Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

မင်းကိုနိုင် ● ဒဏ်ရာရပန်းသီးများ

$
0
0
မင်းကိုနိုင် ● ဒဏ်ရာရပန်းသီးများ
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။

“ဒီမှာ ...ချယ်ရီတကယ်..ပုံပြောဖို့ ရှိတယ် နားထောင် ”

သူစိုးရိမ်သွား၏ ငါ့အကြံတွေကို ကြိုမြင်လို့ တားဖျက်တော့မှာလားဟု ပူကာ“ဟား တို့ကိစ္စရှိသေးတယ်”ဟု ကန့်ကွက်လိုက်၏။

“ရောက်မှ မရောက်သေးတာ ကိုယ့်အလှည့်ကျမှ ကိုယ်ပြော....ခုနားထောင်အလှည့်”

သူ....“ ဟုတ်ကဲ့ပါ ”ဟု မှင်သေသေ၀န်ခံရတော့သည်။ချယ်ရီသည် စင်ပေါ်မတက်ဖူးဘဲ ရောက်လာသည့် သတ္တိနည်းသော ကလေး၊ အလွတ်ကျက်ထားရသည့် ပုံပြင်တက်ပြောရသလို ဖြစ်နေ၏။

“ဟိုလေ တခါက...ငှက်မလေးတကောင် မိုးရွာထဲ အင်္ကျီချုပ်ဆိုင်သွားတယ်တဲ့”

“ဟာ...ငှက်က အင်္ကျီဘယ်လိုဝတ်မလဲ ယုတ္တိမရှိတာ ”

သူမ...အခက်တွေ့သွား၏။ သူမကို သနားမိပြန်၍ သူကပင်

“ဒီလိုလုပ် ငှက်အမွေးအတောင်အလှပြင်ဆိုင်ကို သွားတယ်လုပ်လိုက်”ဟု အကြံပေးည်။ သူမ ကျေနပ်လျက်....

“အင်း အဲဒီကအပြန်မှာ ကြောင်တကောင်က လက်ဖက်ရည်ဆိုင်မှာ ထီးမပါလို့ မှိုင်နေတယ်”

“ဟာ ဒါတော့ ဖြစ်နိုင်တယ်။ ကြောင်က လက်ဖက်ရည်သောက်တာပဲ ဒီကြောင်က ခန့်ချောကြီး မဟုတ်လား”

“ဘယ်ကလာ....ကုပ်ချောင်းချောင်းနဲ့ ပုံကို မလာဘူး။ ပုဆိုးဝတ်ရင် ခါးပုံစ ပုံပျက်ပျက်ကြီး ”

သူ့ခါးပုံစကို ငုံ့ကြည့်ရင်း သေသပ်အောင်ပြင်ကာ ဟဲဟဲ လုပ်နေသည်။

“ငှက်မလေးမှာက ထီးပါတယ်၊ ဘာထီးလဲ မေးမနေနဲ့နော်။ ပန်းရွက်ထီးလုပ်ဆောင်းတာပေါ့။”

“ဉာဏ်ရှိသားပဲ” ဟု သူကချီးမွမ်းသည်။ ချယ်ရီကျေနပ်ပြုံးလျက် ခေါင်းထက်မှ ဖဲပြားဝါလေးကို သေသပ်အောင်ပြန်ညှပ် လျက်စကားဆက်၏။

“ဒါနဲ့ အိမ်ပြန်နောက်ကျရင် အဘွားကရိုက်မှာကြောက်တဲ့ကြောင်လေးကို ငှက်မလေးက သနားလို့ ခေါ်သွားတာ ကြောင်ကလမ်းမှာ ဇာတိပြတော့တာပဲ”

“ဟဲဟဲ ဒီပုံပြင်မျိုးမှ ကြိုက်တာ” ဟု သူပြောရင်း ချယ်ရီလွယ်အိတ်မှ ပန်းပွားလေးကို သူမအလစ် လက်ဖြင့် လှစ်ခနဲ တိုးခတ်ပြီး လက်ပိုက်ကာ ဆက်လျှောက်လာ၏။ ချယ်ရီက စကားမဆက်နိုင်။မျက်နှာကလေး နီရဲလျှက် “ အဲဒါနဲ့”ဟု ပြောပြီး ထစ်ငေါ့နေ၏။

“ပြောလေ ဘယ်လိုဇာတိပြတာလဲ သေချာပြောမှပေါ့ ”

ငါ့နှယ်နော်... သေသေချာချာစဉ်းစားထားပြီးမှ ဘယ်လိုဖရိုဖရဲ ဖြစ်ကုန်ရတာလဲ။ သူကလည်း မျက်နှာသိပ်ပြောင်တာပဲ။ ငါပြောချင်တာတွေ ရှုပ်ကုန်ပြီ။

သူမ ဗလုံးဗထွေးဖြင့် “ အူကြောင်ကြောင် လုပ်တာပေါ့”ဟုပြောလိုက်၏။

“ကြောင်ပါဆိုမှ ကြောင်တာပေါ့ ချယ်ရီကလည်း...”

“ ဟာ မနောက်နဲ့။ ဒါနဲ့ ငှက်မလေးက သူ့အစ်ကိုနဲ့ ပြန်တိုင်ဖို့ ဆုံးဖြတ်လိုက်တယ်”

သူမလှစ်ခနဲ သူ့အား အကဲခတ်၏။

သူ....မယုံသလို လုပ်နေ၍ “ဒါပေမယ့်အစ်ကိုက ဒေါသကြီးတော့ကြောင်ကိုသွားပြီး နှုတ်သီးနဲ့ ပေါက်မှာစိုးလို့”

“သနားလို့ပေါ့လို့ ဒါရှင်းနေတာပဲ ”

ဟော...ကြည့် သူငါ့ကို သိပ်နိုင်ချင်နေပါလား။

“နားထောင်ဦး......ငှက်အစ်ကိုကြီးနဲ့ မတိုင်ပင်တော့ဘဲ အမေနဲ့တိုင်လိုက်တယ်။ တကယ်ပြောတာ....”

သူ...။ “ဟာ.....”ခနဲဖြစ်ပြီး ငြိမ်ကျသွား၏။

ချယ်ရီ ကျေနပ်လှသည်။

“အမေက ဘာပြောတယ်ထင်လဲ။ ငါ့သမီးတဲ့ သူတို့နဲ့ တို့ကသဘာဝချင်းလည်းမတူဘူး။ အခြေအနေခြင်းလည်း မတူဘူးတဲ့။ တို့ကသူတို့လို ကြွက်ခုပ်တတ်တဲ့ ပညာမရှိလို့ ပင်ပင်ပန်းပန်းနေထဲ၊ မိုးထဲလျှောက်လှည့်ပြီး ရှာစားနေရတာတဲ့။ တို့အသိုက်တွေကလည်း လုံခြုံခိုင်ခံ့တာမဟုတ်ဘူးတဲ့။ ကြွက်ခုတ်တတ်တဲ့ ပညာနဲ့ အေးအေးဆေးဆေးထမင်းစားနိုင်တဲ့ကြောင်တွေနဲ့ တို့ရဲ့ ပင်ပန်းဆင်းရဲတဲ့ဘ၀ ကွာပါတယ်တဲ့”

ဘွဲ့ကိုယ်စီရပြီး ပညာဖြင့် အသက်မွေးကာ အတန်အသင့်ဥစ္စာဖြင့် နေနိုင်ကြသည့် မိမိ မိသားစုကို ကျော်ကျော်လွင် မြင်ယောင်လာသည်။ ချယ်ရီက ဒါတွေကို ထည့်စဉ်းစားနေပြီလား။ သူစိုးရိမ်တာတွေသဘာဝကျတာတော့ ငါဝန်ခံရမှာပဲ။ သူမအမေကို တကယ်ဖွင့်ပြောထားပြီလား။ သူယုံရခက် မယုံရခက် ကြောင့်ကြလာည်။ ချယ်ရီကား....ခံစားချက်ပါလာပြီမို့ စိတ်ပါလက်ပါ ပြောနေဆဲ။

“ဒီတော့ သမီးရယ်တဲ့ ကြောင်ဆိုတာ တို့လို ငှက်တွေကို ခုတ်စားဖို့ပဲ သိမှာပါ” တဲ့။

သူမတကယ်ဝမ်းနည်းသလို ပြောနေပြီ.သူ...လှုပ်လှုပ်ရှားရှားဖြစ်သွား၏။

“ဒါတော့ မတရားဘူး။ ပုံပြောသူက ဘက်လိုက်တယ် ကန့်ကွက်တယ်”

“အို....ဘယ်တတ်နိုင်မှာလဲ။ ဒါချယ်ရီ တကယ်ပုံပြင်ထဲက အတိုင်းပြန်ပြောပြတာပဲ”

“ဒါဆိုလည်း အမေ့ကို ပြန်ရှင်းပြပါလား။ ဒီကြောင်လေးကတော့မခုတ်တတ်ပါဖူးလို့”

“မခုတ်တတ်တဲ့ကြောင် မရှိပါဘူး...ကြံကြံဖန်ဖန်”

“ရှိတယ် ရှိတယ်။ တကယ်ရှိတယ်။ ငှက်မလေး သိပ်လှလို့ နီးနီးကပ်ကပ်ကြည့်ချင်ရုံပဲ ကြံတာ”

သူ စိုးရိမ်တကြီး အသံကျယ်သွား၍ ချယ်ရီက “တိုးတိုးလုပ်လေ။လူတွေနဲ့”ဟု သတိပေးရာ“ ဒါပဲလား။ ဒါပဲဆိုရင် မရဘူး”ဟု သူဘုကျကျအသံလျော့၍ ပြောသည်။

“ပြီးခါနီးပါပြီ”

“သမီးက သနားလို့ပါ အမေရယ်လို့ ပြောလိုက်တော့ ၊ အမေကသနားရင် သမီးရဲ့ ပိန်းရွက်ထီးကလေး အပိုင်ပေးလိုက်တဲ့။ ကြောင်လေးကိုတော့ ဝေးဝေးရှောင်ပါ သမီးရယ်တဲ့။ ဒါနဲ့ ငှက်ကလေးတွေဟာ ဘယ်တော့မှထီးမဆောင်းဘဲ မိုးရွာထဲမှာပဲ ခရီးသွားကြတာ ဒီနေ့အထိပေါ့။ ကြောင်တွေကလည်း မိုးထဲမသွားဘဲ အိမ်တွေမှာပဲနေပြီး ငှက်တွေကို လစ်တိုင်းခုတ်စားဖို့ ခြောင်းနေကြတာ ဒီနေ့အထိပဲ” သူမထိုသို့ မနားတမ်းပြောကြားပြီး “ပုံပြင်ကလေးကတော့ ဒါပါပဲ” ဟု စိတ်မကောင်းစွာ နိဂုံးချုပ်လိုက်၏။

မိုးပေါက်တွေက ကြိုမကြေညာဘဲ တဖောက်ဖောက်ပြေးဆင်းလာကြပြီ။ ကျော်ကျော်လွင် မှုန်ကုပ်ကုပ်နှင့် ရပ်လိုက်၏။

ချယ်ရီလည်း သူ့နံဘေးရပ်၍ ထီးဖွင့်ပြီး “ ရော့....ပိန်းရွက်ထီးလေးယူသွားတော့။ အဘွား ဆူနေဦးမယ်။ ”

မိုးမှုန်မှုန်ကြားမှ ချယ်ရီ့မျက်နှာက သူ့ကို ပြတ်သားခိုင်းနေပြီ။ယောက်ျားတယောက်၏ မာနက သူ့ကို အဆုံးအဖြတ်ပေးလိုက်၏။ သူမကမ်းပေးသည့် ထီးရိုးကို သူအခိုင်အမာ ဆုပ်ကိုင်လိုက်သည်။ ချယ်ရီက “ ယူသွားတော့ ” ဟု တီးတိုးထပ်တိုက်တွန်း၏။
သူ ခေါင်းယမ်းသည်။

...............
(စာမြည်း)
...............
( ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရ်ီလဆန်းပိုင်းတွင်ထုတ်ဝေမည့် ဒဏ်ရာရပန်းသီးများစာအုပ်မှ)

ကာတွန်း ဇာနည်ဇော်ဝင်း • ကြေက်ရွံ့ခြင်းမှ ကင်းဝေးနည်း ..

$
0
0

ကာတွန်း ဇာနည်ဇော်ဝင်း • ကြေက်ရွံ့ခြင်းမှ ကင်းဝေးနည်း ..
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈

ဒီလူည ● လူပျောက်ကြော်ငြာ

$
0
0

ဒီလူည ● လူပျောက်ကြော်ငြာ
(မိုးမခ) ဇန်နဝါရီ ၈၊ ၂၀၁၈

"ရှင်တို့အတွက်တော့ ဒါဟာ ထူးဆန်းတဲ့သတင်းတပုဒ်လို ဖြစ်ချင်ဖြစ်မှာပါ။ ခဏတာ အံ့သြမှုတခုအနေနဲ့ပေါ့။ ဒါပေမယ့် ကျမအတွက်တော့ ဘဝတခုလုံး အစိတ်စိတ် အမွှာမွှာ ပေါက်ကွဲထွက်မတတ်ပဲ"

သူမရဲ့မျက်ဝန်းတွေက ကျနော့ကိုကျော်ပြီး အဝေးဆီကိုကြည့်နေပါတယ်။ ဘယ်ဆီဘယ်ဝယ်မသိတဲ့ အဝေးတနေရာဆီ ကို ပေါ့။

ပြီးတော့ သက်ပြင်းသဲ့သဲ့ကလေးချပြီး သူမဆက်ပြောတယ်။

"အဲ့ဒီတုန်းက ကျမဘဝတခုလုံး ပြိုကျမသွားအောင် မနည်းထောက်ကန်ထားခဲ့ရတယ်။ ငြမ်းတခုရဲ့ နှီးချက်မမိတဲ့နေရာကို ခြေချမိတဲ့လူတယောက်ရဲ့ အဖြစ်လိုမျိုးပေါ့။ သေခြင်းနဲ့ရှင်ခြင်းဟာ အလွှာပါးပါးကလေးသာ ခြားထားတဲ့ကာလ။ ဘာမဆို ဖြစ်ပျက်သွားနိုင်တဲ့အချိန်။ ပြီးတော့ ကျမမှာလည်း ရွေးချယ်စရာ များများစားစားလည်း ရှိမနေဘူးလေ။ Do or Die။ ဒီနှစ်ခုပဲ။ ကျမ ဆက်နေမလား ဒီနေရာမှာတင်ပဲ အဆုံးသတ်လိုက်ရမလားဆိုတဲ့မေးခွန်းနှစ်ခုကို ဖြေဆိုဖို့ ပြတ်ပြတ်သားသား နဲ့ သွေးမနည်းဘဲ ဖြေဆိုဆုံးဖြတ်ချက်ချရမယ့်အခြေအနေ။ အဲ့ဒီလိုအနေအထားမှာ ကျမဟာ အသေးငယ်ဆုံး အမှုန်ကလေး တခုဖြစ်သွားပြီး လေနှင်ရာလွှင့်ဝဲနေချင်မိတာ။ ပိုပြီး တိတိကျကျပြောရရင် ကျမကိုကြည့်နေတဲ့ မျက်ဝန်းတွေထဲကနေ ကျမ ဟာ ပျောက်ကွယ်သွားချင်တာ။ တကယ့်ကိုပါပဲ။ ဘယ်အချိန် ပြန်တွေးတွေး ကျမကို မွန်းကြပ်စေတုန်းပဲ"

"စိတ်မကောင်းပါဘူးဗျာ။ ကျနော်တို့ ဒီမှာတင်ရပ်လိုက်ကြရအောင်လား။ မင်းကိုကြည့်ရတာ အဆင်မပြေဘူး လို့ကိုယ်ထင် တယ်"

"ရပါတယ်။ အဲ့ဒီလိုလှိုင်းထန်ခဲ့တဲ့ခရီးတခုကို ကျမ လွတ်မြောက်အောင်ရုန်းထွက်လာခဲ့ပြီပဲ။ ကျမအတွက် သိပ်ပြီး ကိစ္စမရှိ တော့ပါဘူး။ နောက်ပြီး ဒါဟာ ကျမရှောင်လွှဲလို့ရမယ့်ကိစ္စလည်း မဟုတ်ဘူးလေ။ ရှင်မဟုတ်ခဲ့ရင်တောင် တချိန်ချိန်မှာ အခြားတစုံတယောက်ကို ကျမပြောပြရဦးမှာပါ။ စောစောပြောဖြစ်သွားတာနဲ့ နောက်ကျမှ ပြောဖြစ်သွားတာ ဒါပဲ ကွာမှာပါပဲ"

"ဒါဆိုလည်း အိုကေလေ။ မင်းဆုံးဖြတ်ထားပြီးပြီဆိုရင်တော့ ဆက်ပြောပါ။ ကိုယ်မတားတော့ပါဘူး။ ကိုယ့်အတွက်လည်း စောစောသိတာနဲ့ နောက်ကျမှသိတာ ဒါပဲကွာတာမဟုတ်လား"

ကျနော့်စကားဆုံးတော့ သူမအကြည့်တွေက ကျနော့်ဆီရောက်လာတယ်။ "ရှင်လည်း ခေါင်းမာသူတယောက်ပဲ"လို့ သူမ မျက်ဝန်းတွေက ကျနော့်ကို ပြောနေသလိုပဲ။ ကျနော်လည်း သူမအကြည့်ကိုမလွှဲဘဲ မျက်လုံးချင်းဆုံအောင် ထားလိုက်တယ်။ ခဏကြာတော့ သူမ မျက်လုံးကိုပုတ်ခတ် ပုတ်ခတ်လုပ်ပြီး ကျနော့်အကြည့်တွေကို ရှောင်လွှဲသွားတယ်။

သူမက အဝေးဆီကိုကြည့်ပြီး ဆက်ပြောတယ်။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တော့ ကျမပြောဖြစ်အောင် ပြောမှဖြစ်တော့မယ်။ အသင့်ဖြစ်မယ့်နေ့ရက်ကို စောင့်ရင်း ဒီနေ့ထိ ရောက်လာခဲ့ပြီလေ။ ပြီးတော့ ရှင့်ကိုလည်း ကျမအချိန်ဆွဲမထားချင်ဘူး။ ကျမစိတ်ထဲမှာ အခိုင်အမာတည်ရှိနေတဲ့ အရာကို လည်း ရှင်သိသင့်ပြီလို့ ထင်တယ်။ ဒါတွေကိုသိပြီးတဲ့အခါ ရှင်လည်း သေချာတဲ့ဆုံးဖြတ်ချက်တခုကို ချနိုင်လာမှာ။ ဖြစ်နိုင် ရင်တော့ ကျမအတွက်နဲ့ ရှင့်ရဲ့အဖိုးတန်တဲ့အချိန်တွေကို မကုန်ဆုံးစေချင်ဘူး။ ဘာပဲဖြစ်ဖြစ် ရှင်လည်း ..."

"မင်းပြောတာကို ကိုယ်နားထောင်ချင်ပါတယ်"

သူမကို စကားဆုံးအောင်ပြောခွင့်မပေးဘဲ ကျနော်ဖြတ်ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးရောက်ရှိလာမယ့်စကားကို ကျနော် သိနှင့်နေတယ် မဟုတ်လား။

သူမနာမည်က "ငြိမ်းချမ်းမေ"။

သူမကို ကျနော် စတွေ့ဖူးတာ ကျနော့်သူငယ်ချင်းတယောက်ရဲ့ အိမ်တက်အလှူတခုမှာ။ အဲ့ဒီနေ့က သူမဟာ အစိမ်းရောင်အပွင့်တွေပါတဲ့ ချည်သားအင်္ကျီကို ဝတ်ဆင်ထားတယ်။ သူမဟာ သိပ်ပြီး ချောမောလှပလွန်းသူ တယောက်တော့ မဟုတ်ဘူး။ ဒါပေမယ့် ဗမာ တယောက်အနေနဲ့ ဖြူလွန်းတယ်လို့ပြောရမယ့် သူမ အသားအရည်ကြောင့် လူအများကြားမှာ နည်းနည်းတော့ ပေါ်လွင်နေတယ်။ အဲဒီ ဖြူတဲ့အသားအရည်ကြောင့်သာ မဟုတ်ရင် သူမဟာ သာမန် ရွက်ကြမ်းရေကျို အမျိုးသမီး တယောက်လောက်ပါပဲ။ ပြီးတော့ သူမရဲ့မျက်နှာဟာ ချောတယ်ဆိုတာထက် ယဉ်တဲ့ဘက်ကို ရောက်နေတဲ့ မျက်နှာမျိုး။ အခြားသူတွေအတွက်တော့ မထူးခြားလှပေမယ့် ကျနော့်အတွက်တော့ သူမကို စတွေ့လိုက်မိကတည်းက မှတ်ဥာဏ်မှာ သူမရဲ့မျက်နှာလေးကို အသားတံဆိပ် ခတ်နှိပ်ထားလိုက်သလိုပါပဲ။ လူတကိုယ် အကြိုက်တမျိုးမဟုတ်လား။ နောက်ပြီး သူမနဲ့အတူ ကလေးငယ်ငယ်လေး တယောက် ပါလာတာကိုလည်း ကျနော်သတိထားမိခဲ့တယ်။ (အဲဒီကလေးဟာ သူမ နဲ့ ရုပ်ချင်းဆင်တယ်။ နောက်ပိုင်းမှာတော့ အဲ့ကလေးဟာ သူမရဲ့ သမီးလေးမှန်း ကျနော်သိခဲ့ပါတယ်။ )

အဲ့ဒီအလှူပြီးတဲ့နောက်ပိုင်းမှာတော့ သူငယ်ချင်းရဲ့အကူအညီနဲ့ သူမရဲ့ နာမည် ၊ သူမနေတဲ့ နေရာနဲ့ သူမရဲ့အကြောင်း တစိတ်တပိုင်း ကိုကျနော်သိလာခဲ့ရတယ်။

သူမနေတဲ့နေရာနဲ့ ကျနော် အိမ်နဲ့က နှစ်လမ်းလောက်သာကွာတယ်။ သိပ်အဝေးကြီးမဟုတ်ဘူး။ ပုံမှန်ခြေလှမ်းနဲ့ လျှောက်ရင်တောင် အများဆုံး ငါးမိနစ်လောက်ပါပဲ။ ကျနော့်အတွက် သူမအကြောင်းတွေ အဆင်တပြေရနေတာက ကျနော့်သူငယ်ချင်း အလုပ်လုပ်တဲ့ စက်ရုံမှာ သူမလည်း အလုပ်လုပ်နေတာလည်း ပါပါတယ်။ စက်ရုံတခုတည်း ဆိုပေမယ့် အလုပ်လုပ်ရတဲ့ နေရာကတော့ မတူကြပါဘူး။ သူမက QC ( Quality Control )တယောက်။ နောက်ဆုံးအဆင့် ဦးထုပ်တလုံးရဲ့ အော်ဒါမှာထားတဲ့ အရောင်အတွဲအစပ် မှန် မမှန် စစ်ရတယ်။ ပြီးတော့ ချုပ်သား သေသပ်မှု ရှိ မရှိ ခိုင်ခံ့မှု ရှိ မရှိ နဲ့ ဦးထုပ်မှာတပ်ဆင်ထားတဲ့ လျှာအနေအထား တည့်လား စောင်းနေလား စတဲ့အရာတွေကို စစ်ဆေးရတယ်။ သူမရဲ့ စနစ်တကျ စစ်ဆေးမှု တိကျမှုတို့ကြောင့် လုပ်ငန်းခွင်ထဲမှာ နာမည်ရသူ တယောက်ပါ။ သူငယ်ချင်းဆီက သိရတဲ့ သူမရဲ့အလုပ်သွား အလုပ်ပြန်ချိန်တွေဟာ ကျနော့်အတွက်တော့ သူမဆီသွားနိုင်မယ့် လမ်းတွေမဟုတ်လား။ ရတနာတွေမြှုပ်ထားတဲ့ နေရာကို ဖော်ပြမှတ်သားပေးထားတဲ့ လမ်းပြမြေပုံ တချပ်လိုပေါ့။ သူမမှာ အဖေရော အမေရော မရှိကြဘူး။ သူမ က အဒေါ်အပျိုကြီးနဲ့ အတူနေတယ်။ ဒါ ကျနော်သိထားတဲ့ သူမအကြောင်းတချို့ပေါ့။

"ကျမနာမည်ကတော့ ငြိမ်းချမ်းမေပါပဲ။ ဒါပေမယ့် ကျမဘဝကတော့ ဘယ်တော့မှ ငြိမ်းချမ်းရတယ်လို့ မရှိခဲ့ပါဘူး။ ကျမကိုမွေးပြီး တနှစ်ခွဲလောက်မှာပဲ အဖေဆုံးသွားတယ်။ အဖေရှာပေးသမျှကို မညည်းမညူဘဲ လောက်ငအောင် သုံးစွဲခဲ့တဲ့အမေဟာ အဖေမရှိတဲ့နောက်ပိုင်းမှာ အတော်ကလေး ခက်ခက်ခဲခဲ ဖြတ်သန်းရတယ်။ မလုပ်တတ် မကိုင်တတ်နဲ့။ ပြီးတော့ နို့စို့ကလေးတယောက်နဲ့ ။ ရရာအလုပ်ကို ရှာဖွေလုပ်ကိုင်ရင်း ရုန်းကန်းခဲ့ရတယ်။ သူများအိမ်တွေမှာ အဝတ်လိုက်လျှော်တယ်။ထမင်းချက် လုပ်တယ်။ ရတဲ့အချိန်တွေမှာ ဈေးဗန်းခေါင်းပေါ်တင်ပြီး လိုက်လည်ရောင်းတယ်။ တခါတလေ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အုတ်ဝင်သယ်တယ်။ အမေက ဘဝစုံအောင်လုပ်ပြီး ကျမကို လူလားမြောက်တဲ့အထိ ပြုစုပျိုးထောင်ခဲ့တယ်။ ကျမအတွက်တော့ အမေဟာ သူငယ်ချင်းဆိုလည်းဟုတ် တယ်။ အမေဆိုလည်း ဟုတ်တယ်။ ဆွေရိပ်မျိုးရိပ်မရှိတဲ့ သူစိမ်းတရံအရပ်မှာ သားအမိနှစ်ယောက်ရဲ့ဘဝခရီးဟာ လိုတာထက်ပိုပြီး ခက်ခဲခဲ့တယ်။ ပင်ပန်းခဲ့တယ်။ ကြမ်းတမ်းခဲ့တယ်။ တခါတလေတော့ ပတ်ဝန်းကျင်က လူတချို့ရဲ့ အကူအညီတော့ ရပါတယ်။ ဒီလို မချောမွေ့တဲ့ခရီးကို ဖြတ်သန်းရင်း ကျမလည်း တက္ကသိုလ်ဝင်တန်းအထိ ရောက်လာခဲ့တယ်။ အဲ့ဒီနှစ်မှာပဲ ကျမ ရည်းစားတယောက် စထားမိတယ်။ အမေ မသိအောင်ပေါ့။ ဘာရယ်တော့မဟုတ်ပါဘူး။ ကျမနဲ့တွဲတဲ့ သူငယ်ချင်းက ရည်းစားနဲ့။ သူတို့ချိန်းတွေ့ရင် ကျမက အဖော်လိုက်ပေးနေကြ။ သူတို့ဝယ်ကျွေးတဲ့ မုန့်မျိုးစုံကိုစားရင်း နဲ့စောင့်ပေးနေကြ။ နောက်တော့ သူမရည်းစားခေါ်ခေါ်လာတဲ့ သူငယ်ချင်းတယောက်နဲ့ ကျမလည်း ရည်းစားဖြစ်သွားတယ်။ ဒီတော့မှ ဘယ်သွားသွား ဘယ်လာလာ တယောက်တည်းမဖြစ်တော့ဘဲ သွားအတူတူ လာအတူတူ ကျမတို့လေးယောက် ပေါင်းစည်းမိကြတော့တယ်။ ကျောင်းလွှတ်ချိန်ထက် အတော်ကလေးနောက်ကျပြီးမှ အိမ်ကို ပြန်ရောက်တတ်တဲ့ အခါမျိုးတွေလည်း ခုနစ်ရက်တပတ်ကို တကြိမ်လောက်တော့ ရှိလာတယ်။ အမေ မေးရင်တော့ ကျောင်းမှာ ဆရာမ အချိန်ပိုခေါ်နေလို့ စတဲ့အကြောင်းပြချက် တခုခုကို ပြောလိုက်တယ်။ ကျောင်းပိတ်ရက်တချို့မှာလည်း သူငယ်ချင်းနဲ့ စာသွားကျက်မလို့ဆိုပြီး အိမ်ကထွက်လာတယ်။ ပြီးရင် ရည်စားနဲ့ ချိန်းတွေ့တော့တာပဲ ။ အမေကတော့ ရိပ်မိချင် ရိပ်မိမှာပေါ့။ ကျမရဲ့ ခြေလှမ်းတွေ ပျက် ပျက်နေတာကိုလေ။ ဒါပေမယ့် ဘာမှတော့ မပြောဘူး။

နောက်တော့ ကျမ တက္ကသိုလ်ဝင်တန်းအောင်ပြီး တက္ကသိုလ် ဆက်တက်တယ်။ ရရာအလုပ်ကလေးဝင်လုပ်ရင်း အဝေးသင်တက်ဖြစ်တယ်။ တပတ်မှာ စနေ တနင်္ဂနွေ ပဲတက်ရတာဆိုတော့ ကျန်တဲ့ရက်တွေမှာ အလုပ်လုပ်လို့ရတယ် မဟုတ်လား။ အမေလည်း ကျမအလုပ်လုပ်တာကို တားချင်ပေမယ့် အားမသန်တော့ မာန်လျှော့ရတော့တာပေါ့။ သားအမိနှစ်ယောက်ရဲ့ စားဝတ်နေရေးရော  တက္ကသိုလ်ကျောင်းသူ တယောက်ရဲ့ စရိတ်ရောဆိုတော့ အမေ ဘယ်ရှာဖွေ နိုင်တော့မလဲ။ လောကဓံရဲ့ ရိုက်ခတ်မှုတွေအောက်မှာ အမေလည်း အားအင်တွေ အတော်လေးကုန်ခမ်းလာသလို ရုပ်ရည်အားဖြင့်လည်း အတော်လေး ကျလာခဲ့တယ်။ လိုအပ်တာထက် ပိုပြီး အိုမင်းလာတယ်လေ။ ကျမလုပ်တဲ့အလုပ်ကလည်း သိပ်ပြီး ပင်ပန်းလှတယ် မဟုတ်ပါဘူး။ အထည်ဆိုင်တခုမှာ လုပ်တာပါ။ လာဝယ်တဲ့သူတွေကို ပိတ်စတွေ အထည်တွေ ထုတ်ပြရတယ်။ မဝယ်တော့လည်း သူတို့ဝယ်ချင်လာအောင် ဒီအရောင်လေးနဲ့ဆို တော်တော်လိုက်မယ်၊ ဒီအဆင်လေးက ခုမှရောက်တာ၊ ခုတလော ဒီ ဒီဇိုင်းလေးကို တော်တော် ဝတ်နေကြတယ်၊ စသဖြင့် ပါးစပ်ကလေးတော့ နည်းနည်းအလုပ်ပေးရတာက လွဲရင် အရိပ်အောက်မှာ သက်သက်သာသာ နဲ့ လုပ်ရတာပါ။ နည်းနည်းပါးပါး အခက်အခဲတော့ ရှိပါတယ်။ ဒါကလည်း ဘယ်အလုပ်မဆို အစပိုင်းမှာတော့ ခက်ခဲကြတာပဲ မဟုတ်လား။ အလုပ်စဝင်ကတည်းက စနေ၊ တနင်္ဂနွေ ကျောင်းတက်ဖို့ နဲ့ လစာ ကို ညှိထားတာဆိုတော့ အဆင်ပြေပါတယ်။ သားအမိနှစ်ယောက်အတွက် သိပ်ပြီးပိုလျှံလာတယ်တော့ မဟုတ်ပေမယ့် စုမိဆောင်းမိလေးတော့ နည်းနည်းရှိလာတယ်။ ဆယ်တန်းတုန်းက ရည်းစားနဲ့တော့ ပြတ်သွားတယ်။ သူကလည်း ဆယ်တန်းကျတော့ ကျမတို့ ဆက်မတွဲဖြစ်တာလည်း ပါပါတယ်။ ဒါပေမယ့် ကျမ တက္ကသိုလ်တက်တဲ့ သုံးနှစ်အတွင်းမှာ ရည်စားလေးယောက်လောက် ထားဖြစ်ခဲ့တယ်။ ကျမနဲ့ ရည်းစားဖြစ်တဲ့ သူတိုင်းကို ကျမစပြီးထားခဲ့တာတော့ မဟုတ်ဘူး။ သူတို့ထားခဲ့လို့ ကျမ ကျန်ခဲ့တာပါပဲ။

ရည်းစားသက်တမ်း တလျှောက်မှာ ကျမကိုယ်ကျမတော့ အကောင်းမွန်ဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။ သူတို့ ခေါ်ဆောင်တိုင်း ကျမ ငြင်းပါယ်နေလို့များ ကျမကို ထားရစ်ခဲ့ကြတာလားလို့ တခါတလေ တော့ တွေးမိတယ်။ အဲ့သလိုသာဆို သူတို့အချစ်က ချစ်ခြင်းတရားဆိုတာထက် သွေးသားဆန္ဒကို ဦးစားပေးနေတာလို့ ကျမ ပြောရမယ်ထင်တယ် "

"ကိုယ်ကတော့ မင်းကိုချစ်တာတခုတည်းဆိုတာတော့ ကြိုပြီးပြောထားပါရစေ။ မင်းတွေ့ကြုံခဲ့ရတဲ့ သူတွေနဲ့ ကိုယ်နဲ့တော့ တူညီကြမှာ မဟုတ်ပါဘူး။"

ကျနော့်ပြောစကားဆုံးတော့ သူမက ခေါင်းကိုအသာ ညိတ်လိုက်တယ်။ ရှည်လျားစွာ ပြောလိုက်ရလို့ထင်ရဲ့ ၊ အေးစက်နေပြီ ဖြစ်တဲ့ ရှေ့က ရေနွေးတခွက်ကို သူမ သောက်လိုက်တယ်။ သူမမျက်နှာပေါ်မှာ အတိတ်တွေ ပြေးလွှားနေတာကို ကျနော် တွေ့နေရတယ်။ "ဟုတ်မှာပါ"လို့ ကျနော့်စကားကို သူမက လက်ခံသလိုမျိုးပြောတယ်။ပြီးတော့ သူမ ဆက်ပြောပါတယ်။
      "ဒီလိုနဲ့ ကျမကျောင်းပြီးသွားတော့ အထည်ချုပ်စက်ရုံတခှုမှာ အလုပ်ဝင်လုပ်တယ်။ အမေ လည်း နေထိုင်မကောင်းမှုတွေ မကြာခဏဆိုသလို ဖြစ်လာတယ်။ ကျမကျောင်းပြီးသွားလို့ စိတ်ကိုလျှော့ချလိုက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။"
      "အင်း   ဟုတ်မှာပါ"လို့ ကျနော် စကားထောက်ပေးလိုက်တယ်။
      "ရတဲ့လစာနဲ့ လောက်ငအောင် သားအမိနှစ်ယောက် ခြိုးခြံ ချွေတာ စားသောက်ခဲ့တယ်။ အမေ့ရဲ့ ကျန်းမာရေး စရိတ်တချို့ကိုတော့ အရင်က စုမိဆောင်းမိ ရှိတာလေးနဲ့ ဖြေရှင်းနိုင်ခဲ့တယ်။ ကျမရတဲ့ လစာထဲကလည်း တတ်နိုင်သမျှ စုမိအောင် ကြိုးစားခဲ့တယ်။ အဲ့သလို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတဲ့ ကျမဘဝထဲ ကို တနေ့မှာ လူတယောက် ရောက်လာခဲ့တယ်။ ကျမ စက်ရုံမှာ အလုပ်လုပ်ရင်း တနှစ်ကျော်ကျော်လောက်မှာပေါ့။ သူက ကျမအလုပ်လုပ်တဲ့ လိုင်းက Leader တယောက်။သူ့ဘဝက ကျမဘဝထက်တောင် ပိုခက် ပိုကြမ်းတမ်းမယ်ထင် တယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်သာ ခုလောက် ရောက်လာခဲ့တာ။ ပြီးတော့ သူက တကောင်ကြွက်။ သူနဲ့ ယှဉ်ကြည့်တော့ ကျမဘဝကတောင် နည်းနည်းသက်သာမလားလို့ အဲ့ဒီတုန်းက တွေးမိသေးတယ်။ သူရဲ့ ရုပ်ရည်က အသင့်အတင့်ဆိုတာထက် နည်းနည်းဆိုးပါတယ်။ ကျမနဲ့ ချစ်သူဖြစ်ခဲ့ကြတဲ့ သူတွေထဲမှာတော့ သူရဲ့ရုပ်ရည်က နောက်ဆုံးမှာရှိတယ်။ ကျမဘဝထဲ သူရောက်လာတာဟာ ကျမအတွက်တော့ လှိုင်းလေကြမ်းထဲ မြှုပ်မသွားအောင် ဖက်တွယ်ထားမိတဲ့ သစ်သားစ တခုလိုပေါ့။ ကျမဘဝအမောတွေကို ဖြေဖျောက်ပေးနိုင်မယ့် ရင်ခွင်တခုဟာ ကျမအတွက်လိုအပ်နေတာ မဟုတ်လား။ အရာရာဟာ ကျမအတွက် ပေါ့ပါးလာသလိုပဲ။ အဲ့ဒီအချိန်ခဏမှာလေ။"

"ဘဝရဲ့ အပျော်ရွှင်ဆုံး ကာလတခုလား"

"ဟုတ်တယ်။ ကျမအတွက်တော့ အပျော်ရွှင်ရဆုံး ကာလပဲလို့ ပြောလို့ရတယ်။"လို့သူမက ပြောတယ်။

ဒီအချိန်မှာ တော့ သူမရဲ့မျက်ဝန်းတွေဟာအစောပိုင်းအချိန်လောက် မှိုင်းညို့မနေဘူးလို့ ကျနော်ထင်မိတယ်။ အတိတ်က ရှိခဲ့တဲ့ ပျော်ရွှင်မှုတွေဟာ သူမမျက်ဝန်းထဲ ပျောက်ကွယ် မသွားဘဲ မြို့လယ်က နာရီစင်ကြီးလို ထင်းထင်းကြီး ရှိနေခဲ့တယ်။ ငယ်ရုပ်မပျောက်သေးတဲ့ လူတယောက်လိုမျိုးပေါ့။ ကြည့်လိုက်တာနဲ့ အလွယ်တကူ သိနိုင်ပါတယ်။

ကျနော်တို့နှစ်ယောက် ထိုင်နေတဲ့ဆိုင်မှာ လူကသိပ်မရှိပါဘူး။ ( အချိန်ကလည်း နေ့လယ် နှစ်နာရီလောက်ကိုး။ )ဆိုင်ထဲမှာ ကျနော်တို့နှစ်ယောက်ရယ်၊ ပြီးတော့ နောက်တဝိုင်းမှာက ဆယ်ကျော်သက် ကောင်လေးနဲ့ ကောင်မလေး။ ကျနော်နဲ့သူမကတော့ မျက်နှာချင်းဆိုင် ထိုင်နေကြတာ။ ကျနော်တို့နဲ့ ခပ်စောင်းစောင်း အနေအထားမှာရှိတဲ့ ဆယ်ကျော်သက်နှစ်ယောက်ကတော့ ဘေးချင်းယှဉ်ပြီး ထိုင်နေကြတယ်။ သူတို့ရဲ့ ရယ်မောသံတချို့ကိုတော့ ကျနော် ကြားမိတယ်။ သူတို့နှစ်ဦးကြားမှာတော့ စင်ရော်လေးတွေ ဝဲပျံနေမှာပါ။ သူတို့ကို ကြည့်မိမှ ကျောင်းတုန်းက အတန်းဖော် တယောက်ကို သတိရမိသေးတယ်။ သူနဲ့ကျနော်က အတွဲမိကြတဲ့ သူငယ်ချင်းတွေတော့ မဟုတ်ဘူး။ ကျနော်တို့ ငါးတန်းလောက်မှာ ဒီကောင် ကျောင်းထွက်သွားတယ်။ ပြီးတော့ ကျနော်တို့ ခုနစ်တန်း စာသင်နှစ်ဝက်လောက်မှာ ဒီကောင်ရဲ့ လက်ထက်တဲ့ သတင်းကို ကြားရတယ်။ ကောင်မလေးကလည်း သူနဲ့ အသက်သိပ်မကွာဘူး။ နှစ်ယောက်ပေါင်းမှ အသက် ၂၅ နှစ်တဲ့။ အဲ့ဒီတုန်းကတော့ သူတို့မင်္ဂလာဆောင်တဲ့ သတင်းဟာ ရပ်ကွက်ထဲမှာတော့ လူပြောအများဆုံး သတင်းတပုဒ် ဖြစ်ခဲ့တာပေါ့။ နောက် မကြာပါဘူး။ သူတို့နှစ်ယောက်ကွဲသွားကြတယ်။ ခုတော့ သူတို့လည်း ကျနော် တို့ရပ်ကွက်မှာ မရှိတော့ပါဘူး။ ဘယ်တွေ ပြောင်းသွားကြလဲတော့ မသိဘူး။ သူတို့ ပြောင်းသွားကြပြီးမှ လင်မယား နှစ်ယောက် ပြန်ပေါင်းကြတယ်၊ တချို့ကလည်း ပြန်မပေါင်းကြဘူး ဆိုပြီး မရေမရာ သတင်းစကားတွေကို ကြားခဲ့ရတယ်။

ဟို ဆယ်ကျော်သက်နှစ်ယောက်ကတော့ တီတိုးပြောရင်း ရယ်နေကြတုန်းပါပဲ။

ကျနော်တို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ ရှိသင့်တာထက်ပိုပြီး အေးစက်နေပါလိမ့်မယ်။ သူငယ်ချင်းရဲ့ အကူအညီနဲ့ သူမနဲ့နီးစပ်ဖို့ ကျနော့်ရဲ့ကြိုးစားမှုကို သူမ အခါခါငြင်းပြီးသားပါ။ ဒါပေမယ့် ကျနော်ကလည်း လက်မလျှော့ခဲ့ပါဘူး။ "မိန်းကလေးတော့ ဒီလိုပါပဲကွာ။ အစကတော့ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး အကြောင်းတွေပြကြတာပဲကွ။ မိန်းမသားဆိုတော့ စဉ်းစားဦးမှာပေါ့။ အချိန်တော့ ယူရတယ် ငါ့ကောင်။ ကိုယ့်ဘက်က ဇွဲမလျှော့ဖို့တော့ လိုတာပေါ့"ဆိုတဲ့ မိန်းကလေးတွေနဲ့ ပတ်သက်ရင် ဇ ရှိလွန်းတဲ့ သူငယ်ချင်းတယောက်ရဲ့အားပေးစကားတွေနဲ့ ကျနော်လည်း နောက်မဆုတ်ဘဲ သူမနဲ့နီးစပ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျနော် ဘယ်လောက်ကြိုးစားကြိုးစား သူမဆီက အဖြေကတော့ မပြောင်းလဲ့ခဲ့ဘူး။ တသတ်မှတ်တည်းရှိနေတဲ့ မျဉ်းဖြောင့်တကြောင်းလိုပေါ့။ ဘယ်တော့မှ လားရာမပြောင်းခဲ့ဘူး။ ကျနော့်ကို ငြင်းပါယ်မြဲပါပဲ။ "ကျမက အပျိုမဟုတ်ဘူး။ ကျမက ကလေးတယောက်အမေ။ ကျမမှာယောကျာ်းရှိတယ်။"စသဖြင့် ကျနော့်ကို တုံ့ပြန်ပြီး ကျနော် ရှေ့ဆက်တိုးမယ့် လမ်းတွေကို ပိတ်ဆို့ခဲ့တယ်။

ဒီမှာက မေတ္တာတရား သိပ်ကြီးမားတယ်။ ကောင်းမွန်တဲ့ အဆုံးအမတွေအောက်မှာ ကြီးပြင်းလာကြပေမယ့် တစုံတယောက်ရဲ့အားနည်းချက်ကို သိပ်ပြီး နားလည်မှု မပေးတတ်ကြဘူး။ ထို့ထက်ပိုပြီးဆိုးတာက အကြောင်းအရာတခုကို ဂဃနဏ မသိဘဲ အထင်တွေပေးတတ်ကြတာ များတယ်။ သာလွန် လမ်းမှန်ပြီး လက်တွေ့ကျတဲ့ အဆုံးအမတွေအောက်မှာ ဒီလို ဖြစ်ပျက်မှုတွေဟာ သိပ်ကိုဆိုးရွားလွန်း ပါတယ်။ အဲ့သလို ထင်မြင်ချက်တွေအောက်မှာ သူမ ဘယ်လောက်တောင် ဖြတ်သန်းခဲ့ရတယ် ဆိုတာ ကျနော် သေသေချာချာမသိပေမယ့် သူမ ပြိုလဲမသွားအောင် ထောက်ကန် ခဲ့ရတယ်ဆိုတာတော့ ကျနော် ခန့်မှန်းမိပါတယ်။

ကျနော့်ကို သူမ ခုလိုတွေ့ဆုံဖို့ချိန်းတော့ ကျနော် အတော်ကလေး အံ့သြမိတယ်။ သူမပြောမယ့်အဖြေကို ကြိုသိနေသလို ခံစားမိပေမယ့် ဝမ်းသာမိတယ်။ ပျော်မိတယ်။ ဒီတွေ့ဆုံမှုကို အစကတည်းက ကျနော်အများကြီး မျှော်လင့်မထားပါဘူး။ ဒါပေမယ့် ခုလို သူမ ပြောပြလိမ့်မယ်လို့တော့ မထင်ခဲ့ဘူးပေါ့။

စားပွဲပေါ်က သံပရာရည်ခွက်ရဲ့ နှုတ်ခမ်းအဝမှာ အုံလာတဲ့ ယင်ကောင်နှစ်ကောင်ကို လက်နဲ့ယမ်းလိုက်ပြီး သူမက ဆက်ပြောပါတယ်။

"ကျမဘဝမှာ အဲ့ဒီအချိန်ကာလလောက် တခါမှ မပျော်ရွှင်မိဖူးဘူး။ ဒီ့ထက်ပိုပြီး သေချာအောင်ပြောရရင် အဲ့ဒီအချိန်ကာလဟာ အမှတ်တရအဖြစ်ဆုံးနဲ့ မေ့ပျောက်ဖို့အခက်ခဲဆုံး နဲ့ တခုတည်းသော ဘဝကို ကျမ ကျေနပ်မိတဲ့ အမှတ်အသားတခုပေါ့"

"အဲ့လောက်တောင်ပဲလား"

"ဟုတ်တယ်။ အဲ့ဒီထက်ပိုပြီး ပြောလို့ရရင် ကျမ ပြောချင်သေးတာ။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ချစ်တဲ့သူနဲ့ဘဝကို လက်တွဲပြီး လျှောက်လှမ်းခွင့်ရတဲ့အချိန်။ ပြီးတော့ ကျမတို့ရဲ့ စားဝတ်နေရေးကအစ အရာရာ ချောင်လည်လာတဲ့အချိန်။ အရင်လို ခက်ခဲကြမ်းတမ်းမှုတွေ လျော့ပါးလာတဲ့အချိန်။ ကျမ မှမဟုတ်ဘူး။ အဲ့လိုအနေအထားမျိုးမှာ ဘယ်သူမဆို ကျမလို ခံစားမိနိုင်တယ် မဟုတ်လား။"

"ကိုယ်လည်း ဒီလိုပဲပေါ့"လို့ သူမကို အဓိပ္ပါယ်ပါပါနဲ့ ကျနော်ကြည့်ပြီး ပြောလိုက်တယ်။ သူမလည်း ကျနော် ဘာကို ဆိုလိုတယ်ဆိုတာ သဘောပေါက်ပါလိမ့်မယ်။ ဒါ့ကြောင့်လည်း ကျနော့်အကြည့်တွေကို ချက်ချင်းလွှဲဖယ်လိုက်တယ်။ ပြီးတော့ သက်ပြင်းသဲ့သဲ့ ချလိုက်တယ်။ သူမမျက်ဝန်းတွေဟာ အနည်းငယ်တော့ တောက်ပမှု လျော့နည်းလာပြီဆိုတာ ကျနော် သတိထားမိလိုက်တယ်။

သူမက ကျနော့်ကို ပြောနေသလို မဟုတ်ဘဲ တကိုယ်တည်း ပြောနေသလို ပြောတယ်။( သူမ မျက်ဝန်းတွေကို အဝေးဆီ ပို့ထားရင်းပေါ့။ )

"ကျမဘဝမှာ အချစ်တချို့ရှိခဲ့တယ်။ ဒါပေမယ့် သူ့ကို ချစ်မိတာကတော့ အရင်က ချစ်တာမျိုးနဲ့ ကွဲပြားတယ်။ ခံစားချက်ကအစ လုံးလုံးကို မတူတာ။ ဘာ့ကြောင့်လည်းဆိုတော့ အရင်က အချစ်ဆိုတဲ့ အရာပေါ် စိတ်ကစားမိတာ။ သူငယ်ချင်းတွေကြားမှာ ဂုဏ်ယူတတ်သလိုမျိုး သာယာမိတာ။ ခုတော့ အဲ့လိုမဟုတ်တော့ဘူး။ အချစ်ဆိုတဲ့အရာပေါ် တန်ဖိုးထားတတ်လာသလို လက်ခံလာမိတာ။ ပြီးတော့ ကျမဖြတ်သန်းခဲ့ရတဲ့ ကာလတွေက ကျမကို ရင့်ကျက်လာအောင် လေ့ကျင့်ပေးထားပြီး ကျမ လည်း ကိုယ့်ကိုယ် ကို ရင့်ကျက်လာပြီလို့ စတင် သိစိတ်ဝင်လာတဲ့ အချိန်လေ။ ဒါ့ကြောင့်ပဲ သူ့ကိုချစ်မိသွားတဲ့ အချိန်မှာ သူဟာ ကျမဘဝအတွက် လို့ ဘယ်သူမှမတိုက်တွန်းဘဲ အလိုလို လက်ခံမိသွားတာ။ သူလည်း ကျမလို လက်ခံမိလား လက်မခံဘူးလား ဆိုတာတော့ ကျမ တပ်အပ် မပြောနိုင်ဘူး။ ကျမလည်း မမေးခဲ့ဘူး။ ကျမတို့နှစ်ယောက် ချစ်သူသက်တမ်း တနှစ်လောက်မှာ လက်ထက်ဖြစ်ခဲ့တယ်။ တယောက်ကိုတယောက် ချစ်ခြင်းမေတ္တာပေါ် ယုံကြည်မိသွားပြီ ဆိုတာနဲ့ အိမ်ထောင်တခုကို ထူထောင်လိုက်ကြတယ်။ စောသွားလား နောက်ကျလားဆိုတာတော့ ခံယူတဲ့သူတွေပေါ်မှာပဲ မူတည်လို့ ကျမ ထင်မိတာပဲ။ "

သူမ က ကျနော့်ကို တချက် ပြန်ကြည့်တယ်။ ပြီးတော့ ဆက်ပြောတယ်။

"လက်ထက်ပြီးနောက်ပိုင်းမှာလည်း သူဟာ ကျမအပေါ် ချစ်ခင်ကြင်နာတယ်။ ကျမတို့ နှစ်ယောက်ကြားမှာ ဖြစ်တည်လာခဲ့တဲ့ ချစ်ခြင်းတရားက ပိုပြီးသန်မာ ခိုင်ခံ့လာတယ်လို့ ကျမထင်မိတယ်။ မဟုတ်ဘူး။ ပိုပြီး တိတိကျကျ ပြောရရင် ကျမတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေက ပိုပြီး ခိုင်မာလာတယ်။ ကျမအတွက်တော့ ဘဝရဲ့ ကံကောင်းခြင်းတွေ စုံစုံလင်လင် ဖူးပွင့်နေတဲ့ ကာလတခုပေါ့။ နံနက်ဆို လင်မယားနှစ်ယောက်စလုံး အလုပ်ဆီ အတူတူလာ၊ ပြီး ညနေရောက်တော့ အတူတူ အိမ်ပြန်လာ။သွားအတူတူ လာအတူတူ မြင်မြင်သမျှစိမ်းစိုလန်းဆန်းနေတာပေါ့။ ဒါပေမယ့် ကျမမှာ ပြီးပြည့်စုံခြင်းလို့ ထင်ရတဲ့ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုတွေက သိပ်ပြီးကြာရှည်မခံခဲ့ပါဘူး။ ကျမတို့အိမ်ထောင်သက် တနှစ်ခွဲလောက်မှာ ပဲ ကောင်းမွန်စွာ ရှိနေတဲ့ အရာအားလုံးဟာ ရုတ်တရက် ပျောက်ကွယ်ကုန်တယ်။ ညဘက်မှာ ရှိနေတဲ့ ရေစက်ကလေးတွေဟာ နေရောင်ရလာတာနဲ့ အငွေ့ပျံသွားသလိုမျိုးလေ။"

"အငွေ့ပျံသွားသလို"

"ဟုတ်တယ်။ အဲ့သလို အငွေ့ပျံသွားတာပဲ။ အဲဒီညမှာ သူနဲ့ကျမ အိပ်ရာအတူတူဝင်တယ်။ ဒါပေမယ့် မနက်ရောက်တော့ ကျမ ဘေးနားမှာ သူမရှိတော့ဘူး။"

"ဟင် ! ပျောက်သွားတာလား"

"ဟုတ်တယ်။ ပျောက်သွားတာ။ ရေစက်ကလေးတွေလို ပျောက်သွားတာ။ ကျမ နံနက်စောစော ထမင်းချက်ဖို့နိုးလာတော့ သူမရှိတော့ဘူး။ ပုံမှန်ဆို ကျမ ထမင်းအိုးကျက်ခါနီးလောက်မှ သူ့က နိုးနေကျ။ ဒါပေမယ့် အဲ့ဒီနေ့မှာတော့ ကျမ အိပ်ရာထ နောက်ကျသွားတယ်ထင်တယ်။ သူပျောက်သွားတယ်။ ခုထက်ထိ ဆိုပါတော့။ "

သူမရဲ့ မျက်ဝန်းတွေထဲမှာ ရစ်ဝဲနေတဲ့ မျက်ရည်တချို့ကို ကျနော် တွေ့လိုက်တယ်။ ဒါပေမယ့် ဝဲတက်လာတဲ့ မျက်ရည်ကို အပြင် ထွက်ကျမလာအောင် သူမထိန်းနိုင်ခဲ့ပါတယ်။ သူမရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မှု အရိပ်အယောင်တွေ လုံးဝ ပျောက်ကွယ်သွားပါပြီ။ အုံ့မှိုင်းနေတဲ့ မိုးသားတွေလိုပဲ။ သူမရဲ့ မျက်နှာဟာ ကြေကွဲလို့ပေါ့။

ခုလိုမျိုးကြားရတော့ သူမအတွက် ကျနော် စိတ်မကောင်းဖြစ်မိပါတယ်။ သူမအတွက် ပြန်လည်တူးဖော်ဖို့ ခက်ခဲလွန်းတဲ့ ကိစ္စတွေကို ကျနော့်ကြောင့် ပြန်လည် ဖော်ထုတ်နေရလို့ပါ။

ဒါပေမယ့် ကျနော့်အတွက်ကလည်း စိတ်မကောင်းပါဘူး ဆိုရုံကလွဲပြီး ဘာမှတော့ မတတ်နိုင်ခဲ့ပါဘူး။ သူမကို နှစ်သိမ့်ပေးဖို့ စကားလုံးတွေကို ရုတ်တရက် ရှာဖွေလို့ မရဘူးဖြစ်နေတယ်။ ဒိအတွက် ကိုယ့်ကိုယ် ကိုတော့ ဒေါသထွက်မိတယ်။

"ဒီအကြောင်းတွေကို ကျမနှုတ်ကနေ ဖွင့်ဟပြောဆိုမိတာ ရှင် က ပထမဆုံးသူပဲ။ "

"မင်းရဲ့ နာကျင်စရာ အတိတ်တွေကို လည်ပြန်ကြည့်မိစေတဲ့ အတွက် ကိုယ် စိတ်မကောင်းဖြစ်မိပါတယ်။ တကယ်ပါ။"

"ရပါတယ်။ ဒါဟာ တချိန်ချိန်မှာ တော့ ကျမ လျှို့ဝှက်ထားလို့မရဘဲ ပြောကို ပြောပြရမယ့် တကယ့်အဖြစ်တွေပဲ မဟုတ်လား။ လွန်ဆန်လို့ရမယ့် ကိစ္စမှ မဟုတ်တာ။ ခုလို ရှင့်ကို ဒီအကြောင်းတွေပြောပြရတော့ ကျမ ရဲ့လေးလံနေတဲ့ စိတ်တွေလည်း နည်းနည်းပေါ့ပါးသွားတာပေါ့။"

"ဒါနဲ့ မင်းရဲစခန်းမှာ လူပျောက် မတိုင်ခဲ့ဘူးလား။"

"ဟင့်အင်း။ ကျမ မတိုင်ခဲ့ဘူး။ မေ့တာမဟုတ်ပေမယ့် ကျမကိုယ်၌က လူပျောက်တိုင်ချက် မဖွင့်ချင်တာပါ။ ကိုယ်နဲ့အတူတူ အိပ်နေတဲ့ ယောက်ျားတယောက် ပျောက်သွားတာကို ကျမကိုယ်တိုင်က မသိဘဲ အဲ့ဒီလူတွေက ဘယ်လိုရှာဖွေနိုင်မလဲ။ ပြီးတော့ စခန်းက လူတွေ အိမ်လာမယ်။ ဟိုမေး ဒီမေး လုပ်မယ်။ ပတ်ဝန်းကျင် ကသတင်းကိုယူဖို့ အိမ်နီးနားချင်းတချို့ကို မေးချင် မေးမယ်။ ဒါတွေဟာ ကျမအတွက်တော့ လမ်းတွေကို ပိတ်ဆို့လိုက်တာလို့ပဲ ခံစားရတယ်။ ဒါ့ကြောင့် တိုင်ချက်မဖွင့်ခဲ့တာပဲ။ ပြီးတော့ ဒီမှာက မိသားစုလေးယောက် အသတ်ခံရမှုမှာ ဇနီးနဲ့ ကလေးနှစ်ယောက်ကိုသတ်ပြီး နောက်ဆုံး ကိုယ့်ကိုယ် ကိုယ် သတ်သေသွားတာပါ ဆိုတဲ့ အဖြေမျိုးကို ရှင်လည်း သတင်းတွေမှာ ကြားမိတာပဲ မဟုတ်လား။"

"မင်းပြောတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် အနေအထားချင်းက တူမှမတူတာ။ သြော်  ဒါနဲ့။"

ကျနော် စကားကို ဆက်မပြောဘဲရပ်လိုက်တော့ သူမက ကျနော့်ကို မျက်လုံးချင်းဆုံအောင် ကြည့်ပြီး "ပြောလေ"လို့ ပြောတယ်။

ကျနော်ဟာ သူမပြောပြတာကိုဘဲ နားထောင်သင့်တာ မဟုတ်လား။ သူမကို မေးခွန်းတွေမမေးတာဟာ သူမကို ဖြေသိမ့်ပေးခြင်း တမျိုးပဲဆိုတာ နားလည်သင့်တယ်။ ဒါပေမယ့် ကျနော့်ရဲ့ သိချင်စိတ်ကို မတားနိုင်ဘူး ဖြစ်နေတယ်။ ကျနော့်အခြေအနေက ငယ်ငယ်တုန်းက တရုတ်သိုင်းကားတွေကို ကြည့်ရဖို့ ဇာတ်ရှိန်တက်ချိန်မှာ ဖြတ်ထားလိုက်သလိုမျိုး။ "ရှင် သိချင်တာ မေးပါ။ ကျမ ဆိုတာကို မေ့ထား။"လို့ သူမက ကျနော့်ရဲ့ အနေအထားကို ကြည့်ပြီး ပြောတယ်။ ကျနော့်ရဲ့ သိချင်စိတ်ကို တွေ့သွားတာဖြစ်ပါလိမ့်မယ်။

ကျနော်လည်း သူမကိုကြည့်ပြီး အားနာစွာနဲ့ပဲ ပြောလိုက်တယ်။

"ကျနော် ကြိုပြီးတောင်ပန်ထားမယ်နော်။ ဒါဟာ မင်းရဲ့ ကိုယ်ရေးကိုယ်တာကို စွက်ဖက်နေပြီဆိုတာလည်း သိပါတယ်။ ဒါ့ကြောင့် ကိုယ်မေးတာကို မင်းဖြေချင်မှဖြေနော်။ ကိုယ်က သိချင်စိတ်နဲ့ မေးတာဖြစ်ပေမယ့် မင်းအတွက် သိပ်ပြီးခက်ခဲတဲ့အပိုင်းဆို ကျော်သွားလိုက်ပါ။ ကိုယ်နားလည်ပါတယ်။"   

"ကျမအတွက် ခက်ခဲတဲ့အပိုင်းတွေ မရှိတော့ပါဘူး။ ဒီကိစ္စကို ရှင်စိတ်ဝင်စားတာဟာ ကျမရှာဖွေနေတဲ့အဖြေကို တဖက်တလမ်းက ဝိုင်းကူရှာဖွေပေးရာ ရောက်ပါတယ်။ မေးပါ။ ရှင်သိချင်တာကို"

သူမရဲ့ မျက်နှာဟာ လတ်ဆတ်မှုတွေမရှိတော့ပေမယ့် သူမအသံကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ စားပွဲပေါ်မှာရှိတဲ့ သံပရာရည်ခွက်ရဲ့နှုတ်ခမ်းဝမှာတော့ ယင်ကောင်သုံးကောင်ဟာ အလုအယက်အစာကို ရှာဖွေနေပါတယ်။

ကျနော်လည်း သက်ပြင်းသဲ့သဲ့ချလိုက်ပြီး သူမကို မေးလိုက်တယ်။

"အဲ့သလို ပျောက်မသွားခင် သူ့အမူအရာတွေရော ပြောင်းသွားသေးလား။ ဥပမာ-အရင်လောက် မင်းအပေါ်ကြင်နာမှု လျော့သွားတာမျိုး။ နှစ်ဦးကြားဆက်ဆံရေး အေးစက်သွားတာမျိုးလေ။ အဲ့သလို တခုခု ကို မင်းခံစားမိလား။"

"အဲ့သလိုမျိုး ကျမတို့နှစ်ယောက်ကြားမှာ မရှိခဲ့ဘူးလို့ ထင်ပါတယ်။ ဒါဟာ သူ့အလိုလို ခံစားမိနိုင်တာ မဟုတ်လား။ သူ့အနေအထားရော ကျမအနေအထားရော အားလုံးက ပုံမှန်ပဲ။ အရင်အတိုင်း ကျမအပေါ် ကြင်ကြင်နာနာရှိတယ်။ ပြီးတော့ ကျမတို့နှစ်ယောက်ကြားက က ဆက်ဆံရေးတွေကလည်း နွေးနွေးထွေးထွေး ရှိနေပါတယ်။"

သူမက စကားကို ခဏရပ်လိုက်တယ်။ ပြီးတေ့ အိပ်မက်က လန့်နိုးလာသူတယောက်လိုမျိုး တစုံတခုကို သတိရသွားတယ်။ ဒါပေမယ့် အဲ့ဒီကာလက စက္ကန့်အပိုင်းအခြားအတွင်းလောက်ပဲ ကြာပါတယ်။ သူမက စကားကို ဆက်ပြောတယ်။

"ဒါပေမယ့် တခုတော့ ရှိတယ်။"

"ဟင်! ဘာလဲ"

"ဟုတ်တယ်။ သူအိပ်တဲ့နေရာလေးမှာ သူမရှိတော့ပေမယ့် သူ့အစား စာအုပ်လေးတအုပ် ထားခဲ့တယ်။ ဒိုင်ယာရီစာအုပ်လည်း မဟုတ်ဘူး။ ရိုးရိုးကျောင်းသုံး ဗလာစာအုပ်လေးပဲ။ စာအုပ်ထဲမှာ လက်ရေးသေးသေးနဲ့ရေးထားတဲ့ စာတွေ လေးမျက်နှာလောက်ကလွဲပြီး ကျန်တာဘာမှမပါတော့ဘူး။ ကျန်တဲ့ စာမျက်နှာတွေက ဗလာတွေချည်းပဲ။ ရှင် ဖတ်ချင်သေးလား။"

"အဆင်သင့်မယ် ဆိုရင်တော့ ဖတ်ချင်ပါတယ်"

သူမဟာ စလင်းဘတ်အိတ်ထဲကနေ စာအုပ်လေး တအုပ်ကို ထုတ်လိုက်တယ်။ သူမ ပုံစံကြည့်ရတာ ခုလို ဖြစ်မယ်မှန်း သိနေပြီး ကြိုတင်ပြင်ဆင်လာခဲ့ပုံရပါတယ်။

ကျနော်ဟာ သူမရဲ့ ကိုယ်ရေးကိုယ်တာတွေထဲ တစထက်တစ တိုးဝင်မိနေတယ်။ ဒါဟာ မဖြစ်သင့်မှန်းသိပေမယ့် ကျနော် ရပ်လို့မရဘူး ဖြစ်နေတယ်။ ကျနော်ဟာ နွံအိုင်ကြီးထဲ တဖြည်းဖြည်း နစ်မြုပ်လာသလိုမျိုး။ သူမရဲ့ စကားတွေကို ကြားပြီးတဲ့အခါတိုင်း ကျနော့်ရဲ့သိစိတ်တွေဟာ အဲ့ဒီကိစ္စထဲ လုံးလုံး ရောက်ရောက်သွားတယ်။ ပြီးတော့ ကျနော့်အတွေးထဲကို မေးခွန်းတွေလည်း ရောက်လာတယ်။

၁။ ဘာလို့များ ကိုယ်ချစ်ရတဲ့ သူကို ပိုင်ဆိုင်ပြီးကာမှ ထားရစ်ခဲ့ရတာလဲ။
၂။ ချစ်ခြင်းတရားဆိုတာ မေ့လွယ်ပျောက်လွယ် အရာတခုလား။
၃။ သူဟာ သူမကို ငြီးငွေ့သွားတာလား။ ဒါမှမဟုတ် အစကတည်းက မရေရာတဲ့ ချစ်ခြင်းမျိုးနဲ့ ချစ်ခဲ့တာလား။

ဒါ ကျနော်ဆီဆိုက်ရောက်လာတဲ့ မေးခွန်းပဲ။

နှစ်ဦးသား အကြောင်းတစုံတရာကြောင့် စိတ်သဘောထားခြင်းမတိုက်ဆိုင်တော့လို့ လမ်းခွဲ လိုက်ကြတာဆို တမျိုးပေါ့။ အဲဒါက သေချာမှုရှိတယ်။ ခုတော့ ဘယ်လို သေချာခြင်းမျိုးမှ မရှိ။ မြူတွေဆိုင်းနေတဲ့ ညနေအမှောင်ဝင်စ မြင်ကွင်းတခုလိုမျိုး။ သဲသဲကွဲကွဲ သိရတာမရှိ။

ပင်လယ်လေရှူဖို့ သွားဦးမယ်လို့ ပြောပြီး ပြန်မရောက်လာတော့တဲ့ ကမ္ဘောဒီးယား လူငယ်တယောက်လိုမျိုး။ ဆေးလိပ်သွားဝယ်ဦးမယ်လို့ပြောပြီး ပြန်မတွေ့တော့တဲ့ မြန်မာ့ဝတ္ထုရေး စာရေးဆရာကြီး တယောက်လိုမျိုး။ သူဟာ ဘာတခုမှ ပြောခဲ့တာ မရှိဘူး။

ဒါပေမယ့် သူ့ကိုယ်စား စာအုပ်ကလေးတအုပ်တော့ ထားခဲ့တယ်တဲ့။

ဗလာစာအုပ်လေး။

ပြီးတော့ လက်ရေးသေးသေးနဲ့ ညီညီညာညာ ရေးထားတဲ့ စာမျက်နှာလေးမျက်နှာ လောက်ကလွဲလို့ ဘာမှမပါတဲ့ စာအုပ်လေးတအုပ်။
************

အသံတခုက နားထဲ ကန့်လန့်ဖြတ်စီးဝင်လာတယ်။ မီးတောင်တခုရဲ့ ပေါက်ကွဲသံလိုလို၊ အမြှောက်ဆံတခုလိုလို အရှိန်ပြင်းပြင်းနဲ့။ ကြားဖူးသမျှ အသံတွေထဲမှာ ဒီတခါ ကြားရတဲ့ အသံက အကျယ်လောင်ဆုံးနဲ့ အဆိုးရွားဆုံးပဲ။

အိပ်ပျော်နေမှုကနေ သတိရသွားပေမယ့် မျက်လုံးတွေက မဖွင့်ချင်သေးဘူး။ ည ကလည်း အိပ်ရေးမပျက်ပါဘူး။ ပုံမှန်အချိန်ပဲ အိပ်ရာ ဝင်ခဲ့တာပါပဲ။ ဒါပေမယ့် အလွန်လေးလံနေတဲ့ မျက်ခွံတွေဟာ နှစ်ပေါင်းများစွာ ပိတ်ထားတဲ့ တံခါးတချပ်ကို ဖွင့်နေရသလို အတော်လေးခက်ခဲနေတယ်။ သိပ်မကြာပါဘူး။ မှတ်ဥာဏ်မြောင်းရဲ့ သတင်းပေးပို့ချက်အရ နောက်ထပ် ၅၉စက္ကန့်လောက် အရောက်မှာ မျက်လုံးတွေဟာ ဖွင့်လိုက်နိုင်ခဲ့တယ်။ အိပ်ချင်လွန်းတဲ့ မျက်လုံးတွေကို ဖွင့်လိုက်ရလို့ထင်တယ်။ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေဟာ ကြည်ကြည်လင်လင် မရှိဘူး။ ဝေဝေဝါးဝါးကြီး။ ပလပ်စတအထူသားခြားထားတဲ့ တဖက်ကို ကြည့်နေရသလိုမျိုး။

စိတ်ထဲမှာတော့ အိပ်ချင်စိတ်က ပျောက်မသွားသေးဘူး။ ဒါ့ကြောင့် တချက်သမ်းဝေလိုက်တယ်။ နောက် ကြည့်ဖူးတဲ့ ဓါတ်ရှင်တွေထဲက  ဓါတ်ရှင်မင်းသားလိုပဲ မျက်လုံးနှစ်ဖက်ကို သုံးလေးခေါက် လောက်ပွတ်လိုက်တယ်။ အိုကေတယ်။ ဒီတော့မှ မြင်ကွင်းက ရှင်းလင်းစပြုလာသလို ခံစားလိုက်ရတယ်။ မြင်ကွင်းကြည်လင်သွားတော့မှ ပတ်ဝန်းကျင်ကို သတိပြုမိတော့တယ်။

"ဟာ!!"

မယုံနိုင်စရာ။ အံ့သြခြင်းတွေနဲ့အတူ ပါးစပ်အဟောင်းသားလေးဖြစ်သွားတယ်။ မျက်လုံးက ရှိနေတာထက် ပိုပြီးကျယ်လာတယ်။ အစောပိုင်းက မဖွင့်ချင် ဖွင်ချင် ဖြစ်နေတဲ့ မျက်ခွံတွေဟာ ဧရာမငါးကြီးတကောင်ရဲ့ သားကောင်ကိုဟပ်ဖို့ ဟထားတဲ့ ပါးစပ်ကြီးလိုဘဲ။ ဒါဟာ အိပ်မက်လားဆိုပြီး ကိုယ့်ကိုယ်ကို စမ်းကြည့်မိတယ်။ ကိုယ်အပူချိန်ကတော့ နည်းနည်းများလာသလိုပဲ။ နောက် ညာဘက်လက်နဲ့ ဘယ်ဘက်လက်ကို ဆိတ်ကြည့်လိုက်တယ်။ နာတယ်။ ပြီးတော့ အားနည်းနည်းလျှော့ပြီး ကိုယ်ပါးကိုယ် ပြန်ရိုက်ကြည့်တယ်။ ဒါလည်း နာတာပဲ။ ဒါနဲ့ (ယုံကြည်ဖို့ ခက်နေသေးလို့)မျက်လုံးတွေကို တော်တော်ကလေးနာအောင် ပွတ်လိုက်တယ်။ ဒါပေမယ့် မြင်ကွင်းက မပြောင်းမလဲ ရှိနေခဲ့တယ်။

သေချာသွားပါပြီ။ ဒါဟာ အိပ်မက်မဟုတ်ဘူး။ ခုရောက်နေတဲ့ ပစ္စုပ္ပုန်ဆိုတာ သက်သေပြဖို့မလိုတော့ပါဘူး။

ဒါဟာ အိပ်မက်မဟုတ်ဘဲ အိပ်မက်ဆန်တဲ့ တကယ်ရောက်ရှိနေတဲ့ အနေအထားပဲ။

အသက်ရှူသံတွေဟာ မြန်လာတယ်။ နှလုံးခုန်သံတွေလည်မြန်လာတယ်။ တမိနစ် ၇၂ကြိမ်ထက် ပိုလွန်းနေပြီဆိုတာ ခံစားမိနေတယ်။ ခန္ဓာကိုယ် အတွင်းပိုင်းရဲ့ လှုပ်ရှားမှုတွေဟာ မြင်းစောင်းထဲက လွှတ်ပေးလိုက်တဲ့ ဒုန်းစိုင်းပြေးလွှားနေတဲ့ မြင်းအုပ်ကြီးလိုမျိုး။ ဒါပေမယ့် ကိုယ်လက်တွေကတော့  လှုပ်ရှားဖို့မေ့လျော့နေခဲ့တယ်။ တွန့်ဆုတ်နေတယ်။ ကျောက်ရုပ်တရုပ်လို တဒင်္ဂအတွင်းမှာ မှင်သက်စွာ ငြိမ်သက်နေတယ်။ နောက်ထပ် စက္ကန့် သုံးရာလောက်အတွင်းမှာ အနည်းငယ်ထွက်စပြုနေတဲ့ နဖူးက ချွေးတွေကို အလိုလို သုတ်မိတယ်။ ရှင်းရှင်းပြောရရင် ကြောက်စိတ်တွေဟာ ခန္ဓာကိုယ်အနှံ့ ပျံ့နေပါပြီ။ အမြန်ဆုံးနှုန်းနဲ့ ပျံ့နှံ့နေတာပါ။ ဒါကြောင့် ခန္ဓာကိုယ် အနှံ့အပြားကနေ ရေတွေဟာ စိမ့်ထွက်နေပါတယ်။ ရေစစ်တခုက ရေတွေ စီးကျနေသလိုပေါ့။

ခုလိုအခြေအနေမျိုးကို အိပ်မက်ထဲတောင် ထည့်မမက်ဖူးဘူး။

အကူအညီတောင်းဖို့ကြိုးစားမိတယ်။ ဒါပေမယ့် အသံကထွက်မလာဘူး။ အားစိုက်ကြိုးစားလည်း silent ချထားတဲ့ ဟန်းဆက် တလုံးလိုပဲ။ ဘာမှမထူး။ အသံတွေဟာ ကြောက်လွန်းအားကြီးလို့များ ပျောက်ရှကုန်တာလား။ ပြတ်တောက်ကုန်တာလား။ အရေးအကြောင်းထဲ မေးခွန်းမေးမိနေခြင်းကို ဒေါသ အတော်ကလေးထွက်မိတယ်။ ဒီလောက်အရေးတကြီး နိုင်လှတဲ့ အချိန်မှာ ဘာမေးခွန်းကိုမှ ဧည့်မခံနိုင်သလို မည်သည်အဖြေမှလည်း မစဉ်းစားနိုင်ဘူး။ မေးခွန်းနဲ့အဖြေဟာ အချိန်ကာလတိုင်းမှာ အမြဲအတူတူ ရှိနေနိုင်မယ်လို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး လို့ထင်မိတယ်။ထပ်ထပ်ပြီးကြိုးစားလေ ခွန်းအားတွေ ယုတ်လျော့ လာလေပဲ။ အသံကတော့ ထွက်ပေါ်မလာခဲ့ဘူး။ ကိုယ့်အသံကိုယ် ပြန်ကြားနိုင်ဖို့ ဤမျှလောက် ခက်ခဲမှန်း အစကမသိခဲ့ဘူး။ ဘာလို့များ ငါ့မှ ဒီလိုအဖြစ်မျိုးကြုံရတာလဲ။ ဒီလောက် သတိပေးနေရက်နဲ့ တိုးဝင်လာတဲ့မေးခွန်းကို အော်ဆဲပစ်လိုက်တယ်။ အသံကတော့ အပြင်ထွက်မလာဘူးပေါ့။

ရောက်နေတဲ့ နေရာက အခန်းအလွတ်ကြီးပဲ။ တံခါးပေါက်တွေမရှိဘူး။ အခန်းတခုလုံးမှာ အမှောင်များများနဲ့ အလင်းနည်းနည်း ပေါင်းစပ်နေတယ်။ အခန်းရဲ့ မျက်နှာကြက် တနေရာက မှန်ကွက်လေးတခုကြောင့်သာ အလင်းနည်းနည်း ရနေတာ။ စောင်၊ ခေါင်းအုံး ဘာမျှမရှိတဲ့ အခန်းထဲမှာ နာရီတွေက အများကြီးပဲ။ ပြီးတော့ အဲ့ဒီနာရီတွေဟာ ပျော့တွဲကျနေတယ်။ ဘေးနားမှာ ဘယ်သူမှ ရှိမနေဘူး။ ကြည့်နေရင်းနဲ့ နာရီတွေဟာ အရည်တွေပျော်လာတယ်။ အဲ့ဒီအရည်တွေထဲမှာ မြုပ်ချည် ပေါ်ချည် ဖြစ်နေတဲ့စက္ကန့်တံတွေ၊ မိနစ်တံတွေ ၊ နာရီတံတွေ နဲ့ အက္ခရာကိန်းဂဏန်းတွေဟာ စီးမျောလာကြတယ်။ မျက်နှာကြက်တွေ၊ နံရံတွေက တဆင့်ပေါ့။ ဒါဟာ ဒါလီရဲ့ ပန်းချီကားလား။ အဲ့ဒီပန်းချီကားကို တခါမှ မတွေ့ဖူးပေမယ့် အဲ့ဒီပန်းချီကားထဲက နာရီတွေဟာ ခုလိုပဲလား။

တောက်! အားရှိသလောက် အဲ့ဒီမေးခွန်းကို (စိတ်ထဲ)အားကုန်လွှဲကန် ပစ်လိုက်တယ်။

ဖြစ်နိုင်လျှင် ဒီပိတ်နေတဲ့ အခန်းထဲမှာ တစက္ကန့်တောင် မနေချင်။ အမြန်ဆုံးထွက်သွားချင် မိတယ်။ ဒါပေမယ့် ထွက်ပေါက်က မရှိဘူး။ တံခါးက မရှိဘူး။ လေးဘက်လေးလံ နာရီတွေ အရည်ပျော်ကျလာတဲ့ နံရံကြီးတွေပဲ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် အရည်ပျော်ကျလာတဲ့ နာရီရည်တွေကြားမှာ ကျွန်းလေးတကျွန်းလို ဖြစ်လာတယ်။ ခု ရှိနေတဲ့ နေရာကနေ ခြေတလှမ်းတောင် လှမ်းဖို့ မဝံ့ရဲတဲ့ အခြေအနေ။ နာရီအရည်တွေဟာ တတ်နိုင်သမျှ နီးကပ်လာဖို့ကြိုးစားနေတယ်။ ဒါ့ကြောင့်  အတတ်နိုင်ဆုံး ခန္ဓာကိုယ်ကို ကျုံ့ထားမိတယ်။ ဖြစ်နိုင်ရင် ဒီအချိန် ဒီနေရာမှာ ခန္ဓာကိုယ်တခုလုံးကို အသေးငယ်ဆုံး အမှုန်အမွှားလေးတခုလို ဖြစ်ချင်နေတယ်။

ဒါပေမယ့် စိတ်ကူးဟာ စိတ်ကူးထဲမှာဘဲ ရှိနေခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ ရွေ့လျားလာတဲ့ နာရီအရည်တွေဟာ ကိုယ်ခန္ဓာပေါ် ရောက်လာတယ်။ တချို့အရည်တွေဟာ ရေခဲမြစ်ထဲ ရောက်နေသလို အေးစက်လွန်းပြီး တချို့အရည်တွေဟာ ဆီပူမိသလို ပူစပ်စပ်ကြီး။ ဘယ်လိုမှ အဆင်မပြေတဲ့ ခံရခက်တဲ့ အရသာကြီး။ နောက်တော့ နာရီအရည်တွေဟာ ခြေထောက်၊ လက်၊ ပြီးတော့ ပါးစပ်ထဲ ရောက်လာတယ်။ မျက်လုံးတွေဟာ နာရီအရည်တွေဝင်ပြီး ဘာမှ မမြင်ရတော့ဘူး။ နှာခေါင်းတွေထဲလည်း အဲ့ဒီအရည်တွေ ဝင်လာလို့ အသက်ရှူလည်း မဝတော့ဘူး။ ဒါ့ကြောင့် အသက်ရှူလိုက်တိုင်း နှာခေါင်းထဲ နာရီအရည်တွေပဲ ဝင်လာတယ်။

ဒီအနေအထား ကနေ ဘယ်လိုလွတ်မြောက် နိုင်မလဲ။

ထွက်ပေါက်ကရော ရှိဦးမလား။
ခင်ဗျားဆိုရင်ရော,..။
အချိန်ဟာ တခန်းလုံး
မှောင်
သွား
ပါ
တယ်။ ။
***********

"သူက စာရေးတာ ဝါသနာပါလို့လား"လို့ သူမကို စာအုပ်ပြန်ပေးရင်း ကျနော် မေးလိုက်တယ်။ (ဘယ်လောက်ထိ ညံ့ဖျင်းလိုက်တဲ့ မေးခွန်းလည်း ဆိုတာကို သူမ ကို ပြောပြီးမှ သိလိုက်မိတယ်။)

"ဝါသနာ မပါပါဘူး။ စာတွေ ဘာတွေဖတ်တာတောင် ကျမ မတွေ့ဖူးဘူး။ ဒါနဲ့ ဒီစာအုပ်ထဲက စာတွေကို ရှင်နားလည်းလား။ဒီစာတွေကို ကျမ မကြာမကြာ ဖတ်ဖြစ်တယ်။ တခါတလေဆို တရက်ကို သုံးလေးခေါက်လောက် ဖတ်ဖြစ်တဲ့နေ့တွေတောင် ရှိတယ်။ ဒါပေမယ့် သူ ဘာကိုဆိုလိုမှန်း ကျမ မစဉ်းစားတတ်ဘူး။ ကျမ အတွက်တော့ သူ့ရဲ့ တခုတည်းသော သဲလွန်စ မဟုတ်လား။"

"ကျနော်လည်း စဉ်းစားလို့မရဘူး။ တခုတော့ ရှိတယ်။ သူ့စာဖတ်နေတဲ့ အချိန်မှာ ကျနော်ဟာ ချောက်နက်ကြီးထဲ ရောက်နေသလိုပဲ။ ပြီးတော့ အေးစက်မှုတွေ၊ မွန်းကြပ်မှုတွေ နဲ့ အထီးကျန်မှုတွေကို ခံစားနေရတယ်။ "

"သူ့အိပ်မက်ရော ဖြစ်နိုင်လား"

"အိပ်မက်  ဟုတ်လား"

"ဟုတ်တယ်။ သူ ပျောက်မသွားခင် တလလောက် က ဖြစ်မယ်။ သူ အိပ်မက်တွေ ခဏခဏ မက်နေတယ်လို့ ကျမကိုပြောတယ်။ အဲ့ဒီ အိပ်မက် မက်ပြီး လန့်နိုးတဲ့အချိန် က မပြောင်းလဲဘူး တဲ့။ ပြီးတော့ မက်တဲ့ အိပ်မက်တွေကလည်း အစအဆုံး အကုန်အတူတူပဲ လို့ ပြောဖူးတယ်။ အဲ့ဒီ အိပ်မက်အကြောင်းတွေကိုများ ရေးထားသလား မသိဘူး။"

သူမ က အဖြေတခုကို ဖြေလိုက်သလိုမျိုးနဲ့ ကျနော့်ကို ပြောတယ်။ သူမကိုကြည့်ရတာ အတိတ်တွေကို အနှေးပြကွက်တခုလို ပြန်စဉ်းစားနေပုံမျိုး။ ပြီးတော့ ကျနော့်ရဲ့ ထင်မြင်ချက်နဲ့ အဖြေကို ချဉ်းကပ်ချင်ပုံရတယ်။ ကျနော်လည်း ဘာမှ မသိတော့ ဘာမှ ထင်မြင်ချက်တွေ မပေးတော့ပဲ သူမ ပြောမယ့်စကားကို စောင့်နေလိုက်တယ်။

ခဏကြာတော့ သူမ ဆီက သက်ပြင်းသဲ့သဲ့ချသံကို ကြားလိုက်ရတယ်။ ပြီးတော့ ကျနော့်ကို မကြည့်ဘဲ ( သူမ မျက်ဝန်းကို အဝေးကိုပို့ပြီး)ပြောတယ်။

"ကျမဘဝထဲကနေ သူ ပျောက်ကွယ်သွားပြီးနောက်ပိုင်း ကျမရဲ့ဘဝဟာ အရင်လို ခယောင်းလမ်းပြန်ဖြစ် သွားတယ်။ ပတ်ဝန်းကျင်ရဲ့ အကြည့်အမျိုးမျိုး အောက်မှာ ဘဝကို လက်လျှော့လိုက်ဖို့အထိ စိတ်တွေက အောက်ဆုံးလောက် ရောက်ခဲ့ရတယ်။ ဒါပေမယ့် ကျမ ရှေ့ကို ဆက်လျှောက်ခဲ့တယ်။ အဲ့သလို ရုန်းကန်ရင်း တလလောက်အကြာမှာ ကျမဆီ သံသယ တခုဝင်လာတယ်။ HCG Strip မှာ မျဉ်းအနီ နှစ်ကြောင်းကို တွေ့လိုက်ရတဲ့ အချိန်မှာ ကျမ တော်တော်ကလေး တုန်လှုပ်သွားတယ်။ ဘဝရဲ့ ခရီးဟာ ပိုပြီးလှိုင်းလေကြမ်းလာ တော့မယ် မဟုတ်လား။ သားအမိနှစ်ယောက်အတွက် လောက်ငအောင် ရုန်းကန်နေရချိန်မှာ နောက်ထပ်ရောက်လာမယ့် လူတယောက်အတွက်၊ ပြီးတော့ မွေးခါနီး ဖွားခါနီး ကျမအလုပ် မလုပ်နိုင်တော့မယ့် အချိန် စသဖြင့် ကျမခေါင်းထဲ မေးခွန်းတွေဟာ တခဏအတွင်း တန်းဆီပြီးရောက်လာတယ်။ နောက်တော့ ပိုပြီးသေချာအောင် ဆေးခန်းတခုမှာ ကျမ သွားပြခဲ့တယ်။ သေချာခဲ့တယ်။ ကျမမှာ ကိုယ်ဝန်သုံးလ ရှိပြီတဲ့။ ကျမ ဘာမှ မတတ်နိုင်တော့ဘူး။ အစကတည်းက အရောင်အမျိုးမျိုးတပ်ပြီး ကြည့်နေတဲ့ မျက်ဝန်းတွေအောက်မှာ ကျမ ဟာ ပျောက်ဆုံးမသွားအောင် အားတင်းထားရတယ်။ တနေ့ထက်တနေ့ ကျမကိုယ်ဝန်ဟာ ပိုပြီးကြီးထွားလာလေ ပတ်ဝန်းကျင်ရဲ့ သတင်းစကားတွေဟာလည်း ပိုပြီး ဆိုးရွားလာတယ်။ ယောက်ျားက မပေါင်းချင်တော့လို့ ထွက်သွားတာ၊ ကျမရဲ့ ကိုယ်ဝန်ဟာ သူနဲ့ရတာ မဟုတ်မှန်းသိလို့ ကျမကို ထားသွားတာ စသဖြင့်ပေါ့။ အတင်းအဖျင်းစကားတွေဆိုတာ ဖားဥတွေလိုပဲ။ အစုလိုက် အပြုံလိုက် ပေါက်ဖွားနေသလိုမျိုး။ ကျမကို စာနာနားလည်ပေးတဲ့ ပတ်ဝန်းကျင်က လူအနည်းအကျင်းတော့ ရှိပါတယ်။ ဒါပေမယ့် လောကဓံရဲ့ ပုတ်ခတ်မှုတွေဟာ ကျမတို့ သားအမိအတွက် ပြင်းထန်လွန်းနေမလားပဲ။ ကျမ ကိုယ်ဝန် ရှစ်လ လောက်ရောက်တော့ အမေဆုံးသွားတယ်။ "

"စိတ်မကောင်ပါဘူးဗျာ။"

ကျနော့် စကားကို သူမက မကြားသလို အဝေးဆီကိုကြည့်ပြီး ဆက်ပြောတယ်။

"အမေဆုံးတော့ ကျမလည်း အဲ့ဒီပတ်ဝန်းကျင်ကို စွန့်ပြီး အမေ့ရဲ့ အစ်မ အဒေါ်အပျိုကြီး ဆီရောက်လာခဲ့တယ်။ ခု ကျမ နေနေတဲ့ အိမ်ဆီကိုပေါ့။ သမီးလေးကိုလည်း ဒီမှာပဲ မွေးခဲ့တယ်။ သမီးလေးရဲ့ အဖေနာမည်မှာလည်း သူ့နာမည်ပဲ ကျမ ရေးခဲ့တယ်။ အဲ့ဒါတွေ သူသိမှာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ ရင်သွေးလေး တယောက်ဟာ ဒီကမ္ဘာကြီးရဲ့ တထောင့်တနေရာမှာ အဖေလို့ ခေါ်ခွင့်မရဘဲ သူ့ရဲ့ ဇနီးနဲ့ အတူတူ အသက်ရှင်နေတယ် ဆိုတာကိုရောပေါ့။"

ဒီတခါတော့ သူမ အားတင်းထားသမျှတွေ လျှော့ချလိုက်တယ်ထင်ရဲ့။ သူမရဲ့ မျက်ဝန်းထဲက မျက်ရည်တချို့ စီးကျလာတယ်။ ကျနော့်ကို မကြည့်ဘဲ မျက်နှာလွှဲထားရာကနေပဲ သူမဟာ မျက်ရည်တချို့ကို သုတ်လိုက်ပါတယ်။ ကျနော်လည်း သူမကို မကြည့်မိအောင် နေလိုက်တယ်။ သူမ ကတော့ နောက်ထပ်မငိုမိအောင် မျက်တောင်ကို ခဏခဏ ခတ်နေပါတယ်။

ကျနော်ဟာ သူမရဲ့ အတိတ်ထဲ ရောက်သင့်တာထက် ပိုပြီးရောက်နေတာ ။ ဒါ့ကြောင့် သူမကို ထပ်ပြီး မေးခွန်းတွေ မမေးဖို့ တတ်နိုင်သမျှ စိတ်ကို ထိန်းထားမိတယ်။ ဘယ်လိုမှ ပျော်ရွှင်စရာတွေ မရှိတော့တဲ့ အတိတ်ထဲ သူမကို ထပ်ပြီး တိုးမဝင်စေချင်တော့ဘူး။ ဒဏ်ရာဒဏ်ချက် အပြည့်နဲ့ သယ်လာရမယ့် သတင်းစကားတွေကို ကျနော်လည်း ထပ်ပြီး နားထောင်ချင်ပါ့ဦးမလားလို့ ကိုယ့်ကိုယ် ကို ပြန်မေးမိတယ်။ဘာပဲဖြစ်ဖြစ် ထုထည်ကြီးမားလွန်းတဲ့ အစိုင်အခဲကြီးကို နှစ်ရှည်လများ မြိုသိပ်ထားရတဲ့ သူမအတွက် ခုလိုရင်ဖွင့်လိုက်ရတော့ ခံစားမှုတွေ ခဏတဖြုတ်တော့ သက်သာသွားမယ်လို့ ကျနော်ထင်မိတယ်။

"သမီးလေးမွေးပြီး နောက်ပိုင်းမှာ ထူးခြားတာ တခုတော့ ရှိခဲ့တယ်။"

"ထူးခြားတာ"

"ဟုတ်တယ်။ ကျမကတော့ ထူးခြားတယ်လို့ ထင်မိတယ်။ သမီးလေးကို ရက် ၁၀၀ ပြည့် နာမည်ပေး ကင်ပွန်းတပ် အလှူလုပ်ပေးတဲ့နေ့မှာ ကျမဆီ ဖုန်းနံပါတ်ခု ဝင်လာတယ်။ ကျမ ဖုန်းကိုင်လိုက်ပေမယ့် တဖက်က ဘာမှပြန်မပြောဘူး။ ကျမမှာလည်း အလှူလာကြတဲ့ အိမ်နီးနားချင်းမိတ်ဆွေ တွေနဲ့ အလုပ်ရှုပ်နေတော့  မြန်မြန်ပဲ ဖုန်းချလိုက်တယ်။ အဲ့ဒီတုန်းကတော့ ဖုန်းမှားဝင်တာလို့ပဲ ထင်မိတာ။ ဒါပေမယ့် နောက်ပိုင်း အဲ့ဒီကိစ္စကို ပြန်တွေးမိလေ သူပဲလို့ ကျမစိတ်ထဲ ခံစားမိလာတယ်။ "

"အဲ့ဒီ ဖုန်းနံပါတ်ကို ပြန်ဆက်သေးလား"

"ကျမပြန်ဆက်တယ်။ ရပ်ကွက်ထဲက စတိုးဆိုင်တခုက ဖြစ်နေတယ်။ ကျသင့်ငွေပေးပြီး ဖုန်းဆက်တဲ့ အနီးအနားက လူတွေ တနေ့ ဆယ်ယောက် ထက်မနည်း ရှိတယ်တဲ့။ "

"ထပ်ပြီးစုံစမ်းမိသေးလား။ ဆိုပါတော့ အဲ့ဒီ စတိုးဆိုင်လေးကို သွားတာမျိုးလေ။ "

"ဒါတော့ ကျမ မသွားဖြစ်ဘူး။ သူဖုန်းဆက်တယ်လို့ ကျမ စိတ်ထဲခံစားမိတဲ့ နေ့ကစပြီး တလတခါ ကျမ လူပျောက်ကြော်ငြာ ထည့်ခဲ့တယ်။ သူပြန်လာမယ့် နေ့ကို စောင့်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်တဲ့ ကျမအတွက် တလတခါ ကျမနဲ့ သမီးလေး သက်ရှိထက်ရှားရှိပါသေးတယ် ဆိုတာ သူ့ကို အသိပေးတဲ့ အနေနဲ့ပေါ့"

ကျနော်လည်း သူမ ကို ထပ်ပြီးမမေးတော့သလို သူမလည်း ကျနော့်ကို ထပ်ပြီးမပြောတော့ပါဘူး။ ကျနော်တို့ နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ ဒီအချိန်မှာ ပြီးဆုံးသင့်ပြီ မဟုတ်လား။ နောက်ထပ် သူမနဲ့ထပ်ပြီး တွေ့ဆုံဖို့ မရှိတော့ဘူးဆိုတာ သေချာခဲ့ပြီပဲ။

သေချာစွာစောင့်ဆိုင်း နေတဲ့ သူတယောက်အတွက် နောက်ထပ် ဘယ်သူ့ကိုမှ ကြိုဆိုမှာ မဟုတ်တော့ဘူးဆိုတာ သူမကိုကြည့်ပြီး ကျနော် နားလည်သွားပြီ မဟုတ်လား။ ဒါဟာ ကျနော့်ရဲ့ ထင်ယောင်ထင်မှား ကယောင်ကတမ်း အတွေးမျိုးမဟုတ်ဘူး။ သေချာနေခဲ့တာ။ မှန်ရှေ့မှာ ကိုယ့်ရုပ်ကိုယ် ပြန်မြင်ရသလိုမျိုးပေါ့။

ကျနော် ပတ်ဝန်းကျင်ကို သတိထားမိချိန်မှာတော့ အမှောင်ရိပ်တောင် နည်းနည်း ဝင်လာပါပြီ။ ဒီတော့မှ ကျနော်တို့ထိုင်နေတာ အတော်လေး ကြာသွားပြီ ဆိုတာ သတိထားမိတော့တယ်။ ဟိုချာတိတ် နှစ်ယောက်နေရာမှာ အခြားသူတွေ ရောက်နေပြီ။ သူတို့နှစ်ယောက် ဘယ်အချိန် ဆိုင်ထဲကထွက်သွားမှန်း မသိအောင် ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်ပြီး သူမ အတိတ်ထဲ ကျနော် ပျောက်ဆုံးနေခဲ့တာပဲ။ တဖြည်းဖြည်းနဲ့ ဆိုင်ထဲမှာ လူတွေပြည့်လာတယ်။ အရင်လို တိတ်ဆိတ်မနေတော့ဘဲ စကားသံတွေ၊ ဖန်လ်ခွက်ထိသံတွေ၊ ဇွန်းသံတွေဟာ ဆိုင်အနှံ့ ပျံ့လွင့်နေတယ်။ သတိမေ့နေတဲ့လူ ရုတ်တရက် လက်ရှိဘဝထဲ ပြန်ရောက်လာသလိုမျိုးလေ။

သူမနဲ့ ကျနော်လည်း ကိုယ့်လမ်းကြောင်းပေါ် ကိုယ်ပြန်ရောက် သွားကြတယ်။

ဒီ့နောက်ပိုင်းမှာတော့ သူမနဲ့ ကျနော် ထပ်မတွေ့ကြတော့ပါဘူး။ ( တွေ့ဖို့ အကြောင်းလည်း ရှိမနေတော့ဘူးလေ။)ကျနော်လည်း ရန်ကုန်ကပုဂ္ဂလိက အထက်တန်းကျောင်းမှာ အလုပ်ရသွားတယ်။ကျနော် ၆ တန်း သချာင်္သင်ရတယ်။ နေစရာ စီစဉ်ပေးတဲ့အတွက် ရန်ကုန်မှာပဲ နေဖြစ်တော့တယ်။ ပတ်ဝန်းကျင် အသစ်တခုမှာ သူမကို ကျနော့်အတွေးထဲကနေ မေ့ဖျောက်လာနိုင်ခဲ့တယ်။ ကျနော့်မှာ ကလေးတွေကို စာဘယ်လိုသင်ရင် ကောင်းမလဲ၊ သူတို့စာသင်ခန်းထဲမှာ စိတ်ပါဝင်စားလာဖို့ ကျနော်ရဲ့ သင်ကြားနည်းစနစ်တွေကို ဘယ်လိုလုပ်ရင် ကောင်းမလဲ စတဲ့ အလုပ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုပဲ စဉ်းစားဖြစ်လာတော့တယ်။

ကျောင်းပိတ်ရက်တွေမှာလည်း ကျနော် အိမ်ကို မပြန်ဖြစ်တော့ဘူး။ ရန်ကုန်မှာပဲ နေဖြစ်တယ်။

ဒါပေမယ့် ကျနော် သတင်းစာဖတ်တဲ့ အခါတိုင်း လူပျောက်ကြော်ငြာကို အရင်ဆုံး ရှာဖွေတတ်တဲ့ အကျင့်ရလာတယ်။ ပြီးတော့ သူမ ကြော်ငြာတဲ့ လူပျောက်ကြေည်ငြာကိုတွေ့တိုင်း သူမတို့ မိသားစု ပြန်လည် ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးဖြစ်တယ်။ ရင်းနှီးခဲ့ဖူးတဲ့ မိတ်ဆွေတယောက်ကို ဆုတောင်းပေးသလိုမျိုးပေါ့။

နောက်စာသင်နှစ် ပြီးဆုံးခါနီးမှာ ကျနော် လက်ထက်ဖြစ်ခဲ့တယ်။ ဒီတော့ ကျနော် သတင်းစာတွေကို ဖတ်ဖို့ မေ့လျော့လာခဲ့သလို ကျနော်ရင်ခွင်ထဲမှာ အိပ်မောကျနေတဲ့ ဇနီးသည်နဲ့ ရှေ့ဆက်လှမ်းရမယ့် ခရီးလမ်း အကြောင်းတွေကို ပဲ ပိုပို တွေးဖြစ်လာတော့တယ်။

တကယ်လို့များ သတင်းစာမှာ လူပျောက်ကြော်ငြာများ တွေ့ခဲ့ရင် သူမအတွက် ခင်ဗျားတို့ ဆုတောင်းပေးလိုက်ကြပါဗျာ။   ။

ဒီလူည

ကာတွန်း နေလင်းအောင် (မန်း) ● ရှိတာအကုန်ထုတ်စမ်း ...

$
0
0
ကာတွန်း နေလင်းအောင် (မန်း) ● ရှိတာအကုန်ထုတ်စမ်း ...
(မိုးမခ) ဇန်နဝါရီ ၈၊ ၂၀၁၇

မောင်ဥက္ကလာ - ပြန်လာကြည့်ပါ ဗိုလ်ချုပ်

$
0
0


မောင်ဥက္ကလာ - ပြန်လာကြည့်ပါ ဗိုလ်ချုပ်

(မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၈

ပေါက်ဖော်ကြီးနိုင်ငံထုတ် ဂျက်လေယာဉ်မှာ အရှိန်အဟုန်နဲ့ ဝေဟင်မိုးကောင်ကင်ထက် ဝဲပျံတက်ကာ နှစ် (၂၀) အတွင်း စင်္ကာပူတိုင်းနိုင်ငံကို ကျော်တက်တော့မည့်အလား အရှိန်ယူနေချိန်မှာ - မတရားဥပဒေ စိုးမိုးနေသော ရွှေပြည်ကြီးမှာတော့ မောင်ဥက္ကလာတစ်ယောက် ကြောက်လန့်ပြီး ဘာမှမရေးမပြောဘဲနဲ့ နေခဲ့သည်မှာ တနှစ်ကူးပြောင်းခဲ့လေပြီ။ အခုမှ လွတ်လပ်ရေးပွဲတော် ဆူညံပူညံ လော်သံ၊ မူးသံ၊ အူသံတွေကြောင့် အလန့်တကြား နိုးထ၊ အိပ်မရတော့တာနဲ့၊ သွားလေသူ ဗိုလ်ချုပ်ကို တမ်းတပြီး ဒီစာကို ရေးပါသည်။

ဗိုလ်ချုပ်ဆိုလို့ ကျုပ်တို့ ရွှေပြည်ကြီးကို နှစ်နဲ့ချီ ကိုယ်ဖိရင်ဖိ အကုန်ဖိပြီး မင်းမှုအုပ်ချုပ်သွားတဲ့ မဟာကျေးဇူးရှင် “အဘ” လို့ ခေါ်သည်ကို သဘောခွေ့နှစ်ခြိုက်သော ဗိုလ်ချုပ်များကို တမ်းတခြင်း မဟုတ်ပါ။ သူတို့တွေကိုတော့ ရွှေပြည်မှာ အလွန်ပေါသော “ဆုတောင်းပြည့်” ဘုရားစေတီများမှာ တောင်းထားတဲ့ဆု ပြည့်ပါက အမှန်တကယ် အေးငြိမ်ရာ ကမ္ဘာတခြမ်းသို့ သွားစေချင်၊ ကျွတ်တမ်းမဝင် ရောက်ရာအရပ်ကနေ ပြန်မလာစေချင်ပါ။ ဒီနေ့အထိတော့ တောင်းဆုမပြည့် - အဲဒီအဝှာတွေက ဒီနေ့အထိ ရွှေပြည်ကြီးကိုမခွါ၊ ဘယ်မှမသွား မျှော့ကျွတ်ကပ်ပါးပိုးမွှားတွေလို တွယ်ကပ်၊ ရသမျှစုပ်ယူ ရှင်သန်နေမြဲ။

ကဲ ရှိစေတော့။ ကျုပ် တမ်းတတဲ့ ဗိုလ်ချုပ်ကတော့ ဒီနေ့ခေတ်ကလေးတွေက သိပ်မသိ။ သူတို့ သိသည်မှာ - ဗိုလ်ချုပ်ဆို မျက်နှာစူပုပ်ပုပ်၊ ပေမမီဒေါက်မမီ ပုကွကွလို့ ထင်နေကြ။ လူငယ်လူကြီးပိုင်းကလည်း ခပ်မေ့မေ့ ခပ်ဝါးဝါး - သူ့ပြောဆိုခဲ့တဲ့ မိန့်ဆိုစကားအတိုင်း - ဘာတဲ့ “ခင်များတို့ လွတ်လပ်ပြီဆိုပြီး လမ်းပေါ်တက် ဆေးရိုးလှန်…” ဆိုလို့ ဆေးရိုးတောင်မကဘူး ဆေးရှု၊ ဆေးသောက်၊ ပုလင်းထောင်ကြသည်မှာ စည်းစည်းကားကား။ သူ တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းက အပွင့်အခတ်နဲ့ ပုဂ္ဂိုလ်တွေဆို ပိုဆိုးသေး - မြေဝယ်မကျကို လိုက်နာကြတာ - သိမ်းလိုက်တဲ့ မြေတွေနဲ့ ခေတ်သစ် မြေရှင်ယာရှင် ရေမြေ့ရှင်သခင်တွေ ဖြစ်နေကြ။

အဂယ်ပါ … တိုင်းပြည်နဲ့ လူမျိုးအတွက် ယေရှုလို အသက်ပေးသွားတဲ့ ဗိုလ်ချုပ် - တဝုန်းဝုန်း၊ တဟုန်းဟုန်း ပြောင်းလဲနေတဲ့ ရွှေပြည်ကြီးကို ဥပက္ခာပြု၊ ဘယ်ဆီဘယ်ဝယ်မှာ ငြိမ်းငြိမ်းချမ်းချမ်း နားဆက်နေလဲလို့ ကျွန်တော်မျိုး မကြာခဏ တမ်းတလွမ်းမိ။ ဖြစ်နိုင်ရင်၊ ကျွန်တော်မျိုး တမ်းတ တောင်းဆိုမှုကိုကြားပြီး လေးလေးနက်နက် စဉ်းစားကာ၊ ဗိုလ်ချုပ် အသက်စတေး တည်ဆောက်ပေးခဲ့တဲ့ ရွှေပြည်ကြီးကို အလည်တခေါက် ပြန်လာကြည့်စေလို။

အခုဆိုရင် ဗိုလ်ချုပ်သမီးထွေးလေးက အားလုံးအထက်မှာ ရှိနေမယ်လို့ ပြောတယ်။ ဒါပေမဲ့ တချို့ တွေက လုံးဝအပေါ် မတက်နိုင်အောင် တားဆီးထားလို့ သမီးလေးလည်း ပြေးလမ်းပေါ်ကနေ အပေါ်တက်သလိုလိုနဲ့ မတက်နိုင် ဖြစ်နေရှာတယ်။ အဲဂလိုကြောင့် ဖခင်ဗိုလ်ချုပ် တချက်ပြန်လာပြီး … “ေ-ာက်သုံးမကျတဲ့ ဟေ့ကောင်တွေလို့ ဟိန်းဟောက်ပြီး အဲဒီအဖျက်သမား၊ အချောင်သမားတွေကို သုတ်သင်ဖယ်ရှားပေးရင်တော့ သမီးငယ်လေး အပေါ်ထိပ်ရောက်၊ အထက်မှာ ရှိပြီး လုပ်စရာရှိတာ စွမ်းနိုင်မယ်လို့ ကျွန်တော်မျိုး မျှော်တွေးကြည့်မိ။

အဂယ်တော့ ဗိုလ်ချုပ်သမီးငယ်လေး ကံဆိုးပြီး ဗိုလ်ချုပ် ကံကောင်းပါတယ်။ သူ့ဝန်ကို ဝိုင်းထမ်းရမယ့် ရွေးချယ်ခံတွေက မလုပ်မရှုပ်မပြုတ် သီအိုရီ ကို ဆုပ်ကိုင်ပြီး၊ ဟိုလိုလို ဒီလိုလို တဝဲလယ်လယ်နဲ့ ဘာဆို ဘာမှမလုပ်။ အယ် … သူတို့ တော်ချက်တစ်ခုတော့ ရှိတယ် - အလုပ်မရှိ ဟိုဟာသန်းရှာ ဆိုသလို လုပ်နေတာက - ကြောက်လို့လား၊ ဖားတာလား၊ အမှတ်ယူတာလား မသိ အခုဆို ရွှေပြည်တဝှမ်းမှာ ဗိုလ်ချုပ် ရုပ်ထုတွေ မိုးဦးကျမှာပေါက်တဲ့ မှိုတွေလို ပေါ်လာပေါလိုက်တာ - ဒီမှာတရုပ်၊ ဟိုမှာတရုပ် မျက်နှာပေါက်မျိုးစုံ၊ အရွယ်အစား၊ စတိုင်လ်စုံနဲ့ ဗိုလ်ချုပ်တောင် ကိုယ့်ရုပ်ကိုယ် မှတ်မိမယ် မထင်။

ကျွန်တော်မျိုးတို့ ဥက္ကလာ ဇနပုဒ်မှာတော့ … အကွဲအပြဲ ရန်ပွဲတွေနဲ့ ထုဆစ်လိုက်ကြတာ ခြောက်ကပ်ကပ် ပန်းခြံထဲမှာ အရုပ်နှစ်ရုပ်က တစ်နေရာဆီမှာ တကွဲတပြား စန့်စန့်ကြီး။ အခုဆို ဗိုလ်ချုပ်သမီး နန်းဆိုက်ရာ၊ ဗိုလ်ချုပ် ဗိုက်မနာသားတွေ ပျော်ပါးနေတဲ့ နေပူတော်မှာလည်း ဧရာမရုပ်ထုကြီး တည်ဆောက်တော့မယ်တဲ့ … အဲ့ဂလို တိုင်းပြည် ပြောင်းလဲမှုတွေကို လေအဟုန်နဲ့ ပြောင်းလဲနေကြတာ အံ့ဘနန်း။ အမြှောက်အဖား မကြိုက်တဲ့ ဗိုလ်ချုပ် ရုပ်ထု ကိုးကွယ်၊ မိန့်ဆိုသမျှ နာမခံတဲ့ ဒီလူတွေကို ဘာပြောမလဲ။

နောက်ရှိသေး … လေကြီးမိုးကြီး ဇာတ်ကွက်တွေနဲ့ အော်စကာ ဆယ်စုရ ဂန္ဓီဇာတ်ကားကြီးထက်သာမယ့် ဗိုလ်ချုပ်ဘဝ ဂန္ထဝင် ဓါတ်ရှင်ကြီးလည်း ရန်တွေဖြစ်ကြ၊ အုပ်စုတွေကွဲကြ၊ ဆရာ့ဆရာတွေနဲ့ … ဗိုလ်ချုပ်လုပ်မယ့် ဘောသမားတော့ အလုပ်လက်မဲ့၊ အသက်ကြီးလာရှာပြီ။ ဗိုလ်ချုပ်ဇနီးတော့ မုန့်ဟင်းခါး ရောင်းနေသလား မသိ။

ရိုက်တော့ ရိုက်မှာပါ … အချင်းချင်း ရိုက်ကြမလား။ ဂွင်ရိုက်မလားဆိုတာ Only God knows; maybe not.

တကယ်ပါ ဗိုလ်ချုပ် အချိန်ပေးပြီး ရောက်ရဘဝကနေ သုခမြို့ တော် ကျွန်တော်မျိုးတို့ ရွှေပြည်ကြီးဆီ ခေတ္တတခဏ ပြန်လည်ကြည့်ပါ။

သိပ်မကြာခင် ကမ္ဘာ့ရုပ်ထု (ဘုရားရုပ်၊ ဗိုလ်ချုပ်ရုပ်) အပေါဆုံးနိုင်ငံအဖြစ် သတ်မှတ်ခြင်း ခံရတော့မှာ။ အခုတောင် တရားဝင်တော့ မဟုတ်သေး - ရရှိထားတဲ့ ဆုတွေက “ဆုတောင်းပြည့်ဘုရား အပေါဆုံးဆု၊ ‘အဆင့်မြင့်’ အသုံးအနှုန်း အပေါများဆုံးဆု၊ အလုပ်မဖြစ် ဆောင်ပုဒ်ကြီးများဆု ‘မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည်’ ၊ ‘ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့’” စသည်ဖြင့် ဂုဏ်ယူဝံ့ကြွားစရာများ ရှိနေပါပြီ။

ဒီနေ့ဆို ဗိုလ်ချုပ် အသက်စွန့်ပေးခဲ့တဲ့ လွတ်လပ်ရေးကြီးအတွက် ကျွန်တော်တို့တွေ လွတ်လွတ်လပ်လပ် လမ်းတွေပိတ်၊ လော်တွေ သစ်ပင်ထိပ်ချိတ်ပြီး တဝုန်းဝုန်း တဒိုင်းဒိုင်း ဆင်နွှဲကြတာ အတော်ပျော်ဖို့ကောင်း - အသက်စွန့်ပြီး လွတ်လပ်ရေးကို ရယူခဲ့ပေးတဲ့ ဗိုလ်ချုပ်နဲ့ အာဇာနည်တွေကို သတိယတမ်းတပြီး ဖွင့်လိုက်ကြတဲ့ “ဗိုလ်အောင်ဒင်၊ ရောသမမွှေ၊ ကိုကြီးကျော်၊ အမဲလိုက် အက၊ နတ်ဒိုး၊ ဟစ်ပ်ဟော့” သီချင်းတွေကို ကြားစေချင်၊ နားထောင်စေချင်။

ပျော်လိုက်ကြတာ … နှစ်သစ်ကူးပွဲ အရှိန်မကုန်သေးလို့လား (တရုတ်နှစ်သစ်ကူးကို ဆက်မလို့လား)၊ လွတ်လပ်ခြင်းတန်းဖိုးကို အလေးထားလို့လား မသိ … တနေကုန်တနေခမ်း လွတ်လွတ်လပ်လပ် လမ်းတွေပိတ်ပြီး သောက်မူးရူး၊ “ဘယ်ခွေးမှ လူမထင်” ကြိမ်းဝါးကာ သီချင်းတွေဖွင့် အော်ဟစ်ကခုန် ပျော်ပါးနေကြတာ ညဥ့်နက်သန်းခေါင်းချိန်အထိ အသံဗြဲကြီးတွေနဲ့ ကျွန်တော်မျိုးတော့ အိပ်မရ။

အဂယ်ပါ … လွတ်လပ်ပွင့်လင်းတဲ့ ဖစ်ထ်တီး - ဖစ်ထ်တီး (50-50) ဒီမိုခေတ်ကြီးမှာ - ဗိုလ်ချုပ်သမီးငယ် ဦးဆောင်တဲ့အဖွဲ့နဲ့ ဗိုလ်ချုပ်သန္ဓေတည်ပေးခဲ့တဲ့ အဖွဲ့တို့ တက်ညီလက်ညီ တည်ဆောက်နေတဲ့ ပြောင်းလဲတိုးတက်မှုတွေကိုပြောရင် ပြောမကုန်ပါ။ ဗိုလ်ချုပ် မိန့်ဆိုခဲ့သလို - ကျွန်တော်တို့ပြည်သူတွေ လမ်းပေါ်မှာ ဆေးရိုး မလှန်ဘူး -- ဈေးမရောင်းရ ဆိုင်ဘုတ်အောက်မှာ အေးအေးဆေးဆေး လမ်းပိတ်ဈေးထိုင်ရောင်းတာပဲ ရှိတယ်။ ကွမ်းမထွေးရဆိုင်ဘုတ်ကို ကွမ်းထွေးပြီး၊ အမှိုက်မပစ်ရနေရာမှာ ပစ်ထားလိုက်တာမျိုးပဲ လုပ်တတ်ကြတယ်။

ဒီနေ့ လက်ရှိအခြေအနေကို ကျွန်တော်မျိုး မြင်တွေ့မိသလို မကွယ်မဝှက် တင်ပြလိုက်လို့ ဗိုလ်ချုပ် ရောက်ရာဘဝကနေ မြေပြင်က အခြေအနေကို အခုချက်ချင်း YBS စီးပြီး အမြန်ပြည်လာကြည့်မလား။ အဂယ်ပါ … လမ်းပေါ်မှာ စွန်းထင်းနေတဲ့ ကွမ်းတံတွေးတွေ မခြောက်သေးပါ။ ဗိုလ်ချုပ်အမွေ ပင်လုံသစ္စာနဲ့ အေးအေးပူပူ ကျောသားရင်သား ခွဲခြားနေကြတဲ့ တိုင်းရင်းသားညီနောင်တွေလည်း ဆယ်နှစ်လရာသီ ဗုံးကြဲပစ်ခတ်တာကလွဲရင် ကျန်တဲ့အချိန် စည်းစည်းလုံးလုံး၊ ငြိမ်းငြိမ်းချမ်းချမ်း ရှိကြပါတယ်။

ဗိုလ်ချုပ်ရယ် … ဆက်မပြောတော့ပါဘူး။ ဒီလောက်ဆို On the ground ရွှေပြည် အခြေအနေ သိလောက်ပြီမို့ ပြန်လာမလား ကျေးဇူးပြု၍ တချက်စဉ်းစား အကြောင်းပြန်ပါ။

ကိုအောင်မှိုင်း ● ဖက်ရှင်သစ်

$
0
0

ကိုအောင်မှိုင်း ● ဖက်ရှင်သစ်
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၇

ဆောင်းဦးလှိုင်ရဲ့
မေမေနိုင်မှဖြစ်မှာပါ
သီချင်းကိုနားထောင်ရင်း
ဆရာဦးကိုနီကို သတိရမိတယ်။

ပန်းခင်းကြီးတွေ
မျက်ခင်းပြင်ကျယ်ကြီးတွေပေါ်
လိပ်ပြာလေးတွေ
လေမှာဝဲပျံနေကြမယ်ထင်ခဲ့တဲ့
အိပ်မက်လှလှလေးတွေအတွက်
အနာဂါတ်မဲ့ ဖေါက်ဖျက်ခံရသလိုဘဲ။

စစ်အာဏာရှင်စနစ်ကို
လူထုမဲနဲ့
ခွေးကတက်က
အလုပ်အကျွေးပြုလိမ့်မယ်လို့
လုံးဝ လုံးဝမတွေးမိခဲ့ဘူး။

ခုတော့
ငါကိုယ်တိုင်မှားခဲ့တာလား။
ငါ့ကိုလိမ်လိုက်တာလား။
အလိမ်ခံခဲ့ရတာလား။
ဂတိမတည်မှုတွေက
ဝေခွဲရခက်တဲ့ လောကငရဲဆီကို
အဓမ္မခေါ်ဆောင်ခံရသလိုဘဲ။

အရင်နဲ့မတူတာဆိုလို့
နာရီတွေ
မိနစ်တွေ
စက္ကန့်တွေဘဲရှိတော့တယ်
ဒါတောင်
သဘာဝတရားကြီးက တားဆီးထားလို့။

ဒီလောက်ငတ်နေတဲ့လူတွေကို
ဟင်းတနပ်လျှော့စားခိုင်းလောက်အောင်
အသိမဲ့နေတဲ့ ပညာတတ်ဆိုသူတွေကို
နရင်းတချက်လောက်တော့ ရိုက်လိုက်ပါရစေဗျာ။

အမှန်တရားဟာ
စစ်ဖိနပ်အောက်
ဘယ်တော့မှ
ဒူးမထောက်ဘူးလို့ဆိုပြီး
ခုတော့လဲ ပြားပြားဝပ်ပါဘဲလား။

နင်ပြီးဆို့နေတဲ့အသံနဲ့
ရလိုမှုအနဲဆုံးဆိုတာ သူတို့ပါတဲ့။
ပါးစပ်ရှိလို့ပြောတာကို
နားရှိလို့ကြားရပြီး
မျက်စေ့ရှိလို့ဖတ်ရတဲ့
ဒီခေတ်ကြီးကိုများ
နဲနဲတော့ပြောင်းလဲနေပါပြီဆိုဘဲ။

ခေတ်ကြီးကိုက
ဟိုဟာဖာရ ဒီဟာထေးရနဲ့
ဖာခေတ် ထေးခေတ်ကြီးကိုများ
ရောက်နေရသလိုပါဘဲဗျာ။

ပြည်သူနဲ့အတူတို့
ပြောင်းလဲနေပါပြီတို့ကို ခဏထားပြီး
နက်ဖန်ထွက်မဲ့ ဖက်ရှင်သစ်ကို
စောင့်ကြည့်ကြဦးစို့ရဲ့။

ကိုအောင်မှိုင်း
(၈ ရက်၊ ဇန္န၀ါရီလ ၂၀၁၈ ခုနှစ်)

တည်ဘွားဦး - လည်ပတ်ခြင်း

$
0
0
လည်ပတ်ခြင်း
တည်ဘွားဦး

(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈

ကမ္ဘာကြီးက
ဒီလိုလည်တာလား
ဒီလိုလည်တာလား
ဒီလိုလည်တာလား
ဒီလိုလည်တာလား
ကမ္ဘာကြီးက...

ကမ္ဘာကြီးက
ဘယ်လိုလည်တာလဲ
ကမ္ဘာကြီးကအာဏာရှင်တွေလို
လည်တာလား...
ကမ္ဘာကြီးက
ဘယ်လိုလည်လည်ပါ
ခင်ဗျားတို့ကျနော်တို့
မအဖို့လိုပါတယ်

ကမ္ဘာကြီးကစိတ်မညစ်နဲ့
ပျော်ပျော်နေကြတဲ့
ကမ္ဘာကြီးကလည်ပါတယ်
ကမ္ဘာကြီးက
ဘယ်လိုလည်တယ်တော့
ပြောမထားဘူး
 -
တည်ဘွားဦး

၂၀၁၈
 16:45 pm


ကိုသန်းလွင် ● မူးမြစ်နှင့် ခေတ်ပြောင်းလဲခြင်း

$
0
0
ကိုသန်းလွင် ● မူးမြစ်နှင့် ခေတ်ပြောင်းလဲခြင်း
(မိုးမခ) ဇန်နဝါရီ ၉၊ ၂ဝ၁၈

(၁)
မလွမ်းရော့သော်ကော့၊ ကျွန်းမော့မော့မြောက်ခွင်၊ မူးရေယဉ် လက်ျာစီးပါလို့ မောင်ကြီးတို့နေတဲ့ရွာမှာ၊ မြောက်ညာနှင့် တောင်စွယ် လက်ကယ်က၊ အင်းနှစ်ဘက် ကာတယ်လေး….

ဦးကြီး

ကျွန်တော်သည် မမျှော်လင့်ဘဲတနေ့က မူးမြစ်ကမ်းနဘေးသို့ ရောက်သွားခဲ့သည်။ သူငယ်ခြင်းရှိရာ သာဝတ္တိ သို့သွားရန်ဖြစ် သည်။ သူငယ်ခြင်းက ရဟန်းဘောင်သို့ တက်နေပြီဖြစ်၏၊ လွန်ခဲ့သောနှစ်ပေါင်း ၆ဝ ကျော်ကတွေ့ ခဲ့ရသည့်အတိုင်း အမြင် မှာ ဘာမှမပြောင်းလဲပါ၊ လူတို့၏ အပြုအပြင်ကို မခံရသော ဤမြစ်ပြင်ကျယ်သည် သူ့ သဘာဝ အတိုင်းသာရှိနေခဲ့ပါသည်။ ကျွန်တော်တို့သည် ဤမြစ်ကြီးကိုကြည့်ကာ လူလားမြောက် ကြီးပြင်းခဲ့ကြသည်။ မြစ်ပြင်ကျယ်ကြီးနားမှာ ဆော့ကစားရင်း ငယ်ငယ်ကအချိန်တွေကုန်ခဲ့ဘူးသည်။

(၂)
ကျွန်တော့်အမေ၏ ညီမဖြစ်သူသည် ရေဦးမှာနေသည်။ အမေ၏မိခင်မှာ ထိုညီမနှင့်နေသဖြင့် ကျွန်တော်အဖို့ ရေဦးနှင့်ခင်ဦး သည် အိမ်ဦးနှင့်ကြမ်းပြင်၊ ရေဦးဈေးကို မီးလောင်တော့လည်း ကျွန်တော်တို့မျက်စေ့အောက်တွင်၊ ခင်ဦး၊ ဒီပဲရင်း၊ တန့်ဆည်၊ ကဒူးမ၊ ရွာနီးစပ်ချုပ်က မီးသတ်ကားတွေလာကြသည်။ နောက်တခါ မီးလောင်ပြီးချိန်မှာ ပစ္စည်းတွေကောက်ကြတာကိုလည်း မှတ်မိနေသည်။

ကျွန်တော်တို့ငယ်ငယ်ကမြက်ခင်းပြင်များနှင့် ပန်းကလေးများအမည်ကို မိမိနားလည်သလိုခေါ်ခဲ့ကြတာကိုလည်း မှတ်မိ သည်။ မြက်ပင်ရှည်၊ မြက်ကြမ်းပင်၊ မြက်ရိုးရှည် သင်္ဘောဒေလီယာ၊ ပန်းဝါဝါ ပန်းပွင့်သေးသေးငယ်ငယ် ကလေးများကို ခေါ်ချင်သလိုခေါ်ကြတာကိုမှတ်မိသည်။ ကျွန်တော်သည် ဖါးပြုတ်မ ဘယ်နေရာမှာနေသည် ကိုသိသည်။ ငှက်များသည် နွေဦးရာသီရောက်ပြီဆိုသည်နှင့် အသိုက်မှထပျံတတ်သည်။ ဘယ်လိုသစ်ပင်တွေက ဘယ်လိုရာသီမှာ ဘယ်လို ရနံ့တွေနှင့် ပန်းပွင့်ကြသည်ကိုသိသည်။ လူတွေ၏လှုတ်ရှားပုံ၊ သူတို့ဖန်တီးသော ရနံ့များနှင့် ထိုရနံ့များ ထိုရနံ့တွေကြားမှာ ကျွန်တော် တို့ကြီး ပြင်း ခဲ့ကြသည်။

နတ်မူး (သို့) မူးဖြစ်သည် မြစ်ဟူ၍ အသိမှတ်ပြုမခံရဘဲ ရှိခဲ့ပါသည်။ မူးဖြစ်သည် ၂၃၇ မိုင်ကျော်ရှည်လျားပြီး မြန်မာပြည် အလယ်ပိုင်း မြေပြန့်လွင်ပြင်ကိုဖြတ်ခါ မြင်းမူမြို့အနီးတွင် ဧရာဝတီမြစ်နှင့်ပေါင်းဆုံသည်။ ဤမြစ် စီးဆင်းရာ ကုန်းမြေကို ကဘော် ဂျိုင့်ဝှမ်းဟုလည်း ရှေးကခေါ်သည်ထင်ပါ၏။ ဧရာဝတီ၏အခြားမြစ်လက်တက်ဖြစ်သော ချင်းတွင်းမြစ် လောက် လည်း မကြီး၊ ၁၂ ရာသီလုံးရေမရှိ၍  ရာသီမရွေး မသွားလာနိုင်၊ ကာဘိုးဆည် ကို ၁၉ဝ၁-၁၉ဝ၇ ခုနှစ်က အင်္ဂလိပ်ကိုလိုနီ ဘုရင်များက တည်ဆောက်သည် ထင်ပါ၏၊ မူးမြစ်ကိုဖြတ်ခါ ရေဝေတူးမြောင်းများနှင့် ရေကိုခွဲဝေပေးသည်။ ဟိုတုန်းကတော့ ရေက လောက်သည်ဟုမရှိ ၂ဝဝ၂ သဖန်းဆိပ် ဆည်ကြီးပြီးမှရေကို လောက်လောက်ငင ဝေငှနိုင်သည် ဟု ကြားဖူးသည်။

ကာဘိုးဆည်ကြီးပြီးကတည်းက မူးမြစ်သည် ရေမှန်မှန်မစီးတော့ပေ၊ ရေကိုဆည်က လွှတ်ပေးမှသာရသည်။ နှစ်စဉ် ဇန္နဝါရီ လမှ ဧပြီလအထိရေနဲချိန်ဖြစ်သည်။ မေလမှဂျွန်လအထိ ရေသည် တစ တစ တိုးလာပြီး သြဂုတ် လမှအောက်တိုဘာလသည် ရေများချိန်၊ ရေတိုးချိန်ဖြစ်သည်။ ဒေသတွင်းလမ်းပမ်းဆက်သွယ်ရေးကို တံတား မဆောက်မှီအချိန်အထိ မူးမြစ်၏ အခြေ အနေက အဆုံးအဖြတ်ပေးသည်။ ရေလာပြီဟေ့ဆိုလျင် ကမ်းလုံးပြည့် ရေလျှံတော့သည်။ ထိုအချိန်မျိုးမှာ မြစ်ကိုဖြတ်ကူးဘို့ မဖြစ်နိုင်၊ ကြည့်၍သာ နေရတော့သည်။ ရေလုံးအင်အား ကကြီးမားလှသည်။

မြစ်ရေကြီးပြီဆိုလျင် စိုက်ကွင်းမရှောင်၊ အိမ်နေရာဟူ၍လည်း ချမ်းသာမပေး၊ အတင်းတိုးဝှေ့ဝင်သည်။ ပြီးလျင် ဧရိယာ တစ်ခုလုံး သိမ်းကျုံးယူငင်သွားတော့သည်။ အိမ်တွေ ဂိုဒေါင်တွေမှာ ရေမှာမျောပါကုန်သည်။ နွားတွေ၊ ဝက်တွေပါမကျန် အိပ်ပျော်ရာမှ ဆွဲချတတ်သည်။

ဤသို့ဖြင့် သာဝတ္ထိရွာကလေးမှာ တရွာလုံးရေထဲမြောပါရသည်။ တချိန်က ထမင်းစားလျင် သံချောင်းခေါက်ရ သော သူကြီးအိမ်မှာ ရွာ၏ အနောက်ဖက်ရိုးမှာ သီးသန့်တည်ရှိခဲ့၏ ယခုထိုနေရာမှာ မရှိတော့ပေ။

မိမိအိမ် နေရာကို မြစ်ပြင်ကျယ်ထဲမှာ ဟိုနေရာလိုလို၊ သည်နေရာလိုလိုသာ လက်ညှိုးထိုးနိုင်တော့၏ ယခုအိမ်အသစ် သည် ရွာ၏အရှေ့ဘက် လယ်ကွင်းပြင်ထဲမှာ ဖြစ်နေပြီ။ ဝင်းကြီးရပ်ဟုခေါ်သော တချိန်က ဦးကြီး နေထိုင်ခဲ့ရာ အရပ်မှာလည်း ဘယ်ဆီနေမှန်းမသိပြီ။

တခါက ရွာ၏အရှေ့ဘက် မူးတူးမြောင်းတခုရှိသေးရာ တဖြည်းဖြည်းရွာက အိမ်တွေမှာ ရေထဲပါကုန်ကြတော့ တူးမြောင်း၏ အရှေ့ဘက်ကို ပြောင်းကြရင်း ယခုအခါ တူးမြောင်းမှာ ရွာ၏ အနောက်ဘက်တွင် ကျန်ရစ်ခဲ့ပြီ၊ တူးမြောင်း၏ အနောက်ဘက်တွင် ဘုရားစေတီများနှင့် ဘုန်းတော်ကြီးကျောင်းသာ ကျန်တော့သည်။ ကမ်းပါး မပြိုတော့သည်မှာနှစ်ပေါင်းအတန်ကြာပြီဖြစ်သဖြင့် ထိုကျောင်းနေရာသည် မြဲသွားပြီဟုယုံကြည်ကြသည်။

နွေရာသီရောက်ပြီဆိုလျင် သောင်ပြင်ကြီးတွေပေါ်လာသည်။ နွေရာသီမှာ မြစ်ကြီးသည် ငုတ်လျှိုးပျောက်ကွယ် သွားတော့သည်။ ရေပြင်ကျယ်တွင် ဟိုနေရာတစ၊ သည်နေရာတစ တွင်းနက်ရာဒေသတွေမှာ ရေတပိုင်းတစနှင့် ကန်ဘောင်မြင့်မြင့်တို့ ကျန်ရစ်တတ်သည်။ စာဆိုတော်ဦးကြီး၏ အင်းနှစ်ဖက်ကာရံထားသည်ဆိုခြင်းမှာ သည် လိုရေအိုင်တွေကို ခေါ်ခြင်းဖြစ်ပေလိမ့်မည်၊ ယခုအခါ ဦးကြီးတို့ခေတ်က အင်းဆိုသည်ကိုလည်း မတွေ့ရတော့ ပြီ၊ ရွာနေရာသည်ပင် ရွှေ့ပြောင်းသွားရချေပြီကော။

မူးမြစ်သည်အချိန်ပိုင်းမြစ်ကြီးဖြစ်တော့သည်။ နွေရာသီတွင်ပူပြင်းလှသောနေကြောင့် မြစ်ကြောင်းသည်ငုတ်လျှိုး ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ရေဦးမူးသည်ကောင်းကျိုးမပေး၊ သို့ပေမယ့် သည်မြစ်တစ်မြစ်သာရှိသော ကြောင့် သည်မြစ်ကို အကြွားပိုရခြင်းဖြစ်သည်။ နွေခါမှာ အကုန်ခြောက်သွေ့ပြီး မိုးခါမှ အကုန်စိုစွတ်သော မြစ်ကြီးမှာ အကြွားပိုစရာအကြောင်းမရှိ၊ ကိုယ့်မှာ ပစ္စည်းက နဲနဲပဲရှိလေလေ၊ အကြွားပို၍ ကောင်းလေလေဖြစ် တော့သည်။

ယခုနဝတ ခေတ်မှာ မူးမြစ်ကို ရာသီမရွေးပြတ်သွားနိုင်သော တံတားကြီးထိုးပြီးပြီ၊ ဟိုတုန်းက ခင်ဦးကလာပြီဆို လျင် မူးကိုဖြတ်ရန်အတွက် ဘောလုံးကွင်း ၅ ကွင်းစာလောက် သောင်ပြင် အကျယ်ကို ဖြတ်ရသည်။ ထို့နောက် မှာမှ ရေစပ်သို့ရောက်သည်။ ရေအခြေအနေကိုကြည့်၍ တံတားထိုးထားသည်။ တံတားမထိုးနိုင်လျင် လှေကြီး တွေပေါ်မှ တဆင့်ဖြတ်ရသည်။ တခါတရံ ကားကကူးရသေးတော့ ကားက ရေပေါ်မှာ ၅ မိနစ် ၁ဝ မိနစ်လောက် တော့ ကြာတတ်သည်။ ထို့နောက်မှ ဟိုဘက်ကမ်းကို ရောက်ရသည်။

ရေဦးသို့သွားသောလမ်းမှာ မြင်းဒေါင်းရွာရှိသည်။ မြင်းဒေါင်းသည် ရေဦးမူးနှင့်၅မိုင်ခန့်ဝေးသေးသည်။ ခင်ဦး ဘက်ကလာသောကားများသည၊်  မြင်းဒေါင်းမှာ ဂိတ်ဆုံး၍ တမျှော်တခေါ်ဝေးသော သဲသောင်ပြင်ကို ဖြတ်ပြီးမှ ရေစပ်သို့ရောက်ရခြင်းဖြစ်သည်။ ကိုယ်တွင်ပါသော ကိုယ့်အထုပ်တွေ အပိုးတွေ ကို ကိုယ့်ဖါသာသယ်ရသည်။

သောင်ပြင်ကျယ်မှာ သဲနှင့်လေက ဆော့ကစားသောကြောင့် လူကြီးတွေက လက်ကိုင်ပဝါတွေ၊ တဘက်စောင် တွေကို မျက်နှာမှာ လေကာအဖြစ် သုံးကြရသည်။ နေပူဒဏ်ကို ခံဖို့လည်းပါသည်။ နေပူပူမှာ လူတန်းကအရှည် ကြီး၊ လူအုပ်နှင့်မကွာ လိုက်ကြရသည်။

(၃)
ကျွန်တော်သည် သာဝတ္ထိရွာထိပ်သို့ ရောက်သွားသော အချိန်မှာ နေကမြင့်နေပေပြီ၊ နေကပူလောင်နေ၏၊ ကျွန်တော်သည် အနှစ် ၆ဝ လုံးလုံးမပြောင်းလဲဘဲ တည်ရှိနေသေးသည့် မြန်မာရွာကြီးတစ်ရွာလို မြင်နေမိသည်။ သာဝတ္တိ တွင်အချိန်တို့သည်မရွေ့၊ မပြောင်းလဲ ရပ်တန့်နေပါ၏။

ဤရွာသည် ပညာတတ်တွေ ပေါများလှ၏၊  နိုင်ငံခြားသွားသူတွေ၊ ဘွဲ့ရပညာတတ်သူတွေ တပုံတပင်ကြီးဖြစ် သည်။ သို့သော် သူတို့သည်လည်း သည်ရွာထူထောင်ရေးမှာ ဘာမှ မယ်မယ်ရရ လုပ်မပေးနိုင်၊ အနည်းဆုံး ရေတိုး၍ မြေပြိုသည်ကို ကာကွယ်ရန် ကျောက်တုံးကျောက်ခဲ ချခြင်းအလုပ်ကို မလုပ်နိုင်။
လုပ်ရန် ရန်ပုံငွေလို၏၊ ကျောက်တုံး၊ ကျောက်ခဲ၊ အင်္ဂတေ၊ ဘိလပ်မြေတွေလို၏၊ နိုင်ငံတော် အစိုးရအဖို့ သည် လိုရွာကလေးကို လှည့်မကြည့်နို်င်၊ ရွာသားတွေ ကိုယ်ထူကိုယ်ထလုပ်သည့် လျှပ်စစ်မီး အင်ဂျင်စက် မှာ လည်း လုပ်လက်စ ပစ်ထားရပုံရ၏၊ ရေလာသည့်ရက်များတွင် စက်ကိုလည်၍ မီးရသည်ဟု ပြောသည်။ ကျွန်တော် တွေ့ရသည်မှာ မီးကဖြစ်ဖြစ်မြောက်မြောက်မရသေး၊ ဟိုဟာကလို သည်ဟာ ကလိုနှင့် ရွာသားတွေ မှာစိတ်ပျက် လှပြီ၊  ယခုမှ မီးရသည်မှာမကြာလှသေး။

အနည်းဆုံး ရွာလယ်လမ်းသည်ပင် ဖြစ်သလိုခင်းထားသည့် လမ်းဖြစ်သည်။ ကတ္တရာခင်းဖို့ကောင်းသည်။ သာဝတ္ထိသည် တွေ့နေကျ မြန်မာရွာကြီးများ၏ ပုံစံအတိုင်း ဘာမှမတိုးတက်၊ မထွန်းကား၊ ရွာမှ ကိုယ်ထူ ကိုယ်ထ လုပ်နိုင်သမျှသာလုပ်ရ၏။
ရွာသို့ လာရာ မြင်းဒေါင်းလမ်းသည်လည်း ဘုန်းတော်ကြီးတစ်ပါး ကောင်းမှုကြောင့် အင်္ဂတေလမ်းဖြစ်နေသည်။ မကြာသေးမှီက ရွာကလူတွေကမကထလုပ်၍ လမ်းဖွင့်ပွဲ လုပ်ထားကြရသည်။ ယခင်တုန်းကဆိုလျင် မြင်းဒေါင်း နှင့်ဆက်သွယ်သော လမ်းသည် မူးဘောင်မှာ ဖြစ်သလို သွားရသောလမ်းဖြစ်သည်။ မိုးခါဆိုလျင် ကားက ဘွက်နစ်တော့သည်။ ရွာသို့ အပြောင်းအလဲသည် လာတော့လာပေမည်၊ ဘယ်သောအခါမှ လာမည်မသိ၊ ခေတ်သစ်ပြုပြင်ပြောင်းလဲ ရေးသည် သာဝတ္ထိကို ထားပစ်ခဲ့ပြီလော။

ကျွန်တော်သည် ရဟန်းဘေင်ဝင်ပြီးဖြစ်သော သူငယ်ခြင်းကို ရွာအနောက်ခြမ်းက ဘုန်းတော်ကြီးကျောင်းမှာ ဝင်တွေ့သည်။ သူက ရွာကို တိုးတက်ဖို့ ထက် ဦးကြီးတို့ခေတ်က ရွာသားတွေ၏ ယဉ်ကျေးပြူငှာမှု ကိုရှင်းပြနေ သည်။ စာဆိုတော်ဦးကြီးက “နှမပြာဖြူ ရောက်တော်မူလျင် ၊မပူချမ်းငြိမ်၊ အခြင်မြေနီး၊ ထန်းရွက်ကယ်စီးပါလို့၊ မောင်ကြီးအိမ်မှာ၊ စည်းစိမ်ငယ်ခံ ဟင်းချဉ်ပေါင်ဘက် ပြုတ်ဘူးရွက်နှင့်၊ ပိချက်ရေရံပြီးလျင် ဆန်ထမင်းရဲ ကျော် ကို ဝန်ကတော်ပုံလောက်ပြေးအောင် ကြွေးပါမယ်လေး၊ “ ဟုဆိုခဲ့သည်။

သာဝတ္တိသည် ဂလိုဘယ်လိုက်ဇေးရှင်းကို စိတ်မဝင်စားနိုင်၊ မိမိ၏ယဉ်းကျေးမှု သဘောကိုသာ ထိမ်းသိမ်းလို ဟန်ရှိသည်။

ကိုသန်းလွင်

နေထက်နိုင် ● ကျီးကန်း

$
0
0
 နေထက်နိုင် ● ကျီးကန်း
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈

ငါတို့ ကျီးကန်းတွေမဟုတ်ဘူး
ဒါပေမဲ့ ကျီးကန်းတွေနဲ့တူနေတယ်။

ဘာပဲဖြစ်ဖြစ် နှစ်ဆယ့်လေးနာရီ ကျီးကန်းတွေလို
အော်ကြတယ်၊ နှစ်ဆယ့်လေးနာရီလောက်ပဲဝိုင်းအော်တတ်တယ် ။

လက်ဖက်ရည်ခွက်ထဲကယင်ကောင်သေတွေအတွက်
ကျီးတွေလိုဝိုင်းအာခဲ့တယ်။
ငါတို့ဟာ ကျီးကန်းအဖွဲ့အစည်းမဟုတ်ဘူး။
ကျီးကန်းတွေက ကဗျာမဖတ်ဘူး
ငါတို့က ကဗျာဖတ်တယ်။
ငါတို့ရေးချိုးတယ် ကျီးကန်းတွေလည်း ချိုးပါတယ်။
ကျီးကန်းတွေလည်း သူတို့ကိုယ်သူတို့ သကြတယ်။
ငါတို့လည်းငါတို့ကိုယ်ငါတို့သကြတယ်။
ကျီးကန်းတွေကမနက်စာစားဖို့ပိုက်ဆံမလိုဘူး။
ငါတို့က မနက်စာစားဖို့ ပိုက်ဆံအမြဲလိုခဲ့တယ်။

ငါတို့ကနေ့လည်စာကိုစားသောက်ဆိုင်မှာစားတဲ့အခါ
ကျီးကန်းတွေ ကလမ်းဘေးကအကောင်သေတွေစားကြတယ်။

ငါတို့ငါမှာညီညွတ်တဲ့အော်သံတွေအမြဲမရှိဘူး
ကျီးကန်းတွေမှာ ညီညွတ်တဲ့ 
အော်သံတွေအမြဲရှိတယ်။

ကျီးကန်းတွေကသူတို့ အမျိုးအတွက်အော်ကြတယ်
ငါတို့လည်းငါတိုအမျိုးအတွက် ငါတို့အခွင့်အရေး
တွေအတွက်အော်ကြတာပဲ အော်တာပဲ။

ကျီးကန်းတကောင်က နင့်အိမ်နားသစ်ပင်ပေါ်ကနေ
သာသာယာယာ အ'အ'သံပေးရင်
နင်ကဧည့်သည်လာတော့မယ်ဆိုတာသိတယ်။
အဲဒီအချိန်မှာနင်ကမအားချင်ဟန်ဆောင်တယ်။
ဒါပေမဲ့ ကျီးကန်းတွေနဲ့တူတူလာတယ်။

တနေရာရာမှာတခုခုဖြစ်နေတဲ့အချိန် ကျီးကန်းတွေ
အင်တာနက်မသုံးတတ်လို့
ငါတို့အိပ်ကောင်းခြင်းအိပ်ရတယ်။

ငါတို့ဟာကျီးကန်းတွေမဟုတ်ဘူး
ဒါပေမဲ့ ကျီးကန်းတွေနဲ့တူတူလာတယ်။

ေ န ထ က် နိုင်
ဂျူလိုင် ၆ ၊၂၀၁၇
(မိုးမခမဂ္ဂဇင်း ၂၀၁၇ သြဂတ်စ်လထုတ်ပါ ကဗျာ)

ကာတွန်း ညီပုချေ ● ခုန်နေတာပဲလေ ...

$
0
0

ကာတွန်း ညီပုချေ ● ခုန်နေတာပဲလေ ...
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈

ကျော်ကျော် (မြရည်စမ်း) ● ချွေးစက်​​လေးများရဲ့သီအိုရီ

$
0
0
ကျော်ကျော် (မြရည်စမ်း) ● ချွေးစက်​​လေးများရဲ့သီအိုရီ
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈

ကျွန်​​တော်​​နောက်​ဆုံးနှစ်​စာ​မေးပွဲမ​ဖြေခင်​ကတည်းက ​မေ​မေ​​ပြောပြော​နေတဲ့စကားက အခုဆို ပိုလို့မှန်​လာတာ​ပေါ့။ ကျွန်​​တော် အခု​ကျောင်းပြီးသွားပြီ။ ​ကျောင်းတက်​​နေရတုန်းက  ​စာ​တွေကျက်​ရတာ ပင်​ပန်းတဲ့အ​ကြောင်း၊ ပိုက်ဆံကိုသူများသုံး သလို မသုံးနိုင်​လို့ စိတ်​ညစ်​​ကြောင်း ​မေ​မေ့ကို ​ပြောခဲ့ဖူးပါတယ်​။ ​မေ​မေက ကျွန်​​တော့်​ကို တ​ခွန်းထဲပဲ ပြန်​​ပြောခဲ့ပါတယ်​။ "​ကျောင်းပြီးသွားရင်​ ဒီထက်​ပိုပြီးပင်​ပန်းအုံးမှာ၊ ပိုက်​ဆံဆိုတာ ဘယ်​လိုဟာလဲဆိုတာကိုလဲ ပိုပြီးသိမှာ"တဲ့။

ကျွန်​​တော်​က ရူပ​ဗေဒအဓိကနဲ့ ​ကျောင်းပြီးပါတယ်​။ ဘွဲ့​တော့ မယူရ​သေးပါဘူး။ ကျောင်းတက်​​နေတုန်းက စိတ်​ကူး​တွေဟာ ​ကျောင်းပြီးတာနဲ့ မှုန်​သထက်​ မှုန်​လာ​တော့တာပါပဲ။ အစိုးရအလုပ်​မလုပ်​ချင်​တာ ငယ်​ကတည်းကဆို​တော့ ​ကျောင်းပြီး တဲ့အခါ ကျူရှင်သင်​စားမယ်​လို့ စိတ်​ကူးခဲ့ဖူးပါတယ်​။ တကယ်​​တမ်း ကျူရှင်​ပြစားမယ်​ စိတ်​ကူး​တော့လည်း ထင်​ထားသလို မလွယ်​လှပါဘူး။ သူများ​တွေ ​ထောင်​ထားတဲ့ ကျူရှင်​မှာ ဝင်​သင်​ဖို့ဆိုတာက လည်း ​နေရာလွတ်​အုံးမှ ဖြစ်​တာပါ။ ကျောင်း တက်​​နေတုန်းက​တော့ စတိတ်​​ခ်ျ​ပေါ်က​နေ ဘယ်​လို​ပြောလိုက်​မယ်​။ ဘယ်​လိုသင်​လိုက်​မယ်​။ အလွတ်​ကျက်​စရာမလို​အောင်​ ဘယ်​လိုနည်း​တွေသုံးပြီးသင်​မယ်​ဆိုပြီး စိတ်​ကူး​တွေလှ​ပနေခဲ့ဖူးပါတယ်​။ အဲဒီအချိန်​ကစိတ်​ကူးဟာ လက်​​တွေ့ ဘဝ မှာ အရူးအိပ်​မက်​ပါပဲ။ အ နေတဲ့သူမက်​တဲ့အိပ်​မက်​ကိုမှ စာနာမှုနဲ့နား​ထောင်​ကြအုံးမယ်​​လေ။

မကြာခင်​​လေးက ဘွဲ့အတွက် ​(form) တင်​ရတယ်​။ ကျောင်းသား​ရေးရာဌာနကို သွားရတယ်​။ ပညာ​ရေးဟာ ခက်​ခဲတယ် ​ဆိုတာကလွဲပြီး နှိုက်​နှိုက်​ချွတ်​ချွတ်​မသိတဲ့ ​မေ​မေက​တော့ "နင်​တို့ဟာကလည်း ​လေးနှစ်​လုံး ပိုက်​ဆံကုန်​ထားတာ​တောင်​ အခုထိ​ပေး​နေရတုန်းလား"တဲ့။

မေမေ့ကို အများကြီးလည်း ရှင်းပြမ​နေ​တော့ပါဘူး။ လိုတဲ့​ငွေ​တောင်း၊ ဓာတ်​ပုံရိုက်​၊ ပုံစံမှာ ဖြည့်​ခိုင်းထားတာ​တွေ ဖြည့်​ပြီး တင်​လိုက်​တယ်​။

ဝင်​​ငွေရှားပါးတဲ့ကာလကြီးမှာဆို​တော့ ကုန်​ကျစရိတ်​ကို ​မေမေကစစ်​​နေ​သေးတယ်​။ ကျွန်​​တော်​တို့က​တော့ သတ်​မှတ်​ထားတဲ့​ငွေ​ကြေးထက်​ အမြဲပို​ပေးရတဲ့​ ​ကျောင်းသား​ရေးရာဌာနကို ထူးလို့လည်း အပြစ်​မမြင်​တတ်​​​တော့​အောင်​ ကျင့်​သားရ​နေပါပြီ။

ကျောင်းတက်​​နေရတုန်းက​တော့ အခုလို​ဆောင်းတွင်းဆိုရင်​ မနက်​၈နာရီ​လောက်​မှ အိပ်​ရာထဖြစ်​တာပါ။ အခု​တော့ မနက် ​၆ နာရီထိုးရင်​ အိပ်​ရာထရပြီ။ ထမင်းဘူးထည့်​ရပြီ။ တ​နေကုန်​အလုပ်​လုပ်​ရမှာဆို​တော့ ​ချွေးစိုအင်္ကျီလဲဖို့ကအစ လွယ်​အိတ်​​လေးထဲ ထည့်​ယူခဲ့ရတယ်​။

အိုင်းစတိုင်းရဲ့​ဖော်​မြူလာကို အခုအချိန်​မှာ ကျွန်​​တော်​မ​တွေးဖြစ်​​တော့ပါဘူး။ မေ​မေ့ကို ပိုက်​ဆံအပ်​နိုင်​ဖို့ပဲ စဉ်းစား​နေရပါ တယ်​။ တ​ခါတ​လေ​တော့လည်း ​နောက်​ဆုံးနှစ်​စာ​မေးပွဲ​ဖြေပြီးတဲ့ ညက​မေ​မေနဲ့စကား​ပြောဖြစ်​ကြတာကို ပြန်​သတိရမိတယ်​။

ကျွန်​​တော်​က ​မေ​မေ့ကို ဦး​လေး (​မေ​မေ့ရဲ့​မောင်​)​ ရှိတဲ့မြို့​လေးမှာ အလုပ်​သွားလုပ်​ချင်​တယ်​လို့ပြောလိုက်​​တော့ ခါးခါး သီး သီး ကန့်​ကွက်​တယ်​။ "နင့်​ကိုပညာသင်​​ပေးထားတာ အဲဒီလိုလုပ်​ရမှာစိုးလို့"တဲ့။ ကျွန်​​တော်​က​တော့ အဲဒီအချိန်​မှာ ​မေ​မေ့ကို ဘာမှ​စောဒကမတက်​ခဲ့ပါဘူး။ ကိုယ်​တိုင်​ကလည်း ကျူရှင်​သင်​စားမယ်​ဆိုပြီး စိတ်​ကူးရှိ​သေးတာကိုး။ ဦး​လေးတို့ဆီမှာက နယ်​စပ်​မြို့​လေးဆို​တော့ အခုအချိန်​အထိ ဝင်​​ငွေ​မဆိုးကြ​သေးဘူး။ အဓိကက​တော့ ဒီဖက်​ကပစ္စည်း​တွေကို ဟိုဖက်​ပို့ကြ တာပါ။ ကျွဲ​တွေ၊ နွား​တွေကအစ​ ​ကျောက်​စိမ်းအထိ​ပေါ့။ ကျွန်​​တော်​အလည်​တစ်​​ခေါက်​​ရောက်​ဖူးပါတယ်​။ ကျွန်​​တော့်​အရွယ်​လူငယ်​​တွေဆို လက်​ဖျား​ငွေသီး​နေကြတယ်​။ တစ်​ခု​တော့ ​ပြောစရာရှိတာ​ပေါ့။ သူတို့အားလုံးလိုလိုဟာ မူးယစ်​​ဆေးတစ်​မျိုးမျိုး​တော့ သုံးတတ်​​နေကြပြီ။ အလိမ်​မာဆုံးဆိုတဲ့​ကောင်​ဟာ ဘီယာ​လောက်​​တော့ ​သောက်​တတ်​ပါတယ်​။

အခုလည်း​ ​ကျောင်းတက်​တုန်းက ဆိုင်​ကယ်​​ဟောင်း​လေးကို စီးလာရင်း အ​တွေးနယ်​ကျွံလာမိတာ စုရပ်​ကို ​ကျော်​​တော့မလို့။ ကျွန်​​တော်​အခုလုပ်​ရတဲ့ လုပ်​ငန်းခွင်​မှာ​တော့ ကျွန်​​တော်​က​ခေါင်း​ဆောင်​​ပေါ့။ ကျန်​တဲ့သူ​တွေက ကျွန်​​တော့်​လို ​ကျောင်းမပြီး ကြ​သေးဘူး​လေ။ ​မေ​မေ့ကိုလည်း တခါတ​လေ​တော့ ​စောဒကတက်​ချင်​မိပါတယ်​။ အခုအတူတူ အလုပ်​လုပ်​​နေကြတဲ့ အထဲ ကညီတယောက်​ဆိုရင်​ အ​ဝေးသင်ဒုတိယနှစ်​။ ဒါ​ပေမဲ့ သူ​ဆေးသုံးတတ်​​ နေပြီ။ သူ့ကျ​တော့ ​မေ​မေဘယ်​လို​ပြောမလဲ။ နယ်​စပ်​လည်းမသွား၊ ဘယ်​ကိုမှလည်းမသွား။ ဝေးဝေးလံလံဆိုလို့ ဘယ်​မှမ​ရောက်​​ပေမဲ့ အခုဆိုရင်​ မူးယစ်​​ဆေးက သူ့​သွေး သားထဲစိမ့်​​နေပြီ။ အချိန်​တန်​ရင်​ ​သူ့​သွေးသားက သူ့ကိုပြန်​​တောင်း​နေပြီ။

မေ​မေက သိပ်​ပြီးစိတ်​ပူတတ်​လို့သာ ကျွန်​​တော်​မ​ပြောပြဖြစ်​ခဲ့တာပါ။ ကျွန်​​တော်​တို့ ​ကျောင်းတက်​​နေတုန်းကလည်း အဲဒီအန္တ ရာယ်​ကြီးကို ကြည့်​​ရှောင်​ခဲ့ရတာပါပဲ။ ​ကျောင်းဝင်းထဲတင်​မကဘဲ စာသင်​ခန်းထဲထိ ဝင်​လာတဲ့အကြိမ်​​တွေ အများကြီး​ပေါ့။ သူငယ်​ချင်းတချို့ဆိုရင်​ အ​ကြောင်းအမျိုးမျိုးနဲ့ ဆေး​ရောင်းသူ​တွေဖြစ်​သွားဖူးကြတယ်​။ ​ပြောရမယ်​ဆို အများကြီးပါ။ အိမ်​မှာစီးပွား​ရေး အဆင်​မ​ပြေလို့ပါဆိုတဲ့​ကောင်​​တွေပါသလို ​နောက်​ဆုံး​ပေါ် ပစ္စည်း​ ကောင်း​ကောင်း​လေး​တွေ သုံးချင်​တဲ့​ကောင်​​တွေလည်း ပါကြပါတယ်​။ ဆိုင်​ကယ်​​ပေါ်က ကျွန်​​တော်​ဆင်းပြီး စက်​သတ်​လိုက်​​ပေမယ့်​ အ​တွေးကိုဇက်သတ်​လို့မရတတ်​ဘူး။

စုရပ်​ကို​ရောက်​ပြီဆိုရင်​ ကျွန်​​တော်​တို့အားလုံးကို လိုက်​ထရပ်​တစင်းနဲ့တင်​ပြီး မြို့လုံးပတ်​လည်​လှည့်​​တော့ တာပါပဲ။ ငယ်​ဘ၀က ​မောင်​ရင်​​လောင်း လှည့်​သလို​တော့ ​ပျော်​စရာမ​ကောင်းဘူး​ပေါ့။ ဒါ​ပေမဲ့ ​ပျော်​နိုင်​​အောင်​ကြိုးစားပါတယ်​။

ခေါင်း​ဆောင်​​နေရာ ရထား​တော့ ​ခေါင်း​ဆောင်​ပီသ​အောင်​ကြိုးစားပါတယ်​။ ကျွန်​​တော်​က အ​ပြောနဲ့တင်​မပြီးပဲ အလုပ်​နဲ့ သက်သေပြမှ ​အောက်​ကလူ​တွေ​နှစ်​သက်​ကြမှာ​လေ။ ကျွန်​​တော်​က သူတို့ထက်​စာရင်​ ပညာတတ်​ကြီးတယောက်​​လေ။ အ​ဝေးသင်​တက်​​နေကြသူ​တွေကြားထဲမှာ ရူပ​ဗေဒနဲ့​ကျောင်းပြီးထားတယ်​ဆိုတဲ့ အဆင့်​ဟာ နည်းတာမှမဟုတ်​တာ။

ကျွန်​​တော်​ကိုးတန်းနှစ်​က စာ​ပေ​ဟော​ပြောပွဲသွားနား​ထောင်ဖူးခဲ့တယ်​။ ဆရာကြီး​တ​​ယောက်​က​တော့ ကျွန်​​တော်​တို့လို ​ကျောင်းသားလူငယ်​​တွေကိုပဲ အဓိကထားပြီး ​ပြောပါတယ်​။ ဆရာကြီးက ပညာသင်​ယူခြင်းကိစ္စနဲ့ပတ်​သက်​ပြီး​​ပြောခဲ့တာ ကျွန်​​တော်​မှတ်​မိ​နေ​သေးတယ်​။

"ဘွဲ့ရ​တော့ ဘာလုပ်​ရမှာလဲမ​မေးနဲ့ "တဲ့။ "ပညာဆိုတာတတ်​​အောင်​သင်​ရမယ်​"တဲ့။ "သားသမီးဆိုတာ မိဘထက်​တဆင့် မြင့်​သွားမှ ဖြစ်​မှာ၊ နို့မို့ဆိုရင်​အကုန်​​မြေကြီးထဲ ​ရောက်​ကုန်​ကြမှာ"တဲ့။

ကျွန်​​တော်​နဲ့အတူတူ ရူပ​ဗေဒအဓိကနဲ့ ​ကျောင်းပြီးသွားပြီး အလုပ်​၀င်​​လုပ်​​နေကြတဲ့ သူငယ်​ချင်း​တွေကို တခါတရံ​တော့ သတိရမိပါတယ်​။ တယောက်​က လျှပ်​စစ်​ကုမ္ပဏီတခုမှာ အလုပ်​သင်​အ​နေနဲ့ဝင်​ရင်း အိမ်​မီးဆင်​တဲ့​နေရာမှာ ဝိုင်​ယာလိုက်​ရိုက်​​နေတယ်​။ နောက်​တယောက်​က​တော့ ရတနာ​မြေတခုက ဘက်​ဟိုး​မောင်းတဲ့ဆီမှာ (helper) အကူလိုက်​​နေတယ်​။ ကျွန်​​တော်​တို့ဟာ ​ကျောင်းကပညာနဲ့​တော့ အနီးစပ်​ဆုံးအလုပ်​အကိုင်​ကို လုပ်​​နေကြရပါပြီ။ အဲတာအတွက်​​တော့ ​တွေးတတ်​မယ်​ဆို ဂုဏ်​ယူစရာကြီး ​နေမှာပါ။ ဘယ်​​လောက်​အားစိုက်​ထုတ်​ပါ​စေ၊ ​ရွေ့သွားမှ အလုပ်​လို့ ​ခေါ်တယ်​လို့ သိခဲ့ရတယ်​။ ကျွန်​​တော်​တို့ကို တင်​ပြီး​ခေါ်လာတဲ့ လိုက်​ထရပ်​က​တော့ တနေ့လုံး ​ရွေ့​နေတာပါပဲ။ ဂုဏ်​ယူစရာပါ။

လှေကား​ပေါ်မှာ​နေရင်း အ​တွေးများ​နေတဲ့ ကျွန်​​တော့်​စိတ်​​တွေကို ပြန်​ပြန်​ထိန်း​နေရပါတယ်​။ ဆောင်းတွင်းကြီးမှာ​တောင်​ အင်္ကျီတစ်​ထည်​လုံး ချွေး​တွေရွှဲ​နေပြီ။ အ​ပေါ်က​ဆောင်း​နေကလည်းအ​တော်​ပူ​နေပြီ။ နဖူးက​ချွေးဟာ ​ခြေမထိမကပဲ ​အောက်​​ ခြေသံမံတလင်း​ပေါ်ထိကျသွားတယ်​။ ​ကျောင်းကသင်​​ပေးလိုက်​တဲ့ ပညာရပ်​နဲ့ စပ်​ဆိုင်​တဲ့သမာအာဇီဝအလုပ်​ဆို​တော့ လည်း ​မော​ပေမယ့်​ဂုဏ်​ယူစရာပါ။

ကျွန်​​တော်​​ခေါင်း​ဆောင်​တဲ့ အဖွဲ့ဟာ ဖုန်းဆိုင်​တစ်​ခုရဲ့ မျက်​နှာစာအမြင့်​ပိုင်းမှာ ​ကြော်​ငြာ​တွေလိုက်​ကပ်​​နေကြပါတယ်​။နေ့ စား/လရှင်း ၀န်​ထမ်းအဖြစ်​နဲ့ ကျွန်​​တော်​အလုပ်​လုပ်​​နေတဲ့ ဆက်​သွယ်​​ရေးကုမ္ပဏီက ​ကြော်​ငြာလှလှ​လေး​တွေဟာ ဝယ်​ယူစားသုံးသူ​တွေကို မြူဆွယ်​​နေကြပြီ။

လှေကား​ပေါ်က သတိထားပြီးပြန်​ဆင်းလိုက်​တဲ့အချိန်​မှာ ဆိုင်ထဲကသီချင်းသံကို သတိထားမိလိုက်​ပါတယ်​။ ကျွန်​​တော်​ငယ်​ဘဝထဲက ဦး​လေးဆို ဆို​နေလို့ နားစွဲခဲ့ရတဲ့ သီချင်း​လေး​ပေါ့။ အဆို​တော်​စိုင်းထီးဆိုင်​ရဲ့ ပလက်​​ဖောင်းမင်းသား သီချင်း။ 'ရုပ်​ရှင်​ကြည့်​ပြီး ရူးချင်​တယ်​ဆိုလည်း ကပ်​လက်​စနဲ့ ကပ်​အုံး​ပေါ့ ထရံထက်​မှာ ​ရွှေမင်းသမီးဇာတ်​ကား​ကြော်​ငြာ...'။

ရူပ​ဗေဒအဓိကနဲ့ ​ကျောင်းပြီးလာခဲ့​ပေမဲ့ သီချင်းသံရဲ့ လှိုင်းအလျားကို ခန့်​မှန်းနိုင်​​လောက်​တဲ့ အသိတရားနဲ့ဉာဏ်​ပညာကို ကျွန်​​တော်​မရခဲ့ဘူးဆိုတာကို​တော့ ဝန်​ခံပါရ​စေ။ ခဏ​လေးကြာရင်​​တော့ ကျွန်​​တော်​တို့ကား​လေးလည်း လမ်းမကြီးအတိုင်း ​ရွေ့လျားသွားရင်း သီချင်းသံနဲ့ ​ဝေးသွားရအုံးမှာပါ။

ကျော်​​ကျော်​ (မြရည်​စမ်း)
၁၇ ဒီဇင်​ဘာ၊ ၂၀၁၇

မောင်သာရ ● မေမေကြီးကြီး

$
0
0
 မောင်သာရ ● မေမေကြီးကြီး
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈

ကျုပ်မှာ ကျုပ်တို့တူတူမတွေအားလုံးက မေမေကြီးကြီးလို့ခေါ်ရတဲ့ ကြီးဒေါ်ကြီး တယောက်ရှိတယ်။

ကျုပ်ရဲ့အမေ့မှာ မွေးချင်းညီအမငါးယောက်ကြီးများတောင် ရှိခဲ့ပေမယ့် ကျုပ်အမေအ ပါအဝင်အိမ်ထောင်ရှိတဲ့ ညီအမသုံး ယောက်လုံးကကျတော့ ရှားရှားပါးပါး သားသမီးတယောက်စီပဲ မွေးခဲ့တယ်။ အမေ့အောက်က ကျန်နှစ်ယောက်ဆိုရင် တယောက်ကအိမ် ထောင်ရှိရက်နဲ့ သားသမီးလုံးဝမထွန်းကားဘူး။ မေ့ညီမအငယ်ဆုံးကျတော့ သက်ဆုံးတိုင် ပျိုကြီးဘဝနဲ့ အရိုးထုတ်တယ်။ မျိုးဆက်ကိုပြတ်ကရော။

ဆိုတော့ကာ ကျုပ်မှာတဝမ်းကွဲဆိုပါတော့။ ညီမနှစ်ယောက်ရှိတယ်။ ကြုံရပုံကကျုပ်တို့ မောင်နှမသုံးယောက်ကိုလဲ အမေတွေက ချိန်းဆိုတိုင်ပင်ပြီး မွေးကြလေရော့သလား အောက်မေ့ရတယ်၊ တယောက်နဲ့တယောက်က မီးဝင်မီးထွက်တွေ ချည်းပဲ။ ပြီးတော့အဲဒီ ခေတ်က အခုခေတ်လိုမဟုတ်ဘူး။ ဆွေသံယောဇဉ် မျိုးသံယောဇဉ် အင်မတန်ကြီးကြတော့၊ ကျုပ်တို့ အဖိုးအဖွား မိဘအရိပ်အောက်မှာ သည်တပြုံတမကြီးက ဥမကွဲ သိုက်မပျက် နေကြတယ်။ အတောင်အလက်တွေစုံ၊ ပညာ တွေတတ်၊ အလုပ်အကိုင်တွေရ၊ အိမ်ထောင်တွေကျကြလဲ ရေကြည်ရာ မြက်နုရာခွဲခွါမသွားကြဘူး။ ဘိုးဘွားပိုင် အုတ် တံတိုင်းကာ ဧရာမခြံဝန်းကျယ်ကြီး တကွက်ထဲမှာပဲ ကိုယ့်သီးသန့်အိမ်ကလေးတွေနဲ့ ကိုယ်နေကြတယ်။ ကျုပ်အဒေါ်တွေနဲ့ အိမ်ထောင်ကျကြတဲ့ ကျုပ်ဦးဦးတွေကလဲ ကျုပ်အထင်ပြောရရင်တော့ နဖါးကြိုးအထိုးခံ ထမ်းပိုးအကျင့်သူတော်ကောင်းတွေချည့်ပါပဲ။ အဲ…ကုသိုလ်ကံညံတဲ့ ကျုပ် တယောက်ပဲ…ကျုပ်မမွေးခင် ကျုပ်အမေနဲ့ ကျုပ်အဖေ ကတောက်ကဆဖြစ်ကြပြီး၊ ကျုပ်အဖေဖျာလိပ်ထွက်သွားရတယ်။ ကျန်တဆွေတမျိုးလုံးကတော့ တစည်းတလုံးတည်းပဲ။

အဲ…ခြံရဲ့ရာဟုထောင့်မှာ ကလဲလျှာထိုးပျဉ်ချပ် ဆယ့်ငါးချပ်ဆင့်အမြင့်တံခါးနဲ့ လှောင်ထားတဲ့စပါး ကျီရှိတယ်။ အဖွားပိုင် အရှေ့တော (ပုသိမ်ကြီး၊ ဇီးချိုကုန်း၊ ချောင်းပန်း၊ နှမ်းကြဲတဝိုက်) ကလယ်တွေကို သီးစားချထားလို့ရသမျှ စပါးတွေ အကုန် သည်ကျီထဲထည့်ထားတာပါ။ ဒါအများပိုင်ပဲ။ တဆွေလုံး တမျိုးလုံး တခြံလုံး အချိန်မ ရွေးထုတ်ယူကြိတ်ခွဲ စားသုံးပိုင်ခွင့်ရှိ တယ်။ ရှေးစကား ‘လက်ရေတပြင်စီး’ ဆိုပါတော့။

ဆိုတော့ကာ ကျုပ်တို့ မောင်နှမသုံး ယောက်ကြီးပြင်းလာခဲ့ရပုံကို ခန့်မှန်းကြည့်လို့ ရနိုင်ပါလိမ့်မယ်။ ကျုပ်တို့ကိုကြုံရာအိမ်မှာ ကြုံရာအမေက နို့လှန်တိုက်တာပဲ။ ဘယ်အဒေါ် ဘယ်အမေကမှလဲ သူ့ကလေးကိုယ့်ကလေး ခွဲခြားမနေဘူး။ ကျုပ်တို့ကလဲ အတော် သိတတ်တဲ့ အရွယ်အထိကြုံရာအမေ့ နို့ကိုစို့တာပဲ။ ကျုပ်က မောင်နှမတွေထဲမှာ အကြီးဆုံး ဆိုတော့ ပိုဆိုးတာပေါ့။ ကျုပ်အမေကစနစ်ကြီးတော့ ကျုပ်အခါလည်တာနဲ့ နို့ဖြတ်ပြီ။ ပရုပ်ဆီတွေလူးထားပြီး လုံးဝမတိုက်တော့ဘူး။ ဒါပေမယ့်… သူများနို့စို့ တာကိုငေးကြည့်ပြီး ကျုပ်နှုတ်ခမ်းလိုက်လှုပ်တာမြင်ကြတော့ ကျန်တဲ့အဒေါ်တွေက အမေ့ကွယ်ရာမှာ ခိုးတိုက် ကြတယ်။ ပြီးခြံထဲမှာပဲ၊ ရိုက်ဖြတ်စင်အောက်မှာ နွားစားကျင်းနဲ့ နိုးစားနွားမ နှစ်ကောင်ကလဲမွေးထားလိုက်သေးတယ်။ လူကြီးတွေအတွက်ရော ကျုပ်တို့အတွက်ရော နို့ကတော့ အလျှံပယ်ပဲ။ ဆိုတော့ကာ ကျုပ်တို့က အမေတွေအဒေါ်တွေ အား လုံးကို မေမေတပ်ခေါ်ကြရတယ်၊ “ကြီးကြီး” “ဒေါ်ဒေါ်” မခေါ်ရဘူး။ မကြိုက် ကြဘူး၊ ကွပ်ညတ်တယ်။ အမေမခွဲခြားရဘူးတဲ့။ သည်တော့… ဗဟိုအုဋ္ဌ်ခံအိမ်မကြီးရဲ့ ဘယ်ဘက် မျက်စောင်းထိုး ခြံရဲ့တနင်္ဂနွေထောင့်က အိမ်မှာနေတဲ့ ကျုပ်ညီမဝမ်းကွဲ အကြီးမရဲ့ အမေကို… အမေတို့ညီအမငါး ယောက်ထဲမှာလဲ အကြီးဆုံးဖြစ်တဲ့အတွက် ‘မေမေကြီးကြီး’ လို့ ကျုပ်တို့က ခေါ်ကြရတယ်။ နောက်ညာဘက်မျက်စောင်းထိုးခြံရဲ့ အင်္ဂါထောင့်က အိမ်မှာနေတဲ့ ညီမအငယ် မရဲ့ အမေကိုကျတော့ ‘အိမ်ရှေ့မေမေ’ ခေါ်ရတယ်။ အိမ်ရဲ့ညာတောင်ပံ တောင်ဘက်က အိမ်မှာနေတဲ့ သားသမီးမထွန်းကားတဲ့ အဒေါ်ငယ်ကို ကျတော့ ရွှေဘိုသားနဲ့ညားတဲ့အတွက် ‘ဘိုမေမေ’ ခေါ်ကြရတယ်။ အိမ်မကြီးရဲ့ မြောက်ဖက် ဘယ်တောင်ပံအိမ်မှာနေတဲ့ ကျုပ်အမေ ကိုတော့ ကျုပ်ကကျုပ်ညီမတွေခေါ်သလို “လေးမေမေ” လို့ မခေါ်ရပဲ ‘အမ’ လို့ပဲခေါ်ရတယ်၊ ကျုပ်တို့အညာမှာ၊ တောဘက်မှာပေါ့နော်… များသောအားဖြင့် အမေကို ‘အမ’ လို့ခေါ်တတ်ကြ တာပါပဲ။ ကျုပ်ကမြေးထဲမှာလဲ အကြီးဆုံး၊ အမေက လဲအပျိုတပိုင်းပြန်ဖြစ်နေပြီဆိုတော့ ‘အမေ’အခေါ်မခံချင်လို့မဟုတ်ပါဘူး။ကျုပ်အဖွားကိုယ်တိုင်က သူ့ကိုလဲမြေး အားလုံးက ‘အမေ’ ခေါ်မှကြိုက်တာကိုး။ ကျန်တဲ့မြေးမနှစ်ယောက်က တခါတရံယောင်ယောင်ပြီး ‘အဖွါး’ ခေါ်မိရင် နည်နည်း လောက် မျက်နှာထားတင်းပြပြီး ‘ဟင်း’ ရုံပ ‘ဟင်း’ တယ်။ ကျုပ်ကိုကျတော့ တအိမ်ထဲအတူနေမို့ လုံးဝယောင်ခွင့်မပြုဘူး၊ ချက်ချင်းပြင်ခေါ်ခိုင်းတယ်၊ နော့…ကျုပ်ကိုလဲ အချစ်ဆုံးကို။ သူ့မှာက မွေးခဲ့တာ သမီးချည့်ငါးယောက်။ မြေးကျတော့ လဲယောက်ျား ကလေးက ကျုပ်တယောက်တည်း။ ပြောလို့သာ မြေးလို့ပြောရတာကို။ လက် တွေ့ကကျုပ်က အဖွါးလက်ပေါ်မှာပဲ ကြီးရတာရယ်။ အားလုံးကလဲ ‘မနာလိုစွာ’ အသိအမှတ်ပြုကြပါတယ်။ ကျုပ်က အဖွါးရဲ့ ‘အသည်း’တဲ့။

ဆိုတော့ကာ ကျုပ်မှာအမေတွေက ဖေါခြင်းသောခြင်း။ အဖွါးနဲ့အတူနေ… လိုတာမရရတာမလိုလို့ အပျိုကြီးဖြစ်နေရတဲ့ ‘မေမေထွေး’ ကလဲ ကျုပ်စာမကျက်ချင်ရင် လူမ မြင်အောင်ပေါင်တွင်းကြောလိမ်ဆွဲတတ်တဲ့အတွက် ကျုပ်ကကျိတ်Nပီး မုန်းနေပေမယ့်… အမေတယောက်ပါပဲ။ လက်ချိုးရေကြည့်ရင် ကျုပ်မှာအမေခြောက်ယောက်ရှိတယ်။ အဲသည်အထဲမှာ အမေသုံးယောက်၊ ကျုပ်အမေရင်းအပါအဝင်က ကျောင်းဆရာမတွေချည့်ပဲ။ မေမေကြီးကြီးနဲ့ရတာ၊ ဘိုမေမေနဲ့ရတာတွေကလဲ ကျောင်းဆရာတွေပဲ။ အိမ်ရှေ့ မေမေကသာ ကုန်သည်ပွဲစားနဲ့ရပြီး၊ ကျုပ်အဖေကလဲကျောင်းဆရာမဟုတ်၊ သာမန် အောက်တန်း စာရေးကလေးသာဖြစ်တယ်လို့ ဆိုပါတယ်။

ဆိုတော့ကာ… အစကိုပြန်ကောက်ရရင် မေမေကြီးကြီးအကြောင်းကို ပြောမလို့…။ မေမေကြီးကြီးနဲ့ရတဲ့ ယောက်ျားကကျောင်း ဆရာဆိုပေမယ့် မန္တလေးဇာတိမဟုတ်ဘူး။ မြေလတ်ပိုင်း မြို့ငယ်လေးတမြို့က အလယ်တန်းကျောင်းရဲ့ကျောင်းအုပ်။ ရာထူးတက်ပြီး မန္တလေးပြောင်းလာတာတဲ့။ ရပုံရနည်းကတော့ ကျုပ်တို့လဲ ဘယ်သိပါ့မလဲ။ ဒါပေမယ့် မေမေကြီးကြီးက ကိုယ့်ယောက်ျားကိုယ် ဆရာကြင် ဆရာကြင်နဲ့ ဆရာတပ်ခေါ် တတ်တာကို ထောက်လို့ရယ်၊ အသက်ချင်း ကလဲတပြန်လောက်ကွာပုံရတာကို ထောက်လို့ရယ်… ကျုပ်တို့မေမေကြီးကြီး ခဏခဏ စိတ်ကောက်ပြီး ထမင်းဟင်းမချက်ပဲ မစားပဲနေရင် လိုက်လိုက်လာပြီး ချော့မော့နှစ်သိမ့်နေရတတ်တာရယ်ကို ထောက်ချင့် ကြည့်ရင်တော့ ကျောင်းမှာဆရာတပည့်များ ဖြစ်ခဲ့ဖူးမလားမပြောတတ်ဘူး၊ ထားပါလေ…။ ဒါကအရေး မကြီးပါဘူး။ သေချာတာကတော့မိန်းမငယ်ငယ်ကလေး ယူထားတာရယ်၊ မန္တလေးဇာတိ မဟုတ်တာရယ်ကြောင့် ဘယ်မှာအိုးခွဲအိမ်ခွဲနေလို့ရမလဲ။ ကျုပ်တို့ ‘ချမ်းဧသာစံ’ ခြံထဲမှာပဲ ပေါင်းနေရမှာပေါ့။ နောက်ကျုပ်နည်းနည်းကြီးလာတော့မှ အကြောင်းသိရတယ်။ မေမေ ကြီးကြီး မကြာခဏစိတ်ကောက်တတ်တာ၊ အမေ့အိမ်ဆင်းလာပြီး ငိုတာအိပ်တာတွေက နောက်ကြောင်းမရှင်းမရှင်း ဇာတ်ထုပ်အရှုပ်ရှိလို့ ကိုး…။ ဆရာကြင်က သူတို့မြို့ကလေးမှာ သားကြီးမယားကြီးရှိသတဲ့။ သားကြီးနှစ်ယောက်ကဆိုရင် အလုပ်အကိုင်တွေနဲ့ဆိုပဲ။ ဒါပေမယ့်ပေါင်းလဲ မပေါင်းတော့ပါဘူး၊ အဆက်အသွယ်လဲမရှိတော့ပါဘူးပြောတာပဲ။ ကျုပ်အမြင်မှာတော့ဟုတ်သားပဲ။ ဆရာကြင် မန္တလေးကတဖဝါးမှခွါတာမတွေ့ပါဘူး။ တနင်္ဂနွေ နဲ့ ဥပုသ်နေ့ ကျောင်းပိတ်တဲ့ရက်တွေမှာရော၊ နွေရာသီကျောင်းရက်ရှည် ပိတ်ရက်တွေမှာရော နှစ်အိမ်ကြားက မန်ကျည်းအချိုပင်ရိပ် ကွပ်ပျစ်ပေါ်မှာစာအုပ်တပုံ ကျောက်သင်ပုန်းတချပ်နဲ့ ထိုင်ဗေဒင် တွက်နေတော့ မြင်တာပဲ၊ အဲ..တခုတော့ရှိတယ်။ ဘိုမေမေ့ ယောက်ျားကျောင်းဆရာ လို၊ အိမ်ရှေ့နေ မေမေရဲ့ယောက်ျားကျောက်ပွဲစားလိုတော့ ကျုပ်တို့ကလေးတွေနဲ့ လက်ပွန်းတတီး ရင်းရင်းနှီးနှီး နေလေ့မရှိဘူး။ ကျုပ်တို့တတွေကလဲ သူ့သမီးအရင်းကိုယ်တိုင်ရဲ့ ဖေါက်သယ်ချထားချက်အရ ဟို့မွေးကင်းစလွန်လာခဲ့ကတည်းက သည်ဘကြီးကြင်ကောက်တည့်ပြီး ပွေ့ချီလိုက်မှာ ဖက်ရမ်းနမ်းရှုံ့လိုက်မှာကို.. သူ့ဗန္ဓုလ နှုတ်ခမ်းမွေးကြီးကြောင့် တအားကြောက်ပြီး ပြေးတတ်ကြတာ။ ဆိုတော့ကာ… ဇာတ်လမ်းကို မြေကြော လေကြောရှုံ့လိုက်ကြစို့ရဲ့…။ ဒုတိယကမ္ဘာ စစ်ဖြစ်ကရောဆိုပါတော့။ ကျုပ်တို့ကို ကျွန်ပြုထားတဲ့ အင်္ဂလိပ်ဘုရင်ခံ အစိုးရက အနောက်ဖက်အိန္ဒိယဆုတ်ပြေးပြီလေ။ “အာရှ သာတူညီမျှရေး” နိပွန်-ဘိရုမာဘန်ဇိုင်း’ ဆိုတဲ့ကြွေးကြော်သံလှလှလေးတွေနဲ့ ဂျပန် တွေတက်လာပြီလေ၊ ဘာပဲပြောပြော၊ ‘မင်းပြောင်းမင်းလွဲ’ ကာလ ‘စစ်ဦးဘီလူး’ နဲ့လဲ ရင်မဆိုင်ရဲတော့ ကျုပ်တို့လဲမြို့လယ်ကောင်မှာ ဘယ်အတင့်ရဲနေလို့ ရတော့မလဲ။ ပြီး ‘မဟာမိတ်’ ဆိုတဲ့လေယာဉ်ပျံကြီးတွေကလဲ ကျုပ်တို့ခေါင်းပေါ်မှာ နေ့စဉ်ရက်ခြားဆိုသလို ငရဲမီးဗုန်းတွေလာကြဲချ စက်သေနတ်တွေနဲ့ပစ် လူတွေကိုသတ်ဖြတ်နှိပ် စက်နေတာကို..။ အရှေ့တောပြောင်းပြေးကြရတာပေါ့။ သိတယ်နော်…။ စစ်ကာလကစစ်အုပ်ချုပ်ရေးလေ၊ အစိုးရအုပ်ချုပ်ရေးယန္တရားတွေအကုန်ရပ်။ ရုံးတွေကျောင်းတွေ စက်ရုံအလုပ်ရုံတွေ ငွေတိုက်ဘဏ်တွေ စီးပွါးရေးလုပ်ငန်းကြီးတွေနဲ့ သယ်ယူပို့ဆောင်ရေးတွေလဲ အကုန်ပိတ်၊ သည်တော့ အစိုးရဝန်ထမ်းတွေ ကျောင်းဆရာဆရာမတွေလဲ အလုပ်လက်မဲ့ဖြစ်ပေါ့၊ လစာဝင်ငွေလဲခြူးတပြားမှ မရကြတော့ဘူးပေါ့။ ဩ… ပြောဖို့တခုကျန်သွားတယ်။ ခုန ကဇာတ်လမ်း အကျဉ်းရုံးလိုက်တဲ့အထဲမှာ ပါသွားလို့၊ ဒုတိယကမ္ဘာစစ်မဖြစ်ခင်တနှစ်မှာ ကျုပ်တို့အဖိုးဆုံးသွားတယ်။ ကုသိုလ် ကံကောင်းတယ်လို့ပဲ အောက်မေ့ရတော့မှာပေါ့။ စစ်ရဲ့အနိဌာရုံတွေနဲ့ မကြုံရမတွေ့ရတော့ဘူးပေါ့။ နော့မို့ဆိုဒုက္ခ။ အဖိုးကအဖွါး ထက်အသက်အများကြီးကြီးတာ။ ကောင်းကောင်းလဲ ကျန်းမာလှတာမဟုတ်ဘူး။ ပြီးတော့ အဖိုးကတောသားလဲမဟုတ်ဘူး၊ ဘိုးစဉ်ဘောင်ဆက် အရှင်သခင်ဘုရင့်အမှု တော်ထမ်းလာတဲ့မျိုးရိုး။

အင်္ဂလိပ်လက်အောက်မှာ မလုပ်မနေရအလုပ်ဝင်လုပ်ရတော့လဲ ‘၈’ မှတ်ဂတ်တဲမှာ ပထမ ‘ဆပ်’ ကလေး။ နောင်အင်စပက်တော် ခုခေတ်အ ခေါ်တော့ရဲမှူးနေမှာပေါ့။ ဘုရားစင်ဘက် ခေါင်းရင်းနံရံမှာချိတ်ထားတဲ့ အဖိုးရဲ့ဓာတ်ပုံကရယ်ရတယ်။ ကာကီရောင်ရှပ်လက်တို ကာကီရောင်ဘောင်းဘီတိုသားရေခါးပတ်နဲ့။ ခြေထောက်မှာကလဲ အညိုရောင်သက္ကလပ်ပတ်ကြီးနဲ့ အကျအနပါ။ ဖိနပ်ကလဲ အခု ခေတ်စစ်သားတွေ စီးရတာမျိုးလို အစိုးရခြေနင်းပါပဲ။ ဒါပေမယ့် ဘောင်းဘီတိုက ထိုးကွင်းတွေကို လုံအောင်မဖုံးနိုင်ထားနိုင်တဲ့အပြင် ခေါင်းပေါ်မှာကလဲ ဦးထုပ်မဆောင်းထားဘူး။ ‘ရောင်’ နဲ့ဆိုတော့ ကိုယ်တိုင်ပေါင်းရတဲ့ ပန်းရောင်ပိုးပုဝါခေါင်းပေါင်းနဲ့။ ဒါပေမယ့် ကျုပ်တို့အဖိုးကို ပေါ့သေးသေးမထင်နဲ့။ အစိုးရကချီးမြှင့်ထားတဲ့ နာမည်ကောင်းလက်မှတ်နဲ့ လက်ကိုင်ဒင်မှာ နာမည်ရေးထိုးထားတဲ့ ၄၅ ဗို့ ခြောက်လုံးပြူး တလက်လဲရှိတယ်။ နောက်တော့ ဘယ်အ လိုတော်ရိက လက်ထောက်ချလိုက်လို့လဲမသိဘူး။ ဂျပန်ခေတ်ရောက်လာလို့မကြာ ခင်မှာပဲ ဗမာလူမျိုးစကားပြန်နဲ့ပါလာတဲ့ ဂျပန်စစ်ဗိုလ်တကောင်က လက်နက်အပ်ပါဆိုလို့… မြေကြီးထဲ မြုပ်ဝှက်ထားတာကိုဖေါ်အပ်လိုက်ရတာပဲ။ အဖွါးကတော့ ယောက်ျားနာမည်ပါတဲ့ တခုတည်းသောအမွေပစ္စည်းအနေနဲ့ တတ်နိုင်ရင် သေတပန် သက်တဆုံးသိမ်းထားချင်မှာပေါ့၊ မျက်ရည်ကျသေးတယ်။ အဲသည်တုန်းကအဖိုးလည်းမရှိတော့ပါဘူး။ အခုလည်းအဖိုးမရှိတော့၊ သေနတ်လည်း မရှိတော့ပေမယ့် အဖွါးနဲ့ကျုပ်တို့မိသားစုအားလုံး မျက်နှာမငယ်ရပါဘူး။ အရှေ့တောဆိုတာက အဖွါးရဲ့ဇာတိ ချက်မြှုပ်လေ…။ ဆွေတွေမျိုးတွေဆိုတာက လက်ညိုးထိုးမလွဲပဲဥစ္စာ။ အခုလိုစစ် ဘေးဒုက္ခရောက်ရလို့ မင်းပြောင်းမင်းလွဲ ဖြစ်လို့သာမြို့ပေါ်က အထည်ကြီးကိုဖျက်ပြီး ခေတ္တယာယီဇာတိရပ်ရွာမှာ ပြန်လာခိုလှုံ တာကို… ဘယ်အဆွေအမျိုးကမသိုင်းဝိုင်း မပံ့ပိုး မကူညီ မဖြည့်စွမ်းပဲနေပါ့မလဲ။ ပြီးတော့လဲ ပြန်ပြောင်းအောက်မေ့ဘွယ်… အဲသည်ခေတ်တုန်းက လယ်ပိုင်ရှင်ဆိုတာ သူရင်းငှား သားချင်းလယ်သမားတွေရဲ့ အမြင်မှာက ကျေးဇူးရှင်ရယ်လို့ သတ်မှတ်ယူဆ ထားတတ်ကြတာမဟုတ်လား။ ဆိုတော့ကာ အဖွားဇာတိပုသိမ်ကြီးအပါ အဝင်ဇီးချိုကုန်း၊ သစ်ချိုကုန်း၊ ညောင်ပင်သာ၊ ချောင်းပန်း၊ နှမ်းကြဲ အစရှိတဲ့ရွာအားလုံးက သူတို့ရွာမှာလာနေကြဖို့ အလုအ ယက်နေရာတွေပေး ဖိတ်ခေါ်ကြိုဆိုကြတာပေါ့၊ ရွာစုံကလှည်း ၁၆ စီးနဲ့ ညမှောင်ခိုက်မှာ မြို့ကအိမ်ရှိပစ္စည်းတွေ တိုက်လာကြတော့ တချို့က သူတို့ရွာမှာလာနေစေချင်တဲ့ဆန္ဒနဲ့ မပြောမဆို ကိုယ့်ရွာကိုယ်မောင်းသွား လိုက်ကြတာ လူတွေလဲကွဲ၊ ပစ္စည်းတွေလဲပြန့်ကုန်။ နောက်တနေ့ မိုးလင်းမှမနည်း လိုက်ပြန်စုယူရတယ်။ အဖွားကတော့သူ့ဇာတိရွာ ပုသိမ်ကြီးက အိမ်ခြေလဲများ စစ်ပြေး သူစိမ်းတွေကလဲများလို့ ကြပ်နေပြီး၊ မြို့နဲ့လဲမော်တော်ကားလမ်း ပေါက်နေတဲ့အတွက် ကြောက်သတဲ့။ ဒါပေမယ့်ပုသိမ် ကြီးနဲ့ လဲတတိုင်လောက်ပဲဝေး၊ နည်းနည်းအတွင်းဘက်ကျပြီး၊ ရွာနံဘေးမှာလဲဆယ့် နှစ်ရာသီရေမပြတ်တဲ့ ဆည်မြောင်းချောင်းကလေးရှိတဲ့ ဇီးချိုကုန်းရွာကို ရွေးလိုက်တယ်။ ဘာမှမဟုတ်ဘူး။ မသိရင်ခက်မယ်။ ဇီးချိုကုန်းရွာသူကြီး ဦးမောင်ချိုဆိုတာကသူ့နိုင်ဖက်။ သူ့ကိုသာဆိုရင်ပြားပြားမှောက်ကြောက်ရတဲ့ ငယ်ကြောက်။ ပြီးဇီးချိုကုန်းမှာ အချမ်းသာဆုံးလယ်ပိုင်ရှင် ကြီးတွေဖြစ်နေကြတဲ့ အဖွါးဒေါ်မမတို့ ဘ ကြီးဦးစံပင်တို့ ဆိုတာကလဲ အဖွါးရဲ့ ငယ် ပေါင်း၊ ကြာနီကန်ဆရာတော့်ကျောင်းမှာ စာအံဖက်တွေလို့ပြောတယ်။ ပြီးရေကန်အသင့် ကြာအသင့်ဖြစ်ချင်တော့၊ အဲသည်နှစ် ယောက်နေကြတာကလဲ ရွာ့တောင်ဖျားမှာ ခြံစည်းရိုးချင်းကပ်ရက် ဘာခဲယဉ်းတော့သလဲ။ နှစ်ခြံခွပြီး မြေလွတ်နှစ်ဧကလောက် ရအောင် စည်းရိုးဖျက် ခုတ်ထွင်ရှင်းလင်းလိုက်ကြတယ်။ ပြီး လောင်းရိပ်လွတ်တဲ့ ကွက်လပ်အလယ်မှာ ခြောက်ပင်သုံးခန်း သက်ငယ်မိုးဝါးထရံကာ ဝါးပိုးကြမ်းခင်းတဲ့ တန်းလျားရှည်ကြီးထိုးတာပဲ။ ဗမာ့တောရွာဓလေ့ သတင်းမေးလာသမျှ လက်ပေါင်းစုံအင်အားနဲ့ ဝိုင်းဝန်းဆောက်လုပ်လိုက်ကြတာနေ့ချင်းပြီး အိမ်ယာပေါ့။ ခိုင်မှခိုင်ခန့် မှခန့်။ အဲ… စစ်အတွင်းမှာ အလိုအပ်ဆုံးဖြစ်တဲ့ ဗုံးခိုကျင်းကိုတော့ မြို့နဲ့လဲဝေးပြီး လေ ယာဉ်ပျံမဲမဲကြီးတွေလဲ ခေါင်းပေါ်အဝဲကျဲ လာပြီဆိုပြီး၊ နေ့ရွှေ့ညရွှေ့နဲ့ တော်တော်နဲ့ မတူးခိုင်းဘူး။ တူးပြန်တော့လဲ တဲကြီးရဲ့မျက်နှာစာ ခပ်လှမ်းလှမ်းက နေ့ခင်းဘက်ချက် ပြုတ်စားသောက်ကြရာ ခန်းမဆောင်လို့ဆိုရမယ့် မန်ကျည်းပင်အုပ်အရိပ်အောက်မှာ တထောင်သာသာလောက်ပဲ နက်တဲ့ကျင်းတိမ် ကလေးပဲကရော်ကမယ်တူးတယ်။ ကျင်းကလူ ဆင်းထိုင်ရင်ခေါင်းမြေပြင်ပေါ်မှာလေ။ ခက်တာက သည့်ထက်နက်အောင် တထွာတမိုက်ထပ်တူးလိုက်မယ်ဆိုရင်ကိုပဲ ရေထွက်လာတော့တယ်တဲ့။ သည်တော့ အောက်မနှိုက်နဲ့။ ကျင်းပတ်ပတ်လည်မှာ တောင်ဆုပ်လောက် တိုင်တွေအပြည့်စိုက်။ ပြီး အပြင်ဘက်ကနေ ထန်းလုံးတွေဆင့်ကာ။ အမိုးလဲထန်းလုံးထက်ခြမ်းခွဲတွေနဲ့အခြင်ပစ်။ ပြီးအပေါ်ကမှ လှည်းကြမ်းခင်းတွေနဲ့တထပ်၊ ဝါးကြောဖျာကြမ်းတွေနဲ့တထပ်၊ နှစ်ထပ်ထပ်ခင်းသည့် အပေါ်ကမှ မြေတွေဖို့။ ကျင်းပတ်ပတ်လည် လဲမြေဆိုင်ခဲတွေနဲ့ရံ၊ တနေ့တခါ မြေသိပ်အောင်ရေ ဖျန်းပေး။ အဲဒါပဲ။ ခုနေကျင်းထဲဝင်ထိုင်ရင် ခေါင်းတော့ကောင်းကောင်း လွတ်ပါတယ်။ သာမန်ကြည့်လိုက်လို့ကတော့ ထန်းပင်မြစ်စိုက်ရောင်းဖို့ မြေဖို့ထားတာအောက်မေ့ရမယ်။သိတယ်နော်…။ ထန်းပင်မြစ်ဆိုတာ ကြွေကျတဲ့ ထန်းသီးမှည့်တွေထဲက ထန်းသီးစေ့တွေကို ဖို့မြေပွပေါ်မှာမှောက်စိုက်တာပေါ့။ မြေထပ်ဖုံးစရာမလိုဘူး။ ဒါပေမယ့်စိုက်ခါစမှာတော့ မိုးတပြိုက်နှစ်ပြိုက် ကြိုက်တတ်တယ်။ ပြီးတမိုးတွင်းလုံး ပစ်ထားလိုက်ရုံပဲ။ အဲ… ဆောင်းတွင်းရောက် ပြီဆိုတော့မှ ဖို့မြေတောင်ပို့ကို ဘေးကနေတဖြေးဖြေးချင်းဖဲ့ပြီး လိုသလောက်ဖြိုယူရုံပဲ။ မှတ်မိကြပါတယ်နော်။ ဆောင်းချမ်းခိုက်မှာ မီးဖိုဘေးက မီးလှုံကြရင်း ဖုတ်စားကြတာလေ။ ဆီကလေးဆားကလေးနဲ့ တို့စားရင် အရသာရှိမှရှိ။ အဲ… ကြုံကြိုက်ချင်တော့ ကျုပ်တို့ဖို့မြေတောင်ပို့ ဗုံးခိုကျင်းလဲတူး ပြီးပါလေရော။ မိုးကလဲအုံ့မှိုင်းထစ်ချုန်း ရွာချပါလေရော။ ရယ်ရတယ်။ ကျုပ်တို့ ဗုံးခိုကျင်းလဲ အသူရာသကြားမင်းရဲ့ စစ်တလင်းမှာ ချက်ချင်းလက်ငင်း ငါးမွေးကန်ဖြစ် သွားပါလေရော။ ကျင်းရဲ့အောက်ခြေမြေက သဲကျောက်စရစ်ဆိုတော့ အပေါ်ကဖုံးထားတဲ့ ထန်းလုံးတွေရဲ့ဖိအားကြောင့် ကျင်းနံရံတွေပါအိကျပြီးပြိုတော့တာပေါ့။ လုံးဝသုံးမရတော့ဘူး။ ဒါပေမယ့်တော်သေးရဲ့။ သိတယ်နော်…။

မန္တလေးဆိုတာ မိုးခေါင်ရေရှားရပ်ကိုး။ ပူတယ်လေ၊ ဆယ်နေကဲကျဲကျဲတောက်ပူတော့တာပေါ့။ တပတ်ဆယ်ရက်နဲ့ခြောက်သွားတော့ ပြန်ပြင်တူးပြီး ပိုခိုင်ခိုင်တောင့်တောင့်ဆောက်ကြတာပေါ့။ မြတ်စွာဘုရား တန်ခိုးတော်နဲ့ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေက သတိပေးတာလို့ပဲ အောက်မေ့ကြပါတယ်။ အဲသည်လို ပိုအခိုင်အခန့်လုပ်လိုက်လို့သာပေါ့။ မဟုတ်ရင်သေကုန်ပြီ။ ဘယ့်နှယ် မန္တလေးကို ပြန်သိမ်းတော့မြို့ကို မြောက်ဘက်ကနေ ဂဏန်းလက်မပုံစံနဲ့ ပတ်ညှပ်ပြီးဝင်တာထင်ပါရဲ့။ အင်္ဂလိပ်တွေလား အမေရိကန်တွေလားမသိ။

ကျုပ်တို့ အရှေ့တောတလျှောက်လုံးကိုလဲ အ မြောက်ကြီးတွေနဲ့ သခင်မတောင်ဘက်က လေးငါးနာရီလောက် လှမ်းထုလိုက်တာရ စရာကိုမရှိဘူး။ ကျုပ်တို့ရွာတွေဝန်းကျင်မှာ ဂျပန်ဖြင့်တကောင်မှမရှိပဲနဲ့၊ လက်နက်ကြီး အင်အားမတန်တဆသုံးပြီးဖြို့ခွင်း မောင်းထုတ်လိုက်တာ ပြောပါတယ်။ ရွာစဉ် တလျှောက်မှာ မြောက်ပိုင်းကျတဲ့ဆင်ရွာကြီးတို့ ညောင်ပင်သာတို့ ကျုပ်တို့ဇီးချိုကုန်းတို့ဆိုတာ ဆိဆိညက်ညက်ကျေပေါ့။ ကျုပ်တို့တဲအိမ်ကြီးလဲ အမြှောက်ကျည်ဆံဗုံးတွေ မှန်ထားလိုက်တာပွစိတက်။ အိမ်တိုင်တတိုင်မှာလဲ ထင်းခွဲဓါးမလောက်ရှိတဲ့ ဗုံးဆံ ကြီးတဆံက စိုက်ရက်။ ဗုံးခိုကျင်းပေါ်မှာကလဲ ပြတ်သတ်ကျလာတဲ့ သစ်ကိုင်းတွေသစ်ခက်တွေဆိုတာ ထင်းလှည်းတိုက်လာရပ်ထားသလိုပဲ။ အဲ… ကျုပ်တို့လူတွေအားလုံးလဲ တညနေ နဲ့တညဦးလုံး ဘယ်ခေါင်းဖေါ်ရဲကြပါ့မလဲ။ သမ္ဗုဒ္ဓေတွေ အမြီးအမောက်မတည့် တ ယောက်တပေါက်ရွတ်ကြပြီး တုတ်တုတ်မှ မလှုပ်ရဲကြဘူးပေါ့။ နားတွေလဲအူ၊ ဇောချွေး တွေလဲပြန်၊ လက်ဖျားခြေဖျားအေးကြလို့ပေါ့။ ခေါင်းထဲကိုယ်ထဲမလဲ ဖုတ်သဲတွေအလိမ်းလိမ်းနဲ့ပေါ့။ ရေငတ်ပေမယ့် ရေကိုဘယ်သူကထွက်ယူရဲပါ့မလဲ။ အဲညမိုးချုပ်တော့မှ အမြောက်သံတွေစဲသွားပြီး စက်သေနတ်သံတွေ သေနတ်သံတွေ ကြားရတယ်။ ဘယ်သူတွေက ဘယ်သူတွေကိုပစ်နေမှန်းလဲမသိ။ ဘယ်လှုပ်ရဲပါ့မလဲ။ ဒါပေမယ့် ကျင်းဝမှာ လူမဲမဲကြီးနှစ်ကောင်လာရပ်ပြီး သေနတ်နဲ့ချိန် အကုန်အပြင်ထွက်ခိုင်း တယ်။ ကျုပ်တို့တတွေဆိုတာမေးခိုက်ခိုက်ရိုက်ရက်၊ လက်အုပ်ကလေးတွေချီ မျောက်တွေလို ထွက်ကြရတာပေါ့။ ကျုပ်တို့မိသားစုက အင်္ဂလိပ်လိုပြောနိုင်တော့ သူတို့အတော် သဘောကျသွားတယ်။ ဘာမှမဟုတ်ဘူး။ ဂျပန်သတင်းမေးတာပေါ့။ သည်ရွာတဝိုက်မှာ ဂျပန်တယောက်မှမရှိပါဘူးပြောတော့မှ ပြန်ထွက်သွားကြတယ်။ အဲသည်တော့မှပဲ ကျုပ်တို့အားလုံးလဲ သက်ပြင်းချ နိုင်ကြတော့တယ်။ အဲသည်တော့မှ ရေငတ်မှန်း ဆာမှန်းသိကြတော့တယ်။ ဒါပေမယ့် ထမင်းမရှိ၊ ဟင်းလဲမရှိတော့ဘူး။ ထမင်း အိုးကြီးကလည်း စလောင်းဖုံးလွင့်သွားပြီး ဖုံတွေ အမှိုက်တွေ နန်းချင်းဖုံးလို့။ မန်ကျည်းပင်မှာ ကပ်စင်ရိုက်ပြီး တင်ထားတဲ့ သောက်ရေအိုးနှစ်လုံးကလဲ ကျကွဲလို့။ သံပန်းကန်ပြားအဖုံးနဲ့ အုန်းသီးဆံရေမှုတ် တွေကိုတော့လိုက်ရှာကောက်ယူရတယ်။ တော်သေးရဲ့။ သောက်ရေထည့်လှောင်ထားတဲ့ စဥ့်အိုးကမြေကြီးထဲ အထိုင်မြုပ်ထား တဲ့အတွက်မကွဲလို့။ အင်ဒုံအဖုံးကိုလှပ်ပြီး၊ ရေမှုတ်နဲ့ခပ်သောက်လို့ ရကြတယ်၊ ထမင်းကတော့ မစားကြရပါဘူး။ ထပ်ချက်ရအောင် ညကြီးမင်းကြီး မီးလဲမမွှေးရဲပါဘူး။ အမယ်… ကြက်တွေကတော့ မသေဘူးဟဲ့။ ဘယ်သွားပုန်းနေခဲ့ကြတယ်မသိဘူး။ လူသံ တွေကြားတော့ သူတို့အသံတွေလဲပြန်ကြားလာရတယ်။ လူတွေလဲခုမှဖုံတွေသဲတွေချွေး စေးတွေနဲ့ညစ်ပတ်ပေရေနေမှန်းသိပြီး၊ ရေချိုးချင်စိတ်တွေပေါ်လာကြတယ်။ ဒါပေမယ့် ချိုးစရာရေ ဘယ်မှာရှိမှာလဲ။ ထုံးစံအတိုင်းခါတိုင်းလို ရွာ့ပြင်ထွက်ပြီးချောင်းထဲ ခုန်ချ ရေချိုးရအောင်က ဘယ်ထွက်ရဲပါ့မလဲ၊ ကျုပ်တို့ကလေးတွေဆိုတာ နားအူလဲမပျောက်၊ အကြောက်လဲ တော်တော်နဲ့မပြေတော့၊ အမေတွေအနားကပ်လို့။ အေး လေ…ဘာပဲပြောပြော စစ်ကြောင်းကျလို့ရွာတွေအိမ်တွေ သာညက်ညက်ကြေပေမယ့် မီးလဲမလောင်၊ လူလဲအထိအခိုက်အသေအပျောက်လုံးဝမရှိပါဘူး။ တခုတော့ရှိတယ်။ နွားတော့လေးကောင်တောင် အမြောက်ဆံ မှန်ပြီးသေတယ်။ နောက်တနေ့ တရွာလုံးအမဲသားပေါ်တော့တာပေါ့။ ဆိုတော့ကာ… အခုမှဆရာကြင့်တန်ဖိုး ကိုသိကြရတော့တယ်။ ဆရာကြင်ကတော့ မရှိတော့ပါဘူး။ သွားပြီပဲ။ ဒါပေမယ့် သည်အရှေ့တောဘက်ပြောင်း ပြေးခိုလှုံကြမယ် ဆိုတုန်းက၊ မေမေကြီးကြီးကတဆင့် ဆရာကြင်ကတွက်ချက်ပြီးသတိပေးတယ်။ မြို့ရဲ့ အရှေ့မြောက်အရပ် တနင်္ဂနွေတောင့်က နဂါးလှည့် မသင့်ဘူးတဲ့။ မပြောင်းကောင်းဘူးတဲ့။ ဒုက္ခတွေ့နိုင်တယ် ပြောသားပဲ။ ဒါပေမယ့် ဆရာကြင့်စကားကို ဘယ်သူကမှအယုံအကြည်မရှိကြဘူး။ တောကို သူမလိုက်လာချင်လို့၊ မေမေကြီးကြီးတို့ သားအမိကိုပစ်သွားချင်လို့၊ သူ့ဇာတိ မြေလတ်မြို့ကလေးကိုသူပြန်ပြေး ချင်လို့ သက်သက်မဲ့ ရမယ်ရှာကပျက်ယပျက်လုပ်တာလို့ပဲ ထင်ခဲ့ကြတယ်၊ အဖွါးကတော့လူ ကြီးမိဘတယောက်နေနဲ့ နားလည်ခွင့်လွှတ်လိုက်တယ်။ စစ်အတွင်း ဘယ်သူမှအလုပ် မရှိကြ၊ ဝင်ငွေမရှိကြဘူးမဟုတ်လား။ အဲတော့ အားနာတာလဲပါ၊ ရှက်တာလဲပါ ကောင်းပါမယ်ပေါ့။ ပြီးကြီးကောင့်ကြီးမားနဲ့ ယောက္ခမထမီနားလဲ ခိုမစားချင်ဘူးထင် ပါရဲ့ပေါ့။ ဝင်မပါဘူး၊ လက်ပိုက်ကြည့်နေလိုက်တယ်။ နော့… သားမက်နဲ့ယောက္ခမရဲ့ အသက်ချင်းကလဲ ဆယ်နှစ်သာသာလောက်ပဲကွာတာကို။ ကျုပ်တို့မေမေကြီးကြီးကလဲ တသက်လုံးမခွဲဖူးတဲ့ အမေကိုပစ်ပြီး၊ လင့်မယားကြီးရှိရာအရပ်ကို ဘယ်လိုက်ပါ့မလဲ။ ဆိုတော့ကာ… ကွဲကြလေသတည်းပေါ့။ အိမ်မကြီးရဲ့ဘယ်တောင်ပံက အိမ်ထောင် ရေးကံဇာတာညံ့တယ်လို့ပဲ ပြောရတော့မှာပေါ့။ ညာတောင်ပံတောင်ညာစံဒေဝီတွေရဲ့ သားမက်တွေကတော့ မဆိုးပါဘူး။ အနည်းဆုံး ထင်းခွဲရေခတ် ဟင်းရှာသီးနှံစိုက်ပေါ့။ ရွာဦးကျောင်း အဝီစိတွင်းကသောက်ရေ သုံးရေကိုနေ့စဉ် ဆယ်ထမ်းဆယ်ခေါက်လောက် ခပ်ရတယ်ဆိုတကလဲ လွယ်တာမှတ်လို့။

အိမ်နဲ့ကျောင်းနဲ့က တပြခွဲလောက်ဝေးတာ တယောက်တခေါက်အလှည့်နဲ့ထမ်းကြရတာ။ တွင်းကလဲ ဘယ်လောက်နက်သလဲဆိုရင် ရေကိုငုံ့ကြည့်လို့မမြင်ရဘူး။ ပြီးတော့ အမျိုးသမီးတွေလဲခပ် ခွင့်ငင်ခွင့်တွင်း ဘောင်ရပ်ခွင့်မရှိဘူး။ ကျုပ်တို့ အမေတွေအုပ်စုကတော့၊ ချက်ပြုတ် လျှော်ဖွပ်တာဝန်တွေအပြင် တတ်တဲ့ပညာမနေသာဆိုသလို ပါလာသမျှ သိုးမွှေးထည်တွေကို ပြန်ဖြေပြန်လုံးပြီး ဝါးသီတံဇာထိုးအပ်တွေနဲ့ အင်္ကျီတွေ ခြုံစောင်တွေ ဦးထုပ်တွေပြန်ထိုးရောင်းကြပေါ့။ ဒါပေမယ့်စစ်အတွင်းမှာ ဘယ်ကသိုးမွှေးချည်ခင်အသစ် ဝယ်လို့ရမှာလဲ။ ကုန်တော့အလုပ်ပြုတ်ပေါ့။ ပြဿနာကဆန်ဆီဆာစသည့်အခြေ ခံစားကုန်ကမပူရပါဘူး၊ ဦးလေးကျောက် (ပွဲစား) ကကြက်တွေမွေးထားလို့ ကြက်ဥ လဲအလျှံပယ်စားရပါတယ်။ ဒါပေမယ့်စစ်ဒဏ်အမြောက်ကျည်ဒဏ်က တချီတည်းနဲ့ သေလုမျောပါးခံလိုက်ကြရတော့၊ နောက်တကြိမ်ကြော့လာရင် ဘယ်နှယ်လုပ်ကြပါ့မလဲပေါ့။ လူကြီးတွေ ခေါင်းချင်းဆိုင်တိုင် ပင်ကြတယ်။ ခုနေရတာက မနက်မိုးလင်းလို့ အိပ်ရာကနိုးတာနဲ့ တပြိုင်နက်ကိုယ့် ခေါင်းကိုယ်ဘီးစမ်းသလို ပြန်စမ်းကြည့်နေရတဲ့ဘဝတဲ့။

ခေါင်းနဲ့ကိုယ်တဆက်တည်း အိုးစား မကွဲသေးပါလား ဆိုတာသေချာမှ အသက်တရက်တော့ရှည်ပြန်ပဟဆိုပြီး သက်ပြင်းချလို့ ရသတဲ့။ ပြီးတော့လဲဦးလေးကျောက်ကအကြံပြု တယ်။ မန္တလေးတမြို့လုံးကလူတွေ အ နောက်ဖက်ကမ်းစစ်ကိုင်းတောင်ရိုးပြေး၊ ဘုရားရိပ် ကျောင်းရိပ် ခိုလှုံကြတာများတယ်၊ ခုဆိုရင်စစ်ကိုင်းတောင်ရိုးကချောင်တွေမှာ မြို့လိုစည်ကားနေပြီဆိုပဲ။ ဘုန်းကြီးတပါးဆီက သူသတင်းကြားလာသတဲ့။ စစ်ကိုင်းတောင်ရိုး အောက်ဖက်က ‘သရက်ပင်ဆိပ်’ တို့ အထက်ဖက်က ‘ဝါးချက်’ တို့ဆိုရင် ဈေးဆိုင်တန်းတွေနဲ့ဖြစ်နေပြီတဲ့။ ပြီး အောက်ပြေ အောက်ရွာက ရွက်လွှင့်ဆန်တက်လာကြတဲ့ ပိန်းကောမကြီးတွေနဲ့ အောက်ကုန်ငခြောက် ငခြမ်းတွေလဲ ရောက်လာ၊ အကြီးအကျယ်ဈေးကွက်ကြီး ဖြစ်နေတယ်ဆိုပဲ။ သူ့အနေနဲ့ အများကြီး အလုပ်လုပ်လို့ ရနိုင်တယ်ပြောတယ်။ ဆိုတော့ကာ…သူကစစ်ကိုင်းတောင်ရိုး ပြောင်းကြဖို့စည်းရုံးမဲဆွယ်တယ်။ ရာနဲ့ချီရှိတဲ့ချောင်တွေမှာ ထောင်နဲ့ချီရှိတဲ့ကျောင်း ကန်ဇရပ်တွေဓမ္မာရုံတွေလည်း ပေါပါတယ်ပေါ့။ ပထမဆုံးသူကိုယ်တိုင်ကူး စုံစမ်း လေ့လာစုံစမ်းလိုက်မယ်ပေါ့။

အဆင်ပြေရင်ပြောင်းနေကြဖို့ တခါတည်းစီစဉ်ဆောင်ရွက်ခဲ့မယ်ပေါ့။ သည်အချိန်မှာ ဘိုမေမေ့ယောက်ျား လေးလေးဘိုကလဲ အညံ့မခံပဲအကြံတခုထပ်တင်တယ်။ အခုအင်္ဂလိပ်လဲ ပြန်ဝင်လာပြီ၊ မကြာခင် တပြည်လုံးပြန်သိမ်းပြီး အုပ်ချုပ်ရေးယန္တရားက ပြန်စရင် ကျောင်းတွေလဲ မလွဲမသွေပြန်ဖွင့်မှာပဲပေါ့။ သည်တော့ချောင်တချောင်ကဓမ္မာ ရုံကြီးတခုခုမှာ ဆရာတော်တွေရဲ့ အကူအညီနဲ့ ကျုပ်တို့မိသားစုအပါအဝင် ကျောင်းတကျောင်း ကြိုတင်ဖွင့်နှင့် သင်ပြနေရင်မကောင်းဘူးလားပေါ့။ တောင်ရိုးကဘုန်းတော်ကြီးတွေ သီလရှင်ဆရာလေးတွေ ကို ကျောင်းသုံးပရိဘောဂတွေ အလှူခံမယ်ပေါ့။ နောင်အခါ အစိုးရ အသိအမှတ် ပြုကျောင်းလဲ ဖြစ်သွားနိုင်တယ်ပေါ့။ လေးလေးဘိုပြောသလို ကျုပ်တို့ကလေးတွေ စာနဲ့ဝေး ပညာရေး နောက်ကျခဲ့ရတာ လေးနှစ်ရှိပြီလေ။ လူကောင်တွေသာ ကြီးလာ၊ အတန်းတွေကငယ်၊ အတတ်တွေက နောက်ကျနဲ့ အတော်ကြိုးစားလုပ်ယူ ကြရမှာဆိုတာ မှန်တယ်။ တယောက်က လက်ငင်းစားဝတ်နေရေးပြေလည်ဖို့ရည်ရွယ်တယ်။ တယောက်က အနာဂတ်အတွက်ပါ ရည်ရွယ်တယ်။ အမှန်ကတော့ အဖွါးရဲ့ဆုံးဖြတ်ချက်တခုပါပဲ။ အဖွါးကအား လုံးရဲ့အမေ၊ အိမ်ထောင်ဦးစီးခေါင်းဆောင်ပဲ။ ပြဿနာကသည်အရှေ့တောမှာ ဆက်ပုန်းရှောင်နေလို့က ဘာအာမခံချက်မှမရှိဘူး။ ဆိုတော့ကာ… သားမက်နှစ်ယောက်ရဲ့ အဆိုကို အဖွါးက ခေါင်းညိတ်လိုက်ပါတယ်။ သွားကြ… မြန်မြန်လဲပြန်လာကြ… မှာပြီး လမ်းစရိတ်တွေပါ ထုတ်ပေးလိုက်တယ်။ ဂျပန်ငွေစက္ကူ အစိမ်းရောင်တရောင်တည်း ‘ထောင်မလဲသဲကော်ရ’ တွေ ပေါ့။ ပြီး သူပဉ္ဇင်းခံပေးခဲ့တဲ့ ဘုန်းကြီးဦးကောသလ္လရဲ့ ဗေါဓိချောင်မှာ အကျိုးအကြောင်း ပြောပြလျှောက်ထားပြီး တည်းခိုအကူအညီတောင်းဖို့ပါ စာရေးပေးလိုက်တယ်။ ဘာအခက် အခဲတွေစရာရှိသလဲ။ တပတ်မကြာခင်ချောချောမောမော ပြန်ရောက်လာကြတယ်။ မမြင်ရတာ ကြာလို့ မမှတ်မိချင်ချင်ဖြစ်နေတဲ့ အဖွါးရဲ့ အနှစ်သက်ဆုံး ငသိုင်းခြမ်းခြောက်ကြီးတွေလဲ ဂျုံထည့်တဲ့ပိတ်ဖြူ အိတ်နဲ့တအိတ်ပါလာတယ်။ ပြီးသ ရက်ပင်ဆိပ်နဲ့ သိပ်မဝေးတဲ့ ချောင်အတွင်းလမ်း မြင်းလှည်းဂိတ်အထက်နားက မောက္ခသီဝံချောင်ရွာနေမယ်ဆိုရင် နေဖို့ သီလရှင်ဇရပ်အောက်ထပ်ကြီး တထပ်လုံးလဲ ပါးစပ်စရံသပ်ခဲ့တယ်လို့ဆိုတယ်။ ဆိုတော့ ကာ… ဇာတ်လမ်းကိုတကြိမ် မြေကြောရှုံ့လိုက်ကြအုံးစို့ရဲ့။

ဆိုင်းမဆင့် ဗုံမဆင့်ဆိုသလို ဆွေကုန်မျိုးကုန်နှုတ်ဆက် မနေကြတော့ပဲ အစုတ်ပလုပ် စုပေါင်းထုတ် ခပ်ကုပ်ကုပ် ပြောင်းလာခဲ့ကြတယ်။ သိ တယ်နော်။ လှည်း ၁၆စီး တိုက်ပစ္စည်းနဲ့ လူတကျိပ်တယောက်ဆိုတဲ့ ဝန်နည်းနည်းမှမ ဟုတ်ပဲ။ ပြီးတော့ဧရာဝတီမြစ်ကို ဖြတ်ကူး ရတာက ‘ငှက်’ ကလေးတွေနဲ့ပဲကူးရတာလေ။ သည်အထဲ သံယောဇဉ်ကမဖြတ် နိုင်တော့၊ လူတွေနဲ့ယဉ်ပါးနေတဲ့လူတွေရဲ့ ထမင်းဝိုင်းမှာ အတင်းဝင်နှိုက်စားတတ်တဲ့ ဦးလေးကျောက်ရဲ့ ရွှေဒင်္ဂါးဘိလပ်ကြက်ကြီးဆယ်ကောင်ကလဲ ပါသေးတယ်။ ငှားလို့ရသမျှ ငှက်တွေနဲ့ ပိုက်ကျုံး ဆိပ်မြစ်ညာကကူးတာ တနေကုန်နဲ့မပြီးဘူး။ တော်သလင်း ဧရာဝတီကလဲ ကျယ်မှကျယ်ကို။ ဦး ပဉ္ဇင်းတွေလဲမနေရ၊ ဆရာလေးတွေလဲ တယောက်တလက်ပေါ့။ အေး…နောက်ဆုံးတော့ မေက္ခသီဝံမှာဆရာလေးဒေါ်ဓမ္မေသီရဲ့ ကျေးဇူးနဲ့အခြေကျကြရောဆိုပါတော့။ အဲ အဆင်ပြေ ချင်တော့ သရက်ပင်ဆိပ်က အတက်မှာပါပဲ။ ကျုပ်တို့မောက္ခသီဝံချောင်ရဲ့ တောင်ဘက်မှာ သံဃာတော်တွေသာ သီတင်းသုံးတဲ့ ခေမာသကချောင်ဆိုတဲ့ ဧရာမ နှစ်ထပ်ချောင်ကြီး တချောင်ရှိတယ်။ တောင်ကမ်းပါးယံစောင်းမှာဆောက်ထား တာဆိုတော့ မြေပြင်နဲ့ အညီထပ်မှာ သံဃာဆောင်တွေနဲ့ ဆွမ်းစားဆောင်စသည်ပေါ့။ တောင်ပေါ်ထပ်မှာကတော့ သိမ်တို့ ပိဋကတ်တိုက်တို့ ကမ္မဌာန်းဆောင်တို့ပေါ့။ အဲတရားနာပရိသတ်နှစ်ထောင်ကျော်ဆံ့ တဲ့၊ သို့မဟုတ်သံဃာအပါးငါးရာလောက် စာဖြေနိုင်တဲ့ မှန်စီရွှေချဓမ္မာရုံကြီးလဲရှိတယ်။

မလျှောက်ရပါဘူး။ ကလေးသူငယ်တွေရဲ့ ပညာသင်ကြားရေးအတွက် နေရာအခက် အခဲတွေ့နေကြတယ် သတင်းကြားတော့ ဆရာတော်ဘုရားကြီးဦးဉာဏောဘာ သာဘိဝံသက ကျုပ်တို့ လေးလေးဘိုနဲ့ ကျောင်းအုပ်ဆရာကြီးဟောင်း ဦးမင်းဟန်ကိုတနေ့ခေါ်တွေ့ပြီး ဓမ္မာရုံကြီးမှာ ယာယီကျောင်းဖွင့်ခွင့်ပြုလိုက်ပါတယ်။ ဆိုတော့ကာ… သီတင်းကျွတ်လထုံးစံ ကျောင်းပိတ်ရက်တွေလွန်တော့ ကျုပ်တို့တတွေကျောင်းသားဖြစ်ကြပေါ့။ ကျောင်းကြီးက ခန့်မှန်းပြောရရင် ကြက်တောင်ရိုက်ကွင်း ခြောက်ကွင်းသာလောက်ကို ကျယ်ပါတယ်။

ဒါပေမယ့်အခန်းဖွဲ့ကာထားတာမရှိ၊ ခန်းမကျယ်ကြီးပေါ့။ ပရိဘောဂလဲမရှိသေးတော့ မှန်ကြည့် လို့ရနိုင်လောက်အောင် ပြောင်လက်နေတဲ့ ကျွန်းလျှာထိုးကြမ်းပြင်ကြီး ပေါ်မှာပဲထိုင်ကြရ တာပေါ့။ နောက်တဖြေး ဖြေးနဲ့တော့ အတန်းတိုင်းအတွက် သစ်သား ကျောက်သင်ပုန်း ကြီးတွေ ရလာပါတယ်။ စစ်ကြည့်တော့ အရည်အချင်းအလိုက်လဲ အတန်းငါးတန်းခွဲ သင်ပြ ပါတယ်။ လုံးဝ ကျောင်းမနေဖူးသေးတဲ့ကလေးတွေက တတန်းသပ်သပ်ပေါ့။ ကျုပ်မှတ်မိသ လောက်တော့ ၁+၂+၃ က တတန်း၊ ၄+၅+၆ က တတန်း၊ ၇နဲ့ ၈က တတန်းနဲ့ ၉+၁ဝ က တတန်းအောက်မေ့တာပဲ။ အဲ နောက်နှစ်လသုံးလကြာလာတော့ထင်ပါရဲ့။ အစတုန်းကလို ကြမ်းပေါ်မှာစာအုပ်ချပြီး ကုန်းရေးစရာမလိုတော့ပါဘူး၊ တင်ရေးစရာခုံတန်းရှည်ကလေးတွေ လုပ်လှူကြတဲ့ အလှူရှင်တွေပေါ်လာပါတယ်။ ကျုပ်ကတော့စစ်မဖြစ်ခင်ကလည်းငါးတန်း၊ ခုပြန်တတ်တော့လဲငါး တန်းမှာပဲနေရပါတယ်။ ကျုပ်အမေက ‘ကျောင်းဆရာမရဲ့သား စာ မလိုက်နိုင်ရင် သိက္ခာကျမယ်’ ဆိုပြီး အတန်းတက် မထားပါဘူး။ ကျုပ်မှတ်မိသေးတယ်။ ကျုပ်နဲ့အတန်းဖေါ်သိန်းအောင်ဆိုတဲ့ကောင်က တနေ့အင်္ဂလိပ်စာ ဆရာမကို ထမေးတယ်။ာ.သ.အ.့.န.မ မိုးသားဆိုတာ ဘာလဲဆရာမတဲ့။ တတန်းလုံးရော တကျောင်းလုံးရော ပွဲကျသွားပါတယ်။ အဲသည်ကောင်နောင်အခါကြီးလာတော့ ဟံသာဝတီခရိုင် စက်ရှင်တရားသူ ကြီး ဖြစ်သွားတယ်။ အဲသည်တုန်းက အတန်းဖေါ်ပဲ။ ကြည်ညွန့်ဆိုတဲ့ကောင် နောင်အခါ စစ်ဗိုလ်ကြီးဖြစ်ပြီး သာသနာရေးဝန်ကြီးဌာနဝန်ကြီးဖြစ်တယ်။ အဲ သည်တုန်းက အတန်းဖေါ်ပဲအမြဲတန်းပြုံး ချိုနေတတ်တဲ့ မောင်စိုးဆိုတဲ့ကောင် နောင်အခါကွန်မြူနစ်ဖြစ်၊ တောခိုပြီးတောထဲမှာပဲ တိုက်ပွဲကျသလား၊ ငှက်ဖျားမိသေသလား မသိ၊ သတင်းအစအန ပျောက်သွားတယ်။ ကျုပ်မှတ်မိသမျှ ကျောင်းနေဘက်တွေကို ပြောပြတာပါ။ ကျန်တာတွေ တော့ နောင်တနှစ်မှာစစ်ကိုင်းမြို့ထဲကို ကျောင်းပြောင်း၊ ကျုပ်တို့လဲ မန္တလေးပြန်ပြောင်းနဲ့ လူချင်းလဲကွဲကုန်ကြရလို့ မေ့ကုန်ပါပြီ။ ဆိုတော့ကာ ပြောစရာကကျုပ်တို့ မေမေကြီးကြီး အကြောင်းပဲ ကျန်ပါတော့တယ်။ နော့… ကျုပ်တို့မိသားစုကြီးထဲမှာ ထူးခြား ပြောင်းလဲနေ တာက သူတယောက်ပဲရှိတာကို။ စစ်မဖြစ်ခင်တုန်းက လင်နဲ့သားနဲ့ အိမ်ထောင်ပြည့်။ လူလဲအကောင်းပြကတေ့။ ဟောစစ်မီးလဲငြိမ်းရော။ နေရပ်ဟောင်းကို ပြန်ပြောင်းကြမယ် ဆိုတော့ အနားမှာယောက်ျားလဲမရှိတော့ဘူး။ သူ့ဆရာကြင်လဲစူဠလိပ်၊ တခါတည်းပြန်ပေါ် မလာတော့ဘူး။ မေမေကြီးကြီးလဲ မျက်စိလုံးဝမမြင်တော့ဘူး။ ဘယ်လိုဖြစ်သွားရတာလဲ ဆိုတော့စစ် ကိုင်းတောင်ရိုးက ငလျင်ကြောကျောက် တောင်မဟုတ်လား။ အောက်က ပူတာပေါ့။ သည်အထဲများသောအားဖြင့် ဖိနပ်ကလဲမ စီးဖြစ်တော့ ကျောက်ပူမိ ကျောက်ခိုး ရိုက်တာနေမှာပေါ့။ လူတိုင်းလဲသူ့လိုစီးလိုက် ချွတ်လိုက်နေကြရတာပါပဲ။ ဘာကြောင့် သူ့ကျမှရွေးဖြစ်ရသလဲဆိုတော့ ဝဋ်နာကံနာလို့ပဲ လူမတန်ပြောရမလားမသိပါဘူး။ သူ့ကျမှ ခြေဖဝါးတွေခြေဖနောင့်တွေက ပပ်ကြားတွေအက်ပြီး ကွဲကုန်သတဲ့လေ။ အဲဒါကို အရှေ့တောကလယ်သူမ ကောက်စိုက်သမတွေ ခြေထောက်ဝဲစားတော့ ကုလေ့ရှိကြတဲ့ ဇာတ်ကြမ်းတိုက်ဆေးမြီးတိုနဲ့ကုသတဲ့။ ကျောက်ပြင်ဖင်မှာ ရေနံချေးနဲ့ဆားကို ကျိတ်သွေးပြီး ခြေဖဝါးပပ်ကြားအက်တွေ ထဲထည့်သတဲ့။ ထွန့်ထွန့်လူးပေါ့။ ခံရတဲ့ ဝေဒနာက မျက်ရည်ပေါက်ကြီးငယ်တွေကျ၊ မသက်သာလှဘူး။ ဒါပေမယ့်ပျောက်သလားဆိုတော့၊ ဟုတ်နိုးနိုးငုပ်လျှိုးသွားတာနေမှာပေါ့။ လမ်းတော့ပြန်လျှောက်လာနိုင်ပါရဲ့။ ဒါပေမယ့် အထက်တက် မျက်စိလာခိုက်ပြီး၊မှုန်ရာက ဝါး… ဝါးရာကနေတ ဖြေးဖြေးနဲ့ လုံးဝကွယ်သွားရတော့တာပါပဲ။ အင်း… ကံကွက်ကျားပြီး သူ့မှရွေးဖြစ်ရလေတော့၊ ဒွေးရော ဥပါဒ်ရောဆိုသလို ကျုပ်တို့မေမေကြီးကြီးလဲ စိတ်ပါခပ်နောက်နောက် ဖြစ်သွားတော့တာပါပဲ။ အရင်ကဓမ္မစကြာတွေ ပဋ္ဌာန်းတွေသာ အစဉ်ရွတ်ဆို လေ့ရှိတဲ့ကလျာဏယုဝပါးစပ်… ခုတော့ ငယ်တုန်းကကြည့်ဖူးထားတဲ့ ဇာတ်ပွဲတွေထဲကသီချင်းတွေချည့် သံနေသံထားနဲ့ ပြန်ဆိုနေ တော့တာပါပဲ။ ကျုပ်အဖို့ကတော့… ဒုတ်ဆွဲတွဲပို့တွဲခေါ်နဲ့ ဆေးပြင်းလိပ်မီး ခဏခဏညှိပေးရ ကျိုးနပ်ပါတယ်။ ရှေးဇာတ် သီချင်းပေါင်းချုပ်စာအုပ်ကြီးအပိုင်ရထား လိုက်သလိုပါပဲ၊ အရှုံးထဲကအမြတ်ပြောပါတော့။

ဆိုတော့ကာ… ဇာတ်လမ်းကိုချုပ်ရရင် မေမေကြီးကြီးလဲ ခုတော့ဘယ်ရှိပါတော့မလဲ။ မေမေကြီးကြီးမပြောပါနဲ့၊ ကျုပ်အမေ့ မျိုးဆက်လဲတမျိုးဆက်လုံး ဆုံးကုန်ကြပါပြီ။ ကျုပ်တို့နို့စို့ ဖက်မောင်နှမသုံးယောက်ထဲကတောင် စိန်မေတယောက်ပြုတ်နှင့်ပြီ။ ‘စန်းငွေ’ နဲ့ ကျုပ်ပဲကျန် တော့တယ်။ အမယ် ကျုပ်တောင် မြစ်တယောက်ရနေပြီ။ မြစ်မကလေးကို သူ့အဖွါး ကျုပ်သမီး ‘အိမ့်’ က ကျုပ်နာမည်ပေးနည်းအတိုင်းလိုက်ပြီး တလုံးတည်းပေးထားတယ်၊ တနင်္လာသမီး မို့… ‘ခ’တဲ့။ သူမသိဘူးရယ်။ ‘ခ’ဆိုတာ သူမမှီလိုက် မတွေ့ဖူးလိုက်ရတဲ့ ကျုပ်တို့ မေမေကြီးကြီးရဲ့နာမည်။ မေမေကြီးကြီးရဲ့ ငယ်နာမည်က ‘မခ’…။ ကြီးလာတော့ ‘ဒေါ်ခ’…ပေါ့။

မောင်သာရ


မှတ်ချက်။ ။ မန္တလေးဂေဇက်ဒီဇင်ဘာလထုတ် (၂ဝဝ၉) တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။
သရုပ်ဖေါ်ပုံကို ပန်းချီသန်းဌေးမောင်မှ ရေးဆွဲပါသည်။

မောင်ရင်ငတေ ● ပင်လယ်မရှိတဲ့ မြေကမ္ဘာသို့ စာစု (ပိုလန်နယ်စပ်သို့ တညအိပ် - အပိုင်း ၂)

$
0
0
မောင်ရင်ငတေ ● ပင်လယ်မရှိတဲ့ မြေကမ္ဘာသို့ စာစု (ပိုလန်နယ်စပ်သို့ တညအိပ် - အပိုင်း ၂)
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈

ပိုလန်နယ်သို့ အဝင်ဝ (ဓါတ်ပုံ မရငတ)

Polska
(Rzeczpospolita Polska) (Pologne) (Poland)
ပိုစကာ (သို့မဟုတ်) ပိုလန်
သူတို့ ဒေသခံတွေက Polska
အိမ်နီးချင်း ချက်တွေက Polsko
အိမ်နီးချင်း ဂျာမန်တွေက Polen
ပြင်သစ်စာ အသိုင်းအဝိုင်းက Pologne
အင်္ဂလိပ်စာ အသိုင်းအဝိုင်းကတော့ Poland

ပိုလန်နယ်စပ်သို့ တညအိပ် ပထမပိုင်းရေးခဲ့ရာမှာ ပရာဟာမြို့တော်ကနေ နယ်စပ်စည်းရောက်တဲ့အထိ စာမျက်နှာ ၂၉ မျက်နှာရှိသွားခဲ့လို့ ဒုတိယပိုင်းအဖြစ် ပိုလန်နယ်အကြောင်းစစ်စစ်ကို ဆက်ပြီးရေးပါမယ်၊ Salut Polska Witamy Polska ကြိုဆိုလှည့် ကြိုဆိုလှည့်ပါ “Polska”  “ပိုစကာ” ရေပေါ့...။

 
Road to Polska, Droga Wojewódzka  (DW368) ပိုလန်မြေသို့ အဝင်ဝ (ဓါတ်ပုံ မရငတ)

ပိုလန်မြေတော့ ရောက်လာခဲ့ပါပြီ၊ လမ်းအမှတ်ကလည်း DW368 ဖြစ်သွားပါပြီ၊ လမ်းကတော့ သိပ် အကောင်းကြီး မဟုတ်ပါဘူး၊ နှစ်လမ်းမောင်း ခပ်ကြမ်းကြမ်းသာပါ၊ လမ်းခလယ်က စည်းတောင်မရှိ ပါဘူး၊ DW368 နယ်စပ်အဝင်လမ်းကတော့ ဆယ်ကီလိုမီတာကျော်ကျော်ထိ မြို့မရှိ ရွာမရှိ အိမ်မရှိ လမ်းပါ၊ ထင်းရူးပင်တွေနဲ့သာ အုပ်မိုးထားတဲ့ တကယ့်နယ်စပ်လမ်းပါ၊ DW368 ဆိုတာက ပိုလန်လို Droga Wojewódzka ပါ၊ ဂူဂဲလ်မှာ ဘိုလို ဘာသာပြန်တာ ကြည့်တော့ Provincial Road No.368 ပြည်နယ်လမ်း အမှတ် (၃၆၈) လို့ ပြန်ပါတယ်၊ ပိုလန်လို Droga ဆိုတာက ကားလမ်းပါတဲ့။

လမ်းအမှတ် (၃၆၈) အဆုံးနားရောက်ခါနီး တောင်ဆင်းကွေ့တွေ လွန်လာခဲ့တော့ ထင်းရူပင်ပျိုတွေ အများအပြား စိုက်ပျိုးထားတာကို တွေ့ရှိရပါတယ်၊ တခြား ဘာ စိုက်ခင်းပျိုးခင်းကိုမှ မတွေ့ရှိရပါဘူး၊ လမ်းကတော့ နေရာတော်တော်များများမှာ ကားနှစ်စီး လွတ်သာရုံ ကျဉ်းကျဉ်းမြောင်းမြောင်းသာပါ၊ တချို့နေရာတွေမှာတော့ လမ်းဘေး သစ်ကိုင်းကြီးတွေနဲ့ ထိလုမတတ်ပါ၊ လမ်းအနေအထား ကြည့် ရုံနဲ့တင် ဒီလို နယ်စပ် ဝေးလံခေါင်ဖျား လမ်းကြမ်းတွေပေါ်ကို သူတို့ မြို့ကြီးသား ပိုလန်တွေတောင် ရောက်ဖူးကြမယ်လို့ မထင်မိသလို ရွှေပြည်တော်သားတွေထဲမှာလည်း ပိုလန်ရဲ့မြို့တော်ဝါဆောကို ရောက်ဖူးကြချင် ရောက်ဖူးကြမယ်၊ ဒီခရီး ဒီလမ်း ဒီဒေသ ကိုတော့ မောင်ရင်ငတေတို့ တသိုက်သာ ပထမဦးဆုံး ရောက်ဖူးကြသူများဖြစ်ဖို့ များလှပါတယ်လို့ ပြောဖြစ်ရင်း ရီမိကြပါသေးတယ်။

သို့သော်လည်း နယ်စပ်မျဉ်းဖြတ်သန်းလာတုန်းကလည်း ဘာအစစ်အဆေးမှမရှိသလို နယ်စပ်လမ်းတလျှောက်မှာလည်း လုံခြုံရေးနဲ့တူတာဆိုလို့ ရဲကားတစီးကို လမ်းဆုံတခုနားမှာရပ်ထားတာကိုသာ ဖျတ်ခနဲ မြင်တွေ့ရတာမို့ နယ်စွန်နယ်ဖျားဆိုပေမယ့် ဒီနယ်မြေက အတော်လေးအေးချမ်းမှု ရှိပါလိမ့် မယ်လို့ မောင်ရင်ငတေ ထင်မိကြောင်းပါ၊ ဒါတောင်မှ ရဲကားတွေ့ခဲ့ရတာ နယ်စပ်စည်းနားမှာမဟုတ် ပါဘူး၊ ပိုစကာမြေထဲသို့ ဆယ့်ငါး ကီလိုမီတာကျော်ခန့် ရောက်ပြီးမှ တွေ့ခဲ့ရတာပါ။

 
Road to Polska (DW369) (ဓါတ်ပုံ မရငတ)

လမ်းအမှတ် (၃၆၈) နဲ့ (၃၆၉) ဆုံတွေ့ပြီး တခဏမျှမောင်းရပါတယ်၊ (၃၆၉) လမ်းကလည်း ထိုနည်း တူပါ၊ လမ်းက ခပ်ကျဉ်းကျဉ်းသာပါ၊ ထင်းရူးပင်တွေချည်းသာပါ၊ လမ်းနဘေး ထင်းရူးပင်တွေ ကာရံ အုပ်မိုးထားတော့ ဘာရှုခင်းရူကွက်မှ ကောင်းကောင်းမမြင်ရပါဘူး၊ နေကလည်းမထွက်တထွက်သာ ဆိုတော့လည်း ပိုဆိုးတာပေါ့လေ၊ ကားထဲမှာ ဟီတာ ဖွင့်ထားတာတောင် အပြင်ဘက်ရဲ့ အေးစိမ့်မှု က သိသာလှပါတယ်၊ ဒါတောင် ဆောင်းအကုန်နွေအကူး ဧပရယ်လမို့သာပေါ့၊ ဆောင်းတွင်းစစ်စစ် သာဆိုရင်တော့ ပြောဖွယ်ရာ မရှိတော့ပါဘူး၊ ဒါကြောင့်လည်း ဒီလို အေးစက်စက် ခြောက်ကပ်ကပ် ကုန်းခေါင်ခေါင် တောတွေတောင်တွေကြားမှာ သူတို့ဒေသခံပိုစကီးတွေတောင်မှ မြို့ရွာလာမတည် ကြတာနေပါလိမ့်မယ်၊ နောက်မကြာခင် လမ်းအမှတ် (၃၆၇) ဆုံတွေ့ရပြန်ပါတယ်၊ လမ်းဆုံ ဆိုရပေ မယ့်လည်း ကွမ်းယာဆိုင်မရှိ အကြော်ဆိုင်မရှိ ကားစောင့်သူမရှိ ဆိုင်းဘုတ် သုံးလေးခုနဲ့ ကားတစီး ရပ်နားနေတာသာ တွေ့မြင်မိပါတယ်၊ လမ်းဆုံမှာ ခဏနားအမောဖြေ ချက်နယ်စပ်ဘက် ကုန်းတက် ကြီးကို အားစိုက်နင်းလို့တက်သွားတဲ့ စက်ဘီးသမားလေးငါးခြောက်ဦးကို တွေ့ရပါတယ်၊ စက်ဘီးစီး ဝတ်စုံပြည့်နဲ့မို့ ဒီဒေသသားတွေတော့ မဖြစ်လောက်ပါဘူး။

 
Road to Polska (DW367) (ဓါတ်ပုံ မရငတ)

လမ်းဆုံကျော်တော့ လမ်းအမှတ် (၃၆၇) အတိုင်း ဆက်လက်မောင်းလာကြပါတယ်၊ လူသူအရိပ်အ ရောင်တော့ တွေ့စပြုလာပါပြီ၊ နောက်ထပ် စက်ဘီးသမားလေးငါးဦး ချက်နယ်စပ်ဆီသို့ နင်းသွားကြ တာ တွေ့ရပြန်ပြီး ကားသုံးလေးစီးရပ်ထားတဲ့ ကွက်လပ်ကို ကျော်လွန်လာတော့ လမ်းကလည်း ပိုမို ကျယ်လာသလိုပါ၊ တောင်ခါးပန်း တခုကို ကွေ့ပတ်ဖောက်ထားတဲ့ လမ်းပြေပြေ နေရာရောက်တော့ ကားလမ်းမရဲ့ ဘယ်ဘက်အခြမ်းမှာ သာယာလှပတဲ့ ပိုစကာမြေရဲ့ သဘာဝအလှကို ဘွားကနဲလှမ်း မြင်တွေ့လိုက်ရပါတယ်၊ အလွန်တရာ လှပတဲ့ သဘာဝ ပန်းချီကား တချပ်ပါ။

တခြားတော့ မဟုတ်ပါဘူး၊ မနက်က တောင်ခြေသို့ ရောက်ခဲ့ပြီးမှ တောင်ထိပ်ပေါ် မတက်ဖြစ်ခဲ့ရတဲ့ Sněžka တောင်ထွဋ်ကို အတော်ကြီး ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရခြင်းပါ၊ ပထမတော့ သိပ်ပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့ရခြင်း မဟုတ်သေးပါဘူး၊ လမ်းကွေ့တွေကများတာရယ် အပင်ကြီးတွေနဲ့ ကွယ်နေတာရယ် Sněžka ထက်နည်းနည်းနိမ့်တဲ့ SkalnyStół တောင်ကြီးက သူ့အရှေ့ကကွယ်နေ တာကြောင့်ရယ်ပါ၊ ဒီ Krkonoše တောင်တန်းတလျှောက် တောင်ထွဋ်ပေါင်း ဆယ်ခြောက်ခုရှိတယ် ဆိုပါတယ်၊ ချက်မြေမှာတော့ Sněžka တောင်က အမြင့်ဆုံးဖြစ်ပေမယ့် ပိုစကာမြေအရှေ့ဘက်ခြမ်း မှာတော့ ဒီထက် မြင့်တာတွေ အများကြီး ရှိပါတယ်တဲ့။
 

 
Road to Polska (Śnieżkę) (ဓါတ်ပုံ မရငတ)

Kowary ကိုဗာရရ် မြို့လမ်းခွဲ ရောက်ခါနီးလာတော့ မြေပြန့်နီးပါး ဖြစ်သွားခဲ့ပါပြီ၊ ရေခဲတောင်ကြီးကို အထင်းသား မြင်တွေ့ လာရပါပြီ၊ မောင်ရင်ငတေလည်း ဒီလမ်း ဒီခရီး လာရကျိုးတော့ နပ်ပါပြီဆိုပြီး အပင်ပန်းခံ ကားမောင်းပို့သူ ပရာဟာသား ချက်ကရီကြီးကို ကျေးဇူးအခါခါ တင်ရပါတော့တယ်။

မနက်က ချက်မြေဘက်ခြမ်းမှာ ဒီလောက်နီးနီးကပ်ကပ် ရှင်းရှင်းလင်းလင်း မမြင်တွေခဲ့ရပါဘူး၊ချက်ဘက်အခြမ်းက တောင်ကုန်းတောင်တန်း ပိုမိုပြီး ထူထပ်နေတာလည်း ပါတယ် ထင်မိပါရဲ့။ဒီရေခဲတောင်ကို ချက်လို Sněžka  ပိုလန်လို Śnieżkę  ရေးပါတယ်။ ဒါပေမယ့်လည်း နားမကောင်းတဲ့ မောင်ရင်ငတေကြားရတဲ့အသံအတိုင်း အနီးစပ်ဆုံး ရွှေစကားနဲ့ရေးရမယ်ဆိုရင်တော့ “စညေ့ရှ်ကာ” သာပါ။ ရွှေအဓိပ္ပါယ်ကတော့ ဆီးနှင်း ဖြူဖြူ ဆီးနှင်းဖြူ၊ နှင်းဖြူတောင် အမည်ရပါတယ်။

အဲဒီ Sněžka နှင်းဖြူတောင်က ချက်-ပိုလန် နှစ်နိုင်ငံ သဘာဝ နယ်စပ်စည်းအဖြစ် တည်ရှိနေတာပါ၊ အမြင့်ပေ ငါးထောင့်သုံးရာ (၁၆၀၀ မီတာ) နီးပါး မြင့်ပါတယ်၊ အဲဒီ အနီးနား တဝိုက်မှာတော့ အမြင့် ဆုံးသော တောင်ထွဋ်ပါ၊ တောင်တည်ရှိရာက ချက်မြေဘက်မှာ များပါတယ်၊ တောင်ထိပ်ပေါ်တက် ဖို့ လွယ်တာကတော့ ချက်ပြည်ထောင်စု ဘက်ကပါ၊ ပိုလန်ဘက်အခြမ်းကတော့ မတ်စောက်လှတဲ့ ချောက်ကမ်းပါးကြီးတွေကြောင့် အပေါ်ထိပ်ထိ ရောက်ဖို့က မလွယ်ကူလှပါဘူး၊ အဲဒါကြောင့်မို့ ရေခဲတောင်တက် စီးပွားရေးလုပ်ငန်းတွေက ချက်မြေဘက်မှာ ပိုမိုလွယ်ကူစွာ ဖြစ်ထွန်းလာခဲ့ကြဟန် တူ ပါတယ်၊ စစ်ရေးစစ်ရာမှာလည်း ဟိုးအတိတ်တချိန်က ချက်ကရီတွေအတွက် အရေးပါ အရာရောက် ခဲ့ပါတဲ့ ခံကတုတ် တခုလို့ ပြောစမှတ် ရှိခဲ့တဲ့ နယ်မြေပါ။

 

 
Road to Polska (Śnieżkę ,  Kowary) (ဓါတ်ပုံ မရငတ)

အမြင့်ပေ ၅၂၅၉ သာရှိတာမို့ သိပ်မြင့်လှပါတယ် မပြောနိုင်ပါဘူး၊ ပုပ္ပားတောင်ထက် ၂၇၉ ပေသာပိုမြင့်ပါတယ်၊ ဒါပေမယ့် မောင်ရင်ငတေတို့ ရောက်ခဲ့တဲ့ ဒီလိုဧပရယ်ကာလမှာ တောင်ထိပ်ပိုင်းနေရာ တော်တော်များများမှာ ဆီးနှင်းဖြူတွေ လှပစွာ ရှိနေဆဲပါ၊ ဆောင်းတွင်းကာလ ဂျန်နဝါရီ ဖေဖော်ဝါရီ ဆိုရင်တော့ တတောလုံး တတောင်းလုံး ဆီးနှင်းဖြူဖြူတွေနဲ့ ဖြူဖြူဖွေး နေမှာဖြစ်ပြီး အနှုတ် ၂၀-၂၅ ဒီဂရီကတော့ အသာလေးပါ၊ တောတောင်တွေ ဖွေးဖွေးဖြူနေပေမယ့် အလင်းရောင်ကို မြင်တွေ့ခွင့် ရနိုင်တာက မနက် ဆယ်နာရီ မွန်းလွဲ သုံးနာရီ အတွင်းလောက်မှာ သာပါ၊ လေတိုက်လွန်းလို့လည်း အအေးဓာတ် နှစ်ဆမက ပိုတတ်ပါတယ်၊ တခါတရံမှာ Jet Stream အနောက် လေအေးစီးကြောင်း ခပ်ကြမ်းကြမ်းလေး တိုက်ခိုက်လာပြီ ဆိုရင်တော့ အိမ်တွင်းပုန်းသာ နေကြရတော့ပါတယ်တဲ့။

သို့သော်လည်း ရာသီဥတု ဘယ်လောက်ဆိုးဆိုး ရေခဲတောင်တက် ပရိသတ်က တနှစ်ထက်တနှစ် ပိုပိုသာ များလာနေလို့ ပိုလန်သားတွေလည်း ပြောင်းလဲလာတဲ့ ခေတ်ကြီးနဲ့အမီလိုက် ရေခဲတောင် အမှီပြု စီးပွားရေးကို ချက်တွေထက် မသာသေး တောင် နောက်မကျန်ရစ်အောင် လိုက်လာနေပါပြီ။

ဆွစ်ဇာလန်နဲ့ ပြင်သစ်ကြီးတို့ရဲ့ မူလပထမ အဲလ်တောင်တန်းပေါ်က ရေခဲတောင်များကို တက်ဖို့က စရိတ်စကတွေ မြင့်မြင့်တက်လာတာကြောင့် ရေခဲတောင်တက်သမားတို့လည်း ဈေးသက်သာရာကို ရှာဖွေလာကြတာရယ် မရောက်ဖူးသေး တဲ့ဒေသများကို ရောက်ဖူးချင်ကြတာရယ်ကြောင့် ရင်းနှီးမြှုပ် နှံသူတွေအတွက် ဒီဒေသရဲ့ ရေခဲတောင် တဆယ့်ခြောက်လုံးကို မျက်စေ့ကျလာကြခြင်းပါ။ အဓိက အချက်ကတော့ ဒီဒေသရဲ့ အထွေထွေ ကုန်ဈေးနှုန်း သက်သာမှုကြောင့် ဖြစ်နိုင်ပါတယ်။


Road to Polska (Śnieżkę , DW367) (ဓါတ်ပုံ မရငတ)


(၃၆၆) လမ်းဆုံမှာကွေ့  ညာဘက် တောင်ဘက်ကိုချိုး Kowary မြို့စွန်ထွက်လာတော့ လမ်းက ပြန် ကျဉ်းသွားပါပြီ၊ မောင်ရင်ငတေတို့ကားက အရှေ့ကနေ အနောက်သို့ သွားနေတာဖြစ်ပြီး ကားလမ်း အရှေ့ ခပ်လှမ်းလှမ်းမှာတော့ တောင်တန်းတွေက ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ပါ။

မောင်ရင်ငတေတို့ ဦးတည်သွားမှာက ဒီဒေသရဲ့ အကြီးဆုံးမြို့ ခရိုင်မြို့ဖြစ်တဲ့ Jelenia Góra မြို့ကို ပါ၊ Kowary မြို့လေးကနေ (၃၆၇) လမ်းမက တိုက်ရိုက်ရောက်ပါတယ်၊ ဒါပေမယ့် ဘာကြောင့်ရယ် မသိပါဘူး၊ Jelenia Góra ကို သွားတဲ့ (၃၆၇) လမ်းကို ပိတ်ထားတာကြောင့် လမ်းအမှတ် (၃၆၆) မှ ပတ်သွားရပါတယ်၊ (၃၆၆) လမ်းဘက်ကနေ ပတ်သွားရတော့ မောင်ရင်ငတေ စိတ်ကြိုက်ဖြစ်ရတာ ပေါ့လေ၊ ဒီနေရာက မြေပြန့်လွင်ပြင်ကျယ်ကြီး အလယ်မှာ တည်ရှိနေတာပါ၊ တောကျေးလက်လမ်း လေးတွေက တောကျေးရွာလေးတွေကြားက ကွေ့ကွေ့ကောက်ကောက်နဲ့ ပတ်ဝိုက် သွားရတာမို့လို့
လမ်းဖြောင့်ဖြောင့်တန်းနေတာ မရှိသလောက်ပါ။

မြေပြန့် လွင်ပြင်ကျယ်ဖြစ်လို့ စိုက်ခင်းပျိုးခင်းတချို့ကို တွေ့မြင်လာရပါတယ်၊ ခပ်သေးသေး ရွာလေး တွေ သုံလေးကီလိုမီတာ အကွာမှာ တရွာ တည်ထားသလိုမို့ စက်ဘီးစီးသူ လမ်းလျှောက်သူများကို တွေ့ရပါတယ်၊ ဘတ်စ်ကား ဂိတ်လေးတွေကို တွေ့ရပေမယ့် အများဆုံးမှ တနာရီ တစီးလောက်သာ လာတာ ဖြစ်မှာမို့ ကားဂိတ်မှာ ကားမျှော်နေသူ များများစားစား မတွေ့ရပါဘူး။

 
Road to Polska (DW366) (ဓါတ်ပုံ မရငတ)
 

 
Road to Polska (Jeleniogórska) (ဓါတ်ပုံ မရငတ)

Zbiornik Sosnówka (Sosnówka Reservoir) ရေကန်ကြီးနားကို ရောက်လာတော့ (၃၆၆) လမ်း ကနေ ညာဘက် တောလမ်းကျဉ်းကျဉ်းလေးသို့ ကွေ့ချိုးမောင်းဖို့ ဂျီပီအက်စ်ထဲက အသံချိုချိုလေးနဲ့ လမ်းညွှန်လာပါတယ်၊ ဒီတညအိပ်ခရီး သွားခဲ့ရတဲ့ တောလမ်းကျဉ်းတွေထဲမှာ အကျဉ်းဆုံးလမ်းပိုင်းဖြစ်ပါတယ်၊ အိပ်ခြေ နည်းနည်း နည်းနည်းစီသာ လမ်းတလျှောက် အဆက်မပြတ် တွေ့ခဲ့ရပါတယ်။

ရွာရယ်လို့ ဟုတ်တိပတ်တိ မရှိပါဘဲ ခပ်ကြီးကြီး ရွာဆိုလို့  Staniszów ဆိုတဲ့ ရွာဝင်ဆိုင်းဘုတ်တခုကိုသာ တွေ့မြင်ခဲ့ပါတယ်၊ ဘတ်စ်ကားတောင်ပြေးတဲ့လမ်း ဟုတ်ဟန်မတူပါဘူး၊ လမ်းအမှတ်လည်းမရှိပါဘူး၊ လမ်းအမည်ကိုတော့ ဂူဂဲလ်မြေပုံမှာ Jeleniogórska လို့သာ ရေးထားတာ တွေ့ရပါတယ်။

ထင်းရူးပင်တန်းတွေကြား သီးပင်စားပင် စိုက်ပျိုးခင်းလေးတွေကြား ကွက်ကြားကွက်ကြား နေရာတ ချို့မှာတော့ တောတွင်းကြိုက် ခရီးသည်များအတွက် ဟော်တယ်လေးတွေ ရီဆော့တ်ခပ်သေးသေး လေးတွေရဲ့ လမ်းညွှန်ဆိုင်းဘုတ်လေးတွေကိုတော့ တွေ့ရှိရပါတယ်၊ အများအားဖြင့်ကတော့ ဒေသ ခံတွေရဲ့ ခြံဝန်းကျယ်ကျယ် (တကယ်တော့ ခြံဝန်းလို့တောင် ပြောလို့ မရနိုင်ပါဘူး၊ ဟုတ်တိပတ်တိ ကာရံထားတာမျိုးမှ မဟုတ်တာလေ) တွေထဲက တိုက်ပုပုလေးတွေသာ အရှိများပါတယ်၊ ဒါပေမယ့် တောခေါင်ခေါင် လမ်းကျဉ်းကျဉ်းပေမယ့် အိမ်ကလေးတွေက နေချင်စရာ လှတပတ သန့်ရှင်းနေသ လို အမှိုက်ကားသန့်ရှင်းရေးသမားတွေကလည်း တာဝန်ကျေကြဟန် တူပါတယ်၊ ဒီလို နေချင်စဖွယ်
အိမ်လေးတွေ တွေ့ရသလို ပိုင်ရှင်မနေ စွန့်ပစ်ထားဟန်ရှိတဲ့ ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ အိမ်အိုအိမ် ဟောင်းတွေလည်း အများအပြားပါ၊ အခုတော့ တန်ဖိုးနည်း အိမ်အိုများ ဖြစ်နေပေမယ့် မကြာခင်မှာ ဈေးကွက်ဝင်လာပြီး တန်ဖိုးကြီး အိမ်ယာများ ဖြစ်မလာဘူးလို့ ဘယ်သူ ပြောနိုင်ပါမည်နည်း။

 
Road to Polska (Jeleniogórska) (ဓါတ်ပုံ မရငတ)

အိမ်လေးတွေ ခြံလေးတွေကတော့ နေချင်စဖွယ်ပါ၊ နှင်းများရာ ဒေသဆိုတော့ မတ်စောက်စောက် ခပ်ချွန်ချွန် ခေါင်မိုးလေးတွေနဲ့ မှတ်တမ်းတင်ဖို့ ကောင်းလှတာမို့ မဖြစ်မနေ မှတ်တမ်းတင်ရတာပေါ့၊ ဒီလို သာသာယာယာနဲ့ နေချင်ဖွယ်ရာ ဘယ်လောက်တောင် ကောင်းနေပေမယ့် မြို့ပြလူသားတွေ မောင်ရင်ငတေတို့လို ကောင်တွေကတော့ တကယ်တမ်း လာနေမလား ဆိုရင် လာမနေနိုင်ပါဘူး။

တောတွေတောင်တွေ ရေကန်တွေ စိမ်းလန်းတာတွေ ငြိမ်းချမ်းတာတွေ အေးမြတာတွေ ဘာတွေရှိ ရှိပါ၊ လူတွေကြား ကားတွေကြား ဆိုင်တွေကြား အပူအရှုပ် ဆူညံမှုတွေကြား နေသားကျနေလေခဲ့ တာက ကြာပြီဖြစ်လို့ ဒီလို နေရာမျိုးကို အားလပ်ရက် အလည်လေး ခဏလာပြီး တောင်ရေးမြောက် ရေး ရေးနေတာနဲ့ ကျေနပ်နေတတ်တဲ့ မောင်ရင်ငတေလို လူစားမျိုးတွေသာ များလှတာပါ။

ဒီပိုလန်တောလမ်းကို ရောက်လာတော့ မောင်ရင်ငတေ ပြီးခဲ့တဲ့နှစ်ကုန်ကသွားခဲ့တဲ့ ထိုင်းအနောက် မြောက်ပိုင်းဒေသက မယ့်ဟောင်ဆောင်တို့ မယ့်ဆရီယန်တို့ ပိုင်တို့ ဖန်းတို့ကိုတောင်မှ သတိယမိပါ သေးတယ်၊ ဖွင့်ဖြိုးမှု တိုးတက်မှု လမ်းပန်းဆက်သွယ်ရေး ခရီးသွားလုပ်ငန်း အစရှိသဖြင့် ထပ်တူညီ မဟုတ်ပေမယ့် အတော်ဆင်တူတဲ့ သဘောရှိပါတယ်၊ သို့ပေမယ့်လည်း ထိုင်းအနောက်မြောက်ပိုင်း ကမှ ဒီမှာထက် ပိုမိုပြီး လူသွားလူလာ များပြားပါသေးတယ်။

လမ်းအမည် Mickiewicza ဆိုင်းဘုတ်ကိုတွေ့လိုက်ရပြီးနောက် ခဏအကြာမှာတော့ လူနေအိမ်ခြေ ခပ်စိတ်စိတ် တွေ့လာရပြီး လမ်းဘေးပလက်ဖောင်းတွေ စရှိလာပြီး Jelenia Góra မြို့စွန်သို့ဝင်လာ ခဲ့ပါပြီ၊ ဘတ်စ်ကားဂိတ်ဝါဝါလေးတွေလည်း တွေ့မြင်လာရပါပြီ၊ မြို့အဝင်လမ်းလည်း ကျယ်လာပါပြီ၊ မြို့အဝင် ဘီးခွန်တွေ ဘာခွန် ညာခွန်တွေတော့ ကောက်တဲ့ ဂိတ်တော့ မတွေ့မြင်ရပါဘူး။

 
Road to Polska (Jelenia Góra) (ဓါတ်ပုံ မရငတ)

Jelenia Góra မြို့လယ်သို့ ရောက်လာပါပြီ၊ မောင်ရင်ငတေတို့ ပိုလန်တညအိပ် ခရီးရဲ့ အကြီးဆုံး မြို့ပါ၊ Jelenia Góra မြို့က Dolny Śląsk (Lower Silesia) ပြည်နယ်ထဲက ခရိုင်မြို့ကြီး တမြို့ပါ၊ ဒီ Silesia ဆိုတာကလည်း သူ့သမိုင်းကြောင်းနဲ့သူ ရှည်လျားစွာ တည်ရှိခဲ့တဲ့ နယ်မြေဒေသ တခုပါ၊

ဒီဒေသကို သွားသွားနေတော့ ဒီဒေသအကြောင်းကို အကျဉ်းချုပ်အဖြစ် မောင်ရင်ငတေ ဖတ်ထားမိ မှတ်သားထားမိသမျှကို ရေးချဖြစ်ခဲ့ပါတယ်၊ (မောင်ရင်ငတေရဲ့ အလွယ်သမိုင်းပေါ့)။ Silesia တို့ Bohemia တို့ Moravia တို့ အဲဒီ ဒေသကြီးတွေက ရှေးသမိုင်းတလျှောက် တသီးတခြား  တနိုင်ငံစီ သီးသန့်သမိုင်းကိုယ်စီနဲ့ပါ၊ Kingdom of Prussia (1701-1918) ခေတ်ရောက်လာတော့ လက်အောက်ခံ ပြည်နယ်များအဖြစ် အနှစ်နှစ်ရာကျော်မျှ နေခဲ့ရပါတယ်၊ ပရပ်ရှားတွေရဲ့ခေတ်ကုန် ဆုံးသွားပြီးနောက် Deutsches Reich ခေတ်ကိုရောက်လာတော့ ဂျာမန်အင်ပါယာ (၁၈၇၁-၁၉၁၈) Weimar Republic (၁၉၁၈-၁၉၃၃) နာဇီဂျာမဏီ (၁၉၃၃-၁၉၄၅) တိုရဲ့ အုပ်ချုပ်ခံဒေသများ ဖြစ်ခဲ့ ရပြန်ပါတယ်၊ စစ်ကြီးတွေ အပြီးမှာတော့ Bohemia တို့ Moravia တို့က Slovakia နဲ့ ပေါင်းစည်းပြီး  Czecho-Slovakia ဖြစ်သွားပါတယ်၊ Silesia ဒေသ အများစုကတော့ Polska နိုင်ငံထဲ ပါဝင်သွားပြီး Prussia ခေတ်တုန်းက Austria ကိုပေးအပ်ခဲ့တဲ့ အနောက်မြောက်ပိုင်း Silesia ဒေသနယ်မြေလေး ကတော့ ဒီကနေ့ Czech Silesia ဒေသ ဖြစ်လာခဲ့ပါတယ်၊ မောင်ရင်ငတေရဲ့ အလွယ်သမိုင်းပါ။
 

 
Road to Polska (Polacy) (ဓါတ်ပုံ မရငတ)

ချက်လူမျိုးတွေက Stožáry စတိုဂျာရရ် လို့ ခေါ်ကြတဲ့ Polacy ပိုလာဆယ်ဇ် ခေါ်  Poles ပိုးလ် ခေါ် Polish ပိုလန်လူမျိုးတွေရဲ့ ပုံပန်းသဏ္ဍာန်တွေ စရိုက်တွေက မြောက်ပိုင်း ဂျာမန်တွေနဲ့ ခပ်ဆင်ဆင် ပါ၊ နှစ်ပေါင်းများစွာ ဂျာမန်တွေရဲ့ လွှမ်းမိုးမှု ခံခဲ့ရတာကြောင့်လည်း ပါနိုင်ပါတယ်၊ ဒီကနေ့ ဂျာမဏီ ရောက်ရှိ အခြေချ နေထိုင်နေတဲ့ ပိုလန်လူမျိုးကတင် သုံးသန်းလောက်ရှိပြီး ခဏတဖြုတ် ရောက်ရှိ အလုပ်လုပ်ကိုင်နေသူတွေကလည်း မြောက်များစွာပါ၊ ပိုလန်တွေရဲ့ ပုံစံကတော့ နီစပ်စပ်အသားဖြူ ဖြူနဲ့ ထောင်ထောင်မောင်းမောင်း ခပ်ကြမ်းကြမ်း ရိုးသားအေးဆေးတဲ့ပုံတွေ များပါတယ်။
ပြင်သစ်ပြည်မှာလည်း ဟိုးအရင့်ရင်ခေတ်အဆက်ဆက်တည်းက ပိုလန်နွယ်ဖွားတွေ ပိုလန်ဂျူးတွေ မြောက်များစွာ လာရောက် အခြေချ နေထိုင်ခဲ့ကြတာပါ၊ ပိုလန်နွယ်ဖွား တသန်းခန့် ပြင်သစ်ပြည်မှာ ရှိတယ် ဆိုပါတယ်၊ မောင်ရင်ငတေ ပြင်သစ်ရောက်ခါစ ပြင်သစ်စကားပြောသင်ရင်းနဲ့ တွေ့ခဲ့ဖူးပါတဲ့ ပိုလန်မလေးကတော့ ယဉ်ယဉ်ကျေးကျေး အေးအေးဆေးဆေးပါ၊ ဒါပေမယ့် သူတို့ ရိုးရာ စားကြတဲ့Bigos Hunter's Stew အသားပေါင်းစုံ ရောသမမွှေထားတာနဲ့ ပေါင်မုန့် ခပ်ကြမ်းကြမ်းကြီးကတော့ မောင်ရင်ငတေ့ ငပိ ငံပြာရည်စားတဲ့ အာနဲ့လျှာနဲ့ ဘယ်လိုမှ ပေါင်းစပ်လို့ မရနိုင်ခဲ့ပါဘူး၊ သြော် ဗမာ အစာသည် ဒို့အစာ၊ ဗမာ အစားသည် ဒို့အစား မဟုတ်ပါလား။
 

 
Road to Polska (Jelenia Góra) (ဓါတ်ပုံ မရငတ)

Jelenia Góra မြို့က ဒီဒေသ ဒီခရိုင်မှာတော့ မြို့ကြီးတမြို့ပါ၊ စည်ကားမှု အတော်အတန်ရှိပါတယ်၊ ပိုလန် အနောက်တောင်စွန်းဒေသမှာ ဖွင့်ဖြိုးတိုးတက်လာနေတဲ့မြို့ပါ၊ ပရပ်ရှား-ဂျာမန်တို့ရဲ့ လွှမ်းမိုး ခံခဲ့ရတာများပြားခဲ့တဲ့ ဒေသမို့ ထင်ပါလေရဲ့၊ မြို့တပတ် ကားမောင်းပြီး ကြည့်ခဲ့ရမြင်တွေ့ခဲ့ရတာက အဝါရောင် အနီရောင် ရဲရဲထိန်ထိန်တွေပါ၊ တိုက်တွေလည်း ဝါဝါနီနီ ဘတ်စ်ကားတွေလည်း ဝါဝါနီနီ မြင်တွေ့သမျှ ဝါဝါနီနီတွေပါ၊ အထပ်မြင့် တိုက်ကြီးတွေတော့ သိပ်မတွေ့ရပါဘူး၊ မြို့လယ်တဝိုက်မှာ ကတော့ ကမ္ဘာစစ်ကာလခန့်က ရှေးဟောင်းတိုက်တွေသာ များပါတယ်၊ သိပ်ခမ်းနား ကြီးကျယ်လှမှု မရှိပါဘူး၊ လူဦးရေက တသိန်းခန့် ရှိပါတယ်၊ ဂျာမန်စတိုင်လ် မြို့လယ်မှာတော့ ဈေးဆိုင်လေးတွေနဲ့ စည်စည်ကားကားပါ၊ ဂျလေနီယာဂိုယာ မြို့တွင်းသယ်ယူပို့ဆောင်ရေးက ဘတ်စ်ကားလိုင်းများသာ အဓိကဖြစ်မယ် ထင်ပါတယ်၊ တခြား ဥရောပမြို့ငယ်လေးတွေလို ထရော်လီဘတ်စ်တွေ ထရန်းဝေး ဓါတ်ရထားတွေကိုတော့ မတွေ့မမြင်ခဲ့ရပါဘူး၊ ဒီမြို့ကို မောင်ရင်ငတေ ရောက်ရှိခဲ့ချိန်က ခရီးသွားမ များလှတဲ့ အချိန် ဖြစ်တာကြောင့် သူစိမ်းတွေထက် မြို့ခံသမားများကိုသာ တွေ့ရှိခဲ့ရပါတယ်။

မောင်ရင်ငတေတို့တသိုက် ခဏတာမျှ မြို့လယ်ကို တပတ်ပတ်ကြည့် ညအိပ် ရပ်နားမယ့် နေရာသို့ ဆက်လက်ချီတက် ထွက်ခွာလာကြပါတယ်၊ အချိန်ကလည်း ညနေစောင်း ငါးနာရီခန့် ရှိပါပြီ၊ ပိုလန် ဧပရယ်နွေဦးက ဆောင်းရိပ်ဆောင်းငွေ့တွေများစွာ ကျန်ရှိနေသေးတာမို့ နေ့တာက တိုနေဆဲပါ။

အအေးဓာတ်ကလည်းများစွာကျန်နေဆဲမို့ မမှောင်ခင်တော့ တည်းခိုရာသို့ရောက်အောင် သွားကြရ အောင်ဆိုပြီး ဂျလေနီယာဂိုယာ မြို့ကနေ အမှတ်(သုံး) အမြန်လမ်းမကြီးရှိရာသို့ မောင်းထွက်လာခဲ့ ကြပါတယ်၊ တကယ်တမ်း မြို့တမြို့မှာ လည်စရာရှိတာလည်မယ်ဆိုရင် အနည်းဆုံး တညလောက် အိပ်မှသာ ဖြစ်မှာပါ၊ မောင်ရင်ငတေတို့က စဦးစီစဉ်ကတည်းက ပိုလန်မြေမှာ အိပ်ဖူးတယ်ဆိုရုံလေး တညအိပ် ကားတပတ် ပတ်မောင်းဖို့သာ အချိန်ယူခဲ့တာမို့ အိပ်စက် အနားယူမယ့် တည်းခိုရာဆီသို့ Szklarska Poręba စက္ကလာဆကာ ပိုရင်ဘာ မြို့လေးဆီသို့ ခရီးဆက်ကြရခြင်းပါ။

 
Road to Polska (Droga Krajowa DK3) (ဓါတ်ပုံ မရငတ)

Jelenia Góra မြို့ပြင် အမှတ် (၃) လမ်းသို့ တခဏနဲ့ ရောက်ရှိလာပြီး ကားရှေ့မြင်ကွင်းမှာ လှပစွာ ပေါ်လာတာက ဆီးနှင်းဖြူဖြူနဲ့ တောင်တန်းတွေပါ၊ မောင်ရင်ငတေတို့ မနက်ပိုင်းက ရောက်ရှိ ဖြတ် သန်းခဲ့တဲ့ Śnieżkę ဆီးနှင်းဖြူတောင်ရဲ့ ညီအမတောင်တွေပါ၊  အနောက်ဘက်ခြမ်းက တောင်ထွဋ် များပါ၊ မောင်ရင်ငတေတို့ ညအိပ်ရပ်နားမယ့် စက္ကလာဆကာ ပိုရင်ဘာ မြို့လေးနဲ့ အနီးဆုံးကတော့ Szrenica နဲ့ Łabski Szczyt တောင်ထွဋ်တွေပါ၊ ချက်လူမျိုးတွေက Jínonoš ခေါ်ကြပါတဲ့ Szrenica တောင်ထိပ် အမြင့်ပေ ၄၄၆၉ (၁၃၆၂ မီတာ) ပေါ်အထိရောက်အောင် တက်ချင်တယ်  ဆိုရင်တော့ စက္ကလာဆကာပိုရင်ဘာ မြို့နားမှာ တောင်ပေါ်တက်တဲ့ Chairlift Cable ရှိပါတယ်၊ မောင်ရင်ငတေ တို့က အချိန်မရတာကြောင့်ရော ရာသီဥတုမကောင်းတာကြောင့်ရော မတက်ဖြစ်ခဲ့ပါဘူး၊ တညအိပ် ခရီးသာ ဆိုတော့လည်း ဒီမျှလောက်နဲ့သာ ကျေနပ်ရမှာပါ၊ နောက်တခေါက်တော့ ပွင့်လင်းရာသီမှာ ရောက်အောင်လာပြီး တောင်တက်ခြင်းရသကို ခံစားချင်မိပါသေးတယ်။


Road to Polska (Droga Krajowa DK3) (ဓါတ်ပုံ မရငတ)

Droga Krajowa (DK3) သို့မဟုတ် National Road (3) ခေါ် ပိုစကာ အမှတ် (၃) လမ်းမကတော့ သိပ်ကျယ်ကျယ်ကြီး မဟုတ်ပါဘူး၊ အများအားဖြင့် အသွားလမ်းအပြန်လမ်း တလမ်းစီသာပါ၊ တချို့ လမ်းပိုင်း တော်တော်များများမှာတော့ Droga Ekspresowa (Expressway S3) အဖြစ် အဆင့်မြှင့်နေတာတွေ့ခဲ့ရပါတယ်၊ ပြီးစီးနေပြီဖြစ်တဲ့ လမ်းပိုင်းယာဉ်ကြောတွေက ဘယ်ဘက်ခြမ်းက နှစ်ကြော ဖြစ်လိုက် ညာဘက်ခြမ်းက နှစ်ကြောဖြစ်လိုက်နဲ့ ယာဉ်ကြောသုံးကြောရှိတဲ့ အမြန်လမ်း တခုသာပါ၊ ပိုစကာမြေမှာ Autostrada ဆိုပြီး အဆင့်မြင့်အမြန်လမ်းမကြီးတွေလည်း ရှိနေသေးတော့ ဒီအမှတ် (၃) လမ်းမကြီးက ဒုတိယတန်းစား လမ်းတလမ်းလို့ ပြောရမှာပါ၊ ဒီလမ်းက European Route E65 အမြန်လမ်းကြီးရဲ့ အစိတ်အပိုင်းတခုပါ၊ ဘော်လ်တစ်ပင်လယ်က ပိုလန်ရဲ့ တတိယအကြီးဆုံးသော ပင်လယ်ကူး သင်္ဘောဆိပ်ကမ်းမြို့ Port Morski Szczecin (Świnoujście) စတင်ခဲ့တဲ့ လမ်းဖြစ်ပြီး ကုန်းပိတ်မြို့တော် ပရာဟာ မြို့သို့ ရောက်ရှိနိုင်တဲ့ အနီးဆုံးသော လမ်းတလမ်းမို့လို့ ကုန်းပိတ်နိုင်ငံ ချက်ပြည်ထောင်စုအတွက် အရေးကြီးတဲ့ ပင်လယ်ထွက်ပေါက် အမြန်လမ်းမကြီးဟု ဆိုနိုင်ပါတယ်။

အီး (၆၅) ဥရောပ အမြန်လမ်းမကြီးပေါ်ကို ပြီးခဲ့တဲ့အပတ် ဒီ ပင်လယ်မရှိသောမြေသို့ ခရီးစဉ်တွင်း ဆလိုဗားကီးယားမြို့တော် Bratislava ဘရာတီဆလာဗာသို့ အသွား ဟန်ဂေရီနဲ့ ဆလိုဗားကီးယား နယ်စပ်အကူးမှာ ရောက်ဖူးခဲ့ပါသေးတယ်၊ အရှေ့အနောက် တောင်မြောက် အလယ် ဥရောပ နိုင်ငံ များရဲ့ ဆင်းရဲချမ်းသာ စိမ်းလန်းငြိမ်းချမ်းမှု ကွာဟနေသေးသလို ဥရောပ ရှန်ဂန် လမ်းမကြီး လမ်းမလတ် လမ်းမလေးများရဲ့ အဆင့်အတန်း ကွာလတီတွေ ကွာဟနေသေးတာ မှန်ပါတယ်၊ သို့ပေမယ့် စနစ်ကျတဲ့ စနစ်တွေကို စနစ်တွေ စချစဉ် တည်းက လမ်းအမည် ပေးတာမျိုးကအစ စနစ်တကျပေး စနစ်တကျ လုပ်ခဲ့တာတွေကို ဒီလမ်းမများပေါ် သွားဖြစ်ရင်း တွေးနေမိတတ်တာ အမြဲလိုပါ။


Road to Polska (Szrenica, Szklarska Poręba) (ဓါတ်ပုံ မရငတ)

Szklarska Poręba (Powiat jeleniogórski)
Jelenia Góra County (Polska)

တညတာ နားခိုမယ့် Szklarska Poręba စက္ကလာဆကာ ပိုရင်ဘာ မြို့သို့ ရောက်ခါနီးလာလေလေ တောင်တန်းဖြူတွေနဲ့ နီးလာလေလေပါ၊ Droga Krajowa (DK3) လမ်းမရဲ့ ဦးတည်ရာ ဂိတ်ဆုံးက အဲဒီတောင်ခြေ တနေရာမှာပါ၊ မောင်ရင်ငတေတို့ကတော့ အဲဒီတောင်ခြေမှာ တညတာ နားခိုကြပြီး ဒီကနေ့ တနေ့တာ ခရီးကို အဆုံးသတ်ပါမယ်၊ မနက်ဖန် မနက်မှာ အေးအေးဆေးဆေးထပြီး အပြန် ခရီးအဖြစ် ပရာဟာမြို့တော်ဆီကို ဆက်ကြရပါမယ်၊

တကယ်ဆိုရင် ဒီနေရာမှာ သုံးလေးငါးညအိပ်၊ စမ်းချောင်းလေးတွေရေချောင်းလေးတွေနဲ့ ရေတံခွန် သေးသေးလေးတွေ ရွာသေးသေးလေးတွေကြားမှာ နားနားနေနေ နေဖြစ်မှသာ ဒီခရီးထွက်ခဲ့ရခြင်း ရည်ရွယ်ချက်က ပြည့်စုံမှာပါ၊ မောင်ရင်ငတေတို့ရဲ့ခရီးက ဒီနယ်မြေကို ရောက်ဖူးရုံလေး ရောက်ပြန် အဆင့်မျှသာ ဖြစ်ပါတယ်၊ သူတို့လူဖြူတွေလို တောထဲတောင်ထဲ တယောက်တည်းရောအတွဲနဲ့ရော အဖွဲ့လိုက်ပါ အေးအေးသက်သာသွားလာနေကြတာမျိုးကို မောင်ရင်ငတေ အားကျမိပါတယ်၊ ကိုယ့် ဘဝပေး အခြေအနေက သူတို့နဲ့ ကွာခြားတာကိုး၊ မောင်ရင်ငတေတို့က ရောက်ဖူးချင်စိတ် အားကြီး လွန်းလို့သာ သွားနိုင်သလောက်လေး သွားနေရတယ် သူတို့ သွားပုံမျိုးကို ခြေဖျား ဘယ်မှီနိုင်မလဲ။

သူတို့တတွေက တောင်ပေါ်တက်ရင်လည်း ကျောပိုးအိတ်တလုံးနဲ့ အေးအေးဆေးဆေး ဟိုနား နား ဒီနား နား၊ လျှောက်လိုက် နားလိုက်နဲ့ တောတောင်ရဲ့ အရသာကို အပြည့်အဝ ခံစားကြတာမျိုးလေ၊သူတို့တွေလောက် မဖြစ်နိုင်ပေမယ့် ကိုယ့်အထွာနဲ့ကိုယ် ကျေနပ်နေမိရတာပါ။


Road to Polska (Hotel Wiktoria) (ဓါတ်ပုံ မရငတ)

တည်းခိုရာဟော်တယ်ရောက်တော့ မောင်ရင်ငတေတို့ ကားတစီးကလွဲလို့ ဘယ်သူမှ မတွေ့ရပါဘူး၊ ဟော်တယ်တခုလုံးလည်း တိတ်ဆိတ်ခြောက်ကပ် နေပါတယ်၊ ကြိုတင်ဘွတ်ကင် လုပ်ထားပြီးသား ဆိုတော့ အခန်းခပေး သော့ယူပါတယ်၊ ဟော်တယ်ဝန်ထမ်းဆိုလို့ ဧည့်ကြိုသူ တယောက်တည်းရှိ တယ် ထင်ပါတယ်၊ အဲဒီ ဝန်ထမ်းက မောင်ရင်ငတေတို့ကို သူစောင့်နေတာ ဖြစ်ကြောင်း ဘယ်သူမှ မရှိကြောင်း ရာသီချိန်မဟုတ်လို့ လူလာကျဲပါးချိန်မို့ မီးဖိုချောင်လည်းပိတ်ထားပါကြောင်း ဒီအနီးနား မှာတော့ စားပွဲရုံလေးတွေဖွင့်ပါကြောင်း သွားစားနိုင်ပါကြောင်း ပြောရှာပါတယ်၊ ရိက္ခာအပြည့်အစုံနဲ့ လာခဲ့တဲ့ မောင်ရင်ငတေတို့က အိုကေပါ ဒီအတွက်တော့ စိတ်မပူပါနဲ့ ကိစ္စမရှိပါဘူးပြောပြီး အခန်းရှိ ရာသို့ တက်လာခဲ့ကြပါတယ်။

တကယ်တော့ Hotel Wiktoria ဝိတိုရိယဟော်တယ်က ဟော်တယ်ကြီးပါ၊ အခန်းပေါင်းတရာကျော် ရှိပါတယ်၊ ရာသီချိန် မဟုတ်တော့ ခြောက်ကပ်နေတာပါ၊ ရေခဲတောင် စီးပွားရေးကိုသာ အခြေပြုပြီး လုပ်နေရတဲ့ လုပ်ငန်းသာဖြစ်နေသေးလို့ တနှစ်မှာ သုံးလေးငါးလက အခုလိုတည်းခိုသူမရှိ ဟောင်း လောင်းသာ ရှိနေဟန် တူပါတယ်၊ ဟော်တယ် ဧည့်ကြိုဝန်ထမ်းကတော့ ဒီကနေ့ ရောက်လာကြတဲ့ ဧည့်သည်တော် မောင်ရင်ငတေတို့ကို နေရာချထားပြီးတာနဲ့ သူလည်းကားမောင်း လစ်တော့တာပါ။

မောင်ရင်ငတေတို့လည်း အခန်းကျယ်ကြီးတွေမှာ နေရာယူပစ္စည်းတွေချပါတယ်၊ ဗိုက်တွေကလည်း အတော်လေး ဆာလောင်နေကြပြီမို့ သယ်ဆောင်လာတဲ့ ဟင်းတွေ ထမင်းတွေ ပုလင်းတွေ ဗူးတွေ ထုတ် ဝိုင်းဖွဲ့စားသောက်ကြပါတယ်၊ ဟော်တယ်မှာစားတဲ့ ငပိကြော်ငပိချက် အိမ်ဟင်းအိမ်ထမင်းပါ။

ဗိုက်ဖြည့်ပြီးတော့ လိုအပ်တာလေးတွေ ဝယ်ရင်း တည်းခိုရာနားက ကားဂိတ်လမ်းဆုံကို လမ်းဆင်း လျှောက်ပါတယ်၊ ညကလည်း မှောင်စပြုနေလို့ ထင်ပါရဲ့၊ လမ်းပေါ်မှာတော့ လူ သိပ် မတွေ့ရပါဘူး၊ဘားဆိုင်လေးတွေထဲမှာတော့ ပိုလန်အအေးဒဏ်ကို ကာကွယ်နေကြတဲ့ လူတချို့ကိုတွေ့ရပါတယ်၊မောင်ရင်ငတေတို့တော့ ဟိုနားဒီနား တပတ်လျှောက်ကြည့်ပြီး စမ်းချောင်းလေးအတိုင်း စမ်းရေစီး သံကိုခံစား နေချင်သေးပေမယ့် အခန်းပြန် နားနားနေနေ စကားပြော ကြရအောင်ဆိုပြီး တည်းခိုရာ ဆီသို့ ခပ်ဖြေးဖြေးလျှောက် ပြန်လာခဲ့ကြပါတယ်။

ဒီပိုလန်နယ်စပ် တညအိပ်ခရီးက မောင်ရင်ငတေရဲ့ “ပင်လယ်မရှိသောမြေ” ခရီးစဉ်မှာ ဧကဒဿမ မြောက်နေ့ ဖြစ်နေပြီ ဆိုတော့လည်း ခရီးကလည်းပမ်း လူလည်း နည်းနည်းတော့ နွမ်းနေကြပြီလေ၊ ဒါကြောင့် ကြီးစိုးလာတဲ့ အမှောင်ထုအောက်မှာ တသွင်သွင် စီးနေတဲ့ ရေချောင်းလေးကို နှုတ်ဆက်စမ်းရေစီးသံကို တည်းခိုရာ ဝရံတာကနေ နားထောင်မယ်ဆိုပြီး ပြန်လာခဲ့ရတာပါ။

ဟော်တယ်က ကြယ်နှစ်လုံးအဆင့်သာဆိုပေမယ့် ပါရီလိုမြို့ကြီးများရဲ့ မြို့အလယ်က ကြယ်နှစ်လုံး များထက် အများကြီးသာပါတယ်၊ အခန်းတွေလည်း အကျယ်ကြီးပါ၊ ဝရံတာတွေကလည်း အကျယ် ကြီးပါ၊ တခုသာပြောစရာ ဖြစ်ခဲ့ပါတယ်၊ တိုးရ်းရာသီချိန် မဟုတ်ပေတော့ ခရီးသည်များ မလာသလိုဟော်တယ်ပိုင်ရှင်ရဲ့ ချွေတာရေးမူဝါဒကြောင့် ထင်ပါရဲ့၊ လူသူမရှိ အခန်းလွတ်ကြီးတွေကို အပူပေးစနစ် ဖြတ်တောက်ထားလေတော့ တညလုံး ပိုလန် ဧပရယ်ဆောင်းရဲ့ အအေးဒဏ်ကို ခံကြရတော့ တာပေါ့၊ ကြိုတင်ဝယ်ယူခဲ့တဲ့ ပိုလန်ဗော်ဒဂါရဲ့အစွမ်းနဲ့ မောင်ရင်ငတေ့အတွက်ကတော့ သိပ်မှုစရာ မလိုခဲ့ပါဘူး၊ ဘာပြောပြော အေးအေးချမ်းချမ်းနဲ့ စိတ်ချမ်းမြေ့ဖွယ် ဖြတ်သန်းခဲ့ရတဲ့ စက္ကလာဆကာ ပိုရင်ဘာရဲ့ ည ပိုစကာမြေရဲ့ ညတည ဖြစ်ခဲ့တယ် ဆိုရပါမယ်၊ တညလုံးမှာတော့ မိုးသံတွေကြားမှာစမ်းရေစီးသံတွေကို တိုးတိုးတလှည့် ကျယ်ကျယ်တလှည့် တချက်တချက် ကြားခဲ့ရပါတယ်။


Road to Polska (Hotel Wiktoria) (ဓါတ်ပုံ မရငတ)

နောက်တနေ့မှာလည်း စက္ကလာဆကာ ပိုရင်ဘာ နံနက်ခင်း ဆောင်းနှင်းမိုးက မောင်ရင်ငတေတို့ကိုကြိုဆိုနှုတ်ဆက် နေပါတော့တယ်၊ သည်းမည်းစွာ မဟုတ်ပေမယ့် တစိမ့်စိမ့် စွေနေတာကြောင့် စမ်း ရေချောင်းလေးအတိုင်း ဒီအနီးအနားတဝိုက် လမ်းထွက်လျှောက်မယ်လို့ စိတ်ကူးထားချက်ကို စိတ် မကောင်းစွာနဲ့ ရုတ်သိမ်းလိုက်ရပါတယ်၊ ရာသီဥတုကောင်း နေပူနေတဲ့ ချက်မြေကိုသာသွားကြဖို့ကို ဆုံးဖြတ်ပြီး အပြန်ခရီးနှင်ရန် ပြင်ဆင်ကြပါတယ်၊ စမ်းချောင်းလေးနဘေး မောနင်းကဖေးလေး ထိုင် သောက်မယ်မှန်းထားတာလည်း မသောက်ဖြစ်ခဲ့တော့ပါ၊ ပိုရင်ဘာနံနက်ခင်းရေ နှုတ်ဆက်ပါတယ်။

ပိုရင်ဘာနံနက်ခင်းကိုနှုတ်ဆက် ကားပေါ်ပစ္စည်းတွေတင် ထွက်ခွာလာတော့ မနက် ၁၁ နာရီရှိပါပြီ၊ မိုးကနည်းနည်းစဲသွားပြီဆိုပေမယ့် နေမင်းကြီးကတော့ ဘယ်ဆီမှာသာနေသလဲ မသိနိုင်ပါ၊ ပိုစကာ မြေကတော့ အုံ့ဆိုင်းမှိုင်းမှုန်လို့သာနေပါတယ်၊ ချက်မြေမှာတော့ နေသာနေပါစေ မျှော်လင့်ပါတယ်။ မနေ့က လာခဲ့တဲ့ ပိုစကာ အမှတ် (၃) လမ်း သို့မဟုတ် အီး (၆၅) ဥရောပ အမြန်လမ်းမကြီးအတိုင်း ပိုစကာ နယ်စပ်စခန်း Jakuszyce ဆီသို့ မောင်းလာခဲ့ကြပါတယ်၊ မနေ့ညက ကျခဲ့တဲ့ နှင်းမိုးတွေက ကားလမ်းမပေါ်မှာသာ မိုးရေဖြစ်သွားပေမယ့် ဆယ်ကီလိုမီတာ ဝေးတဲ့ နယ်စပ်လမ်းတလျှောက်မှာ ဖြူဖြူဖွေးနေတာပါ၊ ဆောင်းတွင်းစစ်စစ် ဆိုရင်တော့ အတော်အေးမယ်ဆိုတာ သေချာပါတယ်။


နယ်စပ်မျဉ်း မရောက်ခင်လေးမှာတော့ စားသောက်ဆိုင် ဓါတ်ဆီဆိုင် ငွေလဲကောင်တာလေး တခုနဲ့ နှင်းလျှောစီးစခန်းခွဲ ခပ်သေးသေးလေးတခုမှာ ခေတ္တဝင်နား ဆီဖြည့် ကော်ဖီ ဝယ်သောက်ဖို့ ရပ်ကြ ပါတယ်၊ ဒါပေမယ့် လူသူလေးပါး မရှိသလို ဆိုင်ကလည်း မဖွင့်ပါဘူး၊ မောင်ရင်ငတေအတွက်တော့ မှတ်တမ်းပုံ ဆင်းရိုက်ဖြစ်ခဲ့တာ အဖတ်တင်တာပေါ့လေ။

တကယ့်တကယ်ကတော့ ဒီဒေသဟာ ကမ္ဘာ့ရေခဲတောင် အပန်းဖြေရေး အားကစားရေးနဲ့စီးပွားရေး လောကမှာ အဖူးအငုံအဆင့်မျှသာ ရှိနေပါသေးတယ်၊ ဧည့်ခံကြိုဆိုရေး ဖျော်ဖြေရေး အပိုင်းတွေမှာ အများကြီး လိုနေမှာကတော့ သေချာလှပါတယ်၊ သို့သော် သည် သို့သော်က အရေးကြီးပါတယ်၊ လိုအပ်ချက်တွေ အများအပြားရှိနေပေမယ့် ဈေးနှုန်းအပိုင်းမှာက ချိုသာမှုများစွာ ရှိနေပါသေးတယ်၊ ဒါကို သိကြပါတဲ့ ဥရောပက လူလည်ကြီးများကတော့ ဈေးကြီးလှပါတဲ့ ဆွစ် ပြင်သစ် နှင်းတောင်ဖြူ များဘက်ဆီသို့ သွားနေကျအတိုင်း ခြေဦးမလှည့်ကြတော့ပါဘဲ ဈေးချိုသာရာ နေရာသစ်တွေဆီသို့ ရှာဖွေလေ တွေ့ရှိလေ သွားဖို့ကြိုးစား သွားဖို့ရည်ရွယ်ခဲ့ကြတာ ဆယ်စုနှစ်တခုမက ရှိလာခဲ့ရာကနေ ဒီကနေ့မှာ ပိုလန်ရေခဲတောင် စခန်းများအဖြစ် တစတစ လူသိများထင်ရှားလာတာကတော့ သေချာ လှပါတယ်၊ အဲဒါကိုသိတဲ့ ဒေသခံတွေ သက်ဆိုင်ရာ တာဝန်ရှိသူတွေက နည်းအမျိုးမျိုးနဲ့ စွဲဆောင် ရမှန်း သိလာကြသလို မသိသောသူများကလည်း နေရာအနှံ့မှာ ရှိနေဆဲပါ၊ ဒါပေမယ့် ဒီအလုပ်မျိုးမှ မဟုတ် ဘယ်အလုပ်မဆို ဘေးထွက် ဆိုးကျိုးတွေကတော့ အနည်းနဲ့အများရှိမှာ ကျိန်းသေပါတယ်၊ ဆောင်ရန် ရှောင်ရန် သိဖို့လိုပြီး လူလည်ကျတတ်ဖို့လည်း လိုအပ်တယ် မဟုတ်လား၊ ဘာပြောပြောတိုးတက်လာတဲ့ လူမှုစီးပွားတွေနဲ့အတူ ပိုလန် သို့မဟုတ် ပိုစကာမြေက ဥရောပမှာ လည်ဖို့ကောင်း ပါတဲ့ လည်ပျော်တဲ့ နေရာတနေရာ ဖြစ်လာနေပြီ ဆိုနိုင်ပါတယ်။ 


Road to Polska (Jakuszyce) (ဓါတ်ပုံ မရငတ)

အဲဒီလိုနဲ့ နှင်းမိုးဖွဲဖွဲ မှိုင်းမှုန်မှုန် ကောင်းကင်အောက်မှာ နယ်စည်းခြားရာနေရာသို့ ရောက်ရှိလာပါပြီ၊ ဒီနယ်စပ်ဖြတ်ကျော်ဂိတ်ကလည်း ဘာမှမရှိသလောက်ပါ၊ အဆောက်အဦးလေး နှစ်လုံးသုံးလုံးရယ် ပိုလန်အထွက်ချက်အဝင် ယိုင်တိုင်တိုင်ဆိုင်းဘုတ်လေးတွေက နှင်းမှုန်တွေအောက်မှာ ခပ်ကုပ်ကုပ် လေးနဲ့သာ လက်ပြနှုတ်ဆက်၍ ကျန်ခဲ့ပါပြီ၊ ချက်ပြည်ထောင်စုမြေကြီးကို ပြန်လည်ဝင်ရောက်လာခဲ့ ပါပြီ၊ နေရစ်တော့ ပိုစကာမြေရေ၊ နောက်တခေါက်တော့ ဒီထက်များများ အချိန်ပေး လာခဲ့ပါဦးမယ်၊ ဒီတခေါက် ဤ၍ ဤမျှသာပေါ့၊ ပိုစကာမြေရေ။


Do widzenia Polska Au Revoir Pologne ဘိုင့် ဘိုင် ပါ  ပိုစကာ ရေ ....

ပိုစကာမြေကနေ ချက်မြေ ရောက်လာတော့ လမ်းဘေးမှာ လူနေအိမ်တန်းတွေ ရွာလေးတွေ ခပ်စိပ် စိပ်လေး တွေ့လာရတာတော့အမှန်ပါ၊ ပိုစကာမြေက ချက်မြေထက် လေးဆပိုကျယ်ဝန်းပြီး လူဦးရေ ကလည်း လေးဆ ပိုများပါတယ်၊ ဂျာမန်မြေနဲ့ ထိစပ်နေတဲ့ ချက်အနောက်မြောက်ပိုင်း ဒေသက ပိုမို လျှင်မြန်စွာ တိုးတက်မှုတွေ ရှိနေပြီး ဒီပိုလန် အနောက်စွန်းဒေသကတော့ ဘာလို့များ ခေတ်နောက် ကျပြီး ကျန်ရစ်ခဲ့ရပါသလဲ ဆိုတာကို သူတို့ဒေသခံတတွေသာ အသိနိုင်ဆုံး ဖြစ်မှာပါ၊ ကွာတာတော့ ကွာပါတယ်၊ ဘာကွာပါသလဲ ဆိုတာကိုတော့ မောင်ရင်ငတေရဲ့ဉာဏ် ခပ်တိမ်တိမ်သာမို့လို့ မပြော ပါရစေတော့ပါနဲ့ ခင်ဗျာ။

တောင်တန်းတွေကို ကွေ့ဝိုက်ကျော်ဖြတ်ခဲ့ပြီးနောက် Czechs သို့မဟုတ် Češi ချေရှီတို့ရဲ့ မြေဆီသို့ (မောင်ရင်ငတေ့ အခေါ်ကတော့ ချက်ကရီ တို့ရဲ့ မြေပေါ့လေ) ရောက်လာပါသော်လည်း ပိုစကာတို့ ရဲ့ နှင်းတဝက် မိုးတဝက်နဲ့ ဆောင်းဟာ ချက်မြေအထိ စွတ်စိုထိုင်းမှိုင်း လိုက်ပါလာပါတယ်။

ပိုစကာ အမှတ် (၃) လမ်းမက ချက်မြေသို့ရောက်ရှိလာတော့ ချက်အခေါ် Silnice I/10 (S10) ဖြစ် သွားပါပြီ၊ ဥရောပ အမြန်လမ်း သတ်မှတ်ထားချက် အရကတော့ E65 လမ်းမလို့သာ ခေါ်ပါတယ်၊ Silnice I/10 ဆိုတာကတော့ Czech 1st Class Road အမှတ် (၁၀) ပါ၊ ရိုးရိုးလမ်း တွေထဲမှာတော့ အဆင့်မြင့်လမ်းလို့ဆိုရပါမယ်၊ လမ်းကတော့ နေရာတော်တော်များများမှာ နှစ်လမ်းသွား အဆင့်မြှင့် တင်ထားပြီး ဖြစ်နေပေမယ့် တချို့နေရာတွေမှာ မျက်နှာချင်းဆိုင် နှစ်စီးလွတ် မောင်းသာရုံပါ။


Road to Polska (Kořenov) (ဓါတ်ပုံ မရငတ)

ချက်ရဲ့နယ်စပ်မြို့လေးတွေ ဖြစ်ကြတဲ့ Harrachov, Kořenov, Tesařov, Desná, Tanvald တို့က မြို့သူမြို့သား တွေကတော့ နှင်းမိုးအေးအေးမှာ အခန်းအောင်း ကွေးနေကြတယ် ထင်ပါရဲ့၊ လမ်းန ဘေးမှာ လူသူကင်းမဲ့လို့ပေါ့၊ လမ်းဘေး စိုက်ခင်းပျိုးခင်းတွေလည်း သိပ်မတွေ့ရပါဘဲ တောသဘာဝ တောရိပ် တောင်ရိပ်မှာ အေးအေးချမ်းချမ်း နေထိုင် လုပ်ကိုင်စားသောက်ကြတဲ့ သဘောသာ ရှိဟန် တူပါတယ်၊ နိုင်ငံတော်တော်များများရဲ့ ကျေးလက်အရပ်တွေကတော့ သိပ်တော့ကွာဟမယ် မထင် ပါဘူး၊ လမ်းပမ်း ဆက်သွယ်ရေးနဲ့ မီးအလင်းအမှောင်သာ ကွာချင်ကွာနိုင်ပါတယ်၊ ဒီကနေ့ အင်တာ နက် အိုင်တီခေတ်မှာတော့ ကိုယ်ပိုင် သတင်းတွေနဲ့ ကမ္ဘာကြီးအကြောင်း သိလွယ်တာတော့ တူတူလောက်သာ ဖြစ်မှာပါ၊ လမ်းတလျှောက်မှာတော့ မိုးမင်းက နည်းနည်းစဲသွားလိုက် နည်းနည်းသည်း လာလိုက်နဲ့ စွေမြဲစွေနေဆဲပါ။

Road to Polska (Božkov Original) (ဓါတ်ပုံ မရငတ)

လမ်းကျဉ်းကျဉ်းမှာ နှင်းတလှည့် မိုးတလှည့် ခပ်ဖွဲဖွဲ ကျနေတာကြောင့် ခပ်ဖြေးဖြေးသာ မောင်းလာ ခဲ့ကြပါတယ်၊ တနေရာမှာတော့ ကော်ဖီပူပူလေးသောက်ချင်လာတာကြောင့် လမ်းဘေးဓါတ်ဆီဆိုင် တွဲလျှက် ဆိုင်ကလေး တဆိုင်မှာ ကားခဏရပ် ဝင်နားကြပါတယ်၊ ဆိုင်ကလေးကတော့ ကုန်စုံဆိုင် သာမန်သာပါ၊ မောင်ရင်ငတေကတော့ ကော်ဖီမှာရင်း ဘာများ ထူးထူးခြားခြား ရှိမလဲဆိုပြီး စပ်စုတဲ့ မျက်လုံးများက ဆိုင်ပတ်ပတ်လည်ကို စူးစမ်းကြည့်မိရတော့ ဆိုင်ကောင်တာပေါ်က ပလပ်စတစ်ဗူး ခပ်သေးသေးလေးတွေကို တွေ့မိလိုက်ပါတယ်၊ လူကြီးများအကြိုက် အားကစားသမားများအကြိုက် ၃၇ ဒဿမ ၅ ရာခိုင်နှုန်း အချိုရည်ဗူးလေးတွေပါ၊ ပိုလန်နယ်စပ်မှာ ရောင်းတဲ့ ချက်အရက် Božkov Original ဗော်ဒဂါပါ၊ သွားရင်းလာရင်း အားကစားသမားများ လွယ်ကူမြန်ဆန်စွာသောက်သုံးနိုင်ရန် စီစဉ်ပေးထားဟန်တူပါတယ်၊  အဲဒါမျိုးက ပြင်သစ်တို့ ဂျာမဏီတို့ အီတလီစပိန်တို့မှာ တွေ့မြင်ရလေ့ မရှိပါဘူး၊ မောင်ရင်ငတေလည်း သူတို့ရဲ့စိတ်ကူးကို သဘောကျမိရတာကြောင့် မှတ်တမ်းပြုမိလိုက် ရင်း တခွက်တဖလား အားပေးခဲ့ရပါတယ်၊ အဲ ဒါပေမယ့် ဒေသထွက် ချက်အရက်ဆိုတော့ကြည့်ကျက်တော့ သောက်ကြပေါ့နော်၊ ချက်အရက် လောကမှာတော့ ဒီတံဆိပ်က နာမည်ကျော်တဲ့ တံဆိပ်လို့ ဆိုကြပါတယ်၊ ချက်ကရီကြီးရေ ဟုတ်မဟုတ် မောင်ရင် ရှင်းပြလိုက်ပါတော့။

တကယ်ကတော့ အကောင်းဆုံးသော ဗော်ဒဂါများက ရုရှားနဲ့ ပိုလန်မြေက ထွက်ရှိတာပါ၊ ချက်မိတ် ဗော်ဒဂါ အရက်များကတော့ လူကြိုက်သိပ်မများပါဘူး၊ ချက်ရဲ့ အကောင်းဆုံးသော ယစ်ရွှေရည်က ဘီယာပါ၊ ချက်ပြည်သူပြည်သားတွေဟာ ကမ္ဘာ့ ဘီယာအသောက်ဆုံး စံချိန်တင်ထားကြသူတွေပါ။

ဗော်ဒဂါလို့ဆိုလိုက်တာနဲ့ အများက ရုရှားဆိုတာကြီးနဲ့ တွဲမြင်လိုက်ကြတာပါ၊ သို့သော်လည်း ပိုလန်မြေကလည်း ဗော်ဒဂါရဲ့ ပင်ရင်းမြေသာပါ၊ လူသိ နည်းပေမယ့် သောက်တတ်သောသူ များကတော့ ဈေးနှုန်းလည်း ချိုသာတဲ့ ပိုစကာ ဗော်ဒဂါကိုသာ လမ်းညွှန်ကြပါတယ်၊ ဗော်ဒဂါရဲ့ မူရင်းက အာလူး ဆိုပေမယ့် တခြားသီးနှံများ ပန်းသီး သစ်တော်သီး ဇီးသီးလို အသီးများကလည်း ချက်လို့ ရပါတယ်။

အဲဒီ Vodka, Wódka, водка, Voda, Woda, вода, ဆိုတဲ့ စကားလုံး  မူရင်းအဓိပ္ပါယ်ကို သိချင်မိ ရတာကြောင့် ရှာဖွေကြည့်လိုက်တဲ့ခါမှာ အရှေ့ဥရောပသားတွေရဲ့ Slavic Languages စကားအရ ဤ “ဗော်ဒဂါ” ဆိုတာ တခြားမဟုတ်ပါ၊ “ရေ” ပါတဲ့၊ ဤသို့ ဖွင့်ဆိုပါကြောင်း မှတ်သားမိရပါတယ်၊ မောင်ရင်ငတေ မှတ်သားမိထားတာကိုသာ ပြောတာပါ၊ ရေလို့ယုံပြီး တချက်တည်းနဲ့မော့မသောက် လိုက်ကြပါနဲ့၊ ဇရက်မင်း စည်းစိမ်မရပါဘဲ နတ်ပြည်ခြောက်ထပ် တန်းရောက်သွားမှာ စိုးလို့ပါ။

ဗော်ဒဂါရဲ့ မူလဇစ်မြစ်က ပိုလန်လား ရုရှားလား တခြားအရှေ့ဖျားဥရောပကလားဆိုတာ ဘယ်သူမှသေချာ မပြောနိုင်သလို ဗော်ဒဂါစံနှုန်း သတ်မှတ်ချက်များကလည်း ဝေဝေဝါးဝါး ရှိလှတာမို့ ဒီကနေ့ တွဲဘက်သိနေကြတဲ့ ပြင်သစ်ရဲ့ဝိုင် စကော်တလန်ရဲ့ ဝီစကီတို့ကို မယှဉ်ပြိုင်နိုင်တာပါတဲ့ ခင်ဗျာ။

ဟုတ်လည်းဟုတ်နိုင်ပါတယ်၊ အရှေ့ဖျားဥရောပရဲ့ ဗော်ဒဂါတို့ ကာရေဘီယံဒေသက ရမ်တို့ဆိုတာ ဈေးကွက်မှာ နာမည် အမျိုးမျိုးနဲ့ ရှိနေပေမယ့် သောက်သုံးသူတွေအတွက် ဒုတိယတန်းစား အဆင့် မှာသာ ရှိနေဆဲပါ၊ ဘယ်လိုပြောပြော ချက်ပိုလန်နယ်စပ်မှာတွေ့ခဲ့ရတဲ့ ဂျယ်လီဗူးလိုလို အချိုရည်ဗူး လိုလို Božkov ဗော်ဒဂါ ပလတ်စတစ်ဗူးလေးတွေကတော့ သူ့မိတ်သူ့ပရိသတ်နဲ့ သူ့ဈေးကွက် ရှိနေ တာကတော့ မောင်ရင်ငတေ အသေအချာ ပြောနိုင်ကြောင်းပါ။

ရုရှားတော့ မရောက်ဖူးလို့ သေချာမသိပါဘူး၊ သူတို့တတွေ ချက်တို့ ပိုလန်တို့က မူလထဲက ဗော်ဒဂါ လိုမျိုး ရိုးရာ ချက်အရက် အဖြူတွေနဲ့ ကြီးပြင်းလာကြဟန် တူပါတယ်၊ မောင်ရင်ငတေ တွေ့ဆုံဖူးတဲ့ ပြင်သစ်ရောက် ပိုလန်သားကြီးတွေလည်း ဗော်ဒဂါကို နှစ်နှစ်ချိုက်ချိုက် မော့တတ်ကြပါတယ်၊ တခါ မော့စာ ဗူးလေးတွေ တခါသောက်စာ ပုလင်းသေးသေးလေးတွေနဲ့ ရေသောက်သလို မော့တတ်ကြ သူတွေပါ၊ မောင်ရင်ငတေ လား၊ မော့ကြည့်တာပေါ့၊ ဒါပေမယ့် သူတို့ မော့သလို ဘယ်လိုက်မော့နိုင် ပါမလဲ၊ သူတို့လို့ သောက်သုံးသူမှ မဟုတ်တာ၊ မောင်ရင်ငတေက အပျော်တမ်းသမားလေးပါ။


Road to Polska (2878 Dobrá voda) (ဓါတ်ပုံ မရငတ)

Tanvald အကျော် ဗော်ဒဂါဆိုင်လေးက ထွက်လာတော့ လမ်းအမှတ် (၁၄) နောက် ဘယ်ဘက်ကို ကွေ့၊ နောက်တခါ အမှတ် (၂၈၇၃၃) Nová Ves nad Nisou ဆိုင်းဘုတ်လေး တွေ့ပြီးတော့ ညာကို ထပ်ကွေ့၊ နောက်လမ်းအမှတ် (၂၈၇၄၁) ရောက်ထပ်ကွေ့၊ နောက်တခါ Kokonín (၂၈၇၉)၊ နောက် တခါ Vrkoslavice (၂၈၇)၊ Dobrá Voda (၂၈၇၈)၊ အဲဒီ Dobrá Voda လမ်းလေးကတော့ သစ်ပင် မြင့်မြင့်တွေနဲ့ လှပတဲ့ ခပ်ကျဉ်းကျဉ်းမှ တကယ့်ကို ခပ်ကျဉ်းကျဉ်း လမ်းလေးပါ၊ ရာသီဥတုသာ သာ သာယာယာဆိုရင်တော့ အင်မတန်လှပမယ့် နေရာလေးပါ၊ ရွာကလေးတွေကို ပတ်ဝိုက်ကွေ့၊ ခပ်တို တိုနဲ့ တောတောင်ဖြတ်လမ်းလေးတွေသာပါ၊ Rádlo လမ်းအမှတ် (၆၅) လမ်းခွဲသို့ ရောက်လာတော့ လမ်းမကျယ် ပြန်ဖြစ်သွားပါပြီ၊ ပရာဟာ ရောက်ဖို့တော့ ကီလိုမီတာ တရာကျော်မျှ လိုပါသေးတယ်။

လမ်းမကျယ်ရောက်သွားပြီဆိုတော့ တောလမ်းလေးတွေမှာ ဘယ်ညာယိမ်းထိုးပြီး မူးလာကြသူများလည်း အမူးပြေ သွားကြပါပြီ၊ အလာတုန်းက ဖွင့် နားထောင်လာတဲ့ ကိုဝေလလည်း သီချင်း ပြန်ဆို လာနိုင်ပါပြီ၊ အပြည်ပြည်ဆိုင်ရာ အသည်းကွဲသမားလေးတွေလည်း ၁၅ မိနစ်မျှကြာအောင် မစောင့် နိုင်တော့ပါဘဲ အလိုလို လွမ်းချင် အသည်းကွဲချင် လာပါပြီ၊ မိုးကလည်း ပိုသည်းလာလို့ ထင်ပါရဲ့။

လမ်းအမှတ် (အက်စ် ၃၅ သို့မဟုတ် အီး ၄၄၂) နဲ့  (ဒီ ၁၀ သို့မဟုတ် အီး ၆၅) လမ်းဆုံမြို့ Turnov မြို့လေးကို ရောက်လာတော့လည်း ပိုစကာမြေက လိုက်ပါလာတဲ့ နှင်းမိုးကမစဲတဲ့အပြင် ပို၍တောင် သည်းလာပါသေးတယ်၊ နေသာမယ် ပြောထားတဲ့ ချက်မြေကြီးလည်း မိုးမင်းလွန်ကဲလို့ တတောလုံး တတောင်လုံး နှင်းမှုန်မြူမှုန် မိုးမှုန်တွေနဲ့သာ မှိုင်းမှိုင်းဝေ နေပါတော့တယ်၊ မောင်ရင်ငတေတို့လည်း ပရာဟာကို အရောက်ပြန် ကုန်တိုက်တခုဝင် ဝင်းဒိုးရှောပင်လေးဘာလေးလုပ် ဝယ်စရာရှိတာ ဝယ် ကြမယ်ပေါ့၊ ပြီးရင် အလယ်ဥရောပရဲ့အကြီးဆုံးသော ဗီယက်နမ်ဈေးသွားပြီး နာမည်ကြီး အမဲသား Phở သွားစားကြမယ်ပေါ့၊ ပရာဟာမြို့တော် ဧရိယာထဲ ဝင်လာတော့ လမ်းပေါ်မှာ ကားတွေနဲ့ ပြည့် နေပါပြီ၊ အားလုံးလည်း ဝမ်းဟာ နေကြပြီမို့ ဗီယက်နမ်းဈေး အရင်သွား ဗိုက်ဖြည့်ကြမယ်ဆိုပြီး ဈေး ဆီသို့ဦးတည်ပါတယ်၊ တကယ်က အဲဒီဈေးရုံကြီးကို အရင်တခါ ရောက်ပြီးကထဲက မောင်ရင်ငတေ မသွားချင်တော့ပါဘူး၊ ဘာလို့ဆိုတော့ ဈေးအတွင်း ဓါတ်ပုံရိုက်ခွင့် ပိတ်ပင်ထားလို့ပါ။


Road to Polska (“Little Hanoi”  TTTM Sapa Market in Prague) (ဓါတ်ပုံ မရငတ)

အဲဒီ “Little Hanoi”  TTTM Sapa Market ခေါ် ပရာဟာရဲ့ ဗီယက်နမ် ဈေးကြီးက သာမန် ဈေးတဈေးအဆင့်မျှ မကပါဘူး၊ လူပေါင်းရှစ်ထောင်ခန့် နေထိုင်ကြပြီး ကျောင်းတွေ ရုံးတွေ စာတိုက်တွေ ဟော်တယ်တွေ ဂိုဏ်းစတားစ်တွေနဲ့ သီးခြား မြို့လေးတမြို့ အလားပါ၊ သီးခြားဥပဒေ တောင်မှ မရှိဘူး မပြောနိုင်ပါဘူး၊ ဒါမှဒို့အာဆီယံလို့ ဆိုရလေမလား မသိတော့ပါဘူး၊ သူတို့က ဒီလိုဥရောပနိုင်ငံထိတောင် လူပေါ်လူဇော် လုပ်နိုင်နေတယ် မဟုတ်ပါလားနော်။

ဈေးအတွင်း ဈေးအဝင်ဝ ဓါတ်ပုံမရိုက်ရပါဘူး၊ ဘာကြောင့် ဘယ်သူ့အမိန့်အရ ပိတ်ပင်ထားပါသလဲ ရှင်းရှင်းလင်းလင်း မရှိလှပါဘူး၊ သူ့ထက်တန်ဖိုးကြီးတဲ့ ဈေးကြီးတွေ ချက်နိုင်ငံမှာရှိပါတယ်၊ ဓါတ်ပုံမ ရိုက်ရ တားမြစ်ချက်မရှိပါဘူး၊ ဒီဈေးက အစုတ်အပြတ်အသတ် အင်ဂုလိတွေသာ ရောင်းချတဲ့ဈေးမို့ ပိတ်ပင်ထားတာ ဆိုရင်တော့ မောင်ရင်ငတေ ဘာမှမပြောချင်တော့ပါဘူး၊ ပထမတခေါက်က ဈေးဝအဝင်ဂိတ်ကို မှတ်တမ်းတင်မိတာ အတားမြစ် ခံထားရတဲ့ မောင်ရင်ငတေ့ အတွေ့အကြုံအရ အဝေး ကနေ ဈေးဝကိုတော့ အရင်ဦးအောင် မှတ်တမ်းတင်၍ ကျေနပ်လိုက်ပါတယ်။

ဒီဈေးက ဗီယက်နမ် လှေစီးသမားတွေ ဦးစီး ဦးဆောင်ခဲ့လို့ ဗီယက်နမ်ဈေးလို့ အမည်တွင်ခဲ့ဟန် တူ ပါတယ်၊ ဒါပေမယ့် အာရှတခွင်က စားစရာတွေနဲ့ ပစ္စည်းပစ္စယတွေ အမျိုးစုံလင် ရှိပါတယ်၊ စားစရာ တွေကတော့ အမှန်အကန်ပေမယ့် တခြား လူသုံးကုန်ပစ္စည်းတွေကတော့ သိပ် အလုပ်မဖြစ်ပါဘူး။

အလယ်ဥရောပ အရှေ့ဥရောပ တောင်ဥရောပနိုင်ငံတွေက အနောက်ဥရောပ မြောက်ဥရောပဆီက နိုင်ငံတွေထက် ဈေးသက်သာတာကတော့ အမှန်ပါ၊ ကွာလတီကတော့ ကြည့်သာဝယ်ကြပေါ့၊ အားလုံးလိုလိုက တရုတ်ပြည်မှာ ထုတ်လုပ်ပါသည်၊ သို့တည်းမဟုတ် အိန်ဒရိယ ပါကစ္စတန် ဗီယက်နမ် ထိုင်း တူရကီ မော်ရိုကို တွေသာပါ၊ အခုတလောတော့ မိတ် အင် ဘားမားတွေတောင် အတော်တွေ့ လာရတယ် ဆိုကြပါတယ်၊ ယူရိုပီယမ်ဆိုတော့ ကွာလတီ ကွန်ထရိုးလ်လေးတော့ ရှိတာပေါ့လေ။

ဟိုအရင်တခါက အဲဒီ ဗီယက်နမ်ဈေးက ပေါချောင်ကောင်း ဟန်းဘက် အိတ်လေးတလုံး လိုအပ်လို့ တခါသုံးဆိုပြီး ဝယ်လာမိပါတယ်၊ မိတ်အင်ချီးနားလား ဘာလားတော့ မကြည့်မိရပါဘူး၊ အပြန် ခရီးဘူတာအတက်မှာတင် ဇစ်ကဆွဲစိမရတော့ပါဘူး၊ ကွာလတီက အဲလိုပါ၊ ဒီတခါတော့ မှတ်သွားပါပြီ။

စားရုံစားပြီး ဘာမှ မဝယ်တော့ပါဘူး၊ ဒါပေမယ့် အဲဒီ ‘Little Hanoi’ အမည်ရ ဗီယက်နမ်ဈေးကြီးက သူ့နည်းသူ့ဟန်နဲ့ စည်ကားမြဲစည်ကားနေတာကတော့ သေချာပါတယ်၊ အာရှအစားအသောက်တွေ စားသောက်ရမှသာ ခွန်အားပြည့်ဖြိုးတယ် ထင်ကြတဲ့ မောင်ရင်ငတေတို့ အတွက်ကတော့ ဒီဈေးကို အားမကိုးရင် ရွှေပြည်တော်က ကီလီဈေးတို့ သီရိမင်္ဂလာဈေးတို့ကို အွန်လိုင်းက လှမ်းမှာရုံသာ ရှိပါ တော့တယ်၊ နေပြည်တော်က ကိုရွှေခရိုဏီများ ဒီ ပရာဟာ ‘Little Hanoi’ ကိုလာရောက် လေ့လာဖို့ သူတို့ကိုယ်စား မောင်ရင်ငတေ ဖိတ်ခေါ်အပ်ကြောင်းပါ ခင်ဗျား။

ဘာပြောပြော ဗိုက်ဆာနေပြီကြပြီဖြစ်တဲ့ မောင်ရင်ငတေတို့ကတော့ ဗီယက်နမ် အစာသည် ဒို့အစာဗီယက်နမ် Phở သည် ဒို့ဖို ဆိုပြီး ခေါင်းမဖော်စတမ်း တွယ်နေမိပါတော့တယ်၊ မုန့်တီတို့ မုန့်ဟင်းခါးတို့မှ မရောင်းတာကိုး၊ အဲတော့ ဒီ Phở အဟုတ်လုပ် စားကြရတော့တာ ပေါ့လေ၊ ပါရီမြို့က ဆိုင်မှာ ရှစ်ယူရိုလောက် ပေးမှ စားရတဲ့ Phở ကို ပရာဟာမှာ သုံးယူရိုလောက်သာ ပေးရတော့ တန်ပါတယ် ပေါ့လေ၊ နှစ်ပွဲလောက်ကြိတ်လိုက်ချင်ပေမယ့် တဖြေးဖြေးကျဉ်းလာတဲ့ အစာအိမ်က လက်ခံနိုင်စွမ်း မရှိတော့လို့ တပွဲနဲ့သာ ရပ်နားလိုက်ရပါတယ်။


Road to Polska (Phở, Soupe Tonkinoise, Pot-au-Feu) (ဓါတ်ပုံ မရငတ)


စားဖူးတဲ့ Phở ထဲမှာတော့ တကယ်စား ကောင်းပါတယ်၊ Soupe Tonkinoise သို့မဟုတ် Phở ခေါ် ပြင်သစ်လို Pot-au-Feu ဆိုတာက ဆန်ခေါက်ဆွဲနဲ့ အမဲသား အရွတ်တွေ ရောလို့ ပြုတ်ထားတာပါ၊ ရွှေပြည်ကြီးက ကြေးအိုးဆိုတာနဲ့ ဝက်နဲ့အမဲကွာတာကလွဲလို့ အတော်လေးတူပါတယ်၊ ဘယ်ခေတ်ဘယ်အခါ ဘယ်အရပ်ဒေသကနေ စတင်ပေါ်လာသလဲ မသေချာပေမယ့် ဒီကနေ့တော့ ဗီယက်နမ် တွေရဲ့ရိုးရာ နေ့စဉ်စာတမျိုး ဖြစ်နေပါပြီ၊ စားလို့မဆိုးလှပါဘူး၊ မောင်ရင်ငတေလည်း ကြိုက်ပါတယ်၊ပါရီမြို့ ၁၃ ရပ်ကွက် တရုတ်တန်းရှိ Resto de “Phở Banh Cuon 14”   ဆိုင်ကတော့ ညနေညနေ တန်းစီသူ အပြည့်ပေါ့လေ၊ မောင်ရင်ငတေကတော့ ရွှေပြည်ကြီးက ကြေးအိုးဘုရင် မောင်မောင်ခင်  တို့ကို ခေါ်ပြလိုက်ချင်မိပါရဲ့၊ အဲဒီ Phở ဆိုတာကြီးက တကယ်စားကြည့် ကြေးအိုးခြေဖျား မမှီပါဘူး၊သို့ပေမယ့် ၁၉၇၀ နှောင်းပိုင်းမှာတော့ ဗီယက်နမ် စစ်ပွဲအပြီး ထွက်ပြေးရောက်ရှိလာကြတဲ့ စစ်ပြေး ပြည်ပြေး ဒုက္ခသည်များနဲ့အတူ Phở ဆိုတာကြီးလည်း ပြင်သစ်မြေမှာ တွင်ကျယ်လာခဲ့တာ ဒီကနေ့ မှာတော့ အဲဒီ Phở ပိုင်ရှင်များရဲ့ သားသမီးမြေးမြစ်များလည်း နေးတစ်စပီကာ ပြင်သစ်ကြီးများ ဖြစ် လို့ လာနေပါပြီ၊ မောင်ရင်ငတေတို့ကတော့ စားသုံးသူအဆင့်က မတက်လာသေးပါဘူး။

ကုန်တိုက်ရောက်တော့ အမဲသား ဆွပ်ပြုတ်သောက် ဗိုက်တင်းလာတဲ့ မောင်ရင်ငတေကတော့ အိပ် ငိုက်နေပါပြီ၊ သူတို့တွေ ဈေးဝယ်နေတုန်း မောင်ရင်ငတေကတော့ တခဏ အနားယူရင်း ပိုစကာရဲ့ တညအိပ် ဒီ ခရီးကို စမြုံပြန် စဉ်းစားခန်း ဝင်နေမိတာပေါ့၊ ခရီးစဉ်တခု အောင်မြင်စွာ ပြီးဆုံးတိုင်းမှာ မောင်ရင်ငတေအတွက် ဘာအမြတ်ကျန်ပါသလဲ စဉ်းစားပါတယ်၊ ဘာလို့ ဒီခရီးတွေ သွားနေသလဲ စဉ်းစားပါတယ်၊ တကယ်တော့ စိတ်နဲ့ စိတ်အဆာကို ဒီနည်းတွေနဲ့ လျှော့နေခြင်းလား စဉ်းစားရင်းနဲ့ အဖြေက ခေါင်းခြောက်လာခြင်းပါ၊ ကဲကဲ စဉ်းစားမနေနဲ့၊ သွားစရာရှိသာသွား၊ ရှေ့ဆက်၍သာသွား၊ သံသရာမပြီးမချင်း သွားသာသွားပါ မောင်ရင်ငတေရာ၊ သိပ်စဉ်းစားမနေပါနဲ့၊ အဲလို သိပ်မစဉ်းစားဖို့စဉ်းစားနေမိတဲ့ မောင်ရင်ငတေနားထဲ သွားမယ်ပြန်မယ် အိမ်ရောက်ရင် နားမယ်သောက်မယ်ဆိုတဲ့ ကျေးဇူးရှင် ကားဆရာ ချက်ကရီကြီးရဲ့ အသံကြောင့် စဉ်းစားခန်းဖြတ် ကုန်တိုက်ကထွက် ကားပေါ် ပြန်တက် အိမ်ရောက် တညတာနားကြပြီး ပိုလန်နယ်စပ်သို့ တညအိပ် ဇာတ်လမ်းကို အဆုံးသတ်ပါ တော့မယ်၊ ကျေးဇူးတင်ပါတယ် အားလုံးကို။


Road to Polska (2878 Dobrá voda) (ဓါတ်ပုံ မရငတ)

ကုန်းခေါင်ခေါင် ဒီခရီးမှာ အဆိုတော်ဝေလ သီချင်းများနဲ့ သေချာရွေးဧည့်ခံခဲ့ပြီး စိတ်ရှည်လက်ရှည် လူကလည်း အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ကားမောင်း လိုက်ပို့ပေးခဲ့သူ ပရာဟာရောက် မိုးကုတ် သားကြီးနဲ့ ကွန်ထရိုလ်လာ မမကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ထပ်မံ မှတ်တမ်းတင်လိုက်ပါ တယ် ခင်ဗျာ၊ ကျေးဇူး အထူးပါ ခင်ဗျာ။


Road to Polska (Rzeczpospolita Polska) (Photo Google)

ဒီခရီးရည်ရွယ်ချက်က ဘယ်လိုဖြစ်ဖြစ်ပါ၊ ပိုလန်မြေကို နင်းဖူးတယ်ဆို မောင်ရင်ငတေ ကျေနပ်ပါပြီ၊ ပထမအဆင့်ပေါ့၊ နောက်များတော့ ပိုစကာမြေ အရှေ့ခြမ်း မြို့တော်ဝါးဆောနဲ့ သိပ်မဝေးကွာလှတဲ့ ဆိုဗီယက်ယူအက်စ်အက်စ်အာရ် နယ်ဟောင်းများ ဖြစ်ကြတဲ့ လစ်သူရေးနီးယား အက်စ်စတိုနီးယား လာ့ဗီးယားတို့ ဘယ်ရ်လာရုစ်တို့ ယူကရိန်းတို့ကို သွားနိုင်ဖို့ ကြိုးစားရပါဦးမည် ခင်ဗျား။

Polska ပိုစကာမြေ ဇာတ်လမ်း တခန်းရပ်ပါပြီ။

မောင်ရင်ငတေ
၀၆၀၄၂၀၁၇-၂၅၁၂၂၀၁၇

ကိုဂျေ - ဒေါသနဲ့ မာနတွေကို ခဝါချခဲ့သူ ဆရာကြီးဦးတက်တိုး

$
0
0

Photo Credit - Myat Khine

ကိုဂျေ - ဒေါသနဲ့ မာနတွေကို ခဝါချခဲ့သူ ဆရာကြီးဦးတက်တိုး

(မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၈

၁၉၈ဝ ပြည့်နှစ်။ နဝဒေးလမ်း.. ယခင်အခေါ် လန်ကစ္စတာလမ်း ခြံအမှတ် ၁၁ ရဲ့ ခြံတံခါးမှာ တပ်ဆင်ထားတဲ့ ခေါင်းလောင်းကို လှုပ်သင့် မလှုပ်သင့် စဉ်းစားနေခဲ့တယ်။ စိတ်ထဲမှာ သိမ်ငယ်စိတ်၊ ကြောက်စိတ်ကလဲ ဝင်နေတယ်။ တွေ့ရမယ့်သူက ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှာ နည်းပြဆရာအဖြစ် တာဝန်ထမ်းခဲ့သူ၊ ပြန်ကြားရေး ဘာသာပြန်ဌာနခွဲစာတည်း၊ Time Magazine ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်၊ မြန်မာ့သတင်းစဉ် နိုင်ငံခြားသတင်းဌာနရဲ့ အယ်ဒီတာချုပ်၊ သတင်းနဲ့ စာနယ်ဇင်း ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် အမှုထမ်းခဲ့တဲ့ စာရေးဆရာကြီး ဦးတက်တိုးနဲ့ တွေ့ရမှာပါ။

ဆရာဦးတက်တိုး ဆိုတာ မာနကြီးတယ်၊ ဒေါသကြီးတယ်၊ အချိန် အတိအကျ အလုပ်လုပ်တဲ့သူ ဖြစ်တယ်။ အလုပ်မလုပ်တဲ့သူ မကြိုးစားတဲ့သူဆို ကြည့်မရဘူး။ ပြောစရာရှိရင် မညှာမတာ ပြောတတ်တယ်လို့ သတ်မှတ်ခံရသူ တဦးဖြစ်ပါတယ်။

တွေ့ရမယ့် ကိစ္စကလဲ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ ကိုယ်က အင်္ဂလိပ်စာ ဝါသနာပါကြောင်း၊ ဆရာဦးတက်တိုးရဲ့ အင်္ဂလိပ်စာ စာစောင်တွေ၊ စာအုပ်တွေကို လေ့လာနေသူ ဖြစ်ကြောင်း၊ မိတ်ဆက်စာ ရေးခဲ့တဲ့အတွက် ဆရာဦးတက်တိုးက သူ့ကို လာတွေ့ဖို့ ဖိတ်ခေါ်တာကြောင့်….လန်ကစ္စတာလမ်းက ဆရာ့အိမ်ရှေ့ ရောက်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှေ့ခြံတံခါးရှေ့မှာ မတ်တပ်ရပ်နေတာ နည်းနည်း ကြာသွားတာကို သတိထားမိသွားပုံရတယ်။ အိမ်ထဲကနေ ဆရာ့ရဲ့ သား ကိုဒွေးအောင် ထွက်လာတယ်။ “ကိုဂျေ မဟုတ်လား.. အဖေရှိတယ်”ဆိုပြီး ခြံတံခါးကို လာဖွင့်ပေးတယ်။ ဒီလိုနဲ့ ဆရာ့အိမ်ထဲကို ရောက်ခဲ့တယ်။ ဒါက ဆရာနဲ့ စတွေ့ခွင့်ရခဲ့တဲ့ နေ့တနေ့ ဖြစ်ပါတယ်။

xxxxx

စာပေလောကထဲ ရောက်ခဲ့ပြီးနောက်မှာတော့ ဆရာ့ဆီကို တလ တကြိမ် ပုံမှန်ရောက်ပါတယ်။ နောက်ပိုင်းတော့ စာမူကိစ္စတွေနဲ့ ရောက်တာ များခဲ့တယ်။ ရောက်တဲ့ အချိန်တိုင်းလိုလိုမှာ ဆရာဟာ စာရေး စာဖတ် လုပ်နေတာပဲ တွေ့ရတယ်။ ဆရာ့ဆီ ရောက်တိုင်း ဆရာမကြီး ဒေါ်နုယဉ်နဲ့ပါ စကားတွေ ပြောဖြစ်ခဲ့တယ်။ အထူးသဖြင့်တော့ စာပေလောကရဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ များပါတယ်။ ဒါ့ကြောင့်လဲ ဆရာတို့ တမိသားစုလုံးနဲ့ ရင်းနှီးခွင့် ရခဲ့တယ်။
ဆရာနဲ့ စကားပြောတဲ့ အချိန်တိုင်း ဆရာဟာ မာနကြီးတယ်၊ ဒေါသကြီးတယ်၊ မကြိုက်ရင် ဘယ်သူ့ မျက်နှာမှ မထောက်ဘဲ ပြောတတ်တယ်ဆိုတဲ့ အချက်တွေကို ရှာဖွေ့ကြည့်မိပါတယ်။ ဒီအထဲမှာ တွေ့မိတာ ကတော့ အချိန်တိကျတာနဲ့ အလုပ်မကြိုးစားရင် မကြိုက်တာပါဘဲ။ ဒါ့ကြောင့်လဲ ဆရာနဲ့ ချိန်းဆိုတဲ့ အခါတိုင်း မပျက်မကွက် သွားခဲ့ပါတယ်။

xxxx

တရက်မှာတော့… "ငယ်တဲ့ အခါ ပညာဂုဏ် မောက်တတ်တာ သဘာဝဘဲ။ ဒါ့ကြောင့် ငယ်ဘဝမှာ ကြိုးစားတဲ့သူတိုင်း သတိထားရမှာက ပညာမာနတက်တာ မကောင်းဘူး၊ ပြီးတော့ မလိုလားအပ်တဲ့ မာန၊ ဒေါသနဲ့ အာဃာတတွေကို ဖယ်ရှားဖို့လိုတယ်။ ဒါတွေ ကင်းလေ စိတ်ချမ်းသာလေပဲ"ကိုဂျေရဲ့လို့ ဆရာက ပြောလာတယ်။ အဲဒီစကားပြောတဲ့ အချိန်မှာ ဆရာမကြီးကလဲ ဆရာ့နားမှာ ရှိနေပါတယ်။ စကားဝိုင်းမှာ ဆရာ့ မိသားစုဝင်တချို့လဲ ရှိပါတယ်။ ဒီစကားကို ပြောတဲ့နေ့ကတော့ မှော်ဘီမှာ ကျင်းပခဲ့တဲ့ ဆရာဒဂုန်တာရာရဲ့ မွေးနေ့ပွဲက ပြန်လာပြီး နောက်ရက်မှာ ဖြစ်ပါတယ်။ ဆရာမကြီးက ကလေးတွေ သင်ခန်းစာယူလို့ရမယ့် ကိစ္စပဲ ပြောစရာရှိတာ ပြောပြပါလို့ ပြောခဲ့တယ်။ အဲဒီမှာပဲ ဆရာကြီး ဦးတက်တိုးက သူနဲ့ ဆရာကြီး ဒဂုန်တာရာတို့ ကြားမှာ မခေါ်မပြောနေခဲ့တာ နှစ်သုံးဆယ်ကျော် ကြာသွားခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

xxxx

ကိုဌေးမြိုင်(ဆရာကြီးဒဂုန်တာရာ)ကို တွေ့လိုက်ရတော့၊ အရင်က ထားခဲ့တဲ့ မာနတွေ၊ ဒေါသတွေဟာ မကောင်းတဲ့ ကိစ္စတွေဆိုတာ ပိုသိလာတယ်။ အသက်တွေကြီးကုန်ကြပြီ။ ကိုဌေးမြိုင်ကလဲ ကိုအုန်းဖေ (ဆရာကြီးဦးတက်တိုး) ကျနော့် မွေးနေ့လာတာ ဝမ်းသာတယ်ဗျာလို့လဲ ပြောရော ရင်ထဲမှာ အေးချမ်း သွားတာပဲ။ အရင်တုန်းက ဆရာတို့တွေက ငယ်ကြတယ်၊ မာနတွေ ရှိကြတယ်၊ သူကလဲ မှန်တယ်ထင်၊ ကိုယ်ကလဲ မှန်တယ်ထင်ပြီး မခေါ်မပြော နေခဲ့ကြတာလို့ ဆရာဦးတက်တိုးက ပြောခဲ့တယ်။

ဆရာဦးတက်တိုးရေးသားခဲ့တဲ့ “မင်းမှုထမ်း” လုံးချင်းဝတ္ထု ပထမအကြိမ် ထွက်ခဲ့တုန်းက ဆရာဒဂုန်တာရာက အမှာစာရေးပေးခဲ့တယ်လို့ ပြောပါတယ်။ ဆရာဒဂုန်တာရာရဲ့ အမှာစာမှာ သူ့ဝတ္ထုကို ဝေဖန်တာတွေ၊ ချီးမွမ်းတာတွေပါတယ်။ ဒီဝတ္ထုကို ဆရာဦးတက်တိုးအနေနဲ့ ကြိုးစားအားထုတ်ခဲ့ကြောင်း၊ ဘယ်လောက်ကြိုးစားထားတယ်ဆိုတာကိုလဲ ဆရာဒဂုန်တာရာသိကြောင်း၊ ဒါ့ကြောင့် ဝေဖန်တာကို သူမခံချင်ခဲ့ကြောင်း ဆရာတက်တိုးက ပြောပါတယ်။ “မင်းမှုထမ်း” လုံးချင်းဝတ္ထု စာပေဗိမာန်ဆု ရခဲ့ပြီးနောက်…ဒုတိယအကြိမ် ပြန်ထုတ်တဲ့အခါမှာ ဆရာဒဂုန်တာရာရဲ့ အမှာစာကို သူ့အနေနဲ့ ဖြုတ်ခဲ့ကြောင်း၊ အဲသလို ဖြုတ်ခဲ့တာကို ဆရာဒဂုန်တာရာက စိတ်ထိခိုက်ခဲ့ကြောင်း၊ ဒါ့ကြောင့်လဲ “မင်းမှုထမ်း” လုံးချင်းဝတ္ထု အပေါ် ဝေဖန်စာ တစောင်ကို ဆရာကြီးဦးသာဓု ထုတ်ဝေသူ အယ်ဒီတာ လုပ်ခဲ့တဲ့ ဒေသာမဂ္ဂဇင်းမှာ ဆရာဒဂုန်တာရာက ရေးသားခဲ့ကြောင်း၊ ဒီမဂ္ဂဇင်းမှာပဲ ဆရာကြီးဦးတက်တိုးကလည်း ဆရာကြီးဒဂုန်တာရာကို ချေပတဲ့ တုံ့ပြန်စာရေးခဲ့ကြောင်း၊ အဲဒီအချိန်ကစပြီး ဆရာကြီး နှစ်ဦးအကြားမှာ မခေါ်မပြောဖြစ်ခဲ့ကြတာလို့ ဆရာကြီးဦးတက်တိုးက ပြောခဲ့တယ်။

ဆရာဒဂုန်တာရာရဲ့ မွေးနေ့ပွဲကျင်းပမယ့်အကြောင်း ကြားကတည်းက ဒီနှစ်တော့ဖြင့် သူဖိတ်ဖိတ် မဖိတ်ဖိတ် သွားမယ်လို့ စိတ်ကူးခဲ့သလို၊ ဒီအကြောင်းကို ဆရာမောင်စွမ်းရည်တို့ကို ပြောပြခဲ့ကြောင်း ဆရာဦးတက်တိုးက ပြောပါတယ်။ ဆရာဒဂုန်တာရာကလည်း ဖိတ်ခဲ့ကြောင်း၊ ဒါကြောင့် ဆရာဒဂုန်တာရာရဲ့ မွေးနေ့ကို သွားခဲ့ကြောင်း ပြောခဲ့တယ်။ နောက်ဆုံးမှာတော့ မာနတို့ ဒေါသတို့ အာဃာတတို့ဆိုတာတွေဟာ မထားအပ်တဲ့၊ မရှိအပ်တဲ့ အရာတွေ ဖြစ်တယ်ဆိုတာကို မင်းတို့ကို ဆရာ ပြောပြချင်တာပါလို့ ဆရာကြီး ဦးတက်တိုးက ပြောခဲ့ပါတယ်။

xxxxxx

ဒီအကြောင်းကို ဆရာဦးတင်မိုးကို ပြောပြတော့…ဆရာဦးတင်မိုးကလဲ… ဆရာဦးတက်တိုး လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတယ်။ ဆရာဦးတက်တိုးက သိပ်စည်းကမ်းကြီးတယ်။ ကျနော်က နေချင်သလို နေတာ။ အလုပ်စားပွဲမှာလဲ ထိုင်ချင်မှထိုင်တာ၊ ဒါကို ဆရာဦးတက်တိုးက ကြည့်မရဘူး။ တရက်မှာ သူ့အခန်း ထဲကနေ ဒေါသနဲ့ ထွက်လာပြီး၊ ကျနော့် အလုပ်စားပွဲမှာ လာမတ်တတ်ရပ်တယ်။ ပြီးတော့ ကျနော့်ကို အလုပ်ကြိုးစားဖို့၊ အချိန်ပြည့် လက်ဖက်ရည်ဆိုင် ထွက်တာ မလုပ်ဖို့ ဒေါသသံနဲ့ ပြောခဲ့တယ်။ ကျနော်ကတော့ ထုံးစံအတိုင်း သူဘာလို့ ဒီလောက် ဒေါသထွက်နေသလဲဆိုတာကို ကြည့်ပြီး ပြုံးနေတာ…။ ကျနော်က ပြုံးလေ၊ သူက ဒေါသထွက်လေ ဖြစ်ခဲ့တာ။ ဒီလိုနဲ့ ကျနော်နဲ့ သူ့အကြားမှာ အခေါ်အပြောတန့်သွားခဲ့တယ်။ နောက်ပိုင်း သူအလုပ်က ထွက်သွားပြီး အပြင်မှာ ပြန်တွေ့တဲ့အခါ၊ ဆရာဦးတက်တိုးဆီမှာ အရင်က ဒေါသတွေ၊ မာနတွေ မတွေ့ရတော့ဘူး။ ကျနော့်အပေါ်မှာလဲ သူနားလည်သွားပုံရတယ်လို့ ဆရာဦးတင်မိုးက ပြောပြခဲ့ဖူးတယ်။

xxxxx

ဆရာကြီးဦးတက်တိုးဟာ မြန်မာ့ယဉ်ကျေးမှုကို ထုံးတမ်းစဉ်လာကို ချစ်တဲ့သူတဦးဖြစ်ပေမယ့်၊ ရှေးရိုးစွဲ အမြင်ရှိတဲ့သူ မဟုတ်ပါဘူး။ ပြင်စရာရှိတာကို ပြင်ခဲ့သူဖြစ်တယ်။ လူတိုင်း လူတိုင်းကို အလုပ်လုပ်စေ ချင်တယ်။ ကြိုးစားစေချင်တဲ့သူ တဦးဖြစ်ပါတယ်။ ပြီးတော့ အမြင်ကျယ်သူ တဦးလည်း ဖြစ်ပါတယ်။
ကိုဂျေ မင်းမဂ္ဂဇင်းမှာ ကိုဌေးမြိုင်နဲ့ ဒေါက်တာသန်းထွန်း စာမူတွေထဲ့ဖြစ်အောင်ထဲ့ကွယ်။ သူတို့ ဘာရေးရေး သုံးစမ်းပါ။ သူတို့ရဲ့ တန်ဖိုးက သိပ်ကြီးတယ်။ အစားထိုးလို့ မရဘူးလို့လဲ ပြောခဲ့ဖူးပါတယ်။
“ယောက်ျားနဲ့ မိန်းမ အိမ်ထောင်ပြုကြတယ်ဆိုရင် ယောက်ျားကို သခင်လို သဘောထားရမယ်ဆိုတာ ငါမကြိုက်ဘူး။ ဒါဟာ ရှေးခေတ်က မယားကို ကျွန်လို သဘောထားတဲ့ ပဒေသရာဇ် အယူအဆပဲ”လို့ ရှုမဝခေတ် ဝတ္ထုတိုများ စာအုပ်မှာ ဆရာဦးတက်တိုးက သူ့အမြင်ကို ရေးခဲ့ဖူးပါတယ်။

ကိုဂျေ
ဇန်၊ ၉၊ ၂ဝ၁၇

မောင်တူး ● ရန်ကြီးအောင် စိန်ဝင်း (၂၇) ကျောက်တိုင်

$
0
0

မောင်တူး ● ရန်ကြီးအောင် စိန်ဝင်း (၂၇) ကျောက်တိုင်
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၈

သူ့ဇာတိ ရန်ကြီးအောင်ရွာကို အစွဲပြုပြီး ဦးစိန်ဝင်း (၁၉၃၅-၁၉၉၁) ကို ရန်ကြီးအောင်စိန်ဝင်းလို့ ခေါ်ကြတယ်။ တကသ ဒုဥက္ကဋ္ဌ၊ ကျောင်းသားခေါင်းဆောင်၊ တော်လှန်ရေးသမား၊ မဆလ ထောင်တွင်းတိုက်ပွဲ ခေါင်းဆောင်၊ ကိုကိုကျွန်း အစာငတ် ခံ တိုက်ပွဲဝင်ခဲ့သူ ဦးစိန်ဝင်းဟာ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်၊ ည ၁ဝ နာရီက အင်းစိန်ဆေးရုံမှာ ကျဆုံးသွားခဲ့တာ အခု ၂၇ နှစ်ပြည့်ပြီ။

ရန်ကုန်မှာ စာအုပ်အဟောင်းဆိုင်တွေ ရှိတယ်။ ပန်းဆိုးတန်းစာအုပ်တန်းကို လမ်းလျောက်ရင်း "လွမ်းလေသမျှ"လို့ အမည် ရတဲ့ ထောင်တွင်းကျဆုံး နိုင်ငံရေးအကျဉ်းသား (ခရမ်း) ဦးတင်မောင်ဝင်းအကြောင်းစာအုပ်ဟောင်းကလေး ဝယ်ဖြစ်တယ်။ "နီအောင်မေသု"အမည်ရှိတဲ့ာအုပ်ကိုလဲ ကျပ် ၅ဝဝ နဲ့ဝယ်ခဲ့ဘူးတယ်။ "ရှစ်စက္ကန့်ငြိမ်" AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းထုတ်စာအုပ်ကိုလဲ ကျပ် ၁ဝဝဝ နဲ့ ဝယ်ခဲ့ဘူးတယ်။ စာအုပ်ဟောင်းလေးတွေထဲက ထောင် တွင်းကျဆုံးသူတွေရဲ့ အထုပ္ပတ္ထိတွေဖတ်ရသပေါ့။ ဒါပေမဲ့ ရန်ကြီးအောင်စိန်ဝင်းအကြောင်းစာအုပ်ကိုတော့ အဟောင်းတန်း က ရခဲ့တာမဟုတ်။ ရန်ကုန်မှာနေသူ သုံးခွသား ကိုအေးထွန်းအိမ် စာအုပ်ပုံကနေရခဲ့တာ။

စာအုပ်အဖုံးနီမှာ ဦးစိန်ဝင်း တကသဒုဥက္ကဋ္ဌဘဝ ရန်ကုန်တက္ကသိုလ်၊ တကသအဆောက်အဦထဲမှာ ထိုင်နေပုံ၊ ခွပ်ဒေါင်းအဝါ ရောင်အလံ၊ ဗမာပြည် ကွန်မြူနစ်ပါတီအမှတ်တံဆိပ်တွေတွဲပြီး ဒီဇိုင်းဆွဲဖေါ်ပြထားတယ်။ ဒါပေမဲ့ စာအုပ်ကို အမည် မပေး ထားဘူး။ စာအုပ်အဖွင့်မှာပဲ ရန်ကြီးအောင်ကိုလေးစားတဲ့ ကဗျာဆရာကြီးတင်မိုးရဲ့ ဂုဏ်ပြုကဗျာကိုတွေ့ရမယ်။ ဆရာတင်မိုး ဟာ ဒီမိုကရေစီတိုက်ပွဲဝင် ပြည်သူ့ဘက်တော်သားတွေကျဆုံးသွားတိုင်း သူတို့ရဲ့ဂုဏ်ရောင်ပြောင်တဲ့ သမိုင်းဝင် လုပ်ဆောင် မှုတွေအတွက် ကဗျာတွေကို ရေးလေ့ရှိတယ်။ ရန်ကြီးအောင်စိန်ဝင်းအတွက်လဲ ရေးပေးခဲ့တယ်။ ဒါပေမဲ့ ဒီကဗျာကို ယပ် တောင်မှာ ပုံနှိပ်ပြီးမှ ဖေါ်ပြခွင့်မရခဲ့ပါ။ စစ်ထောက်လှမ်းရေးတွေက အားလုံးကို သိမ်း သွားခဲ့တယ်။

သူရဲကောင်းကျောက်တိုင်
=====

ရဲဘော်လိုလူ
ပြည်သူရဲ့ ဘက်တော်သား
ဆုံးပါးတဲ့အတွက်
မျက်ရည်တစက်ကျမိတယ်။

ရဲဘော်ရဲ့ ရိုးဂုဏ်
ဖြောင့်မတ်တဲ့ဂုဏ်
ပြတ်သားစွာရပ်တည်တဲ့ဂုဏ်
ဒီဂုဏ်တွေဟာ
ရဲဘော်ရဲ့ကျောက်တိုင်ပမာ
စံနမူနာအဖြစ်
မော်ကွန်းသစ်တင်လိမ့်မယ်။

ရဲဘော်ရဲ့ဂုဏ်သိက္ခာဟာ
မြန်မာပြည်ရဲ့ အလင်္ကာ။

 
ရဲဘော်ရဲ့စိတ်ဓာတ်
မြင့်မြတ်ကြီးကျယ်မှုဟာ
မြန်မာပြည်ရဲ့ အလံတော်ပါပဲ။ ။

(သုံးခွကရဲဘော်ကြီး - ကိုစိန်ဝင်းသို့)
တင်မိုး
ရန်ကြီးအောင် စိန်ဝင်းကို ရန်ကုန်တိုင်း၊ သုံးခွမြို့၊ ရန်ကြီးအောင်ရွာနားက စွယ်တော်ချောင်ရွာမှာ ၁၉၃၅ ခုနှစ် ဇူလိုင်လ ၃၁ ရက် (၁၂၉၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်)မှာ ဦးအောင်ပွင့်၊ ဒေါ်ရွေခင်တို့က မွေးဖွားခဲ့တာပါ။ နောက်ပိုင်း ရန်ကြီးအောင်မှာ ပြောင်းနေခဲ့ပါတယ်။ ၁၉၄၃ ခုနှစ်ကစ သုံးခွမြို့မှာ ကျောင်းနေခဲ့ပြီး သုံးခွမြို့ ကျောင်းသားသမဂ္ဂအတွင်းရေးမှူး၊ ဟံသာဝတီ ခရိုင် (သံလျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ) ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ဖြစ်ခဲ့ပြီး ၁၉၅၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် စတက်ပါတယ်။ ၁၉၅၉-၆ဝ တကသ ရွေးကောက်ပွဲမှာ ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ ၂၁-၂-၁၉၆၁ အမေရိကန်သံရုံး တရုပ်ဖြူကျူးကျော်မှု ဆန့်ကျင်ရေး ကျောင်းသားထုဆန့်ကျင်ရေးဆန္ဒပြပွဲဦးဆောင်ပါဝင်ရာမှာ ခါး အရိုက်ခံရတဲ့ ဒဏ်ရာ သေရာပါခဲ့တယ်။ ဒါကြောင့် ခါးကြီးစိန်ဝင်းလို့လည်း ခေါ်ကြတယ်။

စစ်အာဏာရှင် ထောက်လှမ်းရေးတွေကို လှည့်ပတ် ရှောင်ရှားပြီး မြေအောက်ပုန်းခို နေရသူဖြစ်လို့ နာမည်အမျိုးမျိုးရှိခဲ့တယ်။ ရန်ကြီးအောင်၊ ဘိုကျော်၊ ခါးကြီး၊ ဦးစိန် စတာတွေဟာ သူ့အမည်တွေပါ။

၈၈၈၈ အပြီး တိမ်းရှောင်နေချိန် "ငါ့နာမည်ကို ဦးစိန်လို့ပဲခေါ် နောက်က ဝင်းမပါစေနဲ့"လို့ သူပြောခဲ့တာ အခုအထိ ကြား ယောင်နေမိသေးရဲ့။

၇- ၇- ၆၂ မှာ အာဏာရှင် ဦးနေဝင်းက ကျောင်းသားတွေကို ပစ်သတ်ပြီး ၈- ၈- ၆၂ မှာ တကသအဆောက်အဦကြီးကို ဒိုင်းနမိုက်နဲ့ အုတ်ပုံဖြစ်အောင် ဖြိုလိုက်ပြီ။ နောက်ပိုင်း ဦးစိန်ဝင်းဟာ လျို့ဝှက် နေထိုင်ခဲ့ရာက ဖမ်းမိသွားပြီး ထောင်၊ အကျဉ်းစခန်းနဲ့ ကိုကိုးကျွန်းတွေ အပို့ခံရပေမဲ့ စစ်ထောက်လှမ်းရေးတွေ မေးသမျှ "မသိဘူး။ ဘာမှ မဖြေဘူး။ ဘာ တလုံးမှ မပြောဘူး "လို့သာ နေခဲ့တာ ဖြစ်တယ်။ အရိုက်၊ အကန်၊ နှိပ်စက်တဲ့ဒဏ်တွေကြောင့် သေရာပါ အာရုံကြော ရောဂါစွဲခဲ့တဲ့တိုင် အနိုင်မခံ၊ အရှုံးမပေး အလံမလှဲခဲ့သူပါ။ ကိုကိုကွန်းမှာ ၁၉၇၁ ခုနှစ် ဇွန်လ ၉ ရက်က ဇူလိုင်လကုန်ထိ ၅၃ ရက်ကြာ အစာငတ်ခံ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တယ်။ အဲ့သည်တုံးက ဆန္ဒပြပွဲအောင်မြင်ခဲ့လို့ ကိုကိုးကျွန်းကနေ အင်းစိန်ထောင်ကို ပြန်ပို ခံခဲ့ရတာပါ။

● ၈၈၈၈ ကာလ
၈၈၈၈ ကာလမှာ သုံးခွ သပိတ်စခန်းကို သူဦးဆောင်ခဲ့တယ်။ စစ်အာဏာသိမ်းအပြီး သူကိုမိသွားတဲ့အခါ အင်းစိန်ထောင်မှာ ဖမ်းထားပြီး နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင် ၁၂ နှစ်ချခဲ့တယ်။ ထောင်တွင်း နှိပ်စက် ညှင်းပမ်းတာတွေကြောင့်အပြင် ညံ့ဖျင်းတဲ့ အစားအစာတွေကြောင့် ဝမ်းကိုက်ရောဂါ ကူးစက်ခံခဲ့ရပြီး ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ ထောင်ကနေ အင်းစိန်ဆေး ရုံတင်ပေးခဲ့တယ်။ ဆေးရုံမှာ သူ့ရဲ့ အကိုကြီး အမကြီးတွေနဲ့ စကားပြောခွင့် ရခဲ့တယ်။ သူဟာ ဝမ်းကိုက် ရောဂါ မချိမဆန့် ခံနေရတဲ့ကြားက မိသားစုကို "ကျနော် မကြာခင်ကောင်းသွားမှာပါ။ စိတ်မပူကြပါနဲ့"လို့ ပြောသွားခဲ့သေးတာကို သူ့အကိုကြီး ဦးသန်းက ပြန်ပြောပြဘူးရဲ့။ သူဟာ မွေးချင်း ညီအကိုမောင်နှမ ၉ ယောက်ထဲက ၇ ယောက်မြောက် အိမ်ထောင်မရှိ လူပျို ဖြစ်ပါတယ်။ "ထောင်နှုတ်ခမ်းနင်းနေရသူတဦးမှာ သမုဒယ အနှောင်အဖွဲ့တွေ မရှိသင့်ဘူး"လို့ သူက မကြာခနပြောခဲ့တာ ကြားယောင်နေသေးရဲ့။ ဒါပေမဲ့ ဝမ်းကိုက်ရောဂါ ကျွမ်းနေတဲ့သူဟာ ခွဲစိတ်ကုသ ခံနေရင်းပဲ အင်းစိန်ဆေးရုံမှာ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် ည ၁ဝ နာရီ ကျဆုံးသွားခဲ့ပါပြီ။ အခု ၂ဝ၁၈ ဇန်နဝါရီ ၈ ရက်မှာ ၂၇ နှစ်မြောက်ပါ။

(သစ္စာစကား)
အို ...
သူငယ်ချင်းများ ...
မိတ်ဆွေများ ...
ရဲဘော်များ ...
ငါ ...ပန်းပွင့်နှလုံးသား ...
ပြုံးထားမျက်နှာ
နှုတ်လွှာချိုမြ
စမ်းလပမာနှယ်
ကြင်နာနုသက်
ကြာမုံလက်နှင့်
နှုတ်ဆက်ပါသည် ... ထာဝရ။

ဟေ့ ...
အဓမ္မသမား

ဝံပုလွေများ ...
သင်တို့အတွက်
ကျောက်သားမျက်နှာ
အသဲမှာသံမဏိ
အမုန်းပန်းအတိပြည့်
ထိကြည့်စမ်း ... မီးလိုနေလို
ဆိုမည် ... သစ္စာ
မကြိုငါ့လက် ... နှုတ်မဆက်ဘူး ထာဝရ။ ။

 ညံဇံ

(၈. ၁. ၁၉၉၁ နေ့တွင် အင်းစိန်ဆေးရုံမှာ ကွယ်လွန်သွားသူ ကိုစိန်ဝင်း (သုံးခွ) အတွက် အမှတ်တရ)

အထက်ပါ ညံဇံ၏ကဗျာဟာ အေအေပီပီ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်းကထုတ်ဝေတဲ့ ရှစ်စက္ကန့် ငြိမ်စွန့်လွှတ်သူတို့ ၏ ရာဇဝင်စာအုပ်က ကူးယူဖေါ်ပြတာ ဖြစ်ပါတယ်။

သမုဒယမနွယ်၊ သံယောဇဉ်ကြိုး မသွယ်၊ သံမဏိစိတ်ဓါတ်ပိုင်ရှင် ကျောက်စာတိုင်ကြီးလို မတ်မတ်ခိုင်ခိုင် အသက်စွန့် တော် လှန်သွားသူ ရန်ကြီးအောင် ဦးစိန်ဝင်းကို မေ့မရကြသေးသူတွေကတော့ ကျနော်တို့ မျိုးဆက်သစ်တွေပါ။ ဒါပေမဲ့ အခုရေးသမျှ သူ့အကြာင်းတွေဟာဖြင့် သူ့ဂုဏ်၊ သူ့သတ္တိ၊ သူ့စွမ်းရည်၊ သူ့စိတ်ဓါတ်တို့ရဲ့ အပိုင်းအစ ကလေးမျှသာပဲ ရှိပါ သေးတယ်။

(ကိုးကား)
၁။ ရန်ကြီးအောင် ဦးစိန်ဝင်းအတ္ထုပ္ပတ္ထိ စာအုပ်နီ)
၂။ ရှစ်စက္ကန့်ငြိမ် စွန့်လွှတ်သူတို့၏ ရာဇဝင် AAPP

ဓါတ်ပုံပို့ပေးသူ သုံးခွမြို့က ဆရာဦးချစ်ကိုကို (ဦးစိန်ဝင်း၏တူ) နှင့် ဦးစိန်ဝင်းအတ္ထုပ္ပတ္ထိ စာအုပ်နီပေးသူ ကိုအေးထွန်း (သုံးခွ) တို့ကို အထူးကျေးဇူးတင်ပါတယ်။

သုတလင်း (ဆင်ပေါင်ဝဲ) ● လူဖြစ်ရကျိုးနပ်ကြသူတွေအကြောင်း

$
0
0
သုတလင်း (ဆင်ပေါင်ဝဲ) ● လူဖြစ်ရကျိုးနပ်ကြသူတွေအကြောင်း
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၈

တကြောင်းထဲလည်းဂီတပဲ
သံစဉ်တွေ ပြိုလဲနေတဲ့ ငါ့အခန်းလေးအကြောင်း
ငါ့နရံမှာ ပဲ့တင်ထပ်နေတဲ့ နရီတွေက ပြောပြတယ်။

တစ်ဝါကျထဲလည်းကဗျာပဲ
ပိုးသားရောင် စာသားလေးတွေနဲ့
ရစ်ခွေစီးဆင်းလာတဲ့ ရေချိုမြစ်တစင်းဖြစ်ကြောင်း
ဖွဖွလေး နင်းဝင်လာတဲ့ လေပြေကပြောတယ်။

ဖွင့်ဖက်မိတဲ့ ပါဒတိုင်း ထထခုန်
လက်နက်မဲ့ငြိမ်းချမ်းရေးတမန်တော်
မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရားမှာ
သံစဉ်စာသားနဲ့ ဂီတဟာ
အရောင်အသွေးခွဲမရတဲ့သီချင်းဖြစ်ကြောင်း
ဆည်းလည်းသံလေးမှာ နားဆင်ကြရ။

ပြန်ပြစရာမလိုတဲ့ ဘာသာဗေဒနဲ့
ငါတို့ကဗျာဟာ ငါတို့နဲ့ တသားထဲကျခဲ့
ငါတို့ဟာ ကဗျာထဲပျော်ဝင်ကြည့်ကြရုံနဲ့
လူ့ဖြစ်ရကျိုးနပ်တဲ့အကြောင်း
ဒီကဗျာထဲမှာတွေ့ကြရမှာပဲဖြစ်တယ်။ ။

သုတလင်း (ဆင်ပေါင်ဝဲ)

ကာတွန်း မင်းထက်လူ ● အနေအထိုင် ဆင်ခြင်ကွယ် ...

$
0
0

ကာတွန်း မင်းထက်လူ ● အနေအထိုင် ဆင်ခြင်ကွယ် ...
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၈

ဆောင်းဝေ ● နိမိတ်ပုံနှင်းများ

$
0
0

ဆောင်းဝေ ● နိမိတ်ပုံနှင်းများ
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၈

သစ်ကိုင်းတွေလမ်းမပေါ်ခုတ်ချထားသလို ဖရိုဖရဲနှင်းတွေ
စားသောက်ပြီးသား အကြွင်းအကျန်တွေ လမ်းပေါ်စွန့်ပစ်ထားသလို
မြို့ကို ပေကျံနေတဲ့နှင်းတွေ
မောင်းနေရင်း ကားဘီးကျွတ်ကျန်ခဲ့သလို ရပ်တန့်နေတဲ့နှင်းတွေ
ဆောင်းရာသီရောက်ရင် နှင်းကျရမှာပဲဆိုသလို သီအိုရီထဲကနှင်းတွေ
ဇန်နဝါရီလေးရက်နေ့မှာ နှင်းကျဖို့တခုတည်းနဲ့ရောက်လာခဲ့သလို နှင်းတွေ
နှစ်ခုနစ်ဆယ်ကျော်ကြာတဲ့အထိ အလံလွှင့်တင်ပြီး မလွတ်လပ်သေးသလို နှင်းတွေ
နှင်းကျရင် ချမ်းအေးတုန်ယင်နေရမှာပဲဆိုတဲ့ ပုံစံခွက်ထဲကလို နှင်းတွေ
နှစ်တစ်နှစ်ကို နှင်းနဲ့ပဲဆုံးပြီး နှင်းနဲ့ပဲပြန်စမယ်ဆိုတဲ့ တရွေ့ရွေ့နှင်းတွေ
စစ်နဲ့ငြိမ်းချမ်းရေးကို တရွက်ထဲမှာ နှစ်မျက်နှာခွဲရေးခံထားရသလို လွဲနေတဲ့နှင်းတွေ
ငါ့ကိုမရွေးချယ်နဲ့ ငါကပဲအရာရာကိုရွေးချယ်မယ်ဆိုတဲ့ တမြေ့မြေ့နှင်းတွေ
ကော်ဖီဆိုင်များ၊ ဘဏ်များ၊ အလုပ်ရုံနဲ့မြို့တွင်းဆွဲဘတ်စ်ကားတွေပိတ်ထားလိုက်ရသလို နှင်းတွေ
အခြားနိုင်ငံတွေကိုမှီဖို့ကြိုးစားရင်း လဘက်ရည်တခွက်လျှော့သောက်နေရသလို နှင်းတွေ
ထမင်းတနပ်လျှော့စားရင်း ဟင်းတခွက်တည်းနဲ့သာစားရတော့မလို နှင်းတွေ
လူကြီးလူကောင်းတွေလည်း ကျနော်တို့နဲ့အတူ ထမင်းဝင်စားစေချင်တယ်ဆိုသလို တိုင်းရင်းသားနှင်းတွေ
ရှေ့မှာတက်လမ်းဆိုလို့ အချိန်မရွေးသတ်ဖြတ်ခံရခြင်းပဲဆိုတဲ့ ငယ်ရွယ်သူသရုပ်ဆောင်လိုနှင်းတွေ
လျှောက်ခဲ့သလောက် ဘယ်မှမရောက်သေးတဲ့လမ်းတွေလို တဖွဲဖွဲနှင်းတွေ
ဘယ်ပန်းတိုင်ကိုမှလှမ်းမကိုင်နိုင်သေးတဲ့ တပတ်ပြီးတပတ်လည်နေတဲ့နာရီတွေလို နှင်းတွေ
ငယ်စဉ်ဘဝထဲက မနက်စောစောတွေမှာ ငါတို့မောင်နှမတွေ မီးဖိုဘေးမှာဝိုင်းထိုင်ရင်း
ပါးစပ်ထဲကမှုတ်ထုတ်ခဲ့ရတဲ့ အခိုးအငွေ့တွေလို နှင်းတွေ
ဘဝတလျှောက်လုံးတော်လှန်နေရတာနဲ့ပဲ ကိုယ့်ကိုယ်ကိုပြန်မဖွဲ့ဆိုခဲ့ရသလိုနှင်းတွေ
လူငယ်တွေကိုနေရာပေးပါ သူတို့ကနှင်းကျတဲ့အရွယ်တွေပါဆိုတဲ့ နှင်းတွေ
ရုပ်ရှင်ကားထဲမှာကြည့်လို့ကောင်းပြီး တကယ့်ဘဝထဲမှာ နာကျင်အေးစက်လွန်းလှတဲ့နှင်းတွေ
နံရံထဲ သံရိုက်သွင်းလိုက်သလို ဘဝထဲကအစွန်းအထင်းနှင်းတွေ
မျှော်လင့်လိုက်ပါရဲ့
မီးလင်းဖိုချစ်ခြင်းမေတ္တာ
နေရောင်ခြည်နိုင်ငံတော်။

အလည်လွန်တဲ့သားလည်း အချိန်တန်ရင်အိမ်ပြန်လာရစမြဲပဲ
နှင်းတွေဟာ တနေ့လုံးကျနေဆဲ။ ။

ဆောင်းဝေ (နတ်မောက်)
ဇန် ၄၊ ၂၀၁၈

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၄)

$
0
0
ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၄)
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၈

အဝေးရောက် တိဗက်လူမျိုးများအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည့် အဖွဲ့များတွင် တိဗက်အမျိုးသမီးအဖွဲ့နှင့် တိဗက်လူငယ်အဖွဲ့တို့လည်းပါဝင်သည်။ တိဗက်လူမျိုးများ ရပ်တည်နိုင်ရေးအတွက် ဘုန်းတော်ကြီးဒလိုင်းလားမားကတော့ ခရီးများများသွားခြင်းဖြင့် အနောက်ကမ္ဘာက အလှူရှင်များကို ဆော်သြပေးလေ့ရှိသည်။ ပြည်ပအလှူရှင်များက လိုအပ်သော ပညာရေး ကျန်းမာရေးနှင့် စားနပ်ရိက္ခာတို့အတွက် တာဝန်ကိုယ်စီယူထားကြသည်။

တိဗက်ကလေးငယ်များ ပညာရေးအတွက် အဓိကကူညီပေးနေသောတိုင်းပြည်မှာ ဂျပန်နိုင်ငံဖြစ်ပြီး အိန္ဒိယ၊ နီပေါနှင့် ဘူတန် နိုင်ငံတို့တွင် TCV ကျောင်းပေါင်း ရှစ်ဆယ်ကျော်ဖွင့်လှစ်ထားပြီးဖြစ်သည်။ ကျောင်းပေါင်းသုံးဆယ်ကျော်ကို တိဗက် အဝေး ရောက်အစိုးရရဲ့ စီမံထိန်းချုပ်မှုအောက်မှာ ထားရှိပြီး အချို့ကျောင်းများ ကိုတော့ အိန္ဒိယအစိုးရရဲ့ စီမံကွပ်ကဲမှုဖြင့် ဖွင့်လှစ် ထားခြင်းဖြစ်သည်။ ဥတ္တရာပရာဒေ့ရှ်နှင့် ဆစ်ကင်းပြည်နယ်တို့တွင် ကိုယ်ပိုင် ပုဂ္ဂလိကကျောင်း ကိုးကျောင်းရှိသည်ဟု ဆိုပါသည်။ "TCV ကျောင်းတွေမှာ ပညာသင်ယူနေကြတဲ့ တိဗက်ကလေးငယ် တစ်သောင်းကျော်ရှိတယ်လေ။ ဓရံဆာလာမှာ နှစ်ထောင်ကျော်ရှိတယ်။ ကျောင်းစရိတ် ကျောင်းဝတ်စုံ ကျောင်းသုံး စာအုပ်များနှင့် အစားအသောက်များ၊ နေရာထိုင်ခင်းများ အားလုံးကို ပြည်ပအလှူရှင် တွေရဲ့အကူညီနဲ့ တိဗက်အဖွဲ့ အစည်းများက တာဝန်ယူပေးထားတယ်။ ကလေးအများစုကတော့ မိဘမဲ့တွေများပါတယ်။ တစ်ချို့မိဘတွေက သူတို့ ကလေးတွေကို ဒီမှာ အပ်ခဲ့ပြီး တိဗက်ပြည်မှာ ကျန်နေခဲ့တဲ့ ကလေးတွေကို ပြန်ခေါ်နေ တာမျိုးတွေလည်း ရှိတယ်။ ဒီကျောင်းမှာဆိုတော့ မိဘတွေက သူတို့ကလေးတွေကို စိတ်ချတာလည်း ပါမယ်ထင်ပါတယ်။ နေ့တိုင်း နီးပါးတော့ လာအပ်နေကြတာပါပဲ။ တစ်ခါတလေ ဆယ်ယောက်အိပ်နေရာကို အယောက်နှစ်ဆယ်လောက် ထားရတာမျိုး တွေလည်းရှိတယ်။ ကလေးတွေက များများလာတော့ နေရာအခက်အခဲ တော့ရှိတာ ပေါ့"ဟု TCVကျောင်းရဲ့ ဒါရိုက်တာဖြစ်တဲ့ တိဗက် လူမျိုးသားကြီး ဆေ၀မ်ရေချီ ကပြောပါသည်။

အခုလောလောဆယ်ရှိတဲ့ အဆောက်အဦ တွေမှာ ကလေးတွေနဲ့ ပြည့်သွားပြီဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီလိုအခြေအနေ မျိုးရောက် သွားခဲ့မယ်ဆိုရင် ဆက်ပြီး လက်မခံတော့ဘူးလား ဟု မေးကြည့်လိုက်တော့ "ဆက်ပြီးလက်မခံလို့ ကတော့ ဘယ်ဖြစ်မလဲ။ သူတို့က ကိုယ့်ဆီကိုအားကိုးတကြီးနဲ့ ရောက်လာကြတာလေ။ ကျောင်းတွေကို လက်မခံဘဲ ပိတ်ပစ်လိုက်ဖို့တော့ စိတ်ကူး မရှိပါဘူး။ အဆောင်သစ် ထပ်မဆောက်နိုင်သေးရင်တောင် လောလောဆယ်နေ လို့ဖြစ်မယ့် တဲအကြီးကြီးတွေ ထိုးပြီး ကလေးတွေကိုတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ လက်ခံနိုင်အောင် ကြိုးစားပြီး စီမံပေးရမှာပဲ "ဟု ဆေ၀မ်ရေချီက ရှင်းပြပါသည်။ လွတ်လပ်ခြင်းရဲ့ အရသာကို ခံစားနိုင်ဖို့အခွင့်ရေးသည် လူသားတစ်ဦး၏ မွေးရာပါ အခွင့်အရေးပင်ဖြစ်သည်။

ထိုနေ့က ဓရံဆာလာရှိ အိုအေစစ်ဟုအမည်ရသော တိဗက်လဘက်ရည်ဆိုင် ကလေးတွင် တိဗက်လူငယ်ကလေးများနှင့် ထိုင်ဖြစ်ခဲ့ပါသည်။ သည်ဆိုင်ကလေးက မြင်ကွင်းကောင်းသည်။ နောက်ကရေခဲတောင်ကြီးတွေကို လှမ်းမြင်နေရပြီး လမ်းဆုံမှာ တည်ရှိနေသည့် နှစ်ထပ်ဆိုင် ကလေးဖြစ်သောကြောင့်လည်း လမ်းသွား လမ်းလာ များကို ဆိုင်အပေါ်ထပ်ကနေ ငေးကြည့်ရင်း ရေခဲတောင်ကြီးကို တစ်ခါတခါ လှမ်းမျှော်ကြည့်လိုက်ရတာကိုက အရသာတစ်ခုပင်ဖြစ်သည်။

သည်ဆိုင် ကလေးက လူမရှင်းတတ်သည့်တိုင် ကိုယ်ပြောချင်တာကလေးတွေကို လွတ်လွတ်လပ်လပ် အေးအေးဆေးဆေးပြောလို့ကောင်းသည့် နေရာကလေး တစ်ခုဖြစ်ခြင်း ကြောင့်လည်း အမြဲတမ်းလိုလို လူပြည့်နေတတ်သည်။ "လွတ်လပ်ခြင်း အရသာကို မြည်းစမ်းချင် နေကြတဲ့ တိဗက်လူငယ်တွေအတွက် အသက်မွေးဝမ်း ကျောင်းပညာ ရပ်ဆိုင်ရာ ကျောင်းတွေကိုလည်း ဖွင့်ထားပေးတယ်။ ဒီဓရံဆာလာမှာ ဆိုရင် တိဗက်လက်မှု ပညာစင်တာကြီးလည်း ရှိနေပြီလေ။ တိဗက်ပြည်မှာတုန်း ကတော့ တိဗက်ယဉ်ကျေးမှု က ဘာလဲဆိုတာကို သိပ်ပြီးအများကြီး သိခွင့်မရခဲ့ဘူး။ အင်္ဂလိပ်စာ သင်ကြားဖို့လည်း အခွင့်အရေးမရခဲ့ဘူး။ တိဗက်ပြည်မှာ သင်ရတဲ့သင်္ခန်း သာတွေက တရုတ်စာ တွေချည်းပဲ။ တိဗက်စာကို မပါတော့ဘူး။ တရုတ်တွေက တိဗက်တွေကို တိဗက်ယဉ်ကျေးမှု သင်တာကို ကြိုက်လည်းမကြိုက်ဘူး။ သင်ကြားခွင့်လည်း မပေးဘူး။ တိဗက်စာ၊ တိဗက်ယဉ်ကျေးမှု တွေသင်ပေးဖို့ တောင်းဆိုဘူးတယ်။ ကျနော့်ကို ပုလင်းနဲ့ခေါင်းကိုရိုက်တယ်ဗျာ။ ဒီမှာကြည့်ပါလား ကျနော့်ခေါင်းမှာ အခုထိ အမာရွတ်ကြီးရှိသေးတယ်။ အိန္ဒိယဘက်မှာ ဒီလိုသင်တန်း ကျောင်းတွေကို ဖွင့်တာကိုပဲ တရုတ်ကို ခုခံတော်လှန်ဖို့ တိဗက်စစ်တပ်အတွက် ဖွင့်ပေးနေတယ်လို့ သူတို့က ထင်နေကြတာလေ"ဟု ဓရံဆာလာကိုရောက်လာသည်မှာ နှစ်လခန့်သာရှိ သေးသော တိဗက်လူငယ်ကလေးတစ်ဦးက သူ့ခေါင်းကို ထိုးပေးရင်း သူ့ဘ၀ သူ့အကြောင်းကို ရှင်းပြနေပါသည်။

တာချီဆိုသော တိဗက်လူငယ်လားမားကလေးကတော့ We need to be educated. ဟူသော စကားကိုပင် ထပ်တလဲလဲ ပြောပါသည်။ သူပြောချင်တာလေးတွေ ပြောပြီးသွားလျှင် သူက We need to be educated. ဟူသော ၀ါကျဖြင့် အဆုံးသတ် လေ့ရှိသည်။ နောက်ထပ်သူပြောချင်တာကလေး တွေ ထပ်ပြောလိုက်။ ပြီးသွားရင် We need to be educated.နဲ့ အဆုံးသတ်လိုက်နဲ့။ ဘာပြောပြော သူ့စကားသံရဲ့အဆုံးမှာ ကြားနေရသောစကားတစ်ခွန်းမှာ We need to be educated. ပင်ဖြစ်နေပါ တော့သည်။ "ကျနော်တို့ ပညာတတ်ဖို့ လိုတယ်ဗျ"ဟူသောစကားကို သူကအလေး အနက်ပြောပါသည်။ သူ့လူမျိုးတွေအခုလို ကျူးကျော်ခံနေရတာ ပညာမတတ်လို့ ဟု တာချီက အခိုင်အမာ ခံယူထားပုံရပါသည်။ "ဘယ်အရာကိုပဲဖြစ်ဖြစ် စားပွဲဝိုင်းမှာထိုင်ပြီး ဆွေးနွေတိုင်ပင်ခြင်း ဒိုင်ယာလော့နဲ့သွားရမည်။ သို့သော် ဒီလိုဒိုင်ယာလော့နဲ့ သွားနိုင်တဲ့အဆင့်ရောက်ဖို့ ပညာတတ်ဖို့တော့ လိုလိမ့်မယ်။ အရာအားလုံးအတွက် အသိပညာ အတတ်ပညာဟာ သော့တစ်ချောင်းနဲ့တူတယ်"ဟု ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောခဲ့ဖူးပါသည်။

တိဗက်လူငယ်ကလေး ရမ်ချီကတော့ "ဒီဘက်ကို ခက်ခက်ခဲခဲနဲ့ စွန့်စားပြီး လာခဲ့တယ်။ ပညာတွေသင်ပြီးသွားရင် တိဗက်ကို ပြန်ဝင်ကြတယ်။ ဒီဘက်မှာ ရောက်နေတဲ့ ကိုယ့်လူမျိုးတွေရဲ့ အနေအထားကို ရှင်းပြခွင့်ရတယ်။ ရဲရင့်တဲ့သတ္တိရှိတဲ့ လူငယ်တွေ အတွက် အန္တရာယ်အခဲကို ကျော်ဖြတ်လိုက်ရင် ဒီဘက်မှာ ပညာသင်ဖို့ အခွင့်အရေး တွေ ဒီလိုရှိနေတယ်ဆိုတာကို တိဗက်ပြည်မှာ ကျန်နေခဲ့တဲ့ လူငယ်တွေကို ရှင်းပြဖို့ ကျနော်အိမ်ပြန်သေးတယ်။ ဒါပေမယ့် ဘယ်နေ့ဖြစ်မလဲ ဆိုတာကတော့ အခုချိန်ထိ မသိနိုင်သေးပါဘူးဗျာဟု သူ့ရဲ့စိတ်ကူးများကို ဖွင့်ပြသွားပါသည်။ ပြီးတော့ ရေခဲ တောင်ကြီးကို ငေးကြည့်နေရင်းကနေ သူ့ရှေ့မှာ ချထားတဲ့ လဘက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ဂွက်ခနဲမြည်အောင် မော့ချလိုက်လေသည်။ ရေခဲတောင် တန်းကြီးတွေပေါ်ကနေ လွင့်ပျံနေတဲ့ တောင်ခိုးတောင်ငွေ့တွေလို တိဗက်ပြည်မှာ ကျန်ရစ်ခဲ့သည့် မိသားစုတွေနဲ့အတူ မိခင်တိုင်းပြည် တိဗက်ပြည်ကြီးကို လွမ်းမောနေတဲ့ အလွမ်းငွေ့တွေကလည်း သူ့မျက်နှာပေါ် လွင့်ပျံဝဲလို့။ သူကတော့ ငေးလို့ငိုင်လို့။ အဲဒီနေ့က ဓရံဆာလာရဲ့လမ်းမတွေပေါ်မှာ လူခြေတိတ်စ ပြုချိန်မှာပဲ ကျနော်တို့ လူချင်းလမ်းခွဲလိုက်ကြပါသည်။

ဆက်လက်ဖော်ပြပါဦးမည်။

ကိုသစ် (သီတဂူ)
၁၊၁၀၊၂၀၁၈

ကာတွန်း ဇာနည်ဇော်ဝင်း ● မင်း ငယ်ပါသေးတယ်ကွာ ...

$
0
0

ကာတွန်း ဇာနည်ဇော်ဝင်း ●  မင်း ငယ်ပါသေးတယ်ကွာ ...
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၇
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>