Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ကိုဂျေ - သတ်ပုံပြင်စရာမလိုတဲ့ မြန်မာစာရေးဆရာကြီးများ

$
0
0

ကိုဂျေ - သတ်ပုံပြင်စရာမလိုတဲ့ မြန်မာစာရေးဆရာကြီးများ
(မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၈

ကံကောင်းထောက်မတဲ့အတွက် မြန်မာစာပေနယ်က စာရေးဆရာ၊ ကဗျာဆရာ အတော်များများရဲ့ မူရင်း စာမူတွေကို ဖတ်ခွင့်ရခဲ့ဖူးပါတယ်။ ဒီအထဲမှာ ဘယ်စာရေးဆရာတွေရဲ့ စာမူကိုတော့ သတ်ပုံ ဂရုစိုက်ပြင်ရမယ်။ ဘယ်စာရေးဆရာတွေကတော့ ပြင်စရာမလိုဘူးဆိုတဲ့ အတွေ့အကြုံ ရခဲ့ပါတယ်။ မြန်မာစာရေးသားရာမှာ သတ်ပုံသတ်ညွှန်း စံထားရတဲ့ စာရေးဆရာကြီးတွေထဲမှာ ကဗျာဆရာကြီး ဦးတင်မိုးဟာ ထိပ်ဆုံးက ပါဝင်သူတဦး ဖြစ်ပါတယ်။ ဆရာ့ရဲ့ လက်ရေးစာမူတိုင်းဟာ ဖျက်စရာ မရှိသလို၊ ရှင်းလင်း နေတတ်ပါတယ်။ ဒါကြောင့် စာမူကို စာစီတဲ့နေရာမှာ ဆရာ့ လက်ရေးစာမူ မူရင်းနဲ့သာ တိုက်ဆိုင် စိစစ်ခဲ့ပါတယ်။ ဆရာဂျမ်းလိုပဲ သတ်ပုံကို အထူးဂရုစိုက်တဲ့ စာရေးဆရာကြီးတွေထဲမှာ ဆရာမကြီး လူထုဒေါ်အမာ၊ ဆရာနတ်နွယ်နဲ့ ဆရာမင်းကျော် တို့ဟာလဲ စံပြုရမယ့် ဆရာကြီးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာဦးအောင်သင်း၊ ဆရာဇော်ဇော်အောင်၊ ဆရာမောင်စွမ်းရည်၊ ဆရာမောင်သာရနဲ့ ဆရာမောင်သာနိုး တို့ဟာလည်း မြန်မာစာရေးထုံးတွေကို အင်မတန် ဂရုစိုက်တဲ့ စာရေးဆရာကြီးတွေ ဖြစ်ပါတယ်။ ဒီအထဲက ထူးခြားသူကတော့ ဆရာမောင်သာရ ဖြစ်ပါတယ်။

ဆရာမောင်သာရရဲ့ လက်ရေးဟာ အင်မတန် သေသပ်ပါတယ်။ သူ့စာမူကို စာစီတဲ့ နေရာမှာ စာစီဆရာတွေကို သူရေးထားတဲ့ မူအတိုင်း စီခိုင်းလေ့ရှိပါတယ်။ သတ်ပုံမူကနေ ပြောင်းရေးတဲ့ အသံထွက်တွေ…ဥပမာ ပြောင်းလဲအသံထွက်ရတဲ့ တည်ပုဒ်တွေကအစ ဘာကြောင့် အသံထွက်အတိုင်း စာစီရမယ်ဆိုတာကို မှာလေ့ရှိသူတဦး ဖြစ်ပါတယ်။ ဆရာမောင်သာရလိုပဲ သတ်ပုံအင်မတန် ဂရုစိုက်တဲ့ စာရေးဆရာကတော့ ဆရာငြိမ်းကျော် ဖြစ်ပါတယ်။ သူ့စာမူကို စာစီစာစစ်ရင် သူရေးထားတဲ့ မူရင်းစာမူနဲ့ တိုက်ဆိုင် စစ်ဆေးဖို့ကို မှာလေ့ရှိသူ ဖြစ်ပါတယ်။ နောက်တဦးကတော့ ဆရာအောင်ပြည့် ဖြစ်ပါတယ်။ သူအယ်ဒီတာအဖြစ် တာဝန်ယူတဲ့ မဂ္ဂဇင်းတွေမှာ ဖော်ပြတဲ့ စာမူတိုင်းကို သတ်ပုံစိစစ်တဲ့နေရာမှာ အင်မတန် သတိထားသူ ဖြစ်ပါတယ်။ မူရင်းစာရေးဆရာရဲ့ လက်ရေးစာမူပေါ်မှာ ခဲတံနဲ့ စာလုံးပေါင်းသတ်ပုံအမှန်ကို လိုက်ပြင်တတ်သူလဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောစရာရှိတာကတော့ ကဗျာဆရာတွေ အကြောင်းပါပဲ။ မြန်မာကဗျာဆရာတိုင်း လိုလိုဟာ သတ်ပုံကို အင်မတန်ဂရုစိုက်သူတွေဖြစ်ပါတယ်။ နဘေတွေနဲ့ ကဗျာဖွဲတတ်တဲ့ ကဗျာဆရာ မောင်ခိုင်မာကတော့ သူရေးထားတဲ့ ကဗျာမှာ အသုံးပြုထားတဲ့ နဘေတွေရဲ့ မူရင်း ရေးထုံးတွေ နောက်ကို လိုက်သူ ဖြစ်ပါတယ်။ တခါတရံ သူ့ကဗျာစာမူတွေကို စာပေစိစစ်ရေးက စာလုံးပေါင်း သတ်ပုံ ပြင်ခိုင်းတဲ့အခါမှာ ဘာကြောင့် သူ့အနေနဲ့ အခုလို ရေးရတယ်ဆိုတာကို စာစစ်မှူးတွေဆီ လိုက်ရှင်းပြတတ်သူ ဖြစ်ပါတယ်။ လူလတ်ပိုင်း စာရေးဆရာတွေထဲမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာမင်းလူဟာ သတ်ပုံ ဂရုစိုက်သူတဦးဖြစ်ပါတယ်။

သက်ရှိထင်ရှား စာရေးဆရာတွေထဲမှာ သတ်ပုံကို ဂရုစိုက်ရေးလေ့ရှိတဲ့ စာရေးဆရာတွေကတော့ ဆရာမောင်ပေါ်ထွန်း၊ ဆရာချစ်ဦးညိုနဲ့ ဆရာနေဝင်းမြင့်တို့ ပါဝင်ပါတယ်။ တခြား စာရေးဆရာတွေလဲ ရှိမှာပါ။ အခုဖော်ပြခဲ့တဲ့စာရေးဆရာတွေကတော့ ကိုဂျေ ကိုယ်တွေ့ဖတ်ခဲ့ရတဲ့ စာမူရှင်တွေထဲက စာရေးဆရာတွေရဲ့ အကြောင်းမျှသာ ဖြစ်ပါတယ်။

ကိုဂျေ
ဇန်၊ ၇၊ ၂ဝ၁၈

မောင်လူပေ - ဟယ်လို ကယ်လီဖိုးနီးယား - ၁

$
0
0
 
မောင်လူပေ - ဟယ်လို ကယ်လီဖိုးနီးယား - ၁
(မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၈

မြန်မာနိုင်ငံက သူငယ်ချင်းတွေနဲ့တွေ့တော့ အမေရိကား အကြောင်းရေးဖို့ပြောကြတယ်။ ကယ်လီဖိုးနီးယားမှာနေသူမို့ ကယ်လီဖိုးနီးယားအကြောင်းရေးပါတဲ့။ ကိုယ်က မြန်မာနိုင်ငံအကြောင်းတွေပဲ တစိုက်မတ်မတ်ရေးခဲ့သူ။ အမေရိကားမှာနေပြီး အမေရိကားအကြောင်း တစ်နှစ်တစ်ပုဒ်တောင်မှန်မှန် မရေးဖြစ်။ သူတို့တိုက်တွန်းချက်နဲ့ ကယ်လီဖိုးနီးယားအကြောင်းစရေးဖို့ စဉ်းစားမိတယ်။ မိတ်ဆက်တဲ့သဘောပေါ့။ မိတ်ဆွေ သူငယ်ချင်းတွေအတွက်ရေးတာမို့ ပေါ့ပေါ့ပါးပါးလေးရေးချင်တယ်။

မိတ်ဆက်တဲ့သဘာဝမှာ ဟယ်လို၊ ဟိုင်း နဲ့ စပြီးမိတ်ဆက်တတ်ကြတော့ ဟယ်လို.. ကယ်နီဖိုးနီးယားပေါ့ဗျာ။ ကယ်လီဖိုးနီးယားနဲ့ သင့်ကို မိတ်ဆက်ပေးပါရစေ။

ကယ်လီဖိုးနီးယားဆိုတာ အမေရိကားဖက်ဒရယ်ပြည်ထောင်စုရဲ့ ပြည်နယ်ငါးဆယ်အထဲက ပြည်နယ်တစ်ခုပါ။ ဒါပေမဲ့ သေးသေးမွှားမွှား ပြည်နယ်လေးတစ်ခုတော့ မဟုတ်။ ပြည်ထောင်စုရဲ့ တတိယအကြီးဆုံး၊ လူဦးရေ သန်းလေးဆယ်နီးပါးနေထိုင်တဲ့ အမေရိကားရဲ့ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်ပြီး အိမ်ခြံမြေဈေးကလည်း တတိယဈေးအကြီးဆုံးပါပဲ။



ကယ်လီဖိုးနီးယားဟာ ပြည်နယ်ငါးဆယ်ထဲမှာ အချမ်းသာဆုံးပြည်နယ်ဖြစ်လို့ သူ့ကို ပြည်နယ်အနေနဲ့မတွက်ပဲ နိုင်ငံတစ်ခုအနေနဲ့တွက်ရင် ၂.၇ ထလီယံဒေါ်လာစီးပွားရေးကြောင့် ကမ္ဘာမှာ ပဉ္စမမြောက်စီးပွားရေးအင်အားကြီးနိုင်ငံလို့ပြောရင်မမှား။ ဆန်ဖရန်စစ္စကိုဧရိယာတစ်ခုထဲမှာပဲ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီကြီးဆယ်ခုထဲက ဂူဂဲလ်(Alphabet Inc)ပန်းသီး(Apple Inc) ဖေ့ဘုတ်(Facebook Inc) နဲ့ ဝဲလ်ဖာဂိုဘဏ်( Wells Fargo & Co) စတဲ့ ကုမ္ပဏီကြီးလေးခု တည်ရှိနေသလို ကမ္ဘာ့အချမ်းသာဆုံးလူသားဆယ်ဦးထဲက လေးဦးနေထိုင်ကြတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ဟာ ပစိဖိတ်သမုဒ္ဒရာဖက်ကမ်းမှာတည်ရှိတဲ့ အမေရိကားရဲ့ အနောက်ဖက်ကမ်းခြေမှာတည်ရှိပြီး ပင်လယ်ကမ်းခြေမိုင် ၉၀၀ကျော်ရှိတယ်။ တောတွေ၊ တောင်တွေ၊ ရေခဲတောင်ကြီးတွေ၊ သဲကန္တာရတွေ၊ စိုက်ခင်းတွေ၊ မြို့ပြကြီးတွေ အစုံရှိတယ်။ မြောက်ဖက်မှာ အော်ရီဂွန်ပြည်နယ်၊ အရှေ့ဖက်မှာ နီဗားဒါးနဲ့အာရီးဇိုးနားပြည်နယ်၊ တောင်ဖက်မှာတော့ မက္ကဆီကိုနိုင်ငံ၊ အနောက်ဖက်က ပစိဖိတ်သမုဒ္ဒရာကြီးဝိုင်းထားတဲ့ပြည်နယ်တစ်ခုပါ။


ကယ်လီဖိုးနီးယားတောင်ပိုင်းရဲ့အကြီးဆုံးမြို့က L.A လို့ခေါ်တဲ့ လော့စ်အန်ဂျလစ်မြို့ပေါ့။လူဦးရေ ၁၈သန်းကျော် ဒီမြို့တဝိုက်မှာနေကြတယ်။ ဒီပြည်နယ်ရဲ့လူဦးရေအထူထပ်ဆုံးမြို့ပါ။ အမေရိကန်နိုင်ငံမှာလည်း နယူးယော့ခ်ပြီးရင် ဒုတိယလူနေအထူထပ်ဆုံးမြို့။ ကမ္ဘာကျော်ရုပ်ရှင်တွေကိုထုတ်လုပ်တဲ့ ဟောလိဝုဒ်က ဒီမြို့မှာပဲ။ မြောက်ပိုင်းက ဆန်ဖရန်စစ္စကိုဧရိယာတစ်ဝိုက်မှာတော့ လူဦးရေ ရှစ်သန်းခွဲလောက် နေထိုင်ကြတယ်။ ဆန်ဖရန်စစ္စကိုမြို့ဟာ အိမ်ခြံမြေဈေးမှာ နယူးယော့ခ်ပြီးရင် ဒုတိယဈေးအကြီးဆုံးမြို့ပါပဲ။



 နောက်ဆုံးပေါ်ကွန်ပြူတာတွေ၊ လက်ကိုင်ဖုန်းတွေ၊ အင်တာနက်နည်းပညာပစ္စည်းတွေထုတ်လုပ်တဲ့အပြင် ကျယ်ပြန့်တဲ့မြေ၊ ကောင်းမွန်တဲ့ရာသီဥတုတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာလည်း ပြည်နယ်တွေထဲမှာ ပထမပဲ။

ကယ်လီဖိုးနီးယားပြည်နယ်ဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွငြိမ်းချမ်းစွာ စုပေါင်းနေထိုင်ကြတဲ့ပြည်နယ်တစ်ခုလို့ ပြောရင်လည်းမမှား။ ပြည်နယ်အလယ်ပိုင်းကလွဲရင် လူမျိုးပေါင်းစုံကို တွေ့နိုင်တယ်။ ဘာသာစုံရဲ့ ဘာသာရေးအဆောက်အဦတွေတွေ့နိုင်တယ်။ သူတို့တွေရဲ့ အစားအသောက်ပေါင်းစုံရောင်းချရာ ကုန်စုံဆိုင်တွေ၊ စားသောက်ဆိုင်တွေလည်း လက်ညှိုးထိုးမလွဲတွေ့နိုင်တယ်။

အင်္ဂလိပ်စကားပြောသူက ပြည်နယ်ရဲ့တဝက်ကျော်လောက်ပဲရှိပြီး လေးပုံတစ်ပုံလောက်က စပိန်စကားပြောသူတွေဖြစ်တယ်။ ကျန်တဲ့လေးပုံတစ်ပုံနီးပါးက ဘာသာပေါင်းစုံပြောကြတာမို့ ရထားပေါ်မှာ ကားပေါ်မှာ ဘာသာစုံပြောနေကြတာ ကြားရရင် ကယ်လီဖိုးနီးယားပဲလို့တောင် ပြောစမတ်တွင်တဲ့အထိ။ ချိုင်းနိစ်၊ အိန္ဒိယနွယ်ဖွား၊ ဖိလစ်ပိုင် တို့က အာရှသားတွေထဲမှာ ပ၊ဒု၊တ အများဆုံးနေထိုင်သူတွေပါ။ ဒါကြောင့် မြန်မာတွေ ကယ်လီဖိုးနီးယားမှာပျော်ကြတယ်။ ရာသီဥတုကောင်းတယ်၊ အလုပ်ပေါတယ်၊ကျောင်းတွေကောင်းတယ်၊ လူမျိုးရေးခွဲခြားခံရမှုနည်းတယ်၊ အာရှ အစားအသောက်တွေရတယ်၊ မြန်မာတွေပေါတဲ့ပြည်နယ်ပေါ့။ အမေရိကားမှာ အခြေချနေထိုင်ဖို့စဉ်းစားရင် ပထမဆုံးစဉ်းစားကြတဲ့ပြည်နယ်တစ်ခုပါပဲ။

 

အချမ်းသာဆုံးပြည်နယ်မှာနေသူတို့မို့ အလွန်ချမ်းသာနေကြတဲ့မြန်မာတွေလို့တော့ မထင်လိုက်ပါနဲ့။ အလုပ်ပေါသလို ကုန်ကြစရိတ်လည်းမသေးလှ။ နေထိုင်စားရိတ်၊ စားသောက်စားရိတ်တွေကြီးလှတာမို့ ရရစားစားသမားတွေများတဲ့ ပြည်နယ်သားတွေက အများစုပါ။ မြန်မာတွေလည်း ထိုနည်းလည်းကောင်း။ ဒီအထဲက ခြစ်ချုပ်ပြီး ကိုယ့်ဘာသာအတွက်လှူကြတယ်။ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေထောင်ကြတယ်။ မြန်မာဘုန်းကြီးကျောင်းအများဆုံးပြည်နယ်ကိုပြပါဆိုရင်လည်း ဒီပြည်နယ်ပဲ။

ပညာနည်းရင်အလုပ်နှစ်ခု၊ ပညာတတ်ရင်အလုပ်တစ်ခုလုပ်ကြပြီး တစ်နှစ်ကုန်ရင် ဒေါ်လာတစ်သောင်းကျော် (မြန်မာငွေသိန်းတစ်ရာကျော်) စုမိအောင်တောင် အနိုင်နိုင်ဖြစ်ကြတဲ့ မြန်မာတွေက အများစုမို့ ကယ်လီဖိုးနီးယားမှာ အရမ်းစုမိတယ်ပြောတဲ့သူဟာ ဆူပါမြန်မာဖြစ်ပါလိမ့်မယ်။ပညာဆူပါ၊ ဒါမှမဟုတ်ရင် ကပ်စီးနည်းတာ ဆူပါပေါ့လေ။ (ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်တာ။)

နောက်အခေါက်မှာတော့ ပြည်နယ်ရဲ့သမိုင်း၊ အစိုးရတို့အကြောင်း ပြောပြပါဦးမယ်။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - foam at the mouth

$
0
0

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - foam at the mouth
(Academic Weekly Journal, Yangon) မိုးမခ၊ ဇန်န၀ါရီ ၁၁၊ ၂၀၁၈

ကိုဂျေ - ဘုန်းကြီးကျောင်းသားဘဝကနေ စာပေပညာရှင် ဖြစ်လာသူ ဆရာကြီးပါရဂူ

$
0
0

ဓာတ်ပုံ - မြတ်ခိုင်
 ကိုဂျေ - ဘုန်းကြီးကျောင်းသားဘဝကနေ စာပေပညာရှင် ဖြစ်လာသူ ဆရာကြီးပါရဂူ
(မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၈


တယောက်ထဲ ရှင်သန်ရတာ သိပ်ခက်တယ်။ နေမကောင်းတဲ့အခါ ရေတခွက် ခပ်သောက်ဖို့ကအစ ဒုက္ခရောက်တယ်။ ခင်ဗျား အိမ်ထောင်ပြုလိုက်တာ ကောင်းတယ်။ ခင်ဗျားက အလုပ်လဲ ကြိုးစားတော့ အောင်မြင်မှာပါလို့ ကျနော့်ရဲ့ မင်္ဂလာဆောင် ဖိတ်စာလေးကို ဖတ်နေရင်း..ဆရာပါရဂူက ပြောခဲ့တယ်။ အချိန်ရှိပါသေးတယ် ဆရာရယ်လို့ နောက်တော့…ချစ်စရာကောင်းတဲ့ သူ့မျက်နှာပြင်ထက်က အပြုံးတွေနဲ့ ကျနော့်ကိုကြည့်နေတယ်။ ကဲ လာ..လက်ဖက်ရည်ဆိုင်ရောက်မှ ဒီကိစ္စ ဆက်ပြောကြမယ်ဆိုပြီး ဗဟန်း၊ ဝင်္ဂဘာလမ်းမှာရှိတဲ့ သူ့နေအိမ်ရဲ့ မျက်နှာချင်းဆိုင်က လက်ဖက်ရည်ဆိုင်လေးကို ထွက်ခဲ့ကြတယ်။

xxxxx

စာရေးဆရာကြီးတွေထဲမှာ ဆရာကြီးပါရဂူနဲ့ စကားပြောတဲ့အခါတိုင်း ကျနော့်မှာ ပြောစရာတွေက များခဲ့တယ်။ သူနဲ့ ကျနော်နဲ့က ရပ်ဆွေ ရပ်မျိုးတွေဖြစ်တယ်။ ဟင်္သာတမြို့နယ်မှာရှိတဲ့ သူ့ရဲ့ သနွံသနော့ကျေးရွာနဲ့ ကျနော့်ရဲ့ ဇာတိ ဒူးယားကျေးရွာနဲ့က လေးမိုင်လောက်ပဲ ဝေးတယ်။ ဟင်္သာတနဲ့ ၅ မိုင်အကွာက နတ်မှော်မြို့မှာ နေထိုင်တဲ့ ကျနော့် အမျိုးတွေဆီ အလည်သွားရင် သာစည်နဲ့ သနွံသနော့ ကျေးရွာတွေကို ဖြတ်သွားရတယ်။ အဲဒီရွာတွေမှာ ကိုဂျေ့အဘွားရဲ့ အမျိုးတွေရှိတယ်။ ဆရာပါရဂူကလည်း ရန်ကုန်ကနေ သနွံသနော့ရွာလေးကို အလည်ပြန်တိုင်း နတ်မှော်တံတားဦးထိပ်မှာ နေတဲ့ ကိုဂျေ့အမျိုးတွေ အိမ်မှာ တထောက်နား ပြီးမှ သူ့ရွာကို စက်လှေနဲ့ ခရီးဆက်တယ်။ ဒီတော့ ရပ်အကြောင်း ရွာအကြောင်း အမျိုးတွေအကြောင်းက သူနဲ့ ကျနော့်ကြားမှာ ပြောမကုန်ခဲ့ဘူး။

သနွံသနော့ရွာကိုရောက်တိုင်း... ဒီအိမ်က ဆရာပါရဂူဖြစ်လာမယ့် ဦးလှကြိုင်ရဲ့အိမ်၊ ဒီအိမ်က ကိုပုလေးလို့ ခေါ်တဲ့ ဆရာဆန်းထွန်းရဲ့အိမ်၊ ဒီစာသင်ကျောင်းနဲ့ ဒီဘုန်းကြီးကျောင်းမှာ ဆရာပါရဂူ သူငယ်တန်းကနေ လေးတန်းအထိ ပညာသင်ခဲ့ပြီး ကိုရင်ဝတ်ခဲ့တာလို့ သနွံသနော့ရွာက အမျိုးကျောင်းဆရာက ရှင်းပြလေ့ရှိတယ်။ ကိုဂျေ စာဖတ်ဝါသနာပါခဲ့တဲ့ အခြေခံအကြောင်းကို ပြန်စဉ်းစား လိုက်တဲ့ အခါ…ဆရာပါရဂူ၊ ဆရာဦးဆန်းထွန်းတို့ရဲ့ ကျေးဇူးတွေက အဓိက ကျတယ်ဆိုတာကို တွေ့ရတယ်။

ဟင်္သာတမြို့လယ်က ‘မြစ်ကွေ့ကျောင်းတိုက်’ထဲကို မကြာခဏရောက်တတ်တယ်။ ရောက်တဲ့ အခါတိုင်း ဒီကျောင်းတိုက်မှာ ဆရာပါရဂူနဲ့ ဆရာဆန်းထွန်းတို့ စာသင်ခဲ့ကြတာပါလား။ မြစ်ကွေ့ကျောင်းတိုက် ဆရာတော် ဦးပညာဝံသဟာ စာအုပ် စုဆောင်းတာ ဝါသနာပါတယ်။ ပညာတော်တဲ့ စာသင်သားတွေကို မြေတောင်မြှောက်ပေးတယ်။ အဲဒီစာသင်တိုက်မှာ ဦးလှကြိုင်လို့ ခေါ်တဲ့ ရှင်ပါရဂူဟာ စာရေးဆရာပါရဂူ ဖြစ်ခဲ့တယ်။ ရှင်ဉာဏိဿရလို့ အမည်တွင်တဲ့ စာရေးဆရာဆန်းထွန်း ပေါ်ထွက်ခဲ့တယ်။
ရှင်ပါရဂူ ရဟန်းဘဝမှာ အိန္ဒိယနိုင်ငံက သူဌေးဗီရလာရဲ့ အရိယဓမ္မပညာတော်သင်ဆုရခဲ့တာကြောင့် ၁၉၄၇ခုနှစ်မှာ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ ဗာရာဏသီ ဟိန္ဒူတက္ကသိုလ် အိုရီယန်တယ်ကောလိပ်မှာ ဟိန္ဒီနဲ့ သက္ကတဘာသာတွေ သင်ကြားခဲ့တယ်။ သူရေးသားခဲ့တဲ့ စာအုပ်တွေထဲမှာ ဟိန္ဒီနဲ့ သက္ကတဘာသာတွေကနေ ဘာပြန်ပြန်ခဲ့တဲ့ စာအုပ်တွေ များခဲ့တယ်။
xxxxxx

ဆရာပါရဂူ ရေးခဲ့တဲ့ စာအုပ်အတော်များများကို ဖတ်ခဲ့ပါတယ်။ ဆရာ့လက်မှတ်နဲ့ စာအုပ် လက်ဆောင်တွေလဲ ရခဲ့ပါတယ်။ ဆရာ့စာအုပ် အားလုံးနီးပါးဟာ ဘယ်နှစ်ကြိမ်ဖတ်ဖတ် မရိုးခဲ့ပါဘူး။

“ခင်ဗျား မြန်မာ စာရေးဆရာ ဖြစ်ချင်တယ်။ စာရေးတာ ဝါသနာပါရင်တော့..ဗုဒ္ဓစာပေတွေကို လေ့လာဖို့လိုတယ်။ ဘာသာစကားတိုင်းမှာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေပါတယ်။ အတွေးအခေါ် အယူအဆတွေ ပါတယ်။ ယုံကြည်ကိုးကွယ်မှုတွေပါတယ်။ မြန်မာစာဖတ်တဲ့ ပရိသတ် ၈ဝ ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာရဲ့ အယူအဆ၊ အတွေးအခေါ်တွေကို လက်ခံထားပြီး ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ စာတွေကို ဖတ်မှတ် လေ့လာပါ”လို့ ဆရာပါရဂူက အကြံပေးခဲ့တယ်။
xxxxxx



ဆရာပါရဂူ ရေးတဲ့ စာအုပ်တွေထဲမှာ ပထမဆုံး စဖတ်ဖူးတဲ့ စာအုပ်ကတော့ ညီတော်မင်းနန် ဖြစ်ပါတယ်။ အသက် ၁၄ နှစ်လောက်က ဖတ်ခဲ့ရတာပါ။ ချောချောလှလှ မိန်းကလေးတွေ မြင်တိုင်း ရင်ခုန်နေတဲ့ အချိန်က ဖတ်ရတာပါ။ သိဒ္ဓတ္ထမင်းသားနဲ့ သူ့ရဲ့ ညီတော် နန္ဒတို့ အကြောင်းဖြစ်ပါတယ်။ သိဒ္ဓတ္ထမင်းသားက လောကရဲ့ စည်းစိမ်မှန်သမျှကိုစွန့်ပြီး သစ္စာတရားကို ရှာဖို့ ဆန္ဒရှိခဲ့သူ။ နန္ဒမင်းသားက ရင်ခုန်တတ်၊ ချစ်တတ်၊ လောကီအာရုံကို ခုံမင်သူ။ နန္ဒမင်းသားမှာ သုန္ဒရီဆိုတဲ့ ချစ်သူ ရှိနေတယ်။ သိပ်လှတယ်။ တဦးနဲ့ တဦး တကယ့်ကို စွဲမက်ချစ်ခင် မြတ်နိုးနေကြတယ်။ အဲဒီနောက် သိဒ္ဓတ္ထမင်းသားက ဗုဒ္ဓဘုရားအဖြစ် ခံယူပြီးနောက်မှာ ညီတော် နန္ဒမင်းသားကို ရဟန်းပြုပေးတယ်။ အစ်ကိုတော်ကို ချစ်လွန်းလို့သာ ရဟန်းပြုရတယ် ချစ်သူ သုန္ဒရီကို သတိရ၊ တမ်းတစိတ်နဲ့ တမှိုင်မှိုင်တတွေတွေ ဖြစ်နေတယ်။

ဒီမှာပဲ ဗုဒ္ဓ မြတ်စွာဘုရားက ညီတော်နန္ဒမင်းသားကို ဟိမဝန္တာတောင်ကို ခေါ်ပြီး မျောက်အို မျက်ကန်းမကြီး တကောင်ကိုပြတယ်။ မျောက်မကြီးနဲ့ သုန္ဒရီ ဘယ်သူလှသလဲလို့ မေးခဲ့တယ်။ နန္ဒမင်းသားက သူ့ချစ်သူကို မျောက်အိုမကြီးနဲ့နှိုင်းတော့ စိတ်မကောင်းဖြစ်တာပေါ့။ တကယ်လဲ သူ့ချစ်သူ သုန္ဒရီက လှတာကို။ အဲဒီနောက်တော့ ဗုဒ္ဓ မြတ်စွာဘုရားက ညီတော်နန္ဒမင်းသားကို နတ်ပြည်ကိုခေါ်ပြီး နတ်သမီးတွေကိုပြတယ်။ ဘယ်သူလှသလဲပေါ့။ ဒီမှာပဲ နန္ဒမင်းသားဟာ သုန္ဒရီကို မေ့ပြီး နတ်သမီးတွေနဲ့ ပျော်တော့တာပေါ့။ နတ်ပြည်က ပြန်ဆင်းလာတော့ နတ်သမီးတွေကို လွမ်းပေါ့။ အဲဒီနောက်မှာ ဗုဒ္ဓမြတ်စွာက ညီတော် နန္ဒကို ဘယ်စည်းစိမ်မှ မမြဲကြောင်းတရားဟောတယ်။ နန္ဒမင်းသားလဲ သဘောပေါက်သွားတယ်။ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမကိုခံတယ်။ နောက်ပိုင်းမှာ ရဟန္တာ ဖြစ်သွားတဲ့ ဝတ္ထုဖြစ်ပါတယ်။

ဒီဝတ္ထုကို ဖတ်ပြီးတဲ့နောက် ကိုဂျေဟာ မိန်းကလေး ချောချောလေးတွေမြင်တိုင်း မျောက်အိုမကြီး ပုံကို မြင်လာတဲ့အကြောင်း ဆရာပါရဂူကို ပြောပြတော့ ဆရာက ရယ်လိုက်တာလေ။ သူ့ဝတ္ထုထဲက အကြောင်းအရာ တွေကို ဆွေးနွေးတဲ့အခါတိုင်း ဟာသလေးတွေ ထဲ့ပြောတတ်တဲ့ ကျနော့်ကို ဆရာပါရဂူက ခင်ဗျား အဲသလို ဟာသဉာဏ်ရှိတာ ကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ အသက် ၁၄ နှစ်သားလောက်ကတည်းက ဆရာပါရဂူ စာတွေကို ဖတ်ခဲ့တာ အခုအထိလဲ ဖတ်လို့ကို မဝပါဘူး။ ဆရာ့စာအုပ်တွေထဲက စိတ္တရလေခါ၊ မဟာခရီးသည်၊ ဗုဒ္ဓအဘိဓမ္မာနှင့် မာ့စ်အဘိဓမ္မာ၊ ပလေတို၊ အရစ္စတိုတယ်၊ ဗုဒ္ဓ၀ါဒနှင့် ဆိုရှယ်လစ်ဝါဒ၊ တော်လှန်သော အတွေးအခေါ်၊ သိဒ္ဓတ္ထ၊ အမ္ဗပါလီ၊ တဂိုးဝတ္ထုတိုများ…စုံလို့ပါပဲ။ အကြိမ်ကြိမ် ပြန်ဖတ် နေရတုန်းပါပဲ။ ဒီ စာတွေရဲ့ ကျေးဇူးတွေအကြောင်း စဉ်းစားတိုင်း ဆရာပါရဂူကို သတိလိုက်တာလေ။


xxxxxxxx

“ခင်ဗျားရဲ့ နိုင်ငံရေးအမြင်တွေကို ခဏဘေးဖယ်ထား။ ဟင်္သာတအသင်းတိုက်ရဲ့ အလုပ်တခုကို အတူလုပ်ရအောင်”လို့ တနေ့မှာ ဆရာပါရဂူက ပြောပါတယ်။ သူလုပ်ချင်တဲ့ အလုပ်ကတော့ ဟင်္သာတခရိုင်က ပေါ်ထွက်ခဲ့တဲ့ ရဟန်းပညာရှိတွေ၊ နိုင်ငံရေး၊ စာပေနဲ့ ပညာရေးနယ်ပယ်က လူပုဂ္ဂိုလ်တွေရဲ့ စာရင်းပြုစုဖို့ ဖြစ်ပါတယ်။ ဒီအထဲက ထူးခြားတဲ့ ပုဂ္ဂိုလ်တွေအကြောင်း ရေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဟင်္သာတဦးမြရဲ့ သားတွေဖြစ်တဲ့ ဦးထွန်းအောင်ကျော်၊ ဦးငွေစိုးတို့နဲ့ ကျနော့်ကိုတွေ့ပေးခဲ့တယ်။ ဟင်္သာတဦးမြအကြောင်းကို စပြီးရေးခိုင်းခဲ့တယ်။ စာရင်းတွေပြုစုခိုင်းခဲ့တယ်။ ဟင်္သာတအသင်းတိုက်မှာ မကြာခဏ ဆုံကြတယ်။ ကိုဂျေက လူငယ်မဟုတ်လား။ အဲဒီကာလက ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖားပြီး တက်လမ်းရှာနေတဲ့ ဟင်္သာတသား အနုပညာသမားတွေကို ကြည့်မရတာနဲ့ အဲဒီအလုပ်တွေ ဆက်မလုပ်ဖြစ်ခဲ့ပါဘူး။
“ဒါကြောင့် ခင်ဗျားကိုပြောတာပေါ့။ ရပ်ကျိုးရွာကျိုးကို လုပ်တဲ့အခါ နိုင်ငံရေးအယူအဆတွေ ဘေးဖယ်ထားရတယ်”လို့ ဆရာပါရဂူက ကျနော့်ကို ဆုံးမခဲ့တယ်။ ဒီအလုပ်ကို ဆက်လုပ်ဖို့ အမြဲလို ပြောခဲ့တယ်။ ဆရာပါရဂူနဲ့ ကျနော်တို့ စကားလက်ဆုံကြတိုင်း ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာလင်းဝေမြိုင်က “ဟင်္သာတသားတွေ အချင်းချင်းဆိုတော့ ဆရာပါရဂူက ကိုဂျေ ပြောသမျှ ရေးသမျှကို ကောင်းတယ်ပဲ ပြောနေတာ” လို့ ဆရာပါရဂူကိုနောက်တတ်တယ်။
xxxxxxxx

‘ရွှေမဂ္ဂဇင်း’ ကို မောင်သာမည Khinmg Soe၊ မောင်မြင့်ဦး(ညောင်လေးပင်) နဲ့ လင်းဝေမြိုင်တို့ ထုတ်မယ်လုပ်တော့ မဂ္ဂဇင်းမှာ လစဉ်ရေးမယ့် ဆရာကြီးတွေနဲ့ တွေ့ဆုံပွဲ တပွဲလုပ်တယ်။ အဲဒီဝိုင်းမှာ ဆရာပါရဂူ၊ ဆရာမြသန်းတင့်၊ ဆရာနတ်နွယ်နဲ့ ဆရာမောင်သာနိုးတို့ပါတယ်။ ဆရာကြီးတွေ အားလုံးက ဆရာပါရဂူကို ချစ်ကြတယ်။ လူစုံလိုက်တာနဲ့ ဆရာပါရဂူ လူပျိုကြီးဘဝနဲ့ နေတာကို နောက်ကြတယ်။ ဝိုင်းထဲမှာ အိမ်ထောင်ပြုရတာ အလုပ်ရှုပ်တယ်။ ကိုယ်လုပ်ရမယ့်အလုပ်တွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမဘူးဆိုတဲ့ အယူအဆကို ထိုစဉ်က လူပျိုကြီးဖြစ်ခဲ့ဖူးတဲ့ မောင်သာမညက ပြောနေတယ်။ ဒီမှာပဲ “ခင်ဗျား အတော်မိုက်တာပဲ။ ကျနော်တောင် ခင်ဗျားလို မဆုံးဖြတ်ရသေးဘူး”လို့ ဆရာပါရဂူက ပြောလိုက်တယ်။ ဒီစကားကိုကြားလိုက်တော့ အားလုံးက ဝိုင်းရယ်ကြတယ်။ အဲဒီအချိန်က ဆရာပါရဂူရဲ့ အသက်က ၇ဝ ကျော်နေပါပြီ။ တကယ့်ကို အမှတ်တရ ညတည ပါပဲ။
xxxxx

ကျနော် နိုင်ငံခြားထွက်မယ်လုပ်တဲ့ အချိန်မှာ ဆရာပါရဂူဆီ မကြာခဏရောက်ခဲ့တယ်။ နိုင်ငံခြားမှာ အခြေမချဖို့၊ ပြန်လာခဲ့ဖို့ ဆရာက ပြောတယ်။ အဲဒီအချိန်က ဆရာပါရဂူဟာ သူ့နာမည်နဲ့ စာကြည့်တိုက် ထူထောင်ဖို့ စိတ်အားထက်သန်နေချိန် ဖြစ်ပါတယ်။ “ကျနော့် စာကြည့်တိုက်အဖွဲ့ထဲမှာ ခင်ဗျား ပါကို ပါရမယ်”လို့လဲ မကြာခဏ ပြောခဲ့တယ်။ ပြည်ပရောက်နေပေမယ့်လဲ ဆရာပါရဂူဆီ မကြာခဏ ဖုန်းဆက်ဖြစ်ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ ကျနော်နှလုံးခွဲစိတ်ကုသရတယ်။ ဆေးရုံပေါ်ကနေ ဆရာ့ဆီကို ဖုန်းဆက်ခဲ့တယ်။ အဲဒီအချိန်မှာ ဆရာ့အသံက ပျော့နေတယ်။ ဆရာ ဘာဖြစ်တာလဲလို့မေးတော့…
“ရေချိုးခန်းထဲမှာ ချော်လဲတာ၊ ကံကောင်းလို့ မသေတာဗျ”လို့ ဆရာပါရဂူက ပြောတယ်။ သူ့ ရေချိုးခန်းနဲ့ တယ်လီဖုန်း ရှိတဲ့နေရာဟာ ၁၅ ပေလောက်ပဲ ကွာပါတယ်။ သူလဲတဲ့ အချိန်မှာ သတိမလစ် ခဲ့ပေမယ့်၊ ၁၅ ပေအကွာလောက်မှာ ရှိတဲ့ တယ်လီဖုန်းဆီ ရောက်ဖို့ ၄ နာရီလောက် တရွတ်တိုက် သွားခဲ့ရတယ်လို့ ဆရာပါရဂူက ပြောခဲ့တယ်။ စိတ်မကောင်းလိုက်တာလေ။ ဆရာ့ကို သတိထားဖို့ ပြောရတယ်။

ရွှေပေါက်ကန်မြို့သစ်ကို ဆရာပြောင်းသွားပြီးနောက်မှာလဲ ဖုန်းအဆက်အသွယ်လုပ်ခဲ့ပါတယ်။ ဆရာနေမကောင်းတဲ့ သတင်းတွေ ကြားနေရတယ်။ စကားပြောတဲ့ အခါတိုင်းလဲ သူ့စာကြည့်တိုက် အကြောင်းကလွဲပြီး ဘာမှ မပြောတော့ဘူး။ စာရေးတဲ့အလုပ်ကို တတ်နိုင်သလောက် လုပ်ခဲ့ပြီးပြီ။ ကျနော် မရှိတော့တဲ့ အချိန်မှာ ကျနော့်စာအုပ်တွေ ဆက်ထွက်နေဖို့နဲ့ စာကြည့်တိုက် ရှင်သန်နေဖို့က ကျနော့်ရဲ့ ရည်ရွယ်ချက်ပဲလို့ ဆရာပါရဂူကပြောခဲ့တယ်။ သူ့ရည်ရွယ်ချက်အတိုင်း ‘ပါရဂူရှန်တိနိကေတန်စာကြည့်တိုက်’ ကို ရန်ကုန်၊ ရွှေပေါက္ကံမြို့သစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီမှာပဲ နေပြီး စာတွေဆက်ရေးခဲ့တယ်။ ၂ဝ၁၁၊ ဧပြီလ ၉ ရက်၊ အသက် ၉ဝ အရွယ်မှာ ကွယ်လွန်ခဲ့တယ်။ ရယ်စရာလေးတွေ ပြောတိုင်း ပြုံးပြီး နားထောင်တတ်သလို၊ အချိန်ပြည့် စာပေလေ့လာ ရေးသားနေတတ်တဲ့ ဆရာပါရဂူရဲ့ ကျေးဇူးတွေကို ထာဝရ သတိရလျှက်ပါ။

ကိုဂျေ
ဇန်၊ ၁ဝ၊ ၂ဝ၁၈

ကာတွန်း ဖိုးဇော်(လှိုင်သာယာ) - အတုစစ်စစ်ကြီးပါ

$
0
0

ကာတွန်း ဖိုးဇော်(လှိုင်သာယာ) - အတုစစ်စစ်ကြီးပါ
(မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၈

မောင်လူပေ - ဟယ်လို.. ကယ်လီဖိုးနီးယား - ၂

$
0
0
 
မောင်လူပေ - ဟယ်လို.. ကယ်လီဖိုးနီးယား - ၂
(မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၈

အမေရိကားရဲ့ အချမ်းသာဆုံးပြည်နယ်ဖြစ်တဲ့ကယ်လီဖိုးနီးယားပြည်နယ်ကို မိတ်ဆက်ပေးတဲ့ဒုတိယပိုင်းမှာ ဒီပြည်နယ်ရဲ့သမိုင်းကြောင်းလေးကို ပြောပြချင်တယ်။

အမေရိကားရဲ့သမိုင်းကြောင်းအတိုင်းပဲ ဒီပြည်နယ်မှာ ပထမဆုံးအခြေချနေသူတွေဟာ အာရှတိုက်ရဲ့အလယ်ပိုင်းကနေ အမေရိကားတိုက်တစ်ခုလုံးရောက်အောင် ပျံ့နှံ့သွားကြသူတွေဖြစ်သော ရက်အင်ဒီယန်းလို့ ခေါ်ကြတဲ့ မျိုးနွယ်စုတွေပါပဲ။ သူတို့ကို ဌာနေအမေရိကန်လူမျိုးတွေ (native Americans) တွေလို့ ခေါ်ကြတယ်။ သူတို့တစ်တွေရောက်ရှိနေခဲ့ကြတာနှစ်ပေါင်းသောင်းချီရှိနေခဲ့ပြီတဲ့။

(၁၆) ရာစုနဲ့ (၁၇)ရာစုမှာတော့ ဒီပြည်နယ်ဆီကို နယ်သစ်ရှာဖွေသူဥရောပသားတွေ တဖြေးဖြေးနဲ့ ရောက်လာခဲ့ကြတယ်။ ဒီပြည်နယ်ဟာ ၁၈ရာစုမှာ စပိန်ဘုရင်ရဲ့အပိုင်ဖြစ်သော အထက်ပိုင်းကယ်လီဖိုးနီးယား(Alta California) ပိုင်နက်ထဲမှာရှိခဲ့တယ်။ မက္ကဆီကိုက ၁၈၂၁မှာ တိုက်ယူလိုက်ပြီး သူ့အပိုင်နယ်အဖြစ်ကြေညာခဲ့တယ်။ ၁၈၄၈ခုမှာမှ အမေရိကားနဲ့ မက္ကဆီကိုစစ်ပွဲအပြီး အမေရိကားလက်အောက်ရောက်သွားခဲ့တာ။ ၁၈၅၀ စက်တင်ဘာလ(၉)ရက်မှာ အမေရိကားရဲ့ (၃၁) ပြည်နယ်မြောက်အဖြစ် ဖက်ဒရယ်ပြည်ထောင်စုထဲ ရောက်သွားခဲ့တယ်။


၁၈၄၈နောက်ပိုင်းနဲ့ ၁၈၄၉မှာ ကယ်လီဖိုးနီးယားမှာ ရွှေတွေအကြီးအကျယ်ထွက်တယ်။ အမေရိကားအရှေ့ပိုင်းကလူတွေ အလုံးအရင်းနဲ့ ပြောင်းရွှေ့ပြီးအခြေချကြတယ်။ 49ers gold rush လို့ခေါ်တယ်။ ဒီအချိန်ကစပြီး ဆန်ဖရန်စစ္စကိုဟာ ရွှေတူးသမားတွေနဲ့စည်ကားလာရာက ဒီပြည်နယ်ကိုလည်း ရွှေပြည်နယ်(golden state) လို့ ခေါ်ခဲ့ကြတာပါပဲ။ ( မြန်မာပြည်ကို ရွှေတိုင်းပြည်လို့ခေါ်ကြတာနဲ့ ခပ်ဆင်ဆင်။)

ရွှေပြည်နယ်လို့အမည်တွင်ပြီး ရွှေတွေထွက်တဲ့ကယ်လီဖိုးနီးယားကို ရွှေအိမ်မက်တွေမက်ပြီး လူတွေပြောင်းလာကြတယ်။ ရွှေထွက်တဲ့နေရာတွေမှာရွှေတွင်းတွေတူးကြတယ်။ ရွှေကျင်ကြတယ်။ ဒါပေမဲ့ သတ္တုတူးတဲ့အလုပ်ကို ထာဝရမလုပ်ခဲ့ကြဘူး။ ရွှေတွင်းတွေက အခုတော့ ခရီးသွားဧည့်သည်တွေကြည့်ဖို့ သမိုင်းပြတိုက်တွေဖြစ်သွားပြီ။ ရွှေတွေကုန်သွားလို့မဟုတ်။ သဘာဝပျက်ယွင်းမှာကို တွေးမိပြီး ရပ်လိုက်ကြတာ။ အခြားလုပ်ငန်းတွေဖေါ်ဆောင်ပေးပြီး အလုပ်အကိုင်သစ်တွေ ဖန်တည်းပေးခဲ့တာ။ မြေကြီးထဲမှာရွှေတွေ ၉၅%လောက် ကျန်သေးတယ်။ သဘာဝကိုအလေးထားခဲ့လို့ သစ်တောတွေမပြုန်း၊ မြေစာပုံတွေတောင်လိုမပုံ၊ စမ်းချောင်းရေတွေ ညစ်ညမ်းမှုမဖြစ်။

ဒီရွှေတွင်းဟောင်းတွေသွားကြည့်ရင်း အပျော်တန်းရွှေကျင်လို့ရတယ်။ မြေကြီးတစ်ပုံးဝယ်၊ ဒယ်ပြားကြီးငှား၊ စမ်းချောင်းထဲမှာသွားကျင်ပေတော့။ ကံကောင်းလို့ ရွှေများများရရင် အမြတ်၊ ကံမကောင်းလို့ ရွှေမရရင် အရှုံး။


ဒီပြည်နယ်ဟာ စပိန်၊ မက္ကဆီကိုတို့အောက်မှာနေခဲ့ရတာမို့ စပိန်စကားပြောသူတွေက ပြည်နယ်ရဲ့သုံးပုံတစ်ပုံနီးပါးထိရှိတယ်။ မီးရထားလမ်းဖေါက်ဖို့နဲ့ ရွှေတွင်းတွေမှာသုံးဖို့ ချိုင်းနိစ်တွေကိုခေါ်လာတော့ အာရှတိုက်သားတွေ စတင်ရောက်ရှိလာတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဖိလစ်ပိုင်လူမျိုးတွေရောက်လာတယ်။ IT ကုမ္ပဏီတွေမှာလုပ်ဖို့ အိန္ဒိယလူမျိုးတွေရောက်လာတယ်။ဒီလိုနဲ့ နိုင်ငံအသီးသီးက လူမျိုးစုံဟာ အကြောင်းမျိုးစုံနဲ့ ရောက်လာကြတာပါပဲ။

 (မြန်မာတွေကတော့ ၁၉၈၈နောက်ပိုင်းမှာမှ စစ်အစိုးရအဆက်ဆက်ရဲ့ကျေးဇူးတော်အဖုံဖုံကြောင့် အမေရိကားကို အလုံးအရင်းနဲ့ပြောင်းရွှေ့လာကြတာပါ။)

ဒီပြည်နယ်မှာ သဘာဝဘေးဆိုးအန္တရာယ်ဆိုးကြီးနှစ်ကြိမ်နဲ့တွေ့ကြုံခဲ့ရတဲ့သမိုင်းကလည်း ကျွန်တော်တို့ သတိပြုသင့်တဲ့သမိုင်းပါ။

ရွှေသတင်းကြောင့် ဖွံ့ဖြိုးလာတာ ဆန်ဖရန်စစ္စကိုမြို့။ လူတွေအများကြီးရောက်လာတော့ အဆောက်အဦသစ်တွေအများကြီး ဆောက်ကြရတယ်။ စည်းကမ်းနဲ့အညီရောမညီရော အစုံပေါ့။ လမ်းကျဉ်းထဲမှာ တိုးချဲ့ကြတော့ လမ်းတွေကပိုကျဉ်းသွား။ အထပ်မြင့်တွေတိုးတိုးလာ။ အလွန်စည်ကားတဲ့မြို့ကြီးပေါ့။ရွှေတူးသမားတွေက ရွှေတွင်းမှာပင်ပန်းခဲ့သမျှ မြို့ပေါ်မှာ ပျော်ပါးကြ၊ အပျော်စုံရတဲ့မြို့။


၁၉၀၆ ခုနှစ် ဧပြီလ (၁၈) ရက်နေ့ မနက် ၅နာရီ ၁၂ မိနစ်အချိန်မှာတော့ ဘယ်သူမှမမျှော်လင့်ထားပဲ ပြင်းအား ၇.၈ရှိတဲ့ ငလျှင်ကြီးနဲ့ဆန်ဖရန်စစ္စကိုက တွေ့ကြုံရတော့တယ်။ ဖြစ်သလိုဆောက်ထားတဲ့အဆောက်အဦတွေ အကုန်ပြို၊ ဒီထက်ဆိုးတာက ငလျှင်ကြောင့်ေ လောင်တဲ့မီးကြီးပါ။ တမြို့လုံးရဲ့ ၈၀%လောက် မီးထဲပါသွားခဲ့ရတယ်။ လမ်းတွေကျဉ်းလို့ မီးသတ်မဝင်နိုင်။ ထိုင်ကြည့်နေရတဲ့အဖြစ်။ ဒီငလျှင်ကြီးကြောင့် လူပေါင်းသုံးထောင်ကျော်အသက်ဆုံးခဲ့ရတယ်။ အမေရိကားသမိုင်းမှာ အဆိုးဝါးဆုံး သဘာဝအန္တရာယ်ကြီးအဖြစ်သမိုင်းတွင်သွားတယ်။


ဒုတိယဘေးဆိုးက စိန်ဖရန်စစ်ရေကာတာကြီး ကျိုးသွားတဲ့အဖြစ်အပျက်။ L.A မြို့ကြီးကို ရေပေးဝေရေးနဲ့ လျှပ်စစ်မီးထုတ်ယူဖို့ တည်ဆောက်ခဲ့တဲ့ ဒီရေကာတာကြီးက ၁၉၂၈မှာကျိုးပေါက်ခဲ့တဲ့အတွက် လူပေါင်း ၄၃၁ဦးအသက်သေဆုံးပြီး မြို့သုံးမြို့ကို စိစိကျေသွားစေခဲ့ရပါတယ်။

မီးလျှံထဲကငှက်လို ပြာပုံထဲကပြန်ထလာတဲ့ဆန်ဖရန်၊ ရွှံ့နွံကြားက L.A တို့က မြို့ကြီးတွေဖြစ်ပေမဲ့ မြို့တော်တော့မဟုတ်။

Sacramento homeless occupy and fight City Hall. 2016 July


ကယ်လီဖိုးနီးယားပြည်နယ်ရဲ့မြို့တော်က ဆန်ဖရန်မြို့ရဲ့အရှေ့မြောက်ဖက်ကို မိုင်တစ်ရာပိုပိုလောက်သွားရင်ရောက်တဲ့ စက်ကရာမန်းတို ( Sacramento) မြို့ပါ။ အစိုးရအဖွဲ့ အခြေစိုက်ရာမြို့ပေါ့။

နောက်ထပ်ရေးမဲ့အပိုင်းတွေမှာ အစိုးရအဖွဲ့အကြောင်းတွေဆက်ရေးပါဦးမယ်။သူငယ်ချင်းမိတ်ဆွေတွေ ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

မင်းထက်မောင် - ရှင့်ကို ကျမ ပြောပြချင်ပါတယ်

$
0
0
Art - Than Htay Maung

မင်းထက်မောင် - ရှင့်ကို ကျမ ပြောပြချင်ပါတယ်
(မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၈

ရှင့်ကို ကျမ ပြောပြချင်ပါတယ်
အဲဒီစက်ရုံကြီးထဲမှာ
တနေကုန် တနေခန်း  ပင်ပင်ပန်းပန်း လုပ်ရပေမယ့်
ကျမရတဲ့လုပ်ခ၀င်ငွေက အလွန်နည်းလှ
ကျမမိသားစုတွေ ၀မ်းဝခါးလှဖို့ မဆိုထားနဲ့
ကျမတကိုယ်စာတောင် မလောက်တဲ့အကြောင်း။

ရှင့်ကို ကျမ ပြောပြချင်ပါတယ်
ပုံမှန်နေ့တွက်ရတာနဲ့ မကိုက်လို့
အချိန်ပိုတွေ ဆင်းပြီး အလုပ်တွေ ပိုလုပ်ခဲ့ပေမယ့်
အအိပ်ပျက် အစားပျက်နဲ့
ခြေထောက်တွေလက်တွေကိုက် ခေါင်းတွေလည်းကိုက်လို့
ကျမ ကျန်းမာရေးပဲ ထိခိုက်လာတဲ့အကြောင်း။

ရှင့်ကို ကျမ ပြောပြချင်ပါတယ်
သက်ရှိလူသားမဆန်ဘဲ
စက်ရုပ်တွေလို လုပ်ရတဲ့ ဒီလုပ်ငန်းခွင်ထဲမှာ
ကျမလို အမျိုးသမီးတွေ အများကြီးဆိုပေမယ့်
ကျမတို့ အသက်တွေအတွက် အာမခံချက် မရှိသလို
ကျမတို့ အရှက်တွေအတွက်လည်း
လုံခြုံတဲ့ ကာကွယ်မှု မရှိတဲ့အကြောင်း။

ရှင့်ကို ကျမ ပြောပြချင်ပါတယ်
ကျမတို့ အလုပ်သမားအခွင့်အရေးတွေ
ကျမတို့ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေ
 ဒီလိုဆုံးရှုံးနစ်နာနေရတာတွေ မခံရပ်နိုင်လွန်းလို့
ကျမတို့ ဆန္ဒပြတောင်းဆိုခဲ့ကြပေမယ့်
အလုပ်ထုတ်ခံရသူခံရ အဖမ်းခံရသူခံရနဲ့
နောက်ဆုံးတော့ ကျမတို့ပဲ
 ဒုက္ခမျက်ရည် ပင်လယ်ဝေခဲ့ရတဲ့အကြောင်း။

ရှင့်ကို ကျမ ပြောပြချင်ပါတယ်
ကျမက လူကလည်းဆင်းရဲ
အတန်းပညာကလည်း ခပ်နည်းနည်းဆိုပေမယ့်
ကျမရဲ့ အနာဂတ်ကို သန့်စင်လိုတာကြောင့်
အလွယ်တကူ ဟိုဟာလုပ်စားရတဲ့ဘ၀ကို စွန့်လွှတ်ပြီး
ခက်ခဲပင်ပန်းကြီးစွာ ရုန်းကန်ရတဲ့ ဒီအလုပ်ထဲ
ကျမ တမင်ဝင်ရောက်လုပ်ကိုင်ခဲ့တာ ဆိုတဲ့အကြောင်း။

ကဲ ... အခုတော့
ရှင့်ကို ကျမ ဘာတွေ ထပ်ပြီး ပြောပြရဦးမလဲ
ကျမ အလုပ်လည်း ပြုတ်ခဲ့ပြီ
ကျမ အကြွေးတွေလည်း ၀ိုင်းနေပြီ
ကျမ မိသားစုလည်း ငတ်နေပြီ
ကျမ ဘယ်လိုမှ မတတ်နိုင်တော့ဘူး
ကျမ အရင်လို လမ်းဘေးမှာ လာရပ်နေရပြီ
ကျမ မသိတဲ့ ရှင့်ဘေးမှာ လာအိပ်နေရပြီ
ကျမ မျှော်လင့်ချက်တွေလည်း ကြေပျက်လို့ နေပြီလေ။

(၂၂ သြဂုတ် ၂၀၁၇)

ကာတွန်း မင်းထက်လူ ● စတုထ္ထသံတိုင် ...

$
0
0

ကာတွန်း မင်းထက်လူ ● စတုထ္ထသံတိုင် ...
(မိုးမခ) ဇန်နဝါရီ ၁၂၊ ၂၀၁၈

ကိုဂျေ - မြန်မာပြည်မြောက်ပိုင်းက စာရေးဆရာကြီး နတ်နွယ်

$
0
0
 ကိုဂျေ - မြန်မာပြည်မြောက်ပိုင်းက စာရေးဆရာကြီး နတ်နွယ်
(မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၈

“ခင်ဗျားကို ဆရာနတ်က တွေ့ချင်တယ်ပြောတယ်… ဒီညနေ လာတွေ့လိုက်ပါလား”လို့ ထိုစဉ်က ဘဝတက္ကသိုလ်စာပေမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်း ကိုရဲမြင့်(သရဖူမဂ္ဂဇင်း)က ပြောတယ်။ ဆရာနတ်နွယ် အနေနဲ့ နွယ်နီမဂ္ဂဇင်းကို ဘဝတက္ကသိုလ်စာပေကနေ ထုတ်ဖို့ ပြင်ဆင်နေတဲ့ အကြောင်းကို ကိုရဲမြင့်က အနည်းအကျဉ်း ပြောပြတယ်။ ဒီလိုနဲ့ ဆရာနတ်နွယ်နဲ့ တွေ့ခဲ့တယ်။

ဆရာနတ်နွယ်ဆိုတာက ပိန်ပိန်ပါးပါး၊ အသားလတ်လတ်၊ မျက်နှာသွယ်သွယ်၊ မပွင့်တပွင့် အပြုံး ပြုံးတတ်သူ။ စကားများများ မပြောသလို၊ စကားပြောတဲ့အခါမှာလဲ အသံကို တိုးတိုးလေး ပြောတတ်သူ။ လမ်းလျှောက်တဲ့အခါ ခြေဖဝါးကို ဖွဖွလေးနင်းပြီး ခေါင်းငိုက်စိုက်ချ လျှောက်တတ်သူ။ လမ်းမှာ သူနဲ့ ဆုံတဲ့အခါ နှုတ်ဆက်ရင်လဲ၊ ‘ဘယ်သွားမလို့လဲ’ ‘မတွေ့တာကြာပြီ’ ‘ကျနော်ပြန်တော့မယ်’ ဆိုတဲ့ စကားကလွဲပြီး အပိုမပြောတတ်သူ ဖြစ်တယ်။

စာရေးဆရာနတ်နွယ်ရဲ့ နာမည်ကို ကြားလိုက်တာနဲ့ စာပေလောကသားတွေက ‘နေ၊ နတ်၊ မင်း’ ဂိုဏ်း ဆိုတဲ့ အသုံးကို သတိရကြလိမ့်မယ်။ ဆရာမောင်နေဝင်း၊ဆရာနတ်နွယ်နဲ့ ဆရာမင်းကျော်တို့ အတွဲကို သမုတ်ထားတာ ဖြစ်ပါတယ်။ ဆရာ သုံးဦး ပေါင်းပြီး ‘တော်လှန်စာပေ၊ တော်လှန် အတွေးအမြင်’ စာအုပ် ရေးသားခဲ့တာကြောင့် နေနတ်မင်းဂိုဏ်းလို့ ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။ စာဖတ်ပရိသတ်တွေကတော့ ဆရာနတ်နွယ် ရေးခဲ့တဲ့ စာအုပ်တွေထဲမှာ ‘မြန်မာပြည်မြောက်ပိုင်း’ စာအုပ်ကို အကောင်းဆုံး စာအုပ်အဖြစ် သတိထားမိကြမှာပါ။ ဆရာနတ်နွယ် (ဦးလှမြင့်)ကို စာပေလောကသား အများစုက ဆရာနတ်လို့ ချစ်စနိုး ခေါ်ဝေါ်ကြပါတယ်။ သူဟာ မြစ်ကြီးနား ဇာတိဖြစ်ပါတယ်။ ၁၉၅ဝ ဝန်းကျင်ကစပြီး စာပေရေးသားတာနဲ့ ဘဝကို ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ ပင်ကိုရေးဝတ္တုတွေ၊ ဆောင်းပါးတွေ၊ ဘာသာပြန်ဝတ္ထုတို၊ ဝတ္ထုရှည်တွေလဲ ရေးခဲ့သူ ဖြစ်ပါတယ်။


၁၉၇၈ ခုနှစ်လောက်မှာ ဆရာနတ်နွယ်ရဲ့ ‘မောင်နှင့်သာအတူ ကမ္ဘာမြေအနှံ့’ လုံးချင်းဝတ္ထုနဲ့ ‘အပြာ အဝါ’ ဆိုတဲ့ စာအုပ်နှစ်ကို ကိုဂျေ့အဘွားရဲ့ ဆေးလိပ်ခုံ စာအုပ်ပုံတွေထဲမှာ စတွေ့ခဲ့ပါတယ်။ ဒီစာအုပ် နှစ်အုပ်ကို တရက်ထဲ မထတမ်း ဖတ်ခဲ့ဖူးပါတယ်။ ဆရာနတ်ရဲ့ စာအုပ်တွေ ဆက်ဖတ်ချင်ခဲ့တာကြောင့် ဟင်္သာတမြို့ စစ်ကဲလမ်းက ‘အလင်္ကာစာပေ’ စာအုပ်အငှားဆိုင်မှာ သွားငှားခဲ့တယ်။ စာအုပ်အငှားဆိုင်ပိုင်ရှင် ကိုအောင်ကိုးက ‘တခွန်တိုင်မောင်နှမ’ စာအုပ်ကို ဖတ်ကြည့်စမ်းပါလို့ပြောတယ်။ စွဲသွားပါပြီ…အဲဒီနောက်တော့ ‘တကွေ့တော့ တွေ့ကြဦးမည်’ နဲ့ ‘မြန်မာပြည်မြောက်ပိုင်း’ စာအုပ်တွေကို ဆက်တိုက် ဖတ်ဖြစ်ခဲ့တာပါပဲ။ ၁၉၈၇ ခုနှစ်လောက်က ဒီအကြောင်းတွေကို ဆရာမြသန်းတင့်၊ ဆရာမင်းကျော်၊ ဆရာမောင်နေဝင်းနဲ့ ဆရာနတ်နွယ်တို့ ထိုင်တတ်တဲ့ ၃၇ လမ်းက ‘ခရားကြီး လက်ဖက်ရည်ဆိုင်’ မှာ ကျနော်က ပြောပြတော့ ဆရာနတ်နွယ်က ပြုံးပြီးနားထောင်တယ်။ အဲဒီကတည်းက  ဆရာနတ်နဲ့ ကျနော် ရင်းနှီးခွင့်ရခဲ့တာ ဖြစ်ပါတယ်။

 xxxxxx

ဘဝတက္ကသိုလ်စာပေ တိုက်ခန်းဝကို ဝင်လိုက်တာနဲ့ ဆရာနတ်က ‘လာ အပေါ်ကို သွားရအောင်’ဆိုပြီး၊ ဘဝတက္ကသိုလ် စာပေတိုက်ရဲ့ ထပ်ခိုးလေးပေါ်ကိုခေါ်သွားတယ်။ သူ့ရဲ့ ‘နွယ်နီမဂ္ဂဇင်း’မှာ လစဉ် ရေးပေးဖို့ ပြောလာတယ်။ စိတ်ထဲမှာ ထီပေါက်သလို ခံစားရတယ်။ ကိုယ် သိပ်ကြိုက်ခဲ့တဲ့၊ လေးစာခဲ့တဲ့ စာရေးဆရာကြီးက သူ့မဂ္ဂဇင်းမှာ လစဉ် အခန်းတခန်းဖွင့်ပေးပြီး ရေးဖို့ ကမ်းလှမ်းခဲ့တဲ့ ဆုလာဒ်လောက် ကြီးမားတဲ့ ရလဒ် ဘယ်မှာ ရှိဦးမှာလဲ…။

ဆရာနတ်ရဲ့ နွယ်နီမဂ္ဂဇင်းမှာ လစဉ်ရေးခဲ့တာ၊ တနှစ်ကျော် ကြာလာတော့…ဆရာနတ်က ‘ခင်ဗျားရေးတာတွေ စာအုပ်ပြန်ထုတ်ပါလား’လို့ ပြောလာတယ်။ ထုတ်ချင်တဲ့သူ ရှိတယ်လို့လဲ ပြောတယ်။ ဒါကြောင့် ၁၉၉၂ ခုနှစ်မှာ ‘မြန်မာပြည် ရှိုးဂျော့’ ဆိုတဲ့ ကျနော့်ရဲ့ ရသဟန် ဆောင်းပါးပေါင်းချုပ် စာအုပ် ထွက်ခဲ့တယ်။ ဒီစာအုပ်မှာပဲ ဆရာနတ်နွယ်က ‘သတင်းရသ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အမှာစာရေးပေးခဲ့တယ်။

အဲဒီအမှာစာမှာ သတင်းဆောင်းပါး ရေးသားမှု ပုံစံတွေပြောင်းလာတဲ့ အကြောင်း၊ သတင်းကို သမားရိုးကျ သုတရေးနည်းထက် စာရေးသူရဲ့ အတွေ့အကြုံ၊ အတွေးအမြင်နဲ့ ပေါင်းစပ်ရေးလာကြကြောင်း၊ ဒီလိုရေးတဲ့ သူတွေထဲမှာ ကိုဂျေ ပါဝင်တဲ့အကြောင်း…..စသဖြင့် ရေးခဲ့သလို…..

“သူစာရေးပုံက ဝတ္ထုဆန်သည်။ သူ့အရေးအသားက ညက်သည်။ သူက ယနေ့ဖြစ်ပျက်နေသော စီးပွားရေးလောက အခြေအနေများကို ပြောရာတွင် ရုပ်ဝတ္ထု ကုန်ပစ္စည်းများ အကြောင်းကိုသာမက ယင်းတို့နှင့် ဆက်သွယ်နေသော လူသားတို့၏ အတွင်းစိတ် ဖြစ်ပေါ်ပုံများ၊ ရင်ဝယ်ခံစာမှုများကို ဖော်ပြသည်။ သူ၏ ဆောင်းပါးများကို သဘောထားအမြင်နှင့် ခံစားမှုပါရှိသော သတင်းရသစာတမ်းများဟု ခေါ်ဆိုနိုင်ပေသည်” လို့ ဆရာနတ်နွယ်က ကျနော့်အတွက် အမှာစာရေးပေးခဲ့တယ်။ ပျော်လိုက်တာလေ။ အဲဒီအမှာစာလေးကို တကိုင်ကိုင် တပြုံးပြုံး ဖြစ်ခဲ့ရတဲ့ ကျေနပ်ပီတိကို အခုထိ သတိရနေဆဲပါပဲ။

xxxxxx

ကျနော် ပြည်ပရောက်ပြီးနောက်ပိုင်းမှာ ဆရာနတ်နွယ်ဆီ ဖုန်းခေါ်ခဲ့တယ်။ နွယ်နီအကြောင်း ဆရာ့ရဲ့ ကျန်းမာရေးအကြောင်း သတင်းမေးခဲ့ပါတယ်။ ဆရာက စကားနည်းသူ ဖြစ်တော့ နောက်ပိုင်းမှာ အဆက်အသွယ် ပြတ်သွားခဲ့တယ်။ ဒါပေမယ့် နွယ်နီမဂ္ဂဇင်း ဆက်ထွက် မထွက်၊ ဆရာနတ် ဘာတွေ ရေးနေသလဲ ဆိုတာကိုတော့ မိတ်ဆွေတွေကတဆင့် မေးခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ် မတ်လဆန်းပိုင်းက မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ ဆရာနတ် ဆေးရုံတက်နေတဲ့ ဓာတ်ပုံပါလာတယ်။ သူ့ဓာတ်ပုံကို မြင်ရတော့ အရမ်းကို စိုးရိမ်သွားတယ်။ အတော့်ကို မမာမကျန်း ဖြစ်နေတာက သိသာနေတယ်။ အဲဒီအချိန်က သူ့အသက် ၇၈ နှစ်၊ တကယ်လို့သာ ပြန်ကျန်းမာလာရင် စာတွေ ဆက်ရေးနိုင်သေးတဲ့ အရွယ်။ ဒါကြောင့် ဆရာနတ်အတွက် မေတ္တာပို့ ဆုတောင်းပေးခဲ့တယ်။ ဒါပေမယ့် ဆုတောင်းမပြည့်ခဲ့ပါဘူး။ မေလ ၁၁ ရက်နေ့မှာ ဆရာနတ်နွယ် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကြားရတယ်။ နှမြောလိုက်တာလေ…။

နတ်နွယ်၊ မြသန်းတင့်၊ မင်းကျော်


xxxxxxx

ဆရာနတ်နွယ် ကွယ်လွန်သွားတာဟာ စာပေလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခုဖြစ်ပါတယ်။ သူရေးခဲ့တဲ့ စာအုပ်တွေ။ သူ တည်ထောင်ခဲ့တဲ့ ‘မိုးဝေမဂ္ဂဇင်း’ ကနေ ကဗျာဆရာတွေ၊ စာရေးဆရာတွေ အများအပြား ပေါ်ထွက်ခဲ့တာ မဟုတ်လား။ ဆရာနတ်နွယ်ဟာ ၁၉၅ဝ ဝန်းကျင်က ထုတ်ဝေတဲ့ ‘ဟံသာတီ သတင်းစာ’ မှာ ‘ကျောင်းသူမ’ ကဗျာကို စတင်ရေးသားခဲ့ပြီး စာပေလောကထဲကိုဝင်လာခဲ့သူ ဖြစ်တယ်။ ဆရာရဲ့ ‘မြန်မာပြည်မြောက်ပိုင်း’ နဲ့ ‘တကွေ့တော့ တွေ့ကြဦးမည်’ စာအုပ်တွေဟာ ‘၂ဝ ရာစု အထူးခြားဆုံး မြန်မာစာအုပ်များ’ စာရင်းမှာ ပါဝင်ခဲ့သလို၊ ‘၂ဝ ရာစု မြန်မာ ဂန္ထဝင်စာအုပ် ၁ဝဝ’ စာရင်းမှာလဲ ပါဝင်ခဲ့ပါတယ်။ စာရေးဆရာမင်းကျော် (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအံ့ဘွယ်ကျော်ရဲ့ Ant Bwe Kyawအဖေ) နဲ့ တွဲပြီး ‘မလိခ’ ကလောင်အမည်နဲ့ ‘မြန်မာတ္တု အညွန်း’ ကိုရေးသားခဲ့ပါတယ်။ မလိခ ဆိုတဲ့ ကလောင် အမည်ဟာ ဘယ်သူလဲ ဆိုတဲ့ သိချင်စိတ်ဟာ တချိန်က စာပေလောကမှာ ပေါ်ခဲ့ဖူးပါတယ်။ မလိခ ဆိုတဲ့ ကလောင်သုံးတိုင်း ဆရာမင်းကျော်နဲ့ ဆရာနတ်နွယ်တွဲရေးခဲ့တာ မဟုတ်ဘူးလို့ ဆရာနတ်နွယ်ကိုယ်တိုင် ပြောခဲ့ဖူးတယ်။ မလိခ ကလောင် အမည်ကို ဆရာမင်းကျော်က ပေးခဲ့တာ ဖြစ်ပါတယ်။ မလိခ ကလောင်နဲ့ ရေးခဲ့တဲ့ ‘မြန်မာစာပေအဘိဓာန်’ ကို ဆရာမင်းကျော် တယောက်ထဲ ပြုစုခဲ့တာ ဖြစ်ပြီး၊ ‘မြန်မာဝတ္ထုအညွှန်း’ ကိုတော့ ဆရာနတ်နွယ်နဲ့ ဆရာမင်းကျော်တို့ ပူးတွဲရေးခဲ့တာ ဖြစ်တယ်လို့ ‘မြန်မာဝတ္ထုအညွှန်း’ အမှာစာမှာ ဆရာနတ်နွယ်က ရှင်းလင်းရေးသားခဲ့ပါတယ်။

xxxxx

လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၃ ခုနှစ် ဖဆပလခေတ်တုန်းက ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်က ကျောင်းသားလှုပ်ရှားမှုတွမှာ ဆရာနတ်နွယ် ပါဝင်ခဲ့တယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းမှာလည်း မြန်မာစာရေးဆရာများသမဂ္ဂရဲ့ ဆိုင်းဘုတ်အောက်မှာ လွယ်အိမ်တလုံးကို ပခုံးထက်မှာ လွယ်ရင်း လမ်းလျှောက်နေတဲ့ ဆရာနတ်နွယ်ကို ပြန်မြင်ယောင်နေမိတယ်။ ဆရာ ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းစွာ တန်ဖိုးမဖြတ်နိုင်တဲ့စာတွေ ဆက်လက်ရေးသားနိုင်ပါစေ။

ကိုဂျေ
ဇန်၊ ၁၁၊ ၂ဝ၁၈
မနက် ၄း၃ဝ နာရီ

ခက်သီ ● ပရိုမိုးရှင်းကာလ

$
0
0
 ခက်သီ ● ပရိုမိုးရှင်းကာလ
(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၁၈

စစ်ပွဲတွေဟာ
ငြိမ်းချမ်းရေးကို ပရိုမိုးရှင်းလုပ်ပေးနေကြတယ်

မျက်ကန်းမျိုးချစ်တွေက
မေတ္တာဝါဒကို ပရိုမိုးရှင်းလုပ်ပေးနေကြတယ်

ခရိုနီတွေက
ဆင်းရဲမွဲတေမှုကို ပရိုမိုးရှင်းလုပ်ပေးနေကြတယ်

စစ်ဗိုလ်ချုပ်တွေဟာ
မိန်းမသားတယောက်ကို ပရိုမိုးရှင်းလုပ်ပေးနေသလိုပဲ
လက်နှီးစုတ်တွေဟာ
မြပုဝါကို ပရိုမိုးရှင်း လုပ်ပေးနေသလိုပဲ
စစ်ဘေးဒုက္ခသည်တွေဟာ
ဇီဝလက်နက်တွေကို ပရိုမိုးရှင်းလုပ်ပေးဖို့စောင့်နေကြတယ်

ပရိုမိုးရှင်းကာလ နှစ် (၇၀) မှာ
ဘာတွေများ ဈေးကွက်ဝင်သွားပါသလဲ
မျောက်ပြ ဆန်တောင်းခံရတဲ့ နှစ် (၇၀) မှာ
မျောက်မီးခဲကိုင်မိသလိုလို ဖြစ်ခဲ့ရတာ ဘယ်သူတွေလဲ
ဒီနှစ် (၇၀) အတွက် ကျည်ဆံ (၇) တောင့်ပဲ ပြန်ရခဲ့ရင်
ခင်ဗျားတို့ပစ်သတ်ချင်နေတာ ဘယ်သူလဲ ...။ ။

ခက်သီ
ဇန်နဝါရီ ၄ ရက်၊ ၂၀၁၈
လွတ်လပ်ရေးနေ့

ဇင်လင်း - ငြိမ်းချမ်းရေး ညီလာခံ တတိယ အစည်းအဝေး၊ စစ်ရေးဖိအားများနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးပြဿနာ

$
0
0

ဇင်လင်း - ငြိမ်းချမ်းရေး ညီလာခံ တတိယ အစည်းအဝေး၊ စစ်ရေးဖိအားများနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးပြဿနာ
(မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၈


ဤ ၂၀၁၈ ခုနှစ်တွင် ငြိမ်းချမ်းရေး ဘယ်လဲ ဘာလဲဟု မေးရမည့် အခြေအနေများ တွေ့လာနေရသည်။ ၂၀၁၇ ခုနှစ်ကို အစိုးရက ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ဆောင်ရွက်ခဲ့သော်လည်း မြေပြင်အခြေအနေများအရ စစ်ဆင်ရေးများ ယာယီမျှပင် ရပ်ပေးနိုင်ခြင်း မရှိခဲ့သဖြင့် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများ ပြည့်ပြည့်၀၀ အကောင်အထည် ပေါ်မလာခဲ့ပေ။ 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပါတီရုံးချုပ်တွင် ဇန်န၀ါရီ ၄ ရက်က လွတ်လပ်ရေးနေ့အခမ်းအနား ပြုလုပ်ခဲ့ပြီး NLD က နှစ်(၇၀) ပြည့်လွတ်လပ်ရေးနေ့ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ နှစ် ၇၀ ရှည်ကြာခဲ့သည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ အပြီးတိုင်ချုပ်ငြိမ်းစေ၍ ထာဝရငြိမ်းချမ်းရေးရရှိစေရန် NLD ပါတီက ရှေးရှုဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက်တွင်ဖေါ်ပြထားသည်။ ထို့ပြင် တိုင်းရင်းသား မျိုးနွယ်စုများနှင့် သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမို ကရေ စီဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေး ကြိုးပမ်းမှုများနှင့်အတူ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ပြည်သူနှင့် အတူ ချီတက်မည်ဟု အဆိုပါ ကြေညာချက်တွင် ဖေါ်ပြထားသည်။

နိုင်ငံတော် သမ္မတ၏ ‘လွတ်လပ်ရေးနေ့ သဝဏ်လွှာ’ တွင်လည်း ‘အမျိုးသားပြန်လည် သင့်မြတ်ရေး’ နှင့် ‘ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ’ ကို အကောင် အထည်ဖော်ရာတွင် တိုင်းရင်းသားအားလုံး လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သာတူညီမျှ အခွင့်အရေးရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်းဆိုသည့် မူများအပေါ် အခြေခံသည့် ဒီမိုကရေစီ နိုင်ငံတော် ပေါ်ထွန်းလာရေးတို့ကို မျှော်မှန်းချက်ထားဆောင်ရွက်နေကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ ၎င်းအပြင် နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် နိုင်ငံတော်နှင့် လျော်ကန်သင့်မြတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေးကိုလည်း ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည်ဖြစ်သည်ဟု နိုင်ငံတော် သမ္မတက ဆိုသည်။ နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့် ထာဝရငြိမ်းချမ်းရေး ပန်းတိုင်သို့ ရောက်ရှိရန် ပြည် ထောင်စုတိုင်းရင်းသားအားလုံးက နိုင်ငံတော်နှင့်အတူ ပူးပေါင်းပါဝင်ရေး နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှ တစ်ဆင့် တိုက်တွန်းပြောကြားထားသည်။

သို့ရာတွင် မြေပြင်အခြေအနေ တုန့်ပြန်မှုများကို လေ့လာကြည့်ပါက ငြိမ်းချမ်းရေးခရီးတွင် အထစ်အငေါ့များ ရှိနေသည် ကို မြင်နေရသည်။ ဘာကြောင့် ထိုသို့သော အထစ်အငေါ့များ ဖြစ်ပေါ်နေရသည်ကို အစိုးရနှင့်တကွ သက်ဆိုင်သူများ (Stakeholders) အနေဖြင့် စေ့စေ့စပ်စပ် လေ့လာဖို့လိုပေမည်။

 ‘ကချင်အမျိုးသားအစည်းအရုံး’ (KNO) က မြန်မာ့ တပ်မတော်သည် ကချင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ပြုလုပ်နေသဖြင့် ရှုတ်ချ ကြောင်း၊ လက်ရှိအစိုးရကလည်း တပ်မတော်၏ လုပ်ရပ်များကို အကာအကွယ်ပေးနေကြောင်း ဇန္န၀ါရီ ၅ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်၍ စွပ်စွဲပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအနေဖြင့် မြန်မာ့တပ်မတော်ကို နိုင်နိုင်နင်းနင်းကိုင်တွယ်ရန် တာဝန်ရှိသည်ဟုလည်း ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဌ ဒူးဝါး ဘောင်ဝမ် လာရော် (Duwa Bawmwang Laraw) က RFA သတင်းသို့ ပြောကြောင်း သိရသည်။ ကချင်အမျိုးသား အစည်းအရုံး၏ ကြေညာချက်၌ အစိုးရက မြန်မာ့တပ်မတော်ကို မထိန်းသိမ်းနိုင်လျှင် လူထုအုံကြွမှုဖြစ်လာနိုင်သည်ဟု လည်း သတိပေးထားသည်။ ၎င်းကြေညာချက်ကို အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များထံသို့လည်း ပေးပို့ထားသည်ဟု KNO ဥက္ကဌက ဆိုသည်။ ထိုသို့ဖြစ်ပေါ်လာသော အခြေအနေများနှင့် စပ်လျဉ်း၍ အစိုးရနှင့် လွှတ်တော်အသီးသီး အနေဖြင့် လေ့လာဆန်းစစ်မှုများ လုပ်သင့်သည်ဟု ထင်ပါသည်။ ကချင်အမျိုးသားအစည်းအရုံးအနေဖြင့် အခြေအမြစ်မရှိ ဘဲ၊ ယခုကဲ့သို့သော ထုတ်ပြန်ချက်ကို တာဝန်မဲ့ ထုတ်ပြန်လိမ့်မည်မဟုတ်ပါ။ အမှိုက်ကစ ပြဿဒ်မီးလောင် မဖြစ်ရလေ အောင် အစိုးရနှင့် လွှတ်တော်အဆင့်ဆင့်က ပြည်သူအများ အမှန်အတိုင်း သိရှိနိုင်ရန် တာဝန်ယူ ဖြေရှင်းသင့်ပေသည်။

ဤအတောအတွင်းမှာပင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ‘တတိယ အစည်းအဝေး’ ကို ဆိုင်းငံ့ထား စေလိုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများက အုပ်ချုပ်ရေးပိုင်းသို့ တင်ပြ မည်ဟု KNLA ဒုတိယဗိုလ်မှူးကြီး အဆင့် တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၆ ရက်တွင် 7Day Daily သတင်းစာအား ပြောသည်ဟု သိရှိရသည်။ ဇန်နဝါရီ ၅ ရက်က KNU/KNLA ဌာနချုပ်၌ ကျင်းပသော KNLA တပ်ပိုင်းဆိုင်ရာ အရာရှိများ အရေးပေါ်အစည်းအဝေးတွင် တပ်မှူးများက လက်ရှိ NCA အရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်မှု ထိရောက်မှုမရှိ၍ လာမည့် ၂၁ ရာစု ပင်လုံအစည်းအဝေးကို ဆိုင်းငံ့ထားစေလိုကြောင်း သဘောထားပေးခဲ့သည်ဟု ဆိုသည်။ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီနှင့် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ တို့အပါအဝင် KNLA တပ်မဟာ ၇ ခု စလုံးမှ တပ်မှူးများ၏ အရေးပေါ်အစည်းအဝေးတွင် လက်ရှိ NCA လမ်းကြောင်းအရ မြန်မာ့တပ်မတော်၏ ဦးတည်ချက်နှင့် လုပ်ငန်းများအပေါ် ပြန်လည်ဆန်းစစ်သုံးသပ်ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ သဘောထားချမှတ် ဆုံးဖြတ်ခဲ့ကြောင်း KIC သတင်းတွင် ဖော်ပြခဲ့သည်။ ပဒိုစောကွယ်ထူး ဝင်းအပါအဝင် NCA လက်မှတ် ထိုးထားသည့် ကရင်လက်နက်ကိုင် ၃ ဖွဲ့မှ ခေါင်းဆောင်ကိုယ်စားလှယ်များ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ကရင်ပြည်နယ် ဘားအံမြို့၌ ဇန်န ဝါရီ ၅ ရက်နှင့် ၆ ရက်တွင် တွေ့ဆုံ၍ ကရင်တိုင်းရင်းသားများ၏ သဘောထားကို ၂၁ ရာစု ပင်လုံ ညီလာခံ၌ တင်ပြနိုင်ရေးဆွေးနွေးညှိနှိုင်းကြသည်ဟု ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ‘တတိယ အစည်းအဝေး’ ကို ဇန်နဝါရီ နောက်ဆုံးပတ်တွင် ကျင်းပရန် စီစဉ်ထားသဖြင့် NCA အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်မှု ထိရောက်မှုမရှိ၍ ၂၁ ရာစုပင်လုံတတိယ အစည်းအဝေး ကို ဆိုင်းငံ့ထားစေလိုသည့် သဘောထား ထွက်ပေါ်လာမှုသည် ငြိမ်းချမ်းရေးအတွက် သတင်းကောင်း မဟုတ်ပေ။ ၂၀၁၅ အောက်တိုဘာတွင် KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ NCA တွင် လက်မှတ်ရေးထိုးခဲ့သည်။ NCA လက်မှတ်ထိုးပြီးနောက်ပိုင်း တပ်မတော်နှင့် KNU တို့အကြား တိုက်ခိုက်မှုဖြစ်ပွားခြင်းမရှိသော်လည်း အောက်ခြေအဆင့်၌ ပဋိပက္ခအချို့ ဖြစ်ပွားခဲ့သဖြင့် ညှိနှိုင်းဖြေရှင်းမှုများ မကြာခဏ ပြုလုပ်ခဲ့ရကြောင်း သတင်းများအရ သိရသည်။

ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ် သက်၍ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) က ညှိနှိုင်းခဲ့ရာတွင် တပ်မတော်ဘက် မှ တစ်ဖက်သတ်ဆုံးဖြတ်မှုများရှိခြင်း၊ KNU ထိန်းချုပ်နယ်မြေအတွင်း လမ်းဖောက်လုပ်ခြင်း၊ နယ်စပ်ဂိတ် အချို့ ပိတ်ခိုင်း ခြင်း၊ သဘာဝ သယံဇာတနှင့်ပတ်သက်သည့် စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဒေသခံများ ဆန္ဒမခံယူဘဲ ဆောင် ရွက်ခြင်း စသည်တို့မှာ NCA အကောင်အထည်ဖော်မှုများအပေါ် ယုံကြည်မှု ထိခိုက်စေကြောင်း KNU နှင့် ဒေသတွင်းအရပ်ဘက် အဖွဲ့အစည်းများက ဆိုသည်ဟု 7Day Daily သတင်းက ဖေါ်ပြသည်။ NCA စာချုပ်ပါအချက်များ ကို တပ်မတော်ဘက်က ချိုးဖောက်ခဲ့ကြောင်း KNU ဘက်က စွပ်စွဲ ပြောကြားမှုများရှိသည်ဟုလည်း ဆိုသည်။

ထိုသို့ မြေပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အခြေအနေများကို ပြည်နယ်အစိုးရ၊ ဗဟိုအစိုးရ၊ ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ တာဝန်ရှိသူတို့အနေဖြင့် ပကတိ အချက်အလက်အမှန်များကို လေ့လာ မှတ်သား ညှိနှိုင်းကြရန် လိုပေမည်။ ရရှိထားပြီးဖြစ်သည့် ငြိမ်းချမ်းရေးရလဒ်ကောင်းများ မထင်မှတ်သော အကြောင်းအချို့ ကြောင့် ပျက်စီးသွားခြင်း မဖြစ်စေရန် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဂရုပြု ထိန်းကွပ်ပေးသင့်ပေ သည်။

ထို့ပြင် မကြာသေးမီက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရ သော ကိစ္စနှင့်ပတ်သက်၍ လွိုင်ကော်မြို့၌ ဦးဆောင်ဆန္ဒပြခဲ့သူ လူငယ် ၅ ယောက်ကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ အရ အမှုဖွင့်ခဲ့ခြင်းမှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ယုံကြည်မှု ကျဆင်းစေနိုင်သည်။ ဆန္ဒပြပွဲတွင် ဟောပြောမှုပြုလုပ်ခဲ့သည့် ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့မှ ကိုရဲမင်းကျော်၊ ကိုမျိုးလှိုင်ဝင်း၊ ကိုဂျွန်ပေါလ် တို့နှင့် ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂမှ ကိုဒီးဒီ၊ ကရင်နီပြည် လူငယ်များသမဂ္ဂမှ ခွန်းဘိုဘိုတို့ကို လွိုင်ကော်မြို့နယ် ရဲစခန်းက အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်ဟု RFA သတင်းအရ သိရသည်။ ၎င်းကိစ္စကို နိုင်ငံရေး တည်ငြိမ်မှုအကျိုးမျှော်၍ ပြည်နယ်အစိုးရအနေဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်ပါလျှက် ဖမ်းဆီးအကျဉ်းချလိုက်ခြင်းမှာ မဖြစ်သင့် ဟု ထင်သည်။

 တိုင်းရင်းသား ကျောင်းသားလူငယ်များ၏ နေရာမှလည်း အာဏာပိုင်တို့က စဉ်းစားပေးသင့်သည်။ ၎င်း လူငယ်များ၏ အမျိုးသားရေးခံစားချက်ကို စာနာနားလည်မှု ပေးနိုင်လျှင် ပြေလည်နိုင်သည့် ကိစ္စဖြစ်သည်။ ယခုကဲ့သို့ ဖမ်းဆီးအကျဉ်းချလိုက်သဖြင့် အစိုးရအနေဖြင့် နိုင်ငံရေးအရ တိုင်းရင်းသားတို့၏ ထောက်ခံမှု ဆုံးရှုံးဖွယ်ရှိသည်။ ထို့ကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အာဏာပိုင်တို့အနေဖြင့် ဥပဒေတစ်ကြောင်းတည်း မကြည့်ဘဲ၊ နိုင်ငံရေး အကျိုးအမြတ်နှင့်လည်း ချိန်ဆကြည့်သင့်ပေသည်။

နောက်ထပ် ဂရုပြုရမည့် မြေပြင်အခြေအနေတစ်ခုမှာ ဇန္နဝါရီလ ၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့အရေးပေါ်အစည်းအဝေးဖြစ်သည်။ ယင်းအစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဌ နိုင်ဟံသာက အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အရ NCA လက်မှတ်ရေးထိုးနိုင်ရန် DPN အဖွဲ့က ဆွေးနွေးလာခဲ့သည်မှာ တစ်နှစ်ခွဲကျော် ကြာမြင့် ခဲ့ပြီး အစိုးရနှင့် တပ်မတော်တို့က တိုင်းရင်းသားများအပေါ် စစ်ရေးနည်းဖြင့် အကြပ်ကိုင်မှုများ ရှိသကဲ့သို့၊ ရပ်တည်ချက် အပြောင်းအလဲများလည်း ရှိနေခြင်းကြောင့် UNFC ၏ ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းသည့် အဖြေတစ်ခု ရရှိအောင် ရှာသွား မည်ဟု နိုင်ဟံသာက ပြောကြားကြောင်း ‘သတင်းနှင့်မီဒီယာကွန်ယက်’ NMG သတင်း၌ ဖေါ်ပြထားသည်။

“မကြာခင်မှာ ၂၁ ပင်လုံ တတိယ အစည်းအဝေး ခေါ်ဖို့ရှိပါတယ်။ ကျနော်တို့ အနေနဲ့လည်း ဒီကနေ့ အနေအထားမှာ တစ်ဖက်က ပြောမယ်ဆိုရင်တော့ ဒါက ဗမာ့တပ်မတော်အနေနဲ့လည်း ကျနော်တို့ အဖွဲ့ဝင်တွေကို တော်တော်လေး အကြပ်ကိုင်မှုတွေ ရှိနေတယ်။ နောက်ပြီး မြောက်ပိုင်းမှာလည်း စစ်ရေးလှုပ်ရှားမှုနဲ့ ဖိအားတွေ ပေးနေတာလည်း ရှိပါ တယ်။ ဒါက အခြေအနေ ဘက်ပေါင်းစုံကို ကျနော်တို့ သုံးသပ်ပြီးတော့ အနာဂတ်မှာ ကျနော်တို့ UNFC တပ်ပေါင်းစု အဖွဲ့ဝင်များ အနေနဲ့ ဘယ်လိုလုပ်သွားကြမလဲ၊ ဘယ်လိုဆက်လက်ပြီးတော့မှ ညှိနှိုင်းဖြေရှင်းမလဲ စသည်ဖြင့်ပေါ့လေ ကျနော်တို့ဆွေးနွေးဆုံးဖြတ်ပေးဖို့ ဖြစ်ပါတယ်။” ဟု နိုင်ဟံသာက အစည်းအဝေး၌ ပြောကြားခဲ့သည်။

ထို့ပြင် NCA အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် တင်ပြထားသည့် အချက် ၈ ချက်ထဲမှ တစ်ဆို့နေသည့် အချက် များ ဖြေရှင်းနိုင်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို UNFC ထိပ်သီးခေါင်းဆောင်များက တွေ့ဆုံခွင့်ပြုရန် တင်ပြထားခြင်းကိုလည်း ယနေ့ အထိ အကြောင်းပြန်ကြားမှု မရှိသေးသည့်အတွက် ယခု အစည်းအဝေးတွင် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာ၌ ထည့်သွင်း စဉ်းစားသွားမည်ဟု ဆိုသည်။ ၁၇ လကြာ အစိုးရနှင့် UNFC ၏ နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (DPN)တို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် DPN မှ အဆိုပြုထားသော အချက် ၈ ချက်ထဲမှ အချို့အချက်များ သဘောတူညီမှု မရသေးသဖြင့် NCA လက်မှတ် မထိုးနိုင်ဘဲ ဆွေးနွေးမှုများ ရပ်ဆိုင်းသွားခဲ့သည်။

ယခု လက်လှမ်းမှီသမျှ တင်ပြခဲ့သည့် မြေပြင်အခြေအနေများကို လေ့လာသုံးသပ်ပါက၊ ငြိမ်းချမ်းရေးဖြစ်စဉ်၌ အရေးအကြီး ဆုံးဖြစ်သည့် အပြန်အလှန် ယုံကြည်မှု ပျက်ပြားစပြုနေသည်ကို မြင်တွေ့နေရသည်။ လက်ငင်းဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေ (Political Consequence) ကို လေ့လာကြည့်လျှင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးရရန် ၀ါယမစိုက်ထုတ် ဆောင်ရွက်နေသည်ကို မြင်ရသည်။ အခြားတစ်ဖက်တွင် တပ်မတော်က စစ်ရှိန် မြှင့်တင်ကာ စစ်ရေးအရ ဖိအားပေးနေသည်ကို မြင်ရသည်။ 

လက်ငင်း စစ်ရေးပဋိပက္ခမြင့်တက်နေရသည့် အကြောင်းရင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ ကြောင့် ဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်လျှက်ရှိသည်။ ၎င်းဖွဲ့စည်းပုံကို တပ်မတော်က တရားသေ ဖက်တွယ် ခုခံကာကွယ်နေသည်။ တိုင်းရင်းသားခေါင်းဆောင်အများစုက ထို ဖွဲ့စည်းပုံဖြင့် စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု မဖြစ်ပေါ်နိုင်ဟု ဆိုနေကြသည်။ NLD ကလည်း ၎င်း၏ ၂၀၁၅ ရွေးကောက်ပွဲကြေညာချက်တွင် ဖွဲ့စည်းပုံကို ပြင်မည်ဟု ဆုံးဖြတ်ထားသည်။ 

လက်ရှိဖွဲ့စည်းပုံကို အခွင့်သင့်၍ ပြင်ကြမည်ဆိုလျှင် တပ်မတော်ကို စစ်တန်းလျားသို့ ဂုဏ်သိက္ခာရှိစွာ ပြန်ပို့ရေးကို ဆွေးနွေးရမည်ဖြစ်သည်။ တပ်မတော်သည် ပြည်သူ့ဆန္ဒအရ နိုင်ငံရေး ကဏ္ဍမှ သိက္ခာရှိစွာ ဆုတ်ခွာပေးရမည်။ သို့ဆိုလျှင် တကယ့် အရပ်သားစစ်စစ် အစိုးရများ ပေါ်ထွက်လာမည် ဖြစ်သည်။ သို့မှသာ စစ်ပွဲများ အမှန်တကယ် ချုပ်ငြိမ်းမည်။ ငြိမ်းချမ်းရေးလည်း အမှန်အကန် ပေါ်ထွန်းနိုင်မည်ဟု ပြည်တွင်း ပြည်ပ နိုင်ငံရေးအကဲခတ်များက တညီတညွတ် သုံးသပ် ရှုမြင်နေကြကြောင်း နှိုးဆော်လိုက်ရပါသည်။။။။။

ဗိုလ်သူရိန် ● ချယ်ရီပန်းတွေဝေဆာနေတဲ့ ဂျပန်ပြည်နှင့် သင်္ဘောသား

$
0
0
ဗိုလ်သူရိန် ● ချယ်ရီပန်းတွေဝေဆာနေတဲ့ ဂျပန်ပြည်နှင့် သင်္ဘောသား
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၁၈

၂၀၁၇ နိုင်ဝင်ဘာလ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ အာစီယံထိပ်သီးအစည်းအဝေးမှာလက်ရှိ ပြည်သူ့အစိုးရကို ရခိုင်အနောက် ဘက်အရေးနဲ့ပက်သက်ပြီး အနောက်နိုင်ငံကဖိအားတွေ ပေးနေချိန်မှာ ဂျပန်နိုင်ငံကဝင်ရောက်စွပ်ဖက်ခြင်းမပြုတဲ့အပြင် အမေရိကန် ဒေါ်လာသန်းတစ်ထောင် ချေးငွေပေးလိုက်ပြန်ပါပြီ။ မြန်မာပြည်ဖွံ့ဖြိုးတက်မှုမှာ စစ်အစိုးရခေတ်ထဲက ပံ့ပိုးကူညီ ခဲ့တဲ့ ဂျပန်အစိုးရက ဒုတိယကမ္ဘာစစ်တုန်းက ကျူးကျော်ခဲ့တဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကိုများ အချစ်ဆုံးဖြစ်နေသလား ထင်မိပါတယ်။

အတိတ်ကို ကျွန်တော် ပြန်တူးစွနေတာ မဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းမှာ မြန်မာပြည်ကို ဂျပန်တွေ နှိပ်စက်ညှဉ်း ပန်းခဲ့တာအမှန်ပါ။ ဒါပေမယ့်လည်း ဗမာ့တပ်မတော်စတင်ဖွဲ့စည်းဖို့ ဗိုလ်ချုပ်တွေမွေးထုတ်ပေးခဲ့တာ အမေရိကန်တို့ အင်္ဂ လန်တို့ မဟုတ်ပါဘူး။ ဂျပန်ဘုရင့်တပ်မတော်ကနေ စစ်ပညာတွေသင်ကြားပေးခဲ့လို့ ဗမာ့တပ်မတော်ကြီးကို စတင်ဖွဲ့ စည်း နိုင်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေကို စတင်တွန်းလှန်တိုက်ခိုက်နေချိန်မှာလည်း စစ်ပညာတော်သင်အဖြစ် စေလွှတ်ထားခဲ့တဲ့ စာရေးဆရာ မိုမိုတာရောစံတို့ မြန်မာစစ်သည်တော်တွေကို မည်သည့်အန္တရာယ်မှမပေးဘဲ ဂျပန် ပြည်မှာ ထားရှိတာကိုကြည့်ရင် မူရင်းစိတ်ခံကောင်းသူတွေအဖြစ် သိရှိနားလည်နိုင်ပါတယ်။

ဟီရိုရှီးမား နာကာဆာကီကို အနုမြူဗုံးအကြဲခံရပြီးနောက်မှာတော့ ဂျပန်လူမျိုးတွေ သူတို့တွေရဲ့စိတ်တွေပြောင်းလဲ mild self chane လာလိုက်တာ ဂျပန်ပြည်က ယနေ့ဆိုအာရှတိုက်မှာ အံ့မခန်းတိုးတက်နေတဲ့ နိုင်ငံဖြစ်နေပါပြီ။ အတုယူစရာ အင်မတန် ကောင်းပါတယ်။

ဒီတခေါက် သင်္ဘောကနေ မြန်မာပြည်ပြန်ရောက်တော့ ကျွန်တော် ဒေသမြို့လေးက ရန်ကုန် - မန္တလေး မီးရထားလမ်းကို မီးရထားဝန်ထမ်းများနှင့်အတူ ဂျပန်လူမျိုး ပညာရှင်များ လုပ်ငန်းကွင်းစစ် ဆာဗေးဆင်းနေတာကို တွေ့မြင်ရတယ်။ နယ်ချဲ့ အင်္ဂလိပ်လက်ထပ်ထဲကအတိုင်းရှိနေခဲ့တဲ့ ရထားလမ်းများကို ဂျပန်အကူအညီနဲ့ပြုပြင်တော့မယ်ဆိုတော့ ရထားစီးနေကြ ပုခက်လွှဲပေးတာတွေ၊ မြင်းစီးသလို ခုံခုံနေတာတွေ၊ ယခုအထိ မြန်မာ့မီးရထားက ရောင်းနေသေးတဲ့ ခုံမဲ့ဆိုတဲ့အဖြစ်တွေကို လွမ်းရတော့မှာလား တွေးနေမိတယ်။

၂၀၁၂ ခုနှစ်မှာ ကျွန်တော် ဂျပန်နိုင်ငံကနေ သင်္ဘောတက်ဖူးပါတယ်။ အဲဒိတုန်းက ဂျပန်ကို တိုက်ရိုက်လေယဉ် မရှိသေးပါ ဘူး။ ဘန်ကောက်ကနေ တဆင့်စီးရပါတယ်။ ညနေ မင်္ဂလာဒုံလေဆိပ်ကထွက်လာလိုက်တာ နောက်နေ့မနက်မှာ ဂျပန်ပြည် ကို ရောက်ပါတယ်။ အေးဂျန့် (agent) က  ကားနဲ့လာကြိုပြီး ဘူတာရုံတခုကို လိုက်ပို့ပါတယ်။ အခြားနိုင်ငံတော်တော်များ များကတော့ လေဆိပ်ကဆင်း ကားတဆင့်စီးပြီးတာနဲ့ သင်္ဘောပေါ်ရောက်ပါပြီ။ ဂျပန်မှာက မီးရထားဘူတာရုံလိုက်ပို့တာ ဆိုတော့ ကျွန်တော်တို့သင်္ဘောသားတစုက အနည်းငယ်စိုးရိမ်မိပါတယ်။ ဘူတာရုံက သန့်ရှင်းသပ်ရပ်နေပြီး ဂျပန် အေးဂျင့် က ကျွန်တော်တို့အတွက် လက်မှတ်တယောက်တစောင် ဝယ်ပေးပါတယ်။ ရုံထဲဝင်သွားတော့ သုံးမြှောင့်စတီးအတန်း ကာ ထားတာလေးတွေကို တွန်းမဝင်ခင် ဒီဂျစ်တယ်စာလုံးလေးတွေပေါ်နေတဲ့ လက်ရန်းပေါ်က ပုံစံခွက်လေးထဲကို လက်မှတ် ထည့်လိုက်တာနဲ့ မီးအစိမ်းကလေး တီကနဲဆို အသံမြည်လာပါတယ်။ ဒါဆို သုံးမြှောင့်စတီးအတန်းလေးတွေ တွန်းဝင်လို့ ရသွားပြီး ဟိုဘက်ရောက်တော့ လက်ရန်းပေါ်ကနေ စောစောက လက်မှတ်လေးပြန်ထွက်လာပါတယ်။ ကျေးဇူးတင်ပါ တယ်ရှင့်ဆိုတဲ့ ဂျပန်စကားလေးပြောသံ စက်ထဲကကြားလိုက်ပါတယ်။ ရထားထွက်မယ့်နေရာအထိ အေးဂျန့်က လိုက်ပို့ပါ တယ်။ သုံးဘူတာမြောက်မှာ ဆင်းပါ။ဟိုဘက်မှာ အေးဂျန့်တယောက်ထပ်စောင့်နေမယ်။ ဆင်းမယ့်ဘူတာအမည်ကိုလည်း လက်မှတ်ထဲက အင်္ဂလိပ်စာ အမည်နဲ့ ရေးထားတာကို ပြပါတယ်။ ကိုယ့်မြန်မာပြည်မှာတောင် တခါတလေ ဘူတာကျော်ပြီး စီးမိတာတွေရှိတော့ ကျွန်တော်တို့ကတော့ စိုးရိမ်လျှက်ပါပဲ။ ခဏနေ ရထားဆိုက်ရောက်လာပါတယ်။ လျှပ်စစ် ကေဘယ်လ် ကြိုးတပ်ထားတဲ့ ရထားပါ။ ရထားပေါ်တက်တော့ မြန်မာပြည်က ရထားတွေလို အပေါ် အလုအယက်မတက်ရဘူး။ ရထားရဲ့ ကြမ်းပြင်နဲ့အညီ ပလက်ဖောင်းကိုခင်းပေးထားပေးပါတယ်။ အထုတ်အပိုး အဝတ်အစား (Baggage) အိတ်တွေပါတော့ အလွယ်တကူပဲ  တွန်းပြီးတက်သွားရုံပါပဲ။ ရထားထွက်တော့ ခုံတွေလွတ်နေတာနဲ့ အဆင်ပြေတဲ့ခုံမှာပဲ ဝင်ထိုင်လိုက်တယ်။ အဲယားကွန်းကလည်းလွှတ်ထားတော့ အေးပြီး သပ်ရပ်သန့်ရှင်းနေပါတယ်။ ရထားတွဲရဲ့ ရှေ့ဆုံးနှင့်နောက်ဆုံး မျက်နှာကျက် နားမှာ LED  ဒီဂျစ်တယ်စာလုံးများနဲ့ ရှေ့ရောက်မယ့်ဘူတာအမည်ကို ဂျပန်- အင်္ဂလိပ်လို နှစ်ဘာသာနဲ့ အဆက်မပြတ်ထိုး ပေးထားပြီး အသံနဲ့လည်း ကြေငြာပါတယ်။ ဂျပန်ရထားစီးရတုန်းလေ့လာလိုက်တာ ရထားတွဲရဲ့နောက်ဆုံးမှာ ဆေးလိပ် သောက်ခန်း၊ ကျားအပေါ့သွားခန်း၊ ဘိုထိုင်အိမ်သာ အစုံပါပါတယ်။ ဂျပန်ဆောက်တွေဆိုတော့ ကျဉ်းကျဉ်းနဲ့သပ်သပ်ရပ်ရပ် ပြုလုပ်ထားပါတယ်။ တဘူတာလောက်ကျော်တော့ ဈေးသည်ရောက်လာပါတယ်။ ကိုယ့်ဆီကလို အော်ဟစ် ကျော်ခွ တွန်း တိုက်ရောင်းသလို မဟုတ်ပါဘူး။ လေယဉ်ပေါ်မှာလို တွန်းလှည်းလေးနဲ့တွန်းလာပြီး ရထားအတွဲ တတွဲရောက်ရင် ခရီးသည် အခြေအနေကို အကဲခက်လိုက်တယ်။ အိပ်စက်အနားယူသူရှိနေရင် အသံမထွက်ပဲ ဈေးလှည်းစက်တွန်းလာပြီး ကျွန်တော် တို့လို ဟိုကြည့် ဒီကြည့်သမားများအတွက် အသံတိုးတိုးလေး ဘာဝယ်ဦးမလဲရှင့်ဆိုပြီး ခေါင်းငြိမ့် နှုတ်ဆက်ကာမေးပါတယ်။ မဝယ်တော့ဘူးပြောလည်း ကျေးဇူးတင်ပါတယ်ဆိုပြီး ဆက်ထွက်သွားပါတယ်။ စိတ်ကစိုးရိမ်နေတော့ ဆင်းရမယ့် ဘူတာ အမည်ကိုပဲ အာရုံစိုက်ကြည့်နေမိတယ်။ ဘူတာအမည်လည်း ကြေငြာရော ထမယ်အလုပ် လက်မှက်စစ်က ဆင်းရမယ့် ဘူ တာရောက်ပြီလို့ လာပြောပါတယ်။ ကျွန်တော်အထင် အေးဂျန့်က အကူအညီတောင်းမှာလိုက်တယ်ထင်ပါရဲ့။ ရထားပေါ်က ဆင်း ဘူတာရုံကနေထွက်တော့လည်း အစောကလို လက်မှတ်လေးထည့်ပြီး တွန်းထွက်လာလိုက်တယ်။ ဒီတခါ ကိုရွှေလက် မှတ်ကထွက်မလာတော့ဘူးဗျာ။ သစ္စာရှိချက်။

ဒီလက်မှတ် ဒီဘူတာမှာ ဆုံးပြီပေါ့ဆိုတဲ့သဘောပါ။ ယခု မြန်မာ့မီးရထားနဲ့ပူးပေါင်းပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ် မယ့် ရန်ကုန် - မန္တလေးရထားလမ်းကို ဂျပန်ပြည်ကရထားတွေလို ခုံတွေသပ်သပ်ရပ်ရပ် စနစ်တကျ တည်ဆောက်ထား တဲ့ရထားမျိုး၊ သက်တောင့်သက်တာ လျှင်မြန်လွယ်ကူတဲ့ ရထားလမ်းမျိုး လုပ်ဆောင်ပေးကြပါ။ အဲယားကွန်းတွေအထိ မလိုသေးပါဘူး။ ကျုပ်တို့ နယ်ကလူတွေ မူးတက်လို့ပါ။

အခုခေတ် မြန်မာနိုင်ငံကဘဏ်တွေက ကမ္ဘာ့ဘဏ်တွေနဲ့ချိတ်ဆက်လာတော့ သင်္ဘောသားတော်တော်များများရဲ့ လခတွေ ကို သင်္ဘောပေါ်မှာ ဒေါ်လာ ၂၀၀ - ၃၀၀ လောက်သာပေးကြပြီး မြန်မာနိုင်ငံဘဏ်တွေကတဆင့် ကိုယ့်မိသားစုအိမ်ကိုပဲ လွှဲပေးလာကြပါတယ်။ ၂၀၁၀ မတိုင်ခင်အထိ ကျွန်တော်တို့သင်္ဘောထွက်တဲ့အခါက အိမ်ကိုပိုက်ဆံပို့ဖို့ ပြန်မယ့် သင်္ဘော သားလူကြုံကိုပဲ စောင့်မျှော်နေရတယ်။ (အိမ်လွှဲပေးတဲ့ သင်္ဘောကုမ္ပဏီတချို့ရှိပေမယ့်လည်း မြန်မာငွေကိုသာ ထုတ်ပေး တတ်ကြပါတယ်) အိမ်စားရိတ် အနေအထားကြောင့် အမြန်ပို့ချင်သူများကတော့ လူကြုံမရှိရင် အိမ်က အတိုးတွေတက်လေပဲ။ ကျွန်တော်သင်္ဘောသားက အဲလိုမိသားစုထဲမှာပါတယ်။ ကိုရီယားရောက်လို့ မြန်မာဆိုင်တွေက သူတို့ကနေ တဆင့်လွှဲပေး မယ်ဆိုသော်လည်း ဆိုင်နဲ့မြို့ အတော်ဝေးလို့ သူတို့ဘဏ်အကောင့်တွေအတိုင်း ကိုရီးယား အေးဂျန့်တွေက မလွှဲပေးရဲဘူး။ တစုံတခုဖြစ်ရင် လျော်ရမှာစိုးလို့တဲ့။

ဒါနဲ့ ကျွန်တော်တို့သင်္ဘော ဂျပန်ကိုရောက်သွားပါရော။ မြန်မာပြည်မာ ပရဟိတတွေလာလုပ်တဲ့ မစံပယ်လို့အမည်ပေးထားတဲ့ မြန်မာစကား ကျွမ်းကျင်စွာပြောဆိုတက်သော ဂျပန်နာမည်  Watanabe kasuko ဆိုတဲ့ အမျိုသမီးတယောက်နဲ့ ကျွန်တော် က အတော်ခင်ပါတယ်။ စာနယ်ဇင်းက ဒဲဒီ (ကိုဝင်းတင်) မိတ်ဆက်ပေးလို့ ကျွန်တော်နယ်က ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း၊ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ၊ တက္ကသိုလ်ပညာသင်ကြားမှုအခက်အခဲရှိနေသူများ စတဲ့ပညာရေးနဲ့ ပတ် သက်တဲ့ အဆောက်အဦ စာရေးကရိယာ ငွေကြေးလှူဒါန်းမှုတွေကို မြန်မာပြည် သုံးလတခေါက်ရောက်တိုင်း အမြဲလာ လှူနေကြပါ။ ဂျပန်ပြည်က ဖုန်းနံပါတ်လည်းပေးထားတော့ ကျွန်တော်က အိမ်ငွေပို့ချင်တဲ့ အခက်အခဲကို သူ့ကို ဖုန်းဆက် ပြောပြလိုက်တယ်။ သူ နောက်နှစ်ပတ်အတွင်း မြန်မာပြည်သွားမှာပြောတော့ မိုးရွာတုန်း တိုင်း၍ယက်လာသောပက်ကလာ ဆောင်းလာသည့်နှယ်ပေါ့။ ဘဏ်ကနေ တဆင့်လွှဲပါဆိုပြီး မစံပယ်က သူ့ဘဏ်အကောင့်ပေးပါတယ်။ ဒါနဲ့ ဆိပ်ကမ်းနဲ့ အနီး စပ်ဆုံးဘဏ်တစ်ခုကိုသွားပါတယ်။ ဟိုရောက်တော့ ဘဏ်ဝန်ထမ်းတွေက နိုင်ငံကူးလက်မှတ်တောင်းပါတယ်။ ကျွန်တော်တို့ သင်္ဘောသား အတော်များများကို အပြင်ထွက်ရင် ရက်အကန့်အသက်သတ်မှတ်ထားသော လည်ပတ်ခွင့်လက်မှတ် show pass ပဲပေးကြပါတယ်။ ဂျန်ပန်မှာ ခုန်ဆင်း အလုပ်လုပ်နေခဲ့ကြလို့ သင်္ဘောသားအများစုကို နိုင်ငံကူးလက်မှတ်မပေးပါဘူး။ ကျွန်တော်က ရှိတဲ့လက်မှတ်ပဲထုတ်ပြတော့ ဘယ်လောက်လွှဲမှာလည်းတဲ့။ အများဆုံး ဒေါ်လာ ၁၀၀၀ သာ လွှဲခွင့်ပြုမှာ ဖြစ်ပြီးဂျပန် ယန်းပြန်လဲပြီး လွှဲရမယ်လို့ပြောပါတယ်။ ကျွန်တော်လွှဲချင်တာက ဒေါ်လာ ၂၀၀၀ ဂျပန်ယန်းကလည်း နှစ်ခါ ပြန်လည်းရမယ့်ကိန်းဖြစ်နေတော့ သင်္ဘောပြန်လာခဲ့လိုက်တယ်။ မစံပယ်ကို ဖုန်းနဲ့ အကျိုးအကြောင်းလှမ်းပြောပြတော့ ကျွန်တော့်မိသားစုအတွက် အရေးသိပ်ကြီးနေမှန်းသိတော့ စာတိုက်ကတဆင့် လွှဲပါထပ်ပြောပါတယ်။

နောက်နေ့ကြတော့ ဂျပန်အလုပ်သမားခေါင်းဆောင် forman ကို မစံပယ်နဲ့ဖုန်းပြော အကူအညီတောင်းခိုင်းပြီး စာတိုက်မှာ ကျွန်တော် လွှဲချင်တဲ့ပုံစံကို ဂျပန်စာရေးခိုင်းပါတယ်။ ဘာလို့လည်း ဆိုတော့ ဂျပန်လူမျိုးများက မိခင်ဘာသာစကားကိုသာ အဓိကအလေးထား မပျောက်ပျက်အောင် ထိမ်းသိမ်းကြပါတယ်။ အင်္ဂလိပ်စာ မေးထူးခေါ်ပြောလောက်သာတက်တဲ့ ဂျပန် ဧည့်သည်များကို ကျွန်တော် မြန်မာပြည်မှာ တွေ့ဖူးလို့ပါ။ ဂျပန်လိုရေးထားတဲ့စာရပြီဆိုတော့ စာတိုက်ကို အပြေးအလွှား သွားရပါတယ်။ မနက်ဖြန်ရုံးပိတ်ရက်ဖြစ်နေတာကြောင့်ပါ။ ဒီအချိန် စာတိုက်နဲ့ဆက်သွယ်ရေးကို ဂျပန်အစိုးရကပုဂ္ဂလိကို လွှဲပြောင်းပေးအပ်ထားပါပြီ။

ဂျပန်စာတိုက်ရောက်တော ပါလာတဲ့ဂျပန်စာကို ထုတ်ပြလိုက်ပါတယ်။ သူတို့ကလည်း  ဂျပန်ယန်းငွေကို လဲခိုင်းပြီး မြန်မာ ပြည်စာတိုက်များလို တဆင့်လွှဲလို့ရတဲ့ပုံစံပဲ ပြောပါတယ်။ ကျွန်တော်လည်း အတော်လေး ဦးနှောက်ခြောက်လာတာနဲ့ စာတိုက်ထဲ ခုံအလွတ်တစ်ခုမှာ စိတ်ပျက်ပျက်နဲ့ ထိုင်နေမိတယ်။ခဏအကြာတော့ အင်္ဂလိပ်စကား အနည်းငယ်ပြောတတ်တဲ့ စာတိုက်မှူးလို့ ထင်ရတဲ့ဂျပန်အမျိုးသမီးတဦးထွက်လာပြီး ဘာကူညီပေးရမလဲ မေးပါတယ်။ ကျွန်တော်လည်း ကြံရာ မရ တာနဲ့ မစံပယ် ဖုန်းနံပါတ်ပေးလိုက်တယ်။ သူတို့ချင်း ငါးမိနစ်လောက်စကားပြောပြီးတော့ ကျွန်တော်ကို ဖုန်းပေး ပြောခိုင်း ပါတယ်။ နောက်ဆုံး မစံပယ်အကြံပေးတာကဒေါ်လာ ၂၀၀၀ ကို A4 စာရွက်အလွတ်နဲ့ ပက်ပြီးတော့ လိပ်စာအတိုင်း စာ တိုက်က ပို့ဖို့ပြောပါတယ်။ ကျွန်တော်က ဖြစ်နိုင်ပါ့မလားမေးတော့ သူ့ဆီမှာ စာတိုက်ဖုန်းလည်းရနေပြီဆိုတော့ မရောက်မှာ မပူပါနဲ့။ တစ်ခုခုဖြစ်ရင် ဖုန်းပြန်ဆက်ပြီး သူပြန်ကူညီပေးပါ့မယ်ပြောပါတယ်။ ကျွန်တော်လည်း မစံပယ်ပြောသလို စာအိတ် မှာ လိပ်စာရေးပြီး စာတိုက်ကိုပို့ခဲ့ပါတယ်။ လက်ခံရရှိကြောင်းစာရွက slip လေးတော့ ယူလာခဲ့ပါတယ်။ စာတိုက်ဝန်ထမ်း များကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောပြီး စိတ်တထင့်ထင့်နဲ့ ပြန်လာခဲ့ပါတယ်။ အဲဒိအချိန် ဒေါ်လာဈေးက တစ်ဒေါ်လာ မြန်မာငွေ ၁၂၀၀ ကျော်လောက်ရှိတော့၂၄ သိန်းသောငွေကြေးကို ကျွန်တော်စိုးရိမ်တာ မဆန်းပါဘူး။

သင်္ဘောပြန်ရောက်ပြန်တော့လည်း ကျန်သင်္ဘောသားများက အားပေးလိုက်ကြတယ်။ ဆုံးပြီတဲ့။ အေးလေ ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံးက စာတိုက်ကို သိပ်မယုံကြည်ခဲ့ကြသလို စာရေးဆရာများကလည်း စာပေဟောပြောပွဲတွေမှာ ထည့်ထည့်ပြောနေကြတယ်။ ရွာကကြီးတော်ကြီး မြေးနှစ်ယောက်ရမှ သူ့ငယ်ရည်းစားဆီက စာကို စာတိုက်က လာပို့တယ် ဆိုတဲ့ ဖြစ်ရပ်တွေကလည်း ရှိနေတာကိုး။ သင်္ဘောက ယခုရောက်နေတဲ့ ကီမိစု (kimesu) ဆိပ်ကမ်းမှာ ကုန်ချပြီးတာနဲ့ နောက်နေ့ကြတော့ နာဂိုရာ (Nagoya) ဆိပ်ကမ်းမှာ ကုန်သွားတင်ဖို့ ထွက်ခွာလာခဲ့ပါတယ်။ စနေ တနင်္ဂနွေ ရုံးပိတ် ရက် ကြားထဲမှာခံနေတာနဲ့ မစံပယ်ဆီ ဖုန်းမဆက်ဖြစ်သေးပါဘူး။ စာထည့်ပြီး ၄ ရက်လောက်နေတော့ စိတ်ထဲ ကလိ ကလိ ဖြစ် လာတာနဲ့ မစံပယ်ဆီ စာရောက်လာပြီး ဖုန်းဆက်မေးပါတယ်။ မရောက်သေးဘူးတဲ့။ အင်းကနဲ သက်ပြင်းချလိုက်တယ်။ ဂျပန်ဖုန်း ခဏ ခဏဆက်ပါများတော့ သင်္ဘောသူကြီး Captain က မသင်္ကာသလို ဖြစ်လာတယ်။ ကျွန်တော် ခုန်ချနေခဲ့ဖို့ မဟုတ်ဘူး။စာတိုက်က ငွေပို့ထားလို့ပါရှင်းပြတော့ သူကလည်း သူ့နှဖူးလက်နဲ့ ရိုက်ပြီး အားပေးရှာပါတယ်။ နောက်တနေ့ ညနေကြတော့ ကျွန်တော်ဆက်နေကြ သူကြီးရဲ့ဖုန်းကို မစံပယ်ဖုန်းဆက်တယ်တဲ့။ စာရောက်ပါပြီလို့ သူကြီးက ခေါ်ပြော တယ်။ ကဲ အခုမှ အလုံးကြီးကျသွားတော့တယ်။ မစံပယ် မြန်မာပြည်ကိုရောက်တော့ အိမ်ကအမလေးကို ဖုန်းဆက်ပြီး ရန်ကုန်ခေါ်ပေးတယ်လို့ အိမ်ကို ဖုန်းဆက်တော့ပြောပါတယ်။ ကျွန်တော်လိုလုပ်ဖို့ ရေးပြနေခြင်းမဟုတ်ပါ။ စိတ်ဓါတ်နဲ့ ဝန် ဆောင်မှုကို ဖော်ကျူးရေးသားခြင်သာဖြစ်ပါတယ်။

မန္တလေး နေပြည်တော်မှာ ကနောင်ကိုယ်တော်ကြီး လက်နက်စက်ရုံတည်ထောင်နေချိန်၊ ရေမြှုပ်ဗုံးတွေ စမ်းသပ်နေချိန် ဂျပန်ပြည်မှာ ဓါးတွေသုံးတဲ့ဆာမူရိုင်းခေတ်မကုန်သေးဘူးလို့ သမိုင်းဆရာအချို့က သုံးသပ်ပြောဆိုကြပါတယ်။ ဆရာအ ထောက်တော်လှအောင်ရဲ့  စာသားငှားသုံးရရင် မည်သို့ပင်ဆိုစေကာမူ ယခုလက်ရှိ ကိုယ့်နိုင်ငံထက်အဆပေါင်းများစွာ တိုး တက်နေတဲ့ ဂျပန်ပြည်ကို အတုယူသင်ကြားတာတွေလုပ်ရမယ်လို့ သုံးသပ်မိပါတယ်။

ဗိုလ်သူရိန်
၂၀ ၁၁ ၂၀၁၇
နယူးအိုင်ယာလန်

ကာတွန်း မှတ်ကြီး (အောင်ပင်လယ်) ● အစိုးရလည်း မပါဘူး ...

$
0
0

ကာတွန်း မှတ်ကြီး (အောင်ပင်လယ်) ● အစိုးရလည်း မပါဘူး ...
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၁၈

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၅)

$
0
0
ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၅)
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂ဝ၁၈

ဒီနေ့ညနေပိုင်းမှာတော့ မရောက်တာကြာနေပြီဖြစ်သည့် အင်္ဂလိပ်စာသင်တန်းရှိရာ တိဗက်ကျောင်းကလေးဘက်ဆီသို့ ခြေလှမ်းတွေကို ဦးတည်လိုက်ပါသည်။ ဒီနေ့သင်တဲ့ အင်္ဂလိပ်စာဆရာမက အမေရိကန်သူလေး Megan Akar တဲ့။ ဆရာမလေးက Genocide ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ဘယ်တုန်းက ဘယ်သူက ဘယ်သူ့ကို...စသည်ဖြင့် အသေးစိပ် ရှင်းပြနေပါသည်။ Genocide ဆိုတာ လူမျိုးတုန်းသတ်ဖြတ်တဲ့အကြောင်းဆိုတာ လူတိုင်းနားရည်ဝပြီးသားပါ။ ဒီမှာ အသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ ရုန်းကန်လှုပ်ရှားနေကြသည့် လူတွေ လူတွေ။ ကိုယ်လှမ်းနေတဲ့ ခြေလှမ်းတွေကတဲ့ကော။ ဘာအတွက် လျှောက်လှမ်းနေမိပါလိမ့်။ လမ်းလျှောက် နေတိုင်း ကျန်းမာရေးအတွက် မဟုတ်ဘူးဆိုတာကိုတော့ သိထား ဖို့လိုအပ်ပါလိမ့်မည်။ ဆရာမစာသင်ချိန်ပြီးဆုံးသွားပြီးနောက် စကားပြောဖို့အလှည့်အရောက်မှာတော့ သင် တန်းတစ်ခုလုံးက ရွှတ် ရှက် ဒွတ် ဒက် အသံများဖြင့် ဆူညံသွားပါတော့သည်။

တိဗက်လားမားလေးပြောတာကို နားထောင်ကြည့်ပါဦး။ "အခုဆိုရင် တိဘက်ပြည်မှာ တိဘက်စာ တရားဝင်သင်ကြားခွင့် မရှိတော့ဘူး။ တိဘက်စကား ပြောလို့မရဘူး။ အိမ်မှာ တိဘက်စာ၊ တိဘက်စကားကို ခိုးသင် ခိုးပြောကြရတဲ့ ဘဝကို ရောက်နေပြီ။ တိဘက်ယဉ်ကျေးမှု ရိုးရာပွဲလမ်း သဘင်တွေလည်း လုပ်ခွင့်မရကြတော့ဘူး။ အခုဆို တိဘက်မှာရှိတဲ့ မျိုး ဆက်သစ်တွေဟာ တိဘက်စကားကို မပြောတတ်ကြတော့ဘူး။ တိဘက်ယဉ်ကျေးမှုဆိုတာ ဘာဆိုတာကိုလည်း သိပ်မသိ ကြတော့ဘူး။ တိဘက် စာပေကို သင်ယူခွင့် သင်ကြားခွင့်တွေ မရကြတော့ဘူးလေ။ ကျနော့်နိုင်ငံ (တိဘက်) အကြောင်းတွေး ရင် ရင်လေးတယ်ဗျာ။ စိတ်လည်း ပူတယ်။ လူမျိုးတစ်မျိုးဟာ စာပေနဲ့ ယဉ်ကျေးမှုပျောက်ရင် အဲဒီလူမျိုး မကြာခင် ပျောက်ကွယ်သွားတော့မယ်ဆိုတာ ကျနော်ယုံကြည်နေမိတယ်။"တိဗက်ကိုယ်တော်ကလေးက သူ့စကားအဆုံးမှာ ဘယ် ကိုမှ မကြည့်ပါလေတော့။ မျက်လွှာကလေး ချလို့ တိတ်ဆိတ်ငြိမ်သက်ခြင်း များစွာဖြင့်။

နောက်ထပ်တိဗက်ကလေးတစ်ယောက်ကတော့ "၁၉၅၉-ခုနှစ်မှာ ဘုန်းတော်ကြီးဒလိုင်းလားမား အိန္ဒိယဘက်ကို ထွက်ပြေး ခဲ့ရတယ်။ အဲဒီကတည်းက တရုတ်စစ်သားတွေ၊ တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ တိဘက်ဒေသကို ဝင်ရောက်လာကြပြီး အခြေချြနေထိုင်ခဲ့ကြတာပေါ့။ နောက်တော့ စာသင်ကျောင်းတွေမှာ တိဗက်စာအစား တရုတ်စာကိုပြဋ္ဌာန်းပြီး တိဘက်စာ လုံးဝမသင်ရ၊ တိဘက်စကား လုံးဝမပြောရဆိုပြီး ပိတ်ပင်ပစ်လိုက်တယ်။ သူတို့က တိဘက်လူမျိုးတွေရဲ့ ရိုးရာဓလေ့နဲ့ ထုံးတမ်းစဉ် လာတွေ၊ ယဉ်ကျေးမှုတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားနေကြတယ်။ နောင်ဆယ်နှစ် အနှစ်နှစ်ဆယ်....။ ကျနော် မတွေးရဲဘူးဟု ပြောပါသည်။ တဝိုင်းလုံးက ငြိမ်ပြီးနားထောင်နေကြသည်။ သနားအောင်ပြောတာမဟုတ်မှန်း သိသာပါသည်။ သူတို့ပြောတာတွေ နားထောင်ပြီးတဲ့ အဆုံးမှာတော့ အမေရိကန် ဆရာမလေးက အဲဒါကို cultural genocide လို့ခေါ် တယ်ဟု မှတ်ချက်ပေးလိုက်ပါသည်။

ဒီနေ့ ကမ္ဘာမှာ လူမျိုးတုန်းသတ်ဖြတ်းခြင်းကို ဘယ်အဖွဲ့အစည်း ဘယ်လူမျိုးကမှ လက်မခံတော့ပါဘူး။ ပြီးတော့ လူမျိုးတမျိုး ဆိုတာ လူမျိုးတုန်းသတ်ဖြတ်ခံရမှ မျိုးတုန်းသွားတာ မဟုတ်ဘူး။ ယဉ်ကျေးမှု၊ စာပေ ဘာသာစကားကို အသတ်ခံရရင် လည်း အဲဒီလူမျိုးဟာ မျိုးတုန်းသွားနိုင်တာပဲ မဟုတ်လား။ ဆယ်နှစ် မသိသာသေးဘူးပဲထားဦး။ အနှစ်နှစ်ဆယ်ဆို နဲနဲသိ သာလာပြီ။ အနှစ်ငါး ဆယ်၊ အနှစ်တစ်ရာ။ လုံးဝပျောက်သွားဖို့ ပဲရှိတယ်။ ဒီနည်းနဲ့ ကမ္ဘာပေါ်မှာ ပျောက်ကွယ်သွားကြတဲ့ ဘာသာစကားတွေ လူမျိုးတွေ အများကြီးရှိခဲ့ဘူးတယ်။ ဘာသာဗေဒအလိုအရ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားတဲ့ ဘာ သာစကားဟာ တစ်ထောင်ကျော်ရှိသည်ဟု ဆိုပါသည်။ ဘယ်ဘက်ကကြည့်ကြည့် တိဘက်တို့ရဲ့ အနာဂတ်ကား အားရစရာမရှိလှ။ ရေခဲတောင်တန်းတွေပေါ် ပြန့်လွင့်နေတဲ့ မြူခိုးတွေလို အရာရာက မှုံဝါးနေဆဲ။ မိမိတို့တိုင်းပြည်ရဲ့ အနာ ဂတ်ကတဲ့ကော.......။

ဓရံဆာလာဝန်းကျင်တစ်ခုလုံးမှာ မြူခိုးတွေ ဝေနေလေပြီ။ ဘာကြောင့်မှန်းမသိ။ အဲဒီညနေက သင်တန်းကနေ အဆောင်ပြန် လာရာလမ်းမှာ ခြေလှမ်းတွေက လေးလံလို့။ အတွေးတွေက လွင့်ပျံဝဲလို့....။ မြန်မာပြည်ရဲ့ မြို့ကြီးတချို့မှာ တရားမဝင် အခြေချနေထိုင်သူတွေရှိပါသည်။ တချိုရခိုင်ကျေးရွာတွေမှာ ရခိုင်လူမျိုးတွေ မရှိကြတော့ဘူးတဲ့။ မန္တလေးလို အထင်ကရမြို့ တော်ကြီးတောင် မျက်စိတွေမှေးနေပြီဆိုပဲ။ ဟုတ်၊ မဟုတ် မန္တလေးသားတွေက ပိုသိမှာပါလေ။ ဟောပြောပွဲတစ်ခုမှာ ဆရာ အော်ပီကျယ် ပြောတာလေး မှတ်မိပါသေးသည်။ သူ့မိတ်ဆွေ နိုင်ငံခြားသားတယောက်ကို မှတ်ပုံတင် သေသေချာချာ သိမ်းထားဖို့သတိပေးတော့ အဲဒီမိတ်ဆွေက ကိစ္စမရှိဘူး ကျနော်မှာ ဒါမျိုး ၁ဝ-ခုရှိသေးတယ်လို့ အဆိုပါမိတ်ဆွေက ပြန်ပြော သတဲ့။ တရားခံဘယ်သူလဲဟေ့လို့ပဲ မေးလိုက်ချင်ပါတော့သည်။ အခုဆို မြို့သစ်တော်တော်များမှာ ရောက်ကုန်ကြရ သူတွေဟာ မြန်မာတွေများနေတယ်ဟု မန္တလေးမြို့ခံ မိတ်ဆွေတဦးက ပြောပါသည်။ မြန်မာပြည်မို့ မြန်မာပြည်သားတွေများတာ ဆန်း သလားလို့ မေးရင်....။ မန်းမြို့သားတွေကိုပဲ မေးကြည့်စေချင်ပါသည်။ မြန်မာစကားမတတ်သူတွေ မန္တလေးမြို့မှာ တပုံကြီးဆိုပဲ။

နယ်စပ်တွေကနေ ယိုစိမ့်နေတဲ့ မြန်မာအမျိုးသမီးလေးတွေရဲ့ မနက်ဖြန်တွေက မှုံဝါးလွန်းလှသည်။ ရေကြည်ရာ မျက်နုရာ ရှာရင်း......။ ဒီအစိမ်းရောင်လွင်ပြင်တောမှာ မပျော်ချင်လည်း ပျော်ခဲ့ရ။ လူ့ဘဝက သိပ်တိုတယ်ဆိုပေမယ့် အဆင်မပြေသူတို့ အတွက် ရှည်လွန်းပါတယ်။ သစ်ပင်တစ်ဟာ အကိုင်းချိုင်ပြီး အမြစ်ကိုပါ တူးလှန်ပစ်ခံရမှ သေနိုင်တာ မဟုတ်ပါဘူး။ သင်း သပ်ခံလိုက်ရရုံကလေးနဲ့ သေသွားနိုင်တာပဲ မဟုတ်လား။ သစ်ပင်တစ်ပင်ကို သင်းသပ်ပြီးတော့ အသေသတ်သလိုမျိုး အင်အားချိနဲ့ သူတွေ ချို့တဲ့အားနည်းသူတွေကို သင်းသပ်ဖို့ ကြိုးစားနေကြတဲ့ လူ့အဖွဲ့အစည်း အချို့ ရှိနေကြတယ်ဆိုတာကို မမေ့စေချင်ပါဘူး။ နောင် အနှစ်ငါးဆယ်။ အနှစ်တစ်ရာ။

Cultural Genocide အဖြူနဲ့ အမည်းကြားမှာ ကျနော်တို့ အိပ်မောကျနေလို့မဖြစ်တော့။

ဆက်လက်ဖော်ပြပါဦးမည်။

ကိုသစ် (သီတဂူ)
၁၊ ၁၃၊ ၂ဝ၁၈

ခိုင်မြတ်ကျော် (နိရဉ္စရာ) - မြန်မာအစိုးရကို အကြံပြုချင်ပါတယ်

$
0
0

ခိုင်မြတ်ကျော် (နိရဉ္စရာ) - မြန်မာအစိုးရကို အကြံပြုချင်ပါတယ်
(မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၈

အခု အင်းဒင်ရွာ လူသတ်မှုနဲ့ ပတ်သက်ပြီး တပ်မတော်က ဖော်ထုတ် ဖမ်းဆီးအရေးယူတဲ့ အပေါ်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပြီး စုံစမ်းဖော်ထုတ်မှုဟာ နောက်နောင် ဥပဒေမဲ့ လုပ်ရပ်မဖြစ်ရန် တွန်းအားပေးသလို ဖြစ်စေကြောင်း ပြောကြားခဲ့ပါတယ်။

ဒီလိုဖော်ထုတ် အရေးယူမူအပေါ် နိုင်ငံတကာကလည်း ကြိုဆိုကြတာကို တွေ့ရပါတယ်။

ဒီနေရာမှာ ပြောလိုတာက မောင်တောမြို့နယ် မြောက်ပိုင်းမှာ ဟိန္ဒူလူမျိုး ၁၀၀ ကျော် အသတ်ခံခဲ့ရတာတွေ ရှိသလို မြိုလူမျိုး ၈ ယောက် အပါအ၀င် ရခိုင်တွေ၊ သက္ကမ (ဒိုင်းနက်) လူမျိုးတွေ၊ မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ ဘင်္ဂလီ လူမျိုးခေါင်းဆောင်တွေလည်း အများအပြား သတ်ဖြတ်ခံခဲ့ရပါတယ်။

အဲသလို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူတွေဟာ အခုအခါ တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်ကို ထွက်ပြေး သွားခဲ့ကြပြီး လက်ရှိ တည်ဆောက်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလုံနေကြတယ်လို့လည်း သိရပါတယ်။ လက်ရှိ သိရှိရသလောက် ဟိန္ဒူလူမျိုးအများအပြားကို သတ်ဖြတ်ခဲ့သူတွေဟာ မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ် ပတ်ဝန်းကျင် ဘင်္ဂလီ ကျေးရွာတွေက ဖြစ်ကြပါတယ်။ အခုအဲသလို အပြစ်မဲ့ ပြည်သူတွေ အများအပြားကို သတ်ဖြတ်သွားသူတွေဟာ ဘာမှ အရေးယူမခံရဘဲ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( ယူအန်) ရဲ့ စောင့်ရှောက်မှု အောက်မှာ ဥပဒေနဲ့ တစ်စုံတစ်ရာ ရင်ဆိုင်စရာ မလိုဘဲ အကာအကွယ်ရနေတာကို တွေ့ရပါတယ်။ ဒါကြောင့် နောက်နောင် မြန်မာနိုင်ငံမှာ ဥပဒေမဲ့ လုပ်ရပ်တွေ မဖြစ်ပေါ်ရအောင် တွန်းအားပေးလိုတယ်ဆိုရင် ဘက်တစ်ဘက်က ကျူးလွန်သူတွေ တစ်ခုတည်းကို အရေးယူလို့ မရနိုင်ပါဘူး။ တစ်ခြား တစ်ဖက်က ကျူးလွန်သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူနိုင်အောင် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါမှသာ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်ဟာ တရားမျှတမှု ရှိမှာဖြစ်ပါတယ်။

မောင်တောမြို့နယ်အတွင်းက အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်မှုတွေ ကျူးလွန်သွားသူတွေကို ဘင်္ဂလာဒေ့ရှ် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာ အစိုးရ အနေနဲ့ ဖော်ထုတ် အရေးယူဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာကလည်း ဒီလူသတ်မှု ကျူးလွန်သူတွေကို ဘက်မလိုက်ဘဲ မျှမျှတတ ဖြစ်အောင် ဖော်ထုတ် အရေးယူနိုင်ဖို့ ၀ိုင်းဝန်း တိုက်တွန်းဖို့လိုအပ်တယ်လို့ မြင်ပါတယ်။

ဒါမှသာ အနာဂတ်မှာ ခုလို တရားမဲ့ သတ်ဖြတ်ကျူးလွန်မှုတွေကို တားဆီးနိုင်မှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

မောင်လူပေ - ဟယ်လို ကယ်လီဖိုးနီးယား - ၃

$
0
0



မောင်လူပေ - ဟယ်လို ကယ်လီဖိုးနီးယား - ၃
(မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၈

ကယ်လီဖိုးနီးယားပြည်နယ်ဆိုတော့ ပြည်နယ်အစိုးရရှိတယ်။ မြန်မာပြည်က ပြည်နယ်အစိုးရအဖွဲ့လို ပြည်နယ်ဝန်ကြီးချုပ်တော့မရှိ။ ပြည်နယ်အုပ်ချုပ်ရေးမှူး(Governor) က အုပ်ချုပ်တယ်။ ဒီလူကို ပြည်နယ်သားတွေက လေးနှစ်တစ်ကြိမ်ရွေးကောက်တင်မြှောက်တယ်။ နှစ်ကြိမ်ဆက်တိုက်ထက် ပိုလုပ်ခွင့်မရှိ။

အမေရိကားက ဖက်ဒရယ်ပြည်ထောင်စုဝင် ပြည်နယ်တစ်ခုမို့ သူ့မှာလည်း ပြည်နယ်လွှတ်တော်နှစ်ခုရှိတယ်။ ပြည်နယ်ရဲ့အထက် အောက်လွှတ်တော်နှစ်ခုလုံးမှာ ဒီမိုကရက်အမတ်တွေပဲ လွှမ်းမိုးကြတယ်။ ရှေးရိုးစွဲတွေနည်းတဲ့ပြည်နယ်မို့ ရှေးရိုးစွဲရီဗတ်ဗလီကန်တွေ အားမကောင်း။

ကယ်လီဖိုးနီးယား လက်ရှိ ဂါဗနာနဲ့ ယခင် ဂါဗနာဟောင်းကြီးများ (ဘရောင်း၊ ရီဂင်နဲ့ အာနိုး)

အရင်ကရေးဖူးခဲ့သလိုပဲ အစိုးရသုံးရပ်ရှိတဲ့ အမေရိကားမှာ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ဌာနေမြို့ရွာအစိုးရ သုံးခုလုံး သူ့အာဏာနဲ့သူ။ ရတဲ့အခွန်ကို ခွဲယူကြတယ်။ အလုပ်ကိုပေါင်းလုပ်ကြတယ်။ အစိုးတွေ သဘောကွဲကြရင် တရားရုံးမှာရှင်းတယ်။ တရားရုံးအဆုံးအဖြတ်ကအတည်။

အာဏာက တစ်နေရာထဲမရှိတဲ့အတွက် အာဏာရှင်တွေဖြစ်လာမှာ ပူစရာမလို။ ဆုံးဖြတ်ချက်တွေပွတ်တိုက်မှုဖြစ်ရင် တရားရေးကအမြင့်ဆုံးအာဏာမို့ သူ့ဆုံးဖြတ်မှုကို လက်ခံရတယ်။ ဥပဒေပြုရေးအာဏာက လွှတ်တော်မှာ၊ အုပ်ချုပ်ရေးအာဏာက အစိုးတွေဆီမှာ။


အခု၂၀၁၈ကစပြီး ၂၁နှစ်ကျော်သူတိုင်း ကယ်လီဖိုးနီးယားမှာ တစ်ရက်ကိုဆေးခြောက်တစ်အောင်စအထိ တရားဝင်ဝယ်ယူသုံးစွဲခွင့်ရှိတယ်။ ၂၀၁၆ရွေးကောက်ပွဲမှာ ပြည်နယ်သားတွေက တရားဝင်သုံးခွင့်ပြုရေး မဲပေးခဲ့လို့ပဲ။ အိမ်မှာ ဆေးခြောက်ပင် ခြောက်ပင်ထိ စိုက်ခွင့်ရှိတယ်။ ပြည်နယ်အစိုးရကခွင့်ပြုတယ်။ ဗဟိုအစိုးရက ဆေးခြောက်တရားမဝင်လို့ ခွင့်မပြု။ တရားရုံးမှာရှင်းကြပေါ့။ လောလောဆယ်အထိတော့ တရားဝင်ဆေးခြောက်သုံးခွင်ပြုထားတယ်။

ဆေးခြောက်တောင် တရားဝင်သုံးစွဲလို့ရတဲ့ပြည်နယ်မို့ လွတ်လပ်လှချည်လားလို့မထင်စေလို။ နည်းဥပဒေတွေနဲ့ ပြန်ချည်ထားတယ်။ ကိုယ့်အိမ်မှာပဲကိုယ်သုံးစွဲကြ။ မူးနေရင် ကားမမောင်းရ။

ဒီပြည်နယ်က ပြည်သူတွေသွားလာရာ နေရာတိုင်းမှာ ဆေးလိပ်မသောက်ရ။ စားသောက်ဆိုင်၊ ဈေး၊ ရှော့ပင်မော၊ ပန်းခြံ နေရာအကုန်လိုလို မသောက်ရတော့ သောက်ဖို့နေရာ မရှိ။ သောက်ချင်လွန်းရင် အပြင်ထွက်ပြီး ဝင်ပေါက်နဲ့ ပေတစ်ရာအကွာမှာ သွားသောက်ပေတော့။ အခွန်ကလည်းကြောက်စရာကောက်သေးတော့ ဆေးလိပ်တစ်ဘူးက ရှစ်ဒေါ်လာနီးနီးပေးရမှာ။ ဈေးကြီး၊ သောက်ဖို့နေရာမရှိတော့ ဒီကိုရောက်လာတဲ့မြန်မာတွေ ဆေးလိပ်ပြတ်ကုန်ကြတယ်။ အသက်၂၁နှစ်မပြည့်ရင်လည်း ဆေးလိပ်မရောင်း။ အသက်ပြည့်ကြောင်း မှတ်ပုံတင်ပြမှ ရောင်းတယ်။ အရက်လည်းအတူတူပဲ။

ကိုယ့်တာဝန်ကိုယ်ယူ။ ကိုယ့်အခွန်ကိုယ်ပေး။ လူလည်ကျပြီးအခွန်ရှောင်သူတွေရှိပေမဲ့ မိရင် မသက်သာ။ အကြွေးကိုအတိုးနဲ့တွက်ဆောင်ခိုင်းတဲ့အပြင် နာမည်ပျက်စာရင်းသွင်းသေးတယ်။ မပေးနိုင်ရင် အကုန်သိမ်းပဲ။ ဒါကြောင့် အများစုက အခွန်မရှောင်ရဲကြ။ ပြည်နယ်အစိုးရက သူရတဲ့ငွေတွေနဲ့လည်ပတ်တယ်။ ပြည်သူတွေအတွက် ပြန်သုံးတယ်။

ပြည်နယ်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုက MediCal ဆိုပြီးသီးခြားရှိတယ်။ မြန်မာပြည်ကအလည်လာကြသူတွေ ဆေးပြချင်ရင်သုံးရတဲ့ အာမခံစနစ်။ ကယ်လီဖိုးနီးယားမှာနေပြီး ကျန်းမာရေးအာမခံမဝယ်နိုင်သူ၊ ဝင်ငွေမရှိသူတွေအားထားရတယ်။


ပညာရေးအနေနဲ့လည်း ပြည်နယ်က တက္ကသိုလ်စနစ်အမျိုးမျိုးထူထောင်ပြီး အဆင့်မြင့်ပညာတွေသင်ယူနိုင်အောင် ထောက်ပံ့ပေးတယ်။ ပြည်နယ်မှာတစ်နှစ်အနည်းဆုံးနေဖူးရင် ပြည်နယ်သားအဖြစ်အသိအမှတ်ပြုပေးတယ်။ ကျောင်းတက်ရင် ကုန်ကြငွေလေးပုံတစ်ပုံလောက်ပဲပေးရတယ်။ ပြည်နယ်တက္ကသိုလ်တွေထဲက ကယ်လီဖိုးနီးယားတက္ကသိုလ်(ဘာကလေ) (University of California, Berkeley)ဟာဆိုရင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုပဲ။ ကယ်လီဖိုးနီးယားတက္ကသိုလ်(အယ်လ်အေ, ဆန်ဒီရေဂို,ဒေးဗစ်) (University of California, L.A, San Diego, Davis)တဲ့တက္ကသိုလ်ကြီးတွေကလည်း ကမ္ဘာကျော်တက္ကသိုလ်စာရင်းထဲမှာပါဝင်တယ်။ အစိုးရကျောင်းမဟုတ်တဲ့ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေထဲမှာ ထိပ်ဆုံးစာရင်းဝင် စတန်းဖို့ဒ်တက္ကသိုလ်(Stanford University)တို့ တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ်(University of Southern California)တို့ကလည်း အလွန်နာမည်ကြီး။ ဒါကြောင့် ကမ္ဘာအရပ်ရပ်က တတ်နိုင်သူတွေရဲ့ကလေးတွေ ကယ်လီဖိုးနီးယားမှာ ပညာသင်ကြတယ်။

ကယ်လီဖိုးနီးယားဟာ မပူလွန်းမအေးလွန်းတဲ့ မြေထဲပင်လယ်ရာသီဥတုရှိတယ်၊ သာမန်အားဖြင့် ငြိမ်းချမ်းတယ်၊ လူမျိုးအသားအရောင်ခွဲခြားမှုနည်းတယ်၊ အလုပ်အကိုင်ပေါတယ်ဆိုတဲ့ အချက်တွေကြောင့် အခြားပြည်နယ်တွေက အခြေချသူတွေအကြိုက်ဆုံးနဲ့နေလို့ အမေရိကားရဲ့နေလို့အကောင်းဆုံးမြို့တွေစာရင်းမှာ ဒီပြည်နယ်ကမြို့တွေကပဲ ထိပ်မှာရောက်နေတာဟာ အံ့သြစရာမရှိ။

မြန်မာတွေအတွက်ကယ်လီဖိုးနီးယား၊ ရွှေနိုင်ငံက ရွှေတွေအတွက် ရွှေပြည်နယ်ကို မိတ်ဆွေသူငယ်ချင်းတွေ လာလည်ကြပါဦးလို့ ဖိတ်ခေါ်ရင်း ဟယ်လို...ကယ်နီဖိုးနီးယား မိတ်ဆက်ဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။

မိတ်ဆွေသူငယ်ချင်းအပေါင်း ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ(ခ) မောင်ရေခဲ

ဇာနည်ဇော်ဝင်း - ကျန်သေးတယ်

$
0
0

ဇာနည်ဇော်ဝင်း - ကျန်သေးတယ်
(မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၈

ကိုဂျေ - တရားခံဖြစ်သွားတဲ့ ရှေ့နေ စာရေးဆရာကြီး ဦးကိုယု (မောင်သစ်)

$
0
0

ကိုဂျေ - တရားခံဖြစ်သွားတဲ့ ရှေ့နေ စာရေးဆရာကြီး ဦးကိုယု (မောင်သစ်)
(မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၈

မြန်မာစာရေးဆရာတွေသာ ပြောတဲ့ နင့်ယောက်ျားဆီလာတဲ့ စာရေးဆရာတွေကလဲ တရုတ်နဲ့ ကုလားတွေချည်းပဲလို့ ကျနော် ဇနီးရဲ့ အမေ ပြောတဲ့စကားကို သတိရနေမိတယ်။ ယောက်ခမကြီး ပြောစကားကို သတိထား ကြည့်မိတော့မှ ကိုယ့်ကိုယ်ကိုယ် ပြုံးလိုက်မိပါ့…။
ဟုတ်ပါရဲ့။ အိမ်ကို ဝင်ထွက်သွားလာခဲ့တဲ့ စာရေးဆရာတွေ၊ စာပေနဲ့ ပတ်သက်နေသူတွေကို ကြည့်လိုက်ရင်… ကာတွန်းကံချွန်၊ ကာတွန်းဗိုလ်မောင်၊ ကိုနေဝင်းမြင့်နဲ့ စာကြည့်တိုက်မှူး ကိုသန်းထွန်းအောင် တို့က အိန္ဒိယကပြားတွေ။ ရုပ်ရှင်ဒါရိုက်တာနဲ့ သွေးသောက်မဂ္ဂဇင်းအယ်ဒီတာ ဦးပြည့်စုံ၊ စာရေးဆရာ မောင်ခေတ်ထွန်းနဲ့ ဦးကိုယု(မောင်သစ်) တို့က တရုတ်ကပြားတွေ…။
xxxxxxxxx

'ဦးကိုယု ဆိုတာ ငါ့တို့ တပ်ဦးခေါင်းဆောင် ပေါ့ကွ။ သူ့မိန့်ခွန်းတွေ သူ့ ခေါင်းဆောင်မှုတွေနောက် ငါတို့ လိုက်ခဲ့ရတာ၊ သတ်မှတ်ထားတဲ့ ဥပဒေစည်းမျည်းရဲ့ အပေါ်မှာ မတ်တပ်ရပ်ပြီး တော်လှန်ရေး လုပ်တတ်တဲ့ ခေါင်းဆောင်ထဲမှာ ဦးကိုယုဟာ ထိပ်ဆုံးကပါတယ်'လို့ ၁၉၉၁ ခုနှစ်က ထောက်လှန်းရေး ၉ စစ်ကြောရေး စခန်းက အခန်းထဲမှာ အတူနေခဲ့ရတဲ့ အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား)က ပြောခဲ့ဖူးတယ်။ 

ဗိုလ်အောင်ကျော် အရေးအခင်းမှာ ကျောင်းသားတွေ ချီတက်ကြတော့ ဦးကိုယုဟာ ကျောင်းသားခေါင်းဆောင်တဦးအနေနဲ့ ရှေ့ဆုံးက ဦးဆောင်ချီတက်ခဲ့တယ်။ ဗိုလ်အောင်ကျော်လမ်း၊ အတွင်းဝန်ရုံးနားရောက်တော့ ပုလိပ်တွေက စည်းသုံးစည်းတားထားတယ်။ ပထမစည်းကို မကျော်ဖို့၊ ပထမစည်းကို ကျော်ပြီး ဒုတိယစည်းကို ရောက်လာရင် သေနတ်ကို ကျည်ထိုးဖို့နဲ့ တတိယစည်းကိုကျော်ရင် ပစ်ဖို့… အမိန့်ထုတ်ထားတယ်။ ဦးကိုယုက ဦးဆောင်းပြီး ပထမစည်းကို စတင်ကျော်ခဲ့တယ်။ ပြီးတော့ ဒုတိယစည်းကို ကျော်ပြန်တယ်။ နောက်တော့ တတိယစည်းပေါ်မှာ မတ်တပ်ရပ်ပြီး ဗိုလ်အောင်ကျော် အရေးအခင်းအကြောင်းနဲ့ ကျောင်းသားတွေရဲ့ ရပ်တည်ချက်ကို တရားဟောခဲ့တယ်။ 

စည်းတွေ တခုပြီး တခုကိုကျော်ကျော်သွားတိုင်း ပလိပ်တွေက တဖက်က အမိန်တွေ ဥပဒေတွေ ဖတ်ပြလိုက်၊ ဦးကိုယုက ဒီဘက်ကနေ မိန့်ခွန်းပြောလိုက်နဲ့ အရမ်းစိတ်လှုပ်ရှားစရာ ကောင်းခဲ့တဲ့ အကြောင်းကို အဲဒီတုန်းက အခန်းဖော် နေခဲ့ရတဲ့ အားကစားကလောင်ရှင် မောင်ရဲဝင်းကလဲ ပြောခဲ့တယ်။ သွေးပျက်စရာ အကောင်းဆုံးကတော့ ဒုတိယစည်းကို ကျော်တဲ့ အချိန်မှာ ပလိပ်တွေကို အသင့်ပြင်ဆိုပြီး ကျည်ထိုးတဲ့ အချိန်ပဲလို့ ဆိုတယ်။ ဒီအချိန်မှာ ဦးကိုယုဟာ ဒုတိယစည်းကိုကျော် တတိယစည်း မျဉ်းပေါ်မှာ ရပ်ပြီး ကျောင်းသားတွေကို မိန့်ခွန်းပြောခဲ့တာလို့ ဦးခင်မောင်ထွေးကဆက် ပြောခဲ့တယ်။ 

'ရဲဘော်တို့ တို့တွေရဲ့ ရပ်တည်ချက်ကို အကောင်းအထည် ဆက်လက်ဖော်ဖို့က ကျောင်းသားတိုင်း အသက်ရှင်သန်နေဖို့က အရေးကြီးတယ်'ဆိုပြီး မိန့်ခွန်းရှည်ကြီး တခုကို ပြောခဲ့တယ်လို့ ဦးခင်မောင်ထွေးက ပြောပြတယ်။ မိန်းခွန်းနောက်ဆုံးပိတ်မှာ။ လူတိုင်းရဲ့ အသက်ဟာ တန်ဖိုးရှိတဲ့ အကြောင်းနဲ့ တို့တွေ တတိယစည်းကို မကျော်ဘဲ ဒီနေရာက လှည့်ပြန်ပြီး နောက်နေ့တွေမှာ ဆက်လက် တိုက်ပွဲဝင်ကြဖို့ မိန့်ခွန်းကို ပြောခဲ့ပြီး လူစုခွဲခဲ့တာပဲလို့ ဆိုတယ်။

 မောင်ကိုယု ဆိုတာ အဲဒီအချိန်ကတည်းက ဥပဒေဆိုတာ ဘာလဲဆိုတာကို သေသေချာချာ နားလည်ခဲ့တဲ့ ငါတို့ရဲ့ တပ်ဦးခေါင်းဆောင် ဖြစ်တယ်လို့ ဦးခင်မောင်ထွေးက ပြောခဲ့တယ်။ အခုဆိုရင် ဒီအကြောင်းတွေ ပြန်ပြောခဲ့တဲ့ ဂိုးသမား ခင်မောင်းထွေး (ပျဉ်းမနား)နဲ့ ဦးကိုယု (မောင်သစ်) တို့ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ အားကစားကလောင်ရှင် မောင်ရဲဝင်း(ဦးထွန်းသာ)တယောက် ကျန်သေးပေမယ့် သူလဲ ကျန်းမာရေး မကောင်းဘူးလို့ သိရပါတယ်။
xxxxxxxx

ကိုမျိုးညွန့်၊ မောင်ကိုယု၊ မောင်သော်က၊ ဦးဝင်းတင်၊ ဦးထွန်းဝေ၊ မောင်မိုးသူ၊ ပန်းချီစိုးမိုး


သရော်စာ ရေးတဲ့ စာရေးဆရာတိုင်းကို ကိုဂျေ ချစ်တယ်။ သူတို့လို သိပ်ရေးတတ်ချင်တယ်။ ဒါကြောင့်လဲ သူတို့ရေးသမျှ စာတွေကို မလွတ်တမ်း ဖတ်ခဲ့ပါတယ်။ ဦးကိုယု လို့ခေါ်တဲ့ မောင်သစ်၊ မောင်သော်ကတို့ကနေ ကံချွန်၊ မင်းလူ၊ ခင်မြဇင် Khin Zinနဲ့ မင်းဒင် တို့ အထိ သူတို့ ရေးသမျှ သရော်စာတွေကို ကိုဂျေ တတ်နိုင်သမျှ ဖတ်နေတုန်းပါတယ်။ အတုယူဆဲ ဖြစ်ပါတယ်။ စာပေထဲမှာ လူတွေ တမြေ့မြေ့ ကျိတ်ပြီးပြုံးရအောင် ရေးတဲ့ စာရေးနည်းဆိုတာ သရော်စာပဲ ဖြစ်တယ်။ တနည်းအားဖြင့် ဖော့ရိုးနဲ့ ရိုက်ပေမယ့် ဆယ်ပေါင်တူနဲ့ အထုခံရသလို အခံရခက်တဲ့ စာရေးနည်းဟာ သရော်စာပဲ ဖြစ်တယ်လို့ ကိုဂျေက ယုံကြည် ထားပါတယ်။ ဒါကြောင့်လဲ မောင်သစ်၊ မောင်သော်က၊ မင်းလူ၊ ခင်မြဇင်တို့နဲ့ ကိုဂျေ ရင်းနှီးခွင့်ရခဲ့တာ ဖြစ်ပါတယ်။
xxxxxxxx

'မန္တလေးကျုံးကြီးကို စစ်အစိုးရက ဘာလို့ မရမက ဖော်နေတယ်ဆိုတာ သိလားကွ'လို့ ဆရာဦးကိုယုက စကားဝိုင်း တခုမှာ ပြောလာပါတယ်။ ဒီစကားဝိုင်းမှာ ဆရာအောင်ပြည့်၊ ကိုဂျေနဲ့ ပန်းချီမောင်မောင်သိုက်ရဲ့ သားတပည့်တွေ ဖြစ်တဲ့ မောင်စည်သူ၊ မောင်ချစ်ဆန်းနဲ့ တခြားသူတွေလဲ နားထောင်ခွင့် ရခဲ့ပါတယ်။ ဆရာဦးကိုယု အဲသလို ပြောတိုင်း တမြေ့မြေ့ပြုံးစရာ ပါလာမယ်ဆိုတာ သိတဲ့ အတွက် ပြောပါဦး ဆရာလို့ ပြောလိုက်တော့…. ဆရာက…..

'ဒီကောင်တွေ ဆရာတင်တာ မှားနေပြီကွ။ သီပေါမင်းပါတော်မူတဲ့နေ့တုန်းက စုဖုရားလတ်က အထုပ်တထုပ်ကို ကျုံးထဲပစ်ချခိုင်းခဲ့တဲ့ အချက်တချက်ထဲကို ဖတ်မိပြီး အခါတော်ပေးတဲ့ ပညာရှင်တွေက ဒီအထုပ်ဟာ ရတနာထုပ် ဖြစ်လိမ့်မယ် အထင်နဲ့ စစ်ခေါင်းဆောင်တွေကို ပြောလိုက်ပုံရတယ်'လို့ ဆရာဦးကိုယုက ပြောပါတယ်။ သူဆက်ပြောတာကတော့…။ 

ပါတော်မူနေ့ ဆရာဝန် မှတ်တမ်းတွေအရ။ အဲဒီနေ့က စုဖုရားလတ်ဟာ အမျိုးသမီး ဓမ္မတာလာနေကြောင်း၊ မိဖုရားတွေ ဓမ္မတာလာတဲ့အခါမှာ စိန်ကတ္တီပါစတွေကို အောက်ကခံလေ့ရှိကြောင်း၊ အဲဒီ အသုံးပြုပြီး စိန်ကတ္တီပါစတွေကို ထုပ်ထားတဲ့ အထုပ်တထုပ်ကို စုဖုရားလတ်ရဲ့ အကူတော် တယောက်က စုဖုရားလတ်အမိန့်အရ ကျုံးထဲကို ပစ်ချခဲ့တာ ဖြစ်ကြောင်း… အခုတော့ ဓမ္မတာလာလို့ အောက်ကခံခဲ့တဲ့ အထုပ်ကို ရတနာထုပ် ထင်ပြီး ကျုံးကို ဖော်နေကြတဲ့အတွက်၊ မန္တလေးကျုံးကြီးရဲ့ သဘာဝအလှ ပျက်ဆီးရတော့မယ့် အကြောင်းကို ဆရာဦးကိုယုက ပြောခဲ့ပါတယ်။ တဝိုင်းလုံး ရယ်လိုက်ကြတာ အတောမသတ်အောင်ပါပဲ….။ အခုထိ ဒီအကြောင်းကို တွေးပြီးပြုံးနေရတုန်းပါပဲ။ လွမ်းရတုန်းပါပဲ။

ကိုဂျေ
ဇန် ၁၃၊ ၂ဝ၁၈
ည ၁၀နာရီ ၄၅ မိနစ်

(ဒါကအမြည်းသဘောပါ။ နောက်နေ့မှာ တင်ပေးမယ်။ ဆရာဦးကိုယု အကြောင်းတွေက ပြောစရာတွေ များလွန်းလှတယ်)

လင်းခါး- ပျားလိမ္မော်

$
0
0
 ပျားလိမ္မော်
လင်းခါး
(မိုးမခ)၊ ဇန်နဝါရီ ၁၅၊ ၂၀၁၈

ပျားလိမ္မော်သီးတွေ
အရေခွံချွတ် ကုပ်သွေးစုပ်ခံနေရမှန်း
ဘုရားသခင် သိတယ်
ဒါပေမဲ့
နေပါဦး စောင့်ကြည့်ပါဦး
ဒီလို မိန့်တော်မူတယ်နဲ့ တူပါတယ်
ပျားလိမ္မော်တွေဟာ ဒိဋ္ဌိ
ပျားလိမ္မော်တွေဟာ အမြစ်ကလှန်ချင်တဲ့ကောင်စားမျိုးတွေ
တချိန်မှာ ပျားလိမ္မော်သီးတလုံးကိုဝယ်
အခွံခွာ သွားကိုမသုံးဘဲ သွားဖုံးနဲ့ညှစ်ရင်တောင်
နာမည်အကုန်ဖော်ကောင်လုပ်မယ့်
ပျားလိမ္မော်တွေ
သမိုင်းမှာတော့ ပျားလိမ္မော်တွေအကြောင်း
အကောင်းက နည်းလှတယ်
ဒါပေမဲ့ နေပါဦး စောင့်ကြည့်ပါဦး
ဒီလိုပြောကြဆိုကြတယ်နဲ့ တူပါတယ်
ဒါနဲ့ပဲ ကလေးတွေက ပျားလိမ္မော်သီးကို
မကြိုက်ရတော့ဘူးလားရှင့်
ပြောပါဦး ကိုအဘိဓမ္မာကြီးရဲ့တဲ့
တော်တော်စွာတဲ့ မိန်းမ
ဒါကြောင့် ဘုရားသခင် စောင့်တော်မူတာကိုး
ဒါကြောင့် မိန်းမတွေကို ဖန်ဆင်းခဲ့တာကိုး။
 -
လင်းခါး
၂၀၁၇ ဒီဇင်ဘာ

ဌေးမင်းခိုင် ● ဇူတိုးပီးယားပုံပြင်

$
0
0

ဌေးမင်းခိုင် ● ဇူတိုးပီးယားပုံပြင်
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၁၈

ကျနော် ကာတွန်းရုပ်ရှင်တွေကို အရမ်းကြိုက်တယ်။ ဘာလို့လဲဆိုတော့ ကာတွန်းရုပ်ရှင်တွေက limit အားလုံးကို ကျော်လို့ရ တယ်။ အချိန် limit ၊ နေရာ limit ၊ ကာလဒေသအကန့်အသတ်တွေကို ကျော်လို့ရတယ်။ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ ဇာတ်အိမ်တည်လို့ရတယ်။ ဖြစ်နိုင်ခြင်း၊ မဖြစ်နိုင်ခြင်းအကန့်အသတ်ကိုလည်း ကျော်လို့ရတယ်။ ကာတွန်းရုပ်ရှင်မှာ မဖြစ်နိုင် ဘူးဆိုတာ မရှိဘူး။ တခွန်းတည်းပြောရရင်ဗျာ .. ကိုယ်ပြချင်တဲ့အပြကို စိတ်ကြိုက်ပြလို့ရတယ်။ ဒီတော့ အပြကောင်းရင် ကောင်းသလောက်၊ အပြရဲရင် ရဲသလောက် ရင်ထဲ ရောက်တယ်။

အခုနှစ်ပိုင်းအတွင်း ကြည့်မိတဲ့ ကာတွန်းကားတွေထဲမှာ ရင်ထဲအရောက်ဆုံး ကားကတော့ Zootopia ပဲ။ ဘယ်လောက်တောင် ကြိုက်လဲဆို ကျနော်သာ လုပ်နိုင်စွမ်းရှိရင် ကလေးတွေကို မဖြစ်မနေ ကြည့်ခိုင်းမယ်လို့ တွေးမိတဲ့အထိပဲ။

ကလေးတယောက်အတွက်တော့ Zootopia ဇာတ်ကားဟာ မဖြစ်နိုင်တာကို ကြိုးစားတဲ့ ယုန်မလေးတယောက် အဲလေ ... ယုန်မလေးတကောင်ရဲ့ ဇွဲသတ္တိပုံပြင်ပေါ့။

ရင့်ကျက်လာတဲ့ လူကြီးတယောက်အတွက်တော့ Zootopia ဇာတ်ကားဟာ ညီညွတ်ခြင်းတရား၊ ငြိမ်းချမ်းရေးတရားကို ဟောတဲ့ ပုံပြင်ပဲ။

စရိုက်မတူတဲ့ တိရိစ္ဆာန်တွေ စုနေတာကို ပြတဲ့ ပုံပြင် ... ။

ယဉ်ကျေးမှုခြင်းမတူတဲ့ သူတွေ စုနေတဲ့ ယဉ်ကျေးမှုပေါင်းစုံဓလေ့ (Multi-Culturalism) ကို ပြတဲ့ ပုံပြင် ... ။

အားကြီးသူကလည်း အားနည်းသူကို အနိုင်ကျင့်လို့မရ။ အားလုံးဟာ ညီညွတ်စွာ ... မျှတစွာ ... ငြိမ်းချမ်းစွာ ... ။

မြင်တတ်မယ်ဆိုရင် အများကြီးမြင်လို့ရတဲ့ ပုံပြင် ... ။

ဒါကြောင့် အဲ့ဒီကားလေးကို ကျနော် အရမ်းကြိုက်တယ်။

ဒါပေမဲ့ တရုတ်စစ်တပ်ရဲ့ အာဘော်သတင်းစာ Liberation Army Daily က ဒါ အနောက်ရဲ့ဝါဒဖြန့်မှုပဲ၊ သတိထားကြလို့ ဝေဖန်တော့ ဖျတ်ခနဲ ပြုံးမိသွားတယ်။

သူတို့အမြင်မှာတော့ ဇူတိုးပီးယားဟာ အရင်းရှင်စနစ်ကောင်းကြောင်းကို သွယ်ဝိုက်ဝါဒဖြန့်တဲ့ကား၊ အချိုသတ်တဲ့ ကား၊ စိတ်ကူးယဉ်ဆန်တဲ့ကား ... ။

သူတို့အမြင်မှာ လွတ်လပ်မျှတတဲ့ ဇူတိုးပီးယားဟာ မဖြစ်နိုင်တဲ့ကား ... ။

ဘာလို့ပါလဲ ... ။
××××× ×××××

အာဏာရှင်လူတန်းစားတွေဟာ တန်းတူညီမျှတို့၊ လွတ်လပ်မျှတဆိုတဲ့ စကားလုံးတွေကို အော်ဂလီဆန်ကြတယ်။

ဘာလို့လဲဆိုတော့ သူတို့မှာ ဘယ်သူ့ကို ဘယ်အခွင့်အရေးပဲ ပေးရမယ်၊ ဘယ်သူက ဘယ်အခွင့်အရေးပဲ ရသင့်တယ် (အဲ လိုအခွင့်အရေးမျိုးကလည်း သူတို့က ပေးမှပဲ ရမယ်) ဆိုတဲ့ အရူးစိတ်မျိုးရှိတယ်။ ကိုယ့်ကိုယ်ကို လူကမွေးတယ်မထင်ဘဲ နတ်ဘုရားတွေနဲ့ သားဖောက်ပြီး စပ်ကျလာတယ်ဆိုတဲ့ အထင်မျိုးပေါ့။

သူများကိုသာ ဟိုအခွင့်အရေးနဲ့ပဲ တန်တယ်၊ ဒီအခွင့်အရေးနဲ့ပဲ တန်တယ်လို့ မြင်ပေမယ့် သူတို့ကိုယ်တိုင်ကတော့ ရှိသမျှ အခွင့်အရေးအားလုံးနဲ့ တန်တယ်လို့ ထင်တတ်တဲ့ သောက်ရူးမျိုး ... ။

အဲလိုစိတ်အခံမျိုးရှိလို့လည်း တန်းတူညီမျှဆိုတဲ့ အခြေအနေမျိုးကို ဘယ်လိုမှ လက်မခံနိုင်တာ ... ။

ဒီ့ထက်ပိုနက်တဲ့အကြောင်းလည်း ရှိသေးတယ်။

အဲဒါကတော့ အကြောက်တရားပဲ။

သူတို့ ပြည်သူတွေ လက်ထဲက လုယူထားတဲ့ အာဏာကို ဆုံးရှုံးရမှာ ကြောက်တယ်။

အဲ့ဒီမှာတင် ပြည်သူတွေကို ကြောက်အောင်လုပ်တော့တာပဲ။

ပထမနည်းကတော့ သူတို့ကို ကြောက်အောင် လုပ်တယ်။ (ကြောက်အောင် ရက်ရက်စက်စက်ဖိနှိပ်ပစ်တယ်) ဒါပေမဲ့ အရမ်းဗီလိန်ဆန်လွန်းတော့ အဲဒီ့အစား ပိုပြီးပါးနပ်တဲ့နည်းကို သုံးလာတယ်။ အဲ့ဒါကတော့ အကြောက်တရားတခုကို ဖန်တီး ပြတာပဲ။ ပြီးတော့မှ အဲ့ဒီအကြောက်တရားကို ကာကွယ်နိုင်တာ ငါ့တို့ပဲရှိတယ်ဆိုပြီး အာဏာတည်ဆောက်တာကိုး ... ။

အဲ့ဒီနည်းက အာဏာလက်မလွတ်တဲ့အပြင် သူတို့ကို (သိစိတ်မှာဖြစ်ဖြစ်၊ မသိစိတ်မှာဖြစ်ဖြစ်) ကိုးကွယ်ရိုကျိုးစေတယ်ဆိုတဲ့ အမြတ်ကြီးကြီးပါ ရတယ်။

ဒီတော့ အာဏာရှင်မှန်သမျှဟာ အဲ့ဒီနည်းကို အရမ်းကြိုက်တယ်၊ သုံးလည်း သုံးတယ်။ ဟိုးဟိုးရှေးတုန်းစလို့ 20 ရာစုက ဟစ်တလာ၊ စတာလင်အပါအဝင်၊ 21 ရာစုက ပူတင်၊ ဒေါ်နယ်ထရန့်တို့ထိ ဒီနည်းကို သုံးပြီး အာဏာကို တည်ဆောက်တယ်၊ အာဏာကို အရယူတယ်။

မြန်မာမှာလည်း ဗိုလ်နေဝင်း သုံးတာပဲ။ သူဖန်တီးတဲ့အကြောက်တရားကတော့ ကွန်မြူနစ်အကြောက်တရားနဲ့ ဖဒရယ် အကြောက်တရား ... ။

နောက် ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့် ... ။ သူတို့ကတော့ တိုက်ရိုက်နည်းရော သွယ်ဝိုက်နည်းရော သုံးတယ်။ (မသုံးလို့လည်း မရဘူးလေ) သူတို့ဖန်တီးလိုက်တဲ့ အကြောက်တရားကတော့ အင်္ဂလိပ်မယားဒေါ်စုကြည် လက်ထဲသာ အာဏာရောက် သွားရင် တိုင်းပြည် အစိတ်အမွှာမွှာဖြစ်သွားမယ်၊ ကျွန်နိုင်ငံဖြစ်သွားမယ်ဆိုတဲ့ အကြောက်တရား ... ။ (အင်္ဂလိပ်မယား ဒေါ် စုကြည်ဆိုတဲ့အသုံးအနှုန်းက သတင်းစာမှာ တရားဝင်သုံးတဲ့အသုံး၊ ဒီ့ထက်အများကြီးပိုဆိုးတဲ့ စကားလုံးတွေတောင် ရှိ သေးတယ်)

ခုရော ... ။ မထူးပါဘူး ... အကြောက်တရားကတော့ ရှိနေတာပါပဲ။ ကြောက်အောင် လုပ်နေတာပဲ .. ။ (ဘာတွေကို လုပ်နေ လဲ၊ ထူးမပြောတော့ပါ)

တခွန်းတည်းပြောရရင် ဒုတိယနည်းလမ်းကို သုံးဖို့ မင်းတို့မှာ ရန်သူရှိတယ်ကွဆိုတဲ့ အသိကို အမြဲသတိပေးနေရတယ်။

ဒီတော့အာဏာရှင်တွေက လွတ်လပ်မျှတတဲ့အခြေအနေကို ဘယ်လိုမှ လက်မခံနိုင်။

လွတ်လပ်မျှတတဲ့အခြေအနေမှာ ဘယ်အကြောက်တရားမှ မရှင်သန်နိုင်ဘူးလေ ... ။

ဇူတိုးပီးယားထဲမှာလည်း အကြောက်တရားကို ဖန်တီးတာပဲ။ အရင်က အသားစားခဲ့တဲ့ သားရဲတွေအုပ်စုနဲ့ အသီးအရွက် စားအုပ်စုတွေကြား အကြောက်တရားကို ဖန်တီးတာ ... ကံကောင်းလို့ သူတို့ဇူတိုးပီးယားအဖွဲ့အစည်းကြီး နှစ်ပိုင်းမကွဲတာ ... ။

ဒါပေမဲ့ လက်တွေ့ကမ္ဘာမှာတော့ လူ့အဖွဲ့အစည်းတွေဟာ အဲ့လောက်ကံမကောင်းပါဘူး။ တနည်းအားဖြင့် လူ့အာဏာရှင် တွေက ပိုပြီး ကောက်ကျစ်ပါးနပ်ကြတယ်။

ဒင်းတို့တွေက အကြောက်တရားဖြစ်ဖို့ အဓိက လိုအပ်ချက်တခုကို သိသွားတယ်။ အဲဒါကတော့ အသိဉာဏ်တွေ သေသွား ဖို့ပဲ။ တနည်း ... ဆင်ခြင်ဉာဏ်တွေ သေသွားဖို့ပဲ။ အကြောက်တရားဖြစ်ဖို့ အသိဉာဏ်တွေ ဆင်ခြင်ဉာဏ်တွေ သေဆုံးမှ ဖြစ်မယ်။ အပြန်အလှန်အားဖြင့်လည်း အကြောက်တရားတွေ ဖြစ်လာတဲ့အခါ ဆင်ခြင်ဉာဏ်ဟာ သေဆုံးရတာပါပဲ။

ကျနော်တို့ ဘာတွေကို ဘယ်လိုတွေးတယ် (ဘယ်လိုဆင်ခြင်တယ်)ဆိုတာကို အဓိကပုံသွင်းပေးတဲ့ အင်စတီးကျူးရှင်းကြီး နှစ်ခုရှိတယ်။ အဲဒါကတော့ ဘာသာရေးနဲ့ ပညာရေးပဲ။

အဲဒီမှာ အာဏာရှင်တွေဟာ ပညာရေးကို ဆင်ခြင်ခြင်းနဲ့ မချိတ်နိုင်အောင် လုပ်တော့တယ်။ ဥပမာ ကျနော်တို့ပညာရေးရဲ့ စာမေးပွဲစနစ်ဟာ ဆင်ခြင်ခြင်းကို လုံးဝအားမပေးပါဘူး။ သာဓကအနေနဲ့ ပြောရရင် ဆယ်တန်းလိုအဆင့်မျိုးမှာ Left Hand Rule, Right Hand Rule လို နေထွက်ရာအရပ်ကို မျက်နှာမူပါ၊ လက်နှစ်ဖက်ကို ဆန့်တန်းပါဆိုတဲ့ အရပ်မျက်နှာရှာနည်းကို ပုံနဲ့တကွ ဖြေပါလို့ မေးတာပါပဲ။

ပြီးတော့ စားမေးပွဲနဲ့ ခြောက်ပါတယ်။ စနစ်ကလည်း ဆင်ခြင်ဉာဏ်ကို သတ်ပါတယ်။ အကြောက်တရားကလည်း ဆင်ခြင် ဉာဏ်ကို သတ်ပါတယ်။ ဆင်ခြင်ဉာဏ်သေဆုံးသွားတော့ ပိုပြီးကြောက်လာပါတယ်။ အဲလိုနဲ့ပဲ သံသရာလည်ပါတော့တယ် ... ။

ကျနော်တို့တတွေ ဆင်ခြင်ဉာဏ် ရှိမရှိက text ရဲ့နောက်ကို ဘယ်လောက်သွားနိုင်လဲဆိုတာလေးနဲ့ပဲ တိုင်းနိုင်ပါတယ်။

အကြောက်တရား ကင်းရမယ်ဆိုတာကို ဟ ... သားသမီးက မိဘကို မကြောက်လို့ ဖြစ်မလားတို့ .. ။
ဝါသနာပါတာလုပ် င့ါကောင်ရေဆိုတာကို ဟ ... ဝါသနာပါတိုင်း လုပ်လို့ ဖြစ်မလားကွ၊ လူသတ်တာ ဝါသနာပါနေရင် ဘယ် လိုလုပ်မလဲတို့ ... ။
လိုချင်တာ တဏှာဆိုရင် နိဗ္ဗာန်လိုချင်တာလည်း တဏှာပေါ့ ..ဟ မလိုချင်တော့ပါဘူးတို့ ... ။

အဲလိုစကားတွေကို ကြည့်ရင် text ရဲ့နောက် ဘယ်လောက်သွားနိုင်သလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။

အဲလိုနဲ့ပဲ စကားလုံးလေးတွေကို အပေါ်ယံရှပ်ယူပြီး ....
- သတ္တဝါမှန်သမျှ ရုပ်နာမ်နှစ်ပါးပါပဲ (ခန္ဓာငါးပါးပါပဲ) အားလုံးအတူတူပါပဲဆိုပြီး ငါတို့ကလွဲလို့ ကျန်တာ ဖွဲပဲလို့ တွေးတဲ့ လူ့ အဖွဲ့အစည်းဖြစ်လာတယ်။
- လင်ချစ်မယားချစ်က ပူသဟဲ့၊ မိဘမေတ္တာမှ အေးချမ်းသတဲ့ဆိုပြီး အိမ်ထောင်မပြုဘဲ ကလေးပဲ မွေးရမှာလို ဂွတီးဂွကျ လူ့အဖွဲ့အစည်းဖြစ်လာတယ်။
- အားလုံးဟာ မမြဲပါလား (အနိစ္စ) ဆိုပြီး မကောင်းတဲ့ကောင်လည်း တချိန်ချိန်တော့ (အနိစ္စသဘောနဲ့) သွားမှာပဲဆိုပြီး ထိုင် စောင့်တတ်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာတယ်။
- အားလုံးဟာ အစိုးမရပါလား (အနတ္တ) ဆိုပြီး လက်ရှိအထောက်အပံ့ကောင်းဖို့ အားမထုတ်ဘဲ လေ့လာသင်ယူမှု ပိတ်နေတဲ့ လူ့အဖွဲ့အစည်းဖြစ်လာတယ်။
- အားလုံးဟာ ဆင်းရဲခြင်း (ဒုက္ခ) ဆိုပြီး ကြုံလာတဲ့ ခေတ်ဆိုးစနစ်ဆိုးတွေကို ကျောကော့ပြီး ခံတတ်တဲ့ လူ့အဖွဲ့အ စည်းဖြစ်လာတယ်။
................
........................
.............................
အကြင်အရပ်မှာ
အကြောက်တရား မရှိရင် ဆင်ခြင်ခြင်းအသိဉာဏ် ရှိလိမ့်မယ်။
အကြင်အရပ်မှာ
အသိဉာဏ်တရား ထွန်းကားရင် တရားမျှတညီညွတ်ခြင်းတွေလည်း ထွန်းကားလိမ့်မယ်။
အကြင်အရပ်မှာ
တရားမျှတညီညွတ်ခြင်းတွေလည်း ထွန်းကားရင် ငြိမ်းချမ်းခြင်းတွေလည်း လင်းပလိမ့်မယ်။
အကြင်အရပ်မှာ
ငြိမ်းချမ်းခြင်းတွေ လင်းပနေရင် အကြောက်တရားတွေလည်း ကင်းပနေလိမ့်မယ်။
............
...................
အကြောက်တရားတွေ ကင်းပနေတဲ့ အကြင်အရပ်မှာ ....
ကလေးတွေဟာ
ခေါင်းကိုမော့လို့
တောက်​ပတဲ့ မျက်​ဝန်း​လေး​တွေနဲ့
တည်ကြည်ငြိမ်းချမ်းစွာ
ပြုံးနေပါလိမ့်မယ်။
×××××××××××
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>