Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧

ကာတွန်း စောငို - ဆိုင်းသံကြားတိုင်း မ က တော့ပါ

$
0
0

ကာတွန်း စောငို - ဆိုင်းသံကြားတိုင်း မ က တော့ပါ
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၅
↧

ဖိုးထက် - စီဗယ်လိုက်ဇေးရှင်း မရှိရင် ကျိန်ဆဲမယ်

$
0
0

ဖိုးထက် - စီဗယ်လိုက်ဇေးရှင်း မရှိရင် ကျိန်ဆဲမယ်
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၅

Civilization ဆိုတဲ့ အင်္ဂလိပ်စကားလုံးဟာ လူ့ယဉ်ကျေးမှုဆိုတာ ခင်ဗျားကြားဘူးမှာပါ။ မကြား ဘူးလဲအခု မှတ်တော့။ လူ ရဲ့ ယဉ်ကျေးမှု ဆိုပါတော့။ လူဆိုတာ ဘာလဲဆိုတာ ထပ်ရှင်းပြဖို့ လိုသေးလားဗျ။ လူဟာ အဟိတ်တိရိစ္ဆာန်ထက် ဘာတွေ သာတယ်ဆိုတာ စာအုပ်၊ စာတမ်းကြီးတွေ၊ ပညာရှင်တွေရဲ့ နှုတ်ထွက်စကားတွေ ကိုးကား ထုတ်နှုတ်ပြောဖို့ လိုနေသေးလား။ ဘာတွေ ဘယ်လို၊ ဘယ်နေရာမှာ သာတယ်ဆိုတာ ပြောဖို့လိုနေသေးတယ် ဆိုရင်တော့ ဒီစာတမ်းကို ဆက်ဖတ်မနေပါနဲ့တော့။ လူဟာ တိရိစ္ဆာထက် ဘာတွေ၊ ဘယ်လို သာတယ် ဆိုတာကို လူဖြစ်တဲ့ ခင်ဗျားက မတွေးတတ်ဘူး ဆိုရင်တော့ အားနာနာနဲ့ ပြောပါရစေ။ ခင်ဗျားဟာ ဆရာကြီး လူထုစိန်ဝင်း ခဏခဏ ပြောတဲ့ manimal ဆိုတဲ့ man ဆိုတဲ့ လူနဲ့ animal ဆိုတဲ့ တိရိစ္ဆာန်ကို ပေါင်းစပ်ထားတဲ့ လူ့တိရိစ္ဆာန်ကြီး ဖြစ်နေပြီလို့သာ မှတ်ပေတော့။

လူဟာ ဒီဒွန်ဒ္ဒြရာကြီးပေါ်မှာ အတူတူ မှီခိုနေတဲ့ သူ့ထက် အားကြီးတဲ့ဆင်ကို ချွန်းအုပ်ပြီး သစ်ဆွဲခိုင်းတယ်။ သူ့ထက် အပြေးမြန်တဲ့ ကျားသစ်ကို စနိုက်ပါနဲ့ ပစ်သတ်တယ်။ ကောင်းကင်မှာ ဗိုလ်ဆိုတဲ့ သိန်းငှက်ကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေး တယ်။ ရေထဲမှာ ကြောက်စရာကောင်းပါတယ်ဆိုတဲ့ ငါးမန်းကိုသတ်ပြီး ငါးမန်းတောင် ဟင်းချိုအဖြစ် ဟင်းချိုလုပ်သောက် တယ်။ ဒါတွေဘာကြောင့် လုပ်နိုင်တယ်လို့ ခင်ဗျားထင်သလဲ။ လူဟာ တွေးခေါ်မျှော်မြင်မှုမှာ သူတို့ထက် သာလို့လို့ ခင်ဗျား ထင်သလား။ ဟုတ်တယ်ဗျ။ သူတို့ထက်သာတဲ့ စဉ်းစား ဆင်ချင်ဉာဏ်ရှိလို့ဗျ။ ဘာလို့ သူတို့ထက် သာလွန်နဲ့ ဉာဏ်ရှိတယ်လို့ ထင်သလဲ ထပ်ပြီး စဉ်းစားကြည့်ပါ့လား။

တစ်ချို့ လူမျိုးနွယ်စုတွေ ရှိတယ်လေ။ သူတို့ မျိုးနွယ်စု အချင်းချင်းဘဲ လက်ထပ် ပွားစီးတဲ့ လူမျိုးတွေ ခင်ဗျားမြင်ဘူးပါ လိမ့် မယ်။ လူမပြောနဲ့။ တိရိစ္ဆာန်မပြောနဲ့။ အသက်ရှိတယ် မရှိဘူး ငြင်းနေရတဲ့ အပင်၊ ပန်းပွင့်တွေကို သူတို့မျိုးနွယ်တူ အချင်းချင်း ဘဲ မျိုးပွားကြည့်ရင် မျိုးဆက်တွေဟာ တဖြည်းဖြည်း နိမ့်ပါးလာတယ်ဆိုတာ ခင်ဗျား ကြားဘူးမယ်ထင်တယ်။ ဒီလိုဘဲဗျ။ ဒီအင်အေအတူတူခြင်း မျိုးပွားရင် မသန်မာ၊ မသန်စွမ်း၊ မကြီးပွားတဲ့ မျိုးဆက်သစ်တွေဘဲ ဖြစ်လာတယ်လေ။လူတွေမှာလဲ  အဲဒီ သူတို့အမျိုးမှ အမျိုးဆိုပြီး အချင်းချင်းပွားစီးတဲ့ လူတွေရဲ့ ရုပ်ရည်၊ အရပ်အမောင်းကို ခင်ဗျား ကြည့် ကြည့်။ ဘာလို နေမှန်း မသိတဲ့ ရုပ်ရည်တွေကို ခင်ဗျားတွေ့ရပါလိမ့်မယ်။

တိရိစ္ဆာန်မှာ ကိုယ့်သမီးကိုယ် သံဝါသ ပြုချင်လဲ ပြုတာဘဲ။ ကိုယ့်သားကိုယ် လင်တော်ချင်လဲ တော်လိုက်တာဘဲ။ လူမှာ ဒီ လို ကိစ္စတွေကို ဘယ်ဘာသာ တရားမှာမှ၊ ဘယ်လူမျိုးမှာမှ လက်မခံတာ ခင်ဗျား သိပါတယ်။ ကျွန်တော် ပြောချင်တာ ခင်ဗျား သိမှာပါ။ လူမှာ စဉ်းစား ဆင်ချင်ဉာဏ်တစ်ခုတည်း သူတို့ထက် သာတယ်လို့ မထင်နဲ့ဗျ။ ယဉ်ကျေးမှုမှာ သူတို့ထက် သာလို့ လူက ဒီကမ္ဘာမှာ ဆရာ ဖြစ်နေတာဗျ။

ယဉ်ကျေးမှု ဆိုတဲ့ စကားလုံးဟာ ဘယ်လောက် ကျယ်ပြန့် နက်နဲတယ်ဆိုတာ ဒီစာကို ခင်ဗျားဖတ်နေနိုင်ကတည်းက ခင် ဗျား သိမှာပါ။ ယဉ်ကျေးမှုဆိုတဲ့စကားလုံးကို ခွဲခြမ်းစိပ်ဖြာဖို့ ကျွန်တော့် စာတမ်းမှာ အချိန်လဲ မရှိဘူး။ နေရာလဲ မရှိဘူး။ ဥပ မာ တစ်ခုဘဲ ကျွန်တော် ပြောမယ်။ ဆိုပါတော့…

ခရစ်ယာန်ဘာသာဝင် တစ်ယောက်ဟာ သမ္မာကျမ်းစာထဲက စာတွေကို ရွတ်ဖတ်ပြီး သန့်ရှင်းသော ၀ိညာဉ်တော် ၏ ကျေးဇူးတော်ကြောင့်လို့ဆိုတဲ့ သူတို့ရဲ့ ထာဝရ ဘုရားသခင်ဆီကို ဆုတောင်းနေချိန်မှာ ဘေးကနေ “ဟုတ်ကဲ့ပါ ခင်ဗျာ….ညောင်စေ့လောက် လှူလဲ ညောင်ပင်ကြီးလောက်ရပါတယ်။ ဘယ်ဘက်က တစ်ဆုပ်ကျဲလို့ ညာဘက်က တစ်လှည်း ၀င်နိုင်ကြပါစေ။ ဝေသန္တရာ မင်းကြီးဟာ” ဘယ်လို ဘယ်ညာဆိုပြီး အသံချဲ့စက်ကြီးနဲ့ အလှူခံနေလို့ ဖြစ်လား။ ဖြစ်သင့်သ လား။ ခင်ဗျားပြော။

ပါဏာတိပါတာ ဝေဒါမနိ သိက္ခာပဒံ ဆိုပြီး ငါးပါးသီလ ခံနေစဉ်မှာ ဘေးကနေ “အလာ အကာဘာ” ဆိုတဲ့ အသံကျယ်ကြီးနဲ့ ရှစ်ခိုးနေလို့ ဖြစ်လား။ ခင်ဗျား ပြော။ ငါက ဗုဒ္ဓဘာသာ။ ဗုဒ္ဓဘာသာထက် ကောင်းတဲ့ ဘာသာတရားမရှိဘူးလို့ ခင်ဗျား ပြော ချင် ပြောနိုင်တယ်။ ဒါပေမယ့် ဒီကမ္ဘာမှာ အခြားသော ဘာသာတရားတွေရဲ့၊ အခြားသော လူတွေရဲ့ ကိုးကွယ်ယုံကြည် ဆည်းကပ်မှုကို ခင်ဗျား မျက်ကွယ်ပြုလို့ မရဘူး။ လက်မခံချင်လို့ မရဘူး။ ဘာကြောင့်လဲ မမေးနဲ့။ မေးရင်လဲ ကျွန်တော် ဖြေမယ်။ ခင်ဗျား သိသမျှ ဘုရားတွေ၊ နတ်တွေ အကုန်မေ့ပြစ်လိုက်။ အဲဒါတွေ အကုန် ထားလိုက်။ လူ့ယဉ်ကျေးမှု အရကိုဘဲ ခင်ဗျားက သူတို့ မုတ်ဆိတ်မွှေး အရှည်ကြီး ထားတာလဲ နားလည်ပေးရမယ်။ အားအားရှိ ကျေးဇူးတော်ကြောင့်လို့ မြည်တမ်း နေတယ်လို့ ခင်ဗျား ထင်ချင်တဲ့ လူတွေကိုလဲ နားလည်ရမယ်။

ကိုယ့်ဘာသာတရားကလွဲလို့ ကျန်တဲ့ ဘာသာတရား ဖွဲနဲ့ ဆန်ကွဲဆိုတဲ့ အမြင်ကို ကျွန်တော်တို့ တွေ ပြင်ရမယ်ဗျ။ ကျွန် တော်တို့ရဲ့ ဂေါတမ ဘုရားရှင်တောင် သူသက်ရှိ ထင်ရှားရှိစဉ်က လူတွေ အကုန်လုံးကို သူ့နောက်လိုက်တွေအဖြစ် သိမ်း သွင်းနိုင်ခဲ့လို့လား။ လူဟာ သူ့စိတ်နဲ့ သူဆိုတာ ဘုရားရှင်က သိခဲ့တယ်ဗျ။ ခင်ဗျားတို့၊ ကျွန်တော်တို့လို့ ဘုရားလဲ မဟုတ်၊ ရဟန္တာလဲ မဟုတ်တဲ့ သာမန်လူတွေက အို…ဗုဒ္ဓဘာသာ မဟုတ်ရင် အကုန်မကောင်း။ အကုန် နောက်ဆုတ်ဆိုတဲ့ အတွေး အခေါ်တွေနဲ့ ယဉ်ကျေးမှု မရှိတဲ့ ကိစ္စတွေ လုပ်နေကြတာ သင့်တော်လား၊ မသင့်တော်လား ဆိုတာ ကိုယ့်သမီးကိုယ် ဟိုဒင်း ဟိုဟာ မလုပ်မယ့် လူဖြစ်တဲ့ ကျွန်တော်တို့က စဉ်းစားနေဖို့ လိုသေးလို့လားဗျ။

ခင်ဗျား သိမှာပါ။ ကရင်ပြည်နယ်ဘက်မှာ အိပ်မက်ကြောင့်ဆိုပြီး ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းနဲ့ ပေတစ်ရာတောင် မဝေး တဲ့နေရာမှာ ဘုရားတည်၊ ပဌန်းရွတ်တာလေ။ ဘာလဲဗျ အိပ်မက်။ အိမ်မက်ဆိုရင် ကျွန်တော်တို့က ကောဿလမင်း ကြီးရဲ့ အိမ်မက်တွေကို သိပ်ပြီး ကိုးကားကြတယ်။ လေဖမ်းဒါန်းစီးနဲ့ ကောဿလမင်းကြီးဟာ ဘယ်သူလဲလို့ မေးရင် သီပေါမင်းနဲ့ အဖေတူ မအေကွဲလိုလို လုပ်ကြတယ်ဗျ။  အဲဒီ ကောဿလ မင်းကြီးကို ခင်ဗျား ခဏထား။ အိပ်မက်ဆိုတာ ခင်ဗျား စိတ်ထဲ ရှိရာ ပြောချင်တိုင်း ပြောလို့ရတယ်လေ။ ကြယ်ကြီး တစ်ခုကို ခင်ဗျား ခေါင်းအုံး အိပ်လို့ရမယ်။  ရောင်စုံ သက်တန့်ဘကီးပေါ်က ခင်ဗျား ဆင်းလာနိုင်တယ်။ ပန်းရထားကြီးနဲ့ ခင်ဗျား အပေါ်တက်လို့ရတယ်။ အောက်ဆင်းလို့ရတယ်။ သေပြီးသားလူနဲ့ ခင်ဗျား စကားပြောနိုင်တယ်။ လူတွေရဲ့ ထူးဆန်း အံ့သြဖွယ်ကိစ္စတွေထဲမှာ အိပ်မက်မက်ခြင်းပါတယ်လို့ မထင်နဲ့ဗျ။ ခွေး တွေ၊ ကြောင်တွေမှာ အိပ်မက်မက်ခြင်းဆိုတာ ရှိတယ်ဗျ။ ဒါက ကျွန်တော်ပြောတာမဟုတ်ဘူး။ ပညာရှင်တွေ၊ သုတေသန ပညာရှင်တွေ ပြောတာ လက်မခံချင်နေအုံး။ ခင်ဗျားအိမ်က အိပ်နေတဲ့ ကြောင်တွေ၊ ခွေးတွေကို စောင့်ကြည့်ပါ။ သူတို့ အိပ်မက်တွေကို နားလည်လာမယ်။

အခုတော့ ဘာလဲဗျ။ အိပ်မက်ကြောင့်ဆိုပြီး သူများ ဘုရားကျောင်းဝန်းထဲမှာ ဘုရားတည်တဲ့ ကိစ္စ လူ့ယဉ်ကျေးမှု အရ လုပ်သင့်သလား။ မလုပ်သင့်ဘူးလား။ ခေါင်းခြောက်အောင် စဉ်းစားဖို့ လိုလားဗျ။ အာဖဂန်နစ္စတန်မှာ ကျောက်တောင် ကြီးပေါ်က ဗုဒ္ဓဆင်းတုတော်ကြီးကို အမြှောက်နဲ့ ထုတဲ့ အစွန်းရောက် တာလီဘန် မွတ်ဆလင်တွေကို ကမ္ဘာကြီး တစ်ခုလုံးက ဘယ်လို ပြောခဲ့သလဲ။ ဘယ်လို ပြုမူခဲ့သလဲ။ အခု လောလောလတ်လတ် ရှားပါး ယဉ်ကျေးမှု အနုပညာ လက်ရာကြီးတွေကို ဗုံးထောင်ခွဲ၊ ဖျက်စီးနေတဲ့ ISIS တွေကို လူတွေ ဘယ်လို မြင်ကြသလဲ။ ဘယ်လို ပြောကြသလဲ။ ခင်ဗျား သိမှာပါ။

နောက်ပြီး ရှိပါသေးတယ်။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးဆိုပြီး ဟိုတယ်ပေါက်ဝက စောင့်ဖမ်းချင်တဲ့ ကိုယ် တော်တွေလေ။ ကောင်းတယ် မကောင်းဘူး ကျွန်တော် မဝေဖန်လိုဘူးဗျ။ ဒါပေမယ့် ခင်ဗျားသိမယ် ထင်ပါတယ်။ ဗုဒ္ဓဘာသာ ကို နိမ့်ပါး ဖျက်ဆီးမယ့် သူတွေဟာ ဗုဒ္ဓဘာသာဝင်တွေဘဲ ဖြစ်မယ်ဆိုတဲ့ ဘုရားရှင်ရဲ့ ကြိုတင် နိမိတ်ဖတ်ဟောပြောချက်ဟာ ပေါက်တတ်ကရ ပြောချင်တာ ပြောခဲ့တယ်လို့ ထင်လို့လားဗျ။ ကိုယ့် ဘာသာ ကောင်းသထက် ကောင်းအောင်၊ တော်သထက် တော်အောင် သနေ၊ ထက်နေအောင် နေတဲ့ လူတစ်ယောက်ကို စနစ်ဆိုးတွေ၊ အစိုးရဆိုးတွေသော်မှ ဖျက်ဆီး ဟန့်တားလို့ မရသလို ကိုယ့်ဘာသာ ကိုယ် တိုးတက်ကြီးပွားအောင် မနေဘဲ သူများ ဘာသာ တရားကို ထိပါး ပုတ်ခတ်ချင်တဲ့ လူတွေဟာ ISIS တွေနဲ့ ဘာထူးလဲဗျ။

နောက်ပြီး သံဃာတော်တွေ နိုင်ငံရေး မလုပ်ရဘူးဆိုတဲ့ အဆိုကို ကျွန်တော်က လက်မခံဘူးဗျ။ သံသရာ စက်ဝိုင်းထဲကနေ ရုန်းထွက်ပြီး မနေနိုင်သေးသမျှ (၀ါ) ရဟန္တာ မဟုတ်သေးသမျှ အဲဒီ ဘုန်းကြီးတွေဟာ လောကီသားတွေဘဲဗျ။ လောကီ သားတွေပီပီ လောကီ ကောင်းကျိုးကို လုပ်ရမှာဘဲ။ ဘာလဲ လောကီ ကောင်းကျိုး ဆိုတာ။  တရားမျှတမှု၊ အများကောင်းကျိုးကို ရှေးရှူတဲ့ ကိစ္စမှန်သမျှ၊ မတရား မမျှတမှုကို တော်လှန်ပုန်ကန်တဲ့ ကိစ္စမှန်သမျှ လောကီသတ္တ၀ါတွေ လုပ်ရမှာဘဲ။ လုပ်လဲ လုပ်သင့်တာဘဲ။ ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရတို့လဲ လုပ်ခဲ့တာဘဲ။ သူတို့ နိုင်ငံရေး လုပ်ခဲ့တယ်ဆိုတာ မြန်မာ လူမျိုးကို ဂုပ်သွေးစုပ်နေတဲ အင်္ဂလိပ်အစိုးရကို ခံချလာတာဘဲ။ အခုတော့ ဘာလဲဗျ။ ကိုယ့်လူမျိုး အချင်းချင်း ဂုပ်သွေးစုပ်နေတဲ့ လူတွေကိုကြတော့မဲပေးပါတဲ့။ ဘယ်လူမျိုး၊ ဘယ်လူကိုမှ နိမ့်ပါးအောင် မလုပ်မယ့် ပါတီကို မဲမပေးပါနဲ့ ဘာညာ ဆိုတဲ့ ဘုန်းကြီးတွေက ဘာလဲဗျ။

ကျွန်တော် ထပ်ပြောချင်တယ်ဗျ။ သင်္ကန်းရုံထားယုံနဲ့ လူထက် အများကြီးသာတယ်လို့ ထင်နေရင်တော့ မှားမှာဘဲဗျ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဘ၀တစ်သက်စာ မှတ်တမ်း ကို ပြန်ဖတ်ပါလို့ တိုက်တွန်းရမှာဘဲ။ ကျွန်တော်လို ငချွတ်တားက ဘာဟုတ်လဲဗျ။ သင်္ကန်းဝတ်ထားတယ်ဆိုပြီး လူဝတ်ကြောင်တွေကို ငါ့ထက် နိမ့်တယ်လို့ ထင်နေတဲ့ ဘုန်းကြီးတွေကို ဆရာကြီးက ဘယ်လို ပြောခဲ့သလဲ ပြန်ဖတ်တော့ဗျာ။ ကျွန်တော်ကတော့ ဆရာကြီးလို အများကြီး မပြော တတ်ဘူးဗျ။ ဘုန်းကြီးတွေ၊ လူတွေ သိပ်မခွဲနဲ့။ ခရစ်ယာန်တွေ၊ မွတ်ဆလင်တွေ မခွဲနဲ့။ လူ့ယဉ်ကျေးမှု မရှိရင်၊ မသိတတ်ရင် ဘုန်းကြီး ဖြစ်စေ၊ လူဖြစ်စေ၊ ဘယ်ဘာသာဝင်ဘဲ ဖြစ်စေ ဒီ ၂၁ ရာစု ကမ္ဘာကြီးက လက်ကို လက်မခံတော့တာ သိပါဗျ။

လူမှာ ယဉ်ကျေးမှုမရှိရင် အိမ်သာတက်ရင်တောင် နောက်လူကျိန်ဆဲတာ ခံရတတ်တယ်ဗျ။ တိရိစ္ဆာန်မှာ သူ့မစင်ပုံကို မဖုံးမပြုဘဲ ထားခဲ့လဲ ဘယ်အကောင်မှ မဆဲဘူး။ လူက ရေအိမ်သာမှာ ရေဆွဲမချဘဲ ထားခဲ့ ကြည့်ပါ့လား။ ပက်ပက်စက်စက် ကျိန်ဆဲခံရမယ်ဗျ။ ဒါဟာ လူ့ယဉ်ကျေးမှုဗျ။ ယဉ်ကျေးမှု မရှိရင် လူလို မသိတတ်ရင် ခင်ဗျားဘာသာ အလာအရှင်မြတ်ဘဲ ကိုးကွယ် ကိုးကွယ်၊ ထာဝရ ဘုရှားရှင်ဘဲ ကိုးကွယ် ကိုးကွယ်၊ ဗုဒ္ဓရှင်တော်မြတ်ဘဲ ကိုးကွယ် ကိုးကွယ် ကျိန်ဆဲခံရပြီသာ မှတ်ပေတော့ဗျို့။

ဖိုးထက်
↧
↧

မောင်လူရေး - ၁ + ၁ = ၃ နိုင်ငံရေးအခြေအနေ

$
0
0
မောင်လူရေး - ၁ + ၁ = ၃ နိုင်ငံရေးအခြေအနေ
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၅

နှစ်ပေါင်းအစိတ်ကြာခဲ့ပြီဆိုပေမင့် ၁၉၉၀ ဆိုတာ မနေ့တနေ့ကလို့ဘဲ ထင်နေသေးသည်။

၂၀၁၅ အခြေအနေကလည်း ၁၉၉၀ အတိုင်း ရွေးကောက်ပွဲလုပ်မလို့ဘဲ ရှိသေးသကိုး။

အဲဒီတုန်းက ၈၈ အရေးတော်ပုံကြီးကို စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်နှိမ်နင်းပြီး ၉၀ မှာ ရွေးကောက်ပွဲလုပ်ပေး မယ်ဆိုပြီး တပ်မတော်အစိုးရသည် တာဝန်ကြီးလေးရပ် ထမ်းဆောင်စရာရှိသည်ဆိုကာ အချိန်ကို ၂ နှစ်ကြာဆွဲဆန့်ခဲ့သည်။

ပါတီများတည်ထောင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို သဲသဲမဲမဲလိုက်လံနှိပ် ကွပ်နေရာ ပြည်သူလူထုကြီးမှာ ခက်ခဲကျပ်တည်းတဲ့စားဝတ်နေရေးတဖက်နဲ့ နိုင်ငံရေးဘက်မလှည့်သာ မလှည့်ရဲဖြစ်နေချိန်။ လူအများစု နိုင်ငံရေးသွေးအေးနေချိန်။

နိုင်ငံရေးသွေးနိုးလှုပ်ရှားမှုအဖြစ် ကျောင်းသား၊ လူငယ်နဲ့ ဘုန်းကြီးများသာ ဘုန်းကြီးကျောင်းများကိုအခြေပြုပြီး စာစောင် အမျိုးမျိုးထုတ် နိုင်ငံရေးလှုပ်ရှားမှုအမျိုးမျိုးလုပ်နေချိန်ဖြစ်သည်။

ရွေးကောက်ပွဲမတိုင်ခင်ကာလများတွင် ဒေါ်အောင်ဆန်းစုကြည်လဲရွေးကောက်ပွဲဝင်ခွင့်မရ၊ အထိမ်းသိမ်းခံနေရ။ နိုင်ငံရေး အာခံ တော်လှန်သူမှန်သမျှ တော်ခိုသူခို ထောင်ခိုသူခိုနေရပြီး NLD ပါတီဝင်များလဲ နဲနဲမှ မလှုပ်နိုင်ချိန်တွင် မဆလတဖြစ်လဲ တစညပါတီဟာ မြို့တိုင်းနယ်တိုင်းက ဘောလုံးကွင်းကြီးတွေထဲမှာ စည်းရုံးဟောပြောပွဲကြီးတွေ တပ်အစိုးရအကူအညီနဲ့ အကြီးအကျယ်လုပ်ကြသည်။ တဆညပါတီက ထမင်းကျွေး လက်ဆောင်ပေး အတုအယောင်လူထုစည်းဝေးပွဲကြီးတွေလုပ်ပြီးတဲ့နောက် မြို့နယ်တိုင်းက နိုင်မယ်လို့ အာမခံပေးထားကြရာ စစ်အစိုးရက ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပြီး စစ်တန်း လျားပြန်မယ်ကတိနဲ့ ရွေးကောက်ပွဲကြီးကို အပီအပြင် သန့်သန့်ရှင်းရှင်းလုပ်ပေးခဲ့သည်။ ခွက်ခွက်လံရှုံးတော့မှ ရွေး ကောက် ပွဲဟာ အခြေခံဥပဒေရေးဆွဲဖို့သာဖြစ်တယ်ဆိုပြီး အာဏာလဲမလွှဲ အခြေခံဥပဒေလဲရေးဆွဲခွင့်မပေးဘဲ နည်းမျိုးစုံသုံးပြီးညစ်ပတ်လာခဲ့သည်မှာ ခု ၂၀၁၅ ထိ။

၉၀ ရွေးကောက်ပွဲပြီးကထဲက ဒို့တာဝန်အရေးသုံးပါးဆိုတာ ရှိသေးတယ်၊ တာဝန်ကြီးလေးရပ် အစကပြန်ပတ်ရမယ်ဆိုပြီး နိုင်ငံရေးသမားမှန်သမျှ ထောင်သွင်း ဝေ့ကာ လည်ပြီး ကြောင်ပြီးရင်းကြောင်နေရာက ဒီပဲယင်းအရေးအခင်းကြောင့် ကမန်းကတန်းလမ်းပြမြေပုံထဆွဲ၊ ရွှေဝါရောင်ဖြစ်မှ ပြူးတူးပြဲတဲခြေဥအပီးသတ်၊ နာဂစ်လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီးနဲ့မှ အဲဒီခြေဥကြီးနိဂုံးကပ္ပတ်ကာ ၂၀၁၀ မှာ အဲဒီ၁၄ နှစ်ကြာခြေဥကြီးနဲ့အညီ အရပ်ဝတ်စစ်အစိုးရအဖြစ်ပြောင်းခဲ့ကြသည်။

ဒီအခြေအနေလေးရောက်ဖို့ သွေးချောင်းစီးခဲ့ပြီးပြီ။

ခုလဲ ဒီမိုကရေစီအမည်နဲ့ အရပ်သားအစိုးရဖြစ်လာတာတောင် သွေးစက်တို့ကျတုန်း။

၉၀ ကိုပြန်ကြည့်ရင် ရွေးကောက်ပွဲအတွက် တစညက ဝုန်းဒိုင်းကကြဲနေပေမဲ့ NLD ဟာ နေရာတော်တော်များများမှာ စည်းရုံး ရေးထွက်ဖို့ဝေးရော ရွေးကောက်ပွဲရက် မနက်ကျမှ ဆောင်းဘောက်လေးဘာလေးနဲ့ သီချင်းလေးမတိုးမကျယ်ထဖွင့်ရတဲ့နေရာမျိုးတွေကိုက အများကြီးပါ။ ဒါပေမဲ့ လူထုရဲ့နိုင်ငံရေးအသိစိတ်ကြီးကြောင့် မြို့နယ်တိုင်းနီးပါး NLD နဲ့ ဒီမိုကရေစီပါတီများ အပြတ်အသတ်အနိုင်ရခဲ့ကြ။

အခု ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်လဲရွေးကောက်ပွဲဝင်ခွင့်ရတဲ့အပြင် ကိုယ်တိုင်ဦးဆောင်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးစည်းရုံးရေးများ အနုပညာရှင်ပေါင်းများစွာနဲ့ တပြည်လုံးချိမ့်ချိမ့်ညံနေစဉ်  ကြံ့ခိုင်ရေးဘက်မှ ငြိမ်ချက်သားကောင်းလှသည်။ လုပ်သမျှစည်းရုံးရေးခရီးစဉ်လေးတွေလဲ ကျီးနဲ့ဖုတ်ဖုတ်ပင်။ လတ်တလောပါတီတွင်း အာဏာသိမ်းမှု မိုးကျရွှေကိုယ်စိုးမိုးမှုများကြောင့်ရယ်၊ သိမ်ငယ်စရာပါတီပုံရိပ်ရယ်ကြောင့် ပါတီဝင်များကိုယ်တိုင် တက်ကြွ မှုမရှိ။

၉၀ တုန်းက တပ်မတော်နယ်မြေတွေမှာပါ အပြတ်အသတ်ရှုံးခဲ့ပြီး တစညပါတီကို အားပြုလို့မဖြစ်ခဲ့ပုံမျိုး  ကြားဖြတ်ရွေး ကောက်ပွဲမှာလည်း ဝန်ထမ်းချည်းရှိတဲ့မြို့တွေမှာပင် အပြတ်အသတ်ရှုံးခဲ့တာကြောင့် ကြံ့ဖွတ်ကိုအားပြုလို့မရမှန်း ကောင်း ကောင်းသိပြီးသားဖြစ်ပါလျက် စစ်အာဏာရှင်ကြီးများ ဒီရွေးကောက်ပွဲကြီးကို တည့်တည့်တိုးတာဟာ ရှောင်လွဲမရတော့လို့ လား။ ရလာဒ်ကို ကျေကျေနပ်နပ်လက်ခံပြီး အပြောင်းအလဲကို အားပေးချင်လို့လား။ ရှေ့ဆက် အတူလက်တွဲ ဆောင်ရွက် ချင်လို့လား။ တိုင်းပြည်ရဲ့အနာဂတ်ကို ပြည်သူ့လက်ထဲ အပ်လိုက်တော့မလို့လား။

အဲလိုမဟုတ်ဖူးဆိုရင် ၁ နဲ့ ၁ ပေါင်းရင် ၃၊ ဒါမှမဟုတ် ၄၊ ဒါမှမဟုတ် ၅ ထွက်နိုင်တဲ့အဖြေတွေ ရှိနေလို့လား။

 ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ မဲစာရင်းမှန်ကန်မှု ၃၀%ဘဲ အာမခံနိုင်တယ်ဆိုတဲ့ကြေညာချက်ကတော့ ၁ နဲ့ ၁ ပေါင်းရင် ၂ မထွက်တာ သေချာနေပါပြီ။

နောက်ပြီး ပြည်ပထွက်သူပေါင်းသန်းချီရှိနေသည်။ သေဆုံးသူတွေမဲစာရင်းမှာ နေရာယူပြီးနေပြီ။

ရွေးကောက်ပွဲကော်မရှင်က ၁ နဲ့ ၁ ပေါင်း ၃ ဆိုရင် ၄ နဲ့ ၅ က ဘာတွေဖြစ်မလဲ။

ဒီမိုကရေစီကို ရွေးကောက်ပွဲက သတ်တယ်လို့ ကြားလို့မှ တော်မည်မဟုတ်။

မောင်လူရေး
↧

ကာတွန်း မိုးသွင် - ပေးပါရစေ ... ကမ်းပါရစေ

$
0
0
ကာတွန်း မိုးသွင် - ပေးပါရစေ ... ကမ်းပါရစေ
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၅
↧

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဆိုတာတော့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ် - (ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်)

$
0
0

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တစ်နေရာတွင် စိုက်ထူထားသော ကျွဲ/နွားအသက်ကယ်ရန် ပါဝင်လှူဒါန်းကြ ရေး နှိုးဆော်ချက် ပိုစတာ (ဓာတ်ပုံ -  Myanmar Now)

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဆိုတာတော့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်
(ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်)
ဆွေဝင်း (Myanmar Now) တွေ့ဆုံ မေးမြန်းသည်။

Myanmar Now တွင် ဖော်ပြသည့် တွေ့ဆုံမေးမြန်းခန်း ဖြစ်ပါသည်။

မဘသအဖွဲ့က ဧရာဝတီတိုင်းဒေသကြီးအတွင်း မွတ်စလင်တို့၏ နွားသတ်လုပ်ငန်းများရပ်တန့်ရန် လှုပ်ရှား ဆောင်ရွက်နေမှု နှင့် ပတ်သက်၍ Myanmar Now သတင်းဌာန သတင်းထောက် ဆွေဝင်းက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်း အောင်ကို ပုသိမ်မြို့တွင် တွေ့ဆုံ မေးမြန်းခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သူ  ၆၉ နှစ်အရွယ် ဦးသိန်းအောင်ကို  သမ္မတဦးသိန်းစိန်က ၂ဝ၁၁ ခုနှစ်တွင် တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ဦးသိန်း အောင်ကို သူ၏ရုံးခန်း၌ မကြာသေးမီက သွားရောက်တွေ့ဆုံခဲ့ရာတွင် နွားသတ်ရုံများ ပိတ်ပစ်ရေး မဘသ၏ ကြိုးပမ်းမှုကို သူ ထောက်ခံကြောင်း ဦးသိန်းအောင်က ပွင့်လင်းစွာ ရှင်းပြခဲ့သည်။ သူ၏ ရုံးခန်းအတွင်း မဘသ၏ လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ စာရွက်စာတမ်း အများအပြား၊ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအတွက် ကလေးငယ်များကို သင်ကြား ပေးသည့် စာအုပ်လေးများကိုလည်း တွေ့ခဲ့ရသည်။ ဦးသိန်းအောင်သည် ရွေးကောက်ပွဲတွင်  တိုင်းအတွင်းရှိ အင်္ဂပူမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

တွေ့ဆုံမေးမြန်းမှုအပြီးတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားသည့် သူ့အမြင်အချို့ကို ပြောပြ စဉ်  မြန်မာပြည်ရောက် သမ္မတအိုဘားမား ဒေါ်အောင်ဆန်းစုကြည်ကို နမ်းနေသည့် ဗီနိုင်းပိုစတာတစ်ခုကိုပြကာ ‘မြန်မာ အမျိုးသမီးတစ်ဦးအနေနဲ့ ဒီလိုလုပ်သင့်သလား။ သူသာ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာရင် ဘာတွေဖြစ်လာမလဲ’ ဟု ပြော ကြားခဲ့သည်။

မေး -  နွားတွေကို မသတ်ဖို့ ကယ်တင်ရေး ဆောင်ရွက်ရာမှာ သံဃာတော်တွေ ဦးဆောင်မှုနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်း ဒေသကြီးအစိုးရရဲ့ သဘောထားမူဝါဒကို ပြောပြပါ။
ဖြေ - ဒီလှုပ်ရှားမှုအတွက် တချို့နေရာတွေမှာ သံဃာတော်တွေက ရှေ့ကနေပြီး တချို့နေရာတွေမှာ နောက်က နေပါတယ်။ တကယ်တမ်းကျတော့ ဒီကိစ္စက သံဃာတော်တွေ ရှေ့ထွက်ရမယ့်ကိစ္စ မဟုတ်ပါဘူး၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း တွေကပဲ ရှေ့ထွက်လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ သံဃာတော်တွေကတော့ နောက်ကနေ ပံ့ပိုးကူညီပေးတာလေးတွေ ရှိမှာပေါ့။ အဲဒီလို သံဃာတော်တွေ ရှေ့ထွက်လို့ ပြဿနာပေါ်လာခဲ့ရင်လည်း သံဃာတော်တွေကို လျှောက်ထားပြီး ဒါလေးတွေကတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းက လုပ်ပါစေ၊ သံဃာတော်တွေအနေနဲ့ ရှေ့ထွက်ပြီး မလုပ်ပါနဲ့၊ သံဃာတော်တွေ တစ်ခုခုဖြစ်ရင်လည်း လုပ်ရကိုင်ရ ခက်ပါတယ်ဆိုတာကို လျှောက်ထား တောင်းပန်တဲ့ အခါကျတော့ ပြီးမြောက်သွားပါတယ်။ တချို့ကိစ္စတွေမှာ သံဃာတော်တွေပါတာရှိတော့လည်း သူတို့ကိုယ်တိုင် ဒီမှာ လာရောက်ဆွေးနွေး သွားတာရှိပါတယ်။ အဲဒီလို ဆွေးနွေးညှိနှိုင်းခြင်းနဲ့ ပြေလည်အောင် ဆောင်ရွက်ပေးတာရှိပါတယ်။ ဒီလထဲမှာ ညွှန်ကြားချက် ထုတ်ထားတယ်၊ သံဃာတော်တွေအနေနဲ့ နောက်ကနေ ပါဝင်တယ်ဆိုသော်လည်းပဲ တကယ်လက်တွေ့ ကွင်းဆင်းဆောင်ရွက်တဲ့ အခါကျရင်တော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကပဲ တာဝန်ယူ ဆောင်ရွက်တာပဲ ကောင်းပါတယ်ဆိုတဲ့ မူဝါဒချမှတ်ပြီး ဧရာဝတီတိုင်းအတွင်းမှာ အဲဒီလို ဆောင်ရွက်နေပါတယ်။

မေး - တချို့ဆရာတော်တွေက မိန့်ပါတယ်၊ လိုင်စင်ဆွဲတဲ့ နေရာမှာ ဝန်ကြီးချုပ်အနေနဲ့ တန်ဖိုးလျှော့ချသတ်မှတ်ပေးပါတယ် တဲ့။ ဒီအချက်က မှန်ပါသလား။
ဖြေ -  ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုတော့ ကျွဲ၊ နွား သတ်တဲ့ကိစ္စတွေကို သဘောမတူပါဘူး၊ အထူးသဖြင့် အမြောက်အများ သတ်နေတာတွေကိုပေါ့။ ဒါကြောင့် ဇီဝိတဒါနအနေနဲ့ လိုင်စင်ယူတဲ့ မြို့တွေကိုလည်း  စဉ်းစားပြီး ဆောင်ရွက်ပေးပါတယ်။ အထူးသဖြင့် ဆရာတော်တွေအနေနဲ့ လုပ်ဆောင်နေတဲ့ မြို့တွေကိုလည်း အများကြီး ကူညီဆောင်ရွက်ပေးရာမှာ မနှစ်ကရော ဒီနှစ်ရော လေလံဈေးနှုန်းရဲ့ တစ်ဝက် (၅ဝ ရာခိုင်နှုန်း) ကိုပဲ ယူစေခဲ့ပါတယ်။ ဥပမာ လေလံဈေးနှုန်းက ကျပ် ၁ဝဝ ဆိုရင် ကျပ် ၅ဝ ပဲ ယူစေပါတယ်။ ဒီလိုနည်းနဲ့ အခွင့်အရေးပေးတာတွေတော့ ရှိပါတယ်။

မေး -  သံဃာတော်တွေက မိန့်ပါတယ်၊    မြို့နယ်အာဏာပိုင်အဖွဲ့အစည်းတချို့က အကျင့်ပျက်ခြစားမှုတွေလုပ်ပြီး နွားသတ်တာတွေကို ထိထိရောက်ရောက် မဟန့်တားဘူးလို့ ဆိုပါတယ်။ အဲဒါရော မှန်ပါသလား။
ဖြေ - မှန်တယ်။ ဇီဝိတဒါနလုပ်ထားတဲ့ ဒေသတွေမှာ ကျွဲနွားတွေ သတ်တာ၊ ဖြတ်တာတွေနဲ့ ပတ်သက်လို့ သာမန်ထက်ပိုသတ်တာတွေ၊ အများအစားသတ်တာတွေ ရှိတယ်။ အဲဒါတွေအားလုံးဟာ ဒီဒေသမှာရှိတဲ့ ရပ်/ ကျေးအဖွဲ့အစည်းတွေ၊ ရဲတွေ၊ စည်ပင်တွေ၊ အဲဒီလူတွေရဲ့ အားနည်းချက်တွေကြောင့် ဒါတွေဖြစ်တာပဲ။ သူတို့အားမနည်းရင် ဒါဖြစ်စရာအကြောင်းမရှိဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး သတင်းပေး တိုင်လာတယ် ဆိုရင်တော့ အရေးယူတယ်။  အထူးအဖွဲ့နဲ့ ဆင်းပြီး ဖမ်းရတယ်။ အိမ်မဲ(မြို့)မှာဆိုရင် အဲဒီလို ပြဿနာတစ်ခုဖြစ်တယ်၊ သတင်းပေးတဲ့အတွက် အထူးအဖွဲ့က ဆင်းဖမ်းတယ်၊ အဲဒီမှာ ပစ္စည်းပိုင်ရှင်တွေနဲ့ ရဲတွေအကြား ရိုက်နှက်မှုဖြစ်လို့ ဖြေရှင်းရတာရှိတယ်။ အထက်ဌာနအနေနဲ့ကတော့ ဒါမျိုးကိစ္စတွေကို ဖိဖိစီးစီးလုပ်တယ်၊ ခွင့်မပြုဘူး၊ သိရင် သေသေချာချာ ထိထိရောက်ရောက် အရေးယူတယ်။ လူပုဂ္ဂိုလ်တစ်ဦးချင်းကိုလည်း ဒီအတိုင်းပဲ တိတိကျကျတိုင်လာရင် အထူးအဖွဲ့နဲ့ စစ်ဆေးတယ်၊ ပေါ်ရင် ထိထိရောက်ရောက် အရေးယူတယ်။

မေး - ဦးအောင်သိန်း တိုင်းဝန်ကြီးချုပ် ပြန်ဖြစ်မယ်၊ အနည်းဆုံး လွှတ်တော်အမတ်ပြန်ဖြစ်မယ်ဆိုရင် ဒီဒေသအတွက် ဘာတွေကို အဓိကဦးစားပေး လုပ်ဆောင်မလဲ။   
ဖြေ -  နံပါတ်တစ်ကတော့ တရားဥပဒေ စိုးမိုးရေး။ နံပါတ်နှစ်အချက်က ပညာတတ်တွေ ပေါ်ထွက်ရေးနဲ့ အလုပ်အကိုင်ရရှိရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး။ ဒါတွေကတော့ ပထမဦးစားပေး လုပ်ရမယ့် ကိစ္စတွေပဲ။
လက်ရှိအစိုးရရဲ့ ကျန်တဲ့ကာလမှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားမှာပါ။   နောက်တက်လာမှာက ကိုယ့်လူပဲဖြစ်ဖြစ် သူလူပဲဖြစ်ဖြစ် အကောင်းဆုံး ဖောင်ဒေးရှင်းချပေးသွားမှာပါ။ မိမိတို့ ပါတီနိုင်ခဲ့ရင်လည်း ပေးတဲ့တာဝန်ကို ကြိုးစားလုပ်ဆောင် သွားမှာပါ။ ရွေးကောက်ပွဲကာလမှာလည်း ကော်မရှင်ရဲ့ စည်းကမ်းနဲ့အညီ ရွေးကောက်ပွဲဝင်ပြီး အခြား မတော်မတရားနည်းလမ်းတွေကို လုပ်ဖို့လည်း မစဉ်းစားပါဘူး။

မေး - ပုသိမ်မြို့ထဲမှာ ကြံ့ခိုင်ရေးပါတီရုံးတွေ့ရတယ်၊ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကိုလည်း တွေ့ရတယ်ဆိုတော့ ရွေးကောက်ပွဲဆိုင်ရာဗျူဟာပိုင်းက ဘယ်လို ရှိပါသလဲ။
ဖြေ -  ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကော်မရှင်က စည်းမျည်းစည်းကမ်းတွေ သတ်မှတ်ထားတာရှိတယ်။ ဒီစည်းမျည်း၊ စည်းကမ်းတွေနဲ့ အညီပဲ ကိုယ့်ပါတီအနိုင်ရအောင် ကြိုးစားသွားမယ်။ အကြမ်းဖျင်းကတော့ အဲဒီလောက်ပဲ ဖြေတာကောင်းပါတယ်။

မေး - ဆရာတော်တွေလုပ်ဆောင်နေတဲ့ အမျိုးဘာသာ သာသနာ ဆောင်ရွက်ချက်တွေကိုရော ဒီထက်ပိုပြီး ကူညီပေးသွားဖို့ ရှိပါသလား။
ဖြေ -  သီးခြား ပံ့ပိုးတယ်ဆိုတာထက် ဆရာတော်တွေ ဒီလိုလုပ်ငန်းမျိုးလုပ်တယ်ဆိုရင်တော့ သူတို့ရဲ့ လုပ်ဆောင်ချက်၊ လှုပ်ရှားမှု ပြီးမြောက်အဆင်ပြေဖို့ စောင့်ရှောက်ပေးတာပေါ့။ သူတို့မှတင်မဟုတ်ပါဘူး၊ ကိုယ့်တိုင်းထဲမှာ လှုပ်ရှားမှုတစ်ခုခု လုပ်တယ်ဆိုရင် ဆန့်ကျင်ဘက်ပါတီ လာလှုပ်ရှားတယ်ဆိုရင်တောင် ဒေသထဲမှာ ရုန်းရင်းဆန်ခတ်မဖြစ်အောင်၊ လုံခြုံအောင် စောင့်ရှောက်ပေးပါတယ်။ ဒါအစိုးရရဲ့ တာဝန်ပါ။ ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးခဲ့တဲ့ အပတ်ထဲက လာကြတယ်၊ မအူပင်၊ ကျိုက်လတ်၊ မော်ကျွန်းတို့ကို လာကြတယ်။ သွားရေး၊ လာရေး၊ စားရေး၊သောက်ရေးတွေကို အကူအညီတောင်းခံလာ ရင် အဆင်ပြေအောင်၊ အထူးသဖြင့် လုံခြုံရေးနဲ့ ပတ်သက်ပြီး ကိုယ့်တိုင်းဒေသကြီးထဲမှာ ပြဿနာမဖြစ်အောင် ကူညီစောင့်ရှောက်ပေးပါတယ်။   မဘသလည်း ထိုနည်းလည်းကောင်းပဲ သူတို့ ဒီအလုပ်လေးတွေ လုပ်တယ်ဆိုရင် မလုပ်နဲ့ ပြောလို့မရဘူး၊ ဒါပေမယ့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဆိုတာတော့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်လို့ စိတ်ထဲမှာ ခံစားတယ်၊ ဒါကြောင့်မို့ အားပေးတယ်။ ကူညီတယ်။ ဆောင်ရွက်ပေးတယ်။ ဒါဟာ တခြားဘာသာတွေကိုလည်း ထိခိုက်တဲ့ ကိစ္စမဟုတ်ပါဘူး။ သူတို့မှာလည်း လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ရှိပါတယ်။ 

မေး - အနာဂတ်မှာရော မဘသကို အကူအညီပေးဖို့ အစီအစဉ် ရှိသလား။
ဖြေ -  မဘသ သံဃာတွေအနေနဲ့ အခုလိုအလုပ်တွေ မလုပ်ပါနဲ့လို့ ကျွန်တော် ပြောလို့မရပါဘူး။ ဒီလုပ်ငန်းတွေဟာ ကျွန်တော်တို့ရဲ့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကာကွယ်တာဖြစ်လို့ ကျွန်တော်တို့ လုပ်သင့်ပါတယ်။ ဒီလုပ်ငန်းတွေကို ကျွန်တော် အားပေး  ထောက်ခံပါတယ်။ တနင်္ဂနွေဓမ္မစကူးလ်တစ်ခု ပုသိမ်မှာ ဆောက်လုပ်ဖို့ မြေတစ်ကွက် ပေးထားပါတယ်။

မေး -  တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးတဲ့နောက် အစိုးရအဖွဲ့ရဲ့ အောင်မြင်မှုတွေကို ပြောပြပေးပါ။
ဖြေ - တရားဥပဒေ စိုးမိုးမှုအခြေအနေ တိုးတက်လာပါတယ်။ အခြေခံအဆောက်အဦကဏ္ဍမှာ လမ်း၊ တံတားနဲ့ ရေ၊ လျှပ်စစ်မီး စတဲ့ ဖြည့်ဆည်းမှုအပိုင်းတွေမှာ တိုးတက်မှုတွေ ရှိလာပါတယ်။ ဆေးရုံတွေ၊ ကျောင်းတွေ ဆောက်ခဲ့တယ်။ နောက် ၅ နှစ်နဲ့ ၁ဝ နှစ် ရည်မှန်းချက်ကတော့ ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ လူငယ်ပညာတတ်တွေ ပိုများလာစေဖို့ ကလေးအားလုံး အခြေခံပညာပြီးမြောက်ဖို့ ရည်မှန်းထားပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်လို့လည်း ကျွန်တော်ဝန်ကြီးချုပ် ဖြစ်ပြီးတဲ့နောက်ပိုင်း အထည်ချုပ်စက်ရုံ ၄ ရုံ တည်ဆောက်ပြီးပါပြီ။ ၁ ရုံစီမှာ ဝန်ထမ်း ၂,ဝဝဝ စီ အလုပ်ပေးနိုင်ပါတယ်။

မေး - ရွေးကောက်ပွဲဝင်မယ်ဆိုတော့ မဲဆန္ဒရှင်တွေကို ဘာပြောချင်ပါသလဲ။
ဖြေ -  ကျွန်တော့်ရဲ့ပထမဦးစားပေးကတော့ တရားဥပဒေစိုးမိုးရေး၊ ဒုတိယဦးစားပေးကတော့ ပညာတတ်တွေပေါ်ထွန်းရေးနဲ့ အလုပ်အကိုင်ဖန်တီးပေးရေးတို့ဖြစ်ပြီး နောက်တစ်ချက်က စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပါတယ်။     ။
↧
↧

မောင်မောင်စိုး - NCA နှင့် Failed State - အပိုင်း (၅)

$
0
0
 မောင်မောင်စိုး - NCA နှင့် Failed State - အပိုင်း (၅)
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၅

● တက်သုတ်ရိုက်နေသော NCA
တိုင်းရင်းသားခေါင်းဆောင်များ အစည်းအဝေးထိုင် ဆုံးဖြတ်ချက်မချမှီပင် အောက်တိုဘာလအတွင်း NCA လက်မှတ်ထိုး မည်ဟု MPC က ဆိုသည်။ NCA လက်မှတ်ထိုးပြီး ဆောင်ရွက်မည့်ခြေလှမ်းများကို ချပြနေသည်။ ၂၀၁၅ စက်တင်ဘာ၁၁ ကMPC တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး NCA လက်မှတ်ထိုးပြီး ခြေလှမ်းများကို ချပြခဲ့သည်။

၎င်းတို့ထဲတွင် JMC Joint MonitoringCommittee ခေါ် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ UPDJC UnionPeace Dialouge Joint Committee ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ပူးတွဲကော်မတီတို့ဖွဲ့ စည်းရေး ရက် ၆၀ အတွင်း နိုင်ငံရေးမူဘောင်ရေးဆွဲရေး ရက် ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးတို့ပါဝင်သည်။

သို့သော် ၎င်းစက်တင်ဘာ ၁၁ ရက်ည ရန်ကုန်စမ်းချောင်းမြို့နယ်တွင်ရှိ ကချင်နှစ်ချင်းအသင်းတော် KBC ၌ ရန်ကုန် ကချင် လူထုရနှင့် တွေ့ဆုံပွဲတွင် KIO ဒုဥက္ကဌ နှင့် UNFC ဥက္ကဌ ဖြစ်သူ ဦးအင်ဘန်လက လာမည့် အောက်တိုဘာပထမပတ်၌ NCA လက်မှတ်ထိုးရန် မဖြစ်နိုင်ဟု ဆိုခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် ဦးအင်ဘန်လ က KIO အနေဖြင့် NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားကြောင်း အားလုံးပါဝင်ရေးကို သမတက လက်မခံ၍ စိတ်မကောင်းကြောင်း AA ကိစ္စ KIO ကတာဝန်ယူရန်မဖြစ်နိုင်ကြောင်း အဖွဲ့သေးသော်လည်း ရခိုင်ပြည်သူများကို ကိုယ်စားပြုသည့်အဖွဲ့ဖြစ်၍ အလေးနက်ထားစဉ်းစားရန် သမတအားတိုက်တွန်းခဲ့ ကြောင်း မိမိတို့အနေနှင့် NCA လက်မှတ်ထိုးရန် ဆုံးဖြတ်ထားသော်လည်း အောက်တိုဘာလတွင်မဖြစ်နိုင်ကြောင်း သမတကမ်းလှမ်းတဲ့ အောက်တိုဘာပထမပတ်ထိုးရေးကို တိုင်းရင်းသားခေါင်းဆောင် ၅ ယောက်အနက် တစ်ယောက်ထဲက ခေါင်းငြိမ့်လိုက်၍ စိတ်အနှောက်အယှက်ဖြစ်ရကြောင်းတိုင်းရင်းသားအဖွဲ့များ၏ စည်းလုံးညီညွတ်ရေးပျက်ပြားမှာ စိုးရိမ် ကြောင်း အားလုံးပါဝင်ရေးကိုမူအရလက်ခံသည့် သမတဦးသိန်းစိန်သဘောထားကို ကြိုဆိုကြောင်း ပြောကြားသွားပါသည်။

KIO အတွင်းရေးမှူး ဒေါက်တာလဂျာကတော့သမတနှင့်တွေ့ဆုံခဲ့သည့် အချက်များကို တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးဆုံးဖြတ်ရန် အစည်းအဝေးကို စက်တင်ဘာ ၂၅/ ၂၆ များတွင် ကျင်းပရန် စီစဉ်ဖိတ်ကြားထားပြီဟု ဆိုပါသည်။ တက်ရောက်သည့် ကချင်လူထုက ပြန်လည်ဆွေးနွေးရာတွင် ယခုလက်မှတ်ထိုးသည်ကိုအားမပေးကြောင်း စောင့်ကြည်စေလိုကြောင်းဆွေးနွေးသည်ဟု ဆိုပါသည်။

၂၀၁၅ စက်တင်ဘာ ၁၂ ရက်က ကျိုင်းတုံမြို့တြိဂံတိုင်းစစ်ဌာနချုပ်၌ ဦးအောင်မင်း ဦးသိန်းဇော်ခေါင်းဆောင်သည့် UPWC နှင့် UWSA မှ ပေါက်ယိုရိ ခေါင်းဆောင်သည့်အဖွဲ့တွေ့ဆုံခဲ့သော်လည်းNCA တွင် UWSA ပါဝင်လက်မှတ်ထိုးရေးအတွက်ပြီး ပြတ်သည့် သဘောတူညီချက်မရခဲ့ဟုဆိုပါ သည်။

ဤသို့သောအခြေအနေအောက်တွင် အစိုးရနှင့် MPC တို့အနေနှင့် အောက်တိုဘာပထမပတ်အတွင်း လက်မှတ်ထိုးရန် တက်သုတ်ရိုက်နေရ ပါသနည်း။ အားလုံးကြေနပ်သဘောတူမှုမရှိသည့်အခြေအနေတွင် NCA လက်မှတ်ထိုးခြင်းသည် အခြေ ခံကောင်း ရနိုင်ဘွယ်ရှိမရှိ စဉ်းစားရန်လိုအပ်ပေသည်။

အစိုးရနှင့် MPC အဖို့ အချိန် ၂ နှစ်ကာလအတွင်း တရားဝင်တွေ့ဆုံမှု ၁၀ ကြိမ် အလွတ်သဘော တွေ့ဆုံမှုအကြိမ် ၅၀ ခန့်ပြုလုပ်ခဲ့ရာ လုံလောက်ပြီ ယူဆသဖြင့်လော။ သို့မဟုတ် ကုန်ခဲ့အချိန် ငွေကြေးတို့အရ ရလဒ်တခုကို ဖေါ်ပြချင်၍လော။ ဦးသိန်းစိန်၏ သမတသက်တမ်း ကုန်ဆုံးခါနီး၍လော။ သို့မဟုတ် နောက်အစိုးရမတက်မှီ နိုင်ငံရေးဆွေးနွေးမှုမူဘောင်များကို ချမှတ်ထားလို၍လော။ သို့မဟုတ် တိုင်းရင်းသားကိစ္စ ဆက်လက်ဖြေရှင်းရန် ဦးသိန်းစိန်အနေနှင့် သမတ သက်တမ်း နောက်တခုလိုသည်ဟု အကြောင်းပြရန်လော။ လောပေါင်းများစွာသောမေးခွန်းတို့ပေါ်လာပေသည်။

တကယ်တော့ တိုင်းရင်းသားအရေးတွင် ရလဒ်တခုထွက်ရန်ဆိုသည်မှာ စာချုပ်စာတမ်းတခုပေါ်တွင် လက်မှတ်ထိုးသည် ထက် အရေးကြီးသည်မှာ နှစ်ဖက်နားလည်မှု ယုံကြည်မှု တည်ဆောက်နိုင်ရေးဖြစ်သည်။ လက်ရှိ NCA လက်မှတ်ထိုးရန် အတွက် ပထမပြဿနာမှာ အားလုံးပါဝင်နိုင်ရေးကို အစိုးရက လက်မခံနိုင်ဘဲ MNDAA/TNLA/ AA တို့ ၃ ဖွဲ့ကိုချန်ထား ခဲ့ခြင်းဖြစ်သည်။ ဤပြဿနာနှင့်ပတ်သက်၍ အစိုးရနှင့် MPC ဘက်မှ ကြည့်မြင်ပုံသည် လုပ်ငန်းစဉ်ပြဿနာ အဆင့်ဆင့်လုပ် သွားရမည့် လုပ်ထုံးလုပ်နည်းပြဿနာအဖြစ်ကြည့်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖက်ကမူ သူတို့၏ တပ် ပေါင်းစု မဟာမိတ်ပြဿနာအဖြစ်ကြည့်သည်။ မြန်မာပြည်တောင်ဖက်ခြမ်းရှိ ကရင်အဖို့ ၎င်းပြဿနာသည် မလေးနက်သော် လည်း မြောက်ပိုင်းရှိ တဆက်စပ်ထဲရှိနေသော KIA/SSPP-SSA/UWSA/NDAA တို့အတွက်မူ အရေးကြီးသည့် စစ်ရေး နိုင်ငံရေး မဟာမိတ်တပ်ပေါင်းစုပြဿနာအဖြစ်ကြည့်မြင်သည်။ သူတို့အဖို့ တဖွဲ့နှင့်တဖွဲ့ ကျောချင်းကပ်နိုင်ပါမှ အင် အားတောင့်တင်းနိုင်သည်။ အင်အားများ တစတစကွဲပြားပါက နောက်ဆုံး မိမိအင်အားပါပြုန်းတီး အကြပ်တည်း ဆိုက်နိုင် သည်ဟု မူအရခံယူထားကြသည်။

ဒုတိယပြသနာ မြန်မာစစ်ဖက်ခေါင်းဆောင်မှ NCA လက်မှတ်မထိုးမှီ လက်နက်ဖြုတ်သိမ်းရေးကိုဇောင်းပေးပြောဆိုခြင်းသည်၎င်း သမတဦးသိန်းစိန်မှ MNDAA/TNLA/AA ၃ဖွဲ့နှင့်ပတ်သက်ပြီးပါဝင်ရေးနှင့် နည်းနာရှာသွားမည်ဆိုသော်လည်း၎င်းအဖွဲ့များ လက်နက်ချမှလက်ခံမည်ဟု ပြောထားသော ကာချုပ်မှ သမတ၏တွေ့ဆုံပွဲတွင် မပါဝင်သည့်ပြင် နောက်ပိုင်းတွင်လည်း သမတ၏ သဘောထားကို အတည်ပြုခြင်းမရှိသေးခြင်းသည်၎င်း နည်းနာရှာသွားမည့် သမတ၏လုပ်ဆောင်မှုများကို ရှင်း ရှင်းလင်းလင်း မတွေ့ရသေး၍၎င်း တိုင်းရင်းသားအဖွဲ့များတွင် ယုံကြည်ရန်ခက်ခဲနေပြီး သံသယရှိနေဆဲဖြစ်ပုံရသည်။

တကယ်တော့ တိုင်းရင်းသားပြသနာဖြေရှင်း ရန်အတွက် NCA လက်မှတ်တက်သုတ်ရိုက်ထိုးရန်ထက် တဖက်နှင့်တဖက် ယုံကြည်မှု နားလည်မှုကောင်းများ တည်ဆောင်နိုင်ဘို့ ပိုအရေးကြီးသည်။ ယခုရက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းတွင်တိုက်ပွဲ များက ပိုပြင်းထန်လာနေသည်။ RCSS နှင့်လည်းကောင်း၊ TNLA ဒေသတွင်လည်းကောင်း၊ ကိုးကန့်ဒေသတွင်လည်းကောင်း၊ တိုက်ပွဲများဖြစ်ပွားရာမှ KIA နှင့် မုန်းကိုး ဖေါင်းဆိုင်ဒေသတွင် တိုက်ပွဲများရက်ဆက်ပြန်ဖြစ်လာနေသည်။

ပြီးခဲ့သောရက်ပိုင်း ဖြူးနယ်မဲဆွယ်ပွဲတခုတွင် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက အပြုတ်ဖြုတ်အပြတ်ရှင်းပြီး ပုံစံမျိုးစုံ သွင်း နေရာယူ၊ နေရာနေရင်တော့ ငြိမ်းချမ်းရေးရမှာမဟုတ်ဘူးဟု ဆိုသည်။ အထိုးနှက်ခံလိုက်ရသည့် စစ်ဗိုလ်ချုပ်ကြီးဟောင်း တဦး၏ သံဝေဂဟု ဆိုရပေမည်။

မည်သို့ပင်ဖြစ်စေ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် သင့်လျော်သည့်အဖြေရရန်အတွက် ပြဿနာကို ကြည့်မြင်ပုံ စဉ်းစား တွေးဆပုံတို့ ပြောင်းလဲရန်တော့ လိုအပ်ပေလိမ့်မည်။ ထို့ပြင် အားလုံးမပါဝင်နိုင်သည့် အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ သည် ပြဿနာကို ပြီးပြတ်အောင်ဖြေရှင်းနိုင်မည် မဟုတ်ပေ။

● နလံမထူသည့်နိုင်ငံတော် Failed State
သယံဇာတပေါကြွယ်ဝသည်ဆိုသော မြန်မာနိုင်ငံမှာ လက်တွေ့တွင် ချမ်းသာကြွယ်ဝသော နိုင်ငံတခုဖြစ်မလာဘဲ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်နေဆဲဖြစ်သည်။ လွန်ခဲ့သော နှစ်ငါးဆယ်ကျော်က အရှေ့တောင်အာရှတွင် ထိပ်ဆုံးကဟုဆိုသော်လည်း ယခုတော့နောက်ဆုံးကဖြစ်နေသည်။ သစ်တောသယံဇာတ ပြုန်းတီးမှုတွင် ထိပ်ဆုံးကရောက်နေပေမဲ့ တိုင်းပြည်ကတော့ အမွဲဆုံးဖြစ်နေသည်။ လူတစုကျိကျိတက်အချမ်းသာနေပေမဲ့ အများစုကြီး မွဲပြာကြနေဆဲဖြစ်သည်။ ပညာတတ်များ များစွာ ထွက်နေ သည်ဆိုသော်လည်း အလုပ်အကိုင်မရှိ၍ နိုင်ငံခြားတိုင်းပြည်များတွင် လူဦးရေသန်းအချို့ အလုပ်လုပ်နေရသည့် တိုင်းပြည်ဖြစ်သည်။ ယိုးဒယားကို အောင်ခဲ့တာ ဒို့ဗမာဟု ကြွားဝါနေသော်လည်း ယနေ့ကာလတွင် ထိုင်းနိုင်ငံသို့ လူသန်း နှင့်ချီ သွား၍ မျက်နှာငယ်နှင့်အလုပ်လုပ်နေရသော တိုင်းပြည်ဖြစ်သည်။ Failed State ဟုခေါ်ကြသည့် နလံမထူသည့် တိုင်းပြည်ဖြစ်နေသည်။

တိုင်းပြည်အခြေအနေပြောင်းနေသည် ဆိုသော်လည်း နှစ်ငါးဆယ်ခံခဲ့ရသည် စစ်အာဏာရှင်စနစ်က ခိုင်ခိုင်မာမာ အမြစ် တွယ်နေဆဲဖြစ်သည်။တိုင်းပြည်၏ ကဏ္ဍအသီးသီးတွင် ပညာရှင်များ နေရာမရဘဲ လူမှန်နေရာမှန် မဖြစ်နိုင်သေး။ အဂတိ လိုက်စားသော အစိုးရယန္တယားနှင့် တရားဥပဒေစိုးမိုးမိုးမှုကင်းမဲ့သော ဥပဒေအထက်မှ လူများကြီးစိုးဆဲဖြစ်သည်။ နိုင်ငံတကာက အရင်းအနှီးများအကူအညီများဝင်ရန် နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုပြည့်ပြည့်ဝဝ မလုပ်နိုင်သေးပေ။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ ဘဏ္ဍာရေးစနစ် တရားစီရင်ရေးစနစ်များ ပြည့် စုံရန် များစွာလိုအပ်နေသေးသည်။

ထိုထဲတွင် လွတ်လပ်ရေးရကထဲကစလာသောပြည်တွင်းစစ်ကို မရပ်တန့်နိုင် အဆုံးမသတ်နိုင်ပေ။ နှစ် ၆၀ ကျော်ကြာ ပြည် တွင်းစစ်ကို မဖြေရှင်းနိုင်သေးပေ။ ၂၀၁၀ နောက်ပိုင်းမှာပင် စစ်ဘေး ဒုက္ခသည်အရအတွက် သိန်းအချို့တိုးလာပြီး အာ ရှတွင် ဒုက္ခသည်အများဆုံး ဒုတိယနေရာ ရောက်လာသည်။ စစ်ဘေးစစ်ဒဏ်နှင့် စစ်စားရိတ်ဖြင့် ပိနေသောတိုင်းပြည်ဖြစ် နေဆဲဖြစ်သည်။ ဤပြည်တွင်းစစ်ပြဿနာကို မဖြေရှင်းနိုင်ပါက တိုင်းပြည်သည် နလံထူနိုင်လိမ့်မည်မဟုတ်ပေ။

တိုင်းပြည်ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းတွင်တွေ့ဆုံဆွေးနွေးနွေးမှုသည် ကောင်းမွန်သော အစချီချက်ဟုဆိုရပါမည်။ သို့ သော် ငြိမ်းချမ်းရေးပြဿနာကို တဖက်ဖက်က လိုချင်သောပုံစံအတိုင်းဇွတ်သွင်း၍ ဖြေရှင်း၍မရနိုင်ပေ။ အပြန်အလှန်ယုံကြည်မှုနားလည်မှုတည်ဆောက်သည့် အခြေခံပေါ်မှ စေ့စပ်ညှိနှိုင်းရယူဘို့ လိုအပ်ပေမည်။ နှစ် ၆၀ ကျော်ဖြစ်ပွားခဲ့သည့် ပြည် တွင်းစစ်မှ ရခဲ့သည့်အစိုင်အခဲနှင့် သံသယများကား နဲလှသည်မဟုတ်သည်ကို အထူးဂရုပြုရန်လိုပေလိမ့်မည်။ တဖက်ဖက်က လိုချင်သည့်ပုံစံအတိုင်းဖြေရှင်းပါက ပြဿနာမပြေလည်ဘဲ စစ်ပွဲဆီသို့ ပြန်လည်ဦးတည်သွားနိုင်ပေသည်။

ပြသနာဖြေရှင်းရေးတွင် တိုင်းရင်းသားများ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြသနာသည် အရေးပါ သည့်အခန်းမှပါသည်ကို အသိမှတ်ပြုရန်လိုအပ်သည်။ လွတ်လပ်ရေးရယူရန်အတွက် ပင်လုံစာချုပ်လက်မှတ်ထိုးရန်လုံးပမ်းစဉ်က ပြည်မနှင့်တွဲပြီး လွတ်လပ်ရေးယူပါ။ ၁၀ နှစ်နေလို့ မကြိုက်ပါက ခွဲထွက်နိုင်ပါသည်ဆိုသည့် တိုင်းရင်းသားများအားဗိုလ်ချုပ်အောင်ဆန်းပေးခဲ့သည့် ဂတိတလုံး အဖတ်တင်နေသည်ကို ဂရုပြုရန် လိုအပ်ပါသည်။ အနှစ်သာရပြည့်ဝသော တိုင်း ရင်းသားများလည်းလက်ခံနိုင်သော ဖက်ဒရယ်ပြည်ထောင်စုတရပ်ပေါ်လာရန်လိုအပ်ပေမည်။

ထို့ပြင် လက်ရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပြဿနာ သာမန်ပြည်တွင်းငြိမ်းချမ်းရေးသက်သက်သာမကဘဲ ဒေသ တွင်း အားပြိုင်နေသော အင်အားအားကြီးနိုင်ငံများကြား ရောက်ရှိနေသည်ဖြစ်ရာ အထူးသတိထား ကိုင်တွယ်ရန်လိုအပ် သည်။ သို့မဟုတ်က မြန်မာပြည်သည်ပြင်းထန်သော စစ်မြေပြင်အဖြစ် ပြောင်းလဲသွားနိုင်ပေသည်။

သို့ဖြစ်က တိုင်းပြည်သည် နလံမထူသည့်နိုင်ငံ Failed State အဖြစ်က ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပါ။


ပြီးပါပြီ
↧

ရန်ဝင်း (တောင်တံခါး) - နန်းဘုရား၊ ပုဂံ

$
0
0
နန်းဘုရား၊ ယခင်
 ရန်ဝင်း (တောင်တံခါး) - နန်းဘုရား၊ ပုဂံ
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၅

မနူဟာ (မကုတ) မင်းကြီး နန်းတော်ရာနေရာမှာ မြစ်တော် နာဂသမန်းက တည်ဆောက်ခဲ့တယ်လို့ဆိုရှိတဲ့ နန်းဘုရား ၁၂၃၉/၅၇၄ က ကျောက်အုတ်တွေနဲ့ချည်း တည်ဆောက်ထားတဲ့ သပ်ယပ် သပ္ပါယ်လှတဲ့ ဂူဘုရားတစ်ဆူ ဖြစ်ပါတယ်။

ပုဂံခေတ် လက်ရာတွေထဲမှာ အဆောက်အအုံတစ်ခုလုံးကို ကျောက်နဲ့ချည်း တည်ဆောက် ထားတာဆိုလို့ များများစားစား မရှိပါ။ မြေပြင်ပေါ်က လုံးဝပျောက်ကွယ်သွားပြီဖြစ်တဲ့ မြကန် စက္ကူတိုက် (ထိလိုင်မင်းကြီးကောင်းမှု)၊ တုရင်သက်စိုးတောင် တန်းပေါ်က ထူပါတွေ၊ ကျောက်ဂူဥမင်၊ ရွှေစည်းခုံစေတီကြီးနဲ့ နန်းဘုရားတို့ပဲ ရှိပါတယ်။

မနူဟာဂူဘုရားကြီး တောင်ဘက် မြင်းကပါဘုန်းတော်ကြီးကျောင်းဝင်းကို ဖြတ်ပြီး နန်းဘုရားဆီကို သွားရောက်နိုင်ပါတယ်။

ပုဂံခေတ် ကျောက်ဆစ်အတတ် ပြောင်မြောက်လှပုံကို သက်သေပြနေတဲ့ ကျောက်ဆစ်လက်ရာတွေ၊ ဘုရားတစ်ဆူလုံးမှာ အံ့မခန်းစရာ မြင်တွေ့ကြရပါမယ်။ ဘီလူးပန်းဆွဲတွေ၊ တိုင်ထောင့် အောက်ခြေက ပန်းတွေ၊ လေသာပြတင်းအပိတ်တွေ၊ ပြ တင်းတွေအပေါ်က ပန်းအိုး၊ နတ်ရုပ်၊ မကန်းရုပ်၊ ဟင်္သာငှက်ရုပ်ပါတဲ့ ပန်းခွေတန်းတွေ မြင်မြင်သမျှ တစ်ခုချင်းစီက ပုဂံခေတ် ကျောက်ဆစ်လက်ရာတွေအထဲမှာ အကောင်းဆုံး ဖြစ်ကြောင်း သက်သေပြနေကြပါတယ်။

ဂူဘုရားအတွင်း တိုင်ကြီး ၄ ခုရဲ့ ၁၆ မျက်နှာတွေမှာ ကြာပွင့်ပေါ်ထိုင်ပြီး၊ ကြာပွင့်တွေကိုကိုင်ထားတဲ့ မျက်နှာ ၃ ဘက်ပါ ဗြဟ္မာရုပ်ကြီးများ၊ ဘီလူးပန်းဆွဲ၊ ဘီလူးပန်းကိုက်၊ တိုင်ထောင့်၊ တိုင်ဖုံး ပန်းပုံစံကြီးတွေကို ရင်သပ်မောဘွယ်ရာ တွေ့မြင် ကြရပါမယ်။

နှစ်ပေါင်း ၈၀၀ ကျော် ၉၀၀ ခန့်လောက် ကာလကြာရှည်ခဲ့ပေမယ့် ထုဆစ်ပြီးခါစ ကာလတုန်းကလိုပဲ ခိုင်ခံ့တည်မြဲ လှပနေသေးတဲ့ ပုဂံခေတ် ကျောက်ဆစ်လက်ရာတွေကို သွားရောက် ကြည့်ရှုကြဖို့ သတင်းစကားနဲ့အတူ ဒီစာစုကလေးကို မျှဝေလိုက်ပါတယ်။

အညွှန်း။
ပုဂံသုတေသနလမ်းညွှန်၊ ဦးဗိုကေ၊ ပထမအကြိမ်၊ ၁၉၈၁
Pictorial Guide to Pagan: Ministry of Union of Burma, Reprint 1971
http://www.baganmyanmar.com
နန်းဘုရား၊ ယခု

နန်းဘုရား၊ ခွဲခြမ်း ဆွဲပုံ

ဟင်္သာငှက်ရုပ်ပါ ကျောက်ဆစ်တန်း

ကျောက်လေသာပြတင်း

ဘီလူး ပန်းကိုက်

ကျောက်တိုင်ဖုံး ပန်းတန်းများ

ကြာပွင့်ပေါ်ထိုင်၊ ကြာပွင့်ကိုင် မျက်နှာ ၃ ဘက်ပါ ဗြဟ္မာရုပ်ကြီး
↧

ဝင်းပအိန္ဒြာ ၏ ခိုင်မြဲပါစေ တေးစီးရီးသစ် မိတ်ဆက်

$
0
0
ဝင်းပအိန္ဒြာ ၏ ခိုင်မြဲပါစေ တေးစီးရီးသစ် မိတ်ဆက်
ရန်နောင်(ဗိုလ်တထောင်)  မိုးမခ  စက်တင်ဘာ ၁၉ -၂၀၁၅




          အဆိုတော် ဝင်းပအိန္ဒြာ ၏ ` ခိုင်မြဲပါစေ ´ တေးစီးရီးသစ် စာနယ်ဇင်းမိတ်ဆက်ပွဲကို  ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ စင်ထရယ် ဟိုတယ်တွင် ၁၈-၉-၂၀၁၅ နေ့ နေ့လယ် (၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
          ` ခိုင်မြဲပါစေ ´ တေးစီးရီးတွင် မိုးမိုး၊ဩရသ၊ဥာဏ်လင်းအောင်၊ဆိုတေး၊နိုင်းဝမ်း၊အားတီ၊သားသား တို့က ကူညီသီဆိုပေးထားသည်။ တေးရေးဆရာများ ဖြစ်ကြသော မြင့်မိုးအောင်၊မိုးမိုး၊ဩရသ၊Aသွေး၊ ဆိုတေး၊ နိုင်းဝမ်း၊အားတီ ၊ သားသား နှင့် အဆိုရှင် ဝင်းပအိန္ဒြာ ကိုယ်တိုင် တေးသီချင်းများအား ရေးဖွဲ့ သီကုံးထားကြသည်။
          တေးဂီတ ပိုင်းအား Runner၊မိုးမိုး၊ချမ်းအေးဝင်း၊ဇေထူးအောင်၊သားသား တို့မှ တီးခတ်ပုံဖော်ထားကြသည်။ဟာမိုနီကို ခင်မြတ်မွန်နှင့်အဖွဲ့မှ  ဆိုပေးထားပါသည်။
          CD & DVD တခါတည်းထွက်မည်ဖြစ်ပြီး  စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ The Sun Music မှ တပြည်လုံးသို့ ဖြန့်ချိလိုက်ပြီ ဖြစ်သည်။







↧

နဒီ ၏ ရှော့ပါဟောလစ် တေးစီးရီးသစ် စာနယ်ဇင်းမိတ်ဆက်

$
0
0
နဒီ ၏ ရှော့ပါဟောလစ် တေးစီးရီးသစ် စာနယ်ဇင်းမိတ်ဆက်
ရန်နောင်(ဗိုလ်တထောင်)      မိုးမခ     စက်တင်ဘာ ၁၉ -၂၀၁၅

နဒီ

သက်ထား

မာစတာတေးထုတ်လုပ်ရေး ပိုင်ရှင်

နွဲ့ယဉ်ဝင်း

          အိပ်မက်ဆုံရာ အဆိုပြိုင်ပွဲ ဒုတိယဆုရ အဆိုတော် နဒီ ၏ ရှော့ပါဟောလစ် တေးစီးရီးသစ် စနာယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်း နှင့်အနော်ရထာလမ်းထောင့်ရှိ Orchid Hotel တွင် ၁၈-၉- ၂၀၁၅ နေ့ နံနက်(၁၁)နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
          နဒီရဲ့ တေးအယ်လ်ဘမ် သစ်မိတ်ဆက်ပွဲတွင်  နဒီ၏ ဆရာ၊ဆရာမ များဖြစ်ကြသော တေးရေးဆရာ မြင့်မိုးအောင် နှင့် တေးသံရှင် နွဲ့ယဉ် ဝင်းတို့မှ အမှတ်တရ မုဒိတာစကားများ ပြောကြားပေးခဲ့ကြသည်။
          တေးသံရှင် နဒီ ကိုယ်တိုင်မှလည်း တေးစီးရီး နှင့်ပတ်သက်၍ အမှတ်တရ စကားပြောကြားခဲ့သည်။
နဒီ ၏ ညီမဖြစ်သူ သက်ထား မှလည်း တေးသီချင်းတပုဒ်အားဖြည့်သီဆိုပေးထားသည်။
          အဆိုပါတေးစီးရီးတွင် ရွှေဂျော်ဂျော်၊မြင့်မိုးအောင်၊ကေအေတီ၊ညီညီသွင်၊အငဲ၊ ယုန်လေး၊စောလင်းမို၊မိုးမင်းအိမ်၊ Aကေကေ ၊ စည်သူမင်း၊ပိုင်ပိုင် တို့က သီချင်းများကို ရေးသားပေးထားကြသည်။
          နဒီ ၏ ရှော့ပါဟောလစ် တေးစီးရီးကို စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍ မာစတာ တေးသံသွင်းမှ ဖြန့်ချိလိုက်ပြီဖြစ်သည်။

↧
↧

ဦးနေမျိုးဇင်နဲ့ဒေါ်နော်အုန်းလှတို့နှစ်ဦးအား ပူးတွဲအမိန့်ချ

$
0
0


ဦးနေမျိုးဇင်နဲ့ဒေါ်နော်အုန်းလှတို့နှစ်ဦးအား ပူးတွဲအမိန့်ချ
ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ ၂၀ရက်၊ ၂၀၁၄



ဦးနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့နှစ်ဦးအား ကျောက်တံတားတရားရုံးတွင် စက်တင်ဘာ ၁၈ရက်က အမိန့်ချခဲ့သည်။
နိုဝင်ဘာ ၁၉ရက် ၂၀၁၄ ခုနှစ် လက်ပံတောင်းတောင်ကိစ္စတွင် ဘုန်းကြီးများကိုမီးလောင်ဗုံး များဖြင့်ပစ်သော တရားခံများဖော်ထုတ်ပေးရေးဆန္ဒပြမှုဖြင့် ဒေါ်နော်အုန်းလှတစ်ဦးတည်းကို ၄လအမိန့်ချပြီး ဒီဇင်ဘာ ၁၉ရက် ၂၀၁၄ခုနှစ်တောင်သူမကြီး ဒေါ်ခင်ဝင်းသေဆုံးမှု  အမှုမှန်ပေါ်ပေါက်ရေးနှင့်ပတ်သက်ပြီး ဆန္ဒပြမှုဖြင့် ဒေါ်နော်အုန်းလှနှင့် ဦးနေမျိုးဇင်အား နှစ်ယောက်ပေါင်းတစ်မှုဖြင့် ၄လစီ ကျောက်တံတား တရားရုံး တွင် အမိန့်ချခဲ့သည်။ စက်တင်ဘာ၁၈ရက်နေ့တွင် ဒေါ်နော်အုန်းလှအား ၂မှုပေါင်း ၈လ နှင့် ဦးနေမျိုးဇင်အား ၁မှု ၄လ အမိန့်ချသည်။
          ဦးနေမျိုးဇင်ကို ဒေါ်ခင်ဝင်းသေဆုံးမှုအတွက် အမှုမှန်ပေါ်ပေါက်ရေးတောင်းဆိုခဲ့ရာတွင် ၄င်းအမှု ၁မှုထဲ ကို မြို့နယ်အသီးသီးမှ တရားစွဲပြီးချထားသော နှစ်မှာ ၄နှစ် ၈လဖြစ်ပြီး ယခု ကျောက်တံတား တရားရုံးမှ ၄လချလိုက်သည့်အတွက် ပေါင်း ၅နှစ်ရှိသည်။ ထပ်မံ၍လမ်းမတော်နှင့်ပန်းဘဲတန်း မှလည်း ဒေါ်ခင်ဝင်းကိစ္စနင့် ပတ်သက်ပြီး အမှုဖွင့်ထားသေးကြောင်း၊ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် ရခိုင်တိုင်းရင်းသားများနှင့်အတူ ဆန္ဒပြခြင်းကို ဒဂုံမြို့နယ်တရားရုံးက အမှုဖွင့်ထားကြောင်း၊ ဦးနေမျိုးဇင်၊ မမီးမီး၊ ကိုကျော်ကိုကို တို့အားလည်း နိုဝင်ဘာ ၂၀၁၄ခုနှစ်ကငြိမ်းချမ်းရေးအတွက်ဆန္ဒပြမှုဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မှ မကြာခင်တရားစွဲတော့ မည်ဟုအကြောင်းကြားထားကြောင်း၊ လွတ်လပ်ရေးကျောက်တိုင်ရှိ လွတ်လပ်ရေးကြေညာစာတမ်းကို လူငယ်များအား စာတမ်းဖတ်ပြမှု ပုဒ်မ၁၈ဖြင့် စက်တင်ဘာ ၂၈ရက်တွင်လည်း အမိန့်ချတော့မည်ဟု တရားသူကြီး ဦးဝင်းဇော်ညွှန့်ကပြော သွားကြောင်း ဦးနေမျိုးဇင်မှပြောသည်။
          ဒေါ်နော်အုန်းလှသည် ယခင်ကအမိန့်ချထားခြင်းသည် ၅နှစ်ကျော်ရှိပြီး ယခုအမိန့်ချထားသော ၈လဖြင့်ပေါင်းလျှင် ၆နှစ်ကျော်အမိန့်ချထားခြင်းခံထားရသည်။
↧

ကျောက်တံတားမြို့နယ် NLDလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ကြည်ပြာ

$
0
0


ကျောက်တံတားမြို့နယ် NLDလွှတ်တော်ကိုယ်စားလှယ်လောင်းဒေါ် ကြည်ပြာ
ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ၂၁ရက်၊ ၂၀၁၄





အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါ်ကြည်ပြာမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရသည့် ရည်ရွယ်ချက်များကို မိုးမခ သို့ ပြောပြခဲ့သည်။
တိုင်းဒေသကြီးလွှတ်တော်အတွင်း ဝင်ရောက်အရွေးခံရခြင်းနှင့် လုပ်ဆောင်သွားမည့်အခြေအနေ များကို ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ကြည်ပြာမှပြောပြရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကဏ္ဍအောက် တွင်ခေါင်းစဉ် ၁၃ခုရှိနေပြီး စီးပွားရေးကဏ္ဍ ကိုအထူးပြုလုပ်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးပြုလုပ်ရာတွင် နိုင်ငံရေးနှင့် စီးပွားရေးယှဉ်တွဲသွားရမည် ဖြစ်ကြောင်း၊ ဗဟိုအစိုးရချုပ်ကိုင် နေသော စီးပွားရေးများကို ဖွံ့ဖြိုးမှုအတွက် တိုင်းနှင့်ပြည်နယ်အစိုးရများသို့ အာဏာခွဲဝေပေးမှုဖြင့် လျော့ချသွား မည်ဖြစ်ကြောင်း၊ ယခုလက်ရှိပြဿ နာ ဖြစ်ပေါ်နေသည့် ရန်ကုန်တိုင်းအတွင်းရှိ မှားယွင်းနေသော စီမံကိန်း များနှင့်ပတ် သက်ပြီး တင်ပြဆွေးနွေးသွား မည်ဖြစ်ကြောင်း၊ လွှတ်တော်အတွင်းတွင် ဘတ်ဂျက်ကဏ္ဍများ ကိုလည်း သေ ချာစောင့်ကြည့်လေ့လာသွား မည်ဖြစ်ကြောင်း  ပြောပြသည်။
ဆက်လက်၍ “လွန်ခဲ့တဲ့ ၅နှစ်က တိုင်းနဲ့ပြည်နယ် အစိုးရတွေရယ်၊ လွှတ်တော်တွေရဲ့လုပ်ဆောင် မှုစွမ်း အားက တကယ့်ကိုထင်သာမြင်သာပြုပြင်ပြောင်းလဲမှု၊ တိုးတက်မှုဆိုတာမမြင်ခဲ့ဘူး၊ မရှိခဲ့ဘူး” ဟု ပြောသည်။
ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ကြည်ပြာသည် ယခင်က တာမွေမြို့နယ်တွင် ပါတီအတွင်းရေးမှူးအဖြစ်ထမ်းဆောင်ခဲ့ပြီး မဲစာရင်းစီစစ်ရေးတွင် လည်း ခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သည်။ ပထမအကြိမ်မဲစာရင်း စစ်ဆေးမှုတွင်လည်း မဲစာရင်းအမှား အယွုင်း များရှိခဲ့ခြင်း၊ ယခုတစ်ကြိမ်တွင်လည်း ရပ်ကျေးကော်မရှင်နှင့် မြို့နယ်ကော်မရှင်များမှာ အားနည်းမှု များရှိနေပြီး မှားယွင်းမှုများဆက်လက်ရှိနေသည်ဟု ဒေါ်ကြည်ပြာမှ ပြောသည်။
ဆက်လက်ပြီး “သူတို့ကိုဘာမှလည်းမပေးထားဘူး၊ ကိုယ့်ထမင်းကိုယ်စားပြီး သမန်ကာရှန်ကာပဲ လုပ်ကြတယ်၊ နောက်တစ်ခုက ကော်မရှင်ပိုင်းတွင် ရပ်ကျေးအဆင့်မြို့နယ်အဆင့်ဆင့် ချိတ်ဆက်မှုပိုင်း အင်မတန် နည်းပါတယ်၊ မပြင်တဲ့ပြည်သူတွေအများကြီးပါ၊ သွားမကြည့်တဲ့ပြည်သူတွေအ များကြီးပါ၊ အဲဒီအထဲမှာ သွားကြည့်တဲ့နည်းနည်းလေးကပြင်တာတောင်မလုပ်ပေး ဘူးဆိုရင် ဒီလူတွေအကုန်လုံး ရဲ့အမှားဘယ်လို လုပ်ပြင်မလဲ ဒီ၁၄ရက်အတွင်းမှာ၊ ဒါဟာဘယ်လိုမှမဖြစ်သင့်ဘူး ဒီအတွက် ရပ်ကျေး အဆင့် ထိကို ကော်မရှင်က အဆင့်ဆင့်သေချာစနစ်တကျလုပ်ဆောင်သင့်တယ်” ဟုပြောသည်။
ကျောက်တံတားမြို့နယ်တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ကြည်ပြာသည် အသက် ၃၆ နှစ်ရှိပြီး NLD အောင်နိုင်ရေးအတွက် ကျောက်တံတားမြို့နယ်တွင် ပါတီဝင်များနှင့်အတူ စည်းရုံးရေးလုပ်ဆောင်မှုများပြုလုပ်နေလျှက်ရှိသည်။
         
↧

ကာတွန်း မိုးသွင် - အနီ အစိမ်း

$
0
0

ကာတွန်း မိုးသွင် - အနီ အစိမ်း
(မိုမးခ) စက်တင်ဘာ ၂၁၊ ၂၀၁၅
↧

ငြိမ်းချမ်းအေး - ညီမလေး မမသို့

$
0
0

  ငြိမ်းချမ်းအေး - ညီမလေး မမသို့
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၅

ညီမလေး မမ ဝင်းမော်ဦး
ရင်ထဲမှာတော့ အမြဲတမ်း ကျောင်းစိမ်းလေးနဲ့
ညီမလေးပေါ့..။

အောင်ဆန်းပုံပိုက် တပ်ဦးကတိုက်
အသေရဲခဲ့သူ ညီမလေး မမ အတွက်
မိဘတွေ ‘အမျှ’ မဝေသလို
ငါဒို့လည်း ‘သာဓု’ မခေါ်ဘူး။

ဒီမိုကရေစီ ကောင်းမှု အမှန်ပြုနိုင်မှ
ငါဒို့ အားရပါရ သာဓု ကျယ်ကျယ်ခေါ်မယ်
၂၇ နှစ်မကလို့ နှစ် ၂၇၀ ကြာလည်း
‘အမှန်တရား’ ဟာ အောင်ပွဲခံရမယ်
ပြည်သူ့ဒီမိုကရေစီ ပန်းတိုင် လျှောက်လှမ်းရမယ်..။

စက်တင်ဘာ ၁၈
စစ်အာဏာ နှစ်ခါသိမ်း နှစ်လည်တွေ
ဘယ်လောက်ထပ်ထပ် တနေ့မှာ
လူထုအောင်ပန်း အမှန် ဆွတ်ခူးမယ်..။

သမိုင်းတွေကိုဖော်
အနာဂတ်တွေကို တော်အောင်လုပ်ကြမယ်။

အောင်ဆန်းရဲ့ မျိုးဆက်သွေးအစစ်
ကျောင်းသား အာဇာနည်တွေအကြောင်း ဖော်ထုတ်ကြမယ်..။

အဲဒီတုန်းက..

Proposal နိုင်ငံရေး
Project နိုင်ငံရေး
ပေါင်းစား နိုင်ငံရေး
Center ငြိမ်းချမ်းရေး
Hotel ဆွေးနွေးပွဲ
တမတ်သား လွှတ်တော်
ညာချ အမတ်
ဘာတခုမှ မရှိခဲ့ဘူး..။

ဒါပေမဲ့..

ဝင်းမော်ဦးလေးတွေ
အများအပြားရှိခဲ့တယ်..။

စွန့်လွှတ်မှု၊ အနစ်နာခံမှု
တော်လှန်စိတ်ဓာတ်
မှိုင်းစိတ်ဓာတ်၊ ဆန်းအလုပ်
သမိုင်းပြောင်အောင်
ဖော်ထုတ်ခဲ့ကြတယ်..။

အမျှမဝေနိုင်တဲ့
ကောင်းမှုတွေ အများကြီး ရှိခဲ့တယ်..။

မှိုင်းအမွေ၊ ဆန်းသွေး
ခေတ်အဆက်ဆက် ရဲရင့်နှလုံးသားနဲ့
သယ်ပိုးခဲ့ကြတယ်
ကျောင်းသားလူငယ်မျိုးဆက်သစ်အတွက်
ဂုဏ်ပြု ဦးညွတ်လိုက်ပါရဲ့...။      ။

(ကောင်းမှုတွေ အမှန် အမျှဝေနိုင်မယ့်နေ့ကို မျှော်ရည်လျက်..)

ငြိမ်းချမ်းအေ
စက်တင်ဘာ ၁၈၊ ၂၀၁၅

(စက်တင်ဘာ ၁၉၊ ၁၉၈၈  ခုနှစ်တွင် စက်တင်ဘာ ၁၈ အာဏာသိမ်း နဝတ စစ်အစိုးရရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ အသက် ဆယ့်ခြောက်နှစ်အရွယ် လသာ ၂ အထက်တန်း ကျောင်းသူ  မဝင်းမော်ဦးအပါအဝင် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့သော တော်လှန်ရဲဘော် ရဲမေအပေါင်းသို့..)

↧
↧

မြင့်ကျော် - လွဲနေတဲ့ သူတို့အတွက် ပြန်စာ

$
0
0
Myanmar Journalist Network and Myanmar Press Council (Interim) member U Myint Kyaw. Photo: Aung Khant / The Myanmar Times

မြင့်ကျော် - လွဲနေတဲ့ သူတို့အတွက် ပြန်စာ
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၅

မီဒီယာလောကမှာ သူတို့ ဗိုလ်ကျစိုးမိုး ချယ်လှယ်ချင်တာမရလို့ အဖွဲ့အစည်းတကာ၊ လူတကာကိုလိုက် အပြစ်ပြောနေတာမျိုးကို ပြန်တုံ့ပြန်ဖို့ မလိုဘူးလို့ အရင်က စဉ်းစားခဲ့တယ်။

ဒါပေမယ့်လည်း မူဝါဒကို ဝေဘန်တာ၊ လုပ်ပုံလုပ်နည်းကို ဝေဘန်တာမျိုး မဟုတ်တော့ဘဲ လူတဦးချင်းစီရဲ့ ကိုယ့်ကျင့်တရားကိုပါ ထိပါးစေတာမျိုးတွေပြောလာတော့ မီဒီယာသမားတွေနဲ့ စာဖတ်ပရိသတ်ကို ရှင်းပြ ဖို့လိုလာတယ်လို့ ယူဆပါတယ်။

စာနယ်ဇင်းကောင်စီဝင် တယောက်လည်းဖြစ်သူ ဒေါက်တာသိန်းမြင့်က သူတို့ရဲ့ မီဒီယာစာမျက်နှာပေါ်ကနေ စာနယ်ဇင်းကောင်စီဝင်တွေ တယောက်ပြီးတယောက်ကို ပုဂ္ဂိုလ်ရေးအရရော ၎င်းတို့ရဲ့ ကိုယ်စားပြုတဲ့အဖွဲ့အစည်းရဲ့လှုပ်ရှားမှုလိုမျိုးကိုပါ လိုက်လံအပြစ်ပြောနေတာဘာကြောင့်ပါလဲ။

အဖြေကတော့ စာနယ်ဇင်းကောင်စီဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အသုံးချလို့မရလို့၊ ၎င်းတို့ဩဇာမနာခံလို့ပါဘဲ။

သူတို့ အကျိုးစီးပွားနဲ့ကိုက်ညီတဲ့အခါ အသုံးချမယ် အကောင်းပြောမယ်၊ မကိုက်ညီတဲ့အခါ အဖွဲ့ကိုရော၊ အဖွဲ့မှာ လုပ်ကိုင်နေသူတွေကိုပါ အပြစ်ရှာပြီးဝေဘန် အပုပ်ချမယ်ဆိုတာမျိုးပါ။

စာနယ်ဇင်းကောင်စီဟာ တဦးတယောက်၊ အဖွဲ့တဖွဲ့ရဲ့ အကျိုးစီးပွားအတွက်မဟုတ်ပါဘူး၊ မြန်မာဂျာနယ်လစ်ကွန်ရက် (MJN ) ကို ကိုယ်စားပြုပြီး စာနယ်ဇင်းကောင်စီမှာ ပါဝင်ဆောင်ရွက်နေတာကလဲ မီဒီယာနယ်ပယ်ရဲ့ အကျိုးအတွက်ပါ။ ဘယ်သတင်းဌာန၊ ဘယ်သတင်းသမား တဦးတယောက်အတွက်မဟုတ်ပါဘူး၊
တချို့သော ကိစ္စတွေမှာ MJN ကရှုမြင်တာနဲ့ စာနယ်ဇင်းကောင်စီရဲ့ရှုမြင်ပုံ တထပ်ထည်းကျမှာ မဟုတ်ပါဘူး။
ဒီလိုကိစ္စတွေမှာ MJN အနေနဲ့ ကိုယ့်အမြင် ကိုယ့်လုပ်နည်းလုပ်ဟန်နဲ့ လုပ်မှာဖြစ်ပြီး စာနယ်ဇင်းကောင်စီကို MJN အတိုင်း မလုပ်ရကောင်းလားလို့ အပြစ်တင်လို့မရပါဘူး၊ ကောင်စီက သတင်းသမားတွေ စုစည်းထားတဲ့ MJA, MJN, MJU အပြင် အခြားသောနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေပါ ပါဝင်ဖွဲ့စည်းထားပြီး ပိုမိုကျယ်ပြန့်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်နေလို့ပါဘဲ။  သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမား ကာကွယ်ရေး သက်သက်မဟုတ်တော့ပဲ အများပြည်သူ့အခွင့်အရေးကို အာမခံဖို့လည်း ပါဝင်လို့ပါဘဲ။

အလဲဗင်းမီဒီယာက ပထမဆုံးကောင်စီကို တိုက်ခိုက်တဲ့ ကိစ္စက သမ္မတထံမှ အလှူငွေ သိန်းငါးရာ လက်ခံတဲ့ကိစ္စပါ၊ အဲဒီကိစ္စမှာ ကျွန်တော့်ရဲ့အမြင်ကတော့ ကောင်စီအနေနဲ့ ရံပုံငွေအတွက် မီဒီယာတိုက်ကြီးတွေထံက အလှူခံပြီး ရပ်တည်ရတာထက်စာရင် အမျိုးသားအဆင့်အဖွဲ့အစည်း တခုကို နိုင်ငံတော်က အကုန်အကျခံဖို့ တာဝန်ရှိတာကြောင့် ယူတာ မမှားဘူးလို့ ယူဆလို့ အဲဒီဘက်က ရပ်တည်ခဲ့တာပါ။ မီဒီယာတိုက်တွေက ၀တ္တရားအရ အချိုးကျထည့်ဝင်ရတာမျိုး မဟုတ်ပဲ အလှူငွေဆိုတဲ့ ပုံစံနဲ့ ပေးတာတွေကို လက်ခံရင် တနည်းမဟုတ်တနည်း သြဇာပေး၊ အသုံးချလာမှာကြိုမြင်လို့ပါဘဲ၊ နောက်တချက်က  ဒီငွေကို ဘယ်ကောင်စီဝင်မှ အကျိုးခံစားမှာ မဟုတ်ဘူးဆိုတာ လိပ်ပြာသန့်ပြီးသားမို့လို့ပါဘဲ။

ကောင်စီဝင်တွေဟာ လစာလည်း ယူကြသူတွေ မဟုတ်သလို၊ စေတနာ့ဝန်ထမ်း လုပ်ဆောင်နေတာဖြစ်လို့ ဒီသိန်းငါးရာကို လက်ခံခဲ့တာ ဖြစ်ပါတယ်။  ဒီပိုက်ဆံတွေကို ဘယ်ကောင်စီဝင် တဦးတယောက်မှ ကိုယ်ကျိုး မသုံးတာကိုလည်း ကောင်စီဝင်လည်း ဖြစ် ဘဏ္ဍာရေးကော်မတီဝင်လည်း ဖြစ်တဲ့ ဒေါက်တာသိန်းမြင့် သိပြီးသားပါ။  မသိလို့ ပြောနေတာမဟုတ်ဘဲ အပုပ်ချချင်တာကြောင့် အများပြည်သူ အထင်လွဲအောင် ပြောနေတာ ထင်ရှားပါတယ်။

အခုဆောင်းပါးတွေနဲ့ တယောက်ပြီးတယောက် တိုက်ခိုက်နေတဲ့ ရည်ရွည်ချက်ကဘာလဲဆိုရင် လက်ရှိ ကောင်စီဝင်တွေထဲက ပြန်ပြီးပါဝင်အရွေးခံနိုင်ဖွယ်ရှိသူတွေကို ပစ်မှတ်ထားနေတာပါ။ ပြန်အရွေးခံနိုင်ဖွယ်ရှိသူတွေကို အပုပ်ချရေးသားလို့ စိတ်ပျက်ပြီးကောင်စီမှာ ပြန်မပါအောင်၊ ကောင်စီကို အယုံအကြည်မရှိအောင် အားနည်းအောင်ရည်ရွယ်တာထင်ရှားပါတယ်။

ကျွန်တော်ဘယ်တုန်းက သတင်းမီဒီယာနယ်ပယ်ထဲ ၀င်လဲ၊ ဘယ်ဂျာနယ်မှာလုပ်ခဲ့လဲ၊ ဘယ်သတင်းဌာနမှာ လုပ်ခဲ့သလဲဆိုတာ သေချာစုံစမ်းပြီးမှရေးပါ၊  စာနယ်ဇင်းကောင်စီ ယာယီဖွဲ့တဲ့ ၂၀၁၂ ခုစက်တင်ဘာ ၁၇ ရက်နေ့မှ ဒေါက်တာသိန်းမြင့်က ကျွန်တော့်ကို မြင်ဖူးပြီး သတင်းလောကထဲကို လူငယ်တွေဝင်လာတာကောင်းတယ်လို့ လာပြောတာ ကျွန်တော်မှတ်မိနေပါသေးတယ်။ ကျွန်တော်က လူငယ်လဲ မဟုတ်ပါဘူး၊ ကျွန်တော့်အကြောင်း ဘယ်လောက်သိသလဲဆိုတာ အဲဒီအချက်က ဖေါ်ပြနေပါတယ်။

နိုင်ငံခြားအခေါက်ခေါက် အခါခါ သွားပြီး သတင်းမီဒီယာနယ်ပယ် တိုးတက်အောင် ဘာမှ မလုပ်နိုင်ဘူးလို့ ပြောရအောင် ကောင်စီ သက်တမ်း ၃ နှစ်အတွင်းမှာ ၃ရက်နဲ့ ၅ ရက် နိုင်ငံခြား ကွန်ဖရင့် ၂ ကြိမ်သွားတက်ရုံနဲ့ သတင်းမီဒီယာလောကကို တိုးတက်အောင် လုပ်လို့ရတဲ့နည်းရှိရင် ပြောပြပါဦး။ 

နိုင်ငံခြားသွားတဲ့ ကုန်ကျစရိတ်ကလည်း DW နဲ့ IMS အဖွဲ့တွေက စီစဉ်ကျခံတာပါ။  အခုခေတ်မှာ နိုင်ငံခြားသွားတယ်ဆိုတာ အခွင့်ထူးခံစားတာမဟုတ်တော့ပါဘူး၊ ကိုယ့်စိတ်နဲ့နှိုင်းရင်တော့ မပြောတတ်ပါဘူး၊ နိုင်ငံခြားသွားတယ်ဆိုတာ တကယ်တော့ ကိုယ့် အလုပ်ချိန်ထဲက ဖဲ့ပေးရ၊ အလုပ်တောင်ပျက်တယ်ဆိုတာ အဖွဲ့အစည်းမှာ တာဝန်ယူထားသူတွေသိကြပါတယ်။

ဒီလောကအကြောင်း မသိသူတွေကိုသာ ပြောလို့ယုံချင်ယုံပါလိမ့်မယ်။ ဒီလောကအကြောင်း သိသူတွေကတော့ ပြောတဲ့သူက ဘာရည်ရွယ်ချက်နဲ့ ပြောသလဲဆိုတာ ဒီနယ်ပယ်ကသူ အများစုက နားလည် သဘောပေါက်ပြီးသားပါ။

နောက်ဆုံးပြောချင်တာကတော့ မီဒီယာလောကမှာ ဗိုလ်ကျစိုးမိုးချင်တာကြောင့် အချက်အလက်မှန်တွေကို မျက်ကွယ်ပြုပြီး ပုဂ္ဂိုလ်ရေးတွေ တိုက်ခိုက်တာ ရပ်ပါတော့ ဆိုတာပါဘဲ။


(News-Eleven ၀က်ဆိုက်မှာ ဖော်ပြထားတဲ့ ဒေါက်တာသိန်းမြင့်၏ သူတို့လွဲနေပါတယ် (၂) ကို ပြန်ကြားစာ ဖြစ်ပါတယ်၊ မူလလင့်ခ်က http://news-eleven.com/opinions/%E1%80%9E%E1%80%B0%E1%80%90%E1%80%AD%E1%80%AF%E1%82%94-%E1%80%9C%E1%80%BC%E1%80%B2%E1%80%B1%E1%80%94%E1%80%95%E1%80%AB%E1%80%90%E1%80%9A%E1%80%B9-%E1%81%82 )

(မြင့်ကျော် သည် မိုးမခလစဉ်ထုတ်မဂ္ဂဇင်း (ရန်ကုန်)၏ အယ်ဒီတာတဦးလည်း ဖြစ်ပါသည်)

↧

ကာတွန်း စောငို - ဖဲ ... ကြိုး ... စင်

$
0
0

ကာတွန်း စောငို - ဖဲ ...  ကြိုး ... စင်
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၅
↧

ကိုသန်းလွင် - အစိုးရသစ်အတွက် စကားလက်ဆောင်

$
0
0
 ကိုသန်းလွင် - အစိုးရသစ်အတွက် စကားလက်ဆောင်
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၅

(၁)
ပြည်သူအများက လာမည့်နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲပြီးလျင် ပြည်သူတို့၏ ဆန္ဒကို ကိုယ်စားပြုသော ကိုယ်စားလှယ် အသစ်များနှင့် အစိုးရသစ် ပေါ်ထွက်လာမည်ဟု မျှော်လင့်နေကြပါသည်။ အစိုးရက ရွေးကောက်ပွဲကို လွတ်လပ်ရမည်၊ မှန် ကန်ရမည်ဟု ကတိပေးထားသောကြောင့် အများပြည်သူတို့ လိုလားသောကိုယ်စားလှယ်များ ပေါ်ထွက်လာမည်ဟု မျှော် လင့်ရပါသည်။

ပြည်သူလူထုက တင်မြှောက်ခြင်းမရှိဘဲ ပြည်သူ့ဆန္ဒမပါဘဲ အုပ်ချုပ်သောအာဏာရှင်၊ အစိုးရဆိုသည်မှာ ယခုခေတ်တွင် မရှိသင့်တော့ပါ၊ လူ့ယဉ်ကျေးမှု တိုးတက်ရာလမ်းကြောင်းသည် အကောင်းဘက်သို့သာ ပြောင်းလဲနေရမည်ဟု မဟတ္တမ ဂန္ဓီက ပြောခဲ့ဘူးသောစကားရှိပါသည်။ အများပြည်သူ၏ အလိုကျ တင်မြှောက်ခံရသော အစိုးရများသည်သာ ပြည်သူလူထု အပေါ်တွင် အုပ်ချုပ်ခွင့်ရှိပါသည်။

ပြည်သူအများမျှော်လင့်သကဲ့သို့သန့်ရှင်းသော ရွေးကောက်ခံ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည့် အစိုးရ လုပ်ဆောင်ရမည့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက်  ပြည်သူများ၏ မျှော်လင့်ချက်များကို ကျွန်တော်စဉ်းစားကြည့်မိပါသည်။ ထိုလုပ်ငန်းစဉ်များနှင့်ပါတ်သက်၍ ခေါင်းစဉ် ငါးခုခွဲပြီး ကျွန်တော်တင်ပြလိုပါသည်။

(၁) ပြည်သူက ယုံကြည်သောအစိုးရ
အစိုးရသစ်၏ပထမဆုံးလုပ်ရမည့်တာဝန်မှာ သူတို့သည်ပြီးခဲ့သော စစ်အာဏာရှင် အစိုးရများ နှင့်မပါတ်သက်ကြောင်း ပြည် သူအများ လက်ခံလာအောင် လုပ်ဆောင်ရေးဖြစ်ပါသည်။

ယခင်အစိုးရများ၏ ချို့ယွင်းချက်များရှိခဲ့ကြသောကြောင့် တိုင်းပြည်မှာ တိုးတက်မှု လျော့နည်းခဲ့ရခြင်း ဖြစ်ပါသည်။ အစိုးရ အဆက်ဆက်သည် အစိုးရဖွဲ့စည်းရာတွင် တပ်မတော်အရာရှိကြီးများ အများစုဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ရာ ၎င်းတို့၏စီမံခန့်ခွဲမှု အရည်အသွေးမှာ အားရစရာမရှိပေ၊ ၀န်ကြီးများမှစ၍ အောက်ခြေ ၀န်ထမ်းများ အထိခြစားလာဒ်ယူနေကြသောကြောင့် စနစ်ကြီးအတွင်း ခြစားမှုများမှာ ဥပဒေက ခွင့်ပြုထား သကဲ့သို့  ပြုမူဆောင်ရွက်ခဲ့ကြပါသည်။

ထိုချို့ယွင်းချက်များကိုပြုပြင်နိုင်မှသာပြည်သူလူထုကလက်ခံသော အစိုးရဖြစ်လာနိုင်ပါသည်။ ထိုသန့်ရှင်းသော အစိုးရဖြစ် ရေးကို ခေါင်းဆောင်တယောက်ထဲလုပ်ရုံဖြင့်မရ၊   အစိုးရတဖွဲ့လုံးက ပြုပြင်ရန်လိုအပ်ကြောင်းကို သဘောပေါက်ရန်လိုပါ သည်။

ယခင်အစိုးရများက ပြည်သူသည်အုပ်ချုပ်ခံ လူတန်းစားသာဖြစ်သည်။ ပြည်သူ၏ဆန္ဒသည်အရေးမကြီး စည်းကမ်းရှိသော ဒီမိုကရေစီ ဖြစ်ရမည်ဟုဆိုကာ တဖက်သတ် ဆောင်ရွက်လေ့ရှိခဲ့ကြပါသည်။   ပြဿနာကို လုံခြုံရေးတပ်သားများနှင့်လက်နက် နှင့်ဖြေရှင်းခဲ့ကြပါသည်။ အစိုးရသစ်သည် ပြည်သူ့ဆန္ဒကို ဦးစားပေး အလေးထားသည့်အစိုးရသာ ဖြစ်ရပါမည်၊ ဤနည်းဖြင့် သာ ပြည်သူလူထုက ပူးပေါင်းပါဝင်လာကြ ပါလိမ့်မည်၊ ပြည်သူလူထုပါဝင်ပူးပေါင်းခြင်းမရှိသည့် အကျိုးရလဒ်ကို ကျွန်တော် တို့ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြပါပြီ။

အစိုးရသစ်သည် ပေါ်လစီ အသစ်၊ စည်းကမ်းနည်းလမ်းအသစ်များ ချမှတ်ရန်အတွက်ပြည်သူများ၏ ဆန္ဒ၊ အကြံဥာဏ်များကို တောင်းခံရန်လိုအပ်ပါသည်။  နိုင်ငံတော်ရေးရာများမှာ အကြောင်းအရာ ပေါင်းစုံနေပေရာ ခေါင်းစဉ်ကြီးများခွဲပြီး တွေ့ဆုံပွဲ၊ ဆွေးနွေးပွဲနှင့် ကွင်းဆင်းလေ့လာခြင်းကိစ္စများ စာတန်းဖတ်ပွဲများ  ကျင်းပပေးရပါလိမ့်မည်။ အလွှာစုံ လုပ်ငန်းဌာန အသီး သီးမှ စိတ်ပါဝင်စားသူ ပြည်သူများကို ဖိတ်ခေါ်ပြီး အကြံဉာဏ်နှင့် ပြဿနာများကို အစိုးရအသစ်က နားထောင်ပြီး သင့်တော် သော ပေါ်လစီများကို ချမှတ်ကြရပါမည်။

အစိုးရသစ်က ပထမဆုံး လုပ်ရမည့်အလုပ်မှာ နိုင်ငံတော်တည်ဆောက်ရေးအတွက် အကြံဉာဏ်ရယူရန် ကုလသမဂ္ဂမှ ပညာရှင်များလွှတ်ပေးရေး မေတ္တာရပ်ခံရန်ဖြစ်ပါသည်။  နိုင်ငံ၏ စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦး များ တည်ဆောက်ရေးအတွက် နိုင်ငံတကာမှ အကူအညီယူရန်ဖြစ်ပါသည်။ ကမ္ဘာနှင့်အ၀ှမ်း ပြုပြင်ရေးလုပ်ငန်းလုပ်ခဲ့ကြသည့် Case Study များမှာ မြောက်များစွာရှိနေပါသည်။ မိမိနှင့် အခြေခံတူ ပုံစံအမြောက်အများထဲမှာရွေးချယ်ရန် နိုင်ငံရပ်ခြားမှ ပညာရှင်များ၏အကူအညီကို ယူကြရပါမည်။

ယခုခေတ်သည် အင်တာနက်၊ ဖေ့ (စ) ဘွတ်ခေတ်ကြီးဖြစ်ရာ သတင်းအချက်အလက်တို့ကို ဖုံးအုပ်ထား၍ မရ၊ သတင်းဖြစ် ပေါ်တိုင်း ချက်ခြင်းပြည်သူအကြားပျံ့နှံသွားနိုင်သည်ကို အများသိကြပြီးဖြစ်ပါသည်။ ထို့ကြောင့်အစိုးရ၏ လုပ်ငန်းများတွင် ထင်သာမြင်သာရှိရမည် (Transparency) ဆိုသောအချက်သည် အရေးကြီးလာပါသည်။ နိုင်ငံရေးလုပ်ခြင်းသည် တိုင်းပြည် တာဝန်ထမ်းဆောင်ခြင်းသာ ဖြစ်ရပါမည်။ မိမိစီးပွားရေးအတွက် အစိုးရလုပ်ရခြင်းမဟုတ်၊ အစိုးရလုပ်ခြင်းဖြင့် မိမိကိုယ်ကို ချမ်းသာလာစေရမည်ဟု မယူဆသင့်ပေ။

စင်္ကာပူပုံစံကိုယူမည်ဆိုလျှင် ကက်ဘိနက်ဝန်ကြီးများ၏ လစာသည် လာဒ်စားရန် မလိုတော့လောက်အောင် ပေးထားကြပါ သည်။   မိမိ ဒရိုင်ဘာ၊ အိမ်ဖော်ကိစ္စ၊ ရေဘိုး၊  မီးဖိုးကိစ္စ အားလုံးကို မိမိဖာသာ တာဝန်ယူရပါသည်။ ၀န်ကြီးဟူ၍ နိုင်ငံတော် ပစ္စည်းကို အလကားသုံး၍မရ၊ ၀န်ကြီးတာဝန်ချိန်မဟုတ်ဘဲ ရထားစီးလျှင် ရထားခကို မိမိဖာသာပေးရပါသည်။ ဤနည်းဖြင့် နိုင်ငံတော်ဘဏ္ဍာက သပ်သပ်၊    မိမိ၏ ကုန်ကျစရိတ်က သပ်သပ်ဖြစ်လာပါသည်။

တိုင်းပြည်ထူထောင်ချိန်တွင် အခြေခံအဆောက်အဦး လိုအပ်ချက်များ ကိုတည်ဆောက်ကြရပါသည်။ အစိုးရတာဝန် ရှိသူ များက မိမိအကျိုးစီးပွားအတွက် မိမိနီးစပ်ရာလူများနှင့်ပူးပေါင်းကာ ခရိုနီလူတန်းစားကို ဖန်တီးခဲ့ကြပါသည်။ ခရိုနီများချမ်း သာသလို ထိုအရာရှိကြီးများလည်း ကြွယ်ဝချမ်းသာသွားကြပါသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း (၅၀) အတွင်းအစိုးရ အဆက်ဆက်တွင်ပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို မရရှိခဲ့ကြ ပါ၊   အာဏာရှင်ကြီးများ  အဆက်ဆက်က  အစိုးရ အဖွဲ့ ရွေးချယ်ရာတွင် လုပ်ငန်းကျွမ်းကျင်မှု၊ အတွေ့အကြုံ  စီမံခန့်ခွဲနိုင်သည့် စွမ်းရည်အမျှော်အမြင် ကြီးမားမှု စသည့်ခေါင်းဆောင် ကောင်း တို့တွင် ရှိရမည့်အရည်အချင်းများ ရှိမရှိကို ဆန်းစစ်ရမည့် အစား မိမိ နှင့် ရင်းနှီးမှု ရှိ/ မရှိ  မိမိအပေါ် သစ္စာ ရှိ/မရှိ ကိုသာ စဉ်းစားရွေးချယ်ခဲ့ကြခြင်းကြောင့် တိုင်းပြည်တွင် လုပ်ခဲ့သမျှ စီမံကိန်း လုပ်ငန်းများမှာ  အောင်မြင်သင့်သလောက် အောင်မြင်သည်ဟု မရှိခဲ့ပါ။ လဒ်စားခြင်း ပရောဂျက်ရရှိရန် တန်ဘိုး ကြီးလက်ဆောင်ပေးရခြင်းဟူသော အကျင့်မှား၊ အကျင့်ဆိုးများကြောင့်  ဘက်ဂျက်ချပေးသော ငွေမှာ  စီမံကိန်းအတွက် အပြည့်အ၀သုံးရသည်ဟု မရှိခဲ့ပါ။

ထို့ကြောင့် အစိုးရ အသစ်တွင် ထိုက်သင့်သော ပညာအရည်အချင်းရှိခြင်း၊ လုပ်ငန်းအတွ့အကြုံရှိခြင်း၊ မိမိဝန်ကြီးဌာနလုပ် ငန်းနှင့် ပတ်သက်၍ အခြေခံ ဗဟုသုတနှင့်ပြည့်စုံသော လူများကိုသာ နေရာချ ခန့်ထားပေးရပါမည်။ ထိုလူပုဂ္ဂိုလ်များသည် ရိုးသား၍ မိမိကိုယ်ကျိုးစီးပွားကို ရှေ့တန်းမတင်သောလူများဖြစ်ရပါမည်။

လူငယ်ထုကို ပြုစုပျိုးထောင်ရေးမှာ အဓိကလိုအပ်ချက်ဖြစ်ပါသည်။ ခေါင်းဆောင်ကောင်းများသည် စစ်တပ်မှလာသည် ဆိုခြင်းအစား၊ လူငယ်ထုအတွင်းမှ  ရွေးချယ်ပြုစုပျိုးထောင်ပေးရသည့် အစဉ်အလာကောင်းများကို ချထားပေးရန် လိုပါ သည်။   အထက်တန်းကျောင်းများ၊ တက္ကသိုလ်နှင့် ပညာသင်ရာဌာနများမှ ခေါင်းဆောင်သစ် လူငယ်များကို ရှာဖွေမွေးထုတ် ပေးရန်လိုပါသည်။ သမ္မတ၏ပညာသင်ဆုကို တိုင်းပြည်နေရာစုံမှ ထက်မြက်သောလူငယ်များကို သမာသမတ်ရှိရှိရွေး ချယ်ကြရပါမည်။

အစိုးရသစ်သည် ပြည်သူလူထု၏ထောက်ခံမှုရရှိရေးသည် အရေးကြီးဆုံးဖြစ်သည်။ ထိုအချက်မပါလျင် ကျွန်တော်တို့နိုင်ငံ သည်ယခင်အစိုးရများနည်းတူ ပြည်သူလိုလားသည်ကတဖက်၊ အစိုးရသွားနေသည့် လမ်းကြောင်းကတဖက် ကွာဟနေမည် သာဖြစ်သည်။ ကာလုံအဖွဲ့က တဖက်လှည့်နှင့် စစ်ဦးစီးချုပ်က စီမံခန့်ခွဲမှုအာဏားကို ယူမြဲယူထားလျှင် ပြည်သူ့အစိုးရ ဖြစ်ပေါ်လာရေးမှာ အခက်အခဲများရှိနေဦးမည်သာဖြစ်သည်။

(၂) ကူညီရိုင်းပင်းတတ်သော လူ့အဖွဲ့အစည်း
ကျွန်တော်တို့နိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားရာ နိုင်ငံဖြစ်ပါသည်။ မြန်မာပြည်သည် သန့်ရှင်းသောဗုဒ္ဓ၏ အဆုံး အမ တရားတော်များကို ထိန်းသိမ်းထားနိုင်သည့် နိုင်ငံဖြစ်ပါသည်။

ကံ၊ ကံ၏ အကျိုးကို အလေးအနက်ယုံကြည်ပြီး ကူညီရိုင်းပင်းတတ်သော မြန်မာတို့၏ဓလေ့မှာ မြို့ကြီးများမှစတင်ကာ တစတစ ကျေးရွာလူထုအထိ တဖြည်းဖြည်း အရည်အသွေး ကျဆင်းလာခြင်းကို တွေ့မြင်နေရပါသည်။

စီးပွားရေးလုပ်ငန်းလုပ်၍ ငွေရှာကြရာတွင် ခင်မင်ရင်းနှီးမှု နှင့်ယုံကြည်မှု (Trust) ၏တန်ဘိုးမှာ တရားဥပဒေ မစိုးမိုးခြင်း၊  အထက်အာဏာပိုင်တို့က ဥပဒေကို မိမိတို့အလိုရှိသလို အဓိပ္ပါယ်ဖော်အသုံးပြုခြင်းတို့ကြောင့် နိုင်ရာစားသည့် ၀ါဒသဘော သာ ပြည်သူလူထုအတွင်း စိုးမိုးနေပါသည်။

ဥပဒေနှင့် တရားစီရင်ရေးကိစ္စများသည် အုပ်ချုပ်သူ လူတစ်ဦးတစ်ဖွဲ့အောက်၌ ရှိရသည်မဟုတ်ပါ၊  အစိုးရသစ်သည် ဥပဒေ ပြုခြင်းနှင့် တရားစီရင်ခြင်းကိစ္စကို သမာသမတ်ကျကျ ဆုံးဖြတ်တတ်သော ပညာရှင်များ၏လက်ထဲတွင်သာ ထားရှိရပါ မည်၊   ဥပဒေကို လိုသလိုပြင် လိုသလိုသုံး၍ တစုံတဦးကို လွတ်စေ၊ တစုံတဦးကို အပြစ်ဒဏ် ကျခံစေဟူသော အလေ့အထ မရှိ သင့်ပါ။

တာဝန်ရှိသူများ လာဒ်စားနေကြခြင်း၊ တရားစီရင်ရေးကို အထက်အာဏာပိုင်များကလည်းကောင်း၊ ဘေးမှလာဘ်ပေး သူတို့ကလည်းကောင်း၊ လိုသလိုသုံးစွဲနေကြခြင်းကြောင့် လူနေမှုအဖွဲ့အစည်းအတွင်းတွင် ကြီးမားသော အန္တရာယ်များရှိ နေကြပါသည်။

ပြဿနာတစုံတရာဖြစ်ပြီဆိုလျင် ဖြေရှင်းရန် တာဝန်သိသောရဲတပ်ဖွဲ့နှင့် သမာသမတ်ရှိသော တရားစီရင်ရေး စံနစ်ရှိရန် လိုအပ်ပါသည်။   ခြစားမှုတိုက်ဖျက်ရေးအဖွဲ့သည် လုပ်ပိုင်ခွင့် အပြည့်ဖြင့် ပြည်သူကို ကိုယ်စားပြုသူများနှင့်သာဖွဲ့စည်းရပါမည်၊ အစိုးရကို အစီရင်ခံရန်လိုသော်လည်း အစိုးရက အဖွဲ့၏လုပ်ငန်းများကို ၀င်ရောက်နှောင့်ယှက်ခြင်းမပြုရပါ၊ အထက်က ဆိုခဲ့သည့်အတိုင်း  ဥပဒေပြုအာဏာနှင့် တရားစီရင်ရေး အာဏာကိုအစိုးရက လွှမ်းမိုးခြင်းမပြုနိုင်အောင်စီစဉ်ရေးမှာ အစိုးရသစ်၏ ပထမဆုံးလုပ်ရမည့်အလုပ်များတွင် ပါဝင်ပါသည်။

စာပေလွတ်လပ်ခွင့်နှင့် မိမိအယူဝါဒ ဆန္ဒထုတ်ဖေါ်ခွင့်များရှိမှသာ ပြည်သူလူထု၏ဆန္ဒအစစ်အမှန်ကို အစိုးရက အမြဲသိနိုင် ပြီး ပြည်သူနှင့် ဆက်သွယ်ရေးလမ်းကြောင်းကို အမြဲဖွင့်ထားရပါမည်။

(၃) အခွင့်အရေးများနှင့် ဒို့နိုင်ငံ
၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များသည် ဘွဲ့ရ အင်ဂျင်နီယာများ၊ ဆရာဝန်များ၊ ရိုးရိုးဘွဲ့ရသူများ နိုင်ငံရပ်ခြားသို့ ထွက်ခွါကြသည့် အဆိုးဆုံးအချိန်များဖြစ်ခဲ့ပါသည်။   နိုင်ငံတွင်း၌ အခွင့်အရေးမရှိ၊ မိမိတို့သားသမီးများ ကို အရည်အချင်း  ပြည့်ဝသည့် ပညာ သင်ကြားပေးနိုင်ရေးမှာ များစွာသောပြည်သူများ၏လိုအပ်ချက်ဖြစ်ပါသည်။    အစိုးရသည် ပညာတတ်များကိုမွေးမြူရမည်၊ ပြုစုပျိုးထောင်ရမည်ဟူသောဝါဒအစား မိမိနှင့် ဆွေမျိုးနီးစပ်သူ၊   မိမိအပေါ်သစ္စာရှိမည့်သူများ နှင့်သာ အလုပ်လုပ်ရမည် ဟုမူဝါဒ ချမှတ်ခဲ့သည်။   လူတော်လူကောင်းမဟုတ်၊  လူကောင်းလူတော်များကိုသာ အလိုရှိသည်ဟု ကြွေးကြော်ခဲ့ဘူးသည်။

အကျိုးရလဒ်မှာ Brain Drain ဖြစ်ရခြင်းခေါ်စွမ်းရည်ရှိသည့် အလုပ်သမားကောင်းများ ပြင်ပသို့ရောက်ကုန် ကြရခြင်းဖြစ် ပါသည်။ ထိုနည်းတူ  ယခုမိုးကျရွှေကိုယ်ဟု လူအများက ပြောဆိုနေကြသော စစ်တပ်မှ အနားပေးလိုက်သူများ  ကိုပြင်ပ အစိုးရဌာနများ၌ အုပ်ချုပ်သူ အရာရှိများအဖြစ်ပို့ လိုက်ခြင်းမှာလည်း ဘရိန်းဒရိန်းကိစ္စကိုဖြစ်စေသည့် မှားနေသော ပေါ်လစီ တခုသာ ဖြစ်သည်။

စစ်တပ်အတွင်း၌ ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့သူများကို Track Record ကိုကြည့်၍ ဌာနကြီးများတွင် ၀န်ကြီးလုပ်ရန်၊ အုပ်ချုပ်ရေး အရာရှိများ ခန့်အပ်ခြင်းကို ကန့်ကွက်ရန်မရှိပါ၊   သို့ပါသော်လည်း အသုတ်လိုက် အသုတ်လိုက် စီမံခန့်ခွဲရေး အရာရှိအဖြစ် ပို့လွှတ်ခြင်းမှာ မဖြစ်သင့်ပါ၊   စစ်တိုင်းမှူးလုပ်ပြီးလျင် ၀န်ကြီးဌာနတွင် ၀န်ကြီးခန့်အပ်ခြင်းမှာ တယောက်တလေ၊ တခါတရံသာ အထူးကိစ္စများ၌ဆောင်ရွက်ရန်ဖြစ်သည်။   ဌာနနှင့် ပတ်သက်သည့်ဗဟုသုတ မရှိဘဲ စစ်တိုင်းမှူးဖြစ် ခဲ့ဘူးသောကြောင့် ၀န်ကြီးဖြစ်ရမည်ဟူသော  ပေါ်လစီမှာ ခေတ်သစ်အစိုးရသစ်နှင့် မကိုက်ညီတော့ပါ။

အနာဂါတ်အတွက် လူတော်လူကောင်း နှင့် ခေါင်းဆောင်ကောင်းများကိုရွေးချယ်ရန် နေရာမှာ ကျောင်းများနှင့် တက္ကသိုလ် ပညာသင်ရာဌာနကြီးများသာဖြစ်သင့်သည်။ တိုင်းပြည်၌ ကိစ္စကြီးငယ်ပေါ်ပေါက်တိုင်း တက္ကသိုလ်နှင့် သုတေသန ဌာနကြီး များမှ ပညာရှင်ပုဂ္ဂိုလ်များ၏ အယူအဆများကို နားထောင်သင့်သည်။ သတင်းမီဒီယာများကလည်း  ပြဿနာ ဖြေရှင်း ပြေလည်စေရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင် တို့၏ အယူအဆကို အများပြည်သူ သိအောင် ဆောင်ရွက်ပေးကြ ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ လိုအပ်ပါသည်။  ပြင်ပမှရင်းနှီးမြုပ်နှံမှု ရန်ပုံငွေများ ၀င် လာမည့်နည်းတူ၊ အတတ်ပညာ Technical Knownhow နှင့် အဆက်အသွယ်များကို ဖိတ်ခေါ်ကြရပါမည်၊ မြန်မာ နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ကြသည့်အပြင် ပြင်ပကမ္ဘာကြီးနှင့်ဆက်စပ်လုပ်ကိုင်ရသော အတွေ့အကြုံ (Experience and Exposure) ကိုရကြမည်ဖြစ်ပါ သည်။

မြန်မာနိုင်ငံတွင် စင်္ကာပူနိုင်ငံ၏ (EDB- Economic Development Board) ကဲ့သို့သော နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံလိုသူတို့အတွက် တနေရာထဲတွင် လိုအပ်သမျှ ဖြည့်ဆည်းပေးမည့် အဖွဲ့အစည်းတခု ရှိရန်လိုပါသည၊် ထိုအဖွဲ့တွင် ငယ်ရွယ်ပြီး ထက်မြက် သောပညာတတ် လူငယ်အရာရှိများကို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ၀င်လာရေးအတွက် ဆောင်ရွက်ဖို့ တာဝန်ပေးအပ်ရပါမည်။

မြန်မာနိုင်ငံသည် တိုးတက်ဖွံ့ဖြိုးရန်  ပညာတတ်   များစွာရှိသည့် နိုင်ငံဖြစ်ပါသည်။   မြေလွတ်မြေရိုင်း နေရာ ကျယ်ဝန်းပြီး သယံဇာတမျိုးစုံပေါများသော နိုင်ငံလည်းဖြစ်ပါသည်။   စက်မှုလက်မှုလုပ်ငန်းများအတွက် လျှပ်စစ်နှင့် ရေဆပ်ပလိုင်းကို လုံလောက်အောင်ဖန်တီးပေးရပါမည်၊ အစိုးရသစ်သည် ပြည်တွင်း၌ စွမ်းအင်လိုအပ်ချက်ကိုဖြည်.ဆည်းပေးမည့် စီမံကိန်း များကို ဦးစားပေးလုပ်ဆောင်ရန်လိုအပ်ပါသည်။ စက်မှုလုပ်ငန်း အသေးစား၊ အလတ်စား၊ အကြီးစားသည်ဖြင့်   ပြည်သူ လူထုတရပ်လုံးက အလုပ်လုပ်လာနိုင်အောင် အစိုးရက ပိတ်ပင်တားဆီးနေသည့် ကြိုးနီစံနစ်များဖယ်ရှားရပါမည်၊ ထို့နောက် လုပ်ငန်းရှင်များ ကိုထိခိုက်စေမည့် လုပ်ငန်းများကို အဟန့် အတား ဖြစ်နေသော ဥပဒေ များကို ပြင်ဆင်ပေးရပါမည်။

အနောက်နိုင်ငံများမှ MNC -Multi National Companies  ကုမ္ပဏီကြီးများဝင်ရောက်လာပြီဟုဆိုလျှင် အစိုးရပေါ်လစီ မှန်ကန်နေပြီဟု ယူဆနိုင်ပါသည်။ နိုင်ငံ၏အဓိက ၀င်ငွေမှာလယ်သမားတွေက စိုက်ပျိုးလိုက်သော ကောက်ပဲသီးနှံ များမှဖြစ်ပါသည်။ အိမ်တွင်းစက်မှုအသေးစားလုပ်ငန်း ကလေးများ တိုးတက် လာရေး မှာ စက်မှုနိုင်ငံကြီးမဖြစ်မီ ပထမအဆင့် ဖြစ်ပါသည်။ သယံဇာတကို  အလုံးအရင်းနှင့် နိုင်ငံခြား သို့ရောင်းချသောစံနစ်မှာ တိုင်းပြည်ကို ထိခိုက်နစ်နာစေပါသည်။ တိုင်းပြည်တွင်းမှာပင်ကုန်ကြမ်းကို ကုန်ချောဖြစ်အောင်လုပ်သော စက်ရုံများရှိရပါမည်။ 

(၄) နေချင်စဘွယ်ဒို့နိုင်ငံ
ကျွန်တော်တို့နိုင်ငံ၌ ၀န်ဆောင်မှုဆိုသောစကားသည် အဓိပ္ပါယ်တမျိုးပေါက်နေသည်။   အစိုးရ၀န်ထမ်း၊ ကုမ္ပဏီ  ၀န်ထမ်းတို့ ၏တာဝန်မှာ ပြည်သူကို ၀န်ဆောင်မှုပေးရန်ဖြစ်သည်။ အစိုးရနှင့်ပတ်သက်ပြီး လုပ်စရာရှိတိုင်း ၀န်ထမ်းများက အပိုကြေး ပိုက်ဆံမရလှင် ဘာမှလုပ်မပေးနိုင်ဟူသောအဖြစ်ကြောင့် မလိုအပ်ဘဲ လာဘ်ငွေပေးကြရသည်။ ဘဏ်၌ ငွေသွင်း ငွေထုတ် လုပ်ရန်သွားသူသည်  (Customer /စားသုံးသူ၊ ဖောက်သည်) ဖြစ်ပြီး ဘဏ်မှဝန်ထမ်းမှာ သူ့အတွက်လိုအပ်သော ၀န်ဆောင် မှုကို ပေးရန် ဖြစ်သည်။    ကျွန်တော်တို့သည် အပေါက်စောင့်သူကို လ္ဘက်ရည်ဘိုးပေးရခြင်း၊ ငွေထုတ်ကို ငွေကိုင်စာရေးက မြန်မြန်ရေတွက်အောင် ပိုက်ဆံပေးရခြင်း၊ ငွေအရေအတွက်များလျှင် မှားတတ်သောကြောင့် ငွေလျော့သည်ဆိုကာ ပိုက်ဆံ ပေးရခြင်းတို့မှာ လက်မခံနိုင်သော အခက်အခဲများဖြစ်ကြသည်။ ဘဏ်နှင့် အလားတူနေရာတိုင်း၌ ထိုသို့သောပြဿ နာများ ရှိလျှင်  Complain  လုပ်နိုင်သောနေရာ၊  ပြည်သူလူထုက အကြံပြုချက်ပေးလာလျင် နားထောင်မည့်သူ ပြဿနာကို ဖြေရှင်း ပေးမည့်သူများကို နေရာတိုင်း၌ ရှိနေစေရပါမည်။  တိုင်းပြည်နိုင်ငံနှင့်အ၀ှမ်း ပြဿနာပေါင်းစုံများပြားလှသောကြောင့် နေရာများစွာတို့၌ ဖြေရှင်းရန်နည်းလမ်းမရှိ၊ မျှော်လင့်ချက်မရှိဖြစ်နေရပေသည်။

 ရဲဌာန၊ တရားသူကြီးရုံး၊ အကောက်ခွန်ဌာန၊ မှတ်ပုံတင်ရုံး စသည်ဖြင့်၊ ပြည်သူတို့၏ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းပေးရာဌာနများတွင်၊ ပြည်သူတို့အပေါ်၌၀န်ဆောင်မှုပေးသော၊ အလေ့အကျင့်များ အားနည်းလှပါသည်။ ၀န်ထမ်းများကလည်း လစာငွေမလုံလောက်ဖူးပာုဆိုကာ ၀င်လာသမျှလူသည် သူတို့ ငွေတောင်းနိုင်သောလူတွေဖြစ်သည်။ ငွေရမှ အလုပ်လုပ်ပေး သောစနစ်မှာ အစိုးရသစ်မှ ဖြေရှင်းပေးရမည့် ပြဿနာတခုပင်ဖြစ်ပါသည်။

တပြည်လုံးတွင် လမ်းပန်းဆက်သွယ်ရေး၊ ဖြောင့်ဖြူးကောင်းမွန်ရေး၊ ခရီးသွားများ စိတ်အေးချမ်းသာ နိုင်ငံအနှံ့ ခရီးသွားနိုင် ရေးမှာ တိုးတက်၍လာနေပါသည်။ ပိုပြီးကောင်းအောင် နိုင်ငံတကာအဆင့်မှီလာအောင် လုပ်ဆောင်ပေးရေးမှာ အစိုးရသစ် ၏ တာဝန်များပင်ဖြစ်ပါသည်။ နေပူပူတွင် ဘတ်စ်ကားတိုးဝှေ့ စီးနေကြရခြင်း၊ လမ်းပေါ်တွင်ကားများ ကြပ်သိပ်နေမှုကြောင့် ခရီးမပေါက်နိုင်ခြင်း၊ ရန်ကုန်မြို့ပေါ်တွင် လေအေးပေးစက်ဖွင့်ထားသော မီးရထားစံနစ်များ ပေါ်ပေါက်လာရေး၊ လေကြောင်း၊ ရေကြောင်း၊ ပိာုက်ဝေးလမ်းမကြီးများ၊ နေရာအနှံ့ပေါ်ပေါက်လာရေးတို့မှာ လစ်လျူရှုထားရမည့်ကိစ္စများမပာုတ်ကြပါ၊ အသွားအလာလွယ်ကူချောမွေ့မှသာ သာယာဝပြောသော နိုင်ငံတရပ်ဖြစ်လာ  နိုင်ပါသည်။

ပြည်သူက ယုံကြည်အားကိုးလောက်သော ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှု စံနစ်ပေါ်ပေါက်စေရန် ဘတ်ဂျက်ကိုအလုံအလောက်ချပေးရပါမည်၊ ထိုနည်းတူ ပညာရေးအတွက်သုံးစွဲငွေသည် အလုံအလောက်ဖြစ်စေရပါမည်၊ နိုင်ငံတော် ဘတ်ဂျက်ကို နှစ်စဉ်နှစ်တိုင်း ပြည်သူ့ဆန္ဒကိုထင်ဟပ်သော ဘတ်ဂျက်ဖြစ်စေရန် ပြည်သူနှင့်အတူရေးဆွဲရပါမည်၊ အစိုးရ သက်တမ်းတခုစီတွင် ညီမျှသော (Balanced Budget ) ဘတ်ဂျက်တခုဖြစ်ရန် တာဝန်ရှိကြောင်း အခြေခံဥပဒေတွင်ထည့်သွင်းရေးထားရပါမည်၊

(၅) ချစ်စရာအိမ်
မြန်မာတို့၏ သာယာချမ်းမြေ့ဘွယ် အိမ်များတည်ဆောက်ရန်အရေးမှာ ၂၀၀၄ ခုနှစ်က ဖြိုခွဲလိုက်သော စစ်ထောက်လှမ်းရေး အဖွဲ့၏ အလွန်အကျွံလုပ်ရပ်များကြောင့် မျှော်လင့်စရာမရှိလောက်အောင် စိတ်ဓာတ်များ ပျက်ပြားတုန်လှုပ်ခဲ့ကြပါသည်။ စစ်ဖိနပ်စီးပြီး လှံစွပ်တပ် သေနတ်များကိုကိုင်ကာ ဧည့်စာရင်းစစ်မည်ဆိုသော အကြောင်းပြချက်ဖြင့် ပြည်သူတို့၏ အိမ်များ အထိ ရမ်းကားခဲ့ကြပါသည်။ စစ်ထောက်လှမ်းရေးဟုဆိုခါ ညည့်နက်သန်းခေါင်တံခါးခေါက်ပြီး လူတွေကိုခေါ်သွားနိုင်ခဲ့ကြပါ သည်။ မိမိအိမ်ကို ဧည့်သည်လာလျှင် လက်ခံနိုင်ခွင့်ကို ဧည့်စာရင်းတိုင် လျှောက်ထားခဲ့ကြရပါသည်။

နိုင်ငံရေးစိတ်ဓါတ်နီုးကြားတက်ကြွသူများမှာ လမ်းပေါ်မှာလမ်းလျှောက်ရင်း၊ ကားတွေပေါ်မှာ စီးနင်းလိုက်ပါရင်း ရာဇ၀တ် ကောင်များကဲ့သို့ အဖမ်းအဆီးခံခဲ့ကြရပါသည်။ ထောင်သို့ပို့သည်နှင့်လည်း မပြီးသေးဘဲ ထောင်ထဲအထိ အနေအထိုင်ခက်ခဲအောင်နှောင့်ယှက်ခဲ့ကြပါသည်။ တိုက်ပိတ်ခြင်း၊ သံခြေချင်းခတ်ခြင်း စသည့် လူမဆန်သောလုပ်ရပ်များကို အလွန်အကျွံ လုပ်ဆောင်ခဲ့ကြပါသည်။

အစိုးရသစ်သည် ဥပဒေလေးစားလိုက်နာသော မိသားစုအိမ်ကို ထိုသို့ ကျူးကျော်စော်ကားသည့် လုပ်ရပ်မျိုး မဖြစ်ပေါ် ရအောင် တားဆီးပေးနိုင်စွမ်းရှိရပါမည်၊ လူသည်မိမိယုံကြည်ရာကို ယုံကြည်ပိုင်ခွင့် ရှိသည့်နည်းတူ ပြည်သူတို့၏ အိမ်ဆို သည်ကို ပြင်ပလူများဝင်ရောက်ရမ်းကားခွင့်မရှိအောင် အကာအကွယ်ပေးကြရမည် ဖြစ်ပါသည်။

ပြည်သူပြည်သားတို့အိမ်သည် ရာသီဥတုဒဏ်ကိုခံနိုင်ပြီး ခိုင်ခံ့သောအိမ်ဖြစ်အောင် အစိုးရကဖန်တီးပေးရပါ မည်၊ အိမ်ယာစီမံကိန်းအသစ်သည် လမ်းများ ရေနှင့်လျှပ်စစ်မီး အလုံအလောက်ရရှိသည်နှင့်နည်းတူ ကျောင်း၊ စာတိုက်၊ ဈေး၊ ဘဏ် စသည့်ဌာနကြီးများနှင့်လည်းနီးစပ်ရပါမည်၊ မိမိအိမ် မီးဖိုချောင်သုံးပစ္စည်းကို ၀ယ်ယူနိုင်သည့် ၀င်ငွေရှိရမည့်အပြင် လောင်စာဆီ၊ စားသုံးဆီ၊ အလုံအလောက်ဖြစ်အောင် ဖန်တီးပေး ရမည်ဖြစ်ပါသည်။

ဆက်သွယ်ရေးအတွက် အင်တာနက်လိုင်းများ အိမ်တွေအနှံ့ရောက်ရှိရေး၊ နိုင်ငံတ၀ှမ်းလုံးအင်တာ နက်လိုင်းများသွယ်ပေး နိုင်ခြင်း၊ ဆက်သွယ်ရေး တယ်လီဖုန်း၊ TV နှင့် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးရမည်ဖြစ်ပါသည်။

ဆားဗစ် ကုမ္ပဏီများအနေဖြင့်လည်း အစိုးရကချပေးလိုက်သည့် လုပ်ပိုင်ခွင့်များမှာ ၎င်းတို့လည်း အကျိုးအမြတ်ရှိစေ၊ ပြည်သူလူထုအတွက်လည်း လိုအပ်ချက်ကိုဖြည့်ဆည်းပေးရာရောက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ ထိုကုမ္ပဏီ များက ပြည်သူ့လိုအပ်ချက်အပေါ် မတရားအမြတ်မထုတ်ရန်မှာ အစိုးရက ရေးဆွဲပေးလိုက်သော နည်းဥပဒေများက အကာအကွယ်ပေးရပါမည်။

ကျွန်တော်တို့သည် အစိုးရသစ်၏ဆောင်ရွက်ရန်ရှိသည်တို့ကို ရေးချ၍ မကုန်နိုင်ပါ။ ကျွန်တော်တို့သည် ရာစုနှစ်တ၀က် ကျော်ကျော် ပေါ်လစီအမှားများနှင့် တလျှောက်လုံးစခမ်းသွားခဲ့ကြရပါသည်။ ထိုမှားခဲ့လေသမျှကို အစိုးရတခု သက်တမ်း တခုထဲဖြင့်အမှန်ကို လုပ်နိုင်လိမ့်မည်ဟု ကျွန်တော်တို့ မယူဆပါ၊ သို့ပါသော်လည်းလမ်းမှန်ပေါ်ရောက်ပြီ ကောင်းဘို့မျှော် လင့်နိုင်ပြီဆိုသောကာလ ၏ကိုမူ အမြန်ဆုံးရောက် စေချင်ပါပြီ။

ကိုသန်းလွင်
↧

ဆောင်းယွန်းလ - သင်ခန်းစာ ၂၅

$
0
0
 ဆောင်းယွန်းလ - သင်ခန်းစာ ၂၅
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၅

မင်းပြန်လာမလားဆိုတဲ့ စိတ်နဲ့
ငါမအိပ်ဖြစ်ခဲ့တာ ကြာလှပေါ့တဲ့..

မင်းပြန်ခေါ်မလားဆိုတဲ့ အတွေးနဲ့
ငါလည်း တရေးမှ မရေးဖြစ်ခဲ့ပါဘူး...

စိတ်တွေကို
အတိတ်နွေရဲ့ တိတ်သားပေါ်တင်ရင်း
နာကျင်ခြင်းဟာ သီချင်းဖြစ်ခဲ့ပါတယ်...

အတွေးတွေကို
ပစ္စုပ္ပန်အရေးရဲ့ အရေပြားပေါ်မှာ ရေးခြစ်တဲ့အခါ
ဒဏ်ရာဟောင်းဟာ အမာရွတ်အသစ်နဲ့ ကဗျာဖြစ်ခဲ့ပါတယ်..
  
ဖြစ်နိုင်ရင်
ဆိုခဲ့မိတဲ့ အတိတ်ကို ပြန်မဆိုချင်သလို
ရေးနေမိတဲ့ ပစ္စုပ္ပန်ကိုလည်း ဆက်မရေးချင်ဘူး...

ခေါ်သူနဲ့ မျှော်သူကြား
ခြားထားတဲ့ အမှောင်ကမ္ဘာဟာ
လွတ်လပ်မှုကို သော့ချိတ်ပြီး ပိတ်ထားတဲ့ မြို့ရိုးတဲ့လား..
 
ကောင်းကင်တခွင်လုံးကို ရိုက်ချိုးပြီး
မြေကြီးတဆုံးကို မီးရှို့မှ
အဲဒီမြို့ရိုးကျိုးပြီး လွတ်လပ်ကြကြေးဆိုရင်
အနာဂတ်အတွက် အနာခံပြီး ရအောင်ဖျက်ရမယ်...

လိုရာကို ရွေးကောက်ပြီးမှ
လိုသလို ရေးပြီးဖျောက်ခဲ့တဲ့ ပွဲတွေလည်း များခဲ့ပြီမဟုတ်လား....။

ဆောင်းယွန်းလ

illustration : Toni Demur
↧
↧

ဆွေဝင်း (Myanmar Now) - နိုင်ငံရေးအိမ်မက်များထက် ပိုမိုအားကောင်းနေတဲ့ နတ်ကိုးကွယ်မှု

$
0
0
ဆွေဝင်း (Myanmar Now) - နိုင်ငံရေးအိမ်မက်များထက် ပိုမိုအားကောင်းနေတဲ့ နတ်ကိုးကွယ်မှု
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၅

Myanmar Now တွင် ဖော်ပြသည့် ဆောင်းပါးဖြစ်ပါသည်။
 
စက်တင်ဘာ ၉  ရက်နေ့တွင် ကျင်းပခဲ့သော ဘိုးမင်းခေါင်ပွဲတွင် သီလရှင်ကဲ့သို့ အသွင်ရှိသော အမျိုးသမီးတစ်ဦးအား ပွဲလာရောက်သူများက ငွေများလှူဒါန်းနေစဉ်။  (ဓာတ်ပုံ - သက်ထူး / Myanmar Now)

စက်တင်ဘာ ၉ ရက် … မိုးများက တဖွဲဖွဲရွာကျနေသည်။ ရန်ကုန်မြို့ ဆင်ခြေဖုံးအရပ်တစ်ခုရှိ ခြံတစ်ခြံအတွင်းရှိ ခေတ်ပေါ်ပုံစံ နှစ်ထပ်အိမ်တစ်လုံးဆီသို့ အမျိုးသမီးများနှင့် ကလေးအများစုပါသည့် ထောင်ဂဏန်းမျှရှိသော လူအုပ်ကြီးသည် မိုးကိုဂရု မထားဘဲ သူ့ထက်ငါ အရင်ဦးအောင်သွားနေကြသည်။

သူ့ရှေ့မတိုင်ခင်တစ်ရက်ကဆိုလျှင် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများ အတွက် မဲဆွယ်စည်းရုံး မှုများကို စတင်ခဲ့ပြီဖြစ်သည်။ သို့သော် ချွေးများ မိုးရေများ စိုနေသည့် ယင်းလူစုသည် နိုင်ငံရေးကို စိတ်ဝင်စားပုံမရ။ ရွေး ကောက်ပွဲအပြီး တက်လာမည့်အစိုးရထက် တန်ခိုးရှင်တစ်ဦးထံမှ စောင့်ရှောက်မစမှုကိုသာ အားကိုးနေပုံရသည်။

အိမ်ထဲမှ ဘုရားခန်းစင်အမြင့်တစ်ခုပေါ်တွင် ပကတိလူတစ်ယောက် အရွယ်အစားခန့်ရှိပြီး ခြေချိတ်ထိုင်နေပုံ ထုလုပ်ထား သည့် မြန်မာအမျိုးသားကြီးတစ်ဦး၏ ဖယောင်းရုပ်တုကြီးတစ်ခုကို တွေ့နေရသည်။ ယင်းရုပ်တုကြီး၏ရှေ့မှာတော့ စောစော က လူအုပ်သည် မိမိအလှည့် ပူဇော်ကန်တော့ခွင့်ရအောင် စောင့်နေကြသည်။

အိမ်အပေါ်ထပ်လသာဆောင်တွင် အလံများ၊ ရောင်စုံ ပူဖောင်းများ ချိတ်ထားသည့်  ယာယီစင်မြင့်တစ်ခုဆောက်ထားပြီး အပြာရောင် ဘလောက်အင်္ကျီနှင့် ရွှေခြည်ငွေခြည်ထိုးထားသည့် ထဘီတို့ကို ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ဆိုင်းဝိုင်းမှ ထွက်ပေါ်လာသည့် တီးလုံးနှင့်အညီ ကခုန်နေသည်။ 


စက်တင်ဘာ ၉  ရက်နေ့တွင် ကျင်းပခဲ့သော ဘိုးမင်းခေါင်ပွဲတွင် သီလရှင်ကဲ့သို့ အသွင်ရှိသော အမျိုးသမီးတစ်ဦးအား ပွဲလာရောက်သူများက ငွေများလှူဒါန်းနေစဉ်။  (ဓာတ်ပုံ - သက်ထူး / Myanmar Now)

“ရတနာမိုးရွာစေ.. ငွေမိုးရွာစေ။ …..တိုင်းပြည်အတွက် အောင်အတိတ် အောင်နိမိတ်ဆောင်ပါစေ” ဟုသောသူ၏ သီချင်းသံ သည် အသံချဲ့စက်များမှတစ်ဆင့် သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမကြီးပေါ်တွင် ပျံ့လွင့်နေသည်။

ယခုပွဲသည် အဆင့်မြင့်သော နာမ်လောကသို့ လက်ရှိဘ၀ခန္ဓာကိုယ် မသေဆုံးဘဲ ကူးပြောင်းသွားသည်ဟု လူသိများသော အဘဘိုးမင်းခေါင်ဆိုသူ၏ ၆၃ နှစ် မြောက် “အရှင် ထွက်ပွဲ” အထိမ်းအမှတ် ကျင်းပနေခြင်းဖြစ်သည်။ ဘိုးမင်းခေါင်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က မြန်မာနိုင်ငံအလယ်ပိုင်း ပုပ္ပါးတောင်တွင် ထွက်ရပ်ပေါက် ကျင့်စဉ်ကို အောင်မြင်သွား သည်ဟု ကိုးကွယ်သူများက ယုံကြည်ကြသည်။ ဘိုးမင်းခေါင် သည် ပုံစံအမျိုးမျိုးဖြင့်ပေါ်လာတတ်ပြီး ၎င်းအားကိုးကွယ်သူများ အခက်အခဲ အကျပ်အတည်းများ ကြုံလာပါက ကူညီတတ်ကြောင်း ယုံကြည်ကိုးကွယ်သူများက ဆိုသည်။

“ကျွန်မအလုပ်ထဲမှာ စိတ်ညစ်စရာတွေကြုံလာရင် ကျွန်မကို အဘက နည်းအမျိုးမျိုးနဲ့ ကူညီပါတယ်” ဟု ပရိသတ်ထဲ ရောက်နေသည့် အသက် ၂၆ နှစ်အရွယ် မပိုးပိုးက ပြောသည်။

“အဘတကယ်ရှိတယ်ဆိုတာ ကျွန်မကို တစ်ကြိမ် ထင်ထင်ရှားရှားပြဖူးပါတယ်။ အရမ်းထူးခြားပါတယ်” ဟု ၎င်းက စိတ်လှုပ် ရှားပြီးကျနေသည့်  မျက်ရည်များဖြင့်ပြောသည်။

မပိုးပိုးသည် မလေးရှားနိုင်ငံ ပီနန်ကျွန်းရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူဖြစ်ပြီး ယခုအဘထွက်ပွဲအတွက် တကူးတက ပြန်လာခြင်းဖြစ်သည်။ မပိုးပိုးအတွက်ကတော့ နိုင်ငံရေးအခြေအနေထက် တန်ခိုးရှင်များကသာ သူ့အနာဂတ်အတွက် ပိုမို အကျိုးရှိပုံရသည်။

“အဘ (ဘိုးမင်းခေါင်) လမ်းညွှန်ချက်အတိုင်း ကျွန်မ ဥပုသ်စောင့်တယ်၊ ပုတီးစိပ်တယ်။ အကျိုးပေးပါတယ်” ဟု မပိုးပိုးက ပြောသည်။ “ကျွန်မနိုင်ငံရေးဆိုတာတော့ နားမလည်ဘူး”

နတ်နှင့် ထွက်ရပ်ပေါက်ဘိုးတော်များ ကိုးကွယ်မှုအလေ့အထသည် ဗုဒ္ဓဘာသာအများစုကိုးကွယ်သည့် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာသမိုင်းနှင့်အပြိုင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လျှက်ရှိသည်။ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်ကတည်းကစပြီး နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုရှိလာပြီး အရပ်သားတစ်ပိုင်းအစိုးရကလည်း ရာစုနှစ် ထက်ဝက်နီးပါး စစ်အုပ်ချုပ်ရေး စနစ်မှခွဲထွက်ကာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်လျှက်ရှိသည်။ သို့သော်နတ်ကိုး ကွယ်မှုသည် ဆက်လက်ခိုင်မြဲလျှက်ပင်ရှိသည်။ 


ဘိုးမင်းခေါင်းပွဲကျင်းပရာ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်တစ်အိမ်အတွင်းသို့ လူအများ သူ့ထက်ငှာ ၀င်ရောက် ရန် တိုးဝှေ့နေကြစဉ်။ (ဓာတ်ပုံ - သက်ထူး / Myanmar Now) 

အဓိက နိုင်ငံရေးပါတီအားလုံး ပထမဆုံးအကြိမ် ၀င်ပြိုင်ကြမည့် နိုဝင်ဘာ ၈ ရက် လွှတ်တော်ရွေးကောက်ပွဲများသည် အခက်အခဲများကြုံတွေ့နေရသည့် မြန်မာနိုင်ငံအတွက် အပြောင်းအလဲတွင် အရေးကြီးသည့် နောက်ထပ်ခြေလှမ်းတစ် ရပ်ဖြစ်သည်။ သို့သော် ဆန္ဒမဲပေးရမည့်သူများကတော့ သူတို့၏အနာဂတ်အတွက် နိုင်ငံရေးထက် တန်ခိုးဖြင့် ကူညီစောင် မမည့်သူများကို မျှော်လင့်ထားကြသည်။

● နတ်၊ ဘိုးတော် အားကိုးမှု
ဗုဒ္ဓဘာသာဝင်မြန်မာပြည်သူများ၏  အိမ်တွင် ရိုးရာ နတ်စင်ကိုလည်း အိမ်တိုင်းနီးပါးတွင်  တွေ့ရတတ်ပြီး နတ်ကိုးကွယ်မှုနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာများသည်  ရောထွေးလျှက်ရှိသည်။ နတ်ကိုးကွယ်သူတို့သည် နတ်များကို ပုံမှန်ပူဇော် ပသ ကြသည်။ လုံလောက်သည့် ငွေကြေးမရှိပါကလည်း ရှာဖွေချေးငှားပြီး ပူဇော်ပသကြသည်။

ယခုပွဲတွင် ယောဂီရောင် အ၀တ်များနှင့်အရောင်တူ ခေါင်းပေါင်းကို ပေါင်းထားသည့်သက်လတ်ပိုင်းအရွယ် သီလရှင်ကဲ့သို့ အသွင်ရှိသူ အမျိုးသမီးတစ်ဦးကို လူအများက မြန်မာကျပ်ငွေများအထပ်လိုက်နှင့် အမေရိကန်ဒေါ်လာတန်များ ပေးလှူနေ သည်။ အဆိုပါအမျိုးသမီးသည် စိပ်ပုတီးတစ်ကုံးကို ဘယ်ဖက်လက်တွင် ပတ်ထားပြီး မျက်လုံးများကလည်း နတ်ဝင်ပူးနေ သလို မျက်နှာကျက်ကို လျှောက်ကြည့်ပြီး သူ့ရှေ့သို့ ရောက်လာသူများ၏ ဦးခေါင်းကို ပွတ်သပ်ဆုတောင်းပေးနေသည်။

ပရိတ်သတ်ထဲတွင် အိမ်ခြံမြေပွဲစားတစ်ဦးဖြစ်သူ အသက် ၇၁ နှစ်အရွယ် ဒေါ်နှင်းခိုင်လည်းပါသည်။   “ကျွန်မကို ငွေကြေးပြေ လည်အောင် ကူညီမစဖို့နဲ့ ကျန်တဲ့သူတွေလည်း အားလုံးအဆင်ပြေအောင် စောင့်ရှောက်ဖို့ အဘဆီမှာဆုတောင်းခဲ့ပါတယ်” လို့ သူကဆိုသည်။ 


ဘိုးမင်းခေါင်းပွဲကျင်းပရာ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်တစ်အိမ်အတွင်းသို့ လူအများ သူ့ထက်ငှာ ၀င်ရောက်ရန် တိုးဝှေ့နေကြစဉ်။ (ဓာတ်ပုံ - သက်ထူး / Myanmar Now)

သူ့အနေဖြင့် အလုပ်ကိစ္စစကားပြောဆိုခါနီးတွင် နတ်များ၊ “ပုဂ္ဂိုလ်” များကိုတိုင်တည်ပြီးမှ ပြောဆိုလုပ်ကိုင်လေ့ရှိ ကြောင်း ပြောသည်။ “တကယ်ကို ယုံယုံကြည်ကြည် လုပ်ကြည့်ပါ။ အကျိုးပေးပါတယ်” ဟု  ဒေါ်နှင်းခိုင်က ပြောသည်။

အဆိုပါ အဘဘိုးမင်းခေါင်ထွက်ပွဲကို မြန်မာနိုင်ငံမှ ထင်ရှားသည့် အစိုးရနှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည့် ရွှေသံလွင် မာတီမီဒီယာကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းက ကမကထပြုခြင်း ဖြစ်သည်။ ၎င်းအနေဖြင့် မကြာသေးမီက ရှင်အပါး ၇၀၀၀ ရှင်သာမဏေဝတ်ပွဲကို မြန်မာနိုင်ငံအလယ်ပိုင်းမြို့တစ်မြို့၌ ကျင်းပပေးခဲ့ပြီး အဆိုပါပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လည်း တက်ခဲ့သည်။

အခုထွက်ပွဲကို အနောက်တိုင်းပြက္ခဒိန်၏ ၉ လပိုင်းဖြစ်သည့် စက်တင်ဘာ ၉ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၉ ဂဏန်းသည် ကံကောင်းစေသော ကိန်းဂဏန်းတစ်ခုအဖြစ် အစွဲထားသည့် မြန်မာနိုင်ငံတွင် ကျင်းပလေ့ရှိသည့် အထင်ကရ ပွဲတစ်ပွဲလည်း ဖြစ်သည်။

ထိုနေ့နံနက် ၉ နာရီက နေပြည်တော်၌ အစိုးရဘက်မှ ကိုယ်စားလှယ် ၉ ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ  ကိုယ် စားလှယ် ၉ ဦးတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးအဆင့်ကို ဆွေးနွေးကျင်းပခဲ့ခြင်းဖြစ်ပြီး  အဆိုပါပွဲနှစ်ခု ၉ ဂ ဏန်းကျသည့် တစ်နေ့တည်း တစ်ချိန်တည်းတွင် ကျင်းပခြင်းမှာလည်း ထူးခြားသည်။


စက်တင်ဘာ ၉  ရက်နေ့တွင် ကျင်းပခဲ့သော ဘိုးမင်းခေါင်ပွဲတွင် သီလရှင်ကဲ့သို့ အသွင်ရှိသော အမျိုးသမီးတစ်ဦးက ပွဲလာရောက်သူများအား ကောင်းချီးပေးနေစဉ်။ (ဓာတ်ပုံ - သက်ထူး / Myanmar Now)

“၉ ဂဏန်းဟာ တန်ခိုးရှိပြီး ကံကောင်းတဲ့ နံပါတ်ပါ။ မသေဂဏန်းလို့လည်း ခေါ်ပါတယ်” ဟု ရန်ကုန်မြို့လယ်တွင် ဗေဒင် ဟောလုပ်ငန်းလုပ်ကိုင်သည့် ဗေဒင်ဆရာ ဦးမင်းသူက ပြောသည်။

● နိုင်ငံရေးအပေါ် စိတ်အားသိပ်မထက်သန်

စက်တင်ဘာ ၈ ရက်မှစတင်ပြီး နိုင်ငံရေးပါတီ ၉၀ အား မဲဆွယ်စည်းရုံးခွင့် တရားဝင် စတင်ခွင့်ပြုခဲ့ရာ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် သွားရောက်မဲဆွယ်စည်းရုံးခဲ့သည့် နေရာများမှလွဲပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားပါတီများ၏ မဲဆွယ်စည်းရုံး ရေးများအပေါ် လူထု၏စိတ်ဝင်စားမှု နည်းပါးနေသည်။

Asia Barometer Survey က မကြာသေးမီက မြန်မာပြည်သူ ၁၆၀၀ ကို မေးမြန်းပြုလုပ်သည့် စစ်တမ်းတစ်ရပ်တွင် ၅၃ ရာ ခိုင်နှုန်းကျော်က စီးပွားရေးဖွံ့ဖြိုးမှုသည် ဒီမိုကရေစီထက် ပိုအရေးကြီးသည်ဟု ဖြေကြားခဲ့သည်။

ယခုနတ်ပွဲသည်လည်း သိသာထင်ရှားသည့် သာဓကတစ်ခုဖြစ်သည်။ နေမ၀င်ခင်ကပင် အဆိုပါလူအုပ်သည် တစ်ဖြည်းဖြည်း များလာပြီး အိမ်တွင်းရော ခြံဝင်းအတွင်းမှာပင် ပြည့်ကျပ်သွားပြီး အမျိုးသမီးအချို့ လဲကျသည်အထိ ဖြစ်သွားခဲ့သည်။ ရောက်လာသူများကို ကမကထပြုသည့် အလှူရှင်က စောင်နှင့်ထမင်းအိုးအပါအ၀င် ပစ္စည်း “၉”  မျိုးလက်ဆောင်ပေးခြင်း ကလည်း ယခုလို လူအများအပြားလာရသည့် အကြောင်းတစ်ခုဖြစ်နေနိုင်သည်။

ဘိုးမင်းခေါင်းပွဲကျင်းပရာ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်တစ်အိမ်အတွင်းသို့ လူအများ သူ့ထက်ငှာ ၀င်ရောက် ရန် တိုးဝှေ့နေကြစဉ် အမျိုးသမီးတစ်ဦး မူးမေ့နေသည် ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - သက်ထူး / Myanmar Now)

လူအုပ်ထဲတွင် တန်းစီနေသည့် အသက် ၅၁ နှစ်အရွယ် ဒေါ်မြင့်မြင့်စန်းက နတ်များကို ကိုးကွယ်နေသည်မှာ ကြာပြီဖြစ် ကြောင်းနှင့် ဘိုးမင်းခေါင်အပါအ၀င် အခြားနတ်များ သူ့ဆီကို အိပ်မက်ထဲတွင် လာပြီး ထီဂဏန်း၊ ချဲဂဏန်းများ ပေးကြောင်း ပြောသည်။

“ပုဂ္ဂိုလ်တွေရဲ့ ကူညီစောင့်ရှောက်မှုနဲ့ ချဲတွေ၊ ထီတွေ မကြာခဏပေါက်တယ်။ သာသနာပြုခွင့်ရဖို့ အခုလာပြီး ဆုတောင်း တာပါ” ဟုသူက ပြောသည်။ ဘုရားများ၊ ဘုန်းကြီးကျောင်းများတွင် ပိုပြီးလှူဒါန်းနိုင်ရန် ငွေတွေ ထပ်ဝင်ချင်ပါသေးသည်ဟု သူကဆက်၍ပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရန်နှင့် ၎င်းမဲပေးမည့် ပါတီအနိုင်ရဖို့ ဆုတောင်းမှာလားဟု မေးသည့်အချိန်တွင်မူ ဒေါ်မြင့်မြင့် စန်းက မနှစ်မြို့သောအမူအရာဖြင့် “ဒီမိုကရေစီဆိုတာက မနေတစ်နေ့ကမှ ပေါ်လာတာလေ” ဟု ပြောလိုက်သည်။
↧

ကာတွန်း ATH - CALENDAR

$
0
0

ကာတွန်း ATH - CALENDAR 
စက်တင်ဘာ ၂၁၊ ၂၀၁၅

ကာတွန်းဆရာ၏ လူမှုကွန်ယက်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြပါသည်။
↧

တူမောင်ညို - အမှန်တကယ် အပြောင်းအလဲအတွက် နိဒါန်းသစ်

$
0
0
တူမောင်ညို - အမှန်တကယ် အပြောင်းအလဲအတွက်  နိဒါန်းသစ်
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၅

“အပြောင်းအလဲ” နဲ့ပတ်သက်ပြီးမြင်သမျှ တင်ပြချင်ပါတယ်။

(NLD) ပါတီရဲ့ ရွေးကောက်ပွဲကြွေးကြော်သံက “ပြောင်းလဲချိန်တန်ပြီ - အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့” တဲ့။ ကြွေးကြော်သံထဲမှာ (NLD)ပါတီရဲ့ အခက်အခဲကို ကြည့်တတ်ရင်မြင်နိုင်ပါတယ်။ လိုအပ်တဲ့ မဲအရေအတွက် မရရင် ပြောင်းလဲဖို့ မလွယ် ဘူးဆိုတဲ့ အခက်အခဲကို မြင်ကြမှာပါ။  “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဘောင်”ထဲမှာ သည်းခံခြင်းကို ရင်ဝယ်ပိုက်ပြီး ဒီမိုကရေစီရှေ့ခရီး ကိုခေါင်းငုံ့လျှောက်လှမ်းနေရတဲ့(NLD)ပါတီဟာ တဖြည်းဖြည်းနဲ့အချိန်တွေကြာလာခဲ့ရင် “စည်းကမ်း”တွေနဲ့ သင့်မြတ်သွားပြီး အသားကျ သွားမှာ၊ ယဉ်ပါးသွားမှာ စိုးရိမ်မိပါတယ်။

“အမှန်တကယ်ပြောင်းလဲဖို့” လို့ ပြောတာ အတုအယောင်အပြောင်းအလဲ/ အပေါ်ယံအပြောင်းအလဲတွေကို ကိုယ်တွေ့ကြုံခဲ့ ရတဲ့ အတွေ့အကြုံတွေပေါ်ကနေ ထုတ်ယူထားရတာမဟုတ်ပါလား။ ဘာကို ပြောင်းမှာလဲ။ လူ လား - မူ လား -  စနစ် လား။ လူ ရော- မူ ရော - စနစ်ရော အမှန်တကယ်ပြောင်းလဲဖို့လိုပါတယ်။ (NLD) ပါတီက မျှော်မှန်းနေသလို ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်အနိုင်ရခဲ့ရင် လူ - မူ - စနစ် ကို အမှန်တကယ်ပြောင်းလဲနိုင်မှာလား။

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို လက်ရှိအာဏာရထားသူက အထစ်အငေါ့မရှိ ချောမွေ့ညင်သာ လွယ်ကူစွာ အာဏာလွှဲ ပြောင်းပေးတယ်ဆိုတဲ့ သာဓကတွေ လွတ်လပ်ရေးရပြီးမြန်မာနိုင်ငံသမိုင်းမှာ ဘယ်နှခါရှိခဲ့ဖူးသလဲ။ လူတိုင်းချက်ချင်း လက်ညှိုးထိုးပြသကြမှာကတော့ ၁၉၆၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ (ပထစ) ဦးနုကို  အိမ်စောင့်အစိုးရ ဗိုလ်နေဝင်းက လွှဲပြောင်းပေးတဲ့ ဖြစ်ရပ်ပဲဖြစ်ပါ လိမ့်မယ်။ ဒါကလည်း ၁၉၆၂ မှာ အပြီးသတ်အာဏာသိမ်းဖို့ ဆင်ကြံ ကြံထားတဲ့ ဗိုလ်နေဝင်းစစ်အုပ်စုအတွက် ထိုးမယ့်ဆင်နောက်တစ် လှမ်းဆုတ်တာသာဖြစ်ပါတယ်။  ၁၉၆၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံရေးပါတီ (ပထစ) ကို အာဏာလွှဲပြောင်းပေးတယ်ဆိုတဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်း (၁၉၆၂ ကနေ ယနေ့အထိ) အာဏာ သိမ်းထားသူက ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပြောင်းပေးတယ်ဆိုတဲ့ အပြောင်းအလဲမျိုး လုံးဝ မရှိခဲ့ပါဘူး။

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ (NLD) ပါတီက ရာနှုန်းပြည့်အနိုင်ရခဲ့ရင် အာဏာလက်ကိုင်ရှိထားသူတွေက အထစ်အငေါ့ မရှိ ချောမွေ့ညင်သာ လွယ်ကူစွာ အာဏာလွှဲပြောင်းပေးပါ့မလား။ ပေးနိုင်တဲ့အလားအလာရှိပါသလား။

● အတုအယောင်အပြောင်းအလဲ
၁။ အာဏာသိမ်း တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်နေဝင်းကနေ (မဆလ) ပါတီဥက္ကဋ္ဌ ဦးနေဝင်းကို ၁၉၇၄ အခြေခံ ဥပဒေနဲ့အညီ အာဏာလွှဲပြောင်းပေးတဲ့အပြောင်းအလဲ ။

၂။ အာဏာသိမ်း  (နဝတ-နအဖ) စစ်ကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ကြံ့ဖွံ့အသင်းနာယကကြီး) က သူစိတ်ကြိုက် ရွေးချယ်နေရာချထားတဲ့  ကြံ့ဖွံ့ပါတီထိပ်သီးတွေဖြစ်တဲ့ (ဗိုလ်သိန်းစိန်- ဗိုလ်ရွှေမန်းနဲ့ ဗိုလ်မင်းအောင်လှိုင်) တို့ကို ၂၀၀၈ အခြေခံ ဥပဒေနဲ့အညီ အာဏာလွှဲပြောင်းပေးတဲ့အပြောင်းအလဲတွေဟာ အမှန်တကယ်အပြောင်းအလဲမဟုတ် အပေါ်ယံ အတုအယောင်အပြောင်းအလဲတွေသာဖြစ်ပါတယ်။

တော်လှန်ရေးကောင်စီဥက္ကဋ္ဌဗိုလ်နေဝင်းက ၁၉၇၄ အခြေခံဥပဒေနဲ့အညီပြုလုပ်တဲ့ ပထမအကြိမ်ပြည်သူ့လွှတ်တော်နဲ့ ပြည်သူ့ ကောင်စီအဆင်ဆင့်ရွေးချယ်တင်မြှောက်ပွဲမှာရွေးချယ်ခံရတဲ့ (မဆလ)ပါတီဥက္ကဋ္ဌကြီးဦးနေဝင်းထံ ဥပဒေနဲ့အညီ အာဏာလွှဲပြောင်းပေးတယ်။

အလားတူပါပဲ (နဝတ-နအဖ) စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်သန်းရွှေက ၂၀၀၈ အခြေခံဥပဒေနဲ့အညီပြုလုပ်တဲ့ ၂၀၁၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကနေ ရွေးချယ်ခံရတဲ့ အရပ်ဝတ်ပြောင်းဝတ်ထားတဲ့ ကြံ့ဖွံ့ပါတီထိပ်သီး စစ်ဗိုလ်ဟောင်းများထံ ဥပဒေနဲ့အညီ အာဏာလွဲပြောင်းပေးခဲ့တယ်။

အထက်ပါ အတုအယောင်အပြောင်းအလဲ နှစ်ခုကိုကြည့်လိုက်ပါ။ အာဏာလွှဲပြောင်းမှုဟာ ငှက်ပျောသီးအခွံနွှာစားတာ ထက် လွယ်ကူနေတာကို တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လဲ။ စစ်အုပ်စုသိမ်းပိုက်ရယူထားတဲ့အာဏာဟာ သူတို့စစ်အုပ်စုလက်ထဲမှာရှိမြဲရှိနေပြီး တခြားဘယ်သူ့ဆီမှ ရောက်မသွားလို့ပါဘဲ။ ဒါကြောင့် ဗိုလ်နေဝင်းက -  ဦးနေဝင်းကို အာဏာလွှဲပေးတယ်။ ဗိုလ်သန်းရွှေကလည်း  - သူသိပ်ပြီး မီးသေတဲ့ သူ့သားတပည့်တွေဆီကို စိတ်ချလက်ချ အာဏာလွှဲပေးခဲ့တယ်။ ဒါပေမယ့် နောက်ကွယ်ကနေ အာဏာရှိသော မိဘဝတ္တရားနဲ့အညီ လိုအပ်သလို “ဆုံးမ”တယ်။ ဟိုတလောက ဗိုလ်ရွှေမန်းကို ညကြီး မင်းကြီး “ဆုံးမ” လိုက်တယ်။

ဆိုလိုချင်တာက စစ်အုပ်စုအာဏာကို စစ်အုပ်စုထဲမှာ လက်ပြောင်းလက်လွှဲလုပ်ဖို့ ချောမွေ့လွယ်ကူနိုင်ပေမယ့်၊ စစ်အုပ်စု ပြင်ပက လူကို ရွေးကောက်ပွဲမှာ အနိုင်ရလို့ အသာတကြည်အာဏာလွှဲပြောင်းပေးပါ့မလားဆိုတဲ့အချက်ပါပဲ။ ၁၉၉၀ ရွေးကောက်ပွဲမှာ (NLD) ပါတီဟာ အပြတ်အသတ်အနိုင်ရခဲ့တာပဲ။ အနိုင်ရပါတီထံ အာဏာလွှဲပေးမယ်လို့ ကတိပေးခဲ့တဲ့ (နဝတ) စစ်အစိုးရဟာ အနိုင်ရ ပါတီထံ အာဏာလွှဲပြောင်းမပေးခဲ့ပါဘူး။  နောက်မှ အခြေခံဥပဒေမရှိလို့ဆိုပြီး ဆင်ခြေပေးတယ်။ ဒါက တမင်သက်သက် အကြောင်းပြ တာပဲဖြစ်တယ်။  အကယ်၍ ၁၉၉၀ ရွေးကောက်ပွဲမှာ (မဆလ) တဖြစ်လဲ (တစည) သာ အနိုင်ရခဲ့ရင် ၂၀၁၀ မှာ ကြံ့ဖွံ့ပါတီအာဏာရ သလို (တစည)လည်း အာဏာရမှာအသေအချာပါပဲ။ (တစည) ပါတီ အရှုံးကြီး ရှုံးသွားပြီး (NLD) ပါတီအပြတ်အသတ်အနိုင်ရခဲ့လို့သာ အာဏာလွှဲပြောင်းမပေးတာဖြစ်ပါတယ်။

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ (NLD) ပါတီ ရာနှုန်းပြည့်အနိုင်ရခဲ့ရင် အာဏာလွှဲပြောင်းပေးပါ့လား။

၂၀၀၈ အခြေခံဥပဒေတည်မြဲနေသမျှ  ကာချုပ်နဲ့စစ်တပ်က ၂၅% အပိုင်ရထားတယ်။ ပုဒ်မ ၅၉ (စ) အရ ဒေါ်အောင်ဆန်း စုကြည်သမ္မတမဖြစ်နိုင်၊ အစိုးရအဖွဲ့အဆင့်ဆင့်မှာ (ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး) ဝန်ကြီး ၃ ယောက် အပိုင် စားရထားတယ်။ စစ်တပ်စိတ်ကြိုက် ဒုတိယသမ္မတလောင်း ၁ ဦး စစ်တပ်က တင်မြှောက်ခွင့်ရှိတယ်။

အဲဒီလိုလွှတ်တော်ထဲမှာ၊ အစိုးရထဲမှာ၊ နယ်ဘက်အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်တိုင်းမှာ  စစ်တပ်က စိတ်ကြိုက်ချုပ်ကိုင်ထား နိုင်မှုတွေ “ဥပဒေအရ”အသားစီယူထားမှုတွေ အမြောက်အများရရှိနေပေမယ့် စစ်အုပ်စုဟာ စိတ်မချနိုင်ဘဲ၊ သူတို့ရဲ့ အဓိကလက်ရုံး တစ်ခုဖြစ်တဲ့ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကနေ ထောင့်စေ့ကွက်စေ့ တမင်ညစ်ပတ်မှုတွေ လုပ်ဆောင်နေပါတယ်။ (UEC)ရဲ့ (ပထမအကြိမ်၊ ဒုတိယအကြိမ်) မဲစာရင်းမှားတွေ ထုတ်ပြန်မှု၊ ကိုယ်စားလှယ်လောင်းစိစစ် မှုများကနေ ရွေးကောက်ပွဲနယ်မြေ တွေဖျက်သိမ်းမှုစသဖြင့် နောက်ဆုံးရွေးကောက်ပွဲရလဒ်ကြေညာပြီးသည်ထိ ညစ်ကွက် အစုံ အလင်ချပြီး လုပ်ဆောင်နေပါတယ်။

ဒါကြောင့် ဦးတင်အေးနဲ့ (UEC)  ကနေ တမင်ဖန်တီးလုပ်ဆောင်နေတဲ့ညစ်လုံးညစ်ကွက်တွေဟာ အာဏာလွှဲပြောင်းမပေးရေး ဆိုတဲ့ ရည်ရွယ်ချက်ကနေ ပေါက်ဖွားလာတဲ့ အကောက်ကြံမှု၊ ခလောက်ဆန်မှုတွေပဲဖြစ်ပါတယ်။

ကာချုပ်ဗိုလ်မင်းအောင်လှိုင်ကလည်း ကျရာတာဝန်နဲ့အညီ စစ်တပ်က ဘယ်ပါတီကို မဲထည့်ရမယ်လို့ အမိန့်ပေး ညွန်ကြားနေပါတယ်။  “ဒို့အရေးသုံးပါးလိုက်နာသူ၊ မြင်၎ မြင်ရှိသူ၊ စစ်တပ်ကို နားလည်မှုရှိသူ” ကို မဲပေးကြလို့ အမိန့်ပေးပါ တယ်။ ကာချုပ်ရဲ့ ပြောပုံ ပြောနည်းက  “မင်းတို့အဖေကို မင်းတို့မဲထည့်ကြဟေ့ ” လို့ တိုက်ရိုက်မပြောဘဲ  ကွေ့ဝိုက်ပြီး “မင်း တို့ အမေ့လင်ကို မဲထည့်ကြ” လို့ ပြောတာဖြစ်ပါတယ်။

 ကာချုပ်ရဲ့ဒီလိုအမိန့်ပေးညွန်ကြားမှုကြောင့် စစ်တပ်ဟာ စစ်အုပ်စုရဲ့“ခါးပိုက်ဆောင်တပ်”၊ ကြံ့ဖွံ့ပါတီရဲ့ “တစ်လက်ကိုင်တပ်” ဖြစ်နေတယ်ဆိုတာ ပိုမိုပေါ်လွင်ထင်ရှားသွားပါတယ်။

စတင်းဒတ်အာမီ၊ စတင်းဒတ်ကာချုပ်သာဆိုရင်တော့ တပ်မတော်ထဲက တပ်ဗိုလ်တပ်သားတွေအနေနဲ့ မိမိတို့မှာရှိတဲ့ ဒီမိုက ရေစီအခွင့်အရေးနဲ့အညီ မိမိနှစ်သက်လိုလားတဲ့  နိုင်ငံရေးပါတီကို မဲပေးနိုင်တယ်လို့ ယဉ်ကျေးစွာပြောဆိုရမှာဖြစ်ပါတယ်။ ခုံဖိနပ်က - နတ်စကားမထွက်နိုင်ချေ။

နိဂုံးချုပ်ရရင် (NLD) ပါတီရဲ့ “ရာနှုန်းပြည့်အနိုင်ရရေး” ကို ရင်ဆိုင်တဲ့အခါ စစ်အုပ်စုအနေနဲ့ အရင်လို ကြိုတင်မဲလောက်နဲ့ တင်မရတော့ဘဲ၊   မဲစာရင်းတမင်မှားယွင်းမှုကနေ အစချီပြီး ထောင့်စေ့ကွက်စေ့ ညစ်ပတ်မှုတွေကို နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အထက်လမ်း၊အလယ်လမ်း၊ အောက်လမ်း နည်းစုံလမ်းစုံ၊ မီးကုန် ယမ်းကုန် သုံးပြီး ဆောင်ရွက်နေပါပြီ။

နောက်ဆုံးနည်းလမ်းကတော့ တည်ငြိမ်အေးချမ်းမှုကို အလွယ်တကူဖန်တီးအကြောင်းပြပြီး ရွေးကောက်ပွဲတွေ ရွှေဆိုင်းတာ၊ ရွေးကောက်ပွဲရလဒ်တွေကမောက်ကမဖြစ်စေတာ၊  အခြေခံဥပဒေနဲ့အညီ လွှတ်တော်ဖျက် အာဏာသိမ်းတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့သူတို့စိတ်ကြိုက်ရေးဆွဲအတည်ပြုထားတဲ့ အခြေခံဥပဒေက ဥပဒေနဲ့အညီ နည်းလမ်းတွေ၊ အာဏာတွေ ပေးအပ်ထားတယ် မဟုတ်ပါလား။

“အမှန်တကယ်ပြောင်းလဲဖို့”ဆိုရင် လူမျိုပေါင်းစုံပြည်သူတွေ၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုကို အမှန်တကယ်လိုလား တဲ့ နိုင်ငံရေးပါတီတွေအဖွဲ့အစည်းတွေစုစည်းညီညွတ်ကြဖို့လိုပါတယ်။

အမှန်တကယ်အပြောင်းအလဲရဲ့ နိဒါန်းသစ်ဟာ “စစ်အုပ်စုနဲ့ ၂၀၀၈အခြေခံဥပဒေ” ကို လုံးဝဖျက်သိမ်း နိဂုံးချုပ်ပစ်နိုင်မှသာ ဆန်းသစ်လာမယ့် အရုဏ်ဦးဖြစ်ပါတယ်။
↧
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>