Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ကာတွန်း ရွှေဘို ● မအကြပါနဲ့ ... မအကြပါနဲ့ ...

$
0
0

ကာတွန်း ရွှေဘို ● မအကြပါနဲ့ ... မအကြပါနဲ့ ...
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၇

ကိုသန်းလွင် ● အိန္ဒိယမှ ဒီဂျီတယ်အိုင်ဒီ

$
0
0
ကိုသန်းလွင် ● အိန္ဒိယမှ ဒီဂျီတယ်အိုင်ဒီ
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂ဝ၁၇

(၁)
ကျနော်တို့သည် ဗုဒ္ဓဂါယာမြို့သို့ ဘုရားဖူးရောက်ရှိနေကြခြင်းဖြစ်ပါသည်။ ကျနော်တို့ သတိထားမိသည်မှာ ကျနော်တို့ ကား ဒရိုက်ဘာသည် စစ်ဆေးရေးဂိတ်တခုကိုဖြတ်တိုင်း ဂဏန်းတွဲတခုကို ရွတ်ဆိုပြနေသည်။ ပထမတော့ ဘာမှန်းမသိရ၊ နောက်မှ တဖြေးဖြေးရင်းနှီးလာမှ မေးကြည့်ရပါသည်။ သူသည် သူ၏ အိုင်ဒီအမှတ် စဉ် ID (Indentification Card) အဖြစ် ၎င်း၏ ၁၂ လုံးပါ အမှတ်စဉ်ကို ရွတ်ပြနေခြင်းဖြစ်သည်။ ထိုဂဏန်းတွဲ အမှတ်စဉ်မှာ အိန္ဒိယနိုင်ငံ၌ အလွန်အသုံးဝင်သည်။ စစ်ဆေးသူအဖို့ ဘာကိုစစ်ဆေးရန်အတွက် ဘာတွေလုပ်မည်ကိုမသိရ၊ ထိုအမှတ်စဉ်ကို ရွတ်လိုက်သည်နှင့်ကိစ္စ ပြီးတော့ သည်။

(၂)
အိန္ဒိယသည် တရုတ်ပြည်ကို အမီလိုက်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ သူသည် မိမိ၏ စီးပွားရေးအဆောက်အဦတခုလုံးနှင့် “ပါဝါဂရစ်” (Power Grid) ကို ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲနိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။

တရုတ်ပြည်တွင် ငွေကြေး မပါဘဲ (Cashless System) အရောင်းအဝယ် ဖြစ်ရန်စီစဉ် နေကြသည်။ မိုဘိုင်း ဖုန်း ကိုဝှေ့ရမ်း လိုက်ရုံနှင့် ပိုက်ဆံပေးပြီး ဖြစ်နေစေရမည်၊ သူတောင်းစားကို ပိုက်ဆံပေးရန်ပင်ဖြစ်နိုင်သည်။ ဈေး ဝယ်ရာတွင် မျက်နှာပြ လိုက်သည်နှင့် (Facial Recognition) မှတ်မိရန် ကြိုးပမ်းနေသည်။ အိန္ဒိယပြည် သည် လည်း တရုတ်တို့နည်းပုံစံ ကိုယူ၍ နောက်မှကပ်၍ လိုက်ပါနိုင်ရန် ကြိုးစားနေပါသည်။

ဒေတာ (Data) များမှာ သွားလေရာ ဒေတာဖြစ်နေတော့သည်။ အဖွဲ့အစည်းတိုင်းက ဒေတာတွေကို စုဆောင်းနေကြပြီး ပညာရေးစနစ်၊ ကျန်းမာရေးအာမခံပြုလုပ်ရေး၊ ဘဏ်လုပ်ငန်းနှင့် ရံပုံငွေဆိုင်ရာကိစ္စများတွင် ဒေတာများကို အသုံးပြု နေကြပါသည်။

၂ဝဝ၉ ခုနှစ်က ကွန်ဂရက်အစိုးရ၏ ဦးဆောင်မှုဖြင့် (Nanan Nilakani) ဆိုသော ပုဂ္ဂိုလ်သည် ဒီဂျစ်တယ်နည်းဖြင့် (Digital Identification System) ကို စတင်အသုံးပြုခဲ့ပါသည်။ ထိုစနစ်ကို Aadhaar ဟု ခေါ်သည်။ ဟင်ဒီဘာသာဖြင့် “အခြေခံ” ဟုအဓိပ္ပါယ်ရသည်။ ထိုစနစ်ကထုတ်ပေါ်သောအိုင်ဒီကဒ်ကို “အေဒါကဒ်” ဟုခေါ်သည်။ ကျနော်တို့ ဒရိုင်ဘာလေးရွတ် ဆိုပြသော ဂဏန်း ၁၂ လုံး ပါကဒ်ပြားနံပါတ်မှာ ထိုကဒ်မှလာသည်။

အိန္ဒိယမှ လူဆင်းရဲ၊ ချမ်းသာမရွေး ရပ်ကွက်ရုံးသို့ သွားကြရသည်။ ထိုရုံးမှာ လက်ဗွေနှိပ်ရသည်။ မျက်လုံး (Iris) ကို မှတ် တမ်းယူသည် ၎င်းတို့ကို Bio Metric data base ထဲသို့ ထည့်သည်။ ပြီးလျင် အိုင်ဒီကဒ်ကို ထုတ်ပေးသည်။ ထိုကဒ်တွင် ချစ် (ပ) Chip တခုပါရှိရာ နာမည်၊ နေရပ်လိပ်စာ၊ မွေးနေ့နှင့် အခြားအချက်အလက်များကို ရေးပေးလိုက်သည်။

ကွန်ဂရက်အစိုးရအပြီး နီရန်ဒါမိုးဒီ၏ (BJP- Bharatiya Janata Party) တက်လာသောအခါ အစိုးရအသစ်က ဤပရော ဂျက်ကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ ယနေ့ အိန္ဒိယလူဦးရေ ၁.၃ ဘီလီယံရှိသည့်အနက် ၁.၁၈ ဘီလီယံမှာ ထိုကဒ်များကို ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။

အိန္ဒိယကဲ့သို့ လူဆင်းရဲများပြားပြီး ၎င်းတို့တွင် အိုင်ဒီမရှိခဲ့ရာမှ လူတဦးစီအဖို့ ဒရိုက်ဘာလိုင်စင် မွေးနေ့ပါ မှတ်တမ်းများရရှိ သည်ဆိုခြင်းမှာ တော်လှန်ရေးတရပ်ပင်ဖြစ်သည်။ သူတို့သည် ထိုကဒ်ရပြီဆိုသည်နှင့် ဘဏ်ငွေစာရင်းဖွင့်နိုင်ပြီဖြစ်သည်။ အစိုးရ၏ထောက်ပံ့ငွေ ကိုသူတို့ လက်ထဲအရောက် ထည့်ပေးနိုင်ပြီဖြစ်သည်။ ယခင်က မူ ဗျူရိုကရက်များ၊ ဘဏ်ဝန်ထမ်းများ၊ စာပို့လုလင် တို့ကိုခွဲပေးရပြီး စသည်ဖြင့် ၃ဝ ရာခိုင်နှုန်းလောက်မှာ လမ်းခရီးမှာပင် ပျောက်ဆုံးခဲ့ရသည်။

ယခုအခါ မိုဘိုင်းဖုန်းများကိုပါ ဘဏ်အကောင့်နှင့်တွဲချိတ်နိုင်ကြပြီဖြစ်သဖြင့် ၎င်းတို့ကိုအသုံးပြု၍ ရောင်းခြင်း၊ ဝယ်ခြင်း တဦးထံတဦးကပို့ဆောင်ခြင်း၊ လက်ခံခြင်းများကို ပြုလုပ်နိုင်ကြပြီဖြစ်သည်။

ထိုနည်းတူအိန္ဒိယ ဒီဂျစ်တယ်နက်ဝပ်မှာ ဖေ့(စ)ဘွတ်၊ ဂူဂဲလ်၊ What’s App သုံးစွဲသူများဖြင့် သန်းတထောင် ကျော်သွားပြီဖြစ် သည်။ ဟားဗတ်စီးပွားရေးတက္ကသိုလ်မဂ္ဂဇင်း၏အဆိုအရ အမေရိကားမဟုတ်သော အကြီးဆုံးနက်ဝပ်ကြီးဖြစ်ပြီး အမေရိ ကန်နိုင်ငံပြင်ပတွင် တခုတည်းသာရှိသေးသည်ဟု ဆိုသည်။

ကိုလိုနီအင်္ဂလိပ်အစိုးရက အိန္ဒိယသို့ မီးရထားများကို နိုင်ငံအဝှမ်းဖေါက်လိုက်သောအခါ အိန္ဒိယနိုင်ငံ၏ သယံ ဇာတ ပစ္စည်း များကို ဆထက်တန်ဖိုးထုတ်လုပ်နိုင်သည့် စွမ်းရည်ရှိသွားကြသည်။ ယခုအခါ နီရန်ဒါမိုဒီက အိန္ဒိယလူမျိုးတို့ကို ဒီဂျစ်တယ် နက်ဝပ်အတွင်း ထည့်သွင်းလိုက်ခြင်းဖြင့် အိန္ဒိယ၏ ကုန်ထုတ်စွမ်းအားမှာ အဆ များစွာ တိုးတက်သွားခြင်းပင် ဖြစ်၏။

ထို့ပြင် လူသာမာန်တို့၏ ဘဝများကို ပြောင်းလဲပေးလိုက်ခြင်းလည်းဖြစ်ပါသည်။ ဒီဂျစ်တယ်နက်ဝပ်ကြောင့် ပိုက်ဆံပေးခြင်း၊ Credit ပေးခြင်း၊ ကုန်ထုတ်လုပ်ရာတွင် ပို၍လွယ်ကူသွားသည်။ ကုန်ထုတ်လုပ်မှုပမာဏကို ကြည့်လျင် ၃ဝ ရာခိုင်နှုန်းမျှ ပိုမို တိုးတက်လာခဲ့ပြီဖြစ်သည်။ စိုက်ပျိုးမှုထုတ်ကုန်၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်ထုတ်လုပ်ရေး၊ ကဏ္ဍတို့တွင် ဤနက် ဝပ်ကြောင့် ၁ ထွီလီယံ မျှတန်ဘိုးရှိသည့်ရံပုံငွေကို ဆောင်ကျဉ်းပေးလိမ့်မည်ဟု မျှော်မှန်းနေကြသည်။

ယခုအခါ လယ်သမားတယောက်သည် ၂၅ဝ,ဝဝဝ မျှသော အစိုးရ၏ကွန်ပျူတာနှင့် ဝိုင်ဖိုင်တပ်ဆင်ထားသော ရုံးခန်းများ သွား၍  မိမိတို့၏ အိုင်ဒီ နံပါတ်ကို အသုံးပြုခါ မိမိမွေးနေ့၊ မြေပိုင်ဆိုင်မှု ၊ နေရပ်လိပ်စာ အစရှိသော ၁၁ မျိုးသော ဒေတာများကို ရိုက်ထုတ်နိုင်နေပြီဖြစ်သည်။

အိန္ဒိယလယ်သမားတယောက် ကပြောသည်။ သူ့တွင် ဘဏ်စာရင်းနှစ်ခုဖွင့်ထားကြောင်း၊ သူ၏ ငွေထုတ်ကဒ်ကို ဇနီးဖြစ် သူက ကိုင်ထားကြောင်း၊ သားတယောက်ကိုလည်း ပေးထားကြောင်း၊ သူသည် သူ့လခကို နှစ်စ ခွဲခါ ထိုဘဏ်စာရင်း၂ခုထဲတွင် ထည့်ကြောင်း၊ ထိုဘဏ်စာရင်း၂ခုစလုံးကို သူ့မိုဘိုင်းဖုန်းဖြင့်လည်း ကြည့်ရှုနိုင်ကြောင်း၊ ပညာသင်နေသော သားဖြစ်သူ အတွက်လည်း သူဘာသာ လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပြီဖြစ် ကြောင်း ပြောသည်။

အိန္ဒိယအမျိုးသား တယောက်သည် သူ့ဇနီး နှင့်ပူးပေါင်းကာ “ Exstep” ခေါ်သည့် Application  ဖြင့် မိဘများ   ကျောင်းဆရာ များ၊ ကျောင်းသားများကို မိုဘိုင်းဖုန်းသုံးစွဲနည်းကိုသင်ပေးသည်။ သူတို့ကအမှားကင်းစွာဖြင့် မိုဘိုင်းဖုန်းကို မြန်မြန် ဆန်ဆန် အသုံးပြုနိုင်ရန်နည်းလမ်း ကိုပြပေးသည်။

အနောက်နိုင်ငံသားချမ်းသာကြသည်မှာ ဒေတာ မပါဘဲချမ်းသာနေကြခြင်းဖြစ်သည်။ စီးပွးရေးတွင် အသုံးပြုသူ ဒေတာ များ ကို ပေါင်းစပ်နိုင်ခြင်းမှာ များစွာအထောက်အကူပြုသည်။

ယခုအိန္ဒိယတွင် စားသုံးသူဒေတာများ ရှိနေပြီဖြစ်သဖြင့် ပို၍တွင်ကျယ်စွာရောင်းချနိုင်ကြသည်။ စားသုံးသူအနေဖြင့် သူတို့ လိုအပ်သောချေးငွေကို အလွယ်တကူရနိုင်ခြင်းစသော ကျေးဇူးများရှိသည်။ ပို၍ကောင်းမွန်သော လစာရရှိခြင်းကို ဖြစ်လာ နိုင်သည်။ ဒေတာများကို စုပေါင်းခြင်းဖြင့် ပိုမိုကျွမ်းကျင်သော လုပ်သားများရှိခြင်း၊ လူမှန်နေရာမှန် ထားရန်လည်း ပိုမိုလွယ်ကူ သွားသည်။

ထို့အတူ ပါဝါသုံးစွဲမှုတွင်လည်း ဒီဂျစ်တယ်နည်းကို အသုံးပြုခြင်းဖြင့်များစွာ အကျိုးရှိနိုင်သည်။ လျှပ်စစ်ကို တရားမဝင်သုံးစွဲ မှုများကြောင့် ထုတ်လုပ်သမျှ၏ ၂ဝ ရာခိုင်နှုန်းမှာ စာရင်းအင်းမရှိဘဲ ပျောက်ကုန်သည်။ သုံးစွဲသူကို မရှာဖွေနိုင်သောကြောင့် ၎င်းမတရားနည်းများဖြင့် ပါဝါသွယ်တန်းမှုများကြောင့် ဆုံးရှုံးရခြင်း ဖြစ်သည်။

ယခုအခါ Greenko ကုမ္ပဏီက ဧက ၃ဝဝဝ ကျော်ရှိသော တရုတ်လုပ် ဆိုလာပြားများဖြင့် အိမ်ပေါင်း  ၆ဝဝ,ဝဝဝ ကျော်ကို မီဂါဝပ် ၈ဝဝဝ ဖြင့်မီးပေးလျက်ရှိသည်။ သူတို့သည် Renewable Energy ကိုအသုံးပြုခြင်းဖြင့်  အလုပ်အကိုင်ပေါင်း ၅ဝဝဝ ကျော်ကိုဖန်တီးပေးနိုင်ပြီး ဝန်ကြီးချုပ် မိုဒီမျှော်မှန်းသကဲ့သို့ ၁၇၅ မီဂါဝပ်ကို ရောက်အောင်ကျိုးစားနေကြသည်။  ဂရင်ကို က လက်ရှိဓါတ်အားပေးစက်ရုံမျိုး နောက်ထပ်  နှစ်လုံး Andhra  Pradesh တွင် ထပ်ဆောက်နိုင်ရန်စီစဉ်ထားရှိသည်။

ဂရင်ကိုကပြောသည်မှာ နောက်ထပ် ၅ လ အတွင်း ပြည်နယ်တွင်းတွင် တရုတ်ပြည်ဖြစ်ဆိုလာပြား များနှင့် ဥရောပမှ ဘက် ထရီများတွင် လျှပ်စစ်သိုလှောင်ခြင်း တက်ခနိုလို၈ျီ ကိုသူ၏ ဓါတ်အားပေးမှု ဂရစ်တွင် အသုံးပြု မည်ဖြစ်သည်။ နေရောင် မရှိသော အခါများတွင်  ဘက်ထရီအိုးကို အသုံးပြု၍ အင်ဗာတာ များဖြင့် လျှပ်စစ်ကို ပြန်လည်အသုံးပြုရန်ဖြစ်သည်။

ဤသို့နေရောင်ခြည်သုံးစက်ရုံများကို တည်ဆောက်ခြင်းဖြင့်ကျောက်မီးသွေး နှင့် သဘာဝဓါတ်ငွေ့သုံး၍ ဂျင်နရေတာ စက်ရုံများတည်ဆောက်ရန်မလိုတော့ပေ၊ ကန့်သတ်မှုကြောင့်မဟုတ်ဘဲ နေရောင်ခြည်၊ လေစွမ်းအား၊ ရေအားလျှပ်စစ် စသည် တို့မှာ အစိုးရအကူအညီမပါဘဲ ၎င်းတို့ကို ထုတ်လုပ်သုံးစွဲရာတွင်  လွယ်ကူမှုကြောင့် လူတို့အသုံးများလာပြီးဖြစ်သည်။

အတိုချုပ်ပြောရလျင် အိန္ဒိယ၏ စွမ်းအင်ဆိုင်ရာနယ်ပယ်သည် ကာဗွန်မပါသော ဒစ်ဂျစ်တယ်အသုံးပြုနက်ဝပ်များဖြင့် ပြောင်းလဲအစားထိုးနိုင်ပြီဖြစ်သည်။ အစိုးရအနေဖြင့်လည်း ကျောက်မီးသွေးစက်ရုံတည်ဆောက်မည်ဟု စီမံကိန်းချတိုင်း ဆန္ဒပြ ကန့်ကွက်မှုများကို ရင်ဆိုင်ကြရခြင်းမှ ကင်းဝေးကြရတော့မည်။

(၃)
အစိုးရအနေဖြင့် ဒီဂျစ်တယ် တက်ခနိုလိုဂျီမှာ ရှေ့တန်းရောက်စီးပွားရေးတိုးတက်ပြီး နိုင်ငံများအတွက်သာဖြစ်သည်ဟု သ ဘောထားနိုင်ပါသည်။ ထိုသို့မဟုတ်မူ၍ ဒီဂျစ်တယ်နည်းမှာ တိုင်းပြည်၏စီးပွးရေး အဆင့်အတန်း မည်သို့ပင်ရှိစေကာမူ လုပ်ရမည့်လုပ်ငန်းတခုဖြစ်သည်ဟု ဆုံးဖြတ်နိုင်ခြင်းမှာအိန္ဒိယအစိုးရ၏ အမြော်အမြင်ကြီးမားမှုတရပ်ပင်ဖြစ်ပေသည်။

ကိုသန်းလွင်
Ref: Forget Trump and Discover the world, Thomas Friedman , New Yrok Time 28 November 2017

ကိုဂျေ - ကျနော်ချစ်တဲ့ ကာတွန်းပညာရှင် မောင်ဝဏ္ဏ

$
0
0

ကိုဂျေ - ကျနော်ချစ်တဲ့ ကာတွန်းပညာရှင် မောင်ဝဏ္ဏ
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၇
(သူ့ဖေ့စ်ဘွတ်က ယူပါတယ်)

တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ်နဲ့ မျက်မှောက်ကာလအထိ ခေတ်စနစ်တိုင်းရဲ့ ကမောက်ကမ ဖြစ်မှုတွေကို မထောက်မညှာ သရော်နိုင်ဆုံး၊ အသိပေးနိုင်ဆုံး စာနယ်ဇင်း လောကသားတွေထဲမှာ ကာတွန်းဆရာတွေဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒါကြောင့် ကိုဂျေဟာ ကာတွန်းဆရာတွေကို ချစ်ခင် လေးစားပါတယ်။

ကိုဂျေ အဖို့တော့ လွမ်းရတဲ့ ကာတွန်းဆရာကြီးတွေက များလွန်းလှပါတယ်။ ကိုယ်နဲ့ ဆက်ဆံခဲ့ဖူးတဲ့ စာနယ်ဇင်း ကာတွန်းဆရာတွေထဲမှာ ကာတွန်းဦးဖေသိန်း၊ ကာတွန်းဦးအောင်ရှိန်၊ ကာတွန်းမောင်စိန်၊ ကာတွန်းမောင်လွင်၊ ကာတွန်းသော်က၊ ကာတွန်းငွေကြည်၊ ကာတွန်းရွှေမင်းသား၊ ကာတွန်းအောင်အောင် (ရွှေဂေါင်းပြောင်)၊ ကာတွန်းမြေဇာ၊ ကာတွန်းမောင်ဝဏ္ဏ၊ ကာတွန်းတင်အောင်နီ၊ ကာတွန်းမောင်မောင်၊ ကာတွန်းကံချွန်၊ ကာတွန်းဗိုလ်မောင်၊ ကာတွန်းသစ်ထွဏ်း၊ ကာတွန်းဝင်းထွန်း၊ ကာတွန်းခင်ဆွေ၊ ကာတွန်းဖေစန်း၊ ကာတွန်းအနောင်၊ ကာတွန်းသန့်စင်(ဘဲဥ)၊ ကာတွန်းအော်ပီကျယ်၊ ကာတွန်းဇော်မောင်၊ ကာတွန်း ဆွေမင်း(ဓနုဖြူ)၊ ကာတွန်းဌေးအောင်၊ ကာတွန်းဝင်းအောင်၊ ကာတွန်းစိုးစံဝင်၊ ကာတွန်းစမ်းချောင်း ကိုကိုအောင်၊ ကာတွန်းကိုရွှေထူး(ပြည်)၊ ကာတွန်းစိုးသော်တာ၊ ကာတွန်းဘဌေးကြည်၊ ကာတွန်းဧကစာချို၊ ကာတွန်းကောင်းထက်၊ ကာတွန်းသန်းထွန်းဦး စသဖြင့်ပေါ့.. အများကြီး ကျန်နိုင်ပါသေးတယ်။ ဒီဆရာကြီး၊ ဆရာလတ်၊ ဆရာငယ်တွေနဲ့ ကိုဂျေ တရင်းတနှီးကို ဆက်ဆံခဲ့ဖူးပါတယ်။

လွမ်းရတဲ့ ကာတွန်းဆရာတွေထဲမှာ သမိန်ပေါသွပ် ဇာတ်ကောင်နဲ့ နာမည်ကြီးခဲ့တဲ့ ကာတွန်းမောင်ဝဏ္ဏဟာ ထိပ်ဆုံးကပါဝင်ပါတယ်။ ကိုဝဏ္ဏက အမြဲပြုံးနေတတ်သူ တဦးဖြစ်တယ်။ သဘောကောင်းတယ်။ အသားညိုညို၊ ဆံပင်တွန့်တွန့်၊ အရပ်က မနိမ့်မမြင့်၊ လမ်းလျှောက်တဲ့အခါ ခြေလှန်းကြဲကြီးတွေနဲ့ လမ်းလျှောက်တတ်သူ တဦးဖြစ်ပါတယ်။ ကာတွန်းဆရာတွေထဲမှာ စီးပွားရေးအရ ပူပင်စရာမလိုဘဲ ကာတွန်းရေးခဲ့တဲ့ ပညာတတ် ကာတွန်းဆရာ တဦးလဲ ဖြစ်ပါတယ်။

ကိုဝဏ္ဏအကြောင်းကို ပြောရင် သူ့ရဲ့ ကာတွန်းစာအုပ် အဖွင့်မှာ ရေးလေ့ရှိတဲ့ “ကာတွန်းဖတ်လာ မိတ်သဟာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ” ဆိုတဲ့ ဆုတောင်စကားလေးကို အရင် သတိရနေတတ်ပါတယ်။ ပြီးတော့ သူ့ရဲ့ ဇာတ်ကောင်တွေ ဖြစ်တဲ့ သမိန်ပေါသွပ်၊ ရှင်ဂွမ်းဂွိ၊ အလကားကျော်စွာ၊ ဗညားပိစိ၊ အာတာလွတ်မြို့စားကြီး ဦးအာလူး၊ တောင်ပုလုမြို့စားကြီး ထင်ရာစိုင်း၊ ဆေးဆရာ ဦးတုတ်ကြီး၊ ညောင်ရမ်းဂွတို၊ တောပုန်းကြီးဆေးသကြား၊ ကိုပေတရာ၊ အာဖျံကွီး စတဲ့ ဇာတ်ကောင်တွေက ပေါ်လာပါတယ်။

“ဟိုက် ရှာလဘတ်(စ်)” “မွေးမေလေ့” “သွပ်သွပ် သွပ်သွပ်” “အောင့်မလေးဂျာ” ဆိုတဲ့ စကားလုံးတွေဟာ ဒီကနေ့အထိ လူငယ်တွေကြားထဲမှာ အသုံးပြုနေကြတုန်း ဖြစ်ပါတယ်။ ၁၉၈၉ လောက်က ဓနစီးပွားရေးမဂ္ဂဇင်းမှာ အယ်ဒီတာ လုပ်နေတဲ့ကာလမှာ ကိုဝဏ္ဏက ကာတွန်းတပုဒ်ပေးလာပါတယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကာတွန်းပါ။ စီးပွားရေးအခြေပြဇယားတခုပုံပါ။ ပထမတကွက်မှာ အခြေပြဇယားရဲ့ စီးပွားရေး အတက်အကျ မြှားက အောက်ကိုထိုး ကျဆင်းနေတာကို စိတ်ညစ်နေတဲ့ ပုံနဲ့ ပြပါတယ်။ နောက်တကွက်မှာတော့ “လွယ်ပါတယ်” ဆိုတဲ့ စကားကို သုံးပြီး စီးပွားရေး အခြေပြဇယားကို ဇောက်ထိုး ပြန်လှည့် လိုက်တဲ့ ပုံကိုရေးပါတယ်။ အောက်ကို စိုက်ကျနေတဲ့ မြှားက ချက်ချင်း ထောင်တက် သွားတာကို ရေးထားတာပါ။ ဒီကာတွန်းဟာ လွယ်ပါတယ် လို့ရေးထားတာပဲပါပါတယ်။ ယနေ့အထိ ခေတ်မီနေဆဲ။ စိတ်ထဲ စွဲနေဆဲပါပဲ။

စစ်အစိုးရလက်ထက်မှာ ပွဲစားတွေ များခဲ့ပါတယ်။ ဒါကို ကိုဝဏ္ဏက “ပွဲစာကြီး”ဆိုတဲ့ ကာတွန်းစာအုပ် ရေးပြီး သရော်ပါတယ်။ ဒီစာအုပ်ထဲမှာ “ကျီးကန်းအကောင်တစ်ရာအာခြင်းသည် ရှေ့နေ တစ်ယောက် စကားပြောခြင်းနှင့်ညီ၏။ ရှေ့နေတစ်ရာ စကားပြောခြင်းသည် ပွဲစားတစ်ယောက်လေဖောခြင်းနှင့်ညီ၏။ ပွဲစားတစ်ရာ စကားပြောခြင်းသည် သမိန်ပေါသွပ် အိပ်ပျော်၍ ဟောက်နေသလောက်နှင့်ညီ၏” လို့ သရော်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် အရေးအခင်းပြီးစအချိန်မှာ လူတိုင်း စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ရန်ကုန်က လမ်းတိုင်းလိုလိုမှာ မုန့်ဟင်းခါးဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ တိုလီမိုလီရောင်းတဲ့ ဆိုင်တွေ အများကြီး ထွက်လာပါတယ်။ ဝယ်သူထက် ရောင်းသူတွေက များလာတယ်။ ဒီမြင်ကွင်းကို ကိုဝဏ္ဏက လူတွေ ဈေးထိုင်ရောင်းနေပေမယ့် ဝယ်သူ မရှိတဲ့ပုံကို ရေးပြတယ်။ ပြီးတော့ “ဝယ်မယ့်သူ မရှိတာက၊ လူတွေအားလုံး ဈေးသည်တွေ ဖြစ်ကုန်လို့ထင်တယ်” ဆိုပြီး ရေးခဲ့တယ်။ အဲဒီကာလက လူတွေရဲ့ ဝင်ငွေထွက်ငွေ မမျှဘဲ ဒုက္ခရောက်ခဲ့ရတာတွေကို ရေးခဲ့သလို၊ ရှင်ဂွမ်းဂွိနဲ့ သမိန်ပေါသွပ်တို့ရဲ့ ဇာတ်လမ်းတွေထဲမှာလဲ သူပြောချင်တဲ့ လောကကြီးရဲ့ ကမောက်ကမမှုတွေကို ရေးခဲ့ပါတယ်။


ကာတွန်းမောင်ဝဏ္ဏကို ၁၉၄၆ ခုနှစ်မှာ မွေးပါတယ်။ ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလမှာ ကွယ်လွန်ခဲ့ပါတယ်။ ဖျာပုံသားဇာတိဖြစ်ပါတယ်။ စာနယ်ဇင်းကာတွန်းတွေကိုရေးခဲ့သလို ကာတွန်းလုံးချင်း အုပ် ၆ဝ လောက်အထိ ရေးခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ အထင်ရှားဆုံး ဇာတ်ကောင်ကတော့ သမိန်ပေါသွပ် ဖြစ်ပါတယ်။ စာပေလောကမှာ မောင်ဝဏ္ဏ နှစ်ယောက်ရှိပါတယ်။ နှစ်ယောက်စလုံးဟာ သူ့နယ်နဲ့ သူအောင်မြင်ခဲ့သူတွေ ဖြစ်ပါတယ်။ စာရေးဆရာ ဒါရိုက်တာမောင်ဝဏ္ဏနဲ့ ကာတွန်းရေးတဲ့မောင်ဝဏ္ဏတို့ ဖြစ်ပါတယ်။

စာရေးဆရာ ဒါရိုက်တာမောင်ဝဏ္ဏနဲ့ ကာတွန်းရေးတဲ့ မောင်ဝဏ္ဏတို့ နှစ်ဦးစလုံးကို ကိုဂျေ ချစ်ပါတယ်။ တရင်းတနှီးလဲ နေခဲ့ဖူးပါတယ်။ သူတို့နှစ်ဦးစလုံး ဟာသဉာဏ်ရှိသူတွေ ဖြစ်ပါတယ်။ စစ်အစိုးရခေတ်ကဆို Time magazine နဲ့ Newsweek magazine တွေ အပိတ်ခံရပြီဆိုတာနဲ့၊ စာနယ်ဇင်းလောကသားတွေဟာ ဘာတွေ ရေးထားတယ်ဆိုတာကို ဖတ်ချင်ကြပါတယ်။ အပိတ်ခံရတဲ့ မဂ္ဂဇင်းတွေဟာ ကျနော့်လက်ထဲမှာ ရှိနေမယ်ဆိုတာကို သူတို့နှစ်ဦးစလုံးက သိပါတယ်။ ဒါ့ကြောင့် ကျနော့်နဲ့ ဆုံတဲ့အခါ လက်ဝါးဖြန့်ပြပြီး ပေးစမ်းဆိုတဲ့ ပုံစံနဲ့ နောက်တတ်သူတွေလဲ ဖြစ်ပါတယ်။ ကျနော်ကလဲ သူတို့ကို အပိတ်ခံရတဲ့ မဂ္ဂဇင်းတွေက စာမျက်နှာတွေကို မိတ္တူကူးပြီးပေးနေကျ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော့် နာမည် “ကိုဂျေ” လို့ မခေါ်ဘဲ “ကိုဂျေး”လို့ ခေါ်ပြီး နောက်တတ်သူတွေလဲ ဖြစ်ပါတယ်။ ခင်ဗျားစိတ်ဝင်စားတာတွေက ကိုဂျေး ဆိုတဲ့ နာမည်နဲ့ ပိုလိုက်တယ်လို့ ပြောခဲ့တဲ့ ကိုဝဏ္ဏကို သတိရနေမိပါတယ်။

ကိုဂျေ
ဒီ၊ ၂ဝ၊ ၂ဝ၁၇

ထွန်းဝင်းငြိမ်း - သတင်းအမှောင်ခေတ်ကို အဆုံးသတ်ဖို့ လိုပါတယ်

$
0
0


ထွန်းဝင်းငြိမ်း - သတင်းအမှောင်ခေတ်ကို အဆုံးသတ်ဖို့ လိုပါတယ်

(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၇
(သူ့ဖေ့စ်ဘွတ်က ယူပါတယ်)

စိုးရိမ်ဖွယ်ရာ
တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား၊ ဒါမှမဟုတ် ဒါမျိုးတွေလုပ်ရင် ဒီလို ပညာပေးခံရမယ်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ ခြိမ်းချောက်နေတာလား ဆိုတာ တွေးထင်စရာပါ။ ဒီနှစ်ဇွန်လ ၂၆ - ၂၇ ရက်နေ့က ပဉ္စမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို လွိုင်ကော်မြို့မှာကျင်းပခဲ့ပါတယ်။ တိုင်းရင်းမီဒီယာညီလာခံ စတဲ့နေ့မှာပဲ TNLA ထိန်းချုပ်နယ်မြေထဲကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ သတင်းသွားယူပြီး ပြန် လာတဲ့ DVB သတင်းထောက်နှစ်ဦးနဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက်တစ်ဦးတို့ကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နဲ့ ဆက် သွယ်ဆောင်ရွက်တယ်ဆိုပြီး နမ့်ဆမ် သီပေါ ကားလမ်းပေါ်မှာ တပ်မတော်က ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို ဘယ်နေရာမှာ ဘယ်လို ထိန်းသိမ်းထားတယ်ဆိုတာ အတိအကျမသိရဘဲ သူတို့ရဲ့ မိခင်သတင်းဌာနတွေနဲ့လည်း အဆက်အသွယ် မရရှိ တဲ့ အခြေအနေက စိုးရိမ်ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

လွတ်လပ်သော စာပေ၊ လွတ်လပ်သောအသံ

ဒီလ ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၁၇ စာပေညီလာခံဖွင့်ပွဲအခမ်းအနားမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က "၁၉၆၂ ညီလာခံသည် တိုင်းပြည်ကို တစ်ပါတီစနစ်နဲ့ အုပ်ချုပ်ဖို့ ပြင် ဆင်နေတဲ့ အစိုးရ တစ်ရပ်အောက်မှာ စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်၊ - - - - - ဒီကနေ့ ၂၀၁၇ ညီလာခံကတော့ လွတ်လပ်သော စာပေ၊ လွတ်လပ်သောအသံ ဆိုတဲ့ဆောင်ပုဒ်နဲ့ အညီ လွတ်လပ်စွာ စာပေသမားများကိုယ်တိုင် ဦးစီးပြီး ကျင်းပတဲ့ ညီလာခံဖြစ်တယ် ဆိုတာကို အလေးအနက် ကျွန်တော်ပြောချင်ပါတယ်"လို့ ဆိုခဲ့ပါတယ်။ စာပေညီလာခံကို မြန်မာနိုင်ငံရှိ စာပေအဖွဲ့အစည်း ၁၁ ခု ပူးပေါင်းကျင်းပတာဖြစ်ပြီး၊ ရန်ကုန်မြို့ မင်းဓမ္မလမ်းက Myanmar Convention Center မှာ ဒီဇင်ဘာလ ၁၃ ရက်က ၁၅ ရက်နေ့ထိ ဆွေးနွေးပွဲတွေ ဆက်တိုက် ကျင်းပပြုလုပ်ခဲ့တာပါ။

စာပေညီလာခံ ကျင်းပဖို့ တစ်ရက်အလို ဒီဇင်ဘာလ ၁၂ ရက်နေ့မှာပဲ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားတဲ့ သတင်းတွေရေးဖို့ ကြိုးစားတဲ့ ရိုက်တာ Reuters သတင်းဌာနက မြန်မာသတင်းသမား နှစ်ဦး ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ၊ လုံခြုံရေးတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ လျှို့ဝှက် စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ ရည်ရွယ်ချက်နဲ့ တရားမ၀င် သတင်းရယူခဲ့တယ်လို့ဆိုပြီး သတင်းထောက် နှစ်ဦးကို အစိုးရလျှို့ဝှက် အက်ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ အဲဒီလို အနေအထားတွေဟာ ဒီမိုကရေစီစနစ်ဆီသွားမယ်လို့ ကြွေးကြော် ထားတဲ့ အစိုးရတစ်ရပ်ရဲ့ သတင်းလွတ်လပ်ခွင့်ဆိုတာ ဘာလဲလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။

ကိုလိုနီခေတ်က ဥပဒေ

အခုချိန်ထိ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေနဲ့ အဆက်အသွယ်မရသေးပဲ အချက်အလက်တွေ အသေးစိတ်သိရဖို့ မြန်မာ အာဏာပိုင်တွေရဲ့ ပြန်ကြားချက်ကို မတွေ့ရသေးပါဘူး။ သူတို့နဲ့ အခုချိန်ထိ အဆက်အသွယ်မရသေးတဲ့အတွက် ဘယ်လိုပုံစံမျိုးနဲ့ ဖမ်းဆီးခံခဲ့ရသလဲဆိုတာ အတိအကျမသိရသေးကြောင်း ရိုက်တာသတင်းဌာနတာဝန်ရှိသူတွေကပြောကြားတာကိုတွေ့ရပါတယ်။ အထူးသဖြင့် သတင်းလွတ်လပ်ခွင့်ကို NLD အရပ်သားအစိုးရက အထင်အရှား ပိတ်ပင်လိုက်တာဖြစ်ကြောင်း၊ လက်ရှိ မြန်မာ အာဏာ ပိုင်တွေ စွဲချက်တင်ထားတဲ့ ၁၉၂၃ ခုနှစ် ဗြိတိသျှကိုလိုနီခေတ် ကတည်းက ပြဌာန်းခဲ့တဲ့ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မအရ သူတို့နှစ်ဦးကိုထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်ဖွယ်ရှိကြောင်း ရိုက်တာ ဗျူရိုအကြီးအကဲက ပြောတာကိုတွေ့ရပါတယ်။

ရိုက်တာသတင်းဌာနက မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ကျဆင်း လာတဲ့အပေါ်မှာ စိုးရိမ်သလို၊ အခု သတင်းထောက်တွေဖမ်းဆီးမှုက ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှု အခြေအနေတွေနဲ့လည်း ဆက်စပ်နေနိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်ကလည်း ပြောဆိုပါတယ်။ အခုသတင်းသမားတွေ ဖမ်းဆီးခံရတာဟာ ရခိုင်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့လည်း ဆက်စပ်နေနိုင်တာကြောင့်၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ့ရဲ့ အဓိက စိုးရိမ်ချက်ကတော့ ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာ ဟု သုံးနှုံး) ဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေပဲ ဖြစ်တယ်လို့ မစ္စတာ ဂူးတား ရက်စ်က ပြောပါတယ်။

ကြံရွယ်ထားတာ သိသာနေ

နေပြည်တော် ၈ မြို့နယ်က NLD ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲအပြီးမှာ ဦးဝင်းထိန်က သူ့အမြင်ကိုပြောရာမှာ အဲဒီသတင်းထောက် ၂ ဦးဟာ ထောင်ချောက်ဆင်ပြီး အဖမ်းခံရတာ ထင်ကြောင်း၊ စွဲဆိုထားတဲ့ပုဒ်မဟာ နဂိုကတည်းက ကြံရွယ်ထားတာ သိသာနေတယ်လို့ ဆိုပါ တယ်။ နေပြည်တော်မှာ ကျင်းပတဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့် ကို သတင်းမီဒီယာသမားတွေက ဖမ်းခံထားရတဲ့ သတင်းထောက် ၂ ဦးနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ အဲဒီကိစ္စကို သေချာမသိရ သေးကြောင်းနဲ့ တိတိကျကျသိရတဲ့အခါ လိုအပ်သလို ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပြောပါတယ်။

သူတို့ဟာ အကြမ်းဖက် ပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာ တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ချဉ်းကပ်စည်းရုံးပြီး သတင်းအချက်အလက်တွေ ရယူခဲ့ကြသလို အရေးကြီး လုံခြုံရေး စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်း ဌာနတွေ အတွက် စုဆောင်းခဲ့တာကြောင့်ဖြစ်တယ်လို့ မြန်မာပြန်ကြားရေး ၀န်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ထားတာကို လည်းတွေ့ရ ပါတယ်။ သေချာတာတစ်ခုကတော့ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်ေ တွ ဟာ သတင်းရင်းမြစ်ရှိရာကို သတင်းသွားယူတာသာဖြစ်ပြီး နိုင်ငံတော်ကို ပုန်ကန်ဖို့ ဆောင်ရွက်တာ မဟုတ်တာတော့ သေချာပါတယ်။

သတင်းသမားနှစ်ဦး အဖမ်းဆီးခံရတဲ့အချိန်ကစလို့ မြန်မာသတင်းအဖွဲ့အစည်းတွေအသီးသီးက ဆန့်ကျင်ကန့်ကွက်ကြောင်း သတင်း ထုတ်ပြန်ချက် အသီးသီးထုတ်ပြန်သလို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ့် သတင်းမီဒီယာသင်တန်း အစီအစဉ် အချို့ ကိုလည်း ဒီလိုဖမ်းဆီးခံရတဲ့အပေါ် မကျေနပ်ကြောင်းပြသတဲ့အနေနဲ့ ဖျက်သိမ်းခဲ့ကြပါတယ်။ အခုလို သတင်းသမားတွေနဲ့ အရပ်သား အစိုးရကြား တင်းမာမှုတွေဖြစ်လာတဲ့အနေအထားအပေါ် သက်ဆိုင်ရာပြန်ကြားရေးဝန်ကြီးဌာနဘက်က ကျိုးကြောင်း ဆီလျော်တဲ့ ဖြေ ရှင်းမှုမျိုး ထုတ်ပြန်မှုမျိုးကို အလေးအနက်ထားဆောင်ရွက် သင့်တယ်လို့ သတင်းအဖွဲ့အစည်းတွေက ရှုမြင်ကြပါတယ်။

လက်ဝါးကြီးအုပ် ချုပ်ကိုင်

ပြီးခဲ့တဲ့ စစ်တပိုင်းအစိုးရဟာ စာပေစိစစ်ရေးဖျက်သိမ်းပေးပြီး သတင်းလွတ်လပ်ခွင့်ရှိသယောင် နိုင်ငံတကာနဲ့ ပြည်တွင်းမှာ မျက်နှာပန်း လှအောင် လုပ်ခဲ့တယ်။ လွတ်လပ်စွာရေးသားခွင့်ဆိုတဲ့ လမ်းကို ခပ်ဟဟဖွင့်ပေးတယ်။ ဒါပေမဲ့ လွတ်လပ်စွာရေးသားခွင့်လို့ အမည် ပေထားတဲ့ လမ်းတစ်လျှောက်မှာတော့ ထောင်ချောက်တွေ ပြည့်နှက်လို့နေပါတယ်။ အခုလို မီဒီယာသမားတွေကို ထောင်ချတာ၊ တရားစွဲ တာတွေဟာ ဒီမိုကရေစီ အစိုးရတစ်ရပ်ရဲ့ လက္ခဏာရပ်တွေ မဟုတ်ပါဘူး။ အာဏာရှင် အငွေ့အသက် မကင်းသေးတဲ့ အပြုအမူ၊ ခြိမ်း ခြောက်မှု လုပ်ရပ်တွေသာ ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က အာဏာရှင်နိုင်ငံ အစိုးရတွေဟာ နိုင်ငံတော်အာဏာနဲ့ သတင်းမီဒီယာကို အမြဲတမ်း လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားလေ့ရှိ ပါတယ်။ အဲဒါကြောင့် အာဏာရှင်အစိုးရတိုင်းဟာ “သတင်းမှန်” တစ်ခု လူထုကြားသွား မှာ၊ သိသွားမှာ စိုးရိမ်ပါတယ်။ သိသွားရင် “တရားမျှတမှု” အတွက် လူထုရဲ့ဝေဖန်သံတွေ၊ လူထုလှုပ်ရှားမှုတွေ၊ လူထုရဲ့ဆန့်ကျင်မှုတွေ ဖြစ်ပေါ်လာမှာကို အမြဲ ထိတ်လန့် တုန်လှုပ်တတ်ကြပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဆိုတဲ့အချိန်မှာ နိုင်ငံတော်က သတင်းမီဒီယာနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့ အရေးကြီးပါတယ်။ သတင်းမီဒီယာနဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့ အထောက်အကူတွေပေး နိုင်စွမ်းရှိတယ် ဆိုတာကို အလေးထား အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ သူတို့ကို ချုပ်ချယ် ကန့်သတ် ဟန့်တား ပိတ်ပင်နေတာတွေကို စီစစ်ဖယ်ရှားပေး သွားဖို့လိုအပ်ပါတယ်။ သတင်းမီဒီယာနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူတွေ အပေါ် ဖိနှိပ်ဖမ်းဆီးနေမှုတွေကို ရပ်တန့်ဖို့ တချိန်ထဲမှာ ပြည်သူလူထုအတွင်း ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှုတွေ Hate Speech တွေ ပြန့်ပွားအောင်လုပ်ဆောင်နေတဲ့သူတွေကိုလည်း လိုအပ်တဲ့ နည်းဥပဒေများနဲ့ ပြဌာန်းထိန်းချုပ်ဖို့လည်းလိုအပ်ပါတယ်။

အမှောင်ခေတ်ဆိုတာ

“သတင်းမှန်တစ်ခုကို သိခွင့်မပေးတာ” ဟာ လူသားရဲ့မွေးရာပါ အသိဉာဏ်ကို အမှောင်ချ လိုက်တာပါပဲ။ ဒါကြောင့် သတင်းလွတ်လပ် ခွင့် မရှိတဲ့ စစ်အာဏာရှင် အစိုးရရဲ့ ခေတ်ကို “အမှောင်ခေတ်” လို့ သတ်မှတ်ကြတာဖြစ်ပါတယ်။ “သတင်းလွတ်လပ်ခွင့်” ဆိုတဲ့အရာဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးတရပ် ဖြစ်တယ်လို့ နိုင်ငံတကာက သဘောတူ ကြေညာခဲ့ပြီးတဲ့နောက် နှစ် ၃၀ လောက် ကြာမြင့်ခဲ့ပြီးတဲ့ နောက်မှာ သတင်းသမားတွေဟာ တရားဝင်ဆင်ဆာဖြတ်တောက် မှုတွေ၊ ဖိနှိပ်မှုနဲ့ ထောင်သွင်း အကျဉ်းချမှုတွေသာမက လုပ်ကြံ သတ်ဖြတ်ခံရမယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ တိုးမြှင့် ရင်ဆိုင်နေ ကြရပါတယ်။ သတင်းလွတ်လပ်ခွင့် ငြင်းပယ်တဲ့ နိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် အများစုဟာ စစ်မက်ပဋိပက္ခ ဖြစ်ပွားနေတဲ့ နိုင်ငံတွေ၊ အဂတိ လိုက်စားမှုတွေ ဖြစ်နေတဲ့ နိုင်ငံတွေ ၊ အုပ်ချုပ်ရေး ယိုယွင်းပျက်စီး နေတဲ့နိုင်ငံတွေ ဖြစ်နေတာများပါတယ်။

အပြည့်အဝ မရသေးတာ

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် စစ်အုပ်ချုပ်မှုလက်အောက်ကနေ အရပ်သားအစိုးရ တရပ်အဖြစ် အသွင်ကူး ပြောင်းလာခဲ့တဲ့အချိန် မှာ အစိုးရကနေ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာတွေ၊ စာပေစီစစ်ရေးဖျက်သိမ်းခဲ့တာတွေကြောင့် မြန်မာနိုင်ငံရဲ့ အရပ်သား အစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ မြန်မာ့စာနယ်ဇင်း အခြေအနေကတော့ တိုးတက်မှု အနေအထားတချို့ကို တွေ့မြင်နေရပြီး ဖိနှိပ်မှုတွေ လျော့ပါး လာနေတယ်လို့ နိုင်ငံတကာ စာနယ်ဇင်းသမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေရဲ့ အစီရင်ခံ စာတွေမှာ ဖော်ပြနေကြပါတယ်။ အရပ်သားအစိုးရ လက်ထက်မှာ ပြည်တွင်း စာနယ်ဇင်းသမားတွေနဲ့ ဝန်ကြီးဌာနတချို့အကြား သတင်း ဖော်ပြမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုမှုတွေ အရင်ကထက်ပိုမိုများပြားလာတာ တွေ့လာရသလို သတင်းအချက်အလက် ရယူမှုတွေနဲ့ သတင်းအချက် အလက်ဆိုင်ရာ ဖော်ပြခွင့်တွေမှာတော့ သတင်းလွတ်လပ်ခွင့်ကို အပြည့်အဝ မရသေးတာကိုလည်း တွေ့ရပါတယ်။

မြန်မာ့သတင်းမီဒီယာ လောကမှာတော့ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ သတင်းသမားတွေအပေါ် ဖိနှိပ်ကန့်သတ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း၊ အရင်ကထက် ပိုမိုချုပ်ကိုင်ခံထားရတဲ့အခြေအနေနဲ့ ကြုံတွေ့နေ ရကြောင်း၊ အချို့ဒေသတွေမှာ ထောင်နှုတ်ခမ်းလမ်းလျှောက်ပြီး အသက် နဲ့ရင်းကာ သတင်းလောကကို ဖြတ်သန်းနေရကြောင်း သတင်းသမားတွေက သုံးသပ်နေကြဆဲဖြစ်ပါတယ်။ သတင်းမီဒီယာ သမားတွေ အနေနဲ့ ပဋိပက္ခဖြစ်ရာ ဘက်အသီးသီးမှာ ပါဝင်ပတ်သက်နေတဲ့သူတွေနဲ့ ဆက်သွယ်ပြီး သတင်းရေးသားဖော်ပြခြင်း မပြုနိုင်ရင် နိုင်ငံသား အားလုံးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက်ပါ အကျိုးဆုတ်ယုတ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ဖမ်းဆီးထားတဲ့သတင်းမီဒီယာသမားတွေကို အမြန်ဆုံး လွှတ်ပေးဖို့နဲ့ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေမှုများကို ရပ်တန့်ပေးဖို့ လိုအပ်ပါကြောင်းတင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း ၁၉၊ ၁၂၊ ၂၀၁၇

နိုင်ဝင်းသီ - လမ်းနီလေး

$
0
0
လမ်းနီ​လေး
နိုင်​ ဝင်း သီ
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၇
   
( တစ်​ )

စိန်​ပန်း​ကြွေချိန်​ ဒီလမ်း​ပေါ်မှာ ကိုယ်​လွမ်းတယ်​ ...

ရစ်​သမ်​ခတ်​သံဟာ တိုးတိုးရီရီ။ သီချင်းသံဟာ ထိခိုက်​​ကြေကွဲမှု​တွေ ရော​ထွေး​ပျော်​ဝင်​​နေ​သောသီဆိုမှုမျိုး။ တခါတ​ခါမှာအသံဟာ ဆို​နေရင်းနှင့်​ တုန်​ရီထစ်​အသွား။

စိန်​ပန်းပွင့်​​တွေဟာ ဖွဲဖွဲလွင့်​လွင့်​၊ လ​ရောင်​မှုန်​ရီဟာ ဖွဲဖွဲလွင့်​လွင့်​၊ သြဂုတ်​လရဲ့မိုးတိမ်​တွေဟာ ဖွဲဖွဲလွင့်​ လွင့်​၊ နာကျင်​​ကြေကွဲမှု​တွေဟာ ဖွဲဖွဲလွင့်​လွင့်​ .....

ချောရယ်​ဟာ သူ့ပုဂ္ဂလိကဘဝအတွက်​ဘုရားသခင် လက်​​ဆောင်​​အပ်​နှင်း​ပေးလိုက်​တဲ့ သီချင်းတပုဒ်​လို့​ တောင်​ ​ပြောလို့ရမယ်​နဲ့တူပါတယ်​။

ချောရယ်​ဟာ သူ့ချစ်​ခြင်း​မေတ္တာ၊ ​ချောရယ်​ဟာ သူ့ရဲ့​မြင့်​မြတ်​စင်​ကြယ်​မှု၊ ချောရယ်​ဟာ သူ့ရဲ့ ရဲရင့်​​ တောက်​ပမှု၊ ချောရယ်​ဟာ ...

Cho အပိုဒ်​ကို​ရောက်​ရင်​ လ​ရောင်​စိမ်းစိမ်းရီရီ​အောက်​က ညဟာ လွမ်း​မောစရာ​ကောင်းသွားခဲ့ပြီ။

အဲဒီအချိန်​မှာ အားလုံးဟာ အင်းလျားဆီဆိုက်​​ရောက်​သွားခဲ့ကြ။ လှိုင်း​ရေပြာ​တွေ လိမ့်​စီးရိုက်​ခတ်​​နေသော အင်းလျား။ ပြီး​တော့ လ​ရောင်​ အစက်​အ​ပြောက်​​တွေ​အောက်​မှာေ​မြွ​တ​ကောင်​လို ဝပ်​ဆင်းငြိမ်​သက်​​နေ​ သောလမ်းနီ​လေး။ ပြီး​တော့လမ်းနီ​လေးထဲက ​"ချော"လို့ သူအမြတ်​တနိုး​ခေါ်​လေ့ရှိတဲ့ ​ကြေးစားမိန်းမ တ​​ယောက်​၊ ပြီး​တော့ .....

လမ်းနီ​လေးထဲက ​"ချော"ဆီဆိုက်​​ရောက်​သွားတာနဲ့ အားလုံးဟာ အလွမ်း​တွေထဲကို စုပြုံလွင့်​ဝင်​သွားခဲ့ကြ။

တွေ့တော့​လေ ပြောမယ်​ ​ချောရယ်​ ...

သီချင်းစာသားအဆုံးမှာ "​ချောရယ်​"ကို သူတို့အားလုံး ဝိုင်းဆိုကြ။ ​ချောရယ်​ ...​ချောရယ်​ ...​ချောရယ်​ကို အ​တောမသတ်​နိုင်​​အောင်​ တ​ယောက်​ပြီး​တ​ယောက်​ တမ်း​မောကြ။ ချောရယ်​ကို လွမ်း​တကြ။ ချောရယ်​ကို ​အော်​ဟစ်​​ခေါ်​ဝေါ်ကြ။

ပြောမယ်​ဆိုရင်​​ပေါ့။ ​ချောဆိုတဲ့ မိန်းမဟာ လမ်းနီ​လေးကို ဗဟိုပြုထားတဲ့မုန်​တိုင်းတခု။ ငြိမ်​သက်​​နေ​ပေမယ့် အချိန်​အခါမ​ရွေး ထတိုက်​သွားနိုင်​တဲ့ မုန်​တိုင်းမျိုး။ သူ့ဘဝထဲကို အား​ကောင်းသန်​မာစွာနဲ့ ဖြတ်​တိုက်​သွား ခဲ့တဲ့ မုန်​တိုင်း။

ချောရယ် ​အသံ​တွေ မှုန်​ရီတိုးတိတ်​သွားပြီလား။ လိဒ်​ဂစ်​တာသံဟာ မ​ဟော်​ဂနီရွက်​​တွေ တရွက်​ပြီး တရွက် ​​ ကြွေကျလာသလိုညထဲကို ​ကြွေကျလာ ခဲ့ပြီ။ ရစ်​သမ်​ခတ်​သံဟာ တဖြည်းဖြည်းနဲ့ တိုးတိတ်​ပါး လျ။ ​နောက်​ကျပြီးမှ လိမ့်​စီးလာခဲ့တဲ့ ​ဘေ့စ်​ဂစ်​တာသံဟာ အသံလုံးတူ​တွေကို ဖိတီးလိုက်​၊ ရပ်​တန့်ငြိမ်​သက်​သွားလိုက်​၊ cho ပိုဒ်​ရဲ့အဆုံးမှာ အလှိမ့်​အလူး​လေး​တွေနဲ့ပြန်​ထွက်​သွားလိုက်​။ ကြောက်​မက်​ဖွယ်​ရာ တီး ခတ်​မှုများ။ ချောကို မွတ်​မွတ်​သိပ်​သိပ်​ သတိရ​နေ​သော အင်းလျားညများ။ သံသရာဟာ တိုတယ်​။ ငါတို့ရဲ့ဘဝ​တွေသာ ရှည်​လျားချင်​တိုင်း ရှည်​လျားခဲ့ရတာ။ အင်းလျားညထဲမှာ​ချော​ပြောခဲ့ဖူး​တဲ့ စကား လုံးများ။

ချောရယ်​ ...​ချောရယ်​ ...​ချောရယ်​ ...

( နှစ်​ )

ဆူး​လေ၊ ​ယောက်​လမ်း၊ ၃ လမ်း၊​ ရေခဲဆိုင်​၊ ​ရွှေဂုံတိုင်​၊ ဟာမစ်​တစ်​၊ ကုက္ကိုင်းလမ်းဆုံ၊ လမ်းနီ​လေး ....

လူ့ဘုံခန်းဝါလူတို့ရွာမှာ ​အဲဒီ​ကားမှတ်​တိုင်​​လေး​တွေဟာ သူ့ရဲ့အသက်​ဇီဝဓာတ်​ဖြစ်​တည်​မှု။ ယာဉ်​လိုင်းတ​ခု​ပေါ်က သူ့ရဲ့​သွေးခုန်​သံဟာ အခါမလပ်​ ပူ​နွေးပြီး အမြဲတ​စေ တဝုန်းဝုန်းနဲ့​ ခုန်​တိုး​နေတတ်​တာပေါ့။

ပြောမယ်​ဆိုရင်​​ပေါ့။ သူဟာ မီး​တောက်​တ​ခု။သူနဲ့ ထိမိ ငြိမိတဲ့ တစုံတ​​ယောက်​ယောက်​ကို အ​သေအချာ​ လောင်​ကျွမ်းသွား​စေနိုင်​တဲ့ မီး​တောက်​မျိုး ...

စက္ကန့်​တိုင်း မိနစ်​တိုင်းမှာ သူ့ရဲ့​မေးရိုး​တွေ မာ​ကျော​ကြံ့ခိုင်​နေဖို့ လိုအပ်​လှသလိုလက်​​ချောင်း​တွေရဲ့ အသွင်းအထုတ်​ အနှုတ်​အသိမ်းဟာလည်း မြန်​ဆန်​သပ်​ရပ်​​နေဖို့ အ​ရေးကြီးလှပါတယ်​။

ကျွဲ​ကော်​ကိုင်း အနက်​​ရောင်​တပ်​မျက်​မှန်​​အောက်​က နူးညံ့ညင်​သာ​နေတဲ့မျက်​ လုံးများ​။ ကော်​လံပြတ်​ရှပ်​လက်​ရှည်နှင့်​ ​ယောပုဆိုးကို ခန့်​ညားစွာ ဝတ်​ဆင်​ထားတတ်​တဲ့​ သူ့ဟန်​ပန်​။

သူလိုလူမျိုးကို ခါးပိုက်​နှိုက်​တယောက်​လို့ သတ်​မှတ်​ရမှာ ကျွန်​​တော့်​အတွက်​​တော့ ခက်​ခဲလှပါတယ်​။ အဲဒီလူဟာ ဗာစကိုပိုပါနှင့် ရှေးမာ့စ်​ဟာနီတို့ ရဲ့ကဗျာ​တွေကို အစွဲအလမ်းကြီးသူတစ်​​ယောက်​ဟု သိခွင့်​ရ လာ​သောအခါမှာ​တော့ ကျွန်​​တော်​ဟာ အ​တော့်​ကိုချောက်​ချားသွားခဲ့​ပေါ့။

နောက်​ပြီး​ သူဟာ ​ခေတ်​ပညာတတ်​တစ်​ယောက်​။

လမ်းနီ​လေးထိပ်​မှာ သူ့ကိုမြင်​လိုက်​ရ​လေတိုင်း ​နောဧသ​င်္ဘော ခုတ်​​မောင်းလာတာကို မျက်​စိနဲ့ တပ်​အပ်​​မြင်​လိုက်​ရသလိုအာရုံဟာ ​ထွေပြားသွားခဲ့။

ကျွန်​​တော်​ကသာ သူ့ကိုကြည့်​ပြီး အမြဲတမ်းစိတ်​မသက်​မသာ ဖြစ်​​ခဲ့သော်​လည်း သူက​တော့ သူ့ဘဝကို​ပျော်​ရွှင်​​နေတဲ့ ဟန်​ပန်​မျိုး။ သူ့ရဲ့အသက်​​ မွေးမှုလုပ်​ငန်းကို တွယ်​မက်​ခုံမင်​​နေတဲ့အသွင်​သဏ္ဌန်​မျိုး။ ဒါပါပဲ​လေ။ လူဆိုတာမျိုးဟာ ဘယ်​လိုအ​နေအထားမျိုးကိုပဲ​ရောက်​​ရောက်​ ​ပျော်​ရွှင်​​နေ ဖို့​တော့ လိုအပ်​တာပဲ မဟုတ်​လား။

"မီးတစ်​တို့​လောက်​​ပေးပါလားခင်​ဗျာ"

တိုက်​ပုံဝတ်​ထားတဲ့လူကြီးတယောက်​ဆီမှာ မွန်​ရည်​တဲ့အ​ပြောအဆိုမျိုးနှင့်​ ​ဆေးလိပ်မီးညှိပြီးသွားပြီလား။ "ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ "အဲဒီလူကြီး​ရှေ့က ​ခေါင်းက​လေးငုံ့ပြီး ရိုကျိုးစွာနဲ့ ထွက်​ခွာလာခဲ့ပြီလား။ သူ့လက်​ထဲမှာ တိုက်​ပုံထဲက နှိုက်​ယူလာခဲ့တဲ့ပို​က်​ဆံအိတ်​ပါလာခဲ့ပြီ။

"လက်​ဟာ လျှပ်​စီးလက်​သလို ဖြစ်​​နေရမယ်​။ ဟိုငြိဒီငြိ လုံးဝဖြစ်​လို့ မရဘူးကွ။ အ​ရေးကြီးဆုံးက စိတ်​တည်​ငြိမ်​ဖို့​ပေါ့ကွာ။ စိတ်​တည်​ငြိမ်​​နေသလို လက်​ကလည်း လုံးဝတည်​ငြိမ်​​နေရမယ်​ကွ"

ဖြတ်​သန်းခြင်းကို ဖြတ်​သန်းလာခဲ့သူက ဘာမှမဖြစ်​​သော်​လည်း ကျွန်​​တော်​တို့ကတော့ သူ့စကားလုံး​တွေ​ အောက်​မှာ ​​ဖြေဖျားလက်​ဖျား​တွေ ​အေးစက်​ထုံရီသွားခဲ့။ အသက်​ရှူရတာကိုက မွန်းကျပ်​သွားခဲ့။

သူက​တော့ ရှုပ်​​ထွေးလှုပ်​ခတ်​​နေတဲ့ လူတွေကြားမှာ၊ တအီအီ​အော်​ဟစ်​​နေတဲ့ စစ်​လက်​ကျန်​ဘတ်​စ်​ကား​​ တွေပေါ်မှာ၊ မြို့ပြရဲ့အသက်​ရှူသံ​​တွေကြား မှာ.. သား​ကောင်​ကိုရှာလို့ ..ဖွေလို့။ ဘယ်​သူ့ပိုက်​ဆံအိတ်​ဟာ သူ့မျက်​လုံးနဲ့ ငြိကပ်​ပါလာမလဲ။

အ​မှောင်​​ခေတ်​ကြီးထဲမှာ သူ့နည်းသူ့ဟန်​နဲ့ အလင်းစကို ထိစမ်းပွတ်​သပ်​ခဲ့တဲ့လူတယောက်​ပါပဲ။

ဘဝဟာ ဆူး​လေနဲ့​မြောက်​ဥက္ကလာ၊ မြောက်​ဥက္ကလာနဲ့ဆူး​လေ။ စုန်​ချည်​ဆန်​ချည်​​မျောလွင့်​​နေ​​ပေမယ့်​ လမ်းနီ​လေးမှာခုန်ဆင်း​နေခဲ့ရင်​ ​သူ့အတွက်​ ​​ခြေခင်းလက်​ခင်း သာ​နေခဲ့ပြီ​။

သူ့ကို "ကိုခါးကြီး"လို့ ကျွန်​​တော်​တို့​ခေါ်​တော့ မျက်​မှန်​​အောက်​က သူ့မျက်​လုံး​တွေဟာ ပြုံးရွှင်​သွားခဲ့။ အေးကွ ဒီနာမည်​​လေးက ငါနဲ့အ​တော်​လိုက်​တယ်​ကွ။ မျက်​နှာသာ ပြုံးရွှင်​သွားရုံမကသူ့ရဲ့စကား လုံး တွေဟာလည်း ပြုံးရွှင်​​နေ​သော စကားလုံးများ။

ကိုခါးကြီး ...ကိုခါးကြီး

ခေတ်​ကြီးထဲက​နေ ခုန်​ထွက်​လာခဲ့တဲ့ကိုခါးကြီး။ လက်​အချိန်​အဆ အလွန်​သပ်​ရပ်​တဲ့ ကိုခါးကြီး။ သုံးရက် လောက်​​နေလို့ တ​ယောက်​မှ မနှိုက်​လိုက်​ရရင်​ အ​ရေပြား​တွေထဲမှာ ယားယံလာခဲ့တဲ့ ကိုခါးကြီး။ 

ကာင်းသူကို ပယ်​ပြီး ​ကောင်းသူကို ကယ်​​လေ့ရှိတဲ့ကိုခါးကြီး။ ဒူးယားစီးကရက်​ကို ဘူးလိုက်​ဝယ်​​သောက်​တတ်​တဲ့ ကိုခါးကြီး။ နင်းပြား​တွေဆီမှာ မနှိုက်​ဘဲ လူချမ်းသာ​တွေကိုသာ​ရွေးနှိုက်​တတ်​တဲ့ ကိုခါးကြီး။


မင်းတို့ လမ်းနီ​လေး ဟာ ​ချောရှိလို့​ ရှောင်​​ဇေလီ​ဇေလမ်းနဲ့ တူ​နေတာကွလို့ ​ပြောတတ်​တဲ့ ကိုခါးကြီး။


ချောရဲ့ကွန်​ရက်​ထဲမှာ ဆက်​နွယ်​ပတ်​သက်​မှုမရှိ​ပေမယ့်​ ​ ချောရယ်​သီချင်းဆိုလျှင်​သူဟာ ​ဆွေး​ဆွေးမြည့်​ မြည့်​ ကြေကြေကွဲကွဲ။ တ​ခါတ​ခါမှာ​ တော့ ​ချောဟာ လီလီပန်းပါကွာလို့ အင်းလျား​ရေပြင်​ကို ​ငေးရီကြည့်​​နေရင်းနဲ့ သူ့ဟာသူ တယောက်​တည်း​ပြော​နေတတ်​ပြန်​တယ်​။


လီလီပန်းဟာ ​ချောလား။ ချောဟာ လီလီပန်းလား။ လှိုင်းရိုက်​သံ သဲ့သဲ့ဖွဖွကြား​နေရတဲ့လမ်းနီ​လေးညထဲ က ညည်းတွား​အော်​ဟစ်​သံများ။ ချောရယ်​...​ချောရယ်​...​ချောရယ်


( သုံး )


ချောရယ်​ ...​ချောရယ်​...​ချောရယ်​ ...

ချောရဲ့ ဖြစ်​တည်​မှုကိုငြင်းဆန်​​ခဲ့ပေမယ့်​ ချောရဲ့သြခက်​စတြာထဲမှာ အ​သေအချာပါဝင်​ခဲ့တဲ့ ဝိုင်း​တော်​သား နှစ်​​ယောက်​ ရှိ​နေပါ​သေးတယ်​။

ကိုဗျတ်​ဝိလို့​အမည်​ရတဲ့ဖဲသမားတ​ယောက်​နဲ့ ​လှည်းတန်းကပ်​စ်​ထရိုလို့ချစ်​စနိုးအမည်​​ပေးထားတဲ့ကျွန်​​တော့်​ မိတ်​​ဆွေတ​ယောက်​ပါ။ ကိုခါးကြီးလိုပဲ ​မီးခိုး​တွေအူ​ထနေတဲ့ခေတ်​ကြီးထဲက​နေ စိမ့်​ထွက်​လာခဲ့တဲ့ လူသား အရင်းအမြစ်​​တွေ​ပေါ့။

အမြဲတမ်း တည်​ငြိမ်​​လေးနက်​​နေ​တဲ့ ကိုဗျတ်​ဝိကို မြင်​လိုက်​ရရင်​ ဘာထရန်​ရပ်​ဆဲလ်​လိုလို၊​ ဆော့ခရိတ္တ လို လိုနဲ့ ထင်​​ယောင်​ထင်​မှား ဖြစ်​သွားနိုင်​ပါ တယ်​။ တကယ်​​တော့ သူဟာ ဖဲသမားအဓိပတိပါ။ ဖဲချပ်​​တွေကိုသာ ထိစမ်းပွတ်​သပ်​​နေရရင်​ ကမ္ဘာ​လောကကြီးတခုလုံးကို ​မေ့​လျော့ထားနိုင်​ခဲ့တဲ့ လူ​တ​ယောက်​​ပေါ့။


"အမြဲတမ်း ဗျတ်​ထု​နေတဲ့သူ့ကို ဗျတ်​ဝိလို့​ခေါ်​တော့ ဒီလူ သ​ဘောကျသွားပုံရတယ်​ကွ။ ဖဲက​တော့ ဘာရိုက်​သလဲမ​မေးနဲ့ ငါ့​လူ။ ရပ်​ထဲရွာထဲမှာ နာ​ရေးရှိပြီဆို ခုနှစ်​ရက်​ခုနှစ်​လီ ဖဲထိုင်​ရိုက်​​တော့တာပဲ။ ဖဲမရိုက်​ရတဲ့​နေ့ ဆိုရင်​ ဒီလူဟာ ​ခြေတုန်​လက်​တုန်​များ ဖြစ်​​နေမလားမဆိုနိုင်​ဘူး"


ကိုခါးကြီးမိတ်​ဆက်​​ပေးလို့ သူ့ရဲ့​နောက်​ခံကားချပ်​ကိုသိခွင့်​ရလိုက်​​တဲ့အခါမှာ ကျွန်​​တော်​ဟာ ပျော်​ရွှင်​သွားခဲ့ ။ ဒီလိုအဝန်းအဝိုင်းထဲကလူ​မျိုးတွေဆို ကျွန်​​တော်​ဟာ အရမ်းကိုစိတ်​ဝင်​စားမိ။ သူတို့ ရွက်​လွှင့်​တဲ့ ပင်​လယ်​ ဟာ ဘယ်​လိုပင်​လယ်​မျိုးဖြစ်​​လေမလဲ။


ကိုဗျတ်​ဝိက​တော့ ပါရမီရှင်​ ဖဲသမားဖြစ်​ပုံရသည်​။ကုလားဖန်​ထိုးတာ​တောင်​ သူများ​တွေလို ​ရှေ့မှာ ချထိုး တာမျိုးမဟုတ်​ဘဲ ​ ဖဲထုတ်​ကို ​နောက်​ကျောဘက်​မှာထားပြီး​ နောက်​ပြန်​ထိုးတတ်​သူဖြစ်​သည်​။


လေထဲမှာ ဖ​ရောင်း..ဖ​​ရောင်းနှင့်​ မြည်​​အောင်​ ကုလားဖန်​ထိုးချလိုက်​လျှင်​​ အ​ကော်​ဒီယံတီး​သည်​နှင့်​ပင်​ တူ​နေ​သေး​တော့သည်​။


ဖဲချပ်​​တွေဟာ မြို့ပြခို​​တွေ​လို ​ဝေါခနဲထပျံသွားလိုက်​...ပြန်​ဆင်းလာလိုက်​နှင့်​။ အဲဒီလိုအချိန်​မျိုးဆို ဝိုင်းစက်​အံ့သြ​နေတဲ့ မျက်​လုံး​တွေက လည်း ​ဝေါခနဲ ထပျံသွားလိုက်​ ...ပျံဆင်းလာလိုက်​။


လတ်​လတ်​ဆတ်​ဆတ်​ဝယ်​လာခဲ့​တဲ့ဖဲထုတ်​အသစ်​ကို တစ်​နာရီ​​လောက်​​ကြာမြင့်​​အောင်​ ကစားပြီးသွားပြီ လား။ ဘယ်​အိမ်​ကဖြင့်​"ကုလားသုံး​ကောင်​"၊ ဘယ်​အိမ်​က​ဖြင့်​"ကိုး"။



နှစ်​လှည့်​တခါ၊ သုံးလှည့်​တ​ခါ​ လောက်​ အမှားအယွင်း မရှိ​ရ​လေအောင်​သူတို့ချင်းသာ နားလည်​​သော သ​င်္ကေတဖြင့်​ သူညွှန်​ပြ လိမ့်​မည်​။


ဒီ​လောက်​​တောင်​ တဖက်​ကမ်းခတ်​​နေတဲ့ပုဂ္ဂိုလ်​။ ချိန်းဝိုင်းသန့်​သန့်​​လေး​တွေ ​ချိန်းရိုက်​​နေတာ ကာလ ကြာမြင့်​ခဲ့ပြီဆို​တော့ အ​တော်​​လေး ဟန်​ကျပန်​ကျဖြစ်​​နေပြီ​ပေါ့။ ကျွန်​​တော်​မေးကြည့်​လိုက်​​တော့ အ​မွေရ ထားတဲ့အိမ်​နဲ့ခြံဆိုတာ ဖဲရိုက်​လို့ ကုန်​သွားပါပြီတဲ့။

ဒီလိုနဲ့ပဲ ​လောကဟာ ငိုလည်းငို...ရယ်​လည်း ရယ်​ခဲ့ရတာ​ပေါ့။ ဒီလိုနဲ့ပဲ ချစ်​သူခင်​သူများရဲ့ ဘဝသံသရာ ဟာ ရှည်​လျား ...​ထွေပြား ...​ဝေဝါးခဲ့ရတာ​ပေါ့။

တခါတခါမှာ ကိုခါးကြီးက သူ့ကို​ဗော်​လ်​တဲယားလို့ ခေါ်တတ်​​သေးသည်​။ ဘယ်​လိုပဲ​ ခေါ်​ခေါ် ဘုရားသခင်​ကလွဲလို့ ကျန်​တာ အကုန်​​ခေါ်နိုင်​တဲ့ ပုံပါပဲ။


နောက်​တယောက်​ ရှိ​သေးသည်​။ လှည်းတန်းကပ်​စ်​ထရိုတဲ့။ ဘယ်ရီကက်​ကိုအမြဲ​ဆောင်းပြီး မုတ်​ဆိတ်​​ မွှေး ပါးသိုင်း​မွှေး​တွေကို မရိတ်​မသင်​ဘဲ အမြတ်​တနိုးထား​လေ့ရှိသူ လူလတ်​ပိုင်းအရွယ်​ ပညာတတ်​တယောက်​။ သူဟာလည်း မြို့ပြထဲမှာ လွင့်​ချင်​တိုင်း လွင့်​​နေခဲ့တဲ့ မြို့ပြသစ်​ရွက်​ပါပဲ။


အဲဒီနှစ်​ကာလ​တွေတုန်းက ကျွန်​​တော်​ဟာ လွတ်​လပ်​မှုတ​ခုကလွဲလို့ ကျန်​တာ​တွေ အားလုံး​ပျောက်​ဆုံး​ နေခဲ့တဲ့ လူငယ်​​တယောက်​။

ညဘက်​ဆိုကျွန်​​တော်​တို့ဟာ ကုက္ကိုင်းလမ်းဆုံက အမိုးတို့ရဲ့ ခရိုးခရိုင်​အိမ်​ဆိုင်​​လေးမှာ၊ ဒါမှမဟုတ်​ လှည်းတန်းမှာ၊ မြေနီကုန်းမှာ၊ တိုက်​ဆယ့်​နှစ်​လုံးတန်းမှာ။




အင်းလျားညထဲကို ကျွန်​​တော်​တို့ပြန်​​ရောက်​လာခဲ့ရင်​​ အားလုံးဟာ ​ချောကို လွမ်းဆွတ်​သွားကြ​ပေါ့။ မူးမူးရီရီဖြစ်​​နေတဲ့ ဂစ်​တာသံ​တွေနဲ့အတူ ​​ချောရယ်​ ...​ချောရယ်​ ...​ချောရယ်​ ...


(​လေး )

သူမရဲ့ အနမ်း​​တွေ​အောက်​မှာ လူတယောက်​ဟာ အရှင်​လတ်​လတ်​ ပြာကျသွား​စေနိုင်​တယ်​။

ပူ​နွေးတဲ့အနမ်း​တွေ​ကြောင့်​ ဘဝတခုလုံး ထုံကျဉ်​​အေးစက်​ပြီး ​ လောကသုံးပါးကို အ​မေ့​မေ့အ​လျော့​လျော့ ဖြစ်​သွားခဲ့ရတဲ့ လူတချို့...

သူမ...

မီး​တောက်​မီးလျှံ​တွေ ကြားထဲက ​ပျော်​ရွှင်​ခြင်းနိုင်​ငံ​တော်​ကို ရှာ​ဖွေ​နေခဲ့တဲ့သူမ။

လမ်းနီ​လေးရဲ့ အချစ်​နတ်​ဘုရား သူမ။

ပြောမယ်​ဆိုရင်​​ပေါ့။ သူမဟာ အ​မှောင်​​ခေတ်​ထဲက​နေ ​အေးစက်​​လေးကန်​စွာနဲ့မျောလွင့်​လာခဲ့တဲ့ အရည်​အ​သွေးမြင့်​ လူသုံးကုန်​ပစ္စည်းတခု။

အမည်​သညာ ​ခေါ်စရာကား "Chaw "

အဲဒီအချိန်​တုန်းက ကျွန်​​တော်​တို့ဟာ ချောနဲ့ နီးကပ်​စွာ တည်​ရှိ​နေ​ပေမယ့်​​ သူမနဲ့ အ​ဝေးကွာဆုံး​နေရာက လူ​တွေ။ ကျွန်​​တော်​မှ မဟုတ်​ဘူး။ ကိုခါးကြီး၊ ကိုဗျတ်​ဝိ၊ လှည်းတန်းကပ်​စ်​ထရို ကျွန်​​တော်​တို့အားလုံးဟာ ချောနဲ့ ကင်းလွတ်​တဲ့ လွတ်​မြောက်​နယ်​​မြေ​တွေထဲမှာ ​​ခြေဦးတည့်​ရာ ​လျှောက်​သွားရင်းမူးရီယိမ်းထိုး​နေ​တဲ့ အရိပ်​မည်း​မည်းတွေ။

ချောတို့၊ အဝင်းတို့၊ မခိုင်တို့​ဟာလည်း​ ဟောဒီလမ်းနီ​လေးထဲမှာ သူတို့ရဲ့ ဘာသာစကားနဲ့သူတို့။

တခါတခါမှာ​တော့ အ​ကြောင်းပြချက်​တခုခုနှင့်​ ဖမ်းလားဆီးလားလုပ်​လာပြီဆို ဘုတ်​ကလပ်​ထဲကိုသူတို့​ လေး​တွေတိုးဝင်​လာခဲ့ပြီ။ အဲဒီလိုအချိန်​မျိုးဆို သူတို့​လေး​တွေရဲ့ မျက်​လုံး​တွေဟာ တိုးလျှိုး​တောင်းပန်​​နေ​တဲ့မျက်​လုံးမျိုး​တွေ။ စိုးထိတ်​အားငယ်​​နေတဲ့မျက်​လုံး​မျိုး​တွေ။

"ဖြစ်​သမျှဇာတ်​​ကြောင်းမလွယ်​ အင်းလျားကန်​​စောင်းဝယ်​ "ဆိုတာမျိုးကို လမ်းနီ​လေးည​တွေ ထဲမှာ မကြာခဏဆိုသလို ကျွန်​​တော်​တို့ ကြုံခဲ့ဖူး​ပေါ့။

ဘုတ်​ကလပ်​ထဲက​နေလှမ်းကြည့်​လိုက်​ရင်​ ကြယ်​ပွင့်​​တွေသီးထနေတဲ့ အင်းလျား​ဟာ အမှောင်​ထဲ မှာ တဖျပ်​ဖျပ်​။

တိတ်​ဆိတ်​​နေတဲ့ ညဟာ အသက်​ဇီဝဓာတ်​တခုခုကို ခုန်​ဟပ်​ဖို့ ​ချောင်းလို့​မြောင်းလို့။

မြို့ပြဝံပု​လွေ​တွေဟာ လ​ရောင်​ကို​မော့ကြည့်​​ရင်းက ဆွဲဆွဲငင်​ငင်​ ပျစ်​ပျစ်​ချွဲချွဲ အူလို့။

ဒီလိုအချိန်​မျိုးဆိုရင်​ လမ်းနီ​လေးနဲ့သိပ်​မ​ဝေးတဲ့အင်းလျားကန်​ဟိုတယ်​ရဲ့ ဒိုမီနိုခန်းမထဲမှာ Samba Pati လား။ ဒါမှမဟုတ်​ Besame Mucho လား။ ကနွဲ့ကလျ လိဒ်​ဂစ်​တာသံ​အောက်​မှာ ကကြိုးကကွက်​​တွေဟာ နုသွဲ့ညင်း​ပျောင်း​နေပြီ​ပေါ့။ မီး​ရောင်​မှုန်​ရီ​အောက်​က​ မျက်​ဝန်း​တွေဟာ မှေးစင်းရီ​ဝေ​​နေပြီ​ပေါ့။

ဘာပဲ​ပြော​ပြော ဘုတ်​ကလပ်​ထဲကို​ရောက်​လာခဲ့ရင်​​တော့ ​သူတို့ကိုဝိုင်းဆိတ်​မယ့်​ လင်းတ​တွေရန်​က ချော တို့၊ မခိုင်​တို့၊ အဝင်းတို့ဟာ လွတ်​​မြောက်​သွားခဲ့ပြီ။

လမ်းနီ​လေးအတွက်​​တော့ ဒီလိုအဖြစ်​အပျက်​မျိုးတွေဟာ များပြားလှ​ပေါ့။ လမ်းနီ​လေးထဲမှာ ငေါင်​စင်းစင်းနဲ့ ရပ်​​နေကြတဲ့ ဓာတ်တိုင်​​တွေတတိုင်​မှမရှိ။ အ​ရောင်​မွဲမွဲနှင့်​မြို့ပြခို​တွေတကောင်​မှ မရှိ။ စည်​ပင်​တဲ​လေး တလုံးကလွဲလို့ လူ​နေအိမ်​​ခြေတလုံးတလေပင်​ မရှိ။ လက်​ဖက်​ရည်​ဆိုင်​၊ ဘူးသီး​ကြော်​ဆိုင်​၊ အရက်​ဆိုင်​၊ ထမင်းဆိုင်​တ​ဆိုင်​မှမရှိ။ ကုန်​ကုန်​​ပြောရလျှင် ည​ဉ့်​နက်သန်း​ခေါင်​ထဲ ချိုးချိုးချွတ်​ချွတ်​အသံဗလံ​ကြားလျှင်​​ တောင်​ ထိုး​ဟောင်​ပေးမည့်​ ခွေး​လေ​ခွေးလွင့်​ တ​ကောင်​ပင်​မရှိပါ။

လမ်းနီ​လေးထိပ်​မှာ​တော့ "လမ်းနီ​လေးက​ဖေး"ဟု ကိုခါးကြီး နာမည်​​ပေးထား​သော ကိုဆန်းတို့ ညီအစ်​ကို ရဲ့လက်​ဖက်​ရည်​ဆိုင်​​လေးရှိသည်​။ အ​မေမြိုင့်​ထမင်းဆိုင်​​လေးရှိသည်​။ ဦးနှုတ်​ခမ်း​မွှေးရဲ့တွန်းလှည်း ကွမ်း ယာဆိုင်​​လေးရှိသည်​။ကြံ​ချောင်း​တွေကို ထည့်​ကြိတ်​လိုက်​တိုင်း ခြူသံလွင်​လွင်​မြည်​​လေ့ရှိ​သော ကိုဘာဘူ့ ကြံရည်​ဆိုင်​​လေးရှိသည်။ လမ်းနီ​လေး၊ သမိုင်း၊ ခဝဲခြံ ကား​​လေးဂိတ်​ရှိသည်​။

သတင်းအရင်းအမြစ်​ ဘာမှမရှိ​​လေတဲ့လမ်းနီ​လေးထဲမှာ ​ချောတို့ကို ဖမ်းလားဆီးလားလုပ်​ပြီဆိုလျှင်​သတင်း။ လူငယ်​​လေးတယောက်​ ရေကူး​နေရင်း ရေနစ်​​သေသွားပြီဆိုလျှင်​သတင်း။ ရုပ်​ရှင်​ရိုက်​မည့်​အဖွဲ့ လမ်းနီ​လေးထဲ ဝင်​သွားပြီဆိုလျှင်​သတင်း။ ကြက်ကျွန်းထဲမှာ ကြက်​ပွဲဖြစ်​​နေပြီဆိုလျှင်​သတင်း​၊

လူ​တွေဟာ အသက်​ရှင်​​နေလျက်​နှင့်​ ​သေဆုံး​နေကြတာလား။ သေဆုံး​နေလျက်​နှင့်​အသက်​ရှင်​​နေကြတာ လား။ ကျွန်​​တော်​သဲသဲကွဲကွဲမသိပါ။ ရက်​စွဲတွေဟာ ပျင်းရိငြီး​ငွေ့စရာ​ကောင်း​နေတာ​တော့ ​သေချာခဲ့သည်​။

အဲဒီပျင်းရိငြီး​ငွေ့စရာ​ကောင်းတဲ့ရက်​စွဲ​တွေထဲမှာပဲ ကျွန်​​တော့်​ဆီရောက်​ရောက်​လာတတ်​တဲ့ တ​မြို့တည်း သား သူငယ်​ချင်းဟာ ​ချောကို ​တွေ့ရှိသွားခဲ့​ပေါ့။

ကနဦးတုန်းက ​ချောလိုမိန်းက​လေးတယောက်​ကို ​ပေါ့ပါးလွယ်​ကူစွာနဲ့ပဲ ​ ကျော်ဖြတ်​​သွားလိမ့်​မယ်​လို့ ကျွန်​​တော်​တို့အားလုံးဟာ ထင်​မှတ်​ထားခဲ့ကြ။ သူ ကျွန်​​တော့်​ဆီရောက်​​လာတိုင်းလည်း ဘုတ်​ကလပ်​ထဲမှာ ချက်​ကြပြုတ်​ကြစားကြ​သောက်​ကြ။ မူးမူး​ဝေ​ဝေနဲ့ သီချင်း​တွေတပုဒ်​ပြီးတ​ပုဒ်​​ အော်​ဆိုကြ။ အမိုးတို့ရဲ့အိမ်​စုစု​လေးကို ညကြီးအချိန်​မ​တော်​ တံငါ​လှေ​လေးလှော်​ခတ်​သွားပြီး ​ဘီအီးကို အ​ကြွေးနှိုးဝယ်​ကြနဲ့ အင်းလျား ည​တွေကို ဖြတ်​သန်းလာခဲ့ကြတာမဟုတ်​လား။

ကိုဗျတ်​ဝိ ဖဲနိုင်​လာခဲ့တဲ့ရက်​မျိုး ဒါမှမဟုတ်​ ကိုခါးကြီး​ ခြေခင်းလက်​ခင်းသာတဲ့ ရက်​မျိုးဆိုရင်​ ဂုဏ်​သ​ရေရှိ လူကြီးမင်း​တွေလို ကျွန်​​တော်​တို့ဟာ အောင်​ပွဲခံခဲ့ကြ။လှည်းတန်း၊ ​မြေနီကုန်း၊ တိုက်​ဆယ့်​နှစ်​လုံးတန်း၊ တခါတခါ ​တောင်​ဥက္ကလာ စာတိုက်​မှတ်​တိုင်​နားကဆိုင်​​လေး​တွေအထိ ကျွန်​​တော်​တို့ဟာခြေစင်္ကြာဖြန့်​ခဲ့ ကြတဲ့ ထရွိုင်​စစ်​သည်​​တွေ။

လှည်းတန်းကပ်​စ်​ထရိုကို နယ်​အိမ်​က ငွေပို့လိုက်​တဲ့ ရက်​​ကောင်းရက်​မြတ်​​တွေဆိုရင်​ ကျွန်​​တော်​တို့ဟာ ဘီအီးတို့၊ ​ထွေးညိုတို့ကို ​မျက်​​စောင်း​တောင်​ လှမ်းမထိုးတဲ့ဆီ​နေတာ​တွေ​။

ချောကို လက်​ထပ်​ယူ​တော့မယ်​လို့ သူဖွင့်​ဟပြောလာ​တဲ့​နေ့က အင်းလျားဟာ အရူးတယောက်​လို သူ့ကို​ ငေးရီကြည့်​​နေခဲ့​။

အဲဒီညက သူဘာမှမဖြစ်​ပေမယ့်​ ကျွန်​​တော်​တို့အားလုံးဟာ မူးမူးရီရီနဲ့ တညလုံးရူးနှမ်း​အော်​ဟစ်​ခဲ့ကြတယ်။ လူအဖြစ်​မှာမူး​နေဖို့သာမက တခါတရံမှာ ရူးနေဖို့ပါလိုအပ်​တဲ့အ​ကြောင်း အဲဒီညက ကျွန်​​တော်​ အ​သေ အချာ​ တွေ့ရှိသွားခဲ့ပါတယ်​။

ဂျက်​လန်​ဒန်​ရဲ့ ပင်​လယ်​ဝံပု​လွေ၊ ဟာမန်းဟက်​စ်​ရဲ့ သိဒ္ဓတ္တ၊ ပါရဂူရဲ့စိတ္တရ​လေခါ၊ ရစ်​ချတ်​ဗာ့(ခ်​)ရဲ့​ယောန သံစင်​​ယော်​ စာအုပ်​​တွေကို ​ခေါင်းအုံးအိပ်​ခဲ့တဲ့သူငယ်​ချင်းရဲ့ ချစ်​ခြင်း​မေတ္တာကို ရှာ​ဖွေ​တွေ့ရှိခန်းပါပဲ။

ပြောမယ်​ဆိုရင်​​ပေါ့။ ​ချောဟာ သူ့ဘဝအတွက်​ နွံထဲက ကြာဖြူပွင့်​။

သူ့ရဲ့ အာရုံခံစားမှုကိုက သူများ​တွေနဲ့မတူဘဲ ကွဲပြားခြားနား​နေတတ်​တာ။ အလင်း​ဖြူအောက်​မှာ ထိုင်​​နေ​ ပေမယ့်​ သူ့ရဲ့အာရုံထဲမှာတော့ ​မည်း မည်းရီရီ ဖြစ်​ချင်​ဖြစ်​နေတတ်​တာ။ တိတ်​ဆိတ်​​နေ​ပေမယ့်​လည်း သူ့ရဲ့ စိတ်​အာရုံထဲမှာ တဝုန်းဝုန်းနဲ့ဆူညံ​ပေါက်​ကွဲ​နေတတ်​တာ။ တခါတခါမှာ နှင်း​ဖြူပြာညို အင်းလျားနံနက်​ခင်း ကို ​ငေး​ငေးရီရီကြည့်​​နေရင်းနဲ့ ခိုင်​ထူးရဲ့ နှင်းသက်​သက်​​ဝေဟာသူ့ရဲ့နှုတ်​ဖျားက တိုးတိုးလျလျ​လေး ထွက်​ နေတတ်​တာ။

ဒါ​ပေမဲ့ ....

ပြဇာတ်​ထဲက ဇာတ်​ဝင်​ခန်း​တွေသာ ဘဝဆန်​လို့ရပေမယ့်​ ဘဝထဲက ဇာတ်​ဝင်​ခန်း​တွေဟာ ပြဇာတ်​သိပ်​ဆန်​လို့ မရဘူးဆိုတာ သိပ်​မကြာခင်​မှာပဲ သူ တွေ့ရှိခဲ့ပြန်​ပါတယ်​။

သူ မရှိတဲ့အချိန်​။ အလင်း​ရောင်​နည်းနည်းနဲ့ အ​မှောင်​​တွေ​ဝေရီ​နေတဲ့ အခန်းကျဉ်း​လေးထဲမှာ ​ချော ရင်​ဆိုင်​​နေရတာဟာ ​အေးစက်​​ခြောက်​​သွေ့နေ​တဲ့ မျက်​လုံး​တွေ​ပေါ့။

သူမကို စိမ်းကား​ အေးစက်​စွာ ​ငေးစိုက်​ကြည့်​​နေ​တတ်​တဲ့မျက်​လုံးများ။ ဘယ်​​သောအခါမှ ​နွေး​ထွေးနူးညံ့လာမှာမဟုတ်​တဲ့ သူ့မိသားစု​တွေရဲ့ မျက်​လုံးများ။

မျက်​လုံး​တွေ ကင်းလွတ်​မယ့်​ ဇုန်​ထဲကို လွင့်​ထွက်​ပျံသန်းသွားမယ်​ဆိုရင်​ သူနဲ့ ကမ္ဘာတခု ခြားသွားမှာ ကို ​ချောသိပါတယ်​။

သူ့ရဲ့ချစ်​ခြင်း​မေတ္တာ​တွေကိုလည်း ​ချော အ​သေအချာ သိပါတယ်​။ ဒါ​ပေမဲ့ ချောဟာ ကြောက်​မက်​ဖွယ်​မျက်​လုံး​တွေမရှိတဲ့ အရပ်​​ကိုပဲ ​​ရွေးချယ်​ဆုတ်​ခွာ သွားခဲ့​လေတယ်​။

အဲဒီရက်​စွဲကစပြီး ​ချော မရှိ​တော့တဲ့ အထီးကျန်​ကမ္ဘာမှာ သူဟာ ​ခြေဦးတည့်​ရာ​လွင့်​​​မျောနေတဲ့ မိုး တိမ်။ သူ့အလွင့်​​တွေဟာကျွန်​​တော်​တို့ကို ကူးစက်​သွားပြီးနောက်​ပိုင်း ကျွန်​​တော်​တို့ဟာလည်း လွင့်​ချင်​တိုင်း လွင့်​​နေခဲ့ကြတဲ့ မိုးရိပ်​မိုးသား​တွေ။

ညဘက်​ကို ​ရောက်​ပြီလား။ လ​ရောင်​ဟာ ​အေးစက်​ပြာနှမ်း​နေပြီလား။ အားလုံးဟာ ချောဆီကို စုပြုံလွင့်​ဝင်​သွားခဲ့ကြ။ အားလုံးဟာ အလွင့်​ကမ္ဘာထဲကို လွင့်​ချင်​တိုင်းလွင့်​ထွက်​သွားခဲ့ကြ။

ရစ်​သမ်​ခတ်​သံဟာ တိုးတိုးရီရီ။ သီချင်းသံဟာ ထိခိုက်​​ကြေကွဲမှု​တွေ ​ရော​ထွေး​ပျော်​ဝင်​​နေ​သော သီဆိုမှုမျိုး။

သီချင်းစာသားအဆုံးမှာ "​ချောရယ်​"ကို သူတို့အားလုံး ဝိုင်းဆိုကြ။ ​ချောရယ်​ ...​ချောရယ်​ ...​ချောရယ်​ကို အ​တောမသတ်​နိုင်​​အောင်​ တယောက်​ပြီး​တယောက်​ တမ်း​မောကြ။ ချောရယ်​ကို လွမ်း​တကြ။ ချောရယ်​ကို ​အော်​ဟစ်​​ခေါ်​ဝေါ်ကြ ။

တ​ခါတ​ခါမှာ အသံဟာ ဆို​နေရင်း နှင့်​ တုန်​ရီထစ်​အ သွားတတ်​တာ။ တ​ခါတခါမှာ ချောဟာ ကျောလည်​အထိ​ရောက်​​နေတဲ့ ညို​မှောင်​​ကေသာတွေကို အရိုင်းဆန်ဆန်​ ဖြန့်​ချထားပြီး လမ်းနီ​လေးထဲက ထွက်​လာတတ်​တာ။ "ဟောဒီမှာ ထမင်းလိုက်​ပွဲ တ​ပွဲရှိတယ်​ အ​မေမြိုင်​​ရေ"လူကျ​နေတဲ့ အချိန်​ဆို ဘယ်​က​ရောက်​လာမှန်းမသိတဲ့ ကိုခါးကြီးဟာ အ​မေမြိုင့်​ထမင်းဆိုင်​​လေးမှာ ဝိုင်းကူ​ပေးတတ်​တာ။ လမ်းနီ​လေးဟာ အ​မှောင်​ထဲမှာ နစ်​မြုတ်​မှုန်​မှိုင်း သွားပြီဆိုရင်​ အသံဗလံ​​တစ်​ခုမှ မကြားရ​​လေအောင်​ တိတ်​ဆိတ်​​အေးစက်သွားတတ်​တာ။

"အဆိမ့်​ တစ်​ယာ​လုပ်​ပါဗျ ဦးနှုတ်​ခမ်း​မွေးရ"ကိုဗျတ်​ဝိဟာ ကွမ်းမှာရင်း ထုံးခွက်​ထဲထိုးနှစ်​လိုက်​တဲ့ လက်​ညိုးနဲ့ ဦးနှုတ်​ခမ်း​မွေးရဲ့ နဖူး​ပြောင်​ကြီးကို ဖျတ်​ခနဲလှမ်းတို့လိုက်​တာ။

တခါတခါလမ်းနီ​လေးဟာ သည်း သည်းရိုင်းရိုင်း ကျ​လာတဲ့ နှင်းပြာ​တွေ​အောက်​မှာ တဆတ်​ဆတ်​နဲ့ တုန်​ရီ​ နေတတ်​တာ။ တခါတရံမှာ အိပ်​​ပျော်​​နေတဲ့ ဂိတ်​မှူး ကို​ပေါက်​စအစား "​လေးသုံး​ခြောက်​ရှစ်​ ထွက်​မယ်​​ ဟေ့ "လှည်းတန်း​ကပ်​စ်​ထရိုဟာ ကို​ပေါက်​စရဲ့ ဝီစီ​လေးကို ရွှိခနဲယူမှုတ်​ပြီး ကား​လေးဂိတ်​မှူး ဝင်​လုပ်​​ပေး တတ်​တာ။ 
သူတို့လူစု မူးမူး​ဝေ​ဝေနဲ့ ညဉ့်​နက်​သန်း​ခေါင်​မှ ပြန်​လာခဲ့ရင်​ အိပ်​​မောကျ​နေတဲ့လမ်းနီ​လေးဟာ မျက်​​တောင်​​ လေး ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ပြီး နိုးထလာတတ်​တာ။ လမ်းနီ​လေးဟာ ​ချောဝင်​လာမယ့်​ လမ်း​ထိပ်​လေးကို တွေ​တွေ​ငေး​ငေး ကြည့်​​​နေရင်းနဲ့ တနေပြီးတနေဝင်​၊ တ​မိုးပြီးတမိုး ချုပ်​ ချုပ်​သွားတတ်​တာ။

တခါတခါ လမ်းနီ​လေးဟာ ချောရယ်​​ ချောရယ်​ ဆို့ဆို့နစ်​နစ်​အော်​ဟစ်​​ခေါ်​ဝေါ်ပြီး လွမ်းလွမ်း​ဆွေး​ဆွေးနဲ့ ကြိတ်​ကြိတ်​ပြီး ငိုရှိုက်​နေတတ်​တာ။ ။

နိုင်​ ဝင်း သီ

ကျော်ထင် - တမတ်

$
0
0
ကျော်ထင် - တမတ်
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၇

(တစ်)

ပိုက်ဆံရယ်လို့ သိသိမှတ်မှတ်နဲ့ သုံးတတ်တဲ့အချိန်တုန်းက အငယ်ဆုံးပိုက်ဆံဟာ ငါးပြားပဲ။အကြီးဆုံးပိုက်ဆံ က တစ်ရာကျပ်။ဒီ ၁၀၀ ကျပ်တန်က ဦးကောင်းလက်မှတ်ပါတဲ့ ဒေါင်းတံဆိပ် ၁၀၀ တန်တော့ မဟုတ်တော့ဘူး။ ၁၉၆၅ ခုနှစ်မှာ ကြေညာချက် ၄၈ နဲ့ ပြန်ထုတ်ဝေခဲ့တဲ့ ပိုက်ဆံ။၁၉၈၅ မှာတော့ ဒီ ၁၀၀ တန်လည်း ၅၀ တန်၊၂၀ တန်တွေနဲ့ အတူ တရားဝင်သုံးစွဲလို့  မရတော့တဲ့ ပိုက်ဆံတွေ ဖြစ်သွားပြန်တယ်။

ဒီပိုက်`ဆံတွေ သုံးလို့ ရတုန်းက အနုဆုပ်လေးတွေကို ငါးပြားဖိုး ငါးလုံးနဲ့ ဝယ်ခဲ့ဖူးသေးတယ်။အနုဆုပ်ဆိုတာ က ဗမာ့မုန့် ပဲသရေစာထဲက တမျိုးပါ။ဆန်လှော်မှုန့် ဖြစ်ဖြစ်၊ကုလားပဲမှုန့် ဖြစ်ဖြစ်ကို ထန်းလျက်၊သကြားတမျိုး မျိုးနဲ့  ရောပြီး ဆုပ်ထားတဲ့မုန့် ။ကျနော် သိပ်ကြိုက်ခဲ့တဲ့မုန့် စာရင်းထဲမှာ ပါတဲ့မုန့် လို့ လည်း ပြောလို့ ရတယ်။ အိမ်ကပေးတဲ့မုန့် ဖိုးနဲ့  အံကိုက်တဲ့မုန့် လို့ လည်း ပြောနိုင်တယ်။

နောက်ထပ်အံကိုက်တဲ့မုန့် က မရမ်းသီးခြမ်းလေးတွေကို ထန်းလျက်နဲ့ ယိုပြီး ငရုပ်မှုန့် စပ်စပ်နဲ့ ရောနယ်ထား တဲ့ မရမ်းပြားတုတ်ထိုးလေးတွေ။သူ့ ကိုခေါ်တဲ့ အခေါ်အဝေါ်မျိုးပြပစ္စည်းက ကင်။တကင်ကို မရမ်းပြား သုံးပြား ပါတယ်။ငါးပြားပဲ ပေးရတယ်။ငန်တယ်၊ချဉ်တယ်၊စပ်တယ်။ဒါပေမယ့် ကျနော့်ပါးစပ်မှာတော့ အဲ့ဒီ့ချဉ်ငန်စပ်တွေ နဲ့  အဟပ်မိနေတယ်။အနုဆုပ် ငါးပြားဖိုးနဲ့ မရမ်းကင်တကင်ဟာ နေ့ လယ်နေ့ ခင်းတွေမှာ အဖိုးကြီးဆိုင်ကနေ ၀ယ်စားနေကျ ကျနော့်ရဲ့မူပိုင်သရေစာတွေလေ။ဆယ်ပြားဖိုးနဲ့  ကျနော် ပွဲတိုးခဲ့ရတယ်။

နောက်တော့ အနုဆုပ်လေးတွေလည်း ငါးပြားဖိုး သုံးလုံးဖြစ်။နောက် တလုံး ငါးပြားဖြစ်နဲ့ ဈေးတွေ တက်သွား တယ်။ကျနော်လည်း သူငယ်တန်းကနေ သုံးတန်း၊လေးတန်းဖြစ်လာတယ်။အိမ်ကလည်း ကျနော့်ကို မုန့် ဖိုးတိုး ပေးလာတယ်။တိုးပေးတဲ့ပိုက်ဆံက တမတ်တဲ့။မတ်စေ့လေးဖြစ်ချင်ဖြစ်။ဆယ်ပြားစေ့ နှစ်စေ့နဲ့ ငါးပြားစေ့ တစေ့ ဖြစ်ချင်ဖြစ်။ဘယ်လိုပဲပေးပေး တမတ်ပြည့်အောင်တော့ ပေးတယ်။

အဲ့ဒီ့တုန်းက သူငယ်ချင်းတွေက ငါးမူး၊တစ်ကျပ် ရကြတာရှိတယ်။ကျနော်ကတော့ ရှစ်တန်းအထိ အဲ့ဒီ့တမတ် ပဲ။တမတ်ဟာ ကျနော့်ဘ၀မှာ တော်တော်သက်ဆိုးရှည်ခဲ့တယ်။အဲ့ဒီ့တမတ်နဲ့  ကျောင်းဈေးတန်း ပတ်ခဲ့ရတယ်။ တမတ်နဲ့ ဘာရသလဲဆိုရင် ဆီးထုပ်ဝယ်ရင် ဆီးထုပ် တထုပ်ရတယ်။မုန့် လုံးကြီးကြော်ဝယ်မယ်ဆိုရင် တလုံးရ တယ်။အဲ့ဒီ့အကြော်က ထန်းလျက်နဲ့ အုန်းခြစ်သားတွေကို ယိုပြီး အစာသွပ်ကြော်ထားတဲ့အကြော်လုံးပါ။ကန်နား ကျောင်းဘေး မီးသတ်ဌာနက ၀န်ထမ်းမိသားစုထဲက တစုက ကြော်ရောင်းတာ။သန့် ရှင်းတယ်။စားလို့  အလွန် ကောင်းတယ်။

ဒါပေမယ့် ဘယ်လောက်ကောင်းကောင်း နေ့ တိုင်း မစားချင်ဘူး။ကြာတော့ ရိုးလာတယ်။ဒီတော့ တခြားဟာ တွေ စားချင်လာတယ်။ဒါပေမယ့် ကျနော့်တမတ်က ဘာရနိုင်သလဲ။ကျောင်းဈေးတန်းမှာ တင့်လွင်တို့ အမေ ရောင်းတဲ့ ထမင်းလုံးသုပ် ပန်းနီရောင်လေးကို မုန့် ဟင်းခါးဟင်းရည်လေးနဲ့ တွဲသောက်ပြီး စားချင်တယ်။ဒါပေ မယ့် ဒီအသုပ်က တပွဲ ငါးမူး။ငါးမူးဆိုတာက ပြားငါးဆယ်ကို ပြောတာ။ကျ နော့် တမတ်ဆိုတာက နှစ်ဆယ့်ငါး ပြား။ကျနော်ပါတာထက် နှစ်ဆဖြစ်နေလို့ ထမင်းသုပ်နား မကပ် နိုင်ခဲ့ဘူး။တရုတ်မုန့် ဓားလှီးကိတ်နဲ့  ပဲမုန့် တွေ ကလည်း သုံးဆယ့်ငါးပြားဆိုတော့ လက်လှမ်း မမှီပြန်ဘူး။ဆယ်ပြားလိုနေသေးတယ်။

တမတ်နဲ့ ဝယ်စားနိုင်တာတွေက ပေါက်ပန်းလေးဆယ်နိုင်တယ်။ခပ်ခြာခြာမုန့် တွေပဲ ၀ယ်လို့ ရတယ်။တမတ် တန်ဖိုးက ကျောင်းဈေးတန်းမှာ တန်းမရှိတော့ဘူး။တန်ဖိုးနိမ့်နေပြီ။အရုပ်လေးတွေ ထည့်ထားတဲ့ ဆီးမှုန့် မှိုတက် လောက်ပဲ ရတယ်။ဆီးမှုန့် ထဲမှာ အရုပ်လေးတွေ ထည့်ပေးထားတယ်။တခါတလေ အရုပ်လိုချင်တဲ့အခါမျိုးမှာ တော့ ဆီးမှုန့် မှိုတက်ထုပ်တွေ ၀ယ်ရတာပါပဲ။

အိမ်ရောက်တော့ ခေါင်းအုံးစွပ်ဟောင်းပိတ်ဖြူစကို ပိတ်ကားအဖြစ်ထောင်တယ်။ပုဆိုးတွေနဲ့ ယိုင်ပတ် ပတ်ပြီး ရုံလုပ်လိုက်တယ်။ ၀င်ကြေးက ပလတ်စတစ်ဟောင်း ငါးအိပ်။ဆီးထုပ်ထဲကပါတဲ့ အရုပ်တွေကို ဖယောင်းတိုင်မီး ဆလိုက်လုပ်ပြီး ရုပ်ရှင်ပြလိုက်တယ်။အိမ်နားက သူငယ်ချင်းတွေ လာကြည့်ကြတယ်။နန်းသိမ်း၊ချမ်းငြိမ်း ညီအစ် ကိုရယ်။အောင်ခိုင်၊ဇော်လတ် ညီအစ်ကိုရယ်။အိမ်ရှေ့ က တေဇမောင်မောင်တို့ ညီအစ်ကိုရယ်။ရလာတဲ့ ပလတ် စတစ်အိပ်တွေကို စုပြီး နေ့ ခင်းဘက်လာတဲ့ ပလတ်စတစ်တွေ၊ပုလင်းတွေ၊ဒန်အိုးဒန်ခွက်အဟောင်းတွေ အ သစ်နဲ့ အဟောင်း လဲတယ်၊၀ယ်တယ်ဆိုတဲ့အသည်ကြီးဆီမှာ ပဲလှော်တို့ မရွေးတို့ နဲ့ လဲစားကြတယ်။

ကျနော်ရတဲ့ တမတ်ဟာ နောက်ထပ် ဘာဝယ်လို့ ရသေးသလဲဆိုရင် ရာသီစာတွေ ၀ယ်လို့ ရတယ်။သရက် သီးတို့ ၊စောင်းလျားသီးတို့ ကို ဆေးသကြားစိမ်ထားပြီး ဆားငရုပ်မှုန့် နဲ့  တို့ စားရတဲ့ ၀မ်းနူးစာ၊ရင်ကျပ်စာ၊အန္တ ရာယ်စာတွေတော့ ၀ယ်လို့ ရတယ်။အဲ့ဒါတွေကတော့ ဆယ့်ငါးပြားဖိုးလည်း ရတယ်။ဆယ်ပြားဖိုးလည်း ဖြစ် တယ်။ငါးပြားဖိုးဆိုရင်တောင် ပြန်မလွှတ်ဘူး။အင်ဖက်လေး၊ဗာဒံရွက်လေးနဲ့ ထုပ်ပေးလိုက်တာပဲလေ။

ငါးပြား၊ဆယ်ပြားတန် အုန်းကပ်စေး ရှိပေမယ့်စားပြီးရင် သွားကိုက်တတ်လို့  စားရမှာ လန့် တယ်။မြန်မာစာ ဆရာမကြီး လုပ်ရောင်းတဲ့အုန်းယိုက ကောင်းလွန်းတော့ တထုပ်တည်းနဲ့ စားမ၀ဘူး။ကွမ်းသီးလုံးလောက်ကို တမတ်ဆိုတော့ ၂ ထုပ်၊၃ ထုပ် လောက်မှ အာသာပြေတယ်။ဒါပေမယ့် ကျနော်ပါတာက တမတ်လေ။အာ မထိ၊ လျှာမမိ တထုပ်စာပဲ ရတာကို။

ဒီတမတ်နဲ့  ကျောင်းဈေးတန်း ပတ်ပေမယ့် ဘာမှ ဟုတ်ဟုတ်ဟပ်ဟပ် ၀ယ်မဖြစ်ပါဘူး။မျက်နှာငယ်ရတယ်။ တခါတလေ သူငယ်ချင်းတွေက တင့်လွင်တို့ အမေဆိုင် ၀င်ထိုင်ရင် ကျနော်က ငွေတမတ်တည်းပါတာမို့  မထိုင် ဘူး။ကျော်ထွက်လာပြီး ဆီးထုပ်တထုပ် ၀ယ်ချင်ဝယ်။ရေခဲချောင်း ဆယ်ပြားတန်၊ဆယ့်ငါးပြားတန် ၀ယ်ချင်ဝယ်။ ဒါမှမဟုတ် တမတ်နဲ့ ရတဲ့ သံပုရာပေါင်း ၀ယ်ချင်ဝယ်တယ်။ဒါကလွဲပြီးလည်း ဘာမှ ရွေးချယ်စရာ မရှိဘူးလေ။ ငွေတမတ်ရဲ့ပေးချက်က အဲ့ဒါအကုန်ပဲ။ရှေ့ ဆက်သွားလို့ မရဘူး။

သိပ်ကို စားချင်လွန်းတဲ့ ဖော့ဓားလှီးရေခဲချောင်းကလည်း သုံးဆယ့်ငါးပြားဆိုတော့ ငေးကြည့် ရုံပဲ တတ်နိုင် ခဲ့ တယ်။ရေခဲချောင်းရဲ့အပေါ်မှာ တင်နေတဲ့ နို့ သားအမြှုပ်ဖြူဖြူဖွေးဖွေးတွေကို လွေးလို့ သာ စုပ်ချင်တော့တာပဲ။ သိပ်ကိုစားချင်တဲ့စိတ်ဖြစ်လာတဲ့အခါမျိုးမှာတော့ နှုတ်၏စွန့် စားခြင်းတွေကို လုပ်ခဲ့ပါတယ်။ဒါပေမယ့်လည်း အ ဟောသိကံပါပဲ။ဖော့ဓားလှီးကို တမတ်ဖိုး မရောင်းဘူးလား မေးမိတယ်။နည်းနည်းလျှော့လှီးပြီး ရောင်းပေးပါ လားပြောမိတယ်။

မကိုက်လို့ ပါ ကလေးရယ်တဲ့။ဦးလေးတို့ က အဲ့ဒီလို လျှော့လှီးပြီး ရောင်းလိုက်ရင် ကျန်နေတဲ့ အပိုင်းက တ တုံးစာမဖြစ်တော့ဘဲ စကောစကဖြစ်ပြီး ရှုံးတယ်တဲ့။ကျနော့်ကို သနားမလား အောက်မေ့ပြီး ဈေးဆစ်မိပါတယ်။ သူတို့ ကို ပြန်စာနာရမယ့်ကိန်းဖြစ်လာတယ်။ဒါနဲ့ ပဲ သံပုရာပေါင်းပဲ ပေးပါတော့ဆိုပြီး သံပုရာပေါင်းပဲ ၀ယ်စုပ်ခဲ့ရ တာမျိုးလည်း ရှိခဲ့တယ်။

တမတ်ဟာ ၀ယ်ချင်တာ ၀ယ်မရ။စားချင်တာ စားမရနဲ့ လေ။အိမ်ကပေးတဲ့တမတ်ဟာ ကျောင်းဈေးမှာ ဘာမှ သုံးစား မရတာကို အိမ်က မသိရှာဘူး။ဒါမှ မဟုတ် သိသိနဲ့ ပဲ မတတ်နိုင်တဲ့အဆုံး ငါ့သားရယ် ဒါလောက်ပဲ ယူ ဦးဆိုပြီး ပေးတာလည်း ဖြစ်တန်ကောင်းရဲ့။ကျနော်တို့ က မောင်နှမ လေးယောက်ဆိုတော့ အဖေ၊အမေတို့  ဘက်က ကြည့်ရင်လည်း ပေးရတဲ့မုန့် ဖိုးတွေက မနည်းဘူးလေ။ဒါကလည်း ခုမှ တွေးကြည့်မိတာပါ။

အဲ့ဒီ့တုန်းကတော့ တန်ဖိုးအကန့် အသတ်နဲ့ သုံးနေရတဲ့တမတ်ကို မယူချင်တော့ဘူး။ပိုပေးဖို့ လည်း မတောင်း ဆိုချင်ဘူး။ဒါကြောင့်ပဲ ကိုးတန်းရောက်တော့ အိမ်ကပေးတဲ့ မုန့် ဖိုးတမတ်ကို မယူတော့ဘူး။တမတ်ဆိုတာ ဖော့ ဓားလှီးရေခဲချောင်းတောင် စားလို့ မရတာ။လက်ဖက်ရည်သောက်ချင်လာတဲ့၊သံလမ်းဂိတ်ကြော် စားချင်လာတဲ့ အရွယ်မှာ တမတ်က ဘယ်မှာသွားသုံးမှာလဲ။သုံးမရမယ့်အတူ အိမ်ကိုလည်း ၀န်မပိုရအောင် မုန့် ဖိုးတမတ်ကို ကျနော် မယူတော့ဘူး။ငြင်းပစ်လိုက်တယ်။တမတ်မရှိတော့ကော ဘာဖြစ်သေးလဲ။ဘာမှ မဖြစ်ပါဘူး။

(နှစ်)

ဒါပေမယ့် ၈ တန်းအထိကတော့ ဒီတမတ်ကို ယူခဲ့ပါသေးတယ်။တမတ်နဲ့ ပဲ ၀ယ်စားနိုင်သလောက်လေးတွေ ၀ယ်စားရင်းနဲ့ မူလတန်း၊အလယ်တန်းကျောင်းသားဘ၀တွေကို ဖြတ်သန်းခဲ့ရတယ်။တခါတလေတော့လည်း အ မေက ငါးပြား ပိုပေးလို့ ပြားသုံးဆယ်နဲ့ ကျောင်းသွားခဲ့တာတော့ရှိပါတယ်။ဒါမျိုးက ရှားရှားပါးပါးပါ။အိမ်မှာ မာလ ကာသီးနဲ့ လိုင်းမကြူးသီးတွေ ဖြိုင်ဖြိုင်သီးမှ ရတတ်တာမျိုးပါ။မာလကာသီးနဲ့ လိုင်းမကြူးသီးတွေကို ဗန်းထဲ ထည့်ပြီးအိမ်ရှေ့ မှာ ခွေးခြေခုံလေးပေါ်တင်ပြီး ရောင်းတယ်။အဲ့ဒီ့ကရတဲ့ ပိုက်ဆံနဲ့ ကျနော်တို့ မောင်နှမတတွေ ကို မုန့် ဖိုးပြန်ပေးတယ်။

အမက ကျနော့်ထက် ၂ နှစ်ကြီးတယ်။ညီက ကျနော့်အောက် ၂ နှစ်ငယ်တယ်။အားလုံး ကန်နားကျောင်းမှာပဲ တက်ကြတယ်။ကျနော် ၇ တန်းအရောက်မှာ အမက ကျောင်းပြောင်းသွားရတယ်။သူက ၉ တန် ဖြစ်သွားတော့ အထက်တန်းရှိတဲ့ အမှတ်(၁) အထက်တန်းကျောင်းဆီ ပြောင်းသွားတာ။နဂိုကတည်းက ကသီတာ အမ ကျောင်းပြောင်းတော့ ပိုပြီး ဗျာများကုန်တယ်။ကန်နားကျောင်းတက်တုန်းက ခြေကျင်သွားကြတာဆိုတော့ ပြ ဿနာ မရှိဘူး။ကျောင်းကလည်း နီးတယ်။

အမှတ်(၁)ကျောင်းကျတော့ ဝေးသွားပြီ။ခြေကျင် မရတော့ဘူး။စက် ဘီးနဲ့ သွားဖို့ ကျတော့ မ၀ယ်နိုင်တာ ရယ်၊အမက မစီးရဲတာရယ်ကြောင့် အဲ့ဒီ့အစီအစဉ် အထ မမြောက်ခဲ့ဘူး။ဒါကြောင့်ပဲ အိမ်ရှေ့ ကဖြတ်သွားတဲ့ သစ်ထုတ်လုပ်ရေးဌာနက ကျောင်းကြိုပို့ ကားကို စီးခွင့်ပေးဖို့  အကူအညီတောင်း ရတယ်။အဲ့ဒီ့မှာ အပေးအယူ လုပ်ကြတယ်။ကားသမားက စီးခွင့်ပေးတယ်။အမေတို့ က ပိုက်ဆံပေးတယ်။

အဲ့ဒီလို ငွေ အထွက်များလာတော့ ကျနော်တို့ မုန့် ဖိုးကို အတော်ရုန်းရမှာပေါ့။အစ်ကိုကလည်း မိတ္ထီလာဒေသ ကောလိပ်တက်နေပြန်ဆိုတော့ အဖေ ရတဲ့ လစာလေး ၁၇၅ ကျပ်ဟာ ကျနော့်တမတ်ကို ဘယ်လိုလုပ် ပရိုမိုး ရှင်း (promotion ) လုပ်နိုင်ပါ့မလဲ။ဆင်းရဲတွင်းအကြောင်းပြချက်နဲ့ ပဲ တမတ်ခေတ်ဟာ သက်ဆိုးရှည်နေခဲ့တာ။ ငွေတမတ် သက်ဆိုးရှည်နေသမျှ ကျောင်းဈေးတန်းမှာ ကျနော် မျက်နှာငယ်ခဲ့ရတယ်။သူငယ်ချင်းတွေ အလယ် သိမ်ငယ်ခဲ့ရတယ်။

ဖော့ဓားလှီးရေခဲချောင်းကို ဖမ်းလုစားခဲ့ရတဲ့အခြေအနေအထိ တွေ့ ကြုံခဲ့ရဖူးတယ်။ဒါကို ပြန်တွေးကြည့်တိုင်း နိမ့်ပါးတဲ့ ခံစားမှုတမျိုးကို ခံစားနေရဆဲပဲဖြစ်တယ်။ခေတ်ကို၊စနစ်ကို ရင်နာနေဆဲပဲလည်း ဖြစ်တယ်။ခေတ်ဆိုး စ နစ်ဆိုးရဲ့သားကောင်ဖြစ်နေရတဲ့ အညတရတွေရဲ့ ဘ၀ကို ယူကြုံးမရလည်းဖြစ်ရတယ်။တကယ်တော့ ဒီအညတ ရတွေဟာ ကစားပွဲတခုက မုန့် ကျွတ်တွေလိုပါပဲ။အိမ်ပြည့်ရုံ ဖြည့်ရတဲ့ အိမ်ဖြည့်တွေပါပဲ။

(သုံး)

ကျောင်းရှေ့ လမ်းရဲ့ဘေး၊ ဘယ်ညာမှာ မုန့် ဆိုင်တန်းတွေရှိနေတာ။အဲ့ဒီ့အထဲမှာ ရေခဲချောင်းသည်တွေလည်း အပါအ၀င်ပါပဲ။ရေခဲချောင်းသည်တွေက ရေခဲချောင်းစက်ကြီးနှစ်စက်ကနေ ယူရောင်းကြတာ။ရွှေနှင်းဆီစက်နဲ့ ၊ ဒို့ ကျောင်းသားစက်တွေ။ရေခဲစက်ပိုင်ရှင်တွေ ပြိုင်၊မပြိုင်တော့ မသိပါဘူး။လမ်းလျှောက်ပုံးထမ်း ရေခဲချောင်း သည်တွေကတော့ အပြိုင်အဆိုင် ရောင်းနေကြတာပါပဲ။

ဖော့ဓားလှီးတချောင်းကို တမတ်နဲ့ ဈေးဆစ်တာ၊ မရတဲ့ပုံးထမ်းသည်တွေဟာ အပြိုင်စိတ်ကြောင့် မမျှော်လင့် တာတွေ လုပ်ကြတယ်။အဲ့ဒီ့နေ့ က ငွေတမတ်နဲ့ ကျောင်းလာတဲ့ကျနော် အံ့သြစရာတွေ ကြုံရတယ်။ကျောင်းဆီ ရောက်ရောက်ချင်း ကျောင်းလမ်းမပေါ်က ပုံးထမ်းသည်တွေရဲ့ ဖော့ဓားလှီးတွေ တမတ် တမတ်နဲ့ အော်သံကို ရွှေနှင်းဆီဘက်ကနေ စကြားလိုက်ရတယ်။ကျနော်ပျော်သွားတယ်။

အိပ်ကပ်ထောင့်နား ကပ်နေတဲ့ ပိုက်ဆံတမတ်ကို စမ်းကိုင်ရင် မင်း အသုံးတည့်ပြီ။တမတ်နဲ့ ဖော့ဓားလှီး စား ခွင့်ရပြီလို့ စိတ်ထဲမြည်တမ်းလိုက်တယ်။ရွှေနှင်းဆီသည်တွေဘက် ခြေလှမ်းရွှေ့ ဖို့ ကျနော် ပြင်လိုက်တာ။ပြားနှစ် ဆယ်၊ပြားနှစ်ဆယ် ဖော့ဓားလှီးတွေ ပြားနှစ်ဆယ်လို့  ဒို့ ကျောင်းသားဘက်က အော်သံထွက်လာတယ်။ကျနော့် ခြေလှမ်းတွေ လမ်းခုလပ်မှာ တန့် သွားတယ်။

ရွှေနှင်းဆီက ဖော့ဓားလှီးတွေ ဆယ့်ငါးပြား၊ဆယ့်ငါးပြားလို့ အော်လိုက်တာကိုး။အဲ့ဒီ့မှာ ဒို့ ကျောင်းသားက လည်း ဆယ်ပြား၊ ဆယ်ပြား အော်ပြန်တယ်။ရွှေနှင်းဆီက ငါးပြားငါးပြားဖြစ်သွားတယ်။အဲ့ဒါအပြီးမှာတော့ တဖက်နဲ့ တဖက် ရေခဲချောင်းတွေနဲ့ ပစ်ပေါက်ကြတာ။ကျနော်တို့ ခေါင်းပေါ်က၊ကျနော်တို့ ရှေ့ က၊ကျနော်တို့  နောက်ကျောက၊ကျနော်တို့ ကြားထဲက နေရာစုံကနေ ရေခဲချောင်းမျိုးစုံဟာ ပလူတွေ ပျံနေသလိုပါပဲ။တချို့  ကျောင်းသားတွေက အဲ့ဒီ့ရေခဲပျံပလူတွေကို လိုက်ဖမ်းကြတယ်။ရန်ပွဲနဲ့ ပျော်ပွဲဟာ သဟဇာတဖြစ်မှန်းမသိ ဖြစ် သွားတယ်။

အဲ့ဒီလိုအခြေအနေမျိုးမှာ ဖော့ဓားလှီးကြီး၊ရွှေဝါဆပ်ပြာတပိုင်းစာလောက်ရှိတဲ့ အတောင့်ကြီးဟာ ကျနော့်ရင် ဘတ်ကို လာမှန်ပြီးတော့ ပိုင်းပဲ့သွားတာ။ကျနော်လည်း ပိုင်းကျိုးသွားတဲ့ ဖော့ဓားလှီးအပိုင်းအပဲ့တွေကို ကပျာ ကယာနဲ့ လိုက်ဖမ်းလိုက်တာ ၃၅ ပြားတန် နှစ်တုံးစာလောက်အပဲ့တုံးကို ဖမ်းမိလိုက်တယ်။ပျော်လိုက်တာ။ဘယ် ပြောကောင်းမလဲ။ရေငတ်နေတုန်း မြစ်ထဲကျတာကိုး။စားရကံကြုံတော့ နှုတ်ခမ်းဖျား ပျားရည်စုတာကိုး။

အင်္ကျီနဲ့ ဘောင်းဘီ ပေစွန်းသွားလို့ အမေဆူမှာကို သိနေပေမယ့် တမတ်နဲ့ ဝယ် မစားနိုင်တဲ့ ဖော့ဓားလှီး ကို စားလိုက်ရလို့  ပျော်တဲ့အပျော်က ပိုနေတယ်။ဒါပေမယ့် ဒါကို တယောက်တည်း မစားပါဘူး။သူငယ်ချင်းတိုးနိုင် ကိုပါ ကျွေးလိုက်တယ်။ဒီကောင်လည်း ၀ယ်မစားနိုင်တဲ့ကောင်။တမတ်သမား ဘ၀တူတွေ။သူ့ အဖေက ရဲတပ် သားအိုကြီး။ သေနပ်ကို အိမ်သာအပြင်မှာထောင်ပြီး အိမ်သာတက်နေတုန်း၊ထောင်ဖောက်ပြေးတဲ့ အကျဉ်းသား က ကိုယ်လွတ် ရုန်းမပြေးဘဲ အိမ်သာရှေ့ တွေ့ တဲ့သေနပ်ပါ မ သွားလို့ အပြစ်ပေးခံထားရတဲ့ ရဲအိုကြီး။သားသ မီးတွေ မွေးထား လိုက်တာလည်း အများကြီးပဲ။အဲ့ဒီ့ရဲအိုကြီးရဲ့သား တိုးနိုင်နဲ့ တယောက်တ၀က် စားပစ်လိုက် တယ်။

ဒီကောင်က ကောင်းလိုက်တာကွာ တဲ့။

(လေး)

တကယ်တော့ တမတ်ဟာ ငယ်ဘ၀တလျှောက်လုံး လွှမ်းမိုးခဲ့သလို မနှစ်ကလည်း တမတ်နဲ့ ပတ်သက်လိုက် ရပါသေးတယ်။အဖေ ဆုံးတုန်းကပါ။အဖေ့ ရုပ်အလောင်းကို ရေခဲတိုက်မှာ သွားထုတ်ယူတော့ တမတ်နဲ့ ပတ် သက်ခဲ့တာ။အဖေ့ ရေခဲသေတ္တာအမှတ်က (၁၁)။ဒါကို (၁၂)နဲ့ မှားပြီး၊(၁၂)က အလောင်းထဲထည့်ရမယ့် ပိုက်ဆံ တမတ်ကို အဖေ့ ပါးစပ်ထဲ ထည့်ပစ်လိုက်တာ။အဲ့ဒီလိုထည့်တာကို ကျနော်တို့ လည်း မမြင်လိုက်ဘူး။(၁၂)က လူတွေလည်း မတွေ့ လိုက်ကြဘူး။ကျနော်တို့ အအေးခန်းထဲ မရောက်ခင် ထည့်လိုက်ကြတာ။

အလောင်းကို နာရေးကားပေါ်တင်မယ်လုပ်ခါမှ (၁၂)က အလောင်းပိုင်ရှင်က တမတ်ထည့်လိုက်ပြီလားလို့  မေးတာကို ၀န်ထမ်းက ထည့်လိုက်တယ်လေ(၁၁)မှာ ကျနော်ကိုယ်တိုင် သေသေချာချာထည့်လိုက်တာလို့ ဖြေ တော့မှ ဟာ-(၁၁) မှာ ထည့်ရမှာ မဟုတ်ဘူးလေ(၁၂)မှာ ထည့်ရမှာ ဆိုပြီးတော့ ပြဿနာကပေါ်လာတာ။ပိုက် ဆံတမတ်က ကျနော့်အဖေ ပါးစပ်ထဲရောက်နေပြီ။

ဒါကို ပြန်ထုပ်ပေးဖို့ ကျနော့်အဖေ့ပါးစပ်ကို ဖြဲနေတော့မှ ကျနော်က သိတာ။ကျနော်က ပါးစပ်ဖြဲတာတွေ မလုပ်စေချင်လို့ တားတယ်။ထားလိုက်ပါ၊နောက်ထပ် ရှာထည့်လိုက်ပါ ၀င်ပြောမိတယ်။တမတ်က ရှား တယ်။ပြန်ရှာဖို့ မလွယ်ဘူး လို့ တဘက်က ပိုင်ရှင်က ၀င်ပြောတယ်။ရင်ခွဲရုံဝန်ထမ်းက သူ့ နမော်နမဲ့နိုင်မှု အ တွက် အဖေ့ပါးစပ်ကို ဖြဲပြီး တမတ်ကို ထုတ်နေပြန်တယ်။တမတ်က ထုတ်မရဘူး။သွားအတွင်းထဲကို ထည့် ပစ်တာဖြစ်မယ်။အဲ့ဒါကို ပြန်ယူ ဖို့ အဖေ့ပါးစပ်ကို အတင်းလှန်နေတာ။မြင် မကောင်းတော့ဘူး။ဟေ့လူတွေ ရပ် တော့ -ကျနော် ခပ်ကျယ်ကျယ်၊ခပ်မာမာ အော်လိုက်တယ်။အဲ့ကျမှ တဘက်အလောင်းပိုင်ရှင်ထဲက တ ယောက်က ထားလိုက်ပါတော့ဗျာ။တမတ် မရလည်း တခြား ပိုက်ဆံထည့်တာပေါ့ တဲ့။

သူတို့ ထဲက တယောက်ကပဲ တမတ်မဟုတ်လည်း ဖြစ်တယ် မဟုတ်လား လို့ မေးတယ်။ ခပ်ကြီးကြီး တ ယောက်က ဖြစ်ပါတယ်။တမတ်မရှိလည်း ဖြစ်ပါတယ် ဆိုပြီးဖြေတာ။အဲ့ကျမှ ပြဿနာက ပြီးတော့တယ်။သူတို့  လည်း သူတို့ အလောင်းသူတို့ ယူ၊ကျနော်တို့ လည်း အဖေ့အလောင်းကို သယ်လာ။ကူးတို့ ခ တမတ်ကို အဖေ့ ကံကြောင့် ရလိုက်တာတဲ့။ဦးလေးတယောက်က မှတ်ချက်ချတာပါ။အဲ့ဒီ့တမတ်ကြောင့်ပဲ ကျနော်တို့ ကလည်း နောက်ထပ် ကူးတို့ ခ ထပ်ထည့် မပေးမိကြတော့ဘူး။

ဒါကို ခုမှ ပြန်တွေးနေမိပြန်တယ်။တမတ်နဲ့ ခေတ်ဟာ လိုက်လျောညီထွေမှ ဖြစ်ရဲ့လားလို့ ။အဖေ ဖြေသွား ပေးနိုင်ရင်ကောင်းမယ်။


ကျော်ထင်

အခွန်ထမ်းသာဂိ - အမေရိကန်က အခွန်ဥပဒေ အသစ် ၂၀၁၈ ပြဌာန်းပြီ

$
0
0

အခွန်ထမ်းသာဂိ - အမေရိကန်က အခွန်ဥပဒေ အသစ် ၂၀၁၈ ပြဌာန်းပြီ
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၇

ဒီဇင်ဘာ ၂၀၊ ညနေ အမေရိကန်အရှေ့ခြမ်း စံတော်ချိန်မှာ အမေရိကန်လွှတ်တော် ၂ ရပ်လုံးက အမေရိကန်အခွန်ဥပဒေ ပြင်ဆင်ပြဌာန်းမှုကို အတည်ပြုလိုက်ပါတယ်။ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရန့် စာပွဲပေါ်ရောက်တာနဲ့ ထရန့်ကလည်း လက်မှတ်ထိုး ထောက်ခံဖို့ အဆင်သင့်ပါပဲတဲ့။ အတိုက်အခံ ဒီမိုကရက်တွေကတော့ ဒီအခွန်ဥပဒေပြင်ဆင်မှုဟာ အမေရိကန်တွေကို အကြွေးတွေ ပိုပိစေပြီး ခရိုနီတွေကို သာ၍ ကောင်းစားစေမှာ ဖြစ်တယ်လို့ ပြန်လှန်ပြစ်တင်လိုက်ပါတယ်။ လွှတ်တော် ၂ ရပ်လုံးက ဒီမိုကရက်အမတ်တွေက ကန့်ကွက်ဆန္ဒမဲပေးခဲ့ကြပေမယ့် မဲအသာစီးရနေတဲ့ ထရန့်နဲ့ ရီပတ်ဘလစ်ကန်အမတ်တွေက အတည်ပြုနိုင်ခဲ့ကြပါတယ်။

အမေရိကန်ဥပဒေသက်တမ်းထဲ အနှစ် ၃၀အတွင်း အခွန်ဥပဒေကို ပြင်ဆင်ပြောင်းလဲနိုင်ခဲ့တယ်လို့ ရီပတ်ဘလစ်ကန်အမတ်တွေက အပြင်းအထန် ဂုဏ်ယူလိုက်ကြပါတယ်။ အခွန်ဥပဒေပြင်ဆင်မှုကနေ အခွန်တော်ငွေ ၁.၅ ထရီလျံကို လျော့ချလိုက်နိုင်တာ ဖြစ်တဲ့အတွက် တနည်းအားဖြင့် အစိုးရဘဏ္ဍာနဲ့ အသုံးစာရိတ်ထဲကနေ ၁.၅ ထရီလျံ လိုငွေပြ (အကြွေးတင်) သွားမှာ ဖြစ်ပါတယ်။

သူတို့အခွန်လျော့ပေးလိုက်တာက အဓိက လုပ်ငန်းရှင်ကြီးများ ကုမ္မဏီကြီးများ ထမ်းဆောင်နေရတဲ့ အခွန်တော်နှုန်း ဖြစ်ပါတယ်။ ၁၀၀ မှာ ၃၅ ကျပ် အမြတ်ခွန်ကောက်နေရာကနေ ၂၁ ကျပ်ပဲ ကောက်တော့မယ်လို့ အသေသတ်မှတ်ထာ ဖြစ်ပါတယ်။ အသေသတ်မှတ်တယ်ဆိုတာက ဘယ်တော့မှ ပြန် မပြင်ဆင်တော့ဘူး၊ အမြဲတန်း ၂၁ ကျပ်ပဲ အခွန်ကောက်မယ်လို့ ဆိုတာပါ။ သို့သော် တဦးချင်း မိသားစုလိုက် ၀င်ငွေခွန်ကိုတော့ ယာယီ ၈ နှစ်တာ လျော့ချပေးတယ်လို့ ဆိုပါတယ်။ အောက်ပါအတိုင်း လျော့ချပေးတယ် ဆိုပါတယ်။

2018 Income Tax Brackets
RateIndividualsMarried Filing Jointly
10%Up to $9,525Up to $19,050
12%$9,526 to $38,700$19,051 to $77,400
 22%38,701 to $82,500$77,401 to $165,000
24%$82,501 to $157,500$165,001 to $315,000
32%$157,501 to $200,000$315,001 to $400,000
35%$200,001 to $500,000$400,001 to $600,000
37%over $500,000over $600,000

လူတွေပေါ်ကောက်တဲ့ ၀င်ငွေခွန်က မူလကထက် ၂% ကနေ ၃% အထိ လျော့ပေါ့ပေးလိုက်တာ ဖြစ်ပါတယ်။ လုပ်ငန်းတွေရဲ့ အမြတ်ခွန်ကတော့ မူလ ၃၅%ကနေ ၂၁% အထိ အများကြီး လျော့ချပေးလိုက်တာ ဖြစ်ပါတယ်။ သို့သော် လက်ယာစွဲ ရီပတ်ဘလစ်ကန်အမတ်တွေနဲ့ အစိုးရကတော့ ဒီအခွန်တော်ဥပဒေပြင်ဆင်မှုဟာ အောက်ခြေနဲ့ လူလတ်တန်းစားတွေကို အကြီးအကျယ် ကောင်းကျိုးဖြစ်စေတယ်လို့ ၀ါဒဖြန့် ကြွေးကြော်လိုက်ပါတယ်။ ဒီမိုကရက်တွေနဲ့ အတိုက်အခံတွေကတော့ အခွန်တော်ပြင်ဆင်မှုဟာ ခရိုနီတွေနဲ့ အရင်းရှင်တွေကိုသာ အကျိုးရှိစေတယ်၊ ၀န်ထမ်းတွေ လခစားတွေ နေ့စားတွေကို ဘာမှ ထူးခြားမှု မရှိစေဘူးလို့ ဝေဖန်လိုက်ကြပါတယ်။

ရီပတ်ဘလစ်ကန်တွေက အခွန်ဆောင်တွေရဲ့ Deductible လို့ခေါ်တဲ့ အခွန်မဆောင်ခင် ကြိုတင်နှုတ်ထားခွင့်တွေကို (သက်သာခွင့်) - Standard deduction တိုးမြှင့်ပေးလိုက်တယ်။ တဦးချင်းဆိုရင် မူလ ၆ထောင်ကနေ ၁သောင်း ၂ထောင်၊ မိသားစုအလိုက်ဆိုရင် မူလ ၁သောင်း၂ထောင်ကနေ ၂သောင်း၎ထောင် deductible ပေးပါတယ်။ ဒီခံစားခွင့်ကနေ လူတွေက အခွန်သက်သာစေမယ်လို့ ပြောလိုက်ပါတယ်။

ကုမ္မဏီကြီးတွေကတော့ အခွန်တော်သက်သာလို့ ပိုတိုးလာတဲ့အမြတ်ငွေတွေကနေ လူတွေကို လစာတိုးပေးမယ်၊ အမေရိကန်ပြည်တွင်းမှာ လုပ်ငန်းတွေ ပိုတိုးချဲ့မယ်လို့ (တချို့က) ထုတ်ပြန် ကြပါတယ်။ အမြတ်တွေ ပိုထွက်လာလို့ အကျိုးအမြတ်ခံစားကြရတဲ့ စတော့ရှယ်ယာပိုင်ဆိုင်သူ အမေရိကန်တွေကလည်း ပိုပြီး သုံးစွဲကြတာတော့ အမေရိကန်စီးပွားရေး ပိုတက်လာဦးမှာလို့လည်း အကောင်းမြင်ကြပါတယ်။

သည်လိုအခွန်တော် လျော့ချကောက်ခံလိုက်တဲ့အတွက် နစ်နာတာကတော့ အစိုးရအသုံးစာရိတ်ဖြစ်ပါတယ်။ နိုင်ငံတော်က အကုန်အကျခံ သုံးစွဲနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ကလေးသူငယ်ကျန်းမာရေး၊ ပညာရေးထောက်ပံ့မှု၊ သက်ကြီးရွယ်အို လူမှုဖူလုံရေး ခံစားခွင့်၊ လမ်းပမ်း ဆက်သွယ်ရေး အထွေထွေ အစိုးရ၀န်ဆောင်မှု ဆောက်လုပ်မှု၊ စစ်မှုထမ်းဟောင်းများ ထောက်ပံ့မှုတွေမှာ ဘတ်ဂျက်တွေ အသီးသီး လျော့ချရတော့မှာ ဖြစ်တဲ့အတွက် အဲသည်စနစ်ကို ခံစားနေတဲ့ ၀င်ငွေနည်း နိုင်ငံသားများကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

ယခုလို အမေရိကန်အခွန်တော်ဥပဒေပြင်ဆင်ပြဌာန်းမှုဟာ အမေရိကန်ပြည်တွင်းက ဆင်းရဲ ချမ်းသာ ကွာဟမှု ကို ပိုမိုကြီးမားသွားစေတယ်လို့ ဝေဖန်ကြပါတယ်။ နဂိုကတည်းက ချမ်းသာပြည့်စုံပြီးသား လူတွေကို ပိုမို ကြွယ်ဝသွားစေပြီးတော့ အောက်ခြေလူတန်းစားတွေရဲ့ ၀င်ငွေတိုးလာမှု သက်သာချောင်ချိမှုကို တိုက်ရိုက်ကူညီတာ မဟုတ်တဲ့အတွက် ဆင်းရဲတဲ့သူတွေကတော့ ဆက်ပြီး ဆင်းရဲကြပ်တည်းနေမြဲ ဖြစ်တယ်လို့ ဝေဖန်ခံရပါတယ်။

နောက်အရေးကြီးတဲ့ တချက်ကတော့ ပြည်ထောင်စုအခွန်တော် လျော့ချတာနဲ့အတူ ပြည်နယ်အလိုက် သီးခြားအခွန်တော်နဲ့ အခွန်သက်သာခွင့်တွေကို ဗဟိုအစိုးရက ကန့်သတ်ထိန်းချုပ်တာတွေ လုပ်လိုက်ပါတယ်။ အမေရိကန်မှာ ဗဟိုအခွန်စနစ်ရှိသလို ပြည်နယ်အလိုက် မြို့နယ်အလိုက် စည်ပင်သာယာရေး အခွန်စနစ်ရှိတာကြောင့် အဲသည်အခွန်စနစ်ကိုပါ လိုက်ပြီး ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

ဥပမာတွေကတော့ ပြည်နယ်အလိုက် ပညာရေးထောက်ပံ့မှုတွေ ရန်ပုံငွေတွေအတွက် အခွန်တော်ထဲက နှုတ်ပိုင်ခွင့်ကို ကန့်သတ်လိုက်ပါတယ်။ ပညာသင်စာရိတ်အတွက် ကုန်ကျငွေတွေကို အခွန်သက်သာခွင့်မပေးရင် ပညာသင်စာရိတ်အတွက် အတိုးနှုန်းတွေဟာ စာသင်သားတွေ မိဘတွေကို ပိုပိစေမှာ ဖြစ်ပါတယ်။

ပြီးတော့ ပြည်နယ်အလိုက် လမ်းပမ်းတံတားဆောက်လုပ်ရေးတွေကိုလည်း အခွန်သက်သာခွင့်က ထိခိုက်စေပါတယ်။ ဗဟိုနဲ့ မဆိုင်ပဲ ပြည်နယ်ကနေ သီးခြား local tax တွေနဲ့ ဖွံဖြိုးရေးလုပ်ဖို့ ဘဏ္ဍာငွေ နည်းပါးသွားစေပါတယ်။

ဒါ့အပြင် လူတဦးချင်း ၀င်ငွေမြှင့်ပေးဖို့အတွက် အစိုးရက မဆောင်ရွက်တဲ့အတွက် လုပ်ငန်းရှင်တွေသာ အမြတ်ထွက်စေပြီး ၀န်ထမ်းတွေကတော့ လုပ်ငန်းရှင်တွေ တိုးပေး(ချင်)မှ ရမယ့် လစာကိုသာ မျှော်လင့်ခိုင်းသလို ဖြစ်သွားပါတယ်။ အစိုးရက အကယ်၍ earned income credit လို့ ဆိုတဲ့ လစာဝင်ငွေခွန် ဆောင်ရသူတွေအပေါ် အခွန်သက်သာမှု တိုးမြှင့်ပေးဖို့ လိုပါတယ်။

ဥပမာတခုကတော့ အမေရိကန်မှာ အကြီးဆုံးပေးဆပ်သူ ပြည်နယ် ၂ ခု ရှိပါတယ်။ ကယ်လီဖိုးနီးယားနဲ့ နယူးယောက်ပါ။ သူတို့ကနေ ဗဟိုအစိုးရကို ပေးတဲ့ အခွန်ဟာ ကျန် ပြည်နယ် ၄၈ ခုထက် မြင့်ပါတယ်။ သူတို့ပြည်နယ်ကို သူတို့ပြည်နယ်က ပြည်နယ်ခွန်တွေ စည်ပင်သာယာခွန်တွေနဲ့ လွတ်လွတ်လပ်လပ် လည်ပတ်နိုင်ပါတယ်။ ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးထောက်ပံ့မှုမှာ သူတို့ပြည်နယ်သားတွေကို သူတို့ဖာသာသူတို့ စောင့်ရှောက်ထားနိုင်တဲ့ ပြည်နယ်ဖြစ်ပါတယ်။ ပြောချင်တာက အမေရိကန်ဗဟိုအစိုးရရဲ့ အခွန်တော်ထဲကနေ ပြန်လည်ထောက်ပံ့ခံရမှု အနည်းဆုံး အလွတ်လပ်ဆုံးဖြစ်တယ်လို့ ဆိုချင်တာပါ။ သူတို့ကိုယ်သူတို့ donor states လို့ ခေါ်ပါတယ်။ အဲသည်ပြည်နယ်တွေက အစိုးရအခွန် ပြည်နယ်အခွန် အပေးရဆုံးနဲ့ သူများထက် ချမ်းသာတဲ့ ပြည်နယ်တွေဖြစ်ပါတယ်။ အစိုးရကို အမှီအခိုလည်း ကင်းပါတယ်။

အဲသည်ထဲမှာ ဆင်းရဲတဲ့ ပြည်နယ်တွေဆိုတာကတော့ သူတို့အခွန်ပေးတာထက် ဗဟိုအစိုးရဆီက ထောက်ပံ့မှု ပြန်ပြီး ရယူနေထိုင်တဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။ သူတို့တွေက taker states တွေပါ။ အစိုးရကို မှီခိုရသူတွေလို့ ဆိုပါတယ်။ အဲသည်ပြည်နယ်တွေဟာ ရယ်စရာကောင်းစွာပဲ ရီပတ်ဘလစ်ကန် အားကောင်းတဲ့ ပြည်နယ်တွေ ဖြစ်နေပါတယ်။ အစိုးရအခွန်တော်ကို အကြီးအကျယ်လျော့ချပြီး အခွန်မပေးလိုတဲ့ လူတွေ အများဆုံးနေထိုင်ကြပြီး သူတို့ပြည်နယ်တွေကနေ လွှတ်တော်ထဲကို ရီပတ်ဘလစ်ကန်အမတ်တွေ အများဆုံး တင်ပို့ထားတဲ့ ပြည်နယ်တွေ များပါတယ်။ သည်တော့ သူတို့ထောက်ခံတဲ့ အစိုးရနဲ့ လွှတ်တော်က အခွန်တော်တွေ လျော့ချတာကို သူတို့က ၀မ်းသာအဲလဲ အပြင်းအထန်ထောက်ခံနေကြသော်လည်း သူတို့ မရိပ်မိတာက သူတို့ စားသောက်ရပ်တည်နေတာက ပြည်နယ်ဝင်ငွေဆိုတာထက် ဗဟိုအစိုးရထောက်ပံ့ငွေ (ဗဟိုအစိုးရအခွန်ငွေ) တွေနဲ့ဆိုတာ ဖြစ်နေပါတယ်။ အစိုးရသာ အကြွေးတင်ပြီး အခွန်တော် လျော့ရင် သူတို့တွေပဲ ခံစားကြရဦးမှာ ဖြစ်တယ်ဆိုတာပါ။

ထရန့်ဦးဆောင်တဲ့ ရီပတ်ဘလစ်ကန် အစိုးရနဲ့ လွှတ်တော် ၂ ရပ်ကတော့ အခွန်တော်ပြင်ဆင်ပြဌာန်းလိုက်ပါပြီ။ အခွန်တွေ လျော့ပြီး ထောက်ပံ့ကူညီတာတွေကို ကန့်သတ်လိုက်ပါပြီ။ အခွန်သက်သာခွင့်တွေကိုလည်း လျော့ချလိုက်ပါပြီ။ ခရိုနီများ အရင်းရှင်ကြီးများက အောင်ပွဲခံနေကြပါတယ်။ ဘာမှန်း ညာမှန်းမသိ လူပြိန်းတွေကလည်း အစိုးရဆိုတာ အခွန်ပေးစရာ ဘာလို့ လိုမှာလဲ၊ အခွန်မပေးရလေ ကောင်းလေလို့ ကြွေးကြော်ပြီး ၀မ်းသားအားရ ထောက်ခံလိုက်ကြပါတယ်။ နောက် အစိုးရအသစ်တရပ် မတက်မချင်းတော့ ဥပဒေတွေဆိုတာ အာဏာတည်မြဲနေဦးမှာပါပဲ။ ဆက်လက်စောင့်ကြည့်ကြရုံသာ။

ကာတွန်း သာလှ(နတ္တလင်း) - သည်မိုး သည်လေ သည်လူတွေနဲ့

$
0
0

ကာတွန်း သာလှ(နတ္တလင်း) - သည်မိုး သည်လေ သည်လူတွေနဲ့
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၇

ကိုဂျေ - စစ်အစိုးရလက်ထက်က အပိတ်ခံရတဲ့ ဆရာမြသန်းတင့်ရဲ့ "ဧကရီဖွားစော"

$
0
0


ကိုဂျေ - စစ်အစိုးရလက်ထက်က အပိတ်ခံရတဲ့ ဆရာမြသန်းတင့်ရဲ့ "ဧကရီဖွားစော" 
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၇
(သူ့ဖေစ့်ဘွတ်က ယူပါတယ်)

စာရေးဆရာမောရစ်ကောလစ် Maurice Collis, ရေးတဲ့ She Was a Queen စာအုပ်ကို ဆရာမြသန်းတင့်က စန္ဒာမဂ္ဂဇင်းမှာ “မိဖုရားဖွားစော” ခေါင်းစဉ်နဲ့ အခန်းဆက် ဘာသာပြန်ခဲ့တယ်။ ဒီစာမူကို ထုတ်ဝေသူတဦးက စာအုပ်ထုတ်ဖို့ စီစဉ်ခဲ့ပေမယ့် စာပေစိစစ်ရေးက ခွင့်မပြုခဲ့ဘူး။ ဒီလိုနဲ့ အဲဒီစာမူတွေဟာ လက်ထဲရောက်လာတယ်။ စာမူကို ဖတ်ကြည့်လိုက်တာ။ လက်ကတောင် မချချင်ဘူး။ အကြောင်းအရာကလဲ စိတ်ဝင်စားတဲ့ အကြောင်း ဖြစ်သလို၊ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်ကလဲ ကောင်းလွန်းတာကြောင့် ဒီစာအုပ်ကို မရရအောင်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆရာမြသန်းတင့်ကိုလဲ ထုတ်မယ့်အကြောင်း ပြောလိုက်တယ်။ ဆရာကတော့ သူ့ထုံးစံအတိုင်း ကြိုးစားကြည့်စမ်းပါ။ စာအုပ်ဖြစ်ချင်တယ်လို့ပဲ ပြောတယ်။

ဒီစာအုပ်ကို “ဧကရီဖွားစော”အမည်နဲ့ ဒုတိယအကြိမ် စာပေစိစစ်ရေးကို တင်ခဲ့တယ်။ စာရေးဆရာလဲဖြစ် စာပေစိစစ်ရေး အရာရှိလဲဖြစ်တယ်။ စာရေးဆရာနေမျိုးထွန်းရဲ့ အကူအညီနဲ့ စာမူခွင့်ပြုချက်ရခဲ့တယ်။ ဒီစာအုပ်ထွက်တော့ ကိုယ်က ပြည်ပရောက်နေပြီ။ စာအုပ်ကို သပ်သပ်ယပ်ယပ် ထွက်လာအောင် ကြိုးစားခဲ့တဲ့ ညီငယ်တွေကို ကျေးဇူးတင်တယ်။

ကောဇာသက္ကရာဇ် ၅၉၇ ခုနှစ်မှာ နန်းတက်တဲ့ ၅၃ ဦးမြောက် ပုဂံမင်းဆက် ဘုရင် ဥဇနာ က အလှသွေးကြွယ်ပြီး ဂုဏ်သတင်းကြီးတဲ့ မိစောကို မောင်းမတော် အဖြစ်ကောက်ယူခဲ့တယ်။ ဒီနောက်မှာတော့ ဉာဏ်ပညာကော၊ ရုပ်ရည်ကော၊ အရည်အချင်းကော ရှိတဲ့အတွက် မောင်းမတော်လဲမက မိဖုရားအရာလဲ မကျတဲ့ ရာထူးနဲ့ ဘုရင့်အပါးမှာ အမြဲလို ခစားခွင့်ပေးခဲ့ပါတယ်။ ဒီအချက်ကို ကြည့်လိုက်တာနဲ့ ဖွားစောဟာ အရည်အချင်းရှိတဲ့ အမျိုးသမီးတဦး ဖြစ်တယ်ဆိုတာ ပေါ်လွင်လာပါတယ်။ တကယ်ဆို ဖွားစောဟာ တောင်သူတဦးရဲ့ သမီးတယောက်ပါပဲ။

ဖွားစောကို ဘုရင်ဥဇန စိတ်ဝင်စားစေတဲ့ သတင်းတွေကတော့ ဖွားစော ငယ်ငယ်က လယ်တောမှာ အိပ်မောကျခိုက်၊ အဆိပ်ပြင်းတဲ့ မြွေကြီးတကောင်က သူ့ကို ခွေပတ်ပြီး ပါးပျဉ်းထောင် စောင့်ရှောက်တယ်ဆိုတဲ့ ထူးခြားချက်နဲ့ ဖွားစော အပျိုဖော်ဝင်စက ပန်းစိုက်တဲ့အခါမှာ မြတ်လေးပန်းရုံ တရုံကနေ ပုန်းညက်၊ စကား၊ ချရား ဆိုတဲ့ ပန်းသုံးမျိုး ပွင့်တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာကြောင့် ဖြစ်တယ်။ ဒီမိန်းကလေးဟာ မြင့်မြတ်တဲ့သူ ဖြစ်တယ်ဆိုတဲ့ သတင်းကို ဘုရင့်ဆီ နားသွင်းခဲ့ကြတယ်။ ဘုရင်ကလဲ ရုပ်ချောပြီး နာမည် ဂုဏ်သတင်းကြီးတဲ့ ဖွားစောသီတဲ့ ပန်းကို ယူပြီး ပုပ္ပားက မင်းမဟာဂီရိ နတ်မောင်နှမကို ပူဇော်တဲ့ အထိ ဖြစ်လာတယ်။ မကြာပါဘူး။ အပျိုသွေးကြွယ်ဝနေတဲ့ ဖွားစောကို ဘုရင် ဥဇနက ကောက်တော်မူလိုက်တယ်။



ဖွားစောကို ဘုရင် သိပ်သဘောကျတဲ့ အချက်ကတော့ “ယားနေတယ်၊ အယားဖျောက်ဘိ”လို့ မိန့်တော်မူလိုက်ရင် ဖွားစောက ဘုရင်ဥဇန ဘယ်နေရာက ယားတယ်ဆိုတာ တန်းသိတယ်။ ကြာတော့ ဘုရင်က ယားတယ်ပြောတာနဲ့ ဘယ်နေရာကို အယားဖျောက်ပေးရမယ်ဆိုတာ တန်းသိသူလေးကို သူ့ဘေးကကို မခွာခိုင်းတော့ပါဘူး။

ဥဇနမင်းကြီး နတ်ရွာစံတဲ့နောက်မှာ ဥဇနမင်းရဲ့ သားတော် နရသီဟပတေ့ နန်းတက်ပါတယ်။ နရသီဟပတေ့မင်းဟာ ဖွားစောကို မိဖုရားမြောက်ပါတယ်။ ဒီမင်းဟာ အင်မတန် ဇိမ်ခံတဲ့၊ ကာမဂုဏ်ခံစားတဲ့၊ ဒေါသကြီးတဲ့ ဗေဒင်ယုံတဲ့ မင်းဖြစ်တယ်လို့ ရာဇဝင်မှာပါတယ်။ ပုဂံမြို့ရဲ့တောင်ဖက် မိုင်ဝက်လောက်မှာရှိတဲ့ မင်္ဂလာစေတီကို တည်ခဲ့တဲ့ ကောင်းမှုကုသိုလ် ပြုခဲ့တာလဲ ရှိပါတယ်။ ဒါပေမယ့် ဘုရားပြီးရင် တိုင်းပြည်ပျက်မယ်ဆိုတဲ့ နမိတ် တဘောင်ကြောင့် ဘုရားတည်တာကို ခြောက်နှစ်ရပ်ပြီးမှ သူ့အကြိုက်လိုက်တဲ့ မင်းဆရာနဲ့ တွေ့မှ ပြန်ဆောက်တာပါ။ ဘုရင့်ညီလာခံမှာ အိပ်ချင်လို့ သန်းဝေတဲ့ သူကို ဒေါသထွက်ခဲ့သလို၊ သူအိပ်ရာက နိုးတဲ့အခါ အလိုမကျရင်လဲ အိပ်ရာဘေးရှိတာနဲ့ ကောက်ပေါက်တတ်တယ်လို့ ဖတ်ဖူးပါတယ်။ ဒါကြောင့်ဖွားစောက မာကျောတဲ့ လက်နက်တွေ ဘုရင့်အိပ်ရာဘေးမထားတော့ဘဲ။ လုံပနီသီးတွေကို ထားပေးထားရတယ်။ ဒါေ့ကြာင့် လုံပနီသီးနဲ့ ကောက်ပေါက်ခဲ့တဲ့အတွက် သူ့ရဲ့ မောင်းမတဦး ခါးနာဖူးတယ်လို့တောင် ဆိုပါတယ်။ လုံပနီသီးကို တချို့က ခါးရမ်းသီး လို့ခေါ်ပါတယ်။ ခါးရမ်းသီးဘဝကနေ ခရမ်းသီး ဖြစ်လာတယ်လို့ ပညာရှင်တွေက ရေးသားခဲ့ပါတယ်။ ဘာကြောင့် အိပ်ယာဘေး ခရမ်းသီး ထားအိပ်ခဲ့တယ်ဆိုတဲ့ အချက်ကလဲ စိတ်ဝင်းစရာကောင်းလှပါတယ်။

နရသီဟပတေ့မင်းဟာ အစားကျူးတယ်။ ဟင်းခွက်သုံးရာမပြည့်ရင် မသုံးဆောင်ဘူး။ တရုတ်တွေဝင်လို့ ပုသိမ်းဘက်ကို စစ်ပြေးရတဲ့ ဘဝမှာတောင် ဟင်းခွက် တရာ့ငါးဆယ်ပါမှ သုံးဆောင်တယ်ဆိုပဲ။ ကဲ တိုတို ပြောပါစို့ နောက်ဆုံးမှာ တိုင်းရေးပြည်ရာတွေအထိ ဖွားစောက ဝင်ကိုင်ခဲ့ရတယ်။
နရသီဟပတေ့မင်းနဲ့ မတည့်လို့ နန်းတော်က ခွာသွားတဲ့ ပညာရှိတွေ၊ သူရဲကောင်းတွေ၊ စစ်သည်တွေကို ပြန်စုဆောင်းခဲ့တယ်။ လူထုထောက်ခံမှုရအောင် ပြန်လည် ကြိုးပမ်းခဲ့တယ်။ တိုင်းပြည်မှာ နိုင်ထက်စီးနင်းလုပ်တာတွေကို မလုပ်အောင် ထိန်းကြောင်းပေးခဲ့တယ်။ နောက်ဆုံးမှာ သားတော် ပြည်စား သီဟသူက အဆိပ်ခတ်ခဲ့တဲ့အတွက် နရသီဟပတေ့မင်း နတ်ရွာစံပြန်တယ်။ ကောဇာသက္ကရာဇ် ၆၆၂ မင်းမှာ နန်းတက်တဲ့ ပုံဂံမင်း ၅၅ ဆက်မြောက် စောနစ်လက်ထက်မှာလဲ ဖိဖုရားဖွားစောဟာ တိုင်းပြည်အရေးအရာတွေမှာ အကြံဉာဏ်ကောင်းတွေ ပေးခဲ့တယ်။ စောနစ်ဟာ နရသီဟပတေ့ရဲ့ ညီတော်လဲဖြစ်၊ ပုဂံမင်းဆက် ၅၆ ဆက်မြောက် ဘုရင် ကျော်စွာရဲ့ သားတော်ဖြစ်ပါတယ်။

မိဖုရားဖွားစောဘဝကိုကြည့်လိုက်ရင် တောင်သူလယ်သမား မိသားစုက မွေးဖွားခဲ့သူ ဖြစ်ပေမယ့်၊ ပုဂံဘုရင် ၄ ဆက်လောက်အထိ တိုင်းရေးပြည်ရာတွေမှာ အကြံဉာဏ်ကောင်းတွေ ပေးနိုင်ခဲ့တာကိုတွေ့ရပါတယ်။ အမျိုးသမီးတဦးက တိုင်းပြည်မှာ အကြံဉာဏ်ကောင်းတွေ ပေးတယ်။ အာဏာကလွဲပြီး စီမံခန့်ခွဲမှုညံ့တဲ့ ဘုရင်ကြောင့် ပြိုကွဲသွားတဲ့ တိုင်းပြည်ကို ပြန်စုစည်းမှုရအောင် လုပ်ပေးခဲ့တယ် ဆိုတဲ့အချက်ကို မနစ်သက်တဲ့ စစ်အစိုးရက ဆရာမြသန်းတင့် ဘာသာပြန်တဲ့ She Was a Queen စာအုပ်ကို ထုတ်ခွင့်မရအောင် ပိတ်ခဲ့တာဟာ သိပ်မဆန်းပါဘူး။ အခုတော့ ဘယ်သူမှ ပိတ်ပင်တားဆီးလို့ မရတော့ပါဘူး။

ကိုဂျေ
ဒီ၊ ၁၃၊ ၂၀၁၇

ခန့်မင်းထက် ● ဖေဖေ (၂)

$
0
0

ခန့်မင်းထက် ● ဖေဖေ (၂)
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၇

သားအိမ်ရှေ့က
လင်းနေတဲ့
မီးချောင်းအောက်မှာ
ရှိနေမလား
ဖေဖေရော
ချမ်းနေမှာပေါ့နော်
သားလည်း အေးတယ် ဖေဖေ
ဖေဖေ့မြေးလေးတွေလည်း
အေးတယ်တဲ့။

ဖေဖေ
ဖေဖေ့လွယ်အိတ်လေးလည်း
ချမ်းနေတယ်။

မေမေကလည်း
လွမ်းလို့
မျက်ရည်ကျနေတာ အမြဲ။ ။

ခန့်မင်းထက်

ကာတွန်း ကိုခေတ် ● ဥတုန်းပဲ ဟေ့ ...

$
0
0
 ကာတွန်း ကိုခေတ် ● ဥတုန်းပဲ ဟေ့ ...
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၇

ဇင်လင်း ● ငြိမ်းချမ်းရေး တရက်နောက်ကျလျှင် တိုင်းပြည်တခေတ်နောက်ကျနိုင်သည်

$
0
0
ဇင်လင်း ● ငြိမ်းချမ်းရေး တရက်နောက်ကျလျှင် တိုင်းပြည် တခေတ်နောက်ကျနိုင်သည်
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂ဝ၁၇

၂၁ ရာစု ပင်လုံ ညီလာခံ တတိယ အစည်းအဝေးကို ၂ဝ၁၈ ခုနှစ် ဇန္နဝါရီ နောက်ဆုံးအပတ်တွင် ကျင်းပမည်ဟု သတင်းများ အရ ကြားသိရသည်။ ယင်း အစည်းအဝေး၌ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာအပါအဝင် နိုင်ငံရေး ကဏ္ဍကို အထူးဦးစားပေး ဆွေးနွေးရန် ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးက ဆုံးဖြတ်ထားသည်။ အစိုးရ၊ အစိုးရ၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော UPDJC အစည်းအဝေးကို အောက်တိုဘာ ၃ဝ၊ ၃၁ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည်။ UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှု စသည်တို့အပါအဝင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို ၂ဝ၁၈ တွင် အပြီးသတ်ချမှတ်နိုင်ရန် တိုက်တွန်းထားသည်။ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံ သုံးကြိမ်အတွင်း အခြေခံမူများကို အကြေအလည် ဆွေးနွေး ပြီးပြတ်ခဲ့ပါက ဖက်ဒရယ်မူဆိုင်ရာ ခိုင်မာသည့်အုတ်မြစ်တစ်ခု ချမှတ်နိုင်ရေးအထိ ရည်မှန်းချက်ထားကာ ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလျှက်ရှိသည်။

ဤအတောအတွင်း မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင်ပါဝင်ပြီးနောက် လိုလားချက်များကို ဆွေးနွေးညှိနှိုင်းသင့်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက တိုက်တွန်းပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၁၄ ရက်နေ့7Day Daily သတင်းက ဖေါ်ပြခဲ့သည်။ ငြိမ်းချမ်းရေးကော်မရှင် အနေဖြင့် ‘ဝ’နှင့်မိုင်းလားဒေသသို့ ပြီးခဲ့သည့် နိုဝင်ဘာက သွားရောက်ခဲ့စဉ်က ‘မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့’ ကို NCA လမ်းကြောင်းတွင် ပါဝင်၍ ငြိမ်းချမ်းရေးဆွေးနွေးရန် ထိုက်တွန်းခဲ့သည်ဟု ဦးအောင်စိုး က ဆိုသည်။ ‘မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့’ က NCA သည် မပြည့်စုံဟုဆိုကာ လက်မှတ်မထိုးဘဲ နိုင်ငံရေးဆွေးနွေးမည်ဟု ပြောဆိုထားခဲ့သည်။

‘‘NCA ထဲမှာ ပြည့်စုံခြင်း၊ မပြည့်စုံခြင်းထက် အထဲရောက်ပြီးမှ လိုအပ်တာကို ပြင်ဆင်ကြမယ်ဆိုရင် နိုင်ငံ့အတွက်          အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်တို့က သူတို့ (‘ဝ’နှင့်မိုင်းလားလက် နက်ကိုင်အဖွဲ့တာဝန်ရှိသူများ) ကို ပြောခဲ့ပါတယ်။ မြောက်ပိုင်းအဖွဲ့များကိုလည်း အဲဒီလိုပဲ ပြောချင်ပါတယ်။’’ ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြားထားသည့် လက်ရှိအစိုးရလက်ထက်တွင် ဖက်ဒရယ်ပြည်ထောင်စု အတွက် အရေးကြီးသည့် မူဝါဒများ ချမှတ်နိုင်အောင်ကြိုးစားရာတွင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များပါဝင်စေလိုကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၁၅ ရက်နေ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(Peace Process Steering Team – PPST )နှင့် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

“ကျွန်မတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ခဲ့ချိန်မှာ NCA လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းဆဲအဖွဲ့တွေ ရှိနေ သလို အခြား တစ်ဖက်မှာလည်း NCA ကို လက်မခံနိုင်သေးတဲ့အဖွဲ့တွေ ရှိနေခဲ့ပါတယ်။ ဒီအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ငြိမ်းချမ်းရေးတံခါးဖွင့်လှစ်ထားပြီး လက်ကမ်းကြိုဆိုလျက်ရှိနေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အားလုံး လက်ခံနိုင်တဲ့ အခြေခံမူတွေ ဖြစ်အောင် ရည်ရွယ်ပြီး ဆွေးနွေးညှိ နှိုင်းခဲ့ကြတာဖြစ်ပါတယ်။ NCA လက်မှတ် မထိုးဘဲ ကျန်နေသေးတဲ့ အဖွဲ့တွေ အားလုံးအနေနဲ့လည်း အနာဂတ် နိုင်ငံတော် အတွက် ဖက်ဒရယ်အခြေခံမူတွေ ချမှတ် တဲ့လုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့ အစဉ်အမြဲဖိတ်ခေါ်ထားပါတယ်။ တစ်ကယ်တော့ NCA ဆိုတာ ကျွန်မတို့ပြည်ထောင်စုရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးရဲ့ စတင်မှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ NCA ဟာ လမ်းဆုံးခရီး မဟုတ်ပါဘူး။ NCA ကနေ နိုင်ငံရေး ဆွေးနွေး ပွဲတွေ တက်လှမ်းမယ့် ငြိမ်းချမ်းရေးညီလာခံတံခါးကို ဖွင့်လှစ်ပေး လိုက်ခြင်း ဖြစ်တယ် ဆိုတာကို ဒီကနေ့ ထပ်လောင်း ပြောကြားလိုပါတယ်။” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုနေ့က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ဖူးသည်။

၂ဝ၁၇ ခုနှစ် မေလ ၁၂ နေ့က UPDJC ရဲ့ (၁ဝ) ကြိမ်မြောက် အစည်းအဝေးကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ  ကျင်းပခဲ့စဉ်ကလည်း ထိုအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အောက်ပါအတိုင်း ပြောခဲ့ဖူးသည်။     “ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးကလည်း စိတ်ဝင်စားမှု ရှိနေပါ တယ်။ ဘာဖြစ်လို့ စိတ်ဝင်စားလဲဆို ကျွန်မတို့ နိုင်ငံအတွက်တင် မဟုတ်ဘူးပေါ့။ တခြားပဋိပက္ခ ဖြစ်နေတဲ့ နိုင်ငံတွေ အတွက်လည်း အရေးကြီးတဲ့ သင်ခန်းစာတွေ ရနိုင်မယ့် ဖြစ်စဉ်လို့ပဲ သူတို့ ယူဆကြပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိစ္စသည် တကမ္ဘာလုံး ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ချိတ်ဆက်လျှက်ရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်၏ ရည်ညွှန်းပြောဆိုမှုအရ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အလွန်ကျယ်ပြန့်သော သဘောဖြစ်သည်။  ဒေါ်အောင်ဆန်း စုကြည်သည် တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ မေ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ကျင်းပခဲ့သည့် Belt and Road Forum for International Cooperation  သို့တက်ရောက်ခဲ့ပြီး၊ မေ ၁၆ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ဘေဂျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် တရုတ်သမ္မတ ရှီကျင်ပင်းက မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ရေးအတွက် မြန်မာနိုင်ငံကို ဆက်လက်ကူညီသွားရန် ဆန္ဒရှိကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် တည်ငြိမ် အေးချမ်းရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားကြားခဲ့သည်ဟု Xinhua News က ဖေါ်ပြ ခဲ့သည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံခဲ့ပြီး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူစာချုပ်များ  ချုပ်ဆိုပွဲအခမ်းအနား ဆက်လက်တက်ရောက်ခဲ့သည်ဟု သတင်းက ဆိုသည်။  နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ မြန်မာသံအမတ် ကြီး ဦးသစ်လင်းအုန်း၊ တရုတ်စီးပွားရေးဝန်ကြီး H.E.Mr. Zhong Shan၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲ ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E.Mr.ZhangYong၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးနှင့် မိသားစု စီမံခန့်ခွဲရေးကော်မရှင်ဝန်ကြီး H.E.Ms. Li Bin၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဝန်ကြီး H.E.Mr. Liu Yuzhu တို့သည် နှစ်နိုင်ငံ သဘောတူစာချုပ် ၅ စောင်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဝန်ကြီးချုပ် လီခချန်းတို့  ရှေ့မှောက်၌ လက်မှတ်ရေးထိုး၍ စာချွန်လွှာ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်အရ သိခဲ့ရသည်။

နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ၌ “စီးပွား ရေးနှင့် နည်းပညာ ပူးပေါင်း ဆောင် ရွက်ရေး ဆိုင်ရာ သဘောတူညီ ချက်စာချုပ်”၊ “မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေး သဘောတူ စာချုပ်”၊ “စီးပွားရေးပိုးလမ်းမ  ရပ်ဝန်းတစ်ခုနှင့် (၂၁)ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမ ရပ်ဝန်းတစ်ခု စတင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်”၊ “ကျန်းမာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်”နှင့် “ငလျင်အလွန် ပုဂံရှိသမိုင်းဝင် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘော တူစာချုပ်” များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမစီမံကိန်း- One Belt One Road - ပြီးပါက မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှဒေသတို့ကို ဆက်စပ်ပေးမည့် မဟာဗျူဟာမြောက်လမ်းမကြီး၏ အဝင်တံခါးပေါက် ဖြစ်လာမည်ဟု ဆိုသည်။ လူဦးရေ သန်းတစ်ထောင့်သုံးရာကျော်စီ ရှိသော တရုတ်နှင့် အိန္ဒိယ၊ လူဦးရေ သန်းခြောက်ရာ့ ငါးဆယ်ကျော်ရှိသော အရှေ့တောင်အာရှတို့၏ စုစုပေါင်း လူဦးရေက သန်း ၃ ထောင်ကျော်ရှိသည့် ဈေးကွက်ကြီးတစ်ခု ဖြစ်သည်။ ထို ဈေးကွက်ကြီး၏ ဗျူဟာမြောက် OBOR တံခါးဝ၌ ရှိနေသော မြန်နိုင်ငံ၏ ငြိမ်းချမ်းရေးသည် ဒေသအတွက် အလွန် အရေးကြီးသည်ဟု ဆိုသည်။ တရုတ်၏ "One Belt, One Road"စီးပွားရေး မဟာဗျူဟာ စီမံကိန်းကြီးတွင် တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ဘီလီယံ ၁ဝဝ ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်ဟု တရုတ်သမ္မတ  ရှီကျင်ပင်း (Xi Jinping) က ဆိုထားသည်။ အဆိုပါစီမံကိန်းသည် ကမ္ဘာ့လူဦးရေ၏ ရာခိုင်နှုန်း ၆ဝ ဖြစ်သော အာရှ၊ ဥရောပ၊ အရှေ့ အလယ်ပိုင်း၊ အာဖရိက စသည့် ဒေသကြီးများရှိ နိုင်ငံပေါင်း ၆၅ ခုခန့်ပါဝင်၍၊ ကမ္ဘာ့ GDP  သုံးပုံတစ်ပုံခန့် ပါဝင်ပတ်သက် သဖြင့်၊ အလွန်ကျယ်ဝန်းသည့် စီးပွားရေး စီမံကိန်းဖြစ်သည်ဟု အောက်စ်ဖို့ဒ်စီးပွားရေးအုပ်စုက ဆိုသည်။ ၎င်း ကမ္ဘာ့ စီးပွားရေး အခင်းအကျင်းတွင် တရုတ်နိုင်ငံက ပဓါနကျနေပြီး၊ မြန်မာနိုင်ငံနယ်နိမိတ်ကို မလွဲမသွေ မဟာဗျူဟာမြောက် ဖြတ်ရမည် ဖြစ်သည်။ ထို့ကြောင့် တရုတ်-မြန်မာနယ်စပ် တည်ငြိမ် အေးချမ်းရေး လိုအပ်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုသို့ဖြစ်ပေါ်လာသော ကမ္ဘာစီးပွားရေးဖြစ်ပေါ်တိုးတက်မှု လှိုင်းကို မြန်မာနိုင်ငံက အလိုက်သင့် လိုက်ပါစီးနင်းရမည် ဖြစ် သည်ဟု နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။

ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေးကိစ္စ စဉ်းစားသည့်အခါ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်း တွက်ချက်ရမည် ဖြစ်သည်။ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင်နေပြီး နှစ်ဖက်ထိတွေ့ ဆက်ဆံနိုင် ရေးအတွက် ကူညီနေသည်ဟု NCA ၂  နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်  (Mr. Sun Guoxiang) က အခမ်းအနားအပြီးတွင် ၇ ရက်နေ့စဉ် သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားခဲ့ဖူးသည်ဟု ဆိုသည်။ ‘ဝ’အဖွဲ့ (UWSA) ဦးဆောင်ပြီး မြန်မာ-တရုတ်နယ်စပ် အခြေပြု တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် မြန်မာအစိုးရတို့ အကြား တွေ့ဆုံ ဆွေးနွေးမှုများဖြစ်ပေါ်လာရန် တရုတ်နိုင်ငံက ကူညီနေသည်ဟု ‘ဆွန်ကော့ရှန်’ က ဆိုသည်။

တရုတ်နိုင်ငံအစိုးရ၏ ရပ်တည်ချက်မှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ခိုင်ခိုင်မာမာ ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကောင်းမွန်သည့် အလားအလာများ ရှိသည်ဟုလည်း ယုံကြည်ကြောင်း မစ္စတာဆွန်ကော့ရှန်က ပြောကြား သည်။  မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နီးကပ်စွာ ဆက်ဆံ၍ ငြိမ်းချမ်းရေး အတွက် ညှိနှိုင်းဆောင်ရွက် ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အရေးကိစ္စတွင် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော် အနေဖြင့် နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းလုပ်ဆောင်နေသည်ကို သိရှိ ထောက်ခံပြီး အိမ်နီးချင်းမိတ်ဆွေကောင်း ပီသစွာဖြင့် ဆက်လက်ရပ်တည် ကူညီလုပ်ဆောင်သွားမည်ဟု ဆွန်ကော့ရှန်က ဆွေးနွေး ပြောဆိုခဲ့သည်ဟု သိရသည်။

ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများမှ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တရုတ်သမ္မတ ရှီကျင်းပင် (Xi Jinping) တို့ ဒီဇင်ဘာ ၁ ရက်နေ့က သီးသန့်တွေ့ဆုံခဲ့သည်။ အာဏာရပါတီ အချင်းချင်း မဟာဗျူဟာမြောက် ဆက်ဆံရေးခိုင်မာအားကောင်းစေရန် မျှော်လင့် ကြောင်း ‘ရှီကျင်းပင်’ က ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီ အာဏာရပြီးနောက် သူတို့ နှစ်ဦး အကြိမ်များစွာ တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံ အာဏာရပါတီများဖြစ်သော CPC နှင့် NLD ဆက်ဆံရေး ဆက်လက် တိုးတက် မှုကြောင့် တရုတ် မြန်မာနိုင်ငံရေးအရ ဆက်ဆံမှုသာမက ပြည်သူအချင်းချင်း ဆက်ဆံရေးကိုပါ ပိုမိုခိုင်မာစေသည်ဟု သမ္မတ ရှီက ပြောကြောင်း ဗွီအိုအေသတင်းက ဖေါ်ပြခဲ့သည်။ တရုတ်သည် One Belt One Road (OBOR) ခေတ်သစ် ပိုးလမ်းမ စီမံကိန်းအောင်မြင်ရေးအတွက်  မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်သည့် သဘောရှိသည်။ မြန်မာနိုင်ငံ မငြိမ်းချမ်းဘဲ၊ OBOR အကောင်အထည်ဖေါ်နိုင်မည်မဟုတ်။ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းအောင်မြင်ရေးသည် တရုတ်၏ နိုင်ငံရေး စီးပွားရေး သြဇာနယ်ပယ် ချဲ့ထွင်မှုနှင့်လည်း မလွဲမသွေ ဆက်စပ်ပတ်သက်နေသည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

ကမ္ဘာ့နိုင်ငံရေး စီးပွားရေး ရေစီးလှိုင်းနှင့် အတူ လိုက်ပါလိုလျှင် မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးအောင်မြင်ရေးဆီ ရှေးရှုရပါလိမ့်မည်။ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများနှင့်လည်း ကုန်ထုတ်စွမ်းအား ပြိုင်ကြရပါလိမ့်မည်။ စီးပွားရေး အရ ယှဉ်ပြိုင် ကုန်ထုတ်နိုင်စွမ်း မရှိလျှင် အခြားနိုင်ငံများမှ ကုန်ပစ္စည်းများ မြန်မာနိုင်ငံထဲသို့ လှိုင်းလုံးသဖွယ် လှိမ့်ဝင်လာပါလိမ့်မည်။ ထို့ကြောင့် လက်ရှိတရုတ်နိုင်ငံက ခင်းကျင်းထားသော "One Belt, One Road"စီးပွားရေး မဟာဗျူဟာ စီမံကိန်းကြီးသည် မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လမ်းဖွင့်ပေးနိုင်သကဲ့သို့၊ ခက်ခဲကျပ်တည်းမှု ထောင့်ကျဉ်း ထဲတွင်လည်း ပိတ်မိနေနိုင်သည်။ ထိုကဲ့သို့သော ကမ္ဘာ့အခင်းအကျင်းမျိုး ဖြစ်ပေါ်နေစဉ် မိမိတို့တိုင်းပြည်အတွင်း အချင်းချင်း မညီညွတ်လျှင်၊ ပြည်တွင်းစစ်ဆက်ဖြစ်နေလျှင် အိမ်နီးချင်းနိုင်ငံများ၏ နောက်တွင် မြန်မာနိုင်ငံ နောက်ကျ ကျန်ရစ်ခဲ့မည် ဖြစ်သည်။ ယင်းကဲ့သို့သော နိုင်ငံတကာ နိုင်ငံရေး စီးပွားရေး အခြေအနေအရပ်ကို လေ့လာချင့်ချိန်၍ ပြည်သူလူထု အတွက် အကျိုးရှိမည့် ဗျူဟာတစ်ရပ်ကို ရွေျးယ်ကြရမည့် အချိန်ရောက်ပြီဟု ဆိုနိုင်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေး တစ်ရက်နောက်ကျလျှင် တိုင်းပြည်တခေတ်နောက်ကျနိုင်သော အချက်ကို နိုင်ငံ့ကံကြမ္မာ ဖန်တီးကြမည့် ခေါင်းဆောင်များ အားလုံး လေးလေးနက်နက် နှလုံးသွင်း စဉ်းစားဆုံးဖြတ်ကြရပေလိမ့်မည်။

ဇော်အောင် (မုံရွာ) ● မြန်မာပြည်နဲ့ လျှပ်စစ်

$
0
0
ဇော်အောင် (မုံရွာ) ● မြန်မာပြည်နဲ့ လျှပ်စစ်
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၇

● လျှပ်စစ်ဓါတ်အားထုတ်တဲ့ တာဘိုင်များ
အိမ်သုံးအသေးစားကနေ ညူကလီယာဓါတ်ပေါင်းဖိုမှာသုံးတဲ့ ဧရာမ ရေနွေးငွေ့ Steam Turbine အထိ ရှိပါတယ်။ အနည်း ငယ် ရေးလိုက်ပါတယ်။ အသေးစိတ် ဖတ်လိုသူများကတော့ ဂူဂယ်မှာ steam turbine, gas turbine, water turbine, wind turbine လို့ အင်္ဂလိပ်လို ရိုက်နှိပ်ပြီး အင်္ဂလိပ်လို ဖတ်နိုင်ပါတယ်။ အခုဆို မြန်မာလို ရိုက်နှိပ်ပြီး မြန်မာလိုဖတ်ဖို့ ရှာ လို့လဲ ရနေပါပြီ။ မကြာမီ မြန်မာယူနီကုတ်စနစ် ခိုင်မာသွားရင်တော့ မြန်မာလို့ဘာသာပြန်ခြင်းကို လူနဲ့ လုပ်စရာမလိုပဲ ဘင်တာနက် မိုဘိုင်းဖုန်းမှာပဲ အလိုအလျှောက် မြန်မာလိုဖတ်နိုင်ဖို့ နှစ်အနည်းငယ်အတွင်း ဖြစ်လာမှာပါ။

တာဘိုင်အမျိုးအစားတွေကတော့ ...
၁။ ရေနွေးငွေ့တာဘိုင် steam turbine
၂။ ဂတ်စ်တာဘိုင် gas turbine
၃။ ရေအားလျှပ်စစ်တာဘိုင် water(hydro) turbine
၎။ လေရဟတ်တာဘိုင် wind turbine. ..တို့ ဖြစ်ပါတယ်။

● လျှပ်စစ်ထုတ်နည်း မျိုးစုံ
အပူအား၊ နေရောင်ခြည်အား၊ ဒီရေ၊ မြေအောက်အပူဓါတ်အား ဘိုင်အိုဂက်စ် စပါးခွံစက် အမှိုက်/ပလပ်စတစ်ကထုတ်စက် စသဖြင့် နည်းမျိုးစုံရှိပါတယ်။ သွားဖက်ဆိုင်ရာ ဆရာဝန် ဒေါက်တာလှိုင်မြင့် @ Billy H. Mackenzie က ဧရာဝတီတိုင်းမှာ ဒီရေအတက်အကျကနေ လျှပ်စစ်ထုတ်ဖို့ မူပိုင်ခွင့် အဆိုပြုတယ်။ လွှတ်တော်ကိယ်စာလှယ်တစ်ဦးက မေးခွန်းမေးတော့ လျှပ်စစ်ဝန်ကြီးက ငွေမရှိလို့ တွက်သားမကိုက်လို့ ဒီရေလျှပ်စစ် အစီစဉ်မရှိပါ ဖြေခဲ့တယ်။ အခု အစိုးရသစ်မှာ ဂျပန်နဲ့ပေါင်းပြီး လုပ်နေပြီ သတင်းထွက်လာပြန်ပါတယ်။ မူလအဆိုပြုတဲ့ ဒေါက်တာလှိုင်မြင့်ကတော့ ပါဝင်ခွင့်မရဘူး။ အလားတူပဲ အမှိုက် က လျှပ်စစ်ထုတ်ခြင်းကို ဂျပန်ချေးငွေနဲ့ ရန်ကုန်မှာလည်ပတ်နေပါပြီ။ တခါတလေ ပုံမှန်မဟုတ် နည်းလမ်းတွေသုံးပြီး ဈေးကြီးတဲ့တာဘိုင်တွေဝယ် ပြည်သူ့ဘဏ္ဍာ ကုန်ဆုံး ဖြုန်းတီးတာမျိုးတွေ ကာကွယ်ဖို့ မတတ်နိုင်သေးပါဘူး။ ဇီးသီဗန်းက တော့ မှောက်နေဦးမှာပါ။

ဇီးသီးဗန်း အမှောက်အနည်းဆုံးက မဟာဓါတ်အားလိုင်း တည်ဆောက်ခြင်းဖြစ်လို့ World.bank ADB များက ငွေချေးပေးပါ တယ်။ ဓါတ်အားစက်ရုံ (တာဘိုင်ဝယ်ယူ တပ်ဆင်ခြင်း) အလုပ်က ဇီးသီးဗန်းတခုလုံးမှောက်ရုံမက အလျင်းမသင့်ရင် သန်း၃၀၀ စီမံကိန်းကနေ ၂ ဆ ၃ ဆ သန်း ၆၀၀ သန်း၉၀၀ အထိ ကုန်သွားကြောင်း အိန္နိယ ပါကစ္စတန် လျှပ်စစ်တာဘိုင်ကြီး များ တည်ဆောက်စီမံကိန်းများက ဖြစ်ပျက်ခဲ့ပါတယ်။ ဖိလစ်ပိုင် အင်ဒိုနီးရှား ပြည်တွင်းခရိုနီများနဲ့ ဖက်စပ်လုပ်စားသွားတာ ၁၉၉၀ - ၂၀၀၀ ကာလမှာလဲ အများကြီးဖြစ်ခဲ့ပါတယ်။ အခု မြန်မာပြည်မှာလဲ ဖြစ်နေပါတယ်။

● စီမံကိန်းကောင်းများ
စံပြအနေနဲ့ ဂျပန်သီလဝါ စက်ရုံ အခုဆောက်နေတဲ့ ဒေါ်လာသန်း ၃၀၀ မြင်းခြံ စင်ကာပူ ဓါတ်အားစက်ရုံများက တာဘိုင်ကြီး များကို ကောင်းမွန်တဲ့စီမံကိန်းများအဖြစ် စံနမူနာထားရပါမယ်။

● တာဘိုင်သက်တမ်း
တာဘိုင်များမှာ အသက်ကတော့ တာဘိုင်ဘလိတ် turbine blade ဖြစ်ပါတယ်။ ဘလိတ်ဒီဇိုင်းကို အထူးပြုလုပ်ခြင်းနဲ့ လျှပ်စစ်ထုတ် efficiency စွမ်းအားကောင်းစေပါတယ်။

၁။ ရေနွေးငွေ့တာဘိုင် steam turbine
စင်ကာပူ ဂျူရောင်း Jurong နဲ့ စီနိုကို Senoko ပါဝါစက်ရုံကြီးများမှာ 1MW, 2MW ရေနွေးငွေ့ တာဘိုင်ကလေးတွေ အမြောက်အများကို အသုံးပြုပြီး မဂ္ဂါဝပ်တွေ ပေါင်းရင် အများကြီးဖြစ်လာစေတဲ့ ဂျင်နရေတာများ ဆိုင်ခရိုနိုက်စ် Synchronize လုပ်ထားတာကို တွေ့ရပါတယ်။ သင်္ဘောကြီးများမှာလည်း ဂျင်နရေတာ ၃ လုံးအထက်ကို အပြိုင်ဆက်ပြီး လျှပ်စစ်ထုတ်ပါ တယ်။ တခု ပျက်ရင်လဲ ပြဿနာမရှိပါ။ ဒီလို ဓါတ်အားစက်ရုံများစွာကို မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး တဖက်က ပျက်သွားရင် နောက်တဖက်က ဓါတ်အားရယူသုံးခြင်းနဲ့ တိုးတက်တဲ့နိုင်ငံများမှာ စက်ခလုပ်များ Switch System လုပ်ထား ကြပါတယ်။ မီးပျက်ရင်တောင် မိတ်တုပ်မဖြစ်ပဲ တခြားလိုင်းကို ပြောင်းပေးပါတယ်။ တချို့ စက်များ အထူးသဖြင့် ဆီးမီးကွန်ဒက်တာ Wafer Fabrication စက်ကြီးများကတော့ power dip ဖြစ်တာတောင် စက်ရပ်သွားတတ်ပါတယ်။ ဒါတွေကို ကာကွယ် လျှပ်စစ်ဓါတ်အားပေး ဖြန့်ဖြူးခြင်းက နည်းပညာတစ်ခုပါ။ ဒီနေရာမှာတော့ တာဘိုင်များအကြောင်း အနည်းငယ်ပဲ ရေးပါတယ်။

ရေကို အပူပေးပြီး ၁၀၀ ဒီဂရီစင်တီဂရိတ်မှ ရေနွေးငွေ့ရပါတယ်။ ရေနွေးငွေ့ကို ဖိအားနဲ့ အပူမြင့်အောင် high pressure 60kg/cm2 & high temperature 800 deg C အထိ မြှင့်ပေးပြီး တာဘိုင်ကြီးများကို လည်ပတ်စေပါတယ်။ တာဘိုင် အသေးဆိုရင် ဖိအားနဲ့အပူအား အရမ်းမြင့်စရာ မလိုပါဘူး။

အခုခေတ် နျူးကလီယာ ဓါတ်အားစက်ရုံကြီးများ၊ ကွန်ဘိုင်းဂက်စ်၊ ကျောက်မီးသွေးစက်တွေမှာ ရေနွေးငွေ့ တာဘိုင်ကိုပဲ သုံးကြပါတယ်။

၂။ ဂတ်စ်တာဘိုင် gas turbine
သဘာဝဓါတ်ငွေ့ ဈေးချိုခြင်း ပေါမျာခြင်းတွေကြောင့် ဂတ်စ်တာဘိုင်များ ခေတ်စားလာပါတယ်။ ရေနွေးငွေ့ရဖို့ ရေကို အပူ ပေးစရာ လောင်စာ ထင်း ကျောက်မီးသွေး စက်သုံးဆီတွေ မလိုတော့ပါ။ ဘွိုင်လာ ထည့်သွင်းစရာမလိုပဲ ဓါတ်ငွေ့ကို မီးရှို့ ပြီး ဂတ်စ်တာဘိုင် လည်ပတ်စေပါတယ်။

ပေါက်ကွဲမှုဒဏ်ခံနိုင်ဖို့ ဂတ်စ်တာဘိုင်ဘလိတ်ပြားများ အလွန်ကောင်းရသလို ပြုပြင်ထိမ်းသိမ်းမှုလည်း ပိုလုပ်ရပါတယ်။ တာဘိုင်သက်တမ်းလည်း ရေနွေးငွေ့တာဘိုင်ထက် အများကြီး သက်တမ်းတိုပါတယ်။ သက်တမ်းရှည်အောင် မကြာခဏ ဖွင့်စစ် ဆေး ဘလိတ်များလဲလှယ်ပေးရမှာဖြစ်ပါတယ်။

အမြန်ဆုံးနဲ့ စက်ရုံတည်နိုင်တဲ့အတွက် ဓါတ်ငွေ့ အများပြားထွက်တဲ့ ဗီယက်နမ်နိုင်ငံမှာ ဂတ်စ်တာဘိုင် လျှပ်စစ်ဓါတ်အား အများဆုံး ထုတ်လုပ်နေပါတယ်။

၃။ ရေအားလျှပ်စစ်တာဘိုင် hydro turbine
နှစ်ပေါင်းများစွာခံတဲ့တာဘိုင်စက်ဖြစ်ပါတယ်။ ဖိအားနဲ့ အပူချိန် သဘာဝအတိုင်း ဖြစ်လို့ပါ။ မြန်မာနိုင်ငံက လောပိတ ဂျပန် ဟိတာချီ ရေအားတာဘိုင်များက နှစ် ၈၀ လောက်ကြာပေမဲ့ ကောင်းတုန်းပါပဲ။

ကချင်ပြည်နယ် ကျင်ခရန် ရေအားလျှပ်စစ်စက်ရုံ တရုတ်တာဘိုင်များနဲ့ဆောက်တယ်။ တာဘိုင် ၁၂ လုံးလောက် တန်းစီ လည် ပတ်တယ်။ တနှစ်အကြာ စက်အလုံးတွေပျက်တော့ တဝက်ပဲကျန်တယ်။ အပိုပစ္စည်း ဈေးကြီး မဝယ်နိုင်တော့ စက် တစ်လုံးကနေ ဖြုတ်ပြီးသုံးတော့ တစ်နှစ်အတွင်း ၅၀ ရာခိုင်နှုန်းပဲလည်နိုင်ပြီး နောက် ၃ နှစ်ကျော်တော့ စက်အားလုံး မလည် ပတ်နိုင်တော့ပါ။ နောက်ပိုင်း ကေအိုင်အေ ကချင်လက်နက်ကိုင်များထုတ်တဲ့ ဘူးဂါးလျှပ်စစ်နဲ့ မြစ်ကြီးနားတဝိုက် မီးလင်းရပါ တယ်။

ဘာကြောင့် တရုတ်ရေအား တာဘိုင်တွေပျက်ရပါသလဲ ဆိုတော့ ...
* မြန်မာတွေ အရည်ချင်းမရှိလို့ မထိမ်းသိမ်းနိုင်လို့ skill မရှိလို့ ပြောရင် ရပါတယ်။ ရတဲ့လစာကလည်း နည်းတော့ မလုပ်ချင် ဘူးပေါ့။

* တရုတ်ပြည်မှာ သုံးမရတော့တဲ့တာဘိုင်တွေကို လိမ်ညာရောင်းချခံရတယ် ပြောရင် မြန်မာတွေဒါလောက်တောင်ညံ့သလား မေးလဲ မေးစရာပါ။ မြန်မာအင်ဂျင်နီယာများက ဝယ်ဖို့ မဆုံးဖြတ်ပါ။ အဂတိ လိုက်စားတဲ့အုပ်ချုပ်သူများ (စစ်ဗိုလ်များ) က ဝယ်ဆိုတော့ တရုတ်ချေးငွေနဲ့ ဝယ်ထားတာကို အင်ဂျင်နီယာများက ထိန်းသိမ်းရပါတယ်။ စိတ်ပျက်တော့ မထိမ်းသိမ်းချင် ခဏနဲ့ပျက်ပါလေရော။

အခု နောက်ဆုံး နေပြည်တော်ကို မီးပေးတဲ့ပေါင်းလောင်း သောက်ရေခပ် စတဲ့တရုတ်စက်များကတော့ အသစ်ဖြစ်ပါတယ်။ အဟောင်း ခဏပဲခံတယ်။ အသစ်ပေး ဆိုတော့ ဂျပန် အမေရိကန် ရောင်းတဲ့စက်ဈေးပေးပြီး တရုတ်စက်အသစ်ကို အတိုးကြီးတဲ့ တရုတ်ချေးငွေနဲ့ ဝယ်ပါတယ်။ ဒါလဲပျက်ပြန်တယ်။ ပြင်တော့ တရုပ်ပဲပြင်ရမယ် ဆိုတဲ့ စာချုပ်စည်းကမ်းရှိတော့ တရုတ်အင်ဂျင်နီယာမဟုတ်သူ စက်ပြင်တွေပဲ လာပြင်ကြတယ်။ ပြင်ခကတော့ အမေရိကန်ဈေးအတိုင်း မြန်မာပြည်က ပေးရတယ်။ မိအေး ၂ ခါမက ၃ ခါနာနေတာကတော့ တရုပ်စက်တွေ ပြင်လဲပျက်နေဆဲပါပဲ။ ပြင်ခနဲ့ပဲ လုံးပါးတော့မယ်။ ဒီ အကြောင်းလဲ ဆောင်းပါး ရေးခဲ့ဖူးပါတယ်။ ပေါင်းချုပ်ပေးဖို့ မိုးမခ လျှပ်စစ်ဆောင်းပါး စာအုပ်လုပ်နေပါတယ်။

နောင် ချေးငွေရရင် ဂျပန် ဂျာမဏီ စက်ကောင်းတွေဝယ်ပြီး တပ်ဆင်မယ်။ အရှုံးများတဲ့ တရုတ်စက်တွေတော့ ဖျက်သိမ်းပစ်မှ အေးမယ်။

● တနိုင်တပိုင် ရေအားလျှပ်စစ်
လက်ရှိ ကချင်ပြည်နယ်မှာ ၃ဆလောက်ပိုလျှံ နေပါပြီ။ 11kv လိုင်းနဲ့ပို့ရင် ဓါတ်အားဆုံးတော့ 66kv 230kv မဟာဓါတ် အားလိုင်း ဆွဲခွင့်ပေးဖို့ လိုနေပါပြီ။ အလားတူ ရှမ်း ကယား ကရင် ချင်းပြည်နယ်တွေမှာ အသေးစား 10kw to 1mw ရေအားတာဘိုင်များစွာ တပ်ဆင်နိုင်ပါတယ်။ ရေအားမရှိတဲ့တိုင်းဒေသများမှာ ကျောက်မီးသွေး ဂက်စ် အက်အို(Fuel Oil) ဒီဇယ် ဘိုင်အိုဂက်စ် စတဲ့လောင်စာများသုံးပြီး ဘွိုင်လာအိုနဲ့ ရေနွေးငွေ့သုံး တာဘိုင်များ တပ်ဆင်ဖို့ပါ။ အင်ဒိုနီးရှား ဖိလစ်ပိုင် ကျွန်းထောင်ချီရှိတာ ဒီနည်းနဲ့ပဲ မီနီဂရစ် လျှပ်စစ်ထုတ်နေကြပါတယ်။ နေရောင်ခြည် (Solar) ကတော့ တနိုင်တပိုင် မီးထွန်းတာပဲသုံးကြပါတယ်။

၎။ လေရဟတ်တာဘိုင် wind turbine
ဆောင်းပါးတပုဒ်ရေးခဲ့ဖူးပါတယ်။ နောက် ၁၀ နှစ်အကြာ ပင်လယ်ပြင်မှာပေါ်နေတဲ့ Floating Wind Turbine ဧရာမ 1MW - 10MW တာဘိုင်ကြီးတွေ ရေအာလျှပ်စစ်လို ဈေးချိုလာမယ်လို့ ဈေးကွက်ခန့်မှန်းထားပါတယ်။ အခုတော့ ထုတ်လုပ်မှုစရိတ် တော်တော်ကြီးလို့ ငွေတတ်နိုင်တဲ့Offshore ကမ်းလွန်ရေနံ ဓါတ်ငွေ့လုပ်ငန်းတွေအတွက်ပဲ သုံးနိုင်ပါတယ်။ ဂျာမဏီ တရုတ် နော်ဝေး ဒိန်းမတ် ကုမ္ပဏီများက ဈေးကွက်ဦးစီးထားပါတယ်။ တရုတ်ကုမ္ပဏီ ၃ ခုက ထိပ်တန်း ၁၀ ခုမှာ ပါနေပါ တယ်။

လေရဟတ်တာဘိုင်ကတော့ ရေအားလျှပ်စစ်ထက် ထိန်းချုပ်မှု ရှုပ်ထွေးပါတယ်။ တိုင်ဖွန်းမုန်တိုင်း တနာရီမိုင် ၁ ရာကျော် တိုက်ခတ်တာ ခံနိုင်ရမယ်။ လေတိုက်နှုန်း အနည်းအများက သဘာဝ ထိန်းချုပ်လို့မရတော့ Control System ထိန်းချုပ်မှု နည်းစနစ်နဲ့ ဘရိတ်စနစ် ကောင်းကောင်း သုံးရပါတယ်။ ပင်လယ်ထဲ ဆွဲယူသွားလို့ရတော့ ရေပေါ်ဓါတ်အားပေးစက်ရုံအဖြစ် ကန်ထရိုက်နဲ့ ငှားရမ်းတဲ့ငှားစားတဲ့လုပ်ငန်းအဖြစ် တွင်ကျယ်နေပါတယ်။

● ထိန်းချုပ်မှုစနစ် Control System
အခုခေတ်က အလိုအလျောက် ထိန်းချုပ်တဲ့ကွန်ပြူတာ မိုဘိုင်းဖုန်း အင်တာနက်ခေတ် ဖြစ်ပါတယ်။ လူတွေအားကိုးလို့ စက်တွေပိုနစ်နာလေ့ရှိပါတယ်။ ဒါကြောင့် စက်တွေ မပျက်စီးအောင် ရှေည်ခံအောင် အလိုအလျောက် အပူချိန် ဖိအား လည်ပတ်နှုန်း သက်တမ်းအချိန် အဖွင့်အပိတ် ဓါတ်ငွေနဲ့အရည် ကွာလတီ စီးဆင်းနှုန်း သိပ်သည်းခြင်း စတဲ့စက်အခြေအနေကို ကွန်ပြူတာထိန်းချုပ်စနစ်သုံးကြပါတယ်။ ပစ္စည်းကို ပုံမှန် လာမကြည့်ရင် လာကြည့်ပါ လာကြည့်ပါ လို့ ဖေ့ဘုတ်မက်ဆေ့ အီးမေးတွေ တယ်လီဖုန်းဆီပို့ပေးပါတယ်။ Alarm အချက်ပေးမှု အသံများပေးတယ် ပိုဆိုးလာရင် အလိုအလျောက် Trip စက်ရပ်ပစ်ပါတယ်။ Safety Device များက အလွန်တန်ဖိုးကြီးတဲ့တာဘိုင်စက်ကြီးကို ကာကွယ်ပေးပါတယ်။ Bearing Temp, Shaft Displacement စတဲ့အရေးကြီးတဲ့တာဘိုင်လည်ပတ်မှု အချက်တွေကို ထိန်းချုပ်စနစ်က အလွန်အရေးကြီးလာ ပါတယ်။ ဒါကြောင့် စက်ရုံကြီးများသာမက အိမ်သုံး လျှပ်စစ်ဂျင်နရေတာများမှာလဲ မိုက်ကရိုပရိုဆက်ဆာ Chip တွေ ထည့်ထားပါတယ်။


● နိဂုံး သုံးသပ်ခြင်း
တာဘိုင်အကြီးတွေက နည်းပညာအဆင့်မြင့်လို့ တည်ဆောက်သူ နိုင်ငံခြားသားများက မြန်မာလူငယ်များကို အတူခေါ်ပြီး သင်ပေးရပါမယ်။ မသင်ပေးချင်ဘူး သင်ပေးရတာ သူတို့အလုပ်ဖင့်နှေးတယ် ဆိုပြီး ငြင်းလို့မရအောင် စာချုပ်မှာ သင်တန်း ကိစ္စ အထူးပြုရပါမယ်။ ဗီယက်နမ်မှာ အင်ဂျင်နီယာငယ်များစွာကို စီမံကိန်းထဲထည့်ပြီး look see. look see လုပ်ခိုင်း မှတ်ခိုင်း လေ့လာခိုင်းပါတယ်။ စက်တပ်ဆင်နေတုန်း သင်တန်းကျောင်းဖွင့်ထားပေးရပါမယ်။

အသေးစားတာဘိုင်များ 1mw အောက် တာဘိုင်တွေဆို စရိတ် ကျပ်သိန်း၁ထောင်ကျော် usd$100,000 လောက်ပဲရှိပါတယ်။ မြန်မာတွေ တာဘိုင်စက် မတီထွင် မလုပ်နိုင်သေးပေမဲ့ စက်တပ်ဆင် ပြုပြင်ထိမ်းသိမ်းရာမှာတော့ ထိတ်တန်းအဆင့်ဖြစ်ပါ တယ်။

နေရောင်ခြည် မီနီဂရစ်ကတော့ ဘက်ထရီပြဿနာကြောင့် ညမီးထွန်းဖို့ တီဗွီကြည့်ဖို့ပဲ ကောင်းပါတယ်။ တအိမ်တခု Home System ပဲ သုံးသင့်ပါတယ်။ ရေပန့်လည်ဖို့ အပူပေးဖို့ မော်တာစက်လည်ဖို့တော့ နေရောင်ခြည် မီနီဂရစ်ကိုသုံးလို့မသင့်ပါဘူး။ မြန်မာနိုင်ငံမှာလုပ်နေတဲ့ဘက်ထရီသိုလှောင် မီနီဂရစ်များက ပြည်သူဘဏ္ဍာဖြုန်းတီးသလိုပါပဲ။ မြန်မာတွေ အများစုမှာ ဘက်ထရီထိန်းသိမ်းနိုင်တဲ့ skill အရည်သွေးမရှိသေးပါ။ မှားရင်လဲခွင့်လွှတ်ပါ။ မိမိအမြင် ဖြစ်ပါတယ်။

မြန်မာများမှာ စာတွေ့ သက်မွေးပညာ စာသင်ခန်းအဆင့်ပဲရှိတယ်လို့ ရိုးသားစွာ ရှုမြင်ပါတယ်။ လျှပ်စစ်စီမံကိန်း ကွပ်ကဲ သူများလဲ မြန်မာပရိုဂျက်အရာရှိအများစုက အလုပ်ပဲကျွမ်းကျင်ပါတယ်။ နိုင်ငံခြားသား ပရိုဂျက်မန်နေဂျာများလို လစာသိန်း ၁၀၀ ကျော်မရတော့ လုပ်ပိုင်ခွင့်လဲမရှိ အထူးသဖြင့် လော်ဂျစ်စတစ်နဲ့ ပါချေ့စင်း Logistic & Purchasing မှာ နိုင်ငံခြား ပရိုဂျက်မန်နေဂျာ ပြောတာပဲ Yes Yes ဟုတ်ကဲ့ပါ လုပ်နေရတဲ့လစာနည်း မြန်မာအင်ဂျင်နီယာများကို ပါဝါမြှင့်တင် ပေးဖို့ အထူးလိုအပ်နေပါတယ်။ လစာမမြှင့်တင်ချင်ရင် Project Allowrance ကို နိုင်ငံခြားသားကိုပေးသလောက် နေစရိတ် စား စရိတ် ပေးတဲ့နည်းဖြစ်ပါတယ်။ ဒါနည်းကို အခွင့်ရရင် လွှတ်တော်မှာ ကိုယ်စားလှယ်တစ်ဦးအကူညီနဲ့ အဆိုပြုချင်ပါတယ်ဗျာ။ မြန်မာဘက်က အတွေ့ကြုံရင့်ကျက်သူ ဆုံးဖြတ်ခွင့်ရှိသူ Decision Maker အင်ဂျင်နီယာနဲ့ ဒါရိုက်တာများကို တလ သိန်း ၂၀ လောက် အနည်းဆုံး စရိတ်မပေးရင် ဇီးသီးဗန်းမှောက်နေတာလဲ သူတို့က ထိုင်ကြည့်နေမှာ သေချာပါတယ်။ ဇီသီ ဗန်းကတော့ ပြည်ပကုမဏီတွေက ပိုမှောက်ယူလေ့ရှိပါတယ်။ တဖြေးဖြေး ကာကွယ်တားဆီးနိုင်မှာပါ။

ပရိုဂျတ် ဒေါ်လား ၁၀ သန်း သန်း ၁၀၀ တွေ ထားလိုက်ပါတော့။ မိမိတို့ အင်ဂျင်နီယာများအဖို့ တာဘိုင်အကြီးကြီးတွေ မကိုင်တွယ်နိုင်သေးပေမဲ့လည်း .. ဒေါ်လာ ၁ သိန်းတန် တာဘိုင် ဂျင်နရေတာအသေးစား အလတ်စားများ ဝယ်ယူတပ်ဆင် ထိမ်းသိမ်းပြီး မီနီဂရစ် ဓါတ်အားစက်များစွာ ပေါ်လာမယ် မျှော်လင့်မိပါတယ်။

ဇော်အောင်
ဒီဇင်ဘာ ၃၊ ၂၀၁၇

● မှတ်ချက်
စင်ကာပူ စကင်နေဗီးယားနိုင်ငံသားများရဲ့ ဗိုက်ကင်း Viking Engineering Pte Ltd "Steam Turbine Service Company, http://viking.com.sg "မှာ ၆နှစ် Turbine Control System လုပ်ခဲ့ဖူးတဲ့အတွေ့အကြုံနဲ့ ရေးသားပါတယ်။ eBook , "Myanmar Electricity 2017" pdf file ရယူလိုရင် Chat Box ဗိုင်ဘာ 09976922584, အီးမေး uzawaung@gmail.com နဲ့တောင်းပါ။ ပို့ပေးလိုပါတယ်။ တိုက်ရိုက် ဒေါင်းလုပ်သူများအတွက် ဒေါင်းလုပ်လင့်ကတော့.. https://www.slideshare.net/…/electricitymyanmarrev5oct2017t… စိတ်ဝင်စား၊ ဖတ်ရှုသူများကို ကျေးဇူးတင်ပါတယ်။

ရွှေပြည်စိုး - ပီနန်ဆရာတော်ကြီး၏ သာသနာပြု ခရီးစဉ် - ၁

$
0
0


ရွှေပြည်စိုး - ပီနန်ဆရာတော်ကြီး၏ သာသနာပြု ခရီးစဉ် - ၁
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၇

ကမ္ဘာတည်သရွေ့ ပီနန်ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများ တည်စေမည်

အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပညာဝံသ ပီနန်ဆရာတော်ဘုရားကြီးသည် ၂၀၁၇-၁၁-၂၄ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ် အချိန်တွင် မလေးရှားနိုင်ငံ ပီနန်မြို့ဆေးရုံ၌ ဘ၀နတ်ထံပျံလွန်တော်မူသွားပါသည်။

ဆရာတော်ကြီးသည် ကမ္ဘာ့အရပ်ရပ်တွင် စေတီပုထိုး၊ ဘုရားကျောင်းကန်၊ သီလရှင်ဘုရားကျောင်း၊ ကမ္မဋ္ဌာန်းစခန်း၊ ကမ္မဋ္ဌာန်းကျောင်းများ တည်ထောင်၍ မြတ်ဗုဒ္ဓ၏သာသနာတော်တည်တန့်ပျံ့ပွားရေးအတွက် မနားမနေ ကြိုးစား အားထုတ်ခဲ့ပါသည်။ သို့ဖြစ်၍ ဆရာတော်ကြီးပျံလွန်တော်မူသွားသော်လည်း ဆရာတော်ကြီးနှစ်ပေါင်း(၆၀)ခန့် အတွင်း ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေးအတွက် ကမ္ဘာတ၀န်းတွင် ပြုစုပျိုးထောင် တည်ဆောက်ခဲ့ပြီးသော ဗုဒ္ဓသာသနာပြု ကျောင်းတော်များ၊ စေတီပုထိုး……… စသည်များသည်ဆရာတော်ကြီးသက်တော်ထင်ရှားရှိစဉ်က ကဲ့သို့ပင် ဆက်လက်ရှင်သန်နေမည်ဟု ယုံကြည်ပါသည်။ အကြောင်းမှာ-

၁။ ပြည်တွင်းပြည်ပ သူတော်စင် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များက ဆရာတော်ကြီး၏ ယုံကြည်ချက်၊ ရည်မှန်းချက်၊  ဆောင်ရွက်ချက်များကို မပျက်မကွက် ဆက်လက်ထမ်းရွက်သွားကြမည်ဟု ယုံကြည်၍လည်းကောင်း၊

၂။ အထူးသဖြင့် ဆရာတော်ကြီးသက်ရှိထင်ရှားရှိစဉ်က အများပြည်သူတို့က ဆရာတော်ကြီး၏သီလဂုဏ်၊  သမာဓိဂုဏ်၊ ပညာဂုဏ်၊ ကရုဏာဂုဏ်……..စသည့် ဂုဏ်တော်များကို ကြည်ညိုလေးစား မေတ္တာထားကာ  ကူညီပံ့ပိုးပေးကြသကဲ့သို့ ဆရာတော်ကြီးမရှိသော်လည်း ယခင်ကအတိုင်း ဆရာတော်ကြီး၏ ဗုဒ္ဓသာသနာပြုလုပ်ငန်းများကို ဆက်လက်ပံ့ပိုး လုပ်ဆောင်သွားကြမည်ဟူ၍လည်းကောင်း ယုံကြည်သောကြောင့်
ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်ကြီး၏ ပြည်တွင်း၊ ပြည်ပ ဗုဒ္ဓသာသနာပြု လုပ်ငန်းများသည် ကမ္ဘာတည်သရွေ့ဆက်လက်တည်ရှိနေမည်ဟု ယုံကြည်ပြောဆိုရခြင်းဖြစ်ပါသည်။

ပီနန်ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်း။
ဆရာတော်ကြီး၏ ငယ်စဉ်ဘဝ
ဆရာတော်ကြီးလောင်းလျာသည် ၁၉၂၈ ဇန္န၀ါရီ-၁၀ ရက်နေ့တွင် ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ်၊ ကျုံတိုင်ဆင်ကူးရွာနေ ဖခင်ဦးဘတူးနှင့် မိခင် ဒေါ်ကြည် တို့မှ မွေးဖွားသော သားသမီး(၃)ဦးအနက် ဒုတိယမြောက်သားလတ်ဖြစ်ပါသည်။ ငယ်နာမည်မှာ မောင်တင်ညွှန့်ဖြစ်ပါသည်။

ဆရာတော်လောင်းလျာ မောင်တင်ညွှန့်ငယ်စဉ်က အတန်းကျောင်းတွင်ခေတ္တပညာသင်ကြားပြီး ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ပညာဆည်းပူးပါသည်။ အသက်(၁၀)နှစ်ရွယ်တွင် ရှင်သာမဏေအဖြစ်သို့ ပထမတကြိမ်ဝင်ရောက်ပြီးနောက် ရှင်သာမဏေဘ၀မှထွက်လိုက်သည်။ အသက်(၁၄)နှစ်တွင် ဒုတိယအကြိမ် ရှင်သာမဏေဘောင်သို့ ထပ်မံဝင်ရောက်ခဲ့သည်။ ရှင်သာမဏေဘွဲ့မှာ ရှင်ပညာဝံသ ဖြစ်ပါသည်။

ဆရာတော်ကြီးလောင်းလျာ ရဟန်းဘ၀နှင့် ပိဋ္ဋကတ်စာပေ သင်ကြားတတ်မြောက်မှု
ဆရာတော်ကြီးလောင်းလျာသည် အသက်(၂၀) ၁၉၄၈ခုနှစ်တွင် ဆင်ကူးကျောင်းတိုက်၌ပင် ရဟန်း အဖြစ်သို့ ခံယူတော်မူပါသည်။

ဆရာတော်ကြီး ဦးပညာဝံသသည် ဆင်ကူးကျောင်းတိုက်တွင် စာပေသင်ကြားပြီး ထိုမှတဆင့် ညောင်တုန်း မြို့သို့ ပြောင်းရွှေ့ကာ ပိဋကတ်စာပေများကို ဆက်လက်သင်ကြားရာ ပထမငယ်၊ ပထမလတ်၊ ပထမကြီးနှင့် စာချတန်းများကို ဂုဏ်ထူးဖြင့် အောင်မြင်တော်မူပါသည်။

ဆရာတော် ဦးပညာဝံသသည် ညောင်တုန်းမြို့မှ စာချတန်းအောင်မြင်ပြီးနောက် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်သို့ ကြွရောက်၍ စာပေဆက်လက်သင်ကြားရာ နိုင်ငံတော်အစိုးရ၏ သာသနဓဇသီရိပ၀ရ ဓမ္မစရိယဘွဲ့တော် ဆက်ကပ်ချီးမြှင့် ခြင်းခံရပါသည်။ ၄င်းနောက် ဆရာတော်သည် အင်္ဂလိပ်စာကို ဆက်လက်သင်ယူခဲ့ပါသည်။

ဆရာတော် ဦးပညာဝံသသည် မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဓမ္မစရိယဘွဲ့တော် ရရှိပြီးနောက် ရန်ကုန်မြို့သို့ ကြွရောက်လာပြီး အလယ်တောရကျောင်းတိုက်တွင် စာချဆရာတော်အဖြစ် သီတင်းသုံးနေတော်မူရင်း အင်္ဂလိပ်စာနှင့် ဗေဒင်ပညာတို့ကို သင်ယူပါသည်။

ပြည်ပသာသနာပြုလုပ်ငန်းအစ ဗေဒင်ပညာက
ဆရာတော် ဦးပညာဝံသည် အိန္ဒိယနိုင်ငံမှကြွလာသော ဆရာတော် ဦးပဏ္ဍိတအား ဗေဒင်ပညာ သင်ကြားပေးသည်။ ဆရာတော် ဦးပဏ္ဍိတက တဖန်ဗားကရာ ကျောင်းတိုက် သာယာဝတီကျောင်းတွင် သီတင်းသုံးနေတော်မူသော ဆရာတော် ဦးဝါယမနှင့် ချိတ်ဆက်ပေးမှုကြောင့် ကိုကိုးကျွန်းသို့ ကြွရောက်၍ သာသနာပြုလုပ်ငန်း ပြုလုပ်ရန် လမ်းစ ပေါ်လာသည်။

ဆရာတော်ဦးပညာဝံသသည် ဆရာတော်ဦးဝါယမနှင့် အတူကိုကိုးကျွန်းသို့ ရောက်ရှိလာရာ ထိုစဉ်က ကိုကိုးကျွန်းတွင် ဘုန်းတော်ကြီးကျောင်းမရှိသေးသည့် အချိန်ဖြစ်၍ ဆရာတော်(၂)ပါးသည် ရွက်ထည်တဲထိုး၍ ဆင်းဆင်းရဲရဲသီတင်းသုံးကြရပါသည်။

ဆရာတော်ဦးပညာဝံသသည် ဆရာတော်ဦးဝါယာမ ဦးဆောင်မှုဖြင့် အိန္ဒိယ၊ သီဟိုဋ္ဋ်ကျွန်း၊ ကပ္ပလီကျွန်း (အန်ဒမန်ကျွန်း)သို့ ကြွရောက်လာခြင်းဖြင့် ပြည်ပ အတွေ့အကြုံများရရှိခဲ့ပါသည်။ ထိုခရီးစဉ်၏ အတွေ့အကြုံသည် ဆရာတော်ကြီး၏ ပြည်ပသာသနာ့ပြုလုပ်ငန်းအတွက် အခြေချရန် ဖန်တီးသကဲ့သို့ ဖြစ်လာသည်။

ဆရာတော်ဦးပညာဝံသသည် ဆရာတော်ဦးဝါယမနှင့် အတူ သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိနေချိန်တွင် နိုင်ငံခြား သာသနာပြုလုပ်ငန်း လုပ်ဆောင်မည်ဆိုပါက အင်္ဂလိပ်စာမတတ်လျှင် မဖြစ်မှန်းသိရှိလာသဖြင့် သီရိလင်္ကာနိုင်ငံတွင် အင်္ဂလိပ်စာကို တနှစ်ခန့်သင်ကြားပြီးနောက် ကပ္ပလီကျွန်း(အန်မန်ကျွန်း)သို့ ထွက်ခွာလာခဲ့ပေသည်။

ဆရာတော်ဦးပညာဝံသနှင့် အန်ဒမန်သာသနာပြုလုပ်ငန်း
ဆရာတော်ဦးပညာဝံသ အန်ဒမန်ကျွန်းသို့ ရောက်ရှိလာသောအခါ အန်ဒမန်ဗုဒ္ဒသာသနာပြုဆရာတော် ဦးဂုဏိဿရနှင့် တိုင်ပင်ပြီး ၁၉၅၉ခုနှစ်တွင် ဆရာတော်ဦးဂုဏိဿရ ဦးဆောင်၍ အန်ဒန်မန်ဗုဒ္ဓသာသနာပြု မစ်ရှင်တခုကို တည်ထောင်ပြီး ဗုဒ္ဓသာသနာ ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်တော်မူကြပါသည်။ ဆရာတော်(၂) ပါးသည် ထိုကျွန်းပေါ်တွင် စာကြည့်တိုက်တခုဖွင့်ပြီး ၄င်းစာကြည့်တိုက်ကို အခြေခံ၍ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသေးသည်။

ပီနန်မြို့တွင်သာသနာပြုရန် အကြောင်းပေါ်လာပြန်

ဆရာတော်ဦးပညာဝံသသည် ၁၉၆၅ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ကြွလာပြီး ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းရှိ အောင်မင်္ဂသိဒ္ဓိပါဋ္ဌိတက္ကသိုလ်တွင် စာချဆရာတော်အဖြစ်ဖြင့် သီတင်းသုံးလျက်ရှိစဉ် မလေးရှားနိုင်ငံ ပီနန်မြို့သို့ ၁၉၆၇ခုနှစ်တွင် ကြွရောက်ပြီး သာသနာပြုရန် လမ်းစပေါ်လာရပြန်ပါသည်။ ထိုအချိန်တွင်သာသနာရေးဋ္ဌာနက ပြည်ပသာသနပြု အတွေ့အကြုံရှိသော ဆရာတော်တပါးအား မလေးရှားသို့ သာသနာပြုစေလွှတ်ရန် ရှိကြောင်း ကြားသိသောအခါ ဆရာတော်ဦးပညာဝံသလည်း လျှောက်ထားခဲ့ပါသည်။ ဆရာတော်နှင့်အတူ လျှောက်ထားသော ဆရာတော်အပါး(၂၀)ရှိသည့်အထဲတွင် အကျော်အမော် ပညာကျော်ဆရာတော်များလည်း ပါဝင်ပါသည်။ သာသနာရေး ဋ္ဌာနမှလျှောက်ထားသော ဆရာတော်များအား ပင့်ဆောင်၍ တွေ့ဆုံပြီးနောက် ပြည်ပသာသနာပြု အတွေ့အကြုံရှိပြီး ဖြစ်သည့် ဆရာတော် ဦးပညာဝံသအား ရွေးချယ်ခဲ့ပါသည်။ ဤသို့ဖြင့် ဆရာတော်ဦးပညာဝံသသည် ၁၉၇၀-၁၁-၁၁ ရက် နေ့တွင် ပီနန်မြို့ရှိ ဓမ္မကါရာမ မြန်မာဘုန်းတော်ကြီးကျောင်းကို ဆက်ခံရန် ပီနန်မြို့သို့ ကြွရောက်ပြန်ပါသည်။ ထိုအချိန်မှစ၍ ဆရာတော် ဦးပညာဝံသသည် ပီနန်မြို့ရှိ ဓမ္မိကါရာမကျောင်းကို အခြေပြု၍ မြတ်ဗုဒ္ဓ၏ သာသနာရောင်ဝါ ကမ္ဘာအနှံ့ပြန့်အောင် ပြုလုပ်နိုင်သဖြင့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ကြီးအဖြစ် ထင်ရှားကျော်ကြားလာသည်မှာ ယနေ့အထိ ဖြစ်ပါသည်။

ဆရာတော်ကြီး ဦးပညာဝံသသည် ဓမ္မိကါရာမကျောင်းတော်သို့ ရောက်ရှိပြီး(၂)နှစ်အကြာ ၁၉၇၂ ခုနှစ်တွင် ထိုကျောင်းတိုက်၏ သတ္တမမြောက်ကျောင်းထိုင် ဆရာတော်ကြီးအဖြစ် ခန့်အပ်ခြင်းခံရပါသည်။ ထိုအချိန်မှစ၍ ဓမ္မိကါရာမကျောင်းတော်ကြီးသည်လည်း ကမ္ဘာအနှံ့ မြတ်ဗုဒ္ဓ၏ ပြည်ပသာသနာပြုရန် အခြေစိုက်ရာ မြန်မာ ဘုန်းတော်ကြီးကျောင်းအဖြစ်သို့ လည်းကောင်း ထင်ရှားကျော်ကြားသွားသည့်အပြင်၊ ဆရာတော်ကြီး ဦပညာဝံသသည် လည်း ပီနန်ဆရာတော်ကြီး အဖြစ်လည်ကောင်း၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော်ကြီးအဖြစ်လည်းကောင်း၊ ထင်ရှား ကျော်ကြားလာခဲ့ပြီး ပီနန်ဆရာတော်ကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ဥာဏ်ပညာဂုဏ်၊ ကရုဏာ စေတနာဂုဏ် …… စသည့်ထူးခြားသောဂုဏ်ပုဒ်များသည်လည်း ကမ္ဘာတည်သရွေ့ တည်ရှိသွားမည်ဖြစ်ပါသည်။

ဓမ္မိကါရာမ မြန်မာဘုန်းတော်ကြီးကျောင်း၏ ပဓါန နာယက ဆရာတော်ကြီးများမှာ-
စဉ် ကျောင်းထိုင်ဆရာတော် သီတင်းသုံးခုနှစ် ကျောင်းထိုင်သက်တမ်း မှတ်ချက်

၁။ ဦးနန္ဒမာလာ ၁၈၀၃-၁၈၄၂ ၃၉နှစ် ပျံလွန်တော်မူ

၂။ ဦးသုတ္တိ ၁၈၄၂-၁၈၆၅ ၂၃နှစ် ၊၊

၃။ ဦးဝိစာရ ၁၈၆၅-၁၈၉၂ ၃၂နှစ် ။

၎။ ဦးဥာဏ၀ံသ ၁၈၉၇-၁၉၂၂ ၂၅နှစ် ။

၅။ ဦးဇာဂရ ၁၉၂၂-၁၉၅၇ ၃၅နှစ် ။

၆။ ဦးဝိမလ ၁၉၅၇-၁၉၇၂ ၁၅နှစ် ။

လက်ထောက်ဆရာတော် ဦးစိတ္တရ ၁၉၈၄-၁၉၈၈ ၄နှစ် ။

၇။ ဦးပညာဝံသ ၁၉၇၂-၂၀၁၇ ၄၅နှစ် ၂၀၁၇-နိုဝင်ဘာ-၂၄ရက်


ဓမ္မိကါရာမ မြန်မာဘုန်းတော်ကြီးကျောင်း တည်ဖြစ်လာပုံ

ပီနန်ကျွန်းရှိ ဓမ္မိကါယာမဘုန်းတော်ကြီးကျောင်းသည် ၁၈၀၃ ခုနှစ်တွင် စတင်တည်ထောင်သော ဘုန်းတော်ကြီးကျောင်း ဖြစ်ပေသည်။ မြန်မာလမ်း(Burma Lane) အမည်ရှိသော လမ်းပေါ်တွင်တည်ရှိပေသည်။ ထိုကျောင်းသည် မန္တလေးနန်းတော်မတည်ဆောက်မီကပင် တည်ဆောက်ထားသောကျောင်း ဖြစ်ကြောင်း သိရပေသည်။

ထိုဓမ္မိကါရာမကျောင်းတော်ဖြစ်လာမည့် မြေနေရာကို ၀ယ်ယူလှူဒါန်းသူ အလှူရှင်မှာ ဗုဒ္ဓဘာသာဝင် မလေးရှား အမျိုးသမီးကြီး နိုနီရာဘီလွန်(Nonia Belong) ဖြစ်သည်။ ၄င်းနောက်ပိုင်းတွင်မှ နိုနီရာမီရွက်၊ နိုနီရာကိုလိုနှင့် နိုနီရာဘူလန် အမျိုးသမီးသုံးဦး ပါဝင်လာပြီးထိုကျောင်းတော် မြေနေရာကို “နန်ဒီမိုလို” ဟုခေါ်ဆိုကြသည်။ ထိုအမျိုးသမီး(၄)ဦးသည် ဓမ္မိကါရာမကျောင်းတော်၏ ပထမဦးဆုံးသော ဂေါပက အဖွဲ့ဝင် လူကြီးများဖြစ်လာသည်။ ထိုအချိန်မှစ၍ ပီနန်ကျွန်းတွင် မြန်မာဗုဒ္ဓ သာသနာပြု ဘုန်းတော်ကြီးကျောင်းဟူ၍ ပေါ်လွင်ထင်ရှားလာသည်။

၁၈၀၃-သြဂုတ်လ-၁ရက်နေ့တွင် စတင်တည်ထောင်သော ဓမ္မိကါရာမကျောင်းတော်သို့ ဆရာတော် ဦးနန္ဒမာလာ ပထမဆုံးကျောင်းထိုင်ဆရာတော်ကြီးအဖြစ် ကြွရောက်လာချိန်တွင် အဆိုပါကျောင်းတော်သည် ဘုန်းကြီးကျောင်း မည်ရုံသာ ရှိသည်။ ကြီးမားခန့်ညား ထည်ဝါခြင်းမရှိသေးပါ၊ ဆရာတော်သီတင်းသုံးချိန်မှစ၍ ဓမ္မိကါရာမကျောင်းသည် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရေမြင့်ကြာတင့်သကဲ့သို့ ဗုဒ္ဓသာသနာရောင်ဝါ စသည်လည်း တိုးတက်ပြန့်ပွားလာသည်။ ဆရာတော်ကြီးဦးပညာဝံသ ဓမ္မကါရာမကျောင်းတော်သို့ ကြွရောက်သီတင်းသုံးချိန် ၁၉၇၀ မှစ၍ ဓမ္မိကါရာမ ဘုန်းတော်ကြီးကျောင်းနှင့်အတူ မြတ်ဗုဒ္ဓ၏ သာသနာရောင်ဝါသည်လည်း အရှိန်အဟုန်ဖြင့် ကမ္ဘာအနှံ့ ထွန်းလင်းပျံ့နှံ့ တောက်ပလာပေသည်။ ဤသို့ဖြင့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ကြီး ဘ၀နတ်ထံ ပျံလွန်တော်မူချိန်တွင် မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့ရှေ့ခြမ်း၊ အနောက်ခြမ်း၊ ဥရောပနိုင်ငံများနှင့်တကွ ကမ္ဘာအနှံ့ နိုင်ငံပေါင်း(၂၀)နီးပါးတွင် ဗုဒ္ဓသာသနာပြု မြန်မာဘုန်းတော်ကြီးကျောင်း၊ သီလရှင်ဘုရားကျောင်း၊ ကမ္မဋ္ဌာန်းစခန်း၊ ကမ္မဋ္ဌာန်းကျောင်းစုစုပေါင်း (၃၀)နီးပါးအထိ မြတ်ဗုဒ္ဓ၏ သာသနာရောင်ဝါ ထွန်းလင်းတောက်ပလျက်ရှိနေပြီး ဖြစ်ပါသည်။

ပီနန်ဆရာတော်ကြီး ပြုပြင်ပျိုးထောင် တည်ဆောက်ပေးခဲ့သော ပြည်တွင်းပြည်ပ သာသနာပြုကျောင်းများမှာ -

၁။ မြန်မာ - ရန်ကုန်- လောဟန်စီဘုရားကျောင်း၊ သီလရှင်ဆရာလေး ဟုန်ရှင်း ဦးစီးတည်ထောင်သော  ဘုရားကျောင်းကို ပြန်လည်တည်ထောင်ရေး လုပ်ငန်းများအတွက် ပီနန်ဆရာတော်ကြီးက ကမကထပြု၍ ထူထောင်ပေးခဲ့သည်။

- ရန်ကုန်- မဟာသန္တိသုခ ကျောင်းတော်ကြီး(၁၉၉၆-၁၉၉၉) တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်။

ဆရာတော်ကြီးကိုယ်တိုင် ဦးဆောင်စီမံကြီးကြပ်ပြီး တည်ဆောက်သည်။

၂။ မလေးရှား- ပီနန်၊ ဓမ္မိကါရာမကျောင်း(၁၈၀၃)

၃။ အမေရိက- လော့စ်အိန်ဂျလစ်၊ လမွန်တေး၊ မြန်မာ ဘုန်းတော်ကြီးကျောင်း(၁၉၇၉)

တက္ကဆက်စ် - အမ်ပရိုလို၊ သာဓိမွန်ဇေယျဝတီကျောင်း။

နော့ကိုရိုလိုင်းနား - သာသနဗိမာန်ကျောင်း။

ချီကါဂို - မြန်မာဘုန်းတော်ကြီးကျောင်း(၁၉၈၅)

နယူးယောက် - လောင်းအိုင်းလင်း ဗုဒ္ဓဒီပန်ကျောင်း(၂၀၁၂)

၎။ ထိုင်ဝမ် - ထိုင်ဝမ်- မြန်မာဘုန်းတော်ကြီးကျောင်း(၁၉၈၁)

၅။ စင်ကာပူ - သာသနရံသီကျောင်း(၁၉၈၄)

၆။ သြစတြေးလျ - ဆစ်ဒနီ၊ ဗုဒ္ဓသာသနာရောင်ခြည်ကျောင်း(၁၉၈၆)

- သာသနဓဇကျောင်း(၂၀၀၆)

၇။ ကနေဒါ - တိုရန်တို - မဟာဓမ္မိက မြန်မာဘုန်းတော်ကြီးကျောင်း(၁၉၉၀)

၈။ အင်္ဂလန်- လန်ဒန် - သာသနရံသီကျောင်း(၂၀၀၄)

၉။ နယူးဇီလန်- အောကလင် - ရတနာဒီပကျောင်း(၂၀၀၅)

၁၀။ နယ်သာလန် - အမ်စတာဒန် - ပညာရံသီကျောင်း(၂၀၀၅)

၁၁။ ဂျာမနီ - ဖရန့်ဖတ် - ဗုဒ္ဓသာသနရံသီကျောင်း(၂၀၀၆)

၁၂။ ဖင်လန် - ဟယ်လင်စကီး၊ မြန်မာဘုန်းတော်ကြီးကျောင်း(၂၀၀၆) …….စသည်တို့ဖြစ်ပါသည်။


မှတ်ချက် - ( အထက်ဖော်ပြပါနိုင်ငံများနှင့် မြန်မာဘုန်းတော်ကြီးကျောင်းများသည် ပြီးပြည့်စုံသည်ဟု မယူဆပါ။  ကျန်ရှိကောင်းရှိနိုင်ပါသည်။ လေ့လာတွေ့ရှိသမျှ စုစည်းတင်ပြရခြင်းသာ ဖြစ်ပါသည်။)

ဤတွင် အပိုင်း(၁) ကို ခေတ္တရပ်နားပါမည်။ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည်။

အပိုင်း(၂)တွင် ပီနန်ဆရာတော်ကြီး၏ ကမ္ဘာအရပ်ရပ်တွင် တည်ထောင်ထားသော သာသနာပြု ကျောင်းများ အနက် အထင်ရှားဆုံး၊ အကြီးကျယ်ဆုံး၊ အထည်ဝါဆုံးဟုယူဆရသည့် မြန်မာနိုင်ငံရန်ကုန်မြို့ရှိ “မဟာသန္တိသုခ” ကျောင်းတော်ကြီးနှင့် မလေးရှားနိုင်ငံ ပီနန်မြို့ရှိ ဓမ္မိကါရာမကျောင်းတော်နှင့် ရွှေစေတီ ကျောင်းတော်ကြီးများ အကြောင်းကို ဆက်လက်တင်ပြသွားမည်။ စောင့်မျှော် ဖတ်ရှုကြပါ။

တင်မိုး – သင်္ချိုင်းကုန်းမှာArt

$
0
0
Art - Myo Myint

တင်မိုး – သင်္ချိုင်းကုန်းမှာ
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၇
(ဇော်ဝင်းဖေ့စ်ဘွတ်ကနေ ကူးပါတယ်)
ငါတို့ ရွာကလေး၏ မြောက်ဘက်တွင် သင်္ချိုင်းကုန်း ရှိသည်။ မသေကြသေးသော သူတို့သည် ရွာကလေးထဲတွင် ကိုယ့်အိုးကိုယ့်အိမ်နှင့် တသီးတခြား နေထိုင်ကြသည်။ ထန်းရွက်တဲကလေးမှာလည်း နေထိုင်ကြသည်။ သက်ငယ်မိုး ထရံကာနှင့် နေကြသူတို့လည်း ရှိသည်။ အချို့ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသူတို့သည် သွပ်မိုးပျဉ်ထောင်အိမ်နှင့် နေကြသည်။ သေဆုံးကြသော အခါတွင် သင်္ချိုင်းမြေတွင် တစုတဝေး နေကြရတော့သည်။ သင်္ချိုင်းကုန်းသည် နေရာ မကျယ်လှ။ သို့ရာတွင် ကွယ်လွန်သူ မှန်သမျှတို့၏ တစ်ခုတည်းသော နေအိမ် ဖြစ်လေသည်။

သင်္ချိုင်းကုန်းဆီသို့ လှမ်းကြည့်ပါ။ မန်ကျည်းပင်အိုကြီး သုံးလေးပင်သည် ခါးတံရှည်ကြီးနှင့် ရပ်နေကြသည်။ တန်ဆောင်းပြသာဒ်ပင်များသည် ချုံဖွဲ့၍ နေကြသည်။ ညောင်ပင်ကြီး တစ်ပင်သည်လည်း မုတ်ဆိတ်ဖွားဖွားနှင့် တရားဆင်ခြင်နေသည်။ ဇရပ်တန်ဆောင်းသည် မန်ကျည်းပင် အနီးမှာ ရှိသည်။ အုတ်ခုံခံ သွပ်မိုးနှင့် ဖြစ်သော်လည်း ခမ်းခမ်းနားနားကား မဟုတ်လှ။ သွပ်မိုး လန်သည့် နေရာ လန်နေပြီ။ အုပ်ချပ်များ ကွာသည့် နေရာ ကွာနေပြီ။ အကာအရံကား လုံးဝ မရှိချေ။

ရွာကလေး၏ မြောက်ဘက်သို့ ထွက်လိုက်လျှင် သင်္ချိုင်းကုန်းကို မြင်နိုင်သည်။ တစ်ခေါ်လောက်ပင် မဝေးလှ။ သစ်ပင် အုပ်အုပ်ကလေးနှင့် စိမ်းပုပ်ပုပ် ညှိမှိုင်းမှိုင်းပေပင်။

ဤ သင်္ချိုင်းကုန်းကလေးသည် ရွာကလေး၏ အသက်နှင့် အမျှ ဖြစ်ပေလိမ့်မည်။ သူ့ကို ရွာသူရွာသားတို့ မချဉ်းကပ်ချင်ကြသော်လည်း မစွန့်ပယ်နိုင်သော နေရာကလေး ဖြစ်သည်။

ငါတို့နှင့် ကစားဖော် ဖြစ်သော ခွေးညိုနှင့် ပုစတို့သည် သင်္ချိုင်းကုန်းကလေးသို့ နေစဉ် ရောက်ကြသည်။ သင်္ချိုင်းကုန်း အနီး မြက်ခင်းစပ်တွင် နွားများကို ကျောင်းရင်း ဇရပ်တွင် သူတို့ နားကြ နေခိုကြသည်။ ဇရပ်တွင် ရေစက်ချသံ၊ အမျှဝေသံ၊ ကြေးစည်သံနှင့် ငိုသံကိုသာ ကြားရသည် မဟုတ်။ ပုလွေသံကလေးကိုလည်း နေ့တိုင်း ကြားနေရသေးသည်။ ခွေးညိုနှင့် ပုစတို့သည် ဂွကလေးကိုယ်စီနှင့် မန်ကျည်းပင်၊ ညောင်ပင်တို့တွင် နားလာသော စာကလေးများကို ပစ်ခတ် မီးမြိုက်၍ စားတတ်ကြပေသေးသည်။

သို့ရာတွင် ငါတို့သည် သင်္ချိုင်းကုန်းကလေး အနီးသို့ မကပ်ဝံ့။ သင်္ချိုင်းကုန်းကလေး ရှိရာသို့ ငါတို့ ရဲရဲပင် မကြည့်ဝံ့။ မြေပဲကောက် သွားကြသောအခါ သူ့နားကို မတတ်သာ၍ ဖြတ်သွားကြရလျှင်လည်း ခြေမှုန့်ကို နဖူးတို့၍ ခပ်သုတ်သုတ် သွားတတ်ကြသည်။ လှုပ်နေသော တန်ဆောင်းပြသာဒ်ပင်၊ ဆူးခက်အုံထားသော မြေပုံမို့မို့ကလေးများကို မ၀ံ့တ၀ံ့ကြည့်၍ ဖြတ်လာခဲ့ကြသည်။ နေ၀င်ရိုးရီအချိန် အိမ်ပြန်လာသောအခါ သင်္ချိုင်းကုန်းကလေးသည် မလှုပ်မရှက် ငြိမ်သက်လျက်ပင် ရှိသော်လည်း ထိုသို့ ငြိမ်သက်ခြင်းသည်ပင် စိတ်ခြောက်ချားဖွယ် ဖြစ်ပြန်သည်။

သင်္ချိုင်းကုန်းအထက် ကောင်းကင်ပြင်တွင် လင်းတတို့သည် ၀ဲလျက် ရှိကြသည်။ ရွတ်တွတွဲ တွဲလျားကျသော ပါးပျဉ်းတို့ဖြင့် လင်းတအိုတို့သည် မြေပုံအနီးတွင် ငုတ်တုတ်ကြီး နေတတ်ကြသည်။ လင်းတအိုတို့ အနီးတွင် ကျီးတို့သည် တအားအား တသောသောနှင့် အော်မြည်နေကြသည်။ ငါတို့သည် လင်းတကို မကြောက်။ လင်းတကြီးများသည် သူတပါးအသက်ကို ရက်ရက်စက်စက် သတ်ဖြတ် စားသောက်တတ်သော သတ္တ၀ါ မဟုတ်ဟု လူကြီးသူမများ ပြောသံ ကြားဖူးသည်။ ငှက်ဘုန်းကြီးဟုလည်း ဆိုကြသည်။ အလောင်းကောင် ရှိရာသို့ ကျီးကန်းများက လာရောက် ပင့်ဖိတ်မှ စားသောက်ရန် လာတတ်ကြသည်ဟု ပြောလေ့ရှိသည်။ ထို့ကြောင့် ငါတို့သည် လင်းတကို မကြောက်။ သို့ရာတွင် ပုပ်ဟောင်နေသော အလောင်းကောင် အနီးတွင် လင်းတကြီးများကို မြင်ရလေ့ရှိသဖြင့် စက်ဆုပ်ရွံရှာသည်ကား အမှန် ဖြစ်တော့သည်။

သင်္ချိုင်းမြေတွင် ဘုတ် တစ္ဆေတို့ နေသလိုလို ပြောကြသဖြင့် ကျောချမ်းမိသည်။ ညအခါများတွင် သင်္ချိုင်းမြေသည် အတိတ်ဆိတ်ဆုံး နေရာ ဖြစ်သည်။ ရံဖန်ရံခါ သင်္ချိုင်းဘက်တွင် မီးရောက် တလက်လက် မြင်ရတတ်သည်ဟု ငါ့ သူငယ်ချင်းများ ပြောကြသည်။ ကလေးမသာ ချလေသလား။ သိုက်ဆရာ၊ အောက်လမ်းဆရာများ အလောင်းဖော်လေသလား။ သရဲ မီးပြလေသလားး။ ငါတို့ တပ်အပ် မသိချေ။

မည်သို့ပင်ဖြစ်စေ၊ ငါတို့သည် သင်္ချိုင်းကုန်းကို စက်ဆုပ်ထိတ်လန့်ကြသည်မှာကား သေချာသည်။ သင်္ချိုင်းကုန်းသို့ လှည့်မကြည့်ချင်ကြသည်မှာလည်း သေချာသည်။

ငါတို့ ဘုန်းကြီးကျောင်းသား ဘ၀တုန်းကဆိုလျှင် မကြာမကြ သင်္ချိုင်းကုန်းသို့ ရောက်ရသည်။ မရောက်ချင်လည်း မနေရ။ အသုဘရှု ခဏခဏ လာပင့်လေ့ ရှိသည်။ ထိုအခါတွင် ဆရာတော်ဘုန်းကြီး မျက်စိမျက်မှာ မသာမယာ ရှိတတ်သည်ကို သတိပြုမိသည်။ သနားကရုဏာစိတ်ဖြင့် ညည်းသံကိုလည်း ကြားခဲ့ရဖူးသည်။ ဟေ – သတ္တ၀ါမှန်သမျှ မလွတ်ကင်းနိုင်တဲ့ ဘေးကြီးပဲလကွယ် ဟု ပင့်သက်ချဟန်၊ သံဝေဂရဟန်တို့ကိုလည်း အဖန်ဖန် မြင်ခဲ့ရဖူးသည်။ သင်္ကန်းကိုရုံ စက္ခုနြေ္ဒကိုချတော်မူ၍ အသုဘရှု ကြွလျှင် ငါတို့ ကျောင်းသားများသည် တောင်းကိုထမ်း၍ လိုက်ပါကြရသည်။ သုသာန်ရောက်လျှင် ရင်ဘတ်စည်တီးငိုသံ၊ ဆံပင်ဖျားလျားချနေကြဟန် စသော ရှုခင်းများကို မမြင်ချင် မနေရ။ မကြားချင် မနေရ ဖြစ်တော့သည်။

ငါသည် ဘုန်းကြီးနှင့်အတူ အသုဘရှုလိုက်ရန် အကြောက်ဆုံး ဖြစ်သည်။ ညရောက်လျှင် အိပ်မပျော်တော့ချေ။ အိပ်မက်ဆိုးများ မက်ကာ လန့်၍ အော်တတ်သည်။ ထိုအခါ ငါက အမ အမ ဟု ခေါ်သော အမေသည် ရေနံဆီမီးခွက်ကို ထွန်းကာ ငါ့ကို ချော့ပါလေသည်။ သနားကြင်နာစွာ နဖူးကိုစမ်း၊ ရင်ကိုစမ်း၍ အားပေးပါလေသည်။ ရော့ ရော့၊ လူကလေး – ရေတစ်ခွက် သောက်လိုက်နော်၊ မကြောက်နဲ့နော် ဟု ဆိုကာ ရေခပ်ပေးပါသည်။ ထိုအခါကျမှ ငါ့မှာ အကြောက်ပြေသည်။ ငါ့မှာ အမေ ရှိသားပဲ။ ဘာကြောက်စရာ ရှိသလဲ ဟု အားတင်နိုင်သည်။ အိပ်ပျော်နိုင်သည်။

ဘုန်းကြီးကျောင်းက ထွက်လာသောအခါတွင် အသုဘရှုလိုက်ရမည့်ဘေးမှ ဝေးတော့သည်။ သာမှုနာမှု မှန်သမျှ အမသည် တဘက်တစ်ထည်ကို ခေါ်ပေါ်တင်လျက် လိုက်ပို့လေသည်။ ရွာထဲတွင် မသာရှိလျှင် ငါတို့သည် အမကို မြင်ရုံနှင့် သိသည်။ အမသည် မျက်စိမျက်နှာ မကောင်း။ တဖျစ်တောက်တောက် မြည်ကာ ကြေကွဲသံ၊ ၀မ်းနည်းသံကို ပြုလေသည်။ ထို့နောက် တဘက်ကို ခေါင်းပေါ်တင်၊ ဖိနပ်မြီးတိုကို တရှပ်ရှပ်စီးကာ အသုဘရှု လိုက်ပို့လေတော့သည်။

ငါတို့သည် သင်္ချိုင်းဟူသော အသံကို မကြားလို။ ထိုစကားသည် ငါတို့နှင့်လည်း မကင်းနိုင်ဘဲလျက် ငါတို့ မနှစ်သက်။ ထိုစကား ကြားရလျှင် ကောင်းသောစကား မဟုတ်ဟု ဆိုသည်ကို ချက်ခြင်း သဘောပေါက်သည်။ သင်္ချိုင်းဆိုသော စကား မကြာနိုင်ရာ အရပ်သည် အဘယ်မှာနည်း။ ငါတို့သည် တောင့်တမိသည်။ နိဗ္ဗာန်ဟု ဖြေကြသည်။ ထိုသို့ဖြစ်လျှင် ငါတို့သည် သည်နိဗ္ဗာန်ကို ရောက်ချင်လှတော့သည်။ နိဗ္ဗာန်မှာ သုသာန် မရှိချေ။

ကောင်းလှ၏။ ဤတစ်ချက်တည်းနှင့်ပင် နိဗ္ဗာန်သည် မည်မျှပျော်မွေ့စရာ ကောင်းလေမည်နည်းဟု တွေးကာ နိဗ္ဗာန်ကို သဘောကျမိသည်။

နိဗ္ဗာန်ကား အဘယ်မှာနည်း။ သင်္ချိုင်းများစွာကို ကျော်ဖြတ်ပြီးမှ နိဗ္ဗာန်ရောက်မည်လေ။ သင်္ချိုင်းကို ကွေ့၍ နိဗ္ဗာန်ကို သွားနိုင်သောလမ်း ရှိသလော။

အို ဗုဒ္ဓသခင်။ သင်္ချိုင်းကို ကွေ့၍ နိဗ္ဗာန်ကို ရောက်နိုင်သောလမ်း ရှိလျှင် ညွှန်ပြပါဦး သခင်။

သတ္တ၀ါတို့၏ နှလုံးအိမ်တွင် သင်္ချိုင်းသည် ကြီးမားစွာ နှိပ်စက်လျက် ရှိချေပြီ။

သူ့ထံသို့ အတင်းခေါ်သည်။ သတ္တ၀ါတိုင်းကို ခေါ်သည်။ အချင်းချင်း ခွဲပစ်သည်။ ဘ၀ ခြားပစ်သည်။ နိဗ္ဗာန်သည် သင်္ချိုင်း၏ ဟိုမှဘက်၌ မရှိဘဲ သည်မှဘက်၌ ရှိမည်ဆိုလျှင် မည်မျှ ကောင်းမည်နည်း။

ငါတို့ရွာကလေးတွေင် သင်္ကြန်ပွဲ လုပ်၏။ အလွန်စည်သည်။ ပျိုပျိုအိုအို မကျန် ရေလောင်းကြ၊ ရေပက်ကြ၊ ကခုန်ကြ၊ နွားများကို ဘေးမဲ့လွှတ်ကြနှင့် တအုန်းအုန်း။ ထိုအခါတွင် သင်္ချိုင်းကုန်းကို ငါတို့ အဖက်မလုပ်။ ရွာစည်ကား ပျော်ရွှင်လျှင် သင်္ချိုင်းကုန်းသည် ငြိမ်သက်နေတတ်သည်။ အခွင့်အခါကို ချောင်းလေရော့သလား။

ရွာတွင် ဆရာကန်တော့ပွဲ၊ သီတင်းကျွတ်ပွဲ၊ ကထိန်ပွဲ ရှိလျှင် အလွန် ပျော်စရာ ကောင်းသည်။ နှဲသံ၊ ဗုံသံ၊ ပတ်မသံတို့ဖြင့် စိုပြေသည်။ ဖိုးသူတော်ယိမ်း၊ ဦးရွှေရိုးအက၊ ပုဏ္ဏားမ ခင်ရွှေအငြိမ့် စသည်တို့ဖြင့် အုန်းအုန်းထနေချိန်တွင် သင်္ချိုင်းမြေသည် ဣနြေ္ဒကြီးလှတော့သည်။ သတ္တ၀ါ ဖမ်းခါနီး မြွေသည် ဣနြေရရနှင့် ငြိမ်သက်နေသကဲ့သို့ပင် ဖြစ်သည်။

ရွာစည်လျှင် ကောင်းသည်။ သင်္ချိုင်းစည်လျှင်ကား ရွာလုံး တိတ်တော့မည်။ ကျီးနှင့်ဖုတ်ဖုတ် ဖြစ်တော့မည်။

ငါတို့ရွာကလေးတွင် ဂျပန်ခေတ်က ပလိပ်ရောဂါ ဖြစ်သည်။ သုသာန်မြေတွင် ခြေချင်းလိမ်ကြပြီ။ နှာရည် တရှုတ်ရှုတ်၊ မျက်ရည် တသုတ်သုတ်နှင့် ငိုကြွေးကြပြီ။ သင်္ချိုင်းကုန်းလမ်းသည် ဖုံလျက် ရှိတော့သည်။ သင်္ချိုင်းကုန်းသို့ သွားကြဖန်များလေသောအခါ ရွာသူရွာသားတို့သည် ထမင်းမစား၊ ဟင်းမစား နိုင်ကြ။ ရွာမှ ထွက်ပြေးကြသည်။ တစ်ရွာလုံး သံပုံးတီး၊ ထရံပုတ်ဖြင့် တောထုတ်ကြ၏။ သင်္ချိုင်းကုန်းသို့ ခေါ်သော သတ္တ၀ါကောင်ကို မောင်းနှင်ကြ၏။ ရွာသူရွာသားတို့လည်း ကျောင်းကန်ဘုရားသို့ ရွှေ့ပြောင်း နေကြရလေသည်။

သရောကြီး ခိုင်းစဉ်ကလည်း ထိုသို့။ ကျောက်ကြီးပေါက်၊ တုပ်ကွေးကြီး ထစဉ်ကလည်း ထိုသို့။ ကာလ၀မ်းကျစဉ်ကလည်း ထိုသို့။ ထိုသို့ ထိုသို့နှင့် ငါတို့ရွာကလူတွေ မိမိ အိုးအိမ်မှာ ခွာ၍ သင်္ချိုင်းကုန်း ရှိရာကို သွားကြရသည်မှာ များပြီ။

ရွာသူရွာသား မှန်သမျှ တစ်နေ့နေ့တွင် လျောင်းစက်ကြရမည့် ထာဝရ အိပ်ရာပေတည်း။ မသွားချင်သော်လည်း နေကြရမည် မဟုတ်။ အထုပ်အပိုး အိပ်ရာလိပ် မပါ သင်္ချိုင်းမြေ ရှိရာသို့ သွားကြရပေဦးမည်။ သူ သွားလျှင် ငါ လိုက်ပို့၍၊ ငါသွားသောအခါလည်း အခြားသူများက လိုက်ပို့ကြရပေဦးမည်။ လိုက်ပို့ကြရသည့် အခါတိုင်းလည်း ပျော်ပျော်ရွှင်ရွှင် မဟုတ်။ ၀မ်းနည်းပက်လက် မျက်ရည်စက်စက်ဖြင့်သာ ဖြစ်သည်။ သင်္ချိုင်းသည် ပျော်မွေ့ဖွယ် မှန်သမျှကို မောင်းထုတ်ခဲ့ပြီ။ ၀မ်းနည်းမှု ငိုရှိုက်မှုတို့သည် သင်္ချိုင်းမြေကို စိုးမိုး အုပ်ချုပ်ခဲ့လေပြီ။

လွန်ခဲ့သောနှစ်က ငါ့ အမေ ကွယ်လွန်ခဲ့သည်။ သင်္ချိုင်းမှ စေတမန်သည် ငါ့အမေထံသို့ လာရောက် ဆင့်ခေါ်သည်။ ငါ ချစ်မြတ်နိုး၍ အမဟု ခေါ်သော အမေသည် ငါတို့ကိုပင် နှုတ်ခွန်း မဆက်နိုင်ရှာဘဲ ရုတ်တရက် ငါတို့ အိမ်မှာ ထွက်ခွာသွားခဲ့သည်။ ရွာထဲရှိသော လူတို့ကို တစ်ယောက်ပြီး တစ်ယောက် အလှည့်ကျ ခေါ်ဆောင် သွားတတ်သော သေမင်း၏ စေတမန်ကို ငါတို့ ကြားဖူးပါ၏။ သို့ရာတွင် ဤမျှလောက် အလောတကြီး လာရောက်လိမ့်မည် ဟူ၍ကား ငါတို့ တွေးမျှပင် မတွေးမိပါပေ။

အမေ့ကို သင်္ချိုင်းသို့ လိုက်ပို့ကြသည်။ ငါ့အဖေသည် ယူကျုံးမရ။ ငါ့ မမသည် အပူမီး တလောင်လောင်။ ငါ့နှမငယ်သည် အမေ့ကို ဖက်လျက်။ ငါ့မှာမူကား ထိုခဏ၀ယ် သောက၏ စုဝေးရာ ကိုယ်ခန္ဓာ ဖြစ်လေသည်။ အမေ့ ပါးပြင်ကို နောက်ဆုံး နမ်း၏။ အမေ့ ခြေရင်းတွင် နောက်ဆုံး နှိပ်နယ် ၀တ်ပြုပေး၏။ အမေ့ကို ငါ ကန်တော့၏။

အမေသည် စကားလည်း မဆို။ ငိုယိုခြင်းကိုလည်း မပြု၊ သာဓုမျှလည်း မခေါ်။ မျက်လွှာကို မှိတ်လျက် တိတ်တဆိတ်သာ နေဘိ၏။

အမေ့ ထဘီကို ပေးလိုက်ချင်ပါသေးသည်။ အမေ ဖတ်လက်စ ပရိတ်ကြီး ဘုတ်အုပ်ကလေး ယူသွားစေချင်ပါသေးသည်။ အမေ့ နံ့သာဖြူ စိပ်ပုတီးကလေးကိုလည်း လက်မှာ စွပ်ပေးလိုက်ချင်ပါသေးသည်။ အမေ ခြုံရန် တင်းတိမ်ကလေးကိုလည်း ထည့်ပေးလိုက်ချင်ပါသေးသည်။

သို့ရာတွင် အမေသည် ဘာကိုမျှလည်း မတောင်းဆိုတော့။ ဘာပစ္စည်းကိုမျှလည်း ယူ မသွားတော့။ လက်ချည်းသက်သက် ထွက်ခွာသွားခဲ့၏။ အမေ ယူမသွားသော ပစ္စည်းပစ္စယ ကလေးများသည် အမေ့ ကိုယ်စား ကျန်ရစ်ခဲ့တော့သည်။ ပရိတ်ကြီး ဘုတ်အုပ်ကလေးသည် အမေ မျက်မှန်တစ်လက်နှင့် ဖြည်းဖြည်းဆေးဆေး စာကျက်နေပုံကို သတိရစေသည်။ နံ့သာဖြူ စိပ်ပုတီး ကလေးသည် အမေ ဥပုသ်စောင့် ကမ္မဌာန်းထိုင်ပုံကို မြင်ယောင်စေသည်။ အပ်ချုပ်ခုံကလေးသည် အမေ အလုပ်ခွင်၌ အင်္ကျီကြယ်သီး တပ်နေပုံကို အမှတ်ရစေ၏။

ကျန်ရစ်သော အမေ့ ပစ္စည်းများ မှန်သမျှ အမေ့ အကြောင်းကို ပြန်လည် ပြောပြတတ်ကြသည်ချည်း ဖြစ်ပါသည်။

အမေသည် ရှင်လူတို့ကို ထား၍ သေသူတို့ ကြားမှာ ပျော်မွေ့ခဲ့လေပြီ။ ရွာကို ကြဉ်၍ သင်္ချိုင်းမြေသို့ ၀င်လေပြီ။ သင်္ချိုင်းမြေတွင် နေကြသူတို့ အနက် ငါတို့ အိမ်ထောင်စုထဲက အမေလည်း အပါအ၀င် ဖြစ်လေပြီ။

သင်္ချိုင်းမြေမှာ အမေ ရှိသည်။ အမေနှင့် စပ်၍ ငါသည် သင်္ချိုင်းမြေကို ခင်တွယ်စ ပြုပြီ။ ရင်းနှီးစ ပြုပြီ။ ယခင်က ကြောက်ခဲ့၊ ရွံ့ခဲ့၊ စက်ဆုပ်ခဲ့သော နေရာသည် ယခုအါ ထိုသို့ မတွေးထင်နိုင်လေပြီ။

အမေ့ အလောင်းကို ငါတို့ ဆွေမျိုး မိတ်သင်္ဂဟများနှင့် မိသားစုတို့ ထမ်းပို့ကြသည်။ မြေစိုင်ခဲများဖြင့် ဖို့၍ မြုပ်ကြသည်။ မြေပုံ မို့မို့ကလေး ပေါ်တွင် ပန်းခွေချသည်။ ဆူးဆက်များ အုံသည်။ မှတ်တိုင်ကလေး စိုက်သည်။ ခမ်းခမ်းနားနားကား မဟုတ်ချေ။

သို့ရာတွင် ငါ့ဘ၀အတွက် အမေသည် ခမ်းနားခဲ့သည်။ အရိပ်ကြီးခဲ့သည်။ ငါ့ အမေ နေထိုင်ရာ သင်္ချိုင်းကုန်းကလေးသည်လည်း ခမ်းနားမည် အရိပ်ကြီးမည်သာ ဖြစ်သည်။ အမေ့ကြောင့် သင်္ချိုင်းကုန်းမြေပေါ်တွင် ငါ၏ မလိုစိတ်တို့ လွင့်ပျောက် ပျက်ပြယ်ခဲ့လေပြီ။

တန်ဆောင်းပြသာဒ်ပင်များ၊ မန်ကျည်းပင်များ၊ ညောင်ပင်ကြီးတစ်ပင်နှင့် တိတ်ဆိတ်လှသော သင်္ချိုင်းမြေသည် လူ့ဘ၀၏ သောက ဒုက္ခတို့ကို မြုပ်နှံရာ ဖြစ်တော့သည်။ ဘ၀၏ ပျော်ရွှင်ဖွယ်တို့ကိုသာ သတ်ပစ်သည် မဟုတ်။ ဘ၀၏ အနိဌာရုံ ဝေဒနာ အစုစုတို့ကိုလည်း သတ်ပစ်ရာ နေရာ ဖြစ်သည်။ သို့ဖြစ်လျှင် သင်္ချိုင်းမြေသည် မတရားပါသလော။ မျက်နှာကြီး မျက်နှာငယ်၊ အရွယ်အသက်ကိုလည်း မရွေး။ ဂုဏ် အကြီးအသေးကိုလည်း မလိုက်။ အကြိုက်အမုန်း အပြုံးအငိုတို့ကိုလည်း ဂရုမထား။ သင်္ချိုင်းကုန်းကား ဘ၀ မျက်နှာပြင်ကို ညီညာစေသော နေရာ ဖြစ်သည်။

ရယ်သံတို့လည်း ဤနေရာမှာတန့်သည်။ မျက်ရည်တို့သည်လည်း ဤနေရာတွင် ရပ်သည်။ ဤအရပ်၌ ရယ်မောသံဟူ၍လည်း မကြားရ။ ငိုရှိုက်သံဟူ၍လည်း မကြားရ။ မနိုးထသော အနားယူခြင်းဖြင့် ဘ၀ တစ်လျှောက်လုံးတွင် လက်တလှုပ်လှုပ်၊ ခြေတလှုပ်လှုပ် လှုပ်ရှားခဲ့ရသမျှ ဤနေရာတွင် မွေ့လျော်စွာ အနားယူကြလေပြီ။

အမေ့ မေတ္တာစိတ်ကို အစွဲပြု၍ သင်္ချိုင်းကုန်း အပေါ်တွင် ဂုဏ်ဒြပ်ကိုလည်း မြင်တတ်လာလေပြီ။ ထို့ကြောင့် သင်္ချိုင်းကုန်းသည် မသတီ ထီစရာ နေရာ မဟုတ်တော့ပါ။ သင်္ချိုင်းကုန်း ရှိနေခြင်းကြောင့် မကျေမနပ် မဖြစ်တော့ပါ။

နိဗ္ဗာန်သို့ သွားချင်သည် ရှိသော် သင်္ချိုင်းကုန်း များစွာကို ကျော်ဖြတ်၍ သွားရန် ယခုအခါ ၀န်မလေးတော့ပါပြီ။

တင်မိုး

ကာတွန်း ညီပုချေ - ဘာအရေးကြီးဆုံးလဲ

$
0
0

ကာတွန်း ညီပုချေ - ဘာအရေးကြီးဆုံးလဲ
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၇

အဲလိုထူး ● ဆောင်းဦးပေါက် ထမင်းကြမ်းခဲ

$
0
0
အဲလိုထူး ● ဆောင်းဦးပေါက် ထမင်းကြမ်းခဲ
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၇

ဧရာဝတီရဲ့ ဟိုဘက်တကြောက ရာသီဥတုပုံမှန်ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ မေမြို့..တောင်ကြီးတို့လို့ ဒရသီအေးနေတာ မျိုးမဟုတ်။ အညာဒေသလို ပူစရာရှိရင် ကြွတ်ရွနေအောင်ပူ၊ အေးစရာရှိရင် ခိုက်ခိုက်တုန်အောင်အေး၊ ဒီလိုမျိုးလည်း မ ဟုတ်။ မိုးမှန်သောဒေသဖြစ်သလို ဆောင်းရာသီရောက်ရင်လည်း သူ့နည်း သူ့ဟန်နဲ့ ချမ်းတာပဲဟု ပြောရပါလိမ့်မည်။

ပြီးခဲ့သည့်သုံးလေးရက်ကမှစတင်ပြီး ရန်ကုန်သို့ ဆောင်းရာသီဝင်ရောက်လာသည်။ ချမ်းလိုက်တာဟူသောစာသားများ လူမှု ကွန်ယက်စာမျက်နှာပေါ်တက်လာတာတွေရသည်။ မိုးလေဝသဦးထွန်းလွင်ကလည်း လေးရက်လောက်ဆက်တိုက် အေးမည်ဟု ဖော်ပြထား၏။ ကိုယ်တိုင်လည်း ရေစောစောချိုးပြီး သားတော်မောင်လက်ဆောင်ပေးထားသော အားကစား ဝတ်စုံ ထွက်ဆုဝမ်းဆက်ကို ထုတ်ဝတ်ဖြစ်သည်။ ဟုတ်သည်။ ရာသီဥတုက ဆောင်းဦးပေါက်သို့ ရောက်ခဲ့ပြီ။

ဒီရက်ပိုင်းအတွင်း ဆရာကန်တော့ပွဲရာသီရောက်သည့်အလျှောက် မိမိအထက်တန်းတက်ခဲ့ရာမြို့ကလေးမှ ငယ်သူငယ်ချင်း များနှင့်အဆက်အသွယ်ပြုဖြစ်သည်။ အမှတ်တရစာစောင်တစ်ခုလုပ်ပေးဖို့ တာဝန်ပေး၏။ အဲဒီမှာ ငယ်ဘဝဆောင်းဦးပေါက် ရာသီနဲ့ ထမင်းကြမ်းခဲကို လွမ်းမောမိခြင်းဖြစ်ပေါ်လာတော့သည်။

အစကရေးသားခဲ့သည့်အတိုင်း ငယ်ငယ်တုန်းက ဆောင်းဦးပေါက်ရာသီသည် ခိုက်ခိုက်တုန်အောင် ချမ်းအေးခြင်းလည်း မဟုတ်သလို အနွေးထည်ထူထူတော့ ဝတ်ထားရသည့်အခြေအနေမျိုးဖြစ်သည်။ ငယ်ဘဝ၏ ဆောင်းဦးပေါက်ညနေစောင်း သည် အများနည်းတူ နာရီစောစော မှောင်စပျိုးတတ်သည့်အတွက် ကျောင်းဆင်းပြီး မိုးမချုပ်ခင်အထိ ဘောလုံးကန်ကြ သည်။ ဘောလုံးပွဲကို စောစောသိမ်းပြီး အလုပ်ပိုတစ်ခုကို ဂရုတစိုက်လုပ်မိသည်။ အိမ်အနီးအနားပတ်ဝန်းကျင်တွင် ထင်း ခြောက် ကောက်ခြင်းဖြစ်သည်။ တောရွာသာသာမြို့သေးသေးဖြစ်သည့်အတွက် အိမ်ရှေ့လမ်းမဘေးတွင် ရေခမ်းခြောက် နေသောရေအိုင်များရှိသည်။ ထိုရေအိုင်ထဲတွင် သစ်ကိုင်းခြောက်များ၊ ဝါးလုံးအပိုင်းအစများ၊ ကြွေကျပြီးခြောက်သွေ့နေ သော အုန်းလက်များ စသည်တို့ကို လက်ဖြင့် တပွေ့စာလောက်ရအောင် စုဆောင်းပြီး အိမ်ရှေ့မြေကွက်လပ်တွင် ပုံထား လိုက်သည်။ ပြီးမှ ရေကိုတဗွမ်းဗွမ်းလောင်းချိုး၊ အနွေးထည်ထူထူကောက်စွပ်လိုက်လျှင် ဆောင်ဦးပေါက်ရဲ့ ရုပ်ထွက်က ပီပြင်သွားလေပြီ။

ညဘက်ကတော့ အတော်အေးပါသည်။ သူများဆောင်းဦးပေါက်နီးပါးပါပဲ။ ဂွမ်းဆောင်ခြုံအိပ်မှ နွေးပါသည်။ ညဥ့်နက်ပိုင်း  နှင့် မိုးလင်းပိုင်းမှာ ပိုအေးသည်ဟု အအိပ်အနေနည်းသော လူကြီးသူမများက ပြောပါသည်။ ကလေးဖြစ်တဲ့ ကိုယ်တွေ တောင် မနက်လင်းအားကြီးသာသာမှာ နိုးနေတတ်သည်။ စောင်ခြုံထဲမှ လှမ်းကြည့်လိုက်လျှင် အိမ်ရှေ့မြေတလင်းတွင် မီးညွန့်ရောင် လှမ်းမြင်နေရ၏။ အဖွားသည် သူ့၏တင်းတိမ်စောင်ကြီးကိုပတ်ပြီး မီးဖိုတွင် မီးလှုံနေချေပြီ။ ညနေစောင်းက စုဆောင်းထားသောထင်းခြောက်များကို အစာထည့်ပြီး..။

ရေအေးအေးကို မထိရဲ မကိုင်ရဲသေးသည့်အတွက် မျက်နှာမသစ်ပဲ အိပ်ယာထခဲ့သည်။ ဂွမ်းစောင်ကြီးကို မနိုင်မနင်းပတ်ပြီး မြေကြီးကို ဒရွတ်တိုက်နေလျှင်လည်း အမေကဆူလိမ့်မည်။ အဖွားဘေးနာကပ်ထိုင်ပြီး ထင်းချောင်းတွေနှင်း မီးပုံကို ဟိုဆွ ဒီဆွ လုပ်သည်။ အဖွားက အလိုလိုက်သူဖြစ်သည်။ ဘာမှမပြော၊ မီးပုံဘက် မျက်နှာလှည့်ထားတဲ့အပိုင်းကပူလာတော့ မီးပုံ ကို ကျောခိုင်းလိုက်သည်။ တခါတရံ ဂွမ်းစောင်ကြီးကို မီးပုံပေါ်ဝဲပျံလိုက်သည်။ တချက် နှစ်ချက်ဝဲပျံပြီးမှ ကိုယ်မှပတ်လိုက် သည်။ အပူရှိန်သွင်းခြင်းဖြစ်သည်။ အချိန်အားဖြင့် အလင်းရောင်မြင်မြင်ထင်ထင်ဖြစ်လာသလို ကိုယ်ကလည်း အပူဓါတ် ရလာပြီဆိုသောအခါ အိမ်ပေါ်တက်ပြီး ထမင်းကြမ်းခဲကို သံဇလုံထဲထည့်လိုက်သည်။ ညက ကြွင်းကျန်နေသော ခရမ်းချဉ်သီး ငပိချက်သည် ဆောင်းအအေးဒဏ်ကြောင့် အေးခဲနေသည်။ ဇွန်းနှင့်ကလော်ပြီး ထမင်းကြမ်းခဲပေါ်သုံးလေးပုံ ပုံလိုက်သည်။ ထမင်းဇလုံကို ခဏချထားပြီး ဆန်အိုးကို ဖွင့်လိုက်သည်။ ငါးပုတ်သင် လက်သုံးလုံးလောက်တကောင်ကို ယူလိုက်သည်။ ပြီးလျှင် ငါးပုတ်သင်အခြောက်တကောင်ကို မီးဖိုထဲထိုးထည့်လိုက်၏။ အဖွားက မီးခဲနဲ့အုံးပြီး ဟိုလှန် ဒီလှန် လုပ်ပေး၏။ ကျက်လောက်ပြီဆိုမှ ကပ်ပေနေသောပြာမှုန်တချို့ကို ဖုတ်ဖက်ခါပြီး ထမင်းကြမ်းခဲနဲ့ ခရမ်းချဉ်သီးငပိချက်တလုပ်၊ ငါးပုတ်သင်ခြောက်မီးဖုတ်ကတစ်ကိုက်နဲ့ ထမင်းတစ်ဇလုံကုန်တော့ နေရောင်က ပြူတစ် ပြူတစ် ထွက်လာပြီ။ အချမ်းက လျှော့ သွားတာမျိုး မဟုတ်သေးသည့်အတွက် မီးဖိုဘေးကနေ နေရောင်ရှိရာကို ပြောင်းရွှေ့လိုက်သည်။ စောင်ခြုံကြီးလည်း ကွာ ကျသွားပြီး လူကလည်း ထမင်းကြမ်းတစ်ဇလုံကြောင့် အားအင်ပြည့်ဖြိုး ခံနိုင်ရည်တိုးသွားပါပြီ။

အဲလိုထူး

ဗိုလ်သူရိန် ● အရှေ့အလယ်ပိုင်းသို့ သင်္ဘောတခေါက်

$
0
0
ဗိုလ်သူရိန် ● အရှေ့အလယ်ပိုင်းသို့ သင်္ဘောတခေါက်
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၇

ကျွန်တော် အရှေ့အလယ်ပိုင်းနိုင်ငံများကိုရောက်ဖူးတာ ၂၀၁၆ ခုနှစ်မှပါ။ တောင်ကိုရီးယားအပိုင် သင်္ဘောတစီးကို သွားတက်ရမှာပါ။ မင်္ဂလာဒုံလေဆိပ်ကနေ မလေးရှားနိုင်ငံကို ညနေ Malaysia လေကြောင်းနဲ့ ထွက်ခွာရပါတယ်။ မလေးရှား စံတော်ချိန် ည ၈ နာရီလောက်ထဲက ရောက်သွားပြီး ညသန်းခေါင်ကျော်မှ ကာတာလေကြောင်း စီးရမယ်အတွက် ကျယ်ဝန်း လှတဲ့ မလေးလေဆိပ်ထဲမှာ လျှောက်ကြည့်ပြီး အချိန်ဖြုန်းနေရပါတယ်။ မနက်လေယာဉ်စီးတော့ အသားရေဖြူဖွေးလှတဲ့ အပူပိုင်း သဲကန္တာရနိုင်ငံက ကာတာလေယာဉ်မယ်များကို ကြည့်ရတာလည်း တမျိုးအမြင်ဆန်းစေပါတယ်။ မနက် ၆:၃၀ လောက်မှာကာတာလေဆိပ်ကို ရောက်ပါတယ်။ ဒေသခံကိုယ်စားလှယ် အေးဂျန့် (agent) မလာသေးလို့ လေဆိပ်ထဲမှာ တနာရီလောက် ထိုင်စောင့်နေရပါသေးတယ်။ သစ်ကုလားအုတ်အမှတ်အသားတံဆိပ်နဲ့ ရုပ်ထုတွေ လေဆိပ်ထဲမှာ ပြသ ထား ပြီး ဝတ်ရုံအဖြူတွေဝတ်ထားတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံသားတွေ ဖွေးဖွေးလှုပ်နေပါတယ်။

လေဆိပ်အပြင်ရောက်တော့ အရှေ့အလယ်ပိုင်းရဲ့ အပူချိန်ကိုစတင် ခံစားရပါတယ်။ ကားထဲမှာ လေအေးပေးစက် (air con) ပါပေမယ့်လည်း အပြင် အပူချိန်ကို သိပ်မနိုင်ပါဘူး။ မနက်စာမစားရသေးတဲ့ ကျွန်တောတို့ကို တခုခုကျွေးဖို့ ကားဆရာ ကို ပြောတော့ သူ့ကို ဘာမှမမှာထားဘူးတဲ့။ ကိုရီယား စင်ကာပူ စတဲ့ အာရှနိုင်ငံအတော်များများမှာတော့ သင်္ဘောသားတွေ ကို လေယာဉ်စောင့်ရမယ့်အချိန်ကိုကြည့်ပြီး အနည်းဆုံးတော့ Hunburger , hot dog လောက်လောက် အဆာပြေကျွေး သွားပါတယ်။ ဒီနေရာမှာ သဘောင်္သားပဲဖြစ်ဖြစ် ပြည်ပမှာအလုပ်ထွက်လုပ်သူဖြစ်ဖြစ် အိတ်ဆောင်အဖြစ် အမေရိကန် ဒေါ် လာ ၅၀ ဝန်းကျင်လောက်တော့ ထည့်ယူသွားသင့်တယ်လို့ အကြံပြုပါရစေ။

သဲကန္တာရထဲ တကယ်ဖြတ်သွားရမှ အပူချိန်ကို ကောင်းစွာခံစားသိရှိရတယ်။ အရှေ့အလယ်ပိုင်း ကာတာ ဒူဘိုင်းမှာ အလုပ် လာလုပ်ကြတဲ့ ရွှေမြန်မာတွေတော့ ဘယ်လိုလုပ်ကိုင်နေထိုင်ကြလည်းမသိ။ အဆောက်အဦးထဲမှာ လေအေးပေးစက် ကောင်းကောင်းနဲ့ လုပ်ရရင်တော့ ပြဿနာမရှိ။ အပြင်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ တာဝန်ကျရင်တော့ မချောင်ဘူး မှတ်ပါ။ (တချို့မြို့ကြီးတွေမှာတော့ ကားမှတ်တိုင်တွေမှာ အဲယားကွန်းတတ်ပေးထားတယ်လို့ မြန်မာအလုပ်သမားအချို့ ကပြောပါတယ်။) အပြင်မှာ အပူချိန်က ၄၂ နဲ့ ၅၀ ဒီဂရီကြား။ တိုက်တဲ့လေကလည်း သဲကန္တာရထဲကဖြတ်လာတဲ့ လေပူ။ ဒါပေမယ့် ဝတ်ရုံတွေအပြည့်ခြုံဝတ်ထားတဲ့ ဒီနိုင်ငံသားတွေကတော့ အသားအရည် မမဲကြတာတော့ အဆန်းသား။ အကုန် လုံး အနောက်နိုင်ငံသားများလို အသားရေ နီစက်စက်များနဲ့။

သင်္ဘောပေါ်မရောက်ခင် ဆိပ်ကမ်းထဲမှာအကောက်ခွန်ဌာနနဲ့ လုံခြုံရေးဌာနကိုပါလာတဲ့ အိတ်တွေစစ်ဖို့ အဆောက်အဦးလေး ထဲသို့ ကားထဲက အထုပ်တွေဆွဲပြီး ဆင်းတော့အပူချိန်ပြင်းချက် သွေးကြောတွေတောင် ပေါက်ထွက်မှာစိုးရတယ်။ အထဲ ရောက်တော့ နေ့လည် ၁၂ ဝန်းကျင်ဆိုတော့ နိုင်ငံတခုရဲ့ဘာသာကို လေးစားမှုပြုရတာကြောင့် စစ်ဆေးမယ့်အခန်းထဲက ထောင့် အခန်းကျဉ်း ဝတ်ပြုခန်းလေးထဲ ဝန်ထမ်းများအားလုံးအလီလီ ဝင်သွားကြပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ ဘာသာ ကိုးကွယ်မှု မတူကြပါဘူး။ ကိုယ်က ဧည့်သည်အဖြစ်ရောက်သွားရင် (သို့မဟုတ်) မူလဇစ်မြစ် နိုင်ငံသားမဟုတ်တဲ့ ဧည့်နိုင်ငံ သားတွေဆို အဲဒိနိုင်ငံရဲ့ ဘာသာတရားကို အသိအမှတ်ပြုရမယ်။ ကိုယ်နဲ့ဘာသာမတူပေမယ့်လည်း လေးစားရမယ်။ ဒါက စာအုပ်နဲ့ထုတ်ထားတဲ့ ဥပဒေမဟုတ်ပါဘူး။ စာနဲ့ရေးထားတဲ့ ဥပဒေထက် တိကျသော လူ့စည်းမျဉ်းဥပဒေထဲကတခုပါ။

၃၀ မိနစ်လောက်ကြာတော့ ဝတ်ပြုခန်းထဲက ထွက်လာကြပါတယ်။ အိတ်တွေကို စစ်ဆေးပြီးတော့ အားလုံး ဘာ အနှောက် အယှက်မရှိ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အစ္စလာမ်နိုင်ငံမှာ အရက်ဘီယာ အထူးကန့်သတ်ထားသလို ကန်တော့ပါရဲ့ဗျာ ၁၈ နှစ် အောက်မကြည့်ရကားတွေကိုလည်း လုံးဝယူဆောင်ခွင့်မရှိပါ။ ဒဏ်ကြေးက ငွေဒဏ်အပြင် ထောင်ဒဏ်ပါ သက်မှတ်ပါတယ်။ လူ့အခွင့်အရေး သွားအော်နေလို့မရပါဘူး။ သင်္ဘောရောက်ရှိ ဆိုက်ကပ်တဲ့ ဆိပ်ကမ်းနိုင်ငံရဲ့ဥပဒေကို လိုက်နာရမှာက ကျွန် တော်တို့သင်္ဘောသားတွေရဲ့ တာဝန်တခုဖြစ်သလို လိုက်နာသင့်တဲ့စည်းကမ်းတခုပဲ မဟုတ်လား။

သင်္ဘောက အိန္ဒိယမှ ကျောက်မီးသွေးတင်လာပြီး ကျွန်တော်တို့တက်တဲ့ဆိပ်ကမ်းမှာ ကုန်ပြန်ချတာပါ။ ပြီးတော့ နောက်တင် မယ့် ကုန် (cargo) က စိုက်ပျိုးရေး ဓာတ်မြေသြစာဆိုတော့ သာမန်သင်္ဘောသား သန့်ရှင်းရေးနဲ့မရတာနဲ့ ကပ်ရပ် ဒူဘိုင်းနိုင်ငံ ရဲ့ ဖူဂျားယားဆိပ်ကမ်းကို သင်္ဘောမောင်းသွားရတယ်။ ကုန်ပေါက်တွေကို ပြင်ပအလုပ်သမား (show woker men) များနဲ့ စနစ်တကျ သန့်ရှင်းရေးလုပ်ကြရပါတယ်။

ဒီဆိပ်ကမ်းက သင်္ဘောကျင်းတခုလည်း ဖြစ်သလို ကုန်တင်ကုန်ချဆိပ်ကမ်းလည်းဖြစ်တာကြောင့် နိုင်ငံပေါင်းစုံက သင်္ဘော သား အတော်စုံတွေ့ရပါတယ်။ အစ္စလာမ်နိုင်ငံဖြစ်ပေမယ့်လည်း ဒူဘိုင်းနိုင်ငံက ဆိပ်ကမ်းကြီးထဲမှာ သင်္ဘောသား ကလပ် (sea man club) တွေ ထားပေးထားပါတယ်။ အရက် ဘီယာ လွတ်လပ်စွာ သောက်စားနိုင်သလို အိန္ဒိယနိုင်ငံသား ဝန် ထမ်းများခန့်ပေးထားတဲ့အတွက် ဒံပေါက်ကောင်းကောင်းစားလို့ရပါတယ်။ ဖုန်း ကွန်ပြူတာ အီလက်ထောနစ် (electronic)ပစ္စည်းမျိုးစုံကို အကောက်ခွန်လွတ် (duty free) ရောင်းချပေးပါတယ်။ အစ္စလာမ်နိုင်ငံတွေထဲမှာ ငွေကြေးချမ်းသာတဲ့ ယူ အေအီး (UAE) နိုင်ငံဈေးကွက်စီးပွားရေးစနစ်က အတုယူစရာ ကောင်းလှပါတယ်။

တပတ်လောက် သင်္ဘောသန့်ရှင်းရေးလုပ်ပြီးတော့ ဓာတ်မြေသြစာသွားတင်မယ့် ဆော်ဒီအာရေးဗီးယားနိုင်ငံ မကာမြို့ကို သွားပါတယ်။ မကာမြို့ဆိုတာက အစ္စလာမ်ဘာသာဝင်များ အသားအစ် ကုရ်ဘာနီအီးဒ်မတိုင်ခင် ပွဲတော်ရက်မှာ အထွဋ် အမြတ်ထား သွားကြတဲ့နေရာတခုပါ။ တမန်တော်မွေးဖွားရာဒေသ မကာမြို့ကနေ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုပြီးပြန် သွားကြရင် မိမိတို့အမည်ရှေ့မှာ ဟာဂျီဆိုပြီး အမည်ထည့်ပေါင်းကြတယ်။ ဟာဂျီမာလစ် ဟာဂျီမ အီလစ် စသည်ဖြင့် တွေ့မြင်ဖူးကြမှာပါ။ ကျွန်တော်တို့က ကမ်းဆင်းသွားရောက် လေ့လာချင်ပေမယ့် ဆိပ်ကမ်းဆင်းခွင့်မရပါဘူး။

ဒါ့အပြင် အခုတင်နေတဲ့ ဓာတ်မြေသြစာက  နေ့ဘက်မှာ အရမ်းပူပြီး ညဘက်မှာဆို အနည်းငယ် အပူချိန်လျော့ချိန်မှာ မွိုက်ရှာ အငွေ့ပြန်တက်တဲ့အတွက် ကုန်တင်တာကို ညဘက်တွေမှာရပ်ထားရပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံများက ဆောင်းခြောက်လ နွေ ခြောက်လ ပြောပေမယ့် နွေမှာ နေ့ရောညပါ ပူပြီး ဆောင်းမှာ နေ့ဘက်ပူ ညဘက်အေးပါတယ်။

ဓါတ်မြေသြစာ တန်ချိန် လေးသောင်းကျော်ကို လေးရက်ကြာ တင်ပြီးနောက် ကျွန်တော်တို့သင်္ဘောက ဆော်ဒီအာရေးဗီးယား ပင်လယ်ကွေ့မှ ယိုးဒယား ထိုင်းနိုင်ငံက ဆီချမ်းဆိပ်ကမ်းကို ထွက်လာခဲ့ပါတယ်။

ဗိုလ်သူရိန်
၁၀၊ ၁၂၊ ၂၀၁၇

ကာတွန်း မှတ်ကြီး (အောင်ပင်လယ်) ● ပြည်သူနဲ့အတူဆိုတာ ... ကျုပ်ဗျ ...

$
0
0

ကာတွန်း မှတ်ကြီး (အောင်ပင်လယ်) ● ပြည်သူနဲ့အတူဆိုတာ ... ကျုပ်ဗျ ...
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၇

နေချိုသွေး ● ငြိမ်းချမ်းမှု ရှုမျှော်ခင်း

$
0
0

နေချိုသွေး ● ငြိမ်းချမ်းမှု ရှုမျှော်ခင်း
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၇

မီးရှို့ပြာချလိုက်တဲ့ အတ္တတွေနဲ့
ပြာလဲ့လဲ့ကောင်းကင်မှာ ကဗျာဆရာတယောက်ကို တွေ့ရဲ့မဟုတ်လား။

စစ်ဘေးကြောင့်
ကြောက်လန့်အားငယ်စိတ်နဲ့ ကူရာမဲ့မျက်လုံးတွေ
သွေ့ခြောက်နေတဲ့ဘဝတွေကိုမြင်တိုင်း
သောက်သုံးအကျတဲ့ အာဏာရှင်ဆန်မှုတွေ
ထွီ .... ။

ကျုပ်ရှေ့က မြေစိုင် မြေခဲဟာ ဖွာခနဲလွင့်လို့
ဆာလောင်မွတ်သိပ်နေတဲ့ ကလေးတွေအရေးထက်
ပေါင်တံလှလှလေးတွေရဲ့အတွင်းရေးကို
ပိုစိတ်ပါဝင်စားမှုမရှိတာ ခွင့်လွတ်။

သတိထားမိရဲ့မဟုတ်လား
နာမည်ပျက်နဲ့ ပုပ်ပွနေတဲ့မျက်မှောက်ခေတ်မှာလဲ
ပေါင်မုန့်မရှိရင် ကိတ်မုန့်စားခိုင်းနေတဲ့ လူ့အန္ဓတွေကို
မျက်စိရှေ့က တံလျှပ်တွေဟာ သွေးတွေကြီးပဲ
မျက်ရည်တွေတွေကျနေတဲ့ ငါးတွေကိုမြင်ရဲ့မဟုတ်လား
ရွှေရောင်တဝင်းဝင်းနဲ့ ဆည်းလည်းသံတွေရဲ့
ရှိုက်ရှိုက်က်ငိုသံတွေကို ကြားရဲ့မဟုတ်လား
ပြည်သူ့သစ္စာဖောက်တို့
လူကြီးမင်းတို့ရဲ့
ကျည်ဆန်တွေဟာ ရာဇဝတ်မှုတွေကြီးပဲ။

လေညှင်းနဲ့အတူ မွှေးပျံ့လာမယ့်ဥယျာဉ်
သစ်ပင်တွေရဲ့ရယ်မောသံကို မြင်လိုက် ကြားလိုက်ချင်ရဲ့။

အကြမ်းဖက်သမားဟာ အကြမ်းမဖက်ရလို့
ကိုယ့်နားထင်ကို တေ့ဖြုတ်သွားရတယ်ဆိုတဲ့ ဝမ်းမြောက်ဖွယ်သတင်း
ပြည်သူကိုအကျယ်ချုပ်ချထားမယ့်ခြေလက်တို့ရဲ့
စက်ဆုပ်ရွံရှာဖွယ်မျက်နှာတွေလေ
လောင်ကျွမ်းနေတဲ့စစ်မီးလျှံနဲ့အတူ နစ်မြှုပ်ပစ်လိုက်ကြတာပေါ့။

ဒါမှ နိုင်ငံရဲ့အနာဂတ်ဟာ ဝံ့ဝံ့မားမား ကြီးထွားလာတော့မှာ
ချွတ်ခြုံကျခဲ့ရတဲ့ဘဝတွေက
ကောင်းခြင်းမင်္ဂလာအဖြာဖြာရှိလာတော့မှာ ...။

နေချိုသွေး
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>