Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
လင်းသက်ငြိမ် - ခေတ်စနစ်ရဲ့ သားကောင်များ / သားကောင်းများ
$
0
0
လင်းသက်ငြိမ် - ခေတ်စနစ်ရဲ့ သားကောင်များ / သားကောင်းများ
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၅
မတရားမှုတွေကို
ဆန့်ကျင်တော်လှန်နေပြီ ဆို
ကျွန်တော်တို့ကိုသူပုန်လို့ ခေါ်ပါ။
အမှန်တရားကို
ချစ်မြတ်နိုးနေမိတဲ့အခါ 
ကျွန်တော်တို့ကိုလူဆိုးလို့ ခေါ်ပါ။
ငြိမ်းချမ်းရေးကို
တယုတယ ပျိုးမိတဲ့အခါ
ကျွန်တော်တို့ကိုဆူပူလှုံ့ဆော်သူများလို့ ခေါ်ပါ။
ကိုယ့်တိုင်းပြည်ကို 
ကောင်းစေချင်တဲ့စိတ်ပေါ်လာပြီဆို
ကျွန်တော်တို့ကိုဖောက်ပြန်ရေးသမားလို့ ခေါ်ပါ။
နိုင်ငံတကာနဲ့တန်းတူညီတူရှိဖို့
ကြိုးစားတဲ့အခါ 
ကျွန်တော်တို့ကိုပုဆိန်ရိုးလို့ ခေါ်ပါ။
မကောင်းတာကို
မကောင်းကြောင်းပြောပြမိရင် 
ကျွန်တော်တို့ကို အဖျက်သမားလို့ ခေါ်ပါ။
စည်းကမ်းစည်းကမ်းနဲ့ ပါးစပ်ထဲမှာ
လမ်းဆုံးနေတဲ့နေရာမှာ...
ဥပဒေဥပဒေနဲ့အရာရာ
သူ့ခြေ သူ့လက် ဖြစ်နေတဲ့ နေရာမှာ...
အာဏာအာဏာနဲ့
ခွာနာလျှာနာ ကျနေတဲ့ နေရာမှာ...
စကားလုံး ကောင်းကောင်း
ဆိုင်းဘုတ် လှလှနဲ့ 
အခွံချည်းသက်သက် ကျန်တော့တဲ့
နေရာမှာ...
တိုင်းပြည်မှာ...
နိုင်ငံမှာ ...
ကျွန်တော်တို့ဟာနာမည်အမျိုးမျိုးနဲ့
ပြစ်ဒဏ်အမျိုးမျိုးနဲ့ သေနည်း အမျိုးမျိုးနဲ့
အနေမလှအသေမလှ
သမိုင်းထဲတိုးတိုးတိတ်တိတ်
ဝပ်နေခဲ့ရပေါ့.....
တစ်ချိန်မှာရှင်ပြန်ထမြောက်မယ့်
အမျိုးချစ်သူကောင်းသားတွေ       
လင်းသက်ငြိမ် 
ရိုဟင်ဂျာ ကိုတိုင်းရင်းသားဟုပြက္ခဒိန်ထုတ်ဝေသူများကို ဒဏ်ငွေ ၁၀သိန်းစီအမိန့်ချ
$
0
0
ရိုဟင်ဂျာကို တိုင်းရင်းသားဟု ပြက္ခဒိန်ထုတ်ဝေသူများကို ဒဏ်ငွေ ၁၀သိန်းစီအမိန့်ချ
ဟန်သစ်နိုင်၊ မိုးမခ၊ ၂၀၁၅ နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများတွင် ရိုဟင်ဂျာလူမျိုးပါဝင်သည်ဟု ပြက္ခဒိန်ပုံနှိပ် ထုတ်ဝေမှုနှင့်ပတ်သက်ပြီး တရားခံငါးဦးအား  နိုဝင်ဘာ ၂၃ရက် ညနေ၄နာရီက ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ဒဏ်ငွေကျပ် ၁၀သိန်းစီအမိန့်ချမှတ်ခဲ့သည်။
          အဆိုပါပြက္ခဒိန်ထုတ်ဝေမှုနှင့်ပတ်သက်ပြီး ပုဇွန်တောင်မြို့မရဲစခန်းမှ ရဲမှူးဦးခင်မောင်လတ်က တရားလိုပြုလုပ်ကာ ပုံနှိပ်ထုတ်ဝေသူ ဦးဟုတ်ရွှေ(ခေါ်) ဦးကျော်ကျော်အပါအဝင် လူငါးဦးအား ပုဇွန်တောင်မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ခဲ့သည့်အတွက် နိုဝင်ဘာ ၂၃ရက်နေ့တွင် ၄င်းလူငါးဦးအား တရားသူကြီးမှ အပြစ်ရှိမရှိစတင်စစ်ဆေးရာတွင် ငါးဦးလုံးမှအပြစ်ရှိကြောင်း ချက်ချင်းဝန်ခံခဲ့သည်။
          ရိုဟင်ဂျာနာမည်ပါပြက္ခဒိန်ထုတ်ဝေမှုသည် တိုင်းရင်းသားလူမျိုးအချင်းချင်း အငြင်းပွားဖွယ်ရာ ဖြစ်သည့် အတွက် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၂၀အရ ပုဇွန်တောင်မြို့နယ် တရားသူကြီး ဦးနေအောင်မြင်က ဒဏ်ငွေ ၁၀သိန်းစီအမိန့်ချမှတ်ခဲ့သည်။
          “ဒီအမှုသည် ရဲမှတရားလိုပြုလုပ်ခဲ့ပေမယ့် ရဲအရေးမပိုင်တဲ့အမှုဖြစ်တဲ့အတွက် တရားရုံးကစွဲ ရတာပါ” ဟု တရားသူကြီး ဦးနေအောင်မြင်က ပြောသည်။
ဗိုလ်ထက်မင်း - စိန်ခေါ်မှူတွေရှိနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတိုက်တွန်းချက် - အပိုင်း (၃)
$
0
0
ဗိုလ်ထက်မင်း - စိန်ခေါ်မှူတွေရှိနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတိုက်တွန်းချက် - အပိုင်း (၃) 
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၅
 ၁၁။ ဘင်္ဂလီကိစ္စကြောင့် မျိုးစောင့်ဥပဒေပေါ်လာတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယအင်အား အကြီးဆုံးစိန်ခေါ်မှု ဖြစ်ပါတယ်။ ပါတီက နိုင်လို့ပင် မကြာသေးဘဲ အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဌ Mred Royce က ဘင်္ဂလီကိစ္စကို စတင်ဖိအားပေးလာပါတယ်။ မျိုးစောင့်ဥပဒေကိစ္စ NLD က ကန့်ကွက်ခဲ့တာကို မဘသက မမေ့သေးပါ။ မဘသသံဃာတော်များကပင် သတိနဲ့ ကြိုဆိုတယ်ဆိုပြီး စောင့်ကြည့်နေပါတယ်။ မဘသသံဃာတော်တွေ မစိုးရိမ်ဖို့ ထောက်ခံသူတချို့က ပြောဆိုထားကြပြီး မျိုးစောင့်ဥပဒေကို ထိလာရင်လမ်းပေါ်ထွက်ဆန္ဒပြပေးမယ်လို့ ကတိတွေ ပေးထားတယ်လို့လည်း ပြောသံကြားရပါတယ်။ နိုင်ငံတကာကဖိအား ဘာလို့ကြီးရသလဲ ဆိုရင် UN တို့ OIC တို့ ဆိုတာက လူ့အခွင့်အရေးမှာ သူတို့အသံက အရေးပါနေသလို၊  အမေရိကန်ကတော့ ဘင်္ဂလီကိစ္စနဲ့ ရခိုင်ပြည်နယ်မှာ မတည်မငြိမ်ဖြစ်မှုတွေကတဆင့် မြန်မာအပေါ်မှာ သြဇာလွှမ်းချင်နေတယ်လို့ မြင်ကြပါတယ်။ မဘသထောက်ခံတဲ့ ပြည်တွင်းအင်အားမှာလည်း အတန်အသင့်ရှိနေရာ ဘုန်းကြီးနောက်က ဒကာဒကာမတွေအပြင်၊ တပ်မတော်ကိုယ်တိုင်က မျိုးစောင့်အရေးဘက်ကို အလေးသာလိုက်ရင် ဖြစ်ပေါ်လာနိုင်တဲ့ ရှုပ်ထွေးမှုတွေကို လျှော့တွက်လို့ မရတာမို့ စာရေးသူအမြင်အရ လက်ရှိမှာ နိုင်ငံတကာအလိုထက် ပြည်တွင်းရေး တည်ငြိမ်မှုကို ကြည့်သင့်တယ် ထင်ပါတယ်။ ဒါအပြင့် ပြိုင်ဖက်ပါတီတွေရဲ့ဘေးက သွေးထိုးနိုင်တာမို့ မျိုးစောင့်ဥပဒေကို မထိသေးတာက ပိုကောင်းတယ်လို့ မြင်ပါတယ်။
၁၂။ မကြာမီအချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဟာ ထိပ်သီး (၃) ဦးနဲ့ တွေ့ဆုံဖို့ရှိနေရာ ဦးရွှေမန်းထက်စာရင်၊ သမ္မတဦးသိန်းစိန်နဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ဟာ KEY PLAYER များဖြစ် လို့သုံးဦး အပြန်အလှန် ဆွေးနွေးနိုင်မဲ့ ခေါင်းစဉ်များကို စာရေးသူက ခန့်မှန်းတင်ပြလိုပါတယ်။
(က) သမ္မတလျာထားမည့်သူကို အားလုံးက လက်ခံဖွယ်ရာ ရှိ၊ မရှိ၊
(ခ) အစိုးရ ဖွဲ့စည်းရေး၊ ဒုသမ္မတများနဲ့ လွှတ်တော်ဥက္ကဌများ လျာထားရေး၊ အမျိုးသားကာကွယ်ရေး နဲ့လုံခြုံရေးကောင်စီ အခန်းကဏ္ဏ
(ဂ) ဦးရွှေမန်း ဆိုင်းငံ့ လုပ်ထားတဲ့ Right to call ကိစ္စ
(ဃ) ပုဒ်မ  ၅၉ (စ) ပြင်ပေးနိုင်မှု ရှိမရှိ
(င) တပ်ရဲ့ ၂၅% ကို ထိပါးစေနိုင်တဲ့ ပုဒ်မ(၄၃၆) ကိစ္စ မပြင်သေးသော်လည်း ဘယ်လိုအစီအစဉ်နဲ့ လျှော့ချရန် အခြေအနေ ရှိမရှိ
၁၄။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတအမည် အဆိုပြုနိုင်တဲ့ နည်းလမ်း  (၃) ခု ရှိရာ ပါတီထဲကသူ ၊ပြင်ပကသူ၊ တပ်က တင်ချင်တဲ့သူကို ဖိတ်ခေါ်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ပါတီထဲကသူ ဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်စိတ်ချရမယ်ဆိုရင် တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု ပါတီကနေ ရွေးကောက်ပွဲအနိုင်ရလာသူ တပ်မတော်အရာရှိကြီး ဆိုသူတွေကို တင်မလား။ တပ်မတော်အထာသိနေတာအပြင် လက်ရှိဒုသမ္မတ ဦးဥဏ်ထွန်းထက် စီနီယာကျသူမျိုး၊  ဦးသိန်းစိန်နဲ့ မတိမ်းမယိမ်း တပ်တွင်းအတွေ့အကြုံရှိသူမျိုး ရွေးလာမလား၊ စဉ်းစားစရာ ရှိပါတယ်။အမေရိကန်ဆီမှာ စစ်သင်တန်းတက်ခဲ့ တပ်မှူးဟောင်းတွေဆိုရင်တော့ သံတမန်ဆက်ဆံရေး ပိုမိုချောမွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က အရပ်သားပဲ တင်မယ်ဆိုရင်တော့ တပ်နဲ့ အဆင်ပြေမလား စဉ်းစားစရာ ဖြစ်လာပါတယ်။ ပြည်ခိုင်ဖြိုးက နိုင်လိုက်တဲ့သူတွေဟာ ယခင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တွေမှာ ထိပ်သီးများဖြစ်ခဲ့တဲ့ သမ္ဘာရင့် ဒေါက်တာစိုင်းမောက်ခမ်း၊ ဦးခင်အောင်မြင့် ၊ ဗိုလ်ချုပ်ကြီးဟောင်းများဖြစ် ကြတဲ့ ဦးဥာဏ်ထွန်း၊ လှဌေးဝင်း၊ သူရသက်ဆွေ၊ ဥာဏ်ဝင်း၊ မောင်မောင်အုန်းတို့တွေ ပြန်ပါလာတာ သတိပြုမိမယ်ဆိုရင် သူတို့နဲ့ POWER BALANCE ဖြစ်ဖို့လိုရာ တော်ရုံသမ္မတကို သူတို့တွေက ထိပ်တိုက်တွေ့ အားစမ်းလာကြမလားလို့ တွေးမိစရာ ဖြစ်နေပါတယ်။။ ပြည်ခိုင်းဖြိုးက အရွေးခံထိပ်သီးဆိုသူတွေက ဒီအလှည့်မှာ လွှတ်တော်ထဲက အတိုက်အခံနေရာက ရပ်ကြမှာမို့ စောင့်ကြည့်ရမယ့် အခြေအနေပါပဲ။  ပညာတတ်တွေကို တင်လာရင်ကော တပ်မတော်နဲ့ ဆက်ဆံရေး ဘယ်လို ရှိလာနိုင်သလဲဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။
၁၅။ တကယ်လို့ဒေါ်အောင်ဆန်းစုကြည်က တပ်က တင်ချင်တဲ့သူကို သမ္မတအဖြစ် ဖိတ်ခေါ်ခဲ့ပါလျှင် ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ တပ်မတော်ဘက်ကလည်း အပြန်အလှန်အားဖြင့် ပုဒ်မ ၅၉ (စ)ကို ပြင်ပေးဖို့ ရှာဖွေ တင်ပြလာမည်လား။ (၅) နှစ်သက်တမ်းအသစ်မှာ တပ်ကတင်တဲ့သူဟာ ဘယ်လောက်အချိန်ထိဘဲ စခန်းဆက်သွားရမလဲ၊၊ ဘယ်လို ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှဲ ပေးနိုင်မလဲ ဆိုတာဟာ ကာယကံရှင်များနဲ့ လက်ရှိနိုင်ငံရေးအခြေအနေ၊ အလားအလာပေါ်မှာ များစွာ မူတည်ပါတယ်။ တပ်ကတင်ခွင့်ရတဲ့ သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒကို လေးစားလိုက်နာပြီး အရေးကြီးကိစ္စရပ်များမှာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်တာ လက်တွေ့မှာ ဖြစ်နိုင်မလားဆိုတာလည်း စဉ်းစားရမယ့် မေးခွန်းပါပဲ။
 ၁၆။ အမျိုးသားပြန်လည်သင့်မြတ်ရေးနောက် နည်းလမ်းတခုက တပ်မတော်ကို စိန်ခေါ်နေတဲ့အခက်အခဲတွေ ကို ဖြေရှင်း ပေးတာဖြစ်ပါတယ်။ တပ်မတော်ကို စတင်းဒတ်အာမီဖြစ်အောင်လို့ တိုးမြှင့်ပေးရာမှာ အရှေ့ အနောက် အင်အားစုတွေအားလုံးနဲ့ အဆင်ပြေပြေ ဆောင်ရွက်နိုင်မည်လား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန်တို့နဲ့ တပ်မတော် ဆက်ဆံရေး ဘယ်လို တိုးမြှင့်လာနိုင်အောင် ဘယ်လိုစဉ်းစားထားသလဲ။ အခု တင်ပြတာတွေကတော့ လက်ရှိ အချို့သော တပ်မတော် အရာရှိ၊ အကြပ်တပ်သား၊ ရဲဘော်တွေကြားထဲ စဉ်းစား အဖြေတွက်နေကြတဲ့ မေးခွန်းတွေပါပဲ။
(ဆက်လက်ဖော်ပြပါမည်)
သားဝင့်ကျော် - ငွေတန်ဖိုး တက်တယ်၊ ကျတယ်ဆိုတာ ဘယ်လိုလဲ
$
0
0
သားဝင့်ကျော် - ငွေတန်ဖိုး တက်တယ်၊ ကျတယ်ဆိုတာ ဘယ်လိုလဲ
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၅
ရွှေကို ကျောထောက်နောက်ခံပြုပြီးငွေတန်ဖိုးသတ်မှတ်တဲ့ စနစ်ကပြောင်းလဲလာပြီးတဲ့နောက်မှာတော့
ငွေတန်ဖိုးကိုအဲဒီငွေရဲ့ ဝယ်ယူနိုင်တဲ့စွမ်းအား (purchasing power) ပေါ်မူတည်ပြီး ဆုံးဖြတ်ကြတယ်။
ဥပမာ - ကျပ် ၁,၀၀၀နဲ့ပေါင်မုန့်၎ လုံးဝယ်နိုင်တယ်ဆိုပါစို့။ 
နောက် တစ်နှစ်ကြာတဲ့အခါကျပ် ၁,၀၀၀နဲ့ ပေါင်မုန့် နှစ်လုံး ပဲဝယ်နိုင်တော့ရင်ငွေတန်ဖိုး ကျတယ်ပေါ့။
တဖက်က ကြည့်ရင်တော့ကုန်ဈေးနှုန်း တက်လာတာပေါ့။
ဒါဆို “ကုန်ဈေးနှုန်းတက်” နေတယ်လို့ပြောတာဟာ “ငွေတန်ဖိုးကျ” နေတယ်လို့ပြောတာနဲ့တူတူပါပဲ။
ငွေတန်ဖိုး ကျ တာကို “Inflation” လို့ပညာရှင်တွေက “ငွေကြေးဖေါင်းပွ” တယ်လို့ပြန်ဆိုရေးသားကြတယ်။
ငွေတန်ဖိုး တက်တာကို Deflation လို့ခေါ်တာပေါ့။
ဘယ်လိုတိုင်းတာမလဲ?
အလွယ်တကူတိုင်းတာကြတာတော့ကုန်ဈေးနှုန်းတက်တဲ့ နှုန်းပဲ။ ကုန်ဈေးနှုန်း ဆိုတဲ့နေရာမှာစားသုံးကုန်နဲ့ ရင်းနှီးကုန် နှစ်မျိုးအနက်ကယေဘုယျလူအားလုံးနဲ့ ဆိုင်တဲ့မြို့ပြ “စားသုံးကုန် ဈေးနှုန်း” နဲ့ တိုင်းတာလေ့ရှိပါတယ်။
ဈေးနှုန်းအတက်နှုန်းကိုဈေးဆနှုန်းကိန်း (price index) နဲ့ဖေါ်ပြကြတယ်။
ဈေးဆနှုန်းကိန်းဆိုတာအခြေပြု နှစ်တနှစ်ရဲ့ ဈေးနှုန်းနဲ့  လက်ငင်းနှစ်ရဲ့ ဈေးနှုန်းကိုနှိုင်းယှဉ်ပြီးရာခိုင်နှုန်းဖွဲ့တာပေါ့။ နှစ်အလိုက် ဈေးဆနှုန်းကိန်းတွေကို ရတော့မှငွေကြေးဖောင်းပွမှု့နှုန်းကို I လို့ထားရင် ...
I = (( P15 - P14)÷P14)×100  နဲ့တွက်တယ်။
P15 = 2015 ဈေးဆနှုန်း
P14 = 2014 ဈေးဆနှုန်း
အကြမ်းအားဖြင့် တွက်လို့ရပါတယ်။
“ ငွေကြေးဖောင်းပွ” တာကိုစီးပွားရေးအားကောင်းတယ် လို့ပြောနေကြလို့ ရေးဖြစ်တာပါ။
ထူးထူး (တောင်ငူ) - ကြိုက်ရင် မဲပေး၊ မကြိုက်ရင် မဲမပေးနဲ့
$
0
0
ထူးထူး (တောင်ငူ) - ကြိုက်ရင် မဲပေး၊ မကြိုက်ရင် မဲမပေးနဲ့
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၅
အခန်း (၁)
“ဟိတ်… ရွှေမိ၊ မင်းလွန်နေပြီနော်… မင်းစကားက ဘာအဓိပ္ပာယ်လဲ၊ မင်းချမ်းသာချင်ရင် အဲ့လို စောရနက္ခတ်နဲ့ ယှဉ်မွေးလာတဲ့သူကို ယူပေါ့… ဘာဖြစ်လို့ ငါ့ကိုယူခဲ့လဲ”
“အဲ့ဒါပြောတာပေါ့၊ ကျုပ်ကိုကမှားတာပါ… ရှင့်လို စာရင်းကိုင်တယောက်ကိုယူခဲ့တာကိုက ကျုပ်ရဲ့ မဟာအမှား….. ပြောလိုက်ရင် Business Ethics ဆိုတာက ပါးစပ်ထဲကမချဘူး။ တော်ပြောတဲ့ အဲ့ဒီ့ Ethics (ကိုယ်ကျင့်တရားတွေ) ဆိုတာက ပြုတ်စားလို့မရဘူးတော့… နားလည်လား” 
သာလှ တယောက်မခံချင်အောင်ဖြစ်သွားရတဲ့အကြောင်းအရင်းကတော့ အိမ်သူသက်ထား ဒေါ်ရွှေမိ မေးလိုက်တဲ့မေးခွန်းကြောင့်ပါ… “ကိုရင်သာလှ….. ရှင် နယူးဇီလန်မှာ စာရင်းကိုင်တယောက် လုပ်နေပြီး၊ ဒီတသက် ကိုယ်ပိုင်အိမ်လေး တလုံးလောက်တောင် ဝယ်နိုင်ပါ့မလား”…
ပြဿနာရဲ့အစကတော့- သာလှတယောက် လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာတွေ့နေရတဲ့ သမီးလေး မစုဝေ ကိစ္စကစတာပါ။ ကိုယ့်ဟာကိုယ် တယောက်တည်းအေးအေးဆေးဆေး အင်တာနက်သုံးပြီး၊ လူမှုကွန်ယက်စာမျက်နှာအထက်မှာ အတွေးရေကြောမှာမျောနေရင်လည်း အကောင်းသား၊ အခုတော့ တခုခုဆို အသိပေး (report တင်တဲ့) အကျင့်ဆိုးကြောင့်ပေါ့… 
သာလှရဲ့ နှလုံးသားထဲမှာကော၊ ဦးနှောက်ထဲကပါ လုံးဝလက်မခံနိုင်လွန်းတဲ့ကိစ္စမိုလို့ ရင်ထဲတင်းကြပ်နေတာတွေကို ပေါ့သွားအောင် ဘေးနားက ရွှေမိ ကိုခေါ်ပြမိ၊ ရင်ဖွင့်မိကာမှ ပြဿနာကို လက်ယက်ခေါ်သလိုဖြစ်သွားတာပါ…
သာလှက “မစုဝေ” လေးကိုဘယ်လိုနှိပ်စက်ကြတယ်… သူ့ခန္ဓာကိုယ်ပေါ်မှာ အညိုအမည်းတွေက ဘယ်လိုစွဲနေတာ… ရှင်းပြနေတုန်းရှိသေးတယ်… ရွှေမိက သာလှပုခုံးကိုနောက်ကနေ ကျော်ကြည့်ပြီး 
“အိုး… ကောင်းလိုက်တဲ့အိမ်ကြီးပါလား…. ဘယ်နားမှာလဲ” လို့မေးလည်းမေး… သူ့ဟာသူလည်း သတင်းကိုဆက်ဖတ်တော့၊
“ သြော် အဲ့ဒီ့နေရာမှာ အဲ့လိုအိမ်မျိုးဆို အနည်းဆုံး သိန်းလေးထောင်၊ ငါးထောင် အထက်မှာ ရှိတယ်တဲ့ ” …..
ရွှေမိ စကားကအဲ့ဒီ့နေရာမှာတင်ရပ်သွားရင် ဘာပြဿနာမှမရှိပေမယ့်၊ သူကလည်းစကားကို မရပ်…
“ရှင်တို့များ ကျောင်းတက်တုန်းကလည်း လုပ်လိုက်ရတဲ့ Assignments တွေ၊ ဖတ်လိုက်ရတဲ့စာအုပ် တွေ၊ ဝယ်လိုက်ရတဲ့စာအုပ်တွေ၊ ကျောင်းပြီးတော့လည်း အလုပ်ကလည်းလိုက်ရှာရသေးတယ်… အလုပ်ရပြန်တော့လည်း ဆောင်လိုက်ရတဲ့အခွန်အခတွေ၊ သံသရာကမပြတ်နိုင်ဘူး … 
သူများတွေများကြည့်စမ်းပါအုံး… G.E တပ်မှာ ဗိုလ်မှူးအဆင့်မှာကို သိန်း(၄၀၀၀) ကျော် တန် တဲ့ ကိုယ်ပိုင်အိမ်နဲ့… 
ကိုသာလှ- ရှင် နယူးဇီလန်မှာ စာရင်းကိုင်တယောက်လုပ်နေ ပြီး၊ ဒီတသက် ကိုယ်ပိုင်အိမ်လေး တလုံးလောက်တောင် ဝယ်နိုင်ပါ့မလား”…
သာလှ တယောက်မခံမရပ်နိုင်ဖြစ်သွားပြီး၊ ယောက်ျားသိက္ခာကို ထိပါးစော်ကားခံရတယ်လို့ ခံစားလိုက်ရတဲ့အတွက် တသက်လုံးသည်းခံခဲ့သမျှ ဒီတခါတော့ လုံးဝအလျှော့ပေးလို့မဖြစ်  တော့ပါဘူး။ 
သည်းခံလို့လုံးဝမဖြစ်နိုင်ဘူး… မရတော့ဘူး၊ ဒီတခါအလျှော့ပေးလိုက်ရင် နောက် နှစ် (၅၀) အသာလေး အနိုင်ကျင့်ခံရတော့မယ်။ ငါ ပြောင်းလည်းချိန်တန်ပြီလို့ ကိုယ့်ကိုယ်ကို တယောက်တည်း အားပေးစကားပြောရင်း… ခွန့်တုန်ပြန် စကားများရာမှ နောက်ဆုံးအဆင့် ကွဲမယ်ကွာမယ်ဆိုတဲ့ အဆင့်အထိရောက်ခဲ့ရပြန်ပါတယ်။
အခန်း (၂)
တကယ့်တကယ် ကွဲကြမယ်ဆိုတော့- သာလှရင်ထဲ တကယ်ကိုမချိတာပါ။ ဟုတ်တယ်လေ- ပေါင်းသင်းလာတာ ဘာပြဿနာမှ မရှိခဲ့ဘူးပါဘူး။ ကလေးတောင်(၂) ယောက်ရနေပြီ။ အခု ဒီ G.E တပ်က ဗိုလ်မှူးနဲ့ကျမှပဲ လင်မယားပြဿနာဖြစ်ရတယ်…
ဒါနဲ့ပဲ… ကလေး (၂) ယောက်ကိုမေးမယ်၊ သူတို့သဘောထားအတိုင်းပဲ… သူတို့ မဲပေးတဲ့သူအနိုင်ပဲ။ တကယ်လို့ တယောက် တမဲရရင် ညွှန့်ပေါင်းဖွဲ့မယ်ဆိုပြီး လင်မယားနှစ်ယောက်ကြိုတင် သဘောတူခဲ့ကြ ပြန်ပါတယ်။
သားနဲ့သမီးကိုခေါ်ပြီး ဖြစ်ကြောင်းကုန်စင်ရှင်းပြပြီး ကလေးတွေရဲ့ ဆန္ဒသဘောထားကို ခံယူဖို့ ပြင်နေ ကြတုန်း-
သာလှက ငါက (Bread winner) အိမ်ထောင်ဦးစီး၊ ငါ့ဆီမှာသာ အာဏတည်ရမယ်ဆိုပြီး မာန်တင်းကာ၊ ကလေးနှစ်ယောက်ကို “ဖေဖေ့ကို ကြိုက်ရင်မဲပေး၊ မကြိုက်ရင် မဲမပေးနဲ့” လို့ လက်ညှိုးထိုး၊ မျက်လုံးပြူးပြီး မာန်အပြည့်ပြောထည့်လိုက်ပါတယ်။
ရလဒ်အနေနဲ့ကတော့- မဲရေတဲ့နေ့မှာ ရွှေမိက ဆန္ဒမဲ (၂) မဲနဲ့အပြတ်အသတ်အနိုင်ရသွားခဲ့ပါတယ်။ 
အခုတော့ သာလှ တယောက်မဲရှုံးပြီ… ဒေါ်ရွှေမိ ပြုသမျှနုရတော့မယ့်ဘဝ။ ဟိုကလေးနှစ်ယောက်ကလည်း သာလှဆီက မုန့်ဖိုးလည်းယူတယ်… အားရင်အားသလို ဂုတ်ကိုလည်း အလှည့်ကျ ခွစီးပြီး ဆော့ကြတယ်။ အခုမဲလည်းပေးရော- အဲ့မျက်နှာကိုမှမထောက်… လုံးဝပြတ်ပြတ်သားသား တောင်ပြိုကမ်းပြို သူ့အစ်မေကို မဲပေးလိုက်ကြတယ်လေ…
အခုတော့ သာလှတယောက် သောင်ပြင်လွတ်တဲ့ ရွှေဟင်္သာလေး ဖြစ်ပြီ၊ ဘုန်းကြီးဝတ်ပြီး ရိပ်ကြီးပဲ ခိုရတော့မလိုလို၊ မုန့်ဟင်းခါးပဲရောင်းရတော့မလိုလို၊ မဖြစ်ပါဘူး… ရွာက သူကြီး ဘကြီးစိန်ဆီသွားပြီး တခုခုပူဆာမှဖြစ်တော့မှာပါ။
ထူးထူး (တောင်ငူ)
မောင်မောင်စိုး - ပျောက်ကြားဒေသနှင့် အပစ်ရပ်မျဉ်း
$
0
0
မောင်မောင်စိုး - ပျောက်ကြားဒေသနှင့်အပစ်ရပ်မျဉ်း
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၅
မိုးညှင်းဒေသ
အစိုးရတပ်များသည်မြို့ပြဆက်သွှယ်ရေးလမ်းဆကြာင်းများကိုချုပ်ကိုင်ထားပြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေများကပတ်ဝန်းကျင်တောတောင်ဒေသများတွင်လှုပ်ရှားစိုးမိုးသည်။
ဤအချင်းအရာကိုနိုင်ငံခြားသတင်းစာဆရာဘာတေးလင့်နာကထောက်ပြခဲ့သည်။၁၉၈၆ခုနှစ်ကအိန္ဒိယမှတဆင့်ကချင်ပြည်နယ် KIAဆဒသအားဖြတ်ထိုမှတဆင့်ဗကပအရှေ့မြောက်တကြောကိုဖြတ်သန်းသွားလာခဲ့သူသတင်းစာဆရာတစ်ဦးအနေနှင့်ကောင်းစွာသိခဲ့သောအခြေအနေမျိုးဖြစ်သည်။ဆိုလိုသည်မှာနိုင်ငံခြားသားပင်သိနိုင်သောအခြေအနေမျိုး ဖြစ်သည်။
ထိုစဉ်က KIA တပ်မဟာလက်အောက်ခံတပ်ရင်းရုံးသည်မိုးညှင်းမြို့နှင့်သိပ်မဝေးလှသောနေရာတွင်အခြေစိုက်သည်။ KIA ရင်းရုံးသို့ဧည့်သည်လာ၍ဧည့်ခံရန်အတွက်မိုးညှင်းမြို့ပေါ်တရုတ်ဆိုင်တဆိုင်သို့ခေါက်ဆွဲကျော် သွားဝယ်လျင်စက်ဘီးနှင့်အသွားအပြန်တနာရီမကြာချေ။ယခုလိုဆိုင်ကယ်တဝီဝီသုံးနိုင်လျင်ပိုမြန်ပေမည်။
KIA တပ်ဖွဲ့ရင်းရုံးဆိုသည်မှာလည်းစစ်ရေးသတင်းရှိလျင်ပြောင်းရွှေ့နေပေရာအတည်တကျတော့မဟုတ်ပေ။ရောက်သည့်နေရာတဲထိုးပြီးစခန်းတည်ဆောက်နိုင်သည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအဖို့ထိုအချင်းအရာသည် မထူးဆန်းပေ။ထိုဒေသခံအားလုံးသိပြီးသားအချက်ဖြစ်သည်။ထို့ကြောင့်မြို့ပြပတ်ဝန်းကျင်အားမြန်မာစစ်ဖက်စစ်ကြောင်းများကရှင်းလင်းရေးထွက်သည်နှင့်တိုက်ပွဲဖြစ်ပေတော့သည်။
မိုးညှင်းကဲ့သို့သောအခြေအနေသည်ကချင်ပြည်ရှမ်းပြည်နယ်အတော်များများတွင်ဖြစ်ပွါးနေပေသည်။အပစ်ရပ်သဘောတူညီချက်ရထားသည်ဆိုစေကာမူတပ်များလှုပ်ရှားမှုနီးကပ်သကဲ့သို့လှုပ်ရှားစိုးမိုးမှုပုံစံမတူကြပေရာအပစ်ရပ်မျဉ်းဆွဲရန်ခက်ခဲသကဲ့ထိပ်တိုက်တွေ့မှုမဖြစ်ပွါးစေရန်နှစ်ဖက်နားလည်မှုရှိရန်ကပိုအရေးကြီးသည်။
အခြေခံဒေသ
တိုင်းရင်းသားလက်နက်ကိုင်များအပြည့်အဝချုပ်ကိုင်နိုင်သည့်ဒေသများကိုအခြေခံဒေသဟုခေါ်ကြသည်။ထိုအဒေသများတွင်အစိုးရတပ်များလှုပ်ရှား အခြေချခွင့်မရကြပေ။အရှေ့မြောက်ဗဗကပပြိုကွဲပြီးနောက်ဗကပတို့ထိမ်းချုပ်ထားသောအခြေခံဒေသလေးခုသည်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့လေးခုအဖြစ်ကွဲသွားခဲ့သည်။ 
ထိုလေးခုအနက်ကချင်ပြည်နယ်အရှေ့မြောက်ပိုင်းရှိ ပန်ဝါဒေသသည်ဇခုန်တိန့်ယိန်းခေါင်းဆောင်မှုအောက်တွင် NDAK အဖြစ်ပထမရပ်တည်ခဲ့ပြီး ၂၀၀၉နောက်ပိုင်း BGFနယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ကာနောက်ပိုင်းအစိုးရတပ်မှ စစ်ဗျူဟာတခုပါဝင်ရောက်အခြေချခဲ့ပြီဖြစ်သည်။
ဗကပမှခွဲထွက်သည့်ကိုးကန့် MNDAA ထိမ်းချုပ်ရာနေရာများဖြစ်သည့်သံလွင်အနောက်ခြမ်းရှိမုန်းကိုးဖေါင်းဆိုင်ဒေသသံလွင်အရှေ့ခြမ်းရှိလောက်ကိုင်းကုန်းကြမ်းဒေသတို့အားမြန်မာစစ်ဖက်မှတစတစတိုးချဲ့ချုပ်ကိုင်ရာမှ၂၀၀၉တွင်၎င်းဒေသများအားချုပ်ကိုင်နိုင်သွားသည်ဟုဆိုရပေမည်။
သို့သော်ကျန်ဒေသခုဖြစ်သည့် UWSA ချုပ်ကိုင်ရာဒေသနှင့် NDAA ချုပ်ကိုင်ရာမိုင်းလားဒေသတို့အားမြန်မာစစ်ဖက်အနေနှင့်ယခုတိုင်ချုပ်ကိုင်နိုင်ခြင်းမရှိသည့်ဒေသများဖြစ်သည်။ UWSA နှင့် NDAA တို့သည်၎င်းတို့ဒေသရှေ့တန်း မျဉ်းတွင်တပ်စွဲထားပြီးအစိုးရတပ်များနှင့်ရင်ဆိုင်ထားကာသူ့နယ်ကိုယ်နယ်ခွဲခြားထားသည်။သို့ဖြစ်ရာထိုတပ်ဖွဲ့ခုနှင့်သူ့နယ်ကိုယ်နယ်ခွဲရန် ၊ အပစ်ရပ်မျဉ်းသတ်မှတ်ရန်နှိုင်းယှဉ်မှုအရလွယ်ကူပါသည်။
သို့သော်ကျန်လက်နက်ကိုင်အဖွဲ့များသည်ထိုသို့သောအခြေအနေမျိုးမရှိပေ။ကျန်ဒေသများသည်ရှုတ်ထွေးဆက်စပ်နေသောပျောက်ကြားဒေသများဖြစ်နေကြသည်။အပစ်ရပ်မျဉ်းဆွဲရန်ခက်ခဲသည်။
ပျောက်ကြားဒေသ
အစိုးရအားလက်နက်ကိုင်တိုက်ခိုက်နေသောတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေနှင့်အစိုးရတပ်ဖွဲ့နှင့်နှိုင်းယှဉ်လျင်လူအင်အားစစ်လက်နက်အင်အားကွာခြားသည်ဖြစ်ရာပျောက်ကျားစစ်ပွဲဆင်နွှဲကြသည်သာဖြစ်သည်။မြို့ပြဆက်သွယ်ရေးလမ်းကြောင်းများကိုအစိုးရတပ်ဖွဲ့များကထိမ်းသိမ်းထားသည့်အချိန်တွင်တိုင်းရင်းသားတပ်ဖွဲ့များသည်တောတောင်ထူထပ်သောလမ်းပမ်းဆက်သွယ်ရေးခက်ခဲသောနေရာများ
တွင်အခြေပြုလှုပ်ရှားကြသည်။
သို့သော်၎င်းတပ်ဖွဲ့များသည်၎င်းတို့၏ဌာနချုပ်နှင့်အခိုင်အမာစခန်းအချို့ကိုတောတောင်တွင်းထားကြသော်လည်းသူတို့တပ်ဖွဲ့များစည်းရုံးလှုပ်ရှားသည်နယ်မြေကိုမူရနိုင်သမျှတိုးချဲ့လှုပ်ရှားသည်သာဖြစ်သည်။အစိုးရတပ်၏အင်အားနှင့်သတင်းပေါ်တွက်ချက်၍မြို့ပြဆက်သွယ်ရေးလမ်းကြောင်းတဝိုက်တွင်လှုပ်ရှားစိုးမိုးကြသည်။သို့ဖြစ်ရာနေ့တွင်အစိုးရတပ်ကချုပ်ကိုင်ထားပြီးညတွင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကလှုပ်ရှားနေသည့်ရောယှက်နေသည့်ပျောက်ကြားဒေသဟုဆို၍ရသည့်နေရာများစွာပေါ်လာသည်။
တဖက်မှအစိုးရတပ်များအနေနှင့်လည်းမိမိအခြေစိုက်ရာစခန်းမှပတ်လည်တဝိုက်အားလှည့်လည်လှုပ်ရှားစိုးမိုးခြင်း၊ နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့်စစ်ဆင်ရေးလုပ်ခြင်းများ ပြုလုပ်ခြင်းဖြင့်၎င်းတို့လှုပ်ရှားရာနယ်မြေအား၎င်းတို့စိုးမိုးရာ နယ်မြေအဖြစ် ထည့်သွင်းတွက်ချက်သည်။တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနှင့်လည်းအစိုးရစစ်ကြောင်းဝင်လာချိန် အင်အားမမျှလျင်ရှောင်သည်။အစိုးရစစ်ကြောင်းထွက်သည်နှင့် ပြန်ဝင်သည်။ဤသို့ဖြင့်သူ၏လှုပ်ရှားစိုးမိုးနယ်အဖြစ်သတ်မှတ်သည်။  
ဤသို့သောနေရာများသည်စစ်တိုက်နေသောကာလတွင်မထူးခြားသော်လည်းအပစ်ရပ်မျဉ်းရေးဆွဲပြီးသူနယ်ကိုယ့်နယ်သတ်မှတ်လျင်အငြင်းပွါးဖွယ်ဖြစ်သည်။ထို့ပြင်အပစ်ရပ်သည့် အခြေအနေအောက်တွင်အခိုင်အမာစခန်းများဆောက်လာချိန်တွင်အငြင်းပွါးပြတော့သည်။ပြသနာပြေလည်ဖို့ဆိုလျင်နှစ်ဖက်ခေါင်းဆောင်များနားလည်မှုရှိရန်အထူး လိုအပ်သည်။ပျောက်ကြားဒေသအပစ်ရပ်မျဉ်းရေးဆွဲသည်မှာနှစ်ဖက်လွယ်ကူစွာပိုင်းခြားနိုင်သည့်အခြေခံဒေသအပစ်ရပ်မျဉ်းရေးဆွဲသည်ထက်ပို၍ခက်ခဲပေသည်။
လက်ရှိပဋိပက္ခတည်နေရာ
လက်ရှိစစ်ရေးပဋိပက္ခများဖြစ်ပွါးရာနေရာသည် SSPP/ SSA ဒေသ KIO/ KIA ဒေသများတွင်ပြင်းပြင်းထန်ထန်ဖြစ်ပွါးနေပြီး PSLF/ TNLA ဒေသတွင်လည်းတိုက်ပွဲငယ်များနေ့စဉ်လိုဖြစ်ပွါးနေသည်ကိုတွေ့ရသည်။ဤအဖွဲ့များသည့် NCA လက်မှတ်ထိုးရာတွင်ပါဝင်ခြင်းမရှိသေးသောအဖွဲ့များဖြစ်သည်။သို့သော် NCA လက်မှတ်မထိုးရာတွင်ပါဝင်သော KNPP နှင့်၎င်း NMSP နှင့်၎င်း တိုက်ပွဲများဖြစ်ပွါးခြင်းမရှိသည်ကိုတွေ့ရသည်။ ဤသို့မဖြစ်ခြင်းမှာထိုနှစ်ဖွဲ့ကမူလသဘောတူညီထားသည့်ြ့ပည်ထောင်စုအဆင့်သဘောတူညီချက်ကို လိုက်နာခြင်းသက်သက်ကြောင့်လော  အပစ်ရပ်မျဉ်းနှင့်ပတ်သက်၍အငြင်းပွါးဖွယ်မရှိ၍လောစဉ်းစားဖွယ်ဖြစ်သည်။သို့မဟုတ်ပါက အခြားနိုင်ငံရေးအကြောင်းအချက်များပါနေ၍လောစဉ်းသားဖွယ်ဖြစ်သည်။
ပျောက်ကြားဒေသရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ပတ်သက်သည့်နယ်မြေအငြင်းပွါးမှု ပြသနာမှာရှေ့တန်းစစ်မြေပြင်ရှိနှစ်ဖက်တပ်များအဖို့နေ့စဉ်ပြသနာဖြစ်သည်။ဒိုင်လူကြီးမရှိသောထိုကစားပွဲတွင်နှစ်ဖက်နားလည်မှု သဘောထားကြီးမှုကအရေးကြီးပေသည်။
ယခုပြသနာများ၌ပြီးခဲ့သောလပိုင်းက NCAလက်မှတ်ထိုးရာတွင်တရုတ်နယ်စပ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များမပါခဲ့ရာတရုတ်၏ဖိအားပေးမှုကြောင့်စွပ်စွဲပြောဆိုမှုများရှိခဲ့သည်။ NCAလက်မှတ်မထိုးရာတွင်တောင်ပိုင်းမှ KNPP နှင့်NMSP နှစ်ဖွဲ့သာပါခဲ့သော်လည်းကျန်အများစုမှာ တရုတ်နယ်စပ်ရှိအဖွဲ့များဖြစ်နေသည်။လက်ရှိစစ်ရေးပဋိပက္ခဖြစ်ပွါးနေသည်မှာလည်းတရုတ်နယ်စပ်မှအဖွဲ့များသာဖြစ်နေပေရာလက်ရှိစစ်ရေးပဋိပက္ခများသည်အပစ်ရပ်မျဉ်းသက်သက်ကြောင့်သာမဟုတ်ဘဲနိုင်ငံရေးအကြောင်းအချက်များလည်းပါဝင်နိုင်ဘွယ်ရှိသည်ဟုဆိုရပေမည်။ 
စစ်ပွဲကိုထိမ်းချုပ်ရေး
မည်သို့ပင်နိုင်ငံရေးအကြောင်းချက်ရှိသည်ဖြစ်စေရှေ့တန်းတင်၍ဖြေရှင်း၍မရပေ။နှစ်၆၀ကျော်မအောင်မြင်ခဲ့သည့်အမြတ်ပြတ်ချေမှုံးရေးလမ်းစဉ်အား၎င်းအပြုတ်တိုက်ရေးလမ်းစဉ်အား၎င်းဖယ်ရှားပြီးနိုင်ငံရေးပြသနာကိုစားပွဲဝိုင်းပေါ်တွင်ဆွေးနွေးနိုင်ရေးကိုရှေ့ရှုရပေမည်။ထို့ပြင်မိမိနိုင်ငံရေးရည်ရွယ်ချက်အောင်မြင်ရေးအတွက် စစ်ရေးအရ ဖိအားပေးသည့်လမ်းကြောင်းအား၎င်းထိပ်တိုက်ရင်ဆိုင်သည့်လမ်းကြောင်းအားရှောင်ရှားကြရန်လိုသည်။
သို့မှသာစစ်ပွဲများကိုထိမ်းချုပ်နိုင်ပြီးနိုင်ငံရေးပြသနာကိုစားပွဲဝိုင်းပေါ်တွင်ညှိနှိုင်းဖြေရှင်းနိုင်ပေမည်။
ဤအရင်းခံသဘောထားရှိပါမှအပစ်ရပ်မျဉ်းရေးဆွဲရန်ခက်ခဲသည့်ပျောက်ကြားဒေသများတွင်စစ်ပွဲများပြန်လည်မဖြစ်ပွါးရန်နှစ်ဖက်ထိမ်းချုပ်နိုင်ပေလိမ့်မည်။ပျောက်ကြားဒေသများ၏အပစ်ရပ်မျဉ်းသတ်မှတ်နိုင်မှုသည်နှစ်ဖက်သဘောကြီးမှုပေါ်တွင်အထူး မူတည်ပါသည်။
ဂါမဏိ - အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူ အမြတ်ထုတ်ခြင်း
$
0
0
ဂါမဏိ - အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူ အမြတ်ထုတ်ခြင်း
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၅
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ "နိုင်ငံတော်"ဆိုတာကြီးနဲ့ အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေးလုပ်ပြီး အင်အား စုဆောင်း တိုးချဲ့တာ၊ လက်နက်ဝယ်ယူဖြည့်တင်းတာ၊ နယ်မြေ ကျော်လွန်ချဲ့ထွင်တာ၊ လူထုအပေါ် ဆက်ကြေးကောက်တာတွေ လုပ်ခဲ့တယ်လို့ "နိုင်ငံတော်"လို့ ကိုယ့်ဟာကိုယ်နာမယ်တပ်ထားသူက စွပ်စွဲတာတွေ ကြားနေရပါတယ်။
ဒါနဲ့ပတ်သက်လို့ပြောရရင် အနည်းဆုံး ၁၇ နှစ်ကနေ အများဆုံး ၂၄ နှစ်အထိ အပစ်ရပ်ထားတဲ့ကာလအတွင်း စစ်ရေးပိုင်းအရ၊ နိုင်ငံရေးပိုင်းအရ ကလိမ်ကကျစ်လုပ်ခဲ့တဲ့ လက်တွေ့အခြေအနေမှန်တွေကို အခုလိုတွေ့ရပါတယ်။
ဖြစ်စဉ်-၁။၁၉၈၉ ဒီဇင်ဘာ ၁၅ ရက်မှာ ကချင်ပြည်အရှေ့ဖျား နယ်မြေငယ်လေးမှာ အခြေစိုက်တဲ့ ဗကပခွဲထွက် ၁၀၁ စစ်ဒေသ သို့မဟုတ် NDAK အဖွဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီး ၁၉၉၄ ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ ပြည်နယ်တခုလုံးမှာ လှုပ်ရှားနေတဲ့ KIA အဖွဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။
၁၉၈၈ ခုနှစ်အကုန်က ကချင်ပြည်နယ်တခုလုံးမှာ တပ်ရင်း ၁၂ ရင်းသာရှိခဲ့ပါတယ်။ ဗမာပြည်တပြည်လုံးမှာ စစ်အင် အားတိုးချဲ့မှုတွေကို ၁၉၉၁ ခု မှာစလုပ်ခဲ့ပြီးနောက် ယနေ့ ကချင်ပြည်နယ်ထဲမှာ စစ်အစိုးရ ခြေလျင်/ခြေမြန်တပ်ရင်း ၄၃ ရင်း အမြဲတမ်းအခြေချ တပ်စွဲနေပါတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ တပ်ရင်းပေါင်း ၂၀၊ ဒကစ (တနိုင်း) လက်အောက်ခံ ၅ ရင်း၊ တပ်မတပ်တွေအဖြစ် ဗန်းမော်နဲ့ဝန်းကျင်မှာ စကခ-၂၁ နဲ့ ၈ ရင်း၊ မိုးကောင်းနဲ့ဝန်းကျင်မှာ စကခ-၃ နဲ့ ၁၀ ရင်း တပ်စွဲထားတာ ဖြစ်ပါတယ်။
ဟိုတုံးက မပခ တိုင်းစစ်ဌာနချုပ် တခုဘဲရှိခဲ့ရာက အခုတော့ မပခ အပြင် ဒကစ(တနိုင်း)၊ စကခ-၃၊ စကခ-၂၁ နဲ့ မစခ-၉၀၄၊ လစခ-၉ ဆိုတဲ့ ကွပ်ကွဲရေး ဌာနတွေ တပ်မတွေပါ တိုးလာတယ်။ ဟိုတုံးက သာမန်လေတပ် စခန်းလေး ဖြစ်တဲ့ ၅၀၃ လေတပ်စခန်းကိုလဲ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ် ဆိုပြီး အဆင့်မြှင့်တိုးချဲ့ခဲ့တယ်။
အမြောက်တပ်မ သို့မဟုတ် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ) ၉၀၄ နဲ့ လက်အောက်ခံ အမြောက် တပ်ရင်း ၈ ရင်းထက်မနည်းက မိုးညှင်းနဲ့ ဝန်းကျင်တွေမှာ တပ်စွဲထားပြီး သံချပ်ကာတပ်မ သစခ ၇၂ လက်အောက်ခံ တင့်ကား/သံချပ်ကားတပ်ရင်း ၃ ရင်း၊ လေကြောင်းရန်ကာကွယ်ရေးတပ်မ လစခ-၉ လက်အောက်ခံ တပ်ရင်း ၇ ရင်းနဲ့ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တို့ကိုလည်း ကချင်ပြည်နယ်ထဲမှာ ချထားပါတယ်။
ဗမာဘုရင်တွေလက်ထက်က ဗန်းမော်မှာ စစ်ကဲတယောက်ဦးစီး အင်အား ၁၀၀ အထိဘဲ ထားခဲ့တယ်။
ဖြစ်စဉ်-၂။ရှမ်းပြည်နယ်မှာ ဗကပခွဲထွက်တွေဖြစ်တဲ့ ဝ၊ ကိုးကန့်နဲ့ ၈၁၅ အဖွဲ့တွေဟာ ၁၉၈၉ ခုထဲမှာဘဲ အပစ်အခတ် ရပ်စဲခဲ့ပြီး ရှမ်း SSPP/SSA အဖွဲ့လည်း ဒီနှစ်ထဲမှာဘဲ အပစ်အခတ်ရပ်ခဲ့ပါတယ်။ ၁၉၉၁ ခုမှာတော့ KIA ခွဲထွက် မထူးနော်အဖွဲ့၊ ပလောင် PSLA အဖွဲ့နဲ့ ပအိုဝ်းဖြူ PNO အဖွဲ့တွေ အပစ်ရပ်ခဲ့ပြီး ၁၉၉၄ ခုမှာ ကယန်းပြည်သစ်နဲ့ ရလလဖ (ပအိုဝ်းနီ) တို့ အပစ်ရပ်ခဲ့ပါတယ်။ ၁၉၉၅-၉၆ မှာတော့ ရှမ်းခွဲထွက် SSNA နဲ့ ခွန်ဆာအဖွဲ့ MTA တို့ အပစ်ရပ်ခဲ့လို့ ရှမ်းပြည်နယ်တခုလုံးမှာ သေနတ်သံတိတ်သွားခဲ့ပါတယ်။ SSA-တောင်ပိုင်းအဖွဲ့ဟာ ၂၀၀၀ ပြည့်နှစ်လောက်မှ တိုက်ပွဲတွေ ပြန်စခဲ့တာ ဖြစ်ပေမဲ့ ၁၉၉၇ ခုမှာ ကျိုင်းတောင်း-ကွန်ဟိန်း-မိုင်းပန်နယ်မှာ ဖြတ်လေးဖြတ် ရက်ရက်စက်စက် အကြီးအကျယ်လုပ်ပြီး စစ်တပ်အသစ်တွေ အခြေစိုက်တဲ့ စစ်နယ်မြေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။
ကွပ်ကဲရေးဌာနအဖြစ် အရင်က ရပခ(အရှေ့ပိုင်းတိုင်း) နဲ့ ရမခ(အရှေ့မြောက်တိုင်း) စစ်တိုင်း ၂ တိုင်းဘဲရှိရာက တသခ (တြိဂံတိုင်း)၊ ရလခ(အရှေ့အလယ်ပိုင်းတိုင်း) နဲ့ ဒကစ(လောက်ကိုင်) တို့ကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး စကခ-၁၊ စကခ-၂၊ စကခ-၇၊ စကခ-၁၄၊ စကခ-၁၆၊ စကခ-၁၇၊ စကခ-၁၈၊ မစခ-၉၀၂၊ မစခ-၉၀၃၊ မစခ-၉၀၉၊ လစခ-၃ ဆိုတဲ့ တပ်မဌာနချုပ် ၁၁ ခု ထပ်တိုးခဲ့တယ်။ အရင်က လေတပ်ရဲ့ အုပ် ၇၁ ရေဒါစခန်းဘဲရှိခဲ့တဲ့ နမ့်စန်ကိုလဲ လေတပ်စခန်းဌာနချုပ်အဖြစ် အဆင့်မြှင့် တိုးချဲ့ခဲ့တယ်။
အဲဒီရှမ်းပြည်နယ်မှာ ၁၉၈၈ ခုနှစ်က ခြေလျင်တပ်ရင်း ၂၉ ရင်းနဲ့ အမြောက်တပ်ရင်း ၁ ရင်း အခြေစိုက်ခဲ့ပြီး အခုတော့ ရမခ လက်အောက်ခံ ၁၄ ရင်း၊ ရပခ လက်အောက်ခံ ၃ ရင်း၊ ရလခ လက်အောက်ခံ ၁၃ ရင်း၊ တသခ လက်အောက်ခံ ၂၁ ရင်း၊ မပခ လက်အောက်ခံ ၁ ရင်း၊ တပ်မ-၅၅ လက်အောက်ခံ ၆ ရင်း၊ စကခ-၁ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၇ လက်အောက်ခံ ၆ ရင်း၊ စကခ-၁၄ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၆ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၇ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၈ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၁ လက်အောက်ခံ ၂ ရင်း၊ စုစုပေါင်း ခြေလျင်/ခြေမြန်တပ်ရင်း ၁၂၆ ရင်း တပ်စွဲထားပြီး မစခ ၉၀၂ လက်အောက်ခံ အမြောက်တပ်ရင်း ၁၃ ရင်း၊ မစခ ၉၀၃ လက်အောက်ခံ အမြောက်တပ်ရင်း ၈ ရင်း၊ မစခ ၉၀၉ လက်အောက်ခံ အမြောက်တပ်ရင်း ၁၃ ရင်း၊ သစခ ၇၁ လက်အောက်ခံ တင့်ကား/သံချပ်ကားတပ်ရင်း ၇ ရင်း၊ လစခ ၃ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေး တပ်ရင်း ၁၄ ရင်း နဲ့ နမ့်စန်လေတပ်စခန်းဌာနချုပ်တွေ တပ်စွဲသိမ်းပိုက်ထားပါတယ်။
ရှမ်းပြည်နယ်ထဲက ဝ နယ်မြေမှာ အရင်က ပြည်မအစိုးရတပ် တရင်းမှ မရှိခဲ့ပေမဲ့ အခု ရမခ လက်အောက်ခံ တပ်ရင်း ၃ ရင်းအခြေစိုက်ထားပါတယ်။ ကိုးကန့်နယ်မြေမှာ ဒကစ(လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ၅ ရင်း တပ်စွဲထား ပါတယ်။ ပလောင်နယ်မြေမှာ ရမခ လက်အောက်ခံ ၄ ရင်း ချထားပါတယ်။ ဟိုတုံးက တရင်းမှ မရှိခဲ့ပါဘူး။ ဓနုနယ် မြေမှာ အရင်က ဗထူးတပ်မြို့ကစစ်ကျောင်းတွေဘဲ ရှိခဲ့ရာက အခုတော့ ရပခ လက်အောက်ခံ ၁ ရင်း၊ တပ်မ-၅၅ လက်အောက်ခံ ၂ ရင်း ပေါင်း ၃ ရင်းပါ ထပ်ဆောင်းတပ်စွဲထားပါတယ်။ ပအိုဝ်းနယ်မြေမှာ ၁၉၆၂ ခုတုံးက ပြည်မတပ် တရင်းမှမရှိခဲ့ပေမဲ့ အခုဆိုရင် ရပခ လက်အောက်ခံ ၁ ရင်း၊ တပ်မ ၅၅ လက်အောက်ခံ ၂ ရင်း၊ စကခ-၇ လက် အောက်ခံ ၄ ရင်း၊ စုစုပေါင်း ၇ ရင်းအပြင် ဟိုပုံးမှာ စစ်ဂျီတီအိုင်ပါ ထိုင်ထားပါတယ်။ ရှမ်းပြည်နယ်တခုလုံးပေါင်းရင် အနည်းဆုံး ၁၄၁ ရင်း ရှိနေပါတယ်။
ဗမာဘုရင်တွေလက်ထက်က မိုးနဲမှာ စစ်ကဲတယောက်ဦးစီးတဲ့ အင်အား ၁၀၀ ဘဲ အများဆုံးရှိခဲ့တယ်။
ဖြစ်စဉ်-၃။ မွန်ပြည်နယ်ဟာ ၁၉၉၅ ခုမှာ အပစ်ရပ်ခဲ့ပါတယ်။ အဲဒီမှာ ၁၉၈၈ ခုတုံးက ခြေလျင်/ခြေမြန်တပ်ရင်း ၂၀ ရှိခဲ့ပါတယ်။ အခုတော့ ရတခ လက်အောက်ခံ ၃ ရင်း၊ တပ်မ-၂၂ လက်အောက်ခံ ၅ ရင်း၊ တပ်မ-၄၄ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၉ လက်အောက်ခံ ၁၀ ရင်း၊ စုစုပေါင်း ၂၈ ရင်း တပ်စွဲထားတဲ့အပြင် မစခ-၆၀၆ လက်အောက်ခံ အမြောက်တပ် ၅ ရင်း၊ သခစ-၇၄ လက်အောက်ခံ သံချပ်ကာတပ်ရင်း ၁ ရင်း၊ လစခ-၄ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေးတပ် ၈ ရင်းနဲ့ မောရဝတီရေတပ် စခန်းဌာနချုပ်တွေ ချထားပါတယ်။
ဒီအချက်အလက်တွေကိုကြည့်ရင် အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး စစ်အင်အားတွေ မတန်တဆတိုးချဲ့ တာ ဘယ်သူလဲ ရှင်းရှင်းကြီးသိနိုင်ပါတယ်။ ပြည်ပရန်ကာကွယ်ဖို့ ဆိုတဲ့ဆင်ခြေပေးလို့မရပါဘူး။ ဘာကြောင့်လဲဆို တော့ ဒီတပ်တွေအပြင် ဗမာပြည်မနဲ့ တခြားပြည်နယ်တွေမှာ တိုးချဲ့ထားတဲ့ တပ်မတွေကိုသုံးပြီး တိုင်းရင်းသားဒေသ တွေကို စစ်ဆင်တာ အထင်အရှားတွေ့နေရလို့ ဖြစ်ပါတယ်။ ဥပမာတခုပြရရင် ရခိုင်ပြည်နယ်မှာ အသစ်တိုးချဲ့ဖွဲ့စည်း လိုက်တဲ့ စကခသုံးခုကို ကရင်ပြည်နယ်စစ်ဆင်ရေးမှာဘဲ တောက်လျှောက်သုံးနေတာ တွေ့ရပါတယ်။
၁၉၈၈ ခုမှာ ခြေလျင်/ခြေမြန်တပ်ရင်းပေါင်း ၁၈၀ လောက်ရှိခဲ့ပြီး တိုင်းရင်းသားနယ်မြေတွေမှာ ၁၀၇ ရင်း သို့မဟုတ် ၅၉% ဝန်းကျင် နေရာယူခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အများစုနဲ့ အပစ်အခတ်ရပ်စဲရေး ရခဲ့တဲ့ ၂၄ နှစ်ကာလအတွင်း အစိုးရစစ်တပ် စုစုပေါင်း ၅၄၂ ရင်းဖြစ်လာပြီး တိုင်းရင်းသားနယ်မြေတွေမှာ ၃၇၈ ရင်း (၇၀%) အမြဲတန်းတပ်စွဲ အခြေစိုက်ထားပါတယ်။ လက်ရှိတပ်အင်အား ၃၇၈ ရင်းဆိုတာ ၁၉၈၈ ခုကာလက ၁၀၇ ရင်းထက် ၃ ဆခွဲ သို့မဟုတ် ၃၅၃% တိုးလာတာ ဖြစ်ပါတယ်။ အမြောက်တပ် လေတပ် ရေတပ် စတဲ့ အကူလက်ရုံးတပ် ဝန်ထမ်းတပ် ၁၂၃ ရင်းမကကို ပေါင်းလိုက်ရင် ၄၆၈% လောက်ရှိပါတယ်။
၂၀၁၀ နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးပျက်ပြီးတော့ စစ်ဆင်ရေးအကြောင်းပြ ဝင်လာတဲ့ ပြည်မတပ်တွေက တပ်မ ၁၁၊ တပ်မ ၃၃၊ တပ်မ ၆၆၊ တပ်မ ၇၇၊ တပ်မ ၈၈၊ တပ်မ ၉၉၊ တပ်မ ၁၀၁ တို့အပြင် နတခ(အနောက်တောင်တိုင်း) နဲ့ နမခ(အနောက်မြောက်တိုင်း) ကတပ်တွေ၊ ရခိုင်ပြည်က စကခ-၅၊ စကခ-၉၊ စကခ-၁၅ နဲ့ ရှမ်းပြည်က စကခ-၇ တို့ပါဝင်တယ်။
တခြားကလိမ်ကကျစ်ကိစ္စတွေကတော့ အပစ်ရပ် မတရားသင်းပယ်ဖျက်ထားတဲ့ SSA ရဲ့ တပ်မဟာ ၂ ကို သီပေါ-ကျောက်မဲနယ်က အတင်းဆုတ်ခိုင်း၊ အပစ်ရပ်ထားတဲ့ PSLA ပလောင်အဖွဲ့ နဲ့ SSNA ရှမ်းအဖွဲ့တွေကိုလည်း ၂၀၀၅ ခုနှစ်ထဲမှာဘဲ လက်နက်ဖြုတ်၊ အပစ်ရပ် ရလလဖ နဲ့ ကယန်းပြည်သစ်ကို ၁၉၉၈ ခုမှာ ပင်လောင်းဒေသ နဲ့ အင်းဒေသ တွေက အတင်းဆုတ်ခိုင်း၊ ၂၀၀၈ ခုနှစ်မှာ ရလလဖကို လက်နက်ဖြုတ်တာတွေ လုပ်ခဲ့ပါတယ်။
၁၉၈၉ ခုနှစ်နဲ့ ၁၉၉၁ ခု မေလကြား အပစ်အခတ်ရပ်စဲတဲ့ အစောပိုင်းအဖွဲ့ ၈ ဖွဲ့ကိုတော့ မတရားသင်းကြေညာတာ ပယ်ဖျက်ပေး ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုပယ်ဖျက်ပေးခံရတဲ့အဖွဲ့တွေဟာ တကယ်တော့ တခါမှ မတရားသင်းကြေညာခံ ခဲ့ရဖူးတာလည်း မဟုတ်ပါဘူး။ မတရားသင်းပယ်ဖျက်ခံရပေမဲ့လည်း အတိုက်ခံရတာ၊ ဖိအားပေးခံရတာတွေ ရှိနေခဲ့ပါ တယ်။ အဲဒီနောက်ပိုင်း အပစ်ရပ်တဲ့အဖွဲ့တွေကိုတော့ မတရားသင်းပယ်ဖျက်တာ လုပ်မပေးခဲ့ပါဘူး။
မတရားသင်း ပယ်ဖျက်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့-
၁) ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA (၂၀၀၉ ခုမှာ BGF လုပ်ဖို့ ဖိအားပေးခံရလို့ တင်းမာခဲ့ပြီး အခု နောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ခဏခဏလက်မှတ်ထိုးနေရ)
၂) မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်များတပ်မတော် MNDAA ကိုးကန့်အဖွဲ့ (မတရားသင်း ပယ်ဖျက်ပေမဲ့ ၁၉၉၇ ခုမှာ နအဖတပ်တွေ ကိုးကန့်မြိုတော် လောက်ကိုင်မှာ အတင်းဝင်တပ်စွဲ၊ ၂၀၀၀ ခုနှစ်အကုန်ပိုင်းမှာ မုန်းကိုးနယ်မြေက MDA အပစ်ရပ်အဖွဲ့ကို ရှင်းလင်းချေမှုန်းခံရ၊ ၂၀၀၉ ခုနှစ်မှာ ကိုးကန့်တဖွဲ့လုံး တိုက်ခိုက်ချေမှုန်းခံရ)
၃) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (ရှမ်းအရှေ့) NDAA-ESS အထူး-၄ မိုင်းလားအဖွဲ့ (၂၀၀၉ ခုမှာ BGF လုပ်ဖို့ ဖိအားပေးခံရလို့ တင်းမာခဲ့ပြီး အခုနောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ခဏခဏလက်မှတ်ထိုးနေရ)
၎) ရှမ်းပြည်တပ်မတော် SSPP/SSA (မြောက်ပိုင်း) (မတရားသင်းပယ်ဖျက်ပေမဲ့ နာယက ဗိုလ်ချုပ်ဆေထင်ကို ၂၀၀၅ ခုမှာ ဖမ်းပြီး ထောင် ၁၀၆ နှစ်ချ၊ ၂၀၀၉ ခုနှစ်မှာ တပိုင်းက ပြည်သူ့စစ် လုပ်လိုက်ရပြီး ကျန်တပိုင်းနဲ့ ပြန်တိုက်လိုက်၊ အပစ်ရပ်လက်မှတ်ထပ်ခါထပ်ခါထိုးလိုက်လုပ်နေ)
၅) ဒီမိုကရေစီသစ်တပ်မတော်-ကချင်ပြည်နယ် NDAK (မတရားသင်းပယ်ဖျက်ပေမဲ့ ၂၀၀၉ ခုနှစ်မှာ BGF အသွင် ပြောင်းလိုက်ရပြီး မူလတပ်-အဖွဲ့အစည်းကို လုံးဝဖျက်သိမ်းလိုက်)
၆) ကချင်ကာကွယ်ရေးတပ်မတော် KDA (၂၀၀၉ ခုနှစ်မှာ ပြည်သူ့စစ်အသွင်ပြောင်းလိုက်ရ)
၈) ပအိုဝ့်အမျိုးသားအဖွဲ့ PNO (၂၀၀၉ ခုနှစ်မှာ ပြည်သူ့စစ်လုပ်ခံရပြီး မူလအဖွဲ့အစည်းကတော့ မှတ်ပုံတင်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ရ)
မတရားသင်းပယ်ဖျက်ပေးခံရတဲ့ အဖွဲ့အစည်းတွေရဲ့နယ်မြေတွေမှာ နိုင်ငံသားမှတ်ပုံတင်တောင် မပေးခဲ့ဘဲ ဟန်ပြ ဖွံ့ဖြိုးရေးတွေဘဲ လုပ်ပြခဲ့ပါတယ်။ အဖွဲ့အစည်းတွေက တကယ်တန်း မိမိဒေသဖွံ့ဖြိုးရေးကို လုပ်တဲ့အခါမှာလည်း ဟန့် တားပိတ်ပင်ခံရပါတယ်။ နတလပိုင် လယ်ထွန်စက်ကိုတောင် အပစ်ရပ်အဖွဲ့အစည်းတွေက ငှားလို့မရအောင် ပိတ်ပင် တာတွေ တကယ်ရှိခဲ့ပါတယ်။
ဒီကာလ (စောမောင်လက်ထက်) မှာဘဲ နယ်စပ်/ပြည်ပရောက်အတိုက်အခံအဖွဲ့အစည်းအတော်များများကိုလည်း မတရားသင်းကြေညာခဲ့ပါတယ်။ ဒီထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ NMSP၊ မိုးဟိန်းအဖွဲ့ SURA၊ ခွန်ဆာအဖွဲ့ SUA၊ ရှမ်း ပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကယန်းပြည်သစ်ပါတီ KNLP၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ NUPA၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN၊ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB၊ အမျိုးသားကောင်စီ NCUB နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU၊ ဒီမိုကရက်တစ်မဟာမိတ်များအဖွဲ့ DAB နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု FDB နှင့် အဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF နှင့် အဖွဲ့ဝင်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ NLD-LA၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB တို့ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ BLC ကိုတော့ ၂၀၀၀ ခုနှစ် ဒီဘက်ပိုင်းမှာ မတရားသင်းကြေညာခဲ့တာဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ CPB ကိုတော့ ၁၉၆၀ ခုနှစ်မတိုင်မီကတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒီထဲမှာ လက်နက်ကိုင်တော်လှန်ရေးမလုပ်ဘဲ မတရားသင်းကြေညာခံခဲ့ရတဲ့ လူ့ဘောင်သစ် နဲ့ FTUB တို့ဟာ အခု တော့ မတရားသင်းကြေညာမှု ရုပ်သိမ်းတာမရှိဘဲ ပြည်တွင်းမှာ တရားဝင်သဘောမျိုး ပြန်လည်ရပ်တည်နေပြီဖြစ်ပါ တယ်။ အင်တာပိုလ်ကို အမှုဖွင့် တိုင်ကြားခံရဖူးတဲ့ FTUB ခေါင်းဆောင်လည်းဖြစ်၊ NCUB ခေါင်းဆောင်လည်းဖြစ်သူ ကတော့ ပြည်တွင်းပြန်ရောက်ပြီး တလအတွင်း မြန်မာပတ်စပို့ရခဲ့ပါတယ်။
တခါမှ မတရားသင်းကြေညာ မခံရပေမဲ့ နအဖ စစ်ဝါဒီတွေက လုပ်ချင်သလိုလုပ်နေတဲ့အဖွဲ့တွေလဲ ရှိပါသေးတယ်။
၁) ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဝါ) တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA (သို့သော် ၂၀၁၀ မှာ တိုက်ခိုက်ခံရပြီး အပစ်ရပ်စာချုပ် လက်မှတ်ထပ်ခါထပ်ခါထိုးနေရ)
၂) KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (၂၀၀၇ ခုမှာ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ အပစ်ရပ်စာချုပ် ခဏခဏလက်မှတ်ထိုးနေရ)
၃) ရှမ်းပြည်တပ်မတော် RCSS/SSA (တောင်ပိုင်း) (ဒါပေမဲ့ ဆက်သွယ်သူတွေကို ၁၇-၁ နဲ့ ထောင်ချခဲ့သလို မကြာ ခဏတိုက်လိုက်၊ အပစ်ရပ်စာချုပ်ကို ထပ်ခါထပ်ခါလက်မှတ်ထိုးလိုက် လုပ်နေရ)
၎) ရှမ်းပြည်အမျိုးသားတပ်မတော် SSNA (၁၉၉၆ ခုမှာ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပေမဲ့ ၂၀၀၅ မှာ တိုက်ခိုက် ချေမှုန်းခံရ)
၅) တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA (သို့သော် ထိုးစစ်ဆင်တိုက်ခိုက်ခံနေရ)
၆) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO
၇) ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC
၈) ရှမ်းပြည် ကြားဖြတ်အစိုးရ ISG
ဒါတွေကိုကြည့်ရင် အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူ အသုံးချပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအမြတ်ထုပ် နေတာ ဘယ်သူလဲ ရှင်းနေပါတယ်။ ဒါကြောင့် ABSDF နဲ့တကွ အပစ်ရပ်အဖွဲ့သစ်၊ အပစ်ရပ်အဖွဲ့ဟောင်းအားလုံးဟာ ဗမာစစ်ဝါဒီတွေရဲ့ ရူးသလိုပေါသလိုအပစ်အခတ်ရပ်စဲရေး နဲ့ အကြံအဖန်ငြိမ်းချမ်းရေးကို အကြအကို အမှန်အကန်အပစ် အခတ်ရပ်စဲရေး နဲ့ စစ်မှန်တဲ့ထာဝရငြိမ်းချမ်းရေးဖြစ်အောင် နည်းမျိုးစုံနဲ့စုပေါင်းကြိုးစားကြရမှာဖြစ်ပါတယ်။
ဂါမဏိ
(ဒေါင်းအိုးဝေ စာစောင်၊ နိုဝင်ဘာ ၂၀၁၃ ပါ ဆောင်းပါးကို အနည်းငယ်မွမ်းမံထားသည်)
မင်းကိုနိုင် - ပြေးခဲ့ပါ ကလေး
$
0
0
မင်းကိုနိုင် - ပြေးခဲ့ပါ ကလေး
(သူ့ဖေ့စ်ဘွတ်) ။ (မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၅
ပြေးခဲ့ပါကလေး
ထမင်းတလုပ်တုတ်တချက်နဲ့ဝေးရာ
မင်းကို
ညှင်းမည့်လက်တွေ
တုပ်မည့်ကြိုးတွေနဲ့ဝေးရာ
ခြံဝင်းအပြင်မှာ
လွတ်မြောက်ရာရှိမယ်
ပြေးခဲ့ပါကလေး ...
ဩော - ဒါပေမယ့်
ကလေးရဲ့ခြေထောက်လေးတွေက
လွတ်အောင်ပြေးနိုင်ပါ့မလား ... ။
ပြေးခဲ့ပါကလေး
မီးပွိုင့်နဲ့ဝေးရာ
ရောင်းလက်စစံပယ်ကုံးလေးပါယူခဲ့
ဒါပေမယ့်
ကားအန္တရာယ်
ကလေးရဲ့ခြေထောက်လေးတွေက
လွတ်အောင်ပြေးနိုင်ပါ့မလား ... ။
ပြေးခဲ့ပါကလေး
မင်းရဲ့ကျောင်းလွယ်အိတ်လေးလည်းယူခဲ့
ကိုယ်ကျိုးစီးပွားလောင်မီးကျသွားတဲ့
မင်းတို့တောင်ယာကြားက
ပြေးခဲ့
မင်းရဲ့ညီမလေးကို
ကျောင်းစာအုပ်တွေနဲ့အတူကျောပိုးပြေးခဲ့ ...
ဩောဒါပေမယ့်
လူသတ်မိုင်းတွေကို
ကလေးရဲ့ခြေထောက်လေးတွေက
လွတ်အောင်ပြေးနိုင်ပါ့မလား ... ။
ကမ္ဘာမြေ တနေရာမှာ
ခေါင်းလောင်းသံချိုလို့
ကမ္ဘာမြေ တနေရာမှာ.
လဲနေသူကို ဖိထောင်းသံတွေ ငိုလို့
ကမ္ဘာမြေ တနေရာမှာ
တိရိစ္ဆာန်ကိုတောင်မိသားစုလိုသဘောထားကြ
ကမ္ဘာမြေ တနေရာမှာ
မိသားစုစိတ်အစားလူလူချင်း
တိရိစ္ဆာန်လို သဘောထားကြ
ကြင်နာမှုကိုရတဲ့ကလေးတွေက
တနေ့ကြင်နာတတ်သူတွေဖြစ်လာမှာ
နာကျင်မှုရတဲ့ကလေးတွေက
စိတ်ဒဏ်ရာ
ကလေးရေပြေးခဲ့
ခနော်နီခနော်နဲ့
မင်းရဲ့ခြေနှစ်ဖက်ကို
ဆင်းရဲခြင်းညှင်းဆဲခြင်းတွေက
ရိုက်ချိုးမခံနဲ့ ...
စာနာခြင်းညှာတာခြင်းဆီ
မင်း ...
ခြေထောက်လေးနဲ့အရောက်ပြေးခဲ့
ခိုင်မာကျော်ဇော - အဆိပ်သင့် ပန်းများ
$
0
0
မင်းကိုနိုင်၏ ပန်းချီကား
ခိုင်မာကျော်ဇော - အဆိပ်သင့်ပန်းများ 
(မိုးမခ) နိုဝင်ဘာ၂၄၊၂၀၁၅
နတ်ဆိုးတွေပစ်တဲ့ကျည်ဆံဟာ
ကလေးတို့ရဲရင်ဝကိုမှ
တည့်တည့်ထိမှန်ရတယ်လို……
မစုဝေလေး ခင်မျာ
ပျံသန်းဖို့အခွင့်မသာခဲ့ဘူး
အိမ်ကြီးရှင်ရဲရှေ့တော်မှောက်
ဒူးထောက်ဆိုထောက်
မှောက်ဆိုရင်လည်းမှောက်ရတာပဲ
နောက်ပြန် ကြိုးတုပ်
နေ၀င် မိုးချုပ်လို
သုသာန်ပို့ခဲ့ရင်လည်းငုံ့ခံဖို့ပဲရှိတယ်
ငွေဆယ်သိန်းနဲ့ကျွန်ဖြစ်ရတဲ့ပန်းကလေးရေ
အမှောင်ညတွေရှည်လွန်းလှပေါ့။
သမီးရေ….
ကမ္ဘာ့ရွာကြီးထဲကအဒေါ်တို့ရဲ့အိမ်လေးဟာ
အဆိပ်သင့်နေတာကြာလှပေါ့ကွယ်။
ဟိုမှာသမီးရဲ့ညီမလေး
သစ်ငုတ်တိုလေးမှာချိတ်
ကျည်ထိရင်လည်းသေ
ဗုံးဆံထိလည်းသေရမှာပဲ
မငိုရဲရှာဘူး
သမီးလိုပဲ
အသံတိတ်ကြေကွဲလို့။
တိုက်ပွဲတွေဖြစ်နေတယ်
မငိုနဲ့တိတ်တိတ်နေတဲ့
မွေးကတည်းထဲက
အူဝဲလိုငိုခွင့်မရသူတွေလေ
အဆိပ်သင့်နေတဲ့ပန်းတွေပေါ့ကွယ်။
ဒါပေမဲ့အားတော့မလျော့နဲ့သမီးတို့ရယ်
မိစ္ဆာဆိုတဲ့အမျိုးကသက်ဆိုးမရှည်ဘူးကွဲ
သူတို့ကိုရွာပြင်ထုတ်ဖို
သံပုံးတွေတီးနေကြပြီ
မိစ္ဆာတွေရဲ့ခရီးဟာရောင်နီလာရင်ပြီးတော့မှာပါ။
နေခြည်ဖြာရင်
အရိပ်တွေကွယ်ရမယ်
အဆိပ်တွေပြယ်ရမယ်
အနာဂတ်ကိုသမီးတို့ပိုင်တယ်
တိမ်တွေပြာပန်းတွေပွင့်တဲ့ရက်လည်း
သမီးတို့အတွက်ပဲဖြစ်ရမယ်။
ခိုင်မာကျော်ဇော
နိုဝင်ဘာ၂၃၊၂၀၁၅
"ပင်လယ်ညကဗျာ"စာအုပ်မိတ်ဆက်ပွဲဖိတ်ကြားလွှာ
$
0
0
"ပင်လယ်ညကဗျာစာအုပ်မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ
(မိုးမခကြော်ငြာ) နိုဝင်ဘာ ၂၄၊ ၂၀၁၅
ကဗျာဆရာကြီးမောင်နီမွန်၏"ပင်လယ်ညကဗျာ"စာအုပ်မိတ်ဆက်ပွဲနှင့် ဖြန့်ချီ/ရောင်းချပွဲအခမ်းအနားကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် မိတ်ဆက်ပွဲသို့အောက်ပါအစီအစဉ်အတိုင်းကြွရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်
နေ့ရက် - ၁၃၇၇ခုနှစ်တန်ဆောင်မုန်းလပြည့်နေ့၂၆.၁၁.၂၀၁၅(ကြာသာပတေးနေ့)
အချိန် - ညနေ(:၀၀)နာရီမှ(:၃၀)နာရီအထိ
နေရာ - တောင်ငူမြို့တည်နန်းတည်(၅၀၅)နှစ်ပြည့်ပန်းချီပြခန်း
(
ဝင်းရုပ်ရှင်ရုံဟောင်းနေရာ) ဗိုလ်မှူးဖိုးကွန်းလမ်းတောင်ငူမြို့
ဆေးကုသသူများပြားလာသောကြောင့် စံပြဆေးရုံ၌ တိုးချဲ့ဆောင်များဆောက်လုပ်
$
0
0
ခွဲစိတ်ဆောင်သစ်ဆောက်လုပ်
ဆေးကုသသူများပြားလာသောကြောင့် စံပြဆေးရုံ၌ တိုးချဲ့ဆောင်များဆောက်လုပ်
ဟန်သစ်နိုင်၊ မိုးမခ၊ ၂၀၁၅၊ နိုဝင်ဘာ ၂၄ရက်
ဆေးရုံအရှေ့ဘက် ၆ထပ်ဆောင်တိုးချဲ့
တိုးချဲ့၆ထပ်ဆောင်
          ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ  စံပြဆေးရုံသည် ယခုလက်ရှိတွင် လူနာထားရှိရန် ကုတင် ၅၀၀ရှိပြီး ဌာန ၂၀နှင့် ဆရာ/ဆရာမပေါင်း ၄၀၀ကျော်ရှိသည်။ လူနာကုသသူများပြားလာသည့်အတွက် တိုးချဲ့ဆောင်ထပ်မံဆောက်လုပ်ကြောင်းသိရသည်။
            ယခုအခါတွင် စံပြဆေးရုံအရှေ့ဘက်တွင် ၆ထပ်ဆောင် စတင်တိုးချဲ့ဆောက်လုပ်နေပြီး ကုတင်၃၀၀ ထပ်မံထားရှိမည်ဖြစ်ကြောင်း၊ ဆေးရုံ၏အနောက်ဘက်တွင်လည်း ၃ထပ် ခွဲစိတ်ဆောင်သစ် ဆောင်လုပ်နေပြီး ၂၀၁၆-၂၀၁၇ခုနှစ်တွင်လောက်မှ ပြီးစီးမည်ဖြစ်ကြောင်း၊ စံပြဆေးရုံတွင် ယခင်ကနေ့စဉ် လူနာ ၃၀၀ကျော်လောက်ပုံမှန် တက်ရောက်ကုသပြီး ယခုနောက်ပိုင်းတွင် ၇၀၀ကျော်ထိရှိလာကြောင်း၊ အထူးကုဆေးရုံဖြစ်သည့်အတွက် နယ်ဆေး ရုံများမှ ကုသမှုမနိုင်သည့်အခါများတွင်လည်း လွှဲပြောင်းကုသပေးရကြောင်း စံပြဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဇေယျမှ မိုးမခသို့ပြောပြသည်။
ဗိုလ်ထက်မင်း - စိန်ခေါ်မှူတွေရှိနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး တိုက်တွန်းချက် - အပိုင်း(၄)
$
0
0
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ  ။ နေပြည်တော် ၊ နိုဝင်ဘာ ၂၄
ဗိုလ်ထက်မင်း -  စိန်ခေါ်မှူတွေရှိနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး တိုက်တွန်းချက် - အပိုင်း(၄) 
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၅
၁၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ စံချိန်တင် အများစုရထားတာမို့ တပ်မတော်က ပြုပြင်ပြောင်းလဲရေးကို လိုလားတယ်ဆိုရင် စိုးမိုးထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို လွှဲပေးသင့်ပါတယ်။ အကြောင်းရင်းမှာ ဗဟိုမှ မြို့နယ်အဆင့်ထိ အရပ်ဘက်၊ နယ်ဘက် အုပ်ချုပ်ရေးယန္တရား၊ စီမံခန့်ခွဲရေး၊ ပြည်တွင်းလုံခြုံရေးကို ပြည်ထဲရေးဌာနက အဓိကထား ကိုင်တွယ်နေရတာဖြစ်ရာ အီးယူက ထောက်ပံ့ပေးသလို ပြုပြင်ပေးရေး လိုအပ် ချက် ရှိနေတာမို့ NLD ရဲ့ ဒီမိုကရေစီ အသွင်ဖေါ်ဆောင်ရေးမှာ ထိရောက်မှူရှိရေးအတွက် လုပ်ပိုင်ခွင့်ပေးသင့် ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆန္ဒပြမှူတွေကို ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းတာကြောင့် နာမည် ပျက်နေပါတယ်။ ဒီလို လွှဲပြောင်းလိုက်ခြင်းဖြင့် တပ်မတော်က သဘောထားကြီးတဲ့ ခြေလှမ်းတလှမ်းလှမ်းလိုက် တယ်ဆိုတာ သက်သေပြရာ ရောက်ပါတယ်။ သတိပြုရာမှာက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကျရင် တပ်ချုပ်ရဲ့ မဲတမဲ လျှော့နည်းသွားမှာဖြစ်လို့ အရေးကြီးဆုံးဖြတ်ချက်၊ အမျိုးသားရေး၊ ပြည်ထောင်စုက ခွဲထွက်တာမျိုး ဒို့တာဝန်အရေး (၃) ပါး နဲ့  ရိုးရိုးဆန္ဒပြတာမဟုတ်ဘဲ အကြမ်းဖက်ခံရတာလိုမျိုး လုံခြုံရေးဆိုင်ရာတွေမှာ ဆိုးဝါးစွာ ထိခိုက်တဲ့ ပြည်တွင်းပြည်ပ ဖြစ်စဉ်လိုမျိုးတွေမှာ သမ္မတနဲ့ ပြည်ထဲရေးဝန်ကြီး တို့က တပ်ချုပ်နဲ့ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ကြရေး ချိန်ဆကြရမှာ ဖြစ်ပါတယ်။
၁၈။ တပ်မတော်ထိပ်သီးတွေထဲမှာ တချို့က ဒေါ်အောင်ဆန်းစုကြည်မှာ “ဝှက်ဖဲ” ရှိတယ်လို့ သံသယဖြစ်နေကြပါတယ်။ မိမိတပ်မတော်မှာနေခဲ့တုံးက သိရသလောက် အမေရိကန်က ကိုးကိုးကျွန်းကို အခြေစိုက်စခန်းလုပ်ခွင့်ဆန္ဒ ရှိနေတယ်။ ဗြိတိန်ဟာ ဒေါ်အောင်ဆန်းစုကြည်သားများကို နိုင်ငံသားပေးထားတာကြောင့် ယခင်ကိုလိုနီ ဖြစ်ခဲ့တာမို့ သြဇာပြန်လွှမ်းမိုးဖို့ လုပ်လာတယ်လို့မြင်ကြပါတယ်။ စီးပွားရေးနဲ့ စပ်လျဉ်းပြီး စွမ်းအင်ကဏ္ဏမှာ ဗြိန်တိန်ဝင်ရောက်လိုတဲ့ အကြောင်းရင်းက ရခိုင်ပြည်နယ်စွမ်းအင် ရွှေဂက်ရတနာစီမံကိန်းလိုမျိုး ဝင်လို့ရရင် တရုတ်သြဇာမှ ဖယ်ရှားပြီးသားဖြစ်လိမ့်မယ် - စတဲ့ သည်လိုမျိုး တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးက ဖြစ်စေ၊ ထောက်လှမ်းရေးရဲ့ ၀ါဒဖြန့်ချိရေးကြောင့်ဖြစ်စေ တပ်မတော်သားတွေထဲမှာ သံသယအတွေးတွေ ရှိနေကြပါတယ်။ (မိမိစစ်ရုံးကိုရောက်ခဲ့တုံးက စစ်ဦးစီးမှူးပထမတန်းတစ်ဦး အခန်းထဲ ရုတ်တရက်ဝင်လာကာ လမ်းတဖက်မှာ ရှိနေတဲ့ဗြိန်တိန်သံရုံးက အားကောင်းတဲ့ ထောက်လှမ်းရေးစက်တွေနဲ့ ဆွဲနေလို့အခန်း တံခါးတွေ အလုံပိတ်ခိုင်းတာကို မြင်တွေ့ဖူးပါတယ်) ရွေးကောက်ပွဲအကြို  မဲဆွယ်ခရီးစဉ်တွေမှာ ဗြိန်တိန်သံရုံးမှ ၀န်ထမ်းတဦးက ခွင့်ယူပြီး ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နောက် လိုက်နေလို့၊ တပ်ချုပ်က ပြည်တွင်းရေးမှာ နိုင်ငံခြားသားတွေ မဝင်စွက်သင့်ဖူးလို့ အစည်းအဝေးတခုမှာ ပြောလိုက်ရာ ဗြိန်တိန်သံအမတ်ကြီး ရှင်းလိုက်ရတဲ့ ဖြစ်စဉ် ရှိခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်ကလည်း အဲသလို သံသယတွေနဲ့ စောင့်ကြည့်နေတာမို့ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီသံသယတွေရဲ့ နောက်ကွယ်က အင်အားတွေကို သတိရှိရှိ စောင့်ကြည့်သင့်ပါတယ်။ နောက် သံသယတခုက (တဖက်ဝါဒဖြန့်ချိမှုတခု) ဘင်္ဂလီတွေကို နိုင်ငံသားပေးမယ်ဆိုတာ NLD မှ အသံဗလံ ထွက်ခဲ့တာမို့ မဘသအပါအဝင် မြန်မာအများစု စိုးရိမ်စိတ်လေးနက်မှုကို သိထားသင့်ပါတယ်။  ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်အပေါ်မှာ ပြည်တွင်း ပြည်ပအားလုံးက အပေါင်းလက္ခဏာရှိတဲ့ စေတနာအမြင်ကို ထားရှိစေလိုကြောင်း၊ အပြုသဘောထားအမြင် ရှိကြစေလိုကြောင်း ပြောဆိုလိုက်တာဟာ အများကြီး ထိရောက်သွားပါတယ်။
၁၉ ။ ကျွန်တော်တို့ တပ်မတော်သားတွေမှာ - အထက်အကြီးအကဲတွေရဲ့သား၊ သမီးတွေကို မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ ဂါရဝတရားနဲ့ဆက်ဆံ ပြုစုလုပ်ကိုင် စောင့်ရှောက်တတ်တဲ့ ချစ်စရာကောင်းတဲ့ တပ်ရဲ့အစဉ်အလာ ရှိပါတယ်။  အမျိုးသားခေါင်းဆောင်ကြီး တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်သားတွေရဲ့ ငြိမ်းချမ်းတဲ့ လက်တွဲဆောင်ရွက်မှုကို ပြည်သူလူထုက မြင်တွ့ချင်ကြပါတယ်။ အဓိက နိုင်ငံရဲ့အနာဂတ်ဟာ တပ်ချုပ်လက်ထဲမှာရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့အကျိုးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မယ်ဆိုရင် တပ်ချုပ်ရဲ့ လက်ရှိအကြီးအကဲတွေအပေါ် သစ္စာဖေါက်ရာ မကျဘူးလို့ မြင်ပါတယ်။ ပါတီက အချို့အစွန်းရောက်လူတွေက အာဃာတတရားနဲ့ ပြုမူလာခဲ့ရင်တောင် ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ကိုင်တွယ်ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဖြစ်စဉ်တခုမှာ ဒေါ်အောင်ဆန်းစုကြည်က မဲပေးပြီးနောက်တနေ့မှာ ရှူံးနိမ့်သူကိုဂုဏ်ပြုရမယ်။ အောင်ပွဲခံတာ မလုပ်ရဖူးလို့ ဟန့်တားလိုက်တဲ့စကားကို သူ့ပါတီဝင်တွေသာမက ပြည်သူလူထုက ယနေ့ထိ မြေဝယ်မကျနားထောင်နေတာတွေ့ရတာဟာ ထင်ရှားတဲ့ သာဓကပါပဲ
၂၀။ ဒေါ်အောင်ဆန်းစုကြည်ဟာ မေထုန်ရာသီဖွါး အင်္ဂါသမီးဖြစ်လို့ အတိုက်အခံများ ၊ပြိုင်ဘက်များပေမဲ့ အင်္ဂါနေ့ ဖွါးပီပီ မေထုန်ရာသီဂွင်သဘောအရ တိုက်ခံရလေ၊ ဖိနှိပ်ခံရလေ ပိုမိုပြီး တောက်ပြောင်လေဖြစ်ပါတယ်။ ပညာရှင်တွေရဲ့အဆိုအရ မျက်နှာမြင် လူချစ်လူခင်ပေါတတ်တဲ့ ရာသီဂွင်ဖြစ်ကာ ပြင်းထန်စွာဖိနှိပ်ခံရသလောက် အောင်မြင်ပြီဆိုရင်လည်း သူများနဲ့မတူဘဲကြောက်ခမန်းလိလိ တရှိန်ထိုးအောင်မြင်ကျော်ကြားပါတယ်။ လူထုက နှစ်ပေါင်းများစွာ သူမရဲ့စွန့်လွှတ် အနစ်နာခံမှူကို ကရုဏာသက်ကာ ချစ်ခင်မှုလေးစားမှူတွေနဲ့ ယုံကြည်မှု ပေးဆပ်ကာ၊ ဒေါ်အောင်ဆန်းစုကြည်ကိုသာမက၊ သူမပါတီက အမတ်လောင်းတွေအားလုံးကို မိမိမဲဆန္ဒနယ်အသီးသီးမှာ ၀ိုင်းဝန်း မဲထည့်လိုက်ကြတာက မော်ကွန်းတင်လောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်ခြေရာနင်းဖို့ တပ်မတော်တခုဘဲ တရားဝင် အတိအလင်း ထောက်ခံအားပေးဖို့သာ လိုအပ်နေပါတော့တယ်။
 ၂၁။ မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံများဖြစ်ကြတဲ့ အမေရိကန်နဲ့အနောက်အုပ်စု၊ ဂျပန်တို့ကတဖက်၊ တရုတ်နဲ့ တဖက်၊ တဖန် တရုတ်နဲ့ အိန္ဒိယတဖက် တို့အကြားတွေမှာ အားပြိုင်တဲ့ အားစမ်းတဲ့ ကွင်းဖြစ်နေပါတယ်။ အချင်းချင်း မညီညွှတ်လေ ကြိုက်လေဖြစ်တာမို့ အချုပ်အချာအာဏာ မထိခိုက်စေရေးနဲ့ အမျိုးသားအကျိုးစီးပွါးအတွက် ဘက်မလိုက်ဝါဒကို ကျင့်သုံးမှသာ တိုင်းပြည်တိုးတက်နိုင်ပါမယ်လို့ တပ်မတော်ဘက်က အင်အားစုအချို့က ခံယူထားကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တပ်မတော်၊ နိုင်ငံရေးပါတီအင်အားစုများနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အမျိုးသားပြန်လည်သင့်မြတ်ရေး အခုလိုအချိန်မှာ အရေးကြီးလိုအပ်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ စံပြအဖြစ် - ထိပ်သီးခေါင်းဆောင်နှစ်ဦးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို စံနမူနာယူစရာအဖြစ် စတင်အကောင်အထည်ဖေါ်နိင်ခဲ့မည်ဆိုပါရင် ကျန်တဲ့သူများပါ ဆက်လာနိုင်ဖို့ရှိကာ လွတ်လပ်ရေးရပြီးနောက် တခါမှမရဘူးသေးတဲ့ မြန်မာ့သမိုင်းမှာ စည်းလုံးခြင်းရဲ့ အင်အားစုကြီးတစ်ရပ် ပေါ်ထွက်လာပါက အာဆီယံက အားကျအတုယူရတဲံ့ အာရှတိုက်ရဲ့ အတောက်ပဆုံးကြယ် ဧကန်မလွှဲဖြစ်လာမှာ သေချာကြောင်း တင်ပြလိုက်ရပါတယ်။
ရန်လင်းအောင် - ပွင့်လင်းရာသီ
$
0
0
ရန်လင်းအောင် - ပွင့်လင်းရာသီ
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၅
ပွင့်လင်းရာသီအားကိုးနဲ့
ကြက်သားအုပ်မ တသိုက်ပြီးတသိုက်
အေးအေးလူလူ ထွက်ထွက်လာ……
ပွင့်လင်းရာသီ အားကိုးနဲ့
မိုးပေါ်ဝဲရင်းကြိတ်ကြံနေတဲ့
စွန်တွေတအုပ်ပြီးတအုပ်
လစ်ရင်လစ်သလိုဆင်းဆင်းသုတ်
သြော်သြော်
အေးပေါ
ပွင့်လင်းရာသီပေါ
ကာတွန်း ATH - ဖားကန့်အတွက် အလင်းရောင်
$
0
0
ကာတွန်း ATH - ဖားကန့်အတွက် အလင်းရောင်
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၅
မောင်မောင်စိုး - ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာပြည်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများ သဘောထားဖေါ်ပြချက်
$
0
0
မောင်မောင်စိုး - ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာပြည်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများ သဘောထားဖေါ်ပြချက်
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၅
၂၀၁၅နိုဝင်ဘာ၁၈ရက်နေ့ကတရုတ်သံအမတ်မစ္စတာဟုန်လျန်နှင့်တွေ့ဆုံရာတွင်ဒေါ်အောင်ဆန်းစုကြည်ကမြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတရုတ်ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သောသူမ၏သဘောထားကိုပြောပြခဲ့သည်။
ပထမအနေနှင့်"မြန်မာနိုင်ငံအနေနှင့်တည်ငြိမ်မှုရရှိနိုင်ပြီးမှန်ကန်စွာဖြင့်ပြည်သူလူထုဆန္ဒကိုအကောင်အထည်ဖေါ်သည့်စနစ်အရနိုင်ငံတိုးတက်အောင်လုပ်မည်ဆိုသည်ကိုပွင့်လင်းမြင်သာစွာဖြင့်ထင်သာမြင်သာပြနိုင်ပါကနိုင်ငံတကာမှလည်းယုံကြည်မှုရှိလာပြီးရင်းနှီးမြှုပ်နှံမှုများတိုးတက်လာမည်ဖြစ်ကြောင်း"ရှင်းလင်းပြခဲ့သည်။
ဒုတိယအနေနှင့်"မြန်မာနိုင်ငံတွင်ထိရောက်အောင်မြင်စွာရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အလိုအပ်ဆုံးကိစ္စမှာပြည်သူလူထုယုံကြည်မှုရရန်ဖြစ်ပြီးပြည်သူများကယင်းနိုင်ငံများနှင့်စီးပွါးရေးဆက်ဆံရေးသည်မိမိနိုင်ငံအားအကျိုးပြုပါလားဆိုသည်ကိုသဘောပေါက်သွားပါကသဘောပေါက်သည့်အလျောက်ဆက်ဆံရေးများပိုမိုနွေးထွေးလာမည်ဖြစ်ကြောင်း"ထောက်ပြခဲ့သည်။
တတိယအနေနှင့်"လာမည့်အစိုးရသက်တမ်းအတွင်း NLD အနေနှင့်အဓိကဦးစားပေးလုပ်သွားမည့်အခန်းကဏ္ဏများနှင့်ပတ်သက်၍မြန်မာနိုင်ငံသည်ပြုပြင်ပြောင်းလဲရေးလုပ်ရန်အလွန်လိုအပ်နေသည့်နိုင်ငံဖြစ်ပြီးရွေးကောက်ပွဲတွင် NLDကိုလူထုကထောက်ခံသည်မှာတကယ်ပြုပြင်ပြောင်းလဲရေးကိုလိုလား၍ဖြစ်ကြောင်းနိုင်ငံရေးစီးပွါးရေးလူမှုရေးကဏ္ဏအသီးသီးကိုတပြိုင်တည်းလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း"မြန်မာ့နိုင်ငံရေးအနာဂါတ်လားရာကိုအသိပေးပြောကြားခဲ့သည်။
ချုပ်၍ဆိုရလျင်ဒေါ်အောင်ဆန်းစုကြည်ကတရုတ်သံအမတ်အား
၁။အစိုးရသစ်လက်ထက်တွင်မြန်မာနိုင်ငံတွင် နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုများများပြားလာပြီး
ပြိုင်ဆိုင်မှုမြင့်လာနိုင်ကြောင်း။
၂။မြန်မာနိုင်ငံရှိတရုတ်ရင်းနှီးမြှုပ်နှံမှုများအနေနှင့်မြန်မာလူထုအားမျက်နှာမူပြီးလူထုနှစ်သက် ထောက်ခံမှုရယူရန်လိုအပ်ကြောင်း။
၃။မြန်မာနိုင်ငံအပြောင်းအလဲအားအသိမှတ်ပြု ဂရုပြုလုပ်ဆောင်ရန်လိုကြောင်း။တို့ကိုရှင်းလင်းစွာဖေါ်ပြခဲ့သည်ဟုဆိုရပေမည်။
ပြီးခဲ့သောနှစ်များကတနိုင်ငံလုံးအုံးအုံးကြွက်ကြွက်ဖြစ်ခဲ့သည့်တရုတ်ရင်းနှီးမြှုပ်နှံမှုတခုဖြစ်သည့်လက်ပတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်၏ဆုံးဖြတ်ချက်သည်တရုတ်မြန်မာနှစ်နိုင်ငံဆက်ဆံရေးအတွက်၎င်းတရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက်၎င်းမျှတသောသဘောထားဖြစ်သည်ကိုတရုတ်တို့တွေ့ခဲ့ရပြီဖြစ်သည်။သို့ဖြစ်ရာလာမည့်အနာဂါတ်ကာလနှင့်ပတ်သက်ပြီးဒေါ်စု၏သဘောထားသည်တရုတ်တို့အတွက်အလေးထားဖွယ်ဖြစ်ပေလိမ့်မည်။
အနာဂါတ်မြန်မာပြည်တွင်းရင်းနှီးမြှုပ်နှံမှု
လာမည့်၂၀၁၆တွင်ရွေးကောက်ပွဲကတက်လာမည့်အစိုးရသစ်သာအာဏာလွှဲပြောင်းရယူနိုင်ပါကမြန်မာနိုင်ငံအားအနောက်၏ပိတ်ဆို့တားဆီးမှုများပယ်ဖျက်သွားနိုင်ပြီးပြည်ပရင်းနှီးမြှုပ်နှံမှုများပြည်ပချေးငွေများစွာဝင်ရောက်လာနိုင်ဖွယ် ရှိသည်။ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့်အစိုးရသစ်မှဤသို့သောအခြေအနေဖြစ်အောင်လုပ်နိုင်စွမ်းရှိမည်ဟုအများကယူဆထားကြသည်။
သို့ဖြစ်ရာတရုတ်အနေနှင့်မြန်မာပြည်တွင်းရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီးပြိုင်ဆိုင်မှုကြီးမားလာမည်မှာအမှန်ပင်ဖြစ်သည်။ထို့ပြင်ရှိပြီးသားရင်းနှီးမြှုပ်နှံမှုများအားလည်းလူထုလိုလား ထောက်ခံမှုရရေးလုံးပမ်းသွားရန်လိုအပ်ပေလိမ့်မည်။
ယခုပင်ဂျပန်ကဒေါ်အောင်ဆန်းစုကြည်အားဂျပန်သို့အရင်ဆုံးလာရောက်ရန်ဖိတ်ခေါ်ထားသည်ကိုတွေ့နေရသည်။တကယ်တမ်းမြန်မာပြည်တွင်းရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီးတရုတ်၏အဓိကပြိုင်ဖက်မှာဂျပန်ဖြစ်လာဖွယ်ရာရှိပေသည်။
ဤသို့သောအခြေအနေအောက်တွင်တရုတ်တို့အနေနှင့်လွန်ခဲ့သောအနှစ်၂၀ကျော်စစ်အစိုးရနှင့်ဆက်စပ်လုပ်ခဲ့သောစီပွါးရေးပုံစံမျိုးအားစွန့်လွှတ်ရန်လိုအပ်ပေလိမ့်မည်။
လက်ရှိတရုတ်ရင်းနှီးမြှုပ်နှံမှုများ
လက်ရှိမြန်မာပြည်ရှိတရုတ်တို့၏အကြီးစားရင်းနှီးမြှုပ်နှံမှုများမှာတကောင်းနီကယ်စီမံကိန်းလက်ပတောင်းတောင်ကြေးနီစီမံကိန်းရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတို့ဖြစ်သည်။မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းစီမံကိန်းမှာ၂၀၁၁ကဦးသိန်းစိန်အစိုးရကရပ်ဆိုင်းထားခဲ့ပြီးနောက်အစိုးရဖြေရှင်းရမည့်ပြသနာတခုအဖြစ်ကျန်ခဲ့သည်။ထို့ပြင်လတ်တလောသဘောတူညီချက်အရသံလွင်မြစ်ရေအားလျပ်စစ်စီမံကိန်းတခုတွင်တရုတ်ကုမ္ပဏီမှရရှိသည်ဟုဆိုသည်။
ချုပ်၍ဆိုလျင်တရုတ်တို့၏ရင်းနှီးမြှုပ်နှံမှုအားလုံးလိုလိုသည်မြန်မာနိုင်ငံ၏သယံဇာတများအားထုတ်ယူသုံးစွဲမှုအပေါ်တွင်အခြေခံထားသည်ဟုဆိုရပေမည်။သို့ဖြစ်ရာမြန်မာပြည်ရှိတရုတ်ရင်းနှီးမြှုပ်မှုများနှင့်ပတ်သက်ပြီးလူထုကြားတွင်မကြေ မလည်ဖြစ်စေသောအချက်များမှာ
၁။သဘာဝပတ်ဝန်းကျင်ထိခိုက်မှုပြသနာ
၂။သိမ်းဆည်းခံရသောလူထု၏မြေယာပိုင်ဆိုင်မှု နှင့်အသက်မွေးဝမ်းကြောင်းပြသနာ
၃။တရုပ်ရင်းနှီးမြှုပ်နှံမှုများ၏မြန်မာပြည်သားများ နှင့်ပတ်သက်သည့်အလုပ်အကိုင်အခွင့်အလမ်း ပြသနာ
၎။ဒေသဖွံ့ဖြိုးမှုပြသနာတို့ဖြစ်ကြသည်။
ပထမအချက်အနေနှင့်တရုတ်ရင်းနှီးမြှုပ်နှံမှုအများစုမှာသယံဇာတထုတ်ယူသုံးစွဲမှုပေါ်အခြေတည်သည်ဖြစ်ရာမူလသဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုယဉ်ကျေးမှုအမွေအနှစ်များထိခိုက်ဆုံးရှုံးမှုဘာသာရေးအဆောက်အအုံများပါထိခိုက်မှုရှိရာလူထု၏မကြေလည်မှုကိုခံရပေသည်။ထို့ပြင်ထိုသို့ပျက်စီးဆုံရှုံးသွားသောရေမြေတောတောင်တို့မှာဒေသခံတို့အတွက်သဘာဝကပေးသည့်ဘဝရှင်သန်မှုအတွက်ရှာဖွေစားသောက်ရာသဘာဝစက်ရုံကြီးလည်းဖြစ်သည်။
ဒေသခံတို့အနေနှင့်ထိုတောထိုတောင်များတွင်သားငါးရှာဖွေခြင်းဟင်းသီးဟင်းရွက်ရှာဖွေခြင်းထင်းရှာခြင်းမှအစမိမိအိမ်မှုဘဝအစိတ်အပိုင်းများကိုဖြည့်တင်းသည့်နေရာများဖြစ်ပေရာလူထုအနေနှင့်မကြေလည်မှုဖြစ်ပွါးသည်မှာမထူးဆန်းပေ။
ဒုတိယအနေနှင့်ဒေသခံများမိရိုးဖလားလုပ်ကိုင်နေသည့်လယ်မြေယာမြေရွာမြေများသိမ်းဆည်းခံရသည်။ထိုသို့သိမ်းဆည်းမှုအတွက်လုံလောက်သည့်လျော်ကြေးငွေမရသည်လည်းရှိသည်။ရသည်ဆိုလျင်လည်းပေါက်ဈေးမျှသာဖြစ်ပြီးသူ့ဘဝအသက်မွေးဝမ်းကြောင်းအတွက်ရေရှည်ဖြေရှင်း ရန်ခက်ခဲသည်။လယ်တကွက်ရှိလျင်သားစဉ်မြေးဆက်လုပ်ကိုင်စားသောက်နိုင်သော်လည်းလယ်ရောင်းရငွေနှင့်အခြားအလုပ်အကိုင်မလုပ်တတ်လျင်ခဏဖြင့်ကုန်သွားပေမည်။ထို့ကြောင့် အသိမ်းခံရသည်ဒေသခံတို့၏အသက်မွေးဝမ်းကြောင်းပြသနာကိုမှန်ကန်စွာမဖြေရှင်းနိုင်ကလူထု၏ကြေလည်မှုရရန်ခက်ခဲနေပေလိမ့်မည်။
တတိယအနေနှင့်တရုတ်ရင်းနှီးမြှုပ်နှံမှုများတွင်မြန်မာပြည်သားများ၏အလုပ်အကိုင်အခွင့်အလမ်းပြသနာဖြစ်သည်။သာမန်အလုပ်ကြမ်းသမားလောက်ခန့်အပ်ခြင်းရှိသော်လည်းပညာတတ်များပညာရှင်ခန့်အပ်ခြင်းတွင်လွန်စွာအားနဲသည်။တရုတ်အလုပ်သမားများသောင်းနှင့်ချီရှိသောလုပ်ငန်းများတွင်မြန်မာပညာတတ်များခန့်ထားမှုအလွန်နဲပေရာတရုတ်ရင်းနှီးမြှုပ်နှံမှုများအားမြန်မာပညာတတ်များ၏ထောက်ခံမှုမရှိပေ။တရုတ်ရင်းနှီးမြှုပ်နှံမှုမှမြန်မာနိုင်ငံအားအတတ်ပညာပေးဝနိုင်ခြင်းမရှိဟုပင်ယူဆပေရာတရုတ်တို့ဂရုပြုဖွယ်ဖြစ်သည်။
စတုတ္ထအနေနှင့်တရုတ်ရင်းနှီးမြှုပ်နှံလုပ်ငန်းများသည်တည်ရှိရာဒေသများ၌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ဘတ်ဂျက်တခုရေးဆွဲ၍နှစ်စဉ်လုပ်ဆောင်ပေးမှုအားနည်းပေရာဒေသခံတို့၏ထောက်ခံမှုရရန်ခက်ခဲနေပေသည်။
ဤသည်တို့မှာတရုတ်ရင်းနှီးမြှုပ်မှုများအနေနှင့်လူထုထောက်ခံမှုရရန်လိုအပ်သောအချက်များဖြစ်ပေသည်။သို့သော်ထို့ထက်ပိုအရေးကြီးသောပင်မအချက်၂ခုရှိသေးသည်။
ပထမအချက်မှာတရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍လူထုကြားတွင်မရှင်းလင်းခြင်းဖြစ်သည်။တရုတ်ရင်းနှီးမြှုပ်နှံတခုမှမြန်မာပြည်အတွက်နှစ်စဉ်မည်မျှဝင်ငွေရသည်မည်သည့် ကာလထိရမည်မြန်မာနိုင်ငံသားမည်ရွေ့မည်မျှအလုပ်အကိုင်ရသည်၊တရုတ်ကုမ္ပဏီမှမြန်မာပြည်အတွက်လူမှုအကျိုးပြုလုပ်ငန်းများတွင်ဘတ်ဂျက်မည်ရွေ့မည်မျှသုံး၍ပြန်လုပ်ပေးသည် ၊ တရုတ်တို့ကမည်မျှအကျိုးအမြတ်ရယူသည်ဆိုသည်ကိုမြန်မာပြည်သူများမသိရှိကြပေ။သို့ဖြစ်ရာတရုတ်ရင်းနှီးမြှုပ်နှံမှုများအနေနှင့်၎င်းတို့လုပ်ငန်းများသည်မြန်မာပြည်အတွက်အကျိုးရှိသည်ဆိုသည်ကိုရှင်းလင်းဖို့လိုပေသည်။ဒေါ်စု ပြောသကဲ့သု့်ပင်မိမိတို့အတွက်အကျိုးရှိသည်ဟုလူထု၏ယုံကြည်မှုရလျင်တရုတ်လုပ်ငန်းများကိုကြိုဆိုကြမည်သာဖြစ်သည်။
ဒုတိယအချက်ပို၍အရေးကြီးသည်။ထိုအချက်မှာပြီးခဲ့သောစစ်အစိုးရကာလအတွင်းတရုတ်တို့အနေနှင့်စစ်အစိုးရအားထောက်ခံခဲ့မှုဖြစ်သည်။အကျဉ်းချုပ်ဆိုရလျင်လူထုအနေနှင့်  တရုတ်တို့၏ရင်းနှီးမြှုပ်နှံများသည်စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရန်ကျားကန်ပေးသည်ဟုယူဆခြင်းတရုတ်ကုမ္ပဏီများသည်လုပ်ငန်းလုပ်ပိုင်ခွင့်များရယူရာတွင်မြန်မာစစ်ခေါင်းဆောင်များကိုလဘ်လာဘများစွာပေးခဲ့သည်ယူဆကြခြင်း ( သက်သေအခိုင်မာပြရန်ခက်သော်လည်း )တို့သည်မြန်မာလူထုကြားစွဲနေပေရာတရုတ် ရင်းနှီးမြှုပ်နှံမှုများကိုမြန်မာလူထုကလက်မခံဘဲဆန့်ကျင်နေသည့်အဓိကအကြောင်းရင်းဖြစ်သည်ကိုတရုတ်တို့အထူးဂရုပြုရန်လိုအပ်ပေသည်။
မြန်မာ့အပြောင်းအလဲကိုတရုတ်တို့ကောင်းစွာဂရုပြုပြီးမြန်မာလူထုကိုမျက်နှာမူဖို့အရေးကြီးပေသည်။
အခြေအနေအချိန်အခါကိုလိုက်၍ပေါ်လစီနှင့်ခြေလှမ်းများကိုလိမ္မာပါးနပ်လျင်မြန်စွာပြောင်းလဲတတ်သောတရုတ်တို့ အနေနှင့်ခက်ခဲလိမ့်မည်တော့မဟုတ်ပါပေ။
"အိမ်နီးချင်းကောင်းနဲ့ဆုံပါရစေ"
မြန်မာနိုင်ငံကဲ့သို့ဆင်းရဲသည့်နိုင်ငံတခုအနေနှင့်နိုင်ငံရပ်ခြားမှအရင်းအနှီးအတတ်ပညာများဖိတ်ခေါ်ခြင်း၎င်းတို့ဝင်ရောက်လာရန်အချက်အလက်များပြင်ဆင်ပေးခြင်းဖိတ်ခေါ်ခြင်းတို့ကိုမလွဲမသွေပြုလုပ်ရပေမည်မှာငြင်းပယ်ရန်ရှိမည်မဟုတ်ပေ။သို့ဖြစ်ရာတရုတ်ကဲ့သို့စီးပွါးရေးအရဖွံ့ဖြိုးတိုးတက်နေသည့်စူပါပါဝါအဖြစ်တက်လှမ်းနေသည့်တိုင်းပြည်တပြည်၏ရင်းနှီးမြှုပ်နှံမှုအားငြင်းပယ်ရန်အကြောင်းမရှိပေ။အပြန်အလှန်အကျိုးဖြစ်ထွန်းရန်သာလိုပေလိမ့်မည်။
တရုတ်တို့၏ဆိုရိုးတခုရှိသည်။"ဆွေမျိုးများနှင့်ဝေးပါရစေအိမ်နီးချင်းကောင်းနှင့်ဆုံပါရစေ"ဟုဆိုပါသည်။လူသားဆန်စွာဇယားရှုတ်လှသောဆွေမျိုးများနှင့်ခပ်ဝေးဝေးနေချင်ပြီးအပြန်အလှန်အကျိုးပြုဇယားလည်းမရှုတ်တည်တည်ကြည်ကြည်လည်းဆက်ဆံနိုင်သောအိမ်နီးချင်းကောင်းနှင့်ဆိုလျင်ပို၍အဆင်ပြေသည်ဟုဆိုလိုပုံရသည်။
ဆွေမျိုးပေါက်ဖေါ်ူဆိုသည့်အနှစ်မပါအပေါ်ယံရွှေမှုံကြဲထား သည့်ဝေါဟာရထက်အိမ်နီးချင်းကောင်းဆိုသည့်လက်တွေ့ကျပြီး အဓိပ္ပါယ်လေးနက်သည့်ဝေါဟာရကပိုမိုသဘာဝကျပေလိမ့်မည်။နှစ်ဦးနှစ်ဖက်စလုံးကလိုလားလျင်အိမ်နီးချင်းကောင်းများ အပြန်အလှန်အကျိုးရှိသည့်စီးပွါးဖက်များဖြစ်ပေလိမ့်မည်။
မိမိတို့မြန်မာပြည်အဖို့လည်းမိုင်ထောင်ချီနယ်နမိတ်ချင်းဆက်စပ်နေသောတရုတ်ပြည်နှင့်ကင်းမရသောအခြေအနေတွင်"အိမ်နီးချင်းကောင်းနှင့်ဆုံပါရစေ"ဟုသာဆိုရပေမည်။
မောင်လူရေး - သမတဖြစ်မည့်သူ
$
0
0
မောင်လူရေး - သမတဖြစ်မည့်သူ
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၅
ရွေးကောက်ပွဲပြီး လွှဲပြောင်းရေး ကာလတွင် ပြည်သူနှင့် ဒေါ်စုကတော့ ပြည်သူဖြစ်စေချင်သည့် အတိုင်း ဒေါ်စုဖြစ်မည်၊ ဒေါ်စုဖြစ်စေချင်တာ ပြည်သူဖြစ်မည်ဟူသည့် စိတ်ချယုံကြည်မှုဖြင့် ငြိမ်သက် တည်ကြည်နေသည်။
ဆိုလိုတာက ပြည်သူက ဒေါ်စုကို ပြည်သူ့သမတဖြစ်စေလိုသည်၊ ဒေါ်စုက ပြည်သူကို ဒီမိုကရေစီ အလေ့အထများ ကျင့်သုံးစေလိုသည်။ စိတ်တူကိုယ်တူ နိုင်ငံကောင်းကြီးဖော်ဆောင်ချင်ကြပြီ။ ဒီအတွက် အပြန်အလှန် စိတ်အေးနေပြီးသား။ စိတ်ချနေပြီးသားဆိုသည့်သဘော။
အင်မတန်သီလ သမာဓိရှိပြီး စကားအရာလိမ္မာလွန်းသည့်ဒေါ်စုသည် ပြည်တွင်းတွင်းပြည်ပ သတင်းဌာနများနှင့်တွေ့တိုင်း သမတအထက်မှာ သူရှိမည်၊ သမတသည် သူခိုင်းသည့်အတိုင်း တသွေမတိုင်းလုပ်ရမည်ဟု တိတိကျကျ ပြောနေဆဲပင်။ သို့သော် မည်သူကို သမတ တင်မြှောက်မည်ဟုလည်း မဆို။ တိုင်းပြည်တပြည်၏အမြင့်ဆုံးအာဏာပိုင်အပေါ် ယင်းသို့ မပြောဆိုအပ်ဟု အများထင်မြင်သလို ဒေါ်စုလည်း သိသည်သာဖြစ်ရကား ဤစကားရပ်များသည် သူလက်ညိုးညွှန်သည့်သူ သမတဖြစ်မည်ဆိုသည်ထက် အဓိပ္ပါယ်ပိုမိုနေသည်ဟုဆိုရမည်။
 NLD ပါတီ မဲရရှိမှုက ဒေါ်စုတင်မြှောက်သည့်မည်သူမဆို သမတ ဖြစ်နိုင်နေရကား ဒေါ်စုက သမတတယောက် တင်မြှောက်လိုက်ပြီဆိုပါစို့။ 'သမတကြီးမည်သူမဆို'၏ ရှေ့မှောက်တွင် ကာချုပ်အမှူးပြုသော ကြည်းရေလေ တပ်မတော်သားများ၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးအစရှိသောဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ အမှူးပြုသောအမတ်မင်းများ ကိစ္စအားလျော်စွာ ရောက်ရှိရပေမည်။ 'သမတကြီးမည်သူမဆို'၏လမ်းညွှန်ချက်များကို လိုက်နာအကောင်အထည်ဖော်ရမည်။ ကာလုံအစည်းအဝေးတွင်လည်း 'သမတကြီးမည်သူမဆို'သည် ထိပ်ဆုံးမှာ နေရာယူမည်။ နိုင်ငံတကာပွဲလမ်းများတွင်လည်း ယင်း'သမတကြီးမည်သူမဆို'သာ။ စီမံကိန်းများနှင့်ပတ်သက်လျှင်လည်း 'သမတကြီးမည်သူမဆို'။ ပြည်သူလူထုတရပ်လုံးလည်း ယင်းသမတကြီး၏ ဦးဆောင်မှုကို ခံယူရမည်သာ။ ဤကား ၅၉/စ မပြင်လျှင် ဖြစ်ပေါ်လာတော့မည့် ဒေါ်စု တင်မြှောက်မည့် 'မည်သူမဆိုသမတကြီး'နှင့်အနေအထား။
ယင်းအနေအထားသည် ဖြစ်သင့်ဖြစ်ထိုက်၍ ဖြစ်လာရမည် မဟုတ်သည်မှာ သေချာသလို ဘယ်သူမှ မဖြစ်ချင်သည်မှာလည်း သေချာလှပေသည်။ နိုင်ငံရေးကောင်းမွန်မှုသည် စွမ်းဆောင်နိုင်သူ အမြှော်အမြင်ရှိသူ၏ ဦးဆောင်မှုအောက်က ပူးပေါင်းရွက်ဆောင်မှုသာ ဖြစ်သည်ဆိုတာကို ရှုတ်ပွနှိမ့်ကျ ဗရမ်းဗတာနိုင်လွန်းသည့်အခြေအနေဆိုးများက ပြဆိုနေပေသည်။
၅၉/စ ပြင်ဆင်ရမည့်နည်းလမ်းများသည် လွှတ်တော်ထဲရောက်နေသော တပ်မတော်သားအမတ်များ မှတဆင့် တပ်မတော်တရပ်လုံး၏ ထားအပ်သောဂုဏ်မာနကို အဖျက်စွမ်းအား ကြီးလှသည့် ဒေါသမာနအဖြစ်ပြောင်းလဲပြီး တပ်မတော်နှင့် တိုင်းပြည်၏ သဟဇာတဖြစ်မှု ပူးပေါင်းဖော်ဆောင်မှု အားလုံး ပျက်သုဉ်းရေးကို ဦးတည်ထားသကဲ့သို့ဖြစ်နေသည်။
မပြင်ဘဲထားခြင်းကြောင့် တစုံတရာသောအကျိုးအမြတ်ရလိမ့်မည်ဟုလည်း မယ်မယ်ရရ ပြစရာမရှိ။ ၅၉/စ ရှိနေခြင်းသည် လူညံ့တွေသာ နေထိုင်သည့်နိုင်ငံဟူ၍ သတ်မှတ်ခံရရုံသာ ရှိလေသည်။
တကယ်တော့ တပ်မတော်၏ ခြေဥကို ကာကွယ်စောင့်ရှောက်ခြင်းသည် တပ်မတော်၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို စောင့်ရှောက်ကာကွယ်ခြင်းသာဖြစ်ရကား ယင်းဂုဏ်သိက္ခာတောက်ပအောင် ဖော်ဆောင်ရေးသည် တပ်မတော်၏ လတ်တလော အားသာချက်ဖြစ်သည်။ အဟောင်း မကောင်းကို ပြုပြင်ခြင်းသည် ထိမ်းသိမ်းကာကွယ်ခြင်းပင်။
တပ်မတော်မှဦးဆောင်ပြီး ၅၉/စ ကိုပြင်ဆင်ကာ ထိုက်တန်သောသမတတဦး၏ဦးဆောင်မှုကိုခံယူ၍ တိုင်းကောင်းပြည်မွန်ကြီးကို တည်ဆောက်ကြပါစို့။
မင်းကောင်းမြင်လျက်၊ အတင်ခက်၊ မင်းတွက်မဟုတ်ချေဟု ဆိုရမည်သာတကား။
ဇော်ထက် (ပျဉ်းမနား) - စစ်ပွဲတွေရပ်
$
0
0
ဇော်ထက် (ပျဉ်းမနား) - စစ်ပွဲတွေရပ်
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၅
စစ်
စစ်
တစ်နှစ်
နှစ်နှစ်
အနှစ်နှစ်
ဖြစ်ပြီးရင်းဖြစ်
မဖြစ်ချင်လည်းဖြစ်
ဖြစ်ချင်လည်းဖြစ်
မချစ်
မနှစ်
အသစ်အသစ်
ဖြစ်
စစ်
ရပ်ပစ်
ရပ်ပစ် ။
ပွဲ
ပွဲ
အပွဲပွဲ
နွှဲ
သူအလဲလဲ
ကိုယ်အကွဲကွဲ
ကိုယ်အလဲလဲ
သူအကွဲကွဲ
အပြဲပြဲ
ဘယ်သူနိုင်သလဲ
ကဲ…
လဲ
မြေဇာပင်တွေက မနည်း
သေကွဲ
ရှင်ကွဲ
မိသားစုတွေ တစစီကွဲ
အဲဒီစစ်ပွဲ
နွှဲ
ပွဲ
တလွဲ ။
တွေ
တွေ
ဝေ
ဝေနေ
ငါ့မြေ
သူ့မြေ
ဝေ
မြေအရ ဝေ
ဝေကြ သလေ
မမျှမတ ဝေ
ဘ၀တွေက ကြွေ
သေ
ကျန်သူတွေ
အမျှဝေ
လွမ်းသူ့ ပန်းခွေ
ဒါတို့မြေ
ရွှေ
တောင်ပေါ်မြေ
ယမ်းငွေ့တွေက
တဝေဝေ…..
တွေ
ဝေ
နေဆဲပေ ။
ရပ်
ရပ်
ရပ်ဆိုတာ
သူသေနတ်
ကိုယ်သေနတ်
သူသတ်
ကိုယ်သတ်
သူမရပ်လို့ ကိုယ်မရပ်
ကိုယ်မရပ်လို့ သူမရပ်
ကိုယ်သတ်
သူသတ်
ရပ်
ရပ်ဆို ရပ်
စစ်ပွဲတွေ ရပ် ...
အဲဒီ စစ်ပွဲတွေကို ရပ်
သမိုင်းဆိုးတွေကို ဖြတ်
သမိုင်းကြွေးတွေကို ဆပ်
ကလေးတွေရဲ့ အနာဂတ်
ကလေးတွေအတွက် မှတ်
ဘီလူးဆိုင်းကတဲ့ ဇာတ်
ရပ်ကို ရပ်
ရပ်… ရပ် … ရပ်…
စစ်
ပွဲ
တွေ
ရပ်ကြပါ ။        ။
ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - Bend over Backwards
$
0
0
ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - Bend over Backwards
(Academic Weekly Journal, Rangoon) မိုးမခ၊ နိုဝင်ဘာ ၂၆၊ ၂၀၁၅
မြန်မာ Black Friday - အကြီးမားဆုံး အွန်လိုင်းဈေးရောင်းပွဲတော် နိုဝင်ဘာ (၂၇) ရက်နေ့ ပြုလုပ်မည်
$
0
0
မြန်မာ Black Friday - အကြီးမားဆုံး  အွန်လိုင်းဈေးရောင်းပွဲတော်   နိုဝင်ဘာ (၂၇) ရက်နေ့ ပြုလုပ်မည်
ရန်နောင်(ဗိုလ်တထောင်)။   မိုးမခ၊    နိုဝင်ဘာလ ၂၆၊ ၂၀၁၅
    Black Friday ပွဲတော်ကြီးကို  Shop.com.mm မှ  Ooredoo, Philips, Maybelle တို့ နှင့် ပူးပေါင်းဆောင်ရွက်ပြီး မြန်မာဈေးဝယ်ချစ်သူများသို့ တစ်သက်တာမှာ တခါမျှ မကြုံတွေ့ဖူးသေးသော အတွေ့အကြုံများကို ယူဆောင်ပေးလာပြီဖြစ်ကြောင်း   Dr. Jonathan Doerr  ကပြောကြားခဲ့သည်။
    Black Friday ဈေးရောင်းပွဲတော်သည် အနောက်တိုင်းနိုင်ငံများတွင် ရင်းနှီးနေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ အားသွန်ခွန်စိုက် ပထမဆုံးကျင်းပခြင်းဖြစ်သည်။ Black Friday  ပွဲတော်ဟူသော စိတ်ကူးသည် အမေရိကန်နိုင်ငံတွင် စတင်ကျင်းပခဲ့ပြီး ၁၉၆၀ ပြည့်နှစ်များတွင် Black  Friday  ဟူ၍ အမည်တွင်ခဲ့လေသည်။ နိုဝင်ဘာလတိုင်း၏ နောက်ဆုံးအပတ် သောကြာနေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်းများစွာက တစ်နှစ်တာ၏ အကောင်းဆုံးဈေးရောင်းပွဲတော်ကို ပါဝင်ဆင်နွှဲကြရန် ပြင်ဆင်နေကြပါသည်။ 
    အွန်လိုင်းဈေးရောင်းခြင်းသည် မြန်မာနိုင်ငံတွင် လျှင်မြန်စွာကျော်ကြားလာပြီး ထိုကဲ့သို့သော စိတ်ကူးသည် နိုင်ငံတွင်းရှိ ဈေးဝယ်သူအမြောက်အများဆီသို့ ရောက်ရှိသွားစေနိုင်သည့်  အွန်လိုင်းမှတဆင့် ဈေးရောင်းသည့်စီးပွားရေးကို ပြုလုပ်သွားနိုင်မည်ဖြစ်သည်။
    မိမိကြိုက်နှစ်သက်သည့် ပစ္စည်းအမျိုးအမည်ပေါင်း နှစ်ထောင်ကျော်ကို   အွန်လိုင်းမှတဆင့် ၇၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ဝယ်ယူရရှိနိုင်မည့် Shop.com.mm ဈေးရောင်းပွဲတော်တွင် အီလက်ထရောနစ် ပစ္စည်းများ၊ စမတ်ဖုန်းများ၊ အလှကုန်များ၊ အဝတ်အထည်များ အစရှိသည်ဖြင့် ပါဝင်မည်ဖြစ်သည်။
    မိမိ မှာယူသည့် ပစ္စည်းများကို လက်ဝယ်ရောက်မှသာ ငွေချေရမည်ဖြစ်ပြီး ဝယ်ယူသည့်ပစ္စည်းများ စိတ်တိုင်းမကျပါက  (၇) ရက်အတွင်း ပြန်လည်လဲလှယ်နိုင်ကြောင်းလည်း သိရှိရပါသည်။
    နိုဝင်ဘာလ (၂၆) ရက်နေ့ည သန်းခေါင်မှ စ၍ Shop.com.mm သို့ ဒေါင်းလုတ်ဆွဲကာ စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။ အော်ရီဒူး ဆင်းကတ်ဖြင့် ဒေါင်းလုတ် ဆွဲလျှင် အခမဲ့ ဒေါင်းလုတ် ဆွဲခွင့်ရရှိမည်ဖြစ်သည်။
ကာတွန်းစောငို - သူတို့တွေပဲ အရင် ညှိကြပါဦး
$
0
0
ကာတွန်းစောငို - သူတို့တွေပဲ အရင် ညှိကြပါဦး
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၅
Viewing all 9633 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>