Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ကာတွန်း ဆွေသားရဲ့ အဆင့်မြင့် ဘယာကြော်တွေ ရမယ် ...

$
0
0
ကာတွန်း ဆွေသားရဲ့ အဆင့်မြင့် ဘယာကြော်တွေ ရမယ် ...
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၈

ခင်မျိုးချစ် ● လိုတရမယ်ဆိုရင်

$
0
0
ခင်မျိုးချစ် ● လိုတရမယ်ဆိုရင်
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၈
Stories and Sketches of Myanmar ထဲမှ Make a Wish ဆောင်းပါးကို ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) က ဘာသာပြန် သည်။

အကယ်၍များ နတ်သမီးပုံပြင်များထဲကကဲ့သို့ အရင်ဘဝက အမေဖြစ်ခဲ့ဖူးသော နတ်သမီးကပေါ်လာပြီး ''ဘာလိုချင်သလဲ လို ချင်တာရစေရမယ်''ဟုပြောခဲ့လျှင် ကျွန်မက ဘာဆုတောင်းရမယ်ဆိုတာကို သိပါတယ်။

''အို...လိုတရနတ်သမီး ကျွန်မလိုချင်တာပြောရရင် အိမ်မှာ ရှိတဲ့အခန်းတိုင်းရဲ့ထောင့်တိုင်းမှာ ဖုန်တွေအလိမ်းလိမ်းနဲ့စက္ကူစုတ် တွေ ရှုပ်ပွနေပြီး ပိုးအိမ်တွေကလည်း ပြည့်နေပါစေ။ နောက်ပြီး မီးဖိုထဲမှာလည်း ဆေးစရာပန်းကန်တွေတောင်လိုပုံနေပါစေ။ ဒါတွေမကသေးဘူး။ မတိုက်ရသေးတဲ့ အိုးတွေ၊ ဒယ်အိုးတွေကလည်း ပြည့်နေပါစေ။ အချုပ်ပြောရရင် ချက်ချင်းလုပ် ရမည့် မပြီးသေးတဲ့အလုပ်တွေကလည်း ထောင်ချီနေပါစေ။ ဒီလိုကြားထဲမှာ ကျွန်မဟာ ဘာကိုမှဂရုမစိုက်ဘဲ စာထိုင်ရေးနေ နိုင်ပါစေ''

ထိုအခါ ကျွန်မ၏ဆုတောင်းကိုကြားသူများသည် မေးချင် မေးပါလိမ့်မည်။ အိမ်တစ်အိမ်လုံးက သန့်ရှင်းပြီး ဘာမှအပူအပင် မရှိဘဲ စာထိုင်ရေးနိုင်ပါစေဟု ဆုမတောင်းဘူးလား။ ထိုအခါ ကျွန်မက အခုလိုပြန်ဖြေချင်ပါသည်။ အိမ်မှာ အရာရာကိုပြီးစီး အောင်ဘာမှမကျန်အောင်လုပ်ပြီးတော့မှ စာထိုင်ရေးရသောဘဝသည် ဘာမှအဓိပ္ပာယ်မရှိပါ။ ကျွန်မလိုချင်တမ်းတသော အရာမှာ အိမ်မှာဘာတွေပဲဖြစ်နေဖြစ်နေ ဘာကိုမှဂရုမစိုက်ဘဲထိုင်ပြီး စာရေး နိုင်တဲ့အခြေအနေမျိုး၊ စိတ်ဓာတ်မျိုးဖြစ်ပါသည်။
အိမ်ဆိုသည့်အတိုင်း အိမ်အလုပ်တွေ အမြဲရှိနေပါသည်။ ကျွန်မလိုချင်သောအရာမှာ အိမ်အလုပ်တွေက ကူညီပေးမည့်သူ မဟုတ်ပါ။ ''ဒီအိမ်အလုပ်တွေဖြစ်ချင်ရာဖြစ်၊ သွားစမ်း''ဟု ပြော လိုက်နိုင်သော စိတ်ဓာတ်မျိုးဖြစ်ပါသည်။ အခုအခြေအနေကို သုံးသပ်ကြည့်မည်ဆိုလျှင် ကျွန်မသည် အလွန်တာဝန်ကျေလွန်းသော အိမ်ရှင်မဖြစ်နေသောကြောင့် စာရေးဆရာကောင်း မဖြစ်နိုင်သလို စာရေးသည့်အလုပ်ကို မြတ်နိုးလွန်းသောကြောင့် အိမ်ရှင်မကောင်း မဖြစ်နိုင်။ ဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်မ၏အဖြစ် ကို ပြောရလျှင် အိမ်ရှင်မကောင်းလည်းမဟုတ်၊ အလုပ်ဟူ၍ ဘာကိုမှ မည်မည်ရရမလုပ်နိုင်၊ ဒါကြောင့် ဘယ်ကပဲကြည့်လိုက် ကြည့်လိုက် ဘယ်ဟာမှ ကောင်းတာမရှိ။ အပြစ်တွေချည်းပဲဟု ဆိုရပါမည်။

ကျွန်မအပေါ် ကောင်းကျိုးကိုလိုလားကာ မိတ်ဆွေများက ပြောကြပါမည်။

''မင်းဖတ်နေတဲ့ မဂ္ဂဇင်းတွေထဲမှာ တွေ့ဖူးမှာပါ။ အရာရာမှ အလုပ်သက်သာတဲ့ မီးဖိုချောင်မျိုးတွေရဲ့ဓာတ်ပုံကြော်ငြာတွေ''သူတို့ရဲ့ စေတနာကို လေးစားသော်လည်း ကျွန်မကတော့ ငြင်းရမည်ဖြစ်ပါသည်။ ဘာကြောင့်ပါလဲ။ ဒါမျိုးကို တမ်းတခြင်း သည် ကူလီတစ်ယောက်၏ အလိုဆန္ဒနှင့်ပတ်သက်သော ပုံပြင်ကဲ့သို့ ဖြစ်နေပါသည်။ ဒီအကြောင်းကို ကြားဖူးပြီး ဖြစ်နေ လျှင်တော့ တောင်းပန်ပါတယ်။

အဖြစ်အပျက်ကတော့ ဒီလိုပါ။
ရှေးသရောအခါက ကူလီတစ်ယောက်ရှိသည်။ သူသည် ဈေးတွင် အလုပ်လုပ်သည်။ ဈေးဝယ်သူများသည် သူ့ကိုပစ္စည်းများ သယ်ခိုင်းလေ့ရှိသည်။ သူကလည်း ထိုအလုပ်ကို ပျော်ရွှင်စွာလုပ်သည်။ လူတိုင်းက သူ့ကိုချစ်ခင်ကြပြီး သူ့ကိုမောင်ပျော် ဟုခေါ်ကြသည်။

မောင်ပျော်သည် အလွန်သဘောကောင်းသည်။ လူကြီး လူရွယ်များအတွက် အခကြေးငွေမယူဘဲ ပစ္စည်းများကို သယ်ပေး သည်။ အခကြေးငွေမပေးနိုင်သော ဆင်းရဲသားများအတွက်လည်း ပစ္စည်းများကို သယ်ပေးသည်။ ကလေးမိခင်များအတွက် လည်း ပစ္စည်းများအတွက်လည်း မောင်ပျော်သည် မရှိမဖြစ်လိုအပ်သည်။

မောင်ပျော်တွင် ဝါးဖြင့်ပြုလုပ်သော ထမ်းပိုးတစ်ခုရှိသည်။ ထိုထမ်းပိုး၏ ဟိုဘက်ဒီဘက်တွင် အထုပ်တစ်ခုစီကို တွဲလောင်း ချိတ်၍ ပခုံးပေါ်ထမ်းလေ့ရှိသည်။ တစ်ခါတစ်ရံတွင် အိပ်နေသောကလေးကို ထမ်းပိုး၏တစ်ဖက်တွင်တင်၍ နောက်တစ်ဖက် တွင် အထုပ်တစ်ခုကိုချိတ်ဆွဲ၍ ထမ်းခြင်းအားဖြင့် ကလေးအမေလည်း သက်သာခွင့်ရသည်။ အချို့ကလေးများကလည်း ဤကဲ့သို့လိုက် ၍ စီးရခြင်းကိုပျော်ကြသည်။

မောင်ပျော်၏ မျက်နှာသည် အမြဲတမ်းပြုံးနေတတ်သည်။ သီချင်းလေးတအေးအေးလည်း ဆိုနေတတ်သည်။ သို့သော်လည်း သူ၏ကိုယ်ခန္ဓာအထူးသဖြင့် ပခုံးသည် တော်တော်ဒဏ်ခံနေရသည်။

ရက်များ၊ အပတ်များ၊ လများ၊ နှစ်များကြာလာသောအခါ သူ့ပခုံးသည် အသားမာများဖြစ်လာသည်။

မောင်ပျော်သည် မညည်းညူဘဲပြုံးပြုံးလေး သီချင်းတအေး အေးဖြင့် အလုပ်လုပ်သည်။ သူကပြောသည်။ ''ဒီအခြေအနေဟာ အမြဲတမ်း ဒီလိုပဲမနေနိုင်ပါဘူး။ နတ်တို့ကို အစိုးရတဲ့သိကြားမင်း ဟာ ဒီအခြေအနေကို ကြာရှည်ကြည့်နေမှာ မဟုတ်ပါဘူး။ သူ့တာဝန်က ဆင်းရဲတဲ့လူတွေကို စောင့်ရှောက်ဖို့ပဲ။ တစ်နေ့ကျရင် သူပန္တုကမ္ပလာတင်းလာတဲ့အခါမှာ သူ့တာဝန်ကို သတိ ရမှာပါ''

မောင်ပျော်က ယုံကြည်သည်မှာ သာမန်အားဖြင့် သိကြားမင်း၏ပန္တုကမ္ပလာသည် အလွန်နူးညံ့ပျော့ပျောင်းသောကြောင့် သူ ထိုင်လိုက်လျှင် သူ့ခါးအထိ မြှုပ်သွားသည်။ သို့သော် သူ၏တာဝန် များကို မေ့လျော့နေသောအခါတွင် ထိုပန္တုကမ္ပလာသည် ကျောက် ဖျာကဲ့သို့ တင်းမာနေသည်။ ထိုအခါတွင်သူသည် လူ့ပြည်က တစ်ယောက်ယောက်ကို ကူညီရတော့မည်ကိုသိသည်။
မောင်ပျော် ယုံကြည်သည့်အတိုင်း သိကြားမင်းသည် သူ့ရှေ့ သို့ရောက်လာပြီး ''ကိုင်း...မောင်ပျော်၊ လိုရာဆုတောင်းပေ တော့''ဟု ဆိုသည်။

မောင်ပျော်က ''ကျွန်တော်လိုချင်တာကတော့ အလွန်ပျော့ ပျောင်းတဲ့ ကတ္တီပါစနဲ့ဖုံးထားတဲ့ ခေါင်းအုံးလေးဖြစ်ပါတယ် အရှင် သိကြားမင်း''ဟု ပြန်ဖြေလိုက်သည်။

''မောင်မင်းလိုချင်တာ ဒါပဲလား''ဟု သိကြားမင်းကမေးသော် မောင်ပျော်က ဤကဲ့သို့ ပြန်ဖြေလိုက်သည်။

''ဟုတ်ပါတယ် အရှင်သိကြားမင်း။ ကျွန်တော်ထမ်းပိုးကို ပခုံးပေါ်မှရွက်တဲ့အခါမှာ သက်သာဖို့ဖြစ်ပါတယ်''

ခင်မျိုးချစ်

တည်ဘွားဦး - ကိုယ်တို့ကမ္ဘာ

$
0
0
ကိုယ်တို့ကမ္ဘာ
တည်ဘွားဦး
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၈

ဆင်းရဲသားတွေက
တွင်းနက်နက်ထဲကနေပြီး
ကယ်ကြပါ ကယ်ကြပါလို့ 
တစာစာအော်နေကြပေမယ့်
သူဌေးသားတွေက
လေယာဉ်ပျံပြောင်းပြန်စီးဖို့ 
ကြံရွယ်နေကြတယ်

ကိုယ်တို့ကမ္ဘာက ပျော်စရာကောင်းလို့လား
အရည်တွေပျော်ကုန်ပါပြီ ကိုယ်တို့ကမ္ဘာဟာ
ကိုယ်တို့သောက်သမျှအရာရာဟာ 
ချိုလို့နေတော့တာ ။ ။

ကာတွန်း ဘီရုမာရဲ့ ဗိုလ်ချုပ်ရုပ်တု ထုမလို့ ...

$
0
0

ကာတွန်း ဘီရုမာရဲ့ ဗိုလ်ချုပ်ရုပ်တု ထုမလို့ ...
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၈

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၁၅)

$
0
0
ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၁၅)
(မိုးမခ) ဇူလိုင် ၁ဝ၊ ၂ဝ၁၈

တိဗက်မြေပေါ် မော်စီတုန်း၏ တပည့်များရောက်လာပြီးနောက် ရေခဲတောင်ကြီးတွေက အရင်လို အေးအေးမြမြ မရှိကြတော့။ အေးချမ်းသောအသိုက်အမြုံကလေးရှိရာသို့ မုန်တိုင်းဝင်ရောက်ခဲ့လေပြီ။ အရင်တုန်းကတော့ သည်မြေသည်ရေမှာ အပူ အပင်ဆိုတာ မရှိ။ စိုးရိမ်ခြင်းကင်းစွာဖြင့် ရှင်သန်လှုပ်ရှားခဲ့ကြဘူးသည်။ အခုတော့ အရင်လို မဟုတ်တော့ပြီ။ တရုတ်ပြည် က စစ်သားတွေ တိဗက်ဒေသကို ဝင်ရောက်လာပြီးနောက် မကြာခင်ကြုံတွေ့ရသောအခက်အခဲမှာ အစားအသောက်ပြဿနာ ပင်ဖြစ်သည်။ ဆရာကြီးမော်စီတုန်း၏ တပည့်တွေက အစားသောင်းကျန်းပါသည်။ တိဗက်လူမျိုးများသည် သတ္တဝါ ကလေးများအပေါ် ကြင်နာသနား ကရုဏာတရား ကြီးမားကြသူများ ဖြစ်သည်။ တရုတ်စစ်သားများက သူတို့အမြတ် တနိုးထားသည့် ကြက် ဝက် ဆိတ်နှင့် နွားနောက်များကို ထင်သလိုသတ်ဖြတ်စားသောက်နေကြတာကို တွေ့မြင်ရသောအခါ တိဗက်တို့မှာ စိတ်သောကရောက်ရပါတော့သည်။

၁၉၅၄-ခုနှစ်ကစလို့ တိဗက်ပြည်ရဲ့ ညတွေက ပိုမှောင်သွားခဲ့လေပြီ။ သည်ကာလများသည် တိဗက်တို့အတွက် အခက်ခဲ အကျပ်တည်းဆုံးအချိန်။ တည်ဆဲဥပဒေများဖြင့် စည်ကမ်းပိုင်းကို တင်းကျပ်လိုက်ပြီးနောက် လူစုဝေးခွင့်ကို ပိတ်ပင် လိုက်ပါသည်။ တိဗက်ပြည်မှာ တိဗက်လူမျိုးတွေ အရင်လို စုဝေးခွင့် မရှိတော့။ တရုတ်စစ်သားများက အကြောင်းအမျိုးမျိုးပြပြီး တိဗက်များကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများကို လက်ရဲဇက်ရဲ ပြုလုပ်လာကြပြီဖြစ်သည်။ တိဗက်ဒေ သတွင် တိဗက်လူမျိုး တယောက်ရှိလျှင် တရုတ်လူမျိုးလေးယောက်ရှိနေရမည်ဟူသော စီမံကိန်းကို မော်စီတုန်းက လက် တွေ့ အကောင်အထည်ဖော်ပါသည်။

၁၉၅၆ ခုနှစ်တွင် လီသောင်ဆိုသော တိဗက်ဘုန်းကြီးကျောင်းတိုက်ကြီးကို တရုတ်စစ်သားများက ဝိုင်းထားသည်မှာ ရက် ပေါင်း ၆၄-ရက်ကြာသွားသည်။ ကျယ်ဝန်းလှသည့် သည်ဘုန်းကြီးကျောင်းအတွင်း တိဗက်လူမျိုးနှင့် လားမားများ ပိတ်မိနေကြသည်။ လူပေါင်းခြောက်ထောင်ကျော်ရှိသော ဒီကျောင်းတိုက်ကို ပိတ်ဆို့ထားပြီးနောက် တရုတ်စစ်သားများက ရာဇသံပေးပါသည်။ အေးအေးချမ်းချမ်း အဖမ်းမခံလျှင် သည်ကျောင်းကျောင်းတိုက်ကို လေယာဉ်ဖြင့် ဗုံးကျဲဖျက်ဆီးပစ်တော့ မည်။ တိဗက်အများစုက လေယာဉ်ကို မမြင်ဖူးကြ။ ဗုံးဆိုသည်မှာ မည်သို့သော အရာဖြစ် ကြောင်းကိုလည်း ဘယ်သူမှ မသိ။ ထို့ကြောင့် ကျောင်းထဲတွင် ကုတ်ကပ် နေကြခြင်းဖြစ်သည်။ တရုတ်စစ်သားများက လေကြောင်းကနေ ဒီကျောင်း တိုက်ကြီးကို ဗုံးကျဲဖျက်ဆီးပစ်လိုက်ပါသည်။ ကလေး၊ လူကြီး၊ လားမားများအပါအဝင် လူပေါင်းေ လးထောင်ကျော် သေဆုံးခဲ့ရသည့် သည်မြင်ကွင်းကိုမြင်ရတော့မှ ဗုံး၏အနက်အဓိပ္ပါယ်ကို တိဗက်များ နားလည်ခဲ့ရခြင်းဖြစ်သည်။ ထင်ရှား ကျော်ကြားသည့် လားမားကြီးနှစ်ပါးကို လူမြင်ကွင်းတွင် ညှဉ်းပန်းနှိပ်စက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်လိုက်ပါ သည်။ သည်လိုမြင်ကွင်းမျိုးကို တွေ့မြင်ရလိမ့်မည်ဟု သူတို့ဘဝမှာ ဘယ်တုန်းကမှ အိပ်မက်ပင် မမက်ဖူးခဲ့။ နာခံရခက်သော အရာများတွင် ရင်နာရခြင်းသည် အဆိုးဆုံး ပင်ဖြစ်သည်။

တဖြည်းဖြည်းနှင့် ခမ်ပြည်နယ်သို့ တရုတ်စစ်သားများ ထပ်မံရောက်ရှိလာကြပြီဖြစ်သည်။ သူတို့လိုချင်သော သတင်းအချက် အလက်များကို မရမချင်း အမျိုးမျိုး နှိပ်စက်တတ်ကြသေးသည်။ “ငါတို့ဟာ တိဗက်တွေဖြစ်ပြီး မင်းတို့က တရုတ်လူမျိုး တွေဖြစ်တယ်။ ကိုယ့်အိမ်ကို ပြန်ပါ” ဟူသော တိဗက်တို့၏ အသံတွေက တိဗက်ပြည်တခွင် လွင့်ပျံနေပြီဖြစ်သည်။ ‘အမုန်း တရားဆိုတာ လူတွေကို တန်းညှိပေးတဲ့အရာ’ ဟု ချူအင်လိုင်းက ဆိုသောအခါ ‘ရန်သူဆိုတာ ဘယ်တော့မှ သူ့အလိုလို ပျက်စီးသွားရိုး ထုံးစံမရှိဘူး’ဟု မော်စီတုန်းက ဆိုပါသည်။

တိဗက်လူမျိုးများအတွက် အေးချမ်းနေသော နိဗ္ဗာန်ဘုံကလေးက အခုတော့ ငရဲခန်းဖြစ်သွားခဲ့ရလေပြီ။ သည်အရပ်မှာ ဆက်နေလို့မဖြစ်တော့။  လာဆာမှာတော့ လုံလုံခြုံခြုံရှိတန်ကောင်းပါရဲ့ဟူသော အတွေးဖြင့် မြို့တော်လာဆာရှိရာ အ နောက် စူးစူးဆီသို့ တောင်စဉ်တောင်တန်းများ တောအုပ်များကိုဖြတ်ကျော်ကာ တရွေ့ရွေ့ လျှောက်လှမ်းနေကြပြီဖြစ်သည်။ အခါတိုင်းလိုပဲ သူတို့နှုတ်က ဘုရားစာတွေ ရွတ်ဆိုနေသေးလား မရွတ်ဆိုနိုင်တော့ဘူးလား သူသတိမရတော့။ မှောင်မိုက် သောညများက တိဗက်ပြည်ကြီးတခုလုံးကို အမိအရလွှမ်းခြုံထားလေပြီ။

လာဆာမြို့ကလေးဆီသို့ ခရီးသွားများ တဖွဲဖွဲရောက်လာကြလေပြီ။ တရုတ်အရာရှိ များက သတင်းတွေအားလုံးကို အမှောင်ချထားလိုက်သည်။ ထို့ကြောင့် တိဗက်ပြည် အရှေ့ပိုင်းမှာ ဘာတွေဖြစ်ပျက်နေသည်ကို လာဆာမြို့ခံတွေက မရိပ်မိကြသေး။ ထိန်းချုပ်ကန့်သတ်မှုတွေသာ များပြားလာပြီး ထူးခြားသည့် တိုးတက်ပြောင်းလဲမှုများကို မတွေ့မြင်ရသော အခါ တိဗက်တို့ရဲ့ သံသယတွေက တနေ့တခြားကြီးထွားလာကြပြီဖြစ် သည်။

မော်စီတုန်းက ဒလိုင်းလားမားကို ပြည်မကြီးထဲကိုခေါ်ပြီး ဘေဂျင်းရဲ့ ခန်းနား ထည်ဝါမှုကို မြင်တွေ့စေလိုသည်။ အသက်နှစ် ဆယ်သာရှိသေးသည့် လားမားကိုယ် တော်ကလေးကို ပီကင်းရဲ့ အံ့ချီးဖွယ်ရာများကို တခုချင်းစီလက်ညှိုးထိုးပြပြီး တနေ့ ကျရင် တိဗက်ကိုလည်း သည်လိုဖြစ်စေရမည်ဟု မက်လုံးပေးလိုက်ချင်သေးသည်။

၁၉၅၄-ခုနှစ်တွင် တရုတ်ပြည်လေ့လာရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ဒလိုင်းလားမား ခေါင်းဆောင်သည့် တိဗက်ကိုယ်စား လှယ်အဖွဲ့ တရုတ်ပြည်မကြီးကို သွားပါသည်။ သည်သတင်းကို တိဗက်လူမျိုးများကြားသိရသောအခါ စိတ်မသက်မသာ ဖြစ်ကြရသည်။ အခုလို ဖရိုဖရဲဖြစ်နေသောအချိန်အခါမျိုးတွင် လားမားကိုယ်တော်လေးကို ပြည်မကြီးထဲ ဆွဲခေါ်လိုက်ခြင်း သည် လုပ်ကြံမှုတစ်ခုဖြစ်နိုင်သည်ဟု တိဗက်လူမျိုးများက ယုံကြည် ထားသည်။ တကယ်လို့ သူတို့ကြိုတွေးထားသည့်အတိုင်း လားမားကိုယ်တော်လေး တိဗက်ဒေသကို ပြန်မရောက်လာခဲ့ဘူးဆိုလျှင် တိဗက်တိုင်းပြည်၊ တိဗက်လူမျိုးများအတွက် မျှော်လင့်ချက် မရှိတော့။ ပြည်မကြီးကို အယုံလွယ်၍ မဖြစ်ကြောင်း တိဗက်ခေါင်းဆောင်များက ဆိုပါသည်။

ဇူလိုင်လထဲတွင် ဒလိုင်းလားမားဦးဆောင်သည့် တိဗက်လေ့လာရေးအဖွဲ့ ပြည်မကြီးကို ထွက်ခွါသွားသောအခါ တိဗက်တို့မှာ လားမားကိုယ်တော်လေး အမြန်ဆုံးအိမ်ပြန် ရောက်နိုင်ဖို့အရေး ဆုတောင်းပေးကြရုံမှတပါး အခြားရွေးချယ်စရာမရှိတော့။ အန္တရာယ် များသောခရီးစဉ်ဖြစ်၍ တိဗက်တို့ရင်မှာ ပူလောင်ခဲ့ရလေပြီ။ အချိန်တန်လို့ ပြန်ရောက် မလာခဲ့လျှင်ဟူသော အတွေးဖြင့် စိုးရိမ်ခြင်း ဝမ်းနည်းရခြင်းတို့သည် တိဗက်လူမျိုး များကို နှိပ်စက်ကြလေပြီ။

လာဆာမြို့ရဲ့ လမ်းမတွေပေါ်မှာ တရုတ်ပြည်သွား လားမားကိုယ်တော်လေးရဲ့ ပုံရိပ်များကို ပိုစတာကြီးများဖြင့် စိုက်ထူပြ သထားသည်။ ဘေဂျင်းရဲ့ခရီးဦးကြိုဆိုမှုက ဒလိုင်းလားမာကိုယ်တော်ကလေးကို စိတ်ချမ်းမြေ့စေပါသည်။ အထူးသဖြင့် ခေါင်းဆောင်ကြီးမော်စီတုန်းရဲ့ ကနဦးကြိုဆိုမှုက နွေးထွေးမှုရှိပြီး စိတ်သက်သာရာ ရစေသည်။ တိဗက်ပြည် တိဗက်လူမျိုး အတွက် လားမားကိုယ်တော်ကလေး၏ အရေးပါအရာရောက်ပုံကို မော်စီတုန်းက ကောင်းကောင်းနားလည်ထားသည်။ ထို့ကြောင့်လည်း ဒလိုင်းလားမားကို ပြုံးပျော်ရွှင်ပြစွာ အရေးတယူ ဆက်ဆံနေခြင်းဖြစ်သည်။ သူ့အပြုံး များ၏နောက်ကွယ်မှာ ဘာတွေရှိသည်ဆိုတာကိုတော့ လားမားကိုယ်တော်လေး ကြိုတင်မသိနိုင်ခဲ့။ အခွင့်ထူးခံဆိုတာ မရှိ၊ လူတိုင်းဟာ တန်းတူညီမျှ ရှိရမည်ဟူသော မော်စီတုန်း၏ ပေါ်လစီကို သူမြင်တွေ့ပြီးနောက် ဒီပေါ်လစီကို သူသဘောကျမိသည်။ လူသား အားလုံး တန်းတူရည်တူရှိရမည်ဟူသော အချက်ကို သူတွေးနေမိသည်။ ဆိုရှယ်လစ်ဇင်လမ်းစဉ်နှင့် သူတပါးအပေါ် ဦးစား ပေးရေးကို အလေးထားသည့် မဟာယာနဗုဒ္ဓဘာသာလမ်းစဉ်ဟာ အခြေခံအားဖြင့် တူညီသည်ဟု လားမားကိုယ်တော် လေးက နှိုင်းယှဉ်မိလိုက်သေးသည်။

ဒလိုင်းလားမားနှင့် မောစီတုန်းတို့ တွေ့ဆုံပွဲမှာ မော်စီတုန်းက “ဗုဒ္ဓဟာ လူသားတို့ ဘဝနေထိုင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ဘာသာတရားဟာ အဟန့်အတားတခုဖြစ် စေတယ်။ ဘာသာတရားဆိုတာ လူသားတွေအတွက် အဆိပ်ပဲ ”ဟု ပြောလိုက်သော အခါ ဒလိုင်းလားမားကိုယ်တော်ကလေးရဲ့ မျှော်လင့်ချက်တွေ ရေစုန်မျောရပါတော့ သည်။ ပြီးတော့ တိဗက်ပြည်ကို ဖွံ့ဖြိုးတိုးတက်သည့် တိုင်းပြည်တခုဖြစ်ဖို့အတွက် အစွမ်းကုန်ကူညီသွားမှာဖြစ်ပြီး တိဗက်ပြည် တိုးတက်သွားပြီဆိုလျှင် ပြည်မကြီးက အလိုလိုနောက်ဆုတ်ပေးသွားမှာဖြစ် ကြောင်း ဒလိုင်းလားမားကို ကတိပေးလေသည်။ “အဲဒီတုန်းက တရုတ်နဲ့ တိဗက်ကိုယ်စားလှယ်အဖွဲ့တွေ တွေ့ကြတဲ့ တွေ့ဆုံပွဲမှာ သူပြောတာ မှတ်မိသေးတယ်။  မော်စီတုန်းက စားပွဲအစွန်နားမှာ ထိုင်နေတဲ့ တရုတ် အရာရှိနှစ်ယောက်ကို လက်ညှိုးထိုးပြပြီး တိဗက်ပြည် တိုးတက်သာယာရေးအတွက် သူတို့နှစ်ယောက်ကို တိဗက်ကို စေလွှတ်ထားပါတယ်။ တကယ်လို့ ဒီနှစ်ယောက်က လားမားကိုယ်တော်ကလေးကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်၊ တိဗက်ပြည် တိုးတက် ရာတိုးတက်ကြောင်းကို ထိထိရောက်ရောက်မလုပ်ဘူးဆိုရင် သူ့ကိုချက်ချင်း ပြောပါ။ တိဗက်မှာ မထားဘူး။ တခါတည်း ပြန်ခေါ်လိုက်မယ်လို့ ပြောခဲ့ဘူးပါတယ်” ဟု ဒလိုင်းလားမားကြီးက ပြန်ပြောပြလေသည်။
တရုတ်ပြည်မကြီးရဲ့ တိုးတက်မှုတွေကို တွေ့မြင်ရပြီးနောက် အထင်ကြီးအားကျမှု တွေရှိသည်မှန်သော်လည်း ဒလိုင်းလားမား ကိုယ်တော်ကား မော်စီတုန်းထင်သလို ရိုးစင်းနုံအသည့် အနုံညာတ ခေါင်းဆောင်တယောက်မဟုတ်။ အစာရဲ့နောက်ကွယ်မှာ ကွယ်ဝှက်ထားသည့် ငါးမျှားချိတ်ကို သူမြင်တွေ့နေရသည်။ တိဗက်ပြည်မှာ ရေခဲတောင်ကြီးတွေ၊ ကြီးမားကျယ်ပြန့်သည့် သတ္ထုတွင်းတွေ၊ သဘာဝသစ်တောကြီးတွေရှိ သည်။ တခုမပေးရင် တခုမရသော လောကကြီးရဲ့အထာကို နားလည်သဘော ပေါက်ထားသူဖြစ်သည်။ ပြည်မကြီးတွင် သူမြင်တွေ့နေရသည့် တူညီသော ဝတ်စုံ၊ တူညီသော ပြောဟန်ဆိုဟန်၊ တူညီသော လှုပ်ရှားရုန်းကန်ဟန်တို့မှာ တင်းကျပ် သော စည်းကမ်းတခု၏ ပြယုဂ်တခုဖြစ်သော်လည်း လူအားလုံးရဲ့ တွေးခေါ်သုံးသပ် ရှုမြင်ပုံကို တသမတ်တည်းဖြစ်အောင် ပုံသွင်းနေခြင်းကိုတော့ ဒလိုင်းလားမားက မနှစ်မြို့လှ။ တိဗက်ပြည်ကို သည်လို အဖြစ်မခံ။

ဘာသာတရား၊ ရိုးရှင်းလှပသည့် စိတ်နေစိတ်ထားနှင့် လွတ်လပ်သည့် ပင်ကိုစရိုက် လက္ခဏာများမှာ တိဗက်တိုင်းပြည် တိဗက်လူမျိုးတို့၏ အသက်သွေးကြောပင်ဖြစ် သည်။ ရုပ်ပိုင်းဆိုင်ရာ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် တိဗက်လူမျိုးတို့ရဲ့ သည်အရည်အသွေးတွေကို နည်းနည်းကလေးမျှ အပွန်းအပဲ့ ခံ၍မဖြစ်။ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်စရိုက်လက္ခဏာများကို အပွန်းအပဲ့ အထိရှခံပြီး ရုပ်ဝတ္ထုပစ္စည်း တိုးတက်မှုဖြင့် အလဲအလှယ်လုပ်ခြင်းသည် မိုက်မဲလွန်းရာကျသည်။ ပင်ကိုအလှ တရားသည်သာ စစ်မှန်သောအလှဟု တိဗက်လူမျိုးတို့က လက်ခံယုံကြည်ထားကြလေသည်။ သို့သော် သူတို့၏ ယုံကြည် ချက်သည် ယုံကြည်ချက်မျှသာ ဖြစ်ခဲ့ရလေပြီ။ ယုံကြည်ချက်တွေ၊ အိပ်မက်တွေက လက်တွေ့ဘဝမှာ အမှန်တကယ်ဖြစ် မလာတဲ့အခါ ကံကြမ္မာ ကိုချည်း ရိုးမယ်မဖွဲ့ပါလေနှင့်။

ဆက်လက်ဖော်ပြပါဦးမည်။
ကိုသစ် (သီတဂူ)
၇၊ ၈၊ ၂ဝ၁၈

ဆောင်းယွန်းလ ● ငြီးငွေ့မှုကို အငွေ့ပျောက်ရှုရှိုက်မိသောနေ့များ

$
0
0

ဆောင်းယွန်းလ ● ငြီးငွေ့မှုကို အငွေ့ပျောက်ရှုရှိုက်မိသောနေ့များ
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၈

ပျင်းပျင်းရှိ
ငြီးငွေ့စရာ စကားလုံးတွေကို
တရွက်ချင်းလှန်ဖတ်ဖို့လည်း မလိုတော့ဘူး
အထက်အောက်
အလိုလိုစီးဆင်းသွားတယ်

သေနေတဲ့ မြစ်ကြီးနဲ့ ရပ်တန့်နေတဲ့ပင်လယ်
ရွေ့နေတယ်လို့တော့ ပြောကြတာပါပဲ
ရေသေမှာ ပျော်ပျော်ရွှင်ရွှင်
မော်တော်ယာဉ်စီး ခရီးမရောက်

လက်ဖျောက်တီးရင်း
ဆုဆိပ်ကြီးတွေကို မျှော်လင့်ကြ

အခင်းဖြစ်ပွားရာနဲ့ 
သတင်းဖြစ်ပွားရာနေရာက သပ်သပ်စီ
ယုံကြည်မှုကိုစာစီနေကြရင်း
ညဟာ အဖြောင့်မသွားတော့တာ ကြာပြီ

နာရီတွေလည်း ပုံသေနည်းဆန်ဆန် ကုန်လွန်သွားခဲ့
အမှတ်ပေးစည်းမျဉ်းဟာ ငဲ့ကွက်ရမဲ့ အရေးပဲတဲ့
အရေးထဲမှာ အရာပေါ်နေလို့
အရာရာဟာ ကောက်ကောက်ကွေ့ ကွေ့ 

နောက်ထပ် နေ့ပေါင်းများစွာမှာ
ငြီးငွေ့မှုတွေနဲ့ အပျင်းဖြေနေရခြင်းများ

ခြောက်သွေ့တိုင်း နွေကိုပုံချလို့မရ
ကောက်ကွေ့တိုင်းလည်း မြစ်ကိုယုံလို့မရ
စာအုပ်က စာပေထဲပိတ်မိနေပြီး
ဘဝက ဘဝထဲပိတ်မိနေလေရဲ့

တချက်ကလေးစောင်းငဲ့ကြည့်ရုံမှာ
အသက်သွေးချောင်းစီးးနေတဲ့
ကမ္ဘာ။

ဆောင်းယွန်းလ

ဒီလူည ● ဆင်ရုပ်ပုံရေးဆွဲသူ

$
0
0
ဒီလူည ● ဆင်ရုပ်ပုံရေးဆွဲသူ
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၈

ခု ပြောမယ့်အကြောင်းက ကျနော့်အကြောင်းမဟုတ်ဘူး။ ကျနော့်သူငယ်ချင်း တယောက်ရဲ့ကြောင်း။ ဒီဇာတ်လမ်းမှာ ကျ နော်က တထောင့်တနေရာက ပါဝင်ခဲ့ရုံလောက်ပါပဲ။ ဒီထက်လည်း မပိုခဲ့ပါဘူး။ ပိုပြီးပါဝင်ဖို့လည်း မဖြစ်နိုင်တဲ့ အနေအထား မျိုးပါ။

ကျနော့်သူငယ်ချင်းရဲ့ နာမည်က မြင့်သူအောင်။ ကြီးကျယ်မြင့်မြတ်တဲ့သူတယောက်အဖြစ် အောင်မြင်ဖြစ်ထွန်းလာစေဖို့ ရည်ရွယ်ပြီး သူ့ရဲ့မိဘတွေက သူ့ကို အဲ့ဒီနာမည်ပေးခဲ့တာလို့ ကျနော့်ကို ပြောပြဖူးတယ်။ နာမည်နဲ့ပတ်သက်ပြီး ဒီလိုမှတ်ချက် မျိုးကိုလည်း မကြိုက်ကြောင်း ကျနော့်ကို သူပြောပြခဲ့ဖူးပါတယ်။ ဒါဟာ ကျနော်တို့ပတ်ဝန်းကျင်မှာ ပြောလေ့ပြောထများတဲ့ စကားတခုလိုတော့ ဖြစ်နေမလား မသိဘူး။ "ပညတ်သွားရာ ဓါတ်သက်ပါ"ဆိုတာမျိုးလေ။ ဒီစကားရဲ့အဓိပ္ပါယ်ကို ခရေစေ့ တွင်းကျ ဖွင့်ဆိုပြဖို့လောက်ထိတော့ ကျနော် မတတ်နိုင်ဘူး။ ဒါပေမယ့် ရိပ်ဖမ်းသံဖမ်းလောက်တော့ နားလည်မယ်လို့လည်း ထင်ပါတယ်။ ညီအစ်ကို မသိတသိအချိန်မျိုးလောက်မှာ သွားဟန် လာဟန် ကိုယ်လက်လှုပ်ရှားပုံကိုကြည့်ပြီး ငါ့အသိမိတ်တွေ များဖြစ်နေမလားဆိုတဲ့ အခြေအနေမျိုးလိုပေါ့။ ဆင်းရဲလွန်းတဲ့ဘဝမှာ မွေးလာတဲ့သားလေးကို ခုလိုမျိုးဘဝနဲ့ ဆင်းဆင်းရဲရဲ မနေရအောင် နာမည်ကို ချမ်းသာကြီး ဆိုပြီး မှည့်ပေးတဲ့ မိဘကို ကျနော် တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့ဒီကလေးက အလုပ်ကို လက်ကြောတင်းအောင်မလုပ်ဘဲ ပျင်းရိတတ်လွန်းသူတယောက်သာ ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ နာမည်က မောင်လူအေး ဆိုပေမယ့် လူက နိစ္စဓူဝ ပူလောင်စွာနဲ့ ဘဝကို ရုန်းကန်ရှင်သန်နေရရင် ဘယ်လိုဖြစ်မလဲ။ မိဘဆိုတာမျိုးကတော့ ကိုယ့်သား သမီးကို အကောင်းဆုံး အမြင့်ဆုံးဆိုတာတွေမှာ ထားချင်၊ တွေ့ချင်၊ ရှိစေချင်ကြပါတယ်။ ဒါ့ကြောင့်လည်း ခုလို နာမည်မျိုးတွေ ပေးခဲ့ကြတာ မဟုတ်လား။ အဲ့သလို အကျိုးမျှော် မေတ္တာတရားတွေကနေစပြီးများ ဒီပညတ်သွားရာ ဓါတ်သက်ပါဆိုတာဟာ စတင်ခဲ့လေသလားလို့တောင် တခါတလေ ကျနော် အတွေးခေါင်ခဲ့ဖူးပါတယ်။

"ယုံကြည်မှုဆိုတာထက် အစွဲအလန်းလို့ပြောရမယ်။ ဒါပေမယ့် ဒီအစွဲအလန်းဟာ လုံးဝမှားယွင်းနေတယ်လို့လည်း ယတိ ပြတ်ပြောလို့ရနိုင်တဲ့ အနေအထားတော့ မဟုတ်ဘူး"လို့ နာမည်တခုပေါ်မှာ စွဲလန်းမှုနဲ့ပတ်သက်ပြီး သူ့ရဲ့ ထင်မြင်ချက် တချို့ကိုပါ ကျနော် ကြားခဲ့ရပါတယ်။ "မှန်တယ် မှားတယ်ဆိုတာထက် ကိုယ့်ရဲ့လက်ခံမှုနဲ့ စဉ်းစားဆင်ခြင်မှုကပဲ ခရာကျပါ တယ်ကွာ"တဲ့။

မြင့်သူအောင် သနပ်ပင်ကိုပြောင်းလာတာက ၁၉၉၇ ခုနစ်က။ ကျနော်တို့ ရှစ်တန်းနှစ်ပေါ့။ (သူ့အဖေတာဝန်ကျရာကို ပြောင်းလာရင်း သူလည်း သနပ်ပင်ကို ရောက်လာခဲ့တာ။) တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အဲ့ဒီနှစ် စက်တင်ဘာလမှာ သနပ်ပင်နဲ့ အနီးတဝိုက်ကျေးရွာတွေမှာ ရေလွှမ်းမိုးမှုနဲ့ ကြုံရတယ်။ ပျက်စီးဆုံးရှုံးမှုတွေလည်း အတော်ကလေးများတယ်။ တခါမှ ခု လောက် ရေကြီးမှုမျိုးမကြုံခဲ့ဖူးဘူးလို့ မိဘတွေပြောကြတာကိုလည်း ကြားခဲ့ရတယ်။ သနပ်ပင်မြို့ထဲ နေရာတချို့ရဲ့ ကတ္တရာ လမ်းတွေပေါ်မှာတောင် ရေတွေကစီးနေတာ။ ရေကြီးမယ့်ညမှာတော့ လိုက်ပြီးကြေညာသံကို ကြားလိုက်ရတယ်။ သူတို့ ကြေညာပြီးမကြာဘူး။ ရေတွေက တရိပ်ရိပ်နဲ့ တက်လာတော့တာပဲ။ ညဘက်ကြီးဆိုတော့ ခြေတံရှည်အိမ်တွေက သိပ်ပြီး မစိုးရိမ်ရပေမယ့် နိမ့်တဲ့အိမ်တွေကတော့ ရွေ့ကြ ပြောင်းကြပေါ့။ ကျနော်တို့နေတဲ့ရပ်ကွက်မှာတော့ ရေတွေက အရှိန်ပြင်း ပြင်းနဲ့ တွေ့သမျှလှဲဖြိုနေတာမျိုးတော့ မဟုတ်ဘူး။ သနပ်ပင်မြို့အနေနဲ့ ပျက်စီးမှုတွေ ရွေ့ပြောင်းမှုတွေရှိခဲ့ပေမယ့် သနပ်ပင် မြို့ရဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ အချို့သောကျေးရွာတွေကတော့ ရေကြီးမှုရဲ့ ဆိုးရွားလွန်းတဲ့ဒဏ်ကို အတော်ကလေး ခံခဲ့ကြ ရတယ်။ အဲ့ဒီအချိန်တုန်းက ဆက်သွယ်ရေးနည်းပညာကလည်း ခုလောက်ထိမတိုးတက်သေးဘူး။ ဖေ့ဘွတ်ခ်တို့ ဗိုင်ဘာ တို့ ဂျီမေးလ်တို့ဆိုတာတွေကလည်း လူမသိ သူမသိ အနေအထား။ ပြီးတော့ သတင်းရဲ့လျင်မြန်မှုကလည်း မရှိသေးဘူး။ သနပ်ပင်မြို့မှာတော့ ရေဘေးဒဏ်ခံစားရတဲ့ မိသားစုတွေဟာ ဒက္ခိဏသာခါ ရုပ်ရှင်တော်မြတ်ကြီးနဲ့ ဆုတောင်းပြည့် အောင် ချမ်းသာ ဘုရားကြီးတွေမှာ နေကြရတယ်။ သနပ်ပင်ချောင်း (ပဲခူးစစ်တောင်းတူးမြောင်း) ကိုဖြတ်ပြီးဆောက်ထားတဲ့ ဈေးတံ တားနားမှာ ချောင်းထဲမျောပါလာတဲ့ လူသေအလောင်းတွေ တိရစ္ဆာန်အသေတွေ အိုးအိမ်အပျက်အစီးတွေကို လာကြည့်ကြ တဲ့ သူတွေနဲ့ စည်ကားခဲ့သေးတယ်။ အဲ့ဒီရေကြီးမှုနဲ့အတူ ပါလာတဲ့သတင်းစကားတွေကလည်း တခုပြီးတခု။ တဆင့်စကား တဆင့်ကြားရတာမျိုးပေါ့။ အိမ်ပေါ်မှာအိပ်နေရင်း မြွေကိုက်လို့ သေဆုံးသွားတယ် ဆိုတာမျိုး။ ပြီးတော့ ချောင်းထဲမျောပါလာတဲ့ လူသေအလောင်းတွေဆီက (လှေနဲ့ဖြစ်ဖြစ် ရေကူးပြီးဖြစ်ဖြစ်) လက်စွပ် လက်ကောက် စတဲ့ ရွှေငွေ လက်ဝတ်လက်စားတွေ ကို လိုက်ဖြုတ်ယူကြတယ်ဆိုတဲ့သတင်းမျိုးတွေလည်း ကြားရတယ်။ ဒါတွေဟာ တကယ်လား ကောလဟာလတွေလား ဆိုတာတော့ ကျနော်တို့ မသိခဲ့ဘူး။ သတင်းရဲ့ အရင်းအမြစ်တွေကို ဂဃနဏသိဖို့ စဉ်းစားကြည့်ဖို့ ကျနော့်ဦးနှောက်ကို သိပ်ပြီး အသုံးမပြုနိုင်သေးတာလည်း ပါပါလိမ့်မယ်။ ကြားရတဲ့ စကားကိုပဲ သတင်းအဖြစ်သိနေရတာ။ နောက်ပြီး ကျနော်တို့ ပတ်ဝန်းကျင်မှာလည်း နိုင်ငံပိုင်သတင်းစာယူတဲ့အိမ်က အတော်ရှားတယ်။ ကျနော်တို့ကလည်း သတင်းစာဖတ်ချင်တဲ့ စိတ် မျိုး မရှိကြဘူး။ ဒါပေမယ့် ကိုယ့်မြို့နဲ့ဆိုင်တဲ့သတင်းကိုတော့ စိတ်ဝင်စားတာပေါ့။ ဒီလောက်ရေကြီးမှုဖြစ်တော့ ပျက်စီး ဆုံး ရှုံးမှုတွေ အသေအပျောက်စာရင်းတွေ ရေဘေးဒဏ်ခံစားနေရသူတွေ စတဲ့သတင်းတွေကို နိုင်ငံပိုင်သတင်းစာတို့ ရုပ်သံ လိုင်းတို့မှာ ပါလာမယ်လို့ထင်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ ပါမလာခဲ့ဘူး။ လုံးဝကို သတင်းအမှောင်ချခဲ့တယ်။ နောက်တော့ ကြားလာရတာက ပဂိုင်တာကျိုးလို့ ရေးကြီးတာဆိုပြီး အသံထွက်လာပေမယ့် ပြည်သူကိုအသိမပေးဘဲ ပဂိုင် တာချိုးလိုက်တာဆိုတဲ့ အသံသဲ့သဲ့ကိုလည်း ကြားခဲ့ရပါတယ်။ (ချိုးတာလား ကျိုးတာလားဆိုတာကတော့ ကျနော်တို့အနေ နဲ့ မဆုံးဖြတ်နိုင်ဘူး။ ကာယကံရှင်တွေပဲ ပြောဆိုနိုင်မယ့်ကိစ္စပါ။ ပြီးတော့ ကျနော်တို့သိထားတဲ့ ပဂိုင်တာဆိုတာ တကယ် တော့ မိုးယွန်းကြီးအင်း တာတမံကိုခေါ်တာပါ။ ပဂိုင်တာကျိုး ပဲခူးရေလျှံဆိုတဲ့စကားလည်း ရှိခဲ့ပါတယ်။') သတင်းအမှန်ကို တရားဝင်ပြောကြားတဲ့ခေတ်တော့ မဟုတ်ဘူး။ ဒီလိုပဲ တဆင့်စကားတဆင့်ကြားပြီး သတင်းဖြစ်နေရတဲ့ အခြေအနေပေါ့။ ကျနော်တို့ သနပ်ပင်မှာတောင် ရေဟာ အတော်ကလေးကြီးတာ မိသားစုရွေ့ပြောင်းမှုတွေများတာဆိုတော့ အထူးသဖြင့် မိုးယွန်းကြီးအင်းနားက ရွာတွေကတော့ ဆိုဖွယ်ရာမရှိပေါ့။ (ဝေါဘက်မှာ ရေကျဖို့ တလလောက်ကြာခဲ့တယ်လို့လည်း သိခဲ့ရ ပါတယ်။) သနပ်ပင်နဲ့ဝေါကြားက ကျေးရွာတွေမှာလည်း ပျက်စီးဆုံးရှုံးမှုတွေကလည်း နည်းမှာမဟုတ်ဘူးဆိုတာ သိလောက် ပါတယ်။ ပြီးတော့ နိုင်ငံပိုင်သတင်းတွေမှာ မပါခဲ့တဲ့ ရေကြီးမှုသတင်းဟာ ဂြိုလ်တုသတင်းမှာပါလာခဲ့တယ်လို့လည်း ကြားမိ ခဲ့တယ်။ အစိုးရရဲ့ ပြန်လည်ထူထောင်ရေးတို့ ပရဟိတအသင်းအဖွဲ့တွေကလည်း ခုလောက် များများစားစားလည်း မရှိတဲ့ ကာလဆိုတော့ ရေလွှမ်းမိုးခံရတဲ့ ကျေးရွာတွေကတော့ မိုးပြိုတာထက်ဆိုးမယ့်အနေအထားပါ။

ဒါပေမယ့် ကျနော်တို့အတွက်ကတော့ ပျော်စရာကာလတခုလို ဖြစ်ခဲ့ပါတယ်။ ရေကြီးတော့ ကျောင်းတွေပိတ်ရတယ်။ ကျောင်းတက်ပျင်းတဲ့ ကျနော့်အတွက် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားပေါ့။ ကျနော့်တို့ခြံထဲမှာက ရေကူးလို့ရတဲ့အထိ ရေကကြီးနေတာ။ မိဘတွေကတော့ စားဝတ်နေရေးအတွက် ခေါင်းခြောက်စရာကာလပေါ့။ အပိုအလျှံ စုမိဆောင်းမိတဲ့ သူတွေမှ မဟုတ်ကြတာ။ ပြီးတော့ ရေဘေးခံစားရတဲ့ သူတွေကလည်း လှူသမျှနဲ့ လောက်ငအောင် စားသောက်နေကြရတယ်။ သူ့အပူ ကိုယ့်အပူ တွေ ပြည့်နေတဲ့ အနေအထား။ ဒါပေမယ့်လည်း အဲ့သလိုအပူတွေက ကျနော်တို့ဆီ ကူးမလာခဲ့ကြဘူး။ အရင်ကဆို ရေချိုးဖို့ကို မိဘတွေက အာပေါက်အောင် ပြောရပေမယ့် ခုတော့ ရေချိုးဖို့ ပြောစရာမလိုအောင် ရေချိုးချိန်က မှန်လာတယ်။ တနေ့ကို ရေတခါချိုးဖို့ တွန့်နေတဲ့ကောင်က ခုတော့ မနက်တခါ ညနေတခါ ရေချိုးဖြစ်နေပြီ။ ဒါတောင် မိဘတွေက တားလို့။ နို့မဟုတ်ရင် တနေကုန် ရေချိုးနေကြမှာ။ ဘာလို့ ဒီလောက်ရေချိုးချင်ကြတာလဲဆိုတဲ့ အကြောင်းရင်း တွေကလည်း ရှိတာကိုး။ ရေချိုးချိန်ရောက်ပြီဆို ကျနော့်တို့ခြံထဲမှာ လူစုံတယ်။ မြင့်သူအောင်ရော ကျန်တဲ့ သူငယ်ချင်းတွေ ရော ရေလာကူးကြတယ်။ ရေမကူးတတ်တဲ့သူတွေကလည်း ငှက်ပျောတုံးတွေဖက်ပြီး ကူးကြတယ်။ တချို့ကလည်း လေ ထိုး ကျွတ်ဖာဆိုင်တွေက ကျွတ်ငှားပြီး ကူးကြတယ်။ ကုန်းမြေပေါ်မှာပဲကစားရတဲ့ ကျနော်တို့အတွက် ရေထဲမှာ ကစားရ တာက အသစ်အဆန်းတခုလိုဖြစ်သလို ပိုပြီးလည်း ပျော်စရာကောင်းနေတယ်။ တခါတလေ ရေလည်းကူး ကစားလည်း ကစားတတ်လွန်းလို့ ကျနော်တို့ အိမ်ပေါ်ရောက်ပြီဆို မူးပြီးပေါ်လာတတ်တဲ့ ငါးခူတကောင် နှစ်ကောင်လောက်ကို အိမ်က လူကြီးတွေ အလွယ်တကူဖမ်းလို့ရတတ်ကြတယ်။ ကျနော်ကတော့ ရေးကစားပြီးလို့ အိမ်ပေါ်ရောက်ပြီဆို နောက်ထပ်အလုပ် တခုကို ဆက်လုပ်တယ်။ အဲ့ဒါကတော့ ငါးမျှားတာပဲ။ အိမ်ပေါ်ကနေ ငါးမျှားချိတ်မှာ ထမင်းလုံးတတ်ပြီး ငါးစင်ရိုင်း မျှားတယ်။ ရေကြီးတဲ့ ကာလတလျှောက်လုံး ရေထဲမှာ အနေများပေမယ့် ဖျားနာတာမျိုးတော့ မရှိကြဘူး။ ဒါပေမယ့် ရေလည်း ကျရော တအိမ်ပြီး တအိမ် ဖျားကြတော့တာပဲ။

မြင့်သူအောင်နဲ့ ကျနော်က အိမ်နီးနားချင်းတွေဖြစ်သလို ကျောင်းမှာလည်း သူနဲ့ကျနော်က တခုံတည်းထိုင်တာ။ (သတ်မှတ် ထားတာ ခြောက်ပေဆိုပေမယ့်  ကျနော်တို့က ခြောက်ပေမရှိတဲ့ခုံမှာ လေးယောက်ထိုင်ကြတာ။) ဒီတော့ သွားအတူ လာ အတူ ဆိုးတူကောင်းဘက်တွေ ဖြစ်လာတယ်။ တရက်ပေါ့။ အခန်းထဲက မိန်းကလေးတချို့ကို ကြည့်မရလို့ ကျနော်တို့ နောက်ဆုံးနှစ်တန်းက ယောကျာ်းလေးတွေစုပြီး ညနေကျောင်းလွှတ်လို့ အတန်းထဲလူကုန်ပြီဆိုတဲ့အချိန်မှ မိန်းကလေးတွေ ထိုင်တဲ့ ထိုင်ခုံတွေမှာ ခွေးလှေးယားသီးတွေသုတ်ကြတယ်။ ဆရာမရိပ်မိမှာစိုးလို့ ယောက်ျားလေးထိုင်ခုံ တချို့ရော ဆရာမ ထိုင်ခုံက ခြေထောက်တင်တဲ့တန်းကိုပါ သုတ်လိုက်ကြတယ်။ နောက်နေ့ရောက်တော့ ထိုင်ခုံမှာထိုင်ပြီး မကြာမီ ဟိုလှုပ် ဒီလှုပ်ဖြစ်လာတဲ့ မိန်းကလေးတချို့ကို ကြည့်ပြီးကျနော်တို့ ကျိတ်ပျော်ခဲ့ကြတယ်။( ကျနော်တို့ ကြည့်မရတဲ့ မိန်းကလေးတချို့ကတော့ ခွေးလှေးယားသီး ဒဏ်ကို အတော်ကလေး ခံလိုက်ရတယ်။ ) အခန်းတံခါးတွေကလည်း မလုံ၊ ပြီးတော့ ယောကျာ်းလေးအတန်းတွေရော မိန်းကလေးအတန်းတွေပါ ဆိုတော့ ဆရာမရဲ့ သံသယတွေက ကျနော်တို့ဆီ ရောက်မလာတော့ဘူးလေ။ ခုံတွေကို ရေဆေးတော့လည်း ကျနော်တို့တွေ အားသွန်ခွန်စိုက် လုပ်ပေးကြတယ်။ အဲ့ဒီနေ့ကတော့ စာသင်ချိန် နှစ်ချိန်လောက် ခုံဆေးတာနဲ့ ကုန်သွားတယ်။ စာမရတဲ့ ကောင်တွေကတော့ ကျနော်တို့ကို ကျေးဇူးတောင် တင်နေဦးမှာပါ။

ခုလို ခွေးလှေးယားသီး သုတ်မယ့်ကိစ္စကို စပြီးတိုင်ပင်ကြတုန်းကဆို မြင့်သူအောင်က အဲ့လိုလုပ်တာတော့ မကောင်းပါဘူးကွာ ဆိုပြီး ကျနော်တို့နားလည်တာရော နားမလည်တာရော စတဲ့ စကားတွေနဲ့ တားသေးတယ်။ ဒါပေမယ့် သူဘယ်လောက်ဘဲတားတား နောက်ဆုံးတော့ ကျနော်နဲ့ ကျန်တဲ့သူငယ်ချင်းတွေရဲ့ ဆန္ဒကို လိုက်လျောခဲ့ရတယ်။ ခွေးလှေးယားသီးသုတ်ပြီး တော့မှ မြင့်သူအောင်က ဒီကိစ္စကို အတန်းပိုင်ဆရာမ ဆီမှာ သွားပြီးတော့ ဝန်ခံမယ် လုပ်ရော။ ဒီတော့ ကျနော်တို့တွေလည်း အတော်လေး ပျာလျာခတ် သွားရတယ်။ ဒီကောင့်ကိုလည်း အတော်လေး နားချလိုက်ရတယ်။ အဲ့ဒီရက်ပိုင်းအတွင်း ဒီကောင့်ကို အမြဲစောင့်ကြည့်နေကြရတယ်။ မတော်လို့ ဒီကောင်က စိတ်ကူးပေါက် ဆရာမဆီ သွားပြီးဝန်ခံတာက သူ့အတွက် သိပ်ပြီးပြဿ     နာမရှိဘူး။ သူ့ကိုလည်း လိမ္မာတဲ့ ကျောင်းသားတယောက်အဖြစ် ဆရာ/ဆရာမ တွေက သိထားတာ။ ဒါပေမယ့် ကျနော်တို့ကတော့ အဲ့လိုမဟုတ်ဘူး။ မြင့်သူအောင်ကလွဲလို့ ကျနော်အပါအဝင် ကျန်တဲ့သူငယ်ချင်းတစုက လူဆိုးစာရင်းနားတိုးနေတဲ့ ကောင်တွေ။ ဒီကိစ္စသာ ကျနော်တို့လုပ်မှန်း ဆရာမ သိသွားရင် သေချာတယ်။ ကျနော်တို့ကို ကျောင်းအုပ်ဆရာကြီး ရုံးခန်းကိုပို့မှာ။ အဲ့ဒီမှာတင် ကျောင်းအုပ်ကြီးက ကြိမ်လုံးနဲ့ ရိုက်ပြီး ဆုံးမလို့ ပြီးသွားရင်တော့ ကောင်းတာပေါ့။ အဲ့လိုမဟုတ်ဘဲ ကျနော်တို့မိဘတွေခေါ်လိုက်ရင် ပြဿ     နာက ပြီးမှာ မဟုတ်တော့ဘူး။ ကျောင်းမှာတင် မဟုတ် အိမ်မှာပါ အတီးခံရတော့မှာ။ ပြီးတော့ ဒီကိစ္စကို ကျနော်တို့လုပ်မှန်း အတန်းထဲ မိန်းကလေးတွေပါ သိသွားရင် ကျနော်တို့ နေ့စဉ် ရင်ဆိုင်ရတော့မှာ။ နောက်ပြီးတော့ ကျနော်တို့ ဆရာမ မသိအောင်လုပ်သမျှတွေ ကို သူတို့ တိုင်ကြတော့မှာ မဟုတ်လား။ ပြဿ     နာက ပိုပြီးကြီးထွားလာဖို့ပဲရှိတာ။ ဒါ့ကြောင့် မြင့်သူအောင်ကို မျက်စိအောက်က အပျောက်မခံအောင် ကျနော်တို့တွေ ဂရုစိုက်ကြ ဖြောင်းဖျကြ လုပ်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် အဲ့ဒီကိစ္စမပေါက်ကြားခဲ့တာကတော့ ကျနော်တို့ အောင်မြင်မှုလို့ပဲ ပြောရမလား မသိဘူး။

အဲ့လိုနဲ့ပဲ ကျနော်တို့ ရှစ်တန်းစာမေးပွဲ ဖြေပြီးလို့ နွေရာသီ ကျောင်းပိတ်ရက်မှာ မြင့်သူအောင်နဲ့ ပတ်သက်ပြီး (ကျနော့်အတွက်)အံ့သြစေမယ့် အကြောင်းအရာ တခုကို ကြုံခဲ့ရတယ်။ အဲ့ဒီနေ့က ဟိန္ဒူဘာသာဝင်လူမျိုးတွေရဲ့ မီးနင်းပွဲ ကျင်းပတဲ့နေ့။ မီးနင်းမယ့် သူတွေဟာ မြို့ထဲကို လှည့်လည်ကြတယ်။ အတီးအမှုတ်တွေလည်းပါတယ်။ လျှာကို အပ်နဲ့ဖောက်ထားတာတို့ ၊ ကျောမှာ ချိတ်နဲ့ အသားကိုချိတ်ပြီး အုန်းသီးတွေဆွဲတာတို့ စသဖြင့်ပေါ့။ အဲ့ဒီ လှည့်လည်ပွဲကို သွားကြည့်ဖို့ သူ့ကို ကျနော် သွားခေါ်တာ။ အရင်ကဆို ခြံချင်းကပ်ရပ်ဆိုတော့ လှမ်းခေါ်လိုက်တာပဲ။ အုတ်တံတိုင်းတွေနဲ့ ခြံဝင်းတွေခတ်ထားကြတာမှ မဟုတ်တာ။ ကိုယ့်ခြံ ကိုယ့်နယ်နိမိတ်ဆိုတဲ့ သဘောမျိုးလောက် သစ်ပင်လေးတွေ စိုက်ထားကြတာ။ တချို့နေရာတွေဆို ဝါးလုံးခြမ်းပြီး ကာထားရုံလောက်ဆိုတော့ တဖက်က အော်ခေါ်လိုက်ရင် မကြားစရာမရှိ။ ဒါပေမယ့် အဲ့ဒီနေ့ကတော့ ကျနော် မအော်ခေါ်ဘဲ မြင့်သူအောင်တို့ အိမ်ကို သွားလိုက်တာ။ အဲ့တော့မှ မြင့်သူအောင် ပုံဆွဲတတ်မှန်း ကျနော်သိလိုက်ရတာ။ ဒီကောင် ပုံဆွဲတာကို ပထမဆုံး မြင်ဖူးမိတာပေါ့။ ဒီအထိက ဘာမှ အံ့သြစရာမပါဘူး။ လူတယောက် ပုံဆွဲနေတာဟာ အံ့သြစရာမှမဟုတ်တာ။ ဘယ်သူမှလည်း ဒါဟာ အံ့သြစရာတခုလို့ ပြောမှာမဟုတ်ဘူး။ ဒါပေမယ့် သူဆွဲထားတဲ့ ရုပ်ပုံတွေကို ကြည့်လိုက်မိရင်တော့ အံ့သြလာမှာပါ။ ဒါမှမဟုတ် မေးခွန်းတခုတော့ မေးချင်စိတ် ဖြစ်ပေါ်လာမှာတော့ သေချာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူကဆင်တကောင်ရဲ့ ပုံကိုဆွဲတာ။ တပုံတည်းမဟုတ်ဘူး။ ဗလာစာအုပ်နဲ့ ဆွဲထားတာ ငါးအုပ်လောက်ရှိတယ်။ ဒါတောင် စာအုပ်တချို့က ပြောင်းရရွေ့ရလို့ ပျောက်သွားသေးတာတဲ့။ ဒီတော့ ကျနော် အံ့သြမိတော့တာပေါ့။ ဆင်တကောင်ရဲ့ ဦးခေါင်းဟန်အမျိုးမျိုး၊ ကိုယ်ခန္ဓာ လှုပ်ရှားပုံ အမျိုးမျိုး စသဖြင့် ဆင်တကောင်ရဲ့ အစိတ်အပိုင်းတခုစီကို ပုံစံအမျိုးမျိုးဆွဲထားတာ။ ပြီးတော့ ဆင်တကောင်လုံးရဲ့ ဟန်ပန်မျိုးစုံကိုလည်း ဆွဲထားတယ်။ သူဆွဲထားတဲ့ စာအုပ်တွေထဲမှာ ဆင်တကောင်နဲ့ ပတ်သက်တဲ့ပုံကလွဲလို ကျန်တာ ဘာပုံမှ မရှိဘူး။ ကျနော် သူဆွဲထားတဲ့ ဆင်ရုပ်ပုံတွေကို ကြည့်ပြီး သတိထားမိတာတခုက သူ့ရဲ့ ဆင်ရုပ်ပုံတွေဟာ တဖြည်းဖြည်းနဲ့ ပိုပြီးအသက်ဝင်လာတာပဲ။ တချို့ဆို ခဲမှုန်တွေနဲ့ ဆွဲထားတာ အတော်ကလေးကို လက်ရာမြောက်တယ်။ တကယ့် ဆင်တကောင်လားလို့ ထင်မိလောက်အောင် ရုပ်လုံးကြွ လွန်းနေတယ်။ "မင်းဘာလို့ ဆင်ပုံတွေပဲ ဆွဲတာလဲ"လို့ ကျနော်မေးတော့ "ဆွဲချင်လို့"လို့မဆိုင်းမတွ ပြောတယ်။ ပြီးတော့ "ဘာလို့ ဆင်ပုံတွေချည်းပဲ ဆွဲတာဖြစ်တာလဲ ဆိုတာတော့ ငါလည်း မသိဘူး။ တခုတော့ရှိတယ်။ ငါစိတ်ထဲမှာ ဆင်ပုံကလွဲပြီး တခြားဘာပုံမှ ဆွဲချင်စိတ်မရှိတာပဲ။ ဆင်ဟာ ငါ့အတွက် စိတ်ဝင်စားစရာ သတ္တဝါတကောင် ဖြစ်နေတယ်နဲ့တူတယ်"လို့ ဆက်ပြောတယ်။ ကျနော်တို့ နှစ်ယောက်ကြားမှာ ခဏတော့ တိတ်ဆိတ်သွားတယ်။ မြင့်သူအောင်ကတော့ ခုပဲ သူဆွဲပြီးတဲ့ ဆင်ပုံကို အနီးကပ်ကြည့်လိုက် လက်တကမ်းလောက်ကနေ ထောင်ကြည့်လိုက်နဲ့ ။ အဲ့ဒီအချိန်မှာပဲ မီးနင်းပွဲရဲ့ လှည့်လာတဲ့ အတီးအမှုတ်သံတွေကို ကြားလိုက်ရတယ်။ ဒီတော့ သူ့ဆီ ကျနော်ရောက်လာတဲ့ အကြောင်းအရင်းကို ရိပ်မိသွားပုံရတယ်။ "ဘာလဲ ဗမာမီးနင်းပွဲ သွားကြည့်မလို့ လာခေါ်တာလား"လို့ မေးတယ်။ "ဟုတ်တယ်။ မီးနင်းပွဲသွားကြည့်မလို့ မင်းကို လာခေါ်တာ"လို့ ပြောလိုက်တယ်။ မြင့်သူအောင်ကတော့ ဘာမှ ထပ်မပြောဘူး။ သူပြောတာလည်း မှန်သင့်သလောက်မှန်တယ်။ ကျနော်တို့မြို့နယ်မှာက ဟိန္ဒူဘာသာဝင်တွေရဲ့ မီးနင်းပွဲဆို ဗမာတွေကိုလည်း တွေ့ရတယ်။ (မြင့်သူအောင်ကတော့ သူ့အဖေတာဝန်ကျရာမြို့တွေမှာ လိုက်ပြီးနေရတော့ သူ တွေ့ခဲ့ မြင်ခဲ့ ကြုံခဲ့ရတာတွေကို ကောက်ချက်ချပြီးပြောတာဖြစ်ပါလိမ့်မယ်။ )

ဟိန္ဒူဘာသာဝင်တွေရဲ့ မီးနင်းပွဲတော်မှာ ဗမာလူမျိုးတွေရဲ့ ပါဝင်မှာဟာ တဖြည်းဖြည်း များလာသလားပဲ။ ( အတိအကျ စာရင်းဇယားနဲ့ လူဦးရေကို မှတ်သားထားတာ တော့ မရှိဘူးပေါ့။) ဒါဟာ မှန်လား မှားလား ယတိပြတ်ပြောလို့ ရပါ့မလား။တချို့တွေက ကျန်းမာရေးအတွက် အဓိဌာန်ပြီး နင်းကြတယ်။ တချို့ကလည်း ဟိန္ဒူမယ်တော်ကျောင်းမှာ သားသမီးရဖို့ ဆုတောင်းကြတယ်။ စသဖြင့် အဲ့လိုကိစ္စမျိုးတွေကို ကျနော်တို့နယ်မှာ ခပ်စိပ်စိပ်တွေ့ရတတ်ပါတယ်။ လူတယောက်ရဲ့ လွတ်လပ်ခွင့်ဆိုပေမယ့် ကိုယ် ကိုးကွယ်ရှိခိုးလာခဲ့တဲ့ ဘာသာတရားရဲ့ အဆုံးအမတွေကို ဒီထက်မက သိရှိဖို့ စဉ်းစားဆင်ခြင်တတ်ဖို့ လိုနေတယ်ဆိုတာတော့ အဲ့လို လူတွေကို ကြည့်ရင် သိနိုင်ပါတယ်။ မိရိုးဖလာကိုးကွယ် ယုံကြည်မှုကနေ ပိုပြီးနားလည်လာဖို့လည်း လိုပြီထင်ပါတယ်။ တနည်းအားဖြင့်တော့ ဒါဟာ ဟိန္ဒူလူမျိုးတွေရဲ့ ဘာသာရေးပွဲတော်ဖြစ်ပေမယ့် ခံယူချက်လျော့ရဲနေတဲ့ ဗမာလူမျိုးတွေ(အကျိုးမျှော် ကိုးကွယ်နေသူတွေ)အတွက်ကတော့ ယုံကြည်ကိုးကွယ်ပါတယ် ဆိုနဲ့ဘာသာတရားကို ဈေးဆစ်နေတာမဟုတ်လား။

"ငါမလိုက်တော့ဘူးကွာ။ မင်းဘာသာပဲ သွားကြည့်တော့"လို့ မြင့်သူအောင်က သူဆွဲပြီးတဲ့ ဆင်ပုံကို သေသေချာချာ ကြည့်ရင်းနဲ့ ပြောလိုက်တယ်။"ဟာ ! ဘာဖြစ်လို့လည်းဟ ၊ မင်းကလည်း"လို့ ကျနော် ပြန်ပြောတော့ ဒီကောင်း သူ့ဆင်ပုံ ကို အကြည့်မပျက်ဘဲ  ပြန်ပြောတယ်။"အဲ့ဒီ မီးနင်းပွဲမှာ ပါလာမယ့် ဗမာတွေကို ကြည့်ရတာထက် ဆင်ပုံတွေပဲ ဆက်ဆွဲနေတာက ပိုကောင်းမယ် ထင်လို့"တဲ့။ ကျနော်လည်း ထိုက်သင့်သလောက်တော့ နားလည်ပြီလေ။ ဒီကောင် ကျနော်ဘယ်လို ခေါ်ခေါ်လိုက်မှာမဟုတ်တော့ဘူးဆိုတာကို ပေါ့။ "ဒါဆိုလည်း ငါသွားကြည့်လိုက်ဦးမယ်"လို့ပြောပြီး ကျနော်ထွက်လာလိုက်တယ်။ မြင့်သူအောင်ကတော့ နောက်ထပ်ဆင်ပုံ တပုံကို ထပ်ပြီးဆွဲဖို့ ပြင်နေတော့တယ်။ သူပြောခဲ့သလိုပဲ။ မီးနင်းပွဲမှာ တကယ့်ကို သက်ဝင်ယုံကြည်နေတဲ့ ဟန်ပန်တွေနဲ့ ဗမာတချို့ကို တွေ့ခဲ့ရတယ်။ မြင့်သူအောင်လို  မတွေးတတ် မခံစားတတ်ပေမယ့် အဲ့ဒီမီးနင်းပွဲမှာ ပါလာတဲ့ ဗမာတွေကို ကြည့်ပြီး ကျနော် ရင်ထဲမှာလည်း တမျိုးကြီးဖြစ်ရတယ်။ ကိုယ့်ပိုင်ဆိုင်တဲ့ အရာတခုခု ရုတ်တရက် ရှာမတွေ့တော့သလိုမျိုးလေ။

ဘာပဲဖြစ်ဖြစ် အဲ့ဒီနောက်ပိုင်းမှာတော့ မြင့်သူအောင်ဆွဲတဲ့ ဆင်ပုံတွေကို ကျနော် တော်တော်များများကြည့်ဖြစ်ခဲ့တယ်။ ဒီကောင်ကလည်း သူဆွဲပြီးတဲ့ဆင်ပုံတိုင်း ကျနော်ကို ပြလေ့ရှိလာတယ်။ သူဟာ ဆင်ပုံတွေကို ရှုထောင့်အမျိုးမျိုးကနေ ပြောင်းပြီးဆွဲသလို ဆင်တကောင်ရဲ့ အစိတ်အပိုင်းတွေ လှုပ်ရှားဟန် အမျိုးမျိုးကိုလည်း ဆွဲနေတာတော့ ရပ်မသွားခဲ့ဘူး။ မပျင်းမရိနဲ့ ဆင်ပုံတွေချည်းပဲ ဆွဲနေတဲ့ သူ့ကို ကျနော် ပိုပိုပြီး အံ့သြလာမိတယ်။ သူ့အတွက်ကတော့ ဆင်ပုံတွေဆွဲနေတာဟာ ကျနော်တို့ နေ့စဉ် ထမင်းကို စားနေရသလိုများ ဖြစ်နေမလား မသိဘူး။ ဒါ့ကြောင့် "မင်း ဆင်ပုံတွေချည်း ဆွဲနေတာ မပျင်းဘူးလာ"လို့ ကျနော်မေးတော့ "မပျင်းဘူး"လို့ ပြန်ဖြေတယ်။ မဆိုင်းမတွ ပါပဲ။ ပြီးတော့ ဆင်ပုံဆွဲတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကိုလည်း ကျနော့်ကို ပြောပြဖူးခဲ့တယ်။

"တကယ်တော့ သတ္တဝါတွေထဲမှာ သိပ်ပြီးသနားစရာ အကောင်းဆုံး သတ္တဝါလို့ ငါထင်တယ်။ ဆင်တွေလောက် သနားစရာအကောင်းဆုံး သတ္တဝါ ရှိပါ့မလားလို့တောင် တွေးမိတယ်။ မင်းစဉ်စားကြည့်လေ။ ရှေးခေတ် ဘုရင်တွေလက်ထက် ဆို ဆင်တွေစီးပြီး စီးချင်းထိုးကြတယ်။ ဆင်တွေကို သူတို့တိုက်ပွဲတွေမှာ သုံးတယ်။ ဟော ပြီးတော့ ဆင်ဖြူဆိုရင်လည်း သူ့ဖာသာ လွတ်လွတ်လပ်လပ်နဲ့ တောထဲမှာ မနေရဘူး။ ဆင်ဖြူဆို ဖမ်းပြီ။ သူတို့ ဘုန်တန်းခိုးကြောင့် ဆင်ဖြူပေါ်လာသလိုမျိုး ပြောတယ်။ သူတို့ ဘုန်းတန်ခိုးကြီးဖို့ ဆင်ဖြူဟာ သူ့ရဲ့ လွတ်လပ်ခွင့်ကို ဆုံးရှုံးရပြန်တယ်။ နောက်ပြီး လူသားတွေအတွက် လေးလံလွန်းတဲ့ သစ်တုံးတွေကို သယ်ကြရပြန်တယ်။ဟော ဆပ်ကပ်ပွဲတွေမှာ ဆိုလည်း လူသားတွေ ပျော်ရွှင်ဖို့ သူတို့ရဲ့ ကြီးမားတဲ့ ကိုယ်ခန္ဓာကြီးနဲ့ ဖျော်ဖြေတင်ဆက် ကြရတယ်။ နောက်ပြီးတော့ သူတို့ရဲ့ ခြေလက်တွေကို သံကြိုးတွေ ခတ်ထားကြပြန်တယ်။ အပြစ်ဒဏ်ကြီးတဲ့ အကျဉ်းသားတယောက်လိုမျိုးလေ။ ဒါ့ကြောင့် ဆင်တွေဟာ သနားစရာ အကောင်းဆုံး သတ္တဝါလို့ ငါပြောတာ။ တကယ်တော့ သူတို့ရဲ့ဘဝ သူတို့ရဲ့ ဖြစ်တည်ရှင်သန်နေမှုဟာ ငါတို့လို လူသားတွေ အတွက် အဖြည့်ခံသက်သက်လောက်ပဲ ရှိနေရတာ။"

"ဒါနဲ့ပဲ မင်းဆင်ပုံတွေ ဆွဲဖြစ်နေတာလား"

"မဟုတ်ဘူး"လို့ ကျနော်ရဲ့အမေးကို မြင့်သူအောင်က ပြန်ပြောတယ်။ "အဲ့ဒီခံစားချက်တွေက ဆင်ပုံတွေဆွဲရာက ငါခံစား သိရှိလာခဲ့တာ။ ဆင်ပုံတွေဆွဲဖို့ ဖြစ်ပေါ်လာတဲ့ ခံစားချက်မဟုတ်ဘဲ ဆင်ပုံတွေဆွဲရာကနေ ဖြစ်ပေါ်လာတဲ့ ခံစားမှု လို့ပြော ရင် ပိုမှန်မယ်"လို့ ဆက်ပြောလိုက်တယ်။

သူ့ဆီက ဆင်တွေအပေါ်ထားတဲ့ ခံစားချက်ကို ကျနော် သိပ်နားမလည်ဘူး။ ကျနော်က ပုံဆွဲရမှာ ဝါသနာမပါလို့ သူ့လို ခံစားမှုမျိုးမရှိတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့။ ကျနော့်အတွက်ကတော့ ပုံဆွဲရတာဟာ သိပ်ကို ပျင်းစရာကောင်းလွန်းတယ်လေ။ မြင့်သူအောင်မှာတော့ အဲ့လိုခံစားချက်တွေ ရှိလာလို့ ဖြစ်မယ်။ သူဆွဲတဲ့ ဆင်ပုံတွေဟာ တဖြည်းဖြည်း လက်ရာမြောက်လာတာ ဖြစ်မယ် လို့ ကျနော် ထင်မိတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူဆွဲပြီးတဲ့ ဆင်ပုံတွေကို ကြည့်ရတိုင်း တကယ့်သက်ရှိဆင် တကောင်ကို မြင်နေရသလို ခံစားမိလို့ပဲ။ ဆင်တကောင်ရဲ့ မျက်လုံး၊ နှာမောင်း၊ နားရွက်၊ ခြေလက်တွေဟာ လှုပ်ရှားသက် ဝင်တာ သိသာလွန်းအောင် ရုပ်လုံးကြွနေတာ။ ( ကျနော့်နေရာမှာ ခင်ဗျားဆိုလည်း ခုကျနော်ပြောတာ မြှောက်ပင့်လွန်းတယ်လို့ ပြောမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။)

ဒီလိုနဲ့ ကျနော်တို့ ကိုးတန်းကျောင်းသားတွေ ဖြစ်လာကြတယ်။ ဒါပေမယ့် မြင့်သူအောင်ကတော့ ဆင်ပုံ ဆွဲလျက်ပါပဲ။ ခုဆို သူ့မှာ ဆင်ပုံတွေဆွဲထားတဲ့ စာအုပ်တွေကလည်း အတော်လေးများလာခဲ့ပါပြီ။ စနေ၊ တနင်္ဂနွေ ပိတ်ရက်တိုင်း ကျနော်ကတော့ သူဆွဲပြီးတဲ့ ဆင်ပုံတွေကို သွားကြည့်ဖြစ်တယ်။ စာတွေက အရင်နှစ်ကထက်များလာတော့ ကစားရတဲ့ အချိန်တွေကလည်း တဖြည်းဖြည်း လျော့လျော့ လာတယ်။ မနက်ဆိုကျောင်းသွား။ ညနေ ကျောင်းလွှတ်တာနဲ့ အိမ်ပြန်လို့မရသေးဘဲ ကျူရှင် တန်းသွား။ ရှစ်တန်းတုန်းကတော့ အင်္ဂလိပ်စာကလွဲရင် ကျန်တာက ဗမာလိုဆိုတော့ အဆင်ပြေတယ်။ ခု ကိုးတန်းရောက်လာတော့ မြန်မာစာနဲ့ ဘောက ကလွဲရင် ကျန်တာက အင်္ဂလိပ်လိုတွေဖြစ်လာပြီ။ ပြီးတော့ ဓါတုဗေဒ၊ ရူပဗေဒ စတဲ့ ဘာသာရပ်အသစ်တွေကို အင်္ဂလိပ်လို သင်လာရတယ်။ အဲ့ဒီဘာသာရပ် နှစ်ခုဟာ ကျနော့်အတွက်တော့ ခက်ခဲလွန်းပြီး အတော်ကလေး ပျင်းစရာ ကောင်းတဲ့ ဘာသာရပ်တွေ။ အစကတည်းက အင်္ဂလိပ်စာ အခြေခံနည်းလွန်းတဲ့ ကျနော့်လိုကောင် အတွက် အဲ့ဒီဘာသာရပ်နှစ်ခုဟာ အပြေးမြန်တဲ့ လူတယောက်နောက်ကို ပြေးလိုက်နေရသလိုမျိုးပါပဲ။ မီလု မီလု နဲ့ ပြေးလိုက်ရင်း နောက်မှာကျန်နေခဲ့ရတယ်။ (မြင့်သူအောင် အတွက်ကတော့ ရှစ်တန်းတုန်းကလိုပဲ သိပ်ပြီးမခက်ခဲခဲ့ပါဘူး။)။ ပြီးတော့ ပြဌာန်းစာအုပ်တွေကလည်း အစုံမရတော့ ကိုယ်ရှေ့က တက်ခဲ့ကြတဲ့ အစ်ကိုတွေ အစ်မတွေဆီက တောင်းထားရတယ်။ သူတို့တွေကလည်း ကျနော်တို့လို လက်ဆင့်ကမ်း တောင်းခဲ့ကြတာပါပဲ။ငွေကြေးတတ်နိုင်တဲ့ သူတွေကတော့ ကျောင်းမှာအစုံမရတဲ့ စာအုပ်တွေကို အပြင်စာအုပ်ရောင်းတဲ့ ဆိုင်တွေကနေ ဝယ်ကြတယ်။ ကျောင်းသုံးစာအုပ်တွေ ရောင်းတဲ့ဆိုင်တွေမှာတော့ စာအုပ်တွေက အစုံရပါတယ်။ ကျနော့်တို့လို ငွေကြေးကို ခြွေတာရတဲ့ သူတွေအတွက်ကတော့ လက်ဆင့်ကမ်းသုံးလာကြတဲ့ စာအုပ်အဟောင်းတွေကိုပဲ အားထားကြရတာပေါ့။ အထူးသဖြင့် အင်္ဂလိပ်စာဆို ရှေ့က အစ်ကိုတွေ အစ်မတွေ မှတ်ထားတာတွေက ရှုပ်ပွ ညစ်ပေနေတာပဲ။ အဲ့ဒီအပေါ်မှာ ကျနော်တို့က ထပ်ပြီးမှတ်ကြဆိုတော့ စာရွက်ဟာ ရစရာကို မရှိဘူး။ စာမျက်နှာကို ကြည့်လိုက်တာနဲ့ ဘောလ်ပင်နဲ့မှတ်ထားတာတွေ၊ ခဲတံနဲ့ မှတ်ထားတာတွေ ဟာ များလွန်းနေတော့ ရုတ်တရက်ကြည့်မယ်ဆို ပုံနှိပ်စာလုံးကို မတွေ့ရသလောက်ဖြစ်နေတာ။ သူမှတ် ကိုယ်မှတ်နဲ့ဆိုတော့ နောက်တခါ စာပြန်ကြည့်မယ်ဆို ဘာမှမသိတော့ဘူး။ မှတ်သားထားတဲ့ စာလုံးကလည်း သေးလွန်းတော့ ပိုဆိုးတာပေါ့။ များသောအားဖြင့်ကတော့  ဆရာမသင်တုန်းခဏပဲ ကိုယ်မှတ်သားထားတာကိုမှတ်မိတာ။ ကိုယ်လိုတဲ့ စာအုပ်က ကျောင်းစဖွင့်လို့ တလ နှစ်လ နေမှရတတ်သလို တခါတလေ နှစ်ဆုံးတဲ့အထိ မရကြတဲ့ အခါမျိုးတွေလည်း ရှိတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အဲ့လိုအခြေအနေမျိုးနဲ့ ကျနော်ရော မြင့်သူအောင်ပါ ကိုးတန်းအောင်ခဲ့ကြပြန်တယ်။ ဆယ်တန်းရောက်တော့ မြင့်သူအောင်တို့ အဖေလည်း သူတို့ဇာတိဖြစ်တဲ့ တောင်ငူဘက်ကို ပြောင်းရွေ့သွားတယ်။ ဒီတော့ ကျနော်တို့ နှစ်ယောက် လည်း ဆယ်တန်းအတူတူ မတက်ခဲ့ကြရဘူးပေါ့။ မြင့်သူအောင်ကတော့ ကျနော့်ကို သူဆွဲထားတဲ့ ဆင်ပုံစာအုပ်တအုပ် လက်ဆောက်ပေးခဲ့တယ်။ (သူကတော့ အမြတ်တနိုးရှိတဲ့ သူ့စာအုပ်လေးပေးခဲ့တာပါ။ ဒါပေမယ့် ကျနော့်ရဲ့ တန်ဖိုးထားပြီး ထိမ်းသိမ်းတတ်တဲ့ အကျင့်မရှိတော့ အဲ့စာအုပ်လေးဟာ ပျောက်သွားခဲ့ပါတယ်။) အဲ့ကနေစပြီး မြင့်သူအောင်နဲ့ ကျနော်လည်း အဆက်အသွယ် ပြတ်ခဲ့ကြရတယ်။

ကျနော်ကတော့ ဆယ်တန်းကို ပထမဖြေတဲ့နှစ်ရော ဒုတိယဖြေတဲ့နှစ်ပါ ကျတယ်။ တတိယနှစ်မှပဲအောင်ခဲ့တယ်။ မြင့်သူအောင်လို စာကြိုးစားသူ စာတော်သူ တယောက်ကတော့ နှစ်ချင်းပေါက်အောင်တဲ့အပြင် ဂုဏ်ထူးပါထွက်မယ်ဆိုတာ ကျနော်သိပါတယ်။ အဲ့လိုနဲ့ ကောလိပ်တက်တယ်။ ဘွဲ့ရတယ်။ အိမ်ထောင်ကျတယ်။ နှစ်တွေကြာလာတယ်ပေါ့။ ခုဆို ကျနော့်မှာသားတယောက် သမီးတယောက် ရနေပြီ။ မြင့်သူအောင်ကတော့ ဘယ်လိုအနေအထားရှိမယ် မသိ။ ဘွဲ့ရပြီး သူ့အဖေလိုပဲ ဝန်ထမ်းလုပ်ပြီး မိန်းမ ရနေပြီလား။ ဒီကောင် ငယ်ငယ်တုန်းကလိုပဲ ဆင်ပုံတွေ ဆက်ပြီး ဆွဲဖြစ်သေးလား ဆိုတာတော့ ကျနော် သိချင်မိတယ်။ အကြောင်းပြချက် ရေရေရာရာတော့ မရှိပါဘူး။ ဒီအတိုင်းပဲ သိချင်တာမျိုးပါ။

ခုအခြေအနေမျိုးမှာတော့ ကျနော်တို့မှာ ဆက်သွယ်ရေးတွေကလည်း ကောင်းလာပြီ။ သိန်း ၅၀ လောက်ပေးဝယ်ခဲ့ရတဲ့ ဖုန်းဆင်းကဒ်တွေကို လမ်းဘေးဆိုင်တွေမှာတောင် တကဒ်ကို ၁၅၀၀ နဲ့ အလွယ်တကူ ဝယ်လို့ရနေပြီ။ ကလေး၊ လူကြီး၊ ပျိုပိျုအိုအို လက်ထဲမှာ ဟန်းဖုန်းကိုင်နေကြပြီ။ အရင်တုန်းက ငါးရှဥ့်ပုံးတွေ လိုက်ချရင် ငါးရှဉ့်ပုံးတွေကို ဝါးလုံးပိုင်းတခုရဲ့ အစွန်းနှစ်ဘက်မှာချည်ပြီး ပခုံးမှာထမ်းသွားကြတာ။ ခုတော့ ငါးရှဥ့်ပုံးလိုက်ချတဲ့သူတွေတောက် ခြေကျင်မလျှောက်တော့ဘဲ တရုတ်ဆိုင်ကယ်လေးနဲ့ဖြစ်နေပြီ။ ရုပ်ပိုင်းဆိုင်ရာအရ ပြောင်းလဲ တိုးတက်လာမှုဟာ အတော်ကလေးမြန်ဆန်လွန်းနေပါ တယ်။ အဲ့သလို လျင်မြန်ဖွံ့ဖြိုးလာမှုနဲ့အတူ ဖေ့ဘွတ်ခ် ဆိုတာကိုလည်း အသုံးပြုမှုများပြားလာခဲ့တယ်။ ဖေ့ဘွတ်ခ် အကောင့် တခုရဖို့ ပိုက်ဆံသုံးထောင်လောက် ပေးရတာကိုလည်း ကျနော်မှတ်မိသေးတယ်။ အဲ့တုန်းက ဆို သနပ်ပင်မှာတောင် ဖေ့ဘွတ်ခ်အကောင့် ဖွင့်ဖို့ဆိုင်မရှိလို့ ပဲခူးမှာသွားဖွင့်ခဲ့ရတယ်။ တပတ်လောက်ကြာတော့ ဖေ့ဘွတ်ခ် သုံးမရတော့ တာမျိုးလည်း ကြုံခဲ့ရဖူးတယ်။ နောက်ပိုင်းကြတော့လည်း နိုင်ငံရပ်ခြားရောက်နေတဲ့ သူငယ်ချင်းတွေကို ဖွင့်ခိုင်း၊ ကိုယ့် ဖာသာဖွင့်ပြီးသုံးတဲ့အထိ ဖြသ်လာပြီလေ။

ဖေ့ဘွတ်ခ်ဟာ အချိန်ကာလ ကြာမြင့်စွာဝေးကွာနေတဲ့ သူငယ်ချင်းတွေကို ပြန်လည်နွေးထွေးစေပါတယ်။ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူငယ်ချင်းတွေဟာ ဖေ့ဘွတ်ခ်မှာ ပြန်လည်တွေ့ဆုံခွင့်ရကြပြီး အချိန်မရွေး စကားပြောဆိုခွင့်တွေ ရလာခဲ့တယ်။ သူတို့ရဲ့ ပြတ်တောက်နေတဲ့ သံယောဇဉ်တွေဟာ ပြန်လည် ချိတ်ဆက်လာကြတယ်။ ဝေးကွာနေတဲ့ အလွမ်းတွေအတွက် ဖြေသိမ့်စရာတွေ ရှိလာခဲ့တယ်။ တယောက်နဲ့တယောက် အနီးအနားမှာ မရှိကြပေမယ့် အရင်လို မအေးစက်နေကြတော့ဘူး။ ကိုယ့်နိုင်ငံသတင်း ၊ ကမ္ဘာ့သတင်းတွေကိုလည်း မြန်မြန်ဆန်ဆန် သိလာရတယ်။ ဒီလို အကျိုးရှိ တဲ့ ကိစ္စတွေရှိသလို ဆိုကျိုးဖြစ်ပေါ်စေမယ့် သတင်းအတုတွေ ကလည်း ရှိလာခဲ့တယ်။ မမှန်ကန်တဲ့ နိုင်ငံရေး လှုံ့ဆော်မှုတွေ လည်း ရှိလာတယ်။ ပြီးတော့ ဗမာအမျိုးသမီးအချို့ရဲ့ လိုတာထက် ပိုပြီး ဝတ်စားဆင်ယဉ်မှုတွေကလည်း အတော်လေးကို ဆိုးရွားလာခဲ့တယ်။ ခန္ဓာကိုယ်မှာ ရှိသမျှကို တတ်နိုင်သမျှဖော်လာကြတယ်။ ဘီကီနီဝတ်ပြီး ရိုက်ထားတဲ့ ဓါတ်ရှင်မင်းသမီး တချို့ရဲ့ ပုံတွေလည်း များပြားလာတယ်။ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ အမျိုးသားတွေအတွက် ဆေးကြော်ငြာတွေ၊ လိင်အသား ပေး စာတွေဟာလည်း အလွယ်တကူ ဖြစ်လာခဲ့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော့်အတွက်ကတော့ ဖေ့ဘွတ်ခ် ဆိုတာကြီးပေါ်လာတာဟာ ကွဲကွာခဲ့ရတဲ့ သူငယ်ချင်းဖြစ်တဲ့ မြင့်သူအောင်နဲ့ ပြန်လည် တွေ့နိုင်ဖို့ လမ်းစတခု ဖြစ်ခဲ့ရတာပါပဲ။

ဖေ့ဘွတ်ခ် သုံးတာ အတော်လေးကြာပြီးတဲ့ တနေ့မှာတော့ မြင့်သူအောင်နဲ့ ကျနော် ချိတ်ဆက်မိသွားကြတယ်။ သူရော ကျနော်ရောက နာမည်အမှန် ပရိုဖိုင် အမှန်နဲ့ဆိုတော့ ချက်ချင်းသိကြတာပေါ့။ အဲ့လို ချိတ်ဆက်မိလာတော့ သူ့အကြောင် တွေ သိလာခဲ့တယ်။ မြင့်သူအောင်က ဆယ်တန်းကို ဂုဏ်ထူး နှစ်ဘာသာနဲ့အောင်ခဲ့တယ်။ ကွန်ပျူတာနဲ့ ကျောင်းပြီးသွား တယ်။ သူ့အဖေလို ဝန်ထမ်းတော့ မလုပ်ခဲ့ဘူး။ ကွန်ပျူတာ စာစီစာရိုက်၊ ဖိတ်စာလုပ်ငန်း ဆိုင်ဖွင့်ထားတယ်။ ပြီးတော့ အဲ့လုပ်ငန်းနဲ့ ပတ်သက်တာတွေကို သင်တန်းလည်း ဖွင့်ထားတယ်။ ခုဆို သူလုပ်ငန်းက ဆိုင်ခွဲတွေပါ ဖွင့်ထားတဲ့ အခြေအနေ ရောက်နေပြီ။ သူ့အခြေအနေဟာ ကျနော့်ထက်တော့ သာပါတယ်။ နည်းနည်းပါးပါး မဟုတ်ပါဘူး။ အလွန်ကို သာတာပါ။ ကျနော်ကတော့ ဘွဲ့ရ၊ မိန်းမရပြီးတော့ ဆိုင်ကယ် ကယ်ရီဆွဲတယ်။ သနပ်ပင်နဲ့ အနီးတဝိုက်ကျေးရွာတွေကို အကြိုအပို့ လုပ်တယ်။ ကောင်းမွန်လှတဲ့ ဝင်ငွေတော့ မဟုတ်ပေမယ့် မိသားစု စားဝတ်နေရေးအတွက်တော့ အဆင်ပြေရုံလေး ဖြစ်ခဲ့တယ်။ တနေ့ဘယ်လောက် ဆိုပြီးတွက်လို့တော့ မရဘူး။ တွက်ခြေကိုက်တဲ့နေ့ ရှိသလို တွက်ခြေမကိုက်တဲ့ နေ့တွေလည်း ရှိတယ်။ နောက်ပြီး ကျနော့်ဇနီးက ရပ်ကွက်ထဲက လူတချို့ကို အတိုးပေးတဲ့ အလုပ်လေးလုပ်တော့ မိသားစုအတွက် ခက်ခက်ခဲခဲ ဖြတ်သန်းမှုမျိုးတော့ မကြုံခဲ့ရဘူးပေါ့။ ကိုယ့်ကိုယ် တော့ ရှာကြံပြီး ရှင်သန်အောင် မွေးမြူနေကြရတာ မဟုတ်လား။

ခုလို ဆက်သွယ်မိကြတော့ ကျနော်တို့နှစ်ယောက်ရဲ့ကြားက အကွာအဝေးဟာ ပြန်ပြီးကျုံ့လာခဲ့တယ်။ နှစ်ယောက်သား စကားတွေ အတော်လေး ပြောဖြစ်လာခဲ့တယ်။တခါတလေ ကျနော်တို့နှစ်ယောက် အလုပ်အကိုင်အကြောင်း ပြောဖြစ်တယ်။ အိမ်ထောင်မပြုဖြစ်သေးတဲ့ သူ့အတွက် မိသားစု စားဝတ်နေရေးဆိုတာတွေဟာ သိပ်ပြီးပြောလို့ဆိုလို့ မကောင်းဘူး လို့ထင်ပါတယ်။ တခါတလေ ငယ်ဘဝရဲ့ အကြောင်းတွေကိုလည်း ပြောဖြစ်ကြတယ်။ အဲ့သလို အတိတ်ရဲ့ နေပျော်စရာ အကြောင်း တွေကို ပြောဖြစ်ကြတော့ လက်ရှိပစ္စုပ္ပာန်ကာလရဲ့ ပူပင်မှုတွေကို ခဏတော့ မေ့လျော့မိတယ်။ အဲ့ဒီအတိတ်ရဲ့ ကြည်နူးစရာကောင်းတဲ့ အကြောင်းအရာတွေထဲမှာ ကျနော်တို့ နှစ်နှစ်ခြိုက်ခြိုက် ရယ်မောခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် ရှေးဟောင်းနှောင်းဖြစ်တွေကို ပြောရတာ ကျနော်တို့အတွက်တော့ ပျော်ရွှင်ကျေနပ်စရာပါ။ အဲ့လို အခိုက်အတန့်မျိုးမှာဆို ကိုယ့်ကိုယ်ကိုယ် တက်ကြွလန်းဆန်းလာသလို ခံစားမိတယ်။ ပူပြင်းလွန်းတဲ့ နွေရာသီကို အလူးအလိမ့်ခံစားပြီး ရုတ်တရက် မိုးရေစိုစွတ်လာတဲ့ သစ်ရွက်လေးတွေရဲ့ စိမ်းစို လန်းဆန်းနေသလိုမျိုးပေါ့။ တချို့သော လဲကျနေတဲ့နေ့ရက်တွေအတွက် အတိတ်ဆိုတာဟာ ပြန်လည်အားတင်း ထူမတ်ပေးတဲ့ တွန်းအားတခုပဲ မဟုတ်လား။ တနေ့တော့ ကျနော်တို့ ကျောင်းတုန်းက အကြောင်းတွေပြောရင်း  သတိရမိလို့ "မင်း ဆင်ပုံတွေ ဆွဲသေးလား"လို့ မေးတော့"မဆွဲတော့ဘူး"တဲ့။ ဒီတော့ ကျနော့်မှာ သိချင်စိတ်က ထပ်ပြီးတိုးလာရပြန်တယ်။ "ဘာလဲ ၊ ဆင်ပုံတွေဆွဲတာ ငြီးငွေ့သွားလို့လား"လို့ ကျနော် ထပ်ပြီးမေးလိုက်တယ်။ "အဲ့လိုမျိုးလည်း မဟုတ်ဘူး"လို့ မြင့်သူအောင်က ပြန်ပြောတယ်။ ခုချိန်ထိ သူ့ရဲ့ စကားလုံးတွေက ကျနော့်အတွက်တော့ နားလည်းရခက်နေတုန်းပါပဲ။ ဆင်ပုံ မဆွဲဖြစ်တဲ့ အကြောင်းကို ကျနော်မေးပေမယ့် သူ့ဘက်က ပြောချင်ပုံမရတာနဲ့ ကျနော် စကားလမ်းကြောင်း ပြောင်းလိုက်ရတယ်။ သူကတော့ "မင်းနဲ့ လူချင်းတွေ့ရင်တော့ ဒီအကြောင်းတွေ ငါပြောပြချင်ပါ သေးတယ်"လို့တော့ ကျနော့်ကို ပြောခဲ့တယ်။ ဘာပဲဖြစ်ဖြစ် မြင့်သူအောင် ဆင်ပုံတွေ ဆက်ပြီးမဆွဲဖြစ်တာ သေချာတဲ့ အကြောင်းအရင် တခုတော့ ရှိမယ်ဆိုတာ ကျနော် ခံစားမိပါတယ်။ သူ့လိုလူမျိုးအတွက် ငယ်စဉ်ကနေ မပျင်းမရိနဲ့ စိတ်ဝင် တစားဆွဲလာခဲ့တဲ့ ဆင်ပုံတွေကို ဆက်ပြီး မဆွဲဖြစ်လောက်အောင် ဘယ်လိုအရာတွေကများ တားဆီးနိုင်လိုက်သလဲ။ ဒါဟာကျနော် တွေးတောနိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

လူတယောက်ဟာ သူစွဲမြဲစွာ ဆုပ်ကိုက်ခဲ့တဲ့ အရာတခုကို ဘယ်လိုအခြေအနေမျိုးမှာ လက်လွှတ်မလဲ ဆိုတာ ကျနော် မသိဘူး။ သူ့ရဲ့စိတ်ကို အဆွဲဆောင်နိုင်ဆုံး အရာတွေဟာ ဘယ်အချိန်မှာ အငွေ့ပျံနိုင်တယ်ဆိုတာကိုလည်း ကျနော် မခန့်မှန်းတတ်ဘူး။ လူတယောက်ဟာ သူငယ်စဉ်ကနေ လျှောက်လှမ်းလာတဲ့ လမ်းကြောင်းတခုပေါ်ကနေ သွေဖည်နိုင်ဖို့ ဘယ်လိုအရာတွေက လုပ်ဆောင်နိုင်တယ် ဆိုတာကို ကျနော့်ထက် မြင့်သူအောင်က ပိုသိနိုင်မယ် ထင်ပါတယ်။

တနေ့ မြင့်သူအောင်နဲ့ ကျနော် မက်စင်ဂျာ ကနေ စကားပြောဖြစ်ရက်း ကျနော်တို့မြို့မှာ နှစ်စဉ်ကျင်းပတဲ့ အာစရိယ ပူဇော်ပွဲအကြောင်းပြောဖြစ်တယ်။ အသက်အရွယ် ကြီးရင့်လာတဲ့ ဆရာ/ဆရာမ တွေကို တပည့်တွေက အမှတ်တရရှိစွာနဲ့ ကန်တော့ကြတဲ့ပွဲပါ။ ဒါဟာ ကျနော်တို့ယဉ်ကျေးမှုရဲ့ ပြယုဂ်တခုလည်း ဖြစ်သလို သိပ်ကို ကြည်နူးစရာကောင်းပြီး တန်ဖိုးထား ထိန်းသိမ်းသွားရမယ့် အလေ့တခု ဆိုလည်း မှားမယ် မထင်ပါဘူး။ ဒီနှစ်တော့ ကျနော်တို့ကို ပညာသင်ကြားပေးခဲ့ဖူးတဲ့ ဆရာ/ဆရာမ တွေလည်း အာစရိယ ပူဇော်ပွဲမှာ ပါလာပါပြီ။ (အရင်နှစ်တွေက တယောက်စ နှစ်ယောက်စပါပေမယ့် ဒီနှစ်တော့ ပိုပြီးများလာပါတယ်။) ဒါ့ကြောင့် မြင့်သူအောင်က ဒီနှစ် အာစရိယပွဲကို သူလာမယ်ဆိုတဲ့ အကြောင်းပြောတယ်။ တကယ်လည်း သူဟာ ရောက်အောင်လာခဲ့ပါတယ်။

အာစရိယ ပူဇော်ပွဲက နှစ်ရက် ကျင်းပပါတယ်။ ပထမ တရက်က ဆရာ/ဆရာတွေ နဲ့ ကျောင်းသူ/ကျောင်းသား တွေ မိတ်ဆုံစားပွဲလေး ကျင်းပတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါ ပါတယ်။ ပျော်ရွှင်စရာ ရှေးဟောင်း နှောင်းဖြစ်တွေထဲမှာ သူတို့ရဲ့ နုပျိုမှုတွေဟာ အစွမ်းကုန် ပွင့်လန်းနေကြတယ် ဆိုတာ ဘယ်သူ့ကို ကြည့်ကြည့် သိနိုင်ပါတယ်။ မိတ်ဆုံစားပွဲပြီး နောက်မနက်ရောက်မှ ဆရာ/ဆရာမ တွေကို လက်ဆောင်ပစ္စည်းတချို့နဲ့ ကန်တော့ကြပါတယ်။

မြင့်သူအောင်ကတော့ ကျနော့်အိမ်မှာ နှစ်ည အိပ်တယ်။ အမှန်တော့ ဒီကောင်က မိတ်ဆုံစားပွဲပြီး နောက်မနက် ဆရာ/ဆရာတွေကို ကန်တော့ပြီးတာနဲ့ တန်ပြန်မလို့။ ကျနော်က "ဒီတညတော့ ထပ်အိပ်ဦးကွာ။ မင်းနဲ့ငါနဲ့ ခုလိုတွေ့ဆုံပြီးငယ်ဘဝကို ပြန်လည်သွားနိုင်ဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ"လို့ ပြောလို့ ဒီကောင် နောက်တည ထပ်အိပ်ဖြစ်တာ။ အဲ့ဒီည မှာတော့ ကျနော်တို့ မြို့ထဲက စားသောက်ဆိုင်တခုမှာ ထိုင်ဖြစ်ကြတယ်။ ဒီကောင်က အပြင်းမသောက်ဘူးဆိုတာနဲ့ ဘီယာဘဲ သောက်ဖြစ်ကြတယ်။ နှစ်ယောက်စလုံးလည်း အရှိန်လေးရလာတော့ အတိတ်ဆီမှာ ပိုပြီးပျော်ဝင်လာကြတယ်။ အတန်းထဲက မိန်းကလေးတချို့ကို ကြည့်မရလို ခွေးလှေးယားသီး သုတ်တာကိုတော့ ကျနော်တို့ မမေ့မလျော့ ပြောဖြစ်တယ်။ အဲ့သလို အတိတ်ထဲမှာ နေပျော်တုန်း ကျနော် မေးချင်မိတဲ့ ကိစ္စတခုကို မေးလိုက်တယ်။    

"မင်းကို ငါမေးဖူးတဲ့ ဆင်ပုံဆွဲတာနဲ့ ပတ်သက်ပြီးပြောပါဦး။ ဘာလို့ ဆင်ပုံတွေကို မင်း ဆက်ပြီးမဆွဲဖြစ်တော့တာလဲ"

"ငါ ဆင်ပုံတွေ ဆက်မဆွဲဖြစ်တော့တဲ့ အကြောင်းအရင်းလား"

"ဟုတ်တယ်၊ ပြောပါဦး။ မင်း ဘာလို့ ဆင်ပုံတွေဆက်မဆွဲ ဖြစ်တော့တာလဲ ဆိုတဲ့ အကြောင်းအရင်းပေါ့"

မြင့်သူအောင်ဆီက စကားသံက ချက်ချင်းထွက်မလာဘူး။ ကျနော်တို့ နှစ်ယောက်ကြားမှ ခေတ္တတိတ်ဆိတ်သွားတယ်။ နှစ်ယောက်သား ခွက်ထဲက ကျန်နေတဲ့ ဘီယာတွေကို အကုန်မော့သောက်လိုက်တယ်။ ပြီးတော့ နောက်ထပ်ဘီယာ ထပ်မှာလိုက်တယ်။ ခဏလောက်ကြာတော့ ၁၁နှစ် ၁၂နှစ် အရွယ်သာသာလောက်ရှိမယ့် ချာတိတ်လေးတယောက်က ကျနော်တို့မှာလိုက်တဲ့ ဘီယာကို လာချပေးတယ်။ မြင့်သူအောင်က ဘီယာလာချပေးပြီး ပြန်သွားတဲ့ ချာတိတ်လေးရဲ့ ကျောပြင်ကို ငေးကြည့်တယ်။ ပြီးမှ သက်ပြင်းသဲ့သဲ့ချပြီး ပြောတယ်။

"ငါ သနပ်ပင်က ပြောင်းသွားပြီးတော့ ဆင်ပုံတွေ ထပ်ဆွဲဖြစ်သေးတယ်။ ငါ့အတွေးထဲမှာလည်း ဆင်ပုံတွေနဲ့ ပြည့်နှက်နေတုန်းပဲ။ အရောင်အသွေးစုံစွာ ဖူးပွင့်နေတဲ့ ပန်းခင်းကြီးကို ကြည့်နေရသလိုမျိုး ငါ့အတွေးထဲမှာ ဆင်ပုံတွေ က ရှိနေသေးတာ။ ဆယ်တန်းရောက်တော့ စာတွေ ပိုများလာတယ်ဆိုပေမယ့် ငါကတော့ အချိန်မှန်မှန် ဆင်ပုံတွေဆွဲနေတာ မပျက်ခဲ့ဘူ။ တခါတလေ အမေက ငါ့ကို ဆင်ပုံတွေ ဆွဲလွန်းလို့ ဆူတယ်။ အချိန်အားရင် စာမကျက်ဘဲ ဆင်ပုံတွေ ဆွဲနေလို့လေ။ ဆယ်တန်းက ဘယ်လောက်အရေးကြီးကြောင်း၊ ဘဝရဲ့ အဆစ်ချိုးတခု၊ ထမင်းစားလက်မှတ် စသဖြင့်တွေ ပြောတော့တာပေါ့။"

"ဒါပေမယ့် ဆင်ပုံတွေဆွဲတာတော့ ရပ်မသွားဘူးဆိုပါတော့"လို့ ကျနော်ပြောလိုက်တော့ သူက ခေါင်းညိတ်ပြတယ်။ ကျနော်ပြောတာ မှန်တယ်ဆိုတာကို ဝန်ခံတဲ့သဘောမျိုးလေ။

"ဟုတ်တယ်။ မင်းပြောတာ လုံးဝမှန်တယ်။ အမေဘယ်လောက်ဆူဆူ စာတွေဘယ်လောက်များလာများလာ ဆင်ပုံတွေဆွဲတာတော့ ငါ ရပ်မသွားခဲ့ဘူး။ မင်းလည်း သိပါတယ်ကွာ။ ဆင်ပုံတွေဆွဲဖြစ်နေတာ ငါ့ဝါသနာအရ ဆိုပေမယ့် အဲ့ဒီဝါသနာပေါ်မှာ ထပ်ပြီးဖြစ်ပေါ်လာတဲ့ ခံစားချက်တွေ ရှိလာတယ်ဆိုတာလေ"

"အင်း၊ မင်းပြောပြဖူးလို့ ဆင်တွေအပေါ်ထားတဲ့ ခံစားချက်တွေကို ငါမှတ်မိနေတယ်"

ကျနော့်စကားဆုံးတော့ အသက်ကို ဝ ဝ ရှူလိုက် ပြီး ပြောတယ်။

"လူတယောက်မှာ သူ့အလိုလို ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေဟာ စွဲမြဲလာပြီဆို အဲ့ဒီခံစားချက်ကို ရပ်တန့်ပစ်ဖို့ တော်တော်နဲ့ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ခံစားချက်တွေနဲ့ပါ စုပေါင်းဖွဲ့စည်းသွားတဲ့ ငါ့ရဲ့ဆင်ပုံဆွဲတဲ့ ဝါသနာကလည်း အဲ့ဒီအတိုင်းပဲ။ ရပ်တန့်ဖို့ မဖြစ်နိုင်တော့ဘူးလို့တောင် ငါထင်ထားမိတာ။ ငါ့ကို ဆင်ပုံတွေဆွဲဖို့ ဘယ်သူမှမတိုက်တွန်းခဲ့ဘူး။ ဘယ်သူမှလည်း ဖိအားမပေးခဲ့ဘူး။ သူ့အလိုလို ဖြစ်ပေါ်လာတဲ့ အနေအထား။ "

ဒီနေရာရောက်တော့ မြင့်သူအောင်က သူ့စကားကို ခဏရပ်လိုက်တယ်။ သူပြောနေတဲ့စကားကို ကျနော် စိတ်ဝင်စားမှု ရှိ မရှိ အကဲခပ်လိုက်ပုံရတယ်။ ပြီးတော့ ဘီယာခွက်ထဲက ဘီယာတွေကို ငေးစိုက်ကြည့်ရင်း ထပ်ပြောတယ်။

"ဆင်ပုံတွေ ငါစပြီးဆွဲဖြစ်တာက လေးတန်းစာမေးပွဲ ဖြေပြီးတဲ့ နွေရာသီ ကျောင်းပိတ်ရက်မှာ ဖြစ်မယ်။ အဲဒီတုန်းက ငါတို့နေတဲ့မြို့ကို ဆပ်ကပ်အဖွဲ့တခုလာတယ်။ နာမည်တော့ ငါမမှတ်မိတော့ဘူး။ ဒါပေမယ့် အဲ့ဆပ်ကပ်ပွဲမှာ ပါလာတဲ့ ဆင်ကိုတော့ ဒီနေ့အထိ ငါမှတ်မိနေတယ်။ ငါ့အတွက်ကလည်း အဲ့ဒီဆပ်ကပ်ကို သွားကြည့်မှ သက်ရှိဆင်တကောင်ကို စပြီးတွေ့ဖူးတာ။ အဲ့ဒီဆပ်ကပ်ပွဲ ပြန်သွားပြီး နောက်တနေ့မှာပဲ ငါ့အတွေးထဲကို ဆင်ပုံတွေရောက်လာတယ်။ အဲ့ဒီအတွေး ထဲမှာ ထင်းထင်းကြီးပေါ်နေတဲ့ ဆင်ပုံကို ငါလည်း စပြီးဆွဲတော့တာ။ နောက်ပိုင်းတော့ ဆင်ပုံပါတဲ့ သတင်းစာမျက်နှာတွေဆို ငါ ဖြဲယူထားတတ်လာတယ်။ ပြီးရင် ငါ ပြန်ပြီး ကူးဆွဲတော့တာပဲ။ ငါ့ရဲ့ဆင်ပုံဆွဲတဲ့ စွဲလန်းမှုကလည်း တဖြည်းဖြည်း ကြီးထွားလာခဲ့တော့တယ်။ အဲ့သလို စွဲမြဲလာတဲ့ ငါ့အတွေးတွေကို လွယ်လွယ်နဲ့ တော့ ဖြတ်တောက်မရနိုင်ဘူး ဆိုတာ မင်းလည်း သိလောက်ပါတယ်"

"ဒါဆို တက္ကသိုလ်ရောက်လည်း ဆင်ပုံတွေကို မင်းဆွဲတုန်းပဲပေါ့"

"ဟုတ်တယ်"လို့ မဆိုင်းမတွပြောပြီး စကားကို ခဏရပ်ထားပြီးမှ ထပ်ပြောတယ်။

"မင်း ထင်သလိုပါပဲ။ ငါ တက္ကသိုလ်ရောက်တော့လည်း ဆင်ပုံတွေတွဆက်ပြီးဆွဲတယ်။ အရင်ကထက် ဆင်ပုံတွေပိုပြီး ဆွဲလာဖြစ်တဲ့ကာလတခုလို့တောင် ပြောလို့ရမယ်။ ငါဆွဲထားတဲ့ စာအုပ်တွေလည်း နှစ်တင်းအိတ်နဲ့ ပြည့်တော့မယ်။"

"ဟာ၊ နည်းနည်းနောနောလား"

ကျနော် တကယ့်ကို အံ့အားသင့်စွာနဲ့ ပြောလိုက်မိတာပါ။ မြင့်သူအောင်ကတော့ ကျနော့်စကားကို မကြားသလို လုပ်ပြီး သူ့စကားကို ဆက်ပြောတယ်။

"မင်းလည်းသိတာပဲ။ ဆင်ပုံတွေ ငါဆွဲတာ ဝါသနာက စခဲ့ပေမယ့် နောက်ပိုင်းမှာ ဆင်တွေအပေါ်ထားတဲ့ ငါ့ခံစားချက်တွေပါ ရှိလာတယ်ဆိုတာလေ"

ကျနော် ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်တယ်။ သူပြောတာ ဟုတ်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ တကယ်လည်း ဒီအကြောင်းတွေက ကျနော် သိထားပြီးသား မဟုတ်လား။

"အဲ့သလို အမြစ်တွယ်လာတဲ့ ငါ့အတွေးထဲကို တနေ့တော့ အပြောင်းအလဲ ဖြစ်စေမယ့် နောက်ထပ် အတွေးတခုဟာ သေသေချာချာ ရောက်လာခဲ့တယ်။ အဲ့ဒီအတွေးရောက်လာတော့ အရင်က ဆင်တွေအပေါ်ထားတဲ့ ငါ့ခံစားချက်တွေဟာ ရုတ်တရက် ဝေဝါးလာတယ်။ အချိန်တန်လို့ ကြွေကျသွားတဲ့ သစ်ရွက်တရွက်ရဲ့ ခြောက်သွေ့မှုလိုမျိုးပေါ့။ ဒီလိုကွာ၊ ဆင်တွေအပေါ်ထားတဲ့ ခံစားချက်ထက် ဆင်ပုံတွေဆွဲမိတဲ့ ခံစားချက်ကို ပြောတာ။ "

"ကြာရှည် စွဲမြဲစွာ လုပ်လာလို့ ပျင်းရိသွားတာ မျိုးလား"

"မဟုတ်ဘူးဟ"လို့ မြင့်သူအောင်က မဆိုင်းမတွ ပြန်ပြောတယ်။ပြီးတော့ "မင်းပြောသလို မဟုတ်ဘူး"လို့ပြောတယ်။

"ဒါဆို"

ကျနော်က စကားကိုဆက်မပြောဘဲ ရပ်တန့်လိုက်တယ်။ ဒါဟာ သူ့ကို စကားဆက်ပြောဖို့ ထောက်ပေးလိုက်တာမျိုး မဟုတ်လား။

"ငါ အခုလက်ရှိအလုပ်ကို အစပျိုးနေတဲ့ အချိန်မှာပေါ့။ တနင်္ဂနွေ တနေ့၊ ငါ အိမ်မှာနေရင်း ဆင်ပုံဆွဲနေတဲ့ အချိန်။ ငါ့အခန်းထဲကို ခေါင်းရင်းအိမ်က ကလေးလေး ရောက်လာတယ်။ အဲ့ကလေးက လေးနှစ် လောက်ပဲ  ရှိသေးတာ။ ဒီလိုပဲ။ ငါတို့အိမ်ကို အဝင်အထွက်ရှိတဲ့ ကလေးပေါ့။ သူ့အမေနဲ့ လာလည်တတ်သလို သူ တယောက်တည်းလည်း လာတတ်တယ်။ ငါကိုလည်း အတော်ကလေး ခင်တာ"

"ဒါ၊ မင်းခံစားချက်တွေကို ပြောင်းလဲစေမယ့် နိဒါန်းလား"လို့ ကျနော်မေးတော့ "ဟုတ်တယ်"လို့ပြောပြီး ခွက်ထဲက ဘီယာလက်ကျန်တွေကို အကုန်မော့သောက်လိုက်တယ်။ ကျနော်က ယူဦးမလားလို့မေးတော့ ငါလစ်မစ်ပြည့်သွားပြီတဲ့။ ဒီတော့ ကျနော်က "မင်းရဲ့ နိဒါန်းကို ထက်ဆက်ပါဦး"ပြောလိုက်တယ်။ မြင့်သူအောင်ရဲ့ စွဲမြဲနေတဲ့ ခံစားချက်ကို လေးနှစ်လောက်သာ ရှိသေးတဲ့ ကလေးလေးတယောက်က ပြောင်းလဲလိုက်တာတဲ့လား။ ကျနော့်မှာ အဲ့သြပြီးရင်း အံ့သြနေမိတော့တယ်။ သူပြောသလိုပဲ၊ ကြွချိန်တန်လို့ ကြွေကျသွားတဲ့ သစ်ရွက်တရွက်လို ဖြစ်မှာပေါ့လေ။

"ငါ ဆင်ပုံဆွဲပြီးသွားတော့ အဲ့ဒီကလေးလေးက ပြောတယ်။ ဦးရဲ့ ဆင်က သေးသေးလေးတဲ့။ ဒါနဲ့ ငါလည်းပြန်ပြောလိုက်ရတယ်။ ဦးက စာမျက်နှာပေါ်မှာဆိုတော့ သေးသေးလေးဘဲဆွဲလို့ရတယ်လေ။ အပြင်က ဆင်ကြီးတွေကို ချုံ့ပြီး ဆွဲရတာပေါ့။ ငါ အဲ့လိုပြောလိုက်တော့ ကလေးက တွေတွေလေးဖြစ်သွားတယ်။ တခုခုကို စဉ်းစားမိသွားတာမျိုးပေါ့။ ပြီးတော့ အဲ့ဒါဆို သနားစရာကောင်းတာပေါ့ လို့ပြောလိုက်တယ်။ ကလေး ရဲ့ စကားကို ကြားလိုက်ရချိန်မှာ ငါလည်း အတော်ကလေး အံ့အားသင့်မိသွားတယ်။ တုန်လှုပ်မိတာလည်း ပါတာပေါ့။ ငါ့အတွေးထဲမှာ လည်း အပြင်က သက်ရှိဆင်တကောင်နဲ့ ငါဆွဲထားတဲ့ ခပ်သေးသေး ဆင်ပုံတွေက ယှဉ်တွဲပြီး ပေါ် ပေါ်လာတော့တယ်။ "

"ဟာ၊ ဒါဆို အဲ့ဒီကလေးရဲ့ စကားကို ကြားပြီး နောက်ပိုင်း ဆင်ပုံတွေ ဆက်မဆွဲဖြစ်တော့တာပေါ့"လို့ ကျနော် အလောတကြီးပြောမိတယ်။ မြင့်သူအောင်ကတော့ ခေါင်းကို အသာညိတ်ပြတယ်။ ကျနော့်မှာ ဘာဆက်ပြောရမှန်းမသိအောင် ဖြစ်သွားရတယ်။ အမှန်တော့ ကလေးကလည်း သူစိတ်ထဲ ရှိတာလေးကို ရုတ်တရက်ပြောမိတာ။ သူ့စကား သူတောင် ဂဃနဏ သိချင်မှတောင် သိမှာ။ ကျနော့်အထင်တော့ အဲ့ဒီစကားလေး ကြားရုံနဲ့ ကိုယ် စွဲမြဲ ဆုပ်ကိုင်ခဲ့တဲ့ အရာတခုကို စွန့်လွှတ်လိုက်စရာ မလိုဘူးလို့တော့ ထင်တယ်။ ဒါပေမယ့် မြင့်သူအောင်ကတော့ စွန့်လွှတ်ခဲ့တယ်။ အဲ့ဒီအချိန်ကနေစပြီး သူဆွဲလာခဲ့တဲ့ ဆင်ပုံဆွဲတဲ့အလုပ်ကို ရပ်တန့်ပစ်ခဲ့တယ်။ ကျနော့်အတွက်ကတော့ ဆင်ပုံတွေဆွဲတုန်းက သူ့မှာဖြစ်ပေါ်လာတဲ့ ခံစားချက်ကိုလည်း နားမလည်သလို ဆင်ပုံဆက်မဆွဲဖြစ်တော့လောက်အောင် ဖြစ်သွားရတဲ့ ခံစားချကကိုလည်း နားမလည်ဘူး။

ကျနော်တို့နှစ်ယောက် ဆိုင်ပိတ်ချိန်ရောက်မှပဲ အိမ်ပြန်လာခဲ့ကြတယ်။ နောက်နေ့မနက် တော့ မြင့်သူအောင်ကို ပဲခူးဘူတာ လိုက်ပို့ပေးခဲ့တယ်။ ကားနဲ့သွားလို့ အမြန်ရောက်နိုင်တဲ့ ခရီးကို ရထားနဲ့ သွားဖြစ်တဲ့ သူ့ရဲ့ ရွေးချယ်မှုကိုတော့ ကျနော် မမေးဖြစ်တော့ပါဘူး။ တကယ်လို့ ကျနော့်အမေးကို သူဖြေခဲ့ရင်လည်း သူ ဘာလို့ ရထားပဲ စီးဖြစ်တယ် ဆိုတဲ့ ဖြေရှင်းချက်တွေကို ကျနော် နားလည်ချင်မှ နားလည်မှာ။ ဒါ့ကြောင့်မမေးဖြစ်တာ။ မြင့်သူအောင် ရထားပေါ် ရောက်မှပဲ ကျနော် ပြန်လာခဲ့တယ်။ တယောက်ကို တယောက် လက်ပြနှုတ်ဆက်တာမျိုးတော့ မလုပ်ဖြစ်ကြပါဘူး။ အပြန်လမ်းမှာတော့ ပဲခူးကနေ သနပ်ပင်ပြန်မယ့် ပါစင်ဂျာ တယောက်ရခဲ့တယ်။ ကျနော်လည်း ဆိုင်ကယ်ကို ဂရုတစိုက်မောင်းရင်း မြင့်သူအောင် ပြောခဲ့တဲ့ စကားတွေကို ပြန်ကြားယောင်မိနေတယ်။

"ဆင်တကောင်လုံး ထည့်ဆွဲဖို့ မဆန့်လို့ ဖြစ်သလို အသေးချုံ့လိုက်ရတဲ့ အပေါ် ဆင်တွေကို ငါလည်း အားနာလှပါပြီကွာ"တဲ့။   ။

ဒီလူည

အထက်ပါ ဝတ္ထုတိုရဲ့ခေါင်းစဉ်နဲ့ ဝတ္ထုတိုရဲ့ အဆုံးသတ်ပြောစကားသည် ဆရာခင်လွန်း၏စာသားများကို ယူသုံးထားခြင်း ဖြစ် ပါသည်။

ပန်းချီ Zun Ei Phyu ရဲ့Colors and Emotions Solo Exhibitionအမည်ရတဲ့ပန်းချီပြပွဲ

$
0
0


ပန်းချီ Zun Ei Phyu ရဲ့Colors and Emotions Solo Exhibitionအမည်ရတဲ့ပန်းချီပြပွဲ
K (မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၈


ပန်းချီ Zun Ei Phyuရဲ့ပထမဆုံးအကြိမ် တကိုယ်တော် Colors and Emotions Solo Exhibition အမည်ရတဲ့ပန်းချီပြပွဲကို ရန်ကုန်မြို့မင်္ဂလာတောင်ညွှန့်မြိှု့နယ် အောင်ဆန်းကွင်းမြောက်ဘက်တိုက်တန်း အမှတ်၂၃ ရှိ Ok Art Gallery မှာ ဇူလိုင် ၁၁ ရက်နေ့မှ ဇူလိုင် ၁၃ ရက်ထိ ပြသသွားမယ်လို့သိရပါတယ်။

ပြပွဲပြသရခြင်းနဲ့ပတ်သက်ပြီး ပန်းချီ Zun Ei Phyuက “ ပန်းချီကားတွေဖန်တီးရာမှာ အကြောင်းအရာ ရှာဖွေစမ်းသပ်မှုတွေ နဲ့ ရသတခုပေးတဲ့ကားတွေဖန်းတီးချင်တဲ့စိတ် ဒီနှစ်အတွင်းဖြစ်နေခဲ့တယ်။ စိတ်တွေနဲ့ပတ်သက်လို့ စိတ်ဝင်စားတဲ့အတွက် အရောင်တွေအပေါ်လိုက်ပြီး လူတဦးချင်းစီရဲ့စိတ်တွေ ဘယ်လိုထင်ဟပ် ပြောင်းလဲသလဲဆိုတာကို မေးခွန်းလေးတွေမေး ကြည့်ပြီး အချက်အလက်တွေစုတယ်။ ဒီပွဲမှာတော့ ကိုယ်နဲ့ခင်မင်ပတ်သက်တဲ့ အနီးနားက လူတွေကို မေးခွန်းတွေမေး ထားပြီး သူတို့အဖြေတွေအလိုက် အရောင်တွေ၊ ဒီဇိုင်းတွေ၊ ပက်တန်တွေနဲ့ သူတို့ရဲ့ပုံကိုပြန်ဆွဲကြည့်ထားပါတယ်။ ဆက် လက်ပြီးလည်း နယ်ပယ်အစုံ နေရာအစုံ အသက်အရွယ်အစုံက လူတွေကို ဆက်မေးပြီး တခြားမတူတဲ့ အနုပညာဖန်တီး မှုတွေဆက်လုပ်ဦးမှာပါ။ ဒါကြောင့် ဒီပွဲကို အပိုင်းတစ်လို့ပေးထားတာပါ။ ကာလတခုကျရင် စာအုပ်တအုပ်၊ ကောက်ချက် တခု ချနိုင်ပြီဆိုရင်၊ စာတန်းအတိုလေးလိုမျိုး စာအုပ်လေးလုပ်ဖို့အထိ စိတ်ကူးထားပါတယ်တယ်။

ဒီပရောဂျက်ကလေးက လူတွေနဲ့ စကားပြော မေးမြန်းထိတွေ့ပြီးမှ အနုပညာလက်ရာကိုပြန်ဖန်တီးရတာဖြစ်တဲ့အတွက် အတွေ့အကြုံသစ်တွေ၊ စိတ်ကူးတွေ၊ မတူညီတဲ့အတွေးတွေကို ရရှိစေပြီး အကျိုးရှိတဲ့ပရောဂျက်လေးလို့ပြောလို့ရပါတယ်။ သင်လည်း ပါဝင်ချင်တယ်ဆို ပြပွဲကိုလာပြီး ကျွန်မနဲ့ မေးခွန်းလေးတွေဖြေပြီး စကားလာပြောပေးပါလို့ဖိတ်ချင်ပါတယ်” လို့ ပြောပြပါတယ်။

ပြပွဲကို ဇူလိုင် ၁၁ရက်မှ ၁၃ရက်ထိ ၃ ရက်ကြာပြသမယ့် အဆိုပါ Colors and Emotions Solo Exhibition ပြပွဲချိန်အတွင်း နေ့စဉ် နံနက် ၁၀နာရီကနေ ညနေ ၆နာရီထိ ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

မဇ္ဈိမလှိုင်းဝိုင်းတော်သားကြီး တေးရေးတေးဆို ဂီတပညာရှင် ကိုရဲလွင် ကွယ်လွန်

$
0
0
(photo - ဝေချစ်ကို (သော်ဒီဝေ)

မဇ္ဈိမလှိုင်းဝိုင်းတော်သားကြီး တေးရေးတေးဆို ဂီတပညာရှင် ကိုရဲလွင် ကွယ်လွန်
K (မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၈


ပန်းရဲ့လမ်းတို့ဖခင်ကြီး ဂီတပညာရှင် ကိုရဲလွင်ဟာ ရန်ကုန်မြို့ရန်ကုန်ဆေးရုံသစ်ကြီး ကုတင် ၅၀၀ ဆေးရုံမှာ အသည်း ရောဂါကုသနေရာမှ ယနေ့ဇူလိုင် ၁၀ရက် ညနေ ၄နာရီ ၁၀မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ကိုရဲလွင်ကို အဖစက်ရှင်တရားသူကြီး ဦးမောင်မောင်၊ အမိဒေါ်ကြိုင်တို့မှ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ပေါင်းတည်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မောင်နှမ ၁၀ ဦးတွင် အကြီးဆုံးသား ဖြစ်။ ကိုးတန်းကျောင်းသားဘ၀ အလုံ အထက(၄)မှာ ပညာသင်ကြားစဉ် ငယ်သူငယ်ချင်းများမှာ ရုပ်ရှင်မင်းသား ကျော်ဟိန်း၊ တေးရေးတေးဆို ပန်းချီဆရာ ခင်ဝမ်းတို့ဖြစ်။

(RIT) ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသားဘဝကို ၁၉၆၈ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ဖြတ်သန်းခဲ့ပြီး တတိယနှစ်ထိသာ တက်ရောက်။ ဂီတလောကကို တေးရေး ဆရာ၊ ဘေ့စ်ဂစ်တာတီးသမားအဖြစ် ၁၉၇၄ ခုနှစ်က စတင်ခဲ့ပါတယ်။ E. Machine Band (Electronic Machine) နဲ့ တီးခတ်ခဲ့ပြီး လစ္ဆ၀ီများ၊ မဇ္ဈိမလှိုင်း(Medium Wave Music Band)၊ ပန်းရဲ့ လမ်းတို့မှာ တီးခတ်သီဆိုခဲ့ပါတယ်။

အဉ္စလီအတွက် ဂီတဉ္စလီတေးစီးရီးကို လစ္ဆ၀ီများအဖြစ် တီးခတ်သီဆိုခဲ့ပြီး ၁၉၈၂ ဒီဇင်ဘာမှာ မဇ္ဈိမလှိုင်း(Medium Wave Music Band)ကို ထူထောင်ဖွဲ့ စည်းခဲ့။ ကိုယ်ပိုင်သံစဉ်သီချင်းများကိုသာ အစဉ်တစိုက်ဖန်တီးခဲ့ကြပြီး ၁၉၈၅ ခု ဇန်န၀ါရီလ ထဲ မဟာဆန်သူတေးစီးရီးကို ဖန်တီး ထုတ်ဝေခဲ့ကာ မဇ္ဈိမလှိုင်းအဖြစ် အောင်မြင်ထင်ရှားခဲ့ပါတယ်။

ဝေးခဲ့ပြီ ပန်းခရမ်းပြာ အပါအဝင် နောက်ဆုံးအိပ်မက်၊ ဒီတကြိမ် ဒီတနွေ၊ သဇင်ည၊ နဒီမင်္ဂလာ၊ စိုးစိတ်စွေစံစားစေ၊ ရေစီးကြောင်း၊ ပန်းရဲ့လမ်း၊ တစိတ်တည်းထား၊ တေးသီချင်းပေါင်း ၁၀၀ ကျော်ရေးစပ်ခဲ့။ အထူးကျော်ကြားခဲ့တဲ့ နောက်ဆုံးအိပ်မက်ကို သီချင်းကို အင်္ဂလိပ်လိုရေးစပ်ခဲ့ကာ တေးရေး၊ဆို ကိုနေုဝင်းက မြန်မာဘာသာပြန်ဆို ရေးသားခဲ့

ခင်ဝမ်း၊ ကိုနေ၀င်း၊ ကိုမောင်မောင်(အဉ္ဖလီ)၊ ခင်မောင်တိုး၊ မောင်သစ်မင်း၊ ကိုအောင်ဝင်း၊ ခိုင်ထူးတို့နဲ့ ဂီတရောင်းရင်း များအဖြစ် လက်တွဲခဲ့။

၁၉၇၄ ခုနှစ်ကစပြီး နိုင်ငံလှုပ်ရှားမှုများဖြစ်တဲ့ ဦးသန့်အရေးအခင်း၊ အလုပ်သမားအရေးအခင်းနဲ့ မှိုင်းရာပြည့်အရေးအခင်း ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးမှာ မေတ္တာပို့နေစဉ် စစ်အစိုးရရဲ့အကြမ်းဖက် ဖမ်းဆီးထောင်ချ ခြင်းခံခဲ့ရပါတယ်။

၁၉၉၅ ခုနှစ်မှာ ခင်မောင်တိုး၊ ကိုနေ၀င်းတို့နှင့်တွဲလျက် “ပန်းပျိုးလက်” သီချင်းခွေကို ပါဝင်သီဆိုထုတ်ဝေ

၂၀၁၁ ခုနှစ်တွင် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့ကို စတင်ဦးစီးဖွဲ့စည်းခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ ချုပ်၏ ပညာရေး ကွန်ရက်၊ ကျန်းမာရေးကွန်ရက်၊ ကချင်စစ်ဘေးသင့် ပြည်သူများအတွက် မြန်မာပြည်အနှံ့ သီချင်း လိုက်လံသီဆို၍ ရန်ပုံငွေရှာ ပေးခဲ့ပါတယ်။

ကိုရဲလွင်ဟာ ဂီတလောကကို စတင်ဝင်ရောက်ချိန် ကစပြီး သေသည့်တိုင် ဂီတအနုပညာရှင်အဖြစ် ရပ်တည်ရှင်သန်ခဲ့ သူဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအကြောင်း အစဉ်ပြောဆိုလှုပ်ရှားခဲ့ပြီး ၂၀၁၃ခုနှစ်မှာ ပြည်သူ့ဂုဏ်ရည်အသင်းမှ ပြည်သူ့ ဂုဏ်ရည်ဆုချီးမြှင့်ခံခဲ့ရပါတယ်။

ကွယ်လွန်ချိန်တွင် ကိုရဲလွင်ဟာ အသက် ၇၁နှစ် ရှိပြီဖြစ်ပါတယ်။

ကျော်ဟုန်း - ပန်းရဲ့လမ်းသခင်

$
0
0


ကျော်ဟုန်း - ပန်းရဲ့လမ်းသခင် 
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၈

ဝတ်မှုံကူးလို့
ပန်းတခင်းဖြစ်စေသူ။

သင်းပျံ့ရနံတွေကို
ကမ္ဘာပတ်လမ်းထဲ ပို့ချင်သူ။

သူတောင်းတတာ
ချိုးဖြူငှက်တို့
ပန်းခင်းထဲမှာ
တေးဆိုပျော်ပါးဖို့ အချင်းအရာ။

မှန်သောအယူဝါဒနဲ့
အလှတရားကို ဖမ်းဆုပ်
ခိုင်ကျည်ကျည် ဝါဒနဲ့
ယုံကြည်မှု သစ္စာမြဲ
နောက်မတွန့်ဘဲ
နွေနေရောင်ကို
အံ့တုရဲတဲ့ နေကြာပန်း။

ဓမ္မတာလမ်းကို
ဓမ္မဖျန်းလို့
သွားရဲဖို့လည်း
ပြင်ထားသမို့
ဘဝ အဆက်ဆက်
နိဗ္ဗာန် မဖက်ခင်တိုင်
သူခင်းတဲ့ ပန်းလမ်း
သူနင်းပြီး လိုရာပြည့်စေ
အတုယူ ဂုဏ်ပြုရင်း
ပန်းရဲ့လမ်းမျှော်
ဦးညွတ်ပါတယ် ဦးရဲလွင်။ ။

ကျော်ဟုန်း
၂၀၁၈၀၇၁၀

ကိုသန်းလွင် - ကုန်သွယ်ရေးစစ်ပွဲ

$
0
0
Representational Image (Photo: Getty Images)


ကိုသန်းလွင် - ကုန်သွယ်ရေးစစ်ပွဲ
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၈


(၁)

လွန်ခဲ့သောလက ဘေဂျင်းသို့ ကျွန်တော်ရောက်ခဲ့ပါသည်၊ ဘေဂျင်းမြို့သို့ရောက်လျင် ဂူးဂဲလ်၊ ဖေ့ဘွတ်၊ နှင့် အူဘာ (Google, Facebook, Uber ) တို့ကိုသုံး၍ မရနိုင်ကြောင်း သိပါသည်၊ ကျွန်တော်သည် အပြင်မှာ သုံးစွဲ ရသည့်အရာများ တရုတ်ပြည်မှာ မရနိုင်ဆိုခြင်းမှာထူးဆန်းနေသည်၊ တရုတ်တို့ကစိတ်အနှောင့်အယှက်ဖြစ်ဟန် မတူ၊ သူတို့သည်သူတို့နိုင်ငံမှလုပ်သည့် Baidu ကို ဂူဂဲလ်အစားနှင့်ဆိုရှယ်မီဒီယာအတွက် “Wechat “ သုံးမည်၊ တက္ကစီငှားလိုပါလျင် “Didi” ကိုသုံးမည်၊ သတင်းတွေဖတ်လိုလျင် Toutiao ကိုသုံးမည်၊ ဘေဂျင်းတွင်လုပ်သမျှ ကို အစိုးရက စောင့်ကြည့်နေမည်ဆိုခြင်းကိုသိပါသည်၊ ဤအလုပ်ကို နော်မယ်ဖြစ်သော လုပ်နေကျ အလုပ်တစ်ခု သဘွယ် သဘောထားကြပါသည်၊

(၂)

တရုတ်အစိုးရအနေဖြင့် သူတို့နိုင်ငံသားများအတွက် မိမိကိုယ်ပိုင်တံဆိပ် (Brand) ဖြင့်သာ သုံးစွဲခွင့်ပေးခဲ့ပါသည်၊ လွတ်လပ်ခွင့် (Privacy) ဆိုသည်မှာမရှိ၊ သူတို့၏ တကယ့်ရည်ရွယ်ချက်မှာ သူတို့တံဆိပ်ကိုတရုတ် ပြည်၌သာမ က တကမ္ဘာလုံးစိုးမိုးရန်ရည်ရွယ်ရင်းပင်ဖြစ်သည်၊ အမေရိကန်နှင့် အပေါင်းအပါတို့ကလည်း တရုတ်တို့ကြီးစိုး မည့် အရေး ကိုအစွမ်းကုန်ကာကွယ်ကြမည်ဖြစ်သည်။

သမ္မတထရန့်မှာ ထိုစစ်ပွဲတွင် အမေရိကန်နိုင်ငံကို ဦးဆောင်နိုင်ဖွယ်မရှိ၊ သူမကြာခင်က သတ်မှတ်လိုက်သော သံမဏိ နှင့် အလူမီနီယမ်တို့အပေါ် တင်းကြပ်အခွန်ကောက်ခံမည့် စီမံကိန်းကို တရုတ်ပြည်သာမက မိတ်ဆွေ နိုင်ငံဖြစ်သည့် ကနေဒါနှင့်ဂျာမနီအပါအ၀င် ဥရောပကောင်စီ နိုင်ငံများက ဆန့်ကျင်လျက်ရှိသည်၊ သို့သော် သံမဏိ အပေါ်အခွန်ကောက်ခြင်းမှာ ဖြစ်ပွားဖွယ်ရှိသော တရုတ်နှင့်ကုန်သွယ်ရေးစစ်ပွဲနှင့်စာသော် ဘာမှအရာ မရောက်သည့်ကိစ္စဖြစ်သွားသည်၊ ရေရှည်တွင် မည့်သည့်နိုင်ငံက စီးပွားရေးတွင်ကြီးစိုးမည်ကို နည်းပညာစွမ်းအား (Technology) က အဆုံးအဖြတ်ပေးပါလိမ့်မည်၊ တိုင်းပြည်တစ်ခုတွင် လူတို့၏ လုပ်အားနှင့် ရင်းနှီးငွေသည် ဂျီဒီပီ GDP ၏ ၂၀ % မျှသာ ရှိပြီး ကျန် ၈၀ % မှာ စီးပွားရေးတိုးတက်မှုဘက်မှဖြစ်သည်၊ ထုတ်ကုန်တိုးမြှင့်ရေး အတွက် နည်းပညာအားကို အဘယ်မျှသုံးနိုင်မည်ဆိုသည့်အပေါ်တွင် မူတည်ပါသည်။

တရုတ်ပြည်၏ရည်မှန်းချက်များတွင် သူတို့လူနေမှုအဆင့်အတန်းကို အနောက်နိုင်ငံတို့သို့ အမှီလိုက်ရန် တစ်ခု အပါအ၀င်ဖြစ်သည်။

လူပေါင်းများစွာက တရုတ်၏ထုတ်ကုန်အပေါ်တွင် အခွန်ကောက်ခံဖို့အရေးကို ရှုံချနေကြသော်လည်း တရုတ် ပြည်အပေါ်တွင် ဒေါ်လာ ၆၀ ဘီလီယံမျှ အကောက်ခွန်ကို ချမှတ်သောအခါ ၀မ်းသာနေကြသည်၊ အကယ်၍ တရုတ်ပြည်က တန်ပြန်အကောက်ခွန်ကို သတ်မှတ်ပါလျှင်နောက်ထပ် ၂၀၀ ဘီလီယံ တိုးချမည်ဟုလည်း ခြိမ်းခြောက်ထားသည်၊ ထိုအတောအတွင်း တရုတ်တို့၏ ရင်းနှီးမြှပ်နှံမှုနှင့် အမေရိကန်တို့နှင့် စက်မှုဆိုင်ရာ ဗဟုသုတများကို တရုတ်ပြည်သို့ တင်ပို့ခြင်းကိုလည်း သေချာစီစစ်နေသည်။

မစ္စတာထရန့်က သူသမ္မတ မဖြစ်မှီကတည်းက စတင်နေခဲ့သော ကုန်သွယ်ရေးစစ်ပွဲကို ပိုမိုကျယ်ပြန့်အောင်၊ အရှိန်အဟုန်ရအောင် ဆောင်ရွက်နေသည်၊ ၂၀၀၈ ခုနှစ်ဘဏ္ဍာရေးအကြပ်အတည်းပြီးကတည်းက နိုင်ငံများမှာ ဘော်ဒါကိုကျော်ဖြတ်၍ ကူးသန်းရောင်းဝယ်ရေးအတွက် ကုန်စည်နှင့် ငွေကူးသန်းခြင်းနှင့် လူဖြတ်သန်းခြင်း (Immigration) တို့ကို အတားအဆီးများပြုလုပ်ကြသည်။ ဂလိုဘယ်လိုက်ဇေးရှင်း၏ချန်ပီယံများက နိုင်ငံတို့၏ နယ်နိမိတ်များပြိုကျပျက်စီးရမည်ဟု နိမိတ်ဖတ်နေချိန်တွင် တရုတ်ပြည်က သမ္မတထရန့်၏ တရုတ်ပြည်နှင့် ပတ်သတ်လျင် တင်းမာသော သဘောထားမှာ ပြောင်းပြန်ဖြစ်နေသည်၊

အနောက်နိုင်ငံများက တရုတ်နိုင်ငံသည် တရားမ၀င်သော နည်းလမ်းများဖြင့် အနောက်နိုင်ငံများကို အမှီလိုက် လာနေသည်၊ တရုတ်ပြည်တွင် ရင်းနှီးမြှပ်နှံရန် ရောက်ရှိလာသော ကုမ္ပဏီများကို သူတို့၏အတတ် ပညာများကို အတင်းသုံးခိုင်းသည်၊ သူတို့၏သတင်းခိုးယူသူများက (hacker) များကအတတ်ပညာကို ခိုးယူသည်၊ ၁၉ရာစုနှစ် က အမေရိကားသည်လည်း အင်္ဂလန်နိုင်ငံမှ တက်ခနိုလိုဂျီကို ကူးချဘူးသည်၊ ဂျပန် နိုင်ငံ၏ တိုးတတ်လာပုံမှာ လည်း အမေရိကန်တို့၏လုပ်ပုံကိုင်ပုံကို ကူးချခြင်းပင်ဖြစ်သည်၊ ကူးယူပုံခြင်း တူသော်လည်း တရုတ်တို့လုပ်ကြ သည်မှာ ပို၍ ကြောက်စရာကောင်းသည်။

ဘေဂျင်းသည် ဂူဂဲနှင့် ဖေ့စ်ဘွတ်ကို နိုင်ငံတွင်းသို့ အ၀င်မခံ၊ (UBER) ကိုလည်း မတရားသောနည်းများ ဖြင့် ဖိအားကို သုံးလျက်ပြည်တွင်းကုမ္ပဏီတခုသို့ ရောင်းချရသည်၊ (Amazon) ကို တရုတ်ပြည်မှ ထွက်ခွာသွားအောင် ဖိအားပေးသည်၊ Chip Maker မာခရွန်ကို တရုတ်ပြည်အတွင်း သူတို့ Chip များကို မရောင်းရဟု တားမြစ်ထား သည်၊ ပြည်တွင်းဈေးကွက်မှငွေကို ပြည်ပသို့ထွက်မသွားရအောင်လုပ်သည်၊ ပြည်တွင်းကုမ္ပဏီများကို နိုင်ငံခြား တိုင်းပြည်များသို့ လုပ်ငန်းသဘာဝ ကျယ်ပြန့်အောင် ဆောင်ရွက်ပေးသည်။

ယမန်နှစ်က ပုလဲဆိပ်ကမ်းကို “Greater Bay Area” ဟုနာမည်ပေး၍ ရှမ်းဇန်း ကံတုံမြို့နှင့် ဟောင်ကောင် (Shenzhen, Guangzhou) တို့ကို အမေရိကန်နိုင်ငံမှ အီလီကွန်တောင်ကြားနှင့် ယှဉ်ပြိုင်နိုင်အောင်ကြိုးစား မည်ဟုကြေညာထားသည်။

တချိန်က Made in China သည်ခေတ်စားခဲ့သော်လည်း၊ ယခုအခါ “တရုတ်ပြည်တွင်ဖန်တီးသည်”( Create in China ) ဆိုသော စကားဖြင့် အစားထိုးရန်ကြံစည်နေသည်၊ တရုတ်ပြည်တွင်ယခင်က နေရာ အနှံ့မှထုတ်လုပ် လိုက်သော ပစ္စည်းကို တနေရာတွင် ပြန်လည်တပ်ဆင်ပြီးရောင်းချရသည်၊ ယခုအခါ တနေရာ တည်းတွင် ပစ္စည်းသစ်များကို တီထွင်ဖန်တီးထုတ်လုပ်ခြင်းဖြင့် ရှမ်ဇန်းပြည်နယ်သည် ဆီလီကွန်းတောင်ကြားထက် ပိုမို ကောင်းမွန်သော အရာများကို ထုတ်လုပ်နိုင်သည်ဟူ၍ပြောနေကြသည်။

ကမ္ဘာတွင် ငွေကြေးတောင့်တင်းသော အင်တာနက်ကုမ္ပဏီ ၂၀ အနက် ၁၁ခု မှာ အမေရိကန်မှဖြစ်ပြီး၊ ၉ ခုမှာ တရုတ်ပြည်မှဖြစ်သည်၊ တရုတ်ပြည်မှ လွန်ခဲ့သော ၅နှစ်က အင်တာနက် ကုမ္ပဏီ ၂ခုသာရှိသည်၊ အလီဘာဘာ နှင့် Tencent တရုတ်ကုမ္ပဏီ နှစ်ခုမှာအသုံးပြုသူ ပြည်တွင်းမှ ၉၀% ရရှိပြီး ဂူဂဲလ်, ဖေ့စ်ဘွတ် တို့၏ ၁၀% သာ အမေရိကန်နိုင်ငံအတွင်းမှ ဖြစ်သည်ကို တွေ့ရှိနိုင်သည်၊ တရုတ်တို့က ဤမျှနှင့်အားမရနိုင်ဘဲ ပိုမိုကျယ်ပြန့်လာ စေရန်အား ထုတ်လျက်ရှိသည်။

ထရန့် အစိုးရက တရုတ်ပြည်ကုမ္ပဏီများ၏နယ်ပယ်ခံ အင်အားချဲ့ထွင်ခြင်းကို တားမြစ်လိုသည်၊ မကြာမီက မန်းနီးဂရမ် (Money Gram) ခေါ် ငွေလွှဲကုမ္ပဏီကို တရုတ်ပြည်မှ ၀ယ်ယူရန် ကြိုးစားခြင်းကို (Block) တားမြစ် ထားသည်၊ Chip များပြုလုပ်သော Qualcomm ကို Broadcomm က ၀ယ်ယူရန်အစီအစဉ်ကိုလည်း ခွင့်မပြုပေ။

ထရန့်က တရုတ်တယ်လီကွန်ကုမ္ပဏီ ZTE သို့ကုန်ပစ္စည်းရောင်းချရန် (Supplier) မလုပ်ရန် ပိတ်ပင်လိုက်သော အခါ ZTE က အမေရိကန်ပြည်မှ အဓိကကျသော ပစ္စည်း မရရှိနိုင်သည့်အတွက် စက်ရုံကိုပိတ်ရတော့သည်။ ထရန့်က ZTE အပေါ်ချမှတ်ထားသည့်တားမြစ်ချက်ကိုဖယ်ရှားရန် ZTE က ဒေါ်လာ ၅ ဘီလီယံ ဒဏ်ကြေး ပေးရန်နှင့်၊ အဓိကအုပ်ချုပ်မှုကော်မတီလူကြီးများကို ထုတ်ပစ်ရမည်ဟုတောင်းဆိုသည်၊ ထရန့်ကထိုအကြောင်း ကိုကွန်ဂရက်သို့ တင်ပြသောအခါ ကွန်ဂရက်ကသဘောမတူခဲ့ပေ။

ထရန်၏ လိုအပ်ချက်များမှာ Financial Technology နှင့် AI Artificial Inteligence ဘက်တွင် တရုတ်ပြည်သို့ စက်မှုပစ္စည်းတင်ပို့ခြင်းနှင့်အမေရိကန်ပြည်မှ ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ရန်ဖြစ်သည်၊ အလားတူ ဂျာမနီက တရုတ်ပြည်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခြင်းကိုကန့်သတ်ပြီး၊ သြစတေးလျက တရုတ်တို့၏ 5G Technology ကိုပြည်တွင်းသို့အ၀င်မခံရန် စဉ်းစားနေသည်။

ရုရှား၊ ဘရာဇီးနှင့် အခြားနိုင်ငံများတွင် မိမိတို့နိုင်ငံအတွင်းပြည်သူများသုံးသော server များကို နိုင်ငံတွင်းတွင် ထားရမည်ဟူသော ဥပဒေကို ချမှတ်ခဲ့သည်၊ သို့မှသာ ထိုဆာဗာများ၏ အလုပ်လုပ်ရမှုများကိုစောင့်ကြည့်ရန် Control လုပ်ရန်လွယ်ကူမည်ဖြစ်သည်၊ ကာတာ၊ အီရန်နှင့် ယူအေအီးနှင့် အခြားနိုင်ငံအများအပြားမှာ နိုင်ငံခြား တွင်သုံးသည်၊ WhatsApp နှင့် ဗိုက်ဗာ (Viber) တို့ကိုတားမြစ်ထားသည်၊

စီးပွားရေး ကပ်ဆိုက်ပြီဆိုလျှင်အမေရိကန် ဥရောပနှင့် ဂျပန်နိုင်ငံတို့တွင် တင်ရှိသော ကြွေးကများပြားလှပါသည်၊ ဤသို့ ဆိုလျှင် ထိုအစိုးရများအနေဖြင့်စီးပွားရေးကပ်မှ မှ လွတ်မြောက်ရန်မလွယ်ကူလှပါ၊ ဤကဲ့သို့အခြေအနေ မျိုးတွင် ကိုယ်အကျိုးစီးပွားကို ကာကွယ်ခြင်း (Protectionism) တခုသာ လုပ်စရာရှိပါသည်၊ မိမိအကျိုး ကို ကာကွယ်ရန် အတွက် နိုင်ငံတွင်းဝင်လာမည့်ကုန်ပစ္စည်းအပေါ်အခွန်စည်းကြပ်ခြင်းကိုသာလုပ်နိုင်ကြပါသည်၊ ဤသို့ဖြင့်အမြှော် အမြင်ကြီးသူများက ချမှတ်ထားခဲ့ကြသော (Free Trade) နှင့် ဆန့်ကျင်သောအရာများသာ ဆက်တိုက်ဖြစ်လာ ရန်ရှိပါသည်၊ ရင်းနှီးမြှပ်နှံသူများ ကုန်ထုတ်လုပ်သူများ ကြောက်ကြသည် မှာ ကုန်သွယ်ရေး စစ်ပွဲ ဖြစ်မှာကိုပဲဖြစ် ပါသည်၊

(၃)

ထရန့်၏အစိုးရကသောကြာနေ့က(ဇူလိုင် ၆ရက်)နေ့က တရုတ်ပစ္စည်း ၃၄ဘီလီယံပေါ်တွင် အခွန်စကောက်ပြီ ဖြစ်ရာ တရုတ်ကလက်တုန့်ပြန်မည်အရေးကို စောင့်ရန်သာရှိတော့သည်၊ လူအများကမူ ကုန်သွယ်ရေးစစ်ပွဲစပြီ ဟုပြောဆိုနေကြသည်၊

ကိုသန်းလွင်

Ref: The coming Tech Battle with China, Ruchir Sharma New York Times June 28 2918

မောင်အောင်မွန် - ကိုယ်တွေ့ 7 July 1962

$
0
0

 မောင်အောင်မွန် - ကိုယ်တွေ့ 7 July 1962
ကျွန်တော်တွေးမိသလိုရေးပါမည် (၃၄၄)
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၈

(၁)
ကျွန်တော်သည် သတင်းသမား (Professional News Writer) အဖြစ်ခံယူထားသူမို့ ဤဆောင်းပါးပါ အချက်အလက် တစ်ခုမကျန် မှန်ကန်ကြောင်း တာဝန်ခံပါ၏။ စဟေ့ဆိုကတည်း ကြိုတင်ပြင်ဆင်ထားသည့် မမှန်မကန်မတိမကျ သတင်းများ စတင်ခဲ့ကြရာ-- ကြာလေကြာလေ အမှန်နှင့်ဝေးလေ၊ ထင်ကြေးနှင့်ရေးသားမှု အမုန်းဒေါသ-- စသည်တို့က လွှမ်းမိုးလာခဲ့သည်။
(၅၆)နှစ်ကြာလာသောအခါ ဘယ်အခြေရောက်နေပြီဆိုသည်ကို စာဖတ်သူတို့ စဉ်းစားကြည့်ကြပါကုန်။

(၂)
၁၉၅၃ ခု၊ ဇွန်လတွင် ကျွန်တော်ရန်ကုန်တက္ကသိုလ်ရောက်၏။
နေခွင့်ရသည့် သထုံဆောင်ရှေ့ ကျောင်းလမ်းကအထွက် ညာဘက်ရှိ အားကစားရုံဘေးက (၅)မိနစ် လျှောက်သွားလျှင် တကသ အဆောက်အအုံသို့ရောက်သည်။ ထိုနှစ်တွင်ဖြစ်ပွါးသည့် တကသ ရွေးကောက်ပွဲ ပျက်ခြင်း၊ အောက်တိုဘာတစ်လ ကျောင်းပိတ်ရေး အရေးအခင်းများတွင် ကိုယ်တိုင်ပါဝင်ခဲ့၏။

တကသ ၌ပျော်ပိုက်၍ ခေါင်းဆောင်ကြီးငယ်တို့နှင့် ခင်မင်ရင်းနှီးခွင့်ရသည်။ တကသ ထုတ်အိုးဝေမဂ္ဂဇင်း (၁၉၅၆-၅၇) မှ ဆက်စပ်၍မရပါ--၀တ္ထုမှသည် ကျောင်းပြီးခဲ့သည့်တိုင် နှစ်စဉ်မှန်မှန်ရေးခဲ့သည်မှာ ၈-၇-၁၉၆၂ နေ့ တကသ ဖြိုဖျက်ချိန်တွင် ပါသွားသော နောက်ဆုံးအိုးဝေမှ ခေါင်းဆောင်ကြီးတို့နေ့--၀တ္ထုအထိဖြစ်။ တကသ ခေါင်းဆောင်ကြီးငယ်တို့နှင့် ရင်းနှီးခဲ့ရာ ကိုဘကောင်း၊ ကိုယု၊ ကိုစိုးသိန်း--စသူတို့ကနေ ကိုဗဆွေလေး၊ ကိုညိုဝင်း၊ ကိုအောင်သိမ်းနိုင်၊ ကိုစိုးဝင်း--စသူတို့အထိဖြစ်သည်။
စာဖတ်သူတို့ စဉ်းစားကြည့်ကြပါကုန်။

 (၃)
၁၉၅၉ခု၊ အောက်တိုဘာလ (၁၇) ရက်နေ့က မြန်အသံတွင် စက်မှုလက်ထောက်အဖြစ်စ၀င်ခဲ့ရာ၊ ပြည်လမ်းအသံလွှင့်ရုံကြီး မပြီးသေး၍ အချောသတ်ရာ၌ ပါဝင်ခွင့်ရခဲ့သူဖြစ်သည်။ ဘယ်အခန်းမှာ ဘယ်သူတွေ ရုံးထိုင်ကြသည်အထိ မသိချင်၍မရပါ။ စတင်ထည်ထောင်သူ ဦးခင်ဇော်(K) အင်ဂျင်နီယာချုပ် ဦးဝင်းမောင် တို့မှသည်လုပ်ဖော်ကိုင်ဖက်များထိ ခုစာရေးရင်း ရှင်နေသေးသူများနှင့် တယ်လီဖုန်းဆက် မေးမြန်းနိုင်၏။

7 July 1962 နေ့က ကျွန်တော် မနက်ပိုင်း အလုပ်ဆင်းရသည်။

 (၆) နာရီ မြန်အသံသို့ရောက် အသံလွှင့်အစီအစဉ်များ ပြီးဆုံး၍ မွန်းလွဲ (၂) နာရီခွဲ၌ ရုံးဆင်းရသည်။ ၁၉၆၂ ခု၊ ဇူလိုင်လထုတ် ရှုမ၀မဂ္ဂဇင်းတွင် မောင်အောင်မွန်၏ ရူးတုန်းမိုက်တုန်းသည်အရွယ်ဝတ္ထု ပါလာသည်။ စာမူခမထုတ်ရသေး။ ညနေဘက်တွင် ရန်ကုန်တက္ကသိုလ်နှင့် ရေတပ်ကန်ကြမည့် ဘောလုံးပွဲလည်းရှိ၏

 (၄)
4 July 1962 နေ့ကလို တကသ စားသောက်ဆိုင်မှာ သွားစားဖို့ မည်သူကမှအဖေါ်လာမစပ်၊ ကျွန်တော်ကလည်း လိုက်မရှာ၊ နေထိုင်ရာ ဘော်ဒါဆောင်က ထမင်းချိုင့်လည်း အေးစက်နေရော့မည်။ တစ်ခါတလေတော့လည်း ပျင်းပျင်းနှင့် ထိုထမင်းအေး ဟင်းအေးစားကာ ဘော်ဒါဆောင်မှာ ၀တ္ထုထိုင်ရေးစမြဲပင်။ ဘော်ဒါဆောင်က နံပါတ် (၄၅) အာတီးယားလမ်းမှာပါ။
မြန်အသံက လမ်းလျှောက်ပြန်လျှင် (၁၀) မိနစ်၊ ဘတ်စ်ကားစီလျှင် (၁၀) ပြား။ လှည်းထိပ်သို့ဖြစ်စေ တကသ စားသောက်ဆိုင်သို့ဖြစ်စေ လမ်းလျှောက်သွားလျှင် (၁၀) မိနစ်ပင် မကြာချင်။

 (၅)

7 July 1962 နေ့တွင် ကျွန်တော်မြို့ထဲထွက်ခဲ့၏။

မဂိုလမ်းက စားနေကျဆိုင်တွင် နေ့လယ်စာစားသည်။ ဗိုက်လေးလေးနှင့် ဗိုလ်ချုပ်ဈေးကိုဖြတ်၊ ဂုံးတံတားကိုကျော်ပြီးနောက် ဆင်းဒွစ်လမ်းရှိ ရှုမ၀မဂ္ဂဇင်းတိုက်သို့ဝင်၏။ စာမူခနှင့်မေတ္တာလက်ဆောင် ရှုမ၀မဂ္ဂဇင်းယူ၏။ အတိုင်ပင်ခံစာတည်း ဆရာတင့်တယ်က လက်ခံစကားပြော၍ နားထောင်ခွင့်ရလိုက်၏။
ဘောလုံးပွဲ အချိန်နီးလာပြီ။ ထို့ကြောင့် ယောက်လမ်းဘက်လျှောက်ကာ အောင်ဆန်းကွင်းသို့ လာခဲ့သည်။ ပရိသတ်အတော်များ ပွဲကလည်းပွဲကောင်း၊ ရန်ကုန်တက္ကသိုလ်က ရေတပ်ကို ၄-၀ နှင့်နိုင်သည်။ ဘယ်ဝင်း နေ၀င်း (၂) ဂိုး၊ မော်လမြိုင်ကောလိပ်က ပြောင်းလာသသူ စင်တာဖောဝပ် အောင်ခင် (၂) ဂိုးသွင်းသည်။
ပွဲအပြီး ရန်ကုန်တက္ကသိုလ်ဘောလုံးသမားများနှင့်ကပ်ပြီး နဂါးကားနှင့်ပြန်လာ၏။

 ထူးခြားသည်ကား ခါတိုင်းလို အော်ဟစ်ဆူညံသံတွေ မကြားရ။ ဆရာငြိမ်း မြို့ထဲ နေရစ်ခဲ့၍မပါ၊ အသင်းမန်နေဂျာ ဒေါက်တာမောင်ရှိန်ပါလာသည်။ သထုံ၊ မော်လမြိုင်၊ ဘားအံသို့ ချစ်ကြည်ရေးသွားကန်စဉ် ကျွန်တော် မြန်အသံက ခွင့်ယူပြီးလိုက်ပါသွားဖူးသည်။ ခင်မင်ခဲ့သော ငွေကိုင်၊ ကျော်ကျော်၊မောင်ပြုံး---စသူတို့လည်း မကြုံစဖူး စကားနည်းနေကြ၏။

ထုံးစံအတိုင်း ထွက်လာခဲ့ရာ--တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားလမ်းထောင့်၌ စစ်သားများ--ရဲများ စောင့်နေကြပြီး ကျွန်တော်တို့ကားကို တားသည်။ မောင်ပြုံးပြေးဆင်းသွားပြီး ငါတို့ဘောလုံးသမာတွေ အဆောင်ပြန်တာ ဘာလို့တားရတလဲဟု ပြောဆို စကားများစဉ်-- ကားပေါ်ကနေ ကိုပြုံးပြန်တက်ခဲ့ပါဟု ၀ိုင်းအော်ကြ ပြန်ခေါ်ကြသည်။

 ဆရာဒေါက်တာမောင်ရှိန်ပါက ကားကို အင်းယားလမ်း၊ ၀င်ဒါမီယာလမ်း--ထို့နောက်ဦးဝိစာရလမ်း အတိုင်းမောင်းစေ၏။ ဟံသာဝတီအ၀ိုင်းနားတွင် စောင့်နေသောစစ်သားများက လုံးဝသွားခွင့်မပေးပြန်သဖြင့် အားလုံးဆင်းပြီး လမ်းလျှောက်ကြရသည်။

မိုးကတဖွဲဖွဲရွာနေ၏။

 ဘောလုံးကိုင်ဖိနပ်ကို လက်ကကိုင်ကြ၊ ကျွန်တော်ကလည်း ရှုမ၀မဂ္ဂဇင်း မိုးမစိုရန် ကိုယ်နှင့်ကပ်ထား၊ ငွေကိုင်၏ပခုံးကို ဖက်ကာလျှောက်လာကြသည်။ မြန်မာ့အသံရှေ့ ပြည်လမ်းမကြီးပေါ် လူသွားလူလာကင်းကာ စစ်သားများသာ တွေ့ရ၏။ ဘောလုံးသမားများ သူတို့နေရာ ပုဂံဆောင်ဘက် ချိုးဝင်သွားရာ--ကျွန်တော်လည်း တစ်ယောက်တည်း အာတီးယားလမ်းထိပ်၊ ထို့နောက်ဘော်ဒါဆောင်သို့ လျှောက်ပြန်လာခဲ့ရသည်။

(၆)

ကျွန်တော့်အခန်းရှိရာ အပေါ်ထပ်သို့ တက်လာသောအခါ ထမင်းချိုင့်ဖွင့်စားကြသော စားပွဲတွင်စုပြီး ရေဒီယိုနားထောင်နေကြ၍ ၀င်ရပ်လိုက်သည်။ သေဆုံးသော ကျောင်းသားအမည်၊ အတန်း၊ မိဖအမည်တို့နှင့် မြန်မာ့အသံက ကြေညာနေခြင်းဖြစ်သည်။ မည်သူမှစကားမပြောနိုင်ကြ။
ကျွန်တော်လည်း သိသလိုလို ရိပ်မိသလိုလို။

 ကြေညာလို့ပြီးသွားတော့မှ သိသူများက နေ့လယ်ဘက်က အဆောင်စည်းကမ်းသစ်များကို တကသ၌ စည်းဝေး ကန့်ကွက်ပြီးနောက် အဓိပတိလမ်းမတစ်လျှောက် ဆန္ဒပြကြ၊ အချိန်ကြာလာသည်နှင့်အမျှ လူပိုများ သွေးဆူလာ၊ ရဲတွေရောက်လာ တကသ ခေါင်းဆောင်များအား ဖမ်းသွားပြီစသည့် သတင်းကြောင့် ပါမောက္ခချုပ်သစ် ဦးကာ၏ မော်တော်ကားကို မီးရှို့လိုက်ကြ၊ နောက်တော့ စစ်သားများရောက်လာ--စသဖြင့်။

 သေနတ်သံများကို ကျွန်တော်တို့ဘော်ဒါဆောင်ကပင် ကြားရသည်တဲ့။

ကျွန်တော့်အခန်းဝ၌ ထမင်းချိုင့်ချထားသော်လည်း စားချင်စိတ်မရှိ။ ရေလည်းမချိုးမိ၊တနေကုန် ၀တ်ထားသည်နှင့်သာ အိပ်ယာပေါ်လှဲချလိုက်၏။ တကသ ဘက်သို့ သွားကြည့်ချင်--မြင်လည်းမမြင်ချင်ပြန်။
ဘောလုံးသမားများ အဖြစ်က ပိုဆိုးပါမည်။ ပုဂံဆောင်ပြန်ရောက်တော့ ထမင်းးစားခန်းပိတ်သွားပြီမို့ သောက်ဖို့ရေပင်မရှိ၊ ခါတိုင်းလို လှည်းထိပ်သို့ ထွက်စားလို့မရဟု နောက်ပိုင်းတွင် သူတို့ပြောပြ၏။
ချွေးတွေနှင့် စိတ်ကလည်း မကြည်မလင်၊ သြော် ကန့်ကော်ရနံ့သင်းတဲ့ တက္ကသီလာမှာ ခုတော့ အရှင်လတ်လတ် ပစ်သတ်ခံရသူ ကျောင်းသားတို့ရဲ့ သွေးစိမ်းနံ့--ယမ်းနံ့များ လွှမ်းနေပြီလော၊ ဥသြတွံသံအစား အစိမ်းသေရသူတို့ ၀ိဥာဉ်များရဲ့ ငိုညည်းသံများ နေရာယူလာပြီလား--စဖြင့် တွေးမိ၍ထင်ပါရဲ့။

အိပ်မက်လိုလို တစ္ဆေခြေက်သလိုလို--ဂယောက်ခြောက်ခြား--၊ အော့ချင်သလိုလို အံချင်သလိုလိုနှင့်၊
မနက် (၆) နာရီလောက် ဧရာမမြည်ဟီးသံကြီးနှင့် ကျွန်တော်တို့ဘော်ဒါဆောင်ကြီး တုန်ခါသွားတော့မှ နိုးလာလေတော့၏။

 (၇)

7 July 1962 နှင့်ပတ်သက်၍ မကျေနပ်ကြ၊ ဒေါသထွက်ကြ၊ နာကြည်ကြခြင်းသည် ဖြစ်သင့်ပါသည်။ သို့သော်လည်း ဗိုလ်နေ၀င်းလော--ဗိုလ်အောင်ကြီးလောဟု သားစဉ်မြေးဆက် ငြင်းနေကြခြင်းထက်ပို၍ ကြည့်သင့်မြင်သင့် လေ့လာသင့်ကြပါ၏။ ပိုမိုကျယ်ပြန့်သော ဖြစ်ရပ်မှန်ကို သိချင်ကြသူများရှိပါမည်။ သိချင်ကြသည်ထက် ဆက်လက်စူးစမ်းလေ့လာလိုသူများလည်း ရှိသင့်ရှိစေချင်ပါသည်။

ထိုရည်ရွယ်ချက်ဖြင့် ကျွန်တော်ဤဆောင်းပါးကိုရေးပါသည်။

အစတွင်ဆိုခဲ့သည့်အတိုင်း မိမိ၏ကိုယ်ပိုင် ခံစားချက်များ ခဏမျိုသိပ်ထားကာ သတင်းသမားကျင့်ဝတ် အတတ်နိုင်ဆုံး ကျင့်သုံးပြီးရေးသားခြင်းဖြစ်၏။ အချိန်များစွာယူ အချက်အလက်များမှန်ကန်ရန် ဟိုနိုင်ငံ သည်နိုင်ငံ တယ်လီဖုန်းဆက်၊ အကိုးအကားများ Research လုပ်ထားရပါသည်။ ထို့ကြောင့် စာဖတ်သူတို့က ဖတ်ကြည့်ပြီးမှသာ မိမိ၏အမြင်ကို Comment ရေးစေချင်ပါသည်။
ကျွန်တော်မျှော်မှန်းသည့်အတိုင်း တုန့်ပြန်မှုများရှိလာပါက 8 July 1962 ကိုဆက်ရေးသားမည်ဟု တွေးမိကြောင်းပါ။

 ၂၀၁၈ ခု၊ ဇူလိုင်လ (၇) ရက်နေ့။

ဒေါက်တာခင်မောင်ဝင်း(သချာင်္) - ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ - နိဒါန်း

$
0
0


ဒေါက်တာခင်မောင်ဝင်း(သချာင်္) - ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ - နိဒါန်း

(မိုးမခဘာသာပြန်အခန်းဆက်) ဇူလိုင် ၁၁၊ ၂၀၁၈


Steven lovitsky နှင့် Danial Ziblatt တို့ရေးသားသော How DEMOCRACIES Die စာအုပ်နိဒါန်းကို ဘာသာပြန်သည်။

စတီဗင်လီဘစ်စကီနှင့် ဒယ်နီယယ်ဇိဘလပ် တို့သည် ဟာဘတ်တက္ကသိုလ် (Harvard University) မှ နိုင်ငံရေးသိပ္ပံပါမောက္ခများဖြစ်ကြသည်။ သူတို့သည် နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ဥရောပတိုက်နှင့် လက်တင်အမေရိကန်နိုင်ငံများ တွင် ဒီမိုကရေစီစနစ်များကျဆုံးသည့် အဖြစ်အပျက်များကို လေံလာခဲ့ကြသည်။

ထိုပါမောက္ခနှစ်ဦး၏တွေ့ရှိချက်အရ ဒီမိုကရေစီစနစ်များကျဆုံးခြင်းမှာ စစ်တပ်မှအာဏာသိမ်းခြင်းကြောင့် မဟုတ်။ စစ်လက်နက်ကိုင်တော်လှန်ရေးများ ကြောင့်မဟုတ်။ ၄င်းသည် တဖြေးဖြေး ယိုယွင်းပျက်စီးလာခြင်းများကြောင့် ဖြစ် သည်။ ယိုယွင်းပျက်စီးလာသောအရာများမှာ တရားရေးရာကိစ္စများ၊ ပုံနှိပ်ခြင်း မီဒီယာများနှင့် ခိုင်မာစွာရပ်တည်ခဲ့သော နိုင်ငံရေးဆိုင်ရာ စံနှုန်းများဖြစ်သည်။ ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်ချန်ပီယံဟု ခေါ်နိုင်သော အမေရိကန်နိုင်ငံတွင်ပင်လျှင် ဒီမိုကရေစီစနစ် ပျက်စီးမှုများ၏ပထမအဆင့်ကို ကျော်ဖြတ်ခဲ့ပြီဖြစ်သည်။ ထိုပထမအဆင့် မှာ ဒေါ်နယ်ထရမ့် ( Donald Trump) သမ္မတဖြစ်လာခြင်း ဖြစ်သည်ဟု ထိုပါမောက္ခနှစ်ဦးက သုံးသပ်ကြသည်။

ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်များပြိုကွဲခြင်းကို အများကမြင်ကြသည်မှာ လက်နက်ကိုင်အကြမ်းဖက်သော လူများ၏ လက်ချက်ကြောင့်ဖြစ်သည်။ စစတပ်က အာဏာသိမ်းခြင်းကြောင့် ဖြစ်သည်။ ဤသို့ ရှုမြင်ခြင်းသည် အာဂျင်တီးနား၊ ဂါနာ၊ ဘရာဇီး၊ ဂရိ၊ ဂွန်တီမာလာ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ပီရူး၊ ထိုင်း၊ တာကီ၊ ဥရုဂွေး နိုင်ငံများ ဒီမိုကရေစီကျဆုံးခြင်းကိုကြည့်လျှင် လက်နက် ကိုင် အကြမ်းဖက်သူများကြောင့် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

သို့သော် ဒီမိုကရေစီစနစ်များကျဆုံးသော အခြားနည်း၊ သိမ်မွေ့သောနည်း များရှိပါသည်။ ကျဆုံးသောနည်းအနေဖြင့် သိမ်မွေ့သော်လည်း ဒီမိုကရေစီစနစ် ပျက်ဆီးခြင်း၊ ကျဆုံးခြင်းမှာ အတူတူပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်များကို ဖျက်ဆီးသောသူများမှာ အာဏာသိမ်းသော ဗိုလ်ချုပ်များမဟုတ်ပါ။ ပြည်သူလူထု ကိုယ်တိုင်ရွေးချယ်ထားသော နိုင်ငံရေးခေါင်းဆောင်များဖြစ်သည်။ သူတို့သည် သူတို့အာဏာရရှိလာသော ဒီမိုကရေစီနည်းလမ်းကိုသုံး၍ ဒီမိုကရေစီစနစ်ကို ပျက်စီးအောင်လုပ်ကြသည်။ အနှေးနဲ့အမြန်သာကွာသည်။ ဒီမိုကရေစီစနစ်ကျဆုံး ခြင်းဟူသော ရလဒ်သည် အတူတူပင်ဖြစ်သည်။ ဟစ်တလာ (Hitler) ကဲ့သို့သော ခေါင်းဆောင်သည် ရိုက်ရှတပ် (Reich-stag) မီးလောင်မှုအပြီးတွင် ဒီမိုကရေစီ စနစ်ကို အလျှင်အမြန်ဖျက်ဆီးလိုက်သည်။ သို့သော် ယခုအခါတွင် ဒီမိုကရေစီ ပျက်စီးခြင်းသည် တဖြေးဖြေးမသိမသာ ပျက်စီးမှန်းမသိ၊ ပျက်စီးသည့်အဆင့်များ ကိုပင် မမြင်ရဘဲ ပျက်စီးသွားခြင်းဖြစ်သည်။

ယခုခေတ်တွင် ဒီမိုကရေစီစနစ်များ ကျဆုံးသည့်လမ်းကြောင်းများသည် တမျိုးပြောင်းသွားပြီဖြစ်သည်။ အများယူဆထားသလို ဖက်ဆစ်ဝါဒ၊ ကွန်မြူနစ် ၀ါဒ၊ စစ်အုပ်ချုပ်ရေးတို့ကြောင့် ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းမဟုတ်တော့ချေ။ နိုင်ငံတော်တော်များများတွင် ပုံမှန်ရွေးကောက်ပွဲများကို ပြုလုပ်နေဆဲဖြစ်သည်။ ထိုနိုင်ငံများတွင်လည်း ဒီမိုကရေစီ ကျဆုံးနေကြသည်။ ကျဆုံးသောနည်းများမှာ အမျိုးမျိုးရှိသည်။ နောက်ဆုံးရလဒ်မှာ ဒီမိုကရေစီ ကျဆုံးခြင်း ဖြစ်သည်။ ကျဆုံးခြင်းကို ဖြစ်စေစေသော ပုဂ္ဂိုလ်များမှာ ဗိုလ်ချုပ်များ၊ စစ်မှုထမ်းများ မဟုတ်ပါ။ ပြည်သူများကိုယ်တိုင် ရွေးကောက်တင်မြှောက်ထားသော အစိုးရများပင် ဖြစ်ကြသည်။ ယခုခေတ်တွင် ဒီမိုကရေစီကျဆုံးခြင်းလမ်းစဉ်သည် တရားမျှတသောရွေးကောက်ပွဲမှ စတင်သည်။

တရားမျှတသောရွေးကောက်ပွဲမှ စတင်သော ဒီမိုကရေစီပျက်စီးမှုလမ်းစဉ်သည် အလွန်အန္တရာယ်များပါသည်။ လိမ်လည်မှု၊ လှည့်ဖြားမှု အပြည့်ရှိပြီး၊ ရှိမှန်းပင် မသိရသဖြင့် ပို၍ပင် အန္တရာယ် များပါသည်။

ချီလီနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပွဲဖြစ်ရပ်တွင် ဒီမိုကရေစီကျဆုံးသွားသောအဖြစ်ကို အားလုံးက ထင်ထင်ရှားရှား မြင်ခဲ့ရသည်။ သမ္မတ၏ နန်းတော်ကြီး မီးလောင်၍ ပျက်စီးသွားသည်ကို လူတိုင်းမြင်ရသည်။ နိုင်ငံတော်သမ္မတ သေဆုံးသွားသလား၊ အကျဉ်းကျခံရသလား၊ အဝေးကို အပို့ခံလိုက်ရသလား၊ တခုခုဖြစ်သွားတာကတော့ သေချာသည်။ နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေဟူသည် ဘယ်ရောက်သွားမှန်း မသိတော့ချေ။

သို့သော်လည်း ယခုခေတ် ဒီမိုကရေစီပျက်စီးစေသည့်ဖြစ်ရပ်တွင်ကား ချီလီနိုင်ငံကဲ့သို့အဖြစ်မျိုးတွေကို မတွေ့ရပါ။ ရွေးကောက်ပွဲဖြစ်စဉ်များသည် သူ့နေရာသူ ဆက်လက်တည်ရှိနေသည်။ လမ်းပေါ်ထွက် အကြမ်းဖက်မှုများကို မတွေ့ရပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် သူ့နေရာမှာ သူ ရှိနေသည်။ ဒါတွင်သာမက ဒီမိုကရေစီနိုင်ငံတွင် ရှိရမည့် လက္ခဏာများ အဖွဲ့အစည်းများသည် သူ့နေရာနှင့်သူ ရှိနေကြသည်။ လူအများသည် ပုံမပျက်ပဲ မဲပေးနေကြသည်။ ဒီမိုကရေစီတွင် ရှိရမည့် အပေါ်ယံလက္ခဏာများသည် ဆက်လက်၍ တည်ရှိနေသည်။

အုပ်ချုပ်သူအစိုးရ၏ ဒီမိုကရေစီကို မှေးမှိန်အောင် ကြိုးပမ်းလုပ်ဆောင်သော အလုပ်များသည် ‘ဥပဒေအတိုင်း’၊ ‘တရားမျှတမှုရှိသည်’၊ ‘တရားရုံးများကလည်း တရားဝင်သည်’ ဟူ၍ လက်ခံထားကြသည်။ ထိုသို့ ဒီမိုကရေစီကို မှေးမှိန်အောင် လုပ်ဆောင်သော အလုပ်များကို ‘ဒီမိုကရေစီ ရှင်သန်ရေးကို အားပေးသည်ဟူ၍ပင် လက်ခံစေသည်’ ။ အစိုးရ၏ အလုပ်ဟူသမျှသည် တရားရုံးစနစ်ကို ပို၍ ကောင်းစေသည်၊ အကျင့်ပျက်မှုများကို တိုက်ခိုက်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲစနစ်များကို သန့်ရှင်းစေသည် ဟူ၍ပင် လူများကို လက်ခံစေသည်။

သတင်းစာများသည် ဆက်လက်၍ ရှိနေသည်။ သို့သော် သူတို့ကို နောက်ကွယ်မှ အနိုင်ကျင့်သောနည်းဖြင့် တနည်း၊ လာဘ်ထိုး၍ တနည်း၊ သူတို့ကိုယ်သူတို့ အစိုးရ မကြိုက်သောအရာများကို မရေးဖြစ်အောင် လုပ်ဆောင်ကြသည်။ ပြည်သူလူထုသည် အစိုးရကို ဝေဘန်နိုင်သည့် အခွင့်အရေး ရှိသင့်သလောက် ရှိသည်၊ သို့သော် အခြားတဖက်တွင် အခွန်ကိစ္စ၊ တရားရုံးကိစ္စများဖြင့် ရှုပ်ထွေးစေသည်။ ထို့ကြောင့် ပြည်သူလူထုသည် ဘာကို ဘယ်လို ယုံရမည်။ ဘယ်လိုနားလည်ရမည် ဟူသည်နှင့် ပတ်သက်၍ အစိုးရက စနစ်များကို တမင်ရှုပ်ထွေးအောင် ဖန်တီးထားသည်။ လူများသည် တကယ် ဘာဖြစ်နေသည်ဟူသည်ကို ချက်ခြင်း မရိပ်မိကြချေ။ လူတော်တော်များများသည် သူတို့သည် ဒီမိုကရေစီစနစ်အောက်မှာ ရှိနေကြသေးသည်ဟု ယုံကြည်နေကြသည်။

ဤနေရာတွင် တခုနားလည်ထားရမည်မှာ နားမလည်ခြင်း၊ ရှုပ်ထွေးခြင်း ဟူသောအရာများသည် မတော်တဆဖြစ်ခြင်းမဟုတ်။ ဒီမိုကရေစီ ပျက်စီးခြင်းလမ်းပေါ်တွင် တမင်စီမံကိန်းဖြင့် ဖန်တီးထားသော အရာများဖြစ်သည်။ နားမလည်သောအရာ ရှုပ်ထွေးသော အရာတခုခုကို တွေ့တိုင်း ၎င်းတို့ကို တမင်ဖန်တီးထားသောအရာများ ဖြစ်သည်ဟူသည်ကို သိရန် လိုအပ်ပါသည်။

ပြည်သူလူထုအနေဖြင့် ဒီမိုကရေစီစနစ်များ ကျဆုံးသည့်လက္ခဏာများကို မှတ်မိဖို့ လိုအပ်ပါသည်။ ဤသည်ကား ဒီမိုကရေစီစနစ် မကျဆုံးစေရန် ကာကွယ်နိုင်သည့် ပထမအဆင့် ဖြစ်ပါသည်။

ဒေါက်တာခင်မောင်ဝင်း(သချာင်္)

Steven lovitsky နှင့် Danial Ziblatt တို့ရေးသားသော How DEMOCRACIES Die

ကာတွန်း ညီပုချေ - ငါ့ ဒီမိုကရေစီ

$
0
0

ကာတွန်း ညီပုချေ - ငါ့ ဒီမိုကရေစီ
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၈

ကာတွန်း ATH ရဲ့ နေဝင်ညကို ကူးခတ်သွားသူ ...

$
0
0

ကာတွန်း ATH ရဲ့ နေဝင်ညကို ကူးခတ်သွားသူ ...
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၈

နိုလှိုင်း - ပန်းရဲ့လမ်း

$
0
0
ပန်းရဲ့လမ်း
နိုလှိုင်း
(မိုးမခ) ဇူလိုင် ၁၁ ရက်၊ ၂၀၁၈

ဒီ​နေ့ဟာ
ဒီည​နေဟာ
ဒီအခိုက်​အတန့်​ဟာ
လေထုထဲ စိုထိုင်းဆသာ တစစမြင့်​လာမယ်
မျှော်​လင့်​ချက်​ဟာ တ​ဖြေး​ဖြေး တုန်​ရီ​ဖျော့​တော့​​နေမယ်
ရှေးဦးစွာ ဦးညွတ်​လိုက်​ပါရဲ့
ဒီခဏတာ 
ဒီ​လေးနာရီဆယ်​မိနစ်​ဟာ
မိုး​ရေနဲ့ လှမ်းလှမ်းချိတ်​​နေရတဲ့ အား​လျော့ခြင်း​တွေပါပဲ
တ​ငွေ့​ငွေ့ကျွမ်း​​လောင်​နေတယ်
တ​မြေ့​မြေ့ ​အေးစက်​​နေ​လေရဲ့
မိုးဟာ တစက်​စက်​တိတ်​ဆိတ်​စွာ
စွတ်​စို ​ကြေကွဲဖွယ်​ရွာ​နေ​လေရဲ့။

အဲဒီအချိန်​ အဲဒီ​နေ့က
ဘာ​ကြောင့်​များ အဲဒီ​လောက်​​တောင်​မိုး​တွေစွေ​ရတာလဲ ​မေးလို့
ဘာ​ကြောင့်​များ ​ဆွေးရိပ်​ဟာ တစိမ့်​စိမ့်​ ​ဆွေးလို့
ဘာ​ကြောင့်​များ မိုးရွာ​နေလျက်​​ လမ်းမဟာသွေ့​ခြောက်​​နေရတာလဲ
ဘာ​ကြောင့်​များ မိုးစက်​​တွေဟာ အလွမ်းသံပါ​နေရတာလဲ 
ဘယ်​ကီးနဲ့ပဲ ရွာရွာ
ဒီမှာ ကံမကုန်​​သေးလို့ပါ ကျုံး​အော်​​နေရ
ဒီမှာ ပြန်​ဆုံကြမယ်​ဆိုတာ​ပြောရုံရှိ​သေး
မိုးသား​တွေပဲ ညို့ညို့တက်​လာတယ်

တိတ်​ပါ ဒီမိုးရဲ့
တော်​ပါ​တော့ ရွာ​နေတယ်​မိုးရဲ့
အသက်​တမျှမိုးရဲ့တဖက်
အေးစက်​တဲ့အထိအ​တွေ့​တွေရဲ့အသက်
ပြတင်းတံခါးအပြင်​မှာ တ​ပေါက်​​ပေါက်​ကျလို့
တစ်​​နေကုန်​ အား​လျော့လာတဲ့ အားလုံးမျက်​ဝန်းမှာ​သွေးစို့လို့
နဒီမင်္ဂလာ တရား​ကိုနာ​ကြရတယ်
လွမ်းဆွတ်​​ကြေကွဲ​နေတဲ့ ခရမ်းပြာပန်းပွင့်​​တွေ။    ။

နိုလှိုင်း
၂၀၁၈ ဇူလိုင်​ ၁၀
( ဦးရဲလွင်​(မဇ္ဈိမလှိုင်း) ပန်းခရမ်းပြာ သို့... )

ကိုသန်းလွင် ● ကုန်သွယ်ရေးစစ်ပွဲ

$
0
0
ကိုသန်းလွင် ● ကုန်သွယ်ရေးစစ်ပွဲ
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၈

(၁)
လွန်ခဲ့သောလက ဘေဂျင်းသို့ ကျွန်တော်ရောက်ခဲ့ပါသည်။ ဘေဂျင်းမြို့သို့ရောက်လျင် ဂူးဂဲလ်၊ ဖေ့ဘွတ်နှင့် အူဘာ (Google, Facebook, Uber) တို့ကိုသုံး၍မရနိုင်ကြောင်း သိပါသည်။ ကျွန်တော်သည် အပြင်မှာသုံးစွဲရသည့်အရာများ တရုတ်ပြည်မှာ မရနိုင်ဆိုခြင်းမှာထူးဆန်းနေသည်။ တရုတ်တို့ကစိတ်အနှောင့်အယှက်ဖြစ်ဟန် မတူ၊ သူတို့သည်သူတို့နိုင်ငံမှလုပ်သည့် Baidu ကို ဂူဂဲလ်အစားနှင့် ဆိုရှယ်မီဒီယာအတွက် “Wechat"သုံးမည်။ တက္ကစီငှားလိုပါလျင် “Didi”  ကိုသုံးမည်၊ သတင်းတွေဖတ်လိုလျင် Toutiao ကို သုံးမည်။ ဘေဂျင်းတွင်လုပ်သမျှကို အစိုးရက စောင့်ကြည့်နေမည်ဆိုခြင်းကို သိပါ သည်။ ဤအလုပ်ကို သာမန်ဖြစ်သော လုပ်နေကျ အလုပ်တခုသဖွယ် သဘောထားကြပါသည်။

(၂)
တရုတ်အစိုးရအနေဖြင့် သူတို့နိုင်ငံသားများအတွက် မိမိကိုယ်ပိုင်တံဆိပ် (Brand) ဖြင့်သာ သုံးစွဲခွင့်ပေးခဲ့ပါသည်။ လွတ်လပ် ခွင့် (Privacy) ဆိုသည်မှာမရှိ။ သူတို့၏တကယ့်ရည်ရွယ်ချက်မှာ သူတို့တံဆိပ်ကိုတရုတ် ပြည်၌သာမက တကမ္ဘာလုံးစိုးမိုးရန်ရည်ရွယ်ရင်းပင်ဖြစ်သည်။ အမေရိကန်နှင့်အပေါင်းအပါတို့ကလည်း တရုတ်တို့ကြီးစိုးမည့်အရေးကို အစွမ်းကုန် ကာကွယ် ကြမည်ဖြစ်သည်။

သမ္မတထရန့်မှာ ထိုစစ်ပွဲတွင် အမေရိကန်နိုင်ငံကို ဦးဆောင်နိုင်ဖွယ်မရှိ။ သူမကြာခင်က သတ်မှတ်လိုက်သော သံမဏိနှင့် အလူမီနီယမ်တို့အပေါ် တင်းကြပ်အခွန်ကောက်ခံမည့် စီမံကိန်းကို တရုတ်ပြည်သာမက မိတ်ဆွေနိုင်ငံဖြစ်သည့်ကနေဒါနှင့်ဂျာမနီအပါအ၀င် ဥရောပကောင်စီ နိုင်ငံများက ဆန့်ကျင်လျက်ရှိသည်။ သို့သော် သံမဏိအပေါ်အခွန်ကောက်ခြင်းမှာ ဖြစ် ပွားဖွယ်ရှိသော တရုတ်နှင့်ကုန်သွယ်ရေးစစ်ပွဲနှင့်စာသော် ဘာမှအရာ မရောက်သည့်ကိစ္စဖြစ်သွားသည်။ ရေရှည်တွင် မည့်သည့်နိုင်ငံက စီးပွားရေးတွင်ကြီးစိုးမည်ကို စက်မှုစွမ်းအား (Technology) က အဆုံးအဖြတ်ပေးပါလိမ့်မည်။ တိုင်းပြည် တခုတွင် လူတို့၏ လုပ်အားနှင့် ရင်းနှီးငွေသည် ဂျီဒီပီ GDP ၏ ၂၀ ရာခိုင်နှုန်းမျှသာ ရှိပြီး ကျန် ၈၀ ရာခိုင်နှုန်းမှာ စီးပွားရေးတိုး တက်မှုဘက်မှဖြစ်သည်။ ထုတ်ကုန်တိုးမြှင့်ရေးအတွက် စက်မှုအားကို အဘယ်မျှသုံးနိုင်မည်ဆိုသည့်အပေါ်တွင် မူတည်ပါ သည်။

တရုတ်ပြည်၏ရည်မှန်းချက်များတွင် သူတို့လူနေမှုအဆင့်အတန်းကို အနောက်နိုင်ငံတို့သို့ အမှီလိုက်ရန်တခု အပါအဝင်ဖြစ် သည်။

လူပေါင်းများစွာက တရုတ်၏ထုတ်ကုန်အပေါ်တွင် အခွန်ကောက်ခံဖို့အရေးကို ရှုံချနေကြသော်လည်း တရုတ်ပြည်အပေါ် တွင် ဒေါ်လာ ၆၀ ဘီလီယံမျှ အကောက်ခွန်ကိုချမှတ်သောအခါ ဝမ်းသာနေကြသည်။ အကယ်၍ တရုတ်ပြည်က တန်ပြန် အကောက်ခွန်ကို သတ်မှတ်ပါလျှင်နောက်ထပ် ၂၀၀ ဘီလီယံတိုးချမည်ဟုလည်း ခြိမ်းခြောက်ထားသည်။ ထိုအတောအတွင်း တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်တို့နှင့် စက်မှုဆိုင်ရာဗဟုသုတများကို တရုတ်ပြည်သို့တင်ပို့ခြင်းကိုလည်း သေချာ စိစစ်နေသည်။

မစ္စတာထရန့်က သူသမ္မတမဖြစ်မီကတည်းက စတင်နေခဲ့သော ကုန်သွယ်ရေးစစ်ပွဲကို ပိုမိုကျယ်ပြန့်အောင်၊ အရှိန်အဟုန်ရ အောင် ဆောင်ရွက်နေသည်။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကြပ်အတည်းပြီးကတည်းက နိုင်ငံများမှာ ဘော်ဒါကိုကျော်ဖြတ်၍ ကူးသန်းရောင်းဝယ်ရေးအတွက် ကုန်စည်နှင့် ငွေကူးသန်းခြင်းနှင့် လူဖြတ်သန်းခြင်း (Immigration) တို့ကို အတားအဆီးများ ပြုလုပ်ကြသည်။ ဂလိုဘယ်လိုက်ဇေးရှင်း၏ ချန်ပီယံများက နိုင်ငံတို့၏ နယ်နိမိတ်များပြိုကျပျက်စီးရမည်ဟု နိမိတ်ဖတ်နေချိန် တွင် တရုတ်ပြည်က သမ္မတထရန့်၏ တရုတ်ပြည်နှင့် ပတ်သတ်လျင် တင်းမာသော သဘောထားမှာ ပြောင်းပြန်ဖြစ်နေသည်။
အနောက်နိုင်ငံများက တရုတ်နိုင်ငံသည် တရားမ၀င်သော နည်းလမ်းများဖြင့် အနောက်နိုင်ငံများကို အမှီလိုက်လာနေသည်။ တရုတ်ပြည်တွင် ရင်းနှီးမြှုပ်နှံရန် ရောက်ရှိလာသောကုမ္ပဏီများကို သူတို့၏အတတ်ပညာများကို အတင်းသုံးခိုင်းသည်။ သူတို့၏သတင်းခိုးယူသူများက (hacker) များက အတတ်ပညာကိုခိုးယူသည်။ ၁၉ ရာစုနှစ်က အမေရိကားသည်လည်း အင်္ဂလန်နိုင်ငံမှ တက်ခနိုလိုဂျီကို ကူးချဘူးသည်။ ဂျပန်နိုင်ငံ၏တိုးတတ်လာပုံမှာလည်း အမေရိကန်တို့၏လုပ်ပုံကိုင်ပုံကို ကူး ချခြင်းပင်ဖြစ်သည်။ ကူးယူပုံခြင်းတူသော်လည်း တရုတ်တို့လုပ်ကြသည်မှာ ပို၍ကြောက်စရာကောင်းသည်။

ဘေဂျင်းသည် ဂူဂဲနှင့်ဖေ့စ်ဘွတ်ကို နိုင်ငံတွင်းသို့အဝင်မခံ၊ (UBER) ကိုလည်း မတရားသောနည်းများဖြင့် ဖိအားကို သုံး လျက် ပြည်တွင်းကုမ္ပဏီတခုသို့ ရောင်းချရသည်။ (Amazon) ကို တရုတ်ပြည်မှထွက်ခွာသွားအောင် ဖိအားပေးသည်။ Chip Maker မာခရွန်ကို တရုတ်ပြည်အတွေင်း သူတို့ Chip များကိုမရောင်းရဟု တားမြစ်ထားသည်။ ပြည်တွင်းဈေးကွက်မှငွေကို ပြည်ပသို့ထွက်မသွားရအောင်လုပ်သည်။ ပြည်တွင်းကုမ္ပဏီများကို နိုင်ငံခြားတိုင်းပြည်များသို့ လုပ်ငန်းသဘာဝ ကျယ်ပြန့် အောင် ဆောင်ရွက်ပေးသည်။

ယမန်နှစ်က ပုလဲဆိပ်ကမ်းကို “Greater Bay Area” ဟုနာမည်ပေး၍ ရှမ်းဇန်း ကံတုံမြို့နှင့် ဟောင်ကောင် (Shenzhen, Guangzhou) တို့ကို အမေရိကန်နိုင်ငံမှ အီလီကွန်တောင်ကြားနှင့် ယှဉ်ပြိုင်နိုင်အောင်ကြိုးစား မည်ဟုကြေညာထားသည်။
တချိန်က Made in China သည် ခေတ်စားခဲ့သော်လည်း၊ ယခုအခါ “တရုတ်ပြည်တွင်ဖန်တီးသည်” (Create in China) ဆိုသောစကားဖြင့် အစားထိုးရန်ကြံစည်နေသည်။ တရုတ်ပြည်တွင်ယခင်က နေရာအနှံ့မှထုတ်လုပ်လိုက်သောပစ္စည်းကို တနေရာတွင် ပြန်လည်တပ်ဆင်ပြီးရောင်းချရသည်။ ယခုအခါ တနေရာတည်းတွင် ပစ္စည်းသစ်များကို တီထွင်ဖန်တီးထုတ် လုပ်ခြင်းဖြင့် ရှမ်ဇန်းပြည်နယ်သည် ဆီလီကွန်းတောင်ကြားထက် ပိုမိုကောင်းမွန်သောအရာများကို ထုတ်လုပ်နိုင်သည်ဟူ ၍ပြောနေကြသည်။

ကမ္ဘာတွင် ငွေကြေးတောင့်တင်းသော အင်တာနက်ကုမ္ပဏီ ၂၀ အနက် ၁၁ ခုမှာ အမေရိကန်မှဖြစ်ပြီး၊ ၉ ခုမှာ တရုတ်ပြည် မှဖြစ်သည်။ တရုတ်ပြည်မှ လွန်ခဲ့သော ၅ နှစ်က အင်တာနက်ကုမ္ပဏီ နှစ်ခုသာရှိသည်။ အလီဘာဘာနှင့် Tencent တရုတ် ကုမ္ပဏီ နှစ်ခုမှာအသုံးပြုသူ ပြည်တွင်းမှ ၉၀ ရာခိုင်နှုန်းရရှိပြီး ဂူဂဲလ်, ဖေ့စ်ဘွတ်တို့၏ ၁၀ ရာခိုင်နှုန်းသာ အမေရိကန်နိုင်ငံ အတွင်းမှ ဖြစ်သည်ကို တွေ့ရှိနိုင်သည်။ တရုတ်တို့က ဤမျှနှင့်အားမရနိုင်ဘဲ ပိုမိုကျယ်ပြန့်လာ စေရန်အား ထုတ်လျက်ရှိသည်။
ထရန့်အစိုးရက တရုတ်ပြည်ကုမ္ပဏီများ၏နယ်ပယ်ခံ အင်အားချဲ့ထွင်ခြင်းကို တားမြစ်လိုသည်။ မကြာမီက မန်းနီးဂရမ် (Money Gram) ခေါ် ငွေလွှဲကုမ္ပဏီကို တရုတ်ပြည်မှဝယ်ယူရန် ကြိုးစားခြင်းကို (Block) တားမြစ်ထားသည်။ Chip များပြု လုပ်သော Qualcomm ကို Broadcomm က ဝယ်ယူရန်အစီအစဉ်ကိုလည်း ခွင့်မပြုပေ။

ထရန့်ကတရုတ်တယ်လီကွန်ကုမ္ပဏီ ZTE သို့ ကုန်ပစ္စည်းရောင်းချရန် (Supplier) မလုပ်ရန်ပိတ်ပင်လိုက်သောအခါ ZTE က အမေရိကန်ပြည်မှ အဓိကကျသော ပစ္စည်းမရရှိနိုင်သည့်အတွက် စက်ရုံကိုပိတ်ရတော့သည်။ ထရန့်က ZTE အပေါ်ချမှတ် ထားသည့်တားမြစ်ချက်ကိုဖယ်ရှားရန် ZTE က ဒေါ်လာ ၅ ဘီလီယံ ဒဏ်ကြေးပေးရန်နှင့်၊ အဓိကအုပ်ချုပ်မှုကော်မတီလူကြီး များကိုထုတ်ပစ်ရမည်ဟု တောင်းဆိုသည်။ ထရန့်က ထိုအကြောင်းကို ကွန်ဂရက်သို့တင်ပြသောအခါ ကွန်ဂရက်က သဘောမတူခဲ့ပေ။

ထရန်၏လိုအပ်ချက်များမှာ Financial Technology နှင့် AI Artificial Inteligence ဘက်တွင် တရုတ်ပြည်သို့ စက်မှုပစ္စည်း တင်ပို့ခြင်းနှင့် အမေရိကန်ပြည်မှ ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ရန်ဖြစ်သည်။ အလားတူ ဂျာမနီက တရုတ်ပြည်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခြင်းကိုကန့်သတ်ပြီး၊ သြစတေးလျက တရုတ်တို့၏ 5G Technology ကို ပြည်တွင်းသို့အဝင်မခံရန် စဉ်းစားနေ သည်။

ရုရှား၊ ဘရာဇီးနှင့် အခြားနိုင်ငံများတွင် မိမိတို့နိုင်ငံအတွင်းပြည်သူများသုံးသော server များကို နိုင်ငံတွင်းတွင်   ထားရမည်ဟူ သောဥပဒေကို ချမှတ်ခဲ့သည်။ သို့မှသာ ထိုဆာဗာများ၏ အလုပ်လုပ်ရမှုများကိုစောင့်ကြည့်ရန် Control လုပ်ရန်လွယ်ကူ မည်ဖြစ်သည်။ ကာတာ၊ အီရန်နှင့် ယူအေအီးနှင့် အခြားနိုင်ငံအများအပြားမှာ နိုင်ငံခြားတွင် သုံးသည်။ WhatsApp နှင့် ဗိုက်ဗာ (Viber) တို့ကို တားမြစ်ထားသည်။

စီးပွားရေးကပ်ဆိုက်ပြီဆိုလျှင် အမေရိကန် ဥရောပနှင့်ဂျပန်နိုင်ငံတို့တွင် တင်ရှိသောကြွေးက များပြားလှပါသည်။ ဤသို့ ဆိုလျှင် ထိုအစိုးရများအနေဖြင့် စီးပွားရေးကပ်မှမှလွတ်မြောက်ရန် မလွယ်ကူလှပါ။ ဤကဲ့သို့အခြေအနေမျိုးတွင် ကိုယ်အကျိုးစီးပွားကို ကာကွယ်ခြင်း (Protectionism)  တခုသာလုပ်စရာရှိပါသည်။ မိမိအကျိုးကိုကာကွယ်ရန်အတွက် နိုင်ငံတွင်းဝင်လာမည့်ကုန်ပစ္စည်းအပေါ် အခွန်စည်းကြပ်ခြင်းကိုသာ လုပ်နိုင်ကြပါသည်။

ဤသို့ဖြင့် အမြှော်အမြင်ကြီးသူများက ချမှတ်ထားခဲ့ကြသော (Free Trade) နှင့် ဆန့်ကျင်သောအရာများသာ ဆက်တိုက်ဖြစ် လာ ရန်ရှိပါသည်။ ရင်းနှီးမြှပ်နှံသူများ ကုန်ထုတ်လုပ်သူများ ကြောက်ကြသည်မှာ ကုန်သွယ်ရေးစစ်ပွဲဖြစ်မှာကိုပဲဖြစ် ပါ သည်။

(၃)
ထရန့်၏အစိုးရကသောကြာနေ့က (ဇူလိုင် ၆ ရက်)နေ့က တရုတ်ပစ္စည်း ၃၄ ဘီလီယံပေါ်တွင် အခွန်စကောက်ပြီဖြစ်ရာ တရုတ်က လက်တုန့်ပြန်မည်အရေးကို စောင့်ရန်သာရှိတော့သည်။ လူအများကမူ ကုန်သွယ်ရေးစစ်ပွဲစပြီဟု ပြောဆိုနေကြ သည်။

ကိုသန်းလွင်
Ref: The coming Tech Battle with China, Ruchir Sharma Newyork Times June 28 2918

စန္ဒာမော် ● ဝေးခဲ့ရပြန်တဲ့ ပန်းခရမ်းပြာသို့ ဦးညွတ်ခြင်း

$
0
0
စန္ဒာမော် ● ဝေးခဲ့ရပြန်တဲ့ ပန်းခရမ်းပြာသို့ ဦးညွတ်ခြင်း
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၈

ကြည်ပြာကန်နံဘေးက တေးချစ်သူပရိသတ်ကို အနှစ်သာရအပြည့်ပါတဲ့ တေးဂီတတွေနဲ့ နှစ်ပေါင်းများစွာကြာအောင် ဖျော်ဖြေခဲ့တဲ့ ကမ်းမဲ့ပန်းဗေဒါတစ်ဆုပ်။ တည်ရာမှီရာတွေကို စွန့်လို့ မျောလို့နေခဲ့တဲ့ ပန်းခရမ်းပြာလေးတစ်ဖွဲ့ဟာ လောက နိယာမအရ ကမ်းနဲ့ တစ်ပွင့်ပြီးတစ်ပွင့် မရှေးမနှောင်း ဝေးဝေးသွားခဲ့ကြပါတယ်။

ခုတစ်ခါ လက်ကျန်ပန်းဗေဒါတစ်ပွင့်လည်း လက်ပြ နှုတ်ဆက်လို့ ကမ်းနဲ့ဝေးရာကို မျောလွင့်ထွက်ခွာသွားခဲ့ပြန်ပါပြီ။

ဝေးခဲ့ပြီပန်းခရမ်းပြာ၊ အရွယ်လွန်ရွေ့လျား၊ သဇင်ည၊ နဒီမင်္ဂလာ၊ နှလုံးသားစွမ်းအား၊ တို့ရင်ထဲ၊ အချစ်စစ် စတဲ့ သီချင်းတွေကို ရေးစပ်သီကုံးခဲ့ပြီး ပရိသတ်ရဲ့ နှလုံးသားထဲက ကြိုးတွေကို အသံထွက်အောင်တီးခတ်နိုင်ခဲ့တဲ့ ကိုရဲလွင် (ခေါ်) ဦးရဲလွင်ကြီး တစ်ယောက် ဒီကနေ့မှာပဲ သူချစ်တဲ့ တေးသီချင်းတွေ၊ သူချစ်တဲ့ ဂီတလောက သားတွေ၊ မငြိမ်းချမ်းနိုင်ကြသေးတဲ့ မြန်မာ ပြည်သူပြည်သား တွေအားလုံးကို ထားခဲ့ပြီး သူကတော့ ငြိမ်းချမ်းတဲ့ခရီးလမ်းကို လျှောက်လှမ်းသွားခဲ့ပါပြီ။

“အနုပညာအပေါ်သစ္စာရှိတဲ့၊ ငတ်ရင်ငတ်ပါစေ ဂီတကိုပြီးစလွယ်မလုပ်တဲ့ အင်မတန်ရှားရှားရှားပါးပါးသော လက်တစ်ဆုပ်စာ ထဲက ထပ်ဖဲ့ပေးလိုက်ရတာပေါ့” လို့ ဦးရဲလွင်ရဲ့ အမာခံပရိတ်သတ် ကိုတင်အောင်မြင့်က မချိတင်ကဲ ပြောပါတယ်။

မဇ္ဈိမလှိုင်း၊ ပန်းရဲ့လမ်း စတဲ့အဖွဲ့တွေကို တည်ထောင်ခဲ့သူ၊ ဘေ့စ်ဂစ်တာသမားကြီး ကိုရဲလွင်၊ အောင်မြင် ကျော်ကြားတဲ့ ဂီတသမားတွေဖြစ်ကြတဲ့ ခင်မောင်တိုး၊ အဉ္စလီမောင်မောင်၊ ကိုနေဝင်း စသူတို့နဲ့တွဲပြီးသိကြတဲ့ ကိုရဲလွင်ဟာ အသည်း ရော ဂါနဲ့ ရန်ကုန်ခုတင် ၅၀၀ ဆေးရုံသစ်ကြီးမှာ တစ်လကျော်ကြာ တက်ရောက် ကုသခံယူပြီးတဲ့နောက် ဒီကနေ့ညနေ ၄ နာရီ ၁၀ မိနစ်မှာပဲ နောက်ဆုံး ထွက်သက်နဲ့အတူ အိပ်စက်သွားပြီ ဖြစ်ပါတယ်။

“သူဝေဒနာပြင်းထန်နေချိန်မှာတောင် မေတ္တာသုတ်ကို ရွတ်ဖတ်နေခဲ့တာ” လို့ ကွယ်လွန်သူတေးသံရှင် ခင်မောင်တိုးရဲ့ ဇနီး ဒေါ်ဝေဝေလှိုင်က ပြောပါတယ်။ ကိုရဲလွင်ဟာ ဘဝမှာ ဂီတကိုသာ ယုံကြည်မြတ်နိုးရင်း၊ ငြိမ်းချမ်းရေးအတွက် သူတတ်တဲ့ ပညာနဲ့ ကြိုးပမ်းရင်းနဲ့ မေတ္တာတရားကိုသာ တစ်ဘဝလုံး လက်ကိုင်ထားပြီး နေခဲ့တယ်လို့လည်း အနီးကပ် ဆက်ဆံခဲ့ဖူးတဲ့ ဒေါ်ဝေဝေလှိုင်က ပြောပြပါတယ်။

ဦးရဲလွင်ရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ ဦးသီဟကလည်း “သူကသီချင်းတွေကို နှလုံးသားနဲ့ရေးတယ်။ သူ့အသွေးအသားတွေကနေပေါက်ဖွားလာတဲ့ အနုပညာတွေကိုလည်း ဘယ်တုန်းကမှငွေကြေးနဲ့မဖြတ်ဘူး။ သူဟာ သူ့အနုပညာကို လူတန်းစား အားလုံးအတွက် ထားခဲ့တယ်။ ပေးခဲ့တယ်။ ငြိမ်းချမ်းရေးအတွက်လည်း သူလုပ်ခဲ့တယ်။ မေတ္တာတရားကြီးမားလွန်းတယ်။ သူဟာ သိပ်ကိုဖြူစင်ပြီးတော့ မေတ္တာတရား ဘယ်လောက်ကြီးမားတယ် ဘယ်လောက်အေးချမ်းတယ်ဆိုတာကို သူနဲ့တွေ့ ဆုံဖူးသူတိုင်း သိနိုင်ပါတယ်”လို့ ပြောပါတယ်။

ကိုရဲလွင်ရဲ့ ကြွင်းကျန်တဲ့ရုပ်ကလာပ်ကို စနေနေ့ (ဇူလိုင် ၁၄ ရက်ေန့) မှာ ရေဝေးသုဿန်မှာ ဂူသွင်းသင်္ဂြိုဟ်မှာဖြစ်ပါတယ်။
-----------

ကိုရဲလွင်ကို စက်ရှင်တရားသူကြီး ဦးမောင်မောင်နဲ့ ဒေါ်ကြိုင်တို့ကနေ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ်ရှိပြီဖြစ်ပါ တယ်။ မွေးချင်း ၁၀ ယောက်ရှိတဲ့အနက် ရှစ်ယောက်မြောက်ဖြစ်ပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်မှာ အီလက်ထရွန်းနစ် အထူးပြုတက်ရောက်ခဲ့ပြီး E Machine တီးဝိုင်းမှာ ဘေ့စ်ဂစ်တာသမားအဖြစ်နဲ့ စတင်ပါဝင်ခဲ့ပါတယ်။

၁၉၈၂ ခုနှစ်မှာ အဉ္စလီမောင်မောင်နဲ့အတူတွဲပြီး ‘မဇ္ဈိမလှိုင်း’ဆိုတဲ့ ဂီတသင်တန်းကို မန္တလေးမှာ စတင်ဖွင့်လှစ် သင်ကြားပေး ခဲ့ရာကနေ ၁၉၈၄ ခုနှစ်မှာ ဦးခင်မောင်တိုးပါ ပါဝင်လာပြီး မဇ္ဈိမလှိုင်း တီးဝိုင်းရယ်လို့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ သူ ဟာ တေးသံရှင်မျိုးကြီးရဲ့ ဦးလေးတော်စပ်သူလည်းဖြစ်ပါတယ်။ ခင်မောင်တိုးနဲ့ ဂီတမှူးဇော်မျိုးထွဋ်တို့လည်း ကွယ်လွန်သွားခဲ့ကြပြီမို့ ခုအချိန်မှာ မဇ္ဈိမလှိုင်းအဖွဲ့မှာ ကိုနေဝင်းတစ်ယောက်သာ ကျန်ပါတော့တယ်။

၂၀၁၁ ခုနှစ်ကပြီး ကချင်ပြည်နယ်မှာ တစ်ကျော့ပြန် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ဒုက္ခရောက်ကြတဲ့ ပြည်သူတွေကို အကူ အညီပေးနိုင်ဖို့အတွက် ၂၀၁၂ ခုနှစ် မေလမှာ ‘လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း’ တေးဂီတအဖွဲ့ကို စိတ်တူကိုယ်တူသူတွေနဲ့ ဖွဲ့စည်းပြီး နိုင်ငံအနှံ့မှာ ငြိမ်းချမ်းရေးတေးသီချင်းတွေ လိုက်လံဖျော်ဖြေပြီး အလှူခံခဲ့ပါတယ်။

“၂၀၁၅ ခုနှစ် သပိတ်မှောက်ကျောင်းသားတွေ လက်ပံတန်းမှာ ပိတ်ဆို့ခံထားရချိန်မှာ ဦးရဲလွင်တို့ ပန်းရဲ့လမ်း ရောက်လာ ခဲ့ပြီး ကျောင်းသားတွေကို ခွန်အားဖြည့် သီချင်းတွေ လာဖျော်ဖြေပေးခဲ့တယ်။ သူဟာ ပန်းရဲ့လမ်းနဲ့ အတူ အဖွဲ့အစည်းများစွာ အတွက် ဆောင်ရွက်ပေးခဲ့ပြီး ၊ ပြည်သူ့အကျပ်အတည်းကာလတွေ မှာလည်း မငြီးမငြူ ထမ်းရွက်ခဲ့တယ်။ သူ့ ဂီတ ပညာ ကို သူ့သမိုင်း အဖြစ် ရေးထိုးသွားခဲ့တယ်”လို့ ဗကသ ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးရဲရင့်ကျော်က ပြောပါတယ်။

ကိုရဲလွင်ဟာ ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုတွေက ဂုဏ်ပြုပေးအပ်တဲ့ ၂၀၁၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အထူးဆုနဲ့ ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ 7DAY သတင်းစာကပေးတဲ့ 7DAY သူရဲကောင်း ဆုတွေကို ရရှိခဲ့ပါတယ်။

---------
ပရိဟတသမားကြီး ကိုရဲလွင်ရဲ့ပုဂ္ဂလိကဘဝကတော့ မစိုပြည်လှပါဘူး။ အိမ်ထောင်ကွဲတစ်ဦးဖြစ်တဲ့အပြင် သားထောက် သမီးခံလည်း မရှိသလို အိမ်ရာအတည်တကျနေတဲ့သူလည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း ဝိပဿနာတရားကို တေးသံရှင် ခင်မောင်တိုးနဲ့အတူ နှစ်ပေါင်းများစွာ အားထုတ်ခဲ့သလို ဆေးရုံမတက်ခင်အထိလည်း ဗဟန်းမြို့နယ်က ဓမ္မဇောတိဝိ ပဿနာရိပ်သာမှာ အပတ်စဉ် တရားအားထုတ်သူတစ်ဦး အနေနဲ့ ဓမ္မထုံမွှမ်းထားတဲ့ သူ့ရဲ့နှလုံးသားဟာ သာမန်လောကီ လူသားတွေနဲ့မတူတဲ့ပုံစံတစ်မျိုးနဲ့ စိုပြည်နေခဲ့မှာကတော့ မလွဲပါဘူး။

ပန်းရဲ့လမ်းရဲ့ ပဲ့ကိုင်ရှင်ကြီး ကိုရဲလွင်အတွက် ကဗျာဆရာ ဒီသစ်ကတော့ ခုလိုပဲ ကဗျာတစ်ပုဒ် စပ်ဆိုခဲ့ပါတယ်။

“အရွယ်လွန်ရွေ့လျား”... တဲ့လေ
အရွေ့ကိုဆာလောင်ရင်း ငြိမ်းချမ်းခြင်းကိုသာ အဖြေလို့
ယုံယုံရဲရဲ “ပန်းရဲ့လမ်း” ကိုထုဆစ်ခဲ့သူ....
“ဆရာကြီးသခင်ကိုယ်တော်မှိုင်း”ရဲ့
သူမနာကိုယ်မနာငြိမ်းချမ်းရေးလမ်းကို
နာခံခဲ့သူ လူသူတော်စင်
ကျွန်တော်တို့အားလုံးအတွက် ကိုရဲလွင်
လောကရဲ့ငြိမ်းချမ်းရေးဂီတရှင်။”
--------------------------
ဓာတ်ပုံ - သော်ဒီဝေ

မောင်လူရေး - နတ္ထိပစ္စယော

$
0
0


မောင်လူရေး - နတ္ထိပစ္စယော 

(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈

ပင်လုံညီလာခံမှာပြောသည့် ကာချုပ်မိန့်ခွန်းကို နားထောင်ရသည့်မှာ နားကြောစိမ့်လှ၏။ ပီတိကိုယ်လုံး ဖုံးလေသည်။ ကာချုပ်သည် အနုပညာဆန်လွန်းသည်။ တင်ပြပုံမှာလည်း ရသမြောက်လွန်းသည်။ မိန့်ခွန်းကို နားထောင်ရင်း နားထောင်ရင်း မြန်မာပြည်ကြီး ငြိမ်းချမ်းတော့မည်ဟု တထစ်ချမှတ်လိုက်မိပေတော့သည်။

ရှူပါလေ။

"ပထမဦးစွာ ကျွန်တော်တို့နိုင်ငံမှာဖြစ်ပွားခဲ့ရတဲ့၊ ဖြစ်ပွားနေဆဲဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရခြင်းရဲ့ မူလအရင်းခံဇာစ်မြစ်ကို လေ့လာကြည့်ရင် ကိုလိုနီခေတ်ဗြိတိသျှနယ်ချဲ့တို့ လက်ထက်ကတည်းက ကျင့်သုံး ခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့်နဲ့ နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားမှုတွေ ကြောင့်ဆိုတာတွေ့ရမှာ ဖြစ်ပါတယ်။ ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တပ်မတော်ရဲ့ အကြားမှာ ပြဿနာကြီးငယ်တစ်စုံတစ်ရာမရှိဘဲ သက်ဆိုင်ရာအစိုးရများနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ အကြားမှာသာ မကျေနပ်ချက်တွေ၊ တောင်းဆိုချက်တွေရှိကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်"တဲ့။

ကဲ ကြည့်စမ်း။ ပြောတတ်လိုက်တာ။ လက်နက်ကိုင် ပဋိပက္ခဟာ သွေးခွဲအုပ်ချုပ်မှုကြောင့်တဲ့။ ဒါဆို သွေးကွဲအောင်လုပ်နေတာတွေ ရပ်လိုက်ရုံ။ ဗိုလ်ချုပ်ရုပ်ထုပြဿနာကို အနုပညာဆန်ဆန်ပြောသည့်သဘော။  ပြီးတော့

နိုင်ငံရေးကြောင့်တဲ့။ နိုင်ငံရေးလွတ်လပ်မှုရှိရင် ဒါ ပြေလည်မယ်ဆိုတဲ့သဘော။ ငြိမ်းစုစီတို့၊ ၆၆(ဃ)တို့၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုသဟာတွေကို အနုပညာဆန်ဆန်ထောက်ပြသွားသည်။ နောက်တခုက အယူဝါဒရေးကြောင့်တဲ့။ ပန်းတိုင်း ပွင့်ခွင့်ပေးလိုက်စေလိုပုံရသည်။ အမျိုးသားရေးဝါဒ လစ်ဘရယ်ဝါဒ ကွန်မြူနစ်ဝါဒ ခရိုနီဝါဒ တိုင်ကွန်းဝါဒ ဦးပိုင်ဝါဒ စသဖြင့် စသဖြင့်။ လူမျိုးရေးကြောင့်ဆိုတာကတော့ ဘင်္ဂါလီနဲ့ ရခိုင်၊ ဝနဲ့ ရှမ်း၊ ကချင်နဲ့ ရှမ်းနီ ဗမာနဲ့ ကျန်သူတွေ ညှိကျဆိုသည့်အထာ။ ဘာသာရေးကြောင့်ဆိုတာကလဲ လေးဘာသာလုံးက မျိုးစောင့်လို ဘာသာရေးအခြေခံပြဌာန်းထားသည့် ဥပဒေမှန်သမျှဖျက်သိမ်းပြီး ဘယ်ဘာသာနဲ့ ချာ့တ်ရယ် ဗလီရယ်မှမဟုတ် ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ လက်ထပ်ထပ် ဘာသာရေးခေါင်းဆောင်များက ဝင်မရှုပ်တော့ဘူးဆိုလျှင် ဘာသာရေးအခြေပြုပဋိပက္ခများ လွင့်ပါးပျောက်ကွယ်သွားမည်ဟု အနုပညာဆန်ဆန်မိန့်ခြင်းသာ။

လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တပ်မတော်ရဲ့အကြားမှာ ပြဿနာကြီးငယ် တစုံတရာမရှိဘဲ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများကြားမှာသာ မကျေနပ်ချက်တွေ တောင်းဆိုချက်တွေရှိတယ်လို့ ဆိုတာကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်ပါစရာ မလိုတော့ဘူးလို့ မှော်ဆန်လိုက်ခြင်းပင်။ တပ်နဲ့ ပသို့မျှ မဆိုင်၊ တပ်ပိုင်မဟုတ်၊ အစိုးရနှင့် လက်နက်ကိုင်များအလုပ်သာဟု ဆိုလိုက်ပေတော့သည်။ တပ်ပါဝင်ခဲ့သည့်တလျှောက်လုံးငြိမ်းချမ်းရေးမရဖြစ်နေပုံရဲ့ အဖြေကို တွေ့သွားသည့်သဘော။ ယောမင်းကြီးဇရပ်မှာ နိုင်ငံရေးသိပ္ပံပညာရှင်လေးပြောသွားသည့် နတ္ထိပစ္စယော=ကိုယ်မရှိခြင်းဖြင့် ကျေးဇူးပြုသည့် ဦးဆောင်မှုဆိုတာကို လက်တွေ့ အကာင်အထည်ဖော်ပြလိုက်ပုံရသည်။ ကာချုပ်သည် စစ်ရေးအမြင်သာမက နိုင်ငံရေးအမြင်လည်း စူးရှပုံကို နားနှင့်စပ်စပ် ကြားလိုက်ရခြင်းဖြစ်သည်။

"လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်၊ မတ်လမှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီဟာ အဲဒီအချိန်က ဦးနု ဦးဆောင်တဲ့ ဖဆပလအစိုးရကို ဝါဒရေးရာအရဆန့်ကျင်ပြီး တောခိုသွားခြင်းဖြင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို စတင်ခဲ့တာ ဖြစ်ပါတယ်"လို့ ဆိုပြန်တော့ ကာချုပ်သည် မြန်မာ့ပဋိပက္ခတွေကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းလည်း ကြီးမားလှကြောင်း ကြည်ညိုဖွယ် သိလိုက်ရပြန်သည်။ ဒါက ဦးနုလဲ မရှိ၊ ခိုစရာ တောလဲ မရှိ၊ ဗမာပြည်ကွန်မြူနစ်ပါတီလဲ လက်နက်မရှိတော့ နတ္ထိပစ္စယောသွားပြီဟု နတ္ထိပစ္စယောတမျိုးကို လှစ်ပြလိုက်ခြင်းပင်။

"မရှေးမနှောင်းမှာပဲ ကရင်လူမျိုးရေး၊ သီးခြားကရင်ပြည်နယ် ထူထောင်ရေးရည်မှန်းချက်နဲ့ ကရင်လက်နက်ကိုင်ပဋိပက္ခ ပေါ်ပေါက် လာရပြန်တယ်"ဟု မိန့်လိုက်ပြန်တော့ ဒါလဲ တပ်နှင့် ပသို့မျှ မဆိုင်။ အခု ကရင်ခေါင်းဆောင်တွေကလဲ ခွဲမထွက်ဘူးဆိုတော့ ငြိမ်းပြီဟု ဆိုလိုက်ခြင်းဖြစ်သည်။

"ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဂျာဟစ်သူပုန်တွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိချိန်ကစပြီး ဘာသာရေးနဲ့ သီးခြားပြည်နယ်ထူထောင်ရေး ရည်မှန်းချက်နဲ့ ဖဆပလ အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေကြပြီးဖြစ်ပါတယ်"ဆိုတာကလဲ ဒါကလဲ တပ်နှင့် မဆိုင်ဆိုသည့်သဘောပင်။ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရတို့သဘောဟု ဟောခြင်းသာ။

"ဒီနေ့အထိ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်နေရဆဲဖြစ်တဲ့ ကချင်ဒေသမှာ KIO လက်နက်ကိုင်အဖွဲ့ ပေါ်ပေါက်လာရခြင်းဟာ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့မှာ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ ပြည်ထောင်ပါစုပါတီ(ပထစ)အစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်လို့ ဘာသာရေးအခြေခံပြီး ပေါ်ပေါက်ခဲ့ရတာကို နောက်မှတိုင်းရင်းသားရေးလို့ပြောလာတာ ဖြစ်ပါတယ်"တဲ့။ တပ်ရဲ့အနေအထားကို ပို၍ သိသာရှင်းလင်းစေရန် ဆိုလိုက်သကဲ့သို့ပင်။ ဒါကလဲ တပ်နှင့်မဆိုင်။ ဘာသာရေးကိစ္စသာ။ နိုင်ငံတော်ဘာသာရယ်လို့မရှိရင် KIO လဲ နတ္ထိပစ္စယောဟု ပြောခြင်းသာ။

"ကျန် လက်နက်ကိုင် အဖွဲ့များဟာလည်း နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေးနဲ့ ဘာသာရေးတို့ကိုအခြေခံပြီး ပေါ်ပေါက်လာရတာပဲဖြစ်လို့ တပ်မတော်ကြောင့် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများ ပေါ်ပေါက် လာရသယောင်၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ရသယောင် ပြောဆိုနေခြင်းများဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အန္တရာယ်များလှတဲ့ လုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်"တဲ့။ ဒါကတော့ မှော်အဆန်ဆုံးဟု ဆိုရမည်ပင်။ တပ်ကြောင့် ဘာမှဖြစ်တာမဟုတ်လို့ တပ်က ဘယ်ပြဿနာမှ ဝင်ရောက်ရှင်းရန်မလိုကြောင်း ရှင်းရှင်းလင်းလင်းပြလိုက်ခြင်းတည်း။ တပ်ကို ဆွဲထည့်ရင်ပင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အန္တရာယ်များမည်ဟု မဟာကရုဏာဖြင့် ဆိုတော်မူချေသည်။

"ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာမှာ အချိန်မဆွဲပဲ ရဲရဲဝံ့ဝံ့လုပ်ဆောင် ကြဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဟာ လိုအပ်တာထက်ပိုပြီး အချိန်ကြာလာရင် ဘေး ပယောဂတွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ၊ ကြိုးကိုင်ခြယ်လှယ်တာတွေရှိလာပြီး ရရှိပြီးဖြစ်တဲ့ ယုံကြည်မှု တည်ဆောက်ထားတာတွေ၊ ခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့ ရရှိပြီးသဘောတူညီချက်တွေ အားနည်း သွားနိုင်ပါတယ်။ ဒါကြောင့် အချိန်ပြည့်ညှိနှိုင်းဆွေးနွေးခြင်းများ၊ ရလဒ်ထွက်လာအောင် ဆွေးနွေးခြင်း များကို နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထာဝစဉ်ရှေးရှုပြီး စိတ်စေတနာထက်ထက် သန်သန်နဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ ကိုယ်စားလှယ်များအနေနဲ့ တွေ့ဆုံဆွေးနွေးမှုကို ရေရှည်ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲရေးရလဒ်ရတဲ့အထိ ဆက်တိုက်ဆောင်ရွက်ဖို့ လိုပါမယ်။ ရလဒ်မထွက်မီ ဆွေးနွေးမှုရပ်နားပြီးနောက် အခြေအနေပြောင်းလဲမှုများ မကြာခဏတွေ့ရတဲ့ အတွက် ရလဒ်ထွက်သည်အထိ ဆွေးနွေးဖို့ ကျွန်တော်တိုက်တွန်းရခြင်းဖြစ်ပါတယ်"ဆိုတဲ့ စကားရပ်ကတော့ ကာချုပ်ကြီးက ပဋိပက္ခနဲ့ သက်ဆိုင်သူ အစိုးရနဲ့ လက်နက်ကိုင်များကို ငြိမ်းချမ်းရေးမရမချင်း နေပြည်တော်က မပြန်နဲ့ဟု အနုပညာဆန်ဆန် အမိန့်ပေးခြင်းသာဖြစ်သည်။ ယင်းစကားရပ်များက ငြိမ်းချမ်းရေးအပေါ် ထားသည့် စိတ်စေတနာ ကြီးမြင့်လှပုံကိုလည်း အထင်းသားမြင်ရပေသည်တကား။

မောင်လူရေး

ကဗျာဆရာ မောင်နွေထက် ကဗျာရှည်စာအုပ် မိတ်ဆက်ပွဲ တောင်သမန်မှာ ပြုလုပ်

$
0
0


ကဗျာဆရာ မောင်နွေထက် ကဗျာရှည်စာအုပ် မိတ်ဆက်ပွဲ တောင်သမန်မှာ ပြုလုပ်
K (မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈


မန္တလေး အခြေစိုက် ကဗျာဆရာ မောင်နွေထက်ရဲ့နီမောင်းသော အရှေ့ကောင်းကင်ခွပ်ဒေါင်းအောင်လံ ငါ့နိုင်ငံတော် အမည်ရတဲ့ကဗျာစာအုပ်မိတ်ဆက်ပွဲကို အမရပူရမြို့နယ်တောင်သမန်အင်းစောင်းရှိ တောင်လေးလုံးကျောင်းတိုက်မှာ ဇူလိုင် ၁၁ ရက် မနက် ၉နာရီမှ ၁၁နာရီထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကဗျာရှည်စာအုပ်မိတ်ဆက်ပွဲအခမ်းအနားမှာ ကဗျာဆရာမောင်နွေထက်မှ အမှတ်တရစကားပြောကြားခဲ့ကာ ကဗျာဆရာ ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်မှိုင်းလွင်(အင်းဝ)၊ ဦးထွန်းအောင်ကျော်၊ ဦးမြတ်မင်းသူ၊ စိုးနိုင်(မန်းတက္ကသိုလ်) မုဒိတာ စကားများပြောကြားပြီး ကဗျာဆရာများ၊ ကဗျာချစ်မြတ်နိုးသူများ မီဒီယာများတက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ ကဗျာရှည်စာအုပ်ကို the Key collection စာအုပ်တိုက်မှ ထုတ်ဝေခြင်းဖြစ်ပြီး ကဗျာဆရာ မောင်မှိုင်းလွင်(အင်းဝ) က အမှာစာရေးသားထားပြီး မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့်ထုတ်ဝေထားကာ ဆရာဇော်ထွန်းက အင်္ဂလိပ်ဘာသာပြန်ဆို ထားပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ကဗျာဆရာ မောင်နွေထက်ဟာ မန္တလေးမြို့တွင်နေထိုင်ကာ ဂျာနယ်၊ မဂ္ဂဇင်းများမှာ ကဗျာ၊ ကဗျာဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ စာတမ်းများ။ ဆောင်းပါးများရေးသားလျက်ရှိပြီး ကောင်းကင်ပြတင်း၊ ရန်သူမရှိမိတ်ဆွေသာရှိမုန်းသူမရှိ ချစ်သာရှိ (ထာဝရ လွမ်းစာ)၊ မြို့မငြိမ်း(သို့) မြို့မငြိမ်းရဲ့နှလုံးသားကို ဖတ်ကြည့်ခြင်း၊ အိပ်မက်ရိုင်း၊ ဒေါင်းက၍တွန်စေသတည်း၊ မဟာကဗျာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသို့ ခေတ်ပြိုင် တော်လှန်ကဗျာစာတမ်းများ၊ ဒဂုန်တာရာနှင့်တွေ့ဆုံခြင်းများ မြင်းခွာ တစ် ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ် သခင်ဗဟိန်း နှစ် ၁၀၀ ပြည့်အမှတ်တရစာစုများ အစရှိတဲ့စာအုပ်များကို ထုတ်ဝေထားပြီးဖြစ်ပါတယ်။

ဓာတ်ပုံ- မောင်မှိုင်းလွင်(အင်းဝ)
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>