Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

The Poetry of Emotion and Color အမည်ရတဲ့ စုပေါင်းပန်းချီပြပွဲ လောကနတ်မှာ ပြသမယ်

$
0
0


The Poetry of Emotion and Color အမည်ရတဲ့ စုပေါင်းပန်းချီပြပွဲ လောကနတ်မှာ ပြသမယ်
K  (မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈


The Poetry of Emotion and Colorလို့ အမည်ပေးထားပြီး ပန်းချီဆရာ ကြီးငယ်လတ်အစုံပါဝင်တဲ့ စုပေါင်း ပန်းချီပြပွဲကို ရန်ကုန်မြို့ပန်းဆိုးတန်း အောက်ဘလောက်ရှိ လောကနတ် ပန်းချီခန်းမမှာ ဇူလိုင်လ ၁၃ရက်ကနေ ၁၅ရက်နေ့ထိ ပြသ သွားမယ်လို့သိရပါတယ်။

ပါဝင်ပြသမယ့် ပန်းချီအနုပညာရှင်များကတော့ ခင်မောင်ရင်၊ ၀င်းဖေ၊ ကြီးမြင့်စော၊ MAUNG AW၊ ၀င်းဖေမြင့်၊ ကျော်စိန် ၀င်း၊ တင်ဦး၊ မြိုင်သန်းဦး၊ ဇော်ဝင်းဖေ၊ မောင်မြင့်အောင်၊ ရင်ဇော်ထူး၊ SAI၊ ကျော်လင်း၊ အေးငြိမ်းမြင့်၊ အောင်ကျော်ဆန်း၊ သီသီဇင်၊ သန်းကျော်ဌေး၊ စန္ဒီ၊ အောင်မင်း၊ အောင်ကျည်စိုး၊ MKM၊ ချိုဝေထွန်း၊ K2K၊ မင်းသားကြီး၊ SONNY ZIN HTET MAUNG၊ လင်းသန့် တို့ဖြစ်ပါတယ်။ အဆိုပါ ၃ ရက်ကြာပြသမယ့် ပြပွဲမှာ ပန်းချီဆရာ လူကြီးလူငယ် ၂၆ဦးရဲ့လက်ရာစုံ ပန်းချီကားများကို ကြည့်ရှုရမှာဖြစ်ပြီး ပြပွဲချိန်အတွင်း နေ့စဉ် နံနက် ၉နာရီကနေ ညနေ ၅နာရီထိ ပြသထားမယ်လို့သိရပါတယ်။

မောင်ရစ် - ဖေ့စ်ဘွတ်ပရိသတ်ကြီး အဆင့်မြင့်ကြဖို့အရေး

$
0
0


မောင်ရစ် - ဖေ့စ်ဘွတ်ပရိသတ်ကြီး အဆင့်မြင့်ကြဖို့အရေး
(အတွေးအမြင်မဂ္ဂဇင်း၊ ဇူလိုင်၊ ၂၀၁၈) မိုးမခ၊ ဇူလိုင် ၂၀၁၈

မတ် ၂၁ မှာ အင်တာနက်သတင်းတွေအရ Cambridge Analytica နည်းပညာဆက်ဆံရေးကုမ္မဏီဟာ ၂၀၁၆ ဇွန်လကတည်းက ဖေ့စ်ဘွတ် ပရိသတ်ရဲ့ သန်း ၅၀ရဲ့ ဒေတာတွေကို စုဆောင်းခဲ့တယ်၊ အဲသည်ဒေတာမိုဒယ်နဲ့ ထရန့်သမ္မတကင်ပိန်းအတွက် အသုံးချခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ အဲသည်အတွက် အမေရိကန်နိုင်ငံရေးသမားတွေနဲ့ ပရိသတ်ကြီးအားလုံး စိတ်ဆိုးကြတယ်၊ မခံမရပ်နိုင်ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်ကို ဖျက်သိမ်းပစ်ရမယ်လို့ တောင်းဆိုသူတွေ တောင်းဆိုနေကြတာကြောင့် အဲသည်အုံကြွမှုကို တုန့်ပြန်တဲ့အနေနဲ့ ဖေ့စ်ဘွတ်ထူထောင်သူ ဇူကဘတ်က မီဒီယာရှေ့ကိုထွက်ပြီး ရှင်းလင်းရာမှာ ‘အတိတ်ကို အတိတ်မှာပဲ ထားခဲ့ဖို့’ နဲ့ ရှေ့လျောက်သင်ခန်းစာယူပြီး ပြုပြင်သွားမယ်’ လို့ ပြောလိုက်ပါတယ်။ အဲသည် ဖေ့စ်ဘွတ်ရဲ့ ပရိသတ်ပရိုဖိုင်းတွေကို ကြော်ငြာရှင်တွေ ကင်ပိန်းသမားတွေ ငွေကြေးပေးဝယ်ယူသူတွေထံ ရောင်းချ စီးပွားရှာခြင်း၊ ဖေ့စ်ဘွတ်ပေါ် ကြော်ငြာပြန်ထည့်ပြီး ငွေပြန်ရှာခြင်း လုပ်နေတဲ့ ဖေ့စ်ဘွတ်တီထွင်သူကြီးဟာ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲ ကမောက်ကမရလဒ် (ထရန့်နိုင်သွားခြင်း) ရဲ့ တရားခံတဦးအဖြစ် သမိုင်းတွင်သွားပါတော့တယ်။

ဆင်ခြေတခုကတော့ အင်တာနက်လွတ်လပ်ခွင့်အရ လူပြိန်းတိုင်း လူသာမန်တိုင်း ကိုယ်ထင်ရာမြင်ရာကို လွတ်လပ်စွာ အင်တာနက်ပေါ် တင်ဆက်နိုင်ပါတယ်။ အဲသည်အတွက် တားဆီးလို့ မရပါ။ သို့သော် လူပြိန်းတွေရဲ့ နောက်ခံရာဇ၀င်တွေကို အင်တာနက်ကုမ္မဏီတွေက စုဆောင်းပြီး ပြန်ရောင်း စီးပွားရှာတာကျပြန်တော့ ပိတ်ပင်လို့ မရပြန်ပါ။ သူတို့ဆားဗစ်သုံးလို့ ကိုယ့်အကြောင်း သူတို့လက်ထဲ ထည့်ပေးရပါတယ်။ ဒါကို အင်တာနက်လုပ်ငန်းရှင်တွေက ပြဌာန်းထားပြန်ပါတယ်။ လူပြိန်းတွေ တင်တာအချင်းချင်း မျှဝေကြ လက်ဆင်ကမ်းကြတာကိုလည်း တားဆီးလို့မရပြန်ပါ။ ဒါကလည်း လွတ်လပ်ခွင့်ထဲ ပါနေပြန်ပါတယ်။ အဲသည်မှာ ပြသနာက လူပြိန်းတွေရဲ့ စရိုက်နဲ့ အကြိုက်တွေကို နည်းပညာဆက်ဆံရေးကုမ္မဏီတွေ data miner တွေကို စုဆောင်း သုတေသနလုပ်ပြီး သူတို့တွေဆီကိုအရောက် ကြော်ငြာတွေ မဲဆွယ်တာတွေကို တင်ပို့ ဆွဲဆောင် စည်းရုံးမှု နည်းလမ်းတွေ ပရိယာယ်တွေ ဖန်တီးထုတ်လုပ်လာကြတာ ဖြစ်ပါတယ်။ ဒါတွေကို စီးပွားရေး နိုင်ငံရေး လူမှုရေး တသီးပုဂ္ဂလတွေထံ ငွေကြေးနဲ့ ရောင်းချကြတော့ ဒါတွေကို ၀ယ်တဲ့သူက လူပြိန်းကြိုက် လူစုံကြိုက် content အကြောင်းအရာတွေကို တမင်ပြုလုပ်ရောင်းချမှုတွေ လုပ်လာကြပါတော့တယ်။ လူပြိန်းအချင်းချင်း ကြိုက်လို့ ဝေမျှတဲ့အထဲမှာ အဲသည် တတိယအုပ်စုတွေက ဒီလူတွေစရိုက်အကြိုက်လိုက်တဲ့ တမင်ဖန်တီးထားတဲ့ အကြောင်းတွေ အိုင်ဒီယာတွေ ကြော်ငြာတွေ ဖြန့်ချိပြီး ၀ါဒဖြန့် လွှမ်းမိုးမှု ပြုလုပ်လာခြင်း ဖြစ်ပါတယ်။

သည်နည်းနဲ့ ဖေ့စ်ဘွတ်ပေါ်ကနေ ဆိုရှယ်မီဒီယာကနေ ပရိသတ်ကို ကိုယ်လိုရာ ဆွဲကြတော့တာကြောင့် အမေရိကန်ရွေးကောက်ပွဲလည်း မေးခွန်းထုတ်ခံရပါတယ်။ လူတွေက တကယ် ကိုယ်ယုံတာနဲ့ မဲပေးခဲ့တာလား၊ ဆိုရှယ်မီဒီယာပြောတာကို ယုံပြီး မဲပေးခဲ့ကြတာလားလို့ မေးခွန်းထုတ်ခံရတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာဆိုရင်လည်း မယ်မြန်မာတို့ အဆိုပြိုင်ပွဲတို့ အလှပြိုင်ပွဲတို့တွေမှာ လူပြိန်းတွေက ကိုယ်သန်ရာ ကိုယ်ပြောနေရင်းကနေ မဲဝင်ဆွယ် ကြော်ငြာထိုး ဆေးဆိုးတာတွေနောက် လိုက်ပြီး အုံလိုက် ကျင်းလိုက် ထကြွမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ ခုနောက်ပိုင်း ထင်ရှားတဲ့ ထကြွမှုတွေကို ထောက်ပြရရင် – ထမင်းဝအောင်စားထား ဆိုတာမျိုး၊ ပေါကားတွေ ရပ်ဆိုတာမျိုး၊ မျိုးချစ်တွေရဲ့ အမုန်းစကားတွေ၊ ကင်ဆာပျောက်တယ်၊ လာဘ်ရွှင်တယ် ဆိုတာမျိုးတွေ၊ အစိုးရ ပါတီ လွှတ်တော် တိုင်းရင်းသား တပ်မတော်ကြား အချစ်ပြိုင် အမုန်းပြိုင် သရော်မော်ကားတဲ့ စကားဖြန့်ချိ အချီအချ ဖြစ်တာမျိုးတွေကို သာဓက ပြလိုပါတယ်။

ဒါတွေဟာ တတိယအုပ်စုတွေရဲ့ ရည်ရွယ်ချက်ရှိရှိ လှော်ခြင်း ဆွယ်ခြင်း ဆေးထိုးခြင်း သွေးထိုးခြင်းလို့ တပိုင်းက ဘာလို့ ပြောရတာလဲ ဆိုတော့ ဖေ့စ်ဘွတ်မှာ ငွေအနည်းငယ်သုံးလိုက်ရုံနဲ့ မိမိ လှော်ချင်တာတွေကို ပရိသတ် ထောင်သောင်းချီ ဖြန့်နိုင်အောင် တကယ်လုပ်လို့ ရတာ မြင်နေရတာကြောင့် ဖြစ်ပါတယ်။ ပြီးတော့ မြန်မာပြည်ရဲ့ ဖေ့စ်ဘွတ်သုံး ပရိသတ်မှာ လူပြိန်းတွေအများစုဟာ အမှန်တကယ် သုံးစွဲသူတွေ စွဲလန်းသူတွေ ဖြစ်နေကြပြီး သူတို့ အသည်းထိအောင် လုပ်နိုင်ရင် အတော်ကို ပွဲပြတ်ကြောင်း မြန်မာပြည်က အကျိုးစီးပွားကြည့်အုပ်စုတွေက သဘောပေါက်နေတာ အတော်တောင်ကြာနေပြီ ဖြစ်လို့ပါ။ သူတို့တွေ ဖန်တီး မြုတ်နှံထားတဲ့ တကိုယ်ရည်အကောင့်တွေ ဖေ့စ်ဘွတ်ပေ့တွေ အတော်များများ ရှိနေပြီး အတော်လေးကို လူပြိန်းတွေက စွဲလန်း နှစ်သက်နေကြတာကလည်း အထင်အရှား ဖြစ်လို့နေပါတယ်။

သည်တော့ အဲသည်လို ကိုယ်လိုရာစွဲ အသုံးချသူတွေကို ရှာဖွေ ဖော်ထုတ် ရှုတ်ချ တိုက်ခိုက်ကြရတော့မှာလား၊ ဖေ့စ်ဘွတ်ကိုပဲ ဖြတ်တောက်ရတော့မှာလား၊ ငြိမ်းစုစီလိုမျိုး ‘ဖေ့စုစီ’ ဆိုတဲ့ ဖေ့စ်ဘွတ်တားဆီးရေး ဥပဒေ လွှတ်တော်မှာတင်ပြီး မဲခွဲရတော့မှာလား။ အဲသည်လိုမျိုးတော့ မတိုက်တွန်းလိုပါဘူး။ ကျနော်တို့ မြှင့်တင်လိုတာက မြန်မာပြည်က လူပြိန်းပရိသတ်ကြီးရဲ့ တိမ်လှတဲ့ ဥာဏ်ရည်ကို ၀ိုင်းဝန်း မြှင့်တင်ကြဖို့နဲ့ ဆင်ခြင်တတ်တဲ့ ပရိသတ်တွေကို ရှေ့ရောက်လာဖို့ အားပေး အားမြှောက် ပြုကြစေချင်တာ ဖြစ်ပါတယ်။

အင်တာနက်အမှောင်ခေတ်အောက်မှာ မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားခဲ့ကြစဉ်တုန်းက သတိနဲ့ သတ္တိရှိတဲ့ တကယ့်ပရိသတ်ကြီးက ဒို့အရေးလှုပ်ရှားမှုတွေ သတင်းတွေ အသိဗဟုသုတတွေကို စွန့်စားပြီး ဖြန့်ဝေ အားပေးခဲ့ကြပုံကို ပြန်မြင်ယောင်ကြည့်ကြပါ။ အီးမေးတွေ ဘလောက်တွေ ပရင့်အောက်တွေနဲ့ လက်ဆင့်ကမ်းပြီး လှုပ်ရှားခဲ့ကြလို့ ဒီမိုကရေစီတိုက်ပွဲ ရေရှည်ခံ အားခဲပြီး ဆက်ချီတက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အင်တာနက်အလင်းအောက်ရောက်လို့ မြန်မာပြည် ‘ဖေ့စ်ဘွတ်ဒီမိုကရေစီခေတ်’ လည်း ရောက်ရော တကယ့်ပရိသတ်၊ ဆင်ခြင်တဲ့ပရိသတ်ဟာ နောက်တန်းကို ရောက်လို့ လူပြိန်းပရိသတ်ကြီးဟာ ရှေ့တန်းမှာ ရဲရဲတောက် အရောင်စုံ အားကောင်းမောင်းသန် ဖြစ်လာခဲ့ရပါတယ်။ ဆင်ခြင်တဲ့ ပရိသတ်ကြီးကလည်း အရင်တုန်းကလို အမုန်းခံ ထောင်အကျခံ အဆဲခံ အဆိုခံ ရင်ဘောင်မတန်းတော့ပဲ အသာလေး နောက်လျိုနေလိုက်ကြတာကြောင့် လူပြိန်းအား နဲ့ လူပြိန်းစကားတွေ တမိုးလုံး ဖျောက်ဆိပ် ဖြစ်နေကြတယ်လို့ ဆိုချင်ပါတယ်။

လေ့လာသုံးသပ်သူတွေက နည်းပညာတွေ ၊အသုံးချကိရိယာတွေ၊ နောက်ကွယ်က လက်မည်းတွေကို ဝေဖန်ဆန်းစစ် ထောက်ပြ ဝေဖန်နေချိန်မှာ ကျနော်တို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသင့်တာက၊ လက်ညိုးထိုး ဆင်ခြင်သင့်တာတခုကတော့ မဟုတ်တဲ့သူတွေက မြှောက်ပင့်ပေးနေလို့ အတင်းအားတက် အုံကြွနေတဲ့ လူပြိန်းပရိသတ်ဖြစ်ပါတယ်။ ပရိသတ်အတွင်းမှာ အချင်းချင်း ဟန့်နိုင် ဖြောင့်ဖြနိုင်တဲ့ ဆင်ခြင်တဲ့ပရိသတ်ကိုလည်း ပြန်လည် မြေတောင်မြှောက် အားပေးဖို့ လိုအပ်နေပါတယ်။ ပေါကားတွေချည်း ပြလို့ ပေါကားပဲ ကြိုက်မိတဲ့ လူပြိန်းပရိသတ်ကို ဆင်ခြင်ပရိသတ်ကပဲ ရှားကားလေးတွေ ကြည့်ဖို့ တွန်းတွန်းတိုက်တိုက် ပြောဆို နားချပေးရပါမယ်။ ရေငုံနေကြလို့ မဖြစ်ပေဘူး။

သာဓက တခုကတော့ ၂၀၁၅ ရွေးကောက်ပွဲကာလတုန်းက မဲဆန္ဒရှင်တွေမှာ သံသယပင်လယ်ဝေနေတုန်း စင်ကာပူ၊ ဂျပန်စတဲ့ တိုင်းပြည်တွေက မြန်မာမဲဆန္ဒရှင်တွေ အဝေးရောက်မဲတွေ သတ္တိပြောင်ပြောင်နဲ့ ကြိုးစား ရုန်းကန်ပြီး ပေးကြ၊ သံရုံးတွေကို မေးခွန်းထုတ်ကြ၊ တရားမျှတမှုကို တောင်းဆိုခဲ့ကြတာကို မြန်မာပြည်တွင်း မဲဆန္ဒရှင်တွေကြားထဲ အသည်းပေါက်ခဲ့ကြတဲ့နောက် ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ ပြည်သူတွေ သတိတချက် မလစ်ဟင်း မပေါ့ဆခဲ့ကြ သတ္တိတွေ ပြခဲ့ကြလို့ အင်န်အယ်ဒီ အောင်ပွဲရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အမေစုချည်း စွမ်းခဲ့တာ မဟုတ်ပါ။ မဲဆန္ဒရှင်တွေရဲ့ မပေါ့ဆတဲ့ ဆင်ခြင်မှု ရပ်တည်မှုလည်း အရေးပါခဲ့ပါတယ်။ မဲပေးရုံပေးပြီး အိမ်ပြန်အိပ်ကြတဲ့ ပရိသတ်မဟုတ်ခဲ့ပါ။ မဲရုံပိတ် မဲရေတွက်ချိန် မဲရလဒ်ကြေငြာချိန်တွေအထိ မိုးလင်းမိုးချုပ် ပရိသတ်ကြီးက ထိုင်စောင့်ပြီး ဖေ့စ်ဘွတ်ပေါ်ကနေ သတင်းမှန်တွေ ပေး၊ ဖြန့်၊ ကောလဟာလတွေကို ဖိနှိပ် တားဆီး လုပ်ခဲ့ကြတဲ့ ပရိသတ်ကြီးဆိုတာ ပြန်ပြောင်းသတိရစေလိုပါတယ်။ အဲသည်ပရိသတ်ကြီးက ရွေးကောက်ပွဲနိုင်ရုံနဲ့ အိမ်မပြန်ခဲ့ကြပါဘူး။ လွှတ်တော် အစိုးရ အောင်မြင်စွာ ဖွဲ့နိုင်သည်အထိ စိတ်ရှည် ဇွဲသန် သည်းညည်းခံပြီး လက်တွဲ ၀န်းယံ စောင့်ဆိုင်းပြီးမှ အောင်ပွဲခံခဲ့ကြတာလည်း မမေ့ကြစေချင်ပါ။

သည်တော့ ဖေ့စ်ဘွတ်ကြီးကို ပြစ်တင်၊ သမ္မတကြီးကို ပြစ်တင်၊ ရုရှားကို ပြစ်တင် (အမေရိကားကို ပြောတာပါ) ဒါနဲ့တင် ပြသနာက မပြေလည်ပါ။ ဖေ့စ်ဘွတ်ပေါ်က အမြင်တိမ်တဲ့ လူပြိန်းပရိသတ်ကြီးတွေကို အဆင့်မြှင့်တင်ပေးဖို့လည်း လိုအပ်နေကြောင်းပါ။ သူများတွေ လိုရာဆွဲ အသုံးချခံနေရတဲ့ လူပြိန်းပရိသတ်ကြီးကို ဆင်ခြင်တဲ့ပရိသတ် အစဉ်အလာသမိုင်းကို သိတဲ့ ပရိသတ်ကြီးကလည်း ရှေ့ထွက်ပြီး ပြန်လည် စည်းရုံး နားချ ဆွဲဆောင်ပေးကြဖို့ လိုအပ်နေကြောင်းပါ။ လူပြိန်းတွေ တမိုးလုံး ဖြောက်ဆိပ်ဖြစ်နေတာကို နောက်ဆုတ်ပြီး ကျောခိုင်းနေမယ့်အစား ဆင်ခြင်သော သိတတ်သော ပရိသတ်ကြီးကလည်း ရှေ့ထွက်ပြီး မိမိသဘောထားတွေ အမြင်တွေ ဝေဖန်ဆင်ခြင်မှုတွေ ထုတ်ဖော် ပြောဆိုခြင်း မျှဝေခြင်း အသိပညာပေးခြင်းတွေ တွင်တွင်ကြီး ပြန်လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျား။ အင်တာနက်အမှောင်ခေတ်တုန်းကတောင် အလင်းရောင်ဆောင်ခဲ့ကြတဲ့ ဆင်ခြင်တဲ့ပရိသတ်ကြီးများ ခင်ဗျား … အင်တာနက်အလင်းအောက်မှာ မျက်စိတွေ မမှောက်မှားကြစေဖို့ သင်တို့ကို အလိုရှိပါကြောင်း အကျိုးမျှော်၍ နိုးဆော်အပ်ပါတယ်။

ညိုထက်ညို ● တဖန် ပြန်လည်နိုးထနိုင်ခြင်းမရှိသောဝေဒနာ

$
0
0
 ညိုထက်ညို ● တဖန် ပြန်လည်နိုးထနိုင်ခြင်းမရှိသောဝေဒနာ
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈

ထိုနေ့ည သန်းခေါင်ကျော် ၁၂နာရီ နှင့် ၂ နာရီကြားတွင် ရှိရင်းစွဲဖြစ်သော နှလုံးရောဂါ၏ ဒုတိယံမ္ပိတိုက်ခိုက်ခြင်းကိုခံရကာ အဖေ ကွယ်လွန်ခဲ့ပါသည်။

ကွယ်လွန်ချိန်တွင် အဖေသည် မီးပိတ်ထားသောဧည့်ခန်းထဲက သူ ထိုင်နေကျ ထိုင်ခုံတွင် ထိုင်လျက်သားအနေအထားဖြင့် ရှိနေပြီး သေခြင်းတရားသည် အဖေ့ထံသို့ တိတ်ဆိတ်စွာ ရောက်လာခဲ့ဟန်တူပါသည်။

ထို အဖေ့ထံသို့ရောက်လာခဲ့သောသေခြင်းတရားက ထားရစ်ခဲ့သည့်ခြေရာများနောက်သို့ ကျွန်တော် နောက်ယောင်ပြန်ခံ လိုက်ကြည့်မိပါသည်။
◊◊◊

လွန်ခဲ့သော ၁၃ နှစ် ခန့်က အဖေသည် နှလုံးသွေးကြောပိတ်သည့်ဝေဒနာကိုခံစားခဲ့ရ၍ ထိုင်းနိုင်ငံသို့သွားရောက်၍ နှလုံး သွေးကြော အစားထိုးလဲလှယ်ကုသသည့် bypass ကုထုံးကိုခံယူ၍ အသက်ဆက်ခဲ့ရပါသည်။ ထိုသို့ခံယူရာတွင် ကုသသည့် ဆရာဝန်များက အဖေ့သက်တမ်းကို နောက်ထပ်ဆယ်နှစ်မျှသာ ခန့်မှန်းပေးခဲ့ကြပါသည်။ ထိုအချိန်မှစ၍ ၁၃ နှစ်တိုင်တိုင် နှလုံးနှင့်ပတ်သက်၍ မည်သည့်ဝေဒနာကိုမျှ အဖေခံစားရခြင်းမရှိခဲ့သည်မှာ ကွယ်လွန်ကာနီး တစ်လကျော် အလိုခန့်အထိ ဖြစ်ပါသည်။

လွန်ခဲ့သောနှစ် စက်တင်ဘာလမှအစပြု၍ အဖေနှင့်အမေသည် ကျွန်တော်ရှိရာ နယူးဇီလန်နိုင်ငံသို့ ကျွန်တော်နှင့်အတူ နေ ထိုင်ရန် ရောက်ရှိလာခဲ့ပါသည်။ မူလအစီအစဉ်အရ အဖေနှင့် အမေသည် ကျွန်တော်နှင့်အတူ ခြောက်လခန့်နေထိုင်မည် ဖြစ်ပြီး ယခုနှစ် မတ်လ ၉ ရက်နေ့တွင် ရန်ကုန်သို့ ခေတ္တပြန်သွားကြမည်ဖြစ်ပါသည်။ ရန်ကုန်တွင် သုံးလခန့်နေထိုင်ပြီး တဖန် ကျွန်တော့်ထံပြန်လာကြမည် ဖြစ်ပါသည်။ ထို့ကြောင့် အဖေနှင့် အမေ နှစ်ယောက်စလုံးအတွက် အသွားအပြန် လေ ယာဉ်လက်မှတ်ကို ရန်ကုန်တွင် သူတို့ နှင့်အတူ ကျွန်တော်ရှိနေစဉ်ကတည်းက ကျွန်တော် ကြိုတင်ဝယ်ယူပေးခဲ့ရပါသည်။
သို့သော် လေယာဉ်လက်မှတ်ဝယ်ပြီးကာမှ နယူးဇီလန် နိုင်ငံမှာပဲနေထိုင်နေသူ ကျွန်တော့်နှမ ကိုယ်ဝန်ရှိခြင်းမှအစပြု၍ ဖေ ဖော်ဝါရီလအတွင်း ကလေးမွေးဖွားခြင်း အစရှိသော ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။ ထိုအခါ မူလက အဖေနှင့်အတူ ရန်ကုန် သို့ အတူပြန်ရန်စီစဉ်ထားသည့် ကျွန်တော့်မိခင်ဖြစ်သူမှာမပြန်နိုင်တော့ဘဲ နှမနှင့်အတူ မြေးဦးကလေးအား ကူထိန်းပေးရမည့် ကိစ္စ ဖြစ်လာခဲ့ပါသည်။

ထို့ကြောင့် အဖေ့ ကိုလည်း ရန်ကုန် သို့ တစ်ယောက်တည်း မပြန်တော့ဘဲ နောက်ထပ် လေးငါးခြောက်လမျှ ကျွန်တော် တို့နှင့်အတူ နေထိုင်ပြီးမှ အားလုံး အတူပြန်ကြရန် ကျွန်တော်ကော အမေကော ပြောပါသည်။ အကယ်၍ လေယာဉ်လက်မှတ် ဝယ်ယူပြီး အသင့် ရှိမနေပါကလည်း အဖေ ပြန်ဖြစ်မည် မဟုတ်တော့ပါ။ သို့သော် လေယာဉ်လက်မှတ်ကလည်း ဝယ်ယူပြီး အသင့် ရှိနေပြန်ပါသည်။ အဖေကိုယ်တိုင်ကလည်း လုပ်စရာတွေရှိနေသောကြောင့် ပြန်မှဖြစ်တော့မည်ဟု ပြောပါသည်။ ထိုအခါ အမေကလည်း အတူလိုက်ပြန်မည်ဟု ဆိုပါသည်။ သို့သော် သမီးအားကူ၍ မြေးကလေးအား ထိန်းပေးရန်သာ အဖေက အမေ့ကို ပြောပါသည်။

တစ်ခုခုကို ဆုံးဖြတ်ပြီးလျှင် ပြင်လေ့မရှိဘဲ ပြီးမြောက်သည်အထိသာ လုပ်လေ့ရှိသော အဖေသည် ဒီတစ်ကြိမ်တွင်လည်း သူ့ဆုံးဖြတ်ချက်ကို သူ ပြင်ဆင်ခြင်းမရှိဘဲ ကျွန်တော်နှင့် အမေ့ကိုချန်ထား၍ တစ်ယောက်တည်း ရန်ကုန်သို့ ပြန်သွားပါတော့ သည်။
◊◊◊

ရန်ကုန်သို့ အဖေပြန်ရောက်သွားပြီးနောက် သုံးပတ်လောက်အကြာတွင် အဖေ့အတွက် ပထမဆုံး သတိပေး ခေါင်းလောင်း သံသည် ပေါ်ထွက်လာခဲ့ပါသည်။
ထိုနေ့ နေ့ခင်းပိုင်းတွင် အဖေသည် တောင်ဥက္ကလာတွင်ရှိသော မြင်သာသို့ ကားလိုင်စင်ဝင်ရန်ကိစ္စဖြင့် ကျွန်တော်တို့ ကား ကို မောင်းသော ကျွန်တော့်သူငယ်ချင်းဖြစ်သူနှင့်အတူ ရောက်နေခဲ့ပါသည်။ ထို့နောက် ထမင်းစားချိန်တွင် ထမင်းဆိုင်သို့ အဖေတို့သွားခဲ့ကြပါသည်။ ဆိုင်သို့ရောက်ကြပြီးနောက် ထမင်းစားရန် ပြင်ဆင်ကြပါသည်။ ဤအချိန်တွင် အဖေ့အတွက် ပထမဆုံး သတိပေးခေါင်းလောင်းသံ ပေါ်ထွက်လာခဲ့ပါသည်။

အဖေသည် ထိုင်နေရာက ရုတ်တရက် ဘာကိုမှမလုပ်နိုင်သေးဘဲ မောနေပါသည်။ ထိုသို့ အဖေ ထူးထူးခြားခြား မောနေပုံ ပေါ်တာကို ကျွန်တော့်သူငယ်ချင်းက ချက်ချင်းသတိပြုမိသွားပါသည်။ ထို့ကြောင့် သူငယ်ချင်းဖြစ်သူက အဖေ့အား နားနား နေနေနေရန် ပြောပါသည်။ အဖေကတော့ ‘ရပါတယ်’ ဟုသာ သာမန်ပြန်ဖြေပါသည်။

တိုးညင်းသည်ဟုဆိုနိုင်သော်လည်း မိသားစုဝင်မဟုတ်သော သူတစ်ဦးက သတိပြုမိလောက်အောင်ပင် အဖေ မောနေခဲ့တာ ဖြစ်သောကြောင့် ထိုအဖြစ်အပျက်မှာ အဖေ့အတွက် ပထမဆုံး သတိပေးခေါင်းလောင်းသံဟု ဆိုနိုင်ပါသည်။

ထို့နောက် လေးငါးရက် ခန့်အကြာတွင် အဖေ့အတွက် ဒုတိယ သတိပေးခေါင်းလောင်းသံ ပေါ်ထွက်လာခဲ့ပါသည်။

ထိုညက အဖေ အိပ်နေရာက အသက်ရှုရကြပ်လာသောကြောင့် ရုတ်တရက် နိုးလာခဲ့ပါသည်။ ထိုအခါ အဖေလည်း အိပ်ရာ က ချက်ချင်းထပြီး လုပ်နေကျအတိုင်း အသက်ရှူ လေ့ကျင့်ခန်းကို လုပ်ပါသည်။ ထိုအခါမှ အသက်ရှူကြပ်ခြင်း ပြန်လည် သက်သာသွားပါသည်။

ဘာပဲဖြစ်ဖြစ် အဖေလည်းလန့်သွားသောကြောင့် နောက်တစ်နေ့နံနက်တွင် ထိုအချိန်က အဖေ့အနားတွင် အနီးကပ်ရှိနေသူ အဖေ့ နှမဝမ်းကွဲ၏ အစီအစဉ် ဖြင့် နာမည်ကြီး နှလုံးရောဂါ အထူးကုဆရာဝန်တစ်ယောက်ယောက်နှင့် ပြဖို့စီစဉ်ရပါသည်။

ကျွန်တော်တို့လည်း သတင်းကြားကြားချင်း စိတ်ပူသွားသော်လည်း အဖေက ပြန်လည်သက်သာနေသည့်အပြင် အဖေ့အား အစ်ကိုရင်းထက်တောင် ပိုချစ်မလား ထင်ရလောက်သည့် အဖေနှင့် နေ့စဉ် အဆက်အသွယ်လုပ်ကာ စောင့်ရှောက်နေသူ အဖေ့နှမဝမ်းကွဲလည်း အဖေ့နားမှာရှိနေသောကြောင့် အဖေ ဆရာဝန်နှင့် ပြသမည့်အချိန်ကိုသာ စောင့်မျှော်ရပါသည်။

ထို့နောက် အဖေ့ အား မူလပြန်ရန်စီစဉ်ထားသည့် ဇွန်လ ၉ ရက်နေ့ အစား စောစီးစွာ နယူးဇီလန် သို့ ပြန်လာပြီး နယူးဇီလန် နိုင်ငံတွင် ဆေးပြန်စစ်ရန် ပြောရပါသည်။ အဖေက မေလလယ် လောက်တွင် ပြန်လာတော့မည်ဟု ဆိုပါသည်။

ထုံးစံအတိုင်း ဆရာဝန်တစ်ယောက်ယောက်နှင့် တွေ့ဆုံခွင့်ရဖို့ အချိန်ယူရသော ကျွန်တော်တို့ မြန်မာနိုင်ငံ၏အခြေအနေ အတိုင်း ငါးရက်ခန့်အကြာ ဧပြီလ ၁၀ ရက်နေ့မှ ဆရာဝန်နှင့် ပြသခွင့်ရပါသည်။

ထိုနေ့ မြန်မာ စံတော်ချိန် ညနေ လေးနာရီ လောက်တွင် အဖေ့ထံမှ ဖုန်းဝင်လာပြီး သူ ဆေးခန်းသို့ရောက်နေပြီဟု ဆိုပါ သည်။ ထိုအခါ ကျွန်တော်နှင့်အမေက ဆရာဝန် ပြသပြီးလျှင်ပြီးချင်း ဖုန်းပြန်ဆက်ရန် ပြောပါသည်။ ထိုအခါ အဖေက ရယ်ရယ်မောမောနှင့် ‘ဟာ… လူတွေမှ အများကြီးပဲ၊ သုံးလေးနာရီ ကြာမှာ၊ မနက်မှ ဆက်တော့မယ်’ ဟု ဆိုပါသည်။

ကျွန်တော့်မျက်စိထဲတွင် အရင်က အဖေပြနေကျ ဒေါ်နွယ်နွယ်၏ ဆေးခန်းတွင် ဒေါ်နွယ်နွယ်အား ဆယ်မိနစ်လောက် ပြသရန် စောင့်ဆိုင်းနေကြသော ရာဂဏန်းနီးနီး လူအုပ်ကြီးကိုသာ မြင်ယောင်မိပါသည်။

သို့သော် ထိုနေ့ ညဘက် ကျွန်တော်တို့ ဆီက စံတော်ချိန် ညတစ်နာရီလောက်တွင် အဖေ့ထံက ဖုန်းဝင်လာပါသည်။ အဖေ့ အပြောအရ ဆရာဝန်နှင့် တွေ့ဆုံ၍ ပြသပြီးဖြစ်ကြောင်းနှင့် သွေးစစ်ရန်နှင့် echo ရိုက်ရန် ညွှန်ကြားလိုက်ကြောင်း ပြောပါ သည်။ ထိုအချိန်တွင် ကျွန်တော်တို့ထံတွင် ညဥ့်နက်လှပြီဖြစ်သောကြောင့် ဖုန်းကြာကြာမပြောဘဲ အဖေ ဖုန်း ပြန်ချသွားပါ သည်။ နောက်တစ်နေ့ နံနက်သို့ရောက်မှ အဖေ နှင့် ဖုန်း ထပ်မံပြောရပါသည်။ ထို့နောက် ညနေပိုင်းတွင် အဖေနှင့် ထပ်မံ စကားပြောရပြန်ပါသည်။

သင်္ကြန် ရောက်တော့မှာမို့ မနက်ဖြန် မှ စ၍ အဖေ သွေးစစ်နေကျ ဓာတ်ခွဲခန်း နှစ်ဆန်းတစ်ရက်နေ့ အထိပိတ်ပြီဟုဆိုပါသည်။
အဖေ အသက်ရှူကြပ်ကြောင်း သိရကတည်းက တစ်နေ့ နှစ်ကြိမ်တော့ရအောင် ဖုန်းဆက်သော အမေက အဖေ့ကို နေလို့ ကောင်းရဲ့လားဟု မေးပါသည်။ အဖေက ဟိုတစ်ခါ အသက်ရှူရကြပ်ပြီးကတည်းက ဘာမှမဖြစ်တော့ဘဲ နေလို့ ကောင်းပါ သည်ဟု ဖြေပါသည်။

ထို့နောက် သင်္ကြန်ရက်များအတွင်းသို့ ရောက်လာပါသည်။ ထို့နောက် နှစ်ဟောင်းကုန်ဆုံး သွားပါသည်။ အဖေသွေး မစစ် ဖြစ်ပါ။
◊◊◊

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ရောက်ပြီး နှစ်ဆန်း နှစ်ရက်နေ့သို့ရောက်မှ အဖေ သွေးစစ်ဖြစ်ပါသည်။ သွေးစစ်ချက် ရလဒ် များမှာ နေ့တွင်းချင်းရ၍ အဖေ့ နှမဝမ်းကွဲမှ သွေးစစ်ချက်ရလဒ်များကို ချက်ချင်းပင် အမေ့ထံသို့ ပေးပို့လိုက်ပါသည်။ ရလဒ် များအရ သွေးမှာ ဆရာဝန် စစ်ဆေးခိုင်းသော အရာအားလုံးအတွက် ရှိသင့်သည့် ဘောင် တွင်းမှာပင်ရှိ၍ အဖေ့ နှမဝမ်းကွဲ အပါအဝင် ကျွန်တော်တို့ အားလုံး ဝမ်းသာသွားကြ ပါသည်။ အဖေ့ ကျန်းမာရေးအခြေအနေကိုမေးကြည့်တော့လည်း ဘာမှ အထူးအထွေ မဖြစ်ဘဲ ကောင်းမွန်သည် ဟု ဆိုပါသည်။ ယခု အခြေအနေ အတိုင်းဆိုလျှင် နယူးဇီလန်နိုင်ငံသို့ ပြန်ရောက်ပြီး အဖေ့ကို စာရင်းသွင်းထားသည့် အဖေ့ GP ထံ သွားရောက်ပြသပါကလည်း ဘာမှသိပ်ထူးမည်မဟုတ်သောကြောင့် နယူးဇီ လန်နိုင်ငံသို့ ပြန်ရောက်သောအခါ အသက်ရှူရမကြပ်သော်လည်း အသက်ရှူရ ကြပ်သည်ဟုဆိုကာ အဖေ့ကို ဆေးရုံသို့ တင်ပို့၍ အစစ်ဆေးခံစေရန် ကျွန်တော် ဆုံးဖြတ်လိုက်မိပါသည်။

ဘာပဲဖြစ်ဖြစ် အဖေ့အတွက် နောက်ဆုံး နေ့ရက်များကား နီးကပ်လာခဲ့ပြီ ဖြစ်ပါသည်။
◊◊◊

နောက် နှစ်ရက် လောက်နေတော့ အဖေက မနက်ခင်း မဟာဗန္ဓုလပန်းခြံတွင် လမ်းလျှောက်နေရာက အမေ့ထံ ဖုန်းဆက်ပါ သည်။ ပန်းခြံကို နှစ်ပတ်ပတ်ပြီး မောလာသောကြောင့် ခဏရပ်၍ နားနေသည်ဟု ဆိုပါသည်။ ရန်ကုန်တွင် နေပူလိုက်တာ ကလည်း မီးလောင်နေသလားမှတ်ရသည်ဟု ပြောပါသည်။ ထိုအခါ အမေက နေလည်းပူနေပြီဖြစ်သောကြောင့် လမ်းဆက်မ လျှောက်တော့ဘဲ အိမ်သို့ပဲ ပြန်တော့ရန် ပြောပါသည်။ ခါတိုင်းတော့ ပန်းခြံကို ငါးပတ်ပြည့်အောင်ပတ်ပြီးမှ အဖေ အိမ်ပြန်နေ ကျ ဖြစ်သော်လည်း ဒီနေ့တော့ စောစောပဲ အိမ်ကို ပြန်တော့မည် ဟု ပြောပါသည်။ ကျွန်တော်က အဖေ့ကို လေယာဉ်လက်မှတ် ဝယ်ပြီးပြီလားဟုမေးတော့ အဖေက မဝယ်ရသေးကြောင်းနှင့် ရှေ့အပတ်ထဲမှာ ဝယ်ဖြစ်အောင် ဝယ်တော့မည့် အကြောင်း ပြောပါသည်။

ထို့နောက် နောက်ထပ် နှစ်ရက်လောက် ထပ်မံကုန်လွန်သွားပြီး တနင်္ဂနွေနေ့သို့ ရောက်ရှိလာပါသည်။
◊◊◊

ထိုနေ့က ညဦးပိုင်းတွင် အဖေ နှင့် ဖုန်းပြောပြီး ကျွန်တော်တို့ဆီမှာ ည ၁၁ နာရီခွဲ ခန့်တွင် အဖေ့ထံမှ ဖုန်းဝင်လာပါသည်။ ကျွန်တော်ကိုင်လိုက်တော့ အဖေ့ဆီသို့ ကျွန်တော် ရန်ကုန်သို့ ပြင်ရန် အဖေနှင့်ထည့်ပေးလိုက်သော ကွန်ပြူတာကို လာယူ သည့် ကျွန်တော့်သူငယ်ချင်း ဖြစ်နေပါသည်။ ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို ကွန်ပြူတာနှင့်ပတ်သက်၍ အနည်းငယ် မေးပါသည်။ ကျွန်တော် သူငယ်ချင်းကို ပြန်ဖြေနေစဉ် အဖေ့ထံမှ သူငယ်ချင်းကို လှမ်းပြောနေသည့် ‘ကျသ လောက် ပေးမယ် ကျသလောက် ပေးမယ်’ ဟူသော စကားသံကို ကြားနေရပါသည်။ ထို့နောက် သူငယ်ချင်းနှင့် ကျွန်တော် ဖုန်းပြောပြီးသွားပြီး ဖုန်းကို အမေ့ထံသို့ ကျွန်တော်ပြန်ပေးလိုက်ကာ အဖေနှင့် အမေ နှစ်မိနစ် သုံးမိနစ်လောက် စကား ပြောကြပါသည်။ ပြီးတော့ အဖေ ဖုန်းပြန်ချသွားပါသည်။ ထိုအချိန်မှာ ရန်ကုန်တွင် ညနေ ခြောက်နာရီလောက်ရှိမည် ထင်ပါ သည်။
◊◊◊

ထိုည ရှစ်နာရီ ခန့်တွင် ခါတိုင်း ညတွေလိုပဲ အဖေ ခဏ အိပ်ပါသည်။ ထို့နောက် ၁၁နာရီ ခန့်တွင် ပြန်နိုးလာပါသည်။ ထို့နောက် အိမ်ရှေ့ဧည့်ခန်းရှိ သူ ထိုင်နေကျ တီဗီ နှင့် အနီးဆုံး ထိုင်ခုံ တွင် ထိုင်ပြီး ကျွန်တော်တို့ အိမ်တွင် ကျွန်တော်တို့တတွေ အိမ်မှာ မရှိတုန်း အိမ်မှာရှိသော ကရင်မလေး ခိုင်ခင်ဦး အဖော်ရစေရန် ခဏခေါ်ထားသည့် ကျွန်တော်တို့ အိမ်တွင် ယခင်က နှစ်ပေါင်းများစွာ နေထိုင်သွားပြီး အိမ်ထောင်ကျမှ ထွက်ခွာသွားသော ခင်မာဦး နှင့် စကားပြောပါသည်။

အဖေ ထိုညက ခင်မာဦး ကို မပြောစဖူး စကားတွေ ရှည်ရှည်လျားလျား ပြောနေပါသည်။ ထို့နောက် ၁၁နာရီခွဲ ခန့်တွင် အဖေ က ခင်မာဦး ကို အပေါ်သို့ တက်အိပ်ရန် ပြောပါသည်။ ဒီမှာပင် ခင်မာဦး က အိမ်ရှေ့ဧည့်ခန်းမီး ကို ပိတ်ပေးပြီး အပေါ်ထပ်ခိုး သို့ အိပ်ရန် တက်သွားပါသည်။ အိမ်ရှေ့မှောင်ကြီး ထဲမှာတော့ အဖေ တစ်ယောက်တည်း ထိုင်ကျန်နေခဲ့ပါသည်။
၁၂နာရီ ထိုးကာနီးတော့ အပေါ်ထပ်တွင် အိပ်နေသည့် ခင်မာဦး က အောက်ထပ် မီးဖိုခန်း ထဲမှ ညစဉ် ကြားနေကျ အသံများဖြစ်သည့် အဖေ အိမ်သာ သို့ ဝင်၍ ရေဆွဲချသံ၊ အံကပ်ကို ဖြုတ်၍ ဆေးနေသံ တို့ကို အိပ်ရာထဲမှ ကြားနေရပါသည်။ ထိုအချိန်တွင် နာရီကို ကြည့်လိုက်ရာ ၁၂နာရီ ထိုးရန် ငါးမိနစ်သာ လိုတော့သည် ကို ခင်မာဦး တွေ့ရပါသည်။

အဲဒီမှာပဲ သေခြင်းတရား က ကျွန်တော်တို့ တိုက် အောက်ထပ် ရှိ လှေကားရင်း သို့ ရောက်လာခဲ့ပြီ ဖြစ်ပါသည်။

မနက် ငါးနာရီ လောက်ကျတော့ အပေါ်ထပ်မှာ အိပ်နေသည့် ကရင်မလေး ခိုင်ခင်ဦး နိုးလာပြီး အောက်ထပ် သို့ ဆင်းလာပါသည်။ အိမ်အလယ်ခန်း က မီးမှာ ပွင့်နေပါသည်။ အဖေ့ ကို ရှာကြည့်တော့ အဖေ ခြင်ထောင်ထဲမှာ မရှိဘဲ အိမ်ရှေ့ဧည့်ခန်း မှောင်ထဲက ထိုင်နေကျ ကုလားထိုင်မှာ ထိုင်နေတာ လှမ်းတွေ့ရသောကြောင့် ခိုင်ခင်ဦး လည်း မီးဖိုချောင်ထဲ ဝင်ပြီး လုပ်စရာရှိတာ လုပ်ပါသည်။ မီးဖိုခန်းမှ မီး နှင့် အိမ်သာမီး မှာလည်း ပွင့်နေပါသည်။ ငါးနာရီခွဲ လောက်တွင် ထပ်ကြည့်လိုက်တော့ အဖေ ထိုင်နေတုန်းပဲ ဖြစ်ပါသည်။ ခါတိုင်းဆိုလျှင် မနက် လမ်းလျှောက်ရန် အတွက် အဖေ ပြင်ဆင်နေပြီ ဖြစ်သောကြောင့် အဖေ အိပ်ပျော်နေသည် ထင်ပြီး အဖေ့ ကို ခိုင်ခင်ဦး သွားနှိုးပါသည်။ အဖေ က လုံးဝ မနိုးပါ။ ထို့ကြောင့် ခိုင်ခင်ဦး ၏ စိတ်ထဲ တစ်မျိုးဖြစ်လာပြီး အပေါ်ထပ်မှ ဆင်းမလာသေးသည့် ခင်မာဦး အား သွားခေါ်ပါသည်။ ခင်မာဦး ရောက်လာပြီး အိမ်ရှေ့မီး ကို ဖွင့်လိုက်ပါသည်။ ထိုအခါ အဖေ့ ကို မီးရောင်ထဲတွင် တွေ့ရပါသည်။

အဖေ သည် ထိုင်လျက်သား အနေအထား နှင့်ပင် ဘုရားစင်ဘက်သို့ ခေါင်းလေးငဲ့လျက် အသက်ကင်းမဲ့ နေပါသည်။ အဖေ ကွယ်လွန်ပြီး ဖြစ်ကြောင်းကို ခင်မာဦး ရိပ်စားမိသော်လည်း သတိလစ်နေသည့် အနေနှင့်သာ သဘောထားပြီး ကျွန်တော်တို့နှင့် အခန်းချင်းကပ်လျက် က အိမ်နီးချင်း အငြိမ်းစားသူနာပြု ဆရာမကြီး ဒေါ်ခင်ကြည် ကို သွားခေါ်ပါသည်။ ဒေါ်ခင်ကြည် နှင့် သမီးဖြစ်သူ ချက်ချင်းလိုက်လာပြီး အဖေ့ ကို ကြည့်ပါသည်။ သွေးစမ်းဖို့ပင် မလိုလောက်အောင် နှုတ်ခမ်းတွေ ပြာလျက် မြင်သူတိုင်းက သိလောက်အောင်ပင် အဖေ ကွယ်လွန်နေတာ သေချာပါသည်။
◊◊◊

ဖြစ်ခဲ့ပျက်ခဲ့ သမျှ ဇာတ်ကြောင်း အကုန်အစင် အား အဖေ့ အသုဘ ပြီး၍ ရက်လည်ပြီးမှ ကျွန်တော် ကြားသိရပါသည်။ ကျွန်တော့်မျက်လုံး တွေကို မှိတ်လိုက်တော့ အဖေ က အသက်ရှူကြပ်၍ အိပ်ရာက နိုးလာပါသည်။ ကျွန်တော်က လက်ကိုင်ဖုန်း ကို ကောက်ကိုင်လိုက်ပါသည်။ ဆယ်မိနစ်မျှ အကြာတွင် အရေးပေါ် အသက်ကယ် ကိရိယာများ အစုံအလင် ပါရှိသည့် ခေတ်မီ လူနာတင်ယာဉ် တစ်စင်း ကျွန်တော်တို့ တိုက်ရှေ့သို့ ဆိုက်ရောက်လာပါသည်။ နောက်ထပ် ဆယ့်ငါးမိနစ် မျှ အကြာတွင် ခေတ်မီ စက်ကိရိယာ ပစ္စည်းများ အပြည့်အစုံ တပ်ဆင်ထားသော ကမ္ဘာ့အဆင့်မီ Auckland Hospital ကြီးသို့ အဖေ ရောက်ရှိသွားပါသည်။ ထို့နောက် ချက်ချင်းပင် အဖေတစ်ယောက် သူ နေရမည့် သီးသန့်ခန်း ထဲသို့ ရောက်သွားပါသည်။ မကြာမီ အတောအတွင်း အဖေ့ ရောဂါရာဇဝင် ကို သက်ဆိုင်ရာ နှလုံးအထူးကု ဆရာဝန်ကြီး များက ဖတ်ရှုကြပါလိမ့်မည်။ ထို့နောက် အရံသင့် ရှိနေသော စက်ကိရိယာ များ၏ အကူအညီ နှင့် အဖေ့ နှလုံး ကို အသေးစိတ် စစ်ဆေးကြပါလိမ့်မည်။ ထို့နောက် လိုအပ်သော ခွဲစိတ်ကုသမှု ကို ပြုလုပ်ရန် အစီအစဉ် များအား အချိန် နှင့် တပြေးညီ ဆောင်ရွက်ကြပါလိမ့်မည်။ ထိုအရာအားလုံး အတွက် ငွေကြေး တစ်ပြားတစ်ချပ်မျှ ပေးရန်မလိုဘဲ အားလုံး အခမဲ့သာ ဖြစ်ပါသည်။

သို့သော် အဖေ အသက်ရှူကြပ်ပြီး နိုးလာတာက ရန်ကုန်တွင် ဖြစ်ပါသည်။

………………………… ………………………….. ……………………………..

လွန်ခဲ့သော ၁၃နှစ်က ပထမအကြိမ် အဖေ နှလုံးသွေးကြောပိတ် စဉ် က ကြုံတွေ့ခဲ့ရသည် များကို ကျွန်တော် ပြန်လည် စဉ်းစားကြည့်ပါသည်။ အဲဒီတုန်းက အဖေ ချောင်းတွေ စဆိုးလာပါသည်။ ကျောတွေ အောင့်လာပါသည်။ လမ်းလျှောက်ရင်း မောလာပါသည်။ ရောဂါအမည် ကို ချက်ချင်း ခေါင်းစဉ်တပ်၍ မရပါ။ ဒါတောင်မှ အဖေ့နားတွင် အဖေ နှင့် လမ်းလျှောက်ဖော်လျှောက်ဖက် သမားတော်ကြီး ဒေါက်တာအောင်ခင် ရှိနေပါသေးသည်။ ဆရာဝန် နှစ်ယောက် သုံးယောက် ပင် အရင် ပြောင်းသွားပါသည်။ တစ်လခွဲလောက် ကြာမှ အဖေ့ နှလုံးသွေးကြောတွေ ပိတ်တော့မည် ဖြစ်ကြောင်း ကို သိရှိရပါသည်။ ရောဂါလက္ခဏာ များ စတင် ပြကာစ မှ နောက်ဆုံး ဘန်ကောက်က ခွဲစိတ်ကုတင် ပေါ်သို့ အဖေ ရောက်ချိန်အထိ နှစ်လမျှ ကြာမြင့်ခဲ့ပါသည်။ အကယ်၍သာ ခွဲစိတ်ကုတင် ပေါ်သို့ အဖေ မရောက်မီ နှလုံးသွေးကြော အရင် ပိတ်သွားပါက အဖေ ထိုကတည်းက သေဆုံးသွားလိမ့်မည် ဖြစ်ပါသည်။

ယခုအကြိမ် တွင် ပြသသည့် လက္ခဏာ များမှာမူ အဲဒီတုန်းကထက်ပင် ပါးလျ လှပါသည်။ ထို့ပြင် အဖေ ကြုံတွေ့ခဲ့ရသော ဖြစ်စဉ် နှစ်ခု စလုံးတွင် ပြသသည့် လက္ခဏာများမှာလည်း အပြင်းအထန် မဟုတ်ဘဲ အပျော့စား သဘောမျှသာ ဖြစ်ပါသည်။ ပေါ်လိုက်ပျောက်လိုက် လည်း ဖြစ်နေပြန်ပါသည်။ ယေဘုယျ အနေဖြင့် ဆိုရလျှင် နှလုံးသွေးကြောပိတ် တော့မည့် အကြောင်း ပြသသည့် လက္ခဏာ များမှာ သာမန်လူ တစ်ဦး အနေဖြင့် အရေးတယူ သတိမူမိဖို့ မလွယ်လောက်သည့် သဘော ရှိပါသည်။

ထို့အတွက် အဖေ ခံစားခဲ့ရသည့် နှလုံးသွေးကြောပိတ်ခြင်း အပါအဝင် အခြား နှလုံးရောဂါ အမျိုးမျိုး အတွက် အကောင်းဆုံး ကုသနည်း မှာ နှလုံးရောဂါ ဟု ယူဆနိုင်သည့် လက္ခဏာ တစ်ရပ်ရပ် ခံစားရသည်နှင့် ဆေးရုံ သို့ ချက်ချင်း တင်ပို့၍ ကုသသည့် နည်းတစ်နည်း သာ ရှိပါသည်။ ဥပမာအားဖြင့် နယူးဇီလန် နိုင်ငံ တွင် လူတစ်ယောက်သည် နှလုံးရောဂါ တစ်ခုခု နှင့် ပတ်သက်ဖွယ် ရှိသည့် လက္ခဏာ တစ်ရပ်ရပ် ခံစားရသည်နှင့် သက်ဆိုင်ရာ ဆရာဝန် က ချက်ချင်းပင် ဆေးရုံ သို့ ပို့လိုက်မည်သာ ဖြစ်ပါသည်။ ဤသို့ ပို့ခြင်းအားဖြင့် သက်ဆိုင်ရာ လူနာ သည် နှလုံးရောဂါ ခံစားနေရသည် ဟု ဆိုလိုခြင်း မဟုတ်ဘဲ စိတ်ချရစေရန် ပြုလုပ်ခြင်းမျှသာ ဖြစ်ပါသည်။ အကယ်၍ ခံစားနေရသော ဝေဒနာ သည် နှလုံးရောဂါ နှင့် မပတ်သက်ပါက ဆေးရုံမှ ပြန်လွှတ်လိုက်မည် ဖြစ်ပါသည်။

သို့သော် အဆိုပါနည်းမှာ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်လှသော ချမ်းသာသည့် နိုင်ငံ များတွင်သာ ကျင့်သုံး၍ ရနိုင်စရာ ရှိပါသည်။ မြန်မာနိုင်ငံ ကဲ့သို့ ဆင်းရဲသော နိုင်ငံ တစ်ခုတွင် ဖြစ်နိုင်မည် မဟုတ်ပါ။ ထို့ပြင် ကျန်းမာရေး စောင့်ရှောက်မှု တစ်ခုခု ရဖို့ အခက်အခဲ အမြောက်အများ ရှိနေသော မြန်မာနိုင်ငံသား များ အနေဖြင့်လည်း ယေဘုယျအားဖြင့် ဆေးရုံ သို့ သွားဖို့ ဝန်လေးလှပါသည်။ သွားရန်လည်း ခဲယဉ်းလှပါသည်။ ကျွန်တော်တို့၏ လက်ရှိ အခြေအနေ အရ အဖေ့ ရှေ့မှ လူများစွာ အဖေ သွားသော လမ်းအတိုင်း သွားခဲ့ပြီးသည့် နည်းတူ အဖေ့နောက်မှလည်း နောက်ထပ် လူ အမြောက်အများ အဖေ သွားသော လမ်းအတိုင်း လိုက်ကြရဦးမည်သာ ဖြစ်ပါသည်။
◊◊◊

အဖေ မဆုံးပါးမီ ရက်များတွင် အဖေ့အတွက် သေနေ့စေ့သွားသည် ဟု ပြောလောက်စရာ အဖြစ်အပျက် ကလေးများ ဖြစ်ပွားခဲ့ပါသည်။ ထို့ကြောင့် အဖေ သေနေ့စေ့သွားသည် ဟု ပြောသူတို့က ပြောကြပါသည်။ ကွယ်လွန်ကာနီးတွင် ဖြစ်ပွားခဲ့သည့် အဖေ့ အပြုအမူ တချို့မှာ သေဆုံးတော့မှာကို အဖေ ပဲ သွေးကပြော၍ သိနေသလိုလို ဖြစ်ခဲ့သောကြောင့် သေနေ့စေ့သွားသည် ဟု ပြောမည်ဆိုလည်း ပြောလောက်ပါသည်။

အဖေ့အတွက် ရန်ကုန်သို့ ပြန်ရန် လေယာဉ်လက်မှတ် အသင့်ရှိနေခြင်း၊ ကွယ်လွန်ခါနီး ရက်ပိုင်းအလိုတွင် လွန်ခဲ့သော ခုနစ်လ ရှစ်လ လောက်က ကားဝပ်ရှော့တစ်ခု သို့ ပေးရန် အမှတ်မထင် ကျန်ရှိခဲ့သည့် ပိုက်ဆံ နှစ်သောင်းကျော် အား သွားပြီး ပေးခဲ့ခြင်း၊ နယူးဇီလန် သို့ ပြန်ရန် အချိန် လိုနေသေးသော်လည်း ကွယ်လွန်ခါနီး နှစ်ရက်အလို စနေနေ့တွင် မူလ စီစဉ်ထားသည့် အချိန်ထက် စော၍ သူနှင့် ပန်းခြံတွင် လမ်းလျှောက်ဖော်လျှောက်ဖက် မိတ်ဆွေများအား အချိန် အဆင်သိပ်မပြေသည့် ကြားက စားသောက်ဆိုင် တစ်ခုတွင် ကျွေးဖြစ်အောင် ကျွေးသွားခြင်း အစရှိသော အဖြစ်အပျက် ကလေးများ ဖြစ်ပွားခဲ့ပါသည်။

သို့သော် သေနေ့စေ့ခြင်း ဟူသည် သတိ နှင့် ဥာဏ်ပညာ သာ ဦးစီးအမှူး ရှိလေကုန်သော ဗုဒ္ဓ အဘိဓမ္မာ တွင် အရာမထင် နိုင်သော စွဲလမ်းမှု တစ်ခု မျှသာ ဖြစ်ပါသည်။

ကံ၊စိတ်၊ဥတု၊အာဟာရ သပ္ပာယမျှတ နေသရွေ့ နှင့် အခြား သေဆုံးရမည့် အကြောင်း တစုံတရာ မရှိသရွေ့ ကာလပတ်လုံး သတ္တဝါ တို့သည် အသက်ဆက်ရှင် နေကြမည်သာ ဖြစ်ပါသည်။
အစွဲအလမ်း တို့ကို ဘေးဖယ်၍ သတိ နှင့် ဥာဏ်ပညာ အမှူးရှိသော မျက်စိ နှင့် ကြည့်ရှုလျှင် အဖေ ကွယ်လွန်ခဲ့ရသည့် အကြောင်းရင်းခံ တို့ကို တွေ့နိုင်လိမ့်မည် ဖြစ်ပါသည်။
◊◊◊

လူပုဂ္ဂိုလ် အနေအားဖြင့် ဆိုရလျှင် အဖေ့တစ်သက်တွင် လူအပေါင်းအား ငွေကြေးအားဖြင့် လည်းကောင်း၊ ငွေကြေး မလိုအပ်သူများ အား လူအား ဖြင့်လည်းကောင်း၊ အဆက်အသွယ် အားဖြင့် လည်းကောင်း ကူညီခြင်းအမှု ကို တရံမလပ် ပြုလုပ်ခဲ့လေရာ အဖေ မှာ လူချစ်လူခင် အလွန်ပေါများလှသူ ဖြစ်ပါသည်။

ထိုသို့ လူချစ်လူခင် ပေါများကြောင်းကို အဖေ့ အသုဘ က သက်သေပြပါသည်။ အဖေ့ အသုဘတွင် ယခင် နှစ်ပေါင်း သုံးလေးဆယ် က ကျွန်တော်တို့ အိမ်တွင် အိမ်အကူလုပ်ခဲ့ဖူးသူ အစ်မကြီး ကအစ အာဇာနည် ခေါင်းဆောင်ကြီး တစ်ဦး ၏ သမီး အလယ် ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် (ဟောင်း) အဆုံး လူတန်းစားအားလုံး လိုက်ပို့ခဲ့ကြပါသည်။

အထူးသဖြင့် အဖေ့ ဘဝတွင် ဆင်းရဲချို့တဲ့သူ များအား စဉ်ဆက်မပြတ် ကူညီခဲ့လေရာ ဆုံးပါးသွားသည့် အချိန်တွင်လည်း အဖေ့အား သူ ကူညီထောက်ပံ့ ခဲ့သူ ကျွန်တော်တို့ လမ်းထဲက ကားစောင့်ကြီးများက အိမ်ပေါ်က မ ချသွားခဲ့ကြပါသည်။ အဖေ့ ဘဝ တလျှောက်လုံးတွင် ဝန်ထမ်းဘဝ ရရှိသော ပင်စင်လခ အားလုံးအား တစ်ပြားတစ်ချပ် မကျန် လစဉ် လှူဒါန်းသွားခဲ့ပါသည်။

အဖေ ကွယ်လွန်ချိန်တွင် အဖေ သည် ကုလားထိုင်တွင် ထိုင်လျက် အနေအထား ဖြစ်၍ လက်နှစ်ဖက်ကို ကုလားထိုင် လက်ရမ်းပေါ်တွင် တင်ထားကာ ပကတိ လူတစ်ယောက် ကုလားထိုင်တွင် ထိုင်ပြီး အိပ်ပျော်နေသည့် သဏ္ဍာန် ကို ဆောင်နေပါသည်။

မျက်မြင် တွေ့ရှိရသော အငြိမ်းစား သူနာပြုဆရာမကြီး နှင့် ဓာတ်ပုံ ကို တွေ့ရသော အငြိမ်းစား ဆရာဝန်ကြီး တို့၏ အဆိုအရ အဖေ ကွယ်လွန်ချိန်တွင် ခံစားရသော ဝေဒနာသည် များစွာပါးလျ၍ ခံစားရသည့် အချိန်မှာလည်း တိုတောင်းမည် ဖြစ်သည် ဟု တညီတညွတ်တည်း ကောက်ချက်ချကြပါသည်။

အဖေ ကွယ်လွန်ချိန်တွင် မီးများကို ပိတ်ထား၍ အဖေ့အနီးတွင် လူတစ်ဦးတစ်ယောက်မျှ ရှိမနေဘဲ တစ်ယောက်တည်း သက်သက် ရှိနေချိန် ဖြစ်ပါသည်။ တပ်နေကျ မျက်မှန် နှင့် အံကပ် ကို ချွတ်ပြီးဖြစ်၍ အဖေ့ ကိုယ်ပေါ်တွင် ဝတ်ထားသော ညဝတ် တီရှပ်လက်တို အဖြူကလေး နှင့် ပုဆိုးအနွမ်းကလေး မှ လွဲ၍ အဖေ သည် ပကတိ မွေးဖွားလာခဲ့သည့် အတိုင်း ပင် ဖြစ်ပါသည်။

ထို့ပြင် အဖေ ကွယ်လွန်ချိန်သည် ပကတိ တိတ်ဆိတ်ငြိမ်သက်၍ လူအားလုံး အိပ်စက် အနားယူနေကြသော အကာလ ညအခါ ဖြစ်ပါသည်။ ဤကဲ့သို့သော အခြေအနေ အချိန်အခါ တွင် အဖေ ကွယ်လွန်ခဲ့ခြင်း ဖြစ်လေရာ အဖေ နှင့် အခြားလူများ အကြားတွင် ခြားနားမှု ဟူ၍ အခြားလူများက နံနက်တွင် ပြန်လည် နိုးထလာကြဦးမည် ဖြစ်ပြီး အဖေ ကတော့ တစ်ဖန်ပြန်လည် နိုးနိုင်တော့မည် မဟုတ်သည့် အချက်သာ ခြားနားသည် ဟု ဆိုနိုင်ပါသည်။

အဲဒီလို သေဆုံးခြင်း ကတော့ ဘဝ တလျှောက်လုံးတွင် ပတ်သက်သမျှ လူတွေအားလုံးအား ပကတိ ဖြူစင်သော နှလုံးသား နှင့် ကူညီခဲ့သည့် လူတွေအားလုံးက ချစ်ကြသည့် လူတစ်ယောက်အတွက် အမှန်တကယ် ထိုက်တန်လှပါသည် ။ ။

ညိုထက်ညို

ကာတွန်း ဆွေသားရဲ့ မြန်မာ့ငြိမ်းချမ်းရေးပဲ့ကိုင်ရှင်ကြီး

$
0
0

ကာတွန်း ဆွေသားရဲ့ မြန်မာ့ငြိမ်းချမ်းရေးပဲ့ကိုင်ရှင်ကြီး
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈

ကျော်မောင် (တိုင်းတာရေး) ● အိုးကြီးချက်

$
0
0
ကျော်မောင် (တိုင်းတာရေး) ● အိုးကြီးချက်
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈

တယောက်စာ အတွက် ချက်ပြုတ်ရတာက လွယ်တယ်လို့ ဆိုကြလေ့ရှိတယ်။ အများအတွက်ဆိုရင် ချက်ပြုတ်သူရဲ့ စီမံမှုအပေါ် မူတည်သွားတယ်။ စားသောက်မယ့်လူတွေရဲ့ ရှိရင်းစွဲအရသာကို ပြင်ပေးနိုင်ခွင့် ရှိတယ်။ ရခဲ့ကြဖူးတဲ့အရသာ အဟောင်းတွေ အရသာအကောင်းတွေကို ပြန်လည်တမ်းတစေခွင့် ရှိတယ်။ အရသာအသစ်တွေကိုလည်း ဖန်တီးပေးနိုင်ခွင့် ရှိတယ်။

သုံးလေးငါးယောက်ရှိတဲ့ မိသားစုမှာတောင် အကြိုက်ချင်းမတူတာကို အစပ်အဟပ်တည့်အောင် လုပ်ဆောင်နိုင်တာဟာ ရိုးရိုးသာမန်အိမ်ထောင်စုတွေမှာရှိတဲ့ အိမ်ရှင်မတွေရဲ့ လေးစားလောက်တဲ့ အတတ်ပဲဖြစ်ပါတယ်။

တကယ်တော့ အိုးကြီးချက်ဆိုတာက ပညာတရပ်ပဲ။

အိုးကြီးချက်ဆိုလို့ သတိရမိတဲ့ စားဖိုမှူးကြီးတစ်ယောက် ရှိခဲ့ဖူးတယ်။

အဘ ဟင်းချက်တတ်တာကို စပြီး သတိပြုမိတာ အဲဒီငါးဟင်းက စတာပဲ။ ငါးတော့ငါးပဲ။ ငါးအမျိုးအမည်လည်း အခုထိ မသိ။ အမေ့မေးကြည့်တော့လည်း အမေလည်း မမှတ်မိတော့။ သား အဘချက်တာ ရေချိုငါးလား၊ ပင်လယ်ငါးလည်း ဖြစ်ချင် ဖြစ်မှာ ပေါ့လို့ ပြန်ပြောတယ်။ ငါးတကောင်လုံးကို စပါးလင်တွေနဲ့ စည်းတုပ်ပြီး ချက်တာ။ ဆီပြန်ဟင်း မဟုတ်ဘဲ အရည်သောက်ဟင်း ပုံစံ။ ဟင်းရည်သောက်ရင်း ငါးအသား တဖဲ့နှစ်ဖဲ့ စစားရင်းနဲ့ အဲဒီနေ့က အဲဒီငါးဟင်းကို ဒီနေ့အထိ မမေ့တာ။ ငါးအမျိုးအမည်မသိတဲ့အတွက် အဲဒီငါးဟင်းလို့ပဲ ဒီအကြောင်းလေး ပြန်လည်ပြောမိတိုင်း ပြောဆိုညွှန်းမိတယ်။ ငါးဟင်းကောင်းတဲ့အတွက် ထမင်းသုံးပန်းကန်လောက် ကုန်တယ်လို့ ပြန်အမှတ်ရမိတယ်။

အဘက ရန်ကုန်လာလည်ရင်း အဲဒီတနေ့မှာပဲ ဘာစိတ်ကူးပေါက်လို့ရယ်မသိ၊ နေ့လယ်စာအတွက် ငါးဟင်းတခွက်ကိုပဲ ချက်ပြုတ်ပြီး ပညာပြသွားတာ။ နယ်မှာတော့ ထမင်းဟင်းအတွက် မီးဖိုချောင်ဝင်ပြီး ကူညီချက်ပြုတ်နေတာ မတွေ့ဘူးပါ။ အဖွားချက်တာကိုပဲ စားတယ်။ အမွှန်းတင်ရရင် ဟင်းချက်ကောင်းတဲ့ အဖွားတောင် ဒီလိုငါးဟင်းမျိုး ချက်တာမှာ အဘကို မမီဘူးလို့ ခံစားမိတယ်။ နောက်ပိုင်းမှ သိရတာက အဘက အိုးသူကြီးဆိုပဲ။

အခါတွင်း တရက်မှာ ဘုန်းကြီးကျောင်းတကျောင်းဆီကို အဖွားအတွက် အဖော်အဖြစ် ရအောင် လိုက်သွားတယ်။ အမှန်က ရန်ကုန်ကလာတဲ့ ဆယ်ကျော်သက်အရွယ် မြေး မလည်မ၀ယ်ကို အဖွားက ပွဲထုတ်တာ။ ဘုန်းကြီးကျောင်းထဲရောက်မှ တွေ့မိတာရှိတယ်။ အဲဒါက အဖွားလိုပဲ မြေးတွေခေါ်လာကြတဲ့ သူတွေက များမှများကိုး။ မြေးမလေးတွေလဲ ပါတာပေါ့လေ။
ဥပုသ်သီလယူ တရားနာပြီးတဲ့အခါ ကျောင်းကြီးပေါ်ကနေ အဖွားကိုတွဲလို့ ဆင်းလာကြတယ်။ ကျောင်းဝိုင်းအတွင်းက မြက်ခင်းပြင်မှာ မိုးပြဲဒယ်တွေနား ပုံစံအမျိုးမျိုးနဲ့ထိုင်နေကြတဲ့ လူတစုကို တွေ့လိုက်ရတယ်။ ထိုင်နေကြတဲ့ပုံစံတွေ မတူကြပေမဲ့ သူတို့အားလုံးရဲ့ မျက်နှာတွေဟာ ပြုံးရွှင်နေကြတာကိုတော့ သတိထားမိခဲ့တယ်။ ထမင်းတွေက ခူးခပ်ပြီးတောင်နေပြီ။ ထမင်းချိုးတွေကို သံပန်းကန်ပြားတွေထဲမှာ ထည့်ထားတယ်။ အဲဒီမှာ အဘကို တွေ့တာပဲ။ ဘုန်းကြီးကျောင်းလာတဲ့သူတွေက ၀တ်ကောင်းစားလှကြီး မဟုတ်တောင် သစ်သစ်လွင်လွင်လေးတော့ ၀တ်ဆင်လာကြတာရှိတယ်။ အဘကတော့ ပုဆိုးအဟောင်း တီရှပ်လက်တိုအဖြူရောင် ခပ်နွမ်းနွမ်းနဲ့။

ရှိုးအပြည့်နဲ့ ရန်ကုန်သားက အဘကို နားလည်ရခက်သွားတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို ကိုယ့်ရဲ့ အဘအရင်းက တောက်တောက်ပြောင်ပြောင်မ၀တ်လို့ လူပုံအလယ်မှာ မခေါ်ဝံ့ မပြောဝံ့ မနှုတ်ဆက်ဝံ့တဲ့ စိတ် မရှိခဲ့ဘူး။ နားလည်ရခက်သွားတယ်ဆိုတာ အလှူပွဲတွေမှာ ၀ိုင်းဝန်းကူညီလုပ်ကိုင်မယ်ဆိုရင် ၀တ်ကောင်းစားလှ မ၀တ်သွားတာဟာ အသင့်တော်ဆုံးဆိုတဲ့ သဘောတခုကို မသိတတ် မမြင်တတ်သေးတာကြောင့်ပဲ။

အဘက မြေးဖြစ်သူကို တွေ့တာနဲ့ ရော့ ဒါစားကြည့်စမ်းလို့ ထမင်းချိုးတဖဲ့ လာပေးတယ်။ ထမင်းချိုးကောင်းကောင်းကို အဲဒီမှာမှ မြည်းကြည့်ဖူးတာ။ ပြီးတော့ ဒယ်အိုးတွေနား ၀ိုင်းဖွဲ့နေကြတဲ့ ကာလသားတွေကို ဒါ ရန်ကုန်က သမီးကြီးရဲ့သား အလတ်ကောင်လို့ မိတ်ဆက်ပေးတယ်။ နေ့လည်စာ မစားသွားကြဘူးလားလို့ သူတို့က မေးကြတယ်။ မစားတော့ဘူးဗျ၊ သွားတော့မယ်လို့ ပြန်ပြောတဲ့အခါ ထမင်းချိုးပန်းကန် လှမ်းပေးပြီး ခပ်များများစားကွာလို့ ပြောကြတယ်။ သူတို့က ထမင်းချိုးကို ရေနွေးကြမ်းနဲ့ မြည်းနေကြပုံရတယ်။

သီလသွားယူဦးလေလို့ အဖွားက အဘကို ပြောလိုက်သံကြားတယ်။ အဘကလည်း အေးပါကွာ ဒို့အဖွဲ့တွေက နောက်ဆုံးအသုတ်မှ ကျောင်းပေါ်တက်ပြီး ယူကြမှာလို့ ဆိုတယ်။ အဖွားနဲ့အတူ အိမ်ပြန်လိုက်ခဲ့ရင်း အဘက ဘာလို့ သူများတွေလို တိုက်ပုံမ၀တ်တာလဲလို့ အဖွားကို မေးလိုက်တယ်။ ဆိုက်ကားစီးရင်း မေးတာဖြစ်လို့ ရှေ့ခုံမှာ ထိုင်တဲ့ အဖွားကြားအောင် နှစ်ခါလောက် မေးလိုက်ရတယ်။ သူတို့က ချက်ပြုတ်ရေး ဝေယျာဝစ္စအဖွဲ့ကလို့ ပြန်ဖြေတယ်။ အိမ်ကသွားတော့ ၀တ်နေကျ တိုက်ပုံလေး ယူသွားတယ် ထင်တာပဲလို့လည်း ဆက်ပြောပါသေးတယ်။

အိမ်ရောက်တော့ အမေ့ကို ပြောပြတဲ့အခါ သား အဘက အိုးသူကြီးကွဲ့လို့ ပြုံးပြီးပြောတယ်။
နောက်တခါ ကြုံရပုံက ဒီလို။

အဘတို့အိမ်မှာ ၀ါဆိုသင်္ကန်းကပ်တဲ့အခါ နယ်ထုံးစံအရ မုန့်ဟင်းခါးအလှူလုပ်တယ်။ ကိုယ့်ရပ်ကွက်အတွင်းက အိမ်နီးနားချင်းတွေပါမက မြို့ထဲက အသိမိတ်ဆွေတွေပါ ဖိတ်တဲ့အတွက် အလှူလာမယ့်သူ များတယ်။ ညဖက်မှာ ပြင်ဆင်စရာရှိတဲ့ အစပ်အဟပ်တွေကို ပြင်ဆင်ကြရတယ်။ အဘနဲ့ ချက်ပြုတ်ဖော်တွေဖြစ်တဲ့ သူ့လက်ထောက်သုံးလေး ယောက်ကလည်း လာကူညီတယ်။ အဲဒါနဲ့ မုန့်ဟင်းခါး စချက်ရော ဆိုပါတော့။ သန်းခေါင်ကျော်လောက်ကြတော့ အဘက ငါ ခဏသွားအိပ်ဦးမယ်ဆိုပြီး အိမ်ပေါ်တက်အိပ်တယ်။ မင်းတို့ သူတို့ခိုင်းတာ လုပ်ပေးလိုက်လို့လည်း မြေးတွေကို မှာတယ်။ ချက်ပြုတ်တဲ့သူတွေ အပျင်းပြေကြည့်ဖို့ ဗီဒီယိုကလည်း ပြထားတယ်။ လက်ထောက်အိုးသူကြီးတွေက ဇာတ်ကြောမှာ မျောနေတဲ့အချိန် အိမ်တွင်းကခေါ်နေတဲ့အသံ ကြားရတဲ့အတွက် တီဗီအသံတိုးပြီး အသံလာရာကို နားစွင့်ကြတယ်။

အဘ အိမ်တွင်းက ပြောတဲ့အသံ။ ဟေ့ကောင်တွေ ကြက်သွန်ထည့်ချိန်ရောက်ပြီလို့ ပြောသံ။ အဲဒီမှာမှ မုန့်ဟင်းခါးချက်တာဝန်ယူထားတဲ့သူတွေလည်း ဗီဒီယိုကြည့်နေရာက အတင်းထပြေးကြရတယ်။ ကြက်သွန်ထည့် တခြားထည့်စရာရှိတာ ထည့် နဲ့ လုပ်စရာရှိတာ မွှေစရာရှိတာတွေ လုပ်ပြီး မွှေပြီးလို့ အိမ်ပေါ်ပြန်တက်ရင်း သူတို့ ပြောတာ ကြားလိုက်ရတယ်။

ဦးကြီး သတိပေးလို့သာပဲ တဲ့။ ဦးကြီးလို့ သူတို့ညွှန်းတဲ့ အိုးသူကြီး အဘကတော့ ပြန်အိပ်သွားပြီ။ အဘဟာ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို အိပ်နေတာတောင်မှ သတိလေးထားပြီး ဆောင်ရွက်နိုင်တဲ့ အိုးကြီးချက် အိုးသူကြီးတယောက်ဖြစ်တယ်။

ရန်ကုန်သားလို့ အမည်သညာရသူဟာ အဘဆီကနေ အိုးကြီးချက်ပညာကို ဆည်းပူးခွင့် မကြုံလိုက်ရတဲ့အတွက် မချိတင်ကဲ ဖြစ်နေရပါတယ်။

သွေး(စစ်ကိုင်း) ဘာသာပြန်တဲ့ ၀င်းတင်(သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ စာအုပ်မိတ်ဆက်ပွဲ

$
0
0


သွေး(စစ်ကိုင်း) ဘာသာပြန်တဲ့ ၀င်းတင်(သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ စာအုပ်မိတ်ဆက်ပွဲ
K (မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၈


စာရေးဆရာမ သွေး(စစ်ကိုင်း)ရဲ့ဘာသာပြန်လက်ရာသစ်တခုဖြစ်တဲ့ ၀င်းတင်(သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက် အခံ စာအုပ်မိတ်ဆက်ပွဲနဲ့ဆွေးနွေးပွဲကို ရန်ကုန်မြို့လမ်းမတော်မြို့နယ်သံဈေး ငါးလွှာရှိ Yangon Book Plazaမှာ ဇူလိုင် ၁၄ ရက်(စနေနေ့) နေ့လယ် ၂ နာရီမှာ ပြုလုပ်ကျင်းပသွားမယ်လို့သိရပါတယ်။

ပြင်သစ်နိုင်ငံသူ ဆိုဖီမာလီဘိုးပြုစုရေးသားတဲ့ ဦးဝင်းတင်၏ဘ၀မှတ်တမ်းစာအုပ်ကို စာရေးဆရာမ သွေး(စစ်ကိုင်း)က မူရင်းပြင်သစ်ဘာသာမှ မြန်မာဘာသာသို့ မူရင်းစာရေးဆရာမရဲ့ခွင့်ပြုချက်နဲ့ ပြန်ဆိုရေးသားခဲ့တာဖြစ်ပါတယ်။

အဆိုပါစာအုပ် ဘာသာပြန်ရခြင်းနဲ့ပတ်သက်ပြီး စာရေးဆရာမ သွေး(စစ်ကိုင်း)က “ဒီမိုကရေစီရေး လူ့အခွင့်အရေးတို့ အတွက်ကြိုးစားရုန်းကန်ခဲ့တဲ့ ဦးဝင်းတင်ရဲ့ ဘ၀မှတ်တမ်းကို နောက်ခံနိုင်ငံရေးနဲ့ ဆက်စပ်ရေးသားထားတဲ့ စာအုပ်ဖြစ်ပါ တယ်။ ဦးဝင်းတင်ရဲ့ထောင်တွင်းဖြတ်သန်းမှု သတင်းစာဆရာသမားဘ၀၊ အနုပညာကို ချစ်မြတ်နိုးမှုတွေကိုပါ ဖတ်ရှုရမယ့် စာအုပ်ပါ”လို့ ပြောပြပါတယ်။

စာအုပ်ထုတ်ဝေဖြန့်ချိရခြင်းနဲ့ပတ်သက်ပြီးလည်း ငါတို့စာပေ လူမှုကွန်ရက်စာမျက်နှာမှာ အသေးစိတ် ဖော်ပြထားပါတယ်။

လွတ်လပ်စွာ စာအုပ်ထုတ်ဝေခွင့်၊ ဟောပြောခွင့်များ တားဆီးခံနေရချိန်ကာလတစ်ခုမှာ ပြင်သစ်နိုင်ငံသူ တစ်ယောက်ဟာ မြန်မာပြည်တွင်းကို တိတ်တဆိတ် ၀င်ရောက်ခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက သံမဏိလူသား အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်အကြောင်း ပြုစုရေးသားဖို့ပါပဲ။ ဦးဝင်းတင် အပါအ၀င် ဦးဝင်တင်နဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားများ၊ သတင်းစာပညာရှင်ပေါင်းများစွာတို့ကို လူကိုယ်တိုင် လိုက်လံတွေ့ဆုံပါတယ်။ ဦးဝင်းတင်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်း၊ မှတ်တမ်းများကို စုစည်းခဲ့ပါတယ်။

ပြင်သစ်နိုင်ငံကို ပြန်ရောက်တဲ့အခါမှာတော့ ၀င်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံဆိုတဲ့ စာအုပ်ကို ပြင် သစ်ဘာသာနဲ့ထုတ်ဝေခဲ့ပါတယ်။ ဦးဝင်းတင်နဲ့ ကမ္ဘာကို ပိုမိုနီးကပ်စေခဲ့သလို မြန်မာ့ဒီမိုကရေစီ ကြိုးပမ်းမှူအကြောင်းကို လည်း နိုင်ငံတကာမှာ လူသိ များစေခဲ့ပါတယ်။

နောက်ဆုံးရလဒ်ကတော့ မူရင်းစာရေးဆရာ ဆိုဖီမာလီဘိုးကို မြန်မာပြည်ဝင်ခွင့် ပိတ်ပင်ခြင်းခံလိုက်ရပါတော့တယ်။

ဦးမညွှတ်တတ်သော အတိုက်အခံကြီး ဘဘဦးဝင်းတင်အကြောင်းကို ပြည့်စုံအောင် ကြိုးပမ်းပြုစုထားတဲ့ ယခုစာအုပ်ကို ဆရာမ သွေး(စစ်ကိုင်း)က ပြင်သစ်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်ဆိုထားပါတယ်။

မူရင်းစာရေးဆရာရဲ့ ခွင့်ပြုချက်နဲ့အတူ ဘာသာပြန်ဆိုထုတ်ဝေထားတာ ဖြစ်ပြီး သမိုင်းမှာ လူသိနည်းသေးတဲ့ ဘဘဦးဝင်း တင်နဲ့ ပတ်သက်တဲ့ အချက်အလက်များစွာကိုလည်း ဖတ်ရှုမှတ်သားနိုင်မယ့် စာအုပ်ဖြစ်ပါတယ်။

ဘဘဦးဝင်းတင်ကိုယ်တိုင်ရေးသားပေးခဲ့တဲ့ အမှာစာ၊ မူရင်းစာရေးဆရာရဲ့ အမှာစာများနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ ဦးဝင်းတင်အပေါ် မှတ်ချက်များကိုပါ ပြည့်ပြည့်စုံစုံ ထည့်သွင်းပေးထားပါတယ်။

အခုစာအုပ်ရဲ့ ထူးခြားချက် တစ်ခုလည်း ရှိပါသေးတယ်။ အခုစာအုပ်ကို ပြင်သစ်ဘာသာနဲ့ထုတ်ဝေတဲ့အခါမှာ ထည့်သွင်း ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကနေ သီးသန့်အမှာစာရေးသားပေးဖူးပါတယ်။ ဒါပေမယ့် အဆိုပါကာလဟာ ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာ အကျဉ်းစံနေရတဲ့ ကာလဖြစ်တာကြောင့် အမှာစာကို ပြင်ပထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဘအပေါ်မှာ ရေးသားထားတဲ့ မှတ်ချက်လေးသာ ထည့်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။


မောင်အောင်မွန် - ကိုယ်တွေ့ 8 July 1962

$
0
0


မောင်အောင်မွန် - ကိုယ်တွေ့ 8 July 1962
ကျွန်တော်တွေးမိသလိုရေးပါမည် (၃၄၅)

(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၈

(၁)

 ကျွန်တော်သည် သတင်းသမား (Professional News Writer) အဖြစ်ခံယူထားသူမို့ ဤဆောင်းပါးပါ အချက်အလက် တစ်ခုမကျန် မှန်ကန်ကြောင်း တာဝန်ခံကြောင်းထပ်ပြောကာ ဆက်လက်ရေးသားပါမည်။ မြန်ပြည်တွင် မြန်မာ့အသံ၌ နှစ်(၂၀)၊ နိုင်ငံခြားသတင်းထောက်၊ ကုလသမဂ္ဂ ပြန်ကြားရေးဌာန၊ UNCEF တို့၌ ဘာသာပြန်၊ Radio Moscw ၌(၃) နှစ်၊ ဘန်ကောက်တွင် အလွတ်သတင်းထောက်အဖြစ်(၃)နှစ်၊ VOA ၌ (၁၅)နှစ်လုပ်ပြီးနောက် အနားယူကာ ဗာဂျီးနီးယားပြည်နယ်တွင် စာရေး စာဖတ် Resaerch လုပ်နေပါသည်။ ထို့ကြောင့် 7 July 1962 အကြောင်း မမှန်မကန်မတိမကျ ရေးသားမှုများ၊ ပေါ့ပျက်ပျက်ရေးမှုများကို Check. Recheck. Check again. ဟူသော သတင်းသမားကျင့်ဝတ်အရ ယုတ္တိမဲ့၍ မထိမတို့။ သို့မှသာ စာဖတ်သူများ အမှန်ကိုသိနိုင်မည်။

 (၂)

၁၉၆၂ ခု၊ ဇူလိုင်လ (၈)ရက်နေ့ မနက် (၆) နာရီလောက် ဧရာမမြည်ဟီးသံကြီးနှင့် ဘော်ဒါဆောင်ကြီး တုန်ခါသွားတော့မှ နိုးလာလေတော့၏။ မိုးလင်းနေပြီ၊ အခြားသူများနည်းတူ ပြည်လမ်းဘက်သို့ ပြေးလာခဲ့၏။ တက္ကသိုလ်ဓမ္မာရုံနားပင် မရောက်သေး၊ တကသ အဆောက်အအုံကြီး ဖြိုဖျက်ခံလိုက်ရဟု သတင်းကြားရ၏။ ခြေလှမ်းပိုသွက်စွာနှင့် ရောက်သွားရာ မြင်လိုက်ရပုံ ခုတိုင်ရင်နင့်နေဆဲပါ။(ပုံကိုကြည့်)
အသက်(၈၂) နှစ်ကျော်အနေနှင့်ပင် အနိစ္စဟု တရားနှင့်မဖြေနိုင်သေးပါ။
အုတ်ကျိုးအုတ်ပဲ့တွေကြား အလောင်းတို့ သွေးကွက်တို့ ဘာမှမမြင်ရ။ လွန်ခဲ့သော (၄)ရက်နေ့က နေ့လယ်စားခဲ့သော တကသ၊ နောက်ဆုံး ဥက္ကဋ္ဌ ကိုဗဆွေလေးက ဘာလုပ်ရမှန်းမသိ ယောင်အအဖြစ်ပြီ ရဲဘော်ကြီးရေဟု ပြောခဲ့ရာ တကသ၊ ကျွန်တော့်အား စာရေးဆရာ မောင်အောင်မွန်ရယ်လို့ ဖြစ်လာစေသည့် အိုးဝေမဂ္ဂဇင်းရဲ့မိခင် တကသ--၊ စသဖြင့် တကသ---။
ထို တကသ ကားမရှိတော့ပြီ။

ကျွန်တော်တို့ခေတ် ကျောင်းဝင်ကြေးနှင့်အတူ တကသ အတွက် ၁ိ ပေးသွင်းရ၍ ကျောင်းသားတိုင်း တကသ ၀င်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် အက်ဥပဒေ (Rangoon University Act) တွင်လည်း တကသ သည် ကျောင်းသားအားလုံးကို ကိုယ်စားပြုသည့် တရားဝင်အဖွဲ့အစည်းဖြစ်သည်ဟု အတိအလင်းဖေါ်ပြကျင့်သုံး၏။ သို့သော်လည်း မေလ (၉)ရက်နေ့တွင် ထိုဥပဒေ ကိုဖျက်သိမ်းလိုက်ကြောင်း အာဏာသိမ်း တော်လှန်ရေးကောင်စီက ကြေညာလိုက်ပြီ။

 နောက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်းက ရန်ကုန်တက္ကသိုလ် ကောင်စီဝင်များအား ဒဂုံရိပ်သာသို့ ခေါ်ယူပြီး ကောင်စီကိုဖျက်သိမ်းလိုက်ကြောင်း ပြောကြားသည်။ အပြန်အလှန်ပြောပြီးနောက် ပါမောက္ခချုပ် ဒေါက်တာသာလှ နှုတ်ထွက်၏။ (၄၁) ဦးပါဝင်သော ကောင်စီကို ဗိုလ်မှူးချုပ်သန်းဖေ၊ ဗိုလ်မှူးချုပ် စန်းယု၊ ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူကြီးတင်စိုးနှင့် တော်လှန်ရေးကောင်စီခန့် ပါမောက္ခချုပ် ဦးကာတို့ပါဝင်သည့် (၅) ယောက်နှင့် အစားထိုးလိုက်ကြောင်း မေလ(၁၇) ရက်နေ့တွင် ထပ်မံကြေညာသည်။

 တကသ ကိုယ်စားလှယ် ဦးတီပီဝမ်းနှင့် ဦးမောင်မောင်ကျော်တို့လည်း မပါဝင်တော့။

၁၉၆၀-၆၁ အိုးဝေမဂ္ဂဇင်း တွင် မောင်အောင်မွန်၏ ၀တ္ထုအပြင် ကိုဘကောင်း ပေးထားသည့် ကလောင်ခွဲ မောင်အေးကျော် နည်မည်နှင့်ရေးသော အောင်ဆန်းဒိုင်းရ ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်း အကြောင်းဆောင်းပါးလည်းပါသည်။ စာမူရှင်များနှင့် ကြော်ငြာရှင်များအား မေတ္တာလက်ဆောင်ပေးရန် တံဆိပ်တုံးရိုက် လက်မှတ်ထိုးထားသည့် စာအုပ်များ တကသ အထွေထွေအတွင်းရေးမှူး ရုံးခန်းတွင် ရှိနေမည်။ ရောင်းမည့် အိုးဝေမဂ္ဂဇင်းများလည်း အထုပ်လိုက် တကသ စာကြည့်တိုက်တွင်ရှိနေမည်။
ကျောင်းဖွင့်စမို့ အနည်ငယ်လောက်သာ လူတွေလက်လက်ထဲရောက်ဦးမည်။

Burma Online Book Shop မှ ဦးဝင်းကိုကိုထံမှရသော တကသ ၏နောက်ဆုံးအိုးဝေမဂ္ဂဇင်းအဖုံး ဖြစ်ကြောင်း ကျေးဇူးတင်စွာဖြင့် ဖေါ်ပြပါ၏။

(၃)

 ဘော်ဒါဆောင်ပြန် ရေမိုးချိုးပြီး မြန်အသံသို့ ကျွန်တော်လာခဲ့၏။
အ၀င်ဂိတ်စာင့်က ခါတိုင်းလိုရဲများမဟုတ်၊ စစ်သားများဖြစ်နေပြီ။ ကျွန်တော့်ဝင်ခွင့်ကပ်ပြားကို စစ်သားက ဖတ်နေရာ ရင်တွင်းနာကြည်းစိတ်နှင့် ဟိုဘက်မှာ ဓာတ်ပုံပါတယ်--ကြည့်ဟုပြောလိုက်မိသည်။ (၅၆)နှစ်ကြာ အသက်(၈၂) နှစ်အရွယ် ပြန်တွေးမိရင်း ရှက်သလိုလိုခံစားမိ၏။
တကသ ဖြစ်ရပ်များဝေးလို့ ထိုစစ်သားလေးခမျာ တကသ ဆိုတာဘာမှန်းပင် သိရှာမည်မထင်ပါ။ စာဖတ်သူများ စဉ်းစားကြပါကုန်။

ထိုနေ့က ကျွန်တော် နေ့လည်ပိုင်း တာဝန်ကျ၍ သာမန်အသံသွင်း ကိစ္စများသာလုပ်ရသည်။ အရေးကြီး ဥပမာ၊ အာဏာမသိမ်းမီ BBS Studio A မှ တိုင်းရင်းသားနှီးနှောဖလှယ်ပွဲ မျိုးဆိုလျှင် အဆင့်မြင့် လက်ထောက်အင်ဂျင်နီယာကသာ ကြီးကြပ်ပြီး ကျွန်တော်တို့အသံဖမ်းရသည်။

၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့မနက် အသံလွှင့်ခဲ့သော ဗိုလ်ချုကြီးနေ၀င်း၏ အာဏာသိမ်းမိန့်ခွန်း--အသံသွင်းပြီးသား တိပ်ခွေကို ဆက်သွယ်ရေးတပ်မှ ဗိုလ်မှူးသန်းတင် မြန်မာ့အသံသို့ လာပို့ခြင်းဖြစ်ပါသည်။

ထို့နောက် တော်လှန်ရေးကောင်စီ ကြေညာချက်(၁)၊ (၂)၊(၃)--စသည်တို့--လည်း ချိပ်ပိတ်စာအိတ်ကို စတူဒီယိုထဲ၌ အချိန်ကပ်ပြီး ဖွင့်ကာ မြန်မာ့အသံက ကြေညာရခြင်းသာဖြစ်၏။

 ပြည်လမ်းအဆောက်အအုံသစ်ကြီး မပြီးသေး၍ မြန်မာ့အသံ တည်ထောင်သူ ညွှန်ကြားရေးဝန် ဦးခင်ဇော် (K)ပင် ရုံးမထိုင်ရသေး၊ အနောက်ဘက်တန်းကို တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာနကသိမ်းပိုက် ရုံးဖွင့်နေနှင့်ပြီ။

၁၉၅၉ ခု၊ အောက်တိုဘာလ အလုပ်ဝင်တော့ တွဲဘက် မြန်မာ့အသံ၏ စက်ပိုင်းဆိုင်ရာကို လုပ်ရသည့် ကျွန်တော်တို့စက်မှုလက်ထောက်များလည်း စိတ်ဓာတ်စစ်ဆင်ရေးဌာန၌ လစာထုတ်ရ၊ စစ်ဗိုလ်များ၊ ဦးစောဦး၊ ဦးချစ်လှိုင်၊ ဒေါ်ရီကြိန်၊ ဦးခင်မောင်ရှိန် စသည့် အရပ်သားအရာရှိများနှင့် သိခွင့်ရသည်။
ထို့အချက်သည် စာရေးရာ၌ ကျွန်တော့်အဖို့ အသုံးဝင်လာ၏။

(၄)

7 July 1962 နေ့က ကျောင်းသားများဆန္ဒပြပွဲသည် အရပ်သားမငြိမ်သက်မှု (Civil Unrest) ပါ။
၁၉၅၃ ခု၊ အောက်တိုဘာ အရေးအခင်းတုန်းက ရန်ကုန်တက္ကသိုလ်နယ်မြေတွင်းသို့ ရဲများ၊ ပြည်ထောင်စုရဲ (UMP) များသားဝင်ခဲ့သည်။ ကျောင်းသားလေး ဟယ်ရီတန် သေဆုံးရသည့် ၁၉၅၆ ခု၊ မတ်လ (၂၂) ရက်နေ့ အရေးအခင်းတွင်လည်း အဓိကရုန်းနှိပ်နင်းရေး ရဲများသာ ကိုင်တွယ်ခဲ့သည်။
ယခုတော့ တကသ အနီး၌ စစ်သားများကပါ နေရာယူထားပြီ။
စစ်မြေပြင်မဟုတ်သော်လည်း အာဏာသိမ်းစစ်အစိုးရ တက်နေသည်မဟုတ်ပါလား။ ရာဘာကျည်ဆန်မဟုတ်၊ တကယ့်ကျည်ဆန် အစစ်များနှင့်ဆိုတော့လည်း ပစ်မိန့်ရချင်း ပစ်ကြမည်။ ကွပ်ကဲသူက ဗိုလ်မှူးစိန်လွင်ဖြစ်သည်။ သူမဟုတ်ဘဲ ဘယ်စစ်ဗိုလ်ကကော ပစ်မိန့်ပေးပါလျက်နှင့် မပစ်ဘဲ နေရဲမည်လော၊ နေပါမည်လော။
စာဖတ်သူတို့ စဉ်းစားကြပါကုန်။

ပစ်မိန့် မည်သူကပေးမည်နည်း။ ၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့နောက်ပိုင်း မြန်မာ့အသံကို တော်လှန်ရေးကောင်စီက အသုံးများခဲ့သည်။ အထူးသဖြင့် အရှေ့ဘက်မျက်နှာစာ အစွန်ဆုံးအခန်းကို ပြန်ကြားရေးဝန်ကြီးအတွက် သီးသန့်ထားရှိ၏။ ထိုအခန်းသည် စတူဒီယိုမဟုတ်သဖြင့် အခန်းထဲ ပြောဆိုသံကို အသံဖမ်းနားထောင်လို့မရ။

7 July 1962 နေ့ကတော့  ကွပ်ကဲရေးရုံးခန်းဖြစ်လာ၏။

ဗိုလ်အောင်ကြီး၊ ဗိုလ်ကျော်စိုး၊ ဗိုလ်လှဟန် စသူတို့ရုံးထိုင်ကြသည်။ ထို့နောက် ပစ်မိန့်ပေးသည်၊ ပစ်သည်၊ သေကုန်ကြသည်။ ထို့နောက် သတင်းထုတ်ပြန်ရာ၌ ထိုသို့ပစ်ရာ၌ သေဆုံးသူများ စာရင်းသာပါ၏။ သေဆုံးသူဦးရေနှင့်ပတ်သက်၍သာ စောဒကတက်ကြပြီး ပစ်ဖို့မည်သူ ဆုံးဖြတ်အမိန့်ပေးသည်ကို ကျွန်တော်လို သာမန်လူငယ်အပါအ၀င် မည်သူမှမမေးကြ၊ စိတ်မ၀င်စားကြပါ။

 နောက်နေ့ထုတ် သတင်းစာများကလည်း မြန်မာ့သတင်းစဉ်က ပေးသည့်အတိုင်းသာဖေါ်ပြရ၏။

(၅)

8 July 1962 နေ့နံနက်တွင် တကသ အဆောက်အအုံကြီး ဖြိုဖျက်ခံလိုက်ရသည်။
ထိုသို့ပြိုကျလောက်အောင် ပြင်းထန်အားကောင်းသည့် ဒိုင်းနမိုက်များ စစ်တပ်အပြင် ဘယ်ကများ ရနိုင်ပါမည်နည်း။ စစ်သားကိုင် မောင်းပြန်သေနတ်နှင့် ကျောင်းသားကို ပစ်သတ်သလောက် မလွယ်ကူပါ။ အချိန်ယူ စနစ်တကျ ပြင်ဆင်လုပ်ဆောင်ခြင်းဖြစ်သည်။ သွေးစွန်းသောလက်က ကမ္ဘာပျက်ချိန်ထိပါသွားမည့် ဧရာမ ရာဇ၀တ်မှုကြီး နာရီပိုင်းအတွင်း နောက်ထပ်တစ်မှု ထပ်မံကျူးလွန်လိုက်ပြန်ပြီ။

တကသ ဆိုသည်မှာ သမိုင်းဝင်တွင် အဆောက်အအုံ မဟုတ်ပါလား။

 မြန်မာပြည်ရှိ အသင်းအဖွဲ့များအနက် တကသ သည်သာလျှင် စနစ်အကျဆုံး၊ စည်းမျဉ်းအတိုင်း အကျင့်သုံးဆုံးဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး တိုင်ပွဲဝင်နိုင်ရန် ခေါင်းဆောင်ကြီးငယ်များ၊ သတင်းစာဆရာ၊ စာရေးဆရာ စသည့်အနုပညာရှင်များ-- စသူတို့ကို တကသ ကမွေး၏။
တကသ ခေါင်းဆောင်များ ရောက်သွားတော့မှ ဒို့ဗမာအစည်းအရုံး နိုင်ငံရေးအရ ပီပြင်လာသည်ဟု ရေးသားကြသည်။ သခင်သိန်းဖေ(မြင့်) က ဆရာကြီးသခင်ကိုယ်တောမှိုင်းအား ဒို့ဗမာအစည်းအရုံးသို့ ခေါ်ဆောင်လာသည်။ ထို့နောက် ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ ဖဆပလ စသည်တို့ ဖွဲ့တတ် လုပ်တတ်ရန် တကသ သည်လေ့ကျင့်ရေးကျောင်း မဟုတ်ပါလား။

တပ်မတော်ကိုဖွဲ့စည်းသည့် ရဲဘော်သုံးကျိပ်ထိပ်ပိုင်း ဗိုလ်တေဇ၊ ဗိုလ်လက်ျာ၊ ဗိုလ်ဖေယျ၊ ဗိုလ်ရန်နိုင် တို့သည် တကသ ခေါင်းဆောင်များ မဟုတ်ပါလား။  ဗိုလ်နေ၀င်းလည်း ထိုအချိန်က တက္ကသိုလ်ကျောင်းသား။

7 July 1962 ပစ်သတ်မှုက စစ်တပ်နှင့် ကျောင်းသား သားစဉ်မြေးဆက် ရန်သူဖြစ်သွားစေ၏။
8 July 1962 နေ့ တကသ အဆောက်အအုံကြီး ဖြိုဖျက်မှုကြောင့် တပ်မတော်၏သိက္ခာသည်လည်း စတင်ထိုးဆင်းခဲ့သည်။

 (၆)

ညနေ(၄)နာရီတွင် ကျွန်တော်အလုပ်ပြီး၍ ဘော်ဒါဆောင်သို့ ပြန်လာခဲ့၏။
တဖြေးဖြေးလူစုံလာ၍ ကြားရသည့်သတင်းများ ဖလှယ်ကြ ပြောကြဆိုကြ၏။ စိတ်မကောင်းကြပါ။ ၀ယ်လာကြသော သတင်းစာများကိုစုဖတ်ကြ၏။ တက္ကသိုလ် ကောလိပ် အားလုံးပိတ်လိုက်ကြောင်းသတင်း မိဖများလာတွေ့၊ သုံးဘီးကားများနှင့် အဆောင်များက ပြန်ကြပုံးများကိုမူ တွေ့မြင်ကြရ၏။ မြန်မာ့အသံက ဘာကြေညာမလဲဟု ရေဒီယိုဖွင့်ကာ စောင့်ကြရ၏။ လာပါပြီ--ဗိုလ်ချုပ်ကြီးနေ၀င်း၏ သမိုင်းဝင်သွားသည့် မိန့်ခွန်းကြီး---၊

တကသ အဆောက်အဦကြီးဟာ ကျောင်းသားများကို အလွဲသုံးစားလုပ်ပြီး ကျောင်းအာဏာပိုင်များနဲ့ အစိုးရကို ပုန်ကန်ဖို့လှုံ့နေတဲ့ နေရာဖြစ်ပြီး မြေအောက်သူပုန်များရဲ့ လျှို့ဝှက်ဆက်သွယ်ရာ ဌာနချုပ်ကြီးဖြစ်လို့ ကြာရှည်ခွင့်မပြုနိုင်တော့ဘူး။ မိမိတို့မှာရှိတဲ့ အင်အားအနည်းငယ်ကို သုံးလိုက်တယ်------၊ ဓားကိုဓားချင်း--လှံကိုလှံချင်း ရင်ဆိုင်ဖို့အသင့်ပဲ---- စသဖြင့် အသံလွှင့်ရာ ရေဒီယိုနားထောင်သူတိုင်း ကြားလိုက်ကြရ၏။

ပထမိုင်း မြေအောက်သူပုန်များက BCP ကိုဆိုလိုပြီး ဘာ့ကြောင့် ဖြိုဖျက်ရကြောင်း၊ ဒုတိယပိုင်းက ဆန္ဒပြ ကျောင်းသားများအား စိန်ခေါ်သတိပေးလိုက်ခြင်းဖြစ်သည်။

ထို့နောက်မကြာမီ ဗိုလ်ချုပ်ကြီးနေ၀င်း လန်ဒန်သို့ထွက်ခွါသွားပြီး၊ ဗိုလ်မှူးချုပ်အောင်ကြီး ခေတ္တ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌဖြစ်လာ၏။ ရှင်းပါသည်၊ သူတို့(၂) ယောက်သာမက တော်လှန်ရေးကောင်းစီ တခုလုံး၌ တာဝန်ရှိကြောင်း ပေါ်လွင်နေပြီမဟုတ်ပါလား။

၁၉၆၃ ခု၊ ဗိုလ်မှူးချုပ်အောင်ကြီး တပ်ကထွက်ရ၊ အဖမ်းခံရ၊ ထောင်ထဲဝင်လိုက် ထွက်လိုက်နှင့် နှစ်အတန်ကြာတော့မှ သူနှင့်မပတ်သက်လေဟန် လက်ကမ်းစာရေး လက်သိပ်ထိုးဝေငှ ဖြေရှင်း၏။ ဗိုလ်ချုပ်ကြီးနေ၀င်းကလည်း မဆလ အရေးပေါ်ပါတီညီလာခံ၌ မိန့်ခွန်းဆုံးအောင်ပင် မပြောနိုင် ဒေါသကြီးစွာ ကိုယ်လွတ်ရုန်းပြန်သည်။

 ရောက်လေရာဘ၀နောက်သို့ လိုက်ခြောက်နေမည့် ထိုဖြစ်ရပ်ကို ကြောက်ကြောက်နှင့် (၂)ယောက် စလုံးသေသွားကြပြီ။ အဲဒါကိုများ အချိန်ကုန်ခံကာ သားစဉ်မြေးဆက် ဗိုလ်နေ၀င်လား--ဗိုလ်အောင်ကြီးလားဟု မေးနေပြောနေကြခြင်းကို ကျွန်တော်လွန်စွာစိတ်ပျက်မိပါ၏။ ကျောင်းသား ကိုရှုမောင်က တကသ လှုပ်ရှားမှု၌ လုံးဝပါဖူးသူမဟုတ်၊ ကိုအောင်ကြီးကလည်း တက္ကသိုလ်ရောက်ဖူးသူမဟုတ်ပါ။

စာဖတ်သူတို့ စဉ်းစားကြပါကုန်။

(၇)

၁၉၉၂ခု၊ မေလတွင် မြန်ပြည်က ထွက်လာကတည်းက ထို 7 & 8 July 1962 နှင့်ပတ်သက်၍ တကသ အကြောင်းစာအုပ်ရေးမည်ဟု မျှော်မှန်းရည်ရွယ်ပြီး အချက်အလက် အကိုးအကား၊ ဓာပုံများ၊ သတင်းစာများ ရှာဖွေစုစောင်းခဲ့ရာ ယခုအခါ လက်ဝယ်အတော်များနေပါပြီ။
စာရေးဆရာတစ်ဦးသည် သူရေးသောစာကို ဖတ်ချင်ကြ၊ ဖတ်ကြ၊ ကြိုက်ကြလျှင် ပင်ပမ်းရကျိုးနပ် ၀မ်းသာကြစမြဲပါ။ သို့သော်လည်း ကျွန်တော်သည် မျက်စိ(၂)ဖက်စလုံးခွဲထားရ၊ Zaw Gyi One Keyboard ကို ငုံ့ပြီးစာလုံးရှာကာ ရိုက်ရသောကြောင့် ဤဆောင်းပါးပြီးရန် (၄) ရက်ကြာပါသည်။

 တကယ်တော့ တကသ အကြောင်း မကြာခဏကျွန်တော်ရေးခဲ့ပါ၏။

အဆင်ပြေပါလျှင် တကသ မွေးဖွါးခြင်း တစ်ပုဒ်လောက်တော့ ရေးချင်ပါသေးသည်။ ဘယ်အချိန် ဘယ်အခါ ရေးဖြစ်လာမည်ကိုမူ အတတ်မပြောနိုင်--ကြာချင်ကြာမည်။ ဖတ်ကြည့်ပြီးမှသာ မိမိ၏အမြင်ကို Comment ရေးစေချင်ပါသည်။

ကျွန်တော်မျှော်မှန်းသည့်အတိုင်း အခြေအနေပေးလာပါက တကသ အကြောင်း သတင်းသမားအမြင် စာအုပ်ကိုပင် ဆက်ရေးသွားမည်ဟု တွေးမိကြောင်းပါ။

၂၀၁၈ ခု၊ ဇူလိုင်လ (၁၁) ရက်နေ့။

မောင်မိုးသူ - အောက်ဆုံးက လူ

$
0
0

မောင်မိုးသူ - အောက်ဆုံးက လူ
(ကုမုဒြာအွန်လိုင်းဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဇူလိုင်၊ ၂၀၁၈

ပီးခဲ့တဲ့ရက်ပိုင်းက ဒေါ်လာဈေးတွေ အဆမတန်မြင့်တက်လာပြီး တစ်ဒေါ်လာ ကို ကျပ် ၁၃၇၀ ကျော်အထိ တက်ပြီးခါမှ တန့် သွားပါသတဲ့။ ဒေါ်လာဈေးတက် တာ နဲ့ ဘကြီးမိုး ဘာဆိုင်သလဲလို့ မမေးပါနဲ့။ ဟုတ်တယ်လေ၊ ဘကြီးမိုးက စာရေးဆရာ။ ရေးသမျှ စာရေးခတွေ၊ ဆောင်းပါးခတွေက အားလုံး ကျပ်ငွေနဲ့ပဲရတာ။ သည် တော့ ဒေါ်လာဈေးတက်တာနဲ့ ဘာဆိုင် လို့လဲလို့ မမေးပါနဲ့၊ ဒေါ်လာဈေးတက် တော့ မြန်မာ ကျပ်ဈေးက ကျတယ်ခင်ဗျ၊ မြန်မာကျပ် ဈေး ကျဆင်းလာတဲ့အရှိန်က အောက်ဆုံး ကလူဖြစ်တဲ့ ဘကြီးမိုးအပေါ် ပိတော့တာ ပေါ့။ စာမူခ ဆောင်းပါးခများ က တော့ ဒုံရင်း ဒုံရင်းပဲ။ မတိုးလာတဲ့အပြင် လျှော့တောင် လျှော့လိုက်ချင်သေးလို့ ဆိုတဲ့အချိန်မှာ ကုန်ဈေးနှုန်းကလည်း ပဲပြုတ်သည်၊ ကန်စွန်းရွက်သည်က တောင် ကျပ် ၁ဝဝ ဖိုး မရောင်းတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်လာဈေးတက် လို့ တဲ့၊ ဘယ်က ဘယ်လို ဆက်စပ်မှု ရှိသ လဲတော့ ဘကြီးမိုးလည်း မသိဘူးခင်ဗျ။ ဒါပေမဲ့ ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ကို ပိပြားအောင်ခံနေရတာ ဘကြီး မိုး ပါပဲ။ ဘကြီးမိုးခမျာလည်း သည်ရုပ်ခန္ဓာ ကြီး ရှင်သန်ဖို့အတွက် အာဟာရဖြစ် အောင် ဖြည့်တင်းနေရသေးတာကိုး။

ဓာတ်ဆီဈေးကလည်း တက်ဆိုပဲ။ ဓာတ်ဆီဈေးတက်တော့ သယ်ယူပို့ဆောင် ရေးစရိတ်တွေ တက်တာပေါ့။ သယ်ယူပို့ ဆောင်ရေးစရိတ်တွေတက်တော့ ကုန် ဈေး နှုန်းကလည်း တက်ပါလေရော။

အဲ နိုင်ငံခြားငွေနဲ့ တင်သွင်းရတဲ့ လျှပ် စစ်ပစ္စည်းတွေ၊ ဆေးဝါးတွေလည်း တက် ပါသတဲ့။ လျှပ်စစ်ပစ္စည်းတက်တာကတော့ မသုံးဘဲ မဝယ်ဘဲ တတ်နိုင်သမျှ နေမယ် ဆိုရင် နေလို့ရပေမဲ့ မဖြစ်မနေ စားသုံးရတဲ့ ဆေးဝါးကတော့ ဝယ်ကိုဝယ်ရတာပဲ ခင်ဗျ။

သည်နေရာမယ် ဒေါ်လာဈေးတက် တာကို အကြောင်းပြုပြီး ဆေးဆိုင်တချို့ က မှာယူတင်သွင်းတာမရှိလို့ ရောင်းဖို့ ဆေးဝါးများ ပြတ်လပ်တယ်လို့ ဆိုလာပြန် ပါတယ်။ ဆေးဆိုင်တွေက ရောင်းစရာ မရှိ လို့ ပြတ်လပ်တာ ခံနိုင်ရည်ရှိပေမဲ့ ဆေး မှီဝဲသုံးဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေအတွက် တော့ ဆေးဝါးပြတ်လပ်ရင် အခက်အခဲ ကြုံရတော့တာပေါ့ခင်ဗျာ။

ဘကြီးမိုး ဆီးရောဂါနဲ့ပတ်သက်ပြီး ပထမဆရာဝန်ကြီးပေးတဲ့ ဆေးက နှစ်မျိုး ခင်ဗျ။ မနက်တစ်လုံး ညတစ်လုံးသောက် ရတာတဲ့။ နောက်သုံးလေးလအကြာ ဒုတိ ယ ဆရာဝန်ဆီသွားတော့ ဒုတိယဆရာ ဝန်က အသစ်ထွက်ပေါ်လာတဲ့ ဆေးသစ် က မူလဆေးနှစ်မျိုးကို ပေါင်းထားတာဖြစ် လေတော့ ဆေးသစ်ကို ဝယ်ရုံနဲ့ အဆင် ပြေမယ်ဆိုတော့ ဆေးနှစ်လုံး သောက်ရ မယ့်အစား ဆေးတစ်လုံးသောက်ရမယ် ဆိုတော့ ဝမ်းသာရတာပေါ့ ခင်ဗျာ။

ဆေးသစ်ကို တစ်လပဲ မှီဝဲရသေး တယ်၊ နောက်တစ်လအတွက် သွားရောက် ဝယ်ယူတဲ့အခါကျတော့ ဒေါ်လာဈေးတက်လို့ တင်သွင်းမှုမရှိသေးတဲ့အတွက် ဆေး ပြတ်လပ်နေကြောင်း အကြောင်းကြားပါ တယ်။

ဆေးဆိုင်က ဆေးပြတ်လို့ ရောင်းရ တဲ့ ဝင်ငွေ လျော့သွားရုံပဲ ရှိနိုင်တယ်လေ။ ဆေးမမှီဝဲရလို့ ရောဂါရှိနေတဲ့၊ ရောဂါဖြစ် နေတဲ့ ဘကြီးမိုးခမျာ ပုံမှန်သောက်နေ တဲ့ သည်ဆေးမရရင် ဘယ့်နှယ်လုပ်မလဲ ဆိုတာ ပြဿနာလေ။ ဒါနဲ့ ပထမတစ်ကြိမ် က နှစ်မျိုးပေါင်းသောက်ရတဲ့ ဆေးမျိုးကို သွားဝယ်ပြန်တော့လည်း မရှိတော့ဘူးတဲ့၊ ထပ်လည်း မသွင်းတော့ဘူးတဲ့။ အဲသည် တော့ အောက်ဆုံးကလူဖြစ်တဲ့ ဘကြီးမိုး ဒုက္ခကြီးကြီး ရောက်တော့တာပေါ့။

ဒါ ဆီးဈေးတစ်မျိုးပဲ ရှိသေးတယ် ခင်ဗျ။ နောက်ထပ် သောက်ရတဲ့ ဆေး သုံးလေးမျိုး ရှိသေးတယ်။ အဲသည် ဆေး တွေလည်း ဒေါ်လာဈေးတက်လို့ မသွင်းဘူးဆိုရင် ဘယ်လိုလုပ်ရပါ့။ တိုင်းရင်း ဆေး တွေ ပြောင်းသောက်ရင် ကောင်း မလားလို့ ပဲ စဉ်းစားပါရဲ့။

ရောဂါနဲ့ဆေး တည့်အောင်ပေး ဆို တော့ ဖြစ်နေတဲ့ရောဂါကို အနောက်တိုင်း ဆရာဝန်တွေပြ၊ အနောက်တိုင်းဆရာဝန် တွေက သွေးတို့၊ ဆီးတို့၊ ဓာတ်မှန်တို့ ရိုက် ခိုင်း၊ ရရှိတဲ့အဖြေတွေကို ဆရာဝန်ကြီးများ ထံ သွားပြ။ ဘကြီးမိုးကတော့ ဘာမှသိ တာ မဟုတ်ပါဘူး။ ဓာတ်ခွဲခန်းက ပေး လိုက် တဲ့ စာရွက်ကို ဆရာဝန် သ∑ားပြ ရတာပဲ ရှိပါ တယ်။ ဆရာဝန်တွေက ဟို ဟာကတော့ နည်းတယ်၊ သည်ဟာက တော့ တက် တယ် စသည်ဖြင့် အတက် အ ကျ အနိမ့် အမြင့် များကို ပြောပါတယ်။ ပြီးတော့မှ သင့်တင့် လျောက်ပတ်တဲ့ ဆေး များကို ပေးတော့ တာကိုး။

အဲဒါကို ဘကြီးမိုးခမျာ လစဉ်ပုံမှန် ဝယ်ယူ သောက်သုံးပြီး ကျန်းမာရေး ကောင်းမွန်အောင် ထိန်းသိမ်းနေရတဲ့ အ ချိန်မှာ ဆရာဝန်ညွှန်ကြားလိုက်တဲ့ဆေး ဒေါ်လာဈေးတက်လို့ မမှာဘူး၊ မဝယ်ဘူး ဆိုပြီး ပြတ်လပ်နေရင် ဘယ့်နှယ်လုပ်ရပါ့။ နိုင်ငံခြားနဲ့ တိုက်ရိုက်ဆက်သွယ်မှုရှိတဲ့ သူ တွေအတွက်တော့ သိပ်ပြီး မထောင်းတာ လှဘူးလေ။ ဘန်ကောက်ဖြစ်ဖြစ်၊ စင်ကာပူ ဖြစ်ဖြစ်၊ နယူးဒေလီဖြစ်ဖြစ် လေ ကြောင်း လမ်းတွေ သွားနေတာ မှာလိုက် ရုံပေါ့။ အ ဆက်အသွယ်သိပ်မရှိတဲ့ ဘကြီး မိုးတို့ ကျတော့ ခွကျတာပေါ့ ခင်ဗျာ။ ဆက်သွယ် မှုရှိနေတဲ့သူတွေကို ကပ်ရပ်ပြီး သည်ဆေး တစ်မျိုးကတော့ မမှီဝဲရင် မဖြစ်လို့ လိုအပ်လို့ မှာပေးပါလို့ ပြောရ တော့တာပေါ့။ အဲ သည်လို မှာယူဖို့အရေး မှာလည်း ဒေါ်လာနဲ့မှ မှာလို့ ရသတဲ့။

ဘကြီးမိုးရတဲ့ စာမူခက ကျပ်ငွေ။ ဒေါ် လာဈေးက တစ်ဒေါ်လာပဲ ကျပ် ၁၄ဝဝ ရှိ နေလေတော့ ဆေးဖိုး ၁၀ ဒေါ်လာကျမယ် ဆိုရင် မြန်မာကျပ်ငွေနဲ့ ကျပ် ၁၄,ဝဝဝ ဖြစ် နေတော့ အဲသည်လိုဆေးမျိုး လေးငါးမျိုး သာ မှာရမယ်ဆိုရင် မြန်မာကျပ်ငွေနဲ့ သိန်း ဂဏန်းလောက် ရောက်သွားနိုင်တယ်လေ။ ခက်တာက ဝင်ငွေက သိန်းဂဏန်းမှ မရှိ ဘဲကို။

သည်လို သည်လို ဘကြီးမိုး ဒုက္ခ ရောက်နေချိန်မှာ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေသွားပြီး စားကြ သောက် ကြ၊ ဝယ်ကြခြမ်းကြလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို လက်တို့ပြီး သည်လို ဒေါ် လာ ဈေး တက် နေတာ ဘယ်လိုသဘော ရသလဲလို့ တိုးတိုးတိတ်တိတ် သိချင်လို့ မေးတဲ့အခါကျ တော့ သူတို့က ရှူတင်း တင်းနဲ့ ဒေါ်လာဈေးတက်တာများ ဘာ ဆန်းတာမှတ်လို့၊ သည်လိုပဲ အမြဲတမ်း တက်နေကျပဲ မဟုတ်လား၊ တက်ပြီး ရင် ဘယ်တော့မှ ပြန်မကျဘူး မှတ်၊ အဲသည် တော့ ခံနိုင်ရည် ရှိအောင် ဝင်ငွေ များ များ ရအောင် ရှာပေါ့တဲ့။   မိတ်ဆွေ ကြီး ကွယ် လွန် သွား ရှာပြီဖြစ်တဲ့ အီကြာ ကွေးရဲ့ ဟိုက် ရှာလပတ်ရည် စကားလုံးကို ငှား သုံး ရမလို ဖြစ်နေ ပါတယ်။

ဘကြီးမိုးကသာ မျက်ကလူးဆန်ပျာနဲ့ ပျာယာခတ်နေတာ၊ ကျန်တဲ့သူတွေက တော့ အစားမပျက်၊ အဝယ်မပျက်၊ အ သောက် မပျက်၊ အေးဆေးပဲလို့ ဆိုနေ ကြတယ်ခင်ဗျ၊ ဘယ်က ဘယ်လိုလုပ်ပြီး အေးဆေးနေကြသလဲဆိုတာ မသိတော့ ပါဘူး။ ဘကြီးမိုးတို့ မိသားစုတစ်စုလုံး အားလုံးရဲ့ ဝင်ငွေတွေမှန်သမျှဟာ မြန်မာ ကျပ်ငွေနဲ့သာ ရရှိတာဖြစ်လေတော့ ဒေါ် လာ ဈေးတက်ရင် ဒေါ်လာဈေးက မြန်မာကျပ်ငွေကို ဖိတယ်ခင်ဗျ။ မြန်မာ ကျပ်ငွေကို မှီခိုစားသောက်ရတဲ့ ဘကြီးမိုးတို့ မိသားစုကတော့ အောက်ဆုံးကလူပီပီ ပိပြားနေရပါကြောင်း။

အောက်ဆုံးက လူ ဘကြီးမိုး။

ဘောလုံးကွင်းဧရိယာ ဘယ်လောက်ရှိသလဲ

$
0
0

ဘောလုံးကွင်းဧရိယာ ဘယ်လောက်ရှိသလဲ

ဂျူနီယာဝင်း၊ စွယ်စုံကျမ်းမိတ်ဆက်၊ မိုးမခ၊ ဇူလိုင် ၁၃၊ ၂၀၁၈

ဘောလုံးကွင်း ဧရိယာသည် အရှည်အားဖြင့် ကိုက် ၁၀၀ ကနေ ကိုက် ၁၃၀ ( မီတာအားဖြင့် ၉၀ မိတာ ကနေ ၁၂၀ မီတာ) ရှိကာ အကျယ်အားဖြင့် ကိုက် ၅၀ ကနေ ကိုက် ၁၀၀ ( ၄၅ မီတာကနေ ၉၀ မီတာ) ရှိပါသည်။ ပုံ - ဘောလုံးကွင်းတစ်ခု။ သို့သော် သည်ထက်လည်း အရှည်က ပိုရှည်လျှားသွားသည့်အတိုင်း အကျယ်ကလည်း ကျယ်ပေးရမည်ဖြစ်ပါသည်။ ဂိုးတိုင်သည် ၈ ကိုက် ( ၇.၃ မီတာ) ကျယ်ပြီး ၈ပေ (၂.၄ မီတာ) မြင့်ရပါမည်။

ကာတွန်း ATH - ဆေးရုံကြီးကျောက်တိုင်

$
0
0

ကာတွန်း ATH - ဆေးရုံကြီးကျောက်တိုင်
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈

လူထု နှစ် ၈၀ ပြည့်အထိမ်းအမှတ်ပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော် ဇူလိုင် ၁၅ရက်

$
0
0



လူထု နှစ် ၈၀ ပြည့်အထိမ်းအမှတ်ပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော် ဇူလိုင် ၁၅ရက်
K (မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈


စာရေးဆရာ၊သတင်းစာဆရာ လူထုဦးလှနဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာတို့ ထူထောင်ခဲ့ပြီး မန္တလေးမြို့ရဲ့အသည်း နှလုံးတခုဖြစ်တဲ့ လူထုစာအုပ်တိုက် နှစ် ၈၀ ပြည့်အထိမ်းအမှတ်ပွဲနဲ့စာအုပ်ဈေးရောင်းပွဲတော်ကို မန္တလေးမြို့ဗိုလ်ချုပ် အောင်ဆန်းလမ်း (၈၄လမ်း)နှင့် ၃၃လမ်းဒေါင့်၊ လက်ဆည်ကန်ရပ် အမှတ် ၂၂၁ရှိ လူထုစာအုပ်တိုက်မှာ ပြုလုပ်သွား မယ်လို့သိရပါတယ်။

ဇူလိုင် ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ လူထုတိုက်တည်ရှိရာ အမှတ် ၂၂၁၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (၈၄လမ်း) နှင့် ၃၃ လမ်းဒေါင့်၊ လက်ဆည်ကန်ရပ်နဲ့ ဇူလိုင် ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ ရွှေမန်းလမ်းနှင့် ရူပလမ်းထောင့်၊ မန္တလေးတက္ကသိုလ် ၀င်းအတွင်းမှာရှိတဲ့ လူထုစာအုပ်တိုက်ဆိုင်ခွဲမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

လူထုကြီးပွားရေး စာအုပ်တိုက် နှစ် ၈၀ပြည့်နဲ့ပတ်သက်ပြီး လူထုမျိုးဆက်တယောက်ဖြစ်တဲ့ အမျိုးသားစာပေဆုရ စာရေး ဆရာ (ဦး)ညီပုလေးက “ကျနော်တို့ အဖေတို့အမေတို့ထားခဲ့တဲ့ ကောင်းမွေပါဗျ။ အဲဒီကောင်းမွေကို ဆက်ခံရတာပါ။ မြန် မာအမျိုးသားပိုင်လုပ်ငန်းတခု ဒီနိုင်ငံရေး ရေစီးကြောင်းထဲဖြတ်သန်းရတာ မလွယ်ပါဘူး။ အဖေတို့အမေတို့က ဇွဲရှိရှိ ခိုင်ခိုင် မာမာလုပ်ခဲ့ကြလို့ ကျနော်တို့ ဒီဟာ တည်တံ့တာပါ။ အဖေတို့အမေတို့အပြင် ၀န်းကြရံကြတဲ့ ဆရာသမားတွေ ဆရာမတွေ လည်း ပါပါတယ်။ အဲဒါနဲ့အတူ အလုပ်သမားတွေ အလုပ်သမတွေလည်း ပါပါတယ်။ ကျနော်တို့မိသားစုတင် လုပ်ကြကိုင် ကြလို့ ဒီ လုပ်ငန်း နှစ် ၈၀ တိုင်ခဲ့တာ မဟုတ်ဘူးဗျ။ ကျနော်တို့က သူတို့ရဲ့ကျေးဇူးတရားလည်း အောက်မေ့ပါတယ်။ နောက်ပြီး အဖေတို့အမေတို့သွားခဲ့တဲ့ ထုတ်ဝေရေးလုပ်ငန်းပုံနှိပ်လုပ်ငန်း လက်ဆင့်ကမ်းဆက်ပြီး သယ်မှာပါ။ ခု နောက် မျိုးဆက်တွေဖြစ်တဲ့ ကျနော့်သားတွေသမီးတွေ ကျနော့်တူတွေ မျိုးဆက်ကို ဆက် လက်ဆင့်ကမ်းနေပါပြီ” လို့ ပြောပြပါ တယ်။

လူထုစာအုပ်တိုက် နှစ် ၈၀ပြည့်အထိမ်းအမှတ်အနေနဲ့ စာအုပ်ဈေးရောင်းပွဲတော်မှာ လူထုကြီးပွားရေးတိုက်ထုတ်စာအုပ် တွေကို ၂၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ရောင်းချပေးသွားမှာဖြစ်ပြီး စာအုပ်အသစ်ဖြစ်တဲ့ ငါဆိုတဲ့တေး (ကဗျာများ) - ဖိုးသံ (လူ ထု) ၊မြန်မာ့ခေတ်သစ်ပန်းချီ - လူထုဒေါ်အမာ၊ သာသနာရောင်ဝါ နေသို့ထွန်းပါစေ - လူထုဒေါ်အမာ၊ မွှေးပျံ့တဲ့နှင်းဆီ ရောင်စုံ ဝတ္ထုတိုများ - ညီပုလေး၊ လူထုအတွက် လူထု - လူထုမိသားစု အစရှိတဲ့ စာအုပ် ၅အုပ်ကိုပါထုတ်ဝေရောင်းချပေး သွားမယ်လို့သိရပါတယ်။

လူထုကြီးပွားရေးစာအုပ်တိုက်ကို ၁၉၃၈ခုနှစ်ဇူလိုင်လမှာ စာရေးဆရာ၊ သတင်းစာဆရာကြီး လူထုဦးလှနှင့် စာရေးဆရာမ ကြီး လူထုဒေါ်အမာတို့မှ စတင်ထူထောင်ခဲ့ပြီး နှစ် ၈၀ သက်တမ်းအတွင်း နိုင်ငံရေးဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင် ရာ၊ ၀တ္ထု၊ ဆောင်းပါး၊ စာတမ်းအစရှိတဲ့ စာအုပ်ပေါင်း ၃၀၀ ကျော်ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။

သတင်းစာဆရာစာရေးဆရာ လူထုဦးလှနဲ့စာရေးဆရာမကြီး လူထုဒေါ်အမာတို့မှ ဦးစိုးဝင်း၊(ကွယ်လွန်)၊ ဒေါ်သန်းရင်မာ (ဒေါက်တာ မြမဉ္ဖူ)၊ (ဦး)ဖိုးသံချောင်း(ဖိုးသံ- လူထု)၊ ဒေါ်တင်တင်ဝင်း၊ ဦးငြိမ်းချမ်း(စာရေးဆရာ-ညီပုလေး)တို့ကို ဖွားမြင်ခဲ့ ပါတယ်။

သတင်းစာဆရာ၊ စာရေးဆရာကြီး လူထုဦးလှဟာ ၁၉၈၂သြဂုတ်လ ၇ရက်နေ့တွင် ကွယ်လွန်ပြီး ဇနီးဖြစ်သူ စာရေးဆရာ မကြီး လူထုဒေါ်အမာကတော့ ၂၀၀၈ ဧပြီလ ၇ရက် မနက် ၈နာရီ ၃၇မိနစ် အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ် ပါတယ်။

ထွန်းသိန်းဦး - စာပေဂျာနယ် နှစ် သုံးဆယ် ပြည့်ပြီ

$
0
0


 ထွန်းသိန်းဦး  - စာပေဂျာနယ် နှစ် သုံးဆယ် ပြည့်ပြီ
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈

၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီးနှင့်တွဲ၍ မှတ်မိနေသော မဂ္ဂဇင်းတစ်စောင်က စာပေဂျာနယ် ဖြစ်ပါ သည်။ စာပေရေးရာနှင့် ပတ်သက်၍ အလေးအနက်ဝေဖန်ရေးသားမှုများ၊ မြန်မာစာပေနယ်တွင် ထင်ရှားသည့် စာပေ ပညာရှင်များ၊ စာပေဝေဖန်ရေးသမားများ၏ လက်ရာများအပြင် အနယ်နယ် အရပ်ရပ်မှ စာပေသမားများ၏ သုံး သပ်ဝေဖန်ချက်များ၊ စာပေရေးရာအမြင်များ၊ စကားဝိုင်းများဖြင့် အားပြည့်အင်ပြည့်အားပြည့် ပါဝင်သည့် စာ ပေဂျာနယ်သည် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လတွင် စတင်ထွက်ရှိခဲ့ရာ ယခု (၂၀၁၈ ခုနှစ်တွင်) နှစ်သုံးဆယ်ပြည့်ပြီ။ အတွဲ (၁) ၊ အမှတ် (၅) ပါ အယ်ဒီတာစကား အတိုင်း ‘စာပေ၏ သွင်ပြင်လက္ခဏာအရပ်ရပ်ကို လေ့လာဆန်းစစ် သော၊ မြန်မာ နှင့် နိုင်ငံတကာ စာပေအခြေအနေများကို မှတ်တမ်းတင်သော၊ နိုင်ငံတဝန်းလုံးရှိ မြန်မာစာပေသမား များ၏ ဆန္ဒ သဘောထားအမြင်များကို ထင်ဟပ်သော’ မဂ္ဂဇင်း တစ်စောင် ဖြစ်ပါသည်။


စာပေဂျာနယ်ကို စီစဉ်သူ အယ်ဒီတာတွေက ၁၉၈၈ မှ ၁၉၈၉ ခုနှစ်အတွင်း ထွက်ခဲ့သည့် အတွဲ (၁) စာစောင် များတွင် ဆရာဖေမြင့်၊ ဆရာခွန်ဂျာမှိုင်း၊ ဆရာမောင်သွေးသစ်၊ ၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၂ ခုနှစ် အတွင်း ထွက်သည့် အတွဲ (၁)၊ အမှတ် (၉) မှ (၁၂) မှာတော့ ဆရာဖေမြင့်နှင့် ဆရာခွန်ဂျာမှိုင်း၊ ၁၉၉၄- ၉၅ အတွဲ (၂) နှင့် အတွဲ (၃) တွင် ဆရာမောင်သွေးသစ်နှင့် ဆရာခွန်ဂျာမှိုင်း၊ ၁၉၉၇ ခုနှစ်ထဲတွင်တော့ ဆရာခွန်ဂျာမှိုင်း ဖြစ် သည်။ အစောပိုင်းဂျာနယ်များက ပန်းချီမျက်နှာဖုံးနှင့် ဖြစ်ပြီး ၁၉၉၅ ခုနှစ်ထဲတွင် စာပေပညာရှင်ကြီးများ၏ ဓာတ်ပုံကို မျက် နှာဖုံးတင်ထားသည်။ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလထုတ် အတွဲ (၂) အမှတ် (၁) မှစ၍ ၁၉၉၆ ခုနှစ်၊ မတ်- ဧပြီ လထုတ် အတွဲ (၃)၊ အမှတ် (၇) အထိ (ထင် သည်) လစဉ်ပုံမှန်ထုတ်ဝေနိုင်ခဲ့ပြီး ၁၉၈၉ ခုနှစ်အတွင်း ခြောက်အုပ်၊ ၁၉၉၀ ပြည့်နှစ်အတွင်း နှစ်အုပ်၊ ၁၉၉၁ နှင့် ၁၉၉၂ ခုနှစ်တွင် တစ်အုပ်စီ ထုတ်ဝေနိုင်ခဲ့သည်ကို တွေ့ရ သည်။ အတွဲ (၃) တွင် ၁၂ အုပ်ပြည့်အောင် ထုတ်ဖြစ် သလားမသိ။ ကျွန်တော့်မှာရှိသည့် နောက်ဆုံးထုတ် စာပေဂျာနယ်က ကဗျာ ဆရာကြီး ဒေါင်းနွယ်ဆွေအဖုံးနှင့် ဖြစ်ပြီး မျက်နှာဖုံးခွင့်ပြုချက် ၉၇(၆) ဟု တွေ့ရသဖြင့် ၁၉၉၇ ခုနှစ်၊ ဇွန်လ သို့မဟုတ် ဇူလိုင်လထုတ်၊ အတွဲ (၃)၊ အမှတ် (၁၁) ဖြစ်မည် ထင်သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၇ ခုနှစ်၊ ကိုးနှစ် အတွင်း အုပ် ၃၀ ကျော်ထွက်ခဲ့သည် ဟုဆိုရမည်။ အတွဲ (၂) စာအုပ်များတွင် ပုံနှိပ်ခဲစာ လုံးနှင့်ဖြစ်ပြီး အတွဲ (၃) တွင်တော့ ကွန်ပျူတာစာစီ ဖြစ်သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ် ၁၂၀ ပြည့် အထိမ်း အမှတ်အဖြစ် ထုတ်ဝေသော စာပေ ဂျာနယ်က နှစ်ခါပြန်ရိုက်နှိပ်ရသည်အထိ စာသမားများ သိမ်း ဆည်းစရာ ဖြစ်ခဲ့သည်။


ဝယ်ယူထားသမျှ စာပေဂျာနယ်တွေပြန်ဖွကြည့်တော့ လွန်ခဲ့သည့် နှစ် ၃၀ က မြန်မာစာပေရှုခင်းကို တွေ့ရ သည်။ ထိုစဉ်ကစာပေရေးရာတွေကိုဖတ်ရသည်။ မဂ္ဂဇင်းရွှေခတ်ဟုဆိုရမည့် ကာလ။ လစဉ်ထုတ်တွေရော၊ တင် ထုတ်မဂ္ဂဇင်းတွေပါ အများအပြားထွက်ခဲ့ကြသည်။ ထိုစဉ်ကစာပေလောကကို သုံးသပ်ချက် တော့ မဂ္ဂဇင်းများ၏ အခန်းကဏ္ဍတိုးတက် လာ သော်လည်း လုံးချင်းဝတ္ထုဘက်မှာ အားနည်းနေသေးသည်တဲ့။ ဆောင်းပါးတွေ အနက် ဆရာမောင်သွေးသစ်၏ ကမ္ဘာ့ စာကြည့်တိုက်ကြီးများနှင့် စာပေဂျာနယ် တွင် စာပေဂျာနယ်ကို မှာယူသော ပြည်ပ နိုင်ငံကစာကြည့်တိုက်တွေကို ဖော်ပြထားသည်။ အမေရိကန်၊ အင်္ဂလန်၊ ဩစတြေးလျ၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ စင် ကာပူတဲ့။ စာပေရေးရာဝေဖန် စာတွေ နှင့်တုန့်ပြန်ချက်တွေအနက် ဆရာချစ်ဦးညို၏ ရာဇကုမာရ ဝတ္ထုနှင့် ပတ် သက်၍ ရေးကြသည့် ဆရာမောင်စွမ်းရည်နှင့် ဆရာမဒေါက်တာမတင်ဝင်း၏ ဆောင်းပါးများ၊ ဆရာ မောင်စွမ်း ရည်၊ ဆရာကိုထူး၊ ဆရာမောင်ခိုင်လတ်၊ ဆရာစိုးမြင့်လတ်၊ ဆရာစိုးမင်းဦးတို့၏ စာပေရေးရာ ဝေဖန်သုံးသပ်ချက် များ၊ ဆရာဇောင်းထက်၊ ဆရာမောင်သင်းခိုင်၊ ဆရာမောင်စွမ်းရည်၊ ဆရာအောင်ခိုင်မြတ် (တောင်ငူ) တို့၏ ကဗျာ စာအုပ်ဝေဖန်ချက်များ၊ ပရိသတ်ထံမှ ပေးစာများ၊ မဂ္ဂဇင်းဆောင်းပါးများထဲက အလွဲတွေကို ထောက် ပြထားသော မောင်ပြဿနာ၏ ဆောင်းပါးများ၊ မှတ်မှတ်ရရစာပေစကားဝိုင်း တို့ကိုတွေ့ရသည်။


မှတ်မှတ်ထင်ထင် ဖြစ်ရသည့် ဆောင်းပါးအချို့က ဆရာသော်တာဆွေ၏ ကျောက်ဖြုံးကျော်ကြီး ဝတ္ထု သည် ဂျူး စာရေးဆရာတစ်ဦး၏ ဝတ္ထုနှင့်တူနေသည် ဟု Anna Allot (ဒေါ်ခင်ခင်ချော) ၏ ထောက်ပြချက်နှင့် ပတ်သက်၍ ဆရာ မောင်မိုးသူ၊ ဆရာဩရတို့၏ တုန့်ပြန်ချက်ရေးသားများ၊ ဆရာမဂျူး၏ ရာဇဝင်ထဲမှာထားရစ်ခဲ့ ဝတ္ထုတိုစုစည်းမှုကို ဝေဖန် ထားသည့် ဆရာမောင်စွမ်းရည်၏ ဝေဖန်ချက်ကို ထပ်ဆင့် ဝေဖန်ထားသော ဆရာရန်နောင်ဦး၏ ဆရာစွမ်း လာရာလမ်း ကိုပြန်ကြည့်ပါ၊ ဆရာမောင်သွေးသစ်၏ ကဗျာများကို ခံစားရေးဖွဲ့ထားသည့် ဆရာကိုစိမ်းဦး (ရေနံချောင်း)၏ ခြေရာခံ၍ ရသော အိပ်မက်များ၊ ဆရာချစ်ဦးညို၏ သမိုင်းနောက်ခံဝတ္ထုရေးသူ၏ အတွေ့အကြုံများ၊ ဆရာမဂျူး၏ အာရုံဝင်စားခြင်း၊ ဆရာမောင်လင်းယုန် (ရှမ်းပြည်) ၏ နိုင်ငံရပ်ခြား စာပေလေ့လာရေးသင်တန်း ဂန္ထဝင်ပျိုးခင်း၊ ဆရာဝင်းမောင်(သမိုင်း)၏ မှန်နန်းကို ဖြတ်သန်းခြင်း သမိုင်းရေးရာ ဆောင်းပါးများ၊ ဆရာမြသန်းတင့်၏ ခန်းဆောင်နီထဲတွင် အိပ်မက်မက် ကြည့်ခြင်း ဆောင်းပါးတွဲများနှင့် အဆုံးသတ်မသွားနိုင်သည့် သူမ သို့မဟုတ် လေရူးသုန်သုန်အဆက်၊ ဆရာဇော်ဇော်အောင် ၏ မော်ဒန်ဝတ္ထုတိုဝေဖန်ရေး၊ ဆရာ မောင်သာနိုး၏ နိုင်ငံတကာ ကဗျာဆောင်းပါးများ၊ ဆရာအောင်ဝေး၏ မိုးဝေ ကဗျာ ၁၉၇၀ လေ့လာချက်၊ ဆရာကျော်လှိုင်ဦး၏ အားနက်စ်ဟဲမင်းဝေး၊ ဆရာနတ်နွယ်၏ ကပ်ဖကာ မိတ်ဆက်၊ ကပ်ဖကာ၏တရားခွင် စသော နိုင်ငံတကာ စာပေရေးရာ ဆောင်းပါးများ ဖြစ်သည်။


ဆရာအထောက်တော်လှအောင်၏ ဆောင်းပါးတွေကတော့ အိုးဝေနှင့် သတင်းဂျာနယ်ထုတ်ခဲ့စဉ်က အတွေ့အကြုံ တွေကို ပြန်ပြောင်းအောက်မေ့ရင်း၊ သတင်းသည် အကြောင်းအရာသာမက နာမည်ပါဖြစ်သလို စာပေသည်လည်း အကြောင်းအရာသာမက နာမည်လည်းဖြစ်သည်ဟု ခံစားယုံကြည်မိသည် တဲ့။ ဆရာနန်းညွန့်ဆွေ၏ ဖိနပ်တိုက်ပွဲ၊ ဆရာ ဦးဝင်းတင်၏ မျိုးဆက်ကွာဟမှု တို့ကို အကြိုက်ဆုံးဆောင်းပါးများအဖြစ် ရွေးချယ်ထားသော ဆရာ ဦးအောင်သင်း၏ ဆောင်း ပါးတွေကိုလည်း လွမ်းမောစရာဖတ်ရသည်။ ဆရာမမစန္ဒာ၏ ကြီးလာလို့သိပါပြီ ဆောင်းပါးတွင်တော့ စာရေးဆရာကိုယ်တိုင် ခံစားမှုပြောင်းလာပုံကို ငယ်သူမို့မသိပါ ဝတ္ထုထွက်စဉ်က ဆရာ ကြီး များ၏ သုံးသပ်ချက်အမှာစာများနှင့်အတူ ဖော်ပြထား သည်။ ဘာသာပြန်နှင့် ပတ်သက်၍ ဆရာတက်တိုး၏ အရမ်း ဘာသာမပြန်ပါနှင့်၊ ဆရာမြတ်ငြိမ်း၏ ဘာသာပြန် စာပေ တွင်ရှိသင့်သောမူတစ်ခု၊ ဆရာကျော်အောင်၏ သခင် ဘသောင်း၊ ဟာဒီ နှင့် ပန်းသာမစာအု၊ ဆရာမောင်ထွန်းသူ၏ ဘက် ဆဲလားနှင့် ဘာသာပြန်တို့၏ ပြဿနာ၊ ကဗျာဘာသာပြန် စသည့် ဆောင်းပါးများကို ဖတ်ရသည်။ အလက်ဇန်းဒါးပုတ်၏ The quiet life ကဗျာအဆုံးပိုဒ်ကို ဖော်ပြလျက် သူကွယ်လွန်လျှင် အသုဘလည်း မပို့စေချင်၊ နာရေးကြော်ငြာလည်း မထည့်စေ ချင်ကြောင်း ရေး ထားသည့် ဆရာကြီး ဦးခင်မောင်လတ်၏ ဆောင်းပါးအဆုံးတွင် ဆရာမကြီးဒေါ်ခင်မျိုးချစ်၏ မှတ်ချက်က ငါကလဲ ဒီသဘောအတိုင်းပဲ။ ငါ့နာမည်ထည့်ပါ တဲ့။


ဆရာမြတ်ခိုင်၏ စာသတင်း၊ စာအတင်း၊ စာရင်ပြင် တွင်တော့ ထိုစဉ်က စာပေလောကအတွင်းက ရှဲဒိုး ပြဿနာများ၊ အယ်ဒီတာအပြောင်းအလဲများ၊ မဂ္ဂဇင်းတွေ ထုတ်ဝေခွင့်ရသော်လည်း စက္ကူမရှိသဖြင့် မထုတ်နိုင် သေးတဲ့ အကြောင်း၊ အမှာစာတစ်သိန်းကျော်ရှိသော်လည်း စက္ကူအခက်အခဲကြောင့် စောင်ရေငါးသောင်းသာ ရိုက် နှိပ်နိုင် သည့် သတင်းဂျာနယ်၊ စောင်ရေ ၄၀၀၀ ထုတ်တဲ့ သာရမဂ္ဂဇင်း၊ ပွဲဆူခဲ့သည့် သာရစာပေဆုအကြောင်း၊ အမှတ် (၁) ထွက်အပြီး ရနံ့သစ်မဂ္ဂဇင်း၏ အယ်ဒီတာအပြောင်းအလဲ၊ ရှားပါးစာအုပ်ဈေးကွက်၊ မြန်မာဝတ္ထုတို များ ကိုဆရာမောင်သာနိုးက ဘာသာ ပြန်ပြီး စင်ကာပူစာအုပ်တိုက်မှ ထုတ်ဝေမည့် အကြောင်း၊ ကွန်ပျူတာစာစီ ခေတ် မတိုင်ခင်က တစ်အုပ်လုံးကို ဘလောက် လုပ်ပြီး အတုလုပ်ရောင်းရလောက်အောင် ဝယ်လိုအားရှိခဲ့သည့် ဦးထွန်း ငြိမ်းအဘိဓာန် စသည်ဖြင့် ၉၀ ပြည့်နှစ်လွန် မြန်မာစာပေလောကထဲက အဖြစ်အပျက်တွေကို ဖတ်ရသည်။ ကြား ထိုးလိုက်ရမလား ဟူသော ထုတ်ဝေသူတို့၏ အသုံး အနှုန်းက ရှဲဒိုးစာရေးပေးသူတွေ အားကောင်းခဲ့သည့် စာပေ လောက၏ အခြေအနေတစ်ရပ်ကို ဖော်ပြနေသည်။ အင်္ဂလိပ် စာလုံးများကို အသံထွက်အတိုင်း မြန်မာလို ပြန်ရေး ထားသော အမှားပြင်ဆင်ချက်က အင်္ဂလိပ်စာလုံး သုံးခွင့်မပြုသည့် စာပေစိစစ်ရေး၏မူဖြစ်မည်ဟု မှန်းဆ မိသည်။ အချို့စာပေဂျာနယ်မျက်နှာဖုံးက ဘာပုံမှမပါဘဲ ပြောင်သက်သက်ကြီး မို့ ဒီမိုကရေစီ အရေးတော်ပုံ နောက် ပိုင်း ပိတ်ပင်ထားခြင်းခံရသည့် စာပေပညာရှင်တို့၏ ပုံဖြစ်မည်ဟုထင်ပါသည်။


စာပေဂျာနယ်ပါ အချို့ဆောင်းပါးတွေကတော့ စုစည်း၍ စာအုပ်အဖြစ် ထွက်လာခဲ့သည်။ ဆရာမြသန်း တင့်၏ ခန်းဆောင်နီထဲတွင် အိပ်မက်မက်ကြည့်ခြင်း၊ ဆရာအောင်သင်း၊ ဆရာနတ်နွယ်၊ ဆရာလူထုစိန်ဝင်း၏ ဆောင်းပါးများ စသည်ဖြင့်။ ယခုခေတ်အထိ ဖတ်လို့ရနေဆဲ၊ စာအုပ်အဖြစ် စုစည်းသင့်သည့် ဆောင်းပါးတွေ ရှိနေ သေးသည်ထင်ပါသည်။ မှန်ကန်သည့် ဘာသာပြန်လက်ရာတွေ ထွန်းကားဖို့ သတိပေးထားသည့် ဆရာတက်တိုး ၏ အရမ်းဘာသာမပြန်ပါနှင့်၊ ဆရာ ကြီးသခင်ဘသောင်း မှီးငြမ်းပြုပုံကောင်းလွန်း၍ ပန်းသာ မစာအု မြန်မာပိုင် ပစ္စည်း ဖြစ်လာပုံကို ဖော်ပြထားသော သခင် ဘသောင်း၊ ဟာဒီနှင့် ပန်းသာမစာအု စာတမ်း၊ ဝတ္ထုရေးရန် စိတ် ကူးနယ်ပယ်တွင်သာ ကျက်စားလျက် အတွေးအခေါ် ရင့်သန်ရေးဘက်တွင် အားနည်းသွားမည်ကို စိုး ရိမ်၍ သုတ စာများကို ဖတ်ရှုခြင်းဖြင့် ကျိုးကြောင်းယုတ္တိခိုင်လုံသည့် ဆောင်း ပါးများ ရေးနိုင်အောင် ကြိုးစားကြဖို့ ဝတ္ထုရေး ဆရာများကို အကြံပြုထားသည့် ဆရာအောင်သင်း၏ ဝတ္ထုဆရာ၏သက်တမ်း၊ အစွဲကင်းသည့် စာပေဝေဖန်ရေး ဖြစ်ဖို့ ထောက်ပြအကြံပြုထားသည့် ဆရာမင်းနန်း(မော်ကျွန်း)၏ ပညာ၊ သိက္ခာ နှင့် အမှန် တရား၊ သိမ် မွေ့နက်နဲ သည့် ဗုဒ္ဓတရားတော်များကို ထွေပြားဆန်းကျယ်လှသည့် ယနေ့ခေတ် အတွေးအမြင်များနှင့် နှိုင်းယှဉ် ဆွေးနွေး ထားသည့် ဆရာထင်လင်း၏ ဗုဒ္ဓဝါဒနှင့်ခေတ်အမြင် စသည့်ဆောင်းပါးများ။ ဆရာကြီး သခင်ကိုယ် တော်မှိုင်း နှစ် ၁၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော အတွဲ (၃)၊ အမှတ် (၇) စာပေဂျာနယ် ဆိုလျှင် ပြန် ထုတ်ဖို့ ကောင်း သည့် စာအုပ်ဟုပင် ဆိုချင်ပါသည်။


စာပေဂျာနယ် ရပ်တံ့နေခြင်းနှင့် ပြန်ထွက်မထွက်ကတော့ ဆရာခွန်ဂျာမှိုင်းနှင့်ပဲဆိုင်သည်ဟု ဆရာမောင် သွေးသစ်က ၁၉၉၉၊ အောက်တိုဘာလထုတ် ချယ်ရီမဂ္ဂဇင်းအင်တာဗျူးတွင် ဖြေခဲ့သည်ကိုဖတ်ရသည်။ ထိုစဉ်က စာပေ ဂျာနယ်နှင့် အပြိုင်ရော နောက်ပိုင်းမှာပါ စာပေအထူးပြုသော မဂ္ဂဇင်းတွေ ထွက်ခဲ့ကြသည်။ ယနေ့ မြန်မာ စာပေလောက တွင် မဂ္ဂဇင်းတွေ၏ အခြေအနေက မကောင်းပါ။ စာပေမဂ္ဂဇင်း မဆိုထားနှင့်၊ သာမန်မဂ္ဂဇင်း၊ ဂျာ နယ်များပင် ရပ်တည်ရေး ခက်ခဲနေပြီ။ လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့်က မဂ္ဂဇင်းရွှေခေတ်ဖြစ်ခဲ့သည့် လွမ်းမောဖွယ် ကာလ တစ်ခုကို သတိရရင်း ဒီနေ့ခေတ် စာပေမဂ္ဂဇင်း များကြံကြံခံ ရပ်တည်နိုင်ပါစေဟု ဆန္ဒပြု မိပါ သည်။ ။

ထွန်းသိန်းဦး

မှတ်ချက်။
မြန်မာစာနယ်ဇင်းသမိုင်းတွင် အထင်ကရ မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် စာပေဂျာနယ်များအကြောင်းကို လက်လှမ်း မီသလောက် ရေးသားခြင်း ဖြစ်ပါသည်။ ထွက်ရှိသမျှ စာပေဂျာနယ်များ အစုံအလင် မရှိပါသဖြင့် ဆောင်းပါးပါ အချက် အလက်များ မှားယွင်းခဲ့သည်များ ရှိပါက တည့်မတ်ပြင်ဆင်ပေးစေလိုပါသည်။

မောင်စွမ်းရည် - လူထုဂျာနယ်စာပေပြိုင်ပွဲ (၁၉၅ဝ)

$
0
0

မောင်စွမ်းရည် - လူထုဂျာနယ်စာပေပြိုင်ပွဲ (၁၉၅ဝ)
လူထုကြီးပွားရေးစာအုပ်တိုက် နှစ် ၈ဝ ပြည့်အထိမ်းအမှတ်ဆောင်းပါး

(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈

လူထုကြီးပွားရေးစာအုပ်တိုက် နှစ် ၈ဝ ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်မယ်လို့ကြားတော့ ဝမ်းသာရတယ်။ ကျွန်တော်က လူထုကြီးပွားရေးဆိုတာကို ကျွန်တော့်မိဘများနဲ့အတူ ငယ်စဉ်ကတည်းက ဖတ်လာခဲ့ရတာဆိုတော့ ''အစွဲ''ရှိပါတယ်။ လူထုကြီးပွားရေးဆိုတဲ့ အသံကြားလိုက်ရင် ခေါင်းထောင်ကြည့်တတ်ပါတယ်။ အဲဒါ ''အစွဲ''ပေါ့နော်။

လွန်ခဲ့တဲ့ ၁၄-၅ နှစ်လောက်က မြောက်အီလီနွိုက်တက္ကသိုလ် စာကြည့်တိုက်ကို မွှေခွင့်ရတယ်။ စာကြည့်တိုက်မှူး၊ ဒေါ်မေကြည်ဝင်း ပြုစုပျိုးထောင်သွားခဲ့တဲ့ မြန်မာစာကြည့်တိုက်ပါ။ ဒေါ်မေကြည်ဝင်းဆိုတာ အလွန်တော်တဲ့ စာကြည့်တိုက်မှူးပါ။ ဗမာပြည် က အလွန် အစုအဆောင်းကောင်းတဲ့ စာရေးဆရာ၊ စာပေသုတေသီ တွေ ကွယ်လွန်ရင် သူတို့စုဆောင်းထားတဲ့စာအုပ်တွေကို လိုက်ဝယ် ပြီး စုဆောင်းလေ့ရှိတယ်။ ဒါကြောင့် သူ့စာကြည့်တိုက်မှာ အဟောင်းအသစ် အတော်စုံပါတယ်။ ကဗျာဆရာတင်မိုးပြော သလို ''ချစ်သောသူတို့သည် အသက်တိုလှ၏''လို့ပြောရပေတော့မယ်။ ခုအခါ သူ မရှိရှာတော့ပါ။

ဒေါ်မေကြည်ဝင်း စုဆောင်းထားတာတွေထဲမှာ လူထုဂျာနယ် အဟောင်းတွေလဲရှိတယ်။ ကြီးပွားရေးဂျာနယ်တချို့လည်းရှိပါ တယ်။ ဒါ့ကြောင့် ကျွန်တော်ကြည့်ရှုလေ့လာခွင့်ရခဲ့ပါတယ်။ အခွင့်ရတုန်းမှာ ကိုယ်ကူးချင်တာတွေလည်း ကူးခဲ့ရပါတယ်။ စက္ကူ ဖိုးလည်းမပေးရ၊ ကူးခလည်းမပေးရ။ ဟိုပို့ ဒီပို့ပို့ခိုင်းဦးမလား။ အခမဲ့ စာကြည့်တိုက်အချင်းချင်းအတွင်း စာအုပ်တွေ လှမ်းငှားလို့လည်း ရသဗျ။ ခု ကျွန်တော်တင်ပြထားတဲ့ လူထုဂျာနယ်မိတ္တူဟာ မြောက်အီလီနွိုက်တက္ကသိုလ်ကကူးခဲ့တာ။ မြန်မာစာဆရာဦးစောထွန်းတို့ ဒေါ်မေစာတို့ရှိတဲ့ နေရာပေါ့။ သူတို့က ကျွန်တော့်ကို ကျွေးထားခဲ့တယ်။

လူထုဂျာနယ်အမှတ် ၁ ကစပြီး စာပေပြိုင်ပွဲလုပ်ခဲ့ပါတယ်။ 'ဆောင်းပါး'၊ 'ကဗျာ'၊ 'အတ္ထုပ္ပတ္တိ'၊ ဆိုပြီး ပြိုင်ပွဲတွေသုံးမျိုးခေါ်ထား တာတွေ့ရပါတယ်။ ၁၉၅ဝ၊ ၁၉၅၁ ခုနှစ်များအတွင်းက ပြိုင်ပွဲခေါ် တဲ့ လူထုဂျာနယ်တွေကို ကျွန်တော် ကူးယူထားခဲ့တာပါ။ တခြားကူး ယူထားတာရှိချင်လည်း ရှိဦးမှာပါ။ ခု ၁၄-၅ နှစ်ကြာမှ ဖိုင်ကြို ဖိုင်ကြားကထွက်လာတဲ့ မိတ္ထူရှိသမျှကိုပဲ ကိုးကားတင်ပြမှာပါ။ လူထုတိုက်မှာတော့ စနစ်တကျ သိမ်းဆည်းသိုမှီးထားလေ့ရှိပါတယ်။ သူတို့တိုက်မျာက အစိုးရ စစ်တပ် အပါအဝင် ရန်သူမျိုးခြောက်ပါး ဒုက္ခပေးခဲ့တာရှိတော့ သိပ်မစုံတာသေချာတယ်။ တချို့လိုအပ်တာ ရှိရင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်က ကူးရတဲ့အခါတွေရှိပါ တယ်။ ကျွန်တော်တောင် ကူးပေးရသေး။

စာပေပြိုင်ပွဲ အမှတ် ၁ ခေါ်စာကို ကျွန်တော်မကူးခဲ့ရဘူး။ ဆုရသတင်းကြေညာချက်သာ ကူးယူထားခဲ့မိတာ။ ဒါတောင် သူငယ်ချင်းမောင်သာနိုးရဲ့နာမည်ပါလို့ ကူးလိုက်မိတာထင်ပါရဲ့ လူထုဂျာနယ်စာပေပြိုင်ပွဲအမှတ် ၁ ကို ''ဆောင်းပါးပြိုင်ပွဲ''လို့ အမည်ပေးသလား မသိပါ။ ဆုရသူအမည်တွေ ကြေညာတော့ ဆောင်းပါးအမည်ပဲကြေညာပါတယ်။ ဆောင်းပါးပြိုင်ပွဲခေါ်ခေါင်း စဉ်ကို တွေ့ရရင် ခုခေတ်အမြင်နဲ့တော့ အံ့သြကြမှာအမှန်ပါပဲ။

 ခေါင်းစဉ်က - ''ကျောင်းများ၌ မာခ်စာပေ သင်သင့်သည်''တဲ့။

တကယ်တော့ ဒါလည်း မဆန်းလှဘူး။ အံ့အားသင့်ဖွယ် မဟုတ်လှပါဘူး။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ ဖြစ်တုန်းက ဆိုရင် 'အညမည'စာအုပ်ကလေးကို တက္ကသိုလ်မှာ သင်ခဲ့ရတယ် မဟုတ်လား။ နိုင်ငံရေးသိပံ္ပ၊ နိုင်ငံရေးတက္ကသိုလ် ဆိုတာမျိုးတောင် ဖွင့်လှစ်ပို့ချခဲ့သေးတာမဟုတ်လား။ ''အ-ည-မည''ကို 'အင်ညမြင်ည'ဟု ဖတ်ပါဆိုတဲ့ အညွှန်းလေးပါတဲ့ စာအုပ်ပြာကလေးကို မှတ်မိပါတယ်။ သင်တန်းတွေ ဘာတွေတော့ မတက်ခဲ့ရဖူးပါ။ ကျွန်တော်က အစိုးရဝန်ထမ်းဖြစ်ပေမဲ့ မဆလပါတီဝင် မဟုတ်ခဲ့လို့ ပါ။

၁၉၅ဝ-၅၁ ဆိုတော့ ဗမာပြည်လွတ်လပ်ရေးစခါစကာလ ဖြစ်ပါတယ်။ ၁၉၄၈ မှာ လွတ်လပ်ရေးရတာ ဆိုတော့ လွတ်လပ် ရေးရတာ နှစ်နှစ်ပဲ ရှိပါသေးတယ်။ ''လက်ဝဲဝါဒ''လို့ခေါ်တဲ့ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ မတ်က်စ်ဝါဒဆိုတာတွေက ဂယက်ထတုန်း ပေါ့။ သခင်နုလို အမည်တွင်ခဲ့တဲ့ လွတ်လပ်ရေးရစ ဝန်ကြီးချုပ်ဖြစ်လာသူ ဦးနုကိုယ်တိုင် နဂါးနီစာအုပ်တိုက်ဆိုတာကို ထူထောင်ရင်း ''ဘုံဝါဒ''စာအုပ်တွေ လီနင်၊ စတာလင် အတ္ထုပ္ပတ္တိတွေထုတ်ဝေ ဖြန့်ချိခဲ့တာမဟုတ်လား။ ဘုန်းတော်ကြီးတချို့ကတောင် မတ်က်စ်ဝါဒနဲ့ ဗုဒ္ဓဝါဒ မဆန့်ကျင်ကျောင်း၊ ''သံဃိကဝါဒ''ဆိုတာ ''ဘုံဝါဒ''ဆို တာနဲ့ သဘောသွားတူကြောင်း စသဖြင့် ပါဝင်ရေးသားခဲ့ကြတာကို သတိရမိပါတယ်။ ရုရှားတို့၊ တရုတ်တို့မှာ မတ်က်စ်ဝါဒကို ကျောင်းတွေသင်တယ် ဆိုထင်ပါရဲ့။ ဒါ့ကြောင့် ဗမာပြည်မှာလည်း ဒီကိစ္စမျိုးတွေကို ဆွေးနွေးခဲ့ကြကြောင်း နောင်လာနောင်သားများအနေနဲ့ သမိုင်းဗဟုသုတရရှိအောင် ဖောက်သယ် ချလိုက်ရတာပါ။

အဲဒီနှစ်က ကျွန်တော်တို့က ပဉ္စမတန်းကျောင်းသားအဖြစ် မြို့ပေါ်တက်ပြီး ကျောင်းနေစ ကာလဖြစ်ပါတယ်။ သမဂ္ဂဝင် ကျောင်းသားကြီးတွေက လက်ဝဲစာပေတွေဖတ်ပြီး နိုင်ငံရေးဆွေးနွေးမှုတွေ ဂယက်ထနေကြတဲ့ အချိန်လည်းဖြစ်ပါတယ်။ အနုပတ္တိလောကမ ရုပ်ဝါဒ ဘာညာဆိုတဲ့ အဲဒီခေတ်ကကြားဖူးခဲ့ တာပေါ့။ ဆရာတော်အသျှင်ဉာဏိသရကိုယ်တော်ကြီးလည်း အိန္ဒိယပြည်က လက်ဝဲဝါဒတွေလေ့လာခဲ့ပြီး ပြန်လာတော့ အိန္ဒိယပြည်က လက်ဝဲဝါဒီ အရှင်ရာဟုသံကစ္စည်းရဲ့ စာအုပ်တွေကို ဘာသာပြန် ပြီး လူထုတိုက်က ထုတ်ဝေခဲ့သေးတာပဲ။ ပြီးတော့ လူထုသတင်းစာတိုက်ကိုဝင်ပြီး အယ်ဒီတာ လုပ်လိုက်ပါသေးတယ်။ ပြီးတော့ လူထွက်ပြီး အိမ်ထောင်ပြုတယ်။ မန္တလေးတက္ကသိုလ်၊ မြန်မာစာ ဌာနကိုဝင်ပြီး မြန်မာစာဆရာလုပ်ရင်း ဆန်းထွန်း(မန်းကတ္ကသိုလ်) ကလောင်ဘွဲ့နဲ့ စာတွေဆက်လက်ရေးပါတယ်။ မ.ဆ.လ အတွက် 'ရှေ့သို့'ဂျာနယ်မှာတောင် ဝင်ရေးသားနေခဲ့ပါသေးတယ်။ တက္ကသိုလ်ကို ဝင်ရောက်မလုပ်ကိုင်ခင်မှာ 'ကွန်မြူနစ်မဟုတ်တော့ကြောင်း'ကို ဝန်ချပွဲလုပ်လိုက်သေးတယ်ထင်ပါရယ်။ ကျွန်တော့် အဖေ၊ ကျွန်တော့်ဦးလေးတို့ရဲ့စကားဝိုင်းက အကြောင်းအရာတွေ တော့ ကျွန်တော်သိပ်မမှတ်မိတော့ပါဘူး။ ပြောချင်တာက အဲဒီ ခေတ်မှာ မက်စ်ဝါဒလေ့လာရေး လှိုင်းဂယက်ကြီးရှိခဲ့ကြောင်းကို ခေတ်နောက်ခံ ခင်းပြတာပဲဖြစ်ပါတယ်။ ကျွန်တော်သာ အထက်တန်းကျောင်းသားဖြစ်နေရင်လည်း ကိုသာနိုးလို့ပဲ ဝင်ပြီးနွှဲလိုက်ဦး မှာသေချာပါတယ်။

ကိုသာနိုးက အဲဒီပြိုင်ပွဲဝင်ချိန်မှာရှိလှရင် ၁၈-၁၉ လောက်ပဲ ရှိမှာပေါ့။ ၁ဝ ကျောင်းသားပဲရှိသေးတာကိုး။ သူဆုရတဲ့ စာပေ ပြိုင်ပွဲက ''စာပေပြိုင်ပွဲ အမှတ် ၁ ''တဲ့။ ဆုပေးပွဲကြေညာချက်ပါရှိ တဲ့သတင်းစာက အုပ်တွဲ ၁၊ အမှတ် ၃ ဖြစ်ပါတယ်။ ဆုရသူများက လေးယောက်ပါ။ အဲဒီပွဲမှာတော့ ကျောင်းသားတွေချည်းသာဝင် ရောက်ယှဉ်ပြိုင်စေတာဖြစ်ပေမဲ့ တက္ကသိုလ်နဲ့အခြေခံပညာအထက်တန်း (အစိုးရဟိုက်စကူးတန်း) တို့အတူ ပါဝင်ရေးသားကြတာတွေ့ ရပါတယ်။ နောက်ပြိုင်ပွဲတွေမှာတော့ ကျောင်းသားရော၊ အရပ်သားတွေပါ အကုန်ဖွင့်ပေးထားတာတွေ့လိုက်ရပါတယ်။ ဆုရသူ များကတော့ (အဲဒီခေတ် စာလုံးပေါင်းသတ်ပုံအတိုင်း)

ပဋ္ဌမ ။ ။ မောင်စံညွန့်၊ ဝက်စလီဟိုက်စကူးကျောင်း၊ မန္တလေး။
ဒုတိယ ။ ။ မောင်သာနိုး၊ ၁ဝ တန်း၊ အစိုးရဟိုက်စကူး၊ စစ်ကိုင်း။
တတိယ ။ ။ ၂ - ဆုပေးရပါသည်။
(၁) မောင်အောင်ထွန်း၊ ပဋ္ဌမနှစ်ဥပစာတန်း၊ မန္တလေးတက္ကသိုလ်၊ မန္တလေး။
(၂) မောင်ကိုကြီး ၁ဝ တန်း၊ ဗုဒ္ဓသာသနနုဂ္ဂဟ အထက်တန်းကျောင်း၊ မန္တလေး။

(မှတ်ချက်ကိုလည်း မူရင်းစာသားအတိုင်းဖော်ပြပါမယ်)
လူထုဂျာနယ်အမှတ် ၁ တွင် စာပေပြိုင်ပွဲ အမှတ် ၁ အဖြစ် ''ကျောင်းသားများ မာ့ခ်စာပေ သင်သင့်သည်''ဆိုသည့် ဆောင်းပါး ခေါင်းစဉ်တစ်ခု ကျွန်ုပ်တို့ပေးခဲ့၏။ ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသားဦးရေမှာ မျှော်လင့်သည်ထက်ပင် ပိုမိုသည်ကိုတွေ့ရ သောကြောင့် အထူးပင်ဝမ်းသာရပေသည်။ အထက်အောက် ဗမာပြည် အမြို့မြို့မှ ပါဝင်ယှဉ်ပြိုင်ကြသည့်အတွက်လည်း ပို၍ဝမ်းမြောက်ရပေသည်။

ဆောင်းပါးပြိုင်ပွဲ အမှတ် ၁ အတွက်၊ မန္တလေးဝက်စလီ ကျောင်းမှ မောင်စံညွန့်၏ဆောင်းပါးကို ကျွန်ုပ်တို့ ပဋ္ဌမဆုအတွက် ရွေးချယ်လိုက်ပါသည်။ မောင်စံညွန့်၏ ဆောင်းပါးနှင့် စစ်ကိုင်းမှ မောင်သာနိုး၏ဆောင်းပါးမှာ အမှတ်အနည်းငယ်သာ ကွာခြား သည်။ ဒုတိယဆု ရရှိသော မောင်သာနိုး၏ ဆောင်းပါး စပုံ၊ တင်ပြ ပုံများအားလုံးပင် အဆင့်အတန်းမြင့်ပါသည်။ သို့ရာတွင် ဗုဒ္ဓဘာသာ တရားတော်နှင့် ဖီလာမဟုတ်သည့် အချက်အလက်များဖော်ပြရာ တွင် ရှည်လျားလွန်းနေသောကြောင့် အခြားပါသင့်သော အကြောင်းအရာများ မပါနိုင်ဘဲဖြစ်နေသည်ကို တွေ့ရသည်။

တတိယရရှိသော တက္ကသိုလ်ကျောင်းမှ မောင်အောင်ထွန်း၏ ဆောင်းပါးမှာ ရှေ့ပိုင်းတွင်လိုရာအချက်များ အတော်အတန်ပြည့်စုံသော်လည်း နောက်ပိုင်း၌ ဗမာပြည်နိုင်ငံရေးသမားဟောင်းကြီး များက မာ့ခ်ဝါဒကို မတရားသောနည်းများဖြင့် သတ်နေပုံများတွင် ချဲ့လွန်းအားကြီးသွားသည်။ ဘီ၊ တီ၊ အင်ကျောင်းမှ ကိုကိုကြီး၏ဆောင်းပါးမှာ မောင်အောင်ထွန်း၏ဆောင်းပါးနှင့် တန်းတူလောက်ပင်ဖြစ်သောကြောင့် တတိယဆုအဖြစ်ပင် ရွေးချယ်လိုက်ကာ ဤ ပဋ္ဌမအကြိမ်တွင် တတိယဆု ၂ ဆုပေးလိုက်ပါသည်။ ကိုကိုကြီး၏ ရာဇဝင်အကြောင်းပြချက်များမှာ ကောင်းပါ၏။ သို့ရာတွင် ကျောင်းများတွင် မာ့ခ်စာပေ သင်သင့်သည်ဟု တင်ပြသောအချက်အလက်များ အနည်းငယ်လိုသည်ကို တွေ့ပေသည်။

အခြား အဆင့်အတန်းမြင့်သော ဆောင်းပါးများ

မြင်းခြံမှ ကျောင်းသားမောင်ထွန်းမြင့်လွင်၏ ဆောင်းပါးမှာ အချက်အလက်များ ကောင်းပါ၏။ သို့ရာတွင် တိုလွန်းသည်။ ရန်ကုန်တက္ကသိုလ်မှ မောင်အောင်ထွန်း၏ဆောင်းပါးမှာလည်း တိုလွန်း၍ မပြည့်စုံ။ မန္တလေးမှ အလွတ်ပညာသင်ကျောင်းသား မောင်ညွန့်ဝေ တင်ပြသောအချက်အလက်များမှာ ကောင်းမွန်ပါ၏။ သို့ရာတွင် စာစီစာကုံးအနည်းငယ် လိုပေသည်။ မြို့မ အင်္ဂလိပ်ဟိုက်စကူးကျောင်းမှ မောင်လှဝေ၏ ဆောင်းပါးမှာမူ အထောက်အထားများ ကောင်းမွန်သော်လည်း နှစ်မျက်နှာမျှသာဖြစ်၍ တိုလွန်းသည်။ စာမျက်နှာ ၄၂ - သို့ ... တဲ့။

 မောင်စွမ်းရည်ကူးယူခဲ့တာက ဒါပါပဲ။ ဒီမှာရပ်တယ်။ လူထုသတင်းစာမှာ ဆုရစာစီစာကုံးတွေဖော်ပြ သလားမသိ။ ပြန်ရှာပြီး အားလုံးစုပေါင်းထားတဲ့ စာအုပ်ကလေး တစ်အုပ်ထုတ်ဖို့ ကောင်းလှပေကြောင်း အကြံပေးလိုက်ရပါတယ်။

စာနယ်ဇင်းတွေက စာပေပြိုင်ပွဲတွေလည်း လုပ်ကြဦးပေါ့။

မောင်စွမ်းရည်
နယူးယောက်(ခေတ္တ)
၂ဝ၁၈၊ ဇွန်၊ ၂၆

ကာတွန်း ATH ရဲ့ ရန်ကုန်ပြည်သူ့ဈေးရုံသစ်ကြီး

$
0
0

ကာတွန်း ATH ရဲ့ ရန်ကုန်ပြည်သူ့ဈေးရုံသစ်ကြီး
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၁၆)

$
0
0
 ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၁၆)
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈

တရုတ်ပြည်မကြီးတွင် တနှစ်ကြာနေထိုင်ပြီးနောက် ဘုန်းကြီးလေးဒလိုင်းလားမား တိဗက်ပြည်သို့ ပြန်လာခဲ့သည်။ ဒလိုင်း လားမားဘုန်းကြီးလေး တိဗက်ပြည်ကို ပြန်ရောက်လာပြီဆိုသောသတင်းက တိဗက်ပြည်သူတွေကို ပျော်ရွှင်အားတက် စေခဲ့ သည်။ ဒလိုင်းလားမားကိုယ်တိုင်အတွက်တော့ အိမ်အပြန်ခရီးက ပျောရွှင်စရာမဖြစ်ခဲ့။  သူထွက်ခွါသွားခဲ့တုန်းက တိဗက် သည် ယခုသူမြင်တွေ့နေရသော တိဗက် မဟုတ်တော့။ တိဗက်ပြည်ကနေ သူထွက်ခွါခဲ့သည့်တနှစ်ဆိုသော အချိန်တိုကလေး အတွင်းမှာပင် တိဗက်ပြည်ကား မယုံကြည်နိုင်လောက်အောင် ပြောင်းလဲနေပြီဖြစ်သည်။

တရုတ်ပြည်မကြီးကနေ လာဆာမြို့တော်ဆီကို ဆက်သွယ်ထားသည့် အမြန်လမ်းမ ကြီးနှစ်ခုသည် ပြီးဆုံးသွားလေပြီ။ တချိန်က ဆူညံသံကင်းပြီး အေးချမ်းဆိတ်ငြိမ်လှသည့် လာဆာမြို့တော်က အခုတော့ အရင်လို မဟုတ်ပါလေတော့။ စစ် ကားများ၊ ထရပ်ကားများနှင့် ကုန်တင်ကားကြီးတို့ ဥဒဟိုသွားလာနေကြပြီဖြစ်သည်။ ဆူညံခြင်းနှင့် လေထုညစ်ညမ်းမှုက  တိဗက်ပြည်၏ အလှတရားကို အကျည်းတန်စေခဲ့ပြီ။ လာဆာ မြို့၏ အထင်ကရနေရာများတွင် မော်စီတုန်း၏ ပိုစတာများကို စိုက်ထူထားကြသည်။ တိဗက်ပြည်၏ သုံးပုံနှစ်ပုံကို မော်စီတုန်းက ထိန်းချုပ်ထားပြီး ဖြစ်သည်။ ကျန်သည့် တပုံရဲ့ သုံးပုံနှစ်ပုံ ကလည်း သူ့လက်ထဲမှာ။ ပြည်မကြီးကအပြန် ဒလိုင်းလားမား၏ တိဗက်ပြည်အတွက် မျှော်လင့်ချက်ကား အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့ရလေပြီ။

တိဗက်ပြည်သူတွေကတော့ သည်းခံလိုစိတ် အလျဉ်းမရှိတော့။ ရရာလက်နက်စွဲ၍ တရုတ်ပြည်မကြီးကို ဆန့်ကျင်ကြဖို့ တာဆူနေကြပြီဖြစ်သည်။ မြို့တော်လာဆာတွင် “တရုတ်များ အိမ်ပြန်သွား” ဟူသော ဆိုင်းဘုတ်များကို  စိုက်ထူထားကြပြီး တရုတ် ဆန့်ကျင်ရေးများကို စတင်လှုံ့ဆော်နေကြပြီဖြစ်သည်။ အရိုးကျေကျေ အရေခမ်းခမ်း တိဗက်ပြည်အတွက် အသက်ပေးပြီး တိုက်ပွဲဝင်သွားမည်ဟူသော အမျိုးသားရေးစိတ် ပြင်းထန်ကြသည့် တိဗက်ပြည်သူတွေက လာဆာမြို့ရဲ့ လမ်းမတွေပေါ် ထွက်လာကြ ပြီဖြစ်သည်။ ချစ်ခြင်းမေတ္တာတရားတို့ဖြင့် ထုံမွှမ်းထားသည့် တိဗက်တို့၏နှလုံးသားတွင် ဒေါသမုန်တိုင်းတည်းဟူသော အရိုင်းစိတ်တို့ ၀င်ရောက်ခဲ့ကြလေပြီ။ မီးကို မီးဖြင့် ငြှိမ်းကြတော့မည်။ တိဗက်တော် လှန်ရေးနှင့်အတူ မော်စီတုန်း၏ လက်သံပြောင်မှုကို လားမားဘုန်းကြီးလေးကြားသိရသောအခါ “လူအချင်းချင်း ဒီလောက်ထိ ရက်စက် တတ်ကြပါကလား”ဟု ညီးညူရှာလေသည်။ မော်စီတုန်း၏ကတိသည် သက်တံ့ ရောင်နှင့်တူသည်။ အဆင်းလှပေမယ့် အနှစ်သာရကင်းမဲ့လွန်းလှသည်ဟု လားမားဘု န်းကြီးလေးက မှတ်ချက်ပြုလေသည်။

တရုတ်ဆန့်ကျင်ရေးတိုက်ပွဲဝင် တိဗက်များကို ပြည်မကြီးက ကောင်းကောင်း နှိပ်ကွပ် ပြီးနောက် တိဗက်အများအပြားကို ဖမ်းဆီးလိုက်ပါသည်။ ထောင်ထဲတွင် တိဗက် အကျဉ်းသားများ များပြားလွန်းသဖြင့် မော်စီတုန်းကို တင်ပြသောအခါ မော်စီတုန်းက “ကိစ္စမရှိဘူး။ ထောင်မဆန့်မှာ မပူနဲ့။ တိဗက်တပြည်လုံးကို ဖမ်းဆီးနိုင်ခဲ့မယ်ဆိုရင် တောင် အကျဉ်းထောင်တွေကို ရအောင်ချဲ့မယ်” ဟု   ပြောခဲ့ဖူးသည်။ တိဗက်ပြည်မှာ မုန်တိုင်းတို့ ထန်လေပြီ။

ဒလိုင်းလားမားသည် ၁၉၅၆-ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပသည့် သာသနာ၂၅၀၀ ပြည့်နှစ် ဗုဒ္ဓဇယန္တိပွဲတော်သို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ထွက်လာခဲ့သည်။ သည်ပွဲက နိုင်ငံတကာခေါင်းဆောင်များတက်ရောက်သည့်ပွဲတော်ကြီးတခုဖြစ်သည်။ လားမားဘုန်းတော်ကြီးက ရသည့်အခွင်အရေးကို အလွတ်မခံ။ နိုင်ငံတကာ ခေါင်း ဆောင်များအလယ်တွင် တိဗက်ပြည်အခြေအနေသည် မြှောက်ထားသည့် ခြေထောက် အောက်တွင် ရောက်ရှိနေသည့် ကြက်ဥနှင့်တူနေကြောင်း၊ တိဗက်ရဲ့ အခြေအနေမှာ ဆိုးရွားနေသည့်အတွက် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် တိဗက်ကို ကူညီကြဖို့   အန္ဒိယ၀န်ကြီးချုပ်နေရူးနဲ့ သီးသန့်တွေ့ဆုံပြီးနောက် တိဗက်ရဲ့အခက်အခဲ အကျပ်အတည်း များကို ပြောပြပြီး သူတိဗက်ပြည် ကို မပြန်လိုတော့ကြောင်း၊ သူအသုံးပြုနေသည့် ငြိမ်းချမ်းတဲ့နည်းဟာ တိဗက်အတွက် အလုပ်မဖြစ်တော့ ကြောင်း၊ သူ့ကို အိန္ဒိယနိုင်ငံထဲမှာ နိုင်ငံရေးခိုလှုံခွင့်ပေးစေ လိုကြောင်း၊  အိန္ဒိယမှာ အခြေချသီတင်းသုံးနိုင်မည်ဆိုလျှင် တိဗက်ပြည်တွင်းရေးကို ကမ္ဘာကြီးကို ချပြပြီး အကူအညီတောင်းလျှင်တော့ တရုတ်ပြည်မကြီးရဲ့ အနိုင်ကျင့် လွှမ်းမိုးနှိပ်စက်မှုတွေက အတန်အသင့်ပြောင်းလဲသွားနိုင်ကြောင်း ၀န်ကြီးချုပ်နေရူးကို ရှင်းပြလေသည်။ သို့သော် ၀န်ကြီးနေရူးကတော့ တရုတ်နှင့် တိဗက်တို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို လိုလားထောက်ခံသူဖြစ်သည်။ နယူးဒေလီမြို့တွင် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၊ ဒလိုင်းလားမားနှင့် ၀န်ကြီးချုပ်နေရူးတို့ သုံးပွင့်ဆိုင် တွေ့ဆုံပြီး တိဗက်အရေးကို ဆွေးနွေးကြလေသည်။ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းက တိဗက်ပြည်သူတွေအပေါ် တရုတ်စစ်သားများ၏ ရိုင်းစိုင်းစွာ အကြမ်းဖက်ပြုမူ ဆက်ဆံခဲ့မှုအတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း ဘုန်းတော်ကြီးကို ၀မ်းနည်း စကားဆိုပါသည်။ ဘုန်းတော်ကြီးဒလိုင်းလားမား တိဗက်ပြည်ပြန်နိုင်ရေးအတွက် သူကူညီပါမည့်အကြောင်း ဘုန်းတော်ကြီးကို တိဗက်ပြည်ပြန်ကြွဖို့ ဖျောင်းဖျကြ လေသည်။
အိမ်ရှင်ကိုယ်တိုင်က တိဗက်ပြည်ပြန်ရေးအတွက် တွန်းအားပေးလာသောအခါ ဘုန်း တော်ကြီးဒလိုင်းလားမားအနေနဲ့ မငြင်းသာတော့။ ၁၉၅၇-ခု ဖေဖော်ဝါရီလထဲတွင် တိဗက်ပြည်သို့ ပြန်ခဲ့ရလေသည်။ ရွှေပြည်တော် မျှော်တိုင်းဝေးရတော့မည့်အရေးကို ကြိုတွေးမိလို့နဲ့တူပါရဲ့။ ဒီတခါ အိမ်အပြန်ခရီးမှာ ဘုန်းတော်ကြီးရဲ့ခြေလှမ်းတွေက သိသိသာသာ လေးလံနေပါတော့သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသည့် ဗုဒ္ဓသာသနာ ၂၅၀၀ပြည့်နှစ် အထူး ပူဇော်ပွဲကြီးသို့ တက်ရောက်ခဲ့သည့် ဘုန်းတော်ကြီးဒလိုင်းလားမားမှာ သီးခြားရည် မှန်းချက်တွေရှိနေသည်။ တိဗက်အရေးနှင့် ပတ်သက်၍ တရုတ်ပြည်ကိုဖိ အားပေးကြဖို့ ကမ္ဘာ့ခေါင်းဆောင်များကို ပန်ကြားမည်။ ပြီးတော့ သူ့ကိုအိန္ဒိယနိုင်ငံထဲမှာ နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ ၀န်ကြီးချုပ်နေရူးကို မေတ္တာရပ်ခံမည်။ သည်ရည်ရွယ်ချက်များဖြင့် နယူးဒေလီမြို့သို့ ရောက်လာခြင်းဖြစ်သည်။ သို့သော် သည်ခရီးက သူ့မျှော်မှန်း ထားသလိုဖြစ်မလာခဲ့။ ဒလိုင်းလားမား၊ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၊ အိန္ဒိယ ၀န်ကြီးချုပ် နေရူးတို့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီးနောက် ထွက်ပေါ်လာသောအဖြေမှာ ဘုန်းတော်ကြီးအနေဖြင့် တိဗက်ပြည်ပြန်ကြွရေးပင်ဖြစ်သည်။

တွေ့ဆုံပွဲပြီးနောက် ချူအင်လိုင်းကတိပေးခဲ့သလို တိဗက်ပြည်မှာ အခြေအနေတချို့ တိုးတက်ပြောင်းလဲလာတာတော့ရှိသည်။ ထိန်းချုပ်ကန့်သတ်မှုတချို့ကို ဖြေလျှော့ပေး လိုက်လေသည်။ တိဗက်တို့ ဆန့်ကျင်ကန့်ကွက်နေသည့် ရေအားလျှပ်စစ်စက်ရုံ တချို့ကို ပိတ်ပစ်လိုက်သည်။ မော်စီတုန်းကတော့ တိဗက်တိုင်းပြည်ဟာ ဒီမိုကရေစီနဲ့ မတန်သေးဘူးဟုသာ တွင်တွင်ပြောနေပါတော့သည်။ ထို့ကြောင့်လည်း တိဗက်ပြည် မှာ သူရဲ့ လူမျိုးကြီးဝါဒပေါ်လစီကို ဖက်တွယ်ထားခြင်းဖြစ်သည်။
တိဗက်တို့ကတော့ သူ့မြေသူ့ရေကို အတတ်နိုင်ဆုံး ကာကွယ်ကြမည်ဖြစ်သည်။ တိဗက် ခေါင်းဆောင်များက ဘုန်းတော်ကြီးဒလိုင်းလားမားနှင့်တွေ့ဆုံပြီး တိုင်းပြည်ရဲ့ အခြေ အနေကို ရှင်းပြခဲ့ပြီးပြီ။ တိဗက်ပြည်ရဲ့ လွတ်လပ်ခွင့်နဲ့ ဘာသာတရားအတွက် တိုက်ပွဲ ၀င်ကြဖို့ တိဗက်ခေါင်းဆောင်တွေက ပြည်သူတွေကို လှုံ့ဆော်နေကြပြီဖြစ်သည်။ တချို့ပြည်နယ်များတွင် ပြောက်ကျားစနစ်ဖြင့် တရုတ်ပြည်မကြီးရဲ့ ၀ါးမျိုနေမှုကို စတင်တွန်းလှန်နေကြလေပြီ။  တိုက်ပွဲဝင်နေကြသည့် ပြောက်ကျားတပ်များအတွက် လက်နက်ခဲယမ်းများ လိုအပ်နေသည်။  သည်အခြေအနေကို အမေရိကန်က တွက်ဆ ထားပြီးဖြစ်သည်။ အမေရိကန်ရဲ့ စီအိုင်အေသည် တိဗက်ပြည်သို့ ၀င်လေပြီ။ တကယ် တော့ ၁၉၅၆-ခုနှစ်ကတည်းက စီအိုင်အေက တိဗက်ပြည်ထဲကို ၀င်ရောက်နေရာယူ ထားပြီးဖြစ်သည်။ စီအိုင်အေအကူအညီဖြင့် တိဗက်ပြောက်ကျားတပ်များအတွက် လက်နက်များကို ထိုင်းနှင့် မြန်မာတို့ကနေတဆင့် တိဗက်ပြည် အရှေ့ပိုင်းက ကမ်နှင့် အမ်ဒူပြည်နယ်ထဲသို့ ပို့ပေးနေခြင်းဖြစ်သည်။ တရုတ်က သည်ပြည်နယ်တွေမှာ တော်လှန်ပုန်ကန်မှုမရှိပါဟု အစတုန်းက ငြင်းဆန်နေသေးသည်။

စီအိုင်အေစီမံပေးမှုဖြင့် ၂၂-တန်ရှိသည့် လက်နက်များကို တိဗက်ပြောက်ကျား တပ်များကို ၁၉၅၆-ခု ဒီဇင်ဘာလထဲတွင် ပို့ပေးမည်ဖြစ်သည်။ လေယာဉ်ဖြင့် လက်နက်များ ချပေးမည့်နေရာကိုလည်း သတ်မှတ်ပြီးသားဖြစ်သည်။ သို့သော် တိဗက်ပြောက်ကျား တပ်စစ်သည်တို့ ကံဆိုးပါသည်။ အမှန်တကယ်ချိန်းဆိုထားသော ညရောက်သောအခါ လေယာဉ်အချက်ပြမီးဖြင့် အချက်ပြကြသော်လည်း ဆီးနှင်းများ သိပ်သည်းထူထပ်စွာ ကျနေခြင်းကြောင့် လမ်းကြောင်းလွဲကာ နေရာမှား ချပေးခဲ့ကြ လေသည်။ တရုတ်က အခြေအနေကို ရိပ်မိသွားသည်။ တိဗက်ပြည် အရှေ့ပိုင်းမှာ ပြည်တွင်းစစ်ပွဲတွေရှိ နေပြီဖြစ်သော်လည်း မကြာခင်ထိန်းချုပ်နိုင်မည်ဟု ကြေညာ လိုက်လေသည်။

တိဗက်ပြည်အရှေ့ပိုင်းက ဘုန်းကြီးကျောင်းအများစုကို မော်စီတုန်းတပည့်များက ဗုံးများကြဲ၍လည်းကောင်း၊ အမြောက်များဖြင့် ပစ်ခတ်၍လည်းကောင်း ချေမှုန်းခဲ့ပြီးဖြစ် သည်။ သည်အခြေအနေမျိုးမှာ တိဗက်လားမားများလည်း မနေသာတော့။  သံသရာက လွတ်မြောက်ရေးကို စိတ်အေးချမ်းသာစွာ လုပ်ဆောင်နိုင်ရေးအတွက် ပစ္စုပ္ပန်လွတ် မြောက်ရေးက ပို၍လိုအပ်နေလေပြီ။ တိဗက်ဘုန်းတော်ကြီးများလည်း လူဝတ်လဲ၍ တိဗက်ပြည်ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်ကြပါသည်။ အကြမ်းမဖက်ခြင်းဖြင့် ထုံမွှမ်းထားအပ်သော နှလုံးသားတို့ အရောင်ပြောင်းခဲ့ကြရလေပြီ။ စစ်ပွဲများ နှင့်အတူ ရက်ရက်စက်စက် ညှဉ်းပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပစ္စည်းလုယူခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း စသည့် အနိဋ္ဌာရုံများက တိဗက်ပြည်ကို ညစ်နွမ်းစေခဲ့ပြီ။

ဧပြီလထဲတွင် ဘုန်းတော်ကြီးဒလိုင်းလားမား အိန္ဒိယကနေ ပြန်ရောက်လာသည်။ သူ့တိုင်းပြည်သူ့လူမျိုးတွေရဲ့ အခြေ အနေမှန် ကို တွေ့မြင်ကြားသိရသောအခါ လားမား ဘုန်းတော်ကြီးမှာ ကြေကွဲရပါတော့သည်။ တိဗက်ပြည်ကိုဝင်ရောက်နေသည့်မုန်တိုင်း ကား ပြင်းထန်လွန်းလှသည်။ တိဗက်တောင်တန်းတွေပေါ်မှာ စစ်ပြေးဒုက္ခသည်တို့ ဥဒဟိုပြေးလွှားနေကြလေပြီ။ လာဆာမြို့ ဆင်ခြေဖုန်းများတွင် စစ်ရှောင်ရန်ရောက် လာကြသည့် တိဗက်များဖြင့် နေရာတိုင်းမှာ ပြည့်နှက်နေကြလေပြီ။ ဘာပဲဖြစ်ဖြစ် လက်နက်ကိုင်တော်လှန်ရေးဆိုသည်မှာ အင်အားမျှတဖို့လည်း လိုအပ်ပါလိမ့်မည်။ စာနာမှုနှင့် ချစ်ခြင်းမေတ္တာ တရားတို့ဖြင့် လွှမ်းခြုံထားအပ်သော သည်တောင်တန်းတွေ ပေါ်မှာ စာနာမှုနှင့် မေတ္တာတရားသည်သာ သူတို့ရဲ့အကောင်းဆုံး လက်နက်။ “ပြုသူအသစ် ဖြစ်သူအဟောင်း”တဲ့လား။ တိဗက်တိုင်းပြည် ကလေးကတော့ မုန်တိုင်းထဲက ဖယောင်းတိုင်ပမာ။

ဆက်လက်ဖော်ပြပါဦးမည်။

ကိုသစ် (သီတဂူ)
၇၊ ၁၃၊ ၂၀၁၈

မိုးကျော်ဇင် ● မိုးရွာသောနေ့

$
0
0
မိုးကျော်ဇင် ● မိုးရွာသောနေ့
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈

ကျွန်တော် အိပ်ယာထသောအခါ နံနက် ၆ နာရီတိတိ ရှိပြီ။ ကောင်းကင်က ခဲသားရောင် မျက်နှာကြက်ကို ချိတ်ဆွဲထား၍ ပတ်ဝန်းကျင်ကလည်း မှုန်မှိုင်းနေသည်။ အိမ်ထဲတိုးဝင်လာသည့် အနောက်တောင်မုတ်သုန်လေထဲ အအေးဓာတ်က သိသိ သာသာ ပိုကဲနေသည်။ သည်နေ့လည်း မိုးရွာလိမ့်မည်ဟု စိတ်ထဲက ကျိတ်၍ မှတ်ချက်ချလိုက်မိသည်။  သည်နှစ်မိုးဦးက မေလ၏ တတိယပတ်လောက်မှာပင် မြင်းရိုင်းတကောင်လို ကဆုန်ပေါက်ပြေးဝင်လာခဲ့လေသည်။

မျက်နှာသစ်ပြီး အိပ်ခန်းထဲပြန်ဝင်ကာ ညက သမီးအတွက် အသုံးပြုခဲ့ရသော အနှီးတွေကို စုထည့်ထားသည့် ဂျပ်ထူပုံးကို မ ယူလာခဲ့သည်။ ခုတင်ပေါ်မှာတော့ ကျွန်တော့်ကမ္ဘာနှစ်ခုသည် အိပ်မောကျနေကြဆဲ။ ညက တညလုံး ၂ လအရွယ် သမီး ကလေး၏ ကရိကထ အဝဝကို ဒိုင်ခံတာဝန်ယူခဲ့ရသည့် ဇနီးသည်ကို မနှိုးရက်တော့ပါ။ သမီး၏် အနှီးစ တွေကို ဆပ်ပြာရည် စိမ်ထားခဲ့ပြီး ကျွန်တော် ထမင်းအိုး တည်လိုက်သည်။ ပြီးသည်နှင့် ညက လှန်းထားသော အနှီးစတွေကို ရုတ်၍ မီးပူတိုက်ရန် ပြင်ဆင်ရတော့၏။ သည်နေ့အ တွက် လျှပ်စစ်ဓာတ်အားသည် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ခေတ္တပြတ် တောက် မည်ဖြစ်ကြောင်း လွန်ခဲ့သောညနေက အသံချဲ့စက်ဖြင့် လိုက်လံကြေညာသွားခဲ့သည် မဟုတ်လား။ ထိုသို့ ကြေညာနေစဉ် လမ်းထဲက လူတစ်ယောက်၏် အော်သံတစ်ခုကို ကြား လိုက်ရသေးသည်။ "မီးပျက်တာများကွာ၊ နေ့တိုင်းပျက်နေတာကို အခုမှ လာကြေညာနေရသေးတယ်"တဲ့။ ကျွန်တော့်မိတ်ဆွေတယောက်ကမူ ကြိုတင်အသိပေးပြီးမှ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းကို "တရားဝင် မီးပျက်ခြင်း"ဟု သမုတ်ခဲ့လေသည်။

သည်မနက်မှာလည်း နံနက် ၉ နာရီထိုးရန် ၁၀ မိနစ်အလိုတွင် တရားဝင် မီးပျက်သွားခဲ့ပါသည်။ ထို့နောက် မကြာမီမှာပင် အိမ်ခေါင်မိုးပေါ် မိုးပေါက်ကျသံတွေကို စတင်ကြားလိုက်ရ၏။ တဖြည်းဖြည်း မိုးပေါက်ကျသံတွေ စိပ်လာသည်။ ထို့နောက် မှာတော့ မိုးပေါက် ကျသံများကို သီးခြားမကြားတော့ဘဲ ဧရာမရေတိုင်ကီကြီးကို မှောက်သွန်နေသည့်အသံနှင့် ဆင်တူသွား တော့သည်။

ကျွန်တော်က ဂတ်စ်မီးဖိုကိုဖွင့်၍ ဟင်းအိုးတည်ရန် ပြင်ဆင်လိုက်သည်။ ငါးရံ့ကို ခရမ်းချဉ်သီးနှင့်ချက်မည်ဟု ဆုံးဖြတ် လိုက်၏။  မိုးရွာသွန်းခြင်းက တစ တစ ပိုမိုပြင်းထန်လာသည်။ တံစက်မြိတ် ရေတံလျောက်၏် ရေဆင်းပေါက်တွင် သစ်ရွက် ခြောက်များ ပိတ်ဆို့နေသောကြောင့် နီးစပ်ရာ ပိုက်လုံးအပိုတစ်ချောင်းဖြင့် ထိုးဆွ ဖယ်ရှားလိုက်ရသေး ၏။ ခဏအကြာတွင် မနီးမဝေးမှာ ချထားသည့် ကျွန်တော့်လက်ကိုင်ဖုန်းမြည်သံကို ကြားလိုက်ရသည်။ မေမေ့ထံမှ ဖြစ်သည်။ မနေ့က ဆက်သည့် အတိုင်းပင်၊ မနေ့က ပြောပြီးသော ဆုံးမ အမှာစကားများကိုပင် မှတ်ဉာဏ်ချို့တဲ့သော ကျောင်းသားကို စာရှင်းပြသည့်အလား အကြိမ်ကြိမ် ထပ်ပြောပြန်သည်။ ပြီးတော့ မနေ့က မပြောရသေးသည့် စကားတစ်ခွန်း ပါလာသေးသည်။ ဘယ်နှဝမ်းကွဲဟု မရေတွက်တတ်သော ဦးလေးဝမ်းကွဲတယောက် ညက ဦးနှောက်သွေးကြောပြတ်၍ ရုတ်တရတ်ဆုံးသွားသည့် နာရေး သတင်း ဖြစ်လေသည်။

သူ့ကို ကျွန်တော် စတင်တွေ့ဆုံစဉ်က ကျွန်တော့်အသက် ၇ နှစ်သားခန့်ပင် ရှိဦးမည်။ ကျွန်တော့်ဦးလေးလည်း မဟုတ်သေး ပါ။ ကျွန်တော့်အဒေါ်များ၏ မိတ်ဆွေဓာတ်ပုံဆရာနှင့် အတူလိုက်ပါလာတတ်သူ ဖြစ်လေသည်။ မျက်လုံးပြူးပြူး အသား ညိုညိုနှင့် အိန္ဒိယနွယ်ဖွားတယောက်နှင့် ပိုတူနေသည်။ နောက်နှစ်အနည်းငယ်ကြာသောအခါ ကျွန်တော် အဒေါ်ဝမ်းကွဲ တယောက်နှင့်လက်ထပ်ကာ ကျွန်တော့်ဦးလေးတစ်ယောက် ဖြစ်လာခဲ့သူပင်။ တမြို့တည်းနေကြသောကြောင့် မြို့ကျဉ်း ကျဉ်းကလေး၏ ဈေးကျဉ်းကျဉ်းလေးထဲမှာ၊ သို့မဟုတ် လမ်းကျဉ်းကျဉ်းလေးတွေထဲမှာ၊ သို့မဟုတ် အသိုင်းအဝိုင်း ကျဉ်း ကျဉ်းလေးတွေထဲမှာ ကျွန်တော်တို့မျက်လုံးတွေ မကြာခဏ ဆုံတွေ့မိတတ်ကြသည်။ ကျွန်တော်တို့နှုတ်ခမ်းတွေ မကြာ ခဏ တွန့်ကွေးသွားတတ်ကြသည်။ ထို့အတူ ကျွန်တော်တို့ သဘောထားတွေလည်း မကြာခဏ လွဲချော်သွားတတ်ကြလေ သည်။ ယနေ့မှစ၍ ကျွန်တော့်တဘဝစာလုံး သူနှင့် အသေအချာ လွဲချော်သွားပေတော့မည်။

မကြာမီ နောက်ထပ်ဖုန်းခေါ်ဆိုမှုတခု ဝင်လာပြန်သည်။ အွန်လိုင်းစာအုပ် အရောင်းဆိုင်တစ်ဆိုင်မှ ကျွန်တော်မှာထား သည့်စာအုပ်ကို မပို့ပေးသေးမီ လှမ်းအတည်ပြုခြင်းဖြစ်၏။ နောက်ထပ်ဖုန်းခေါ်ဆိုမှုတခု ထပ်ဝင်မလာမီ မွန်းတည့်သွားသော ကြောင့် ကျွန်တော် ထမင်းစားသည်။ အတတ်နိုင်ဆုံး၊ အစွမ်းကုန် စသည့် ကြိယာဝိသေသနများနှင့် ချက်ပြုတ်ထားသည့် နေ့လည်စာသည် ကျွန်တော့်အတွက်မြိန်ယှက်လှသည်တော့ မဟုတ်ပါ။

ထမင်းစားပြီးလျှင် လက်ဖက်ရည်ဆိုင် သွားလေ့ရှိသော်လည်း မိုးရေစက်တွေ သိမ်းပိုက်ထားသည့် လမ်းပေါ်ကို လှမ်းငေးရင်း အိပ်ခန်းထဲ ပြန်ဝင်လာခဲ့သည်။ ပြီးသည်နှင့် ခုတင် ပေါ်မှ ကမ္ဘာနှစ်ခုဘေးသို့ စိတ်ရောကိုယ်ပါ ပစ်တင်လဲလျောင်းချလိုက်သည်။ နောက်ထပ် ၁ နာရီခန့်အကြာ၌ ပြန်လည်နိုးထလာသောအခါ ကျွန်တော့်ဦးခေါင်းထဲ တစစ်စစ် ကိုက်ခဲနေလေသည်။ ပြတင်း ပေါက်ကို ဖွင့်ကြည့်လိုက်၏။ မိုးရေစက်များကို ဖြတ်သန်းလာသောလေက အခန်းထဲ ခေါင်းဝှေ့ဝင်လာသည်။ မော်လမြိုင်မှ ဓာတ်ပုံဆရာထံ ဓာတ်ပုံဖိုးငွေ လွှဲပေးရမည်ကိုသတိရလိုက်သောကြောင့် Wave Money ဆိုင်ရှိရာသွားရန် မိုးရေစက် တဖွဲဖွဲ အောက်မှာပင် ဆိုင်ကယ်ကို မောင်းထွက်လာခဲ့၏။

Wave Money ဆိုင်ရှေ့ရောက်သောအခါ သော့ခလောက်တခုက ကျွန်တော့်ကို နွေးနွေးထွေးထွေး ဆီးကြိုနေသည်။ သို့နှင့် မိတ်ဆွေတစ်ယောက်ထံ ဖုန်းဆက်ချိန်းပြီး ထိုင်နေကျလက်ဖက်ရည်ဆိုင်မှာ မိနစ် ၃၀ နီးပါး မိုးဝင်ခို၍ ပြန်ထွက်အလာတွင်၊ ဖုန်းနံပါတ် ပေါင်းများစွာ ပိုင်ဆိုင်ထားပြီး၊ မည်အချိန်မဆို ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေတတ်သည့်သူငယ်ချင်းနှင့် သွားတိုးသည်။ သူ့လမ်းညွှန်ချက်အရ Wave Money နောက်ထပ်တဆိုင်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ကျွန်တော် အိမ်ပြန်လာ သောအခါ အိမ်မှမထွက်ခင်ကလိုပင် မိုးက တဖွဲဖွဲရွာနေဆဲ ဖြစ်၏။

မိုးရွာသော နေ့မို့ထင်သည်၊ ညနေခင်းက စောစီးစွာ ရောက်ရှိလာ၏။ အိပ်ယာက နိုးလာသော သမီးလေးက နို့ဆာကြောင်းကို မွေးရာပါ ဘာသာစကား စူးစူးဝါးဝါး ငိုသံဖြင့် ထုတ် ဖော်ပြောကြားသည်။ နို့တိုက်လိုက်သော သူ့မိခင် ပေါင်ပါ် ၁၅ မိနစ်အတွင်း ရှူးရှူး ၃ ကြိမ် စွန့်သည်။ နောက်ထပ် နာရီအနည်းငယ် ကြာပြီးနောက် ကျွန်တော့် ကမ္ဘာနှစ်ခု အိပ်ခန်းထဲ ဝင်သွားသောအခါ အိမ်ရှေ့ခန်းထဲ ကျွန်တော်တစ်ယောက်တည်း သောင်တင်ကျန်ခဲ့သည်။ မိုးကလည်း သူ စတင်ဝင်လာစဉ် ခြေသံအတိုင်း တဖြောက်ဖြောက် အသံမျှသာ ရှိတော့၏။

ဖတ်လက်စ စာအုပ်လည်း မရှိ၊ ကွန်ပျူတာလည်း ကိုင်လိုသော အာသီသမရှိသောကြောင့် အကျင့်ပါနေသော လက်တစုံက လက်ဝါးခန့်ရှိ လက်ကိုင်ဖုန်းလေးကို ပွတ်မိလျက်သား ဖြစ်သွားလေသည်။

ထိုစဉ်မှာပင် မော့စ်၏ ဟာသဗွီဒီယိုဖိုင်နှင့် သွားတိုက်ဆိုင်မိလေသည်။ ခင်လှိုင်နှင့်ဒိန်းဒေါင်ကို သွားတွေ့သည်။ အိမ်ရှေ့ခန်း ထဲ ကျွန်တော့်ရယ်သံတွေ လွတ်လွတ်ကျွတ်ကျွတ် ပျံဝဲသွားလေသည်။

ကျွန်တော် အိပ်ခန်းထဲဝင်သောအခါ ည ၁၁ နာရီခွဲလုပြီ။ လမ်းပေါ်ဖြတ်သွားသော ပါဝါအိတ်ဇောတပ်ထားသည့် ဆိုင်ကယ် တချို့၏ လီဗာဆွဲသံတချို့သာ ကြားရတော့၏။ မိုးကျသံကလည်း တဖြောက်ဖြောက်။ သည်နေ့၏ နောက်ဆုံးစာမျက်နှာ ရောက်မှ မထင် မှတ်ဘဲ ရရှိလိုက်သည့် ရယ်သံများအကြောင်း ပြန်တွေးမိရင်း၊ သည်နေ့၏ စာမျက်နှာဖွင့်ဖွင့်ချင်းမှာပင် အလိုမတူစွာရရှိလိုက်သည့် သခါင်္ရတရားတပုဒ်ကိုပါ သတိရလိုက်ပြန်၏။ နေ့တစ်နေ့တည်းတွင်ပင် ရယူခြင်းနှင့် ဆုံးရှုံးခြင်း၊ ဆိုက်ရောက်ခြင်းနှင့်ထွက်ခွာခြင်းတို့က အတူတကွ ဖြစ်ပျက်နေတော့သည်။

မနက်ဖြန်မှာရော၊ မနက်ဖြန်သည် မည်သည့်ပုံသဏ္ဌာန်နှင့် တည်ရှိနေမလဲ။ သို့သော် မနက်ဖြန်အကြောင်းကိုမူ မနက်ဖြန် ကိုယ်တိုင်မှလွဲ၍ မည်သူမျှ ကြိုတင်သိနိုင်လိမ့်မည်မဟုတ်ပါ။
          
မိုးကျော်ဇင်

ကမ်လူဝေး - ​တော်​လှန်​​ရေးရဲ​ဘော်

$
0
0
တော်​လှန်​​ရေးရဲ​ဘော်
ကမ်လူဝေး
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈

လင်းလက်​ခွင့်​ရမယ်​အထင်​နဲ့
ကြယ်​တပွင့်​ဖြစ်​ချင်​ခဲ့။

လှိုင်းထန်​တဲ့​ကောင်းကင်​မှာ
ကြယ်​ပွင့်​​တွေဟာ ​ကြွေ။

ကိုယ်​ပိုင်​အလင်းမဲ့
တပါးသူရဲ့အလင်းနဲ့​ရောင်​ပြန်​လင်းတဲ့ လမင်း
ကောင်းကင်​မှာထင်းထင်းကြီး ​နေရာယူလို့။

လောကကိုအလင်းမျှဖို့
ကြယ်​တပွင့်​သာ ဖြစ်​ချင်​ခဲ့သူ။ ။
         

သစ်ကောင်းအိမ် ● အမြည်များ ...

$
0
0

သစ်ကောင်းအိမ် ● အမြည်များ ...
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈

အနော်ရထာလမ်းမ …
ဘုရင့်နောင်ညဈေး ….
ဗိုလ်မြတ်ထွန်းတံတား ..
ဗန္ဓုလထီဆိုင် ..တဲ့

ကမ္ဘာမှာ
ဘယ်လူမျိုးကမှ
အညတြစစ်သည်တွေရဲ့နာမည်ကို
သူတို့တိုင်းပြည်ရဲ့
လမ်းတွေ အမည်မပေးကြပါဘူး …

ဗန်ဂိုး မသိဘူး….
ဗန်ဒိန်းပဲ သိတယ်
မင်းသုဝဏ် မသိဘူး..
မယ်ကုဝဏ်ပဲ သိတယ်..တဲ့
ဒါဖြင့်…ဆရာဇော်ဂျီကိုရောလို့
ဆက်မေးတော့
ဇော်ဂျီဆိုတာ
…..ဟို.. အနီရောင်ဝတ်စုံနဲ့လူမဟုတ်လား…
ဆေးကြိတ်တယ်လေ
မိုးပေါ်ပျံဖို့ တောင်ဝှေးလေးတောင်ပါလိုက်သေး…
ဆိုသလို

လူ့ပြည်မှာ
လူ့အခွင့်အရေးလေးပေးခိုင်းမိပါတယ်
(မရတဲ့အပြင်..)
လူဖြစ်လျက်က
လူ့အခွင့်ရေးသင်တန်းတွေ အပေးခံရ…
ဒီမိုကရေစီတောင်းပြီး
ဒီပရက်ရှင်ရခဲ့တဲ့ ငါတို့မျိုးဆက်ပေါ့….
ရင်ခွဲဇရပ်ပေါ်မှာ
ရင်ခွဲပြီး ရင်ကြားပြန်စေ့ခံရတဲ့
ငါတို့မျိုးဆက်ပေါ့….

ဘုံဝါဒ မသိဘူး..
ဘုံဆိုင်ပဲသိတယ်

ကိုနေဝင်း မသိဘူး..
ဗိုလ်နေဝင်းပဲသိတယ်

မောင်ဒေါင်းကို မသိဘူး..
မောင်ဟင်္သာတွေကတော့..
ပုံပြင်နဲ့ချီပြီး အုပ်စုလိုက်ပိတ်မိနေတဲ့ဂူကြီးထဲ
ရဲဘော်..ဆိုတာ
သေဖော်ညှိချိန်ရောက်မှ
လှမ်းခေါ်တတ်ကြတဲ့ အမည်နာမ..
(ရှင်ဖော်ညှိချိန်
ဗိုလ်ရှုခံစင်မြင့်ပေါ်ကျ- )
ငါတယောက်တည်း အောင်ဆန်းသူရိယ…
အရူးကို မီးမဝိုင်းပဲ
မီးကို အရူးတွေကဝိုင်းလို့ ..

ကော်ဇောနီညပရက်ရှိုးတုန်းက…
ဟိုမင်းသမီးလေးခါးမှာ ထိုးထားတဲ့
တက်တူးက
စောလူး… ဆိုပါလား….။

(ဇူလိုင် ၄၊ ၂၀၁၈)

ကာတွန်း မင်းထက်လူရဲ့ ကိုယ်စားပြုသူ ...

$
0
0

ကာတွန်း မင်းထက်လူရဲ့ ကိုယ်စားပြုသူ ...
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈

မဇ္ဈိမလှိုင်းဝိုင်းတော်သားကြီး တေးရေးတေးဆို ဂီတပညာရှင် ကိုရဲလွင် ဈာပန အခမ်း အနား မြင်ကွင်းများ

$
0
0




မဇ္ဈိမလှိုင်းဝိုင်းတော်သားကြီး တေးရေးတေးဆို ဂီတပညာရှင် ကိုရဲလွင် ဈာပန အခမ်း အနား မြင်ကွင်းများ
K (မိုးမခ) ဇူလိုင်၊ ၁၄၊ ၂၀၁၈


ပန်းရဲ့လမ်းဖခင်ကြီး ကိုရဲလွင်ဟာ ရန်ကုန်မြို့ရန်ကုန်ဆေးရုံသစ်ကြီး ကုတင် ၅၀၀ ဆေးရုံမှာ အသည်း ရောဂါကုသနေရာမှ ဇူလိုင် ၁၀ရက် ညနေ ၄နာရီ ၁၀မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ယနေ့ဇူလိုင် ၁၄ရက် နေ့လယ် ၁နာရီမှာ တေးရေးတေးဆို ကိုရဲလွင်ရဲ့ရုပ်အလောင်းကို ရန်ကုန်မြို့ရေဝေးသုသာန်မှာ မီးသဂြိင်္ုဟ်ခဲ့ပါတယ်။ အဆိုပါ ဈာပနအခမ်းအနားသို့ ရွှေည၀ါဆရာတော်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဇြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ၊ ဂီတပညာရှင် ကိုရဲလွင်ရဲ့ဂီတရဲဘော်များ၊ ဂီတချစ်မြတ် နိုးသူများ မြန်မာနိုင်ငံအနှံ့ ဂီတမိတ်ဆွေများ မီဒီယာများ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားတွင် တက်ရောက်လာသူများမှ ၀မ်းနည်းခြင်း အထိမ်းအမှတ် ငြိမ်သက်အလေးပြုကြပြီး အမိန့်ပြန်တမ်း ရွတ် ဖတ်ခြင်း အမှတ်တရ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

ကိုရဲလွင်ကို အဖ-စက်ရှင်တရားသူကြီး ဦးမောင်မောင်၊ အမိဒေါ်ကြိုင်တို့မှ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ပေါင်းတည်မြို့မှာ မွေး ဖွားခဲ့ပါတယ်။ မောင်နှမ ၁၀ ဦးတွင် ၈ ယောက်မြောက်သား ဖြစ်။ ကိုးတန်းကျောင်းသားဘ၀ အလုံ အထက(၄)မှာ ပညာ သင်ကြားစဉ် ငယ်သူငယ်ချင်းများမှာ ရုပ်ရှင်မင်းသား ကျော်ဟိန်း၊ တေးရေးတေးဆို ပန်းချီဆရာ ခင်ဝမ်းတို့ဖြစ်။

(RIT) ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသားဘဝကို ၁၉၆၈ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ဖြတ်သန်းခဲ့ပြီး တတိယနှစ်ထိသာ တက်ရောက်။ ဂီတလောကကို တေးရေး ဆရာ၊ ဘေ့စ်ဂစ်တာတီးသမားအဖြစ် ၁၉၇၄ ခုနှစ်က စတင်ခဲ့ပါတယ်။ E. Machine Band (Electronic Machine) နဲ့ တီးခတ်ခဲ့ပြီး လစ္ဆ၀ီများ၊ မဇ္ဈိမလှိုင်း(Medium Wave Music Band)၊ ပန်းရဲ့ လမ်းတို့မှာ တီးခတ်သီဆိုခဲ့ပါတယ်။

အဉ္စလီအတွက် ဂီတဉ္စလီတေးစီးရီးကို လစ္ဆ၀ီများအဖြစ် တီးခတ်သီဆိုခဲ့ပြီး ၁၉၈၂ ဒီဇင်ဘာမှာ မဇ္ဈိမလှိုင်း(Medium Wave Music Band)ကို ထူထောင်ဖွဲ့ စည်းခဲ့။ ကိုယ်ပိုင်သံစဉ်သီချင်းများကိုသာ အစဉ်တစိုက်ဖန်တီးခဲ့ကြပြီး ၁၉၈၅ ခု ဇန်န၀ါရီလ ထဲ မဟာဆန်သူတေးစီးရီးကို ဖန်တီး ထုတ်ဝေခဲ့ကာ မဇ္ဈိမလှိုင်းအဖြစ် အောင်မြင်ထင်ရှားခဲ့ပါတယ်။

ဝေးခဲ့ပြီ ပန်းခရမ်းပြာ အပါအဝင် နောက်ဆုံးအိပ်မက်၊ ဒီတကြိမ် ဒီတနွေ၊ သဇင်ည၊ နဒီမင်္ဂလာ၊ စိုးစိတ်စွေစံစားစေ၊ ရေစီးကြောင်း၊ ပန်းရဲ့လမ်း၊ တစိတ်တည်းထား၊ တေးသီချင်းပေါင်း ၁၀၀ ကျော်ရေးစပ်ခဲ့။ အထူးကျော်ကြားခဲ့တဲ့ နောက်ဆုံးအိပ်မက်ကို သီချင်းကို အင်္ဂလိပ်လိုရေးစပ်ခဲ့ကာ တေးရေး၊ဆို ကိုနေုဝင်းက မြန်မာဘာသာပြန်ဆို ရေးသားခဲ့

ခင်ဝမ်း၊ ကိုနေ၀င်း၊ ကိုမောင်မောင်(အဉ္ဖလီ)၊ ခင်မောင်တိုး၊ မောင်သစ်မင်း၊ ကိုအောင်ဝင်း၊ ခိုင်ထူးတို့နဲ့ ဂီတရောင်းရင်း များအဖြစ် လက်တွဲခဲ့

၁၉၇၄ ခုနှစ်ကစပြီး နိုင်ငံလှုပ်ရှားမှုများဖြစ်တဲ့ ဦးသန့်အရေးအခင်း၊ အလုပ်သမားအရေးအခင်းနဲ့မှိုင်းရာပြည့်အရေးအခင်း ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးမှာ မေတ္တာပို့နေစဉ် စစ်အစိုးရရဲ့အကြမ်းဖက် ဖမ်းဆီးထောင်ချ ခြင်းခံခဲ့ရပါတယ်။

၁၉၉၅ ခုနှစ်မှာ ခင်မောင်တိုး၊ ကိုနေ၀င်းတို့နှင့်တွဲလျက် “ပန်းပျိုးလက်” သီချင်းခွေကို ပါဝင်သီဆိုထုတ်ဝေ

၂၀၁၁ ခုနှစ်တွင် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့ကို စတင်ဦးစီးဖွဲ့စည်းခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ ချုပ်၏ ပညာရေး ကွန်ရက်၊ ကျန်းမာရေးကွန်ရက်၊ ကချင်စစ်ဘေးသင့် ပြည်သူများအတွက် မြန်မာပြည်အနှံ့ သီချင်း လိုက်လံသီဆို၍ ရန်ပုံငွေရှာ ပေးခဲ့ပါတယ်။

ကိုရဲလွင်ဟာ ဂီတလောကကို စတင်ဝင်ရောက်ချိန် ကစပြီး သေသည့်တိုင် ဂီတအနုပညာရှင်အဖြစ် ရပ်တည်ရှင်သန်ခဲ့ သူဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအကြောင်း အစဉ်ပြောဆိုလှုပ်ရှားခဲ့ပြီး ၂၀၁၃ခုနှစ်မှာ ပြည်သူ့ဂုဏ်ရည်အသင်းမှ ပြည်သူ့ ဂုဏ်ရည်ဆုချီးမြှင့်ခံခဲ့ရပါတယ်။

ကွယ်လွန်ချိန်တွင် ဂီတပညာရှင် ကိုရဲလွင်ဟာ အသက် ၇၁နှစ် ရှိပြီဖြစ်ပါတယ်။
 











Viewing all 9633 articles
Browse latest View live