Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ရန်လင်းအောင် - ပြောဇာတ် ( ၇ )

$
0
0

ရန်လင်းအောင် - ပြောဇာတ် ( )
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၅

တစ်နေ့သား
တောကောင်တွေကို မာယာသုံး
ဖမ်းဆီးသတ်ဖြတ်နေတဲ့မုဆိုးတစ်ယောက်
ယမနေပင် အောက်မှာ
ဆတ်ကြီးတစ်ကောင်ရဲ့ ခြေရာကောက်မိပါလေရော၊

ဒီတော့မုဆိုးက
ယမနေပင်ခွကြားလင့်စင်ပေါ်တက်
ဆတ်ကြီးအလာလှံအသင့်ကိုင်ပြီး စောင့်နေတာပေါ

လာပြီလာပြီ
လာနေကျ ဆတ်ကြီးယမနေပင်အောက်လာပါပြီ
ကူလီကူမာနဲ့ မုဆိုးယမနေသီးတွေခူးခူးပြီး
ပစ်ပစ်ချပေးသတဲ့

ဆတ်ကြီးကလည်းခပ်ပါးပါးရယ်
အနေအထားကိုရိပ်မိပေမယ့်မမြင်သလိုလိုဘာလိုလိုနဲ့
"
ဟေ့ယမနေပင်ကြီး
ဒီနေ့အသီးကြွေတာအဆန်းသားပဲ
အပင်အောက်တည့်တည့်မကြွေ
သစ်ပင်ကသစ်ပင်လို အထာမကျမှတော့
ကျုပ်လည်းတခြားအပင်ဆီသွားပြီဗျို့"

ဒီလိုဆတ်ကြီးကအော်ပြောပြီး
ထွက်သွားမယ်ဟန်လည်းပြင်ရော
လင့်စင်ပေါ်ကမုဆိုး
ကပျာကယာလှံနဲ့ထအပစ်ချိန်သားမကိုက်တော့
လွဲသွားတာပေါ

ဆတ်ကြီးလည်းခဏတန့်
"
ဒီမယ်မုဆိုး
အခု  နင်  ငါကိုလွဲပေမယ့်
ငရဲနဲ့တော့မလွဲပါ
နင့်အကုသိုလ်နဲ့နင်တော့တည့်တည့်တိုးတော့မှာ"

ဆတ်ကြီးလည်ပြောပြောပြေးပြေး……
လှည့်ကွက်သုံးတိုင်းအနိုင်မရတဲ့
မုဆိုးခမျာလဒမှိုင်မှိုင်ငိုင်ကျန်နေတော့တာ………

၅၅၀ဇာတ်တော်လာ
ကုရုင်္ဂမိဂဝဂ်၊ကုရုင်္ဂမိဂဇာတ်ကိုမှီးပါသည်

အသက်အကြီးဆုံး ပန်းချီဆရာကြီး ဦးစန်းလှိုင် တစ်ကိုယ်တော်ပြပွဲ ကျင်းပ

$
0
0

အသက်အကြီးဆုံး ပန်းချီဆရာကြီး ဦးစန်းလှိုင် တစ်ကိုယ်တော်ပြပွဲ ကျင်းပ
(အက်စ်ကောင်းမြတ်) မိုးမခ၊ နိုဝင်ဘာ ၂၀၊ ၂၀၁၅


  ဂျပန်ခေတ်တွင်  BIA BDA တပ်သားအဖြစ် ဆောင်ရွက်ခဲ့သော လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယဆင့်) ပန်းချီစန်းလှိုင် (အသက် ၉၄ နှစ်)၏ တစ်ကိုယ်တော်ပန်းချီပြပွဲကို Strand  Hotel   ခန်းမတွင် ၂၀၁၅ နိုဝင်ဘာလ ၁၇ မှ ၁၈ ထိ  နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ၂-ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။


ဆရာကြီးသည် စာနယ်ဇင်း သရုပ်ဖေါ်ပန်းချီများသာမက ဆီဆေးပန်းချီကား များစွာကိုလည်း ရေးဆွဲခဲ့သည်။ယခုပြပွဲတွင် အရွယ်စုံ ဆီဆေးပန်းချီကားချပ်ပေါင်း ၁၃၀ ဝန်းကျင် တွေ့ရသည်။ ဆရာကြီးသည် စာနယ်ဇင်းသရုပ်ဖေါ် ပန်းချီဆရာများနှင့် ဆီဆေးပန်းချီဆရာများတွင် အသက် အကြီးဆုံးဖြစ်သည်ဟု သီရပါသည်။ ပြပွဲ မကျင်းပမီ ၁-လ အလို ၂၀၁၅ အောက်တိုဘာလတွင် ရန်ကုန်မြို့တွင်း၌  တစ်ဦးတည်းပင် သွားလာနေခဲ့သော်လည်း ပြပွဲရက်များတွင်မူ ကျန်းမာရေး ကြောင့်  Wheel Chair ပေါ် ထိုင်ကာ အောက်ဆီဂျင်ပိုက်များ တပ်ဆင်ထားရသည်။ သို့သော် သတိကောင်းနေပြီး  ပရိသတ်များ၊မိတ်ဆွေများ၊ဆွေမျိုးများကို အဆင်ေ်ပြပြေ   ဧည့်ခံ စကားပြောနိုင်နေဆဲဖြစ်သည်။



ချင်းဗုဒ္ဓသာသနပါလက အဖွဲ့ သြဝါဒါစရိယဆရာတော် အရှင်နာရဒ (ပုတီးကုန်း)လည်း ပြပွဲကို ကြည့်ရှုတော်မူပြီး (မြတ်မင်္ဂလာမှာ နှစ်ပေါင်းများစွာ ယခုထိ  ရေးဆွဲလာခဲ့တဲ့ သာသနာပြု ပန်းချီဆရာကြီးပါ) ဟု မှတ်ချက်ပြုသည်။ ဆရာကြီးက ပြပွဲခန်းမ၌ ထိုင်နေရင်း ( အကြောင်းအရာစုံကို ရေးဆွဲခဲ့ပါတယ်၊ တမယ်ကောင်း၊ နှစ်မယ်ကောင်း သဘောမျိုး မဟုတ်ပါဘူး) ဟု ပြောကြားခဲ့သည်။              




           

တူမောင်ညို - သေနတ် = ဥပဒေ = သေနတ် = ဥပဒေ

$
0
0
From Senior General Min Aung Hlaing's facebook

တူမောင်ညို - သေနတ် = ဥပဒေ = သေနတ် = ဥပဒေ 
 နိုဝင်ဘာ ၂၀၊ ၂၀၁၅


အဓိကပြဿနာက “၂၀၀၈ အခြေခံဥပဒေ” ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော“တည်ဆဲဥပဒေ” ဆိုတာတွေကိုလည်း ထည့် သွင်းစဉ်းစားရမှာပါ။ ဒါတွေက “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစည်းဝိုင်း” ထဲမှာ ရပ်တည်လှုပ်ရှားနေရတဲ့ ဘယ်နိုင်ငံရေးပါတီမဆို “လေးစားလိုက်နာ/ထိန်းသိမ်းကာကွယ်” ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ ဒီလို “လေးစားလိုက်နာ - ထိန်းသိမ်းကာကွယ်”ပါ့မယ်လို့ နိုင်ငံရေး ပါတီအဖြစ်မှတ်ပုံတင်ရာမှာရော လွှတ်တော်ထဲဝင်တဲ့အခါမှာပါ ဝန်ခံချက်လက်မှတ်ထိုးရတာ - ကျမ်းကျိန်ရတာတွေကို ပြဋ္ဌာန်းထားတဲ့ ဥပဒေလုပ်ထုံးနဲ့အညီလုပ်ခဲ့ကြရတာမဟုတ်လား။ 

တကယ်တော့ “၂၀၀၈ အခြေခံဥပဒေ”ရဲ့ အနှစ်သာရဟာ စစ်အာဏာရှင်စနစ်ကို ဒီမိုကရေစီအရေခြုံပေးပြီး စစ်အုပ်စု အာဏာ ချုပ်ကိုင်ထားမှုကို ရေရှည်ထိန်းသိမ်းကာကွယ်ပြီး၊ တိုးချဲ့စေနိုင်ဖို့သာဖြစ်ပါတယ်။ 

အခု (NLD) ပါတီက ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီအပေါ် အပြတ်အသတ်အနိုင်ရခဲ့ပြီ။ ဒါ့ကြောင့်  ၂၀၁၀ ရွေးကောက်ပွဲ ပြီးနောက် ပေါ်လာခဲ့ဖူးတဲ့ အစီအစဉ်အတိုင်းသာဆိုရင် (NLD)ပါတီက ဦးဆောင်မယ့် လွှတ်တော်နဲ့အစိုးရသစ်ဟာ ၂၀၁၆ ခုနှစ် မတ်လ ကုန် ဧပြီလဆန်းပိုင်းမှာ ပေါ်ပေါက်လာဖွယ်ရာရှိနေပါတယ်။ 

ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့အစိုးရဟာ “၂၀၀၈ အခြေခံဥပဒေ/အခြားတည်ဆဲဥပဒေ” ဆိုတာတွေနဲ့အညီ တိုင်းပြည်ကို စီမံ အုပ်ချုပ်သွားရတော့မှာပါ။ ဒီတော့လွှတ်တော်သစ်နဲ့အစိုးရသစ်အဖို့ လွှတ်တော်တွင်း/လွှတ်တော်ပ၊ အစိုးရအတွင်း/အစိုးရပြင်ပ စိန်ခေါ် မှုတွေ၊ အကဲစမ်းမှုတွေ၊ ပွတ်တိုက်မှုတွေကိုအချွန်နဲ့မခြင်း၊ အဆင်းဘီးတပ်ခြင်းစတဲ့ နည်းမျိုးစုံနဲ့ကြုံရဆုံရ ရင်ဆိုင်တွေ့ကြရတော့မှာဖြစ်ပါ တယ်။ 

စစ်အုပ်စုရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အကျိုးစီးပွားအတွက် ဒေါင့်စေ့ကွက်စေ့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေ/ ရာစုနှစ်ဝက်ကျော်ကြာ အခြေတည်ထားခဲ့တဲ့ စစ်ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တယားကြီးကို မပြောင်းမလဲ/မပြင်ဆင်နိုင်ဘဲ (NLD) ပါတီကဦးဆောင်တဲ့ လွှတ်တော်နဲ့အစိုးရသစ်က ဝင်ရောက်ကိုင်တွယ်ထိန်းချုပ်ပြီး လိုရာခရီးကိုရောက်အောင် မောင်းနှင်နိုင်ဖို့ ဆိုတာ တော်တော် မလွယ်ကူတဲ့ ကိစ္စကြီးဖြစ်ပါတယ်။ 

အာဏာရှင်စနစ်ကနေ တာဝန်ခံမှုစနစ်ကိုပြောင်းဖို့ဆိုတာ အုပ်စိုးသူတွေရဲ့ အတွေးအခေါ်နဲ့အမူအကျင့်အပိုင်းကို သာမက အုပ်ချုပ်မှုယန္တယားနဲ့ အဆောက်အုံပိုင်းကိုပါ လုံးလုံးလျားလျားလှည့်ပြောင်းပစ်ရမယ့် အင်မတန်တာဝန်ကြီးလှတဲ့ လုပ်ငန်းစဉ်ကြီးဖြစ်ပါ တယ်။ ဒါဟာ အမှန်တကယ်ပြောင်းလဲရေးရဲ့ အဓိကပစ်မှတ်လည်းဖြစ်ပါတယ်။

 ဒါကြောင့် “ဒေါင့်စေ့ကွက်စေ့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေ/ရာစုနှစ်ဝက်ကျော်ကြာ အခြေကျနေတဲ့ စစ်ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တယားကြီး” ဆိုတဲ့ “ဘောင်” ထဲကနေ  အာဏာရှင်စနစ်အုပ်စိုးမှုကို ဒီမိုကရေစီတာဝန်ခံမှုစနစ်ဖြစ်လာ အောင်  အမှန်တကယ်ပြောင်းလဲပစ်နိုင်ဖို့ (NLD) ပါတီ စွမ်းနိုင်ပါ့မလားဆိုပြီး အလေးအနက် စိုးရိမ်မိပါတယ်။ 

နိုဝင်ဘာလ ၁၆ ရက်နေ့က သံတောင်ကြီးတပ်နယ်မှာ ကာချုပ်ပြောသွားစကားတွေကတော့ ပေါ်ပေါက်လာမယ့် လွှတ်တော်နဲ့ အစိုးရသစ်အတွက် ဝင်ဝင်ခြင်း ဆောက်နဲ့ထွင်းနေတဲ့ စိန်ခေါ်မှုတွေပဲလို့ ပြောရမယ်ထင်ပါတယ်။

 ကာချုပ်က (NLD) ပါတီဥက္ကဋ္ဌရဲ့ တွေ့ဆုံ ဆွေးနွေးရေး ကမ်းလှမ်းမှုကို တိတိကျကျအကြောင်းမပြန်ပေမယ့်၊ “သမ္မတအထက် မှာ ကျမ ရှိမယ်” ဆိုတဲ့ စကားကိုတော့ ခပ်ဆတ်ဆတ်ကလေး အခုလို တုန့်ပြန်ထားပါတယ်။ 

“ဥပဒေမှာ နိုင်ငံသားအားလုံးအတွက် ပြဋ္ဌာန်းချက်ဖြစ်ကြောင်း၊ ဥပဒေကိုလေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ ဥပဒေအထက် တွင်မည်သူမျှမရှိကြောင်း၊ ဥပဒေချိုးဖောက်မှု၊ မသိကျိုးကျွန်ပြုမှု၊ လက်တစ်လုံးခြားပြုမှုများသည် ဥပဒေအရ ညှိစွန်းပါက အရေးယူရမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ တွင် တပ်မတော်မှ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်ရှိသဖြင့် အခြေခံဥပဒေ ကို ထိပါးလာမည့် ကိစ္စရပ်များနှင့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ရှောက်ရမည်ဖြစ်ကြောင်း ” စသဖြင့် ပြောသွားပါတယ်။ 

ကာချုပ်သုံးထားတဲ့ စကားလုံးတွေကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ အညှိုးအတေးအာဃာတတွေကို အထင်းသားအကွင်းသားမြင်တွေ့ရမှာဖြစ်ပါတယ်။ ကာချုပ်လိုသဘောထားမျိုးတွေကို သမ္မတဦးသိန်းစိန်ကလည်း သူ့ရဲ့ပါးစပ်ပေါက်တွေ ဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ ဗိုလ်ဇော်ဌေးတို့ကနေတဆင့် ထုတ်ဖော်ပြောခဲ့ပြီးဖြစ်သလို၊ ကြံ့ဖွံ့ပါတီပူးတွဲဥက္ကဋ္ဌ ဗိုလ်ဌေးဦး က လည်း ထိုနည်းလည်းကောင်းပြောဆိုခဲ့ပါတယ်။ ဒါတွေဟာ တိုက်ဆိုင်မှုသက်သက်မဟုတ်ပါ။ စစ်အုပ်စုရဲ့ အခြေခံရပ်တည်ချက်ကနေ ပေါ်ထွက်လာတဲ့ အရင်းခံသဘောထားတွေပဲဖြစ်ပါတယ်။ 

သမိုင်းကိုပြန်ကြည့်ရင် အခြေခံဥပဒေတွေကိုသေနတ်နဲ့ဖျက်သိမ်းပစ်ခဲ့တာ၊သေနတ်နဲ့ထောက်ပြီး စိတ်ကြိုက်ရေးဆွဲအတည်ပြု ခဲ့တာလည်း ဒီစစ်အုပ်စုပါပဲ။ အခြေခံဥပဒေမရှိဘဲ အုပ်စိုးခဲ့တာလည်း ဒီစစ်အုပ်စုပါပဲ။ စစ်အုပ်စုက အခြေခံဥပဒေစိတ်ကြိုက်ရေးဆွဲ အတည်ပြုထားပြီးတဲ့အခါမှ “ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး”လို့ ပြောနေတာဟာ တကယ်တော့ ရွံစရာကောင်းတဲ့၊ အရှက်ကင်း မဲ့လွန်းတဲ့ ပြောဆိုမှုသာဖြစ်ပါတယ်။ ဒို့စိတ်ကြိုက်ရေးပြီး အတည်ပြုထားတဲ့ အခြေခံဥပဒေကို မထိနဲ့ မီးပွင့်သွားမယ်လို့ ခြိမ်းချောက်တာ ဖြစ်ပါတယ်။ 

ဘယ်လောက်ထိဗြောင်ကျသလဲဆိုတော့ “တပ်မတော်အနေဖြင့် တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဖြစ်ပြီး၊ နိုင်ငံတော် အနေဖြင့် ပြည်သူသာအမိ ပြည်သူသာအဖ ဆိုသည့်အရိပ်အာဝါသအောက်တွင်စည်းစည်းလုံးလုံးနေထိုင်သွားရမည်” ဆိုတဲ့ ကာချုပ် ရဲ့သဘောထားနဲ့ ပြောစကားပဲဖြစ်ပါတယ်။ ဒို့အရိပ်နဲ့ ဒို့ပဲ။ အရိပ်ချင်း မတူဘူးလို့ ပြောတာပါ။ 

အရင်းစစ်လိုက်ရင် “ ပြည်သူသာအမိ ပြည်သူသာအဖ” ဆိုတာကို စစ်တပ်က လက်မခံဘူး လို့ပြောတာဖြစ်ပြီး၊ သူတို့အတွက် “စစ်တပ်နဲ့သေနတ်” သာလျှင် အတုမရှိ၊ တစ်ခုတည်းသော ကိုးကွယ်ရာ၊ဆည်းကပ်ရာ၊ ခိုလှုံရာ၊ အားထားစရာအရိပ်အာဝါသ ဖြစ်တယ် လို့ဗြောင် ထုတ်ပြောလိုက်တာပါ။ 

ဒါကြောင့် သူတို့ စစ်အုပ်စုအဖို့ “ဥပဒေနဲ့သေနတ်” ဆိုတာ အဓိပ္ပွါယ်နဲ့အနှစ်သာရအရ ဘာမှ ကွဲပြားခြားမှုမရှိဘဲ အခြေအနေ နဲ့အချိန်ကာလအပေါ်မူတည်ပြီး လိုအပ်သလို လဲလှယ်သုံးစွဲနိုင်တဲ့ အဓိပ္ပါယ်တူ၊ အနက်တူ၊ အနှစ်သာရတူတဲ့ ဝေါဟာရစကားလုံးပဲဖြစ်ပါ တယ်။ 

တနည်းအားဖြင့် “စစ်တပ်နဲ့သေနတ်”ကို ချုပ်ကိုင်ထားသူများက “ ဒီမိုကရေစီအစိုးရနဲ့နိုင်ငံရေးပါတီများ” ကို ပုံစံမျိုးစုံနဲ့ သွန်လို သွန်၊ မှောက်လိုမှောက် လွမ်းမိုးခြယ်လှယ်နေသမျှကာလပတ်လုံး စစ်အာဏာရှင်စနစ်သာ ဖြစ်မြဲဖြစ်နေမှာဖြစ်ပြီး။ “ဒီမိုကရေစီအစိုးရနဲ့ နိုင်ငံရေးပါတီများ”က စစ်တပ်နဲ့သေနတ်ကို ညွန်ကြားနိုင်၊ အမိန့်ပေးနိုင်တဲ့ အခြေအနေရောက်အောင်ပြောင်းလဲပစ်နိုင်မှသာလျှင် အမှန် တကယ်ပြောင်းလဲသွားပြီလို့ ပြောဆို သတ်မှတ်နိုင်ပါလိမ့်မယ်။  

“၂၀၀၈ အခြေခံဥပဒေ” ဆိုတာ စစ်တပ်နဲ့သေနတ်ကို ချုပ်ကိုင်ထားတဲ့ စစ်အုပ်စုက “ဒီမိုကရေစီအစိုးရနဲ့ နိုင်ငံရေးပါတီများ”ကို စိတ်ကြိုက်လွှမ်းမိုးချုပ်ကိုင်ထားနိုင်ဖို့အတွက် ဒေါင့်စေကွက်စေ့ ရေးသားထားတဲ့ “ဥပဒေ” သို့မဟုတ်  “သေနတ်ရဲ့ ကိုယ်စား/ကိုယ်ပွား” သာလျှင်ဖြစ်ပါတယ်။ဒါကြောင့် ဒီအခြေခံဥပဒေကို ဖျက်သိမ်းပစ်နိုင်မှသာ အပြောင်းအလဲကို တကယ်တန်းဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ 

ညွန်း
  • ကြေးမုံသတင်းစာ(၁၇-၁၁-၂၀၁၅) စာမျက်နှာ ၉





မာန်(တောင်လုံးပြန်) - နှင်းဆီ

$
0
0

မာန်(တောင်လုံးပြန်) - နှင်းဆီ
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၅

တိမ်တစ်အုပ်သည် တုပ်တုပ်မျှမလှုပ်။
လမင်းသော်တာသည် ထိုတိမ်အုပ်ကို ငေးကြည့်နေသည်။

အမေက နောက်တခွန်း မေးလာသည်။ မာလာသည် ဖျတ်ခနဲစာအုပ်ကို လှန်ကာ ပြန်၍ အသံပေးသည်။ “အေး၊ ညည်းစာကျက်တာ စိတ်က ဘယ်ရောက်နေလဲ” ဟု မြည်တွန်တောက်တီးရင်း အမေဖြစ်သူ အခန်းဝမှ ပြန်လှည့်ထွက်သွား၏။

မာလာသည် သက်ပြင်းရှည်ကြီး ဟီးတိုက်ချရင်း လှန်ထားသော စာအုပ်ကို ပိတ်လိုက်သည်။ ဓာတုဗေဒ - ဒုတိယနှစ် ဟူသော ကမ္ဗည်းထိုးထားသည့် စာအုပ်အဖုံးသည် မာလာ၏ သက်ပြင်းမောကို ခုခံရန်မစွမ်း။
မာလာစိတ်ညစ်နေသည်။ ခင်ရူပါကိုလည်း ဒေါသထွက်သည်။ ထို ဒေါသကိုလည်း အသိမခံဝံ့။ သူ့ရှေ့မှာ ဝံ့ဝံ့ကြွားကြွား လုပ်ပြသွားသည်ကို ခံပြင်း၍ မဆုံး။ မာလာသည် အခန်းဝ သို့ လည်ပြန်ကြည့်ကာ သတိအနေအထားဖြင့် တိတ်တဆိတ် အံဆွဲကို ဖွင့်သည်။ ကျောင်းသုံးပုံနှိပ်စာအုပ်ကို ထုတ်သည်။ အမေပြန်လှည့် မလာသည်ကို သေချာမှ စာအုပ်တွင်း ဝှက်ထားသည့် စာလေးတစောင်ကို ထုတ်သည်။

ဒင်းက ဘာကိစ္စနဲ့ နှင်းဆီပန်းကို ပန်လိုက်ရတာလဲ။ တနေ့လုံး ခြောက်လှန့်နေသော အတွေးက  နောက်တချီမာန်ဝင့်ကာ ထပ်မံထိုးနှက်လာပြန်သည်။ စားပွဲပေါ်မှ စာကို အားပါးတရ စုတ်ဖြဲလိုက်သည်။ လက်ကိုင်ပုဝါထဲမှာထည့်သည်။ အံကိုကြိတ်သည်။ ယခုလို ကလဲ့စားချေလိုက်မှ ဒင်းမှတ်မှာဟု ခပ်နာနာဖိတွေးရင်း အပြင်သို့ငေးမိပြန်သည်။ မျက်ဝန်းတို့သည် အစိုးမရ။အေးချမ်းသော အရိပ်အောက်မှာပင် ပို၍ ငိုချင်လာမိသည်။ ထုနှက်ခြေမွထားသော လက်ကိုင်ပုဝါနှင့် စာထုပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်သည်။ မျက်ရည်တို့သည် တာရိုးကျိုးလေပြီ။

မာလာ အံကို တင်းတင်းကြိတ်လျက် ငိုမိချေပြီ။

ကောင်းကင်သည် တိမ်ဆင့်ကဲလာပြီ။ လေသည် တသေသောဖြင့် အခန်းပြတင်းမှ တိုးဝင်လာ၏။ မိုးငွေ့ရနံ့ ပါလာသည်။ မာလာက မိုးငွေ့ကို ရှူလိုက်ရင်း ခေါင်းကိုမော့သည်။ မျက်ရည်ကိုသုတ်သည်။ စာအုပ်ကို ပြန်ဖွင့်သည်။ စိတ်တင်းလျက် စာအံသည်။ အမေက မာလာ့ အသံကို ကြားမှ မိုးရွာရင် အအေးမခံနဲ့ ဟု လှမ်းအော်နေသည်။

မာလာသည် အပြေးကလေးသော့နေ၏ ။ အင်းလျားကန်စောင်းဘေးမို့ ဆင်ခြေလျောကိုက ပို၍ ခြေကိုသွက်စေ၏ ။စက္ကူခွက်ဖြင့် ကော်ဖီပူပူကိုင်ကာ နောက်မှလိုက်နေသော ခင်မောင်  သည် ကို့ယို့ကားယားဖြင့် မာလာ့ကို မပြေးဖို့ တားမြစ်နေသည်။ မာလာက မမှု ။ ပြေးဆင်းနေရာမှ တဖန် ကန်ဘောင်ရှိရာသို့ ခြေဦးလှည့်ပြန်သည် ။ တဟားဟား ရယ်၍ပြေးသည်။ ချစ်သောသူ တယောက် နောက်မှာမမှီ။ မကျေမချမ်းဖြင့် အော်ဟစ်ကျန်နေသည်။ မာလာသည် ကျောပိုးအိတ်ကို ခပ်ပေါ့ပေါ့ပင် မြက်ခင်းပြင်သို့ လွှင့်ပစ်လိုက်သည်။ ဇင်မောင် ခမျာလိုက်ကောက်ရပြန်သည်။

လရောင်သည် တိုက်စစ်ဆင်လာသော မိုးတိမ်တောင်တို့နောက်တွင် ခိုဝင်သွားခဲ့ပြီ။ မိုးသည်အော်သံ ဟီး ဟီး ဖြင့် လေကိုခိုကာ မာလာ၏ အခန်းပြတင်းကို အတင်းကာရော ထိုးဆောင့်လာ၏ ။နောက်ဆုတ်သည်၊ ရှေ့တိုးသည်၊ မိုးစက်တို့က ပြတင်းပေါက်ကို ခုန်ပေါက်တိုင်းစိုင်းနေပြီ။

မာလာသည် အတွေးကို ဖြတ်ကာ ပြတင်းတံခါးတို့ကို ပိတ်လိုက်ရသည်။မိုးသံလေသံသည် တဝေါဝေါကြီးစိုး မင်းမူလေပြီ ။ ဘာရယ်ကြောင့်မသိ။ မိမာလာ သည်လို မိုးသံလေသံကို ရန်သူထင်လျက် ကျက်လျက်စစာကို အာခေါင်ခြစ်ကာ အော်ဟစ်ဖတ်နေပါတော့သည်။

နာရီလက်တံတို့သည် တရွေ့ရွေ့။ အမေက ကော်ဖီတခွက် လာချပေးသည်။ မာလာ တယောက် စိတ်ကို နှစ်လျက် တစာစာ အောက်ကျက်နေရင်း အမေ့ကော်ဖီခွက်ကို ကြည့်သည်။ လူက ရှေ့နောက် ယိမ်းထိုးနေသည်။ သင်ခန်းစာများကို နှုတ်တိုက်ရွတ်ဆို ကျက်မှတ်ကာ အခါခါကျော့၏။ အမေသည် မီးအစိမ်းလင်းနေသည့် ဟမ်းဖုန်းကို ကြည့်ကာ အားသွင်းကြိုးမှ ဖြုတ်လိုက်သည်။ ဖုန်းအားပြည့်နေပြီဟု သူ့ဘာသာပြောရင်း ပြန်ထွက်သွားသည်။ယခုညအဖို့ မာလာ့ဆီပြန်လာတော့မည်မဟုတ်တော့။ ဘုရားဝတ်တက်မည်။ ပုတီးစိပ်မည်။ အိပ်ရာဝင်တော့မည်။

အဖေသည် ဖတ်လက်စ စာအုပ်ကို ရင်မှာပိုက်လျက် အိပ်မောကျနေပြီ။ မိုးသည် မာန်လျော့ကာ စောစောက အော်ဟစ်သမျှကို အမောပြေ ခပ်စွေစွေ သွန်းချကာ နှုတ်ဆက်ဟန်ပြုနေပြီ။ ငြိမ်စ ပြုသော မိုးသံလေသံကြားတွင် မာလာသည် အောက်ကျယ် ၊ဟစ်ကျယ် စာအံနေတော့၏။

ကော်ဖီခွက်သည် တဖြည်းဖြည်း အငွေ့သေလာပြီ။ မာလာက နောက်ဆုံးအချီ တစ်လီကြော့ကာ စာအုပ်ကို ပိတ်ရင်း မှတ်မိသမျှ အံချကာ အနိုင်ပိုင်းလိုက်သည်။ သူ့စိတ်များတွင် လန်းလာသည်။ ကော်ဖီကို တကျိုက်ငုံရင်း ကျေနပ်စိတ်ဖြင့် ခါးကြောကိုဆန့်သည်။ဖုန်းကို ဖွင့်ကာ Message Box ထဲမှ စာများကို ဖွင့်ဖတ်သည်။ ဖတ်နေရင်း အံဆွဲထဲမှ လက်ကိုင်ပုဝါ နှင့်စာကိုထုတ်ကာ ဖုန်းကင်မရာဖြင့် ရိုက်သည်။သူ့ကိုယ်သူ အထင်ကြီး ကျေနပ်ပြီး ကုတင်ပေါ်သို့ ပစ်လှဲကာ ပြုံးနေတော့သည်။

ခင်ရူပါက ပြောင်ပြောင်တင်းတင်း ငြင်းသည်။

သူငြင်းသည်ကို အားလုံးသိသည်။ ထိုနှင်းဆီပန်းကို ဇင်မောင် မြင်အောင် တမင်ပစ်ချခဲ့ခြင်း မဟုတ်ဟု မည်သူမှမယုံ။

“ ငါက ဇင်မောင့်လို နိုင်ငံရေးသမားယောင် ဘာယောင်ယောင်  ကောင်ကို တစက်ကလေးမှ စိတ်မဝင်စားဘူး ၊ ငါ့ဟာငါ မပန်ချင်လို့ ပစ်ချလိုက်တာ၊ ကားက ထွက်နေပြီလေ၊ ဇင်မောင် ကောက်သွားမှန်းတောင် ငါမသိဘူး ၊ရှင်းပြီလား ...”

မာလာက စိတ်ထဲမှ  ကောင်မကတော့ဟု တွက်လိုက်သည်။သို့သော်နှုတ်ကမထွက်။ သောက်လက်စ ကော်ဖီကို ဇွန်းဖြင့်ကဲ့ရင်း ခပ်ရင်း စဉ်းစားနေသည်။

“ နေပါဦး သူက ဘာပြောလို့လဲ ”

“ ငါ ဘယ်သိမလဲ။ သူများတွေ ပြောနေတာ နင်က သူမြင်အောင် ပစ်ချပေးလို့ သူ ကောက်ထားတာတဲ့၊ ဘာမှမဟုတ်လဲ ပြီးတာဘဲ”

မာလာက ဟန်ပါပါ ပခုံးတွန့်လိုက်သည်။ စားပွဲဝိုင်းမှ ထလာခဲ့သည်။ ခင်ရူပါက  မကျေမချမ်း စူပုတ်ကာ ကျန်နေရစ်သည်။ တခြားသူတွေက သူတို့ ဝင်မပါချင်၍ ဘာသိဘာသာ လုပ်နေကြ၏။

“လူတွေက နည်းနည်းကို များများလုပ်ချင်တယ်၊ဟွန်း၊ အဲဒီအကောင် ငါနဲ့ တွေ့ဦးမယ် ၊ငါက ဘာကိစ္စ သူ့ကို ပေးရမှာလဲ၊ ဝေးသေး”

ခင်ရူပါက ဖုန်းကို ဖွင့်ကာ ဇင်မောင့်နံပါတ်ကိုရှာသည်။ ဝင်းဝင်းသန်းက တားသည်။ ပြီးတဲ့ကိစ္စပြီးပြီပဲ။ ဖုန်းခေါ်မနေနဲ့ဟု ။

“ မဟုတ်ဘူး၊ ငါ အဲဒီကောင်နဲ့ ရှင်းရမယ်၊ မရဘူး”
“ နင်က ဘယ်လိုရှင်းမှာလဲ”

ခင်ရူပါ ထိတ်ခနဲ ဖြစ်သွားသည်။ ချက်ချင်း မျက်ရည်ဝဲလာသည်။  ဝင်းဝင်းသန်းက စားပွဲထိုးကို ခေါ်ပြီး ပိုက်ဆံရှင်းကာ ခင်ရူပါကို ခေါ်လာခဲ့သည်။ ကားပေါ်ရောက်တော့ ခင်ရူပါ ငိုတော့သည်။ဝင်းဝင်းသန်း က ကားကိုစက်နှိုးကာ လေအေးစက် ဖွင့်ထားလိုက်သည်။

“ငါ့ကို ပြန်တောင်းပေးပါလား ဟာ”

ခင်ရူပါက ရှိုက်သံနှောကာ တောင်းဆိုသည်။ ဝင်းဝင်းသန်းက မလိုက်လျော။ နေပါလေစေတော့  ဟု ဖြောင်းဖျသည်။ နှင်းဆီပန်းကို ပြန်တောင်းလျှင် မာလာနှင့် ပြဿနာ ထပ်ဖြစ်ဦးမည်ဟု ဆိုသည်။ သူကပင် ဆက်၍

“မနှစ်ကတည်းက နင် အဖြေပေးလိုက်ပါလို့ ငါပြောသားပဲ၊ ဇင်မောင်က နင့်ကို ပထမနှစ် တနှစ်လုံး ဒီလောက်လိုက်နေတာ ၊ တကျောင်းလုံး သိတယ်၊ နင်ကမှ အကပ်မခံတာ”

“ တော်ပါတော့ဟာ ၊တစက်ကလေးမှ သစ္စာမရှိတဲ့ကောင်”

ဘာဟု ဝင်းဝင်းသန်း အော်သည်။ မကျေမနပ်  ကြည့်သည်။ ခင်ရူပါသည် သူ့အပြစ်မဖြစ်အောင် လှီးလွှဲစကားပြောသည်။ သို့သော် ဇင်မောင့်ကို နှင်းဆီပန်း ပစ်ချပေးသည်က သိသာလွန်းနေသည်။ သူ့လှီးလွဲ ဆင်ခြေများက တိုးမပေါက်သာ။ သူတို့ သတင်းက တကျောင်းလုံး ပျံ့နှံ့နေပြီ။ ဇင်မောင်က ဘာမှပြောသည် မဟုတ် ။ သူပစ်ချပေးသော  နှင်းဆီပန်းကို ကောက်ခါ ထွက်သွားသော ကားကို ငေးကြည့်နေခြင်းမျှသာ ။ ကျောင်းသည် အရိပ်မျှ မြင်ရုံမျှနှင့် ဘာဆိုသည်ကို သိကြပြီ။ မာလာလည်း ကြားခဲ့ပြီ။ တအုပ်စုထဲ သွားလာနေကြသူတွေမို့ ပြဿနာက မပြီးတော့ ။

ဒီကနေ့ နှင်းဆီပန်း ပြဿနာကို ဇင်မောင်ရှင်းရမည်။ ဇင်မောင်က ကျောင်းမလာ။ ဖုန်းကို ပိတ်ထားသည်။ မာလာသည် ညကတည်းက ဇင်မောင်နှင့် ဇာတ်လမ်းဖြတ်လိုက်ပြီဟု ကြွေးကြော်နေသည်။ မာလာ့ကြွေးကြော်သံကို ရွက်ကြွေများက ရယ်မောပြေးလွှားနေသည်။ ရွက်ကြွေများကို နင်းခြေရင်း ကျောင်းသူများက ဆက်ရယ်မောသည်။ တကျောင်းလုံး ခေါင်းလောင်းထိုးသံ နှင့်အပြိုင် ရယ်မောနေကြသည်။ ဤသို့ဖြင့် မိမာလာ ၏ ပြတ်စဲမှု ကြွေးကြော်သံသည် ဖျော့တော့မှေးမှိန်သွားလေပြီ။

သို့ရာတွင် ထိုစိုစွတ် ထိုင်းမှိုင်း သောမိုးတနေ့တွင် ဤ ကျောင်းတော်ကြီး၌ သုံးပွင့်ဆိုင်အချစ်ပြဿနာ တရပ်မှာတော့ အားလုံး သိကြားလိုက်ကြပြီ။ ဇင်မောင်သည် သတ်မှတ်ထားသည့်အတိုင်း ကျောင်းကားဂိတ်မှာ စောင့်နေသည်။ သူ့ကိုယ်သူလဲ ရဲဆေးတင်ရင်း ပတ်ဝန်းကျင်ကို ဂရုမစိုက်သလို ထိုင်နေသည်။ ဖြိုးသိန်းတို့ကား မလာသေး ။ ဖြိုးသိန်းစကားအရ `` ငထောက် ´´ တွေကို ရှောင်ရဦးမည်ဟုဆိုသည်။ ဇင်မောင်သည် အန္တရာယ်ပြည့်လွှမ်းနေသော ကျောင်းသုံးကျောပိုးအိတ်ကို နံဘေးတွင် ချထားလိုက်သည်။ မာလာတော့ စိတ်ဆိုးတော့မှာပဲဟု တွေးမိပြန်သည်။ ထိုအတွေးသည် အခါခါကြော့နေသည်။ အဖေဖြစ်သူ၏ စိတ်ပူပူမပူပူ ဂရုမစိုက် ။ မာလာစိတ်ပူမှာကို သာတွေးနေမိသည်။ ခင်ရူပါကလည်း နေရင်းထိုင်ရင်း သူ့အပေါ် စစ်ကြေငြာသည်။ တစက်ကလေးမှ သစ္စာမရှိတဲ့ကောင်ဟု လူကြုံပါးလိုက်သည်။ မာလာကလည်း စာဟောင်းကို လက်ကိုင်ပုဝါဖြင့်ပတ်ကာ ပြတ်စဲကြောင်း မိန့်မှာလိုက်သည်။ ဒါက သိပ်တော့အရေးမကြီး ။

ဇင်မောင် တညလုံး မအိပ်ရသေးသဖြင့် အားရပါးရ သမ်းဝေရင်း ကားများကို ငေးနေသည်။ နေရောင်က တက်လာချေပြီ။ ကားဂိတ်သည် တက်နေကို အံတုနိုင်သော်ငြား ဇင်မောင့်အတွက် အကာအကွယ်ပေးနိုင်မည်မဟုတ်။ ကျောင်းကားများ တဖြည်းဖြည်း ပါးသွားခဲ့ပြီ။ဖြိုးသိန်း သည် ဇင်မောင့်ကို မြင်သော်ငြား ကားကိုဆက်မောင်းသွားသည်။ ဘေးဝန်းကျင်သည် အခါတိုင်းနေ့များလိုပင် ထူးခြားမှုမရှိ။`` ငထောက်´´ တွေ တကောင်တမြှီးမှမတွေ့။ ဖြိုးသိန်းကားကို ပြန်ကွေ့ကာ ဇင်မောင့်ကို အချက်ပြလိုက်သည်။ ဇင်မောင်က ကျောပိုးအိတ်ကို လွယ်ရင်း ကားဆီသို့ မနှေးမမြန် လျှောက်လာတော့သည်။

``မနေ့က စာရွက်တွေပါလား၊ တခါတည်းသွားရမှာ ´´

ဇင်မောင်က ကျောင်းတံခါးဝသို့ လှမ်းမျှော်သည်။ မာလာထွက်လာလေမလား ဟုတောင့်တသည်။ ဖြိုးသိန်းက ဘာမှန်းမကြားလိုက်သော မေးခွန်းတခုမေးလာသဖြင့် ကားထဲကို ငုံ့ကြည့်လိုက်သည်။ တင်မောင်စိုးက ခေါင်းစီးအနီနှင့်။ နော်ကထပ် ပထမနှစ်ကျောင်းသားနှစ်ဦးကလည်း ရဲရဲတောက်နေကြသည်။ ကားဂိတ်ပေမို့ နောက်မှ လိုင်းကားတစီးက မြန်မြန်ထွက်ပါရန် ဟွန်းသံ အကျယ်ကြီးပေးနေ၏။ ဖြိုးသိန်း ခေါင်းပြူကာ ထီမထင်ဟန် ထွက်ကြည့်တော့မှ ကားဆရာသည် မရမက စီယာတိုင်ကို အားပြုဆွဲကာ ကားနံဘေးမှ ကျော်တက်သွားသည်။

ဇင်မောင်သည် ကားတံခါးကိုဖွင့်ကာ သပိတ်မှောက်မည့် ကျောင်းသားများနှင့်အတူသိမ်ကြီးဈေးသို့ လိုက်သွားလေပြီ။

အမေသည် ခြံဝမှပင် ဝမ်းသာအားရအော်ဟစ်နေသည်။ အရေးထဲမှ ကပ်ကျေးကရှာမတွေ့။ အမေက အော်လေလေ ၊ မာလာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့။ ပြီးတော့မှ

“ အမေ ဟိုနေ့က ပန်းညှပ်ဖို့ ခြံထဲယူသွားတယ်လေ၊ အဲဒီမှာ မရှိဘူးလား”

မာလာ အလယ်ခန်းပြတင်းပေါက်မှ အသံပေးလိုက်သည်။ အမေသည် ပြန်သတိရရင်း ပန်းပင်များအောက်ကိုရှာသည်။ ရွက်ကြွေတချို့အောက်တွင် ကပ်ကျေးကငြိမ်သက်နေ၏။

မာလာလည်း နှင်းဆီပန်းများကိုကြည့်ကာအံ့အားသင့်နေသည်။ အနီစွေးစွေး ပွင့်လွှာထက်၌ မိုးစက်တချို့ နားခိုနေဆဲ။ အမေက တပွင့်ချင်း ညှပ်သည်။ သမီးကို သုံးပွင့်ချန်ထားနော်လို့ မာလာ တောင်းဆိုလိုက်သည်။ အမေက ရယ်မောကြည်နှူးနေသည်။ နှင်းဆီတွေက လေပြေကြားတွင် သူ့ထက်ငါ အပြိုင်တိုးဝှေ့ကာ သခင်မထံဝင့်ကြွားနေကြသည်။ သူ့ထက်ငါ စင်ထက်ပေါ်သို့ အသုံးတော်ခံရန် စိုင်းပြင်းနေကြပြီ။

“ ဒီလောက် တခါမှ အပြိုင်မပွင့်ဖူးဘူး၊ဝမ်းသာလိုက်တာအေ”

အမေသည် သူ့စကား သူ ကြည်နှူးမဆုံး။ ကိုင်းထက်မှ အရွက်စိမ်းများကို ခြွေချရင်း တပုံတပင် ဖြစ်လာသည့် နှင်းဆီခြင်းကို ကျေနပ်နေသည်။

`` ညည်း ဒေါ်လေးက ဘယ်အချိန်တဲ့လဲ ´´

`` ကိုးနာရီ အရောက် သွားရမှာ အမေ ၊ပန်းဘဲတန်း တရားရုံးက ပြီးမှတဲ့ ´´

`` အေးဟယ် ၊တင်မောင်စိုးတော့ ´´

အမေက ထိုသို့ပင် ။ စိတ်ဆင်းရဲစရာဆိုလျှင် ဝါကျကုန်မပြောချင်။ မာလာက ငွါးငွါးစွင့်နေသည့် ပန်းသုံးပွင့်ကို အမှတ်သညှာပြုလိုက်သည်။အဖြူရောင်လည်ထောက် ရင်ဖုံးအင်္ကျီ၊ ကချင်လုံချည် အစိမ်းရင့်ရင့် ၊ပြီးတော့ ။ မာလာသည် သူ့အတွေးကို အမေရိပ်မိသွာြး့ပီလားဟု တိတ်တခိုးကြည့်လိုက်သည်။ သို့တိုင် သူ့ကိုယ်သူ မလုံ။ ထို့ကြောင့် နောက်ဖေးလှေကားမှ ပြန်တက်လာပြီး ဝှက်ထားသော ပုလင်းသုံးလုံးကို ယူကာ ကျောပိုးအိတ်ထဲသို့ခည့်သည်။ ဓာတုဗေဒစာအုပ်ကိုလည်း ထည့်သည်။

သူ့လျှို့ဝှက်ချက်ကြီးမပြီးခင် ဒေါ်လေးသည် အိမ်ရှေ့မှာ ဆိုက်ရောက်ခဲ့လေပြီ။ မာလာမနိုးသေးဟု မြည်တွန်တောက်တီးကာ အစ်မဖြစ်သူကို လှမ်း၍ ရန်လုပ်သည်။ အစ်မဖြစ်သူက အိမ်ပေါ်မှာဟေ့ နိုးနေပြီ နိုးနေပြီ ဟု ပြန်အော်သည်။ မာလာသည် အမေတို့ ညီအစ်မနှစ်ဦး အော်ဟစ်ခွန်းတုံ့ဆိုနေစဉ်မှာပင် အောင်မြင်ပြီးမြောက်ခဲ့လေပြီ။

`` ဟဲ့ ၊ နင့်ပန်းတွေ ထားခဲ့ရမှာလား ၊ငါရေဆေးတော့မလို့ ´´

အမေက အမေးပြုလာသည်။ လာပြီဟု မာလာ အဖြေပို့ကာ ပြန်ဆင်းပြေးတော့ ဒေါ်လေးက တံခါးဝမှဆီး၍ ဆူပူသည်။ ညည်း ရေမချိုးသေးဘူးလားဟု  အစချီကာ…။

မာလာသည် နှင်းဆီသုံးပွင့်ကို လက်ကိုင်ပုဝါအဖြူနှင့်ပတ်သည်။ ပြီးမှ သတင်းစာအဟောင်းနှင့် ပတ်သည်။ ထိုသတင်းစာက တကူးတက ရွေးချယ်ထားသော သတင်းစာဖြစ်သည်။ ကျောင်းသားလေးတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်နေသည့် ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်မှ ပါးကွက်သားများ ပုံပါနေသည်။ ရေမစိုစေရန် ရေချိုးခန်းထောင့်ရှိ အဝတ်လျှော်ဇလုံထဲသို့ ထည့်သည်။ ရေမြန်မြန်ချိုးသည်။ ဒေါ်လေးသည် ခေါ်လာပြီးသော တက္ကဆီကားအကြောင်း ဗာရာဏသီချဲ့ပြန်သည်။ အစ်မက သူ့ညီမ ပြောချင်ရာပြောနေသည်ကို သည်းခံနေပါသည်။ အကယ်၍သာ သားတော်မောင် တင်မောင်စိုး အခြေအနေမေးလိုက်လျှင် မယ်မင်းကြီးမ သူ့ကိုယ်သူ အပူရုပ်ကို ဟန်လုပ်နေသမျှ ချုံးပွဲချငိုပေလိမ့်မည်။

အမေသည် မာလာ့ကိုပင် မြန်မြန်လက်စသတ်ရန်အော်ပြန်သည်။

မာလာသနပ်ခါးမတို့ဖြစ်တော့။ နားစပ်ဆီမှ ရေစက်လက်ဖြင့်ပင် အဝတ်အစားမြန်မြန်ဝတ်ကာထွက်လာသည်။ ကျောပိုးအိတ်ကတဖက်၊ သတင်းစာပတ်ထားသော နှင်းဆီပန်းများက တဖက်ဖြင့် အမေရှေ့မှ ထွက်လာသည်။ အမေကတော့ သူ့သမီးတယောက် မောင်ဝမ်းကွဲ တင်မောင်စိုးအတွက် ဘုရားမှာ ပန်းလှူပေးတာနေလိမ့်မည်ဟု တထစ်ချတွေးသည်။ ဒေါ်လေးသည် သုတ်ခြေတင်သွားသော မာလာ့နောက်သို့ ပြေးလိုက်ခဲ့သည်။

ဆူဆူညံညံ အသံများကြောင့် အိပ်ခန်းထဲမှထွက်လာရင်း ဇနီးသည်ကို မေးသည်။ ဇနီးသည်က ပြန်မေးသည်။

`` ဘာကြော်လို့ ညှော်ရမှာလဲ၊ မနက်က ကျုပ်ဈေးသွားနေတဲ့ဟာ ´´

``ဟာ ၊တမနက်လုံး ကြော်လှော်နေတဲ့ဟာ ´´

`` ရှင့်သမီး နေမှာပေါ့၊ သူ့မောင်အတွက် ကြော်တာနေမှာပေါ့ ´´

မိုးဖြူသည် ပန်းဆိုးတန်းနှင့် ကမ်းနားလမ်းထောင့်တွင် တစွေစွေဟန်ရေးပြနေသည်။ လမ်းထောင့်ရှိ အနောက်ပိုင်းခရိုင်တရားရုံးဝင်ပေါက်၌ ရဲတပ်ဖွဲ့ဝင်များ စီတန်းနေရာယူထားကြသည်။ မိုးတစိုစိုအောက်မှာပင် သတင်းထောက်များက မြင်ကွင်းရှုထောင့်ကောင်းကောင်းရရန် ပြင်ဆင်နေရာယူနေကြသည်။ ကျောင်းသားကျောင်းသူ တော်တော်များများရှိနေသည်။ စခန်းမှူးအဆင့်ရှိ ရဲအရာရှိက သူ့ဝန်ထမ်းများကို ကြပ်မတ်နေသည်။ ဝင်ပေါက်တံခါးမှာ ကျဉ်းသည်။ ရဲဝန်ထမ်းများက ဘေးနှစ်ဖက်စလုံးတန်းစီနေရာယူထားသည်။ လုံခြုံရေးယူထားသည့်ပုံစံပင်။

သတင်းထောက်အချို့က ကျောင်းသားတချို့ကို အင်တာဗျူးလုပ်နေသည်။ ဓါတ်ပုံများရိုက်ကူးမှတ်တမ်းယူနေသည်။ဖုန်းထဲမှ ဝင်လာသောသတင်းအရ ပန်းဘဲတန်းတရားရုံးတွင် ရုံးတက်နေသောဖမ်းဆီးခံ ကျောင်းသားများ မကြာခင် ဤတရားရုံးသို့ ရောက်လာတော့မည်ဟု ကြားနေရသည်။ တရားရုံးဝင်ပေါက်တဝိုက်သည် မိုးဖြူတစွေစွေ အောက်မှာပင် တရုန်းရုန်း ဆူညံနေသည်။

မာလာသည်အံကိုတင်းတင်းကြိတ်ကာ ဒေါ်လေးနှင့်အတူရပ်နေသည်။ ဒေါ်လေးက ထီးအောက်ကိုဝင်ဖို့ နှစ်ခါသုံးခါ တိုက်တွန်းသည်။ ရပ်နေရသည်မှာ ညောင်းညာလှ၏။ ဒေါ်လေးသည် သားဖြစ်သူတင်မောင်စိုး အဖမ်းခံရသည်ကို တူမဖြစ်သူ မာလာကို အဖော်ခေါ်ကာတရားရုံးသို့လာခဲ့သည်။ မာလာသည် မောင်ဝမ်းကွဲ တင်မောင်စိုး ထက် ဇင်မောင့်ကို တွေ့ချင်သည်။ ဇင်မောင် လည်း အဖမ်းခံနေရသည်။ တင်မောင်စိုးနှင့် အတူရုံးထွက်ရမည်ဟု သိရသည်။

ဇင်မောင် သိပ်နေမကောင်း ။ ပိန်လည်း ပိန်သွားသည်ဟု ထပ်ဆင့်ကြားရသည်။ နဂိုကမှ ဇင်မောင်က ခပ်နွဲ့နွဲ့၊ခပ်ပါးပါး ။ သူလိုလူက သပိတ်မှောက်သည့်အထဲပါသွားရသေးသည်။ ဇင်မောင့်အဖေက စိတ်ဆိုးသဖြင့် ဖမ်းထားလိုက်သည်တဲ့။

မာလာသည် အတွေးလွန်နေသဖြင့် ဝင်းဝင်းသန်း ဘာလာပြောသည်ကို မကြားမိ။ ဝင်းဝင်းသန်း နှင့်အတူ သူငယ်ချင်းတွေ ပါလာသည်။ လာတော့မယ်ထင်တယ်ဟု ဒေါ်လေးက ရုတ်ရုတ်သဲသဲဖြစ်သွားသော မီဒီယာသမားများကိုကြည့်ကာ မာလာ့လက်မောင်းကိုဆွဲရင်း ပြောလာသည်။ မာလာသည် အပူတကြီးဖြင့် ခင်ရူပါကိုရှာသည်။ ဝင်းဝင်းသန်း က မာလာ့အတွေးကို ရိပ်မိသဖြင့် ခေါင်းခါပြသည်။ ပြီးတော့

“ သူ့ အဖေက တရားသူကြီးလေ ၊သူဘယ်လာရဲမှာလဲ၊ နင် ဘာမှ စိတ်မပူနဲ့ ၊ ဇင်မောင်က နင့်ကိုပဲချစ်တာပါ”

မာလာသည် အောင်ပွဲအတွက် ငိုချလိုက်သည်။ ဝင်းဝင်းသန်းက မာလာ့ကို ပွေ့ဖက်ထားသည်။ ဒေါ်လေးကလည်း သားအတွက် ငိုနေသည်။ ဇင်မောင်တို့ အချုပ်ကားကြီး ဝင်လာပြီ။

မာလာသည် ကားတံခါးဝဆီသို့ အားသွန်ကာတိုးသည်။ သူ့လက်ထဲမှာ နှင်းဆီပန်းတွေကိုင်ထားသည်။ ဇင်မောင် သည် တင်မောင်စိုးညွှန်ပြရာသို့ ကြည့်ကာ ဟေးခနဲ အော်ဟစ်လိုက်သည်။ သူသည် သူ့နှင်းဆီစစ်စစ်ကိုရတော့မည်။

တမနက်လုံးစွေနေသောမိုးသည် အချုပ်ကားတံခါးဖွင့်သည်နှင့် ဆန္ဒပြကျောင်းသားများကို အလေးဂရုပြုကာတိတ်တဆိတ် ထွက်ခွာသွားသည်။ကင်မရာမီးလျှပ်ပန်းများ တခြိမ်းခြိမ်း။

(ပညာရေးသပိတ်မှောက်ကျောင်းသားများကို ဂုဏ်ပြုပါသည်)

ဒေါ်အောင်ဆန်းစုကြည် နှင့် ပြန်လည်ဆန်းသစ်စေမည့် တရုတ်မြန်မာဆက်ဆံရေး

$
0
0
NLD Chairperson Facebook - 18th NOV, SUU with Chinese Diplomat

ဒေါ်အောင်ဆန်းစုကြည် နှင့် ပြန်လည်ဆန်းသစ်စေမည့် တရုတ်မြန်မာဆက်ဆံရေး
(မိုးမခ) နိုဝင်ဘာ ၂၀၊၂၀၁၅

ပြန်လည်ဆန်းသစ်ခြင်း

၁၄ရာစုနှင့်၁၆ရာစုအတွင်းဥရောပတလွှား၌အနုပညာစာပေ၌စိတ်ဝင်စားမှုပြန်လည်ဆန်းသစ်လာခြင်းကိုရီနေဆင့် renaissance ဟုခေါ်ဝေါ်သုံးစွဲကြသည်။အလားတူရှိပြီးသားအဟောင်းများကိုပြန်လည်စိတ်ဝင်စားလာခြင်းကိုရီနေဆင့် ဝါပြန်လည်ဆန်းသစ်ခြင်းဟုဆိုကြသည်။

လက်ရှိတရုတ်မြန်မာဆက်ဆံရေးသည်လည်းအကူးအပြောင်းကာလပေါ်ပေါက်လာမည့်အစိုးရသစ်နှင့်အတူပြန်လည်ဆန်းသစ်လာမည်လောဆိုသည်မှာစိတ်ဝင်စားဖွယ်ရာဖြစ်သည်။

ဒေါ်အောင်ဆန်းကြည်၏ပြန်လည်ဆန်းသစ်ချက်

၂၀၁၅ရွေးကောက်ပွဲတွင်ပြတ်ပြတ်သားသားအနိုင်ရခဲ့သော NLD ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည်၂၀၁၅နိုဝင်ဘာ၁၈ရက်နေ့တွင်မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးမစ္စတာ ဟုန်လျန်အားလက်ခံတွေ့ဆုံခဲ့သည်။ထိုအတူ၂၀၁၅နိုဝင်ဘာ၁၇ရက်နေ့ကလည်းတရုတ်ပြည်ရှင်ဟွာသတင်းဌာနှင့်တွေ့ဆုံခဲသည်။ထိုသို့တွေ့ဆုံရာတွင်တရုတ်မြန်မာဆက်ဆံရေးနှင့်ပတ်သက်သည့်သူမ၏သဘောထားအားရှင်းလင်းစွာဖေါ်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကတရုတ်မြန်မာဆက်ဆံရေးနှင့်ပတ်သက်ပြီးတရုတ်ပြည်သည်အိမ်နီးနားချင်းနိုင်ငံဖြစ်သည့်အတွက်အဝေးကြီးကနိုင်ငံများထက်အများကြီးပို၍သိမ်မွေ့ကြောင်းထိုသို့ပို၍သိမ်မွေ့သည့်အတွက်တရုတ်မြန်မာဆက်ဆံရေးကိုသိပ်ပြီးအလေးထားကြောင်းဤဆက်ဆံဆံရေးကိုကောင်းကောင်းမွန်မွန်တိတိကျကျထိထိရောက်ရောက်ဆက်ဆံသွားမည်ဖြစ်ကြောင်းမိတ်ဆွေဖြစ်ရေးကိုနှစ်ဖက်စလုံးမှလိုလားလျင်မဖြစ်စရာအကြောင်းမရှိဟုဖေါ်ပြခဲ့သည်။

ထို့ပြင်တရုတ်မြန်မာဆက်ဆံရေးပုံစံနှင့်ပတ်သက်ပြီးမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစဉ်ကတည်းကကျင့်သုံးခဲ့သောနိုင်ငံခြားရေးမူဝါဒကိုဆက်လက်ကျင့်သုံးသွားမည်ဟုဆိုခဲ့သည်။မြန်မာနိုင်ငံလွတ်လပ်ရေးရစဉ်ကကျင့်သုံးခဲ့သောနိုင်ငံခြားရေးမူဝါဒသည်မြန်မာနိုင်ငံနှင့်သင့်တော်ပြီးဆက်လက်၍အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြောင်း  တရုတ်ပြည်ရှင်ဟွာသတင်းဌာနနှင့်သီးသန့်အင်တာဗျူးတွင်ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့သည်။

ထိုအင်တာဗျူးတွင်ဒေါ်စုကမြန်မာလွတ်လပ်ရေးရစဉ်ကျင့်သုံးခဲ့သည့်နိုင်ငံခြားရေးဝါဒသည်မှန်ကန်သည်ဟုထင်ကြောင်း၎င်းမူဝါဒအရအိမ်နီးချင်းများနှင့်ရင်းရင်းနှီးနှီးခင်ခင်မင်မင်ကောင်းကောင်းမွန်မွန်ဆက်ဆံသကဲ့သို့အဝေးကမိတ်ဆွေများနှင့်လည်းရင်းရင်းနှီးနှီးခင်ခင်မင်မင်ဆက်ဆံကြောင်းမည်သူကိုမှရန်သူကဲ့သို့သဘောမထားဘဲမိတ်ဆွေကဲ့သို့သဘောထားကြောင်းထို့ကြောင့်မြန်မာနိုင်ငံသည်ထိုအချိန်ကကမ္ဘာနိုင်ငံအတော်များများ၏စေတနာကိုရရှိခဲ့သည်ဟုထောက်ပြခဲ့ပါသည်။

ဤသို့ဖြင့်ဒေါ်စုသည်အစိုးရသစ်တရုတ်နှင့်ပတ်သက်သည့်နိုင်ငံခြားရေးပေါ်လစီကိုဖေါ်ပြရာတွင်လွတ်လပ်ရေးခေတ်ဦးမြန်မာ့နိုင်ငံခြားရေးပေါ်လစီအားပြန်လည်ဆန်းသစ်ဖေါ်ညွှန်းခဲ့သည်။သူမ၏ဤသို့ပြန်လည်ဆန်းသစ် ဖေါ်ပြမှုသည်နှစ် ၆၀ကျော်ကြာခဲ့ပြီဖြစ်သောတရုတ်မြန်မာဆက်ဆံရေးအားပြန်လည်သုံးသပ်ကြစေရန်လည်းရည်ညွှန်းသည်ဟုဆိုရပေမည်။

သို့ဖြစ်ရာ၂၀၁၅ဇွန်လအတွင်းဒေါ်အောင်ဆန်းစုကြည်တရုတ်ပြည်သို့မသွားမှီဇွန် ၈ ၊ ၂၀၁၅ နေ့ကတရုတ်မြန်မာဆက်ဆံရေးနှင့်ပတ်သက်ပြီးမိမိရေးသား သုံးသပ်ခဲ့သည်ကိုပြန်လည်ဖေါ်ပြ၍သုံးသပ်ရပေတော့မည်။

နွေးထွေးသောဆက်ဆံရေး

၁၉၄၈မြန်မာပြည်လွတ်လပ်ရေးရအပြီးနှင့်မရှေးမနှောင်း၁၉၄၉တွင်လွတ်မြောက်လာသောတရုတ်ပြည်သစ်တို့စတင်ခဲ့သောနှစ်နိုင်ငံဆက်ဆံရေးသည်နွေးထွေးသောဆက်ဆံရေးဟုဆိုရမည်။မြန်မာဝန်ကြီးချုပ်ဦးနုနှင့်တရုတ် ဝန်ကြီးချုပ်ကြိုးအင်းလိုင် Zhou En-lai တို့လက်တွဲ၍နှစ်နိုင်ငံ ချစ်ကြည်ရေးအပြင်တတိယကမ္ဘာနှင့်ပတ်သက်၍၎င်းကြားနေရေးနှင့်ပတ်သက်၍၎င်းအတူတကွကြိုးစားခဲ့ကြသည်။ဘန်ဒေါင်းညီလာခံမူများချမှတ်နိုင်ခဲ့သည်။

မြန်မာပြည်တွင်းမှတစုံတရာမကြေလည်သူအချို့ရှိသော်ငြားလည်းတရုတ်မြန်မာနယ်စပ်တိုင်းထွာရေးကိုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။ထို့ပြင်မြန်မာပြည်တွင်း ကျူးကျော်လာခဲ့သောတရုတ်ကူမင်တန်အရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံပူးပေါင်း၍အကောင်းဆုံးဆောင်ရွက်နိုင်ခဲ့သည်။ကူမင်တန်ပြသနာကြောင့်နှစ်နိုင်ငံကြားနားလည်မှုလွဲမှားခြင်းမဖြစ်ပေါ်ခဲ့ပေ။

ထိုစဉ်ကသမိုင်းပုံရိပ်များကိုပြန်ကြည့်လျင်တရုတ်ဝန်ကြီးချုပ်ကြိုးအင်းလိုင်ဇနီးမဒမ်တိန့်ရင်ချောင်တို့၏ပြုံးရွှင်နွေးထွေးသောပုံရိပ်များကိုမြန်မာလူထုကြားတွင်တွေ့ရမည်ဖြစ်သည်။ထို့ကြောင့်ပင်မြန်မာ့လွတ်လပ်ရေးခေတ်ဦးတရုတ်မြန်မာနှစ်နိုင်ငံဆက်ဆံရေးကိုနွေးထွေးသောဆက်ဆံရေးဟုဆိုရမည်။တရုတ်နှင့်မြန်မာကြားအစိုးရပိုင်းရောပြည်သူလူထုပါမှန်တမ်းကျသောဆက်ဆံရေးရှိသည်ဟုဆိုရမည်။

ခက်ထန်အေးခဲသောဆက်ဆံရေး

၁၉၆၆တွင်တရုတ်ပြည်၌ပစ္စည်းမဲ့ယဉ်ကျေးမှုတော်လှန်ရေးပေါ်ပေါက်လာသည်။တရုတ်ကွန်မြူနစ်ပါတီမှနိုင်ငံတကာရှိအဖိနှိပ်ခံပြည်သူများနှင့်ပစ္စည်းမဲ့များသွေးစည်းကြဟုကြွေးကြော်လိုက်သည်။ဘေကျင်းအသံမှနေဝင်းစန်းယု စစ်အစိုးရအားရှုံ့ချပစ်တင်လိုက်ပြှီးဗမာပြည်ကွန်မြူနစ်ပါတီအားဗြောင်အတိအလင်းထောက်ခံလိုက်သည်။

ဦးနေဝင်းအစိုးရကလည်းတရုတ်ဆန့်ကျင်ရေးလှုံ့ဆော်ပြီးတရုတ်ဗမာအရေးအခင်းဖြင့်တုန့်ပြန်လိုက်သည်။လူထုဆန္ဒပြပွဲများဖန်တီးပြီးမော်စီတုန်းနှင့်သခင်သန်းထွန်းအလောင်းပုံဖျာလိပ်များမီးရှို့ပြသည်။နိုင်ငံရပ်ခြားတရုတ်များအားမောင်းထုတ်ကြသည်။အရှိန်မြင့်လာတော့မြန်မာမျိုးချစ်လူငယ်တစ်ဦးဆိုသူကတရုတ်သံရုံးအတွင်းဝင်၍သံဝန်ထမ်းတစ်ဦးအားသတ်ဖြတ်ခဲ့သည်။မြန်မာပြည်ရှိစီမံကိန်းများတွင်လာရောက်လုပ်ကိုင်နေကြသောတရုတ်များပါကွယ်လွန်သူသံဝန်ထမ်း၏အရိုးပြာအိုးထမ်းကာတရုတ်ပြည်ပြန်ကြသည်။ မြန်မာတို့ကလူမျိုးရေးအဓိကရုဏ်းဖြင့်တုန့်ပြန်သည်ကိုတရုတ်တို့ကလည်း “ဥက္ကဌကြီးမော် ကျန်းမာပါစေ ။ ဝမ်စွေ့ဝမ်စွေ့”ဖြင့် တုန့်ပြန်ခဲ့ကြသည်။

ဥက္ကဌကြီးမော်ကျန်းမာပါစေဟူသောကြွေးကြော်သံသည်အကောင်အထည်မဲ့မဟုတ်ခဲ့။၁၉၆၈တွင်တရုတ်တို့၏အားပေးထောက်ခံမှုအပြည့်ဖြင့်ဗမာပြည်ကွန်မြူနစ်ပါတီအရှေ့မြောက်စစ်ဒေသသည်အရှိန်ဟုန်ပြင်းစွာပေါ်ပေါက်ခဲ့သည်။ထိုအခါတရုတ်မြန်မာဆက်ဆံရေးသည်  ပိုမိုအေးခဲတင်းမာလာခဲ့သည်။

ရန်ကုန်တရုတ်သံရုံးသည်လည်းအစိုးရပိုင်းနှင့်ဆက်ဆံရေးရော့ကျခဲ့ပြီးတရုတ်သံရုံးဧည့်ခံပွဲများတွင်လက်ဝဲသမားများဒီမိုကရက်များစစ်အစိုးရဆန့်ကျင်သူများပြည့်နှက်နေခဲ့သည်။ဥက္ကဌမော်သြဝါဒအဘိဓမ္မာဆောင်းပါးလေးစောင်မော်စီတုန်းလက်ရွေးစင်ကျမ်းတို့သည်တရုတ်သံရုံးမှဒလဟောစီးဆင်းနေသည့်ကာလဟုဆိုရမည်။ပြင်းထန်သောနိုင်ငံရေးအယူအဆပေါ်တွင်အခြေတည်ထားသောနိုင်ငံခြားရေးဆက်ဆံမှုဟုဆိုရမည်။

သို့သော်၁၉၇၅နောက်တရုတ်ပြည်တွင်းငြိမ်သက်လာပြီးနောက်မြန်မာနှင့်ဆက်ဆံရေးကောင်းကြအောင်တရုတ်တို့ကြိုးစားလာသကဲ့သို့မြန်မာစစ်အစိုးရကလည်းတရုတ်နှင့်ဆက်ဆံရေးကောင်းအောင်ကြိုးစားပြီးဗကပတို့အားရှင်းနိုင်ရန်ပစ်မှတ်ထားလာသည်။နှစ်ဖက်စလုံးအပြောင်းအလဲများစတင်လာသော်လည်းသိသိသာသာပြောင်းလဲလာခြင်းတော့မရှိပေ။ဤအေးခဲသောဆက်ဆံရေးသည်၁၉၈၉ခုနှစ်အရှေ့မြောက်တွင်ဗကပတို့ပြိုကွဲအပြီး၁၉၉၀တွင်ရွေးကောက်ပွဲ အနိုင်ရသူ NLD ခေါင်းဆောင်များအားတရုတ်သံအမတ်သွားရောက်တွေ့ဆုံအပြီးတွင်တဆစ်ချိုးပြောင်းလဲသွားတော့သည်။

ရေပေါ်ဆီဆက်ဆံရေး

တရုတ်ပြည်တွင်တိန့်ရှောက်ဖင်တက်လာပြီးနောက်သဘောတရားများပြောင်းလဲသွားသည်။ရဲရဲတောက်လက်ဝဲသဘောတရားများနေရာတွင် ကြောင်ဖြူဖြစ်ဖြစ်ကြောင်မဲဖြစ်ဖြစ်ကြွက်ဖမ်း နိုင်ဘို့ဘဲတို့ချမ်းသာတာမင်္ဂလာပါတို့ဖြစ်လာသည်။

၁၉၉၀နောက်ပိုင်းမြန်မာပြည်အခြေအနေလည်းများစွာပြောင်းလည်းသွားသည်။မဆလအစိုးရပြုတ်၍နဝတအစိုးရတက်နေသည်။၁၉၉၀ရွေးကောက်ပွဲလုပ်ပေးသော်လည်းအာဏာလွှဲပေးမည့်ပုံမပေါ်ချေ။ထို့ပြင်နယ်စပ်ရှိတရုတ်ကျောထောက်နောက်ခံပြုဗကပတို့ပြိုကွဲပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သွားသည်။ထိုအခြေအနေတွင်တရုတ်နယ်စပ်တည်ငြိမ်ရေးနှင့်တရုတ်စီးပွါးရေးကိုရှေ့ရှု၍စစ်အစိုးရနှင့်ပူးပေါင်းဆက်ဆံရန်ဆုံးဖြတ်လိုက်ပုံရသည်။

ဤကာလသည်၂၀၁၀အထိဖြစ်သည်။တရုတ်တို့နှင့်မြန်မာစစ်အစိုးရတို့ဆက်ဆံရေးလွန်စွာကောင်းတော့၏။ဒီမိုကရေစီလှုပ်ရှားသူများကိုပြင်းပြင်းထန်ထန်နှိပ်ကွပ်ခြင်းကြောင့်အနောက်အုပ်စုနှင့်နိုင်ငံတကာ၏ဝိုင်းပယ်ခြင်းနိုင်ငံရေး၊ စီးပွါးရေး၊ စစ်ရေးအရပိတ်ဆို့ခြင်းများခံနေရသည့်မြန်မာစစ်အစိုးရကိုတရုတ်တို့ဘက်စုံကပံ့ပိုးပေးသည်။ UN တွင်ဗီတိုသုံးပေးသည်။စစ်လက်နက်ပစ္စည်းရောင်းပေးသည်။နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ပေးသည်။ဤသို့ဖြင့်မြန်မာစစ်အစိုးရအတွက်အသက်ရှူပေါက်ချောင်စေခဲ့သည်။

အပြန်အလှန်အားဖြင့်မြန်မာစစ်အစိုးရကလည်းတရုတ်တို့အားမြန်မာ့မြေပေါ်မြေအောက်သယံဇာတများထုတ်ယူခွင့်ပေးခဲ့သည်။တရုတ်တို့လည်းစီးပွါးဖြစ်ကြသည်။မြန်မာစစ်ခေါင်းဆောင်များလည်းစီးပွါးဖြစ်ကြသည်။မြန်မာလူထုကတော့စိတ်ပျက်ခဲ့ကြသည်။

ရန်ကုန်တရုတ်သံရုံးဧည့်ခံပွဲများတွင်လည်း ယခင်ရှိနေခဲ့သောအစိုးရအတိုက်အခံလက်ဝဲသမားများ၊ဒီမိုကရက်များနေရာတွင်စစ်ဗိုလ်များအစိုးရအရာရှိများနှင့်အစားထိုးလိုက်သည်။ဤသို့ဖြင့်ရေပေါ်ဆီဆက်ဆံရေးတရပ်တရပ်တရုတ်နှင့်မြန်မာကြားပေါ်ပေါက်ခဲ့သည်။ ဤရေပေါ်ဆီဆက်ဆံရေးကာလသည်မြန်မာပြည်သူများအဖို့တရုတ်အားလွန်စွာစိတ်ပျက်ခဲ့ရသောကာလလည်းဖြစ်သည်။အစိုးရချင်းဆက်ဆံရေးကောင်းမွန်အောင်လုပ်သည်ဟုတရုတ်တို့ မည်သို့ပင်ဆင်ခြေပေးသည်ဖြစ်စေတရုတ်တို၏ ၎င်းဆက်ဆံရေးသည်မြန်မာပြည်သူများနှင့်ဆက်ဆံရေးကိုမျက်ကွယ်ပြုထားသည်သာဖြစ်သည်။စစ်အစိုးရအားကျားကန်ပေးသည်ဟုသာမြန်မာပြည်သူတို့နားလည်ခဲ့ကြသည်။သို့ဖြစ်ရာ၎င်းရေပေါ်ဆီ ဆက်ဆံရေးကာလသည်တရုတ်နှင့်မြန်မာပြည်သူများကြားဆက်ဆံရေးအဆိုးဝါးဆုံးကာလလည်းဖြစ်သည်။

အိုးရွဲ့နှင့်စလောင်းရွဲ့

ထိုသို့တရုတ်မြန်မာနှစ်နိုင်ငံကြားမြန်မာ့လွတ်လပ်ရေးခေတ်ဦးနွေးထွေးသောဆက်ဆံရေးမှသည်ဝမ်နည်းစိတ်မကောင်းဖွယ်ရာဆက်ဆံရေးများပေါ်လာသည်မှာတရုတ်တို့၏ပေါ်လစီ အပြောင်းအလဲကြောင့်သာမကမြန်မာ့ပြည်တွင်းအပြောင်းအလဲနှင့်သက်ဆိုင်သည်။မြန်မာပြည်တွင်း၌လည်းလွတ်လပ်ရေးခေတ်ဦးပါလီမန်ဒီမိုကရေစီစနစ်သည်၁၉၆၂ခုနှစ်တွင်ပျက်သုန်းပြီးစစ်အာဏာရှင်စနစ်သို့ကူးပြောင်းသွားခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့်လည်းတရုတ်မြန်မာနှစ်နိုင်ငံဆက်ဆံရေးတွင်အေးခဲသောဆက်ဆံရေးရေပေါ်ဆီဆက်ဆံရေးများပေါ်ပေါက်လာခြင်းမှာအိုးရွဲ့နှင့်စလောင်းရွဲ့တို့၏အဆင်မပြေလှသောဇတ်လမ်းဟုဆိုရပေမည်။

ပြန်လည်ဆန်းသစ်ကြမည်လော

ထို့ကြောင့်ပင်ဒေါ်အောင်ဆန်းစုကြည်ကတရုတ်မြန်မာဆက်ဆံရေးနှင့်ပတ်သက်ပြီးလွတ်လပ်ရေးခေတ်ဦးကတရုတ်မြန်မာနှစ်နိုင်ငံတို့၏နွေးထွေးသောဆက်ဆံရေးကိုပြန်လည်ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။အစိုးရချင်းရောပြည်သူချင်းရောပါနွေးထွေးသောဆက်ဆံရေးကိုထူထောင်ရန်ရည်ညွှန်းလိုက်သည်။နှစ်၆၀ကျော်ကြာခဲ့ပြီဖြစ်သောတရုတ်မြန်မာနှစ်နိုင်ငံဆက်ဆံရေးကိုပြန်လည်သုံးသပ်ဝေဖန်စေဖို့ဖြစ်သည်။တရုတ်တို့အနေနှင့်တရုတ်မြန်မာဆက်ဆံရေးတွင်အစိုးရချင်းဆက်ဆံရေးကောင်းမွန်စေရုံသာမကမြန်မာ
လူထုအားမျက်နှာပြုပြီးမြန်မာလူထုနှင့်ပါချစ်ကြည်သောဆက်ဆံရေးတရပ်တည်ဆောက်ရန်ညွှန်ပြလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကနှစ်နိုင်ငံအစိုးရချင်းရောပြည်သူချင်းပါနွေးထွေးသောဆက်ဆံရေးကိုပြန်လည်ဆန်းသစ်ရန်ထောက်ပြရည်ညွှန်းလိုက်သည်သာမကနှစ်နိုင်ငံနှစ်ဖက်စလုံးကဆန္ဒရှိလျင်အဆိုပါဆက်ဆံရေးကိုအောင်အောင်မြင်မြင်ထူထောင်နိုင်မည်ဟုဆိုလိုက်ပါသည်။


သို့ဖြစ်ရာ၂၀၁၆အစိုးရသစ်နှင့်အတူတရုတ်မြန်မာနှစ်နိုင်ငံပြည်သူနှစ်ရပ်ကြားနွေးထွေးသောဆက်ဆံရေးတရပ်ပြန်လည်ဆန်းသစ်ပေါ်ထွက်လာနိုင်ဖွယ်ရှိသည်ဟုဆိုရပေမည်။ထိုသို့သောဆက်ဆံရေးတရပ်ပြန်လည်ဆန်းသစ်နိုင်မှသာလျင်တရုတ်မြန်မာပြည်သူများကြားအပြန်အကျိုးရှိမှုနှင့်အပြန်အလှန်ယုံကြည်မှုပေါ်ထွက်လာပေလိမ့်မည်။နှစ်နိုင်ံငံကြားမှန်တမ်းကျသည့်အခြေအနေတရပ်ပေါ်ထွက်လာပေလိမ့်မည်။

ကာတွန်း စောငို - အမျိုးသားရင်ကြားစေ့ရေးလား၊ ထွက်ပေါက်လား

$
0
0

ကာတွန်း စောငို -  အမျိုးသားရင်ကြားစေ့ရေးလား၊ ထွက်ပေါက်လား
(မိုးမခပြန်လည်ဆန်းသစ်ကာတွန်း) နိုဝင်ဘာ ၂၀၊ ၂၀၁၅

ခင်အောင်အေး - သေမင်းနဲ့ အချိန်းအချက်

$
0
0

ခင်အောင်အေး - သေမင်းနဲ့ အချိန်းအချက်
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၅

သိပ်နာကျင်ရတဲ့အခါ
နာကျင်မှုရဲ့တဖက်စွန်းက
နာကျင်မှုကို မသိတော့ခြင်း
ကမ်းပါးချောက်ထဲ
ကျရောက်တတ်စမြဲ တဲ့

ဝေဒနာကို
မသိတော့ခြင်းဟာ
အပေါင်းလက္ခဏာလား

ဝေဒနာကို
မသိတော့ခြင်းဟာ
အနှုတ်လက္ခဏာလား

နာကျင်မှုနဲ့ သမိုင်းကိုရေးကြမယ်
ဝေဒနာထုထည်ရဲ့အတိမ်အနက်က
ငါတို့ရဲ့ နာကျည်းမှုအထူအပါး သက္ကရာဇ်များ

ထောင်ထားတဲ့မြှုံးထဲကို တိုးဝင်ခဲ့တဲ့ ငါးများနှယ်
မပြောရက်တဲ့စကားလုံးများနဲ့ လေးမြတ်ခဲ့ပါတယ်

သွေးအလိမ်းလိမ်းနဲ့ ရေးချယ်ခဲ့ရတဲ့ နိုင်ငံတော်အတွက်
မချိတင်ကဲ ထပ်မံပေးဆပ်နေရတဲ့ ကျောင်းသားများရဲ့
အနာဂတ်နိုင်ငံတော် ။ ။

ခင်အောင်အေး
နိုဝင်ဘာ ၂၀၁၅

ဆွေဝင်း (Myanmar Now) - အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေးအစွဲများကို လက်မခံကြောင်း ရွေးကောက်ပွဲက တစ်ဆင့် ပြသလိုက်သော မြန်မာလူထု

$
0
0

ဆွေဝင်း (Myanmar Now) - အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေးအစွဲများကို လက်မခံကြောင်း ရွေးကောက်ပွဲက တစ်ဆင့် ပြသလိုက်သော မြန်မာလူထု
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၅

ယခုဆောင်းပါးအား Myanmar Now မှ ရယူပါသည်။
 
ရန်ကုန် (Myanmar Now) - နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကြီးတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  အပြတ်အသတ် အနိုင်ရခြင်းသည်  စစ်တပ်နှင့် ၄င်း၏ ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးအင်အားစုတို့ကို ပြည်သူတို့ကအောင်ပွဲခံလိုက်ခြင်းဖြစ်သည်ဟု ပြည်တွင်းပြည်ပတွင် ပြောဆိုမှုများရှိနေသည်။

ဆယ်စုနှစ်များစွာ လူထုကို ဖိနှိပ်အုပ်ချုပ်ခဲ့ခြင်းကို မဲတစ်ပြားစီဖြင့် ကလဲ့စားချေလိုက်ကြခြင်းဖြစ်သည်ဟု ဆိုနိုင်သကဲ့သို့၊  မဲမသမာမှုတို့ အကြီးအကျယ် ဖြစ်ပွားခဲ့သော၂ဝ၁ဝ ရွေးကောက်ပွဲမှ တက်လာခဲ့သည့် သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သားတစ်ပိုင်းအစိုးရ အာဏာလက်လွှတ်ရန် ပြည်သူတို့က “သင်တို့ သွားကြလော့၊ ဆင်းကြလော့” ဟု တစ်ခဲနက်ကြွေး ကြော်လိုက်သည်ဟုလည်း ဆိုနိုင်သည်။

သေချာသည်ကတော့ စစ်မှန်သည့် ဒီမိုကရေစီအကူးအပြောင်းများဖြစ်ပေါ်ရန် ပြည်သူလူထုက NLD ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကို ပြည်သူ့အာဏာ အပ်နှင်းလိုက်ခြင်းဖြစ်သည်။

ဤရွေးကောက်ပွဲတွင် အရှုံးကြီးရှုံးနိမ့်သွားသော စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီကိုသာ  ပြည်သူများက အလဲထိုးအနိုင်ယူခဲ့ခြင်းမဟုတ်ချေ။

နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံကို ဂုဏ်သိက္ခာညှိးနွမ်းစေခဲ့သော ဗုဒ္ဓဝါဒအမည်ခံ အစွန်းရောက် မျိုးချစ်အင်အားစုတို့ကို  ပြည်သူများက အနိုင်ယူခဲ့ခြင်းဖြစ်သည်ဟုလည်း  ကောက်ချက်ပြုနိုင်သည်။

ဗုဒ္ဓဟောကြားသည့် တရားဓမ္မများနှင့် ကိုက်ညီမှုမရှိသော၊ ကျဉ်းမြောင်းသည့် အစွန်းရောက်တရားများဖြစ်သော “အမျိုး” ၊ “ဘာသာ” စသည့် အယူအဆများအား ကာကွယ်မည်ဟု ကြွေးကြော်နေသော ဘုန်းတော်ကြီးအချို့ဦးစီးသည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း (မဘသ) က ရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အာဏာရလာပါက မြန်မာပြည်ကြီး အစ္စလမ်ဘာသာလွှမ်းမိုးလတ္တံ့ဟု ပြည်သူလူထုကို မုသာဝါဒ၊ ပိသုဏာဝါစာ စသည့် ဝစီဒုစရိုက်မျိုးစုံဖြင့် မှိုင်းတိုက်ရန် ကြိုးပမ်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားသားကိုအိမ်ထောင်ပြုခဲ့၍ အမျိုးမစောင့်သည့် ပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊  NLD ပါတီ သည် မဘသအဖွဲ့ကအကြံပြုတင်သွင်းပြီး နောက်ဆုံး သမ္မတ အတည်ပြုသည့် မျိုးစောင့်ဥပဒေလေးရပ်ကို လွှတ်တော် တွင် ကန့်ကွက်ခဲ့သဖြင့် ထိုပါတီအာဏာရလာပါက ထိုဥပဒေများအားပြင်ဆင်နိုင်သဖြင့် ဘာသာ သာသနာဆုတ်ယုတ်ကုန်တော့မည်ဟူ၍လည်းကောင်း စသဖြင့် မဘသ ဆရာတော်များက နိုင်ငံအနှံ့လှည့်လည်၍ ဟောပြောခဲ့ကြသည်။

ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကို မိမိတို့က မထောက်ခံဟု ဟစ်ကြွေးခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ သမ္မတကြီး ဦးသိန်းစိန်မှာ တိုင်းပြည်အပေါ် အထူးကျေးဇူးဥပကာရရှိသူ ပုဂ္ဂိုလ်၊ ကျေးဇူးရှိသူအပေါ် ကျေးဇူးတုံ့ပြန်ခြင်းမှာ ဗုဒ္ဓတရားတော် နှင့်ညီသည် စသဖြင့် ချီးမွမ်းခန်းများဖွင့်ကာ  ပြည်ခိုင်ဖြိုးပါတီအတွက် တစ်ဖက်လှည့်ဖြင့် မဲဆွယ်ခဲ့ကြသည်။

ထို့ပြင် မဘသအဖွဲ့က ရွေးကောက်ပွဲမတိုင်မီ ထုတ်ဝေခဲ့သော သာကီသွေး၊ အတုမရှိ စသည့် ဂျာနယ် မဂ္ဂဇင်းများတွင်လည်း မဘသ၏ ဥက္ကဋ္ဌဆရာတော် ဦးတိလောကဘိဝံသ အပါအဝင် မဘသ ဦးဆောင်ဆရာတော်များ၊ လူပုဂ္ဂိုလ်များက ဒေါ်အောင် ဆန်းစုကြည်နှင့် NLD ကို တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍ တစ်ဖုံ ထိုးနှက်တိုက်ခိုက်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။

သမ္မတဦးသိန်းစိန်ကို ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်စေလိုတယ်ဟု မဘသ၏ အထွေအထွေအတွင်းရေးမှုးဖြစ်သူ ဆရာတော်ဦးဝိမလဗုဒ္ဓိက ဇွန်လတွင်ကျင်းပခဲ့သည့် မဘသ ညီလာခံတွင် အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မဘသဆရာတော်များ ထိုကဲ့သို့လှုပ်ရှားနေချိန်တွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်သူ အစိုးရဝန်ကြီး တချို့ကလည်း အမျိုးဘာသာ သာသနာကို ထမ်းရွက်မည်ဟု အသံကောင်းဟစ်ခဲ့လေသည်။ ပြည်ခိုင်ဖြိုးပါတီဝင်တချို့ကလည်း မဘသအဖွဲ့ကရေးသားသည်ဟု သံသယဖြစ်ဖွယ်ရာရှိသော ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည့် စာရွက်စာ တမ်းများကို ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် ဝေငှခဲ့သည်။

ဘာသာရေးနှင့် နိုင်ငံရေး ဒွေးရောယှက်တင် မပြုရန် တားမြစ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခဲ့ကြသော်လည်း အာဏာပိုင်တို့က မသိကျိုးကျွံပြုခဲ့ကြသည်။

စစ်ခေါင်းဆောင်များကို မနှစ်မြို့သော၊  ပြည်ခိုင်ဖြိုးပါတီကို မထောက်ခံသောသူတို့၏ မဲများကို ရရှိရန် သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးတစ်ဦးဖြစ်သူ ဦးနေဇင်လတ်ကလည်း ရာထူးမှ ထွက်ကာ အမျိုးသားတိုးတက်ရေးပါတီ (NDP) ကို ထူ ထောင်ပြီး၊ မဘသအဖွဲ့တွင် တက်ကြွစွာလှုပ်ရှားနေသည့် လူပုဂ္ဂိုလ်တို့ကို အမတ်လောင်းများအဖြစ် ထမ်းဆောင်ရန် ကမ်း လှမ်းခဲ့သည်။ NDP ၏ ပါတီကြေညာစာတမ်းတွင်လည်း အမျိုးဘာသာ သာသနာစောင့်ရှောက်မည်ဟု ထည့်သွင်းထားသည်။

ထိုအမျိုးသားရေးလှုပ်ရှားမှုများကိုထောက်ရှု၍ ၁၉၉ဝ ရွေးကောက်ပွဲတွင်ကဲ့သို့  NLD အပြတ်အသတ် အနိုင်မရနိုင်ဟု တွက် ဆမှုများ ထွက်ပေါ်လာသည်။

သို့သော် ထိုတွက်ဆချက်များ အလုံးစုံမှားယွင်းကြောင်း NLD ၏ အောင်ပွဲရလဒ်များက သက်သေခံလိုက်သည်။

ပြည်ခိုင်ဖြိုးက လွှတ်တော်နေရာအနည်းငယ်မျှသာ ရရှိပြီး ဦးနေဇင်လတ်၏ ပါတီမှာ ဘဲဥပင် မကွဲခဲ့ပေ။ ထိုနည်းတူ အမျိုး သားရေး၊ ဘာသာရေးအသံများ ဟစ်ထားသော၊ NLD မှ ခွဲထွက် ဖြစ်ပေါ်လာသည့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF)၊ မွတ်စလင်မုန်းတီးရေးများပြုလုပ်နေသည့် ဦးနေမျိုးဝေ၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့မှာလည်း ရွေးကောက်ပွဲ တွင် နေရာတစ်နေရာမှ မရရှိခဲ့ပေ။

မဘသ အားအကောင်းဆုံးဟူ ဆိုစမှတ်ပြုထားသည့် ဧရာဝတီတိုင်းတွင်ပင် NLD ပါတီက လွှတ်တော်နေရာ အားလုံးနီးပါး ရရှိခဲ့သည်။

စစ်တပ်ခေါင်းဆောင်များလွှမ်းမိုးထားသော အုပ်ချုပ်ရေးကို ပြည်သူတို့စက်ဆုပ်ရွံရှာမှုသည် မွတ်စလင်ဆန့်ကျင်သည့် လှုပ်ရှားမှုများထက် ပိုမိုအား ကောင်းနေခြင်း၊ လူမျိုးရေး ဘာသာရေးအမည်ခံ အစွန်းရောက်လှုပ်ရှားမှုများကို ပြည်သူအများစုက လက်မခံခြင်းတို့ကို ဤရွေးကောက်ပွဲတွင် ထင်ထင်ရှားရှားပြသလိုက်ခြင်းဟု ကောက်ယူနိုင်သည်။

၂ဝ၁၂ ရခိုင်ပြည်နယ်အဓိကရုဏ်းများဖြစ်ပွားပြီး၊ ထိုမီးပွားများ အရှိန်အဟုန်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရိုက်ခတ်လာသည်တွင် မွတ်စလင်မုန်းတီးရေး ခံစားချက်များ တိုးပွားလာသည်ဟု ယူဆခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထိုအခြေအနေများသည် နိုင်ငံရေးနှင့် ဆက်နွယ်ကြောင်း ပြည်သူတို့က သံသယဖြစ်လာသည်။

မွတ်စလင်မုန်းခြင်းသည် NLD ကို မုန်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးခြင်းအဖြစ်သို့ ဆွဲခေါ်ခံသွားရသည်၊ ထိုထို အမုန်းစကား တရားပွဲများ၊ အင်တာနက်စာမျက်နှာများ၊ ဂျာနယ်များတွင် တသွင်သွင်ပြောဆို ထုတ်လွှင့်နေသူ များကိုလည်း အာဏာပိုင်တို့က အရေးမယူ လျစ်လျူပြုနေသည်ကိုလည်း ပြည်သူတို့ သတိမူမိလာသည်။

နောက်ဆုံး ပြည်သူတို့ကို အမျိုးမျိုးဖိနှိပ်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်းများကို အမျိုးဘာသာ သာသနာစောင့်ရှောင့်မည့်သူများအဖြင့် ပုံဖော် မဲဆွယ်နေခြင်းဖြစ်ကြောင်း  ပြည်သူတို့တွေ့ရသောအခါ သူတို့၏မကျေနပ်ချက်များ အထွဋ်အထိပ်ရောက် လာခဲ့သည်။

သို့သော် သံဃာတော်များကို အလွန်ကြည်ညိုကိုင်းရှိုင်းသည့် ဤထေရဝါဒနိုင်ငံတွင်ရှိသော ပြည်သူတို့သည် ထိုမကျေနပ် ချက်များကို မြိုသိပ်ခဲ့သည်။ ဆန့်ကျင်ဖက် ပြောဆိုပါကလည်း မွတ်စလင်ဘက်ကရပ်သူအဖြစ် စွပ်စွဲခံရမည်ကို စိုးကြောက်ခဲ့ သည်။ ထို့ပြင် အကြောင်းမသင့်ပါက စာရေးဆရာ၊ ကျူရှင်ဆရာ ဦးထင်လင်းဦးကဲ့သို့ ဘာသာ သာသနာညှိုးနွမ်းစေမှုဖြင့် ဖမ်းဆီးထောင်ချခံရမည်ကိုလည်း သတိထားခဲ့ကြရသည်။

သို့သော် ရွေးကောက်ပွဲနေ့တွင်ကား မျိုးစောင့်ဥပဒေ ကန့်ကွက်တဲ့ပါတီကို မဲမထည့်ကြနဲ့ ဟူသောစကားများကို ရဲရဲတင်းတင်း ဥပက္ခောပြု၍ NLD ပါတီ သောင်ပြို ကမ်းပြိုအနိုင်ရစေရန် မဲပေးလိုက်ကြသည်။

ရခိုင်ပြည်ရှိ အစိုးရအခေါ် ဘင်္ဂါလီ၊ ၎င်းတို့ကိုယ် ၎င်းတို့ ရိုဟင်ဂျာဟုခေါ်သောသူများ နိုင်ငံသားပြုခွင့်ရမရဆိုသော အ ကြောင်း အရာသည် ပြည်သူလူထုကြားတွင် အင်မတန် ထိလွယ်ရှလွယ်ကိစ္စအဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်သော်လည်း၊ အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေးအမည်ခံဟောပြောမှုများကို ပြည်သူတို့ လက်မခံကြောင်း ရွေးကောက်ပွဲရလဒ် များက ထင်ထင်ရှားရှားဖော်ပြလိုက်သည်။

ပြည်ခိုင်ဖြိုးရှုံးသွားသည်ကို မည်သို့သဘောရပါသနည်းဟု မိမိကမေးမြန်းသောအခါ ရန်ကုန်ရှိ မဘသ ထိပ်တန်းတာဝန်ရှိ သူတစ်ဦးက   “သေခါနီးဆဲဆဲလူကို ကယ်ဖို့ဆိုတာ မလွယ်ဘူးဗျ” ဟု မှတ်ချက်ပြုသည်။

လက်ရှိအချိန်တွင်တော့ မဘသဆရာတော်များက NLD ပါတီ၏ အနိုင်ရမှုကို ကြိုဆိုသည်ဟူ၍လည်းကောင်း၊ မျိုးစောင့် ဥပဒေများနှင့် ၁၉၈၂ နိုင်ငံသားပြုခွင့်ဥပဒေအား ပြင်ဆင်ရန်ကြိုးစားပါက ငြိမ်နေလိမ့်မဟုတ်ဟု ထုတ်ဖော် မိန့်ကြားထားသည်။

မည်သို့ပင်ဆိုစေကာမူ  မြန်မာနိုင်ငံရှိလူထုသည် ဘာသာရေးအစွဲ၊ လူမျိုးရေးအစွဲ ပြင်းထန်သူများမဟုတ်ကြောင်း ရွေးကောက်ပွဲမှတစ်ဆင့်ပြသလိုက်သည်ကို မဘသ ဆရာတော်များသည်လည်းကောင်း၊ နိုင်ငံတကာမှ စောင့်ကြည့် လေ့လာနေသူများ သည် လည်းကောင်း အတန်အသင့် သဘောပေါက်နိုင်ပြီဖြစ်သည်။     ။



photo credit : cctv-america

ကာတွန်း လှိုင်မျိုး - ဒီတောင်ကို ကျော်မှဖြစ်မယ်

$
0
0

ကာတွန်း လှိုင်မျိုး - ဒီတောင်ကို ကျော်မှဖြစ်မယ်
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၅

လင်းထင် - ပုဂ္ဂလစာရိတ္တနဲ့ ဖောက်ပြန်လေသော နိုင်ငံရေးအမြင် (၂) ရပ်

$
0
0
လင်းထင် - ပုဂ္ဂလစာရိတ္တနဲ့ ဖောက်ပြန်လေသော နိုင်ငံရေးအမြင် (၂) ရပ်
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၅

လူ့အဆောက်အဦ တခုလုံးရဲ့ စနစ်ယန္တယား ဖွတ်သရွတ်လိုက် ယိုယွင်းနေတဲ့ အရင်းခံအကြောင်းကို မထိမတို့ ၀ံ့သူတွေသာ တကိုယ်ရည် အကျင့်အကြံ စာရိတ္တ တရားများ အားနည်းမှုကို တရားခံရှာ ယိုးမယ်ဖွဲ့တတ်တယ်။

ပုဂ္ဂလစာရိတ္တတရား မြင့်မားဖို့ဆိုတာ ဘယ်လိုအချိန် ဘယ်လိုအခြေအနေမျိုးမှာမဆို အင်မတန်လိုလားအပ်တယ်ဆိုတာ အငြင်းပွားဖွယ် မဟုတ်။  သို့ပေသိ နိုင်ငံရေးအယူလွဲသမို့ စနစ်ယန္တယား ချွတ်ခြုံကျပြီး တကိုယ်ရည်ဘ၀ တခုချင်းစီ ခြေမွ ဖျက်ဆီးခံနေကြရတဲ့အခါ နိုင်ငံရေးနည်းနာနဲ့သာ လူ့အဆောက်အဦသစ်တည်ဆောက်ပြီး ကောင်းမွန်သော စနစ် ထူထောင် ရုံက အပ ပုဂ္ဂလ စာရိတ္တ တရားသက်သက်အပေါ် ခေတ်ပြောင်း စနစ်ပြောင်းပါစေကြောင်း ယုံ ပုံလို့ မရဘူး။

ယုံ ပုံလို့မရနိုင်တဲ့ ပထမအချက်က စာရိတ္တကျင့်ဝတ်ဆိုတာတွေရဲ့ စံနှုံးတွေဟာ သမုတိသစ္စာ နှိုင်းရအမှန်တွေမျှသာ ဖြစ်သ မို့ သွေးစုပ်ကောင်တွေဆီက တိုက်ရာပါပစ္စည်း ဆင်းရဲသားကို ဝေငှတယ်ဆိုတဲ့ ရော်ဘင်ဟုဒ်၊ ကျူးကျော်သူ နယ်ချဲ့ရဲ့ ကြေးစားစစ်သားကို စီးချင်းထိုး အသေသတ်တဲ့ သမိန်ဗရမ်းနဲ့ ရန်သူ့စစ်ကြောရေးအတွင်း မသိဘူး မရှိဘူး မုသားထွက် ဆိုသူတွေဟာ ဇာနည်သူရဲကောင်းတွေဆိုတာ အထင်အရှားမို့ ကျင့်ဝတ်စံများဟာ ကျိုးလွယ်ပဲ့လွယ်....၊ သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ မဟုတ်မမှန် လိမ်လည်ပြောဆိုခြင်းတွေအပေါ် သင်ကိုယ်တိုင် သဘောတူ နှစ်လိုမိလိမ့်မယ်။

ယုံပုံလို့ မရနိုင်တဲ့ ဒုတိယအချက်က ပုဂ္ဂလ စာရိတ္တတရားဟာ ဒီပုပ်ထဲက ဒီပဲဆိုတဲ့ ခေတ်စံနစ်ရဲ့ တံဆိပ်ကပ် တန်ဖိုးအဖြတ် ခံရမှုကို မလွန်ဆန်နိုင်ဘူး။ ဗမာပြည်မှာ ဖြေခဲ့သမျှ စာမေးပွဲ တခါမှခိုးမချခဲ့ဖူးဘူးလို့ ကိုယ့်လိပ်ပြာကိုယ်သန့်လည်း ခိုးမချဘဲ နဲ့အောင်ခဲ့တာဟာ ခိုးချသူတွေအောင်တဲ့ ပညာရေးအဆင့်အတန်းနဲ့ အတူတူပဲ၊ ခိုးမချရုံနဲ့ ကိုယ်အောင်တယ်ဆိုတဲ့ ပညာ ရေးအဆင့်အတန်း မြင့်မသွား... အပြင်နဲ့ ဆက်ဆံရတဲ့အခါ ကိုယ်အောင်ခဲ့တဲ့ ပညာရေးကို ခြွင်းချက်ထား အသိအမှတ်ပြုမှု ခံရမှာမဟုတ်၊ ဒီပုပ်ထဲက ဒီပဲအဖြစ်ပဲ အသတ်မှတ် အဆက်ဆံခံရတယ်။

တကိုယ်ရည် ဇွဲ လုံ့လ ၀ီရိယ စိုက်ထုတ်တတ်တဲ့ အလေ့အကျင့်ကောင်း... ကိုယ့်အားကိုယ် ကိုးတတ်တဲ့ အလေအကျင့် ကောင်းတွေကြောင့် တကိုယ်ရည် တိုးတက်ကြီးပွားမှု လွတ်မြောက်မှုပဲ ဖြစ်ထွန်းနိုင်မယ် (ဥပမာ- အင်္ဂလိပ်စာညံ့တဲ့ ၀န်းကျင် မှာ ကိုယ့်ရဲ့အားထုတ်မှုကြောင့် သူများနဲ့ယှဉ်ရင် အနူတောမှာ လူချောဖြစ်တာမျိုး)၊ စနစ်မပြောင်း ခေတ်မပြောင်းသ၍တော့ အများသူငါမကောင်း၊ ဒီပုပ်ထဲကဒီပဲ မဖြစ်ချင်ရင် ဒီပုပ်ကို ဖြိုမှဖြစ်မယ်။

တဦးချင်းစီရဲ့ ညံ့ဖျင်းချို့ယွင်းချက်ကို အပြစ်ဖို့ တရားခံရှာလိုမှု အတွေးအမြင်ဟာ အခြေခံကစလွဲတဲ့ အင်မတန် လူပါးဝဖောက်ပြန်တဲ့ နိုင်ငံရေးအမြင် နှစ်ရပ်ကိုလည်း သားပေါက်စေနိုင်တယ်။

ဖောက်ပြန်တဲ့ ပထမအမြင်က လမ်းဘေး ကွမ်းသွေးထွေးလို့၊ လူကူးမျဉ်းကြားက မကူးလို့၊ တန်းစီတာ ကြားဖြတ်လို့၊ ဘော လုံးကွင်းထဲ ဆဲလို့ လူတွေ ဒီမိုကရေစီနဲ့ မထိုက်တန်သေးပါဘူးဆိုပြီး တန်ဖိုးအဖြတ်ခံရတာ။ စည်းကမ်းနဲ့ မယဉ်ပါးတတ်မှုဟာ စည်းကမ်းနဲ့ ယဉ်ပါးလိုအောင် ယဉ်ပါးတတ်အောင် ၀န်းကျင်အခြေအနေ ဖန်တီးထားမှု ကင်းမဲ့ လစ်လပ်ခြင်းစနစ်ရဲ့ အပြစ် သာဖြစ်ပြီး၊ စစ်သားတွေ နိုင်ငံရေးထဲဝင်စွက်တဲ့ စည်းမဲ့မှုကို လူတွေ ကွမ်းသွေးထွေး လမ်းစည်းကမ်း မလိုက်နာမှုနဲ့ ကြေး တန်းတိုက်လို့မရ၊ လူတိုင်းဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်... ဘယ်တော့ထိုက်တန်သလဲဆို အခုချက်ခြင်း ထိုက်တန်တယ်။  ဒီမိုကရေစီဆိုတဲ့ လက်တွေ့ အကျင့်တရားကြီးကို နိုင်ငံသားမှန်သမျှ ညီတူညီမျှ ပြိုင်တူ ကျင့်ကြံသွားကြမယ်။

ဆင်းရဲသားတွေ ခံစားနေရတဲ့ မတရားမှုကျ အသံမထွက်ဘဲ မိုဘိုင်းဖုန်း အလကားပြောခွင့်နဲ့ တိုက်မဖြိုရေးကျမှ လမ်း ပေါ်ရောက်တဲ့ ဘူဇွာအခွင့်အရေး ကာကွယ်လိုစိတ်ထက်စာရင် လိုလားအပ်တဲ့ ပုဂ္ဂလစာရိတ္တတရားနဲ့ ကျင့်ဝတ်ဆိုတာ လူအဖွဲ့အစည်းအတွင်းက ခွင့်တူညီမျှ မရှိမှု၊ တရားမမျှတမှုများအပေါ် အနိုင်ကျင့်ခံ အားနည်းရာဘက်က ရပ်ရဲတဲ့ စာရိတ္တ သတ္တိပဲ။ ဒီစာရိတ္တသတ္တိကို အသုံးပြုပြီး လူတွေဟာ ကိုယ်နဲ့တန်တဲ့အစိုးရပဲ ကိုယ်ရတယ်ဆိုတဲ့ ဒုတိယမြောက် လူပါးဝ ဖောက်ပြန်တဲ့အမြင်ကို ကာကွယ်ကြရမယ်။

ဒီပညာရှိစကားလိုလို ရှေးဆိုရိုးလိုလို နိုင်ငံရေးနီတိလိုလို ဘယ်ကမှန်းမသိ ရလာတဲ့ဟာက တပိုင်းကြောင်သမားတွေ ပါးစပ် ဖျား အတော်ရေပန်းစားပြီး၊ ဗမာတွေပဲ အသုံးမကျလို့ စစ်တပ်အောက်ပဲ နေရသလိုလို... စည်းကမ်း ပညာမပြည့်ဝသေး သ၍တော့ စစ်တပ်ရဲ့ စွက်ဖက်ထိန်းကျောင်းမှုကို ဆက်ခံနေရဦးတော့မလိုလို။

Toqueville ပြောတာ ဒီမိုကရေစီစနစ်မှာ လူတွေ ကိုယ့်မှာရှိတဲ့ မဲပေးပိုင်ခွင့်ကို ချင့်ချင့်ချိန်ချိန် အသုံးချဖို့၊ တကယ်ကောင်း မွန်တဲ့ အစိုးရကို ရွေးချယ်နိုင်ဖို့... ဒါကိုသတိပေးတာ၊ ဘယ်လောက် ချင့်ချိန်နိုင်တယ်ဆိုတာ မူတည်ပြီး ရလာတဲ့ အစိုးရ ဘယ်လောက် ကောင်း မကောင်း ကွာမှာပဲလို့ ပြောခဲ့တာ။ ဒါကို စစ်တပ်က လက်နက်နဲ့ အာဏာသိမ်း အာဏာထိန်းတာကို အာဏာအသိမ်း အာဏာအထိန်းခံရတဲ့ လူတွေ ဒီလောက်နဲ့တန်လို့ ဒီလောက်ပဲရတာဆိုပြီး မပြောတတ် သံယောင်မ လိုက်တတ်အောင် အဖိနှိပ်ခံဘက်က ရပ်ရဲတဲ့ စာရိတ္တသတ္တိတော့ မွေးမြူထားမှဖြစ်မယ်။

လင်းထင် @ Lin Htin

ခင်ရင်မောင် - ပန်းပွင့်မယ့်ရာသီ

$
0
0

 ခင်ရင်မောင် - ပန်းပွင့်မယ့်ရာသီ
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၅

ညီမလေးရေ
အိမ်အပြန်လမ်းဟာ ဘယ်မလဲလို့
ထပ်ခါထပ်ခါ
မမေးပါနဲ့လား
ငါမဖြေတတ်တော့လို့ပါ။

လာရာလမ်း
မမှန်းနိုင်အောင်ကိုပဲ
အဲဒီမှာကောင်းကင်ကညိုမှိုင်းနေရဲ့
လေထုကလည်းစိုထိုင်းနေရဲ့
ငါတို့ တောမှောက်ခဲ့ကြပြီ
ငါတို့ တောခြောက်ခံရပြီ ကလေးရေ။

သူတို့ပြောပြောနေတဲ့
ကမ္ဘာပြားပြားကြီးထဲမှာ
တို့ဘ၀တွေပြားပြားမှောက်လို့
ကျောမှာဒဏ်ရာဗလပွနဲ့
ခင်းနေရတာ သုမနဇာတ်။
သူတို့ပြောပြောနေတဲ့
ကမ္ဘာရွာကျဉ်းကျဉ်းလေးထဲမှာ
နံရံတချပ်သာခြားလို့
ခင်းနေရတာက ကိန္နရာချောင်းခြားဇာတ်။

ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်
မုဆိုးရာသီကုန်ဆုံးရင်
ပန်းတိုင်းဟာ ပွင့်ကြမယ်။           ။

ရန်လိုကျွဲ - ပေါ်ပြူလာပါတီအစိုးရတွင် ပါဝင်ခွင့်မရလိုက်သူများ

$
0
0

 ရန်လိုကျွဲ  -  ပေါ်ပြူလာပါတီအစိုးရတွင် ပါဝင်ခွင့်မရလိုက်သူများ
အောက်တိုဘာ ၂ဝ၊ ၂ဝ၁၅ 

 


 မကြာသေးမီက ဒုက္ခသီရိ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရာ  တောင်ပြိုကမ်းပြို အနိုင်ရသွားသော  ပေါ်ပြူလာပါတီသည် အစိုးရဖွဲ့ရန် ပြင်ဆင်နေပြီး ဝန်ကြီး၊ ဒုဝန်ကြီးရာထူးများ ခန့်အပ်ရန် တတ်သိပညာရှင်အသီးသီးကို အုပ်စုလိုက် အုပ်စုလိုက် အရေးပေါ် ဖိတ်ခေါ်တွေ့ဆုံလျက် ရှိသည်။

ပညာရှင်အုပ်စုတစ်ခုသို့ ဖိတ်ခေါ်သော စာကို ထုံးစံအတိုင်း အင်တာနက် အီးမေးလ်မှတစ်ဆင့် ပေးပို့လိုက်သည်။ ကံဆိုးသည်လော၊ ကံကောင်းသည်လော မသိ၊ ထိုစာသည် စာနယ်ဇင်းသမားတချို့ထံ မှားယွင်း ရောက်ရှိသွားလေသည်။

ဝန်ကြီး၊ ဒုဝန်ကြီးရာထူးသည် စာနယ်ဇင်းသမားတို့ထက် လစာကောင်း၊ ကြားပေါက်ဝင်ငွေကောင်းသောကြောင့် ဖိတ်ခေါ်ခံရသော စာနယ်ဇင်း ဆရာအပေါင်းကလည်း ဝန်ကြီးဖြစ်လိုလှသည်။

ဖိတ်ခေါ်ခံရသူတို့မှာ
မိုးမခ အွန်လိုင်းမီဒီယာ အယ်ဒီတာ ငြိမ်းချမ်းအေး၊
မော်ကွန်း မဂ္ဂဇင်း   အယ်ဒီတာ ဇေယျာလှိုင်၊
Myanmar Now သတင်းအေဂျင်စီမှ သတင်းထောက် ဖြိုးသီဟချို၊
ဧရာဝတီ သတင်းဌာနမှ အယ်ဒီတာ နိုင်စွမ်း၊
The Voice ဂျာနယ်မှ သတင်းသမား ခက်ဇော်၊
စာနယ်ဇင်းကာတွန်းဆရာ ဟန်လေးတို့ ဖြစ်သည်။

ချိန်းဆိုသောနေ့တွင် စာနယ်ဇင်းဆရာတို့ ပေါ်ပြူလာပါတီ ဥက္ကဋ္ဌ နေအိမ်သို့ ချီတက် ရောက်ရှိသွားသည်။ ဧည့်ခန်းထဲသို့ အသီးသီး ဝင်လာကြသော စာနယ်ဇင်းသမားတို့ကို ကြည့်ပြီး
ပေါ်ပြူလာပါတီ ဥက္ကဋ္ဌ အံ့သြသွားသည်။ နှုတ်ဆက်စကားများဆိုပြီးနောက် မေးခွန်းထုတ်လိုက်သည်။

ဥက္ကဋ္ဌ။     ။ သားတို့ ဘာလာလုပ်ကြတာလဲ။

 ဖြိုးသီဟချို။     ။ အစိုးရအဖွဲ့သစ်မှာ ဝန်ကြီး၊ ဒုဝန်ကြီးတာဝန် ယူနိုင်၊ မယူနိုင် ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အတွက်ကြောင့် လာခဲ့ရတာပါ။

ပါတီဥက္ကဋ္ဌ ပိုပြီး အံ့သြသွားသည်။ နံဘေးတွင် လက်ထောက်ထိုင်နေသော သူ၏လက်ထောက်အရာရှိတစ်ဦးကို ခပ်တိုးတိုး မေးမြန်း စုံစမ်းလိုက်ရာ  ဖိတ်စာမှာ အင်တာနက်လိပ်စာ မှားယွင်းပြီး စာနယ်ဇင်းသမားများထံသို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း  စက္ကန့် အနည်းငယ်အတွင်းမှာပင် သိရှိသွားလေသည်။
 မှားယွင်းဖိတ်မိကြောင်း ဗြောင်ပြောလိုက်လျှင် သတင်းထဲ ထည့်ရေးမည်ကို စိုးရိမ်ရသောကြောင့် လည်းကောင်း၊ စာနယ်ဇင်းသမားတို့ထံတွင် အစိုးရအဖွဲ့သစ်အတွက် မည်သို့သော မျှော်လင့်ချက် ရှိမည်ကို စနည်းနာလိုခြင်းကြောင့် လည်းကောင်း  အချိန်နည်းနည်းပေးကာ စကားစမြည် ပြောလိုက်မည်ဟု စိတ်ကူးလိုက်သည်။

ဥက္ကဋ္ဌ။     ။ ဟုတ်ပါပြီ... သားတို့က အစိုးရအဖွဲ့သစ် ဖွဲ့ဖြစ်တဲ့အချိန် ဝန်ကြီးဌာနတွေမှာ တာဝန်ယူဖို့ စိတ်ဝင်စားကြတယ်၊ တက်ကြွနေကြတယ်ဆိုတော့ ဒါဟာ နိုင်ငံအတွက်  အင်မတန်မှ ကောင်းတယ်လို့ ဆိုရမှာပေါ့။ ကဲ...   ဖြိုးသီဟချို စပြီးပြော၊ သားက ဘယ်ဌာနကို ကိုင်တွယ်ချင်သလဲ။

 ဖြိုးသီဟချို။     ။ ကျွန်တော်က သာသနာရေးဝန်ကြီး ဖြစ်ချင်ပါတယ်။

ဥက္ကဋ္ဌ။     ။ သာသနာရေးဝန်ကြီးဌာနကို ကိုင်တွယ်မယ့်သူက ဘယ်လို အရည်အချင်းတွေ၊ အတွေ့အကြုံတွေ ရှိသလဲ နည်းနည်း ပြောပါဦး။ ပြီးတော့ ဘာကြောင့် သာသနာရေးဌာနကို ကိုင်တွယ်ချင်ရတာလဲ။

 ဖြိုးသီဟချို။     ။ ဒီဌာနကို ကိုင်တွယ်ရင် ကျွန်တော့ကို ဘာသာရေးကိုင်းရှိုင်းတဲ့သူလို့ အထင်ကြီးကြမှာကို ကြိုက်လို့ပါ။  အရည်အချင်း ပြောရရင်.. ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းမှာ မနက်တိုင်း ဘုရားစာ ရွတ်ရတဲ့အတွက် အခုထက်ထိ ဘုရားစာ တော်တော်များများကို ငါးဆယ်ရာခိုင်နှုန်းလောက်တော့ အလွတ် ရွတ်တတ်ပါတယ်။

ဥက္ကဋ္ဌ။     ။ ဟာ....နည်းတဲ့အရည်အချင်းမှ မဟုတ်ဘဲ။ ကဲ... အတွေ့အကြုံလေး ဘာလေးအကြောင်း ပြောပါဦး။

 ဖြိုးသီဟချို။     ။ ကျွန်တော်တို့ရပ်ကွက်ထဲမှာ ဘာသာပေါင်းစုံရဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ ရှိပါတယ်။ သူတို့ဆီက လော်စပီကာနဲ့ ဖွင့်တဲ့အသံတွေကို နေ့စဉ်နဲ့အမျှ ဆိုသလို နားဒုက္ခခံနေရသူ ဖြစ်တဲ့အတွက် ဘာသာရေးနဲ့ ပတ်သက်ရင် ကျွန်တော့်မှာ အတွေ့အကြုံ များတယ်လို့ ပြောရင် မမှားပါဘူး။

ဥက္ကဋ္ဌ။     ။ ဒီအတွေ့အကြုံမျိုးရှိတိုင်းသာ ဝန်ကြီးခန့်ရရင် ရပ်ကွက်ထဲမှာရှိသမျှလူတွေ ဝန်ကြီးဖြစ်ကုန်တော့မှာပဲ။ ကဲ… တခြား ဘာလုပ်နိုင်သေးသလဲ ပြောစမ်းပါဦး။

ဖြိုးသီဟချို။     ။ ကျွန်တော် လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ လောလောဆယ် စိတ်ကူးပေါက်တာ ပြောရရင် ကျွန်တော့လက်ထဲကို သမဝါယမဝန်ကြီးဌာန အပ်လိုက်ပါ။ ဒီဌာန အရမ်း အရမ်းကို အောင်မြင်သွားဖို့ ကျွန်တော် တာဝန်ယူပါရစေ။

ပြောရဲဆိုရဲရှိလှသော ဖြိုးသီဟချို၏ ကမ်းလှမ်းချက်အပြီး အလှည့်ကျသူမှာ မော်ကွန်းအယ်ဒီတာ ဇေယျာလှိုင် ဖြစ်သည်။

ဇေယျာလှိုင်။   ။ ကျွန်တော်ကတော့ စက်မှု ဝန်ကြီးဌာနကို ကိုင်တွယ်ချင်ပါတယ်။ ပိုပြီး အဆင်ပြေအောင် ဌာနကိုလည်း ခွဲချင်ပါတယ်။

ဥက္ကဋ္ဌ။     ။ ပိုအဆင်ပြေအောင် ဆိုတာက ဘာလဲ၊ နိုင်ငံအတွက်လား။

ဇေယျာလှိုင်။   ။ ကျွန်တော်တို့ ပိုအဆင်ပြေဖို့ပါ။ မော်ကွန်းမဂ္ဂဇင်း  ဝိုင်းတော်သားတွေဖြစ်တဲ့ ကျွန်တော်တို့ အဆင်ပြေရင် နိုင်ငံလည်း အဆင်ပြေပါပြီ။ ပြီးတော့ … စက်မှု (၁) ၀န်ကြီးဌာနကနေ စက်မှု (၅) အထိ ခွဲလိုက်ရင် လူလည်း အထင်ကြီးမယ်၊ သေချာပေါက် အဆင်ပြေမယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့တိုက်မှာ ဝိုင်းတော်သား ဆယ့်ငါးယောက်လောက် ရှိပါတယ်။ ဌာန တစ်ခုကို ဝန်ကြီး တစ်ယောက်၊ ဒုဝန်ကြီး နှစ်ယောက် ရှိတယ်ဗျာ၊ ဝန်ကြီးဌာန ငါးခုဆို ကျွန်တော်တို့ဝိုင်းတော်သားတွေ အားလုံးအတွက် ဝန်ကြီးတာဝန်တွေ ကွက်တိပါပဲ။

ဇေယျာလှိုင်၏ရှင်းပြချက် နားထောင်ပြီး ပါတီ ဥက္ကဋ္ဌ မျက်လုံးပြူးသွားသည်။ သူတို့ အုပ်စုတစ်ခုလုံး နေရာ ရရှိရေးအတွက် ဝန်ကြီးဌာနများ ဖောဖောသီသီ ဖွဲ့စည်းပေးရေး အစီအစဉ်ကို စဉ်းစားမည်ဟု မတင်မကျ ပြောပြီး နောက်တစ်ယောက်ကို ဖိတ်ခေါ်လိုက်သည်။ အလှည့်ကျသူမှာ The Voice ဂျာနယ်မှ သတင်းဆောင်းပါးရှင် ခက်ဇော်။

ခက်ဇော်။     ။ ကျွန်တော်က ပြည်ထဲရေးဝန်ကြီးဌာနကို ကိုင်တွယ်ချင်ပါတယ်။ ရာဇဝတ်မှုတွေ လျော့နည်းမှ နိုင်ငံ တိုးတက်မှာပါ။ ဟိုတလောကဆိုရင် နိုင်ငံထဲ ခိုးဝင်ပြီး ကျွန်တော်တို့သစ်တောတွေကို အပြောင်ရှင်းသူ တစ်ရာကျော်လောက်ကို ဝါရင့်ချိုကုပ်ဒူးကြီးရဲ့ တပည့်ကျော်များက လွှတ်ပေးလိုက်ပါတယ်။ ဒီသူခိုးတွေ ပြန်လာခိုးဦးမှာပါ။ ကျွန်တော်သာ ပြည်ထဲရေးဝန်ကြီးဖြစ်ရင် သူတို့ကို စောင့်ဖမ်းပြီး ရက်ပေါင်းတစ်ရာလောက် ထိပ်တုံးခတ်ပစ်မယ်လို့ ကတိပြုပါတယ်။ ပြီးမှ သူတို့ကို ထောင်ချချင် ချကြ၊ ထောင်ချပြီးလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးချင်ပေးပေါ့ဗျာ။

ခက်ဇော်၏ ရှင်းပြချက်ကို ဥက္ကဋ္ဌလည်း ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး နားထောင်လေ၏။ နောက်ထပ် အလှည့်ကျသူမှာ ဧရာဝတီသတင်းဌာနမှ အယ်ဒီတာတစ်ဦးဖြစ်သည့် နိုင်စွမ်း။

နိုင်စွမ်း။     ။ ကျွန်တော်ကတော့ ဝန်ကြီးဌာနအသစ် ဖွဲ့ဖို့ အဆိုပြုပါတယ်။ နာမည်ကတော့ သိမ်းဆည်းမြေများ မူလပိုင်ရှင်ထံ ပြန်ပေးရေး ဝန်ကြီးဌာနပေါ့လေ။ ဝန်ကြီးကတော့ ကျွန်တော်ပေါ့။

ဥက္ကဋ္ဌ။     ။ မြေပြန်ပေးဖို့အတွက်က ကော်မရှင်ဖွဲ့လိုက်ရင် မရဘူးလား။ ဒါအတွက် ဝန်ကြီးဌာနတစ်ခုဖွဲ့ဖို့ လိုအပ်ပါ့မလား။

နိုင်စွမ်း။     ။ လိုပါတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဝန်ကြီးဖြစ်ချင်လို့ပါ... အဲ.... ဝါရင့်ချိုကုပ်ဒူးကြီးခေတ်တုန်းက ဒုက္ခသီရ တစ်နံတစ်လျား လက်ညှိုးထိုးမလွဲ မြေယာသိမ်းပွဲ ခြိမ့်ခြိမ့်သဲ ဆင်နွဲခဲ့ပါတယ်။ သိမ်းတာတွေ များလွန်းလို့ ပြန်ပေးဖို့အတွက် ဆိုရင် ဝန်ကြီးဌာနဖွဲ့ပြီး ဆောင်ရွက်မှ အဆင်ပြေပါလိမ့်မယ်။

နိုင်စွမ်း ဆွေးနွေးပြီး အလှည့်ကျလာသူမှာ မိုးမခ အွန်လိုင်းမီဒီယာ အယ်ဒီတာ ငြိမ်းချမ်းအေး၊

ငြိမ်းချမ်းအေး။     ။ ကျွန်တော်က ပညာရေးဝန်ကြီးတာဝန် ယူနိုင်ပါတယ်။

ဥက္ကဋ္ဌ။     ။ ဟုတ်ပြီ။ ပညာရေးက အရေးကြီးတယ်။ ဆိုစမ်းပါဦး... ငြိမ်းချမ်းအေးက လက်ရှိ ပညာရေးဝန်ကြီးထက် ဘာတွေများ ပိုပြီး သာလွန်နေလို့လဲ။

ငြိမ်းချမ်းအေး။     ။ ကျွန်တော်က နိုင်ငံခြားမှာ ပညာသင်ခဲ့တယ် ဆိုတော့ နိုင်ငံတကာအတွေ့အကြုံ ရှိတယ်ပေါ့ဗျာ။ လက်ရှိဝန်ကြီးက ဒီလိုအတွေ့အကြုံ ရှိမယ် မထင်ပါဘူး။ ရှိခဲ့ရင်လည်း ဟိုတုန်းက သင်ထားတာ ဖြစ်တဲ့အတွက် ဒိတ်အောက်သွားပါပြီ။
နိုင်ငံတကာမှာ ပဝေသဏီတုန်းက ရရှိခဲ့တဲ့ ဘီအေတို့ အမ်အေတို့ဆိုရင် သိပ်အထင်မကြီးဘူး။ ဘာကြောင့်လဲ ဆိုတော့ ပညာရေးနယ်ပယ်မှာ အမြဲ ဆန်းသစ်နေရတယ်၊ အသစ်ရှာရတယ်။ ဒီနေ့ခေတ် အိုင်တီခေတ်၊ နည်းပညာခေတ်မှာ အပြောင်းအလဲက သိပ်မြန်တယ်။ အသစ်တွေ နေ့တိုင်း ဖြစ်ပျက်နေတယ်။ ဒီနေ့ခေတ်ဘွဲ့က ပိုပြီး တန်ဘိုးရှိတယ်ပေါ့ဗျာ။ ပြီးတော့ ကျွန်တော့်ရဲ့ နောက်ထပ် အရည်အချင်းတစ်ခုက ... ကျွန်တော်က လူပျိုကြီးဗျာ။ လက်ရှိဝန်ကြီးမှာ ဒီအရည်အချင်း မရှိပါဘူး။

နောက်ဆုံး တင်ပြရသူမှာ  စာနယ်ဇင်းကာတွန်းဆရာ ဟန်လေး ဖြစ်သည်။ သူကတော့ ပြန်ကြားရေးဝန်ကြီး ဖြစ်လိုသည်ဟု ဆိုလာလေသည်။

ကာတွန်းဟန်လေး။     ။ ကျွန်တော် ပြန်ကြားရေးဝန်ကြီးလုပ်မယ်ဗျာ။ ကျွန်တော့် အားနည်းချက်ကတော့ Facebook သိပ်မကျွမ်းကျင်ဘူး။ အဲ... အားသာချက်ကတော့ ကျွန်တော် ကာတွန်း၊ ပန်းချီ ဆွဲတတ်တယ်။ ဒီပညာနဲ့ ပြန်ကြားရေးလုပ်ငန်းတွေ ပိုပြီး ထိရောက်မယ်လို့ ယုံကြည်ပါတယ်။

ရောက်လာသော စာနယ်ဇင်းသမားတို့၏ တင်ပြချက်များကို နားထောင်ပြီး ဥက္ကဋ္ဌက နိဂုံးချုပ် ဆွေးနွေးသည်။  ဧကန်မုချ လူမှန် နေရာမှန် ဖြစ်ရမည်ဟု ကတိပြုလိုက်သည်။
စာနယ်ဇင်းသမားတို့လည်း ဥက္ကဋ္ဌအိမ်ဂေဟာရုံးခန်းမှ ပျော်ရွှင်စွာ ထွက်ခွာခဲ့ကြလေသည်။ အားလုံးထဲတွင် ငြိမ်းချမ်းအေးက မျှော်လင့်ချက် အကြီးမားဆုံးထားသူဖြစ်သည်။ အိမ်မပြန်သေးဘဲ ချိတ်လုံချည် အဝယ်ထွက်လေသည်။ အယ်ဒီတာနိုင်စွမ်းက သူ့ချစ်ဇနီးထံ ချက်ချင်း ဖုန်းဆက်ပြီး "မင်းကို ငါးနှစ်တိတိ အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ ထားနိုင်တော့မယ်"ဟု လှမ်းပြောလိုက်သည်။
ဇေယျာလှိုင်ကလည်း မော်ကွန်းဝိုင်းတော်သားများထံ အင်တာနက်မှ စာလှမ်းရေးလိုက်သည်။ သူ၏ စာထဲတွင်… အစိုးရအသစ်ဖွဲ့တာနဲ့ ငါတို့ကောင်တွေအားလုံး ဝန်ကြီး၊ ဒုဝန်ကြီး ဖြစ်တော့မယ်၊ ဒီတော့ တို့မဂ္ဂဇင်း နားဖို့အတွက် ခုကတည်းက ပြင်ဆင်ထားကြစို့ ဟု ရေးထားလေသည်။

ပေါ်ပြူလာပါတီဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့သည့်အကြောင်း အမေရိကန်သံရုံး၊ တရုတ်သံရုံးတို့က စုံစမ်းသိရှိသဖြင့် အဆိုပါ စာနယ်ဇင်းသမားတို့ကို အရေးပေါ် ချည်းကပ်၊ ဖိတ်ခေါ်ပြီး နေ့လယ်စာစားပွဲ၊ ညစာစားပွဲများဖြင့် တည်ခင်း ဧည့်ခံကာ မိတ်ဖွဲ့ကြသေး၏။

တွေ့ဆုံပွဲပေါ်ပေါက်ပြီး ၅ လ အကြာတွင် အားလုံး ရင်ခုန်စွာ စောင့်မျှော်နေသည့် ရွေးကောက်ပွဲအနိုင်ရ ပေါ်ပြူလာပါတီ အစိုးရအဖွဲ့ ပေါ်ပေါက်လာလေသည်။ ဥက္ကဋ္ဌနှင့် တွေ့ဆုံပြီး ဝန်ကြီးတာဝန်ယူရေးကိစ္စ ဆွေးနွေးရန် မှားယွင်း ဖိတ်ကြားခံရသော စာနယ်ဇင်းဆရာတို့ တစ်ယောက်မှ အစိုးရအဖွဲ့သစ်တွင် ပါဝင်ခြင်း မရှိကြသဖြင့် ၎င်းတို့အားလုံး ခဲလေသမျှ၊ သဲရေကျ၊ ပုလဲမြေခလေတော့သည်။

အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့တွင် အဆိုပါ စာနယ်ဇင်းဆရာတို့ ဘီယာဆိုင်တစ်ဆိုင်တွင် ဆုံဖြစ်ကြလေသည်။ ၎င်းတို့၏ ဝန်ကြီးအိပ်မက် လက်တွေ့ဖြစ်မလာပုံတို့ကို အပြန်အလှန်ရင်ဖွင့်ကြခြင်း ဖြစ်၏။

ကာတွန်းဟန်လေး။     ။ ငါက ပြန်ကြားရေးဝန်ကြီး ဖြစ်ချင်ပေမယ့် အစိုးရအဖွဲ့သစ်မှာ ဒီဌာန မပါဘူး တဲ့။ ဒီဌာနက ပြည်သူပိုက်ဆံကိုသုံးပြီး အစိုးရကောင်းကြောင်း ဝါဒဖြန့်နေတာဖြစ်တဲ့အတွက် ဒီဌာနကို ဖြုတ်ပြီ တဲ့။ အစိုးရကောင်း တက်ပြီဆိုတော့ ဝါဒဖြန့်စရာ မလိုတော့ဘူး တဲ့။ သောက်ရှက်ပဲ။ ငါဖြင့် ဝန်ကြီးဖြစ်မယ်ဆိုတဲ့အကြောင်း တစ်ရပ်ကွက်လုံးကို ကြွားထားမိတာ။

သမဝါယမဝန်ကြီး ဖြစ်တော့မည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်နေသော  ဖြိုးသီဟချိုသည်လည်း ကာတွန်းဟန်လေး၏ဖြစ်ရပ်မျိုး ကြုံရလေသည်။ အစိုးရသစ်၏ ဌာနများထဲတွင် သမဝါယမ ပါမလာပေ။ ဇေယျလှိုင်၏ ဖြစ်ရပ်ကလည်း ထိုနည်းလည်းကောင်းပင်။

ဇေယျာလှိုင်။   ။ အစိုးရသစ်က စက်မှု ဝန်ကြီးဌာနကို တစ်ကနေ ငါးအထိ ဖွဲ့ဖို့ နေနေသာသာ … ပြန်ပြီးတော့ ချုံ့လိုက်သေးတယ်။ စီးပွားရေးနဲ့ဆိုင်တဲ့ဝန်ကြီးဌာနအားလုံးကို ပေါင်းလိုက်မယ် တဲ့။ ငါတို့ ဆယ့်ငါးယောက် စက်မှုဝန်ကြီးဌာနကို သိမ်းပိုက်ရေးအိပ်မက် ရေစုန်မျှောပြီကွာ။

ခက်ဇော်။     ။ ကျွန်တော်ကိုင်ချင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနကတော့ ဖျက်တဲ့ထဲ မပါဘူးဗျ။ အဲ… ပြည်ထဲရေးဝန်ကြီးကို စစ်တပ်က စေလွှတ်ရမယ်လို့ ဥပဒေထဲ ပြဋ္ဌာန်းထားတာကြောင့် အဲဒီနေရာ ရချင်ရင် စစ်ထဲဝင် လို့ ဥက္ကဋ္ဌက ကျွန်တော့ကို အကြံပေးပါတယ်။ ဒီတော့ ကျုပ်ရဲ့ ဝန်ကြီးအိပ်မက်လည်း ဘာထူးသေးလို့လဲ၊ ခင်ဗျားတို့နဲ့ အတူတူပဲ။

နိုင်စွမ်း။     ။  သိမ်းဆည်းမြေများ မူလပိုင်ရှင်ထံ ပြန်ပေးရေး ဝန်ကြီးဌာန ဆိုပြီး အသစ်ဖွဲ့ဖို့ ကျွန်တော် အကြံပေးတာလည်း အလုပ်မဖြစ်ဘူးဗျာ။ ဒီဌာနဟာ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးမှာ ရှော့ရှိတယ်လို့ ဆိုတယ်။ ကျွန်တော်လည်း ဝန်ကြီး မဖြစ်တော့ဘူး ဆိုတော့ ကျွန်တော့မိန်းမကို ဘယ်လို မျက်နှာပြရမှန်းတောင် မသိတော့ဘူး။

နောက်ဆုံး ရင်ဖွင့်ရမည့်သူမှာ ပညာရေးဝန်ကြီးဖြစ်ချင်သည်ဟု ကမ်းလှမ်းဖူးသော ငြိမ်းချမ်းအေး ဖြစ်လေသည်။ သူ့ကိုလည်း ဝန်ကြီး မခန့်ချေ။ အကြောင်းရင်းမှန်မှာ ပညာရေးဥပဒေဆန့်ကျင်သပိတ်မှောက်သည့် ကျောင်းသားများဘက်မှ ရပ်တည်ဖူးသည် ဟူသော အချက်ကြောင့်ပင်တည်း။ ထိုအချက်ကို ကာယကံရှင်ကိုယ်တိုင်ပင် မသိလိုက်ချေ။ သူ၏ ဝန်ကြီးအိပ်မက် ဆပ်ပြာပူပေါင်းလိုဖြစ်သွားရခြင်းမျာ တခြားအကြောင်းရင်းများကြောင့်ဟု သူက ထင်နေသည်။

"ပညာရေးဝန်ကြီးဌာနကိုတော့ မဖျက်ဘူးဗျ။ ကျွန်တော့ရဲ့ အရည်အချင်းကိုလည်း ဥက္ကဋ္ဌက သဘောကျတယ်လို့ ဆိုတယ်… ဟဲဟဲဟဲ။ အရည်အချင်းရှိတဲ့သူဆိုတော့လည်း အတိုက်အခိုက်ခံရတာ ထုံးစံပေါ့ဗျာ။ ကျုပ်ဟာ ငယ်ငယ်တုန်းက ကျောင်းပြေးဖူးတဲ့သူဖြစ်တဲ့အတွက် ပညာရေးဝန်ကြီး မဖြစ်သင့်ဘူးတို့ ဘာတို့ ငယ်ကျိုးငယ်နာ ဖော်တဲ့သူလည်း အများသားဗျ။ ကျုပ် ဝန်ကြီးဖြစ်ရင် ကျောင်းသားတွေအတွက် ကျောင်းပြေးတဲ့နေ့ဆိုပြီး အပတ်စဉ် သတ်မှတ်လိမ့်မယ်လို့ ခြေထိုးသူတွေလည်း ရှိတယ်ဗျ။ ဒီလိုနဲ့ ကျုပ်လည်း မဖြစ်သေးတဲ့ ဝန်ကြီးဘဝကနေ ပြုတ်ရတာပါပဲ" ဟု ငြိမ်းချမ်းအေးက ပြောလိုက်လေသည်။     ။

(ဤသရော်စာကို မန္တလေးအခြေစိုက် နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် Friday Times ဂျာနယ်မှ ကူးယူ ဖော်ပြသည်)

ရဲရင့်သက်ဇွဲ - ကမာပုလဲ(သို့ ) ညကောင်းကင်ရဲ့ တေးသမား

$
0
0

ရဲရင့်သက်ဇွဲ - ကမာပုလဲ(သို့ ) ညကောင်းကင်ရဲ့ တေးသမား
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၅


ကမာပုလဲ ဆုံးပြီတဲ့ ...
ဗုံးအလုံးပေါင်းများစွာပေါက်ကွဲ
ငါကြေကွဲရပြီ ....

အသေခံဗုံးခွဲသူတယောက်ရဲ့ 
တိကျတဲ့ပြစ်မှတ်
ငါ ဘာဖြစ်သွားလဲ ဆိုတာတောင်
ငါ မတွေးလိုက်မိတဲ့ ခဏ
ခင်ဗျားကတော့ ထွက်ခွါသွားခဲ့ပြီ.....

ကိုပေါက် ရေ.....
မယ်လဦးစခန်းကို အတူသွားခဲ့ကြ
ကျောင်းသားကုန်းပေါ်က
ဘုန်းကြီးကျောင်းနဲ့ စေတီငယ်လေး
မနီးမဝေးမှာ
ညကောင်းကင်ရဲ့ တေးသမား သီချင်းတစ
ခင်ဗျား ဆို တီးပြခဲ့ဘူးတယ်
ခင်ဗျားနဲ့ ကိုလွမ်းဏီတို့ အိမ်မှာ
ထုံထောင်းထဲက လဘက်ရည်ဆိုင်မှာ
ကိုထော်ကြီးတို့ အိမ်မှာ
ဘီအမ်အေရဲ့ ညီလာခံများမှာ ....
ကျနော်တို့  စကားတွေ အများကြီးပြောခဲ့ဘူးကြတယ်...

အခုတော့ ထွက်သွားခဲ့ပြီ
ည ကောင်းကင်ရဲ့ တေးသမား
အမှောင်မှာပျော်ဘို့  ....

ဆို့ နစ်ကြေကွဲ အသံတွေမစဲဘူး
ကမ္ဘာမြေ၀သုန်ရေ လာခြင်းကောင်းတဲ့သူတယောက်ကို
ဆီးကြိုပေတော့....

ကြေကွဲမှုများစွာနဲ့ 


(နံက် ၄း၃၉ အေအမ်၊ ၂၀ နိုဝင်ဘာ ၂၀၁၅)

ကာတွန်း ၀င်းအောင် - မျိုးစစ်

$
0
0

ကာတွန်း ၀င်းအောင် - မျိုးစစ်
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ နိုဝင်ဘာ ၂၁၊ ၂၀၁၅

ဘကြီးမှုံ - ကရင်- ဗမာအဓိကရုန်း ဘာကြောင့်ဖြစ်ရသလဲ

$
0
0

ဘကြီးမှုံ - ကရင်- ဗမာအဓိကရုန်း ဘာကြောင့်ဖြစ်ရသလဲ
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၅

    ကရင်-ဗမာအဓိကရုန်း ဖြစ်ခဲ့ရခြင်းအကြောင်းရင်းကို ဗိုလ်ချုပ်အောင်ဆန်းလည်း  သိမသွားရ။ ဦးနုလည်း သိမသွားရခြင်းကြောင့် အဖြစ်အမှန်ကို တင်ပြမည်ဖြစ်ပါသည်။

    ၁၉၉၄ ခုနှစ်လောက်တွင် ကျွန်တော်သည် ဝါးခယ်မ သခင်သိန်းဖေ၏နေအိမ် ချော်တွင်းကုန်း တွင် နံနက် ၈နာရီလောက် ရောက်သွားခဲ့ပါသည်။ ထိုအချိန်က ဝါရင့်နိုင်ငံရေးသမားကြီး တနင်္ဂနွေနှင့် ဗုဒ္ဓ္ဓ္ဓဟူး နေ့များတွင် နံနက်ပိုင်း၌ သခင်သိန်းဖေအိမ်တွင် စုဝေးကြပြီး ဒို့ဗမာအစည်းအရုံးသမိုင်း ကြောင်းနှင့် ဒို့ဗမာ အစည်းအရုံးနာယကများ၊ ဥက္ကဌ အပါအဝင် သခင်အောင်ဆန်း၏ အတ္ထုပတ္တိကိုဆွေးနွေး ရေးသားသော ကာလဖြစ်ပါသည်။ တက္ကသိုလ်စိန်တင်ကို ဘေးနားတွင်ထားပြီး မိမိတို့သိသလောက် ဆွေးနွေးခဲ့ကြ ပါသည်။ တက္ကသိုလ်စိန်တင်သည် စတင်ရေးသားစဉ်က တစ်သိန်း ချီးမြှင့်ရန် တောင်းဆိုသဘော တူခဲ့သော် လည်း နာယကများနှင့် ဥက္ကဌများပါ ရေးသားကြမည် ဆိုသောအခါ နောက်ထပ် (၂)သိန်း ထပ်မံ တောင်းသည် ဟု ကျွန်တော်ကြားမိပါသည်။

    ကျွန်တော်သည် ဝါရင့်နိုင်ငံရေးသမားစာရင်းတွင် မပါပါ။ သခင်သိန်းဖေ၏ ကျိုက်လတ်တဖက်ကမ်း အုန်းဆံကြိုးစက်တွင် မန်နေဂျာအဖြစ်တာဝန်ယူလုပ်ကိုင်နေသောကာလဖြစ်၍ သွားချည်လာလှည့်ဖြင့် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓ္ဓ္ဓဟူးနေ့တွင် ရန်ကုန်အရောက်ပြန်ပြီး သခင်ချစ်၊ သခင်ချစ်မောင်၊ သခင်ခင်အောင်၊ ဗိုလ်မှူးထွန်းတင်တို့ကို သခင်သိန်းဖေကားဖြင့် သွားရောက်ကြိုဆိုခေါ်ယူခဲ့ရပါသည်။  ဗိုလ်မှူးအောင်ကတော့ သူ့ကားနှင့်သူလာပါသည်။

    ဝါရင့်နိုင်ငံရေးသမားကြီးများစာရင်းတွင် (၂၂) ယောက်ပါသည်ဟု ကျွန်တော်မှတ်မိပါသည်။ စာရင်းတွင် ကျွန်တော် မပါသော်လည်း အစည်းအဝေးအခန်းတွင် သခင်ချစ်၊ သခင်ခင်အောင်၊ သခင်ချစ်မောင်၊ ဗိုလ်မှူး အောင်စသော သက်ကြီးဝါကြီးများအတွက် အပေါ့အပါးသွားရာတွင် တွဲပို့ရသဖြင့် အစည်းအဝေးခန်းမအတွင်း၌ ထိုင်၍ နားထောင်ခွင့်ရခဲ့ပါသည်။

    မမျှော်လင့်ပဲ တနင်္ဂနွေနေ့ နံနက် ၈နာရီလောက်တွင် လေထီးဗိုလ်အုန်းမောင်သည် သခင်သိန်းဖေ၏ ဧည့်ခန်းကို ရောက်ရှိလာပါသည်။ အကျိုးအကြောင်းကိုမေးရာ၌ ‘မိုး’ ဂျာနယ်မဂ္ဂဇင်းကို မြောင်းမြ သခင်အောင်ဖေက ပိတ်လိုက်သည့်အတွက် ထိုဂျာနယ်၏ ထုတ်ဝေခွင့်ကို အငှားရယူလိုကြောင်း သခင်သိန်းဖေ နှင့် စာရေး ဆရာမ ဒေါ်ခင်နှင်းယုတို့မှ ကူညီပြောပေးပါရန် လာရောက် အကူအညီတောင်းခံကြောင်း ပြောကြားခဲ့ ပါသည်။

    နောက်ထပ်ဆက်လက်ပြောကြားရာတွင် ဂျပန်ခေတ်က မြောင်းမြရှိ စောဖေသာ သေဆုံးခဲ့ရသည့် အကြောင်းကို မသေခင်ထုတ်ဖော်ပြောကြား၍ တိုင်းပြည်ကိုအသိပေးလိုသဖြင့် စာရေးတင်ပြလိုခြင်းက အဓိကပါဟု ဆက်လက်ပြောကြားခဲ့ပါသည်။

    ထိုအချိန်တွင် သခင်သိန်းဖေလည်း အထူးအံ့သြသွားသလို ကျွန်တော်ကလည်း အဖြစ်အပျက်ကို ကြားလိုသဖြင့် ဆက်ပြောစမ်းပါအုံးဟု ဆိုခဲ့ရပါသည်။ ထိုအခါလေထီးဗိုလ်အုံးမောင်မှ ကျွန်တော်တို့ ဘီအိုင်အေတပ်ကို ကာနယ်ဆူဇူကီး(ခ)ဗိုလ်မိုးကြိုးထံမှ အမိန့်တစ်ခုရပါတယ်။ မြောင်းမြမြို့ပေါ်ရှိ ကရင်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် စောဖေသာကို မိသားစုပါ ရှင်းပစ်ရန်နှင့် သခင်သိန်းဖေနှင့် ဗိုလ်ကျော်ဇောတို့ မသိရှိရန် အထူးအရေးကြီးကြောင်း ညွှန်ကြားချက်တွင် ပါဝင်သည်ဟု ပြောကြားခဲ့ပါသည်။ သခင်သိန်းဖေ၊ ဗိုလ်ကျော်ဇောနှင့် စောဖေသာတို့သည် ငြိမ်းချမ်းရေးယူပြီး နယ်မြေကို စုပေါင်းကာကွယ်စောင့် ရှောက်ထားကြသည့် ကာလဖြစ်ပါသည်။

    သခင်သိန်းဖေက ဘာကြောင့် စောဖေသာကို ရှင်းပစ်ဖို့ညွှန်ကြားတာလဲ အထူးအကြောင်းရှိသလား ဟု မေးပါသည်။ ထိုအခါ လေထီးဗိုလ်အုံးမောင်က ရှင်းပြသည်မှာ ဂျပန်တပ်မတော် မြန်မာပြည် ဝင်ခဲ့စဉ်က ဖားအံတွင် ကရင်လက်နက်ကိုင်တပ်များက ခုခံတိုက်ခိုက်သဖြင့် ဂျပန်ဗိုလ်တစ်ယောက်နှင့် စစ်သား(၃)ယောက် ကျဆုံးခဲ့ရသည်။ ဂျပန်စစ်ဦးစီးချုပ်ထံ အစီရင်ခံရာမှ စစ်ဦးစီးချုပ်မှ ကရင်လက်နက်ကိုင်အဖွဲ့များရှိရာအရပ်တွင် ရှင်းလင်းပစ်ရန် ကာနယ်ဆူဇူကီးထံအကြောင်း ကြားသဖြင့် စောဖေသာသည် ထိုညွှန်ကြားချက်များကြောင့် မိသားစုပါ ရှင်းလင်းခံခဲ့ရကြောင်း၊ ထိုပြဿနာကြောင့် မြစ်ဝကျွန်းပေါ်တွင် ကရင်-ဗမာအဓိကရုန်း ဖြစ်ခဲ့ရ သည်ကို တိုင်းသူပြည်သားများ သိစေလိုသဖြင့် ကျွန်တော် ‘ မိုး’ ဂျာနယ်တွင်ရေးသားလိုပါ၍  ‘မိုး’ဂျာနယ် ထုတ်ဝေခွင့်ရရှိစေရန် တစ်လကို နှစ်သောင်း သခင်အောင်ဖေကို ပေးမည်ဖြစ်ပါကြောင်း ပြောဆိုခဲ့သည်ကို ကိုယ်တိုင်ကြားသိခဲ့ရပါသည်။

    သခင်သိန်းဖေ အထူးအံသြသွားသည်မှာ တခြားမဟုတ်ပါ။ ထိုသို့ဂျပန်တပ်များ မြောင်းမြမြို့ပေါ်ကို ရောက်လာသည့်အချိန်တွင် အကျိုးအကြောင်းသိလို၍ စုံစမ်းရန် လျှောက်လာခဲ့ရာတွင် စာတိုက်ရုံးရှေ့ အရောက်၌ စာတိုက်ဗိုလ်က လှမ်းခေါ်ခဲ့ပါသည်။ ဘာအကြောင်းနှင့် ဘယ်သွားရန်ရည်ရွယ်ပါသလဲ မေးမြန်းခဲ့ရာ ဂျပန်တပ်များ မြို့ပေါ်တက်လာသည်ဟုကြား၍ သတင်းသိလိုသဖြင့် စုံစမ်းရန်ဖြစ်ကြောင်း ပြောကြားရာ စာတိုက်ဗိုလ်က ခင်များဟာ ဒီမြို့ပေါ်မှာ တာဝန်ခံအုပ်ချုပ်နေသူဖြစ်တယ်၊ ဂျပန်တပ်က အကြောင်းရှိလျှင် ခင်များ ထံ လာရမှာပါ။ ကိုယ်ကစုံစမ်းနေဖို့မလိုဘူး။ ကိုယ့်နေရာကိုယ်ပြန်ရန် ပြောသဖြင့်  ပြန်ခဲ့ရာ မကြာမီပင် စောဖေသာတို့မိသားစု ဂျပန်တပ်က ဖမ်ဆီးသွားကြောင်း သိရှိခဲ့ရသည်ဟု ပြောကြား၍ ယနေ့ထက်တိုင် သတိရသည့်အခါ စိတ်မကောင်းဖြစ်ခဲ့ရသည်ဟု ဝမ်းနည်းစွာပြောကြားခဲ့ပါသည်။

    နောက် (၃)ရက် ခွါချိန်းပြီး ဒေါ်ခင်နှင်းယုနှင့် သခင်သိန်းဖေတို့ သွားကြရာတွင် ကျွန်တော်လည်းလိုက်ပါ သွားခဲ့ပါသည်။ သခင်အောင်ဖေက မန္တလေး လူထုဒေါ်အမာဆောင်းပါးကို အပတ်စဉ်ပါနိုင်စေရန် စီစဉ်ဆောင် ရွက်ပေးဖို့ပြောပြီး  သဘောတူခွင့်ပြုချက်ရ၍ ပြန်လာခဲ့ကြပါသည်။ နောက် ‘မိုး’ ဂျာနယ်တွင်ထွက်ပြီး ဗိုလ်အုံး မောင်ရေးသားလိုသည့် အထက်ပါ ကရင်-ဗမာအဖြစ်အပျက်ကို ထည့်ဖြစ်မဖြစ် ကျွန်တော်မသိတော့ပါ။

ကျွန်တော်ကိုယ်တိုင် ထိုင်းနိုင်ငံ မဲဆောက်ရောက်သွားပြီး ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့စဉ် ထိုအဖြစ်အပျက်ကို ပြောကြားခဲ့ရာ ထိုကိစ္စသည် အလွန်အရေးကြီးပါသဖြင့် ကေအင်(န်)ယူ ဗဟို ကော်မတီသို့ အစီရင်ခံစာရေး သားတင်ပြရန် ပြောကြားခဲ့သဖြင့် ကျွန်တော်ကိုယ်တိုင်ပင် ကရင်-ဗမာ အဓိကရုန်းဖြစ်မှုကြောင့် မော်လမြိုင်ကျွန်း မြို့နယ် နှင်းဆီကုန်းကျေးရွာမှ (၆)နှစ်(၇) နှစ်သားအရွယ်တွင် မိဘနှင့်အတူ ပန်းတနော်မြို့နယ် ရွှေဖလားကျွန်း ကျေးရွာသို့ ပြောင်းရွှေ့ခဲ့ရပါသည်။ ထိုအဖြစ်အပျက်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသည့်အကြောင်းမှစ၍ ကျွန်တော် ၏ပထမစာသင်ဆရာ  စောဘီလာနှင့် ခွဲခွာရသည့် အကြောင်းစုံပါ တင်ပြပြီး သခင်သိန်းဖေသည် ဘုမသိဘမ သိဖြင့် ကရင်-ဗမာအဓိကရုန်း၏ တရားခံအဖြစ် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သံသယဝင်သဖြင့် ဖဆပလ အဖွဲ့မှ ထုတ်ပယ် ခံခဲ့ရကြောင်း။ နိုင်ငံရေးမလုပ်ရန် တားမြစ်ခဲ့သောကြောင့် ၁၉၈၈ ခုနှစ်အထိ စီးပွားရေးသာလုပ် ခဲ့ရပြီး အရေးအခင်းအပြီးတွင် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအဖွဲ့တွင် တွဲဘက်အတွင်းရေှးမှူးအဖြစ် တာဝန်ယူ၍ ဦးနုနှင့် ပြန်လည်လက်တွဲခဲ့ရကြောင်း တို့အပါအဝင် ရေးသားတင်ပြခဲ့ရသည့် အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ ကရင်အမျိုးသားများအပေါ် သဘောထားရေးသားထားသည့် စာအုပ်နှင့် ဦးနု၏ ကရင်အမျိုးသားများအပေါ် သဘောထားများပါဝင်သည့် စာအုပ်များကိုပါ ရှာကြဝယ်ယူ၍ ကေအင်(န်)ယူပါတီ ဗဟိုသို့ မန်းငြိမ်းမောင်မှ တဆင့် ပေးပို့ခဲ့ရပါသည်။

    ထိုအချိန်က KNU ပါတီအတွင်း     ဗိုလ်ချုပ်အောင်ဆန်းသည် ဒေါ်ခင်ကြည်ချက်သည့် ထမင်းကို မယုံ၍ မစားကြောင်း သတင်းပြန့်နှံ့လျက်ရှိပါသည်။ သို့ဖြစ်၍ ကျွန်တော်၏ ကြည်ရေ…..ပဲပြုပ်နဲ့နံပြား ရရင်စားချင် တယ် ဆိုသည့်စာအရ ကြင်နာမှုရှိကြောင်း ရေးသားခဲ့ပါသည်။ အစီရင်ခံစာတင်ပြီး နောက်ပိုင်း  ဗိုလ်ချုပ်မြ၏ သဘောထား ပြောင်းလဲခဲ့ကြောင်း သိရပါသည်။ ယခင်က ဗမာဆန့်ကျင်ရေးမှ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးနှင့် ဖက်ဒရယ်စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် သဘောထားပြောင်လဲသွားခဲ့သည်ဟု ကြားသိရပါသည်။

    ကျွန်တော် အစီရင်ခံစာတင်ရာတွင် ဖားအံ  ဂျပန်စစ်တပ်ကို  ခုခံတိုက်ခိုက်ဖို့ အုပ်ချုပ်သူအင်္ဂလိပ်အစိုး ရ၏ ညွှန်ကြားခိုင်းစေမှုကြောင့် အုပ်ချုပ်ခံရသူ ကရင်လူမျိုးလက်နက်ကိုင်တပ်မှ ဂျပန်ကို ခုခံတိုက်ခိုက်ခဲ့ရသလို မြောင်းမြတွင်လည်း အုပ်ချုပ်သူ ဂျပန်စစ်တပ်ကအုပ်ချုပ်ခံရသူ ဘီအိုင်အေ တပ်မတော်ကို စောဖေသာအား ဖမ်းဆီးရှင်းလင်းပစ်ရန် ညွှန်ကြားစေခိုင်းချက်အရ ပြုလုပ်ခဲ့ရသဖြင့် ကရင်-ဗမာအဓိကရုန်း စတင်ပေါ်ပေါက်ခဲ့ရ သည်။ တိုင်းရင်းသားအချင်းချင်း သွေးကွဲ၍ စည်းလုံးညီညွှတ်မှုပြိုကွဲခဲ့ရသည်။

    အလားတူပဲ တိုင်းရင်းသားများအတွင်း ထိုကဲ့သို့သော ဖြစ်ရပ်များ မတိမ်းမယိမ်းပေါ်ပေါက်မှုများလည်း နည်းမျိုးစုံဖြင့် ဖြစ်နိုင်ပါ၍  အထူးသတိထားပြီး သင်ခန်းစာယူရမည်ဖြစ်ကြောင်း ရေးသား၍ တင်ပြခဲ့ပါသည်။

    ဗိုလ်ချုပ်အောင်ဆန်းသည် ကရင်ဗမာအဓိကရုန်းဖြစ်ရခြင်းမှာ သခင်သိန်းဖေကိုယ်တိုင် စီစဉ်မှု ကြောင့်ဖြစ်သည်ဟု သံသယဝင်၍ အကြီးအကျယ်ဒေါသဖြစ်ပြီး သခင်သိန်းဖေကို ဖ.ဆ.ပ.လ အဖွဲ့မှ ထုတ်ပယ်ခဲ့သည့်အပြင် ဘယ်နိုင်ငံရေးမှ ခင်များမလုပ်ပါနဲ့ဟုပင် ပြောခဲ့ပေသည်။

    ဗိုလ်ချုပ်အောင်ဆန်း ထိုကဲ့သို့ဒေါသတကြီးဖြစ်ရသည်မှာ စောဖေသာကို ဖမ်းဆီးခံရခြင်း မပြုမီ တပတ်လောက်အလိုတွင် မြောင်းမြရှိ သခင်သိန်းဖေထံသို့ စောဖေသာကို ဝန်ကြီးတာဝန်ယူရန်အတွက် အစိုးရအဖွဲ့မှ ဆုံးဖြတ်ထားပြီး ဖြစ်၍ ယခုလွှတ်လိုက်သော ယူဘီသင်္ဘောဖြင့် တခါတည်း ရန်ကုန်သို့ ပြောင်းရွှေ့ဖို့စီစဉ်မှုပြုပါရန် အကြောင်းကြားစာ ပေးပို့ခဲ့ပါသည်။

    သခင်သိန်းဖေသည် ထိုစာကိုရလျှင်ရခြင်း စာပြ၍ စောဖေသာကို ရန်ကုန်လိုက်ဖို့စီစဉ်ပါရန် သွားရောက်ပြောကြားခဲ့ပါသည်။ ထိုအခါ စောဖေသာ “ ဝန်ကြီးတာဝန်ကိုယူလို့မဖြစ်ဖူး  ကိုသိန်းဖေရယ်၊ ကျွန်တော့သားမယားကလည်း ဥရောပသူဖြစ်နေ၍ သားသမီးများကလည်း ကပြားတွေဖြစ်နေတယ်။ ဂျပန်နဲ့ အစည်းကိုက်မယ် မထင်ဘူး။ မကြာခင်ကျွန်တော်တို့ ဒုက္ခရောက်နိုင်သဖြင့် ထိုတာဝန်ကို ငြင်းပယ်ပါကြောင်း ဗိုလ်ချုပ်အောင်ဆန်းကို သတင်းပို့ပေးရန် ပြောကြားခဲ့ပါသည်။

သခင်သိန်းဖေက ကိုစောဖေသာ ခင်ဗျားယုံကြည်ရတဲ့သူတစ်ယောက်နဲ့ ခင်ဗျားကိုယ်တိုင်စာရေးပြီး ဗိုလ်ချုပ်အောင်ဆန်းထံ သင်္ဘောနှင့် လွှတ်ရလျှင် အကောင်းဆုံးဖြစ်မည် ဟု ပြောကြားခဲ့သဖြင့် စောဖေသာက သူ့ညီကို စာနှင့်အတူ သင်္ဘောဖြင့် ပို့လွှတ်ရန်စီစဉ်ခဲ့ကြပါသည်။ ထိုသင်္ဘောဖြင့်ပင် ဒေါ်ခင်ကြီးနှင့် ဒေါ်ခင်ကြည်ကို ရန်ကုန်သို့ တပါတည်း ထည့်လိုက်ပါရန် ဒေါက်တာဘသန်း၏စာနှင့် ဗိုလ်လက်ျာ၏ မပျက်မကွက်လိုက်ပါရန် ထပ်ဆင့်လက်မှတ်ကြောင့် သူတို့ ညီအစ်မနှစ်ယောက်နှင့် စောဖေသာ၏ညီကို သင်္ဘောဖြင့် ထည့်လွှတ်ခဲ့ရသည်ဟု ဆိုပါသည်။

 ဗိုလ်ချုပ်အောင်ဆန်းသည် ၄င်း၏အစိုးရအဖွဲ့မှ စီစဉ်ထားချက်ဖြစ်သည့် စောဖေသာ ဝန်ကြီးတာဝန်ပေးအပ်ရေးပျက်ပြယ်သွားပြီး သေဆုံးကြောင်း ကြားသိရသဖြင့် သခင်သိန်းဖေကို ရန်ကုန်ခေါ်ပြီး အကြီးအကျယ်ဒေါပွ၍ ခင်ဗျားယနေ့မှစ၍ ဖ.ဆ.ပ.လ မှ ထုတ်ပယ်ပြီး ဘယ်နိုင်ငံရေးမှ ဝင်မလုပ်ဖို့ တားမြစ်ခဲ့သည့်အတွက် ၁၉၈၈ ခုနှစ်အရေးအခင်းကာလအထိ စီးပွားရေးကိုသာလုပ်ဆောင်ခဲ့ ရခြင်းမှာ ကရင်မဟာအဓိကရုန်းတရားခံအဖြစ် အသားလွတ်သတ်မှတ်ခံခဲ့ရသဖြင့် ဘဝတစ်လျှောက်လုံးအကြီးအကျယ် နစ်နာခဲ့ရပါသည်။ ဝန်ကြီးချုပ်ဦးနုနှင့် ကျန်လုပ်ဖော်ကိုင်ဘက်သခင်များကပါ အဖြစ်အမှန်ကို သေဆုံးသည်အထိ မသိခဲ့သူအများအပြားဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကျန်ရှိသည့် မြန်မာပြည်သူပြည်သားများ ထိုအဖြစ်အပျက်ကြောင့် ကရင်ဗမာ လည်ပင်းဖက်လာသည့် သူငယ်ချင်းများ စိတ်မချမ်းမသာဖြစ်၍ ခွဲခွာခဲ့ရသည်ကို ပြန်လည် သင့်မြတ်ညီညွှတ်စေလိုသဖြင့် သတိတရ ရေးသားတင်ပြရပါကြောင်း။

           




သားကြီးမောင်ဇေယျ - ရွေးကောက်ပွဲ တစ်ရက်အလွန်

$
0
0
ရွေးကောက်ပွဲ မတိုင်ခင်က ရန်ကုန်၊ (ရန်နောင်(ဗိုလ်တထောင်))

သားကြီးမောင်ဇေယျ - ရွေးကောက်ပွဲ တစ်ရက်အလွန်
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၅


ရွေးကောက်ပွဲ နောက်တစ်ရက်မှာပေါ့၊  ကျနော် ကျောက်မြောင်း၊ အောင်မင်္ဂလာလမ်းက စာရေးဆရာသမဂ္ဂ ရုံးကိုသွားတယ်။ စာရေးဆရာမဂ္ဂဇင်း အတွက် ကဗျာသရုပ်ဖေါ်ပုံကလေးတွေ ဆွဲပြီးသလောက်သွားပို့ ဖို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကလည်း ပြီးကာစ ၊ NLD ကလည်း အပြတ်အသတ် နိုင်ပြီးကာစ မို့ ကျနော်စိတ်တွေ ပေါ့ပါး လန်းဆန်းနေပါတယ်။

ရုံးခန်းထဲရောက်တော့ မျက်မှန်ထူထူ ခေါင်းဖြူဖြူနဲ့ ကိုနိုင်မြင့် တစ်ယောက် စားပွဲရှည်မှာထိုင်ရင်း ထုံးစံအတိုင်း စာမူတွေ တကုတ်ကုတ်ဖတ်နေတာကို တွေ့ရပါတယ်။ ခပ်လှမ်းလှမ်း ကြမ်းပြင်ပေါ်မှာတော့ ဖျာတစ်ချပ်၊ ခေါင်းအုံးတစ်လုံး၊ စာအုပ်တစ်နဲ့ ကိုခင်မောင်ဇော် တွေ့ရပါတယ်။ ခပ်လှမ်းလှမ်းမှာ ဆရာထက်မြက်က ကွန်ပြူတာစာစီသူနဲ့ စာမူတွေအကြောင်းပြောလို့။

ကျနော်မမျှော်လင့်ပဲ တွေ့လိုက်တဲ့ သူကတော့ ကိုမြင့်နောင်ပါ။  နိုင်ကျဉ်းဟောင်းတစ်ယောက်ဖြစ်ပါတယ်။ သူက မန္တလေးက မနေ့တစ်နေ့ကမှ ရောက်လာတဲ့သူပါ။ သူ့ကို အားရ၀မ်းသာ နူတ်ဆက်ပြီး သာကြောင်းမာကြောင်း ပြောရင်း လက်ရှိ ရွေးကောက်ပွဲ အလွန် ကာလကလေး ကိုအကြောင်းပြုပြီး ‘တို့’ ကြည့်လိုက်ပါတယ်။

 'အခြေအနေက ကျနော်တို့မျှော်လင့်တာထက်ပိုကောင်းနေတယ်နော်’

သူက မဆိုင်းမတွပါပဲ။

‘ရွေးကောက်ပွဲ မတိုင်ခင်တုန်းကထိတော့ ဒေါ်စု ဒီလောက်မဲရလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူး၊ ကျနော်ကျင်လည်ခဲ့တဲ့ အသိုင်းအ၀ိုင်းကလည်း ဒေါ်စုကို ဒီလောက် ရလဒ်ကောင်း ရလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူး။ နောက်ဆုံးရလဒ်က တော့ ဒေါ်စုကို  နိုင်ငံရေးသမားတွေ ယုံကြည်တာထက် ပြည်သူတွေက ပိုယုံကြည်တယ်ဆိုတာ အထင်အရှား ပြလိုက်တာပဲ။ ဒေါ်စုကလည်း ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ယုံယုံကြည်ကြည်နဲ့ အကောင်းဆုံးတုန့်ပြန်လိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်’

‘ဘာကြောင့် ခုလို အဖွဲ့ချုပ်က အပြတ်အသတ်နိုင်ရတာလဲ’

ကျနော်ကမေးကြည့်တော့၊ သူက ...

‘ပြည်သူတွေက အစိုးရဟောင်းအပေါ် နာကျည်းခံပြင်းချက်တွေ ကြောင့် လို့ကျနော်ထင်တယ်။ အစိုးရသက်တမ်းတလျှောက် အများအားဖြင် လူထုဆန္ဒနဲ့ ဆန့်ကျင်ပြီးလုပ်ခဲ့တာ များတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် စစ်အစိုးရလွှမ်းမိုးတဲ့အစိုးရကို အယုံအကြည်မရှိတာပါပဲ။

လူထုက အရပ်သားလွှမ်းမိုးတဲ့ အစိုးရကို ရစေချင်လို့ ၊ အရပ်သားဦးဆောင်တဲ့ ဒီမိုကရတစ် ပြုပြင်ပြောင်းလဲရေး ဖြစ်စေချင်လို့ အရပ်ဖက်က လူထူခေါင်းဆောင်ကို ပုံပြီး အားပေးလိုက်ကြတာလို့ကျနော်မြင်တယ်’

ဒါက လက်ရှိအခြေအချိန်မှာ သူမြင်တဲ့ အမြင်ပါ။

ရွေးကောက်ပွဲမတိုင်ခင်တုန်းကဆို အဖွဲချုပ်ဟာ စစ်အစိုးရနဲ့ ညွန့်ပေါင်းဖွဲ ရလိမ့်မယ်လို့သာ ခန့်မှန်းရဲကြတာ့ပါ။ အရေးထဲ မဲစာရင်းတွေက အမှားမှားအယွင်းယွင်း၊ သဘာဝဘေးဒါဏ်ကလည်း အလူးလူးအလိမ့်လိမ့်၊ အထက်ကချပေးတဲ့ ကိုယ်စားလှယ်ကို အောက်ခြေက ခါးခါးသီးသီး၊ အောက်ခြေက မျှော်လင့်တဲ့ ကိုယ်စားလှယ်ကို အထက်က အင်တင်တင် မို့ အခုလို ခန်းမှန်းခဲ့ကြတာဖြစ်ပါလိမ့်မယ်။

အထူးသဖြင့် နိုင်ငံရေး မိုးလေ၀သ ပညာရှင်တွေကလည်း နိုင်ငံရေးကို ချဲထီ တွက်သလို တွက်ကာ အတိတ်စိမ်း တွေ အမျိုးမျိုးပေးခဲ့ကြတာတွေလည်းရှိနေ။

ခုတော့ ဒါတွေ ဟာ တက်တက်စင်မှားသူကမှား ၊ ပွတ်ကာသီခါ လွဲသူကလွဲလို့။

ခု အဖွဲချုပ်က အပြတ်အသတ်နိုင်လိုက်ပါပြီ။

လက်ညိုး ကွေးပြရင်း ချိန်းခြောက်သူတွေ၊

လက်ညိုး ထိုး အမိန့်ပေးသူတွေ

လက်ညိုးမိုးပေါ်ထောင်ပြီး ကိုယ်လွတ်ရုံးသူတွေကို

လူထုက မှင်စွန်းတဲ့ လက်သန်းကလေးတွေ တပြပြနဲ့  အနိုင်ယူလိုက်ပါပြီ။

 ကျနော်တို့ စကားဝိုင်းထဲကို ၀င်လာတဲ့ ဆရာထက်မြက်ကလည်း ခုလိုပြောပါတယ်။

"အခုလို NLD အနိုင်ရတာဟာ NLD ကို အားကိုးလွန်းလို့ ဆိုတာထက် စစ်အာဏာရှင်ကိုဖြိုချချင်လွန်းလို့ လူထုက အနိုင်ပေးလိုက်တာပါ။  NLD က တိုင်းပြည်ဖွံဖြိုးတိုးတက်ဖို့ အတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ လိုတယ်။  စစ်အာဏာရှင်လို လုပ်လာရင်တော့ ပြည်သူ့တံတွေးခွက်ထဲမှာ မျောသွားလိမ့်မယ်။

ဆရာ့ မျက်လုံးမှာ စိုးရိမ်စိတ် တွေကို လှမ်းမြင်လိုက်ရပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည့်ဟာ NLD ပါတီဝင်တွေကို အမတ်ရောဂါ မထဖို့ အကြိမ်ကြိမ် သတိပေးခဲ့ ရသလို၊ အနိုင်ရပြီးပြန်တော့လဲ ၀န်ကြီးရောဂါ တက်မနေဖို့ အခါခါ ပြောနေတာကို ကျနော်သတိပြုမိပါတယ်။ တကယ်တော့ လူထုဟာ သူတို့ မဲထည့်တဲ့ ကိုယ်စားလှယ်ထက် ဒေါ်စုနဲ့ ခွပ်ဒေါင်းကြယ်ဖြူကိုသာ ပိုမိုရင်းနှီးယုံကြည်တာ  ကျနော်တို့ ကောင်းကောင်းသတိပြုမိကြပါတယ်။ ဒီထက်ပိုပြီး နက်နက်ရိုင်းရိုင်း တွေးမိတာက လူထုဟာ နေ့စဉ်နဲ့အမျှခံစားနေရတဲ့ လူမှုဒုက္ခ အပေါင်းက လွတ်မြောက်လိုတဲ့ ခံစားမှုတွေမြင့်တက် နေလို့ NLD ကို ခုလို မဲပေးလိုက်တာလို့ ထင်ပါတယ်။

တုံးလုံးလှဲရင်းစာဖတ်နေတဲ့ ကိုခင်မောင်ဇော်ကလည်း

"၈၈ လူထုတိုက်ပွဲက ဒေါ်အောင်ဆန်းစုကြည်ကို မွေးပေးလိုက်တာပါ။ အားကိုရှာနေတဲ့ ပြည်သူတွေဟာ သူ့ကို ၀မ်းပမ်းသသာကြိုဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေကို စည်းရုံးနေတယ် ဆိုတာထက် ပြည်သူတွေက သူ့ကို စည်းရုံးသွားတာ ပါ။

သူရဲ့တိုက်ပွဲ နည်းဗျူဟာတွေဟာက ပထမတော့ ကျနော်တို့နဲ့ စိမ်းတယ်၊ ဗိုလ်ကလေး အဖြစ်အပျက်မှာ သူဟာ ပြည်သူတွေအတွက် အသေခံရဲတယ်ဆိုတာ ကျနော်တို့သိလိုက်တယ်။ နောက်ပိုင်း နည်းအမျိုးမျိုးနဲ့စစ်အစိုးရကိုသူရင်ဆိုင်တယ် မှားတာရှိတယ်၊ မှန်တာရှိမယ်။ ဒါပေမယ့် ပြည်သူအတွက် သူသေတဲ့ အထိ လုပ်သွားမယ်ဆိုတာ ကျနော်တွေ့ရတယ်။ 

၂၀၁၅ မှာ ပြည်သူတွေဟာ သီးခံနိုင်စွမ်းမရှိတော့ဘူး၊ အုပ်ချုပ်တဲ့ သူကလည်း ဆက်ပြီး အုပ်ချုပ်နိုင်စွမ်းမရှိတော့ဘူး၊  အဲဒီမှာ အပြောင်းအလဲတခု ဖြစ်လာတာပါ။ စစ်အာဏာရှင်အောက်က ငြိမ်းချမ်းစွာ ကူးပြောင်းတာကတော့ ကျနော်အလေးထားတယ်။

ကျနော်ရောက်ခဲ့တဲ့ ပေါင်းတည်မှာ ရွေးကောက်ပွဲနေ့ကဆိုရင် ကောက်ရိပ်တဲ့သူက ကောက်မရိပ်တော့ဘူး မဲသွားထည့်ကြတယ်။ ရွေးကောက်ပွဲပြီးလို့ အပြတ်အသတ်နိုင်တဲ့ အခါ ဒေါ်စုက ငြိမ်ငြိမ်နေပါ ဆိုတော့လည်း ငြိမ်ငြိမ်နေတယ်။ ကျနော်တို့ပြည်သူတွေကို ကမ္ဘာက မချီးကျူးပဲ မနေနိုင်ပါဘူး။ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ဟာ ဘယ်လောက်ကြီးမြတ်တယ် ဆိုတာပြလိုက်တာပါ။"

ဟုတ်ပါတယ်။ လူထုဟာ ဒေါ်စုက ငြိမ်ငြိမ်ကလေးနေဆို နေလိုက်ကြပါတယ်။

"မေမေနိုင်လို့ သောက် မယ် ၊ မေမေနိုင်လို့ သောက်မယ် ..."  ဆိုပြီး ဖုန်းတဂွမ်ဂွမ် နဲ့ အောင်ပွဲခံဖို့ ပြင်ဆင်နေကြတဲ့ ကျနော်တို့ရဲ့ 'နယ်စည်းမခြားအရက်သမားအဖွဲ့"၀င်တွေတောင် ငြိမ်သွားပါတယ်။ အရက် အစားထိုး ရေသန့်ကိုပဲ အားပေးလိုက်ကြရတာပါ။

ရွေးကောက်ပွဲပြီး သုံးလ ဟာ သိမ်မွေ့သလောက်ခက်ခဲကြမ်းတမ်းတဲ့ အချိန်ဆိုတာ ကျနော်တို့ သတိထားမိလိုက်ကြပါတယ်။

ကျနော်တို့ DVB ရုပ်သံဋ္ဌာန Debate အစီအစဉ်က ကိုမျိုးသာထက်၊ ကိုအောင်စိုးထိုက်၊ ကိုကျော်ကျော် တို့နဲ့ လက်ဖက်ရည်ဆိုင်မှာ အလာပ သလာပ ပြောရင်း ညွန့်ပေါင်းအစိုးရ  အကြောင်း ရောက်သွားပါတယ်။

အဖွဲ့ချုပ်က အခုလိုအပြတ်အသတ်နိုင်သွားတဲ့ အတွက် အတိုက်အခံဖက်က အားနည်းမသွားဘူးလား။

လူထုထောက်ခံမဲမပါပဲ စစ်တပ်က လွတ်တော်မှာ ၂၅ ရာခိုင်နူံးနေရာကို ရယူထားတဲ့ အတွက် အလိုလို နေရာ ရနေတာကြောင့် ညွန့်ပေါင်းအစိုးရအသွင် ဖြစ်မနေဘူးလား။

၂၀၀၈ ဖွဲစည်းပုံအရ စစ်တပ်ဟာ အစိုးရနဲ့ လွတ်တော်ရဲ့ အပေါ်မှာ ရှိနေတယ်လို့ယူဆလို့ရမလား။

စတဲ့ စတဲ့ မေးခွန်းတွေကို ကျနော်တို့စကားဝိုင်းမှာ ပြောဖြစ်ကြပါတယ်။

ကျနော်တို့ ဟာ တခါတခါ ဒင်္ဂါးတချပ်ရဲ့ ခေါင်းနဲ့ပန်း အနေအထားမျိုးနဲ့ ချည်းကပ်မိသလို၊ တခါတခါ စက်လုံးတခုကို ကြည့်သလိုမျိုး ဖက်ပေါင်းစုံက တွေးမိ၊ပြောမိကြပါတယ်။

တကယ်တော့ ဒီလိုအချိန်မှာ စိတ်ဝင်တစား လူပ်ရှားရမယ့်သူတွေက အနိုင်ရ လွတ်တော်ကိုယ်စားလှယ်တွေ မဟုတ်ဘူးလား။

ဘာဖြစ်လို့များ ကျနော်တို့ အခုလိုပြောမိနေကြပါလိမ့်။ စိတ်ဝင်စားမိနေကြပါလိမ့်။

တကယ်တော့ ကျနော်တို့ဟာ အမှောင်ဆုံးကာလတွေကို နာကျင်မှုတွေနဲ့ ဖြတ်သန်းခဲ့ရလို့ထင်ပါရဲ့။

သားကြီးမောင်ဇေယျ (၂၀-၁၁-၂၀၁၅)

စောဝေ - ရင်ခုန်သံသစ် နိုဝင်ဘာရှစ်

$
0
0

စောဝေ - ရင်ခုန်သံသစ် နိုဝင်ဘာရှစ်
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၅

    “စစ်အာဏာရှင်တွေက နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေးအဖွဲ့တွေကို ခေါင်းချိုးလို့ရမယ်၊ ပြည်သူကိုတော့ ဘယ်တော့မှ ခေါင်းချိုးလို့မရဘူး” (ရဲဘော်ဖိုးသံချောင်း)

   ၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်ခွင့် ကြေညာသည့်နေ့မှာပင် ကျွန်တော့်ဖေ့ဘွတ်မှာ “NLD”  အောင်နိုင်ရေးအတွက် မည်သည့်နေရာဒေသကမဆို ဟောပြောရွတ်ဆိုပေးဖို့ ဖိတ်ခေါ်ပါက မိမိစရိတ်ဖြင့် မိမိ ဝိုင်းရံပေးပါမည်” ဟု ရေးတင်လိုက်ဖြစ်သည်။ ထိုမှစ၍  တိုင်းနဲ့ပြည်နယ်၊ မြို့ရွာအနှံ့၊ ပန်းရဲ့လမ်းဖြင့်၎င်း၊ အဖြူရောင်သက်တံဖြင့်၎င်း၊ စာပေဂီတ ရုပ်ရှင်ပေါင်းစု၍ ၄င်း၊ သွားရောက်ဟောပြောရ၊ ရွတ်ဖတ်ရဖြင့် လှည့်လည်သွားလာနေရတော့သည်။

    ကိုယ်သိထားသော ဒီမိုကရေစီကျင့်စဉ်များ၊ သဘောတရားများ၊ စည်းကမ်း၊ စာနာနားလည်မှု၊ လှုံ့ဆော်မှု စသည်များကို ဒေသနှင်၎င်း၊ အတူတွဲပါလာသော လူများကို၎င်း ကြည့်၍ ဟောတန်ဟော၊ ပြောတန်ပြော၊ ရွတ်တန်တာရွတ်၊ ဆိုသင့်တဲ့အခါ တောင်းဆိုတဲ့အခါ ထူးအိမ်သင်ရေးဆိုတဲ့ သွေးသစ္စာ၊ သူ့ရဲ့ ညီ ဒီမွန်ရေးတဲ့ အောင်ဆန်းစိတ်ဓာတ် စသည်ဖြင့်ဆိုရသည်။ ပန်မြန်မာနဲ့ ရသအစုန်အဆန်ပွဲမှာပင် အောင်နိုင်ရေးပုံစံမျိုး ရသနဲ့ နိုင်ငံရေးပေါင်း လုပ်ပေးဖြစ်သည်။  “မိစ္ဆာတွေမောင်းထုတ်” လို ကဗျာမျိုးကို ပရိသတ်နဲ့ အတူတွဲရွတ်သည့်ပုံစံ။

လူပရိသတ်ထောင်သောင်းမကပါ။ ထိုပရိသတ်အားလုံးကို စင်ပေါ်မှ “ဒီမိုကရေစီဆိုတာ ကိုယ့်တာဝန်ကိုယ် ပြည့်ပြည့်ဝဝ သတ္တိရှိရှိယူရဲရတာ။ ဒါကြောင့် ကိုယ့်အမှိုက် သူများအမှိုက်လေးတွေ သိမ်းသွားကြပါလို့” ကျွန်တော်ကပြောရင် ခလေး၊ လူကြီး၊ သီလရှင်၊ သံဃာတွေကပါ လုပ်ဆောင်ကြတာ တွေ့ရသဖြင့် လူထုကြီးရဲ့ ပါဝင်မှုအားက ကြက်သီးထစရာ။


    နိုဝင်ဘာငါးမှာ သန်လျှင်လူထုက ငါးသောင်းဝန်းကျင်လို့ ခန့်မှန်းကြတယ်။ မိစ္ဆာတွေမောင်းထုတ်ကဗျာ ဆုံးအောင်မရွတ်နိုင်တော့။ အသံက လုံးဝမထွက်တော့။ သုံးလေးပိုဒ်ချန်ပြီး ရွတ်ခဲ့ရသည်။ မိစ္ဆာတွေမောင်းထုတ်ဖို့ NLD ကို မဲပေးစို့ဆိုတော့ အောက်ပရိသတ်ကြီး သန်လျင်တစ်မြို့လုံး သိမ့်သိမ့်တုန်အောင် အော်ရွတ်ကြတော့သည်။ ဆေးစား အသံပြန်ထွက်အောင် နားရင်း နိုဝင်ဘာရှစ်ကို စောင့်ရသည်။

 နိုဝင်ဘာခုနှစ်ရက်ညမှာပင် လူက ဂနာမငြိမ်၊ ရင်အစုံကလည်း လှုပ်ခုန်လို့။ ပထမဆုံး မဂ္ဂဇင်းတိုက်ကို စာမူပို့တဲ့ ရင်ခုန်မှုမျိုးလို ခပ်ဆင်ဆင်။ အယ်ဒီတာက ရွေးမလား၊ ပယ်မလား စသည်ဖြင့်။ ထပ်တူကြီးတော့လည်း အရွယ်အရ မဟုတ်ပြန်၊ ရင်တော့ခုန်နေတာ အမှန်ပင်။ ရင်ခုန်သံအသစ်ပေါ့။

    နိုဝင်ဘာရှစ် မနက် (၅) နာရီမှာ နိုးသည်။ မိသားစုအားလုံးလည်း မနှိုးရဘဲ နိုးနေကြသည်။ ဇနီးနဲ့ သမီးက လမ်းမလျှောက်တော့ဘူး၊ မဲရုံမှာ သွားတန်းစီမယ်ဆိုပြီး ငါးခွဲမှာ ထွက်သွားကြသည်။ ကိုယ်၌က ရပ်ကွက်ထဲကို ဖြတ်ပြီး လမ်းလျှောက်မည်၊ တွေ့သည့်လူကို ဗျူးချင်သေးသည်။ ဘာလို့ဆို ကျွန်တော်နေထိုင်သော ဗဟန်းမြို့ရဲ့ ရွှေဂုံတိုင်လမ်းဆိုတာက နိုင်ငံရဲ့အချမ်းသာဆုံးနဲ့ အဆင်းရဲဆုံးတွေ စုနေတဲ့ရပ်ကွက်များ၊ နှစ်ရှည်ကျူးကျော်တွေ ရှိသလို။ ခြောက်ထပ်ကြီးဘုရား၊ ငါးထပ်ကြီးဘုရား၊ ဝန်းကျင်မှ ဘုန်းကြီးကျောင်းတိုင်မှာ လူဆယ်ယောက်မှ သုံးဆယ်လောက်ထိ ကပ်နေသူများ။ ဒါကြောင့် သူတို့ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုရေချိန်ကို ကျွန်တော်သိလိုသဖြင့် အိမ်မှ လမ်းလျှောက်ထွက်လိုက်သည်။

    ရာသီဥတုက သာသာယာယာပင်။ ငါးထပ်ကြီးဘုရားလမ်းထဲဝင်တော့ ကျေးငှက်သံများက စိုစီတွန်ကြူး၊ အကြော်ကြော်နေတဲ့ အဝေးသင်တက္ကသိုလ်တတ်နေဆဲ မိန်းခလေးကိုမေးတော့ “သမီး အကြော်ကုန်ရင် မဲသွားပေးမှာ” တဲ့။ ဆက်သွားတော့ ကွမ်းယာဆိုင်က လူကို အဒေါ်ကြီးတစ်ယောက်က “ ငါ့ယောက်ျားဆုံးတာ၊ ငါ့မှာမှတ်ပုံတင်မရှိတော့၊ ငါအခုမဲပေးချင်လို့ နင်ငါ့ကို ကူညီပါလား၊ ဧည့်စာရင်းရှိတယ်နော် နော် ... ” လို့ အကျယ်ကြီးအော်ပြောနေတာကြားရ။

 ရှေ့ဆက်သွားတော့ ဗိုလ်ချုပ်အောင်ဆန်းနေခဲ့တဲ့ ဗိုလ်ချုပ်ပြတိုက်ရှေ့မှာ မြန်မာဆန်ဆန် ဝတ်ထားတဲ့ လူငယ်သုံးဆယ်ခန့်။ ဘယ်သွားမှာလည်း ပေးလိုက်တော့ “မဲသွားထည့်မှာ၊ စိုက်ပျိုးရေးဝန်ထမ်းတွေတဲ့” ကန်တော်ကြီးထဲရောက် စည်ပင်ဝန်ထမ်းတွေမေးလိုက်တော့ အိမ်သာစောင့်က “ဗိုလ်ကြီးက ထည့်ခိုင်းလို့ ကြိုတင်မဲထည့်လိုက်ပြီ လက်ရှိပေါ့ ခြင်္သေ့”။ တမြက်လှည်းနေတဲ့လူက အကျယ်ကြီး “ကျွန်တော်က ခွပ်ဒေါင်းထည့်တယ်ဗျာ၊ မကြောက်ဘူး”တဲ့။

ကန်တောကြီးကျွန်းထဲ လှည့်လျှောက်တော့ တရုတ်လေးငါးယောက်က ခရမ်းရောင်မှင်စွန်းနေတဲ့ ဘယ်လက်သန်းလေးတွေထောင်ပြီး “ကျွန်တော်တို့ တာဝန်ကျေခဲ့ပြီ”  ကျွန်တော်တို့ တာဝန်ကျေခဲ့ပြီ” တဲ့။

အိမ်ပြန်ရောက်တော့ ဇနီးနဲ့သမီးက မှင်စွန်းနေတဲ့ သူတို့လက်သန်းလေးတွေကို အမေစုပုံအလံနောက်ခံနဲ့ ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်ပေါ်တင်နေတာတွေ့ရ။ နာရီဝက်ကျော်ကျော် တန်းစီရတယ်တဲ့။

 ရေမိုးချိုးပြီး နံနက်စာမစားနိုင်ဘူး။ ရင်ခုန်စွာနဲ့ အရှေ့ရွှေဂုံတိုင်မဲရုံ (၂)ကို သွားလိုက်တော့ ရှေ့မှာ ခြောက်ယောက်တန်းစီပြီး လွတ်လပ်လုံခြုံစွာပဲ ဆန္ဒပြုခွင့်ရ။ ပြည်သူ့လွှတ်တော်၊ အမျိုးသား၊ တိုင်းဒေသကြီး၊ NLD ကိုပဲ မဲပေးခဲ့။ သာသာယာယာပါဘဲ။

    နံနက်စားရင်း ဖေစ်ဘွတ်ဖွင့်ကြည့်တော့ အားလုံးမှင်စွန်းထားတဲ့ လက်သန်းလေးတွေ တင်နေကြတာမြင်ရ။ ရင်ခုန်သံအသစ်က မရပ်နိုင်သေးတာနဲ့ ပန်မြန်မာရုံးခန်းကို ထွက်လာလိုက်တော့၊ မသီတာစမ်းချောင်း၊ ခင်အောင်အေး၊ အောင်ဇင်မင်း၊ ထားဥသုန်၊ ဇာခြည်၊ မြေမှုန်လွင်နဲ့ သူ့ဇနီး၊ ပြီးတော့ ရုရှားသူလေးတစ်ယောက်၊ ရွေးကောက်ပွဲရင်ခုန်မှုတွေ ဖလှယ်ကြ။ ထားဥသုန်က သူ့ဝတ္ထု ရုပ်ရှင်ရိုက်ဖို့ ရောင်းရလို့ ထမင်းကျွေး၊ ထိုင်စားကြပြီးတော့ သူများမဲပေးတဲ့ရုံ လိုက်ကြည့်ဦးမှဆိုပြီး မြေမှုန်လွင် မိန်းမ မဲပေးမယ့် မရမ်းကုန်းမြို့နယ်က မဲရုံလေးဆီရောက်တော့ (၃)နာရီထိုးခါနီးပြီ။

သာသာယာယာပါပဲ၊ တန်းမစီရဘဲ မဲပေးခွင့်ရသွားသည်။ ကျောင်းဝင်းအပြင်ထွက်တော့ လမ်းဘေးပလက်ဖောင်းမှာ မိုးကာခင်း၍ မိသားစုထိုင်နေတာတွေ့သည်။ မိုးအနည်းငယ်ရွာထားသဖြင့် အောက်က စိုစွတ်နေသည်။ ဂျိုင်းများ၊ ဓာတ်ဗူးများဖြင့် တွေ့သဖြင့် တာဝန်ကျနေတာလား လို့မေးတော့ “မဟုတ်ပါဘူး၊ မဲရုံပိတ်လို့ မဲရေရင်စောင့်ကြည့်ဖို့ မိသားစုလိုက်လာတာ” တဲ့။

ညဖေ့ဘွတ်ဖွင့်ကြည့်လိုက်တော့ သူတို့ရပ်ကွက်က သူတို့ထည့်ခဲ့တဲ့ရုံးရှေ့မှာ ဒီဇိုင်နာမြင့်မောင်ကျော်၊ ပန်းချီမမွေး၊ ညိုရင့်၊ မြသွေးနီ၊ အစရှိသဖြင့် ကျွန်တော့ဖရန့်များက စောင့်ကြည့်နေကြ။ ပြည်သူများရဲ့ ရွေးကောက်ပွဲမှာ ပါဝင်လိုမှုကတော့ သြချလောက်ပါရဲ့။ ရွှေဂုံတိုင်လမ်း၊ NLD ရုံးချုပ်ရှေ့မှာလည်း လမ်းအပြည့် ပြည်သူများ၊ မီဒီများ၊ စကိုင်းနက်မှ ထုတ်လွှင့်မှုကို ပရိုဂျက်တာဖြင့် ပြသကြေညာ။

    ည (၉)နာရီထိုးကျော်ကျော်မှာ ကျွန်တော်နေတဲ့ ရပ်ကွက်က မဲစာရင်း ကျွန်တော်ထံ ဝင်လာပါပြီ။ NLD က အပြတ်အသတ်နိုင်ပြီး ပြည်ခိုင်ဖြိုးရတဲ့မဲ အရေအတွက်က  အင်မတန် နည်းနေတာ တွေ့ရတော့ အံ့သြမိသည်။ သူတို့မြို့နယ်ရုံးက အိမ်ချင်းကပ်လျက် ပိုက်ဆံထုတ်ချေးတာတို့၊ ထောက်ခံပွဲတို့ဆိုရင် လာလိုက်ကြတာ၊ ကားမျိုးစုံနဲ့ ထောင်ဂဏန်း၊ သောင်းဂဏန်း။ သူတို့အဖွဲ့ဝင်တွေကကို သူတို့ကိုမဲမပေးဘူးဆိုတာ ပေါ်လွင်တာပေါ့။ အော် ဒါမှ မရှက်ကြရင် ရှက်တော့မှာမဟုတ်ပါဘူး၊ အရှုံးကို သတ္တိရှိရှိ လက်ခံလို့လှတဲ့ အလှတရားလောက် ချစ်စရာကောင်းတာ လူ့လောကမှာ မရှိဘူးလို့ ပြောပါရစေ။

    နိုဝင်ဘာ (၉)မှာ ရွေးကောက်ပွဲ တရားဝင်ကြေညာနေပါပြီ။ NLD ကဘဲ အပြတ်အသတ်နိုင်ပါတယ်။ အမေစုရဲ့စကားလိုဘဲ ပြည်သူလူထုကြီးက ပြည်ခိုင်ဖြိုးက မေးတာမှန်သမျှယူပြီး မဲပေးတော့ အမေစုကို မဲပေးလိုက်ကြလေသလား။ ပြည်သူပြည်သား၊ လူမျိုးဘာသာ အသားရောင်၊ အဆင့်အတန်း မခွဲခြားဘဲ ညီညွှတ်စွာ မိစ္ဆာတွေ မောင်းထုတ် ခဲ့လေသလား။

“ မိစ္ဆာတွေမောင်းထုတ်”

၁၉၈၈ ဒီမိုကရေစီမျှော်လင့်ချက်
ကိုင်စွဲခဲ့ ပြည်သူတွေကို
ကျည်ဆံမိုးတွေရွာဖြိုး
အညွှန့်တွေကျိုးခဲ့ရ နှစ်နှစ်ဆယ်ကျော်
မိစ္ဆာတွေ မောင်းထုတ်။

တိုင်းပြည်ကို စစ်ဇာတ်ခင်းလို့
လက်နက်၊ အာဏာနဲ့
ကိုယ်ကျိုးစီးပွားထူထောင်
ကမ္ဘာကကျဉ် တရုတ်ကခင်
ဘုရားသား၊ ကျောင်းသား
အရပ်သား၊ တိုင်းရင်းသား
ကောင်းတယ်ဆို ထောင်ထဲထည့်
မိစ္ဆာတွေ မောင်းထုတ်။

တစ်သက်လုံး လက်နက်ကိုင်
တစ်သက်လုံး စစ်တိုက်
တစ်သက်လုံး အခွင့်ထူးခံ
သူသိသူတတ် သူအာဏာရှင်
မရိုးနိုင်တဲ့ အကွက်ဆန်းတွေနဲ့
ပြည်သူကို နှာဖာကြိုးထိုးတဲ့
အသင်းကြီးကိုဖွဲ့
ဂွတ္တလစ်၊ ဒီပဲယင်း
၉၆-၂၀၀၇ ကျောင်းသား၊ သံဃာ
သွေးမြေကျအုပ်ချုပ်
မိစ္ဆာတွေ မောင်းထုတ်။

တိုင်းပြည်ရဲ့ အသွေးအသား
အရေးကြီးတဲ့ အခြေခံဥပဒေဆိုတာကို
အာဏာရစ်မူး စစ်ဘီလူးကြီးတွေက
နှစ်ပေါင်းများစွာရေးဆွဲ
အာဏာရူးကြီးကြိုက်ဖို့
လူတစ်ဦးကို ဖယ်ထုတ်
လူ့အသက်ပေါင်းသိန်းချီ
ကိုက်ချီသွားတဲ့ နာဂစ်ကျခါမှ
၂၀၀၈ ခြေဥတဲ့
အာဏာရှင်မိသားစုတွေရဲ့
အကျိုးစီးပွားကို ကာထားတဲ့
ခြံစည်းရိုးဥပဒေများ
မိစ္ဆာတွေ မောင်းထုတ်။

ဘယ်သူနဲ့မှမတူတဲ့ ဒီမိုကရေစီနဲ့
အင်္ကျီအရောင်ပြောင်း အာဏာကို
ဆရာက တပည့်ကိုပေး
တပည့်က သူ့တပည့်ကိုဆက်ပေး
လက်ပန်းတောင်း၊ သာယာဝတီ၊ မြို့တော်ခမ်းမ
လယ်သိမ်း၊ ယာသိမ်း၊ တောင်သိမ်း၊ တောသိမ်း
ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးအလှလေးနဲ့
တိုင်းရင်သားပြည်သူတွေရဲ့
သဘာဝအလှတရား
တောတွေပြောင်၊ တောင်တွေပြောင်
ရေကြီး၊ မိုးခေါင်၊ မီးလောင်
အကောင်းဆုံးရလာဒ်ကတော့
တကမ္ဘာလုံးက အော့နှလုံးနာတဲ့
ဘိန်းဖြူနဲ့ ရာဘဆေးပြားများ
မိစ္ဆာာတွေ မောင်းထုတ်။

အတိုင်းတိုင်းအပြည်ပြည်က
အမနာပပြောခံရ
ပြည်တွင်းပြည်ပ ခိုးဆိုးသတ် မုဒိမ်းတွေလွှတ်ပေး
နိုင်ငံရေးသမားတွေ ထောင်ထဲထည့်
နှစ်ပေါင်းရှည်ကြာ အုပ်ချုပ်နေတာ
ပြည်သူတွေသတ္တိနည်းလို့သာတဲ့
မိစ္ဆာတွေ မောင်းထုတ်။

ကမ္ဘာကြီးပေါ်က မိစ္ဆာတွေရဲ့
တို့ပြည်ကမိစ္ဆာဆရာကြီးတွေကို
အာဏာယစ်ပုလ္လင်က မောင်းထုတ်ဖို့
ဘုရားက တို့ရင်ထဲကို
မဲတပြားဖန်ဆင်းပေးခဲ့
ဘုရားက မေတ္တာတော် အနန္တနဲ့
မိစ္ဆာတွေ မောင်းထုတ်ဖို့
အမှန်တရားမဲတပြားပေးခဲ့
မိစ္ဆာာတွေ မောင်းထုတ်

မိစ္ဆာတွေ မောင်းထုတ်။




ဆောင်းယွန်းလ - "တိမ်ငေးသူ"

$
0
0

 ဆောင်းယွန်းလ -   "တိမ်ငေးသူ"
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၅

      ချိန်ထားတဲ့
      အချိန်တွေသာ ကုန်သွားခဲ့တယ်
      ပစ်ကွင်းနဲ့ ပစ်မှတ်
      တခါမှ မထပ်ခဲ့ကြဘူး...

      ဘ၀ဟာ
      တရက်ပြီး တရက်နဲ့
      တရွက်ပြီး တရွက်လှန်ခဲ့မိတဲ့
      စာသားမဲ့ စာတပုဒ်ကို
      ဗလာစာအုပ်ထဲက ဆွဲဆုတ်နေရခြင်းပဲ...

      မိုးနှောင်းမှ
      တောင်းမိတဲ့ မိုးဦးအတွက်
      ဆောင်း နွေရက်တွေမှာ
      ပစ်မှတ်ကို ပစ်ကွင်းထဲပြန်ရှာရဦးမှာပေါ့...

      ကိုယ်က
      သူ့ကို ဖြတ်သွားခဲ့ခြင်းလား
      သူက
      ကိုယ့်ကို ရပ်ထားခဲ့ခြင်းလား
      မသိခြင်းကို သိခြင်းထဲမှာ ပြန်ရှာမိနေရင်း..

      အချိန်တွေက
      တိမ်တွေနဲ့ တသားတည်း
      ကိုယ့်ကို ချန်ထားသွားရစ်ကြပြန်ပေါ့....။

(Photo credit - http://www.gdargaud.net/Photo/Clouds.html)

ဖိုးထက် - ယုံကြည်ချက် ကဗျာဆရာ

$
0
0

ဖိုးထက် - ယုံကြည်ချက် ကဗျာဆရာ
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၅

ယုံကြည်ချက် ပြင်းတဲ့ ဦးနှောက်က
ရင်ခုန်သံကို တဆတ်ဆတ်တုန်
နှလုံးသွေးကို မှင်ရည်လိုသုံး
ခင်ဗျားထားခဲ့တဲ့ အဲဒီကဗျာတွေလေ…

ရိုးသားမှု အရောင် ဖြူလွှလွှ
ယုံကြည်ချက်က မော်ကြည့်ရ
မရပ်မနားခပ်ခဲ့တဲ့ အတောင်ပံတစ်စုံ
အခုတော့လဲ ညောင်းရှာရောပေါ့…

(ကို) ကမာပုလဲရေ..
အပြန်မသိတဲ့ ခင်မင်မှု
ဘာကတိမှလဲ မရှိခဲ့ဘူး

ဒါပေမယ့်ဗျာ..
ခင်ဗျားတို့ ဖောက်ခဲ့တဲ့ ဒီခရီးကြမ်း
အဆုံးမှာလား၊ အစမှာလား
ခင်ဗျားလဲ မသိခဲ့ဘူး
ကျွန်တော်တို့လဲ မသိဘူး

နေပူမှာလား
ဖုန်ထမှာလား
ဆူးတောတွေ တွေ့အုံးမှာလား

ရဲရဲရင့်ရင့် စိုက်စိုက်မတ်မတ်
ဒီမိုကရေစီတော ခင်ဗျား ဇွတ်တိုးဝင်ခဲ့သလိုမျိုး
ကျွန်တော်တို့လဲ ၀င်တိုးမယ်။

မောင်မိုးသူ - မန်းတက္ကသိုလ်ရဲ့ နှင်းဆီကုန်းများ နှင့်မောင်မိုးသူ

$
0
0



မောင်မိုးသူ -  မန်းတက္ကသိုလ်ရဲ့ နှင်းဆီကုန်းများ နှင့်မောင်မိုးသူ
(မောင်မိုးသူ  မော်ဒန်သတင်းဂျာနယ်) မိုးမခ၊ နိုဝင်ဘာ၊ ၂၁၊  ၂၀၁၅


 ရန်ကုန်ရှိ မန္တလေးအသင်းတိုက်မှာ သက်ကြီးပူဇော်ပွဲ ပြုလုပ်ပါတယ်။မောင်မိုးသူလည်း ၇၉ နှစ်ရှိပြီမို့ တက်ရပါတယ်။ သက်ကြီးရွယ်အို ဘိုးများ ဘွားများကို အသင်းသူအသင်းသားများက လက်အုပ်ချီမိုးရှိခိုးကြပြီး လှူဖွယ်များပေးအပ် လှူဒါန်းကြပါတယ်။ သက်ကြီးများကိုယ်စား အသက်သိပ်မကြီးတဲ့ မောင်မိုးသူက ကျေးဇူးတင်စကား ၊ဆုတောင်းစကားပြောရပါတယ်။

    မောင်မိုးသူဟာ အသက် သိပ်မကြီးပေမဲ့ သည်ရန်ကုန်မှာ စတင်ဖွဲ့စည်းတဲ့ မန္တလေးအသင်း စတင်ဖွဲ့စည်းရာမှာ အမှုဆောင်အဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ မန္တလေးအသင်း အမှုဆောင် အဆက်ဆက်မှာ ကွယ်လွန်အနိစ္စရောက်ကုန်ကြတာလည်း များလှပေါ့။

    ကန်တော့ပွဲပြီးလို့ အသင်းက ကြာဆံဟင်းနဲ့ သီးသီးသုပ်ကျွေးဖို့ စီစဉ်ထားပါတယ်။ မန္တလေးအသင်းရဲ့ ကြာဆံဟင်းဟာ စားလို့ကောင်းမှန်း သိသလို သီးသီးသုပ်ဆိုတာလည်း မန္တလေးအသင်းက သာ မန္တလေးအနွယ်တွေမို့ မန္တလေးအစာ သီးသီးသုပ် လုပ်ကျွေးတာမို့ စားချင်ပေမဲ့ နောက်ပွဲ တပွဲရှိလေသေးတော့ သားငယ်နဲ့ မောင်မိုးသူ မစားမသောက်ဘဲ ပြန်ခဲ့ရပါတယ်။

 
  နောက်ပွဲတပွဲကတော့ ဂုဏ်ထူးဦးသိန်းနိုင်ရဲ့ အိမ်မှာ စုစည်း ညစာကျွေးမွေးတဲ့ပွဲပါ။ မောင်သိန်းနိုင်က ငယ်သူငယ်ချင်းတွေ ရသလောက်စုပြီး ဆုံကြရအောင်ပါတဲ့။ အဓိကကတော့ အမေရိကန်က တလ ပြန်လာတဲ့ မောင်စွမ်းရည်ခေါ် ငဝက် ကို အကြောင်းပြုပြီး ဖိတ်ကြားတာ ဖြစ်ပါတယ်။ မောင်သိန်းနိုင်က မောင်စွမ်းကိုလည်း သွားခေါ်တယ်။ ခင်မောင်ဝင်း(ဝင်းကြွယ်) ကိုလည်း သွားခေါ်တယ်။ ဇော်မြင့် (ဇော်ဇော်အောင်) ကိုလည်း သွားခေါ်ပါတယ်။ ဒါရိုက်တာဝင်းဖေကတော့ ကြွက်တက်နေလို့ မန္တလေးအသင်း သက်ကြီးပူဇော်ပွဲတောင် မလာပါဘူး။ ဒါပေမဲ့ မောင်သိန်းနိုင်က သည်မန်းတက္ကသိုလ်က သူငယ်ချင်းတွေ ဆုံကြဖို့ မလွယ်တော့ဘူး။ ဝင်းဖေကြိုက်တဲ့ ဝက်သားအိုးကြီးချက်လည်း ချက်ထားပါတယ်ဆိုတော့ ဒါရိုက်တာဝင်းဖေက ရောက်အောင်လာမယ်တဲ့။

မောင်မိုးသူနဲ့ စာပေသူငယ်ချင်းများ (ဓာတ်ပုံ - မိုးစံ၊ ကျေးဇူးပြုသူ - မိုးချိုသင်း)

    မောင်သိန်းနိုင်က ငယ်သူငယ်ချင်းတွေ ကားနဲ့ လိုက်ပတ်ခေါ်၊မောင်သိန်းနိုင်ရဲ့ ဇနီး ကြည်ကြည်တင်က ဘကြီးမိုး ဘာသောက်မှာလဲ၊ဘာဝယ်ထားရမှာလဲလို့ မေးပါတယ်။ မောင်မိုးသူလည်း ချီးဗတ်စ်ဖြစ်ဖြစ်၊ ဘလက် ဖြစ်ဖြစ်ပေါ့လေ၊ အလွယ်တကူပြောလိုက်တာကို ကြည်ကြည်တင်က ချီးဗတ်စ်ရော ဘလက်ပါ နှစ်လုံးဝယ်ထား ရှာပါတယ်။

    မောင်မိုးသူ နဲ့ သားငယ် ညီညီမိုးသူတို့  မောင်သိန်းနိုင်အိမ် ရောက်သွားတော့ မောင်သိန်းနိုင်က ပြန်ရောက်မလာသေး။ ကြည်ကြည်တင်ကလည်း ရေချိုးနေသတဲ့။ ဒါပေမဲ့ ဧည့်ခန်းမှာ မောင်မိုးသူတို့ထက် အရင်ရောက်နေတာက ဘဂျမ်း(တင်မိုး)သမီး မိုးစံ တို့ ဇနီးမောင်နှံ ဖြစ်ပါတယ်။ ခဏကြာတော့ ခင်မောင်ဝင်း(ဝင်းကြွယ်) ည ကား မမောင်းရဲလို့ တက္ကဆီနဲ့လာတာတဲ့။ သူရောက်လာတယ်။ ခဏကြာတော့ ဒါရိုက်တာဝင်းဖေ သူ့ကားနဲ့ သူရောက်လာတယ်။

သိပ်မကြာပါဘူး။ မောင်သိန်းနိုင်က မောင်စွမ်းရည်နဲ့ ဇော်ဇော်တို့ခေါ်ပြီး ရောက်လာတော့ လူစုံပြီပေါ့။  သည်ပွဲမှာ မောင်သိန်းနိုင်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ တင်မိုးမရှိတော့ပေမဲ့ တင်မိုးသမီး မိုးစံ လာနိုင်တယ်လေ။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ မောင်ပေါက်စည်နဲ့ကြည်အောင်ကိုလည်း အမှတ်ရစရာပဲပေါ့။ ရန်ကုန်မှာပဲရှိနေတဲ့ မောင်သာနိုးကတော့ လမ်းလျှောက်လို့ မဖြစ်နိုင်လို့ မလာဘူးတဲ့။

    သည်လို သည်လိုနဲ့ မောင်မိုးသူတို့ သူငယ်ချင်းတစု အရက်ဝိုင်း၊ ထမင်းဝိုင်းမှာ ထိုင်ကြ၊ဆုံကြပါတယ်။ မောင်သိန်းနိုင် နံဘေးမှာ ခင်မောင်ဝင်း(ဝင်းကြွယ်) ၊သူ့နံဘေးမှာ မောင်စွမ်းရည်(ငဝက်)၊ မောင်စွမ်းရည်နံဘေးမှာ တင်မိုးရဲ့သမက်၊ ပြီးတော့ ဒါရိုက်တာဝင်းဖေ၊ ဝင်းဖေ နံဘေးမှာ ဇော်မြင့်၊ ဇော်မြင့် နံဘေးမှာ မောင်မိုးသူပေါ့။ မောင်မိုးသူက လူလည်လေ။ နားမကြားတဲ့ ဇော်မြင့်နဲ့ ငဝက်ကြား မှာ မထိုင်မိဖို့ စကတည်းက နေရာယူပြီးသား။ သူတို့ နှစ်ယောက်အကြားမှာ ထိုင်ရင် ကိုယ်ကပဲ လော်စပီကာလို အော်အော် ပြောရတာ အဆင်မပြေဘူးလေ။

 ကြည်ကြည်တင် ချက်ပြုတ်ကျွေးတာတွေကတော့ စုံလို့ စုံလို့ပါပဲ။ ဝက်သားအိုးကြီး နှပ်လည်းပါရဲ့၊ငါးမြင်းငါးပိချက်နဲ့ သီးစုံချဉ်ရည်ဟင်းလည်းပါရဲ့၊ပုစွန်ကြော်၊ငါးကြော်တွေလည်း ပါရဲ့ ၊မြည်းဖို့ ချိစ်တို့ ၊ အာလူးကြော်တို့လည်းပါရဲ့ ။ ဒါပေမဲ့ ဇော်မြင့်က မသောက်နိုင်တော့ပါဘူး။ မောင်သိန်းနိုင်၊ခင်မောင်ဝင်း နဲ့ မောင်မိုးသူတို့က တခွက်စီပဲ သောက်နိုင်ကြပါတယ်။ ဝင်းဖေနှစ်ယောက် (မောင်စွမ်းရည်ကလည်း ဝင်းဖေပဲလေ) ဒါရိုက်တာ ဝင်းဖေတို့ကတော့ သုံးခွက်စီလောက် သောက်နိုင်ပါတယ်။ စကားဝိုင်းမှာ နားမကြားပေမဲ့ စကားအပြောဆုံးက ငဝက် မောင်စွမ်းပါပဲ။ အင်းလေ သူက အခုလို စကားပြောချင်လို့ မြန်မာပြည်တကူးတကပြန်လာရှာတာကိုး။ နောက်တယောက်ကတော့ ဒါရိုက်တာဝင်းဖေပဲခင်ဗျ။ ဝင်းဖေကတော့ စွယ်စုံလည်း ဖြစ်၊ အသိကလည်းကျယ်၊ အဖြစ်အပျက်တွေကလည်း ရှယ်မို့ သူပဲဝိုင်းထိန်းပြီး စကားပြောသွားပါတယ်။

အားလုံးစုပြီး ဓာတ်ပုံရိုက်ကြတော့ဒါရိုက်တာဝင်းဖေက ဒါမန္တလေးတက္ကသိုလ်ရဲ့ နှင်းဆီကုန်းတွေလို့ ပြောပါတယ်။ နှင်းဆီကုန်းဆိုတာ ဘိုးဘွားရိပ်သာပေါ့။ တကယ်လည်းသည်လူအုပ်ဟာ မန္တလေးတက္ကသိုလ်ရဲ့ ဘိုးဘွားတွေ ဖြစ်နေကြပြီပဲ။ အငယ်ဆုံးဖြစ်တဲ့ ငဝက်၊ဇော်မြင့် နဲ့ မောင်မိုးသူတောင် ၇၉ နှစ် ရှိပြီပဲ။ ကျန်တဲ့လူတွေက ၈၀ ၊ဒါရိုက်တာ ဝင်းဖေက ၈၁၊ နှင်းဆီကုန်းတွေလို့ ပြောလို့ရတာပေါ့နော်။


ဆရာတို့၏ အမှတ်တရ လက်ရေးများ၊ ဓာတ်ပုံ မိုးစံ၊ ကျေးဇူးပြုသူ မိုးချိုသင်း
    နောက်နေ့ကျတော့ ငဝက်(မောင်စွမ်း) က မောင်သာနိုးအိမ်ကို သွားချင်ပြန်သတဲ့။ ငဝက်က သွားချင်ပါတယ်ဆိုတော့ မောင်သိန်းနိုင်က လိုက်ပို့ရတာပေါ့။ မောင်သာနိုးက အိမ်က ကုလားထိုင်ကြီးပေါ်မှာ ရှပ်ကျယ် လက်ပြတ်နဲ့ ပုံ့ပုံ့ကြီးထိုင်နေပါတယ်။ နံဘေးမှ လေးချောင်းထောက် လမ်းလျှောက်တဲ့ပစ္စည်းနဲ့ ၊ အဲသည်မှာလည်း မောင်စွမ်းက စကားအပြောဆုံးပါပဲ။ မောင်သာနိုးက ပြုံးနေပြီး ဘာမှ မပြောပါ။ မောင်သိန်းနိုင်၊မောင်မိုးသူတို့က တခွန်းစ၊နှစ်ခွန်းစပဲပေါ့။

Photo - Yan Naung (Bo Ta Htaung)

    ဒါနဲ့လည်း မပြီးသေးဘူးခင်ဗျ။ နောက်နေ့ (၁၇ ရက်နေ့) ဟုမ်းမှာ မိုးမခ ရဲ့  မောင်စွမ်းရည်နဲ့ စာပေမိတ်ဆွေများ စကားဝိုင်း လုပ်ဖြစ်ပါသေးတယ်။ အဲသည်စကားဝိုင်းမှာ ထိပ်ခုံမှာ ထိုင်ကြသူများကတော့ ဇော်မြင့်(ဇော်ဇော်အောင်) ၊မောင်မိုးသူ၊ ခင်ဆွေဦး၊ မောင်စွမ်းရည်၊မောင်သိန်းနိုင် နဲ့ ဒါရိုက်တာဝင်းဖေတို့ပါပဲ။ သည်ခြောက်ယောက်စလုံးကလည်း မန်းတက္ကသိုလ် ကျောင်းသူ ကျောင်းသားဟောင်းများပါပဲ။ မိုးမခမဂ္ဂဇင်းရဲ့ နာယကက မောင်မိုးသူ နဲ့ မောင်စွမ်းရည်လေ။ နာယက နောက်တဦးက မာမာအေးပါ။ သူ ရန်ကုန်မှာရှိရင် ပါရဦးမှာပေါ့။
    ၂၀၁၅ နိုဝင်ဘာလဆန်းကတည်းက မောင်မိုးသူလည်း ရွေးကောက်ပွဲအကြောင်း၊ ရွေးကောက်ပွဲအလွန်တွေ
 ဆောင်းပါး ရေးနေရသူ ဖြစ်ပေမဲ့ ငဝက် ရန်ကုန်ပြန်လာသခိုက် ငယ်သူငယ်ချင်းများနဲ့ ဆုံစည်းကြရတဲ့အကြောင်း ဒါရိုက်တာဝင်းဖေ နာမည်ပေးထားသလို မန်းတက္ကသိုလ်ရဲ့ နှင်းဆီကုန်းများနှင့် မောင်မိုးသူ လို့ ရေးလိုက်ပါတယ်။ သည်လူတွေ နောက်တကြိမ် အခုလို တစုတဝေးတည်း တွေ့ကြဖို့ ဆုံကြဖို့ဆိုတာ ဖြစ်ကောင်းမှ ဖြစ်နိုင်တော့တာမို့ပါ။

(သူငယ်ချင်းများနှင့်အတူ ဆုံခဲ့ပျော်ခဲ့တဲ့)  မောင်မိုးသူ
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>