သည်။ ဒါဝင်က ထိုစာတမ်းကို ပြန်၍ ဖတ်သည်။ ထို့နောက် ထိုသဘောတရားနှင့် မိမိ လေ့လာ တွေ့ရှိချက်များကို ပေါင်းစပ်ကာ၊ “မျိုးစိတ်တို့သည် မိမိတို့ ရှင်သန်သည့် သဘာဝ ပတ်ဝန်းကျင် အလိုက် ကွဲပြားပြောင်းလဲမှုများ ဖြစ်ပေါ် နေကြသည်။ သဘာဝတရားနှင့် အသင့်တော်ဆုံး မျိုးစိတ်က ဆက်လက် ရှင်သန်ပွားများကြသည်” ဟူသည့် သဘာဝရွေးချယ်မှု (Natural Selection) နှင့် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ် သဘောတရား (Theory of Evolution) ကို ဖော်ထုတ်နိုင်ခဲ့လေသည်။ စင်စစ် ဒါဝင်သည် သူ့ယခင်က သုတေသီတို့ စုဆောင်းခဲ့သည့် အချက်အလက် အများအပြားကိုလည်း အသုံးပြုခဲ့ပါသည်။ သို့သော် ထိုသူများက သူတို့၏ တွေ့ရှိချက်များကို ပုံစံဖွဲ့၍ မတွေးနိုင်ခဲ့ကြ။ ဒါဝင်ကမူ လေ့လာတွေ့ရှိသည့် အချက်အလက်များကို “လူဦးရေတိုးပွားမှု သဘောတရား” ပုံစံနှင့် ဆက်စပ်ကာ၊ ပုံစံသစ် တခုဖွဲ့၍ စဉ်းစားနိုင်ခဲ့သည်။

ကားလ် မာ့က်စ်၏ သမိုင်းအမြင်မှာ သမိုင်းနှင့် နိုင်ငံရေးနယ်ပယ်မှ “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” သာဓကတခု ဖြစ်သည်။ သူက လူ့သမိုင်း ဖြစ်စဉ်ကြီးတခုလုံးကို ကုန်လုပ်ဆက်ဆံရေးနှင့် လူတန်းစားပဋိပက္ခ ရှုထောင့်မှ ခြုံငုံ၍ ရှုမြင်သည်။ လူ့သမိုင်းသည် သမိုင်းဦး ဘုံမြေခေတ်၊ ကျွန်ပိုင်ရှင်ခေတ်၊ မြေရှင် ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်ဟူ၍ ကြောင်လိမ်လှေကား သဖွယ် အဆင့်ဆင့် တိုးတက်ပြောင်းလဲလာသည်ဟု ပုံစံထုတ်ပြသည်။ နောက်ဆုံးတွင် သမိုင်းဦး ဘုံမြေခေတ်ကလိုပင် လူတန်းစားခွဲခြားမှု မရှိတော့ဘဲ ကုန်ထုတ်စွမ်းအားစု တရပ်လုံးကို ဘုံပိုင်ဆိုင်သည့် ခေတ်သို့ ရောက်ရမည်၊ ပစ္စည်းမဲ့လူတန်းစားတို့ အောင်ပွဲခံရမည်ဟု ဟောကိန်းထုတ်ခဲ့သည်။ မာ့က်စ်၏ အတိတ်သမိုင်းကို ရှုမြင်သုံးသပ်ပုံမှာ ရှင်းလင်းထိရောက်သည်။ သမိုင်း၊ လူမှုရေးသိပ္ပံနှင့် နိုင်ငံရေးနယ်တို့တွင် အရေးပါ အရာရောက်ခဲ့သည်။ သို့သော် အများသိသည့်အတိုင်း “ပစ္စည်းမဲ့တို့ အောင်ပွဲခံ၍ သမိုင်းဖြစ်စဉ်ကြီး နိဂုံးချုပ်တော့မည်” ဆိုသည့် အနာဂတ်ဟောကိန်းကတော့ သူနှင့် ကွန်မြူနစ်ဝါဒီတို့ မျှော်မှန်းသလို ဖြစ်မလာခဲ့။ “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” တွင် အားသာချက်ရှိသလို အားနည်းချက်လည်း ရှိပါသည်။ အားသာချက်သည် ပြဿနာ၏ ရင်းမြစ်နှင့် ပဓာနအချက်များကို ဆွဲထုတ်၍ ရိုးရှင်းအောင်ပြုခြင်း (simplification)၊ ရိုးရှင်းသည့် ပုံစံတခုအဖြစ် ရှုမြင်နိုင်ခြင်း ဖြစ်သည်။ သို့သော် ပြဿနာ၏ အခြားအရေးပါသည့် အကြောင်းတရားများ၊ အခြေအနေများကို မျက်ကွယ်ပြုကာ လိုသည်ထက်ပို၍ ရိုးရှင်းအောင်ပြုခြင်း (over-simplification)၊ မိမိ တွေးခေါ်ထားသည့် ပုံစံအတွင်းသို့ အတင်းဇလုပ်တိုက်၍ သွင်းကြည့်ခြင်း၊ မိမိတို့ တည်ဆောက်ထားသည့် ပုံစံခွက်ကြီးအား လှေနံဓားထစ် ဖက်တွယ်မိခြင်းတို့သည် “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” ၏ ထောင်ချောက်များပင် ဖြစ်သည်။

နိုင်ငံရေးနယ်ပယ်မှ နောက်ထပ် သာဓကတခုအဖြစ် ဟန်တင်တန်၏ “တတိယလှိုင်း – ၂၀-ရာစု နှောင်းပိုင်း ဒီမိုကရေစီအကူးအပြောင်း” (Samuel Huntington’s The Third Wave: Democratization in the Late Twentieth Century, 1992) စာအုပ်ကို ကြည့်နိုင်ပါသည်။ ဟန်တင်တန်သည် ၁၉၇၄-ခု ပေါ်တူဂီနိုင်ငံ ဇော်မွှားပန်းတော်လှန်ရေး (Carnation Revolution) က စတင်ခဲ့သည့် ဒီမိုကရေစီ တတိယလှိုင်းမှ နိုင်ငံပေါင်း ၆၀ ကျော်၏ သဘောလက္ခဏာများကို စနစ်တကျ သုတေသနပြုကာ၊ အောက်ပါအတိုင်း ဒီမိုကရေစီကူးပြောင်းပုံ ပုံစံလေးမျိုးကို ထုတ်ပြထားသည်။

(၁) Transformation – အာဏာရှင် ခေါင်းဆောင်များ ကိုယ်တိုင်က အပြောင်းလဲကို စတင်ဖော်ဆောင်ပေးခဲသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (စပိန်၊ အိန္ဒိယ၊ ဟန်ဂေရီ၊ ဘရာဇီး စသည့် နိုင်ငံများ)
(၂) Replacements – အတိုက်အခံအုပ်စုက အာဏာရှင် အစိုးရကို ဖြုတ်ချ ဖယ်ရှားလိုက်သည့် ဒီမိုကရေစီ ကူးပြောင်းမှု (အရှေ့ဂျာမနီ၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ အာဂျင်တီးနား စသည့် နိုင်ငံများ)
(၃) Transplacement – အတိုက်အခံနှင့် အာဏာရှင်အစိုးရတို့ ငြိနှိုင်းဆွေးနွေးကာ အာဏာရှင်က အတိုက်အခံအား နေရာ ဖယ်ပေးသည့် ဒီမိုကရေစီ ကူးပြောင်းမှု (ပိုလန်၊ ချက်ကိုစလိုဗက်ကီးယား၊ ဗော်လီဗီးယား၊ နီကာရာဂွါ စသည့် နိုင်ငံများ)
(၄) Interventions – ပြင်ပ အင်အားကြီး နိုင်ငံများက ကြားဝင်စွက်ဖက်၍ ဒီမိုကရေစီ အစိုးရတရပ်ကို ဖော်ဆောင်ပေးခဲ့သည့် ကူးပြောင်းမှု (ဂရင်နာဒါ၊ ပနားမား စသည့် နိုင်ငံများ)

ဟန်တင်တန်သည် ထိုသို့ ပုံစံလေးမျိုး ခွဲခြားပြရုံသာမက ပုံစံ တခုချင်းစီ အတွက် ဒီမိုကရေစီ အကူးအပြောင်း အောင်မြင်စေရန် လိုက်နာသင့်သည့် လမ်းညွှန်ချက်များလည်း ထည့်သွင်း အကြံပေးထားပါသည်။ အဆင်တူ ပြဿနာများအတွက် စံပြအဖြေကို ထုတ်ပေးထားသည်။ ဒီမိုကရေစီ ကူးပြောင်းမှု အောင်မြင်ရေးအတွက် မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေမည့် စံပြအဖြေကို အသင့်ယူသုံးနိုင်သည်။ သို့သော် ယနေ့ခေတ် ဒီမိုကရေစီ ကူးပြောင်းတိုင်းများကို ဤပုံစံလေးမျိုးတွင် ထည့်သွင်းကြည့်၍ ရ-မရ ဆိုသည်က မေးခွန်း ထုတ်စရာ ဖြစ်သည်။ အထက်တွင် ဆိုခဲ့သလိုပင် “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” သည် ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဟုတ်။ ထောင်ချောက်များလည်း ရှိနေနိုင်သည်ကိုတော့ သတိပြုကြရမည် ဖြစ်သည်။

ဧရာ (မန္တလေး)
↧

ဇာနည်ဝင်း/Myanmar Now - ဥပဒေစိုးမိုးရေးအတွက် များစွာ လုပ်ကိုင်ရဦးမည်ဟု ရှေ့နေအသင်းပြော

$
0
0

ဇာနည်ဝင်း/Myanmar Now  - ဥပဒေစိုးမိုးရေးအတွက် များစွာ လုပ်ကိုင်ရဦးမည်ဟု ရှေ့နေအသင်းပြော 
(Myanmar NOW) မိုးမခ၊ ဒီဇင်ဘာ ၇၊ ၂၀၁၇

ဒီဇင်ဘာ ၃ ရက်နေ့က မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း ပိုမိုအင်အားတောင့်တင်းရေး၊ လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရေးတို့အတွက် နေပြည်တော်တွင် ဆွေးနွေးစဉ် တွေ့ရသည့် အသင်းဝင် အမျိုးသမီးတချို့ (ဓာတ်ပုံ - ဦးသိန်းသန်းဦး)

ရန်ကုန် (Myanmar Now) — ဒေသအသီးသီးမှ ရှေ့နေတို့ဖြင့် စုစည်းထားသည့် မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများ အသင်းက တရားဥပဒေစိုးမိုးရေးအတွက် များစွာ လုပ်ကိုင်ရန် လိုအပ်နေသေးကြောင်း တနင်္လာနေ့တွင် ပြောလိုက်သည်။

တရားဥပဒေစိုးမိုးရေးဆိုသည်မှာ တရားရုံး၊ ရဲစခန်းကဲ့သို့သော နေရာများအတွက်သာမက နေရာတိုင်းအတွက် လိုအပ်သည်ဟု အသင်း၏ အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးက ပြောသည်။

"ဥပမာ နှစ်သီးစားပုဂ္ဂိုလ်များက လုပ်ငန်းဌာနတွေမှာ ဝင်ပြီး၊ အပေါ်ကနေ စီးပြီးတော့ နောက်လူတွေရဲ့ တက်လမ်းတွေ တားထားတဲ့ကိစ္စမျိုးက ဒါလည်း တရားဥပဒေ မစိုးမိုးတာပဲ။ လူတိုင်းက တန်းတူညီမျှရမယ်။ ကျွန်တော် ယူဆတာကတော့ ပဉ္စမံတပ်သားတွေဟာ လက်ရှိအစိုးရအဆောက်အအုံရဲ့ နေရာတကာမှာ အုံနဲ့ကျင်းနဲ့ ထုထည်နဲ့ ရှိနေတယ်၊ အဲဒါတွေကို ဖော်ထုတ်ရမယ်။ ဒီလိုလုပ်ငန်းတွေမှာ ကျွန်တော်တို့ ပါမယ်"ဟု ဦးသိန်းသန်းဦးက ပြောသည်။

တစ်နိုင်ငံလုံးရှေ့နေ အရေအတွက်မှာ လေးသောင်းဝန်းကျင်ရှိကြောင်း၊ အသင်းဝင် ပိုမို တိုးပွားလာရေး စည်းရုံးရဦးမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ပြည်နယ်၊ တိုင်း၊ ခရိုင်အဆင့် အမှုဆောင်အဖွဲ့များ အဆင့်ဆင့် ဖွဲ့စည်း လုပ်ဆောင်နေရာ ယခုအခါ အသင်းဝင် လေးထောင်ကျော်ရှိနေသည်ဟု ဦးသိန်းသန်းဦးက ဆိုသည်။

"ရှေ့နေတွေရဲ့ ရပိုင်ခွင့်နဲ့ တာဝန်တွေကို သတ်မှတ်ပြဋ္ဌာန်းမယ်၊ အခွင့်အရေးတွေကို ကာကွယ်ဖို့ လိုအပ်တယ်၊ ရှေ့နေတွေရဲ့ ကျင့်ဝတ်သိက္ခာ ပြဋ္ဌာန်းဖို့ လိုအပ်တယ်။ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်"ဟု ဦးသိန်းသန်းဦးက ဆက်ပြောသည်။

အသင်း၏ ရည်ရွယ်ချက်များထဲတွင် ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ရေးလည်း ပါဝင်သည်ဟု ဆိုသည်။

သက်တမ်း ၂ နှစ် ရှိလာပြီဖြစ်သည့် အသင်းသည် ဥပဒေအထောက်အကူ လိုအပ်သော လယ်သမားများအတွက် အခမဲ့ အကျိုးဆောင်ပေးခဲ့သည်ဟု သိရသည်။ မတရားကျင့်စော်ကားခံရသော ကလေးများအတွက် ဥပဒေပိုင်းဆိုင်ရာ အကျိုးဆောင်ပေးမည့်သူမရှိပါက လိုက်ပါ ကူညီနေသည်ဟု ဆိုသည်။

ရှေ့နေအသင်း၏ လုပ်ငန်းများကို ဒိန်းမတ်နိုင်ငံက ထောက်ခံ အားပေးလျက်ရှိသည်။ ရေရှည်တည်တံ့ရေး၊ ဘဏ္ဍာရေးအရ ကိုယ်တိုင် လွတ်လပ်စွာ ရပ်တည်နိုင်ရေး၊ ကတိကဝတ်ဆိုင်ရာ စံများ ကျင့်သုံးသည့် အသင်းကြီးအဖြစ် တိုးတက်လာရေးအတွက် ၃ နှစ်ကြာ ကူညီရန်အတွက် ရန်ကုန်မြို့ ဒိန်းမတ်သံရုံးက ရှေ့နေအသင်းနှင့် တနင်္လာနေ့တွင် နားလည်မှုစာချွန်လွှာ သဘောတူ လက်မှတ်ထိုးလိုက်သည်။

အသင်း၏ အနာဂတ် ဘဏ္ဍာငွေရလမ်းတွင် အသင်းဝင်ကြေးကောက်ခံခြင်းလည်း ပါဝင်မည်ဟု သိရသည်။

ရန်ကုန်မြို့မှ ရှေ့နေတစ်ဦးဖြစ်သည့် ဒေါ်သက်နှင်းပွင့်က မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများ အသင်းကို အမည် ကြားဖူးသော်လည်း မည်သို့သော အဖွဲ့အစည်း ဖြစ်သည်ကို တိတိကျကျ မသိရသေးကြောင်း ပြောသည်။

"လုပ်ဖော်ကိုင်ဘက် မိတ်ဆွေထဲမှာလည်း အသင်းဝင်ထားတာ မရှိသေးပါဘူး။ လာပြီး စည်းရုံးတာမျိုးတော့ မရှိပါဘူး။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ ရည်ရွယ်ချက်တွေကို ကြည့်ပြီးမှ (အသင်းဝင်ရေး) စဉ်းစားရမှာ ဖြစ်ပါတယ်"ဟု အထက်တန်းရှေ့နေ ဒေါ်သက်နှင်းပွင့်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
↧

ကျော်နိုင် - ကုန်ကြမ်းသွင်း ကုန်ချောထုတ် အခွန်လွတ်ထဲ လက်ခစားအထည်ချုပ်ပါသင့် မသင့်

$
0
0


ကျော်နိုင် - ကုန်ကြမ်းသွင်း ကုန်ချောထုတ် အခွန်လွတ်ထဲ လက်ခစားအထည်ချုပ်ပါသင့် မသင့်
(အမှားတွေ အမှန်ပြင်ချိန်တန်ပြီ)
မိုးမခ၊ ဒီဇင်ဘာ ၇၊ ၂၀၁၇
ကုန်ကြမ်းသွင်းပြီး ကုန်ချောပြန်လည်တင်ပို့တဲ့လုပ်ငန်းတွေကို ရာနှုန်းပြည့်အခွန်ကင်းလွတ်ခွင့်ပြုမယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ကြေငြာချက်ကိုဖတ်လိုက်ရတော့ စိတ်ဝင်စားမိပါတယ်။

အဲ့ဒီသတ်မှတ်ချက်မှာ အကြုံးဝင်တဲ့လုပ်ငန်းတွေက လက်ခစားအထည်ချုပ်လုပ်ငန်းတွေနဲ့ စက်မှုလက်မှုလုပ်ငန်းတွေပါဝင်တယ်ဆိုပြီး ဆက်လက်ဖေါ်ပြထားတာကို ဖတ်လိုက်ရတဲ့အခါမှာတော့ တော်တော်ကြီးကို စိတ်ပျက်သွားရပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ "ကုန်ကြမ်းသွင်း၊ ကုန်ချောထုတ်"ဆိုတာရဲ့ အဓိပ္ပါယ်နဲ့ "လက်ခစားလုပ်ငန်း"ရဲ့အဓိပ္ပါယ်ကို တကယ်ဘဲ ကွဲကွဲပြားပြားမသိတာလားလို့ သံသယဖြစ်မိပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိလုပ်နေကြတဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ "လက်ခစား"လုပ်ငန်းမျှသာဖြစ်ပါတယ်။ တကယ်လို့ ပြည်ပတိုင်းပြည်တစ်ခုကနေ ဝါဂွမ်းတင်သွင်းပြီး အဲ့ဒီဝါဂွမ်းကနေ ချည်ဖေါက်၊ ပိတ်စရက်လုပ်၊ အဝတ်အထည်အဖြစ်ချုပ်လုပ်ပြီးမှ ပြည်ပကို ပြန်လည်တင်ပို့မှသာလျှင် "ကုန်ကြမ်းတင်သွင်းပြီး၊ ကုန်ချောထုတ်လုပ်တင်ပို့တဲ့လုပ်ငန်း"ဖြစ်ပါတယ်။

အဲ့ဒီတော့ "လက်ခစား"လုပ်နေကြတဲ့ အထည်ချုပ်လုပ်ငန်းတွေကို "ကုန်ကြမ်းသွင်း၊ ကုန်ချောထုတ်"လုပ်ငန်းလို့သတ်မှတ်ပြီး ရာနှုန်းပြည့်အခွန်ကင်းလွတ်ခွင့်ပြုနေတာဟာ လုံးဝ မှားယွင်းပါတယ်။

အဲ့ဒီလိုဆိုတော့ "လက်ခစား"အထည်ချုပ်လုပ်ငန်းတွေကို အခွန်ကင်းလွတ်ခွင့် မပေးရဘူးလို့ ပြောချင်တာမဟုတ်ပါဘူး။ ဌာနရဲ့ မူဝါဒအရ "လက်ခစား"အထည်ချုပ်လုပ်ငန်းတွေကို အခွန်ကင်းလွတ်ခွင့်ပေးချင်ရင် သင့်တော်တဲ့ ဥပဒေပြဌာန်းပြီး ပေးနိုင်ပါတယ်။ ဒါပေမယ့်"လက်ခစား"အထည်ချုပ်လုပ်ငန်းတွေကို "ကုန်ကြမ်းသွင်း၊ ကုန်ချောထုတ်"လုပ်ငန်းလို့ အမည်တပ်ပြီး အခွန်ကင်းလွတ်ခွင့်ပေးနေတယ်ဆိုရင်တော့ ဥပဒေကို ချိုးဖေါက်ရာ ရောက်ပါတယ်။ ဦးစီးဌာနအနေနဲ့ အဲ့ဒီအချက်ကို သေသေချာချာ ပြန်လည်စိစစ် သုံးသပ်သင့်ပါတယ်။

ပြောလက်စနဲ့ ဆက်ပြောရရင် မြန်မာနိုင်ငံက ထွက်တဲ့ဝါဂွမ်းကို ကုန်ကြမ်းအနေနဲ့ ပြည်ပကို့ပို့ပါတယ်။ ပြည်ပက အဲ့ဒီဝါဂွမ်းကို ပိတ်စအဖြစ်ရက်လုပ်ပြီး မြန်မာနိုင်ငံကို "လက်ခစား"နဲ့ အထည်ချုပ်ခိုင်းနေတာပါ။ အဲဒါလေးကိုမှ ကွဲပြားအောင်မမြင်တတ်ရင်တော့ သက်ဆိုင်ရာဌာနတွေမှာ အကြီးအကဲတွေ လုပ်မနေကြပါနဲ့တော့။ ဒါမှမဟုတ်ဘဲ လူတွေက ငါတို့လိမ်သလို ယုံကြလိမ့်မယ်လို့ ထင်နေကြမယ်ဆိုရင်တော့ အဲ့ဒီအထင်တွေကို အမြန်ဆုံး စွန့်လွှတ်သင့်ပါတယ်။

တကယ်တန်းက မြန်မာနိုင်ငံဟာ ကုန်ကြမ်းတွေကို ပြည်ပပို့ပြီး တန်ဘိုးမရှိတဲ့ ကုန်ချောတွေကို ပြန်လည် တင်သွင်းစားသုံးနေတဲ့တိုင်းပြည်ပါ။

အမျိုးကောင်း ကော်ဖီစေ့တွေကို ဒီအတိုင်း (ကုန်ကြမ်းအနေနဲ့) ပြည်ပကို ရောင်းစားတယ်။ ပြည်ပက ကျန်းမာရေးတန်ဘိုး နိမ့်တဲ့ coffee mix တွေကို ပြန်ဝယ်ယူပြီး စားသုံးတယ်။

မြန်မာနိုင်ငံက ရာဘာစေးကို နိုင်ငံခြား ရောင်းစားတယ်။ နိုင်ငံခြားက အရည်အသွေးသိပ်မကောင်းတဲ့ ရာဘာထွက်ကုန်တွေကို ပြန်ဝယ်သုံးတယ်။

မြန်မာနိုင်ငံက ကျွဲကောသီးကို တဖက်နိုင်ငံကို တင်ပို့တယ်။ တဖက်နိုင်ငံက အထဲက အသီးကိုစား၊ အခွံကို ယိုထိုးပြီး မြန်မာနိုင်ငံကို ပြန်ပို့တယ်။ အဲ့ဒါကတော့ တော်တော် အသည်းနာဘို့ ကောင်းတဲ့ကိစ္စဘဲ။ ကိုယ့်မြေမှာ ကိုယ့်လုပ်အားနဲ့စိုက်တဲ့အပင်က အသီးကို သူများကိုရောင်းလိုက်တယ်။ သူများက အထဲက အသီးကိုစားပြီး အခွံကို ယိုထိုးပြီး ကိုယ့်ကိုပြန်ရောင်းတဲ့အခါ အသီးရောင်းရစဉ်ကထက် ဈေးပိုပေးပြီး ပြန်ဝယ်စားရတယ်။

အဲ့ဒီလို ဥပမာတွေက စာနဲ့ရေးပြနေရင် ဆုံးမှာကို မဟုတ်တော့ဘူး။ ဒါတွေဘာကြောင့်ဖြစ်နေသလည်းဆိုတော့ အပိုင်း နှစ်ပိုင်းကြောင့်။ တစ်ပိုင်းက ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှု။ နောက်တစ်ပိုင်းက ကုန်ပစ္စည်းထုတ်လုပ်ဘို့ လိုအပ်တဲ့ မြေနဲ့ လျှပ်စစ်။

မြေဈေးကြီးတာကို မူဝါဒချမှတ်ပြီး ဖြေရှင်းရမယ်။ အမြန်ဆုံး ဖြေရှင်းရမှာ။ လျှပ်စစ်ဓါတ်ကို အမြန်ဆုံးရတဲ့နည်းနဲ့ ထုတ်ရမယ်။ ဘယ်နည်းနဲ့ထုတ်ထုတ် လျှပ်စစ်ဓါတ်အမြန်ဆုံးရဘို့ လိုရင်း။

အဲ့ဒီလိုမှ မလုပ်နိုင်ရင်တော့ "လက်ခစား"လုပ်နေရတဲ့အဖြစ်၊ "ကုန်ကြမ်းပို့၊ ကုန်ချောပြန်ဝယ်"အဆင့်ကနေ ဘယ်တော့မှ တက်နိုင်မှာ မဟုတ်ဘူး။
↧
↧

အေးကျော်ကျော် - LED lighting ပြောင်း၊ အိတ်ဖေါင်းစေရမယ်

$
0
0


အေးကျော်ကျော် - LED lighting ပြောင်း၊ အိတ်ဖေါင်းစေရမယ်

(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၇

အစိုးရ ဌာနကြီးတစ်ခုရဲ့ ရုံး ၃ ရုံးပေါင်းမှာ မီးချောင်းစုစုပေါင်း ၆,၅ဝဝ ရှိတယ်။ အဲဒါတွေကို LED မီးချောင်းတွေနဲ့ အစားထိုးဖို့ Project Proposal တစ်ခု စမ်းလုပ်နေတာ အောက်ပါ အတိုင်း တွက်ချက်ရရှိပါတယ်။

၁။ 18 Watt LED ဆိုတော့ ရိုးရိုးထက် တစ်ချောင်းကို 18 Watt သက်သာတယ်။ တစ်နေ့ကို အလုပ်ချိန် ၈ နာရီ ထမင်းစားချိန် ပါ ပါယင် တစ်နေ့ ၉ နာရီထွန်းပါတယ်။ သက်သာသွားတဲ့ တစ်နှစ်စာ လျှပ်စစ် ယူနစ်စုစုပေါင်းက 18 Watt x 9 hr x 6,500 nos. x 242 days ÷ 1,000 = 254,826 KWhr ဖြစ်တယ်။
တစ်ယူနစ် ၅ဝ နှင့်တွက်ပါက တစ်နှစ်ကို ၁၂၇ သိန်းသက်သာပါတယ်။

၂။ Fluorescent မီးချောင်းက တစ်နှစ်ကို တစ်ချောင်း လဲရတယ်။ ဈေးအစားစားရှိပြီး တစ်ချောင်း 1,200 ကျပ်နဲ့ တွက်ယင် ကုန်ကျစရိတ်က 1,200 Kyat x 6,500 nos. = ကျပ် ၇၈ သိန်း။

၃။ ချုပ်က ၃ နှစ် တစ်ခါ လဲရပြီး ပျမ်းမျှ 1,200 ကျပ်နဲ့ တွက်ယင် တစ်နှစ်ကို 400 ကျပ် ကျတယ်။ စုစုပေါင်း 400 Kyat x 6,500 nos. = ၂၆ သိန်း။

၎။ တစ်နှစ်ကို သက်သာသွားမည့် စုစုပေါင်း ပမာဏက ၁၂၇ + ၇၈ + ၂၆ = ၂၃၁ သိန်းပါ။

၅။ LED မီးချောင်းက နာရီ ၂ သောင်း ခံတယ်ဆိုတော့ ထွန်းတဲ့ နာရီအရ ၉ နှစ် ကျော် ခံမယ်၊ (ကျွန်တော့်ရုံးနဲ့ အိမ်မှာ တပ်ထားတဲ့ နာမည်မရှိတဲ့ ကောင်တွေတောင် အခု ၆ နှစ် ရှိပြီ၊ လဲစရာ မလိုသေးဘူး။)
၉ နှစ်အတွက် သက်သာသွားတဲ့ ငွေက 9 Yr x 23,100,000 = ကျပ် သိန်း ၂,ဝ၇၉။

၆။ LED မီးချောင်းက တပ်ဆင်ခ အပြီး ကျပ် ၁ သောင်းတန် တပ်ယင် စစခြင်း အရင်း သိန်း ၆၅ဝ ကျမယ်။ အဲဒါကို ဘဏ်က ချေးမယ်၊ အတိုး ၁၃% နဲ့၊
အစီအစဉ်က နှစ်စဉ် သက်သာသွားတယ်ဆိုတဲ့ ငွေ ကျပ် ၂၃၁ သိန်းကို အသုံးပြုပြီး နှစ်စဉ် အတိုးပေး၊ ပိုငွေကို ကနဦး ချေးငွေ သိန်း ၆၅ဝ ကို ဖဲ့ဆပ်၊ ဒုတိယနှစ်ကျတော့ အတိုးက သက်သာသွားပြီ၊ ပိုငွေကို ကနဦး ချေးငွေကို ထပ်ဆပ်၊ ဒီနည်းနဲ့ တွက်ယင်

၇။ ပထမ နှစ်မှာ သိန်း ၆၅ဝ အတွက် အတိုး = ၈၄ သိန်းခွဲ။ ၂၃၁ သိန်း ထဲက ဒီအတိုးကိုနှုတ်ယင် ၁၄၆ သိန်းခွဲ။ အဲဒါကို ကနဦး ချေးငွေကို ဆပ်။ ၆၅ဝ - ၁၄၆.၅ဝ = ၅ဝ၃ သိန်းခွဲကျန်မယ်။

၈။ ဒုတိယနှစ် ၅ဝ၃ သိန်းခွဲအတွက် အတိုးက ၆၅ သိန်းခွဲ၊ ၂၃၁ သိန်း ထဲက ဒီအတိုးကိုနှုတ်ယင် ၁၆၅ သိန်းခွဲကျန်တယ်။ အဲဒါကို ကနဦး ချေးငွေအတွက် ထပ်ဆပ်။ ၅ဝ၃ သိန်းခွဲ - ၁၆၅ သိန်းခွဲ = ၃၃၈ သိန်းကျန်တယ်။

၉။ တတိယနှစ် ၃၃၈ သိန်း အတွက် အတိုးက ၄၄ သိန်း၊ ၂၃၁ သိန်း ထဲက ဒီအတိုးကိုနှုတ်ယင် ၁၈၇ သိန်းကျန်တယ်။ အဲဒါကို ကနဦး ချေးငွေအတွက် ထပ်ဆပ်။ ၃၃၈ သိန်း - ၁၈၇ သိန်းခွဲ = ၁၅၁ သိန်းကျန်တယ်။

၁ဝ။ စတုတ္ထနှစ် ၁၅၁ သိန်း အတွက် အတိုးက သိန်း ၂ဝ၊ ၂၃၁ သိန်း ထဲက ဒီအတိုးကိုနှုတ်ယင် ၂၁၁ သိန်း ကျန်တယ်။ ကနဦး ချေးငွေကျန်တာက ၁၅၁ သိန်းပဲရှိတာဖြစ်သည့်အတွက် ဒီ ၄ နှစ်ပြီးပါက အယင်းကျေပြီ ဖြစ်ပါတယ်။

၁၁။ ၄ နှစ်စာ အတိုးက ၈၄ သိန်းခွဲ + ၆၅ သိန်းခွဲ + ၄၄ သိန်း + သိန်း ၂ဝ = ၂၁၄ သိန်း ဖြစ်ပါတယ်။ ကနဦး သိန်း ၆၅ဝ နှင့်ပေါင်းပါက ၈၆၄ သိန်းပါ။

၁၂။ ၉ နှစ် ခံမည့် LED မီးချောင်းအတွက် စုစုပေါင်း သက်သာသွားမည့် သိန်း ၂,ဝ၇၉ ထဲက သည် ၈၆၄ သိန်းကို နှုတ်ပါက သိန်း ၁,၂၁၅ သက်သာသွားတာ ဖြစ်ပါတယ်။

၁၃။ လက်တွေ့မှာ မီးချောင်းတိုင်း တစ်နေ့ ၉ နာရီ အပြည့် ထွန်းချင်မှ ထွန်းမှာဖြစ်သလို မီးချောင်းတိုင်း တစ်နှစ်တစ်ခါ လဲဖို့ လိုချင်မှ လိုမှာပါ။ ချုပ်လည်း ထို့အတူပါပဲ။ ဒီအတွက် အခုတွက်ထားတာထက် ကုန်ကျစရိတ် သက်သာနိုင်ပါတယ်၊ သို့သော် လက်ရှိမီတာခ တစ်ယူနစ် ၅ဝ ကနေ အနည်းနဲ့ အများ တက်လာမှာပါ၊ ဒါဆို နှစ်အလိုက် ကုန်ကျစရိတ်က တက်လာမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက အရေးကြီးသည့်နေရာ လူတွေ အလုပ်လုပ်သည့်နေရာတွေမှာ အလင်းရောင်လုံလောက်အောင်ရဖို့ Fluorescent မီးချောင်း တစ်ချောင်းနေရာမှာ LED မီးချောင်း ၂ ချောင်းလောက် ထွန်းရတာမျိုးလည်း ရှိမှာဖြစ်သည့်အတွက် ကနဦးကုန်ကျစရိတ်၊ အတိုးနှုန်း စသည်တို့ တက်လာမှာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေ၊ စုစုပေါင်း သက်သာငွေ သိန်း ၁,၂ဝဝ မဟုတ်ယင်တောင်မှ သိန်းရာကြီး ဂဏန်းဖြစ်ပါတယ်။ ဘဏ်အနေနဲ့လည်း Standard အတိုး ၁၃% ရတယ်၊ မလိုအပ်ပဲ မီးတွေ သုံးစရာမလိုတော့ဘူး။

UN Environment Program နဲ့ စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ မီးစားသက်သာတဲ့ လျှပ်စစ်ပစ္စည်းများအသုံးပြုရေး လှုပ်ရှားမှုတစ်ခု ရှိပါတယ်။ အဲဒီမှာ ပါဝင်ဖို့အကြောင်းကြားစာရတာ နောက်ကျသွားတဲ့အတွက် သူတို့မပါပဲ ကိုယ့်ဖါသာကိုယ် ငွေချေးပြီး လုပ်ယင်ကောဆိုပြီး တွက်ကြည့်တာ အခုအတိုင်းထွက်နေပါတယ်။

ရှေ့ဆက်ပြီး တွက်ချက်၊ ရေးသား၊ သက်ဆိုင်ရာနဲ့ တင်ပြ ဆွေးနွေး အကောင်အထည်ဖေါ်ရမှာ ဖြစ်ပါတယ်။ ဒါဌာန တစ်ခုထဲ ရှိပါသေးတယ်။
↧

အောင်ဝေး - ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ )

$
0
0
Art - Than Htay Maung


အောင်ဝေး - ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ )
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၇


ဒီတစ်ခါ သေပြီးရင်
နောက်ထပ် မသေတော့ဘူး
မြစ်က။

အချစ်လည်း ဒီလိုပဲ
ဘယ်လိုလဲဆိုတော့ကာ
ဟိုလေ ... ။

မြစ်ကို သေအောင်သတ်ပြီးမှ
ရေလည်း မစီးဘူး
လှိုင်းလည်း မခွပ်ဘူး
ကမ်းပါးလည်း မညွှတ်ဘူး မပြောနဲ့။

အချစ်က
တစ်သက်မှာ တစ်ခါပဲ ရှင်ရတာ။

မြစ်ကလည်း
တစ်ခေတ်မှာ တစ်ခါပဲ ဖြတ်သန်းရတာ။

"ခေတ်ကြီးက မစွံပါဘူးရှင် "
မတရား မပြောပါနဲ့ ခင်ရယ်။

သတ္တိရှိရင်
ရဲရဲချစ်လိုက်ပါ
ခင်ဖြတ်သန်းနေတဲ့ ခေတ်ကို
ချစ်လိုက်ပေါ့ ။

ဗမာပြည်မှာ
ချစ်လို့သေတဲ့ မသာ မရှိပါဘူး။ ။

ေ အ ာ င္ ေ ၀ း
(ဒီဇင္ဘာ ၅- ၂၀၁၇)
↧

မောင်ကျေးရေ (ကယ်လီဖိုးနီယား) - ရာသီဥတုပြောင်းလွဲလာခြင်းနှင့်မြေအောက်ရေ

$
0
0


မောင်ကျေးရေ (ကယ်လီဖိုးနီယား) - ရာသီဥတုပြောင်းလွဲလာခြင်းနှင့်မြေအောက်ရေ - (Climate change and Groundwater)
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၇


စကားဦး

သက္ကရာဇ် (၁၇၆၀) ခုနှစ်အလွန်၊ စက်မူ့တော်လှန်ရေးစသည့်အချိန်မှစ၍ စက်ရုံအလုပ်ရုံ တည်ဆောက်ထားသည့်နေရာတိုင်း၌ စက်ရုံအလုပ်ရုံကထုတ်လွတ်သည့် အပူရှိန်ရှိမီးခိုးငွေများကြောင့် အပူချိန်တဖြေးဖြေး မြင့်တက်လာခြင်းမိုးရွာသွန်းသည့်အခါ အဆိုပါ အငွေ့များပျော်ဝင်လာခြင်း၊ လေတိုက်ရာအတိုင်း လွင့်မျောနေခြင်းများကစတင်၍ ရာသီဥတုကိုတဖြေးဖြေး ပြောင်းလဲလာစေသည်။ (၁၈)ရာစုက စတင်သည်ဟု မှတ်ယူထားရသည်။ နှစ်ပေါင်းရာကျော်ခဲ့၏။ (၁၉) ရာစု (၂၀) ရာစုနှစ်များကစ၍ ရာသီဥတုပြောင်းလဲလာသည်နှင့်အမျှ ရေအရင်းအမြစ်များ၏ ဇလဗေဒ၊ ဇလဘူမိဗေဒ အနေအထားများကို ယိုယွင်းစေသည့် သက်ရောက်မူ့များရှိလာ သည်။ စာရေးသူသည် ရာသီဥတုပြောင်းလွဲမူ့ကြောင့် မြေအောက်ရေအပေါ်မည်သို့ သက်ရောက်သည်ကို အဓိကထား ရေးထားပါသည်။ မြန်မာနှိင်ငံ၏အခြေအနေများကိုလည်း စာရေးသူသိရှိနားလည်ထားသည်များကို အခြေခံရေးသားထားပါသည်။

 

ကမ္ဘာကြီးပူနွေးလာခြင်း

(၂၀)ရာစုအလယ်လောက်ကစ၍ လောင်စာဆီသုံးစွဲမှုက ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ထုတ် လွှတ်မှု မြင့်တက်လာခဲ့သည်။ ကမ္ဘာကြီးပူနွေးလာခြင်းသည် ကမ္ဘာ့ပျမ်းမျှအပူချိန်ကာ ကြာရှည်စွာမြင့်တက်လာ နေခြင်းကြောင့်ဖြစ်သည်။

ကမ္ဘာ့ကြီး၏ ပျမ်းမျှအပူချိန်သည် လွန်ခဲ့သော နှစ်တစ်ရာခန့်ကစ၍ (၁) ဒီဂရီ ဖာရင်ဟိုက်မှ (၁.၅) ဒီဂရီ ဖာရင်းဟိုက်အထိ ဆင်ကဲဆင်ကဲ မြင့်တက်လာခဲ့သည်။ ထိုအခြင်းအရာက ကဏ္ဍစုံ၌ ဆိုးကျိုးများကို တဖြေးဖြေး သက်ရောက်လာစေသည်။

သဘာဝတရား ဖြစ်စဉ်များ - (ကမ္ဘာမြေပေါ်သို့ နေရောင်ခြည်စွမ်းအင် ပိုမိုကျရောက်လာခြင်း၊ ပင်လယ်သမုဒ္ဒရာ မြင့်တက်လာခြင်း၊ မီးတောင်များပေါက်ကွဲခြင်း)ကြောင့် ကမ္ဘာကြီးပူနွေးလာသည်။ (၁၉၀၀) နှစ်လွန် ကာလများစ၍ ကျောက်မီးသွေး၊ ရေနံ၊ ဓါတ်ငွေ့ လောင်စာများက အပူချိန်နှင့် အပူရှိန်ကို မြင့်မားလာစေသည်။ ထိုဓါတ်ငွေ့များ လေထဲတွင် ပိတ်မိနေခြင်းကို ဖန်လုံမီးအိမ် (greenhouse gas) ဟု ခေါ်ကြသည်။ ရာသီဥတုပြောင်းလွဲမူ့ကို သက်ရောက်စေသည့်အထိက အကြောင်းအရင်းဖြစ်သည်။

ကမ္ဘာ့အပူချိန်သည် (၁.၄)ဒီဂရီဖရင်းဟိုက်အထိ မြင့်တက်လာခဲ့ပြီးဖြစ်သည်။ (၁၁.၅)ဒီဂရီဖရင်းဟိုက် အထိ မြင့်တက်လာနှိင်သည်ဟု သိပ္ပံပညာရှင်များခန့်မှန်းထားသည်။ (၂၀၁၆) ခုနှစ်က ကမ္ဘာ့ပျမ်းမျှအပူချိန်သည် (၆၁) ဒီဂရီ ဖာရင်ဟိုက်ရှိသည်။

ကမ္ဘာရာသီဥတုသိပ္ပံပညာရှင်များက နှစ်ဆယ်ရာစုနှစ်လယ်လောက်က စတင်ပြီး၊ အပူချိန်၊ မိုးရွာသွန်းမူ့၊ မုန်တိုင်းတိုက်ခတ်မူ့များ၊ သမုဒ္ဒရာရေစီးကြောင်းပြောင်းလွဲလာမူ့များ၊ လေဖိအားရပ်ဝှန်းတွင်းရှိ ဓာတုဖွဲ့စီးမူ့များ ပြောင်းလဲလာခြင်းတို့ကို အတူတကွလေ့လာမူ့များပြုလုပ်ခဲ့သည်။ ယနေ့ထိ ဆက်လက် စူးစမ်း သုတေသန ပြုလုပ် လျက်ရှိသည်။ စက်မူ့တော်လှန်ရေးခေတ်မှသည် ယနေ့အထိ လူတို့၏ လုပ်ဆောင်မူ့များက၊ ကမ္ဘာကြီးကို ပိုမို ပူလာစေပါသည်။ လွန်ခဲ့သောနှစ်ငါးဆယ်ကျော်ကစ၍ ကမ္ဘာ့အပူချိန်သည် လျင်မြန်စွာ မြင့်တက်လာနေ သည်။ နှစ်ပေါင်း (၁၃၄)နှစ်အတွင်း (၂၀၀၀) ခုနှစ်သည် ကမ္ဘာအပူဆုံးနှစ် တခုအဖြစ် မှတ်တမ်းတင်ရသည်။ ထိုသို့ ဖြစ်ပျက်လာရခြင်းမှာ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်များ တိုးပွားလာမူ့နှင့် လေထုညစ်ညမ်းစေခြင်း၊ နေရောင်ခြည်စွမ်းအင်ကို စုတ်ယူခြင်း၊ နေရောင်ရောင်ပြန်ဟတ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

အမေရိကန်နှိင်ငံကို လေ့လာကြည့်ပါက လျပ်စစ်ထုတ်လွတ်မူ့အတွက် ဓါတ်ဆီလောင်စာစွမ်းအင်၊ ကာဘွန်ဒိုင်အောက်ဆိုက် အပူဓါတ်ငွေ့ တန်ချိန် (၂) ဘီလျံကို နှစ်စဉ် လေထဲသို့ ထုတ်လွင့်ပြ့န်နှံနေစေသည်။

ကျောက်မီးသွေးလောင်စာ စွမ်းအင်သုံးစက်ရုံများကလည်း တနှစ်ကို ကာဘွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ (၁.၇) ဘီလီလျံ ထုတ်လွှတ်နေသည်။ ထိုသို့ဖြင့် လေထုသည် နှစ်ကာလများစွာ ညစ်ညမ်းနေစေသည်။

ကမ္ဘာ့အပူချိန် မြင့်တက်လာမူ့သည် လောင်စာဆီကြောင့် အပူလိုင်းများ မြင့်တက်လာခြင်းအပြင် မိုးခေါင် ရေရှားခြင်း၊ မိုးရွာသွန်းသည့်အခါ ပြင်းထန်စွာ မိုးရွာသွင်းခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်းတို့ကို ရင်ဆို င်ကြုံတွေ့နေကြရသည်ဟု သိပ္ပံပညာရှင်များက သဘောတူအတည်ပြုထားကြသည်။

ပင်လယ်သမုဒ္ဒရာ၏ အပူချိန်သည်လည်း ပိုမိုမြင့်တက်လာသည်ကို လေ့လာသိရှိနေသည်။ အပူပိုင်း ဒေသမုန်တိုင်းများကို ပိုမိုပြင်းထန်စေသည်။ ယအခုအခါ ကမ္ဘာကြီးပူနွေးလာမူ့သည် အန္တရာယ်အဆင့် သတ်မှတ်ချက် (၃) မှသည် (၄) အထိ ဖြစ်လာသည်။ မှတ်တမ်းများအရ မြောက်အတ္တလန်တစ်ပင်လယ်၊ ဟာရီကိန်းသည် (၁၉၈၀) ခု လွန်နှစ်ကစ၍ မုန်တိုင်းပြင်းအား ပိုမိုလာပြီး ဖြစ်ပျက်မူ့အကြိမ်သည်လည်း များပြားလာသည်။ အမေရိကန်ကမ်းရိုးတန်းများတွင် တိုက်ခတ်သွားသော ဟာရီကိန်း ကတ်ထရီနာနှင့် ဆင်(န်)နီတို့ ပါဝင် သည်။

ကမ္ဘာကြီးပူနွေးလာမူ့၏ အကျိုးအပြစ်ကို တကမ္ဘာလုံးခံစားနေရသည်။ လူ ထောင်ပေါင်း ရာချီ၍ သေဆုံးနေကြရပြီ။ ရေခဲမြစ်များ အရည်ပျော်စီးဆင်းခြင်း၊ စိုက်ပျိုးမြေဆီလွာ များ အငွေ့ပြန်နှုန်း များလာသည့်အတွက် ခမ်းခြောက်လာခြင်း၊ အန္တာတိကမှ ရေခဲများ ပျော်ဆင်းလာမူ့သည် (၂၀၀၂) က စတင်ခဲ့ရာ ယနေ့အထိ ရေခဲ တန်ချိန်ပေါင်း (၁၃၄) တန် ပျော်ဆင်းခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်လည်း မြင့်တက်လာနေပြီ။ လောင်စာဆီသုံးစွဲမူ့ကို ဆက်လက် လုပ်ဆောင်နေပါက ပိုမိုဆိုးမည်ဖြစ်ပါသည်။ ကမ္ဘာကြီးသည် အမှန်တကယ်ပူနွေး လာနေကြောင်း အတည်ပြုထားကြပြီ။

 
 
ရာသီဥတုပြောင်းလဲလာခြင်း

ကမ္ဘာကြီးပူနွေးလာခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲလာသည်။ ကမ္ဘာကြီးတခုလုံး အချိန်ကာလ မရွှေး ဥတုရာသီ (အပူချိန်များပြောင်းလဲလာခြင်း၊ မိုးရွာသွန်းမူ့ပုံစံ ပြောင်းလဲလာခြင်း) ပြောင်းလဲလာမူ့ကို ရာသီဥတုပြောင်းလဲလာခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုသည်။ ရာသီဥတုပြောင်းလဲလာခြင်းသည် ကမ္ဘာကြီးပူနွေးလာ မူ့ကစတင်သည်။

ရာသီဥတုပြောင်းလဲလာခြင်းမှာ ကမ္ဘာ့ရာသီဥတုသည် ရာသီအလိုက် ပုံမှန်လည်ပတ်နေခြင်းမဟုတ်၊ နယ်မြေဒေသ၊ နှိင်ငံအလိုက်၊ နှစ်ရှည်လများ ကြာမြင့်စွာပြောင်းလဲနေခြင်း ဖြစ်သည်။ ထိုအထဲတွင် ပူနွေးလာခြင်း၊ အအေးလွန်ကဲလာခြင်းနှင့် အပူချိန်ပြောင်းလဲလာခြင်းများ ပါဝင်သည်။

ရာသီဥတုပြောင်းလဲမှု့ကို ဖြစ်ပေါ်စေသည့်အကြောင်းများမှာ ရေနံလောင်စာ အလွန်အကျွံ သုံးစွဲခြင်းကြောင့်ဖြစ်သည်။ ဖန်လုံအိမ်ဓါတ်ငွေ့ကို ဖြစ်ပေါ်စေသည့် ကာဘွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့နှင့် လူတို့ကြောင့် သစ်တောများ လျော့နည်းလာခြင်း၊ စိုက်ပျိုးမြေများ လျော့နည်းလာခြင်း၊ အငွေ့ပျံနှုန်း များလာခြင်း၊ မိုးရွာသွန်းမှု ပုံမှန်မဟုတ်ခြင်းတို့ကြောင့်ဖြစ်သည်။ ထိုအချက်များက ရာသီဥတုပြောင်းလဲခြင်းကို ဖြစ်ပေါ်စေသည်။ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ မြင့်တက်လာမူ့သည် (၄၀၀) ပီပီအမ် အထိ ရှိနေကြောင်း သုတေသနမှတ်တမ်းများက ပြဆိုထားသည်။ ရေခဲတောင်များ အရည်ပျော် စီးဆင်းလာခြင်းနှင့်အတူ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းသည် ကမ္ဘာကြီးပူနွေးလာခြင်း ကြောင့် ဖြစ်သည်။ ရာသီဥတုကိုပါ ပြောင်းလဲလာ စေသည်။ ပြင်းထန်သောမုန်တိုင်းများ၊ သမုဒ္ဒရာအပူချိန် မြင့်တင်လာခြင်း၊ ချိန်ခါမဟုတ် မိုးများရွာသွန်းခြင်း၊ မြစ် ရေကြီး၊ ရေလျံခြင်းများ စဉ်ဆက် မပြတ်ဖြစ်ပေါ်လာပြီး လူနှင့်သဘာဝ ပတ်ဝန်းကျင်၊ လူနေအိမ်ယာ၊ လမ်း တံတားအဆောက်အဦများ ပျက်စီး ဆုံးရုံးစေသည်။

ရာသီဥတုပြောင်းလဲမူ့ကြောင့်ထူးခြားသောဖြစ်စဉ်များမှာ - (၂၀၁၇) ခုနှစ် အောက်တိုဘာလ၌ ကမ္ဘာတ၀ှန်း၊ ကုန်းတွင်းပိုင်းနှင့် ပင်လယ်သမုဒ္ဒရာမျက်နှာပြင်များသည် ပုံမှန်ထက် ပိုမိုပူနွေးလာ၏။ ရုရုားပြည် အလယ်ပိုင်းနှင့် မြောက်ပိုင်း၊ အလစကာ၊ ကနေဒါအရှေ့ပိုင်းနှင့် အနောက်ပိုင်း၊ အမေရိကန်နှိင်ငံ  အနောက်မြောက်ပိုင်းတို့သည် ပုံမှန်ဖြစ်စဉ်ထက် (၃) ဒီဂရီ စင်တီဂရိတ်မှ (၄.၅)  ဒီဂရီ စင်တီဂရိတ် အထိ အပူချိန်ပိုမိုမြင့်တက်ပြီး အပူလွန်ဒေသများအဖြစ် မှတ်တမ်းတင်လာရသည်။

အအေးလွန်ဒေသများအဖြစ်၊ အာရှအလယ်ပိုင်း (အနောက်ပိုင်းရုရှားမှသည် ကာဂျစ္စတန်၊ မွန်ဂိုလီးယားနှင့် တရုပ်ပြည်အရှေ့ပိုင်း)၊ အမေရိကန်အနောက်ပိုင်း၊ တောင်အာဖရိကဒေသများကို မှတ်တမ်း တင်ထား သည်။ ပစ္စဖိတ်သမုဒ္ဒရာ အရှေ့တောင်ပိုင်းနင့် အနောက်မြောက်၊ အန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်းနှင့် အတ္တလန် တိတ်တို့သည် အအေးလွန် ပင်လယ်ရပ်ဝှမ်းများအဖြစ် မှတ်တမ်းတင်နှိင်ခဲ့သည်။

အဆိုပါ မှတ်တမ်းအချက်အလက်များက ရာသီဥတုပြောင်းလဲလာနေပြီဖြစ်ကြောင်း၊ ပြောင်းလဲနေကြောင်းကို သက်သေပြနေသည်။


မြေအောက်ရေ (သက်ရောက်သည့် အကျိုးအပြစ်များ)
(Impact on Groundwater)

လေဖိအားရပ်ဝန်း၊ ကုန်းမြေနှင့် ပင်လယ်သမုဒ္ဒရာတို့အတွင်း မိုးရွာသွန်းခြင်း၊ မြေလွှာအတွင်းသို့ ရေစိမ့်ဝင်ခြင်း၊ မြေပေါ်ရေအရင်းအဖြစ် စီးဆင်းခြင်း၊ အငွေ့ပြန်ခြင်း၊ လေတိုက်ခတ်မူ့ကြောင့် မိုးတိမ်များ ရွေ့လာနေခြင်း၊ အပင်များက ပြန်လည် ထုတ်လွင့်ခြင်းစသည်တို့သည် စဉ်ဆက်မပြတ်ဖြစ်ပျက်နေ၏၊ ထိုဖြစ်စဉ်ကို ရေသံသရာလည်သည် ဟု ဆိုသည်။ မြေအောက်ရေသည် အရေးပါသော ကဏ္ဍတစ်ခုအနေနှင့် ပါဝင်နေသည်။

မြေအောက်ရေသည် သောက်သုံးရန်သင့်တော်သည့်ကမ္ဘာ့အကြီးဆုံး သိုလှောင်ထားသောသန့်စင်၊ စိတ်ချရသည့် ရေအရင်းအမြစ်ဖြစ် သည်။ ကမ္ဘာလူဦးရေ တ၀က်နှင့် သုံးပုံ တပုံသော စိုက်ပျိုးရေးလုပ်ငန်းအတွက် တကမ္ဘာလုံး၏ အဓိကပင်ရင်း ဖြစ်၏။

မြေအောက်ရေသည် သဘာဝအလျောက်မြင့်ရာမှ နိမ့်ရာ (သို့) မြစ်ချောင်း အင်းအိုင်များဆီသို့ စီးဝင်ပြီး အပင်နှင့် သက်ရှိသတ္တ၀ါတို့၏ သဘာဝပတ်ဝန်းကျင်ကို မိုးမရွာသည့်အချိန်ကာလများတွင် စိမ်းလန်း စိုပြေ ရှင်သန်စေသည်။ ကမ္ဘာတစ်ဝှန်း၊ မြေအောက်ရေ လိုအပ်ချက် တိုးတက်လာသော်လည်း မြေအောက်ရေကို ပြန်လည် ဖြည့်တင်းပေးသည့် မိုးရေ၊ ရွာသွန်းမိုးရေချိန်သည် ရာသီဥတု ပြောင်းလဲလာမူ့ကြောင့် မမှန်မကန် ဖြစ်လာ၏။ ပြောင်းလဲမှု့များ များပြားလာသည်ကို တနစ်ထက် တနှစ် ပိုသိသာလာသည်။

မြေအောက်ရေသည်ကမ္ဘာမြေကြီး၏ ဘူမိစံနစ်နှင့် ရာသီဥတုပြောင်းလွဲလာမူ့ကြောင့် သိုလှောင်နှိင်မှု
 အားနည်းလာသည်။ ထိုအကြောင်းကို နိုင်ငံတကာ ဇလဘူမိဗေဒပညာရှင်များ၊ သိပ္ပံပညာရှင်များက စဉ်ဆက် မပြတ်လေ့လာနေကြသည်။

မြေပေါ်ရေမြေအောက်ရေကို ဆိုးကျိုးသက်စေသည့် ဥပမာတခုမှာ (၂၀၁၅) ခုနှစ်က ကယ်လီဖိုးနီယားပြည်နယ်တွင် ဖြစ်ပျက်ခဲ့သော မိုးခေါင်ရေးရှားမူ့သည် ကမ္ဘာ့ပူနွေးလာမူ့၏ (၁၅ -၂၀) ရာခိုင်နှုန်းသာ ဆိုးကျိုး သက်ရောက်ခြင်းဖြစ်သည်။ ထိုအချိန်က မြေပေါ်မြေအောက် ရေသိုလှောင်မှု ပမာဏသည် အလွန်ဆိုးရွာစွာ လျော့နည်းလာခြင်းကို ခံစားခဲ့ကြ၏။ ဆည်မြောင်း ကန်ချောင်းများ ရေမျက်နှာပြင် နိမ့်ကျလာခြင်း၊ ရေ ခမ်းခြောက်လာခြင်း၊ မြေအောက်ရေမျက်နှာပြင် နှိမ့်ကျလာခြင်း၊ ရေထုတ်ယူနိုင်မှုပမာဏ လျော့ကျလာခြင်းတို့ကြောင့် ရေသုံးစွဲမူ့ကို ထိန်းသိမ်း လျော့ချခဲ့ရသည်။ ဤသည်မှာ မြေပေါ်မြေအောက်ရေကို ဆိုးကျိုး သက်ရောက်စေခြင်း ဖြစ်သည်။ သို့ပါ၍ ရာသီဥတုပြောင်းလဲမှုကို လေ့လာရာတွင် မြေအောက်ရေကို ထဲ့သွင်းစဉ်းစားရသည်။

မြေအောက်ရေချိုပမာဏသည် ကမ္ဘာရေချို ပမာဏ၏ (၃၀) ရာခိုင်နှုန်းနှင့် မြေအောက်ရေပမာဏ တခုလုံး၏ (၄၆) ရာခိုင်နှုန်းသာရှိသည်။

ရာသီဥတုပြောင်းလဲမှုသည် ရေသံသရာလည်ပုံနှင့်အတူ ရေချိုရေ အရင်းအမြစ်များကို ပြောင်းလဲ နေသည်ဟု ယူဆ၍ ရသည်။ သို့သော် ရာသီဥတု ပြောင်းလဲမှုသည် မြေအောက်ရေ၊ အရည်အသွေးနှင့် အရေအတွက်ကို ထိခိုက်စေခြင်းများကို အတိုင်းအတာတခုအထိသာ လေ့လာရသေးသည်။



သဘာဝဖြစ်စဉ်လုပ်ငန်းများဖြစ်သည့်မြေအောက်ရေ ပြန်လည် ဖြည့်တင်းခြင်း၊ ထုတ်ယူသုံးစွဲခြင်း၊ သိုလှောင်ခြင်း၊ ရေငံတိုးဝင်ခြင်း၊ သက်ရှိတို့၏ သဘောသဘာဝ ဆက်နွယ်မူ့နှင့် ဓါတုဖြစ်စဉ်များတို့အပေါ် ဆိုးကျိုးသက်ရောက်မှုသည် လူတို့၏လုပ်ဆောင်မူ့များက ပိုမိုများနေသည်။ မိုးခေါင်ရေရှားရပ်ဝန်းဒေသနှင့် မိုးများရေကြီးရေလျံသော ဒေသများတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲခြင်း ပိုမိုများပြားလာ၏။ မြေအောက်ရေ အရင်းအမြစ်အပေါ် ဆိုးကျိုးသက်ရောက်စေသည်များမှာ ရာသီဥတု ပြောင်းလဲလာမှုသာမက ကမ္ဘာ့လူဦးရေ တိုးပွားများပြားလာခြင်း၊ မြို့ပြဖွံဖြိုးမှု များပြား လျင်မြန်လာခြင်းနှင့် အတူ မြေအသုံးချမူ့များပြားလာခြင်း၊ စီးပွားရေးလိုအပ်ချက်အရ ရေထုတ်ယူမူများလာခြင်းနှင့်လည်း ဆက် နွယ်နေ၏။

ပုံမှန်မဟုတ်သော ရာသီဥတုပြောင်းလွဲမူ့နှင့်အတူ၊ မြေမျက်နှာသွင်ပြင်၊ ရေအောင်းလွှာ၏ ဇလဘူမိဗေဒဆိုင်ရာ အချက်အလက်များ၊ သစ်ပင်သစ်တောနှင့် လူတို့၏ လုပ်ဆောင်ချက်တို့က မြေအောက်ရေကို ဆိုကျိုးသက်ရောက်စေသည်။ (ထိုအကြောင်းအရာများကို ယူနက်စကို - အိုင်အိပ်(ခ်ျ)ပီ (UNESCO-IHP) က စီမံကိန်း တခု ( project Groundwater Resources Assessment under the Pressures of Humanity and Climate Change (GRAPHIC)) အနေနှင့် လေ့လာနေသည်။

ယနေ့ကာလတွင်မူ ရာသီဥတုပြောင်းလွဲလာမူ့ကြောင့် မြေအောက်ရေဖြစ်စဉ် လေ့လာမူ့ကို တိုးတက် လုပ်ဆောင်လာကြသည်။ မြေအောက်ရေပမာဏသာမက အရည်အသွေးကိုပါ လေ့လာကြသည်။ မြေအောက်ရေ စီမံခန့်ခွဲမူ့ကို ချင့်ချင့်ချိန်ချိန်ဆောင်ရွက်လာရမည်ဖြစ်သည်။

အနာဂတ်ဖြစ်ပျက်လာမည့် ရာသီဥတုပူပြင်းခြောက်သွေ့မူ့နှင့် ကာလကြာရှည်မူ့တို့သည် မြေအောက် ရေကို ဆိုးကျိုးများစွာသက်ရောက်စေမှာ ဖြစ်သဖြင့် မြေအောက်ရေစီမံခန့်ခွဲမူ့ကို အဓိကထားရမည်ဖြစ်သည်ကို ပြဆိုနေသည်။ ရာသီဥတုပြောင်းလွဲခြင်းနှင့် အပူချိန်မြင့်တက်လာခြင်းသည် (၂၀၀၁) ခုနှစ် ခန့်က စတင်ခဲ့သည်ကို မှတ်တမ်းများ၌ တွေ့ရသည်။ (၂၀၅၀) ခုနှစ်ဝန်းကျင်အထိ ပိုမိုမြင့်တက်လာပေမည်ဟု ခန့်မှန်းထားသည်။

ရာသီဥတုပြောင်းလဲလာခြင်းက ရေသံသရာ လည်ပတ်ပုံကိုပြောင်းစေသည်။ ထိုအချက်က မြေအောက် ရေ၊ မြေပေါ်ရေများသည် ပိုမိုအရေးကြီးလာသည်ကို ပြနေသည်။

 

မြန်မာပြည်ရာသီဥတု ပြောင်းလဲမှုနှင့် မြေအောက်ရေ အရင်းအမြစ်
(Climate change and Groundwater resources in Myanma)

မြန်မာနှိင်ငံသည် ဧရာဝတီမြစ်ဝန်းဒေသကို ဗဟိုပြု၍ အရှေ့ရိုးမ၊ အနောက်ရိုးမအတွင်း တည်ရှိပြီး မြောက်ပိုင်းကုန်းမြင့်ဒေသမှသည် တောင်ဘက်စွန်း မြစ်ဝကျွန်းပေါ်ဒေသ မြေနိမ့်ပိုင်းအထိ ပြန့်ကျယ်သည်။ ဧရိယာ စတုရန်း မိုင်းပေါင်း (၂၆၁၂၂၈) ရှိ၏။

မိုးရွာသွန်းမူ့သည်လည်း နေရာဒေသ၊ မိုးအနဲအများ၊ ပြောင်းလွဲမူ့များ၊ ရေကြီးရေလျံခြင်းများ၊ ပူပြင်း ခြောက်သွေ့ခြင်းများ အဆက်မပြတ် ဖြစ်ပျက်လာနေသည်။ အပူချိန်သည် (၂၀၀၁) ခုနှစ် ကစ၍ မြင့်တက် လာသည်။ (၂၀၀၁) မှ (၂၀၂၀) အထိ (၀.၅ - ၀.၇) ဒီဂရီ စင်တီဂရိတ်အထိ တိုးတက်လာမည်ဟု ခန့်မှန်းထား၏။ မိုးရွာသွန်းမူ့သည်လည်း (၄) ရာခိုင်နှုန်း မြင့်တက်လာ၏။ ပုံမှန်မဟုတ်သည့် မိုးရွာသွန်းခြင်းများ ဖြစ်လာသည်။

ပူအိုက် စွတ်စိုသော ရပ်ဝန်း၊ ရာသီဥတုသာယာပြီး စိုက်ပျိုးရေးလုပ်ငန်းများ၊ သစ်တောများ၊ ရေလုပ်ငန်းများ တိုးတက် ထွန်းကားသော နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ သို့သော် ရာသီဥတုပြောင်းလဲမှုက ထိုလုပ်ငန်းများကို ထိခိုက်နေသည်။ မြန်မာပြည်အလယ်ပိုင်းသည် မိုးရေချိန် လက်မ (၄၀) အောက်သာ ရှိသည်။

မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသသည် အပူချိန်မြင့်တက်လာပြီး မိုးရွာသွန်းမှု ပိုမိုနည်းပါးလာသည်။ သို့သော် မြန်မာပြည်အထက်ပိုင်း မုတ်သုံမိုး၊ မုန်တိုင်းမိုးများ ရွာသွန်းပါက အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် ရေကြီးရေလျံပြီး လမ်းတံတား၊ အဆောက်အဦများ ပျက်စီးစေပြီး လယ်ယာမြေများ ရေလွှမ်းခံရသည်။ ထိုပုံမန်မဟုတ်သော ရာသီဥတု ပြောင်းလဲခြင်း၊ အပူချိန် မြင့်တက်လာခြင်းများက စိုက်ပျိုးမွေးမြူရေလုပ်ငန်း၊ ကုန်ထုတ်များ ကျဆင်းစေမည်။

မြေအောက်ရေဖြစ်တည်နေသည့် အလားအလာသည် (၄၉၅) ကုဗ မီတာရှိ၏။ ရေအောင်းလွာ အမျိုး အစားပေါင်း (၁၁) မျိုးရှိသည်။ နုန်းမြေနုရေအောင်းလွာ၊ ဧရာဝတီမြေအောက်လွှာနှင့် ပဲခူးရေအောင်းလွှာ တို့သည် ကျယ်ပြန့်ပေါများသည်။ စိုက်ပျိုးရေး ၊ စက်ရုံအလုပ်ရုံနှင့် သောက်သုံးရေအတွက် သုံးစွဲသည့် မြေအောက်ရေပမာဏသည် (၁၂) ရာခိုင်နှုန်းခန့်သာဖြစ်သည်။ သုံးစွဲရသည့် ရေအရင်းအမြစ်များတွင် မြေအောက်ရေသည် အဓိက အခမ်းက ပါဝင်နေသည်။ မြေအောက်ရေသုံးစွဲမှုသည် (၂၀၁၃ -၁၄) ခုနှစ်က စ၍မြင့်တက်လာသည်။

ရာသီဥတုပြောင်းလဲလာခြင်း၊ အပူချိန်လွန်ကဲလာခြင်းများကို စနစ်တကျ ကာကွယ်ရန် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ နည်းပညာများ၊ ပညာရှင်များ လိုအပ်ပေမည်။ မြန်မာပြည်၏ ဖွံဖြိုးတိုးတက်မူ့ကို တည်တန့်ခိုင် မာစေရန် ဖြစ်သည်။ မြေပေါ်၊မြေအောက် ရေအရင်းအမြစ်များကို ရေရှည်ကာကွယ်ထိန်းသိမ်းရန် အထူး လိုအပ်နေပြီ။ ကြုံတွေ့ရမည့် ရာသီဥတုပြောင်းလွဲခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်းတို့ကြောင့် ဖြစ်ပျက်လာမည့် ဆိုးကျိုးများကို ကာကွယ်ရန် အဆင့်မြင့်နည်းပညာများအပြင် ဥပဒေ၊ နည်းဥပဒေ၊ ပညာရှင်များ အထူး လိုအပ်လျက်ရှိနေသေးသည်။ လက်တွေ့အနေနနှင့် မဟာရန်ကုန်နယ်နမိတ်အတွင်း မြေအောက်သုံးစွဲမူ့ မြင့်တက်လာခြင်း၊ မလိုလားအပ်သော ရေအရည်အသွေးကျဆင်းမူ့ကို ဖြစ်ပေါ်နေ၏။ ပြည်လမ်း၊ လှည်းတန်း၊ ကမာရွတ်၊ မြေနီကုန်းဒေသများတွင် မြေအောက်ရေမျက်နှာပြင် နိမ့်ကျလာခြင်း၊ မြစ်ချောင်းများနှင့် နီးသည့် ရပ်ကွက် မြို့နယ်များတွင် ရေငံ တိုးဝင်လာမှု ဖြစ်လာသည်။ မြေအောက်ရေ ထုတ်ယူသုံးစွဲမူ့နှင့် ပြန်လည်ဖြည့်တင်းမူ့ သဟဇာတ မဖြစ်သည်ကို ပြနေသည်။

(မှတ်ချက်။ ရေဥပဒေသည်လည်း (၂၀၁၆) ခုနှစ်က စ၍ လုပ်ဆောင်လာခဲ့ရာ ဒီနေ့အထိ အကောင်အထည် မပေါ်သေးပေ)။

မြန်မာပြည်သည် မုတ်သုံမိုး ရွာသွန်းမူ့စနစ်၏ အကျိုးအပြစ်များကို ရာသီဥတုပြောင်းလဲခြင်းအဖြစ် တဖြေးဖြေး ဒုက္ခတရပ်အနေဖြင့် ခံစားနေရပြီ။

ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲမှု့၏ အကျိုးအပြစ်အဖြစ် ဆိုက်ကလုံးမုန်တိုင်းများ၊ အကြိမ်အရေအတွက် ပိုမိုများပြားလာခြင်းကြောင့် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေလျံရေကြီးခြင်း၊ အပူချိန် ပိုမိုမြင့်တက်လာခြင်း၊ အချို့အရပ်ဒေသတွင် မိုးခေါင်ရေရှားခြင်း၊ ပင်လယ်မြေမျက်နှာပြင် မြင့်တက်လာခြင်များကို ကြုံတွေ့ခံစားလာရသည်။ ပင်လယ်ကမ်းရိုတန်းဒေသရှိ မြေအောက်ရေအောင်းလွှာများထဲသို့ ရေငန်းတိုးဝင်မှု ပိုပိုများပြားလာသည်။ မြန်မာနိုင်ငံ သည် ဆိုင်ကလုံးမုန်တိုင်းကြောင့် မြစ်ရေကြီး၊ ရေလျံသည့်ဒေသဖြစ်သည်။ အလယ်ပိုင်းဒေသသည် ခြောက်သွေ့သောဒေသဖြစ်သော်လည်း မိုးရွာသွန်းပြီးပါက မြစ်ရေကြီး၊ ရေလျံခြင်းများ အမြဲဖြစ်နေသည်။





ဤအချက်များကို နိုင်ငံတော်အနေနှင့် အရေးကြီးသောအချက်တခုအဖြစ် လိုအပ်သောလုပ်ငန်းများကို လုပ်ဆောင်ကြရမည်။ ရာသီဥတုပြောင်းလဲလာခြင်းကြောင့် ခုခံနှိင်စွမ်းနဲပါးသော အခြေအနေများ တိုးပွားလာနေသည်။ အဓိကထား လုပ်ဆောင်ရန်မှာ ရေအရင်းအမြစ်များ (မြေပေါ်ရေ၊ မြေ အောက်ရေ) မပျက်မစီးအောင်ထိမ်းသိမ်းရန်ဖြစ်သည်။

လေ့လာသိရှိခြင်းနှင့် ဆွေးနွေးအကြံပြုခြင်း

အမေရိကန်နှိင်ငံသည်(၂၀၀၀) ခုနှစ်လွန် ကာလများက စ၍ ယနေ့ထိ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ ထုတ်လွှတ်နေမှုများကို နေရောင်ခြည်စွမ်းအင်နှင့် အခြားစွမ်းအင်များဖြင့် အစါးထိုး လျော့ချနေသည်။

လက်ရှိအခြေအနေတွင် တရုပ်ပြည်သည် ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ ထုတ်လွှတ်မှုများ၏ (၂၈) ရာခိုင်နှုန်းကို အများဆုံး ထုတ်လွှတ်နေပြီး အမေရိကန်သည် ဒုတိယနေရာမှာ ရှိနေသည်။ ဥရောပ နိုင်ငံများနှင့် အိန္ဒိယနိုင်ငံသည် တတိယနှင့် စတုထ္တနေရာတွင် ရှိနေ၏။

ရာသီဥတုပြောင်းလဲချက်များကို ထိန်းချုပ်ရန်မှာ ကာဘွန်ဒိုင်အောက်ဆိုက်အပူဓါတ်ငွေ့ ထုတ်လွှတ်သည့် စက်ရုံအလုပ်ရုံများ၊ မော်တော်ယာဉ်များက နေ့စဉ်ထုတ်လွတ်နေသော ဓါတ်ငွေ့များကို လျော့ချခြင်းသည်လည်း လုပ်ဆောင်ရမည့် အချက်တချက်ဖြစ်သည်။

ကမ္ဘာကြီးပူနွေးလာမူ့ကို သိပ္ပံပညာရှင်များက နှစ်စဉ် စောင့်ကြည့်လေ့လာချက်များအရ ပတ်ဝန်းကျင်၊ စီးပွားရေး၊ ကျန်းမာရေးကဏ္ဍများကို ဆိုးကျိုး သက်ရောက်စေသည့်အပြင် ရေခဲမြစ်၊ ရေခဲတောင်များ အရည်ပျော် ကျဆင်းလာခြင်း၊ မိုးခေါင်ရေရှားခြင်းက မြေပေါ်မြေအောက် ရေပမာဏကို လျော့နဲလာစေခြင်း တောမီးများ လောင်ကျွမ်းမူ့ ပြင်းထန်လာခြင်းတို့ကို ကြုံတွေ့လာသည်။ ပင်လယ်ရေမြင့်တက်လာခြင်းက ကမ်းရိုးတန်ဒေသ ဖွံဖြိုးမူ့ကို ခြိမ်းခြောက်လာခြင်း၊ ရေကြီးရေလျံမူ့များ များပြားလာခြင်း၊ စိုက်ပျိုးမြေများနှင့် ငါးမွေးမြူရေးလုပ်ငန်း ထိခိုက်ပျက်လာခြင်း၊ သက်ရှိသတ္တ၀ါတို့၏ နေရာ၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ပျက်စီးစေသည်။

ထိုသို့ ဖြစ်ပျက်နေခြင်းကို နှိင်ငံအများ ပူးပေါင်းဆောင်ရွက်မှသာ ကမ္ဘာကြီးပူနွေးလာမှုကို လျော့နဲ ကာကွယ်နှိင်မည်။ ပတ်ဝန်းကျင်ကို မညစ်နွမ်းစေဘဲ သန့်စင်သည့် စွမ်းအင်ကို အသုံးပြုစေရမည်။ သိပ္ပံပညာရှင်များကလည်း ပတ်ဝန်းကျင်ညစ်ညမ်းမူ့ကို သက်သာစေမည့် ခေတ်မှီသောစွမ်းအင်များ ဖြစ်ပေါ်ရရှိအောင်စဉ် ဆက်မပြတ် သုတေသနပြု လုပ်ဆောင်နေကြသည်။

ပြည်သူ့ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သစ်တော၊ ရေအရင်းအမြစ်၊ ကမ်းရိုးတန်းဒေသနှင့် သဘာဝ ပတ်ဝန်းကျင်ရှိ သက်ရှိသတ္တ၀ါများသည် ရာသီဥတုပြောင်းလဲလာမူ့ကြောင့် ထိခိုက်စေနှိင်သည့် ကဏ္ဍများ ဖြစ်ကြသည်။



အမေရိကန်ပြည်တောင်စုအနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီက ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ ထုတ်လွတ်မှုကို (၂၀၃၀) တွင် သုံးပုံတပုံ လျောကျစေရန် (၂၀၁၅) ခုနှစ် က စ၍ တွန်းအားပေးဆောင်ရွက်နေပြီ။ တချိန်တည်မှာပင် နေစွမ်းအင်နှင့် လေစွမ်းအင်သုံးပြုခြင်းကို လျပ်စစ်စွမ်းအင် ထုတ်လွတ်မူ့၏ (၅) ရာခိုင်နှန်းအထိ အသုံးပြုလာစေသည်။

ပြီးခဲသောလများက ပြင်သစ် တွင်ပြုလုပ်သည့် ရာသီဥတုပြောင်းလွဲလာမှုဆိုင်ရာ ဆွေးနွေးပွဲ၌ နှိင်ငံပေါင်း (၁၉၅) နိုင်ငံများက ကမ္ဘာဖျမ်းမျှအပူချိန်ကို (၁.၅ - ၂.၀) ဒီဂရီ စင်တီဂရိတ် လျော့ချနိုင်ရေး ဆောင်ရွက်ကြရန် သဘောတူကြပါသည်။

ပြင်သစ်သဘောတူညီချက်အရ (၂၀၂၀) ခုနှစ် က စ၍ ပူးပေါင်ပါဝင်သော နိုင်ငံများသည် (၅) နှစ် တကြိမ် တွေ့ဆုံပြီး ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ ထုတ်လွှတ်မှု ပြန်လည်သုံးသပ်ရန်ဖြစ်သည်။ (၂၀၂၃)ခုနှစ် တွင် အစီရင်ခံစာ ထုတ်ပြန်မည်ဖြစ်သည်။

ရာသီဥတုပြောင်းလဲလာခြင်း၊ အပူချိန်မြင့်မား မြင့်တက်လာခြင်းများကြောင့် မြေပေါ်ရေ၊ မြေအောက်ရေများကို လျော့နဲလာစေသည်။ ရေ အရည်အသွေး ကျဆင်းလာမည်။ ထုတ်ယူမူ့ ခက်ခဲလာစေသည်။

ရာသီဥတုပြောင်းလဲလာခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနေကြသော်လည်း မြေအောက်ရေအပေါ် အကျိုးသက်မှုများ မည်သို့ရှိသည်ကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာရန် လိုအပ်နေသေးသည်။ စူးစမ်းမှု နဲနေသေးသည်။

မြေအောက် ရေအရင်းအမြစ်များသည် မြေပေါ်ရေအရင်းအမြစ်များဖြစ်သည့် မြစ်ချောင်းအင်းအိုင် ကန်မြောင်းများနှင့် ဆက်သွယ်၍ မြေအောက်ရေဖြည့်တင်းနေရသည်နှင့်အတူ ရာသီဥတုပြောင်းလဲမှုများနှင့်လည်း ဆက်သွယ်မူ့ ရှိနေသည်။ ထိုရာသီဥတုပြောင်းလဲမှုက မြေအောက်ရေအရင်းအမြစ်များမှ မြေအောက်ကို ဖြည့်တင်းပေးမှု အနဲအများ၊ ပမာဏဖြင့် ဆက်နွယ်နေသည်။ ထို့ကြောင့် မြေအောက်ရေအပေါ် ရာသီဥတုသက်ရောက်မူ့ကို လေ့လာရာတွင် ရာသီဥတုပြောင်းနေခြင်းကို ကြိုတင်ခန့်မှန်းခြင်းသာမက မြေအောက်ရေဖြည့်တင်းမှုကိုလည့်း သုတေသနပြုနေရမည်။ အလွန်အရေးကြီးသော အချက်တစ်ခု ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် မြေအောက်ရေကို မိုးရေကအဓိကဖြည့်တင်းပေးနေပြီ အင်းအိုင်၊ ကန်၊ မြစ်ချောင်းများကလည်း ဆက်နွယ်ဖြည့်တင်းနေသည်။ ရာသီဥတုသည် မြေအောက်ရေအပေါ်သက်ရောက်မူ့မှာသေချာနေသည်။

ရေသံသရာလည်ပုံ အနေအထားအရ၊ မြေအောက်ရေကို ဖြည့်တင်းပေးသည့်ပမာဏနှင့် ကာလသည် ပြောင်းလဲနေသည့် အနေအထားကို သိသာလာနေသည်။ ရာသီအလိုက် ပမာဏနှင့် ကာလသည် အနဲအများဖြစ်ပေါ်လျက်ရှိသည်။ ပိတ်လှောင်မထားသော မြေအောက်ရေအောင်းလွာ (unconfined aquifer) သည် ရာသီဥတုနှင့် တိုက်ရိုက်သက်ရောက်နေသည်။ ပိတ်လှောင်ထားသော မြေအောက်ရေအောင်းလွာ (confined aquifer) သည် ရာသီဥတုက တိုက်ရိုက် မသက်ရောက်ပေ။ မြေအောက်ရေအပေါ် ရာသီဥတုသက်ရောက်နေမူ့ကိုလေ့လာရန် ဇလဘူမိဗေဒဆိုင်ရာ အချက်အလက်များ၊ ရာသီဥတုပြောင်းလွဲမူ့ဆိုင်ရာ အချက်အလက်များ အတူတကွ ရှိနေရန်လိုအပ်နေသေးသည်။ ယနေ့အခြေအနေသည် မြေအောက်ရေအပေါ် ရာသီဥတုကအကျိုးအပြစ်သက် ရောက်နေနှိင်မူ့ကို နေရာဒေသအလိုက် အချက်အလက်အပြည့်အစုံ မရှိသေးခြင်းက ဆုံးဖြတ်ချက်ပေးရန် ခက်ခဲနေသေးသည်။

ကမ္ဘာသူကမ္ဘာသားတိုင်း စွမ်းအင်သုံးစွဲမူ့၊ ရေသုံးစွဲမူ့ကို ချွေတာခြင်း၊ သစ်ပင်ပန်းပင်များစိုက်ပျိုးခြင်းဖြင့် ကူညီရာ ရောက်ပေသည်။ ကမ္ဘာရာသီဥတုအကြောင်းကို လေ့လာခြင်းဖြင့်လည်း ကူညီရာရောက်ပေသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသောပြဿနာများကို ကူညီဖြေရှင်းလိုစိတ်ဖြစ်ပေါ်စေမည်။ စွမ်းအင်ထိန်းသိမ်းရေးကို နေ့စဉ် လုပ်ငန်းတရပ်အနေနှင့် လုပ်ဆောင်သွားရမည်ဖြစ်သည်။

မြေအောက်ရေမျက်နှာပြင် နိမ့်ဆင်းလာခြင်းနှင့် ရေပမာဏ လျော့နဲကုန်ခမ်းလာခြင်းသည် သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် မြေဆီလွှာများ ခမ်းခြောက်စေခြင်းကို အကြီးအကျယ်ဖြစ်စေသည်။ ရေနှင့် လေသည် လူသားအားလုံးအတွက် အခြေခံရပိုင်ခွင့် ဖြစ်ပါသည်။

ကျမ်းကိုး
၁) NOAA National Centers for Environmental Information, State of the Climate: Global Climate Report for October 2017.

၂) Journal of Groundwater Science and Engineering 2017 Vol.5 No.1 pp.59-66 ref.4

၃) NCEA, Vision-Green Environment Myanmar (Vision-GEM),Groundwater & Climate Change

၎) Climate Change Effects on Groundwater Resources (CRC book)
↧

ကာတွန်း KZZH- အသံက မတိတ်နိုင်သေး

$
0
0

ကာတွန်း KZZH- အသံက မတိတ်နိုင်သေး
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၇
↧
↧

ရဲရင့်သက်ဇွဲ - ၉၆ ဒီဇင်ဘာတမ်းခြင်း

$
0
0

ရဲရင့်သက်ဇွဲ - ၉၆ ဒီဇင်ဘာတမ်းခြင်း
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၇


ရသေ့ စိတ်ဖြေတဲ့
ရသေ့ ဘယ်လိုစိတ်ဖြေသလဲ
ငါမတွေ့ ဘူးတော့ မသိဘူး ......

ဒီရာသီမှာ ...
မဟုတ်ဘူး ...
ဒီရာသီမှမဟုတ်ဘူး .....
အသက်ရှင်နေသမျှ ကာလပတ်လုံး
ငါ အမုန်းဆုံးက စစ်ဝါဒီ အာဏာရှင် .....

သွေးဆာနေတဲ့ စစ်ဝါဒီတွေရဲ့ 
အပြုံးကြားမှာ
၉၆ ဒီဇင်ဘာရဲ့  နီစွေးတဲ့
နှလုံးသားကို ငါတွေ့ နေရတယ် ....

အသံတွေကြားလား.....
အသံတွေကြားတယ်
၉၆ ဒီဇင်ဘာရဲ့ တိုက်ပွဲခေါ်သံ
အမှန်တရားအတွက် တောက်လောင်တဲ့မီး
ကမ္ဘာဆုံးထိတိုင်အောင်.....

ငါ့ရဲဘော်တွေအတွက်
နာကျင်ကြေကွဲတဲ့ရင်ကို
ဘာတွေနဲ့  အစားထိုးရမလဲ ....
ကမ္ဘာမကြေ တေးသံသာ
တမြေ့မြေ့လောင်ကျွမ်း .........

ရသေ့ စိတ်ဘယ်လိုဖြေလဲ
ငါမမြင်ဘူးတော့ မသိဘူး
ငါ့စိတ်ကိုတော့ ငါ့ရဲဘော်တွေရဲ့ 
ယုံကြည်ချက် နှလုံးသားတွေနဲ့  မီးဆေးနေတုန်း .......

(၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု အမှတ်တရ)



↧

ဂျူနီယာဝင်း - အသက်အန္တရာယ်ကို ချိမ်းခြောက်ခံနေရခြင်း

$
0
0


ဂျူနီယာဝင်း - အသက်အန္တရာယ်ကို ချိမ်းခြောက်ခံနေရခြင်း
(အတွေးအမြင် ၂၀၁၇ နိုဝင်ဘာ) မိုးမခ၊ ဒီဇင်ဘာ ၈၊ ၂၀၁၇


၁၉၈၉ ခုနှစ်ဂျွန်လ ၁၉ ရက်နေ့ထုတ် American Weekly Newsletter မှာ ဂျင် ဖူလာ (Jim Fuller) ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကိုးကားတင်ပြသွားမှာ ဖြစ်ပါတယ်။ သူက လူတွေဟာ အသက်ကို စတေးပြီး ဘ၀ကို ရှင်သန်နေကြပါတယ်တဲ့။ အဲသည်အမှန်တရားနဲ့ လူတွေရဲ့ နေထိုင်မူပုံစံကို လေ့လာပြီး ရေးသားထားတာပါ။

ဈေးထဲမှာ ဆေးဝါးတွေကို ရောင်းချခွင့်ပြုထားပါတယ်တဲ့။ အဲသည်ဆေးဝါးတွေဟာ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနေတာကို သိရက်နဲ့ ရောင်းချခွင့်ပေးထားတာ ဖြစ်ပါတယ်တဲ့။ အဲဒါကို ခွင့်ပြုသင့်ပါသလားတဲ့။ နယူကလီယားဟာ လူတွေရဲ့အသက်တွေကို များစွာ ဆုံးရှူံးနိုင်တဲ့ အင်အားကြီးမားတဲ့ လက်နက်ဖြစ်ပါတယ်တဲ့။ အဲဒါကို တားမြစ်သင့်တယ် မဟုတ်လားတဲ့။ စိုက်ပျိုးရေးထွက်ကုန်တွေ တော်တော်များများဟာ ဓာတုဗေဒပစ္စည်းတွေ ပါနေတာကို သိရက်သားနဲ့၊ ဒါတွေဟာ ကင်ဆာဖြစ်စေနိုင်တဲ့ဆီကို ဦးတည်လာနိုင်တယ် ဆိုတာကို သိနေရက်သားနဲ့ ဈေးတွေမှာ ရောင်းချခွင့်ပြုထားတာတွေ အားလုံးကို ပြန်သိမ်းသင့်တယ် မဟုတ်လားတဲ့။ နေရောင်ခြည်ကြောင့် အသားအရည်လောင်နိုင်ပြီး ဒါဟာ ကင်ဆာကို ဖြစ်စေနိုင်တယ်ဆိုတာ ဟုတ်ပါသလားတဲ့။

သူကမေးခွန်းတွေနဲ့ သူ့ဆောင်းပါးကို အစချီထားတာပါ။ ဒီမေးခွန်းတွေဟာ သုတေသနပညာရှင်တွေ ဖြေဆိုဖို့ ကြိုးစားနေဆဲဖြစ်ပြီးတော့ သူတို့တွေ စဉ်းစားနေဆဲ မေးခွန်းပေါင်းမြောက်များစွာတွေထဲက အနည်းငယ်လောက် နမူနာ ထုတ်ပြထားတာပါ လို့ဆိုထားပါတယ်။ အကျိုးနဲ့ အဆိုးကို ဒွန်တွဲစဉ်းစားနေတဲ့ အန္ထရယ်များတဲ့ အခြေအနေ တစ်ရပ်ကို တင်ပြထားတာပါ။ ခေတ်မှီုတိုးတက်လာလေ၊ မေးစရာမေးခွန်းတွေများလာလေ၊ လူတွေဟာ အသက်ကိုဖက်နဲ့ထုတ်ပြီး နေနေရလေပဲ ဖြစ်ပါတယ်။

လူတချို့ကတော့ အဲသည်အချက်တွေကို စဉ်းစားခန်းဝင်လိုက်မိတာ တော်တော်လေး တုန်လှူပ်ခြောက်ခြားကုန်ကြပါတယ်။ ရရှိလာတဲ့ အကျိုးရယ်၊ နောက်ဆက်တွဲ လိုက်ပါလာတဲ့ ဆိုးကျိုးရယ်နဲ့ ရှူပ်ထွေးကုန်ကြပါတယ်။ ဒီတော့ လုံးဝဥသုံ အသက်အန္တရာယ်ကင်းလွတ် စေတဲ့ ဆေး၊ အစားအစာ၊ ရေ နဲ့ မနေထိုင်သင့်ကြဘူးလား။

သို့သော်လည်း လူတွေဟာ နေ့စဉ်နဲ့အမျှ အိပ်ရာကနိုးလာတဲ့ အချိန်ကစလို့ ကိုယ့်အသက်တွေကို စိန်ခေါ်ပြီး နေလာကြတာပါ။ အမေရိကအိမ်တွေမှာတဲ့၊ လှေကားပေါ်ကပြုတ်ကျလို့ သေတဲ့သူ နှစ်စဉ် ၇၀၀၀ ရှိပါသတဲ့။ ၀ါယာကြိုးအဟောင်းတွေ နဲ့အိမ်တွေမှာ လျှပ်စစ်ဓါတ် အန္တရယ်ကြုံလို့ သေဆုံးနိုင်တဲ့ အခြေအနေက ရာခိုင်နှူန်း အနည်းငယ်တော့ ရှိနိုင်ပါတယ် တဲ့။ အလုပ်တို့ကျောင်းတို့ကို လမ်းလျောက်သွားတဲ့သူတွေ ကားတိုက်လို့ လည်းသေဆုံးနိုင်ပါတယ်တဲ့။ အမေရိကန်ပြည်ထောင်စုရဲ့ နှစ်တစ်နှစ်မှတ်တမ်းအရ လမ်းလျောက်သူ လူ၂သောင်း၎ထောင်မှာ ၁ ယောက် ကားတိုက်ပြီး သေဆုံးပါတယ် လို့ဆိုတယ်။ တချို့သော အနည်းငယ်သော အနည်းငယ်လူတချို့ကတော့ အဲသည် အန္တရယ်တွေအားလုံးကို ရှောင်ကြဉ်ပြီး နေထိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်တဲ့။

အဲသည်လို ဆိုးကျိုးတွေ၊ အသက်အန္တရယ်ဖြစ်နိုင်တာတွေကို လုံးဝဥသုံ ရှောင်မယ်၊ ဖယ်မယ် ဆိုတဲ့ (ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထားလို့ပေါ့) အဲသည်လို အခြေအနေတရပ်ကို အကောင်အထည်ဖော်ဆောင် ခြင်းကို အမေရိကက ပညာရှင်တွေက “မိမိအသက်ကို တန်ဖိုးထား စောင့်ရှောက်ခြင်း“ လို့ အမည်ပေးပြီး ယင်းကို စည်းကမ်းဘောင်တွေနဲ့သတ်မှတ် ခဲ့ကြပါတယ်။ (ရေကိုကြိုချက်သောက်၊ အိမ်ကို တထပ်ပဲဆောက်၊ အော်ဂဲနစ်ကိုပဲ အားပေး၊ နောက်ဆက်တွဲဘေးဖြစ်စေတဲ့ ဆေးဝါးတွေကို မသောက်၊ အထပ်မြင့်တွေ မတက်ပဲနေ၊ လျှပ်စစ်ပစ္စည်းတွေ ဝေးရာနေ…. စသဖြင့် စသဖြင့်။)

ရော်ဘင် ဂရီဂိုရီ(Robin Gregory) လို့ခေါ်တဲ့ အမျိုးသားသိပ္ဗံနဲ့ စီမံခန့်ခွဲမူ ဖောင်ဒေးရှင်းက တွဲဖက်ဒါရိုက်တာက အသက်ကို တန်ဖိုးထားဖို့၊ အန္တရာယ်ရှိတာတွေ ဖယ်ရှားဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တွေချမှတ် အကောင်အထည်ဖော်ဖို့ အခုလိုဆိုခဲ့ပါတယ်။ သူက ပထမဦးဆုံး လုပ်ရမှာက အသက်အန္တရာယ်ရှိတာတွေ၊ ကိုယ့်အသက်ကို ချိမ်းခြောက်ခံနေကြရတာတွေက ဘာတွေလဲဆိုတာ သိအောင်လုပ်တာဖြစ်တယ်၊ ပြီးရင် ဒါတွေကိုမလုပ်ပဲ ရှောင်ရှားတာဖြစ်တယ်၊ နောက်တော့ တဖြေးဖြေးနဲ့ ညဏ်ရှိတဲ့အတွေးတွေ ၀င်လာပြီး ပိုကောင်းတဲ့ နည်းသစ်တွေ၊ အကြံညဏ်တွေ ရလာနို်င်ပါတယ်လို့ ဆိုပါတယ်။ သူ စဉ်းစားပြတဲ့အထဲမှာ နယူးကလိယားစက်ရုံတွေ လည်းပါပါတယ်။ စကတည်းက လူတွေ အန္တရယ်ရှိသလားမရှိဘူးလား ဆိုတာကို စဉ်းစားသင့်ပါတယ်လို့ ပြောပါတယ်။

ဟားဗက်တက္ကသိုလ်ထွက် ရစ်ချက်ဝီလ်ဆင် (Richard Wilson)ဟာ သိပ္ဗံမဂ္ဂဇင်းတစ်စောင်မှာ နှစ်စဉ်ဖြစ်ပျက်တတ်တဲ့ အသက်အန္တရယ် ဆုံးရှူံးမူတွေကို အကြမ်းဖျင်း သုတေသနလုပ်ပြ ခဲ့ပါတယ်။ နေရာတိုင်း၊ အချိန်တိုင်းမှာ ဖြစ်တတ်၊ ပျက်တတ် တာတွေပါ။

- ရိုးရိုးရေကို သန့်စင်ဖို့ဆိုပြီး ဓါတုပစ္စည်း တမျိုးဖြစ်တဲ့ ကလိုရင်း (Chlorie) (Cl) သုံးရပါတယ်။ ဒီရေသန့်ကို သောက်သုံးလို့ လူ ၁၇သိန်းမှာ ၁ယောက်သေဆုံးပါတယ်။

- တစ်နေ့ကို ပဲထောပတ် စားပွဲတင်ဇွန်းနဲ့ တစ်ဇွန်းစားသုံးသူ လူ၁သိန်း၂သောင်း ၅ထောင်(၁၂၅၀၀၀)မှာ ၁ယောက်သေဆုံးပါတယ်။

- အိမ်အတွင်းမှာ ဖြစ်တတ်တဲ့ မတော်တဆထိခိုက်မူများ (ဥပမာ-လှေကားပေါ်က ပြုတ်ကျတာမျိုး)ကြောင့် လူ၉ ထောင်မှာ ၁ယောက်သေဆုံးပါတယ်။

- အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ပိုင်းက မသန့်ရှင်းတဲ့လေတွေကို ရှူရှိုက်မူတွေကြောင့် လူ ၅ထောင်မှာ ၁ ယောက်သေဆုံးပါတယ်။

- ပုလိပ်တွေ ဂျူတီဝင်ရင်း အသတ်ခံရမူတွေမှာ လူ ၄ ထောင့် ၅ ရာ (၄၅၀၀)မှာ ၁ယောက်သေဆုံးပါတယ်။

- ကားမတော်တဆမူတွေကြောင့် လူ ၄ထောင်မှာ ၁ယောက်သေဆုံးပါတယ်။

- တောင်တက်ရင်းနဲ့ သေဆုံးမူက လူ ၁၇၀၀ မှာ ၁ယောက် ဖြစ်ပါတယ်။

- စီးကရက်သောက်မူကြောင့် ကင်ဆာဖြစ်ပြီးသေဆုံးတာ လူ၃၀၀ မှာ ၁ယောက် ဖြစ်ပါတယ်။

ဒါ့ထက်မက ပြင်းထန်ပြီး ကျယ်ပြန့်တဲ့ အချက်အလက်တွေကို ကြည့်လိုက်တော့ အမေရိကလူဦးရေဟာ အချိမ်းခြောက်ခံနေရပြီး မလုံချြုံတော့ဖူးလို့ သူက (ဂျင်ဖူလာ) ကောက်ချက်ချပါတယ်။ လေဖြတ်တာနဲ့ နှလုံးရောဂါတွေကြောင့် သေဆုံးမူနှူန်းဟာ မြင့်မားလာတယ်လို့ ဆိုတယ်။

သိပ္ဗံပညာရှင်တွေရဲ့လေ့လာ တွေ့ရှိချက်တွေအရ ပတ်ဝန်းကျင်ကြောင့် ဖြစ်ပွားတဲ့ သေဆုံးမူတွေမှာ အသက်အရွယ်ငယ်ငယ်နဲ့ သေဆုံးမူတွေကို လေ့လာကြည့်လိုက်တော့ ဆေးလိပ်သောက်တာ၊ အဆီများတဲ့အစားအစာတွေ စားသုံးတာ၊ လေ့ကျင့်ခန်းနည်းတာ၊ အရက်သေစာ သောက်စားတာတွေကြောင့် ဖြစ်ကြပြီး အဲသည်အချက်တွေဟာ အခုမှ မဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်ရာစုတွေကတည်းက အခြေခံလာတဲ့အချက်တွေ ဖြစ်တယ်လို့ သုံးသပ်ပြပါတယ်။ သည်တော့ ဒါတွေကို သေသေချာချာ ရှောင်ရှားလို့ရနိုင်တယ် ဆိုတာကို ချပြပြီး လူတွေကို လက်တွေ့ကျကျ ကျင့်သုံးခိုင်းလိုက်တော့ အမေရိက ကျမ်းမာရေးစစ်တမ်းအရ အဲသည်နှစ်တွေမှာ တကယ်ပဲ ကျမ်းမာရေး တိုးတက်လာတယ်လို့ ဆိုပါတယ်။

ဆေးသောက်သုံးမူ၊ အစားအစာစားသောက်မူ တွေအတွက် ရေရှည်ထိမ်းချူပ်နိုင်ဖို့ကို တော့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ ဓါတုဗေဒဆေးတွေ(ပိုးသတ်ဆေးတွေ) ပါဝင်တဲ့ အသီးအနှံတွေ၊ အစားအသောက်တွေကို အဆင့်မှီပြန်လည် သုံးသပ်ဖို့ အမေ၇ိကန် အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဖရင့်ရန်း (Frank Young) ကတင်ပြပါတယ်။ သူကဆက်လက်တင်ပြမူမှာတော့ အဲသည်လို ပိုးမွှားတွေသတ်ဖို့သုံးတဲ့ ဆေးတွေဟာ အသီးအနှံတွေထဲ၊ အစားအသောက်တွေထဲ ပါလာတယ်၊ ဒါကိုစားသုံးရင် အသက်အန္တရယ်ရှိနိုင်တယ်၊ ကင်ဆာဖြစ်ပွားမူတွေကို လျော့ကျဖို့ ဒီလိုအစားအသောက်တွေ မစားသင့်မသုံးသင့်ကြောင်းတွေကို အချက်အလက်များနဲ့ တိတိကျကျ လူထုရှေ့ချပြဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။

လူတွေကတော့ အသက်အန္တရာယ်ရှိတာကို သိရဲ့နဲ့လည်း ရှေ့တိုးနေကြတုန်းပဲလို့ ပညာရှင်တွေက ဆိုတယ်။ ဥပမာတစ်ခု ထောက်ပြရရင် ဆေးလိပ်သောက်သုံးတာ အသက်အန္တရယ်ရှိပါတယ် ဆိုတာကို သိကြသောလည်း၊ ဆေးလိပ်သောက်သုံးသူတွေရဲ့ ၃၀ ရာခိုင်နှူန်းဟာ ဆေးလိပ်သောက်သုံးမူကြောင့် ဆက်စပ်ဖြစ်လာတတ်တဲ့ ရောဂါတွေကြောင့် အသက်ဆုံးရှူံးတာကို သိကြသောလည်းပဲ လူတွေက ကျန်တဲ့ ၇၀ ရာခိုင်နှူန်းကို အားကိုးပြီး ဆေးလိပ်သောက်သုံးနေ ကြပါသေးတယ်။ ဒါ့အပြင် လူ၁သန်းမှာ ၁ယောက် ဖြစ်တတ်တဲ့ ကင်ဆာလိုရောဂါဆိုးကြီးဟာ ဓာတုဗေဒပစ္စည်းတွေပါတဲ့ ရေသန့်တွေကိုသောက်သုံးလို့ဆိုတဲ့ အချက်ကို လူတွေကို သိအောင်လုပ်ခဲ့ပေမယ့် လူတော်တော်များများက ဒီ ရေကို သောက်သုံးသူတိုင်းမဖြစ်ကြတာကိုပဲ အဓိကထား ကြည့်ခဲ့ကြပါတယ်တဲ့။ (လူ၁သန်းမှာ ၁ယောက်ဖြစ်တာပဲ အဲသည်ထဲ ငါမပါဘူး ဆိုတာမျိုးတွေးကြပုံပါပဲ။)

သည်တော့ လူတွေ အသိတရားရလာအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး အမျိုးသားသိပ္ဗံပညာဆိုင်ရာ ဖောင်ဒေးရှင်းက အဲသည်ကွက်လပ်ကို ဖြည့်ဖို့ ကြိုးစားကြပါတယ်။ အဲသည် နယ်ပယ်ကို “အသက်အန္တရယ်ရှိတဲ့ အခြေအနေတစ်ခုကို လူထုကြား ဆက်သွယ်တင်ပြမူ” (Risk Communication) လို့အမည်ပေးလိုက်ပါတယ်။ သည်အဓိပ္ဗါယ်ကို ဖော်ဆောင်လိုက်ရင် ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ လူထုကြားမှာ သတင်းအချက်အလက်တွေကို ပေးမယ်၊ အကြံညဏ်တွေ ပေးမယ်၊ ဆွေးနွေးမယ်၊ တိုင်ပင်မယ်။ ပြီးရင် အသက်အန္တရယ်ရှိတဲ့ အခြေအနေတွေကို လူတွေက သိမြင်လာပြီး ကိုယ့်ကိုယ်ကိုယ်တင်မက၊ ကိုယ်ချစ်တဲ့သူတွေကိုပါ ကာကွယ်ဖို့ ဆုံးဖြတ်ချက်တွေချကြမယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ Risk Communication ကိုလုပ်ကြတာ ဖြစ်ပါတယ်။ သူတို့ကို အင်တာနက်တွေ၊ အွန်လိုင်းတွေကတဆင့် စိတ်ပါဝင်စားသူတွေ ဆက်သွယ်လာဖို့လည်း ကြိုဆိုနေကြပါတယ်တဲ့။ တချို့သော တက္ကသိုလ်တွေမှာလည်း ဒီဘာသာရပ်ကို တင်ပြဆွေးနွေးသွားဖို့ မျော်လင့်ချက်နဲ့ ဆက်လက်ကြိုးစားနေကြပါတယ်။

ဂျူနီယာဝင်း
(Ref ; 1989 June 19 American Weekly Newsletter မှ Jim Fuller ၏ Expert Study Reality and Perception Life’s Risk နှင့် ၂၀၁၇ Risk Communication ကိုမှီညမ်းဘာသာပြန်ထားပါသည်။)





↧

အိချယ်ရီအောင် - ငြိမ်းချမ်းရေးဖော်ဆောင်မှုခေါင်းဆောင်တို့ကို အရပ်ဘက်အဖွဲ့များ အိတ်ဖွင့်စာပို့

$
0
0

အိချယ်ရီအောင် - ငြိမ်းချမ်းရေးဖော်ဆောင်မှုခေါင်းဆောင်တို့ကို အရပ်ဘက်အဖွဲ့များ အိတ်ဖွင့်စာပို့ 
(Myanmar NOW) မိုးမခ၊ ဒီဇင်ဘာ ၈၊ ၂၀၁၇

၂ဝ၁၇ သြဂုတ်လလယ်ပိုင်းက ကချင်ပြည်နယ်၊ တနိုင်းမြို့ စစ်ရှောင်ဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေသူတချို့ (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)

ရန်ကုန် (Myanmar Now) - ငြိမ်းချမ်းရေးဖော်ဆောင်မှု အဆင်ပြေရေးအတွက် ကန့်သတ်ချက်များ လျှော့ချပေးရန်၊ အမျိုးသမီးများပါဝင်မှုကို ပိုမိုလမ်းဖွင့်ပေးရန် အပါအဝင် တောင်းဆိုချက်များ ပါဝင်သော အိတ်ဖွင့်ပေးစာ တစ်စောင်ကို ငြိမ်းချမ်းရေး တည်ဆောက်မှု ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်များကို ပေးပို့မည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြောသည်။

အိတ်ဖွင့်ပေးစာကို ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အပစ်ရပ် လက်မှတ်ထိုးထားသောအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အဖွဲ့ (PPWT) ခေါင်းဆောင် ပဒိုစောတာဒိုမူး၊ UNFC ဟု ထင်ရှားသည့် လက်နက်ကိုင် အဖွဲ့များ တပ်ပေါင်းစု၏ နိုင်ငံရေးဆွေးနွေးမှုကိုယ်စားလှယ်အဖွဲ့ (DPN) ၏ ခေါင်းဆောင် ခူးဦးရယ်တို့ကို ပေးပို့ ထားခြင်းဖြစ်ကြောင်း သိရသည်။

ပေးစာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စရပ်များဟူ၍ အပိုင်းသုံးပိုင်းခွဲကာ တင်ပြထားခြင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် မိကွန်းချန်းနွန်က သတင်းထောက်များကို ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကသာ ဦးဆောင်ကျင်းပရမည်၊ ဒေသအလိုက်နိုင်ငံရေး ဆွေးနွေးပွဲများကို အစိုးရကသာ ဦးဆောင် ကျင်းပရမည် ဆိုသော ကန့်သတ်ချက်များကို ပယ်ဖျက်ရန် အကြံပြုထားသည်။

နိုင်ငံရေးအဆင့်ဆွေးနွေးပွဲများတွင် အမျိုးသမီးကိုယ်စားလှယ်များ အမှန်တကယ် ပါဝင် ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးအတွက် အလေးအနက် တောင်းဆိုထားသည်။

ထို့ပြင် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် ဆွေးနွေးခဲ့သော မှတ်တမ်းများကိုလည်း အများပြည်သူသိရှိရန် ထုတ်ပြန်ပေးရန်စသည့်အချက်များလည်း အိတ်ဖွင့်ပေးစာတွင်ပါရှိသည်။

တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ

တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပူးတွဲ ကြေညာချက်ကို အမြန်ဆုံးထုတ်ပြန်ပေးရန် အလေးအနက်တောင်းဆိုထားသည်။

“တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းနည်းလမ်း” တစ်ခုတည်းကိုသာ နှစ်ဘက်တပ်ဖွဲ့များ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိစေနိုင်သည့် နည်းလမ်းအဖြစ် အမြဲတစေကိုင်စွဲထားရန် အလေးအနက် တိုက်တွန်းထားသည်။

အရပ်ဘက်အဖွဲ့များ

အရပ်ဘက် အဖွဲ့များ တွေ့ဆုံပြီး ငြိမ်းချမ်းရေး အတွက် ပုံမှန် စုဝေးတွေ့ဆုံနေကြသည်မှာ ၁၇ ကြိမ်မြောက် ရှိပြီ ဖြစ်သည်။ ယခု နောက်ဆုံး စုဝေးမှုသို့ အဖွဲ့ ၉၂ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်အဖွဲ့အစည်း အများအပြား ရှိနေပြီး မြန်မာပြည်မြောက်ပိုင်းတွင် မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

တစ်နိုင်ငံတည်းတွင် အတူနေကြပြီး ပြဿနာများနှင့် အချိန်ပြည့် လုံးထွေးနေကြခြင်းသည် လွန်စွာ ရှက်ဖွယ်ကောင်းသည်ဟု ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှ ဓမ္မဆရာမတစ်ဦးဖြစ်သူ ဒေါ်ကိုင်ရာက ပြောသည်။

“ကျွန်မတို့ တိုင်းရင်းသားတွေ အားလုံး ငြိမ်းချမ်းရေးကို အင်မတန်မှ ဆာလောင် မွတ်သိပ်နေတာဖြစ်ပါတယ်။ ထမင်းဆာသလို ဆာပါတယ်။ ရေငတ်သလိုငတ်ပါတယ်။ မငြိမ်းချမ်းမှုတွေကြောင့် ကျွန်မတို့ စစ်ဘေးဒုက္ခသည်တွေ အဖြစ်နဲ့ ခါးသီးစွာ ရင်ဆိုင်ခံစားနေရပါတယ်။ မငြိမ်းချမ်းမှုတွေအောက်မှာ ကျွန်မတို့ အခက်အခဲတွေ အများကြီးကို လူမှုရေး ပြဿနာ၊ စီးပွားရေးပြဿနာ အမျိုးမျိုးကို ကျွန်မတို့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ အမြန်ဆုံးရအောင် စွမ်းဆောင်ပေးကြပါလို့မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါ်ကိုင်ရာက ပြောသည်။

“နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းပြီးတော့ စားပွဲဝိုင်းထဲမှာပဲ ညှိနှိုင်းဆွေးနွေးခြင်းကို အဓိကထားပြီး တော့ဖြေရှင်းဖို့ကို တိုက်တွန်းချင်ပါတယ်။ စီးပွားရေးကြောင့် စစ်ကြောင့် လူတွေ သေကြေနေတာက မဖြစ်သင့် တဲ့ကိစ္စပါ။ ဆရာဝန်တွေက အသက်တစ်ချောင်းကို တန်ဖိုးထားလုပြီးတော့ ကယ်နေတဲ့အချိန်မှာ အသက် တစ်ချောင်းကိုသတ်နေတာကတော့ မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ”
↧

မေနှင်းလဲ့မွန် - မြန်မာစစ်မြေပြင် ဘာသာပြန်စာအုပ်မိတ်ဆက်

$
0
0


ယာမဒါစံ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်မိုးကြိုး(ကာနယ်ဆူဇူကီး)၏ဇနီးနှင့်အတူ။ ၁၉၈၆ခုနှစ်။
ယာမဒါစံ ခန်းဇမ်ကြီးပန်းခြံတွင်။ ၁၉၈၆ခုနှစ်။

မေနှင်းလဲ့မွန် -  မြန်မာစစ်မြေပြင် ဘာသာပြန်စာအုပ်မိတ်ဆက်
(မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၈၊ ၂၀၁၇
ဘာသာပြန်သူ၏အမှာ
၁၉၈၅ခုနှစ်က ကျမရောက်သွားတဲ့၊ ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ၊ ဂျပန်-မြန်မာ ယဉ်ကျေးမှုအသင်း(တိုကိုင်း)ဆိုတာ ရှိပါတယ်။ တိုကိုင်းဆိုတာက မိအဲ၊ အအိချိ၊ ဂိဖု (Mie, Aichi, Gifu )တိုင်း၃ခုပေါင်းကို တိုကိုင်း(ToKai)လို့ ခေါ်တာဖြစ်ပြီး၊ တိုကိုင်းဧရိယာမှာရှိတဲ့ မြန်မာစစ်ပြန်၂၀၀ကျော်က ကမ ကထလုပ်ပြီး တည်ထောင်ထားတာဖြစ်ပါတယ်။ တစ်လတစ်ခါ Nagoya International Center Building အဆောက်အဦမှာ၊ မြန်မာ ထမင်း ဟင်းချက်ပြုတ်ကြပြီး၊ မိတ်ဆုံစားပွဲသဘောမျိုး လူစုကြပါတယ်။
နဂိုယာကို အသစ်ရောက်လာကြတဲ့ မြန်မာကျောင်းသားတွေ၊ သင်တန်းလာတက်တဲ့မြန်မာတွေ၊ အလည်အပတ်ရောက်လာကြတဲ့ မြန်မာတွေကို မိတ်ဆက်ပေးပြီး၊ ဌာနေ ဂျပန်-မြန်မာ အသိုင်းအဝိုင်းက နေရာထိုင်ခင်း၊ အိုးခွက်ပန်းကန်၊ အဝတ်အစားကအစ လိုအပ်တာတွေ ဝိုင်းကူကြပါတယ်။ အနီးအနားတဝိုက် အလည်အပတ် ရောက်သင့်တဲ့နေရာတွေကိုလည်း လိုက်လံပို့ဆောင်ပေးကြပါတယ်။ နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းမျိုး၊ လုပ်ကြပါတယ်။ အင်မတန် ကောင်းတဲ့အစီအစဉ်ဖြစ်ပါတယ်။ ထမင်းနဲ့ဟင်း ကတော့၊ ဌာနေ မြန်မာတွေက အုပ်စုလိုက်၊ အလှည့်ကြ တာဝန်ယူ ချက်ပြုတ်ကြပါတယ်။ ကုန်ကျစရိတ်ကိုတော့ တက်ရောက်လာကြတဲ့ မြန်မာစစ်ပြန်တွေက ထည့်ဝင်ကြပါတယ်။
ကျမတွေ့ဖူးခဲ့တဲ့ ဂျပန်စစ်ပြန်တွေဟာစစ်ရှုံးသွားလို့ပဲလားတော့ မသိပါ၊ မြန်မာတွေကို ချစ်နေကြပါတယ်။ ကျမတို့မြန်မာတွေက ဂျာနယ်ကျော်မမလေးရေးတဲ့ “သွေး” စာအုပ်ထဲကလို ဂျပန်ဆိုရင် ရွံကြောက်ပြီး၊ ကြားဖူး၊ မြင်ဖူး၊ ဖတ်ဖူးထားတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက တော်လှန်ရေးရုပ်ရှင်ဇတ်ကားတွေ၊ ဝတ္တုပြဇတ်တွေ၊ လူကြီးသူမတွေပြောပြတဲ့ အတွေ့အကြုံတွေထဲကအတိုင်း ရက်စက်ကြမ်းကြုတ်သူတွေဆိုပြီး မုန်းနေကြလေ့ရှိပါတယ်။ သူတို့က မြန်မာတွေနဲ့ ပြောင်းပြန်ဖြစ်ပြီး မြန်မာဆိုရင် ကူညီချင်နေကြပါတယ်။ သူတို့ မြန်မာပြည်ထဲမှာ ဘယ်နေရာတွေရောက်ခဲ့ပြီး၊ ဘာတွေလုပ်ခဲ့ကြသလဲ။ ဘယ်သူတွေနဲ့ တွေ့ခဲ့ကြသလဲ၊ ဘာတွေမြင်တွေ့ ခံစားခဲ့ကြသလဲဆိုတာကို ကျမ သိချင်လာပါတယ်။
၁၉၈၅ခုနှစ် နိုဝင်ဘာလမှာ ဒေါ်မြမြဝင်းကို မြန်မာစစ်ပြန် ဗိုလ်ကြီးဟောင်းယာမဒါစံ (ဤစာအုပ်တွင်ပါသူ)နဲ့ နာကာမူရစံတို့က ရှီဇုအိုကမြို့စစ်ပြန်အသင်းမိတ်ဆုံစားပွဲမှာ မြန်မာအကနဲ့ ကူညီပေးဖို့ ဖိတ်ပါတယ်။ ကျမက ဒေါ်မြမြဝင်းကိုကူညီဖို့ လိုက်ပါခဲ့ရပြီး ယာမဒါစံနဲ့ သိကျွမ်းခွင့်ရခဲ့ပါတယ်။ အဲဒီပွဲပြီးတော့၊ ကျမတို့ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်၃ကျိပ်၊ စခန်းချခဲ့တဲ့ သမိုင်းဝင်နေရာဖြစ်တဲ့ ရှီဇုအိုကခရိုင်၊ ဟာမမတ်စုမြို့က ခန်းဇမ်ကြီးပန်းခြံကို လိုက်ပို့ပါတယ်။ အဲဒီခရီးမှာ ယာမဒါစံက မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည် ဂျပန်ကို သုတေသနပြုဖို့ လာမယ့်အကြောင်း ပြောပြပါတယ်။
နောက် ၁၉၈၈ခုနှစ် မြန်မာပြည်မှာ စီမိုကရေစီအရေးအခင်းဖြစ်တဲ့အခါ  ဂျပန်ရောက်မြန်မာတွေကလည်း ထောက်ခံအားပေးမှုတွေ ပြုလုပ်ကြပါတယ်။ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့မှာ ဂျပန်တပြည်လုံးမှာရှိကြတဲ့ မြန်မာတွေက ခန်းဇမ်ကြီးပန်းခြံမှာ လူထုစည်းဝေးပွဲ ကျင်းပကြပါတယ်။ ယာမဒါစံ၊ နာကာမူရစံတို့ရဲ့ ကျေးဇူးကြောင့် စုဝေးနိုင်ခဲ့ကြတာပါ။ သူတို့နဲ့အတူ ရှီဇုအိုကတိုင်းစစ်ပြန်အသင်းက ဂျပန်-မြန်မာ ချစ်ကြည်ရေးကျောက်စာနေရာကို ရှင်းလင်းထားပေးတဲ့အပြင်၊ မြန်မာအားလုံး လူ၅၀ကျော်စားဖို့ နေ့လယ်စာကိုလည်း အကုန်ကျခံခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ယာမဒါစံက နဂိုယာမှာရှိတဲ့ ဒေါက်တာအီနာဂခိတဲရုစုကဲဆီ အလည်လာတဲ့အခါ ကျမကိုလှမ်းခေါ်ပြီး၊ မိတ်ဆက်ပေးပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာအီနဂခီက အသက်၈၀လောက်ရှိနေပါပြီ။ သူရေးထားတဲ့ “တရုတ်ပြည်နှင့် မြန်မာပြည်စစ်မြေပြင်” မှတ်တမ်းစာအုပ်ကို လက်ဆောင်ပေးပါတယ်။
စာအုပ်ထဲက ဇာတ်ကောင် ဗိုလ်ကြီးယာမဒါ နဲ့ ဒေါ်အောင်ဆန်းစုကြည်။ နကာမူရစံ၊ (၁၉၈၆)
ဒေါက်တာအီနဂခိ ဆုံးသွားတာ ကြာပါပြီ။ သူ့သမီး ရှိတယ်ဆိုတာ သိထားတဲ့အတွက်၊ ၂၀၁၁ခုနှစ်မှာ ဒေါက်တာအီနဂခိရဲ့ သမီးကို သွားတွေ့ပြီး၊ စာအုပ်ကို ဘာသာပြန်ခွင့်တောင်းခဲ့ပါတယ်။ “အဖေသာသိရင် သိပ်ဝမ်းသာမှာ” လို့ ပြောပါတယ်။ ကျမ အချိန် တော်တော် နောက်ကျသွားပါတယ်။ “ယာမဒါစံ မနှစ်က ဆုံးသွားပြီ” လို့လည်း ပြောပြပြန်ပါတယ်။ ကျမသိခဲ့တဲ့ မြန်မာပြန်ဂျပန်စစ်သည်ဟောင်း တော်တော်များများ ကွယ်လွန်ကုန်ကြပါပြီ။ မြစ်ကြီးနားဘူတာရုံမှာ ရုံပိုင်လုပ်ခဲ့တဲ့ ခိနော်ရှိတစံတစ်ယောက် (အသက်၉၅နှစ်)တော့ ကျန်ပါသေးတယ်။
ဂျပန်တို့ မြန်မာပြည်က ရေနံကို လိုချင်လို့ စစ်လာတိုက်တာဖြစ်ကောင်းဖြစ်ပေမဲ့၊ သူတို့တကယ်တွေ့သွားတာက ဘယ်လိုမှ မေ့မရနိုင်တဲ့၊ ကြီးကျယ်မြင့်မြတ်တဲ့ မြန်မာတို့ရဲ့နှလုံးသားမှာကိန်းနေတဲ့ ဗြဟ္မစိုလ်တရား၊ အနောက်တိုင်းကလူတွေပြောပြောနေကြတဲ့ လူသားဂုဏ်သိက္ခာပဲ ဖြစ်ပါတယ်။
 အမေရိကန်နိုင်ငံရဲ့ ၃၁ ဆက်မြောက် သမ္မတဖြစ်ခဲ့တဲ့ ဟားဘတ်ဟူးဗား(Herbert Hoover 1874-1964)ကလည်း “မြန်မာလူမျိုးများဟာ အာရှတိုက်တစ်ခုလုံးမှာ တကယ့်အစစ်အမှန် ပျော်ရွှင်ချမ်းမြေ့မှုကိုရရှိတဲ့၊ တစ်ခုတည်းသော လူမျိုးဖြစ်တယ်” (The Burmese are the only genuinely happy people in all of Asia) လို့ ပြောခဲ့ပါတယ်။ 
ဂျပန်စစ်ပြန်တွေ ကွယ်လွန်သွားကြပေမယ့်၊ သူတို့ရဲ့ဝိညာဉ်တွေဟာ မြန်မာတွေ ဒီစာအုပ်ကိုဖတ်ရကြောင်း သိနေကြပါလိမ့်မယ်။
 (ဘာသာပြန်ရာတွင် မူရင်းစာအုပ်တွင် ပါရှိသော ဒေါက်တာအီနဂါခိ၏ ဂျပန်ပြည်တွင်းနှင့် တရုတ်ပြည် စစ်မှုထမ်းဘဝအပိုင်းကို ချန်လှပ်ခဲ့ပါသည်။)
စာပေခရီးသွားများ စာအုပ်တိုက်
အမှတ် ၀၀၁၊ တိုက် စီ
ကန်ရိပ်မွန် ကွန်ဒိုဝင်း ၁၀ရပ်ကွက် ကန်လမ်း
လှိုင်မြို့နယ်

တန်ဖိုး ၂၅၀၀ ကျပ်
ဖုံး
၀၉ ၅၄၁ ၅၃၀၉
၀၉ ၇၉၅ ၅၅၁ ၂၈၆
၀၉ ၅၄၀ ၃၃၆၉

  မေနှင်းလဲ့မွန်
↧
↧

ဗိုလ်သူရိန်- ပင်လယ်သမုဒ္ဒရာနှင့် သင်္ဘောသားများ

$
0
0
ပင်လယ်သမုဒ္ဒရာနှင့် သင်္ဘောသားများ
ဗိုလ်သူရိန်
(မိုးမခ)၊ ဒီဇင်ဘာ ၈၊ ၂၀၁၇
     
သင်္ဘောသားဆိုတာ ကမ်းမမြင် လမ်းမမြင် ပင်လယ်သမုဒ္ဒရာအလယ်မှာ လှုပ်ရှားသွားလာနေရသူတွေပါ။ အကြမ်းတမ်းဆုံး ပင်လယ်ပြင် အရမ်းကားဆုံး ရာသီဥတုဒဏ်ကိုကျွန်တော်တို့ သင်္ဘောသားခံစားနေကြရပါ တယ်။ သင်္ဘောပေါ်မှာ အသက်ကယ်လှေ Life boat  အသက်ကယ် ဖောင် life rat အသက်ကယ်အင်္ကျီ life jacket တွေရှိနေပြီး သင်္ဘောစွန့်ခွာမှု abondon ship drill လေ့ကျင့်ခန်းတွေ ဘယ်လောက်လုပ်လုပ် အကြောင်းတစုံတရာကြောင့်သင်္ဘောမြှုပ်ပြီဆိုရင်ဖြင့် မိနစ်ပိုင်းအနည်းငယ်သာအချိန်ရှိတဲ့အတွက် အသက် ပေါင်းများစွာ ရေထဲမှာ စတေးခံခဲ့ရတဲ့ သင်္ဘောသားတွေ မနည်းတော့ပါဘူး။

သင်္ဘောမြှုပ်တဲ့အဓိက အကြောင်းအရာတွေက သင်္ဘောအခြင်းခြင်းတိုက်တဲ့အခါ၊ သင်္ဘောကြမ်းပြင်ကို အရာဝတ္ထုတခုခုနဲ့ စောင့်မိပြီးမတားနိုင်မစီးနိုင် ပယ်လယ်ရေဝင်လာတဲ့အခါ၊ မုန်တိုင်းနဲ့တွေ့ပြီး ပယ်လယ် လှိုင်းကြမ်းတဲ့အခါ တင်လာတဲ့ကုန်ကြောင့်သင်္ဘောစောင်းသွားခြင်း cargo list ဖြစ်တဲ့အခါမှာ သင်္ဘောမြုပ် တတ်ကြပါတယ်။ ဒီထဲမှာ အဖြစ်အများဆုံးကတော့ ရာသီဥတုဆိုးရွားနေတဲ့အချိန် တင်လာတဲ့ကုန်ကြောင့် ဖြစ်တတ်ပါတယ်။ ကျွန်တော် အတွေ့အကြုံအရ နှစ်စီးဖြစ်ဖူးပါတယ်။ ၂၀၁၂ ဝန်းကျင်ကာလက ဖိလစ်ပိုင် ရေပိုင်နက်နားမှာ မြန်မာသင်္ဘောသားတွေ အပါအဝင် တောင်ကိုရီးယားသင်္ဘော ကုန်ပေါက် ငါးပေါက် ကရိန်းလေးချောင်းပါ(သင်္ဘောသားအခေါ် လေးချောင်း ငါးပေါက်) တစီးမြှုပ်ခဲ့ဖူးပါတယ်။
 
အင်ဂျင်စက်ပြင်နေချိန်မှာ ဖြစ်ပွားတဲ့အတွက် စက် ၂ (second eigner) က လွဲပြီး စက်ခန်းထဲက ကျန်တဲ့ သူတွေ အသက်မရှင်ကြသလို သင်္ဘော ထမင်း ခက်က ရေထဲအချိန်မီခုန်ချခဲ့ပေမယ့်လည်း ငါးစာမိသွား တာကြောင့် အသက်ဆုံး ရှုံးခဲ့ရပါတယ်။

နောက်တခုက မကြာသေးခင်  ၂၀၁၇ အောက်တိုဘာလမှာဖြစ်သွားခဲ့တဲ့ အိန္ဒိယသင်္ဘောသားတွေပါတဲ့ bulk carrier အမျိုးအစားသင်္ဘောပါပဲ။ ဖြစ်လိုက်တဲ့သင်္ဘောကုန်အမျိုးအစားတွေကြည့်လိုက်ရင် နီကယ် သတ္ထုရိုင်း nickle ore တွေ အဖြစ်များပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီကုန် အမျိုးအစားကိုတင်တဲ့ နယူးကယ်လီတိုးနီးယား new caledonia နိုင်ငံကနေ တောင်ကိုရီးယားကို ပို့ဆောင်နေတဲ့ သင်္ဘောကို စီး နေသူပါ။

ဒါပေမဲ့ ကျွန်တော်တို့ကုန်တွေက ရေလုံးဝမပါသော နီကယ်သတ္ထုရိုင်း ဖြစ်တဲ့အတွက် အန္တရာယ် သိပ်မဖြစ် ဘူးဆိုပေမယ့်လည်း နေ့စဉ်ကုန်တင်ပေါက် ရဲ့ရေစစ်ကန် bildge hold များကိုကုန်မှ ရေကျမကျ နေ့စဉ် တိုင်းနေရပါတယ်။ ယခုဖြစ်ပွားတဲ့သင်္ဘောနှစ်စီးလုံးက ရေအထွက်များသော ကြေးနီ မြေကြီးကြောင့် ဖြစ် သလို ဆိုင်ကလုန်း တိုက်ဖုန်းမိုင်တိုင်းတွေနဲ့တွေ့ပြီဆိုရင်တော့ သင်္ဘောအတွက် အင်မတန်အန္တရာယ်များ ရာကနေ ရေပါတဲ့ကုန်က သင်္ဘောတဖက်ကိုသာကပ်သွား (cargo list ) ပြီး တဖြည်းဖြည်းစောင်းသွားကာ သင်္ဘောမြှုပ်သွားသည်အထိ ဖြစ်သွားကြတာပါ။ 
 
ဒီလိုဖြစ်လို့ အမှန်တကယ် သင်္ဘောစွန့်ခွာချိန်က မိနစ် အနည်းငယ်ပါပဲ။ သတ်မှတ်တဲ့ဇုံနေရာ (muster station) မှာ လူစုထွက်ဖို့နေနေသာသာ အသက်ကယ် အင်္ကျီ ဝတ်ပြီး ရေထဲခုန်ချဖို့တောင်အတော်ကြိုးစား ရပါတယ်။ ဒီအချိန် စက်ခန်း engin မှာ တာဝန်ကြတဲ့သင်္ဘောသားက မစားသာပါဘူး။ သူ့အတွက် အချိန် က စက်ခန်းကနေ အပေါ်ပြန်တက်လာရတာနဲ့တင် ဘုရားပေးတဲ့အသက်သာ ရှိပါတော့တယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တကယ့်ဖြစ်ရပ်မှန် သင်္ဘောမြှုပ်သွားတာကိုကယ်ခဲ့ရသူ သင်္ဘောသား ကိုကောင်း မြတ်ရဲ့ အတွေ့အကြုံကို ပြန်လည် မျှဝေလိုက်ပါတယ်။

၂၀၁၇ အောက်တိုဘာ ၁၃ ရက်နေ့

တောင်တရုတ်ပင်လယ် (south china sea) ထဲမှာ မြန်မာ ၁၆ ယောက် ကိုရီယား ၄ ယောက်ပါတဲ့ SM Samarinda သဘောင်္ ဆိုင်ကလုန်းမုန်တိုင်း မိပြီး တစီးလုံး ဗြောင်းဆန်နေအောင်လှုပ်ရမ်းနေလို့ အိပ်လို့ လည်းမရ ဖြစ်နေချိန်၊ မနက် ၂ နာရီလောက် ကုန်းချုပ် (Chief officer) က အခန်းတံခါး လာခေါက်ပါ တယ်။ အရှေ့ ၆ မိုင်လောက်မှာ သဘောင်္တစီးမြုပ်နေလို့ ငါတို့ကိုအကူအညီလှမ်းတောင်းနေတယ်။ အခုသွားကယ်ရမယ်ဆိုတာနဲ့ ညမှောင်မှောင်မဲမဲ မိုးထဲလေထဲမှာ တစီးလုံးက သင်္ဘောသားတွေကို အကုန် ခေါ်ပြီး ရေကြောင်းပြလှေခါး (pilot ladder) တွေဆင်၊ အသက်ကယ်ဘောကွင်း (life buoy) တွေကို ကြိုး နဲ့တွဲချည်ပြီး အဆင်သင့်အနေအထား ပြုလုပ်ကြရနဲ့ အကုန်အလှုပ်ရှုပ်ကုန်ပါတယ်။

ကျွန်တော်တို့ သင်္ဘောနောက်မှာလည်း bulk carrier အမျိုးအစား ကုန်ပေါက်  ၉ ပေါက်ပါ သင်္ဘောတစီး က search light မီး တွေအကုန်ဖွင့်ပြီး ကယ် ဆယ်ရေး (rescue)လုပ်ဖို့လာနေတာတွေ့တယ်။ 
 
ခဏလောက်ကြာတော့ ရှေ့မှာ အသက်ကယ်လှေ (life boat) တစီးမျောလာတာတွေ့တာနဲ့ အနားကို ကပ်ကြည့်တော ရေထဲအလိုအလျှောက်ကျ အသက်ကယ်လှေ(free fall life boat) အမျိုးအစားက အမိုးက ပွင့်ထွက်ပြီး ရေတွေအပြည့်ဝင် နေ တယ်။ လှေအထဲမှာလဲ လူတယောက်မှမတွေ့ရပါဘူး။ 
 
ကြည့်ရသလောက် မြုပ်သွားတဲ့သဘောင်္သားတွေ အသက်ကယ်လှေနဲ့အတူဆင်းဖို့ (life boat launching) တောင် အချိန်မရလိုက်ဘူးထင်ပါတယ်။ အဲ့အချိန်မှာပဲ နောက်သဘောင်္ကအသက်ကယ်အင်္ကျီ(life jacket) ဝတ်ထားတဲ့ လူ၂ ယောက်ကို ကယ်လိုက်နိုင်တယ်။ စက်ခန်းအရာရှိ  စက် ၃ (3rd engineer) နဲ့ စက် ၄ (4th engineer)လို့ ပြောပါတယ်။ သူတို့ပြောတာကိုကယ်ထား တဲ့နောက်သင်္ဘောက စကားပြောစက်နဲ့ ကျွန်တော်တို့ သင်္ဘောကို သတင်းလှမ်းပို့ပါတယ်။

အခု မြုပ်သွားတဲ့သင်္ဘောအမည်က Emerlad star၊ သင်္ဘောနိုင်ငံပိုင်အလံက ဟောင်ကောင်  Hong kong flag၊ ကုန်တင်အမျိုးအစားက bulk carrier၊ ကရိန်း လေချောင်း ကုန်ငါးပေါက်ပါပြီး သင်္ဘောသား စုစု ပေါင်း ၂၆ ယောက်ပါတယ်လို့သိရပါတယ်။ သင်္ဘောသား အားလုံးက အိန္ဒိယလူမျိုးတွေချည်ပါပဲ။ 
 
တင်လာတဲ့ကုန်က နီကယ်သတ္ထုရိုင်း (nickel ore)၊မုန်တိုင်းမိတော့ သင်္ဘောလှုပ်ရမ်းနေရာကနေ ကုန်များ က တဖက်ကိုသာ စောင်း သွားပြီး  သင်္ဘောကိုတည်ငြိမ်အောင် မထိမ်းနိုင်တော့ရာကနေစပြီး မြုပ်သွားတာ ပါ။ စဖြစ်တဲ့အချိန်နဲ့ တစီးလုံးမြုပ်တဲ့အချိန်က 20 မိနစ်ပဲကြာတယ်။ အသက်ကယ်လှေပေါ် တက်ရောက်ဖို့ တောင် အချိန်မရလိုက်ပါဘူး။ သင်္ဘောသားအားလုံး အသက်ကယ်အင်္ကျီတွေနဲ့ရေထဲခုန်ချလိုက်ရတယ်လို့ ကြားရပါတယ်။

မနက် ၆ နာရီလောက်ကြတော့ မြုပ်တဲ့နေရာကို ကုန်သေတ္တာ container သင်္ဘောတစီးပါ ထပ်ရောက်လာ ပြီး အားလုံးပေါင်း သင်္ဘော ၃ စီး ဆက် ရှာကြတယ်။ ရာသီဥတုကလည်း အရမ်းဆိုး၊ လေလည်းကြမ်း၊ မိုးကလည်းရွာ၊ သဘောင်္ကလည်း အရမ်းလူးနေတယ်။ ပြီးတော့ မြုပ်သွားတဲ့ သင်္ဘောက သင်္ဘောသား တွေ ဝတ်ထားတဲ့အသက်ကယ် လိမ္မော်ရောင် အက်ႌေတြက သေဘာၤ FO ဆီတွေပေကျံကုန်ပြီး အမဲရောင် တွေဖြစ်နေတော့ ကယ်ဖို့ မပြောနဲ့ လူရှာရတာတောင် အရမ်းခက်ခဲနေတယ်။ လေအရမ်းတိုက်နေချိန်မှာ မိုးကပါရွာနေတော့ မိုးစက်တွေက မိုးကာဝတ်ထားတဲ့ ကျွန်တော်တို့ ကိုတောင် ခဲနဲ့ပစ်နေသလိုပါပဲ။

မနက် ၂ နာရီ သဘောင်္စမြုပ်ထဲက ပယ်လယ်ထဲမှာ အသက်ကယ်အင်္ကျီနဲ့ပဲ ၈ နာရီလောက်ရောက်နေတဲ့ သူတို့တွေအတွက် စဉ်းစားသာကြည့်ပါတော့။ နောက် ကျွန်တော်တို့သဘောင်္က အရှည်မီတာ ၂၅၀ (ပေ ၇၀၀) နီးပါး၊ ကုန်မပါတော့ အရမ်းပေါ့နေပြီး ရေပေါ်မှာ သင်္ဘော(freeboard ) က ၂၅ မီတာမြင့်နေတာ ကြောင့် လှိုင်းထဲလေထဲမှာ ပန်ကာ (propeller effect) ကကောင်းကောင်း အလုပ်မလုပ်တော့ ထိန်းချုပ်ရ တာ အရမ်းခက်ခဲလို့  ကယ်ဖို့လူကို တွေ့နေရင်တောင် အနားကပ်ဖို့ကအရမ်းကြာတယ်။

ဒါပေမဲ့ ကျွန်တော်တို့အားလုံးတက်ညီလက်ညီကြိုးစားကြတာ လူငါးယောက်ရဲ့အသက်ကိုကယ်လိုက်နိုင် ပေမယ့် တချို့လူတွေ ကျွန်တော်တို့သဘောင်္ ဘေးအောက်ရောက်နေခါမှ ခြေကုန်လက်ပန်းကျ ရေငန်တွေ ပါးစပ်ထဲဝင်တာများပြီး သတိလစ်သွားကြတော့ သူတို့ကို ဘယ်လိုမှကယ်ဖို့ မတတ်နိုင်ပါဘူး။ 
 
ပစ်ချပေးတဲ့ကြိုးနဲ့တွဲချီထားတဲ့ ဘောကွင်းတွေကိုမကိုင်နိုင်ပဲ လှိုင်းနဲ့ ပြန်လွင့်သွားတဲ့ လူ ၃ ယောက် ကိုယ့်မျက်စိရှေ့မှာတင် သေသွားတာကို တွေ့ဖူးတာ ကျွန်တော့်ဘဝမှာ ပထမဆုံးပါပဲ။ အရမ်းစိတ်မကောင်းဖြစ်ပေမယ့် ဘယ်လိုမှမတတ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့သဘောင်္က ကယ်ဆယ်ရေး လှေ (rescue board) ချဖို့အတွက်လည်း ရာသီဥတုကအရမ်းဆိုးနေတော့ ဘယ်လိုမှအဆင်မပြေခဲ့ဘူးဖြစ်နေ တယ်။ မနက် ၁၀ နာရီလောက်ကြတော့ ကျွန်တော်တို့သဘောင်္က လူ ၅ ယောက်နဲ့ နောက်က သဘောင်္က ၁၁ ယောက် စုစုပေါင်း ၁၆ ယောက်ကယ်လိုက်နိုင်ပြီး အလောင်း  ၄ လောင်းတွေ့ရပါတယ်။ ၆ ယောက်က တော့ ပျောက်ဆုံးနေတုန်းပါပဲ။
   
နေ့လည် ၂ နာရီလောက်မှာတော့ ဂျပန်ဆိပ်ကမ်း(coast guard) က ရဟတ်ယာဉ်ရောက်လာပြီး ဆက်ရှာ နေကြပါတယ်။ ည ၇ နာရီလောက်မှာ ပတ်ဝန်းကျင်ကို ဘာမှမမြင်ရတော့ကယ်ဆယ်တာ ခဏရပ်ပြီး ကျွန်တော်တို့သဘောင်္တွေကို အဲဒိနားမှာပဲ မျှောပြီး စောင့်နေရတယ်။ သင်္ဘောတစီးလုံးလည်း မနက် ၂ နာရီထဲက တောက်လျှောက် မိုးရေထဲ ပြေးလွှားနေရတော့ အားမရှိတော့ဘူး။ လူပင်ပန်းတာထက် ကိုယ် တွေသဘောင်္ ဘေးအောက်နားရောက်နေမှ ကယ်ဆယ်ခွင့်မရလိုက်တဲ့ လူ ၃ ယောက်ရဲ့မျက်နှာက မျက် လုံးထဲပေါ်ပ်ါလာလို့ စိတ်မကောင်းဖြစ်ပြီး ထမင်းတောင် မစားနိုင် ဖြစ်ရပါတယ်။ 
 
ကယ်ထားတဲ့သင်္ဘောသား ၅ ယောက်ကလည်း ဒဏ်ရာဒဏ်ချက်တွေအပြင် သင်္ဘော FO ဆီတွေ မျက်လုံး တွေ ပါးစပ်တွေ ထဲဝင်ပြီး ထမင်းတောင်မစားနိုင်ကြဘူး။ သူတို့ကိုကြည့်ပြီး ကြောက်လည်း ကြောက် တော် တော်လည်း သနားသွားတယ်။

ဘယ်လောက်ကြီးတဲ့သင်္ဘောဖြစ်ဖြစ်၊သင်္ဘောပေါ်လေ့ကျင့်ခန်း drill တွေ ဘယ်လောက်လုပ်လုပ်၊တကယ် တမ်းဖြစ်လာခဲ့ရင် ဘာမှကိုလုပ်ချိန်မရဘူး ဆိုတာသိလာရတော့ သင်္ဘောလိုက်ချင်စိတ် ကုန်သွားပါပြီလို့ သင်္ဘောမြုပ်တာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကိုကောင်းမြတ် သူ့ facebook မှာ ရေးသားထားပါတယ်။

ကုန်းမြေထက် ဧရိယာပိုကျယ်ဝန်းတဲ့ ပင်လယ်သမုဒ္ဒရာထဲရောက်သွားရင် လူတွေဖန်တီးတဲ့ ဘယ်လောက် ကြီးတဲ့အရာဖြစ်ပါစေ၊ အားလုံးက သေးငယ်သွားတက်ကြပါတယ်။ သူ့ကိုအန်တုလို့ သူတပြန် ကိုယ်တပြန် လည်ပင်းခွစီး ကြိုးကိုင်နေသူတွေကတော့ ပင်လယ်ကူး သင်္ဘောသားတွေပါပဲ။ တခါတလေ အခန့်မသင့် ရင် ရန်သူကနေ မိတ်ဆွေပြုပြီး ပယ်လယ်ကြမ်းပြင်အောက်မှာ မနိုးသော အိပ်စက်ခြင်းများနဲ့ လဲလျောင်း အနားယူသွားကြတဲ့သင်္ဘောသားတွေလည်း ရှိပါတယ်။ 

ဗိုလ်သူရိန်
၂၀ ၁၁ ၂၀၁၇
တောင်ပစိဖိတ်
↧

မောင်စွမ်းရည် - နယူးယောက်လမ်းဘေးက ဟင်းသီးဟင်းရွက်များ

$
0
0


မောင်စွမ်းရည် - နယူးယောက်လမ်းဘေးက ဟင်းသီးဟင်းရွက်များ
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၇

နယူးယောက်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်ဆုံးတန်း က မြို့ကြိးတစ်မြို့ပါ။ ဒီမြို့ကြီးရဲ့ မြို့နယ်ခေါ်တဲ့ ရပ်ကွက်ကြီးတစ်ခု ထဲမှာ ကျွန်တော်နေပါတယ်။ ''ကွင်း''မြို့နယ်တဲ့ (Queens) မြန်မာ လို ဘုရင်မမြို့နယ်ခေါ်မလားဘဲ။ လမ်းမကြီးတွေရဲ့ဘေးမှာရော၊ လမ်းမကြီးတွေရဲ့နောက်က ရပ်ကွက်ထဲက လမ်းမတွေမှာရော အိမ် တိုင်းရှေ့မှာဖြစ်ဖြစ်၊ နောက်မှာဖြစ်ဖြစ်၊ ဘေးတစ်ဖက်တစ်ချက်မှာ ဖြစ်ဖြစ် မြေကွက်လပ်ရှိတဲ့နေရာမှာ ဟင်းသီးဟင်းရွက်နဲ့ပန်းပင် မျိုးစုံစိုက်ထားတတ်ပါတယ်။ အိမ်တွေရဲ့အပြင်လမ်းဘေးမြေကွက် လပ်တွေမှာတော့ အလေ့ကျအပင်တွေ ပေါက်နေတတ်ပါတယ်။ (လူမျိုးကတော့ တရုတ်၊ ကုလား)။

နယူးယောက်လမ်းဘေးမှာပေါက်နေတဲ့ အပင်တွေက ကျွန်တော်တို့ဗမာပြည်မှာပေါက်တဲ့အပင်တွေနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ဆီမှာ မမြင်ဖူးတဲ့အပင်မျိုး နယူးယောက်မှာမရှိပါ။ အပင်ကြီးတွေကတော့ ဗမာပြည်မှာမရှိတဲ့ အပင်မျိုးတွေပါ။ အညာ မှာ ကုက္ကိုပင်၊ တမာပင်၊ မန်ကျည်းပင်၊ လက်ပံပင်၊ တယ်ပင်စတဲ့ အပင်တွေရှိပါတယ်။ အပင်ကြီးတွေကို ခုတ်ခွင့်မရှိပါ။ နယူးယောက်မှာ စစ်တပ်၊ ရဲတပ်၊ မြူနီစီပယ်တို့ဟာ တခြားစီပါ။ မြို့ထဲက သစ်ပင်ကိစ္စ၊ မြို့ပြအုပ်ချုပ်ရေးမြူနီစီပယ်ရဲ့တာဝန်ပါ။ ရန်ကုန် ပညာရေးတက္ကသိုလ်ထဲမှာ နှစ်ရှည်ပင်ဖြစ်တဲ့ လက်ပံပင်ကြီးကပင် ပြည်လမ်းဘေးမှာကပ်ပြီး အသံလွှင့်ရုံးမျက်နှာချင်းဆိုင်မှာရှိခဲ့ဖူး တယ်။ လက်ပံပင်ကြီးကိုခိုပြီး အသံလွှင်ရုံကို လောင်ချာနဲ့ပစ်မှာစိုးလို့ တဲ့ စစ်တပ်က ခုတ်လှဲပစ်ခဲ့ပါတယ်။ သစ်တစ်ပင်ခုတ် အချုပ်သုံးလ ရှိပေမဲ့ သူတို့တစ်တောလုံးခုတ်ပြီး ရောင်းချစားသောက်နေခဲ့ကြတာ မဟုတ်လား။ ထားပါတော့။ လမ်းဘေးပင်ဆက်ကြရအောင်။

နယူးယောက်ကလမ်းဘေးတွေမှာ ဗမာပြည်မှာပေါက်သလို ပဲ မြူရွက်ပင်၊ ဟင်းနုနွယ်ပင်၊ ပိုးစာပင်တို့ကို အများဆုံးတွေ့ရပါ တယ်။ ပိုးစာပင်အရွက်ဝိုင်းရော၊ လက်ခြားရော နှစ်မျိုးတွေ့ရပါ တယ်။ ဗမာပြည်မှာတော့ မန္တလေးကနေ မေမြို့အတက် တောင်ကုန်းတွေပေါ်မှာ တွေ့ရပါတယ်။ အဲဒီမှာပိုးမွေးတာကို ကျွန်တော်တို့ ကျောင်းသားဘဝက လေ့လာခဲ့ရဖူးပါတယ်။ ဗမာပြည်တခြား အပူပိုင်းဒေသတွေမှာတော့ ပိုးစာပင်တွေမတွေ့ရဘူးပေါ့။ နယူးယောက်မှာ အပူပိုင်းပေါက်တဲ့ ဟင်းရွက်ပင်တွေ တွေ့ရပေမဲ့ အပင်ကြီးတွေကတော့ ပန်းသီးပင်၊ ထင်းရူးမျိုးများနဲ့ ချယ်ရီပင်တွေ မေမြို့မှာပေါက် သလိုပေါက်ပါတယ်။

နယူးယောက်လမ်းဘေးမှာ အပေါ်ဆုံးကတော့ မြူရွက်တွေ ပါပဲ။ တချို့မြန်မာတွေခူးပြီး သုပ်စားကြပါတယ်။ ဘုန်းကြီးကျောင်း ဆွမ်းဟင်းခွက်မှာတောင် ပါဖူးပါတယ်။ ဗမာပြည်မှာတော့ ခုလို ရာသီမှာ အညာက ယာခင်းတွေ၊ ယာခင်းဘောင်တွေပေါ်မှာပေါ ပါတယ်။ ဝါခင်း၊ မြေပဲခင်းတွေထဲမှာ ပေါင်းပင်အဖြစ်တွေ့ရလို့ နုတ်ပစ်ရပါတယ်။ တချို့က မြူရွက်ဟာ ပြဒါးပါတယ်။ ပြဒါးထွက် တယ်စသဖြင့် ပြောသံကြားဖူးပေမဲ့ ခုအထိ ဘာပြောမှန်းနားမလည်ပါ။ ပြဒါးဓာတ်ပါတာလား ဘာလား သေချာမသိပါ။

ဒီမှာ ပိုးစာပင်တွေကတော့ တမင်စိုက်ထားတာရော အလေ့ကျရောပေါက်ပါတယ်။ လူ့ခါးစောင်း၊ လူတရပ်၊ လူ့လက်ခုပ်တဖောင် စသည်ဖြင် မြင့်ပါတယ်။ ဒီအပင်တွေက တမာပင်၊ ထနောင်း ပင်တွေလောက်မြင့်ပါတယ်။ ခါးစောင်းလောက်အပင်လေးတွေက ရွက်နုလေးတွေကို ခူးပြီးဗမာတွေက ဟင်းချိုချက်ကြပါတယ်။ အပင်မြင့်ကြီးတွေမှာတော့ အသီးသီးပါတယ်။ တချို့က စထရော ဘယ်ရီသီးလောက်ကြီးပါတယ်။ အမေရိကန်တွေစားမစားမသိပါ။ ကျွန်တော်တို့ကတော့စားပါတယ်။

ခုလို ဇွန်၊ ဇူလိုင်မှာတော့ သူတို့အိမ်ပတ်လည်ရှိသမျှ မြေကွက်လပ်တွေမှာ ဟင်းသီးဟင်းရွက်ပင်တွေ စတင်စိုက်ပျိုးနေပါပြီ။ အထူးစိုက်ပျိုးကြတာကတော့ ဗူးပင်နဲ့၊ ဖရုံပင်တွေပါပဲ။ ပဲလင်းမြွေ တွေလည်းစိုက်ပါတယ်။ ဘူးဖရုံများကို ဘယ်လိုချက်ပြုတ်စားကြ တယ်မသိပါ။ ကြီးရင့်လာရင်တော့ ပလပ်စတစ်ကြိုးတွေနဲ့သိုင်းပြီး စင်ပေါ်မှာ တွဲလောင်းဆွဲထားကြတာတွေ့ရပါပြီ။ အလွန်ကြည့် ကောင်းပါတယ်။ ပဲသီးတောင့်ရှည်၊ ပဲယွန်း၊ ပဲပြားတွေလည်းစိုက် ကြပါတယ်။ စင်မထိုးပါဘူး။ မြေပြင်ပေါ်မှာပဲတွေ့ရပြီး ခြံစည်းရိုး တွေမှာတွဲလောင်းတွေ့ရနိုင်ပါတယ်။ ဟင်းရွက်ပင်ကတော့ ဟင်းနု နွယ်အရွက်ကြီးပင် ခရမ်းရောင်၊ အစိမ်းရောင်စသည်တွေကို မြင်အောင်လုပ်ပြီး စိုက်ထားကြတာများ သွားရည်ယိုစရာပါပဲ။ ခရမ်းချည် နဲ့ငရုတ်ပင်အမျိုးမျိုးလည်းစိုက်ကြပါတယ်။

နယူးယောက်မှာ စပျစ်ပင်ကြီးတွေကိုလည်း နှစ်ရှည်စင်ထိုး စိုက်ထားကြတာတွေ့ရပါတယ်။ တချို့ပင်စည်တွေက လက်မောင်း လက်ဖျံလောက်တုတ်ကြပါတယ်။ အသီးတွေသီးလာပြီဆိုရင် အသီးစိမ်းလေးတွေကစပြီး ရွမ်းမှည့်ကြသည့်အထိ ကြည့်ရတာက ကြက်သရေရှိလှပါတယ်။ အပင်စိုက်သူများကတော့ ကလေးလူ ကြီးဘယ်သူမှ ခူးကာခြွေတာ မတွေ့ရပါဘူး။ ကျွန်တော်တို့ဗမာ တွေကတော့ သီးကင်း စပျစ်သီးစိမ်းကလေးများကို ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့နဲ့ထောင်းစားကြပါတယ်။ သရက်ကင်း၊ မရမ်းသီးကင်းလေးများနဲ့အရသာတူပါတယ်။ ခြံစည်းရိုးအပြင်ဘက်ထွက် လာလို့ကတော့ ဗမာတွေက ခိုးတယ်လို့ ယူဆပုံမရပါ။ စပျစ်သီး တွေ မှည့်ရွဲနေကြပြီဆိုရင်တော့ အခိုင်လိုက်ခူးလို့ မသင့်လျော်တော့ ပါ။ အလှကြည့်ရုံပါပဲ။ ပိုင်ရှင်ကလည်း မခူးပါ။ ကြွေရင် ဘာသီး သီးကြွေကြွေ မကောက်မစားကြပါ။ ဈေးကပဲ ဝယ်စားလေ့ရှိပါတယ်။ ကလေးရော လူကြီးပါ မစားကြလို့ ဘေးကကြည့်ပြီး အားမလို အားမရ ဖြစ်ရပါတယ်။

ရောင်းတမ်းစပျစ်သီးတွေကတော့ မြို့ပြင်မှာ တမျှော်တခေါ် ကျယ်တဲ့စိုက်ခင်းကြီးတွေနဲ့ စိုက်ကြတာပါ။ ခါးလောက် ရင်စို့ လောက်မြင့်တဲ့ တိုင်လေးတွေထောင်ပြီး စိုက်ထားကြဟန်တူပါ တယ်။ ကားလမ်းပေါ်က သွားရင်းလာရင်း ငေးမောကြည့်ဖူးတာပါ။ ပန်းသီးပင်တွေလည်း အလားတူပဲ တမျှော်တခေါ်စိုက်ခင်းစိုက် ကွက်တွေနဲ့ စိုက်ကြတာပါ။ ပန်းသီကို သူတို့ခြံဝင်ဝယ်ရင် ငါးဒေါ်လာဖိုးလောက်ဝယ်ရင် လူတစ်ယောက် မသယ်နိုင်အောင်ပေးပါ တယ်။ ခြံမှာ ခူးစားတာကလည်း တစ်လုံးထက် ပိုမစားနိုင်ပါဘူး။ ဒီလိုပဲ လမ်းသွားရင်း ကားရပ်ပြီး ခူးသူ ခူးကြတာပါပဲ။ ဒီလိုလုပ်တာ လည်း ဗမာတွေပဲလုပ်ကြတာတွေ့ဖူးပါတယ်။

လမ်းဘေး အိမ်ခြံဝင်းလေးများမှာ စပယ်၊ ကြက်ရုံး၊ မြတ်လေးပန်းများလည်း စိုက်ထားကြပါတယ်။ ခြံစည်းရိုးပေါ်မှာ ထွက်ပြီး ပွင့်နေလို့ကတော့ ဒို့ဗမာများရဲ့လက်ချက်နဲ့မလွတ်ပါ။ ဒါပေမဲ့ ပိုင်ရှင်များက ခူးတာမတွေ့ရပါ။ ချယ်ရီပင်လို ပင်လုံးကျွတ်ပွင့်တဲ့ ပန်းပင်တွေလည်းမြင်ရပါတယ်။ အဝေးကကြည့်ရင် စစ်ကိုင်း တောင်က စကားပွင့်တွေလိုထင်ရပါတယ်။ အပင်ကမြင့်ပါတယ်။ အေးတဲ့ရာသီပွင့်တဲ့ပန်းတွေဟာ ရှမ်းပြည်၊ တောင်ကြီးမှာလိုပဲ မမွှေးကြပါ။

နှင်းဆီ၊ ဂန္ဓမာ၊ သစ္စာပန်းဆိုတာတွေလည်း နွေဦးမှာ ဝေဝေဆာဆာပွင့်နေကြတာ ကြည်နူးဖွယ်မြင်နိုင်ပါတယ်။ နှင်းဆီခြုံတွေက တောင်ကြီးမှာလို အလေ့ကျပင်တွေလည်းရှိပါတယ်။ ခြောက် လက်မနှင်းဆီဆိုတာတွေလည်းရှိပါတယ်။ ဆူးမပါတဲ့နှင်းဆီပင်လို အပင်ကနေကပ်ပွင့်နေတဲ့ နှင်းဆီပွင့်ကြီးတွေနဲ့ တူတာတွေလည်း အများကြီးပါ။ ဒီရာသီမှာ လမ်းလျှောက်ရတာ ပန်းမျိုးစုံနဲ့မို့ အမြန် လျှောက်လို့မရနိုင်ပါ။

တချို့ခြံတွေထဲမှာ ရင်စို့လောက် လက်ခုပ်တဖောင်လောက် မြင့်တဲ့ ခတ္တာပင်များအခိုင်လိုက်ပွင့်နေတာ တွေ့မြင်ရတော့ ဦးလေး လူထုဦးလှ ဘုရားတင်လေ့ရှိတဲ့ ပန်းအဖြစ်နဲ့ တစ်ခါတလေရပ်ပြီး ဂါရဝပြုမိပါတယ်။ ဦးလေးကိုလည်း လွမ်းရင်းပေါ့။ ဦးလေးလူထု ဦးလှလောက် ဘုရားတရားကြည်ညိုသူမတွေ့ဖူးပါ။ ဦးလေးရဲ့ ဘုရားစင်လောက်ကြီးတဲ့ ဘုရားစင်ကို တခြားမှာ ဘယ်မှာမှမတွေ့ ရဘူးပါ။

နယူးယောက်မှာ ခတ္တာပင်၊ ခတ္တာပန်းတွေမြင်ရတော့ ဦးလေး ကိုသတိရသလို၊ စပျစ်ပင်စင်ကြီးတွေမြင်ရတော့လည်း ကျွန်တော် ဖခင်ကြီးကို သတိရမိပါတယ်။ မြင်းခြံမြို့နယ်လို အညာဒေသမှာ အညာသားတွေမမြင်ဖူးတဲ့ စပျစ်ပင်စင်ကြီးကို ရွာကအိမ်ခြံဝင်းထဲ မှာပဲ စိုက်ပျိုးခဲ့ဖူးပါတယ်။ ပိသာ ၅ဝ လောက်များ သီးခဲ့တယ်ထင် ပါရဲ့။ မန္တလေးကို ယူသွားပြီး ဆရာကြီးရွှေဥဒေါင်းကို ကန်တော့ခဲ့ ဖူးပါတယ်။ ဟင်းရွက်တွေမြင်ရင်တော့ အမေနဲ့တကွ ဟင်းရွက်တွေ အတူခူးခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတစ်တွေကိုရော၊ သူငယ်ချင်းတွေကိုရော သတိရမိပါတယ်။ နယူးယောက်မှာ လက်ပံပွင့် ကြွေ ကောက်တာနဲ့ ဆီးသီးကောက်တာကိုတော့ မတွေ့မကြုံရပါ။ ဒါပေမဲ့ ရွာမှာ ဟင်းရွက်တွေခူးတာဟာ လက်ပံပင်၊ ဆီးပင်တွေနား မှာ ခူးခဲ့ကြတာမို့ လက်ပံပင်၊ ဆီးပင်တွေလည်း လွမ်းပါရဲ့။

''လက်ပံပွင့်ချိန် ခွေးရူးချိန်''ဆိုတဲ့ စကားလေးကိုလည်း လက်ပံပွင့်ချိန်တိုင်း ကြားနေကြဆိုတော့ သတိထားပြီး သွားရလာပါတယ်။ နယူးယောက်မှာတော့ ခွေးရူးမရှိ လူရူးကတော့ ပေါသလား မမေးနဲ့။ ဗမာပြည်မှာတော့ ခုအချိန်ခွေးတွေ ရူးနေကြပြီပေါ့နော်။ သတိသာ ထားကြပေတော့။

မောင်စွမ်းရည် (၂ဝ၁၇၊ ဇူလိုင် ၁၉)
↧

မောင်အောင်မွန် - ဒူးယားတလိပ်နှင့် ကန်တော့ခံ မောင်အောင်မွန်

$
0
0

 မောင်အောင်မွန် - ဒူးယားတလိပ်နှင့် ကန်တော့ခံ မောင်အောင်မွန်
ကျွန်တော်တွေးမိသလို ရေးပါမည် (၂၉၉)

(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၇

(၁)

၁၉၄၀ ခု၊ ဆရာပီမိုနင်း ကွယ်လွန်၍ အသုဘတွင် လိုက်ပို့ကြသောစာရေးဆရာများ စုမိကြရာကနေ အကြံရပြီး မြန်မာနိုင်ငံ စာရေးဆရာများအသင်း ဖွဲ့စည်တည်ထောင်ကြသည်ဟု မှတ်သားဖူးပါ၏။ ရှေး မြန်မာဘုရင်များ လက်ကထက်ကတည်းက နတ်တော်လဆန်း(၁) ရက်နေ့တွင် စာဆိုပညာရှင်များအား ချီးမြှင့်ကြသည်မို့ ထိုနေ့ထို စာဆိုတော်နေ့ဟု သတ်မှတ်ကြ၏။

 မြန်မာနိုင်ငံ စာရေးဆရာများအသင်းသည် သီးခြားလွတ်လပ်သော အဖွဲအစည်းဖြစ်သည်။
စာရေးဆရာဆိုသည်မှာ ၀တ္ထု၊ ပြဇာတ်၊ ကဗျာ စသော ရသစာပေး ပြုစုရေးသားကြသူများအား ခေါ်ဆိုခြင်းဖြစ်၏။ ရသာစာပေကို အင်္ဂလိပ်လို Literature ဟုခေါ်ပြီး စာရေးဆရာကို အင်္ဂလိပ်လို Author or Creative Writer ဟုသုံးစွဲကြ၏။ Writer ဟုသုံးလျှင် စာရေးသူဟူသမျှ အကြုံးဝင် အားလုံးပါကုန်၏။ မိန့်ခွန်းရေးသူ Speech Writer ဇာတ်ညွှန်းရေးသူ Script Writer စသဖြင့်၊ သူတို့အား စာရေးဆရာဟု ခေါ်၍မရပါ။

 ဟောပြောပွဲမျိုးစုံတို့ရှိ စာရေးဆရာတို့၏ပွဲကိုသာလျှင် စာပေဟောပြောပွဲဟုခေါ်သည်။
လူတယောက်တည်း သတင်းစာဆရာလည်းလုပ် ရသစာပေလည်း ရေးသားသူများလည်းရှိ၏။ ဥပမာ၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ သိန်းဖေမြင့်၊ ဇ၀န။ သူတို့သည် စပေဟောပြောပွဲဆိုလျှင် စာအကြောင်း၊ ပေအကြောင်းသာ ဟောပြောကြစမြဲပင်။ သတင်းစာအကြောင်း မပြော မဟော။
သူ့စည်းနှင့်သူ တားထား ကန့်ထား၏။

(၂)

သတင်းစာတိုက်များမှ အယ်ဒီတာ အဖွဲ့ဝင်များအား သတင်းစာဆရာများ (Journalists) ဟုခေါ်ပြီး သတင်းထောက်များအား Reporter ၍သုံးစွဲသည်။ သတင်းစာတိုက်တတိုက်တွင် သတင်းထောက်များသည် သူတို့ရရှိခဲ့သော သတင်းများကို ရေးသားကာ အယ်ဒီတာထံတင်သွင်းရ၏။ သက်ဆိုင်ရာ အယ်ဒီတာက လိုအပ်သလို တည်းဖြတ် ဖြည့်စွက်ပြီး သတင်းစာထဲထည့်ရသည်။

လုပ်ငန်းသဘောအရ သတင်းထောက်သည် အယ်ဒီတာ၏ လက်အောက်ခံဟု ထင်ရသည်။
သို့သော်လည်း လုပ်ငန်းသဘောသဘာချင်း မတူကွဲပြားသောကြောင့် သတင်းကျင့်ဝတ်အရ အပြန်အလှန်လေးစားမှု (Mutual Respect) နှင့် ဆက်ဆံကြရ၏။ ထို့ကြောင့် မြန်မာနိုင်ငံ သတင်းထောက်များ အသင်းသည်လည်း မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းနည်းတူ သီးခြားလွတ်လပ်သော အဖွဲ့အစည်းပါ။

မိမိတို့စည်းမျဉ်းနှင့် မိမိတို့ဘာသာ ရွေးကောင်တင်မြှောက်သော အမှုဆောင်အဖွဲ့က လုပ်ဆောင်၏။

(၃)

၁၉၆၂ ခု၊ မတ်လ(၂) ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းသည်။

၁၉၆၂ ခု၊ ဇူလိုင်လ(၄)ရက်နေ့တွင် မဆလ ပါတီတည်ထောင်သည်။

၁၉၆၆ ခု၊ တွင် စာပေလုပ်သားအဖွဲ့ ( မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ သတင်းစာဆရာအသင်း၊ သတင်းထောက် အသင်းတို့ ဖျက်သိမ်းခံထားရ၍ အစားထိုးခြင်း) ဖြစ်မြောက်ရေး ကော်မတီကြေညာသည်။

၁၉၇၆ ခု၊ျတွင် စာပေလုပ်သား စည်းရုံးရေးကော်မတီ ဖွဲ့စည်းသည်။

၁၉၈၀ ခု၊ ဧပြီလတွင် တွင် စာပေလုပ်သားအဖွဲ့ ဖြစ်ပေါ်လာသည်။

စာရေးဆရာ သတင်းစာဆရာ ဟူသောဂုဏ်ပုဒ်များကနေ စာပေလုပ်သားဟူသောအဆင့်သို့ ရောက်သွားလေပြီ။ ထို့ပြင် ကမ္ဘာပေါ်၌ပင် မကြားဖူးသော မြို့နယ်စာပေလုပ်သား အဖွဲ့များရယ်လို့ ရှိလာခဲ့ရာ ၁၉၈၇ ခု၊ ဇွန်လတွင် (၁၂၄) ဖွဲ့ရှိကြောင်း မဆလ ပါတီမှတ်တမ်းများကဖော်ပြ၏။

(၄)

စာပေဟောပြောပွဲများလည်း ပြောင်းလဲလာလေပြီ။

ရသစာပေရေးသော စာရေးဆရာများသာမက စာပေလုပ်သားအဖွဲ့ဝင်များလည်း ပါဝင်ဟောပြော၏။ စာပေရေးရာများသာမက မဆလ သဘောတရားရေး တို့လည်းပါလာပြီ။ ပညာပေး စာပေများ ခေတ်စားချိန်မို့ မဆလ စည်းရုံးရေး ဟောပြောပွဲများဖြစ်လာ၏။ ဝေါဟာရ အသစ်များ ထွန်ကားလာသော မဆလ ခေတ်တွင် လူမှန်နေရာမှန် ဟူသောစကားသည် လူပြောများပါဘိ။

 စာပေဟောပြောပွဲများတွင်မူ ပြောင်းပြန်လာဖြစ်နေ၏။

တစတစနှင့် လွတ်လပ်စွာ စင်မြင့်ပေါ်တက်ဟောကြလေပြီ။ စာပေဟောပြောပွဲများကို ပါတီ၏ ဦးဆောင်မှု၊ ကောင်စီ၏ ကြီးကြပ်မှုနှင့် ကျင်းပကြရမြဲမို့ စာပေဟောပြောပွဲ နားထောင်ချင်သော စာပေ၀ါသနာရှင်ထက် ပါတီစည်းရုံးရေးသဘောအရ ပရိသတ်စည်ကးဖို့ လုပ်ဆောင်ကြရ၏။ သည်လိုနှင့် တီးဝိုင်းတို့ဘာတို့နှင့် တွဲသည့်နေရာတွင် တွဲလာကြသည်။

 ဟောပြောပွဲလည်း နားထောင်--သီချင်းလည်းနားထောင်ပေါ့။

 မြန်မာ့အသံမှ အသံလွှင့်သမား၊ ဘောလုံးပွဲများမှ လက်တန်းတိုက်ရိုက်အသံလွှင့်သူ စာရေးဆရာ မောင်အောင်မွန်သည် စာပေလုပ်သားအဖွဲ့ဝင်မဟုတ်။ စာပေဟောပြောပွဲများကိုတော့ နားထောင်လေ့ရှိ၏။ မိမိကြိုက်သော စာရေးဆရာဆို လိုက်နားထောင်၏။

သည်လိုမောင်အောင်မွန်အား အဘယ်သို့သောသူက ကန်တော့ပါမည်နည်း။

(၅)

ကန်တော့ခံအဖြစ် ရောက်စေသည့် ကနဦးကျေးဇူးရှင်က အထောက်တော်လှအောင်ပါ၊ စာစောင်မထုတ် အယ်ဒီတာမလုပ်ရလျှင် အိပ်မပျော် စားမ၀င် အရက်ပင်ဝမ်းတွင်းသို့ ဖြောင့်ဖြောင့်မျိုချ၍ မရထင်ရဲ့၊ ထုတ်ဝေခွင့်ငှါးကာ သောင်းပြောင်းထွေလာထုတ်၏။ မောင်အောင်မွန်လည်း ၀တ္ထုတိုလေးတွေ ၀င်ရေးရင်း သူ၏၀ိုင်းထဲရောက်နှင့် ဆရာစိန်ခင်မောင်ရီကိုသိလိုက်၏။

ဆရာစိန်ခင်မောင်ရီက နာမည်ကျော် ရုပ်ရှင်ဝေဖန်ရေး ဆရာကြီး။

 ကြေးမုံသတင်းစာမှာ ကတည်းက လက်သံပြောင်လွန်း၍ မခံနိုင်သူတို့ သတင်းစာတိုက်ပေါ် လာတက်ရိုက်ကြသည့် ဖြစ်ရပ်ပင်ရှိဖူးသည်။ ထိုအချိန် စိန်ခင်မောင်ရီ ကြေးမုံသတင်းစာတိုက်မှာ ရှိမနေလို့၊ မဟုတ်ပါက နတ်ပြည်ရောက် နတ်သမီးတဖက် ၅၀၀ စီနှင့် ဇိမ်ကျနေပေလိမ့်မည်။ သောင်ပြောင်းထွေလာ ထုတ်ဝေရာသို့ ပါလာမည်မဟုတ်။

သူ့ဝေဖန်ချက်တခုလည်း မြည်းစမ်းကြည့်ပါ။

ဇာတ်ကား၏ အဓိဇာတ်ဆောင် မင်းသမီးသည် မယ်ဘွဲ့ရထားသူမို့ ကိုယ်လုံးကိုယ်ပေါက် အထူးလှပပြီး ပေါ်လွင်အောင်လည်း ဒါရိုက်တာက ရေကူးဝတ်စုံဝတ်စေသည်။ သို့သော်လည်း မင်းသမီးခမျာ ရေမကူးတတ်ရှာ၍ သောင်ပြင်မှာ ဟိုလျှောက်ပြေး ဒီလျှောက်ပြေးသာ လုပ်ပြရရှာ၏။

ယခု သောင်းပြောင်းထွေလာ တွင်လည်း ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ကြပါခင်ဗျာ --စိန်ခင်မောင်ရီ----အခန်းကနေ ရေးပြန်သည်။ စာဖတ်ပရိသတ်က ကြိုက်-- ရုပ်ရှင်သမားများက ကြောက်ကြပေါ့။ ကာတွန်းငွေကြည်က သရုပ်ပေါ်အောင် ခေါင်းစီးပုံဆွဲပေးသည်။

(၆)

ကျွန်တော့်အား ချစ်သော ဆရာစိန်ခင်မောင်ရီနှင့် ကွဲသွားခဲ့ကြ၏။

သို့သော်လည်း နှစ်အနည်းငယ်ကြာသောအခါ ကျွန်တော်ပြောင်းလာသည့် ၀ဂ္ဂီက ဆရာနေသော ရှောက်ပင်ခြံနှင့် ကပ်လျက်မို့ မကြာခဏဆုံသည်။ ပိုမိုခင်မင်ရင်းနှီးလာကြပြီ။ မဆလ နေညိုချိန်ကာလ လူ ၃ ယောက်ဆို လွတ်လပ်စွာ စကားမပြောရဲကြ။ ၂ ယောက်သား ယုံကြည်စိတ်ချရသူချင်းဆိုမှသာ ပြောလို့ရမည်။ ထို့ကြောင့် သူလာခေါ်လေပြီ။

တိုက်ပုံဝတ်ခဲ့ပါဆို၍ ၀တ်ပြီးလိုက်ခဲ့၏။

စာပေဟောပြောပွဲသို့ မရောက်သေး ပရိသတ်၏ သြဘာသံ လက်ခေါက်မှုတ်သံများ ကြားနေရပြီ။ စင်ပေါ်မှဟောပြောနေသူက မိန်းမချောလေး ၊ လူအုပ်ကြားရပ်ပြီး ဆရာစိန်ခင်မောင်ရီ နောက်ပုံက ကိုအောင်မွန် ခင်ဗျားက မျက်စိကောင်းတော့ ကြည့်စမ်းပါ--ဒဂုန်ခင်ခင်လေး၊ ဂျာနယ်ကျော် မမလေးလား၊ ခင်နှင်းယုလားတဲ့။

ဒါရိုက်တာနှင့် အကြောင်းအပေါင်းသင့်၍ ရုပ်ရှင်ထဲပါဖူးအမျိုးသမီးလေးမို့ ကျွန်တော်က လှိုင်ထိပ်ခေါင်တင်ဖြစ်လိမ့်မယ် ဟုပြန်ဖြေလိုက်၏။ ခုလည်း စာပေလုပ်သားအဖွဲ့နှင့် အဆင်ပြေ၍ တက်ဟောနေဆိုပဲ။ စိန်ခင်မောင်ရီ ၀င်လာသည်ကိုမြင်တော့ရပ်သွားပြီး 'ဆရာ"ဟုအော်လိုက်ပြီးနောက် လက်အုပ်ချီလိုက်၏။

 ရှေ့တန်းတွင် စိန်ခင်မောင်ရီဘေးက ကျွန်တော်လည်း ခပ်ကျုံ့ကျုံ့လေးဝင်ထိုင်ကြချိန်-- ကန်တော့ဆရာ-ဆရာ့ကိုကန်တော့ပါတယ်တဲ့၊ ပရိသတ်ကမူ ဘာမှန်းမသိ၍ မင်းသားကိုမျှော်ပုံလေး ပြန်လုပ်ပြဟု တောင်းဆိုကြ၏။ အမူအရာနှင့် သီချင်း ဒီဘက်ကိုလှည့်ဆိုပြပါ စသဖြင့် အော်ဟစ်နေကြ၏။
အိပ်မက်ထဲ မင်းသားနဲ့ချစ်ပုံ ပြန်လုပ်ပြပါ-ဟုအော်လိုက်ရာ--ဟုတ်တယ်-ဟုတ်တယ် စသဖြင့်ညံနေ၏။

ရုပ်ရှင်ဝေဖန်ရေးဆရာကြီး စိန်ခင်ရီဆိုတော့ မကြောက်ဘယ်သူနေမည်နည်း။

 ဟောပါ--ဆက်ဟောပါ--အမူအယာ ထပ်လုပ်ပြပါဦး စသဖြင့် အော်ဟစ်တောင်းဆိုနေကြပြန်ပြီ။

ခမျာတုန်ချိစွာ ဆရာ လာမယ်ဆိုတာမသိလို့ပါ--ပြောရင်း လက်အုပ်ချီကာ စင်ပ်ါဟိုဘက်ပြေး ဒီဘက်ပြေးနှင့်--နောက်ဆုံး ကျွန်တော်တို့ နှစ်ယောက်ရှေ့ ပုဆစ်တုပ်ကာ ဦးသုံးကြိမ်ချစဉ် ကျွန်တော်လည်း ခါးဆန့် ရင်ကော့ ခေါင်းမော့ထားလိုက်၏။

 လက်အုပ်ချီလျက်နှင့်ပင် ရုပ်ရှင်ဇာတ်ပို့မလေး စာပေဟောပြောပွဲစင်ပေါ်က ဆင်းပြေးသွားသည်။

(၇)

 ဟောပြောပွဲအပြီး အပြန်တွင် စိန်ခင်မောင်ရီက ကိုအောင်မွန် ခင်ဗျား ခုလိုကန်တော့ခံဖူးလားဟု မေးရာ ဟာ ကျားသားမိုကြိုးဟူ၍ ပြန်ဖြေလိုက်၏။ ဒါဖြင့် စာရေးဆရာ မောင်အောင်မွန်အဖို့ ဘ၀မှတ်တိုင်ပေါ့၊ ဒါ့ကြောင့် တိုက်ပုံဝတ်လာခိုင်းတာ စသဖြင့်ပြောလာရင်း--ဘတ်စ်ကားမှတ်တိုင်ရောက်လာ၏။

ကွမ်းယာဆိုင်ရှေ့ ရောက်လာကြပြီ။

ကျုပ်ကြောင့် ခုလိုကန်တော့ခံရတာမို့ ကျေးဇူးဆပ်ရမယ်-- ဒူးယားတလိပ်ဝယ်ပြီး မေးငေါ့ပြ၍ ကျွန်တော်လည်း စီးကရက်ဖိုးရှင်းလိုက်ရသည်။ ဟိုတုန်းကလို စာပေဟောပြောပွဲ၌ စာရေးဆရာများကသာလျှင် ဟောာကပါက မောင်အောင်မွန်ဝေးလို့ စလေဦးပုံည လာနာထောင်လည်း ကန်တော့ခံရမည်မဟုတ်ဟု တွေးမိကြောင်းပါ။

၂၀၁၇ ခု၊ဒီဇင်ဘာလ(၈) ရက်နေ့။
↧

စိုးခိုင်ညိန်း - ဒီဇင်ဘာ

$
0
0
ဒီဇင်ဘာ 
စိုးခိုင်ညိန်း
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၇

ငါ လှမ်းကြည့်လိုက်တော့ 
ဖုန်တထောင်းထောင်းနဲ့ ထွက်ပြေးသွားတဲ့ 
လှည်းလမ်းကြောင်းရဲ့ အမြီးပိုင်းကိုပဲ မြင်ရတော့တယ်
အခိုးထွက်မလားလို့ ဟားဆိုပြီး ပါးစပ်ကနေ မှုတ်ထုတ်လိုက်တာ
သစ်ရွက်တွေပဲ တဖွဲဖွဲ ကြွေကျလာတယ်
ဥသြသံက နေလုံးကြီး နီရဲနေသည်အထိ အဆက်မပြတ်အော်နေတယ်
နီရဲနေတဲ့ လက်ပံပင်အောက်က ရေအိုးစင်လေးထဲက ရေတခွက်သောက်ရဖို့ 
ပေသုံးရာကျော်လောက်နက်တဲ့ တွင်းထဲကနေ ကုပ်ကပ်တက်ခဲ့ရတယ်
စိန်ပန်းတွေရဲ့ မခံမရပ်နိုင် တောက်လောင်နေမှုဟာ
ကတ္တရာလမ်းမတွေပေါ် အရည်ပျော်ကျလို့ 
အမောတကောပြေးဝင်လာတဲ့ လေဟာ 
ခန္ဓာကိုယ်ပေါ်က ချွေးစေးတွေနဲ့ ပိတ်မိနေတယ်
အဲဒီ အန္တရာယ် အထပ်ထပ် အသွယ်သွယ်ကြားကနေ
ငါ ထုတ်ပိုးပြီး ဖွက်ယူလာခဲ့တဲ့ နှင်းတွေကို 
ဒီဇင်ဘာထဲ ရောက်တာနဲ့ ဖွင့်ပြီး လွှတ်ပေးလိုက်တယ်
အခုတော့ နှင်းတွေဟာ မြက်ပင်နဲ့ ပန်းပွင့်တွေကြား ပြေးလွှား ဆော့ကစားလို့
အဲဒါကို နေရောင်ခြည်က လက်ပိုက်ပြီး ပြုံးကြည့်နေလေရဲ့။။

စိုးခိုင်ညိန်း 
(1, 12, 2017)
↧
↧

မျက်မြင်သက်သေမရှိသော လူသတ်မှုအား တရားခံ၏ဖြောင့်ချက်တစ်ခုတည်းဖြင့် ရုံးတင်တော့မည်

$
0
0


မျက်မြင်သက်သေမရှိသော လူသတ်မှုအား တရားခံ၏ဖြောင့်ချက်တစ်ခုတည်းဖြင့် ရုံးတင်တော့မည်
(မိုးမခအထောက်တော်၊ လှိုင်မြို့နယ်) ဒီဇင်ဘာ ၉ ၊ ၂၀၁၇

လှိုင်သီရိအိမ်ရာတွင်ဖြစ်ပွားခဲ့သော ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီး ၃ ဦး အား ရက်စက်စွာ သတ်ဖြတ်ခဲ့သော လူသတ်မှုအတွက် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထားသည့်တရားခံ ၏ဖြောင့်ချက်အပေါ်တွင်မူတည်၍ ရုံးတင်တရားစွဲဆိုတော့မည်ဖြစ်သည်။ ၎င်းအမှုနှင့်ပတ်သက်၍ နောက်ဆက်တွဲ ဖမ်းဆီးမှုအဖြစ် အခင်းဖြစ်နေအိမ်မှယူဆောင်လာခဲ့သော လက်ဝတ်လက်စားများအားလက်ခံထား သည့် ဇနီးနှင့် မိခင်တို့ကိုပါ တစ်ပါတည်းရုံးတင်မည်ဖြစ်သည်။ ဖြောင့်ချက်ပေးခဲ့သူမှာ Stay A While စား သောက်ဆိုင်တွင် Bar Man အဖြစ်အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ သေဆုံးသူများအနက် ဒေါ်ကေသီလှိုင် မှာ စားသောက်ဆိုင်မန်နေဂျာဖြစ်ပြီး၊ မအေးမာဦးမှာ ဆိုင်၏စာရင်းကိုင်တစ်ဦးဖြစ်ကြောင်းသိရပြီး အသတ်ခံ ရာတွင်ပါခဲ့သူ အသက် ၉နှစ်အရွယ် ဒေါ်ကေသီလှိုင်သမီးငယ်မှာ အထက (၁) ဒဂုံ တတိယတန်းကျောင်း သူဖြစ်သည်။ အဆိုပါစားသောက်ဆိုင်မှာ လှိုင်တက္ကသိုလ်နယ်မြေအနီး မင်းလမ်းရခိုင်မုန့်တီဆိုင်၏ ကပ်ရက် တွင် ဖွင့်လှစ်ခဲ့သော Stay A While စားသောက်ဆိုင်ဖြစ်ကြောင်းသိရ ကာ ယခုနှစ်ဆန်းတွင်မှ ဆိုင်ပိတ်၍ တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်း၊ အမှတ် ၂၅ (ဂ) ပေါ်တွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် ပြင်ဆင်နေဆဲ ဖြစ်ကြောင်းသိရသည်။

နိုဝင်ဘာ ၁၅ ရက်နေ့တွင် အပြင်မှသော့ခတ်ပိတ်ထားသော လှိုင်သီရိအိမ်ရာအခန်းအမှတ် ၅၀၃ မှအဝါရောင်အရည်များစီးကျ၍ အပုတ်နံ့များထွက်နေသောကြောင့် ရဲတပ်ဖွဲ့အားတိုင်ကြားခဲ့ရာမှ ည ပိုင်းတွင် သော့ဖျက်ဝင် ရောက်ကြည့်ရှူ့ရာ သေဆုံးနေသော ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးသမီး ၃ ဦး၏အလောင်းများ ကိုတွေ့ရှိရခြင်းဖြစ်သည်။ အမျိုးသမီးများအားလုံး ညအိပ်အဝတ်အစားများဝတ် ဆင်လျှက် ဓားဒဏ်ရာများဖြင့်သေဆုံးနေပြီး သွေးစွန်းနေသော အသားခုတ်ဓားမကြီးတစ်ချောင်းကို လက်ဆေးဘေစင်တွင်ချထားသည်ကိုတွေ့ရသဖြင့် ရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးမှုများ အမြန်ဆုံးဆောင်ရွက်ခဲ့သည်။ သေဆုံးသူများမှာ Stay A While စားသောက်ဆိုင်နှင့် ပတ်သက်သူများဖြစ်ကြောင်းသိရှိရသဖြင့် ဆိုင်လိပ်စာ အားရှာဖွေစုံစမ်းနေဆဲမှာပင် သေဆုံးသူနှင့် ရင်းနှီးသောအိမ်နီးချင်းတစ်ဦးက ဆိုင်ကို သိရှိကြောင်းပြောကာ သူ၏ကားဖြင့်ဆိုင်ဝန်ထမ်းများအား ချက်ချင်းသွားရောက်ခေါ်ယူကာ လှိုင်မြို့မရဲစခန်းသို့ပို့ပေးခဲ့ခြင်းဖြစ် ကြောင်း ခေါ်ဆောင်ပေးခဲသူ ကာယကံရှင်ကိုယ်တိုင် ရဲတပ်ဖွဲ့၏မှုခင်းသတင်းထုတ်ပြန်ချက်များရေးသားရာ Yangon Police ၏ FB တွင်ပြန်လှန်ရေးသားခဲ့သဖြင့် သိရှိရသည်။

ဆိုင်တွင် အလုပ်လုပ်သူများအား ရဲတပ်ဖွဲ့မှစစ်ဆေးမှုမေးမြန်းမှုများပြုလုပ်ခဲ့ရာ လက်ဖဝါး ၂ ဖက်တွင်ဒဏ်ရာများရရှိထားသော ဇွဲလင်းထက်၏ ကွဲပြားခြားနားသည့်ထွက်ဆိုချက်များကြောင့် ယာဉ်ထိန်း အချက်ပြ CCTV မှတ်တမ်းနှင့်တိုက်ဆိုင်စစ်ဆေးရာ မူမမှန်ကြောင်းသိရဖြင့် ဒုတိယအကြိမ်ပြန်လည် စစ်ဆေးသောအခါတွင်  ဇွဲလင်းထက်က "သူကိုယ်တိုင်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တစ်ဦးတည်းကျူးလွန်ခဲ့ ကြောင်းဝန်ခံထွက်ဆိုသဖြင့်” တရားခံအား လူသတ်မှုအကြောင်းသိသိချင်း ၃ နာရီအတွင်းဖော်ထုတ်နိုင် ခဲ့သည်။ ထိုအကြောင်းကို ရဲတပ်ဖွဲ့၏ FB စာမျက်နှာတွင် နိုဝင်ဘာ ၁၆ ရက် မနက်လင်းအားကြီးအချိန် မှာပင် ရေးသားသတင်းထုတ်ပြန်ခဲ့တာကို တွေ့ရသည်။ သို့သော်ထိုသတင်းနှင့်တွဲရက် ဓာတ်ပုံများကို ဖော်ပြရာတွင် တရားခံ၏ဇနီးဖြစ်သူ မခင်ခင်ဖြိုး၏ ပိုက်ဆံအိတ်အတွင်းမှ သေဆုံးသူ၏ လက်ဝတ်လက် စားအချို့နှင့်အတူ ကား သော့နှင့် အိမ်သော့ ၂ စုံကိုပါ သိမ်းဆည်းရမိသည်ကိုတွေ့ရသည်။

မျက်မြင်သက်သေမရှိသော လူသတ်မှုအတွက် တရားခံတစ်ဦးတည်း၏ဖြောင့်ချက်အပေါ် တွင်အတည်ပြု၍ လူသတ်မှု၊ လုယက်မှုအဖြစ်ပုဒ်မတပ်ကာ သတင်းထုတ်ပြန်ခဲ့သည်။ နိုဝင် ဘာ ၉ ရက်နေ့ နံနက်စောစောတွင် လစာတိုးပေးရန်အတွက် မန်နေဂျာအမျိုးသမီးဖြစ်သူထံ အိမ်အထိ လာရောက်တောင်း ဆိုခဲ့ပြီး လစာတိုးမပေးသဖြင့်လက်သီးဖြင့် ထိုးရာ မန်နေဂျာအမျိုးသမီးက အိပ်ခန်းအတွင်းမှ ဓားယူ၍ ရန်ပြုခဲ့ သည်ဟုဆိုပါသည်။ တရားခံက ဓားကိုလုယူရာမှ ထိုးမိသေဆုံးသွားကြောင်း၊ မန်နေဂျာအိမ်တွင် ထိုညက အဖော်လုပ်ညအိပ်ပေးနေသော လုပ်ဖော်ကိုင်ကိုင်ဖက်ဝန်ထမ်းအမျိုးသမီးနှင့် ၉ နှစ်အရွယ်သမီးငယ်တို့ကပါ ဝင်ဆွဲသဖြင့် သတ်မိသည်ဟုဆိုပါသည်။

မျက်မြင်သက်သေမရှိသော လူသတ်မှုအတွက် ပြီးပြည့်စုံသောစုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခြင်းမရှိကြောင်း သေဆုံးသူ၏ခင်ပွန်းဖြစ်သူက ပြောဆိုသည်။

"ကျွန်တော့်ဇနီးဟာ သာမန်အမျိုးသမီးတွေထက် အရပ်အမောင်းရော ကိုယ်ခန္ဓာပါ ထွားကြိုင်းသန်မာသူပါ။ ခွန်အားလည်းကြီးပြီး လက်မြန်ခြေမြန်သွက်သွက်လက်လက်လှုပ်ရှားတတ်သူဖြစ်ပါတယ်။ ကျွန်တော်ဇနီးကို မြင်ဖူးတွေ့ဖူးသူတိုင်း ဒီအကြောင်းကိုသိပါတယ်။ ကျွန်တော်တို့မိသားစုက အေးချမ်းစွာနေထိုင်တဲ့သူတွေပါ။ အိပ်ခန်းထဲမှာဓားဆောင်လေ့မရှိသလို အိမ်မှာလည်း မီးဖိုချောင်သုံးဓားကလွဲလို့ လူသတ်သမားဝန်ခံထားတဲ့ ဓားတွေမရှိပါဘူး။”

“လူသတ်သမားက မီးဖိုချောင်ကအသားခုတ်စတီးဓားလို့ ချန်ထားရစ်တဲ့ဓားကိုပြောပေမယ့် အဲဒီဓားက အိမ် သုံးစတီးဓားမဟုတ်ပါဘူး။ အိမ်မှာအဲဒီလိုဓားမျိုး လုံးဝမရှိပါဘူး။ စားသောက်ဆိုင်နဲ့ ဈေးထဲကအသားရောင်း တဲ့ဆိုင်တွေမှာသုံးတဲ့ အရိုးကိုပါပြတ်အောင်ခုတ်နိုင်တဲ့ ဓားမအကြီးစားကြီးဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာဘယ် အိမ်မှာမှ အဲဒီလိုဓားမျိုးကို ဆောင်ထားမှာမဟုတ်ပါဘူး။ ဆိုင်မှာအသားဝယ်တဲ့အခါ တစ်ခါတည်း ခုတ်ထစ်ပြီး အသင့်ချက်ရုံ၊ ရေခဲသေတ္တာထဲထည့်ရုံ အနေအထားလုပ်ပေးလိုက်တာချည်းပါပဲ။ ရန်ကုန်မှာနေတဲ့သူတိုင်း အလွယ်တကူသိနိုင်တဲ့ကိစ္စပါ။”
“ဒီထက်ပိုပြီးအရေးကြီးတာက လူသတ်ရာမှာသုံးတဲ့ဓားကို ချောင်းထဲလွှင့်ပစ်လိုက်တယ်လို့နေရာ အတိ အကျ ပြပေမဲ့ ဓားကိုခုထက်ထိ ရေငုပ်ရှာနေတာမတွေ့ရသေးဘူးလို့ သိရပါတယ်။ ကျွန်တော့ဇနီးလက်ထဲ မှာ ဒီလိုဓားမျိုးသာရှိခဲ့ရင် သူ့တစ်ဝက်လောက်ပဲရှိတဲ့ လူသတ်သမားပဲ ဒဏ်ရာအကြီးအကျယ်ရသွားမှာပါ။ လူသတ်တယ်လို့ဝန်ခံထားတဲ့ သူရဲ့အကြောင်းကိုလည်း ဆိုင်ကဝန်ထမ်းတွေကောင်းကောင်းသိပါတယ်။ အလွန်ကြောက်တတ်တဲ့ လူစားမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလူသတ်ဓားတွေနဲ့ပတ်သက်တဲ့ ဖြောင့်ချက် ကိုအလွယ်တကူ ယုံကြည်နိုင်ဖို့ခက်ခဲပါတယ်။”

“ဓား ၂ လက်နဲ့ လူတစ်ယောက်က မိန်းမ ၃ ယောက်ကို ရုံးရင်းဆန်ခတ်မဖြစ်ဘဲ အိမ်နီးချင်းတွေသတိမထား မိအောင် သတ်ဖို့မလွယ်ပါဘူး။ လူသတ်တဲ့အချိန်က မနက် ၇ နာရီဝန်းကျင်ပေမယ့် တိုက်လှေခါးက အိမ် တွေအားလုံး နိုးနေကြပါပြီ။ ကျွန်တော်တို့အိမ်ရာမှာ တိုက်လှေခါးကိုအလယ်ခေါင်မှာထည့်သွင်းထားပြီး လှေခါးပတ်လည်မှာ အိမ်ခန်း ၄ ခန်းရှိပါတယ်။ ၆ ထပ်ဆိုတော့စုစုပေါင်း ၂၄ ခန်းပေါ့။ လူမနေတဲ့အခန်းရယ် အခင်းဖြစ်အခန်းနဲ့ကပ်ရက် သံပန်းတံခါးတစ်ခုတည်း ကျွန်တော်အဖေနေတဲ့အခန်းရယ်ကိုဖယ်လိုက်ရင် အခန်းနီးချင်း၊ လှေခါးတူ အခန်းပေါင်း ၂ဝ ရှိပါတယ်။ အပေါ်ဆုံးထပ်ကနေပြန်ဆင်းရင်တောင် အခန်းပေါင်း ၂ဝ ရဲ့တံခါးတွေရှေ့ကနေဖြတ်သွားရမှာပါ။”

“စုစုပေါင်းတိုက် ၅ လုံးပဲရှိတဲ့ အိမ်ရာလုံခြုံရေးအတွက် အုတ်တံတိုင်းကာ သံဆူးကြိုးတပ်ထားတဲ့အပြင် ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ကားအဝင် အထွက်လမ်းတိုင်းမှာ လုံခြုံရေးဂိတ်နဲ့ အစောင့်ကင်းတဲ ၃ လုံးရှိတဲ့အတွက် လုံခြုံရေးကောင်းတဲ့အိမ်ရာလို့တောင်ပြောနိုင်ပါတယ်။ ကြိုတင်မကြံစည်ဘဲနဲ့ လူမသိ အောင် ကျွန်တော့မိသားစုကိုမသတ်နိုင်ပါဘူး။”

“မနက်အစောကြီးလာပြီး လခတိုးတောင်းတာမရလို့ မန်နေဂျာကို ဘားမင်းကသတ်ပစ်လိုက်တယ်ဆိုတာ ထောင်ကျမယ်ဆိုတာ သိရက်နဲ့ ယုံတမ်းစကားကိုတရားသူကြီးရှေ့ တရားဝင်အောင်ပြောတာနဲ့တူပါတယ်။ မျက်မြင်သက်သေမရှိတာကို အခွင့်ကောင်းယူ လူသတ်လက်နက်ကိုဖျောက်ပြီး ပြောချင်တာကို ထပ်တူကျ အောင် ၂ ကြိမ်လောက်ပြောလိုက်တာနဲ့ သူတစ်ယောက်တည်းက သတ်တာဆိုပြီး ရုံးတင်တရားစွဲတာမျိုးကို ကျွန် တော်တို့ကလက်ခံလိုက်မယ်ဆိုရင် လူမမြင်အောင်သတ်ပြီး တရားခံအစားထိုးတဲ့ လက်မဲကြီးခေတ်ကို အားပေးအားမြောက်ပြုရာကျတော့မှာပေါ့။”

“လူသတ်သမားတစ်ယောက်တည်းမဟုတ်ဆိုတာ သေသေသပ်သပ်လုပ်သွားတဲ့အချက်တွေရယ် ယုတ္တိ မတန် မူမမှန်တဲ့ဖြောင့်ချက်ရယ်ကို ဆက်စပ်စဉ်းစားတာနဲ့တင်ပေါ်လွင်နေတယ်။ တရားခံလို့ဝန်ခံလိုက်တာ နဲ့ အချက်အလက်တွေထပ်မရှာတော့ဘဲ ၃ နာရီအတွင်းတရားခံကိုမိပြီလို့ အများပြည်သူကိုသတင်းထုတ် ပြန်ခဲ့တဲ့အတွက် ကာယကံရှင်မိသားစုဖက်က အလွန်စိတ်ဓာတ်ကျခဲ့ပါတယ်။ ခုတော့ ဒီပုံစံအတိုင်းပဲ ၃ နာရီ စာအချက်အလက်နဲ့တင် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရုံးတင်စစ်ဆေးတော့မယ်လို့ တာဝန်ရှိသူတွေကပြောတဲ့ အတွက် တရားဥပဒေစိုးမိုးရေးကို အပြည့်အဝအကောင်အထည်ဖော်နိုင်ဖို့ ချိနဲ့နဲ့ဖြောင့်ချက်ကို မျက်မြင် သက်သေမပါဘဲ အားကိုးရမလိုဖြစ်နေပါပြီ။ ဘယ်လိုမှလက်မခံနိုင်ပါဘူး။”
“လူယုံသတ်လို့သေရတဲ့ ကျွန်တော့မိသားစုကို မပြည့်စုံတဲ့ဖြောင့်ချက်နဲ့ နောက်တစ်ခေါက်ထပ်ပြန်မသတ်ဖို့ တောင်းဆိုပါတယ်"ဟုသူကပြောဆိုခဲ့ပါသည်။

ဖြောင့်ချက်ပေးထားသူတရားခံ၏လက်ဝယ်တွင် Toyota Wish အမျိုးအစားကားသော့နှင့် အတူ ၎င်း၏ဇနီးထံမှ Toyota RAV-4 ကားသော့ကိုလည်း သိမ်းဆည်းရမိသည်ဟု ကနဦးသတင်းထုတ်ပြန် ချက်တွင် သိရှိရသည်။ ၎င်း၏ဇနီး မခင်ခင်ဖြိုးမှာလည်း Stay A While စားသောက်ဆိုင်ဝန်ထမ်း ဝိတ်တာ တစ်ဦးဖြစ်ပြီး ဆိုင်အဟောင်းမပိတ်မီကပင် အလုပ်ထွက်သွားသူဖြစ်ကြောင်းသိရကာ အခင်းမဖြစ်မီလပိုင်း အလိုကမှ ဆိုင်နေရာအသစ်တွင်ပြန်လည်အလုပ်-လုပ်လိုသည်ဟု ပြောသဖြင့် ခန့်ထားကြောင်းသိရသည်။

စားသောက်ဆိုင်မှာ အချောသပ်ပြင်ဆင်ဆဲကာလဖြစ်ပြီး မကြာမီဖွင့်လှစ်နိုင်ရန်အတွက် ဝန်ထမ်းသစ်များခေါ်ယူနေချိန်ဖြစ်သည်။ မဖွင့်ရသေးသောဆိုင်တွင် မန်နေဂျာမပါ အမျိုးသမီးဝန်ထမ်း ၃ ဦးနှင့် ယောက်ျားလေးဝန်ထမ်း ၄ ဦးသာရှိပြီး ဆိုင်တွင် ကျားဆောင်၊ မဆောင်ခွဲ၍ ညအိပ်ရန်စီစဉ်ပေး ထားသလို ဝန်ထမ်းထမင်း၊ ဟင်းကိုပါချက်ပြုတ်ကျွေးမွေးသည်ဟုသိရသည်။ Toyota Wish အမျိုးအစား ကားအနက်ရောင်မှာ ဆိုင်ပိုင်ရှင်၏ကားဖြစ်ပြီး မန်နေဂျာက ဆိုင်အတွက်အသုံးပြုကာ ညဖက်တွင်အိမ်ရာ သို့မောင်းနှင် သိမ်းဆည်းလေ့ရှိသည်။ ဆိုင်သုံးရန်၊ ဈေးဝယ်ရန်၊ ဖယ်ရီပို့ရန်အတွက် သီးသန့်ကားတစ်စီး ရှိပြီး ယာဉ်မောင်းသပ်သပ်ထားရှိကြောင်း ဖြောင့်ချက်ပေးတရားခံဘားမင်းအား ကားမောင်းခွင့်မပေးသလို ၎င်းထံတွင်လိုင်စင်လည်းမရှိကြောင်းသိရသည်။

အသတ်ခံရသောမန်နေဂျာ၏ ကိုယ်ပိုင်ကား Toyota RAV-4 မှာအခင်းဖြစ်တိုက်ခန်း၏ လှေခါးအနီး အဝင်အတွက်လွယ်ကူသောနေရာမှာပင်ရပ်ထားပြီး ကားသော့ကိုသာ တရားခံကယူဆောင် လျှက် ဆိုင်ပိုင်ရှင်၏ကား Toyota Wish ကိုမောင်းနှင်ယူသွားခဲ့ခြင်းဖြစ်သည်။

တရားခံသည် အခင်းဖြစ် သည့် နိုဝင်ဘာ ၉ ရက်နေ့မှ ဖမ်းဆီးခံရသည့် နိုဝင်ဘာ ၁၅ ရက် နေ့ညအထိ ဟန်မပျက်ဆိုင်တွင်ဆက်လက် အလုပ်လုပ်မြဲဖြစ်ကြောင်းသိရကာ ရဲတပ်ဖွဲ့ကတိုက်ခန်းကို သော့ဖျက်ဝင်ရောက်နေကြောင်း လူသေအလောင်း ၃ လောင်းကိုတွေ့ရှိကြောင်း FB တွင် နိုဝင်ဘာ ၁၅ ရက်ညနေပိုင်းမှစ၍ သတင်းများအဆက်မပြတ်တက်နေသော်လည်း စိတ်ပူဟန်တစ်ချက်မှမပြဘဲ ရဲစခန်းသို့ အလွယ်တကူ လိုက်ပါလာခဲ့ကြောင်းသိရှိရသည်။ လက်ကဒဏ်ရာကိုလည်း လုပ်ဖော်ကိုင်ဖက်များအား မန်နေဂျာအားရန်ပြုသဖြင့် ဝင်ရောက်ကူညီရာမှ ရရှိခဲ့ကြောင်းပြောပြခဲ့သည်။

ဆိုင်မန်နေဂျာအပါအဝင် ဝန်ထမ်းအမျိုးသမီးတို့ ၂ ဦး တစ်ပတ်ကြာပျောက်ဆုံးနေသော် လည်း ဆိုင်ဝန်ထမ်း ၆ ဦးစလုံးက သက်ဆိုင်ရာမိသားစုဝင်များအားအကြောင်းကြားအသိပေးခြင်း တစ်စုံ တစ်ရာမပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး မိမိနေအိမ်အခန်း တွင်းမှာပင် အသတ်ခံရသောအမှုဖြစ်သောကြောင့် ပြည်သူအများစိတ်ဝင်စားသော်လည်း တရားခံအား ၃ နာရီအတွင်းဖမ်းမိကြောင်း ရဲတပ်ဖွဲ့၏ချက်ချင်းသတင်းထုတ်ပြန်မှုကြောင့် စိတ်သက်သာရာရခဲ့သည်။ သို့ သော်လည်း တရားခံ၏ဖြောင့်ချက်တစ်ခုတည်းအပေါ်တွင် အားပြုရေးသားခဲ့သဖြင့် ဘဝင်မကျသူအများ အပြားရှိနေသည်။ အမျိုးသမီးများအတွက် ယောက်ျားသားမရှိဘဲ အိမ်တွင်နေထိုင်ရန်လုံခြုံမရှိသလို ခံစား နေရချိန်တွင် ကလေးပါမကျန်သတ်ဖြတ်ခဲ့သော လူသတ်မှုအား အမှန်အတိုင်းပေါ်ပေါက်စေရန်အားထုတ် ပြီးမှ ဥပဒေ၏အဆုံးအဖြတ်ကိုခံယူသင့်ကြောင်း သေဆုံးသူများ၏မိသားစုဝင်တို့က လိုလားလျှက်ရှိသည်။

ရန်ကုန် ဒီဇင်ဘာ ၈ ရက် ၂ဝ၁၇
↧

ကာတွန်း ညီထွေး ● ကျားချင်းတူတယ်

$
0
0
 
ကာတွန်း ညီထွေး ● ကျားချင်းတူတယ်
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၇
↧

လင်းသက်ငြိမ် ● ရင်​ထဲ​မြွေ

$
0
0

လင်းသက်ငြိမ် ● ရင်​ထဲ​မြွေ
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၇

ဖမ်းဆုပ်​ရခက်​ခဲ​ မြွေတစ်​​ကောင်
ငါ့ရင်​ထဲသူ့ဖာသာဝင်​​နေသလိုလို
တစ်​စုံတစ်​​ယောက်​ကထည့်​​သွားသလိုလို
ကပွဲ​တွေမှာမ​ပျော်​ရွှင်​သူရင်​ထဲ​မြွေ
ဘုရားသခင်​ဆီသွားဖို့ငြင်းဆန်​သူရင်​ထဲ​မြွေ
အနမ်းသုံးဆယ့်​နှစ်​ပွင့်​မ​ခြွေချခဲ့ဖူးသူရင်​ထဲ​မြွေ
ပု​လွေသံမှာယိမ်းကခဲ့သူရင်​ထဲ​မြွေ
ဂီတသံဟာဓားသွားပဲ အဲ့ဒါငါ​ပြောတာပဲ ဆိုသူရင်​ထဲ​မြွေ
လူ့အဖွဲ့အစည်းဟာ ဂုဏ်​​ငွေ​ကြေးအခွင့်​အ​ရေး​တွေမှာ
သွက်​သွက်​ခါရူး​သွပ်​​နေကြပြီ
အိတ်​ကပ်​ထဲကပိုက်​ဆံဟာ လက်​နက်​ပဲ
အတုအ​ယောင်​​တွေနဲ့အမှန်​တရားဟာမြုံ​နေတဲ့မိန်းမ
နို့ပိန်​က​လေးမှာရမ္မက်​စိတ်​ဖြစ်​ထွန်း​နေရတဲ့
အ​ခြေခံလူတန်းစားရဲ့ည
ချဉ်​​နေတဲ့အမှိုက်​ပုံးထဲကနို့ဆီဗူးကို
သူ​တောင်းစားက​လေး ​ကောက်​သွားပြီ
လူနားမလည်​တဲ့ ဘာသာ​ဗေဒ​တွေနဲ့
ကိုယ့်​တံဆိပ်​ကိုယ်​တပ်​ရင်း ပညာရှိများရူးကြ
စလင်းဘက်​ထဲကွန်​ဒုံး​တွေထည့်​ပြီး
ခြောက်​ကပ်​ကပ်​ရယ်​​မော​နေတဲ့
ပြည့်​တန်​ဆာလို မိတ်​ကပ်​အ​ဖွေးသားနဲ့တက်​ကျမ်းများ
တကယ့်​ဘဝဟာငရဲဖြစ်​ပြီး
စိတ်​ကူးယဉ်​ခြင်းဟာ အပြာကားကြည့်​ခြင်းပဲ
အရူးဟာ လမ်းထိပ်​မှာလာသမျှလူတိုင်းကို
လက်​ညိုးထိုးပြီး အရူး အရူးလို့​အော်​​နေတယ်
လမ်း​ဘေးမှာလဲ​နေသူကိုတွဲ​ခေါ်ဖို့
သူ့​နောက်​ပါအ​နေအထားကိုကြည့်​ပါတဲ့လား
စိတ်​ဓာတ်​​တွေ​လေဖြတ်​​နေတဲ့​လောက
ရင်​ထဲ​မြွေဟာ ငါ့ဦး​နှောက်​အခန်းထဲကူးသွားတယ်
ငါ့ဦး​နှောက်​အခန်းထဲက​နေ
ငါ့နှလုံးသားဆီကူးသွားပြီး ကိုက်​ဖြတ်​ပစ်​လိုက်​တဲ့ ရင်​ထဲ​​မြွေ
မေ့​ဆေးဟာ ဒဏ်​ရာ​တွေထဲကလွတ်​​မြောက်​ရာ
ခြေ​ထောက်​​တွေမရှိ​တော့ ဖိနပ်​ဖိုးသက်​သာတာ​ပေါ့
ငါ့အိပ်​ယာ​ပေါ်မှာ​ ခွေ​နေရင်း ငါ​တွေး​နေမိတယ်​။

လင်းသက်​ငြိမ်
↧
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>