Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧

ေ ဆာ င်း ဖြူ - ငါး လူ

$
0
0
 
ေ ဆာ င်း ဖြူ - ငါး လူ
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၅

( ၁ )
လူ တ စု
ငါး မျှား ကြ တ ယ်။

( ၂ )
ငါ း ေ တြ ရ ေ တ ာ့
မီး က င် ဖို့
ပြ င် ကြ တ ယ်။

( ၃ )
တေ ယာ က် က
မီး မ က င် ခ င်
ေ ရ ေ ဆ း မ ယ် ပြ င် ေ တ ာ့
ေ န ာ က္ တ ေ ယ ာ က္ က ....

( ၄ )
ေ ရ ထဲ က ငါ း ကို
ေ ရ ေ ဆ း စ ရ ာ လို လို႔ လ ာ း တဲ့။

( ၅ )
ေ ရ ထဲ မွ ာ ေ န တ ာ မွ န္ ေ ပ မ ယ့်
အ ညှီ နံ့ ရှိ ေ တ ာ့ ေ ဆ း ရ မွ ာ ပဲ တဲ့
ပ ထ မ လူ က ပြ န်ေ ပြာ တ ယ်။

( ၆ )
ေ လာ က ရဲ့
သ န့် စ င် တဲ့ ေ န ရ ာ ၊
ေ အ း မြ ကြ ည် လ င် တဲ့ ေ န ရ ာ ေ တြ မွ ာ လ ည်း
အ ညှီ ဓာ တ် ရှိ တဲ့ ၊
ေ ရ ျပ န္ ေ ဆ း ရ မ ယ့္ "ငါ း လူ "ေ တြ
ဘ ယ္ ေ လ ာ က္ ေ န ရ ာ ယူ ေ န ၾက ၿပီ လဲ ။

ေ ဆ ာ င်း ဖြူ

P h o t o C r e d i t : F I s h A b s t r a c t b y K a r I n C h a r l o t t e Š 2 0 1 2 -2 0 1 5
http://karincharlotte.deviantart.com/
↧

လင်းထင် - သူယုတ်လက္ခဏာ

$
0
0
လင်းထင် - သူယုတ်လက္ခဏာ
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၅

သူယုတ်လက္ခဏာဆို… … အစဉ်အလာညွှန်းတဲ့ဟာတွေအပေါ် သိပ်ဘ၀င်မကျချင်ဘူး။

■ ပထမ - ရုပ်ဆင်းသွင်ပြင်ကို သူယုတ်လက္ခဏာ ကပ်လိုက်တဲ့ဟာမျိုးတွေ
(ဥပမာ - ဦးပုည ဆဒ္ဒန်ဇာတ်ထဲက သောနုထ္ထိုရ်ကိုအဖွဲ့၊ ဦးသြဘာသ ဝေဿန္တရာထဲက စူဇကာပုဏ္ဏား အဖွဲ့)

ရှေးစာထဲပါပြီး၊ နှောင်းလူတို့ ပြဋ္ဌာန်းစာသဖွယ် အသင်ခံရတဲ့အခါ၊ စာပေဂုဏ်မြောက်တဲ့ အရေးအသားကို လေ့လာရမယ့် အဖြစ်နဲ့ ဆောင်သင့် ရှောင်သင့်သော စာရိတ္တတရားတို့ကို နီတိထုတ် မှတ်ယူရမယ့်အဖြစ်၊ နှစ်ခုသောကိစ္စရပ်တို့ ရောထွေး ကုန်ကြတယ်။

ဗမာ့လူ့အဖွဲ့အစည်းမှာ ရုပ်ဆင်းသွင်ပြင်နဲ့ စာရိတ္တတရားကို ညီမျှခြင်းချလိုတဲ့ အယူမှား စွဲဝင်တာပဲ။ ယိုးဒယားကနေ ရိုဟင် ဂျာတွေကို ပင်လယ်ထဲ ပြန်လွှတ်တဲ့ နောက်ဆက်တွဲ ဂယက်တွေမှာ အဲဒီ့အချိန် ဟောင်ကောင်က မြန်မာကောင်စစ်ဝင်ရဲ့ ရိုဟင်ဂျာဆိုတာ အသားမည်းတယ်၊ ရုပ်ဆိုးတယ်၊ မြန်မာက ရုပ်ရည်ပြေပြစ်တယ်ဆိုတဲ့ နှုတ်ထွက်စကားဟာ ဗမာ့လူ့အဖွဲ့ အစည်းမှာ အသားအရောင်အပေါ် အခြေခံ နှိမ်ချ ခွဲခြားမှု (Racism) စွဲဝင်မှန်းမသိ စွဲဝင်နေတဲ့အဖြစ်ရဲ့ ရောဂါလက္ခဏာပဲ။

ဒီလိုစိတ်အခံဟာ နိုင်ငံသားဖြစ်မှုရော၊ ဌာနေဖြစ်မှုရော၊ မျိုးနွယ်စုဖြစ်မှုရော အပေါ်မှာပါ အများနဲ့ အသားရောင်၊ ဘာသာ စကား၊ ဘာသာတရား တူညီ/မညီ စမ်းစစ်လိုတဲ့ အခြေခံကလွဲတဲ့ တင်ကြိုပြဋ္ဌာန်းနှင့်ပြီး သဘောထားတို့ စမ်းပေါက်ရာပဲ။

■  ဒုတိယ - လောကနီတိလို့ အဖိုးထားတဲ့ စာထဲက သူယုတ်လက္ခဏာအဖြစ် ညွှန်းဆိုတဲ့ လူ့အမူအကျင့်တွေ
သူမခေါ်ဘဲ သူ့အိမ်သို့သွားဖန်များသောသူ၊ သူမမေးဘဲ စကားများများ ပြောတက်သူ၊ မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သော သူတဲ့။

ဒါတွေတချက်ခြင်းဆီဟာ အပေါင်းသဘောရော၊ အနှုတ်သဘောရော အခြေအနေ အချိန်အခါလိုက် ကောက်ယူချည်းကပ် နိုင်တဲ့ ‘ဒွိ’ သဘောဆောင်တယ်။

သာသနာပြုလိုသူ၊ ကုန်ပစ္စည်း ကြော်ငြာရောင်းချလိုသူ၊ အများဆန္ဒ အများသဘောတူမှု လိုက်လံကောက်ခံသူတို့ဟာ မခေါ်လည်းသွား၊ မမေးလည်းပြော၊ ကိုယ့်ဂုဏ်ရည်ကို ကိုယ်အမွှမ်းတင်ရမှာပဲ။

အခု ကျနော်လည်း မမေးဘဲပြော မတီးဘဲ မြည်နေတဲ့ သူယုတ်ပဲ။

ပါတီမဲဆွယ်တဲ့ နိုင်ငံရေးသမားကစလို့ မြို့ပတ်ရထားပေါ်က ကြွက်နို့သတ်ဆေးသည် အထိ ဒီသဘော ပြေးမလွတ်။

လောကနီတိ ဖြစ်စေချင်တာ "မလုပ်၊ မရှုပ်၊ မပြုတ်""ခပ်ရို့ရို့နေ""ကိုယ့်အသံ ကျယ်ကျယ်မထုတ်နဲ့"လို့ ပဒေသရာဇ်ခေတ် ကျေးတော်မျိုး ကျွန်တော်မျိုးတွေ အသက်ရှည်နည်းကား ဆုံးမတာပဲ။

■  တတိယ- ဘာသာရေးကပြောတဲ့ သူယုတ်လက္ခဏာ
မက္ခနဲ့ ပဠာသ၊ အဘိဓမ္မာအရ သရုပ်ခွဲရင် ဒေါသစိတ်ထဲ ပါသတဲ့။

မက္ခဆိုတာ ကျေးဇူးကန်းတတ်တဲ့ စိတ်သဘော၊ ပဠာသဆိုတာ ကိုယ့်ထက်သာ မနာလိုပဲ အရိုအသေမပြုနိုင် တန်းညှိယှဉ် ပြိုင်လိုတဲ့သဘော။ ဒါလည်းပဲ အပေါင်းသဘောရော အနှုတ်သဘောရော အဌကထာ ဖွင့်နိုင်တာပဲ။

ကျေးဇူးရှိတယ် ဆိုတာဘာလဲ၊ ကိုယ့်ကောင်းကျိုးချမ်းသာကို ဆောင်ကြဉ်းပေးခြင်းဟာ ကျေးဇူးရှိတာပဲ၊ ဆောင်ကြဉ်းပေး သူဟာ ကျေးဇူးရှင်ပဲ။

ကိုယ့်ကောင်းကျိုး ချမ်းသာဆိုတာ အများကောင်းကျိုး ချမ်းသာနဲ့ရော ယှဉ်သလား၊ ကိုယ့်ကောင်းကျိုး ချမ်းသာကို ဖြစ်စေ သူဟာ အများကောင်းကျိုး ချမ်းသာကိုရော ဖြစ်စေသလား။

ကိုယ့်အဖို့ငှာ ကျေးဇူးရှိမှုနဲ့ပဲ ကျေးဇူးရှင်ရဲ့ အပြုအမူ လျော်၏.. မလျော်၏ မဆင်ခြင် အပ်တော့ဘူးလား။

ဆင်ခြင်ခြင်း ဝေဖန်ုခြင်း ထောင်ထား ခြားနားခြင်းဟာ ကျေးစွပ်ရာရောက်သလား။

ဒီတော့ မက္ခဆိုရင် သူတထူးကျေးဇူးကို အလေးမမူ အရာမသွင်းတတ်တဲ့ ကျေးဇူးမတင် Ungrateful စိတ်သဘောလေးကိုသာ ဆိုလိုတဲ့အပေါ် ပိုင်းခြားနားလည်သင့်တယ်။

ဒီ့နှယ်ပဲ ပဠာသဆိုရာမှာလည်း ကိုယ့်ထက်သာ မနာလိုမှု ဖျက်လိုဖျက်ဆီးလုပ်လိုမှု စိတ်မနော အုံကြွဖြစ်ထွန်းတတ်တဲ့ သ ဘောလို့သာပဲ ပိုင်းခြားနားလည်ရမယ်။ နာမည်ကြီး ထင်ရှားသူကို ဝေဖန်ဆန်းစစ်ရင် သူယုတ်ဆိုတဲ့အနက် မစွန်းထင်းသင့်။

ခေတ်သစ် သူယုတ်လက္ခဏာတွေ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်က သူယုတ်လက္ခဏာတွေကို ဒီရှေးစာ နီတိ ဘာသာ ရေးလာတို့နဲ့ မဟုတ်ဘဲ ပိုင်းခြားစီစစ်ရမယ့်တာဝန် ကျနော်တို့မှာ ရှိတယ်။

ကျနော် စပြီး တချက်ကို အကြံပြုမယ်။

ကျနော်ပြောလေ့ရှိတဲ့ ကြေးတန်းတိုက်တတ်တဲ့ စိတ်ဟာ နိုင်ငံရေးသူယုတ်လက္ခဏာပဲ။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၆၇ လမ်းစဉ်ကို လက်ညှိုးထိုး ကြေးတန်းတိုက်တာ သူယုတ်လက္ခဏာပဲ။

ကျောင်းသားတပ်မတော် မကဒတ မြောက်ပိုင်းကိစ္စကို လက်ညှိုးထိုး ကြေးတန်းတိုက်တာ သူယုတ်လက္ခဏာပဲ။

ကချင် ကေအိုင်အေလည်း ဘာကောင်းသလဲလို့ ကြေးတန်းတိုက်တာ သူယုတ်လက္ခဏာပဲ။

ဘာကို ကြေးတန်းတိုက်သလဲဆို စစ်အာဏာရှင်စနစ်နဲ့ စစ်စရိုက်ကို ကောင်းပါတယ်လို့ ငြင်းခုံမှု ပြုမရတဲ့အခါ သူတို့လည်း ဘာထူးလည်းဆိုတဲ့ စစ်နောက်မြီးဆွဲတို့ အတိုက်အခံအပေါ် လက်ညှိုးတပြန်ထိုးသော ကြေးတန်းတိုက်မှုကိုဆိုလိုတယ်။

သူတို့လည်း ဘာကောင်းသလဲဆို နည်းနာအမှား လုပ်ရပ်အမှား ပုဂ္ဂိုလ်ရေးအမှားတွေ ရှိသည်ဆိုဦး စစ်အာဏာရှင်စနစ်နဲ့ စစ်စရိုက်ကို လက်သင့်မခံ ငြင်းဆန်တော်လှန်သမှုပြုခြင်း တရားကိုယ်သဘောရဲ့ အနှစ်သာရကို ခြေဖျက်လို့ မရဘူး။

ဝေ၀ါးစေခြင်း ရောချခြင်း အားနည်းသူဘက် မလိုက်ဝံ့ခြင်း မတော်ရာမှာမွေ့လျော်ခြင်း စတဲ့ နိုင်ငံရေးသူယုတ်လက္ခဏာတွေ ရှိဦးမှာပါ။ ဖော်ထုတ်ကြပါ။

လင်းထင်
(ခတ်မောင်း အွန်လိုင်း ဂျာနယ် အတွဲ၂၊ အမှတ်၁၊ ဇန်န၀ါရီ ၂၀၁၃)

¹¹¹¹¹¹¹¹

လင်းထင်ရဲ့ “သူယုတ်လက္ခဏာ” အပေါ် ဝတုတ်ရဲ့ ဆွေးနွေးချက် --

Socrates ရဲ့ အသည်းယားစရာ အထာတခုက လူမှာရှိသင့်ရှိအပ်တဲ့ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တဲ့အခါ သူ့ ကိုပေးတဲ့ အဖြေက မေးတဲ့အရည်အသွေး 'ဘာ'ဆိုတာကို မဖြေဘဲ အဲဒီအရည်အသွေးကိန်းဝင်နေပုံ ရတဲ့၊ ဒါမှမဟုတ် အဲဒီ အရည်အသွေး ကိန်းဝင်နေတယ်လို့ ယေဘုယျ လက်ခံထားကြတဲ့ ဥပမာတွေကို အဖြေအဖြစ်ပေးတာကို လက်မခံ တာဘဲ။

ဥပမာ - သူက Justice ဆိုတာ ဘာလဲ၊ သတ္တိဆိုတာ ဘာလဲလို့မေးမယ်။ အဲဒီမှာ အမေးခံရသူက သတ္တိရှိတဲ့လုပ်ရပ်၊ တရား တဲ့လုပ်ရပ်တွေကို ဥပမာအဖြစ်နဲ့ ပေးမယ်။  ဒါပေမဲ့ ဥပမာဟာ အဖြေမဟုတ်ဘူးလို့ သူက အခိုင်အမာပြောတယ်။  What is X ဆိုတဲ့ မေးခွန်းနဲ့ What is X as such ဒါမှမဟုတ် What are the examples of X ဆိုတဲ့မေးခွန်းနှစ်ခုရဲ့ အဖြေဟာ ဘာမှမဆိုင်ဘူးဆိုတဲ့အမြင်ကို သူက တောက်လျှောက်ကိုင်စွဲထားတယ်။

Socrates နဲ့ ပလေတိုက တရားမှုဆိုတာကို ဥပမာဘယ်နှစ်ခုပေး ပေး၊ ဒီဥပမာတွေဟာ တရားမှု 'ဘာ'ဆိုတာကို မြင် အောင်ပြနိုင်မှာ မဟုတ်ဘူးလို့ ယူဆတယ်။  တရားမှု၊ သတ္တိစတာတွေနဲ့ ပတ်သက်ပြီး ဥပမာတွေစွက်နေတဲ့၊ ဥပမာတွေ စွန်းနေတဲ့ ကျုပ်တို့အမြင်တွေ၊ ကျုပ်တို့ရဲ့ Judgments တွေကို ပဲ့ပြင်ပေးမယ့် ဥပမာကင်းမဲ့တဲ့ မူတွေ၊ သဘောတွေကို ဉာဏ်နဲY မမြင်သရွေ့ တရားမှု၊ မတရားမှုလို့ ကျုပ်တို့ထင်တဲ့၊ ဆုံးဖြတ်တဲ့အရာကို ကျုပ်တို့ ဘာ့ကြောင့် တရားတယ်၊ မတ ရားဘူးလို့ ထင်သလဲ၊ ဆုံးဖြတ်သလဲဆိုတာကို သိနိုင်မှာမဟုတ်ဘူးလို့ ပလေတိုတို့ ဆရာတပည့်က ပြောတယ်။

တရားတဲ့၊ မတရားတဲ့ လုပ်ရပ်အဖြစ် ဥပမာပြခံထားရတဲ့ လုပ်ရပ်တွေဟာ ဘာ့ကြောင့်တရားသလဲ၊ မတရားသလဲဆိုတာကို ဉာဏ်နဲ့ မြင်မှသာ တရားမှု၊ မတရားမှုကို သိမယ်။  အဲဒီအခါကျမှ တရားမှုကိုဆောင်၊ မတရားမှုကိုရှောင်ဖို့ နောက်တဆင့်ကို တက်နိုင်မယ်လို့ ပလေတိုတို့ ဆရာတပည့်က ပြောတယ်။  အဲ့သလို ဥပမာတွေကို ဉာဏ်နဲ့ ထိုးထွင်းမြင် နိုင်ဖို့ဆိုတာ၊ ဖီလော် ဆော်ဖီကို အလေ့အထလုပ်မှ၊ စဉ်းစားတွေးခေါ်တာကို အလေ့အထလုပ်မှရမယ်။ တခြားနည်းမရှိဘူးတဲ့။ တခါ တရားမှု၊ မတရားမှု၊ ကောင်းမှု၊ မကောင်းမှုကို သိမှ လူဖြစ်ရကျိုးနပ်မယ်၊ တကယ့်သုခကို ရမယ်လို့ ဆိုတယ်။ ဒါ့ကြောင့် တကယ့်သုခကို စဉ်းစားတွေးခေါ်တာကို အလေ့အထလုပ်သူတွေသာ ခံစားနိုင်မယ်လို့ သူတို့ကပြောတာ ဒီသဘောပဲ။

အခု သူယုတ်လက္ခဏာ ကိစ္စမှာ သူယုတ်လက္ခဏာဆိုတာ လက္ခဏာဆိုတဲ့အတိုင်း ယုတ်မာခြင်းဆိုတာကို မျက်စိနဲ့မြင်၊ နားနဲ့ကြားရုံကြားနိုင်တဲ့ အာရုံငါးပါးနဲ့တင် တွေ့ရတဲ့ အခြင်းအရာ လက္ခဏာ Character နဲ့တင် အဓိပ္ပာယ်ဖွင့်ဖို့ ကြိုးစားရုံနဲ့ ယုတ်မာခြင်းရဲ့ သဘောကို ဉာဏ်နဲ့ မြင်မှာ မဟုတ်ဘူး။  ယုတ်မာခြင်း၊ ကောင်းမွန်ခြင်းကို ဉာဏ်နဲ့မြင်မှသာ ယုတ်မာခြင်း၊ ကောင်းမွန်းခြင်းရဲ့ အနှစ်သာရ ခေါ်ခေါ် သဘောအစစ်အမှန် ခေါ်ခေါ်၊ ခေါမလို Idea လို့ ခေါ်ခေါ် ဒါကို မြင်တွေ့နိုင်မယ်။  ဥပမာတွေနဲ့ ပေကျံနေတဲ့ ကျုပ်တို့ရဲ့အသိကို ဉာဏ် Reason နဲ့ ဆေးချပစ်ပြီးသကာလ ကျုပ်တို့ဟာ အစွဲတွေ၊ အလန်းတွေကို ကျော်လွန်နိုင်မယ် Transcend လုပ်နိုင်မယ်။  အရည်မရ အဖတ်မရ နားလည်ရခက်တဲ့ ဝါကျတွေနဲ့ ပြည့်နေတဲ့၊ ဘာမှ အသုံး မဝင်ဘူးလို့ထင်ရတဲ့ ဖီလော်ဆော်ဖီဟာ လူ့ဘောင်လောကကို ဘယ်လို အကျိုးပြုနိုင်သလဲဆိုတာ အခု ရှင်းပြခဲ့ပုံနဲ့ မြင်တန် ကောင်းပါရဲ့။
↧
↧

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) - ကျေးဇူးရှင် ဆေးရိုး သယ်ကြီး

$
0
0
မောင်မောင်လတ် (ရွှေအင်းလေးစာပေ) - ကျေးဇူးရှင် ဆေးရိုး သယ်ကြီး
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၅

ရှေးရှေးက စကားဆိုရိုးတခုကို  သတိရမိပါရဲ့။ "ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ"ဆိုတာနဲ့ ပြောင်းပြန် ဒီကနေ့ မြန်မာပြည်သူအဖို့ အောင်ပန်းလှမ်းဆွတ်နိုင်လို့ အမောပြေထိုင်နေတုန်း၊ အနာဂတ်ပဉ္စမမြန်မာနိုင်ငံတော်သစ်အတွက်    စိတ်ကူးနဲ့မျှော်နေတုန်း၊    တပင်တပန်း ခဲရာခက်ဆစ်နဲ့ စိုက်ပျိုး၊ ပျိုးထောင်ပေးရမဲ့ပဒေသာပင်ကြီးအတွက်    ပြင်ဆင်နေတုန်း၊  မဖိတ်မခေါ်၊ မတောင်းတ မတမ်းတဘဲရောက်ရောက်လာတဲ့ ပေါ်ပေါ်လာတဲ့ကျေးဇူးရှင်တွေက တယောက်ပြီးတယောက် မိုးဦးကျ မှိုပွင့်အလား၊  "ဗူးသီးမှ အရီးတော်ချင်"ဆိုသလို စားနေကြကြောင်ပါးက ကျေးဇူးရှင်ကြီးသဖွယ် ခန့်ခန့်ညားညား နေရာဝင်ယူလာတာကိုက လက်သင့်ခံစရာမရှိ၊၊

နှစ်ပေါင်းများစွာ အစဉ်အဆက် ပြည်သူတွေရဲ့ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်စွန့်လွှတ်ခဲ့၊ ဘ၀ပေါင်းများစွာ ပျက်စီး ခဲ့၊ ဖျက်ခံခဲ့၊ ရေစုံမျှောခဲ့ရတဲ့ အကြောင်းတရားအပေါ် ထောင်သောင်းများစွာသော လူတန်းစားအလွှာအသီးအသီးက ပြည် သူတွေရဲ့ နာကျည်းတောက်ခေါက်သံ၊ ၀မ်းနည်းငိုရှိုက်သံ၊ စိုးတထိတ်ထိတ် တုန်လှုပ်ခြောက်ခြားခြင်းတို့အပေါ် အခြေတည်  အခြေခံပြီး အလံမလှဲစတမ်း၊ မလျှော့စတမ်း၊ မဆုတ်မနစ် တွန်းလှန်ခဲ့လို့သာ ရောင်ခြည်တွေပေါ်လာတော့မယ့် အခိုက်အ တန့်၊ အကောင်အထည်ပေါ်လာတော့မယ့် ဒီမိုကရေစီအပြောင်းအလဲကြီးက ကမ္ဘာ့သမိုင်းစာမျက်နှာအလယ် မြန်မာ့သမိုင်း စာမျက်နှာထဲ ရောက်ခါနီးဆဲဆဲ၊ ပေါ်ပေါက်လာတဲ့ကျေးဇူးရှင်တွေက မေခလာနတ်သမီလည်းမဟုတ်၊ ၀ တလုံးပိုင်ရှင် တန်ခိုးရှင်လည်းမဟုတ်၊ ထုတ်သုံးမယ့်လက်သည်းကို အသာဝှက်ထားတဲ့ သူတော်ကောင်း အယောင်ဆောင် ကြောင်သူ တော်တွေပါ။

ဆိုခဲ့ ဆိုမြဲ ဆိုစကားအတိုင်း အတိတ်ကို သင်ခန်းစာအဖြစ် အသုံးချရမယ်ဆိုရင် ရှည်ရှည်ဝေးဝေး၊ တပင်တပန်း ဇာတ်ကြောင်း ပြန်စရာမလို၊ အနီးဆုံးနှစ်အပိုင်းအခြားကို လှမ်းမျှော်လိုက်ရင်ဖြင့် အဖြစ်အပျက်တွေက ရှင်းရှင်းလင်းလင်း၊ ခြေလှမ်းတွေက သဲသဲကွဲကွဲ၊ မြင်ကွင်းပြတ်ပြတ်သားစား၊ အစပထမ အာဏာပါဝါ၊ လက်နက်အားကိုးနဲပ ဖိနှိပ်ကြည့်တယ်။
ဒုတိယအလယ်ပိုင်းမှာတော့ အယောင်ဆောင်ဟန်ပြ အလျှော့ပေးတယ်။ တတိယအဆုံးမှာတော့ ချော့မြှူ ဖျားယောင်းမယ်။ အဲဒီဆေးစပ်နည်းနာတွေနဲ့ ဒေါင်ဒေါင်မည်တဲ့ အမာခံတွေ၊ သံမဏိအသည်းပိုင်ရှင်တွေ အရည်ပျော်သွားတခဲ့တဲ့ ဥပမာတွေ က ဒုနဲ့ဒေး။ လူထုခေါင်းဆောင်ကြီးရဲ့အနောက် ပြည်သူတရပ်လုံး တစုတဝေးထဲ ရပ်တည်ခဲ့တဲ့အဖြေ၊ ဆန်းစစ်သုံးသပ်စရာ မလိုအောင် ခိုင်မာထင်ရှားနေပြီဆိုတော့ အမာကို အမာချင်း မတိုက်တော့။ အပျော့နည်းနဲ့ ဖျားယောင်းရင်း ခွဲမယ်။ သပ်လျှိုမယ်။ သူ့လူ ကိုယ့်ဘက်သား ရောထွေးအောင်လုပ်မယ်။ ပြည်သူနဲ့ တိုင်းရင်းသားတွေအကြားေ၀၀ါးစေမယ်။ အဆုံးမှတော့ ရွှေအိုးကို လက်ညှိုးထိုး ထမ်းခိုင်းရုံ။

ဒီကနေ့မြန်မာ့ဒီမိုကရေစီအခင်းအကျင်းက သီးသီးသန့်သန့် တစုတပေါင်းတည်း။ အရောင်အသွေး အတူတူ တရောင်တည်း။ အားလုံးကို တစ်ကနေပြန်စကြမယ်ဆိုတဲ့ ကြွေးကြော်သံက တခုတည်း တသံတည်း။ ကမ္ဘာသိ မြန်မာသိအောင် ကြေညာထားတဲ့ အမှန်တကယ်ပြောင်းလဲဖို့အတွက် လူထုခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦး ဆောင်မှုအောက် ပြည်သူအပေါင်းက အောက်ခြေကအစ အပေါ်အဆုံးအထိ ပြောင်းလဲမယ့်ဆဲဆဲ ဆေးရိုးသယ်က ကန့်လန့် ကန့်လန့်ပုံစံမျိုးနဲ့ နှမ်းဖြူးသယောင်ယောင်၊ အနောက်ကနေ ခြေလှမ်းချိတ်မှာလား ? ... စိတ်ချ သွေးအေးချိန်ရောက်မှ နောက်ကျော ဓားထိုးမှာလား ...? .. ကမ္ဘာ့သမိုင်းထဲက  ... သြော် မင်းလည်းပါသကိုး ... ဆိုတဲ့စကားတခွန်းကို မမေ့စေချင်သ လို၊ သတိရရှိစေချင်သလို နောင်လာမယ့် မြန်မာ့သမိုင်းမှာလည်း  ... သြော် ... ဒီလိုပါလား .... ဆိုတဲ့စကားကို မဖတ်ရ မမြင်ရစေချင်။ သမိုင်းက ထပ်တူထပ်မျှ မဟုတ်ပေမယ့် ဆင်တူရိုးမှားပါလေ ....။

မောင်မောင်လတ် (ရွှေအင်းလေးစာပေ)


photo source : cnn
↧

မောင်လူရေး - အတိတ်ကို အတိတ်မှာ ဘယ်လိုထားမလဲ

$
0
0
မောင်လူရေး - အတိတ်ကို အတိတ်မှာ ဘယ်လိုထားမလဲ
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၅

ကနေ့ကာလတွင် ဘယ်နေရာဖြစ်ဖြစ် လုံခြုံရေးကို အဓိကထား စီမံလာကြသည်။ ဒါမှလည်း စိတ်ချ လက်ချ သက်သောင့် သက်သာ အေးအေးလူလူနေထိုင်ကြရမည်။

နိုင်ငံတခုသည် သူ၏ဝင်ပေါက်များကို အထူးကြပ်မတ်ကြသည်။ စစ်ဆေးရေးဂိတ်မျိုးစုံကို ဖြတ်ရသည်။ လေဆိပ်လည်း ထိုနည်းတူ လုံခြုံရေးဂိတ်များစွာဖြတ်ရသည်။ တယောက်ချင်း တခုချင်း လူရော ပစ္စည်းရော စာရွက်စာတန်းတွေရော အသေ အချာစစ်ဆေးရသည်။ ကုန်တိုက်များ ဈေးဝယ်စင်တာများလည်း လုံခြုံရေးဂိတ်ကပင် ဖြတ်ရသည်။ စစ်ဆေးမှုခံရသည်။

ဤလုံခြုံရေးအစီအမံများကို အသာတကြည်ခံယူကြသည်။ လိုလားကြသည်။ အကြောင်းမှာ မိမိ သူတပါး အားလုံးဒုက္ခမ ရောက်ရေး အေးချမ်းသာယာရေး လုပ်ဖွယ်ဆောင်တာများ စိုးရိမ်ပူပန်မှုမရှိ လုပ်ဆောင်နိုင်ရေးစသည်တို့အတွက် လိုအပ် သည်ကိုး။

ထိုလုံခြုံမှုအစီအမံမျိုးတွေ မိမိတို့ပိုင်ဆိုင်သည့် စက်ရုံများ ဈေးဆိုင်များ ကုန်တိုက်များ အလုပ်ရုံများတွင်လည်း လုပ်ဆာင် လာကြသည်။

ယခုအခါ မိမိတို့သည် မိမိတို့စိတ်ကြိုက်တင်မြောက်ထားသောအစိုးရအသစ်နှင့် နိုင်ငံတော်သစ်ကြီးဆီ ချီတော့မည်။ ယင်း နိုင်ငံတော်သစ်ကြီးထဲတွင် ပြည်သူပြည်သားအားလုံး အေးချမ်းသာယာစွာ လုံခြုံစိတ်ချစွာနေထိုင် စားသောက်လုပ်ကိုင်ဖို့ ဆည်းပူးလေ့လာဖို့ရန်အတွက် အားလုံး ဥပဒေဂိတ်ပေါက်မှ ဖြတ်ရမည်။ လုံခြုံရေးအစီအမံကို လက်ခံရမည်။ ဘယ်သူမှ ဥပဒေမဲ့ခွင့်မရှိပေ။

နိုင်ငံတော်သစ်တွင် စီးပွားရေးရပ်ဝန်းထဲ ခရိုနီတွေလို မတရားမှုမျိုးစုံဖြင့် မဟုတ်မဟပ်အခွင့်အရေးများယူထားကြပြီး ဥပဒေဂိတ်ပေါက်က မဝင်ဘဲ နောက်ဖေးပေါက်က ဝင်ခဲ့မည်ဆိုလျှင် မညီမျှမှုတို့ဖြင့် ပြည်မလှဖြစ်တော့မည်။ အရွေးချယ်မခံဘဲအမတ်ဖြစ်လာသလိုမျိုး နိုင်ငံရေးရပ်ဝန်းထဲ နောက်ဖေးပေါက်က ခိုးကြောင်ခိုးဝှက်ဝင်ခဲ့မည်ဆိုလျှင် တနိုင်ငံလုံး လမ်း ကြောင်းလွဲ သန္ဓေတည်သလိုမျိုးဖြစ်ကာ ကလေးလည်းမရ လူကြီးလည်း ဒုက္ခကြီးစွာရောက်ရသလို ပြည်နာတော့မည်။ မိုး ကျရွှေကိုယ်တို့လို ဌာနဆိုင်ရာတာဝန်များကို ဆိုင်ရာကျွမ်းကျင်မှုမရှိဘဲ နေရာဝင်ယူထားကြမည်ဆိုလျှင် လုပ်ပုံကိုင်ပုံ အလွဲများဖြင့် တနိုင်ငံလုံး ကတိမ်းကပါးဖြစ်ချေတော့မည်။

စီးပွားရေးဘဲဖြစ်ဖြစ် အမတ်ဖြစ်ရေးဘဲဖြစ်ဖြစ် အုပ်ချုပ်ရေးဘဲဖြစ်ဖြစ် အစစအရာရာ ဥပဒေဂိတ်ပေါက်က ဝင်ရောက်မှသာ နိုင်ငံတော်ကြီး အေးချမ်းသာယာတော့မည်။

မည်သူမဆို နိုင်ငံတော်သစ်ကြီးဆီသို့ ဥပဒေဂိတ်ပေါက်မှသာ ဖြတ်သန်းဝင်ရောက်ရမည်။ ယင်းမှာ ချွင်းချက်မရှိပေ။ ယင်း သည်ပင် အတိတ်ကို ထည့်မတွက်ခြင်းဖြစ်လေသည်တကား။

မောင်လူရေး
↧

ကာတွန်း ဘုန်းကျော် - ပြောင်းလဲချင်နေသူတွေပါဗျာ

$
0
0

ကာတွန်း ဘုန်းကျော် - ပြောင်းလဲချင်နေသူတွေပါဗျာ
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၅
↧
↧

ခင်အောင်အေး - တူနာ ဆင်းဒ၀စ်ခ်ျ

$
0
0
 
ခင်အောင်အေး - တူနာ ဆင်းဒ၀စ်ခ်ျ
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၅

'အဖေ့သွား ရေထဲ အိပ်တယ်'
ကိုခင်ဝမ်းရဲ့ အနုပညာပါရမီ

ကြိုးချင်းထား ကြိုးချင်းငြိ
ငါးမျှားချိတ်ဟာ ငါးရဲ့ပါးစောင်မှာ ထိထိမိမိ

သိုးဆောင်းတို့ရဲ့ ဘာသာစကားမှာ
ခွေးတကောင်ရဲ့အဓိပ္ပါယ်ဟာ ငါတို့ဆီကနဲ့ ပြောင်းပြန်

စောင်းသွားတဲ့ နေခြည်ရဲ့ လျှပ်ပေါ်လော်လည်မှုဟာ
ဖြူဖွေးလွလွ ကြွေကော်ဖီပန်းကန်လုံးပေါ်မှာ ကခုန်လို့

ကဲရော့ထ်မျှင်ကလေးတွေ ဆွတ်ဖြန်းထားပြီး
ဂျုံကောင်းကောင်းနဲ့ ဖုတ်ထားတဲ့ ပေါင်မုန့်တမျိုး

ပုံပြောပြီးရင် မျက်နှာသစ်ကြွေခွက်ထံပါး တိုးကပ်ကာ
လက်ကို သန့်ရှင်းစင်ကြယ်အောင်ဆေးကြောပါ

ဝါးတန်းလှေရဲ့ ငါးကြည့်စင်ပေါ်ကနေ
အရစ်အရစ်ထနေတဲ့ ငါးတွေကို ပြုံးပြီးကြည့်နေတဲ့မျက်နှာ

အခါမဟုတ်မိုးဟာ အနောက်ရိုးမတောင်ကြောနဲ့
အရှေ့ဖက်ကုန်းမြေမြင့်ကြားမှာ ညပ်နေတယ်

အနက်အဓိပ္ပါယ် မူရင်းတွေကို ဖလှယ်ချင်ကြတဲ့အခါ
မျက်ဝန်းတွေက တဆင့်သာ ပြောဆိုနားလည်လိုက်ကြပါစို့။ ။

ခင်အောင်အေး
၃ ဒီဇင်ဘာ ၂၀၁၄ ဗဟိုလမ်း၊ ကျောက်မြောင်း ၁၉း ၃၇ နာရီ


P h o t o C r e d i t :  T h o m a s C . F e d r o , C h I c a g o , I L , U S A
http://www.ebsqart.com/

↧

နေရာတကာ အီးဂျာနယ်၊ ၀စ္စကွန်စင်၊ မီဝေါ်ကီမြို့ကနေ အမှတ် ၅ ထွက်ပါပြီ

$
0
0
နေရာတကာ အီးဂျာနယ်၊ ၀စ္စကွန်စင်၊ မီဝေါ်ကီမြို့ကနေ အမှတ် ၅ ထွက်ပါပြီ
မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊ ၂၀၁၅

ဒီနေရာကနေ အခမဲ့ရယူ ဖတ်ရှုပါ။




↧

ဂျူနီယာဝင်း - ဆရာကြီးဦးသက်ထွန်းသို့အမှတ်တရ

$
0
0


(ဆရာကြီးဦးသက်ထွန်း အမှတ်တရစာအုပ်)

ဂျူနီယာဝင်း - ဆရာကြီးဦးသက်ထွန်းသို့အမှတ်တရ 

(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၅

 
ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသက်ထွန်း၊ ဆွစ်ဇာလန်နိုင်ငံ စပိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသက်ထွန်း ဟူသော ဆရာကြီးဦးသက်ထွန်းကို ကျွန်မစတင်သိကျွမ်း ခင်မင်ခွင့်ရခဲ့ချိန်မှာ ဆရာကြီး ဒါရိုက်တာအဖြစ် ထွန်းဖောင်ဒေးရှင်းဘဏ်တွင် တာဝန်ယူစဉ်က ဖြစ်ပါသည်။ အချိန်ကာလအားဖြင့် ၂၀၀၈ ခုနှစ်လောက်မှာ ဖြစ်ပါသည်။


(ဆရာကြီးဦးသက်ထွန်းနှင့် ၂၀၀၈ခုနှစ် တုန်းက အမှတ်တရ နောက်တွင် ရပ်နေသူမှာ ကျွန်မ၏ဖခင် ဒေါက်တာခင်မောင်ဝင်း)
ကျွန်မဘာသာပြန်ရေးသားခဲ့သော Lewis Carroll ‘s Alice in Wonderland ကို “အဲလစ်နှင့် အံ့ဖွယ်ကမ္ဘာ“ စာအုပ်လေးအား ထွန်းဖောင်ဒေးရှင်းမှ ၂၀၀၈ ခုနှစ်အတွက်ကလေးစာပေ ဆုချီးမြင့် ခဲ့သည်ဟု ကြားသိခဲ့ရစဉ်တွင် ကျွန်မတို့ မိသားစုအတွက် ဆရာကြီးဦးသက်ထွန်း နှင့်ရင်းနှီးခွင့်ရဖို့ အခွင့်အရေး ရခဲ့သည်ဟု ဆိုရပါလိမ့်မည်။ ဆရာကြီးနေထိုင်သော လမ်းသွယ်သည် ကျွှန်မတို့ အိမ်နှင့် တလမ်းသာခြားပါသည်။ ထိုဆုရသော “အဲလစ်နှင့်အံ့ဖွယ်ကမ္ဘာ“ စာအုပ်ကို ဆရာကြီး အိမ်ကို ပထမဦးဆုံးရောက်ဖူး ခဲ့ပါသည်။ ကျွန်မသည် သံအမတ်ကြီးဦးသက်ထွန်း ဟူသော ဂုဏ်ပုဒ်ကြီးကြောင့် တွေ့ဆုံရမည့်အရေး အလွန်ပဲ ကြောက်ခဲ့မိသည်။ ဆရာကြီး၏ အိမ်ကလေးသည် သစ်ရိပ်ပင်ရိပ်ဖြင့် သာသာယာယာ အေးချမ်းလှသောကြောင့် ကျွန်မစိတ်ထဲက စိုးရိမ်မူများ များစွာသက်သာ ရာရခဲ့ပါသည်။ (သြော်…. မြို့ကြီးပြကြီး ထဲက အေးချမ်းတဲ့ အရိပ်အာဝါသဟာ လူ့ရဲ့စိတ်ကို ပြောင်းလဲစေသတဲ့လား။)

ဆ၇ာကြီးဦးသက်ထွန်းသည်ကျွန်မပေးသော စာအုပ်လေးကို လက်ခံယူရင်း ဆုရရှိသူတစ်ဦး ဖြစ်တာကြောင့် ဆက်လက် လုပ်ဆောင်စရာများစွာ ရှိသေးကြောင်း ရှင်းပြပါသည်။ ဆရာကြီးကို တွေ့မြင်ရသည်မှာ မာန်မာနမရှိပဲ၊ ကျွန်မလို ဘာမဟုတ်သည့် သူတစ်ယောက်အပေါ် ယခုလို နွေးနွေးထွေးထွေး စကားပြောတာ၊ တရင်းတနှီး ရှိနေတာကို ကျွန်မအတွက် ဂုဏ်ယူစရာ ဖြစ်ရပါသည်။ ဆရာကြီးနှင့်စကားပြော နေရင်း ကျွန်မအဘို ဘဘကြီးဦးခင်မောင်လတ် ကို မြင်ယောင်နေမိပါသည်။ (ဘဘကြီးလဲ အဲသည်လိုပဲ။ သူ့တပည့်တပန်းတွေနဲ့ စကားပြောရင် ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ရှိတယ်။) နောက်ပိုင်းမှာ ဆရာကြီးနှင့် တွေ့ဆုံဖို့ အခွင့် အလန်းများကြုံလာတိုင်း အနားကပ်ဖို့ ကြောက်မိသောလည်း ဆရာကြီးအနားသွားကာ ဂရုတစိုက် နှူတ်ဆက်ဖြစ်ခဲ့ပါသည်။ ကျွန်မတို့က ဆရာကြီးနှင့် နှူတ်ဆက် စကားသွားပြောတိုင်း ၀မ်းသာအားရ လက်ခံ ပြန်ပြောပါသည်။

ကျွန်မက ထွန်းဖောင်ဒေးရှင်းကပေးသော ကလေးစာပေဆုရသဖြင့် ကျွန်မ၏ မိတ်ဆွေများကို ဖိတ်ကာ အိမ်မှာ ကြက်ဆီထမင်း ၀ယ်ကြွေးဖြစ်ပါသည်။ ဆရာကြီးလို ဧရာမ ပုဂ္ဂိလ်ကြီးကို အိမ်သို့ မဖိတ်ဝံ့ပါ။ ထိုနေ့က ဆရာကြီးထံ ကြက်ဆီထမင်းထုတ်များ ကိုင်ကာ ကိုယ်တိုင်သွားပို့ ဖြစ်ပါသည်။ ကျွန်မမှတ်မိနေတာက အဲသည်နေ့က ဆရာကြီးနှင့်အတူ ဧည့်သည်တစ်ယောက် ရှိနေပါသည်။ ကျွန်မသည် ဆုရလို့ကျွေးတာပါဟု စကားဆိုရင်း စကားပြော နေတာ အနှောက်အယှက် ဖြစ်မှာ စိုးသဖြင့် ချက်ချင်းပြန်ဖို့ ထရပါသည်။ ဆရာကြီးသည် ပြုံးကာ နှူတ်ဆက်ရင် နှင့် “အတော်ပဲ - ဧည့်သည်ကို ပါ ကြက်ဆီထမင်း ကျွေးတာပေါ့“ ဟုပြောလိုက်တာ ကျွန်န်မ အခုထိ အမှတ်ရနေပါသည်။ (ဆရာကြီး နှင့်တွေ့ရလေ၊ ကျွန်မအဘိုး ကိုပိုပြီးသတိရလေပါပဲ။)

ဆရာကြီးကွယ်လွန်သွားပြီဟု သတင်းကြားချိန်မှာ ကျွန်မအဘိုးနှင့် တူတဲ့သူတစ်ဦး အဖြစ်လေးစား ချစ်ခင်ရသူသည် လောကကြီးထဲ မရှိတော့ ပါလားဟု များစွာ ၀မ်းနည်း စိတ်မကောင်း ဖြစ်ရပါသည်။ အခုတော့ ဆရာကြီး ကွယ်လွန်သွားခဲ့တာ သုံးနှစ်တောင်ရှိပါပီ။ သံအမတ်ကြီးတစ်ဦး၏ အမှတ်တရ စာအုပ်တစ်အုပ်မှာ ကျွန်မလို ဘာမဟုတ်တဲ့ သူတစ်ယောက်က အခုလို ရေးခွင့်ကြုံကာ ရေးခွင့် ပေးခံရတာကို ကျွန်မမှာ မတန်မရာ နေရာရသလိုပင် ခံစားနေမိပါသည်။ စိတ်သဘောထား အေးချမ်းသော၊ နွေးထွေးသော ဆရာကြီး အတွက် အမှတ်တရစကားဆိုရင်းနှင့် ဆရာကြီး၏ စာဖတ်ပရိသတ်တစ်ဦးအနေဖြင့် ခင်မင်လေးစားရသူ စာပေပညာရှင်ကြီးတစ်ဦးအား သတိတရရှိနေဆဲ ရှိပါကြောင်းဖြင့်…….။

မူရင်းလင့်ခ် - http://juniorwin.blogspot.com/


↧

ရဲရင့်သက်ဇွဲ - ဝေဒနာရုပ်ကြွင်း

$
0
0

ရဲရင့်သက်ဇွဲ -  ဝေဒနာရုပ်ကြွင်း
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၅


ဖိုးချိုရေ
ဒီမိုကရေစီရမှ အမျှဝေပါ
ဆိုစကား
အခုများတော့  ဆွေးပေါ့ .....

ဖိုးချိုရေ
NLD နိုင်ချက်ကတော့
 သောင်ပြို ကမ်းပြိုပါပဲ
ဒီမိုကရေစီရော
သောင်ပြို ကမ်းပြိုမှာလား
မင်းသက်ရှိထင်ရှား ရှိစေချင်တယ်......

ဖိုးချိုရေ
အနာဂတ်ကို တည်ဆောက်တဲ့အခါ
အတိတ်က အဖြစ်အပျက်တွေကို
သင်္ခန်းစာယူပြီးတော့
ဖြစ်ပျက်ခဲ့တာတွေကို
သင်ပုံးချေရမယ်တဲ့ ....
အမေစုရဲ့ စကား
ငါ နားမခါးလို နှလုံးသားထက်
ဦးနှောက်ကကြီးရမယ့်အချိန်ကာလကို
ဖြတ်ကျော်ရတော့မယ် .....

ဖိုးချိုရေ
ငါ  မပျော်ပါဘူး
နှလုံးသားထက် ဦးနှောက်ဟာ
ပိုမကြီးနိုင်ပါဘူး
အဝေးကြီး ငါမကြည့်ပါဘူး
ငါ့အနီးအနားမှာ....
သက်ဦး ထောင်ထဲမှာ ၁၆နှစ်ကျော်
ဇော်ဇော်အောင် ထောင်ထဲမှာ ၁၀ နှစ်ကျော်
မင်းဟန်(ခ)ဖိုးချို  - မင်းက ထောင်ထဲမှာ ၂၁နှစ်
ထောင်ကလွတ်တော့ မင်းတို့ မိသားစုတွေ
ဘ၀ဟာ ဖရိဖြရဲ ပြိုလဲပျက်စီး
ထောင်ကလွတ်ပြီး တနှစ်အကျော်လေးမှာ
မင်း ကျဆုံးသွားခဲ့တယ်......

ဖိုးချိုရေ
ဒီအဖြစ်အပျက်တွေဟာ
တနိုင်ငံလုံး ဖြစ်ပျက်ခံစားခဲ့ရတာပါ........
ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ
ကျဆုံးခဲ့ရတဲ့ ငါ့ရဲဘော်တွေအတွက်
ရင်းစားပြန်ရချင်တဲ့ တရားမျှတမှုမျိုးကို
ငါ အစဉ်တစိုက် တောင်းဆိုခဲ့သူပါ....
အခုတော့ ဦးနှောက်ဟာ
နှလုံးသားထက်ကြီးရမယ်ဆိုတဲ့အခါ
ဖြစ်ပျက်ခဲ့သမျှ သင်ပုန်းချေရမယ်ဆိုတဲံအခါ
ကျဆုံးခဲ့တဲ့ ငါ့ရဲဘော်တွေအပေါ်မှာ
သူတို့ တွေရဲ့  နှလုံးသွေးနဲ့ 
သစ္စာတိုင်တည်ခဲ့မှုတွေအပေါ်
ငါ  သစ္စာဖေါက်သလို
ခံစားရချက်က လက်ကုန်ပါပဲ .....

ဖိုးချိုရေ
နာကျင်တဲ့ ခံစားမှုတွေ
နာကျည်းတဲ့ ခံပြင်းချက်တွေကို
အခုများတော့ နှလုံးသားရဲ့ 
အလိုမတူမှု ကြားကပဲ
တဆတ်ဆတ် တုန်ခါနေတဲ့
နှလုံးသားမှာပဲ သိမ်းဆည်းထားလိုက်ပါရစေ

ဖိုးချိုရေ
ငါ့ကို ခွင့်လွှတ်ပါ
ဦးနှောက်ဟာ
နှလုံးသားထက်ကြီးရမယ့်
အချိန်ကာလတခုကို ဖြတ်ကျော်ရတော့မယ်.......

ဖိုးချိုရေ
ဒီမိုကရေစီရမှ အမျှဝေပါ
ဆိုစကား
အခုများတော့  ဆွေးပေါ့ .....
ကြေကွဲရပေါ့


၆ ဒီဇင်္ဘာ၂၀၁၅

Photo credit - http://www.toonpool.com/cartoons/Che_66975
↧
↧

ဇွန်မိုး - မြန်မာပြည်သို့ပေးစာ - ကျေးဇူး ကုဋေကုဋာ

$
0
0

ဇွန်မိုး - မြန်မာပြည်သို့ပေးစာ - ကျေးဇူး ကုဋေကုဋာ
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၅


ချစ်သူငယ်ချင်းတို့ …

စာမလာ သတင်းမကြားလို့ ပျော်နေကြလား … အဲ မျှော်နေကြလား။ အချိန်အတော်ကြာ မင်းတို့အားလုံးဆီ စာမရေးဖြစ်ပေမယ့် ကျော်ဒင်၊ ရွှေရီ၊ ညီစိုးတို့နဲ့တော့ Facebook, Viber ပေါ်မှာ ဟိုဟိုဒီဒီ ပြောဖြစ်ပါတယ်။ အေးလေ မင်းတို့အားလုံးလည်း ရေဘေး ကယ်ဆယ်ကူညီရေးကိစ္စတွေနဲ့ ရှုပ်နေခဲ့ရ၊ အထူးသဖြင့် ရွေးကောက်ပွဲကိစ္စတွေနဲ့ နေညရက်ဆက် အရပ်ရှစ်မျက်နှာ ပြေးလွှာနေခဲ့ရတာကို သိလို့၊ ပြီးတော့ ငါကိုယ်တိုင်လည်း အလုပ်၊ ကျောင်း၊ ရပ်ရေးရွာရေးကိစ္စတွေနဲ့ ရှု့ပ်နေတာကြောင့် မင်းတို့ဆီ စာမရေးနိုင်ခဲ့တာပါ။ ချော်လဲရောထိုင် ပြောရရင်တော့ မင်းတို့ အေးအေးဆေးဆေး အချိန်ပေး စာဖတ်နိုင်မယ့် အချိန်ကို စောင့်နေခဲ့တာပါ။ အခုတော့ မင်းတို့တွေ အမှိုက်ကောက် မသွားကြခင် အချိန်ပေးပြီး ဖတ်လိုက်ပါအုံး။

အခုမှ တရေးနိုးထ ရေးလိုက်တာက ပြီးခဲ့တဲ့အပတ် ကျေးဇူးတော်နေ့ (Thanksgiving Day) ရက်ရှည်ရုံးပိတ်ရက်မှာ ဒီမှာရှိတဲ့ အသိမိတ်ဆွေ ခရစ်ယာန်ဘုရားကျောင်းတွေ လိုက်သွားပြီး (မျိုးစောင့်အုပ်စု သိသွားလို့ မျိုးမစောင့်ဘူး ဘာညာ စွပ်စွဲပြောဆိုနေအုံးမယ်) ဆုတောင်းပွဲမှာ ကျေးဇူးတော်နေ့အကြောင်း နားထောင်ရ၊ အပြန်အလှန် ကျေးဇူးစကားတွေ ပြောဆိုပြီး စိတ်ထဲမှာ ဖြစ်ပေါ်လာတာက လက်ရှိ ဒို့မြန်မာပြည် အပြောင်းအလဲအတွက် ရှေ့ တန်းက စွမ်းဆောင်လုပ်ဆောင်၊ ကဏ္ဍအလိုက် ပါဝင်ခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ပြောချင်တာနဲ့ ဒီစာကို ရေးလိုက်တာပါ။  မင်းတို့အမြင်၊ အတွေးတွေနဲ့ တူချင်မှတူမယ်။ ပွင့်ပွင့်လင်းလင်း ပြန်ပြောနိုင်ပါတယ်။

ကဲ ပြောမယ်ဆို ၂၀၁၅ နှစ်ကုန်ကတော့ ဒို့မြန်မာတွေအတွက် မင်္ဂလာရှိတဲ့ အခါသမယ၊ ခရစ်စမတ်၊ နှစ်သစ်လက်ဆောင် ရသလိုပေါ့နော်။ ရုတ်ချည်းပြောင်းလဲလာခဲ့တဲ့ ဒို့ရွှေပြည်ကြီးရဲ့  အပြောင်းအလဲတွေကို မြန်မာ့အရေး စိတ်ဝင်စား၊ သတိထားကြတဲ့ ဒို့ရုံးက အမေရိကန်နဲ့ တခြားနိုင်ငံခြားသား မိတ်ဆွေသူငယ်ချင်းတွေက စင်္ကာပူ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ထိုင်း၊ အမေရိကန် နဲ့ ဥရောပနိုင်ငံတွေ ရောက်နေကြတဲ့ မဲပေးခွင့်ရတဲ့ ဒို့မြန်မာနိုင်ငံသားတွေ အလုပ်ကျောင်းတွေက ခွင့်ယူ၊ စည်းကမ်းတကျ နေညစောင့်တန်းစီးပြီး အင်တိုက်အားတိုက် ကြိုတင်မဲတွေ ပေးကြတဲ့ သတင်းတွေကို ကြားမြင်ခဲ့ပြီး တအံ့တသြ ဖြစ်ကြတယ်။ နောက် ကြိုတင်မဲ ပေးခွင့်မရ၊ မဲမပေးနိုင်ကြတဲ့သူတွေက စင်္ကာပူကနေ ရန်ကုန်ကို လေယာဉ်တစီးလုံးငှားပြီး မဲသွားပေးကြတာ၊ တောင်ကိုရီးယားမှာရှိတဲ့ ညီမငယ် ဒေါက်တာစပယ်တို့ ဇနီးမောင်နှံ မြန်မာပြည်ပြန် မဲပေးကြတာတွေကို ပြောပြတော့ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ ကျိန်းသေပေါက်နိုင်မှာလို့ ဟောကိန်းထုတ်ကြတယ်။ သူတို့တွေရဲ့  အံ့မခန်းလုပ်ရပ်က အထူးကျေးဇူးတင်၊ လေးစားဖို့ကောင်းတယ်။

မင်းတို့ကြားသိမှာပါ … ရွေးကောက်ပွဲနေ့က (ဒီမှာညပိုင်း) အမှန်တကယ် ပြောင်းလဲဖို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်မဆင်နွှဲနိုင်ကြတဲ့၊ ပျော်ရာမှာမနေ တော်ရာမှာ ခိုလှုံနေကြတဲ့ ရေခြားမြေခြားရောက် ဒို့တွေလည်း မင်းတို့နဲ့အတူ ရင်တထိတ်ထိတ်၊ တလှပ်လှပ်၊ တဒုံးဒုံး တဒိုင်းဒိုင်းနဲ့ အအိပ်ပျက်၊ အစားပျက် ဖြစ်ခဲ့ကြပေမယ့် ဒို့ပြည်သူတွေရဲ့  ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ရွေးချယ်မှုကြောင့် ဒီမိုကရေစီအင်အားစု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရလဒ်ကောင်းနဲ့ အနိုင်ရရှိခဲ့တာကို ဒို့တွေအားလုံး မင်းတို့အားလုံး ပြည်သူတွေနဲ့အတူ အတိုင်းထက်အလွန် ထပ်တူထပ်မျှ ဝမ်းသာဂုဏ်ယူကြတယ်။

နောက်တနေ့ ရုံးသွားတော့ လုပ်ဖော်ကိုင်ဖက်တွေက Congratulations ချီးမွမ်းစကားတွေ ထပ်ခါတလဲလဲဆိုကာ ဒို့ပြည်သူတွေ နဲ့ မြန်မာနိုင်ငံအတွက် ဝမ်းမြောက်ကြောင်း ပြောဆိုကြလို့ မြန်မာ့အရေး ကောင်းသတင်း ဒီတကြိမ် ပြောနိုင်ဆိုနိုင်ခဲ့တယ်။ အထူးသဖြင့် ဒို့တတွေနဲ့အတူ နှစ်ပေါင်းများစွာ မြန်မာပြည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး ပြည်ပနိုင်ငံရေး လှုပ်ရှားမှုတွေမှာ ထောက်ခံအားပေး လုပ်ကိုင်ခဲ့ကြတဲ့ နိုင်ငံတကာ မိတ်ဆွေတွေကလည်း ဖိနှိပ်ခံ မြန်မာပြည်သူတွေရဲ့  နိုင်ငံရေး အသိစိတ်ဓါတ်၊ ယုံကြည်ချက်၊ မှန်ကန်သော ဆုံးဖြတ်ချက်တွေကို ချီးကျူးပြောဆိုကြတယ်။

ဒို့အားလုံး အသိပါ … မြန်မာ့ခေတ်ပြောင်းတော်လှန်ရေး သမိုင်းတလျှောက်မှာ ပြည်သူတွေ အစဉ်တစိုက် တာဝန်ကျေခဲ့ကြတယ်။ ၁၉၉၀ မှာ တကြိမ်၊ အခုတကြိမ် သူတို့ရဲ့  မှန်ကန်တဲ့ ရပ်တည်ချက်၊ ခံယူချက်ကို ပြတ်ပြတ်သားသား ပြသခဲ့တယ်။ ပြည်သူတွေ တာဝန်ကျေခဲ့သလို ရွေးချယ်ခံရ၊ ပြည်သူ့ကိုယ်စားလှယ် ဖြစ်လာမယ့် အမတ်တွေ၊ အစိုးရအဖွဲ့ဝင် သမ္မတ၊ ဝန်ကြီးတွေကလည်း ပြည်သူတွေရဲ့  ကျေးဇူးတရားကို တုံ့ပြန်ပေးဆပ်ဖို့ နိုင်ငံအတွင်း ဖြေရှင်းလုပ်ကိုင်ရမယ့် များစွာသော တာဝန်ဝတ္တရား၊ အလုပ်တွေကို လမ်းမှန်နည်းမှန်၊ အဂတိတရား လေးပါးကင်းကင်းနဲ့ ပြည်သူ့အကျိုး နဲ့ နိုင်ငံအတွက် ကျေပွန်အောင် လုပ်ဆောင်သွားဖို့ အရေးကြီးတယ်။

ဒီနေ့အထိတော့ အကောင်းဆုံးရလဒ်ဖြစ်အောင် ကြိုးစားလုပ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အရှုပ်တွေ အလုပ်တွေကြားက NLD အောင်နိုင်ရေးကို အနီးကပ် အင်တိုက်အားတိုက် ကူညီပံ့ပိုးသွားတဲ့ ရုပ်ရှင်ဂီတ အနုပညာရှင်တွေကို သီးသန့်ဖိတ်ကြားပြီး ဂုဏ်ပြုကျေးဇူးတင်စကား ဆိုခဲ့သေးတယ် (အနှေးယာဉ် ဆိုက်ကားသမားတွေကိုလည်း ချီးကျူးစကား ဆိုခဲ့ပါတယ်)။ ဘာကြောင့် ရုပ်ရှင်ဂီတအုပ်စုကိုပဲ သီးသန့်ဖိတ်ခေါ် ဂုဏ်ပြုသလဲဆိုတာကို အတွန့်တက်ပြောဖို့ မဟုတ်ပါဘူး။ သူတို့တွေ ကိုယ့်စရိတ်ကိုယ်စားပြီး အင်တိုက်အားတိုက်နဲ့ မဲစာရင်းမှား၊ များပြားလှတဲ့ပါတီတွေကြောင့် နဝေတိမ်တောင်ဖြစ် တွေဝေနေတဲ့ ပြည်သူတွေ ရွေးကောက်ပွဲမှာ ရာနှုန်းပြည့် ပါဝင်ဆင်နွှဲ၊ မှန်မှန်ကန်ကန် မဲပေးနိုင်ဖို့ ရှေ့ တန်းကနေ လှုံဆော်လှုပ်ရှားခဲ့ကြတာကို သိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူကိုကြည့်ပြီး အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီ ကိုယ်စားလှယ်တွေကို ရွေးချယ်မဲပေးခဲ့တဲ့ ပြည်သူလူထုကြီးကို မုချကျေးဇူးတင်မှာပါ။

အခုက ကျေးဇူးတော်နေ့မှာ ဖြစ်တည်လာတဲ့ ငါ့ကိုယ်ပိုင်ခံစားချက်က ရွှေပြည်တော် မျှော်တိုင်းဝေး - နှစ်ပေါင်းများစွာ အမိမြေနဲ့ ဝေးကွာခဲ့တဲ့ ဒို့တတွေ ကိုယ့်မြေကိုယ့်နိုင်ငံကို ခြေပြန်ချနိုင်ရေး၊ အနာဂတ် ခေတ်သစ်မြန်မာပြည် အပြောင်းအလဲမှာ နိုင်ငံသူ/သားတဦးအနေနဲ့ ပါဝင်ဆင်နွှဲနိုင်ရေး အခွင့်အရေးအတွက် အပြောင်းအလဲတခုဖြစ်တဲ့ ဒီရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် ကျရာကဏ္ဍအလိုက် တာဝန်ကျေခဲ့ကြတဲ့ မင်းတို့အပါအဝင် လူပုဂ္ဂိုလ် အစုအဖွဲ့တွေရဲ့  စွမ်းဆောင်ချက်ကို ရင်ထဲကိန်းဝပ်နေတဲ့ ကျေးဇူးစကားကို ဖွင့်ဟပြောဆိုချင်လိုပါ။

ဦးစွာ … ဒီရွေးကောက်ပွဲကြီးကို အနှောင့်အယှက်မရှိ၊ ဘေးအန္တရာယ်ကင်းရှင်း၊ လွတ်လွတ်လပ်လပ်နဲ့ အောင်မြင်စွာ ကျင်းပပြုလုပ်ပေးခဲ့တဲ့ သက်ဆိုင်ရာအာဏာပိုင် နိုင်ငံတော်အစိုးရလူကြီးတွေကို ကျေးဇူးတင်သင့်သလောက် တင်ကြောင်းပြောချင်တယ်။ နိုင်ငံတကာ ဖိအား၊ စောင့်ကြည့်မှုကြောင့်ဖြစ်ဖြစ်၊ ပြည်သူတွေရဲ့  လိုလားတောင့်တမှုတွေကို “ပြောင်းလဲချိန်တန်ပြီ” ဖြည့်စွမ်းဖို့ ဆုံးဖြတ်လုပ်ခဲ့တယ်လို့ ပြောချင်ပြောလို့ရတယ်။

ဒီနေ့အထိ နှစ်ပေါင်းများစွာ ဥပဒေအထက်ကနေ လုပ်ချင်ရာလုပ်ခဲ့တဲ့ အာဏာရ အရပ်သားတပိုင်း-စစ်အစိုးရကို ဒို့ပြည်သူတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းက သံသယဖြစ်၊ စိုးရိမ်ပူပန်နေခဲ့တာ မမှားပါဘူး။ တိကျမှန်ကန်မှုမရှိတဲ့ မဲစာရင်းကစပြီး မဲရေတွက်ချိန်ပြီးတဲ့အထိ ဒို့ပြည်သူတွေ အာဏာပိုင်တွေအပေါ် သံသယမျက်လုံးနဲ့ကြည့်၊ ဝေဖန်ပြောဆိုခဲ့တာကို သက်ဆိုင်သူတွေ ကောင်းကောင်းနားလည်မှာပါ။ ပွင့်လင်းမြင်သာမှုရှိတဲ့ ဒီမိုကရေစီနိုင်ငံ၊ လူ့အဖွဲ့အစည်းတွေမှာဆိုရင် တာဝန်ရှိသူတွေအနေနဲ့ ဒီလို မမှားသင့်တဲ့ အမှားမျိုးတွေ၊ ပုံမကျပန်းမကျ လုပ်ခဲ့ရင် ဒီထက်မက ပြောဆိုခံရ၊ အပြစ်ပေးခံရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုတော့ ဒို့ပြည်သူတွေ သက်ပြင်းတချက်ချနိုင်ပြီး ရွေးကောက်ပွဲကော်မရှင် နဲ့ နိုင်ငံတော်အစိုးရကို ကျေးဇူးတဝက် (၅၀ ရာခိုင်နှုန်း) တင်ကြောင်း ပြောနိုင်ပါတယ်။

သူတို့အနေနဲ့ ဒို့ပြည်သူတွေရဲ့  ရာနှုန်းပြည် ကျေးဇူးတင်၊ ချီးကျူးစကား ကြားချင်ရချင်တယ်ဆိုရင်တော့ ကျန်ရှိနေသေးတဲ့ မဖြစ်မနေ လုပ်ဆောင်ရမယ့် လွှတ်တော်သစ် ဖွဲ့စည်းရေး၊ အစိုးရသစ် ဖွဲ့စည်းရေး၊ အာဏာလွှဲပြောင်းပေးရေးတွေကို မှန်မှန်ကန်ကန် တိတိကျကျ လုပ်ကိုင်ပေးပြီး၊ များစွာသော နိုင်ငံရေး ပြဿနာ ပဋိပက္ခတွေကို ပံ့ပိုးကူညီဖြေရှင်းသွားဖို့ အရေးကြီးတယ်။ လက်ရှိ ဦးသိန်းစိန်အစိုးရ နဲ့ အာဏာလွှဲပြောင်းယူမယ့် အစိုးရသစ်တို့က “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်” ခေတ်ပြောင်းစနစ်ပြောင်းကာလမှာ နှစ်ပေါင်းများစွာ နိုင်ငံတကာ မျက်နှာစာမှာ များစွာအောက်ကျနောက်ကျ နေခဲ့ရတဲ့ ဒို့ပြည်သူတွေရဲ့ ဘဝ ငြိမ်းချမ်းသာယာရေး၊ တိုးတက်ဖွံ့ဖြိုးရေးတွေကို ရှေ့ တန်းတင်ဦးစားပေးပြီး ပူးပေါင်းလက်တွဲ ဖြေရှင်းသွားမယ်ဆိုရင်တော့ ပြည်သူတွေရဲ့  ကြီးမားလှတဲ့ ကျေးဇူး၊ ချစ်မေတ္တာကို ရာနှုန်းပြည့်ရမှာ သေချာပါတယ်။

နောက် ဒို့တတွေ အထူးကျေးဇူးတင်ရမယ့် လူတွေက မြို့ ပေါ်နေ ဗမာလူမျိုးတွေထက် အဆပေါင်းများစွာ အစစအရာရာ နှိမ့်ကျလှပြီး၊ ခေတ်အဆက်ဆက် ဗမာလူမျိုးကြီးဝါဒ စနစ်ဆိုးနဲ့ အုပ်ချုပ်မင်းမူးခဲ့တဲ့ ဗဟိုအစိုးရတွေရဲ့  တရားလက်လွှတ် စော်ကားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ဘေးစစ်ဒဏ်တွေကို နှစ်ပေါင်းများစွာ ပြားပြားဝပ် ခေါင်းငုံ့ခါးစည်းခံခဲ့ရတဲ့ ညီနောင်တိုင်းရင်းသား လူမျိုးစုတွေ ဖြစ်တယ်။ တိုင်းရင်းသား လူမျိုးစုနွယ်တွေရဲ့  ပုံဖော်ပြောပြရခက်တဲ့ ကြမ်းတမ်းတဲ့ဘဝ၊ အဖိနှိပ်ခံဘဝ ဆုံးရှုံးမှုတွေကို စစ်ပုန်းစစ်ရှောင် တောတောင်ဒေသတွေ ရောက်ခဲ့၊ သူတို့နဲ့အတူ ရှောင်ပြေးခိုလှုံနေခဲ့ရတော့မှ ပိုသိခဲ့ရ၊ စာနာမိတယ်။ သူတို့ အမြဲပြောဆို၊  မျှော်လင့်တောင့်တနေတာက နှစ်ပေါင်းများစွာ မပြတ်တောက်လောင်နေတဲ့ စစ်မီးလျှုံတွေ ထာဝရငြိမ်းအေးပြီး၊ တမြေထဲနေ ဒို့ညီနောင်သွေးချင်းတွေ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေနိုင်ရေး ဖြစ်တယ်။

မင်းတို့ သိတဲ့မြင်တဲ့အတိုင်း အစိုးရလက်နက်ကိုင်အဖွဲ့ နဲ့ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေရဲ့  အကျိုးစီးပွား ပဋိပက္ခ စစ်ပွဲတွေအောက်မှာ အစိတ်စိတ်အမြွာမြွှာ ဆုံးရှုံးပျက်စီးနေခဲ့တဲ့ မြေစာပင် သူတို့ဘဝတွေ။ သူတို့အနေနဲ့ မဟာဗမာ လူမျိုးကြီးဝါဒကို ရွံရှာမုန်းတီးသလို၊ ကျဉ်းမြောင်းတဲ့ လူမျိုးစွဲဝါဒကို စက်ဆုပ်မလိုလားကြဘူး။ ဒါကြောင့် သူတို့ မဟာဗမာ လူမျိုးကြီးဝါဒ တည်ဆောက်ပြီး ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ စစ်ဝါဒီ ပါတီအစိုးရ နဲ့ လူမျိုးစွဲ(ခွဲ) လူမျိုးရေးပါတီတွေကို မဲမပေး မထောက်ခံခဲ့ဘူး။ ဗမာ-တိုင်းရင်းသား မခွဲခြား၊ တန်းတူညီမျှ လွတ်လပ်တရားမျှတတဲ့ ဖယ်ဒရယ်စနစ် တည်ဆောက်သွားမယ်လို့ (ကတိကဝတ် ပြုထားတဲ့) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ယုံကြည်မျှော်လင့်ချက်နဲ့ မဲပေးခဲ့ကြတယ်။

တကယ်လို့များ သူတို့တွေ အမြင်ကျဉ်းကျဉ်း၊ လူမျိုးစွဲ ဒေသစွဲနဲ့ တိုင်းရင်းသားပါတီတွေကို ပုံအောမဲပေးခဲ့ရင် သူတို့နယ်မြေတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်မရနိုင်ဘူး။ အမှန်တကယ် ပြောင်းလဲဖို့ မှန်ကန်တဲ့ ရွေးချယ်ဆုံးဖြတ်ချက်နဲ့ မဲပေးခဲ့ကြတဲ့ တိုင်းရင်းသားညီနောင်တွေကို ဒို့တတွေ ကျေးဇူးအများကြီး တင်သင့်တယ်။ သူတို့တွေရဲ့  မျှော်ကိုးမျှော်လင့်ချက် အိပ်မက်ကိုလည်း အာဏာ လုပ်ပိုင်ခွင့် ရရှိလာမယ့် ဒီမိုကရေစီ အစိုးရသစ် နဲ့ ရွေးကောက်ခံအမတ်တွေက စစ်မှန်တဲ့ ဖယ်ဒရယ်စနစ် တည်ဆောက်ပြီး၊ မပြတ်တောက်လောင်နေတဲ့ စစ်ပွဲတွေချုပ်ငြိမ်း၊ ထာဝရငြိမ်းချမ်းစွာနဲ့ တိုင်းရင်းသားအားလုံး အတူယှဉ်တွဲနေထိုင်ရေးကို ကြိုးပမ်းလုပ်ဆောင်သွားရမယ်။ ဖြစ်နိုင်ရင် အစိုးရအသစ်အဖွဲ့မှာ အထင်ကရ တိုင်းရင်းသားခေါင်းဆောင်တွေကို ဝန်ကြီးရာထူး၊ အကြံပေးရာထူးများ ကမ်းလှမ်းခန့်အပ် တာဝန်ပေးမယ်လို့ မျှော်လင့်ပါတယ်။

တိုင်းရင်းသားတွေအနေနဲ့အတူ နိုင်ငံရဲ့  ပင်မအင်အားဖြစ်တဲ့ လူငယ်လူရွယ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာ့သမိုင်းတလျှောက် ဓမ္မ နဲ့ အဓမ္မ အားပြိုင်ပွဲတွေမှာ ရှေ့ တန်းက မားမားမတ်မတ် ဦးဆောင်ပြီး အသက်သွေးချွေးပေးဆပ်ခဲ့တဲ့ သူတို့ နောင်တော်ကြီးတွေလိုပဲ ဒီနေ့ မျိုးဆက်သစ်လူငယ်တွေရဲ့  ပြတ်သားလေးနက်တဲ့ အသိစိတ်ဓါတ်၊ ခံယူချက်၊ ရပ်တည်ချက်က သြချလောက်စရာပါ။ မြန်မာလူငယ်တွေရဲ့  အံ့ဘနန်း တက်တက်ကြွကြွ၊ စွန့်စွန့်စားစား နိုင်ငံ့အရေး ပါဝင်လှုပ်ရှားမှုမျိုးကို ဘယ်နိုင်ငံ ဘယ်သမိုင်းမှာမှ မတွေ့ဖူးဘူး။ ဒါနဲ့ ဘာကြောင့် အသက် (၂၀) နှစ် နဲ့ (၃၀) အောက် လူငယ်တွေ တတတ်တအား ပါဝင်လှုပ်ရှား မဲပေးခဲ့ကြလဲဆိုရင် စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ ပျောက်ဆုံးပျက်စီးနေခဲ့တဲ့ သူတို့တွေရဲ့  ပစ္စုပ္ပန်၊ အနာဂတ်တွေကို ပြုပြင်ပြောင်းလဲပေးနိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ဒီမိုကရေစီအင်အားစုတွေကို ယုံကြည်အားကိုးလို့ ဖြစ်တယ်။

လူငယ်တွေနဲ့ ပတ်သက်ပြီး သူငယ်ချင်း ဝင်းဆွေ ပြောခဲ့တာကို ထပ်ဖြည့်ပြောရရင် ကလိမ်စေ့ငြမ်းဆင်၊ ဗြောင်လိမ်ဗြောင်စား ပုံစံမျိုးစုံနဲ့ ကြံ့ဖွံ့အစိုးရက ဒီမိုကရေစီစနစ် တည်ဆောက်နေပါပြီ၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါပြီလို့  ပြည်သူလူထုကို တွေဝေလှည့်ဖြားလှည့်စားဖို့ ကြိုးစားနေခဲ့တာကို ကျောင်းသားလူငယ်တွေက သမိုင်းဝင် မန္တလေး-ရန်ကုန် ရက်ရှည်ချီတက်ပွဲကြီးနဲ့ စစ်ရဲတွေရဲ့  လူမဆန်စွာ အရိုက်အနှက်ခံ၊ ဖမ်းဆီးချုပ်နှောင်ခံပြီး အချိန်မီ အစိုးရရဲ့  အာဠာဝကရုပ်လွှာကို ခွါချပြနိုင်ခဲ့တယ်။ သူတို့ကတော့ ဒီနေ့အထိ အကျဉ်းထောင်ထဲမှာ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်းခံနေရဆဲ။ အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေလို့ ဆုတောင်းတောင်းဆိုရင်၊ ရဲစွမ်းသတ္တိ ပြခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေကို ကျေးဇူးတင်ပါတယ်။

အခုတော့ လူငယ်တွေရဲ့  တွန်းအား၊ အားပေးထောက်ခံမှု၊ စွမ်းဆောင်ပေးဆပ်မှုတွေနဲ့ ရွေးချယ်တင်မြှောက်ခံရတဲ့ အမတ်တွေ၊ အစိုးရသစ် ခေါင်းဆောင်တွေအနေနဲ့ တိုင်းပြည်ပြန်လည်တည်ဆောက်ရေး၊ အနာဂတ် နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးအတွက် လူသားစွမ်းရည် အရင်းအမြစ် ပင်မသွေးကြောဖြစ်တဲ့ လူငယ်တွေ ခေတ်မီပညာရေးစနစ်၊ နိုင်ငံတကာ ပညာတော်သင် အခွင့်အရေးများ နဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးတွေကို စနစ်တကျ စီမံကိန်း မူဝါဒ၊ လုပ်ငန်းလမ်းစဉ်တွေ ချမှတ် အကောင်အထည်ဖော် လုပ်ဆောင်သွားဖို့ အရေးကြီးတယ်။

သူငယ်ချင်းကျော်ဒင် ကတော့ ခွပ်ဒေါင်းမျိုးဆက် လူငယ်တွေလိုပဲ နှစ်ပေါင်းများစွာ တရားမဲ့ မင်းမူအုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် အစိုးရအဆက်ဆက်ကို မျိုးဆက်များစွာ အကျဉ်းကျခံ၊ ညှဉ်းပန်းနှိပ်စက်ခံ၊ သက်စွန့်ပြီး ကလောင်သွားထက်ထက်နဲ့ ရွပ်ရွပ်ချွံချွံ တော်လှန်ပုန်ကန်ခဲ့ကြတဲ့ စာပေသူရဲကောင်းတွေ (စာရေးဆရာ၊ ကာတွန်း၊ ပန်းချီ စတဲ့) ကိုလည်း ကျေးဇူးတင်ဖို့ ပြောတယ်။ ဘယ်နိုင်ငံမှာမှ ဒို့နိုင်ငံ စာရေးဆရာတွေလို တရွာဝင်တရွာထွက် နယ်လှည့်စာပေဟောပြောပွဲတွေ မရှိဘူး။ စာဖတ်အားနည်း၊ စာအုပ်စာပေ မရှိတဲ့ ဝေးလံခေါင်ဖျား အရပ်ဒေသ ကျေးလက်တောရွာနေ တောသူတောင်သား၊ လယ်သမား၊ အလုပ်သမား၊ အောက်ခြေလူတန်းစားတွေ အသိဥာဏ်ဗဟုသုတ၊ နိုင်ငံရေးအသိစိတ်ဓါတ်တွေ တိုးပွားနိုးကြားလာဖို့ စာရေးဆရာတွေ စွမ်းဆောင်ခဲ့တယ်။ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းပန်းချီဆရာတိုင်းတော့ မဟုတ်ပါဘူး။ ဘယ်ဆရာတွေ ဘယ်လို ရဲရဲတောက်၊ မကြောက်မရွံ့  ဟောပြောခဲ့၊ ရေးသားခဲ့ကြတယ်ဆိုတာကို ဒို့ပြည်သူတွေ သိပါတယ်။ ပြောမယ်ဆိုရင် ဒို့ပြည်သူတွေလည်း အပြောအဟောတွေ နားထောင်ရုံနဲ့မပြီး စာတွေများများဖတ်ဖို့၊ လေ့လာဖို့တော့ အချိန်တန်ပြီ။

အကောင်းဆုံး မျှော်လင့်ရင် စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားလာမယ့် ခေတ်သစ်ကြီးမှာ “စာပေမြင့်မှ လူမျိုးတင့်မည်၊ အမျိုးဂုဏ်မြင့်မည်” ဆိုသလို နိုင်ငံတော်အစိုးရ(သစ်)အနေနဲ့ စာပေလွတ်လပ်ခွင့်၊ ရေးသားခွင့်တွေ ပေးသလို၊ ပြည်သူတွေ စာပေတွေ လေ့လာလိုက်စားနိုင်ဖို့  ကျေးရွာမြို့ နယ်တွေမှာ စာကြည်တိုက်တွေ၊ စာဖတ်ခန်းတွေ၊ စာအုပ်ဆိုင်တွေ၊ စာအုပ်ပွဲတော်တွေ၊ စာပေဆွေးနွေးပွဲတွေ ရှိလာအောင် အထူးပံ့ပိုးလုပ်ဆောင်သွားဖို့။ ဒါမှ ပြည်သူလူထု အသိဥာဏ်၊ ဗဟုသုတ ပိုမို ဖွံ့ဖြိုးတိုးတက်၊ ပွင့်လင်းလာပြီး ဒီမိုကရေစီစနစ်လည်း ရှင်သန်နိုင်မယ် မဟုတ်လား။

ဆက်ပြောမယ်ဆို ပြောစရာတွေ အများကြီးဆိုတာ မင်းတို့ သိပါတယ်။ ကဲ အချုပ်ပြောရရင် စစ်အာဏာရှင်တွေ နှစ်ပေါင်းများစွာ ပိတ်နှောင်ထားခဲ့တဲ့ အမှောင်တိုက်ထဲက ထိုးဖောက်ရုန်းထွက်ပြီး နိုင်ငံတော်သစ် လူ့ဘောင်သစ် တည်ဆောက်ဖို့ ကျရာတာဝန် အခန်းကဏ္ဍကနေ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အနှေးယာဉ်ဆိုက်ကားသမား၊ မြင်းလှည်းသမား၊ ခေါင်းရွက်ဗျက်ထိုး၊ လမ်းဘေးဈေးသည်၊ လက်လုပ်လက်စား၊ ရေလုပ်သား၊ လယ်သမား၊ အလုပ်သမား၊ ရဟန်းရှင် အလွှာပေါင်းစုံသော ပြည်သူလူထုတရပ်လုံး တာဝန်ကျေပြီး၊ ဂုဏ်ယူစရာ ကောင်းလှပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲချိန်တန်လို့ ပြောင်းလဲခဲ့ပါပြီ။ မင်းတို့သိတဲ့အတိုင်း အမှန်တကယ် ပြောင်းလဲရမယ့် ခရီးရှည်ကြီးက အခု (၂၀၁၆) မှ အစပါ။ ဒို့ပြည်သူတွေ၊ ပြည်သူ့ကိုယ်စားလှယ် အမတ်မင်းတွေ၊ အစိုးရခေါင်းဆောင်တွေ နိုင်ငံတော်သစ်အတွက် အလုပ်တွေ အများကြီး လုပ်ရအုံးမယ်။ လွှတ်တော်အမတ်တွေ မိမိတို့ကို ယုံယုံကြည်ကြည် ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူတွေရဲ့  တာဝန်ဝတ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်ရမယ်၊ ပြန်လည်ပေးဆပ်ရမယ်။ တချိန်တည်းမှာ အစိုးရနဲ့ တိုင်းရင်းသား ပြည်သူလူထု လက်တွဲပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွေကို တက်ညီလက်ညီ ဝိုင်းဝန်းဖြေရှင်း လုပ်ကိုင်သွားရမယ် ... အလုပ်အကိုင်၊ အခွင့်အလမ်း အများဆုံးရှိတဲ့ တိုင်းနိုင်ငံလို့ ပြောလို့ရတယ်။

ကဲ အခုတော့ အဘတွေရဲ့  မတရားတဲ့ အမိန့်စကားတွေ ဖိဆန်ခဲ့တဲ့ ဒို့တတွေ (ပြည်သူတွေ)၊ အမေ့စကား မြေဝယ်မကျ တသဝေမတိမ်း လိုက်နာရင်တော့ ဦးစွာပထမ စည်းမဲ့ကမ်းမဲ့ အမှိုက်မပစ်ဖို့၊ အမှိုက်ကောက် သန့်ရှင်းဖို့ ထလော့ မြန်မာ အိုမြန်မာတို့။

ကောင်းပါပြီ … မင်းတို့အားလုံး အမှန်တကယ် ပြောင်းလဲလာမယ့် နှစ်သစ်၊ ခေတ်သစ်၊ အစိုးရသစ်ကို စောင့်ကြိုရင် ရွင်လန်းချမ်းမြေ့ကြပါစေ။ အစစအရာရာအတွက် ကျေးဇူး ကုဋေကုဋာပါ။

မင်းတို့ရဲ့ 
ဇွန်မိုး
↧

ကာတွန်း စောငို - နောက်ကြောင်း အေးစေချင်လို့

$
0
0

ကာတွန်း စောငို - နောက်ကြောင်း အေးစေချင်လို့
(မိုးမခကာတွန်း ပြန်လည်ဆန်းသစ်ခြင်း) ဒီဇင်ဘာ ၈၊ ၂၀၁၅
(စောငိုက ၂၀၁၂ တုန်းက ဆွဲခဲ့တာပါ၊ ဘယ်သူ့ကိုမှ ရည်ရွယ်ခဲ့ဟန်မတူ)
↧

ဒေါ်ခင်မျိုးချစ် - စာရေးဆရာဟူသည်

$
0
0

ဒေါ်ခင်မျိုးချစ် - စာရေးဆရာဟူသည် 
(မိုးမခပြန်လည်ဆန်းသစ်) ဒီဇင်ဘာ ၈၊ ၂၀၁၅

နတ်တော်လသည် မြန်မာပြက္ခဒိန်အရ ကိုးလမြောက်လဖြစ်သည်။ ထိုအချိန်တွင် လူကြီး၊ လူငယ်များတို့၏ အတွေးများသည် မြန်မာစာပေနှင့် ကဗျာများဘက်သို့ ဦးလှည့်၍နေကြသည်။ လူကြီးများက ရှေးခေတ်က အောက်မေ့ဖွယ်များကို ပြန်လည်သတိရကြသည်။ လူငယ်များက သူတို့၏စိတ်ကူးယဉ် အိပ်မက်များဆီသို့ လှည့်သွားကြသည်။

    ကျမကတော့ ကျမ၏ပတ်ဝန်းကျင်တွင် လူကြီးအရွယ်သို့ ရောက်ပြီဟု အများက သတ်မှတ်ကြပါသည်။ သို့သော်လည်း ကျမ၏နှလုံးသားကတော့ ငယ်နေဆဲဖြစ်ပါသည်။ ထို့ကြောင့်ကျမ၏အတွေးများသည် လူကြီးအတွေးနှင့် လူငယ်အတွေးတို့ရောစပ်၍နေပါသည်။ လူကြီးကဲ့သို့ရှေးက ပျော်ရွှင်ခဲ့ပုံများ၊ စိတ်ကြည်နူစရာများနှင့် ကြေကွယ်ဖွယ်ရာများကို ပြန်လည်၍သတိရပါသည်။ တစ်ဖက်တွင်လည်းနေ အနာဂတ်သို့ မျှော်လင့်ချက်များစွာဖြင့် မျှော်ကြည့်မိပါသည်။

ပစ္စုပ္ပန်ကာလကို ရှေးဦးစွာ သုံးသပ်၍ ကြည့်မိပါသည်။ ထိုအခါ ကျမတွေးမိသည်မှာ ယနေ့ခေတ် လူငယ်စာရေးဆရာများသည် အလွန်ပင်ကံကောင်းကြပါသည်။ အကြောင်းမှာ သူတို့၏ရေးသားချက်များကို ထုတ်ဝေပေးသည့်စာပေတိုက်များစွာနှင့် ဂျာနယ်မဂ္ဂဇင်းများစွာရှိနေသောကြောင့် ဖြစ်ပါသည်။ စာပေဆိုင်ရာ နယ်ပယ်အစုံတို့တွင် နှစ်စဉ်ပေးသော ဆုများလည်းရှိပါသည်။ ၄င်းအပြင် စာရေးဆရာများ၏ အခွင့်အရေးများကို ကာကွယ်ပေးသော အဖွဲ့အစည်းလည်း ရှိရန်အတွက် ကြိုးပမ်းနေပါသည်။
(ဒေါ်ခင်မျိုးချစ် ထိုဆောင်းပါးကို ရေးသည့်အချိန်ကား ၁၉၆၆ ခုနှစ် ဒီဇင်ဘာလဖြစ်ပါသည်။ ဘာသာပြန်သူ)

    ယနေ့သည် မြန်မာနိုင်ငံ စာရေးဆရာများနှင့် သတင်းစာဆရာများအသင်းကို ဖွဲ့ရန်အတွက် ပြင်ဆင်နေသည့် ကာလဖြစ်ပါသည်။ ယင်းကာလတွင် စာပေအတိုင်းအဝိုင်း၌ ဆွေးနွေးနေကြသော ကိစ္စမှာ စာရေးဆရာဟူသည် အဘယ်နည်း ? ဟူသော မေးခွန်းဖြစ်သည်။ ဤ မေးခွန်း၏အဖြေနှင့် ပတ်သက်၍ ထိုအသင်းဖွဲ့စည်းပုံ၏ မူကြမ်းတွင် လူတစ်ယောက်ကို စာရေးဆရာအဖြစ် အသိအမှတ်ပြုရန်အတွက် ဝတ္ထုရှည် သို့မဟုတ် ဆောင်းပါးများ သို့မဟုတ် ကဗျာများအရေအတွက် တစ်ခုခုကို ပုံနှိပ်ဖော်ပြထားခြင်း ရှိရမည်ဟူ၍ ဖြစ်ပါသည်။

    အသင်းဖွဲ့စည်းတော့မည်ဖြစ်သဖြင့် စာရေးဆရာများနှင့် သတင်းစာဆရာများသည် သူတို့၏ လုပ်ငန်းများအတွက် ကောင်းစွာအသိအမှတ်ပြုခြင်းခံရစေရန်၊ သူတို့၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်စေရန် ၊ စာရေးဆရာဟူသည် အဘယ်နည်း? ဟူသောမေးခွန်းကို ကောင်းစွာဖြေနိုင်ဖို့အချိန်ရောက်လာပါပြီ။

ဤနေရာတွင် သတင်းစာဆရာဟူသော အဓိပ္ပါယ် သတ်မှတ်ရန် သူတို့၏လုပ်ငန်း၏ သဘာဝအရ ပြဿနာ မရှိပါ။    အခြားသောလုပ်ငန်းများဖြစ်သည့် ဥပဒေ၊ ဆေးပညာဆိုင်ရာတို့တွင် သက်ဆိုင်ရာလက်မှတ်၊ ထောက်ခံစာလက်မှတ်များစွာကို ပြနိုင်သည်။ ဥပမာ မည်သူမည်ဝါသည် အခြားလူတစ်ဦး၏ ဗိုက်ကိုခွဲခွင့်ရှိကြောင်း လက်မှတ်များကို ပြစရာရှိကြပါသည်။ စာရေးဆရာများတွင်ကော  ဘယ်လိုလက်မှတ်တွေ ပြစရာရှိပါသနည်း? အချို့သော သူများတွင် အချို့သောမဂ္ဂဇင်းများမှ စာမူကို ပယ်လိုက်သည်ဟူသော အကြောင်းကြားစာများနှင့် ပုံမနှိပ်ရသေးသော စာမူများပြစရာရှိပါသည်။ ၄င်းတို့သည် စာရေးဆရာအဖြစ် အသိအမှတ်ပြုခြင်းအတွက် ဘယ်လောက်အထောက်အကူရှိပါမည်နည်း? သိမ်မွေ့သောမေးခွန်းတစ်ခုမှာ - စာရေးဆရာများနှင့် သတင်းစာဆရာများ အသင်းဝင်ဖြစ်ခြင်းသည် စာရေးဆရာဖြစ်ခြင်းကို အသိအမှတ်ပြုရာ ရောက်ပါသလား? ဒီမေးခွန်းနှင့် ပတ်သက်၍လည်း အချို့လူများက စိတ်ပူနေကြပါသည်။

    သိထားရသည်မှာ မည်သည့်အောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ ထောက်ခံစာ၊ မည်သည့်အသင်းဝင်ဖြစ်ခြင်းတို့သည် စာရေးဆရာဖြစ်ခြင်းကို သတ်မှတ်နိုင်စွမ်းမရှိပါ။ စာမူအချို့ကို ပုံနှိပ်ဖော်ပြခြင်းသည် သက်ဆိုင်ရာပုဂ္ဂိုလ်အား လူများကအသိမှတ်ပြုခြင်းကို ပြသရာရောက်သည်။ ထိုပုဂ္ဂိုလ်၏အတ္တကိုလည်း အစာကျွေးရာရောက်ပါသည်။ သို့သော်လည်း စာရေးဆရာတစ်ဦးဖြစ်ခြင်း၊ စာရေးဆရာတစ်ဦးအဖြစ် ကျေနပ်မှုရှိခြင်းသည် စာရေးခြင်းအလုပ်အပေါ်တွင် သစ္စာရှိခြင်း၊ နှစ်မြှုပ်ထားခြင်း ပမာဏနှင့်သာဆိုင်ပါသည်။

    စာရေးဆရာတစ်ဦးအနေဖြင့် ပထမဦးစားပေးရမည့် အရာသည်ကာ ကိုယ်တိုင် စိတ်ကျေနပ်မှုရှိခြင်းဖြစ်ပါသည်။ လူများ၏အသိမှတ်ပြုခံရခြင်းကို ပြသောအရာဖြစ်သည့်၊ ထင်ရှားသောဂျာနယ်၊ မဂ္ဂဇင်းများတွင် ပုံနှိပ်ခံရခြင်း သို့မဟုတ် ဆုရရှိခြင်း၊ အသင်းအဖွဲ့တစ်ခုခုတွင် ပါဝင်ခြင်းဟူသည်တို့သည်ကား ဒုတိယ၊ တတိယဦးစားပေးသာဖြစ်သင့်ပါသည်။

    တက်သစ်စ စာရေးဆရာတစ်ဦးအနေဖြင့် သိထားသင့်သောအရာမှာ စာရေးခြင်းဟူသောအလုပ်သည် အခြားအလုပ်များနည်းတူ ကိုယ်စိတ်နှလုံးနှင့် ဝိရိယတို့ကို များစွာစိုက်ထုတ်ရသော အလုပ်ဖြစ်ပါသည်။ ဧကန်တကယ်ပင် လေ့လာမှုကိုလည်း လုပ်ရပါသည်။

    ဒါကိုတော့ ကောင်းစွာသိထားပါ။

    ဆေးပညာ၊ ဥပဒေပညာ၊ ဗိသုကာပညာကဲ့သို့သော ပညာရပ်များတွင် နှစ်ပေါင်းများစွာ လေ့ကျင့် ပျိုးထောင်သော နည်းလမ်းများရှိပါသည်။ သို့သော်လည်း လူများ၏ အမြင်မှာ လေးကြောင်းကဗျာလေးတစ်ပုဒ်ကို ညအနည်းငယ်လောက် အိပ်ပျက်ခံ၍ ရေးလိုက်လျှင် ကဗျာဆရာဖြစ်လာပြီဟူ၍ ဖြစ်ပါသည်။ ပညာပါရမီ ထူးခြားသော ပုဂ္ဂိုလ်ကြီးများသည်ပင်လျှင် ဂန္ထဝင်စာတစ်ခုထွက်လာစေရန်အတွက် လေ့ကျင့်မှုနှင့် လေ့လာမှုများစွာကို လုပ်ခဲ့ရပါသည်။ လေ့ကျင့်မှုနှင့်လေ့လာမှုတို့သည် ကျောင်းနှင့် တက္ကသိုလ်များတွင် ပြုလုပ်ရခြင်းမဟုတ်ပါ။ အလွန်ရက်စက်ကြမ်းကြုတ်သော ဘဝတက္ကသိုလ်တွင် ဖြစ်ပါသည်။

    ထို့ကြောင့် တက်သစ်စ စာရေးဆရာများအနေဖြင့် သိရမည့်အရာတစ်ခုမှာ ကိုယ့်ကိုယ်ကို အရှိအတိုင်း မြင်တတ်ဖို့ဖြစ်ပါသည်။   ဤနေရာတွင် ကိုယ့်ကိုယ့်ကို အရှိအတိုင်းနှင့် မရှိလျှင် မရှိသည့်အတိုင်း မြင်ရန်အရေးကြီးပါသည်။ Elliot Blackiston ၏  Teach Yourself to Write (ကိုယ့်ကိုယ်ကို စာရေးသင်ပါ) ဟူသော စာအုပ်၏ ရှေ့ဆုံးအခန်းတွင် အဖွင့်စကားကို  ဤသို့ဆိုထားသည်။

    “သင်သည် စာရေးဆရာကောင်းဖြစ်ချင်လျှင် သင်၏ လက်နှိပ်စက်ပေါ်တွင် စာလုံးကြီးကြီးဖြင့် ရိုက်ထားမည်ဖြစ်ပါသည်။ ထိုစကားလုံးမှာ HONESTY (ဖြောင့်မတ်ခြင်း) ဖြစ်ပါသည်။ အကယ်၍ အင်္ဂလိပ်အဘိဓာန်တွင် ဤစကားလုံးကို အဓိပ္ပါယ်ဖွင့်ထားပုံကို ဖတ်ကြည့်မည်ဆိုလျှင် တရားမျှတခြင်း၊ ပွင့်လင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ရိုးသားခြင်း၊ မှန်ကန်ခြင်းဟူသော အရည်အတို့ကို တွေ့ရမည်ဖြစ်သည်။ အဘိဓာန်ထဲတွင် အပေါ်ယံအားဖြင့် အဓိပ္ပါယ်သက်မှတ်ချက်တစ်ခုဟူ၍ သာမြင်နိုင်မည်ဖြစ်သော်လည်း စာရေးဆရာဖြစ်ချင်သူ မည်သူ့အတွက်မဆို လမ်းပြအိမ်မြောင်ပမာဖြစ်သော စကားစုလေးးတစ်ခုကို တွေ့နိုင်ပါသည်။ ထိုစကားစုလေးသည် အားကိုအားထားစရာဖြစ်ပါသည်။ ယင်းစကားစုလေးမှာ သိပ်လေးလေးနက်နက်တော့မဟုတ်ပါ။ ရှင်းရှင်းလင်းလင်းဖြစ်ပါသည်။ ၄င်းမှာအတုအပမှာ ကင်းခြင်း၊ လိမ်ညာခြင်းကင်းခြင်း၊ လှည့်စားခြင်းကင်းခြင်း၊ မာယာဥာဏ်တို့မှ ကင်းခြင်းဟူ၍ ဖြစ်ပါသည်။

    စာရေးဆရာဖြစ်ချင်သောသူသည် ဤမေးခွန်းကို မလိမ်မညာဘဲ ဖြောင့်မှန်စွာ မှန်ကန်စွာဖြေနိုင်ရပါမည်။ ဤမေးခွန်းမှာ လွယ်လွယ်ရှင်းရှင်းလေးဖြစ်ပါသည်။

    ဘာကြောင့် စာရေးဆရာဖြစ်ချင်တာလည်း မေးခွန်းက လွယ်သလောက်၊ မလိမ်မညာဘဲ ဖြောင့်မတ်စွာ ဖြေဖို့ တော်တော်ခက်ပါသည်။ အဖြေများစွာရှိပါသည်။ ဥပမာ- အောင်မြင်ကျော်ကြားသော စာရေးဆရာများကို ကြည့်၍အားကျပြီး သူတို့ကဲ့သို့ဖြစ်ချင်သောကြောင့် ဖြစ်သည်။ သာမန်စားပြီး အိပ်နေသော သတ္တဝါတစ်ဦး၏ ဘဝထက်ပိုသော ဘဝကို ပိုလိုချင်၍ဖြစ်သည်။ ဘဝသစ်တစ်ခုကို လက်ဖြင့် ဖန်တီးလိုသောကြောင့် ဖြစ်သည်။

    စာရေးဆရာဖြစ်ချင်သောအကြောင်းများစွာရှိနိုင်ပါသည်။ စာရေးဆရာဖြစ်ချင်သော သူအတွက် အရေးကြီးသောအရာမှာ ခံနိုင်ရည်ရှိဖို့ဖြစ်သည်။ ဆိုလိုသည်မှာ နှစ်ပေါင်းချီ၍ လျစ်လျူရှုခံရခြင်း၊ အထီးကျန်အဖော်မဲ့ခြင်း၊ အလုပ်လုပ်ရခြင်းတို့ကို ခံနိုင်ရန်လိုပါသည်။ အဖွဲ့အစည်းများသည် အမြတ်ထုတ်လိုသော ထုတ်ဝေသူများ၏ အန္တရယ်မှ ကာကွယ်ပေးကောင်းပေးနိုင်ပါလိမ့်မည်။ သို့သော်ကြိုးပမ်းမှု၊ လေ့လာမှုတို့ကို အစားထိုးနိုင်သောအရာမရှိပါ။ စာရေးဆရာကိုယ်တိုင် ဇောက်ချ၍လုပ်ရသောအလုပ်ကို အစားထိုးနိုင်သောအရာလည်း မရှိပါ။ ဘယ်သူ့အကူအညီမှမပါဘဲ စာရေးဆရာကိုယ်တိုင်လုပ်ရမည့် အလုပ်များစွာရှိပါသည်။ စာရေးသောအလုပ်သည် စာရေးဆရာအပေါ် လေ့လာမှု၊ ဝိရိယ၊ စောက်ချနိုင်မှု၊ အားထုတ်မှုများစွာကို တောင်းဆိုသော အလုပ်ဖြစ်ပါသည်။

    ရုန်းကန်နေဆဲ စာရေးဆရာများသည်လည်းကောင်း၊ အခြေခိုင်ပြီးသော စာရေးဆရာများသည်လည်းကောင်း၊ မကျေနပ်ချက်တစ်ခုနှင့် ပတ်သက်၍  ညည်းညူကြသည်ကို ကြားရပါသည်။ သူတို့သည် တရားမျှတမှု မရှိသော ထုတ်ဝေသူများနှင့် စာဖတ်ပရိသတ်တို့၏ဒဏ်ကို အမြဲတမ်းခံနေရသည် ဟူ၍ ဖြစ်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ သက်သာအောင် လုပ်ပေးနိုင်သော နည်းလမ်းများရှိပါသည်။  သို့သော် စာရေးသားခြင်း၏ အနုပညာဖန်တီးမှုကို မူကား မည်သည့်အရာ မည်သည့်ပုဂ္ဂိုလ်မှ အထောက်အကူမပေးနိုင်ပါ။ ဥပမာပြောရလျှင် မိခင်၏ဝမ်းဗိုက်ထဲမှ ကလေးကို မွေးဖွားလာစေရန်အတွက် အချိန်ရောက်ရန် မည်သည့် သိပ္ပံနည်းပညာများက မတတ်နိုင်သကဲ့သို့ ဖြစ်သည်။ စာရေးဆရာ၏ အခန်းကဏ္ဍာန်သည် ရယူခြင်းမဟုတ်၊ ပေးဆပ်ရခြင်းဖြစ်သည်ကို သတိပြပါ။

    ထို့ကြောင့် စာရေးဆရာများအတွက် အလုပ်ကို ဇောက်ချခြင်း၊ ရုန်းကန်ခြင်းတို့သာလျှင် လုပ်ရန်နှင့် လွဲ၍ အခြားနည်းမရှိပါ။ ကျွန်မကိုယ်တိုင်သည် နှစ်ပေါင်းလေးဆယ် စာရေးသည့်အလုပ်ကို လုပ်ခဲ့ပါသည်။ ရုန်းကန်မှုနှင့် အလုပ်ကြိုးစားမှုကသာ အောင်မြင်မှုကို ဖြစ်စေပါသည်။

ခင်မျိုးချစ် (၁၇၊ ဒီဇင်ဘာ ၁၉၆၆)

( ဘာသာပြန်သူ၏ မှတ်ချက် -  မေမေက စာရေးဆရာ ဘာကြောင့် ဖြစ်ချင်သနည်းဟူသော မေးခွန်းလို မလိမ်မညာဘဲ မှန်မှန်ကန်ကန် ဖြေဖို့ပြောပါသည်။ ကျွန်တော် ကိုယ်တိုင် မလိမ်မညာဘဲ မှန်မှန်ကန်ကန်ဖြေရလျှင် အောင်မြင်ကျော်ကြားသော စာရေးဆရများကို မြင်၍ သူတို့လိုဖြစ်ချင်သောကြောင့် ဟု ဖြေရပါမည်။ ဒီအဖြေကိုမေမေသိကြားလျှင် ဘာပြောမည်နည်း။ ဒါဆိုရင် မင်းဟာ စာရေးဆရာမဖြစ်ထိုက်ဘူး ဟုပြောမလား။ မင်းက မလိမ်မညာဘဲ မှန်မှန်ဖြေတတ်တာတော့ မဆိုးဘူးလို့ ပြောမလား။ မေမေက စာရေးဆရာဟူသည် ရယူခြင်းမဟုတ် ပေးဆပ်ရခြင်းလို့ ဆိုသော်လည်း ကျွန်တော်ကတော့ ဘာတွေရမည်လဲ ဆိုတာကိုပဲ တွက်ကြည့်နေမိပါတယ်။ (ဒေါက်တာခင်မောင်ဝင်း))
↧

ကာတွန်း မောင်ရစ် - ၀ုတ် ကဲ့ ပါ အ ဘ

$
0
0
 
ကာတွန်း မောင်ရစ် - ၀ုတ် ကဲ့ ပါ အ ဘ
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၅
↧
↧

သွန်းခ - ရေးရေးခိုင်းတတ်ပါတဲ့ အို…..အမျိုးသားနေ့ အကြောင်း

$
0
0
သွန်းခ - ရေးရေးခိုင်းတတ်ပါတဲ့ အို…..အမျိုးသားနေ့ အကြောင်း
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၅

မရေးပဲနေဦးမလို့ပါဗျာ။ မရေးပဲနေဦးမလို့ပါဗျ။ တော်နေကြာ ကိုယ့်ပေါင်ကိုယ် ပြန်လှန်ထောင်းသလိုဖြစ်နေမှာလည်းစိုးရ၊ကိုယ့်သမီးလေးကို ကျောင်းမှာအထုအထောင်းခံနေရမှာလည်း စိုးရနဲ့ကိုး။ ဒီဘက်ခေတ်အာစရိတွေခမျာလည်း ဟိုးရှေးရှေးက ဒိသာပါမောက္ခကြီးတွေလောက်နီးနီးသာ မတတ်ကြပေတဲ့ အရိုက်အနှက်တွေက ကြမ်းက ကြမ်းပါဘိကနဲ့။ ကိုယ့်တပည့် သားမြေးလေးတွေကို ရိုက်တာနှက်တာများဗျာ၊ လူမှုကွန်ရက်တွေပေါ်မယ် တွေ့ကြပေလိမ့်မပေါ့။ ရိုက်တာ နှက်တာသာ ကြမ်းလည်းကြမ်း၊ ကျွမ်းလည်းကျွမ်းပေတဲ့ အာစရိတွေကိုပြောပါတယ်။ အကုန်မဟုတ်ဖူးဗျနော်။

သွန်းခဆိုတဲ့ ကောင်ကလည်းကိုယ့်ကလေးလည်း ကိုယ်မရိုက်တတ်သလို သူများကလေးကို သူ့မိဘကရိုက်နေရင်တောင်မကြည့်ရက်တဲ့ကောင်ပါခင်ဗျာ။ ရိုက်မှတဲ့လားဗျာ၊ ရိုက်မှနှက်မှ စာတော်မယ်ဆို ဟိုနွားတွေ၊ ကျွဲတွေ၊ ခွေးတွေ ပညာတတ် ကြီးတွေဖြစ်ကုန်ပြီး လူတွေကိုတောင်ပြန်အုပ်ချုပ်နေကြရောပေါ့တဲ့။ ကျောင်းနေအရွယ်ကလေးတွေကို နှိပ်ကွပ်ကြတာနဲ့ပတ် သက်လို့ပါလေ။

လိုရင်းပျောက်သွားပေမဗျို့။ ကြီးပြင်းလာခဲ့ရတာလည်း လိုရင်းမရောက်ပဲ ဝေ့လည်ကြောင်ပတ်တွေပြော၊ အုပ်ချုပ်ခဲ့ကြတဲ့သူတွေအောက်အနေရောက်ခဲ့ရပေသကိုး။ ဒီလိုဗျ။ သွန်းခ သမီးကို သူတို့ကျောင်းကစာစီစာကုံးအရေးခိုင်းလိုက်ပါတယ်။ စာစီစာကုံးဆိုတာ နကန်းတစ်လုံးမှမသိသေးတဲ့ သမီးနဲ့ အတန်းဖော်တွေရှိတယ်ဆိုရင် ယုံကြပါ့မလား။ သမီးတောင် သွန်းခ သင်ထားပေလို့ နိဒါန်း၊ စာကိုယ်၊ နိဂုံးရယ်နဲ့ ခွဲခွဲခြားခြားသိရှာတာ။ အရွယ်လား၊ တတိယတန်း၊ ၃ တန်းပါတဲ့ခင်ဗျာ။ ဟာ…..ငယ်သေးတာပေါ့ပြောဦးမလို့လား။ မငယ်လို့ သူတို့ကျောင်းကတောင် စာစီစာကုံး အရေးခိုင်းလိုက်ပါပြီရောလားခင်ဗျာ။    စာစီစာကုံးရေးနည်း သင်မပေးလိုက်ဖူးလား။ ဟုတ်ပါတယ်ဗျာ။ အဲဒီအကြောင်းကိုပဲပြောမလို့ပါ။ ဘာဆိုဘာမှသင်မပေး လိုက်တာပါဆို။ စာဖတ်ခိုင်း၊ ရေးနည်းသင်၊ လေ့ကျင့်ပေး၊ ပြိုင်ပွဲလုပ်၊ ဆုတွေပေးပြ အဲဒါတွေမှ မလုပ်ပေးပဲ စာစီစာကုံး တန်းရေးခိုင်းတာတော့ နည်းနည်းများသွားပြီထင်လို့ပါ။ ရေးခိုင်းလိုက်တာက"အမျိုးသားနေ့ တို့မမေ့"ခေါင်းစဉ်အောက်မှာ ရေးကြရမှာ။ ၁၂ယောက်ရေးခဲ့ကြ၊ အဲဒီထဲကမှ အရေးသွက်တဲ့၊ လက်ရေးလှတဲ့၊ ပြောရရင်တော့ဗျာ ရုပ်ပေါက်တဲ့ကလေး ရဲ့ပြင်ဆင်သမှုပြုလာခဲ့တဲ့စာကို အာစရိတွေက ရွေးမယ်၊ ဖြည့်တန်ဖြည့်မယ်၊ ပြီးရင် မြို့နယ်အဆင့်သွားပြိုင်ခိုင်းတော့မှာ။

သွန်းခကတော့ သမီးကိုသင်မပေးလိုက်ပေါင်ဗျာ။ သူဖတ်ဖို့တော့ ထုတ်ပေးလိုက်ပေသဗျ။ သပိတ်မှောက်ကျောင်းသားခေါင်း ဆောင်ဦးဘဦး (၁၈၉၅-၁၉၅၆) ရေးခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့ ဆောင်းပါးပေပေါ့။ ဆရာကြီးဦးဘဦးဟာ ပထမကျောင်း သားသပိတ်မှာ ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ် ၂ ခုက ကောလိပ်ကျောင်းသားတွေ (ကျောင်းသားဦးရေ ၃ဝဝ လောက်၊ ၁၉၂ဝ ဒီဇင်ဘာ ၅ ရက်နေ့ညမှာ) တရိုတသေတလေးတစားနဲ့ ခေါင်းဆောင်တင်မြှောက်ခံခဲ့ရသူပါ။ ၁၉၃၆ ဒုတိယကျောင်းသားသပိတ်မဖြစ်ခင် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) နဲ့ ကျောင်းသားတစ်စု ဟာဆရာကြီးဦးဘဦးဆီမှာ သွားတိုင်ပင်ခဲ့ကြရသေးတာပါ။
 
အင်္ဂလိပ်ဗျူရိုကရက်အစိုးရဟာ မြန်မာအထက်တန်းကျောင်းသားတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ တက္ကသိုလ်ဥပဒေမူကြမ်းကို ၁၉၂ဝ ဇွန်မှာ တိုင်းပြည်ကိုကြေညာခဲ့ပါတယ်။ တိုင်းပြည်တစ်ပြည်လုံးက မြို့လုံးကျွတ်အစည်းအဝေးတွေခေါ်လို့တစ်မျိုး၊ သတင်းစာတွေကတစ်မျိုး အမျိုးမျိုးကန့်ကွက်နေခဲ့ကြတဲ့ကြားထဲကနေ ၁၉၂ဝ၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းလိုက် ပါတော့တယ်။ အဲဒီတုန်းက မြန်မာပြည်မှာ ကောလိပ် ၂ ခု (ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ်သာရှိခဲ့ပြီး ကာလကတ္တား တက္ကသိုလ်လက်အောက်ခံကောလိပ်တွေအဖြစ်နဲ့သာ တည်ရှိခဲ့ကြရာက မြန်မာပြည်မှာ သီးသန့်တက္ကသိုလ်တစ်ခုထားဖို့ယူဆပြီး မြန်မာလူမျိုးတွေနဲ့သင့်တော်မယ်ဆိုတဲ့ တက္ကသိုလ်ဥပဒေကြမ်းကို အင်္ဂလိပ်ဗျူရိုကရက်တွေက ပြဋ္ဌာန်းရေးသား ခဲ့ကြခြင်းပါ။

အဲဒီခေတ်မြန်မာ့နိုင်ငံရေးသမားတွေမစွမ်းဆောင်နိုင်ခဲ့တဲ့တက္ကသိုလ်ဥပဒေကို နိုင်ငံရေးမလုပ်ပေမယ့် မြန်မာ့နိုင်ငံရေးကိုစိတ် ဝင်တစားရှိခဲ့ကြတဲ့ကောလိပ်ကျောင်းသားကြီး ၁၁ ဦးဟာ ၁၉၂ဝ၊ ဒီဇင်ဘာ ၃ ရက်မှာ ရွှေတိဂုံဘုရားကုန်းတော်ပေါ်မှာအ ချိန် နှစ်နာရီကျော်ကျော် ဆွေးနွေး၊ ဆုံးဖြတ်၊ သစ္စာအဓိဌာန်ပြုခဲ့ကြတာကတော့ တက္ကသိုလ်ဥပဒေကို သပိတ်မှောက်ကြဖို့ ပါပဲ။ (ကျောင်းသားသမိုင်းများပြန်ဖတ်လိုက်ရတိုင်း ကြက်သီးထစရာ၊ လေးစားစရာ၊ အားကျစရာ၊ ဂုဏ်ယူစရာချည်းတွေပါ။ အဲဒါလည်း အခုထက်ထိကျောင်းသားတွေကို သူပုန်သူကန်တွေအဖြစ်နဲ့ ဖိနှိပ်တုန်း၊ ချုပ်ချယ်တုန်း၊ ရိုက်လို့နှက်လို့ကောင်း တုန်း) ၁၉၂ဝ၊ ဒီဇင်ဘာ ၄ ရက်၊ စနေနေ့၊ နေ့လည် ၁ နာရီမှာ ရန်ကုန်မြို့၊ ဗဟန်းရပ် ရွှေကျင်တိုက်ဆရာတော် ဦးအရိယ ကျောင်းတိုက်မှာ ကျောင်းသားပေါင်းစုံအစည်းအဝေးကျင်းပခဲ့ပါတယ်။ ကျောင်းသားဦးရေ ၄ဝဝ လောက်တက်ခဲ့ကြတဲ့ အဲဒီ ပွဲကနေ ဆုံးဖြတ်ချက် (၃) ချက် ကန့်ကွက်သူမရှိ သဘောတူပြဋ္ဌာန်းလိုက်ကြပါတော့တယ်။ သမိုင်းဝင်အချက် (၃) ချက် ဖော်ပြပါရစေ။ အာစရိတွေရော၊ သမိုင်းစိတ်ဝင်စားသူတွေရော၊ စာစီစာကုံးရေးချင်ကြသူ၊ ရေးခိုင်းချင်ကြသူတွေရော၊ ပျောက် လှချည်ရဲ့လို့သမိုင်းကို ခပ်ပေါ့ပေါ့သဘောထားတတ်သူပုဂ္ဂိုလ်ကြီးတွေရော၊ ရူးချင်ယောင်ဆောင်တတ်သူတွေရောမှတ်ထားကြဖို့၊ သိထားကြဖို့ပါ။

(၁) ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၇ ရက် အင်္ဂါနေ့၌မြန်မာပြည်လက်ထောက်ဘုရင်ခံ ရန်ကုန်ကောလိပ်ကျောင်းသို့ လာရောက်ပြီး မြန်မာပြည်တွင် ရန်ကုန်တက္ကသိုလ်ဖွင့်ပြီးကြောင်း ကြေညာသောအခါ ကောလိပ်ကျောင်းနှစ်ကျောင်းရှိ ကျောင်းသားကြီး များသည် မိမိတို့စာအုပ်များကိုပိုက်၍ ရန်ကုန်တက္ကသိုလ်ကိုသပိတ်မှောက်ပြီဟု အော်ဟစ်ကာ ကျောင်းများမှထွက်လာကြရန်။

(၂) ထိုသို့သပိတ်မှောက်ပြီးမှ ထိုရန်ကုန်တက္ကသိုလ်ဥပဒေတွင် မြန်မာများ အထက်တန်းပညာသင်ကြားရေးအတွက် နစ်နာ ချုပ်ချယ်သည်ဆိုသောအချက်များကို ပြုပြင်ပေးရန် အင်္ဂလိပ်ဗျူရိုကရက်အစိုးရသို့ အရေးဆိုရန်။

(၃) ပြုပြင်ပေးရန်တောင်းဆိုသောအချက်များကို ပြုပြင်၍ မပေးသမျှကာလပတ်လုံး ကျောင်းပြန်၍မတက်ရန်။

အဲဒီဆုံးဖြတ်ချက် (၃) ချက်ကိုချမှတ်ပြီး ဆက်လုပ်ရမယ့်လုပ်ငန်းစဉ်တွေအတွက် ဆရာကြီး ဦးဘဦးကို ဆော်သြသူအဖြစ်နဲ့ ကောလိပ်ကျောင်း ၂ ကျောင်းက ကိုယ်စားလှယ်တွေပါတဲ့ (၂၆) ဦးကော်မတီရွေးခန့်ခဲ့ပါတယ်။ တာဝန်တွေလည်းလွှဲကြ ပေသပေါ့ဗျာ။ နောက်တစ်နေ့ဆရာကြီး ဦးဘဦးအိမ်မှာတင်ထပ်တွေ့ကြပြီးစည်းဝေးကြသေးတာပေါ့။ ဒီဇင်ဘာ ၅ ရက် မွန်း လွဲ ၂ နာရီလောက်မှာပါ။ အဲဒီအစည်းအဝေးမှာပဲ အရင်ဆုံးဖြတ်ခဲ့ကြတဲ့ သပိတ်မှောက်မယ့်ရက် ၁၉၂ဝ၊ ဒီဇင်ဘာ ၇ ရက်နေ့ (အင်္ဂါနေ့) အထိစောင့်ဖို့ရာမဖြစ်နိုင်တော့တာကြောင့် အဲဒီနေ့ညနေမှာတင် ကျောင်းတွေကိုသပိတ်မှောက်ပြီးထွက်ကြဖို့ ဆုံး ဖြတ်ခဲ့ကြပါတော့တယ်။ မော်တော်ကားနဲ့ ရန်ကုန်မြို့ထဲလှည့်ပြီး ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ်တွေက ကျောင်း အိပ် ကျောင်းစားကျောင်းသားတွေ၊ မြို့မိမြို့ဖတွေနဲ့ အိမ်ပြန်အိမ်စားကျောင်းသားတွေကိုနှိုးဆော်ပြီး ဗဟန်းက ရွှေကျင် တိုက် ထဲမှာရှိတဲ့ ကျောင်းကန်ဇရပ်တွေမှာ သွားစတည်းချစေခဲ့တာပါ။ (ခုခေတ်များဆို တပ်လိုက်ပါမယ့်ပုဒ်မပေါင်းစုံ) ရန် ကုန်တက္ကသိုလ်ဥပဒေမှာပါတဲ့ အချက်ပေါင်း ၁၅ ချက်လောက်ထဲက ၁ဝ ချက်လောက်ဟာ သပိတ်မှောက်ခဲ့ရတဲ့အချက် တွေဖြစ်လာခဲ့ပါတယ်။ ပညာတတ်တွေပေါ်လာမှာကြောက်တဲ့ အစိုးရတွေရဲ့ညာဉ်ဆိုးတွေပါ။ တိုင်းပြည်ကလူတွေ ပညာမ တတ်စေနဲ့၊ ငါတို့အမျိုးအနွယ်တွေ နိုင်ငံခြားမှာပညာသွားသင်ခိုင်းထားမယ်၊ ပြီးတော့မှ ဟောဒီမြန်မာပြည်က နလပိန်းတုံး တွေကိုပြန်အုပ်ချုပ်ကြပစေဆိုတဲ့ လက်အုပ်အချီခံချင်ကြရှာလေသောအပုပ်ကောင်ကြီးတွေရဲ့ အမူအကျင့်ဆိုးတွေ။

ပြောရပါတော့၊ အဲဒီခေတ်က ကောလိပ်ကျောင်းသား၊ ကျောင်းသူတွေသူတို့ဟာ သူတို့အေးအေးဆေးဆေးနေခဲ့ရင် ရနိုင်ပါ လျက်နဲ့ မြန်မာပြည်သူတွေရှေ့ရေး၊ နိုင်ငံတော့်အရေး၊ ပညာတတ်တွေပေါ်လာဖို့အရေး ကိုယ်ကျိုးစွန့်ခဲ့ကြတာများ သြချယူ လောက်ပါပေတယ်ဆိုတာကိုပါ။   မြန်မာလူမျိုးတွေအတွက်မှ တီထွင်လိုက်နိုင်ပါပေတဲ့ တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက် တဲ့အနေနဲ့ ကောလိပ်ကျောင်းသူ၊ ကျောင်းသားကြီးတွေ သူတို့ကျောင်းတွေကို သပိတ်မှောက်ပြီးထွက်လာခဲ့ကြတဲ့ တန် ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ဟာ မြန်မာအမျိုးသားအောင်ပွဲနေ့လို့ တစ်ခဲနက်အတည်ပြုလိုက်ခဲ့တဲ့နေ့ဟာဖြင့် ၁၉၂၁ ခုနှစ်၊ အောက်တိုဘာလ၊ မန္တလေးမြို့မှာကျင်းပခဲ့တဲ့မြန်မာပြည်အရပ်ရပ်က နိုင်ငံရေးအသင်းတွေရဲ့ ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီးပြည်လုံးကျွတ် နှစ်ပတ်လည်ပွဲမှာဖြစ်ပါကြောင်းခင်ဗျား။ စာရှည်မည်စိုးပါသောကြောင့် ဆရာကြီးဦးဘဦးရဲ့အသေးစိတ်ဖော်ပြချက်အပြည့်အစုံမရေးတင်နိုင်ခြင်းအား နားလည်ပေးစေလိုပါတယ်ခင်ဗျာ။

(အချိန်ပေးဖတ်ရှုသူမျိုးချစ်များအားလေးစားပါ၏။ တိုင်းပြည်ဆင်းရဲသည်မှာ ပညာအရည်အချင်းနိမ့်ကျလွန်း၍ဖြစ်ပါသည်။ နိုင်ငံသူ နိုင်ငံသားများ ပညာမတတ်မှ တဝမ်းတခါး အနိုင်နိုင်ပြေးလွှားရုန်းကန်ရှာဖွေစားသောက်နေရမှ အစိုးရမင်းများ၏ လုပ်ရပ်များအား အာရုံမထားနိုင်မည်ကို ယုတ်မာပက်စက်သည့်အစိုးရအဆက်ဆက်က ကျင့်ကြံခဲ့ကြသည်မဟုတ်ပါလား) 


စာကိုး
၁၉၂ဝ ပြည့်သပိတ်မှောက်ခေါင်းဆောင်ကျောင်းသားဟောင်းကြီး ဦးဘဦးဆောင်းပါးအား ဖတ်ရှုရေးသားပြုစုအပ်ပါသည်။
↧

ကိုသန်းလွင် - ငွေလဲနှုန်း

$
0
0


ကိုသန်းလွင် - ငွေလဲနှုန်း
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၅
(၁)                      
ဘယ်သူတွေက ဘယ်လိုညှိနှိုင်းတိုင်ပင်ပြီး တန်ဘိုးသတ်မှတ်နေသည် မသိကြရ။ ငွေလဲနှုန်းမှာ လူပေါင်းမြောက်များစွာတို့ အပေါ် အကောင်းအဆိုး အကျိုးသက်ရောက်မှု ရှိနေကြသည်။ စီးပွားရေး လုပ်ကိုင်ကြရာတွင် ငွေလဲနှုန်းကို မသိချင်၍မရ။ အထူးသဖြင့် နိုင်ငံရပ်ခြားနှင့် ကုန်ကူးသန်း ရောင်းဝယ်မှုပြုကြပြီဟုဆိုလျှင် အရှုံးအမြတ်ကို ငွေလဲနှုန်း အတက်အကျက ဆုံး ဖြတ်နေခြင်းဖြစ်ရာ ပို၍အရေးကြီးသည်။

သို့ပါလျှက် ငွေလဲနှုန်းကိုသတ်မှတ်ရန် နိုင်ငံတကာကသဘောတူညီထားကြသည့် ဆုံးဖြတ်ချက်ဟူ၍ မရှိသေးပါ။ ကန့်သတ် ချက်များရှိသည်ဟုကား ဆိုနိုင်ပါ၏။ သို့ပါသော်လည်း ထိုကန့်သတ်ချက်များကို လိုက်နာရမည်ဟု ဥပဒေကမရှိသေး။  ယနေ့ ကမ္ဘာ၏ စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများကို IMF International Monetary Fund ခေါ် အဖွဲ့အစည်းက ကြီးကြပ် နေသည်ဆိုသည့်တိုင်  နိုင်ငံပေါင်းစုံက လိုက်နာကြရမည့်စည်းကမ်းစနစ်ဟူ၍ ချမှတ်မထားနိုင်ကြပေ။ ငွေကြေးဆိုင်ရာ စနစ် Monetary System ဟုဆိုသော်လည်း စနစ်ဟူ၍ပင်မရှိဘဲဖြစ်နေသည်။

နိုင်ငံတိုင်း၏ ငွေကြေးတန်ဘိုးကို ထိုနိုင်ငံ၏ဗဟိုဘဏ်က သတ်မှတ်နေခြင်းဖြစ်ရာ ဗဟိုဘဏ်သည် ယနေ့ ဖြစ်ပျက်နေသည့် ဈေးကွက်တွင် အခြေအနေ ထုတ်ကုန်ပစ္စည်းပေါင်းစုံတို့နှင့်ဆိုင်သည့် (attribute) ခေါ် ဂုဏ်အင်္ဂါအချက်အလက်များစွာကို လေ့လာကြည့်ရူပြီး ငွေလဲနှုန်းကို သတ်မှတ်နေကြသည်ဟု ဆိုစရာရှိသည်။ သို့ပါ၍ တက်လိမ့်မည်၊ ကျလိမ့်မည်ဆိုသည်ကို ယေဘုယျ ဝေဖန်နိုင်သည်ဆိုသည့်တိုင် အတိအကျ ခန့်မှန်းရန်ကား လောလောဆယ်တွင် မဖြစ်နိုင်ပေ။

ကမ္ဘာတွင် ပထမဦးဆုံးပေါ်လာသည့် ငွေကြေးစနစ်မှာ ဗြိတိသျှကိုလိုနီနိုင်ငံများပါဝင်သည့် ရွှေကို အဓိကထားသော စနစ်ဖြစ် ပါသည်။  ၁၉၁၄ ခု ပထမကမ္ဘာစစ်ဖြစ်ပွားချိန်မှာ ဤစနစ်နိဂုံးချုပ်သွားခဲ့သည်။ ၁၉၃၀ ခုနှစ်တွင် တကမ္ဘာလုံး စီးပွားရေး ပျက် ကပ်ကို ကြုံကြရသည်။ မိမိတို့၏ငွေကြေးကို မိမိဖာသာထိမ်းသိမ်းလာကြရာ ပထမကမ္ဘာစစ်ပြီးသော် အထိန်းအကွပ် ကင်းမဲ့နေမှုကြောင့် ဒုတိယကမ္ဘာစစ်ဖြစ်ပွားနိုင်သည့် အခြေအနေကို သုံးသပ်စိုးရိမ်ခဲ့ကြသည်။ နိုင်ငံတကာ ငွေကြေးစနစ်ကို ထိမ်းချုပ်ထားနိုင်ရန် စနစ်တခုကို တီထွင်ရှာဖွေရန်လိုအပ်လာသည်။

တကမ္ဘာလုံးက ဤငွေကြေးစနစ်ကိုတီထွင်ရန် စုပေါင်းတာဝန်ပေး လိုက်ကြသောပုဂ္ဂိုလ် ၂ ဦးမှာ အင်္ဂလန်နိုင်ငံမှ John Maynard Kyenes  နှင့် အမေရိကန်လက်ထောက်ဘဏ္ဍာရေးဝန်ကြီး Harry Dexter White တို့ဖြစ်ကြပါသည်။

၎င်းတို့သည်အမေရိကန် New Hampshire နယ် မောင့်ဝါရှင်တန်အပမ်းဖြေဟိုတယ်တွင် ၄၄ နိုင်ငံမှ ကိုယ်စားလှယ် ရ၀၃  ဦးကိုဖိတ်ခေါ်ကာ ကွန်ဖရင့်တခုကျင်းပခဲ့ပါသည်။ ဟော်တယ်ပိုင်ရှင် မိုင်းသူဋ္ဌေးက ထိုအရပ်ရှိ စာတိုက်နှင့် မီးရထားဘူတာ ရုံကို Bretton Woods ဟုအမည်ပေးခဲ့ရာတွင် ကွန်ဖရင့်ကိုလည်း ဘရင်တန် ၀ုဒ် ကွန်ဖရင့်ဟု ကမ္ဘာကသိခဲ့ကြပါသည်။ ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်အရှုံးအနိုင်ကို အဆုံးအဖြတ်ပေးမည့် D-day အပြီး ရက်သတ္တပတ် အနည်းငယ်အကြာ ဂျူလိုင် ၂ ရက်မှ ၂၂ ရက်အထိ ရက်သတ္တ သုံးပတ်ကြာမျှ ကျင်းပခဲ့ပါသည်။

သမ္မတကြီး ရုစဗဲ့က ကမ္ဘာ့နိုင်ငံတွေသည် နီးသည်မဟုတ်၊ ဝေးသည်မဟုတ် နိုင်ငံတခု၏ စီးပွားရေး တောင့်တင်းမှုအခြေ အနေသည် တခြားနိုင်ငံများအပေါ် အကျိုးသက်ရောက်မှုရှိနေပါသည်ဟု သ၀ဏ်လွှာ ရေးသားပို့ပေးခဲ့သည်။

တကမ္ဘာလုံး စီးပွားရေးဆုပ်ကပ် (Recession) ဖြစ်ပြီးသည့်နောက် ရှုပ်ထွေးနေသော ကမ္ဘာ့ငွေကြေးစနစ်ကို စနစ်တကျ ဖြစ် အောင် ထိမ်းသိမ်းနိုင်ရန် ဤကွန်ဖရင့်ကို ကျင်းပရပါသည်ဟု ဆိုခဲ့ကြသည်။ ဤကွန်ဖရင့်က ငွေလဲနှုန်းအသေထားခြင်း  (Fixed Rate) ကို အားပေးသည်။ အဓိကကျသောနိုင်ငံကြီးများ၏ ငွေကြေးတန်ဘိုးကိုတည် ငြိမ်အောင်တားနိုင်လျှင် တ ကမ္ဘာလုံး၏ ငွေကြေးစနစ်များသည် ချောချောမွေ့မွေ့လည်ပတ်နိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။

လိုက်နာရန် နည်းလမ်းအသွယ်သွယ်တို့ဖြင့် ကုန်သွယ်ရေးမညီမျှမှုများကို ညီအောင် ထိန်းသိမ်းထားရမည်။ ထိုစဉ်က အမေ ရိကန်ဒေါ်လာမှာ တကမ္ဘာလုံးတွင်အရေးကြီးဆုံး ဗဟိုငွေကြေးဖြစ်နေပါသည်။ ပြင်သစ်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဖြစ်သူ ဒက်စ တိုင်းက အမေရိကန်တို့သည် ဒေါ်လာငွေစနစ်အပေါ်မှ အခွင့်အရေးတွေ မမျှမတရနေသည်ဟု ဝေဖန်ခဲ့သည်။ သူတို့က ငွေကိုရိုက်ထုတ်နေပြီး အခြားနိုင်ငံတွေက ထိုငွေကိုရရှိအောင် ကုန်တွေထုတ်လုပ်ကြရသည်ဟု ထောက်ပြခဲ့သည်။ နောက် ပိုင်းသူသမ္မတဖြစ်လာပြီး အနားယူ၊ ယခု အသက် ၈၉ နှစ်အရွယ်ရောက်သည့်တိုင် အခြေအနေမှာ မပြောင်းလဲပေ။ အမေရိ ကန်ဒေါ်လာငွေ၏အရေးပါမှုမှာ ယခင်အတိုင်းပင်ရှိနေခဲ့သည်။

နိုင်ငံတိုင်း၏ ငွေကြေးတန်ဘိုးကို စောင့်ကြည့်မည့် IMF ကို ဤကွန်ဖရင့်ကပင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပါသည်။ ဤကွန်ဖရင့် ကပင် IBRD ခေါ် အပြည်ပြည်ဆိုင်ရာ ပြန်လည်တည်ဆောက်ရေးဘဏ်ကိုဖွဲ့စည်းခဲ့ရာ တချိန်တွင် ကမ္ဘာ့ဘဏ် World Bank ဟူ၍ ဖြစ်ပေါ်လာသည်။

ဒုတိယ ကမ္ဘာစစ်အပြီး စစ်ကြောင့်ပျက်စီးမှုများကို ပြန်လည်တည်ဆောက်ရန်ရည်ရွယ်ခဲ့သော်လည်း အမေရိကန်တို့က ဥရောပပြန်လည်တည်ဆောက်ရေးအတွက် မာရှယ် (Marshall Plan) ဖြင့် ငွေထုတ်ချေးသောအခါ  IBRD ၏ဘဏ်လုပ်ငန်းမှာ မှေးမှိန် သွားခဲ့ရသည်။

(၂)
ကမ္ဘာကြီး၏ငွေကြေးစနစ်သည် ပြဿနာတခုမှ တခုသို့ တဖြည်းဖြည်းဖြေရှင်းပေးနေရသော စနစ်ကြီးတခုသာဖြစ်ပါသည်။ ခိုင်ခံ့တည်ငြိမ်သည့်ကာလမှာ တိုတောင်းပြီး ရှုပ်ထွေးသောပြဿနာများမှာ တမျိုးပြီးတမျိုးပေါ်ပေါက်နေကြပါသည်။

ဥရောပစီးပွားရေးစနစ်ကြီးမှာ ရှေ့သို့မတိုးနိုင်ဘဲ ရပ်တန့်နေသည်။ ငွေကြေးတန်ဖိုးမှာ ဖောင်းပွသည်ဟုမရှိဘဲ ပို၍ပို၍သာ ကျစ်လစ်လာနေပြီး တန်ဖိုးတက်လျှက်ရှိသည် (Deflation)၊ ဂရိနိုင်ငံမှာ ယူရိုစနစ်မှ ထွက်မည်ဟူ၍လည်းကောင်း၊ ကြွေး တွေကိုမဆပ်နိုင်တော့ဘဲ ဒေ၀ါလီခံရတော့မည်ဟုလည်းကောင်း အမျိုးမျိုးပြောနေသည်။ အမေရိကန်စီးပွားရေးမှာလည်း ပြန်ပြီး ဦးမော့လာပြီဟုပြလိုက်၊ ပြန်ပြီး နှေးကွေးသွားလိုက် ဖြစ်နေသည်။ ထိုသို့မတည်ငြိမ်မှုကြောင့် နိုင်ငံတကာငွေကြေးစနစ် မှာများမှာ ဖရိုဖရဲဖြစ်ကုန်သည်။ ယမန် နှစ်နောက်ဆုံးပိုင်းတွင် ယူရိုတန်ဘိုးငွေမှာ ပြိုဆင်းခဲ့သည်။

၂၀၁၅ နှစ်ဦးစတွင် ဆွစ်တို့က သူတို့ငွေကြေးကို ထိမ်းချုပ်မထားတော့ဘဲ ဈေးကွက်အလိုကျ လွှတ်ပေး (float) ခဲ့သည်။ ၎င်း၏တန်ဘိုးမှာ ယူရိုနှင့်ယှဉ်လျှင် အများကြီးခုန်တက်သွားသည်။ ဆွစ်နိုင်ငံလုပ် ချောကလက်နှင့် စကိတ်လျှောစီးစခန်း တည်းခိုခတွေမှာ ခုန်တက်ကုန်သည်။

ငွေလဲနှုန်းဆိုသည်မှာ ပြောင်းနေကြသည်ဆိုသော်လည်း မတည်မငြိမ် အတက်ကြမ်း၊ အဆင်းကြမ်း ဖြစ်နေရသည်တော့ မဟုတ်ပေ။ မည်သို့ဖြစ်စေ ငွေလဲနှုန်းသည် ကမ္ဘာ့စီးပွားရေးအတွက် တခုတည်းသော အရေးကြီးဆုံးဂဏန်းတခု ဖြစ်လာနေ ပါသည်။

မကြာမီက ဤမတည်ငြိမ်မှုသည် အာရှသို့ ကူးစက်လာခဲ့ပါသည်။ ၂၀၁၂ နှင့်စာသော် ဂျပန်ယန်းငွေသည် တန်ဘိုး သုံးပုံတပုံ လျော့ဆင်းသွားသည်။ ဂျပန်ထုတ်ပစ္စည်းတွေမှာ ဈေးကွက်တွင် အပြိုင်ရောင်းလာနိုင်ပြီး ပတ်ဝန်းကျင်နိုင်ငံများအဖို့ ခေါင်းခဲ ရ သော ပြဿနာဖြစ်လာသည်။

ကမ္ဘာကြီးတခုလုံး၏စီးပွားရေးကို မြှင့်တင်ပေးခဲ့သည့် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းမှာ တစတစလျော့နည်းလာ နေသည်။ သြဂုတ်လအတွင်းက ဆိုင်းမဆင့် ဗုံမဆင့် ယွမ်တန်ဘိုးငွေကို လျှော့ချလိုက်ရာ တကမ္ဘာလုံး အံ့အားသင့်ခဲ့ကြရသည်။ ဈေးကွက်တွင် ကမောက်ကမတွေဖြစ်ကုန်သည်။ အကြီးအကျယ် ရှုံးသူ မြတ်သူတွေပေါ်ပေါက်ခဲ့သည်။

အမေရိကန်ဒေါ်လာတန်ဘိုးမှာ ယူရိုအပါအ၀င် ကမ္ဘာ့ငွေကြေးအားလုံးနှင့်စာသော် တိုးတက်လာခဲ့ပါသည်။ သို့ပါသော်လည်း အမေရိကန်တို့၏ စီးပွားရေးတိုးတက်မှုမှာ မိမိငွေကြေးကို အမှီလိုက်နိုင်သည်ဟု မဆိုနိုင်ပါ။ တချိန်ထဲမှာပင် အမေရိကန်ထုတ် ကုန်များ၏တန်ဘိုးမှာ တက်လာသည်။ ဒေါ်လာငွေကို ချေးထားခဲ့သောကုမ္ပဏီများမှာ ပြန်ဆပ်ရန် အခက်တွေ့ကုန်ကြ သည်။

ငွေကြေးတန်ဖိုးတက်ခြင်းကျခြင်းမှာ  ငွေကြေးတို့၏အလုပ်ပင်ဖြစ်ပါသည်။ သဘာဝကျသောဖြစ်ရပ်တခု ဖြစ်ပါ၏၊ သို့ပါ သော်လည်း ထိုအတက်အကျများကြောင့်ပင် စီးပွားရေးသမား၊ နိုင်ငံရေးသမားများ အကြပ်အတည်း တွေ့ကြရသည်။ ဘဏ် များ ဒေ၀ါလီခံရခြင်း၊ စီးပွားရေးအကြပ်အတည်းကြုံကြရခြင်းကြောင့် ဘဏ်များတွင် လိုက်နာကြရသည့် စည်းကမ်းဥပဒေများ ပြဌာန်း လာကြပါသည်။ သို့ပါသော်လည်း ဘဏ်များပါဝင်လှုပ်ရှား နေရသော ကမ္ဘာ့ငွေကြေးစနစ်ကြီးမှာ စည်းကမ်းနည်းလမ်း ဟူ၍ မယ်မယ်ရရမရှိဘဲ ဖြစ်နေသည်။ နိင်ငံများ၌ ပြဿနာတက်ပြီဆိုလျှင် နိုင်ငံတကာငွေကြေးစနစ်ကပင် ကူညီပေးရမည့် ပလက်ဖောင်း ဖြစ်သင့်လှပါသည်။ ငွေကြေးစနစ်များမှာ တစစီ တခုစီ အလုပ်လုပ်ကိုင်နေကြပြီး စုစည်းရန်ခက်ခဲသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများက နယ်နိမိတ်များကိုကျော်ကာ ငွေကြေးကိုပြောင်ရွေ့သွားခြင်းကို အားပေးသည်။ တရုတ် ပြည်က လက်သင့်မခံပေ။ အမေရိကန်ဦးဆောင်မှုနှင့် IMF အနေဖြင့် ငွေချေးငှားနိုင်သောကြောင့် ၎င်း၏သြဇာခံနိုင်ငံပေါင်းများစွာတို့၏ ငွေကြေးစနစ်ကို လွပ်လပ်မှုရရှိစေသည်ဟု ဆိုရပေမည်။

အချို့ငွေကြေးများမှာ ဒေါ်လာ (သို့) ယူရိုနှင့်တွဲချိတ် (Peg) ထားလိုကြပြီး တချို့ကမူ ဈေးကွက်ကိုလိုက်၍  Float  လုပ်ထား လိုကြသည်။ နိုင်ငံပေါင်းများစွာက ကုန်ကူးသန်းရောင်းဝယ်မှုအတွက် ဒေါ်လာငွေကိုအသုံးပြုပြီး မိမိငွေကြေးနှင့် တန်ဘိုး ဖြတ်ကြရသည်။ သို့ပါသော်လည်း  ဘယ်နိုင်ငံမဆို ဤစနစ်ကိုမလိုက်နာတော့ဘဲ မနက်ဖြန်တွင် အခြားငွေကြေးကို ပြောင်း လဲသုံးမည်ဆိုလျှင်လည်း လွတ်လပ်စွာ အသုံးပြုနိုင်ခွင့်ရှိသည်။

ထိုသို့ ပရမ်းပတာဖြစ်နေသော ငွေကြေးစနစ်ကြီးကို စည်းကမ်းတကျဖြစ်စေရန် အဆိုပြုခြင်းများရှိခဲ့ကြပါသည်။ ဂျိုးဇက်စ တစ်ဂလစ်၊ ဂျော့ (ရှ) ဆိုးရိုးနှင့် တရုတ်ပြည်၏  သက်တော်ရှည်ဘဏ်ဥက္ကဌကြီး Zhou Xiao Chun တို့ရှေ့တန်းက ပါဝင်ကြ ပါသည်။

တိုင်းပြည်တစ်ခု၏ ကုန်သွယ်ရေးစာရင်းချုပ်ရာတွင် လိုငွေပြနေသောနိုင်ငံတို့အတွက် ဖြေရှင်းနည်းမှာ မိမိနိုင်ငံ၏  ကုန်ထုတ် လုပ်မှုကို တိုးမြှင့်ပေးရန်ပင်ဖြစ်သည်။ သို့မဟုတ် ဗဟိုဘဏ်မှ အတိုးနှုန်းကို တိုးမြှင့်ပေးခြင်းဖြင့် ငွေကြေးကို မိမိနိုင်ငံအ တွင်းတွင် ရှိနေရန်စီမံနိုင်သည်။ သို့ပါသော်လည်း ဤနည်းက ပြည်တွင်းစီးပွားရေးကိုထိခိုက်ပြီး ဆုပ်ကပ် (Recession) ဖြစ် စေနိုင်သည့် အန္တရာယ်ရှိသည်။

နောက်ထပ်တနည်းမှာ မိမိငွေကြေးတန်ဘိုးကို ချပေးခြင်းပင်ဖြစ်သည်။ မိမိငွေတန်းဘိုးကျသွားသဖြင့်  နိုင်ငံခြားမှ ပစ္စည်း မှာယူတင်သွင်းခြင်းကိုအားမပေးဘဲ ပြည်တွင်းမှ ပို့ကုန်တိုးမြှင့်ရေးကိုသာ အားပေးသည်။ ငွေကြေးတန်ဖိုးချခြင်းမှာ မိမိ စီးပွားရေးတခုလုံးကို ထိခိုက်စေသည့်အပြင် မိမိကဲ့သို့ပင် အခြားနိုင်ငံများကလည်း တန်ဘိုးလိုက်ပြီး လျှော့ချနိုင်ကြသည်။ ဤစက်ကွင်းသံသရာကိုတားဆီးနိုင်ရန်မူ နိုင်ငံများအနေဖြင့် မိမိငွေကြေးကို အလွယ်တကူ မချပေးနိုင်အောင် ထိန်းချုပ်မှုများ ရှိသင့်သည်။

ဘရင်တန်ဝုဒ်မှ ချပေးလိုက်သော စည်းမျဉ်းတခုမှာ နိုင်ငံအားလုံးစုပေါင်း ထိမ်းချုပ်ကြခြင်းပင်ဖြစ်ပါသည်။ ဤသဘောတူညီ မှုကြောင့် ဒုတိယကမ္ဘာစစ်ကြီးအပြီး တကမ္ဘာလုံး၏ စီးပွားရေးတိုးတက်မှုမှာ ပျမ်းမျှ ၂.၈ ရှိခဲ့သည်။ ၁၉၇၀ ခုနောက်ပိုင်း ထိမ်းချုပ်မှုလျှောနည်းသွားချိန်မှစပြီး  ၁.၈ သို့လျှော့ကျသွားသည်။

ဒုတိယကမ္ဘာစစ်ပြီးချိန်မှ ၁၉ရ၀ ခုနှစ်များအထိ ငွေကြေးတည်ငြိမ်ခဲ့ခြင်းမှာ ဘရစ်တန်ဝုဒ်ကွန်ဖရင့်၏ အကျိုးဆက် များဖြစ်ပါ သည်။

ဘရင်တန်ဝုဒ် ကွန်ဖရင့်က ရွှေ၏အရေးပါမှုကို ပယ်ဖျက်လိုခဲ့သည်။ သို့ပါသော်လည်း ထိထိရောက်ရောက် ဘာမှ မလုပ်နိုင်ခဲ့ ပါ။ ဥရောပနိုင်ငံများက ရွှေကို အမေရိကန်တို့ထံမှဝယ်ကြရာ နောက်ဆုံး သမ္မတနစ်ဆင်မှ တားမြစ်မိန့်ထုတ်ရသည်အထိ အ ၀ယ်များလာခဲ့သည်။ အမေရိကန်တို့၏ ကုန်သွယ်ရေးလိုငွေပြမှုမှာ တစ တစ များပြားလာသည့်တိုင် ငွေပိုရှိသောနိုင်ငံများက အမေရိကန်တို့ကိုငွေချေးရန် ၀န်မလေးကြပေ။ အမေရိကန်၏ တရုတ်အပါအ၀င် နိုင်ငံပေါင်းစုံသို့ပေးဆပ်ရန် ကြွေးမှာ ၇ ထွီလီယမ် အထိရှိနေပေသည်။

(၃)
ကျွန်တော်တို့နိုင်ငံသည် ဈေးကွက်၏ပကတိအခြေအနေများကို လစ်လျူရှုကာ ငွေလဲနှုန်းအသေဖြင့် နှစ်ပေါင်းများစွာ နေခဲ့ ပါသည်။ ကမ္ဘာဈေးကွက်ကို အသိအမှတ်မပြုခဲ့သောကြောင့် အကျိုးရလဒ်ကို နှစ်ပေါင်းများစွာ ကျွန်တော်တို့တွေ့ကြုံခံစားကြ ရပါမည်။ ပြင်ဆင်သင့်သော အချက်အလက်များကို ပြင်ဆင်ကြရပါမည်။

နိုင်ငံတခုသည် မိမိငွေတန်ဘိုးမြင့်တက်စေလိုပါက၊ ခိုင်ခန့်စေလိုပါက၊ အဓိကလုပ်ရန်မှာ တိုင်းပြည်၏ကုန်ထုတ်လုပ်မှုကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ရန်ပင်ဖြစ်ပါသည်။

ကိုသန်းလွင်


Ref: New York Review of books. New Financial Order, until it collapsed by Roger Lowenstein Dec 3 2015 issue.


photo source: cnbc
↧

ရန်နောင် (ဗိုလ်တထောင်) - မန္တလေး - ပုဂံ ဧရာဝတီ မြစ်ရိုးတလျှောက် ပြေးဆွဲမည့် The Strand Cruise

$
0
0



ရန်နောင် (ဗိုလ်တထောင်) - မန္တလေး - ပုဂံ ဧရာဝတီ မြစ်ရိုးတလျှောက် ပြေးဆွဲမည့် The Strand Cruise
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၅

ရန်ကုန်မြို့၏ နောက်ဆုံးပေါ် ဇိမ်ခံသင်္ဘောဖြစ်သည့် The Strand Cruise ကို  ဒီဇင်ဘာလ ၃ ရက်နေ့ ညနေခင်းတွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ ဒဏ္ဍာရီဆန်သော ဒီဇိုင်းပုံစံနှင့် The Strand Hotel ၏ ထူးခြားသည့် ပင်ကိုယ်ဒီဇိုင်းတို့ကို ပြန် လည်ပေါင်းစပ်တီထွင်ထားသော ဤသင်္ဘောသည်  The Strand ၏ ရွှေရောင်လွှမ်းသောခေတ်တခုကို  နှိုးထပေးမည့် ခေတ်နှင့်တပြေးညီ အတွေ့အကြုံကိုပေးစွမ်းနိုင်သော ဧရာဝတီမြစ်ကြောင်း ခရီးစဉ်တခု ဖြစ်လာမည်ဖြစ်သည်။

The Strand မှ အကြီးတန်းကိုယ်စားလှယ်များမှ သင်္ဘောသစ်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခဲ့သည်။



 ‘The Strand  ရဲ့ သမိုင်းကြောင်းမှာ အားလုံးနဲ့အတူ အခုလို ဆုံစည်းပြီး စာမျက်နှာသစ်တခုကို ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် အမှန်တကယ်ကို ဝမ်းသာပျော်ရွှင်မိပါတယ် ´ ဟု Vice President of The Strand Hotel & Strand Cruise ဖြစ်သူ Olivier Trinquand  မှ ပြောကြားခဲ့သည်။ ``လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုလောက်  The Strand Hotel ကိုစီမံခန့်ခွဲပြီးတဲ့နောက် ဧရာဝတီရေကြောင်းမှာ ဇိမ်နဲ့ ခရီးသွားပြီး မြန်မာနိုင်ငံရဲ့ ရှေးဟောင်းအထိမ်းအမှတ်တွေကို သွားရောက်လေ့လာလိုသူတွေ များပြားလာတာကိုတွေ့ရပါတယ်။ ဒီလိုများပြားလာတဲ့အတွက် မြန်မာနိုင်ငံမှာ ထူးခြားပြီး ခမ်းခမ်းနားနားနဲ့ အားလပ်ရက် ခရီးထွက်ချင်သူတွေကို ဖြည့်ဆည်းပေးမယ့် နည်လမ်းသစ်တခုအဖြစ် သက်တောင့်သက်သာရှိမှုနဲ့ ဇိမ်ခံမှု အပြည့်ရှိတဲ့ ဝန်ဆောင်မှုကို ပေါင်းစပ်စီစဉ်လိုက်တာ ဖြစ်ပါတယ်။ ´´

The Strand Cruise သည် ဧရာဝတီမြစ်ကြောင်းတလျှောက်တွင် ခရီးသည် ၅၄ ယောက်ကို အခန်း ၂၇ ခန်းဖြင့် ပို့ဆောင် သွားမည်ဖြစ်သည်။ ကနဦးပိုင်းတွင် ပထမဦးဆုံးခရီးစဉ်များအဖြစ် ခရီးစဉ် ၂ ခုကို ခရစ်စမတ်နှင့် ၂၀၁၅ နှစ်သစ်ကူး ကာလများတွင် ပြေးဆွဲသွားမည်ဖြစ်သည်။ ထို့နောက် ပုံမှန်ခရီးစဉ်ဖြစ်သည့် ၄ ညအိပ် ခရီးစဉ်များကို ပုဂံနှင့်မန္တလေးကြား ပြေးဆွဲသွားမည်ဖြစ်သည်။

ခရီးသည်များအနေနှင့် စထရင်း၏ အစဉ်အလာအတိုင်း ပထမတန်းဝန်ဆောင်မှုများဖြစ်သည့် အပြစ်အနာအဆာမရှိသော ဝန်ဆောင်မှု၊သာလွန်ကောင်းမွန်သော စားသောက်ဖွယ်ရာများကို ခံစားရရှိမည့်အပြင် ခရီးသွားများ အစဉ်ဆုံစည်းရာ စထရင်း၏ အထင်ကရ နေရာလေးတခုဖြစ်လာသည်အထိ အကောင်းဆုံးဝန်ဆောင်မှုများကို ရရှိသွားမည်ဖြစ်သည်။

ဖွင့်လှစ်ပွဲတွင် အမှုဆောင်အရာရှိချုပ်များ၊ သံအမတ်များပါဝင်သည့် ဧည့်သည်တော် ၁၅၀ ခန့် တက်ရောက်ခဲ့ပြီး ပွဲကို သင်္ဘော၏ အဓိကနေရာဖြစ်သော အပေါ်ဆုံးထပ်ရှိ လသာဆောင်တွင် ကျင်းပခဲ့သည်။ ဖျော်ဖြေတင်ဆက်မှုအနေဖြင့် ဒေါ် အေမီဖိုးစိန်အဖွဲ့မှ မြန်မာမှု မြန်မာဟန် ပုဂံအကဖြင့် တင်ဆက်ခဲ့ပြီး အထူးအစီအစဉ်အနေနှင့် ခေတ်သစ် မြန်မာပေါ့ (ပ်) အဆိုတော် ဖြူဖြူကျော်သိန်းမှ ဖျော်ဖြေတင်ဆက်ခဲ့သည်။



သင်္ဘောဒီဇိုင်းအားလုံးနှင့် ဝန်ထမ်းများကို ကြီးကြပ်ရသည့်  The Strand Hotel and Cruise ၏ အထွေထွေမန်နေဂျာဖြစ်သော Jerome Seban မှ  `The Strand Cruise က တကယ်ကို စစ်မှန်တဲ့ဇိမ်ခံခရီးစဉ်ဖြစ်ပြီး မြစ်ကြောင်းတလျှောက် အထင် ကရနေရာတွေနဲ့ နီးစပ်တဲ့ သီးသန့် ရပ်နားရာ နေရာတွေလည်း ရှိပါတယ်။ ပုဂံ၊ မန္တလေး ခရီးစဉ်အနေနဲ့ အင်းဝမှာ တညအိပ် ရပ်နားမယ့် အစီအစဉ်ပါဝင်ပြီး ခရီးသည်တွေ သွားရောက်လည်ပတ်နိုင်ဖို့အတွက် အလွန်လှပတဲ့ မဟာအောင်မြေဘုံစံ အလည်အပတ်ကိုလည်း သီးခြားစီစဉ်ထားပါတယ်။ ကျနော်တို့ရဲ့ ဧည့်သည်တွေအနေနဲ့ အလွန်ကောင်းမွန်ခမ်းနားတဲ့ ခရီး စဉ်နဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ထားပြီး အခြားခရီးစဉ်တွေနဲ့ယှဉ်ကြည့်ရင် သာလွန်ထူးခြားနေမှာ ဖြစ်ပါ တယ် ´´ ဟု ပြောကြားခဲ့သည်။
↧

မောင်မိုးသူ - ပြည်သူကို မျက်နှာမူကြ ပြည်သူထံမှ သင်ယူကြ

$
0
0
မောင်မိုးသူ - ပြည်သူကို မျက်နှာမူကြ ပြည်သူထံမှ သင်ယူကြ
(မိုးမခ) ဒီဇင်ဘာလ ၈၊ ၂၀၁၅

ကုမုဒြာ သတင်းဂျာနယ်ပါ မောင်မိုးသူ ဆောင်းပါးဖြစ်ပါသည်။

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထုကြီးက အင်တိုက်အားတိုက် တစ်ခဲနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆန္ဒမဲပေး လိုက်ပါတယ်။ လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးကတော့ အပြတ်အသတ် ရှုံးနိမ့်သွားပါတယ်။ ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ `ပြောင်းလဲချိန်တန်ပြီ´ ဆိုတဲ့ လှုံ့ဆော်မှုနဲ့ နှစ်ပေါင်း ၅၀ ကျော် အမျိုးမျိုးဖိနှိပ်ခံခဲ့ရတဲ့ ပြည်သူလူထုက ပြည်ခိုင်ဖြိုးကို ဆန့်ကျင်ပြီး အင်န်အယ်လ်ဒီကို တခဲနက်မဲပေးခဲ့တာ ဖြစ်ပါတယ်။ အင်န်အယ်လ်ဒီက လွှတ်တော်ကိုယ်စားလှယ်ဟာ ဘယ် သူဘယ်ဝါလို့ကို မေးမနေတော့ဘဲ ကြယ်ဖြူနဲ့ ခွပ်ဒေါင်းကို တံဆိပ်တုံးထု မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေကို အောက်မြန်မာပြည်အတွက် ရန်ကုန်မှာ၊ အထက်မြန်မာပြည်အတွက် ပျဉ်းမ နားမှာ ခေါ်ယူတွေ့ဆုံပြီး အင်န်အယ်လ်ဒီနာယကနဲ့ အင်န်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က ကိုယ်စား လှယ် တွေကို ပထမဆုံးအလုပ်အနေနဲ့ ကိုယ်စားလှယ်များဦးဆောင်ပြီး အမှိုက်တွေကောက်ကြဖို့၊ အခြေခံဥပဒေနဲ့ အင်န်အယ်လ်ဒီ ရဲ့ ရည်ရွယ်ချက်တွေကို လေ့လာစာမေးပွဲဖြေကြဖို့၊ ပြည်သူတွေရဲ့ ဆန္ဒမဲအရ ရရှိလာကြပြီဖြစ်တဲ့ ကိုယ်စားလှယ်တွေဟာ ပြည်သူတွေကို မျက်နှာမူဖို့၊ ပြည်သူတွေကို အလုပ်အကျွေးပြုကြဖို့ တင်းကျပ်စွာ လှုံ့ဆော်တိုက်တွန်းခဲ့တာကို တွေ့ရပါ တယ်။ ကုန်ကုန်ပြောရရင် ကိုယ်စားလှယ်လစာတွေကိုလည်း ဖြတ်တောက်မယ်၊ မတော်မတရား လာဘ်စားမှု၊ဥပဒေချိုး ဖောက်မှုများ ပြုလုပ်ရင်လည်း အရေးယူမယ်လို့ ပြတ်ပြတ်သားသား ညွှန်ကြားခဲ့ပါတယ်။

နာယကဦးတင်ဦးနဲ့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ စည်းနဲ့ကမ်းနဲ့လုပ်ဆောင်ကြဖို့၊ လေ့လာဆည်းပူးလုပ်ကြဖို့ ညွှန် ကြားတာကို ဆန္ဒမဲပေးလိုက်ကြတဲ့ မဲဆန္ဒရှင်ပြည်သူအများကလည်း ကျေနပ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဧရာဝတီ ဒီဘိတ်အစီအစဉ်က ဧရာဝတီအယ်ဒီတာ အောင်ဇော်နဲ့ အင်န်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ် သက်သက်ခိုင်၊ နေဘုန်း လတ်တို့ တွေ့ဆုံမေးမြန်းခန်းကို ဘကြီးမိုး နားထောင်လိုက်ပါတယ်။ ကိုယ်စားလှယ်နှစ်ဦးလုံးဟာ တင်းကျပ်တဲ့ စည်းကမ်း၊ လုပ်ဆောင်ရမယ့် တာဝန်တွေကို ကျေနပ်သဘောကျတာ တွေ့ရပါတယ်။

တစ်ဦးက သူတို့ဟာ အတွေ့အကြုံမရှိသေးတဲ့ ပထမဆုံးကိုယ်စားလှယ်များဖြစ်တဲ့အတွက် လေ့လာသင်ကြားဖို့ လိုအပ်တဲ့အ တွက် လေ့လာသင်ကြားဖို့ လိုအပ်တယ်ဆိုတာ လက်ခံကြပါတယ်။ အဓိကအားဖြင့် ပြည်သူရဲ့ဆန္ဒမဲနဲ့ ကိုယ်စားလှယ်တွေ ဖြစ်လာရတဲ့အတွက် ပြည်သူကို မျက်နှာမူ၊ ပြည်သူ့အကျိုးကို အဓိကထားပြီး ဆောင်ရွက်ကြရမယ်ဆိုတာ နားလည်ကြပြီး သူတို့ရဲ့ တာဝန်ကို သူတို့ ကြိုးစား ထမ်းဆောင်ကြမယ်လို့ ပြောဆို ကတိပေးသွားတာလည်း ကြားလိုက်ရပါတယ်။

ဒါဟာ ယခုဖြစ်ပေါ်လာမယ့် အင်န်အယ်လ်ဒီရဲ့ လွှတ်တော်နဲ့အစိုးရရဲ့ သိသာထင်ရှားတဲ့ `ပြောင်းလဲမှုကြီး ´ ဖြစ်ပါတယ်။ ပြည်သူကို အုပ်ချုပ်ဖို့၊ အာဏာပြဖို့မဟုတ်ဘဲ ပြည်သူကို အလုပ်အကျွေးပြုဖို့ကို တာဝန်ယူရမှာ ဖြစ်တယ်ဆိုတာကို ကိုယ်စား လှယ်နှစ်ဦးလုံးဖြစ်တဲ့ သက်သက်ခိုင်ရော၊ နေဘုန်းလတ်ပါ ကျေကျေနပ်နပ်ဝန်ခံကြိုးစားသွားမယ်လို့ ပြောတာကို ကြားရပါ တယ်။ တကယ်တော့ သူတို့ နှစ်ဦးဟာ အင်န်အယ်လ်ဒီရဲ့ အရွေးခံကိုယ်စားလှယ် ၈၀၀ ကျော်ကို ကိုယ်စားပြုဖြကြားတယ်လို့ ဘကြီးမိုး ခံယူပါတယ်။

အဓိကအချက်ကတော့ ပြည်သူက ယုံကြည်ကိုးစားစွာ ပြောင်းလဲချိန်တန်ပြီဆိုပြီး တခဲနက် ဆန္ဒမဲပေးခံရသူများ ဖြစ်တဲ့အ တွက် ပြည်သူကို အလုပ်အကျွေးပြုဖို့ သူတို့မှာတာဝန်ရှိကြောင်း သိနားလည် ကြပါတယ်။ ယခုပဲ ကိုယ်စားလှယ်တွေ ဦးစီးပြီး မိမိတို့ မဲဆန္ဒနယ်တွေအလိုက် ပြည်သူလူထုနဲ့အတူ အမှိုက်ကောက်ကြဖို့ လှုံ့ဆော်ခဲ့တာ ယခုဆိုရင် တချို့ တချို့ သောနယ်တွေမှာ ကိုယ်စားလှယ်တွေနဲ့ ပြည်သူလူထုတွေ တပျော်တပါးကြီး အမှိုက်ကောက်နေကြတာကို မြင်တွေ့နေကြရ ပါပြီ။ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း သူအရွေးခံခဲ့တဲ့ ကော့မှူးမြို့နယ်မှာ ၁၂ ရက်နေ့မှာ သူကိုယ်တိုင် ပြည်သူနဲ့အတူ အမှိုက်ကောက်မယ်လို့ ကြေညာသတ်မှတ်ထားတာ တွေ့ရပါတယ်။

ပြည်သူတွေရဲ့ ယုံကြည်ကိုးစားဆန္ဒမဲပေးခြင်းခံရတဲ့ ကိုယ်စားလှယ်တွေဟာ သူတို့ တာဝန်ဖြစ်တဲ့ ပြည်သူကို အကျိုးပြုတဲ့ အလုပ်တွေ လုပ်ကြရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ၅၀ ကျော်အတွင်းက အုပ်ချုပ်သူတွေဟာ အာဏာနဲ့ အုပ်ချုပ်ခဲ့ကြသူ များဖြစ်ပြီး ပြည်သူလူထုကို အမိန့်ပေးစေခိုင်းခဲ့ကြတာဖြစ်ပါတယ်။ ယခုဒီမိုကရေစီဆန္ဒမဲနဲ့ အရွေးခံလာကြရတဲ့ ကိုယ်စား လှယ်တွေကတော့ ပြည်သူကို အမိန့်ပေးဖို့၊ အာဏာပြဖို့ မဟုတ်ဘဲ ပြည်သူကို အလုပ်အကျွေးပြုကြဖို့ ဖြစ်ပါတယ်။

ဒီမိုကရေစီအစိုးရသစ်ရဲ့တာဝန်က ငါးနှစ်သက်တမ်း၊ နောက်ထပ် ရွေးကောက်ပွဲမတိုင်မီအထိဖြစ်ပါတယ်။ သည်ငါးနှစ် သက်တမ်းမှာ အင်န်အယ်လ်ဒီကိုယ်စားလှယ်များနဲ့ အင်န်အယ်လ်ဒီကဦးစီးတဲ့ အစိုးရအဖွဲ့သစ်ဟာ ဆင်းရဲတွင်း နစ်နေတဲ့ မြန်မာနိုင်ငံ၊ နိုင်ငံတကာက ချေးငှားထားတဲ့ ကြွေးမြီတွေ ဘီလျံပေါင်းများစွာ ကြွေးတင်နေတဲ့ မြန်မာနိုင်ငံ၊ ပြည်တွင်းမှာ လုပ်ကိုင်စားသောက်စရာ မရှိလို့ နိုင်ငံရပ်ခြားတွေမှာ ရွှေ့ပြောင်းလုပ်သားတွေ အဖြစ် လေးငါးခြောက်သန်းလောက်ရှိတဲ့ မြန်မာနိုင်ငံ၊ မြန်မာပြည်ရဲ့ ပေါများလှတဲ့ သယံဇာတတွေကို လက်ဝါးကြီးအုပ် အိတ်ထဲထည့်ပြီး ထင်သလို လုပ်စား ရောင်း စားခံနေရတဲ့ မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးတွေ အများဆုံး ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြပြီး လူငယ်လူရွယ်တွေ မူးယစ် ဆေးဝါးသုံးနေကြတဲ့ မြန်မာနိုင်ငံကို `ပြောင်းလဲဖို့  အချိန်တန်ပြီ´ ဆိုတဲ့ ခေါင်းဆောင်၊ သူကိုယ်တိုင်လည်း ရှေ့ကနေ ထွက်ပြီး လုပ်ဆောင်ပြတဲ့ ခေါင်းဆောင်နဲ့ အတူ ပြည်သူပြည်သားများ တခဲနက် ဆန္ဒမဲပေးခဲ့ကြသလို ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုး တက်ရေးတွေမှာလည်း လုပ်ဆောင်နိုင်ကြပါစေကြောင်း အားပေးတိုက်တွန်းစကားပြောကြားလိုက်ရကြောင်းပါ။

ပြည်သူကို မျက်နှာမူကြ၊ ပြည်သူထံမှ သင်ယူကြနှင့် ဘကြီးမိုးပါ။
↧
↧

မိုးမခ မဂ္ဂဇင်း ဒီဇင်ဘာ ထွက်ပြီ

$
0
0
မိုးမခ မဂ္ဂဇင်း ဒီဇင်ဘာ ထွက်ပြီ
ဒီဇင်ဘာ ၈၊ ၂၀၁၅

မိုးမခလစဉ်မဂ္ဂဇင်း အတွဲ-၂၊ အမှတ်-၁၂၊ ဒီဇင်ဘာလထုတ် ထွက်ပါပြီ။ နီးစပ်ရာ စာအုပ်အရောင်းဆိုင်များမှာ မေးမြန်းဝယ်ယူနိုင်ပါပြီ။ နှင်းဆီဖြူစာပေတိုက်မှလည်း ဖြန့်ချိပါသည်။ တအုပ် ၁၅၀၀ ကျပ် ဖြစ်ပါတယ်။

မိုးမခ မဂ္ဂဇင်းများကို Wun Zin Mobile App များတွင်လည်း တအုပ် ၈၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပါပြီ။

 Wun Zin Android App:
http://bit.ly/wzfbpage

Wun Zin iOS App:
http://bit.ly/wziosfbpage

မောင်စွမ်းရည်၊ မောင်မိုးသူ၊ ထက်မြက်၊ မာမာအေး၊ မြနှောင်းညို၊ စမ်းစမ်းတင်၊ မေငြိမ်း၊ ခိုင်မာကျော်ဇော၊ နီဇူလိုင်၊ စံပယ်ဖြူ၊ မျက်ရှု၊ မင်းကိုနိုင်၊ နောင်ကျော်၊ သာထက်အောင်၊ ခင်အောင်အေး၊ အောင်ဝေး၊ သစ်ကောင်းအိမ်၊ ဆောင်းယွန်းလ၊ ကမာပုလဲ (တင်ကိုမင်းညို)၊ သားကြီးမောင်ဇေယျ၊ မာန် (တောင်လုံးပြန်)၊ စောဝေ၊ မောင်မောင်စိုး၊ တူမောင်ညို၊ ကိုအောင်မှိုင်း၊ လင်းထင်၊ ကိုသန်းလွင်၊ ဘကြီးမှုံ၊ မောင်လူပေ၊ မောင်ခေတ်ပိုင်၊ မင်းညွန့်လှိုင်၊ ချိုစိမ့်၊ မောင်ရဲနွေ (ပလိပ်)၊ အေအမ်တီ၊ ညွန့်ထွေး၊ အီကြာအော်၊ ကာတွန်းမောင်မောင်ဖောင်တိန်၊ ကာတွန်းမောင်ရစ်၊ ကာတွန်း သီဟ (စခန်းသစ်)၊ ကာတွန်းစောငို၊ ကာတွန်း ဂျိုကာ၊ ကာတွန်းထိန်သာ၊ ငြိမ်းချမ်းအေး အစရှိတဲ့ မိုးမခ ဝိုင်းတော်သားများ၊ ပြင်ပ ဆောင်းပါးရှင်များရဲ့ သက်ကြီးစကား၊ မျက်မှောက်ရေးရာ၊ လူမှုရှုခင်း၊ စာပဒေသာ၊ အက်ဆေး၊ ကဗျာ၊ ဝတ္ထုတို၊ သရော်စာ၊ စာအုပ်အညွန်း သုံးသပ်ချက်၊ ကာတွန်းများကို မောင်ရစ်၏ အယ်ဒီတာအာဘော် ဆောင်းပါးနဲ့အတူ ရသ၊ သုတ၊ အတွေးအမြင် ကဏ္ဍစုံလင်စွာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

မှတ်ချက် - စာမူရှင်များရဲ့ ကလောင်နာမည်များကို အသက်အရ၊ ဝါအရ စီစဉ်ထားခြင်းမရှိပါ။

မိုးမခ မဂ္ဂဇင်းများကို nyeinchanaye81@gmail.com ထံလည်း တိုက်ရိုက် ဆက်သွယ်မှာယူနိုင်သလို

နှင်းဆီဖြူ စာပေ 
ဆက်သွယ်ရန် - အမှတ် ၇ ၅ လွှာ၊ အောင်ဇေယျလမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၀၉ - ၂၅၂၂၁၀၁၉၇ ၊ ၀၉ - ၄၂၁၁၇၅၅၃၅ ၊ ၀၁ - ၈၅၅၁၃၄၇ ၊ ၀၉ - ၄၂၁၁၇၅၅၃၅

မိုးမခ မဂ္ဂဇင်း 
ဆက်သွယ်ရန် - မိုးမခ ရုံးစားပွဲ Home ရုံးခန်း၊ အမှတ် (၅၈/၆၀)၊ ဗိုလ်အောင်ကျော်လမ်း (အောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၀၉ - ၂၅၄၂၀၀၆၀၆။ editors@moemaka.net
↧

ကာတွန်း ကူမိုးကြိုး - လိမ် ဖယ် လိမ် ဖယ် ကကြိုး

$
0
0

ကာတွန်း ကူမိုးကြိုး - လိမ် ဖယ် လိမ် ဖယ် ကကြိုး
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၅

↧

ကဗျာဆရာ ရန်လင်းအောင်၏ "ရယ်တရွေ့မောတရွေ့"ကဗျာစာအုပ် ထွက်

$
0
0

  ကဗျာဆရာ ရန်လင်းအောင်၏ "ရယ်တရွေ့မောတရွေ့"ကဗျာစာအုပ် ထွက်
(မင်းရဲညွှန့်လှိုင်) မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၉၊ ၂၀၁၅

ကဗျာဆရာရန်လင်းအောင်၏ "ရယ်တရွေ့မောတရွေ့"အမည်ပေး ထားသော ကဗျာစုစည်းမှု စာအုပ် ထွက်ရှိလာသည် ။ ၂၀၁၅ ခုနှစ် နိုဝင်္ဘာလတွင် ပထမအကြိမ်အဖြစ် "မြကြိုးကြာ"စာအုပ်တိုက်မှ အုပ်ရေ ၅၀၀ တန်ဖိုး ၁၅၀၀ ကျပ်ဖြင့် ထုတ်ဝေလိုက်ခြင်းဖြစ်သည် ။

ကဗျာဆရာအောင်လွန်းမြိုင်ကအမှာစာရေးသားထားသည့် ယခု စာအုပ်သည် ကဗျာဆရာ ရန်လင်းအောင်၏ တတိယမြောက် ကဗျာစာအုပ် ဖြစ်သည် ။ ပထမစာအုပ်မှာ ၂၀၁၃ ခုနှစ်ထုတ် "သူ့အကြောင်းနဲ့ ငါ့အရာ သူ့အရာနဲ့ ငါ့အကြောင်း"ဖြစ်သည် ။ ဒုတိယစာအုပ်မှာ ၂၀၁၄ ခုနှစ်တွင် ကဗျာဆရာမင်းညွန့်လှိုင်နှင့် တွဲဖက်ထုတ်ဝေခဲ့သည့် "အများဆိုင်နာမ်"အမှတ်(၁) ဖြစ်သည် ။ ။
↧


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>