Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ကာတွန်း ဘီရုမာ - မေမေ နိုင်မှ ဖြစ်မှာပါ ...

$
0
0

ကာတွန်း ဘီရုမာ - မေမေ နိုင်မှ ဖြစ်မှာပါ ...
(မိုးမခပြန်လည်ဆန်းသစ်ခြင်း) နိုဝင်ဘာ ၂၁၊ ၂၀၁၅


ကာတွန်း မောင်ရစ် - မေမေနိုင်မှ ဖြစ်မှာပါ

$
0
0

ကာတွန်း မောင်ရစ် - မေမေနိုင်မှ ဖြစ်မှာပါ 
(မိုးမခ) နိုင်ဘာ ၂၂၊ ၂၀၁၅

အီကြာအော် - ဖွတ်ကလေး - ဆိုက္ကားနင်း ဖွန်ကြောင်ခြင်းနှင့် ခက်သေးရွာသား ဘသုံးလုံးများ

$
0
0
စောငိုကာတွန်း၊ ၂၀၁၁ တုန်းက

အီကြာအော် - ဖွတ်ကလေး - ဆိုက္ကားနင်း ဖွန်ကြောင်ခြင်းနှင့် ခက်သေးရွာသား ဘသုံးလုံးများ
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၅


ရွေးကောက်ပွဲကြီးအပြီးခက်သေးရွာတွင် ဆိုက္ကားသမားများကို အမေပုက ကိတ်မုန့်ဖြင့် ကျေးဇူးတင်ပြီးသကာလ ဆိုက္ကားနင်းသည်မှာ ခေတ်စားနေပေသည်။
ဘယ်ကငှားလာသည် မသိသော ဆိုက္ကားတစီးကို ယိုင်တိယိုင်တိုင်ဖြင့် နင်းလာသော ဖွတ်ကလေးက သူ့ဆရာ အီကြာအော်ကို အူယားဖားယားဖြင့် အပြေးလာပြီး သံတော်ဦးတင်လေသည်။

''ဆရာအော်ရေ 
အမေပုက သမတကြီးရဲ့ ခေါင်းပေါ်က နေမှာတဲ့''

''ဟေ့ကောင် ဖွတ်ကလေး….၊ မင်းဆိုက္ကား မနင်းတတ်ပဲ နင်းလာတယ်၊
 ပေါ်ပေါ်လုပ်ပြီး မာလက ဈာန်ကြွနေဦးမယ်၊
  မင်းပြောတာ သမတဂျီးက ထမိန်ခြုံသလို ဖြစ်နေတယ်ကွ၊ 
သမတဂျီးကို ခေါင်းဆောင်မယ် ပြောပါကွာ''

''အရာကြီးနဲ့ ဘာဘူကြီးက အတူတူပဲ မဟုတ်ဘူးလား ဆရာအော်ရဲ့''

အမေပုက ခက်သေးရွာ သမတဂျီးမလုပ်ရလျှင် သမတဂျီး၏ အထက်မှာနေပြီး ခက်သေးရွာကို အုပ်ချုပ်မည်ဟု ရှင်းရှင်းလင်းလင်း ပြောလိုက်သော စကားကြောင့် ဘပြောင်တို့ ရွာလူကြီးအားလုံး ငယ်ထိပ်ကို မြွေပွေးပေါက်သကဲ့သို့ ဖြစ်သွားရသည်။

ဤသို့ရွေးကောက်ပွဲတွင် ဖွတ်ပါတီ မရှုမလှ ရှုံးရခြင်းမှာ ကျောက်ဖရုံသီးကို ထဘီဖြင့်အုပ်၍ နာမ်နှိမ်ခြင်းကြောင့်ဖြစ်သည်ဟု ဘပြောင်တို့က ယုံကြည်နေပေသည်။ အမေပုကို သြဇာသီးလုပ်၍ ဇွန်ဇွန်ဇာဇာတို့ဖြင့် နာမ်နှိမ်သော်လည်း သြဇာကြီး၍သာလာရကား ဘပြောင်တို့ခမျာ လက်မှိုင်ချလိုက်ရလေသည်။

အမေပု သမတဂျီးလုပ်၍ မရရန် ရွာလူကြီးများ ကိုယ်လိုချင်သလို အတင်းဆွဲ၍ ကုတ်ကပ် ရေးဆွဲထားသော ခက်သေးရွာ၏ ခက်သေးဖွဲ့စည်းပုံအခြေခံဥပဒေရှိသည်။ဘယ်လောက်ခက်အောင်လုပ်ထားထား အမေပုလုပ်မှ ခက်သေးခြေဥလည်း ဥအချေခံရသကဲ့သို့ ဖြစ်ပြီး မြောင်းထဲရောက်ချေတော့မည်။

နိုင်ငံဂျားမှ ဂုရုကြီးများလည်း အမေပုကို ဝေဖန်ရေးအတွက် အခွင့်ကောင်းကို ချောင်းနေကြလေသည်။

''ငါ စိတ်အကုန်ဆုံး လူတွေကတော့ အမေပုကို ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား
ဟိုဟာမလုပ်ဘူး ဒီဟာမလုပ်ဘူးနဲ့ လေပဲပေါနေတဲ့ ဘ ၃ လုံးအဖွဲ့ဝင်တွေပဲကွ''

“''ဘဘဘ” အဖွဲ့ပေါ့နော် ဆရာအော်၊
ဒါဆိုရင် “မဘသ” အဖွဲ့နဲ့ သိပ်မကွာဘူးပေါ့၊
 ဒါနဲ့ “ဘဘဘ” ဆိုတာ ဘာလည်း ဆရာအော်၊
  ဆရာက “မယက” အဖွဲ့ဝင်ဆိုလား ပြောဘူးတယ် မဟုတ်လား''

''ဟေ့ကောင် ဖွတ်ကလေး..၊  မင်းပဲ ဘပြောင်တို့ ခက်သေးရွာလူကြီးတွေလို “မယက” အဖွဲ့ဝင် သွားလုပ်တော့၊ 
 ဘ ၃ လုံးဆိုတာ ''ဘေးထိုင် ဘုပြော ဘာမှမလုပ်” တဲ့ လောပေတွေကို ပြောတာပေါ့ကွ''

ခက်သေးရွာသားတချို့ကား ခက်သေးရွာသားများပြီပြီ မိမိကိုယ်ကို အထင်ကြီးတခွဲသားနှင့် အမေပုကို အကြောင်းရှာ ဝေဖန်နေသူ လောပေများပင် ဖြစ်ကြသည်။

''တချို့ ဘ ၃ လုံးအဖွဲ့ဝင်တွေက နိုင်ငံဂျားမှာရှိတယ်ကွ''

''ဟုတ်ပါ့ ဆရာအော်ရယ် တလောကတောင် အမေကြီးကားရွာကဆိုလား ဖွဘုတ်ပေါ်မှာ ဖွန်ကြောင်တဲ့ ဘ ၃လုံး ဘဲနာကြီးတကောင် တွေ့လိုက်သေးတယ်''

''ဘယ်က အမေကြီးကားလည်း အမေရိကားရွာ လုပ်ပါကွာ
ကြောင်တဲ့ကောင်ကတော့ ဘယ်ရွာရောက်ရောက်၊ နိုင်ငံဂျားရောက်ရောက် မရောက်ရောက် ကြောင်မှာပဲ ဖွတ်ကလေးရဲ့'၊ အင်္ဂါလန်ရွာမှာလည်း ကြောင်တဲ့ခက်သေးရွာသားတွေ ရှိနိုင်တာပဲ'

''ဒါနဲ့ မင်း... ဘယ်က ဆိုက္ကားကို မလာတာလည်း ဖွတ်ကလေး''

''အခုတလော ဆိုက္ကားနင်းတာ ကောင်မလေးတွေက သဘောကျတယ်ဆိုလို့ ကျုပ်ဆိုင်ကယ်နဲ့ ခန လဲထားတာလေ ဆရာအော်ရဲ့''

''မင်းကလည်းကွာ အရေးထဲမှ ဆိုက္ကားနင်းပြီး ဖွန်ကြောင်ချင်နေပြန်ပြီ''

''ပြီးတော့ ဆိုက္ကားနင်းရင် သူဋ္ဌေးဖြစ်နိုင်တယ် လို့ ဧရာဝတီရပ်ကွက်လူကြီး ဦးသိမ်းကြောင်က ပြောတယ်လေ ဆရာအော်ရဲ့ ''

''မင်းကလည်းကွာ...၊ 
 တို့ခက်သေးရွာက လူကြီးတွေစကားများ မင်းမို့လို့ ယုံတယ်၊
 သူလည်း အခု အမတ်လူထွက်ဘဝနဲ့ ဆိုက္ကား နင်းမနင်း မင်း သွားကြည့်ပါလား''

ထိုစဉ်အခါတွင် မီးဖိုချောင်မှ ဒေါ်အွန်မေးတယောက် ထွက်လာပြီး
''ကိုအော်ရေ အတော်ပဲ၊
 ဖွတ်ကလေး ဆိုက္ကားရှိတုန်း ကိုခိုနီ့ဆိုင်က အကြွေးဝယ်ထားတဲ့ ဆန်အိတ်တွေ တခါတည်း သွားသယ်လိုက်ပါလား''

''ဆရာအော်က ဆိုက္ကား နင်းတတ်လား ဆရာမ''

''မင်းဆရာ ငယ်ငယ်က ငါ့ကိုလာပိုးတုန်းက သူက သူနေတဲ့ အဆောင်က ဆိုက္ကားငှားပြီး နင်းလာတာလေ''

''ဟာ ဒါဆို တို့ဆရာအော်လည်း ငယ်ငယ်က ကျုပ်လိုပဲ ဆိုက္ကားနင်းပြီး ဖွန်ကြောင်ဘူးတာပေါ့''
ဖွတ်ကလေးက ဝမ်းသာအားရ အီကြာအော်နှင့် တန်းညှိလိုက်လေသည်။

''ဟေ့ကောင် ဖွတ်ကလေး
မင်းကကွာ လူကြီးကိုများ မရိုမသေနဲ့၊ ကဲ… ဆန်အိတ်သယ်ဖို့ မင်းပါ လိုက်ခဲ့''

ဤသို့ဆိုလျှင် ဆိုက္ကားဖြင့် ဖွန်မကြောင်ရပဲ လုပ်အားပေးဆန်သယ်ဖြစ်သွားသော ဆိုက္ကားဆရာ တဖြစ်လဲ ဖွတ်ကလေးသည် သူ့ဆရာ အီကြာအော်နှင့်အတူ ကိုခိုနီ့ဆူပါမားကက်သို့ စီးတော်ဆိုက္ကားဖြင့် တယိုင်ယိုင် ချီတက်ဖို့ ပြင်လေတော့သည်။  စိတ်ထဲမှလည်း ဆရာအော်က သူကပြောတော့ဖြင့် “မယက” အဖွဲ့ဝင် မဟုတ်ဘူး ဆိုပြီးတော့ဟု တွေးရင်းတွေးရင်းဖြင့် ဆိုက်က္ကားကို တွန်းကာ ထွက်သွားလေတော့သတည်း။       ။

သဗ္ဗေသတ္တာ ကမ္မသကာ
အီကြာအော်

အဆိုတော် စောဖိုးခွား ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ အောင်မြင်စွာပြီးစီးခဲ့

$
0
0
အဆိုတော် စောဖိုးခွား ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ အောင်မြင်စွာပြီးစီးခဲ့

ရန်နောင်(ဗိုလ်တထောင်)    မိုးမခ           နိုဝင်ဘာလ  ၂၁-  ၂၀၁၅






          ရက်ဂေး ဂီတ အဆိုတော် စောဖိုးခွားသည် `` ငြိမ်းချမ်းပါစေ မြန်မာပြည် ´´ ဟု အမည်ပေးထားသော တစ်ကိုယ်တော်ရှိုးပွဲ ဖျော်ဖြေမှုကို ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ပြည်သူ့ရင်ပြင်တွင် ယမန်နေ့ညက ကျင်းပပြုလုပ်ခဲ့သည်။



          အဆိုတော် စောဖိုးခွား ၏ ဖျော်ဖြေမှုတွင် ONE LOVE Band က ကူညီအားဖြည့်တီးခတ်ပေးသည်။ ကာတွန်းဆရာ လိုင်လုဏ်ကလည်း ကွန်ပျူတာဖြင့် ကာတွန်းရေးဆွဲရင်း စောဖိုးခွား၏  `` လူ=လူ  ´´ သီချင်းသီဆိုနေစဉ် အားဖြည့်ကူညီရေးဆွဲပေးခဲ့သည်။ ပန်းချီဆရာကိုသန်းဌေး နှင့် အဖွဲ့ကလည်း စောဖိုးခွားအား  ပုံတူအား စင်ပေါ်တွင် ရေးဆွဲ၍ ဂုဏ်ပြုခဲ့သည်။ သူတို့ အဖွဲ့ ပန်းချီရေးဆွဲနေချိန်တွင် ကဗျာဆရာမိုးတိမ်နေက ကဗျာရွတ်ဆိုခဲ့သည်။





          ငြိမ်းချမ်းပါစေ မြန်မာပြည် ပွဲအား အဆိုတော် စောဖိုးခွားသည်  ပထမပိုင်း နှင့် ဒုတိယပိုင်း နှစ်ပိုင်းခွဲ၍ ဖျော်ဖြေခဲ့သည်။  နှစ်ပိုင်းစလုံး စုစုပေါင်း သီချင်း (၂၃) ပုဒ်ကို ဖျော်ဖြေခဲ့သည်။







          စောဖိုးခွား၏ ဖျော်ဖြေပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး ကိုယ်တိုင် တက်ရောက်၍ ပထမပိုင်းပြီးဆုံးသည်အထိ အားပေးခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရထားသော လွှတ်တော်ကိုယ်စားလှယ်များအားလည်း တွေ့မြင်ခဲ့ရသေးသည်။







          စောဖိုးခွားသည် သူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို  မျက်မမြင်ကျောင်းများမှ ကျောင်းသား၊သူများ၊ မိဘမဲ့ကျောင်းမှ ကျောင်းသား၊သူများ ကိုလည်း အထူးဖိတ်ကြား၍ ကြည့်ရှုစေခဲ့သည်။
          လူမှန်ရင် မည်သူမဆို ဒီပွဲသို့ ပန်းခြံဝင်ကြေး အခမဲ့၊ ယာဉ်ဝင်ကြေး အခမဲ့၊ကွင်းဝင်ကြေး အခမဲ့ဖြင့် ဒီ ငြိမ်းချမ်းပါစေ မြန်မာပြည် ပွဲကြီးကို လာရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း ပွဲစီစဉ်သူ  Royal Zamani မှ ဦးကျော်ဝင်းမှ ပြောပြခဲ့သည်။
တေးသံရှင် သျှီ နှင့် သူ့ မိခင်

ဦးကျော်ဝင်း

           အဆိုတော် စောဖိုးခွား နှင့် တွေ့ဆုံခဲ့ရာတွင် `` ကျနော်ဒီည အစီအစဉ်ကို နှစ်ပိုင်းခွဲဆိုမယ်။ ပထမပိုင်းက တော့ ငြိမ်းချမ်းရေး သီချင်းတွေပေါ့၊အခု ဒုတိယပိုင်းမှာတော့ ရက်ဂေးသီချင်းတွေကို သီဆိုဖျော်ဖြေမှာပါ။ လူတွေ အခွင့်အရေး တန်းတူရရှိသင့်ပါတယ်။ လူ ဟာ လူလိုပဲမြင်ရင် အမုန်းတရားတွေ ရပ်သွားမှာပါ ´´ ဟုလည်း ပြောပြခဲ့သည်။
          အက်စတာဒွေး၊ အန်နီရှိုင်း တို့ကလည်း စောဖိုးခွား နှင့်တွဲဖက်၍ သီဆိုဖျော်ဖြေခဲ့သေးသည်။
          ပွဲလာကြည့်သောပရိသတ်များသည် သီချင်းများထဲတွင် စီးမျောကာ ငြိမ်းချမ်းစွာ ကခုန်နေကြသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
          နောက်ဆုံးပွဲသိမ်းကို အမုန်းများရပ် သီချင်းကို သီဆိုကာ ဖျော်ဖြေပွဲအား အောင်မြင်စွာရုတ်သိမ်းခဲ့သည်။






လောအယ်စိုး - လေနီရိုင်းကိုဆန်ကာ ပျံသည့်ငှက် (ဇာတ်သိမ်းပိုင်း)

$
0
0

လောအယ်စိုး - လေနီရိုင်းကိုဆန်ကာ ပျံသည့်ငှက် (ဇာတ်သိမ်းပိုင်း)
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၅

(၅)
(၂) နှစ်ကျော်ကျော်ကြာအောင် ချစ်သူဖြစ်သူ မလေးရှားမှ အမေရိကန်နိုင်ငံသို့ရောက်ရှိလာမည့် မဟာ့မဟာနေ့ရက်ကြီးကို မျှော်ရင်း ကိုမူထန်ကြီးတစ်ယောက်စားသောက်ဆိုင်တွင် မီးဖိုချောင်အကူ၊ ထိုမှတစ်ခါ ပေါင်မုန့်ဖုတ်သမားတစ်ဦးအဖြစ်၊ အ ချိန်တော်တော်များများပေးပြီး ငွေကိုအလုံးလိုက်ဝင်သည့် ဂျပန်စားသောက်စရာဆူရှီလိပ်ခြင်းဖြင့်တစ်မျိုး ဘဝ၏နေ့ရက်များ ကို ကျော်ဖြတ်သည်။

တစ်ကြိမ်တည်းဖြင့် လက်တွေ့ကားအမောင်းစာမေးပွဲကိုအောင်မြင်ကာ ဘာဖလိုမြို့တွင် ၂ စီးမြောက်ဖြစ်သည့် ဘဲခေါင်းစိမ်း ရောင်၂ဝဝ၂ ခုနှစ်ထုတ် ဖို့ကားကြီးတဝီဝီနှင့် ဖြစ်သွားခဲ့လေသည်။

သူ၏ဘဝကြီးသည် သံလွင်မြစ်ဘေးတစ်လျှောက် ပေါက်တတ်သော တောမြက်ရိုင်းပင်လေးတွေကဲ့သို့ တစိမ်းစိမ်းစိုပြီး နေ ရောင်ခြည်အထတွင် အားနှင့် မာန်နှင့် ရှင်သန်နေသည်။ လန်းဆန်းတက်ကြွနေသည်၊ လေးစားအားကျလောက်ပါသည့် ကိုမူထန်။

ချစ်သူလေးမလေးရှားမှဘာဖလိုမြို့နိုင်ငံတကာလေဆိပ်သို့ရောက်ရှိလာသည့်
ညနေခင်းတွင်မူထန်တစ်ယောက်စိတ်လှုပ်ရှားမှုအားကြီးကာနေမထိ၊ထိုင်မသာ
ဖြစ်နေသောခံစားမှုကြီးကိုချုပ်ထိန်းပြီးကျွန်တော်နှင့်အတူလေဆိပ်သို့ဆင်းကြသည်။
အားလုံးလည်းမုဒိတာပွားကြပါသည်။

ကြည်နူးစရာကောင်းလိုက်သည့်မြင်ကွင်း။ချစ်သူကလာကြိုသောလူပျိုကြီး
အဖြစ်မှမကြာမမြင့်သောကာလအတွင်းအိမ်ထောင်သည်ကြီးဘဝကိုကူးပြောင်းမည့်
ကိုမူထန်ကြီးတို့အတူတွဲ၍လေဆိပ်ကြိုကျွန်တော့်ရှေ့တွင်ပင်အနမ်းပန်းလေးတွေ
သုံးပွင့်လောက်ချွေလိုက်၏။ဘေးဘီကိုကြည့်ရင်းမူထန်ကြီးတစ်ယောက်၏မျက်နှာရဲရဲနီ
ကာချွေးတွေတောင်ပြန်သွားလေသလားမသိ။ဖုံး၍ဖိကာမရသည့်အဖြစ်ကတော့
အတိုင်းမသိသူပျော်ရွှင်နေ၏။ရင်ထဲကနှလုံးခုန်သံကြီးသည်အရွယ်ကောင်းတော
မြင်းရိုင်းကြီးတစ်ကောင်၏အပြေးနှုန်းခွာသံစဉ်လိုဂလုပ်-ဂရပ်-ဂလုပ်နှင့်။
မုဒိတာပွားပါ၏။ကြည်နူးမှုကိုဝေမျှခံစားပါ၏၊ချစ်သောကိုမူထန်။

ချစ်သူကလည်းကျွန်တော်တို့ဘာဖလိုမြို့တွင်နေထိုင်ပြီးမှဤမြို့ထက်သူ၏
သွေးရင်းကဲ့သို့ချစ်ခင်ရသည့်သူ့သူငယ်ချင်းရှိရာတက္ကဆက်ပြည်နယ်၊ဟူစတန်မြို့သို့
သိပ်မကြာမမြင့်သောကာလတစ်ခုတွင်ပြောင်းရွှေ့သွားသည်။
သူတို့နှစ်ဦး၏အနာဂတ်ချစ်ဗိမာန်ကြီးသည်ဟူစတန်မြို့မှာပင်အုတ်မြစ်ချ
တည်ဆောက်ရမည်ဖြစ်ကြောင်းမူထန်ကြီးကိုတိုင်ပင်၏။

အချစ်သည်သာအရာရာ၊အချစ်သည်သာအကျွန်ုပ်၏ဘဝကြီးပင်ဖြစ်သည်
ဟူသောဖီလော်ဆော်ဖီကိုခေါင်းရင်းတွင်မချိတ်ဆွဲရုံတမည်ဘဝနှင့်ရင်းပြီးခံယူထားသည့်
မူထန်ကြီးသည်ချစ်သူတက္ကဆက်ပြည်နယ်ရှိဟူစတန်မြို့သို့ထွက်ခွာသွားပြီးသိပ်မကြာ
သောလအနည်းငယ်အတွင်း'ဆံထုံးနောက်သျှောင်ပါ'ဆိုသည့်ဆောင်ပုဒ်အသစ်ကို
သူ၏ကားရှေ့မှန်ပြားကြီးပေါ်ပလတ်စတစ်အသား(စတစ်ကာ)မကပ်ရုံနှလုံးမူပြီး
ပိုင်ဆိုင်ထားသည့်ဖို့ဘဲခေါင်းစိမ်းလေးလေးဘီးစလုံးရုန်းသည့်ဖိုးဝှီးကြီးကိုမောင်းကာ
အချစ်နန်းတော်ကြီးဆီသို့ဦးတည်ကာထွက်ခွာဖို့ပြင်ဆင်လေပြီ။

ချစ်သောဘာဖလိုမှမိတ်ဆွေကြီးများ၊'တာ့တာ'ဆိုတာတောင်ယောင်၍
နှုတ်မဆက်နိုင်ရှာတော့။မပြန်လမ်းတော့သူ့အတွက်မဟုတ်ပါ။အချစ်ညွတ်ကွင်းကြီးထဲ
ရဲရဲခုန်ကာကိုမူထန်ကြီးတစ်ယောက်သက်ဆင်း၍သွားလေပြီကော။

'ဘုရားရှင်စောင်မပါစေကိုမူထန်'
'ကံကောင်းပါစေမူထန်ကြီး'ဟုဘာဖလိုမြို့မှရောင်းရင်း၊သွေးသောက်တွေက
ရင်မှတစ်မျိုး၊နှုတ်မှလျှံကာတမည်ဆန္ဒတွေပြုကြသည်။

ကားမောင်းလက်လှည့်ခွေ(စတီယာရင်)ကိုကျစ်ကျစ်ဆုပ်ကိုင်ထားရင်းမူထန်ကြီး
တစ်ယောက်အဝေးမှကောင်းကင်ပြာကိုငေးရင်း၊
'အို..အချစ်၊အသင်ရှိရာတက္ကဆက်ပြည်နယ်၊ဟူစတန်မြို့သို့ကျွန်ုပ်ဦးတည်
၍ခရီးစပြုပါပြီ'ဟုသူ၏ဝင်းပနေသောမျက်လုံးအစုံကကျွန်တော့်အားအသံပြင်းပြင်း
မာန်ဟုန်ဖြင့်ပြောနေသလို။

အချစ်သည်တံတိုင်း၊နံရံအတားအဆီးအလုံးစုံကိုဖောက်ထွင်းကာကျော်ဖြတ်မှု
ကိုပေးနိုင်စွမ်းသည့်လူသားတို့အတွက်ဆေး၊ခွန်အားအစွမ်းတစ်မျိုးဖြစ်သည်မဟုတ်
ပါလား။ဗိုလ်အောင်ဒင်ကြီးသည်ဒီခရီးစဉ်မှတော့နောက်ကြောင်းလှည့်၍ပြန်လာ
စရာလမ်းလည်းမမြင်တော့။

'ဟယ်လို'လို့ဆိုပြီးတစ်ဖက်မှကျွန်တော့်တယ်လီဖုန်းခေါ်ဆိုသူ၏နံပါတ်ကို
ကျွန်တော်ကောင်းစွာသိပါသည်။တက္ကဆက်ပြည်နယ်၊ဟူစတန်မြို့ကိုရောက်သွား
လေပြီဖြစ်သောကိုမူထန်ကြီးပင်။

'ဟေ့လူ..ကျုပ်ပါဗျ။ဗိုလ်အောင်ဒင်လေ..ဟားဟား'ဆိုပြီးချစ်သူ့
အနားဟူစတန်မြို့ကိုရောက်သည့်နေ့မှစပြီးသူသည်ဗိုလ်အောင်ဒင်ဝိညာဉ်ပူးကပ်သွား
လေပြီ။
'နေရာအသစ်ဆိုပေမယ့်သိလား၊ဒီမှာကအားလုံးဝိုင်းကူကြတယ်ဗျ။အသည်း
လေးလည်းမကြာခင်အလုပ်ရတော့မှာ။ကိုယ်လည်းနောက်(၂)ပတ်လောက်ဆိုလိုင်စင်
အမဲသားစက်ရုံမှာအလုပ်ရပြီကိုယ့်လူရေ။မင်္ဂလာစရိတ်အတွက်စုရဆောင်းရတော့မယ်
လေ'ဆိုပြီးတက်ကြွရွှင်လန်းနေသည့်အသံ။

'နေပါဦး၊ခင်ဗျားတို့နှစ်ယောက်အတူတူနေနေကြပြီလား'ဟုမေးမိလိုက်
သောအခါ...

'အား..ပေါက်ကရ၊တစ်သက်လုံးထိန်းလာတဲ့လူပျိုကြီးသိက္ခာနဲ့အသည်း
လေးရဲ့ဂုဏ်သိက္ခာ၊မျိုးရိုးဂုဏ်တွေကိုမင်္ဂလာပွဲပြီးတဲ့အထိထိန်းရမယ်သိလား။ကျုပ်
ကိုများအမေရိကန်ကိုရောက်သွားလို့ဒီကစရိုက်တွေဝင်သွားတယ်လို့များခင်ဗျား
ထင်နေသလား'

ဒေါသသံပါးပါးလေးနှင့်တစ်ဖက်မှသူ၏ချေပသံကိုငြိမ်ပြီးနားထောင်
နေရပေသည်။သွားမေးမိသည့်မိမိကိုယ်တိုင်ကအပြစ်ကြီးတစ်ခုကျူးလွန်လိုက်သလို
တောင်ခံစားမိလိုက်သည်။တကယ်ပါ။

'ဒီမှာ..အသည်းလေးရဲ့သူငယ်ချင်းလင်မယားအိမ်မှာနေတယ်။မင်္ဂလာမဆောင်ခင်အထိဒီအိမ်မှာပဲနေမှာ။
နီးလာမှအိမ်ငှားမယ်။အားလုံးမင်္ဂလာဆောင်ပြီးမှ
အတူတူနေကြမှာဗျာ။ဘယ့်နှယ်မဟုတ်မဟတ်တွေ၊ခင်ဗျားကပြောရတယ်လို့ဗျာ'ဆိုပြီး
ဒေါသကထွက်လိုက်သေးသည်။

'ဆောရီးပါ။ခင်ဗျားတို့ကိုစော်ကားမိသလိုဖြစ်သွားရင်ခွင့်လွှတ်ပါဗျာ'ဟု
နှိမ့်နှိမ့်ချချနှင့်ပြန်၍တောင်းပန်တာတောင်မှ..

'ခင်ဗျားဗျာ၊မူထန်ဖြတ်လာတဲ့သမိုင်းကိုပြန်ကြည့်ပါဦး။ရမ်းမပြောပါနဲ့။
အသည်းလေးကိုလည်းသူဖြတ်လာတဲ့အသိုင်းအဝိုင်းနဲ့မိဘမျိုးရိုးကိုနည်းနည်းလေး
စုံစမ်းပါဦးဗျာ။မူထန်ဗျ၊မူထန်။တစ်မူထန်ထဲရှိတယ်'

ခွင့်လွှတ်ဖို့အတန်တန်တောင်းပန်မှသူ့ခမျာဒေါသမီးလျှံတစ်ဝက်ငြိမ်းသွားပုံ
ရသည်။

'မအားရတဲ့ကြား၊ခင်ဗျားကိုတယ်လီဖုန်းခေါ်လိုက်တာမှအမင်္ဂလာဖြစ်ရတယ်ဗျာ'
ဆိုပြီးတယ်လီဖုန်းကိုချလိုက်သည်။

ခံပေါ့။ကျွန်တော်လည်းမိမိအပြစ်နှင့်ကိုး။ခွင့်လွှတ်ပါ၊ဗိုလ်အောင်ဒင်တစ်ဖြစ်လဲ
မူထန်ကြီးရယ်။
(၄)ရက်လောက်ကြာမှပုဂ္ဂိုလ်ကြီးဒေါသမာန်ငြိမ်းလုလုရှိနေသည့်အချိန်ကို
ရွေးပြီးတစ်ခါဖုန်းပြန်ဆက်ကြည့်မိသည်။

'အေးဗျာ..နောက်ဆိုရင်စကားကိုဆင်ခြင်ပြီးပြောပါ့မယ်ဗျာ'ဆိုတာကို
နှိမ့်ချပြီးနူးညံ့သိမ်မွေ့လှသောအသံအနေအထားဖြင့်တစ်လုံးချင်းပြောရသည်။

'အေး..ဒီမှာအနာဂတ်အတွက်ပြင်ဆင်နေတယ်။မင်္ဂလာပွဲစရိတ်တွေ
စုနေရတယ်ကိုယ့်လူရေ။ခင်ဗျားဘာနားလည်လို့လဲ။မင်္ဂလာတစ်ပွဲဆောင်တာ
လွယ်တာမှတ်လို့ဗျာ'

'ဟုတ်ကဲ့ပါ၊ဟုတ်ကဲ့ပါ'ဟူ၍သူ၏စကားကိုဆုံးအောင်လေးစားစွာဖြင့်
နားထောင်ရသည်။သူလည်းသိဖို့ကောင်းသည်ကမည်သူတစ်ဦးကမျှမိမိ၏မင်္ဂလာပွဲ
အတွက်အစမ်းသဘောဖြင့်ကြိုတင်ဆင်နွှဲခဲ့ခြင်းမရှိကြောင်းကိုပါ။နှုတ်မှမပြောဝံ့။
တစ်ခါဒေါသထပ်ထွက်ပါကဒီတစ်ခေါက်မိတ်ဆွေအဖြစ်ကရပ်စဲကြဖို့ပဲရှိတော့မည်။

'အသည်းလေးကလည်းကြိုးစား၊ကိုယ်ကလည်းကြိုးစားဆိုတော့မကြာခင်
အားလုံးအဆင်ပြေမှာပါဗျာ'

'ဒါပေါ့၊ဒါပေါ့၊ဗိုလ်အောင်ဒင်ရယ်'လို့မိမိကတုံ့ပြန်မှ..

'ဗိုလ်အောင်ဒင်တို့ကတော့မပိုင်ရင်ခြင်တောင်မရိုက်ဘူးဗျဟေ့လူ။ကျုပ်က
သမိုင်းရှိတဲ့လူဗျ၊သမိုင်းရှိတဲ့လူ'

လေးစားပါတယ်၊သမိုင်းကြီးသောဗိုလ်အောင်ဒင်ကြီးရယ်။

မကြာမကြာကျွန်တော်တို့တယ်လီဖုန်းသံတမန်ဆက်ဆံရေးပို၍ကောင်း
လာသည်။မုန်တိုင်းလွန်ကာလသို့အချိန်တစ်ခုကိုဖြတ်ပြီးလေပြည်လေညင်းလေးတွေ
ငြိမ့်ငြိမ့်လေးတိုက်ခတ်လာခဲ့သည်။

ပန်းချီကားတွေအကြောင်းပြောဖြစ်သည်။မြန်မာနိုင်ငံမှစာရေးဆရာကြီးတို့၏
စာတွေအကြောင်းဆွေးနွေးကြသည်။သူဘာကြောင့်ရွှေလုပ်ငန်းပိုင်ရှင်သန်ြး<ွကယ်
သူဌေးကြီးဘဝကိုတေ့လွဲလွဲခဲ့ရပုံကလည်းတစ်ခါတစ်ခါကြားညှပ်၍ပါရသေးသည်။
ချင်းတွင်းမြစ်ကမ်းဘေးမှရွှေရှာပုံတော်ဇာတ်လမ်းတွေ။

မလေးရှားဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံး၌သူ၏စကားပြန်ဘဝရွှေရောင်
နေ့ရက်များ၊အခုတော့အမေရိကန်အသားစက်ရုံမှရှင်သန်ရေးအတွက်အမဲသား၊
ကြက်သား၊ဝက်သားတို့ကိုထုပ်ပိုးနေပုံကိုဝမ်းနည်းမှုအရိပ်သန်းလျက်ရင်ဖွင့်ပြန်သည်။

'ဒီလိုအလုပ်လုပ်တာအသည်းလေးနဲ့ကိုယ်၊ဘဝအနာဂတ်နေ့ရက်တွေအတွက်ဗျ'
ဆိုပြီးအသံမာန်ကလည်းဝင့်၍ဝင့်၍ရုတ်တရက်ကြီးတက်လာပြန်သည်။
ဇွဲကပင်တောင်ခြေ၊ကရင့်မြေမှသူ၏ခင်မင်ရင်းနှီးလှသည့်မိတ်ဆွေသစ်များ
အကြောင်း၊လူပျိုကြီးကိုဂျက်ဆိုသူ၏အကြောင်း..။

'ဟေ့လူ..ဒါဆိုခင်ဗျားမလေးရှားမှာတုန်းကကျွန်တော့်အသိဘားအံက
မိတ်ဆွေတွေအတော်များများနဲ့ရင်းနှီးခဲ့တာပေါ့'

'ဟာ..ရင်းနှီးရုံတင်ဘယ်ကမလဲဗျာ။တစ်အိမ်တည်းမှာတောင်အတူနေခဲ့
ကြတာဗျ'

နာမည်များကိုမူထန်ကြီးတစ်ယောက်စီရွတ်ပြသည်။ကျွန်တော်အရမ်းအံ့သြ
ဝမ်းသာသွားသည်။သူရွတ်ပြသည့်အမည်စာရင်းများထဲတွင်အထက်တန်းကျောင်းသား
ဘဝဘားအံအ-ထ-က(၁)မှကျွန်တော့်သူငယ်ချင်း၏အမည်ပါနေသောကြောင့်
ဖြစ်သည်။

'ဟ..ဟနေပါဦး။ခင်ဗျားကျွန်တော့်ကိုပြောတဲ့နာမည်ထဲမှာကျွန်တော့်
သူငယ်ချင်းတကယ့်အရင်းခေါက်ခေါက်တစ်ယောက်ပါနေလို့။လူများမှားမလားဗျာ။
သူရဲ့ပုံပန်းသဏ္ဍာန်၊စကားအပြောအဆိုကိုနည်းနည်းသေချာအောင်ပြောပြပါဦး'လို့
ကျွန်တော်မေးမိတော့၊

'သူ့မှာနာမည်နှစ်မျိုးရှိတယ်မဟုတ်လား'

သေချာတာပေါ့ဗျာ။မူထန်ကြီးပြောပြနေသည်ကိုကျွန်တော်ဝမ်းသာအားရဖြင့်
ဆက်ပြီးနားထောင်နေမိသည်။သေချာပါသည်။ကျွန်တော်၏အထက်တန်းကျောင်းသားဘဝမှသူငယ်ချင်း
အရင်းတစ်ယောက်မှန်းဒီထက်ပို၍သေချာသည်ကားမရှိ။မူထန်ကဆက်ပြီး၊
'ခင်ဗျားတို့နှစ်ယောက်မှာအရမ်းကိုတူတဲ့အချက်ရှိတယ်ဗျ။စကားကို(၇)အိမ်
ကြား၊(၈)အိမ်ကြားအကျယ်ကြီးပြောပြီး၊အော်အော်ပြီးရယ်တာကတော့သိပ်ကို
တူလွန်းတယ်ဗျာ'

'ကျေးဇူးတင်လိုက်တာဆရာသမားရယ်။အခုဟိုမှာသူဘာတွေလုပ်နေသလဲ။
ဆက်ပြီးသူ့ရဲ့တယ်လီဖုန်းနံပါတ်ကိုအပြန်ဆုံးရအောင်ကူညီပေးပါဗျာ။ကျွန်တော်
တို့နှစ်ယောက်အဆက်အသွယ်တွေမရှိတာနှစ်ပေါင်း(၂ဝ)ကျော်ကျော်ကြာသွားပြီဗျ။'

'ဟာ..ဟေ့လူ..ခင်ဗျားသူငယ်ချင်းသေသွားတာ(၁ဝ)နှစ်ကျော်တောင်
ရှိသွားပြီဗျ။'

'ဟေ'ဟူ၍တစ်ခွန်းသာ။ကျွန်တော်ငိုင်သွားပြီးလွန်စွာတုန်လှုပ်မိသည်။

မည်မျှကျွန်တော်ကြေကွဲသွားသည်ကိုတလှပ်လှပ်ခုန်နေသည့်တစ်စုံသောကျွန်တော့်၏
နှလုံးသားကပို၍နားလည်နေပါလိမ့်မည်။

'ဘယ်လိုဖြစ်တာလဲဗျာ'
မူထန်၏အသံသည်လည်းတိမ်ဝင်သွားကာသူသည်လည်းအတိုင်းအတာတစ်ခု
ထိရင်းနှီးခဲ့သောမိတ်ဆွေဟောင်းတစ်ယောက်အတွက်ကြေကွဲနေပေလိမ့်မည်။

'ငွေ..ငွေ..ငွေ..ကြောင့်ပေါ့ဗျာ'

ဆက်ပြီး၊
'တကယ့်ကိုအလုပ်ကြိုးစားတဲ့သူတစ်ယောက်ပါ။ပျော်ပျော်လည်းနေတတ်တယ်။
ရည်မှန်းချက်ကလည်းအတော့်ကိုကြီးတယ်ဗျာ။မလေးရှားကိုသူရောက်လာတော့
အရက်လည်းကောင်းကောင်းသောက်တတ်
နေပြီးတရုတ်စကားကိုလည်းတော်တော်ပြောနိုင်တယ်။သူ့ရဲ့အမျိုးသမီးမိတ်ဆွေ
(GirlFriend)ကတရုတ်အမျိုးသမီးဗျ'

ငြိမ်၍သာကျွန်တော်နားထောင်နေမိသည်။

'သူကအရမ်းအရမ်းကိုချမ်းသာချင်နေတာဗျ။အဲဒီငွေစိတ်ကြောင့်ပဲသူ့ဘဝ
အဆုံးသတ်သွားရတာပဲဗျာ'

သက်ပြင်းကိုမျှင်မျှင်လေးဆွဲပြီးကိုမူထန်ပြောနေပါသည်။

တယ်လီဖုန်းကိုနားဖြင့်ကပ်ကာကြိုးစားပြီးအာရုံစိုက်နားထောင်နေပေမယ့်
ကျွန်တော့်၏အတွေးပုံရိပ်တို့သည်ဘားအံမြို့ရှိ'ဝင်းဝင်းစာပေ'၊စာအုပ်ဆိုင်ကြီးကို
ရောက်သွားသည်။မင်္ဂလာဝင်းလက်ဖက်ရည်ဆိုင်၊ရွှေဖားစည်လက်ဖက်ရည်ဆိုင်တို့ဆီ
ဝမ်းနည်းစွာဖြင့်ဝေ့ဝဲကာမြင်ယောင်နေမိသည်။

ဆယ်ကျော်သက်ရွယ်ဘဝရင်ခုန်မိသည့်အထက်တန်းကျောင်းသူလေး၏အိမ်
ရှေ့သို့မရဲတရဲလေးလူလုံးပြ၊မိမိရင်ခုန်ခြင်းကိုဖွင့်ဟကြိုးစားအန်ထုတ်ဖို့ကြိုးစား
စဉ်တုန်းက၊ဘေးနားမှအစဉ်လိုက်၍ကျွန်တော့်ရင်ခုန်သံကိုဝေငှခံစားပေးခဲ့သောသူ။
ချီခွေဗားရားအတ္ထုပ္ပတ္တိ၊ကက်စထရို၊အမေရိကန်သမ္မတနစ်ဆင်၊အေဘရာဟမ်လင်ကွန်း
စသောဘာသာပြန်စာအုပ်တွေကိုဖတ်ပြီးအားကျခြင်းများစွာဖြင့်ဆွေးနွေးခဲ့ကြသော
ကျွန်တော်တို့နှစ်ဦး၏ညနေခင်းစကားဝိုင်းများ။ကျွန်တော်တို့၏အဖြူရောင်နေ့ရက်များ။

ရသည့်မုန့်ဖိုးလေးများစု၍ဝယ်ခဲ့ကြသောဆရာကြီးပီမိုးနင်း၊ဆရာနန္ဒာ
သိန်းဇံတို့၏စာအုပ်များ။(၈၈)လူထုအရေးတော်ပုံကြီးဘားအံမြို့တွင်ကူးစက်ပျံ့နှံ့
လာသောကြောင့်နှစ်ဦးသားထခုန်မတတ်ဖြစ်သွားရအောင်ပျော်ရွှင်ကြည်နူးခဲ့မှုတွေ။

'ကဲ..ရော့ရော့၊ငါ့အမေကိုမနည်းပြော၊အကြောင်းပြချက်တွေအမျိုးမျိုး
ပေးပြီးတောင်းလာတဲ့ပိုက်ဆံ'

ကျွန်တော်ကြည့်လိုက်တော့(၃ဝ)ကျပ်ဆိုသည့်မြန်မာကျပ်ငွေ။ဝမ်းသာ
လိုက်သည်ဖြစ်ခြင်း။

ဓာတ်ပုံဆရာသတင်းထောက်ဖြစ်ချင်လွန်းလှ၍အဖေ၏ကင်မရာကိုသူခရီး
သွားနေတုန်းဖခင်၏သေတ္တာသော့ကိုဖျက်၊အဖေမြတ်နိုးသောကင်မရာကြီးကိုယူပြီး
ဘားအံမြို့၏လူထုလှုပ်ရှားမှုကြီးကိုမှတ်တမ်းတင်ဖို့စိတ်ဇောကပ်နေသည့်ကျွန်တော်။
'ကဲ..အဖေ့ဒေါသကိုတောင်ကျွန်တော်၏သတင်းထောက်ဖြစ်ချင်လွန်းလှ
သည့်ဆန္ဒမီးလျှံကလွှမ်းမိုးစေလောက်အောင်ကင်မရာကိုဖခင်ကြီးသေတ္တာအားဖျက်
လိုက်ရသည့်အခြေအနေအထိဖြစ်အောင်အားမာန်သတ္တိတွေကျွန်တော်ဘယ်ကရရှိ
သွားမှန်းတောင်မိမိကိုယ်ကိုမိမိမေးခွန်းတွေထုတ်ရသည့်အခြေအနေဖြစ်ခဲ့သည်။
ကင်မရာတော့ရပါပြီ။ဘယ်မှာလဲဖလင်ဖိုး။ဘယ်မှာလဲဖလင်ဆေးခ၊ကူးခ။

'ဟေ့ကောင်လုပ်ပါဦးကွ။ဒါတော်တော်အရေးကြီးတဲ့သမိုင်းမှတ်တမ်းနော်။

ငါတို့မှတ်တမ်းမတင်လို့ကိုမဖြစ်ဘူး။နည်းလမ်းလေးဘာလေးရှာပါဦးကွာ'ဟုကျွန်တော်
ကပြောသည်ကိုသူကလေးလေးနက်နက်နားထောင်ပြီးအိမ်ပြန်ကာထိုဖလင်ဖိုး၊
ဆေးကူးခကိုဘယ်လိုအကြောင်းပြချက်တွေဖြင့်သူ၏မိခင်ကြီးထံမှငွေအသပြာ(၃ဝ)ကျပ်
ကိုယူခဲ့သည်လဲကျွန်တော်မသိ။မေးလည်းမမေးမိတော့။မေးစရာလည်းလိုမည်မထင်။

နှစ်ဦးသားဘားအံမြို့လယ်ရှိ၊မြတ်မင်းဓာတ်ပုံတိုက်ကိုအမြန်ပြေး၊အဖြူအမည်း
တရုတ်ဖလင်အလွန်ဈေးပေါသည်ဆိုပေမယ့်ကျွန်တော်တို့နှစ်ဦးမှာမူထိုဖလင်ဖိုးအတွက်
အသည်းအသန်ကြိုးစားခဲ့ရသည်။'တို့အရေး..တို့အရေး။အောင်ရမည်အောင်ရမည်'ဆိုသောကြွေးကြော်သံတို့
၁၉၈၈ခုနှစ်၊သြဂုတ်လနှောင်းနှင့်စက်တင်ဘာလဆန်းကာလအတွင်းဘားအံမြို့၌
ထစ်ချုန်းသောမိုးကြိုးသံတို့နှင့်အပြိုင်ကောင်းကင်ယံဝယ်မြည်ဟည်းနေသလားတောင်
ထင်ရသည့်ကာလ။

ဘားအံမြို့၊ဘုရားဝင်းကြီးသပိတ်စခန်းတွင်နေ့နှင့်ညအချိန်တော်တော်များများ
ကျွန်တော်တို့နှစ်ဦးရှိခဲ့ကြသည်။ဝေရီမှုန်ဝါးသောအတိတ်၏ပန်းချီကားတွေတစ်ကား
ပြီးတစ်ကားတစ်ချပ်ချင်း၊ကျွန်တော့်အာရုံထဲတဝဲဝဲပေါ်လာသည်။

'ကျောင်းသားတွေကစလိုက်တာပဲ။အခုတော့မဖြစ်ခင်တုန်းကမပတ်သက်
ပါရစေနဲ့ဆိုပြီးအကြောက်အကန်ငြင်းခဲ့ကြတဲ့လူကြီးတွေသပိတ်စခန်းမှာကော်မတီ
ဝင်တွေဖြစ်နေတယ်ကွာ။ဘယ်လိုလူတွေမှန်းလည်းမသိပါဘူး'

သပိတ်ကော်မတီဝင်ထဲမှလူကြီး(၃)ဦးခန့်ကိုတော်တော်သူမကျေမနပ်
ဖြစ်နေသောကြောင့်အမြန်ဆုံးကျွန်တော်သူ့ကိုဘုရားကြီးဝင်းသပိတ်စခန်းမှချော့မော့
ခေါ်ခဲ့ပြီးထိုစဉ်ကရွှေထုံမောင်အအေးဆိုင်တွင်သံဗူးဆိုသည့်အချိုရည်တစ်မျိုးကို
သောက်ပြီး၊မာန်ပြေအောင်လုပ်ခဲ့ရသည့်နာရီ၊မိနစ်၊စက္ကန့်များကပြောင်းပြန်ဖြစ်သွားပြီး
ကျွန်တော့်ကိုတိုးတိုးလေးစကားပြောနေသလို။

'အေး..သူကအရမ်းကိုချမ်းသာချင်တာကိုယ့်လူ။ဒီမှာကျွန်တော်ခင်ဗျားကို
ပြောခဲ့သလိုပဲ၊တရုတ်လူမိုက်ဂိုဏ်းနဲ့ပေါင်းမိသွားတယ်ဗျာ။သူကသတ္တိကလည်းရှိတော့
အဲဒီတရုတ်တွေကကောင်းကောင်းအသုံးချသွားတာပဲဗျာ'
ကိုမူထန်လည်းဝမ်းနည်းသောသူ၏နှလုံးသားမှထွက်လာသည့်အသံဖြင့်
ကျွန်တော့်ကိုဖြည်းဖြည်းလေးဆက်၍ပြောနေ၏။

ကျွန်တော်၏နှလုံးသားခံစားမှုအာရုံသည်မူထန်၏စကားသံနှင့်ဘားအံမြို့တွင်
အတူနေထိုင်ကျင်လည်ခဲ့သောချစ်သူငယ်ချင်း၏ပုံရိပ်နှစ်ခုတို့အကြားဝေ့ကာဝဲကာ။

'နေပါဦးဗျာ၊ဘယ်လိုလုပ်ပြီးသူသေသွားရသလဲဗျာ'ဟုကျွန်တော်သက်ပြင်း
ရှည်ချပြီးမေးမိလိုက်သည်။

'ကျွန်တော့်ကိုတောင်လာပြီးစည်းရုံးသေးတယ်ဗျ။သူကငွေတွေတစ်ချီတည်းနဲ့
ရင်းဂစ်သိန်းနဲ့ချီပြီးရမှာတဲ့။အဲဒါနဲ့ကျွန်တော်ကမင်းဘာလုပ်မှာတုန်းလို့မေးမိတော့
ကျွန်တော်လည်းအရမ်းကိုချောက်ချားသွားတယ်ဗျာ။သူက၊

''ကိုမူထန်ရေ၊ဘယ်သူ့ကိုမှမသိစေနဲ့၊ကျွန်တော်တို့ရွှေဆိုင်ကိုဓားပြတိုက်
ရအောင်''တဲ့ဗျာ။

'ဟာဗျာ'ဟူ၍သာကျွန်တော်အော်မိလိုက်သည်။

မူထန်ကဆက်၍'မလုပ်စကောင်းအလုပ်တွေကွာ။မင်းအဲဒီလိုမကြံစည်ပါနဲ့လို့
သူ့ကိုကျွန်တော်ပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့တစ်တွေကြံစည်ထားကြပြီး၊အစီ
အစဉ်တွေကြိုပြီးလုပ်ထားပုံရပါတယ်ဗျာ။သူ့ရဲ့အမှောင်လောဘကဆင်ခြင်
စဉ်းစားဥာဏ်တွေကိုဖုံးအုပ်သွားခဲ့ပြီပဲ'

'ခင်ဗျားမတားဘူးလားဗျာ'ဟူ၍သာကျွန်တော်ပြောနိုင်တော့သည်။

'ဘယ်လိုမှလည်းပြောလို့မရတော့ဘူးဗျာ။နောက်ပြီးဘယ်သူ့ကိုမှလည်းမပြောဖို့
နှုတ်ပိတ်တယ်ဗျ။ကျွန်တော့်ကိုလည်းအဲဒီအချိန်ကစပြီးအဆက်အသွယ်လည်းမလုပ်
တော့ဘူးဗျ။ဒီလူမိုက်တယ်ဗျာ'

'အေးပေါ့လေ..ဘာတတ်နိုင်တော့မှာလဲဗျာ'

တယ်လီဖုန်းကိုနားဖြင့်ကပ်ထားရင်းကျွန်တော်ငိုင်သွားသည်။

'တစ်နေ့တော့မလေးရှားသတင်းစာမှာရွှေဆိုင်ကိုဓားပြဝင်တိုက်တဲ့လူတွေကို
ရဲကအသေပစ်သတ်လိုက်တယ်ဆိုတဲ့သတင်းနဲ့အလောင်းပုံတွေကိုတွေ့လိုက်ရတယ်။
အဲဒါသူ့ရဲ့နောက်ဆုံးပုံရိပ်နဲ့သူ့ရဲ့ဘဝနိဂုံးပဲ'

ကျွန်တော်တို့နှစ်ဦးစလုံးစကားပင်ဆက်၍မပြောနိုင်လောက်အောင်တိတ်ဆိတ်
သွားသည်။

'ကျွန်တော်သတင်းစာကိုကိုင်ပြီးသိလိုက်တယ်။ဒီလူလောဘမီးလျှံကြီးထဲ
ခုန်ဝင်ပြီးကိုယ့်ကိုယ်ကိုယ်ရင်းပြီးလောင်ကျွမ်းခံလိုက်တယ်လို့'

'ဝူး'ဆိုပြီးကိုမူထန်သက်ပြင်းရှည်ကြီးချလိုက်သောအသံကိုကျွန်တော်
ကြားနေရသည်။

'ခင်ဗျားကိုကျွန်တော်ခဏနေတယ်လီဖုန်းထဲကနေမလေးရှားကကျွန်တော့်ရဲ့
သူငယ်ချင်းကိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်၊မက်ဆေ့ရိုက်ပြီးပို့ပေးလိုက်မယ်။ကျန်တဲ့
ဟာတွေသူ့ကိုသာဆက်မေးလိုက်ပါတော့ဗျာ'ဟုနောက်ဆုံးပြောပြီးကိုမူထန်
တယ်လီဖုန်းချသွားလိုက်သည်။

(၁၅)မိနစ်လောက်ကြာမှကျွန်တော့်ကိုမူထန်ကတယ်လီဖုန်းထဲမက်ဆေ့
ရိုက်ပြီးသူတို့နှစ်ဦး၏မိတ်ဆွေရင်းဖြစ်သည့်မလေးရှားမှမိတ်ဆွေဆိုသူ၏အမည်နှင့်
တယ်လီဖုန်းနံပါတ်ပို့ပေးလိုက်သည်။

မလေးရှားကိုခေါ်ဆိုရမည့်တယ်လီဖုန်းနံပါတ်ကိုကြည့်ရင်းကျွန်တော်ငေးငိုင်
နေမိသည်။မိမိ၏နှလုံးသားထဲမှခေါ်ဆိုမှုအတွက်တုံ့ပြန်လာမည့်'ဟုတ်တယ်'ဆိုသည့်
သတင်းစကားကိုလက်ခံနားထောင်ရန်ကျွန်တော်ခွန်အားပင်မရှိတော့ပါ။
မည်သူတစ်ဦးတစ်ယောက်ကိုမျှလည်းစကားပြောဆိုချင်စိတ်မရှိတော့ပါ။ဝမ်းနည်း
ကြေကွဲမှုမုန်တိုင်း၏အရှိန်ပြင်းစွာတိုက်ခတ်သည့်အရှိန်ကြောင့်ကျွန်တော့်နှလုံးသားသည်
တစ်စစီကြေမွပျက်စီးသွားပြီလားဟုခံစားမိသည်။

ဘာဖလိုမြို့နွေနှောင်းကာလဖြစ်သည့်ညနေခင်းတွင်ကျွန်တော်တစ်ယောက်၊
ဘာဖလိုမြို့ကိုရစ်ခွေ၍စီးဆင်းနေသောအီရီမြစ်ကမ်းနံဘေးသို့တိတ်ဆိတ်စွာဖြင့်
ထွက်ခဲ့သည်။ယနေ့သာယာလှပသောအီရီမြစ်ကမ်း၏ကြည်နူးမှုအပေါင်းသည်
ကျွန်တော်နှင့်မဆိုင်သလိုပင်။ငါးမျှား၍သော်လည်းကောင်း၊ရှပ်ပြေးယာဉ်များစီး၍
ပျော်ရွှင်နေကြသူများ၊တစ်နေ့တာအလုပ်ခွင်၏နွမ်းလျမှုကိုအီရီမြစ်ကမ်းနံဘေးတွင်
တစ်မျိုး၊မြစ်ယံပေါ်ဝယ်အေးချမ်း၊ငြိမ်သက်နေသူများတို့သည်ကျွန်တော်နှင့်လားလားမျှ
မဆိုင်သလိုပင်။သူတို့တစ်တွေနှင့်ကျွန်တော်တစ်ကမ္ဘာဆီခြားနေသည်။
အေးမြသောမြစ်ပြင်ကိုငေးကြည့်နေရင်းမီးလျှံကြီးဖြင့်တဟုန်းဟုန်းထနေသော
သဲကန္တာရ၏မြင်ကွင်းမျိုးနှလုံးသားမှခံစားရသည်။

စိတ်ကိုတည်ငြိမ်စွာထားပြီးကိုမူထန်ပေးသည့်မလေးရှားကိုဆက်သွယ်ရမည့်
တယ်လီဖုန်းနံပါတ်လေးများကိုတစ်လုံးစီကျွန်တော်နှိပ်လိုက်မိသည်။
ကွာလာလမ်ပူဆိုသောမလေးရှား၏မြို့တော်ကြီးသည်ယခုအချိန်၌နံနက်ကို
လုသောအရုဏ်ဦးအခါဖြစ်ပေလိမ့်မည်။

'တူ..တူ'ဆိုသည့်ဖြည်းညင်းစွာမှန်မှန်ဖြင့်တစ်ဖက်ဖုန်းကိုခေါ်ဆိုသည့်
အသံလေးသည်အရှိန်ပြင်းစွာဖြင့်ခုတ်မောင်းနေသည့်မီးရထားကြီး၏ပြင်းထန်သည့်
အသံမြန်နှုန်း၊လောင်စာတို့၏ပေါက်ကွဲမှုလေအလားဟုကျွန်တော်ခံစားမိသည်။

'ဟုတ်ကဲ့ပြောပါခင်ဗျာ'

ဖြေဆိုသူ၏အသံ။
ကျွန်တော်၊ကိုမူထန်ရဲ့မိတ်ဆွေလောအယ်စိုးပါ။အမေရိကန်နိုင်ငံ၊ဘာဖလို
မြို့ကခေါ်တာပါခင်ဗျာ'

'သြော်..သြော်..ကိုမူထန်ကျွန်တော့်ကိုခင်ဗျားရဲ့အကြောင်းပြောဖူးပါတယ်။
ဘယ်လိုလဲ၊ဟိုမှာအဆင်ပြေကြလား။အေး..ကျွန်တော်လည်းဘားအံသားပါပဲ'ဟု
ခင်မင်ရင်းနှီးဖွယ်ကောင်းလှသည့်အသံ။

'ဟုတ်ကဲ့၊ကျွန်တော်တစ်ခုသိချင်တာလေးရှိလို့ပါ။အဲဒီကိစ္စအတွက်ကျွန်တော်
ဖုန်းဆက်တာပါခင်ဗျာ'ဟုကျွန်တော်ဆက်၍ပြောလိုက်မိသည်။

'ပြောပါ..ပြောပါ။ကျွန်တော်ဘာကူညီပေးရမလဲ'

'သြော်..ကျွန်တော့်ရဲ့ငယ်ပေါင်းမိတ်ဆွေသူ့ရဲ့အကြောင်းသိချင်လို့ပါ။'

'ဟာ..သူကခင်ဗျားသူငယ်ချင်းအရင်းလား။သူသေသွားတာ(၁ဝ)နှစ်ကျော်
ကျော်ရှိသွားပါပြီ။ရွှေဆိုင်ကိုတရုတ်လူမိုက်ဂိုဏ်းနဲ့ပေါင်းပြီးဓားပြသွားတိုက်တော့ရဲတွေ
ကအသေပစ်သတ်လိုက်တာလေ'

တစ်ခွန်းမျှသောတုံ့ပြန်မှုကျွန်တော်၏နှုတ်ဖျားမှထွက်မလာနိုင်တော့။
မိနစ်ဝက်အထိတယ်လီဖုန်းကိုကိုင်၍ကျွန်တော်ငြိမ်သက်သွားသည်။
သူကဆက်၍'ဟယ်လို..ဟယ်လို'ဟု။

မိမိ၏အသိအာရုံနှင့်ခံစားချက်ပြန်လည်၍လှုပ်နှိုးလိုက်သလိုဖြစ်သွားသည်။
'ဟုတ်ကဲ့..ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်ခင်ဗျာ'ဟုပြောရင်းတယ်လီဖုန်း
ကိုကျွန်တော်ချလိုက်ကာအသက်ကိုပြင်းပြင်းရှိုက်၍ရှိုက်၍ရှူလိုက်မိသည်။

စီးကျလာသောပါးပြင်ပေါ်မှမျက်ရည်များကိုကျွန်တော်မသုတ်တော့ပါ။
ဆည်းဆာရိပ်သန်းသောအီရီမြစ်ယံပေါ်ဝယ်စင်ရော်တို့ဝေ့ကာဝဲကာ၊
သတ်မှတ်ထားသည့်ဦးတည်ရာအရပ်ကိုအုပ်စုဖွဲ့၍ကောင်းကင်ယံတွင်လေဟုန်ကိုခွင်း
ပျံသန်းနေသည့်ကြိုးကြာရိုင်းတို့၏ခရီးစဉ်။ကျွန်တော်တို့၏ဘဝနေ့ရက်များတို့သည်
လည်း...။

တမ်းတခြင်းများစွာဖြင့်
လောအယ်စိုး
(၈၊၄၊၂ဝ၁၄)



အပိုင်း (၁)အပိုင်း (၂)အပိုင်း (၃)အပိုင်း (၄)

အပိုင်း (၅)အပိုင်း (၆)အပိုင်း (၇)အပိုင်း (၈)၊

River View Point Tower အခန်းသော့ အပ်နှင်းပွဲ ပြုလုပ်

$
0
0
 River View Point Tower အခန်းသော့ အပ်နှင်းပွဲ ပြုလုပ်

ရန်နောင်(ဗိုလ်တထောင်)     မိုးမခ         နိုဝင်ဘာလ  ၂၂ - ၂၀၁၅


          ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် Asia Myanmar Consotrium Development Co.ltd တို့ အောင်မြင်စွာ အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့သော River View Point Tower လုပ်ငန်းအပ်နှံခြင်းနှင့် အခန်းဝယ်ယူထားသူများအား  သော့အပ်နှံပွဲကို ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ကြည့်မြင်တိုင် ကမ်းနားလမ်း နှင့် အလုံသစ်တောလမ်းထောင့် ရှိ River View Point Tower တွင် ၂၃-၁၁-၂၀၁၅ နေ့ နံနက် (၉)နာရီ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးကျော်ခိုင်

ဦးငြိမ်းအောင်



ဦးခင်မောင်ဖြူ

          ရှေးဦးစွာ Asia Myanmar Consotrium Development Co.ltd မှ  မန်နေဂျင်းဒါရိုက်တာ ဦးကျော်ခိုင်မှ အဆောက်အဦ ဆောက်လုပ်ဖြစ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများ ဖြစ်ကြသော ဦးအောင်မြင့်၊ ဦးငြိမ်းအောင်၊ ဦးခင်မောင်ဖြူတို့မှ တာဝါ  တွင် ပြုလုပ်ထားသော လုံခြုံရေး စနစ်များ၊ အခန်းနေထိုင်သူများအတွက် ခံစားခွင့်များ ကို ရှင်းလင်းပြောကြားခဲ့သည်။
          ထို့နောက်  အခန်းပိုင်ရှင်များကိုယ်စား ဦးအေးသောင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
          မြစ်ကမ်းဘေးက သန့်ရှင်းသော လေကောင်းလေသန့် ရရှိနိုင်သော ရန်ကုန်မြို့နှင့် အနီးဆုံး Residence ဖြစ်သည့် River View Point Tower  တွင် ပစ္စည်းမျိုးစုံကို ရရှိနိုင်မည့် ရှော့ပင်းမောလ် တစ်ခုလည်း ပါမည်ဖြစ်ပြီး ဆက်သွယ် သွားလာရေး လွယ်ကူမည့် ရုံးခန်းများလည်း ပါမည်ဖြစ်သည်။
          တဦးတယောက်ထဲပင်နေနေ၊မိသားစုနှင့်ပဲနေနေ၊ရုံးအဖွဲ့အစည်းနှင့်ပဲနေနေ အေးချမ်းလုံခြုံမှုပေးနိုင်ရန်အတွက် တည်ဆောက်ထားသော အဆောက်အဦးဖြစ်သည်။
          လေဝင်လေထွက် ကောင်းမွန်သည့် သန့်ရှင်း ကျယ်ဝန်းသော ဧည့်ခန်းများနှင့် ရေစီးရေထွက်ကောင်းမွန်၍ သပ်ရပ်လှပသော ရေချိုးခန်း၊မီးဖိုချောင်များ ဖြင့်ဖွဲ့စည်းတည်ဆောက်ထားသည်။
          ကလေးများအတွက် ပေါ့ပါးလွတ်လပ်စွာ ပြေးလွှားဆော့ကစားနိုင်ရန်ခေတ်မီဆန်းသစ်သော ကစားကွင်း ပါရှိသည့်အပြင် စိတ်ရောကိုယ်ပါ အပန်းဖြေနိုင်ပြီး စိတ်လက်ပေါ့ပါးစွာ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားနိုင်ရန်အတွက် ရေကူးကန်  Swimming Pool & Pool Refreshment Area ကိုလည်း ထည့်သွင်းတည်ဆောက်ထားသည်။ အညောင်းအညာ ပြေနိုင်စေရန် လမ်းလျှောက်နိုင်မည့်ကျောက်တုံးခင်းလမ်း လည်း ပါသေးသည်။
          `` ဦးတို့ နောက် ကန်သာယာ တာဝါကိုလည်း သိမ်ဖြူကားမောင်းသင်ကွင်းမှာ ဆောက်နေပါတယ်။ အဲဒီကျတော့ အိမ်ခန်းတွေမှာ ပရိဘောဂ မှာ ပါမှာ ဖြစ်ပါတယ် ဟု ´´ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ခိုင် မှ ပြောပြခဲ့သည်။
          အခန်းငါးခန်းဝယ်ထားသူ ဦးအေးသောင်းမှလည်း ယခုကဲ့သို့ ပြောပြခဲ့သည်။
`` အဓိက အရိုးရှင်းဆုံူး ပြောရရင် ယုံကြည်လို့ပါပဲ။ ဦး ငါးခန်းဝယ်ထားတယ်။ နှစ်ခန်း ရောင်းပြီးသွားပြီ။ ဒီတော့ ငါးခန်းဆိုပေမဲ့ တခန်းစာပဲ ဦးပေးလိုက်ရတယ်။ တခြား ဆောက်လုပ်ရေးတွေလည်း ကွန်ဒိုတွေ ဆောက်နေတာပဲလေ၊ ဒီအချိန်မှာ အိမ်ခန်းတွေ ဈေးကျတော့  တချို့ဆိုရပ်ဆိုင်းထားရတယ်။ ဒီလူတွေကတော့ ခုလို ပြီးစီးအောင်လုပ်နိုင်တယ်ဆိုတာ ယုံကြည်တဲ့အတွက် ဦးဝယ်တာပါ။ တန်ဖိုးကတော့ ဦးဝယ်တုန်းက ဒေါ်လာ တသိန်းခွဲပေါ့။ ခုတော့ နှစ်ဆဖြစ်သွားပြီလေ။ ´´  ဟုပြေပြခဲ့သည်။
          `` ဦး ဒီမှာပဲ ရုံးခန်းထိုင်မှာပါ။ ဦးတို့ ကန်ထရိုက်တွေ ပြောတဲ့ စကားရှိတယ်။ ကိုယ်ဆောက်တဲ့တိုက်ရှေ့ ဖြတ်မလျှောက်နဲ့၊ကွန်ပလိန်းတွေ များတယ်တဲ့ ။ ဦးကတော့ ကိုယ်တိုင် ရုံးခန်းထိုင်ပြီး ဒီမှာ နေမှာပါ ´´ ဟုလည်း မန်နေဂျင်းဒါရိုက်တာဦးကျော်ခိုင် မှ ပြောပြခဲ့သည်။
          စာကြည့်တိုက် တစ်ခုလည်း ဖွင့်ရန်စီစဉ်ထားကြောင်းလည်း ထပ်မံသိရှိရသည်။ ရောင်းချစရာ အခန်းမရှိတော့ပဲ ကန်သာယာတာဝါတွင်သာ အခန်းများ ကျန်ရှိတော့ကြောင်းလည်း သိရှိခဲ့ရသည်။












MPT နှင့် LINE တို့၏ ငွေဖြည့်ကတ် ကံစမ်းမဲအစီအစဉ်မှ ကံထူးသူများအား ဆုများ ပေးအပ်

$
0
0
MPT နှင့် LINE  တို့၏ ငွေဖြည့်ကတ် ကံစမ်းမဲအစီအစဉ်မှ ကံထူးသူများအား ဆုများ ပေးအပ်

ရန်နောင်(ဗိုလ်တထောင်)   မိုးမခ    နို ဝင်ဘာလ ၂၂ - ၂၀၁၅



           မြန်မာ့ဆက်သွယ်ရေးမှ အောက်တိုဘာလအတွင်း LINE အမှတ်တံဆိပ်ပါ MPT ဖုန်းငွေဖြည့်ကတ်များ ဖြင့် ငွေဖြည့်ပြီး MPT ၏  Data Packages များနှင့်  ဘန်ကောက်မြို့သို့ အလည်အပတ်ခရီးစဉ်များ ပါ ဝင်သည့် ကံစမ်းမဲအစီအစဉ်ကို ပြုလုပ်ခဲ့သည်။ ထိုကံစမ်းမဲ အစီအစဉ်များထဲမှ ကံထူးရှင်များကို နို ဝင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း(အောက်) ရှိ မြန်မာ့ဆက်သွယ်ရေးရုံးတွင် ဆုများ ပေးအပ်ခဲ့သည်။

          ကံထူးရှင်များ ရနိုင်သောဆုများမှာ လူ (၂)ယောက်စာရန်ကုန်- ဘန်ကောက် ၂ညအိပ် ၃ ရက် ခရီးစဉ် (ဆုမဲ ၁၀ ခု)၊  Samsung Galaxy S6 စမတ်ဖုန်း (ဆုမဲ ၁၀ ခု)၊ ၅ထောင်ကျပ်တန် စီးတီးမတ် ဈေးဝယ်ကတ် (ဆုမဲ ၉၀၀)၊ LINE ရုပ်ပုံပါ မှတ်စုစာအုပ်(ဆုမဲ ၁သောင်း) နှင့် 5GB ထိ အခမဲ့ အသုံးပြုနိုင်မည့် MPT free data package ( ဆုမဲ ၇ သောင်း ၈ထောင်) တို့ဖြစ်သည်။
          ဆက်လက်၍ ကံထူးရှင်များကို မြန်မာ့ဆက်သွယ်ရေး မှ တာ ဝန်ရှိသူမှ ဆုမဲများ ပေးအပ်ချီးမြှင့်ခဲ့သည်။
          ကံထူးရှင် တစ်ဦး ဖြစ်သူ ကိုမြတ်သာ နှင့်တွေ့ဆုံခဲ့ရာတွင် ယခုကဲ့သို့ ပြောပြခဲ့သည်။
          ``ကျနော်က  အင်းစိန်ကပါ။ ဒီ အမ်ပီတီကတ်မှာ ကံစမ်းမဲ ပါတယ်ဆိုတာ မသိပါဘူး။ အရင်ကလည်း သုံးနေကျအတိုင်း သုံးရင်းနဲ့ ကံစမ်းမဲလေးပါတယ်ဆိုတော့ ထည့်လိုက်တာ ပေါက်သွားတာပါ။ အရမ်း ဝမ်းသာပါတယ်။ ၂ယောက် ဆိုတော့ ကျနော်တို့ လင်မယားနှစ်ယောက်လုံး သွားရမှာပေါ့။ ´´ဟုပြောပြခဲ့သည်။

          ဆမ်ဆောင်းဖုန်းမဲပေါက်သူ  ဦးဇော်ဇော်မင်း ၏ ဇနီးကလည်း ယခုကဲ့သို့ ပြောပြခဲ့သေးသည်။
          `` ပေါက်တာကတော့ ကျမ ယောက်ျားပါ။ သူက နယ်မှာဆိုတော့ ကျမလာခဲ့ရတာပေါ့။ ပျော်ပါတယ်။ ဘုရားပေးတာပေါ့နော်။ ကျေးဇူးတင်ပါတယ် ´´ ဟုပြောပြခဲ့သည်။









ဗိုလ်ထက်မင်း - စိန်ခေါ်မှူတွေရှိနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုက်တွန်းချက် - အပိုင်း (၂)

$
0
0
 (တိုင်းရင်းသား ခေါင်းဆောင်များ၏ ပန်စမ်းတွေ့ဆုံပွဲ၊ ၂၀၁၅၊ နိုဝင်ဘာ၊ ဓာတ်ပုံ - ဧရာဝတီ)

ဗိုလ်ထက်မင်း - စိန်ခေါ်မှူတွေရှိနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုက်တွန်းချက် - အပိုင်း (၂) 
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စိန်ခေါ်နိုင်တဲ့ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်လာနိုင်ဖွယ်ဖြစ်စဉ် များကို စဉ်းစား သုံးသပ်တင်ပြသွားပါမယ်။ - NCA စာချုပ်အရ ဆက်လက်အကောင်အထည်ဖေါ်ရမည့်လုပ်ငန်းစဉ်များ၊ 

၆။ NCA စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနက် တချို့က လက်မှတ် မထိုးချင်တဲ့ ဝ လိုမျိုးရှိနေရာ တပ်မတော်နဲ့ကျောချင်းကပ်ပြီး ခက်ခဲစွာ ညှိရမဲ့သဘောမြင်ပါတယ်။ ဝ ဟာ ပြည်နယ်အဆင့် တောင်းနေပြီး မိုင်းလားအပါအဝင် “ဝ”ဒေသတော်တော်များများမှာ ရွေးကောက်ပွဲတောင် ပေး မဝင်ခိုင်းတဲ့ အဖွဲ့ဖြစ်ပါတယ်။ ပန်ဆန်းထိပ်သီး အစည်းအဝေးအပြီး တရုတ်ကိုပါ ၀င်ရောက် ညှိခိုင်းနေတာဟာ ကြီးမားတဲ့စိန်ခေါ်မှူဖြစ်ပါတယ်။  UWSA ဝ ဟာ NCA လက်မှတ်မထိုးရခြင်း အကြောင်းပြတုံးက တရုတ် ကြောင့် ဆိုပြီး တရားဝင်ပြောဆိုသလို နယ်စပ်ပြသနာ တရုတ်နဲ့ဖြေရှင်းပေးဖို့ တောင်းဆိုလာပြီဖြစ်တယ်။ ဒါကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်တို့ ယူနန် ပြည်နယ် ကျင်းဟောင်မြို့မှာ သီးခြားပြန်ညှိရတယ်လို့ အရာရှိကြီးတစ်ဦးက ပြောလာပါတယ်။  နိုင်ငံရေးဆွေနွေးပွဲကျရင် ဝ ဟာ ရှမ်းပြည်နယ်မှ ခွဲထွက်ပြီး အစိုးရ ဗဟိုနဲ့ တိုက်ရိုက်လုပ်ချင်တာ တောင်းဆိုဖို့ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

၇။ အစိုးရနဲ့ တပ်မတော်ဘက်ကတော့ အပစ်ရပ်လက်မှတ်ထိုးပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်တက်စေချင်တယ်။ ဝ ဟာ စစ်ရေး အင်အားကို တည်ဆောက်ရာမှာ ရုရှားရဟတ်ယာဉ်၊ မြန်မာလေယာဉ်ကိုပစ်ဖို့ ပုခုံးထမ်းဒုံးတွေ အပြင် အတွဲ လိုက်ပစ်လို့ရတဲ့ ယာဉ်တင်ဒုံးပစ်စင်တွေပါ ရှိလာပြီဖြစ်တယ်။ အမေရိကန်နိုင်ငံက ဝ ခေါင်းဆောင်တွေကို မူးယစ်ရာဇာများ အဖြစ် ဆုငွေ ထုတ်ထားတာတွေ ရှိပါတယ်။  ရှမ်းပြည် နယ်မိုင်းဆတ် လွယ်လန်းမှာရှိတဲ့ ဝေရှောက်ခမ်းဦးစီးတဲ့ (၁၇၁) ဝ တပ်ဖွဲ့ကို ယခင်အစိုးရက ဖယ်ခိုင်းနေတာရှိရာ ရွေးကောက်ပွဲလည်း ပေးမလုပ်တဲ့အပြင် အပစ်ရပ်လက်မှတ်လည်းမထိုးတဲ့အတွက် သူတို့ကို တာဝန်မယူ တော့ဖူးလို့ အစိုးရက ခပ်ပြတ်ပြတ်ပြောလိုက်ပြီဖြစ်တယ်။ ထိုင်းကလည်း ဝေရှောက်ခမ်း ဝ တပ်ဖွဲ့ကို ဖယ်ဖို့ တောင်းဆိုနေတာ နှစ်ကြိမ်ရှိပြီး ယခင်က အစိုးရက အကာအကွယ်ပေးထားခဲ့လို့ဖြစ်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ကို အကြံပြုလိုတာ က ယခုတလော KIA (ကချင်) နဲ့ NMSP (မွန်) ခေါင်းဆောင်များက ရွေးကောက်ပွဲရလဒ်ကို ကြိုဆိုတဲ့အတွက် အဲဒီနှစ်ဖွဲ့ကို လက်မှတ်ထိုးဖို့ စည်းရုံးနိုင်မယ်ဆိုရင် ဝ ကို တရုတ်နဲ့  မည်သို့ဆက်ဆံရေးသီးခြားရှိနေတာကို စိစစ်ကြည့်လို့ရပါတယ် ။

၁၁။ တိုင်းရင်းသားခေါင်းဆောင်တွေ အချို့ထဲမှာ ၈ ပြည်နယ်မူကို ဆုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေ ရှိသလို၊ လက်တွေ့ လက်ရှိမှာ ဒေသအနှံအပြား လူမျိုးပေါင်းစုံတွေရဲ့ ဖြန့်ကျဲနေမှုကို အသိအမှတ်ပြုရမှာတွေလည်း ရှိပါတယ်။  မိမိလူမျိုးသီးသန့်အတွက်သာ ကြည့်နေကြရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ အငြင်းအခုန်ပြင်းထန်မဲ့သဘော မြင်လာရနိုင်ပါတယ်။ တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲမကျင်းပရသေးခင် ဖက်ဒရယ်တပ်မတော်ဆိုပြီး ခေါင်းစဉ်တင်လာတာနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ သူတို့ကြားမှာ သံသယတွေ ကြီးမားနေတယ်လို့ ဆိုနိုင်ပါတယ်။ တိုင်းရင်းသားဒေသတွေအပြင် တိုင်း ပြည်နယ်တွေမှာ အာဏာခွဲဝေမှုတွေနဲ့ အများလက်ခံတဲ့ ဖက်ဒရယ်စနစ် ရပြီးတဲ့နောက်ပိုင်း လက်နက်မစွန့်ဘဲ ခွဲထွက်တဲ့ အစိတ်အပိုင်းတွေ ပေါ်ထွန်းလာဦးမှာလား ဆိုတာကလဲ တပ်မတော်ဘက်က တွေးခေါ်ချက်တခုလို့ ဆိုပါတယ်။

၁၂။ ယခုဆိုရင် ၂၀၁၀ တုန်းက ၀င်ခဲ့ကြတဲ့ ပြည်နယ်ကိုယ်စားပြု တိုင်းရင်းသားပါတီတွေအများစုဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးခဲ့ကြလို့ သူတို့ရဲ့ အသံ၊ အာဘော်အတွက် စိုးရိမ်မှု ရှိလာကြပါတယ်။ သူတို့ရဲ့ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သွားရောက်ပူးပေါင်းကြဖို့ အလားအလာဖြစ်လာနိုင်ပါတယ်။ သူတို့တွေက သူတို့ အာဘော်၊ သဘောထားတွေကို  NCA လမ်းပေါက်ဖက်ကနေ တင်ပြဆွေးနွေး တောင်းဆိုလာမယ်လို့ သုံးသပ်မိပါတယ်။ သူတို့ရဲ့တိုင်းရင်းသားအခွင့်အရေးကို တောင်းဆိုဖို့ ဒီတပေါက်သာရှိတယ်။ လွှတ်တော်အပေါက်ကနေ သူတို့သွားလို့ မရတော့ဘူးလို့ စဉ်းစားနိုင်ပါတယ်။ သည်လိုတိုင်းရင်းသားအုပ်စုတွေကို လွှတ်တော်လမ်း၊ အပစ်ရပ် ဆွေးနွေးရေးလမ်းတွေကို စတင် ဖော်ခဲ့တဲ့ လက်သည်၊ ဒီအခင်းအကျင်းတွေကို ဖန်တီးခဲ့သူ တပ်မတော်ရဲ့ သဘောထားကို အနိုင်ရ အင်န်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ကြို သိထားနိုင်ဖို့ လိုမယ် ထင်ပါတယ်။

၁၃။ အကြံပြုချင်တာကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို သူတို့လက်ရှိ စိုးမိုးနေတဲ့ နယ်မြေကို သေချာ သတ်မှတ်ပေးလိုက်ဖို့က အရင်ဦးဆုံး ခြေတလှမ်း၊ တပြိုင်နက်တည်းမှာပဲ အခြေခံဥပဒေကို တိုင်းနှင်ပြည်နယ်အလိုက် ဖက်ဒရယ်စနစ် အာမခံတဲ့အထိ ညီညွတ်အောင် ပြုပြင်ဖို့။ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တွေမှာ အကျိုးစီးပွားအခြေခံတဲ့ တောင်းဆိုချက်နဲ့ (ဥပဒေပြု၊ အုပ်ချုပ်၊ စီရင်) ဆိုတဲ့ အာဏာကို အခြေခံတဲ့ တောင်းဆိုချက်တွေကို ခွဲခြား စိစစ်ကြည့်ပြီး နိုင်ငံရေးနည်းနဲ့သာ အဖြေရှာကြတဲ့ လမ်း၊ ရွေးကောက်ပွဲလမ်းကို လျောက်လှမ်းကြဖို့သာ နောက်ဆက်ရမယ့် ခြေလှမ်းတွေလို့ ဆိုချင်ပါတယ်။



မြန်မာပြည် ရဲရင့်အောင် စိမ့်နေခြည် တို့၏ ချစ်ရည်တူမျှ သမုဒယည တေးစီးရီးဗီစီဒီသစ် မိတ်ဆက်

$
0
0
မြန်မာပြည် ရဲရင့်အောင်  စိမ့်နေခြည် တို့၏ ချစ်ရည်တူမျှ သမုဒယည
တေးစီးရီးဗီစီဒီသစ် မိတ်ဆက်

ရန်နောင်(ဗိုလ်တထောင်)   မိုးမခ    နို ဝင်ဘာလ  ၂၂ - ၂၀၁၅


          မြန်မာပြည် ရဲရင့်အောင်  နှင့် စိမ့်နေခြည် တို့၏ ချစ်ရည်တူမျှ သမုဒယည တေးစီးရီးသစ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်း ရှိ Orchid Hotel တွင်  နို ဝင်ဘာလ ၂၁ ရက် (စနေနေ့)
နေ့လယ် (၁) နာရီ ၌ ကျင်းပပြုလုပ်ခဲ့သည်။
          တေးရေးများ ဖြစ်ကြသော ဂီတစာဆိုကိုလွင်မြင့်၊နေထွဏ်းဦး၊ အောင်သူ၊ပန်းတနော်သန်း ဝင်းအောင် ၊ကိုမောင်ချို(ဒူးယား)၊ ရဲမြင့်မြတ်၊ မင်းသန့်ခိုင်(မြန်မာပြည်)၊သဲဈာန်၊သစ္စာကို၊ကန့်ဘလူေ ဝယံထက် တို့မှ တေးသီချင်းများကို ရေးဖွဲ့ပေးထားကြသည်။
          တေးဂီတကို Collection Music Band ၊ ဂီတမှူး ကိုမျိုး(ကျိုက်ဝိုင်း)၊လူ ဝင်းအောင်၊ MK Music Band ၊ဂီတမှူး မှတ်ကြီး တို့မှ တီးခတ်ပေးထားသည်။I.S.T Studio ၊ဗညားလွင်၊ တို့တွင် အသံဖမ်း ယူထားသည်။
           အဆိုပါ ဗီစီဒီကို ဒါရိုက်တာ ရဲမြင့်မြတ် ပုံဖော်ရိုက်ကူးထာြး့ပီး မြန်မာပြည်ရဲရင့်အောင်၊ နေမင်းခ၊ဟံသာစိုးမင်း၊ မျိုးကျော်ကို၊စိမ့်နေခြည်၊ နိုဘယ်လ်ကျော်ကျော်၊ခင်ဖြူဖြူသန့်၊ ဆုသက်ပိုင်မှူး၊ ဆုနှင်းခိုင်နှင် အနုပညာ ရှင်များစွာ သရုပ်ဆောင်ပါ ဝင်ထားသည်။
          အဆိုပါတေးစီးရီး ဗီစီဒီကို ရတနာစိန်တေးသံသွင်းမှ  ဖြန့်ချိမည်ဖြစ်သည်။








ကာတွန်း သွန်းခ - ပြောင်းလဲချိန် တန်ပြီ

$
0
0

ကာတွန်း သွန်းခ - ပြောင်းလဲချိန် တန်ပြီ
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၅

ရန်လင်းအောင် - ပြောဇာတ် ( ၈ )

$
0
0

ရန်လင်းအောင် - ပြောဇာတ် ( )
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၅

ခုတလောမဟာကဏှဇာတ်ကို
မကြာမကြာသတိရမိနေရဲ့
ဗာရာဏသီဥသီနကမင်းလက်ထက်တုန်းကပေါ့
ရဟန်းတွေကလည်းအကျင့်ပျက်
မင်းမှုထမ်းပုဏ္ဏားတွေလည်းဖောက်ပြန်
လူတွေကလည်းလော်လီ
သြော် . . . ပျော်စရာအတည်ရယ်လို့မရှိ
ငရဲပြည်မှာစည်ကားပြီး
နတ်ပြည်မှာတောင်
ဘုံပျောက်လုခမန်းဆိတ်သုဉ်းခဲ့ရပါသတဲ့

ဒါနဲ့
မဖြစ်ချေဘူးဆိုပြီး
လောကကြီးပျက်တော့မယ်
လောကကြီးပျက်တော့မယ်
လောကကြီးပျက်တော့မယ်အော်လို့ဟစ်လို့
ဘိုးသိကြားကမုဆိုးကြီးလို
မာတလိကခွေးနက်ကြီးလိုဖန်ဆင်း
လူ့ပြည်ကိုချက်ချင်းဆင်းချလာပါပေါ

ဒီတော့မှ
ခွေးနက်ကြီးကိုမြင်ပြီး
ကြောက်လွန်းလန့်လွန်းလို့
တနိုင်ငံလုံးနန်းရင်ပြင်ထဲဝရုန်းသုန်းကား
ပြေးကြပုန်းကြနဲ့
ဥသီနကဘုရင်ကြီးတောင်အကြောက်လွန်လို့
ပြဿ    ဒ်ပေါ်တက်ပြေးသွားပါသတဲ့

ဒီခွေးနက်ကြီးနန်းတွင်းထဲဘယ့်နှယ်
တွင်တွင်ထိုးဟောင်နေရသလဲမုဆိုးကြီးရဲ့
ကြောက်ကြောက်နဲ့ဘုရင်ခမျာမေးလာတော့မှ
ရန်သူ့အသားစားချင်လို့
အကျင့်ပျက်မှန်ရင်ဒီခွေးနက်ကြီးရဲ့ရန်သူပဲ
ပြောပြောဆိုဆိုမုဆိုးတဖြစ်လဲ
ဘိုးသိကြားကကိုယ်ထင်ပြ
ဘုရင်နဲ့အတူအားလုံးကိုတရားပြတဲ့
တရားရစေတဲ့မဟာကဏှဇာတ်
ခုတလောမကြာမကြာသတိရမိပါရဲ့

ကမ္ဘာလောကကြီးသာယာဖို့
လောကကြီးကိုအလှပြန်ဆင်နိုင်ဖို့
မုဆိုးကြီးလို၊ခွေးနက်ကြီးလို
ဘိုးသိကြားရဲ့ပါဖောမ်မန့်နဲ့
မာတလိရဲ့ပါဖောမ်မန့်နဲ့
ညစ်ပွဲတွေစစ်ပွဲတွေရပ်တန့်စေဖို့
မုဆိုးကြီးရေ . . . လာပါတော့
ခွေးနက်ကြီးရေ . . . လာပါတော့ . . .

ငါးရာ့ငါးဆယ်ဇာတ်တော်၊ ဒွါဒသကနိပါတ်၊ မဟာကဏှဇာတ်တော်ကိုမှီးပါသည်

ဇော်ထက်(ပျဉ်းမနား) - “ဘယ်မှာလဲ ကဗျာဆရာ”

$
0
0

ဇော်ထက်(ပျဉ်းမနား) - “ဘယ်မှာလဲ ကဗျာဆရာ”
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၅

“ဘယ်မှာလဲ … ဗျာ
ကဗျာဆရာဆိုတဲ့ ငနဲများ
ပြစမ်းပါဦး၊
ပြစမ်းပါဦးလား…..”
လောကနတ် ဘုရားများ
အကျွန်ုပ် သူ့ကို သိမလား
ဒီလူသားစစ်စစ်
ဧကရာဇ်တပါး ဖြစ်ချင်ဖြစ်မယ်
သူဖုန်းစားခေါင်းဆောင်လား ဖြစ်ချင်ဖြစ်မယ်
ကြီးမြတ်တဲ့လူသားတယောက် ဖြစ်ချင်ဖြစ်မယ်
မျောက်ဝံတကောင်နဲ့ ပလေတိုကြား
သတ္တဝါတမျိုးလား
အင်း.. လူသားဟာ လူသားပဲ
သာတူညီမျှပဲ ဖြစ်တယ်တဲ့….
သူဖြစ်ချင်ရာ နေ
သူ့ဘဝ လိုရာစေ
တေလေငှက်ကလေးလား
အားမာန်ပြင်းနဲ့ လင်းယုန်လား
ဘယ်လိုပျံဝဲလို့ သွားသွား
ဘယ်ကိုချီလို့ သွားမလဲ ဆိုတာ
သူ့အာရုံတွေက
ဖမ်းစားလို့ ရသတဲ့…..၊
ကေသရာဇာခြင်္သေ့ရဲ့ 
ပျားရည်လို ဟိန်းတဲ့အသံ
လည်မျိုက စူးရှတဲ့မာန်နဲ့
ကျားက ဟန်ထည့်
သံကုန်ဖွဲ့ထား
အသံစုံ တကယ့်နားထဲ သီ
ဒီကမ္ဘာအထက် …
သည်ကဗျာဆရာအတွက်မှာတော့
ဒါဟာ….
သာသာယာယာ
ကဗျာတပုဒ်ပဲ ပေါ့ကွယ်… … …

(ကဗျာဆရာကမာပုလဲအား လေးစားစွာဖြင့် အမှတ်တရ)
(Where is the Poet? By John Keats, one of the best loved and studied poets in British literature.)

http://www.poemhunter.com/poem/where-s-the-poet/ 

ဖိုးထက် - မုန်းတာဟာ ရှက်စရာ

$
0
0

ဖိုးထက် - မုန်းတာဟာ ရှက်စရာ
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၅

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုနောက်ပိုင်း အင်တာဗျူးတွေ၊ မိန့်ခွန်းတွေ၊ ဟောပြောချက်တွေ၊ သတင်းစာ ရှင်းလင်းပွဲတွေကို  ကျွန်တော် အချိန်ပေးပြီး မကြည့်တော့ဘူး။ ခင်ဗျား မျက်ခုံးတွေ ပင့်မသွားပါနဲ့။ အဖွားကြီး (ကိုယ့်အမေကို ချစ်စနိုးနဲ့ ကွယ်ရာမှာ အဖွားကြီး၊ မနိုင်ဘူး၊ ကြောက်ရတယ်၊ ချစ်ရတယ် ဆိုတဲ့ သဘောပါ) ရဲ့ စကားတွေက ကျွန်တော့်အတွက် အပ်ကြောင်းထပ်နေပြီ။ 

အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပါတယ်၊ 
စစ်တပ်ကို မမုန်းပါဘူး၊
 ရှေ့ကိုလျှောက်လှမ်းကြပါ၊ 
ဘယ်သူ့ကိုမှ အာဃာတ မထားပါဘူး၊ 
ပညာရေး၊ ကျန်းမာရေး ကိစ္စတွေကို ပြင်ရမယ်၊ 
စစ်တပ်ကို Professional စစ်တပ်ဖြစ်စေချင်တယ်၊ 
စည်းလုံး ညီညွတ်ကြပါ၊ 
စည်းကမ်းရှိကြပါ၊ 
ဒီမိုကရေစီ ခရီးက မဆုံးသေးပါဘူး 

စသည်ဖြင့် စကားတွေက ကျွန်တော့်အတွက် ရိုးနေပါပြီ။ ရိုးသွားပြီဆိုလို့ ဘယ်ဘက်နားက ၀င် ညာဘက်နားက ထွက်တဲ့ သဘော မဟုတ်ပါဘူး။ သူ့စကားတွေကို နှလုံးသားထဲမှာ စွဲစွဲမြဲမြဲ ယုံကြည် လက်ခံပြီးသားမို့ ရိုရိုသေသေ လေးလေးစားစား လက်ခံပြီးတဲ့ သဘောပါ။ ပြန်လှန်လေ့ကျင့်ခန်းတွေ လုပ်စရာမလိုလောက်အောင် ကြေညက်ပြီးတဲ့ သဘောပါ။

ဒါကြောင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်က MRTV မှာ အဖွားကြီး စကားပြောတော့ ကျွန်တော် မကြည့်ဖြစ်ခဲ့ဘူး။ လာကြည့်ပါလို့ ဖိတ်ခေါ်တဲ့ အဖွားကြီးကို သဲသဲလှုပ်အားပေးတဲ့ ချစ်ခင် ကြင်နာရတဲ့ ရင်ဘတ်မိတ်ဆွေက သဘောကျပုံမရဘူး။ ငါ သူ့စကားတွေကို ရိုးနေပါပြီကွာလို့ ရှင်းပြပေမယ့် ကြိုက်ပုံမရဘူး။ သူကတော့ RFA၊ BBC စတဲ့ သတင်းဌာနတွေအပြင် facebook ပေါ်မှာ တက်လာတဲ့ ဒေါ်စုရဲ့စကားလေးတစ်ခွန်းကအစ တခုတ်တရ နားထောင်တတ်သူဆိုတော့ ကျွန်တော့် သဘောကို နားလည်မယ်မထင်ဘူး။

ဒါပေမယ့် ဒီနေ့တော့ အဖွားကြီးရဲ့ အင်တာဗျူး တစ်ခုကို ကြုံကြိုက်လို့ ဖတ်မိလိုက်တယ်။ ၀ါရှင်တန်ပို့စ်က သတင်းထောက် Lally Weymouth နဲ့ အဖွားကြီးနဲ့ သီးသန့် အင်တာဗျူးပါ။ မြန်မာစကားမှာ အမေးနွားကျောင်းသား အဖြေ ဘုရားလောင်းဆိုတဲ့ စကားရှိတယ်။ မေးသူက မေးချင်တာ မေးတယ်။ ဖြေသူက ပညာကြီးရင့်နဲ့ ဦးနှောက်နဲ့ နှလုံးသားကို အသုံးပြုပြီး ဖြေတယ်။ Lally မေးတဲ့ မေးခွန်းတွေက ဖြေရတဲ့ သူက စိတ်ထားလဲ မရှင်းဘူး၊ စိတ်ကောင်းလဲ မရှိဘူး၊ ပညာလဲ မရှိဘူး၊ ပြဿနာတွေကို ရှုပ်ရှုပ်ထွေးထွေးမြင်သူသာ ဆိုရင် ခပ်ရိုင်းရိုင်း ပြောရရင် ချောင်ပိတ်အရိုက်ခံရတဲ့ ခွေးတစ်ကောင်လို အာ…အီ…အင်း… ဖြစ်နေမှာဘဲ။

ဒီလောက် ဘေးကျပ်နံကျပ်မေးခွန်းတွေ မေးတဲ့ Lally ကိုလဲ စိတ်ဝင်စားသွားလို့ ၀ီကီမှာ တက်ဖတ်တော့ ဆရာမကြီးဆိုတာ သိရတယ်။ အမေရိကန်နိုင်ငံ မြို့တော် ၀ါရှင်တန်မြို့က နေ့စဉ်ထုတ် သတင်းစာ ၀ါရှင်တန်ပို့စ်ရဲ့ အကြီးတန်း တွဲဖက် အယ်ဒီတာ။ ၀ါရှင်တန်ပို့စ် သတင်းစာက ၁၉၇၇ ခုနှစ်မှာ တည်ထောင်တယ်။ မြန်မာပြည်လွတ်လပ်ရေး မဆုံးခင် ရှစ်နှစ်လောက်ကတည်းက သတင်းစာ။ သက်တမ်းက ကျွန်တော့်အသက်ထက် အများကြီး ကြီးနေသေးတယ်။ တကယ့် ၀ါရင့် သတင်းစာကြီးက အယ်ဒီတာတစ်ယောက်ဆိုတော့ နည်းတဲ့ အတွေ့အကြုံနဲ့ အရည်အချင်းလား။ ဒီတော့ မေးခွန်းတွေမှာ အားနာတာလဲ မရှိဘူး။ ကောင်းပါ့မလားလို့လဲ ဘယ်တွေးပါ့မလဲ။

Lally ဆိုတဲ့ အမျိုးသမီးကြီးက ရိုဟင်ဂျာတွေ၊ ဒီမိုကရေစီရေးရာတွေမှာ သူတို့ သတင်းဌာနတွေ ပေးသလောက်ဘဲ ရခဲ့တဲ့ အမျိုးသမီးကြီးလို့ ကျွန်တော် ထင်တယ်။ ရှုပ်ထွေးနေတဲ့ ကျွန်တော်တို့ နိုင်ငံအခြေအနေ၊ အောက်တန်းကျနေတဲ့ ကျွန်တော်တို့ နိုင်ငံအခြေအနေတွေကို နိုင်ငံသားဖြစ်တဲ့ ကျွန်တော်တို့လိုမျိုး သူက ဘယ်လိုလုပ်ပြီး ရင်ဘတ်နဲ့ ခံစားတတ်မလဲ။ သူ့ အရည်အချင်းနဲ့ အတွေ့အကြုံကို အထင်သေးတာတော့ မဟုတ်ပေမယ့် သုမဏကျောက ဒဏ်ရာတွေကို ဘယ်သူကများ သုမဏလောက် သိပါ့မလဲ။ ဘယ်သူကများ သုမဏလောက် ခံစားနိုင်မှာလဲ။ လူသားချင်း စာနာထောက်ထားရမယ်ဆိုတဲ့ သူလို ဒင်ပြည့် ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံရဲ့ နိုင်ငံသားရဲ့ အမြင်က ဒီမိုကရေစီ လေးဘက်ထောက်သွားစပြုနေတဲ့ နိုင်ငံသား ကျွန်တော့်အမြင်နဲ့တော့ ဘယ်ထပ်တူကျပါ့မလဲ။

Lally ရဲ့ မေးခွန်းတွေနဲ့ အဖွားကြီးရဲ့ အဖြေတွေက လူတိုင်းနီးပါး ဖတ်ပြီးသားဆိုတော့ ဌီကာ ချဲ့မနေချင်တော့ပါဘူး။  Lally က သူ့နိုင်ငံရဲ့ မြန်မာ့ နိုင်ငံရေးအပေါ်ကို အလေးအနက်ထားတယ်ဆိုတဲ့ အမြင်ရှိပုံရတယ်။ ဟုတ်ပါတယ်။ ကျေးဇူးတင်ရပေမယ့် အဖေခေါ်လောက်အောင်လဲ မဟုတ်ပါဘူး။ အခြားနိုင်ငံတွေလဲ ကျွန်တော်တို့ ပြည်သူလူထုဘက်မှာ ကူရပ်ပေးခဲ့ကြတာဘဲ။ အထူးသဖြင့် အဖွားကြီးအပေါ်မှာ အမေရိကန် နိုင်ငံ အစိုးရ အဆက်ဆက် ကျောထောက် နောက်ခံ ပြုခဲ့ကြတာချည်းဘဲ။ ဒါပေမယ့်အဖွားကြီးဖြေသွားပုံက တရားမျှတတယ်။ ကိုယ့်နိုင်ငံရဲ့ အား ကိုယ့်ပြည်တွင်းမှာသာဘဲ ရှိတယ်ဆိုတဲ့ မူကို ကျွန်တော် အကြိုက်ဆုံးဘဲ။ ကိုယ်တိုင်သောက်သုံးမကျရင် ဘယ်သူ ကူလို့မှ ဘယ်ခရီးကိုမှ ရောက်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာက ဖိအားဘယ်လောက်ပေးပေး အာဏာရှင်ဆိုတာ ဘယ်သူ့ကိုမှ ဂရုစိုက်တတ်တာ မဟုတ်ပါဘူး။

ဒီမိုကရေစီ ခရီးဟာ အခုဆို ခရီးအတော်ပေါက်နေပြီလို့ ပြောလို့ မရသေးပေမယ့် အတော်အသင့်တော့ ခရီးရောက်ခဲ့ပြီလို့ ကျွန်တော်တို့ ပြောနိုင်မှာပါ။ ဒီလို လမ်းစတွေ့ဖို့၊ ခရီးရောက်သင့်သလောက် ရောက်ဖို့ အဖွားကြီးနဲ့ ကျွန်တော်တို့ ပြည်သူလူထုတွေရဲ့ အားထုတ်မှုဟာ အဓိကကျပါတယ်။ ဦးနုတို့ ခေတ်က ဦးကျော်ငြိမ်းတို့နဲ့ သန့်ရှင်းနဲ့ တည်မြဲဆိုပြီး ဖဆပလကြီး နှစ်ခြမ်းကွဲတယ်။ သန့်ရှင်းက ဦးနုတို့ ခေါင်းဆောင်တယ်။ တည်မြဲက အဲဒီအချိန်တုံးက မဲရဖို့ အတွက် အမျိုးမျိုး စည်ရုံးတယ်။ မဲသွားပေးမယ့် သူတွေကို ကားစီစဉ်ပေးတယ်။ ထောက်ပံ့တယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ သန့်ရှင်းက နိုင်တယ်။ ခေတ်အဆက်ဆက်က မြန်မာပြည်သူလူထုရဲ့ နိုင်ငံရေး အမြင်ဟာ ဘယ်တော့မှ ခေတ်နောက်ကျမနေခဲ့ဘူး။ ရောင်ရောင်ဝါးဝါး ဘယ်တော့မှ မဖြစ်ခဲ့ဘူး။ ဦးနုတို့ ခေတ်က ဒီမိုကရေစီ ခရီးကို ခရီးပေါက်အောင် သွားနိုင်မယ့် သန့်ရှင်းကို မဲထည့်ခဲ့ကြသလို အခုလဲ NLD က ကြီးစွာ အောင်နိုင်တယ်။ ဒါတွေဟာ ကျွန်တော်တို့ ပြည်သူလူထုရဲ့ နိုင်ငံရေး ပါးနပ်လိမ္မာမှုပါဘဲ။

ဒါကြောင့် အခြားသော ပြည်ပ နိုင်ငံတွေရဲ့ အကူအညီကို အသိအမှတ်ပြုရမှာ ဖြစ်ပေမယ့် မြန်မာပြည်အရေးကို မြန်မာနိုင်ငံသားတွေက အဓိက လုပ်ရမှာဘဲ။ နောင်ကိုလဲ မြန်မာနိုင်ငံသားတွေကို ငအ တွေလို့ထင်တဲ့ နိုင်ငံခေါင်းဆောင်မှန်သမျှ နောက်ကောက်ကျ ကျန်နေခဲ့အုံးမှာဆိုတဲ့ သမိုင်းရဲ့ သင်ခန်းစာတွေပါဘဲ။ 

လက်ရှိ ကျွန်တော်တို့ နိုင်ငံ အခြေအနေအရ စစ်တပ်ကြီးသာ အနေမှန်အုံးမယ်ဆိုရင် လေးဘက်သွားကနေ မတ်တပ်ပြေးမယ်။ မြန်မာပြည်စစ်တပ်ကို အများမယုံကြည်သလို ကျွန်တော် မယုံကြည်ဘူး။ နိုင်ငံရေးမှာ အမြဲ ၀င်ရှုပ်ခဲ့တဲ့ စစ်တပ်ကြောင့်မို့လို့ ယုံချင်စရာလဲ မကောင်းဘူး။ အာဏာ နဲ့ နိုင်ငံရေးမှာ လက်နက် အကူအညီသာ ရှိရင် စားရတဲ့ကလေး ပိုငတ်တယ်ဆိုတဲ့ စကားလို အရသာသိနေခဲ့ကြတဲ့ စစ်ဗိုလ်တွေ အုပ်စီးထားတဲ့ စစ်တပ်ကြီး ဖြစ်နေတာ ကြာခဲ့ပြီ။ 

ဒါပေသိ အလွန်အောက်တန်းကျနေတဲ့ နိုင်ငံဖြစ်နေပြီ။ အုပ်ချုပ်ရေး စနစ်ကြီးကို ပြောင်းမှ ရတော့မယ်။ ပြီးတော့ တစ်ဖက် အတိုက်အခံခေါင်းဆောင်ကလဲ စစ်ဗိုလ်တွေကို လူကြီးလူကောင်းဆန်ဆန် ဘေးထွက်ထိုင်ဖို့ လမ်းဖွင့်ပေးထားတယ်။ ဒီလို အခွင့်ကောင်း အခါကောင်းကို ယူဖို့ သင့်တယ်ဆိုတာ သူတို့က ကျွန်တော်တို့ထက် ပိုသိမယ်လို့ မျှော်လင့်ရတာပါဘဲ။

ဦးနုရဲ့ တာတေစနေသားကို ကျွန်တော် ဖတ်မိရင်း အခန်း ၂၇ က အကြောင်းအရာတစ်ချို့ကို ပြန်ပြောပြချင်တယ်။ အဲဒီအချိန်က ဦးနု နိုင်ငံခြား ခရီးတွေသွားရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အမြစ်တွယ်ပါ့မလားလို့ မေးခဲ့ကြတယ်တဲ့။ ဦးနုက သရက်စေ့ကနေ သရက်ပင်ဖြစ်လာပြီး သရက်သီး သီးဖို့လိုမျိုး ကိစ္စမှာတောင် ချက်ချင်း မရဘူး။ နှစ်အတော်ကြာအောင် စောင့်ရတယ်။ ဒီမိုကရေစီ ကိစ္စမှာဆို ပိုခက်ပြီပေါ့တဲ့။ ဒီမိုကရေစီကို အမြစ်တွယ်လာအောင် လုပ်ချင်တဲ့ သူတွေဟာ စိတ်ရှည်ရတယ်။ ဇွဲရှိရတယ်။ သီးခံရတယ်။ ကိုယ်တိုင်လဲ ဒီမိုကရေစီ စနစ်ကို ယုံယုံကြည်ကြည် ရှိရမယ်တဲ့။ 

ဒီမိုကရေစီ အမြစ်တွယ်လာအောင် လုပ်တဲ့ နေရာမှာ အပိုင်းနှစ်ပိုင်းရှိတယ်တဲ့။ ဒီမိုကရေစီရဲ့ အန္တရာယ်ဖြစ်လာစေမယ့် ပုဂ္ဂိုလ်တွေကို အမြင်မှန်ရအောင် လုပ်ပေးရတဲ့ အပိုင်းနဲ့ ပြည်သူလူထု တစ်ရပ်လုံးဟာ ဒီမိုကရေစီ စနစ်ကို အသက်ပေးပြီး ကာကွယ်မယ့် စစ်သားကောင်းတွေ ဖြစ်လာအောင် လုပ်ပေးရတဲ့ အပိုင်းတဲ့။ လက်ရှိမှာ ကျွန်တော်တို့ ပြည်သူလူထုဟာ ဒီမိုကရေစီကို အသက်နဲ့ ပေးကာကွယ်ချင်သူတွေ ဖြစ်တယ်၊ နိုင်ငံရေး ငတုံးကြီးတွေ မဟုတ်ဘူးဆိုတာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ထင်ရှားခဲ့ပြီ။

ဆန့်ကျင်ဘက် ပုဂ္ဂိုလ်များကို အမြင်မှန်ရအောင် လုပ်ဖို့ကြတော့ ထင်သလောက် မလွယ်ဘူးလို့ ကျွန်တော်ထင်တယ်။ လူဆိုတာမျိုးက ကိုယ်တိုင်တောင် အမြင်မှန်ရဖို့ သိပ်ခက်ပါတယ်။ မွေးရာပါ ဒေါသ၊ မခံချင်စိတ်၊ မနာလို ၀န်တိုစိတ်၊ လောဘ တွေပါပြီးသား လူတစ်ယောက်တည်းကိုတောင် အတွေးမှန်၊ အနေမှန်အောင် လုပ်ဖို့ သိပ်ခက်တယ်မို့လား။ အခုက ဒီမိုကရေစီကို အန္တရာယ်ပေးမယ့် လူတွေက ရိုက်သတ်မယ်ဆိုရင်တောင် ကုန်မယ် မထင်ဘူး။ သူတို့ကို အမြင်မှန်ရအောင်၊ အတွေးအခေါ်ပိုင်း အဆင်ပြေလာအောင် ဘယ်လိုလုပ်ကြပါ့မလဲ။ ကျွန်တော်ကတော့ မလွယ်ဘူး ထင်တယ်။ 

ဒါပေမယ့် အဖွားကြီးအတွက်ကတော့ လွယ်ပုံရတယ်။ ဒါကြောင့်လဲ Lally မေးတဲ့ မေးခွန်းတစ်ခုထဲမှာ သူ့သဘောထားကို ထည့်ဖြေသွားတာဘဲ။

 Lally က “သူတို့ (စစ်အာဏာရှင်တွေ) ပြုမူ ဆက်ဆံခဲ့ပုံနဲ့ ပါတ်သက်ပြီး အင်မတန် ခါးသီးနေတဲ့ သူတွေ ရှိနေမှာဘဲလေ” လို့ စကားထောက်ပေးတယ်။ 

“But there must be people who are very bitter about the way they were treated.” တဲ့။ 

အဖွားကြီးက “I don’t know that bitterness really helps anybody.” တဲ့။

“ခါးသီးမှုက ဘယ်သူ့ကိုများ အကူအညီ ဖြစ်စေလို့လဲ” တဲ့။

ဒေါ်စုရဲ့ ကျွန်တော်တို့ အပေါ် နိုင်ငံရေး ခေါင်းဆောင်မှုတွေထဲက အကြိုက်ဆုံး အချက်ကို ပြောပြပါလို့ ကိုယ့်ဘာသာ ပြန်မေးမိရင် အဲဒီလို မေတ္တာထားနိုင်တဲ့ စိတ်ထားဘဲ။ ခံရတာက သူ။ လုပ်သူကို ပြန်မုန်းတာက ကျွန်တော်တို့။ ကိုယ်ရေး ကိုယ်တာမှာ မာနကို ထိတာ၊ နှိမ်ချ စော်ကားတယ်လို့ ထင်ရင် သူသူကိုယ်ကိုယ် ဒေါသက အတားအဆီးမရှိထွက်တယ်။ ကြိုက်တဲ့ ဆီကိုတက် တိမ်ပေါ်အထိ တက်မယ်ဆိုတဲ့ စိတ်ထား ကျွန်တော်တို့မှာ ရှိတတ်ကြတယ်။ နိုင်ငံရေးမှာကြတော့ ဒီလိုမျိုး ဒေါသ၊ မာန်မာနတွေ အများကြီး သင့်နေလို့ မရဘူးဆိုတာ အဖွားကြီးက အများကြီး နည်းပေး လမ်းပြလုပ်တယ်။ လူအများအတွက် ခရီးသွားကြတဲ့ နေရာမှာ ကိုယ်ဖြစ်ချင်တာဘဲ သိ၊ ကိုယ်လုပ်ချင်တာဘဲ လုပ်၊ ကိုယ်ဖြစ်စေချင်တာဘဲ ဖြစ်စေချင်တဲ့ စိတ်မျိုး ဘယ်လိုမှ အဆင်မပြေသလို နိုင်ငံရေး ခရီးကြမ်းတွေမှာ မဖြစ်ပါဘူးလို့ ကိုယ်တိုင်လဲ ကျင့်သုံးတယ်။ သိပ်ကို ပြည့်စုံလွန်းတဲ့ ခေါင်းဆောင်ဆိုတာ ထင်ရှားတယ်။ နှလုံးသားနဲ့ ဦးနှောက် အကြီးကြီးရှိတဲ့ ခေါင်းဆောင်ဖြစ်တယ်။

အဖွားကြီးနဲ့ Lally တို့ရဲ့ အမေးနဲ့ အဖြေကို ဖတ်ရတော့ ကဗျာဆရာ မောင်ရန်ပိုင်ရဲ့ ကဗျာလေး တစ်ပုဒ်ကို ကျွန်တော် သတိရတယ်။ 

“ရင်ထဲမှာ
အမုန်းစိတ် ဖြစ်ပေါ်တယ်ဆိုတာ
ဘယ်လောက် ရှက်ဖို့ ကောင်းလဲ” တဲ့။

သူသူ ကိုယ်ကိုယ် သာမန်လူတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က မုန်းတီးသူတွေ ရှိတယ်။ ကျွန်တော့်ကို ခါးခါးသီးသီး မတွေ့ချင် မမြင်ချင်လောက်အောင် မုန်းတီးသူတွေလဲ ရှိတာဘဲ။ မုန်းတီး ခါးသီးမှုဟာ ရှက်စရာပါ ဆိုတဲ့ အမြင်ကို အဖွားကြီးက ကျွန်တော့်ကို သင်ပေးတယ်။ ဆရာ မောင်ရန်ပိုင်က ကျွန်တော့်ကို မေးတယ်။


နီဇူလိုင် - “ခေတ်စကြ်ာမှန်ပြောင်း”

$
0
0

နီဇူလိုင် -  “ခေတ်စကြ်ာမှန်ပြောင်း”
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၅
  မီးခိုးတလူလူတငွေ့ငွေ့ နေတဲ့ ဆောင်းတွင်းမီးဖိုလေးထဲမှာ သစ်ရွက်ညိုညိုလေးတွေ၊ သစ်ရွက်စိမ်းဝါ၀ါလေးတွေဟာ တမြေ့မြေ့ လောင်ကျွမ်းခံရင်း မီးလှုံနေတဲ့ မြေးအဖိုးကို အနွေးဓါတ်ပေးနေတယ်။ သိုးမွှေးဦးထုပ်အပြာရောင်ကို ဆောင်းထားတဲ့ သူက အလျား၆လက်မအ နံ၁လက်မလောက်ရှိတဲ့  မှန်ပြားလေး သုံးချပ်ကို နှုတ်ခမ်းစောင်းချင်း ထိစပ်လိုက်တယ်..။ သူ့လက်တွေဟာ အမေ့ရင်ခွင်ထဲမှာ အိပ်နေတဲ့ ကလေးငယ်လေး လန့်နိုးသွားမှာစိုးလို့ ဖြေးညှင်းညင်သာစွာလှုပ်ရှားနေတဲ့  မိခင်တယောက်ရဲ့  လက်တွေလို
ဂရုတစိုက်၊ တိတိကျကျ လှုပ်ရှားလို့။ မှန်နှုတ်ခမ်းစောင်းလေးတွေမှာ မှန်ကပ်ကော်သုတ်ထားတာမို့ မျက်နှာဝ တြိဂံပုံလေးနဲ့ မှန်ပြောင်းတခုဖြစ်သွားပြီ။ မှန်ပြောင်းရဲ့ တဖက်ထိပ်ကို စက္ကူထူတရွက်နဲ့ အလုံပိတ်လိုက်ပြီး
နံဘေးဘက်က မှန်ပြားလေးတွေပေါ်ကိုတော့  ဂျာနယ်စက္ကူ ထူထူနဲ့ တထပ်ထပ်ပတ်လိုက်တယ်။

“ဒါမှ သားလက်ကို မရှမှာ” လို့ ပြောရင်း  အနားက ငါးနှစ်အရွယ် မြေးကိုကြည့်လိုက်တော့..တောက်ပတဲ့ မျက်လုံးသေးသေးလေးတွေက  သူ့လက်ထဲက မှန်ပြောင်းလေးပေါ်မှာ တလက်လက်စူးစိုက်နေလိုက်တာ။


 “ကဲ ပေး။ လူလေးကြီး  ညှပ်ထားတဲ့  ရောင်စုံစက္ကူလေးတွေ..” လို့ ပြောလိုက်တော့ လျှာထိုးဦးထုပ်ညိုညိုကလေးထဲက ဂျာနယ်စက္ကူရောင်စုံဖြတ်စတွေကို  မြေးက သွက်သွက်လက်လက်  ထုတ်ပေးရင်း..

“ဒီစက္ကူတွေကိုရော အပေါ်က ထပ်ကပ်ရဦးမှာလား ဘဘ”


သူက တချက်ပြုံးရင်း..တဖက်ပိတ်မှန်ပြောင်းလေးကို  ရှေ့ တိုးပေးလိုက်တယ်။


“ဒီထဲကိုထည့်လကွာ..” 

မြေးလက်ဖ၀ါး.တုတ်တုတ်ကစ်ကစ်ကလေးတွေထဲက ရောင်စုံစက္ကူစလေးတွေဟာ တဖက်ပိတ်မှန်ပြောင်းလေးရဲ့ ဖွင့်ထားတဲ့ မျက်နှာဝကနေအထဲကို ခုန်ပေါက်ဆင်းသွားကြတယ်။ ပြီးမှ မှန်ပြောင်းရဲ့  ဖွင့်ထားတဲ့ မျက်နှာဝတဖက်ကို ပလတ်စတစ်အကြည်လေးနဲ့ အုပ်ပြီး သားရေကွင်းနဲ့  ထိပ်နှစ်ဘက်ကနေ စည်းလိုက်တယ်။ နဲနဲညောင်းသွားတဲ့ ခါးကိုဆန့်ရင်း…မှန်ပြောင်းရဲ့ ပလတ်စတစ်အကြည်မျက်နှာဝဘက်ကနေ မျက်စိတဘက်ပိတ်ပြီး ကပ်ကြည့်လိုက်တော့ ၊ အတွင်းက  ပြဒါးသုတ်ထားတဲ့ မှန်နံရံမှာ..ရောင်စုံမှန်ကူကွက်ကလေးတွေ။ မှန်ပြောင်းကို ကိုင်ထားတဲ့ လက်ကို တချက်လှုပ်လိုက်တိုင်း မှန်ကူကွက်ရောင်စုံလေးတွေက
တဖျတ်ဖျတ်ပြေးလွှားလို့  ပုံသဏ္ဍန်အမျိုးမျိုး ဆင်လို့။


“ဘဘ…ပန်းစကြ်ာမှန်ပြောင်းရပြီလား။ လူလေး ကြည့်ချင်ပြီ၊ ပြပါ” 
 မြေးက သူ့လက်ထဲက  မှန်ပြောင်းကလေးကို  ဆွဲယူဖို့ လက်ကလေး တပြင်ပြင်နဲ့ စိတ်စောစွာ..။


“ပန်းစကြ်ာမှန်ပြောင်း..။အင်း…ဘဘတို့ငယ်ငယ်ကတော့…ဒီလို..မှန်ပြောင်းထဲကို  မင်းတို့လို စက္ကူရောင်စုံတွေ မထည့်ကြဘူး။ ပန်းရောင်စုံလေးတွေ ထည့်ကြည့်ကြတာကွ။ ပန်းစကြ်ာမှန်ပြောင်း အစစ်ပေါ့ကွာ”


သူက လက်ထဲက  ပန်းစင်္ကြာမှန်ပြောင်းလေးရဲ့ နှုတ်ခမ်းသတ်တွေကို  သေချာလှည့်ပတ်ကြည့်တယ်။ စိတ်ချရပြီဆိုမှ    လက်ထဲက ပန်းစင်္ကြာမှန်ပြောင်းကို မြေးလေးရဲ့  လက်ထဲကို လွှဲပေးရင်း၊ ညောင်းနေတဲ့ ခါးကို  ဆန့်လိုက်တယ်။ စိတ်မျက်ဝန်းထဲမှာတော့  ပန်းစင်္ကြာရောင်စုံစလေးတွေက  ခုန်ပေါက် ပြေးလွှားနေတုန်း။

- - - - - - - -


“လူလေးရေ - အမနဲ့ အဖော်လိုက်ခဲ့ဦးကွာ”  

ဖျင်တဘက်ကြီးကို  ခေါင်းပေါ်မှာ ခပ်သော့သော့ပတ်ခွေ ပေါင်းရင်း  အမက လှမ်းပြောတယ်။ ပြောလဲပြော လက်တဘက်မှာ ပိုက်ဆံထည့်နေကျ ရှမ်းလွယ်အိတ်အသေးလေးကို ချိတ်ရင်း အိမ်ပေါ်က ခပ်သွက်သွက်ဆင်းသွားတယ်။ အိမ်ရှေ့ ဈေးဆိုင်ထောင့်က  ဘီစကစ်မုန့်ပုံးထဲကို  လက်နှိုက်ရင်း ပါသမျှ မုန့်ချပ်တွေကို ပါးစပ်ထဲ  ပလုတ်ပလောင်းထိုးသွင်းဝါးပြီး အမနောက်ကို  အမီပြေးလိုက်ရတယ်။ 

အိမ်ရှေ့ မှာ ဦးလေးကိုမောင်ကြီးရဲ့  မြင်းလှည်းက  အဆင်သင့်စောင့်နေပြီ။ မြင်းလှည်း နောက်မြီး အမိုးကိုင်းလက်ကိုင်လေးကို  ဆွဲကိုင်ရင်း စွေ့ခနဲ ခပ်သွက်သွက်တက်လိုက်တဲ့ အမရဲ့   ခြေသလုံးလေးကိုပဲ မြင်လိုက်ရတယ်။ ၀ါးလက်စ မုန့်ချပ်တွေကို  ကပျာကယာ နှုတ်ခမ်းပါးနားသိမ်းမျိုချပြီး  ဦးလေးကိုမောင်ကြီးရဲ့  မြင်းလှည်းရှေ့ဘက်ကို  ရောက်တော့ မြင်းငညိုကြီးက ဆတ်ခနဲ ခြေလှမ်းစဖို့ပြင်နေပြီ။ မြင်းလှည်းရှေ့ သံအမိုးကိုင်းကို လှမ်းဆွဲရင်း  ဘာဘူတံပေါ်  တင်ပလွှဲပစ်ထိုင်လိုက် အပြီးမှာတော့ ဦးလေးကိုမောင်ကြီးရဲ့   “ဟရောင်း” ဆိုတဲ့ အာလုပ်သံနဲ့အတူ သူတို့မြင်းလှည်းလေး  စထွက်တော့တယ်။


“ဟဲ့ လူလေး။ ပြုတ်ကျမယ်၊ အထဲဝင်စီးစမ်း။ အထဲမှာ အချောင်ကြီးကို”


  အမရဲ့  မြည်တွန်တောက်တီးသံကြောင့်  မြင်းလှည်းထဲကို  ၀င်ထိုင်လိုက်ရင်း


“ အမကလည်း  နေတောင်အတော်စောင်းနေပြီ..။ကျနော် ဘောလုံးကန်ဖို့ ချိန်းထားတာ” လို့ မကျေနပ်သံလေးနဲ့ အထွန့်တက်မိတော့

“ဟဲ့..မနက်ရောင်းဖို့ ကုန်အရေးပေါ်ပြတ်သွားလို့ပေါ့ကွ”အမက ခပ်ငေါက်ငေါက်ကလေး  ပြန်ဖြေတယ်။

“ နေနဲနေပြီ မလေးရေ။ ခေတ်ကြီးကလည်း မကောင်းဘူးမို့လား။ တတ်နိုင်ရင်တော့ နောက်ကို စောစောသွားပေါ့”လို့ ဦးလေးကိုမောင်ကြီးက  ပြောပေမဲ့ အမက ခပ်ပြုံးပြုံးပင်။


“မောင်ကြီးရဲ့ နင့်တို့အကိုကြီး အရှိန်တွေ ကျန်ပါသေးတယ်ဟဲ့။ ဒီရွာတ၀ိုက်  ငါတို့မိသားစုကို ဘယ်သူမှလက်ဖျားနဲ့ မတို့ပါဘူးကွယ်”


“ဟုတ်တော့ ဟုတ်ပါတယ် မလေးရယ်။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်မရှိဘူးမို့လား”


အမတို့  နှစ်ယောက်ပြောနေတာကို  နားထောင်ရင်း   အဖေ့ကို သတိရသွားတယ်..။သတိရတယ်သာ ဆိုတာ အဖေဆုံးတော့  သူက ငါးနှစ်သားလောက်သာ။ မျက်စိထဲမှာ  အဖေ့အလောင်းကြီးကို အိမ်ရှေ့ ခန်းမှာ
ဆန့်ဆန့်ကြီး ပြင်ထားတာရယ်။ အနားမှာ  မငိုပဲ ခပ်တင်းတင်းမျက်နှာနဲ့ထိုင်နေတဲ့  အမရယ်။ ၅နှစ်သားလေးရဲ့   မှတ်ဥာဏ်မှာ တစွန်းတစဆိုပေမဲ့၊ စိတ်ညစ်ညူးစရာမြင်ကွင်းကြီးဆိုတဲ့ အသိက  ခုထိ စူးစူးနစ်နစ်။ ရွာစွန်က  ခြံကျယ်ကြီးမှာ အသက်(၃၀)ကျော် မုဆိုးမချွေးမနဲ့ ဘုစုခရုကလေး လေးယောက် ကျန်ခဲ့လို့ အဖေ့မိဘတွေက  သူတို့ပိုင်တဲ့ရွာလည်အိမ်တန်းလျားတခုမှာ  လာနေဖို့ ပြောပေမဲ့ အမက  လက်မခံ။ ခြံကျယ်ကြီးကနေ  တန်းလျားကျပ်ကျပ်ကလေးမှာ သူများမျက်နှာကြည့်ပြီး  မနေနိုင်ပါဘူးတဲ့။ သူတို့အမေ  “အမ” ကလည်း အဖေ့လိုပင် သွေးမသေးသူ - မာနခဲ။ မုဆိုးမဘ၀နဲ့ သားသမီးလေးယောက်ကို ဘယ်သူ့အကူအညီမှ မပါဘဲ ဈေးရောင်းကျွေးနိုင်တာကို  အမြဲဂုဏ်ယူသူ။ ဈေးရောင်းတာလဲ သာမန်မြေလတ်ဒေသ တောရွာကလေးကနေ ပင်လယ်အထိကို ခြေဆန့် ကူးသန်းရောင်းဝယ်နိုင်သူ။ 

အမအကြောင်းကို တွေးမိတွေးရာ တွေးနေမိတုန်း၊ ဦးလေးကိုမောင်ကြီးက   မြင်းလှည်းကို ခပ်မှန်မှန်မောင်းနေရင်းက ...

“ မလေးရေ…ရှေ့ မှာ  လူစိမ်းတယောက် မြင်းလှည်းကို တားနေတယ်..” လို့ ပြောရင်း  မြင်းညိုကြီးရဲ့  တင်ပါးကို  ကြိမ်နဲ့အသာတို့ပြီး၊  အရှိန်မြှင့်လိုက်ဖို့ပြင်လိုက်တယ်။ လူစိမ်းက  မြင်းလှည်းရှေ့ တည့်တည့်
လမ်းမပေါ်မှာ ပိတ်ရပ်နေရာကနေ လမ်းဘေးဘက်ကို  ကမန်းကတန်း ဆင်းချလိုက်ရင်း

“မြင်းလှည်း ကြုံ လိုက်ပရစေ..။အရေးကြီးလို့ပါ..” လို့  အသံခပ်အုပ်အုပ် ခပ်ပြတ်ပြတ်နဲ့ လှမ်းပြောတယ်။ အချိန်က  နေအတော်စောင်းနေပြီ။ ဦးလေးကိုမောင်ကြီးက  မြင်းလှည်းကို ရပ်မပေးပဲ  ခပ်သွက်သွက် မောင်းရင်း

 “ ခေတ်ကြီးက  ကောင်းတာမဟုတ်ဘူးကွ..မောင်အုန်းကြီးရ.။မင်းတို့လဲ  မြို့ ကျောင်းက  ပြန်ရင်  ဟိုဝင်ဒီထွက်  လုပ်မနေနဲ့။ ဟိုရက်က  ပြည်ဘက်မှာ ရောင်စုံသူပုန်တွေနဲ့ ဦးနုအစိုးရတပ်တွေ ရင်ဆိုင်တိုက်ကြသေးဆိုလား။ နောက်ပြီး  ဒီနေရာက  လူပြတ်တယ်။ ဟိုတလောကပဲ ကာလသား  ကိုကြွက်နီကို  သတ်သွားတာ ဒီနေရာမှာကွ။”

“ဦးလေးကိုမောင်ကြီးကလည်း  သတင်းစာထဲကလေအတိုင်း ရောင်စုံသူပုန် လုပ်နေပြန်ပြီ။ သူတို့သူပုန်တွေမှာ နံမယ်ရှိတယ်ဗျ။ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု ဆိုလား။ သူတို့ကလည်း ပြည်မြို့နီးချုပ်စပ် တ၀ိုက်ကို တော့ အခိုင်အမာခြေကုပ်ယူထားပြီး၊ သူပုန်အစိုးရတောင် ဖွဲ့ထားသေးတာနော်”


“အေးလကွာ။ တို့ပေါင်းတည်မှာတောင် မီးရထားလမ်းတဖက်မြောက်ဖက်ကို  ကျော်ရင် အညိုရောင်နယ်မြေ သူပုန်နယ်လို့ သတ်မှတ်ထားတာကို။ တို့ရွာတွေဆို သူပုန်တပ်ဖက်ကလူတွေ အားကောင်းတယ်ကွ။ ဒါပေမဲ့ကွာ ... ရွာမှာတော့ အစိုးရဘက်သားရော သူပုန်ဘက်သားရော ရောနေကြတာကိုး။ ဂျိုမှ မပါတာ။ ဘယ်ခွဲသိမလဲ။ အပြောအဆို အနေအထိုင် ဆင်ခြင်မှ။ အသက်နဲ့ ခန္ဒာမြဲမဲ့ ခေတ်ကြီးကွ”

“ခုတော့  ပြည်ဘက်မှာလဲ  သူပုန်တပ်တွေ  နဲနဲပြိုနေသလိုလို သတင်းကြားတယ်နော်။ အစိုးရဘက်နဲ့ သူပုန်နဲ့ စေ့စပ်နေကြတယ်လဲ ကြားတယ်”

   သူနဲ့ ဦးလေးကို မောင်ကြီးတို့  စကားပြောနေတုန်း ။အမကတော့ နောက်ဘက်ခပ်လှမ်းလှမ်းမှာ  ကျန်ခဲ့တဲ့  လူစိမ်းကို  အကဲခတ်သလို ကြည့်နေတယ်။ လူစိမ်းက  ဇွဲမလျှော့သေးပဲ   မြင်းလှည်းနောက်က
အပြေးကလေးလိုက်လာနေတယ်။

“ မောင်ကြီးရေ မြင်းလှည်းရပ်ပြီး  တင်လိုက်ပါကွာ။ သူ့ကြည့်ရတာ မွန်မွန်ရည်ရည်နဲ့ပါ။ တကယ်လဲ အရေးကြီးနေပုံရပါတယ်”

အမရဲ့ သြဇာပါတဲ့လေသံကြောင့်  ဦးလေးကိုမောင်ကြီးက  မကျေမနပ်နဲ့ မြင်းလှည်းကို  ရပ်ပေးလိုက်တယ်..။


“ကျေးဇူးတင်ပါတယ်ဗျာ..။ကျနော် တကယ်အရေးကြီးလို့ပါ”


ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ လူစိမ်းက အသံခပ်တိုးတိုးနဲ့ ပြောရင်း  မြင်းလှည်းပေါ်ကို  တက်လိုက်တယ်။ အမက ...

“ဘယ်အထိ  လိုက်မှာလဲကွ။တို့က  ဈေးနားက ကုန်စုံဆိုင်ကို အချိန်မီသွားရမှာမို့ ပေါင်းတည်မြို့ ထဲဝင်တဲ့ အထိတော့  လိုက်လို့ရမယ်။ ဟိုဘက်ကိုတော့  မင်းဖာသာ ဆက်သွားပေါ့ကွာ..။မြို့ထဲရောက်ရင်တော့  လူလဲ မပြတ်တော့ပါဘူး”

လူစိမ်းက  သူတို့အားလုံးကို  တချက်ဝေ့ကြည့်ရင်း “ကျနော် ပေါင်းတည်ရဲစခန်းကို သွားချင်တာပါ”


မြင်းလှည်းပေါ်က  လူလေးယောက်စလုံး ဘာမှဆက်မပြောကြတော့ပဲ အသံတိတ်သွားတယ်။ ညှိုးလာတဲ့
ကျနေ ရီရီအောက်မှာ ကျောက်ခင်းလမ်းမကြမ်းကြမ်းနဲ့ စည်းချက်မှန်မှန်ရိုက်နေတဲ့ မြင်းခွါသံတခွပ်ခွပ်ကိုပဲ   ကြားနေရတယ်။ တချက်တချက် ဦးလေးကိုမောင်ကြီးရဲ့  မြင်းမောင်းတဲ့  အာလုပ်သံကပဲ ဖောက် ဖောက်ထွက်လာတယ်။

“မလေးရေ ရှေ့ မှာ  အုန်းသုံးပင်က  ကိုထွန်းရွှေရယ်  မြင်းလှည်းကို  တားနေတယ်”


ဦးလေး ကိုမောင်ကြီးရဲ့  အသံက  ခပ်အုပ်အုပ်။ လူစိမ်းကလည်း  ဦးထုပ်ကို ပိုငိုက်အောင်  ဆွဲချလိုက်တယ်။
သူကတော့ မြင်းလှည်းအမိုးသံဘောင်ကို လက်နဲ့ ကျစ်ကျစ်ဆုပ်ထားမိတယ်။ မြင်းလှည်းဦးက သူ့ကို  လှမ်းမြင်တော့ ဦးလေးကိုထွန်းရွှေက

“ဟေး - မောင်အုံးကြီး။ နေစောင်းကာနီးမှ..  ဘယ်လဲကွ”

သူဘာမှ  ပြန်မဖြေရသေးခင်ပဲ  အမက  အသံကျယ်ကျယ်နဲ့ ပြန်ဖြေပြီးသွားပြီ။

“မောင်ထွန်းရွှေရေ။ မလေးတို့ မြို့ ကို ဈေးဝယ်သွားမှာဟေ့။ ဆိုင်ပိတ်ကာနီးအရေးကြီးလို့ မြင်းလှည်းစင်းလုံးငှားလာတာ။ တို့တွေချည်းပဲကွ”


“ အော် ... မလေးလဲ  ပါတာကိုး။ သွား..သွား  မလေးရေ။ ခေတ်ကြီးက မကောင်းဘူးဆိုတော့  အပြန်လဲ မိုးမချုပ်စေနဲ့ဗျို့ ။ ဒါပေမယ့် ကျုပ်တို့နယ်မှာတော့ မလေးတို့မိသားစုကို စောင့်ရှောက်ရမှာပေါ့ဗျာ။ မောင်အုံးကြီး မင်းလဲ အကူအညီလိုရင်  ပြော။ မင်းအဖေကျေးဇူးတွေ ငါတို့အပေါ်မှာ  ရှိတယ်ကွ”

ဦးလေး ကိုထွန်းရွှေက လေရှည်ရင်း  မြင်းလှည်းပေါ်က  လူစိမ်းကို  အကဲခတ်နေတာကိုး။ ဦးလေးကိုထွန်းရွှေက သူတို့နဲ့ ဆွေရိပ်မျိုးရိပ်မကင်း။ အဲဒီခေတ်က ပြည်သူ့ရဲဘော်အဖွဲ့ဝင်။  အစိုးရကိုပုန်ကန်နေတဲ့  သူပုန်ဘက်ကို အားပေးသူ။ အတွေ့အကြုံအရ လူစိမ်းကို အာရုံခံနေတာ။

“ကဲ ... သွားပြီဟေ့”

အမနှုတ်ဆက်သံအဆုံးမှာ  ဦးလေးကိုမောင်ကြီးကလည်း  အကင်းပါးစွာ ကြိမ်တံကို ၀င့်ပြီး  မြင်းလှည်းစထွက် လိုက်တယ်။ 

နောက်တပါတ်လောက်ကြာမှ မြို့ ကနေ အမယူလာတဲ့ သတင်းစာတွေထဲမှာတော့ စာလုံးမဲကြီးတွေနဲ့ ရေးထားတဲ့ မျက်နှာဖုံးသတင်းတခုကို  ဖတ်လိုက်ရတယ်။ သတင်းဓါတ်ပုံထဲက လူက  သူတို့မြင်းလှည်းနဲ့ တင်ခေါ်လာတဲ့  လူစိမ်း။ သတင်းကိုဖတ်မိတော့မှ သူတို့မြင်းလှည်းကြုံတင်လာသူဟာ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု သူပုန်လက်က ထွက်ပြေးလာတဲ့ အစိုးရတပ်ရဲ့ကာနယ်တယောက်မှန်း သိရတော့တယ်။

နံမည်က “ကာနယ်ချစ်ခိုင်” တဲ့။

ဦးလေးကိုမောင်ကြီးက… “မင်းတို့သားအမိကို  ဈေးနားက ကုန်စုံဆိုင်မှာချပြီး သူ့ကိုရဲစခန်း လိုက်ပို့တော့ သူ့မှာ မြင်းလှည်းခတောင်  ပေးစရာမရှိဘူးကွ။ အဲဒါ  ငါ့ကို ခနစောင့်ခိုင်းပြီး၊ ရဲစခန်းကနေ ပိုက်ဆံယူပေးလိုက်တာကွ။ ပြောနေသံကြားတာကတော့  သူ့ကို  အစိုးရတပ်ဘက်ကနေ  သူပုန်နဲ့စေ့စပ်ဖို့  ဒီနယ်ဘက်ကို လွှတ်ထားတာတဲ့။ သူပုန်ဘက်မှာ ပိတ်မိနေတုန်း ။ သူပုန်တပ်တွေအပျက်မှာ ပေါက်ခေါင်းလမ်းကတဆင့်  တို့ဘက်ကို  ပြေးလာတာတဲ့”


xx+++++++++++++++++++++++++++++++++++++++++++xxx


လင်းလက်တောက်ပနေတဲ့  ကြယ်ဖြူကြီးဆီကို  ရှေ့ ရှုနေတဲ့ ရွှေဝါရောင်ခွပ်ဒေါင်းတွေဟာ အနီရောင် အောက်ခံအလံတွေပေါ်ကနေ ၀င့်ဝင့်စားစား။ အနီရောင်အလံတွေ လေထဲမှာ တလူလူလွှင့်နေတဲ့ ဂန္ဒီခန်းမကြီးတခုလုံးမှာ အနီးဝန်းကျင်မှာ ပင်နီအင်္ကျီနဲ့ ကချင်ပုဆိုးတွေကို တူညီဆင်မြန်းထားကြတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ။ တယောက်ဝင်လာတိုင်း လူထုကြီးက လက်ခုပ်တီးကာ ကြိုဆိုနေသံတွေက သောင်းသောင်းဖျဖျ မိုးထိညံလို့။ လမ်းမကြီးတွေပေါ်မှာ ပြည့်လျှံပိတ်ကျနေတဲ့ ပြည်သူတွေထဲက ပြည်သူတချို့ က   ပြည်သူ့ကိုယ်စားလှယ်ကြီးတွေရဲ့  လက်ထဲကို အောင်နိမိတ်ဆောင်တဲ့သပြေညိုတွေ ကမ်းလို့။


၁၉၉၀  ရွေးကောက်ပွဲကြီးမှာ လူထုက  သူတို့ပုခုံးပေါ် ယုံကြည်စွာတင်ပေးလိုက်တဲ့ တာဝန်တွေကို ဂုဏ်ယူစွာ ထမ်းပိုးဖို့အသင့်ဖြစ်နေတဲ့ သူတို့ခြေလှမ်းတွေဟာ သွက်လက်တက်ကြွလို့။ ဂန္ဒီခန်းမအ၀င်မှာ ပါတီတာဝန်နဲ့ လူငယ်လေးတချို့ က ဂန္ဒီခန်းမအစည်းအဝေးစာတမ်းပါ ဖိုင်ကာဗာတွေပေးရင်း၊ ရင်ထိုးတံဆိပ်တွေ
တပ်ပေးတော့ သူ့ရင်ဘတ်ပေါ်က  ရင်ထိုးတံဆိပ်ကလေးကို  ငုံ့ကြည့်မိတယ်။


“ ဦးအုန်းနိုင် ပေါင်းတည်(၁)  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်”

အားလုံး တက်ကြွပျော်ရွှင်နေကြပေမဲ့ နေအိမ်အကျယ်ချုပ်ကျနေတဲ့ သူတို့ခေါင်းဆောင်ကို သတိရနေကြတယ်။ အစည်းအဝေးမစခင် သူတို့အချင်းချင်း   နီးစပ်ရာအုပ်စုလေးတွေဖွဲ့ပြီး တချို့ က  “ဒေါ်စု လွတ်မြောက်ရေးကို အရင်တောင်းဆိုသင့်တယ်”၊ တချို့ ကတော့  “အာဏာလွှဲပြောင်းရေးက  ပထမ။ အာဏာရပြီးရင် ဒေါ်စုလွတ်မြောက်ရေးက  ကျွဲကူးရေပါပဲ”


ခနအကြာမှာ  အခမ်းအနားစတော့မယ်လို့  အခမ်းအနားမှူး ဦးစိန်လှဦးက ကြေညာတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ    ခန်းမထဲက  ကိုယ့်နေရာမှာကိုယ် နေရာယူလိုက်ကြတယ်။ ဂန္ဒီခန်းမရဲ့   အပြင်ဖက်မှာ မိုးတွေဟာ သဲသဲမဲမဲရွာလို့။ မိုးသည်းသည်းကြားထဲမှာ  စိုရွှဲနေတဲ့ လူထုကြီးဟာ လမ်းမပေါ်ကနေ သူတို့ရဲ့  မျှော်လင့်ချက်ရောင်ခြည်တွေကို ထမ်းပိုးထားရာ  ဂန္ဒီခန်းမဆီကပါးလာမဲ့  သတင်းစကားတွေကို
မှန်းမျှော်နားစွင့်လို့။

အဲဒီအချိန်မှာ  ဂန္ဒီခန်းမရဲ့အနီးက အဆောက်အဦခေါင်မိုးတွေပေါ်မှာ စစ်အစိုးရရဲ့ လက်နက်ကိုင်တပ်တွေဟာ ပြည်သူတွေဆီ ပြည်သူ့ကိုယ်စားလှယ်တွေဆီကို ရန်သူသဖွယ် သေနတ်ပြောင်းတွေ  ထိုးချိန်ထား
ကြတယ်။ လူထုရဲ့  မျှော်လင့်ချက်ရောင်ခြည်တွေကို နောက်ထပ် ဆယ်စုနှစ်နှစ်ခုကျော်လောက်  နင်းချေရိုက်ချိုးချေဖျက်ပစ်မဲ့ စစ်တရားခံတစုဟာ လက်ဦးမှုရယူဖို့ အသင့်ပြင် အကွက်ချ စောင့်ဆိုင်းနေကြတယ်။

 ၁၉၈၈ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ အောင်သီးအောင်နှံ။ ၁၉၉၀ ဒီမိုကရေစီရွေးကောက်ပွဲရဲ့ ရလဒ်ကို  လက်ဆင့်ကမ်းသယ်ဆောင်မဲ့ မြန်မာတပြည်လုံးက  ပြည်သူ့ကိုယ်စားလှယ်တွေ  ပထမဆုံးဆုံတွေ့တဲ့  ပဏာမညီလာခံကြီး တခုဖြစ်တဲ့သမိုင်းဝင် ဂန္ဒီခန်းမကြီးရဲ့ သဘာပတိစင်မြင့်ထက်မှာ
သဘာပတိ တာဝန်ယူထားသူကတော့၊ တချိန်က ကာနယ်ချစ်ခိုင်။ အခုတော့ ဦးချစ်ခိုင်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်။ 

ဂန္ဒီခန်းမထဲက ပြည်သူ့ကိုယ်စားလှယ်နေရာမှာထိုင်နေတဲ့ သူဟာ ငယ်ငယ်က မြင်းလှည်းပေါ်မှာ တွေ့ခဲ့ဖူးတဲ
ဦးထုပ်ခပ်ငိုက်ငိုက်စောင်းထားတဲ့ လူစိမ်းတယောက်ကို ပြန်လည်ပုံဖော်ကြည့်နေမိတယ်။ မြေလတ်ဒေသရွာလေးတရွာအနီးက  ကျောက်ခင်းလမ်းကြမ်းကြမ်းပေါ်မှာ သူတို့ခရီးတိုတခုကို အတူသွားခဲ့ဖူးတယ်။ စိုးတထိတ်ထိတ်နဲ့ပေါ့။ အခုလည်း  သူတို့ ဘယ်လောက်ရှည်မယ်၊  ဘယ်လောက်ကြမ်းမယ် မသိတဲ့ ခရီးကြမ်းတခုကို  အတူတူ  သွားနေရပြန်ပြီ။

+++ ++++ ++++ +++++ +++++ +++++


“ဘဘ - ဘဘ ...  ။သားငယ်ငယ်က  ဘဘလုပ်ပေးတဲ့ ပန်းစကြ်ာမှန်ပြောင်းမျိုးလေးနဲ့တူတယ်နော်။ ဒီမှာကြည့်ပါဦး။ သားလုပ်ထားတာ ကောင်းလားလို့”  မြေးအသံကြားလိုက်မှ  အတိတ်ပန်းစကြ်ာမှန်ပြောင်းထဲကနေ
ကမန်းကတန်း ခုန်ထွက်လိုက်မိတယ်

အထက်တန်းကျောင်းသားအရွယ်ရောက်နေပြီဖြစ်တဲ့.. မြေးက သတ္တုပြားခပ်သေးသေးတခုကို သူ့မျက်နှာနား လာကပ်ပြတယ်။ သူတို့တွေတုန်းကလို ဖန်ပြားသုံးချပ်ကို သားရေကွင်းနဲ့ပတ်ထားတဲ့ ပန်းစကြ်ာမှန်ပြောင်းတော့ မဟုတ်။ ဒါပေမဲ့ ချာလည်လှည့်နေတဲ့ ရောင်စုံပုံရိပ်ကလေးတွေဟာ အသက်၇၀ကျော် မျက်စိရေတိမ်ဝေဒနာရှင် သူ့မျက်စိကို ကျိန်းစပ်သွားအောင်  တဖျပ်ဖျပ် တောက်ပလို့..။

“သားရဲ့  ပန်းစကြ်ာ မှန်ပြောင်းက  သရီးဒီနဲ့လုပ်ထားတာ ဘဘရ”


သူက  အပြုံးတခုကို  အားရပါးရပြုံးရင်း..ဂုဏ်ယူစွာ  ပြောနေတဲ့  မြေးရဲ့ပုခုံးလေးကို  ဖျစ်လိုက်တယ်။


 “ကောင်းတာပေါ့ကွ.။လူလေးကြီးတို့နည်းပညာခေတ်ရဲ့ သရီးဒီပန်းစကြ်ာမှန်ပြောင်းက အရောင်ပိုစုံပြီး၊ ပိုတောက်ပ လာရမှာပေါ့ကွာ”


++++  xxxxxx -------- xxxxxxx +++++++



 ခေတ်စကြ်ာမှန်ပြောင်းထဲမှာ ခေတ် လူ ရောင်စုံပုံရိပ်များ။ ခေတ်သမိုင်း ရောင်စုံဖြတ်ပိုင်းစများဟာ တခုနဲ့တခု ဖျတ်ခနဲ ထိတွေ့နီးကပ်လိုက်၊ ဝေးကွာသွားလိုက်နဲ့ ဟိုမှသည်သို့ ဇောက်ထိုးမိုးမျှော်၊ စုန်ဆန်ကူးလူး၊ ပေါင်းစပ်ရောမွှေရင်း၊ တရိပ်ရိပ် ပြောင်းလဲလို့..။
 
(၂၂.၁၁.၁၅)

မင်းကိုနိုင် - နွားကြီး... သေသွားပြီ !!!

$
0
0

မင်းကိုနိုင် - နွားကြီး... သေသွားပြီ !!!
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ နိုဝင်ဘာ ၂၃၊ ၂၀၁၅

မြက်ပင်တွေတောင်၊ခေါင်းမထောင်ခင် 
နေ၀င်လေအေး၊မိုးလေးညိုယုံ
ချည်တိုင်ကိုလွမ်းတတ်တဲ့
နွားကြီး... သေသွားပြီ
.
သခင်မမျက်နှာ
မမြင်ရရက်ကြာလို့
နာတာရှည်လွမ်းနေကြောင်း
ဖိနပ်ဟောင်းတရံလို
ဇာတ်ကြောင်းပြန်ချင်တဲ့
နွားကြီး...သေသွားပြီ
.
ချို(ဂျို)နဲ့ သားရေမကျန်စေနဲ့
ခုတ်ဟဲ့ ထစ်ဟဲ့အရက်ငှဲ့လေ
ကေတီဗီမာဆတ်တွေကြား
သက်သတ်လွတ်စားပြီး
စားမြုံ့ပြန်တတ်တဲ့
နွားကြီး... သေသွားပြီ
.
အားနာပါတယ်..ရှင်
ဒီသံစဉ်ကြားဖို့ အရေး
ထောင်ဂဏန်းတန်ကဒ်ပြေးဝယ်
ဆက်သွယ်မှုဧရိယာပြင်ပ
မကြာခဏရောက်ခဲ့တဲ့
နွားကြီး...သေသွားပြီ
.
အော်စကာဆုရ.. ဟာသသရုပ်ဆောင်
မင်းသားကြီးရော်ဘင်ဝီလျံတောင်
သတ်သေတဲ့လက္ခဏာနဲ့သေသွားပြီဆိုတော့
ငါဘယ်လိုရှင်သန်ရပါ့
တွေးမရတော့တဲ့
နွားကြီး...သေသွားပြီ
.
ရှင်ရင်ခိုင်းစားကြမယ်
သေရင်အသားပေါ်စားဦးမှာ
ဒီအကြောင်းတွေကြောင့်
ငါနေမကောင်းဖြစ်ချင်တာ ဆိုတဲ့
နွားကြီး...သေသွားပြီ
.
နှစ်စဉ်နှစ်ဆန်းတရက်နေ့ဆို
သူတကာလို ...
ဘေးမဲ့လွှတ်ပေးနိုးနိုး
ငေးခဲ့ရတဲ့ ...
နွားကြီး...သေသွားပြီ
.
အသပြာပုံလောင်းဆဲ
အညာကုန်ရောင်းပွဲနဲ့
အာရုံ အပြောင်းအလဲတွေကြား
နောက်ဆုံးချိန်ထိထမ်းပိုးဖြုတ်မခံ
အဓိဌာန် ကျင့်ကြံခဲ့တဲ့
နွားကြီး...သေသွားပြီ။
.
ရှိလျက်နဲ့မရှိသလိုအနေဝေးရ
သိလျက်နဲ့မသိသလိုနေပေးသမျှ
နွားကြီးပါကွာ”..လို့  အထင်ခံခဲ့ရတဲ့
နွားကြီး...သေသွားပြီ
.
အနှီထိုကိစ္စတွေမှာ
သူ့ကိုယ်သူကျားကြီး ထင်ခဲ့တဲ့
နွားကြီး...သေသွားပြီ
.
သြော် ...
ကောက်ရိုးပန်းချီကားကို
လူတွေခံစားပုံနဲ့
(ရိုးရိုးသားသား)
မတူခြားနားခဲ့တဲ့

နွားကြီသေသွားပြီ။      

"Startup Challenge 2015"နောက်ဆုံးယှဉ်ပြိုင်ခြင်းနှင့် ရွေးချယ်ဆုပေးပွဲကျင်းပ

$
0
0

"Startup Challenge 2015" နောက်ဆုံးယှဉ်ပြိုင်ခြင်းနှင့်ရွေးချယ်ဆုပေးပွဲကျင်းပ
သွန်းခ၊ မိုးမခ။ နိုဝင်ဘာ ၂၃၊ ၂၀၁၅

(ရန်ကုန်၊ နိုဝင်ဘာ ၂၂) မိမိကျွမ်းကျင်သည့် နည်းပညာများနှင့် အများပြည်သူအကြား အကျိုးရှိ ထိရောက်ဖော်ဆောင်အသုံးချနိုင်မှု နောက်ဆုံးယှဉ်ပြိုင်တင်ဆက်ခြင်းနှင့် အမှတ်ပေးဆုရွေးချယ်ပွဲအား ရန်ကုန်မြို့၊ကုန်သည်လမ်း၊ အမှတ်(၅၆၁)၊ MCA Tower (၁၁လွှာရှိ “ဖန်တီးရာ” ခန်းမတွင်ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲ မစတင်မီကတည်းက သင်တန်းပို့ချခြင်း၊ မိမိကျွမ်းကျင်ရာ နည်းပညာများအလိုက် လေ့ကျင့်အသုံးချမှု အစီအစဉ်များကို နိုဝင်ဘာ (၁၄ရက်နေ့မှ စတင်၍ စီစဉ်ဆောင်ရွက်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် အဖွဲ့ပေါင်း (၄၉ဖွဲ့ ၀င်ရောက် ဆင်နွှဲခဲ့သည်။

နောက်ဆုံး ဆန်ခါတင် (၁၁ဖွဲ့ ၏ တင်ဆက်ယှဉ်ပြိုင်ခြင်းကို ညနေ ၃၁၅ တွင်ပြုလုပ်ခဲ့ရာပထမဆု - ပျိုးပင်ပေါက်အဖွဲ့၊ ဒုတိယ - (MPA) Myanmar Pressphoto Agency၊ တတိယ - Tay အဖွဲ့တို့ အသီးသီးရှိသွားခဲ့ကြသည်။


အဆိုပါအစီအစဉ်အား USAID၊ Wave Money (ရိုးမဘဏ်နှင့်တယ်လီနော)၊ ကမ္ဘောဇဘဏ်နှင့် ANTHEM ASIA တို့မှ ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ကြောင်း သတင်းရှိသည်။




ကာတွန်း ကူမိုးကြိုး - IS အထက်မှာ သွားနေကြဟေ့ ...

$
0
0

ကာတွန်း ကူမိုးကြိုး - IS အထက်မှာ သွားနေကြဟေ့ ...
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၅

ဆလိုင်းရွှေလင်း - အပရ စေတနာများ

$
0
0

ဆလိုင်းရွှေလင်း - အပရ စေတနာများ
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၅

(၁)
အိန္ဒိယအမျိုးသားခေါင်းဆောင် မဟတ္တမဂန္ဒီနှင့် ပတ်သက်၍ ပြောစမှတ်တွင်သော ဖြစ်ရပ်များစွာအနက် တစ်ခုမှာ ဤသို့တည်း။
တစ်ရံခါတွင် ရထားပေါ်အတက်၌ မဟတ္တမဂန္ဒီ၏  ဖိနပ်တစ်ဖက် ကျွတ်၍ အောက်သို့ ကျသွားသည်။ ရထားဘီးက စ၍လိမ့်နေပြီ။ ဆင်းပြီးကောက်ရန် မဖြစ်နိုင်တော့ပါ။ သူတော်ကောင်းကြီး ဂန္ဒီ ဘာလုပ်သည် ထင်ပါသနည်း။ ကျန်နေသော အခြားဖိနပ်တစ်ဖက်ကို မြန်မြန်ချွတ်လိုက်သည်။ ကျွတ်ကျကျန်ရစ်ခဲ့သော ဖိနပ်ဆီသို့ မှန်း၍ ကျန်တစ်ဖက်ကို မြန်မြန်ပစ်ပေးခဲ့သည်။ အခြားသူတို့က သူ့အပြုအမူကို အံ့သြနေကြသည်။ ဂန္ဒီက ရှင်းပြပါသည်။
‘ငါက ဆင်းကောက်လို့ မရတာ သေချာသွားပြီ။ ခုလို အခြားတစ်ဖက်ကို ပစ်ချပေးထားခဲ့မှ ဖိနပ်ကောက်ရသူက ၂-ဖက်စလုံး စီးနိုင်မှာလေ’
သူသည် ထိုဖိနပ်ကို ကောက်ရသူအား ပေးလှူမည်ဟု ကြိုတင်ကြံရွယ်ချက်မရှိခဲ့ပါ။ မလှူမီဖြစ်သော စေတနာ (ပုဗ္ဗစေတနာ) မဖြစ်ပေါ်ခဲ့သည်မှာ သေချာ၏။ ဖိနပ်ကို ပေးလှူမည်ဟု မဆုံးဖြတ်ရပါပဲလျက် ဖိနပ်တစ်ဖက် လက်လွတ်ဆုံးရှုံးသွားသည်။ ထိုဖိနပ်ဆုံးရှုံးသွားစဉ်၊ ပေးလှူနေသော စေတနာ (မုဉ္စစေတနာ) လည်း ဖြစ်ပေါ်ခဲ့သည် မဟုတ်ပေ။ ထို ဖိနပ်တစ်ဖက် ဆုံးရှုံးသွားပြီး နောက်တွင်မှ ထိုဖိနပ်တစ်ဖက်ရသူသည် အခြားတစ်ဖက်ကိုပါ ရရှိလျက်သုံးဆောင်ခံစား ချမ်းသာပွားနိုင်ပါစေဟု ဆုံးရှုံးပြီးမှ ဖြစ်သောစေတနာ (အပရစေတနာ) ဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် သူတော်ကောင်းတို့သည် ဆုံးရှုးံမှုများဖြစ်ပေါ်လာသည့်တိုင် ထိုဆုံးရှုံးမှုမှ အကျိုးအမြတ်အဖြစ် အပရစေတနာများဖြစ်ပေါ်နိုင်ကြောင်း ကြည်ညိုအားကျဖွယ် လေ့လာသိရှိရပါသည်။
(၂)
ဇာတ်တော်ကြီးဆယ်ဘွဲ့အနက် မဟာဇနကဇာတ်တော်ကို ဖတ်ဖူးကြပါလိမ့်မည်။ ဇနက မင်းသားသည် သမုဒ္ဒရာ၌ သင်္ဘောပျက်စီး နစ်မြုတ်သောအခါ ငိုကြွေးပူဆွေးမနေပဲ ကြိုတင်ပြင်ဆင်သင့်သည်ကို ပြင်ဆင်၏။ သမုဒ္ဒရာ၌ တပြောင်းပြန်ပြန် တလွန့်လူးလူး ကူးခတ်နေရစဉ်၌ သီလစောင့်၏။ အနီးအနား၌ စားသောက်နိုင်သော ငါးငယ်ပုဇွန်ငယ်များ ရောက်လာသည့်တိုင် ကိုက်သတ်စားသောက်ခြင်း မပြုပဲ စောင့်ထိန်းနိုင်ခဲ့သည်။
သူတော်ကောင်း သူမြတ်လောင်းများသည် အသက်ဘေးနှင့် တွေ့ကြုံနေရသော အရေးပေါ် ကာလများ၌ပင် ရနိုင်သော ကုသိုလ်ပါရမီများကို ဆည်းပူးဖြစ်အောင် ဆည်းပူးဖြည့်ဆည်းသွားကြသည်။
ဇနက္ကသည် အပြောကျယ်လှသော သမုဒ္ဒရာ၌ စီးမြောကူးခတ်ရင်းသီလစောင့်မည်ဟု ကြိုတင်ကြံရွယ်ထားခြင်း မရှိသဖြင့် ပုဗ္ဗစေတနာ မရှိခဲ့ပါ။ သင်္ဘောပျက်၍ ကူးခတ်စဉ်၌လဲ ထိုသို့ သီလဆောက်တည်မည်ဟု မုဉ္ဇစေတနာရှိခဲ့မည်မထင်ပေ။ ကူးခတ်စီးမြောပြီးနောက်တွင်မှ ထိုသီလကုသိုလ်ကို မိမိရရဆည်းပူး လိုက်နိုင်သည်။ သူတော်ကောင်းတို့သည် အခက်အခဲကိုပင် အခွင့်အလမ်းအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိကြပါပေကုန်၏။ သာဓုခေါ် ကြည်ညိုဖွယ်ဖြစ်ပါသည်။

(၃)
လယ်တီဆရာတော်ကြီး၏ ကပ္ပိယကြီးတစ်ဦးသည် ခိုးယူခံရသော ကိစ္စတစ်ခုနှင့် ပတ်သက်ပြီး တဖျစ်တောက်တောက် ပြောဆိုနေသည်။ မြည်တွန်တောက်တီးနေသည်။ ဆရာတော်ကြီးက - ‘ ဟဲ့ … ကပ္ပိယ၊ ပြောမနေနဲ့၊ တိတ်တိတ်နေ၊ တို့တွေ ဟိုဘ၀တွေတုံးက သူခိုးတွေ ဖြစ်ခဲ့ကြတယ်ဆိုတာ လူသိသွားအုံးမယ်။’ ဟုမိန့်ပါသတဲ့။
သူများပစ္စည်းခိုးသူသည်ုကံနှင့် ကံ၏ အကျိုးပေးတရားတော်အရ အကျိုးပေးချိန်တန်လာသောအခါ ပြန်၍ အခိုးခံရတတ်ကြောင်း ၀ဋ်လည်တတ်ကြောင်း လယ်တီဆရာတော်ကြီးက ဆုံးမခြင်းဖြစ်သည်။ အမှန်တော့ ထို့ထက်ပိုသော လေးနက်သည့် အကြောင်းခြင်းရာ တစ်ရပ်လည်း ရှိသေးသည်ဟု စာရေးသူ ယုံကြည်ပါသည်။
ရန်သူမျိုး ၅-ပါးဘေးကို ကြုံတွေ့ရပါလို၏ ဟု အဘယ်သူမျှလိုလားကြသည်မဟုတ်၊ ဆုတောင်းကြသည်မဟုတ်။ ထိုဘေး ၅- မျိုးနှင့် ဆုံတွေ့ရသော အခါ၌လဲ ၀မ်းနည်းကြ၏။ ဒေါသထွက်ကြ၏။ သောကဖြစ်ကြ၏။ ထိုသို့ဖြစ်ကြခြင်းမှာ အဘိဓမ္မာသဘောအားဖြင့် အကုသိုလ်ဖြစ်ကြခြင်းပင်။ ရန်သူနှိပ်စက်ခြင်းလည်း ခံရသေးသည်။ အကုသိုလ်ဲ ဖြစ်ကြရသေးသည်။ မိအေး ၂-ခါနာခြင်းဖြစ်သည်။ နာလဲနာ၍ နံလည်းနံရခြင်း ဖြစ်သည်။ံ။
အတိတ်ဘ၀၏ အကုသိုလ်ကြောင့် ရန်သူမျိုး ၅-ပါးဘေးရန်ကို ကြုံရလျှင် ထိုအဖြစ်ကြောင့် ပစ္စုပ္ပန် ယခုဘ၀တွင်လည်း ထပ်မံ၍ အကုသိုလ် မဖြစ်သင့်။ ခန္တီသည်းခံခြင်း၊ သတိသံဝေဂပွားများခြင်းတို့ဖြင့် ရန်သူမျိုး ၅-ပါးကို အကြောင်းပြု၍ ကုသိုလ်တရားသာ ဖြစ်ပွားသင့်သည်ဟု လယ်တီဆရာတော်ကြီးက ဆုံးမလိုခြင်း ဖြစ်မည်ဟု ထင်ပါသည်။ သတိသံဝေဂနှင့် ခန္ဓီသည် ပုဗ္ဗစေတနာ၊ မုဉ္ဇစေတနာအားဖြင့် မထင်ရှား၊ အပရစေတနာအားဖြင့်ကားထင်ရှားမည်ဟု ယူဆပါသည်။
(၄)

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက စာရေးသူကိုပြောပြခဲ့ဖူးသည်။
‘ မြောက်ဒဂုံက ကျွန်တော့်ဂိုဒေါင်ကြီးအဖောက်ခံရဖူးတယ်။ အတော်များများ ဆုံးရှုံးသွားတယ်။ သူခိုးတွေကို စိတ်ဆိုးတာပေါ့။ အဲဒီအချိန်မှာ ကျွန်တော့်အမေက ပြောတယ်။ ဟဲ့ ….. သားငယ်ငယ်လေးတုံးက ရပ်ကွက်မီးလောင်လို့ တို့တတွေ အ၀တ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထမင်းထုပ်တွေ စားခဲ့ရတာ မှတ်မိလားတဲ့။ မီးလောင်တာက အလဟဿဖြစ်သွားတာတဲ့။ သူခိုးခိုးသွားတာက အလဟဿ မဖြစ်ဘူးတဲ့။ သူခိုးဖြစ်စေ၊ သူခိုးနဲ့ပတ်သက်နေသူတွေဖြစ်စေ ခိုးရာပါပစ္စည်းကို သုံးဆောင်ခံစားချမ်းသာပွားကြမှာပဲတဲ့။ ငါ့ပစ္စည်းဥစ္စာကြောင့် သူတို့တွေ ချမ်းသာကြပါစေလို့ မေတ္တာပို့ပါတဲ့။ ဆုံးရှုံးရတာချင်းတူပေမဲ့ အကျိုးရှိပုံချင်း မတူဘူးတဲ့။ အဲဒါနဲ့ ကျွန်တော်လဲ အပူမီးလျော့ပါးသွားတယ်၊ မီးလောင်တာနဲ့စာရင်သုံးဆေင်ခံစားသူတွေအတွက် ကောင်းပါတယ်ဆိုပြီး နှလုံးသွင်းလိုက်တော့ စိတ်အေးချမ်းသွားပါတယ်။’
ထိုသူမှာ သူခိုးအခိုးမခံရမီ၌ဖြစ်စေ၊ အခိုးခံနေရဆဲ၌ဖြစ်စေ စေတနာမပေါ်သဖြင့် ပုဗ္ဗစေတနာ မုဉ္ဇစေတနာ မဖြစ်ပေ။ အခိုးခံရပြီးနောက်၌ စေတနာပေါ်လာသည်။ အပရစေတနာဖြစ်မည်ကား သေချာ၏။ အကောင်းထဲက အဆိုး၊ အရှုံးထဲက အမြတ်ဟုဆိုနိုင်သည်။ ထိုသို့ ဆိုသဖြင့် သူခိုးတွေကို အားပေးနေခြင်းမဟုတ်ပေ။ သူခိုးခိုးနိုင်အောင် ပေါ့ပေါ့ဆဆ လက်လွတ်စပယ်နေကြပါဟုလဲ ပြောခြင်းမဟုတ်ပေ။ ပစ္စည်းဥစ္စာကို ကာကွယ်နိုင်သလောက် ကာကွယ်ထားကြရမည်မှာ တာဝန်ဖြစ်သည်။ ထိုသို့ ကာကွယ်ပါလျက် အခိုးခံရသောအခါ ကုသိုလ်ဖြစ်အောင် အကုသိုလ် မဖြစ်အောင် ကြိုးစားအားထုတ်နည်းကို သိစေလို၍ ဖြစ်ပါသည်။
(၅)
လူတစ်ဦးသည် ရဟန္တာအရှင်မြတ်တစ်ပါးဆွမ်းလာရပ်သဖြင့် စေတနာထက်သန်စွာ လှူဖွယ်များကို လှူဒါန်း၏။ အတန်ကြာသောအခါ - ‘ ငါသည် ဘာအလုပ်မျှမလုပ်သော အချောင်သမား ထိုရဟန်းကို လှူခဲ့သည်မှာ မှားလေစွ၊ ကျွန်များကို ကျွေးမွေးလှူဒါန်းခြင်းက ပို၍ အကျိုးရှိနိုင်သေး၏’ ဟု နောင်တရကာ နှလုံးမသာမယာဖြစ်လေသည်။ အပရစေတနာချို့ယွင်းခြင်းဖြစ်သည်။
တစ်ခုသော ဘ၀၌ ထိုသူသည် ထိုအလှူ၏ အကျိုးပေးမှုကြောင့် သူဌေးစည်းစိမ်ကြီးကို ရသည်။ သို့သော် လှူပြီးဖြစ်သော စေတနာ (အပရစေတနာ) ချို့ယွင်းခဲ့သဖြင့် ကောင်းပေ့ဆိုသော စည်းစိမ်များကို မခံစားနိုင်သော စိတ္တဇရောဂါစွဲကပ်သည်။ နတ်သုဒ္ဓါတမျှ အရသာထူးကဲသော အစားကောင်း အစားထူးများကို အလျှံပယ် စားသုံးနိုင်ပါလျက် စားသုံးလိုသော ဆန္ဒမရှိ၊ အဆင်းရဲဆုံးသူများ စားရသော ဆန်ကွဲထမင်းနှင့် ပုန်းရည်ဟင်းကိုသာ မြိန်ရေယှက်ရေစားသုံးလေသည်။
နူးညံ့တောက်ပြောင်သော တန်ဖိုးအကြီးဆုံးပိုးဖဲကတ္တီပါ အ၀တ်အစားများ အလျှံပယ်ပေါများပါလျက် ၀တ်ဆင်သုံးစွဲလိုသော ဆန္ဒမရှိ။ ဆင်းရဲသားများ သုံးစွဲရသော ကြမ်းထမ်းလှသော ဂုံနီ်မျှင်လို အ၀တ်အစားများသာ ၀တ်ဆင်လေသည်။
မြင့်သော မြတ်သော မွေ့ယာကုတင်ကြီးများရှိပါလျက် ခွေးလို ကြမ်းပြင်ထက်၌သာ အိပ်စက်၏။ အပရစေတနာချို့တဲ့ခြင်းကား နစ်နာလှပေစွ။ (ယခုခေတ်၌ ကြွယ်ဝချမ်းသာပါလျက် ရောဂါဝေဒနာတစ်ခုခုကြောင့် စားရေး၊ ၀တ်ရေး၊ နေရေး၊ ၌ပင်ပန်းဆင်ရဲကြကုန်သောသူတို့လဲ စဉ်းစားဖွယ်ဖြစ်သည်။)
အငြိမ်းစားဆရာမကြီးဒေါ်မြသိန်း(M.Ed)က ဤသို့ ပြောပြဖူးသည်။
‘ဆရာမရဲ့အစ်မကြီးက မေမြို့၊ ရေချမ်းအိုးတောင်ရွာမှာ နေတယ်။ သူ့ဆီမှာ ငွေကြေးဖြစ်စေ၊ ပစ္စည်းဖြစ်စေ၊ သီးနှံဖြစ်စေ တစ်ခုခုလာချေးရင် ချေးနိုင်သလောက် ချေးငှားလိုက်တယ်။ ပြီးတော့ ချေးယူသူကို တခါတည်း ပြောလိုက်တယ်။ ဘာပြောလဲ ဆိုတော့ ပြန်ဆပ်နိုင်ရင် ပြန်ဆပ်ကြပါတဲ့။ မဆပ်နိုင်ရင်လဲ ကျွန်မကတော့ လှူတယ်လို့ သဘောထားပါတယ်တဲ့။ ဘာမှ စိတ် အနှောက်အယှက် မဖြစ်ကြပါနဲ့တဲ့။ ကျွန်မလဲ ပြန်မပေးရကောင်းလားလို့ အကုသိုလ်မဖြစ်ချင်ဘူးတဲ့။ ချေးယူသူတွေလဲ အလှူခံ ပုဂ္ဂိုလ်တွေဖြစ်သွားတော့ သံသရာမှာ ကြွေးတွေ ပါမသွားတော့ဘူးပေါ့တဲ့။ သူတို့ကိုလဲ အကုသိုလ် မဖြစ်စေချင်ဘူးပေါ့တဲ့။ အဲသလိုပြောပြီး ချေးလေ့ရှိတယ်။ အဲဒီစေတနာတွေကြောင့်လား မသိဘူး။ အစ်မကြီးစိုက်ခင်းမှာ သူများထက်ကို အဆများစွားအပင်အောင်တယ်။ ဘေးခြံတွေတောင် အံ့သြကြရတယ်။’
ဆရာမကြီး၏ အစ်မကြီးသည် အပရစေတနာကိုပါ တခါတည်းပြင်ဆင်ပြီးသားဖြစ်သွားသည်။ အံ့သြချီးကျူးကြည်ညိုဖွယ် ဖြစ်ပါသည်။
(၆)
ရှေးက ဗုဒ္ဓဘာသာဝင်ဘုရင်များသည် ကုသိုလ်တော်မှတ်တမ်းများကို ရေးသားမှတ်တမ်းတင်စေကာ အခါအားလျော်စွာ မင်းမှုထမ်းများအား ဖတ်ကြားစေကြကြောင်း သိရသည်။ အပရစေတနာကို တိုးပွားသထက်တိုးပွားအောင် ဆောင်ရွက်သော နှစ်လိုဖွယ်၊ကုသိုလ် အလေ့အထဖြစ်သည်။ ယခုခေတ်၌လဲ ပြုသင့်ပါ၏။
၁၉၉၈-ခုနှစ်တွင် ဆောမြို့နယ်၌ ဝေဒနာပြင်းထန်စွာခံစားနေရသော အဖွားအိုတစ်ဦးသည် ရပ်ရွာလူကြီးများကိုခေါ်၍ အမွေကိစ္စ ပြောသည်။ မည်သည့်ပိုင်ဆိုင်မှုကို မည်သူ့ကို ပေးခဲ့မည် စသဖြင့် သေသေချာချာ ရေးသားမှတ်တမ်းတင်စေသည်။ တရားဓမ္မကိုလဲ အတန်အသင့် ဆည်းပူးထားဟန်တူသည်။ သို့မဟုတ် ရင့်ကျက်နေဟန်တူသည်။ ‘သူတို့လေးတွေ ငါပေးခဲ့တဲ့ဟာတွေနဲ့ အဆင်ပြေကြမယ်လို့ ထင်ပါတယ်’ ဟု အပြီးသတ်ပြောခဲ့ရာ အပရစေတနာသဘောလေးကို တွေ့ရသည်။ အမွေပေးရာတွင် မေတ္တာ၊ ကရုဏာကြီးလျှင် ကြီးသလောက် ကုသိုလ်ရမည်မှာ မလွဲပေ။ ပေးထားသော အမွေပစ္စည်းများဖြင့် ကျန်းမာအဆင်ပြေကြမှာပါ ဟု အပရစေတနာ ပွားလျှင်ပွားသလောက် ကုသိုလ်ရနိုင်ပါသည်။
ဂျပန်နှင့် နော်ဝေအပါအ၀င် ကမ္ဘာ့နိုင်ငံကြီးအချို့သည် မြန်မာနိုင်ငံ၏ ကြွေးမြီအချို့ကို လွတ်ငြိမ်းခွင့်ပေးခဲ့ကြသည်။ ကြွေးပေးစဉ်က ထိုသို့ လွတ်ငြိမ်းခွင့်ပေးဖို့ စေတနာရှိချင်မှ ရှိလိမ့်မည်။ အခက်အခဲများပြေလည်သွားကြပါစေဟု စေတနာထားလျှင် ကြွေးလျော်သော ကာလနောက်ပိုင်း၌ အမြဲတမ်း အပရစေတနာပြဌာန်းရာရောက်၍ ကုသိုလ်ကြီးမားမည်မှာ အထူးဆိုဖွယ် မလိုချေ။
ကွယ်လွန်ခါနီးတွင် ပြုခဲ့သမျှသော ကောင်းမှုများကို သတိရ၀မ်းမြောက်ခြင်းဖြင့် အပရစေတနာအစွမ်း ကြောင့် သုဂတိဘုံဘ၀ရောက်နိုင်ကြောင်းလဲ အရေးတကြီး ညွှန်ပြကြပါသည်။

ဆလိုင်းရွှေလင်း

ဖိုးထက် - Aljunied က တတိယအခန်း

$
0
0

ဖိုးထက် - Aljunied က တတိယအခန်း
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၅

ပထမ ကမ္ဘာထဲက
တတိယတန်းစား အခန်း
အော်ဂလီဆန်တဲ့ အနံ့တွေ
မူမူးနဲ့ ဟောက်တဲ့ အသံ
မှိုမတက် နေမထိတဲ့ နံရံ
သက်ငြိမ်အခန်းတော့ မဟုတ်ဘူးပေါ့။

လမ်းပေါ်က ဈေးခေါ်တဲ့ အင်တာနေရှင်နယ် အသံ
ဇောပူတဲ့ အပြည်ပြည်ဆိုင်ရာ လူများ
မည်းချင် မည်း
ဝါချင် ၀ါ
ညိုချင် ညို တို့ရဲ့
How much ဆိုတဲ့ မေးခွန်း
စိမ်းဆတ်ဆတ် ဈေးညှိသံက အနားကွပ်ပေးတယ်။

ခင်ဗျာ …
ပြင်သစ်နဲ့ မာလီမှာလား
ဖားကန့်နဲ့ မိုးညှင်းမှာတဲ့လား
မေးထားလိုက်ပါဗျာ..
ကျွန်တော်လဲ သေနေတာဘဲ
ဈေးဝယ်နဲ့ ဈေးသည်တို့ကို ကြည့်စမ်းပါရစေ
Aljunied က လမ်း
ဖားကန့်က “စိမ်းမြမြ” စားသောက်ဆိုင်ရှိတဲ့လမ်း
ပြင်သစ်က ရှောင်ဒဇေလီလမ်းမကြီး
အားလုံးဟာ လူသွားလမ်းချည်းပါဘဲ။

ပူတယ်ဗျ ပူတယ်
ဗိုက်ကလဲ ထိုးထိုးအောင့်တယ်
ဘယ်သူတွေ ဘယ်လို သေသလဲ
ဘယ်သူတွေ ဘယ်လို လုပ်အုံးမလဲ
ဘယ်လိုလုပ် တွေးလို့ရပါ့မလဲ
ခဏတော့ နားခွင့်ပေးပါဗျာ။

How much ဆိုတဲ့
လမ်းမပေါ်က အသံ
တတိယတန်းစား အခန်းထဲကလူ အသည်းကို
မြှားတစ်စင်းလို ဒုတ်ဒုတ်ထိတယ်။

ဖိုးထက်

ကိုသန်းလွင် - ရီပို့ကဒ်

$
0
0

ကိုသန်းလွင် - ရီပို့ကဒ်
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၅

(၁)
သားတို့ကျောင်းမှ SMS တခုပို့လာသည်၊ သား၏ ဂျီစီအီး O Level စာမေးပွဲ အောင်လက်မှတ်ကိုလာထုတ်ပါ ဟုဆိုသည်၊ သြဂုတ်လအတွင်းကဖြစ်ပါ၏၊ သားကိုယ်တိုင်ဖြစ်စေ၊ မိဘတစ်ဦးဦး ဖြစ်စေ လာခဲ့ပါဟုဆိုသည်၊ ကြည့်လိုက် တော့ သုံးလမျှ အချိန်ပေးထားသည်၊ အမှတ်တမဲ့သတိမရမိ၊ နိုဝင်ဘာ ၁၀ ရက်နေ့ ရောက်မှဖုန်းထဲ မှ Message တွေကို ပြန်ဖတ်ရင်းသားအောင်လက်မှတ် ထုတ်ရန်ကိစ္စကိုသတိရသည်။

သားတို့ကျောင်းမှာ စင်္ကာပူမြို့ အရှေ့ဘက်အစွန်မှာရှိပါသည်၊ လွယ်လွယ်ကူကူမဟုတ်၊ တကူးတက သွားရ သည်၊ သားက  အခု ဂျူရောင်းဂျေစီ ( JC ) မှာ တက်နေခြင်း ဖြစ်ရာ မြို့၏ အရှေ့ထိပ်နှင့် အနောက်ထိပ် ဖြစ်နေလေသည်၊  သားကသွားယူဘို့စိတ်ကူးမိဟန်မတူ။ သားသည် ဤကျောင်းမှထွက်၍ ကျောင်းပြောင်း သွားသည်မှာ  တနှစ် ခန့်ကြာသွားပြီ ဖြစ်သော်လည်း သားနာမည် ကို ပြောသောအခါ ကျောင်းက စာရေးမ တွေက မှတ်မိကြ တုံး ဖြစ်ပါသည်၊ သားဘယ်ကျောင်းတက်နေသလဲ မေးကြသည်၊ သူတို့က လိမ္မာတဲ့ကလေး ဟု တဖွဖွပြောနေကြသည်။

ကျွန်တော်သည် သား၏အောင်လက်မှတ်ကို လာထုတ်တုံးက အမှတ်တမဲ့သာဖြစ်ပါသည်၊ အောင်လက်မှတ် တခု၊ သား၏စာမေးပွဲ ရမှတ်တွေကို မှတ်တမ်းတင် ထားသော မှတ်တမ်းတခုဟူ၍သာ သာမာန်သဘော ထားခဲ့ သည်၊  ယခုသော်သား၏အောင်လက်မှတ်နှင့်အတူ သား၏သူတို့ကျောင်းမှာနေခဲ့စဉ်က အပြုအမူ အနေအထိုင် နှင့် ပတ်သတ်၍သူ့ဆရာတွေကရေးပေးလိုက်သော (Testimonial) ကိုလည်းတွေ့ရ ဖတ်လိုက်ရသည်။

သားသည်ခေါင်းဆောင်အရည်အချင်းနှင့်ပြည့်စုံသောသားဖြစ်သည်ဆို၏၊ ဖေါ်ရွေပျူငှာပြီး ယဉ်ကျေးသိမ်မွေ့သူ ဟုလည်းဆိုသည်၊ ပရောဂျက်တခုကို ဆရာကချပေးလိုက်တိုင်း၊ သား၏ဘေးမှာသူ့အတန်းဖော်တွေက ၀ိုင်းလာ ကြသည်၊ ကျောင်းသားတွေကိုစည်းရုံးပြီး ဆရာချပေးသော ပရောဂျက်တွေကို ပြီးစီးအောင်လုပ်သည်မှာ တကြိမ်မဟုတ် နှစ်ကြိမ်မဟုတ် အကြိမ်ကြိမ် အခါခါ ဖြစ်သည်၊တာဝန်ပေးလျင်တာဝန်ကျေသည်၊ အမိန့်ကို နာခံတတ်သည်ဟုဆိုသည်။

Cartificate မှာ ပလပ်စတစ် Folder တွင်ထည့်လျက် စာအုပ်ကလေးသဘွယ်ချုပ်ထားပါသည်၊ ပလပ်စတစ် ဖုံးထားသောစာရွက် နှစ်ရွက် သုံးရွက် တွေ့ရသည်၊ ရီပို့ကိုစီစဉ်ထားပုံမှာ သားနားလွန်းသည်၊ အထက်တန်း ကျောင်းက အောင်လက်မှတ်ကို အခုလို သားသားနားနားလုပ်ထားလျင် စင်္ကာပူ နိုင်ငံ၏ နိုင်ငံတကာ စာချုပ် ကြီးများဆိုလျင် အဘယ်မျှ ခမ်းနားမည်နည်း ဟုမခန့်မှန်းနိုင်ပေ၊ ကျွန်တော်တို့ ဆယ်တန်းအောင်စဉ်က နှင့် စက်မှုတက္ကသိုလ်ကျောင်းပြီးစဉ် ကပေးလိုက်သော ဘွဲ့ လက်မှတ် တွေမှာ  စာရွက်ထူထူ တရွက်ပေါ်တွင် မြန်မာနိုင်ငံစာ စာစစ်မှူးကြီးက၄င်း၊ စက်မှုတက္ကသိုလ် ပါမောက္ခချုပ် က၄င်းလက်မှတ်ရေးထိုးထားသော စာရွက် တခု သာဖြစ်ပါလေသည်၊ သားနားသည်ဟု ပြောဘို့ဝေးစွ၊အရေးကြီး သော စာရွက်တခုဟုပင် ပြောရန်ခက် နေ သည်။

သား၏အမှတ်တွေက မကောင်းလှပါ A ကတလုံး နှစ်လုံး၊ B က သုံးလေးလုံးနှင့် C ကပါ လိုက်သေးသည်၊ သို့ပါသော်လည်း သူ့ဆရာတွေ၏ မှတ်ချက်တွေကို ဖတ်ရသည်မှာ စစ်ဗိုလ်ချုပ်ကြီး လူဝီမောင့်ဘက်တန် တို့၊ ဗိုလ်ချုပ် အိုင်စင်ဟောင်ဝါတို့ ရီပို့ တွေပင် သားလောက်မကောင်းနိုင်ဟု ကျွန်တော်ထင်သည်။

    စကာင်္ပူကျောင်းက ကလေးသူငယ်များကို ပြုစုပျိုးထောင်ပေးပုံမှာ စာကိုလည်းသင်သည်၊ မူလတန်း၊ အလယ်တန်းတွေကစပြီး ခေါင်းဆောင်ကောင်း အရည်အချင်းရှိသူများကို ရှာဖွေပျိုးထောင်သည့်သဘော ရှိနေပါသည် ကျွန်တော့်သားမှာ သူတို့ နိုင်ငံသားမဟုတ်သောကြောင့် ဘာမှဖြစ်မလာနိုင်တာမှန်သော်လည်း ကလေး၏ အရည်အသွေးကို မလွတ်တန်း သူ့ဆရာတွေက မှတ်ချက်ရေးပေးလိုက်ကြပါသည်။

 ကလေးတယောက်တွင်ထူးခြားသော အရည်အချင်းကို ပြလာပြီးဟုဆိုလျင် သူတို့က သတိထားမိကြသော၊သင့်တော်သလို ထိုအရည်အချင်းကိုအားပေးလိုကြသော စံနစ်တခုရှိပါလိမ့်မည်၊ ပညာတော်သူ၊ ထူးချွန်သူကို ပညာသင်စရိတ် စကော့လားရှစ်ပေးသော အစဉ်အလာရှိသည်၊ ၀န်ကြီးချုပ် သမ္မတကြီး တို့၏ စကော့လားရှစ် ရပြီဆိုလျင် သူ၏ နောင်ရေးမှာ စိတ်အေးရပါပြီ၊ သူသည် ၀န်ထမ်းလုပ်သော် လုပ်မည်၊ စစ်မှုထမ်းလျင် ထမ်း မည်၊ သူကဥပဒေကို လိုက်နာတတ်သော နိုင်ငံသားတယောက်သာဖြစ်ရန်လိုသည်၊  သူ့ရှေ့ရေးမှာ ကောင်းလာ ဖို့သာရှိသည်။

စင်္ကပူအစိုးရ၏၀န်ကြီးအဖွဲ့ကိုကြည့်လိုက်ပါ၊ အားလုံးမှာ(Academic Record) ပညာရေးတွင်ထူးချွန်ခဲ့ကြသူများ သာဖြစ်သည်၊ လုပ်ရည်ကိုင်ရည်ရှိသူတွေဖြစ်ကြသည်၊ မိမိ လုပ်ငန်းအတွက်လိုအပ်သော အတတ်ပညာ၊ ဗဟုသုတ နှင့်ပြည့်စုံကြသူများဖြစ်ကြသည်၊ အနည်းဆုံး ထိုဝန်ကြီးများသည် ခြစားသူများမဟုတ်ဟူ၍၄င်း၊ တိုင်းပြည်ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်မည့်သူတွေ မဟုတ်ဟူ၍၄င်း၊ တာဝန်ခံနိုင်သူများဖြစ်ကြပါသည်၊ သူတို့ကိုလည်း သားတို့ကျောင်းက ကလေးတွေကို ကြည့်ရူစောင့် ရှောက်ကြသလို လူငယ်ဘ၀ကတည်းက ပြုစုပျိုးထောင်ပေးခဲ့ကြခြင်းဖြစ်ပါသည်၊ တာဝန်ယူတတ်ကြပုံမှာ တခါကလျပ်စစ် ဓာတ်အားလိုင်း ရှော့ဖြစ်ပြီး မီးရထားတွေရပ်သွားသောအခါ ရထားပို့ဆောင်ရေးကို တာဝန်ခံ ရသည့် ပို့ ဆောင်ရေး  ၀န်ကြီးက  ရာထူးမှ နှုတ်ထွက်ပေးခဲ့လေသည်။

ကြည့်လိုက်လျင် အမြဲ ပြုံးချိုနေသောမျက်နှာနှင့် ကျွန်တော့်သားမှာလူချစ်လူခင်ပေါသည်ဆိုခြင်းကို ကျွန်တော် မအံ့သြပါ၊ သို့သော်ခေါင်းဆောင်မှု အရည်အချင်းရှိသည် ဆိုခြင်းကိုတော့ ဆရာတွေ ရေးလိုက်၍သာကျွန်တော် ဖတ်လိုက်ရခြင်းဖြစ်ပါသည်၊ ခေါင်းဆောင်အရည်အချင်းပြည့်ဝသည်၊ အပေါင်းအသင်းတွေကြားမှာ ရယ်စရာ ပျက်လုံးတွေပြောတတ်သည် ဟုမှတ်ချက်ပြုခံရသော ကျွန်တော့သားသည် အိမ်မှာတော့ပြောဆို၍ မရသော လူဆိုးသာဖြစ်သည်၊ ခန္ဓာကိုယ် ၀တာကို အစားအသောက်ကို ဂရုစိုက်ပါ ပြောတာကိုမရ၊ နောက်လူတွေရှိ သေးတယ် ကြည့်စားနော် ဟုအမေက ပြောလျင် ’’ကြည့်စားနော်’’ ဆိုတာ ဘာလဲ ဟုမေးတတ်သည်၊ သူကြိုက် တတ် သော ဟင်းကိုချက်မိလျင် သူသာအရင်စားလို့ကတော့ နောက်လူတွေစားရန် ချန်မထားတတ်ပေ။

အိပ်ရာကနှိုးဘို့လည်း အလွန်ခက်ခဲသည်၊ သို့သော်ကျောင်းက နံနက် ၇း၂၀ မှာ စတက်ရာ ကျောင်းကို ၆နာရီခွဲအရောက် သွားချင်သည်၊ သူ့ကိုအိပ်ရာနှိုး ရတာ ကတလုပ်၊ သားသည် ကျောင်းကိုအဘယ့်ကြောင့် စောသွားချင်သည်မသိ ရ၊ ကျောင်းသွားဖို့ဆိုလျင်မပျင်း၊ နေ့စဉ်ကျောင်းသို့ အစောဆုံးရောက်သူဖြစ်ကြောင်း သတိထားမိသော ဆရာမ ကသူ့ကိုကျောင်းခမ်း သော့ကိုင်ဖို့တာဝန်ပေးပါလိမ့်မည်၊ မကြာမီ သူသည်အတန်း၏ မော်နီတာဖြစ်လာတော့သည်။

ဆရာကိုရိုသေတတ်တာ၊ ဆရာ့စကားကိုဦးထိပ်ထားတာတွေကို သူ့ရီပို့ကိုဖတ်ရုံနှင့် အလွယ်တကူကျွန်တော် သိလာပါသည်၊ မနက်ပိုင်းကျောင်းသွားဖို့ ကိုယ့်ဘာသာတာဝန်ယူရမည်ဟု စစ်တပ်ကပြန်လာသော အကိုက   အကြိမ်ကြိမ် တိုက်တွန်းသော်လည်း လက်မခံ၊ နေ့စဉ်ဘူတာအရောက်ကျွန်တော်က လိုက်ပို့ရတုံးဖြစ်ပါသည်။

ကျွန်တော်သည်သား၏ ရီပို့စာအုပ်ကို ကိုင်လာပြီး သိမ်းထားနိုင်သလို သူတို့ကျောင်းက data base မှာလည်း ဤအကြောင်းအရာတွေကို သိမ်းဆည်းထားမှာသေချာပါသည်၊ ဤနည်းဖြင့် အားကစားထူးချွန်သူ၊ အက တွင် ထူးချွန်သူ၊ ပန်းချီပန်းပုလုပ်တတ်သူ၊ ကျောင်းက တီးဝိုင်းမှာ အစွမ်းပြနိုင်သူ တို့၏ မှတ်တမ်းများမှာသေချာ ပေါက် သိမ်းဆည်း ထားပါလိမ့်မည်။

ထို့ကြောင့်စင်္ကာပူတွင် အခမ်းအနားတွေလုပ်ရန်ရှိတိုင်းကျောင်းက ကလေးတွေကိုသူတို့ ကျောင်းယူနီဖေါင်း တွေနှင့်နေရာတိုင်းမှာတွေ့ကြရခြင်း ဖြစ်ပါသည်၊ ဧည့်ကြိုများ၊ လမ်းပြများ၊ စည်းကမ်းအကြောင်းသတိပေး သူများဖြစ်လာကြပါသည်၊ ထိုကလေးများသည် ပွဲစီစဉ်သူကလိုအပ်သည့်အတိုင်း ကျလာ သည့်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နိုင်သူတွေဖြစ်လာသည်။

ဂျုနီယာကောလိပ်တွေမှာ School Council ခေါ်ကျောင်းကောင်စီကိုဖွဲ့ပေးသည်၊ ကျောင်းကောင်စီ မန်ဘာ ဖြစ်ရန်အရေးမှာလွယ်လွယ်ကူကူမဟုတ်၊ သားတို့ကျောင်းမှာ သည်နှစ်ကောင်စီဝင်ဖြစ်ဖို့လူ ၆၀၀ကျော် စာရင်း သွင်းကြပါသည်၊ ထိုလူ၆၀၀ကိုခမ်းမတွင်စုဝေးကာ မေးခွန်းဆယ်ပုဒ်ခန့်ဖြေဖို့စာရွက်တွေ ပေးလိုက်သည်၊ ထို အဖြေလွှာများကိုဒိုင်တွေက စီစစ်ကာ လူ၁၅၀ ခန့်ရွေးချယ်သည်၊ ထို၁၅၀ ကို Group Test အဖြစ် ငါးယောက် တတွဲစီစုကာ သူတို့၏ အပြုအမူကို ဒိုင်တွေကစောင့်ကြည့်ကြသည်၊ ထိုလူစုမှ လူ ၅၀ကို စကာတင်ရွေးချယ်ကာ  စင်မြင့်ပေါ်သို့ တဦးစီတင်ပေးသည်၊ အောက်မှဒိုင်တွေက မေးခွန်တွေမေးသည်ကို ကျောင်းသားတွေက ဖြေကြ ရသည်။

ဤစာမေးပွဲမှကျောင်းကောင်စီမင်ဘာဖြစ်နိုင်သူ ၃၇ ယောက်ကိုရွေးချယ်ပေးလိုက်ခြင်းဖြစ်ပါသည်၊တနည်း  ဆိုသော်ဤကောလိပ်ကျောင်းတွင်ခေါင်းဆောင်မှုအရည်အသွေးရှိသူများကိုကျွန်တော်တို့ရွေးချယ်ထားပါတယ်ဟုဆိုလိုရာရောက်သည်။

စာသင်ကျောင်းမှကလေးငယ်များကို ပြင်ပလောကအခင်းအကျင်းတို့နှင့်ဆက်စပ်ပေးသော အတတ်ပညာသည် ယနေ့စာသင်ကျောင်းတိုင်းလုပ်ပေးကြရမည့်အလုပ်ပင်ဖြစ်ပါသည်၊ ဤ ကလေးငယ်များသည်နိုင်ငံတော်တည် ဆောက်ရေး လုပ်ငန်းများ၌ ပုံစံတကျပါဝင်သွားနိုင်ကြရပါမည်၊ ကလေးများကိုလူ့အုပ်စုအတွင်း၌ အံဝင်ခွင်ကျ အလုပ်လုပ်တတ်အောင်လေ့ကျင့်ပေးခြင်းမှာ အလွန်အရေးကြီးသော အချက်တခုဖြစ်ပါသည်၊ တာဝန်ယူလိုစိတ် ရှိသည် နှင့် အတူ လူအုပ်စုနှင့် ယှဉ်တွဲ အလုပ်လုပ်ကိုင်တတ်ရန်မှာ ခေါင်းဆောင်လုပ်မည့်သူတိုင်း၏အရည် အချင်း များပင်ဖြစ်ကြပါသည်၊

အလုပ်အင်တာဗျူးများတွင် အလုပ်ပေးရမည့်သူက အလုပ်လျှောက်ထားသူများ၌ ခေါင်းဆောင်မှုအရည်အချင်း ရှိမရှိ၊ အုပ်စုနှင့်အတူတွဲကာ ကျရာတာဝန်ကို ယူနိုင်ခြင်းရှိမရှိ ကို ရှာဖွေရခြင်းပင် မဟုတ်ပါသလော၊ 

(၂)

လူငယ်ပြုစုပျိုးထောင်ရေးဟူ၍ လူငယ်များနှင့်နိုင်ငံတော်ရေးရာ ပါတ်သက်ကြသည့် အစဉ်လာကောင်းများ ကျွန်တော်တို့ နိုင်ငံတွင်ရှိခဲ့ပါသည်၊ စာမတတ်သူပပျောက်ရေး အသုံးလုံး စီမံကိန်းမှာ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားလူငယ်များပါဝင်ခဲ့ကြပါသည်၊ လူရည်ချွန်စီမံကိန်းတွင် မြို့နယ်အသီးသီးမှ ထူးချွန်သော ကလေးများ ကို စုစည်း နိုင်ခဲ့ကြပါသည်၊အလုပ်ခွင်အသီးသီးမှ ၀န်ထမ်းများကို ဖေါင်ကြီးသင်တန်းကျောင်း၌ ၀န်ထမ်း စည်းကမ်း၊ အခြေခံဥပဒေစသည်ဖြင့် သင်တန်းပို့ချခဲ့ကြပါသည်၊

လူရည်ချွန်များကို အပမ်းဖြေစခမ်းများသို့ပို့ပြီးသည်နှင့် အလုပ်ပြီးစီးသွားခြင်းမှာ မဖြစ်သင့်ပါ၊ မှတ်တမ်းမှတ်ရာ မရှိဘဲ လူရည်ချွန်ဖြစ်ခဲ့ခြင်းဆိုသည်မှာ သူ၏လူမှုဘ၀တွင်ဘာမှအရာမရောက်တော့ပေ၊ အနည်းဆုံးလူရည်ချွန် များ ဘယ်ရောက်နေသည်ဆိုသော မှတ်တမ်းများရှိသင့်ပြီးအစိုးရက သူတို့စွမ်းအားကို အသုံးချသင့်သည်၊ အနည်းဆုံး လူရည်ချွန်များ၏ Think Tank ကဲ့သို့သော သုတေသနဌာနများ တည်ထောင်ပေးသင့်သည်၊

ဖေါင်ကြီးသင်တန်းကျောင်းမှာ ဖေါင်ကြီးခေါင်းဆောင်မှုဆိုင်ရာသင်တန်းကျောင်းဟု အမည်ပြောင်းသင့်သည်၊ စီမံခန့်ခွဲမှု အတတ်ပညာကို တတ်ကျွမ်းနားလည်သူ ပညာရှင်များနှင့် ပို့ချပေးသင့်သည်၊ သင်တန်းသားများမှာ ဆရာဝန်များ၊ အင်ဂျင်နီယာများဖြစ်ပေရာ သူတို့ကို သင်တန်းဆရာ တပ်ကြပ်ကြီးများ၊ အရာခံဗိုလ်အဆင့်ရှိသူ များ လက်အောက်သို့ပို့ထားခြင်းမှာ စည်းရုံးရေး အတွက်ခက်ခဲစေသည်၊ အခြေခံစစ်ပညာသင်တန်းပေးတာ မှန်ပါ သည်၊ စစ်ပညာ သင်တန်းမှုးမှာ အရာခံဗိုလ်များဖြစ်သင့်တာလည်း မှန်ပါသည်၊ ထိုနည်းတူ သင်တန်း၏ ရည်ရွယ်ချက်မှာ ခေါင်းဆောင်ကောင်းများမွေး ထုတ်ရန်ဟူသောရည်ရွယ်ချက်သာ ဖြစ်သင့်သည်၊ ထိုကိစ္စ အတွက်မူ ထိုက်တန် သော အရည်အသွေးရှိသည့် သင်တန်းဆရာများဖြင့်သာ သင်တန်းကို ဖွင့်လှစ်သင့်သည်၊

ယခင်အစိုးရများလက်ထက်က စီမံခန့်ခွဲမှု အတတ်ပညာကို စစ်မှုထမ်းများသာတတ်သည်၊ စစ်တပ်အသိုင်း အ၀ိုင်း မှ မဟုတ်လျင် အုပ်ချုပ်ရေးရာထူးများကို မပေးသော အစဉ်အလာများရှိခဲ့ပါသည်၊ နိုင်ငံတော် ထူထောင် ရေးလုပ်ငန်းများတွင်ဤအစဉ်အလာကို ရပ်တန်းက ရပ်ကြရပါမည်၊ ခေါင်းဆောင်ကောင်းများကို ပြည်သူတရပ်လုံး လူတန်းစား အသီးသီးမှ အရည်အချင်းရှိသူ၊ ထူးချွန်သူများကိုရွေးထုတ်ကြရပါမည်၊
ကျွန်တော်သည် သားငယ်၏ ကျောင်းအောင်လက်မှတ်ကိုကိုင်ခါ နောင်တခေတ်တွင် ခေါင်းဆောင်လုပ်ကြရ မည့် လူငယ်များအကြောင်းကို စဉ်းစားနေမိပါသည်၊ လူငယ်များကိုပြုစုပျိုးထောင်ရမည့်အလုပ်မှာ ယနေ့လူကြီး များ၏ အလုပ်ပင်ဖြစ်ပါတော့သည်၊

ကိုသန်းလွင်

Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>