Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

မောင်မောင်စိုး - သမတဦးသိန်းစိန်သက်တမ်းအတွင်းရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် စစ်ပွဲ

$
0
0
မောင်မောင်စိုး - သမတဦးသိန်းစိန်သက်တမ်းအတွင်းရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် စစ်ပွဲ
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၅

၁၉၈၈ နဝတ တက်လာပြီးနောက်ပိုင်းမှ စတွက်လျှင် လက်ရှိ သမတဦးသိန်းစိန်သက်တမ်းသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်ဆွေးနွေးပွဲများ ပြုလုပ်၍ ပြဿနာဖြေရှင်းရန်ကြိုးပမ်းသည့်ကာလဖြစ်သည်ဆိုသည်ကိုတော့ ငြင်းပယ်ရန်မရှိချေ။

၁၉၈၈ ခုနှစ် နဝတ စစ်အစိုးရတက်လာပြီးနောက်ပိုင်း ၁၉၈၉ မှစ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရယူ သည်ဆိုပြီး အအပစ်အခတ်ရပ်စဲကို တွင်တွင်ကျယ်ကျယ်ပြုလုပ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဒေသများအား အထူးဒေသများဟု သတ်မှတ်ပေးခဲ့သည်။ သက်ဆိုင်ရာ နယ်မြေအလိုက် တည်ရှိခွင့်အုပ်ချုပ်ခွင့်နှင့် အခြားစီးပွားရေး အခွင့် အလမ်းများပေးခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲများကို သိသိသာသာလျှော့ချခဲ့သည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမျိုးပြုခြင်းမရှိဘဲ ထိမ်းထားခဲ့သည် ကာလဟု ဆိုရမည်။

ထိုသို့ထိမ်းထားခဲ့ခြင်းမှာ ပြည်မရှိတင်းမာနေသော နိုင်ငံရေး အကြပ်အတည်းကို အာရုံစိုက်ဖြေရှင်းရန် စစ်မျက်နှာတခုထဲအား အာရုံစိုက်နိုင်ရန်ဖြစ်သည်ဟု သုံးသပ်ရသည်။ သို့သော် ထိုကာလတွင် မြန်မာစစ်ခေါင်းဆောင်များသည် ပြည်တွင်းနိုင်ငံရေး အကြပ်အတည်းအား အာရုံစိုက်ဖြေရှင်းနေသည့်နှင့် တပြိုင်တည်းတွင် စစ်အင်အားတိုးချဲ့ရေးကို တစိုက်မတ်မတ် ပြုလုပ်ခဲ့ သည်။ နဝတခေတ်တွင် စစ်ပွဲများလျှော့ချခဲ့သော်လည်း စစ်အင်အားမှာ များစွာတိုးပွားလာသည်။

နဝတခေတ်တွင် စစ်တိုင်း ၅ တိုင်း တပ်မနှင့်ဖွဲ့စည်းပုံတူသော ခြေလျင် စကခ ၂၀ ခု စစ်တိုင်းများအောက်တွင်လည်း တပ်မ နီးပါးဖွဲ့စည်းပုံတူသည့် ဒကစများ ဖွဲ့စည်းခဲ့ပြီး ခြေလျင်တပ်ရင်းများမှာလည်း ၅၀၀ ကျော်အထိ တိုးတက်လာသည်။ ပြည် နယ်များတွင် အခြေချတပ်ရင်းများသိသိသာသာ တိုးတက်လာသည်။

ထို့ပြင် ယခင်ကမရှိသော အမြောက်တပ်မ သံချပ်ကာ ယန္တယားတပ်မ လေကြောင်းရန် ကာကွယ်ရေးတပ်မတို့ တိုးချဲ့ဖွဲ့စည်း လာသည်ကို တွေ့ရသည်။ ထို့ပြင် လေတပ် ရေတပ်တို့အားလည်း ခေတ်မှီယဉ်များဖြင့် ဖြည့်ဆီးတိုးချဲ့နိုင်ခဲ့သည်။ ခြေလျင် တပ်၏ တိုက်ပွဲများအား ထောက်ကူပေးရန် လေကြောင်းပစ်ကူနှင့် လက်နက်ကြီး ပစ်ကူတို့အား သိသိသာသာ တိုးချဲ့ဖြည့် ဆည်းနိုင်ခဲ့သည်ဟု ဆိုရမည်။

ထိုသို့ အနှစ် ၂၀ ခန့် စစ်အင်အားဖြည့်တင်းချိန်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုစစ်ပွဲအစား အနုနည်းဖြင့် စည်းရုံးဖြိုခွဲမှုသာ ပြုခဲ့သည်ဟု ဆိုရမည်။ သို့သော် ၂၀၀၈ အခြေခံဥပဒေ ပြဌာန်းပြီးနောက်ပိုင်းတွင်မူ နအဖအနေနှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ပြဿနာကို ဖြေရှင်းရန်ကြိုးစားလာသည်ကို တွေ့ရသည်။ ထိုစဉ်နအဖက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား နယ်ခြားစောင့်တပ် BGF ဖွဲ့စည်းပြီး စစ်တပ်၏ကွပ်ကဲမှုအောက်ဝင်ရန် အကြောင်းကြား အသိပေးခြင်းဖြင့် စတင်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပြဿနာကို ဆွေးနွေးဖြေရှင်းခြင်းမပြုဘဲ မိမိသဘော အတိုင်း လိုက်နာဆောင်ရွက်ရန် အမိန့်ပေးသည့်နည်းကို အသုံးပြုခဲ့သည်ဟု ဆိုရမည်။

ဤနည်းသည် သေးငယ်သော စည်းရုံးမှုအားနည်းသော အဖွဲ့ငယ်များတွင် အလုပ်ဖြစ်ခဲ့သည်ဟုဆိုရမည်။ ဇခုန်တိန့်ယင်း ခေါင်းဆောင်သောNDAK ကယားပြည်နယ်မှ ကလလတ DKBA  မှ စောချစ်သူတို့အဖွဲ့များသည် BGF အဖြစ် ပြောင်းလဲဖွဲ့ စည်းခဲ့ပြီး ကွတ်ခိုင်အနီး ကောင်းခါးမှ မထုနော်ဦးစီး KDA အဖွဲ့နှင့် သီပေါအနီး SSA အင်အား အချို့အား ပြည်သူစစ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

တချိန်တည်းတွင် BGF ကိုလက်မခံသော အဖွဲ့များနှင့်တင်းမာမှုများ စတင်ခဲ့သည်။ နအဖ ကလည်းရာဇသံများပေးခဲ့သည်။ BGF လက်ခံသော ၂၀၀၉ တွင် ဖုန်ကြားစင်းတို့ အင်အားသုံးဖယ်ရှားခံရပြီး ကွဲထွက်လာသော ပယ်စောက်ချိန်တို့အား သိမ်း သွင်းကာ ကိုးကန့် BGF ဖွဲ့စည်းခဲ့သည်။ တဖက်တွင်လည်း ပြည်သူစစ်ဖွဲ့စည်းရေးလက်ခံသောသူများ SSPP/SSA အဖြစ် ပြန်လည် ရပ်တည်ခဲ့သည်။ သို့သော် ထိုတင်းမာမှုများသည် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ခေတ္တငြိမ်သက်သွားသည်။

ချုပ်၍ဆိုရလျင် နဝတ /နအဖ သက်တမ်းတလျှောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ထား၍ စစ် တပ်အင်အားကို တည်ဆောက်ခဲ့သည်။ သူသက်တမ်းနောက်ဆုံးပိုင်းတွင်ထိုအဖွဲ့များအား BGF အဖြစ်ပြောင်းလဲဖွဲ့စည်းပြီး
စစ်တပ်၏ထိမ်းချုပ်မှုထည့်သွင်းခြင်းဖြင့် ဖြေရှင်းရန် ဖိအားပေးခြင်း မက်လုံးပေးခြင်းများဖြင့် ကြိုးပမ်းခဲ့သည်။ သေးငယ် ယိမ်းရိုင်နေသောအဖွဲ့အချို့အား စိတ်တိုင်းကျပုံသွင်းနိုင်ခဲ့သည်။ ညီညွတ်ရေးပျက်ပြားနေသော ကိုးကန့်အဖွဲ့အား အင်အား သုံးဖြိုခွဲနိုင်ခဲ့သည်။

တဖက်မှပြောရလျှင် အပစ်ရပ်ထားသည့်ကာလတလျောက် နဝတ/နအဖ၏ မက်လုံးပေး ဖိအားပေးခြင်းသည် လုံးဝအလုပ် မဖြစ်သည်တော့ မဟုတ်ပေ။ PSLO/PSLA တဖွဲ့လုံး လက်နက်ချခဲ့ရသည်။ ဦးတာကလယ်၏ ရလလဖ အပိုင်းပိုင်းကွဲပြီး ပြိုကွဲခဲ့ရသည်။ တိုင်းရင်းသားခေါင်းဆောင်အချို့လည်း စည်စိမ်များနှင့်ယစ်မူးကာ မူလလမ်းကြောင်းမှ သွေးဖီကုန်သည်။ အလုပ်ဖြစ်သည်လည်း ရှိသည်ဟု ဆိုရပေမည်။

သို့သော် အဓိကတိုင်းရင်းသားအဖွဲ့များကမူ နအဖ ၏ BGF ဖွဲ့ရေးကိုလက်မခံခဲ့ကြပေ။ မူလနဝတနှင့် အပစ်ရပ်သဘောတူစဉ် က ထားရှိခဲ့သော ကတိကဝတ်ဖြစ်သည့် လက်ရှိစစ်အစိုးရကာလ အပစ်ရပ်ထားပြီး နိုင်ငံရေးပြဿနာကို အရပ်သားအစိုးရ တက်မှဆွေးနွေးမည်ဆိုသည်ကိုထောက်ပြပြီး နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရန် တောင်းဆိုရပ်ခံခဲ့ကြသည်။ သို့ဖြစ်ရာ အဓိ ကအင်အားတောင့်တင်းသည့် အဖွဲ့များနှင့်မူ အလုပ်မဖြစ်ဟု ဆိုရမည်။ သို့ဖြစ်ရာ ဤပေါ်လစီကိုဆက်လက်အကောင်အထည် ဖေါ်ရန် ဦးသိန်းစိန်အစိုးရ ပုခုံးပေါ်သို့ ရောက်ရှိလာပေတော့သည်။

ဤသို့ဖြင့် သမတဦးသိန်းစိန်လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပြဿနာဖြေရှင်းရေးအတွက် ဆွေးနွေးပွဲ  များပေါ်လာသည်ဟုဆိုရမည်။ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီနှင့်အတူ ပြည်နယ်အဆင့် သ ဘောတူညီချက် ပြည်ထောင်စုအဆင့်သဘောတူညီချက်များရေးထိုးရေးတို့ ပါဝင်လာသည်။ နိုင်ငံတကာအလှူရှင်များ၏ ပံ့ပိုးမှုအရငြိမ်းချမ်းလုပ်ငန်းများကို အထောက်အကူပြုရန် MPC ဆိုသည်လည်း ပေါ်လာသည်။

သို့သော် ၂၀၁၁ နှစ်ကုန်ပိုင်းမှစပြီး KIA နှင့် ပြန်လည်၍တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။ အလားတူပင် DKBA/ SSPP/RCSS တို့နှင့်လည်းတိုက်ပွဲများ ဖြစ်လိုက် ရပ်လိုက် ဖြစ်နေခဲ့သည်။ ၂၀၁၂ မှစ၍ ပြန်လည်ဖွဲ့စည်းတည်ထောင်လာ သော PSLF/TNLA နှင့်လည်းကောင်း၊ ၂၀၁၃ နှစ်ကုန်ပိုင်းက သံလွင်အနောက်ခြမ်းတွင် ပြန်လည်လှုပ်ရှားလာသော MNDAA ကိုးကန့်အဖွဲ့သည် ၂၀၁၅ နှစ်ဆန်းပိုင်းက ကိုးကန့်ဒေသကို ပြန်လည်ဝင်ရောက်တိုက်ခိုက်သောအခါ ပို၍ ကြီးမား သောတိုက်ပွဲများဖြစ်လာတော့သည်။

ဤသို့ဖြင့် သမတဦးသိန်းစိန်သက်တမ်းသည် ဆွေးနွေးပွဲရော စစ်ပွဲပါ ရောယှက်ရှုတ်ထွေးနေသည့်ကာလဖြစ်သွားပေတော့ သည်။ ယခင် နအဖခေတ်၏အကျိုးဆက်များကို ဆက်လက်ထမ်းပိုးလိုက်ရသည်ဟုဆိုရမည်။ နအဖခေတ်က စစ်အင်အား သုံး၍ မိမိလိုချင်သောပုံစံရရှိအောင် ဖြေရှင်းခဲ့သည့်အကျိုးဆက်ဟု ဆိုရမည်။

မိမိလိုချင်သောပုံစံအတိုင်းရရှိအောင် အင်အားသုံးဖိအားပေးခြင်းမရှိဘဲ မူလကတိကဝတ်အတိုင်း အရပ်သားအစိုးရ လက် ထက်တွင် နိုင်ငံရေးအရဆွေးနွေးဖြေရှင်းသည့်လမ်းကြောင်းကိုသွားပါက KIA/ DKBA/ SSPP/ RCSS တို့နှင့် တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားဖွယ်မရှိချေ။ PSLO/ PSLA ကို ဖိအားပေး လက်နက်ချခြင်းမျိုးမရှိပါက ယနေ့ TNLA ပေါ်ပေါက်ဖွယ်မရှိချေ။ ၂၀၀၉ က ဖုန်ကြားစင်အဖွဲ့အား အင်အားသုံးမောင်းထုတ်ခြင်းမရှိက ၂၀၁၅ ကိုးကန့်ဒေသတွင် ပြင်းထန်သောစစ်ပွဲများ ဖြစ်ပွားဖွယ်မရှိချေ။ ထို့အတူ UWSA/NDAA တို့နှင့်လည်း တင်းမာမှုများပြန်လည်ဖြစ်ပွားဖွယ်ရာ မရှိချေ။

သို့ဖြစ်ရာ ယနေ့ပြန်လည်ဖြစ်ပွားနေသော စစ်ပွဲများ၏ဇစ်မြစ်မှာ အချိန်ကြာမြင့်စွာ စစ်ရပ်နားထားပြီးနောက် နိုင်ငံရေးဆွေးနွေး ပွဲဆီသို့မဆက်ဘဲ အင်အားသုံး၍ မိမိလိုချင်သော ပုံစံအားသွပ်သွင်းရာမှ အစပြုသည်ဟု ဆိုရမည်။ ထို့ပြင် စစ်ပွဲအား လိုချင် သည့် နိုင်ငံရေးသဘောတူညီချက်ရရှိရေးအတွက် ဖိအားပေးရာတွင်လည်းကောင်း၊ အပစ်အခတ်ရပ်စဲချိန်တွင် စစ်ရေးအရ သော်လည်းကောင်း၊ သယံဇာတထွက်ရှိမှုအရသော်လည်းကောင်း၊ အပြန်အလှန်နယ်မြေထိမ်းချုပ်နိုင်ရန် ကြိုးစားရာတွင်လည်းကောင်း၊ အသုံးပြုကြရာ စစ်ပွဲသည် အတောမသတ်နိုင်ဖြစ်ရပေတော့သည်။

ထို့ပြင် စစ်ပွဲပြန်လည်ဖြစ်ပွားသည်နှင့် နှစ်ဖက်ကျဆုံးဒဏ်ရာ ရရှိမှုများနှင့် စစ်ဘေးဒုက္ခသည်များ နစ်နာဆုံးရှုံးမှုများ ပေါ် ပေါက်လာရာ နှစ်ဖက်စလုံးတွင် အကြိတ်အခဲများ ဒဏ်ရာဒဏ်ချက်များနှင့် နားကျည်းချက်များပေါ်လာပေရာ ပြန်လည်ဖြေ လျော့၍ စစ်ပွဲများရပ်ဆိုင်းရန် ပိုမိုခက်ခဲနေသည်ဟုယူဆရပါသည်။

ယခုအခါ ၂၀၀၈ အခြေခံဥပဒေကိုလက်ခံရေးနှင့်ပတ်သက်သော ပြဿနာကိုလည်းကောင်း၊ လက်နက်ကိုင်တပ်ပြဿနာ ကိုလည်းကောင်း၊ နိုင်ငံရေးဆွေးနွေးပွဲဆီသို့ပို့၍ ဖြေရှင်းသဘောတူခဲ့ကြသော်လည်း အစချီချက်လွဲချော်ခဲ့သည့်အတွက် နိုင်ငံရေးဆွေးနွေးပွဲတွင် အားလုံးပါဝင်ရေးသည် ခက်ခဲနေဆဲဖြစ်သည်။

သို့ဖြစ်ရာ ခြုံ၍ဆိုရလျှင် နဝတ/နအဖ ခေတ်တလျောက်လုံး မဖြေရှင်းခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပြဿနာကို သမတဦးသိန်းစိန်သက်တမ်းမစမှီမှ စတင်ဖြေရှင်းပြီး ၎င်းအကျိုးဆက်ကို သမတဦးသိန်းစိန်သက်တမ်းတွင် ဆက် လက်အကောင်အထည်ဖော်ခဲ့သည်ဟု ဆိုရပေမည်။ သို့ဖြစ်ရာ သမတဦးသိန်းစိန်သက်တမ်းသည် ဆွေးနွေးပွဲရော စစ်ပွဲပါ ရောယှက်နေသည့်ကာလဟု ဆိုရပေမည်။ မူလအပစ်ရပ်ထားရာမှ ဆွေးနွေးပွဲဆီဆက်လှမ်းရန် စီစဉ်ဆောင်ရွက်ခဲ့ပါက ဤမျှ ရှုတ်ထွေးဘွယ်ရာ မရှိပေ။

မည်သို့ဆိုစေ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပြဿနာ တိုင်းရင်းသားအရေးပြဿနာကို နှစ်ပေါင်းများစွာ လစ်လျူရှုထား ရာမှ လက်တွေ့ကျကျ ဖြေရှင်းရန်ကြိုးစားသည်ကတော့ကောင်းသည် ဟု ဆိုရမည်။ နောင်လာမည့်အစိုးရသစ်လက်ထက်တွင် ကောင်းမွန်သည့်အချက်များကို ဆက်လက်သယ်ဆောင်မည်ဟု ဆိုပါသည်။

အင်အားသုံးဖြေရှင်းခြင်းနှင့် ၎င်းကိုတုန့်ပြန်သည့် အင်အားရှိမှဖြစ်မည်ဟူ၍ အပြိုင်အဆိုင် စစ်အင်အားတိုးချဲ့ခြင်းတို့သည်
ပြဿနာကို ဖြေရှင်းရန် ပိုမိုခက်ခဲစေသည်ကို သတိပြုရန် လိုပါသည်။

သစ်ကောင်းအိမ် - သိုက်တူးသမားတယောက်အကြောင်း ပြန်လည်ပြောပြချက်

$
0
0
 
သစ်ကောင်းအိမ် - သိုက်တူးသမားတယောက်အကြောင်း ပြန်လည်ပြောပြချက်
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၅

(၂၀၀၇ ခုနှစ်အတွင်း ရေးဖွဲ့ခဲ့ဟန်ရှိသည့် ကဗျာဆရာ သစ်ကောင်းအိမ်၏ ကဗျာကို မိုးမခပရိတ်သတ်အ တွက် ပြန်လည် ဖော်ပြပေးလိုက်ပါသည်)

ကြေးစားကလည်း ကြေးစားပီသတယ်
ရန်သူကလည်း ရန်သူပီသတယ်
လူကလည်း လူပီပီသသ။

မနက်ခင်းမှာ အရက်နာကျတယ်
နေ့လယ်ခင်းမှာ စိတ်ဓာတ်ကျတယ်
ညတွေမှာ ရင်ကွဲနာတွေကျတယ်။

တီတူးပြီးရောင်းလို့ ရတယ်
ဆံပင်ဖြတ်ပြီးရောင်းလို့ရတယ်
တိုင်းပြည်ကိုလက်ညှိုးထိုးပြီးရောင်းလို့လည်းရတယ်။

ဘာမနာလိုစရာရှိလဲ
အင်ဒရူးဝိုင်းယက်က ကိုယ်ပိုင်ကျွန်းမှာ ပန်းချီဆွဲတယ်
ငါက ကိုယ်ပိုင်အလွမ်းအဆွေးတွေနဲ့ ကဗျာရေးတယ်။
 
ဘာမနာလိုစရာရှိလဲ
မင်းနဲ့ငါလည်း ငွေလိုနေတယ်
လူသန်းပေါင်း (၆၀) လည်း ငွေလိုနေတယ်
အမေရိကန်အစိုးရမှာလည်း ငွေလိုနေတယ်။

ဘာမနာလိုစရာရှိလဲ
သုဘရာဇာက အလောင်းအလှပြင်တယ်
ငါက စာအုပ်အလှပြင်တယ်
သွေးဆာရင် ကောင်းကင်မော့ကြည့်တယ်။

ပန်းအလှစိုက်ပြီး
ယဉ်ကျေးချင်ယောင်ဆောင်သောလူသားကမ္ဘာမှာ
ခွေးအလှမွေးပြီး
ယဉ်ကျေးချင်ယောင်ဆောင်သောလူသားကမ္ဘာမှာ။

ဘာမနာလိုစရာရှိလဲ
ကိုယ်က တောနက်တယ်
လောကက ငါးမန်းပေါတယ်
အသား အသားချင်းမို့ မှားယွင်းမိခဲ့တယ်။

သစ်ကောင်းအိမ်
Monday, July 16, 2007

ရန်လိုကျွဲ - ၀န်ကြီးများလည်း စစ်ရေးအတွေ့အကြုံ ရှိရမည် (သရော်စာ)

$
0
0
ရန်လိုကျွဲ - ၀န်ကြီးများလည်း စစ်ရေးအတွေ့အကြုံ ရှိရမည် (သရော်စာ)
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၅

သမ္မတသည်   စစ်ရေးအတွေ့အကြုံ ရှိရမည်လို့ ၂၀၀၈ အခြေခံဥပဒေက ဆိုပါတယ်။

ဒါဟာ စစ်ရေးအတွေ့အကြုံ မရှိသူ၊ စစ်ထဲမ၀င်ဖူးသူတွေကို မြန်မာပြည်မှာ သမ္မတဖြစ်ခွင့် အော်တိုမစ်တစ် ပိတ်ပင်ထားတဲ့ သဘောပါပဲလို့ တချို့က သုံးသပ်တယ်။ ဒီအခြေခံဥပဒေနဲ့ဆိုရင် ရွှေရည်စိမ်ဒီမိုကရေစီပဲ ဖြစ်လာလိမ့်မယ်လို့ အဆိုးမြင်ကြ တယ်။

ဒီလေးငါးနှစ်အတွင်း ခလုတ်အတိုက်အခံရဆုံးထဲမှာ မြန်မာပြည်ရဲ့ အခြေခံဥပဒေ ထိပ်ဆုံးကပါတယ်လို့ ထင်ပါတယ်။ အရင်စစ်အစိုးရလည်း ဒီလူတွေပဲ၊ လက်ရှိ စည်းကမ်းရှိတဲ့ဒီမိုကရေစီအစိုးရမှာလည်း ဒီလူတွေပဲဆိုတော့  အာဏာ ဖက် တွယ်ထားချင်တဲ့ ဗိုလ်ချုပ်ကြီးတွေဟာ  ရေရှည်လုပ်စားနိုင်၊ ဗိုလ်ကျနိုင်ဖို့ ၂၀၀၈ အခြေခံဥပဒေကို ညစ်တီးညစ်ပတ်နည်းများ စုံစုံလင်လင်သုံးပြီး  ဖန်တီးခဲ့ကြတာလို့ အခိုင်အမာပြောနေသူ အများအပြားပါပဲ။ ဒီအချက် ဘယ်လောက်အထိ မှန်ကန်ပါ သလဲ၊ အစိုးရကိုဦးဆောင်ဖို့အတွက် သမ္မတကြီးမှာ စစ်ရေးအတွေ့အကြုံ လိုအပ်ရဲ့လား၊ အစိုးရအဖွဲ့ဝင်တွေကရော စစ်ရေး အတွေ့အကြုံ ရှိဖို့လိုသလား၊ (ဝေဖန်ရေးဆရာ စည်သူအောင်မြင့်ရဲ့လေသံကို နည်းနည်းယူပြီးပြောရရင်) ဒီအကြောင်းတွေကို ဒီတစ်လ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေဆွဲတဲ့သူတွေဟာ အင်မတန် ခေတ်မီတယ်၊ ဂလိုဘယ်အတွေးအခေါ်ရှိတယ်လို့ ဆိုနိုင်ပါတယ်။  နိုင်ငံ အတော်များများဟာ ရန်သူ တစ်ဖွဲ့ဖွဲ့ကို တိုက်နေ ခိုက်နေရတယ် မဟုတ်လား။ မတိုက်ရဘူး၊ မခိုက်ရဘူးဆိုရင်လည်း အနည်းဆုံးတော့ ရန်စောင်နေကြပါတယ်။ သို့ကလို တိုက်ခိုက်နေရ၊ ရန်စောင်နေရတဲ့အတွက် နိုင်ငံ့ခေါင်းဆောင်မှာ စစ်ရေးအမြင် ရှိရမည်ဆိုတဲ့သတ်မှတ်ချက်ဟာ အင်မတန် ခေတ်မီတယ်၊ အတွေးအခေါ် ဂလိုဘယ်ကျတယ်လို့ ဆိုလိုက်ခြင်း ပါ။

ဒီတော့  မြန်မာပြည်အခြေခံဥပဒေထဲ ပြဋ္ဌာန်းထားတဲ့ ...  သမ္မတသည်  စစ်ရေးအတွေ့အကြုံ ရှိရမည်ဆိုတဲ့အချက်ကို  နိုင်ငံ တကာက ကြိတ်ပြီး ကြိုက်နေကြဖွယ်ရှိပါတယ်။ မြန်မာသမ္မတရဲ့ ပါဖောမင့်န်ကို တလေးတစား အလေးထား လေ့လာ နေကြဖွယ် ရှိပါတယ်။

မြန်မာနိုင်ငံမှာ သူပုန်အဖွဲ့ စုံလင်စွာ ရှိကြတဲ့အတွက် အစိုးရက တိုက်ပွဲတွေလည်း မကြာခဏ တိုက်ရပါတယ်။

(သူပုန်ဆိုတဲ့ စကားလုံးကိုသုံးရတာ ဘက်လိုက်သလို ဖြစ်နေမလားလို့ ခေတ်ပေါ်သတင်းသမားတချို့က စိုးရိမ်ကြတယ်။ တချို့ကလည်း ဒီစကားလုံးဟာ မြင့်မြတ်တယ်လို့ ယူဆကြတယ်။ မြင့်မြတ်ပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနေ၀င်း၊ ဦးသန်းရွှေ၊ ဦးသိန်းစိန် အစိုးရအဆက်ဆက်ရဲ့ ၀ါဒဖြန့်စာတွေထဲမှာ ဒီစကားလုံးကို အထူးအလေးထား ရှောင်ကြလို့ပါ။ သူပုန်ဆိုတာ ဘုရင်ကို ပုန်ကန်သူလို့ အဓိပ္ပါယ်ရတယ် မဟုတ်လား။ သို့သော်လည်း သူပုန်တချို့ကတော့ သူတို့ကို သူပုန်လို့ ခေါ်ရင် ရွှေစိတ်တော် ညိုကောင်း ညိုကြလိမ့်မယ်၊ အဲဒီ စကားလုံးအစား တော်လှန်ရေးသမားလို့ ခေါ်စေချင်ကြပါလိမ့်မယ်။ ဒါက ကြုံလို့ ရေးလိုက်တာပါ)

သူပုန်အဖွဲ့တွေဟာ  ငြိမ်းချမ်းရေးမရခင်  လက်နက်တွေ တပ်ဆင်ထားကြဦးမယ်ဆိုတော့ မြန်မာပြည်တွင်းမှာ တိုက်တာ ခိုက်တာတွေက အနည်းနဲ့အများ သေချာပေါက် ဆက်ရှိနေကြဦးမှာပါပဲလို့ ဂြိုဟ်တွေ၊ နက္ခတ်တွေကို မကြည့်ဘဲ ဟောနိုင် ပါတယ်။ တိုက်ပွဲ ခိုက်ပွဲများ  မြန်မာပြည်တွင် ပြုလုပ်သည့်ပေါ့ဗျာ။ စစ်ပွဲတွေ ရှိနေဦးမှာဖြစ်တဲ့အတွက် နိုင်ငံ့ခေါင်းဆောင် သမ္မတမှာ စစ်ရေးအမြင် ရှိကို ရှိရမယ် ဆိုပြီး  အခြေခံဥပဒေထဲ မမေ့မလျော့ ထည့်ဆွဲထားကြဟန် တူပါတယ်။ ပြီးတော့... ရှေးထုံးမပယ်ဘူးဆိုရင်လည်း သမ္မတဟာ စစ်ရေးအမြင်  ရှိသင့်ပါတယ်လို့ ဆိုရမယ်။

 ရှေးတုန်းကဆို သမ္မတဖြစ်မယ့်၊ ဘုရင်ဖြစ်လာမယ့် မင်းညီမင်းသားတို့သင်ယူရတဲ့ ပညာထဲမယ် စစ်ဘက်ဆိုင်ရာ ပညာရပ် တွေ ပါနေတယ် မဟုတ်လား။ အတိတ်ကာလ ဘုရင်သမ္မတတွေဟာ စစ်ရေးအမြင်တင်မက   စစ်ရေးအတွေ့အကြုံပါ ခိုင်ခိုင် မာမာ ရှိကြသူတွေပါလို့ ကောက်ချက် ချရင် မှားမယ်မထင်ပါဘူး။

သမ္မတကြီး  စစ်ရေးအတွေ့အကြုံ ရှိရမယ်ဆိုတဲ့ ရေးဆွဲပြဋ္ဌာန်းချက်ဟာ ရှေးထုံးမပယ်တဲ့သဘောကို ဆောင်တဲ့အတွက် အခြေခံဥပဒေ ရေးဆွဲသူတို့ ဉာဏ်ကြီးလှပေစွ လို့ ဆိုရပါလိမ့်မယ်။

သမ္မတကြီးကိစ္စတော့ ပြီးပါပြီ။ ဝန်ကြီးများ၊ ဝန်မင်းများကရော စစ်ရေးအတွေ့အကြုံ လိုအပ်ပါရဲ့လား။ လိုအပ်မယ်လို့ ယူဆ ရပါတယ်။  ကနေ့ခေတ် မြန်မာဝန်ကြီး အားလုံးနီးပါး စစ်ဗိုလ်ချုပ်ဟောင်းတွေချည်းပဲ ဖြစ်နေတာဟာ မတော်တဆ တိုက်ဆိုင် မှုတော့ မဟုတ်ပါဘူး။ သမ္မတဟာ နိုင်ငံရဲ့ လိုအပ်ချက်အရ အဲဒီလို ခန့်ထားခြင်း ဖြစ်ပါလိမ့်မယ်။

ဖေဖော်ဝါရီလထဲမှာ ပေါ်ပေါက်ခဲ့တဲ့ ပညာရေးလေးပွင့်ဆိုင် ဆွေးနွေးပွဲအခင်းအကျင်းတွေမှာ ဒီအချက်က ပေါ်လွင်နေပါ တယ်။  အစိုးရဘက်က ၀န်ကြီး သုံးလေးပါးကို ဆွေးနွေးပွဲ လွှတ်လိုက်ပါတယ်။ ၀န်ကြီးများရဲ့ အပြုအမူကို ကြည့်ရင် စစ် ဘက် အရပ်ဘက် အရည်အချင်း ကွာခြားပုံကို သတိထားမိပါလိမ့်မယ်။

အစိုးရလွှတ်လိုက်တဲ့ ပညာရေးဝန်ကြီးကတော့ စစ်ဘက်က မဟုတ်ပါဘူး၊ အရပ်သားဝန်ကြီးပါ။ သူဘာလုပ်၊ ဘာပြောသလဲ။ ပညာရေးဝန်ကြီးက ဆွေးနွေးပွဲမှာ မိန့်ခွန်းစာရွက် ဖတ်ပြပါတယ်။ ပြီးတော့ အခန်းထဲက ထွက်သွားပါတယ်။ ဘယ်သူရေး တဲ့မိန့်ခွန်းလဲ မသိပါဘူး။ သူကိုယ်တိုင်ရေးတာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ အဲ... ဒီအချက်ကို တွေ့လိုက်သူတို့ကတော့ စာဖတ်တတ်ရင် ၀န်ကြီးဖြစ်မယ်လို့ မှတ်ယူသွားနိုင်ပါတယ်။ အရပ်ဘက်ဝန်ကြီးတွေ မစွံဘူးကွာလို့ ဆိုသူက ဆိုပါလိမ့်မယ်။
အဲဒါက ရာဂဏန်းရှိတဲ့ ကျောင်းသူကျောင်းသားတွေ မန္တလေး-ရန်ကုန်လမ်းမကြီးတလျှောက် ဆန္ဒပြ ချီတက်ကြချိန်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲပါ။ ပညာရေးဥပဒေ ပြင်ဆင်ရေး တောင်းဆိုကြခြင်းပါ။ တောင်းဆိုချက်ထဲမှာ ... ကျောင်းသားသမဂကို အစိုးရက အသိအမှတ်ပြုရေး ဆိုတာလည်း ပါသပေါ့။

ဒါဟာ သမ္မတဦးသိန်းစိန် နှလုံးခုန်နှုန်း ပြောင်းလဲသွားစေနိုင်တဲ့ တောင်းဆိုချက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။  ဘာကြောင့်လဲ ဆိုတော့ ဦးသိန်းစိန်က  ကျောင်းသားသမဂ္ဂဆိုတဲ့ စကားလုံးနဲ့ ဓာတ်တည့်ပုံ မရတဲ့အတွက်ပါ။  သူက  ကျောင်းသားယူနီယံ လို့ပဲ သုံးတတ်ပါတယ်။ ဒီနေရာမှာ မေးစရာ ရှိလာတာက ... ယူနီယံဆိုတဲ့ အင်္ဂလိပ်စကားလုံးနေရာမှာ သမဂ္ဂဆိုတဲ့ မြန်မာ စကားလုံးသုံးဖို့ ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်စာ မထုတ်ဘူးလား ဆိုတာပါပဲ။ ဟင့်အင်း...   မထုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြန်ကြားရေးဌာနကို ခေါင်းဆောင်နေသူတွေဟာ အရပ်ဘက်အရာရှိတွေ မဟုတ်ဘဲ  စမတ်ကျတဲ့ စစ်ဘက်ကလာတဲ့ အရာရှိတွေဖြစ်နေလို့ပါပဲ။

ကျောင်းသားသမဂ္ဂ၊ ကျောင်းသားယူနီယံဆိုတဲ့စကားလုံးအကြောင်းနားထားပြီး ပညာရေးလေးပွင့်ဆိုင် ဆွေးနွေးပွဲအကြောင်း ပြန်ဆက်ရရင်... ပညာရေးပြဿနာဆိုတော့ ပညာရေးဝန်ကြီးက အဓိကဖြေရှင်းရမယ်လို့ သဘောပေါက်မိပါတယ်။ သို့သော်လည်း စကားပြော ဆွေးနွေး ညှိနှိုင်းပွဲအစမှာ စာရွက်ဖတ်ပြပြီး ပြန်သွားတယ် ဆိုတော့ကာ ... ၀န်ကြီးအရည်အချင်းကို မည်သို့နားလည်ရမှန်းမသိ ဖြစ်ရပါ၏ပေါ့လေ။ သူ့ကို အရုပ်အဖြစ်ပဲ ဆွေးနွေးပွဲတွေ တက်ခိုင်းတာ၊ အဓိကကျတာကတော့ သမ္မတရုံးဝန်ကြီးတွေကွ လို့ အဆိုးမြင်သူတွေက ထောက်ပြကောင်း ထောက်ပြနိုင်ပါတယ်။

ဟော...စစ်ဗိုလ်ဟောင်းဝန်ကြီးကတော့ ရှင်းသဗျ။ ဆွေးနွေးပွဲမှာ စစချင်း ဘာပြောသလဲဆိုတော့ မင်းတို့ရဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို အစိုးရက အသိအမှတ်ပြုတယ်ကွာတဲ့။ အဲ... ဘယ်သူကမှလည်း အဲဒီလို အသိ အမှတ်ပြုဖို့ မတောင်းပါဘူးဗျာ။ မတောင်းသော်ငြားလည်း ကော်မတီကို အဲသလို ကောက်ခါငင်ကာ ထောက်ခံပြလိုက်ခြင်းဟာ ပွဲစစချင်း တစ်ဂိုးသွင်းလိုက်တဲ့သဘောပါပဲ။

အဲဒီဝန်ကြီးက သူပုန်တွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါင်း ကိုးသောင်းကိုးထောင်နီးပါး လုပ်ခဲ့သူဖြစ်တဲ့အတွက် ညှိနှိုင်းဆွေး နွေးပွဲယဉ်ကျေးမှုနဲ့ပတ်သက်ရင် ကျွမ်းကျင်လိမ္မာလှတယ်လို့  အလွယ်တကူ ကောက်ချက်ချနိုင်ပေမယ့် တကယ်တမ်း စဉ်း စားကြည့်ရင် စစ်အရာရှိတွေ ဒိုင်ယာလော့ ပိုကျွမ်းတဲ့သဘော၊ အထင်ကြီးလာကြအောင်ပြောနိုင်တဲ့ သဘောကို ကွက်ကွက် ကွင်းကွင်း မြင်ကြပါလိမ့်မယ်။

သမ္မတကြီးကလည်း  စစ်ရေးအတွေ့အကြုံ ရှိတဲ့ ၀န်ကြီးတွေကိုပဲ ပိုပြီး အားကိုးအားထား ပြုနေမှန်း အင်မတန် သိသာတဲ့ပွဲ ဖြစ်သွားပါတယ်။

ဒီတော့...၂၀၀၈ အခြေခံဥပဒေကို စိတ်ကြိုက် ရေးဆွဲခဲ့ခြင်းဟာ အာဏာဖက်တွယ်ထားချင်လို့မဟုတ်၊  ရေရှည်လုပ်စားဖို့လည်း မဟုတ်ဘူး၊ အရပ်သားတွေ ဟန်မကျလို့ စစ်ဗိုလ်တွေပဲ သမ္မတလုပ်သင့်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်ဖြစ်မလားလို့ တွေးမိတယ်။

အရပ်သားတွေ ဟန်မကျ၊ စစ်ဗိုလ်တွေသာ အသုံးကျတယ် ဆိုတဲ့ သီအိုရီကို အားဖြည့်တဲ့ ဖြစ်ရပ်တွေ ကြားခဲ့ရပြီးဖြစ်မှာပါ။ သိပ်မကြာသေးခင်ကဆိုရင် ၀န်ကြီးများက တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့ အရည်အချင်းတွေကို ထုတ်ကြွားကြ ပါသေးတယ်။ ကာတွန်းဆရာတွေ၊ လူရွှင်တော်တွေကတောင် သူတို့ရဲ့ ဒိုင်ယာလော့တွေကို ယူသုံးကြရတဲ့အထိ အောင် မြင်မြင်ကြတာ သတိထားမိကြမှာပါ။ ရလဒ်ကတော့ ကာတွန်းဆရာတွေ၊ လူရွှင်တော်တွေဟာ ဘယ်ဝန်ကြီး ဘာပြော လိုက်ပြန်ပြီတဲ့ဟေ့ ဆိုတာကို စောင့်ကြည့်လေ့လာနေကြပါတော့တယ်။ ၀န်ကြီးများရဲ့ အောင်မြင်မှုပေါ့ဗျာ။

ဒါဟာ အရပ်ဘက်အုပ်ချုပ်ရေးမှာ ၀န်ကြီးလုပ်တဲ့အခါ စစ်ရေးအတွေ့အကြုံ၊ စစ်ရေးအမြင်တွေက အင်မတန် အသုံးတည့်တဲ့ သဘော ပေါ်လွင်စေတဲ့အချက်ပါ။

ဒါကြောင့်  ၀န်ကြီးတစ်ပါးရဲ့ အရည်အချင်း သတ်မှတ်ချက်မှာ “စစ်ရေးအတွေ့အကြုံရှိရမည်” ဆိုတာလေးကို    အခြေခံဥပဒေ ထဲ  မကြာခင် ထည့်သွင်းလာဖွယ်ရှိတယ်လို့ သုံးသပ်မိပါတယ်။

အဲဒီအဆင့်ပြီးရင်တော့ နိုင်ငံသားအားလုံး စစ်ရေးအတွေ့အကြုံ ရှိရမည် ဆိုတဲ့အချက်ကို အခြေခံဥပဒေမှာ  ထည့်သွင်းလာ ဖွယ်ရှိပါတယ်။     ။ 



ကာတွန်း သရုပ်ဖော် စောငို ဖြစ်သည်။

ကာတွန်း ရွှေလူ - ပြတိုက်ကြည့်ရမယ့် .. အထက်အမိန့်

$
0
0
ကာတွန်း ရွှေလူ - ပြတိုက်ကြည့်ရမယ့် .. အထက်အမိန့်
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၅

ခင်လွန်း - ယာယီနှင်းများ

$
0
0
 
ခ င် လွ န်း - ယာ ယီ နှ င်း များ
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၅

(ယခင်က ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ဖူးသည့် မိုးမခပင်တိုင်ကဗျာဆရာတဦးဖြစ်သူ ခင်လွန်း၏ ကဗျာ တပုဒ်အား မိုးမခပရိသတ်အတွက် ပြန်လည် မျှဝေလိုက်ပါတယ်)

နှင်းတွေ။
လာရာကိုကျောခိုင်းလို့
တံတိုင်းခြားခံလိုက်ရတဲ့တောင်တန်းတွေအောက်
ညှို့ကွင်းမိသားကောင်တွေ ထောင်ချောက်မိနေတာမဟုတ်ဘူး

ဒါ
စစ်ပန်းသွားတဲ့ ခေါမဏီတပ်ကြီး နားနေတာလည်းမဟုတ်ဘူး
အိပ်မက်ကိုယ်စီပျိုးလို့
အရိုးကို ဆံထိုးလုပ်လိုသူတွေနဲ့
ကမ်းလွန်ရွှေမုဆိုးတို့ရဲ့ စခန်းထောက်ရာလို့ဆိုဆို
ကိုလံဘတ်အလိုအရပြောရင်
သူတို့အာငွေ့နဲ့ ရွက်လွှင့်ထွက်ခွာရာဆိပ်ကမ်း။

သေချာတာက
အမေတခြား သားတခြား
အိပ်ရာတခြား အိမ်တခြား
ချစ်သူတခြား ပါးတခြား
အဓိပ္ပာယ်ထွေထွေပြားပြားမှာ
နတ်နေကိုင်းတွေ အများသားရှိရာကလာတဲ့
တတိယကမ္ဘာသားတွေပါ။

ဒီလိုဆောင်းဆိုရင်
ဒုက္ခကိုရှေ့တင်ကစားထားရတဲ့ပွဲမှာ
အသားငတ်တာကလွဲလို့
စကားငတ်တာကလွဲလို့
(စာငတ် ကဗျာငတ်တာကလွဲလို့)
အသားပတ်တဲ့ဆောင်းဟာ
ချောင်းတဟွတ်ဟွတ်ဆိုးပြီဆိုရင်
ထုံးဓာတ်များတဲ့ရေကို
ထင်းမီးဖိုမှာ နာနာကြိုပြီ။

ဒီလိုဆောင်းဆိုရင်
နှင်းဝေေ၀ကြား
အပေါစားဗွီဒီယိုကားရဲ့ ဖြစ်ကတတ်ဆန်း ဆက်တင်ထဲကလို
ပုဆိုးခြုံဆေးလိပ်တဖွားဖွားနဲ့ ထင်းကောက်သူကောက်
ဘေထုတ်ထည်တဖားဖားနဲ့ လမ်းလျှောက်သူလျှောက်
အချို့တောပန်းတွေ ကောက်သူကောက်လို့
တချို့ထင်းမီးပုံတဖွားဖွားမှာ သိုက်စာဖတ်ရာ နားထောင်သူထောင်လို့။

သည်လိုတောခန်းတောင်ခန်း
တထောက်စခန်းပဲဆိုဆို
စင်တင်ကဇာတ်ထဲမှာ ပြဇာတ်မင်းသားဆန်နေသူတွေဟာ
အချီအချ ဒိုင်ယာလော့ခန်းဆိုရင်
ကိုယ့်လူများလည်း ခေသူမဟုတ်ကြ။
… … …
… … …
… … …
အင်း သူ့အကြောင်းပြောရင်
ကိုယ့်အကြောင်းလည်း ပြောပြန်ကြလိမ့်မယ်

ထားတော့
တငွေ့ငွေ့လောင်သွားတဲ့ရက်တွေလို
နောက်ဆုံးအံသွားနဲ့ ခဲထားတဲ့ပေါ့လိပ်တိုကို စက္ကူပတ်ခွာလိုက်ချိန်
သုခိတာတဲ့
(ဒုတိယဘာသာစကားအောက် ဒို့တွေ ခိုနေကြရပုံများ)
သုခိတာ ဟောန္တု ဒုက္ခာ မုစ္ဆန္တု
ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပါစေသတည်း။

ကာတွန်း မောင်ရစ် - ဟုတ်ကဲ့ပါ မေမေ (၄)

$
0
0

ကာတွန်း မောင်ရစ် - ဟုတ်ကဲ့ပါ မေမေ (၄)
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၅

ဆလိုင်းရွှေလင်း - ဓမ္မစာဆို အရှင်နာရဒ(ပုတီးကုန်း) ၊ ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့ သြဝါဒါစရိယဆရာတော် ၊ ဝိနယဓရ ပိဋိကတစ်ပုံ အာဂုံအောင် ပျံလွန်တော်မူ

$
0
0
ပန်းချီဆရာကြီး ဦးစန်းလှိုင်နှင့်အတူ မကြာသေးမီက တွေ့ခဲ့ရသော အရှင်နာရဒ(ပုတီးကုန်း)


ဆလိုင်းရွှေလင်း  - ဓမ္မစာဆို အရှင်နာရဒ(ပုတီးကုန်း) ၊ ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့ သြဝါဒါစရိယဆရာတော် ၊ ဝိနယဓရ ပိဋိကတစ်ပုံ အာဂုံအောင် ပျံလွန်တော်မူ
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၅

ရန်ကုန်၊အလုံ၊ပါဠိတက္ကသိုလ် အောင်မင်္ဂလာတိုက်သစ်တွင် စာချနာယကအဖြစ် ဆောင်ရွက်တော်မူသော ဆရာတော် အရှင်နာရဒသည် သက်တော် ၅၇-နှစ် ဝါတော် ၃၇-ဝါအရောက် ၂၁-၁၁-၂၀၁၅ စနေနေ့၊ကောဇာ ၁၃၇၇ တန်ဆောင်မုန်းလဆန်း (၁၀) ရက်နေ့ ည ၇-နာရီတွင် ပျံလွန်တော်မူခဲ့ပါသည်။ဆရာတော်သည် ဗမာတိုင်းရင်းသားဖြစ်သော်လည်း ချင်းလူမျိုးများအပါအဝင် အခြားတိုင်းရင်းသားများ ဗုဒ္ဓဘာသာထွန်းကားရေးကို လိုလားတော်မူသည်။ အားပေးတော် မူသည်။ ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့တွင် သြ၀ါဒါစရိယဆရာတော်အဖြစ် ပျံလွန်တော်မူသည်အထိ ပါဝင်ချီးမြှောက်တော်မူသည်။ 

ဆရာတော်ကို ကောဇာ ၁၃၂၀ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ရက် (၂၁-၂-၁၉၅၉) စနေနေ့တွင် ပဲခူးတိုင်း သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ လက်ပံကုန်ကျေးရွာ၌ ခမည်းတော် ဦးကျော်ငြိမ်း၊ မယ်တော် ဒေါ်ခင်သန်းတို့မှ ဖွားမြင်တော်မူသည်။ ၁၃၃၄ခုနှစ်တွင် မိဘများ၏ ပစ္စည်းလေးပါးဒကာ ခံယူ၍ ရှင်သာမဏေပြုသည်။ ဥပဇ္ဈာယ်ဆရာမှာ ဆရာတော် ဦးကေလာသ ဖြစသည်။် ရွာဦးကျောင်း ဆရာတော်ထံမှ အခြေခံစာပေများကို သင်ယူခဲ့သည်။ ၁၃၃၈-ခုနှစ် တွင် ရန်ကုန်မြို့ အလုံ အောင်မင်္ဂလာတိုက်သစ်သို့ ရောက်ရှိကာ ဆရာတော် ဦးတေဇိန္ဒာဘိဝံသနှင့် စာချနာယက ဆရာတော်များထံ စာဝါလိုက်ခဲ့သည်။ ၁၃၄၀-ခုနှစ်တွင် ရန်ကုန်တိုင်း ခရမ်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာနေ ဦးခင်မောင်+ဒေါ်သင်းဥတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရဟန်းဖြစ်တော်မူသည်။ 
ရဟန်းဥပဇ္ဈာယ်ဆရာမှာ ဆရာတော် ဦးပဏ္ဍိတဖြစ်သည်။ 

၁၃၄၃ခုနှစ် သက်တော် ၂၃နှစ် အရွယ်တွင် နိုင်ငံတော်အစိုးရ သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိသည်။ ၁၃၄၄ ခုနှစ်မှစ၍ ယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ၁၃၅၁ ခုနှစ်မှစ၍ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ၀ိနည်းဓိုရ်ဆရာတော်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၃၅၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ပိဋိကတ် သုံးပုံစာမေးပွဲ ၀ိနည်းငါးကျမ်း အာဂုံဆောင်နိုင်သဖြင့် (၀ိနယဓန) ဘွဲ့တံဆိပ်နှင့် အောင်လက်မှတ်ရရှိသည်။ တဖန် နိုင်ငံတော်အစိုးရ နိကာယ်စာမေးပွဲ (၀ိနိယ၀ိဒူ)ဘွဲ့ နိကာယုဇ္ဇေတက၀ိနယဓရဘွဲ့တံဆိပ်တို့ကို ရရှိခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရ ပထမပြန်စာမေးပွဲ စာစစ်တာဝန်တို့ကို ဆောင်ရွက်ခဲ့သည်။ ၁၃၅၄ခုနှစ်မှစ၍ ပျံလွန်တော်မူသည်အထိ အောင်မင်္ဂလာတိုက်သစ်၌ စာချနာယကတာဝန်ကို ထမ်းဆောင်ခဲ့သည်။

ပျံလွန်တော်မမူမီ ၃ရက်အလို ၁၈-၁၁-၂၀၁၅ (ဗုဒ္ဓဟူးနေ့) တွင် အသက် ၉၄နှစ်ရှိ ပန်းချီ ဆရာကြီး ဦးစန်းလှိုင်၏ တကိုယ်တော် ပန်းချီပြပွဲသို့ ကြွရောက်ခဲ့သေးသည်။ ဆရာဆလိုင်းရွှေလင်းက ဆရာကြီးနှင့် ဆရာတော်ကို တွဲ၍ ဓာတ်ပုံမှတ်တမ်း ရိုက်ကူးခဲ့ပေးသည်။ 

ဆရာတော်သည် တေးထပ်၊ရတု၊ လင်္ကာ၊ များကို အထူးပြောင်မြောက်စွာ ရေးသားစပ်ဆိုတော် မူခဲ့သည်။ စာပေ၀ါသနာပါသော ကျောင်းသားနှင့် ရဟန်းများကို အားပေးကူညီ၍ သင်ပေးတော်မူသည်။ စာရေးဆရာ ဆလိုင်းရွှေလင်းသည် ကျောင်းသားငယ်ဘ၀၌ ဆရာတော်ထံ မရှင်းလင်းသည်များကို မေးလျှောက်၍ စာပေများ ရေးသားခဲ့သည်။ ဆရာတော်က စာမူကြမ်းများကို ဖတ်ရှု၍ အကြံပြုတော်မူသည်။ ရဟန်းစာဆို အရှင်ဥတ္တမ (ကလောင်အမည်- အနွေးသခင်၊ ရှင်မွေ့နွမ်း) ကို လည်း သင်ပေးပြပေးတော်မူသည်။ ဆလိုင်းရွှေလင်း၏ ပါဋိအသံထွက် ဖတ်နည်းကိုလည်း စိစစ်တည်းဖြတ်တော်မူခဲ့သည်။ ဆရာတော်သည် ဆလိုင်းရွှေလင်း၏ အလှူငွေဖြင့် ကဗျာလင်္ကာပေါင်းချုပ်စာအုပ်ဖြစ်သော ဓမ္မသင်းထုံ ကဗျာစုံ စာအုပ်ကို ထုတ်ဝေလှူဒါန်းခဲ့သည်။ သက်တော် ၅၀-ပြည့် ရွှေရတုစာစောင်ကိုလည်း ကလောင်စုံဖြင့် ထုတ်ဝေလှူဒါန်းခဲ့သည်။

ဆရာတော်သည် သက်တော် ၁၇-နှစ် အရွယ်မှစ၍ ဆေးလိပ်သောက်ခဲ့ရာ ပျံလွန်တော်မမူမီ ၃နှစ်အလိုတွင်မှ ဆေးလိပ်ပြတ်ခဲ့သည်။ စာရေးစာချ တရားဟောအလုပ်များကြောင့် အညောင်းမိခဲ့သည်။ ဒကာဒကာမတို့ ကပ်လှူသော အဆီအစိမ့် အငန်များကို  ဘုန်းပေးခဲ့ရသည်။ ထိုအကြောင်းများကြောင့် ကျန်းမာရေး ထိခိုက်လာသည်။ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါများ ဖြစ်ပွားခဲ့သည်။ သို့သော် ကျန်းမာရေးကြောင့် တာဝန်များ မလစ်ဟင်းစေခဲ့ပါ။ အခြားသူတို့ကိုလည်း ၀န်ထုပ်ဝန်ပို မဖြစ်စေခဲ့ပါ။ နေကောင်းသည်ဟုသာ အမြဲပြောနေခဲ့သည်။

 ဆရာတော်သည် ကျိန်းစက်ရာတွင် သီးသန့်အခန်းဖွဲ့ ခြင်း မပြုပါ၊ ဆိတ်ကွယ်ရာ မထားပါ။
ဆရာတော်၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို ၂၉-၁၁-၂၀၁၅ (စနေနေ့)တွင် ထိန်ပင် သုသာန်၌ အန္တိမဈာပနသဘင် ကျင်းပမည်ဟု သတင်းရရှိပါသည်။



အောင်ဝေး - ဒီ ေ န ့ က် ေ နာ် အ မု န်း ဆုံး က မ အ လ ပဲ ဖြ စ် တ ယ် အေ မ

$
0
0

အောင်ဝေး - ဒီကျာ်မုန်ဆုံက  ပဲဖြစ်ယ်
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၅

ဒီနေ့ကျနော် အမုန်းဆုံးကပဲဖြစ်တယ်။

ရေ
လ။

သေသွားပြီ
အနွယ်တွေလည်း သွားရှာပေါ့။

သေသွားပြီ
အနွယ်တွေလည်း သွားရှာပေါ့။

ဒီနေ့ကျနော် အမုန်းဆုံးကပဲဖြစ်တယ်။

ရေ
လ။

ခင်ညွန့်မသေသေးဘူး
ခင်ညွန့်ဝင်စားတွေပေါ်နေပြီ။

/၉၀မမေ့သေးဘူး
/၂၀၁၆တွေကြံစည်နေပြီ။

ဒီနေ့ကျနော် အမုန်းဆုံးကပဲဖြစ်တယ်။

ရေ
လ။

လောက်ကိုင်မှာ
မျောက်မှိုင်မှိုင်တာ အရေးမကြီးဘူး။

ရွေးကောက်ပွဲ
ခွေးခလောက် ဆွဲသလို မလုပ်နဲ့။

ဒီနေ့ကျနော် အမုန်းဆုံးကပဲဖြစ်တယ်။

ရေ
လ။

ပျော်ရွှင်မှုတွေ
ဒေါ်ကျင်ပုဆီမရောက်သေးဘူး။

ရွေးကောက်ပွဲ
ခွေးခလောက် ဆွဲသလို မလုပ်နဲ့။

ဒီနေ့ကျနော် အမုန်းဆုံးကပဲဖြစ်တယ်။

ရေ
လ။

စစ်ပွဲတွေ ရပ်
စစ်ပွဲတွေ ရပ်။

စစ်ပွဲတွေ ရပ်
စစ်ပွဲတွေ ရပ်။

ဒီနေ့ကျနော် အမုန်းဆုံးကပဲဖြစ်တယ်။


တွေကျဆုံးပါစေ။

ရေ
လ။

တွေကျဆုံးပါစေ။

ဒီနေ့ကျနော် အမုန်းဆုံးကပဲဖြစ်တယ်။
ဒီနေ့ကျနော် အဆဲချင်ဆုံးကလည်းပဲဖြစ်တယ်အမေ။   

( လူထုနှစ်စ်ပြည့်သို)

အမေ့သား

င်

ညွန့်ထွေး - တောင်တမန်အင်းနဲ့ စာပေလောကသားများ

$
0
0
ညွန့်ထွေး - တောင်တမန်အင်းနဲ့ စာပေလောကသားများ
နိုဝင်ဘာ ၃ဝ၊ ၂၀၁၅ 


အမရပူရမြို့ တောင်တမန်အင်း၊ ဦးပိန်တံတားဝန်းကျင်ကို အနယ်နယ်က စာပေလောကသားတွေ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ရောက်လာကြပါတယ်။
လူထုဒေါ်အမာ ရာပြည့် အမှတ်တရအစီအစဉ် တက်ရောက်ရင်း ရောက်လာကြသူတွေပါ။ ဒေါ်အမာ မရှိတော့ပေမယ့် ခါတိုင်း ဒေါ်အမာမွေးနေ့ အခမ်းအနား ကျင်းပတဲ့ ဒီနေရာမှာ  သူတို့ လာရောက် ဆုံဆည်းကြ၊ စကားဝိုင်းဖွဲ့ကြပါတယ်။
ဆင်အကနဲ့ လာရောက် တင်ဆက်သူလည်း ရှိပါတယ်။
ဒီနှစ်မှာတော့ ပိုပြီးတော့ လူစုံပါတယ်။ ရာပြည့်လည်းဖြစ်၊ လွတ်လပ်မှု ပိုရှိလာတဲ့ ခေတ်ကို ရောက်လာတာလည်း ဖြစ်တဲ့အတွက် လူပိုစုံပါတယ်။
အရောင်အသွေး၊ အုပ်စု မတူတဲ့ စာရေးဆရာတွေ တက်ရောက်သလို လူထုဒေါ်အမာနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေဟာ သူပုန်ဆန်တယ်လို့ ယူဆပြီး
ခပ်ကင်းကင်း နေခဲ့သူတွေလည်း တက်ပါတယ်။
ရာပြည့်အခမ်းအနား အပြင်ဘက် မြင်ကွင်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ အခမ်းအနား အတွင်းဘက် မြင်ကွင်းတွေကိုတော့ ဒီညနေပိုင်း တင်ဆက်သွားနိုင်အောင် ကြိုးစားပါမယ်။
ညနေပိုင်း ဓမ္မသာလာ ခန်းမ စာအုပ်အရောင်းဆိုင် ပိတ်ခါနီးမှာ ရောက်လာတဲ့ စာအုပ်ဝယ်ယူသူတွေထဲက တချို့ကို မိုးမခ မဂဇင်း လက်ဆောင် ပေးခဲ့ပါတယ်။ နိုဝင်ဘာလထုတ် မိုးမခကို လူထုဒေါ်အမာ မျက်နှာဖုံးနဲ့ ထွက်ပါတယ်။



အင်္ကျီအဖြူ ဝတ်ထားသူက မန္တလေးမှာ ရှိတဲ့ မိုးမခ ဝိုင်းတော်သား ဦးအုန်းငွေ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူရိုက်ထားတဲ့ ဒေါ်အမာ ဓာတ်ပုံများကို ရာပြည့်ပွဲ ကျင်းပရာ တောင်လေးလုံးကျောင်းတိုက် အဝင်ဝမှာ ခင်းကျင်း ပြသခဲ့ပါတယ်။

ရန်ကုန်အခြေစိုက် ကဗျာဆရာ စောဝေ



ဦးပိန်တံတားဘက် သွားတဲ့လမ်းမှာ တွေ့ရတဲ့ စာရေးဆရာ ကြည်နိုင်နဲ့ မိတ်ဆွေတချို့

တက်ရောက်လာသူ ဧည့်သည် တချို့

လာရောက်တင်ဆက်တဲ့ ဆင်အက အဖွဲ့က အောင်ဆန်းဇာနည်

တောင်တမန်အင်းဘေးမှာ ဦးပိန်တံတား နောက်ခံထားပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးနေကြတဲ့ ဒီလှိုင်းစာစောင် ဝိုင်းတော်သားများ

လင်းသက်ငြိမ် - အိမ်ဝေး

$
0
0
လင်းသက်ငြိမ် - အိမ်ဝေး
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၅
 
မျှော်လင့်ခြင်းများရဲ့တစ်ဖက်မှာ
မမျှော်လင့်ထားတဲ့အရာတွေရှိသလား
အိပ်မက်လှလှလေးတွေနဲ့
ပျော်ရွှင်ခြင်းကို ခဏမျက်လုံးမှိတ်ထားတယ်
မိသားစုအသိုက်အမြုံလေးဆီအတွေးကို
လေတံခွန်လို လွင့်တင်လို့
ကျွန်တော်ဖျားနေတယ် မေမေ။

မနက်ဖြန်ကို အတောက်ပဆုံးချယ်သဖို့
ဒီကနေ့ ပင်ပန်းနွမ်းနယ်မှုများ
ဒဏ်ရာများ
ချွေးသီးချွေးပေါက်များ...
လူချင်းအတူတူမှာ ကျွန်တော်က
ဘာအတွက်ခက်ခဲနေရတာလဲ
တက်ရမယ့်လှေကားထစ်တွေကိုကြည့်ရင်း ဘယ်ကိုမှမရောက်သေးမှန်းသိရတော့
ညည အိပ်မပျော်တာ အထူးအဆန်း
မဟုတ်တော့ပါဘူးမေမေ။

တဖြည်းဖြည်း ကျယ်လောင်လာတဲ့
နာရီသံများ
တစ်နေ့တစ်ခြား ကြီးရင့်လာတဲ့
အသက်အပိုင်းအခြား
ရွှေအိုးထမ်းပြန်လာမယ့်သားကို
မျှော်နေပါသလားမေမေ ။

တစ်နေ့ ထမင်းနှစ်နပ်စားသလို
စိတ်ဓာတ်လည်း ပုံမှန်ကျတယ်
အောင်မြင်မှု ခေါင်နေတဲ့ရပ်ဝန်းမှာ
အကောင်းမြင်ဝါဒတွေ
မပေါက်ရောက်တတ်ကြဘူး မေမေ။

တရားလည်း နှလုံးမသွင်းနိုင်
အမှားလည်း လုံးလုံးမကင်းနိုင်
အလိုလိုနေရင်း မာကျောကျွတ်ဆတ်
အလကားနေရင်း သွေးဆူ
အားလုံးကို ရန်သူလို့မမြင်မိအောင်
မနည်းထိန်းထားရတယ်
ခါးပါတယ် မေမေ
တကယ့်ကို ခါးသီးလွန်းလှပါတယ်
ဘဝမှာ ကဗျာမရှိခဲ့ရင်
ကျွန်တော် သေဆုံးနေတာကြာပေါ။့

ဘာကို အရသာခံရမှာလဲ
ဘယ်လို ရောင့်ရဲတင်းတိမ်ရမှာလဲ
လာလာပြီးတရားပြကြသူတိုင်းရဲ့လည်ပင်းထက်မှာ အနည်းဆုံး
ရွှေ ၁ ကျပ်သားလောက်ဆင်ယင်လို့
ရယ်ရတယ်  မေမေ
မျက်ရည်ထွက်အောင်ကို ရယ်ရတယ်
နည်းနည်းပေးပြီးများများ
ကျေးဇူးဆပ်ခံချင်တဲ့လူများ
တစ်ခုမှမပေးဘဲ
အလကားရတဲ့လေအတွက်
ကျေးဇူးအတင်ခံချင်သူများ
အရူးတွေပါ
အရူးကြီးတွေပါ  မေမေရယ်...။

မြွေမျိုခံရတဲ့ အံစာတုံးကစားနည်းလို
အစက ပြန်ပြန်စနေရတာနဲ့
အပေါ်လည်း မရောက်နိုင်
အောက်မှာလည်း မပျော်နိုင်
ဘာကိုမှ ဆုပ်ကိုင်စရာလည်းမရှိဘူး
အရှိကို အရှိအတိုင်း လက်ခံဖို့
သုည ကသိုဏ်းရှုနေရတယ်
အားလုံးဟာ အမေနဲ့ခွဲခဲ့ရတဲ့
သားတွေချည်းပဲတဲ့
အစ်ကိုတစ်ယောက်ပြောဖူးတယ်
သူလည်းပျော်မှာမဟုတ်သလို
ကျွန်တော်လည်း မပျော်ပါဘူး မေမေ။

ငွေသံကြေးသံတွေကိုနားစွင့်ရင်း   
အောင်မြင်မှုကို အမျှင်မပြတ်မျှော်ရင်း
မနက်ဖြန်ကို ချွေးစက်တွေနဲ့ဲ့ထုဆစ်လို့
တစ်ခုခုကိုပေးဆပ်ခဲ့ရမှတော့
တစ်ခုခုပြန်ရမယ်ဆိုတာ
ကျွန်တော်ယုံတယ် ။

ဒဏ်ရာဒဏ်ချက်တွေက
အနာဂတ်ကို တံတားထိုးခြင်းပဲ
ရှုံးနိမ့်ခြင်းတွေက ရင့်ကျက်မှုတွေကိုပေးတယ်
ကျွန်တော်မလျှော့နိုင်ဘူး
ဘယ်တော့မှ မလျှော့ဘူး
ဒီထက် လျှော့စရာလည်း
မရှိတော့ပါဘူးမေမေ။

အိမ်ပြန်ချိန်တွေက ခက်ခဲသလား
ဘာမှမလွယ်ကူတဲ့ဘဝမှာ
စိတ်ကူးတွေကို ဇက်ကြိုးမလျှော့နိုင်ဘူး
မေမေ့ပန်းခင်းလေးထဲ
ကျွန်တော်ပြန်လာမယ့်နေ့
တိမ်တွေက သိုက်စာပေးထားတယ်
ကျွန်တော်ပြန်လာခဲ့ပါ့မယ်
ကျွန်တော်ပြန်လာခဲ့ပါ့မယ် မေမေ ။   ။

လင်းသက်ငြိမ်
ဇူလိုင် ၇၊ ၂၀၁၄
သိန္နီမြို့

သားဝင့်ကျော် - အိမ်ပြန်ချိန် နွေရောက်ပီလား

$
0
0
သားဝင့်ကျော် - အိမ်ပြန်ချိန် နွေရောက်ပီလား
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၅

နွေဦးကိုရောက်ချင်ကြရော့မယ်။
အထူးသဖြင့် ၂၀၁၆ နွေဦးကို ရောက်ချင်ရော့မယ်။
အိမ်ပြန်ချင်ပီ အမေ
အကြောင်းအမျိုးမျိုးကြောင့် အဝေးတစ်နေရာ ရောက်နေရသူတွေအတွက် အိမ်ပြန်ချင်နေကြပြီပေါ့။

အမေကလည်းမျှော်
အမေကပဲခေါ်နေပြီလေ......
ဖြစ်နိုင်ရင် အထုပ်အပိုးတောင်မယူဘဲ ဒုန်းဆိုင်းပြန်ချင်ကြသူတွေ ဒုနဲ့ဒေးပေါ့။
အိမ်ပြန်ပြီး မရှိအတူ ရှိအတူ ငပိရည်အလယ်တယ်ထား တို့စရာအစုံနဲ့ မိသားစုတွေစုံစုံညီညီ ကျိတ်လိုက်ရရင်....

မျှော်သူကလည်း မျှော်
ခေါ်သူကလည်းခေါ်
လက်မတို့ခင်ကထဲက ငိုချင်ရက်မျက်ရည်ခိုတဲ့သူကခိုနဲ့

ဒီနေရာမှာ အာဏာရှင်ခေတ်ကယောက္ခမလောင်း လေသံနဲ့ လူကြမ်းစကားဆိုရတော့မည်။
''ဟဲ့ ညည်းအကောင် နိုင်ငံခြားပြန်က ကားပါမှာလား Tv ပါလား အောက်စက်ပါလား''
''မပါရင်တော့အေ အိမ်ပေါ်ခေါ်မတင်လာနဲ့ အိမ်သာပြည့်တာ အဖတ်တင်တယ်''

ခုလည်း ဒီလေသံမျိုးပဲ ကျနော်ဆိုရတော့မည်။
သို့သော် ကျနော့်မှာ မတော်လောဘမပါပါ။
စေတနာမှန်နဲ့ဆိုပါရစေ။
ဘယ်လိုကြောင့်ပဲ နိုင်ငံရပ်ခြားမှာရောက်နေပါစေ ပြန်လာချင်ရင်
#အတတ်ပညာပါလား
#ရင်းနှီးမြှုပ်နှံဖို့ ဒေါ်လာ ယူရိုပါလား
အဲဒါတွေမပါဘဲနဲ့တော့ ပြန်မလာကြပါနဲ့လို့ ယောက္ခမဆန်ဆန်ဆိုပါရစေ။

အစကနေစပြီးတည်ဆောက်ရမယ့် ကျနော်တို့နိုင်ငံ့အတွက်
အတတ်ပညာလိုတယ် ငွေလိုတယ်
ဘယ်အဆင့်နဲ့ပဲ သွားလုပ်လုပ် ကိုယ်လုပ်တဲ့အဆင့်မှာရှိတဲ့ အတတ်ပညာကို နိုင်ငံတကာစံနဲ့ တတ်အောင် ကျွမ်းကျင်အောင်
ယူပြီး ပြန်လာခဲ့ကြပါ။
ဒါမှမဟုတ် မသုံးမဖြုန်းပဲ နိုင်ငံတကာငွေထုပ်ကြီးပိုက်ပြီး ပြန်လာခဲ့ကြပါ။
ဘာမှမပါဘဲနဲ့တော့......

ကျနော်တို့မှာ ရှိရင်းစွဲ အိမ်သာတွေတောင်ပြည့်လျှံနေတာမို့
အတတ်ပညာအပြည့် ရင်းနှီးငွေအပြည့်နဲ့ သားရွှေအိုးထမ်းပြီး ပြန်လာမယ့်သူတွေကို မျှော်နေပါ့မယ်။

အိမ်ပြန်ချိန် နွေရောက်ပြီ ...အမေ

သားဝင့်ကျော်
၃၀ နိုဝင်ဘာ၂၀၁၅

ကိုသစ် (သီတဂူ) - တို့ချစ်တဲ့ကမ္ဘာ .... တို့ချစ်တဲ့ကလေးတွေ

$
0
0
ကိုသစ် (သီတဂူ) - တို့ချစ်တဲ့ကမ္ဘာ .... တို့ချစ်တဲ့ကလေးတွေ
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၅

(၁)
ကလေးငယ်များကို ညှင်းပန်းနှိပ်စက်ခြင်းနဲ့အတူ အခုတလော ကျယ်ကျယ်လောင်လောင် ကြားနေရသည့်သတင်းများတွင် ကလေးငယ်များပျောက်ဆုံးသတင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ မြန်မာပြည်ရှိ မြို့ကြီး မြို့ငယ် နေရာအတော် များများမှာ ကလေးငယ်များပျောက်ဆုံးနေကြောင်းသတင်းတွေကို ခပ်စိပ်စိပ်ကလေး တွေ့မြင်နေရပါသည်။ ရန်ကုန်မှာ ကလေးငယ်တွေ ပျောက်သတဲ့၊ မန္တလေးမှာ ကလေးငယ်တွေပျောက်သတဲ့၊ တောင်ငူမှာလည်း ကလေးငယ်တွေ ပျောက် သတဲ့၊ ကော့သောင်း၊ မြစ်ကြီးနား စသဖြင့်စသဖြင့် အထက်အောက်အရပ်ဒေသ တော်တော်များများမှာ ကလေးပျောက်ဆုံး သတင်းတွေကို တွေ့မြင်ကြားသိနေပြီဖြစ်ရာ ဒါတွေအားလုံးက ကျွန်တော်တို့ ကလေးငယ်တွေရဲ့ အနာဂတ်တွေကို ခြိမ်း ခြောက်လာပြီဖြစ်သည်။

ပျောက်ဆုံးကလေးငယ်များတွင် လူမမယ်အရွယ်ကလေး ငယ်ငယ်လေးများပါသလို ခြောက်တန်းခုနှစ်တန်း ဆယ်တန်း စသည့် အလယ်တန်း အထက်တန်းကျောင်းသား ကျောင်းသူကလေးများပင် ပါဝင်နေသည်ဖြစ်ရာ မိဘပြည်သူများအနေဖြင့် အေးအေးလူလူ စိတ်သက်သက်သာသာ မနေနိုင်ရှာကြတော့။ မိမိတို့ကလေးငယ်တွေကို အရိပ်တကြည့်ကြည့် ကြည့်နေရ သည့်အဖြစ်မျိုးဖြစ်သည်။ သည်ကိစ္စကို ပေါ့ပေါ့တန်တန် သဘောထား၍မဖြစ်ကြောင်း မိဘပြည်သူတွေက ပိုမိုသိရှိကြပါ လိမ့်မည်။ လမ်းထိပ်ကဈေးဆိုင်ကို ဖရောင်းတိုင် အ၀ယ်လွှတ်လိုက်ရာက အိမ်ပြန်မရောက်လာသည့် ကလေးငယ်များ ရှိနေ သလို ကျောင်းသွား၊ ကျူရှင်သွား၊ ခရီးသွားလာရာမှ မိသားစုနဲ့ ဝေးကွာသွားသော ကလေးငယ်လေးများလည်းရှိပါသည်။ မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးလေး ဘယ်အချိန်ဘယ်လိုပျောက်သွားမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ အသက်ရှင်သန်နေရတာ ပင်ပမ်းလိုက်တာ။ ကျွန်တော်တို့ကလေးငယ်တွေရဲ့ အနာဂတ်က မလုံခြုံတော့ဘူးတဲ့လား။

(၂)
လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့ ဖန်တီးရှင်ကလေးတွေဆိုရင် ဘယ်အကြောင်းကြောင့်နဲ့မှ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေကို အညွှန့်မချိုးသင့်တော့။  မြို့ပြတွေမှာ ကလေးငယ်ကလေးတွေကို လစ်ရင်လစ်သလို ကောက်ချီသွားတတ်တဲ့ လူတွေရှိပါသည်။ ဂိုဏ်းဖွဲ့ပြီး ကလေးခိုးနေတဲ့ အဖွဲ့တွေပင် ရှိသတဲ့။ ကျွန်တော်တို့လူမျိုးများသည် ဗြဟ္မစိုရ်တရားများဖြင့် ကြီးပြင်းခဲ့ကြသူများ ဖြစ်ပါသည်။ ငွေကြေးရုပ်ဝတ္ထုပစ္စည်း၊ အသိပညာနှင့် ကိုယ်ကျင့်တရားတို့ ဆင်းရဲ ချို့တဲ့လာခြင်းနှင့်အတူ ကျွန်တော်တို့ရဲ့ ပုံရိပ်ကောင်းကလေးတွေကလည်း တဖြည်းဖြည်းနှင့် လုံးပါးပါးခဲ့ရပါတော့သည်။

ထေရ၀ါဒဗုဒ္ဓအဆုံးအမအောက်တွင် မေတ္တာတရားနှင့် ရှင်သန်ပြည့်ဝသည့်လူမျိုး၊ ကရုဏာတရားဖြင့် လူလားမြောက်ခဲ့သည့် လူမျိုးတို့ နေထိုင်ရှင်သန်ကြီးပြင်းရာ ရပ်ဝန်းတစ်ခုတွင် အခုတော့ ကလေးငယ်တွေကို ရောင်းစား၊ အလွဲသုံးစားပြုလုပ် လာ ပြီဖြစ်ရာ သည်လုပ်ရပ်က ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့လူမျိုးရဲ့ ဂုဏ်သိက္ခာတွေကိုေ၀၀ါးသွားစေပါတော့သည်။ ကလေးခိုးပြီး ရောင်းစားတဲ့လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါသည်။ ကျွန်တော်တို့အား လုံး ပေါ့ပေါ့တန်တန် မနေသင့်တော့။ သတိဝီရိယ ရှိကြပါစို့ရဲ့။

(၃)
မြန်မာတနိုင်ငံလုံးမှာရှိသည့် မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းများရဲ့ လိပ်စာ များစာရင်းကို ဖတ်လိုက်ရပါသည်။ ကျောင်းပေါင်းတစ်ရာကျော်ရှိသော အဲဒီစာရင်းကြီး ကိုကြည့်ပြီး ကြေကွဲရပါသည်။ ဗြဟ္မစိုရ်တရားနဲ့ ရှင်သန်နေထိုင်ကြသည့် ကျနော်တို့ တိုင်းပြည်တွင် မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်းက တစ်ရာကျော်ရှိသတဲ့။ နေပြည်တော် သာဝတ္ထိမြို့ရှိ စမတောင်တွင် မိဘမဲ့ကလေးများ စောင့်ရှောက်ရေးဂေဟာ တစ်ခုရှိပါသည်။ မိဘမဲ့နဲ့စွန့်ပစ်ခံ ကလေးတွေကို ကူညီစောင့် ရှောက်နေတဲ့ အဲဒီလူငယ် ဖွံ့ဖြိုးရေးဥယျာဉ်မှာ ကလေးပေါင်း အယောက်ငါးရာကျော်ရှိပြီး “နို့ဘူးတိုက်အရွယ်ကပဲ အ ယောက်သုံးဆယ်ကျော်ရှိသည်ဟု သိရပါသည်။ သည်လိုကျောင်းမျိုးတွေ နေရာအများအပြားမှာ ရှိပါသည်။

လူကုန်ကူးသူတွေ၊ ကလေးခိုးဂိုဏ်းတွေကြောင့် မိဘမဲ့ကလေးဘ၀ကို ရောက်သွားကြသည့်ကလေးငယ်တွေရှိသလို တစ်ချို့ကလေးငယ်ကလေးများမှာမူ သူတို့မိဘတွေကိုယ်တိုင်က လမ်းဘေးစွန့်ပစ်ထားခဲ့လို့ မိဘမဲ့ကလေးဘ၀ ရောက်သွား ကြရသည့်ကလေးငယ်တွေလည်း ရှိပါသည်။ မိဘများသည် ဗြဟ္မာကြီးများနှင့်တူကြောင်း သင်ယူမှတ်သားခဲ့ဖူးပါသည်။ သို့သော် မိမိတို့ရဲ့ လသားအရွယ် လူမမယ်ရင် သွေးငယ် ကလေးများကို အမှိုက်ကလေးတစ်ခုလို လမ်းဘေးစွန့်ပစ်ထားခဲ့သော၊ မိဘမဲ့ဂေဟာတွင် ကိုယ့်ရင်သွေးဖြစ်ပါလျှက် ကိုယ့်သားသမီးမဟုတ်သယောင်၊ ကောက်ရသလိုလိုနဲ့ လာရောက်အပ်နှံနေ ကြသော၊ ပိုက်ဆံငွေးကြေးတို့ဖြင့် ကိုယ်တိုင်ရောင်းစားနေကြသော တစ်ချို့တစ်ချို့သောမိဘများကို တွေ့မြင်နေရပြီဖြစ် သည်။

မိဘမဲ့ကလေးဟုဆိုရာ၌ မိဘရင်ခွင်အောက်ကနေ မသမာသူ လူတစ်ချို့ရဲ့ လက်ချက်ကြောင့် မိဘမဲ့ကလေးဘ၀ရောက်သွား ကြသူတွေရှိသလို မိဘတွေကိုယ်တိုင်က တာဝန်မယူလိုသည့်အတွက် စွန့်ပစ်ခံခဲ့ရသောကြောင့် မိဘမဲ့ကလေးဘ၀ကို အ လိုလို ရောက်သွားကြသည့် ကလေးများလည်းရှိပါသည်။ အများစုမှာ ငွေကြေးပစ္စည်း ချို့တဲ့ဆင်းရဲမှုကြောင့်ဟု ဆင်းရဲခြင်း ကို ရိုးမယ်ဖွဲ့ တရားခံရှာကြသူတွေလည်း ရှိပါသည်။ သို့သော် ဘ၀ရဲ့ ဆင်းရဲမွဲတေမှုတစ်ခုတည်းကြောင့်တော့ မိဘမဲ့ ကလေးဘ၀ကို ရောက်သွားကြသည်မဟုတ်ပါလေ။ တစ်ချို့ငွေကြေးပြည့်စုံကြွယ်ဝသည့် အသိုင်းအ၀ိုင်း တွင် အရှက်တရား၊ သူတို့ဖွင့်ဆိုသောဂုဏ်သိက္ခာနှင့် တာဝန်ယူစိတ်ကင်းမဲ့ခြင်း ကြောင့်လည်း မိဘမဲ့ဘ၀ရောက်သွားကြသူတွေရှိပါသည်။

မိဘနှစ်ပါးက ငွေကြေးလည်း ချမ်းသာပါရဲ့၊ အသက်ထင်ရှားလည်း ရှိပါရဲ့။ သို့တိုင် ကျွန်တော်တို့ရဲ့ ကလေးငယ်တွေမှာ မိဘနှစ်ပါး၏ရင်ခွင်အောက်တွင် ရှင်သန်ခွင့် မရရှာပါလေ။ မိဘတွေရဲ့ အတ္တနှင့် မာနတို့ ပေါင်းစုံမိကြသောအခါ ကျွန်တော်တို့ ကလေးငယ်ကလေးတွေရဲ့စိတ်မှာ ဒဏ်ရာတွေ ထင်ကျန်နေရစ်ပါတော့သည်။ နုနုငယ်ငယ် ကလေးငယ်ကလေးတွေရဲ့ စိတ်ကို ဒဏ်ရာတွေနဲ့ မကြီးပြင်းစေချင်တော့ပါ။ ဘာပဲဖြစ်ဖြစ် အစွန့်ပစ်ခံမိဘမဲ့ကလေးဦးရေ တိုးလားခြင်းဟာ ကျွန်တော်တို့ တိုင်းပြည်၊ ကျွန်တော်တို့လူမျိုးအတွက် အနှုတ်လက္ခဏာတစ်ခုပင်ဖြစ်ပါသည်။ ဆင်ခြင်တုံတရားများဖြင့် အုံနဲ့ကျင်းနဲ့ ထိန်း ကြောင်းကြဖို့ လိုအပ်ပါသည်။

(၄)
"နင်ကလည်းဟာ။ စိတ်ညစ်မနေစမ်းပါနဲ့။ ငါဆို တစ်ခါမှ စိတ်မညစ်ဖူးဘူး။ ပြီးခဲ့လတုန်းက ငါ့အဖေ လာလည်တယ်။ ငါ့ဆီမှာ နှစ်ပတ်လောက်နေသွားတယ်။ ငါ့အဖေက အရက်ကြိုက်တော့ သူကြိုက်တဲ့အရက်လည်း ငါဝယ်တိုက်လိုက်တာပဲ။ အခုဆို ငါစုထားတဲ့ ပိုက်ဆံတစ်သောင်းကျော်က ပြောင်သွားပြီ။ ဘာဖြစ်လဲ၊ ကိုယ့်အဖေကို ကျွေးတာပဲ။"

အထက်ပါစကားများသည် ရန်ကင်းမြို့နယ် ကံဘဲဘူတာရုံလမ်းရှိ အမှိုက်ပုံတစ်ခုတွင် အမှိုက်ကောက်နေကြသည့် ဆယ့် နှစ်နှစ်သားအရွယ် ကလေးမကလေးများ သူတို့ အချင်းချင်းပြောနေကြသော စကားများဖြစ်ပါသည်။ သူတို့လေးတွေ ဘ၀ကို ဘယ်လို ရုန်းကန်ဖြတ်သန်းနေကြသည်ဆိုတာကို ကျွန်တော်ကောင်းကောင်းသိပါသည်။

"သားက ဒီလဘက်ရည်ဆိုင်မှာ လုပ်တာ တစ်နှစ်ကျော်ပြီ။ အသက်ကလား။ အခု ၁၁ နှစ်လို့ ပြောတာပဲ။ အဖေ့ကိုတော့ မမြင်ဖူးဘူးလေ တစ်ခါမှ။ အမေကတော့ တစ်လတစ်ခါ ဒီဆိုင်ကိုလာတယ်။ ပိုက်ဆံလာယူတာလေ။ သားလုပ်ခပေါ့။ တစ်လ ကို သုံးသောင်းခွဲရတယ်။ ဆိုင်အိပ် ဆိုင်စားပေါ့။ ဒီလိုပဲပေါ့။ ညမိုးချုပ်ဆို အရမ်းအိပ်ချင်တယ်။ ဒါပေမယ့် ဆိုင်မှာ လူကုန် အောင်စောင့်ပြီး လူကုန်ဆိုင်ပိတ်မှ အိပ်ရတယ်။ ကျောင်းလား။ နေချင်တာပေါ့။ မနေဖူးဘူး တစ်ခါမှ။ စာလည်း ဖတ်တတ် ချင်တယ်။ သင်ပေးမလို့လား။ ဒီဆိုင်မှာ လာသင်ပေးလေ။ ရေနွေးကြမ်း လိုက်ပွဲအလကားတိုက်မယ်။"သူမျက်နှာကို ငေး ကြည့်နေရင်း စိတ်မကောင်းဖြစ်နေမိသည်။

မဟာရန်ကုန်မြို့တွင် ကျနော်ဆုံခဲ့ကြုံခဲ့ဘူးသော သည်လိုကလေးငယ်တွေ အများကြီး ရှိခဲ့ဘူးပါသည်။ အဲဒီအချိန်တွေ တုန်းကတော့ ကျောက်ကုန်း၊ ကံဘဲ့၊ ကမ္ဘာအေး၊ တ၀ိုက်က လဘက်ရည်ဆိုင်တိုင်းမှာလိုလို ငုတ်တုတ်ထိုင်ပြီး ဘ၀အမော တွေကို တခုတ်တရ ငေးမောကြည့်နေခဲ့မိသည့်အချိန်။ သူတို့လေးတွေ ဘယ်လိုအိပ် ဘယ်လိုစားကြရသည်ဆိုတာကို ကျွန်တော်ကောင်းကောင်း သိပါသည်။

ခင်ဗျားတို့ သတိပြုမိမလားပဲ။ ဒီလိုအခြေအနေဆိုးရောက်နေသည့် ကလေးငယ်များတွင် ဘာသာခြားကလေးငယ်များ မရှိသလောက် အတော်နည်းပါးသည်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော်ကိုယ်တိုင်က ခရီးသွားနည်း၍ မတွေ့ဘူးတာ လည်း ဖြစ်နိုင်ပါသည်။ စာဖတ်သူရော တွေ့မိပါရဲ့လား။

(၅)
ဒီကနေ့ကစလို့ နောင်တက်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရသစ်ဆီမှာ တောင်းဆိုချင်တာ တစ်ခုရှိပါသည်။ ၎င်းမှာ ကလေးများကို အကာအကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းပြီး ကလေးလုပ်သား ပပျောက်းရေးနှင့် က လေးငယ်တိုင်း ပညာမသင်မနေရစီမံကိန်းကို အစွမ်းကုန်ကြိုးစားပေးဖို့ပင် ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ကံမ ကောင်း အကြောင်းမလှလို့ လမ်းဘေးရောက်သွားရသည့်တိုင် သူတို့လေးတွေရဲ့ ပညာရေးကို လျစ်လျူရှုမထားစေချင်ပါ။ ကလေးတွေအတွက် စာသင်စာဖတ် ပညာရေးကိုတော့ ဂရုတစိုက်နဲ့ စီမံကိန်းချ၊ အလေးအနက်ထားပြီး လုပ်ပေးစေချင် ပါသည်။

လဘက်ရည်ဆိုင်တွေမှာ ကလေးငယ်တွေကို စားပွဲထိုးခိုင်းစေခြင်းမျိုး မရှိသင့်တော့။ မထားသင့်တော့။ ကလေးငယ်များ စားပွဲထိုး မပြုလုပ်သင့်တော့ပါ။ ကလေးငယ်တွေရဲ့အားကို ဖြုန်းတီးခြင်းသည် တိုင်းပြည်နဲ့လူမျိုးရဲ့အားကို ဖြုန်းတီးပစ်ခြင်း ပင်ဖြစ်ပါ သည်။ လဘက်ရည်သောက်ချင်သူတွေအနေနဲ့ လဘက်ရည်ဆိုင်ကိုရောက်တဲ့အခါ ကောင်တာမှာ ကိုယ်တိုင်မှာပါ။ ပိုက်ဆံတစ်ခါတည်းပေး စားစရာကိုယ်တိုင်ယူပြီး သုံးဆောင်တဲ့စနစ်ကို ကျင့်သုံးသင့်ပါသည်။

လဘက်ရည်ဆိုင်မှာ ကလေးငယ်တွေ မရှိသင့်တော့။ ဘီယာဆိုင်တွေမှာ ကလေး ငယ်တွေ မထားသင့်တော့။ ညကလပ်တွေ၊ စင်တင်တွေမှာလည်း ကလေးငယ်တွေကို မခိုင်းစေသင့်တော့။ စစ်တပ်ထဲမှာလည်း ကလေးစစ်သားများ မရှိသင့်တော့။ ကလေးငယ်တွေရဲ့အားကို ဖြုန်းတီးခြင်းသည် တိုင်းပြည်နဲ့ လူမျိုးရဲ့အားကို ဖြုန်းတီးပစ်ခြင်းပင်ဖြစ်ပါသည်။

ကျွန်တော်တို့ချစ်ရတဲ့ကမ္ဘာ၊ ကျွန်တော်တို့ ချစ်ရမယ့်ကလေးတွေရဲ့ အနာဂတ်ကို ထုဆစ်ဖို့ဆိုသည်မှာ ကျွန်တော်တို့ အားလုံးတွင် တာဝန်ရှိပါသည်။ ကျွန်တော်တို့ ချစ်ရတဲ့ကမ္ဘာ၊ ကျွန်တော်တို့ ချစ်ရတဲ့ကလေးတွေရဲ့စိတ်ကို အနာတရ မဖြစ်ရ လေအောင် ကျွန်တော်တို့ အုံနဲ့ကျင်းနဲ့ ကြိုးစားကြရအောင်ဗျာ။ လူထုခေါင်းဆောင်လည်းပါ၊ NLD လည်းပါ၊ ခင်ဗျားလည်း ပါ၊ ကျွန်တော်လည်း ပါ၊ အားလုံးပါဝင်ကြစို့ဗျာ။ ကျွန်တော်တို့ကလေးတွေရဲ့ မနက်ဖြန်တွေလှပပါမှ ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့လူမျိုးရဲ့ မနက်ဖြန်တွေက လှပလာမှာမဟုတ်လား။

ကိုသစ် (သီတဂူ)
နိုဝင်ဘာ ၂၈၊ ၂၀၁၅

မောင်လူရေး - အသံချဲ့စက်များ ဆိုင်များ ကားများ ဆိုက်ကားများ ဆိုင်ကယ်များ မြောင်းပုတ်များ ခြင်များ

$
0
0
မောင်လူရေး - အသံချဲ့စက်များ ဆိုင်များ ကားများ ဆိုက်ကားများ ဆိုင်ကယ်များ မြောင်းပုတ်များ ခြင်များ
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၅

ယခုကထိန်ရာသီတွင် အသံချဲ့စက်ကိစ္စတော်တော်ပြောကြသည်။ မကြာခင်ပြီးစီးခဲ့သည့်ရွေးကောက်ပွဲအောင်နိုင်ရေးကာလတုန်းကလည်း အသံချဲ့စက်များ မိုးလုံးပွက်ညံခဲ့ကြသည်။ နေ့စဉ်နှင့်အမျှ လက်ဖက်ရည်ဆိုင် ထီဆိုင် ထီသည်စသည့်ဈေး ရောင်းသူများ၏ အသံချဲ့စက်အသံများ။

အသံချဲ့စက်သည် တောနှင့်မြို့ဟန်ရောစပ်မှုကြားတွင် အချို့သူများအတွက် နားသောတဆင်စရာဖြစ်နေပြီး အချို့သူများ အတွက် နားဒေါသသင့်စရာဖြစ်နေပြီ။

အသံလုံသော ဝင်းခြံကျယ်သောခန်းမတွင်း မကျင်းပ မပြုလုပ်သောပွဲမှန်သမျှတွင် အသံချဲ့စက်ပြဿနာရှိနေမည်သာ။

အသံမစဲပဌာန်းပွဲများ ဗလီဝတ်ပြုဆုတောင်းသံများ တရားဖွင့်သံများ အလှူခံမဏ္ဍပ်များစသည်ဖြင့် အသံတွေကြွယ်ဝလွန်း နေပေသည်။ ကိုယ့်ရပ်ရွာ ကိုယ့်ဧရိယာက လက်ခံနိုင်ပြီး အခြားသူများကို အနှောင့်အယှက်မရှိလျှင် ပြဿနာမဟုတ်ပေ။

ဆိုတော့ အသံချဲ့စက်ကိစ္စသည် လူနေမှုအခြေအနေတွေ ဓလေ့ထုံးတမ်းကို အခြေခံသာစရိုက်သဘာဝတွေနှင့် အများကြီး အဆက်အစပ်ရှိနေသည်။

နောက်တခုက ကိုယ့်ရဲ့လုပ်ဆောင်ချက်တိုင်းသည် အခြားသူကို ထိခိုက်လို့မဖြစ်ဖူးဆိုသည့် အသိ၊ အကျင့်နှင့်လည်း တိုက် ရိုက်အချိုးကျပါသည်။

အသံချဲ့စက်ထက် လူများစွာကို နေ့တဓူဝ စိတ်ဒုက္ခ ကိုယ်ဒုက္ခပေးနေသည်များ အပုံအပင်ရှိသေးသည်။

လူများစွာ လမ်းလျှောက်လို့ အဆင်မပြေကြ။ နောက်ကနေ ဆိုင်ကယ်ဝင်တိုက် ကားဝင်တိုက်မှာ ကြောက်ရသလို ရှေ့ တည့်တည့်ကလည်း အချိန်မရွေး အတိုက်ခံရနိုင်သည်။ တိုက်ပြီးလျှင်လည်း ထွက်ပြေးမောင်းနှင်သွားမည်။ ဆိုင်ကယ်အိပ်ဇောဖွင့်မောင်းသည့်အသံများလည်း အသံချဲ့စက်နီးနီးပင်။ ပလက်ဖောင်းပေါ်နေရာယူထားသည့်ဆိုင်များ လမ်းဘေးအိမ်ရှင်တို့၏ခင်းကျင်းနေရာယူထားမှုများ၊ လမ်းပေါ်ချရပ်ထားသည့် ကားများ ဆိုင်ကယ်များဖြင့် လမ်းလျှောက်စရာမရှိတော့၊ လမ်း လျှောက်၍ မလုံခြုံတော့သဖြင့် အခက်အခဲများစွာ စိတ်အနှောင့်အယှက်များစွာ ဖြစ်လာကြသည်။ စက်ဘီးသမားများ လည်း မလုံခြုံတော့။ စက်ဘီးလမ်းလဲမရှိ။ လမ်းဘေးဝဲယာတွင် ယဉ်ရပ်နားစရာ တပေ နှစ်ပေမျှမရှိဘဲ ဖွင့်ထားသည့်ဆိုင်ပေါင်း မရေမတွက်နိုင်အောင်ပင်။ ယင်းဆိုင်များတွင်လာသမျှယဉ် လမ်းပေါ်ချည်းသာ။ မြန်မာပြည်တွင် ရှိရှိသမျှသော ကားဂိတ်များ ဆိုက္ကားဂိတ်များ မြင်းလှည်းဂိတ်များ ဆိုင်ကယ်တက်စီဂိတ်များသည် လမ်းပေါ်မှာချည်းပင်။

ထို့ပြင် အရက်ဆိုင်များ ဖွင့်ချင်သည့်နေရာမှာ ဖွင့်ခွင့်ရနေခြင်းသည်လည်း လူများစွာ၏ ရပ်ရွာ၏ စိတ်လက်မသက်သာမှု မလုံခြုံမှုကို အမြဲတမ်းဖန်တည်းနေပေသည်။

နောက်ထပ် စိတ်လက်မသက်မသာဖြစ်စရာများစွာအနက် မိုးရွာတိုင်းရေနစ်ခြင်း၊ မြောင်းပုတ်နံ့ရှူနေရခြင်း ခြင်ကိုက်ခံရခြင်း တို့လည်း ရှိသေးသည်။

ဥပဒေအတိုင်း လိုက်နာနေထိုင်ကြမှ စိတ်လက်ချမ်းသာ နေရကုန်ရာသည်။

မောင်လူရေး


ကာတွန်းသရုပ်ဖော်ပန်းချီအား ကာတွန်းဆရာ၏ လူမှုကွန်ရက်စာမျက်နှာမှ ကူးယူပါသည်။

ကိုသန်းလွင် - ဒီဂျစ်တယ် ဒီမိုကရေစီ

$
0
0
ကိုသန်းလွင် - ဒီဂျစ်တယ် ဒီမိုကရေစီ
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၅

(၁)
ယနေ့ဆက်သွယ်ရေးခေတ်တွင် ရေခဲသေတ္တာများ၊ ကော်ဖီဖျော်စက်၊ သွားတိုက်တံ၊ ဟန်းဖုန်းနှင့် လက်ပတ်နာရီ ကဲ့သို့သော Smart devices များတွင် ဆက်သွယ်ရေးကိရိယာ ငယ်လေးများတပ်ဆင်ထားကြပါသည်။ ထိုဆက်သွယ်ရေးစက်ကလေးများ သည် တခုနှင့်တခု ချိတ်ဆက်အလုပ်လုပ်ကြပါလိမ့်မည်။ သူတို့အရေအတွက်မှာ နောင်ဆယ်နှစ်ဆိုလျှင် ဘီလီယမ် ၁၅၀ မျှဖြစ်လာနိုင်ပါသည်။ ၄င်းတို့ကိုအသုံးပြုသော လူအရေအတွက်မှာ လည်း ဘီလီယံချီ၍ ရှိပါလိမ့်မည်၊ ယခုဆိုလျင် ထိုဆက်သွယ်ရေးစက်များမှအသုံးပြုသော byte ခေါ် ဒီဂျစ်တယ်သတင်းအချက်အလက်များမှာ တစ်နှစ်လျင် နှစ်ဆမျှတိုးပွားနေပါ သည်။ နောင် ၁၅ နှစ်ဆိုလျင် ၁၂ နာရီ နေ့တစ်ဝက်တိုင်း၌ ၂ ဆတိုးပွား လာမည်ဟု ခန့်မှန်းကြပါသည်။

စက်မှထုတ်လွှတ်လိုက်သောသတင်းအချက်အလက်များမှာ လူတို့နားလည်သော ပုံစံဖြစ်စေရန် နေကာမျက်မှန်ကဲ့သို့ သော မလိုအပ်သော အလင်းရောင်ကို ကာကွယ်ပေးသည့်  Filter ခေါ် သတင်းကိုသာ ထုတ်ပေးသည့် ဇကာများ လိုပါသည်။ ကိုယ်အပူချိန်၊ နှလုံးခုန်နှုန်း၊ ပြေးနှုန်းစသည်ဖြင့် လိုအပ်သောအချက်ကိုထုတ်မပေးမီ ကွန်ပျူတာ Algorithm များက တွက်ချက်ကြပါသည်။ ထိုသို့ စက်ကအစားထိုးဝင်ရောက်ဆုံးဖြတ်ပေးသောကြောင့် လူတို့၏ ဆုံးဖြတ်နိုင်သောစွမ်းရည် သို့မ ဟုတ် လူမှုအဖွဲ့တစ်ခုလုံး၏ ဆုံးဖြတ်နိုင်မှု စွမ်းအားလျော့ကျ သွားစေနိုင်ပါသည်။ သိစရာမှန်သမျှကို စက်ကတွက်ချက်ထုတ်ပေးနေသောအခါလူသည် စဉ်းစားတွေးခေါ်နေစရာမလိုတော့ပေ။ အီလက်ထရောနစ်ဂဏန်းပေါင်းစက်များ ပေါ်လာသော အခါ လူသည် ဂဏန်းနှစ်လုံးကိုပင် တည့်အောင်မပေါင်းတတ်တော့ပေ။

 ၂၀၁၅ ခု အောက်တိုဘာလ ၆ ရက်နေ့က တရားရုံးမှ ဆုံးဖြတ်ချက်တစ်ခုတွင် ဥရောပကောင်စီမှ ပြင်ပသို့ထုတ်လွှတ်မည့် သတင်းအချက်အလက်များသည် သူတို့၏ဒေတာကာကွယ်ရေးဥပဒေကို လိုက်နာရမည်ဟု ဆိုသည်။ အစိုးရတစ်ခု ကုမ္ပဏီ တစ်ခုက ထိုသတင်းအချက်အလက်များကို လိုသလိုအသုံးချ၍ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များကို လွှမ်းမိုးမှုမရှိစေရန် အကာ အကွယ်ပေးခြင်း ဖြစ်ပါသည်။ သတင်းအချက်အလက်များသည် ထင်သာမြင်သာ ရှိရမည်၊ ယုံကြည်စိတ်ချနိုင်ရမည်၊ အသုံး ပြုသူက ရွေးချယ်ပိုင်ခွင့်ရှိရမည်။

ဤရည်ရွယ်ချက်ဖြင့်ဆွစ်ဇာလန် အစိုးရက ကမကထပြုပြီး Nervousnet ခေါ် Digital Nerve system တခုကို  တည် ဆောက်ရန် စီစဉ်လျှက်ရှိပါသည်။ ဇူးရစ်ရှိ Swiss Federal Institute Of Technology မှသုတေသနအရာရှိများကဦးဆောင်ပါသည်။ ၀ီကီပီဒီးယား၊ Linux စနစ်တို့မှာ ကမ္ဘာတ၀ှမ်းမှ လူအားလုံး ပါဝင်ရေးကြ၊ ပြုပြင်ကြသောပရောဂျက်များဖြစ်ပါသည်။ ထိုနမူနာအတိုင်း နေရာပေါင်းစုံမှ လူပေါင်းစုံက ဤ နာဗ် System ကို အသုံးပြုနိုင်ကြပါသည်။

လူတို့၏ဆုံးဖြတ်ချက်ချပုံသဘောတရားကို နားလည်ရန် မဖြစ်နိုင်ပါ။ သို့ပါသော်လည်း ကျွန်တော် ဘာလုပ်သည်။ ဘယ် နေရာ ကိုသွားသည်။ ဘယ်ကြော်ငြာကိုဖတ်သည်။ ကျွန်တော်၏အကြံပြုချက်များမှာ ဘယ်သို့ရှိသည်။ ကျွန်တော်၏ခံစားချက်၊ တုန့်ပြန်ချက်များမှာ ဘယ်သို့ရှိခဲ့ဘူးသည်။ ဆိုသောအချက်များကိုသိနေပါက ကျွန်တော်၏ အပြုအမူ၊ သဘာဝ၊ ယုံကြည် ချက်တို့ကို အလွယ်တကူ ခန့်မှန်းနိုင်ကြပါလိမ့်မည်။ ကျွန်တော့်အကြောင်းကိုသိပြီဆိုပါက ကျွန်တော့်ထံ ဘယ်လိုကြော်ငြာ တွေကို ပို့ရမည်၊ ဘယ်လိုအရာတွေပို့ပါက ကျွန်တော့်အပေါ် အကျိုးသက်ရောက်မှု မရှိနိုင်ဟု သိနိုင်ကြပါသည်။

ကုမ္ပဏီတခု (www.aboutthedata.com) က ကြေငြာရာတွင် သူတို့ကုမ္ပဏီ၌ မြို့နေလူထုဖောက်သည်များနှင့် ပက်သက်၍ အကြောင်းအရာ ကြိုက်နှစ်သက်ပုံ အစရှိသည်။ attribute ပေါင်း ၅၀၀၀ နှင့်ပက်သက်ပြီး မှတ်တမ်းမှတ်ရာတွေ ရှိပါသည် ဟုဆိုသည်။ လူတစ်ဦးချင်းစီကိုလိုက်၍ သူတို့သုံးစွဲသည့်ပစ္စည်း၊ မည်သည့်အချိန်တွင် မည်သို့အသုံးပြုပုံ သူကြိုက်နှစ်သက် သည့် Brand တံဆိပ်၊ ဈေးဝယ်သည့်ပုံစံ၊ စသည်ဖြင့် လူတိုင်းအတွက် မှတ်တမ်းမှတ်ရာတွေရှိသည်ဟုဆို၏၊ ထိုအရာများ ကိုသိသော ကုမ္ပဏီများ၊ အစိုးရများက သူတို့လိုသလို အသုံးချနိုင်ကြပါသည်။ ကျွန်တော်တို့၏ ဆုံးဖြတ်ချက်များကိုလည်း သူတို့ လွှမ်းမိုးလာနိုင်ကြပါသည်။

ထိုသိလာသော အချက်အလက်များမှတဆင့် တာဝန်ရှိသူများက ပြည်သူတို့ကိုပိုမို ကျန်းမာသန်စွမ်းသူများ ဖြစ်လာအောင၊် သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်စေမည့် အလုပ်များကို မလုပ်ကိုင်နိုင်စေရန် ထိန်းကျောင်းပေးနိုင်ပါလိမ့်မည်။ သို့ပါသော် လည်း ထိုနည်းပညာဖြင့်ပင် မျိုးချစ်စိတ်ကိုအသုံးချခါ အမုန်းတရား တိုးပွားအောင် လှုံ့ဆော်ပေးခြင်းများကိုလည်း လုပ်လာ နိုင်ပါသည်။ ထင်သာမြင်သာမှုမရှိလျှင်ဖြစ်စေ၊ ဒီမိုကရေစီရေးရာ ထိန်းချုပ်မှုမရှိလျင်ဖြစ်စေ လူတို့ကို လမ်းလွှဲရောက်အောင် စီမံပြုပြင်ခွင့်ရှိနေပါသည်။

ဒေတာအများအပြားပိုင်ဆိုင်ပြီး ဆွဲဆောင်သိမ်းသွင်းခြင်းများများလုပ်နိုင်သည်နှင့်အမျှ အစိုးရနှင့် ကုမ္ပဏီတို့သည် တဦး တည်း အာဏာပိုင်ဆိုင်သော (Dictatorship) များဖြစ်လာနိုင်ကြပါသည်။

၁၉၇၀ ခုနှစ်များက ချီလီသမ္မတ အာယန်ဒီးကစက်ရုံများ၏ထုတ်ကုန်ပမာဏကို အကောင်းဆုံးဖြစ်စေရန်  ကွန်ပျုတာ Network များဖြင့် ထိမ်းချုပ်ရန်ကြိုးစားခဲ့ဘူးသည်။

ယနေ့စင်္ကာပူနိုင်ငံတွင် လူအဖွဲ့အစည်းနှင့်ပါတ်သတ်သော ဒေတာအမြောက်အများ စုဆောင်းကောက်ယူထားပြီး လူမှု အ ဆင့်အတန်းမြင့်မားအောင်၊ လူ့လုပ်အားလိုအပ်ချက်ကို သက်သာအောင် စမ်းသပ်နေသည်။ နိုင်ငံအမြောက်အများကလည်း စင်္ကာပူကိုနည်းယူ၍ မိမိပြည်သူတို့၏  ဒေတာအချက်အလက် တိုးပွားရေးကို ဆောင်ရွက်နေကြသည်။

အချို့နိုင်ငံများတွင် ပြည်သူပြည်သားတို့၏ အလုပ်အကိုင်၊ အကြွေးရှိမရှို၊ ခရီးသွားသည့် အလေ့အကျင့် စသည်တို့ကို စု ဆောင်းထားသည်။ သူ၏ အင်တာနက်ကြည့်ပုံ၊ နိုင်ငံရေးရာ အမြင်တို့ဖြင့် စာရင်းပြုစုသည်ဟု ဆိုသည်။   အင်တာနက် ( Search   Engine )  များအနေဖြင့် အင်တာနက် အသုံးပြုပုံကိုကြည့်၍ လူတို့၏ Character ကိုဆုံးဖြတ်ပေးသည့် ပရိုဂရမ်များ ရှိနေကြပြီဟု ဆိုသည်။

AI – Artificial Intelligence  ကိုအသုံးပြု၍ ဤကြီးမားသော    ဗဟုသုတဘဏ် database  များမှတဆင့် လူတို့၏ ယုတ္တိမ တန် သောလုပ်ရပ်များနှင့်ပါတီစွဲ၊ ၀ါဒစွဲများကို ခန့်မှန်းနိုင်ကြသည်။    ၁၈ ရာစုနှစ်က ထင်ရှားခဲ့သော ဖီလိုဆိုဖာ  Immanuel  Kant က “တိုင်းသူပြည်သား အားလုံးကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သော အစိုးရသည် ဘာလုပ်ရမည်ကို ကောင်းကောင်းသိ သည့် အာဏာရှင်ဖြစ်သွားတတ်သည်” ဟု ရေးခဲ့ဘူးသည်။ အမေရိကန်တို့သည်သူတို့ လွပ်လပ်ရေးကျေငြာစာတမ်းကို ဤ ကဲ့သို့သော အာဏာရှင်များ မပေါ်ပေါက်စေရန် အမြှော်အမြင်ရှိရှိ ရေးခဲ့ကြပါသည်။

တိုင်းသူပြည်သူသားတွေကောင်းအောင် အာဏာရှင်ဆန်ဆန် အုပ်ချုပ်ရပါသည်ဟုလည်းကောင်း၊ Wise king  ခေါ် ပညာစုံ တတ်သည့် ခေါင်းဆောင်ကြီးဖြစ်ရန် ယခင်ခေတ်အခါများက ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ ယခုအင်တာနက်ခေတ် (Connected World) တွင်မူ စွယ်စုံရပညာရှင်ကြီး ဖြစ်ရန် မလွယ်ကူတော့ပါ။  အဘယ့်ကြောင့်ဆိုသော် ခေတ်သစ်တွင် ပန်း တိုင်သည် တခုတည်း မဟုတ်တော့ပါ၊   နိုင်ငံ၏ ဂျီဒီပီ တန်ဖိုးမြင့်လာခြင်းသည်ပန်းတိုင်လား၊  အာဏာရပုဂ္ဂိုလ်တို့နေရာမြဲနေရေး (Sustainability) သည် ပန်းတိုင်လား၊၊   ငြိမ်းချမ်းရေးးကို ထိမ်းသိမ်းထားနိုင်ခြင်း၊ လူတို့ ပျမ်းမျှအသက်ရှည်ခြင်း ( Average Life span) တို့သည်အဓိကလား၊ သို့မဟုတ် ပြည်သူလူထု အပူအပင်ကင်း၍ ပျော်ရွှင်စွာနေနိုင်ခြင်းလော၊  အခြား ဘာတွေကို လိုအပ်ပါသနည်း၊  အာဏာရှင် တဦး၊ အစိုးရတဦးက ထိုလိုအပ်ချက်များ အားလုံးကို ပြည့်စုံအောင် လုပ်မပေးနိုင်တော့ပါ။

ဒေတာသတင်း အချက်အလက်ကို ထိမ်းချုပ်ရာတွင် ဗဟိုဦးစီးစံနစ်သည် အန္တရာယ်ကြီးပါသည်။ တာဝန်ခံရသူသည် အ လွယ်တကူ ခြစားနိုင်ခြင်း၊ အစွန်းရောက်သူ မကောင်းကြံချင်သူများက အလွယ်တကူ အနှောက်အယှက် ပေးနိုင်ပါသည်။   ဆက်သွယ်ရေး (Data Transmission )  နှင့် တွက်ချက်နိုင်မှု (Computation) စွမ်းရည်တွင် အကန့်အသတ်ရှိခြင်းတို့ကြောင့် ကွန်ပျူတာ Networks ကိုအများပြည်သူ အသုံးပြုရာတွင် အခက်အခဲများ ဖြစ်ပေါ်စေနိုင်သည်။ လူတဦးချင်းစီ၏ အသုံးပြုမှု ကိုကန့်သတ်ရန် ကြိုးစားခြင်းဖြင့် Collective Intelligence ခေါ် ပြည်သူတို့ထံမှရလာမည့် ဗဟုသုတကို ဟန့်တားရာ ရောက်သည်။ သတင်းဖြန့်ချိမှုတွင် အကန့်အသတ်ရှိလာလျင် တဦးနှင့်တဦး ဗဟုသုတဖလှယ်ခြင်းမှာ အားနည်းပြီး အမြင် ကျဉ်းမြောင်းစေသည်။

လူတို့၏ စီးပွားရေးနှင့်လူမှုရေးစံနစ်မှာ သဘာဝပတ်ဝန်းကျင် (Eco System) နည်းတူ လူမျိုးစုံ၊ ၀ါဒစုံ၊ ဘာသာစုံ ပါဝင်ရမည် ဖြစ်သည်။ အီကိုစစ္စတန် ဟုဆိုရာတွင် သတ္တ၀ါ အမျိုးမျိုး၊ သစ်ပင်အမျိုးမျိုး ရေ မြေ တောတောင် သဘာဝ အားလုံးပါကြ ရပါသည်။ လူမျိုးတစ်မျိုးတည်းသာရှိသော နိုင်ငံဟူ၍မရှိ၊ လူမျိုးစုံ ဘာသာစုံ မတူကွဲပြားလေလေ တိုးတက်မှုကို ရရှိလေ ပင်ဖြစ်သည်။ သမိုင်းတလျောက် ပြန်ကြည့်လျင် သဘောထားမကြီးပဲ ကျဉ်းမြောင်းသည့် အမြင်ရှိသော ၀ါဒများသည်ကျဆုံး ရမြဲဖြစ်သည်။

လူတို့နှင့်ပတ်သတ်သည့်သတင်းဒေတာ အချက်အလက်များစုဆောင်းရခြင်းမှာ ထိုလူများပေါ်တွင် ဗိုလ်ကျအုပ်စိုးရန်မဟုတ် ဘဲ ကမ္ဘာပေါ်ရှိပြဿနာများကိုဖြေရှင်းရန် အတွက်သာအသုံးချရပါမည်၊ ဗဟုသုတတိုးပွား လာသောကမ္ဘာကြီးတွင် ပြ ဿနာများ တဖြည်းဖြည်းပိုများပြားလာခြင်းမှာလည်း လူတိုင်းအမြင်ပင်ဖြစ်သည်။ ရာသီဥတုပြောင်းလဲလာခြင်းပြဿနာ၊ မတည်ငြိမ်သော ငြိမ်းချမ်းရေး၊ လူမှုစီးပွားရေး အပျက်အစီးများ၊ နိုင်ငံရေးအရအလိုမကျမှုများ၊ လူတို့၏နေရာတွင် စက် များဖြင့် အစားထိုးလာခြင်းကြောင့် အလုပ်လက်မဲ့ ပြဿနာများမှာ ထင်ရှားသော အခက်အခဲများ ဖြစ်ကြသည်။

(၂)
ဒီဂျစ်တယ် တော်လှန်ရေးတွင် နိုင်ငံအချို့တွင်သာ စီးပွားရေး၊ နိုင်ငံရေးနှင့် ပြည်သူလူတို့မှာ Win-Win-Win အခြေအနေ ဖြစ်နိုင်ကြသည်။

ထိုအတတ်ပညာနှင့် အသုံးအဆောင်ပစ္စည်းများ များပြားလာခြင်း နှင့် အတူ ပြည်သူတရပ်လုံး၏ ပြဿနာ များကို ဖြေရှင်းပေး နိုင်စေရန် စနစ်တကျ data  ကောက်ယူရန်လိုအပ်သည်။ ရရှိလာသော ဒေတာများဖြင့် လူနေမှုစနစ်ကို ပိုကောင်းအောင် ပြုလုပ်ကြရမည်။

Nervousnet ပရောဂျက်မှာ ပညာရှင်များ ပြည်သူလူထုအများကပေးလာမည့် ဒေတာအချက်အလက်များကို စုပေါင်း အသုံးချရန်ရည်ရွယ်ခြင်းပင်ဖြစ်သည်။   ဥပမာ ဒေသတခုရှိ လူအုပ်စု၏ သဘောသဘာဝ၊ အပြုအမူကို လေ့လာလိုလျင် ထိုဒေသမှ နီးစပ်ရာနေထိုင်သူတို့၏ တင်သွင်းလာသောဒေတာများကို ကြည့်ရန်ပင်ဖြစ်သည်။

Wikipedia  နှင့် Open Street Map  ပရိုဂရမ်ကဲ့သို့ တကမ္ဘာလုံး အင်တာနက်အသုံးပြုသူများက စုပေါင်းဖြည့်   ဆည်းပေးသော အခါ ပြည့်စုံလုံလောက်သည့် data base တခုကို ရနိုင်သည် မဟုတ်ပါလော။ တကမ္ဘာလုံးက    သုတေသန ပရောဂျက်အားလုံး ကို စနစ်တခု အတွင်းသို့ ရောက်လာအောင် စုစည်းယူခြင်းပင်ဖြစ်သည်။   သူတို့ဖော်ပြသော ဥပမာ တခုတွင် လမ်းအသုံးပြုသူ များမှ သတင်းပို့ခြင်းဖြင့် ကားအသွားအလာ အချက်ပြမီး Traffic Light အသုံးပြုပုံများကို ပိုမိုအကျိုးရှိအောင် ပြုပြင်နိုင်ကြ မည်ဟုဆိုသည်။

ကမ္ဘာတ၀ှမ်း လေကြောင်းလိုင်းများမှ လေယာဉ်ပျံများကို အချိန်မရွေး ဘယ်နေရာတွင်ရောက်နေသည်ကိုသိနိုင်ရန်မှာ ဤနာဗ်စနစ်ကဲ့သို့ ကြီးမားသောဒေတာပမာဏကို ကိုင်တွယ်နိုင်သည့်စနစ် လိုနေသည်ဟုလည်း ဆိုနိုင်ပါသည်။

ဤစံနစ်ကိုအသုံးပြုသူတိုင်းမှာ ကမ္ဘာကြီးတွင်ဖြစ်ပျက်နေသမျှ ကိုဖြစ်ပျက်နေချိန် Real time တွင်လေ့လာနိုင်ကြသည်။ Application တခုတွင် လေ့လာသူက မိုဘိုင်းဖုန်း ဆယ်လုံးတွင်ရှိသော အရှိန်၊ အလင်းရောင်၊ အသံတို့ကို တိုင်းတာသည့် Sensor များကို တပြိုင်နက်ထည်းဖွင့်နိုင်၊ ပိတ်နိုင်သည်။ လောလောဆယ်တွင် ဇူးရစ်၊ ဥရောပ၊ ဂျပန်နှင့် အမေရိကန်တို့မှ သုတေသန အဖွဲ့များက ပရိုဂရမ်များရေးပြီး စမ်သပ်နေကြသည်။ လိုအပ်သောရံပုံငွေကို ဥရောပယူနီယံက နယ်သာလန်ရှိ Delf University Of Technology နှင့်ပူးပေါင်း၍ ထောက်ပံ့လျက်ရှိသည်။

မည်သူမဆို ဒေတာများတင်သွင်းနိုင်ကြပြီး ထည့်ပြီးဒေတာများကိုလည်းအသုံးချနိုင်ကြသည်။ တဦးနှင့်တဦး အမြင်ချင်း ဖလှယ်နိုင်ကြပြီး ရည်ရွယ်ချက်မှာ လူ့အဖွဲ့အစည်းကို အကျိုးပြုရန်၊ စီးပွားရေးအခွင့်အလမ်းနှင့် အလုပ်အကိုင်များဖန်တီးပေးရန်တို့ပင်ဖြစ်သည်။

(၃)
ကျွန်တော်တို့နိုင်ငံသည် ဤဒီဂျစ်တယ်တော်လှန်ရေးတွင် လိုက်ပါနိုင်ရန်မဟုတ်သေးပါ။ နိုင်ငံတွင် လိုအပ်သည့် Infra-structure တည်ဆောက်ရေး ပရောဂျက်အများအပြားကို လုပ်ဆောင်ရပါဦးမည်၊ e-government ခေါ်နိုင်ငံသားများအတွက်လိုအပ်သည့် သန်းခေါင်စာရင်းဒေတာများ၊ လူဝင်မှုကြီးကြပ်ရေး အတွက်လိုအပ်သော အချက်အလက်များ၊ ဘဏ်နှင့် ငွေပေးငွေယူ ဘဏ္ဍာရေးဆိုင်ရာကိစ္စများ တွင်ကွန်ပျူတာကိုသုံးနီုင်ရန်အလုပ်မှာ အဓိကကျလျှက်ရှိနေပေသည်။ ပညာရေး အတွက် ပညာသင်ရာဌာနတိုင်းတွင် အင်တာနက်အဆက်အသွယ်များ  လိုအပ်လျှက်ရှိပါသည်။ ပြည်သူပြည်သားတို့၏ နေ့စဉ်ဘ၀ လုပ်ငန်းစဉ်များတွင် ကွန်ပျူတာများ Networks များကိုအသုံးပြုနိုင်သင့်ပါသည်။

မကြမီကမှ ပြီးစီးခဲ့သော မဲဆန္ဒပေးရသည့် ကိစ္စများတွင် ကွန်ပျူတာကိုအသုံးချလျင်ပို၍အဆင်ပြေမြန်ဆန်နိုင်ပါသည်။ စင်္ကာပူရှိမြန်မာသံရုံး၌ ပြည်သူများမဲပေးရာတွင် ပလက်ဖေါင်းဘေးတွင် ညအိပ်စောင့်ရခြင်းမှာ မဖြစ်သင့်ပါ။ ပြည်သူတဦးက မိမိ၏မှတ်ပုံတင်ကို တင်ပြလျှင် ကွန်ပျူတာက လိုအပ်သောမဲပြားကို ထုတ်ပေးနိုင်သည်အထိ ကွန်ပျူတာများက အသုံးတော် ခံနိုင်ပါသည်။

ကျွန်တော်တို့သည် ဆွစ်ဇာလန်နိုင်ငံက ကွန်ပျူတာ နာဗ်စနစ်ကြီးကို အားကျမနေအားပါ။ လက်ရှိနိုင်ငံတွင်းမှ အင်တာနက် ကိုပင် ပြုပြင်စရာ၊ ပြည်သူအများ အသုံးပြုနိုင်ရေးအတွက် လုပ်စရာတွေ အများကြီးရှိနေပါသေးသည်။

ကိုသန်းလွင်
Ref: Nature 5 November 2015, Build Digital Democracy by Dirk Helbing and E. Pournaras.

အိချယ်ရီအောင်၊ (MYANMAR-NOW) - နှစ်သိမ့်ဆွေးနွေးမှုနှင့် နွေးထွေးမှုကိုလိုအပ်နေသည့် အိပ်ခ်ျအိုင်ဗီဝေဒနာရှင်များ

$
0
0

အိချယ်ရီအောင်၊ (MYANMAR-NOW) - နှစ်သိမ့်ဆွေးနွေးမှုနှင့်နွေးထွေးမှုကိုလိုအပ်နေသည့်အိပ်ခ်ျအိုင်ဗီဝေဒနာရှင်များ
(Myanmar Now) မိုးမခ၊ နိုဝင်ဘာ ၃၀၊ ၂၀၁၅

ရန်ကုန် (Myanmar Now) –ဒုတိယအိမ်ထောင်မှခင်ပွန်းသည်တစ်ယောက်၎င်း၏မိဘများအိမ်တွင်၂၀၁၃ခုနှစ်အတွင်းကွယ်လွန်ပြီးနှစ်ပတ်အကြာတွင်ခင်ပွန်းသည်၏မိဘသားချင်းများကခင်ပွန်းသည်သည် HIV/AIDS ဖြင့်ဆုံးခြင်းဖြစ်ကြောင်းဒေါ်ချိုအားဖုန်းဆက်အကြောင်းကြားလာသည်။သူ့ကိုလည်းသွေးစစ်ကြည့်ရန်ပြောသွားသေးသည်။

နေပူကျဲတဲအောက်မှာပင်ဒေါ်ချိုတစ်ယောက်သွေးစစ်ခံရန်ဆေးခန်းတစ်ခုသို့အပြေးသွားရောက်ခဲ့ပုံကိုယခုထိကောင်းကောင်းမှတ်မိနေဆဲ။ရောဂါပိုးမရှိဟုအဖြေထွက်လာတော့မှဒေါ်ချိုတစ်ယောက်သက်ပြင်းချနိုင်ခဲ့တော့သည်။

သို့သော်နောက်ပိုင်းကိုယ်အလေးချိန်လျော့ကျလာသလိုမကြာခဏလည်းပိုပြီးနေထိုင်မကောင်းဖြစ်လာတော့ဒေါ်ချိုလည်းပြီးခဲ့သည့်စက်တင်ဘာလအတွင်းနောက်တစ်ကြိမ်သွေးစစ်ကြည့်သည်။သည်တစ်ခါတော့အဖြေကပိုးရှိသည်ဟုထွက်လာသည်။

 “ရောဂါဖြစ်မှန်းသိသိချင်းမှာစိတ်မကောင်းဖြစ်သလိုဝမ်းလည်းနည်းမိတယ်ဟုရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်နေအသက်၄၃နှစ်အရွယ်ဒေါ်ချိုကပါးပြင်ပေါ်သို့လိမ့်ဆင်းလာသည့်မျက်ရည်စများကိုလက်ဖမိုးဖြင့်သုတ်ရင်းပြောသည်။ယခင်ကဒေါ်ချိုသည်အိမ်အနီးအနားမှာပင်အထည်ဆိုင်ဖွင့်ခဲ့သူဖြစ်သည်။

ရောဂါဖြစ်သည်ဟုသိသိချင်းနှစ်ရက်မြောက်သည့်နေ့၌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖွင့်လှစ်ထားသည့်ရန်ကုန်တိုင်းဒေသကြီးတောင်ဒဂုံမြို့နယ်ရှိ NAC & NLD AIDS Center ခုခံအားကျဆင်းမှု့ကူးစက်ရောဂါကာကွယ်ရေးနှင့်ပြုစုစောင့်ရှောက်ရေးဂေဟာသို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၎င်းကပြောသည်။

ဒေါ်ချို၏မိသားစုကလိုအပ်သည့်အသုံးစရိတ်များကိုထောက်ပံ့ပေးသော်လည်းအိမ်တွင် ညီမဖြစ်သူ၏ကလေးငယ်ရှိခြင်းကြောင့်ဒေါ်ချို့မိသားစုဝင်များကကလေးငယ်အားရောဂါကူးစက်မည်ကိုစိုးရိမ်ခြင်းကြောင့်ဒေါ်ချိုအားအိမ်ပြန်မခေါ်ခဲ့ပေ။ 

ဒေါ်ချို့တွင်ပထမအိမ်ထောင်ဖြင့်ရသည့်အသက်၂၁နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပြီးဂေဟာရောက်ရှိချိန်မှစတင်၍ယနေ့အချိန်အထိလာရောက်တွေ့ဆုံခြင်းမရှိကြောင်းပြောကြားသည်။

သမီးကတစ်ခေါက်မှလာမတွေ့ဘူး။ဒါပေမဲ့ဖုန်းနဲ့တော့စကားပြောတဲ့အတွက်တော်သေးတာပေါ့ဟု၎င်းကပြောသည်။

ထိုဂေဟာတွင်ဒေါ်ချို့လိုပင်မိသားစုကလက်မခံသည့် HIV/AIDS ရောဂါဝေဒနာရှင်ပေါင်း၃၀၀ရှိနေသေးသည်။ရောဂါကုသမှုခံယူရမည့်လူအားလုံး၏သုံးပုံတစ်ပုံသာဆေးဝါးကုသမှုရရှိခဲ့သည့်လွန်ခဲ့သောနှစ်များကနှင့်စာလျှင်မြန်မာနိုင်ငံ၏ HIV/AIDS ရောဂါဝေဒနာရှင်များ၏ဂရုစိုက်ခံရမှုအခြေအနေမှာအထူးတိုးတက်ကောင်းမွန်လာခဲ့ပြီဖြစ်သည်။မြန်မာနိုင်ငံတွင်၂၀၁၁ခုနှစ်က HIV/AIDS ဝေဒနာရှင်ပေါင်း၂၁၀,၀၀၀ခန့်ရှိကြောင်း၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)  ၏လမ်းညွှန်ချက်များနှင့်အညီ ART ဆေးသောက်သုံးရန်လိုအပ်နေသူ HIV ပိုးရှိသူအရေအတွက်၁၆၀,၀၀၀၀န်းကျင်ခန့်ရှိကြောင်း MSF ခေါ်နယ်စည်းမထားဆရာဝန်များအဖွဲ(Medecins Sans Frontieres) ၏ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံ၏ ART ဆေးဝါးလိုအပ်ချက်များကိုနှစ်ရှည်လများထောက်ပံ့လာခဲ့သည့် MSF ကဆေးဝါးထောက်ပံ့နေသူပေါင်းရန်ကုန်မြို့တစ်မြို့စာအတွက်ယခုနှစ်အတွင်း၁၇,၀၀၀၀န်းကျင်ရှိပြီး ART ဆေးမသောက်သုံးရသေးသည့်လူနာပေါင်း၅၀၀ကျော်ခန့်ရှိကြောင်းသိရသည်။

ယခုတိုင်းနဲ့ပြည်နဲ့တိုင်းရှိအစိုးရဆေးရုံအများစုတွင် ART/ARV ဆေးထုတ်ယူနိုင်ပြီဖြစ်ကြောင်း MSF မှဆရာဝန်တစ်ဦးဖြစ်သူဒေါက်တာစိုးရတနာကပြောသည်။

ဒီဇင်ဘာလရက်နေ့ရောက်တိုင်းကမ္ဘာတစ်ဝန်းတွင်ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါနေ့ကိုကျင်းပကြသော်လည်း၊ထိုရောဂါနှင့်ပတ်သက်၍အဖွဲ့အစည်းများအနေဖြင့်ပညာပေးအစီအစဉ်များပြုလုပ်နေသော်လည်းယနေ့အချိန်ထိလူ့ပတ်ဝန်းကျင်တွင်ခွဲခြားဆက်ဆံမှုများရှိနေဆဲဖြစ်သည်။ HIV ပိုးရှိသူသည်အလိုလိုလူရာမဝင်ဆန့်ဖြစ်နေဆဲဖြစ်သည်။ 

နှစ်ပေါင်းများစွာကြာအောင်ပင်စီမံခန့်ခွဲမှုအလွဲများကြောင့်ဆိုးရွားခဲ့ရသည့်ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ရပ်လုံးကိုသာပြုပြင်ပြောင်းလဲရေးမဟုတ်ဘဲအသိမှားယွင်းခြင်းနှင့်ရှေးရိုးစွဲအယူအဆများကျန်ရှိသေးခြင်းတို့ကြောင့်ဖြစ်လာသည့်ရောဂါသည်များအပေါ်ခွဲခြားဆက်ဆံလိုသည့်စိတ်များကိုပါတိုက်ဖျက်ရမည့်တာဝန်ကြီးတစ်ရပ်ကအစိုးရအတွက်မည်မျှကြီးမားလှသည့်စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးတွင်နေထိုင်သည့်အသက်၄၈နှစ်အရွယ်ဒေါ်စိန်မြင့်တို့သားအမိနှစ်ဦးလည်း HIV ရောဂါဖြစ်ပွားနေသည်ကိုသိရှိချိန်မှစတင်၍ပတ်ဝန်းကျင်၏ပစ်ပယ်ခြင်းဒဏ်ကိုခံခဲ့ရသည်။

ဒီရောဂါဖြစ်တဲ့အချိန်ကစပြီးရွာထဲကဘယ်အိမ်ကမှနေ့စားလုပ်ဖို့မခေါ်တော့ဘူးဟုဒေါ်စိန်မြင့်ကပြောသည်။ 

ရောဂါဖြစ်ပွားနေသည်မှာသုံးနှစ်ဝန်းကျင်ခန့်ရှိပြီးသားအမိနှစ်ဦးအနေဖြင့်မိမိခြံထဲတွင်သာသီးနှံပင်များကိုစိုက်ပျိုးစားသောက်နေရကြောင်းရှင်းပြသည်။
အလုပ်မရှိတော့ပိုက်ဆံမရှိဘူးလေ။တစ်ခါတလေစားရေးသောက်ရေးအရမ်းအခက်အခဲဖြစ်တာပဲဟု၎င်းကပြောသည်။

၎င်း၏အသက်ငါးနှစ်အရွယ်သားဖြစ်သူမောင်လင်းသူမှာလည်းရောဂါပိုးကူးစက်ခံထားရပြီးပတ်ဝန်းကျင်တွင်ခွဲခြားဆက်ဆံမှုများနှင့်ရင်ဆိုင်နေရသူဖြစ်သည်။ 

ဒေါ်ချိုကဲ့သို့ပင်ဒေါ်စိန်မြင့်သည်လည်းအမျိုးသားသေဆုံးပြီးနောက်ပိုင်းမှရောဂါပိုးကူးစက်ခံထားရမှန်းသိရှိခဲ့သည်။သားအမိနှစ်ယောက်စလုံးကိုယ်ခံအားကျဆင်းသည့်လက္ခဏာများဆက်တိုက်တွေ့လာပြီးကျန်းမာရေးချူခြာလာခြင်းကြောင့်မိတ်ဆွေတစ်ဦးက HIV/AIDS ကူးစက်မှုကာကွယ်တားဆီးရေးလုပ်ငန်းများလုပ်နေသည့်နိုင်ငံတကာအဖွဲ့အစည်းတစ်ခုသို့ခေါ်ဆောင်ပေးသွားခြင်းကြောင့်ယင်းရောဂါဖြစ်ပွားသည်ကိုသိရှိခဲ့ရခြင်းဖြစ်သည်။

သားဖြစ်သူမှာရောဂါဖြစ်ပွားနေခြင်းကြောင့်ဆေးသောက်ရကြောင်းကိုသာသိရှိကာယင်းရောဂါ၏အဓိပ္ပါယ်ကိုတိတိကျကျမသိရှိသေးဟုဒေါ်စိန်မြင့်ကပြောသည်။

ကျွန်မဘယ်သွားသွားသားကိုခေါ်သွားရတယ်။ဘာကြောင့်လဲဆိုတော့သားကကိုယ့်ဘာသာသတိထားပြီးဆေးကိုမသောက်တတ်သေးဘူးလေ။အချိန်တွေမှားသောက်မိရင်ရောဂါတိုးမှာကိုစိတ်ပူတယ်။ဒါကြောင့်ကိုယ့်ကျန်းမာရေးရောကလေးကျန်းမာရေးကိုပါစောင့်ရှောက်နေရပါတယ်ဟု၎င်းကပြောသည်။

ရောဂါမပြင်းထန်ဖို့အရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့တစ်ခုခုဖြစ်ရင်ကျွန်မတို့သားအမိနှစ်ယောက်ကိုစောင့်ရှောက်မယ့်သူမရှိဘူးဟု၎င်းကဖြည့်စွက်ပြောသည်။

 “သူငယ်ချင်းတွေကသူတို့ကစားရင်သားကိုမပါခိုင်းဘူး။သားပါမယ်ဆိုရင်ဆက်မကစားကြတော့ဘူးဟုယခုသူငယ်တန်းတက်ရောက်နေပြီဖြစ်သည့်မောင်လင်းသူကလက်ထဲတွင်ကိုင်ထားသည့်ပေါင်မုန့်အလွတ်ကိုစားရင်းပြောသည်။
ရွာတွင်အလှူပွဲများပြုလုပ်ပါကလည်းအခြားသူများမှာမိမိတို့သားအမိနှင့်တစ်ဝိုင်းတည်းထိုင်ကာမစားသောက်ကြောင်း၊၎င်းတို့သားအမိလာပါကထထွက်သွားကြကြောင်းဒေါ်စိန်မြင့်ကပြောပြသည်။

HIV/AIDS ပိုးရှိသူရောဂါရှင်များအပေါ်ခွဲခြားဆက်ဆံကြခြင်းမှာမိသားစုဝင်များကငွေကြေးမပြည့်စုံခြင်း၊အိမ်တွင်လူနာကိုစောင့်ရှောက်မည့်လူပိုမရှိခြင်း၊ HIV/AIDS ရောဂါနှင့်ပတ်သက်၍ဗဟုသုတမကြွယ်ဝခြင်းစသည့်အချက်များကြောင့်ဖြစ်ကြောင်း MSF မှဒေါက်တာစိုးရတနာကပြောသည်။
လူနာကပုံမှန်နေကောင်းနေရင်ပြဿနာမရှိဘူး။နေမကောင်းဖြစ်နေတဲ့အချိန်မှလူနာကိုစောင့်ရှောက်တဲ့သူကဆုံးပါးသွားတယ်ဆိုရင်အခြားလူတွေကမစောင့်ရှောက်ချင်တော့တာတွေ့ရတာများတယ်ဟုပြောပြသည်။ 

ART ဆေးဝါးရရှိမှုအပိုင်းတွင်ယခင်ကထက်ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်သော်လည်းရောဂါကုသမှုပေးရာတွင်ဝန်ထမ်းအင်အား၊အထူးသဖြင့် ဆရာဝန်အင်အားမလုံလောက်မှုကြောင့်အခက်ကြုံနေရဆဲဖြစ်သည်ဟု၎င်းကပြောသည်။

ဝန်ထမ်းအင်အားနဲ့လူနာနဲ့မမျှတဲ့အခါကျတော့ဆေးခန်းပြတဲ့ရက်ဆိုအချိန်တစ်နေကုန်ပေးရတာမျိုးတွေဖြစ်တတ်တယ်။ဆရာဝန်အင်အားနည်းတဲ့အခါကျတော့လူနာတွေကသူတို့ရောဂါအခြေအနေကိုအသေးစိတ်ပြောပြလို့မရဘူး။ဆရာဝန်ကလည်းလူနာတွေကအရမ်းများတော့တစ်ယောက်ချင်းကိုသေသေချာချာဂရုမစိုက်နိုင်ဘူး။ 

“HIV လူနာကအမြဲလိုလိုအားငယ်နေတတ်တယ်။ဒါကြောင့်သူတို့ကိုအားပေးနှစ်သိမ့်ပေးမယ့်ဆရာဝန်အင်အားနဲ့သူနာပြုအင်အားကအလုံအလောက်ရှိဖို့လိုတယ်။ဒီလိုရှိမှလည်းလူနာတစ်ဦးချင်းဆီရဲ့လိုအပ်ချက်တွေကိုအားပေးနှစ်သိမ့်နိုင်မှာဖြစ်ပါတယ်ဟု၎င်းကပြောသည်။

ရောဂါဖြစ်ပွားသည့်အချိန်မှစ၍ဒေါ်ချိုသည်ကျန်းမာရေးကိုယခင်ထက်ပိုမိုဂရုစိုက်ပြီးအစားအသောက်အနေအထိုင်တို့ကိုဂရုစိုက်ကာ ART ဆေးကိုလည်းပုံမှန်သောက်သုံးလျက်ရှိသည်။

သို့သော်လည်း ရောဂါရှိလျက်နှင့်၎င်းကို၎င်း၏သမီးနှင့်ညီအစ်ကိုမောင်နှမများကတဖန်ပြန်လက်ခံပါမလားဟူ၍မျှော်လင့်ချင်သည့်အရိပ်အယောင်ကိုမတွေ့ရပါ။ 

ကျွန်မဒီရောဂါဖြစ်နေတော့သမီးကသူအိမ်ထောင်ပြုရင်ခင်ပွန်းသည်ကအပြစ်တခုအနေနဲ့ပြောဆိုမှာကိုကြောက်နေတယ်။ဒါကြောင့်ကျွန်မဘ၀ရဲ့ ကျန်ရှိနေတဲ့အချိန်တွေကိုဒီဂေဟာမှာပဲကုန်ဆုံးတော့မယ်ဟုဒေါ်ချိုကပြောသည်။

(ယခုဆောင်းပါးအတွက်တွေ့ဆုံမေးမြန်းထားသူရောဂါပိုးရှိများ၏ဂုဏ်သိက္ခာကိုငဲ့ကွက်သောအားဖြင့်၎င်းတို့အားလုံး၏အမည်ရင်းအစားတခြားနာမည်များဖြင့်လွှဲပြောင်းဖော်ပြထားပါသည်။)




စံပယ်ဖြူ - ကျွန်မတို့ တာဝန်ကျေခဲ့ကြတယ်

$
0
0
စံပယ်ဖြူ - ကျွန်မတို့ တာဝန်ကျေခဲ့ကြတယ်
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၅
သမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်မ အပါအ၀င် တာဝန်ကျေခဲ့ကြသော မြန်မာနိုင်ငံသား အားလုံးကို ဂုဏ်ပြုမှတ်တမ်းစာတပုဒ် ရေးလိုက်ပါတယ်။ ပြည်သူတယောက်က ပြည်သူတွေကို ဂုဏ်ပြုတဲ့စာ၊ ကိုယ့်ကိုကိုယ် ပြန်ပြီး ဂုဏ်ပြုစာလည်း ဖြစ်ပါတယ်။ မြန်မာ့သမိုင်းတလျှောက်လုံးမှာ ပြည်သူတွေ တာဝန်ကျေခဲ့ကြတယ်လို့ နိုင်ငံရေးသမားတွေ သုံးသပ်ကြတဲ့အတိုင်း၊ ၂၀၁၅မှာ ပြည်သူတရပ်လုံးနဲ့အတူ တာဝန်ကျေခွင့်ရခဲ့တာကို ကျွန်မ ကျေနပ်ပါတယ်၊၊ နောင်မျိုး ဆက်သစ်တွေအတွက် ရည်ရွယ်ပြီး၊ အသဲကြားက မဲပြားတွေကို ပုံအောပေးခဲ့ကြသူ အားလုံးကို လေးစားဂုဏ်ယူပါတယ်။

မှတ်မှတ်ရရ တသက်လုံးမှာ ဒီတကြိမ်တည်း မဲပေးခွင့် ကြုံပါသေးတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျွန်မ ၅ တန်းပဲ ရှိ သေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲမပေးခဲ့ဘူး။ ဒီတကြိမ်တော့ အမိအရ မဲပေးချင်လွန်းလို့။ ဆာဘားကနေ ကွာလာ လမ်ပူ၊ ကွာလာလမ်ပူကနေ ရန်ကုန်၊ လေယဉ်ခရီးစရိတ် အကုန်ခံပြီး မဲပြန်ပေးခဲ့ ပါတယ်။ ပထမအကြိမ် မဲစာရင်းမှာ ကျွန်မ နံမယ်မပါလို့ ပြန်လျှောက်ရတယ်။ ကိုယ်တိုင်လည်း မဲထည့်ရင်း၊ နီးစပ်ရာ ဆွေမျိုးတွေကို စည်းရုံးဖို့ စိတ်ကူးနဲ့ ပြန်ခဲ့ပါတယ်။ ရွာပြန်ရောက်တော့ ကျွန်မ ဆွေမျိုးတွေကို ဘာမှပြောစရာ မလိုဘူး၊ အမေစု ဘက်တော်သားတွေ ဖြစ်နေကြတယ်။ ကျေး လက်တောရွာက လူတွေအများစုဟာ ယုံကြည်အားကိုးရသော အစိုးရနဲ့ မကြုံဘူးတော့ အစိုးရကို မယုံချင်ကြဘူး။ ကိုယ်လုပ် မှ ကိုယ်စားရမယ်လို့ ယုံကြည်ကြတယ်။ နိုင်ငံရေးကို စိတ်မ၀င်းစားကြဘူး။ ဒါပေမဲ့ ပြောင်းအလဲကိုမြင်ချင်လို့ NLD ကို မဲပေး ခဲ့ကြတယ်။ နားလည်တဲ့လူတွေက အမေစုနဲ့ အမေစုကို ၀န်းရံကြသူတွေကို ယုံကြည်လို့ မဲပေးကြတယ်။

ရွေးကောက်ပွဲမတိုင်မှီ ကာလတွေမှာ NLD အောင်နိုင်ရေးအတွက် အချိန်ကုန်ခံ၊ ဖုန်းဘေလ်အကုန်ခံပြီး၊ နီးစပ်ရာ အချင်းချင်း မဲဆွယ်ကြတယ်။ ကိုယ်ပိုင် ဖေ့စ်ဘွတ် စာမျက်နှာကနေ ပညာပေးမဲဆွယ်ကြတယ်။ မြို့ပေါ်က အမြင်ကျယ်သူတွေက ရွာက အသိဆွေမျိုးတွေကို လှမ်းဆွယ်ကြတယ်။ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေ အများစု ပြည်သူတွေရဲ့ နှလုံးသားကို ဖွင့်ပေးခဲ့ကြတယ်။ ပြည်သူတွေကို အားကိုးပြီး နိုင်ငံရေးလုပ်တဲ့ အမေအိုကိုယ်တိုင် အပင်ပန်းခံပြီး၊ မြန်မာပြည်အနှံ့ နယ် လှည့်ပြီး ဟောပြောစည်းရုံးခဲ့တယ်။ ဒါပေမဲ့ အချို့ရွာတွေမှာ မဲထည့်နည်း ပညာပေးမှု အားနည်းပါတယ်။ နုံခြာတဲ့ ရွာသားတွေ တံဆိပ်တုံးထုပြီး မဲပေးရတော့ ပယ်မဲဖြစ်သွားတာ အတော်များပါတယ်။ မဲထည့်ပုံထည့်နည်းကို တအိမ်ဝင် တအိမ်ထွက် လိုက်ပြပေးထားတဲ့ ကျွန်မတို့ ရွာမှာတောင် ပယ်မဲတွေရှိတယ်။ တချို့ရွာက မဲရုံတွေမှာ ကိုယ်စားတံဆိပ်တုံး ထုပေးလို့ ပြဿနာတက်တာတွေ ရှိပါတယ်။

ရွေးကောက်ပွဲကာလမှာ တပတ်ကျော်လောက် ကျွန်မ ရွာမှာရှိနေတုန်း ဆွေမျိုးတွေနဲ့ နိုင်ငံရေး တိုင်းပြည်အရေးတွေ ဆွေး နွေးဖြစ်ပါတယ်။ အချို့ကမေးတယ်၊ တကယ်အပြောင်းအလဲဖြစ်ဖို့ လွယ်ပါ့မလား ဖြစ်နိုင်ပါ့မလားတဲ့။ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲထည့်ကြတဲ့ လူအများစု သက်ရှိထင်ရှား ရှိကြတုန်းမို့၊ NLD နိုင်လည်း အာဏာရမယ်လို့ မယုံရဲကြဘူး။ ကျွန်မလည်း သိနားလည်သလောက် ပြန်ဖြေပေးခဲ့ပါတယ်။ ပြောင်းလဲဖို့မလွယ်ပေမဲ့ ဖြစ်နိုင်ပါတယ်။ ဆက်သွယ်ရေးစနစ်တွေ ကောင်းလာ သလို၊ လူတွေက အမြင်ကျယ်လာကြပြီ။ ပြောရဲ ဆိုရဲ ရှိလာကြပြီ။ ကြောက်လို့ ငြိမ်ခံနေကြမှာ မဟုတ်ဘူး။ NLD ကို မဲပေးဖို့ က ပထမအဆင့်၊  NLD နိုင်သွားပြီဆိုရင် သတိထားပြီး စောင့်ကြည်ရမယ်။ NLD အစိုးရ တက်လာရင်လည်း နေ့ချင်းညချင်း တိုးတက်လာမှာ မဟုတ်ဘူး။ အချိန်ယူပြီး ပြုပြင်ရမယ်၊ ရှုပ်ထွေးနေတဲ့ ကိစ္စတွေကို ရှင်းစရာတွေ ရှိတယ်။ တရားဥပဒေကို လူတိုင်းတပြေးညီ လိုက်နာဖို့နဲ့၊ လာဒ်ပေးလာဒ်ယူ ပပျောက်ရေးကို ကျိန်းသေလုပ်ပေးနိုင်မယ်။ ပညာရေး၊ ကျန်းမာရေး စနစ်တွေကို ပိုကောင်းအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ဖြေပေးခဲ့ပါတယ်။

မဘသအဖွဲ့ ခိုင်မာနေတဲ့ ကျွန်မတို့ရွာမှာ မဲပေးသူဦးရေ ၁၄၀၀ ကျော်ရှိပြီး၊ ပြည်ခိုင်ဖြိုးက မဲ ၇၀ ကျော်နဲ့ အနိုင်ရပါတယ်။ ကျုံပျော်မြို့နယ်မှာ NLD နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရွာ အပါအ၀င် မဘသ ကြီးစိုးတဲ့ ရွာတွေမှာ ပြည်ခိုင်ဖြိုးက နိုင်ပါတယ်။ အမေစုနိုင်ရင် မြန်မာပြည်ကို မွတ်စလင်တွေ ကြီးစိုးလိမ့်မယ်လို့ ၀ါဒမှိုင်းတိုက်တာကို ယုံတဲ့လူတွေ ရှိတယ်။ လမ်းတွေခင်းပေး၊ လျှပ်စစ်မီးတွေပေးလို့ ဦးသိန်းစိန်အစိုးရကို ကောင်းတယ်လို့ထင်ကြသူတွေ ရှိတယ်။ ကြောင်ရိုးရွာက မဘသ ဘုန်းကြီးတပါး က ဘာပြောလဲဆို NLD ကို မဲပေးကြတဲ့သူတွေဟာ ကျေးဇူးမသိတတ်ကြဘူးလို့ ဆိုပါတယ်။ ဆိုတော့က ၂၀၁၅ မှာ NLD ကို ထောက်ခံကြသူတွေဟာ ဦးသိန်းစိန်အစိုးရကို ကျေးဇူးကန်းသူတွေအဖြစ် သမိုင်းမှတ်တမ်းတင်ရမလို ဖြစ်နေပါတယ်။ ၀န်ကြီးတပါးပြောသလိုဆို ကျွန်မတို့က ကယ်တင်ရှင် ကျန်စစ်သားရဲ့စေတနာကို နားမလည်ကြသူတွေအဖြစ် မှတ်တမ်း တင်ရမလို။ ဘယ်လိုပဲဖြစ်ဖြစ် NLD အနိုင်ရသွားတာကို အားရကျေနပ်ပါတယ်။

မဲစာရင်း အမှားတွေ၊ ၀ါဒမှိုင်းတိုက်မှုတွေရှိပေမဲ့ ကျွန်မတို့ ပြည်သူတွေ မညံ့ကြဘူး။ ပြည်သူတရပ်လုံးက အမေစုကို ထောက် ခံအားပေးကြလို့ အပြောင်းအလဲလုပ်ဖို့ လှေကားတထစ်ကို တက်နိုင်ခဲ့ကြပြီ။ နောက်ထပ် လှေကားထစ်တွေကို ဆက်လှမ်း ဖို့လည်း အားလုံးက သတိအနေအထားနဲ့အဆင်သင့် ရှိနေကြပါတယ်။ အမေစုက သန့်ရှင်းရေးလုပ်ဖို့ ပြောလိုက်တာနဲ့ လူငယ်တွေ အမှိုက်ကောက်နေကြပြီ။ အမေစု တခွန်းပြောလိုက်တာနဲ့ ပြည်သူတွေက လိုက်လုပ်ဖို့ အဆင်သင့်ဖြစ်နေကြ တယ်။ ဖြောင့်မတ်သော အမေစုရဲ့ သြဇာညောင်းမှုက ပုဂ္ဂိုလ်ရေး ကိုးကိုယ်မှုနဲ့ ပုဂ္ဂိုလ်စွဲ ရှိတတ်ကြတဲ့ ပြည်သူအချို့အတွက် ကောင်းသော လမ်းညွှန်မှုဖြစ်စေပါတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်သူတွေဟာလည်း အမေစုရဲ့ တရားနည်းလမ်း ကျသော ညွှန်ကြားချက်တွေကို ယုံကြည်လက်ခံကြပါတယ်။ ဒီအမေနဲ့ ဒီပြည်သူတွေ သွားမဲ့လမ်းမှာ အနှောင့်အယှက်ပေးမဲ့ တောကြောင်တွေရဲ့ရန်ကိုတော့ ကျော်လွန်နိုင်ဖို့တော့ လိုပါတယ်။

ယုံကြည်ချက်မတူလို့ NLD ကို မဲမပေးကြတဲ့ လူတွေဟာလည်း ပြည်သူထဲက ပြည်သူတွေပဲမို့ စနစ်သစ်မှာ အားလုံးအတူတူ လက်တွဲသွားနိုင် ရပါမယ်။ အစိုးရသစ်ကို လွှတ်တော်ပြင်ပကနေ စောင့်ကြည့်သွားမယ်ဆိုသော ပုဂ္ဂိုလ်များကလည်း၊ အကူ အညီမပေးချင်နေ မနှောင့်အယှက်မပေးဘဲ စောင့်ကြည့်သွားရင် ကောင်းပါတယ်။ အတိုက်အခံဖြစ်သွားမဲ့ ပါတီဝင်တွေက လည်း ပြည်သူ့မျက်နှာကိုကြည့်ပြီး၊ အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုတွေပေးခြင်းဖြင့် ပြည်သူတွေရဲ့ ယုံကြည်မှု ရအောင် ကြိုးစားဖို့ အခွင့်အရေး ရှိပါတယ်။ ရိုးသားမှုရှိမယ်၊ ပြည်သူ့ဆန္ဒအမှန်ကို လေးစားနားလည်မယ်ဆိုရင် ဘယ်ပါတီ အဖွဲ့အစည်းကိုမဆို ပြည်သူတွေ ထောက်ခံအားပေးမှာပါ။

နိုင်ငံရေးစကားတွေထဲမှာ ငြိမ်းချမ်းရေး ဆရာကြီး ဒဂုန်တာရာရဲ့ ရန်သူမရှိ  မိတ်ဆွေသာရှိရမယ်ဆိုတဲ့စကားကို ကျွန်မ အကြိုက်ဆုံး။ အမေစုရဲ့လမ်းစဉ်က ရန်သူကို မိတ်ဆွေဖွဲ့ပြီး တိုင်းပြည်ကို ကောင်းအောင်လုပ်သွားမဲ့လမ်းစဉ်။ တိုင်းပြည်အာ ဏာကို ချုပ်ကိုင်ခဲ့တဲ့ တပ်မတော်က ပြည်သူတွေရဲ့ ရန်သူမဖြစ်သင့်ဘူး။ အာဏာရှင်စနစ်ကို မုန်းတဲ့ ပြည်သူတွေဟာလည်း တပ်မတော်ရဲ့ ရန်သူမဟုတ်ဘူး။ အခွင့်ထူးခံပြီး တိုင်းပြည်ကို မတရားအုပ်ချုပ်တာကို မလိုချင်တဲ့ ပြည်သူတွေရဲ့ သဘော ထား အစစ်အအမှန်ကို နားလည်ရမယ်။ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အမေစုရဲ့သဘောထားကို တပ်မတော် က ကြိုဆိုလက်ခံသင့်ပါတယ်။ ပြည်သူတွေကြားကပေါက်ဖွားလာတဲ့ တပ်မတော်သားတွေ ပြည်သူတွေရဲ့ နှလုံးသားကို မြင်အောင်ကြည့် စေချင်ပါတယ်။ ပြည်သူတွေရဲ့ဘ၀ကို စာနာနားလည်လို့ NLD ကိုမဲပေးခဲ့ကြတဲ့ တပ်မတော်သားများနဲ့ တပ်ဆွေ တပ်မျိုးများကိုလည်း ကျွန်မက ပြည်သူတယောက်အနေနဲ့ လေးစားဂုဏ်ယူပါတယ်။ အမေစုနဲ့  ပြည်သူတွေအကြား နှလုံးသားချင်း နီးနေသလိုမျိုး၊ တပ်မတော်နဲ့  ပြည်သူတွေအကြား နှလုံးသားချင်းနီးလာကြရင် တိုင်းပြည် အေးချမ်းသာယာ မှာပါ။

ထို့အတူပဲ တိုင်းရင်သား အခွင့်အရေးအတွက် လက်နက်ကိုင်တော်လှန်ကြသူတွေကလည်း တိုင်းပြည်ရဲ့ ရန်သူမဟုတ်ဘူး။ တိုင်းရင်သားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရချင်တယ်။ ကိုယ့်လူမျိုးရဲ့ ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့် ရချင်တယ်။ လူတိုင်းမှာ ဇာတိသွေး ဇာတိမာန် ကိုယ်စီရှိကြတာမို့ ရိုးသားတဲ့တိုင်းရင်းသားတွေမှာလည်း ဇာတိမာန်ရှိကြတယ်။ အနှိမ်မခံချင်ဘူး၊ ဖိနှိပ်ချုပ်ချယ်တာကို မကြိုက်ကြဘူး။ အမျိုးကို ထိရင်နာတတ်ကြတယ်။ ကိုယ့်လူမျိုးကို သူများအထင်သေး စော်ကားတာ မခံချင်ဘူး။ တိုင်းရင်းသားတွေရဲ့ နှလုံးသားမှာစူးနေတဲ့ အမုန်းအငြှိုးဆူးတွေကို ပြန်နှုတ်ပေးပြီး၊ စိတ်ဒဏ်ရာ နာကြည်းချက် တွေကို ပြန်ကုစားရမယ်။ တော်လှန်တာတွေရပ်သွားအောင် ဘူးလက်နဲ့ အပြတ်ရှင်းလို့မရဘူး၊ မေတ္တာနဲ့ ငြိမ်းချမ်းရေးကို တည်ဆာက်ရမယ်။ အနှိုင်းမဲ့မေတ္တာရှင် အမေစုရဲ့အရိပ်အောက်မှာ လွတ်လပ်သော ဖက်ဒရယ်ပြည်ထောင်စုကို တည် ထောင်နိုင်ရင်ဖြင့် ပြည်တွင်းစစ်ငြိမ်းလို့ မြန်မာပြည်ကြီး အမှန်တကယ်ငြိမ်းချမ်းပါလိမ့်မယ်။

မေတ္တာဖြင့် တိုင်းပြည်ကို အုပ်ချုပ်မယ်ဆိုသော ကျွန်မတို့ရဲ့ အမေစု မြန်မာပြည်ကို ဦးဆောင်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။ နှလုံးသားဖြင့် တိုင်းပြည်ကိုတည်ဆောက်ကြမဲ့ ကိုယ်စားလှယ်လောင်းတွေကို ကျွန်မတို့ ပြည်သူတွေက နှလုံးသားနဲ့ ကြို ဆိုပါတယ်။ အမေစုရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်မတို့ ညီညွတ်ကြရမယ်ဆိုတာ လူတိုင်းနားလည်ကြပါလိမ့်မယ်။ အမှန်တ ကယ်ပြောင်းလဲဖို့ ကျွန်မတို့ တာဝန်သိတတ်စွာ မဲပေးခဲ့ပြီးပြီ။ ရှေ့ဆက်ပြီး ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့၊ ကျွန်မတို့ တဦးချင်းစီရဲ့ လိုအပ်ချက်တွေကို ပြုပြင်ရမယ်။ စည်းကမ်းရှိခြင်း၊ ယဉ်ကျေးခြင်း၊ ကိုယ်ကျင့်ကောင်းအောင် စောင့်ထိန်းခြင်း စတဲ့အကျင့်ကောင်းတွေကို မွေးမြူကြရမယ်။ အချင်းချင်း အပြန်အလှန် လေးစားချစ်ခင်တတ်ခြင်း၊ သီးခံခွင့်လွတ်နိုင်ခြင်း၊ သဘောထားကြီးခြင်း စတဲ့နှလုံးရည်တွေ ပြည့်ဝအောင် ကြိုးစားရမယ်။ နိုင်ငံသားကောင်းပီသအောင် နေထိုင်ခြင်းဖြင့် ကမ္ဘာ မှာ မြန်မာတွေ မညံ့ဘူးဆိုတာကို ပြရမယ်။

ရွှေပြည်တော်ကို မျှော်ကြည့်လိုက်တော့ နီးလာသလိုရှိပေမယ့် ခရီးက ဝေးပါသေးတယ်။ ဒီနေ့ထိ ခရီးရောက်အောင် ပေး ဆပ်ခဲ့ရတဲ့ အသက်အိုးအိမ်တွေ၊ သွေးမြေကျခဲ့တာတွေကို ပြန်စဉ်းစားလိုက်ရင် ကျွန်မတို့ တာဝန်ကျေကြတယ်ဆိုတာ ဘာမှမပြောလောက်ဘူး။ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် အသက်ပေးခဲ့သူတွေ၊ ဘ၀တခုလုံး ပေးဆပ်ခဲ့ကြသူ အားလုံးကို ဦးညွှတ်ပါတယ်။ တတပ်တအားပါဝင်ပြီး အာဏာရှင်စနစ်ကို ပြိုင်တူတွန်းခဲ့ကြသော ပြည်သူအားလုံးကိုလည်း ချစ်ခင်လေးစားစွာဖြင့် မိုးမခ စာမျက်နှာကနေ ဂုဏ်ပြုလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။
စံပယ်ဖြူ
၂၉၊ ၁၁၊ ၂၀၁၅။


photo credit : aa.com

ဝန်ဇင်း မိုဘိုင်းအီးဘုတ် ဖတ်စက်ကနေ မိုးမခမဂ္ဂဇင်းလစဉ် အားပေးနိုင်ပြီ၊ တအုပ် ၈၀၀ မျှသာ

$
0
0

ဝန်ဇင်း မိုဘိုင်းအီးဘုတ် ဖတ်စက်ကနေ မိုးမခမဂ္ဂဇင်းလစဉ် အားပေးနိုင်ပြီ၊ တအုပ် ၈၀၀ မျှသာ
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၅

မိုးမခပုံနှိပ်မဂ္ဂဇင်းကို ၂၀၁၄ ဧပြီလကနေ မြန်မာပြည်မှာ စတင်ထုတ်ဝေခဲ့ရာ ယခုဆိုရင် နှစ်နှစ် နီးပါး ရှိပါတော့မယ်။ မြို့ရွာအနှံ့ စာအုပ်ဆိုင်များကနေ ဖြန့်ချိရောင်းချတာအပြင် စာကြည့်တိုက်၊ စာဖတ်အသင်း၊ လူမှုရေး ပညာရေး အသင်းအဖွဲ့များကိုလည်း အခမဲ့ဖြန့်ဝေပေးပါတယ်။ 

ပုံနှိပ်စာအုပ်ဈေးကွက်အပြင် ပြည်တွင်းမှာ အွန်လိုင်းကနေတဆင့် စာအုပ်ကို အိမ်အရောက်ပို့ တိုက်ရိုက်မှာယူနိုင်တဲ့  http://royalshop.biz/၀က်ဆိုက်မှာလည်း စာအုပ်ကို တင်ရောင်းတာကို နိုဝင်ဘာ လဆန်းမှာ တိုးချဲ့ခဲ့ပါတယ်။ (သည်နေရာမှာ ကြည့်ပါ) ။

 ဒါ့အပြင် အွန်လိုင်းမှာ ကိုယ့် ဖုန်းနဲ့ တက်ဘလက်တွေထဲမှာ အီးဘုတ်အဖြစ် တိုက်ရိုက် ဒေါင်းလုပ်ဖတ်နိုင်တဲ့ ၀န်ဆောင်မှုအဖြစ် ၀န်ဇင်းမိုဘိုင်းအက်ပ်ကနေ တဆင့် တင်ဆက်လိုက်ပြန်ပါပြီ။ အွန်လိုင်းအီးဘုတ်ဗားရှင်းကတော့ မြန်မာကျပ်ငွေ ၈၀၀ မျှသာ ကျသင့်ပါတယ်။
ဝန်ဇင်း အမည်ရှိ Book Reader Application ကို Bagan Innovation Technology မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ Version 1 အနေဖြင့် စတင်ထွက်ရှိပြီး ပါဝင်သော Function များအနေဖြင့်
  • - မိမိကိုယ်ပိုင် ၀န်ဇင်းအကောင့်ဆောက်လုပ်ခြင်း – စာအုပ်များကို အမြည်း သဘောမျိုး Download ပြုလုပ်ဖတ်ရှုနိုင်ခြင်း
  • - မိမိကြိုက်မှ ၀ယ်ယူဖတ်ရှုနိုင်ခြင်း
  • - Free စာအုပ်များလဲပါရှိခြင်း
  • - အကောင့်ကို ငွေဖြည့်သွင်းရာတွင် MPT ဖုန်းဘေလ်ဖြင့်လည်းကောင်း၊ Visa/Master ကတ်များဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် အသုံးများသော 123 ငွေပေးချေမှု စနစ်ဖြင့်လည်းကောင်း ဖြည့်သွင်းနိုင်ခြင်း တို့ပြုလုပ်နိုင်ပါသည်။
ဝန်ဇင်း Application ရှိ စာအုပ်များမှာ မူလစာရေးဆရာများ၏ ခွင့်ပြုချက်ဖြင့် ရောင်းချပေးခြင်းဖြစ်ရာ ၀ယ်ယူအားပေးခြင်းဖြင့် မိမိတို့ နှစ်သက်သောစာရေးဆရာများကို အားပေးရာရောက်ပါသည်။ စာအုပ်များကို PDF မဟုတ်ပဲ E-pub များဖြင့် ပြုလုပ်ထားခြင်းကြောင့် စာအုပ် တစ်အုပ်လျှင် 400 KB မှ 2MB အထိသာ ရှိသောကြောင့် Download ပြုလုပ်ရ လွယ်ကူပါသည်။ ၀တ္ထုတို၊ အတ္ထုပ္ပတိ၊ ကျန်းမာရေး၊ ပညာရေး၊ ဥပဒေ နှင့် အခြား စာအုပ် Category များစွာပါဝင်ပါသည်။ 

သည်နေရာမှာ ထည့်သွင်းပါ။  Google APP -
APPLE APP - 

ရန်နောင်(ဗိုလ်တထောင်) - ပျော်ရွှင်စွာ နွှဲ အမေမာ့ ရာပြည့်ပွဲ

$
0
0

ရန်ကုန်က ဒေါ်အမာ ချစ်သူတွေ

ရန်နောင်(ဗိုလ်တထောင်) - ပျော်ရွှင်စွာ နွှဲ အမေမာ့ ရာပြည့်ပွဲ
(မိုးမခ) ။ ဒီဇင်ဘာလ   ၁ - ၂၀၁၅

ဆရာစောဝေက ညနေ ငါးနာရီခွဲ သူ့အိမ်ကို အရောက်လာဖို့ ဦးခင်မောင်စိုး စာအုပ်မိတ်ဆက်ပွဲတွင်  ထပ်မံပြောခဲ့သည်။ ညစာလည်း စီစဉ်ထားပြီးသား ဟု ပြောသေးသည်။ ဟုတ်ကဲ့ပါ ဆရာ၊ လာခဲ့ပါ့မယ် ဟု ပြန်ဖြေလိုက်သည်။ စာအုပ်မိတ်ဆက်ပွဲက အပြန် ကင်မရာ နှင့် ဖုန်း အားသွင်းနေတုန်း ဘမြင့် (မြင့်ဦးဦးမြင့် ) ဆီက ဖုန်းဝင်လာသည်။ 
`` သားရေ မင်း ကဗျာစာအုပ် မိတ်ဆက်ပွဲ မလာဘူးလားတဲ့။  ´´

ဘမြင့် လှမ်းခေါ်တော့လည်း ပြေးရပြန်သည်။ ဆရာရွှေညာ စီစဉ်ပေးသော  ကဗျာဆရာ နတ်နေကိုင်း ၏ ကဗျာစာအုပ်မိတ်ဆက်ပွဲ ကျင်းပရာ ကိုကျော်ကြီး ဆိုင်သို့ ပြေးရပြန်သည်။ နီးနီးနားနား ဗိုလ်အောင်ကျော်လမ်းမို့ လမ်းလျှောက်သွားလိုက်သည်။ လမ်းတွင် ကလေးမလေး တစ်ယောက် နှင့် တိုက်မိပြီး စီးလာသော ဖိနပ် ပြတ်သွားခဲ့သည်။ ပစ္စည်းများ လိုက်ပို့သော တပည့်ကျော် အား ဖိနပ်တရံ အမြန်ပြေးဝယ်ခိုင်းလိုက်ပြီး စာအုပ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့လိုက်သည်။

စာအုပ်မိတ်ဆက်ပွဲမှ တဆင့် ရွှေဂုံတိုင်ရှိ ဆရာစောအိမ်သို့  အငှားယာဉ်ဖြင့် ဘမြင့်နှင့် နှစ်ယောက်သား ချီတက်ကြသည်။ ဘမြင့်ကို အဌားယာဉ်မောင်းသူမှ  ကျနော် ဆရာ့ကို သိသလိုပဲပြောတော့ ဘမြင့်က နာမည် ပြောပြလိုက်သည်။ ထိုအခါ အငှားယာဉ်မောင်းသူက အော် ကျနော် သိတာ မြင့်မူးမူးမြင့် လားလို့ ပါဟု ပြောသဖြင့် ခရီးစဉ် တလျှောက် ရယ်ပွဲဖြင့် စတော့မည်ဟု ကြိုတင်သိလိုက်ပြီ။

ရွှေဂုံတိုင် ရောက်တော့ ဆရာစောတို့ တော်တော်လူစုံနေပြီ ဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။ ဆရာစောက အမျိုးသားတွေ နောက်ကထိုင်၊ အမျိုးသမီးတွေ ရှေ့မှာထိုင် ဆိုပြီး နေရာချထားပေးသည်။ ကားပေါ်မတက်ခင်  ကားနံဘေးတွင် ကပ်ထားသော ဗွီနိုင်း ချပ်ပေါ်တွင် အမှတ်တရ လက်မှတ်ရေးထိုးထားသည်။ ဗွီနိုင်းချပ်အား ဒီဇိုင်နာ ကိုညိုရင့် မှ ရေးဆွဲ ပေးထားခြင်း ဖြစ်သည်။ ကားပေါ်တက်လိုက်တော့ ရင်းနှီးချစ်ခင်ပြီးသား စာရေးဆရာ ၊ဆရာမ အပေါင်းအား တွေ့လိုက်ရသည်။ သူတို့က ကိုယ်ပါတာနှင့် ဓါတ်ဆရာ လာပြီဟေ့ ဟု လှမ်းအော်ကြသည်။ ခဏကြာတော့ ဗိုက်ဆာသူများ  ထမင်းဘူးများ ဖွင့်ကာ အောက်ဆင်း စားကြသည်။ 
သို့နှင့် ညနေ ခြောက်နာရီ ကျော်တွင်တော့  ရန်ကုန် ရွှေဂုံတိုင် မှ မန်းလေး တောင်လေးလုံးသို့  အမေမာ ရာပြည့်ပွဲ ဆင်နွှဲ ရန် စတင် ထွက်ရှိလာပါတော့သည်။

ရန်ကုန် မန်းလေး အမြန်လမ်း တိုးဂိတ်ကျော်သည်နှင့် ဆရာစော ဦးဆောင်မှုနှင့် ကားပေါ်ပါလာသူများ တဦးစီ မိတ်ဆက်စကားများ ပြောကြားကြပါသည်။ ကားပေါ်တွင် စာရေးဆရာများ၊ကဗျာဆရာများ၊ ပန်းချီဆရာများ၊ ဒီဇိုင်နာများ၊ အယ်ဒီတာများ  နှင့် စာပေချစ်သူများ ပါဝင်လိုက်ပါလာသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ခရီးသွားရင်း ကဗျာဆရာများက ကဗျာများဖြင့်လည်းကောင်း၊ စာရေးဆရာများကလည်း ကဗျာ များ ၊စာများဖြင့် အမေမာကို လမ်းခရီး တလျှောက် မမောနိုင် မပန်းနိုင် မအိပ်ပဲ ရွတ်ဆိုလာခဲ့ကြသည်။

အမေမာ လို့ အများခေါ်ကြတဲ့ လူထုဒေါ်အမာ ကို မြင်ဖူး၊တွေ့ဖူးသူ အများစု မှာ မပါခဲ့သော်လည်း အမေမာကို စာပေမှတဆင့် ဆွေမျိုးတော်စပ်ခဲ့ပုံများကို အမှတ်တရ ပြောပြခဲ့ကြသည်။

သည်လိုနှင့် ကျနော့်ကို ဆရာစောက လှမ်းခေါ်ပါသည်။ `` ကျနော် ခေါ်ချင်တဲ့ တယောက်ရှိတယ်ဗျ။ သူဘာပြောမလဲဆိုတာကို ကျနော် သိချင်နေပါတယ်။ မိုးမခ က ရန်နောင် ရှေ့ကိုလာပါ ´´ ဆိုတော့ စာရေးဆရာ၊ ကဗျာဆရာတွေကြား ဘာပြောရမှန်း မသိပေမဲ့ ထွက်လိုက်ပါတယ်။ 

`` ကျနော်တို့ ဒီနှစ် ၂၀၁၅ မှာ ဗိုလ်ချုပ်အောင်ဆန်း၊ လူထုဒေါ်အမာ၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ် သူတို့ သူငယ်ချင်းလေးယောက် ရာပြည့် နှစ်တွေကို ကိုယ်တိုင်ဆင်နွှဲခွင့်ရခဲ့ပါတယ်။ ကျနော် ကိုယ်တိုင်လည်း ဗိုလ်ချုပ် ရာပြည့်၊ ဘဘလတ်နဲ့ မေမေကြီး ရာပြည့်တွေကို  လုပ်ခွင့်ရခဲ့ရပါတယ်။ ခု လူထုဒေါ်အမာ (အမေမာ) ရဲ့ ရာပြည့်ကို တက်ခွင့်ရတဲ့အတွက်လည်း ဒီခရီးကို စီစဉ်ပေးတဲ့ ဆရာစော ကိုလည်း ကျေးဇူးတင်ပါတယ်။ လိုက်ပါဖို့ စာရင်းပေးရန် လက်တို့တဲ့ မစုမီ ကိုလည်း ကျေးဇူးတင်ပါတယ်ပေါ့ ´´ အဲဒီလို ပြောတတ်သလိုလေး ပြောလိုက်ပါတယ်။ 

ဆရာစောကတော့ မှတ်ချက်ပေးပါတယ်။ တိုတိုနဲ့ ထိထိ မိမိ ပြောသွားပေးတာ ကိုယ်ပါ။

၁၁၅ မိုင် နားနေစခန်း ရောက်တော့ ဆရာစော နဲ့ အသိ ဖြူးမြို့သား ရဲ့ ပိုင်အိုနီးယား ထမင်းဆိုင်မှာ  ညလယ်စာ သုံးဆောင်ကြပါတယ်။ ထို့နောက် ဆက်လက်ထွက်ခွာလာခဲ့ရာ ကဗျာရွတ်ခြင်း အစီအစဉ်အား ပြန်လည်စတင်ပြန်ပါတယ်။

မန်းလေးကို နံနက် ၆ နာရီခန့်မှာ ရောက်ရှိပြီး  ထွန်းဦး စာပေ မှာ ကားခေတ္တရပ်နားကာ အမျိုးသမီး များ နားနေရန် ဆင်းကြပါတယ်။ ကျန်တဲ့ အမျိုးသားတွေကိုတော့ တောင်လေးလုံးကျောင်းတိုက်မှာ နားနေရန် စီစဉ်ထားကြောင်း ဆရာစောက ပြောပါတယ်။

အမရပူရ တောင်လေးလုံး ဆရာတော် ဦးပညာ ကျောင်းရောက်တော့ ပြည်သူ့အရေး ဂျာနယ်မှ ဦးဝင်းချို၊လဲ့လဲ့၊ မသွယ် တို့ နှင့် စတွေ့ပါတယ်။ သူတို့ကတော့ တရက်ကြို ရောက်နေကြတာ ဖြစ်ပါတယ်။ ကျောင်းတိုက်ထဲဝင်တော့ တဲတခုမှာ ကျနော်တို့ကို နေရာချပေးပါတယ်။ ရေမိုးချိုး အဝတ်အစားလဲပြီး မယ်ဇယ်ပင်တန်းတွေကို ဖြတ်ကာ နာမည်ကျော်ဦးပိန် တံတားကိုလည်း ဓါတ်ပုံသွားရိုက်ခဲ့ပါသေးတယ်။ေ ကျာင်းတိုက်အတွင်းမှာတော့ ကဗျာဆရာ တချို့ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ဦးပိန်တံတားက ပြန်လာပြီး ဓူဝံဦးဝင်းချို မှ စစ်ကိုင်းဘက်ကိုကူးပြီး နံနက်စာစားရန် ခေါ်သဖြင့် ကျနော်တို့ အုပ်စု ချီတက်ကြပါတယ်။ သို့သော်လည်း ရန်ကုန်လို အငှားယာဉ် အလွယ်တကူ ငှားမရတာကြောင့် စိတ်လျှော့ကာ နီးစပ်ရာဆိုင်မှာသာ နံနက်စာကို မုန့်တီ နှင့် လက်ဘက်ရည် ဆွဲခဲ့ရပါတယ်။


ဂုဏ်ထူးဦးသိန်းနိုင်

စောင်းပညာသည်များ ဖျော်ဖြေမှု

ကျနော် တို့ နံနက်စာ စားသုံးပြီး ပြန်လည်၍ ကျောင်းသို့ ရောက်ရှိသောအခါ ကျောင်းတွင် လူအတော်ပင် များနေတာကိုလည်း တွေ့ရှိရပါတယ်။ ကျောင်းရောက်သည်နှင့် တွေ့သမျှ သိသမျှ စာရေးဆရာ များကို နှုတ်ဆက် ၊သူတို့ပေးသော လက်ဆောင်စာအုပ်များ ယူနှင့် ပွဲလေးကား စည်ကားစပြုနေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံပြခန်း 

ဆရာနေ၀င်းမြင့်နဲ့ မိုးမခမန်းတာဝန်ခံ ကျော်မိုးလွင်
ထိုအချိန်ထိ ချိန်းထားသော ဆရာဇာနည်ကို ကား မတွေ့ရသေးချေ။ ဆရာ့အတွက် ထည့်ယူလာသော အနွေးထည်ကို ဆရာ့ကို ပေးရန်၊ သူမှာသောမဂ္ဂဇင်းစာအုပ်များ ပေးရန် သူ့ကို လိုက်ရှာရပါသည်။
ရန်ကုန် မှစာရေးဆရာများကို အများစု သိပြီး မန်းလေးမှ စာရေးဆရာများကို အနည်းစုသာ သိသဖြင့် ဓါတ်ပုံရိုက်ရင်း တန်းလန်း နာမည်များအား မေးရသေးသည်။ ဆရာဇာနည်ကိုတွေ့တော့ သူက အလုပ်ရှုပ်နေသည်။ အမေမာ၏ အမှတ်တရ ဓါတ်ပုံများကို ဘုတ်ထောင်၍ ကပ်ရန်လုပ်နေသည်။ မိုးမခ ၏ အထက်မြန်မာပြည် တာဝန်ခံ ကိုကျော်မိုးလွင်ကိုလည်း တွေ့ခဲ့ရသလို မန်းလေး မိုးမခ သတင်းထောက် ချမ်းမြ နှင့်လည်း တွေ့ဆုံခဲ့ရသည်။

ရင်ပြင်ပေါ်က ထမင်းဝိုင်း


တောင်လေးလုံး၏ နာမည်ကြီး ဝက်ကသည်းချက် ကို တော့ စားဖူးတယ်ရှိအောင် စားမည်ဟု ရည်မှန်းထားသည့်အတိုင်း စားဖြစ်အောင်စားလိုက်သည်။ ဝက်ကသည်းချက်၊ ကုလားပဲချက်၊ ဗလာချောင်ကြော်၊ မှန်ရောင်ဟင်းချို တို့နှင့် ထမင်းတပန်းကန်တော့ ထပ်ထည့်ထားလိုက်ပြန်သည်။ ဘူးသီးကျော်ကတော့ မမှီနိုင်ပါ။ တအိုးတည်း ကြော်နေရ၍ ထည့်မနိုင် ဖြစ်နေပါသည်။ ရှေ့ပိုင်းစားသူများသာ ဝက်ကသည်းချက် နှင့် စားရပြီး နောက်ပိုင်းစားသူများ ကြက်ဥကြော် နှင့်သာ စားခဲ့ရသည်ကိုလည်း တွေ့ခဲ့ရသည်။ ထင်ထားသည်ထက်ကို လူများ တော်တော်များများ ရောက်လာသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

နံနက် (၉) နာရီ ခန့်တွင် အခမ်းအနားကို စတင်ခဲ့သည်။  ရှေးဦးစွာ အခမ်းအနားမှူး ဆရာကျော်ရင်မြင့်မှ အခမ်းအနား အစီအစဉ်များကို ဖတ်ကြားပါသည်။  ထို့နောက် ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် မှ အမှတ်တရ စကားပြောကြားပါတယ်။  `` ဒေါ်ဒေါ်သာ  ခုနေ သက်ရှိထင်ရှား ရှိနေသေးရင် ဒေါ်ဒေါ် အပျော်ဆုံးနေ့ဟာ နိုဝင်ဘာလ (၉) ရက်နေ့ ဖြစ်မှာပါ ´´  တဲ့။ ရင်ထဲ ဆို့တက်သွားတယ်လေ။ ဟုတ်တယ်လေ၊ ကိုယ်တွေတော့ အဲဒီည ကို ဘယ်လိုမှ မမေ့တဲ့ညတည စာရင်းသွင်းခဲ့တာပေါ့။

ထို့နောက် ဆရာတက္ကသိုလ်စိုးနိုင် မှ  စောင်းဖြင့် ယိုးဒယားကြိုးသီချင်းဖြင့် ဂုဏ်ပြုပါတယ်။ ဆက်လက်ကာ တက်ရောက်လာသော ကဗျာဆရာများ၊စာရေးဆရာများက အမှတ်တရ စကားများ ပြောကြားခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စာရေးဆရာများ တွေ့ဆုံပွဲလေး ဖြစ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။  နိုင်ငံရေးသမားများ၊ စာပေပညာရှင်များ ၊ပန်းချီအနုပညာရှင်များ တော်တော်များများ စုံညီစွာတက်ရောက်ကြတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ တသက်မှ တခါလို့ ဆိုရမယ့် အမေမာရဲ့ ရာပြည့်ပွဲကို နွှဲခဲ့ရတာကတော့ ပျော်မဆုံး၊ မော်မဆုံး ဖြစ်ခဲ့ရပါတယ်။ မယ်ဇယ်တန်းက ဆိုင်တွေမှာလည်း ကိုယ့်နီးစပ်ရာအပေါင်းအသင်းများနှင့် ကဗျာများ ရွတ်ဆို၊စာပေ အကြောင်းတွေ ပြောဆိုနေတာကိုလည်း တွေ့မြင်ခဲ့ရပါသေးတယ်။
အမေမာ( လူထု ဒေါ်အမာ) ရဲ့ စာပေ တွေဟာ တိုင်းပြည်ကို အကျိုးပြုခဲ့ရုံတင်မက တိုင်းပြည်တွင်းမှာ နေထိုင်သူ စာရေးဆရာများကိုလည်း ချစ်ကြည်နှူးစေတဲ့ ပွဲလေးတပွဲ အဖြစ် မြင်တွေ့ခဲ့ရကြောင်း တင်ပြလိုက်ရပါတယ်။




ကျော်မောင်(တိုင်းတာရေး) - နာမည်တလုံး အသုံးကျရဲ့လား

$
0
0

ကျော်မောင်(တိုင်းတာရေး) - နာမည်တလုံး အသုံးကျရဲ့လား
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၅

လူမှန်ရင် နာမည်တလုံးတော့ ရှိရမှာပဲ။ ဒါကလည်း သတ်မှတ်ထားကြတာမဟုတ်ပေမယ့် လူဖြစ်လာတာနဲ့ ပိုင်ဆိုင်သွားကြတာပါပဲ။ တချို့လည်း နာမည်တလုံးထက်မက ပိုင်ဆိုင်သူများရှိပါတယ်။ ကာယကံရှင် မသိလည်း တခြားသူက ပေးသွားကြ၊ ကင်ပွန်းတပ်သွားကြတာကို သိတတ်တဲ့အရွယ်ရောက်လာတဲ့အခါ အဲဒီနာမည်ကို သဘောကျရင် ဆက်သုံးနိုင်ပါတယ်၊ မနှစ်သက်ရင်တော့ ကိုယ်ကြိုက်တဲ့နာမည်ကို ပြောင်းလိုက်ရုံပဲရှိပါတယ်။ အတော်တော်များများကတော့ ရလာတဲ့နာမည်တွေကို ဒါသူ့နာမည်ပဲရယ်လို့ မှတ်ယူကာ သေတပန် သက်တဆုံး သုံးစွဲနေလိုက်တာပါပဲ။ 

ဆရာမတယောက် ရှိပါတယ်။ အဲဒီဆရာမက နာမည်တွေကို မှတ်မိတဲ့ ဆရာမဖြစ်ပါတယ်။ သူ့မှာ ကျောင်းသူကျောင်းသား အများကြီး ရှိပေမယ့် နာမည်နဲ့ လူနဲ့ မှားခေါ်တာမျိုး မကြားဘူးပါ။ ကျနော်တို့ မရင်းနှီးတဲ့ နာမည်တွေ၊ ခေါ်ရ မှတ်ရ ခက်တဲ့ နာမည်တွေဟာ ဆရာမအတွက် အခက်အခဲမရှိသလိုပါပဲ။ နာမည်နဲ့ လူနဲ့ တွဲမှတ်ထားနိုင်တာကို အတုယူဖြစ်ပါတယ်။

စာသင်ကျောင်းတွေရဲ့ ပထမဆုံးသင်ခန်းစာ အစပိုင်းမှာဖြစ်ဖြစ်၊ အဆုံးပိုင်းမှာဖြစ်ဖြစ်၊ စာသင်ပြတဲ့ ဆရာ ဆရာမတွေက သူတို့နာမည်တွေကို ကျောက်သင်ပုန်းမှာ ရေးပေးသွားလေ့ရှိပါတယ်။ ဆရာတယောက်ဆို နာမည်ရေးပြပြီး အခုလိုပြောပါတယ်။"နာမည်ရေးပြတာက နာမည်မသိရင် နာမည်အသစ်ထပ်ရမှာစိုးလို့ပါပဲ"။ ဟုတ်လည်း ဟုတ်ပါတယ်။ ကျောင်းသူ ကျောင်းသား တွေက ဆရာ ဆရာမတွေကို သူတို့နဲ့ လိုက်ဖက်တဲ့ နာမည်တခုခု ပေးလိုက်ကြတာ များပါတယ်။ ဆရာတွေ ရှေ့မှာတော့ မခေါ်၊ အချင်းချင်းသာ နားလည်တဲ့ နာမည်တွေဖြစ်ပြီး လေးစားသမှုနဲ့ သုံးနှုန်းကြတာဖြစ်ပါတယ်။

မတွေ့ဖူး မမြင်ဖူးတဲ့သူများ တွေ့ကြ နှုတ်ဆက်ကြတဲ့အခါ နာမည်တွေ ပြောပြီး နှုတ်ဆက်ကြပါတယ်။ အဲဒီအခါ နာမည်တွေကို သေသေချာချာမှတ်ထားဖို့လိုပါတယ်။ နောက်တခါ တနေရာမှာ ပြန်ဆုံတဲ့အခါ နာမည်ခေါ်ပြီး နှုတ်ဆက်တတ်ဖို့ လိုပါတယ်။

နာမည်ဆိုတာမှာ ငယ်နာမည်ဆိုတာကလည်း အတော်ကို အရေးပါပါတယ်။ ငယ်နာမည်ဆိုတာ  အိမ်ခေါ်နာမည်ပေါ့။ တရက်မှာ ညီဖြစ်သူက သူ့နာမည်တွေ ဘယ်လိုရသလဲဆိုတာ မေးလာပါတယ်။ သူ့နာမည်တွေဆိုတာမှာ အိမ်သားတွေ ရင်းနှီးသူတွေ ခေါ်တဲ့ အိမ်ခေါ်နာမည် (ငယ်နာမည်) နဲ့ ကျောင်းသုံးရုံးသုံးနာမည် (နာမည်ရင်း) တွေကို ပြောတာဖြစ်ပါတယ်။ အဲဒါနဲ့ ငယ်နာမည်ရလာတာက ဘယ်လိုဘယ်ပုံ၊ ကျောင်းနာမည်ရလာတာက ဘယ်သို့ဘယ်ညာဆိုပြီး စာတတန် ပေတတန်ဖွဲ့ပေးလိုက်မှ အတော်သဘောကျသွားပါတယ်။ စာဖွဲ့တော့မှ စာဖွဲ့သူလည်း သူ့နာမည်ဘယ်လိုရလာသလဲဆိုတာ သေသေချာချာ သိသွားပါတယ်။ 
သူ့နာမည်တွေအကြောင်း စာဖွဲ့ဖြစ်နေစဉ်မှာပဲ သက်ကြီးရွယ်အို ဆွေမျိုးတွေကို သူတို့ရဲ့ ငယ်နာမည်တွေ ဘယ်လိုခေါ်ကြပါသလဲမေးကြည့်တဲ့အခါ အတော်စိတ်ဝင်စားဖို့ကောင်းကြောင်း တွေ့ရပါတယ်။

လူကြီးတွေချစ်စနိုးနဲ့ ခေါ်တာ ခွေးမတဲ့။ မွေးချင်းတွေ မွေးပြီး နောက်ဆုံးမွေးချင်းနဲ့ ဆယ်နှစ်လောက်အကြာမှာမှ မွေးလာတာဖြစ်လို့ ကြာပေါ်တဲ့၊ ကြာတဲ့အခါမှ ပေါ်လာလို့တဲ့လေ။ အဖိုးတယောက်က သားနှစ်ယောက်ကို အိမ်ခေါ်နာမည်မှည့်ခါနီးမှာ အဲဒီခေတ်က  သူတို့နယ်ဖက်မှာ ပြိုင်စံရှား ဖြစ်တဲ့ ပြိုင်လှေနှစ်စင်းနာမည်ကို ပေးပါတယ်။ လူကြီးဖြစ်တဲ့အထိ တွင်တဲ့နာမည်တွေပါ။ သူ့မြေးမတွေကို နာမည်ပေးတဲ့အခါ ခေါင်းပေါ်မှာ ရှိတဲ့ ပစ္စည်းတွေ၊ အမြတ်တနိုးထားအပ်တဲ့ အရာတွေရဲ့ နာမည်တွေကို ယူမှည့်ပါတယ်။ အာကာသထဲက နာမည်တွေကိုလည်း သုံးပါတယ်။  ဥပမာ ရွှေဘီးတို့၊ ဂြိုလ်တု တို့ ဆိုတာမျိုးပေါ့။ အဲဒီနာမည်တွေက ကျောင်းတက်တဲ့အခါလည်း ကျောင်းမှာ တွင်ပါတယ်။ နာမည်ရင်းတွေ ဖြစ်သွားပါတယ်။ အခုနေ သူသာ ရှိသေးရင် ကိုအင်တာနက်၊ မဖေ့ဘုတ်၊ ကိုဗိုက်ဘာ၊ မတွစ်တာ ဆိုတာတွေ မှည့်ပေးမလား မပြောတတ်ပါ။
တချို့က ကျောင်းနေအရွယ်မရောက်မီမှာပဲ အိမ်ခေါ်နာမည်တွေ အမျိုးမျိုးအခေါ်ခံရပါတယ်။  ကျောင်းတက်ဖို့ ကျောင်းအပ်တဲ့အခါမှ နာမည်ရွေးကြပါတယ်။ အတန်းဖော်သူငယ်ချင်းက အိမ်နီးနားချင်းဖြစ်ရင် အိမ်ခေါ်နာမည်ကို ကျောင်းမှာလည်း အခေါ်ခံရတတ်ပါတယ်။

တနှစ်မှာ ဆွေမျိုးတွေရှိရာ နယ်ဖက်ကို ကိစ္စတခုနဲ့ သွားရပါတယ်။ အဒေါ်ဝမ်းကွဲဖြစ်သူနဲ့ ရွာရိုးအတိုင်း လမ်းလျှောက်ပြန်လာရင်း ဟေ့ ၀ဲကျော်မ ဟေ့ ၀ဲကျော်မလို့ အဖွားကြီးတယောက်က အဒေါ့်ကို ကြည့်ရင်း ခေါ်နေပါတယ်။ အဒေါ်က ပြန်မကြည့်ဘဲ ပါးစပ်မှ ပွစိပွစိပြောကာ မြန်မြန်လျှောက်သွားပါတယ်။ အဖေ့ကို ကပ်မေးတော့မှ အဒေါ်ရဲ့ငယ်နာမည်ဖြစ်ကြောင်းသိရပါတယ်။ အဒေါ် မကြိုက်တဲ့ နာမည်လို့လည်း ပြောပါတယ်။ အဒေါ်က အဲဒီအချိန်မှာ အသက်ခြောက်ဆယ်နီးပါးရှိနေပါပြီ။

အများသိပြီးသား နာမည်တခုကို ပြန်ပြောင်းဖို့ဆိုတာ အတော်မလွယ်ပါ။ တချို့က သတင်းစာမှာ နာမည်ပြောင်းလဲခေါ်ဝေါ်ပါရန် ဆိုပြီး ကြေငြာပါတယ်။ သတင်းစာ မဖတ်မိတဲ့သူတွေ အခက်တွေ့စေပါတယ်။

ဒီနာမည်ကွာ ကြားကို မကြားချင်ဘူး။ အတော်ဆိုးတဲ့ လူတွေ ဆိုတာကို ကြားဖူးကြမယ် ထင်ပါတယ်။ နာမည်ကို မကြားချင်လောက်အောင် ရွံ့မုန်းခံရပြီဆိုရင် အဲဒီနာမည်ရှိတဲ့သူဟာ လူတွေအတွက် အသုံးကျဖို့ အတော်ဝေးပါတယ်။ ပြောင်းပြန် ပြန်တွေးရရင်လည်း အသုံးကျတဲ့သူရဲ့ နာမည်ကို အသုံးမကျတဲ့ လူတွေက မကြားချင်လောက်အောင်ကို ဖြစ်ကြတာလည်း ရှိပါတယ်။ ဘယ်လိုနာမည်ရှိပါစေ အသုံးကျတဲ့သူအတွက်က နာမည်ကောင်းဖြစ်မှာပါပဲ။

တိုင်းပြည်တပြည်ရဲ့နာမည်ကို ကမ္ဘာ့သမိုင်းတို့ ကမ္ဘာ့ပထ၀ီဝင်တို့ လေ့လာဖူးသူ၊ သတင်းဖတ်သူ၊ မျက်မှောက်ရေးရာ လေ့လာသူ၊ ဗဟုသုတရှိသူများသာ သိနိုင်ဖို့ရှိပါတယ်။ ဒါပေမယ့် အဲဒီလိုသိတဲ့ လူများဟာ တခါတလေမှာ နိုင်ငံတွေကို သိပ်ပြီး ကွဲကွဲပြားပြား မသိကြတာမျိုးလည်း ရှိပါတယ်။ အဲဒီအချိန်မှာ လူနာမည် တလုံးကို ရွတ်ပြလိုက်တဲ့အခါ သြော် အဲဒီနိုင်ငံကပဲ ဆိုတာ ဒက်ကနဲသိသွားနိုင်ကြပါတယ်။ နာမည်ကောင်းနဲ့ ကျော်ကြားတာတွေ ရှိသလို နာမည်ဆိုးနဲ့ ကျော်ကြားတာတွေ လည်း ရှိပါတယ်။ လူသေပေမဲ့ နာမည်မသေတဲ့ သူများ ရှိသလို လူမသေသေးပေမဲ့ နာမည်တွေ ခဏခဏသေနေကြတဲ့ သူများလည်း ရှိပါတယ်။

တရက်မှာ ဂါနာနိုင်ငံသားနှစ်ယောက်နဲ့ စာသင်ချိန်မဟုတ်၊ တခြားသူတွေလည်း သိပ်မရှိတော့ ကိုယ်သုံးနေတဲ့ ကွန်ပျူတာရှေ့တွေဆီကနေပြီး လုပ်လက်စ စာတွေလုပ်နေရင်း စကားလှမ်းပြောဖြစ်ကြပါတယ်။ ဘယ်နိုင်ငံကလည်း ဆိုတာ မေးကြ ပြောကြနဲ့ နိုင်ငံနာမည်ကြားတော့ နှစ်ယောက်ထဲက တယောက်က နာမည်တခုရွတ်ပြပါတယ်။ အားပါးတရ ရယ်မောရင်းနဲ့ပေါ့။ အဲဒီလူ တော်တော်ဆိုးတဲ့လူ ဆိုပြီး ပြောပါသေးတယ်။ ပြီးတော့ မေးပါတယ်။ သူတို့နိုင်ငံကို ကြားဖူးလားဆိုပြီး။ အဖြေမပေးခင်မှာပဲ ကျန်တယောက်က သူတို့နိုင်ငံက ဘယ်သူဟာ ကုလအတွင်းရေးမှူးလုပ်ခဲ့တဲ့တယောက်လေဆိုပြီး ကွန့်ပါတော့တယ်။ အကွက်ကလည်း ဆိုက်လာတော့ သူ့အရင့်အရင်က ကုလအတွင်းရေးမှူးဟာ ဒို့နိုင်ငံသားပဲဆိုပြီး ပြောလိုက်ပါတယ်။ ဆက်ပြီး နာမည်တွေရွတ်ပြကြ၊ ကောင်းတယ် ဆိုးတယ် ပြောလိုက်ကြနဲ့ အဲဒီနေ့က ဟုတ်တိပတ်တိဖြစ်လောက်အောင် စာမပြီးခဲ့ပါ။ သူတို့ပြောတဲ့နာမည်တွေထဲမှာ နိုင်ငံကို အုပ်ချုပ်သွားတဲ့ ပုဂ္ဂိုလ်ကြီးများလည်း ပါပါတယ်။ 

တခေါက်မှာ အိမ်ကို ဇာတိမြို့က စာချဘုန်းတော်ကြီးတပါးကြွလာပါတယ်။ ဘုန်းဘုန်းနဲ့ စကားစမြည်ပြောကြ လျှောက်တင်စရာရှိတာ လျှောက်တင်ကြရာမှာ မြို့က လူတွေ ဟိုလူတွေ ရှိသေးလား၊ ဒီလူတွေ ရှိသေးလားဆိုပြီး အမေက နာမည်တွေနဲ့တကွ မေးလျှောက်ပါတယ်။ ဘုန်းဘုန်းက နာမည်တလုံးရွတ်ပြလိုက်ပြီး အဲဒီဒကာကြီး အဲဒီဒကာမကြီးမဟုတ်လား၊ သေပြီဗျ၊ ဆုံးပြီ၊ မရှိရှာတော့ဘူး၊ လွန်ပြီနဲ့ ပြောနေကြတာ ကြားရတဲ့အခိုက်မှာ အတော်သံဝေဂ ရစရာကောင်းလှပါတယ်။ အဲဒီနောက်မှာ ခုနင်က လူပုဂ္ဂိုလ်တွေရဲ့ သက်ရှိထင်ရှားရှိစဉ်က ပြုခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့ကို သာဓုခေါ်ဖွယ် ကြားရပါတယ်။ လူတော့ မရှိတော့ပါ၊ ဒါပေမဲ့ သူတို့နာမည်တွေကို အမှီပြုပြီး ပြုခဲ့တဲ့ ကုသိုလ်တွေ၊ လုပ်ရပ်တွေက ဆက်နေတုန်းပါပဲလို့ အတွေးပေါက်ခဲ့ပါတယ်။

နာမည်ကြားဖူးတာကြာပါပြီ၊ အခုမှ လူချင်းတွေ့ဖူးတာပါပဲလို့ ပြောကြဆိုကြပါတယ်။ နာမည်ကြားဖူးတယ်ဆိုတာမှာ နာမည်ကောင်းနဲ့ ကြားဖူးတာလား၊ နာမည်ဆိုးနဲ့ ကြားဖူးတာလားဆိုတာ သိဖို့လိုပါတယ်။  
နာမည်တွေက အသုံးဝင်ပါတယ်။ နာမည်တွေဆိုတာမှာ လူနာမည်တွေကိုပဲ ရည်ညွှန်းပါတယ်။ အသုံးကျတဲ့ နာမည်ပိုင်ရှင်တွေ ဖြစ်အောင်သာ ကြိုးစားဖို့လိုပါတယ်။ ကိုယ့်အတွက်လည်း အသုံးကျ၊ အများအတွက်လည်း အသုံးကျရင်တော့ အတိုင်းထက်အလွန်ဖြစ်ကြောင်းပါ။

ကျော်မောင်(တိုင်းတာရေး)

ကာတွန်း သီဟ (စခန်းသစ်) - အဖြေရှာကြမယ်

$
0
0

ကာတွန်း သီဟ (စခန်းသစ်) - အဖြေရှာကြမယ်
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၅
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>