Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ဆရာရည်မွန် (မြစ်ငယ်) ရဲ့ တောင်သမန်ပုံရိပ် (၁၀၀) ဓာတ်ပုံပြ မန္တလေးမြို့ ဦးပိန်တံတား အရှေ့ထိပ်တွင်ပြသ

$
0
0

ဆရာရည်မွန် (မြစ်ငယ်) ရဲ့ တောင်သမန်ပုံရိပ် (၁၀၀) ဓာတ်ပုံပြ မန္တလေးမြို့ ဦးပိန်တံတား အရှေ့ထိပ်တွင်ပြသ
သတင်းဓာတ်ပုံ ချမ်းမြ
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၇

ကွန်ပျူတာနည်းပညာများဖြင့် လုံဝ ပြုပြင်ချိန်ညှိထားသည့်မဟုတ်တဲ့ ဆရာရည်မွန် (မြစ်ငယ်) ရဲ့ တောင်သမန်ပုံရိပ် (၁၀၀)ဓာတ်ပုံပြပွဲကို ဦးပိန်တံတားအရှေ့ထိပ်၌ ယနေ့ ဒီဇင်ဘာ ၂၄ နံနက် ၉ နာရီကဖွင့်လှစ်ခဲ့ပြီး သုံးရက်တိုင်တိုင်ပြသထားမည် ဖြစ်ကြောင်းသိရသည်။









ရန်လိုကျွဲ ● ဆတ်သားခြောက်လုပ်ငန်းကို စိတ်ဝင်စားကြသလား (သရော်စာ)

$
0
0
ရန်လိုကျွဲ ● ဆတ်သားခြောက်လုပ်ငန်းကို စိတ်ဝင်စားကြသလား (သရော်စာ)
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၇

လပ်ကီး လက်ဖက်ရည်ဆိုင်အတွင်း ကျောက်ချထိုင်နေတတ်သူများထဲတွင် ကာတွန်းဆရာသီဟ (စခန်းသစ်) လည်း ပါဝင်သည်။ လပ်ကီးတွင် ပုံမှန်ထိုင်ရသည့် အကြောင်းရင်းမှာ လပ်ကီးကောင်း၊ ကံကောင်းစေရန်အတွက် ဖြစ်သည်ဟု ကာတွန်းဆရာက ဆို၏။ ကိုသီဟ အဘယ်ကြောင့် ကံကောင်းခြင်းကို တောင့်တနေရသနည်း။ ရှင်းပါမည်။

● သူဌေးဖြစ်ချင်သူ
ကိုသီဟသည် တစ်ခုသောမိုးဥတု၏တစ်နေ့သ၌ စီးပွားရေးအတိုင်ပင်ခံ ရန်လိုကျွဲထံသို့ ရောက်လာသည်။

"တွက်ခြေကိုက်တဲ့ အလုပ်အကိုင်တစ်ခုလောက် လုပ်ချင်တယ်"ဟု ကာတွန်းဆရာက ဆို၏။

ကိုသီဟ နေရာမှန် ရောက်လာခြင်းဖြစ်ကြောင်း၊ အောင်မြင်သော လုပ်ငန်းရှင်ဖြစ်လိုသူ ၅၅၅ ယောက်ထက်မနည်းကို ဤ အတိုင်ပင်ခံရုံးခန်းအတွင်း အကြံကောင်း ဉာဏ်ကောင်း များပြားစွာ  ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းရှင်းပြပြီး ခရီးဦးကြို ပြုလိုက် သည်။

"ဘဏ်ဓားပြတိုက်၊ ဘုရားအလှူခံပုံး ကန်ထရိုက်ဆွဲတဲ့ လုပ်ငန်းအိုင်ဒီယာမျိုးတော့ မပေးနဲ့။ ကျုပ်က ပုံမှန်ဝင်ငွေရှိတဲ့၊ အောင်မြင်တဲ့ စီးပွားရေးသမား ဖြစ်ချင်တာ"

"ရမယ် ရမယ်။ ကိုသီဟနဲ့ သင့်တော်မယ့်အလုပ်တွေ အများကြီးရှိပါလိမ့်မယ်"

ကွမ်းတစ်ယာညက်ခန့် စကားပြောဆိုပြီးနောက်တွင် ကာတွန်းဆရာက စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းကို စိတ်ဝင် စားသွားသည်။

"ကာတွန်းဆရာရေ၊ ကျုပ်တို့ ဒုက္ခသီရိနိုင်ငံတော်ကြီးမှာ အရောင်းသွက်တဲ့ စားသောက်ကုန်တစ်ခုကတော့ ဆတ်သားခြောက် ခင်ဗျ"

"ဟင်…ဘယ်လို အရောင်းသွက်တာလဲ"

"စားသောက်ဆိုင်တွေမှာ ဆတ်သားခြောက်ကြော်ဆိုပြီး ရောင်းတယ်။ ကုန်တိုက်တွေမှာတော့ ဆတ်သားကို ပုံစံမျိုးစုံ၊ တံ ဆိပ်မျိုးစုံ အိတ်သွတ်ရောင်းနေကြတယ်"

"ဟာ…ဆတ်သားကို အဲဒီလို ရောင်းရလောက်အောင် ဆတ်ဆိုတဲ့သတ္တဝါက သိပ်များနေလို့လား"

"ကာတွန်းဆရာကလည်း ဒုံးဝေးလိုက်တာ။ ဆတ်ဆိုတာ ရှားပါးသတ္တဝါဗျ။ ဥပဒေထုတ်ပြီး ကာကွယ်ထိန်းသိမ်းထားတဲ့ တောရိုင်းတိရစ္ဆာန် အမျိုးအစားဗျ"

ဒုက္ခသီရိ ပြည်သူတို့စားသုံးနေသော၊ ဘီယာဝိုင်း အမြည်းပန်းကန်ထဲတွင် တွေ့ရတတ်သော ဆတ်သားဆိုသည်မှာ ဆတ် မဟုတ်သော သတ္တဝါတစ်မျိုးမျိုး၏အသား ဖြစ်လိမ့်မည်ဟု ကာတွန်းဆရာကို ရှင်းပြလိုက်သည်။ ဆတ်သား အစစ်အမှန်လည်း လုပ်ကိုင်သူရှိသလို အမည်ခံ ဆတ်သားကိုင်တွယ်သည့်လုပ်ငန်းရှင်လည်း ရှိနိုင်သည်၊ အမည်ခံ ဆတ်သားအတွက် ကုန် ကြမ်းမှာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ နွားနောက်တို့ ဖြစ်နိုင်သလို တခြား ပေါပေါများများရနိုင်သည့် အသားလည်း ဖြစ်နိုင် သည်ဟု ကာတွန်းဆရာကို ဆက်ပြောပြလိုက်သည်။

"ဟုတ်တယ်ဗျို့။ ဒုက္ခသီရိနိုင်ငံတော် တောပြုန်း တောင်ပြုန်းနေတဲ့ခေတ်မှာ ဆတ်ဆိုတာကို မြင်ဖူးတဲ့သူ ရှားလိမ့်မယ်။ ဆတ်သားဆိုပြီး ဂျင်းထည့်ရောင်းနေတဲ့ကိစ္စ၊ ဆတ်သားဆိုတာ ဘာသားလဲ စုံစမ်းဖော်ထုတ်ကြဖို့ မိတ်ဆွေ သတင်းသမား တွေကို အကြံပေးရမယ်"

"နိုး…နိုး…နိုး…ထစ်ခနဲရှိ ကာတွန်းဆွဲလိုက်မယ်၊ သတင်းရေးလိုက်မယ်ဆိုတဲ့စိတ်မျိုး မမွေးသင့်ဘူးဗျ။ ဒီအခြေအနေကို အခွင့်ကောင်း ယူသင့်တယ်"

"ဟင်…ဘယ်လိုအခွင့်ကောင်းလဲ။ လူတွေ အလိမ်ခံနေရတာကို မျက်စေ့မှိတ်နေရင် ကျုပ်တို့ ကာတွန်းဆရာတွေ ဘာဖြစ် သွားမလဲ"

ဒုက္ခသီရိတွင် ဆတ်သားတစ်မျိုးတည်းသာ အတုဖြစ်နေခြင်း မဟုတ်ကြောင်း၊ ဒေါက်တာဘွဲ့တချို့မှအစ ဒီမိုကရေစီအထိ အတု ဖြစ်နေကြကြောင်း၊ ဤသို့ အတုအပ ပေါများနေသည့် အခြေအနေတွင် ဆတ်သားတစ်မျိုးတည်းကိုသာ ပစ်မှတ်မထား သင့်ကြောင်း ရှင်းပြလိုက်ရာ ကာတွန်းဆရာ ငြိမ်သွားသည်။

● ဆတ်သားဗေဒ
"ဒီမယ် ကာတွန်းဆရာ၊ ခင်ဗျား ဆတ်သားခြောက်လုပ်ငန်းလုပ်ဗျာ။ ပြီးရင် ကုန်တိုက်တွေ၊ အစားအသောက်ဆိုင်တွေကို လိုက်သွင်း။ ဆတ်ထုမွကြော်၊ ဆတ်ကြော်ထုမွ၊ ဆတ်သားထောင်း၊ ဆတ်သားအမွကင်၊ ဆတ်သားအမွခြောက်၊ ဆတ်သား ကြိုးမျှင် ဆိုပြီး မျိုးစုံလုပ်။ သိပ်ရောင်းကောင်းတယ်ဗျ"

"ဒီအိုင်ဒီယာ ကြိုက်ပြီဗျာ။ ကုန်တိုက်တွေလည်း တစ်ခုပြီးတစ်ခု ပေါ်နေတော့ ဈေးကွက်က အတော်ကြီးတယ်။ အဲ… ကုန် ကြမ်းက ဘယ်ကရမှာလဲ"

"အမဲသား၊ ဆိတ်သားတို့ထက်ပေါတဲ့ ကုန်ကြမ်းရှိပါ့ဦးမလား ကာတွန်းဆရာရယ်။ အမြတ်များချင်ရင်တော့ နေရာတကာ တွေ့ရတတ်တဲ့ လမ်းဘေးခွေးတွေကို သုံးပေါ့ဗျာ"

ယခုအချိန်တွင် လမ်းဘေးခွေး ပေါများကြောင်း၊ သို့သော်လည်း အကောင်အထည်ပေါ်လာဖွယ်ရှိသည့် ခွေးဂေဟာကြီး တည်ဆောက်ပြီးလျှင် လမ်းဘေးခွေးမှာ ဆတ်ကဲ့သို့ပင် ရှားပါးသွားမည်ဖြစ်ကြောင်း ကာတွန်းဆရာကို ရှင်းပြလိုက်သည်။

ဒုက္ခသီရိတွင် ကြွက်ဂေဟာထူထောင်မည်ဟု မကြားမိသေးကြောင်း၊ နောက်ဖေးလမ်းကြားတို့တွင် နေ့ရောညပါ တွေ့ရ သည့် ဧရာမကြွက်ကြီးများကို ကုန်ကြမ်းအဖြစ်သုံးပါက အဆင်ပြေမည်ဖြစ်ကြောင်း အကြံပေးလိုက်ရာ ကာတွန်းဆရာ မျက်နှာ ဝင်းခနဲ ဖြစ်သွားသည်။

"ဟုတ်သားပဲ၊ ကြွက်ဆိုရင် ကိုယ့်အတွက် အမြတ်ပိုကျန်မယ်။ မန္တလေးရပ်ကွက်က ကျုပ်မိတ်ဆွေ ကာတွန်းဆရာတွေဖြစ်တဲ့ လှိုင်မျိုး၊ ညီထွေး၊ အောင်မော်တို့ကို ကြွက်ဖမ်းဖို့ ကန်ထရိုက်ပေးလိုက်မယ်။ သူတို့လည်း အပိုဝင်ငွေရမယ်။ ဘယ်လို သဘောရသလဲ"

ရန်လိုကျွဲ ထိုသူတို့ကို ကောင်းကောင်းသိသည်။ ထိုကာတွန်းဆရာများနှင့် ရေရှည်လက်တွဲနိုင်ဖွယ် မရှိကြောင်း၊ ထိုဆရာ သုံးဦးမှာ သိန်းသုံးထောင်အထိ ရနိုင်သည့် Money Drop ရုပ်သံဉာဏ်စမ်းအစီအစဉ်တွင် ပြိုင်ပွဲဝင်ရန် အပြင်းအထန် ကြိုး စားလေ့လာ လေ့ကျင့်နေကြကြောင်း ဖောက်သည်ချလိုက်သည်။ ဆတ်သားလုပ်ငန်းကုန်ကြမ်းအတွက် လမ်းကြောင်း တစ်ခုကို အသေဆုပ်ကိုင်မထားဘဲ တွက်ခြေကိုက်မည့် အသားမျိုးစုံကို အသုံးပြုသင့်ကြောင်း ပြောပြလိုက်ရာ ကာတွန်းဆရာ သီဟ သဘောကျသွားသည်။

● ဒုတိယရည်ရွယ်ချက်
"လုပ်မယ်ဗျာ။ အကြံပေးတဲ့အတွက် ကျေးဇူးပါပဲ။ ဆတ်သားခြောက်လုပ်ငန်းမှာ ကျွန်တော်က အမှုဆောင်အရာရှိချုပ်၊ ကျွန် တော့်မိန်းမကိုတော့ အထွေထွေမန်နေဂျာတာဝန် ပေးရမယ်။ လုပ်ငန်းကြီးလုပ်တယ်ဆိုတော့ သူ့အကူအညီမပါလို့ မဖြစ် ဘူး"

"ကာတွန်းဆရာရေ၊ ကျွန်တော် သိချင်တာ တစ်ခု ရှိတယ်။ ခင်ဗျား ဘာဖြစ်လို့ ကာတွန်းဆွဲတဲ့ဝင်ငွေနဲ့ မရောင့်ရဲနိုင် ဖြစ်နေရ တာလဲ။ ဒီဝင်ငွေနဲ့လည်း ထမင်းမငတ်ဘူးမဟုတ်လား"

"ဟဲဟဲ… ကျွန်တော် နောက်မိန်းမတစ်ယောက် ထပ်လိုချင်တယ်လေ။ ဒီတော့ ငွေရှာရတော့မှာပေါ့ဗျာ ဟဲဟဲဟဲ"

"ဟာ…မယားကြီး၊ မယားငယ်ပြဿနာက မသေးဘူး ကာတွန်းဆရာရေ။ ခင်ဗျား မယားငယ်ယူဖို့ ငွေရှာတယ်ဆိုရင် ခင်ဗျား မိန်းမက ဆတ်သားခြောက်လုပ်ငန်းမှာ အကူအညီပေးပါ့ဦးမလား"

"ပေးရမှာပေါ့ဗျ။ ဒါက သူရာထူးတက်မယ့်အစီအစဉ်ဖြစ်ကြောင်း သူနားလည်အောင် ရှင်းပြရမှာပေါ့ဗျာ။ ဟဲဟဲဟဲ"ကာတွန်း ဆရာ တဟဲဟဲရယ်ပြီး ပြန်သွားလေသည်။

● လုပ်ငန်းရှင်ကြီး
လများမကြာမီ ကုန်တိုက်အသီးသီးတွင် သီဟ (စခန်းသစ်) တံဆိပ်ဖြင့် ဆတ်သားမျိုးစုံ ခင်းကျင်းထားသည်ကို တွေ့ရလေရာ ရန်လိုကျွဲလည်း အထူးဝမ်းမြောက်မိ၏။ ပေးလိုက်သည့် အကြံဖြင့် အောင်မြင်နေသည်ကို တွေ့ရတိုင်း ဖြစ်ပေါ်လာသည့် ပီတိမှာ စာဖွဲ့ ၍မရနိုင်ပေ။

ကာတွန်းဆရာကို လပ်ကီးလက်ဖက်ရည်ဆိုင်တွင် အတွေ့ရကျဲသွားရာမှ နောက်ပိုင်းတွင် လုံးဝမတွေ့ရတော့ပေ။ လပ်ကီး ကောင်းသွားခြင်းကြောင့် (သို့မဟုတ်) အောင်မြင်သော စားသောက်ကုန်လုပ်ငန်းကို ဦးဆောင်စီမံခန့်ခွဲနေရခြင်းကြောင့် လက်ဖက်ရည်ဆိုင်ထိုင်ရန် အချိန်မပေးနိုင်တော့ဟု ယူဆရသည်။ သူ့ဆန္ဒအတိုင်း မယားငယ်ရသွားပြီလော။ သို့ဆိုလျှင် မယားကြီးအိမ်နှင့် မယားငယ်အိမ်ကြား ကူးသန်းနေခြင်းလည်း ဖြစ်နိုင်သည်။ စာနယ်ဇင်းတို့တွင် သူ၏ကာတွန်းများ ဖော်ပြမှု လည်း တဖြည်းဖြည်း နည်းပါးလာသည်။

ဆောင်းနွေမိုး နှစ်လီ ပြောင်းလဲသွားလေပြီ။ တစ်ခုသော မိုးဥတု၏ တစ်နေ့သ၌ လပ်ကီးလက်ဖက်ရည်ဆိုင်အတွင်း ကျွန်ုပ် ထိုင်နေစဉ် ရင်းနှီးဟန်ရှိသူတစ်ဦး ဆိုင်ထဲဝင်လာသည်။ ထိုသူ့ကိုကြည့်လိုက်ရာ ကာတွန်းဆရာ၊ လုပ်ငန်းရှင် သီဟ (စခန်း သစ်) ဖြစ်နေလေသည်။

ဝိတ်ကျပြီး ပိန်သွားသဖြင့် ရုတ်တရက် မည်သူမှန်း မမှတ်မိနိုင်ချေ။ မျက်နှာအမူအရာက ရွှင်ရွှင်လန်းလန်း မရှိ။ အလုပ်များ၊ ပင်ပန်းသောကြောင့် ဖြစ်နိုင်သည်။

"ဟေ့…လုပ်ငန်းရှင်ကြီး၊ မတွေ့တာ ကြာပြီနော်။ လုပ်ငန်းရှင်ဖြစ်ပေမယ့် ဒီလိုဆိုင်မျိုးမှာ ထိုင်တာ၊ ဟိတ်ကြီးဟန်ကြီး မရှိတာ ချီးကျူးတယ်ကွာ။ ဒီလို ဘဝမမေ့တဲ့သူဆိုတာ အင်မတန်ရှားတာပဲ"

ရန်လိုကျွဲက တရင်းတနှီး ပြောဆိုသော်လည်း ကာတွန်းဆရာက ကြားပုံမရ။ အလွန်တရာ ပင်ပန်းနွမ်းနယ်နေဟန်တူသည်။ အတန်ကြာမှ အားယူပြီး မချိပြုံး ပြုံးပြသည်။

"ကျွန်တော် လုပ်ငန်းရှင်မဟုတ်တော့ဘူး။ ကာတွန်းဆရာပြန်ဖြစ်သွားပြီ"

စခန်းသစ်ရွာရှိ အိမ်နှင့် ခြံများကို ရောင်းပြီး သူ၏ ဆတ်သားခြောက်လုပ်ငန်းကို တည်ထောင်နိုင်ခဲ့ကြောင်း၊ လုပ်ငန်းစတင်ပြီး နှစ်လအတွင်း ပြိုင်ဘက်များ မနာလိုစရာကောင်းလောက်အောင် အောင်မြင်မှုရခဲ့ကြောင်း ကိုသီဟက ရှင်းပြသည်။ ပြိုင် ဘက်လုပ်ငန်း ငါးခုခန့် အရှုံးပေါ်သဖြင့် လုပ်ငန်းရပ်ဆိုင်းသွားသည်။

ရန်လိုကျွဲ ဝမ်းသာသွားသည်။ သူ့ထံမှ အကြံဥာဏ်ရယူသွားသူတစ်ဦး၏ အောင်မြင်မှုအကြောင်း ကြားရသဖြင့် ဝမ်းသာရခြင်း ဖြစ်သည်။ အလုပ်များလွန်းသဖြင့် သူ၏ ကာတွန်းအသစ်များ မီဒီယာတွင် ထပ်ပေါ်မလာခြင်း ဖြစ်မည်ဟူသော ယူဆချက် မှန်ကန်နေလေပြီ။ အောင်မြင်သော လုပ်ငန်းရှင်ဖြစ်လာသူသည် နောက်မိန်းမတစ်ယောက်ထပ်ယူပြီးနောက် မယားကြီး၊ မယားငယ်တို့ကြား ဗျာများပြီး သကာလ ယခု မြင်တွေ့ရသည့်အတိုင်း အနည်းငယ် ပိန်သွားကာ မရွှင်မလန်း ပင်ပန်းသည့် အနေအထားသို့ ရောက်နေခြင်း ဖြစ်ပေမည်။

● ဘဝဇာတ်ဆရာ ကျီစယ်ခြင်း
"ဟဲဟဲ…ကိုသီဟ အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ပြီဆိုတော့ နောက်မိန်းမယူဖြစ်တယ်ဆိုပါတော့"

ကိုသီဟ မဲ့ပြုံးပြုံးပြပြီး ခေါင်းယမ်းလိုက်သည်။

"ကျွန်တော် နောက်မိန်းမယူဖို့ ကံကြမ္မာက မျက်နှာသာမပေးပါဘူးဗျာ"

ကိုသီဟ၏ အမူအရာကို ကြည့်ပြီး ရန်လိုကျွဲ အားနာသွားသည်။ အားနာမှုသည် ထိုမျှနှင့် ရပ်မနေပေ။

"မိန်းမတစ်ယောက် ထပ်ယူဖို့ စိတ်ကူးနေတုန်းမှာပဲ ကျွန်တော့်ရဲ့ အောင်မြင်စပြုနေတဲ့လုပ်ငန်း ပျက်စီးခြင်းငါးပါး ဆိုက် တော့တာပဲ။ ဆတ်သားမျိုးစုံ ထုတ်လုပ်ဖြန့်ဝေရေး လုပ်ငန်းကြီးတွေကို သက်ဆိုင်ရာက ရှောင်တခင် ဝင်စစ်တဲ့ကာလတစ်ခုမှာ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး အရေးယူခံလိုက်ရတဲ့သူတွေထဲ ကျွန်တော့်လုပ်ငန်းလည်းပါသွားတယ်လေ"

"စိတ်ဓာတ်မကျပါနဲ့ ကိုသီဟရေ၊ ခင်ဗျားထုတ်တဲ့ ဆတ်သားဆိုတာ အစစ်မဟုတ်ဘူးဆိုပြီး အမှန်အတိုင်း ဝန်ခံလိုက်ပေါ့ဗျာ။ ဒါဆို တောရိုင်းဥပဒေသာမက မြို့ရိုင်းဥပဒေကိုပါ ကြောက်စရာမလိုတော့ဘူး"

ကျွန်ုပ် မည်သို့ပင် နှစ်သိမ့်စေကာမူ ကိုသီဟ၏ သောကဝေဒနာက ပြေလျော့မသွားချေ။ သူပြောလိုက်သည့် စကားကြောင့် ကျွန်ုပ်၏ အကြံပေးချက်မှာ သဲထဲရေကျသကဲ့သို့ ဖြစ်သွားလေသည်။

"ဆတ်သားမဟုတ်ဘူးပြောရင် တောရိုင်းဥပဒေနဲ့မငြိလည်း လိမ်လည်မှုနဲ့ သေချာပေါက်ငြိပြီး အမှုပိုကြီးမယ်လို့ သက်ဆိုင် ရာက ပြောသဗျ။ ဟိုအသား ဒီအသား ထုထောင်းထုပ်ပိုးပြီး ဆတ်သားတံဆိပ်ကပ်ခြင်းဟာ လိမ်လည်မှု၊ စားသုံးသူအကျိုးပျက်စေမှုဖြစ်တာကြောင့် အမှုပိုကြီးမယ်တဲ့။ ကျွန်တော်က စီးပွားရေးသမားဖြစ်ဖို့ ကံမပါဘူးထင်ပါရဲ့ဗျာ"

ကျွန်ုပ်တို့၏ စကားဝိုင်းလည်း ငြိမ်သက်သွားလေသည်။

● နိဂုံး
ကိုသီဟသည် သီဟ (စခန်းသစ်) ကလောင်အမည်ဖြင့် ကာတွန်းများကို အဆက်မပြတ် ဖိဆွဲနေလေသည်။

ကျွန်ုပ် ရန်လိုကျွဲလည်း အကြံဉာဏ်လိုအပ်နေသူများကို ဝန်ဆောင်မှု အဆက်မပြတ်ပေးလျက်ရှိသည်။ စာရှုသူမိတ်ဆွေ အကြံဉာဏ် လိုအပ်ပါက အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။ ဆတ်သားခြောက်လုပ်ငန်းလုပ်ကိုင်ရန် အကြံပေးမည်မဟုတ် ကြောင်းကိုတော့ အထူးအာမခံပါသည်။      

၂၀၁၇ အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၅၀) မှ သရော်စာ ဖြစ်ပါသည်။

သရုပ်ဖော်ကာတွန်း - သီဟ (စခန်းသစ်) (၂၀၁၇)

ကာတွန်း မင်းထက်လူ ● ပြောတတ်သူတွေ ...

$
0
0

ကာတွန်း မင်းထက်လူ ● ပြောတတ်သူတွေ ...
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၇

မောင်ကျေးရေ ● လူနှင့် ရေ ... ရေနှင့် လူ

$
0
0
 မောင်ကျေးရေ ● လူနှင့် ရေ ... ရေနှင့် လူ
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂ဝ၁၇

လူသည် လွန်ခဲ့သော နှစ်သန်းပေါင်း (၇) သန်းကျော်ကာလ၊ လူဝံ မျောက်ဝံများခေတ်ကစ၍ ရေသုံးစွဲလာကြောင်း ကမ္ဘာ့ သမိုင်းမှတ်တမ်းများက ဖေါ်ပြထားသည်။ မြန်မာ့သမိုင်းမှတ်တမ်းအရ၊ ဝိဓူရဇာတ်တော်တွင် "ရေပြည့်သောအိုးကိုမြင်ကာ မျှနှင့် လက်အုပ်ချီမိသည်"ဆိုသောစာသားကိုဖတ်ရ၏။ ဘုရားရှင်လက်ထက်ကဖြစ်သည်။ မြန်မာလူမျိုးများအတွက်မူ ထိုကာလကစသည်ဟု ယူဆရသည်။ ယနေ့အထိ ရေကိုအသုံးပြုနေဆဲ၊ လိုအပ်နေဆဲဖြစ်သည်။

ရေသည် သဘာဝ၏ လက်ဆောင်မဟုတ်၊ သဘာဝကပေးထားသောပစ္စည်း (Property) ဖြစ်သည်။ လူသည် ဆင်းရဲချမ်းသာ မရွေး၊ သောက်သုံးရေမရှိဘဲ နေလို့မရပါ။ မြန်မာစကားပုံတခုက ဖော်ညွန်းထားသေးသည်။ "ရေအသက် တမနက်၊ ထမင်း အသက်ခုနှစ်ရက်”။ လူသည် ရေမရှိဘဲ ရှင်သန်၍မရပါ။ လူ့ခန္ဓာကိုယ်သည် ရေဓါတ်အများဆုံးနှင့် ဖွဲ့စည်းထား၏။ (၇ဝ) ရာခိုင်းနှုန်းသည် ရေသာဖြစ်သည်။

ဦးနှောက်၏ရေလိုအပ်ချက်သည် ခန္ဓာကိုယ်တစ်ခုလုံးတွင်ရှိသည့် ရေပမာဏ၏ (၈ဝ) ရာခိုင်နှုန်းဖြစ်သည်။ သွေးအတွက် ရေလိုအပ်ချက်သည် (၈၅) ရာခိုင်နှုန်း၊ နှလုံး၏လိုအပ်ချက် (၇၈) ရာခိုင်နှုန်း၊ အဆုတ်သည် (၈ဝ)ရာခိုင်နှုန်း၊ ကျောက်ကပ်က (၈၃) ရာခိုင်နှုန်း၊ အသဲက (၈၅) ရာခိုင်နှုန်း၊ အရိုးသည် (၂၅) ရာခိုင်နှုန်း၊ တံတွေး၊ သွားရည်များသည် (၉၅) ရာခိုင်နှုန်း၊ ကြွက်သားက (၇၅) ရာခိုင်နှုန်း၊ အသားအရည်က (၇ဝ) ရာခိုင်နှုန်း၊ လိုအပ်နေသည်။ သို့ပါသဖြင့် ရေဓာတ် (၅) ရာခိုင်းနှုန်း လျော့သွားပါက အသားအရေခြောက်သွေ့လာပြီး မျက်နှာပြာအမ်းအမ်းဖြစ်လာမည်။ (၁ဝ) ရာခိုင်နှုန်းနှင့်အထက် ကျော်လွန် လာပါက ရေငတ်ဝေဒနာဖြင့် ကွယ်လွန်သွားနိုင်ပါသည်။

ရေ၏အာနိသင်သည် ခန္ဓာကိုယ်အပူချိန်ကို မျှတစေသည်။ သွေးလည်ပတ်မှုကိုဖြစ်စေ၏။ မျက်စိ၊ မျက်လုံးနာခေါင်းတို့ အမြဲ စို ပြေနေစေသည်။ ရေကို တနေ့ (၁.၅) လီတာ အနည်းဆုံးသောက်သင့်သည်။ ဆာဟာရသဲကန္တရအတွင်းနေထိုင်သော လူမျိုးစုများသည် ညအချိန်သာ ခရီးသွားကြသည်။ ခရီးသွားရင်လည်း တနေ့စာ ရေ (၅) လီတာပါရင် လုံလောက်သည်။ ခန္ဓာကိုယ်၏ ရေလိုအပ်ချက်ကို ပြန်ဖြည့်ပေးနိုင်သည်။ လူသည် မိမိခန္ဓာကိုယ်၊ ကလီဇာများ အစဉ်လည်ပတ်နေရေး၊ မလို အပ်သောအညစ်အကြေးများ စွန့်ပစ်ရေးတို့အတွက် ရေလိုအပ်သည်။ သန့်စင်သော၊ စိတ်ချစွာ သောက်သုံးနိုင်သော ရေကို နေ့စဉ်လိုအပ်သည်။ ရေကြောင့်ဖြစ်သော ကာလဝမ်းရောဂါ၊ အသဲရောင်အသားဝါရောဂါ၊ အူရောင်ငန်းဖျားရောဂါ စသည့် ကူးစက်ရောဂါများကို တားဆီးပေမည်။ ရေကို ရေအေး၊ ရေနွေး၊ ရေခဲ စသည်ဖြင့် ပုံစံမျိုးစုံသုံးကြသည်။

ကမ္ဘာတဝှမ်း လူတစ်ဦးခြင်းစီ၏ တနေ့ပျမ်းမျှ ရေသုံးစွဲမူ့ပမာဏသည် (၂၃ ဂါလံ / ၈၇ လီတာ) ဖြစ်သည်။ အမေရိကသည် (၉၂. ၅ဝ ဂါလံ / ၃၅ဝ လီတာ)၊ ဥရောပ (၅၃ ဂါလံ /၂ဝဝ လီတာ)၊ အာဖရိက၊ (၅ ဂါလံ /၂ဝ လီတာ)၊ ဖွံဖြိုးဆဲနိုင်ငံများ (၁၃ ဂါလံ / ၅ဝ လီတာ) ဖြစ်သည်။



လူတို့၏ရေသုံးစွဲမှုသည် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံ၊ နေရာဒေသနှင့် ဆင်းရဲချမ်းသာအလိုက် ကွာဟသည်။ အမေရိကန် ရေအသုံးချရေးသင်းအဖွဲ့အဆိုအရ၊ အမေရိကန်နိုင်ငံအတွင်း လူတစ်ဦးခြင်းစီ၏ တစ်နေ့ ရေသုံးစွဲမှုပမာဏသည် (၈ဝ ဂါလံ / ၃ဝ၂.၈ဝ လီတာ) ဖြစ်သည်။ အန္ဒိယသည် (၃၅.၆ဝ ဂါလံ / ၁၃၅ လီတာ) သုံးသည်။ မြန်မာနိုင်ငံ၏ ပျမ်းမျှသောက်သုံးရေသုံးစွဲ မှု သည် (၂၅ ဂါလံ / ၉၅ လီတာ) ဖြစ်သည်။ ကျေးလက်ဒေသနေ တောင်သူများ၏ သုံးစွဲနှုန်းသည် ထိုတစ်ဝက်ထက်လျော့သည်။

ရေသည် သတ္တလောက၊ လူနှင့်တိရိစ္ဆာန်များအားလုံးနှင့် သန့်ရှင်းသောပတ်ဝန်းကျင်အတွက် အရေးအကြီးဆုံးသော မရှိမ ဖြစ် အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ ကျွန်တော်ငယ်ငယ်က မိုးခေါင်ရေရှားအရပ်၊ အညာဒေသတွင်နေခဲ့စဉ်၊ ရှေးက အဖိုး အဖွားတွေ အမြဲပြောနေကြစကားတစ်ခွန်း နားထဲစွဲနေပါသည်။  ရေမကြွယ်၊ မီးမကြွယ်"တဲ့။ အဓိပ္ပါယ်က "ရေသည် အမြဲ ရရှိမနေ၊ သို့ပါ၍ သိုလှောင်ထားရမည်။ ထို့အတူ မီး (ထင်းမီးကို ဆိုလိုပါသည်) လည်း အမြဲမွှေးပြီးရှိမနေ၊ ထင်းရှိမှဖြစ်သည်။ ထို့ကြောင့် နွားလှည်းပေါ် ထင်းတင်ရောင်းသောထင်းလည်း လာတုန်းဝယ်ထားက၊ နေ့ဖို့ ညစာ စိတ်ချရသည်"ဟု ဆိုလိုပါ သည်။ ရေတန်ဘိုးသိလောက်မည်ဖြစ်ပါသည်။ သောက်ရေ၊ သုံးရေ၊ စက်ရုံအလုပ်ရုံ သုံးရေ၊ စိုက်ပျိုးရေးလုပ်ငန်းသုံရေ စ သည်ဖြင့် ကဏ္ဍစုံအတွက် ရေလိုအပ်သည်။ သဘာဝရေထွက်များ၊ စိမ့်စမ်းရေများ၊ မြေအောက်ရေများ၊ မိုးရေ၊ မြစ်ချောင်း အင်းအိုင်ဆည်မြောင်းကန်ချောင်းစသည့်တို့သည် အဓိက ရေပင် ရေရင်း များဖြစ်ကြသည်။ ထာဝစဉ်တည်တံ့၍ စိတ်ချစွာ သောက်သုံးနိုင်သော၊ ရေကောင်းရေသန့်ဖြစ်တည်နေရမည်။ သို့မှသာ လုံလောက်စွာရရှိနိုင်မည်ဖြစ်သည်။ ရေသည် အေးမြ ၏။ သန့်စင်၏။ အသက်ဆက်ပေးနိုင်၏။

သန်ရှင်းသော သောက်သုံးရေပမာဏသည် တကမ္ဘာလုံးရှိရေပမာဏ၏ တစ်ရာခိုင်နှုန်းအောက်တွင်သာ ရှိပါသည်။ ထိုသန့် စင်သောရေချိုပမာဏ (နှစ်စဉ် ရေကုဗကီလိုမီိတာ (Cubic Kilo-meter) ပေါင်း (၃၈ဝဝ) ကျော်) ၏ (၁ဝ) ရာခိုင်နှုန်းသည် သာလျှင် သောက်သုံးရေဖြစ်ပါသည်။

ရေအရင်းအမြစ်ဆိုသည်မှာ လူနှင့် ပတ်ဝန်းကျင်အတွက် (သောက်သုံးရေ၊ စိုက်ပျိုးရေ၊ စက်ရုံ အလုပ်ရုံသုံးရေ၊ လူမှုပတ်ဝန်း ကျင်သုံးရေ စသည့်လိုအပ်ချက်များ) လိုအပ်သလို စိတ်ချစွာအသုံးပြုနိုင်သောရေ (မြေပေါ်ရေနှင့် မြေအောက်ရေ) ကို ခေါ် ဆိုပါသည်။ ကမ္ဘာ့ရေထု၏ (၉၈) ရာခိုင်နှုန်းသောရေ (ပင်လယ်ရေနှင့် ဒီရေအတက်အကျရှိသည့် ပင်လယ်စပ်အနီးအနားရှိ မြစ်ချောင်းအင်းအိုင်များ၊ ဆားငံရေအိုင်များနှင့် အငံဓာတ်ပျော်ဝင်နေသော မြေအောက်ရေ) တို့သည် သောက်သုံး၍ မရနိုင် သော ရေငံများဖြစ်ပါသည်။ ကျန် (၂.ဝ) ရာခိုင်နှုန်းသောရေသည်သာ သောက်သုံးနိုင်သောရေဖြစ်ပါသည်။ ထိုသောက်သုံး နိုင်သောရေများတွင် ရေခဲမြစ်များ၊ ရေခဲတောင်များ၊ မြေပေါ်ရေချိုနှင့် မြေအောက်ရေချိုများ ပါဝင်ပါသည်။ ရေခဲမြစ်များ၊ ရေခဲတောင်နှင့် နှင်းတောင်များမပါဝင်ပါက အမှန်တကယ်သောက်သုံးနိုင်သည့် ရေပမာဏမှာ (၁၃) ရာခိုင်နှုန်း၊ (မြေပေါ်ရေ (၁) ရာခိုင်နှုန်းနှင့် မြေအောက်ရေ (၁၂) ရာခိုင်နှုန်းသာလျှင်ရှိပါသည်။

ဘုံဘိုင်ရေပူ၏ ပျမ်းမျှအပူချိန်သည် (၅ဝ) ဒီဂရီခန့်ဖြစ်ပြီး ရေအေးသည် (၇) ဒီဂရီခန့်ဖြစ်သည်။ ရေဆူမှတ်အပူချိန်သည် (၁ဝဝ) ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) (၂၁၂) ဒီဂရီဖာရင်ဟိုက်ဖြစ်သည်။ လူတို့ပုံမှန်သောက်သုံးနေသော ရေ၏အပူချိန်သည် (၅ဝ-၇၂) ဒီဂရီဖာရင်ဟိုက်အတွင်း ရှိ၏။

မြေအောက်ရေသည် သောက်သုံးနေသည့်ရေများတွင် ဒုတိယမြောက်အကြီးဆုံးသော ရေချိုရေအောင်းလွှာဖြစ်သည်။ မြေ ပေါ်ရေ (မြစ်ချောင်း၊ ကန်အင်အိုင်းများသည် ကမ္ဘာ့ရေချို၏ (၁.ဝ) ရာခိုင်းနှုန်းအောက်တွင်ရှိသည်။ မြေအောက်ရေသည် (၁၂) ရာခိုင်နှုန်း ရှိသည်။ ကမ္ဘာပေါ်ရှိ ရေများပြန့်နှံ့တည်ရှိနေမှုကို အောက်ပါဇယားဖြင့်ပြထားပါသည်။


ရေတို့၏ ဂေဟစနစ်သည် စားသောက်ကုန်ထုတ်လုပ်ရေး၊ လူ့အသုံးအဆောင်စက်ပစ္စည်း၊ ယာဉ်ရထားထုတ်လုပ်ရေး၊ ရေ ကောင်းရေသန့်ရရှိရေး၊ ရောဂါအများထိမ်းချုပ်ရေး၊ စိုက်ပျိုးရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများအတွက်အကျိုးပြုလျက်ရှိပါသည်။ မိုးရေသည်လည်း လူတို့အသုံးပြုသည် ရေအမျိုးအစားတစ်ခုအနေနှင့် ပါဝင်သည်။

● လူနှင့် ရေဆက်သွယ်ခြင်း

လူတိုအတွက် သောက်ရေ၊ သုံးရေ၊ စက်ရုံအလုပ်ရုံသုံးရေ၊ လူမှုပတ်ဝန်းကျင်အတွက် သုံးရေတို့မှာ ပေါများစွာရှိသည်ဟု  မှတ် ယူ၍မရနိုင်ပါ။ သို့ပါ၍ လက်ရှိသောက်သုံး၍ရနိုင်သောရေကို ရေအရည်အသွေးမပျက်စီးအောင် ထိန်းသိမ်းသွားနိုင်ရန်၊ ရေရှည်အသုံးပြု၍ရနိုင်အောင် ဆောင်ရွက်ကြရန် အရေးကြီးပေသည်။ မြေပေါ်မြေအောက် ရေအရင်းအမြစ်မှာ သဘာဝ အလျောက်ဖြစ်တည်နေသော အရာများဖြစ်ပေသည်။

ကမ္ဘာတဝှမ်းရေသုံးစွဲမှုပမာဏသည် တိုးတက်သောနေရာဒေသနိုင်ငံအလိုက်ကွဲပြားသည်။ တကမ္ဘာလုံးအတိုင်းအတာဖြင့် စစ်တမ်းကောက် သုတေသနပြုရာ အိမ်သုံးသောက်သုံးရေသည် (၈) ရာခိုင်နှုန်း၊ စက်ရုံအလုပ်ရုံသုံးသည် (၂၂) ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် (၇ဝ) ရာခိုင်နှုန်း ဖြစ်နေသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများသည် လုပ်ငန်းသုံးရေကို ထိမ်းထိမ်းသိမ်းသိမ်း သုံးစွဲမှုနည်းကြောင်း သိသာသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများသည် ရေကို စနစ်တကျအသုံးပြုကြောင်း ကိန်းဂဏန်းများအရ သိသာနေသည်။

နေရာဒေသအများစုတွင် မြေပေါ်ရေကို သောက်သုံးရေအဖြစ် အများအပြားအသုံးပြုနေကြပါသည်။ မြေပေါ်ရေရှိမှု အလားအလာနည်းပါးသည့်နေရာဒေသများနှင့် မြေပေါ်ရေနှင့် ဝေးလွန်းသည့်နေရာဒေသများတွင်သာ မြေအောက်ရေကို ထုတ်ယူ အသုံးပြုကြပါသည်။ မိုးရေကို အသုံးပြုကြရသည်။


ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ ကမ္ဘာကြီး ပိုမိုပူနွေးလာ၏။ မိုးရွာသွန်းမှုလျော့နည်းလာ၍ အငွေ့ပြန်နှုန်း ပိုမိုလာပြီး ရေ အရင်းအမြစ်များသည် ရေပမာဏလျော့နည်းလာသည်။ ထိုအခါ ရေအရည်အသွေးများကျဆင်းလာပေမည်။ လူတို့ အ တွက် ရေလိုအပ်မှုပိုမိုများပြားလာစေမည်။ စိုက်ပျိုးရေးလုပ်ငန်းများသည်လည်း အထွက်နှုန်းများ ကျဆင်းလာမည်။ မိုးခေါင် ရေရှားမှုကြောင့် စိုက်ပျိုးရေအတွက်ပါ ရေလိုအပ်ချက်များပြားလာပေမည်။ အဆိုပါအချက်အလက်များကလူ၊ ရာသီဥတု နှင့် ရေအရင်းအမြစ် (မြေပေါ်ရေ၊ မြေအောက်ရေ) ဆက်နွယ်မှုရှိနေကိုပြနေသည်။

တကမ္ဘာလုံးရှိ (၄ဝ) ရာခိုင်နှုန်းသောလူဦးရေသည်သာ ရေကို ပြည့်ပြည့်ဝဝ အသုံးပြုနေပေသေးသည်။ သက္ကရာစ် ၂ဝ၃ဝ နှောင်းပိုင်းတွင် လူနှင့်ရေ ဆက်နွယ်မှုများ ပိုမိုကျဆင်းလာပေမည်။

၂၁ ရာစုအတွင်းနှင့် နှောင်းပိုင်းကာလများတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ ကမ္ဘာကြီး ပိုမိုပူနွေးလာမှုကြောင့် ရေအရင်းအမြစ်များကို များစွာထိခိုက်ပျက်စီးစေမည်ဖြစ်သည်။ ဤသို့ ဖြစ်ပျက်လာနိုင်စေခြင်းသည် လူနှင့်ရေ ဆက်နွယ်နေမှု ကို ကောင်းကျိုးမဟုတ်၊ ဆိုးကျိုးသာဖြစ်စေမည်။



မြန်မာနိုင်ငံတွင် နှစ်စဉ်သုံးစွဲနိုင်သော မြေပေါ်ရေအရင်းအမြစ် ကုဗကီလိုမီတာပေါင်း (၁ဝ၈၂) နှင့် မြေအောက်ရေအရင်း အမြစ် ကုဗကီလိုမီတာပေါင်း (၄၉၅) ရှိပါသည်။ မြေပေါ်မြေအောက် စုစုပေါင်း ရေအရင်းအမြစ်ပမာဏ (၁၅၇၇) ကုဗကီလို မီတာ၊ နှစ်စဉ် ပြည်တွင်းပြန်လည်ဖြည့်တင်းပေးနိုင်သည့် ရေပမာဏ (၈၈ဝ.၆ဝ) ကုဗကီလိုမီတာ၊ နှစ်စဉ်ထုတ်လုပ်ပေးသည့် မြေအောက်ရေပမာဏ (၁၅၆) ကုဗကီလိုမီတာ၊ နှစ်စဉ်ထုတ်လုပ်ပေးသည့် မြေပေါ်ရေပမာဏ (၈၇၆.၆ဝ) ကုဗကီလိုမီတာ၊ မြေပေါ်ရေ၊ မြေအောက်ရေ ဆက်စပ်နေသည့်ကဏ္ဍတွင် နှစ်စဉ်ရေပြန်လည်ဖြည့်တင်းပေးနိုင်မှု (၁၅ဝ) ကုဗကီလိုမီတာ၊ ရေအရင်းအမြစ်စုစုပေါင်း၏ နှစ်စဉ်ပြန်လည်ဖြည့်တင်ပေးနိုင်မှုပမာဏ (၁ဝ၄၅.၆ဝ) ကုဗမီတာဖြစ်ပါသည်။

စိုက်ပျိုးရေးအတွက် ရေအသုံးပြုမှုမှာ (၃ဝ) ကုဗကီလိုမီတာခန့်နှင့်စက်ရုံအလုပ်ရုံနှင့် အများပြည်သူတို့၏ သောက်သုံးရေမှာ (၃) ကုဗကီလိုမီတာခန့်ရှိသဖြင့်မြေပေါ်ရေသုံးစွဲနိုင်မှုပမာဏ၏ (၁ဝ) ရာခိုင်နှုန်းအောက်တွင်သာရှိပါသည်။ မြေအောက်ရေ ၏ (၁ဝ) ရာခိုင်နှုန်းခန့်သာ အိမ်သုံး၊ သောက်သုံးရေအဖြစ် အသုံးပြုကြပြီး စိုက်ပျိုးရေအတွက် (၅) ရာခိုင်နှုန်းသာ အသုံးပြု သည်။ မြန်မာနိုင်ငံ လူထုအပြုရန် ရေအရင်းအမြစ် (မြေပေါ်၊မြေအောက်) များစွာရှိနေပါသေးသည်။

မြန်မာနိုင်ငံတွင် လူနှင့် ရေဆက်နွယ်၊ ဆက်သွယ်မှု ပိုမိုကောင်းမွန်ရေးကို အကျိုးပြုစေမည့် ရေအကျိုးဆယ်ပါး (ဆုမတောင်း ပဲရရှိနိုင်သည့် အကျိုးကျေးဇူး) မြဲရနေမည့်ဟု သိရှိခံယူထားသော ဝိသေတများမှာ ...

၁။ အာယဝါ (အသက်ရှည်ခြင်း)    
၂။ ဝဏ္ဏဝါ (အဆင်းလှခြင်း)    
၃။ ဗလဝါ (ခွန်အားကြီးမားခြင်း)
၎။ ဓိယော (ဉာဏ်ပညာကြီးခြင်း)    
၅။ လသဝါ (အချွေအရံပေါများခြင်း)
၆။ သုခိ (ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း)    
၇။ အပဓိကော (သူတပါးတို့ ရိုသေလေးစားခြင်း)        
၈။ နမိသဝိယေါဂေါ (ချစ်ခင်သူနှင့် မကွဲမကွာနေထိုင်ရခြင်း)
၉။ အနပဒ္ဒဝါ (ဘေးရန်အန္တရာယ်ကင်းခြင်း/စင်ကြယ်ခြင်း)
၁ဝ။ ဓိကောဝိရော (လွန်ကဲသောဝရိယရှိခြင်း/ ဆာလောင်မွတ်သိပ်မှုကင်းကွာခြင်း)

သန့်ရှင်းကောင်းမွန်သောရေသည် လူသားအားလုံး၏ ကျန်မာရေးနှင့် သန့်ရှင်းသောပတ်ဝန်းကျင်အတွက် အရေးကြီးသော၊ တန်ဘိုးရှိသော လာဘ်တပါးဖြစ်ပါသည်။ စိတ်ချစွာ သောက်သုံးနိုင်သောရေနှင့် သန့်စင်သောလေ ရရှိရေးသည် လူသား အားလုံးအတွက် မွေးရာပါ ရပိုင်ခွင့်ဖြစ်ပါသည်။


မေငြိမ်း ● အရင်အတိုင်းပဲလား ရန်ကုန်

$
0
0
မေငြိမ်း ● အရင်အတိုင်းပဲလား ရန်ကုန်
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂ဝ၁၇

ရန်ကုန်ဟာ ကျမရဲ့မွေးရပ်မြေ...။ စည်ကားတဲ့လမ်းတွေပေါ် မက်မက်မောမော လျှောက်ခဲ့တာပဲ။ မြို့လယ်ခေါင်ကစ ဆင် ခြေဖုံးမြို့သစ်တွေဆီအထိ ချစ်ခဲ့တာပါပဲ။ ပြီးတော့ ကျောင်းတက်ခဲ့ရာ ရန်ကုန်တက္ကသိုလ်ဝင်း၊ ဆရာမလုပ်ခဲ့ရာ လှိုင်တက္က သိုလ်၊ နေခဲ့ဖူးတဲ့ စက်မှုတက္ကသိုလ်ဝင်း အားလုံးဟာ စွဲလမ်းစရာ..။ ဒီလိုပါပဲ ဘယ်သူမဆို ကိုယ့်ဇာတိမြေကို ရှာကြံ စွဲလမ်းကြမှာပါပဲနော်။

ရန်ကုန်ရဲ့ဘဝထဲ မွန်းကျပ်မှုတွေ ဘယ်အချိန်လောက်က စရောက်လာခဲ့သလဲ မမှတ်မိချင်တော့။ သတိထားမိတဲ့ အချိန် မှာတော့ အုံ့မှိုင်းမှောင်ဝေနေတဲ့ နိမိတ်ပုံကို တွေ့လိုက်ရပြီ။ ရပ်တည်ရာ ဘဝအခန်းကျဉ်းလေးတောင် မှောင်လို့ ...။

"ငါ့အခန်းလေးထဲမှာ အလင်းတန်းများ ပျောက်ကွယ် ...
ကြာလာရင် အမှောင်နဲ့ နေသားကျတော့မယ် ...
ငါ့အခန်းထဲကနေ အပြင်ကို ထွက်...
ရန်ကုန်မြို့ကြီးလည်း ငါ့အတိုင်းပဲ ..."

စာသင်ခန်းထဲက တပည့်တွေမျက်လုံးက အေးစက်မှောင်မိုက် ...။ သူတို့က ပညာရချင်တာမဟုတ်ဘဲ ဘွဲ့တခုသာ ရချင်ကြ တာတဲ့။ ဒါဟာ တန်ဖိုးမဟုတ်ဘူးလို့ ကျမပြောတဲ့အခါ သူတို့က လက်မခံချင်ကြ။ စာမေးပွဲအဖြေလွှာပေါ်မှာ မေးခွန်းတွေ ချည်း ရေးကူးပေးလိုက်တဲ့ကျောင်းသားလည်း စာမေးပွဲအောင်တဲ့ ခေတ်တစ်ခေတ်ကို ကျမ တက္ကသိုလ်ဆရာမဘဝမှာ ဖြတ် ခဲ့ရဖူးပါတယ်။

နဝဒေးရဲ့ကဗျာဖြေခိုင်းတာကို နတ်သျှင်နောင် ကဗျာရေးထည့်ထားလည်း စာမေးပွဲအောင်ပါတယ်။ အင်္ဂလိပ်-မြန်မာ ပထမ စစ်အကြောင်းမေးတာကို ဒိုင်အာခီအုပ်ချုပ်ရေးပဲရလို့ ဖြေခဲ့တယ်ဆိုတဲ့သူကိုလည်း အအောင်ပေးရမယ်တဲ့။ အဲဒီတချိန် အသေအချာ ရှိခဲ့တယ်။ အထူးသဖြင့် ရန်ကုန်မှာ…။

နောက်တော့ အောင်စာရင်းထွက်တဲ့အခါ မဖြေနိုင်ခဲ့တဲ့ကျောင်းသားတွေက အောင်စာရင်းပေါ်က သူတို့နာမည်တွေကို အော်ဖတ်ပြီး ဆရာမတွေရှေ့မှာ လှောင်တောင်တောင် ရယ်ကြ။ အဲဒီအခါ ကျမရဲ့ ကိုယ်ပိုင်အခန်းလေးက မှောင်အတိကျ..။ ကိုယ့်ရဲ့ဆရာမဘဝထဲ.. ရှက်ရွံ့ကြေကွဲလာ..။ ဒါဖြင့် ကျမရဲ့ နံဘေးဝန်းကျင်မှာကော ..။

ကျူရှင်တဝိုင်း (xx) သိန်း...၊ ရုံးတွေမှာလည်း အဆင်ပြေချင်ရင် (xx) သိန်း..၊ ဆေးရုံမှာလည်း (xx) သိန်းလောက်တော့ ပေး..။ ဘာပဲ မဟုတ်တာ လုပ်လုပ်ရတယ်.. ပေး (xx) သိန်း ..။ ဒီလိုနဲ့ အမှောင်ထုက တဖြည်းဖြည်းသိပ်သည်း ကြီးစိုးလာခဲ့။
ရိုးသား ကြိုးစားမှုက ထမင်းလာမကျွေးဘူးဆိုပဲ..။ အဲဒီအခါ ကျမကိုယ်တိုင် အမှောင်နဲ့ကျင့်သားရမှာ ကြောက်လာခဲ့။
+++++

"ငါ့အတ္တကို အိတ်နဲ့ ထုပ်လိုက်တယ်...
လူမမြင်အောင် ယူကာ အမှိုက်ပုံးလေးထဲထည့်...
ကွဲသွားတဲ့ ငါ့ရင်ခုန်သံတွေ ပြန့်ကျဲ...
ရန်ကုန်မြို့ကြီးးလည်း ဒီအတိုင်းပဲ ..."

ရိုးသားဖို့ ကြိုးစားတဲ့အခါ ဘဝထဲမှာ ရေဆာရတာ .. ထမင်းဆာရတာတွေ များလာတယ်။ ကျောင်းသားတွေက "ရော့ ဆရာမ .. ကျူရှင်လခ"လို့ ခပ်ပြုံးပြုံးပေးတဲ့အခါတွေမှာ အတ္တက တကယ်ပဲ အမှိုက်ပုံးထဲ ရောက် ရောက် သွားခဲ့တယ်။ ရှက်စရာကောင်းလိုက်တဲ့ဘဝလို့ ခံစားရတဲ့အခါ အမှောင်ထဲ တိတ်တဆိတ်ကြေကွဲ...။

အတ္တတခုလုံး အမှိုက်ပုံးထဲ ရောက်သွားချိန်မှာ လူကတော့ စိန်ရောင်ရွှေရောင် ပြိုးပြိုးပြက်ပြက် လက်ပ.. လို့၊ ရန်ကုန်မြို့ကြီးရဲ့ လမ်းတွေပေါ် ပပလွှားလွှား လျှောက်ခဲ့.. ။ ကဲ... အဲဒါကကော တကယ်ပဲ ကျေနပ်ဝင့်ကြွားစရာလား။ (ရင်ထဲမှာတော့ တိတ် တိတ် အသည်းကွဲနေခဲ့ရတာ ကိုယ်သာအသိဆုံးပေါ့)
+++++

"ငါ အချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်...
တမင်တကာ ကာရံထား...
ဒီတံတိုင်းများ ခြားရင်းနဲ့...
ဘဝရဲ့ ထွက်ပေါက်အဖြေမှန်ကို ရှာဆဲပဲ...
ရန်ကုန်မြို့ကြီးလည်း နာဖျားဆဲ..."

နှစ်လေးဆယ်..။ ရန်ကုန်မြို့ကြီးဆီမှာ မွန်းကျပ်လွန်းလို့ဆိုပြီးတော့ ..သူ့ဆီကနေ မကြာခဏ ခွာခွာပြီး မြန်မာပြည်တနံတ လျား.. သွားသွားလာလာ..လည်လည်ပတ်ပတ်။ အိမ်ပြင် ခဏဘဝထဲ ပျော်ပျော်ပိုက်ပိုက်နေခဲ့။ ပြီးတော့လည်း အချိန်တန်ရင် အိမ်ရှိရာ ရန်ကုန်မြို့ကြီးဆီကို ပြန်..။ ကိုယ့်အခန်းကျဉ်းလေးဆီကို ပြန်..။ ဘဝကျဉ်းမှောင်မှောင်လေးဆီ ပြန်..။ ခပ်မှိန်မှိန် အပြုံးတွေဆီကို ပြန်...။ ကျပ်ကျပ်သိပ်သိပ် ရယ်သံတွေရှိရာ ပလက်ဖောင်းတွေဆီကို ပြန် ..။
+++++

"ငါအချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်...
အိမ်အပြင်မှာ လုံခြုံလည်း အိမ်ထဲက နှင်းကျတယ်...
ဘဝရဲ့ ထွက်ပေါက် အဖြေမှန်ကို ရှာဆဲပဲ...
ရန်ကုန်မြို့ကြီးလည်း အရင်အတိုင်းပဲ.."

ဘာပဲဖြစ်ဖြစ် ရန်ကုန်ကို စနစ်တကျ ခင်းကျင်းပေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။ တကယ့်အလှဆိုတာနဲ့ ချစ်ခြင်းမေတ္တာ စေတနာဆို တာတွေကသာ လောကကို အလှဆင်နိုင်မယ်ဆိုတာကို လူငယ်မျိုးဆက်တွေ နားလည်လက်ခံဖို့ ပြင်ဆင်ပြသခဲ့ဖူးပါ တယ်။ ဗင်ဂိုးက ချစ်ခြင်းမေတ္တာအတွက် နားရွက်ဖြတ်ခဲ့တာဟာ လှောင်ပြောင်ရယ်မောစရာ မဟုတ်တဲ့အကြောင်း..၊ မြို့မငြိမ်းက လူတွေက သူ့ဦးနှောက်နဲ့ မတန်တော့ဘူးလို့ ခံစားရတာကြောင့်ပဲ ပြေးလာတဲ့ကားအောက် ခေါင်းထိုးထည့်ခဲ့လေသလား ဆိုတာတွေ တွေးပြီး အနုပညာရှင်ရဲ့တန်ဖိုးကို နားလည်သင့်တဲ့အကြောင်း...၊ ရိုးသားလို့ ဆင်းရဲရတာဟာ နှာခေါင်းရှုံ့စရာ မဟုတ်တဲ့အပြင် ထုတ်ဖော်ချီးကျူးဖို့တောင် လိုတယ်ဆိုတဲ့အကြောင်း..။ ကောက်ကျစ်ယုတ်မာမှုကို ကိုယ်တိုင်မပြုပေမဲ့ ဒီအတိုင်းလက်ပိုက်ကြည့်နေတာဟာလည်း အလိုတူရာရောက်ကြောင်း..၊ "ပြည်သူဟာ ကိုယ်နဲ့တန်တဲ့အစိုးရကိုပဲ ရတယ်"ဆိုတဲ့စကားအတွက် 'ဒီနေ့လူငယ်တွေမှာ တာဝန်ရှိတယ်ဆိုတဲ့အကြောင်းတွေ... အများကြီး ပြောပြီးတဲ့နောက်မှာတော့ ရယ်သွမ်းသွေးသံတွေကြားထဲက ထွက်ပြေးခဲ့ရ။ အဲဒီအခါ လက်တွေ့ဘဝ အိမ်ခန်းကျဉ်းလေးထဲမှာ နှင်းမုန်တိုင်းတွေ သည်း သည်းကျ ... ။
+++++

"လူတိုင်းကမင်းကို ချစ်တော့ချစ်ကြမယ်...
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်...
မင်းအပြစ်မဟုတ်ခဲ့တာ ငါတို့နားလည်...
ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့..."

ကျမကိုယ်တိုင်တောင် ရန်ကုန်မြို့ကြီးက စိတ်ပျက်စရာလို့ ညည်းညူငြိုငြင်ဖူးခဲ့ပါတယ်။ ကြည့်ပါဦး  ကျမလည်း သူ့အပေါ်မှာ ရက်စက်စော်ကားခဲ့တာပဲ။ တကယ်မှာတော့ သူ့ခမျာက လူတကာ ပြုသမျှ နုရသူ။ ဗိုလ်အောင်ကျော်၊ ဗိုလ်ချုပ်တို့ သွေးတွေ ပေကျံခဲ့ရရှာတာလည်း သူ..။ ၆၂ သွေးတွေလည်း သူ့ဆီမှာပဲ ကျခဲ့။ ၇၄-၇၆ သွေးတွေချွေးတွေလည်း သူ့ဆီမှာပဲ ကျခဲ့။ ရှစ် လေးလုံးသွေးတွေလည်း ...
ရွှေဝါရောင်သွေးတွေလည်း ပြည်သူတွေရဲ့ဘဝထဲ ငတ်ရသမျှ မျက်ရည်တွေကလည်း သူ့ဆီမှာပဲ ကျခဲ့..။ တော်လှန်သွေးတွေ လည်း သူ့အပေါ်မှာပဲ ကျခဲ့။ ဒီလောက်ပုန်ကန်တဲ့မြို့ ပျက်သွားအောင် ပစ်ထားလိုက်ကြစမ်းဆိုတဲ့ အာဏာရူးတွေရဲ့ အမုန်း ကလည်း သူ့အပေါ်မှာပဲ ကျရောက်ခဲ့။ နောက်ဆုံး ကိုယ်တိုင်တောင် သူ့အပေါ် အပြစ်ပုံချလို့ စွန့်ခွာထွက်ပြေးခဲ့။
+++++

သစ်ပင်အကျိုးအကြေတွေ၊ ယင်တလောင်းလောင်း အမှိုက်ပုံတွေ၊ အလုပ်လက်မဲ့ လေလွင့်လူငယ်လေးတွေ၊ ကလေးအလုပ် သမားလေးတွေ၊ ထမင်းငတ်နေတဲ့ သက်ကြီးရွယ်အိုတွေ၊ ခိုးစား လုစားနေရတဲ့ ဝန်ထမ်းတွေ၊ စနစ်တကျ အဖျက်ဆီးခံခဲ့ကြရ လို့ စိတ်ဓာတ်ကျိုးကျေနေရှာတဲ့မြို့ကြီးသူ မြို့ကြီးသားတွေ၊ မိဘ ဆရာ အဿပြာပူးပေါင်း ကလေးပညာကောင်း ဆိုသလို ပိုက်ဆံကိုပဲ မျက်စေ့စုံမှိတ် ကြည့်နေရလို့ အနန္တောအနန္တ ငါးပါးဆိုတဲ့နေရာမှာ အထိုင်ရခက်နေတဲ့ ဆရာတွေ၊ စိတ်ညစ်သမျှ ဒါချလိုက်ရင် မေ့တယ်ဆိုတဲ့ စိတ်ကြွဆေးပြားတွေ၊ ပါတီမှာ ဘာကျွေးမှာလဲ.. ထုံးစံအတိုင်း ကြယ်သီးပေါ့..တဲ့။ ကြယ်သီး ညတွေထဲမှာ ဘဝဆိုတာ ပျော်စရာ.. ခေါင်းလေးတခါခါနဲ့ ငြိမ့်လို့ဆိုပဲ..။ လူစုလိုက်ပါ။ ၁ဝ ယောက်ပြည့်ရင် တစ်ဝိုင်းစာ လုပ်ပေးမယ်ဆိုတဲ့ ကိုယ်လုံးတီး မြန်မာမပြပွဲတွေ..။'အကို ကျမကိုခေါ်ပါ ဈေးဦးမပေါက်သေးလို့ပါ.. လျှော့ပေးပါ့မယ်'ဆို တဲ့ ဈေးရောင်းပွဲတွေ..။ လက်ဘက်ရည်ဆိုင်ထိုင်သလို ဘီယာဆိုင်ထိုင်တာလည်း ယဉ်ကျေးမှုပဲလား။ KTV ဆိုတာ သီချင်း ဂီတ ဝါသနာပါသူတွေ .. အပန်းဖြေ စိတ်ပြေသီချင်းတွေ ဆိုဖို့ပဲလား..။ ရိုးသားနေလို့ မရတဲ့ခေတ်ဗျ... မရူးစမ်းပါနဲ့ .. ဆိုတာ တွေ။ ကမ္ဘာမီးလောင် သားကောင်ချနင်း.. ဆိုတာတွေ။ တော်ပါသေးရဲ့..၊ သမီးလေးက လှလို့.. ကျမတို့ အသက်ရှူ ချောင်နေတာ.. သမီးရဲ့ 'စပွန်စာ'က မဆိုးဘူး ဆိုတာတွေ။ အဲဒါတွေကို ရန်ကုန်မြို့ကြီးက ရွက်ထားရတာ။ သူ့ခမျာလည်း နံစော်ပေပွလို့..၊ ရီဝေမူးယစ်လို့..၊ နာကျင်ကြေမွလို့ ရှိနေရှာမှာ..။
+++++

လောလောဆယ်မှာတော့ ဘာမှမတတ်နိုင်သေးတဲ့ဘဝတွေ..။ တွေ့နေရဆဲ..။ ကျမ မွေးဖွားခဲ့... ကြီးပြင်းနေထိုင်ခဲ့... စွန့်ပစ် ထွက်ပြေးခဲ့တဲ့ ရန်ကုန်..။ သူ့ဘဝ မိတ်ကပ်ရောင်လေးတွေ နည်းနည်းပြောင်း.. သာတောင့်သာယာသလို ရယ်သံလေးတွေ ကြိုကြား ကြိုကြား စွက်လို့..။ ခုရော .. တကယ် ပျော်နေရပြီလား ရန်ကုန်ရေ…။

"လူတိုင်းကမင်းကို ချစ်တော့ချစ်ကြမယ်...
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်...
မင်းအပြစ်မဟုတ်ခဲ့တာ ငါတို့ နားလည်...
ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့..."
++++

ကျားပေါက်ရဲ့ “အရင်အတိုင်း ရန်ကုန်” ဆိုတဲ့ အဲဒီသီချင်းလေးက လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတည်းက ကျမကို ဆွဲဆောင် ခဲ့တယ်.. ကျမထားပစ်ခဲ့တဲ့ ရန်ကုန်ကို ကျမစိတ်ထဲ ပြန်ရောက်အောင် ဒီသီချင်းလေးက ပစ်ထည့်ခဲ့တယ်။ ကျားပေါက်က ဘယ်လို ခံစားချက်နဲ့ဆိုခဲ့တယ် မသိနိုင်ပေမဲ့ ခံစားသူတွေဘက်ကတော့ ကိုယ့်အမြင် အတွေးနဲ့ ခံစားမြဲမဟုတ်လား..။

ခုဆိုရင်ပဲ ဒီသီချင်းလေးတောင် ဆယ်စုနှစ်တစ်ခု ချဉ်းခဲ့ပြီ။ ရန်ကုန်မြို့ကြီး ပြန်အဆင်ပြေပြီလား .. ဒါမှမဟုတ်… ငိုနေရဆဲ လား… ဆိုတဲ့ မေးခွန်းကတော့ ကျမရင်ထဲမှာ ခုထိ ခုန်ပေါက်နေဆဲ…။

၃၁ သြဂုတ် ၂ဝ၁၇

ဇင်လင်း ● ပွင့်လင်းမြင်သာမှု တာဝန်ခံမှုရှိမှ စီးပွားရေး တည်ငြိမ်တိုးတက်မည်

$
0
0
ဇင်လင်း ● ပွင့်လင်းမြင်သာမှု တာဝန်ခံမှုရှိမှ စီးပွားရေး တည်ငြိမ်တိုးတက်မည်
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၇

လွန်ခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့က Roland Berger အတိုင်ပင်ခံလုပ်ငန်းနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ စီးပွားရေးစစ်တမ်းတခုထုတ်ပြန်ခဲ့ရာတွင် ယခုနှစ်အတွင်း စီးပွားရေး လုပ် ငန်းရှင်များ မြန်မာ့စီးပွားရေးအပေါ် ယုံကြည်မှု အကြီးအကျယ်ကျဆင်းသွားသည်ဟု ဖော်ပြခဲ့သည်။ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် NLD အစိုးရကို လူထုက မျှော်လင့်ချက်ကြီးစွာဖြင့် နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်နိုင်ရန် မဲပေး ခဲ့ပြီး၊ ၂ နှစ်အကြာတွင် လူမှုစီးပွားရေးဘဝ အခြေအနေ သိသာစွာ တိုးတက်လာခြင်း မရှိဟု ဝေဖန်သံများ ထွက်ပေါ်နေသည်။ ထို့ကြောင့် စီးပွားရေးပညာရှင်များက ရှင်းလင်းသော မူဝါဒများ ချမှတ်နိုင်ခြင်း မရှိဘဲ တုန့်ဆိုင်း တွန့်ဆုတ်မှုများ ရှိနေခြင်းက ပြည်သူလူထုကို စိတ်ပျက်လာစေကြောင်း ထောက်ပြကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI နှင့် Roland Berger မဟာဗျူဟာ အတိုင်ပင်ခံ ကုမ္ပဏီ တို့၏ စစ်တမ်းကောက်ခံချက် (Myanmar Business Survey 2017) အရ မြန်မာ့ ရေတိုစီးပွားရေးလုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ၂ဝ၁၆ ခုနှစ်က ၇၃ ရာနှုန်းရှိခဲ့ရာမှ၊ ၂ဝ၁၇ ခုနှစ်တွင် ၄၉ ရာနှုန်းအထိ ကျဆင်း သွားခဲ့သည်ဟု ဖေါ်ပြထားသည်။ ပြည်တွင်း လုပ်ငန်းရှင်များနှင့် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသူ စုစုပေါင်း လုပ်ငန်းရှင် ၅ဝဝ ခန့်၏ သဘောထားအမြင်များကို မေးမြန်းခဲ့ရာတွင်၊ ရှင်းလင်းပြတ်သားသော စီးပွားရေး မူဝါဒနှင့် လုပ်ငန်းစဉ် ကင်းမဲ့နေသဖြင့် လုပ်ငန်းဆိုင်ရာ ယုံကြည်မှု ထိုးစိုက်ကျဆင်းသွားခဲ့ရသည်ဟု ဖေါ်ပြထားသည်။ ရှင်းလင်းတိကျသည့် ရည်မှန်းချက်များ၊ ထိုရည်မှန်းချက်များအတွက် အချိန်ဇယား၊ စီးပွားရေးတစ်ခုလုံး အမြန် အသွင်ပြောင်းလဲရေး အစီအစဉ် စသည်ဖြင့် ယခုထိ မရှိသေးဟု ပြောဆိုကြောင်း လည်း အစီရင်ခံစာ၌ ဖေါ်ပြထားသည်ဟု သိရသည်။

စီးပွားရေး ပညာရှင် ဒေါက်တာဦးမြင့်က မြန်မာ့ စီးပွားရေးအခြေအနေသည် နာမကျန်းဖြစ်နေသည်ဟု သုံးသပ်ပြခဲ့သည်။ ထို့ကြောင့် ထို နာမကျန်းသည့် စီးပွားရေးကိုကုသရန် ဆေးစစ်ရောဂါရှာ ဖွေပြီး ဆရာဝန်ညွှန်းသည့် ဆေးသောက်ဖို့ လို ကြောင်း ဝေဖန်ခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ တစ်ဦးချင်း ဂျီဒီပီမှာ ၁၃ဝဝ ခန့်ဖြစ်သည်ဟု ဆိုသည်။ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) က ၂ဝ၂ဝ -၂၁ အရောက်တွင် တစ်ဦးချင်း ဂျီဒီပီ ၁,၈၃၂ ဒေါ်လာ ဖြစ်မည်ဟုခန့်မှန်း ထားသည်။ လာအိုနိုင်ငံ၏ ၂ဝ၁၅ နိုင်ငံသားတစ်ဦးချင်း ဂျီဒီပီမှာ ၂,၁၅၉ ဒေါ်လာဖြစ်သည်။ ထို့ အပြင် လာအိုမှာ နောင်ငါးနှစ် တွင် ဆက်လက်တိုးတက်ဦးမည်ဖြစ်၍ IMF ခန့်မှန်းထားသည့်အတိုင်း တိုးတက်ခဲ့လျှင်ပင် လက်ရှိအစိုးရ သက်တမ်းအတွင်း လာအိုကိုအမှီ လိုက်နိုင်ရန် အလားအလာနည်း နေကြောင်း ဒေါက်တာဦးမြင့်က သုံးသပ်သွားသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် Small and medium-sized enterprises (SMEs) လုပ်ငန်းများ ဖွံ့ဖြိုးရေးအစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ သည် ၎င်းတို့အစိုးရ မျှော်မှန်းထားသလောက် တိုးတက်မှု မရှိခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်လျှက်ရှိသည်ဟု  နိုင်ငံတကာက သုံး သပ်ပြောဆိုမှုများရှိခဲ့သည်။ လူဦးရေ သန်း ၅ဝ ခန့်ရှိသော အရှေ့တောင်အာရှ မိသားစုဝင် မြန်မာနိုင်ငံသည် စစ်အာဏာ ရှင်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆီသို့ ကူးပြောင်းနိုင်ရန် ကြိုးပမ်းနေသည်။ ဗဟိုချုပ်ကိုင် စီးပွားရေးစနစ်မှ ဈေးကွက်အခြေပြု စီးပွားရေးစနစ်ဆီသို့ ကူးပြောင်းရန်လည်း စတင်နေသည်။ ထို့ပြင် ဆယ်စုနှစ်များစွာ ပြည်တွင်း စစ်ဖြစ်ပွား နေရာမှ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းဖြစ်စဉ်ဆီသို့ပြောင်းလဲရန်လည်း ဦးတည်နေသည်။ သို့သော် ရှေ့ခရီးတွင် စိန်ခေါ်မှု ပေါင်းများစွာက စောင့်ကြိုလျှက်ရှိသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ၏ ၂ဝ၁၅ ခုနှစ် ‘လူသားဖွံ့ဖြိုးမှုညွန်းကိန်း’ Human Development Index (HDI) အရ  မြန်မာနိုင်ငံအား အဆင့် ၁၄၈ သတ်မှတ်၍ ဖွံ့ဖြိုးမှုနည်းပါးနိုင်ငံစာရင်း၌ ထည့်သွင်းထားသည်။  အရှေ့တောင်အာရှ နိုင်ငံများ အနက် မြန်မာက အနိမ့်ဆုံးလည်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံ ၁၈၈ နိုင်ငံပါဝင်သော ၎င်းစာရင်းတွင်

၁။ ဖွံ့ဖြိုးမှု အလွန်မြင့်မားသောနိုင်ငံများ
၂။ ဖွံ့ဖြိုးမှုမြင့်မားနိုင်ငံများ
၃။ ဖွံ့ဖြိုးမှုအလယ်အလတ် နိုင်ငံများ
၎။ ဖွံ့ဖြိုးမှုနည်း ပါးနိုင်ငံများ ဟု အုပ်စု ၄ ခုခွဲထားသည်။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၏ နှစ်စဉ်ထုတ်ပြန်သည့်  HDI စာရင်းသည် နိုင်ငံအသီးသီး၏ လူ့သက်တမ်း၊ ပညာရေး လူနေမှု အဆင့်အတန်းများ အပေါ် မူတည်၍ တွက်ချက်ထားကြောင်း သိရသည်။ ၂ဝ၁၆ HDI စာရင်းအရ လူမှုဘဝ အမြင့် မားဆုံး နော်ဝေနိုင်ငံသားများ၏ ပျမ်းမျှလူ့သက်တမ်း ၈၂ နှစ်၊ ပျမ်းမျှတနှစ်ဝင်ငွေ  ဒေါ်လာ ၆ သောင်းခွဲဖြစ်သည်။ နော်ဝေ နိုင်ငံသားလူငယ်များ၏ ပျမ်းမျှပညာသင်ကြားခွင့် ကာလ ၁၈ နှစ်ဖြစ်သည်။ မြန်မာနိုင်ငံသားများ၏  ပျမ်းမျှ လူ့သက်တမ်း ၆၆ နှစ်၊ တနှစ်ဝင်ငွေက ဒေါ်လာ ၄၉၄၃ နှင့် လူငယ်များ ပျမ်းမျှ ပညာသင်ကြားကာလ ၉ နှစ်မျှသာ ရှိသည်။ မြန်မာ့ အိမ်နီး ချင်း ထိုင်းနိုင်ငံသားများ၏ ပျမ်းမျှ လူ့သက်တမ်း ၇၅နှစ်၊ တနှစ်ဝင်ငွေက ဒေါ်လာ ၁၄,၅ဝဝ-ကျော်၊ လူငယ်များ ပညာသင် ယူနိုင်သည့်ကာလ ၁၄ နှစ် ဖြစ်သည်။ နှိုင်းယှဉ်ကြည့်ပါက မြန်မာ့ ဖွံ့ဖြိုးမှု အဆင့် မည်သိုရှိသည်ကို သိနိုင်သည်။

၂ဝ၁၆ မေလ ၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida တို့တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးနောက်၊ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ  ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က စကားပြန်ကတဆင့် အောက်ပါအတိုင်း ပြောကြား ခဲ့ကြောင်း RFA သတင်းအရ သိခဲ့ရသည်။

"မြန်မာနိုင်ငံဟာ အထူးသဖြင့် မြန်မာအစိုးရသစ်အနေနဲ့ အလေးအနက်ထားပြီးတော့ဆောင်ရွက်နေရာတွင် အလုပ်အကိုင်၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံတည် ဆောက်ရေး၊ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေး၊ အစရှိတဲ့ ကဏ္ဍတွေမှာ အစွမ်းကုန်ထောက်ပံ့ကူညီသွား မှာဖြစ်ပါတယ်၊ ဒါအပြင့် မြန်မာပြည်သူ၊ ပြည်သားရော လုပ်ငန်းရှင်တွေပါ နှစ်ဖက်စလုံးက အကျိုး ခံစားနိုင်ရန် ညီညီညွတ်ညွတ်နဲ့ အတူတကွ လက်တွဲပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်"

သတင်းစာရှင်းလင်းပွဲ၌ ဂျပန်သတင်းထောက်တစ်ဦးက မြန်မာနိုင်ငံအပေါ် ဂျပန်နိုင်ငံ၏ ဆက်ဆံရေးနှင့်  အနောက်နိုင်ငံ များ၏ ဆက်ဆံရေး မတူညီမှုအပေါ် မည်သို့ထင်မြင်ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းခဲ့သည်။  ဂျပန် နိုင်ငံသူ နိုင်ငံသားများ၏ စေတနာ မေတ္တာကို အမြဲတမ်းတန်ဖိုးထားပြီး ကျေးဇူးတင်နေမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။ မြန်မာနိုင်ငံတွင် အစိုးရသစ်ဦးဆောင်လျှက်ရှိသော  ဒီမိုကရေစီ အသွင် ကူး ပြောင်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဂျပန်အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများက ပူးပေါင်းပါဝင်သွားမည်ဖြစ်ပြီး၊ နိုင်ငံတကာ စိန်ခေါ်မှုများကိုလည်း ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားကြရန် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် သဘောတူညီချက် ရရှိပြီးဖြစ်သည်ဟု  ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း သတင်းအရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး တည်ငြိမ်မှု မရှိ ဖြစ်နေရသည့် ကိစ္စနှင့်ပတ်သက်၍ ယေဘုယျသုံးသပ်ရလျှင် နိုင်ငံခြား အကူများရရှိရုံမျှဖြင့် ဖြေရှင်းနိုင်မည်ဟု မဟုတ်ဟု ယူဆမိသည်။ အဓိကအားဖြင့် ငွေမည်းများ အလုံးအရင်းနှင့် စီးဝင်နေသည့် လမ်းကြောင်းများကို ပိတ်ဆို့ဟန့်တား အရေးယူမှု မလုပ်နိုင်လျှင် ငွေကြေးဖေါင်းပွမှုနှုန်း မြင့်တက်လာ နေသည်ကို ထိန်းနိုင် မည်မဟုတ်။ မူးယစ်ဆေးဝါး၊ သစ်နှင့် ကျောက်စိမ်းစသော သယံဇာတ တရားမဝင် ရောင်းဝယ်နေမှု များ၊ လူကုန်ကူမှု များစသည့် လုပ်ငန်းများမှ ငွေမည်းအများစု စီးဝင်နေသည်။ အုပ်ချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကဏ္ဍ တာဝန်ရှိသူများက သစ္စာရှိရှိ လာဘ်မစားဘဲ အကူအညီပေးမှသာ ငွေမည်းထုထည်ကို လျှော့ချနိုင်မည်။ တရားဥပဒေ စိုးမိုးမှု ခိုင်မာအောင် လုပ်နိုင်မှသာ ငွေကြေးဖေါင်းပွမှုကို လျှော့ချနိုင်မည်။ အထူးသဖြင့် အကျင့်ပျက်ခြစားမှု (Corrupting) လျော့ပါးသွားအောင် မလုပ်နိုင်ခြင်း၊  အကျင့်ပျက်ဝန်ထမ်းများကို အရေးယူမှု လျော့ရဲခြင်း တို့ကြောင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်း တင်၍မရ ဖြစ်နေသည်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားပြီး ကုန်ဈေးနှုန်းမြင့်တက်ကာ စီးပွားရေးကျဆင်းနေသော အခြေအနေတွင် အစိုးရက အခွန် တိုးမြှင့် ကောက်ခံရန် လုပ်ဆောင်ခြင်းသည်လည်း လူလတ်တန်းစားများနှင့် အသေးစား အလတ်စား လုပ်ငန်းရှင်များအား ကြီးစွာ အခက်တွေ့စေသည်။ အစိုးရအနေဖြင့် အခွန်မဆောင်သူများ၊ အခွန်ရှောင်သူများထံမှ အခွန်ငွေ ရရှိအောင် စီမံ ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ပုံမှန်အခွန်ဆောင်သူ လက်လုပ်လက်စားပြည်သူများထံမှသာ အခွန် တိုးမြှင့် ကောက်ခံနေခြင်း သည် တိုင်းပြည်စီးပွားရေး တိုးတက်မှုကို နှေးကွေးစေမည်သာဖြစ်သည်။ အခွန်တိုးကောက်မည်ဆိုလျှင် အစိုးရအနေဖြင့် ပြည်သူ့အခွန်ဘဏ္ဍာထဲမှ လစာပေးထားရသော ပြည်သူ့ဝန်ထမ်းများ၏ ဝန်ဆောင်မှု ကောင်းမွန်လာစေရန် ကြိုတင် ပညာပေးဖို့လိုသည်။ အခွန်မှန်သမျှ သာမန် အလုပ်သမား လယ်သမား အသေးစား အလတ်စား လုပ် ငန်းရှင်များနှင့် ဆင်းရဲသားပြည်သူများကသာ ပေးဆောင်နေရပြီး၊ အိမ်ခြံမြေနှင့် မော်တော်ယာဉ်များကို လက်ဝါးကြီးအုပ် ဈေးကစား ရောင်းဝယ်နေသူများ၊ ရွှေနှင့် ဒေါ်လာဈေး ကစားနေသူများ၊ စက်ရုံ အလုပ်ရုံ လုပ်ငန်းရှင်ကြီးများက နည်းလမ်း အမျိုးမျိုး ဖြင့် အခွန်ရှောင်နေကြသည်။ ထိုသို့ စီးပွားရေး ကမောက်ကမ ဖြစ်အောင် ဝိသမလောဘဖြင့် စီးပွားရေး လုပ်နေသူများကို အစိုးရက ထိန်းချုပ်ရန် လုပ်ရမည့်အစား၊ ပြည်သူများအပေါ် အခွန်တိုးကောက်ခြင်းဖြင့် ဘဏ္ဍာရေးအခက်အခဲကို ဖြေရှင်း ရန်လုပ်လျှင်၊ သာမန် ဆင်းရဲသားပြည်သူနှင့် လစာနည်း ဝန်ထမ်းများသာ နစ်နာရပေလိမ့်မည်။

ထို့ကြောင့် အစိုးရအနေဖြင့် လူထုအပေါ် သင့်တင့်မျှတရုံသာ အခွန်ကောက်သင့်သည်။ ငွေမည်းစီးဆင်းမှု လက်သည်များ ကို အဂတိကင်းစွာ အမြန်ဆုံးဖေါ်ထုတ်အရေးယူခြင်းဖြင့် ငွေကြေးဖေါင်းပွမှုကို လျှော့ချဖို့ လိုသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အသီးသီးအနေဖြင့်လည်း ပြည်သူများအတွင်း ကွင်းဆင်း၍ ပြည်သူ့အသံနားထောင်ကာ ပြည်သူတို့၏ စီးပွားရေးအကျပ်အတည်းကို မည်သို့လျော့ပါးအောင် လုပ်ဆောင်ပေးနိုင်မည်နည်း ဆိုသည်ကို ကြံဆသင့်သည်။ အထူး သဖြင့် အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် အကျင့်ပျက်ခြစားမှု (Corrupting) တိုက်ဖျက်ရေးကို ဦးစားပေးကာ ထိထိရောက်ရောက် လုပ်သင့်သည်။ တရားစီရင်ရေးနှင့် ရဲလုပ်ငန်းတာဝန် ဆောင်ရွက်မှုအပိုင်းတွင် ပိုမို မြင်သာထင်သာရှိ လာရေးလည်း စီးပွားရေးမြှင့်တင်ရာတွင် အရေးကြီးသည်။  အကျင့်ပျက် ဝန်ထမ်းများကို အရေးယူမှု လျော့ရဲခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကျဆင်းနေသည်ကိုလည်း သတိချပ်သင့်သည်။

ယင်း ပြည်တွင်းအခြေခံ အားနည်းချက်များကို ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ပါက၊ နိုင်ငံတကာမှ ပေးလာသည့် စီးပွားရေး အကူအညီများသည် သဲထဲရေသွန် ဖြစ် မည်။ နိုင်ငံတကာအကူအညီကြောင့် ထွက်ပေါ်လာမည့် စီးပွားရေး အကျိုးအမြတ် များကိုလည်း ပြည်သူတို့ မခံစားရဘဲ အကျင့်ပျက်ခြစားသူများနှင့် ဝိသမစီးပွားရေးလုပ်ငန်းရှင်ကြီးများကသာ ရယူခံစား သွားလိမ့်မည် ဖြစ်သည်။ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောက်လုပ်သော အဆောက်အအုံများကို အရည်အသွေးပြည့်မီခြင်း ရှိ/မရှိ၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အထူးဂရုပြုစောင့်ကြည့်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော် ကိုယ်စားလှယ်များအား အောက်တိုဘာ ၂ဝ ရက်နေ့တွင် နှိုးဆော်ခဲ့ဖူးသည်။ လွှတ်တော်ဥက္ကဋ္ဌ၏ အထက်ပါ မှာကြားချက်ကို ထောက်ရှုပါက ယခင်နှစ်ပေါင်းများစွာက မြန်မာနိုင်ငံတွင် လမ်း တံတား ကျောင်း ဆေးရုံ အစိုးရရုံး အစရှိသည့် အဆောက်အအုံပေါင်းများစွာ ဘတ်ဂျက်ချထား သုံးစွဲခဲ့ရာတွင် အကျင့်ပျက်ခြစားမှု ကြောင့် အရည်အသွေး မပြည့်မီဘဲ အချိန်တိုအတွင်း ပျက်စီးခဲ့ရ၍ သဲထဲရေသွန်ဖြစ်ခဲ့ရသည်ကို သတိပြုသည်။

ပြည်သူ့ဘဏ္ဍာငွေကို ခန့်ခွဲသုံးစွဲရာတွင် ပြည်သူများ ပါဝင်စောင့်ကြည့်ခွင့် ရရှိအောင် အစိုးရက ဆောင်ရွက်ပေးသင့် သည်။ ပြည်သူပါဝင်ခွင့် မရစေရန် ကန့်သတ်ထားသည့် စနစ်များကြောင့် အကျင့်ပျက်ခြစားမှု ကြီးထွားခဲ့ခြင်းဖြစ်သည်။  တနည်း အားဖြင့်  ပွင့်လင်းမြင်သာမှု၊ (Transparency) နှင့် တာဝန်ယူမှု တာဝန်ခံမှု (Accountability) ကို ကျင့်သုံးခြင်း အားနည်းလွန်း သဖြင့် အကျင့်ပျက်ခြစားမှု နေရာရနေခြင်းဖြစ်သည်။  ဆန်းစစ်ကြည့်လျှင် အစိုးရအပါအဝင် အင်အားစု အသီးသီး၊ အဖွဲ့အ စည်း ပါတီအသီးသီးတွင် အဓိကတာဝန်ရှိကြသော ပုဂ္ဂိုလ်များအနေဖြင့် ပွင့်လင်းမြင်သာမှု (Transparency) ရှိရှိ အလုပ်တာ ဝန် ဆောင်ရွက်မှုအပိုင်း အားနည်းနေသေးသည်။ ထို့ကြောင့် မိမိတို့ ဦးဆောင်နေသော လုပ်ငန်းကဏ္ဍအသီးသီးနှင့်ပတ်သက်၍ ပြည်သူအား တာဝန်ယူမှု တာဝန်ခံမှု ကျင့်စဉ်ကို ကျင့်သုံးကြစေလိုသည်။ ထိုသို့ စီးပွားရေး တည်ငြိမ်မှုရရှိစေရေးအတွက် ပွင့်လင်းမြင်သာစွာ တာဝန်ယူရန် ပျက်ကွက်ကြပါက၊ နိုင်ငံရေး မတည်မငြိမ်အောင် ဖန်တီးလိုသူများအား အခွင့်အရေး ပေးရာရောက်သွားနိုင်သည်။ ထိုအချက်ကို အစိုးရအဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အထူး နိုင်ငံရေးသတိ ရှိစေလိုကြောင်း နှိုးဆော်အပ်ပါသည်။။။

*[ဒီလှိုင်းဂျာနယ်၊ အတွဲ (၆)၊ အမှတ် (၅ဝ)၊ တနင်္လာနေ့၊ ၂၅-၁၂-၂ဝ၁၇ ၌ ဖေါ်ပြခဲ့သည့် ဆောင်းပါး]

ကိုဂျေ ● ကျနော်ချစ်တဲ့ ပန်းချီဆရာဝသုန်

$
0
0
ကိုဂျေ ● ကျနော်ချစ်တဲ့ ပန်းချီဆရာဝသုန်
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၇

“ကိုဝသုန် ရောက်နေတယ်” အိပ်နေဆဲ ကျနော့်ကို ဇနီးက ပြောတယ်။

အိပ်ယာက နိုးနိုးချင်း အိမ်ရှေ့မှာထိုင်စောင့်နေတဲ့ ကိုဝသုန်ကို အရင်ဆုံး နှုတ်ဆက်စကား ဆိုလိုက်တယ်။ “အစ်ကို ခဏ လေးနော်၊ ကျနော် မျက်နှာသစ်လိုက်ဦးမယ်”

“ကိုဂျေ မင်းမျက်နှာက သစ်လို့မရဘူး။ ဆေးလို့ပဲရတယ်” ဆိုပြီး ကိုဝသုန်က ပြောတတ်တယ်။ ပန်းချီဆရာတွေထဲမှာ စကား လုံး သုံးနှုန်းတာကို လေးလေးနက်နက်စဉ်းစားပြီးမှ အသုံးပြုသူတဦးလို့ သတိထားမိလာတယ်။

အိမ်ကိုရောက်လာတိုင်း မိတ္တူကူးမယ့် စာရွက်တွေ၊ ဒီဇိုင်းစာလုံးတွေ ရာခိုင်နှုန်းအလိုက် ချုံ့မယ့် ချဲ့မယ့် ကိစ္စတွေကို ကျနော့်ဇနီးကို သေချာမှာတတ်တယ်။ သူပြောတဲ့အတိုင်း အတိအကျ မဖြစ်မချင်း အကြိမ်ကြိမ် ခိုင်းတတ်တယ်။ သူခိုင်းသမျှ ကိုလဲ အိမ်က မငြီးမငြူလုပ်ပေးခဲ့တယ်။ တခါတရံဆို ဆိုင်မှာ မိတ္တူလာကူးတဲ့သူတွေက ဈေးဆစ်တာ၊ အလုပ်ကို ကြားဖြတ် လုပ်ခိုင်းတာတွေ တောင်းဆိုလာရင်၊ သူ့ရဲ့ အားလေးလျှာလေးသံကြီးနဲ့ “ဈေးဆစ်ချင်ရင် အပျော်တမ်းဆိုင်တွေဆီသွားပါ” “အရင်လိုချင်ရင် ကိုယ့်လိုပဲ စောစောရောက်အောင်လာပါ” ဆိုပြီး အလုပ်အပ်သူတွေနဲ့ ကိုဝသုန်နဲ့ စကားများတတ်တယ်။ အလုပ်အပ်တဲ့သူက “ခင်ဗျားက ဘာမို့ဝင်ပြောနေရတာလဲ"လို့ ကိုဝသုန်ကို ပြောတဲ့ အခါဆိုရင်တော့… ကိုဝသုန်က “မင်း ငါ့ အကြောင်း တကယ်သိချင်လား၊ ဘေဘီရေ… နင်အလုပ်ပြီးတဲ့အခါ ငါဘယ်သူဆိုတာ ဒီကမိတ်ဆွေကို ပြောပြလိုက်ပါဦး”လို့ သူနဲ့ စကားများတဲ့သူကိုမကြည့်ဘဲ ကျနော့်ဇနီးကို ပြောတတ်တယ်။

တဖက်လူက စကားပြောတာရင့်လာရင်..ကျနော်က သူဟာ ပန်းချီဝသုန်ဖြစ်ကြောင်း၊ သူ့အလုပ်တွေ လုပ်နေချိန်မှာ ကြား ဖြတ်ဝင်လုပ်တာမကြိုက်ကြောင်း အကျိုးအကြောင်း ဝင်ရှင်းရပါတယ်။ သူ့အကြောင်း ပြောနေတဲ့အချိန်မှာလဲ။ အာရုံစိုက်နား ထောင်ပြီး.. “ကိုဂျေ မင်းက ငါ့ကို ပန်းချီဆရာတယောက်အနေနဲ့ ဘာလို့ဝင်ရှင်းပြနေရတာလဲ၊ ဒီလိုလူမျိုးတွေနဲ့ တန်တဲ့ စကားလုံးရှိတယ်၊ ပြောပြလိုက်စမ်း” ဆိုပြီး ဝင်ပြောတတ်တယ်။ ဒီလိုပြောတာကတော့ သူ့ရဲ့ငယ်နာမည်ဟာ ခင်လှ ဖြစ် ကြောင်း၊ တချိန်က စိန်ဂေါ်လီဂိုဏ်းရဲ့ ခေါင်းဆောင်တယောက် ဖြစ်ကြောင်းကို ပြောခိုင်းတာပါ။ သူ အိမ်ကိုရောက်လာတိုင်းလဲ အိမ်နားက လက်ဖက်ရည်ဆိုင်မှာ အတူထိုင်ဖြစ်ပါတယ်။ သူဝတ္ထုတိုရေးဖြစ်တဲ့နေ့တွေဆိုရင်တော့ ညက ငါရေးတဲ့ ဝတ္ထုတို ကို မင်းဖတ်ချင်နေမယ်ဆိုတာ သိတယ်။ ရော့ “လေ့လာ” ဆိုပြီး သူရေးထားတဲ့ဝတ္ထုတိုကို ဖတ်ခိုင်းပါတယ်။ သူဟာ ပန်းချီ ရေးတာ၊ စာရေးတာကလွဲပြီး ကျန်တဲ့ကိစ္စကို ပြောလေ့မရှိပါဘူး။
xxxxx

၁၉၈၃ ခုနှစ်လောက်က ကိုဝသုန်ကို စတွေ့ဖူးတာပါ။ သူနဲ့ ဆုံခဲ့တဲ့ အိမ်ကတော့ မြောက်ဥက္ကလာပက ပန်းချီဦးညိုလှရဲ့ အိမ်မှာဖြစ်ပါတယ်။ အဲဒီအချိန်က ကိုဝသုန်ဟာ “လင်္ကာဒီပချစ်သူ” ရုပ်ပြကို ရေးနေတဲ့ အချိန်ဖြစ်ပါတယ်။ သူ့ရဲ့ လင်္ကာဒီပ ရုပ်ပြရေးလက်စ စာရွက်တွေကို ကြည့်ခွင့်ရခဲ့တယ်။ သူနဲ့ စကားပြောခွင့် ရခဲ့တယ်။ အဲဒီပြရုပ်ပြကို ရေးဖို့ ပုဂံခေတ်ယဉ်ကျေး မှုဆိုင်ရာ အဝတ်အစားတွေကို သူရှာဖွေစုစောင်းခဲ့ပုံတွေ၊ ဖန်တီးခဲ့ပုံတွေ၊ စာရေးဆရာ ကိုချစ်ဦညိုဆီက ဇာတ်လမ်းကို အခြေခံပြီး၊ သူကိုယ်တိုင် ဇာတ်ညွှန်းခွဲခဲ့တာတွေ၊ ဒီရုပ်ပြကို သူရေးနေတာ သုံးနှစ်ကျော်နေပြီ ဆိုတဲ့အကြောင်းတွေ ပြောပြ ခဲ့တယ်။

ပန်းချီဦးညိုလှ အိမ်ကစကားဝိုင်းလေးမှာ ကျနော်က မေးခွန်းတွေ တခုပြီးတခုမေးတာကို သူသေချာ နားထောင်ပြီး စိတ်ပါ လက်ပါ ပြန်ဖြေခဲ့ပါတယ်။ စကားဝိုင်းမဆုံးခင်မှာ သူက “ခင်ဗျားက ကျနော့်အကြောင်းတွေ အတော်သိပြီး၊ မေးခွန်းတွေ မေးနေပုံထောက်တော့ ဘယ်မဂ္ဂဇင်းမှာ ပြန်သုံးဖို့လဲ” လို့ မေးပါတယ်။ ဘယ်မဂ္ဂဇင်းမှာမှ သုံးမှာ မဟုတ်ကြောင်း၊ စိတ်ဝင် စားလို့ မေးတာဖြစ်ကြောင်းရှင်းပြပါတယ်။ ဦးညိုလှကလဲ ကျနော်ဟာ စာဖတ် စာရေးအလုပ်ကို ဝါသနာပါကြောင်း၊ ရုပ်ပြ ဇာတ်လမ်းတွေရေးနေကြောင်း ကိုဝသုန်ကို ပြောပြလိုက်ပါတယ်။ ဒီအချိန်ကစပြီး၊ ကိုဝသုန်နဲ့ကျနော် စတင် သိကျွမ်းခင်မင် ခွင့်ရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျတော်ဟာ မဂ္ဂဇင်းအယ်ဒီတာဘဝမှာကော၊ ထုတ်ဝေသူဘဝမှာပါ ကျင်လည်ခဲ့ပြီး၊ အရင်ကထက် ကိုဝသုန်နဲ့ ပိုပြီး ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။

စာပဲရေးရေး၊ ပန်းချီပဲရေးရေး စိတ်သန့်အောင်လုပ်ဖို့ လိုအပ်တယ်လို့ ကိုဝသုန်က ပြောတတ်တယ်။ စိတ်သန့်သန့်နဲ့ ဖန်တီး ထားတဲ့ အနုပညာရဲ့ရောင်ပြန်ဟပ်မှုဟာ ထာဝရတင့်တင်လှပတယ်လို့ ပြောတတ်ပါတယ်။ စာပဲရေးရေး ပန်းချီပဲရေးရေး ရှဲဒိုးဆိုတဲ့ အသုံးအနှုန်းကို သူအလွန် မုန်းတယ်လို့ ဆိုပါတယ်။ တခါက ရုပ်ရှင်မင်းသား ဦးကျော်ဟိန်းနဲ့ သူ့ကြားထဲမှာ ပြဿနာတခု ဖြစ်ခဲ့ကြောင်း၊ ပိုစတာတခု ရေးဖို့ သူ့ကို အလုပ်အပ်ကြောင်း၊ ဦးကျော်ဟိန်းက ပိုစတာဘယ်လိုရေးမယ်ဆိုတာကို အိုင်ဒီယာ၊ ကိုဝသုန်ကို ပန်းချီဆရာ တာဝန်ယူပေးဖို့ ဆွေးနွေးခဲ့ဖူးကြောင်း၊ ပိုစတာမှာ စာတမ်းထိုးတဲ့အခါမှာလဲ အိုင်ဒီယာက ကျော်ဟိန်း၊ ပန်းချီဆရာက ဝသုန်ဆိုတဲ့စာတမ်းကို ထိုးချင်တဲ့အကြောင်း တိုင်ပင်လာတယ်။ “ကိုကျော်ဟိန်းကို ပြောလိုက် တယ်။ ခင်ဗျား အလုပ်အပ်တာ လူမှားနေပြီလို့” ကိုယ်ပြောတဲ့စကားကို ဒီလူ နားလည် မလည် မသိဘူးလို့လဲ ကိုဝသုန်က ပြန်ပြောပြပါတယ်။ ရုပ်ရှင်ကို စော်ကားတာတော့ မဟုတ်ပါဘူး။ ဝသုန် မင်းသားဖြစ်ချင်ရင် ကြိုးစားပြမယ်။ ဖြစ်ကိုဖြစ်ရမယ်။ ပန်းချီဆရာတယောက် ဘဝကိုရဖို့ဆိုတာ ကိုယ်အခုထိ ကြိုးစားရှာဖွေနေရတုန်းလို့ ကိုဝသုန်က သူ့ခံယူချက်ကို ပြောခဲ့ တယ်။

ကိုဂျေ
ဒီ ၂၅၊ ၂ဝ၁၇
ခရစ္စမတ်နေ့က ကိုဝသုန်အကြောင်းတွေ ပြန်စဉ်းစားရင်း ဒီစာကိုရေးဖြစ်တယ်။ အချိန်ရရင် ရေးချင်သေးတယ်။

မောင်လူရေး - အဆိပ်စားများ

$
0
0


မောင်လူရေး - အဆိပ်စားများ
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၇

တစ်ထုပ်လောက်ဖြန်းလိုက်တာနဲ့ မူးလဲသွားတာ။ ကျဲရင်း ရှူမိတဲ့အချိန်ဖြစ်ပေါ့။ ဒီရက်ပိုင်း ဆေးရုံကို တော်တော် ရောက်လာကြတယ်။ မရောက်ဘဲ ချက်ချင်း သေသွားတာလဲ ရှိတယ်။

ညွှန်းထားတာက တစ်ဧကကို ၇ ထုပ်။ ဒါပေမယ့် အာ့လောက် မကြဲဘူး။ 1 kg ကို မြေဆီ 5 kg နဲ့ရောမယ်ဆိုရင် 6 kg ဖြစ်သွားတာ။ ပွားလိုက်တာပေါ့လေ။ အဲဒီမှာ ကျဲတဲ့အချိန် ပိုကြာသွားတယ်။ မြေဆီနဲ့ မွှေလိုက်တော့ သူက ရောပြီးတော့ အဆိပ်ငွေ့တွေ ဖြစ်သွားတာပေါ့။ ပုလဲဆို ပိုဆိုးတယ်။ သုံးထုပ်ဆို သုံးထုပ်ကျဲတာက ဘာမှ မကြာဘူး။ မြေဆီနဲ့ ရောတဲ့အခါကျတော့ အဆိပ်က ပိုများလာတာပေါ့။ ပိဿာနဲ့ ပြောမယ်ဆိုရင် ၆ ပိဿာ၊ ၇ ပိဿာပေါ့။ မြေဆီတစ်ဝက်လောက်နဲ့ ရောမယ်ဆိုရင် ၁၅ ပိဿာလောက် ဖြစ်သွားတာ။ တစ်ထုပ်ကြဲလို့ ၁၅ မိနစ်၊ မိနစ် ၂၀ ဆို၊ အရောက တနာရီလောက်ပိုကြာတာပေါ့။

ဒီကောင်က ပုံမှန်တော့ အနံ့မရှိဘူး။ ဈေးကွက်ထဲမှာတော့ အနံ့ပါတာများတယ်။ ဈေးသက်သာလို့လို့လည်း ပြောလို့ရတယ်။ 3ဂျီလို့ ပြောပေမယ့် အစစ်တော့ မဟုတ်ဘူး။ တရုတ်က လာတဲ့ဟာတွေကိုး။ ဒါပေမယ့် ပြီးခဲ့တဲ့ ဦးသိန်းစိန်ခေတ်တုန်းက ဗမာစာပါရင် မှတ်ပုံတင်ရှိတယ်ဆိုပြီး ဗမာလိုရေးကြတယ်။ တကယ်တမ်းတော့ မှတ်ပုံတင် မရှိဘူး။ ခုနောက်ပိုင်း ကြပ်လိုက်တော့ ဈေးကွက်ထဲက ပျောက်သွားတာတွေက မှတ်ပုံတင်မရှိဘူး။ ကုမ္ပဏီတွေက လုပ်တာ။ စိုက်ပျိုးရေးပိုင်းက အောက်လူတွေကလည်း ဗမာစာပါရင်ကို မှတ်ပုံတင်ရှိပြီ ထင်နေကြတာ။ ရောင်းတာကလည်း ကုမ္ပဏီကြီးတွေဆိုတော့ ယုံကြတာပေါ့။ 

ကျနော်တို့တုန်းကဆို ၁၀ တန်လောက် ရောင်းပစ်တာ မှတ်ပုံတင်ပြီးသားဆိုပြီး။ ပွားရောင်းတာ။ တခြားနိုင်ငံက သင်္ဘောနဲ့လာရင် စစ်တယ်။ တရုတ်ကဝင်ရင် ဒီအတိုင်းဘဲ။ ဂိတ်မှာလဲ မစစ်ဘူး။ မန္တလေးမှာလဲ မစစ်ဘူး။ သင်္ဘောနဲ့ပို့တဲ့သူတွေက ဒီပစ္စည်းတွေထုတ်ဖို့ စာရိုက်တင်ရတာအပြင် နေပြည်တော်ကိုလည်း သွားအကြောင်းကြားတာက တစ်ပတ် ၁၀ ရက်ကြာတယ်။ အချိန်က အဲလောက်မရဘူး။ တရားဝင်လာတဲ့ သူတွေအတွက်တော့ ကြပ်တယ်။ အာ့တော့ အောက်လိုင်းဘဲ လုပ်လိုက်ရမလားဆိုတဲ့ အတွေးဝင်လာတယ်။ အောက်လိုင်းက ပိုလွယ်တယ်လေ။ အမြတ်လဲ ပိုရတယ်။ 

ခုဟာက တစ်ခုလောက်မှားလိုက်တာနဲ့ သိမ်းပစ်လိုက်တာ။ အများကြီး နစ်နာတယ်။ တစ်ခုက သက်တမ်းလွန်သွားရင် ဒဏ်ကြေးဘဲ ဆောင်သင့်တာကို နှစ်နှစ်ပြန်စလုပ်ခိုင်းတယ်။ သက်တမ်းကို ဖျက်တယ်။ ပြန်သက်တမ်းရဖို့ စောင့်ခိုင်းတာက နှစ်နှစ်လောက် ကြာတယ်။ အာ့အတွင်းမှာ ရောက်လာတဲ့ ပစ္စည်းတွေကို သိမ်းတယ်။ ဟိုဘက်ကို ပြန်ပို့လို့လည်း မရဘူး။ သွင်းတဲ့ကုန် မှတ်တမ်းတင်ရတာကို ပြောတာ။ ကုန်ပစ္စည်းတွေ သက်တမ်းကုန်သွားတဲ့အတွက် ထုတ်လို့မရဘူး။ ပြန်ပို့လည်း မရဘူး။ စိတ်ညစ်အောင် လုပ်ထားတယ်။ 

အဓိက ကတော့ စိုက်ပျိုးရေး သီးသန့်မသွားဘဲနဲ့ ကုမ္ပဏီကြီးတွေရဲ့ မဲဆွယ်မှုပါတယ်။ သူတို့ ရပ်တည်ဖို့အတွက် လုပ်ကြတယ်။ တကယ်အမှန်အကန်တွေ လာရင် အရည်အသွေးက ယှဉ်လို့မရဘူး။

ဒီဆေးတွေက လယ်ထဲချရင် အကောင်ပလောင်တွေ အကုန်သေတယ်။ မြွေတွေတောင် သေတယ်။ ပြတ်တောင်ထွက်တယ်။ အာ့ဆေးဖြန်းထားတဲ့ လယ်ကွက်ထဲက ရေတွေကလဲ အန္တရာယ်ရှိတယ်။ ရွာတွေမှာကစ ရေသန့်ဘူး ယူရတယ်။ ငယ်ငယ်တုန်းကဆို တောထဲကရေ ခပ်သောက်လိုက်တာဘဲ။ ခုဆို မသောက်ရဲဘူး။ သောက်လို့မရမှန်းသိတော့ အကုန် ရေသန့်ဗူး သယ် ကြတယ်။ သေတာကတော့ ဖြန်းတာများရင် အနီးအနား ပျံတဲ့ငှက်တောင် ပြုတ်ကျသေတယ်။ ပက်တဲ့ကောင်တွေကလည်း ထိတာဘဲ။ အချိန်နှေးတာ မြန်တာဘဲ ရှိမယ်။ ကြဲတဲ့သူတွေထိတယ်။ ဘေးနားက ဖြတ်သွားတဲ့သူတွေလည်း ရှူမိရင် ထိတယ်။ ကျနော်တို့ဆို နောက်တစ်လလောက် နေရင် ရွာတွေ သိပ် မသွားတော့ဘူး။ ဆေးဖြန်းချိန်လေ။

စိုက်တဲ့ရက်ကနေ ရက် ၉၀ လောက်မှ ဖြန်းရမှာ။ အဲဒါကို ကြိုဖျန်းကြတာ။ မဖြန်းလဲ ဘာမှ မဖြစ်ဘူး။ ပုံမှန်ဆို ရက် ၉၀ လောက်မှ ဖြန်းတာ။ အဓိက ဖြစ်တာက စစ်ပိုးရှိတယ်။ ဖြုတ်ရှိတယ်။ အာ့တော့ စစ်ပိုးကို ကြောက်လို့ လုပ်တာ။ စစ်ပိုးက ကျတော့ ကျတယ်။ တစ်ပင်တည်း ကျတာလောက်ကတော့ ကြောက်စရာမလိုဘူး။ အပင်များမှသာ ကြောက်ရတာ။

 နောက်ပြီး ပိုးကျဖို့ဆိုတာ အခြေအနေ သုံးရပ် ရှိတယ်။ ရာသီဥတု၊ ပိုးရယ်၊ လက်ခံတဲ့အပင်ရယ်။ ရာသီဥတုက အေးသွားရင် မကျဘူး။ သုံးခုထဲက တစ်ခု ပျက်ရင် ဘာမှမဖြစ်ဘူး။ သုံးခုစလုံးညီရင်သာ အခင်းပျက်တာ။ တကယ်တော့ အနှံထွက်တဲ့အချိန်ရောက်မှ ကျမှာလေ။ အာ့ဒါကို နားမလည်တာ။ အာ့ဒါကို ကြောက်ပြီးတော့ ဖြန်းတာ။ အရင်နှစ်က ပိုးကျပြီး အထွက်ကျထားတာလည်း ပါတာပေါ့လေ။ နောက်တစ်နှစ်ဖြစ်လို့ မရတော့ဘူးဆိုပြီး ဆေးတအားဖြန်းတာ။ ခုကတည်းက ဖြန်းရင် မိတ်ဆွေပိုးလေးတွေ ပုစဉ်းတွေ၊ ပင့်ကူ၊ နဂျီကောင်လေးတွေက သေသွားတာ။ 

သူတို့တွေရှိရင် သိပ်ပြီး ပိုးမကျနိုင်ဘူး။ သူတို့တွေက သေသွားတော့ ပိုးကျတာ လွယ်တာပေါ့။ ရန်သူပိုးတွေပေါ့ ဖြုတ်တို့ ဘာတို့ပေါ့။ သူတို့တွေရှိတဲ့ နေရာလေးတွေက ဆေးရောက်ဖို့ ခက်တယ်။ မိတ်ဆွေပိုးလေးတွေကတော့ မြင်သာတဲ့ နေရာမှာ နေကြတော့ သေလွယ်တယ်။ ဖြုတ်တွေက အနည်းဆုံး ဆေးနှစ်ခါဖြန်းမှ ဒါတောင် ဆေးမတိုးရင် သွားပြီ။ အာ့ပြဿနာရှိတယ်။

 ပေါင်းလှည်းကုန်းကဆို အနည်းဆုံး ဆေးကို ၁၂ ကြိမ်ဖြန်းပြီးမှ ရိတ်ရတဲ့အဖြစ်။ ၁၂ ကြိမ်၊ ၁၅ ကြိမ်။ စိုးရိမ်တဲ့ အခြေရောက်နေပြီ။ ခုတော့ အထွက်တိုးတော့ ပျော်နေကြသေးတာပေါ့။ နိုင်ငံခြားက ပစ္စည်း၊ အရည်အသွေးကောင်းတွေ သုံးရင်တော့ ၁၅ ရက်တစ်ခါလောက်ဖြန်းပြီး နောက်ထပ်ဖြန်းမယ်ဆိုရင်လဲ အကောင်တွေက လျော့သွားတယ်။ ဒီလိုဆေးတွေရှိနေရင်လည်း ခုလိုဆေးတွေ ဘယ်သုံးတော့မလဲ။ ဒါကို ကုမ္ပဏီတွေက သိတယ်။ သိပေမယ့် မလုပ်ကြဘူး။

ပိုးသတ်ဆေးတွေက လူတွေကို အာရုံကြောနဲ့ ပက်သက်တာမျိုး၊ မလှုပ်ချင်တာမျိုး၊ စားချင်စိတ် ပျောက်တာမျိုးပေါ့။ ခုကတော့ ထိသေလည်း သုံးတယ်။ အဆိပ်ငွေ့လည်း သုံးတယ်။ ထိသေကတော့ ထိမှ သေမှာ။ အဆိပ်ငွေ့က ကျတော့ လေထဲမှာ ပျံ့နေတာ။ လယ်ကွင်းတွေနဲ့ နီးတဲ့သူတွေ ခံရတယ်။ ရွာထဲ မစိုက်နဲ့လို့ ပြောတယ်။ ဒါပေမယ့် စိုက်ကြတယ်။ ရမည်းသင်းက စပျစ်ခြံဆိုရင် ရွာထဲမှာဘဲ။ တစ်နေ့ကို ဆေးနှစ်ခါလောက် ဖြန်းရတာ။

ဆေးဖြန်းလို့ဆိုပြီး အလုပ်သမားတွေကိုလဲ ပိုမပေးဘူး။ အန္တရာယ်များမှန်းသိလည်း စားဝတ်နေရေးအရ လုပ်ကြရတာပေါ့။ ကာကွယ်မှုလေးတွေတော့ လုပ်သင့်တာပေါ့။ နိုင်ငံခြားတွေဆိုလည်း သုံးမှာဘဲလေ။ လက်အိတ်တို့ ဘာတို့ပေါ့။ ဒီမှာတော့ အာ့ဒါတွေ သွားပြောရင် လှောင်ခံရမှာပေါ့။ သူတို့ကို သူတို့ အဆိပ်ပြီးတယ် ထင်နေကြတာပေါ့။ တကယ်တမ်းတော့ ဘာကိုင်ကိုင် လက်အိတ်နဲ့ ကိုင်ရမယ်။ ဝတ်စုံတွေရှိတယ်။ ဆေးမတိုးတဲ့ အရာလေးတွေရှိတယ်။ အာ့ဒါဆိုရင် ကြောက်စရာမလိုဘူး။ မသုံးတာက ခက်တာ။

လယ်ကွက်တွေထဲ ဆင်းတဲ့သူတွေလဲ ဖြစ်တာဘဲ။ ချက်ချင်း မသေတာဘဲ ရှိတယ်။ ကျနော်တို့ရွာမှာတောင် ဆုံးသွားတာ။ အနာရှိနေတာရယ် ဆေးက အရေပြားပေါ်ထိတာနဲ့ သေသွားတာ။ မီသိုမှိုင်း(methomyn)ဆိုတဲ့ ဆေးတော်တော်သုံး ကြတယ်။ သူက ပြင်းတယ်။ ဒါပေမယ့် အနံ့မရဘူး။ အာ့တော့ လူတွေက သူတို့ထဲ ဝင်မှန်းလဲ မသိကြဘူး။ အာ့ကောင်က တကမ္ဘာလုံးက ပိတ်ထားတယ်။ ဒါပေမယ့် တရုတ်မှာ အာ့ဆေးတွေ ရှိတယ်။ ဒီမှာလည်း ဝင်တယ်။ အောက်ပိုင်းက တအားသုံးတယ်။ မှောင်ခိုတွေပဲပေါ့။ တရုတ်ဘက်မှာ အာ့စက်ရုံ နှစ်ရုံ ရှိတယ်လို့ ကြားတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာတော့ ban ထားတယ်။ နောက်ဆေးတစ်မျိုးရှိတယ်။ သူများနိုင်ငံမှာ မသုံးပေမယ့် ကျနော်တို့ဆီမှာ တအားရောင်းရတယ်။ ရေနေ သတ္တဝါတွေ သေတယ်။ ငါးဖော်တဲ့သူတွေဆို သိတယ် အာ့ဆေးက။ ငါးဖော်မယ်ဆို ညလောက်ကတည်းက နည်းနည်းလေးထည့်ထားလိုက်တာဘဲ။ မနက်ကျရင် ပေါ်လာတဲ့ ငါးတွေ ဆယ်လိုက်ရုံဘဲ။ အရင်ကတော့ သုံးတယ်။ ခုတော့လည်း ပြောလို့တော့ မရဘူးပေါ့။ ရေထဲရှိတာ အကုန်သေတယ်။

ဘာဆေးဘဲသုံးသုံး အရေပြားပေါ်ရှိတဲ့ အနာထဲ စိမ့်ဝင်သွားရင် သေသွားတာဘဲ။ ဆရာဝန် မမှီဘူး။ ဆရာဝန်ကို အပြစ်ပြောကြသေးတယ်။ ဆေးဖြန်းရင် ဘယ်လောက်တောင့်တဲ့သူဖြစ်ဖြစ် ၁၀ ပုံးကျော်အောင် ဘယ်သူမှ မဖြန်းနိုင်ဘူး။ ဆေးခန်းပြေးကြ ရတာဘဲ။ တစ်ချို့ဆို ဖြန်းလိုက် အကြောဆေးသွင်းလိုက်လုပ်ပြီး ဖြန်းကြတာဘဲ။ ၈ ပုံး၊ ၉ ပုံးလောက် ဖြန်းပြီး ဖြန်းတဲ့သူ မနိုင်တော့မှန်းသိရင် ဆေးခန်းပြေး အကြောဆေးသွင်းခိုင်းတော့ တာဘဲ။ ခင်ဗျားတို့ ဆေးမှူးက မတားဘူးလားဆိုတော့ ဟောဗျာ သူက ပိုက်ဆံရနေတာ ဘယ်တားမလဲတဲ့။ သူက ပိုတောင် ကြိုက်သေးတယ်။ ကိုယ်တောင် ဘာပြောရမှန်း မသိဘူး။

တောင်သူတွေက အဆိပ်တွေနဲ့ ကစားနေရတာပေါ့။ တောင်သူလည်း အဆိပ်တွေနဲ့ကစား၊ ကျနော်တို့လည်း အဆိပ်တွေနဲ့ စားနေရတာဘဲ။ ပြဿနာကတော့ တအားကြောက်ဖို့ ကောင်းတယ်။ ကိုယ်ကိုယ်တိုင် စိုက်ကြတော့တာဘဲ။ တခြားနိုင်ငံတွေဆို မြေမရှိတော့ ဝရံတာမှာဘဲ စိုက်စားကြတာဘဲ။ ဟိုတစ်လောက ကျနော် သွားတက်တဲ့ သင်တန်းဆိုရင် မလေးရှားက ကောင်လေးတွေ ပါတယ်။ နေပုံထိုင်ပုံက gipsy လိုဘဲ။ ဒါပေမယ့် တင်ပြသွားတဲ့ idea က မိုက်တယ်။ သူတို့က မုန့်ညှင်းစိုက်ခင်းပေါ့။ သူတို့အတွေးက တိုက်ခန်းတွေမှာ စိုက်ချင်တာ။ စိုက်ပျိုးရေးအခြေခံလည်း သိပ်မရှိဘူး။ ပျိုးတောင် မပျိုးတတ်ဘူး။ သူတို့က ငါးမွေးတယ်။ အပင်စိုက်တယ်။ တိုက်ခန်းလေးထဲမှာပေါ့။ ကိုယ့်ဆီကတော့ မြေပေါတာကို မစိုက်ကြတာ။ သူတို့က ပြဿနာက ဘာလဲဆိုတော့ တိုက်ခန်းသေးသေးလေးထဲမှာ ငါးမွေးတော့ အညှီနံ့ ထွက်တယ်။ မထွက်အောင် အနံ့ပျောက်တဲ့ ဆေးလေးတွေကို ရေထဲကို ထည့်လိုက်တော့ အနံ့ပျောက်သွားတယ်ပေါ့။ ကျနော်တို့ဆီကတော့ သူလည်း မစိုက်ဖြစ်ဘူး။ ကိုယ်လည်း မစိုက်ဖြစ်ဘူး။ စားစရာပေါလား ဆိုတော့လည်း သိပ်မရှိဘူး။ သူများနိုင်ငံဆို ပေါတယ်။ ရွေးချယ်စရာ ပေါတယ်။ သူတို့ဆီက စနစ်ကလည်း မိုက်တယ်။

ဈေးဧရိယာက ဧက၂၅၀ လောက်ကျယ်တယ်။ လက်မှတ်ပါရင် ရောင်းလို့ရတယ်။ ကားတွေလည်း ဝင်လို့ရအောင် လုပ်ထားတယ်။ အသီးအနှံတွေလည်း အစုံရတယ်။ ဓာတ်ခွဲခန်းတွေလည်း ရှိတယ်။ အသီးအနှံတွေကို စစ်တယ်။ ဓာတ်ကြွင်းများလို့ အန္တရာယ်ရှိတယ်ဆိုရင် အာ့တောင်သူကို မှတ်လိုက်တယ်။ ၂၄ နာရီ မီးလင်းတယ်။ လာရောင်းလို့ရတယ်။ အခန်းခလည်း သိပ်မယူဘူး။ မှတ်လိုက်တဲ့ တောင်သူကို နောက်တစ်ခါ ဒါတွေလာရောင်းရင် ဖမ်းမှာ။ သူ့ရပ်ကွက်လူကြီးကိုလည်း အကြောင်းကြားတယ်။ သူကလည်း ပြန်စစ်တယ်။ ဘာလို့ အာ့လိုလုပ်လည်းဆိုတော့ ကျောင်းတွေ၊ ဟိုတယ်တွေ၊ ဆေးရုံကလူတွေ ဝယ်ကြတယ်။ သူတို့တွေ အစာအဆိပ်သင့်လို့ မရဘူး။ နိုင်ငံခြားသားတွေ တစ်ခုခု ဖြစ်သွားရင် သူတို့နိုင်ငံရဲ့ ဝင်ငွေကျမှာဆိုတော့ စစ်တယ်ပေါ့။

 အာ့ဈေးက Bangkok နားလေးမှာ ရှိတယ်။ အရှေ့တောင်အာရှမှာ အကြီးဆုံးထဲ ပါတယ် ပြောတယ်။ ကုန်စိမ်းဈေးဘဲ။ ရည်ရွယ်ချက်လည်း ကောင်းတာကို။ သူတို့ဆီမှာ စားရတာက ဒီကထက်တော့ လုံခြုံမှု ရှိတာပေါ့။ ဒီကတော့ မနက်ဖြန် အဖူးဖူးမယ်ဆိုလဲ ဒီနေ့ဖြန်းကြတာဘဲ။ အဆိပ်သင့်မှန်းလည်း သိတယ်။ စားကြရတာဘဲ။ အဓိက ကတော့ စေတနာ မပါတာပေါ့။ ကျနော်ဆို အသီးအရွက် မစားလို့မှ မရတာ။ အူလမ်းကြောင်းမှာ ဖြစ်တဲ့ ရောဂါဆိုတော့ အသီးအရွက်စားရတယ်။ အသီးအရွက်စားရင် နေကောင်းတယ်။ မစားရင် နေလို့မကောင်းဘူး။ သိသာတယ်။ ရှောင်လို့လည်းမရဘူး။ ရောဂါဖြစ်မှာလည်း သိတယ်။

organic ဆိုတာ တကယ်တမ်းတော့ မဖြစ်နိုင်ဘူး။ နောက်ပိုင်း organic က နည်းနည်း မှိန်သွားပြီ။ မဖြစ်နိုင်မှန်း သိသွားပြီ။ ဂျပန်ဆို organic ပို့လို့မရဘူး။ သူ့နိုင်ငံက စိုက်ရင်တော့ မပြောတတ်ဘူး။ organic လို့ပြောလိုက်တာနဲ့ ပိုးတော့ ပါမှာဘဲလေ။ အာ့တွေကြောင့် GAP (Growth Agricultural Practice) တောင်းဆိုတယ်။ ပိုးသတ်ဆေးသုံးလို့ရတယ်။ အတိုင်းအတာနဲ့တော့ သုံးရတယ်။ အာ့ဒါတွေလည်း ထွက်နေပြီ။ ဒါတွေကို ထုတ်ပြီးတော့ လုပ်ပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ဒါပေမယ့် အာ့လို GAP ဖြစ်ဖို့တောင် မလွယ်ဘူး။ အကုန်စစ်ရတယ်။ GAP မှာ ဆေးတဲ့ ရေကအစ ရေသန့်ဖြစ်ဖို့လိုတယ်။

ကာတွန်း ATH ● အကြောင်းရှိတယ် ...

$
0
0
ကာတွန်း ATH ● အကြောင်းရှိတယ် ...
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၇

ရန်လိုကျွဲ ● ဂြိုဟ်သားနှင့် စကားပြောခြင်း (သရော်စာ)

$
0
0
 ရန်လိုကျွဲ ● ဂြိုဟ်သားနှင့် စကားပြောခြင်း (သရော်စာ)
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၇

အကြံပေးဆရာ ရန်လိုကျွဲ အင်္ဂါဂြိုဟ်သို့ အလည်အပတ်ရောက်နေသည်။ အင်္ဂါဂြိုဟ်အကြောင်း မပြောခင် ခရီးစဉ်အကြောင်း အရင်ပြောရမည်။ ကုန်ကျစရိတ် များပြားလှသော ဤခရီးကို ရန်လိုကျွဲ အဘယ်ကြောင့် သွားနိုင်သနည်းဟု သိလိုကြမည် ဖြစ်သောကြောင့် အနည်းငယ် ရှင်းပြပါမည်။ ဆောင်းထိဆောင်းမိဒေသတွင် လုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးကို အကြံကောင်းများ ပေးမိပြီးနောက်ပိုင်း ထိုလုပ်ငန်းရှင် အကြီးအကျယ် ကြီးပွားလာရာမှ ဤခရီးစဉ် အစပြုလာခြင်းဖြစ်သည်။

ထိုလုပ်ငန်းရှင်ကို ရွှေအကြီးအကျယ်ထွက်သော ဆောင်းထိဆောင်းမိဒေသတွင် အစိုးရနှင့် ဖက်စပ်လုပ်ကိုင်ခွင့် ရနိုင်မည့်နည်းလမ်းများကို အကြံပေးမိသည်။ များမကြာမီ အနှီလုပ်ငန်းရှင်လုပ်ပိုင်ခွင့် အတော်များများ ရသွားသည်။ ပိုမို ကြီးပွားလိုပါက အစိုးရထံ ပေးသွင်းရမည့် ရွှေပမာဏ အများအပြားကို ကိုယ့်ဂိုဒေါင်ထဲ သိမ်းထားဟု အကြံပေးရာ ထိုလုပ်ငန်းရှင်က တိတိကျကျလိုက်နာရာမှ ပိုက်ဆံထားစရာနေရာမရှိအောင် ချမ်းသာလာလေသည်။

ဤသို့ဖြင့် ထိုဒေသ ရွှေလုပ်ငန်း၏ အကျိုးဖြစ်မှု၊ အကျိုးထိခိုက်မှုတို့နှင့် ပတ်သက်ပြီး အပြစ်မကင်းသူများထဲတွင် ရန်လိုကျွဲလည်း ပါဝင်လာလေသည်။ သို့သော်လည်း စာချုပ်ဖောက်ဖျက်ရန် အကြံပေးသူ ရန်လိုကျွဲသည် အပြစ်မကင်းဟု ဆိုနိုင်သော်လည်း ဥပဒေအရ အရေးယူရန် မဖြစ်နိုင်သောသူ ဖြစ်နေပြန်သည်။

ကျိကျိတက်ချမ်းသာလာသော လုပ်ငန်းရှင်က ယောလိဝုဒ်မှ ရုပ်ရှင်မင်းသမီးတစ်ဦးနှင့် အိမ်ထောင်ကျလေရာ ကြင်ဦးစ ပျားရည်ဆမ်းခရီးအတွက် အင်္ဂါဂြိုဟ်သို့ သွားရောက် အပန်းဖြေရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမသိသူများက အင်္ဂါဂြိုဟ်သို့ အသွားခရီးစဉ်အတွက် ဒေါ်လာ ၆ ဘီလီယံ ပေးရမည်၊ ဟိုရောက်လျှင် ထပ်ကုန်မည်၊ မဖြစ်နိုင်သော ခရီးစဉ်ဟု ဆိုကြသည်။ အကြောင်းသိသူများ၊ သူ့ကြွယ်ဝမှုကို နားလည်သူများကတော့ ဖြစ်နိုင်သော ခရီးစဉ်ဟု ဆိုကြပြီး မည်သည့်အချိန်တွင် သွားမည်ကို စောင့်ကြည့်နေကြလေသည်။

ထိုသို့ စောင့်ကြည့်နေစဉ် ထိုလုပ်ငန်းရှင်က ရန်လိုကျွဲကို ဖုန်းဆက်လာသည်။

”ဆရာရေ၊ အင်္ဂါဂြိုဟ်ကို ဆရာ အရင်သွားလည်ပါ။ ကျွန်တော် စရိတ်ခံပါ့မယ်။ ပြန်လာရင် ကျွန်တော့်ကို အတွေ့အကြုံတွေ ရှင်းပြပါ။ ဟိုမှာ ဘယ်လို နေထိုင်ပြုမူပြောဆိုသင့်တယ်ဆိုတာ ကျွန်တော့်ကို အကြံပေးပါ” ဟု အနှီလုပ်ငန်းရှင်က ဆိုလေ၏။

”ကောင်းပါပြီ။ သွားဆိုတော့လည်း သွားတာပေါ့။ဟိုရောက်ရင် အစားအသောက်နဲ့ ပတ်သက်ပြီး ပြဿနာတော့ နည်းနည်းရှိနိုင်တယ်”

”ဗျာ၊ ဆရာကျွဲ ဘာတွေ ပြဿနာရှိသလဲ။ ဘယ်သူနဲ့ ပြဿနာ တက်နေသလဲ။ ကျုပ်ရဲ့ အကြံပေးအရာရှိကို ဘယ်သူက ပြဿနာရှာရဲသလဲ”

လုပ်ငန်းရှင်က နားထိုင်းခြင်းမရှိပေ။ တယ်လီဖုန်းလိုင်း အသံမကြည်လင်သောကြောင့် အနည်းငယ် နားကြားလွဲခြင်းပင်။

”ဘယ်သူနဲ့မှ ပြဿနာ မတက်ပါဘူးဗျာ။ ဒုက္ခသီရိမှာ စားနေကျအစားအစာတွေ အင်္ဂါဂြိုဟ်မှာ မရှိနိုင်တဲ့ ပြဿနာမျိုး ကြုံရနိုင်တယ်လို့ ပြောတာပါ”

”သြော်…ဟုတ်တယ်။ ဒီလိုပြဿနာတွေ၊ အခက်အခဲတွေတော့ ရှိနိုင်တယ်။ ဒါကြောင့် ဆရာကျွဲ အရင်သွားစနည်းနာချေ၊ ပြီးမှ ကျုပ်သွားမယ်လေ”

”အစားအသောက် သိပ်မရွေးတော့ အဆင်ပြေမှာပါ။ စားနေကျ သရက်သီးသနပ်ကိုပဲ များများ သယ်သွားတာပေါ့”

”ဆရာကျွဲ သေနတ် သယ်သွားမယ်ဟုတ်လား။ ကြည့်လည်းလုပ်ပါ ဆရာကျွဲရေ၊ လက်နက်မှုနဲ့ အရေးယူခံရမှ ကျုပ်ပါ အမှုပတ်နေမယ်”

သယ်လိုသည့်ပစ္စည်းမှာ သရက်သီးသနပ်ဖြစ်ကြောင်း၊ ဥပဒေဖြင့် တားမြစ်ထားသော သေနတ် မဟုတ်ကြောင်း လုပ်ငန်းရှင် နားလည်အောင် ရှင်းပြရ၏။

”အသံတူလို့ လန့်သွားတာပါ ဆရာကျွဲရေ၊ သေနတ်မဟုတ်ရင် ပြီးတာပဲ။ သွားခါနီး မူးယစ်ဆေးတို့၊ အရက်တို့လည်း မမှီဝဲနဲ့ဗျို့။ စတုတ္ထိနိဗ္ဗာန် ရောက်နေပြီ၊ ခံစားချက် သိပ်ကောင်းနေပြီ ဆိုရင် ကိုယ့်အိတ်ထဲ ဘာထည့်လို့ ထည့်မိမှန်း သတိမထားမိဘဲ လေယာဉ်ကွင်းမှာ အဖမ်းခံရလိမ့်မယ်။ ကဲ… အထုပ်အပိုးပြင်ထားပါ၊ ရက်ပိုင်းအတွင်း ဒုက္ခသီရိကနေ ထွက်ရမယ်”

ဤသို့ဖြင့် ရန်လိုကျွဲ အင်္ဂါဂြိုဟ်သို့ အလည်အပတ် သွားရလေ၏။

မြေပြင်မှအထွက် အထုပ်အပိုး ဓာတ်မှန်ရိုက်သည့်နေရာတွင်လည်း အဆင်ပြေသည်။ ဌာနဆိုင်ရာများက အထုပ်အပိုးတချို့ လူကြုံပါးလိုက်သေးသည်။ ”ဒီထဲက ဘာတွေလဲဗျ။ ဟိုရောက်ရင် ဘယ်သူ့ကိုပေးရမှာလဲ” ဟု မေးရာ မည်သူ့ကိုမျှ ပေးရန် မလိုအပ်၊ ကြော်ငြာဆိုင်းဘုတ်တိုင်များသာ ဖြစ်သောကြောင့် အဆင်ပြေသည့်နေရာတွင် စိုက်ထူပေးပါဟု ဆိုကြ၏။ ဌာနဆိုင်ရာ အရာရှိမင်းများဆိုတော့လည်း ရန်လိုကျွဲ ကြောက်ကြောက်နှင့် လက်ခံထားလိုက်သည်။ ”ကိုယ် ထမ်းသွားရတာမှ မဟုတ်ဘဲလေ”ဟုလည်း တွေးမိ၏။

မရောက်ဖူးသော အရပ်မို့သာ လာရသည်၊ အင်္ဂါဂြိုဟ်ဟူသည်ကား အလွန်အမင်း ပျင်းစရာကောင်းသောအရပ် ဖြစ်မည်မှန်း ကြိုသိထားပြီးဖြစ်၏။ ရေ ရှိ၊ မရှိ မသေချာ။ လူမရှိတာတော့ သေချာသည်ဟု သတင်းများက ဆိုသည်။

အင်္ဂါဂြိုဟ်ပေါ် ခြေချပြီးနောက်တွင် ရန်လိုကျွဲ ဟိုဟိုဒီဒီ လမ်းသလားနေမိသည်။ သစ်ပင်ပန်းပင်မရှိ၊ ခဲလုံးကြီးငယ်သာရှိသည့် မြေပြင်မညီသော ကန္တာရ။ အိမ်ပြန်သည်အခါ ခဲလုံးတချို့ကို အမှတ်တရ ကောက်ယူ သယ်ဆောင်သွားရမည်ဟု တွေးလိုက်မိသည်။

အရပ်လေးမျက်နှာကို ပတ်ချာလည်ကြည့်လိုက်ရာ မျက်စိတစ်ဆုံး တွေ့ရသည်မှာ ကန္တာရလွင်ပြင်ကျယ်ကြီးသာ။ ကမ္ဘာ့နိုင်ငံအသီးသီးက အင်္ဂါဂြိုဟ်ကို မျက်စိကျကြခြင်းမှာ ကမ္ဘာပျက်သည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ ဤဂြိုဟ်သည် အနာဂတ် လူသားတို့ နေထိုင်ကျက်စားနိုင်မည့် ဒေသတစ်ခု ဖြစ်လာနိုင်သည်ဟူသော အယူအဆကြောင့်ပင်။

‘ဒီနေရာ ငါ အရင်ရောက်တာဖြစ်တဲ့အတွက် ဒါဟာ ငါ့မြေလို့ သတ်မှတ်လည်း ရတာပဲ’ ဟု ရန်လိုကျွဲလည်း အနီးအနားမှ ပိုင်ရှင်မဲ့ မြေကွက်လပ်များကိုကြည့်ပြီး ခပ်ကြောင်ကြောင် တွေးမိလိုက်သေးသည်။ ယူတဲ့မြေ သိပ်ကျယ်သွားရင် ခြံစည်းရိုးခတ်ရတာ ငွေကုန်ကြေးကျ များလိမ့်မယ်ဟုလည်း ဆင်ခြင်ရသည်။ သြော်…ဘယ်သူမှ မရှိမှတော့ ခြံခတ်စရာ လိုသေးသလားဟုလည်း တစ်ကိုယ်တည်း ပြောနေမိသည်။

ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ပြီးချိန်တွင် ချိုင့်ဝှမ်းလေးတစ်ခုအနီး ရောက်သွားသည်။ ထိုနေရာမှ မြေသားမှာ ပွယောင်းယောင်းနိုင်လှသဖြင့် တစ်ခုခုတော့ ထူးနေပြီ၊ မှားနေပြီဟု ရန်လိုကျွဲ သိလိုက်သည်။ အသိ နောက်ကျလေပြီ။ ထိုနေရာတစ်ဝိုက်မှာ နင်းလေ ကျွံကျလေ ဖြစ်လေ၏။ အနီးအနားတွင် အားကိုးအားထား ဆွဲခိုစရာ မရှိသဖြင့် ရန်လိုကျွဲ တစ်ကိုယ်လုံး ကျွံကျလေတော့သည်။ ကျွံကျသည်နှင့် တစ်ပြိုင်နက် ရန်လိုကျွဲလည်း ကမ္ဘာပေါ်မှ ရှိရှိသမျှ ဘုရားများ၊ နတ်ဒေဝါများကို လှမ်း၍ တမ်းတမိလေသည်။ မည်မျှပင် ဘုရားတသော်လည်း ကျွံကျမှုက မရပ်ချေ။ အရှင်လတ်လတ် မြေမျိုပြီလော။ ရန်လိုကျွဲ အကြောက်လွန်ပြီး သတိလစ်လေ၏။

မည်မျှကြာအောင် သတိလစ်သွားသည်မသိ၊ မျက်စိနှစ်လုံး ပြန်ဖွင့်နိုင်ချိန်တွင် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အခန်းတစ်ခုထဲ ရောက်နေသည်ကို တွေ့ရသည်။

အင်္ဂါဂြိုဟ်မှာ မြေကျွံကျရာမှ ဒုက္ခသီရိသို့ ပြန်ရောက်လာခြင်းလော၊ သို့တည်းမဟုတ် အိပ်မက်မက်နေခြင်းလော။ပါးတစ်ဖက်ကို အားထည့်ပြီး ဆိတ်ဆွဲလိုက်ရာ နာကျင်သွားသောကြောင့် အိပ်မက်မဟုတ်မှန်း ရန်လိုကျွဲ သဘောပေါက်လိုက်၏။ မြေကမ္ဘာမှ ပါလာသော အထုပ်အပိုးများ အနားတွင် ရှိနေသည်။ အခန်းတံခါးကိုလည်း အတွင်းမှ ဖွင့်မရအောင် လုပ်ထားဟန် တူသည်။ ရန်လိုကျွဲလည်း ကိုယ့်အထုပ်အပိုးတွေကြား အူကြောင်ကြောင်ဖြင့် ထိုင်နေမိ၏။

ပီကေတစ်ခု အချိုဓာတ်ကုန်ခန့် အကြာတွင် တံခါးပွင့်လာပြီး အခန်းတွင်းသို့ တစ်စုံတစ်ယောက် ဝင်လာသည်။ ထိုသူမှာ ရုပ်ရှင်ဇာတ်ကားများထဲမှ ဂြိုဟ်သားပုံစံပေါက်နေသည်။ ဆံပင်မရှိ။ နားရွက်လည်း မရှိချေ။

သူက သူ့ကိုယ်သူ စပြီး မိတ်ဆက်သည်။ အင်္ဂါဂြိုဟ်သို့ တရားမဝင် ကျူးကျော်လာသူ ရန်လိုကျွဲကို စစ်ဆေး အရေးယူရမည့် ဂြိုဟ်သားအရာရှိ ဟူသတတ်။

ကမ္ဘာပေါ်မှ နိုင်ငံအများအပြားက အင်္ဂါဂြိုဟ်ကို စိတ်ဝင်စား စောင့်ကြည့်လေ့လာသည်ကို ကောင်းစွာ သိရှိပါကြောင်း၊ လူသားတို့ လာရောက် ကျူးကျော်နေထိုင်မည်ကို စိုးရိမ်သဖြင့် ဂြိုဟ်သားအားလုံး ကိုယ်ရောင် ဖျောက်ထားရကြောင်း၊ မြေအောက်မြို့တော်များ ဖန်တီးပြီး နေထိုင်ကြကြောင်း၊ ဤအခြေအနေကို အမေရိကန် နာဆာအဖွဲ့ အပါအဝင် ကမ္ဘာသူ ကမ္ဘာသားတို့ မသိရှိကြကြောင်း စသဖြင့် ရှင်းပြသည်။

အင်္ဂါဂြိုဟ်ပေါ်တွင် ရေတွေ့သည်ဟု ကမ္ဘာ့သိပ္ပံပညာရှင်တချို့ ကြေညာချက်ထုတ်သည်ကိုလည်း သိရှိကြောင်း၊ လူသား သုတေသီတို့၏ ကင်မရာကောင်းသည်ဟု ချီးကျူးလိုကြောင်း၊ သို့သော်လည်း ထိုရေမှာ သောက်သုံးရန် မသင့်တော်ကြောင်း၊ အများသုံး စုပေါင်းအိမ်သာကြီးတစ်ခု မိလ္လာကန်ပေါက်ရာမှ စိမ့်ယိုထွက်ခြင်းသာဖြစ်ကြောင်းလည်း ရှင်းပြ၏။

ရှင်းပြ မိတ်ဆက်ပြီးသကာလ ရန်လိုကျွဲ ဘယ်သူဖြစ်သည်၊ ဘယ်က လာသည်၊ ဘာလာလုပ်သည် စသဖြင့် ဘကုန်း ၆၆ လုံးမေးခွန်းများကို အဆက်မပြတ် ထုတ်လေ၏။ ရန်လိုကျွဲလည်း မှန်ကန်စွာ ဖြေဆို၏။

သူ့မေးခွန်းများကို ဖြေဆိုပြီးနောက်တွင် ရန်လိုကျွဲသည် အင်္ဂါဂြိုဟ်သို့ လူငယ်သဘာဝ ရောက်လာသူမဟုတ်ကြောင်း၊ ခရီး သည် အစစ်အမှန်ဖြစ်ကြောင်း စစ်ကြောရေး ဂြိုဟ်ကောင်အရာရှိ သဘောပေါက်သွားလေသည်။ ဂြိုဟ် အကျိုးထိခိုက်စေမည့် သူဖြစ်ပါက ထောင်ရာသက်ပန်ချခံရမည်ဟု ခြိမ်းခြောက်လိုက်သေး၏။ မကြာခင် ပြန်လွှတ်ပေးမည်၊ သို့သော် တည်ဆဲဥပဒေ အရ အင်္ဂါဂြိုဟ်မှ ပြန်သည့်အခါ ကျောက်ခဲတစ်လုံး၊ မြေကြီးတစ်ကော်မျှပင် ယူဆောင်သွားခွင့်ပြုမည် မဟုတ်ဟု ဆို၏။ ယူဆောင်သွားပါက မြေကြီးတစ်မှုန်လျှင် တင်ပါးကို ကြိမ်ဒဏ် ၁ဝ ချက် ဆော်မည်ဟူသတတ်။ အင်မတန် ပြင်းထန်လှ သောတည်ဆဲ ဥပဒေပင်တည်း။

ကျောက်ခဲ အမှတ်တရ ကောက်ယူသွားရန် စိတ်ကူးမိသော ရန်လိုကျွဲလည်း တင်ပါးကို အမှတ်တမဲ့ အုပ်လိုက်မိသေးသည်။

အမိမြေကို တစ်လက်မမျှ အကျူးကျော်မခံဟု ရန်လိုကျွှဲတို့ သီချင်းဆိုကြ၊ ကြွေးကြော်ကြသည်။ အင်္ဂါဂြိုဟ်တွင် နေထိုင် သူတို့မှာ မိမိတို့ထက်ပင် မြေချစ်စိတ်၊ နိုင်ငံချစ်စိတ် ကြီးမားပေမည်ဟု တွေးနေစဉ် ဂြိုဟ်ကောင်အရာရှိထံမှ မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။

”အတော်များများကိုတော့ ငါသိပြီးသွားပါပြီ။ မရှင်းတာတစ်ခုက မင်းနဲ့အတူပါလာတဲ့ဆိုင်းဘုတ်တွေပဲ။ အဲဒါတွေက ဘာ တွေလဲ”

ဂြိုဟ်ကောင်အရာရှိက မေးလည်းမေး၊ အထုပ်အပိုးထဲမှ ဆိုင်းဘုတ်များကို ဆွဲထုတ်သည့်အလုပ်လည်း လုပ်၏။ ”အရေးမကြီး ပါဘူး၊ မြေကမ္ဘာရဲ့ ကြော်ငြာတွေပါဗျာ။ အင်္ဂါဂြိုဟ်အနှံ့လိုက်ပြီး စိုက်ထူဖို့ ထည့်ပေးလိုက်တဲ့ကြော်ငြာတွေပါ”ဟု အမှန် အတိုင်း ဖြေလိုက်မိသည်။

သူဆွဲထုတ်သဖြင့် ဆိုင်းဘုတ်များ ထွက်ကျလာလေသည်။ ထိုဆိုင်းဘုတ်များတွင် ပုလိပ်အဖွဲ့ပိုင်မြေ၊ တပ်ပိုင်မြေ၊ ဌာနပိုင် မြေ စသဖြင့် စာလုံးကြီးကြီး ရေးထားသည်ကို အံ့သြဖွယ်တွေ့လိုက်ရသည်။

ရန်လိုကျွဲ ခေါင်းနားပန်းကြီးသွားသည်။ ခေါင်းဆင်နင်းခံရ သည်ဟူသော စကားလုံးမှာ ဤအခြေအနေအတွက် ပေါ်လာခြင်း ဖြစ်မည်ဟု ယူဆရသည်။

”ကြော်ငြာမှာ ဘာတွေ ရေးထားတာလဲ။ ကြော်ငြာဆိုပြီး ပုံတွေ မပါတာ ဘာကြောင့်လဲ”

ဂြိုဟ်ကောင်အရာရှိမှာ အင်မတန် အရစ်ရှည်သောသူဖြစ်၏။ ရန်လိုကျွဲလည်း ရှိသမျှ ဉာဏ်နီဉာဏ်နက် အကုန်ထုတ်သုံး ရ လေသည်။

ကွမ်းတံတွေး မထွေးရ၊ စည်းကမ်းရှိပါ၊ အမှိုက်မပစ်ရ၊ သေးမပေါက်ရဟု ရေးထားကြောင်း၊ သတိပေးစာ ကြော်ငြာများ ဖြစ်သောကြောင့် ပုံမပါခြင်း ဖြစ်ကြောင်း ဗြောင်လိမ်ရလေသည်။

”ကျွတ်…ကျွတ်…ကျွတ်…မင်း အလေးခံပြီး သယ်လာတာ အလကားမဖြစ်အောင် ဒီကြော်ငြာတွေ လိုက်ပြီးစိုက်ပေးပါ့မယ်။ ငါတို့ ဂြိုဟ်သားတွေက စည်းကမ်းရှိပြီးသားပါ။ အဲ… မင်းတို့ကြော်ငြာတွေက ကြည့်လို့ကောင်းတဲ့အတွက် ငါလိုက်ရောင်းရင် အလုအယက်တောင် ဝယ်ကြမှာကွ။ ငါတော့ ထောပြီ”

ရန်လိုကျွဲ ပြောသမျှ ဂြိုဟ်ကောင်ငနဲ ယုံကြည်သွားပုံရသဖြင့် သက်ပြင်း တိတ်တဆိတ် ချနေမိစဉ်မှာပင် ဂြိုဟ်ကောင်အရာရှိက စစ်ကြောရေး ပြီးဆုံးပြီ ဖြစ်ကြောင်း၊ အင်္ဂါဂြိုဟ်မြေအောက်မြို့တော်များကို လိုက်လံကြည့်ရှုလည်ပတ်နိုင်ရန် စီစဉ်ပေးမည်ဖြစ် ကြောင်း ပြောလိုက်လေသတည်း။

(လာမည့်လတွင် အင်္ဂါဂြိုဟ်တွင် ရန်လိုကျွဲ အကြံပေးရပုံအပါအဝင် အတွေ့အကြုံများကို ဆက်လက်ဖော်ပြသွားမည် ဖြစ် သည်။)

၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၅၁) မှ သရော်စာဖြစ်ပါသည်။

သရုပ်ဖော်ကာတွန်း -သီဟ (စခန်းသစ်) (၂၀၁၇)

ဆောင်းယွန်းလ ● သံသရာ

$
0
0

ဆောင်းယွန်းလ ● သံသရာ
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၇

တခါတခါရွာတဲ့ မိုးရေတွေထဲ
ငါ့အပူတွေ စီးဆင်းမြောပါသွားတယ်
ဘယ်အထိလိုက်သွားရမှာလဲမသိတော့
တနေရာရာဆီမှာ ချန်ရစ်ခဲ့တယ်
ကျန်လည်းကျန်ရစ်ခဲ့တယ်
ရတောင့်ရခဲ အားလပ်ရက်လေးထဲ
တနေရာရာဆီကို အလည်အပတ်သွားတဲ့အခါ
ငြီးငွေ့ ဖွယ်ဘဝကို
တနေရာရာဆီမှာ ချွတ်ချထားခဲ့မိတယ်
ဘယ်အချိန်မှာ ပြန်ဝတ်ရမယ်မှန်းမသိပေမယ့်
တချိန်ချိန်မှာ ပြန်ကောက်ဝတ်ရမယ်မှန်းကိုသိနေခဲ့တယ်
တခါတုန်းက မြစ်ထဲ
စီးမြောသွားတဲ့ ငါ့အပူလှိုင်းတွေပဲ
အခု
အခိုးအငွေ့ အဖြစ်နဲ့ ကောင်းကင်ဆီကနေတဆင့်
မိုးရေစက်တွေဟာ
ပင်လယ်ဆီကနေ သဲသဲမဲမဲလာနေတယ်
ရွာနေတယ်။

ဆောင်းယွန်းလ

ကာတွန်း ကိုခေတ် ● နှစ်သစ်ဆီသို့ ...

$
0
0
 ကာတွန်း ကိုခေတ် ● နှစ်သစ်ဆီသို့ ...
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၇

ကျော်လင်း (ရောင်စုံ) ● နှစ်ပါတီအားပြိုင်ပွဲမှာ တပ်မတော်ရဲ့ရမှတ်က ပိုများလာနိုင်မလား

$
0
0
ကျော်လင်း (ရောင်စုံ) ● နှစ်ပါတီအားပြိုင်ပွဲမှာ တပ်မတော်ရဲ့ရမှတ်က ပိုများလာနိုင်မလား
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂ဝ၁၇

ယခုလအတွင်းဖြစ်ပွားသွားတဲ့ မောင်တောခရိုင်က အကြမ်းဖက်သတ်ဖြတ်မှုတွေအပြီးမှာတော့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ပြတ်သားတဲ့ မူဝါဒတစ်ခုအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ထိပ်တိုက် တွေ့ဆုံမှုကို ပြုလုပ်ခဲ့ကြတာကို တွေ့ရပါ တယ်။ ဒါဟာ နဂိုကတည်းက ဖြစ်ပွားနေတဲ့ပြသနာကို ဖြေရှင်းဖို့အတွက် ရခိုင်အမျိုးသားပါတီအနေနှင့် တပ်ပိုင်းဆိုင်ရာ နှင့်မဖြစ်မနေဆွေးနွေးလိုက်ရတဲ့အနေအထားပါ။ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေနှင့်ပတ်သက်ပြီး လွှတ်တော်ကနေတဆင့် အစိုးရကိုတင်ပြဖို့ကြိုးပမ်းခဲ့ပေမယ့် တင်ပြခွင့်မရတဲ့အတွက် ရခိုင်တိုင်းရင်းသားတွေရဲ့လုံခြုံရေးအတွက် လုပ်ပေးနိုင်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံခဲ့ရခြင်းဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP)  ဥက္ကဌ ဒေါက်တာအေးမောင် က မီဒီယာတွေမှာဖြေကြားတာကို တွေ့ရပါတယ်။ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့ကို ချဉ်းကပ်လို့မရတဲ့ အတွက် နောက်ထပ်အသတ်အဖြတ်မခံရအောင် အတားအဆီးလုပ်နိုင်တဲ့အဖွဲ့အစည်းနှင့် အဖြေရှာရခြင်းဖြစ်ကြောင်း ပြော ဆိုခဲ့တာကိုကြည့်ရင် ရခိုင်အမျိုးသားပါတီ (ANP) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကြားမှာ ပြဿနာတရပ်ကို ချဉ်းကပ် ပုံခြင်းမတူကြောင်း ဖော်ပြနေပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကိုသွားခဲ့တဲ့ (ANP) ဒုဥက္ကဌ ခိုင်ပြည်စိုးကလည်း NLD အစိုးရ ရဲ့လုပ်ဆောင်ချက်တွေက နာရေးကူညီမှုအသင်းလိုဖြစ်နေတယ်လို့ ဝေဖန်ထားပါတယ်။

်ရခိုင်ပြည်မြောက်ပိုင်းလုံခြုံရေးနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) ဟာ လွှတ်တော်တွင်းတိုက်ပွဲ အနေနှင့်တင်ပြ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ NLD အစိုးရဟာ ဘူးသီးတောင်၊ မောင်တောပြဿနာကို နိုင်ငံတကာရဲ့ စွပ်စွဲမှုတွေကြားမှာ ခိုင်မာတိကျတဲ့ မူဝါဒတစ်ခုချမှတ်ပြီး လုပ်ဆောင်ဖို့အတွက် လက်ရှောင်နေခဲ့တယ်လို့ဆိုရမှာပါ။ ဒီလိုဖြစ် ရတဲ့အကြောင်းတရားကလည်း ဒီမိုကရေစီအရေး၊ လူသားချင်းစာနာထောက်ထားရေး၊ တန်းတူရေးတို့ကို ရှေ့တန်းတင် လာခဲ့ပြီး အစိုးရဖြစ်လာတဲ့ NLD ဟာ လက်တွေ့ပြဿနာတွေကိုဖြေရှင်းတဲ့အခါ ပြည်တွင်းဖြစ်ပျက်မှုတွေထဲက မြေပြင်အနေ အထားတွေကို သေချာငုံမိအောင် မသိခဲ့တာတွေလည်း ရှိပါတယ်။ ဖြစ်လိုက်တဲ့ပြဿနာတိုင်းမှာလည်း နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေကို ရင်မဆိုင်လိုတဲ့သဘောထားရှိနေတယ်လို့ သုံးသပ်ကြတဲ့သူတွေလည်း ရှိနေပါတယ်။

ဒီလိုအနေအထားမှာ ပြဿနာဖြစ်လာတိုင်း စိုးရိမ်တကြီးနှင့် ရခိုင်အမျိုးသားပါတီ (ANP) ကတင်ပြကြသလို NLD အစိုးရဖက် ကလည်း ပယ်ချခဲ့တာတွေကို တွေ့ရပါတယ်။ အောက်တိုဘာ ၉ ရက်နေ့က မောင်တောမြို့နယ် ကျီးကန်းပြင်ဌာနချုပ်ကို ဘင်္ဂါလီအကြမ်းဖက်သမားတွေ ဝင်ရောက်စီးနင်းခဲ့တာနဲ့ပတ်သက်လို့ အစိုးရက နယ်မြေရှင်းလင်းရေးနှင့် ဒေသလုံခြုံရေးကို လုပ်ဆောင်ပေးဖို့အတွက် ရခိုင်အမျိုးသား ပါတီ ကျောက်ဖြူမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးဘရှိန်က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ဒီအဆိုဟာ ပယ်ချခံခဲ့ရပါတယ်။ မကြာသေးမီကာလကလည်း မောင်တောမြို့ နယ် တရိန်းရွာက ဒေသခံနှစ်ဦးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး မောင်တောဒေသကို လုံခြုံရေးတိုးမြှင့်ပေးဖို့ အရေးတကြီး အဆိုကို ရခိုင်အမျိုးသားပါတီ (ANP) က ဘူးသီးတောင်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြည်နယ် လွှတ် တော်မှာ တင်ပြခဲ့ပါတယ်။ ဒီအဆိုကိုကန့်ကွက်ပြီး မောင်တောဒေသမှာ တည်ငြိမ်အေးချမ်းနေပြီဖြစ်တဲ့အတွက် မှတ်တမ်း အဖြစ်သာထားရှိဖို့ပြောဆိုခဲ့သူက NLD က ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးမင်းအောင်ဖြစ်နေပါတယ်။ အဆိုရှင်က  မှတ် တမ်းထားရုံလောက်နှင့် အဆင်မပြေကြောင်း ထပ်မံတင်ပြခဲ့တာကြောင့် ပြည်ထောင်စုလွှတ်တော်ကိုတင်ပြဖို့ လွှတ်တော် ဥက္ကဌက ဆုံးဖြတ်ချ ချသွားပါတယ်။ ဒီဖြစ်စဉ်တွေကိုကြည့်ရင် NLD အစိုးရဟာ ရခိုင်ပြည်အရေးကို မိမိတို့အစိုးရအနေနှင့် ဖြေရှင်းနိုင်မယ်လို့ယူဆပြီး ပြည်နယ်တွင်းပြိုင်ဖက်ပါတီလိုဖြစ်နေတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့တောင်းဆိုချက်တွေကို နိုင်ငံရေးအားပြိုင်မှုအဖြစ် သတ်မှတ်ခဲ့ပုံရပါတယ်။ အကျိုးဆက်ကတော့ မောင်တောခရိုင်မှာ မူဆလင်ဘာသာဝင်၊ ဗုဒ္ဓဘာ သာဝင် စတဲ့ဒေသခံတွေ အကြမ်းဖက်ခံခဲ့ရတာ ခုဆိုရင် မှုခင်း ၅ဝ ကျော်ရှိသွားပါပြီ။ ၂ဝ၁၆ ခုနှစ်အောက်တိုဘာလကနေ ၂ဝ၁၇ ဇွန်လ ၃ဝ အထိ မောင်တောဒေသမှာ အပြစ်မဲ့ပြည်သူ ၄ဝ ကျော်ဟာ အကြမ်းဖက်ခံခဲ့ရပြီး  ပျောက်ဆုံးသူ ၂ဝ ကျော် ရှိနေခဲ့ပြီလို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့ပါတယ်။ ဩဂုတ်​လ ၁၁ ရက်​​နေ့ကထုတ်​ပြန်​ခဲ့တဲ့ ထုတ်​ပြန်​ချက်​မှာ ​တော့ ယခုအချိန်​ထိ အကြမ်းဖက်​သတ်​မှတ်​ခံရသူ ၅၉ ဦးနှင့်​ ​ပျောက်​ဆုံး​နေသူ ၃ဝ ​ကျော်​ရှိသွားပြီလို့ ထုတ်​ပြန်​ထားပါတယ်။

သြဂုတ် ၃ ရက်နေ့ကဖြစ်သွားတဲ့ မောင်တောခရိုင် ကိုင်းကြီး ကျေးရွာကဒေသခံပြည်သူ ၈ ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတာ တွေဟာ အစိုးရကို ပိုမိုပြတ်သားတဲ့မူဝါဒတစ်ခုချမှတ်ဖို့ တွန်းအားတွေဖြစ်နေခဲ့ပါတယ်။ သြဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းက ကိုင်းကြီးကျေးရွာက ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၅ ဦးတို့ဟာ မေယုတောင်တန်းကိုသွားပြီး တောင်ယာလုပ်ငန်းတွေကို လုပ်ကိုင်နေခဲ့တာကို အကြမ်းဖက်သမားတွေက လာရောက်ပစ်ခတ်ရာက အမျိုးသား ၂ ဦးဟာ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးဟာလည်း ပြင်းထန်တဲ့ဒဏ်ရာတွေကို ရရှိခဲ့ကြပါတယ်။ ကျန်တဲ့ အမျိုး သမီး ၄ ဦးနှင့် အမျိုးသား ၁ ဦးဟာလည်း ပျောက်ဆုံးနေခဲ့ပြီး နောက်မှ အသက်ဆုံးပါးနေတာကိုတွေ့ရှိခဲ့ကြသလို ဒဏ်ရာရ ခဲ့တဲ့သူတွေလည်း သေဆုံးခဲ့ကြရပါတယ်။ ကိုင်းကြီးလို့ပြောနေပေမယ့် သူတို့တောင်ယာလုပ်ကိုင်ရန်သွားရတဲ့နေရာက မင်းထက်သာကျေးရွာဖြစ်ပြီး ကိုင်းကြီးနှင့် ၁ နာရီ ခြေလျင်ခရီးဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့လုပ်ကိုင်တဲ့နေရာကတော့ မင်းထက်သာ ကျေးရွာကနေထပ်ပြီး နာရီဝက်ခရီးခန့် ဆက်သွားရတဲ့ မေယုတောင်ခြေဆိုတာပါ။ ဒီလိုခြေလျင်သွားနေရတဲ့ ခရီးမှာ ဒေသခံတွေအနေနှင့် လုံခြုံရေးလည်း အပြည့်အစုံမရှိ၊ လက်နက်ခဲယမ်းလည်း မပါရှိပဲ ဘယ်နေရာကဝင်လာမည်မှန်း မသိတဲ့ အကြမ်းဖက်သမားတွေကို ရင်ဆိုင်နေရတာကလည်း အလွန်တရာမှ လေးနက်စွာစဉ်းစားရမယ့် အနေအထားပါ။ ဖြစ်တဲ့ဒေသကို ရခိုင်အမျိုးသားပါတီက သွားရောက်လေ့လာခဲ့တဲ့အခါ ဒေသခံဘုန်းတော်ကြီးတပါးက ဒီတောင်ကုန်းတွေမှာ အကြမ်းဖက်သင်တန်းတွေပေးနေတာတွေကိုလည်း သိတယ်။ အကြမ်းဖက်သမားတွေက ရွာထဲက ဘင်္ဂါလီတွေက ရိက္ခာ တွေ သွားပို့နေတာကိုလည်းသိတယ်။ ဒါပေမယ့် သူတို့ကို လုံခြုံရေးတွေကလည်း ထိလို့ကိုမရဘူး၊ ရွာကိုလည်း အဝင်မခံဘူး ဆိုပြီး ဖြေဆိုခဲ့တယ်လို့ ကွင်းဆင်းလေ့လာခဲ့တဲ့ ရခိုင်အမျိုးသားပါတီ (ANP) က ဒုဥက္ကဌ ခိုင်ပြည်စိုးက ပြောဆိုထားတာရှိပါ တယ်။

ဒီဖြစ်ရပ်အပြီးမှာပဲ ရသေ့တောင်မြို့ နယ် စေတီပြင်တိုက်နယ်ထဲက အောက်နန်းရာ ဘင်္ဂါလီကျေးရွာမှာ မသင်္ကာသူတွေကို ဖမ်းဆီးဖို့သွားတဲ့ ရဲဝန်ထမ်းတွေကို  ကျေးရွာသား ၆ဝဝ ကျော်က ဝိုင်းပြီးရန်ပြုခဲ့တဲ့ဖြစ်ရပ်များက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ထိ အလေးအနက်ထားဖို့ အကြောင်းရင်းတွေဖြစ်လာပါတယ်။ ဒီလိုအကြောင်းတရားတွေကြောင့်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြတ်သားတဲ့မူဝါဒချမှတ်ပြီး နှိမ်နင်းတော့မယ်ဖြစ်ကြောင်း မီဒီယာတွေမှာဖြေထားတာ တွေ့ ရပါတယ်။ ရခိုင်အမျိုးသားပါတီဖက်ကလည်း ဘင်္ဂါလီတွေကင်းမဲ့ဇုန်တွေကို ဖန်တီးပေးဖို့တောင်းဆိုထားတာကို တွေ့ရ ပါတယ်။

လက်ရှိမှာ မောင်တောခရိုင်က ဒေသခံရခိုင်မျိုးနွယ်စုတွေက ဖားရှာ၊ ငါးရှာ၊ လယ်ယာလုပ်ငန်းလုပ်ကိုင်စတဲ့ လုပ်ငန်းတွေ ကိုမလုပ်နိုင်ပဲ ဘင်္ဂါလီတွေကသာ လွတ်လပ်စွာသွားလာရဲကြတယ်လို့ ဆိုပါတယ်။ အစိုးရနဲ့နီးစပ်တဲ့ ဘင်္ဂါလီလူမျိုးတချို့ ဟာလည်း သတ်ဖြတ်ခံနေကြရပါတယ်။ အဓိကပြဿနာက တရားဥပဒေစိုးမိုးရေးပျောက်ဆုံးနေသလိုဖြစ်နေတာပါ။ ဒါဟာ တဖြည်းဖြည်းနှင့်လုံခြုံရေးချိုးဖောက်မှုကနေ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကိုထိ စိန်ခေါ်နေတယ်ဖြစ်ရပ်အဖြစ် နိုင်ငံ ရေးပါတီတွေကရော၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပါ သုံးသပ်လာကြပါတယ်။ ဒေသခံပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေ ကလည်း တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးကို အဓိကထားပြီး တင်ပြလာကြပါတယ်။ ကိုင်းကြီးကျေးရွာက ဒေသခံတွေ အကြမ်းဖက်ခံခဲ့ရတဲ့နောက်ပိုင်းမှာ နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်းတွေကလည်း သဘောထားကြေငြာချက်တွေကို ထုတ်ပြန် ခဲ့ကြပါတယ်။

ဒီလိုလုံခြုံရေးကို လိုအပ်တာချင်းတူနေပါလျှက်နှင့် ရခိုင်အမျိုးသားပါတီ (ANP) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ဟာ လုံခြုံရေးချထားရေးအတွက် တောင်းဆိုတာမှာ ဘာကြောင့်ကွဲပြားခဲ့ကြပါသလဲ။ ဖြစ်နိုင်ခြေနှစ်ခုက စစ်တပ်ကို အတင်း အကျပ်တောင်းဆိုရင် လက်ရှိ အစိုးတရပ်ရဲ့ပါဝါကို ထိခိုက်သွားနိုင်မလားဆိုပြီး NLD  က စဉ်းစားမိပုံပါ။ နောက်တချက်က ရခိုင်အမျိုးသားပါတီ (ANP) တောင်းဆိုလို့ လုပ်ပေးလိုက်ရပါတယ်ဆိုတဲ့ပုံစံမျိုးကို NLD လုပ်ကိုင်လိုစိတ်မရှိဘူးလို့ သုံးသပ်မိ ပါတယ်။ ဘာကြောင့်ဆို ယခင်လွှတ်တော် ၅ နှစ်က တစ်ဖက်တည်းမှာရှိနိုင်ခဲ့ပေမယ့် လက်ရှိအစိုးရသက်တမ်းမှာတော့ ရခိုင်အမျိုးသားပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအတွက် ပြိုင်ဖက်ဖြစ်နေပါတယ်။ လုံခြုံရေးနှင့်ပတ်သက်ပြီး စစ်အုပ်စုကိုမလိုလားဘူးဆိုပေမယ့် ၁၄ ပါတီက သဘောထားထုတ်ပြန်ခဲ့တဲ့အခါ ရခိုင်အမျိုးသားပါတီ (ANP)   က ကန့်ကွက် ခဲ့ပါ တယ်။ သူတို့ရဲ့ထုတ်ပြန်ချက်မှာပါရှိတဲ့ လိုအပ်ရင် စစ်အုပ်ချုပ်ရေးနှင့်လုပ်ပေးပါဆိုတဲ့ တောင်းဆိုချက်ကို (ANP) သ ဘောမတွေ့သလို NLD လည်း သဘောတူနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် (ANP) ပါတီက ကန့်ကွက်တဲ့ချိန်မှာတော့ NLD က ဘာသိဘာသာနေနေခဲ့တာကို တွေ့ရပါတယ်။ ဒီနေရာမှာ မေးခွန်းထုတ်စရာက ၁၄ ပါတီရဲ့သဘောထားကို (ANP) သာ ထောက်ခံမှုပြုခဲ့ရင် NLD က ဘယ်လိုရှိမလဲဆိုတာပါ။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မှာ လှုပ်ရှားနေတဲ့ အကြမ်း ဖက်သမားတွေကိုဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရအရေးယူပေးရန်နှင့် အကြမ်းဖက်သမားများကြောင့် နေရပ်စွန့်ခွာလာ သောတိုင်းရင်းသားကျေးရွာတွေ ဆက်လက်ရပ်တည်နိုင်ရေးတို့အတွက် အရေးတကြီးအဆိုကို ရခိုင် အမျိုးသားပါတီ မဲဆန္ဒနယ် အမှတ် (၃) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က  တင်သွင်းခဲ့တဲ့အဆို ကိုတော့ ကန့်ကွက်သူမရှိခဲ့ပါဘူး။ မောင်တောခရိုင်အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်ထုမေကလည်း ဦးခင်​​မောင်​လတ်​ရဲ့အဆိုကို ​ထောက်​ခံ ဆွေး​နွေးခဲ့ပါတယ်​။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကတော့ ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း စိစစ်သွားမယ်လို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ ကြည့်လိုက်ရင် အကြမ်းဖက်မှုကိ မလိုလားမှု၊ ပြဿနာကို ပြေလည်စေမှုတို့မှာ သွားပြီးတူညီနေကြပါတယ်။ လက်တွေ့ လုပ်ဆောင်မှုတွေမှာတော့ ပါတီနှစ်ခုဟာ အားပြိုင်မှုတွေရှိနေတာကို တွေ့နေရဆဲပါ။

ဒီလိုပါတီနှစ်ခုရဲ့အားပြိုင်မှုအနေအထားမှာပဲ မေယုခရိုင်မှာ အကြမ်းဖက်မှုတွေက ဆက်တိုက်ဖြစ်လာနေပါတယ်။ တပ်မ တော်ကလည်း လာခေါ်မယ့်သူကို မျှော်နေခဲ့တဲ့သဘောပါ။ လုံခြုံရေးကို ၂ လတာ တိုးမြှင့်လိုက်တဲ့ မောင်တောခရိုင်ဟာ ခေါင်းစီးမတပ်ပေမယ့် တပ်မတော်ရဲ့အရိပ်အောက်ကို ရောက်သွားပါတယ်။ ဒေသခံတွေအနေနှင့်လည်း ယခင်လိုစိုးရိမ်စိတ် တွေ ရှိတော့မှာမဟုတ်ပါဘူး။ အထိုက်အလျောက် စိတ်လက်ချပြီး နေနိုင်လောက်တဲ့ အနေအထားပါ။ ဒီလို တပ်ဖက်က ပိုပြီး ဂရုတစိုက်ရောက်လာအောင်လုပ်ပေးခဲ့တာက လက်ရှိအစိုးရဖြစ်မနေပဲ ရခိုင်အမျိုးသားပါတီသာဖြစ်နေတာကလည်း အစိုးရတစ်ရပ်အတွက် ခံရခက်ခက်ဖြစ်စေမယ့်ကိစ္စပါ။ ဘာပဲဖြစ်ဖြစ် စစ်ပွဲတွေရှိနေသမျှကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံကလည်း အသက်ဝင်နေဦးမှာဖြစ်ပါတယ်။ နယ်စပ်ရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေးတို့ကိုလည်း လက်ရှိအစိုးရက လွှမ်းမိုးနိုင်အောင် ကြိုးစားရဦးမှာပါ။ ဒီလိုအနေအထားတွေမှာ ဒီမိုကရေစီအရေးကိုလိုလားခဲ့တဲ့ ရခိုင်အမျိုးသားပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လိုပါတီတွေက ပြိုင်ဘက်လိုဖြစ်နေတဲ့အခါ တပ်မတော်ရဲ့ရမှတ်က ပိုလာတဲ့သဘောရှိပါတယ်။

ကျော်လင်း (ရောင်စုံ)
၁၁၊ ၈၊ ၂ဝ၁၇

ဗိုလ်သူရိန် ● ကိုစီချန်း ပတ္တရားကမ်းခြေနှင့် ယိုးဒယားသို့ သင်္ဘောတခေါက်

$
0
0
ဗိုလ်သူရိန် ● ကိုစီချန်း ပတ္တရားကမ်းခြေနှင့် ယိုးဒယားသို့ သင်္ဘောတခေါက်
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၇

ဆော်ဒီအာရေးဗီယားမှ တင်လာတဲ့ဓာတ်မြေသြဇာတွေကို ယိုးဒယား ထိုင်းနိုင်ငံ ကိုစီချန်းကို လာပို့ရပါတယ်။ ကျွန်တော်တို့ သင်္ဘောကတော့ ရေအလယ်မှာကျောက်ချပြီး ကုန်ချရတာပါ။ ဒီလို ကျောက်ချပြီး ကုန်တင်ကုန်ချ လုပ်နေကြတဲ့ နိုင်ငံတကာ သင်္ဘောတွေကလည်း ပတ်ပတ်လည်အများကြီးပါပဲ။ ယိုးဒယားရဲ့တိုးတက်အောင်မြင်မှုကို ကျွန်တော်တို့နိုင်ငံ အတော်ကြိုး စားလိုက်ယူရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းပြောသလိုလွတ်လပ်ရေးရပြီးရင် သူများကတလှမ်းဆို ကိုယ်က အလှမ်းနှစ်ဆယ် ပို လှမ်းနိုင်မှ တော်ရုံကျမယ်။ ဒီလိုသာမလုပ်ရင် ယိုးဒယားက ကျွန်တော်တို့ထက် အများကြီးကျော်သွားပါလိမ့်မယ်။ ဟုတ်ကဲ့ ဗိုလ်ချုပ်ခင်ဗျ အခုယိုးဒယားက မြန်မာပြည်ထက်ကျော်သွားသလို မြန်မာနိုင်ငံသားတွေပါခေါ်ပြီး အလုပ်ခိုင်းနေပါပြီ။

သင်္ဘောကျောက်ချပြီးပြီးခြင်း အေးဂျင့်၊ ကုန်တွက်ချက်သူ၊ အလုပ်သမားခေါင်း (Forman) တို့ ရေကြောင်းပြလှေကားကနေ တက်လာကြပြီး သင်္ဘောအရာရှိတွေနဲ့ ကုန်တွက်ချက်ကြ ရုံးလုပ်ငန်းဆိုင်ရာတွေ ပြောဆိုကြပါတယ်။ နောက်နာရီဝက် အကြာမှာတော့ သင်္ဘောအောက် ရေထဲကနေ တပွမ်ပွမ်နဲ့ ဟွန်းတီးလို့ကြည့်လိုက်တော ယိုးဒယားမလေးများ။ သူကြီးက အမိန့် (Order) ပေးထားတာက အလုပ်သမားကလွဲလို့ ကျန်တဲ့သူ မတက်ရဘူးတဲ့။ မကြာပါဘူး ရေကြောင်းပြလှေကားကနေ အားလုံးတက်ချလာပါတယ်။ နောက်ပြီး အသက်ကြီးကြီး ယိုးဒယားသူက သူကြီးကို မေးတယ်။ သူသွားတွေ့မယ်ပြောဆိုပြီး သင်္ဘောထဲဝင်သွားတယ်။ ခပ်ကြမ်းကြမ်းပါပဲ။ ခဏနေတော့ ကိုရီးယားသူကြီးက သင်္ဘောနောက် (Station) မှာ နေရာ ပေး လိုက်ပါလို့ ရေဒီယိုစကားပြောစက်ကန လှမ်းပြောတယ်။ သူပဲအမျိုးမျိုး။

လှေပေါ်မှာ ကျန်နေတဲ့သူတွေအတွက် သင်္ဘော အလူမီနီယမ်လှေကား (Gangway) ချပေးလိုက်ပါတယ်။ သင်္ဘောနောက်မှာ တာပေါ်လင် အမိုးဆွဲချ၊ လှေနဲ့အတူပါလာတဲ့ ပစ္စည်းတွေဆွဲတင်ပြီး သုံးနာရီအကြာမှာတော့ ယိုးဒယားစားသောက်ဆိုင် အသေးစားလေးဖြစ်လာပါတယ်။ သီချင်းလည်းဆိုလို့ရသလို ဘီယာ ယိုးဒယားစာ အမြည်း အဆင်သင့်။ လှပျိုဖြူများကတာ့ သင်္ဘောရဲ့ အနားယူအပန်းဖြေအခန်း (Recation Room) မှာ သူတို့အိမ်အလား မြူးထူးပျော်ပါးလို့။ ပုရိသတို့ခြေလှမ်းတွေက ညနေဘက်မှာ သံလိုက်ဓါတ်များ ဆွဲငင်ယူနေကြပါတယ်။

ကုန်ချဖို့အတွက် သင်္ဘောပေါ်ကိုအလုပ်သမား ၂၀ ကျော်လောက်တက်လာကြပါတယ်။ နေ့ဆိုင်း ညဆိုင်းခွဲ  ၂၄ နာရီ အ လုပ်လုပ်ကြပါတယ်။ သင်္ဘောဘေးကို တန်ချိန် ၁၀၀၀ ဝန်းကျင်ဆန့် (Bulk) သင်္ဘောအသေးလေးတွေ လာကပ်ကြပြီး ကုန် ယူ သယ်ဆောင်သွားကြပါတယ်။ ဒီသင်္ဘောပေါ်က အလုပ်သမားတွေအတွက် ထမင်းကျွေးဖို့ သင်္ဘောရဲ့ညာဘက်အခြမ်းမှာ အမျိုးသမီးကြီးတဦးဦးဆောင်တဲ့ ချက်ပြုတ်ကျော်လှော်အဖွဲ့က မနက် နေ့ ညနေအစာ ချက်ပြုတ်နေကြပါတယ်။ သူတို့ရဲ့ ယိုးဒယားဟင်းအနံ့များက ကျွန်တော်တို့ကိုဖိတ်ခေါ်နေလို့ သင်္ဘောက ဟင်းလျာများနဲ့ သွားရောက် လဲစားဖြစ်ပါတယ်။ ချိုစပ် အရသာ ယိုးဒယားအစားအစာက အစားအသောက်အပြောင်းအလဲ ကျွန်တော်တို့အတွက် ထမင်းမြိန်စေပါတယ်။

ကျောက်မြတ်ရတနာ ပြခန်းသင်္ဘောက ဓာတ်မြေသြဇာ ချပြီးတာနဲ့ယိုးဒယား ပီလောပီနံအမှု့န်တွေ ပြန်တင်မှာ ဖြစ်တဲ့ အတွက် ရက် ၂၀ လောက်ကြာမှာပါ။ ဒါကြောင့် ကိုဆီချမ်းနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ပတ္တရားကမ်းခြေကို ကျွန်တော်တို့ မြန်မာ သင်္ဘောသားတွေ အလှည့်ကျ သွားလည်ကြပါတယ်။ ရေအလယ် ကျောက်ချထားတဲ့သင်္ဘောကနေ လှေ (Speed board) တစ်နာရီလောက်စီးပြီးရင် ဆိပ်ကမ်းကိုရောက်ပါတယ်။

အသွားအပြန် လှေ (Board) ခ ဒေါ်လာ ၁၀၀ ပေးရပါတယ်။ ငါးယောက်ဆိုတော့ တယောက် ဒေါ်လာ ၂၀ ကျပါတယ်။     ဆိပ်ကမ်းရောက်တော့ ပတ္တရားကမ်းခြေကို အသွားအပြန် ဒေါ်လာ ၅၀ တောင်းပါတယ်။ ဈေးဆစ်တော့ ကမ်းခြေမရောက်ခင်
ကျောက်မြတ်ရတနာ ပြခန်းတခုကိုလိုက်ပို့မယ် ပြောပါတယ်။ ကမ်းခြေက မနက်၁ဝ နာရီကျော်မှဖွင့်တဲ့အတွက် အချိန်စော
သေးတာနဲ့ ကားဆရာလိုက်ပို့တဲ့ ကျောက်မြတ်ရတာနာပြခန်းကို အရင်သွားလိုက်ပါတယ်။

ပြခန်းမှာ လူတော်တော်စည်ပါတယ်။ ပြခန်းအပေါက်ဝမှာ ယိုးဒယား ရိုးရာအဝတ်အစားဝတ်ထားသူ လူငယ်အမျိုးသား အမျိုးသမီးများက ဆီးကြိုနေပါတယ်။ ပထမဦးဆုံးပြခန်းထဲကို အရင်မဝင်စေဘဲ ရန်ကုန်က (Happy World) ကစားကွင်းက သူရဲ ရထားစီးရသလို နေရာကို အရင် လိုက်ပို့ပါတယ်။ ဒီရထားလေး စီးနေချိန် ကင်မရာ လုံးဝ မရိုက်ဖို့ မေတ္တာရပ်ခံထားပါတယ်။ ကျွန်တော်နဲ့အတူပါလာသူ အိန္ဒိယခရီးသွားတစ်ဦးက ဖုန်းနဲ့ရိုက်နေလို့ ရထားကိုရပ်စေပြီး မရိုက်ဖို့ လာရောက်ပြောကြားပါ တယ်။ သူတို့တွေ CCTV က အမြဲကြည့်နေပါတယ်။

ရထားစတင်ဝင်သွားတာနဲ့ မီးအမှောင်ချထားတဲ့ အခန်းထဲကို ရောက်သွားပါတယ်။ ခဏနေတော့ အင်္ဂလိပ်စကားပြောသံနဲ့ အတူ ကမ္ဘာမြေကြီးအကြောင်းပြောပြပါတယ်။ ခဏနေတော့ ဘေးပတ်လည်မှာ မီးတချို့လင်းလာပြီး မြေငလျင်လှုပ်ခတ် မြေကြီး ပြတ်ရွေ့လှုပ်ရှားမှုကနေ တွင်းထွက်သဘာဝပစ္စည်းများဖြစ်ပေါ်လာပုံကို ရုပ်ထုရုပ်လုံးပေါ်အောင် အထူးမီး ပြုလုပ် ချက်တွေနဲ့ ပြသပါတယ်။

နောက်တခန်းကို ရောက်သွားတော့ လျှော်ရည်ပူတွေကနေ ကျောက်သံပတ္တမြားရွှေ ဖြစ်ပေါ်လာပုံများပြသပါတယ်။ ဆက် လက်ပြီးတော့ ရွှေတူးဖေါ်နေပုံများကို သရုပ်ပြအရုပ်များနဲ့ပြသပါတယ်။ တကယ်အသက်ဝင်လှပါတယ်။ ရှေးယခင် ရွှေတူး ဖေါ်ပုံ၊ ရေမဆေးကျောက်ရှာနေပုံတွေကို အသံပုံတူလှုပ်ရှားမှုများနဲ့ စိတ်ဝင်စားစရာကောင်းပါတယ်။ နောက်ဆုံးအခန်းမှာ တော့ တွင်းထွက်ကျောက်သံပတ္တမြားရွှေထွက်ရှိရာ နိုင်ငံများကို ပြသထားပါတယ်။ စိန်ကလွဲလို့ ကျန်တွင်းပစ္စည်းများ ရှိ သောပြသထားတဲ့ နိုင်ငံတွေထဲမှာ မြန်မာပြည် အမြဲပါပါတယ်။ အကော်ဒီယံအုန်းကျော် (ဦး) ဆိုတဲ့သီချင်း သတိရလိုက်တာ။ သံယံဇာတပေါတဲ့ ဒို့ရဲ့တိုင်းပြည်အဖိုးထိုက်တဲ့မြေ။ ကျွန်တော် ဆက်မဆိုချင်တော့ပါဘူး။

ရထားလေးပေါ်က ဆင်းဆင်းခြင်းမှာ ဘာလူမျိုးလည်း မေးပါတယ်။ မြန်မာလို့ပြောလိုက်တော့ ရှမ်းတရုတ်မလေး ရောက်လာ ပြီး ရွှေငွေလက်ဝတ်ရတနာများ ကြိုက်တာဝယ်ယူနိုင်ကြောင်း မြန်မာလို လာရှင်းပြပါတယ်။ ရှမ်းပြည်နယ်က အလုပ်လာလုပ် နေသူတဦးပါ။ ဒါနဲ့ ပြခန်းကြီးထဲကိုစဝင်တော့ မှန်လေးတွေနဲ့ကာထားတဲ့ ပန်းထိမ်လုပ်ငန်းကို ပြသထားပါတယ်။ ဆွဲကြိုး နားတောင်း လက်စွပ်တွေကို အမျိုးအစားလိုက်ပြုလုပ်နေကြတာကို မြတ်မြင်ကိုယ်တွေ့ ပြသထားပါတယ်။ ဒါက ဒုတိယ မြောက် ပန်းချီပြခန်းရဲ့ ဧည့်သည်များအပေါ် ဆွဲဆောင်မှုပါပဲ။

လက်ဝတ်လက်စား ပြသရောင်းချတဲ့ဘက်လိုက်ပြတော့ ဒေါ်လာ ၅၀၀ ထက် ဈေးကြီးလှတော့ မဝယ်ဖြစ်ပဲ လိုက်ကြည့် လိုက်တယ်။ လိုက်လံရှင်းပြသူ ရှမ်းမလေးက ဒေါ်လာ ၁၀၀ ဝန်းကျင်နေရာကို လိုက်ပြပါတယ်။ ကျွန်တော်နဲ့ အတူပါလာသူ Second officer ကိုသက်ဦးခိုင်ညွန့်က သူ့အမေအတွက် ရွှေဖြူနဲ့လုပ်ထားတဲ့ စိန်နားကပ်လေးတရံ ဝယ်လိုက်ပါတယ်။ ဒေါ်လာ ၂၀၀ တန် လက်ရာက သေသပ်လှပါတယ်။ Second engineer စောဘော်မူဒိုးက သူဝတ်ဖို့ ဒေါ်လာ၅၀ တန် နား တောင်းအသေးလေးတဖက် ဝယ်ပါတယ်။ ကျွန်တော်ကတော့ ရွေးချယ်ပေးသူပါ။ ကျွန်တော်တို့ဝယ်တော့ ရာခိုင်းနှုန်းရမယ့် ရှမ်းမလေးလည်း ပျော်နေပါတယ်။

သူများနိုင်ငံက စီးပွားဆွဲဆောင်မှုက အတုယူလောက်ပါပေတယ်။ ပတ္တရားကမ်းခြေ (Pattaya Beach)  ကျောက်မြတ်ရတ နာပြခန်းကနေ ပြန်ထွက်လာပြီးတော့ ပတ္တရားကမ်းခြေကို ထွက်လာခဲ့ပါတယ်။ ၃၀ မိနစ်လောက် ထပ်မောင်းရပါတယ်။ ကားလမ်းဘေးနဲ့ကပ်ရပ် ပတ္တရားကမ်းခြေက လူအတော်စည်ကားနေပါပြီ။ ဆိပ်ကမ်းကိုအရင်မဆင်းပဲ ကုန်တိုက်တစ်ခုမှာ အဝတ်အစားဝယ်လိုက်ကြပါသေးတယ်။

ကမ်းခြေကိုဆင်းတဲ့အချိန်မှာတော့ ကမ်းခြေတောက်မြောက်ထိပ်မှာ ခရီးသွားဧည်သည်များစွာကို တွေ့မြင်ရပါတယ်။ (Speed board) ရေပေါ်ဆိုင်ငယ် (အင်္ဂလိပ်အမည် မခေါ်တက်ဘူး) နောက် လေထီးကို ရှေ့က လှေ (Board) နဲ့ ဆွဲသွားပြီး စီးတာမျိုး အကုန်ရှိပါတယ်။ ကျွန်တော်ကတော့ တနာရီ ဒေါ်လာ ၃၀ ပေးရတဲ့ ရေပေါ်ဆိုင်ကယ်ကို ဆီလောင်း ကိုအုန်းသီး နဲ့ နှစ်ယောက်စီးပါတယ်။ စမောင်းခါစမှာတော့ ဖြေးဖြေးမောင်းတော့ လှိုင်းနဲ့လှုပ်နေတော့ ကြောက်စရာ။ နောက်ပိုင်းကြ အမြန်မောင်းခါမှ သူက စီးလို့ကောင်းတာကိုး။ ဒါကြောင့် ငှားရမ်းသူက စီးတတ်လား အရင်မမေးဘူး။ စာရွက်တစ်ရွက်အပေါ် လက်မှတ်ထိုးခိုင်းတယ်။ အသက်အာမခံနဲ့အတူ ပျက်စီးပါက လျှော်ကြေးပေးရမည်ဆိုတာ ထည့်ရေးထားပါတယ်။ မြန်မာ ပြည်က ကျွန်တော့်သူငယ်ချင်း ဒေါက်တာကျော်လင်းစိုးကတော့ သူစီးခဲ့တုန်းကသူများသွားတိုက်လို့ ဒေါ်လာ ၁၀၀ လျော် ဖူးတယ်ပြောပါတယ်။    ကမ်းခြေမှာ ရေအနက်ဧရိယာတွေ သက်မှတ်ပေးထားပါတယ်။ ကမ်းခြေမှ ပင်လယ်စာအကင်မျိုးစုံနဲ့ အုန်းရေ ဘီယာ စုပ်လို့ရပါတယ်။ အနောက်နိုင်ငံသားများထုံးစံ  နေပူစာလှုံနေကြပါတယ်။ တချို့က ပြောကြတယ်။ သင်္ဘောသားဖြစ်ပြီး ကမ်းခြေပြန်သွားရလားတဲ့။ ကျွန်တော့်ခံယူချက်ကတော့ ပင်လယ်ထဲမှာက သူက ကျွန်တော်တို့ကို အနိုင်ကျင့်တယ်။ သူ ပြုသမျှ ခံနေရတာပါ။ ကမ်းခြေမှာက ပင်လယ်လှုပ်နေရင်တောင် လှိုင်းသွားစီးလိုက်သေးတယ်။ သူ့ကို ပြန်နိုင်တဲ့သဘောလို့ ကိုယ့်ဘာသာသတ်မှတ်ပြီး ကမ်းခြေအတော်များများကို သွားဖြစ်ပါတယ်။

ညနေ ၄ နာရီလောက်နေတော့ ကမ်းခြေကပြန်တက်လာခဲ့တယ်။ ကမ်းခြေမျက်နှာစာတမ်း လမ်းတဖက်က ကော်ဖီဘား များမှာတော့ နေဝင်ချိန် (Sun Set) ကို စောင့်ကြည့်ကြတဲ့ ခရီးသွားဧည့်သည်တွေ တမ်းစီနေကြပါပြီ။ ကမ်းခြေလမ်းရဲ့ အနောက်ဖက်တလမ်းမှာတော့ဆီ အမွှေးနံသာတွေနဲ့နှိပ်နယ်ပေးတဲ့ အနှိပ်ခန်းတွေ ခါးပြတ်လောက်သာ ကာရံထားတဲ့အရက် ဘီယာဘားများကလည်း မီးရောင်စုံထွန်း ဆောင်းဘောက်သီချင်းသံများနဲ့ ပါလာသမျှငွေကို ယိုးဒယားမှာ ထားခဲ့ပါဆိုသလို မျိုး အမျိုးမျိုး မြူဆွယ်နေကြပါတယ်။

ညနေဘက် ပတ္တရားကမ်းခြေပြန်အထွက်မှာ ရုံးဆင်းချိန်ထင်ပါရဲ့။ ကားတွေကြပ်နေလို့ သင်္ဘောပေါ်ကို ည ၇ နာရီကျော်မှ ပြန်ရောက်ပါတယ်။ ပြန်ရောက်တော့လည်း ကိုယ့်သင်္ဘောနောက်မှာက မီးရောင်စုံလင်း I 'm sailing အင်္ဂလိပ်သီချင်းသံ သဲ့သဲ့။ ဟူး..ယိုးဒယားရယ် တော်သေးတာပေါ့။ သင်္ဘောသာ အခေါက်တိုင်း ဒီအမြဲရောက်ရင် ပါလာတာလေးလည်းကုန် သီချင်းလိုပဲ ကျုပ်တို့သင်္ဘောသားတွေ ခက်ရချည်ရဲ့ဗျာ။

ဗိုလ်သူရိန်
၁၅၊ ၁၂၊ ၂၀၁၇

ကာတွန်း ဆလိုင်းစွမ်းပီ ● ငါလည်း ထိုးထားတယ် ...

$
0
0
 ကာတွန်း ဆလိုင်းစွမ်းပီ ● ငါလည်း ထိုးထားတယ် ...
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၇

ထွန်းဝင်းငြိမ်း ● လူထုအမေရဲ့ နိုင်ငံရေးလောကဓံ

$
0
0
ထွန်းဝင်းငြိမ်း ● လူထုအမေရဲ့ နိုင်ငံရေးလောကဓံ
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၇

(တစ်)
“လူတစ်ယောက်ကို သတိရနေသမျှကာလပတ်လုံး ဒီလူဟာ မသေပါဘူး” ဆိုတဲ့ အာဖရိကစကားပုံ တခုရှိပါတယ်။ ဒါဟာ အမေလူထုဒေါ်အမာက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ပြည်သူတွေ ဘယ်တော့မှ မေ့ကြမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်း ရေးသားတုန်းက သုံးနှုန်းတင်ပြသွားတဲ့ စကားပုံလည်း ဖြစ်ပါတယ်။ အမေရေးခဲ့သလိုပါဘဲ။ အမေလူထုဒေါ်အမာကို ပြည်သူတွေက မေ့နိုင်စရာမရှိတဲ့ အကြောင်းတွေထဲမှာ အမေ့ရဲ့လေးစားဖွယ်ရာ သမိုင်းဖြတ်သန်းမှုတွေ၊ ယုံကြည်ရာကို ရဲရဲရင့်ရင့် ကိုင်စွဲခဲ့တာတွေ၊ ဘဝတသက်တာမှာ မယိမ်းယိုင်တဲ့ရပ်တည်ချက်တွေ၊ မြတ်နိုးစရာကောင်းတဲ့ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်တွေ ကိန်းအောင်းလာအောင် ညွှန်ပြရေးသားခဲ့တာတွေကို တခုတ်တရ ပြောကြရမယ်ထင်ပါတယ်။

အမေလူထုဒေါ်အမာကို မမေ့သမျှ အမေ့ရဲ့ယုံကြည်ချက် ရပ်တည်ချက်တွေဟာလည်း ပြည်သူနဲ့အတူ မပျောက်မကွယ် တည်မြဲနေမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ အမေ့ရဲ့ တသက်တာလုံး ပြောဆို၊ ရေးသား၊ ပြုမူဆောင်ရွက်ခဲ့တာတွေက အလွန်ကြီးမားတဲ့ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ ပြည်သူကိုချစ်တဲ့စိတ်ရဲ့ စေ့ဆော်ချက်တွေကြောင့် လို့ ပြောရမယ်ထင်ပါတယ်။ ဒါကြောင့်မို့လည်း အမေဟာ တိုင်းပြည် အတွက်၊ ပြည်သူလူထုအတွက် ပြည်သူ့ဘက်က ရပ်တည်ခဲ့ရာမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ “ရွှေဒေါင်းတောင် ကလောင်တမျိုးရယ်နဲ့ ပြည်ကောင်းအောင် ဆောင်မကိုးရယ်လို့” ဆိုတဲ့ သြဝါဒကို လက်ကိုင်ပြုခဲ့သူလည်း ဖြစ်ပါတယ်။

အမေလူထုဒေါ်အမာရဲ့ ဘဝဖြတ်သန်းမှုတလျှောက်လုံးမှာ တက္ကသိုလ်သပိတ်ကြီးရဲ့ သပိတ်မှောက် ကျောင်းသူ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ အယ်ဒီတာကောင်းတဦးဆိုတဲ့ ဘဝတွေအပြင် အိမ်ထောင်ရှင်မ ကောင်းတယောက်အနေနဲ့ လောကဓံကို ကြံ့ကြံ့ခံဖြတ်သန်းပြီး၊ သောကဒုက္ခမျိုးစုံ ကြုံတွေ့ရပေမယ့် တစ်စက်ကလေးမှ အလျှော့မပေး၊ အရှုံးမပေး တတ်တဲ့ စိတ်ဓာတ်မျိုးဟာ တော်ရုံမိန်းမသားတွေမှာ တွေ့ရလေ့ရှိတဲ့ စိတ်ထားမျိုးမဟုတ်တာတော့ သေချာပါတယ်။

အဲဒါတွေအပြင် တိုင်းပြည်ကိုချစ်တဲ့၊ ပြည်သူလူထုကိုချစ်တဲ့၊ ငြိမ်းချမ်းရေးကိုမြတ်နိုးတဲ့၊ ယဉ်ကျေးမှုကို မွေ့လျော်တဲ့၊ သမိုင်းကိုတန်ဖိုးထားတတ်တဲ့ အမေလူထုဒေါ်အမာရဲ့ဘဝဟာ နိုင်ငံရေးလောကဓံရဲ့ ဖိနှိပ်ရိုက်ပုတ်ကျီစယ်မှုတွေကို ထုနဲ့ ထည်နဲ့ ကြုံတွေ့ခဲ့ရသလို ခင်ပွန်းဖြစ်သူရော သားသမီးတွေပါမကျန် ခံစားခဲ့ကြရပြီး သူကိုယ်တိုင်လည်း လေးဖက်နံရံ တွေကြားမှာ နိုင်ငံရေးအကျဉ်းသူဘဝနဲ့ ဖြတ်သန်းခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီစာစုမှာ အမေလူထုဒေါ်အမာ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးလောကဓံတွေအပေါ်မှာ အမေ ဘယ်လို ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့ပါသလဲဆိုတဲ့အကြောင်းကို လက်လှမ်းမှီသရွေ့ တင်ပြလိုတာ ဖြစ်ပါတယ်။

(နှစ်)
စာရေးဆရာ သတင်းစာဆရာကြီး အဂ္ဂါစနိုး ကွယ်လွန်ချိန်မှာ အမေလူထုဒေါ်အမာက ရှာမှရှားတဲ့ သတင်းစာဆရာ ဆိုတဲ့ခေါင်းစဉ်နဲ့ ရှုမဝမဂ္ဂဇင်းမှာ ဆောင်းပါးရှည်ကြီးရေးပြီး အဂ္ဂါစနိုးရဲ့ ဘဝနဲ့ အလုပ်တွေကို ခြယ်မှုန်းရေးသား ဂုဏ်ပြုခဲ့ပါတယ်။

တကယ်တော့ ရှာမှရှားတဲ့ သတင်းစာဆရာဆိုတဲ့ အမေ့ရဲ့ ခေါင်းစဉ်ဟာ အမေလူထုဒေါ်အမာအတွက် အလိုက်ဖက် ဆုံးလို့ မြင်မိပါတယ်။ တကယ်ပဲ အမေလူထုဒေါ်အမာဟာ ဗမာပြည်ရဲ့ ရှာမှရှားတဲ့ သတင်းစာဆရာ စစ်စစ်လို့ ဆိုရမှာပါ။ အမေ့ဘဝနဲ့ အလုပ်တွေကို မှတ်မိသိမှီသမျှ ပြန်စဉ်းစားကြည့်တိုင်း အမေဟာ ဘယ်နေရာက ရပ်တည်ခဲ့တယ်။ ဘယ်သူတွေ ဘက်က ရပ်တည်ခဲ့တယ်၊ ဘာတွေတွေးပြီး ဘာတွေရေးခဲ့တယ် ဆိုတာ ထင်ထင်ရှားရှား တွေ့နေရပါတယ်။

အမေဟာ လူထုဂျာနယ်ကို ၁၉၄၅ ဇူလိုင်မှာ ထုတ်ဝေခဲ့ပြီး ၁၉၄၆ ဧပြီ ၁၉ ကနေ ဇွန် ၇ ရက်နေ့ထိ လူထုသတင်းစာကို ထုတ်ဝေခဲ့ပါတယ်။ လူထုသတင်းစာမှာ အယ်ဒီတာအဖွဲ့ဝင်၊ ဖခင်အောင်နိုင်ကလောင်ခွဲနဲ့ နိုင်ငံရေးဆွေးနွေးခန်း ပင်တိုင် ဆောင်းပါးရှင်အဖြစ် ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

ဆရာလူထုဦးလှနဲ့ အမေလူထုဒေါ်အမာတို့ ဇနီးမောင်နှံဟာ စာရေးဆရာ၊ သတင်းစာဆရာအနေနဲ့ စာပေအကျိုး ပြည်သူလူထုအကျိုးကို သယ်ပိုးကြရာမှာ ၁၉၄၇ ခုနှစ်က လူထုသတင်းစာဆိုတာ တိုင်းပြည်လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းနေတဲ့ ဖဆပလအဖွဲ့ချုပ်ကြီးရဲ့ အာဘော်လို့ ဆိုရလောက်အောင် အရေးပါတဲ့ သတင်းစာ ဖြစ်ခဲ့ပါတယ်။

ဒီမိုကရေစီခေတ်ကို ထူထောင်ပါတယ်ဆိုတဲ့ အဲဒီ ဖဆပလ အဖွဲ့ကြီးပါပဲ။ တိုင်းပြည်လွတ်လပ်ရေးရပြီး အာဏာရ အစိုးရဖြစ်လာတော့ လူထုဦးလှကို နိုင်ငံရေးမသင်္ကာမှုပုဒ်မ ၅ နဲ့ ထောင် ၃ ကြိမ် ချဖူးပါတယ်။ တိုက်ကို ချိတ်ပိတ်၊ လူကိုဖမ်းပြီး တရားစွဲဆိုတာတွေ လုပ်ခဲ့ပါတယ်။ သတင်းစာတိုက်ကို ဒိုင်းနမိုက်နဲ့ ခွဲတာမျိုးတွေအထိ လုပ်ခဲ့ပါတယ်။

ဆရာလူထုဦးလှတသက်မှာ အဖမ်းအဆီးခံရတာ ၅ ခါ ရှိပါသတဲ့။ ၃ ခါက ဖဆပလ ခေတ် ပထမဆုံး အကြိမ်က ဗြိတိသျှ အစိုးရခေတ်မှာ၊ နောက် ၃ ကြိမ်က ဖဆပလခေတ်မှာ ဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်မှာတော့ မဆလခေတ်မှာ လူထုဦးလှရယ် အမေလူထုဒေါ်အမာရယ် သားဘိုညို(ဆရာညီပုလေး)ရယ် သားအမိ သားအဖ သုံးယောက်စလုံး ဖမ်းဆီးခံရတာပါ။

ဆရာလူထုဦးလှ ပထမအကြိမ် ဖမ်းဆီးခံရတုန်းက အမေလူထုဒေါ် အမာ ဂျပန်ခေတ် စစ်ရှောင်ရင်း မန္တလေးမြို့ မြောက်ဘက်က ကပိုင်ရွာ တောင်ငူစုဘုန်းကြီးကျောင်းဝင်းထဲမှာနေကြတဲ့ အချိန်ပါ။ အဲဒီခေတ်က ဝန်ကြီးသခင်သန်းထွန်း၊ ဗိုလ်မှူးဗထူးတို့ မကြာမကြာလာကြပါတယ်။ သူတို့ဘာတွေလုပ်ဖို့လာတယ်ဆိုတာတော့ လျှို့ဝှက်ကိစ္စမို့ထင်ရဲ့ ဦးလှက အမေမာ ကို ဘာမှ ပြောမပြပါဘူး။ ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်မလေး ၃၊ ၄ ယောက် အမေတို့ဆီလာနေတော့ အမေက ဘာမှ မစပ်စုပဲ ဒီလိုပဲ ချက်ပြုတ်ကျွေးမွေးနေတာပါပဲတဲ့။ အဲဒီအချိန်မှာ ဆရာလူထုဦးလှကို ဗြိတိသျှတပ်တွေလာပြီး ဖမ်းသွားပုံကို အမေက အခုလိုရေးထားပါတယ်။

“ကျွန်မတို့အညာမှာ ဗိုလ်မှူးဗထူးဦးဆောင်တဲ့တပ်တွေက ဖက်ဆစ်ဂျပန်ကို တော်လှန်ကြပြီး တိုက်ပွဲတွေ ဖြစ်နေပြီ။ ဂျပန်တွေ အရေးမလှဘဲ စစ်တွေဆုတ်ပေးနေရပြီ။ မဟာမိတ်တပ်တွေက ဝင်လာပြီ။ ဒါကြောင့် ဂျပန်တွေလက်က မန္တလေးမြို့ တောင် ကျသွားပြီဆိုတဲ့ အချိန်မျိုးမှာ ဗြိတိသျှစစ်ဗိုလ်တယောက် ဂျစ်ကားတစီးနဲ့ ကျွန်မတို့နေတဲ့ ကပိုင်တောင်ငူစု ကျောင်းထဲကို ဝင်လာပြီး ဦးလှကိုမေးတယ်။ တွေ့တယ်။ သူတို့ နှစ်ယောက်စကားပြောကြတယ်။ ဘာပြောမှန်း ကျွန်မ မသိလိုက်ဘူး။ နောက် ဦးလှက အိပ်ယာကို လိပ်ခိုင်းတယ်။ အဝတ်အထည်ကလေး နည်းနည်းထည့်ခိုင်းတယ်။ စစ်ဗိုလ်လာခေါ်လို့ ငါလိုက်သွားဦး မယ်ပြောပြီး လိုက်သွားတာပဲ။”



စစ်ဦးဘီလူးမှာ တပ်ကဖမ်းတယ်ဆိုတာ စိတ်ပူစရာ အလွန်ကောင်းတဲ့ အနေအထားပါ။ ဒါပေမယ့် ရှေ့တန်းစစ်မျက်နှာ အတွက် ဝါဒဖြန့်ဖို့ စကားပြန်လမ်းပြ လုပ်ရတာလိုလို သတင်းကြားရပြီး ဆရာလူထုဦးလှကို ဘယ်ဆီခေါ်သွားမှန်း မသိရပါဘူး။ နောက်တော့ ဦးလှကိုခေါ်သွားတဲ့ ဖမ်းသွားတဲ့တပ်က FSS လို့ခေါ်တဲ့ Field Security Service စစ်မြေပြင်လုံခြုံရေးအဖွဲ့က လာဖမ်းတာလို့ သိရပါသတဲ့။ ဦးလှ လွတ်ရာလွတ်ကြောင်းအတွက် အမေလူထုဒေါ်အမာဟာ မျိုးချစ်ရဲဘော်တွေနဲ့တွေ့ပြီး ဂျပန် တော်လှန်ရေးလုပ်နေကြတဲ့ အမေရိကန်တပ်ရဲ့ စစ်ထောက်လှမ်းရေးတပ်ဖြစ်တဲ့ Detachment 101 တပ်စခန်းချရာ ဗန်းမော်မြို့ ကိုလည်း မိဘတွေဆီက ခွင့်ပန်ပြီး အမ မမဦး(နဂါးဒေါ်ဦး)နဲ့အတူ (ဦး)ဖိုးသံချောင်းကိုယ်ဝန်ကြီး ၅ လ ၆ လ မပေါ့မပါး အနေ အထားနဲ့ စစ်ကြီးမပြီးတတ်သေးခင်မှာ ကပိုင်လေယာဉ်ကွင်းကနေ စစ်လေယာဉ် ဒါကိုတာကြီးတစီးနဲ့ လိုက်သွားခဲ့ဖူးသူ ဘာကိုမှမမှုတဲ့ သတ္တိခဲတဦးပါ။

ဗန်းမော်ရောက်လို့ ကိုယ့်ရဲဘော်တွေနဲ့တွေ့လို့ အမေရိကန်တပ်ကို မေးကြည့်တော့မှ လူထုဦးလှ ပုဂံမှာ ဖမ်းထားတာလို့ သိရပါတယ်။ ဗြိတိသျှတပ်က စစ်တိုက်ရင်းဖမ်းချုပ်တဲ့ ပုံသဏ္ဍာန်နဲ့ ဖမ်းထားတာမို့ စစ်ပြီးတော့ ပြန်လွတ်လာပါသတဲ့။

ဒုတိယအကြိမ် လူထုဦးလှကိုဖမ်းတော့ ၁၉၄၉ ခုနှစ်မှာပါ။ မင်းမနိုင်အဓိကရုဏ်းမှာ ဘုန်းကြီးနှစ်ပါး ပျံလွန်တယ်လို့ လူထုသတင်းစာက သတင်းမှားရေးတယ်ဆိုပြီး ပုဒ်မ ၅ နဲ့ ဖမ်းတာပါ။ အဲဒီပုဒ်မက အဲဒီအချိန်က အာမခံရနိုင်တဲ့ ပုဒ်မပါ။ သတင်းမှားတာကလည်း ဦးလှရေးတာ မဟုတ် ပါဘူး။ သတင်းအယ်ဒီတာဦးစံဝင်း ရေးတဲ့သတင်း နောက်တနေ့မှာ အမှားပြင်ဆင်ချက်သတင်းစာမှာ ထည့်ပြီးဖြစ်လို့ အာမခံလျှောက်တဲ့အခါ အာမခံရပါသတဲ့။ တိုက်ပိတ်တာလည်း ပြန်ဖွင့်ခွင့်ရတယ်။ ဦးလှလည်း ထောင်ထဲမှာ ၁၁ ရက်ပဲ နေခဲ့ရပြီး ပြန်လွတ်လာပါတယ်။ အဲဒါဟာ အမြန်ဆုံးအကြိမ်ဖြစ်ကြောင်း အမေမာက ရေးပါတယ်။

(သုံး)
ဆရာလူထုဦးလှ တတိယအကြိမ်နဲ့ စတုတ္ထအကြိမ် အဖမ်းခံရတော့ အမေလူထုဒေါ်အမာက ဒိန်းမတ်ပြည် ကိုပင်ဟောင်မြို့တော်မှာ ကျင်းပတဲ့ ဒီမိုကရက်တစ် ကမ္ဘာ့အမျိုးသမီးညီလာခံကို မြန်မာသတင်းစာဆရာ အမျိုးသမီး ကိုယ်စား လှယ်တယောက်အနေနဲ့ တက်နေရချိန်ပါ။ ညီလာခံပြီးတော့ မြန်မာနိုင်ငံက လူငယ်ကိုယ်စားလှယ်အဖွဲ့က ကမ္ဘာ့လူငယ် ပွဲတော်ကို အချိန်မီတက်ရောက်ဖို့ မလာနိုင်လို့ တိုင်းပြည်ရဲ့အပြင်ရောက်နေတဲ့အမေ့ကို တက်ခဲ့ပါဆိုတဲ့ ကိုယ်စားလှယ် လွှဲစာရလို့ ရူမေးနီးယားနိုင်ငံ ဘူခါရက်စ်မြို့တော်က လူငယ်ပွဲတော်ကို ကူးပြီးတက်နေတဲ့အချိန် ဖြစ်ပါတယ်။

အမေမာ ဘူခါရက်စ် လူငယ်ပွဲတော်တက်ပြီး ပြန်ခါနီးမှာ မန္တလေးလူထုတိုက်က အယ်ဒီတာတွေ ရိုက်လိုက်တဲ့ ကြေးနန်းသတင်းရပါတယ်။ ဦးလှ အဖမ်းခံရသည်။ သတင်းစာတိုက် ချိတ်ပိတ်ခံရသည်။ ၁၉၅၃ သြဂုတ် ၁၃ ရက် နေ့စွဲနဲ့ပါ။ အဲဒီတော့ အမေလူထုဒေါ်အမာလည်း ရှိရှိသမျှ အစီအစဉ်တွေဖျက်ပြီး အိမ်ပြန်ရပါ တော့တယ်။ ဘူခါရက်စ်ကနေ မော်စကိုရောက်တဲ့အခါ နောက်ထပ်ကြေးနန်းတစောင်ရပါတယ်။ အာမခံရပြီ၊ တိုက်ဖွင့်ပြီ၊ သတင်းစာပြန်ထွက်ပြီဆိုတဲ့သတင်းပါ။ ဒါကို အမေမာဖတ်ရတော့ ဝမ်းသာလိုက်ပုံများ ထခုန်မိမတတ်လို့ ဆိုပါတယ်။ ဆရာလူထုဦးလှက သူ့ဇနီး ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိပေမယ့် ခရီးလွန်နေသူ စိတ်ပူမှာစိုးလို့ စိတ်မပူအောင် ကြေးနန်းရိုက်ရှာတာပါ။

ဒါပေမယ့် အမေလူထုဒေါ်အမာ ရန်ကုန်ပြန်ရောက်ပြီး နောက်နေ့ မန္တလေးပြန်ရောက်တဲ့အခါ မန္တလေးလေဆိပ်မှာ လာကြိုတဲ့သူတွေထဲမှာ လူထုဦးလှမပါလို့ မေးကြည့်တော့မှ အိမ်မှာမရှိဘူး လေယာဉ်မဆိုက်ခင် နာရီဝက်လောက်ကမှ လာဖမ်းသွားတယ်ဆိုတာ သိရပါတယ်။ နိုင်ငံရပ်ခြားကနေ ကိုယ့် အိမ် ကိုယ့်မိသားစုရှိရာ ပြန်ရောက်တာ ဝမ်းသာအယ်လဲ ကြည်နူးပျော်ရွှင်ရမယ့်အစား လေယာဉ်ကွင်းကအိမ်ကို ရင်ထဲ ခိုးလုခုလုနဲ့ ပြန်ရောက်ရတယ်ဆိုတာ အမှန်တရားဘက်တော် သား သတင်းသမားတွေအတွက် တရားမျှတမှုမရှိတဲ့ခေတ်ဆိုး စနစ်ဆိုးတွေကပေးတဲ့ ဆုလာဒ်တွေထဲက လက်ဆောင် တချို့တဝက် ဖြစ်မယ် ထင်ပါတယ်။

ဆရာလူထုဦးလှကို အာမခံရပြီးသား ပုဒ်မ ၅ နဲ့ဘဲ ပြန်ဖမ်းတာပါ။ မန္တလေးထောင်ကြီးမှာ ၃ လကျော် ချုပ်ထားပြီး ရန်ကုန်ထောင်ရွှေ့ပြီး အမှုစစ်ပါတယ်။ နိုင်ငံခြားက အခုမှပြန်လာတဲ့ဇနီးကို လင်ယောင်္ကျားဖြစ် သူနဲ့ တွေ့ခွင့်မရအောင် တွေ့ရက်ရွှေ့လိုက်ပြီး တွေ့ခွင့်ပေးတော့လည်း အစောင့်အရှောက်တွေက စိတ်အခန့်မသင့် စရာတွေ ဒီခေတ်စကားနဲ့ဆို လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အနေအထားမျိုးတွေကို အမေလူထုဒေါ်အမာက အခုလို တင်ပြပါတယ်။

“မန္တလေးမှာ ချုပ်ထားတုန်းကလည်း ထောင်ဝင်စာ ကျွန်မလာတွေ့ တိုင်း စုံထောက်နှစ်ယောက်က လင်မယားကြားမှာ ငုတ်တုတ်ကြီး ထိုင်နေ ရက်နဲ့ တွေ့ရတာပါ” တဲ့။

အဲဒီအမှုမှာ အမှုမစစ်၊ စီရင်ချက်မချဘဲ အချိန်တွေဆွဲပြီး စိတ်ပျက်သွားအောင် အစိုးရက နှိပ်စက်ပုံတွေကို လူထုဦးလှရဲ့ ထောင်တွင်းကပေးစာများမှာ အခုလို ခပ်သောသောကလေး ရေးထားတာကို တွေ့ရပါတယ်။

“ဝမ်းသာလိုက်တာကွာ။ ထောင်ကလေးကျရပါမည့်အကြောင်း သားတကွဲ မယားတကွဲ မန္တလေးက ရန်ကုန်ကိုလည်း လာနေရသေး၊ တရားသူကြီး ၃ ယောက် အစိုးရရှေ့နေ ၃ ယောက် ပြောင်းပြီး ၁ နှစ် ၇ လနဲ့ ၁၄ ရက်လည်းကြာအောင် စောင့်ရသေး။ အခုဖြင့် အမှုပြီးပြီ။ မွေးဖွားပြီးတဲ့ ကိုယ်ဝန်ဆောင်လိုပဲ ပေါ့ပါးသွားပြီ” လို့ ရေးပါတယ်။

အဲဒီအမှုဖြစ်နေတဲ့ကာလအတွင်းမှာပဲ အမေလူထုဒေါ်အမာနဲ့ လူထုသတင်းစာအယ်ဒီတာချုပ်ဆရာကြီး ရွှေဥဒေါင်းတို့ကို ဖမ်းချုပ်မယ်လို့ သတင်းတွေမှာပါတော့ ဦးလှခမျာ ထောင်ထဲမှာ ဘယ်လောက်စိတ်သောက အမျိုးမျိုး ရောက်ခဲ့မလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။

ဆရာကြီးရွှေဥဒေါင်းကိုတော့ လွန်ခဲ့တဲ့ ၇ လလောက်က လူထုသတင်းစာမှာ ဖော်ပြခဲ့တဲ့ ပျူစောထီး တပ်ဖွဲ့ကို ဝေဖန်တဲ့ ခေါင်းကြီးကြောင့် ဖမ်းပါတယ်။ အမေလူထုဒေါ်အမာကိုဖမ်းမယ်ဆိုရင် အတိုက်အခံ ဘက်က အရွေးခံကြမယ့်သူတွေက ဒီအစိုးရဟာ သတင်းစာတစောင်အပေါ် ဘယ်လိုအထိ ဖိနှိပ်သလဲဆိုတာ သိချင်ရင် ဟောဒီ ကလေး ၅ ယောက်ကိုသာပဲ ကြည့်ပါတော့ဆိုပြီး အဖေရော၊ အမေရော၊ ထောင်ထဲရောက်နေတဲ့ ကျွန်မတို့ကလေးတွေကို လက်ဆွဲပြီး မဲတောင်းကုန်ကြ လိမ့်မယ်။ မလုပ်ပါနဲ့လို့ပြောတော့မှ အမေမာကို မဖမ်းတော့ဘူး ဖြစ်သွားတာပါ။

အဲဒီအခြေအနေကို လူထုဦးလှ ရန်ကုန်ထောင်ထဲကကြားတော့ သူ့ရဲ့ပေးစာမှာ ရေးထားတာက-

“သတင်းစာဂျာနယ် မဂ္ဂဇင်းတွေက ပြည်သူတွေဘက်ကရေးမယ်။ အစိုးရလုပ်ပုံတွေမကောင်းကြောင်း ရေးမယ်ဆိုရင် အဲဒီပုံနှိပ်တိုက်တော့ ဥပဒေနဲ့ လတ်တလောတွေ့တော့တာပဲ။ နိုင်ငံရေးသမားတွေဆိုတာ အဖိနှိပ်ခံရသူတွေဖြစ်တော့ ငွေလည်းမပေါဘူး၊ အာမခံငွေလည်း မတင်နိုင်ကြဘူး။ ကြာတော့ သူတို့အာဘော်တွေကို ဘယ်ပုံနှိပ်တိုက်ကမှလည်း ရိုက်မပေး ရဲကြဘူး။ အဲဒီလိုချုပ်ချယ်ဖိနှိပ်တဲ့ နယ်ချဲ့သမားတို့ရဲ့ လက်သုံးတော်ဥပဒေမျိုးကို နိုင်ငံမှာ ထွန်းထွန်းကားကာြး့ဖစ်နေတာ အံ့သြစရာ၊ ဝမ်းနည်းစရာကြီးပဲ။ ကဲ၊ ရဲမေ။ ပူပင်နေလို့အလကားပဲ၊ ငြိမ်းချမ်းရေးမရှိရင် ဒီမိုကရေစီရေးဆိုတာ ဒီလိုပဲနေမှာပဲ။ ဒါကြောင့် ငြိမ်းချမ်းရေးဟာဖြင့် ပြည်သူတွေရဲ့ အသက်ပါပဲ။”လို့ ရေးခဲ့ပါတယ်။

နောက်ထပ်ပေးစာတစောင်မှာတော့ ဆရာကြီးရွှေဥဒေါင်း မန္တလေးထောင်ကနေ ၅ လနီးပါးကြာမှ လွှတ်တဲ့အကြောင်း၊ ဒီတခါ တခုခုထပ်ဖြစ်ရင် မင်းအလှည့်ဖြစ်လိမ့်မယ်။ ဆိုပြီး လူထုဒေါ်အမာကို သတိပေးတဲ့အခါမှာ ဒုက္ခတွေ ပင်လယ်ဝေချိန် ဖြစ်ပေမယ့် နိုင်ငံရေးလောကဓံကိုအံတုရင်း သရော်ခဲ့ပုံက

“ကံအဆိုးအညံ့တွေ ကုန်ပြီထင်ပါရဲ့။ မင်းတို့လည်း ကြည့်ရေးကြပါ။ ပြည်သူတွေရဲ့အကျိုးအတွက် ဝေဖန်ရေးသားတာ ဘယ်သူ့ကိုမှ ပျက်စီးစေလိုလို့၊ မနာလိုမုန်းထားလို့မဟုတ်တဲ့အကြောင်း ပေါ်လွင်ပါစေ။ ဒီတခါ တခုခုထပ်ဖြစ်ရင် မင်းအလှည့် ဖြစ်လိမ့်မယ်။ ထောင်ထဲမှာ ကိုယ်ရှိတယ်ဆိုပြီး သိပ်လုပ်မနေနဲ့ လူ့ပြည်နဲ့ နတ်ပြည်မှာသာ အတူတူနေရတာ။ ငရဲပြည်မှာ အတူတူနေရတာမဟုတ်ဘူး။ ဒါကြောင့် ထောင်ထဲလိုက်လာဖို့ စိတ်မကူးနဲ့။”လို့ ဒုက္ခရောက်နေချိန်မှာတောင် ဆရာလူထုဦးလှက လောကဓံကို ကျီစယ်ကာ အရွှန်းဖောက်ပြီး သတိပေးတာ တွေ့ရပါတယ်။

လူထုဦးလှထောင်ထဲမှာ ၃ နှစ်ကျော် နေခဲ့ရပြီး လွတ်လာတော့ သွားကြိုကြတဲ့အခါ အငယ်ဆုံးသား ၅ နှစ် ၆ နှစ်သား ဘိုညိုက သူ့အဖေကို မမှတ်မိလို့ အို့တို့အန်းတန်း ကြည့်နေပါသတဲ့။ အဲဒါကြောင့် အမေ့သား ဘိုညို(ဆရာညီပုလေး) ၁၉၉ဝ ခုနှစ်မှာ စစ်အစိုးရက ထောင် ၁ဝ နှစ် ချလိုက်တော့ ဘိုညိုရှိတဲ့ သရက်ထောင်ကို အမေမာက ထောင်ဝင်စာသွားတွေ့ရင်း ဘိုညို့ကလေး ၃ ယောက်စလုံး ခေါ်ခေါ်သွားပြီး သုံးလတခါ နှစ်လတခါ ပြပြထားရပါသတဲ့။ အမေမာရဲ့ ဘဝအတွေ့အကြုံကနေ သင်ကြားပေးလိုက်တဲ့ ခေတ်စနစ်ကြီးရဲ့ ဆိုးမွေတွေလို့ ဆိုနိုင်မယ်ထင်ပါတယ်။

နိဂုံး
အခုလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလို့ဆိုနေတဲ့ ခေတ်ကြီးမှာလည်း နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ထောင်ထဲရောက် နေရသူတွေ အမှုရင်ဆိုင်နေရသူတွေ၊ အဲဒီသူတွေရဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေ မိတ်ဆွေအပေါင်းအသင်းတွေဆိုတာ ရှိနေဆဲ ပါပဲ။ သူတို့တွေဟာလည်း အမေလူထုဒေါ်အမာတို့ ကြုံတွေ့ခံစားခဲ့ရသလို ကြုံတွေ့ခံစားနေရဆဲပါဘဲ။

ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီးမှာ မိသားစုဝင်တွေ အသက် ဆုံးရှုံးရ၊ ဘဝတွေပေးဆပ်ကြရသလို အမေဟာ အလံမလဲတဲ့စိတ်နဲ့ ဘဝတလျှောက်လုံး ရပ်ခံနိုင်ခဲ့တယ်ဆိုတာ ပြည်သူလူထုခံစားမှု၊ လူထုရပ်ခံချက် မပျက်ခဲ့တာကြောင့်လို့ ဆိုချင်ပါတယ်။

အမေလူထုဒေါ်အမာလို ခေတ်တွေစနစ်တွေကြောင့် ရိုက်ခတ်ခံရတဲ့ နိုင်ငံရေးလောကဓံကို ကျော်လွှားဖြတ်သန်းပြီး အမှန်တရားဘက်က အဖိနှိပ်ခံပြည်သူလူထုဘက်က ကြံ့ကြံ့ခံရပ်တည်တဲ့သူတွေဟာ နောင်အနှစ် ရာပေါင်းများစွာ ထောင် ပေါင်းများစွာတိုင်အောင် ရှင်သန်နေမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း ၂၈၊ ၁၁၊ ၂ဝ၁၅
(အမေလူထုဒေါ်အမာ နှစ် ၁ဝဝ ပြည့် အခမ်းအနား၊ မန္တလေးမြို့တွင် ဖတ်ကြားသော စာတမ်း)

ခင်လွန်း ● ငှက်ကြည့်သမား

$
0
0
 ခင်လွန်း ● ငှက်ကြည့်သမား
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၇
ခြံစည်းရိုးပေါ် ငါမျှော်နေတဲ့
ငှက်ကလေးရောက်ပြီလား
သူ့ကို နေ့တိုင်းစောင့်ကြည့်နေခဲ့ရ
သူ့ခမျာ မနေ့က အစာမှဝပါ့မလား
တနေ့ကရော ဝခဲ့ပါရဲ့လား
သူ ကွေးကွေးထားတဲ့ခြေလေးတဖက်
ခြေသည်းချွန်ချွန်ဝါဝါလေးတွေ
သူ့တောင်ပံကြားထိ မ, တင်ထား
တခါတခါတော့ အဲဒီ့ခြေလေးတဖက်ကို ဒရွတ်ဆွဲလို့
အစာကိုကောက်တဲ့အခါ
တဆတ်ဆတ်တုန် ကြာကြာမရပ်နိုင်ရှာ
သူ့တောင်ပံကို ခြေတဖက်အစား ကားကားကြီးချရင်း
မြေမှာဝပ်လို့ အစာကောက်ရရှာသူ
ဒီလိုအချိန်ချောင်းနေကြ ကြောင်ဖားကြီး
ခုန်အုပ်ခံလိုက်ရပြီလား
သူ့အတွက်ပူနေရတာပဲ
တခြားငှက်လေးတွေလို
အစာဝပါ့မလား
ကြောင်ခံတွင်းထဲရောက်သွားပြီလား
သတ္တဝါတို့ရဲ့ကံကြမ္မာတရားဟာ
မိုးတိမ်တွေလို တလွင့်လွင့်တမျောမျော
ကောင်းကင်ပေါ် ငှက်ကလေးတွေရော
တိမ်ပြာပြာရော
ငါ့အဖော် တုတ်ကောက်လေးရော
အငြိအတွယ်မရှိ
လူးလားပျံသန်းလျက်
ခြံစည်းရိုးပေါ်က နှုတ်သီးဝါဝါ ခြေတပေါင်ကျိုးငှက်ကလေးသာ
ချိတ်ကျန်မနေခဲ့ရင်
ငါဟာ လေထဲဝဲပျံလို့နေတော့မှာ။ ။
........
ခင်လွန်း
ဒီဇင်ဘာ ၂၈၊ ၂၀၁၇
နံနက်- ၉:၀၀

စီစီသွယ် (S/OKA ၀၈၉ ၈၁၈) - ကဝိအို အမိမြေနင်းခွင့်ရရေး

$
0
0
NCGUB ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း 

စီစီသွယ် (S/OKA ၀၈၉ ၈၁၈) - ကဝိအို အမိမြေနင်းခွင့်ရရေး
(မိုးမခ) ဒီဇင်ဘာ ၂၉ ၊ ၂၀၁၇

က၀ိအိုတယောက် အိမ်ပြန်ချင်လှပြီ၊ ကြုံတဲ့လူများ ဝိုင်းဝန်းကူညီလှည့်ပါ။

ပြည်ထောင်စုမြန်မာပြည်သူပြည်သားအပေါင်းတို့ ...

ကဝိအိုရဲ့ အိမ်ပြန်ချိန်။ မြန်မာနိုင်ငံသား ကဝိအိုအိမ် ပြန်ချင်လှပြီ။ တယောက်တလှည့် ဝိုင်း၍ကူလှည့်ပါ။

ဒီသတင်းလေးကိုပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးဦးထင်ကျော်နှင့်နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့၏ "နား"သို့ အမြန်ဆုံးရောက်အောင် ဆောင်ကြဉ်းပေးပါ။

ကဝိရဲ့ အိမ်ပြန်ချိန်၊ မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် နှစ်ပေါင်း၂၈နှစ်ကြာ ပြည်ပတွင် အစဉ်တစိုက်လှုပ်ရှားပေးခဲ့သော အသက်၇၄နှစ်အရွယ် ကဝိအိုကြီး အိမ်ပြန်ချင်လှပြီ။ မြန်မာသီချင်းတွေ နားထောင်ပြီး အလွမ်းဖြေနေလေရဲ့။

အမိမြေ နင်းခွင့်ရရေး ... အများသူငှာ ၀ိုင်းဝန်းကူညီလှည့်ပါ။

မင်းကိုနိုင် ● ဘုံပိုင်

$
0
0
မင်းကိုနိုင် ● ဘုံပိုင်
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ကူးယူသည်။


ဒီတပတ်အတွက် စာ ဘာစာရေးရပါ့စဉ်းစားရင်း ကွက်လပ်မြေပေါ် ကျနော်ထိုင်သည်။ ဝန်းကျင်ကို ဂရုပြုမိရင်း တစ်ဖက် ဆီက ဆိုင်းဘုတ်ကြီးကို မြင်ယောင်လာပါ၏။

“ဤအဆောက်အအုံကြီးငယ်တို့သည် အများပြည်သူပိုင်ဖြစ်သည်။ ထို့ကြောင့် သင်လည်း ပိုင်ဆိုင်ခွင့်ရှိသည်။ ထိန်းသိမ်း စောင့်ရှောက်ရန်လည်း သင်၏တာဝန်ဖြစ်သည်” ဟူ၏။

ထိုအချိန်က အများပိုင်တိုက်ခန်းများ စီတန်းနေသည့်အဆောက်အအုံများအနီး ထိုဆိုင်းဘုတ်ကို မြင်နေကျ၊ အာဘော်ကို နားလည်သည့်အလျောက် တခါက ပိုင်ဆိုင်မှုများအကြောင်းက မျက်စိထဲ၊ အတွေးထဲ စီတန်းဝင်လာပါသည်။

ဘုံပိုင်ဟုခေါ်လျှင် ဘုံဆိုသည်မှာ အများပင်ဖြစ်၍အများပိုင်ဟု အဓိပ္ပါယ်ရသော်လည်း ရေငုတ်တိုင်လေးများ၊ တစ်ခါတစ်ရံ အုတ်ရေကန်ကလေးတွေနှင့် တွဲလျက်ပုံရိပ်ကို မြင်မိစမြဲ။ ထိုမှသည် ရေဖွင့်ပိတ် ခလုတ်ကိုဘုံပိုင်ခေါင်းဟု ခေါ်ဝေါ်ကြသည် မဟုတ်ပါလား။ အများပိုင်ကိစ္စက မည်မျှလွှမ်းမိုးလိုက်ပါသလဲ။ ကိုယ့်အိမ် ကိုယ့်အခန်းထဲက ရေပိုက်နှုတ်သီးကိုပင် ဘုံပိုင် ခေါင်းဟု ခေါ်ရသည်အထိ။

ကျနော့်အား မမွေးဖွားမီ ခေတ်များကပင် ရန်ကုန်မြို့ကို အသစ်တိုးချဲ့စဉ် လူနေအိမ်ခြေ ရပ်ကွက်များအကွက်ရိုက်စဉ်က တည်းက သုံးရေကိစ္စအတွက် ထည့်စဉ်းစားခဲ့ကြသည်။ အဆိုပါ ဘုံပိုင်ခေါ် ရေငုတ်ကလေးများ ဟိုမှာ သည်မှာချပေး၊ ဂျိုးဖြူ ရေကန်မှ ပိုက်ကြီးဖြင့်သွယ်၊ ထိုဂျိုးဖြူရေပိုက်မှာကျနော်တို့ ကလေးဘဝက ကြိုးခုန်၊ ပြေးလွှားတက် ကစားရန်မဆုံးနိုင်သည့် ဧရာမ မြွေကျောကုန်းကြီးကို မြင်ယောင်ခဲ့တာမှတ်မိသေးသည်။

ထိုရေ ငုတ်တိုင်ကလေးများကိုပင် အုတ်ရေကန်ပတ်လျက် ထိုရေကန်ထဲမှ ရေငင်ကြ၊ ရေချိုး အဝတ်လျှော် ပြုကြရင်း မြို့ သစ် ရပ်သူရပ်သားများ၏ ဆုံစည်းရာလည်း ဖြစ်ခဲ့သေး။
🌴..🏡

ရေဘုံပိုင် သတင်းဌာနတဲ့၊ ထိုအချိန်က အရပ်ထဲက တင်စားအခေါ်အဝေါ်ပင်၊ အင်တာနက်မသိ၊ တီဗွီပင် မပေါ်သေးသည့် ခေတ်ဆိုတော့ ရေဒီယိုနှင့် သတင်းစာဆိုတာလည်း အစိုးရအာဘော်မျှသာ၊ ထိုရောအခါ အရပ်ထဲလူစုရာ ရေဘုံပိုင်သတင်း ရပ်ကွက်ကိုသာ အားကိုးရသည်တမို့။ ဆရာမင်းလူ၏ ဝတ္ထုတစ်ပုဒ်မှာ ရေဘုံပိုင် မြင်ကွင်းရေးပြထားတာ မှတ်မိသေးတော့။ ရေခပ်ရန် ပုံးတွေချတန်းစီရင်း ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ပွဲအကြောင်း သတင်းဖလှယ်၊ ရလဒ်ခန့်မှန်းချက်တွေ အပြိုင်ပေးရင်း ပြောကြပုံကို ကြည့်ပါ။

“ကလေးနဲ့လူကြီးထိုးတာ ကလေးကနိုင်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလားကွ”

ထိုစဉ်က မိုဟာမက်အလီဟု နာမည်မပြောင်းရသေး။ “ကပ်စီယပ်ကလေး” ဆိုသော နာမည်အရင်းပင်ရှိသေးသူနှင့် ဂျိုးဖရေ ဇီယာ ဆိုသည့် လူထွားကြီးတို့ ထိုးသတ်ပွဲကို ကလေးနှင့်လူကြီးဟု နားစွန်နားဖျား ကြားခဲ့ပုံ။

ထိုရေဘုံပိုင်မှလွဲလျှင် အခြားဆုံစည်းရာ မရှိတော့ဘူးလားမေးလျှင် ...ရှိသပေါ့ဟု ဖြေရမည်။ ဓမ္မာရုံလား၊ ဒါက အချို့တစ် ဝက်ပဲမှန်မည်။ ဘာသာမရွေး ရပ်ကွက်သူ၊ ရပ်ကွက်သားတွေဆုံရာက အရပ်ထဲက သမဝါယမဆိုင် (သ/မ)ဆိုင်၊ ပြီးတော့ မြေကွက်လပ် ကွင်းပြင်များ။

မြို့သစ်တည် အကွက်ရိုက်ကတည်းက မီးတားကွက်ဆိုတာ ပါရစမြဲ။ ရပ်ကွက်တကာ၏ ထောင့်လေးထောင့်မှန်သမျှ ကွက် လပ်ချန်ရစမြဲ။ မီးရေး ထင်းရေးဆိုလျှင် ကူးစက်မလွယ်အောင် ထိုထောင့်လေးထောင့်စလုံး ဟင်းလင်းထားကာ အများပိုင် မြေအဖြစ်ဆုံစည်းရာ ဖြစ်ခဲ့သည်။
🌴..🏡

ထိုကွက်လပ်များအပါအဝင် အခြားမြေပြင်လွတ်များပေါ်ကကျနော်တို့နှင့် ခေတ်ပြိုင်များ ဘောလုံးကန်ရင်း နိုင်ငံဂုဏ်ဆောင် ဘောလုံးသမား၊ ကစားသမားတွေ ထွက်ခဲ့ထွန်းခဲ့ကြသည်။ ဒီဇင်ဘာလို နှင်းကြမ်းကြမ်းတွေအောက် မိန်းကလေးတွေ တစ်အိမ်တစ်ယောက်ထွက် ထုတ်စည်းထိုးခဲ့ကြသည်။ ပြိုင်ဆိုင်မှုတွေ ပြင်းပါဘိ။ ဘာကာနှင့် ရီးယဲမက်ဒရစ်၊ မန်ယူနှင့် ချဲလ် ဆီးတို့ထက် မလျော့အောင် ပြိုင်ခဲ့ သည်းခဲ့ကြသည်ပဲ။ ဒိုင်လူကြီးတွေဆိုတာကလည်း သက်မွေးဝမ်းကျောင်းဒိုင်မဟုတ်၊ အရပ်ထဲက အပျော်တမ်းတွေ စေတနာ့ဝန်ထမ်း ထွက်လာလုပ်ပေးကြတော့အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေချပြီးရင်းချ၊ ခုခေတ်လိုဗွီဒီယို ပြန်ကြည့်လို့မရ၊ ဂိုးနည်းပညာလည်း မရှိသေးတော့မိတယ် မမိဘူး၊ ထမင်ရည်ပူတယ် မပူဘူး၊ ငြင်းရင်း ကျင်းထဲ နှစ်ဖက်ပရိသတ် ဝေါခနဲ ဝင်လာလုံးထွေးကုန်ကြတာလည်း အားကစားရာသီတိုင်းလိုလို၊ ပြီးတော့လည်း တရပ်ထဲ နေ တစ်ဘုံပိုင်ထဲ ရေသောက်ချင်းတွေမို့ ဘယ်သူရေ ဘယ်ဝါရေ ခေါ်ကြ ထူးကြ ပခုံးဖက်မပျက်ခဲ့ကြပါ။

ထိုအများပိုင် ကွက်လပ်များကို ကျနော်တို့ ဘယ်လိုအခေါ်အဝေါ် ခေါ်ခေါ်၊ အားလုံးပိုင် အားလုံးစောင့်ရှောက်ရမည်ဆိုသည့် အချက်အပေါ်ညီခဲ့ညွတ်ခဲ့ ကြပါသည်။ ထိုကွက်လပ်များအပေါ်၌ပင် အားကစားမျိုးစုံကို အရွယ်စုံလေ့ကျင့် အပြိုင်နွှဲရင်း ကျနော်တို့မျိုးဆက် သန်မာခဲ့ကြသည်။ အားကစားစိတ်ဓာတ်ဆိုတာ နားလည်ခွင့်ရခဲ့ပြီးသည်းခံခြင်း၊ ပြိုင်ဘက်ကို လေးစား ခြင်း၊ သန့်ရှင်းစွာယှဉ်ပြိုင်ခြင်း စသည့် အမူအကျင့်ကောင်းတွေ တပ်ဆင်ပြီးသား ဖြစ်ခဲ့ကြသည်။

ထိုကွက်လပ်များပေါ်၌ပင် သီတင်းကျွတ် တန်ဆောင်တိုင်ရာသီများ၌ တေးသရုပ်ဖော်များ၊ ဂီတဝိုင်းများ၊ အရပ်ပြဇာတ် ကဇာတ်များဖြင့် အနုပညာစွမ်း ပြခွင့်ရခဲ့ကြသည်။ အရပ်ထဲနေသူတွေချည်းအစအဆုံး တင်ဆက်သည့်ကပွဲဆိုပွဲတွေမို့ အချင်းချင်း အားပေး ရင်းနှီး တစ်ယောက်အခက်အခဲ တစ်ယောက်ဝင်ကူရှင်းပေးရင်း ညီညွတ်စည်းလုံးခြင်းရတနာကို ကျနော်တို့ တဝံ့တစား ဆင်မြန်းခွင့်ရခဲ့သည်။ ရွက်ပုန်းသီးတွေက ကိုယ်ပိုင်အစွမ်းအစ တက်ပြကြပြီး နိုင်ငံကျော်အနုပညာ ရှင်တွေ ဟောတယောက်ဟောတယောက် ထွက်ခဲ့ကြသည်။
🌴..🏡

ရုပ်ရှင်ဖျော်ဖြေရေးဆိုတာ.. ရုံမှာ တိုးကြိတ်ပင်ပန်းစွာ ကြည့်ရသည့်ခေတ်ဆိုတော့ ရာသီသာသည့် ညများမှာ သုံးကားပေါင်း မိုးအလင်းဆိုသည့် ပိတ်ကားထောင်ရုပ်ရှင်ကိုလည်းထိုကွက်လပ်မြေများပေါ်မှာပင် ကျနော်တို့အတူခံစားရင်ခုန်ခဲ့ကြရသည်ပဲ။ တစ်ခါတစ်ရံများ ပရိသတ်က များလွန်းတော့ပိတ်ကား နောက်ဘက်မှသာ နေရာယူပြီး ရုပ်ရှင်တကားလုံးကို ပြောင်းပြန် ကြည့်ရသည်ကလည်း ရသတစ်မျိုး။ စာပြောင်းပြန်၊ အရုပ်ပြောင်းပြန်၊ ညာဖြင့်ထိုးသည့်လက်သီးက ဘယ်ဖြင့်ထိုးနေသည့် ပိတ်ကား၊ လေထိုးလိုက်တိုင်း ချိုင့်ထဲဝင်သွားလိုက် ပူလိုက် ဖောင်းလိုက်နှင့်အရပ်ထဲ ကွက်လပ်မြေပေါ်က ဘဝများ။

ချစ်ခြင်း မုန်းခြင်း၊ သဘောတူခြင်း မတူခြင်း၊ တန်ဖိုးထားခြင်းမထားခြင်းဆိုသည့် အရာများကို အင်အားသုံး ဖြေရှင်းမှုတွေက ကြိတ်ဝါးလိုက်သည့်အခါ ကျနော်တို့ အရပ်ထဲကမြေကွက်လပ်များ အရှင်လတ်လတ် မီးသင်္ဂြိုလ်ခံလိုက်ရသည်။ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ မီးခြစ်ဆံဘူးတွေ ပြွတ်နေအောင် ထောင်လိုက်သည့်နှယ် အဆောက်အအုံတွေခြေကုပ်ယူတာ ခံလိုက်ရ သည်။ ရပ်ကွက်လေးတွေ အသက်ရှူမဝတော့။

“ဘောလုံးကစားကွင်း၌ ဘောလုံးမကန်ရ” ဆိုင်းဘုတ်ဗီနိုင်းတွေက အနာဂတ် အားကစားကို ခြေထောက်ရိုက်ချိုးလိုက်ပြီ။လူကြီးဘောလုံးကွင်း၊ လူလတ်ဘောလုံးကွင်း၊ ကလေးဘောလုံးကွင်းပင် မက ကားမောင်းသင်ကွင်းပါ ပိုင်ဆိုင်ကြွယ်ဝခဲ့သည့် ကျနော်တို့ ရပ်ကွက်မှ အများပိုင်မြေဟု၍ကုန်းကောက်စရာ မရှိတော့အောင် မွဲတေရ ရှာပြီ။ သာရေးနာရေး၊ အသိပညာရေး ဟောပြောပွဲ လုပ်ချင်လျှင်တောင် လမ်းပိတ်လုပ်ရသည့်ဘဝ။
🌴..🏡

ကျနော်တို့ ဆုံကြ၊ ခင်မင်ကြ၊ ရိုင်းပင်းခဲ့ကြသော မြေကွက်လပ်များ၊ ရုပ်ခန္ဓာသန်စွမ်းရေး အသိဉာဏ်နှင့်ကျင့်ဝတ်များ သိမြင် ရေး အတွက် ရင်ဖွင့်ကြိုဆို သင်ပြပေးခဲ့သော မြေကွက်ကျယ်များကို ဘယ်သူတွေက ဘယ်သူ့လက်ထဲ ဘယ်ဈေးနှုန်းဖြင့် ထိုးအပ်ခဲ့ပါပြီလဲ။

ကမ္ဘာကြီးကို ဦးဆောင်နေသည့် နိုင်ငံတကာ မြို့ပြမြင်ကွင်းတွေ မြင်တိုင်း၊ အများပိုင်မြေများပေါ် သူတကာတွေ အပန်းဖြေကြ၊ ရုပ်ပိုင်း ဉာဏ်ပိုင်းဖွံ့ဖြိုးမြင့်မားအောင် စုဝေးလေ့ကျင့်ကြတာမြင်တိုင်း ကျနော်တို့ အရပ်ထဲကမြေကွက်များအား ဆွေးရီမျက် လုံးများဖြင့် ငေးကြည့်မိပါသည်။

တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ပိုင် အမည်ပေါက်တွေနှင့် ဂုဏ်ခံနေကြသည့် ကွန်ဒို၊ ကန်ထရိုက်တိုက်များ၊ ဆူးကြိုး၊ ဓား သွားခွေလိပ်များကို ခေါင်းပေါ်ဝံ့ထည်ပန်ထားသည့် ပုဂ္ဂလိကအုတ်တံတိုင်းမြင့်များက ကျနော့်အလွမ်းမျက်လုံးများကို လှောင်ပြောင်ကြသည်။
🌴..🏡

ကျနော့်လမ်းထိပ် မီးတားကွက်လေးကို ငဲ့ကြည့်မိသော်မီးလောင်လွယ်သည့်ဓာတ်ဆီဆိုင် (ပုဂ္ဂလိကပိုင်) ဖြစ်နေပြီ။ ရေဘုံပိုင် ခေတ်တုန်းက တစ်ဦးတစ်ယောက်မှပိုက်ဖြင့်သွယ် နာရီဝက်မျှ မောင်ပိုင်စီးရန်ကြံလျှင်ပင် တခဲနက် ဆန့်တန်းကာကွယ်ခဲ့ကြ သော လက်ရုံးများ “အား” မရှိတော့ပြီလော။ ခဲတပစ်စာလောက် ကံထောက်မ၍ကျန်ခဲ့သည့် အများပိုင်မြေပေါ် ကျနော်ခြေစုံ ရပ်၍ အားမွေးကြည့်ချင်သည်။ ကျနော်တို့လို စိတ်တူကိုယ်တူတွေ အားသစ်ယူတောင့်ခံကြည့်ချင်သေးသည်။ ယုံကြည်ရာ စိတ်ထားတူချင်း တပြိုင်နက် လက်ရုံးဆန့်တန်းလိုက်ချင်သေးသည်။

မင်းကိုနိုင်
[ပြည်သူ့အရေးဂျာနယ် အပတ်စဉ်ဆောင်းပါးမှ]

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

$
0
0


ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 
မိုးမခစာပေက ထွက်ပါပြီ။ WE Distribution မှာ မေးဝယ်ပါ။
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၇

စာအုပ်တန်ဖိုး + ပို့ခ = ၄၀၀၀ ကျပ်

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) ရေးသားသော သင်္ချာအတွေးအခေါ်သမိုင်း ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ စာအုပ်ကို WE Distributionကနေ မှာယူရရှိနိုင်ပြီ ဖြစ်ပါတယ်။


သင်္ချာလို့ ပြောလိုက်တာနဲ့ ကိန်းဂဏန်းတွေ ပေါင်း၊ နှုတ်၊ မြှောက်၊ စား သင်္ကေတတွေ၊ သီအိုရီတွေ၊ ပုံသေနည်းတွေ၊ သက်သေပြချက်တွေကို ပြေးမြင်မိကြမှာပါ။ ဒီစာအုပ်ဟာ အဲ့ဒီလို ယေဘူယျအမြင်တွေကို ဖယ်ရှားပြီး သင်္ချာဆိုတာ အတွေးအခေါ်နည်းပညာစနစ်တစ်ခု ဖြစ်တဲ့အကြောင်း ဖော်ပြထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ သင်္ချာ အတွေးအခေါ် သမိုင်းတွေအပြင် သင်္ချာပညာနဲ့ ပတ်သက်ပြီး ကိုယ်တိုင် တွေ့ကြုံရတဲ့အဖြစ်အပျက်တွေ၊ အတွေ့အကြုံတွေ၊ နေ့စဉ် အသုံးပြုနေသော A4 စက္ကူ၊ ဗေဒင်ပညာတို့မှစပြီး သိပ္ပံပညာ နှင့် ဒဿန ပညာရှင်တို့ရဲ့ ရှာဖွေပုံ၊ ဂိမ်းသီအိုရီ၊ အစုသီအိုရီ၊ ဂဏန်းမဲ့သင်္ချာ၊ သုညအကြောင်း၊ အဓိပ္ပာယ်သတ်မှတ်ချက် စတာတွေကို ရေးသားထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ သင်္ချာဆောင်းပါးတွေ ဖြစ်ပေမယ့် အခြေခံသင်္ချာ ထိတွေ့ဖူးသူတိုင်း ဖတ်ရနားလည်စေမယ့်ဆောင်းပါးတွေပဲ ဖြစ်ပါတယ်။

စာအုပ်ကိုတော့ မိုးမခ စာပေကနေ ထုတ်ဝေတာဖြစ်ပြီး စာအုပ်တန်ဖိုးကတော့ ၃၀၀၀ ကျပ် ဖြစ်ပါတယ်။ WE Distributionကနေ အိမ်တိုင်ရာရောက် မှာယူမယ်ဆိုရင်တော့ စာအုပ်တန်ဖိုး + ပို့ခ = ၄၀၀၀ ကျပ်ဖြင့် မြန်မာတစ်ပြည်လုံးကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။ မှာယူလိုပါက အမည်၊ လိပ်စာအပြည့်အစုံ၊ ဖုန်းနံပတ်တို့ကို WE Distributionသို့ မက်ဆေ့ပေးပို့၍ဖြစ်စေ၊ ဖုန်းနံပတ် 09250091913 သို့ ဖုန်းဆက်သွယ်၍ဖြစ်စေ မှာယူရရှိနိုင်ပါတယ်။
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>