Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
ကာတွန်း သြဇာသီးရဲ့ နီးလာပြီဟေ့ ...
$
0
0
ကာတွန်း သြဇာသီးရဲ့ နီးလာပြီဟေ့ ...
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၈
စိုးခိုင်ညိန်း ● ဘဝဆည်းဆာချိန်
$
0
0
စိုးခိုင်ညိန်း ● ဘဝဆည်းဆာချိန်
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၈
ပြီးခဲ့တဲ့တရက်က ရွာက အမေ့အိမ်ကို အလည်ပြန်ရောက်နေတဲ့ညီက ကျွန်တော့်ဆီ ဖုန်းဆက်ပါသည်။ တယောက်နဲ့ တယောက် သာကြောင်းမာကြောင်းတွေပြောပြီး အမေနဲ့ပြောလိုက်ပါဦးဟု ပြောသည်။ အမေနဲ့ပြောပြီးတော့ အမေက မင်းညီမနဲ့ ပြောလိုက်ပါဦးဟုပြော၍ ပြောရပြန်သည်။ ညီမကလည်း သူနဲ့ ပြောပြီးတော့ အမေကြီးနဲ့ ပြောဦးမလားဟု မေးကာ အဘွားနဲ့ ပြောခိုင်းနေပြန်သည်။ အမေကြီးက ပြောမယ်ဆိုရင် ပြောမယ်လို့ ပြောပေမဲ့ အမေကြီးက မပြောချင်ပါဘူးအေဟုဆို၍ စကားမပြောလိုက်ရပေ။ အခုချိန်အထိ ဖုန်းဖြင့် အဘွားနှင့် စကားတခါမှ မပြောဘူးပါ။ အဘွားသည် ကျွန်တော်နှင့်သာမဟုတ်၊ ဖုန်းဖြင့် စကားပြောရသည်မှာ နားထောင်ရတာရော၊ ပြန်ပြောရတာရော အားမရဟုဆိုကာ မည်သူနှင့်မျှ ဖုန်းဖြင့် ပြောလေ့မရှိပေ။
အမေ၏ အမေဖြစ်သော အဘွားသည် ရွာမှာ အသက်အကြီးဆုံး ဖြစ်သည်။ အခုဆို အသက်က ၉၈ နှစ်သို့ပင် ကျော်ခဲ့ပြီ ဖြစ်သည်။ အဘွားသည် တောင်ဝှေးတချောင်းနှင့် သွားနိုင်လာနိုင်ကာ ကျန်းကျန်းမာမာပဲ ဖြစ်သည်။ မနက်တကြိမ် ညနေ ပိုင်းတကြိမ် ရွာထဲက သူ၏သားတွေ၊ သမီးတွေ၊ မြေးတွေအိမ်ကို တောင်ဝှေးတချောင်းနဲ့ အလည်ထွက်လေ့ ရှိသည်။ ထိုကဲ့သို့ လမ်းလျှောက်လေ့ ရှိသည့်အတွက်ကြောင့်ပင် အခုလို ကျန်းမာနေခြင်းဖြစ်သည်ဟု ကျွန်တော်က ထင်ပါသည်။
ဥပုသ်နေ့ဆိုလျှင်တော့ ရွာဦးကျောင်းကိုသွားပြီး ဥပုသ်စောင့်လေ့ရှိသည်။ ရွာဦးကျောင်းဆရာတော်က အဘွားကို မုန့်ပဲသ ရေစာ စသည်ပေးသည့်အခါ တဘက်ကလေးဖြင့်ထုတ်ပြီး ယူလာတတ်သည်။ အိမ်ရောက်တော့ မြစ်တွေက ယူစားလိုက်ကြ တာများပါသည်။
ဟိုအရင်ကတော့ အဘွားသည် ကျွန်တော်တို့အိမ်၏ အနောက်ဘက်သုံးအိမ်ကျော်လောက်မှာ အိမ်ကလေးတလုံးဖြင့် သူ့ ဟာသူ တယောက်တည်းနေသည်။ သူ့ဟာသူပဲ ချက်စားသည်။ အမြဲတမ်း ပုတီး တချောက်ချောက် စိပ်နေလေ့ရှိသည်။ နောက်တော့ တဖြည်းဖြည်းအသက်ကြီးလာသည့်အဘွားကို အမေက တယောက်တည်းစိတ်မချဟုဆိုကာ အိမ်မှာပဲ ခေါ်ထားလိုက်ခြင်း ဖြစ်သည်။ ဒါတောင် အဘွားက တယောက်တည်း အေးအေးဆေးဆေးနေချင်သည်ဟုဆိုကာ သိပ်ပြီး လိုက်မနေချင်၊ အတင်းအကျပ်ခေါ်၍သာ လိုက်နေခြင်းဖြစ်သည်။
အဘွားသည် ကျွန်တော်တို့ အိမ်ရောက်လာတာနဲ့ အေးအေးဆေးဆေးနေလို့မရတော့ ကျွန်တော့်ညီနှင့် ညီမရဲ့သားသမီး တွေကို တဟဲ့ဟဲ့နဲ့အော်ကာ ထိန်းနေရတော့သည်။ အိမ်ထဲက ထိုင်နေရင်းပုတီးစိပ်ရင်းက မျောက်ရှုံးအောင်ဆော့သောကလေးတွေကို ဟဲ့ဟဲ့ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ဟု အငြိမ်မနေနိုင်ကာ အော်နေရတော့သည်။ အဘွားသည် မျက်စိအနည်းငယ် မှုန်သည်မှလွဲ၍ နားကောင်းသေးသည်။ သွားလည်း ဝါးနိုင်သေးသည်။ အဘွား၏မျက်နှာတပြင်လုံးမှာတော့ ပြန့်ပြူးသည့် နေရာ ပင်မရှိတော့၊ တမျက်နှာလုံး ဇရာ၏အရေးအကြောင်းတို့ဖြင့် ပြည့်နှက်လို့ နေသည်။
အိမ်ထဲထိုင်နေလျက်က အိမ်ဝင်းထဲဝင်လာတဲ့ သူကို ဟဲ့ ဘယ်သူတုန်းဟဲ့ဟုဆိုကာ လက်ဝါးကာကာ ကြည့်လေ့ရှိသည်။ အမေတို့အပြင်သွားသည့်အခါမှာတော့ အဘွားသည် အိမ်စောင့်ကျန်ရစ်လေ့ ရှိသည်။ အိမ်၏အမှောင်ထဲကနေ ငုတ်တုတ် ထိုင်ကာ ဝင်းတံခါးဆီ မျှော်ကြည့်နေကာ အမေတို့ ပြန်လာချိန်ကို မျှော်နေတတ်သည်။
အဘွားက အချိုကြိုက်သည်။ နို့ဆီကို ရေနွေးဖြင့်ဖျော်ကာ သောက်လေ့ ရှိသည်။ မုန့်ဆိုလျှင်လည်း အချိုဓာတ်ပါသည့် မုန့်မှ စားလေ့ရှိသည်။ အချိုစားသော်လည်း အဘွားသည် ဆီးချို၊ သွေးချိုတို့ မရှိပေ။ ကျွန်တော်ရွာပြန်သည့်အခါတွင် အဘွား အတွက် အားဆေး၊ အဘွားကြိုက်သည့် မုန့် စသည်တို့ဖြင့် ကန်တော့သည်။ အဘွားသုံးချင်တာသုံးဖို့ ပိုက်ဆံပေးလျှင်တော့ ငါ့မှာ သုံးစရာမရှိပါဘူး၊ ရွာဦးကျောင်း ဆရာတော်ကို လှူဖို့အတွက်ပဲရှိတယ်ဟုဆိုကာ ယူလေ့ ရှိသည်။
အဖေ့ရဲ့အမေဖြစ်သော အဘွားသည်လည်း အသက် ၈၉ နှစ်အထိ အသက်ရှည်စွာ နေသွားရသည်။ သူကတော့ ဆုံးသွား သည်အထိ တယောက်တည်းပဲ အိမ်ကလေးတလုံးဖြင့် သီးသန့်နေသွားခဲ့သည်။ အဘွားသည် ကျွန်တော့်အဖေကို အတော်ချစ်ပုံရပါသည်။ အဖေက ကျွန်တော်ကိုးနှစ်သားလောက်မှာ ဆုံးသည်။ အဖေဆုံးတော့ အဘွားသည် သူ့သားမသေ သေးပါဘူးဆိုကာ အဖေ့အလောင်းဘေးမှာ အိပ်ကာ ငိုနေသည်။
အဘွားသည် အိမ်မှာတယောက်တည်းနေရင်း ဗိုင်းငင်နေလေ့ ရှိသည်။ ရွာထဲမှာ ရှိတဲ့ ယက်ကန်းစင်တချို့က အဘွားဆီကို ဝါဂွမ်းတွေပေးပြီး ဗိုင်းငင်ခိုင်းလေ့ရှိသည်။ အဘွားက သူဗိုင်းငင်လို့ရတဲ့ ပိုက်ဆံလေးတွေ စုစုထားလေ့ ရှိသည်။ ကျွန်တော် တို့က တပိုတွဲဘုရားပွဲရောက်ရင် အဘွားဆီက မုန့်ဖိုးတောင်းလေ့ ရှိသည်။ အဘွားက သူ့ချွေးခံအင်္ကျီအိတ်ထဲကနေ အကြွေ စေ့လေးတွေ ထုတ်ပေးလေ့ရှိသည်။
ကျွန်တော်ကလေးဘ၀က ရွာဦးကျောင်းမှာ ဘုန်းကြီးကျောင်းသား အဖြစ် နေရသည်။ မနက်ကိုးနာရီထိုးလျှင် ရွာထဲကို ဆွမ်းအိုးယူ သွားရသည်။ ညနေလေးနာရီထိုးလျှင် ရွာထဲကို ဆွမ်းအိုးတွေ ပြန်ပို့ရသည်။ ဆွမ်းအိုးပို့သည်အထဲမှာ အဘွားတို့အိမ်လည်း ပါသည်။ အဘွားအိမ်ရောက်တာနဲ့ မီးဖိုးချောင်ထဲဝင်ကာ မွှေနောက်ကာ စားစရာတွေ့လျှင် ယူစားလေ့ ရှိသည်။ အဘွားအိမ်လည်သွားလို့မရှိလျှင် ထန်းလျက်တို့ သိကြားတို့ ခိုးစားလေ့ ရှိသည်။ အဘွားက ကျွန်တော်စားမှန်း သိပေမဲ့လည်း ဘာမှပြောလေ့ မရှိပေ။
အဘွားသည် အလှူအတန်း ရက်ရောသည်။ အဘွားသည် သူ့ကိုယ်ပိုင် ပစ္စည်းဆို၍ ဘာမှမရှိရှာပေ၊ သူ့အိမ်မှာ ဗိုင်းငင်တဲ့ ယစ်ရယ်၊ သေတ္တာလေးတလုံးရယ် ဒါပဲ ရှိသည်။ အဘွားမှာ လယ်တွေ၊ ယာတွေလည်း မရှိပေ။ ကျွန်တော်မမွေးခင်က ရွာမှာ ဘုန်းကြီးကျောင်းပင် မရှိသေး၊ အဘွားက ရွာထိပ်က သူ့ယာနှစ်ကွက်ကို ဘုန်းကြီးကျောင်းဝင်းအဖြစ် လှူလိုက်သည်။ ထို့နောက်တွင်မှ ရွာမှာ ကျောင်းနဲ့ကန်နဲ့ ဖြစ်လာခြင်း ဖြစ်သည်။ အဘွားက အခု ရွာဦးကျောင်း မြေနေရာဟာ အဘွားလှူ ထားတာပေါ့ဟု ပြောလေ့ ရှိသည်။ ကျွန်တော်ငယ်စဉ် ဘုန်းကြီးကျောင်းသားဘ၀တုန်းက ရွာဦးကျောင်းသည် အသား ကျောင်း တဆောင်သာ ရှိသည်။ အခုတော့ ရွာဦးကျောင်းသည် ဘုရားစေတီ၊ ဓမ္မာရုံ၊ ဆွမ်းစားကျောင်းအုတ်တိုက် စသည်တို့ဖြင့် တိုးတက်၍ နေပေပြီ။ အဘွားဆုံးသည်မှာလည်း ဆယ်နှစ်ပင် ကျော်လေပြီ။
ကျွန်တော်သည် ဘ၀ကို ရိုးရှင်းစွာဖြတ်သန်းနေထိုင်သွားသော အဘွား၏ပုံရိပ်ကို စဉ်းစားနေမိသည်။ အဘွားသည် ရန်ကုန်မြို့ကြီးနဲ့ မန္တလေးမြို့ကိုလည်း ရောက်မသွားဘူးရှာခဲ့။ အဘွားသည် သူမွေးဖွားရာ ရွာလေးမှာပင် ဘဝကို ကုန်ဆုံး သွားခဲ့တာ ဖြစ်သည်။ မြို့ဆို၍ နယ်မြို့ဖြစ်တဲ့ ဘုတလင်မြို့ကလေးသို့ပင်မရောက်ဘူးပဲ နေရာဒေသ ကျဉ်းကျဉ်းကလေးမှာပင် အေးချမ်းစွာနေသွားခဲ့တာ ဖြစ်သည်။
အခု အမေ့အိမ်မှာနေသော အဘွားကတော့ စစ်ကိုင်း ၊ မန္တလေးကို ရောက်ဖူးသည်။ အဘွားရဲ့ မောင်တယောက်က စစ်ကိုင်းချောင်မှာကျောင်းထိုင်နေ၍ အဘွားက ရောက်ဖူးခြင်း ဖြစ်သည်။ ရန်ကုန်ကိုတော့ မရောက်ဖူးပေ။ ကျွန်တော်က ရန်ကုန်ကို ဘုရားဖူးခေါ်ပေမဲ့ ဘယ်ကိုမှ သွားချင်စိတ်မရှိ တော့ဘူး၊ အေးအေးဆေးဆေးပဲ နေချင်တော့တယ်ဟု ဆိုသည်။
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ လိုချင်တပ်မက်မှုတွေ၊ ဂုဏ်တွေ၊ ပကာသနတွေ လိုချင်စိတ်နည်းပြီး မာန်မာန တွေဟာလည်း တဖြည်းဖြည်း လျှော့နည်းလာတာ ဖြစ်မှာပဲဟု ကျွန်တော်က တွေးနေမိသည်။ အပူအပင်ကင်းကင်းနဲ့ စိတ်၏အေးချမ်းမှုက အဘွား၏အသက်ရှည်စွာနေရခြင်း၏ အကြောင်းတခုဖြစ်မည်ဟု ကျွန်တော်က ထင်ပါသည်။ ဒီပုံအတိုင်းဆိုလျှင် အဘွားသည် အသက် ရာကျော်သည်အထိ နေသွား လိမ့်မည် ထင်ပါသည်။
တကယ်တော့ ကျွန်တော်သည် အဘွားပြောသောပုံပြင်တပုဒ်မျှ ကျွန်တော် နားမထောင်ခဲ့ဘူးပါ။ ကျွန်တော်တို့ကလည်း ပုံပြင်ပြောပြဖို့လည်း တခါမျှ မပူဆာခဲ့ဘူးသလို အဘွားကလည်း ကျွန်တော်တို့ကို ပုံပြင်ပြောပြရကောင်းမှန်းလည်း သိလိမ့်မည်မထင်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်က အဘွားကို ချစ်သည်သာ ဖြစ်သည်။
အခု ကျွန်တော်နေသောအိမ်မှာလည်း ကျွန်တော့်ယောက္ခမနှစ်ယောက်ဖြစ်သော အဘိုးနဲ့အဘွား ရှိပါသည်။ အဘွားသည် အမြဲတမ်း ပက်လက်ကုလားထိုင်တလုံးနဲ့ ပုတီးစိပ်နေလေ့ ရှိသည်။ သူထိုင်သည့် ပက်လက်ကုလားထိုင်ဘေးတွင် ပုတီး တပတ်ရတိုင်း မှတ်မှတ်ထားသည့် ကျောက်စရစ်ခဲလေးတွေ ရှိပါသည်။ နေဝင်သွားတာနဲ့ အင်း နေ့တနေ့တော့ ကုန်သွား ပြန်ပြီဟု ပါးစပ်က ငြီးတွားလေ့ ရှိသည်။ ထမင်းစားခါနီးလျှင်တော့ အင်း ခန္ဓာက တောင်းဆိုနေတော့လည်း မသေသေးတော့ စားနေရဦးမှာပဲဟု ဆိုသေးသည်။ စားပြီးတာနဲ့ အင်း နင်တို့လည်း ခန္ဓာရှိတော့ ဆာမှာပဲ စားကြ ဟုဆိုကာ ကြောင်ကလေး တွေကို တခုတ်တရအစာကျွေးလေ့ ရှိသည်။ အဘိုးက မြေးနှစ်ယောက်ကိုလိုက်ထိန်းရင်းပူပန်သလောက် အဘွားကတော့ အေးအေးဆေးဆေး နေနိုင်သူ ဖြစ်သည်။
ငါက ဒီအသက်အရွယ်ရောက်မှတော့ ဘာဖြစ်ချင်စိတ်၊ ညာဖြစ်ချင်စိတ်ဆိုတာလည်း မရှိတော့ပါဘူးကွယ်။ ငါ ဝါသနာပါတဲ့ ပန်းပင်လေးတွေစိုက်မယ်၊ ရေလောင်းမယ်၊ အေးဆေးနေမယ်၊ ပုတီးစိပ်မယ်၊ တတ်နိုင်တာလှူမယ်၊ တန်းမယ်၊ ဒါပဲ ငါ့မှာ စိတ်ရှိတော့တယ်ဟု ကျွန်တော့်ကို ပြောလေ့ရှိသည်။
အဘွားက သူပြောသည့်အတိုင်းပင် မနက်မိုးလင် မျက်နှာသစ်ပြီးတာနဲ့ ဝင်းထရံဘေးမှာ သူစိုက်ထားသည့် ပန်းပင်လေးတွေ ကို ရေလောင်းလေ့ ရှိသည်။ သူ့ပန်းပင်လေးကို မြေဆွလိုက် ပြင်လိုက် ပြုလိုက် လုပ်လေ့ ရှိသည်။ သူ့ပန်းပင်လေးတွေ ပွင့်လာရင်တော့ ကျေနပ်ကြည်နူးနေလေ့ ရှိသည်။
အဘွားရဲ့အကြောင်းကို တွေးနေမိရင်းက ကဗျာတပုဒ်က ခေါင်းထဲ အလိုလိုရောက်လာပြန် သည်။ ကဗျာဆရာဆိုတာတွေ သည် ဘယ်အကြောင်းအရာမဆို ခံစားဖွဲ့ဆိုနိုင်သူတွေပါလားလို့ တဆက်တည်း တွေးလိုက်မိပြန်သည်။ ကဗျာက အဘွား တဲ့။
အဘွား
လက်ဖ၀ါးနဲ့ ကာကြည့်ရတယ်
နေရောင်ခြည်ကအစ
စကားပြောပြီလေ..။
ဒီနေ့
ငှက်ကလေးတွေကိုလည်း
အစာကျွေးခဲ့ပြီးပြီ
အမှိုက်တွေကိုလည်း
တတ်နိုင်သမျှ လှဲကျင်းပြီးပြီ
ဟောဟို ခြံစည်းရိုးမှာ ကျိုးပဲ့နေသမျှကိုလည်း
ရသမျှနဲ့ ဖာထေးပြီးပြီ..။
လူ့ဘ၀ရယ်လေ
အဲဒီထိုင်နေကျ ကွပ်ပျစ်အိုလေးလိုပဲ
ဟောင်းနွမ်းချိနဲ့ရ
ရေစီးကြောင်းလိုက်နေတဲ့ မျက်နှာသုပ်ပ၀ါလေး
ပခုံးပေါ် လွှားတင်လိုက်ပေါ့။
အားလုံးကို ငေးတတ်ခဲ့သူ
ဆည်းဆာချိန်ရောက်တဲ့အခါ
(ခြံတံခါးဝဆီ) တစ်ခုခုတော့
မျှော်ရည်ရစမြဲလေ..။
(အေးမင်းစော)
ကဗျာကိုဖတ်ပြီး ရွာက အဘွားဆီ ချက်ချင်းပြေးသွားချင်စိတ် ပေါက်သွားပါသည်။ ကျွန်တော် ရွာမပြန်ဖြစ်သည်မှာ ကြာတော့ အဘွားကိုမတွေ့ရသည်မှာလည်း ကြာပြီ။ အဘွားကျန်းမာသည်ဟု သိရတော့ ကျွန်တော့်မှာ ဝမ်းသာရသည်။ အဘွားသည် ဝင်းခြံတံခါးဝဆီ ငေးမျှော်ကြည့်ရင်း တစုံတခုကို စောင့်မျှော်နေမှာပဲဟု ကျွန်တော်က တွေးနေမိပါသည်။ ။
စိုးခိုင်ညိန်း
ဆောင်းယွန်းလ ● လုပ်ပွဲများ
$
0
0
 ဆောင်းယွန်းလ ● လုပ်ပွဲများ
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၈
ကျောသားနဲ့ ရင်သားခွဲခြားထားမှ
တဘက်ဘက်မှာ
တည်တည်တန့်တန့် ရပ်နိုင်မယ်
အခု ကိုယ်ရပ်နေတာက
ကျောပေါ်မှာလည်းမဟုတ်ခဲ့ဘူး
ရင်ဘတ်ပေါ်မှာလည်းမဟုတ်ခဲ့ဘူး
လမ်းပေါ်မှာ
ကျောနံပါတ်လေး အရေးပေးပြီးကြည့်ခဲ့မိပါတယ်
လုပ်ပွဲကြီးတွေနဲ့ တည့်တည့်တိုးခဲ့ပေါ့
ရင်ဘတ်ကိစ္စအတွက်
ရင်ဘတ်ကို အလေးထားပြီးနားထောင်ခဲ့မိပါတယ်
လုပ်ပွဲကြီးတွေနဲ့ မလွဲခဲ့ပြန်ဘူး
အိမ်ထဲမှာနေရင်း
အချိန်တွေကုန်ခဲ့တယ်
လမ်းပေါ်မှာလျှောက်သွားရင်းလည်း
အချိန်တွေကုန်ခဲ့တယ်
ကိုယ့်အတွက်အထင်နဲ့ 
ကိုယ့်အတွက်မဟုတ်ပဲ ကုန်လွန်ခဲ့သောအချိန်များ
နိုင်ငံရေးမှာလည်း ရှုံးခဲ့တယ်
အနူပညာလည်း ဆုံးခဲ့တယ်
ဘောလုံးပွဲတွေထဲမှာလည်း မှားခဲ့တယ်
မှားနေတဲ့ လူအုပ်ကြီးနဲ့
မမှားတဲ့ လုပ်ပွဲကြီးများ။
ဆောင်းယွန်းလ
ထွန်းသိန်းဦး ● စာပေဂျာနယ် နှစ်သုံးဆယ် ပြည့်ပြီ
$
0
0
ထွန်းသိန်းဦး ● စာပေဂျာနယ် နှစ်သုံးဆယ် ပြည့်ပြီ
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၈
၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီးနှင့်တွဲ၍ မှတ်မိနေသော မဂ္ဂဇင်းတစ်စောင်က စာပေဂျာနယ် ဖြစ်ပါသည်။ စာပေရေးရာနှင့် ပတ်သက်၍ အလေးအနက်ဝေဖန်ရေးသားမှုများ၊ မြန်မာစာပေနယ်တွင် ထင်ရှားသည့် စာပေပညာရှင်များ၊ စာပေဝေဖန်ရေးသမားများ၏ လက်ရာများအပြင် အနယ်နယ် အရပ်ရပ်မှ စာပေသမားများ၏ သုံးသပ်ဝေဖန်ချက်များ၊ စာပေရေးရာအမြင်များ၊ စကားဝိုင်းများဖြင့် အားပြည့်အင်ပြည့်အားပြည့် ပါဝင်သည့် စာပေဂျာနယ်သည် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လတွင် စတင်ထွက်ရှိခဲ့ရာ ယခု (၂၀၁၈ ခုနှစ်တွင်) နှစ်သုံးဆယ်ပြည့်ပြီ။ အတွဲ (၁) ၊ အမှတ် (၅) ပါ အယ်ဒီတာစကား အတိုင်း ‘စာပေ၏ သွင်ပြင်လက္ခဏာအရပ်ရပ်ကို လေ့လာဆန်းစစ် သော၊ မြန်မာ နှင့် နိုင်ငံတကာ စာပေအခြေအနေများကို မှတ်တမ်းတင်သော၊ နိုင်ငံတဝန်းလုံးရှိ မြန်မာစာပေသမား များ၏ ဆန္ဒ သဘောထားအမြင်များကို ထင်ဟပ်သော’ မဂ္ဂဇင်း တစ်စောင် ဖြစ်ပါသည်။
စာပေဂျာနယ်ကို စီစဉ်သူ အယ်ဒီတာတွေက ၁၉၈၈ မှ ၁၉၈၉ ခုနှစ်အတွင်း ထွက်ခဲ့သည့် အတွဲ (၁) စာစောင် များတွင် ဆရာဖေမြင့်၊ ဆရာခွန်ဂျာမှိုင်း၊ ဆရာမောင်သွေးသစ်၊ ၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၂ ခုနှစ် အတွင်း ထွက်သည့် အတွဲ (၁)၊ အမှတ် (၉) မှ (၁၂) မှာတော့ ဆရာဖေမြင့်နှင့် ဆရာခွန်ဂျာမှိုင်း၊ ၁၉၉၄- ၉၅ အတွဲ (၂) နှင့် အတွဲ (၃) တွင် ဆရာမောင်သွေးသစ်နှင့် ဆရာခွန်ဂျာမှိုင်း၊ ၁၉၉၇ ခုနှစ်ထဲတွင်တော့ ဆရာခွန်ဂျာမှိုင်း ဖြစ် သည်။ အစောပိုင်းဂျာနယ်များက ပန်းချီမျက်နှာဖုံးနှင့် ဖြစ်ပြီး ၁၉၉၅ ခုနှစ်ထဲတွင် စာပေပညာရှင်ကြီးများ၏ ဓာတ်ပုံကို မျက် နှာဖုံးတင်ထားသည်။ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလထုတ် အတွဲ (၂) အမှတ် (၁) မှစ၍ ၁၉၉၆ ခုနှစ်၊ မတ်- ဧပြီ လထုတ် အတွဲ (၃)၊ အမှတ် (၇) အထိ (ထင် သည်) လစဉ်ပုံမှန်ထုတ်ဝေနိုင်ခဲ့ပြီး ၁၉၈၉ ခုနှစ်အတွင်း ခြောက်အုပ်၊ ၁၉၉၀ ပြည့်နှစ်အတွင်း နှစ်အုပ်၊ ၁၉၉၁ နှင့် ၁၉၉၂ ခုနှစ်တွင် တစ်အုပ်စီ ထုတ်ဝေနိုင်ခဲ့သည်ကို တွေ့ရ သည်။ အတွဲ (၃) တွင် ၁၂ အုပ်ပြည့်အောင် ထုတ်ဖြစ် သလားမသိ။ ကျွန်တော့်မှာရှိသည့် နောက်ဆုံးထုတ် စာပေဂျာနယ်က ကဗျာ ဆရာကြီး ဒေါင်းနွယ်ဆွေအဖုံးနှင့် ဖြစ်ပြီး မျက်နှာဖုံးခွင့်ပြုချက် ၉၇(၆) ဟု တွေ့ရသဖြင့် ၁၉၉၇ ခုနှစ်၊ ဇွန်လ သို့မဟုတ် ဇူလိုင်လထုတ်၊ အတွဲ (၃)၊ အမှတ် (၁၁) ဖြစ်မည် ထင်သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၇ ခုနှစ်၊ ကိုးနှစ် အတွင်း အုပ် ၃၀ ကျော်ထွက်ခဲ့သည် ဟုဆိုရမည်။ အတွဲ (၂) စာအုပ်များတွင် ပုံနှိပ်ခဲစာ လုံးနှင့်ဖြစ်ပြီး အတွဲ (၃) တွင်တော့ ကွန်ပျူတာစာစီ ဖြစ်သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ် ၁၂၀ ပြည့် အထိမ်း အမှတ်အဖြစ် ထုတ်ဝေသော စာပေ ဂျာနယ်က နှစ်ခါပြန်ရိုက်နှိပ်ရသည်အထိ စာသမားများ သိမ်း ဆည်းစရာ ဖြစ်ခဲ့သည်။
ဝယ်ယူထားသမျှ စာပေဂျာနယ်တွေပြန်ဖွကြည့်တော့ လွန်ခဲ့သည့် နှစ် ၃၀ က မြန်မာစာပေရှုခင်းကို တွေ့ရသည်။ ထိုစဉ်က စာပေရေးရာတွေကိုဖတ်ရသည်။ မဂ္ဂဇင်းရွှေခတ်ဟုဆိုရမည့် ကာလ။ လစဉ်ထုတ်တွေရော၊ တင် ထုတ်မဂ္ဂဇင်းတွေပါ အများအပြားထွက်ခဲ့ကြသည်။ ထိုစဉ်ကစာပေလောကကို သုံးသပ်ချက်တော့ မဂ္ဂဇင်းများ၏ အခန်းကဏ္ဍတိုးတက် လာ သော်လည်း လုံးချင်းဝတ္ထုဘက်မှာ အားနည်းနေသေးသည်တဲ့။ ဆောင်းပါးတွေ အနက် ဆရာမောင်သွေးသစ်၏ ကမ္ဘာ့ စာကြည့်တိုက်ကြီးများနှင့် စာပေဂျာနယ်တွင် စာပေဂျာနယ်ကိုမှာယူသော ပြည်ပနိုင်ငံကစာကြည့်တိုက်တွေကို ဖော်ပြထား သည်။ အမေရိကန်၊ အင်္ဂလန်၊ ဩစတြေးလျ၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ စင်ကာပူတဲ့။ စာပေရေးရာဝေဖန်စာတွေနှင့် တုန့်ပြန်ချက်တွေအနက် ဆရာချစ်ဦးညို၏ ရာဇကုမာရ ဝတ္ထုနှင့် ပတ် သက်၍ ရေးကြသည့် ဆရာမောင်စွမ်းရည်နှင့် ဆရာမဒေါက်တာမတင်ဝင်း၏ ဆောင်းပါးများ၊ ဆရာ မောင်စွမ်း ရည်၊ ဆရာကိုထူး၊ ဆရာမောင်ခိုင်လတ်၊ ဆရာစိုးမြင့်လတ်၊ ဆရာစိုးမင်းဦးတို့၏ စာပေရေးရာ ဝေဖန်သုံးသပ်ချက် များ၊ ဆရာဇောင်းထက်၊ ဆရာမောင်သင်းခိုင်၊ ဆရာမောင်စွမ်းရည်၊ ဆရာအောင်ခိုင်မြတ် (တောင်ငူ) တို့၏ ကဗျာ စာအုပ်ဝေဖန်ချက်များ၊ ပရိသတ်ထံမှ ပေးစာများ၊ မဂ္ဂဇင်းဆောင်းပါးများထဲက အလွဲတွေကို ထောက် ပြထားသော မောင်ပြဿနာ၏ ဆောင်းပါးများ၊ မှတ်မှတ်ရရစာပေစကားဝိုင်း တို့ကိုတွေ့ရသည်။
မှတ်မှတ်ထင်ထင် ဖြစ်ရသည့် ဆောင်းပါးအချို့က ဆရာသော်တာဆွေ၏ ကျောက်ဖြုံးကျော်ကြီး ဝတ္ထုသည် ဂျူး စာရေးဆရာ တစ်ဦး၏ ဝတ္ထုနှင့်တူနေသည် ဟု Anna Allot (ဒေါ်ခင်ခင်ချော) ၏ ထောက်ပြချက်နှင့်ပတ်သက်၍ ဆရာ မောင်မိုးသူ၊ ဆရာဩရတို့၏ တုန့်ပြန်ချက်ရေးသားများ၊ ဆရာမဂျူး၏ ရာဇဝင်ထဲမှာထားရစ်ခဲ့ ဝတ္ထုတိုစုစည်းမှုကို ဝေဖန်ထားသည့် ဆရာမောင်စွမ်းရည်၏ ဝေဖန်ချက်ကို ထပ်ဆင့် ဝေဖန်ထားသော ဆရာရန်နောင်ဦး၏ ဆရာစွမ်း လာရာလမ်း ကိုပြန်ကြည့်ပါ၊ ဆရာမောင်သွေးသစ်၏ ကဗျာများကိုခံစားရေးဖွဲ့ထားသည့် ဆရာကိုစိမ်းဦး (ရေနံချောင်း) ၏ ခြေရာခံ၍ရသော အိပ်မက်များ၊ ဆရာချစ်ဦးညို၏ သမိုင်းနောက်ခံဝတ္ထုရေးသူ၏ အတွေ့အကြုံများ၊ ဆရာမဂျူး၏ အာရုံဝင်စားခြင်း၊ ဆရာမောင်လင်းယုန် (ရှမ်းပြည်) ၏ နိုင်ငံရပ်ခြား စာပေလေ့လာရေးသင်တန်း ဂန္ထဝင်ပျိုးခင်း၊ ဆရာဝင်းမောင်(သမိုင်း)၏ မှန်နန်းကို  ဖြတ်သန်းခြင်း သမိုင်းရေးရာ ဆောင်းပါးများ၊ ဆရာမြသန်းတင့်၏ ခန်းဆောင်နီထဲတွင် အိပ်မက်မက် ကြည့်ခြင်း ဆောင်းပါးတွဲများနှင့် အဆုံးသတ်မသွားနိုင်သည့် သူမ သို့မဟုတ် လေရူးသုန်သုန်အဆက်၊ ဆရာဇော်ဇော်အောင် ၏ မော်ဒန်ဝတ္ထုတိုဝေဖန်ရေး၊ ဆရာ မောင်သာနိုး၏ နိုင်ငံတကာ ကဗျာဆောင်းပါးများ၊ ဆရာအောင်ဝေး၏ မိုးဝေ ကဗျာ ၁၉၇၀ လေ့လာချက်၊ ဆရာကျော်လှိုင်ဦး၏ အားနက်စ်ဟဲမင်းဝေး၊ ဆရာနတ်နွယ်၏ ကပ်ဖကာ မိတ်ဆက်၊ ကပ်ဖကာ၏တရားခွင် စသော နိုင်ငံတကာ စာပေရေးရာ ဆောင်းပါးများ ဖြစ်သည်။
ဆရာအထောက်တော်လှအောင်၏ ဆောင်းပါးတွေကတော့ အိုးဝေနှင့် သတင်းဂျာနယ်ထုတ်ခဲ့စဉ်က အတွေ့အကြုံ တွေကို ပြန်ပြောင်းအောက်မေ့ရင်း၊ သတင်းသည် အကြောင်းအရာသာမက နာမည်ပါဖြစ်သလို စာပေသည်လည်း အကြောင်းအရာသာမက နာမည်လည်းဖြစ်သည်ဟု ခံစားယုံကြည်မိသည် တဲ့။ ဆရာနန်းညွန့်ဆွေ၏ ဖိနပ်တိုက်ပွဲ၊ ဆရာ ဦးဝင်းတင်၏ မျိုးဆက်ကွာဟမှု တို့ကို အကြိုက်ဆုံးဆောင်းပါးများအဖြစ် ရွေးချယ်ထားသော ဆရာ ဦးအောင်သင်း၏ ဆောင်း ပါးတွေကိုလည်း လွမ်းမောစရာဖတ်ရသည်။ ဆရာမမစန္ဒာ၏ ကြီးလာလို့သိပါပြီ ဆောင်းပါးတွင်တော့ စာရေးဆရာကိုယ်တိုင် ခံစားမှုပြောင်းလာပုံကို ငယ်သူမို့မသိပါ ဝတ္ထုထွက်စဉ်က ဆရာ ကြီး များ၏ သုံးသပ်ချက်အမှာစာများနှင့်အတူ ဖော်ပြထား သည်။ ဘာသာပြန်နှင့် ပတ်သက်၍ ဆရာတက်တိုး၏ အရမ်း ဘာသာမပြန်ပါနှင့်၊ ဆရာမြတ်ငြိမ်း၏ ဘာသာပြန် စာပေ တွင်ရှိသင့်သောမူတစ်ခု၊ ဆရာကျော်အောင်၏ သခင် ဘသောင်း၊ ဟာဒီ နှင့် ပန်းသာမစာအု၊ ဆရာမောင်ထွန်းသူ၏ ဘက် ဆဲလားနှင့် ဘာသာပြန်တို့၏ ပြဿနာ၊ ကဗျာဘာသာပြန် စသည့် ဆောင်းပါးများကို ဖတ်ရသည်။ အလက်ဇန်းဒါးပုတ်၏ The quiet life ကဗျာအဆုံးပိုဒ်ကို ဖော်ပြလျက် သူကွယ်လွန်လျှင် အသုဘလည်း မပို့စေချင်၊ နာရေးကြော်ငြာလည်း မထည့်စေ ချင်ကြောင်း ရေး ထားသည့် ဆရာကြီး ဦးခင်မောင်လတ်၏ ဆောင်းပါးအဆုံးတွင် ဆရာမကြီးဒေါ်ခင်မျိုးချစ်၏ မှတ်ချက်က ငါကလဲ ဒီသဘောအတိုင်းပဲ။ ငါ့နာမည်ထည့်ပါတဲ့။
ဆရာမြတ်ခိုင်၏ စာသတင်း၊ စာအတင်း၊ စာရင်ပြင်တွင်တော့ ထိုစဉ်က စာပေလောကအတွင်းက ရှဲဒိုးပြဿနာများ၊ အယ်ဒီတာအပြောင်းအလဲများ၊ မဂ္ဂဇင်းတွေ ထုတ်ဝေခွင့်ရသော်လည်း စက္ကူမရှိသဖြင့် မထုတ်နိုင် သေးတဲ့ အကြောင်း၊ အမှာစာတစ်သိန်းကျော်ရှိသော်လည်း စက္ကူအခက်အခဲကြောင့် စောင်ရေငါးသောင်းသာ ရိုက် နှိပ်နိုင် သည့် သတင်းဂျာနယ်၊ စောင်ရေ ၄၀၀၀ ထုတ်တဲ့ သာရမဂ္ဂဇင်း၊ ပွဲဆူခဲ့သည့် သာရစာပေဆုအကြောင်း၊ အမှတ် (၁) ထွက်အပြီး ရနံ့သစ်မဂ္ဂဇင်း၏ အယ်ဒီတာအပြောင်းအလဲ၊ ရှားပါးစာအုပ်ဈေးကွက်၊ မြန်မာဝတ္ထုတို များ ကိုဆရာမောင်သာနိုးက ဘာသာ ပြန်ပြီး စင်ကာပူစာအုပ်တိုက်မှ ထုတ်ဝေမည့် အကြောင်း၊ ကွန်ပျူတာစာစီ ခေတ် မတိုင်ခင်က တစ်အုပ်လုံးကို ဘလောက် လုပ်ပြီး အတုလုပ်ရောင်းရလောက်အောင် ဝယ်လိုအားရှိခဲ့သည့် ဦးထွန်း ငြိမ်းအဘိဓာန် စသည်ဖြင့် ၉၀ ပြည့်နှစ်လွန် မြန်မာစာပေလောကထဲက အဖြစ်အပျက်တွေကို ဖတ်ရသည်။ ကြား ထိုးလိုက်ရမလား ဟူသော ထုတ်ဝေသူတို့၏ အသုံး အနှုန်းက ရှဲဒိုးစာရေးပေးသူတွေ အားကောင်းခဲ့သည့် စာပေ လောက၏ အခြေအနေတစ်ရပ်ကို ဖော်ပြနေသည်။ အင်္ဂလိပ် စာလုံးများကို အသံထွက်အတိုင်း မြန်မာလို ပြန်ရေး ထားသော အမှားပြင်ဆင်ချက်က အင်္ဂလိပ်စာလုံး သုံးခွင့်မပြုသည့် စာပေစိစစ်ရေး၏မူဖြစ်မည်ဟု မှန်းဆ မိသည်။ အချို့စာပေဂျာနယ်မျက်နှာဖုံးက ဘာပုံမှမပါဘဲ ပြောင်သက်သက်ကြီး မို့ ဒီမိုကရေစီ အရေးတော်ပုံ နောက် ပိုင်း ပိတ်ပင်ထားခြင်းခံရသည့် စာပေပညာရှင်တို့၏ ပုံဖြစ်မည်ဟုထင်ပါသည်။
စာပေဂျာနယ်ပါ အချို့ဆောင်းပါးတွေကတော့ စုစည်း၍ စာအုပ်အဖြစ် ထွက်လာခဲ့သည်။ ဆရာမြသန်း တင့်၏ ခန်းဆောင်နီထဲတွင် အိပ်မက်မက်ကြည့်ခြင်း၊ ဆရာအောင်သင်း၊ ဆရာနတ်နွယ်၊ ဆရာလူထုစိန်ဝင်း၏ ဆောင်းပါးများ စသည်ဖြင့်။ ယခုခေတ်အထိ ဖတ်လို့ရနေဆဲ၊ စာအုပ်အဖြစ် စုစည်းသင့်သည့် ဆောင်းပါးတွေ ရှိနေ သေးသည်ထင်ပါသည်။ မှန်ကန်သည့် ဘာသာပြန်လက်ရာတွေ ထွန်းကားဖို့ သတိပေးထားသည့် ဆရာတက်တိုး ၏ အရမ်းဘာသာမပြန်ပါနှင့်၊ ဆရာ ကြီးသခင်ဘသောင်း မှီးငြမ်းပြုပုံကောင်းလွန်း၍ ပန်းသာ မစာအု မြန်မာပိုင် ပစ္စည်း ဖြစ်လာပုံကို ဖော်ပြထားသော သခင် ဘသောင်း၊ ဟာဒီနှင့် ပန်းသာမစာအု စာတမ်း၊ ဝတ္ထုရေးရန် စိတ် ကူးနယ်ပယ်တွင်သာ ကျက်စားလျက် အတွေးအခေါ် ရင့်သန်ရေးဘက်တွင် အားနည်းသွားမည်ကို စိုး ရိမ်၍ သုတ စာများကို ဖတ်ရှုခြင်းဖြင့် ကျိုးကြောင်းယုတ္တိခိုင်လုံသည့် ဆောင်း ပါးများ ရေးနိုင်အောင် ကြိုးစားကြဖို့ ဝတ္ထုရေး ဆရာများကို အကြံပြုထားသည့် ဆရာအောင်သင်း၏ ဝတ္ထုဆရာ၏သက်တမ်း၊ အစွဲကင်းသည့် စာပေဝေဖန်ရေး ဖြစ်ဖို့ ထောက်ပြအကြံပြုထားသည့် ဆရာမင်းနန်း(မော်ကျွန်း)၏ ပညာ၊ သိက္ခာ နှင့် အမှန် တရား၊ သိမ် မွေ့နက်နဲ သည့် ဗုဒ္ဓတရားတော်များကို ထွေပြားဆန်းကျယ်လှသည့် ယနေ့ခေတ် အတွေးအမြင်များနှင့် နှိုင်းယှဉ် ဆွေးနွေး ထားသည့် ဆရာထင်လင်း၏ ဗုဒ္ဓဝါဒနှင့်ခေတ်အမြင် စသည့်ဆောင်းပါးများ။ ဆရာကြီး သခင်ကိုယ် တော်မှိုင်း နှစ် ၁၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော အတွဲ (၃)၊ အမှတ် (၇)  စာပေဂျာနယ် ဆိုလျှင် ပြန် ထုတ်ဖို့ ကောင်း သည့် စာအုပ်ဟုပင် ဆိုချင်ပါသည်။
စာပေဂျာနယ် ရပ်တံ့နေခြင်းနှင့် ပြန်ထွက်မထွက်ကတော့ ဆရာခွန်ဂျာမှိုင်းနှင့်ပဲဆိုင်သည်ဟု ဆရာမောင်သွေးသစ်က ၁၉၉၉၊ အောက်တိုဘာလထုတ် ချယ်ရီမဂ္ဂဇင်းအင်တာဗျူးတွင် ဖြေခဲ့သည်ကိုဖတ်ရသည်။ ထိုစဉ်က စာပေဂျာနယ်နှင့် အပြိုင်ရော နောက်ပိုင်းမှာပါ စာပေအထူးပြုသော မဂ္ဂဇင်းတွေ ထွက်ခဲ့ကြသည်။ ယနေ့ မြန်မာ စာပေလောက တွင် မဂ္ဂဇင်းတွေ၏ အခြေအနေက မကောင်းပါ။ စာပေမဂ္ဂဇင်း မဆိုထားနှင့်၊ သာမန်မဂ္ဂဇင်း၊ ဂျာနယ်များပင် ရပ်တည်ရေး ခက်ခဲ နေပြီ။ လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့်က မဂ္ဂဇင်းရွှေခေတ်ဖြစ်ခဲ့သည့် လွမ်းမောဖွယ်ကာလတစ်ခုကို သတိရရင်း ဒီနေ့ခေတ် စာပေမဂ္ဂဇင်း များကြံကြံခံ ရပ်တည်နိုင်ပါစေဟု ဆန္ဒပြုမိပါသည်။  
ထွန်းသိန်းဦး
မှတ်ချက်။
မြန်မာစာနယ်ဇင်းသမိုင်းတွင် အထင်ကရ မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် စာပေဂျာနယ်များအကြောင်းကို လက်လှမ်း မီသ လောက် ရေးသားခြင်းဖြစ်ပါသည်။ ထွက်ရှိသမျှ စာပေဂျာနယ်များ အစုံအလင် မရှိပါသဖြင့် ဆောင်းပါးပါ အချက်အလက်များ မှားယွင်းခဲ့သည်များ ရှိပါက တည့်မတ်ပြင်ဆင်ပေးစေလိုပါသည်။
အောင်ဝေး -ေ ပါ က် စို့ 
$
0
0
From Than Htay Maung's facebook 
အောင်ဝေး -ေ ပါ က် စို့ 
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၈
(၁)
မနေ့ တစ်နေ့က
တောဝက်ကလေး ၁၃ ကောင်
ဂူထဲက ထွက်လာတယ်။
(၂)
ဒီနေ့
ကမ္ဘာ့ဖလားမှာ
ခြင်္သေ့ ၃ ကောင် ရှုံးတယ်။
မနက်ဖြန်
ကြက်ဖ တစ်ကောင်
နိုင်ချင် နိုင်ဦးမယ်။
(၃)
ကလေးရယ်
တို့ဆီက စစ်ခွေးအိုကြီးတစ်ကောင်
မသေသေးဘူး
မင်းကျမှ
မီးမလာတဲ့ တိုင်းပြည်မှာ
ဓာတ်လိုက်လို့ တဲ့
မနက်ဖြန်
မင်း ဈာပနမှာ
မင်း အသာရပါစေ။ ။
ေ အ ာ င္ ေ ၀ း
(ဇူလိုင် ၁၄- ၂၀၁၈)
ကာတွန်း ATH ရဲ့ သေမင်းတမန်
$
0
0
ကာတွန်း ATH ရဲ့ သေမင်းတမန်
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၈
ကျော်ထင် ● သားကို ​ကျောင်းထားရတဲ့အခါ
$
0
0
ကျော်ထင် ● သားကို ​ကျောင်းထားရတဲ့အခါ
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၈
(၁)
ဒီ​နေ့ ​သားကို ကျောင်းသွားအပ်​ရမှာမို့ သူ့အ​မေက ထမင်းဟင်း​တွေ ​ စော​စောထချက်​​နေတယ်​။ နိုးတဝက်​မှာ မီးဖိုထဲက အသံ​တွေ…အိုးသံ၊ ခွက်​သံ၊ ဇွန်းသံ၊​ ဆေး​ကြောသံ​တွေ …ဒီအသံ​တွေကို ကျ​နော်​ ကြား​နေတယ်​။ ယောက်ျား​ရေ ..​ တော်​ နိုးရင်​လည်း ထ၊ သားကိုလည်း နှိုးလိုက်ဆိုတဲ့အသံလည်း ပေါ်လာတယ်​။ ကျ​နော်​ မထမိဘူး။ သူ့မ​အေ​နေရာကို လှိမ့်​​ကျော်​လာပြီး ကျ​နော့်ဘေးနားရောက်​​နေတဲ့ သားရဲ့နဖူးပြင်​ကိုနမ်းပြီး ဖက်​ထားလိုက်​တယ်​။ သားက ဒီနှစ်မှာ ​အလယ်​တန်း​ကျောင်းသားဖြစ်​ပြီ။ ငါးတန်းတက်​ရမှာ။
ဒီလိုဆို​တော့ သူငယ်​တန်းက​နေ စတုတ္ထတန်းထိ​နေခဲ့တဲ့မူလတန်းကျောင်းကို စွန့်​ခွာရ​တော့မယ်​။ အထက်​တန်း​ကျောင်းဆီ ပြောင်းရတော့မယ်​။ ပုဂ္ဂလိက​ကျောင်း​တွေရှိ​ပေမယ့်​ အစိုးရ​ကျောင်းပဲ ထားဦးမယ်​။ ပညာ​ရေးစနစ်​ကိုက ဘယ်​ရယ်​ ညာရယ်​လို့ ဂဃနဏကွဲတာမဟုတ်​ဘူး။ တိုင်းပြည်​ရဲ့ပညာ​ရေးကို ဘယ်​လိုဖော်​​ဆောင်​​နေပါပြီလို့လည်း လူထုကို ​ဆေး​ဖော်​​ကြော ဖက်​လုပ်​ပြီး ​ပြောထားတာမဟုတ်​ဘူး။ ပုဂ္ဂလိက​ကျောင်း​တွေဆိုတာကိုလည်း ငွေယူတာကလွဲရင်​ ကိုယ်​ပိုင်​မူ​တွေကို ပြည့် ပြည့်​ဝဝ လုပ်​ခွင့်​ ပေးထားတာ မဟုတ်​ပါဘူး။ အ​ခြေအ​နေ​တွေက သူမသာ၊ ကိုယ်​မ​ကျောနဲ့ အစိုးရ​ကျောင်းလက်​ခွဲသာသာမို့ အစိုးရ​ကျောင်းမှာပဲ မချစ်​​သော်​လည်း ​အောင့်​ကာနမ်း​တော့မယ်​။
(၂)
တကယ်​​တော့ သားကို ​ကျောင်းပို့တယ်​ဆိုတာ စာသင်​တယ်​ဆိုတဲ့လုပ်​ငန်းစဉ်​တခုတည်းနဲ့ ​သားကို ပို့ချင်​တာမဟုတ်​ပါဘူး။
ဂုဏ်​ထူး​တွေ၊ ဆုထူး​တွေဆိုတဲ့ ရလဒ်​မျိုးကို မျှော်​ကိုးပြီးလည်း ​ကျောင်းထား​နေတာမဟုတ်​ပါဘူး။ ​ကျောင်း ဘာလို့ထားရ သလဲဆို​တာကို ပွင့်​ပွင့်​လင်းလင်း​ပြောရရင်​ မိုးခါး​ရေမ​သောက်​ရင်​ မဖြစ်​​တော့တဲ့ဘုရင်​နဲ့ ပု​ရောဟိတ်​တို့ရဲ့အဖြစ်​မျိုးနဲ့ ကြုံ​တွေ့​နေရလို့ ကျောင်းထား​နေရတာပါပဲလို့ ​ပြောချင်​တယ်​။ တကယ်​​တော့ ​ကျောင်းဆိုရင်​ ပဋိသ​န္ဓေစိတ်​ကိုအ​ခြေပြုတဲ့ ​ကျောင်းမျိုး။ ဗီဇစိတ်​ကို အ​လေးထားတဲ့​ကျောင်းမျိုး။ က​လေးဘဝ​လေး​တွေကိုမဖျက်​ဆီးတဲ့​ ကျောင်းမျိုးပဲထားချင်​တာ။ အဲ့ဒီ့​ကျောင်းမျိုးမှာ ​သားဟာ ကလေးသဘာဝ အားရပါးရ ဆော့​ကစားချင်​ရင်​ ​ဆော့ကစားမယ်​။ မောတဲ့အခါ နားလိမ့်​မယ်​။ စာ ဝင်​သင်​ချင်​တဲ့အခါ သင်​လိမ့်​မယ်​။ အိပ်​ချင်​တဲ့အခါ အိပ်​လိမ့်​မယ်​။ နိုး​တော့ လူလည်းလန်း၊ စိတ်​လည်းလန်း​အောင်​ မြန်​မာဆန်​တဲ့ မုန့်​ပဲသရေစာ​တွေ စား​စေ​ပေါ့။
နေ့လယ်​​နေ့ခင်းအပူပြင်းလို့ အပြင်​မထွက်​​စေလိုတဲ့အခါ စာကြည့်​တိုက်​ထဲမှာ အင်​မတန်​စိတ်​ရှည်​သည်းခံတဲ့ အဖက်​ဖက်​ကပြည့်​စုံတဲ့စာကြည့်​တိုက်​မှူးနဲ့၊ ​ဝေလငါးကြီး​တွေအ​ကြောင်းပါတဲ့ စာအုပ်​​အကြောင်းကို ပြောချင်​​လည်းပြော။ သားက ငှက်​​တွေကိုစိတ်​ဝင်​စား​တော့ ငှက်​​တွေအ​ကြောင်း​ရေးထားတဲ့ စာအုပ်​အ​ကြောင်း ​မေးချင်​​လည်းမေး။ လူထုဦးလှရဲ့ တိုင်းရင်း သားပုံပြင်​​တွေအ​ကြောင်း ​ရောက်​လို​ရောက်​ ​ပြော​စေချင်​တယ်​။ မင်းကြီးမဟာဗန္ဓုလရဲ့ ကြည့်​မြင်​တိုင်​တိုက်​ပွဲ၊ ဓနုဖြူတိုက်​ပွဲ​တွေအ​ကြောင်း ရုပ်​ပြကာတွန်း​တွေဖတ်​ပြီး သိလိုရင်​လည်းသိ၊ ဒဂုန်​ဦးမြင့်​ထွန်းရဲ့အ​ခြေခံသီလ​တွေအ​ကြောင်း ဖတ်​ကြည့်​ ဖို့ ကြိုးစားချင်​ရင်​လည်း ကြိုးစား​ပေါ့။
သားက ​ဘောလုံးလည်း ဝါသနာပါ​သေးတယ်​ဆို​တော့ ​ဘောလုံးကစားပုံ အ​ကြောင်းနားလည်​တဲ့ ဆရာသမားနဲ့ ​ဆွေး​နွေးလို လည်းဆွေး​နွေး၊ ဆရာနဲ့အတူ နည်းစနစ်​တကျကန်​ချင်​ရင်​လည်း ကန်​လိမ့်မယ်​။ ပန်းချီဆွဲချင်​ရင်​တော့ ပန်းချီ​ဆေး​တွေ၊ စက္ကူ​တွေ၊ စုတ်​တံ​တွေ အလျှံအပယ်​ရှိတဲ့အခန်း​ကြီးထဲ ဝင်​ပါ​စေ။ လွတ်​လပ်​တဲ့ ​နေရာအခင်းအကျင်း​တွေ၊ ​သဘာဝအလှကို ငေးစရာ နေရာ​တွေလည်း ရှိ​ပါစေ။
သူတို့ လွတ်​လွတ်​လပ်​လပ်​ ​ပြေးလွှား​ဆော့ကစားဖို့ သဘာဝအရိပ်​အာဝါသ​တွေဝန်း​ပတ်​နေတဲ့ မြက်​​ပေါက်​ကွင်းပြင်​ကျယ်​ကြီး​တွေလည်း ရှိရမယ်​။ သူတို့ စကား​တွေ ဝိုင်းဖွဲ့​ပြောကြဖို့ ​စောင့်​ကြည့်​ထိန်းကွပ်​ ကင်းမဲ့ဇုံ​တွေ ဖန်​တီး​ပေးထားရမယ်​။ အစ်​ကိုကြီးမျက်​လုံး​တွေ တပ်​မထားရဘူး။ အဲ့ဒီ​နေရာမှာ ပုံပြင်​​တွေ တ​​ယောက်​တ​​ပေါက်​ ​ပြောရင်​လည်း​ပြော။ သူချစ်​ရတဲ့သူတ​​ယောက်​​ယောက်​ အ​ကြောင်းကိုရင်​ဖွင့်​ချင်​လည်းဖွင့်​။သူတို့ရင်​ထဲမှာ ​လွင့်​ခတ်​လာတဲ့ခံစားချက်​​တွေကို လွတ်​လွတ်​လပ်​လပ်​​ပျံသန်းပါ​စေ​ပေါ့။သူတို့ရင်​ထဲမှာ ဘာ​တွေဖြစ်​​နေသလဲ၊ ဘာ​တွေ ရှိ​နေသလဲ။သူတို့မြင်​တာ၊ သူတို့ထင်​တာ၊ သူတို့ ခံစားရတာ​တွေကို အ​နှောင်​အဖွဲ့ မဲ့မဲ့နဲ့ ဖူးပွင့်​နေ​စေချင်​တယ်​။သူတို့​လေးတွေ လက်​စွမ်းပြ​ပြီး ရေးခြယ်​ထားတဲ့ပုံလှလှ​လေး​တွေ၊ စာနုနု​လေး​တွေကို က​လေးသဘာဝ အများမြင်​​စေချင်​ကြမှာပဲ။ ဒါကို ​ဖော်​ပြဖို့ လွတ်​လပ်​တဲ့နံရံကြီးတ​ခု​တော့ လိုမှာပဲ။ အဲ့ဒီ့နံရံဆို တာ သူတို့ကို တားဆီးထားတဲ့နံရံ၊ ပိတ်​ပင်​ထားတဲ့နံရံ မဖြစ်​​စေရဘူး။ အဲ့ဒီ့နံရံကြီးမှာ ဘာစည်းကမ်းမှ မပါဘဲ၊ ဘာ​ဆောင်​ပုဒ်​မှမရ ဘဲ၊ ဘာအကန့်​အသတ်​မှမလုပ်​ဘဲ က​လေး​တွေအတွက်​ ထား​ပါလေ။
ပြီးမှ ​ကျောင်းစာ​လေး နည်းနည်းပါးပါး ဖတ်​ချင်​လည်းဖတ်​လိမ့်​မယ်​။မှတ်​ချင်​လည်း မှတ်​လိမ့်​မယ်​။ ကျက်​စရာလိုတာ​လောက်​​တော့ ကျက်​ချင်​ကျက်​​ပါ​ပေါ့။အသုံးမဝင်​တာ​ကော ၊ဝင်​တာ​ကောကို အချိန်​​တွေအကုန်​ခံပြီး ကျက်​မှတ်​မ​နေ​စေချင်​ဘူး။ အဲ့ဒီ လို ကျက်​မှတ်​ရတာက​ကော မှန်​ရဲ့လား။
(၃)
ကျ​နော်​​တော့ ကျ​နော်​သင်​ခဲ့ရတဲ့စာ​တွေကို ဘာမှမမှတ်​မိ​တော့ပါဘူး ။ကျက်​တာ​တွေ ​မေ့တတ်​လို့ ​လေ့ကျင့်​ထားတာ​တွေ မှတ်​မိသလားဆိုရင်​လဲ နှစ်​​ပေါင်း များစွာ​ရေးလာခဲ့​တဲ့စာ​တွေအတွက်​ သတ်​ပုံ​တွေက ခုထိ​ ခေါင်း​ခြောက်​​နေရတုန်း။ဒီ့အတွက်​ ထိုး​ကျွေးခဲ့ရတဲ့အချိန်​​တွေကို သိပ်​နှ​မြောတာပဲ။ကျောင်းစာ​တွေအကုန်​လုံးကို အလွတ်​ရ​တော့​ကော ဘာလုပ်​မှာလဲ။အကုန်​လုံးအလွတ်​ရဖို့​ကော လိုအပ်​သလား။ ပြီးကျ ​မေ့သွားမယ့်​ကိစ္စ​တွေကို အာဂုံ​ဆောင်​​စေတဲ့ပညာ​ရေးမှာ သားရဲ့က​လေးဘဝ​လေးကို ကျဆုံးမသွား​စေချင်​ဘူး။ဒါ​တွေကို အပင်​ပန်းခံပြီး မကျက်​​မှတ်​စေချင်​ပါဘူး။လိုအပ်​တာ​တွေကို​တော့ ကျက်​မှတ်​ရမှာ​ပေါ့​လေ။ ဥပမာ အလီ​တွေ ၊ယူနစ်​​တွေ၊ သီအိုရီ​တွေ ….။ ရှေးသုံးစကားလုံးတွေကို​တော့ ခက်​ဆစ်​ထုတ်​ပြီး ​ဝေါဟာရလုပ်​မ​နေကြနဲ့ပေါ့။ ဟိုစာအုပ်​ထဲကစာဒီစာအုပ်​ထဲ ​ပြောင်း​ပေးတာ​လောက်​ကို ပညာ​ရေးပါလို့ လုပ်​မ​နေကြနဲ့​ပေါ့။ကျ​နော်​တို့​ခေတ်​ကလည်း ကျက်​လာ၊ မှတ်​လာ၊ ​ရေးလာတာ​တွေ ရှိတာပဲ။အဲ့ဒီ့ထဲက ဘာမှတ်​မိတာ ရှိလဲ။ အားလုံးလိုလို ​မေ့ကုန်​ကြ တာပဲ မဟုတ်​လား။
တကယ်​​တော့ ဟိုစပ်​စပ်​၊ ဒီစပ်​စပ်​ အကုန်​ကျက်​မှတ်​​ခိုင်းနေရတာထက်​စာရင်​ ဘာကိုဝါသနာပါကြသလဲဆိုတာကို ရှာ​ဖွေ​ပေးကြရမှာ​ပေါ့။အဲ့ဒါကသာ က​လေး​တွေရဲ့ ပု​ဗ္ဗေ စ ကတ ပုညတာ အစစ်​ဖြစ်​မှာပါ။က​လေးဘဝဆိုတာ လူကြီးဘဝအတွက်​အတိတ်​မဟုတ်​လား။ အတိတ်​က စိုက်​ခဲ့ပျိုးခဲ့တဲ့ ​မျိုးစေ့တ​ခု​ ကောင်းမှ ပစ္စုပ္ပန်​ဟာ သန်​စွမ်းမှာပါ။ပစ္စုပ္ပန်​ သန်​စွမ်းမှ အနာဂတ်​​မှာ အရိပ်​ရမှာပါ။ ​ဒါ​​ကြောင့်​ ​ရှေး​ရှေးအတိတ်​ကို ​ကောင်းမှုဖြစ်​​အောင်​ လုပ်​နိုင်​တဲ့ ပု​ဗ္ဗေ စ ကတ ပုညတာ မင်္ဂလာနဲ့ပြည့်​စုံတဲ့​ကျောင်းဆီ ထားချင်​တယ်​။ အလယ်​တန်းတက်​တဲ့သားအတွက်​ မူလတန်းဟာ အ​ရေးကြီးတဲ့ ပု​ဗ္ဗေ စ ကတ ပုညတာ ဖြစ်​သလို၊ အထက်​တန်းတက်​မယ့်​သားအတွက်​ အလယ်​တန်းဟာလည်း သိပ်​ကို ရေးကြီးပါတဲ့ ပု​ဗ္ဗေ စ ကတ ပုညတာ ဖြစ်​မယ့် လက်​ရှိအ​ခြေအ​နေပါပဲ။
(၄)
အဲ့ဒီလို ကျောင်း​လေးမှာထားပြီး​တော့သားရဲ့ဗီဇသတ္တိကို​ ရှာ​ဖွေကြည့်​မယ်​ဆိုရင်​ ပဋိသ​န္ဓေစိတ်​ကို မြင်​နိုင်​မှာပါပဲ။ သူ ဘယ်​ဘက်​မှာ ထူးချွန်​မှာလဲ။ ဘယ်​အ​ကြောင်းခြင်းရာအ​ပေါ်မှာ စိတ်​ဝင်​တစားရှိ​နေတာလဲ။ အထုံဝါသနာက ဘာလဲ။
တွေ့ပြီ မြင်​ပြီဆို​တော့ အဲ့ဒီ့ပဋိသ​န္ဓေစိတ်​​လေးကိုပါ အပါ​ခေါ်ပြီး ​သူ ဘဝင်​ခိုက်​ရာကို သင်​ကြားနိုင်​ဖို့  ကျောင်း​လေးတကျောင်း ဆီ ထပ်​​ပြောင်းကြမှာ​ပေါ့။ အဲ့ဒီ့​ကျောင်း​လေးက မင်္ဂလ​ကျောင်း​လေးလို့ ဆိုရမယ်​။ ​ကျောင်း​လေးမှာသင်​တဲ့ဆရာ​တွေက တ ကယ့်​ ဂုရု​တွေ။ သူတို့တတ်​တဲ့ ပညာရပ်​​တွေအ​ပ်ါမှာ ပြာလဲ့ကို ဇာချဲ့ပြနိုင်​တဲ့သူ​တွေ။
ရှင်​သန်​​နေတဲ့သူ​တွေကို ​သေဆုံးသွားတဲ့သူ​တွေရဲ့ပညာ​တွေပဲ ပို့ချ​ပေး​နေတဲ့ ထပ်​​ကျော့ဂုရုမျိုးတွေမဟုတ်​ဘူး။ ရှင်​သန်​​နေ သူ​တွေကို ရှင်​သန်​​နေတဲ့ပညာလမ်း​တွေ ဆင့်​ထွင်​ဖို့သာ ပြသကြသူ​တွေ။ သူတို့ကို ဆည်းကပ်​​သူတွေဟာ တကယ့်​ကို ​ပဏ္ဍိ တာ နဉ္စ သေဝနာ မင်္ဂလာကို အသေအချာ ရမှာပါပဲ။
အဲ့ဒီ့ မင်္ဂလ​ကျောင်း​လေးမှာ ပူဇာ စ ပူဇ​ဏေယျာနံဆိုတဲ့ မင်္ဂလာတ​ပါးနဲ့လည်း ပြည့်​စုံ​နေတယ်​။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စဘက်​မှာလည်း ​ကမ္ဘာက ​ငေးယူရတယ်​။ လောကက ​အောချရတယ်​။ ဝိန​ယော စ သုသိက္ခိ​တောမှာလည်း အနှစ်​၂၀၀၀ ​​​ကျော်​ပြီ ​ဖောက်​ဖျက်​တယ်​လို့ မရှိဘူးတဲ့။
အဲ့ဒီလို​ကျောင်း​တွေဆီလိုက်​အပ်​​နေတာ၊ အပ်​လို့မှမပြီး​သေးဘူး မိန်းမက ​ယောက်ျား​ရေ မထ​သေးဘူးလား၊ ထထ၊​ တော့်​ သားပါ နှိုး​တော့။ ကျောင်းက လူ ၂၀၀ ပဲ လက်​ခံမယ်​​ပြောတယ်​။ အဲ့ဒါ ​လျှောက်​လွှာရဖို့ တန်းစီရမှာ။ သားပါခေါ်သွားရမှာ ဆိုပြီး အခန်းထဲဝင်​လာ​ပြောမှ ကျ​နော့်​ကျောင်းအပ်​တဲ့ကိစ္စကို ရပ်​လိုက်​ရတယ်​။ သားကြီးကိုပါ လှုပ်​နှိုးလိုက်​တယ်​။
သား​ရေ ထထ။ ကျောင်းတကယ်​ အပ်​ရ​တော့မှာ။
ကျော်​ထင်
အမ္ဗနဒီကျော်စွာ ● စာဖတ်ခိုင်းကြရုံပဲလား
$
0
0
အမ္ဗနဒီကျော်စွာ ● စာဖတ်ခိုင်းကြရုံပဲလား
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၈
၂၀၁၇-၂၀၁၈ ခုနှစ်အတွင်းတွင် မဂ္ဂဇင်း ဂျာနယ်များ အတော်များများ ရပ်နားသွားကြပြီဖြစ်သည်။ မဂ္ဂဇင်းများ ဂျာနယ်များ နေ့စဉ်ထုတ်သတင်းစာများကိုအကြောင်းပြုကာ အသက်မွေးဝမ်းပြုပြီး ရပ်တည်နေရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ သားများနှင့် နောက်ကွယ်မှ မိသားစုဘဝများစွာလည်း ရှိနေပါသေးသည်။
အကြမ်းအားဖြင့် လေ့လာကြည်မည်ဆိုလျှင် စက္ကူစက်ရုံနှင့် စက္ကူတင်သွင်းသူ၊ ဖြန့်ဖြူးရောင်းချသူ မိသားစုအသိုင်း အဝိုင်း များ ပုံနှိပ်တိုက်များနှင့် ဝန်ထမ်းမိသားစုများ၊ စာအုပ်အရောင်းဆိုင် စာရေးကိရိယာအရောင်းဆိုင်များနှင့် ဝန်ထမ်း မိသားစု များ၊ အယ်ဒီတာများ၊ စာစီစာရိုက်သမားများ၊ ပရုဖ်ဖတ်သူများ၊ ကွန်ပြူတာသမားများ၊ လေးအောက်ဒီဇိုင်းနာများ၊ စာရင်းကိုင် များ၊ သန့်ရှင်းရေးဝန်ထမ်းများ၊ သတင်းထောက်နှင့်မိသားစုဝင်များ၊ ကိုယ်စားလှယ်များ၊ ဂျာနယ်ဆိုင်များ၊ လက်ပွေ့ရောင်းချ သူများ စသည်ဖြင့်ရှိပြီး မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာများရပ်နားသွားလျှင် များစွာသောဘဝများကို ထိခိုက်စေနိုင်သည်။
၂၀၁၇-၂၀၁၈ ခုနှစ်အတွင်းတွင် ရပ်နားသွားသော မဂ္ဂဇင်းဂျာနယ်များမှာ Closer မဂ္ဂဇင်း၊ Look မဂ္ဂဇင်း၊ Family Life မဂ္ဂဇင်း၊ အလင်းတန်းဂျာနယ်၊ UNITY ဂျာနယ်၊ ပြည်သူ့အရေးဂျာနယ်၊ ဂမ္ဘီရမဂ္ဂဇင်း၊ YOUTH လူငယ်မဂ္ဂဇင်း၊ Beauty မဂ္ဂဇင်း၊ သူရိယအလင်းဂျာနယ်တို့ဖြစ်ကြပြီး စာပေလောကိုသော်လည်းကောင်း စာပေဖန်တီးသူ ဆရာ/မများ လူငယ် မျိုး ဆက် စာပေဖန်တီးသူများနှင့် နိုင်ငံပုံရိပ် နိုင်ငံတော်၏ အနာဂတ်ကိုသော်လည်းကောင်း များစွာထိခိုက်နစ်နာလျက်ရှိသည်။
စာတတ်ရုံနှင့်မပြီး စာဖတ်မှသာ မိမိ၏ဘဝအတွက် မိမိ၏မိသားစုအတွက် မိမိ၏ပတ်ဝန်းကျင်အတွက် မိမိ၏ရပ်ကွက် မြို့နယ် တိုင်းနယ်ပြည်နယ် နိုင်ငံတော်နှင့်နိုင်ငံသားများ မိမိ၏လူမျိုး၊ မိမိတို့၏ ယဉ်ကျေးမှု၊ သယံဇာတ၊ မိမိနေထိုင်သော ကမ္ဘာလောကကြီးကို အကျိုးကျေးဇူးများစွာပေးဆပ်နိုင်မည့် ဆိုသည့် အကျိုးအကြောင်းဆီလျော်မှုများကို ရှေးက ဆရာ/မကြီးများ လက်ရှိသက်ရှိထင်ရှားရှိနေကြသော ဆရာ/မကြီးများအပြင် လူငယ်များကအစ သိကြသည် နားလည်ထားကြသည် သဘောပေါက်ကြသည်ဟု ယုံကြည်မိပါသည်။
လူငယ်တွေစာမဖတ်ကြဘူး သည်ခေတ်လူတွေစာမဖတ်ကြဘူးဟု ပြောဆိုနေယုံနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကိစ္စကြီး ကိစ္စ ငယ်တို့သည် အသူရာနတ်သိကြားတို့ဖန်ဆင်းလိုက်သလို ရွှေပင်ငွေပင်ပေါက်သလို ဥုံဖွဆို ပေါ်ပေါက်လာမည် မဟုတ် ကြောင်းကိုလည်း ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသားတိုင်းက သိနားလည်ကြသည်ဟု ယုံကြည်ပါသည်။
လူငယ်တွေရော လူကြီးတွေပါ အားလုံးသော ပြည်ထောင်စုမြန်မာနိုင်ငံသားများ စာဖတ်လာအောင် ဘယ်လို ဘယ်နည်း ဘယ်ပုံ ဘယ်နည်းဗျူဟာတွေနှင့် လုပ်ကြမည်နည်း။ ဆင်းရဲမွဲတေမှုကြောင့် အလုပ်ခွင်များတွင် အချိန်ပေးကာ နစ်မွန်းနေရ သောပြဿနာများ စာအုပ်ဈေးနှုန်း သယ်ယူစရိတ်ဈေးနှုန်းကြီးမြင့်မှုများ စာကြည့်တိုက်ရှားပါးမှုများ စသည်ဖြင့် ပြဿနာ အထွေထွေကို အရင်းဆုံး ပထမဦးစွာ ဖြေရှင်းရမည်ဖြစ်သည်။
လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြန်ဆက်စာကြည့်တိုက်များရှိသည်။ တက္ကသိုလ်စာကြည့်တိုက်များရှိသည်။ အမျိုး သား စာကြည့်တိုက်များရှိသည်။ ကျောင်းစာကြည့်တိုက်များရှိသည်။ မြို့နယ်စာကြည့်တိုက် ရပ်ကွက်စာကြည့်တိုက် ကျေး ရွာစာကြည့်တိုက်နှင့် လက်ကျန်အခကြေးငွေပေးကာ ငှားရမ်းဖတ်ရှုနိုင်သော စာအုပ်အငှားဆိုင် အနည်းအကျဉ်း ရှိသေး သည့်အပြင် ယခု စာပေးအရေးတက်ကြွလှုပ်ရှားသူများက အစိုးရအဖွဲ့အစည်း သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်း များနှင့် ပူးပေါင်းကာ အားသွန်ခွန်စိုက်ကြိုးပမ်းနေကြသော ရွေ့လျားစာကြည့်တိုက် ကိုယ့်အားကိုယ်ကိုး ပရဟိတ ရွေ့လျား စာကြည့်တိုက် နည်းစနစ်များလည်းရှိသည်။
ထိုကဲ့သို့လုပ်ဆောင်မှုများရှိနေပြီဟု ကျေနပ်နေယုံမျှနှင့် မပြီးသေးပါ။ စာအုပ်စာပေများကို အားလုံးနှင့် အလွယ်တကူ လက် လှမ်းမီသောနေရာများတွင် မျက်စိခလုတ်တိုက်လောက်အောင် ကျယ်ပြန့်စွာထားရှိနိုင်ဖို့ အရက်ဆိုင်များ၊ ဘီယာဆိုင် ဇယ်ခုံ များ၊ ဘိလိယက်ခုံများ၊ ဂိမ်းဆိုင်များ၊ နှစ်လုံးထီ၊ သုံးလုံးထီ၊ မူးယစ်ဆေးဝါးတို့ထက် ပိုမိုများပြားသော စာကြည့်တိုက်များ စာဖတ်ဝိုင်းများ၊ စာဖတ်ဆောင်များကို လက်ညှိုးထိုးမလွဲအောင် တည်ထောင်နိုင်ကြဖို့အတွက် ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသားတိုင်းတွင် အနာဂတ်နှင့် မျီုးဆက်သစ်များအပေါ်တွင် တာဝန်ကျေပွန်စွာ အလေ့အကျင့်ကောင်းများကို ချန် ရစ်ပေးခဲ့ကြဖို့ ဝတ္တရားရှိပါသည်။
အဲသည်လောက် လွယ်ကူပါ့မလားဆိုပြီး မလုပ်ဘဲနေလျှင် ပို၍ ပို၍ ဆိုးရွားလာရန်သာ အကြောင်းရှိသည်မို့ မဖြစ်မနေကြိုးစား အားထုတ်ကြရတော့မည်ဖြစ်သည်။ စကားပုံလည်း ရှိပြီးဖြစ်သည့်အတိုင်း “တယောက်အားနှင့် ယူသော်မရ၊ အများအားနှင့် ယူသော် ရ၏” ဆိုသည့်အတိုင်း ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံးက စည်းလုံးရမည် ညီညွတ်ရမည် ဇွဲ လုံ့လ ဝရိယရှိရတော့မည်ဖြစ်သည်။ ပြည်ထောင်စု မြန်မာတနိုင်လုံးတွင်ရှိသော ရပ်ကွက်များ ကျေးရွာများတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့အစည်းများ ပရဟိတလူမှုအဖွဲ့အစည်းများ ဘာသာရေးအဖွဲ့အစည်းများ စုစည်းကာ တအိမ်လျှင် တလကို ၅၀၀ ကျပ် ၁၀၀၀ ကျပ်နှုန်းလောက်ဖြင့် စုပေါင်းထည့်ဝင်ကြပြီး ကိုယ်ထူကိုယ်ထ စာကြည့်တိုက် ကိုယ့်အားကိုယ်ကိုး စာ ကြည့်တိုက်များကို ထူထောင်ကြမည်ဆိုလျှင် ငွေကြေးအားဖြင့် ဝန်မပိလောက်သော အခြေအနေဖြစ်သည်ဟု ယူဆမိပါ သည်။ စာကြည့်တိုက်ဆောက်လုပ်ရန် အခက်အခဲရှိသော ရပ်ကွက်ကျေးရွာများအဖို့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးရုံးများ ဘာသာရေးအဆောက်အဦများတွင် အကူအညီယူခြင်း အကူအညီပေးခြင်း နည်းစနစ်တို့ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်မည်ဟု လည်း ယုံကြည်မိပါသည်။ ထို့ကဲ့သို့ မြေနေရာ အခန်းနေရာများရှိလျှင် အိမ်ခြေ ၅၀ ခန့်မျှရှိလျှင် စာကြည့်တိုက်အစီအစဉ်ကို စတင်လုပ်ဆောင်နိုင်ပြီဖြစ်သည်။တစ်အိမ်လျှင် ၅၀၀ ကျပ်နှုန်းကောက်ခံလျှင် အိမ်ခြေ ၅၀ ရှိပါက ၂၅၀၀၀ကျပ် အိမ်ခြေ  ၁၀၀ ရှိပါက ၅၀၀၀၀ကျပ် ရရှိမည်ဖြစ်ပြီး တစ်လလျှင် သတင်းစာ ဂျာနယ် မဂ္ဂဇင်း လုံးချင်းစာအုပ်များ သုတ ရသပဒေသာ စာအုပ်များကို ဈေးနှုန်း အနည်းအများအရ အနည်းဆုံး အုပ်ရေ ၁၀ အုပ်မှ အများဆုံး အုပ်ရေ ၃၀ ခန့်အထိ စုဆောင်းကာ စာကြည့်တိုက်တခုကို ထူထောင်နိုင်ပြီဖြစ်ပါသည်။
ယခုလက်ရှိတွင် ပေါ်ပြူလာဂျာနယ်မှ အယ်ဒီတာချုပ် ဆရာ ညိုသစ်ငယ်၊ ဆရာကိုဇ (ချပ်သင်း)၊ ကဗျာဆရာ အောင်မှူးဝေ၊ ကဗျာဆရာ နောင်မင်းခိုင်၊ ကဗျာဆရာ ရိုးခက်တို့ကဦးဆောင်ကာ စာပေချစ်သူများကိုစုစည်းလျက် တစ်လတစ်ထောင်ခန့်မျှ ထည့်ဝင်လှူဒန်းကြပြီးလျှင် ကြော်ငြာအားနည်းသော ရောင်းအားနည်းသော မဂ္ဂဇင်း ဂျာနယ် နေ့စဉ်သတင်းစာတို့ကို ဝယ်ယူ ပြီး လျှင် စာကြည့်တိုက်များကို အခမဲ့ဖြင့် ပြန်လည်လှူဒန်းကြမည့် အစီအစဉ်ကို စတင် အကောင်အထည်ဖော်ဆောင်နေကြပြီး စုပေါင်းထည့်ဝင်ငွေ တစ်သိန်းရှစ်သောင်းခန့် ရရှိနေပြီဖြစ်သည်။
ကျွန်တော်တို့ ငယ်စဉ် ၁၉၈၈ မှ ၂၀၀၀ ခုနှစ်ခန့်အထိ စာအုပ်ဆိုင်များ စာအုပ်အငှားဆိုင်များ ကျယ်ပြန့်စွာထွန်းကား ပြန့်ပွား လျက်ရှိသောခေတ်တစ်ခုကို မီခဲ့ဖူးပါသည်။ ဆံပင်ညှပ်ဆိုင်ကလေးများ ရပ်ကွက်အုပ်ချုပ်ရေးရုံးများ ပြန်ဆက်ရုံးများ ကား ဂိတ်များ ဈေးရုံအုပ်ချုပ်ရေးရုံးများ ထွေအုပ်ရုံးများ တရားရုံးများ ဆိုက်က္ကားဂိတ်များအထိပင် စာအုပ်စင်ကလေးများ ရှိခဲ့ဖူး သည်ကို မှတ်မှတ်ရရရှိသည်။
“စာအုပ်စာပေ လူ့မိတ်ဆွေ” “စာဖတ်သောလူမျိုးသည်တိုးတက်၍ တိုးတက်သောလူမျိုးတိုင်း စာဖတ်ကြသည်” “ပညာရွှေအိုး လူမခိုး” “အလိမ္မာ စာမှာရှိသည်” “စာတစ်လုံး ဘုရားတစ်ဆူ” “စာပေမြင့်မှ လူမျိုးမြင့်မည် စာပေပျောက်က လူမျိုး ပျောက် မည်” “စာမတတ်လျှင် လမ်းမှာဖတ်” “ပညာကိုရှေး ဥစ္စာကိုနောက်” “ပညာဆည်းပူး ပန်းသို့ခူး” “ပညာမရှိ သူ၏ဝန်ထမ်း” “ပညာရှာ ပမာသူဖုန်းစား” “ပညာလိုသော် မပျင်းနှင့် ဥစ္စာလိုသော် မငြင်းနှင့်” “ပညာလို အိုသည်မရှိ” “ပညာ သမာ အာဘာ နတ္ထိ” “ဥစ္စာဟူသည် မျက်လှည့်မျိုး ပညာဟူသည် မြတ်ရွှေအိုး” စသည်ဖြင့် ရှေးလူကြီးများက စုဆောင်းသိုမှီးကာ ချန်ထား ရစ်ခဲ့ကြသော ဆိုရိုးစကားများကို လိုက်နာကျင့်ကြံ အားထုတ်ကျိုးပမ်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
အမ္ဗနဒီကျော်စွာ
ပန်းချီဆရာ ဦးမာလာရဲ့ Shades of Art, Colours of Inspiration exhibition –3
$
0
0
ပန်းချီဆရာ ဦးမာလာရဲ့ Shades of Art, Colours of Inspiration exhibition –3 အမည်ရတဲ့ ပန်းချီပြပွဲ အမျိုးသားပြတိုက်မှာ ပြုလုပ်မယ်
K (မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၈
မန္တလေးအခြေစိုက် ပန်းချီဆရာကြီး ဦးမာလာရဲ့ခေတ်စုံအလှစုံ ပန်းချီပြပွဲ၊ Shades of Art, Colours of Inspiration exhibition –3 ကို ရန်ကုန်မြို့ပြည်လမ်း အမှတ်၆၆/၇၄ ရှိ အမျိုးသားပြတိုက်မှာ ဇူလိုင်၁၆ ရက်မှ ၁၈ နေ့ထိ ၃ရက်ကြာ ပြသသွားမယ်လို့သိရပါတယ်။
ခေတ်စုံအလှစုံအမည်ဖြင့် ယခုအကြိမ်ပြသခြင်းဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး မြန်မာပြည်အနှံ့က ၀တ်စာဆင်ယင် နေထိုင်မှု၊ ယဉ်ကျေးမှုတွေကို လေ့လာနိုင်တဲ့ ပန်းချီကားများကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ပြပွဲချိန်အတွင်း နေ့စဉ် နံနက် ၁၀နာရီမှ ညနေ ၄နာရီထိ အမျိုးသားပြတိုက်မှာ လာရောက်ကြည့်ရှုနိုင်ပါတယ်။
ပန်းချီဆရာ ဦးမာလာကို ၁၉၅၃ခုနှစ်တွင် မန္တလေးတိုင်း မတ္တရာမြိ့နယ် နန်းတော်ကျွန်းကျေးရွာမှာ အဖဦးဘကွန်း၊အမိ ဒေါ်နှင်းတို့က မွေးဖွားခဲ့ပါတယ်။ တောင်သူမျိုးရိုးဖြစ်ပြီး ၁၉၇၃မှ ၁၉၇၆ထိ မန္တလေးပန်းချီပန်းပုကျောင်းတွင် ပန်းချီပ ညာသင်ယူခဲ့၊ မန္တလေးရှေးဟောင်းသုတေသနဌာနမှာ ပန်းချီပညာရှင်အဖြစ် ၉နှစ်တာဝန်ထမ်းဆောင်ခဲ့။ မန္တလေး ပန်းချီ ပန်းပုကျောင်းတွင် နည်းပြအဖြစ် ၁၀နှစ်၊ ဆောင်းဒါးသင်တန်းကျောင်းတွင် ပန်းချီပညာရှင်အဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရင်း မန္တလေးမြို့တွင်နေထိုင်ကာ ယဉ်ကျေးမှုဆိုင်ရာ ပန်းချီကားများကို ရေးဆွဲလျက်ရှိပါတယ်။
ပန်းချီဆရာ၊ ပါဖောမန့်သမား မိုးစက်ရဲ့ If I say it's True Seven Times /
$
0
0
ပန်းချီဆရာ၊ ပါဖောမန့်သမား မိုးစက်ရဲ့ If I say it's True Seven Times / 
ခုနစ်ကြိမ် ခုနစ်လီ အမှန်အတိုင်း ပြောပြရရင် အမည်ရတဲ့ တကိုယ်တော်ပြပွဲ
K (မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၈
If I say it's True Seven Times လို့အမည်ပေးထားတဲ့ ပန်းချီဆရာ၊ပါဖောမန့်သမား မိုးစက်ရဲ့တကိုယ်တော် အနုပညာ ပြပွဲကို ရန်ကုန်မြို့ ဗိုလ်ကလေးဈေးလမ်း အမှတ် (၉၆) တတိယထပ်ရှိ Myanmar art Gallery မှာ ဇူလိုင် ၂၀မှ သြဂုတ် ၈ ရက်နေ့ထိ ပြသသွားမယ်လို့ သိရပါတယ်။
ပြပွဲနဲ့ပတ်သက်ပြီး အနုပညာရှင်၏ သဘောထားဆိုကာ “ ကျနော်ကို ၁၉၈၃ ခုနှစ် ရန်ကုန်မြို့ ဂျင်မခံနာ ဆေးရုံမှာ မွေးဖွား ခဲ့တယ်။ မွေးဖွားစဉ် တောင်လုံးပြန် အရပ်မှာ နေထိုင်ခဲ့ပြီး ပုဇွန်တောင်ချောင်းနံဘေး ညောင်တန်း ရပ်တွင် ကြီးပြင်းခဲ့တယ်။ ငါတို့မျိုးဆက်ဟာ တဲပေါ်က တိုက်ပေါ် အတင် မခံရခင် မြောင်းထဲမှာ ဖားတပိုင်း ငါး တစ်ပိုင်းတွေကို ပျော်ရွှင်စွာ နှိုက်ခဲ့ ဖူးပြီး ဆေးရွက်ကြီးရည်တွေနဲ့ ခန္ဓာကိုယ်တခုလုံးကို လောင်းချိုးခဲ့ကြရတယ်။ ပြီးတော့ ကာပေါ်လစ်လေး တိုက်ပေါ့ကွာ။
ယခုဆိုရင် အသက် ၃၅ နှစ် ရှိသူ လူတစ်ယောက်ဟာ သူရှင်သန်ခဲ့တဲ့၊ မြင်ခဲ့တဲ့၊ ကြားခဲ့တဲ့ ခေတ်ကြီးကို ဘယ်လို Narrationနဲ့ ပြန်ပြောမလဲ။ တေးရေး ကိုမောင်မောင် (မဇ္ဈိမလှိုင်း) ရဲ့ရောင်စဉ် ခုနှစ်သွယ်သီချင်းထဲက စာသားလေးလိုပဲ "၇ကြိမ် ၇လီ အမှန်အတိုင်း ပြောပြရရင်“ဟုတ်တယ်။ လက်ရာ ၇ ခုနဲ့ မဆလ နှောင်းပိုင်းနဲ့ န၀တ ခေတ်တခေတ်လုံးမှာ ရှင်သန်ခဲ့မှုကို ပြန်ပုံဖော်မလို့ ကြိုးစားချက်ပဲ။
ကျနော်တို့တွေ ဘယ်လို အမှန်တွေ ပြောခဲ့ကြသလဲ။ ၇၀ ကာလမှာ ဆိုရင် အာလူး အရမ်း ပေးတဲ့သူကြီးသို့ ကျနော်တို့တွေ ဘာပြောခဲ့ကြသလဲ။ ပြန်ကြည့်ပါ ၈၀ ကာလကို“ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ၊ တော်လှန်ရေး”** စတာတွေ ရှိခဲ့ပါတယ်။ ကဲ တော်လှန်ရေးကြီးကော ပြီးသွားပြီလား။ ( တော်လှန်ရေး ရွှေခေတ်သို့ တိုင်ခဲ့ပြီလား . . . )တော်လှန်ရေး ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေက ခန္ဓာကိုယ် အနှံအပြား မှာပါပဲ။ အဲ့ဒီလို ၈၀ ကာလ၊ ၉၀ ကာလ စသဖြင့် ကျနော် ဖြတ်သန်းခဲ့ ဖူးတာရော၊ ကျနော်ကိုယ်တိုင် မဖြတ်သန်း ဖူးပေမယ့် စုပေါင်း စပ်ပေါင်း မှတ်ညာဏ်ပေါ် အခြေပြု ဖြတ်သန်းမှု စတာတွေ ကို န၀တ ခေတ် “ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် သစ်ဆီသို့ “တည်ဆောက်သလိုပဲ။ သဲအချိုး ၅၊ ဘိလပ်မြေ အ ချိုး ၁ ရောသမပြီး ဆက်တင် ဆင် တည်ဆောက်လိုက်ပါတယ်။ ဒါတွေဟာ ဖုံးကွယ်ထားတဲ့ အစစ်အမှန်တရားကို ရှာဖွေ ခြင်း / လှစ်ပြခြင်းပါပဲ။”လို့လည်း ရေးသားထားပါတယ်။
စစ်အစိုးရကာလများကို အနုပညာလက်ရာ ၇ခုနဲ့ ဖော်ကျူးပြသသွားမှာဖြစ်ပြီး နေ့စဉ်ပြပွဲချိန်အတွင်း ညနေ ၆ နာရီမှ ၉ နာရီထိ တင်ဆက်ပြသသွားမယ်လို့ သိရပါတယ်
ဥုံဖွ - "ဗိုက်​ပူ ဆိုသူတ​ယောက်​အ​ကြောင်း"
$
0
0
ဥုံဖွ - "ဗိုက်​ပူ ဆိုသူတ​ယောက်​အ​ကြောင်း"
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၈
နှစ်​လုံးထီ​လောင်းကစားမှုနဲ့​ တောင်​ငူ​ထောင်​ထဲ​ရောက်​ခဲ့စဉ်​ကအ​တွေ့အကြုံ​လေး​တွေရယ်​ပါ။
ရုံးကိုင်​တဲ့​ ထောင်​မှူးဆီမှာ ပိုက်​ဆံ​ပေးရတယ်​။ အဲဒါကို "​ထောင်​ဇယားခင်းတယ်​"လို့​ ခေါ်တယ်​။
 တရားရုံးက​နေ အမိန့်​ချလိုက်​ပြီဆိုတာနဲ့ ပထမဆုံး ပုံစံသင်​​ပေးတဲ့ပုံစံ​ဆောင်​ကို ပို့လိုက်​တယ်​။ ပထမဦးဆုံး တန်းစီးနဲ့​ တွေ့ရတယ်​၊ ​ထောင်​ငူ​ထောင်​မှာ​တော့ အ​ဆောင် ​၆ ​ဆောင်​ပဲရှိလို့ အကြီးဆုံးတန်းစီးကို ၆ ​ဆောင်​ပိုင်​ တန်းစီး လို့​ ခေါ်တယ်​။ ကျန်​တဲ့အ​ဆောင် ​၅ ​ဆောင်​မှာလဲ သူ့တန်းစီးနဲ့သူ၊ ဒါ​ပေမယ့်​ ၆ ​ဆောင်​ပိုင်​တန်းစီးရဲ့​အောက်​က လုပ်​ပိုင်​ခွင့်​ သိပ်​မရှိ။ ညပိုင်း​ရောက်​တာနဲ့ ပုံစံ စသင်​ရတယ်​။ ပုံစံသင်​ တဲ့​နေရာမှာ သူများ​တွေလို မသင်​ချင်​ဘူး၊ ​ဘေးကပဲ သက်​သက်​သာသာသင်​ချင်​တယ် ​ဆိုရင်​​တော့ ပုံစံပြတဲ့ ပုံစံမှူး
"စည်းကမ်းထိန်း"ကို နတ်​တင်​ထား​ပေ​ရော။
 ပြစ်​မှု​တွေကလဲ မျိုးစုံ၊ လူ​တွေကလဲ မျိုးစုံ၊ စရိုက်​​တွေကလဲ မျိုးစုံ။ ​ထောင်​ထဲကို လုံးဝ မ​ရောက်​ဘူးကြ​သေးတဲ့၊​ ထောင်​အ​ကြောင်း​တွေကို ကြားဖူးနားဝမရှိကြ​သေးတဲ့၊​ ထောင်အ​ကြောင်း​တွေ ​ရေးတဲ့စာ​တွေကို လုံးဝမဖတ်​ဘူးကြ​သေးတဲ့ လူ​တွေအတွက်​​တော့ ​ထောင်​ထဲ​ရောက်​တာနဲ့ ရင်​တုန်​ ပန်းတုန်​ဖြစ်​ချင်​စရာ၊ ထိတ်​လန့်​ချင်​စရာ​ပေါ့။ တချို့များဆို ပုံစံသင်​ရင်း မရိုက်​မနှက်​ရပဲ ​သေး​တွေ ထွက်​ကျကြတာကိုလဲ မြင်​​တွေ့ခဲ့ရဲ့။
မနက်​မိုးလင်းတာနဲ့​ ထောင်​ကျရုံးက ​ခေါ်ပြီး အချက်​အလက်​​တွေယူကြတယ်​။ အဲလို အချက်​အလက်​ယူ
တာကို ​ထောင်​ပုံစံ 32"သာတီတူး ယူတယ်​ လို့ ​ခေါ်တယ်​။ ပုံစံယူ၊ ပုံစံသင်​တဲ့​နေရာမှာ ​မေးတဲ့​မေခွန်း တခု တခု ဆုံးတိုင်းမှာ "ခင်​ဗျာ"ဆိုတဲ့စကားနဲ့ အဆုံးသတ်​ရတယ်​။ အဲ့​နေမှာ အရက်​​သောက်​လို့ ဆိုပြီး သာသနာညှိုးနွမ်းမှုနဲ့ ကျလာတဲ့သူကို စ စစ်​ပြီး မှတ်​ပုံတင်​တယ်​။
 နာမည်​ ... သန်း​ရွှေပါခင်​ဗျ။
အသက်​ ...
လိပ်​စာ ...
ဘာမှုဖြစ်​လဲ ... သာသနာညိုးနွမ်းမှုဖြစ်​ပါတယ် ​ခင်​ဗျ။
စာတတ်​လား ...  တတ်​၊ ပထမလတ်​တန်းပါ ခင်​ဗျ။
အဲလိုလဲ​ဖြေ​ရော ဇယားကွက်​ထဲမှာ ​ရေးတတ်​ ဖတ်​တတ်​ဆိုပြီး ဖြည့်​လိုက်​တယ်​။
"ဘုရား ဘုရား... ။ အလတ်​တန်း ​အောင်​တာ​တောင်​ ​ရေးတတ် ​ဖတ်​တတ် ​အဆင့်​ပဲ သတ်​မှတ်​ခံရပါလား၊ ငါ့အလှည့်​ ​ရောက်​ရင်​ဘယ်​လို​​ဖြေရမလဲ"​တွေးရင်း ဆုံးဖြတ်​ချက် ​အမြန်​ ချလိုက်​ရတယ်​။
 ကိုယ့်​အလှည့်​လဲ​ရောက်​​ရော -
စာတတ်​လား ... တတ်​။ ၄ တန်းပါခင်​ဗျ ... လို့ ​ဖြေလိုက်​တယ်​။
 အခန်းလဲပြန်​​ရောက်​​ရော ကိုယ့်​စားအိုးတွဲ​တွေက - "​ဟေ့​ကောင်​ကြီး၊ စာတတ်​လားဆို​တော့ မင်း ဘယ်​လို
ဖြေခဲ့လဲ​ မေး​တော့။ 'တတ်၊ ​၄ တန်း'လို့​ဖြေခဲ့တယ်​ဆိုတာလဲ သိ​ရော ... "မင်းကွာ အမှန်​အတိုင်း ဓမ္မာစရိယ လို့​ဖြေခဲ့ရမှာ၊ ဒါမှ ဘုရားရှိခိုးအဖွဲ့​ခေါင်း​ဆောင်​​နေရာ​လေး ဘာ​လေးရမှာလို့ ၀ိုင်းပြီး ပြစ်တင် ​​ပြောဆိုကြချိန်​မှာ "ဘုရားရှိခိုး​ခေါင်း​ဆောင်​​နေရာ မရရင် ​​နေပ​စေကွာ။ ​ခေါင်းကို ​ခြေ​ထောက်​နဲ့ ထပ်​တလဲလဲ အကန်​ခံရပြီးမှ ရထားတဲ့ ဓမ္မာစရိယဘွဲ့ကို​တော့ ​ရေးတတ်​ဖတ်​တတ်​စာရင်း အသွင်းမခံနိုင်​ဘူး​ဟေ့"လို့ ပြန်​​ပြောပစ်​လိုက်​တယ်​။
 ပြစ်​မှုပြစ်​ဒဏ်​တွေက မျိုးစုံ။ စက်​ဘီး အစီး​ရေ​ပေါင်း ၉၀ ​ကျော် ​ခိုးတဲ့လူနဲ့။ ဒီ စက်​ဘီးခိုးတဲ့​ကောင် ကြတမျိုး။ သူခိုးတာက ​သော့မခတ်​ပဲ ရပ်​ထားတဲ့စက်​ဘီး​တွေကိုပဲ ​ပေါ့​ပေါ့ပါးပါးနဲ့ ခိုးတာ၊ သူခိုးခဲ့သမျှ ​သော့ရိုက်​ဖွင့်​ပြီး ခိုးတဲ့ဘီးရယ်​လို့ မရှိဘူးတဲ့။ ​နောက်​တ​ယောက်​ ထက်​ကို ဆိုတဲ့​ကောင်​ကြ ဒိုတို့ D T တို့လို  ဘီးအကြီးကြီး​တွေ မြင်​ရင် ​ဘယ့်​​လောက်​​သော့ခပ်​ထားထား မရ ရ​အောင် ​ခိုးတာ တဲ့။ သူခိုးလေသမျှ ဘီး​တွေထဲမှာ ဘီးအ​သေး​လေး​တွေ တစီးမှမပါဘူး ... တဲ့။
မိတာ၊  ကြည့်​​လေ ခိုးပြီးပြီး၊ ပစ္စည်း​တွေအားလုံးလဲ ယူပြီး ကား​ပေါ်တင်​ပြီးပြီ၊ ​မောင်းသွားရင်​ လွတ်​မယ်​ဆို လွတ်​​လောက်​ပြီ၊ ဒါကို​မောင်းမ​ပြေးပဲ ညဉ့်​နက်​သန်း​ခေါင်​ ​ရေထချိုးတဲ့ ထက်​ထက်​ရဲ့ အလှမှာ ယစ်​မူးပြီး မ​တော်​ရာကြံမိလို့ အိမ်​သား​တွေသိပြီး ဖမ်းမိသွားတဲ့အဖြစ်​။
 လူသတ်​မှု၊ မုဒိန်းမှု၊ လုယက်​မှု၊ ၂လုံး ၃ လုံး လူစားဝင်​မှု၊ ၁၀ နှစ်​ကျမယ့်သစ်​မှုကို သိန်း ၁၀၀ နဲ့ အစားထိုး
ဝင်​​ရောက်​မှု၊ အမှုစစ်​ရင်း လက်​လွန်​သွားလို့ ရဲ​တွေပြန်​အဖမ်းခံရမှု ၊ ​ဆေးထိုးမှားလို့ ဆရာဝန်​​တွေ၊ နပ်စိပ်​​တွေ အဖမ်းခံရမှု အို ... စုံ​နေတာပဲ။
မကျသင့်​ပဲ ကျလာကြတဲ့လူ​တွေအ​ကြောင်း ​ပြောချင်​လို့ ​ရေးမိတာပါ။ ​ကျောက်​ကြီး ၅၈၉ စစ်​တပ်​ကို သူပုန်​​တွေက ၀င်​ပြီးပစ်​ခတ်​တာကို ပြန်​ပြီး မခုခံလို့ဆိုပြီး ဗိုလ်​မှူး​တွေ​ရော၊ ဗိုလ်​ကြီး​တွေ​ရော၊ အရာခံကြီး​တွေ​ရော၊ ဂန်း​ရှော့​တွေ​ရော ​ထောင်​ချလိုက်​တဲ့အမှု။
ဖြစ်​ပုံက အဲဒီ​နေ့မှာ တိုင်းမှူးကိုယ်​တိုင်​ ​ကျောက်​ကြီး သွား​ရောက်​စစ်​​ဆေးမှာမို့ ​ကျောက်​ကြီးတပ်​မှာ
ရှိတဲ့လက်​နက်​မှန်​သမျှကို ဘယ်​အရာရှိ၊ အရာခံ၊ အကြပ်​၊ တပ်​သားမှ ကိုင်​ခွင့်​မ​ပေးပဲ လက်​နက်​တိုက်​ထဲမှာ
ထည့်​သွင်း ပိတ်​သိမ်​ထားရမယ်​လို့ အမိန့်​ချထားတဲ့အတိုင်း သိမ်းဆည်းထားချိန်​မှာ ၀င်​ပစ်​တာဆို​တော့ ဘာ​တွေနဲ့ ခုခံရမလဲ။ ​နောက်​ပြီး သူ့ရဲ့လက်​​အောက်​ခံတပ်​ကို မယုံမကြည်​နဲ့။ အဲ ... အထဲမှာ သနားစရာအ​ကောင်းဆုံးက ဂန်း​ရှော့စစ်​သား​လေး၊ သူ့ခမျာ ​နေ့ခင်း​နေ့လယ်​သာ ဂျိုင်း
ထောက်​နဲ့ သွားရပြီး၊ ညဘက်​​တွေကြ ကိုင်​ခွင့်​မ​ပေးပဲ သက်​ဆိုင်​ရာ တာဝန်​ကျ​ထောင်​မှူးက သိမ်းထားတယ်​။ ဒီဂျိုင်း​ထောက်​ အ​ဆောင်​ထဲမှာရှိရင်​ အခြားအကျဉ်းသား​တွေကယူပြီး အန္တရာယ်​ပြုမှာစိုးလို့တဲ့။
ညဘက်​ အ​ပေါ့ အ​လေးသွားရင်​ ​သေး​ပေါက်​ခြံ အိမ်​သာ​ရောက်​​အောင်​ ​ခြေ​ထောက်​တဘက်​ထဲနဲ့ ခုန်​ဆွ
ခုန်​ဆွလုပ်​ပြီး သွားရရှာတာ၊ သူသွားတဲ့ပုံစံကိုကြည့်​ပြီး အားလုံးက သူ့ကို "ဆက်​ရက်​"တဲ့။
တော့ အဲဒီလူက ရပ်​ခိုင်းတယ်​၊ သူဝင်​စရာရှိလို့ ဘယ်​နားက ​စောင့်​​နေပါ၊ သူ လိုက်​လာခဲ့မယ်​ဆိုပြီး ဆိုက္ကားခရှင်းပြီး ထွက်​သွားတယ်​။ ဘယ်​​လောက်​မှ မနင်းရ​သေးဘူးတဲ့ ​ရှေမှာရဲ​တွေ တားပြီးစစ်​​တော့ ခရီး​ဆောင်​အိတ်ထဲမှာ ​ဆေးပြား​တွေ ​တွေ့​ရောတဲ့။ သက်​ရှိဆိုလို့ ဆိုက္ကား​ပေါ်မှာ သူတ​ယောက်​ပဲ ရှိတာ ဆို​တော့ ရဲကဖမ်းပြီး တရားရုံး တင် ​လိုက်​တယ်​။  တရားရုံးမှာ ဖြစ်​​ကြောင်းကုန်​စင်​​ပြောပြပြီး ငြင်းတယ်​။ သူငယ်​ချင်း​ဆိုက္ကားသမား​တွေ​ရော၊ သူနဲ့ သိသူ​တွေပါ တရားရုံးမှာ သူ့ပစ္စည်း​တွေမဟုတ်​​ကြောင်း ၀ိုင်းပြီး
ထွက်​ဆို​ပေးကြတယ်​။ ဒါ​ပေမယ့်ပြစ်​မှုထင်​ရှားတယ်​ဆိုပြီး လက်​၀ယ်​​တွေ့ရှိမှုနဲ့ ​ထောင်​ထဲပို့လိုက်​တယ်​။ ​ထောင်​ထဲက​နေ ရဲဘက်​ ပို့လိုက်​တယ်​။ ဘယ်​​လောက်​နာကျည်းစရာ​ကောင်း လိုက်​သလဲ။
ဖြစ်​ချင်​​တော့ ရဲဘက်​မှာ ပညာရှင်​တ​ယောက်​နဲ့ သွား​တွေ့တယ်​။ ​ကောင်းတဲ့ပညာရှင်​​တော့ မဟုတ်​ဘူး၊။ ဖောက်​ထွင်းဝိဇ္ဇာ ပညာရှင်​အကြီးစား။ ဒီ​ကောင်​ကလဲ ဒီပညာရှင်​ကြီးဆီက ပညာတွေကို နာကျည်းမုန်းတီးစိတ်​အပြည့်​နဲ့​ လေ့လာသင်​ယူပြီး ရဲဘက်​က​နေထွက်​​ပြေးတယ်​။
 အပြင်​​ရောက်​​တော့ ဒီ​ကောင်​စဉ်းစားတယ်​။ "ငါ​တော့အပြင်​​ရောက်​လာပြီ၊ ပညာရပ်​အသစ်​​တွေလဲ တတ်
မြောက်​ထားပြီ၊ ဒီပညာ​တွေနဲ့ ငါ့ကို ဒုက္ခ​ရောက်​​အောင်​ မိသားစုနဲ့ ​ကွေကွင်း​အောင်​လုပ်တဲ့ ​ကောင်​​တွေကို ပြန်​ပြီး ပညာပြမယ်​"လို့ စိတ်​ပိုင်းဖြတ်​လိုက်​တယ်​။ စိတ်​ပိုင်းဖြတ်​လိုက်​တဲ့အတိုင်း ​တောင်​ငူ၊ ​ရေတာ
ရှည်​ စတဲ့ အနီးအနားမြို့​တွေက ဒုရဲအုပ်​၊ စခန်းမှူး၊ မြို့နယ်​မှူး၊ တရားသူကြီးစတဲ့ အရာရှိလို့ ဆိုတဲ့လူ​တွေရဲ့
ဘီး​တွေကို ခိုးလိုက်​၊ ​ရောင်း​လိုက်​၊ ​ရောင်းလို့မရတဲ့ဘီး​တွေကိုကြ​တော့ ​ရေတာရှည်​က ကန်​ထဲ ပစ်​ချလိုက်
လုပ်​လာလိုက်​တာ အစီး ၇၀ ​ကျော်​ သွားတယ်​ တဲ့။
 သူ့ကို ပြန်​မိပြီး ခိုးထားတဲ့ဘီး​တွေ ဘယ်​မှာလဲ စစ်​​ဆေး​တော့အမှန်​အတိုင်း ​​ပြောပြလိုက်​တယ်​၊ ​ပြောတဲ့အတိုင်း ကန်​ထဲကို ​ရေငုတ်​ကြည့်​ခိုင်း​တွေ့​တော့ ကရိန်းနဲ့ ဆယ်​တာ မနဲမ​နောပဲလို့ ပြန်​​ပြောပြတယ်​။ ​ထောင်​ထဲ ပြန်​​ရောက်​​တော့ ​ထောင်​ပိုင်​​တွေ ​ထောင်​မှူး​တွေက သူ့ကို ​ထောင်​တံခါး​တွေနား မသွားဘို့နဲ့ သွားမိခဲ့ရင်​ ထပ်​တိုးပြစ်​ဒဏ်​နဲ့ သံ​ခြေချင်းစာ မိမယ်​ လို့ ရာဇသံ ​ပေးထားရတဲ့အထိပဲ။
 တ​နေ့​တော့ ကိုယ့်​ရဲ့စားစရာ​တွေ ထည့်​ထားတဲ့ အိတ်က​လေးကို ​သော့ခတ်​​နေတုန်း ဗိုက်​ပူ​ရောက်​လာ
ပြီး "ဦး​လေး ... ဦး​လေးခတ်​ထားတဲ့​သော့ကို ကျွန်​​တော်​ ၃ မိနစ်​နဲ့ ပွင့်​​အောင် ​ဖွင့်​ပြမယ်၊ ​သော့လဲ မပျက်​​စေရဘူး။ ဖွင့်​လို့ရရင် ​ကျွန်​​တော့်​ကို ဟင်းတတုံးပဲ ​ကျွေး"ပါလို့ ​ပြောလာ​တော့ ကိုယ်​လဲ စူးစမ်းချင်​တာနဲ့ ခွင့်​ပြု​ပေးလိုက်​တယ်​။ အပ်​ချိပ်​က​လေးနဲ့ ဟိုကလိ၊ ဒီကလိ လုပ်​လိုက်တာ ​သော့က ပွင့်​သွားတယ်​။ ပြန်​ခတ်​ကြည့်​​တော့ ​သော့က အ​ကောင်း​ပကတိ။ ဒါနဲ့ ဟင်းတင်​မက ​လေးစားတဲ့အ​နေနဲ့ ကွမ်းယာပါ ​ကျွေးလိုက်​ပါတယ်​။
သူက​ပြောလိုက်​ပါ​သေးတယ်​"ဘယ်​​သော့လာလာ၊ ဘယ်​​လောက်​ အာမခံပါတယ်​ဆိုတဲ့​သော့ဖြစ်​ဖြစ် ​ကျွန်
တော် ​ရ​အောင် ​ဖွင့်​နိုင်​တယ်​၊ ဒါကို သိလို့ ​ထောင်​မှူး​တွေက တခါးနား လုံးဝ မကပ်​ခိုင်းတာ"တဲ့။ ​ထောင်​ထဲမှာ​တော့ လုံးဝ ခိုးမစားဘူး၊ အိပ်​ယာလိပ် ချုပ်​စားတယ်​၊ ​ကော်​ဖီမစ်​အိတ်​ခွံ​တွေနဲ့ အခင်းတို့၊ လက်
ဆွဲခြင်းတို့၊ ပတ္တာအိတ်တို့ မျိုးစုံလုပ်​​ရောင်းတယ်​။ ဒါက ကိုယ်​နဲ့ခင်​ခဲ့ဘူးတဲ့ သူတ​ယောက်​အ​ကြောင်းပဲ ရှိ​သေးတယ်​၊။
ကိုယ်​​နေခဲ့ဘူးတဲ့ နှစ်​ကြီးသမား​တွေ ​ပြော​လေ့ရှိတဲ့ ... "မင်းတို့ ၂ လုံး၊ ၃ လုံးသမား​တွေ ကျတဲ့နှစ်​က ငါတို့ အုတ်​ရိုး ​သေးပန်းသ​လောက်​ပဲ ရှိပါတယ်​ကွာ ..."တဲ့။ သူတို့ကသာ အဲလို​ပြောတာ ကိုယ်​​တွေမှာ​တော့ လိမ့်
နေတာပဲ။ ခံရချင်​​တော့လဲ ဘာမှမဟုတ်​၊ လွတ်​ချင်​​တော့လဲ ဘာမှမဟုတ်​ဘူးလို့ ​ပြောရမလားပဲ။ ​မောင်​ခင်​ညွန့်​အဖွဲ့ အဖမ်းခံရပြီး မကြာခင်​မှာ လွတ်​ငြိမ်းချမ်းသာခွင့်​ ​ကြေငြာလိုက်​တယ်​။ "​ထောက်​လှမ်း​ရေးအဖွဲ့ကြီးရဲ့ မှားယွင်းစွာ ဖမ်းဆီး စီရင်​ခဲ့မှုများ​ကြောင့်​ ..."တဲ့ အ​ကြောင်းပြချက်​က။
 အဲ့တုန်း ​တောင်​ငူ​ထောင်​က လွှတ်​​ပေးလိုက်​သူ​တွေကြည့်​လိုက်​​တော့ နိုင်​ငံ​ရေးအကျဉ်းသား​တွေ လုံးဝ မပါ
ပဲ ကျွန်​​တော်​တို့လို​ လောင်းကစားမှုနဲ့ ကျခဲ့ရတဲ့သူ​တွေသာ အများဆုံးဖြစ်​ပါ​ကြောင်း။
ဥုံဖွ
ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – ပထမအဆင့်
$
0
0
ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – ပထမအဆင့်
(မိုးမခဘာသာပြန်အခန်းဆက်) ဇူလိုင် ၁၇၊ ၂၀၁၈
ဟာဘတ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခနှစ်ဦးဖြစ်သော စတီဗင် လီဘစ်စကီ Steven Levitsky နှင့် ဒယ်နီယယ်ဇိဘလပ် Daniel Ziblattတို့ရေးသားသော How DEMOCRACIES Die စာအုပ်မှ ပထမအခန်း Fateful Alliances ကို ဘာသာပြန်ခြင်းဖြစ်ပါသည်။
ထိုအခန်းကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က အီစွပ် (Aesop) ပုံပြင်ဖြင့်စတင်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျောက် အီစွပ်ပုံပြင်များ သည် ယခုထက်တိုင်ခေတ်မီနေခြင်းကို ဤပုံပြင်ကပြသလျက်ရှိသည်။ ဤပုံပြင် ၏ ခေါင်းစဉ်မှာ မြင်း၊ သမင်နှင့် အမဲလိုက်မုဆိုးဖြစ်သည်။ ပုံပြင်မှာ ဤသို့ဖြစ်သည်။
မြင်းနှင့်သမင်တို့သည် ရန်ဖြစ်၍ တကောင်နဲ့တကောင် မတည့်ကြပါ။ ထိုအခါ မြင်းသည် သမင်ကို နှိမ်နင်းပေးရန်အတွက် အမဲလိုက်မုဆိုးကို အကူအညီ တောင်းသည်။ မုဆိုးက သမင်ကိုနှိမ်နင်းပေးရန် သဘောတူသော်လည်း သူသည် ယခုကဲ့သို့ တောင်းဆိုသည်။ "ကောင်းပြီ ၊ ငါ ဒီသမင်ကို နှိမ်နင်းပေးမယ်။ ဒါပေမယ့် ငါ့ကို မင်းအပေါ်တက်စီးခွင့် ပေးရမယ်။ ပြီးတော့ ဟော့ဒီကုန်းနှီးနဲ့ ဇက်ကြိုး စသည် တို့ကို တပ်ခွင့် ပေးရမယ်။ ဒါမှ ရန်သူကို လိုက်ပြီး နှိမ်နင်းနိုင်မှာဖြစ်တယ်"။ မြင်းသည် မုဆိုးတောင်းဆိုသည့်အတိုင်းလုပ်ရန် သဘောတူလိုက်သည်။ မုဆိုးသည် သမင်ကို နှိမ်နင်းပေးလိုက်သည်။ သို့သော် ထိုကိစ္စပြီးစီးသွားသည့် နောက်ပိုင်းတွင် မြင်း၏ဇက်ကြိုးတန်ဆာနှင့် ကုန်းနှီးတို့ကို ဖြုတ်မပေးတော့ပဲ မြင်းကို တသက်လုံးခိုင်းစားသွားလေသည်။ ပုံပြင်လေးကတော့ ဒါပါပဲ။
ကမ္ဘာ့သမိုင်းတွင် ဤပုံပြင်ကဲ့သို့သော အဖြစ်အပျက်များစွာကိုတွေ့ရသည်။ ဤအဖြစ်အပျက်များသည် ဒီမိုကရေစီပျက်စီးဆုံးရှုံးခြင်း အကြောင်းများကို ပြသ ခဲ့သည်။ ယင်းအဖြစ်အပျက်များ၏ အဓိကဇာတ်ကောင်များမှာ ဟစ်တလာ (Hitler)၊ မူဆိုလီနီ (Mussolini) နှင့် ဗင်နီဇွဲလားနိုင်ငံ (Venezuela) မှ ယူဂိုချာဘတ် (Hugo Chavez) တို့ဖြစ်ကြသည်။ ဤအဖြစ်အပျက်များတွင် တူညီသောအကြောင်းအရာမှာ ဒီမိုကရေစီကျဆုံးစေမည့် အာဏာရှင်ဖြစ်မည့်သူများကို နိုင်ငံရေးသမားသည် နိုင်ငံရေးအာဏာကိုကျေကျေနပ်နပ်ဖြင့် လွှဲပြောင်းပေးခြင်းဖြစ်သည်။ ဤကဲ့သို့ နိုင်ငံရေးခေါင်းဆောင်များသည် နိုင်ငံရေးအာဏာကို အာဏာရှင်ဖြစ်လာမည့်သူ၊ ဒီမိုကရေစီကိုကျဆုံးစေမည့်သူလက်ထဲ သို့ ထိုးအပ်လိုက်ခြင်းသည် ဒီမိုကရေစီကျဆုံးခြင်း၏ ပထမအဆင့်ဖြစ်လေသည်။
ဒီမိုကရေစီကျဆုံးခြင်းအပေါ် လူအများက ခံစားချက်မရှိခြင်းသည်လည်း အကြောင်းတစ်ခုဖြစ်ပါသည်။ အကြောင်းမှာ လွတ်လပ်မှုနှင့် ဒီမိုကရေစီသည် နိုင်ငံ သူနိုင်ငံသားများကို စားစရာ၊ ၀တ်စရာမပေးနိုင်၊ ဈေးနှုန်းများ အဆမတန်တက်ခြင်းကိုလည်း မကာကွယ်နိုင်၊ အကျင့်စာရိတ္တပျက်ပြားမှုကိုလည်း ဘာမှမတတ်နိုင် ဟူ၍ ယုံကြည်နေခြင်းကြောင့်လည်းဖြစ်သည်။ အာဏာရှင်များသည် ဤအ ကြောင်းကိုအခွင့်ကောင်းယူ၍ ဒီမိုကရေစီကို ပျက်စီးအောင်လုပ်နိုင်ခြင်းဖြစ်သည်။ သို့သော်လည်း ဘယ်ဂျီယံ၊ ဗြိတိန်၊ ကော်စတာရီကာ၊ ဖင်လန်အစရှိသောနိုင်ငံများ တွင် ဒီမိုကရေစီစနစ်သည် မပျက်စီးသေးပဲ ဆက်လက်၍ တည်ရှိနေနိုင်သည်။
အဘယ်ကြောင့်နည်းဟူသည်ကို လေ့လာကြည့်ဖို့ကောင်းသည်။ ထိုအခါ ထိုနိုင်ငံများတွင် အစိုးရ၏ကံကြမ္မာသည် နိုင်ငံသားများ၏လက်ထဲတွင် သို့သော်လည်း ဘယ်လဂျီရံ၊ ဗြိတိန်၊ ကိုစကာရီလာ၊ ဖင်လန် အစရှိသော နိုင်ငံများတွင် ဒီမိုကရေစီစနစ်သည် မပျက်စီးသေးပဲ ဆက်လက်၍ တည်ရှိနေနိုင် သည်။ အဘယ်ကြောင့်နည်းဟူသည်ကို လေ့လာကြည့်ဖို့ ကောင်းသည်။ ထိုအခါ ထိုနိုင်ငံများတွင် အစိုးရ၏ကံကြမ္မာများသည် နိုင်ငံသားများ၏လက်ထဲတွင် လုံးဝဥသုံရှိသောကြောင့် ဖြစ်သည်။ မဲပေးသူများ၏ စုပေါင်းအင်အားနှင့် အတွေးအခေါ် ပညာစွမ်းအားကြောင့်လည်း ဖြစ်သည်ဟူ၍ တွေးစရာရှိသည်။ လူအများသည် ဒီမိုကရေစီအတွေးအခေါ်များ အပြည့်အ၀ရှိနေလျှင် ဒီမိုကရေစီသည် အန္တရာယ်ကင်းစွာဖြင့် ရှင်သန်နေမည်ဟု ထင်စရာရှိသည်။
ဤအတိုင်းသာမှန်ခဲ့လျှင် ဒီမိုကရေစီရှင်သန်ရေးအတွက် လွယ်သားပဲဟု ထင်နိုင်သည်။ သို့သော် ဤသို့ထင်ခြင်းသည် ကိုယ်ဖြစ်စေရာ ကိုယ်တွေး၍ တလွဲ ထင်ခြင်းဖြစ်သည်။ ဤအတွေးသည် ဒီမိုကရေစီနှင့်လူများအပေါ် သိပ်အထင်ကြီး လွန်းရာရောက်သည်။
ဤသို့ဆိုလျှင် ဒီမိုကရေစီကျဆုံးခြင်းမှကာကွယ်ရန် ဘာလုပ်သင့်သနည်း။?
ရှေးဦးစွာ ဒီမိုကရေစီကိုပျက်စီးအောင်လုပ်မည့် လူတန်းစားကို ခွဲခြား၍ သိရမည်။ ဤလူတန်းစားများကို ခွဲခြားသိရန် ထိုလူတန်းစားများကို ခွဲခြား၍ သိနိုင် သောနည်းဟူ၍ မရှိပါ။ ဟစ်တလာ၊ မူဆိုလီနီ၊ ချာဗတ်တို့ကဲ့သို့သော ထင်ရှားသောသူများကို မှတ်မိနိုင်သော်လည်း မှတ်မိရန်မလွယ်သောသူ များစွာ ရှိနေသည်။
ဤနေရာတွင် နိုင်ငံရေးသိပ္ပံပညာရှင် ဂျူဝမ်လင့် (Juan Ling) ရေးသားခဲ့ သော The Break of Democratic Regions (ဒီမိုကရေစီစနစ်များ ပျက်စီးခြင်း) ဟူသောစာအုပ်တစ်အုပ်ကို ညွှန်းရမည်ဖြစ်သည်။
၁၉၇၈ တွင် ထုတ်ဝေခဲ့သော ဤစာအုပ်တွင် နိုင်ငံရေးသမားများသည် မည်ကဲ့သို့ ဒီမိုကရေစီကို အထောက်အကူပြုနိုင်သလို၊ ပျက်စီးစေနိုင်သည်ကို ရေး သားဖော်ထုတ်ထားသည်။ သို့ရာတွင် ဒီမိုကရေစီရန်သူဖြစ်နိုင်သည့် အရည်အချင်း ၄ ခုကို အောက်ပါအတိုင်း ဖော်ထုတ်ပြသထားသည်။
(၁) ဒီမိုကရေစီဆိုင်ရာ စည်းမျဉ်းစကမ်းများအပေါ် လိုက်နာကျင့်သုံးရန် ငြင်းပယ်ခြင်း သို့မဟုတ် မငြင်းပယ်သည့်တိုင်အောင် စိတ်မပါ့တပါ လိုက်နာကျင့် သုံးခြင်း။ 
(ဤနေရာတွင် အခြေခံဥပဒေကို ငြင်းပယ်လိုသောစိတ်မျိုး၊ ရွေးကောက်ပွဲများကို ပယ်ဖျက်ခြင်း၊ အချို့သော အသင်းအဖွဲ့များကို ပယ်ဖျက်ခြင်း၊ အခြေခံကျသော လူ့အခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများကို ကန့်သတ်ခြင်း တို့ပါဝင်နိုင်သည်။)
(၂) နိုင်ငံရေးအတိုက်အခံများ၏ တရားဝင်မှုကို ငြင်းပယ်ခြင်း
(ဤနေရာတွင် သူတို့၏နိုင်ငံရေးအတိုက်အခံများကို ဖောက်ပြန်ရေးသမားဟုခေါ်ခြင်း သို့မဟုတ် လက်ရှိအခြေခံဥပဒေနှင့် မညီညွတ်ဟုစွတ်စွဲနိုင်သည်။
သူတို့၏ နိုင်ငံရေးအတိုက်အခံများသည် လုံခြုံရေးကိုထိခိုက်သည်ဟူ၍ စွပ်စွဲနိုင်သည်။
သူတို့သည် နိုင်ငံရေးအတိုက်အခံများအား ရာဇ၀တ်မှုကျူးလွန်သူများဖြစ်၍ နိုင်ငံရေးကိစ္စများတွင် မပါဝင်ရဟု ဆိုနိုင်သည်။
သူတို့၏နိုင်ငံရေးအတိုက်အခံများသည် နိုင်ငံခြား ရန်သူ အစိုးရ၏ လျို့ဝှက်ကိုယ်စားလှယ်များဖြစ်သည်ဟု အထောက်အထားကင်းမဲ့စွာ ပြောနိုင်သည်။
(၃) အကြမ်းဖက်မှုကို လိုလားခြင်း သို့မဟုတ် အားပေးခြင်း
(သူတို့သည် တရားမ၀င်သောလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် အဆက် အသွယ်ရှိနိုင်သည်။
သူတို့သည် နိုင်ငံရေးအတိုက်အခံများပေါ် အကြမ်းဖက်မှုများကို ပြုလုပ်တတ်သည်။
သူတို့သည် သူတို့၏ထောက်ခံသူများ အကြမ်းဖက်မှုများကို ဘယ်တော့မှ ဝေဖန်ခြင်းမပြု။
သူတို့သည် ကမ္ဘာအရပ်ရပ်တွင်ဖြစ်နေသော နိုင်ငံရေးအကြမ်းဖက်မှုများကို မသိဟန်ဆောင်နေတတ်ကြသည်။ )
(၄) အတိုက်အခံများ၏ အခြေခံလွတ်လပ်ခွင့်များကို၎င်း၊ သူတို့ကို ဆန့်ကျင်သောမီဒီယာများ၏ အခွင့်အရေးများကို၎င်း လျော့ပါးအောင် လုပ်သည်။
သူတို့သည် အခြေခံအခွင့်အရေးများကို ထိခိုက်စေသော ဥပဒေများကို လုံခြုံရေးအကြောင်းပြ၍ ဖြစ်စေ၊ ပြစ်မှုများကိုကာကွယ်ရန်ဟူ၍ အကြောင်းပြ၍ ဖြစ်စေ တိုး၍တိုး၍ ပြဌာန်းသည်။
သူတို့သည် အတိုက်အခံပါတီများထဲရှိ ပုဂ္ဂိုလ်အချို့နှင့် မီဒီယာအချို့တို့ကို အရေးယူမည်ဟူ၍ ခြိမ်းခြောက်တတ်သည်။
သူတို့သည် အခြားသောအစိုးရများ၏ ဖိနှိပ်ချုပ်ချယ်သောလုပ်ရပ်များကို ချီးမွမ်းပြောဆိုတတ်သည်။)
ဤ အချက် (၄) ချက်သည် ဒီမိုကရေစီစနစ်ကို အားလျော့အောင်၊ ကျဆုံး သည်အထိရောက်အောင် ပြုလုပ်မည့်သူများကို မှတ်မိနိုင်သော လက္ခဏာများ ဖြစ်ကြသည်။
ဤဆောင်းပါးတစ်ခုလုံးသည် ဒီမိုကရေစီစနစ်ကျဆုံးခြင်းကို ဖြစ်စေသော ပထမအဆင့်ကို ဖော်ထုတ်ပြခြင်းဖြစ်သည်။
ထိုပထမအဆင့်ကို နိုင်ငံရေးခေါင်းဆောင်များကိုယ်တိုင်က ဒီမိုကရေစီစနစ်ကိုကျဆုံးအောင်ပြုလုပ်မည့် အာဏာရှင်လောင်းများကို နိုင်ငံရေးပေးအပ်ခြင်းပင်ဖြစ်သည်။
ဤအဆင့်ကို ကာကွယ်နိုင်ရန် ဒီမိုကရေစီရန်သူဖြစ်မည့်သူများကို မှတ်မိပြီး၊ ၄င်းတို့လက်ထဲကို နိုင်ငံရေးအာဏာမရောက်အောင်လုပ်ဖို့ လိုသည်။
ဆောင်းပါးအဆုံးတွင် ဒီမိုကရေစီရန်သူများကို မှတ်မိနိုင်သော နည်း (၄) ခု ပေးထားသည်။
ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
Steven Levitsky and Daniel Ziblattတို့ရေးသားသော How DEMOCRACIES Die - Chapter 1
ကာတွန်း မင်းထက်လူရဲ့ မိုးပျံလမ်းတွေ ဖောက်တော့မှာပါ ...
$
0
0
ကာတွန်း မင်းထက်လူရဲ့ မိုးပျံလမ်းတွေ ဖောက်တော့မှာပါ ...
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၈
မင်းကိုနိုင် ● ကော်လီနာရဲ့ ခရာသံ
$
0
0
မင်းကိုနိုင် ● ကော်လီနာရဲ့ ခရာသံ
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၈
ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။
လူငယ်တစ်စု ခေါင်းချင်းရိုက် တိုင်ပင်၊ အရေးတကြီး မျက် နှာများဖြင့် ပစ်ကပ်ကားပေါ် စုပြုံ တက်မောင်းထွက်သွားကြသည်။ လူကြီးတွေက စိုးရိမ်။ ‘‘ဘာတွေ မဟုတ်တာ ပေါင်းလုပ်ကြဦးမှာလဲ’’ ဟု ရေရွတ်ကျန်ခဲ့ကြ။
ကားက မြို့ပြင်တစ်နေရာရောက်။ တာဝါတိုင်မြင့်မြင့်ကြီးအနီးရပ်။ တစ်ဦးက ငါအခြေအနေသွားကြည့်ဦးမယ်ဆိုကာ သုတ် သီး သုတ်ပျာထွက်သွား။ ခြံဝင်းထဲကလူက ကားပေါ်ရှိလူ အများကိုကြည့်ကာ ထိတ်လန့်နေ။ ခေါင်းတခါခါယမ်း။ တံခါး ဖွင့်မပေး။ အားလုံးမကျေမချမ်း လှည့်ပြန်လာကြ။ တောက်တစ် ခေါက်ခေါက်နှင့် အလိုမကျနိုင်ကြ။
ဒါက ၁၉၈၆ ကမ္ဘာ့ဖလား ဘောပွဲကြည့်ရန် ခက်ခဲခဲ့ပုံဖြစ်ပါသည်။ တိုးကြောင်ကလေးမှာ ရုပ်သံဂြိုဟ်တုစလောင်း တာဝါရှိ တယ်။ အဲဒီမှာ ပိုက်ဆံပေးကြည့်လို့ရတယ်ဟု ဘယ်သူကစလိုက်သည်မသိ။ နီးစပ်ရာလူစုပြီး သွားကြသမျှ မောခဲ့ကြပုံတွေ။ ခုခေတ် အိမ်မှာ အသင့်ကြည့်နိုင်သည့် မျိုးဆက်တွေကိုပြောပြတော့ ရယ်ကြသည်။
× ⚽×⚽ ×
လေးနှစ်တစ်ကြိမ်မှ ပိုးထ နှင့်ကြုံရသည့် ကမ္ဘာ့ဖလား ဘော လုံးပွဲကိုငေးရင်း ဘာကြောင့်လူ တွေ ဘောလုံးကစားနည်းအပေါ် ရူးသွပ်ကြသလဲဆိုတာ အဖြေရှာ မိသည်။ ထူးချွန်သူတစ်ဦး၊ နှစ်ဦးတည်း ကစားရတာမဟုတ်။ စုပေါင်းစွမ်းအားကိစ္စ။ အသင်း အဖွဲ့စိတ်ဓာတ်က မဖြစ်မနေပါမှ ဖြစ်မည်ဆိုတာ ညွှန်ပြနေသည်။ အချို့က ရသပေးနိုင်၍ဟုဆို၏။ အချို့ကလည်း နည်းပရိ ယာယ်တွေ၊ ဗျူဟာအခင်းအကျင်းတွေကို ကျွမ်းကျင်မှုနှင့် ပေါင်းစပ်ရတဲ့ အနုပညာကိုစွဲလမ်းတာဟု ပြောပြန်၏။
● ကမ္ဘာ့ဖလား ဘောလုံးပွဲကို ဘယ်လိုကြည့်ကြသလဲ
ဟိုတစ်ချိန် ကမ္ဘာ့အင်အားစု နှစ်စုရှိစဉ်က အရှေ့အုပ်စု၊ အ နောက်အုပ်စု အစွဲတွေနှင့် ကြည့်ကြတာ လည်းရှိသည်။ အချို့က အင်အားကြီးနိုင်ငံနှင့် နိုင်ငံငယ်ကလေး တွေ့လျှင်အားနည်းသည့်ဘက်က အားပေးမည်တဲ့။ အချို့ကလည်း ဒေသစွဲနှင့် မိမိနေထိုင်သည့်တိုက် (အာရှ-ဥရောပ) က အသင်းကို ရွေးအားပေးသည်။ အချို့အမျိုးသမီးတွေကတော့ ရှင်းသည်။ ရုပ် ဖြောင့်တဲ့ အသင်းတဲ့။ အီတလီမပါတာ နစ်နာသည်ဟုပင်ဆိုသေး။
ဒီလိုပွဲတွေဆိုတာကလည်း ခြေစမ်းပွဲတွေအဆင့်ဆင့် ကျော်ဖြတ်ခဲ့ရ (အိမ်ရှင်အသင်းတော့ ခြွင်းချက်ပေါ့)သည်ကိုး။ တွေး ရင်း ရေးရင်းက လောကမှာ ယေဘုယျနှင့် ခြွင်းချက်ရှိတယ်ဆိုတာ ကမ္ဘာ့ဖလားက သင်ပြပေးပါပေါ့လား။ ဒီလိုဖြတ်သန်း လာပြီးမှ အုပ်စွဲပွဲမှာ ရှုံးပြီး ထွက်ရသည့်အသင်းတွေအတွက် ဖြေမဆည်နိုင်မှုများကို မြင်ကြရပါဦးမည်။ မထွက်သင့်ဘဲ ထွက်ရတယ်ဟူသည့် မချင့်မရဲတွေလည်း ကြုံကြရဦးမည်။ ပန်းတိုင်ချီရာ လမ်းခုလပ်မှ ထွက်ခွာရခြင်းအပေါ် အောင်ဖျာလိပ် ဟူသည့် ဘွဲ့နှင့် ဝေဖန်ခံရတာတွေ၊ ကိုယ်တိုင် ယူကျုံးမရ ခံစားရတာတွေ ရှိလာပါဦးမည်။
တိုက်ဆိုင်၍ ကျွန်တော် ကိုယ်တိုင် အုပ်စုပွဲမှာ ရှုံးထွက်ခဲ့ရသောဘောလုံးပွဲကိုလည်း အမှတ်ရသေးသည်။ ပကတိ ဘောလုံးပွဲ တော့မဟုတ်။ လူ့ဘဝ ဘောလုံးပွဲဟုဆိုလျှင် ရမည်ထင်သည်။ ထွက်ရသည်မှ ကွင်းထဲက တင်မက လူ့လောကထောင့်ကွေး အထိ တစ်ယောက်တည်း ငုတ် တုတ်သွားထိုင်နေရသည့် ကာလရှည်များ။ ထိုအချိန်များမှာ ကျွန်တော့်ကိုယ် ကျွန်တော် ပြန် သုံးသပ်ကြည့်ဖူးပါ၏။
အကောင်းဆုံး အားထုတ်ခဲ့ တယ်။ ရလဒ်အပေါ်မှာတော့ ထပ်ပြီး ပူလောင်နေလို့မဖြစ်ဘူး။ ထပ်ဆုံးရှုံးလိမ့်မယ် ဟူသော အဖြေကို ရသည်။ ဘာတွေ ဆုံး ရှုံးမှာလဲဆိုတော့ ‘သုံးသပ်ခွင့်’ ဟု ဆိုချင်ပါသည်။ ပွဲစဉ်တလျှောက် ဆက်ကစားနေသူတွေ အတွက် ထိုအခွင့်အရေး များများ မရနိုင်၊ ကစားနေရင်း၊ ပြိုင်နေ ရင်း ဇောမျိုးစုံကပ်နေရမည်မှာ သဘာဝ။ တစ်ရာသီစာလုံး ထွက်သွားရသူကတော့ ကိုယ့်အားနည်းချက်ကိုကအစ သူတစ်ပါးခြေစွမ်း၊ ဗျူဟာ၊ စိတ်ဓာတ်၊ အသင်းအခြေ အနေအား လုံးကို သုံးသပ်ခွင့်ရတာ သေချာသည်။ ထိုအခွင့်အရေးကို ယူတာ၊ မယူတာသာ သူ့ကိစ္စ။ ကိုယ်ပါဝင်ခွင့်မရတော့ ခြင်း အပေါ် ရေတွက်မနေတော့ဘဲ နောက်ရာသီတွေအတွက် အကောင်းဆုံးဖြစ်အောင် သူများတွေကစားတာ ထိုင်ကြည့်ပြီး သုံး သပ်ဆင်ခြင်ခွင့်ဆိုတာ အရှုံးထဲက အမြတ်ဟု နှလုံးသွင်းခဲ့ရဖူးပါ၏။
× ⚽ × ⚽ ×
ကမ္ဘာ့ဖလားကို တိုက်ရိုက် လွှင့်တာ ကြည့်ရင်းတွေးခဲ့တာတွေထဲ ကမ္ဘာကြီးလုံးတာ သေချာ တယ်ဟူသည့် အချက်ပါသည်ဟု ဆိုလျှင် ရယ်စရာဖြစ်နေမလား မသိ။ ကျောင်းသင်ခန်းစာထဲ အလွတ်ကျက်ခဲ့ရသည့် ထိုကိစ္စမှာ ကလေးလေးတွေကို လက် တွေ့ပြလို့ အင်မတန်ကောင်းသည်ဟု ကျွန်တော်ထင်သည်။ ဒီမှာတွေ့လား တို့ဆီမှာ သန်းခေါင်ကျော် အချိန်မတော်ကြီး၊ ဟိမှာ ခုမှ နေ့လယ်၊ ညနေစ သဖြင့် သက်သေထူနိုင်သည်။ ပြီးတော့ ဟုတ်တိပတ်တိ ကျောင်း မနေခဲ့ရသည့် အဘိုးအိုတစ် ယောက်ပြောတာလည်း သတိရ သည်။
‘‘လေထဲမှာ မမြင်ရတဲ့အထဲမှာ တကယ်ရှိတာတွေ ရှိနေတယ်ဆိုတာ ယုံကြ၊ လေထဲလွင့်လာတဲ့ မမြင်ရတဲ့ဟာတွေကို ဓာတ် နဲ့ ဖမ်းလိုက်တော့ တကယ်မြင်ရပြီ မဟုတ်လား’’ တဲ့။ ခေတ်ပညာတတ် တစ်ဦးက ဒါတီဗီထဲက ဖန်ပြွန် တွေထဲ အီလက် ထရွန်အမှုန်တွေ ကခုန်နေတာဟု ဝင်ရှင်းရာအဘိုးအိုက ကျွတ်ခနဲ စိတ်တိုပြီး ‘‘အခေါ်အဝေါ်တွေက အရေးမကြီးပါဘူး။ မမြင်ရလို့ တကယ်မရှိဘူးမထင်နဲ့ ဆိုတာ ငါပြောနေတာ’’ဟုငေါက်ပါတော့သည်။
× ⚽ × ⚽ ×
‘‘သူများတွေနဲ့တော့ တူချင် မှတူမယ်။ ကျွန်တော်က ဆံပင် ဒီဇိုင်းတွေလည်း လေ့လာရသေး ဗျ။ ဒါမှ ကိုယ့်ဖောက်သည်တွေ ပူဆာရင် ဒက်ခနဲသိပြီး ညှပ်ပေး နိုင်မှာပေါ့’’
ကမ္ဘာ့ဖလားအပေါ် ဆံသ ဆရာစကားကလည်း တွေးစရာရ သည်။ ကွင်းထဲမှာ ဆံပင်တသသ လုပ်နေသည့် ကမ္ဘာကျော်ဘော လုံးသမားတွေ အများသားမဟုတ်လား။ သူတို့မှာလည်း ပိုက်ဆံတွေ နင်းကန်ရ၊ ဘယ်မှာဖြုန်းရမှန်း မသိတော့ ဆံပင်ညှပ် ဆရာကိုပါ ခြေကြွခတွေ မယုံလောက်အောင် တနင့်တပိုးပေးခေါ်လာတာမျိုး ရှိ ခဲ့ဖူးသည်ပဲ။ အချို့ကစားသမား တွေ သူတို့ ဆံပင်ဒီဇိုင်းအပေါ် ဘောလုံးထက် အာရုံပိုသည်ဟု ပရိသတ်ကခံစားရပြီး မကျေမချမ်း ရေရွတ်နေတာလည်း ကြားဖူးသည်။
‘‘ငါ့နှယ် ကမ္ဘာ့ဖလား တက်ကန်နေပြီး အဓိကနဲ့သာမညတောင် မခွဲခြားတတ်တဲ့ကောင်။ ဆံပင်က အရေးကြီးသလား၊ ဘော လုံးက အရေးကြီးသလား’’ တဲ့။
× ⚽ × ⚽ ×
ဒီနှစ် ကမ္ဘာ့ဖလားကို အားခဲထားသူတွေအတွက် ကြိုတင် သတိပေးစရာ လောကဓမ္မတာတစ်ခုကို ပြောချင်သေးသည်။ ဒါက မလွဲမသွေကြုံရဦးမည့် စိတ် အနှောင့်အယှက် ဖြစ်စရာကိစ္စ။ သူ့ကြောင့် ပွဲရသပျက်ရတယ်၊ သူ့ကြောင့် မနစ်နာသင့်ဘဲ နစ်နာရတယ်ဟု ယိုးစွပ်ခံရဦးမည့်သူများ။ သူတို့ကို ကာတွန်းတစ်ကွက်က ရေးဖူးသည်။ ရဲအစောင့်အရှောက်နဲ့ သွားရတယ် ဆိုတော့ အစိုးရမင်းများလား၊ တရားခံများလားဆိုတော့ မဟုတ်ဘူး။ ဘောလုံးဒိုင်လူကြီးတဲ့။
လူနှင့်အမှားများအကြောင်း ကမ္ဘာ့ဖလား ဘောလုံးပွဲတွေက မရိုးနိုင်အောင် သင်ပေးခဲ့ပြီးပြီ။ ခုရောနောင်ပါ သင်ပေးနေကြပါ ဦးမည်။ ဘောလုံးပွဲတစ်ပွဲကောင်း ခြင်း၊ မကောင်းခြင်း၊ ရသပေး နိုင်၊ မပေးနိုင်ဆိုသည်မှာ နှစ်ဖက် ကစားသမားများသာမက ဒိုင်လူ ကြီးများအပေါ်လည်း မူတည် သေးကြောင်း အားလုံးသိပြီး ဖြစ် ပါသည်။
ဒါကြောင့်လည်း အရေးကြီးသောပွဲစဉ်တွေဆိုလျှင် ဘယ်သူကိုင်တွယ်မလဲဆိုတာ စိတ်စောကြရမြဲ။ ဘယ်လောက် စိတ်ချရ မည့် ဒိုင်လူကြီးလဲ။ အထူးသဖြင့် ကွင်းလယ်ဒိုင်။
ဒိုင်ဆိုတာလည်း လူပဲမို့ မှားမှာတော့ သေချာပြီးသား။ ဘယ်လောက်မှားမလဲ၊ မည်မျှချွတ်ချော်မလဲဆိုတာသာ ပြောရန်ရှိ သည်။ ဆိုလိုတာက လူတွေ လက်ခံနိုင်တဲ့ပမာဏနဲ့ လက်မခံနိုင်တဲ့ပမာဏပေါ့။ ဒါဖြင့် လူတွေဟာ အမှားကို အကန့် အသတ်နှင့် လက်ခံသည်ပေါ့။ ဒီလိုပဲ ယူဆချင်ပါသည်။
ဒါပေမဲ့ ထိုအမှားကြောင့် နစ်နာဆုံးရှုံးရမည့် ပမာဏကတော့ ပြောစရာရှိသည်။ တွန်းတွန်းတိုက်တိုက် ကစားရသည့် သဘာ ဝရှိသော ကစားနည်းဆိုတော့ ပိုအငြင်းပွားစရာကောင်းပါ သည်။
ဘောလုံးပွဲသည် ကျွန်တော်တို့၏ နေ့စဉ်ဘဝတွေလိုပင် အငြင်းပွားစရာတွေနှင့် ပြည့်နေပါ၏။ နှစ်ဖက်ငြင်းနေတာက မဆန်းလှသေး။ ဒါကိုဆုံးဖြတ်ပေး ရမည့်သူ၏ လုပ်ရပ်အဆုံးအဖြတ် က အငြင်းပွားဖွယ်ရာ ဖြစ်လာလျှင်တော့ တကယ့်ကို ပြဿနာ ကြီးပြီ။လူသား၏အမှားကြောင့် မနစ်နာသင့်ဘဲ မနစ်နာကြစေရန် နည်းပညာဖြင့် ကုစားကာကွယ်ဖို့ လူသားတွေ ကြိုးစားခဲ့ကြပါ သည်။ ဘောလုံးပွဲမှာပဲ ကြည့်ပါ။ အရေးကြီးသည့်နေရာဖြစ်သည့် ဂိုးလိုင်းနည်းပညာ၊ ပြီးတော့ ပွဲ ခေတ္တရပ်၍ ဗီဒီယိုပြန်ကြည့်သည့် စနစ်။ ဒါတောင် လူကိုမစွန့်နိုင် သေး၊ မှားတတ်ပါသည်ဟု ဝန်ခံထားသော လူသားက အဓိကဆုံး ဖြတ်ပေးနေရဆဲ။
ကမ္ဘာ့ဘောလုံးလောကမှာ အရေးကြီးပွဲတွေရောက်တိုင်း ပရိသတ်နှင့် ကစားသမားတွေ တောင့်တသည့် ဒိုင်လူကြီးမျိုး မရှိခဲ့ဘူးလား၊ လူတိုင်းမဟုတ် တောင် အများစုကြီးက ယုံကြည် အားကိုးခဲ့သည့် ဒိုင်အချို့ရှိခဲ့ပါ သည်။ ဥပမာ အီတလီသား ကော် လီနာကိုကြည့်ပါ။
ခေါင်းတုံးပြောင်ပြောင်၊ မျက်နှာချောင်ချောင်နှင့် သူ့သွင် ပြင်ကို ပြန်မြင်ယောင်ကြပါလိမ့် မည်။ မှားတတ်သည့် လူသားချင်း အတူတူ သူ့ကိုတော့ ယုံခဲ့ကြ သည်။ ကျွန်တော်တို့ ခေတ္တမြင် ယောင်ကြည့်နိုင်ပါသည်။ ဘော လုံးပွဲက ပြိုင်ဆိုင်မှုပြင်းထန်နေပြီ။ ဆုကြေးငွေပမာဏထက် နိုင်ငံ့ ဂုဏ်သိက္ခာအတွက် အရိုးကြေ အရေခန်း ပြိုင်ရသည့်ပွဲမျိုး၊ ပရိသတ်သန်းပေါင်းများစွာ မျက် လုံးတွေရှေ့ အားပေးမှုတွေ တစ် ခဲနက်အောက် ယှဉ်ရသည့်ပွဲ။ ဒီလို အရေးကြီးပွဲမှာ အရေးကြီး ဆုံးအချိန် အရေးကြီးသည့် အဆုံး အဖြတ်တွေကို ဘယ်လိုပေးမှာ လဲ။ ဒိုင်ရဲ့ ကျွမ်းကျင်မှုလား။ ဒါ လည်းပါပေမည့် ဒါတင်မကပါ။ သူ့ အလုပ်အပေါ် အဂတိကင်း သည့်စိတ်၊ ထိုစိတ်အပေါ် တည် ကြည်မှုဖြင့် ချမှတ်သည့် အဆုံး အဖြတ်ပဲ ဖြစ်ပါမည်။
ဥပမာပေးခဲ့သည့် ကော်လီ နာလို ဒိုင်လူကြီး၏ ခရာမှုတ်သံက ပွဲအဖြေရလဒ်ကိုလည်း ပြောင်း နိုင်သည့် အနေအထားမျိုး။ ဒီလို အခြေအနေမှာ သူ့အဆုံးအဖြတ်ကို ဘယ်လိုတုံ့ပြန်ကြပါသလဲ။ ကမ္ဘာကျော် ဘောလုံးသမားတွေ ကအစ သန်းပေါင်းများ စွာသော ပရိသတ်တွေအဆုံး လက်ခံခဲ့ကြ တာများပါသည်။ ဘာကြောင့်ပါလဲ။ သူ၏ တည်ကြည်မှု၊ ကျွမ်းကျင်မှုအပြင် သူ၏ အဂတိ ကင်းအောင် ဆုံးဖြတ်တတ်သော အချက်ကို ယုံကြည်၍ဖြစ်ပါ၏။
သူ (ကော်လီနာ)က ပင်နယ် တီတစ်လုံးနှင့်ပတ်သက်၍ နောင်တရမိကြောင်းမှစ၍ သူ့လွဲချော်မှုတွေအကြောင်း လူသိရှင်ကြား ဝန်ခံဖူးသည်။ ဒါကိုလည်း လူတွေက နားလည်မှုပေးခဲ့ကြသည်။ သူပြောခဲ့ဖူးသည့် စကားတွေကို နားထောင်ကြည့်ပါ။ ဒါတွေက သူ ကိုယ်တိုင် ကျင့်ခဲ့တာနှင့် တစ် ထပ်တည်းဆိုတာ သူ့အကြောင်း သိသူမှန်သမျှ သဘောတူကြပါလိမ့်မည်။
အနာဂတ် ဘောလုံးလောက ရဲ့ အဓိကအချက်ဟာ လေးစားမှု ပဲတဲ့။ ပြီးတော့ ပြောသေးသည်။ ဒါ လုပ်ပိုင်ခွင့်မဟုတ်ဘူး။ လေးစားမှုကိစ္စပဲတဲ့။ လူတွေက ကွင်းထဲမှာ (တလေးတစား) သဘော ညီခွင့်ပြုထားတာဟာ ဒိုင်လူကြီး ဖြစ်နေလို့ မဟုတ်ဘူး။ လူတွေ လေးစားလို့တဲ့။
ဒိုင်လူကြီးမို့ လေးစားတာမဟုတ်။
လေးစားမှုကြောင့် ဒိုင်လူကြီးဖြစ်ရတာဟု ဆိုလိုသည် ထင်ပါ၏။ ဒါ ဒိုင်တစ်ယောက်ရဲ့ အကောင်းဆုံးရလဒ်ကို ရသွား တာပဲ။ ကိုယ်မှားခဲ့တယ်ဆိုရင်တောင် လူတွေက လက်ခံပေးလို့ရတယ်ဟု ပြောခဲ့ပါသေးသည်။
သူ၏ ကမ္ဘာ့ဖလားနှင့်ပတ်သက်သည့် နောက်ဆုံးပွဲကို ရှာကြည့်ပါသည်။ ၂၀၀၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် လစ္စဘွန်း မြို့မှာကန်သည့် ပေါ်တူဂီနှင့် စလိုဗက်ကီးယားတို့၏ပွဲ။ သူ့ကို ယုံမှတ်ပေးအပ်သည့်တာဝန်ကို ထမ်းဆောင်အပြီး ရှုံးသူ၊ နိုင်သူ တွေ ကွင်းထဲမှာ ပျော်သူပျော်၊ ပြို လဲသူလဲနေကြချိန် သူကတော့ ခုနကပွဲမှာ ကန်ခဲ့သည့် ဘောလုံး၊ ပွဲချိန်အတွင်းက လူ ၂၂ ယောက်လုံး လုယက်ခဲ့သည့် ဘောလုံး၊ ယခုတော့ ဘယ်သူမှ ဂရုမစိုက် တော့သည့် ဘောလုံးကလေးကို တယုတယ ကောက်ယူပြီး ကမ္ဘာ့ဖလား ဒိုင်လူကြီးဘဝကို အပြီးအပိုင် စွန့်ခဲ့ပါတော့သည်။
တကယ်တော့ သူကောက်ယူသွားသည်မှာ ဘောလုံးကလေးတစ်လုံးဟု ကျွန်တော်မမြင်ပါ။ ပွဲစဉ်အမှတ်တရ ကောက်ယူ သွား သည်ဟုလည်း မထင်ပါ။ သူ ကောက်ယူသိမ်းပိုက်သွားသည်မှာ ကမ္ဘာကျော် ကစားသမားများအပါအဝင် နည်းပြများ၊ သန်း ပေါင်းများစွာသော ဘောလုံးပရိသတ်များ၏ ယုံကြည်လေးစားမှုပဲဟု ကျွန်တော်မြင်ပါ၏။
လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုကြီးသည့် အခြားဖြစ်ရပ်တွေမြင်တိုင်း ဥပမာ တရားရုံးခုံကို တူနှင့်ထုလိုက်သော ဒုံးခနဲ အသံနှင့် စီရင်ချက် ဖတ်သည်ကို မြင်တိုင်း ကော်လီနာ၏ ခရာမှုတ်သံကို ကျွန်တော် သတိရနေပါမည်။
လွှတ်တော်ဥက္ကဋ္ဌများ၏ တူထုသံကြားလျှင်လည်း ကော်လီနာ၏ခရာသံကို အမှတ်ရနေပါမည်။
ထို့အတူ ... ထို့အတူ ...။
#မင်းကိုနိုင်
(7Day Daily သတင်းစာပါ ဆောင်းပါးမှ)
ကာတွန်း လူကိုနော်ရဲ့ ခုလည်း သူတလူ ငါတမင်းပါပဲ ...
$
0
0
ကာတွန်း လူကိုနော်ရဲ့ ခုလည်း သူတလူ ငါတမင်းပါပဲ ...
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၈
ကာတွန်း လိုင်းလုဏ်ရဲ့ တာဝန်ကိုယ်စီ
$
0
0
 ကာတွန်း လိုင်းလုဏ်ရဲ့ တာဝန်ကိုယ်စီ
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၈
လင်းသက်ငြိမ် ● ညရဲ့လက်ဆောင်
$
0
0
လင်းသက်ငြိမ် ● ညရဲ့လက်ဆောင်
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၈
မီးပျက်သွားတဲ့ညတွေကို ကြုံတွေ့ခဲ့ရပေါင်းများလှပါပြီ။ ရုတ်တရက်မှောင်မိုက်သွားတဲ့ခံစားမှုဟာ အများနဲ့ဆို သိပ်မထူးခြား လှပေမယ့် တယောက်တည်းဆို စိမ့်ခနဲခြောက်ခြားသွားရလေ့ရှိတယ်။ အမှောင်ဟာ လူတွေနဲ့သိပ်မတည့်တဲ့အရာလို့ ထင်မိ တယ်။ မှောင်မိုက်သွားတဲ့အချိန်ကျမှ အလင်းရောင်ရဲ့တန်ဖိုးကို တွေးတောဆင်ခြင်မိတော့တယ်။ ဖတ်ဖူးတဲ့ဇာတ်တော် တွေထဲဖတ်ဖူးတဲ့ သူတပါးကို အလင်းပေးလှူတဲ့လူတွေရရှိတဲ့ကုသိုလ်တရားကို အယ်ဒီဆင် ဘယ်လောက်များရရှိလေလိမ့်မလဲလို့တွေးဖူးတယ်။ အမှောင်ဟာ လူ့အမြင်အာရုံကို ဝိုးတဝါး မသဲမကွဲဖြစ်သွားစေနိုင်တယ်။ အမှောင်ထဲလှုပ်ရှားနေတဲ့ အရိပ်မည်းမည်းတွေဟာ ကိုယ့်စိတ်မလုံခြုံမှုဆီကနေ ထွက်ကျလာတဲ့ တစ္ဆေတွေလည်း ဖြစ်နိုင်ပါလိမ့်မယ်။ ကြောင်တ ကောင်ရဲ့အမှောင်ထဲ ကျင်လည်စွာ သွားလာလှုပ်ရှားနေပုံကိုငေးရင်း သဘောကျမိတဲ့ညတွေ ရှိခဲ့ဖူးပါတယ်။
အမှောင်ဟာ လူတန်းစားအခြေအနေကို ဝုန်းခနဲပစ်ချ ပြလေ့ရှိတဲ့ အရာလို့လည်း မြို့ကြီးတမြို့မှာ ငုတ်တုတ်ထိုင်ရင်း တွေးခဲ့ဖူးတယ်။ ဖျပ်ခနဲမှောင်မိုက်သွားတဲ့ ပတ်ဝန်းကျင်ထဲ အသံတွေဆူညံစွာ ဝင်းခနဲလင်းတက်လာတဲ့ တိုက်မြင့်ကြီးနံဘေး က မှိတ်တုတ်မှိတ်တုတ် အိမ်ငယ်ကလေးတွေရဲ့ မြင်ကွင်းက ကျွန်တော့်အတွေးကို ဆေးသားတင်ပေးနေခဲ့တယ်။ အလင်း ရောင်ဟာ ငွေနဲ့ဝယ်ယူလို့ရတဲ့အရာဖြစ်ကြောင်းကို ကျွန်တော်တို့် သေချာသိခဲ့ပြီးသားပါပဲ။ ကျောချင်းကပ်အနေအထား ဖြစ်ပေမယ့် အမှောင်တခြမ်း အလင်းတခြမ်းဖြစ်နေတဲ့ မြင်ကွင်းက ကျွန်တော့်ရင်ကို လှုပ်ခတ်စေခဲ့တယ်။ဘာမှန်းမသိပဲ ဆွေးမြေ့ကြေကွဲသွားစေခဲ့တယ်။ တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း အမှောင်ထဲငုတ်တုတ်ထိုင်နေရတယ်ဆိုတဲ့ အသိက ကျွန်တော့် နှုတ်ခမ်းကို တွန့်ကွေးပြီးပြုံးစေတယ်။ မီးစက်သံတွေက မီးပြန်မလာမချင်း ညကို ခါယမ်းနေပါလိမ့်ဦးမယ်။
နမ့်ခမ်းမြို့ကို ကျွန်တော်သွားတုန်းက မှောင်စပျိုးညနေခင်းတခုမှာ မူဆယ်မြို့ကိုဖြတ်ရတော့ ဟိုတဖက်ခြမ်းကလင်းထိန်နေမှုကိုကြည့်ပြီး ဒီဖက်ခြမ်းရဲ့ညှိုးငယ်ဖျော့မှိန်နေတဲ့ပုံနှင့် နှိုင်းယှဉ်ကာ ကြေကွဲသလိုလို နာကျင်သလိုလို ခံစားခဲ့ရတာကို အ မှတ်ရမိပါတယ်။ မြင့်မားတဲ့အဆောက်အဦးတွေပေါ်က ဝင့်ဝင့်ကြွားကြွားဖြာကျနေတဲ့ အလင်းတန်းတွေဟာ ကျွန်တော့်ကို လောင်မြိုက်နေသလို ခံစားခဲ့ရတယ်။ အလင်းရောင်ဆိုတာ ညဖက်ရောက်တဲ့အခါ ငွေကြေးအပေါ်ဖြတ်ထိုးထားတဲ့ တံတားတစင်းဖြစ်နေတာပါပဲလား။အမှောင်ထဲနေထိုင်ရန် ကိုယ်ခံအားနည်းတဲ့လူအတွက် အလင်းဟာ သူ့ရဲ့ကြောက်ရွံ့မှုကို ဝှက်သိမ်းထားဖို့ရာ ရဲတိုက်ကြီးဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ အမှောင်နဲ့အလင်းကို တပြိုင်တည်းမြင်ရတဲ့အခါ တခုခုကို ခင်ဗျားလည်း တွေးခေါ်ကောင်း တွေးခေါ်မိပါလိမ့်မယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်။
ရထားနဲ့ ညခရီးသွားရတဲ့အခါတိုင်း လက်နှိပ်ဓာတ်မီးတဝင်းနဲ့  လျှပ်စစ်မီးမရသေးတဲ့ ရွာကလေးတွေကို ဖြတ်ကျော်လာ ခဲ့ရတိုင်း စိတ်ထဲမကောင်းဖြစ်ရတယ်။ လင်းချင်းနေတဲ့ညတွေဟာ အားလုံးအတွက် မလွယ်ကူတဲ့အရာတခုဖြစ်နေခဲ့တဲ့အ ကြောင်း အယ်ဒီဆင်သိသွားခဲ့လေမလား။ နည်းပညာခေတ်ကြီးထဲ အလင်းမဲ့ညတွေကို ထွေးပွေ့ထားရတဲ့ ရွာကလေးတွေဟာ ဒီနိုင်ငံရဲ့ အစွန်းထွက်နေတဲ့ဖွံဖြိုးတိုးတက်မှုကို သရုပ်ဖော်ပြနေလေရော့သလားလို့လည်း တွေးခဲ့မိတယ်။ ရထားဟာ မီး ရောင်တွေဖြတ်လိုက် အမှောင်တွေဖြတ်လိုက်နဲ့ တရိပ်ရိပ်ပြေးလွှားသွားခဲ့တယ်။ ခေတ်ကြီးက ရထားလိုမှောင်နေတဲ့ ရွာက လေးတွေကို ဖြတ်ပြေးရုံပဲထားမသွားဖို့ ကျွန်တော်ဆုတောင်းမိပါရဲ့။ ဖယောင်းတိုင်မီးဝါဝါကလေးတွေ ၊ တရုတ်လုပ်ဓာတ်မီး ဖြူဖြူကလေးတွေဟာ မပြည့်စုံခြင်းရဲ့ ညရဲ့ သင်္ကေတဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။
မီးပျက်သွားတဲ့ညကိုကြည့်ပြီး အစိုးရကို ဆဲရေးရန် ကျွန်တော်မကြိုးစားတော့ပါ။ မီးပျက်သွားတဲ့ညတွေကို အခုမှ အခု ကြုံတွေ့ရဖူးတာမှ မဟုတ်ဘဲ။ မီး ခဏခဏလာတယ်ဆိုတဲ့ဟာသက တကယ်ကော ရယ်စရာကောင်းပါရဲ့လား။ ဒီနေ့ည မီးပျက်သွားတော့ ဘာကြောင့်မှန်းမသိ ကျွန်တော့်စိတ်တွေ ထူးထူးခြားခြား ကြည်လင်လို့နေတယ်။ လပြည့်ရန်နှစ်ရက်သာ လိုတော့တဲ့ ဖြူဆွတ်သော လရောင်က ညကို ကြင်နာယုယစွာထွေးပွေ့လို့။ လေပြေက ဖြည်းညင်းစွာ တိုက်ခတ်နေတဲ့အတွက် အပူချိန်တွေ လျှော့နည်းသွားပြီးဆွတ်ပျံ့သော ခံစားမှုဖြင့်ရင်ဟာ တငြိမ့်ငြိမ့်ခုန်နေတယ်။ အဝေးကလှမ်းမြင်ရတဲ့ နေအိမ် တွေက သွပ်မိုးတွေ လရောင်နဲ့ ဝင်းလက်နေကြတယ်။ သရက်ရွက်အစိမ်းပေါ်ထိုးကျနေတဲ့လရောင်က စိုစိုလက်လက် လင်း လို့။ လရောင်အောက်မှာမြင်ရတဲ့ ဘေးပတ်ဝန်းကျင်ရှုခင်းတွေကအသစ်စက်စက် နုပျိုမှုကိုယူလာပေးသလို ခံစားမိတယ်။
ကြယ်တွေကြားမှာ ဖွေးဖြူ လုံးဝန်းနေတဲ့လမင်းကြီးကို တိမ်တွေက ကွေ့ရှောင်ပြီးရွေ့လျားနေကြတယ်။
လမင်းကြီးဟာ ငယ်ဘဝကနေအခုထိ ကျွန်တော်တို့နောက်မှာ ထပ်ကြပ်မခွာ လိုက်ပါနေတာပဲ မဟုတ်လား။ သူ့လောကဓံသူ ရုန်းကန်ရင်း ထွန်းလင်းနေတဲ့ လမင်းကြီးကိုကြည့်ရင်းတွေးမိပြန်တယ်။ မရရှိခဲ့တဲ့ ထမင်းဆီဆမ်းဟာငယ်ဘဝအတွက်တော့ မရိုးနိုင်တဲ့တေးသံပဲ။ ကီးမျိုးစုံနဲ့ အမေ့အသံကို ကျွန်တော်တို့ပြန်မကြားရတော့ပေမယ့် မေ့မရနိုင်ဖြစ်နေရဆဲ။ ဘဝမှာ အဦး ဆုံးနားထောင်ဖူးတဲ့ အဆိုတော်ကလည်း အမေပဲ။ ဘဝရဲ့ အဦးဆုံးပုံပြင်ကလည်း လမင်းကြီးပဲဖြစ်မယ်လို့ ကျွန်တော်ထင် ပါတယ်။ ဆန်ဖွပ်နေတဲ့အဘိုးအိုနဲ့ဝပ်နေတဲ့ ယုန်တကောင်အစား လပေါ်ကချိုင့်ဝှမ်းကြီးများအကြောင်းကိုသိရပြီးတဲ့နောက် အမေ့တေးသံနဲ့ ဝေးခဲ့သလို၊ လမင်းကြီးနဲ့လည်း အရင်လိုမဆုံစည်းနိုင်တော့ပါ။ မီးပျက်တဲ့ ညတညကလမင်းကြီးနဲ့ ကျွန် တော့်ကို ပြန်လည်တွေ့ဆုံခွင့်ပြုခဲ့တာပဲလို့လည်း တွေးမိပြန်တယ်။ လမင်းရဲ့အေးမြမှုကိုခံစားရင်း စိတ်ထဲက မကြည်လင်မှု တွေ၊ တနေ့တာရဲ့ပင်ပန်းဆင်းရဲခြင်း၊ အဆင်မပြေခြင်းတွေနဲ့ လွဲချော်နေတဲ့ လောကဖြစ်စဉ်တွေအပေါ်အာဃာတထားမိ ခြင်းတွေစတဲ့ နောက်ကျိသောအတွေးတွေလည်း ပျောက်ကွယ်သွားသလိုခံစားရတယ်။ သဘာဝာစွမ်းအင်အမျိုးမျိုးနဲ့ တည် ရှိနေကြောင်း မက်ဆေ့တခုပို့လိုက်သလိုပါပဲ။
သဘာဝက နေ့နဲ့ညကို အချိုးကျ ဖွဲ့စည်းပေးထားခဲ့ပေမယ့်။ လူတွေရဲ့လိုအပ်ချက်တွေ၊ အလိုဆန္ဒတွေအရ ညဟာ နေ့လို လင်းဖို့ လိုအပ်ခဲ့ကြတာပဲလား။ လရောင်အောက်ကအတွေးတွေဟာ အစများစွာနဲ့ ကခုန်နေကြတယ်။ လရောင်ဟာ အိပ် စက်ခြင်းကိုဆွဲထူပြီး အရာရာကိုတွေးခေါ်ဖို့ ညှို့ငင်တတ်တဲ့ စွမ်းအားရှိသလား။ပင်လယ်ဒီရေဟာ လရောင်မှာမြင့်တက်လာ သတဲ့ ။လရောင်အောက်မှာချိန်းတွေ့ကြတဲ့ချစ်သူတွေဟာတယောက်ကိုတယောက်အရင်ထက် ပိုမိုစုံမက်လာမလား။သူတို့နှစ်ယောက်ရဲ့ရှေ့ခရီးလမ်းကကော လရောင်လိုအေးမြဖြူ.လွနေလေမလား။ မသင့်မြတ်သူနှစ်ယောက် လရောင်အောက် တွေ့ဆုံကြတဲ့အခါ ငြိမ်းချမ်းရေးရသွားနိုင်လေမလား။ လရောင်လှုံတဲ့အပျိုစင်တွေအကြောင်း စာအုပ်တွေထဲ ဖတ်ရှုခဲ့ဖူးပါ တယ်။ လရောင်လှုံပြီး ပိုမိုချောမောလာတဲ့ အပျိုစင်ကိုအပြင်မှာ မတွေ့ဖူးပေမယ့် လရောင်ကိုခိုလှုံနေတဲ့ အခိုက်အတံ့မှာ သူမရဲ့စိတ်တွေ ကြည်လင်အေးမြနေလိမ့်မယ်လို့ ကျွန်တော်ဖြင့်ထင်မိပါတယ်။
မီးပျက်တဲ့ညတွေကို မကြာခဏကြုံဖူးသလို၊ လပြည့်ညတွေကိုလည်း ကြိမ်ဖန်များစွာ ကြုံဖူးတာပါပဲ။ စိတ်အခြေအနေကတော့ အမျိုးစုံ၊ အရောင်စုံပဲပေါ့။ လမ်းပေါ်ကိုကြည့်လိုက်တော့ကျောက်စရစ်ခဲလေးတွေ တလက်လက်။ ရေအိုင်ကလေးကိုကြည့်လိုက်တော့လည်း ရေပြင်ဟာ တလက်လက်။ သစ်ပင်တွေကို ကြည့်လိုက်ပြန်တော့လည်း လေပြေမှာ ယိမ်းကနေတဲ့ သစ် ရွက် တွေတလက်လက်။ လရောင်ပြဇာတ်မှာပွဲကြည့်သူ ကျွန်တော်က ကဗျာတပုဒ်ရေးဖြစ်ခဲ့တယ်။ မီးပျက်ခြင်းရဲ့ အဆင် မပြေမှု တခုဆီကနေ ကောက်ရခဲ့တဲ့ ညတညအကြောင်း၊ အဲ့ဒီညကပဲ ကျွန်တော့်နွမ်းညစ်မှုတွေကို တခဏ ဆေးကြောသုတ်သင်ပေးခဲ့တဲ့အကြောင်း၊ ရေးပြီးပျော်ခဲ့ရတဲ့ ကဗျာတပုဒ်ပါပဲ။ အဲ့ဒီကဗျာကိုအခုပဲ ဖော်ပြလိုက်ပါတယ်။
"လက်ဆောင်"
 မီးပျက်သွားမှ ညကိုတွေ့လိုက်ရတယ်
 ကောင်းကင်က နို့ရည်တွေ
 မြေသားလမ်းပေါ်ရွှဲလို့
 ဆုံးရှုံးခြင်းထဲက တခုခုကိုရခဲ့တယ်။
လင်းသက်ငြိမ်
အောင်ငြိမ်းချမ်း၊ ဝင်းနန္ဒာ (Myanmar Now) ● ဒဏ်ရာဗရပွနဲ့ နာဖျားနေတဲ့ ရန်ကုန်ဆေးရုံကြီး
$
0
0
အောင်ငြိမ်းချမ်း၊ ဝင်းနန္ဒာ (Myanmar Now) ● ဒဏ်ရာဗရပွနဲ့ နာဖျားနေတဲ့ ရန်ကုန်ဆေးရုံကြီး
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၈
ရန်ကုန်ဆေးရုံကြီးဂုဏ်သရေ ညှိုးနွမ်းစေတဲ့ ပြဿနာတွေ အများအပြား ရှိနေပါတယ်
(ရန်ကုန်) —ကုသမှု ခံယူဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ရောက်ခဲ့တယ်ဆိုပါစို့။ ဘယ်ကို ဆက်သွားရမှန်းမသိ ယောင်လည် လည်ဖြစ်နေရင်တော့ သင့်နားကို ဘဲငန်းတွေ ဝိုင်းလာပြီး ဘယ်သွားမလဲ၊ ဘယ်အဆောင်လဲ၊ ဘာရောဂါဖြစ်တာလဲ ဆိုပြီး ဆက်တိုက်မေး၊ အကြံဉာဏ်တွေပေး၊ ပိုက်ဆံလည်း တောင်းပါလိမ့်မယ်။
“ဘဲငန်း” ဆိုတာ ရန်ကုန်ဆေးရုံကြီးမှာ အဲဒီလို ငွေရှာတဲ့သူတွေကို ပေးထားတဲ့ နာမည်ပါ။
ကျန်းမာရေးဌာနရဲ့ ဧက သုံးဆယ်ကျော်ဝင်းကြီးထဲ တည်ရှိတဲ့၊ လွန်ခဲ့တဲ့ ၁၁၉ နှစ်က တည်ဆောက်ခဲ့တဲ့ ဒီဆေးရုံကြီးနဲ့ ပတ်သက်ပြီး ဓာတ်ခွဲခန်းတည်နေရာကအစ၊ နာမည်ကျော်သမားတော်ကြီးတွေ ဘယ်အချိန် လာတတ်တယ်ဆိုတာ အလယ်၊ ရေနွေး ဝယ်နိုင်တဲ့နေရာအဆုံး ဘဲငန်းတွေက ပြောပြနိုင်ပါတယ်။
လူနာ၊ လူနာရှင်တို့ကို သားကောင်လို သဘောထားတဲ့ ဘဲငန်းတွေက ၉ နှစ်နဲ့ ၂၅ နှစ်ကြား ယောက်ျားလေး အများစုပါ။ အကူအညီတောင်းလာသူက "လက်ဖက်ရည်ဖိုး"မပေးဘူးဆိုရင် ဆန့်ကျင်ဘက်အရပ်တွေဆီ လမ်းညွှန်တာမျိုးလုပ်ပြီး ဒုက္ခပေး၊ ပညာပြကြတယ်လို့ ဆရာဝန်တွေ၊ ဆေးရုံဝန်ထမ်းတွေက ဆိုပါတယ်။
“နယ်ဘက်က ရိုးအတဲ့၊ မသိနားမလည်တဲ့ လူတွေအပေါ်မှာ သူတို့က အမြတ်ထုတ်ကြတာ” လို့ ဆေးရုံရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက ပြောပါတယ်။
ဘဲငန်းတွေထက် ပိုဆိုးရွားတာကတော့ လူနာပွဲစားတွေပါ။ သူတို့ဟာ အပူသည် လူနာ၊ လူနာရှင်တွေနား ချည်းကပ်ပြီး ဆေးရုံတက်ခွင့်ရရေး ကူညီမယ်၊ ဘယ်ဆရာဝန်ကို ဘယ်လောက်ပေးရမယ် စသဖြင့် ယုံအောင်ပြောပြီး ငွေအကြီး အကျယ် လိမ်ကြတာပါ။
ဘဲငန်း၊ လူနာပွဲစားတို့ကပဲ ဒီဆေးရုံကြီးကို နာမည်ပျက်အောင် လုပ်နေကြတာ မဟုတ်ပါဘူး၊ ခိုးမှု၊ မသန့်ရှင်းမှု၊ လူနာတင် အငှားယာဉ်၊ ဆေးရုံကို သာလာယံဇရပ်လို သဘောထားပြီး တိုးဝှေ့နေထိုင်သူ၊ စည်းကမ်းမဲ့ ပျံကျဈေးသည် အစရှိတဲ့ အထွေထွေပြဿနာတွေကလည်း ရန်ကုန်ဆေးရုံကြီးရဲ့ ဂုဏ်သရေကို မြောင်းထဲဆွဲချနေပါတယ်။
ဆေးရုံဝန်ထမ်းအယောင်ဆောင် လူနာပွဲစားတချို့ရဲ့ ဓာတ်ပုံတွေကို လူမြင်ကွင်းမှာ ကပ်ထားပါတယ် (ဓာတ်ပုံ - Myanmar Now)
● မှုခင်း
မြန်မာပြည်ရဲ့ အကြီးဆုံးဆေးရုံဖြစ်တဲ့၊ အနယ်နယ်အရပ်ရပ်က လူနာတွေ အားကိုးရာဖြစ်တဲ့ ဒီနေရာကို အဝင်မှာ ဘဲငန်း တွေ၊ လူနာပွဲစားတွေရဲ့ ရန်ကနေ လွတ်တယ်ဆိုရင်လည်း သက်ပြင်းချလို့ မရနိုင်သေးပါဘူး၊ လူနာကုတင်တွေနားမှာ ပိုက်ဆံအိတ်၊ ဖုန်း တို့ကို လစ်ရင် လစ်သလို လှည့်လည် ခိုးယူတတ်သူနဲ့လည်း ကြုံရနိုင်ပါသေးတယ်။
ခိုးမှုတွေဟာ ညပိုင်းအဖြစ်များတယ်လို့ ဆေးရုံအုပ်တစ်ဦးဖြစ်တဲ့ ဒေါက်တာခင်မောင်ကြီးကပြောပါတယ်။
“ဆေးရုံဝန်းက ကျယ်တော့ အိပ်စရာနေရာလည်းရှိတယ်၊ အစားအသောက်ကလည်း လှူတဲ့သူတွေရှိနေတော့ သူခိုးကြမ်းပိုး တွေကအစ ဒီထဲမှာ လာလုပ်စားနေကြတယ်” လို့ ဒေါက်တာခင်မောင်ကြီးက စိတ်ပျက်လက်ပျက် ပြောပါတယ်။
အထွေထွေကုသဆောင်(၁) မှာ တွေ့ရတဲ့ လူနာစောင့်တစ်ဦး ဒီလဆန်းပိုင်း ညဘက် အိပ်နေတုန်း ဆွဲကြိုး အဖြုတ်ခံရလုနီးပါး ဖြစ်ရပ်နဲ့ ကြုံခဲ့ရသူပါ။
“လက်က ကျွန်မလည်ပင်းပေါ် ရောက်လာတာ၊ ဆွဲကြိုးကို လာစမ်းတာ” လို့ အသက် ၃ဝ ကျော်အရွယ် အမျိုးသမီးက ဆိုပါတယ်။
အခြေအနေမဟန်တဲ့အတွက် အဲဒီလူ ထွက်ပြေးသွားပါတယ် တဲ့။ ဒီနေရာမှာ ခိုးမှု၊ မှောင်ရိပ်ခိုမှုလို အမှုမျိုး အပတ်စဉ် ၅ မှုနှုန်း ဖြစ်ပွားနေတယ်လို့ လသာမြို့နယ် ရဲစခန်းရဲ့ စာရင်းတွေမှာ တွေ့ရမှာပါ။
ဒီလ ပထမပတ်အတွင်းမှာ စခန်းရောက် အမှု ၆ ခု ရှိတယ်လို့ လသာရဲစခန်းမှ ဒုရဲအုပ်ဇော်ဟန်က ပြောပါတယ်။
လူအဝင်အထွက် များလွန်းတဲ့ အခြေအနေကြောင့်လည်း ပြစ်မှုကျူးလွန်သူကို ဟန့်တားရ ခက်စေတယ်လို့ ဒေါက်တာနေဝင်းသိန်းက မှတ်ချက်ချပါတယ်။
“ဒီလူနာတွေနဲ့ရောပြီးတော့ ဘယ်ကမှန်းမသိတဲ့ အခြေအနေမဲ့လူတွေပါ လာနေတော့ စစ်ဆေးမေးမြန်းဖို့၊ ဖော်ထုတ်ဖို့ ခက်ပါတယ်” လို့ ရန်ကုန်ဆေးရုံကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းထောက်တွေနဲ့ တွေ့စဉ်မှာ ပြောပြပါတယ်။
ဈေးသည်တွေ ဒိုးပစ်၊ ဇယ်တောက် ကစားကြရာကနေ လောင်းကစားဝိုင်းတွေ ဖြစ်လာတယ်၊ နောက်ဆက်တွဲအနေနဲ့ ရန်ပွဲ၊ မူးယစ်ရမ်းကားမှု၊ ဒုစရိုက်မှုတွေ ပေါ်လာပါတယ် တဲ့။
“နောက်ဆုံး ဘာဖြစ်လာလဲဆိုတော့ အထူးကုဆရာဝန်အခန်းတွေထဲ ဝင်ပြီး ဖုန်း၊ ပိုက်ဆံ ခိုးတဲ့အထိ ဖြစ်လာတယ်” လို့ ဒေါက်တာနေဝင်းသိန်းက လုံခြုံရေးကင်မရာမှတ်တမ်းတွေကို ကိုးကားပြီး ပြောပါတယ်။
ခိုးမှုတစ်ခုကို လုံခြုံရေးကင်မရာက မှတ်တမ်းတင်ထားပြီး ကျူးလွန်သူလို့ ယူဆရသူကို ရဲတပ်ဖွဲ့လက်ထဲ ထည့်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု 
ပစ္စည်းမျိုးစုံ ရောင်းချတဲ့ ပျံကျဈေးသည် အများအပြားဟာ ဆေးရုံဝန်းကျင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို သဘောထားသူတွေ ဖြစ်တယ်လို့ ဆေးရုံအုပ်တွေက ဆိုပါတယ်။
ဝန်ထမ်းအင်အား ၅ဝ ကျော်ရှိတဲ့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခု ငှားရမ်းထားပေမယ့် ကားအဝင်အထွက်၊ ကားရပ်နားရေးတို့ကို အဓိက လုပ်ဆောင်ကြတယ်၊ နေ့၊ ည လေးယောက်စီ တာဝန် ချထားတယ်လို့ လုံခြုံရေး ကြီးကြပ်ရေးမှူး ဦးကြည်က ပြောပါတယ်။ 
ညပိုင်း နှစ်နာရီခြားတစ်ခါ ကင်းလှည့်တယ်လို့ ဆိုပေမယ့် Myanmar Now သတင်းထောက်တချို့ ဆေးရုံကြီးထဲ ညလုံးပေါက် လေ့လာတဲ့နေ့မှာတော့ ပြဿနာပေါင်းစုံရှုပ်ထွေးရာ အထွေထွေ ကုသဌာန(၁)ဘက်မှာ လုံခြုံရေး ဝန်ထမ်းတွေကို ညပိုင်းကနေ မိုးလင်းချိန်အထိ မတွေ့ခဲ့ရပါဘူး။
လသာရဲစခန်းကလည်း တစ်ည သုံးကြိမ်ခန့် လှည့်လည် စစ်ဆေးတဲ့ အစီအစဉ် ရှိတယ်လို့ ဒုရဲအုပ်ဇော်မင်းဟန်က ပြောပါတယ်။
ဆေးရုံကြီးအတွင်း လူမြင်ကွင်းမှာ တွေ့ရတတ်တဲ့ ကစားဝိုင်းတစ်ခု (ဓာတ်ပုံ - Myanmar Now)
● မင်းမနိုင်ဒေသ
ဒီလဆန်းပိုင်း နှလုံးကုသဆောင်နားက လျှောက်လမ်းတွေကို ကိုယ်ပိုင်နေရာလို သဘောထားတဲ့ သင်္ဃန်းဝတ်တစ်ဦးနဲ့ အရပ်ဝတ်တစ်ဦးရဲ့ ညဘက်ရန်ပွဲကိုလည်း ကြုံခဲ့ရပါတယ်။ 
သင်္ဃန်းဝတ်ပုဂ္ဂိုလ်ဟာ ရဟန်းအစစ်လား အတုလား ဆိုတာတော့ မသိရပါဘူး။ ဆေးရုံစင်္ကြန်မှာ နေထိုင်မှုသက်တမ်း တစ်နှစ်ခန့်ရှိပြီဖြစ်တဲ့သူ့ကို အဲဒီနေရာမှာ အများက သာမန်လူတစ်ယောက်လို ပြောဆို ဆက်ဆံကြတာပါ။
အိပ်စရာနေရာလုရင်း ဖြစ်ကြတဲ့ရန်ပွဲအပြီးမှာ ဆေးမင်ကြောင်အပြည့်နဲ့လူက သင်္ဃန်းဝတ်ထားသူကို “မြောင်းထဲ ခေါင်းစိုက်ပေးလိုက်မယ်နော်” လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
စရိုက်စုံလူတွေက ဆေးရုံမှာ တိုးဝှေ့ နေထိုင်ပြီး “မင်းမနိုင်ရပ်ကွက်” တည်ထောင်ထားသလို ဖြစ်နေတယ်လို့ သူနာပြုတစ်ယောက်က မှတ်ချက်ချပါတယ်။ 
မင်းမနိုင်သား အများအပြားဟာ ဆေးရုံထဲမှာပဲ ဈေးရောင်း၊ အသက်မွေးကြ တံစက်မြိတ်အောက်လို မိုးလုံတဲ့နေရာတွေမှာ အိပ်စက်ကြတာပါ။ ရေချိုး၊ လျှော်ဖွတ်ဖို့အတွက်တော့ လူနာတွေရဲ့ သန့််စင်ခန်းတွေကို စိတ်ကြိုက်သုံးပါတယ်။ 
ညဘက် ပုဆိုးနဲ့ကိုယ်နဲ့မကပ်အောင် အိပ်နေသူတချို့ကို တွေ့ရပြီး သန်းခေါင်ယံ ရန်ဖြစ်ဆဲဆိုသံက နံရံတစ်ချပ်သာခြားတဲ့ အထွေထွေကုသဆောင်(၁)ထဲ ဝင်လာပါတယ်။ ညနေစောင်းပိုင်းမှာ သူတို့ သီချင်း အပြိုင်အဆိုင် ဖွင့်နေကြတာကလည်း ဆေးရုံဟာ ဆေးရုံနဲ့ မတူတော့တဲ့ အချက် တစ်ခုပါပဲ။
အဓိကပြဿနာတွေထဲက တစ်ခုကတော့ အမှိုက်သရိုက်ပေါများခြင်းပါ။ ဆေးရုံတွင်း နေထိုင်သူတွေ၊ လူနာစောင့်တွေထဲမှာ စည်းကမ်းမဲ့သူ အများအပြား ပါဝင်တဲ့အပြင် ဝင်ထွက်နေထိုင်သူ များပြားလွန်းတာကြောင့် အမှိုက်ပြဿနာ ကြီးလာတယ်၊ ခိုအောင်းလာတဲ့ ကြွက်၊ ခြင်၊ ယင်၊ ပိုးဟပ် စတဲ့ အကောင်တွေ၊ သတ္တဝါတွေက လူနာဆောင်အထိ ရောက်နေတတ်တယ်လို့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါက်တာခင်သိင်္ဂီမြင့်က ဆိုပါတယ်။ 
“လူနာ လာတုန်းက သူ့မှာပိုးတွေက အများကြီးပါလာမှာ မဟုတ်ပေမယ့် ဆေးရုံကြီးရောက်တဲ့အခါ အဲ့သတ္တဝါတွေဆီက မမြင်ရတဲ့ပိုးတွေက လူနာဆီ အများကြီး ဝင်သွားနိုင်တယ်” လို့ သူက သတင်းထောက်တွေကို ဖိတ်ခေါ် တွေ့ဆုံစဉ်မှာ ပြောပြပါတယ်။
၂ဝ၁၄ မှာ ဆိုင်ခန်း ၇ဝ ကို ဆေးရုံက တည်ဆောက်ပြီး လစဉ်ကြေး တစ်ခန်း ၉,ဝဝဝ နှုန်းနဲ့ ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။ 
ညအိပ်၊ ရေချိုး၊ အဝတ်လျှော်၊ အဝတ်လှန်း၊ ဆိုင်ခန်းပြင်ပရှေ့ တိုးချဲ့ ရောင်းချခြင်းတို့ကို ခွင့်မပြုကြောင်း စည်းကမ်းချက် ၂၁ ချက် အဲဒီတုန်းကထုတ်ပြန်ခဲ့ပေမယ့် ဈေးသည် အများစုက မလိုက်နာကြဘူးလို့ ဒေါက်တာခင်သိင်္ဂီမြင့်က ပြောပါတယ်။ 
“ဆေးရုံဆိုတာ ကွမ်းယာနဲ့ဆေးလိပ် ရောင်းခွင့်မရှိတဲ့နေရာ၊ ဆေးလိပ်ကင်းစင်တဲ့နယ်မြေပါ။ ဥပဒေမှာလည်း တရားဝင် ပါထားပြီးသားပေါ့။ ဒါပေမယ့်လည်း ရောင်းနေကြတာပဲ” လို့ သူက ဆိုပါတယ်။
လူနာဆောင်အနီးနဲ့ အောက်ဆီဂျင်အိုး အသွင်းအထုတ်လုပ်တဲ့ ဝင်ပေါက်တွေမှာ ဆေးလိပ်သောက်တာကို မတားဆီးနိုင်တာကြောင့် အခန့်မသင့်ရင် ပေါက်ကွဲမှု၊ မီးလောင်မှု အန္တရာယ် ဖြစ်လာနိုင်တယ်လို့ ဆက်ပြောပါတယ်။
ဆေးလိပ်နဲ့ ကွမ်းယာကို ဆေးရုံထဲမှာပဲ အလွယ်တကူ ဝယ်နိုင်ပါတယ် (ဓာတ်ပုံ - Myanmar Now)
ဆေးရုံထဲမှာ နေကြတယ်
ဆေးရုံမှာ တိုးဝှေ့နေထိုင်သူတွေထဲ အခြေအနေမဲ့တွေ ပါသလို ဆေးရုံဝန်ထမ်းဟောင်းတချို့နဲ့ သူတို့ရဲ့မိသားစုဝင်တွေလည်း အကြောင်းအမျိုးမျိုးကြောင့် သောင်တင်နေကြတာပါ။ 
၂၂ နှစ် အရွယ် ကွမ်းယာရောင်းသူတစ်ဦးကတော့ ဝန်ထမ်းမိဘတွေ မရှိတော့ပေမယ့်လည်း ဆေးရုံထဲ ဆက်နေဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီကလေးနှစ်ယောက်က ဒီမှာမွေးတာပဲ။ ကျွန်မ အသက် ကိုးနှစ်ကတည်းက မိဘတွေက သေသွားတာ” လို့ ကွမ်းယာသည်က ပြောပါတယ်။
တစ်သက်လုံး ဆေးရုံထဲမှာပဲ နေခဲ့သူ အမျိုးသမီးတစ်ယောက်ကိုလည်း တွေ့ခဲ့ရပါတယ်။ သူက သူ့မိဘ ဘိုးဘွား သန့်ရှင်းရေးဝန်ထမ်းတွေ သေဆုံးတဲ့အခါ ဝန်ထမ်းလိုင်းခန်းကနေ ဖယ်ရှားပေးခဲ့ရသူပါ။
အသက် ၅ဝ ခန့်ရှိသူ အမျိုးသမီးတစ်ဦးကတော့ ဆေးရုံဝန်ထမ်း ခင်ပွန်းသည် ဆုံးပါးသွားတဲ့နောက်ပိုင်း ဆေးရုံထဲ ဖြစ်သလို နေထိုင်ပြီး ဈေးရောင်းနေတာပါ။ သူ့မှာ ဒီနေရာမှတစ်ပါး ခိုလှုံစရာ နေထိုင်စရာ မရှိဘူးလို့ ပြောပါတယ်။ 
ဈေးသည်နဲ့ အကြောင်းပါတဲ့ ၄ဝ ဝန်းကျင် အညာသူတစ်ဦးကတော့ ဆေးရုံထဲ ရောက်နေတာ သူ့သက်တမ်းတစ်ဝက်ရှိသွားပါပြီ။ သူတို့ရဲ့ ကလေးသုံးယောက်လုံးလည်း ဒီမှာပဲ မွေးဖွားကြီးပြင်းကြပါတယ်။ ဆေးရုံထဲက မိုးလုံတဲ့ နေရာတွေဟာ သူတို့မိသားစုရဲ့ အိမ်ပါပဲ။
“ဒီမှာနေလို့ရလို့ အဆင်ပြေနေတာပေါ့။ နို့မို့ဆိုနေစရာမရှိဘူးလေ။ အိမ်ငှားဖို့ ပိုက်ဆံမှမရှိတာ” လို့ အညာသူက ပြောပါတယ်။
သန့်စင်ခန်းတစ်ခုအတွင်း တွေ့ရတဲ့ သတိပေးစာ
သန့်ရှင်းရေး ဝန်ထမ်းတွေကတော့ ပျံကျဈေးသည် အများအပြားဟာ လူနာတွေ၊ လူနာစောင့်တွေနဲ့ အပြိုင် အမှိုက်ဖွကြတာဆိုပြီး ညည်းနေကြပါတယ်။ လူနာဆောင် သန့်စင်ခန်းတွေထဲ အမျိုးသမီး လစဉ်သုံး ပစ္စည်း၊ အမှိုက်တို့ကို စွန့်ပစ်ရာမှာ စနစ်မကျတဲ့အတွက် မိလ္လာပိုက် ပိတ်ဆို့၊ အညစ်အကြေး လျှံထွက်မှု မကြာခဏ ဖြစ်လေ့ရှိကြောင်း အထွေထွေလုပ်သား တစ်ဦးဖြစ်တဲ့ ဒေါ်ချိုက ပြောပါတယ်။ 
ကုတင် ၂,ဝဝဝ ဆံ့ ဒီဆေးရုံကို ၂ဝ၁၃ မှာ လူနာ နှစ်သိန်းကျော် လာရောက် ကုသမှု ခံယူခဲ့တယ်၊ ၂ဝ၁၇ မှာတော့ လူနာ အရေအတွက် နှစ်ဆ ရှိခဲ့တယ်လို့ ဆေးရုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ လူနာ နှစ်ထောင်၊ လူနာရှင်၊ လူနာစောင့်၊ ဧည့်သည် စသဖြင့် နေ့စဉ် လူအဝင်အထွက် ထောင်ပေါင်းများစွာရှိတာ တွေ့ရမှာပါ။
လူအဝင်အထွက် များပြားသလို အညစ်အကြေး စွန့်အား၊ အမှိုက်ပစ်အား များလွန်းတာကြောင့် နေ့စဉ် သန့်ရှင်းရေးအတွက် အထွေထွေလုပ်သား ၄ဝဝ ဝန်းကျင်က မနိုင်ဝန် ထမ်းနေရသလို ဖြစ်နေပါတယ်။
ဇူလိုင်လဆန်းပိုင်းက တွေ့ရတဲ့ ရန်ကုန်ဆေးရုံကြီးအတွင်း မြင်ကွင်းတစ်ခု (ဓာတ်ပုံ - Myanmar Now)
● လူနာတင်ယာဉ်
ဒီလိုရှုပ်ထွေးမှုတွေရှိနေတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဝန်ထမ်းခန့်ထားနိုင်မှုက အားမကောင်းပါဘူး။ လူနာ ၁ဝဝ ဝန်းကျင်ရှိတဲ့ ဆေးကုသဆောင်တစ်ခုမှာ သူနာပြု ၁၄ ယောက် နဲ့ အထွေထွေလုပ်သား ၁ဝ ယောက်က နေ့ည အဆိုင်းခွဲပြီး တာဝန်ယူနေရတာပါ။ 
ဒီအခြေအနေတွေကြောင့် ဝန်ဆောင်မှု ပေးရာမှာ နားလည်မှုလွဲတာနဲ့ ကြုံရတယ်လို့ အမည်မဖော်လိုတဲ့ သူနာပြုတစ်ဦးက ပြောပါတယ်။
“လူနာက ကိုယ်လုပ်ပေးနိုင်တာထက် ပိုများနေတယ်၊ တချို့လူနာတွေက ခေါ်တဲ့ အခါ ချက်ခြင်း မသွားနိုင်တာတွေလည်း ရှိတာပေါ့” လို့ သူက ဆိုပါတယ်။
ရုပ်အလောင်း ပြန်သယ်ရေး၊ ရပ်ဝေးလူနာ နေရပ်ပြန်ရေး အတွက် ရန်ကုန်ဆေးရုံကြီးပိုင် အရေးပေါ် လူနာတင်ကား ၁ဝ စီးရှိပါတယ်။ လူနာတင်ကား လိုရင် ကူညီပေးနေတဲ့ လူမှုရေးအဖွဲ့ ၆ ခုက ရန်ကုန်မြို့တွင်း လူနာများကိုပဲ လက်ခံ သယ်ဆောင်ပေးတာပါ။ 
ရပ်ဝေးခရီးစဉ်အတွက် အငှားလိုက်တဲ့ လူနာတင်ကား အများအပြားကို ဆေးရုံဝန်းကျင်မှာ တွေ့ရမှာပါ။ ဆေးရုံက အသိအမှတ်ပြုထားခြင်းတော့ မရှိပါဘူး။ 
အရေးပေါ်ကားသုံးဖို့ လိုအပ်ပြီ ဆိုရင် လူနာရှင်တွေက ကိုယ်တိုင် ထွက်မငှားနိုင်ရင် ဆေးရုံဝန်ထမ်း တချို့က ချိတ်ဆက် ငှားရမ်းပေးပါတယ်။ ငှားရမ်းခအတွက် တစ်သိန်းဝန်းကျင် အနည်းဆုံး ကုန်ကျမှာပါ။ ခရီးဝေးမယ်၊ ညဘက် သွားရမယ် ဆိုရင် ငွေပိုကုန်ပါမယ်။ လူနာပို့ခထက် ရုပ်အလောင်းပို့ခက ပိုပြီး ဈေးများပါတယ်။
“အစကတော့ ဆေးရုံဝန်ထမ်းတွေက အခမဲ့ ချိတ်ဆက်ပေးတယ်၊ နောက်တော့ လုပ်ငန်းကျယ်ပြန့်လာပြီး ပိုက်ဆံရယူ ချိတ်ဆက်တာတွေ ရှိလာတယ်” လို့ ဒေါက်တာနေဝင်းသိန်းက ပြောပါတယ်။
ရေခဲတိုက်တာဝန်ခံ ကိုထိန်လင်းကြည်ကတော့ ရုပ်အလောင်းထုတ်ပေးဖို့အတွက် အခကြေးငွေ မယူဘူးလို့ ဆိုပါတယ်။ 
ဆေးရုံကြီးအတွင်း ရုပ်အလောင်းများ ထိန်းသိမ်းထားရာ ရေခဲတိုက် (ဓာတ်ပုံ - Myanmar Now)
အထွေထွေပြဿနာ
ဆေးရုံကြီး အခြေအနေများနဲ့ ပတ်သက်ပြီး ဒီလဆန်းပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များက ဆေးရုံ တာဝန်ရှိသူများနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ စည်းကမ်းမဲ့ ဈေးသည်တွေအကြောင်း အဓိကထား ဆွေးနွေးသွားကြပြီး အမြန်ဆုံး ဖြေရှင်းပေးဖို့ တိုင်းအစိုးရကို တိုက်တွန်းနိုင်ရေး ဆေင်ရွက်သွားမယ်လို့ ကော်မတီ ဥက္ကဋ္ဌ ဦးသာအောင်က ပြောပါတယ်။
ဈေးဆိုင်များဝန်းကျင် စည်းကမ်းပျက်တ ဖြေရှင်းဖို့ ဆိုင်ခန်းတွေ စတင်ချထားပေးတဲ့ ၂ဝ၁၄ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့တယ်လို့ ဆေးရုံအုပ် ဒေါက်တာ ခင်သိင်္ဂီမြင့်က ဆိုပါတယ်။
“ဈေးသည်တွေကို ကျွန်မတို့ သွားပြောရင် ခဏ နာခံလိုက်၊ ပြီးရင် ပြန်လုပ်လိုက်ဆိုတော့ လိုက်တမ်း ပြေးတမ်း ကစားသလို ဖြစ်နေတာပေါ့” လို့ သူက ရှင်းပြပါတယ်။
ဆေးရုံသန့်ရှင်းရေး၊ လုံခြုံရေးတို့အတွက် ပြင်ဆင်ထားတဲ့ စီမံချက်ကို လသာမြို့နယ် ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ဆွေးနွေးပြီး ပူးပေါင်း အကောင်အထည်ဖော်သွားမယ်လို့ ဒေါက်တာခင်မောင်ကြီးက ပြောပါတယ်။
“ဆွေးနွေးတဲ့အခါမှာလည်း ဈေးသည်တွေကိုပါ ခေါ်ပြီး မျှမျှတတနဲ့ သူတို့ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ” လို့ ဒေါက်တာခင်မောင်ကြီးက ပြောပါတယ်။
စည်းကမ်းမဲ့ဈေးသည်တွေ အရေးယူမယ် ဆိုတဲ့ သတင်းကတော့ ဈေးသည်တွေကြား ရောက်နေပါပြီ။ ဆူညံ ပွက်လောရိုက် ရှုပ်ထွေးနေတဲ့ ဈေးဆိုင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ လုံခြုံရေးဝန်ထမ်းတွေရဲ့ ကြပ်မတ်မှုကြောင့် စည်းကမ်းပိုင်း ကြိုးစား လိုက်နာကြတယ်၊ ဒါပေမဲ့ မနက်စောစောပိုင်းနဲ့ ညပိုင်းတွေမှာတော့ ပြန်လည် ရောင်းချနေတုန်းပဲလို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။ 
ဆေးရုံကြီးမျက်နှာစာ လမ်းဘေးဈေးသည်များကို ဖယ်ရှားလိုက်ပြီ၊ သူတို့ကို စိစစ်ပြီး ဆေးရုံနောက်ဘက်မှာ ဈေးရောင်းတဲ့နေရာ စီစဉ်ပေးမယ်လို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောကြောင်း ဇူလိုင် ၁၇ ရက်နေ့ထုတ် သံတော်ဆင့်သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒီလဆန်းပိုင်း သတင်းသမား အများအပြား ရန်ကုန်ဆေးရုံအုပ်ကြီးရုံးခန်းကို ရောက်သွားရာမှာ ဆေးရုံ ဌာနကြီးလေးခုရဲ့ ဌာနမှူးဆရာဝန်ကြီးတွေက ဖြစ်ပျက်နေတဲ့ ပြဿနာတချို့အကြောင်း ရှင်းပြကြပါတယ်။
ဦးနှောက်နှင့် အာရုံကြောဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာမြတ်သူက ဆေးရုံကြီးထဲ ကျူးကျော် နေထိုင်သူတွေက လူနာဆောင် အိမ်သာတွေကို ဝင်ရောက်သုံးစွဲပြီး အမှိုက် စည်းကမ်းမဲ့ ပစ်တာတွေကြောင့် ထိန်းသိမ်းနိုင်တဲ့ အနေအထားထက် ကျော်လွန်လာတာလို့ ဆိုပါတယ်။ 
“ဒီဆေးရုံက တိုင်းပြည်ရဲ့ ဂုဏ်ဆောင်ဆေးရုံပဲ။ ဒါပေမဲ့ အညစ်ပတ်ဆုံးဖြစ်နေတယ်။ ညစ်ပတ်တာမှ ကမ္ဘာပေါ်မှာ အညစ်ပတ်ဆုံးဆေးရုံ ဖြစ်နေတယ်။ ဝင်လိုက်ကတည်းက ဆေးရုံနဲ့တောင် မတူဘူး” လို့ ဒေါက်တာမြတ်သူက ပြောပါတယ်။ ။ 
ဇူလိုင်လဆန်းပိုင်းက တွေ့ရတဲ့ ရန်ကုန်ဆေးရုံကြီးအတွင်း မြင်ကွင်းတစ်ခု (ဓာတ်ပုံ - Myanmar Now)
အမ္ဗနဒီကျော်စွာ ● ရိုးမမြို့ကလေး
$
0
0
အမ္ဗနဒီကျော်စွာ ● ရိုးမမြို့ကလေး
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၈
ရခိုင်ပြည်နယ်ရဲ့ နယ်မြေဧရိယာပိုင်နက် အကျယ်ဆုံးတောင်ပေါ်မကျမြေပြန့်မကျ မြို့ကလေးကို လွမ်းသည်။ တောင်ပေါ်ရှုခင်းကြည့်စခန်းမှကြည့်လျှင် တောင်ခိုးဝေဝေတို့ကြား မြူငွေ့များရစ်သိုင်းလို့ ချောင်းကလေးက မြို့ကိုပတ် တောင်တန်း တောင်ကုန်းလေးတွေက မြို့ကိုထွေးပွေ့ထားပြီး တောငွေ့ တောင်ရိပ် သစ်ရိပ် ဝါးရိပ် သဘာဝ အထပ်ထပ် အလိပ်လိပ်နဲ့ မျက်လုံးမှိတ်ဖို့ မေ့သွားလောက်စရာ မြင်ကွင်းမျိုးမှာ သာယာနစ်မွန်းမိမှာ အမှန်ပင်ဖြစ်သည်။
သဘာဝကြီးကပေးထားသော လက်ရာမပျက်သေးသည့် တောတန်းများ တောင်ကုန်းတောင်တန်းများ ချိုင့်ဝှမ်း ဂမူများ လျှို မြှောင်များ ကျောင်တောင် ကျောက်သား အကျိုအကြားတို့က တစက်ချင်းညှစ်ချပေးပြီး အေးမြခြင်း အနန္ဒတို့ဖြင့် စီးဆင်း ကျလာသည့် စိမ့်ရေ စမ်းရေကြည်များ ပြေးလွှားဆော့ကစားနေသော စမ်းချောင်းလေးများကို အခြားကမ္ဘာတခုရောက် သွားသည့် လူသားတဦးလို ခံစားရစေမှာ အသေအချာပင်ဖြစ်သည်။
နက်သွားလိုက် တိမ်သွားလိုက်နှင့် ကြည်လင်နေသောရေမြသားတို့ လူးလွန့်လှုပ်ရှားဆေားကစားနေပြီး အောက်ခြေကြမ်းပြင် သားက ကျောက်ပြား ကျောက်လုံးကလေးများဖြင့်ချယ်သထားသော အမ်းချောင်းရေစီးမှာ ပျော်ပျော်ကြီး ရေကူးရင်း ကိုယ် ဖော့ရင်း ဘောကွင်းပေါ်တွင် ပက်လက်လှန်အိပ်ကာ ကမ္ဘာပေါ်တွင် အသာယာဆုံး ကောင်ကင်ပြင်ကြီးကို သူငယ်ချင်းများနှင့် ငေးကြည့်ရသော အချိန်များကိုလွမ်းသည်။
ဟိုဖက်ကမ်း သည်ဖက်ကမ်းကို လက်ပစ်ကူးကြမည် ကျောက်တောင်ပေါ်တက်ကာ ကြည်စိမ်းလဲ့မြနေသော ရေနက်ပိုင်းထဲ သို့ ယောက်ျားလေး သူငယ်ချင်းများသာမက မိန်းကလေးသူငယ်ချင်းများပါ စုပေါင်းပြီး တယောက် တလှည့် ဒိုင်ဗင်ထိုး ခုန် ဆင်းကြမည်။ တယောက်နှင့်တယောက် တွန်းထိုးကြမည် တွန်းချကြမည်။ ရေမကူးတတ်သူ ရေမငုပ်တတ်သူမရှိအောင် ချောင်းကလေးက သင်ကြားပေးခဲ့သည်။ ချောင်းကလေး၏ ကမ်းခြေ တဖက် တချက်၌ ကျောက်ခဲပြင်ကြီးရှိသည်။ ကျောက်ခဲ ပြင်ကြီး အလွန်တွင် ဂျင်းရဲပင်များ မိုးမခပင်များ မအူပင်များ လှပစွာ ပွင့်ဖူးဝေဆာ လှပနေပါလိမ့်မည်။ ကျောက်ခဲပြင်နှင့် သဲပြင်များအကြားတွင် ကျူပင်များ တိုးမပေါက်အောင် စိမ်းစိုပိန်းပိတ်ကာ နယ်ခြားစည်းမျဉ်းတခုပမာ ခြားနားနေပါလိမ့်ဦးမည်။ ထိုမှကျော်ကြည်လိုက်လျှင် ဗာဂျီးနီးယားထက် မညံ့သော ဆေးရွက်ကြီးများစိုက်ထားသည့် ကိုင်းမြေ ကိုင်းတောများကို ကြည့်မဆုံး ရှုမဆုံး စိမ်းလန်းသပ်ရပ်မှုကို လတ်ဆတ် မွှေးမြစွာ တဝကြီး ရှုရှိုက်ခံစားရမှာ အသေအချာပင်ဖြစ်သည်။
ပိုင်ရှင်များရှိသောလည်း မည်သူမှ တားမြစ်ခြင်းမရှိဘဲ ရာသီချိန်အတိုင်း သီးပွင့်သော စိုက်ခင်းသီးနှံများ နှစ်ရှည် သီးနှံပင်များ ကို တနပ်စာ တရက်စာ ခူးဆွတ်စားသုံးနိုင်ခြင်းရှိသော မြို့ကလေးကိုလွမ်းသည်။ ပေတရာ ပတ်လည်မှ မွှေးပျံသင်းမြနေတတ် သော သုံးနှစ်သရက်သီးများကိုလွမ်းသည်။အညှာစိမ်းစိမ်းကလေးနှင့် ချိဲအီမွှေးမြနေသော လက်ဆောင်တော် ညှာစိမ်း ငှက် ပျောသီးများကို လွမ်းသည်။ စကားအလွန်များသော ငှက်မျိုးစုံတို့ ဝတ်ရည်စုပ်ကာ မူးရည်နေသော လက်ပံပင်ကြီးများပေါ်မှ လွှားခနဲ ခုန်ဆင်းချလာတတ်သော လေထီးစီး လက်ပံပွင့်များကို တိုးဝှေ့ လုကောက် တယောက်နဲ့တယောက် စနောက်ကြ ရတာကိုလွမ်းသည်။
ဆီးသီးပင်များပေါ်ကိုတက်ပြီး မျောက်ကလေးကို ကိုင်းကိုခုန်ကာ လှုပ်ချပေးပြီး အပင်အောက်မှာ သူငယ်ချင်းတွေလုကောက်ကြတာကိုလွမ်းသည်။မရမ်းသီးပင်များပေါ်ကိုတက်ပြီး ဝါးဆစ်ပိုင်းထဲမှာ ငါးပိဖုတ် ဟင်းချိုမှုန့် ဆားတွေ ထည့်သွားပြီး အပင်ပေါ်မှာ တခါတည်းခူး တခါတည်း ထောင်းစားကြတာကိုလွမ်းသည်။သရက်သီးပင် အောက်က ကျောက်ခဲပုံပေါ်မှာထိုင်ပြီး သရက်သီးအညှာကို ထိသူဗိုလ်လုပ်တမ်း အပြိုင်အဆိုင် လောက်လေးဖြင့် ပစ်ခတ်ခဲ့ကြသော သူငယ်ချင်းများကိုလွမ်းသည်။ တောင်ကုန်းများပေါ်တွင်ရှိသော ဘုရားများ စေတီများ ပုထိုးတော်များကို သူငယ်ချင်းများ ဆရာ/မများစုစည်းကာ လေ့လာရေးခရီး ဘုရားဖူးခရီး ဒေသန္တရ ဗဟုသုတ ရှားမှီးခဲ့ကြတာကို လွမ်းရသည်။စာမေးပွဲဖြေဆိုပြီးချိန်များ ကိုယ်တို့မြို့နယ်အားကစားအသင်းတွေက ပထမ ဒုတိယ တတိယ ရချိန်များ မြို့ကလေး၏ ရင်သွေးရတနာများက မြို့ကလေးကို ဂုဏ် ယူစရာ တခုခုကို ယူဆောင်လာတိုင်း ချောင်းကလေးရဲ့ ကျောက်ခဲပြင် ကမ်းပေါ်မှာ ငှက်ပျောဖက်တွေခင်းပြီး လက်ရည် တပြင်တည်း တရင်းတနှီး ပျော်ပွဲစားခဲ့ကြပုံများကို လွမ်းသည်။
သီတင်းကျွတ်လပြည့် တန်ဆောင်မုန်းလပြည့်နေ့များတွင် မိမိအိမ်က လူကြီးများကို အသိပေးပြီး မိမိခြံထဲရှိ ငှက်ပျောသီး မာလကာသီး သင်္ဘောသီး ကြံနီပင်များ ကြက်များ ဘဲများကို အပေါင်းအဖော်များနှင့် အပျော်အပါး ပျော်ပွဲစားထွက်ရန် ကိုယ့်အိမ်က ဆန် ဆီ ဆား ငပိ ငရုပ်သီး စသည်တို့ကို တိတ်တိတ်ကလေး ယူဆောင်ရန် ကိုယ်တိုင်လက်ထောက်ချပြီး မီးပုံ များဖြင့် ဝိုင်းဖွဲ့ကာ ချက်စားကြ ဂစ်တာတီးကာ သီချင်းဆိုကြ ဗျောက်အိုးများ ဖောက်ကြ မီးပုံပျံများလွှတ်တင်ကြ လမ်းတိုင်း တွင် ဝါးတိုင်းများစိုက်ကာ ရေနံဆီမီးတိုင်များ ထွန်းကြ ငှက်ပျောပင် များခုတ်ကာ ဆီမီးခွက်များလုပ်ပြီး ညနေပိုင်းမှ လထွက် ချိန်ထိ တောင်ပေါ်မှ စေတီများ ဘုရားမျာကို မီးပူဇော်ကြဖြင့် လွတ်လပ်ပျော်ရွှင်ဖွယ်ရာ လူငယ်ဘဝများကိုလည်း လွမ်းရ သည်။
မည်သည့်အချိန် မည်သည့်ကာလ မည်သည့်ရာသီမဆို ခြံတံခါး အိမ်တံခါးကို ပိတ်စရာ သော့ ခတ်စရာ မလိုဘဲ တံခါးမရှိ သော့မရှိ စိတ်ချလက်ချ နေထိုင်နိုင်သော မြို့ကလေးကိုလွမ်းသည်။ ဒညင်းသီး ပိန္နဲသီး ဆီးသီး သရက်သီး သင်္ဘောသီး ငှက်ပျောသီး မာလကာသီး စသည်ဖြင့် အသီးအနှံပေါင်းစုံဖြင့် ပြည့်စုံလှပကာ အုပ်ဆိုင်းနေသော ကျောင်း ဥယဉ်ကလေးကို ပိုင်ဆိုင်ထားသော အမ်းမြို့နယ် အ.ထ.က (၁) ကျောင်းကလေးကိုလွမ်းသည်။ ကိုယ်တိုင်လုပ် ခြင်းလုံးကွင်း ဘောလုံးကွင်း ဘော်လီဘောကွင်း ဘတ်စကစ်ဘောကွင်း ထုပ်ဆီးထိုးကွင်း များရှိသော ထိုကျောင်းကလေးကို လွမ်းသည်။ ရေကူးကန် မရှိပေမယ့် ကျောင်းကလေးကို (ဂ) ကွေ့ ကွေ့ဝိုက်ပြီး ရင်ခွင်ထဲပိုက်ထားသလို ရေကြည်ကြည် ချောင်းကလေးရှိသော မြို့ကလေးကိုလွမ်းသည်။ဘဝတိုက်ပွဲထဲ မကျဆုံးမှီ ကာလအတွင်းမှာတော့ မြို့ကလေးရဲ့ သဘာဝ သစ်ရိပ် ဝါးရိပ် စိမ့်စမ်း ချောင်းကလေးများနဲ့ ရင်ခွင်လေးထဲမှာ တကြိမ် တခါ အပြန် အလှန် ပြန်လည် ထွေးပွေ့ခွင့်ရဖို့ အရောက်သွားချင်ပါသေးသည်။
အမ္ဗနဒီကျော်စွာ
ကာတွန်း KZZH ရဲ့ အကောင်ကြီးတာလည်း ဖမ်းပါဦး
$
0
0
ကာတွန်း KZZH ရဲ့ အကောင်ကြီးတာလည်း ဖမ်းပါဦး
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၈
Viewing all 9633 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>