Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ထိုင်ခုံ

$
0
0
အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ထိုင်ခုံ
(မိုးမခ) ဧပြီ ၁၊ ၂၀၁၈

သည်နေ့သည် မနေ့ကလိုမဟုတ်ပါ။ သည်နေ့သည် နေ့ရက်အသစ်တစ်ရက်သာဖြစ်သည်။ ထိုကဲ့သို့ သာမာန်နေ့ရက်ဖြစ် သည်ဟုပြောဆိုနေရခြင်းကိုက ထူးခြားမှုဖြစ်သည်လို့ မလည်ရှုပ်ဖြစ်အောင် မရှုပ်ရှု့ပ်အောင်လုပ်နေကြသော လောကကြီး တွင် ကိစ္စများမြောင် လူတို့ဘောင်ဆိုသည့်အတိုင်း သည်နေ့လည်း ကျွန်တော်သည် မြန်မာတစ်နိုင်ငံလုံးတွင် မှီတင်းနေ ထိုင်ကြသူများထဲမှ ထူးခြားဆန်းပြားတမူထူးတဲ့ လူထူးခြားစာပေဖန်တီးသူ ဆရာ/မများ၏ စာမူများကို ရန်ကုန် မြို့တွင်းတွင်ရှိ သော မဂ္ဂဇင်းဂျာနယ် စာစောင် နေ့စဉ်သတင်းစာတိုက်များဆီသို့ စာမူများချောမောလွယ်ကူအောင်မြင်စွာ ရောက်ရှိဖို့ရာ ရှေ့တန်းထွက်ရပေဦးမည်။

ပထမဆုံးစစ်ပွဲကတော့ ကားမှတ်တိုင်တွင် ရန်သူမဟုတ် မိတ်ဆွေမဟုတ်သူ အာဂလူသားများနှင့် အလုအယက် ထိုင်ခုံတစ် နေရာအတွက် တိုက်ပွဲဝင်ရခြင်း ဖြစ်ပေလိမ့်မည်။ ဟုတ်ပါသည်။ ရန်တွေကုန်သွားသော ရန်ကုန်တွင် အချိန်တွေကိုပါ ကုန် သွားအောင် ကားပေါ်တွင် ဖြုန်းတီးပစ်နေရသောရန်ကုန်တွင် အကြံကုန် ဂဠုန်ဆားချက်၊ တစ်နာရီ တစ်နာရီခွဲခန့် လိုရာ မ ရောက်ခင် အကျိုးရှိစေရန်အတွက် စာအုပ်ကလေးဖတ်ကာ စိတ်ကိုအစာကျွေးဖို့ အားအင်ဖြည့်ဖို့ အာဟာရဖြည့်ဖို့ ထိုင်ခံရ အောင်လုဖို့ လိုအပ်ပေသည်။ ထိုင်ခုံကလေးရမှသာ စာဖတ်တတ်သောအကျွန်ုပ်အတွက်တော့ နပိုလီယံထက် ခက်ခဲသော စစ်ပွဲကို ဇွဲနပဲနှင့် တိုက်ရပေလိမ့်မည်။ ထိုင်ခုံမရလျှင် မတ်တတ်ကြီးစာဖတ်၍မတတ်သော အားနည်းချက်ကိုက ထိုင်ခုံလုဖြစ် အောင် တွန်းအားပေးကာ ခန္ဓာကိုယ်သက်သာစေရန် ဤသို့ပင်ကြံဆောင်ရပေမည်။

စောင့်နေသောမောင်မင်းကြီးသား YBS ကားလာချေပြီ။ အိုလံပစ်မာရသွန်ပြေးပွဲပြိုင်သကဲ့သို့ အလွန်ပင် လျှင်မြန်သော နှုန်း ဖြင့် လေးညှို့မှလွှတ်လိုက်သည့် မြားပမာ၊ ချည်တိုင်မှ လွှတ်လိုက်သည့် မြင်းရိုင်းပမာ၊ တအားကုန်ထုတ်သုံး၍ ရွှေနန်းတော် တမျှ တန်ဖိုးရှိလှသည့် ထိုင်ခုံကြီးကိုရရှိရန် မီးကုန်ယမ်းကုန်ကြိုးပမ်းကာ နောက်ဆုံးခန်းတွင် အားလုံး မျှော်လင့်ထားသည့် အတိုင်း မင်းသားရွှေဘက ထိုင်ခုံရခဲ့လေပြီ။

အနင်းခံလိုက်ရသောခြေထောက်လေးကို တစ်သျှူးနှင့်သုတ်ကာ အတွန်းခံအတိုက်ခံထားရ၍ အမွှေးနံ့ အညှီနံ ချွေးနံ့ မိတ်ကပ်နံ့ အနံ့ပေါင်းစုံကို ဖုတ်ဖက်ခါ စာမူအိတ်ကလေးကိုဘေးမှာချ ဆရာဇော်ဇော်အောင်၏ စာပေဝါကျများ စာအုပ်က လေးကိုလှန်ကာဖတ်ရင်း စာမျက်နှာ ၅၅ GAP ကွက်လပ်သဘာတရားအပိုဒ်တွင် ပုဂ္ဂိုလ်တစ်ဦးက GAP ကွက်လပ်ဆိုတာ မရှိသယောင် ရိတိတိရေးခဲ့ကြောင်း၊ သို့သော် အမှန်စင်စစ်တွင်ရှိကြောင်း၊ စနစ်တစ်ခုအတွင်းမှာ မပါတဲ့၊ ရှိမနေတဲ့ ယူနစ် (ဝါ) တန်ဖိုးလို့ ဖွင့်ဆိုထားပြီး ဘာသာစကားရဲ့ စည်းကမ်းတွေအရမပါရတာဖြစ်တယ်လို့ ယူဆရမှာဖြစ်ပါတယ် ဆိုတဲ့ အကြောင်းကို ဥပမာနဲ့တကွ “မောင်ဘမှာ သူ့အထက်က အစ်ကိုသုံးယောက်ရှိတယ်၊ သူ့အောက်မှာ ညီသုံးယောက်ရှိတယ် အစ်ကိုတွေကို ကြီးစဉ်ငယ်လိုက် ၁-အစ်ကိုကြီး ၂- အစ်ကိုလတ် ၃ - အစ်ကိုလေးလို့ခေါ်တယ်၊ ညီတွေကိုတော့ ၁-ညီကြီး ၂ - ညီလတ် ၃ - ညီလေးဆိုရာမှာ (ညီကြီး) ဆိုတာမရှိဘူး။ အဲဒါ GAP ပါပဲ” ရှင်းပြထားတာလေးကို စိတ်ဝင်တစားဖတ်လိုက် တွေးလိုက် ပြန်ဖတ်လိုက် ကိုယ့်ဗျူဟာနှင့်ကိုယ် အငိုက်မိနေခိုက်မှာပင် အနားသို့ အသက်အရွယ်ကြီးရင့်သော အဖေအရွယ် ဦးလေးကြီးတစ်ဦးက ထိုင်ခုံအနားတွင် မတ်တပ်ရပ်ကာ အထုပ်အပိုးများ မနိုင်မနင်းဖြင့် ဟောဟဲဆိုက်ကာ ယိုင်ထိုးယိုင်ထိုး ရောက်လာပြီး ကားတစ်လုံးပေါ်တွင် တစ်ဦးတစ်လေမျှ တပည့်ရုပ်မထွက်ဘဲ အားလုံးဗိုလ်ရုပ်ထွက်နေသော ဗိုလ်တစ်ထောင် ခရီးသွားများကို ထိုင်ခုံလေးများထပေးကြမလား အထုပ်ကလေးများ ကူဆွဲပေးကြမလားဆိုသည့် ဟန်အပြည့်နှင့် မျှော်လင့် ချက် အပြည့်နှင့် ဝေ့ဝေ့ကြည့်နေဟန်တူသည်။

ကျွန်တော်ထိုင်စီးလာသည်မှာလည်း ငါးမှတ်တိုင်လောက်ရှိနေပြီဖြစ်ပြီး သွားလိုသောရွှေပြည်ဌာနကိုရောက်ရန် ကားတစ်နာ ရီကျော်ခန့် စီးရပေဦးမည်။ လာပါ လာပါ အဘ သည်မှာထိုင်ပါဟုပြောရန်ပြင်နေစဉ် ကိုယ့်ကိုယ်ကိုယ်ချစ်သောစိတ်က ဟေ့ကောင် မင်းက တစ်နာရီကျော်လောက် မတ်တပ်ရပ်ပြီးစီးမှာလား၊ စီးနိုင်တယ်ဆိုပေမယ့် စာက ဘယ်လိုဖတ်တော့မလဲ လက်ကိုင်ကွင်းက တစ်ဖက်ကိုင်ရဦးမယ်၊ စာမူအိတ်ကဆွဲရဦးမယ်၊ တွန်းတာတိုက်တာတိုးတာ ခြေထောက်တွေ ဖိနပ်တွေကို တက်နင်းတာကခံရဦးမယ်၊ မင်းက ဖိနပ်နင်းခံရတာကို အမုန်းဆုံးမဟုတ်ဘူးလား။ အခြားသူတွေ ထပေးလိမ့်မယ်။ ကားပေါ် မှာမင်းတစ်ယောက်တည်းမဟုတ်ဘူး။ ထိုင်ခံ ၄၄ ယောက်စာပါတယ်ကွ။ မင်း မထပေးလည်းကျန်တဲ့ ၄၃ ယောက်ထဲက တစ်ဦးတစ်ယောက်ထပေးရင် ရတာပဲ။ မှတ်တိုင်အနီးဆုံးသူတွေ ထပေးလိမ့်မယ်ကွာ။ မင်းက ဂိတ်ဆုံးစီးရမှာ မင်းကထပေး လိုက်ရင် မတ်တပ်ရပ်ရမယ်။ အားအင်ကုန်ခမ်းမယ်။ ပင်ပန်းမယ်။ မလန်းမဆန်းဖြစ်မယ်။ မင်းက စိတ်တွေ ကိုယ်တွေ နှုန်း ပြီး အားအင်ချိနဲ့သွားရင် မင်းကိုအားကိုးပြီးပို့ခိုင်းထားတဲ့ စာမူခထုတ်မယ်၊ စာမူပို့မယ့်တာဝန်တွေ လစ်ဟင်းကုန်ရင် ဘယ်လို လပ်မှာလဲ။ မင်းလည်းဘာရယ်ညာရယ်မဟုတ် နိုင်ငံကိုကိုယ်စားပြုပြီးအများအတွက် အလုပ်လုပ်နေတာပဲ။ မင်းအနောက်မှာ စာမူတွေအများကြီး၊ လူတွေ အများကြီးမိသားစုတွေ အများကြီးရပ်တည်နေကြတာ ဘာညာနဲ့ ကျွန်တော့် မထပေးချင်အောင် လာပြောနေပါလေရောလား။

မျိုးချစ်စိတ်ကလည်းမခေဟေ့ကောင် မင်းက မျိုးချစ်စိတ်မရှိဘူးလားလူဆိုတာ ကိုယ့်အမျိုးကိုကိုယ် ချစ်တတ်ရတယ်ကွ အဘလက်ထဲကအထုပ်တွေကလေးနေတာဆိုတော့ အထုပ်တွေကိုယူပေးလိုက် ထပေးစရာမှမလိုတာ လူတွေကြားအောင် အဘအထုပ်လေးတွေ ယူပေးထားပါမယ်ပေးပါလို့ အကျယ်ကြီးပြောပြီး ယူပေးလိုက်ရင် ရတာပဲ။ မင်းအသံကိုကြားရင် အခြား သူတွေ ထပေးကြလိမ့်မယ်။ ကျွန်တော်ကတော့ လူကျပ်နေလို့ မလှုပ်သာတဲ့အခြေအနေဖြစ်နေတဲ့အတွက် ဂိတ်ဆုံး စီးရမှာဖြစ်တဲ့အတွက် ဘာလုပ်ပေးလိုက်ပါ ညာလုပ်ပေးလိုက်ပါ ကူညီပေးကြပါ ပြောလိုက်ရင် အဆင်ပြေသွားမှာပါဆိုပြီး တရားတွေ ဟောနေလေရဲ့။

ကောင်းတဲ့ စိတ်ကလေးကတော့ ဘာပဲဖြစ်ဖြစ် ထပေးလိုက်ပါကွာ။ လူကြီးသူမဆိုတာ စောင့်ရှောက်ပေး ပြုစုပေး အားပေး ခွင့်ရတာ အင်မတန်မှကုသိုလ်ထူးလို့ပါ။ သိကြားမင်းက လူယောင်ဖန်ဆင်းပြီး မင်းစိတ်နေစိတ်ထားကို စစ်ဆေး စမ်းသပ် နေတာဆိုရင် ဘယ်လိုလုပ်မှာလဲ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို လွတ်လပ်ရေးရယူပေးခဲ့တဲ့ သူရဲကောင်း အာဇာ နည်တစ်ဦးရဲ့မျိုးဆက်တွေ ဖြစ်နေရင်ကော၊ မင်းမျိုးမင်းနွယ် တွေထဲကများဖြစ်နေမလား၊ မင်းကိုယ်တိုင် သိပ်မသိတဲ့ အဖေအမေ အဖိုးအဖွားတွေဘက်က ဆွေမျိုးဦးကြီးတွေဖြစ်နေရင်ကော၊ လူကြီးသူမတွေဆိုတာ မင်းထက်ပိုပြီးအားအင် နည်းတယ်၊ မင်းပင်ပန်းတယ်ဆိုတာထက်၊ လူကြီးသူမတွေက ဆယ်ဆ အဆနှစ်ဆယ် ပိုပင်ပန်းတာပေါ့ကွာ။ ၄၄ ယောက် ထဲက ဘယ်သူမှ မထပေးလည်း မင်းထပေးတာနဲ့ ရနေတာပဲလေ။ ဘာတွေစဉ်းစားနေတာလဲ စာဖတ်တာလည်း နောက်မှဖတ်ရင် ရတာပါပဲ။ အဘက လေးငါးမှတ်တိုင်လောက်ပဲ ခဏလေးစီးပြီး ဆင်းမယ့်မှတ်တိုင်ရောက်ရင် မင်း ပြန်စီးလို့ ရတာပဲလေ။ လူကြီးသူမတွေကို ကူညီပေးရတာ ကုသိုလ်ရပါတယ်လို့ နားချနေလေတယ်။

အတ္တသမားစိတ်ဓါတ်ကလည်း မနေ။ ဘာအကြောင်းနဲ့မှ ထပေးစရာမလိုဘူးကွ။ ဒီထိုင်ခုံရဖို့ မင်းဘယ်လို ဘယ်လောက် ကြိုးစားခဲ့ရလဲ မင်းအသိပဲလေ။ တိုးရတယ် ပြေးရတယ် လုရတယ် ဇွဲရှိရတယ် လုံ့လသုံးရတယ် ဝရိယစိုက်ထုတ်ခဲ့ရတယ်။ ဒီမိုကရေစီစနစ်ပဲလေကွာ။ တန်းစီထားရတာပဲ။ ရှေ့ကရောက်နေသူကို ဦးစားပေးရမှာ။ သူနောက်ကျလို့ မတ်တတ်ရပ်စီး ရတာ ဘာဆန်းသလဲ။ ဒီမိုကရေစီခေတ် အိုင်တီခေတ်မှာနောက်ကျရင် အခုလိုအဖြစ်တွေနဲ့ပဲ အမြဲကြုံရမှာပဲ။ မင်းဟာမင်း ဆက်ထိုင်နေ။ အလွတ်ကြီးပါကွာ။ အမေကျော် ဒွေးတော်လွမ်းပြီး ဘာမှ မျက်နှာလိုမျက်နှာရ အားနာပြနေစရာမလိုဘူးတဲ့။

မကောင်းမြင်စိတ်ကလည်း အလာကြီးပါပဲ။ သံဃာတော်တွေ သက်ကြီးရွယ်အိုတွေ မသန်စွမ်းတွေအတွက် ထိုင်ခုံတွေ သီးသန့်ရှိနေပြီးသားပဲလေ။ အဲသည်ထိုင်ခုံတွေမှာထိုင်နေတဲ့သူတွေက ထပေးရဖို့ တာဝန်ရှိတယ်ကွ။ သူတို့တောင် ထမ ပေးရင် မင်းလည်းထပေးစရာမလိုဘူးလေ။ ပြီးတော့ မင်းထိုင်နေတဲ့ ထိုင်ခုံကိုမရောက်ခင် ရှေ့မှာထိုင်ခုံတွေ အများကြီးရှိ နေတာပဲ။ အဲထိုင်ခုံကသူတွေက ဘာလို့မထပေးကြတာလဲ။ အဘကကော ဘာလို့ အဲရှေ့က ထိုင်ခုံတွေအနားမှာ မရပ်ဘဲ မင်းထိုင်ခံအနားမှာ လာရပ်နေရတာလဲ။ ဒါ ထူးဆန်းတယ်၊ မရိုးသားဘူးလှည့်ကွက်တွေ ဘာတွေရှိနိုင်တယ် ထမပေးနဲ့ ထပေးမယ်ဆိုလည်း သေချာလေ့လာဦးကွ တဲ့။

“အဘလာလာဒီမှာထိုင်ပါ” နောက်ဆုံးတော့ ရွှေဘပဲမင်းသားလုပ်သွားပါပြီ။ မကောင်းတဲ့ စိတ်ထားတွေ စိတ်ညစ် စိတ်ယုတ် စိတ်ပုတ်တွေကို နှိမ်နင်းကျော်ဖြတ်ပြီး အလွန်တရာဆုံးဖြတ်ရခက်လှစွာသော ထိုင်ခုံလုပွဲအရေးအခင်းကြီးကို အောင်မြင်စွာ တိုက်ခိုက်ပြီးသကာလ ရွှေဘက အဘကိုနေရာပေးလိုက်ပြီလို့ထင်ရင် မြန်မာ VIDEO ကားတွေ ရုပ်ရှင်ကားတွေကြည့်တာ လျှော့သင့်နေပါပြီ။ အမှန်က ထိုသို့မဟုတ်ပါ အဘကိုနေရာပေးလိုက်သူမှာကား အခြားမဟုတ် တကူးတကထပေးသူ မဟုတ်ပဲသူဆင်းရမည့်မှတ်တိုင်သို့ရောက်ပြီဖြစ်သောကြောင့် ထချင်ချင် မထချင်ချင် ထပေးရမည်ဖြစ်သော အကျွန်ပ်၏ ဘေးမှ ဇာတ်လမ်းအစအဆုံးတွင် ဇာတ်သိမ်းခန်းရောက်မှ သူရဲကောင်းလုပ်တတ်ကြသူ၊ သူရဲကောင်း လုပ်ပြတတ်သူတို့၏ မူအ တိုင်း နှမ်းဝင် ဖြူးကာအရူးထက် တမူးသာ ဘိန်းစားချင်းအတူတူ တစ်မူးပိုရှူသွားသူပေတည်း။ သို့သော် အဘသည်လည်း ထိုမှတ်တိုင်မှာပင် ဆင်းမည်ဖြစ်သောအခါ လောကကြီးဟာ ဆန်းကြယ်လှပါတကားဟု ဆိုညည်းရုံမှတပါး အခြားမရှိပြီ။

လေးစားစွာဖြင့်
အမ္ဗနဒီကျော်စွာ

လှကျော်ဇော ● လက်ရှိ ဒီချုပ်ခေါင်းဆောင်များအတွက် သမိုင်းအမွေကောင်း

$
0
0
လှကျော်ဇော ● လက်ရှိ ဒီချုပ်ခေါင်းဆောင်များအတွက် သမိုင်းအမွေကောင်း
(မိုးမခ) ဧပြီ ၁၊ ၂၀၁၈

မတ်လ (၂၁) ရက်နေ့က နိုင်ငံတော်သမ္မတဦးထင်ကျော်ရာထူးမှနုတ်ထွက်ခွင့်တောင်းတဲ့စာသတင်း ကွန်ရက်မှာ တက်လာ ပြီးနောက် နောက်ဆက်တွဲသတင်းတွေ တက်လာပါတယ်။ ကျန်းမာရေးတစုံတရာချို့ယွင်းနေမှုကနေ နုတ်ထွက်မယ်ဆိုတဲ့သတင်းထွက်နေတာကြာနေပေမဲ့ တကယ်ထွက်တော့မယ်ဆိုတော့လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားတာပါပဲ။

အဲလိုထွက်လာတဲ့သတင်းများအကြားမှာ ကျွန်မစိတ်ဝင်စားမိတဲ့ သတင်းတချို့ပါလာပါတယ်။
- သမ္မတရာထူးမှ အကြောင်းပြချက်မရှိပဲနုတ်ထွက်တာဖြစ်လို့ ပင်စင်တို့ နစ်နာကြေးတို့ မရနိုင်ကြောင်း။
- သမ္မတရဲ့ဇနီး ဒေါ်စုစုလွင်က မိမိတို့ကိုယ်ပိုင်ပစ္စည်းစာရင်းစာအိတ်အပ်ထားတာ ပြန်ယူမှာမဟုတ်ကြောင်း၊ သိချင်သူ မည် သူမဆို သွားကြည့်နိုင်ကြောင်း၊
- သမ္မတသက်တမ်း (၂) နှစ်အတွင်း ဘာမှထူးထူးခြားခြားလုပ်ဆောင်နိုင်ခဲ့မှုမရှိကြောင်း၊ ကလေးစာအုပ်ပြပွဲ ဖွင့်ပွဲလေးတခုလုပ်ဆောင်ပေးသွားကြောင်း (အာမနာပပြောစကားများ) စတာများဖြစ်ပါတယ်။

တကယ်တော့ သမ္မတဦးထင်ကျော်ချန်ပေးခဲ့တဲ့ သမိုင်းဝင်အမွေဟာ လက်ရှိအစိုးရတာဝန်ထမ်းနေတဲ့ ဒီချုပ်ခေါင်းဆောင်များ ကိုရော နောင်အဆက်ဆက်အစိုးရတာဝန်တွေယူကြရမဲ့ နိုင်ငံရေးသမားများအတွက်ရော အလွန်ကိုတန်ဖိုးရှိပါတယ်။ ပြည် သူလူထုကြီးအတွက် နိုင်ငံရေးတာဝန်ထမ်းဆောင်ရာမှာ ပေးဆပ်ဖို့သာ အဓိကဆိုတဲ့တရားပါ။

ဒီသတင်းတွေနားထောင်ရင်း လွန်ခဲ့တဲ့ကာလတခုက ဖေဖေနဲ့ပြောဆိုဆွေးနွေးဘူးတဲ့ ကိစ္စတရပ်ကို သတိရလာမိပါတယ်။ ၁၉၉၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှု အနှစ် (၅၀) ပြည့် အထူးအစီအစဉ် ဘီဘီစီကလုပ်ဆောင်ရာမှာ ဖေဖေကို စာနဲ့ရေးပြီး မေးမြန်းခန်းလုပ်ခဲ့ပါတယ်။ မေးခွန်းပေါင်း (၁၃) ပုဒ်ပါပါတယ်။ ဖေဖေက အဲဒီအဖြေတွေကို အကြမ်းရေးပေးပြီး ကျွန်မကအချောကူးပြီး၊ အင်္ဂလိပ်ဘာသာပါ တခါတည်းပြန်ရပါတယ်။ အဲဒီကာလက အဖြစ်အပျက်ပါ။

(မှတ်ချက်။ အဲဒီအမေးအဖြေတွေအားလုံးကို ဘီဘီစီကိုပို့ပေးပြီးနောက်၊ ထိုင်းနယ်စပ်ရှိ ပြည်သူ့ဘက်တော်သားများက-တရားခံ အစစ်ဘယ်သူလဲ။ (Who is a real culprit) ဆိုတဲ့အမည်နဲ့ စာအုပ် (မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့) ထုတ်ခဲ့ပါ တယ်။ ဖေဖေစာအုပ်များကို ပြည်တွင်းမှာထုတ်ခွင့်ရလာတော့ နေရီရီစာပေက ၂၀၁၃ မှာ တခြားသတင်းဌာနအင်တာဗျူး များနဲ့စုပေါင်းပြီး စာအုပ်ထုတ်ဝေခဲ့ပြီးပါပြီ။ တချို့သမိုင်းဆိုင်ရာအရေးကြီးအချက်အလက်တွေပါတဲ့အဖြေများကိုတော့ ဖေ ဖေက သူ့အတ္ထုပွတ္တိစာအုပ်မှာလည်း ထည့်ထားပါတယ်။)

အဲဒီမေးခွန်းတွေထဲမှာ မေးခွန်းတခုက ကွန်မြူနစ်များတောမခိုနိုင်အောင် သူ (ဗိုလ်ချုပ်အောင်ဆန်းကိုဆိုလို)ကာကွယ်နိုင်မ လား။ ကာကွယ်နိုင်မယ်ဆိုရင် ဘယ်လိုနည်းနဲ့ကာကွယ်နိုင်မလဲလို့ မေးထားပါတယ်။ အဲဒီမေးခွန်းအဖြေကို ဖေဖေကရေးနေ ရင်း ဆက်မရေးနိုင်ဖြစ်နေပုံရနေပါတယ်။ ဒါနဲ့ကျွန်မလည်း ဖေဖေရေးလက်စမူကြမ်းကိုယူကြည့်တော့ အောက်ပါအတိုင်း ရေးထားတာတွေ့ရပါတယ်။

ဗိုလ်ချုပ်၏ မြင့်မားသော ဒီမိုကရေစီစိတ်ဓာတ်ကို ကျွန်တော်တို့အားလုံးမြင်တွေ့နိုင်သည့် ထင်ရှားသောတချက်မှာ ဖက်ဆစ် တော်လှန်ရေးအပြီး ဒုတိယကမ္ဘာစစ်ကြီးပြီးသွားပြီးနောက် ၁၉၄၅ ခုနှစ် စက်တင်ဘာတွင် စစ်တပ်အတွက် ကန္ဒီစာချုပ်ချုပ်ဆိုပြီးသည့်နောက်တွင် သူ့အနေဖြင့် တိုင်းပြည်အကျိုးကို စစ်သားဘ၀ထက် နိုင်ငံရေးဘက်ပိုလိုအပ်မည်ထင်ပြီး နိုင်ငံရေးဘက်သို့ကူးပြောင်းသွားသည့်အခါ သူဖွဲ့စည်းတည်ထောင်ခဲ့သည့်တပ်မတော်အပေါ် သံယောဇဉ်နှင့် တပ်ကောင်းရေးစေတနာ သာရှိပြီး စစ်တပ်၏ အခွင့်အရေး အရှိန်အ၀ါများကို သူ့နိုင်ငံရေးအတွင်း ဆွဲယူအသုံးချခြင်းမရှိ၊ သန့်သန့်ရှင်းရှင်းနှင့် ရိုးသား စွာ နိုင်ငံရေးဘက်သို့ ကူြးုပာင်းသွားခြင်းကို မြင်တွေ့နိုင်ပေသည်။ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ဆိုင်းစုမှသည် မန်ဟိုင်းဆီ သို့၊ ယဉ်မျိုးစာပေ။ နှာ - ၁၄၅)

ဒါနဲ့ ကျွန်မက ဖေဖေဆက်ပါဦးဆိုတော့ ... ဖေဖေက သမီးရယ်၊ ဖေဖေတို့တတွေ အလွန့်ကိုမသိတတ်ခဲ့ကြတာပါ။ ဗိုလ်ချုပ်တပ်ကထွက်တော့၊ နုတ်ဆက်ပွဲလေးဘာလေးတောင် လုပ်မပေးခဲ့မိပါဘူး။ အကိုကြီးဗိုလ်လက်ျာကတော့-ဗိုလ်ချုပ် တပ်ပြင်ရောက်သွားရင် တို့တတွေဝိုင်းထောက်ပံ့ရလိမ့်မယ်လို့တော့ ပြောဘူးတယ်။ နောက်ပိုင်း ဖဆပလကများ ဗိုလ်ချုပ်ကို ထောက်ပံ့သလားမသိဘူး။ တပ်ကဗိုလ်ချုပ်ထွက်သွားတုန်းကတော့ လက်ချည်းဗလာနဲ့ ထွက်သွားရရှာတာတဲ့။

(နောက်ပိုင်း ဗိုလ်ချုပ်က ဘုရင်ခံရဲ့အစိုးရအဖွဲ့ထဲရောက်သွားတော့၊ ၀န်ကြီးလစာရသွားပါတယ်။ တပ်ကထွက်တုန်းက တော့ ဘာပင်စင်၊ ဘာဂရုဏာကြေး၊ ဘာဆုလာဘ်၊ ဘာငွေကြေး၊ ဘာအထူးအခွင့်အရေးမှ ရမသွားပါဘူး။) ဒါတွေကို ဖေ ဖေကပြန်စဉ်းစားမိပြီး စိတ်မကောင်းဖြစ်နေပုံရပါတယ်။ ဒါ့ကြောင့် စာဆက်မရေးနိုင်တာပါ။

ဗိုလ်ချုပ်ကိုလပြည်သူတွေက တသသ သတိရနေတာလည်း သိပ်တော့မထူးဆန်းလှပါဘူး။ ကာကီယူနီဖေါင်းကို အကောင်း စားလုပ်ဝတ်ပြီး၊ ပဲပြုတ်နဲ့နံပြားကို အကောင်းစားလုပ်စား၊ ရုပ်ရှင်တမတ်တန်းကို အကောင်းလုပ်ကြည့်သွားရရှာတဲ့ ဗိုလ်ချုပ်အပေါ် ဗမာပြည်သူတွေမကြည်ညိုပဲနေပါ့မလား။ မလွမ်းပဲနေပါ့မလား။ တကယ်စစ်မှန်တဲ့ မျိုးချစ်ပြည်ချစ်နိုင်ငံရေးသမားတွေဟာ မိမိတိုင်းပြည်နဲ့ပြည်သူများဆင်းရဲခြင်းမှ လွတ်ကင်းပြီး ချမ်းသာကြွယ်ဝလာရေးအတွက်သာ မနေမနားကြိုးစားလုပ်ဆောင်ကြရတာပါ။ ပြည်သူဘ၀လွတ်မြောက်ရေးနဲ့ မိမိဘ၀လွတ်မြောက်ရေးကို ထပ်တူပြုပြီး ပြည်သူတွေ မလွတ် မြောက်မချင်း မရပ်နားတတ်ပါဘူး။ ဒါကို ဗိုလ်ချုပ်က တပြည်လုံးပြည်သူများအတွက် စံပြလုပ်ဆောင်ပြသွားခဲ့တာပါ။

နိုင်ငံရေးသမားများအနေနဲ့ ဘယ်ဘ၀ရောက်ရောက် မိမိတို့ဒီလမ်းကို ဘာလို့လိုက်ခဲ့ကြတယ်ဆိုတာ အမြဲသတိရှိနေဖို့ လို အပ်ပါတယ်။ ဒါမှသာ လောကဓံတရားအမျိုးမျိုးကို ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒီချုပ်ပါတီဝင်တဦးဖြစ်တဲ့ ဦးထင်ကျော်က လည်းကျန် (အစိုးရတာဝန်အသီးသီးထမ်းဆောင်နေတဲ့) ဒီချုပ်ပါတီဝင်များကို ရိုးသားဖြူစင်တဲ့ စံပြလုပ်ဟန်ပြသွားပါတယ်။ဒီချုပ်ပါတီဝင်များသာမက ကျန်နိုင်ငံရေးသမားများအားလုံး ဒီလမ်းအတိုင်းလိုက်နိုင်ကြရင်ဖြင့် တိုင်းပြည်အတွက် အကျိုးရှိ မှာပါ။

အစိုးရတာဝန်တွေဝင်ယူနေရတဲ့ နိုင်ငံရေးသမားများအားလုံး သတိကြီးစွာဖြင့်မိမိတို့အပေါ် မျှော်လင့်ချက်ကြီးစွာပုံထားတဲ့ ပြည်သူများရဲ့မျက်နှာကိုထောက်ထားပြီး ရိုးသားတဲ့လုပ်ဟန် ကိုယ်ကျိုးမကြည့်တဲ့လုပ်ဟန်ကို စိုက်ထူနိုင်ပါစေကြောင်း ဆန္ဒပြုလျှက် ....။

လှကျော်ဇော
၁-၄-၂၀၁၈

ကာတွန်း ညီထွေးရဲ့ တမင်လုပ်ထားတာကွ ....

$
0
0

ကာတွန်း ညီထွေးရဲ့ တမင်လုပ်ထားတာကွ ....
(မိုးမခ) ဧပြီ ၂၊ ၂၀၁၈

မောင်စွမ်းရည် ● ပန်းရည်ဘဏ်တိုက်ဖွင့်သူ

$
0
0
မောင်စွမ်းရည် ● ပန်းရည်ဘဏ်တိုက်ဖွင့်သူ
(မိုးမခ) ဧပြီ ၂၊ ၂၀၁၈

ကာလပေါ်သီးချင်းလောကမှာ ပန်းရည်ဘဏ်တိုက်သီချင်းဟာ အတော်လေး ခေတ်စားတွင်ကျယ်ခဲ့ပါတယ်။ အလုပ်သမား တွေ အလုပ်လုပ်ကြပုံအကြောင်းကို ပြောကြ ပြကြတဲ့အခါမျိုးမှာ နောက်ခံတေးအဖြစ် ပန်းရည်ဘဏ်တိုက်သီချင်းတပိုင်းတစကို  မကြာခဏကြားရဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သီချင်းတပိုင်းတစကို  မကြာခဏရွတ်ဆိုဖူးပါတယ်။ သူ့ အကြောင်းကို ဆောင်းပါးရေးမိတာလဲ နှစ်ခါသုံးခါထက် မနည်းဘူးထင်ရဲ့။

သူက ကန်မြဲသားပါ။ ကန်မြဲဆိုတာ မြင်းခြံခရိုင် တောင်သာမြို့နယ်မှာ ကန်မြဲ-ဇဂျမ်းဆိုပြီး ရွာကြီးနှစ်ရွာဆက်နေတဲ့ရွာပါ။ ကဗျာဆရာတင်မိုးရဲ့ ဇာတိရပ်ရွာလည်းဖြစ်ပါတယ်။ ခုခါ ကန်မြဲရွာမှာ တင်မိုးစာကြည့်တိုက်ဆိုပြီး တည်ဆောက်ထားတော့ ကဗျာဆရာကြီးတင်မိုးရဲ့ ကြေးသွန်းကိုယ်တပိုင်း ရုပ်တုတခုကိုလည်း တင်မိုးစာကြည့်တိုက်မှာ ထုလုပ်ပုံသွင်းထားပါတဲ့။ ကောင်းလေစွ။

တင်းမိုးရော၊ ကိုအေးကျော်ရော ကန်မြဲ-ဇဂျမ်းရွာသား နှစ်ဦးလုံးဟာ တကယ့်ပစ္စည်းမဲ့ ဆင်းရဲသားတွေပါ။ တင်မိုးရဲ့ အစ်မ တွေ နှမတွေ ကြီးပြင်းလာကြတော့ မိဘတွေကို ဝိုင်းဝန်းလုပ်ကိုင်နိုင်တဲ့အခါ အပ်ချုပ်စက်တလုံး ဝယ်ခိုင်းပေးလို့ ထူထူ ထောင်ထောင်ဖြစ်လာပါတယ်။ တင်မိုးကိုယ်တိုင်ကလည်း စာစီစာကုံးစာအုပ်တွေထုတ် ကျောင်းနေရင်းတဘက် မြန်မာစာ ဆရာလည်း လုပ်တော့ ဘာမှပူစရာမရှိပါဘူး။ ကိုအေးကျော်ကတော့ တင်မိုးနဲ့ယှဉ်လို့မဖြစ်ပါဘူး။ သူ့ခမျာ လက်လုပ် လက်စား ယာကူလီလုပ်စားရတာပါ။ သူ့အမေအိမ်မှာ မှီခိုနေထိုင်ရတာပါ။  တရွာမှာ အိမ်ထောင်လည်းကျ ကလေးလဲရခဲ့ ဖူးပေမယ့် ဆုံးပါးကုန်ကြရှာပြီတဲ့။ သူကတော့ ဆေးရွက်ခူး၊ မြေပဲ ကောက်၊ ရရာအလုပ် လုပ်ရတယ်။ စာက တတ်ရုံရှိတာကိုး။ သင်ပုန်းကြီးကုန်ရုံလောက် သင်ဖူးတာတဲ့။ သီချင်းတော့ ဝါသနာပါရှာပါတယ်။ ပွဲတကာလိုက်ပြီး ဈေးရောင်းရင်း  နောက်ရုံ အပြင်ဘက်က နားထောင်တယ်။ အကြော်သယ်ရဲ့ ထင်းမီးဖိုဘေးကမီးရောင်နဲ့ သီချင်းလိုက်ကူးလေ့ရှိသတဲ့။ မျဉ်းမပါတဲ့ ဗလာစာအုပ်အကြမ်းကြီးကိုဝယ်ပြီး  ခဲ့တံတိုကလေးကို ကျောင်းသားတွေဆီက တောင်းယူ၊ တံတွေးဆွတ်ရေးရရှာတာ။

စာရေးတော့ တောင်တလုံး မြောက်တလုံး ပန်းရည်ဘဏ်တိုက်ကို ပံးရီဘံဒိုက်လို့ ရေးချင်ရေးတာပါ။ စာဖြစ်ယုံပဲ ရေးနိုင်ရှာ တာပါ။ သူ့အကြောင်းကို အနီးဆုံးရေးဖူးသူက ကဗျာဆရာကြည်အောင်ပါ။ တင်မိုးဆီကမေးပြီး ရေးတာပါ။ ဆေးခူးသော လက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးဖူးပါတယ်။

ဝတ္ထုရေးဆရာ ချစ်ဦးညိုကလည်း သူ့အကြောင်းကို အတော်ကလေးစုံစေ့အောင် ရေးဖူးပါတယ်။ ကျွန်တော်က ကိုအေး ကျော်ကို လူကိုယ်တိုင်မြင်ဖူး သိဖူးပေမဲ့ သူ့အကြောင်းကို မစပ်စုဖူးခဲ့ပါ။ သူ့သီချင်းတွေ နာမည်သိပ်ကြီးလာတော့ ကျွန် တော်က သူတို့ရွာမရောက်ဖြစ်တော့ဘူး။

သူ့ရဲ့ပထမဦးစွာကျော်ကြားသွားတဲ့ သီချင်းက ပန်းရည်ဘဏ်တိုက် ဖြစ်ပါတယ်။ တင်မိုး မန်းတက္ကသိုလ်ကနေ သူ့မိဘရပ် ထံပြန်ရင်း ကျွန်တော်လည်းအလည်လိုက်လေ့ရှိတဲ့အတိုင်း လိုက်သွားတာပါ။ တင်မိုးရောက်လို့ရှိရင် ဂီတဝါသနာပါတဲ့ သူ့ ဖခင်က ဂီတဝိုင်းဖွဲ့လေ့ရှိပါတယ်။  သူကိုယ်တိုင်ကတော့ စည်းနဲ့ဝါးကိုပဲ ကိုင်လေ့ရှိပါတယ်။ တီးလုံးတီးကွက်တွေ လျှော်သွား လို့ရှိရင် ပါးစပ်တီးလုံးနဲ့ လမ်းတည့်ပေးလေ့ရှိတယ်။ တင်မိုးက ဘင်ဂျိုတီးလေ့ရှိတယ်။ သူ့သူငယ်ချင်း ကျောင်းဆရာ ကို ကျော်ထွန်းက တယောထိုးလေ့ရှိတယ်။ နောက်တော့ တင်မိုးက တယောကြိုက်လို့ တယောကို ကောက်ယူထိုးလေ့ရှိတယ်။ ဂီတဝိုင်းဖွဲ့ရင်း အိမ်နီးချင်း ကိုအေးကျော်က ပြောင်းဖူးဖက် ဆေးလိပ်ကြီးဖွာပြီး ဘိုကေဆုတ်ဖွားနဲ့ ရောက်လာလေ့ရှိတယ်။ တင်မိုးတို့ ပထမအိမ်က ဝါးကြမ်းပြင် တဝက်ထိုးထားတဲ့အိမ်ပါ။ ဧည့်သည်တွေအများစုက ဝါးကြမ်းပြင်ပေါ်မှာ တင်ပျင်ခွေပြီး ထိုင်လေ့ရှိတယ်။  တင်မိုးရဲ့အဖေ ဦးဘအိုက ပလက်ကုလားထိုင်တလုံးနဲ့ပဲနေတယ်။ ရေလဲပုဆိုးလေး ခြုံထားတတ်တယ်။ အိပ်လို့မခြုံရင် အကျီမပါ ကျောဗလာနဲ့ပဲနေတယ်။ ကျောပေါ်မှာ ပွေး၊ ညှင်းတွေ အကွက်ထနေပါတယ်။ သူတို့ရွာက ရေရှား လို့ ရေချိုးဟန်မတူပါဘူး။  ဦးလေးလူထုဦးလှက အဝီစိနဲ့ဝေးတဲ့ရွာလို့ပြောရအောင် ရေကနက်ပြီး အတူးရခက်ပါတယ်။

နောက်သီချင်းတပုဒ် တောင်တော်ပုပါးထင်ပါတယ်။ ပုပါးတော့ သေချာတယ်။ မြင်းခြံမြို့မဂီတအဖွဲ့အတွက် ရေးတာပါ။ ကျွန်တော်တို့ဖတ်ကြည့်တဲ့အခါ သူ့ရဲ့ ကဗျာ အနုပညာက ထက်သန်တော့ ရေးတိုင်းကောင်းပါတယ်။ ဒါပေမယ့် စာသိပ် မတတ်တော့ ဖေးမပေးရတာတော့ ရှိပါတယ်။ ပုပ္ပါးသီချင်းရေးနေချိန်မှာ ပုပ္ပားတောင်ဟာ ရှေးကမီးတောင်ကြီးဖြစ် တယ်။ မီးတောင်က ချော်ရေတွေစီးကျနေရာကစီးရင်း လေသလပ်ပြီးအေးခဲသွားရက ကျောက်ခဲတွေဖြစ်သွားကြောင်း အဲဒီ ကျောက်ခဲတွေကို မီးတောင်ကျောက်လို့ခေါ်ကြောင်း ကျွန်တော်ကပြောပြတော့ သူ့အဖို့ ဗဟုသုတ အသစ်အဆန်းဖြစ်ပုံ ရပါတယ်။  သူ့သီးချင်းမှာ နဂါးလိပ်ချောစစ်ဆိုတဲ့စကားလုံး အသစ်အဆန်းလေးတခုက လှလှပပတီထွင် ထည့်သွင်းလိုက်ပါ သေးတယ်။ ကျွန်တော်က အဲဒီတုန်းက ဗူမိဗေဒကျောင်းသားလေး။ ၂ နှစ်တက်ပြီးနေပြီ။ ဒါ့ကြောင့် မီးတောင်အကြောင်းကို ထည့်ပြောဖို့ သတိရလိုက်တာပါ။ ကိုအေးကျော်က တခြားသီချင်းနောက်ထပ် ၃-၄ ပုဒ်လောက် ထပ်ရေးသေးတယ်။ ကျွန် တော်မမှတ်မိတော့ပါ။

နောက်မကြာမီ တင်မိုးက ရန်ကုန်ပြောင်းပြီး ဆရာကြီးမင်းသုဝဏ်ရဲ့ ဌာနမှာစာပြင် စာပြုလုပ်ပါတယ်။  ကျွန်တော်လည်း အခြေခံပညာဦးစီးဌာန ကျောင်းသုံးစာအုပ်ကော်မတီက ကျောင်းသုံးသမိုင်းစာအုပ်ေ၇းဖို့အတွက် ရန်ကုန်ကိုခေါ်လို့ ရန်ကုန် ကို ရောက်လာတယ်။  ဆက်လက်ပြီး မြန်မာစာသင်ရိုးအဖွဲ့ကိုပြောင်းရလို့ ကျွန်တော်လည်း အညာမပြန်ဖြစ်တော့ပါဘူး။ ဒီ ကာလအတွင်းမှာပဲ ကိုအေးကျော်ဆုံးရှာပါတယ်။

ကိုအေးကျော်ဟာ ကြုံရာကျဘမ်း လယ်ကူလီအလုပ်များကိုလုပ်ရင်း သူ့အမအိမ်မှာနေရတာပါ။ တနေ့တော့ သူပျောက် လို့ လိုက်ရှာတော့ ဆီထုံတဲထဲမှာ ပုဆိုးလေးခြုံပြီး သေနေရှာသတဲ့။ ဘယ်အချိန်က သေလိုက်မှန်းမသိလိုက်ကြဘူး။ ရပ်ရွာက တော့ အဆိုတဦးအဖြစ် လေးလေးစားစားဝိုင်းသင်းဂြိုဟ်လိုက်ကြသတဲ့။ ခုလဲရပ်ရွာက အနုပညာရှင်တဦးကို ချို့ငဲ့ဆင်းရဲသူ တစ်ဦးဖြစ်ပေမဲ့ တလေးတစားရှိကြပါတယ်။ ဗမာပြည်က ထိပ်တန်းစာဆိုကြီးတင်မိုးရဲ့အရိပ်မှာ  ထိုက်ထိုက်တန်တန် နေရာ ပေးပြီး ရုတုသွန်းလုပ်ပြုထားကြောင်း သိလိုက်ရပါတယ်။ ကိုအေးကျော်ရဲ့အနုပညာကို တင်မိုးက အစအဆုံးစောင့်ရှောက်သွားခဲ့ပါတာကလားလို့ ဝမ်းမြောက်ကျေနပ်မိပါကြောင်း မော်ကွန်းတင်လိုက်ပါရစေ။  ကန်မြဲစာဆိုနှစ်ဦး နောက်ဘဝတွေမှာလဲ စာဆိုအနုပညာရှင်တွေ ဖြစ်ကြပါစေသတည်း။

မောင်စွမ်းရည်
၂ဝ၁၈၊ ဖေဖော်ဝါရီ ၂၁

ဇော်အောင် (မုံရွာ) ● ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ NYDC

$
0
0
ဇော်အောင် (မုံရွာ) ● ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ NYDC
(မိုးမခ) ဧပြီ ၂၊ ၂ဝ၁၈

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ကျပ် ၁ဝ ဘီလီယံ မတည်ပြီး တည်ထောင်လိုက်ပါပြီ။ အစိုးရက စီးပွားရေးမလုပ်သင့်ပါဆိုတဲ့ အစိုးရဌာနများကို စိတ်ကုန်နေသူများအတွက် ခေါင်းထောင်ကြည့်စရာ၊ စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ ရန်ကုန် စည်ပင်ကို စီးပွားရေးလုပ်ဖို့ ဥပဒေကို ရန်ကုန်တိုင်းလွှတ်တော်မှာ မဆွေးနွေးခင်မှ ကြေငြာလိုက်ပါတယ်။

လူနဲ့မူ ဘယ်ဟာအရေးကြီးသလဲ ဆွေးနွေးကြသူများက လူကိုပဲပြောင်းလဲချင်ကြပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် အစိုးရ ၂ နှစ်သက်တမ်းမှာ ရင်ကြားစေ့စပ်နေရတာနဲ့ စီးပွားရေးမတိုးတက်လို့ စိတ်ပျက်နေချိန်၊ ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးကိုကိုင်တွယ်တော့မယ်သတင်းကြောင့် အားတက်လာပါတယ်။ ဒါပေမဲ့ ခေါက်ရိုးကျိုးနေတဲ့ ဌာနဆိုင်ရာ အကြီးအကဲ များနဲ့ ဝန်ထမ်းများကိုစိတ်ပျက်နေချိန် ရန်ကုန်တိုင်းအစိုးရတည်ထောင်လိုက်တဲ့ စီးပွားရေးလုပ်ငန်းမှာ ဘယ်သူတွေပါသလဲ ကြည့်ပါတယ်။ ခေါင်းဆောင်များကတော့ ရန်ကုန်တိုင်းလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်ကဥက္ကဋ္ဌဖြစ်ပြီး ဦးသိမ်းဝေက ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ ကျန်ဒါရိုက်တာအဖွဲ့ဝင်သုံးဦးမှာ တိုင်းဒေသကြီး စိုက်ပျိုးရေးဝန်ကြီး ဦးဟံထွန်းနှင့် လွတ်လပ်သောဒါရိုက်တာနှစ်ဦးအဖြစ် စင်ကာပူဝန်ကြီးဟောင်း ဂျော့ခ်ျ ယိုး George Yeo ၊ ကုလသမဂ္ဂလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအရာရှိဟောင်း ဦးထွန်းမြတ်တို့ဖြစ်တယ်ဆိုတော့ အံ့အားသင့်စရာ အားရဝမ်းသာစရာ ဖြစ်လာပါတယ်။ ယခင်တင်ဒါအောင်ထားသည့် ကုမ္ပဏီတွေမက အခြားကုမ္ပဏီများကိုလဲ လုပ်ခွင့်ပေးမယ်လို့ဥက္ကဋ္ဌ ဒေါ်နီလာကျော်က ဆိုပါတယ်။

နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းများကိုကြည့်ရင် ၂ဝ၁၇-၂ဝ၁၈ ဘတ်ဂျတ်မှာ နိုင်ငံတော်ရငွေပေါင်း ကျပ် ၁၆၆ဝ၅ ဘီလျံမှာ နိုင်ငံပိုင် အဖွဲ့ စီးပွားအစည်းများထည့်ဝင်ငွေက ၄၂ ရာခိုင်နှုန်းရှိပြီး အခွန်ကောက်ရငွေက ၃၉ ရာခိုင်နှုန်း ရှိပါတယ်။ နိုင်ငံပိုင်စီးပွားအဖွဲ့အစည်းများက ပေးတဲ့အခွန်နဲ့ပေါင်းရင် နိုင်ငံပိုင်စီးပွားအဖွဲ့အစည်းများက ဘတ်ဂျတ်ရဲ့ တဝက်ကျော်ပါဝင်နေပြီး ပုဂ္ဂလိက အခွန်များက ၃ဝ ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။ တပ်မတော်ပိုင်တဲ့ ဦးပိုင်စီးပွားရေးအဖွဲ့များကတော့ တပ်မတော်ဘတ် ဂျတ်ထဲမှာ ကြီးမားလာပါတယ်။ တပ်မတော်သားများအတွက် မိုးကျရွှေကိုယ်ဖြစ်စရာမလိုပဲ ဦးပိုင်စီးပွားရေးလုပ်ငန်းများမှာ အငြိမ်းစားယူချိန် လုပ်ကိုင်စေဖို့ ဦးပိုင်စီးပွားရေးရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ သို့သော် ဦးပိုင်စီးပွားရေးလည်း နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်းများလို လူတစ်စု လက်ဝါးကြီးအုပ်သလိုဖြစ်နေကြောင်း မီဒီယာများက ပြောနေကြပါတယ်။ အကြီးမားဆုံး အပြောခံလိုက်ရတာတော့ အသက် ၇၃ နှစ် အဖိုးအရွယ် အကယ်ဒမီဆုပေးပွဲမှာ ဆုရတဲ့ စန္တရားဦးတင်ဝင်းလှိုင်ရဲ့ မိုးကျရွှေ ကိုယ်ဆိုတဲ့စကားလုံးက မြန်မာနိုင်ငံဝန်ကြီးဌာနအားလုံးက ဝန်ထမ်းများထွက်ပေးဖို့တောင်းဆိုတာ စကားပြောကြမ်းလို့ ပြန် ကြားရေးဌာနက ချက်ခြင်းပြန်ရှင်းနေရပါတယ်။ နိုင်ငံတော်ရဲ့ ငွေကြေးဘတ်ဂျတ်များကို စနစ်တကျ စီမံခန့်ခွဲဖို့ဆိုတာ အဂတိများစွာ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ခေါင်မိုးကစပြီးလုံဖို့အတွက် ၂ဝ၁၆ ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ တပ်မတော် ပူးပေါင်းလုပ်ဆောင်နေပါတယ်။

အက်ဖ်အမ်အိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေကို အမှုဆောင်အရာရှိချုပ် CEO အဖြစ် ခန့်အပ်နိုင်ခြင်းကလည်း အလွန်အားရစရာ ကောင်းလှပါတယ်။ ဒုတိအချက်က စင်ကာပူဝန်ကြီးဟောင်း ဂျော့ခ်ျယိုး George Yeo ကိုလည်း ဒါရိုက်တာအဖွဲ့ ၅ ဦးမှာ ပါဝင်အောင် ကြိုးစားနိုင်ခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ Serge Pun @ ဦးသိမ်းဝေအကြောင်း အဓိကထားပြီး တင် ပြပါမယ်။

● အစိုးရရဲ့ ရန်ကုန်မြို့သစ်စီမံကိန်း (NYDC , New Yangon Development Company)
မြန်မာနိုင်ငံ စက်မှုဇုံ SEZ Special Economic Zone အဖြစ် ဗီယက်နမ် ဗွီအက်စ်အိုင်ပီ Vietnam က VSIP အထူးစက်မှုဇုံလိုမျိုး စကာင်္ပူအစိုးရ တိမားဆက် ရဲ့ Acendas Singbridge က ဦးသိန်းစိန်လက်ထက် ရန်ကုန်တိုင်းအစိုးရလက်ထက်မှာ ရှောက် စန်းအုပ်စုက လက်ဦးပြီး ရန်ကုန်မြို့သစ်စီမံကိန်းကို စတင်ခဲ့တယ်။ အဂတိများစွာကြောင့် အစိုးရသစ်တက်လာချိန် ကုမ္ပဏီ၎ ခုကိုပေါင်းလုပ်စေရင်း နောက်ဆုံး ဦးဖြိုးမင်းသိန်း အစိုးရတက်လာတော့ NYDC သေချာ စနစ်တကျ လေ့လာပြီးလုပ်ခဲ့ပါတယ်။ မြေတွေ ရော်ကြေးပေးတဲ့ ကိစ္စများ လုပ်ကြပါတယ်။ ဦးသိန်းစိန်အစိုးရဆီကို မအောင်မြင်ခဲ့တဲ့ Singbridge ကိုခေါ်လာတာ သူကတော့ စင်ကာပူဝန်ကြီးဟောင်း ဂျော့ခ်ျယိုး George Yeo ယခု NYDC CEO ဖြစ်ပါတယ်။ ဂျော့ခ်ျယိုးဟာ စင်ကာပူရောက် မြန်မာနိုင်ငံသားများစွာလေးစားတဲ့ ဝန်ကြီးတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံကို သံယောဇဉ်ရှိသူဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ ဆိုတာ မြန်မာ ၂ သိန်းလောက် အလုပ်လုပ်နေတဲ့ နိုင်ငံလေးဖြစ်ပြီး၊ စင်ကာပူနိုင်ငံကို မြန်မာအစိုးရအဆက်ဆက် အလွန် နှစ်ခြိုက်ပါတယ်။ မြန်မာအုပ်ချုပ်သူများ၊ အတိုက်အခံများ၊ စစ်ဗိုလ်ချုပ်များ၊ သူဌေးများကအစ အခြေခံလူတန်းစားအထိ ပညာသင်၊ အလုပ်သွားလုပ်၊ ဆေးကု၊ ဈေးဝယ်၊ ငွေပိုနေရင် စင်ကာပူဘဏ်ကို ငွေပို့ထားကြပါတယ်။ အလွန်စိတ်ချရတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။ ထိုင်းနိုင်ငံက ကုန်ထုတ်လုပ်ငန်းများမှာ အားကိုးရပေမဲ့ အဂတိနည်းပါးလှတဲ့ စင်ကာပူကို ပိုပြီးအားကျတာ မထူးဆန်းလှပါဘူး။ ဒါကြောင့် George Yeo ကို ပါဝင်လာအောင် ခေါ်နိုင်တာနဲ့၊ စီးပွားရေးမှာ အဂတိမရှိဘူး ကြေငြာရဲတဲ့ Serge Pun @ ဦးသိမ်းဝေကိုလဲ စီအီးအိုအကြီးအကဲဖြစ်ခေါ်လာနိုင်တာလဲ ထူးခြားချက်ပါ။ ဦးသိမ်းဝေက သူ့အောက်ကကုမ္ပဏီတွေကို NYDC မှာ လုံးဝမလုပ်စေဘူးလို့ပြောပါတယ်။ NYDC စီးပွားလုပ်ငန်းကို ပိုကောင်းအောင် လုပ် နိုင်မယ် ပိုသာအောင်လုပ်ပြမယ်၊ ပွင့်လင်းမြင်သာလုပ်မယ်ဆိုထားတယ်။

Swiss Challange ကိုသူကစပြောတာ။ NYDCက project ကို တစုံတဦးနဲ့စလုပ်မယ် ညှိမယ် ဒါကို ချဲလင်းခေါ်မယ်၊ ဘယ်သူ ပိုကောင်းအောင်လုပ်နိုင်မယ် ပိုသာအောင်လုပ်ပြမယ်၊ ပွင့်လင်းမြင်သာလုပ်မယ်ဆိုထားတယ်။

ဒီစီမံကိန်းကို တရုတ် ဧရာမဆောက်လုပ်ရေးကုမ္ပဏီကြီး CCCC (China Communications Construction) က စိတ်ဝင် စားပြီး ဒီဇိုင်းတောင်ထုတ်ပြီးပြီ၊ ငွေလဲရင်းနှီးမယ်ဆိုပါတယ်။ ငွေလည်းရင်းမယ်၊ တခြား တရုတ်ကုမ္ပဏီကြီးတွေလည်းစိတ်ဝင်စားနေကြပြီး မူလပထမ စခဲ့တဲ့ ရှောက်စန်းအုပ်စု ကလည်း မြေတွေရထားပြီးပြီဆိုတော့ အင်နဲ့အားနဲ့ ပြိုင်ဆိုင်လာနိုင်ပါတယ်။
Ref: Jason Min Naing

● ဂျော့ခ်ျယိုး George Yeo
စင်ကာပူနိုင်ငံရေးခေါင်းဆောင် လီကွမ်းယူလက်အောက်မှာ ပီအေပီ PAP ပါတီရဲ့ ပါလီမန်အမတ် (၁၉၈၈-၁၉၉၁) အဖြစ်က နေ အစိုးရဌာနများစွာမှာ ဝန်ကြီးဖြစ်လာပါတယ်။ ပြန်ကြားရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ ကုန်သွယ်ရေးနဲ့စက်မှုဝန်ကြီး တာဝန်များယူပြီး နောက်ဆုံး ၂ဝဝ၄ -၂ဝ၁၁ မှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စင်ကာပူကို ပထမဆုံးလာရောက်တဲ့ ၂ဝ၁၃ မှာ ဂျော့ခ်ျယိုးပဲတာဝန်ယူပြီး ဧည့်ခံပါတယ်။ စင်ကာပူ CID အဂတိတိုက်ဖြတ်ရေးများ၊ စီးပွား ရေးလုပ်ငန်းများကိုလိုက်လံပြသသူ ဖြစ်ပါတယ်။ နိုင်ငံရေးလောက မဝင်ရောက်ခင်က စင်ကာပူလေတပ်မတော်မှာ ဗိုလ်မှုချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ နိုင်ငံရေးလောက အနားယူပြီးနောက်ပိုင်း အကြီးတန်းအကြံပေးအဖြစ် Kuok Group, AIA Group တွေမှာ လုပ်ကိုင်ရင်း အခု Kerry Logistics Network မှာ ဥက္ကဌနဲ့ဒါရိုက်တာ ဖြစ်ပါတယ်။ စင်ကာပူ၊ ဟောင်ကောင် အခြေစိုက်ပြီး၊ အခု မြန်မာနိုင်ငံရန်ကုန်မြို့သစ် စီမံကိန်းမှာ ဒါရိုက်တာဖြစ် ပါဝင်လာပါတယ်။ စင်ကာပူအစိုးရနဲ့ စီးပွားရေး သြဇာကြီးမားသူ ဖြစ်ပါတယ်။

● Serge Pun @ ဦးသိမ်းဝေ
(born 1953) SPA Group, Myanmar, Singapore, Hong Kong, Thailand, China ..etc. ယခင် ရေးခဲ့တဲ့ ဆောင်းပါး ပြန်လည်တင်ပြပါတယ်။
မြန်မာနိုင်ငံကသူဌေးကြီးများဟာ ခြစားမှုစစ်အာဏာရှင်များနဲ့အတူလုပ်ကိုင်ရင်း ခရိုနီစီးပွားရေးစနစ်ကြီးတစ်ခုကို တည် ထောင်နိုင်ခဲ့ပါတယ်။ ကျွန်တော် ခရိုနီမဟုတ်ဘူး၊ လာဘ်မပေးဘူးလို့ပြောရဲတဲ့ မြန်မာပြည်ကသူဌေး ဘယ်နှစ်ယောက်ရှိပါ သလဲ။ ဦးသိမ်းဝေဆိုသူကတော့ အဲဒီလိုပြောရဲတဲ့ လူတစ်ဦးဖြစ်ပါတယ်။ ၂ဝ၁၂ နောက်ပိုင်း အိမ်ခြံမြေ Real Estate နဲ့ နိုင်ငံ ခြားကုမ္ပဏီများဝင်လာချိန်မှာ ငှားရမ်း၊ ရောင်းဝယ်ရင်း၊ အခုခေတ်စားနေတဲ့၊ Star City အိမ်ယာလုပ်ငန်းများနဲ့အတူ၊ ဦးသိမ်း ဝေရဲ့ SPA Group ဟာ ဝန်ထမ်း ၄ ထောင်ကျော်နဲ့ ကြွယ်ဝချမ်းသာလာခဲ့ပါတယ်။ Forbes Asia , Sep 2013 စာအုပ်မျက်နှာ ဖုံးမှာ ဖေါ်ပြခံရပါတယ်။ သူတို့ SPA Group အဖွဲ့ရဲ့ Yoma ကုမ္ပဏီဟာ စင်ကာပူစတော့အိတ်ချိန်းမှာ တစ်ခုတည်းသော မြန်မာကုမ္ပဏီအဖြစ် စာရင်းဝင်ခွင့်ရထားပြီး ဦးသိမ်းဝေ Citizenship – Myanmar ကို စင်ကာပူက အချမ်းသာဆုံးလူ ၅ဝ စာရင်းမှာ အမှတ်စဉ် ၃၈ (US$ 500 million) အဖြစ် သတ်မှတ်ထားပါတယ်။

ဒါလောက်တောင် ခရိုနီမဟုတ်ကြောင်း၊ လာဘ်မပေးကြောင်းပြောရဲတဲ့ ဦးသိမ်းဝေဘဝအကြောင်း အနည်းငယ် ဆင်ချင် ကြည့်ချင်ပါတယ်။

● မြန်မာပြည်ဖွားလူငယ်တစ်ဦး
ဦးသိမ်းဝေရဲ့ ဖခင်ဟာ တရုတ်ကွန်မြူနစ်ထောက်ခံသူ၊ လက်ဝဲသမားဖြစ်ပြီး မြန်မာပြည်မှာဘဏ်လုပ်ငန်း လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၅၃မှာ ဦးသိမ်းဝေ မြန်မာပြည်မှာမွေးဖွားခဲ့ပါတယ်။ ၁၉၆၂ခုနှစ် စစ်ဗိုလ်ချုပ်ဦးနေဝင်း စစ်အာဏာသိမ်းပြီချိန်မှာ ဦးသိမ်းဝေ ငယ်စဉ်ကာလအချိန်၊ ဆယ်ကျော်အသက်အရွယ်ပါ။ ဖခင်ရဲ့ လုပ်ငန်းများ ပြည်သူပိုင်သိမ်းခံရပါတယ်။ ၁၉၆၅ မှာ ဖခင်နဲ့ မိသားစုအားလုံး မြန်မာပြည်ကအပြီးထွက်ခွာပြီး တရုတ်နိုင်ငံ၊ ပီကင်းမြို့မှာ အခြေချခဲ့ပါတယ်။ ပီကင်းမြို့ Oversea Chinese School မှာ နိုင်ငံခြားသားအဖြစ် ကျောင်းနေခဲ့ပါတယ်။ တရုတ်ပြည်ရောက်ပြီး ၉ လအကြာ ယဉ်ကျေးမှုတော်လှန် ရေးကြီးဖြစ်ပြီး၊ ဦးသိမ်းဝေတို့ ဆယ်ကျော်သက်အရွယ်များ တက်ကြွစွာပါဝင်ခဲ့ကြပါတယ်။ ၄ နှစ်အကြာ ဦးသိမ်းဝေတို့ကို နယ်စပ်လယ်ယာစခန်းကို ပို့လိုက်ပါတယ်။ လယ်သမားများနဲ့ အတူနေထိုင်၊ လုပ်ကိုင်ခဲ့ရပါတယ်။ ၁၉၇၃ ခုနှစ် အသက် ၂ဝ အရွယ်မှာ တရုတ်ပြည်က ထွက်ခွာဖို့အခွင့်သာလို့ ဟောင်ကောင်ကို ရထား၊ မော်တော်ဘုတ်နဲ့ ရောက်ရှိပြီး အလုပ်ကိုင်ရှာဖွေခဲ့ ပါတယ်။ ထွက်လာစဉ်က လက်ထဲမှာ HK$ 5.00 (ဟောင်ကောင်ငါးဒေါ်လာ) ပဲပါပြီး ခက်ခဲစွာ၊ ရုန်းကန်ရပါတယ်။ လေသန့် စက်များကို အိမ်များ၊ ကုမ္ပဏီများထံ အရောက်သွားပြီး လိုက်လံရောင်းချတဲ့အလုပ်လုပ်ခဲ့ပါတယ်။ ဂျာမန်လူမျိုးတစ်ဦးဖြစ်တဲ့ Elmer Busch ဆိုသူရဲ့ အိမ်ခြံမြေကုမ္ပဏီဆီကို လေသန့်စက်လာရောင်းချိန်မှာ အင်္ဂလိပ်စကား၊ မပြောတတ်၊ ပြောတတ် Broken English နဲ့ ပြောပါတယ်။ Elmer Busch ကသဘောကျပြီး ဟောင်ကောင်အိမ်ခြံမြေလုပ်ငန်းတွေမှ အလုပ်စတင်ခန့်ပါ တယ်။ ၁ဝနှစ်လောက် အိမ်ခြံမြေလုပ်ငန်းကို လေ့လာခဲ့ပါတယ်။ ဟောင်ကောင်ကနေ ကနေဒါ၊ ဥရောပနိုင်ငံများအထိ စေ လွှတ်ပြီး လုပ်ငန်းလုပ်ကိုင်စေရင်း အမြင်ကျယ်လာပါတယ်။ အိမ်ခြံမြေလုပ်ငန်းကို ကျွမ်းကျင်သူဖြစ်လာခဲ့ပါတယ်။

ဟောင်ကောင်တင်မကပါ။ တရုတ်ပြည်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများမှာလည်း ကိုယ်ပိုင်ကုမ္ပဏီများနဲ့ လုပ်ငန်းအောင်မြင်လာပါ တယ်။ နောင်တချိန်မှာ သူရဲ့ကုမ္ပဏီကြီးမှာပဲ သူရဲံ့ဆရာဖြစ်သူ ဂျာမန် Elmer Busch ကိုပြန်လည်ခေါ်ထားပြီး၊ Yoma Strategic’s property division ကနေဒါမှတဆင့် စီမံလုပ်ကိုင်စေပါတယ်။

မြန်မာပြည် ရှစ်လေးလုံးအရေးအခင်းအပြီး ဦးသိမ်းဝေ မြန်မာပြည်ကို ၁၉၉ဝ နောက်ပိုင်း ပြန်ဝင်လာခဲ့ပါတယ်။ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ရုတ်သိမ်းလိုက်ပြီးဖြစ်တဲ့အတွက် ပြန်လည်အခြေချလုပ်ကိုင်ဖို့ဖြစ်လာပါတယ်။

အိမ်ခြံမြေဆောက်လုပ်ရေးများကိုလုပ်ကိုင်ရင်း၊ မိတ်ဆွေတစ်ဦးရဲ့ မိတ်ဆက်ပေးမှုကြောင့် ထိုအချိန်က ကုန်သွယ်ရေးနဲ့စီမံဘဏ္ဍာရေးဝန်ကြီးဖြစ်နေသူ ဗိုလ်ချုပ်အေဘယ် General David Abel နဲ့ စတင်တွေ့ဆုံခဲ့ရပါတယ်။ နိုင်ငံခြားရင်းနှီးမှုများ အထူးလိုအပ်နေချိန်မှာ ပြည်ပရင်းနှီးမှုများစွာ မြန်မာပြည်ကိုသယ်လာမဲ့ ဦးသိမ်းဝေရဲ့ကုမ္ပဏီကို ဗိုလ်ချုပ်အေဘယ်က အား ပေး၊ လုပ်ကိုင်စေပါတယ်။ ဖခင်သေဆုံးပြီး အမေရိကန်နိုင်ငံဟာဝိုင်ရီမှာနေထိုင်တဲ့မိခင်ဖြစ်သူကို ၁၉၈၉ မှာ မြန်မာပြည်ပြန် ခေါ် အခြေချစေပါတယ်။ ရိုးမဘဏ်ကိုလည်း တည်ထောင်နိုင်ခဲ့ပါတယ်။ ရန်ကုန်က အစိုးရပိုင်ဟော်တယ်ကြီးတစ်ခုကို လွှဲ ပြောင်းရယူပြီး၊ ပုဂ္ဂလိကပြောင်းပြီးလုပ်ကိုင်ဖို့ အသေချာ၊ ပြင်ဆင်ပြီပါတယ်။ အစိုးရဝန်ကြီးအပြောင်းအလဲနဲ့ ဟိုတယ်ကို တခြားတယောက်က မိုးကျရွှေကိုယ် လုပ်ခွင့်ရသွားပါတယ်။ လာဘ်စားမှုမသင်္ကာဖြစ်မိတယ်လို့ ဦးသိမ်းဝေက ပြောပါတယ်။ အသေချာလုပ်ထားတဲ့ ဟိုတယ်စီးပွားရေး သူများလက်ထဲရောက်သွားတော့၊ စိတ်အလွန်ပျက်သွားပြီး၊ အဲဒီဟိုတယ်ရှေ့ကို ကားတောင် စီးမသွားဖြစ်တာ နှစ်အတော်ကြာပါတယ်။

ပထမဆုံးအောင်မြင်တဲ့ အိမ်ခြံမြေလုပ်ငန်းကတော့ လှိုင်သာယာ၊ ရန်ကုန်မြစ်တဖက်ကမ်းက FMI City အိမ်ယာများဖြစ်ပါ တယ်။ ဧက ၅ဝဝ လုံးခြင်းအိမ်ယာများကို ဆောက်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။ ဒုတိယလုပ်ငန်း ဧက၆ဝဝ ပန်လှိုင်ဂေါက်ကွင်း၊ အိမ်ယာလဲ အောင်မြင်ပါတယ်။ ဒေါ်လာ ၂၁ သန်း ပန်းလှိုင်ဆေးရုံနဲ့ လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ရင်း ကြီးပွားလာခဲ့ပါ တယ်။ စစ်ဗိုလ်ချုပ်များ ဂေါက်သီးရိုက်ကစားကြတာကိုအကွက်မြင်တဲ့ ဦးသိမ်းဝေဟာ ပန်းလှိုင်ဂေါက်ကွင်း အထူးဒီဇိုင်းလုပ်ပြီး တည်ဆောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်များလာရောက်ကစားကြတဲ့ကွင်းဖြစ်ပါတယ်။ ဒီဂေါက်ကွင်းနဲ့ပတ်သက်ပြီး Forbes Interview မှာ ဦးသိမ်းဝေပြောတဲ့ အင်္ဂလိပ်စကားအတိုင်း ပြန်ရေးရင် “No Generals can play free on my course, they have to pay”…။ ၁၉၉၇ အရှေ့တောင်အာရှစီးပွားကပ်နောက်ပိုင်းမှာ ဘဏ်လုပ်ငန်းအားလုံး အတုံးအရုံး ပျက်စီးရပါတယ်။ မြန်မာပြည်အကြီးဆုံး ပုဂ္ဂလိကဘဏ်ကြီး ၂ ခု ကျဆုံးသွားပါတယ်။ ရိုးမဘဏ်ကိုတော့ လိုင်စင်ဆက်လက်ယူထားပေမဲ့ ငွေ စုဆောင်း/ချေးငှားခွင့် မရတော့ပါဘူ။

အခု မြန်မာပြည်မှာဖြစ်နေတဲ့ ခရိုနီစီးပွားရေးစနစ်ဟာ အဲဒီအချိန် ၁၉၉၇ ကတည်းကစတင်ခဲ့တယ်လို့ ဦးသိမ်းဝေက ပြောပါ တယ်။

● Mr. Clean နာမည်ကိုဂုဏ်ယူတဲ့ ဦးသိမ်းဝေ
Serge Pun လို့ လူသိများတဲ့၊ မြန်မာနာမည် ဦးသိမ်းဝေ၊ မြန်မာနိုင်ငံမှာ Mr. Clean ဆိုတဲ့နာမည် ရတဲ့အတွက် အလွန်ဂုဏ် ယူတယ်လို့ဆိုပါတယ်။ အင်တာဗျူးမှာ He’s proudest of being called Burma’s Mr. Clean, the man who dared to say no to the grasping generals. “I’ve never paid a cent. But I’ve never been short of opportunities “, “There is no difference between personal life and work life; it’s always the same thing.”, “We paid a high price during the dark years, at the brink of elimination. We stood firmly to our principles.” လို့ပြောပါတယ်။ Forbes Asia မဂ္ဂဇင်းမှာ …He styles himself as a principled businessman who says no to corruption and isn’t afraid to make enemies. လို့ ရေးထားပါတယ်။

ရိုးမဘဏ်မှာလည်း အပြစ်မကင်းပါဘူး။ ဘဏ်ငွေများကို ထုတ်ယူခွင့်ပိတ်ပင်လိုက်စဉ်က ငွေတွေကို မိမိတို့လုပ်ငန်းများမှာအသုံးချလိုက်ပါတယ်။ ပြည်သူလူထု အပ်နှံငွေများကို မိမိရဲ့စည်းမျဉ်းကိုဖေါက်ဖျက်ပြီး လုပ်ရတာကို ဝန်ခံခဲ့ပါတယ်။ ဘဏ် အားလုံး ဒီလိုလုပ်ခဲ့ကြတာပဲလို့ ပြောပါတယ်။ နှစ်အနည်းငယ်ကြာပြီး အပ်နှံငွေအားလုံးပြန်ထုတ်ပေးခဲ့ပါတယ်။

ထိုစဉ်က မြန်မာအစိုးရဗဟိုဘဏ်ထံ ငွေအားလုံးကို ပြန်အပ်စေပါတယ်။ ပြင်ပလုပ်ငန်းရှင်များလဲ ချေးငွေအားလုံး ပြန်အပ် စေပါတယ်။ စီးပွားလုပ်ငန်းများကို တာဝန်ခံရတဲ့ ဗိုလ်ချုပ်တစ်ယောက်ရဲ့ တစ်ဦးတည်းလုပ်ရပ်များက မြန်မာ့ဘဏ်၊ငွေကြေးလုပ်ငန်းများကို တချက်တည်းနဲ့ ရိုက်လှဲလိုက်သလို ဖြစ်သွားပါတယ်။ စီးပွားရေးလုပ်ငန်းအားလုံးလဲ ဆက်လက်နာလံ မထူနိုင်ခဲ့ပါဘူး။ ၁ဝ နှစ်လောက် ကြံ့ကြံ့ခံလုပ်နိုင်တာလည်း ဦးသိမ်းဝေကို ပြည်ပက SPA Group များရဲ့ ထောက်ပံ့မှုများ ကြောင့်ဖြစ်ပါတယ်။ အဲဒီတာဝန်ခံစစ်ဗိုလ်ချုပ်နဲ့ ဦးသိမ်းဝေတို့ ဆက်ဆံရေးအဆင်မပြေပါဘူး။ အဲဒီစစ်ဗိုလ်ချုပ်ရဲ့ ပုဂ္ဂိုလ်ရေး မုန်းတီးမှုကို ခံရပါတယ်။ ၂ဝ၁၁ သမ္မတဦးသိန်းစိန်အစိုးရသစ်မှာ ဦးသိမ်းဝေတို့ စီပွားရေးအခြေအနေပြန်ကောင်းလာခဲ့ပါတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ ဘိလပ်မြေစက်ရုံများ၊ လက်လီကုန်တိုက်များကို ရင်းနှီးမြှတ်နှံ တည်ဆောက်ပါတယ်။ ရိုးမဘဏ်လုပ်ငန်းကို အစိုးရကခွင့်ပြုခဲ့ပေမဲ့ အဆိုပါ စစ်ဗိုလ်ချုပ်တစ်ဦးလက်ထဲမှာ ဘဏ်လုပ်ငန်းအပြည့်အဝလုပ်ပိုင်ခွင့် လိုင်စင် ကြန့်ကြာနေပါတယ်။ အဲဒီစစ်ဗိုလ်ချုပ်ဟာ အစိုးရသစ်မှာ ဒုသမ္မတဖြစ်နေပါတယ်။ တစ်နှစ် လောက် ကြံ့ကြာပြီးမှာ ဒုသမ္မတအသစ်ပြောင်းသွားတဲ့အချိန် စက်တင်ဘာ ၂ဝ၁၂ ကျမှ ရိုးမဘဏ်လုပ်ငန်းလိုင်စင်ရရှိသွားပါတယ်။ ၁ဝနှစ်ကျော် ကြံ့ကြံ့ခံ ကြိုးစားမှုရဲ့ ရလဒ်၊ အသီးအပွင့် ခံစားရပါတယ်။ အဲဒီအချိန်မှာ အိမ်ခြံမြေဈေးကွက်ကလည်း ဈေးမဆမတန် တက်သွားတဲ့အတွက် SPA Group ပိုမိုချမ်းသာလာပါတယ်။ ရိုးမရဲ့ အဓိကဝင်ငွေများဟာ အိမ်ခြံမြေ၊ ရုံးခန်း များကို ရောင်းချရာမှ ရရှိလာခြင်းဖြစ်ပါတယ်။ အမေရိကန်သူဌေးကြီး ဂျော့ခ်ျဆိုးရိုးလည်း SPA, Yoma မှာ လာရောက် ရင်းနှီးမြှုတ်နှံပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တင်ဒါဝင်ပြိုင်ခဲ့ပါသေးတယ်။ မအောင်မြင်ခဲ့ပါဘူး။ ရန်ကုန်မှာ ခေတ်နဲ့လျှော် ညီတဲ့ ရုံးခန်းလည်း အနည်းငယ်ပဲရှိပါတယ်။ ဦးသိမ်းဝေခန့်မှန်းချက်ကတော့ 430,000 sq feet ပဲရှိမယ်။ ဒါကြောင့် ရုံးခန်း ဈေးနှုန်းဟာ ဟောင်ကောင်ထက်ဈေးကြီးနေတာ မဆန်းပါဘူးလို့ ပြောပါတယ်။

ဟောင်ကောင်မှာနေရင်း ဟောင်ကောင်အမျိုးသမီးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ဟောင်ကောင်အခြေပြု၊ အိမ်ခြံမြေ၊စက်ရုံ၊ရှော့ပင်စင်တာများကို တရုတ်၊ထိုင်း၊မလေးရှား၊စင်ကာပူနိုင်ငံများကတဆင့် မြန်မာပြည်မှာ SPA Group အဖြစ်အောင်မြင်လာတဲ့ MR SERGE PUN @THEIM WAI, Executive Chairman ကိုယ်ရေးရာဇဝင်အကျဉ်းနဲ့ ငွေစာရင်းရှင်းတမ်း၊ သူတို့ရဲ့လစာငွေ အားလုံးကို ကုမ္ပဏီဝက်ဆိုဒ်မှာ ပွင့်လင်းစွာဖတ်ရှုနိုင်ပါတယ်။ MR MELVYN PUN , MR CYRUS PUN သားနှစ်ဦးလည်း ဒါရိုက်တာအဖွဲ့ဝင်ဖြစ်ပါတယ်။

၂ဝဝ၆ ခုနှစ်မှာ စင်ကာပူစတော့အိတ်ချိန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Sea View Hotel Limited ကို ဝယ်ယူလိုက်ပါတယ်။ နာမည် ကို Yoma Strategic Holdings Ltd လို့ပြောင်းပေးလိုက်ပြီး အဓိကလုပ်ငန်းအဖြစ် မြန်မာပြည်ရဲ့ property development, construction များကိုလုပ်ပါတယ်။ မြန်မာပြည်မှာ ရိုးမဘဏ်လိုင်စင်ပြန်လည်ရရှိပြီးနောက်ပိုင်း ကုမ္ပဏီရှယ်ယာဈေး ၁ဝဆကျော် တက်လာပြီး ၂ဝဝ၃နိုဝင်ဘာလ Yahoo Stock အရ တန်ဘိုးဒေါ်လာ ၈၆၇သန်း ရှိပါတယ်။ မြန်မာပြည်စီးပွားရေးမှာ ပွင့်လင်းမြင်သာမှု ရှိလာတာနဲ့အမျှ ဦးသိမ်းဝေတို့ FMI City, SPA Group နဲ့အလားတူ ကုမ္ပဏီများ မြန်မာပြည်ကို တဟုန်ထိုးဝင်ရောက်လာကြမှာဖြစ်ပါတယ်။ ၂ဝ၁၅ နောက်ပိုင်းကို စောင့်ကြည့်နေကြပါတယ်။ မြန်မာကုမ္ပဏီများ ရင်းနှီးမြှုတ်နှံငွေလို အပ်ချိန် စင်ကာပူစတော့ဈေးကွက်မှာ ဦးသိမ်းဝေ နည်းအတိုင်း၊ ဝင်လာဖို့ နာမည်ကျော်သူဌေးကြီး ဦးဇော်ဇော် April 2012, RTO Reverse Takeover လုပ်ခဲ့ပါတယ်။ ဦးဇော်ဇော်ရဲ့ မြန်မာပြည်ဓါတ်ဆီဆိုင်လုပ်ငန်းဖြစ်ပါတယ်။ စင်ကာပူစတော့ အိတ်ချိန်းက ငြင်းပယ်လိုက်ပါတယ်။ အမေရိကန်အစိုးရရဲ့ နာမည်ပျက်စာရင်းဝင်မှုကြောင့်လို့ ဆိုပါတယ်။ စူပါမတ်ကက် City Mart Holding Co. Ltd, ရေအားလျှပ်စစ် Shwe Taung Group , Tun Thwin Mining Co Lt, Mandalay Capital, စတဲ့ ကုမ္ပဏီများလည်း စင်ကာပူစတော့အိတ်ချိန်းမှာပါဝင်နိုင်ဖို့ နည်းလမ်းရှာနေပါတယ်။ ဒါကြောင့် လာဘ်စားမှုအနည်းဆုံး စင်ကာပူနိုင်ငံရဲ့၊ စတော့ပ်အိတ်ချိန်းပါဝင်ခွင့်ရတဲ့ မြန်မာနိုင်ငံသားဟာ ဦးသိမ်းဝေ တစ်ဦးတည်းရှိပါသေးတယ်။ မြန်မာပြည် ကုမ္ပဏီကြီး ၂ဝခုလောက်က လက်ဝါးကြီးအုပ်စီးပွားလုပ်ကိုင်လျှက်ရှိပြီး အကြီးဆုံး အေရှားဝေါ၊ ဝန်ထမ်း၃သောင်းကျော် ရှိပါတယ်။ အသေးစား၊အလတ်စားများအတွက် ချေးငွေရဖို့ အလွန်ခက်ပါတယ်။ မြန်မာစတော့အိတ်ချိန်း ၂ဝ၁၅မှာ ဖွင့်နိုင်ဖို့ ဂျပန် Daiwa Securities Group နဲ့ မြန်မာအစိုးရကြိုးစားလျှက်ရှိပါတယ်။ မြန်မာကုမ္ပဏီရှယ်ယာများကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရောင်းဝယ်နေကြပါတယ်။ လက်ရှိကမ္ဘာ့စီးပွားရေးအတိုးတက်ဆုံး မွန်ဂိုလီယားသမ္မတအဖွဲ့၊ မြန်မာပြည်ကို အောက်တိုဘာ ၂ဝ၁၃က ရောက်ရှိခဲ့ပါတယ်။ မွန်ဂိုလီယားသမ္မတက အောင်မြင်တဲ့ပြုပြင်ပြောင်းလဲရေးမှာ လာဘ်စားမှုကိုတိုက်ဖျက်နိုင်ခြင်းနဲ့ စတင်ရကြောင်း၊ ရှင်းလင်းပြောကြားခဲ့ပါတယ်။

မြန်မာပြည်မှာ လာဘ်ပေး၊လဘ်ယူမှု အနည်းပါးဆုံးလို့ မိမိကိုယ်ကိုခံယူထားသူ၊ မပေးဘူးလို့ပြောရဲ၊ ပြောဝံ့တဲ့ Serge Pun (သို့မဟုတ်) ဦးသိမ်းဝေ ပြောတဲ့အတိုင်း မှန်ကန်မယ်မျှော်လင့်ပါတယ်။ သူလိုလူမျိုး မြန်မာ့စီးပွားရေးမှာရှိနေတာလဲ ဝမ်းသာ စရာဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရခေါင်းဆောင်ပိုင်းမှာလည်း သမ္မတဦးသိန်းစိန်၊ အတိုက်အခံဒေါ်အောင်ဆန်းစုကြည်တို့လို အဂတိကင်းသူ များပြားစွာပေါ်ထွက်လာမယ် မျှော်လင့်ပါတယ်။ နောင်တစ်ချိန်မှာ အမေရိကန်နိုင်ငံကို အကျိုးပြုတဲ့ Andrew Carnegie (1835-1919), J D Rockefeller (1839–1937) သူဌေးကြီးလို စံပြသူဌေးများစွာလိုပါတယ်။ ဦးသိမ်းဝေ ကို မြန်မာပြည်ကိုအကျိုးပြုမဲ့ ခရိုနီမဟုတ်တဲ့သူဌေးကြီးအဖြစ် မှတ်တမ်းတင်လိုပါတယ်။
“The Gospel of Wealth” called on the rich to use their wealth to improve society. Andrew Carnegie

ဦးသိမ်းဝေ အကြောင်း ဘာသာပြန်ဆောင်းပါးဟောင်း ဒီမှာအဆုံးသပ်ပါမယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အထူး စီးပွားရေး အဓိကအကျဆုံး စက်မှုဇုံများအလွန် အရေးကြီးပါတယ်။ အထူးစက်မှုဇုံ ဆိုတာ နိုင်ငံငယ်လေးတစ်ခုလို သွင်းကုန်၊ ထုတ်ကုန် များကို မြန်မာနိုင်ငံအစိုးရက ဝင်စွတ်ခွင့်မရှိပဲ ပြည်ပကနေ တင်သွင်းခြင်း၊ ထုတ်ယူခြင်း လွတ်လပ်စွာလုပ်ခွင့်ရတဲ့ အထူး ဒေသဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ ကြီးပွားတိုးတက်ခြင်းကလဲ သွင်းကုန်၊ထုတ်ကုန် လွတ်လပ်ခွင့်များပေးထားခြင်းကြောင့် ဖြစ်ပြီး၊ တရုတ်နိုင်ငံလည်း တနိုင်ငံလုံး တပြိုင်ထဲ တိုးတက်ဖို့ လုံးဝမဖြစ်နိုင်ပါ။ အထူးစက်မှုဇုံများ လွတ်လပ်စွာ တည်ထောင် စေခြင်းက စတင်ရပါတယ်။ မြန်မာနိုင်ငံမှာ အထူးစက်မှုဇုံ (၃) ခု ရှိပါတယ်။ သီလဝါ (ရန်ကုန်တိုင်း)၊ ထားဝယ် (တနင်္သာရီ တိုင်း) နဲ့ ကျောက်ဖြူ (ရခိုင်ပြည်နယ်) တို့ဖြစ်ပါတယ်။ နှောင့်နှေးနေခြင်းများကို အခု ၂ဝ၁၈ နှစ်ဆန်းမှာ ပြန်လည်စတင်နေကြ ပါပြီ။

● ထားဝယ် အထူးစက်မှုဇုံ
ရပ်ဆိုင်းလိုက်တဲ့ ထားဝယ်စက်မှုဇုံ ရင်းနှီးမြှုတ်နှံမှုကိုလည်း ပြန်လည်စတင်ပါတော့မယ်။ လျှပ်စစ်နဲ့စွမ်းအင် ဒုဝန်ကြီး ဥက္ကဌ အဖြစ် ပြန်လည်စတင်ကြောင်း၊ ထိုင်းနိုင်ငံရဲ့ လမ်းဖောက်လုပ်ဖို့ ချေးငွေလက်ခံတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကြေငြာသွား ပါတယ်။ မြန်မာ - ဂျပန် - ထိုင်း (၃) နိုင်ငံ ပြန်လည်စတင်မဲ့အကြောင်း စိတ်ဝင်စားစရာ ကြေငြာပါတယ်။

● သီလဝါ အထူးစက်မှုဇုံ
ဂျပန် ဂျိုင်ကာ JICA ဦးဆောင်လုပ်ကိုင်နေတဲ့ သံလျှင်သီလဝါ စက်မှုဇုံကတော့ အခြေခံလျှပ်စစ်ဓါတ်အားစက်ရုံများ လည် ပတ်နေပြီဖြစ်ပြီး ပိုလျှံလျှပ်စစ်များကို ရန်ကုန်တိုင်းအစိုးရထံ ရောင်းချနေပြီ ဖြစ်ပါတယ်။ ဂျပန်အဖွဲ့ကပဲ ဂျပန်ကုမ္ပဏီများနဲ့ နိုင်ငံတကာကုမ္ပဏီများကို အာမခံခေါ်ဆောင်တဲ့အတွက် ကုမ္ပဏီများစွာ လည်ပတ်နေပြီဖြစ်ပါတယ်။ အများစု ထုတ်ကုန်များ က မြန်မာနိုင်ငံပြည်တွင်း သုံးဖို့ဖြစ်ပါတယ်။

● ကျောက်ဖြူ အထူးစက်မှုဇုံ
တရုတ်နိုင်ငံရဲ့ ရွှေဓါတ်ငွေ နဲ့ ရေနံ ပိုက်လိုင်းများ စတင် အသုံးပြုနေပြီး၊ ကျောက်ဖြူဆိပ်ကမ်းအတွက် အထူးစက်မှုဇုံကို တရုတ်နိုင်ငံက ဦးဆောင်လုပ်ကိုင်နေပါတယ်။

● JICA ဂျပန်အစိုးရ အေဂျင်စီ အကူအညီများစွာ
တကမ္ဘာလုံးကို ဂျိုင်ကာ ဝန်ထမ်းပေါင်း ၁၈၄၅ ဦးရှိပြီး ၉၇ နိုင်ငံမှာ ရုံးဖွင့်ထားပါတယ်။ ၂ဝ၁၆ မှာ Grants(အကူအညီ) – Y98.0 billion, Technical Assistance(နည်းပညာအကူညီ) စုစုပေါင်း Y1791.5 billion = US$16.5 billion ပေးနေပါတယ်။ ဂျပန်အစိုးရ ODA Loan ကရယူပြီး၊ ရင်းနှီးမြှတ်နှံမှုကိုတော့ ဂျပန်ကုမ္ပဏီများကို လိုက်ရှာဖွေ ရင်းနှီးမြှတ်နှံစေပါတယ်။ အရှေ့တောင်အာရှအတွက် ၂ဝ၁၆ မှာ စုစုပေါင်း Y363.6 billion အသုံးပြုခဲ့တာ ဗီယက်နမ်နိုင်ငံက အများဆုံး Y185.7 billion ရပြီး၊ မြန်မာနိုင်ငံက Y30.3 billion = အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၈ဝ ရရှိပါတယ်။ မြန်မာနိုင်ငံ ချေးငွေမှတ်တမ်း ၂ဝ၁၇ အရ စုစုပေါင်း ဂျပန်ချေးငွေ ကန်ဒေါ်လာ ၂.၃၁ ဘီလျံ နဲ့ ဒုတိယအများဆုံး ငွေချေးပေးတဲ့ နိုင်ငံဖြစ်နေပါတယ်။ JICA ဂျပန်အကူညီ အများဆုံးရတဲ့ အရှေ့တောင်အာရှနိုင်ငံက ဗီယက်နမ်ဖြစ်ပါတယ်။ စုစုပေါင်းငွေရဲ့ ၅၂.၂ရာခိုင်နှုန်းကို ဗီယက်နမ် ရရှိထားပြီး၊ မြန်မာနိုင်ငံကတော့ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများပြီးရင် စတ္တုထ အများဆုံး ၈.၇ရာခိုင်နှုန်း ပဲရတဲ့ နိုင်ငံဖြစ်ပါတယ်။ ဗီယက်နမ်ကို မမှီနိုင်သေးပါဘူး၊ ဒါပေမဲ့ ၂ဝ၁၇ နောက်ပိုင်းမှာ ဂျပန်နိုင်ငံက ချေးငွေ ပိုပြီးများပြားစွာ မြန်မာနိုင်ငံကို ဝင်လာပါတယ်။ မြန်မာတနိုင်ငံလုံး လမ်း-တံတား လုပ်ငန်းများကို ဂျပန်ကုမ္ပဏီတွေ အုပ်စီးသွားပြီလို့မြန်မာခရိုနီ ကုမ္ပဏီများက ညည်းညူကြပါတယ်။ မြန်မာခရိုနီကုမ္ပဏီများနဲ့ နိုင်ငံခြား (တရုတ်) ဖက်စပ်လုပ်တာထက်စာရင် ဂျပန် ကုမ္ပဏီများလုပ်တာက ဈေးကြီးပါတယ်။ ဒါပေမဲ့ အရည်အသွေး စိတ်ချရပါတယ်။ JICA စီမံကိန်းတွေ အတူလုပ်ရင်း မြန်မာအင်ဂျင်နီယာ၊ စာရင်းစစ်များကို သင်တန်းများစွာ လက်တွေ့သင်ယူကြရပါမယ်။

● နိဂုံး (သုံးသပ်ချက်)
စီးပွားရေးလုပ်ငန်းကို အစိုးရကဦးဆောင်လုပ်မှ ဖြစ်ပါမယ်။ အစိုးရက စီးပွားလုပ်တတ်တဲ့ နိုင်ငံတကာမှာ ကင်းရှင်းတဲ့ မြန်မာစီးပွားရေးတိုင်ကွန်း Serge Pun @ ဦးသိမ်းဝေ နဲ့ စင်ကာပူကုမ္ပဏီများ ပါဝင်လာဖို့ စင်ကာပူ အစိုးရ ဝန်ကြီးဟောင်း ဂျော့ ခ်ျယိုး George Yeo တို့ပါဝင်တဲ့ “ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ” တည်ထောင်ခြင်း ကို ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ သူတို့စီမံခန့်ခွဲတဲ့ ကုမ္ပဏီ ရဲ့ ကန်ထရိုက်များကို တင်ဒါခေါ်တဲ့အခါ အစိုးရဌာနဆိုင်ရာက ကျောင်း၊ ဆေးရုံ၊ လမ်း၊ တံတားများ တင်ဒါနဲ့ များစွာ ခြားနားတဲ့အပြင် အရည်အသွေး စစ်ဆေးခြင်းမှာလဲ နိုင်ငံတကာအဆင့်ရှိလာမှာ ဖြစ်ပါတယ်။ မြန်မာလူငယ် ပေါင်း အမြောက်အများ အလုပ်အကိုင်များရရှိပြီး လေ့လာ၊သင်ကြား၊ အလုပ်လုပ်ရင်း တိုးတက်ကြီးပွားလာကြပါမယ်။ ကုမ္ပ ဏီငယ်များစွာ မကြာခင် ကြီးပွားတိုးတက်ချမ်းသာလာပြီး၊ ကန်ထရိုက်ရတဲ့ ကုမ္ပဏီများမှာလည်း လူငယ်ပညာရှင်များစွာ လစာ ကောင်းကောင်း ရရှိ တိုးတက်ကြီးပွားလာဖို့ မျှော်လင့်ပါတယ်။

ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ရန်ကုန်တဖက်ကမ်း ဒလဖက်ကိုလည်း ထည့်သွင်းထားပါတယ်။ ကမ္ဘာနိုင်ငံ မြို့ကြီးများ တိုးချဲ့မှု ရလဒ်များအရ မြစ်တဖက်ကမ်း ဒေသများကို လူများနေထိုင်ဖို့ သဘောမကျပါ။ စီးပွားရေးမြို့သစ်ဖြစ်လာဖို့ ရန်ကုန်မြို့သစ် Phase-1 ကတော့ အောင်မြင်မှာပါ။ Phase 2 ဒလဖက်ကမ်းကတော့ အောင်မြင်ဖို့မလွယ်ပါ။ ရန်ကုန်-မန္တ လေး-ပြည် ဖက်ကိုသွားတဲ့ လမ်းမတွေ ရှိတဲ့နေရာပဲ စီးပွားရေးတိုးတက်လာပြီး၊ ဒလဖက်ပိုင်းကတော့ ဂိုထောင်များနဲ့လယ်ယာသားငါးလုပ်ငန်းများအတွက်ပဲ ဖြစ်ပါလိမ့်မယ်။

စနစ်ကောင်းတစ်ခု တည်ဆောက်ဖို့ဆိုတာ ခေါင်းဆောင်ကောင်း တစ်ယောက်ကြောင့် ဆိုတာ တရုတ် တိန်ရှောက်ဖိန်၊ အမေရိကန် ဂျော့ဝါရှင်တန်၊ စင်ကာပူ လီကွမ်းယူ စတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ကြောင့် ဖြစ်ပါတယ်။ ဒီ “ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ” အောင်မြင်ဖို့ ဝန်ရံရပါမယ်။

လူကောင်းသူကောင်းများစွာ ပါဝင်လာခြင်းက အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မျက်နှာကြောင့် ဆိုတာ ငြင်းမရပါဘူး။ လူတော်လူကောင်း ခေါင်းဆောင်များစွာ ပျိုးထောင်ပေးရင် ရင်းနှီးမြှုတ်နှံမှုများစွာ ရောက်လာမှာဖြစ်ပါတယ်။ တပ်မတော်ရဲ့ ပူးပေါင်းကူညီမှုက အလွန်အရေးကြီးပါတယ်။

မကြာခင်မှာပဲ စံပြ ဒီစံပြ “ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ” ကပဲ မှန်ကန်တဲ့ စာရင်းစစ်စနစ်၊ တရားမျှတတဲ့အမြတ်ငွေနဲ့ အတူ နိုင်ငံတော်ကို အခွန်ပေးခြင်းတွေမှာ စံပြဖြစ်စေဖို့ မျှော်လင့်ပါတယ်။

ဇော်အောင်
၁ ဧပြီ၊ ၂ဝ၁၇

ကာတွန်းဆွေသားရဲ့ ကောက်နိုင်လွန်းသူ

$
0
0

ကာတွန်းဆွေသားရဲ့ ကောက်နိုင်လွန်းသူ
(မိုးမခ) ဧပြီ ၂၊ ၂၀၁၈

နေလွဏ်းအိမ် ● အဖိုးတန်စက္ကူ

$
0
0

နေလွဏ်းအိမ် ● အဖိုးတန်စက္ကူ
(မိုးမခ) ဧပြီ ၂၊ ၂၀၁၈

အချိန်တွေဘဝတွေကို အဲ့ဒီအတွက်မြှုပ်နှံခဲ့ကြ
စီးရာမမှန်တဲ့ရေလှိုင်းတွေကြား
ငါးဖြစ်ရတဲ့ဘဝဟာ ငါးစာပဲဖြစ်ခဲ့တယ်
လမ်းဘေးကလေးငယ်တွေကအစ
တောင်းစားနေသူတွေအဆုံး
တစ်ကိုယ်ရေစာ ဆာလောင်မှုအတွက်
သိက္ခာတရားတွေကို ချကျွေးခဲ့ကြ
တစ်ထောင်တန်တွေဟာ
လူကုံထံတွေအတွက် အပေါစားဆိုပေမယ့်
ဘဝတချို့အတွက် ဘုရားသခင်ပဲ
ကျကွဲသွားတဲ့မနက်ဖြန်တွေထဲ
ကြယ်စင်တလုံး အရည်ပျော်သွားတယ်
ညာဘက်လက်က တက်တူးပုံကို အသက်သွင်းပြီး
တောနက်ထဲကို အစိမ်းလိုက်ခုန်ချ
ကိုယ့်ကိုယ်ကိုအတွက်
ပြီးတော့ မိသားစုအတွက်
တရားခြင်းတွေကိုင်ဆောင်လို့
အဖိုးတန်စက္ကူနောက်
ဒုန်းစိုင်းလိုက်ခဲ့တယ်။ ။

 နေလွဏ်းအိမ်

မောင်မောင်စိုး ● နှင်းဆီနီအိပ်မက်များ (၁၉၇၅ - ၁၉၈ဝ) - အပိုင်း (၆၄)

$
0
0
မောင်မောင်စိုး ● နှင်းဆီနီအိပ်မက်များ (၁၉၇၅ - ၁၉၈ဝ) - အပိုင်း (၆၄)
(မိုးမခ) ဧပြီ ၂၊ ၂၀၁၈

● ၈၁၅ စစ်ဒေသ ဖွဲ့စည်းခြင်း
ဆွေးနွေးသဘောတူညီချက်များရပြီးနောက် တရုတ်ပြည်နယ်စပ်တွင်လေ့ကျင့် သင်တန်းပေးထားသောအခါ ပြောက်ကျား ၃ဝဝ ကျော်နှင့် CPB ကေဒါ အင်အား ၄၂ ယောက်အားပူးပေါင်းပြီး ၈၁၅ စစ်ဒေသအား ဖွဲ့စည်းခဲ့သည်။ သြဂုတ်လ ၁၅ ရက်နေ့တွင် ထူထောင်ခဲ့သည့် CPB ပါတနေ့အထိမ်းအမှတ်အဖြစ် စစ်ဒေသအမည်ကို ပေးအပ်ခဲ့သည်။

CPB မှလာသူများကို ရဲဘော်ဖေသောင်း ခေါ် ဦးဘသန်းက ဦးဆောင်သည်။ ရဲဘော်ဖေသောင်းသည် ဘေကျင်းပြန် တ ယောက်ဖြစ်သည်။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလက မြန်မာပြည်သို့ ပြန်ရောက်ပြီး မြစ်ဖျားတိုင်းတွင် တာဝန်ပေး ခံရသူဖြစ်သည်။ မြစ်ဖျားတိုင်းပျက်သောအခါအရှေ့မြောက်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ၈၁၅ စစ်ဒေသအား ဦးဆောင်ရန် တာဝန်ပေးအပ်ခံရပြီး ၁၉၇၅ ခုနှစ်တွင် ပါတီဗဟိုကော်မတီဝင်တဦးဖြစ်လာသည်။

၈၁၅ စစ်ဒေသ နိုင်ငံရေးမှူး ရဲဘော်ဖေသောင်း ခေါ် ဦးဘသန်း၊ တပ်မှူး ရဲဘော်ဇော်ဆိုင်း  (ကွေ့ကျိုးရဲဘော်ဟောင်း)၊ ဒုနိုင်ငံရေးမှူး ရဲဘော်သန်းမောင်  (စစ်ချွမ်းရဲဘော်ဟောင်း)၊ စစ်ဦးစီးဌာနမှူး ရဲဘော်စိုင်းလင်း၊ နိုင်ငံရေးဌာန ဌာနမှူး ဦး ကျော်သန်း ခေါ် အောင်ဖေလေး (စစ်ချွမ်းရဲဘော်ဟောင်း)၊ နိုင်ငံရေးဌာနဒုဌာနမှူး ဦးအောင်ဖေကြီး (စစ်ချွမ်းရဲဘော် ဟောင်း) စသည့် CPB မှ လာသည့်ကေဒါများဖြင့်ဦးဆောင်ဖွဲ့စည်းပြီး အခါပြောက်ကျား ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးလော်ရီဖြိုး၊ ဦးဟယ်ရွင်၊ ဦးချစ်ဖြောင်တို့အား ၈၁၅ စစ်ဒေသပါတီကော်မတီဝင်များအဖြစ် တာဝန်ပေးခဲ့သည်။

CPB မှလာသည့် တပ်ဖွဲ့ဝင် ၄၂ ယောက်တွင် တရုတ်၊ ဗမာ၊ ရှမ်း၊ ဝ လူမျိုးစုံပါလာပြီး ထောက်ပံ့ရေး၊ ဆေးရုံ၊ ဆက် သွယ်ရေးစသည့် ထောက်ကူပြုတပ်ဖွဲ့များတွင် တာဝန်ပေးထားခဲ့သည်။ ထောက်ပံ့ရေးမှူးအဖြစ် စစ်ချွမ်းရဲဘော်ဟောင်း ဝမ်ပူကျန်း (ဗမာနံမည်မေ့နေ)၊ ဒုဌာနမှူးဦးလှမောင်  (စစ်ချွမ်းရဲဘော်ဟောင်း)၊ ဆေးရုံအုပ်အဖြစ် ဦးကျော်လွင်  (စစ်ချွမ်းရဲ ဘော်ဟောင်း)၊ ဒုဆေးရုံအုပ်အဖြစ် လော်မေရင်း (ရဲဘော်သန်းမောင်၏ဇနီး) တို့က တာဝန်ယူသည်။ ကြေးနန်း ဆက်သွယ် ရေးအား ရဲဘော်ဖေသောင်းနှင့်အတူ မြစ်ဖျားတိုင်းမှပါလာသူများဖြစ်သည့် ကိုကျော်ဆန်း ခေါ် ကိုအောင်နိုင်၊ စိုင်းငင်းခေါ် ထွန်းချို၊ တုန်စစ်ဖန် (အောင်ဖေကြီး၏ဇနီး) တို့က တာဝန်ယူသည်။ စစ်ဒေသရုံးအုပ်အဖြစ် မသန်းသန်းဝင်း  (ဟွာချောင် ရဲဘော်) ကတာဝန်ယူသည်။

ထို့အတူ CPB တပ်ဖွဲ့ဝင် ၄၂ ဦးနှင့်အတူ ပါလာသည့် လီဝေ့မင်၊ လီလောက်ချီ၊ လင်ဟူဝှေ့၊ လီကျင့်မင်၊ လီတဲ့စင်း၊ ယန်ဟုန် ရှင်း၊ ပေါက်ယိုဝှါ၊ စသည့် ဝ လူမျိုး ရဲဘော်များ၊ လီလောက်ဆစ်၊ လီဆုဟွာစသည့် ယီလူမျိုး ရဲဘော်များသည်လည်း တိုက် ခိုက်ရေးတပ်ဖွဲ့များတွင် တာဝန်ယူကြသည်။

တိုက်ခိုက်ရေးတပ်ဖွဲ့အား မူလအခါပြောက်ကျား အင်အား ၃ဝဝ ခန့်အား အခြေပြု၍ တပ်ခွဲ ၁၊ တပ်ခွဲ ၃၊ တပ်ခွဲ ၅ ဟူ၍ ခြေလျင်တပ်ခွဲ ၃ ခွဲနှင့်ဌာနချုပ်အထူးတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့တို့ကို ဖွဲ့စည်းသည်။ အမြောက်တပ်ဖွဲ့တွင် ၆ဝ မမ မော်တာ၊ ၅၇ မမ နောက်ပွင့်၊ ၈၂ မမမော်တာနှင့် ပွိုင့် ၅ စက်သေနတ်တို့ပါဝင်ကြသည်။ သို့နှင့် မူလက မီးကျိုးမောင်းပျက် သေနတ် များ၊ တူမီးများ၊ ဒါးများဖြင့် ဖွဲ့စည်းထားသော အခါပြောက်ကျားတပ်ဖွဲ့သည် ခေတ်မီလက်နက်နှင့် တစုံတရာစနစ်ကျ သည့် လက်ရုံးတပ်ဖွဲ့များ၊ သစ်လွင်သည့်ဖွဲ့စည်းမှုများနှင့်အတူ CPB တပ်ဖွဲ့အဖြစ်ပေါ်ထွက်လာခဲ့သည်။ နောင် ရှမ်းပြည်အရှေ့ပိုင်း တွင် တိုက်ရည်ခိုက်ရည်ရှိသည် CPB "ကော်တပ်"ဟူသော အမည်ဖြင့်ထင်ရှားလာခဲ့တော့သည်။  (ထိုဒေသရှိ အခါ ခေါ် အာခါ လူမျိုးများကို ယခင်က အီကောဟုခေါ်ကြသည်။ အီကောအမည်မှ အဖျားဆွတ်၍ ကောတပ်၊ ကော်တပ်ဟုခေါ်ကြခြင်း ဖြစ်သည်။ ယခုအခါ အဆိုပါ အီကောဟူသောအမည်ကို တိုင်းရင်းသားတို့ကိုယ်တိုင် လက်ခံခြင်းမရှိ၍ အခါ ဝါ အာခါဟူ၍ ပြောင်းလဲသုံးစွဲခဲ့ပြီဖြစ်ပါသည်။)

● ၈၁၅ စစ်ဒေသထူထောင်ခြင်း
သို့နှင့် ၁၉၇၁ ခုနှစ် အောင်တိုဘာလ ၅ ရက်နေ့တွင် မိုင်းစော့၊ မိုင်းဟဲဒေသ အရှေ့ဖက်အစွန်ဆုံး တရုတ်နယ်စပ်ရှိ ပါ့စာရွာ၊ ဖာလုံရွာများသို့ စတင်ဝင်ရောက်ခဲ့ပြီး ပါ့စာရွာတွင် ၈၁၅ စစ်ဒေသဌာနချုပ်အား အခြေပြုခဲ့သည်။ CPB ၈၁၅ စစ်ဒေသတပ်ဖွဲ့၏ ပထမဆုံးတိုက်ပွဲမှာ ၁၉၇၁ ခုနှစ်နိုဝင်ဘာ ၁၄ ရက်နေ့တွင်ဖြစ်ပွါးခဲ့သည်။ လာအိုနယ်စပ်ရှိ ကူမင်တန်နှင့်ပေါင်းနေသော အခါအဖွဲ့အားဦးဆုံးစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လာအိုရှိ CIA နှင့်ပေါင်းသော အခါအဖွဲ့များကတော့ လာအိုနယ်တွင်း ဝင်သွားခဲ့ပြီဖြစ်သည်။ ထိုတိုက်ပွဲမှအစပြု၍ ၁၉၇၁ ခုနှစ်အကုန်တွင် ယခု နန်းပန်းဒေသဟုခေါ်တွင်သော မိုင်းစော့၊ မိုင်းဟဲ ဒေသအား ၈၁၅ တပ်ဖွဲ့က ထိမ်းချုပ်ထားနိုင်ခဲ့သည်။

ကူမင်တန်တပ်ကြွင်းတပ်ကျန်များအား မောင်းထုတ်ပြီးနောက် ၁၉၇၁ ခုနှစ် ဒီဇင်ဘာလတွင် အစိုးရစစ်ကြောင်းတကြောင်း သည် မိုင်းယောင်း၊ မိုင်းယုမှတဆင့် မိုင်းဟဲအထိ ဝင်ရောက်လာခဲ့ပြီး စခန်းထိုင်ခဲ့သည်။ သို့နှင့် ၁၉၇၂ ခုနှစ်မှစ၍ အစိုးရတပ်နှင့် တိုက်ပွဲများစတင်ဖြစ်ပွါးခဲ့တော့သည်။ မိုင်းယုအနီး ဝမ်ဖြဲ၊ ပန်လယ်တို့တို့တွင် တိုက်ပွဲဖြစ်ပွါးပြီး သုံ့ပမ်း ၂ ဦးစတင်ဖမ်းမိခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ၈၁၅ တပ်ဖွဲ့များ ဝမ်စော့၊ ဝမ်ဖိုင်တောင်ကြော (မိုင်းစော့၊ မိုင်းဟဲဒေသ အနောက်ဖက်၊ မိုင်းယု မြောက်ဖက်) သို့ စတင်ဝင်ရောက်ခဲ့ပြီး နယ်မြေသစ်များ စတင်ထိမ်းချုပ်သည်။ ဝမ်စော့၊ ဝမ်ဖိုင်ရွာများသည် အခါရွာ များမဟုတ်ဘဲ လွယ်ရွာများဖြစ်ကြသည်။ အိမ်ခြေ ၂ဝဝ ကျော်ရှိသည့် ရွာကြီးများဖြစ်သည်။ မိုင်းစော့၊ မိုင်းဟဲဒေသ တွင်အခါ ရွာ အများစုဖြစ်သော်လည်း မိုင်းစော့၊ မိုင်းဟဲအနောက်ဖက်တကြောတွင် ဝမ်စော့၊ ဝမ်ဖိုင်အပါ လွယ်ရွာ ၁၄ ရွာခန့်ရှိသည်။

ဝမ်စော့၊ ဝမ်ဖိုင်တောင်ကြော၏ တောင်ခြေ  (ဝမ်စော့၊ ဝမ်ဖိုင်၏တောင်ဖက်ခြမ်း) နမ့်လွေချောင်းတဝိုက်တွင် မိုင်းဝ၊ ကျိန်း ခမ်း၊ ကျိန်းရဲစသည့် ရှမ်းရွာများရှိသည်။ ကျိန်းရဲကား နမ့်လွေချောင်း မြောက်ဖက်တွင်ရှိပြီးချောင်းတဖက်ကမ်းတွင် အစိုးရ တပ်များထိမ်းချုပ်ထားသည့် မိုင်းယုရှိသည်။ထိုစဉ်က မိုင်းဝ၊ ကျိန်းခမ်းကွင်းအတွင်း မိုင်းဝစော်ဘွားအနွယ် စဝ်ပူပန်ဦးစီးသည့် ရှမ်းလက်နက်ကိုင်များရှိသည်။ ထိုဒေသသို့ CPB ၈၁၅ တပ်ဖွဲ့များဝင်ရောက်လာသည့်အခါ ရှမ်းလက်နက်ကိုင်အများပိုင်းထွက် ပြေးကြသော်လည်း စဝ်ပူပန်နှင့် အင်အားအနဲငယ်မှာ ထွက်ပြေးခြင်းမရှိပေ။ သို့နှင့် CPB ၈၁၅ တပ်ဖွဲ့သည် ဝမ်စော့၊ ဝမ်ဖိုင် ရွာများမှ ပလောင်များ၊ မိုင်းဝ၊ ကျိန်းခမ်းမှ ရှမ်းလက်နက်ကိုင်များအား စည်းရုံးပြီး တပ်ခွဲ ၇ ဟူ၍ တပ်ဖွဲ့သစ်တခု တိုးချဲ့ဖွဲ့ စည်းနိုင်ခဲ့သည်။

တချိန်တည်းတွင် မိုင်းဝ၊ ကျိန်းခမ်းကွင်း၏ အနောက်တောင်ဖက်တွင်ဝမ်ကျင်း စမ်တောက်ဟူသည့် လွယ်ရွာ ၃၆ ရွာခန့်ရှိ သည့် ပေ ၄ဝဝဝ နှင့် ၅ဝဝဝ ကျော်မြင်မားသည့် တောင်ကြောရှိသည်။  (မှတ်ချက်။ ၈၁၅ စစ်ဒေသအတွင်းရှိ လွယ်များအား အချို့ပလန်ဟုခေါ်ဆိုကြပြီး ပလောင်မျိုးနွယ်ဟူ၍ဆိုသူများလည်းရှိသည်။ အချို့ကလည်း လွယ်လ ခေါ် ဝ မျိုးနွယ်ဟုလည်း ဆိုကြသည်။ ၎င်းတို့၏ဘာသာစကားမှာလည်း ဝ နှင့်တူသည်လည်းရှိသည်။ တအာင်းပလောင်နှင့်တူသည်လည်း ရှိသည်။ ဤအချက်နှင့်ပတ်သက်၍ တိုင်းရင်းသားမျိုးနွယ်စု ဆင်းသက်ပုံနှင့် ဘာသာစကားသုတေသီများ စနစ်တကျသုတေသနပြု ရမည့် အချက်ဖြစ်ပေတော့သည်။)

ဝမ်ကျင်စမ်တောက် တောင်ကြောတွင် ကူမင်တန်များနှင့်၎င်း၊ ၁၉၅၈ ခုနှစ် ခုန်ပျံကျော်လွှားရေးကာလက ထွက်ပြေးလာသော တရုတ်ပြည်မှမြေရှင်မိသားစုနှင့်၎င်း ပူးပေါင်း လွယ်လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ရှိသည်။ အိုက်စူး  (လွယ်)၊ အိုက်စမ်စူး (လွယ်)၊ အာလဖီရှီ (အခါ) စသည့် ၃ ဦးက အသီးသီး ခေါင်းဆောင်ကြသည်။ ဝမ်ကျင် စမ်တောက်တောင်ကြောတွင် လွယ် ရွာ ၃၆ ရွာရှိပြီး အခါရွာ ၅ ရွာခန့်သာရှိသည်။ အခါပြောက်ကျားများကို အခြေခံထားသည့် ၈၁၅ စစ်ဒေသအဖို့ ထိုဒေသကို စည်းရုံးရန်အတန်ငယ်ကြိုးပမ်း အားထုတ်ရန်လိုနေသည်။ဝမ်စော့ ဝမ်ဖိုင်ရှိ လွယ်ရွာများမှာ တရုတ်နယ်စပ်တွင်ရှိ၍ စည်းရုံး သိမ်းသွင်းရန် မခက်ခဲခဲ့သော်လည်း ဝမ်ကျင် စမ်တောက်ရှိ လွယ်ရွာများမှာ ကူမင်တန်နှင့် ပူးပေါင်းနေသည်သာမက အစိုးရ စစ်ကြောင်းများနှင့်လည်း နီးကပ်နေသည်။ သာမန်စည်းရုံးသိမ်းသွင်းရုံနှင့် မရနိုင်ပေ။ တိုက်ခိုက်ရန်လိုအပ်နေခဲ့သည်။

သို့နှင့် ၈၁၅ တပ်ဖွဲ့များသည် ၁၉၇၂ ခုနှစ် အောက်တိုဘာလတွင် ဝမ်ကျင်းရှိ လွယ်ကာကွယ်ရေးများကို စတင်တိုက်ခိုက်ခဲ့ သည်။ အဆိုပါတိုက်ခိုက်မှု များဖြစ်ပွါးပြီး အစိုးရတပ် စစ်ကြောင်းတကြောင်းသည် မိုင်းမ ကွင်းမှဝမ်ကျင်း စမ်တောက်တောင် ကြောသို့ ဝင်ရောက်နေရာယူလာခဲ့သည်။ ၈၁၅တပ်ဖွဲ့များက ဝမ်ကျင်းအရှေ့ဘက် ထပ်ပုံရွာတဝိုက်တွင် တပ်စွဲပြီး ပြန်လည် ရင်ဆိုင်ထားခဲ့ရတော့သည်။

၈၁၅ တပ်ဖွဲ့များသည့် မိုင်းစော့၊ မိုင်းဟဲဒေသကို သိမ်းပိုက်ပြီးနောက်ထိုဒေသ အနောက်ဖက်ရှိ ဝမ်စော့၊ ဝမ်ဖိုင်နှင့် မိုင်းဝ၊ ကျိန်းခန်း ဒေသကိုဆက်လက်ချုပ်ကိုင်ခဲ့သည်။ မိုင်းဝတောင်ဖက်သို့ထိုးဆင်းပါက အစိုးရတပ်များထိမ်းချုပ်ထားသော မိုင်း ယု၊ မိုင်းယောင်းဒေသဖြစ်သည်။ မိုင်းဝ၊ ကျိန်းခန်း အနောက်တောင်ဖက်တွင် အထက်တွင်ဖေါ်ပြခဲ့သည့် လွယ်ကာကွယ် ရေးများချုပ်ကိုင်ထားသော ဝမ်ကျင်းစမ်တောက်ရှိသည်။ မိုင်းဝ၊ ကျိန်းခန်း၏အနောက်ဖက်တောင်ကြောများကို ဖြတ်ဆင်း သွားပါက မိုင်းလားကွင်းနှင့်မိုင်းမကွင်းရှိသည်။ အဆိုပါမိုင်းလားနှင့် မိုင်းမကွင်းသည် ဝမ်ကျင်း၊ စမ်တောက် တောင်ကြောမှ ဆိုလျင် အနောက်မြောက်ဖက်တွင်ရှိသည်။

မိုင်းလားကွင်းအတွင်း၌ ဝမ်လုံ၊ ဝမ်တုံ၊ ဝမ်ကျင်ဖ၊ ဝမ်မိုင်တောက်စသည့် ရှမ်းရွာများရှိသည်။ မိုင်းမကွင်းအတွင်း၌ ဝမ်ပေါင်၊ ဝမ်ကော့၊ ဝမ်ဆာ၊ ဝမ်ရှို၊ ဝမ်လျံ၊ ဝမ်ကတ်၊ ဝမ်ပုံ၊ ဝမ်တောက်၊ ဝမ်လောင်စသည့် ရှမ်းရွာများရှိသည်။ မိုင်းမနှင့်မိုင်းလားသည် တောင်များအလယ်မှ မြေပြန်လွင်ပြင်ဖြစ်ပြီး နမ့်မချောင်း ဝဲယာတွင် ရွာများတည်ထားသည်။ နမ့်မချောင်း ဝဲယာတွင်လယ် ကွင်းများပေါများပြီး ဆန်ရေစပါးပေါများသည်။ မိုင်းလားကွင်းသည်တရုတ်နယ်စပ်၌ရှိပြီး မိုင်းလား အနောက်တောင်ဘက် ဆက်ရက်တွင် မိုင်းမကွင်းရှိသည်။ မိုင်းမကွင်းဆုံးလျင် လွယ်ကြူ ဆိုင်း၊ လွယ်ဆမ်ဆုံ တောင်ကြောများအစီအရီရှိသည်။ ထိုတောင်ကြောများ၏ အခြေတွင် နမ့်လွေချောင်းကဝိုင်းပတ်စီးဆင်နေပြီး တဖက်ကမ်းကတော့ ကျို င်းတုံ အရှေ့ဖက်က တောင်ကြောများဖြစ်သည်။  (ယခုတော့ အဆိုပါတောင်ကြောများကြား နမ့်လွေချောင်းပေါ်တွင် တာပင်းတံတားတည်ဆောက် ထားသည်) ။ မိုင်းလားကွင်း၏အနောက်မြောက်ဖက်တွင် မိုင်းယန်းမြို့နယ်ရှိသည်။

၁၉၇၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မိုင်းလာကွင်းအတွင်း၌ ကျောက်ငါးခမ်း၏ရှမ်းတပ် တပ်မဟာ ၁ ရင်း ၁ မှ စဝ်အူကျန်းဦးစီး ရှမ်းလက်နက်ကိုင်များရှိသည်။ မိုင်းယန်း ဆီလူးဒေသတွင် စဝ်ခွန်မြင့်ဦးစီး ရှမ်းတပ် တပ်မဟာ ၃ မှရင်း ၃ ရင်းရှိသည်။ မိုင်းမကွင်း၏ အပေါ်ကုန်းတွင် အစိုးရတပ်စခန်းရှိပြီးမိုင်းမကွင်းအတွင်းရှိ ဝမ်ဆာရွာတွင် အစိုးရအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်း တို့ရှိသည်။

ဤသို့သောအခြေအနေတွင် အစိုးရတပ်နှင့်တဖက်ကရင်ဆိုင်၊ တဖက်ကလည်း ကူမင်တန်နှင့်ပေါင်းသောအဖွဲ့များကို တိုက်ခိုက်၊ တဖက်ကလည်းတိုင်းရင်းသားအဖွဲ့များကို စည်းရုံးသိမ်းသွင်းခြင်းဖြင့် ၈၁၅ စစ်ဒေသသည် ရှုပ်ထွေးသောနယ်မြေ အခြေအနေကို ဖြတ်သန်းနေရပေတော့သည်။ မိုင်းလားကွင်း ၈၁၅ တပ်ဖွဲ့များဝင်ရောက်လာသောအခါ ရှမ်းတပ်မှ တပ်မ ဟာမှူး စဝ်အူကျန်းဦးစီးအများစုသည် ကူမင်တန်နှင့်ပူးပေါင်းပြီး တာပင်းမြောက်ဖက် ဝမ်ရှင်း၊ ဝမ်ညဲဘက်တွင် သွားရောက် အခြေပြုသည်။

၁၉၇၃ ခုနှစ်ဆန်းတွင် ၈၁၅ စစ်ဒေသ စစ်ဦးစီးမှူးစိုင်းလင်း၊ နိုင်ငံရေးဌာနဒုဌာနမှူးရဲဘော်အောင်ဖေကြီးနှင့် တပ်စုမှူးစမ်ပေ့ (ယခု ဒုဥက္ကဌ) ဦးစီးတပ်စုတစုသည် မိုင်းလားကွင်းအတွင်းဝင်ရောက်ခဲ့ပြီး မိုင်းယန်းအရှေ့ဖက် ဆီလူးဒေသတွင် အခြေပြုနေသည့်စဝ်ခွန်မြင့်ဦးစီးသည့် ရှမ်းတပ်နှင့် အဆက်အသွယ်ပြုလုပ်ခဲ့သည်။ စဝ်ခွန်မြင့်၊ စိုင်းနော်ပန်းတို့နှင့် စိုင်းလင်းတို့အဖွဲ့ဦးစွာတွေ့ဆုံပြီးနောက် ၈၁၅ စစ်ဒေသနိုင်ငံရေးမှူးရဲဘော်ဖေသန်းပါထပ်မံလိုက်လာပြီး စဝ်ခွန်မြင့်တို့နှင့် မိုင်းလားတွင်တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုများကို ၁၉၇၃ ဇန္နဝါရီလအတွင်းပြုလုပ်ခဲ့ပြီး တပ်ပေါင်းစုဖွဲ့စည်းရန် သဘော တူညီမှုများရရှိပြီးနောက် ဖေဖဝါရီနှင့်မတ်လများတွင် စဝ်ခွန်မြင့်အဖွဲ့မှ အင်အား ၁ဝဝ အား စတင်၍စစ်လေ့ကျင့်ပေးပြီး လက်နက်တပ်ဆင်ပေးခဲ့သည်။

တဆက်တည်းတွင် မိုင်းယန်းနယ်ရှိ ကာကွယ်ရေးခေါင်းဆောင် အိုက်အူလအား ၈၁၅ စစ်ဒေသမှ စိုင်းလင်းနှင့် စဝ်ခွန်မြင့် အဖွဲ့မှ ခွန်ဆာတို့ သွားရောက်ဆွေးနွေးရာ တဖွဲ့နှင့်တဖွဲ့တိုက်ခိုက်ခြင်းမပြုရန် သဘောတူညီချက်ရရှိခဲ့သည်။

၁၉၇၁ ခုနှစ် နှစ်ကုန်မှ စတင်လှုပ်ရှားခဲ့သော ၈၁၅ စစ်ဒေသသည်အခါ၊ လွယ်၊ ရှမ်းစသည့် မတူသော လူမျိုးများနေထိုင်သည့် ဒေသတွင်းလှုပ်ရှားရင်း မတူသောတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား အစိုးရတပ်၊ ကူမင်တန်တို့နှင့်အပြို င်စည်းရုံး သိမ်းသွင်းရင်း တနှစ်ကျော်ခန့်အချိန်ယူခဲ့ရသည်။ မူလ တပ်ခွဲ ၃ ခွဲအပြင် တပ်ခွဲ ၇ အားထပ်မံဖွဲ့စည်းနိုင်ခဲ့သည်။ ထို့ပြင်တပ်စု ၂  စုပါ  အထူးတပ်ဖွဲ့နှင့် အမြောက်တပ်ခွဲအားလည်းဖွဲ့စည်းထားနိုင်ခဲ့သည်။ ထို့ပြင် ထိမ်းချုပ်ထားသော ဒေသစိုးမိုးရေး အတွက် ဒေသတပ်ကိုလည်း သီးခြားထပ်မံဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။ သို့နှင့် ၁၉၇၁ ခုနှစ် နှစ်ကုန်ပိုင်းက ၈၁၅ စတင်ဖွဲ့စည်း စဉ်က ၃ဝဝ ကျော်ရှိသည်မှ ၁၉၇၃ ခုနှစ် နှစ်ဆန်းတွင် အင်အား ၅ဝဝ ကျော် ၆ဝဝ နီးပါးရှိလာပြီး မိုင်းယန်း၊ ဆီလူး ဒေသရှိ စဝ်ခွန်မြင့်၊ စဝ်နော်ပန်းတို့ ဦးစီးသည့် ရှမ်းတပ်အားလည်း စည်းရုံးပြီး တပ်ပေါင်းစုဖွဲ့စည်းထားနိုင်ပြီဖြစ်သည်။

ထိုသို့ စည်းရုံးဖွဲ့စည်းထားသည့်အခြေခံပေါ်မှ ၁၉၇၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပထမဆုံး မိုင်းယန်းတိုက်ပွဲနှင့်အတူ ၈၁၅ စစ်ဒေသ၏ တိုက်ပွဲများတောက်လျောက်ဆိုသလို ဖြစ်ပွားခဲ့ပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး

ဓာတ်ပုံ - ရဲဘော်ဖေသောင်း ခေါ် ဦးဘသန်း

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၂၈)

$
0
0
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၂၈)
(မိုးမခ) ဧပြီ ၂၊ ၂ဝ၁၈
သမတအရသာနှင့် မန်းဝင်းမောင်

(၁)
၁၉၅၇ ခု၊ မတ်လ။
ကျွန်တော့်တစ်သက်တွင် ပထမဆုံးအကြိမ် စာမေးပွဲကျဖူးသော Ist Year B.Sc (Engg) စာမေးပွဲ စတင်ဖြေဆိုနေရချိန်ဖြစ်သည်။ ကျောင်းမှန်မှန်မတက် စာမကျက်၊ တကသ သို့မူနေ့စဉ်ရောက် သတင်းစာတွေ မပျက်မကွက်ဖတ် နိုင်ငံရေးအကြောင်း ပြောဆိုဆွေးနွေးကြသည့်ထဲ နားထောင်တန်နားထောင် အခွင့်သာလျှင် ဝင်ပါနှင့်မို့ စာမေးပွဲခန်းသို့ပင် မန်းဝင်းမောင်က ကျွန်တော့်ခေါင်းထဲ လိုက်ပါလာ၏။

ဒေါက်တာဘဦး သမတသက်တန်း ကုန်ဆုံးပြီမို့ နောက်တစ်ယောက် ပါလီမန်ပြည်သူ့လွှတ်တော်က ရွေးကောက်တင် မြှောက်ကြရမည်။

(၂)
ကရင်တိုင်းရင်းသား အလှည့်ကျ၍ သမတလုပ်ရန် ဝန်ကြီးမန်းဝင်းမောင် အားဝိုင်းဝန်းနားချ၊ သူကလည်းကြောက်အကန် ငြင်းနေပုံသတင်းစာများက ဝေဝေဆာဆာဖော်ပြသည်။ ကျွန်တော်တို့ဖတ်ကြရ၏။ သဘောအကျဆုံးက ဘောလုံးပွဲကြိုက် သူမို့ ဘောလုံးပွဲမကြည့်ရလျှင် သမတ မလုပ်နိုင်ဟု ဇွတ်အတင်းငြင်း၏။

ထိုစဉ်က မန်းဝင်းမောင်သည် အာဏာရ ဖဆပလ အစိုးရအဖွဲ့တွင် သယ်ယူပို့ဆောင်ရေး ဝန်ကြီးပါ။

ရန်ကုန်မြို့ အောင်ဆန်းကွင်း ပထမတန်း ဘောလုံးပြိင်ပွဲ၌ သူ့ဝန်ကြီးဋ္ဌာနက မီးရထားအသင်းနှင့် ဧရာဝတီ(ရေကြောင်း)အသင်း တို့ပါဝင်ယှဉ်ပြိုင်ခွင့် ရနေကြချိန်ပါ။ အဲဒီဘောလုံအသင်း နှစ်သင်းကန်တိုင်း မရရအောင်အချိန်ယူ မှန်မှန်လာကြည့်ပြီး နိုင်တဲ့အသင်းကို ဆုငွေ ၁ဝဝိ ( အဲဒီအချိန်က ရွှေတကျပ်သား ၂၄ဝိ) အမြဲမပြတ်ပေး၏။

မန်းဝင်းမောင် ဘောလုံးပွဲ ဘယ်လောက်ကြိုက်သလဲဆိုတာ သိလောက်ပါပြီ။

သမတဖြစ်လည်း ဘောလုံးပွဲကြည့်ခွင့်ပြုပါမည်ဟု ဖဆပလ တစ်ဖွဲ့လုံးကအာမခံ၊ ပါလီမန်ကသဘောတူနှင့် အသက် (၄၁) နှစ် မပြည့်တပြည့်အရွယ် ဝါရင့်ဝန်ကြီး မန်းဝင်းမောင်အား ပြည်ထောင်စု သမတမြန်မာနိုင်ငံတော်၏ တတိယသမတအဖြစ်ဖြစ် ၁၉၅၇ ခု၊ မတ်လ (၁၃) ရက်နေ့တွင် ပါလီမန်လွှတ်တော်က ဖဆပလ၊ ပမညတ စသဖြင့် တညီတညွတ်တည်း တင်မြှောက်လိုက်ကြသည်။

သမတ မန်းဝင်းမောင်ဖြစ်လာပါပြီ။

(၃)
မန်းဝင်းမောင်အား ဟင်္သာတခရိုင်၊ ကျုံပျော်မြို့တွင် ၁၉၁၆ ခု၊ နှစ်ဧပြီလ (၁၇)ရက်နေ့၌မွေး၏။

ဒုတိယကောလိပ် သပိတ်ကာလတွင် ရန်ကုန်တက္ကသိုလ် Judson College ကျောင်းသားအဖြစ် ပါဝင်ဆင်နွှဲခဲ့ပြီး ၁၉၃၇ ခု၊ တွင် B.A အောင်သည်။ မြန်မာပြည်ကို သိမ်းပိုက်အုပ်စိုးနေသော ဖက်ဆစ်ဂျပန်တို့ ညှဉ်းပန်းနှိပ်စက်နေသည့် ဒဏ်က လွတ်မြောက်ရေး ဝိုင်းဝန်းကြိုးပမ်းကြရာ မန်းဝင်းမောင်လည်းပါ၏။

အိန္ဒိယနိုင်ငံသို့ ရောက်နေကြသော သခင်သိန်းဖေ(မြင့်)၊ သခင်တင်ရွှေတို့သည် အင်္ဂလိပ်၊ အမေရိကန် တို့ပါဝင်သော မဟာ မိတ်တပ်ဖွဲ့များနှင့် ဆက်သွယ်စီစဉ်ကာ မြန်မာလူငယ်များအား လေထီးသင်တန်းပေးသည်။ ဗြိတိသျှတို့၏ သင်တန်းတွင် ကိုအုန်းမောင်၊ ကိုစိုးမောင်၊ ကိုကျော်ရင်၊ ကိုညွန့်ဝေ၊ မန်းဝင်းမောင် စသူတို့ပါဝင်ကြပြီး မြန်မာပြည်မြောက်ပိုင်း စစ်မျက်နှာ၌ တိုက်နေသော အမေရိကန်တို့ကလည်း ဝမ်းအိုဝမ်း (101) ကျော်ဝင်းမောင် စသူတို့အား အလားတူသင်တန်းပေးသည်။

ဂျပန်သိမ်းပိုက်နယ်မြေသို့ လေယာဉ်ပျံပေါ်က လေထီးများနှင့်ဆင်းကာ ဖက်ဆစ်တို့အား ပြောက်ကျား စစ်ဆင်တိုက်ရသည်မို့ အင်မတန်အန္တရာယ်ကြီးပါ၏။ ဖက်စစ်တော်လှန်းရေး ဆင်နွှဲနေသော တပ်ဖွဲ့များနှင့် နိုင်ငံရေးအဆက်အသွယ် ရယူရန်လည်းကြိုးပမ်းကြရ၏။ မန်းဝင်းမောင်တို့ လေထီးဆင်းလူငယ်များသည် ချင်းတွင်းမြစ်ကနေ ဖောင်များဖွဲ့ကာ စွန့်စားဆင်းကြရသည်။

မိတ္ထီလာကိုသိမ်းပိုက်ထားသော ဗြိတိသျှတပ်မှ ဗိုလ်ချုပ်စလင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း တွေ့ဆုံကြပြီ။

(၄)
၁၉၄၅ ခု၊ သြဂုတ်လ (၁၅) ရက်နေ့တွင် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံး၏။

ဖက်စစ်တော်လှန်းရေးအတွက် ဗကပ၊ တပ်မတော်နှင့် ဆိုရှယ်တို့ ဖွဲ့စည်းထားသည့် ဖတပလ (ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး) အဖွဲ့လည်း ပိုမိုကျယ်ပြန့်လာကာ အခြားသော အဖွဲ့အစည်းများ ပါဝင်သည့် ဖဆပလ အမျိုးသားတပ်ဦးကြီး ဖြစ်လာလေပြီ။ လေထီးဆင်းလူငယ်တို့လည်း ပါဝင်ကာ လွတ်လပ်ရေးတိုက်ပွဲ ဆက်လက်ဆင်နွှဲကြ၏။
အောင်ဆန်း အက်တလီစာချုပ်အရ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲလုပ်သောအခါ ဗကပ တို့ကစတိလောက်သာ ဝင်ပြိုင်သည်။ ဖဆပလ အဖွဲ့ဝင် မန်းဝင်းမောင်သည် ဟင်္သာတခရိုင်၊ ကျုံပျော်မြို့ မဲဆန္ဒနယ်မှ အရွေးခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဒုတိယသဘာပတိလုပ်သော အစိုးရအဖွဲ့တွင် ဝန်ကြီးဖြစ်လာ၏။ ထို့နောက် ၁၉၄၇ ခု၊ ဇွန်လ (၁ဝ) ရက်နေ့ အမတ်များ ဗန္ဓုလပန်းခြံကနေ လွှတ်တော်သို့ ချီတက်ကြရာ၌လည်း ပါဝင်၏။

ဗကပ ကို ဖဆပလ ထဲကထုတ်ပစ်လိုက်တော့ လေထီးဆင်းလူယ် အတော်များများပါသွားပြီး မန်းဝင်းမောင် ကျန်ရစ်ခဲ့သည်။ သွေးသောက် လေထီးဆင်းလူငယ်တို့ ကွဲသွားကြရှာပြီ။ ၁၉၄၇ ခု၊ ဇူလိုင်လ (၁၉)ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီတို့ လုပ်ကြံခံရပြီးနောက်တွင်လည်း သူ ဖဆပလ ဝင်အဖြစ်ဆက်လက် လှုပ်ရှား၏။

၁၉၄၈ ခု၊ ဇန်နဝါရီလ (၄) ရက် လွတ်လပ်ရေးရတော့လည်း သူမပြောင်းလဲပါ။ သည်လိုနှင့်ပင် သမတ မန်းဝင်းမောင်ရယ်လို့ ဖြစ်လာခဲ့ရသည်။

(၅)
သူ့သမတ လက်ထက် ဂယက်အရိုက်ဆုံးကား ကြိုးစင်တက်မည့်သူအား လွှတ်ပေးခြင်းတည်း။

သူတို့လူသိုက်ထဲ တစ်ယောက်က နိုင်ငံရေးသမား လေထီးအုန်းမောင်၊ နောက်တစ်ယောက်က ကထိကဦးကျော်ရင်၊ အခြားတစ်ယောက်က ဗကပ ဦးညွန့်ဝေ၊ ဟောဒီ ကိုစိုးမောင်ကတော့ ဗကပတပ်နီမှ ကာနယ်ချစ်ကောင်း-- တိုက်ပွဲတွင် စစ်တပ်ကဖမ်းမိပြီး တရားရုံးအဆင့်ဆင့်က သေဒဏ်စီရင်ထား၍ ကြိုးစင်တက်ရန် စောင့်နေရသူ။

မိမိကတော့ နိုင်ငံတော်သမ မန်းဝင်းမောင်။

အိန္ဒိယ လေထီးသင်တန်းကျောင်း၌ အတူတက်ခဲ့ရသူ၊ လေယာဉ်ပျံပေါ်ကနေ အတူဆင်းကြစဉ် လေထီးမပွင့်၍--သို့မဟုတ် သစ်ပင်နှင့်ငြိ၍-- သို့မဟုတ် ဂျပန်တို့မိသွား၍ သို့မဟုတ် ချင်းတွင်းမြစ်ထဲ ဖောင်ပျက်၍ စသဖြင့် သေလမ်းများစွာက လွတ်မြောက်လာပြီး လွတ်လပ်ရေး ရပြီးချိန်အထိ အတူတွဲခဲ့သူ ရဲဘော်နှစ်ယောက် မဟုတ်ပါလား။

နိုင်ငံတော်သမတသည် သေဒဏ်ကျခံနေရသူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ကြောင်း ဥပဒေက ဆိုထားသည်။ အစဉ်အလာအားဖြင့်မူ ကက်ဘိနက် အစိုးရအဖွဲ့က ဆုံးဖြတ်ပြီးနောက် တင်ပြလာတော့မှ သမတက ပေးလေ့ရှိသည်။ အငြိုးအာဃာတ အလွန်ကြီးမားသော နိုင်ငံရေးသမား တစ်ဦးသြဇာထက်နေသည့် ကက်ဘိနက်က ဗိုလ်မှူးချစ်ကောင်းအား လွတ်ငြိမ်းခွင့်ပေးရန် တင်လာလိမ့်မည်ဟု မန်းဝင်းမောင်က ထင်ပုံမရ။

မိမိဘာသာ သမတ အာဏာသုံးကာ ဗိုလ်မှူးချစ်ကောင်းအား လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီ။

ဝန်ကြီးချုပ် ဦးနုက ဒေါပွ ပြစ်တင်စကာားပြောသော်လည်း ပြင်၍မရတော့၊ သတင်းစာများက အမျိုးမျိုး ဝေဖန်ရေးသားကြနှင့် အကြီးအကျယ်ဂယက်ရိုက်ကုန်၏။ မကျေနပ်ကြ၍ သမတအဖြစ်က ဖယ်ရှားပစ်လည်း ရင်ဆိုင်ဖို့အသင့်ဟု မန်းဝင်းမောင်က ပိုင်းဖြတ်ထားပုံ ခန့်မှန်းရသည်။

ဖဆပလ နှစ်ခြမ်းကွဲသောအခါ သမတမန်းဝင်းမောင် ဝင်ပါဖို့ အကြောင်းမရှိ။
၁၉၅၈ ခု၊ ဇွန်လ(၄)ရက်နေ့တွင် တည်မြဲဝန်ကြီးများ နှုတ်ထွက်ကြ၍ ဝန်ကြီးချုပ်ဦးနု၏သန့်ရှင်ဖဆပလ အစိုးရအဖွဲ့ သမတရှေ့မှောက် ကျန်းကျိမ်ကြ၏။ ပမညတ တို့၏ထောက်ခံမှု မရတော့သောအခါ ဦးနုသည် ဘတ်ဂျကို ပါလီမန်မခေါ်ရဲ မတင်ရဲဖြစ်လာပြီ။ စစ်တပ်က အာဏာသိမ်းမည်ဟု သတင်းတွေလည်းထွက်နေ၏။
ဝန်ကြီးချုပ်က မေတ္တာရပ်ခံလာ၍ သမတက ဘတ်ဂျက်ကို အတည်ပြုပေးလိုက်သည်။
ပြစ်တင်ဝေဖန်သံတွေ ညံလာပြီ။

ဖွဲ့စည်းပုံနှင့် အညီသမတက လုပ်ဆောင်ခြင်းဖြစ်၍ ထိုးနှက်များက ဒီမိုကရေစီ ဖခင်ကြီး ဦးနုအပေါ်သာ စုပြုံထိမှန်ပြီးနောက် သက်တန်း(၃)လနှင့်(၁၇)ရက်ကြာ သူ၏ဆွဲစပ်အစိုးနိဂုံးချုပ်သွားလေပြီ။ စစ်အာဏာသိမ်း အစိုးရကို ပါလီမန်တွင် အတည်ပြုပေးကြသည်။

၁၉၅၈ ခု၊ စက်တင်ဘာလ (၂၈) ရက်နေ့၌ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ သမတ မန်းဝင်းမောင်ထံ ကျမ်းသစ္စာကျိန်ဆိုကြ၏။ ၁၉၆ဝ ခု၊ ဖေဖေါ်ဝါရီလ ရွေးကောက်ပွဲတွင် အနိုင်ရသော သန့်ရှင်းဖဆပလ က ပထစ (ပြည်ထောင်စု) ပါတီအဖြစ် နာမည်ပြောင်းပြီး ဝန်ကြီးချုပ် ဦးနုနှင့် ပထစဝန်ကြီးများ သမတ မန်းဝင်းမောင်ထံ ကျမ်းသစ္စာကျိန်ဆိုကြ၏။

(၆)
အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခု၊ အောက်တိုဘာလ (၁၇) နေ့တွင် ကျွန်တော် မြန်မာ့အသံ၌ အလုပ်ရသည်။ စက်မှုလက်ထောက်အဖြစ် Outdoor Recordings and Outdoor Broadcasts များ၌ပါရ၏။

၁၉၆၁ ခု၊ ဒီဇင်ဘာလ ရန်ကုန်မြို့ အောင်ဆန်းကွင်းမှ 2nd SEAP Games ကိုဖွင့်ပွဲ ပိတ်ပွဲတို့ကို မြန်မာ့အသံက တိုက်ရိုက်အသံလွှင့်ပေးသည်။

ဖွင့်ပွဲက ဒီလိုပါ။

ပါဝင်ယှဉ်ပြိုင်ကြသည့် နိုင်ငံများက အားကစားသမာများ ကွင်းထဲမှာ နေရာယူထားကြပါပြီ။ နိုင်ငံ့ဂုဏ်ဆောင် ဦးဇော်ဝိတ်လည်း မီးရှူးတိုင်ကိုင်ကွင်းထဲဝင်လာပြီး အရှေ့ဘက်ပွဲကြည့်စင် အထက်သို့ အသင်ရောက်ရှိနေပါပြီ။

ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်ကြီး အလေးပြုအနေအထားနှင့် ပြိုင်ပွဲဖွင့်ပေးရန် ပန်ကြားသောအခါ၊ သမတ မန်းဝင်းမောင်က ခုချိန်ကစပြီး ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို ဖွင့်လိုက်ပြီဟု ကြေညာလိုက်ရာ ဦးဇော်ဝိတ်လည်း မီးရှူးတိုင်နှင့် ပြိင်ပွဲပြီးဆုံချိန်ထိ တောက်နေမည့် မီးတောက်ထွန်းညှိလိုက်သည်။

ထို့နောက် ဖွင့်ပွဲအထိန်းအမှတ် သရုပ်ဖော်ကြသည်။ ပြိုင်ပွဲဝင် နိုင်ငံအလိုက် အားကစားသမားများက သမတ မန်းဝင်းမောင်အား ချီတက်အလေးပြုကြသည်။ TV မပေါ်သေး၍ သောတရှင်များ ရေဒီယိုနားထောင် မျက်စိထဲ မြင်လာအောင် အသံလွှင့်ကြရသောကြောင့် ကျွန်တော်လည်း သမတ မန်းဝင်းမောင်အား အနီးကပ် ကြည့်ခွင့်မြင်ခွင့် ရလိုက်လေပြီ။

2nd SEAP Games ပိတ်ပွဲနေ့က သမတ မန်းဝင်းမောင် စောပြီးရောက်နေနှင့်၏။

မြန်မာနှင့်မလေးရှား ဘောလုံး နောက်ဆုံးဗိုလ်လုပွဲ ကြည့်ဖို့ပါ။ ဖွင့်ပွဲကကဲ့သို့ပင် ပြိုင်ပွဲပြီးဆုံးကြောင်း သမတ မန်းဝင်းမောင် ကကြေညာအပြီး အခန်းအနားနှင့် ပိတ်ကြရသည်။

ကျွန်တော်ချစ်သော သမတမန်းဝင်းမောင်နှင့် ပိုနီးကပ်စွာမြင်ခွင့်ရပြန်ပြီ။

သမတအိမ်တော်မှာ ဘွဲ့၊ဆု၊တံဆိပ်များပေးသည့် အခန်းအနား မြန်မာ့အသံက တိုက်ရိုက်အသံလွှင့်ရာ ဦးတင်ဦးခေါင်းဆောင်သော အဖွဲ့၌စက်မှုလက်ထောက်အဖြစ် လိုက်ပါခွင့်ရ၏။ လက်ခံရယူသူ မျိုးစုံကိုကြည့်ပြီး တော်လှန်ရေးဟူသည် အလွှာပေါင်းစုံပါဝင်၊ စကားမပြောတတ်သူ အ အလေးပင်လျှင်မကျန်ဟူ၍ မော်ကွန်းမဝင်သော တော်လှန်ရေးသမား ဝတ္ထုတိုတပုဒ် အတွေးပါလာ ရေးဖြစ်လိုက်သည်။

စာရေးဆရာကြီး တက္ကသိုလ်နန္ဒမိတ် အယ်ဒီတာချုပ်လုပ်သော ၁၉၆၂ ခု၊ မတ်လထုတ် နဝဒေးမဂ္ဂဇင်းတွင်ပါလာ၏။ ရှုမဝတိုက်ထုတ် မောင်အောင်မွန်၏ ရူးတုန်းမိုက်တုန်းသည်အရွယ် ဝတ္ထုတိုစု စာအုပ်တွင်လည်း ဦးကျော်က သဘောကျ၍ ထည့်သွင်းခဲ့သည်။

(၇)
မြန်မာပြည်တွင် နိုင်ငံရေးသမားတွေက အကွဲကွဲအပြဲပြဲ စစ်တပ်ကလည်း ဝင်ရင်းဝင်ရင်း ပြန်လှည့်တော့ ပါမည်လော။ စိတ်ပျက်လာ၍ ကျုံပျော်ပြန်ကာ ငှက်ပျောပင်တွေကြား ငယ်သူငယ်ချင်းများနှင့် ကစားချင်ပုံရ၏။ ရိုးသားပွင့်လင်းသော သမတ မန်းဝင်းမောင်အား သတင်းစာဆရာတို့က ချစ်ကြ၍ မကြာခဏတွေ့ဆုံကြ၏။

သမတသက်တန်း ဘယ်သင်းကို အကျေနပ်ဆုံးလဲဟု မေးကြရာ ၅ မိနစ်အတွင်း တောင်ရှည်ပုဆိုး ကျကျနနဝတ်တတ်ခြင်းပါ ဟူ၍ဖြေသည်။ ရယ်မောနေကြရင်း တစ်ကြိမ်မတော့ အိမ်တော်ကနေ သူ့ဒရိုင်လာနှင့် ထွက်လာ၏။ ရန်ကုန်မှာ လာရောင်းသော ငှက်ပျောသီးတင် သမ္ဗာန်တွင် ညဥ့်လုံးပေါက် ကက် ကစားနေ၍ သမတ ပျောက်သည့်သတင်း အကြောင်းပြန်ပြောကြ ရယ်မောကြသည်။

သမတသက်တန်း ကုန်ဆုံးတော့မည်မို့ မန်းဝင်းမောင် ပျော်နေဟန်တူ၏။

ကချင်တိုင်းရင်းသား သမတလုပ်ရမည့် အလှည့်ဖြစ်၍ ဆမားဒူးဝါး ဆင်ဝါးနောင်အား ရာထားသည်မှာ သေချာသလောက်ဖြစ်နေပြီ။ သည်လိုနှင့်ပင် ၁၉၆၂ ခု၊ မတ်လ(၁) ရက်နေ့ည အိပ်နေစဉ် အိမ်တော်တွင်းသို့ စစ်သားများဝင်လာပြီး ဖမ်းဆီး၍ သမတဘဝကနေ ညတွင်းချင်း ရေကြည်အိုင်၌ အကျဉ်းသားဖြစ်သွားပြီ။

ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ကာ စစ်တပ်က အာဏာသိမ်းကြောင်း ရေဒီယိုကကြေညာ၏။

ကြားကြားချင်း အပေါ်ထပ်ရှိ ဦနု အိပ်မောကျနေ၍ ဝန်ကြီးချုပ် ဝန်ကြီးချုပ်ဟု မနည်းနှိုးပြီး ပြောပြရာ ဟာ မဟုတ်တာ၊ ဗိုလ်ချုပ်ကြီးနေဝင်းက ကျုပ်တို့ကိုလာကယ်မှာဆိုကာ ပြစ်တင်ခံရပြန်၏။ မန်းဝင်းမောင်သည် (၂၄) နာရီအတွင်း သမတအိမ်တော်နှင့် များစွာကွာခြားသော ရေကြည်အိုင် အကျဉ်းစခန်း၌သာ ဆက်နေရ၏။

(၅)နှစ်ကြာ၍ သမတသက်တန်း ထက်ပင်ပိုရှည်သေးသည်။ သမတ စပ်ရွှေသိုက်လို ထောင်ထဲတွင် မသေပဲ ၁၉၆၇ ခု၊ တွင်ပြန်လွတ်လာသည်။

(၈)
သပိတ်မှောက်ကျောင်းသား၊ လေထီးဆင်း ပြောက်ကြားစစ်သား၊ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်၊ ဝန်ကြီး၊ သမတ တစ်ပိုင်းနိုင်ငံရေး အကျဉ်းသားတစ်ပိုင်း လူရိုးလူဖြောင့် ကရင်ကြီးမန်းဝင်းမောင် သည် ၈-၈-၈၈ အရေးအခင်းကိုပင် ကြုံလိုက်ရပြီးနောက် ၁၉၈၉ ခု၊ ဇူလိုင်လ (၄) ရက်နေ့တွင် ကွယ်လွန်၏။

သာမန်အသုဘပါ။

မိုးမရွာ နေမပူနှင့် လိုက်ပို့ကြသူတွေ များလွန်း၍ စည်ကားလှပါဘိ။ ကြံတောသင်္ချိုင်းအဝင်၌ လူအုပ်ကြီးက တိုးမပေါက်။ ကျွန်တော့်အား ပခုံးပုတ်လာ၍ ကြည့်လိုက်တော့ လုပ်ဖော်ကိုင်ဖက်ဟောင်း နိုင်ငံခြားသတင်းထောက် BBC ကိုမောင်မောင်၊ ဦးနုလိုက်ပို့လား သေချာအောင် ဝိုင်းကြည့်ပေးပါတဲ့။

မြင်လိုက်ရပါပြီ ဦးနု ခေါင်းပေါင်းစ တထောင်ထောင်နှင့်။

ကိုမောင်မောင်လည်း BBC ကိုသတင်းပို့ဖို့ ထွက်သွားပြီ။ မန်းဝင်းမောင်၏ ယုဂ်ကလပ်ကမူ ဘာမှမသိ၊ ဦးနုကတော့ ကယ်တင်ရှင် ဗိုလ်နေဝင်းကို စဉ်းစားနေမည်လောဟု-- မဆီမဆိုင်တွေးတောရင်း ကျွန်တော်သည် အသုဘလူရှင်းသည်ထိ ရပ်ကြည့်ခဲ့ကြောင်းပါ။

(ပုံနှိပ်နေပြီး မကြာမီထွက်လာတော့မည့် ကြုံဖူးဆုံဖူးကြိုက်ဖူးသူများ စာအုပ်တွင် ဓာတ်ပုံများစွာနှင့် ဝေဝေဆာဆာပါရှိပါမည်)

၂ဝ၁၈ ခု၊ မတ်လ (၂၃) ရက်နေ့

ဗိုလ်ထက်မင်း - ဒုဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြုံခဲ့ရစဉ်က

$
0
0
 
ဗိုလ်ထက်မင်း - ဒုဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြုံခဲ့ရစဉ်က
(မိုးမခ) ဧပြီ ၃၊ ၂၀၁၈


ဒုဗိုလ်ချုပ်ကြီးတင်ဦး ၊ အတွင်းရေးမှူး (၂)နဲ့ အမှတ်မထင် ကြုံခဲ့ရ (ပထမပိုင်း)မေတ္တာရပ်ခံချက်
ယခုရေးတော့မည့် ကိုယ်တွေ့ဖြစ်စဉ်တွေမှာလည်း တပ်မတော်အတွင်း သဘောထားတင်းမာသူ အစွန်းရောက်အမြင်ရှိသူများကြောင့် စာရေးသူနဲ့ပတ်သက်ခဲ့တဲ့ တပ်နဲ့ လူပုဂ္ဂိုလ်အရာရှိ၊ အဖွဲ့အစည်း၊ ရပ်ရွာ၊ အရပ်သားရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံရေး ထိခိုက်နိင်တာမို့တချို့အမည်၊ နေရာနဲ့အချိန်တွေမှာ ချန်လှပ်ထားမည်ဖြစ်ရာ စာဖတ်သူတို့ နားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ တချို့ဖြစ်စဉ် စိန်ခေါ်မှုတွေဟာ ကျောင်းတော်ကြီးက ပို့ချပေးလိုက်တဲ့ နည်းဗျူဟာ၊ သင်ခန်းစာအတိုင်း မဟုတ်ဘဲ အခြေအနေပေးလာတဲ့ အပေါ်မူတည်ပြီး မီးစင်ကြည့်ကရတာမို့ သည်းထိတ်ရင်ဖို ကြုံသလို ဖြေရှင်းကျော်ဖြတ်ရတာလည်းရှိပါတယ်။ စာရေးသူ တပ်မတော်သားဘ၀ တာဝန်ထမ်းဆောင်ခဲ့စဉ်က အမှတ်တရ ကြုံတွေ့ခဲ့ရတဲ့ စစ်ဖက် နယ်ဘက် အကြီးအကဲများ၊ စစ်အာဏာရှင်များ၊ တိုင်းရင်းသားများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ထိတွေ့ဆက်ဆံမှုဖြစ်စဉ်များ၊ တိုက်ပွဲများ၊ ကန့်လန့်ကာ ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ၊ မထင်မှတ်တဲ့ စိန်ခေါ်မှုများကို အလျဉ်းသင့်သလို တင်ပြပေးသွားပါ့မယ်။ ဒီလိုရေးသားတင်ပြရမှာ ထိပ်သီးစစ်အာဏာရှင်များနဲ့ထိတွေ့ဆက်ဆံရတဲ့ စစ်ဦးစီးပိုင်း Staff ဖြစ်စဉ်နဲ့Field Ground စစ်မြေပြင်မှာ ကြုံတွေ့ရတဲ့ Commander ဖြစ်စဉ်တွေကို မငြီးငွေ့ရလေအောင် တလှည့်စီ တင်ပြပေးနေပါတယ်။

ပထမဆုံး စစ်မြေပြင်ရောက် အတွေ့အကြုံ (စစ်ရေးစွမ်းရည်ထက် စည်းရုံးရေးစွမ်းရည်က ပိုထက်)

၂၀။ စာရေးသူဟာ ကျောင်းဆင်းပြီး တပ်မ(၅၅)က ခမရ (-) တပ်ရင်းကို သတင်းပို့ရကာ စစ်ဆင်ရေး ရှေ့တန်းအနေနဲ့ ရှမ်းပြည်နယ် မိုင်းကိုင်၊ လဲချားဂွင်၊ ဆင်တောင်ကို ကျော်ခိုင်းလိုက်နဲ့ တနေ့ခရီး မိုင် (၂၀) ပျမ်းမျှ ချီတက်ရလို့ ပင်ပန်းလှပါတယ်။ သင်္ကြန်ကာလရောက်ခါနီး ရုတ်တရက် စာရေးသူဦးစီး တပ်စု တစုကို ဗျုဟာမှူး ဗိုလ်မှူးကြီးတင်ဦး( နောင် အတွင်းရေးမှူး -၂) လုံခြုံရေးဆိုကာ လွိုင်လင်မြို့ကို စေလွှတ်ခြင်းခံရပါတယ်။ တောထဲနေတာကြာပြီမို့ စိတ်ထဲကတော့ မြို့တက်ပြီး အပြတ်ကဲလိုက်မယ်လို့ ကြုံးဝါးထားပါတယ်။ ဟိုရောက်တော့ စစ်ဦးစီးမှူး (တတိယတန်း) G-3  ဗိုလ်ကြီးထွန်းသန်းက လုံခြုံရေးတာဝန် ရှင်းပြပါတယ်။ နံနက်စာတိုင်း နည်းဗျူဟာမှူးက ခေါ်ခိုင်းလို့ စာရေးသူ (သူက ဇာတိနဲ့မိဘ ဘယ်ကလဲမေး) သွားရပေမဲ့ ပြင်ပလ္ဘက်ရည်ဆိုင်ထိုင်တာကိုဘဲ တမ်းတမိပါတယ်။ ပင်လုံကို မကြာခဏသွားပြီး အနီးကပ် လုံခြုံရေးယူရထားတာမို့ မြေပုံကြီးချကာ ဘာလုပ်နေပါလိမ့်ဆိုတာ မတွေးတတ်အောင် ဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ ပင်လုံမြို့ဟာ အညိုရောင်နယ်မြေသတ်မှတ်ထားပြီး တိုက်ပွဲကြီးကြီးမာမား ဖြစ်တာမရှိလို့ စဉ်းစားရခက်ပါတယ်။ တခါတရံ ဗျူဟာမှူးဟာ ပင်လုံဈေးလိုမျိုး လူစည်ကားတ၀ိုက် ခဏရပ်ခိုင်းပြီးသူ့ အသိတွေနဲ့ စကားပြောရာမှာ ဘာထူးသေးလဲ၊ နေကောင်းကြလား စတဲ့ ဆက်ဆံရေးကြောင့် လူထုချစ်ခင်တာတွေ့ရပါတယ်။ ကြာလာတော့ မျောက်ပွဲကြည့်သလို ၀ိုင်းလာတဲ့ ကလေးလေးတွေကို လုံခြုံရေးအရ စာရေးသူက မကပ်ခိုင်းတာကို သူက ကြိုက်ဟန်မတူဘဲ သကြားလုံးဝေလိုက်ကွာဆိုလို့ သွားဝယ်ပြီး ဝေပေးရပါတယ်။

ရန်သူအခြေအနေ

၂၁။ တပ်မတော်က ဦးတည်ရန်သူအဖြစ် ထိုစဉ်က ဗကပ ၄၀၄၇ အဓိကထားပြီး SURA ကတော့ ဘိန်းလုပ် စီးပွါးရေးလုပ်တာမို့ တပ်မတော်ကို ရှောင်ပြီး စစ်မြေပြင်မှာ တရားမ၀င် နားလည်မှုယူထားရာ တကြိမ်မှာတော့ တပ်မတော်စစ်ကြောင်းတခုကို ခြုံခိုချလို့ ထိုးစစ်ဆင်ရမည့် ကိန်းဆိုက်လာပါတယ်။ ဒါကြောင့် နည်းဗျူဟာမှူးကြီးဟာ ပင်လုံကနေ SURA ဌာနချုပ်ရှိရာ ဆနင်းသို့ သွားနိုင်တဲ့ ချဉ်းကပ်ရာလမ်းကြောင်းတွေကို လေ့လာနေဟန် တူတယ်လို့နောက်မှ သဘောပေါက်လာပါတယ်။

SURA ဟာ တိုက်ပွဲရှောင်တာမို့ အင်အားတောင့်တင်းနေကာ (နောင် ခွန်ဆာဦးစီး MTA ဖြစ်လာမည်) မိုးဟိန်းက ဦးစီးပြီး ဆနင်းခံစစ်ကုန်းမှာ နောက်ပွင့်လက်နက်ကြီးများနဲ့အခိုင်အမာရှိနေပါတယ်။

မိမိအခြေအနေ

၂၂။ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးတင်ဦးက တပ်မ (၅၅) မှ တပ်ရင်း (၂) ရင်းနဲ့ ရပခတိုင်းမှ တပ်ရင်း တရင်း ပေါင်း (၃) ရင်းနဲ့ ဆနင်းကို အပြင်းချီတက်ပါတယ်။ တပ်မ (၅၅) မှ ဗိုလ်မှူးဝင်းမြင့် (နောင် အတွင်းရေးမှူး - ၃) ဦးစီး တပ်ရင်းတရင်းက ချေမှူန်းရေးတာဝန်ကျပြီး တိုင်းတပ်မှ တပ်ရင်းက ပိတ်ဆို့ရေးလုပ်ကာ မိမိတပ်ရင်းက တပ်ရင်းတွေရဲ့လက်နက်ကြီး အားလုံးစုပြုံပြီး ကာပစ် တာဝန်ကျပါတယ်။

တိုက်ပွဲအခြေအနေ မရှုမလှ လေယာဉ်ကူရ

၂၃။ ဗိုလ်မှူးဝင်းမြင့်နဲ့သူ့တပ်ဟာ မတ်စောက်တဲ့ ဆနင်းတောင်ကြောကြီးကို တက်ရှင်းရသဖြင့် အားကုန်နေကာ ရန်သူက အပေါ်စီးမှ ပစ်ခတ်လိုက်လို့ အကျအဆုံး များလာပါတယ်။ သူရဲ့တက်ကြပါလားဆိုတဲ့ အသံဟာ ကျယ်ရာမှ တဖြေးဖြေးတိမ်ဝင်သွားတာ စက်ထဲမှာ ကြားနေရပါတယ်။ SURA လက်နက်ကြီးအဖွဲ့ဟာ ချေမှုန်းရေးတပ်ရင်းကို ပစ်တာ အားမရဘဲ ကာပစ်ပစ်ကူပေးနေတဲ့ မိမိတပ်ရင်းရှိရာ လက်နက်ကြီးအဖွဲ့နေရာသို့ 57 MM နောက်ပွင့်လက်နက်ကြီးများနဲ့ လှည့်ပစ်ရာ မီးပွင့်မြင်တာနဲ့ ဂွမ်းကနဲ ဆက်တိုက်ဖြစ်လို့ ကျဉ်ထွက်နှုန်း မြန်ပါတယ်။ မိမိတပ်ရင်းမှူးလည်း ပျားတုပ်၊ ပြာကိုင်ပြီ ( စစ်တပ်ဆိုရိုးစကား၊ သောက်ကျိုးနည်းပြီ) ဆိုကာ အောက်ကို လှိမ့်ချပါတော့တယ်။ သူ့နေရာမှာ လာကွဲလို့ အရှောင်မြန်သွားလို့တော်ပါသေးတယ်။ မိမိတို့လက်နက်ကြီးတွေဟာ ပစ်ကွင်းနဲ့ကျည်လမ်းကြောင်းကောင်းတဲ့ နေရာ အလျဉ်းသင့်သလို ရွေးရတာမို့ Counter အတွက် ဘာမှ စီစဉ်ချိန်မရတာမို့ ရန်သူ့က အပေါ်စီးက စိတ်ကြိုက်ပစ်သွားပါတယ်။ သူတို့ကတော့ ခေါင်ကတုတ်များရှိသလို စိတ်ပူစရာမလိုသလို မိမိတို့ကျတော့ လက်နက်ကြီးကို ပစ်လိုက် အမြန်ဖြုတ်လိုက်၊ နေရာပြောင်းလိုက်နဲ့ လုပ်နေရပါတယ်။ ဗိုလ်မှူးဝင်းမြင့်ရဲ့အသံဟာ နတ်သံရောလာတာမို့ ဗျူဟာမှူးက စိတ်ပူလာပြီး လေယာဉ်ပစ်ကူတောင်းရာ လေယာဉ်အရှိန်အ၀ါကြီးမားပြီး ဗုံးကြဲလို့မှ ရန်သူဆုတ်သွားရပါတယ်။

ကက(ကြည်း)မှ ထုထောင်းလို့ မြေလှန်ရှာနေရ

၂၄။ ကက(ကြည်း)က ဆနင်းဒေသ ရန်သူ့ဌာနချုပ်တိုက်ပွဲကြီးတွေဖြစ်ပြီး လေယာဉ်တောင် ဗုံးကြဲယူရတဲ့ အခြေအနေမှာ ရန်သူ့ဆီက လက်နက်တလက်တောင် မရဘဲ မိမိဆီက ထိခိုက်ကျဆုံးရတဲ့ဖြစ်စဉ်အပေါ် ထုထောင်းပါတော့တယ်။ ဒါကြောင့် ခမရ(-)တပ်ရင်းက အပြင်စည်းလမ်းကြောင်းတလျှောက်နဲ့ မိမိတပ်ရင်းက ဆနင်းရွာကြီး နေရာ အနှံ့အပြား လက်နက်များကျန်ရစ်မှု ရှိ မရှိ ပိုက်စိပ်တိုက် မြေလှန်ရှာဖွေသော်လည်း ရန်သူ့ကိုင်တဲ့ သေနတ်မပြောနဲ့ ဓါး၊အပ် တချောင်းကိုမှ သိမ်းဆီးရမိတာ မရှိသေးလို့ အကျပ်ရိုက်နေကြပါတယ်။

စည်းရုံးရေးစွမ်းရည် စမ်းသပ်

၂၅။ ရွာသားတွေဟာ ရှမ်းစကားသာပြောကြပြီး မြန်မာစကား မပြောတတ်မို့ သတင်းရယူရေး ခက်တဲ့ အပြင် စစ်သည်များ ရှမ်းစကား မတတ်တခေါက် ပြောတတ်သော်လည်း “မဟု” ဆိုကာ မသိဖူးလို့ ဗူး တလုံး ဆောင်နေကြပါတယ်။ တကြိမ်တော့ ဈေးတန်းတနေရာမှာ ကျောင်းဆရာလေးတစ်ဦးတွေ့တာမို့ စကား နဲနဲပြောကြည့်ပါတယ်။

စာရေးသူ - “ ဆရာရေ ... ရန်သူ့သတင်းက ကြက်ပျောက်၊ ငှက်ပျောက်ပါဘဲ။ ဘာမှ သတင်းမရဖူး”
ကျောင်းဆရာ - “ ဘယ်ရမလဲ၊ လူမျိုးရေးအရ သိလည်း ဘယ်ပြောမလဲ၊ အထာသိနေမှ ရတာ”

မိမိလည်း ဆက်ပြောရင် မကောင်းတတ်တာမို့ သူ့အခြေအနေစပ်စုကြည့်ပါတယ်။

ကျောင်းဆရာ - “ ကျနော်က ဒီရွာရှိ ကျောင်းကို ရောက်တာ ကြာနေပြီ၊ ၅နှစ်တောင်ရှိပြီ၊ ပြောင်းခွင့် လွိုင်လင်က ပညာရေးမှူးဆီ တင်ထားတာ ကြာပြီး၊ သူနဲ့ဆက်ဆံရေး သိပ်အဆင်ပြေတာ မဟုတ်တော့ ကပ်ထား။ ဘေးဖယ်ထားခံရတာပေါ့၊”

၂၆။ မိမိက သူ့လိုအင်ကို မှန်းဆလိုက်ကာ သူတည်းတဲ့အိမ်လိပ်စာမေးပြီး လည်ခွင့်တောင်းလိုက်ပါတယ်။ သူ့အိမ်ကို ညချည်း ဘေးပတ်ဝန်းကျင် မရိပ်မိစေဖို့ အရပ်ဝတ်နဲ့သွားကာ စည်းရုံးရေးစပါတော့တယ်။

စာရေးသူ - “ ဆရာရေ လက်နက်တွေ ဖွက်ထားတဲ့နေရာသိရင် ကူညီပါလားဆရာ။”
ကျောင်းဆရာ - “ ရွာထဲမှာ ဘယ်ရှိတော့မလဲ၊ သူတို့က စစ်ကြောင်းတွေ တက်လာတာ ကြိုသိနေတော့ စခန်းကုန်းပေါ် ဆွဲတင်ပြီပေါ့။ ရဲဘော်တွေ ပင်ပန်းပါတယ်။ ရုပ်ပျက်ပါတယ်၊ မတွေ့စေရဖူး။”
စာရေးသူ“ ဒါဆိုရင် အနီးနားတ၀ိုက်ကော ဆရာ၊ လယ်တဲတို့ နီးတဲ့ကျေးရွာတွေကောဆရာ”
ကျောင်းဆရာ“ မဖြစ်နိုင်ဖူးဗျ။ ရွာသားတွေက သူကြီးကို ရှိန်ပြီး ကူညီကြတာ ဘယ်သူ့မှ ပြောမှာ မဟုတ်ဖူး၊ သိတဲ့သူ ပြောလည်း သတ်ခံရမှာလေ။”
စာရေးသူ“ လုပ်ပါကူညီပါဦးဆရာ၊ လက်နက်ဖွက်ထားတဲ့ နေရာ ဘယ်လိုလုပ်သိနိုင်မလဲ နည်းလမ်းရှာဖွေစမ်းပါဦး၊”
ကျောင်းဆရာ“ ခက်တယ်ဗျ။ မိုးဟိန်းတို့နဲ့သူကြီးက မိသားစုလိုဖြစ်နေကြတယ်။ မလွယ်ဖူး”

စာရေးသူ လက်လျှော့ရမည့်အနေအထားရှိနေရာမှ နေ့လည်က သူရဲ့လိုအင်ဆန္ဒကို ရိပ်မိလို့ စမ်းလိုက်ပါတယ်။

စာရေးသူ - “ ဒါနဲ့ ဆရာနေ့လည်က ကျောင်းပြောင်းဖို့ပညာရေးမှူးက ညစ်ထားတယ်လို့သိရတယ်။ သူ့ထံ ကျနော့်လူကြီးနဲ့ ၀င်ပြောကြည့်မယ်။ မရရင် တောင်ကြီးပြည်နယ် ပညာရေးမှူးထံ ၀င်ပြောပေးဖို့ တင်ပြပေးမယ်။”

ကျောင်းဆရာ - “ဟာ ... ဒါဆို လုပ်ပေးပါလား၊ ကျနော်က တောင်ကြီးဇာတိ၊ ဒီနေရာမဟုတ်တောင် ပင်လုံ၊ လွိုင်လင်မြို့တမြိုမြို့ ရရင်လည်း ဖြစ်တယ်။”

စာရေးသူ - “ ကျနော့်လူကြီးတွေက ပေါက်တယ်။ ဗျူဟာမှူးဆို အသိတွေတပုံကြီးဗျ၊ မပူနဲ့”

မိမိလည်း အပေးအယူ ပေါ်တင်ကြီးဖြစ်ရာ ကျမှာစိုးလို့ မနက်ဖန်စောစောဘုန်ကြီးကျောင်းတ၀ိုက် လက်နက်ရှာဖွေဖို့တာဝန်ကျလို့ ညီးညူလိုက်ကာ ထပြန်တော့မယ့် အသွင်ဆောင်လိုက်ပါတယ်။

ကျောင်းဆရာ - “အင်း၊ ဗိုလ်လေးစိတ်ကို သိရလို့ သဘောကျကာ ကျနော် ကူညီမယ်။ လက်နက်တွေ ရှိတဲ့နေရာကို သိတဲ့ သူကို ဖေါ်ထုတ်ပေးမယ်။”

စာရေးသူ - “ ဟာ ကျေးဇူးတင်လိုက်တာဗျာ၊ ဘယ်သူလဲ”

ကျောင်းဆရာ - “ ခင်ဗျားတို့ဆရာဗျူဟာမှူးဘေးနားမှာ ရစ်သီရစ်သီလုပ်နေတဲ့ အင်္ဂလိပ်လို မှုတ်တတ်တဲ့ ရွာသူကြီးဘဲ။”

စာရေးသူ - “ ဟ ဖြစ်ပါ့မလား။ သူက စုန်ကန်ငြင်းရင် ကျနော်ကွဲမယ်နော်၊”

ကျောင်းဆရာ - “ သူကိုယ်တိုင်လိုက်ပို့လိုက်တာ ကျနော် မြင်လိုက်တယ်။ ဒဏ်ရာရ စစ်သည်တွေကို ရွာသားတွေဆင့်ခေါ်ခိုင်းရာမှာ ကျနော့်တပည့်တွေရဲ့မိဘတွေတောင်ပါတယ်။”

စာရေးသူ“ ကြိုက်ပြီ၊ ကျေးဇူးဆပ်တဲ့အနေနဲ့ ကျောင်းပြောင်းခွင့်ကို မနက်ဖန်တပ်ရင်းမှူးထံ သွားတင်ပြပြီး အဖြေရအောင်ဆရာစိတ်ချမ်းသာအောင် လုပ်ပေးမယ်။”

ကျောင်းဆရာ - “ ကျနော် ဒီမှာနေရင် သတ်ခံရမယ်။ သူက မူးယစ်ဆေးဝါးလုပ်လို့ကလေးတွေထိခိုက်ကုန်မယ် ဆိုပြီး စကားများဖူးတယ်။ သူရိပ်မိမှာ သေချာတယ်။”

စာရေးသူ - “ကဲဗျာ။ ကျနော်တို့ ပြန်သွားရင် တပ်ရင်းနဲ့ တခါတည်းလိုက်နိုင်အောင် တင်ပြပေးမယ်။ လုံခြုံရေး အာမခံတယ်။ မနက်ဖန်လည်း ကျောင်းပြောင်းခွင့်ရမည့် သတင်း လာပြောမယ်။”

ကျောင်းဆရာ - “ ဟာ သိပ်ကောင်းတာပေါ့။ ရွာလူထုကလည်း သူပုန်အားကိုးနဲ့ဖိနိပ်နေတဲ့ သူကြီးကို သိပ်ကြည်တာတော့ မဟုတ်ပါဖူး။ သူဖင်ပိတ် ငြင်းရင် သက်သေ အတွက် မပူနဲ့ တာဝန်ယူတယ်။” ဆိုလိုက်လို့စာရေးသူက သူနဲ့လက်သီးခြင်း တေ့လိုက်ကာ အိုကေ၊ အားလုံးအောင်ရမည် ဆိုပြီးပြန်လာပါတယ်။

စိန်ဗေဒါလက်သံပြောင် ဘီလူးဆိုင်းတီးတဲ့ တပ်ရင်းမှူး

၂၇။ စာရေးသူဟာ မိမိတပ်ခွဲမှူးထံကို ဆက်လက်သတင်းပို့ရာမှာ သူက ဆုံးဖြတ်ပေးနိုင်ခွင့် မပေးနိုင်တာမို့ တပ်ရင်းမှူးအိမ်ထံ သတင်းပို့ပါတယ်။ တပ်ရင်းမှူးက ဒါမျိုး စိမ်လို့မရဘဲ ချက်ခြင်းဆိုသလို ဗျူဟာမှူးတည်းခိုတဲ့ နေရာကို ချီတက်သွားကြပါတယ်။ ဗိုလ်မှူးကြီးတင်ဦးက အရေးကြီးတာ သဘောပေါက်ဟန်တူပြီး ကျောင်းဆရာကို ခေါ်ခိုင်းလိုက်ပြီး ထပ်မံအတည်ပြုပါတယ်။ ဗျူဟာမှူးက ကျောင်းပြောင်းဖို့ သူ့အတွက်အသေးအဖွဲဖြစ်ပြီး ပြည်နယ်ပညာရေးမှူးက သူ့မိတ်ဆွေဖြစ်လို့ ပြောင်းမိန့်ထုတ်ပေးနိုင်လို့ ဒီသတင်းသေချာဖို့ ပိုင်ဖို့လိုတယ် ဆိုတာပြောရင်း မနက်ကျ သူက မျက်နှာပူလို့ တပ်စစ် ဆိုပြီး ရှောင်ထွက်သွားချိန်မှာ ရွာလူကြီးဖြစ်နေလို့ တပ်ရင်းမှူးကိုယ်တိုင်သေသေချာချာကိုင်ဖို့ မှာပါတယ်။ ဆိုလိုတာက အမြီးတက်နင်းလိုက်သလို ထွက်ပြေးသွားရင် သူပုန်လမ်းပြဖြစ်ပြီး မိမိတို့အားလုံး ဒုက္ခရောက်သွားနိုင်တယ်၊ လက်လည်း မလွန်စေနဲ့ဦးလို့ပြောပါတယ်။

၂၈။ နံနက်ကျတော့ ဗျူဟာမှူးရုံးနေရာမှာ တပ်ရင်းမှူးက တပ်ခွဲမှူးနဲ့ စာရေးသူတို့ ရံပြီး သူကြီးလာတဲ့အချိန် စောင့်နေပါတယ်။ သူကြီးက ရူးဘိနပ်နဲ့ဘောင်းဘီရှည် စမတ်ကျကျ အင်္ဂလိပ်စကားညှပ် ပြောလေ့ရှိကာ Gentleman စတိုင် ဟန်ပါပါနဲ့ဝင်လာပါတော့တယ်။

သူကြီး“ Morning CO( တပ်ရင်းမှူး) ကြီး၊ ဗျူဟာမှူးကြီးကော ဘယ်မှာလဲ၊”

တပ်ရင်းမှူး - “ တပ်စစ်ထွက်သွားတယ်၊ ဒါနဲ့ခင်ဗျားကို မေးစရာရှိတယ်” ဆိုကာ ဗျူဟာမှူးရုံးထဲဝင်ခွင့် မပေးတော့ဘဲ လက်ဆွဲပြီး လူရှင်းတဲ့ နေရာကိုခေါ်သွားပြီး ပွဲကြမ်းပါတော့တယ်။

တပ်ရင်းမှူး - “ တိုက်ပွဲဖြစ်တဲ့နေ့က ဘာလုပ်နေလဲ”

သူကြီး - “ ဟာ ... မပြောပါနဲ့CO ရယ်၊ တပ်ကထုလိုက်တာ အသံတွေက မိုးခြိမ်းသလို ပစ်တော့ အိမ်က ခေါင်ကတုတ်ထဲ ၀ပ်နေရတာပေါ့”

တပ်ရင်းမှူး - “ နောက်ပြီး ဘာလုပ်သေးလဲ”

သူကြီး - “ စစ်ကြောင်းဝင်လာတော့ ရွာသားတွေ ထွက်မပြေးဖို့လိုက်ပြောရတယ်လေ။”

တပ်ရင်းမှူး - “ကျန်သေးတယ်။ ကြာပါတယ်။ တည့်မေးတော့မယ်။ ရန်သူကို ဘာကူညီခဲ့လဲ”

သူကြီး - “ ဟာ ကူညီရင် တပ်မတော်က ပစ်မှာပေါ့။ မကူညီရဲပေါင်ဗျာ”

တပ်ရင်းမှူး - “ ခင်ဗျားလိမ်နေတာဘဲ၊ ရန်သူဒဏ်ရာရသူတွေကို ရွာသားတွေ ထမ်းခိုင်းပြီး ခင်ဗျားကိုယ်တိုင် လိုက်ပို့နေရတာဘဲ မဟုတ်လား။”

သူကြီး - “ မဟုတ်ဖူး။ မလုပ်ပါဖူး”

တပ်ရင်းမှူးဟာ တရုတ်စပ်ပြီး လူပုစိတ်တို မဟုတ်ဘဲ ဘီလူးကြီးလို ထွားကြိုင်းတာမို့ စိတ်တိုလွယ်ကာ မပြောမဆို သူလက်နဲ့မှီကိုင်ထားတဲ့ ခြံစည်းရိုး ၀ါးတိုင်ကို အားနဲ့ ဆောင့်ဆွဲလိုက်ရာ ပြုတ်ထွက်လာပါတယ်။ ပြီးတာနဲ့ စိန်ဗေဒါကြီး ဆိုင်းလက်သံပြောင်သလို ၀ါးလုံးနဲ့ တအားလွှဲပြီး သူကြီးတင်ပါးကို ဖုန်းကနဲ အသံထွက်သည်အထိ ရိုက်ချပါတော့တယ်။ ပထမတချက်တော့ မဖြုံသလို ရှိပေမဲ့ နောက်အချက်တွေကျတော့ ကော့သွားပြီး ထိုင်ကျသွားပါတယ်။

တပ်ရင်းမှူး - “ အမှန်တိုင်းပြောမလား။ မပြောဖူးလား သေသွားမယ်။ ဘာမှတ်လဲ” ၀ါးလုံးကျေနေကာ နောက်တလုံးရိုက်ဖို့ အနားမှာ မရှိတော့တာမို့ ခပ်လှမ်းလှမ်းက ၀ါးစိမ်းတလုံးကို သွားဖြုတ်နေပါတယ်။ ၀ါးစိမ်းဆိုရင် ပွဲကြမ်းသထက်ကြမ်းတော့မှာမို့ စာရေးသူက ၀င်ဖြည်ရတော့တယ်။

စာရေးသူက တပ်ခွဲမှူးထံချဉ်းကပ်ပြီး

“ အကိုကြီး ဗျူဟာမှူးက ထိန်းသိမ်းဖို့ မှာသွားတယ်နော်။ ကြာရင် မကောင်းဖူး။ ဒီလိုလုပ် ကျနော် သူကြီးကို စိတ်ဓါတ်စစ်ဆင်ရေး ဆိုက်ကို သုံးကြည့်မယ်။ အကိုကြီးက ဆရာ့တပ်ရင်းမှူးကို ခဏထိန်းပေးထားဦး”

ခွဲမှူးက ရိပ်မိပြီး တပ်ရင်းမှူး နောက်တလုံး သွားဆွဲနေတဲ့နေရာကို ချဉ်းကပ်ကာ ထိန်းနေပါတယ်။ စာရေးသူကို သူကြီးလုံးပြီး ထွက်ပြေးနိုင်လို့ ကာဘိုင်ကျဉ်ထိုး သူ့မျက်နှာစေ့စေ့ ကြည့်လိုက်ပါတယ်။

စာရေးသူ - “ ဒီမှာ သူကြီး။ ဘာမှ ဖုံးကွယ်မနေနဲ့တော့။ အသားနာပြီး ကြာရင် အသက်ထွက်ယုံ ရှိမယ်။ ခင်ဗျားကို ပိုင်လို့ ခိုင်မာနေလို့ စွပ်စွဲနေတာ သက်သေတွေရှိပြီးသားလေ။ အဲဒီနေ့က SURA ဒဏ်ရာရ စစ်သည်တွေပါတဲ့ တပ်စုတစုကို ခင်ဗျားကိုယ်တိုင် ရွာတောင်ဘက် လျှိုထဲကတဆင့် ခေါ်ထုတ် လမ်းပြပေးခဲ့တာရှိတယ်။ ဘာငြင်းဦးမလဲ။”

သူကြီးက ခေါင်းငိုက်စိုက်ကျလာပါတယ်။ စာရေးသူ အချိန်မဆွဲတော့ဘဲ ပစ္စတိုထုတ် မောင်းထပ်တင်ကာ သူ့ပါးကို ကပ်ကာ လေသံကို အတတ်နိုင်ဆုံးပျော့ကာ၊ သူ့ကျောပြင်လေးသပ်ပြီး ...

စာရေးသူ “ ကျနော့်တပ်ရင်းမှူးက စိတ်ကြီးတယ်နော်၊ စစ်ဆင်ရေးနယ်မြေ ပစ်သတ်ပိုင်ခွင့် ပေးထားတယ်၊ ခင်ဗျား နီးရာဓါးကြောက်တယ်ဆိုပြီး လိုက်ပို့ရတာ နားလည်ပေမဲ့ အဲဒီလိုပို့တာကို အစိုးရကို သတင်းပို့ ပျက်ကွက်ရင် သူပုန်ဖြစ်သွားပြီ၊ အသာတကြည်လိုက်ပြရင် အသက်ရှင်ခွင့် ပေးလို့ရတယ်။ ကျနော့်က ခင်ဗျားကို ကယ်တင်နိုင်မည့် နောက်ဆုံးလူဘဲ ၊ မြန်မြန်စဉ်းစားပါ။”

အဲဒီလိုပြောမှ သူကြီးလည်း ၀န်ခံလိုက်လို့ သူ့ကို ကြိုးတုတ်ကာ ရန်သူရှိတဲ့ နေရာ လိုက်ပြခိုင်းပါတော့တယ်။

သေနတ်သံတချက်မှ မဖေါက်ရဘဲ လက်နက်တွေရတဲ့ ရလဒ်

၂၉။ စာရေးသူတို့ တပ်ခွဲတခွဲလိုက်ရှင်းရာမှာ သူကြီးပြောတဲ့ရွာဟာ မြေပုံမှာ မရှိတာမို့ စမ်းတ၀ါးဝါး သွားနေရပါတယ်။ ရန်သူဟာ အထိနာထားတာမို့ ရွာမဟုတ်ဘဲ ယာယီခံစစ်ဖြစ်နေတတ်ပါတယ်။ ဟိုရောက်တော့ ရွာဟုသာ ဆိုပြီး တောင်ယာတဲ ကျိုးတို့ကျဲတဲ ဟိုတလုံးဒီတလုံးသာ တွေ့ရပါတယ်။

သူကြီးပို့လိုက်တဲ့ အိမ်ဟာ တောင်ခါးဇောင်းမှာ မှေးတင်နေပြီး လူသံ မကြားရဘဲ ငြိမ်သက်နေပါတယ်။ တဲတံခါးပေါက်မှ တည့်ဝင်ရင် ပစ်လမ်းကြောင်းရှိနိုင်တာမို့ တပ်ခွဲမှူးက စက်လတ်နဲ့ထောက်ကာ မိမိက တပ်၂စိတ်နဲ ပတ်ပြီး နောက်ဖေးပေါက်က ခုန်ဝင်ရပါတယ်။ အိမ်ထဲမှာတော့ ဒဏ်ရာရသူတွေ သွေးထွက်လွန်ပြီး သေဆုံးနေတာတွေ့ကာ M21, M22, M23 လက်နက် (၅) လက် သိမ်းဆည်းရမိပါတယ်။

၃၀။ ဆနင်းပြန်ရောက်တော့ သူကြီးကို ဗျူဟာရုံးလွှဲလိုက်တာမို့ သူ့အား ဗျူဟာမှူးက လိမ္မာပါးနပ်ပြီး ဘယ်လိုစည်းရုံးလိုက်တယ် မသိပါ။ နောက်ပိုင်း ရန်သူမသယ်နိုင်လို့ ဆုတ်ချိန်မှာ ဖွက်ထားခိုင်းတဲ့  57mm နောက်ပွင့်လက်နက်ကြီး အပါအ၀င် လက်နက်များဆက်တိုက်ဖေါ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

ပထမဦးဆုံး လက်နက်များရရှိလို့ ဗျူဟာမှူးက ဆုတော်ငွေ ဆုချပြီး တိုက်ပွဲတပွဲရလဒ် မှာ လက်နက်ရရင် ဂုဏ်သိက္ခာမြင့်တင်ရတာမို့ကက(ကြည်း)က မူလက မရလို့ ထုနေရာမှ စည်းရုံးရေးကြောင့် အောင်မြင်မှုရလဒ် ထွက်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးတင်ဦးက တပ်ရင်းကို ချီးကျူးခဲ့ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - Go with the flow

$
0
0

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - Go with the flow
(Academic Weekly, Yangon) မိုးမခ၊ ဧပြီ ၃၊ ၂၀၁၈

အမ္ဗနဒီကျော်စွာ ● ကဗျာတစ်ပုဒ်၏ တန်ဖိုး

$
0
0
အမ္ဗနဒီကျော်စွာ ● ကဗျာတစ်ပုဒ်၏ တန်ဖိုး
(မိုးမခ) ဧပြီ ၃၊ ၂၀၈

 ကဗျာတစ်ပုဒ်ရဲ့တန်ဖိုးလို့ပြောလိုက်တာနဲ့ အလွန်လေးနက်ကျယ်ပြန့်တာကိုတော့ လူတိုင်းသိကြမှာဖြစ်ပါတယ်။

ကဗျာဆိုတာမျိုးကလည်း လုံးဝကိုအထိအခိုက် အပွန်းအပဲ့မခံတဲ့ စာပေတို့ရဲ့ နတ်ဘုရားတစ်ပါးလို တန်ခိုးထွားပြီး လူသား တွေရဲ့ စိတ်နှလုံးကိုညှို့ယူဆွဲငင် ထားတတ်တာမို့လည်း ပိုပြီးသတိကြီးကြီးထားကာ ပြောကြားဆွေးနွေးရတဲ့ အကြောင်းခြင်း ရာတစ်ခုဖြစ်ပါတယ်။

ဟုတ်ပါတယ။်ဒါပေမယ့် အခုပဲကဗျာတစ်ပုဒ်ရဲ့တန်ဖိုးကို ဆွေးနွေးပြောကြားကြရအောင်ပါ။ အခုလက်ရှိအနေအထားမှာ  ဖြစ်နေတဲ့အတိုင်းကိုပဲ အမှန်အတိုင်း မလိမ်မညာ မကွယ်မဝှက် မထိန်းမသိမ်း ဆွေးနွေးကြရအောင်ပါ။

ပထမဦးဆုံး မဂ္ဂဇင်း ဂျာနယ် စာစောင် သတင်းစာတွေပေါ်က ကဗျာတွေတန်ဖိုးကိုကြည့်ရင် ကဗျာတန်ဖိုး မတူညီကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ကဗျာစာမူခကို အများဆုံးချီးမြှင့်ပေးနိုင်တာကတော့ သတင်းစာများလို့ပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။

သတင်းစာများမှာ စာမူရွေးချယ်ဖောပြခံရသောစာမူခများမှာ အနည်းဆုံးငါးထောင်ကျပ်၊ ပုံမှန် ခုနှစ်ထောင်ကျပ် အများဆုံး တစ်သောင်း တစ်ထောင်ကျပ်တို့ ဖြစ်ပါတယ်။ ဒုတိယအများဆုံး ကဗျာစာမူခကို ချီးမြှင့်ပေးနိုင်တာကတော့ ဂျာနယ်များဖြစ်ပြီး အနည်းဆုံးသုံးထောင်ကျပ်၊ ပုံမှန်ငါးထောင်ကျပ်၊ အများဆုံးခုနှစ်ထောင်ကျပ်တို့ ဖြစ်ပါတယ်။

စာစောင်ကတော့ အရေအတွက်နည်းပါးတဲ့အတွက် ဂျာနယ်များအဖွဲ့ထဲကိုပဲ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ စာမူခ အနည်းဆုံး ချီးမြှင့်နိုင်တာကတော့ မဂ္ဂဇင်းတိုက်များဖြစ်ပါတယ်။ အနည်းဆုံး နှစ်ထောင့်ငါးရာပုံမှန် သုံးထောင်/ငါးထောင် အများဆုံးခုနှစ်ထောင်တို့ဖြစ်ပါတယ်။ အခုလိုဘာကြောင့် စာမူခတွေ တူညီစွာ ဉာဏ်ပူဇော်ခများ ချီးမြှင့်နိုင်ခြင်းမရှိတာလဲလို့ မေးစရာမလိုအောင် ဖြေတွေကရှိပြီးသားဖြစ်ပါတယ်။ လုပ်ငန်းဆိုင်ရာ ကြီးခြင်း၊ ငယ်ခြင်း၊ ရောင်းလိုအား ဝယ်လိုအား၊ ကြော်ငြာရရှိမှုများကြောင့် အဓိကဖြစ်ပါတယ်။ ဒီတော့ ကဗျာတစ်ပုဒ်ရဲ့တန်ဖိုးက တစ်သောင်းတစ်ထောင်လား တစ်သောင်း လား၊ ခုနှစ်ထောင်လားငါးထောင်လားသုံးထောင်လား နှစ်ထောင့်ငါးရာလားလို့မေးရင် ဖြေရခက်ပါလိမ့်မယ်။ ကဗျာတစ်ပုဒ်ကို တစ်သောင်းနဲ့ လိုက်ရောင်းရင် ကဗျာရောင်းသူကို အရူးလို့ ပြောခံရနိုင်ပါတယ်။

ငါးထောင်နဲ့ ရောင်းရင်ရော အတူတူပါပဲ။ တစ်ထောင်နဲ့ ငါးရာနဲ့ချရောင်းတဲ့အထိ အဆင်မပြေနိုင်ပါဘူး။ ဒါဆိုကဗျာတွေက ငါးရာတစ်ထောင် မတန်လို့လား။ တန်ပါတယ် ငါးရာတစ်ထောင်မက တန်ဖိုးရှိလို့ တစ်သောင်းပေးပြီး စာမူခချီးမြှင့်ပေးတဲ့ သူတွေကလည်း တကယ်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါဆို ကဗျာတစ်ပုဒ် ဘယ်လောက်တန်သလဲလို့မေးရင် နာမည်ရှိသော ဆရာ/မ များတို့ရဲ့တောင်းစာမူကဗျာများမှာ ငါးသောင်းခန့်အထိ ရှိနေပြန်ပါတယ်။ ငါးသောင်းက ကဗျာတစ်ပုဒ်ရဲ့တန်ဖိုး အမြင့်ဆုံးလားလို့ မမေးပါနဲ့။ ကဗျာဖန်တီးသူဆရာ/မများကို အထိအနာဆုံး စကားလုံးဖြစ်တာမို့ မေးသူအတွက် ဆိုဒ် အဖက်တွေ ရှိလာနိုင်ပါတယ်။ တကယ်လည်း ကဗျာတစ်ပုဒ်ကို တန်ဖိုးဖြတ်လို့ မရနိုင်ပြန်ပါဘူး။ ကဗျာဆိုတာမျိုးကလည်း လမ်းဘေးကနေ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအထိ ပေါက်ရောက်တဲ့ မျက်နှာကြီး ဘုန်းကြီး ကံကြီး သိက္ခာကြီး မာနကြီး အစစအရာရာ ထိပ်စည်းကချည်းနေချင်သူစာပေနတ်ဘုရား ဖြစ်နေတာမို့လည်း တန်ဖိုးဖြတ်မယ့်သူအတွက် ခက်ခဲနေပါလိမ့် မယ်။ ကဗျာက ဘုန်းကံကြီးတယ်လည်းပြောတယ်။ စာမူခချီးမြှင့်တော့ တန်ဖိုးနဲ့လည်းဖြတ်တယ်လို့ စောဒကတက် စရာရှိပါ တယ်။ မှန်ပါတယ်လူတွေမှာ အဆင့်တွေအတန်းတွေရှိကြသလို ကဗျာမှာလည်း အဆင့်တွေ အတန်းတွေရှိကြ တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီပြဿနာက ဒီလောက်လေးမဟုတ်ပါဘူး။ ဒီထက်ပိုရှုပ်ထွေးတဲ့ အနေအထားတွေရှိနေပါ သေးတယ်။ အထက်မှာပြောခဲ့သလို နှစ်ထောင့်ငါးရာက ငါးသောင်းအထိခန့်မှန်းချေစာရင်းကိုပြောပြခဲ့ပြီးဖြစ်ပေမယ့် အ ကြမ်းပဲဖြစ်ပါတယ်။

အခုတစ်ကိုယ်တော် လုံးခြင်းကဗျာစာအုပ် ထုတ်ဝေမှုကို ထပ်ပြီးလေ့လာကြည့်ကြရပါမယ်။ လုံးခြင်းကဗျာစာအုပ်များထဲမှာ တော့ တစ်ကိုယ်တော်လုံးခြင်းကဗျာစာအုပ် ကဗျာဖန်တီးသူ အပေါင်းအသင်းသူငယ်ချင်းများ စုပေါင်းထုတ်ဝေကြသော ကဗျာစုစည်းမှု စာအုပ်များ ကဗျာဖန်တီးသူအများအပြား ပါဝင်ရေးသားကြတဲ့ ကလောင်စုံကဗျာစာအုပ်များ ရှိပါတယ်။ ထိုစာအုပ်များရဲ့ဈေးနှုန်းများကတော့ အနည်းဆုံး တစ်ထောင် ပုံမှန်နှစ်ထောင်/သုံးထောင် အများဆုံးငါးထောင်/တစ်သောင်း ခန့်ဖြစ်ကြပါတယ်။ ဒီမှာ ပြဿနာတစ်ခုက ကဗျာစာအုပ်အများအပြားရှိပြီး ကဗျာအပုဒ်ရေပါဝင်မှု တစ်အုပ်နှင့် တစ်အုပ်ကွဲ ပြားခြားနားမှုများရှိတာကြောင့် တွက်ချက်ဖို့ရာ အခက်အခဲရှိပါတယ်။ ဒါပေမယ့် နီးစပ်ရာကဗျာစာအုပ်တစ်အုပ်ကို ကောက် ကိုင်ပြီး ကဗျာစာအုပ်တန်ဖိုးကို ကဗျာအပုဒ်ရေနဲ့စားလိုက်ရင် အဖြေကိုချက်ချင်းရရှိမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကဗျာစာအုပ်အများစုထဲမှ ကဗျာတစ်ပုဒ်စီရဲ့တန်ဖိုးဟာ ပုံမှန်အားဖြင့် တစ်ဆယ်ကျပ်နဲ့ သုံးဆယ်ကျပ်ကြားထဲမှာ ရပ်တည် နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကဗျာတစ်ပုဒ်ဟာ တစ်ဆယ်ကနေ သုံးဆယ်ကြားမှာပဲ တန်တယ်လို့ သတ်မှတ် လိုက်လို့ မရပြန်ပါဘူး။ အဲလိုသတ်မှတ်ခဲ့ရင်လည်း အဲလိုအတိအကျမှတ်ယူသူဟာ ရှေးရိုးစွဲစာအုပ်ကြီးသမားသာ ဖြစ်သွားပြီး ကဗျာဖန်တီးသူ ကဗျာချစ်သူများရဲ့ အနွံတာကို ခံရမှာဖြစ်ပါတယ်။ အမှန်တကယ်လည်း ကဗျာတစ်ပုဒ်ရဲ့တန်ဖိုးက တစ်ဆယ်ကနေ ငါးသောင်းကြားမှာရပ်တည်နေတာ မဟုတ်ပါဘူး။

ကဗျာဖန်တီးသူကဗျာချစ်သူကဗျာဖတ်သူတို့ရဲ့ ကဗျာအပေါ် သစ္စာရှိမှု ရိုးသားမှု ဖြန့်ကျက်တွေးခေါ်မှုယူဆမှုသဘာဝကို ချစ်ခင်မှု ဂီတကိုချစ်မြတ်နိုးမှု ဘဝအတွေ့အကြုံကွာခြားမှုစတာတွေနဲ့ တိုင်းတာတွက်ချက်ပြီးမှသာ ကဗျာဖတ်သူရနိုင် သ လောက် ကဗျာကပေးတဲ့ ချစ်ခြင်းများရသများ စိတ်နှလုံးအာဟာရများကို ရရှိမှာဖြစ်ပါတယ်။ လုံးဝသေချာတာကတော့ ကဗျာ တစ်ပုဒ်ရဲ့တန်ဖိုးဟာ ငွေကြေးနဲ့တွက်ချက်တန်ဖိုးဖြတ်လို့ မရစကောင်းတာပါပဲ။ ဒါပေမယ့် ငွေကြေးနဲ့ တန်ဖိုးဖြတ်ထားကြပြီးသားဖြစ်နေပါတယ်လို့ ငြင်းခုန်မယ်ဆိုရင်လည်း အငြင်းပွားဖွယ်ရာတွေအများအပြားကတော့ ရှိနေမှာဖြစ်ပါတယ်။ ဥပမာ-ကဗျာတစ်ပုဒ်ဟာ ကလောင်စုံကဗျာစာအုပ်ထဲမှာပါလို့ တစ်ဆယ်ကျပ်သာတန်တယ်လို့ဆိုကြပါစို့။ အဲဒီကဗျာကိုပဲ တစ်ကိုယ်တော်လုံးခြင်းစာအုပ်ထဲမှာ သုံးဆယ်ကျပ်တန်ဖြစ်နိုင်ပါတယ်။ အဲဒီလိုပဲ တစ်ကိုယ်တော်လုံးခြင်းကဗျာစာအုပ်ထဲ မှာ ငါးဆယ်ကျပ်တန်ကဗျာတစ်ပုဒ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ထို့အတူ အဲဒီကဗျာတစ်ပုဒ်ကိုပဲမဂ္ဂဇင်းစာအုပ် တစ်အုပ်ထဲ မှာ စာမူရွေးချယ်ဖော်ပြခံရတယ်ဆိုရင် အနည်းဆုံး နှစ်ထောင့်ငါးရာကနေ အများဆုံးခုနှစ်ထောင်ကျပ်အထိ တန်ဖိုးရှိနေမှာ ဖြစ်ပါတယ်။ ဂျာနယ်များစာစောင်များထဲမှာဖော်ပြခံရရင် အနည်းဆုံးသုံးထောင်ကျပ်ကနေ အများဆုံးခုနှစ်ထောင်ဖြစ်နိုင် ပြန်ပါတယ်။ သတင်းစာများထဲမှာ ရွေးချယ်ဖော်ပြခံရရင်တော့ အနည်းဆုံး ငါးထောင်ကျပ်ကနေ အများဆုံးတစ်သောင်း ကျော်ဖြစ် နိုင်ပါတယ်။ တောင်းစာမူတစ်ပုဒ်ဖြစ်ခဲ့ရင်တော့ အနည်းဆုံး တစ်သောင်းကျပ်ကနေ အများဆုံး ငါးသောင်းကျပ် အထိဖြစ်နိုင်ပြန်ပါတယ်။ ဒါကငွေကြေးနဲ့ တွက်ချက်ခြင်းသာဖြစ်ပါတယ်။ အခကြေးငွေနဲ့မဟုတ်ဘဲ ဆုရကဗျာတစ်ပုဒ် အရလူမှုရေးအရ ပရဟိတအရ အမျိုးသားဂုဏ်ဆောင်ကဗျာတစ်ပုဒ်အရ နိုင်ငံဂုဏ်ဆောင်ကဗျာတစ်ပုဒ်အရဆိုလျင်ဖြင့် မည်သို့မျှ တန်ဖိုးဖြတ်၍ ရကောင်းပေလိမ့်မည် မဟုတ်ပါ။

ထို့ကြောင့် ကဗျာတစ်ပုဒ်၏တန်ဖိုးသည် ကဗျာဖန်တီးသူ ကဗျာချစ်သူ ကဗျာဖတ်သူ ကဗျာစာအုပ်စီစဉ်သူတို့ရဲ့ အခြေ အ နေအရ၊ စိတ်သဘောထားအရ၊ ငွေကြေးတွက်ချက်မှုစာရင်းများအရသာ အကြမ်းသတ်မှတ်လို့ရနိုင်ပေလိမ့်မည်။ ကဗျာကို တန်ဖိုးဖြတ်လို့တော့ အဆင်ပြေချောမွေ့လိမ့်မည် မဟုတ်ပါ။ ဒီကဗျာ ဘယ်လောက်တန်တယ် ဘယ်လောက် မတန်ဘူးပြေဆို ဆွေးနွေးဖို့ရာမည်သည့်နည်းနှင့်မျှ အောင်မြင်စွာပြီးမြောက်လိမ့်မည်မဟုတ်သော ပြဿနာ အရင်းအမြစ်ကြီးတစ်ခု ဖြစ်ပေ လိမ့်မည်။ သို့သော် ကဗျာဖန်တီးသူဆရာ/မများ၏ ကဗျာများကို ရင်ဝယ်သားကို ပိုးမွေးသလို မွေးဖွားကာ ချစ်မြတ်နိုး ကြ သောကြောင့် မိမိသားသမီး ရင်းချာများဖြစ်ကြသောကဗျာများကို ဘယ်လိုမွေးမြူကြမှာလဲဆိုတာကသာ အဖြေတစ်ခု ဖြစ် နိုင်ပါလိမ့်မည်။

အမ္ဗနဒီကျော်စွာ

ဆောင်းယွန်းလ ● တရားမဖြစ်ရင် တရာဖြစ်မယ်

$
0
0
ဆောင်းယွန်းလ ● တရားမဖြစ်ရင် တရာဖြစ်မယ်
(မိုးမခ) ဧပြီ ၃၊ ၂၀၁၈

ဘာကိုမှ
တလို့ မရကြတော့တဲ့အခါ
ဘယ်မှာမှန်းမသိရတဲ့
ဘုရားကို လှမ်းတကြတယ်

ကျစရာ
တရားတွေဆိတ်သုဉ်းသွားတဲ့ ကမ္ဘာမှာ
တချို့က
အထပ်မြင့်တိုက်ပေါ်ကနေ
ကိုယ့်ကိုကိုယ် ပစ်ချသွားခဲ့ကြတယ်

ကိုယ်ကောက်ဝတ်လိုက်တဲ့
မနက်ခင်းဟာ
အိပ်ယာဘေးပြုတ်ကျသွားခဲ့တဲ့
သန်းခေါင်ယံတုန်းက စိတ်ဓာတ်ပဲ
ဖုန်တွေပေကပ်နေလည်း ဘာအရေးလဲ
ပြန်လည်လျှော်ဖွပ်ခြင်းမှာ
နေမသာပေမယ့်လည်း နေသာပါတယ်

ရခဲမှန်းသိရက်နဲ့ 
ကုန်လွယ်အောင် ပြုမူကျင့်ကြံခြင်းဟာ
ကိုယ်ပိုင်တဲ့တရားနဲ့သာဆိုင်တာပါ။

ဆောင်းယွန်းလ

ကာတွန်း Kzzh ရဲ့ အပြောနည်းနည်းလျှော့ပါ ...

$
0
0

ကာတွန်း Kzzh ရဲ့ အပြောနည်းနည်းလျှော့ပါ ...
(မိုးမခ) ဧပြီ ၃၊ ၂၀၁၈

လင်းသက်ငြိမ် ● ငါ အားလုံးကို သတိရ​နေမိတယ်

$
0
0
လင်းသက်ငြိမ် ● ငါ အားလုံးကို သတိရ​နေမိတယ်
(မိုးမခ) ဧပြီ ၃၊ ၂၀၁၈

ဘာဖြစ်​လို့လဲ။ ငါ အားလုံးကို သတိရ​နေမိတယ်​။ ကိုင်​ရုံကိုင်​ကြည့်​ပြီး မဝယ်​ယူဖြစ်​ခဲ့တဲ့ ဖိနပ်​က​လေးကစလို့၊ စုတ်​ပြဲသွားတဲ့ ဂျင်း​ဘောင်းဘီက​လေး တစ်​ထည်​အထိ ငါ သတိရ​နေမိတယ်​။ မ​နေ့ကငါ့အခန်း​ဘေးမှာ သီချင်းလာဆို​နေတဲ့ငှက်​က​လေးကို လည်း သတိရတယ်​။ ​လေနဲ့အတူ ငါ့အခန်းထဲဝင်​ဝင်​လာတတ်​တဲ့ သရက်​ပွင့်​​ခြောက်​က​လေး​တွေကိုလည်း ငါ သတိရ​နေမိ တယ်​။ ဘာဖြစ်​လို့လဲ။ အ​ဝေးမြို့က​လေးက ငါ့သူငယ်​ချင်း​တွေကိုလည်း သတိရတယ်​။ ငါ့ စိတ်​​ပေါ်ဒဏ်​ရာ​တွေ ထွင်းထု​ပေးခဲ့တဲ့တစ်​ချိန်​က ငါ့သူငယ်​ချင်းကို​တောင်​မှ ငါ သတိရ​နေမိတယ်​။ ငါ စိတ်​လက်​ညစ်​ညူးစွာ ထိုင်​ခဲ့ဖူးတဲ့လက်​ဖက်​ရည်​ဆိုင်​က​လေး၊ ည​နေခင်း​တွေမှာ ငါတစ်​​ယောက်​တည်း သွားသွားငို​ကြွေး​လေ့ရှိတဲ့ ​တောင်​ကုန်းထက်​က ​စေတီက​လေး၊ ငါ့ကို​တွေ့တိုင်း အမြဲတမ်းအား​ပေးဆုံးမတတ်​တဲ့ စာအုပ်​ဆိုင်​က​လေးက ဆရာမအားလုံးကို ငါ သိရ​နေမိတယ်​။ ငါ​ စိတ်​နာနာနဲ့​ ခြေလျင်​​လျှောက်​ဖူးခဲ့တဲ့ မြို့က​လေးကလမ်း​တွေကိုလည်း သတိရတယ်​။ လမ်း​ဘေးမှာ ငြိမ်းချမ်း​ရေးအတွက်​ ကဗျာရွတ်​ခဲ့ဖူး တဲ့ ငါ့အသံကိုလည်း ငါပြန်​ကြား​နေမိသလိုပဲ။ အဲ့ဒီမြို့ထဲမှာ ငါ့မိတ်​​ဆွေကဗျာဆရာနဲ့ အတူထိုင်​​နေရင်း တင့်​ကား​တွေနဲ့လက်​နက်​ကိုင်​စစ်​သား​တွေကိုတင်​​ဆောင်​ထားတဲ့ ကားတန်းကြီး တ​ရွေ့​ရွေ့ဖြတ်​သန်းသွားတဲ့ ည​နေခင်းကိုလည်း သတိရ​နေမိ တယ်​။ ဘာဖြစ်​လို့လဲ။

မြို့ကြီးထဲက ငါပြန်​သွား​တော့ ငါ့ကိုသတိရ​နေမယ့်​သူ​တွေကို လက်​ချိုး​ရေကြည့်​​မိတယ်​ ဗလာ။ ဒါ​ပေမဲ့ ငါသတိရ​နေမိတယ်​။ ရိုးရာလို့ သူ​တို့​ခေါ်ကြတဲ့ ဆန်​အရက်​ဆိုင်​က​လေးထဲက စကားဝိုင်း​တွေကို ငါသတိရတယ်​။ ငြင်းခုံရင်း ရန်​ဖြစ်​ရင်း ဖြတ်​သန်း ခဲ့ဖူးတဲ့ ​နေ့ရက်​​တွေကို ငါသတိ​ရ​နေမိတယ်​။ မနက်​မိုးလင်းတိုင်း ငါ့ဆီကို ကားနဲ့တမျိုး၊ ဆိုင်​ကယ်​နဲ့တမျိုး လာလာ​ခေါ်ပြီး စား​သောက်​ဖွယ်​ရာ​တွေ​ ကျွေး​လေ့ရှိတဲ့ ကဗျာဝါသနာပါတဲ့ ငါ့ညီအရွယ်​ ငါ့သူငယ်​ချင်းကို​ကော၊ လက်​ထဲမှာ ပိုက်​ဆံမရှိပဲ ဖျား​နာ​နေရတဲ့အချိန်​​တွေမှာ ​ဆေးဝါး​တွေ​ပေးတတ်​တဲ့ ငါ့အကိုဆရာဝန်​ကို​ကော၊ ပါးစပ်​က ​ပြောင်​စရာ​နောက်​စရာ​တွေ​ပြော ရင်း မကြာခဏ ရုပ်​တည်​ဖြစ်​ဖြစ်​သွားတဲ့ သူ​ဌေးသား​ကော၊ မကြာခဏ ပိုက်​ဆံထုတ်​ထုတ်​​ပေးတတ်​တဲ့ ​အငြိမ်းစား​ရှေ့​နေ​​ကော၊ မုန့်​ဟင်းခါး​တွေ၊ လက်​ဖက်​ရည်​​တွေသွား​သောက်​တိုင်း ပိုက်​ဆံမယူတဲ့အပြင်​ ငါ့အ​ပေါ်တစ်​ခုခု​ပေးဖို့ အမြဲ​တွေး​နေ တတ်​တဲ့ လက်​ဖက်​ရည်​ဆိုင်​ပိုင်​ရှင်​ကို​ကော (ငါအခုထိ သူ့အ​ကြွေး​တွေ မ​ပေးရ​သေးဘူး)။ စိတ်​ကျ​နေတဲ့ငါ့ကို အမြဲတမ်း ကရုဏာမျက်​လုံးနဲ့ကြည့်​ကြည့်​ပြီး ရှိတာ​လေးဖဲ့​ကျွေးတဲ့ ဆံသဆရာကို​ကော၊ စကား​ပြောရင်​​ ထောင့်​မကျိုးပေမယ့်​ ငါပြန်​စရာမရှိတိုင်း ဆိုင်​ကယ်​နဲ့လိုက်​လိုက်​ပို့တဲ့ ကဗျာဆရာကို​ကော၊ အမြဲတမ်းမျက်​နှာမှာ စိတ်​​သောက​တွေပေါ်​နေ​ပေမယ့်​ ငါ့ အတွက်​နှစ်​သိမ့်​​ပေးဖို့ အမြဲစဉ်းစား​နေတတ်​တဲ့ ဂိတ်​စာ​ရေးကို​ကော၊ ငါ့အတွက်​အလုပ်​​တွေရှာ​ပေးဖို့​ ခေါင်းစား​နေတတ်​တဲ့ သူ၊ လာတိုင်းစားစရာ​တွေတစ်​ခုမဟုတ်​တစ်​ခု ယူယူလာတတ်​တဲ့ ကဗျာချစ်​သူ အစ်​မကို​ကော၊ လူတိုင်းနဲ့ပြဿနာတက်​​ပေ မယ့်​ ငါနဲ့ပြဿနာမတက်​ခဲ့ဖူးတဲ့ ရှမ်းကို​ကော၊ တစ်​​နေရာရာကို​ငေး​မော​နေတတ်​ပြီး ပြင်းထန်​လွန်းတဲ့ ​ရောဂါကို​တောင့်​ခံပြီး ​သေဆုံးသွားတဲ့ ကဗျာဆရာကို​ကော အားလုံးကို ငါသတိရ​နေမိတယ်​။ ဘာဖြစ်​လို့လဲ။

ငါ အားလုံးကိုသတိရ​နေမိတယ်​။ ငါ မကြာခဏသွားသွားကြည့်​တတ်​တဲ့ စာအုပ်​အ​ရောင်းဆိုင်​က​လေး​တွေ၊ ပိုက်​ဆံမပါလို့ ချ ထားရခဲ့ရတဲ့ စာအုပ်​က​လေး​တွေ​၊ ငါ့ကိုတစ်​ခါမှပြန်​မကြိုက်​ခဲ့တဲ့ ​ကောင်​မ​လေးကို​ကော ငါသတိရ​နေမိတယ်​။ ​ဈေးရုံကြီးမီး​လောင်​ခဲ့တဲ့ ခရစ်​စမတ်​ညကို​လည်း သတိရတယ်​။ ​ရွှေ​ဆိုင်​ကို ဓားပြတိုက်​ခံရပြီးတဲ့​ နောက်​တစ်​ရက်​ ​ငါတို့သွားကြည့်​ခဲ့ရတာ ကိုလည်း သတိရတယ်​။ ​​ပေါ်တာဆွဲတဲ့ညမှာ ငါအိမ်​ပြန်​​နောက်​ကျ​​တော့ ​ဟေ့ခဏရပ်​လို့ ​အော်​လိုက်​တဲ့အသံကိုလည်း ကြား​ရော ငါ​ခြေကုန်​သုတ်​​ပြေးခဲ့ရတာကို​လည်း သတိရ​နေမိတယ်​။ ငါတို့အလုပ်​က​နေ ထမင်းစားသွားတိုင်း ငါ့ကို​ချောင်း​ချောင်း ကြည့်​တဲ့ ခပ်​​ချော​ချော အစ်​မတစ်​​ယောက်​ကိုလည်း ငါသတိရတယ်​။ ငါ့သတိရခြင်း​တွေဟာ အစဉ်​လိုက်​ အတန်းလိုက်​ ရှိမ​နေဘူး။ ဟို​ရောက်​လိုက်​ ဒီ​ရောက်​လိုက်​​ရော​ထွေး​နေကြတယ်​။ ဒါ​ပေမဲ့ ငါသတိရ​နေမိတယ်​။ လူနဲ့ သတိရခြင်းဟာ ဘယ်လို ကာလအပိုင်းအခြားတစ်​ခုမှာ ပိုမိုထိ​တွေ့​လေ့ရှိတတ်​သလဲ။ သတိရခြင်းကို အဘိဓာန်​မှာ လှန်​​လှောကြည့်​ရင်​ ဘယ်​လို အနက်​ထွက်​မလဲ။ ​ဒါ​ပေမယ့်​ ငါပျင်းတယ်​။ သတိရခြင်းကို သတိရ​နေတာပဲ ​ကောင်းပါတယ်​။

ငါ့သတိရခြင်း​တွေထဲမှာ ထူးအိမ်​သင်​ကွယ်​လွန်​တဲ့သတင်းကြားပြီးတဲ့​နောက်​တစ်​ရက်​ကညလည်းပါတယ်​။ အဲ့ဒီညမှာ ငါငို​ကြွေးဖြစ်​ခဲ့တယ်​ဆိုတာကို ငါသတိရတယ်​။ ငါ့သူငယ်​ချင်းပန်းချီဆရာက ထူးအိမ်​သင်​ပုံနှစ်​ပုံကို ​ရေး​ပေးခဲ့တာကိုလည်း သတိရတယ်​။ တဆက်​တည်း အဲဒီပန်းချီကားနှစ်​ကားထဲကတစ်​ကားကို ငါ​ရောင်းပစ်​ခဲ့တာကိုလည်း သတိရတယ်​။ ပန်းချီ ဆရာနဲ့စားခဲ့တဲ့ မုန့်​ညင်း​စောဟင်းတစ်​ခွက်​ (ဝက်​ရိုးနဲ့ချက်​ထားတာ) ကိုလည်း သတိရ​နေမိတယ်​။ ငါပညာသင်​စဉ်​ကာလ က ခွနဲ့ငါ့​ခေါင်းကို ​ခေါက်​ခံရတာကိုလည်း သတိရတယ်​။ ပညာမတတ်​တဲ့​ကောင်​ ကဗျာ​ရေးတာ ရူးလို့ပဲလို့​ပြောခဲ့တဲ့ ငါအလုပ်​က ဆရာတစ်​​ယောက်​ကိုလည်း သတိရတယ်​။ ငါ့သတိရခြင်း​တွေဟာ လမ်းပြ​မြေပုံမပါဘဲ ​လျှောက်​သွား​နေသလိုပဲ။ မဟာ မြတ်​နိဘုရားထဲက ခ​ရေပင်​က​လေး​တွေ။ စိတ္တသုခ​တောင်​ကုန်းက​လေး​ပေါ်က ထင်းရှူးပင်​က​လေး​တွေ။ ငါ​ဆေးလိပ်​ခိုး​သောက်​ဖူးတဲ့နှစ်​​တွေ။ ငါ​အရက်​မ​သောက်​ဖူး​သေးတဲ့နှစ်​​တွေ။ အားလုံးကို​ တောင်​စဉ်​​ရေမရ သတိရ​နေမိတာပါပဲ။ သတိရ ခြင်းဆိုတာ ကိုယ်​နား​ထောင်​ပြီးသား သီချင်း​ခွေကို ပြန်​ရစ်​ပြီး ဖွင့်​​နေမိသလိုလား။ သတိရခြင်းဆိုတာ ဘယ်​အခါမှ​ပျောက်​ကွယ်​မသွားနိုင်​တဲ့မ​နေ့ကအ​ကြောင်း​တွေဆီက ထွက်​လာတဲ့သယံဇာတလား။ ဘာဖြစ်​လို့လဲ။ ငါ အားလုံးကို သတိရ​နေမိ တယ်​။

မိုက်​ကယ်​အိန်​ဂျယ်​လို၊ ဗင်းဆင့်​ဗန်​ဂိုး၊​ ဘောင်းဘီဝတ်​မိုးတိမ်​၊ ကဗျာအလုပ်​ရုံက​လေး၊​ မျှော်​စင်​၊ ကဗျာဆရာဝံပု​လွေ၊ ငါ ကျက်​စားခဲ့ဖူးတဲ့ စာအုပ်​​တွေ။ မြို့လယ်​က​ တောင်​ကုန်းမြင့်​မြင့်​ကြီး​ပေါ်က တရားရိပ်​သာတစ်​ခုမှာ ငါအချိန်​ပိုင်းတရားထိုင်​ဖြစ်​တာ​တွေကိုလည်း သတိရတယ်​။ အလုပ်​ကအဆင်​မ​ပြေတိုင်း အားလုံးကိုပစ်​ချထားခဲ့ပြီး ငါတစ်​​ယောက်​တည်း လာထိုင်​​နေမိခဲ့တဲ့ နေ့​တွေကိုလည်း သတိရတယ်​။ အမြဲတမ်း ပိုက်​ဆံပြတ်​​နေတတ်​တဲ့​အချိန်​​တွေက လက်​ဖက်​ရည်​ဆိုင်​မှာ အ​ဖော်​​စောင့်​သလိုလို ဘာလိုလို နာရီအ​တော်​များများ ဘာမှမမှာဘဲ ခပ်​တည်​တည်​ ထိုင်​​နေခဲ့ဖူးတဲ့​နေ့​တွေကိုလည်း သတိရတယ်​။ ငါ့သတိရခြင်း​တွေဟာ ​ရွှေ​ရောင်​တလက်​လက်​နဲ့ မဟုတ်​ဘူး။ ငါ့သတိရခြင်း​တွေဟာ စိမ်းလန်း​နုသစ်​​နေတဲ့ ရနံ့​တွေချည်း ထုံမွှမ်း​နေတာလည်း မဟုတ်​ဘူး။ တပြင်​တ​ပြောကြီး ကျယ်​ဝန်းတဲ့ကန္တာရလိုလို။ ​ရေတံခွန်​ကစီးကျ​နေတဲ့ ​ရေမှုန်​​ရေမွှား​တွေ လိုလို။ ​လေမှာလွင့်​​နေတဲ့ ကျွပ်​ကျွပ်​အိတ်​ခွံ​တွေလိုလို။ ကျိုးပျက်​​နေတဲ့ တံတားတစ်​စင်းလိုလို။ ​ခြောက်​သ​ယောင်း​နေတဲ့ သစ်​ရွက်​​ကြွေ​တွေလိုလို။ ​ကောင်းကင်​မှာတဖျပ်​ဖျပ်​လှုပ်​ခါ​နေတဲ့ ကြယ်​အပိုင်းအစ​တွေလိုလို။ ငါ့သတိရခြင်း​တွေဟာ နာမည်​အမျိုးမျိုး။ ငါ့သတိရခြင်း​တွေဟာ အသံအမျိုးအမျိုး။ ငါ့သတိရခြင်း​​တွေဟာ အရွယ်​အစား အမျိုးအမျိုး။ ငါ့သတိရခြင်း​တွေ ဟာ အနံ့အရသာအမျိုးမျိုး။ ဘာဖြစ်​လို့လဲ။ ငါ အားလုံးကို သတိရ​နေမိတယ်​။

ရွှေဥ​ဒေါင်းဘာသာပြန်​တဲ့​ ​သွေးစုပ်​​မြေထဲကဇာတ်​​ကောင်​​တွေ။ မြသန်းတင့်​ဘာသာပြန်​တဲ့ သုခမြို့​တော်​ထဲက ပုံရိပ်​​တွေ။ ပါစကယ်​ခူးသွယ်​ရဲ့ အိုဘယ့်​အစိမ်းတို့​မြေထဲကသူ့ချစ်​သူ​ကောင်​မ​လေး ​သေဆုံးခါနီး​ပြောသွားတဲ့ စကားလုံး​တွေ။ ​သေနတ်​ဆိုတာ မိုး​ပေါ်​ထောင်​မ​ဖောက်​ဘူးဆိုတာ​တွေ။ ​ချောက်​ထဲကျဖို့ လက်​နှစ်​လုံးအလို​တွေ။ ​ထရံ​ပေါက်​ကြားက ထိုးကျလာတဲ့ ​နေ​ရောင်​ခြည်​လို ပြောက်​​ပြောက်​ကြားကြားနဲ့ ငါ့သတိရခြင်း​တွေဟာ ငါ့အာရုံကို လာရိုက်​ခတ်​တယ်​။ စာသိ​တွေလည်း သတိရခြင်းထဲ ပါဝင်​တဲ့အရာ​တွေပဲလား။ ​ရွှေလင်​ဗန်းနဲ့အချင်း​ဆေးသူ လူမှု​ရေးကျညံ့တတ်​တယ်​ စိုင်းထီးဆိုင်​သီချင်းနဲ့ငါ့ည​နေ​ခင်းတွေ။ အရင်းအတိုင်းသာ ဘဝကို ငါမြင်​​တော့မင်းတို့အတွက်​ ရိုင်း​နေမလား ​လေးဖြူ သီချင်းကိုဆိုရင်း ဘယ်​ပြဿ     နာမဆို တုတ်​ဆွဲဓားဆွဲ​ဖြေရှင်းချင်​တဲ့ ငါ့​နေ့​တွေ။ တာရာမင်း​ဝေ ဝတ္ထု​တွေနဲ့ခွကျခဲ့တဲ့ ဆယ်​​ကျော်​သက်​က ငါဟာအရာရာကို ကန့်​လန့်​မြင်​တတ်​ခဲ့သူပါပဲ။ ဦးသုနန္ဒရဲ့ ဗုဒ္ဓဘာသာငါးမျိုးနဲ့ စိတ်​​အေးချမ်းမှုကိုမြည်းစမ်းဖူးခဲ့တာကိုလည်း သတိရ​နေမိတယ်​။ ကဗျာရွတ်​ဖို့ဖိတ်​​ခေါ်ပြီး ကဗျာဆရာ​တွေကို မတူသလို မတန်​သလိုဆက်​ဆံလို့ ငါ​ဒေါသထွက်​ခဲ့ရတဲ့ ပွဲတစ်​ခု။ ကဗျာရွတ်​ရင်း တဆတ်​ဆတ်​တုန်​​နေခဲ့ရတဲ့ ခံစားမှု။ ကဗျာဆရာ​တွေနဲ့ အရှင်​လတ်​လတ်​​တွေ့ခဲ့ရတဲ့ ခံစားမှု။ ဘာဖြစ်​လို့လဲ။ ငါ အားလုံး ကို သတိရ​နေမိတယ်​။

အမြင့်​​ပေါ်မှာ ငါဓာတ်​လိုက်​ခဲ့ရပုံ​တွေ။ ​မြေတူး​နေရင်းကြားလိုက်​ရတဲ့ ​ကျောင်းသား​လေးတစ်​​ယောက်​ကို သူ့အ​မေကသြဝါဒ​ပြောတဲ့ စကားသံ​တွေ ပညာမတတ်​ရင်​သူ့လို​မြေတူးရမယ်​တဲ့ ​ချွေးစက်​​တွေနဲ့ မျက်​ရည်​​ရောကျသွားတဲ့​နေ့လယ်​ခင်းတစ်​ခုကိုလည်း ငါသတိရ​နေမိတယ်​။ ​ရေတွင်းကြီးထဲ ​ရေမြုပ်​​မော်​ကြိုး​ပေါက်​ပြီး ငါ​သေမလိုဖြစ်​ခဲ့ပုံ​တွေ။ ငါလိမ္မာခဲ့ပုံ​တွေ။ ငါဆိုး သွမ်းခဲ့ပုံ​တွေ။ ငါ့ကို​လှောင်​​ပြောင်​ခဲ့သူ​တွေ။ ငါ့ကိုမုန်းတီးခဲ့သူ​တွေ။ ငါ့ကိုကြင်​နာခဲ့သူ​တွေ။ ငါ့ကိုချစ်​ခင်​ခဲ့သူ​တွေ။ ငါသတိရ​ နေမိတယ်​။ မ​နေ့ကဇာတ်​လမ်း​တွေထဲမှာ ​နေထိုင်​တတ်​တဲ့သူလို့​တောင်​ သတိရ​​နေမိတဲ့အချိန်​​တွေမှာ ​တွေးမိတယ်​။ ​​ရွှေပန်း ထိမ်​လုပ်​တဲ့ ကဗျာဆရာက ငါ့ကိုကဗျာဆီသွားရမယ့်​ ​မြေပုံကိုပြခဲ့တယ်​။ သူ့ဆီက သီချင်း​ခွေ​တွေဖွင့်​ပြတယ်​။ သူ့ဆီက စာအုပ်​​တွေကို လက်​​ဆောင်​​ပေးတယ်​။ သူဟာ ဘယ်​​တော့မှ ​ဝေဒနာကိုအပြင်​ထုတ်​မပြတတ်​​ပေမဲ့။ ငါ​ပြောပြတိုင်း ​ဖြေသိမ့် စရာ​တွေသူ​ဖော်​စပ်​​နေတတ်​တယ်​။ မန္တ​လေးမြို့​တော်​ကြီးကို သူမိတ်​ဆက်​​ပေးခဲ့တာ​ပေါ့။ သူ့ကိုလည်း ငါ သတိရ​နေမိတယ်​။ လူဟာအတိတ်​ငါးမျှားချိ​တ်​မှာ မိ​နေတဲ့ငါးတစ်​​ကောင်​လား။ ချာလီချက်​ပလင်​၊ တွမ်​အင်​န်​ဂျယ်​ရီ၊ မစ္စတာဘင်းန်​ ငါ့ကိုယ်​ငါငြီး​ငွေ့မှုကို​ ဖောက်​ချပစ်​ခဲ့တဲ့ ​ရေပိုက်​​ခေါင်း​တွေ။ ဘာဖြစ်​လို့လဲ။ ငါ အားလုံးကို သတိရ​နေမိတယ်​။
သတိရခြင်းနဲ့ပတ်​သက်​တဲ့ အဆိုအမိန့်​​တွေများစွာရှိပါလိမ့်​မယ်​။ ဒီစာထဲမှာ ရှာ​ဖွေပြီး ထည့်​သွင်းသင့်​​ပေမဲ့၊ ငါ ပျင်းရိ​နေမိ တယ်​။ သတိရခြင်းသန့်​သန့်​က​လေးသာ ရေးသားပြီး စီးချင်​​မိတာ ​သေချာပါတယ်​။ ရန်​ကုန်​မြို့ကြီးကို ငါ​ရောက်​သွားခဲ့ပုံ၊ မန္တ​လေးမြို့ကြီးထဲ ငါ​ပျော်​ဝင်​ခဲ့ပုံ။ ကဗျာဆရာ​နေမျိုးအိမ်​မှာ ထမင်းစားခဲ့ရပုံ၊ ဆရာပိုင်​စိုး​ဝေကို ငါ​ငေးကြည့်​ခဲ့ရပုံ၊ ကဗျာဆရာ ခင်​​ဇော်​မြင့်​ရဲ့ဟာသ​တွေကို ငါပြုံးခဲ့ရပုံ။ ကိုမင်းနဒီခနဲ့ကိုရိုးဒီနဲ့ကို​နေညို​အောင်​နဲ့ တန်​ဖိုးနည်းတဲ့ထမင်းဆိုင်​က​လေး​တွေကို ​ရွေးချယ်​စား​သောက်​ခဲ့ကြပုံ။ ​မောင်​နိုင်​လင်း (​ကောလင်း) နဲ့ ကိုမိုသျှန်းနဲ့ ကို​မင်းမြတ်​မွန်​နဲ့ ကိုစစ်​ငြိမ်​နဲ့ ဆူးဖြူရိပ်​စာ​ပေက​နေ Poetryhouse အဖြစ်​​ပြောင်းလဲသွားရပုံ​တွေ။ ငါသတိရ​နေမိတယ်​။ ​နေ့လယ်​ခင်းက​ဖေး​တွေက​နေ ည​နေခင်းဘီယာဆိုင်​​တွေအထိ။ နန်း​ရှေ့ကဗျာဝိုင်းက​နေ ခ​ရေရိပ်​ကဗျာဝိုင်းအထိ။ ငါ့သတိရခြင်း​တွေဟာ ​လူးလာပျံသန်း​နေကြတယ်​။ ငါ့ကိုအိပ်​ရာခင်း​လေး​တွေ​ပေးခဲ့တဲ့ ငါ့ညီမဝမ်းကွဲ။ ကုတင်​က​လေးတစ်​လုံးမှာ ငါ့အတွက်​​နေရာပြင်​​ပေး​လေ့ရှိတဲ့ ကိုထက်​ (​ရေဦး)။  အားလုံး ကိုငါသတိရ​နေမိတယ်​။ ကားစပယ်​ယာလုပ်​​နေတဲ့ ဒီမို.မန္တ​လေးကား​ပေါ်က ​ပြေးဆင်းလာပုံ​တွေ။ ​စက်ဘီးတစ်စီး​နဲ့ေ​​တ​ပေ​လေလွင့်​​နေတဲ့ အရင်​ကကဗျာ​ရေးခဲ့သူတစ်​​ယောက်​ ငါ့ကိုလက်​​ထောင်​ပြသွားပုံ​တွေ။ သတိရခြင်း​တွေဟာ အများအပြားပါပဲလား။ ငါ့ကဗျာပါတဲ့ဂျာနယ်​စာရွက်​က​လေးကို အမှိုက်​ခြင်းထဲငါ​ကောက်​ယူခဲ့ရပုံ​တွေ။ ကျုံး​ဘေးကိုဆိုင်​ကယ်​နဲ့ဖြတ်​ရင်း ငါတို့သီချင်း​တွေ ​အော်​ဆိုခဲ့ပုံ​တွေ။ အာရုံမှာ တဖျပ်​ဖျပ်​ လာရိုက်​ခတ်​ကြတယ်​။ သူမနဲ့အတူစားခဲ့တဲ့ည​ဈေးက ထမင်းဆိုင်​က​လေး​တွေလမ်း​ဘေးမှာ သူမနဲ့ငါရန်​ဖြစ်​ခဲ့ပုံ​တွေ။ အား သတိရခြင်း​တွေကဘက်​​ပေါင်းစုံ​ထောင့်​​ပေါင်းစုံက​နေ ဂိုး​တွေသွင်း​နေတာပါပဲလား။ ငါ့ရင်​ခွင်​ဘယ်​လိုမှခံစစ်​မလုံ​တော့ဘူး။ ဘာဖြစ်​လို့လဲငါအားလုံးကို သတိရ​နေမိတယ်​။

အစိတ်​သားကမ်​ပိန်းတုန်းက ငါ့ဆီကိုဝင်​လာတဲ့သတင်း​ထောက်​​တွေရဲ့တယ်​လီဖုန်းသံ​တွေ။ စစ်​ပွဲ​တွေရပ်​ဆိုပြီးစင်​​ပေါ်က​နေ ငါအကျယ်​ကြီး​အော်​ခဲ့တာ​တွေ။ ​ကျောင်​သားသပိတ်​ဖြိုခွင်းခံရ​ချိန်​က ငါတစ်​​ယောက်​တည်း ​ပေါက်​ကွဲ​နေခဲ့တာ​တွေ။ ဒါ​တွေကိုလည်းသတိရ​နေမိတယ်​။ နိုင်​ငံ​ရေးကိုနားမလည်​ခဲ့​ပေမဲ့ နာကျင်​မှုကိုသာ အစစ်​အမှန်​လို့ ယုံကြည်​ပြီးငါ့​ဖေ့စ်​ဘုတ်​​ပေါ်က​နေ ငါ​ရေးတင်​​နေခဲ့တဲ့အ​ကြောင်း ငါပြန်​သတိရ​နေမိတယ်​။ ငါ့လက်​သန်းကိုမှင်​စွတ်​ဖို့ ငါ့အိမ်​ကိုငါပြန်​လာခဲ့ပုံ​တွေ။ ငါ့မြို့မှာငါ့ကိုဘယ်​သူမှမသိကြ​တော့တဲ့ပုံ​တွေ။ ပိုက်​ဆံ၂၀၀တန်​တစ်​ရွက်​ ကြမ်းကြားထဲကျသွားလို့သံ​ချောင်းနဲ့ကလန့်​ပြီး ငါ​ကောက်​ယူခဲ့တဲ့အဖြစ်​ကိုလည်းငါသတိရ​နေမိတယ်​။ သတိရခြင်း​တွေဟာ ကျရှုံးမှု မှတ်​တမ်းလည်းဖြစ်​နိုင်​တယ်​။ သတိရခြင်း​တွေဟာ မိုက်​မဲခြင်းရဲ့ ပုံတူလည်းဖြစ်​နိုင်​တယ်​။ သတိရခြင်း​တွေဟာ မ​အောင်​မြင်​ခဲ့တဲ့ချီတက်​ပွဲတစ်​ခုရဲ့ရာဇဝင်​လည်း ဖြစ်​နိုင်​တယ်​။ ဘာဖြစ်​လို့လဲ။ ငါ အားလုံးကို သတိရ​နေမိတယ်​။ ဝါးခယ်​မမြို့က​လေးမှာ ငါဝမ်းနည်းသလိုကြီး ခံစား​နေခဲ့ရတာ ကိုလည်း သတိရတယ်​။ ​ကျောင်းကုန်းမှာ ငါ့ကို တစ်​ညလုံးမအိပ်​ပဲ ထိုင်​​စောင့်​​နေကြတဲ့ငါ့မိတ်​​ဆွေ​တွေကိုလည်း သတိရတယ်​။ ငဝန်​မြစ်​​ဘေးမှာ ကဗျာရွတ်​ခဲ့တဲ့ ည​ကိုလည်း သတိရတယ်​။ ကဗျာဆရာ​မောင်​​အောင်​ပွင့်​နဲ့သူ့ရဲ့လူမ​တောင်​ဇလပ်​ဖြူ ကို ​တွေ့ရ​တော့ကြည်​နူးခဲ့မိတာကိုလည်း ငါသတိရတယ်​။ ငါအိမ်​ပြန်​လာ​တော့ငါ့စာအုပ်​​တွေကို ​ငေးကြည့်​​နေတဲ့အ​မေ့ရဲ့မျက်​နှာကိုလည်းငါသတိရ​နေမိတယ်​။ မြို့ပတ်​ရထား​ပေါ်မှာ ရတုသစ်​နဲ့ငါ။ ကိုလူ​အောင်​ရဲ့ဆိုင်​ကယ်​​နဲ့သူ့အိမ်​ကိုလိုက်​လာတဲ့ငါ။ အား... အများကြီးပဲ လူ​​တွေ၊ မြို့​တွေ၊ နာကျင်​မှု​တွေ၊​ ပျော်​ရွှင်​မှု​တွေ၊ ဘာဖြစ်​လို့လဲ။ ငါ အားလုံးကို သတိရ​နေမိတယ်​။

ရတနာ​မြေပုံတစ်​ခုလား။ သင်​တန်း​ကျောင်းတစ်​ခုလား။ ​လေ့ကျင့်​​ရေးကွင်းလား။ ပြဇာတ်​တစ်​ပုဒ်​လား။ စာအုပ်​တစ်​အုပ်​လား။ သတိရခြင်းဟာ ငါ့​ခေါင်းထဲလျှပ်​စစ်​​တွေစီးဆင်း​နေသလိုတဖျပ်​ဖျပ်​။ ​မေ့ပစ်​လို့မရတဲ့ အတိတ်​ကပုံရိပ်​​တွေဟာ ခွာသံ ပြင်းပြင်း စီးနင်းဝင်​​ရောက်​​နေတယ်​။ သတိရခြင်းဟာ ကွင်းပြင်​ကျယ်​ကြီး။ သတိရခြင်းဟာ ​ကောင်းကင်​ပြာကြီး။ ငါ့နာရီ​တွေ ကိုသတိရခြင်း​တွေကပဲ သိမ်းပိုက်​ထားကြတယ်​လို့​တောင်​ ငါထင်​​နေ​မိတယ်​။ သတိရခြင်း​မှာ နယ်​နိမိတ်​စည်းမျဉ်း​တွေမရှိ၊ သတိရခြင်းမှာ ကန့်​သတ်​မှု​ဘောင်​ အ​ဆောက်​အဦး​တွေနတ္ထိ။ သတိရခြင်း​တွေ​နောက်​ ငါလိုက်​ပါသွားရပုံကို ငါအံ့သြ​နေမိ တယ်​။ သတိရခြင်း​နွေဦး။ သတိရခြင်း​ဆောင်းမနက်​ခင်း။ သတိရခြင်း​မိုးတွင်းညနက်​မည်းများ။ ငါ့ဖြူစင်​ခဲ့ခြင်း​တွေ၊ ငါ့ညစ်​​ထေးရခြင်း​တွေ။ ​ရေစီ​ကြောင်းထဲ ​မျှောပါသွားရသလို ငါလူးလှိမ့်​လို့။ ငါ့နိုင်​ငံ​တော်​ကြီး ​ကောင်း​တော့မယ်​တဲ့ တစ်​​နေရာရာက ကြားခဲ့ဖူးတဲ့ စကားကိုလည်း ပြန်​သတိရတယ်​။ ဆိုးယုတ်​တဲ့ နှစ်​ကာလ​တွေ ​သေဆုံးသွားပြီိတဲ့။ ငါတို့ရဲ့မနက်​ဖြန်​​တွေဟာ ကြည်​လင်​ဝင်းပ​တော့မယ်​တဲ့။ မစိမ်းလန်း​တော့တဲ့ ​တောင်​ကုန်း​တွေဟာ မ​နေ့ကအ​ကြောင်းအရာ​တွေကို တူးဆွ​နေကြတယ်​။ မထူထပ်​​တော့တဲ့ ​တောအုပ်​​တွေက ရာဇဝင်​အ​ကြေးခွံကို ပြန်​လှန်​​နေကြတယ်​။ သတင်းနဲ့အတင်း ​ရော​ထွေးရှုပ်​ပွ​နေတဲ့ ​နေ့တာ​တွေကြားထဲမှာ သတိရခြင်း​တွေဟာ အရသာရှိသလိုပါပဲ။ ငါ​ရောက်​ဖူးပြီး ငါပြန်​မ​ရောက်​နိုင်​​တော့တဲ့ နယ်​​မြေ​တွေ ဟာ ငါ့အ​ပေါ်တည့်​တည့်​မှာ ပွင့်​ဖူး​နေကြတယ်​။ ငါ​ငေးကြည့်​​နေရုံကလွဲလို့ တတ်​နိုင်​တဲ့အရာ ဘာမှမရှိခဲ့ဘူး။ ဘာဖြစ်​လို့လဲ။

ငါအားလုံးကို သတိရ​နေမိတယ်​။

လင်းသက်​ငြိ​မ်

ကာတွန်း ဘဌေးကြည် - ပျော်သလိုလိုတောင် ဖြစ်လာပြီ

$
0
0

ကာတွန်း ဘဌေးကြည် - ပျော်သလိုလိုတောင် ဖြစ်လာပြီ
(မိုးမခ) ဧပြီ ၃၊ ၂၀၁၈

လှကျော်ဇော ● ဒေါ်ဒေါ် ဒေါ်ခင်မျိုးညွှန့်သို့ ... ဂါရဝ

$
0
0
 
 လှကျော်ဇော ● ဒေါ်ဒေါ် ဒေါ်ခင်မျိုးညွှန့်သို့ ... ဂါရဝ
(မိုးမခ) ဧပြီ ၃၊ ၂၀၁၈

မတ်လ (၁ဝ) ရက်နေ့မနက်ပိုင်းမှာ ဗိုလ်မှူးချစ်ကောင်းရဲ့ဇနီး ဒေါ်ခင်မျိုးညွန့် မတ်လ (၉) ရက်နေ့ညက ကွယ်လွန်သွားပြီဆို တဲ့သတင်း သတင်းကွန်ရက်မှာတက်လာပါတယ်။ အသက် (၉၅) နှစ်ရှိပါပြီ။  အိပ်ရာထဲလဲနေတာတောင်  (၇) (၈) နှစ်ရှိခဲ့ပြီ လို့လည်း ကြားရပါတယ်။ ဒေါ်ဒေါ်ငြိမ်းချမ်းစွာအနားယူပါတော့။  မသာယာခဲ့ပေမယ့်  လှပလှတဲ့ဘဝကို ဒေါ်ဒေါ်ရခဲ့ပြီးပါပြီ။
                                    
ကျွန်မမေမေအကြောင်းရေးတဲ့ဆောင်းပါးများကို စုထုတ်တဲ့ “အလွမ်းစာပန်းခြင်းလေး”  စာအုပ်ထွက်အပြီး စာအုပ်ဝေဖန်ရေး ရေးတဲ့ ဆရာကြီးမောင်စွမ်းရည်က  ဒီလိုထည့်ရေးထားခဲ့ပါတယ်။

“သခင်အောင်ဆန်း၊ သခင်နု၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ သခင်ဗဟိန်း၊ သခင်ဇင်၊ ကာနယ်ချစ်ကောင်းစတဲ့နိုင်ငံရေးသမားတို့ရဲ့ဇနီးတွေအကြောင်းကိုရေးနိုင်ကြရင်ကောင်းမှာပါပဲ” တဲ့။

အဲဒီဆောင်းပါးထဲမှာပဲရေးထားသေးတာက ...

“တစ်ခါက စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က သခင်စိုး သခင်သန်းထွန်း ဗိုလ်အောင်ဆန်းတို့နဲ့အတူနေရပုံကို ပြန်လည် ပြောပြရင်း နိုင်ငံရေးသမား ဇနီးဖြစ်ရတာ မလွယ်ပုံ၊ သူတို့အပေါင်းအသင်းတွေကိုလည်း မရှိ ရှိတာ ချက်ပြုတ်ကျွေးရပုံ၊ ပေး ရပုံတွေ၊ ကိုယ်တွေ့မျက်မြင်တွေ၊ ပြောပြပါတယ်။  တချို့ရဲဘော်တွေဟာ နိုင်ငံရေးသမားတွေကို အချိန်မရှိ အချိန်ရှိလာသမျှ ချက်ပြုတ် ကျွေးမွေးရ၊ အဝတ်တွေလျှော်ပေးရနဲ့၊ မကျန်းမာရင် စောင့်ရှောက်ရနဲ့လုပ်ရပုံတွေ၊ တချို့မိန်းမတွေ နိုင်ငံရေးသမား တွေမဟုတ်ဘဲ ဖမ်းဆီးနှိပ်စက် အသက်အန္တရာယ်ဖြစ်ရပုံတွေကို ပြောပြဖူးတယ်။  သူတို့ဟာ မော်ကွန်းထိုးမခံရတဲ့ ကျေးဇူး ရှင်တွေပါ။  သူတို့အကြောင်းတွေ ငါရေးရဦးမယ် မကြာခဏပြောဖူးပါတယ်” တဲ့။ 


(ပုံ - ၁)

အဲဒီစာအုပ်ဝေဖန်ရေးဆောင်းပါးဖတ်မိသူတိုင်းက ကျွန်မကို ဒေါ်ဒေါ် ဒေါ်ခင်မျိုးညွန့်အကြောင်းရေးပါဦး လို့တိုက်တွန်းကြ
ပါတယ်။  အကြောင်းကတော့ ကျွန်မနဲ့ဒေါ်ဒေါ် (သူ့သားသမီးများအပါ)  အလွန်ရင်နှီးခင်မင်ကြမှန်း သိကြလို့ပါ။

ဟုတ်ပါတယ်။ ကျွန်မတို့မိသားစုနဲ့ ဒေါ်ဒေါ်တို့မိသားစုဟာ ဆွေမျိုးရင်းချာတွေလို ရင်းနှီးခဲ့ကြပါတယ်။  ဒေါ်ဒေါ် ဒေါ်အမာ ပြောစကားကိုယူသုံးရရင် နိုင်ငံရေးဆွေမျိုးတွေပေါ့။
                                
ဒေါ်ဒေါ်ကို ကျွန်မစတွေ့ဖူးတာ ၁၉၆၃ ခုနှစ် ဆရာကြီးမှိုင်းဈာပနမှာပါ။  ၁၉၆၃ ဇူလိုင်လ (၂၃) ရက်နေ့မှာ ကွယ်လွန်တဲ့ ဆရာကြီးမှိုင်းကို စမ်းချောင်းပဒုမ္မာကွင်းထဲမှာ (၂) ပတ်ထားပြီးနောက် သြဂုတ်လ (၈) ရက်နေ့မှာ ကန်တော်မင်ပန်းခြံသို့ ပို့ဆောင်သင်္ဂြိုဟ်ပါတယ်။  ရုပ်ကလာပ်ကိုခြေလျင်သယ်ဆောင်ရာမှာ ကျွန်မတို့တတွေ အတူပါခဲ့ကြတာပါ။

အဲဒီတုန်းက တောပြန်အုပ်က အလွန်တောင့်ပါတယ်။  ပါတီရဲ့ ၅၅ လမ်းစဉ်အောက်မှာ မြို့ပြန်ရောက်သူတွေရော၊ စစ်ဆင် ရေးစစ်ကြောင်းတွေမှာမိပြီး ထောင်တန်းကျအပြီး ထွက်လာသူများရော၊ အတော်များပါတယ်။  (ဖဆပလခေတ် အစောပိုင်း မှာ မိလာသူများက ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။  တိုက်ပွဲမှာ ကျရင်ကျမှသာ၊ ဒဏ်ရာနဲ့မိသူများရော၊ အရှင်မိသူများရော၊ အကုန်ဖမ်းမြို့ပေါ် ခေါ်လာကြပါတယ်။ နောက်ပိုင်းအထူးသဖြင့် မဆလခေတ်ရောက်တော့မြို့ပေါ်မှာ ကွန်မြူနစ်ရှားလို့ မင်းတို့ကို တောထဲကခေါ်လာခိုင်းတာမဟုတ်ဘူးဆိုတဲ့ ဗိုလ်နေဝင်းနှုတ်မိန့်နဲ့  မိလာသူမှန်သမျှ တောထဲမှာ တင်အသတ်ခံရ တာပါ။)  အဲဒီအုပ်က ရန်ကုန်တင်မက နယ်မြို့အသီးသီးမှာလည်း ရှိကြပါတယ်။ သူတို့တတွေက  ဘဝအရကို ပြည်တွင်းငြိမ်း ချမ်းရေးလုပ်ငန်းတွေကို အပြတ်ထောက်ခံကြတာပါ။

ဗိုလ်မှူးချစ်ကောင်းကတော့ ထောင်ကလွတ်လာပြီးနောက် ၁၉၆၁ ခုနှစ် ဖေဖေတို့ရဲ့ တရုတ်ဖြူကျူးကျော်မှုနဲ့ နယ်ချဲ့ဆန့် ကျင်ရေး အမျိုးသားကော်မတီထဲ ခဏပါလိုက်ပြီး တောပြန်ခိုသွားပါတယ်။  အဲဒီ ၁၉၆ဝ ခုနှစ်များကစလို့ ကျွန်မတို့မိသားစုနဲ့ ဒေါ်ဒေါ်တို့မိသားစု တရင်းတနှီးဆက်ဆံလာခဲ့ကြတာပါ။ ဖေဖေကလည်း သူ့စာအုပ်မှာ ဒေါ်ဒေါ်တို့မိသားစုနဲ့ ကျွန်မတို့ဆက်ဆံရေးအကြောင်း ဒီလိုထည့်ရေးထားပါတယ်။

“ကျွန်တော်တို့သည် တောတွင်းမှ ဖမ်းမိထောင်ကျပြီး လွတ်လာကြသည့် တောပြန်မိသားစုများနှင့်လည်း ရင်းရင်းနှီးနှီးခင်ခင်
မင်မင်နေခဲ့ကြရပါသည်။  ထိုသူများထဲတွင် ကျွန်တော်တို့မိသားစုနှင့် ဆွေမျိုးသားချင်းကဲ့သို့ တောက်လျှောက်ခင်မင်ရင်းနှီးခဲ့သည့် မိသားစုတစုရှိပါသည်။  ထိုသူများမှာ ဗိုလ်မှူးချစ်ကောင်း၏ဇနီး ဒေါ်ခင်မျိုးညွန့်နှင့် သားသမီးသုံးဦးတို့ ဖြစ်ကြပါသည်။
“ကျွန်တော်နှင့်ဗိုလ်မှူးချစ်ကောင်းမှာ ဘီဒီအေကတည်းကသိရှိခဲ့ကြသော်လည်း သိပ်ရင်းနှီးခြင်းမရှိပါ။  သူထောင်ကလွတ်
လာစဉ်က ကျွန်တော်တို့နယ်ချဲ့ဆန့်ကျင်ရေး၊ တရုတ်ဖြူဆန့်ကျင်ရေး အမျိုးသားကော်မတီဖွဲ့သည့်ကာလနှင့်တိုးသဖြင့် လာရောက်ပါဝင်ခဲ့ဖူးသော်လည်း မကြာမီမှာပင် တောပြန်ခိုသွားပြီး တောတွင်းတိုက်ပွဲတနေရာတွင် ကျဆုံးသွားခဲ့ရှာပါသည်။

“သူ့ဇနီးသည် ဒေါ်ခင်မျိုးညွန့်မှာ သားသမီးသုံးယောက်နှင့်အတူ အတော်ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားသောက်ရပါသည်။ ကျွန်တော်သာမက ကျွန်တော်တို့တမိသားစုလုံးက သူတို့အပေါ်အလွန်ကြင်နာစွာ စောင့်ရှောက်ခဲ့ကြပါသည်။

“ကျွန်တော့်သားနှစ်ယောက်ဖွင့်သည့် မြေနီကုန်းကစာအုပ်ဆိုင်တွင် သူတို့၏သားလေးကိုခေါ်၍ အလုပ်ပေးထားပြီး ကျွန် တော့်သမီးကြီးအလုပ်လုပ်သည့် အရှေ့ပိုင်းဆေးရုံမှ ဆရာဝန်များအတွက်ပေးသည့်အိမ်ခန်းတွင်မူ ဒေါ်ခင်မျိုးညွန့်နှင့် သမီး နှစ်ယောက်ကိုခေါ်ထားပါသည်။  ကျွန်တော်တောခိုလာစဉ် ကျွန်တော့်ဇနီးတယောက်တည်းထားခဲ့ရစဉ်က သူမကျန်းမမာ ဖြစ်နေတုန်း ဒေါ်ခင်မျိုးညွန့်ကသမီးကြီးခင်မာအေးနှင့်အတူ ကျွန်တော့်ဇနီးအား လာရောက်စောင့်ရှောက်နေထိုင်ခဲ့ကြောင်း ကျွန်တော့်ဇနီးက ကျွန်တော့်ကို ပြန်ပြောပြခဲ့ပါသည်။

“ဒေါ်ခင်မျိုးညွန့်မှာ အလွန်စိတ်ဓာတ်ခိုင်မာကောင်းမွန်သူဖြစ်ပြီး နိုင်ငံရေးရပ်တည်ချက်လည်း ပြတ်သားပါသည်။ သူတို့ မိ သားစု ချို့တဲ့မှန်းသိသဖြင့် ထိုစဉ်က လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ကိုလှမြိုင်က သူ့ကို သတင်းစာ ကိုယ်စားလှယ်ပေးပါသည်။ သူက လက်မခံပါ။  ဗမာပြည်ကွန်မြူနစ်ပါတီကို အပုတ်ခတ်ဆုံးရေးသားနေသည့် သတင်းစာက ကျွေးသည့်ထမင်း မစားချင်ပါဟု ဆိုခဲ့ပါသည်။  သူ့လုပ်အားနှင့်ပင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ရှာပါသည်”
(ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့” ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိပေါင်းချုပ်၊ ယဉ်မျိုးစာပေ၊ နှာ၂၉၄ ၂၉၅။) 


(ပုံ - ၂)

ကျွန်မအရှေ့ပိုင်းဆေးရုံမှာ လက်ထောက်ဆရာဝန်အဖြစ် အလုပ်လုပ်စဉ်က (၁၉၇၂ ၇၅) ကျွန်မရတဲ့တိုက်ခန်းလေးထဲမှာ ဒေါ်ဒေါ်နဲ့သမီးကလေးနှစ်ယောက် ကျွန်မနဲ့အတူ ကာလတပိုင်း နေထိုင်ခဲ့ဖူးပါတယ်။

တကယ်တော့ ဒေါ်ဒေါ်မှာ ဗိုလ်မှူးချစ်ကောင်းရဲ့ အလွန်ကြီးမားလှတဲ့ သူရဲကောင်းပုံရိပ်ကြီးရဲ့ အရောင်ဟပ်နေမှု (Halo effect) သို့မဟုတ် နိုင်ငံရေးဂုဏ်သိက္ခာကြီးကို ရရှိထားပါတယ်။ အဲဒီကာလ (၁၉၅၇- ၆ဝ ခုနှစ်များ) က ဖဆပလအစိုးရက ဖမ်းမိရင် ဆုငွေငါးသောင်းပေးမယ်လို့ ကြေညာထားခြင်းခံရတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ဗိုလ်မှူးချစ်ကောင်းကို ရန်ကုန်မြို့လည်ခေါင်မှာဖမ်းမိလိုက်တာ ရုံးတင်တရားစွဲဆိုရာမှာ မိမိဘာသာမိမိ လျှောက်လဲချက်တင် တာ နောက်ဆုံးနိုင်ငံတော်သစ္စာဖောက်မှုနဲ့ သေဒဏ်ကျခံလိုက်ရတာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကွင်းလုံးကျွတ် လွတ်လာတာ  စတဲ့အဖြစ်အပျက်တွေဟာ ဂန္တဝင်မြောက်ပြဇာတ်ကြီးတခုကို ရင်သပ်ရှုမော ကြည့်ရှုနေရသလိုပါပဲ။ (တ ကယ်တော့ သမ္မတမန်းဝင်းမောင်က သူ့မှာ ဒီလိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခွင့်ရှိကြောင်း မသိပါဘူး။ ဒီအချက်ကိုတရားလွှတ် တော်ရှေ့နေကြီး ဒေါက်တာအေးမောင် (ပမညတ) က ရှာဖွေထောက်ပြပေးတာဖြစ်ပါတယ်။ ဒီသမ္မတနဲ့ ရှေ့နေအကြား ဆက်သားက ဒေါ်ဒေါ်ပါ။ ဒါ့အပြင် အဲဒီကာလနိုင်ငံရေးနောက်ခံကလည်း ဦးလေးအတွက် တပန်းသာစေပါတယ်။ ဖဆပလကွဲပြီး ပထစအနေနဲ့ ပမညတနဲ့ပူးပေါင်းလိုက်ရတာ၊ စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ တည်မြဲကို ပြည်သူလူထု ကြီး တရပ်လုံးကပစ်ပယ်လိုက်တာတွေပါ။)

ဒါတွေအားလုံးကို ထပ်ဆောင်းလိုက်တဲ့ဖြစ်ရပ်ကတော့  ဦးလေးကိုချစ်ကောင်းကလွတ်လာပြီး အပြင်မှာ ခဏလေးနေရ သခိုက် သူထောင်တွင်းမှာရေးသားခဲ့ဟန်ရှိတဲ့  (သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိ)  အနှစ်နှစ်ဆယ်ဆိုတဲ့စာအုပ်ကို ထုတ်လိုက်နိုင် တာပါ။ ဒီစာအုပ်ဟာ ဗမာပြည်အတွက် အခုထိမပြီးဆုံးနိုင်သေးတဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုသမိုင်းကြောင်းအတွင်းကအချို့အဖြစ်အပျက်များကို အစောဆုံး မှတ်တမ်းတင်ပေးခဲ့တဲ့ သမိုင်းဝင်စာအုပ်တအုပ်ပါ။  လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ်အတွင်းက (ဖဆပလက ဖုံးကွယ်ထားတဲ့) ပြည်သူတွေအကြား သိရှိမှုနည်းတဲ့ အဖြစ်အပျက်တွေ  (ဥပမာ လေထီးဆင်း ရဲဘော်များအကြောင်း) ကိုအလွန်ပြောင်မြောက်တဲ့ အရေးအသားများနဲ့ ရေးသားထားတာပါ။  စိတ်ထဲထိသွားအောင်ရေးသားနိုင်တာပါ။

ဥပမာအားဖြင့် စာအုပ်ဖွင့်ဖွင့်ချင်းရေးထားတဲ့အပိုဒ် ....

“အနှစ် ၂ဝ မျှ တိုင်းပြည်အတွက်လုပ်လာပြီးနောက် ကျွန်တော်သည် ကိုယ့်ကိုယ်ကိုပြန်၍ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲ သို့ ရောက်၍နေသည်ကို တွေ့ရလေသည်” ဆိုတဲ့အရေးအသား။

“ဤအနှစ်၂ဝ သည် တရက်အတွင်း ဖြစ်သလိုဖြစ်နေ၏။  အင်္ဂလိပ်ကိုမနက်က တိုက်ခဲ့ပြီး နေ့လည်ကဂျပန်ကိုတော်လှန်ကာ
ညနေတွင် လွတ်လပ်ရေးရလျှက် ယခုညတွင် ကျွန်တော်သည် ကြိုးတိုက်ထဲသို့ရောက်နေခဲ့လေပြီ”   ဆိုတဲ့အရေးအသားတွေ ဟာ အလွတ်ကျက်စရာမလိုဘဲ အလွတ်ရသွားစေနိုင်တဲ့ အရေးအသားများပါ။

၁၉၄ဝခုနှစ်လောက်များကစလို့ ကျောင်းသားသမဂ္ဂဝင် လူငယ်လေးတယောက်ရဲ့ လွတ်လပ်ရေးအတွက် တစိုက်မတ်မတ် လှုပ်ရှား လာခဲ့မှုများနဲ့ အတွေးအခေါ် အပြောင်းအလဲဖြစ်စဉ်တွေကို ခေတ်အဆက်ဆက် သမိုင်းနဲ့အတူ ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် သက်ရှိ သမိုင်းဝင် လူပုဂ္ဂိုလ်များအကြောင်းနဲ့အတူ ရေးသားထားရုံမျှမက ဖဆပလထဲက အာဏာရနိုင်ငံရေး သမားများရဲ့ မတော်မတည့်လုပ်ဟန်တွေ၊ စကားအမျိုးမျိုးပြောင်းပြောပုံတွေအပြင် အဲဒီအချိန်စလာနေပြီဖြစ်တဲ့စစ်တပ်ရဲ့ တိုက်ပွဲတွင်းမိတဲ့ သူတွေ (ဥပမာ ဂျပန်တော်လှန်ရေးသူရဲကောင်းတွေဖြစ်တဲ့ ဗိုလ်သိန်း၊ ဗိုလ်အာဠာဝက) ကို ထွက်ပြေးဖို့ကြိုး စားလို့ ပစ်သတ်လိုက်ရမှုဆိုတာတွေအထိ ရသမျှဘောင်ကလေးအတွင်း ဖွင့်ချရေးသားချက်များကလည်း လူထုကြီးကို နိုင်ငံရေးပညာ တဆင့်မြှင့်တင်ပေးလိုက်သလိုပါပဲ။

ဒါတွေကြောင့်ပဲ ဦးလေးကိုချစ်ကောင်းရဲ့ အနှစ်နှစ်ဆယ်  စာအုပ်ဟာ သမိုင်းတွင်ခဲ့တာပါ။ အဲဒီခေတ်အဲဒီကာလက ဒီစာအုပ် ကို မဖတ်ဖူးသူဟာ ခေတ်မမီဘူးလို့တောင် ဆိုရမတတ်ပါပဲ။ နိုင်ငံရေးစိတ်ဝင်စားတဲ့ (အထူးသဖြင့် သူရဲကောင်းကိုးကွယ် တတ်တဲ့ လက်ဝဲဘက်ယိမ်းတဲ့) လူငယ်လူရွယ်များအတွက်တော့ ဒီစာအုပ်ကလေးဟာ နိုင်ငံရေးသမ္မာကျမ်းစာအုပ်ပါ။

ဒါတွေအရှိန်နဲ့ဒေါ်ဒေါ်ကို တလေးတစားဆက်ဆံခဲ့ကြရာမှာ၊ ဒေါ်ဒေါ်ရဲ့ ပင်ကိုယ်နိုင်ငံရေးမာန်က ဦးလေးပေးခဲ့တဲ့နိုင်ငံရေး ဂုဏ်သိက္ခာကြီးကို ထိမ်းသိမ်းနိုင်ရုံမက ပိုမိုတောက်ပြောင်လင်းလက်စေခဲ့နိုင်တာ တွေ့ရပါတယ်။ ဒါကလည်း သိပ်တော့ မထူး ဆန်းလှပါဘူး။

ဒေါ်ဒေါ်ကဦးလေးနဲ့ မဆုံစည်းခင်ကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရဲဘော်တဦးဖြစ်ခဲ့လို့ပါပဲ။  ပါတီရဲ့တာဝန်တွေကို တက်တက်ကြွကြွ ထမ်းဆောင်နေစဉ်ကာလအတွင်းမှာ ဦးလေးနဲ့ ဖူးစာဖက်ခဲ့တာပါ။  တောတွင်း လက်နက်ကိုင်တော်လှန်ရေး ကာလ၊ ဖမ်းမိထောင်ကျ နိုင်ငံရေးအကျဉ်းသမားဘဝ၊ စတဲ့ဘဝတွေအပြင် နောက်ပိုင်းဘဝအထွေထွေအတွင်းမှာလည်း ဘာအမဲစက်မှ မရှိအောင်နေနိုင်ခဲ့သူပါ။

ဒေါ်ဒေါ်ကိုတွေ့တွေ့ချင်း ကျွန်မသတိထားလိုက်မိတဲ့အချက်က ဒေါ်ဒေါ်ရဲ့ ပွင့်လင်းရိုးသားလွန်းတဲ့ဆက်ဆံရေးပါ။  ဘယ် သူ့ကိုမဆို ထိပ်ဆုံးသမ္မတကြီးကစလို့ တောပြန်ထောင်ထွက်ဆင်းရဲနွမ်းပါးလှတဲ့ မိမိရဲဘော်ဟောင်းများအဆုံး လူတိုင်းကို  (မာနမပါ သိမ်ငယ်မှုမရှိ)  တပြေးညီ ဆက်ဆံနိုင်မှုပါ။  သင့်တော်တဲ့လေးစားမှုပြတာကိုတော့ တခါတခါတွေ့ရပါတယ်။  သူ့မျက်စိထဲ အမြင်မတော်တာရှိရင်လည်း ဒိုးဒိုးဒေါက်ဒေါက် ပြောထည့်လိုက်တာပါပဲ။  အလွန့်ကို လိပ်ပြာရှင်း လိပ်ပြာသန့်တဲ့ လူသားတဦးရဲ့ လုပ်ဟန်အပြည့် ရှိပါတယ်။

(ဒီနေရာမှာ ကြုံလာလို့ ကိစ္စတခုပြောပြရပါဦးမယ်။  မေမေ ကျွန်မတို့နောက် (၁၉၈ဝ) တောထဲလိုက်လာတော့၊ ပါတီတွင်းမှာ အတွေးအခေါ် အရှုပ်အထွေးတွေ စပေါ်နေချိန်နဲ့တိုးပါတယ်။ တရုတ်ပြည်ရဲ့ တံခါးဖွင့်ပေါ်လစီအောက်မှာ တပြည်သူ တပြည် သားများ အိမ်ပြန်ဖို့ ပြင်ဆင်ကြပါတော့တယ်။ တချို့က အိမ်အပြန်အိတ်အပြည့် ပါရေးအတွက် ကြိုးစားပမ်းစားစု ဆောင်းနေတဲ့အချိန်ပါ။  မေမေက ပါတီတွင်းကအဲဒီအခြေအနေတွေကိုမြင်တော့ တော်သေးတယ်။  ဒေါ်ကြည်ကြည် (သ ခင်ဇင်ဇနီး) တို့  ဒေါ်ခင်မျိုးညွန့်တို့ ပါမလာတာ၊ နို့မို့ သူတို့ပါးစပ်နဲ့တော့ တွေ့တော့မှာ ... တဲ့။ )

နောက်ဒေါ်ဒေါ်ရဲ့ ထူးခြားချက်တချက်ကတော့ အလွန်အပင်ပန်း အဆင်းရဲခံနိုင်မှုပါ။  ဒေါ်ဒေါ်က ခပ်ညှက်ညှက်ပါ။  ဒါပေမဲ့ ကြည့်ရတာ တကိုယ်လုံးကြွက်သားတွေနဲ့ပဲ တည်ဆောက်ထားသလား အောက်မေ့ရပါတယ်။  မာရည်ကျောရည် ခံနိုင်ရည် က အံ့စရာပါ။  ကာယအလုပ်ကြမ်းတွေကိုလုပ်ပြီး နေရေးထိုင်ရေး ဖြေရှင်းရပါတယ်။  ဒါပေမဲ့ ဒေါ်ဒေါ်ကို ဘယ်တော့ကြည့် ကြည့် သန့်ရှင်းဖြူစင်လန်းဆန်းနေပါတယ်။  လူကလည်း သွက်လက်နေတာပါ။  ဘယ်လောက် ခက်ခဲကြပ်တည်းပါစေ။  ဘယ်သူ့မှ ဒုက္ခမပေးပါဘူး။ ဘယ်သူ့ဆီမှလည်း သွားအကူအညီတောင်းတာ မကြားဖူးပါဘူး။

ဒေါ်ဒေါ်ရဲ့ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်တဲ့စိတ်ဓာတ်ကို ပြသတဲ့ဖြစ်ရပ်တခုရှိပါတယ်။ သူ့အတွင်းခံအိတ်ထဲမှာ အမြဲငွေ (၂၅) ကျပ်နဲ့စာတစောင်ထည့်ထားပါတယ်။  အဲဒီစာက သူဆုံးသွားရင် ရေခဲတိုက်ကိုလှူထားတယ်ဆိုတဲ့စာပါ။  ငွေ (၂၅) ကျပ်က တော့ သူ့အလောင်းကို ရေခဲတိုက်ပို့ဖို့တဲ့။  သူဘယ်လောက် ခက်ခဲခက်ခဲ အဲဒီငွေကို ဘယ်တော့မှမထိပါဘူး။  အဲသလို အဆုံးစွန်ဘဝကို ပြင်ဆင်ထားတာပါ။

နိုင်ငံရေးဂုဏ်သိက္ခာဆိုတာ လိုချင်လှချည့်ရဲ့ဆိုပြီး တောင်းတိုင်းရတာမဟုတ်သလို ကိုယ်မလိုချင်တိုင်းလည်း မရတာမ ဟုတ်ပါဘူး။  ဒေါ်ဒေါ်ကို အနယ်နယ်အရပ်ရပ်က ဝိုင်းကူညီတာတွေ တွေ့ဖူးပါတယ်။  ထားဝယ်ဘက်ကဆိုရင် ငါးပိ ငါး ခြောက် ပုဇွန်ခြောက်စတာတွေကို သံပုံးတွေနဲ့ကို ပို့ပေးတာပါ။  တခါက ဒူးရင်းယိုတောင် ပါလာပါတယ်။  ဒါတွေကို သူက တခါ ပြန်ဝေငှပေးကမ်းတာတွေ လုပ်ပါတယ်။   ဒေါ်ဒေါ်ရယ် နေ့ဖို့ ညစာလေးများထားပါလားလို့ ကျွန်မက ကြားကမနေနိုင် မထိုင်နိုင် ဝင်ပြောမိပါတယ်။  ဒေါ်ဒေါ် ကျွန်မကို ပြန်ပြောခဲ့တဲ့စကားကတော့ ကျွန်မတသက်မှတ်သားစရာပါပဲ။

“သူများက ဆန်ကောလှိမ့်လာရင် ကိုယ့်ဖက်ကလည်း ကွမ်းသီးလုံးလောက်တော့ပြန်လှိမ့်ရမှာပေါ့”… တဲ့။

ဒေါ်ဒေါ်တို့သားအမိတွေ တစုတည်းတလုံးတည်း မနေနိုင်တဲ့အချိန်တွေရှိပါတယ်။ ကျွန်မနဲ့ ဒေါ်ဒေါ်လာနေရတုန်းက သမီး လေးနှစ်ယောက်ပဲ ပါလာပါတယ်။  အဲဒီကာလက ကိုးကိုးကျွန်းက နိုင်ငံရေးအကျဉ်းသားများ ရန်ကုန်ပြန်ရောက်လာပြီး တသုတ်ပြီး တသုတ် လွှတ်ပေးနေချိန်နဲ့လည်း သွားတိုက်ဆိုင်နေပါတယ်။  ဒီတော့ အဲဒီရဲဘော်များကလည်း လွတ်တာနဲ့ ဒေါ်ဒေါ်ကို လာတွေ့နှုတ်ဆက်ကြပါတယ်။  နယ်ကရဲဘော်များကိုလည်း ရန်ကုန်ကပဲလွှတ်ပေးတာဖြစ်လေတော့၊ သူတို့ တတွေက နယ်မပြန်ခင် ဝင်နှုတ်ဆက်ကြပါတယ်။ ဒေါ်ဒေါ် ကျွန်မအိမ်ရောက်စမှာ၊ သူ့မိတ်ဆွေများ (ဥပမာ ဥက္ကဋ္ဌသခင် သန်းထွန်းဇနီး ဒေါ်ခင်ကြီးတို့၊ ဖြူးသခင်သန်းဖေဇနီး ဒေါ်ခင်ရီတို့) က အနေအထိုင် အဝင်အထွက်တွေ သတိထားဖို့  သူ့ကို သတိပေးခဲ့တယ်တဲ့။  ကျွန်မက အစိုးရဝန်ထမ်းဖြစ်နေလေတော့ မခင်မျိုးညွန့်ရယ်၊ ကိုယ်တို့ကြောင့် လှလှဒုက္ခရောက်နေ ပါဦးမယ်။  ခါတိုင်း လာနေကျ သွားနေကျလူတွေကိုလည်း သတိပေးထားပါဦးလို့ ဆိုသတဲ့။  ဒါ့ကြောင့် ဒေါ်ဒေါ်လည်း အတော်ဂရုစိုက် သတိထားပါတယ်။  ဒါပေမဲ့ ကိုးကိုးကျွန်းပြန်ရဲဘော်များကိုတော့ ဒေါ်ဒေါ်ကကြည့်ရတာ ခြွင်းချက်ထားဟန် ရှိပါတယ်။ အဲဒီရဲဘော်တွေအတွက် လိုအပ်လာပြီဆိုရင် ဒေါ်ဒေါ်မနေသာတော့ပါဘူး။  “ကိုယ်တော့ လူနာပွဲစားးကြီးဖြစ် နေပြီဟေ့” လို့စကားစလာရင် တယောက်ယောက်ကို ဆေးရုံတင်ခိုင်းတော့မယ်ဆိုတာ ကျွန်မသိလိုက်ပါပြီ။

ဒီလိုနဲ့ ကိုးကိုးကျွန်းပြန်ရဲဘော်များ  အရှေ့ပိုင်းဆေးရုံကြီးမှာ ဆေးရုံတက်ကုသဖို့ လိုသူများတက်ကြ၊ ဆေးစစ်ဖို့လိုသူများ ဆေးစစ်ကြ၊ အပြင်ဌာနကနေပဲ ဆေးကုသဖို့လိုသူတွေ ဆေးကုကြနဲ့၊ ကျွန်မဆေးရုံက အိမ်လေးမှာ တရုန်းရုန်းနဲ့ လူစည် ကားနေပါ တော့တယ်။  ဒေါ်ဒေါ်က ဘယ်တယောက်ကိုမှ ဘာတခုမှ မလစ်ဟင်းစေရပါဘူး။  ကျွန်မက သက်ဆိုင်ရာဆေး ခန်းကို တင်ပေးလိုက်ရုံပါပဲ။  ကျန်တာကတော့ ဒေါ်ဒေါ်ပဲ ဆက်ဆောင်ရွက်တာပါပဲ။

အဲဒီကျွန်းပြန်တွေထဲက ဒေါ်ဒေါ်နဲ့ အလွန်ရင်းနှီးတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။ ကိုဉာဏ်ဝင်းနဲ့ ကိုတင်မောင်ဝင်း ကျောင်းသားခေါင်းဆောင် ညီအစ်ကိုနှစ်ယောက်ပါ။  သူတို့က အစောဆုံးလွတ်လာသူများပါ။  ထောက်လှမ်းရေးချုပ် ဗိုလ် မှူးချုပ်တင်ဦးနဲ့ ပုဂ္ဂိုလ်ရေးအရရင်းနှီးပါတယ်။ သူတို့ဖခင်က ဗိုလ်တင်ဦးရဲ့ကျေးဇူးရှင် ဆရာရင်းပါ။ ဒါ့ကြောင့် ဗိုလ်တင်ဦး ကိုယ်တိုင် မိဘတွေလက်ထဲပြန်ပို့တာပါ။  သူတို့ဖခင်က အစိုးရအရာရှိကြီးဖြစ်တာကြောင့် သူတို့နှစ်ယောက်စလုံး ပြန်ရောက် ပြီး မကြာခင်မှာပဲ၊ အလုပ်အကိုင်လေးတွေရကြပါတယ်။  အဲဒီခေတ်က ပြည်သူ့ဆိုင်က ထုတ်ပေးလို့ရသမျှလေးတွေ  (နို့ဆီ ဘူး၊ ဆပ်ပြာ) ကို ဒေါ်ဒေါ်ကိုပဲ လာပေးတတ်ပါတယ်။  ဒေါ်ဒေါ်ကလည်း သူရတတ်သမျှတွေကို ပြန်ပေးတတ်တာ တွေ့ရပါ တယ်။ စားစရာသောက်စရာကောင်းကောင်းလေးများ ရှိရင်လည်း ချန်ထားပြီး သူတို့အလာကို မျှော်နေတတ်ပါတယ်။  သူတို့ ညီအစ်ကိုကလည်း မြေပေါ်မှာ သိပ်ကြာကြာမနေလိုက်ပဲ၊ တောခိုသွားရာမှာ မကြာမီမှာပဲ တောတွင်းတနေရာမှာ ကျဆုံးသွား ပါတယ်။ သူတိုနှစ်ယောက်ကို တောတွင်းလက်နက်ကိုင်အဖွဲ့တဖွဲ့က လုပ်ကြံလိုက်တာပါ။ အဲဒီအဖွဲ့ကခေါင်းဆောင်တဦးက သူတို့အဖွဲ့ထဲက လူမျိုးရေးအစွန်းရောက်များရဲ့လုပ်ကြံမှုအတွက် ပါတီကိုနောက်ပိုင်းမှာ တောင်းပန်ပါတယ်။

ကျွန်မတို့မိသားစုတောထဲထွက်လာပြီးနောက် မေမေတယောက်တည်း ကျန်ခဲ့ချိန် မကျန်းမမာဖြစ်တော့ ဒေါ်ဒေါ်က ခင်မာ အေးနဲ့အတူလာနေပြီး မေမေကို စောင့်ရှောက်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်မမောင်အငယ် ကျော်ဇောဦးဇနီး စီစီ၊ သားသူရိန် ငယ်ငယ်နဲ့ ပုသိမ်ပြောင်းရတုန်းကလည်း ဒေါ်ဒေါ်က သမီးတွေကို မိတ်ဆွေရဲဘော်အိမ်တွေမှာအပ်ထားခဲ့ပြီး အတူလိုက်နေ ပြီး စောင့်ရှောက်ခဲ့ပါတယ်။ တကယ်က ဒေါ်ဒေါ်ဟာ ကျွန်မတို့မိသားစုက ကွမ်းသီးလောက်လှိမ့်ခဲ့တာကို သူကပြန်ပြီး ဆန် ကောလောက် လှိမ့်ပေးခဲ့တာပါ။ အဲဒါ ဒေါ်ဒေါ်ရဲ့စိတ်ဓာတ်ပါ။

ကျွန်မဒီဆောင်းပါးကိုဒေါ်ဒေါ်ဆုံးသွားပြီလို့ ကြားသိသိချင်းစရေးတာပါ။  ဒါ့ကြောင့် ဆောင်းပါးခေါင်းစဉ်ကို  ဒေါ်ဒေါ် (ဒေါ် ခင်မျိုးညွန့်) သို့….ဂါရဝ…လို့ စိတ်လှုပ်လှုပ်ရှားရှားနဲ့ တပ်ခဲ့မိပါတယ်။  အခုဆောင်းပါးကို အဆုံးသတ်ဖို့လုပ်တဲ့အချိန်ကျတော့ ကျွန်မသတိရလာတာတခုရှိပါတယ်။  ဒေါ်ဒေါ်အနေနဲ့ သူ့တဘဝလုံး အရိပ်ပမာကပ်ပါခဲ့တဲ့ ဦးလေးကိုချစ်ကောင်းနဲ့တွဲပြီး ဂါရဝပြုမှသာ ပြည့်စုံမှာ၊ ကျေနပ်မှာဆိုတာပါပဲ။ ဦးလေးကိုချစ်ကောင်းဟာ ဗမာ့လွတ်လပ်ရေးတိုက်ပွဲဝင် အမျိုးသားအဆင့် စစ်ပြန်သူရဲကောင်းကြီးတဦးပါ။

လွတ်လပ်ရေးအတွက် နိုင်ငံခြားအကူအညီရှာဖို့ ဗမာလူငယ်တွေ အရှေ့တသုတ်၊ အနောက်တသုတ် ထွက်ခဲ့ကြတာပါ။  အရှေ့အုပ်က ဂျပန်ရောက်ဗိုလ်ချုပ်အောင်ဆန်းဦးစီးတဲ့ ရဲဘော်သုံးကျိပ်ဖြစ်ပြီး၊ အနောက်အုပ်ကတော့ အိန္ဒိယရောက် ဦးသိန်းဖေမြင့်ဦးစီးတဲ့ လေထီးဆင်းရဲဘော်များပါ။ ဒါပေမဲ့ဒီ အိန္ဒိယအုပ်ရဲ့သမိုင်းဝင်အခန်းကို ခေတ်အဆက်ဆက် အုပ်စိုး သူများက ထိမ်ချန်နိုင်သမျှ ထိမ်ချန်ထားခဲ့ပါတယ်။  အားလုံးနီးပါးဟာ ကွန်မြူနစ်များဖြစ်လို့ပါ။  အများစုကြီးဟာ ဗမာပြည်ရဲ့ မပြီးဆုံးသေးတဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲစဉ်ကြီးအတွင်း ကျဆုံးကုန်ကြပါတယ်။  အဲဒီအာဇာနည်ရဲဘော်ကြီးများ အကြား  ဦးလေးကကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။  ဦးလေးက သူ့တော်လှန်ရေးသက်တမ်းတလျှောက် မြေပေါ်နေရ သခိုက်လေးမှာ  သူကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ အနှစ်နှစ်ဆယ်စာအုပ်ကို ထုတ်လိုက်နိုင်တာပါ။  ပြည်တွင်းငြိမ်းချမ်းရေးကို ကွန်မြူနစ်များက ဘယ်လောက်လိုချင်တယ်ဆိုတာကိုဖော်ပြရင်း ဘာ့ကြောင့်ငြိမ်းချမ်းရေးခရီးဟာ ဝေးနေရ တယ်ဆိုတာ လည်း ပါသင့်သလောက်ပါနေတဲ့စာအုပ်ပါ။  ဒီစာအုပ်ရဲ့နောက်ထူးခြားချက်တရပ်ကတော့ ဘယ်အချိန်ပြန်ဖတ်ဖတ် ဘယ်နှ ခေါက်ပြန်ဖတ်ဖတ် မရိုးနိုင်တာပါပဲ။  ငြိမ်းးချမ်းရေးရမှာ စိုးသူများရဲ့လုပ်ဟန်တွေ ပြောဟန်တွေဟာ အခုခေတ်မှာလည်း ရိုးသွားတာ မတွေ့ရပါဘူး။  အဲသလို သမိုင်းဝင်မှတ်တမ်းရေးနိုင်ခဲ့တာ ဦးလေးတယောက်ပဲရှိတာမို့လို့ ကျွန်မကဦးလေးကို ကံကောင်းတယ်လို့ ပြောတာပါ။

အဲဒ်ီစာအုပ်ဟာ ဦးလေးထောင်ကလွတ်တဲ့အချိန် (၉၈ - ၁၉၆ဝ)  အထိပဲ ပါပါတယ်။  ဦးလေးရဲ့ပြောင်မြောက်လှတဲ့ နောက် ဆုံး နိဂုံး မပါပါဘူး။  ဒါပေမဲ့ အဲဒီအခန်းကို မှတ်တမ်းတင်ပေးတဲ့ စာတမ်းတစောင်ရှိပါတယ်။

၂ဝဝ၁ ခုနှစ် (နအဖခေတ်မှာ) ပြည်ပရောက် အမြင့်ပျံငှက်များဆိုတဲ့အုပ်စုက ဦးလေးရဲ့ “အနှစ်နှစ်ဆယ်” စာအုပ် ကိုပြန် ထုတ်ရာမှာ ရဲဘော်ကြင်မောင် (ရဲဘော်ထွန်း) ရေးပေးခဲ့တဲ့ “အမှာစာ” ပါ။

“ပါတီကကြွေးတင်ထားတဲ့ရဲဘော်များအပေါ် အကြွေးဆပ်ပါရစေ” လို့ အစချီထားတဲ့ သူ့အမှာစာမှာ ရဲဘော်ထွန်းက ဦးလေး
ကိုချစ်ကောင်းနဲ့ပတ်သက်လို့ ဒီလိုရေးထားပါတယ်။

“ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုကို သူရဲ့ပါတီသက်တသက်လုံး လေးစားလိုက်နာတာပါပဲ။  ဘယ်လောက်အထိ လိုက်နာသလဲဆို ရင် သူ့ ‘အနှစ်နှစ်ဆယ်’ စာအုပ်အပေါ် အမြင်မကြည်လင်သူတွေက သူ့ကိုနေရာချထားမှု မှားနေတာတောင် အသက်သေ သည်အထိ သူလိုက်နာသွားပါတယ်”….တဲ့။

ဒါ့အပြင် ဦးလေးရဲ့ “ဗဟိုချုပ်ကိုင်မှု” ကိုလိုက်နာတဲ့စိတ်ဓာတ်ကိုလည်း ရှင်းပြထားပါတယ်။

“ရဲဘော်ချစ်ကောင်းဟာ ‘ဗဟိုချုပ်ကိုင်မှု’ ကို နာခံရင်းကျဆုံးပါတယ်။  ဂုဏ်ရောင်ပြောင်တဲ့ကျဆုံးမှုပါ။  ‘ဗဟိုချုပ်ကိုင်မှု’ ကို ရဲဘော်ချစ်ကောင်းနာခံတာဟာ မျက်ကန်းနာခံမှုမဟုတ်ပါ။ ပါတီရဲ့အမှားဟာ ရပ်တည်ချက်အမှားမဟုတ်တာကို သူသိပါ တယ်။  ပါတီရဲ့အမှားဟာ ‘မူ’ ကိုပစ်ပယ်ပြီး ရန်သူနဲ့ပေါင်းတဲ့အမှားမဟုတ်ပါဘူး။  ဗကပဟာ ပါတီသက် (၆ဝ) ကျော်အတွင်း ရပ်တည်ချက်အမှား ဘယ်တုန်းကမှ မကျူးလွန်ခဲ့ပါ။  မှားခဲ့တဲ့အမှားတွေက အမြင်ဆိုင်ရာအမှား နည်းနာအမှားများဖြစ်ပါတယ်။  ရပ်တည်ချက် အမြင်နဲ့ နည်းနာ ဒီသုံးခုရှိရာမှာ ရပ်တည်ချက်ဟာ အခရာအကျဆုံးပါ။  ဒါ့ကြောင့်လည်း ရဲဘော်ချစ်ကောင်းဟာ ရန်သူကို အမုန်းလွန်သွားပြီး အစွန်းရောက်တဲ့အမှားကို သည်းညည်းခံပြီး ‘ဗဟိုချုပ်ကိုင်မှု’ ကို နာခံခဲ့တာပါပဲ။

“ရဲဘော်ချစ်ကောင်းဟာ ရပ်တည်ချက်မှားသွားရင် ဘယ်သူမှားမှား သည်းညည်းခံ ငြိမ်နေမှာမဟုတ်တဲ့ လူစားမျိုး။  မူအပေါ် အလွန်ကြံ့ခိုင်တဲ့ကွန်မြူနစ်ကောင်းရဲဘော်ကြီးဖြစ်ပါကြောင်း”

ဒီရဲဘော်ထွန်းစာတမ်းက ဦးလေးဘဝရဲ့ မှတ်တမ်းတင်ဖို့လိုနေတဲ့အချက်ကို ဖြည့်စည်းပေးလိုက်ပါတယ်။ ဦးလေးကကျဆုံး ခါနီးမှာ “ပါတီအပေါ်တာဝန်ကျေတယ်။  မခင်မျိုးညွန့်အပေါ် တာဝန်မကျေဘူးလို့ ပြောသွားကြောင်းကြားရတယ်” လို့ ဒေါ် ဒေါ်က ပြောပြဖူးပါတယ်။

မဟုတ်ပါဘူး။  ဦးလေးရော၊ ဒေါ်ဒေါ်ပါ မိမိတို့ချစ်သူများ အားလုံး အားလုံးအတွက် တာဝန်ကျေပါတယ်။  ဦးလေး၊ ဒေါ်ဒေါ် တို့ရဲ့အိပ်မက်တွေအတွက် ဆက်လုံးပန်းကြမယ့် နောက်မျိုးဆက် မျိုးဆက်တွေအတွက် မကုန်ခမ်းနိုင်တဲ့ စိတ်ဓာတ်အင်အား တွေကို လက်ဆင့်ကမ်းပေးခဲ့ပြီပဲ။

ဦးလေးနဲ့ ဒေါ်ဒေါ် ငြိမ်းချမ်းစွာအနားယူပါတော့။

လှကျော်ဇော
၂၁ ၃ ၂ဝ၁၈။

မှတ်ချက်
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများအတွင်း ကျဆုံးခဲ့ရတဲ့အာဇာနည်အပေါင်းအား ဂုဏ်ပြုရေးဖွဲ့ပါတယ်။
(ပုံ - ၁) ဗိုလ်မှူးချစ်ကောင်းနှင့်ဒေါ်ခင်မျိုးညွန့်
(ပုံ - ၂) ကိုတင်မောင်ဝင်းနှင့် ကိုဉာဏ်ဝင်း။  (၁၉၇၄ ကိုးကိုးကျွန်းက ပြန်ရောက်စ)

ခိုင်ကြည်သစ် ● ဖက်ဆစ်ကို ဘယ်သူတွေ ဘယ်လိုတော်လှန်ခဲ့ကြသလဲ

$
0
0
ခိုင်ကြည်သစ် ● ဖက်ဆစ်ကို ဘယ်သူတွေ ဘယ်လိုတော်လှန်ခဲ့ကြသလဲ
(မိုးမခ) ဧပြီ ၃၊ ၂၀၁၈

(၁)
မြန်မာတမျိုးသားလုံးရဲ့ဖက်ဆစ်တော်လှန်ရေးဟာ မကြာမီရက်ပိုင်းအတွင်းမှာ သက်တမ်း (၇၃) နှစ် ပြည့်မြောက်ခဲ့ပါတယ်။ အဲဒီတော်လှန်ရေးကြီးရဲ့အထိမ်းအမှတ်ပွဲတွေကို နှစ်စဉ် မတ်လ (၂၇) ရက်ရောက်တိုင်း တော်လှန်ရေးနေ့အဖြစ် သတ်မှတ် ပြီး ကျင်းပခဲ့ပေမယ့် တပ်မတော်နေ့အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့တာ နှစ်ပေါင်းအတော်ကြာပြီလို့ ဆိုရမှာပါ။ နှစ်စဉ်ကျင်းပတဲ့ တော်လှန်ရေးအထိမ်းအမှတ်အခမ်းအနားတွေရဲ့ ဦးတည်ချက်တွေနဲ့ အခမ်းအနားကျင်းပခဲ့ပုံတွေက ဖက်ဆစ်တော်လှန် ရေးကို ပြန်ပြောင်းအောက်မေ့မှုမပါတော့တာကြာပြီဖြစ်တာမို့ နောက်ပိုင်းမျိုးဆက်သစ်တွေဟာ ဖက်ဆစ်တော်လှန်ရေးကို မှန်မှန်ကန်ကန် ရှုမြင်မှု အားနည်းလာတော့မှာကို စိုးရိမ်မိပါတယ်။ သမိုင်းဖြစ်စဉ် အချိတ်အဆက်တွေပြတ်နေတဲ့ သင်ရိုးညွှန်း တမ်းတွေကလည်း ဖက်ဆစ်တော်လှန်ရေးသမိုင်းကို လူငယ်တွေ ပုံပျက်ပန်းပျက်နားလည်စေတဲ့ အချက်တစ်ချက်ပဲလို့ ယူ ဆမိပါတယ်။ ဒါကြောင့် ဖက်ဆစ်တော်လှန်ရေးကို ဘယ်လိုဆောင်ရွက်ခဲ့ကြသလဲ၊ ဘယ်သူတွေဆောင်ရွက်ခဲ့ကြသလဲ ဆိုတဲ့အချက်ကို လေ့လာစေ့ငုမိသမျှ မျှဝေလိုက်ရပါတယ်။

(၂)
ဗြိတိသျှကိုတော်လှန်နိုင်ဖို့ တရုတ်ကွန်မြူနစ်ပါတီကို ဆက်သွယ်အကူအညီရယူမယ်ဆိုတဲ့စိတ်ကူးနဲ့ ၁၉၃၉ ခုနှစ် အောက် တိုဘာလ ကျောင်းပိတ်ရက်အတွင်းမှာ သခင်ဗဟိန်းနဲ့သူငယ်ချင်းဖြစ်သူ ကိုဌေးမြိုင်တို့ရဲ့ တရုတ်ပြည်ခရီးစဉ်က ရှမ်းပြည် နယ် သိန်းနီမြို့မှာတင် လမ်းဆုံးပြီး ပြန်လာခဲ့ရပါတယ်။ သခင်ဗဟိန်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားလည်းဖြစ်၊ ဖွဲ့စည်း ပြီးခါစ ဗမာပြည်ကွန်မြူနစ်ပါတီ ကျောင်းသားလူငယ်စည်းရုံးရေးတာ ဝန်ခံလည်း ဖြစ်ပါတယ်။ ဒုတိယအကြိမ်ကြိုးပမ်းမှုအဖြစ် ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းနဲ့ သံလျင်ရေနံမြေက သခင်လှမြိုင်တို့ တရုတ်ကွန်မြူ နစ်ပါတီ ဌာနချုပ်ရှိရာ ယင်အန်းမြို့ကို သွားရောက်ဖို့ ကြိုးစားကြပြန်ပါတယ်။ ၁၉၄၀ ခုနှစ် သြဂုတ်လ (၈) ရက်မှာ ရန်ကုန် ဆိပ်ကမ်းကနေ ဟိုင်လီသင်္ဘောနဲ့ စတင်ထွက်ခွာခဲ့ပြီး အမွိုင်ကို သြဂုတ်လ (၂၄) ရက်မှာ ရောက်ရှိပါတယ်။ မြန်မာပြည်ရဲ့ ကံကြမ္မာကဆိုးလေတော့ သခင်အောင်ဆန်းတို့ အမွိုင်ကိုရောက်ချိန်မှာ ဂျပန်တွေက သိမ်းပိုက်ထားပြီးပြီမို့ တရုတ်ကွန်မြူ နစ်ပါတီနဲ့ အဆက်အသွယ်မရခဲ့ပါဘူး။ ဗြိတိသျှကို တော်လှန်နေချင်တဲ့လူငယ်လေးတွေ အမွိုင်ကိုရောက်နေကြောင်း ဂျပန် တွေသိသွားရာကစလို့ ဂျပန်ပြည်ကို စစ်ပညာသင် ရဲဘော်သုံးကျိပ်ဆိုတာ ပေါ်ပေါက်လာသလို ၁၉၄၀ ခုနှစ် ဒီဇင်ဘာမှာ ဗမာ့လွပ်လပ်ရေးတပ်မတော် (BIA) ဆိုတာလည်း ပေါ်ပေါက်လာပါတယ်။ ၁၉၄၂ ဇန်နဝါရီလ (၂) ရက်ကစပြီး ဗမာ့လွပ် လပ်ရေးတပ်မတော် မြန်မာပြည်ထဲဝင်ရောက်ပြီး ဗြိတိသျှတို့ကို တိုက်ထုတ်ခဲ့ကြပါတယ်။ ၁၉၄၂ ခုနှစ် မတ်လ (၁၅) ရက်မှာ ဂျပန်ရဲ့ စစ်အုပ်ချုပ်ရေး စတင်ပါတော့တယ်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ အရောက်မှာ ဂျပန်က ဗမာ့လွတ်လပ်ရေးတပ်မတော်ကို လက်နက်၊ လူသူလျော့ချစေပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) အဖြစ် ပြောင်းလဲဖွဲ့စည်းစေခဲ့ပါတယ်။ ဂျပန်တွေက သူတို့ကို ပြန်လည်တော်လှန်နိုင်စွမ်းမရှိတဲ့ တပ်မတော်မျိုးကိုပဲ အလိုရှိခဲ့ဟန်တူပါတယ်။ ဂျပန်ပေးတဲ့ ရွှေရည်စိမ်လွတ်လပ် ရေးေ အာက်မှာ ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ဟာလည်း ရုပ်သေးအစိုးရသာ ဖြစ်ပါတယ်။ အစိုးရက ရုပ်သေးအစိုးရ၊ တပ်မတော် ဆိုတာကလည်း လက်နက်ဖြုတ်သိမ်းခံထားရတာမို့ ဂျပန်တွေကိုတော်လှန်ဖို့ဆိုတာ တော်တန်ရုံနဲ့ မဖြစ်နိုင်ဘူးဆိုတာ လွယ်လွယ်လေး တွက်ဆနိုင်ပါတယ်။ ဂျပန်ဆီ လက်နက်တွေအကုန်ပြန်မအပ်ပဲ လျှို့ဝှက်သိမ်းဆည်းထားခဲ့တာတွေ ရှိ တယ်လို့လည်း မှတ်သားဖူးပါတယ်။

ရဲဘော်သုံးကျိပ် ဂျပန်ပြည်မှာ စစ်ပညာသွားသင်နေတဲ့အချိန် မြန်မာပြည်ထဲမှာတော့ သခင်လူငယ်တွေ၊ မျိုးချစ်သူရဲကောင်း တွေကို ဗြိတိသျှအစိုးရက ပြင်းပြင်းထန်ထန်နှိပ်ကွပ်နေခဲ့ပါတယ်။ သခင်တွေအားလုံး ထောင်ထဲရောက်နေခဲ့ကြပါတယ်။ ထောင်ထဲကို လက်ဝဲစာပေတွေခိုးသွင်းပြီး နိုင်ငံရေးလေ့လာမှုတွေလုပ်ကြသလို၊ သင်တန်းတွေပေးခဲ့ကြပါတယ်။ အဲဒီအချိန် မှာ အင်းစိန်ထောင်ထဲမှာရှိနေခဲ့တဲ့ သခင်နုရဲ့ “ငါးနှစ်ရာသီ ဗမာပြည်” စာအုပ်က အထောက်အထားတစ်ခုပါပဲ။ အဲဒီလို နိုင်ငံ ရေးလေ့လာမှုတွေရဲ့အကျိုးဆက်က ဖက်ဆစ်ဂျပန်ဆိုတာလည်း ပြန်လည်တိုက်ထုတ်ရမှာပဲဆိုတဲ့ အယူအဆကို မွေးဖွား ပေးခဲ့တာလို့ ဆိုနိုင်ပါတယ်။ သခင်နုကိုယ်တိုင် ဖက်ဆစ်ဂျပန်ကို မူလက အထင်ကြီးခဲ့ပြီး သခင်စိုးရဲ့သင်တန်းပို့ချမှုတွေ ကြောင့် ဖက်ဆစ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ ကိန်းအောင်းလာတယ်ဆိုတာ သူ့ရဲ့စာအုပ်ထဲမှာ မှတ်သားရပါတယ်။ ရဲဘော် သုံးကျိပ်က ဂျပန်လက်အောက်မှာ ပညာသင်ကြားနေရပေမယ့် ဂျာမဏီ၊ အီတလီ၊ ဂျပန်တို့ရဲ့ ဖက်ဆစ်စနစ်အကြောင်းကို ပြည်တွင်းက လူငယ်ခေါင်းဆောင်တွေက နောကျေအောင်သိထားပြီးဖြစ်နေတာကပဲ မြန်မာ့သမိုင်းအတွက် ကံ ကောင်း ကွက်တစ်ခုလို့ ဆိုရလေမလားပါပဲ။

၁၉၄၂ ခုနှစ် မေလမှာ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်တဲ့ သခင်သိန်းဖေ၊ သခင်မြသွင်တို့ရယ်၊ သခင်ကျော်စိန်ရယ် သုံးဦး၊ ဂျပန်ကိုတော်လှန်နိုင်ဖို့ ပြည်ပထွက်ပြီး မဟာမိတ်တွေနဲ့ ဆက်သွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ ၁၉၄၂ ဇူလိုင် (၁၂) ရက်မှာ သခင်သိန်းဖေနဲ့ အခြားဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်တဲ့ သခင်တင်ရွှေတို့ မင်းပြားကနေတဆင့် အိန္ဒိ ယကို သွားရောက်ခဲ့ပါတယ်။ နိုဝင်ဘာ (၂၁) မှာ မဟာမိတ်တပ်တွေနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ ပြည်တွင်းမှာ ဂျပန်ဖွဲ့ ပေးထားတဲ့ ရုပ်သေးအစိုးရအဖွဲ့မှာ ပါဝင်နေတဲ့ စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အတော်များများဟာလည်း ရုပ်ပြသဘောသာ အစိုးရအဖွဲ့မှာပါဝင်နေပြီး ဂျပန်ကို ပြန်လည်တော်လှန်ဖို့ အခွင့်အခါကောင်းစောင့်နေကြသူတွေ ဖြစ်ပါ တယ်။ အဲဒီထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီက သခင်သန်းထွန်းလည်း အပါအဝင်ပါ။ သခင်သိန်းဖေက ဝန်ကြီးသခင်သန်းထွန်း ဆီဆက်သွယ်ပြီး အိန္ဒိယကို မျိုးချစ်လူငယ်တွေ စေလွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ၁၉၄၄ စက်တင်ဘာလကနေ ဒီဇင်ဘာလ အတွင်း မဟာမိတ်တို့ထံမှာ စစ်ပညာသင်ယူဖို့ အိန္ဒိယကို အသုတ်လိုက်ခွဲလွှတ်ခဲ့တာ လူပေါင်း ၃၀ ကျော်လောက်ရှိတယ်လို့ မှတ်သားရပါတယ်။ နောင်အခါမှာ “လေထီးဆင်း” တွေအဖြစ် ထင်ရှားလာကြမယ့်သူတွေဖြစ်သလို သမိုင်းမှာ မေ့ပျောက်ခံ ထားရသူတွေလည်း ဖြစ်ပါတယ်။ ဒါက ပြည်ပကိုထွက်ပြီး အကူအညီရှာကြသူတွေပါ။

ပြည်တွင်းမှာတော့ သခင်စိုးဟာ အင်းစိန်ထောင်မှာရေးခဲ့တဲ့ အင်းစိန်စစ်တမ်း၊ မြင်းခြံထောင်မှာရေးခဲ့ တဲ့ မြင်းခြံစစ်တမ်းတွေကို အခြေခံပြီး “ဗမာပြည်လွတ်လပ်ရေးကြေညာစာတမ်း အမှတ် (၁)” ကို ၁၉၄၂ သြဂုတ်မှာထုတ်ပြန်ခဲ့သလို၊ ၁၉၄၄ ဧပြီမှာ လည်း “ဗမာပြည်လွတ်လပ်ရေးကြေညာစာတမ်း အမှတ် (၂)” ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ ဗမာပြည်ကွန်မြူနစ်ပါတီကို ကိုယ်စားပြုပြီး ဖက်ဆစ်တော်လှန်ရေးကို ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ “အလုပ်သမားလူတန်းစား၏ ဖက်ဆစ်ဝါဒဆန့်ကျင် ရေး” ဆိုတဲ့ ဒီမီထရော့ရဲ့စာတမ်းကို သခင်စိုးက ၁၉၄၂ မှာ ဘာသာပြန်ပြီး မြေအောက်လှုပ်ရှားမှုတွေလည်း လုပ်ဆောင်ခဲ့ တယ်လို့ မှတ်သားရပါတယ်။ တချိန်တည်းမှာ သခင်ဗဟိန်းတို့ ဇနီးမောင်နှံဟာလည်း တောင်ငူခရိုင်ထဲမှာ ဖက်ဆစ်တော်လှန် ရေးအတွက် ပြင်ဆင်မှုတွေကို ၁၉၄၄ သြဂုတ်လဆန်းမှာ စတင်ခဲ့ပါတယ်။ နိုင်ငံရေးသင်တန်းတွေပို့ချရာမှာ သခင်စိုးရေးခဲ့တဲ့ လွတ်လပ်ရေးကြေညာစာတမ်းတွေလည်း ထည့်သွင်းပို့ချခဲ့ပါတယ်။ ဒါက ပြည်တွင်းက ကွန်မြူနစ်ပါတီဝင်တွေရဲ့မြေ အောက်လှုပ်ရှားမှုတွေကို တင်ပြတာဖြစ်ပါတယ်။

ဖက်ဆစ်တော်လှန်ရေးအတွက် ပထမဆုံး အသက်စွန့်သွားခဲ့ရသူကတော့ စစ်ကိုင်းမြို့က ကွန်မြူနစ်ပါတီ မြေအောက်လှုပ် ရှားမှုအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရဲဘော်သိန်းတန် (ခေါ်) ရဲဘော်ချစ်တီးဖြစ်တယ်လို့ မှတ်တမ်းအချို့မှာ မှတ်သားခဲ့ရပါတယ်။ ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုစာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး ဂျပန်တွေက ဖမ်းဆီးနှိပ်စက် စစ်မေးပေမယ့် ဘာတစ်မှမဖော်ပဲ အသက်ကို ပေးလှူသွားခဲ့သူပါ။ ၁၉၄၂ မေလ ၂၃ မှာ စစ်ကိုင်းတံတားပေါ်မှာ လည်ပင်းကို ဓားနဲ့ခုတ်ပြီး ဧရာဝတီမြစ်ထဲ ကန်ချခံခဲ့ရတယ်လို့ မှတ်သားရပါတယ်။

အဲဒီအချိန်က စစ်သေနာပတိချုပ်ဖြစ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လည်း မြေအောက်လှုပ်ရှားမှုတွေနဲ့ပဲ ဆောင်ရွက် ခဲ့ရတာပါပဲ။ ၁၉၄၄ သြဂုတ်လဆန်းမှာ ဗိုလ်ချုပ်အောင်ဆန်း ပဲခူးကိုရောက်ရှိလာပါတယ်။ ပဲခူးစံပြတပ်ရင်းထဲက ဗိုလ်မှူး ကျော်ဇောရဲ့အိမ်မှာ သခင်စိုးနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့ပါတယ်။ (တချို့က အဲဒီအစည်းအဝေးမှာ သခင်သန်းထွန်းပါ ပါတယ်လို့ ဆိုကြပါတယ်။ ဗိုလ်မှူးကျော်ဇောရဲ့သမီး ဒေါက်တာလှကျော်ဇောကတော့ အဲဒီတုန်းက သခင်သန်းထွန်းက ဂျပန်တွေရိပ်မိ မှာစိုးလို့ ရန်ကုန်မှာကျန်နေခဲ့တာမို့ သခင်သန်းထွန်းမပါလာခဲ့ကြောင်း သူမဖခင်ထံက ပြန်သိရတာကို ဆောင်းပါးရေးဖူးပါ တယ်။ အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်း ပဲခူးကိုလာရာမှာ ဂျပန်တွေကို တပတ်ရိုက်ဖို့ ဇနီးသည် ဒေါ်ခင်ကြည်ကိုပါ ခေါ် ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ အိမ်မှာ နွားနို့သောက်ဖို့ ပဲခူးမှာ နွားအဝယ်ထွက်တယ်လို့ အကြောင်းပြတယ်လို့ မှတ် သားရပါတယ်။ ဗိုလ်မှူးကျော်ဇောအိမ်မှာ ဗိုလ်ချုပ်အောင်ဆန်း ဘာတွေလုပ်သလဲ၊ ဘာတွေပြောသလဲ သိရအောင် ဂျပန် ကင်ပေတိုင်က ဗိုလ်မှူးကျော်ဇောရဲ့ကိုယ်ရံတော်တပ်သားလေးကိုပါကို ဖမ်းဆီးနှိပ်စက်ခဲ့ပေမယ့် အနာခံပြီး မဖော်ထုတ်လို့ ဂျပန်တော်လှန်ရေးသမိုင်း တစ်ဆစ်မချိုးသွားတာကလည်း မြန်မာပြည်အတွက် ကံကြီးပေလို့သာပဲလို့ ဆိုရမှာပါ။) ဗိုလ်ချုပ် အောင်ဆန်းနဲ့သခင်စိုးတို့တိုင်ပင်ကြတဲ့အကြောင်းအရင်းကတော့ ဖက်ဆစ်ဆန့်ကျင်ရေးအတွက် တပ်မတော်၊ ဗမာပြည်ကွန် မြူနစ်ပါတီနဲ့ ပြည်သူ့အရေးတော်ပုံပါတီဆိုတဲ့ နိုင်ငံရေးအင်အားစုကြီး (၃) ရပ်ကို စုစည်းအခြေခံတဲ့ တပ်ပေါင်းစုကြီး ပေါ်ထွန်းလာရေးဖြစ်ပါတယ်။ အဲဒီ လျှို့ဝှက်တွေ့ဆုံမှုရဲ့ရလဒ်ကတော့ ၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ မှာ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် (ဖတပ) ကို ဖွဲ့စည်းဖြစ်ခဲ့တာပါ။ ဖတပရဲ့ဗဟိုဦးစီးအဖွဲ့မှာ အဖွဲ့ဝင် (၉) ဦးပါဝင်ပြီး တပ်မတော်၊ ဗမာပြည်ကွန် မြူ နစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ အစုအဖွဲ့ တစ်ခုချင်းစီကနေ (၃) ဦးစီ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ၁၉၄၅ မှာ ဖတပကို ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) အဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးအတွက် စစ်တိုင်း (၇) တိုင်း၊ အထူးဒေသတိုင်းကြီး (၃) တိုင်းကို သတ်မှတ်ခဲ့ကြပါတယ်။ တိုင်းတစ် တိုင်းဆီမှာ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်တွေကို သတ်မှတ်ပေးခဲ့ကြပါတယ်။ ဂျပန်က လက်နက်ဖြုတ်သိမ်း ထားလို့ အင်အားချို့တဲ့နေတဲ့ တပ်မတော်ကို ပြည်သူလူထုအင်အားက လာရောက်ပူးပေါင်းမှသာလျှင် ဖက်ဆစ်ဂျပန်ကို တော်လှန်နိုင်မှာ ဖြစ်ပါတယ်။ ဖက်ဆစ်တွေက သူတို့ကို ပြန်ပြီးမတော်လှန်နိုင်လောက်တဲ့ အင်အားကိုချိန်ပြီး BDA ကို ဖွဲ့ပေးထားတာပါ။ ဒါကြောင့် တော်လှန်ရေးမှာ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လာဖို့အတွက် နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အရည်အချင်းနဲ့ အင်အားက အတော်အရေးပါခဲ့မယ်ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ စစ်ရေးခေါင်းဆောင်တွေက တပ်မ တော်ကချည်းဖြစ်ပြီး၊ နိုင်ငံရေးခေါင်းဆောင်အများစုကတော့ ဗမာပြည်ကွန်မြူနစ်က ဖြစ်ပါတယ်။ တိုင်း (၁) နိုင်ငံရေးခေါင်း ဆောင် ဦးသီဟန်ကလွဲရင် ကျန်တဲ့သူတွေက ဗမာပြည်ကွန်မြူနစ်ပါတီက ဖြစ်ပါတယ်။ ဖတပလတစ်ဖွဲ့လုံးရဲ့စစ်ရေးခေါင်း ဆောင်က ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး၊ သခင်စိုးက နိုင်ငံရေးခေါင်းဆောင်ဖြစ်ပါတယ်။ သခင်သန်းထွန်းကတော့ ပြောက်ကျား နှင့် နိုင်ငံခြားဆက်သွယ်ရေးခေါင်းဆောင် ဖြစ်ပါတယ်။

တကယ်တော့ ဖက်ဆစ်တော်လှန်ရေးကို ၁၉၄၅ ခုနှစ် ဧပြီလ ၂ ရက်မှာ စတင်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါပေမယ့် မဟာမိတ် တပ်တွေက မုံရွာ၊ ရွှေဘိုဘက်ကနေ စစ်ကြောင်းတွေနဲ့ ချီတက်လာနေပြီ ဖြစ်တာရယ်၊ စစ်ကိုင်းဘက်မှာ တော်လှန်ရေးမြေ အောက်အဖွဲ့ဝင်အချို့ အဖမ်းခံလိုက်ရတာရယ်ကြောင့် အထက်ဗမာပြည် စစ်ရေးတာဝန်ခံ ဗိုလ်မှူးဗထူးဟာ တော်လှန်ရေးကို မတ်လ (၈) ရက်ကတည်းက စတင်လိုက်ရပါတယ်။ မန္တလေး မျက်ပါးအရပ်မှာရှိတဲ့ အမြောက်တပ်ကနေ အမြောက်သုံးချက် ပစ်ဖောက်ပြီး တော်လှန်ရေးစတင်ဖို့ အချက်ပေးခဲ့တာမို့ ဖက်ဆစ်တော်လှန်ရေးရဲ့ ခရာသံပဲလို့ ဆိုရမှာပါ။

၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်မှာ ရွှေတိဂုံဘုရားခြေရင်းက တော်လှန်ရေးပန်းခြံနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းက တပ်ထွက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ “အနီးကပ်ဆုံးရန်သူကို ချေမှုန်းကြ” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်းက ဖက်ဆစ်တော်လှန် ရေးရဲ့ အသက်ဝိညာဉ်ဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးကို ဧပြီလ ၂ ရက်လို့ သတ်မှတ်ထားခဲ့ပေမယ့် အရပ်ရပ်အခြေအနေတွေ အရ မတ်လ ၂၇ ရက်ကို ပြောင်းလဲခဲ့ရပါတယ်။ သိပ်ပြီး အံ့သြဖို့ကောင်းတာက အဲဒီလိုဆုံးဖြတ်ခဲ့တာ မတ်လ (၂၆) ရက်မှာ ဖြစ်ပါတယ်။ အာလံ (ယခု အောင်လံ) မြို့နားက ပြလို့စခန်းကိုရောက်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ နောက်တစ်နေ့ မတ် လ (၂၇) မှာ တော်လှန်ရေးစတင် ဆင်နွှဲတော့မယ့်အကြောင်းကို သခင်စိုး၊ သခင်သန်းထွန်းတို့ထံ ဆတ်သားလွှတ်ပြီး သတင်းပို့ရတာပါ။ သတင်းရရချင်း တော်လှန်ရေးကြီးကို အချိန်ကိုက် ပြောင်းလဲလှုပ်ရှားနိုင်ကြတာကတော့ အံ့မခန်းပါပဲ။ တော်လှန်ရေး စတင် တဲ့အခါ သခင်သန်းထွန်းက ပဲခူးရိုးမပေါ်က ကျီးမနိုးစခန်းမှာ အခြေပြုလှုပ်ရှားသလို၊ သခင်သန်းထွန်းနဲ့ သခင် သိန်းဖေတို့ အစီအစဉ်နဲ့ အိန္ဒိယမှာ စစ်ပညာသင်ယူနေတဲ့ မျိုးချစ်လူငယ်တွေလည်း ဖြူးဘက်ကို လေထီးနဲ့ ဆင်းပြီး တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ စိတ်မကောင်းစရာ၊ ကြေကွဲဝမ်းနည်းစရာတစ်ခုကတော့ လေထီးဆင်းအဖွဲ့ တွေထဲမှာ သခင်ဗိုလ်နဲ့အဖွဲ့ဟာ ဧပြီ ၂ ရက်မှာ မြန်မာနိုင်ငံအတွင်းကို လေထီးနဲ့ဆင်းလာဖို့အတွက် အိန္ဒိယနိုင်ငံ ဂျက်ဆို လေယာဉ်ကွင်းကနေအတက် လေယာဉ်ပျက်ကျပြီး အသက်ပေးလှူသွားခဲ့ရပါတယ်။

အဲဒီလို တပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံ ပါတီတို့စုဖွဲ့ထားတဲ့ ဖတပလအဖွဲ့ကြီးရဲ့ကြိုးပမ်းအား ထုတ်မှု၊ တိုင်းရင်းသားပြညသူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ ဖက်ဆစ်ဂျပန်တွေနဲ့ ဖက်ဆစ်စနစ်ဆိုးကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင် တိုက်ထုတ်ပစ်နိုင်ခဲ့ပါတယ်။ အဲဒီလို ဂုဏ်ဒြပ်ကြီးမားလှတဲ့ တော်လှန်ရေးကြီး စတင်ခဲ့ရာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်ကိုလည်း ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

(၃)
ဒီဆောင်းပါးလေးကိုရေးသားရာမှာ ဖက်ဆစ်တွေကို ဘယ်သူတွေ ဘယ်လိုတော်လှန်ခဲ့ကြသလဲဆိုတဲ့ သမိုင်းအချက်အလက် တချို့ကို ယနေ့ခေတ် လူငယ်များ ပြန်လည်လေ့လာလိုစိတ် ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်နဲ့ ရေးသားတင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ စာရေးသူအနေနဲ့ သမိုင်းပညာရှင်တစ်ယောက်မဟုတ်တာမို့ သမိုင်းဆောင်းပါးတစ်ပုဒ်အဖြစ်နဲ့ ရေးသားခဲ့တာမဟုတ်ပဲ လူငယ်စာဖတ်ပရိတ်သတ်အနေနဲ့ ဖက်ဆစ်တော်လှန်ရေးလှုပ်ရှားမှုအပေါ် တန်ဖိုးထားလေ့လာလိုစိတ်တွေ ဖြစ်ပေါ်လာ အောင် စေ့ဆော်ပေးဖို့ အဓိကရည်ရွယ်ပြီး ဖတ်ဖူးခဲ့၊ မှတ်သားဖူးခဲ့တာတွေကို ပြန်လည်ဝေမျှခြင်းသာ ဖြစ်ပါတယ်။ မတ်လ ၂၇ ရက်တိုင်းမှာ နှစ်ပတ်လည်ကျရောက်လာမြဲဖြစ်တဲ့ ဖက်ဆစ်တော်လှန်ရေးကို ယနေ့တရားဝင်ခေါ်ဝေါ်သုံးစွဲနေကြတဲ့ အမည်နာမကြောင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြမှာ စိုးရိမ်မိတာကလည်း တကြောင်းအပါအဝင် ဖြစ်ပါတယ်။ ချုပ်ပြီးပြော ရရင်တော့ မတ်လ ၂၇ ရက်ဟာ ဖက်ဆစ်တွေကိုတော်လှန်ခဲ့တဲ့ တန်ဖိုးထားအပ်သော နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပြီး ဖက် ဆစ်တွေကို တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းနဲ့ တော်လှန်ခဲ့တာမဟုတ်ကြောင်း၊ ဖက်ဆစ်တော်လှန်ရေးအတွက် နိုင်ငံရေးအင် အားစုတွေရဲ့အခန်းကဏ္ဍဟာလည်း အလွန်အရေးပါခဲ့ပါကြောင်း၊ အဲဒီအခန်းကဏ္ဍကို မှေးမှိန်မထားသင့်ပါကြောင်း တင်ပြ လိုက်ရပါတယ်။

ကာတွန်း OMEGA -ဈေးတက်နေတယ်ဆို ...

$
0
0

ကာတွန်း OMEGA -ဈေးတက်နေတယ်ဆို ...
(မိုးမခ) ဧပြီ ၄၊ ၂၀၁၈

လက်ဝါးကြီးအုပ် စင်ကလဲယားရုပ်သံအုပ်စုက မီဒီယာကို တသံတည်းနဲ့ ပြစ်တင်နေ

$
0
0

လက်ဝါးကြီးအုပ် စင်ကလဲယားရုပ်သံအုပ်စုက မီဒီယာကို တသံတည်းနဲ့ ပြစ်တင်နေ
(မိုက်ခဲစိန်) ဧပြီ ၄၊ ၂၀၁၈

မီဒီယာတွေဟာ ဒီမိုကရေစီကို အကြီးအကျယ် ခြိမ်းခြောက်နေပါပြီ။
(This is extremely dangerous to our democracy)

 ဒီစကားတခွန်းတည်းကို အမေရိကားက မြို့ခံရုပ်သံဌာနပေါင်း ၁၉၀ က သတင်းကြေငြာသူတွေက ထပ်ခါ ထပ်ခါ တသံတည်းထွက်ပြီး ပြောနေကြပါတယ်။ သူတို့တွေက သူတို့အခြေစိုက်ရာ မြို့ခံ ရုပ်သံဝန်ထမ်းတွေ။ main stream media တွေလို တပြည်လုံးလွှင့်တဲ့ ကေဘယ်သတင်းဌာနကြီးတွေက မဟုတ်ပါ။ local tv stations တွေက သတင်းကြေငြာသူတွေပါ။  သူတို့ကို သူတို့ပိုင်ရှင်က ပြောခိုင်းလို့ ထည့်ထည့် ပြောရတာပါ။ 'မီဒီယာကြီးတွေဟာ မယုံရဘူး၊ fake news တွေ လွှင့်နေတယ်'လို့လည်း အမြဲတန်း သတင်းကြေငြာတိုင်းမှာ ထည့်ပြောရပါသေးတယ်။ ပြောပုံဆိုပေါက်က တသံတည်း တလုံးတည်း တပုံစံတည်း ပြောရတာပါ။ လက်ရှိ အမေရိကန်သမ္မတကြီး ထရန့် ပြောခိုင်းနေတဲ့အတိုင်းပဲ။ သို့သော် ထရန့်ပြောခိုင်းတာ မဟုတ်ရပါ။ သူတို့ပိုင်ရှင်က  Sinclair Broadcast Group, လက်ယာစွဲ၊ ရှေးရိုးစွဲ၊ ရီပတ်ဘလစ်ကန်ပါတီစွဲ၊ ထရန့်ကို ထောက်ခံသူတွေ ဖြစ်ပါတယ်။ သူတို့က ဒီစကားတွေကို ထပ်ခါထပ်ခါ ထုတ်လွှင့်ပြီး သူတို့ မြို့ရွာက ပရိသတ်ကို ၀ါဒဖြန့်နေကြတာ ဖြစ်ပါတယ်။ သူတအုပ်စုတည်းပိုင်တာ tv stations ပေါင်း ၁၉၀ ဆိုတော့ ဘယ်နည်းလိမ့်မလဲ။

စင်ကလဲယားအုပ်စုက ပြောတာကတော့ ဆိုရှယ်မီဒီယာတွေက သတင်းမှားတွေ သတင်းတုတွေ ဘက်လိုက်တဲ့သတင်းတွေကို သတိထားကြဖို့ မြို့နယ်အသီးသီးက ပရိသတ်ကို ပြောနေတာပါလို့ ဆိုပါတယ်။ 'တဘက်သတ်သတင်းတွေဟာ တိုင်းပြည်ကို ဖျက်နေတယ်လို့လည်း သူတို့က အမြဲ ၀ါဒဖြန့်လိုက်ပါသေးတယ်။ မီဒီယာကြီးတချို့ဟာ သူတို့ကိုယ်ကျိုးအတွက် သူတို့စင်မြင့်ကို အလွဲသုံးစားပြုနေကြတယ်၊ ပြည်သူကို ကြိုးဆွဲပြီး ကခိုင်းနေတယ်'လို့လည်း စင်ကလဲယားက သူ့သတင်းကြေညာသူတွေကို ထည့်ထည့်ပြီး ပြောခိုင်းပါသေးတယ် တဲ့။ အကယ်၍ အဲသည်မြို့ခံ သတင်းကြေညာသူက သူ့ဖာသာသူ လွတ်လွတ်လပ်လပ် ထုတ်ပြောတာဆို တော်သေးတယ်။ အဲသည် ဇာတ်ညွှန်းလိုရေးထားတဲ့ စကားကို ဖတ်ခိုင်းလို့ ထည့်ဖတ်နေရတာဆိုတော့ မြန်မာပြည်က 'တို့တာဝန်အရေးသုံးပါးတို့ ဘာတို့'ထည့်ထည့် ကြေညာနေရသလိုနဲ့ ထပ်တူ ၀ါဒဖြန့်တာ ဖြစ်နေပါတော့တယ်။

အဲဒါကို သတိထားမိတဲ့ Deadspin ဆိုတဲ့ အားကစားသတင်းဆိုက်က အဲသည် စတေရှင် ၁၉၀က သတင်းသမားတွေ ထပ်တူပြောတဲ့ စကားတသံတည်းကို စုစည်းပြီး ထုတ်လွှင့်ပြလိုက်တဲ့ဆီမှာ မီဒီယာကို အလွဲသုံးစား ၀ါဒဖြန့်နေတာ ဗူးပေါ်သလို ပေါ်ကုန်ကြတော့တာပါပဲ။ 

စင်ကလဲယာအုပ်စုက Fox လို လက်ယာစွန်းရောက်တဲ့ သတင်းဌာနအုပ်စုပါ။ FOX ကတော့ ကေဘယ်နယူးစ် ဖြစ်ပါတယ်။ တပြည်လုံးလွှင့်တာပေါ့။ စင်ကလဲယာကတော့ မြို့နယ်အလိုက် ထုတ်လွှင့်တဲ့ မြို့ခံတီဗီစတေရှင်လေးတွေကို ၀ယ်ထားပြီး မြို့နယ်အလိုက်ပဲ လွှ့င်တဲ့ အုပ်စုဖြစ်ပါတယ်။ သူက အခုဆိုရင် Tribune Media ဆိုတဲ့ အခြားတီဗီအုပ်စုတခုကို ၀ယ်ဦးမှာတဲ့။ ဒါဆိုရင် တပြည်လုံးက မြို့နယ်တီဗီတွေအတော်များများ စင်ကလဲယာအောက်ရောက်ပြီး လူတိုင်း သူတို့မြို့တီဗီဖွင့်တိုင်း - "မီဒီယာတွေဟာ ဒီမိုကရေစီကို အကြီးအကျယ် ခြိမ်းခြောက်နေပါပြီ။"ဆိုတဲ့ တသံတည်း ဦးနှောက်ဆေးခိုင်းတဲ့အသံ ကြားနေကြရတော့မှာ စိုးရိမ်စရာပါ။

အမေရိကားမှ အဲသလို စီးပွားရေးလုပ်ငန်းခွင်တခုတည်းမှာ တဦးတည်း မောင်ပိုင် လက်ဝါးကြီးအုပ်ခွင့်ကို တားမြစ်တယ်၊ မြို့နယ်အလိုက် တဦးချင်း ပိုင်ဆိုက် ယှဉ်ပြိုင်ခွင့်ကို အကာအကွယ်ပေးတယ်ဆိုပေမယ့် လက်ရှိ ဒေါ်နယ်ထရန့်လက်ထက်မှာ သူတို့နဲ့ သဘောချင်းမျှတဲ့ စင်ကလဲယားကိုတော့ မျက်စိမှိတ်ချင် မှိတ်ထားမှာပါ။ ထရန့်ဟာ သူ့ကိုဝေဖန်တဲ့ Washington Post သတင်းစာကို ပိုင်တဲ့ Amazon လုပ်ငန်းရှင် Jeff Bezos ကိုတော့ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိပါတယ်။ Amazon လုပ်လို့ အမေရိကန်စာတိုက်လုပ်ငန်း ဈေးနှိမ်ခံနေရတာ စသည်ဖြင့် ပြောနေပါတယ်။ အမေရိကန်တွေကို အားပေးလည်း ဆိုသေး အမေရိကန်တွေ ပြည်တွင်းမှာ အလုပ်ဖြစ်နေတာကိုတော့ သူ့ဘက်သားမဟုတ်ရင် တိုက်ခိုက်နှိမ်နင်းချင်တာ ထရန့်တို့ စင်ကလဲယားတို့ သဘာဝဖြစ်မယ် ထင်ပါတယ်။

စင်ကလဲယာအုပ်စုဟာ သူတို့ပိုင်တဲ့ တီဗီဌာနတွေကနေ အတိုက်အခံတွေ ဒီမိုကရက်တွေ လက်ဝဲယိမ်းသဘောထားတွေ မီဒီယာကြီးတွေကို အမြဲတစေ ဦးတည် တိုက်ခိုက် အပုတ်ချလေ့ ရှိပါတယ်။ မီဒီယာတွေက ဘက်မလိုက်ဘူးဆိုပေမယ့် သူတို့ကတော့ ဘက်လိုက်သတင်းတွေ သဘောထားတွေ အာဘော်တွေ ထုတ်ဖော် လွှင့်ထုတ်နေကြဖြစ်ပါတယ်။ အခုလို ပြင်ပမီဒီယာတွေက သူတို့သတင်းတွေကို ဖော်ထုတ် ဝေဖန်လိုက်ကြတော့ ထရန့်ကတော့ စင်ကလဲယားဘက်က ကာကွယ်ပြောကြားပါတယ်။ သူ့တွစ်တာအကောင့်ကနေပါ။ 'စင်ကလဲယာကို ဘက်လိုက်တယ် ပြောကြတော့ ရယ်တောင် ရယ်ချင်သေးတယ်။ စင်ကလဲယာဟာ CNN တို့ NBC တို့ထက် အများကြီး သာလွန် မြင့်မြတ်ပါတယ်။ ဒါဟာ ပြက်လုံးသက်သက်မျှသာ"တဲ့။

မီဒီယာတွေ စာနယ်ဇင်းတွေဟာ ဒီမိုကရေစီ၏ တန်ဖိုးတခုဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ထုတ်လွှင့် ပုံနှိပ်ခွင့်ကို အာမခံခြင်း စောင့်ရှောက်ခြင်း မြှင့်တင်ခြင်း ကာကွယ်ခြင်းကို ပြုလုပ်ရပါတယ်။  အမှန်နဲ့ အမှားကိုလည်း ခွဲခြားရပါတယ်။ အချက်အလက်နဲ့ အထင်အမြင်တွေကိုလည်း ခွဲပြရပါတယ်။ ဘက် ၂ ဘက်က အမြင်ကိုလည်း တင်ပြရပါတယ်။ အဲသည် ဒီမိုကရေစီတန်ဖိုးကို ထိခိုက်လာရင် သူတို့တွေဟာ သူတို့စည်းမကျိုးပေါက်အောင်လည်း စောင့်စည်း တွန်းလှန်ပေးရပါသေးတယ်။ အဲသည်လို မဟုတ်ပဲ အကျိုးစီးပွားကြည့် ဘက်လိုက်တင်ဆက်မှုတွေလုပ်လာရင်တော့ စာနယ်ဇင်းတွေရဲ့ စည်းကျိုးပေါက်ပါတယ်။ ဒီမိုကရေစီရဲ့ တန်ဖိုးလည်း ထိခိုက်နစ်နာ ပျက်စီးစေပါတယ်။ ပြည်သူတွေရဲ့ အသိဥာဏ်ပညာတန်ဖိုးကို ဖျက်ဆီးစေသလို ဖြစ်ပါတယ်ခင်ဗျား။



https://theconcourse.deadspin.com/video/3499981?utm_medium=sharefromsite&utm_source=The_Concourse

https://www.npr.org/sections/thetwo-way/2018/04/02/598794433/video-reveals-power-of-sinclair-as-local-news-anchors-recite-script-in-unison


Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>