Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ဇော်အောင်(မုံရွာ) - ကမ္ဘာ့ ဈေး အ ကြီး ဆုံး အင် တာ နက် မြန် မာ နိုင် ငံ မှာ ရှိ နေ သည်

$
0
0



ဇော်အောင်(မုံရွာ) - ကမ္ဘာ့ ဈေး အ ကြီး ဆုံး အင် တာ နက် မြန် မာ နိုင် ငံ မှာ ရှိ နေ သည်
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၅

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တယ်လီနောနဲ့အိုရာဒူး မိုဘိုင်းအော်ပရေတာနှစ်ခု တင်ဒါစနစ်နဲ့ပွင့်လင်းမြင်သာစွာ ရွေးချယ်ခဲ့ပါတယ်။ တာဝါတိုင်များ အမြန်ဆုံးဆောက်ကြပါတယ်။ ဆက်သွယ်ရေးကော်ပိုရေးရှင်းနဲ့ခရိုနီများ ကြီးစိုးထားတဲ့ မိုဘိုင်းဖုန်းလောကို (၂)နှစ်အကြာမှာ မှောက်လှန်ပစ်လိုက်ပါတော့တယ်။ မိုဘိုင်းဖုန်းတစ်လုံး ကျပ် ၅သိန်းတန်ဖိုးကနေ ကျပ်၁၅၀၀ တစ်ထောင့်ငါးရာမေတ္တာ အဖြစ်သို့ရောက်သွားပါတယ်။

ထုံးစံအတိုင်း လူတွေမိုဘိုင်းဖုန်း ရလာတော့ ဖုန်းပြောခထက် အင်တာနက်ဖေ့ဘုတ်၊ ဗိုက်ဘာ စတဲ့ အင်တာနက်ဒေတာ ကုန်ကျစရိတ်များလာပါတော့တယ်။ တနည်းအားဖြင့် ဖုန်းထဲပိုက်ဆံထည့်လိုက် စားသွားခံရလိုက်..နောက်ဆုံး ..မစားမသောက်ရပဲ၊ အလုပ်လုပ်ရတဲ့ပိုက်ဆံ မိုဘိုင်းဖုန်းနဲ့ကုန်သွားတာမျိုး ဝမ်းနည်းစရာဖြစ်လာပါတယ်။ ဒါကတော့ တစ်ဦးချင်း လုပ်ဆောင်ရမယ် ဆိုတာထက် နိုင်ငံတော်အစိုးရကလည်း တတ်နိုင်သလောက် ကြားဝင်ထိန်းဖို့လိုပါမယ်။ မီဒီယာအားဖြင့် လူတွေ ဖုန်းဖိုး ချွေတာရေးလုပ်ကြဖို့ အထူးလိုအပ်ပါတယ်။

ဒီအကြောင်း တာဝါတိုင်ဆောက်လုပ်ခြင်း ဆောင်းပါးမှာ အနည်းငယ်ရေးခဲ့ပါပြီ။ ဆက်ပြီးရေးဖို့လိုပါတယ်။

အခု ဒီဆောင်းပါးကတော့ မြန်မာနိုင်ငံအင်တာနက်ကို အထင်မသေးကြတော့ဖို့ ပြည်တွင်းမြန်မာများ၊ ပြည်ပရောက်မြန်မာများကို သိသမျှ ပတ်ဝန်းကျင်နိုင်ငံများနဲ့ နှိုင်းယှဉ် ရေးသားလိုပါတယ်။


လိုင်း ဖုန်း နဲ့အင် တာ နက်

စင်ကာပူမှာ Unlimited Home Internet ကို SinTel, Starhub, M1 ဆိုတဲ့ အော်ပရေတာ (၃)ခုထံက ယူနိုင်ပါတယ်။ တစ်လကို ကန်ဒေါ်လာ ၃၀ လောက်နဲ့ အိမ်တိုင်း ဝိုင်ဖိုင်အခမဲ့ ဒေတာ ကြိုက်သလောက်ယူနိုင်ပါတယ်။ အလုပ်ရုံ ရုံးခန်းအများစုမှာလဲ ဝိုင်ဖိုင်ရပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်းက ဒေတာဒေါင်းလုပ်ခြင်းကို စင်ကာပူနိုင်ငံမှာ ရှောင်ရှားကြပါတယ်။ မိုဘိုင်းဖုန်းမှာတော့ တစ်လ ဒေါ်လာ ၄၀ လောက်ကုန်တယ်ဆိုပေမဲ့ ဒေါင်းလုပ်ရင် ပိုက်ဆံပိုပေးရလို့ မိုဘိုင်းဖုန်းကိုင်ဆောင်သူများ ဒေါင်းလုပ်စရာရှိရင် ကိုယ့်အိမ်ပြန်ပြီး ဒေါင်းလုပ်ကြပါတယ်။ ရထား၊ဘတ်စကား စီးရင်း ဗီဒီယိုကြည့်မယ်ဆိုရင် ကိုယ့်အိမ်၊ ကိုယ့်ရုံး အင်တာနက်ဝိုင်ဖိုင်နဲ့ ဒေါင်းလုပ်ထားပြီးမှာ ခရီးသွားတဲ့အခါမှ ထုတ်ပြီးကြည့်လေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ အိမ်မှာ ဝိုင်ဖိုင်တပ်ဖို့ တော်ရုံလူမတတ်နိုင်ပါဘူး။ နံပါတ်(၁) အိမ်တယ်လီဖုန်း ရှိရပါတယ်။ အိမ်တယ်လီဖုန်းတပ်ဆင်ရင် အနည်းဆုံး ကျပ်(၄)သိန်းလောက် ပေးရပါတယ်။ အိမ်တယ်လီဖုန်းတပ်ပြီးမှ တလကို ကျပ်(၃)သောင်း (US$25 per month) ပေးရတဲ့ အင်တာနက်လိုင်းကို တပ်ဆင်ရပါတယ်။ အဲဒီ အင်တာနက်မိုဒမ် တပ်ဆင်ခကျပ်၃သိန်းလောက် ထပ်ပေးရပြန်ပါတယ်။ လစဉ်တော့ တစ်လကို ကျပ်(၃)သောင်းအနည်းဆုံး ပေးရပါတယ်။ ဒီတော့မှ ကိုယ့်အိမ်မှာ ဝိုင်ဖိုင် ရပါတော့တယ်။

ပိုပြီးမြန်ဆန်တဲ့ ဝိုင်ဖိုင် လိုချင်ရင် ရန်ကုန်မှာအမြန်ဆုံးလိုင်းကတစ်နှစ် ကျပ်တစ်သိန်း (US$100 per month) ပေးရပါတယ်။ မြန်မာ့တယ်လီကွမ်း (အမ်ပီတီ MPT) မှာပဲ ဝယ်လို့ရပါသေးတယ်။ တယ်လီနောနဲ့ အိုရာဒူး တွေကတော့ လိုင်းဖုန်း မရောင်းသေးပါဘူး။ ဒါကြောင့် လိုင်းဖုန်းဈေးတွေ ဈေးကြီးနေဆဲ ဖြစ်ပါတယ်။

ဈေး အ ကြီး ဆုံး

ဒါကြောင့် အခုအချိန် ၂၀၁၅ မှာတော့ မိုဘိုင်းဒေတာ အင်တာနက်ကိုပဲ သုံးရတဲ့အတွက် အင်တာနက်သုံးခ အလွန်ဈေးကြီးနေပါတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး အင်တာနက်လိုင်း ဖြစ်နေဆဲပါပဲ။

ကောင်းတဲ့ အင်တာနက်ဝန်ဆောင်မှုကတော့ Data On အတွက် အခမဲ့ပေးထားခြင်းပါ။ ဒါကြောင့် GPS ကို အခမဲ့နီးပါး သုံးနိုင်ပါတယ်။ မိမိဘယ်နေရာမှာ ရောက်နေသလဲဆိုတာကို ဂူဂယ်မြေပုံ Google Map နဲ့အလွယ်တကူ သိနိုင်တော့ အကျိုးရှိပါတယ်။ မြန်မာနိုင်ငံလို ကျယ်ပြန့်တဲ့နိုင်ငံမှာ ကားမောင်းသွားရင် ဂျီပီအက်စ် အကျိုးရှိစွာ သုံးနိုင်နေပါပြီ။

မနှစ်က Data On လုပ်လိုက်တာနဲ့ အော်တိုဒေါင်းလုပ် ပရိုဂရမ်တွေ ဝင်လာပြီး၊ ဖုန်းထဲကပိုက်ဆံတွေ စားသွားခံရလို့ မြန်မာ့ဆက်သွယ်ရေးမိုဘိုင်းဖုန်း သုံးပြုသူများ မမေ့မလျော့ အင်တာနက်သုံးပြီးရင် Data Off လုပ်ထားရပါတယ်။ မေ့ပြီး Data On တစ်နာရီလောက်လုပ်ထားရင် ဖုန်းထဲထည့်ထားတဲ့ ပိုက်ဆံတွေ ကုန်သွားအောင် စားခံရပါတယ်။ အခုတော့ တယ်လီနော၊ အိုရာဒူး မိုဘိုင်းများက Data On လုပ်ရုံနဲ့ ငွေမကုန်တော့ အမ်ပီတီကလဲ ဒါမျိုး ငွေညစ်ယူတာမျိုး မလုပ်တော့ပါဘူး။

လက်ရှိအခြေအနေမှာ မိုဘိုင်းဈေးကွက် ၁၅%လောက်ကို တယ်လီနောက ရယူထားပြီး၊ အိုရာဒူး က ၇% လောက်ကို ရယူသွားကြပါတယ်။ အမ်ပီတီ ၁၀၀% ဈေးကွက်ကို တယ်လီနော (နော်ဝေးနိုင်ငံ) နဲ့ အိုရာဒူး (ကာတာနိုင်ငံ) တို့က နှစ်နှစ် အတွင်း ရယူသွားပါတယ်။ မြန်မာ့ဆက်သွယ်ရေးက အမြန်ဆုံးပြန်လိုက်နိုင်အောင် ဂျပန် ဆူမီတိုမိုကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်ပြီး၊ မိုဘိုင်းဖုန်းလောကို အမှီလိုက်ပြန်ပါတယ်။ အရင်တုန်းကလို မြန်မာ့ဆက်သွယ်ရေးက ဈေးအကြီးဆုံး ဝန်ဆောင်မှုအညံ့ဆုံး မဟုတ်တော့ပါဘူး။ မြန်မာ့ဆက်သွယ်ရေးနဲ့ ပေါင်းလုပ်နေတဲ့ မြန်မာခရိုနီများအတွက် ရှေ့ဆက်မဲ့ မိုဘိုင်းဖုန်းဈေးကွက်မှာ အရင်လောက်တော့ အချောင်မစားရတော့ပါဘူး။

ဥပမာ... အရင်တုန်းက အမ်ပီတီ တစ်ခုပဲရှိတော့ ငွေဖြည့်ကပ်တွေကို အပေါစားကော်ပြားတွေနဲ့ ခရိုနီတွေက ထုတ်လုပ်တယ်။ ပွတ်ကြည့်လိုက်ရင် နံပါတ်တွေတောင် ပျက်သွားတယ်။ နံပါတ်ပျက်သွားတဲ့ ငွေဖြည့်ကပ်ကို ပြန်လဲလို့လဲ မရဘူး။ နံပါတ် တစ်လုံးပဲ ပျက်သွားရင်တော့ စမ်းနှိပ်ပြီး သုံးနိုင်သေးတယ်။ နံပါတ် ၄လုံးလောက်ပျက်သွားရင် သွားပြီပေါ့။ ဆုံးပြီပေါ့။ အခုတော့ ပြိုင်ဖက်တွေက အင်မတန်ကောင်းမွန်ပြီး နံပါတ်မပျက်တဲ့ ငွေဖြည့်ကပ်တွေ သုံးလာကြတော့ အမ်ပီတီ မြန်မာ့ဆက်သွယ်ရေးလဲ ပြုပြင်ပြောင်းလဲလာရပါတော့မယ်။



ငွေ အသက် သာ ဆုံး က အင် တာ နက် ကဖေး ပါ

ရောက်တဲ့နေရာမှာ မိုဘိုင်းဖုန်းနဲ့ ကိုယ့်ရဲ့ လက်တော့ (laptop) ချိတ်ဆက်ပြီး အင်တာနက်သုံးလို့ရတယ်။ ကိုယ့်မိုဘိုင်းဖုန်းက ဝိုင်ဖိုင် ထုတ်လွှင့်ပေးပြီး ရှယ်သုံးတာမျိုး လုပ်ကြပါတယ်။ ဒါပေမဲ့ မိုဘိုင်းဒေတာက အရမ်းဈေးကြီးလွန်းတော့ လူတိုင်း အင်တာနက်သုံးနိုင်ဖို့ ဝေးနေဆဲပါပဲ။ ဖုန်းပြောစရိတ်ကတော့ ဈေးသက်သာပါတယ်။ အင်တာနက်ဒေတာပဲ ဈေးကြီးပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေမှာ မြန်မာပြည် ငွေ အသက်သာဆုံး အင်တာနက် သုံးနိုင်တဲ့နေရာကတော့ လိုင်းဖုန်း မိုဒမ်သုံးထားတဲ့ အင် တာ နက် ကဖေးတွေပဲ ဖြစ်ပါတယ်။ တစ်နာရီ ကျပ် ၅၀၀ နဲ့ ဒေတာဒေါင်းလုပ် ဗွီဒီယိုကြည့် လုပ်နိုင်ပါတယ်။ မိုဘိုင်းဖုန်း ဆိုရင်တော့ တနာရီဗွီဒီယိုကြည့်ရင် ကျပ်တစ်ထောင် ခဏလေး ကုန်သွားပါတယ်။

ဘာပဲဖြစ်ပစေ..မိုဘိုင်းဖုန်း ကုမ္ပဏီကြီး (၃)ခုကတော့ သိပ်နားမလည်တဲ့ မြန်မာပြည်သားများထံက ငွေကို ရသရွေ့ သဲုယူနေကြအုန်းမှာပါပဲ။ မြန်မာပြည်မှာ မိုဘိုင်းဖုန်း သုံးရင် အင်တာနက်သုံးတော့မယ်ဆိုရင် ကမ္ဘာ့ ဈေးအကြီးဆုံး အင်တာနက်ဒေတာများလို့ပဲ သတိရလိုက်ကြပါ။

အေးငြိမ်း(လေးမျက်နှာ) - မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် ပြည်ပရောက်မြန်မာတတ်သိတို့ ရွက်ဆောင်ကြရန် စည်းဝေးကြခြင်း

$
0
0


အေးငြိမ်း(လေးမျက်နှာ) - မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် ပြည်ပရောက်မြန်မာတတ်သိတို့ ရွက်ဆောင်ရန် စည်းဝေးကြခြင်း
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၅

(၁)

ယခုအခါ မြန်မာနိုင်ငံသားတို့သည် မိမိတို့အလိုရှိသော အစိုးရကို ရွေးချယ်ပေးခဲ့ပြီဖြစ်၏။ မဝေးကွာလှသော ကာလ တွင် ထိုအစိုးရ ဖြစ်ထွန်းပေါ်ပေါက်လာပြီး နိုင်ငံနှင့် ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်တော့မည်ဖြစ်ပေသည်။ အစိုးရ တစ်ရပ်ထူထောင်ခါစတွင် အလွန်အလုပ်ရှုပ်မည်မှာ ယုံမှားသံသယရှိစရာမလို။ ချမှတ်ရမည့် ပေါ်လစီများ၊ ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းအစီအစဉ်များနှင့် အလုပ်များနေပါလိမ့်မည်။

နိုင်ငံတော် ပြန်လည်တည်ဆောက်ရေးတွင် မြန်မာပြည်သူ ပြည်သားအပေါင်းတို့သည် မိမိတို့စွမ်းနိုင်သမျှ ၀ိုင်းဝန်း ကြိုးပမ်းကြရမည် ဖြစ်၏။ ဤသို့ကြိုးပမ်းကြရာတွင် မြန်မာပြည်တွင်းမှ အဖွဲ့များသာမက ပြည်ပရောက် မြန်မာများကလည်း တစ်ဦးချင်းသော် လည်းကောင်း၊ အစုအဖွဲ့လိုက်သော် လည်းကောင်း ဘက်စုံထောင့်စုံမှ ကိုယ်အား၊ ဉာဏ်အားနှင့် ပံ့ပိုးပေး ကြရန်လို၏။

ပြည်ပရောက်မြန်မာများအနေနှင့် နိုင်ငံတကာအသိုင်းအ၀န်း၊ ခေတ်မီနည်းပညာ၊ အတတ်ပညာများနှင့် နေ့စဉ်ထိတွေ့ လုပ်ကိုင်နေကြသည်ဖြစ်ရာ မိမိ မိသားစုအတွက် ၀င်ငွေရှာရင်းမှ တစ်ဖက်တွင်လည်း အလုပ်လုပ်ရင်း ခေတ်မီနည်းပညာများ ကိုလေ့လာသင်ယူပြီး ဖြစ်နေတော့သည်။ ထို့ကြောင့် ပြည်ပရောက်မြန်မာများမှာ မြန်မာနိုင်ငံပြန်လည် ထူထောင်ရေးတွင် ကောင်းစွာအသုံးချနိုင်မည့် အလွန်တန်ဘိုးကြီးမားသည့် လူအရင်းအမြစ်ကြီးပင် ဖြစ်တော့၏။

ပွင့်လင်းလာသော နိုင်ငံရေးအခြေအနေအရ နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံမှုများ မှာ တစ်နေ့တခြား ပိုမိုများပြားလာလျက်ရှိ၏။ အကယ်၍သာ မြန်မာနိုင်ငံသား လုပ်သားများသည် အခြားနိုင်ငံသားများထက် စွမ်းရည်နိမ့်ကျနေလျှင် နိုင်ငံခြားကုမ္ပဏီများ၏ ခွဲခြားဆက်ဆံခြင်း၊ လုပ်ခနှိမ်ခြင်း၊ မြန်မာနိုင်ငံသား အလုပ်သမားများကို အလုပ်မခန့်လိုခြင်း စသည်တို့ ပေါ်ပေါက်လာနိုင်ပေရာ မြန်မာနိုင်ငံသား လုပ်သားများအဖို့ ကြီးစွာသော စိန်ခေါ်မှု တစ်ရပ်ဖြစ်နေပါသည်။

ယခင်ကာလများက မြန်မာနိုင်ငံအတွင်း လာရောက်လုပ်ကိုင်နေသော တရုတ်၊ ဗီယက်နမ်စသည့် ကုမ္ပဏီများတွင် မြန်မာလုပ်သမားများအား ခန့်ထားမှုမှာ မရှိသလောက် ဖြစ်ခဲ့၏။ (ဥပမာ - ရွှေဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း) ထို့ပြင် လက်ရှိတွင် လည်း ကမ်းလွန်ရေနံလုပ်ကွက်များရှိ PTTEPI, DAEWOO, TOTAL, PETRONAS, PETRO VIETNAM စသည့် လုပ်ငန်းကြီး များတွင်လည်း မြန်မာလုပ်သားများအား မခန့်ထားပဲ အခြားနိုင်ငံသားများအားသာ ခန့်ထားခဲ့ကြ၏။  ထို့ကြောင့်ပင် မြန်မာနိုင်ငံ အနေနှင့် ပြင်ပမှဝင်ရောက်လာမည့် စီးပွားရေးကုမ္ပဏီကြီးများသည် မိမိတို့၏ ချို့ယွင်းချက်အားနည်းချက်များကို အခွင့်ကောင်း ယူကာ ၎င်းတို့ ထင်ရာမစိုင်းနိုင်ရေးအတွက် အရေးတကြီး ပြင်ဆင်ရမည့်အချိန်သို့ရောက်နေပြီ ဖြစ်ပါသည်။

ဤသို့ပြင်ဆင်ရာတွင် အရေးကြီးဆုံးမှာ တိကျခိုင်မာသည့် မြန်မာပြည်အကျိုးစီးပွား၊ မြန်မာနိုင်ငံသားများ၏ အကျိုး စီးပွားကို ကာကွယ်ပေးနိုင်မည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း အစရှိသည်တို့ ရေးဆွဲပြဌာန်းနိုင်ရေးဖြစ်၏။ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း အတော်များများကို ရေးဆွဲပြီးဖြစ်သည့်တိုင် အရေးကြီးသော ဥပဒေများ အတော် ကျန်ပါသေးသည်။

ဥပမာ - မြန်မာနိုင်ငံအတွင်း လာရောက်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများသည် မည်သည့် pass ကို ကိုင်ဆောင်ကာ နေထိုင်လုပ်ကိုင်နေကြပါသနည်း။ ၎င်းတို့အား မည်သည့်ဗီဇာများ ထုတ်ပေးထားပါသနည်း။ နိုင်ငံခြားသားအလုပ်သမားများ အလုပ်ခန့်ထားခြင်းနှင့် ပတ်သက်၍ မည်ကဲ့သို့သော ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲ ထားပါသနည်း။ ဥပဒေ၊ နည်းဥပဒေများရေးဆွဲရာတွင် သက်ဆိုင်ရာလုပ်ငန်းအလိုက် တတ်မြောက်၊ ကျွမ်းကျင်နားလည်သည့် ပညာရှင်များပါဝင်ရန် သို့မဟုတ် ၎င်းတို့၏အကြံဉာဏ်များ ရယူရန်လည်း လိုပါသည်။

အကြောင်းကြောင်းကြောင့် နိုင်ငံရပ်ခြားရောက်ရှိ နေထိုင်လုပ်ကိုင်သူများတွင် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများ၌ ကျင့်သုံးနေသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကျွမ်းဝင်သူ၊ နားလည်တတ်ကျွမ်းသူ အများအပြားရှိပါသည်။ မြန်မာနိုင်ငံ၌ ဥပဒေများရေးဆွဲရာတွင် ထို ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ လုပ်ထုံးလုပ်နည်းများကို နမူနာယူ၊ မှီငြမ်းအသုံးချနိုင် ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအနေနှင့် ထိုနိုင်ငံခြားရောက်ပညာရှင်များကိုသာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများရေးဆွဲရာတွင် လိမ္မာပါးနပ်စွာ အသုံးချတတ်မည်ဆိုပါက ပိုမိုကောင်းမွန်သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများရရှိမည်မှာ မုချအမှန်ဖြစ်၏။


(၂)

စင်ကာပူတွင် လုပ်ငန်းအမျိုးမျိုး၌ တစ်သိန်းကျော်ခန့်သော မြန်မာနိုင်ငံသားများသည် အထွေထွေလုပ်သား၊ ကြီးကြပ်ရေးမှူး၊ အင်ဂျင်နီယာ၊ ကျူစီ၊ မန်နေဂျာ စသည်ဖြင့် အဆင့်အမျိုးမျိုးတွင် ပါဝင်လုပ်ကိုင်နေကြ၏။ စင်ကာပူနိုင်ငံ၌ ဆယ်စုနှစ်တစ်ခုကျော်မျှ လုပ်ကိုင်နေသည့် လုပ်သက်ရင့်အင်ဂျင်နီယာ၊ မန်နေဂျာများလည်း မနည်းလှပေ။ ဤအဆင့် ရောက်လာရန် ၎င်းတို့သည် ကျောင်းများစွာ၊ သင်တန်းများစွာတက်လျှက် စင်ကာပူနိုင်ငံသားများနှင့်အပြိုင် အရည်အသွေး ပြည့်ဝလာစေရန် မိမိတို့ဘာသာမိမိတို့ ကိုယ့်စားရိတ်နှင့်ကိုယ် သင်ယူလေ့လာခဲ့ကြ၏။

လုပ်ငန်းလိုအပ်ချက်အရ အရာရှိပိုင်းမျှသာမကဘဲ ကြီးကြပ်ရေးမှူးနှင့် လုပ်သားများသည်လည်း ခေတ်မီ နည်းပညာ များနှင့် မစိမ်းသူ၊ ခေတ်မီစက်ကိရိယာများနှင့် အကျွမ်းဝင်ကြသူများ ဖြစ်ကြ၏။ ၎င်းတို့ကား FDI (Foreign Direct Investment) နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးများဝင်လာပါက အဆင်သင့် လက်တင်သုံးနိုင်သည့် အရည် အသွေးပြည့် လူသားရင်းမြစ်ကြီးပင် ဖြစ်တော့၏။ ၎င်းတို့အား ခေတ်မီစက်ကိရိယာများ ကိုင်တွယ်ဘို့ရာ နိုင်ငံခြားကုမ္ပဏီများ သယ်ဆောင်လာမည့် နည်းစနစ်၊ စံနှုန်းများနှင့် ကျွမ်းဝင်စေဘို့ရာ သီးသန့်လေ့ကျင့်ပေးနေစရာ မလိုတော့ပါ။

            အားသာချက်မှာ ၎င်းတို့နှင့်အတူ မြန်မာနိုင်ငံအတွင်းရှိ လုပ်သားများကို ပူးတွဲခန့်ထားခြင်းဖြင့် အလုပ်လုပ်ရင်း သင်ယူလေ့လာစေနိုင်ခြင်းပင်ဖြစ်လေသည်။ မြန်မာအများစုမှာ တစ်မိုက်ပြလျှင် တစ်ထွာမြင်တတ်ကြသူများဖြစ်ရာ သီးသန့် သင်တန်းများ ပေးစရာမလိုတော့ဘဲ တတ်ကျွမ်းသူများ  လုပ်ကိုင်သည်ကိုကြည့်ကာ အလုပ်လုပ်ရင်း တတ်မြောက်နိုင်မည် ဖြစ်၏။

            စင်ကာပူရောက်မြန်မာများအနေနှင့် မှတ်ပုံတင်၍သော်လည်းကောင်း၊ မှတ်ပုံမတင်ပဲ သော်လည်းကောင်း မိမိတို့ နီးစပ်ပတ်သက်ရာ အဖွဲ့ကလေးများ ဖွဲ့စည်းလှုပ်ရှားနေရာ ထိုအထဲတွင် ဂျီတီအိုင်ကျောင်းသားဟောင်းများအဖွဲ့၊ မြို့ပြ အင်ဂျင်နီယာများအဖွဲ့၊ ဘူမိဗေဒအဖွဲ့၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအဖွဲ့ စသည့် အတတ်ပညာပိုင်းဆိုင်ရာအဖွဲ့များလည်း အများအပြားရှိ၏။

            ထိုအဖွဲ့အားလုံး၏ တူညီသောရည်ရွယ်ချက်မှာ မိမိတို့တတ်စွမ်းနိုင်သမျှ အမိမြန်မာနိုင်ငံတော်ကို ပြန်လည်လုပ်ကျွေး သမှုပြုရေးပင်ဖြစ်၏။ လူမှုရေးအဖွဲ့များက အဖွဲ့ဝင်များထံမှ အလှူငွေများဖြင့် ကျောင်းဆောက်ခြင်း၊ ကျောင်းများ ပြန်လည် ပြုပြင်ပေးခြင်း။ စာအုပ်စာတမ်းများထောက်ပံ့ခြင်း။ ဆေးရုံဆေးခန်းများသို့ လှူဒါန်းခြင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး စသည့် သဘာဝဘေးအန္တရာယ်များကျရောက်သည့်အခါ အ၀တ်အထည်၊ အစားအစာ၊ ငွေကြေးစသည်တို့ လှူဒါန်းခြင်းများ ပြုလုပ်ကြသည်။

            စင်ကာပူရောက် မြန်မာမြို့ပြအင်ဂျင်နီယာများအသင်း (Society of Myanmar Civil Engineers (Singapore) – SMCES) က လုပ်ငန်းခွင်အတွေ့အကြုံနှင့် နည်းပညာဆိုင်ရာ ဆွေးနွေးတင်ပြမှုနှင့် နှီးနှောဖလှယ်ပွဲများကို ၂၀၁၀ ခုနှစ်မှ စတင်ကာ စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တို့တွင် နှစ်စဉ်စီစဉ်ကျင်းပပေးခဲ့ကြ၏။ Myanmar Geologists Society Singapore (MGSS) ကို ၂၀၁၀ ခုနှစ်တွင် မှတ်ပုံတင်ခဲ့ပြီး ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများကို တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်ကျင်းပလျှက် စင်ကာပူရှိအဖွဲ့ဝင်များက မိမိတို့လေ့လာဆည်းပူးခဲ့သော ပညာရပ်များနှင့် လုပ်ငန်းအတွေ့အကြုံ များကို အလှည့်ကျဟောပြောခြင်း။ MGSS အဖွဲ့ဝင်များ မြန်မာပြည်သို့ အလည်ပြန်သည့် အခါများ၌လည်း အခါအားလျော်စွာ ဟောပြောပွဲများ ကျင်းပပေးခြင်း အစရှိသည်တို့ကို မိမိတို့တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်လျှက်ရှိ၏။

            ဤကဲ့သို့ဆောင်ရွက်ချက်များမှာ ကောင်းပင်ကောင်းသော်ငြားလည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကြည့်မည် ဆိုလျှင် ခရီးပေါက်ရောက်မှု အလွန်နည်းပါသည်။ ဤသို့လုပ်ခြင်းဖြင့် လူအများ၏ အသိပညာ၊ ဗဟုသုတကိုသာ တိုးပွား လာစေရန် တတ်နိုင်ပါမည်။ အမှန်တကယ် ကောင်းမွန်မှန်ကန်သော စနစ်တစ်ခု ထူထောင်ရန်အတွက်မူ အစိုးရမှ စနစ် ဘောင်တစ်ခု (Frame Work) ချမှတ်အကောင်အထည် ဖော်ရပါမည်။ အစိုးရမှ ဥပဒေ၊ နည်းဥပဒေများထုတ်ပြန်ကာ လိုက်နာ ရမည့်စနစ်နှင့် စံနှုန်းများကို သေချာစွာချမှတ်ပြဌာန်းပြီး မလိုက်နာသူများကို ထိရောက်စွာ အပြစ်ပေး၊ အရေးယူပါမှ ဖြစ်နိုင်ပါမည်။

            သို့အတွက် အထက်ဖော်ပြပါအဖွဲ့များမှလည်း မိမိတို့တတ်နိုင်သည်များကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သလို တပြိုင်နက်တည်းမှာပင် အစိုးရကလည်း မူဝါဒ၊ စည်းဘောင်များချမှတ် အကောင်အထည်ဖော်ရမည်ဖြစ်၏။ ဤကဲ့သို့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ မူဝါဒ၊ စည်းဘောင်များရေးဆွဲရာတွင် ဥပဒေပိုင်းမှ ပုဂ္ဂိုလ်များ၊ အစိုးရ ပိုင်းမှ ပုဂ္ဂိုလ်များသာမက သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်၌ စာတွေ့ရော၊ လက်တွေ့ပါ အမှန်တကယ် တတ်မြောက်ကျွမ်းကျင်သူ ပညာရှင်များ မဖြစ်မနေပါဝင်ရန်လို၏။ သို့မှသာ လက်တွေ့နှင့်လည်းကိုက်ညီ၊ အမှန်တကယ်လည်း ထိရောက်အသုံးတည့်၊ လူများအတွက်လည်း အကျိုးရှိ၊ နိုင်ငံတည်ဆောက်ရေး အတွက်လည်း အသုံးဝင်သည့် ဥပဒေ စည်းမျဉ်း စည်းကမ်းများ ဖြစ်လာနိုင်ပါလိမ့်မည်။

            ယခု မြန်မာနိုင်ငံတွင် လုပ်ငန်းအသီးသီး၌ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ များစွာရေးဆွဲရန် လိုနေပါ သေးသည်။ ထိုသို့ရေးဆွဲရာတွင် နိုင်ငံခြားရောက် မြန်မာအသိပညာရှင်၊ အတတ်ပညာရှင်များသည်လည်း မိမိတို့၏ အသိပညာ အတတ်ပညာ၊ နိုင်ငံတကာ အတွေ့အကြုံများကိုအသုံးချလျှက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

(၃)

           စင်ကာပူနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်လျှက်ရှိသော မြန်မာတတ်သိပညာရှင်များ၊ လုပ်ငန်းကျွမ်းကျင်သူများသည် မိမိတို့၏ အသိပညာ၊ အတတ်ပညာများဖြင့် မြန်မာပြည်တည်ဆောက်ရေးတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ပါဝင် ဆောင်ရွက်ကြရန် (၁၅ - ၁၁ - ၁၅) နေ့က Blk 663D, Jurong West St. 65, #15-233 တွင် ဆွေးနွေးခဲ့ကြပါသည်။ ဤဆွေးနွေးပွဲသို့ ကြီးကြပ်ရေးမှုးအဆင့်မှသည် မန်နေဂျာ၊ မန်နေဂျင်းဒါရိုက်တာအဆင့်ထိ၊ အလွှာစုံ၊ နယ်ပယ်ပေါင်းစုံမှ မြန်မာ ၆၈ ဦးတက်ရောက်ခဲ့ကြ၏။

    ဆွေးနွေးကြရာတွင် အဖွဲ့ကို မည်ကဲ့သို့ဖွဲ့စည်းသင့်သည်၊ မြန်မာနိုင်ငံဘက်နှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်သင့် သည်၊ အဖွဲ့၏ website ကို မည်ကဲ့သို့ ပြုလုပ်သင့်သည်။ တတ်သိပညာရှင်များအား မည်ကဲ့သို့ စုစည်းသင့်သည်၊ နိမ့်ကျနေသော မြန်မာ့ပညာရေးကို မည်ကဲ့သို့ မြှင့်တင်နိုင်မည် စသဖြင့် ဘက်စုံထောင့်စုံ ဆွေးနွေးခဲ့ကြ၏။

အင်အားကြီးမားလှသော ပြည်ပရောက် လူသားအရင်းအမြစ်ကြီးကို မြန်မာနိုင်ငံတည်ဆောက်ရေး၌သာ ထိထိ ရောက်ရောက် အသုံးချနိုင်မည်ဆိုပါက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးစွာသော အထောက်အကူရမည် ဖြစ်၏။ စက်ပစ္စည်း၊ အဆောက်အဦစသည့် ရုပ်ဝတ္တုတို့မှာ ငွေရှိလျှင် ၀ယ်ယူတင်သွင်းနိုင်မည် မှန်သော်လည်း ကျွမ်းကျင်သည့် လူသားအရင်းအမြစ်ကိုမူ ၀ယ်ယူတင်သွင်းဘို့ရာ မဖြစ်နိုင်ပါ။ နိုင်ငံခြားမှ ကျွမ်းကျင်သူပညာရှင်များကို ငှားရမ်း၍ ရနိုင်သည့် တိုင် အလွန်ကြီးမားလှသော အခကြေးငွေ ပေးရပါလိမ့်မည်။ ထို့ပြင် မြန်မာလုပ်သားများနှင့် ဆက်ဆံရာတွင် ဘာသာစကား အခက်အခဲ၊ မိမိဌာနေသို့ မကြာခဏပြန်လိုခြင်း၊ အလွန်ဈေးကြီးလှသည့် ထိခိုက်မှုအာမခံ၊ အသက်အာမခံများ ထားပေးရခြင်း၊ ယုတ်စွအဆုံး ၎င်းတို့နေရေးစားရေးအတွက် အဆင်ပြေအောင်စီစဉ်ပေးရခြင်း အစရှိသည့် ကန့်သတ်ချက် အများအပြားလည်း ရှိပါလိမ့်မည်။

            မြန်မာနိုင်ငံအတွက် အားသာချက်မှာ ယခင်နိုင်ငံရေးစနစ်ဟောင်းကြောင့် ပြည်ပသို့ မြန်မာအများအပြား ထွက်ခွာ အလုပ်လုပ်နေကြသည်ဖြစ်ရာ ထိုသူများမှာ နိုင်ငံတကာအတွေ့အကြုံရသည်သာမက ထိုနိုင်ငံများမှ အတတ်ပညာ၊ ခေတ်မီ နည်းပညာများကိုလည်း အလုပ်လုပ်ရင်းနှင့် သင်ကြားတတ်မြောက်ပြီးနေသူများ ဖြစ်ကြ၏။

            ထိုမျှတန်ဘိုးကြီးမားလှသော အင်အားစုကြီးကို မြန်မာနိုင်ငံတည်ဆောက်ရေးတွင် စနစ်တကျအသုံးချတတ်ရန် လိုပါသည်။ အခြေအနေ အကြောင်းကြောင်းကြောင့် ပြည်တော်မပြန်နိုင်ဖြစ်နေသော မြန်မာများမှာ ကမ္ဘာအနှံ့ ဒုနှင့်ဒေး ရှိပါသည်။ ထိုသူများ၏ အသိပညာစွမ်းရည်နှင့် အတတ်ပညာစွမ်းအားတို့ကို လိမ္မာပါးနပ်စွာ ရယူအသုံးချနိုင်ရန် မြန်မာနိုင်ငံ တော် အစိုးရအနေနှင့် အထူးအလေးထား စဉ်းစားရမည့်အချက် ဖြစ်၏။

            ယခု ဤ “မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် ပြည်ပရောက်မြန်မာတတ်သိပညာရှင်၊ ကျွမ်းကျင်သူများအနေနှင့် ပါဝင်ဆောင်ရွက်ကြရန် စည်းဝေးကြခြင်း” သည် ပြည်ပရောက်မြန်မာအင်အားစုကြီးကို မြန်မာနိုင်ငံတည်ဆောက်ရေးတွင် အသုံးချနိုင်ရေးအတွက် လမ်းစပင်ဖြစ်၏။ ဤဆွေးနွေးပွဲမှရလာမည့် ရလဒ်များကို လက်တွေ့ဆက်လက် အကောင်အထည် ဖော်ရန်၊ ဆက်လက်လှုပ်ရှား ဆောင်ရွက်နေရန်လိုပါသည်။ ထို့ပြင်စင်ကာပူတစ်နိုင်ငံထဲသာမက မလေးရှား၊ သြစတေးလျား၊ အမေရိကန်၊ ကနေဒါစသည့် အခြားနိုင်ငံများမှ မြန်မာတတ်သိပညာရှင်များအားလည်း စည်းရုံးဆောင်ရွက်ရန် အရေးကြီး၏။

အဖွဲ့တွင် စင်ကာပူနိုင်ငံ၌ ရောက်ရှိလုပ်ကိုင်နေသော မြန်မာတတ်သိပညာရှင်အားလုံး ပါဝင်လာရန် ဖိတ်ခေါ်သွားမည် ဖြစ်ပါသည်။ ဘူမိဗေဒအဖွဲ့ကဲ့သို့သော ရှိနှင့်ပြီးအဖွဲ့များအနေနှင့်လည်း မိမိတို့အဖွဲ့လိုက် ပူးပေါင်းပါဝင်ကြရန် ဖြစ်၏။ အဖွဲ့ ဖွဲ့ပြီးသားမရှိသေးသူများအနေနှင့်လည်း မိမိတို့ကျွမ်းကျင်ရာ လုပ်ငန်းအလိုက်၊ ဘာသာရပ်အလိုက် အဖွဲ့များဖွဲ့ရန် အကြံ ပေးခြင်း၊ သို့မဟုတ်ပါကလည်း ပုဂ္ဂလဓိဌာန် တစ်ဦးချင်းအလိုက်ပါဝင်လာစေရန် စည်းရုံးခြင်းများ ပြုလုပ်ပါမည်။

            အဖွဲ့၌ အလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်းထားပြီး ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ လက်ထောက်ဘဏ္ဍာရေးမှူး၊ နှင့် အဖွဲ့ဝင်များ စသည်ဖြင့်ခန့်အပ် ဆောင်ရွက်ပါမည်။  မူရင်းအဖွဲ့များအနေနှင့် သီးခြားတည်ရှိနေမည်သာဖြစ်၏။

            မြန်မာနိုင်ငံပြင်ပတွင် ရှိနေသည့် မြန်မာ အသိပညာရှင်၊ အတတ်ပညာရှင် အင်အားမှာ မသေးလှပါ။ စင်ကာပူ နိုင်ငံမှ  မြန်မာတတ်/သိပညာရှင်များကဲ့သို့ပင် အခြားတိုင်းပြည်များရှိ မြန်မာများကလည်း လုပ်ကြမည်ဆိုပါက အမိ မြန်မာနိုင်ငံတော်ကြီးအတွက် တအားပင်ဖြစ်ပါသည်။ ဤကဲ့သို့ လူမှုအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့ဆန္ဒရှိသော မြန်မာပြည်အကျိုးကို သယ်ပိုးပြီးဖြစ်သည့်ပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း များစွာအထောက်အကူပြုမည် ဖြစ်၏။

           ဤကဲ့သို့အဖွဲ့များ အခြားနိုင်ငံများတွင်လည်း မနှေးအမြန်ပေါ်ပေါက်လာပါစေကြောင်း ဆန္ဒပြုလိုက်ရပါသတည်း။

အေးငြိမ်း (လေးမျက်နှာ)

၂၂ - ၁၁ - ၂၀၁၅

ဖိုးထက် - ဘယ်လို ကျော်.. စွာ ချင်သတုံး

$
0
0

ဖိုးထက် -  ဘယ်လို ကျော်.. စွာ ချင်သတုံး
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၅

ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းမသိ။ ကိုယ့် ဗဟုသုတ နည်းနည်းလေးနဲ့  ဒေါက်တာ သန်းထွန်းတို့၊ ဦးဖေမောင်တင်တို့ လို ပညာရှင်၊ သုတေသီ စာရေးဆရာကြီးတွေရဲ့ စာမျိုးကို ကျွန်တော် ငယ်စဉ်က သိပ်ဖတ်ချင်တယ်။ ဖတ်လဲဖတ်တယ်။ သူတို့ စာအုပ်တွေ့ရင် ယူဖတ်တယ်။ ၀ယ်ဖတ်တယ်။ ဒီစာရေး ဆရာကြီးတွေရေးတာ ကောင်းမှန်း သိတယ်။ ဘာကောင်းလဲ မေးရင် ဘာကောင်းမှန်းလဲ မသိဘူး။ ဘယ်သိမလဲ။ သူတို့စာတွေကို အရသာခံနိုင်လောက်အောင် ကျွန်တော့်မှာ ပညာဥာဏ်အခံမှ ကောင်းကောင်းမရှိ တတ်သေးတာဘဲ။

    အခု စာဖတ်သက်လေး အနည်းငယ် ရလာတော့ ကျွန်တော့် ဥာဏ်ပညာဟာ မဆိုစလောက်လေး တက်လာတယ်လို့ မ၀ံမရဲ ဆိုပါရစေ။ ဥာဏ်တုံးကြီးပါလို့ လူရင်းတွေက ပြောလာရင်တောင် စာဖတ်တာ များလာတော့ တစ်ခုနဲ့ တစ်ခု ဆက်စပ် ပါတ်သက်မှုတွေကို မြင်တတ်လာတယ်။ ခုနှစ်သက္ကရာဇ်တွေ မြင်ရင် မြန်မာနိုင်ငံက ဘုရင်မင်းဆက်တွေနဲ့ ချိန်ထိုးပြီး ငါတို့ဆီမှာ အဲဒီတုံးက ပုဂံခေတ်ပေါ့၊ အင်းဝခေတ်ပေါ့၊ ကုန်းဘောင်ခေတ်ပေါ့ စတဲ့ အသုံးဝင်တဲ့ တွေးနည်းမျိုး (စိတ်အထင်) တွေးတတ်လာတယ်။ ပြောရရင် စာဖတ်ရတာ အရသာ ပိုရှိလာတယ်လို့ဘဲ ဆိုချင်တယ်။

    ဆရာကြီး ဒေါက်တာ သန်းထွန်းရဲ့ “ကျော်စွာ ၁၀၀” ကို အရင်က ၂၅ ယောက်စီ ခွဲ ခွဲပြီး ထုတ်စဉ်ကတည်းက လူစည်ပြီဆို ထုတ် ထုတ် ဖတ်တယ်။ ငါပေါ့။ စာဖတ်တယ်ပေါ့။ ဘာမှတ်သလဲပေါ့။ စိတ်ထဲ ဘာကျန်သလဲ။ ဘာမှ မကျန်ခဲ့ဘူး။ ဘာမှ မကျန်ခဲ့လို့လဲ အခု အားလုံး ပေါင်းပြီး ပြန်ထုတ်တာကို ပြန်တွေ့တော့ ပြန်ဝယ်ပြီး ဖတ်မိပြန်တော့ စိတ်ထဲမှာ ဖတ်ဘူးသလို၊ မဖတ်ဘူးသလိုလိုနဲ့ တကယ်က ဘာမှ ကောင်းကောင်း မသိဘူး။

    ကျော်စွာ ၁၀၀ ကို မူရင်း ရေးသူက Micheal H.Hart ဆိုတဲ့ အမေရိကန် စာရေးဆရာ။ သမိုင်းပညာရှင်လဲ မဟုတ်ဘူး။ ဒါပေမယ့် သူ့စာအုပ်ကို သမိုင်း ပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်းက စိတ်ဝင်တစားနဲ့ ဖတ်ပြီး ဘာသာ ပြန်ပေးခဲ့တယ်။ ဆရာကြီးရဲ့ ကျေးဇူးတရားဟာ အလွန်ကြီးပါတယ်။ ကျွန်တော်တို့ ဘာသာ ဆိုရင် မူရင်းစာအုပ် ဖတ်ဖို့ မဆိုထားနဲ့ ရှိလို့ ရှိမယ်မှန်းတောင် သိမယ် မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ဘ၀မှာ အလုပ်ကို ဘယ်လို ကြိုးကြိုးကုပ်ကုပ် အလုပ် လုပ်ရတယ်။ ဘယ်လိုမျိုး စိတ်ထားမျိုး ထားရတယ်။ ဘ၀မှာ ကရိကထ အနည်းဆုံး နေပြီး ကိုယ့် အသက်မွေးဝမ်းကျောင်းကို ထက်သထက် ထက်အောင် ဘယ်လို သနေရမလဲ ဆိုတဲ့ နည်းပေးလမ်းပြကို ဆရာကြီး ဒေါက်တာ သန်းထွန်းက ညွှန်ပြခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဆရာကြီးရဲ့ စာတွေ၊ စာတမ်းတွေ၊ ဘာသာပြန်တွေ စတဲ့ သူ့လက်ရာတွေကို ပြန်တွေးကြည့်ရင် အချိန်တွေကို ဘယ်လိုမျိုး အသုံးချပြီး ဒီလို တန်ဖိုး ရှိတဲ့ စာတွေကို အများကြီး ရေးနိုင်ခဲ့သလဲလို့ အံသြဘနန်း ဖြစ်ရတယ်။

    ကျော်စွာ ၁၀၀ ကို မူရင်း ရေးသူက “The 100: A Ranking Of The Most Influential Persons In Histroy” လို့ ခေါင်းစဉ်ပေးခဲ့တယ်။ ဘာသာပြန်သူ ဆရာကြီး ဒေါက်တာ သန်းထွန်းက စာရေးတဲ့ နေရာမှာ ၀ါကျတွေကို မလိုအပ်ဘဲ ဖောင်းပွမနေအောင် ရေးတယ်၊ ဘာသာပြန်တယ်။ လို၊ တို၊ ရှင်းဘဲ။ အခုလဲ စာအုပ်ခေါင်းစဉ်ပေးတော့ “ကျော်စွာ ၁၀၀” လို တိုတိုရှင်းရှင်းဘဲ ခေါင်းစီးပေးတယ်။ ကျော်ကြားထင်ရှားတဲ့ လူတွေလို့ ဆိုပေမယ့် သမိုင်းမှာ လူတွေအပေါ်မှာ ဘယ်လောက် လွှမ်းမိုး၊ စိုးမိုးမှု ရှိခဲ့သလဲ၊ ဘယ်လောက် တည်မြဲ တည်တံ့ခဲ့သလဲ ဆိုတဲ့ ပေတံနဲ့ဘဲ တိုင်းပြီး နံပါတ် စဉ်ပါတယ်တဲ့။ ဒီတော့ ကိုယ့် အကြိုက်၊ သူ့အကြိုက်ကွဲ ကောင်း ကွဲနိုင်တာဘဲ။

    ဥပမာ ပြရရင် စာအုပ်ကို စကတည်းက “မိုဟာမက်” အရှင်နဲ့ စတယ်။ အမျိုးဂုဏ်ကို မျက်မှန်စိမ်းတပ်၊ ပုဆိုးဖင်မြှောင်အောင် ကျိုက်ပြီး မောက်ချင်တဲ့ သူတွေအတွက် ဘာလို့ မိုဟာမက်က ရှေ့ကလဲ။ ဘာလို့ ဂေါတမ ဗုဒ္ဓက နောက်ရောက်ရသလဲလို့ တွေးမိမှာဘဲ။ စောဒက တက်ချင်စရာဘဲ။ ဒါပေမယ့် မိုဟာမက် အရှင်ရဲ့ လူတွေအပေါ်၊ သူ့နောက်လိုက်တွေအပေါ် လွှမ်းမိုးနိုင်စွမ်းက အခြားသော သူတွေထက် သာတာတော့ အမှန်ဘဲ။ လက်ရှိ ISIS တွေကို ကြည့်ပါ။ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းက ကြောက်ခမ်းလိလိပါဘဲ။ ဒီလို ပြောလို့ မိုဟာမက် အရှင်သခင်က လူတွေကို သတ်၊ ငါတို့ မွတ်ဆလင်ကမ္ဘာကြီးကို တည်ထောင်ကြလို့ ပြောခဲ့တယ်လို့ မဆိုလိုပါဘူး။ သူ့နောက်လိုက်တွေ အစွန်းရောက်သွားတဲ့ ကိစ္စက သူနဲ့ ဘာမှ မဆိုင်တဲ့ ကိစ္စပါ။ သူပြောတဲ့ စကားကို ထင်ချင်သလိုထင်၊ ယူချင်သလိုယူ၊ ကောက်ချင်သလို ကောက်ပြီး လုပ်ချင်တာ လျှောက်လုပ်နေတဲ့ မွတ်ဆလင်တွေဟာ မိုဟာမက် အရှင်ရဲ့ နောက်လိုက်တွေ မဟုတ်ဘူးဆိုတာ မွတ်ဆလင်ကောင်းတွေ ကောင်းကောင်းကြီး သိတယ်။

    ဗုဒ္ဓဘာသာဝင်တွေမှာ အကျိုးနဲ့ အကြောင်းဟာ အမြဲ ဆက်စပ် ပါတ်သက်မှုရှိတယ်ဆိုတဲ့ စိတ်အခံ အနည်းနဲ့ အများရှိတယ်။ အကျိုးရှိလို့ အကြောင်းဖြစ်တယ်။ အကြောင်းရှိလို့ အကျိုးဖြစ်တယ်။ ဘယ်အရာမှ သူ့ဘာသာ အလကားမတ်တင်း ထ ဖြစ်တာ မဟုတ်ဘူးလို့ လက်ခံကြတယ်။ ဒါပေမယ့် အချို့အရာတွေက လူတစ်ယောက်ရဲ့ လက်ငင်းဘ၀ ဥာဏ်နဲ့ သိအောင်၊ မြင်အောင် ကြည့်လို့မရဘူး။ သိဖို့လဲ မဖြစ်နိုင်ဘူး။ သေချာတာက ဘယ်အရာမဆို ဆက်စပ် ပါတ်သက်မှုတွေ ရှိကို ရှိတယ်ဆိုတာ ဒီ ကျော်စွာ ၁၀၀ ကို ဖတ်ရင်း ကျွန်တော် ပိုပိုပြီး လက်ခံလာတယ်။

    တယ်လီဖုန်းကို တီထွင်သူ ဂရေဟမ်ဘဲလ်၊ ပုံနှိပ်စက်ကို တီထွင်သူ ဂျိုဟန်ဂုတင်ဗတ်၊ လေယာဉ်တီထွင်သူက ရိုက်ညီနောင်၊ ရေနွေးငွေ့စက် တီထွင်သူဟာ ဂျိမ်းစ်ဝပ် အစရှိသဖြင့် ဒီလိုဘဲ ကျွန်တော်တို့ ကျောင်းသင်ခန်းစာတွေထဲမှာ သင်ခဲ့ရတယ်။ သိခဲ့ရတယ်။ ဒါဟာမှားပါတယ်။ ဒီလူတွေ တော်တာ ငြင်းလို့မရပေမယ့် ဒီလိုမျိုး လူ့သမိုင်းကို ပြောင်းစေမယ့် တီထွင်မှုမျိုးတွေကို သူတို့ တီထွင်နိုင်ဖို့ သူတို့ အရှေ့က မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြတယ်။ အပ်ချလောင်းဆိုပြီး သူက စတွေ့၊ သူကဘဲ အစကနေ အဆုံးအထိ တီထွင်ခဲ့တာ မဟုတ်ဘူးဆိုတာ စာအုပ်ကို ဖတ်ရင်း ကျွန်တော် သိလာတယ်။ ကိုယ်အားသန်ရာ အားသန်ရာ နယ်ပါယ်တွေမှာ ဇောက်ချ အသက်မွေးကြရင်း လူသားမျိုးဆက်ကို အဆင့်ဆင့် မြှင့်တင်ပေးခဲ့ကြတာပါဘဲ။

    ကျွန်တော့်ရဲ့ ဒီ စိတ်အဆာပြေ အက်ဆေးထဲမှာ ကျော်စွာ ၁၀၀ စာအုပ်ရဲ့ ကောင်းကျိုး အဖြာဖြာကို ပြည့်စုံအောင် ဖော်ပြဖို့ မဖြစ်နိုင်ပါဘူး။ လူ့သမိုင်းကြောင်းတစ်လျှောက်က လူကျော် လူမော် လူစွာကြီးတွေရဲ့ အကောင်း၊ အဆိုး၊ လွှမ်းမိုးမှုတွေကို ရှင်းရှင်းလင်းလင်း သိဖို့၊ နားလည်ဖို့ ကျော်စွာ ၁၀၀ ကို ဖတ်ပြီးသားဆိုရင်တောင် ပြန်ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလူ့အကြောင်းကို ငါသိတယ်။ ဒီလူ့အကြောင်းကို ငါပြောနိုင်တယ်ဆိုတဲ့ စိတ်ထားမျိုးထက် ဒီလူတွေရဲ့ အကြောင်းနဲ့ နောက်ခံ သမိုင်းကို သိဖို့ ကြိုးစားရင်း မီးခိုးကြွက်လျှောက်တွေးတဲ့ အတွေးနဲ့ ဖတ်ပါလို့ တိုက်တွန်းချင်ပါတယ်။

    လက်ရှိ ဖြစ်နေတဲ့ ကျွန်တော့် စိတ်အခံနဲ့၊ ကျွန်တော် စိတ်ဝင်စားနေတဲ့ လက်ငင်းမြန်မာ့နိုင်ငံရေးအခံနဲ့ ကျော်စွာ ၁၀၀ ထဲက အမေရိကန်နိုင်ငံရဲ့ ပထမဦးဆုံး သမ္မတ ဂျော့ဝါရှင်တန်ရဲ့ အကြောင်းကို သေသေချာချာ ဖတ်မိတယ်။ ဂျော့ဝါရှင်တန်ဟာ အမေရိကန် နိုင်ငံစဦး တည်ထောင်စဉ်မှာ အခရာ အကျဆုံး သူ။ အောင်မြင်တဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်။ အမေရိကန် နိုင်ငံရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲကြတဲ့ နေရာမှာ သူ့လက်ရာ ခြေရာတွေ အများကြီးပါတယ်။ ပြောရရင် လက်ရှိ ကမ္ဘာမှာ အမေရိကန်နိုင်ငံ ထိပ်တန်းရောက်နေနိုင်အောင် အုပ်ချုပ်ရေးစနစ်ကို အုတ်မြစ်ချပေးခဲ့သူတွေထဲမှာ သူဟာ အရေးပါတယ်။ စာအုပ်ထဲက ၀ါကျ တစ်ချို့ကို ကျွန်တော် ထုတ်နှုတ်ပြပါရစေ။

    “ဂျော့ဝါရှင်တန်လို အရည်အချင်းကြီးပြီး စာရိတ္တကောင်းသူမျိုးကို ပထမ သမ္မတ တင်မြှောက်နိုင်ခြင်းကို ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ တောင်အမေရိကနဲ့ အာဖရိက ပြည်နယ်တွေရဲ့ သမိုင်းကို ပြန်ကြည့်ရင် ပွဲဦးထွက်မှာ အများပြည်သူ အစိုးရနဲ့ စပြီး မကြာခင်မှာ လက်နက်ကိုင်တွေ စီမံ အုပ်စီးတဲ့ အခြေအနေကို ကူးပြောင်းသွားတာ တွေ့ရတယ်။ အဲဒီ အခြေအနေမျိုးမှာ ၀ါရှင်တန်က အင်မတန် အစွဲအယူသန်တဲ့ ခေါင်းဆောင်ဖြစ်ပြီး မူလချမှတ်တဲ့ ပုံစံကို မတိမ်း မယိမ်းအောင် ထိမ်းတယ်။ ကိုယ်တိုင်ကလဲ တန်ခိုးအာဏာကို အကြာအရှည် ယူထားလိုစိတ်မရှိ။ သူက မင်း၊ အာဏာရှင် ဆိုသူမျိုး မဖြစ်လို။ အာဏာကို အေးအေးသက်သာ လက်လွှတ်တဲ့ အစဉ်အလာလည်း သူက စပြီး ဖြစ်စေချင်တယ်။ သူဖြစ်စေချင်သလို ပြည်ထောင်စုမှာ ကနေ့ အထိ ဖြစ်ပါတယ်။” တဲ့။

    လူ့ဘ၀မှာ၊ နိုင်ငံတစ်နိုင်ငံရဲ့ ဘ၀ဟာ နတ်သမီး ပုံပြင်တွေထဲကလိုမျိုး မှော်ကြိမ်လုံးနဲ့ တို့လိုက်လို့ ချက်ချင်း လက်ငင်း ကပွဲ တက်ဝတ်စုံနဲ့ ကြော့ကြော့မော့မော့လေး ဖြစ်တာ မဟုတ်ပါဘူး။ ကောင်းတဲ့ အစဉ်အလာတွေ၊ ကောင်းမွေတွေကို လက်ဆင့်ကမ်းရင်း လှေခါးတက်သလို တက်ကြရင်း မြင့်သထက် မြင့်လာကြရတာ။ မျိုးဆက် အဆက်ဆက် ဆိုးမွေတွေကို လက်ဆင့်ကမ်းခဲ့ကြရင် နိုင်ငံရဲ့ အခြေအနေဟာ မြောင်းထဲတင်မကဘဲ ငရဲပြည်အနားထိနီးအောင် ဆင်းမယ်ဆိုတာ မြန်မာနိုင်ငံသားတိုင်း သိကြတဲ့ ကိစ္စ။

    မြန်မာ့နိုင်ငံရေး သမိုင်းမှာ အသာတကြည် အာဏာလွှဲပေးတာမျိုး မဖြစ်ခဲ့ဖူး ဘူး။ ကျွန်တော်တို့ဟာ အစဆုံး အသာတကြည် အာဏာလွှဲပေးမယ့်သူတွေပါ။ ကျွန်တော်တို့သည်သာ လူကောင်းများ ဖြစ်ကြပါသည် ဆိုတဲ့ အချိုးမျိုးနဲ့ ကိုဂုဏ်ယူ၊ ဦးဂုဏ်ယူ လုပ်ချင်လဲ လုပ်နိုင်ကြပါတယ်။ ဒါပေမယ့် ကောင်းတဲ့ အစဉ်အလာတွေကို လက်ဆင့်ကမ်းခဲ့မှ ကောင်းတာတွေ ဖြစ်တာလို့ ကျော်စွာ ၁၀၀ ကို ဖတ်ရင်း တိုက်တွန်းပါရစေ။ ကျော်စွာ ၁၀၀ ထဲမှာ ဟစ်တလာလဲ ပါတယ်။ သူ့ရဲ့ လူတွေအပေါ် လွှမ်းမိုးခဲ့မှုနဲ့ ဂျော့ဝါရှင်တန်လိုမျိုး လူတွေအပေါ်လွှမ်းမိုးခဲ့မှုမျိုး ဘယ်သင်းကို ရချင်သလဲ ဆိုတာကိုတော့ ကိုယ်တိုင် ရွေးချယ်ကြရမယ့် ကိစ္စတွေပါ။

ဖိုးထက်

ခိုင်မာကျော်ဇော - တောင်ပေါ်သူသို့ ….. သစ္စာစကား

$
0
0
 
ခိုင်မာကျော်ဇော -  တောင်ပေါ်သူသို့ ….. သစ္စာစကား
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဒီဇင်ဘာ ၉၊ ၂၀၁၅

တောင်ပေါ်သူရယ်
မြတ်မြတ်နိုးနိုး ကိုယ်ပိုးခဲ့တာ
ဆယ်နှစ် ဆယ်မိုး
ဒေါနတောင်ကြီး ကျိုးတော့မယ်။

တောင်ပေါ်နှစ်ကူး
ကောက်ဦးပွဲမှာ မင်းနဲ့ ဆုံ
မင်းအပြုံးလေးထဲမှာ ချော်လဲ
အချစ်အိုးကြီး ကွဲခဲ့ရပေါ့
ဒီလိုနဲ့  ….
မိုးမခတွေနဲ့  အပြိုင်ငို
‘ကစယ်ခို’ရွာ ချောင်းပေါက်
‘သူးမွဲ’ရေတွေ နောက်ကုန်ပြီ။

ကရင်စစ်တဲ့မောင်ပါကွယ်
ပေါင်မှာထိုးကွင်း
လက်ရင်းက အဆောင်
ဆေးတံခဲလို့ သွားလေးပဲ မဲတာပါ
အသည်းက မင်းသင်တိုင်လို ဖွေးဖွေးဖြူ
ဂုတ်ပွေးလေးက တို့ ရိုးရာ
ဒါတော့ မင်းလည်း သိမှာပါလေ။

ဇွဲကပင်ကို စောင်ခြုံပြီး
ဒုံးယိမ်းခုန်ကာကြီးခဲ့တဲ့
သစ္စာလုံတဲ့ ဖားစည်ပါကွယ်
အမျိုးကို တုန်အောင်ချစ်လို့ 
သူပုန်လည်း ဖြစ်ခဲ့တယ်
ယုံကြည်စွာ ရင်ခုန်တော့
တောင်ပေါ်သူ ဂုဏ်ယူတော့ကွယ်။

တောင်ပေါ် ဓလေ့
ခေါင်ရေလည်း ကိုယ့်ဖောက်ပါ့မယ်
မှိုနဲ့ မြစ်ကို နှုတ်နှုတ်စင်း
တာလပေါ့ဟင်းလည်း ကိုယ်ထိုးမယ်
ပုလိုင်းလွယ်ကာ ဖားလတက်ကောက်လို့ 
ငရုပ်စိမ်းတောင့်နဲ့ ကိုယ်ထောင်းမယ်
ကိုယ်တို့ အိမ်ရိပ် လရောင်ချိတ်ရင်
မင်းပျော်အောင် ‘ကွယ်’ မှုတ်
‘ထား’ တပုဒ်ကို သီမယ်
မြေးမြစ်တွေချီတဲ့ အထိပေါ့။

ကောက်ဦးပေါ်လို့ နှစ်သစ်လည်းကူးပြန်တော့မယ်
ငြင်းမနေပါနဲ့ တော့
အင်းလိုက်ပါတော့… တောင်ပေါ်သူရယ်
တောင်ယာတခင်းကို
နေ့ ချင်းပြီးအောင် ခုတ်
ဝါးအိမ်တဆောင် ၀က်တအုပ်နဲ့ 
ဝါးဘိုးဝါး ခေါင်းအုံး
ရိုးမြေဆုံးထိ ပေါင်းမဲ့သူပါ
သံလွင်ကို တိုင်တည်ထားလို့ 
သစ္စာစကားဆိုမယ်
‘ယအယ်ဒိုနာ’
ကော်သူးလေ သစ္စာပါ။

(သူငယ်ချင်း စောမင်းမင်းသို့  ….. )

ပန်းချီ ငြိမ်းချမ်းကို

ဂျူနီယာဝင်း - နာဇီမုန်းတီးရေး ဝါဒဖြန့်ကားတစ်ခု

$
0
0

ဂျူနီယာဝင်း - နာဇီမုန်းတီးရေး ဝါဒဖြန့်ကားတစ်ခု
(အတွေးအမြင် အမှတ် ၂၇၈။ ဇူလိုင်လ ၂၀၁၅)
မိုးမခ၊ ဒီဇင်ဘာ ၉၊ ၂၀၁၅

   
    ၁၉၄၀ ခုနှစ်က စာရေးဆရာ Graham Greene ရေးသားခဲ့သော မဂ္ဂဇင်းဝတ္ထုတို “The Lieutenant Died Last” ကို အခြေခံကာ ဝတ္ထုဇာတ်လမ်းနှင့် လွဲချော်ရိုက်ကူးထားသည်ဟု သတ်မှတ်ခံရသော “Went The Day Well?” အမည်ရှိဇာတ်ကား ၁၉၄၂ မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ရုပ်ရှင်ကားအစမှာ အင်္ဂလိပ်ပိုင်ရွာကလေး တစ်ရွာရဲ့ သုဿန်တစပြင်မှာ ခရစ်ယာန်ဘုန်းကြီးကျောင်းအစောင့် Mervyn Johns က ကင်မရာဘက်လှည့်ပြီး စကားပြောလိုက်ပါတယ်။ သူရှင်းပြတာကတော့ ဟောသည်ခရစ်ယာန်သင်္ချိုင်းမှာ ဘာကြောင့် ဂျာမန်စစ်သား အလောင်းတွေ မြှုပ်ထားတဲ့ အမှတ်တရကျောက်တုံးတွေ ရှိနေရပါသလဲတဲ့။ သူက “ရှိတာပေါ့ဗျာ…သူတို့က အင်္ဂလန်ကို လိုချင်တာကိုး။ ဒါတွေက သူတို့ရလိုက်တဲ့အရာပေါ့” လို့ သရော်တော်တော် ပြန်ပြောလိုက်ပါတယ်။ အဲဒီကနေ နောက်ကြောင်းပြန်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက အဖြစ်အပျက်တွေဆီ ရောက်သွားတယ်။ အင်္ဂလိပ်လူမျိုးတွေရဲ့ နယ်နိမိတ်ထဲက ရွာကလေးတစ်ရွာဆီကို နာဇီစစ်တပ်တစ်တပ်ရောက်လာပြီး စခန်းချရာက ရွာသားတွေဟာ တန်ဆာခံဖြစ်ပြီး အနှိပ်စက်ခံကြရပုံတွေ တောက်လျှောက်ပြသွားတာပါ။

    ဒီကားကို Horror (ထိတ်လန့်တုန်လှုပ်ချောက်ချားဖွယ်) ကားတစ်ကားအဖြစ် သတ်မှတ်ထားပါတယ်။ သည်တော့ တုန်လှုပ်ဖွယ်မြင်ကွင်းများကို မကြိုက်မနှစ်သက်သူများ မကြည့်သင့်ပါ။ စာရေးသူလည်း ကြောက်စရာ Horror ဆိုပြီး လူတွေသတ်ပြနေသောကားများ မကြည့်ပါ။ ကြိုက်လည်းမကြိုက်ပါ။ ဒီကားရဲ့ခေငါးစဉ်က ကဗျာဆန်တာကြောင့်သာ စိတ်ဝင်စားပြီး ဖတ်ကြည့်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီခေါင်းစဉ်လေးအကြောင်း နောက်တော့ဆက်ပြောတာပေါ့။

    ရွာသားတွေဟာ ရုတ်တရက် အပိုင်စီးခံလိုက်ရတဲ့အဖြစ်ကို ရင်ဆိုင်ရင်း တော်လှန်ဖို့ကြိုးစားကြပါတယ်။ ရုပ်ရှင်တစ်လုံးဟာ ရက်စက်သောပြကွက်များ လွှမ်းမိုးလျက်ရှိတယ်လို့ဆိုပါတယ်။ ဥပမာ- ပုဆိန်နဲ့ ခုတ်သတ်တဲ့အခန်း၊ အမျိုးသမီးတစ်ဦးက ကလေးတွေအသက်ကယ်ဖို့ လက်ပစ်ဗုံးကို သူ့လက်နဲ့ပဲ ဖောက်ခွဲအသက်စွန့်တဲ့ အခန်းများဖြစ်ပါတယ်။ သည်တော့ အင်မတန်မှ စည်းနဲ့ကမ်းနဲ့ ရိုက်ပြတယ်လို့ နာမည်ရှိတဲ့ အင်္ဂလိပ်ကားတစ်ကားမှာ သည်လိုသတ်ပြ၊ ဖြတ်ပြ၊ ခုတ်ပြ၊ ထစ်ပြတဲ့အခန်းတွေပါတာဟာ လွန်ရာကျတယ်လို့ ဝေဖန်ခံရပါတယ်။ နာဇီတွေဟာ သည်အဖြစ်အပျက်တွေမှာထက် ပိုပြီးရက်စက်သူတွေ ဖြစ်ပါတယ်လို့ ဆိုတယ်။ တကယ့်ဘဝစစ်အတွင်းကာလမှာ လူတွေဟာ ဘယ်နှယောက်မှန်းမသိ သေကြ၊ ကြေကြ အသတ်ခံရတာပါ။ အဲသည်ထဲမှာ သူရဲကောင်းဆန်စွာ သေကြတာ၊ သမားရိုးကျသေကြတာ၊ အကြောင်းမရှိအကြောင်းရှာသေကြတာ တစ်ပုံကြီးပါတဲ့။ သည်တော့ အခုသည်ကားက ဒါတွေအားလုံးကို ခြုံပြီး ဒီလောက်တော့ရိုက်ပြသင့်တယ်လို့ သုံးသပ်သူတွေရှိပါတယ်။

    Bramely End ဒေသကို နာဇီတွေ ဝင်ရောက်ကျူးကျော် နေထိုင်ရာက ဖြစ်ပျက်ခဲ့တဲ့ ကြောက်လန့်စရာအခန်းများဟာ စစချင်း အေးအေးဆေးဆေး ဝင်လာတဲ့အခန်းနဲ့ များစွာ ဆန့်ကျင်သွားပါတယ်။ ဒီလို ရက်စက်တဲ့အခန်းတွေဟာ  နာဇီစစ်သားတွေအပေါ် ရန်ငြိုးများ ဖြစ်လာစေပါတယ်။ ရွာသားတွေဟာ သူတို့ရွာတော့ နာဇီတွေလက်ထဲ ရောက်သွားပြီဆိုတဲ့အကြောင်း အင်္ဂလိပ်စစ်တပ်ကို အကြောင်းကြားဖို့ ကြိုးစားရင်း အသက်ပေးသွားရတဲ့အဖြစ်များဟာ ဒုတိယကမ္ဘာစစ်ရဲ့ တကယ့်အဖြစ်အပျက်တွေပဲဖြစ်ပါလိမ့် မယ်။

ဒီရုပ်ရှင်ဟာ အမှန်တော့ အင်္ဂလိပ်တွေကို အဓိကထားပြောချင်တဲ့ နာဇီစစ်တပ်သာ ရောက်လာရင် သည်လိုဒုက္ခတွေရောက်ရလိမ့်မယ်လို့ တစ်ဖက်ကနေ အသိပေးတဲ့ ဝါဒဖြန့်ကားတစ်ကားအဖြစ် အစီအစဉ်ချ ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ၁၉၄၂ ခုနှစ် ဗြိတိသျှပိတ်ကားပေါ် ရုံတင်လိုက်တဲ့အချိန်မှာ စစ်ကမပြီးသေးပါ ဘူး။ သည်တော့ ဂျာမန်တွေစစ်ရှုံးသွားမှာလားဆိုတာလည်း ဘယ်သူမှမသိပါဘူး။ သို့သော် သည်ရုပ်ရှင်ကား ကြောင့် အင်္ဂလိပ်ဟာ နာဇီဂျာမနီကို တော်လှန်မှဖြစ်မယ်ဆိုတဲ့ အသိစိတ်တွေဝင်လာကောင်း ဝင်လာမှာဖြစ် ပါတယ်။

    ရုပ်ရှင်ကားအမည် “Went the day well?”ဟာ ပထမကမ္ဘာစစ်အတွင်းက အမည်မသိ အင်္ဂလိပ်ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီခေါင်းစဉ်ကို စစ်အတွင်းမှာ သေဆုံးသွားတဲ့လူစာရင်း သတင်းစာတွေထဲ ထည့်တဲ့အခါ ယူသုံးကြပါတယ်။ အဓိပ္ပါယ်က “နေ့ရက်တွေက ကောင်းကောင်းမွန်မွန် ခရီးဆက်နေကြပါရဲ့လား” ။ သေဆုံးသူတွေအတွက်တော့ မသိနိုင်တော့ပါဘူး။ “ကျွန်ုပ်တို့က သေဆုံးသွားပြီမို့ နေ့ရက်တွေက ဆက်လက်ပြီး ကောင်းကောင်းခရီးဆက်နေကြသလား ဆိုတာ ဘယ်တော့မှ မသိနိုင်တော့ပါဘူး။ သို့သော်လည်း… ကောင်းကောင်း မကောင်းကောင်း…လွတ်လပ်ရေး အတွက်…ငါတို့ အသက်တွေ ပေးခဲ့ကြတယ်” လို့ ကဗျာက ဆိုလိုထားတာပါ။

    ရုပ်ရှင်ဟာ ရုံပေါ်ကို တစ်နှစ်ကျော်နောက်ကျပြီးမှ တင်နိုင်ခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာ ရိုက်ပြထားတဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်အခန်းများဟာ မျှော်လင့်မထားဘဲ ထွက်ပေါ်လာတာမျိုး ဖြစ်နေလို့ဆိုပါတယ်။ အဲဒီမျက်စိမှိတ်ထားရမယ့် အခန်းတွေကိုကြည့်ရဖို့ ကြိုတင်ပြင်ဆင်နိုင်မှုမရှိဘဲ ရုတ်တရက် စိတ်လှုပ်ရှားစရာ တွေဖြစ်နိုင်တယ်လို့ ကောက်ချက်ချပါတယ်။

ရုံတင်လိုက်တဲ့အချိန်မှာ ပရိသတ်ရဲ့တုံ့ပြန်မှုဟာ ဒါရိုက်တာမျှော် လင့်ထားတဲ့အတိုင်း ရခဲ့ပါတယ်။ နာဇီတွေကို မုန်းတီးမှု၊ တော်လှန်လိုမှုတွေ စိတ်ပိုင်းဆိုင်ရာမှာ ဖြစ်ပေါ်လာ ပါတယ်။ ဒါရိုက်တာကတော့ သူဖြစ်စေလို့တဲ့ နောက်ထပ်အမြင်တစ်ခုကို အခုလို ဆိုခဲ့ပါတယ်။ “ လူတွေရဲ့ ယဉ်ကျေးသိမ်မွေ့ပါတယ် ဆိုတဲ့ အမူအယာတွေ၊ အမူအကျင့်တွေဟာ… စစ်ဆိုတဲ့အရာနဲ့လည်း ထိတွေ့လိုက် ရော… လုံးဝ ဥသုံကြမ်းတမ်းတဲ့သတ္တဝါတွေအဖြစ် ပြောင်းလဲကုန်ပါတယ်။ ဒါဟာ ကျွန်တော်ပြောချင်တဲ့ ရုပ်ရှင်ထဲမှာ ရိုက်ပြခဲ့တဲ့ပြကွက်တွေပဲ ဖြစ်ပါတယ်”

    ပရိသတ်က သူတို့အတွက် ဖျော်ဖြေရေးဆိုတဲ့ ရုပ်ရှင်ကားတစ်ကားကို  တကယ့်အဖြစ်အပျက်နဲ့ ချိန်ထိုးပြီး ရောယှက်ကြည့်ခွင့်ရခဲ့တယ်။ ဝါဒဖြန့်ကားတစ်ကားဖြစ်ပေမယ့် ဒါရိုက်တာရဲ့ တင်ပြမှုကြောင့် ပရိသတ်ရဲ့ရင်ထဲမှာ နာဇီကိုမုန်းတီးရွံရှာသွားတယ်ဆိုတာဟာ ဒီကားရဲ့အောင်မြင်မှုပဲဖြစ်တယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။

မောင်မောင်စိုး - တိတ်ဆိတ်သော နေ့ရက်များ၊ ငြင်သာမြန်ဆန်သော တွေ့ဆုံမှုများ ကြားက မြန်မာပြည်

$
0
0
photo - MoeMaKa၊ ၂၀၁၁၊ သန်းစိုးလှိုင်

မောင်မောင်စိုး - တိတ်ဆိတ်သော နေ့ရက်များ၊ ငြင်သာမြန်ဆန်သော တွေ့ဆုံမှုများ ကြားက မြန်မာပြည်
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၅

ရွေးကောက်ပွဲ မတိုင်မှီ မဲစာရင်းစကြေငြာကတည်းက လူတိုင်း လှုပ်လှုပ်ရှားရှား ရှိကြသည်။ မဲဆွယ်ကာလကျတော့ ဝုန်းဒိုင်းကျဲ သည်။ မဲပေး မည့်နေ့ကျတော့ မိုးမလင်းမှီ ထ၍ သွားတန်းစီကျ
သည်။ တကယ်တမ်းဆိုလျင် ၂၀၁၅ ရွေးကောက်ပွဲသည် သာမန်ရွေးကောက်ပွဲတခုနှင့်မတူချေ။ အနှစ်နှစ်အလလ ခါးစီးခံခဲ့ကြရ သော လူထု၏ရင်ထဲမှ ဆန္ဒကို ဖွင့်ဟထုတ်ပြသော ဆန္ဒပြပွဲတခု
လည်းဖြစ်သည်။

ရွေးကောက်ပွဲရလဒ်ကို လူထုက အာရုံစိုက်ကြသည်။ ရလဒ် ထွက်လာတော့ အားလုံးပျော်ကြသည် ။ သို့သော် စိတ်လွတ် ကိုယ်လွတ်မပျော်နိုင်ကြသေးပေ။ အခြေအနေကို  လူထုက ကောင်းစွာသဘောပေါက်ကြသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ထိမ်းထိမ်းသိမ်းသိမ်းရှိကြဖို့ ဆိုသည်။ သို့ဖြစ်ရာ ရွေးကောက်ပွဲမတိုင်မှီ ဝုန်းဒိုင်းကျဲနေသလောက် ရွေးကောက်ပွဲ အလွန်ကာလသည် တိတ်ဆိတ်သော နေ့ရက်များဖြစ်သွားသည်။

၁၉၉၀ ရွေးကောက်ပွဲအတွေ့အကြုံအရ၎င်း လက်ရှိရွေး ကောက်ပွဲသည် မြန်မာစစ်ဖက်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲ ထားသည့် စည်းမျည်းစည်းကမ်းအောက်မှ ဝင်ရောက် ယှဉ်ပြိုင်ရသည့် power game တခုဖြစ်နေသည်က၎င်း လက်ရှိ အချိန်တွင်  နိုင်ငံ၏ အလုံးစုံ အာဏာပိုင်မှုသည် မြန်မာစစ်ဖက်ခေါင်းဆောင်များ လက်ထဲတွင်ရှိနေသေး၍ ၎င်း နောက်အစိုးရသစ်လက်ထဲ အာဏာလွှဲမည် ဆိုတောင် အချိန် ကာလ လေးလခွဲကျော် ငါးလခန့် ကျန်သည်ကြောင့်၎င်း အမှားမခံအခြေအနေကို အားလုံးသဘော ပေါက်နားလည်စွာ တိတ်ဆိတ်သော နေ့ရက်များဖြစ်သွားသည်ဟု ဆိုရပေမည်။

ထိုပြင် ရွေးကောက်ပွဲရလဒ်သည်လည်း အကဲခတ်များ တွက်ချက်ထားသကဲ့သို့ဖြစ်လာမခဲ့ပေ။ NLD ၆၀% ကြ့ခိုင်ရေး ၃၀% တိုင်းရင်းသား ၁၀% ဟုဖြစ်လာပါက အခြေအနေသည် တမျိုးတဖုံဖြစ်နိုင်သည်။ သို့သော် NLD က ၈၀% နှင့် အပြတ်အ သတ် လွှတ်တော်ကိုချုပ်ကိုင်နိုင်ပြီး အစိုးရဖွဲ့နိုင် သွားသောအခါ ကြံ့ခိုင်ရေးလည်းတိတ်ဆိတ်သွားသည်။ အာဏာလက်ရှိမှ အာဏာလက်မဲ့ဖြစ် တော့မည် မဟုတ်ပါလော။ သို့ဖြစ်၍ သူတို့အ တွက်လည်း အရှိုက်ကို အထိုးခံလိုက်ရသကဲ့သို့ တိတ်ဆိတ်သွား တော့သည်။

ဤသို့တိတ်ဆိတ်သောကာလတွင် ငြင်သာသော လှုပ်ရှားမှု များစွာဖြစ်ပေါ်လာသည်။ ဦးစွာအားဖြင့် ဒေါ်စုက အမျိုးသား ရင်ကြားစေ့ရေး ဦးတည်ချက် အစိုးရသစ်သို့ ချောမွေ့စွာ အာဏာ လွှဲပြောင်းနိုင်ရေး ဦးတည်ချက်ဖြင့် သမတ ကာချုပ် ပြည်ထောင်စု လွှတ်တော် နာယကတို့အား တဦး ချင်းတွေ့ဆုံရန်ကမ်းလှမ်း လိုက်သည်။ ဦးရွှေမန်းက ချက်ခြင်းတွေ့မည်ဟု တုန့်ပြန်သည်။ သမတနှင့် ကာချုပ်က သတိကြီးစွာထား၍ တုန့်ပြန်သည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်ပြီးမှ တွေ့ဆုံမည်ဟုဆိုသည်။ အများက ဒီဇင်ဘာလကုန်ပိုင်းတွင်းတွေ့ဆုံမည်ဟု ယူဆခဲ့သော်လည်း လက်တွေ့တွင်အများထင်သည်ထက်စော၍ တွေ့ဆုံခဲ့သည်။ ဦး
ရွှေမန်းနှင့် ၆ ကြိမ်ထက်မနဲတွေ့ဆုံခဲ့သည်။ သမတ ကာချုပ်တို့နှင့် တကြိမ်စီတွေ့ဆုံခဲ့သည်။အစိုးရသစ်သို့ အာဏာလွှဲပြောင်းရေး ချောချောမွေ့မွေ့ဖြစ်စေရမည်ဆိုသည့် ကတိကဝတ်များ ကြားသိရ သည်။

ကြားဖြတ်အနေနှင့် အာဏာရှင်ဟောင်း ဦးသန်းရွှေမြေးအား လက်ခံတွေ့ဆုံခဲ့သကဲ့သို့ ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့သည်။ ထူးခြား သည့်တွေ့ဆုံမှုဟု အများက သုံးသပ်ကြသည်။ ဦးသန်းရွှေ
အနေနှင့် လက်ရှိအစိုးရနှင့် စစ်တပ်အား ထိမ်းချုပ် ထားနိုင်ဆဲ ဆိုသည်မှာ အငြင်းပွါးဘွယ် ကိစ္စဖြစ်နေသော်လည်း သူသည် တစုံတရာ သြဇာရှိဆဲဆိုသည်ကိုတော့ အငြင်းပွါးဖွယ်ရာမရှိပေ။

အလားတူပြည်တွင်းတွေ့ဆုံမှုများအပြင် ဒေါ်စုသည် နိုင်ငံတကာ သံတမန်များစွာနှင့်တွေ့ဆုံခဲ့သည်။ လက်ရှိလွှတ်တော်အဆင့် နေရာအား အသုံးပြု၍ လွှတ်တော်အဆောက်အအုံ၌ မြန်မာ နိုင်ငံရှိ သံတမန်အားလုံးဖိတ်ကြားတွေ့ဆုံခဲ့သည်။အားလုံးမပျက်မကွက် တက်ရောက်ကြသည်။ ထူးခြားချက်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နှင့် ၂ ကြိမ်တွေ့ဆုံခဲ့သည်။ တရုတ်ဒုနိုင်ငံ
ခြားရေးဝန်ကြီး ဦးဆောင်သော တရုတ်အစိုးရ အထူးကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံခဲ့သည်။ ဂျပန်အစိုးရကလည်း ဒေါ်စုအား အစိုးရဖွဲ့ပြီးပါကဂျပန်နိုင်ငံသို့ ဦးစွာလာရန် ဖိတ်ကြားခဲ့သည်။ လောလောဆယ်တွင်ပင် NLD ပါတီကိုယ်စား လည်အဖွဲ့အား ဖိတ်ကြား၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက လက်ခံတွေ့ဆုံခဲ့သည်။ ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီများ မြန်မာပြည်သို့ အမြောက်အများ စီးဝင်ရန် ပြင်ဆင်ထားကြောင်းဆိုခဲ့သည်။

အမေရိကန်ကလည်း အပြောင်းအလဲကာလတွင် မြန်မာရေးရာ ကျွမ်းကျင်သူ အမေရိကန် လက်ထောက်နိုင်ငံခြားရေးရာ ဝန်ကြီးအား မြန်မာသံအ မတ်သစ်အဖြစ်ခန့်အပ်ရန် ပြင်ဆင်ခဲ့သည်။ သမတအိုဘားမားလည်း မြန်မာပြည်သို့ တတိယ အကြိမ် လာရောက်ရန်ပြင်ဆင်နေသည်ဟုဆိုသည်။ ချုပ်၍ ဆိုရလျင် အင်အားကြီးနိုင်ငံများထဲမှရုရှားမှအပ ကျန်နိုင်ငံကြီးအားလုံးအပါ နိုင်ငံအများစုသည် ဒေါ်စုနှင့် NLD အစိုးရသစ်အပေါ်သူတို့၏
တိမ်းညွှတ်မှုကို သိသိသာသာပြခဲ့သည်ဟု ဆိုရပေမည်။ တရုတ် အမေရိကန် ဂျပန်တို့၏ သေနင်္ဂဗျူဟာထဲတွင်ရှိသော မြန်မာအား ရုရှားတို့ ဝင်တိုးရန်လည်း မဖြစ်နိုင်ပေ။

သို့ဖြစ်ရာ ရွေးကောက်ပွဲ အလွန်နေ့ရက်များသည် တိတ်ဆိတ် နေသော်လည်း ငြင်သာသော လှုပ်ရှားမှုများသည် အတော်လေး စိတ်သည်ဟုဆိုရပေမည်။ ရွေးကောက်ပွဲ အပြီးတလအတွင်း
အတော်ခရီးပေါက်သည်ဟု ဆိုရမည်။

သို့သော် ထိုထိပ်သီးတွေ့ဆုံမှုများနှင့် ပတ်သက်၍ အများ ပြည်သူကသိချင်နေကြသော်လည်း အသေးစိတ် အချက်အလက်များ မသိရ၍ အားမလိုအားမရဖြစ်နေကြသည်။ သတင်းသမား များက လည်း သတင်းဦးသတင်းထူးမရ၍ အလိုမကျဖြစ်နေပုံရ သည်။ ထိုအခါ ပွင့်လင်းမြင်သာမှု မရှိဟူ၍အချို့ကဆိုလာသည်။ သို့သော် မည်သည့်နိုင်ငံတွင်မဆို ထိပ်သီးခေါင်းဆောင်များ၏်
တွေ့ဆုံညှိနှိုင်းမှုများအား အချိန်မတန်မှီသတင်း ထုတ်ပြန်လေ့ မရှိပေ။ လျှို့ဝှက်ချက်အဖြစ်သာ ထားလေ့ရှိသည်ကို သတိပြုရန် လိုသည်။ ဤသို့ထားရှိသည်မှာ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံ များသာမက ကွန်မြူနစ်နိုင်ငံများမှ ကွန်မြူနစ်ရင့်မကြီးများ ဖြစ်ကြသော စတာလင်တို့ မော်စီတုန်းတို့လည်း ဤနည်းနှင်နှင် သာဖြစ်သည်။ ပွင့်လင့်မြင်သာမှုနှင့် နိုင်ငံတော်ခေါင်းဆောင်များ၏ ထိပ်တန်း လျှို့ဝှက်ချက်များကို ခွဲခြားကြည့်မြင်ရန် လိုပေသည်။ ယခုကဲ့သို့ အလွန်အကဲဆတ်သောမြန်မာ့နိုင်ငံ အပြောင်းအလဲ ကာလတွင် ပို၍အရေးကြီးသည်ကို သဘောပေါက်ရန် လိုပေ လိမ့်မည်။တချိန်တွင် သမိုင်းအဖြစ်ပေါ်လာပေလိမ့်မည်။

တချိန်တည်းတွင်သူမသည် သူမဖခင် လွတ်လပ်ရေးယူစဉ်က အတုအယောင် လွတ်လပ်ရေး ရွှေရည်စိမ်လွတ်လပ်ရေးဟု အပြောအဆို ခံခဲ့ရသကဲ့သို့ သူမ ရယူရန်ကြိုးစားနေသည်မှာ ဒီမိုကရေစီအတုအယောင် သာဖြစ်သည်ဟူသော တိုက်ခိုက်မှုများကိုလည်း ကြုံတွေ့ဖြတ်သန်းနေရသည်။ သို့သော် သူမသည်လည်း သူမဖခင်ကဲ့သို့ပင် လူအများစု၏ ထောက်ခံမှုရရှိထားခဲ့သည်။

ငြင်သာသော တွေ့ဆုံမှုများ၌ လူပြောများသောတွေ့ဆုံမှုမှာ အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံမှုဟုဆိုရမည်။ ပြီးခဲ့သော ၅ နှစ်အတွင်း ငြိမ်သက်နေသော ဦးသန်းရွှေသတင်း ထွက်လာ သည်မှာ အများကိုလှုပ်ခတ်စေသည်။ သို့သော် ဦးသန်းရွှေနှင့် တွေ့ဆုံမှုနှင့်ပတ်သက်ပြီး သတင်းအကျဉ်းဖေါ်ပြမှု အရဆိုလျင် ဒေါ်စု၏ အောင်မြင်မှုအားအသိမှတ်ပြုသည် ဆိုသည်သာပါဝင်ပါသည်

အဘယ်ကြောင့်တွေ့ဆုံသနည်းဟု သုံးသပ်ရာတွင် အမြင် အမျိုးမျိုးရှိကြသည်။ ထိုအထဲမှ အဓိကအချက်ကို သုံးသပ်ရလျင် ဒေါ်စုနှင့် အစိုးရသစ်အား အာဏာလွှဲပြောင်းရေးအား သူထောက်ခံသည် လူသိရှင်ကြားကြေငြာလိုက်ခြင်းဖြစ်သည်။ ဤသို့ပြောဆို လိုက်ခြင်းသည် အာဏာလွှဲပြောင်းရေးကို ချောမွေ့စွာ လုပ်ဆောင် မည်ဟု ကြေငြာထားသော သမတနှင့် ကာချုပ်အား သူ၏ထောက်ခံမှု အားပြသလိုက်ခြင်းဖြစ်ရာ အာဏာမလွှဲပြောင်းလိုသူများ ရှိနေ၍လောဟု စဉ်းစားဖွယ်ဖြစ်သည်။

အစိုးရသစ်သို အာဏာလွှဲပြောင်းရန် သမတ ကာချုပ်နှင့် အတူ လိုလိုလားလား ရှိသူများ ရှိသကဲ့သို့ပင် တွေဝေနေသူများလည်း ရှိနိုင်သည်။ ထို့ပြင် ကြာမြင့်စွာ အာဏာဆုပ်ကိုင်လာသော စစ်တပ်အနေနှင့် လက်ရှိ အာဏာဆုပ်ကိုင်ထားရာမှ လက်မလွှတ်လိုသူအချို့ရှိနေ ပါက အံ့သြဘွယ်မရှိပေ။ မိမိနှင့် မိမိအုပ်စု၏ အကျိုးစီးပွါးကို ကာကွယ်လိုသူတချို့ရှိနေနိုင်သည်မှာ မထူးဆန်းပေ။ ထိုသူများ မည်မျှ အင်အားရှိနိုင်သည်သာ အရေးပါသည်။ ကြာမြင့်စွာ ငြိမ်သက်နေသော ဦးသန်းရွှေ အသံထွက်လာခြင်းမှာ ထိုအကြောင်းက အဓိကဖြစ်ဖွယ်ရှိသည်ဟု ယူဆရပေသည်။ လက်ရှိမှ လက်မဲ့မဖြစ်ချင်သူများ၏ ရုန်းကန်နိုင်မှုကိုလည်း ထည့်မတွက်၍ မဖြစ်ပေ။

ထို့ပြင် ရွေးကောက်ပွဲနီးမှ ကြံ့ခိုင်ရေးပါတီသို့ကူးပြောင်းခဲ့ ရသည့် စစ်ဖက်အရာရှိကြီး တရာ ကျော် ရှိည်။ ပုံမှန် အရပ်ဖက်ရာထူးဆက်လက်ယူလေ့ရှိရာမှယခု ရွေးကောက်ပွဲတွင် အများစု ရှုံးနိမ့်သွားပေရာသူတို့ထဲမှ အချို့လည်း နေသားမကျ ဖြစ်နေဖွယ်ရှိ သည်။ သူတို့၏ မှန်တမ်း ရပိုင်ခွင့်ယူဆထားသည်များ ပျက်ပျယ်သွားပြီ မဟုတ်ပါလား။ သို့ဖြစ်ရာအစိုးရအကူးအပြောင်းကို အသာတကြည် လက်ခံမည့်သူများရှိမည်ဖြစ်သကဲ့သို့ လက်မခံ လိုသည်များ ရှိပါက အံ့သြဘွယ်မရှိပေ။ ထို့ပြင်၎င်း အချင်းအရာမှာ ယခင်အစဉ်အလာရပိုင်ခွင့်များ ပျက်ပျယ်ပြီး နောင်စစ်တပ်
အရာရှိကြီးများ ပင်စင်ယူပြီးနောက်သွားရမည့် လုပ်ငန်းစဉ်ဖြစ်သွားရာ လက်ရှိ တာဝန်ထမ်းဆောင်နေသူများအပေါ်မှာပါ သက်ရောက်မှုရှိသည်ဟု ဆိုရမည်။ ရွေးကောက်ပွဲအပြီးတွင် ကာချုပ် က ရွေးကောက်ပွဲမတိုင်မှီ တပ်မှထွက်၍ ရွေးကောက်ပွဲဝင်ခဲ့သူ
များကို ခေါ်တွေ့သည်ကို တွေ့လိုက်ရသည်။

နောက် အင်အားစုတခုမှ နအဖ/ နဝတ ကာလက အရေးယူခံရ ဖမ်းဆီးခံရ၍ လုပ်ပိုင်ခွင့် အာဏာနှင့် ဂုဏ်သိက္ခာပါ ဆုံးရှုံးသွားသော အပြုတ်တသိုက်ဖြစ်သည်။ ထိုအထဲတွင် သေမထူး နေမထူးများက ရှေ့ထွက်များ ဖြစ်ပုံရသည်။ ယခုအချိန်တွင် ထိုအင်အားစုများသည် တလှေထဲစီးများဖြစ်သွားပုံရသည်။ သူတို့အဖို့ ဒီမို့ကရေစီ အင်အားစုများ ပြည်သူများကလည်း လက်မခံ သဖြင့် သူတို့အတွက် အားကိုးရာသည်စစ်တပ်သာ ဖြစ်နေပေတော့သည်။သို့ဖြစ်ရာ ယခု ဦးသန်းရွှေ နှင့် ဒေါ်စု တွေ့ဆုံပွဲတွင် နှစ်ဖက်စလုံးအား ဆန်ကျင်တိုက်ခိုက်သည့် အသံထွက်လာတော့သည်။

တရားဝင်ထုတ်ပြန်သည့်သတင်းတွင် မပါသည့် အာဏာရှင် ဟောင်းဦးသန်းရွှေ မိသားစုအနေနဲ့ တပ်ကိုအသုံးချထားသည်ဟူ ၍ ဆိုလာသည်။ တဖက်မှလည်း ဒေါ်စုအနေနှင့်လည်း ဦးသန်းရွှေ အားတွေ့စရာ အကြောင်းမရှိဆိုကာ တိုက်ခိုက်လာတော့သည်။ လက်ရှိမြန်မာ စစ်ခေါင်းဆောင် များ သီတင်းကျွတ်တိုင်း သွားကန်တော့နေသူအား ဒေါ်စုတွေ့သည်ကို ရေကြီးခွင့်ကျယ် လုပ်နေသည်မှာ ပြသနာမရှိ ပြသနာရှာကဲ့သို့ပင်ဖြစ်သည်။ သို့သော် အစတခု အတင်းဆွဲထုတ်၍ဂယက်ကြီးတခုထအောင် လုပ်နေသည်နှင့်တူသည်။

ထိုပြင် လက်ရှိအခင်းအကျင်းတွင် ဦးရွှေမန်းနေရာရလာလေရာ ဦးရွှေမန်းအား သစ္စာဖေါက်အဖြစ် ဆန့်ကျင်တိုက်ခိုက်ခဲ့သူများ၏ လက်ရာလည်း ပါဝင်လာနိုင်ဖွယ်ရာရှိပေသည်။ သို့ဖြစ်ရာ
မည်မျှအတိုင်းအတာထိ သက်ရောက်၍ မည်သည့်အကျိုးဆက် သက်ရောက်နိုင်သည်ကိုတော့ ဂရုပြုသင့်ပေသည်။ ထိုသူများသည် စစ်တပ်ကို မိမိတို့၏စစ်တပ် မျိုးဆက်သစ်တို့၏ စစ်တပ်ဟု
ဆိုကာ စစ်တပ်နှင့် လူထုအား သွေးခွဲခြင်း အာဏာလွှဲပြောင်းရေးအား နှောင့်ယှက်လာနိုင်ခြင်း တို့ကြောင့် ဖြစ်ပေသည်။

သို့သော် ကာချုပ်ကတော့ ဒီဇင်ဘာ ၇ ရက်နေ့၊  ကျိုင်းတုံတပ်နယ်၌ ပြောကြားရာ၌ ဘယ်အစိုးရတက်တက် တပ်မတော်၏တာဝန် သည် ကာကွယ်ရေးတာဝန်ဟုဆိုခဲ့သည်။

အကူးပြောင်းကာလ၏လေးလခန့်အကျန်တွင် နောက်တိတ်ဆိတ် မှုတခုမှုမှ ပြည်တွင်းပြည်ပ စီးပွါးရေးလုပ်ငန်းရှင်များ၏ တိတ်ဆိတ်မှုဖြစ်သည်။ထိုသူတို့သည် အပြောင်းလဲတခုခုကို မသေချာမခြင်း အသံတိတ်၍ နှုတ်ဆိတ်နေကြသည်။ ထို့ပြင် သူတို့၏ ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့လုပ်ကိုင်ခြင်း မပြုကြ။ နောင် ကာလအတွက် နေရာဦးရုံဦး၍ ငွေထုပ်ပိုက်ကာ စောင့်ကြည့် နေကြသည်။ သို့ဖြစ်ရာ နောင်အစိုးရမတက်မှီ လေးလအတွင်း မြန်မာ့စီးပွါးရေး ထိုင်းမှိုင်းမှုသည် ရှောင်လွှဲဖို့ ခက်ခဲပေသည်။ အကျိုးဆက်တော့သိပ်ကြီးဖွယ်ရာမရှိဟု ယူဆရပေသည်။

စီပွါးရေးသမားများ၏ တိတ်ဆိတ်မှုမှာ သူတို အကျိုးစီးပွါး ကြောင့်ဖြစ်သည်။ လူထု၏ တိတ်ဆိတ်မှုမှာ မျှော်လင့်ချက်နှင့် ယုံကြည်ချက်ကြောင့် ဖြစ်သည်။ လက်ရှိအာဏာရပါတီ၏ တိတ်ဆိတ်မှုမှာ အကောင်းရော အဆိုးပါရောနေသည်။ ရွေးကောက်ပွဲအပြီး တလအတွင်း ငြင်သာသော တွေ့ဆုံညှိနှိုင်းမှုများ ပို၍ ပို၍ စိပ်လာ မြန်ဆန်လာသကဲ့သို့ ရုန်းကန်မှုတချို့လည်း တွေ့နေရသည်ဟုဆိုရမည်။ သို့ဖြစ်ရာ ထူးခြားသော ဖြစ်စဉ်ကို လျင်မြန်စွာ မြင်တွေ့ရတော့မည်ဟု သုံးသပ်ရပေသည်။

အဲလိုထူး - တိုင်စာ

$
0
0
အဲလိုထူး  - တိုင်စာ
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၅

စာနှစ်စောင်က..အိမ်တိုင်ရာရောက်ပေါက်ချလာတယ်။ တစ်စောင်က ဖိတ်စာလို့ခေါ်ရမယ့် ကျောင်းသူကျောင်းသားဟောင်းများကိုရည်ညွှန်းတဲ့ ဆရာကန့်တော့ပွဲဖိတ်စာ။ နောက်တစ်စောင်က တိုင်စာလို့ခေါ်ရမလား၊ အကြောင်းကြားစာလို့ ခေါင်းစဉ် တပ်ရမလားမသိတဲ့ သားတော်မောင်ရဲ့ကျောင်းက၊ ကျောင်းမတက်တဲ့အတွက် မိဘလာရောက်ဆွေးနွေးရန်…လို့မပြောရုံ တမယ်ပါပဲ။

ဘယ်ကစပြောရင် လိုရင်းကိုရောက်မလဲ။

အဲဒါ ပညာသင်ကြားရေးမှာ လိုအပ်ချက်ကွက်လပ်ကြီးတစ်ခု။

စာရေးဆရာကြီး စာပေဟောပြောပွဲဆရာကြီး ကျောင်းဆရာဟောင်းကြီး။ ဝါရင့် သဘာရင့်ဆိုရင် ဖြတ်သန်းမှုကို ချိန်ရွယ် ပြောရုံနဲ့ အကျိုးကျေးဇူးထူးလှပါတယ်။ သူတို့ငယ်ငယ်တုန်းကတဲ့ စာပေဟောပြောပွဲမှာထည့်ဟောတာ အာတာပူစီဆိုတဲ့မုန့် ကြီးရှိတယ်။ တပြား နှစ်ပြားပဲ ပေးရတယ်။ မုန့်ဘိုးက..တမူး တမတ်ရတဲ့ခေတ်။ ရုပ်လုံးပေါ်ဖို့လမ်းဖောက်နေတာ။ စာပေ ဟောပြောပွဲလာပရိသတ်က ငြိမ်ပြီးပါလာတယ်။ သကြားမှုန့်တွေအရောင်ဆိုးပြီး ဇွန်းလေးနဲ့ခပ်ထည့်တာပေါ့ဗျာ။ လည်နေတဲ့ စည်ပိုင်းပြတ်ကြီးရဲ့အလယ်ဗဟိုကို မီးအပူပေးထားထင်ပါရဲ့။ ငယ်တဲ့ခလေးဆိုတော့လည်း အစအဆုံးဘယ်သိပါ့မလဲ။ အမျှင် တွေထွက်လာတယ်ဗျ။ အဲဒါကို ဝါးတုတ်ချောင်းလေးနဲ့ပတ်ရစ်ယူပြီးရောင်းတာပါ။ အကြီးကြီးပဲဗျ။ လှလည်း လှတယ်။ ပန်း ရောင်ဖျော့ဖျော့။ ဒါပေမယ့် အပွကြီးဗျ။ အနှစ်မရှိဘူး။ အဲဒါ…အဲဒါ…လို့ပြောလိုက်တာနဲ့ စာပေဟောပြောပွဲလာပရိသတ်ကသဘောပေါက်လက်ခုတ်တီး သြဘာပေးကြတယ်။

ပညာရေးစနစ်ဘာဖြစ်နေလဲ။ ပွယောင်းယောင်းနဲ့ အနှစ်မရှိဖြစ်နေသလား..။

ဆရာကန့်တော့ပွဲမှာပါဝင်တဲ့ ပင်စင်စားဆရာတစ်ယောက်နဲ့ စကားပြောဘူးတယ်။ ကျွန်တော်တို့တုန်းက ကျုရှင်လည်းမရှိဘူး ဆရာရယ်လို့။ ပြီးတော့…ဆရာ ဆရာမတွေကလည်း အရမ်းစာသင်တာပဲလို့။ ဟုတ်ပါ့။ မနက်ကျောင်းမတက်ခင်လည်းသင်၊ ညနေကျောင်းဆင်းလည်းသင်၊ စနေလည်းအချိန်ပိုသင်၊ တနင်္ဂနွေလည်းသင်နဲ့ နယ်ကျောင်းဆိုတော့လည်း ပြဌာန်းချက်နဲ့ သင်တာလား ဘာလားရယ်မသိပါဘူး။ သူတို့တတ်ထားသမျှအကုန်ချပြတော့တာ။ ဘယ်လောက်ထိလဲဆို အိမ်ထိအောင် လိုက်သင်တယ်။ တခုတော့ရှိတာပေါ့ သင်ပုံသင်နည်း၊ အချိန်မစီးဘူးဆိုရင် တန်ဘိုးမဲ့သွားပါလိမ့်မယ်။

သားတော်မောင်ရဲ့ကျောင်းက တိုင်စာရောက်လာတာနဲ့ပတ်သက်ပြီး ကာယကံရှင်ကျောင်းသားကိုယ်တိုင် တုန်တုန်လှုပ် လှုပ်မရှိသလို အုပ်ထိမ်းသူမိခင်ကလည်း ပေါ့ပေါ့တန်တန်ပါပဲ။ သွားလိုက်ပေါ့။ ဒီလိုပဲ သီတင်းကျွတ် တန်ဆောင်တိုင်ကျော်ရင် ဘယ်ဆယ်တန်းက ကျောင်းသွားကြလို့လဲ။ ကိုယ်လုပ်စရာရှိတာ အပီအပြင်လုပ်ရတော့မယ့်ကာလလေ။ ဘယ့်နှယ့်…ကျောင်းသွားပြီး ယောင်တောင်ပေါင်တောင်နဲ့ အချိန်ကုန်တယ်။ ကျုရှင်ပို့ထားတာမှ တစ်ပုဒ်ရလည်း ကိုယ့်အတွက်ပဲ။

အားကိုးလွဲနေကြပါသလား။ သို့တည်းမဟုတ် အားကိုးရာမရှိဖြစ်နေတာလား။ အားကိုးမရတာဗျ။ အပြစ်ပြောတယ်ရယ် တော့မဟုတ်ပါဘူး။ ခေတ်ကိုက ပျက်စီးသွားတာ။ အဲဒီခေတ်နောက်ကို ရေစီးကြောင်းအတိုင်းမျှောလိုက်သွားကြတာများ လို့ အဲဒီကိန်းဆိုက်သွားတာ။ ဒီလိုပဲပြောရတော့မယ်။ ဆိုလိုတာက အဖြူအစိမ်းဝတ် ဆရာဆရာမတွေထက် ကျောင်းသူ ကျောင်းသားတွေနဲ့ မိဘအုပ်ထမ်းသူတွေကိုယ်တိုင်က အပြင်ဆရာဆရာမတွေကို ပိုအားကိုကြတယ်။ နာမည်ကျော်ကျုရှင် ဆရာတွေကို ကြားဘူးကြမှာပါ။ သူတို့နာမည်ပေါက်အောင် သူတို့ကြိုးစားကြတယ်။ ကြိုးစားကြတယ်ဆိုတာ သူတို့အဓိကသင်ကြားမယ့်ဘာသာရပ်ကိုပေါ့။ ကျောင်းသားနားလည်အောင် ကျောင်းသားမှတ်မိအောင် ကျောင်းသားပညာရသွား အောင်၊ နောက်ဆုံး ကျောင်းသားစာမေးပွဲမှာဖြေနိုင်အောင်၊ ဘယ်လိုသင်ကြားနည်းက အကောင်းဆုံးဖြစ်မလဲ ရှာဖွေကြ တယ်။ ကြိုးစားကြတယ်။ မိဘအုပ်ထိမ်းသူဘက်ကလည်း သားသမီးစာမေးပွဲအောင်ရေးက အရေးကြီးတယ်မို့လား။

ဆိုတော့ ကျောင်းသားတွေ ကျောင်းပြင်စာသင်ခန်းတွေဆီရောက်သွားကြတယ်။ ကျောင်းပြင်က ဆရာဆရာမတွေကို အား ကိုးကြရတော့တယ်။ အဲဒါဘာလဲဆိုတော့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ အဖြူအစိမ်းဝတ်ဆရာဆရာမကို အားကိုး လို့မရဖြစ်နေလို့ပါပဲ။

အတန်းပိုင်ဆရာမကတဆင့် ကျောင်းအုပ်ကြီးကိုယ်တိုင် ညှိညှိနှိုင်းနှိုင်းလုပ်ကြရတော့တဲ့အခြေအနေ။ ဆယ်တန်းကျောင်း သူကျောင်းသားတွေ တပတ်ကို နှစ်ရက်လောက် အစိုးရကျောင်းလာတက်ကြဖို့။ မထင်မှတ်ပဲ ကျောင်းသူကျောင်းသားတွေအကြောက်အကန်ငြင်းကြတယ်။ သူတို့အတွက် အရေးကြီးတဲ့ကာလဖြစ်နေလို့ တပတ်ကို တရက်ပဲတက်နိုင်မယ်ဆိုတဲ့အ ကြောင်း၊ ကျောင်အုပ်ကြီးက ထပ်ပြီးမေတ္တာရပ်ခံတယ်။ စစ်ဆေးရေးတွေ အချိန်မရွေးရောက်လာနိုင်တာဖြစ်လို့ ဖုန်းဆက် တာနဲ့ ကျောင်းလာတက်စေချင်ကြောင်း၊ မိဘတွေကလည်း သူတို့ကိုနားလည်ပေးတဲ့အနေနဲ့ ကျောင်းကိုဖြစ်တဲ့နည်းနဲ့ပို့ ပေးစေလိုကြောင်း။

ခက်တော့ခက်ပါရဲ့၊ မြန်မာနိုင်ငံပညာရေးက…။

အဲလိုထူး

ကာတွန်း လှိုင်မျိုး - မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲသို့ .....

$
0
0
 ကာတွန်း လှိုင်မျိုး - မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲသို့ .....
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၅

မျက်ရှု - ပိုးသတ်ဆေး (ဝတ္ထုတို)

$
0
0
မျက်ရှု - ပိုးသတ်ဆေး (ဝတ္ထုတို)
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၅

(၁)
ညသည် ကြယ်ရောင်ဝိုးတ၀ါးအောက်တွင် ခပ်လဲ့လဲ့ မှောင်လျှက်ရှိသည်။ ပတ်ဝန်းကျင်တွင် ဆိတ်ငြိမ်မှုသာ သည်းသည်းကြီး အုပ်စိုးနေဆဲ။ လေတချက် ကြွေလိုက်တိုင်း ညမွှေးပန်းရနံ့က ဘုရားကုန်းတောင်ဘက် စောင်းတန်းအထိ ဝေ့ကာ ၀ဲကာ ကလူကျီစယ်နေသည်။ ထိုတောင်ဘက်စောင်းတန်းတွင်ပင်ဖြစ်သည်။

“ချွင်”။

ထိုအသံသည် လှဘော်အဖို့ မဉ္ဇူတည်းဟူသော သာယာမှုကိုလည်းကောင်း၊ သ၀နိယာဆိုအပ်သော နာချင်ဖွယ်ရှိခြင်း ကိုလည်းကောင်း ဖြစ်ပေါ်စေ၏။ လေနှင့်အတူ စေတီထက်မှ လွင့်ပျံ့လာတတ်သော ဆည်းလည်းလှိုက်သံကို ကြားရလေ တိုင်း လှဘော်ခမျာ လွမ်းသလို၊ ဆွေးသလို၊ ၀မ်းနည်းသလိုလို လှိုက်ဖိုလှိုက်ဖို ဖြစ်ရလေသည်။ ယခုမူ ထိုဆည်းလည်းလှိုက်သံ တချွင်ချွင်ထက် သာယာသောအသံကို သူကြားလိုနေပေသည်။ ထိုအသံသည် သူ့အတွက် ပို၍နားဝင်ပီယံဖြစ်၏။ အတိတ်ကို အောက်မေ့တမ်းတခြင်းမျိုး မမြည်စေ။ လာလတ္တံသော ကာလအတွက် ၀မ်းသာကြည်နူးခြင်းများဖြင့် မျှော်လင့် ချက်အား အရောင်တောက်စေသည်။

“ချွင်”

အကြွေစေ့လေးကို ဒုတိယအကြိမ်မြောက် လှဘော် မြှောက်လိုက်ပြန်သည်။ သည်တခေါက်တော့ အကြွေစေ့သည် အရှိန် ဖြင့် စောင်းတန်းလှေကားများတလျှောက် အောက်သို့ လိမ့်ဆင်းသွားသည်။ ထိုအခါမှ လှဘော်သည် ပြူးပြူးပျာပျာဖြစ်ပြီး သူ့အကြွေစေ့ကို ခေါင်မိုးအပေါက်မှာ ဖြာကျလာသော ဆန်းစလ၏အရောင်ကိုအားပြုလျှက် စောင်းတန်းတလျှောက် အ ထက်အောက် အလီလီ စမ်းတ၀ါးဝါးရှာလေတော့သည်။ အချိန်မှာ မိနစ်မှ နာရီပိုင်းသို့ ကူးပြောင်းလာသော်လည်း သူ့အကြွေ စေ့ကို မတွေ့။ နတ်များဖွက်လေသလားဟု လှဘော် တွေးမိတွေးရာ တွေးရှာတော့သည်။ ထိုသို့ဆိုလျှင် မနက် မိုးသောက် ချိန်အထိသာ စောင့်ရုံရှိတော့သည်။ ကျပ်စေ့တခုမှာ မည်မျှအကွာအဝေးအထိ၊ အဘယ်မျှသောအရှိန်ဖြင့် လိမ့်နိုင်အံ့နည်း။ တွေ့မှာပါလေဟု မိမိကိုယ် မိမိနှစ်သိမ့်ရင်း လှဘော် အားလျှော့ချင်ချင်ဖြစ်လာတော့သည်။ ညနေစောင်းကတည်းက သည် အကြွေစေ့လေးကြောင့် သူ၏ စိတ်ကူးတို့ နတ်ဘုံနတ်နန်းတမျှ ဆန်းကြယ်ခဲ့သည်။ သူ့ဘ၀င်တွေ ဘ၀ဂ်သို့ တိုင်ခဲ့ရသည်။ ဟော.. ကြည့်။ သူ့ခံစားမှုတို့ ဘယ်လောက်မှ ကြာကြာမခံလိုက်။ လှဘော်သည် သူ့ကိုယ်သူ အပြစ်တင်သည်။ တဖန် အားတင်းရပြန်သည်။

“ဘယ့်နှယ်လို့ မနက်အထိ စောင့်ရမှာတုန်း။ ငါ့အကြွေစေ့က နှယ်နှယ်ရရမှ မဟုတ်တာ။ မတော် တခြားသူတွေ တွေ့သွားပြီး ကောက်သွားမှ ခက်ရချည်ရဲ့”

သူသည် တကိုယ်တည်း ဗျစ်တောက်ဗျစ်တောက်ပြောရင်း ဗေဒင်ဆရာ ဘိုးဗရှိန်နှင့် ပန်းသည် ခင်နုတို့၏ မျက်နှာကို ကွက် ခနဲမြင်ယောင်လာပြန်သည်။ ငါ၏ အကြွေစေ့ ပျောက်သွားသည့်အကြောင်း ဘိုးဗရှိန်တို့ တသိုက်ကြားသော် နှစ်ထောင်းအား ရဖြစ်ချိမ့်မည်။ မနာလိုဝန်တိုမှု ရောပြွမ်းလျှက် သရော်မော်ကား ပြုချေတော့မည်ဟု အထင်ရောက်လျှက် လှဘော်သည် စေတီရင်ပြင်ပေါ်သို့ တရှိန်ထိုး ပြေးတက်ပြီး ဘုရားဖူးသူများ မီးပူဇော်ထားသည့်အထဲမှာ ကျန်ကောင်းကျန်နိုင်သော ဖယောင်းတိုင် အတိုအစ ငုတ်စိများကို လိုက်ရှာသည်။

စေတီတော်၏ အရှေ့ဘက် အာရုံခံတန်ဆောင်းတွင် ထွန်းလင်းလျက်ရှိသော ၆၀ ၀ပ် မီးသီးလုံးနှစ်လုံးမှအပ စေတီပုရ ၀ဏ်တခုလုံး အမှောင်အတိကျလျက်။ ထိုဝါကျင့်ကျင့်မီးရောင်မှာ ပန်းချီဦးတော်ခို၏ ဗုဒ္ဓ၀င်ပန်းချီကားများကိုပင် တောက် တောက်ပပ လင်းနိုင်ခြင်းငှာမစွမ်းသာ။ “ငါ့ကွာ… ဒီမီးရောင်ကို တောင်ဘက်တန်ဆောင်းဆီ ရွှေ့လို့ရရင် ရွှေ့လိုက်ချင်တယ်” သည်လို သက်ကြီးခေါင်းချချိန်ကျမှ ဆရာတော်ဦးဝိမလထံမှ ဓာတ်မီးသော်လည်းကောင်း၊ မီးခြစ်နှင့် ဖယောင်းတိုင် သော်လည်းကောင်း သွားငှား၍ မသင့်တော်လေပြီ။ သည်ညကို သူ ဘယ်လိုဖြတ်သန်းရပါလိမ့်။ မြန်မြန်မိုးလင်းရန်သာ ဆုတောင်းတော့သည်။ သည်တည မအိပ်ဟု လှဘော် အားတင်းလိုက်သည်။ ယခုအချိန်တွင် သူ့အကြွေစေ့ထက် အရေး ကြီးတာ ဘာမှမရှိ။ သူ့ပြည်တန်ပတ္တမြားကို မည်သူတဦးတယောက်ကိုမှ ယူငင်ရန် ခွင့်မပြုနိုင်။ မည်သို့ဖြစ်စေ ငါက သာမ ညောင်ညပုဂ္ဂိုလ်မှ မဟုတ်ပေဘဲ။

ကိုင်း ကြည့်…။ ထင်ပေါ်တော့ စင်တော်က ကောက်ချေတော့မည်။ ငါ့အနုပညာ မကြာမီ ကမ္ဘာကျော်ချေတော့မည်ဟု သွေး နားထင်ရောက်သည့် စိတ်ကူးနှင့် အရူးကြီးရူးရသော သူ့အခြေအနေကို သူကိုယ်တိုင် မဆင်ခြင်မသုံးသပ်မိဘဲ အပျံသင်စ ငှက်ငယ် လေဟုန်စီးရန် ကြိုးပမ်းသည့်နှယ် အိပ်မက်ဒီရေ တရိပ်ရိပ်မြင့်တက်လာနေရခြင်းကိုပင် သူကျေနပ်မိလေသည်။ ထိုအကြွေစေ့သည် သူ့အနုပညာကို ကြွားဝင့်မည့် နိမိတ်တည်း။

“သံသာရေ၊ သံသရာ၌။ သံသရန္တာနံ၊ ကျင်လည်ကုန်သောသူတို့၏။ သဗ္ဗဒုက္ခ၀ိနာသနေ၊ ခပ်သိမ်းသော ဆင်းရဲကို ပျောက် တတ်ကုန်ထသော။ မာရသေနာ ပမဒ္ဒေနေ၊ ကိလေသာဟူသော မာရ်စစ်သည်ကို နှိပ်စက်တတ်ကုန်ထသော။ သတ္တ၊ ခုနစ်ပါး ကုန်သော။ ဗောဇ္ဈင်္ဂေ၊ အရဟတ္တမဂ်၏ အင်္ဂါဖြစ်ကုန်ထသော။ ယေ ဣမေ ဓမ္မေ၊ အကြင် တရားတို့ကို။ ဗုဇ္ဈိတွာဝ၊ သိ၍ သာလျှင်။ သတ္တာ၊ သတ္တ၀ါတို့သည်။ တိဘ၀ါ၊ သုံးပါးသော ဘ၀မှ။ မုတ္တကာ၊ ကင်းလွတ်ကုန်၏” ကပ္ပိယဘဘလေးကမူ လှဘော်၏ ပရိဒေ၀ကို မသိလေသလား။ အစပထမသော် လှဘော်သည် ယင်းပရိတ်ရွက်သံကို အာရုံပြုနိုင်ရန် ကြိုးပမ်းရှာ ပါသေးသည်။ သို့သော် ထိုသို့ကြိုးစားရင်းမှပင် ရုတ်တရက်အလစ်ဝင်လာသော မိန္ဓတည်းဟူသော ငိုက်မျည်းခြင်းကို အကြွေ စေ့သံယောဇဉ်ဖြင့် ဝေးကွာရှောင်းစေလျက် လှဘော်တယောက် ငုတ်တိုင်ထိုင်လျက်နှင့်ပင် အရုဏ်တက်လိုက်ရ တော့ သည်။

(၂)
“လှဘော်ရေ… ဒီနှစ် ဘုရားပွဲတော့ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်ပဲ နွှဲရတော့မှာပဲဟေ့။ ငါတို့တော့ မင်းပဲအားကိုးရမှာ” ဘုရားပွဲ ဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး ကိုစိန်သန်းက လှဘော်ကို ခပ်မြှောက်မြှောက်လေးဆိုလိုက်ရာ ဒါကိုပင် မသိဟန် ဆောင်လျက် ငါ မကယ် ဒီပွဲ ဖြစ်ချေမရှိဟု ကိုယ့်ဘက်ကိုယ်သာ လှဘော် ယက်တွေးလိုက်တော့သည်။

“ဖြစ်ရစေမယ်လေ။ တမြန်နှစ်က မန္တလေးက ပန်တျာအောင်မျိုးဇာတ်အဖွဲ့လာတော့ ရွာဂုဏ်ပြုသီချင်း ကျုပ်ကိုယ်တိုင် စပ်ပြီး စင်ပေါ်တက်ဆိုခဲ့တာ မှတ်မိဦးမှာပေါ့ ကိုစိန်သန်းရယ်။ ဘာရယ်မဟုတ်ပါဘူး။ အနုပညာသမားဆိုတာ သွေးတောင်း လာတဲ့အခါ တတ်သိပညာ မနေသာလို့ ဆိုရတော့မှာပေါ့။ ငွေရေးကြေးရေးက အဓိကမှ မဟုတ်ဘဲကိုး” လှဘော်လေသံက ပီဘိဝါရင့်အနုပညာသမားကြီးနှယ်။

သူသည် ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက အဆိုတော်ရူး ရူးခဲ့သည်။

ဆိုင်းသံဗုံသံကြားလျှင်လည်း မနေနိုင်။ တဦးတည်းသောသားဖြစ်သဖြင့် ဖခင်ကွယ်လွန်ပြီးသော်လည်း မိခင်မုဆိုးမကြီးက လှဘော်ဟဲ့ဆိုလျှင် မျက်နှာတချက်မညှိုးစေရ။ ဖူးဖူးမှုတ်ထား၏။ ယောက်ျားလေးပင် ဖြစ်လင့်ကစား တောသူတောင်သားတို့၏ အသွင်သဏ္ဍန်နှင့် မအပ်စပ်သည့်နှယ်။ သူ့လက်ဖ၀ါးများက နုထွေးသွယ်ပျောင်းနေသည်။ “ဟဲ့.. ဒွေးကြည် နင့်သား လက် က သဘင်သည်လက်မျိုးကွယ့်။ ကြည့်ပါလား။ လက်ချောင်းလေးတွေ သွယ်ကော့နေတာပဲ။ အနုပညာသုခုမနဲ့ အကျိုးပေး မယ့်ဟန်ပဲဗျား” သူငယ်ငယ်က အိမ်ကိုလာပြီး ဗေဒင်ကြည့်ပေးသည့် ဦးညိုခင်၏စကားကို စွဲနေအောင် မှတ်ထားသည်။

ရွာရှိ ဦးနေမိန္ဒကျောင်းတွင် အတွင်းအောင်ခြင်း အောင်မြင်သော် သားယောက်ျားလေးမို့ ယာထဲမှာ နွားနှင့် ဖက်ရုန်းမလားဟု မာတိမိခင် ဒွေးကြည်တယောက် လှဘော်ကို စောင့်ကြည့်သေးသည်။ ဝေးစွ။ နော ဧက နော၊ န၀ ဒွေး အဌာရသ စတဲ့ အလီ လေး ကရော်ကမယ် ရွတ်တတ်တာက လွဲလို့ ကိုယ်တော်က ယခင် ဆိုင်းနောက်ထလိုက်ဖူးသော ဦးသောင်းဟန်ဆီ ပြေးကာ ဆိုနည်း၊ ပြောနည်း၊ တီးနည်း အတိုအထွာကို ဟိုစပ်စပ် ဒီစပ်စပ် သင်ယူသည်။ သင်ယူသည်ဆိုရာ၌ ဒါကို ဘယ်လို တီးဟဲ့၊ ဘယ်ပုံဆိုဟဲ့ဟူ၍ ကိုယ်ဖိရင်ဖိ ညွှန်ပြခြင်းမျိုးမဟုတ်ဘဲ ဦးသောင်းဟန်က တတ်သမျှ မှတ်သမျှကို သူစိတ်ကူး တည့်သလို ပြောပြခြင်းမျိုးသာဖြစ်သည်။ ခမျာမှာလည်း အရွယ်ထောက်လာ၍ စကားပြောဖော်ရှာနေခိုက် လှဘော်က လာပြီး ကိုးကွယ် ဆည်းကပ်တာကို သာယာနေလေသည်။ သို့ပေမယ့် လှဘော်ကတော့ ပညာရှာပမာ သူဖုန်းစားကဲ့သို့ ရှိရာ၏။ ဦးသောင်းဟန် ကဲ့သို့ ဟင်းလေးအိုးကြီးထံမှ စုံစီနဖာဗဟုသုတများ ကြားခွင့်ရသည်မှာ ကံထူးရာ၏ဟု မှတ်ယူရှာသည်။

မိခင်ဒွေးကြည်က “ဟဲ့ လှဘော်… နင်ဘယ်အချိန်မှာ အဆိုတော် ထဖြစ်မလဲတော့ မသိဘူး။ တ၀မ်းတခါးအတွက်တော့ အရွယ်ရှိတုန်း ရုန်းဦးမှပေါ့” ဟုဆိုလေတိုင်း “အိုဗျာ.. အမေ့နှယ်… ကျွန်တော်တို့ အနုပညာသည်တွေဟာ ငွေအတွက် ဘ၀ရဲ့ အဖိုးတန်တဲ့အချိန်တွေကို မကုန်ဆုံးချင်ဘူးဗျ” ဆိုသည့် ဗွီဒီယိုဇာတ်ကားများထဲမှ မကြာခဏ ကြားရတတ်သော ဇာတ်ဆန်ဆန်စကားမျိုးဖြင့် ဆင်ခြေတက်လေသည်။ အမေအိုကြီးမှာတော့ ရှိသည့်ယာနှစ်ကွက်မှာ နေပူကျဲကျဲ၌ ချွေး တဒီးဒီးကျအောင် ပဲရိတ်၊ ပြောင်းချိုး လုပ်နေရချိန်တွင် လှဘော်ကတော့ နေညိုချိန်တိမ်တောက်တဲ့အခါ.. ရွာလမ်းဘေးမှာ .. စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ.. ဟု အပေါင်းအဖော်တစုနှင့် ကျူးရင့်နေချေတော့သည်။

လှဘော်မို့ လူမစုံလိုက်နှင့်။ လူစုံသည်နှင့် တပြိုင်နက် ဇာတ်ကိုဘယ်လို ပျိုးရသည်၊ ဇာတ်ခလုတ်ကို မည်သို့ ဆင်ရမည်၊ ဇာတ်တက်၊ ဇာတ်ထွတ်သို့ ဘယ်လို ဆွဲရမည်၊ ဆိုင်းတီးရာတွင် အရော်တီးက ဘယ်ပုံ၊ တောက်တီးက ဘယ့်နှယ် စသဖြင့် သူကိုယ်တိုင် မကြုံဖူးသလို သူဝါသနာပါရာ အဆိုနှင့်လည်း မသက်ဆိုင်သည့်အကြောင်းအရာများအား ဦးသောင်းဟန် ကျေးဇူးဖြင့် လေဖမ်းဒန်းစီးကာ စွယ်စုံရပညာရှင်အလား လူတွင်ကျယ်လုပ်တတ်သေးသည်။ ရပ်ရွာကလည်း အကြောင်းသိ တွေမို့ထူးပြီး ဝေဖန်မနေတော့။ လှဘော်ကျွေးသည့် လက်ဖက်လေးမြှုံ့လိုက်၊ မြေပဲဆံလေး ၀ါးလိုက်ဖြင့် တအင်းအင်း ထောက်ခံခြင်းဖြင့် နှစ်သိမ့်ပေးလိုက်ကြ၏။

တခါသားမှာတော့ လှဘော်သည် ရွာလူကြီးဦးဖေတင်အိမ်သို့ ဆိုင်းမဆင့် ဗုံမဆင့် ပေါက်ချလာကာ သူ ရွာအတွက် ဂုဏ်ပြု တေးသီချင်း စပ်ဆိုထားကြောင်း ဆိုင်းဆင့်ဗုံဆင့်ကာ ရွတ်ပြတော့သည်။ သူ့သီချင်းက ရွာမှာ တာဝတိ`ံသာနတ်ရွာအလား အေးချမ်းသာယာပြီး စပါးတောင်လိုပုံကာ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံနိုင်သည့်အကြောင်း ဂုဏ်အင်ပြဖွဲ့ဆိုထားသည်။ ဦးဖေ တင်ကတော့ “လှဘော်တို့ကတော့ မလုပ်လိုက်နဲ့ဟေ့။ လုပ်လိုက်ရင် အဆန်းချည်းပဲ” ဟု ရွာ၏ မွဲပြာခါလီကျနေသော အခြေအနေကိုရည်ညွှန်း၍ အငေါ်တူးခြင်းကိုပင် သူ့အား ထောပနာပြုသည်အထင်ဖြင့် လှဘော်ခမျာ ပြုံးဖြီးဖြီးနှင့် မနေတတ် မထိုင်တတ် ရှိနေတော့သည်။

“ဦးဖေတင်ရယ်.. လာမယ့်ဘုရားပွဲ ပန်တျာအောင်မျိုးဇာတ်မှာ ကျုပ် ဒီတပုဒ် တက်ဆိုချင်တယ်ဗျာ။ ကိုယ့်ရွာအကြောင်း စပ်ဆိုထားပဲ ဆိုသင့်တယ်မဟုတ်လား” ဦးဖေတင်က အင်းမလုပ်၊ အဲမလုပ် ငူငူကြီးလုပ်နေတော့ တဆင့်တက်ပြောသည်။

“ဒီလိုဗျာ… ဒီသီချင်းက ရွာအကျိုးပြုဖြစ်နေတော့ ရွာလည်း မျက်နှာပန်းလှမယ်ဗျာ။ အဲ နောက်ပြီး အရေးကြီးတာက ဒီလို သီချင်းမျိုးကို ဒီကရွာသားကိုယ်တိုင် စပ်ဆိုတယ်ဆိုတာကလည်း ဂုဏ်ယူစရာကောင်းနေတာကိုး။” သည်တခါ လှဘော် စကားဆုံးတော့ ဦးဖေတင် မနေနိုင်တော့။

“ငါလခွေးမှပဲကွာ။ မလုပ်ပါနဲ့မောင်ရာ။ တို့တောသူတောင်သားတွေ မိုးခေါင်တာနဲ့ပဲ အနှံမအောင်တာ ကြာပေါ့။ ဇာတ်ငတ် လွန်းလို့သာ မရှိမဲ့ရှိမဲ့လေးစုပြီးခေါ်ရတာ မင်းအသိပဲ။ ဘုရားပွဲမဖြစ်တာ ခုနစ်နှစ် ခုနစ်မိုးရှိရောဟာ။ မြို့က ဇာတ်အဖွဲ့က အထင်မကြီးတဲ့အပြင် အထင်သေးပြီး ပွဲပါ ပျက်နေမှ ဟုတ်ပေ့ဖြစ်နေမယ်” တကယ်ဆို ဦးဖေတင်၏ စကားသည် လှဘော်၏ သွေးနားထင်ရောက်နေသော အနုပညာမာနကို ထိပါးလျက်ရှိသည်။ သို့သော် လှဘော် သည်းခံလိုက်ပါသည်။ တနေ့နေ့တွင် ထင်ပေါ်ကျော်ကြားလာမည့် အနုပညာသမားစစ်စစ်တို့၏ ဖြတ်သန်းရာလမ်းကြောင်းသည် အမြဲတစေ ချောမွေ့မနေနိုင်။ လောကဓံကို ခံနိုင်အားရှိရမည် မဟုတ်လော။ မအောင်မြင်သေးသခိုက် အနစ်နာခံရမှုများ၊ အောက်ကျို့မှုများ တွေ့ကောင်း တွေ့ရမည်ဟု လှဘော်တယောက် အဆုံးစွန်ဆုံးအထိ ရူးသွပ်ပစ်လိုက်သည်။

ရွာဘုရားပွဲတွင် သီချင်းမဆိုရသဖြင့် တပိန်ပိန်တလိမ်လိမ်ဖြစ်နေသော သားမောင်လှ၏ဖြစ်အင်ကို မကြည့်ရက်ရှာသော မွေးမိခင်ကြီးကပင် ဦးဖေတင်ထံ ဆန်နှစ်ပြည်၊ ဆီတပုံး၊ ဖျင်ကြမ်းစောင်နှစ်ထည် လာဘ်သိပ်ထိုး၍ ပါရမီဖြည့်ပေးလိုက်မှပင် ခမျာ စင်ပေါ်တက်ခွင့်ရတော့သည်။ ဒါတောင် သူတယောက်တည်း မဟုတ်။ ရွာတွင် ရုပ်ရည်အသင့်အတင့်ရှိပြီး အသံလည်း နာပျော်ဖွယ်ကောင်းသည်ဟု ယူဆရသော ကာလသား နှစ်ယောက်နှင့် အပျိုချော နှစ်ယောက်အပါအ၀င် ငါးယောက်အဖွဲ့ကို အပျိုတော်အကအပြီးတွင် ၀င်ဆိုစေ၏။ သူ့သီချင်းမှာ သံစဉ်တေးသွား၊ နရည် စည်းဝါး မှန်အောင် စပ်ဆိုထားခြင်းမျိုး မဟုတ်၍ ရွာလူကြီးဦးဖေတင်နှင့် ဆိုင်းနောက်ထဟောင်း ဦးသောင်းဟန်တို့အပါအ၀င် အဆိုအတီးကို တီးမိခေါက်မိရှိသော လူကြီးများ ငါးခါတိတိ အစည်းအဝေးထိုင်၍ လှဘော်၏ သီချင်းအား ပြင်ဆင်ဖြည့်စွက်ရေးသားကြ၏။ နောက်ဆုံး မောင်လှဘော်ရေးသားသည်ဆိုသော စာကြောင်းမှအပ သီချင်းခေါင်းစဉ်ရော၊ စာသားပါ လုံးလုံးကြီး ပြောင်းလဲခဲ့လေသည်။

သို့သော် ကိစ္စမရှိ။ ထန်းရည်အ၀တိုက်မည်ဟူသော သဘောတူညီချက်ကြောင့် လှဘော်စင်ပေါ်သို့ တက်လိုက်သည်နှင့် တပြိုက်နက် ပွဲခင်းအရှေ့မြောက်ထောင့်ရှိ ကိုစိန်သန်းတို့ လူစုမှ “လှဘော်ကွ… ကြိတ်လိုက်စမ်း.. ဒါ လှဘော်ကိုယ်တိုင် ရေးတာကွ” ဟူ၍ သူ့နာမည် တကြော်ကြော် အော်ပြီး အားပေးလေရာ လှဘော် .. လှဘော်ဆိုသည့် အသံများမှာ ကွင်းလုံး ညံနေတော့သည်။ အရူးဘုံမြှောက်ပေးလိုက်သည့်နှယ် လှဘော်ကတော့ ထိုနေ့မှစ၍ သူ့ရည်မှန်းချက် တွေးရင်းနဲ့ ပျော်သည် ပျော်သည်ဖြစ်နေလေတော့သည်။ ဖြစ်ချင်တော့ ဘယ်သူကမှန်းမသိ စပြီး လှဘော်၏ အသံဝါ၀ါကြီးကိုပင် ဟင်္သာတထွန်း ရင်နှင့် တထေရာတည်းဟူပြီးသကာလ ပင့်ကော်ပေးလိုက်ရာ သူ့ဝေဒနာပိုဆိုးလေတော့သည်။

လှဘော်ကိုယ်တိုင်ကလည်း “ဟုတ်တော့ဟုတ်ပါတယ်လေ။ ကျွန်တော်ကလည်း မြန်မာမှုကိုပဲ မြတ်နိုးတာပါ။ ဒိုးဒိုးဒန့်ဒန့်တွေ မကြိုက်ပေါင်ဗျာ။ ကျေးလက်သီချင်းတွေပဲ ညည်းရတာ အာတွေ့ပါရဲ့” ဟု ဂိုက်ခံ ဆိုတတ်သေးသည်တမုံ့။

”ပန်းငွေ့ဝေေ၀.. လွမ်းငွေ့ဝေေ၀.. တောင်ငွေ့ဝေေ၀.. လွမ်းပုံတောင်မြေ” ဟင်္သာတထွန်းရင်၏ ပုံတောင်မြေမှ လွမ်းမျက် ရည်သီချင်း၊ ”မစိမ်းပင်ကြီးရယ်.. ဗလိမ်းဗကျံ သက်သက်ကယ်.. စိမ်းတော့မှာလား စိမ်းရုပ်လွှာ.. စိမ်းမြမြမှာ စိမ်းအချစ်နဲ့ စိမ်းမေတ္တာ.. စိမ်းမိုးတွေရွာ…” ဟင်္သာတထွန်းရင်၏ မစိမ်းပင်၊ “အချစ်ရယ်.. မှုန်နံသာလေးလိုအမြဲ.. ပါးမှာကပ်လို့ချွဲတဲ့.. အညာသမားလေး သနပ်ခါးနှယ်.. အနားမှာ နှမ ချစ်ချင်ဘူးကွယ်.. အလှအပဆိုတာကလည်း ခဏခဏ မြင်ရင်ရူးမယ်…” ဟင်္သတထွန်းရင်၏ စက္ကန့်လေးတွေ စိန်စီထားမယ် သီချင်းတွေဆိုလျှင် အပီကျင့်ထားသည်။ နာမည်ကိုတောင် လှဘော် ရင်ဟု ရွာ့တောင်ဘက် ထန်းတောထဲတွင် ကာလသတသိုက်အား ကြက်ကြော်တကိုက်စီဖြင့် အသိပေး၍ ပြောင်းလိုက်လေ သည်။ နာမည်ကသာ နွဲ့လျနေသည်မဟုတ်။ လူကြည့်တော့လည်း ကနွဲ့ကလျ။ ကျားကျားလျားလျားမရှိ။ ထန်းတောသည် သူ့အနုပညာဗီဇ ထက်သန်ရေးအတွက် ပျိုးထောင်ရာ အောင်မြေဖြစ်သော်လည်း သူကိုယ်တိုင် ထန်းရည်ကို တကျိုက်မျှပင် မမော့ဖူး။ ဆေးလိပ်၊ ကွမ်းဆိုသည်မှာ ဝေးလာဝေး။ စိတ်လည်းနု၊ ကိုယ်လည်းနု၊ ခံစားချက်ကိုလည်း နုစေလိုသော အနုပညာသမား လှဘော်ရင်ဖြစ်ပေသည်။

”မွေး.. မွေးမေကျေးဇူး.. ဆပ်ဖူးချင်တယ်လေ… ဝေး.. တမြေဆီခြားလို့.. ဝေးကွာခဲ့ပေ.. သားချစ်တဲ့ မွေးမေမေ.. သားချစ် တဲ့မွေးမေမေ” ဟု အိမ်ခေါင်းထဲမှနေ၍ အဆိုကျင့်ရင်း မွေးမေကျေးဇူးဆပ်နေလေရာ သူ့အမေ ဒွေးကြည်ကလည်း “သေနာ ကျရဲ့… လက်ကြောကဖြင့် မတင်းဘူး။ ဒင်းသီချင်းဆိုခတွေနဲ့ ဒွေးကြည်တို့ ထမင်းစေ့ နံကြားကပ်ရချည်သေးရဲ့” ဟု ငေါ့လေသည်။ သီချင်းလေးတအေးအေးဖြင့် အဆိုတော်ရူး ရူးနေသူကို မည်သည့်သမီးရှင်ကမှ သမက်မဖမ်းလိုကြချေ။ သည်လိုကျတော့လည်း လှဘော်တို့က ခပ်ကင်းကင်း။ ငါလို အောင်မြင်မယ့်သူ ဒီလိုဇနပုဒ်က ဘယ်လုံမနဲ့မှ မတန်ဟု သဘောပိုက်သည်။ အဲ.. တယောက်သောသူက လွဲလျှင်ပေါ့။ သူက မြို့တွင် ကျောင်းတက်နေသော မေသီခင် ခေါ် ၀ိုင်းစိန်မ။

ဝိုင်းစိန်ကလည်း ၀ိုင်းစိန်ပင်။ လှဘော်ဆိုလျှင် သူ့မျက်စိထဲတွင် နည်းနည်းမှ ထောင့်မကျိုး။ လှဘော်က အစကတော့ ”မေတ္တာလှိုင်သော တနေ့ကို မေတ္တာလှိုင်သော တနေ့ကို တွေ့များတွေ့ပါ့မလား.. ဆုံမှ ဆုံပါ့မလား.. အားငယ်စိုးထိတ်ပွေလီ” ဟု နွဲ့ပြပါသေးသည်။ ဒါကို ၀ိုင်းစိန်က “ဖက်ခွက်စားမယ့် အကောင်ကများ” ဟု ပက်လိုက်ရာ ဆွေ့ဆွေ့ခုန်ပြီး ဟေ့.. နင်သိရစေမယ် ၀ိုင်းစိန်.. လှဘော်ရင်တို့ နာမည်ကြီးအဆိုတော် မဖြစ်ရင် ဒီရွာကို ပြန်မလာဘူး ဟူ၍ ကြွေးကြော်လေသည်။

ထိုအတောအတွင်း လှဘော်ရင်တယောက် ဟင်္သာတထွန်းရင်၏ “ဖြစ်ရလေ ၀ိုင်းစိန်” သီချင်း ရွာလုံးကြားအောင် အော် ဆိုဖြစ်ခဲ့သည်။

“ငါ့လို အနှိမ်ခံပစ္စည်းမဲ့တဲ့ ချက်ကြီးတယောက်ကိုတောင်မှ သတိမှရပါလေစ ၀ိုင်းစိန်ရယ်.. အေးလေ.. မင်းရဲ့ဘ၀ ကျန်းမာပါစေ.. မင်းရဲ့ဘ၀ ချမ်းသာပါစေ.. ရွာဦးကျောင်းက မြစေတီမှာ ငါဆုတောင်းပါတယ်ကွာ….”

သူက ဆွေးနင့်ပြီး ခံစားချက်အပြည့်ဖြင့် တပိုဒ် ထဆိုလိုက် ရွာလယ်လမ်းမှ ခွေးတအုပ်က အူသံပေးလိုက်နှင့် အတော်အောင်မြင်ပြီးသွားသည့်နောက်တွင် လှဘော်ရင်တယောက် ရွာမှ ပျောက်သွားလေတော့သည်။

(၃)
ယခုတော့ ဘ၀တွေလည်း စုံခဲ့ပြီ၊ အိပ်မက်တွေလည်း အရောင်ဖျော့ခဲ့လေပြီ။ ဟိုတုန်းက ပဲပွဲစား ခင်ကျော်၏ အဆက် အသွယ်နှင့် စိန်ဖိုးနောင်ဇာတ်ကို လိုက်ရတုန်းကတော့ လှဘော်မှာ မနိုင်မနင်း အတ္တ၀န်ကြီး ထမ်းလို့ပေါ့။ ဇာတ်ထဲ လက်တိုလက်တောင်းခိုင်းဖတ်ဖြစ်ရတာကိုတောင် သူ မငြီးငြူခဲ့။ အောင်မြင်သည့် အနုပညာသမားဖြစ်ရန် ဘ၀စုံရမည်။ အောက်သက် ကျေရမည်ဟူသော သူ့သီအိုရီကိုသာ ယုံကြည်ဆဲ။ သည်လိုနှင့် ဇာတ်ထဲတွင် ပရိသတ်ရှေ့ ထွက်ကာ သီချင်းဆိုရန် မပြောနှင့်။ ဝေလေလေအခန်းမှာတောင် ပါခွင့်မရသည်ကိုပင် သူ စိတ်ရှည်ဇွဲသန်နေသေးသည်။

မိခင်ဒွေးကြည် ဆုံးကြောင်း အကြောင်းကြားတော့ သူ့ဘ၀မှာ သံယောဇဉ်အနှောင်အဖွဲ့ ကင်းရပြီပေါ့။ ရှိသည့် ယာနှစ် ကွက်ကို ရောင်းချကာ မြို့တွင် တေးစီးရီးထုတ်ရန် ကြံသေးသည်။ သူ့အသပြာ ပိစိညှောင့်တောင့်နှင့် ဂီတလောကတွင် အဘယ်မှာ ခြေချစရာရှိအံ့နည်း။ ဇာတ်သက် လက်တဖက်ပင် မပြည့်သေး။ စိန်ဖိုးနောင်ဇာတ် ဇာတ်ခေါင်းကွဲလေရာ လှဘော်မှာလည်း ရင်နာနာဖြင့် သူ့ဘ၀ကို စိတ်တိုင်းကျ ရွက်လွှင့်တော့သည်။ လှဘော်ရင်ဆိုသော အမည်မှာ ရွာထန်း တောထဲတွင်သာ ပဲ့တင်သံ ကျန်ခဲ့ပေသည်။ အဆုံးမတော့ လှဘော်သည် လှဘော်ပင် ဖြစ်ရပြန်ချေတော့သည်။

ပုံတောင် ပုံညာကြောတလျှောက်တွင်သာမက၊ ရှမ်းရိုးမတခွင်လုံး ပြဲပြဲစင်အောင် ဘီးလှိမ့်နေသော ကုန်တင်ကားမျိုးစုံတွင် စပယ်ယာရာထူးဖြင့် သူ အသက်မွေးဝမ်းကြောင်းပြုသည်။ သူ့ဘ၀တွင် ရွာဘုရားပွဲ၌ တခါမျှ သီချင်းဆိုခဲ့ဖူးသော အတွေ့ အကြုံကိုသာ အောင်မြင်မှုအဖြစ် စားမြုံ့ပြန်စရာရှိလေတော့သည်။ တကယ်တော့ သူသည် ပြေးဟယ်၊ လွှားဟယ်စသည့် ခါးချိုးလုပ်ရမည့်အလုပ်မျိုးကို ၀ါသနာမထုံသည့်အတိုင်း မည်သည့်မြို့၊ ရွာရောက်သည်ဖြစ်စေ သူအဆိုတော် ဖြစ်နိုင်ရေးကို သာ စနည်းနာခဲ့လေ၏။ သည်လိုနှင့် လှဘော်မှသည် ဘိုးလှဘော်အရွယ်သို့ တိုင်ခဲ့သော် ဇရာကလည်း ထောင်းလာပြီ။ ၉၆ ပါးသော ဝေဒနာများ အလှည့်ကျနှိပ်စက်မှုကိုလည်း ကျောကော့အောင် ခံရချေပြီ။ ထိုအခါတွင်မှ ဦးဝိမလ ကျေးဇူးဖြင့် သည်ဇရပ်တွင် ဘ၀ခရီးလမ်းတလျှောက် တထောက်ခိုနားခွင့်ရခြင်းဖြစ်သည်။

သည်အချိန်တွင် ၀ယ်ယူသိမ်းဆည်းထားသော စည်းဝါးတစုံသာ သူ့အဖို့ မြတ်နိုးရာရှိတော့သည်။

“ဟေ့.. စည်းနဲ့ဝါးနဲ့သာ တချွင်ချွင်သီချင်းလုပ်ဆိုနေရပေမယ့် ငါ ဒွန်းစဏ္ဍား မဟုတ်ဘူးကွ” ထိုသည်မှာ သူ့မာန။ အနုပ ညာနှင့်ပတ်သက်လျှင် ယခုအချိန်အထိ မာန်မချသေး။ စောင်းတန်းထဲတွင် အေးအတူ ပူအမျှ ဘ၀တူလူသားချင်းဖြစ် သော ဗေဒင်ဆရာဘိုးဗရှိန်တို့၊ ပန်းသည်ခင်နုတို့ကို သူက တူသည်၊ တန်သည် မထင်။

“လူ့အောက်ကျရတာခြင်းအတူတူ ငါက သူမတူတဲ့ အနုပညာသမား။ ခုခေတ်မှာ ငွေယားလေးရှိရုံ၊ အပေါင်းအသင်း၊ အဆက်အသွယ်ကောင်းရုံနဲ့ အောင်မြင်တတ်ကြတာ ဘာဆန်းတုန်း။ တကယ့် အနုပညာသမားစစ်စစ်တွေဟာ ချောင်ထိုး ခံထားကြရတာပဲ။ နာမည်ကျော်တာ ဘာလုပ်ရမှာတုန်း။ ကိုယ်တတ်တဲ့ အနုပညာအားနဲ့ လောကကြီးကို အလှဆင်နိုင်ရင် လူဖြစ်ရကျိုးနပ်တာပဲ”

လှဘော်သည် သူ၏ ရင်ဘတ်ကြီးနှင့် ခံစားပစ်လိုက်သော အနုပညာဒဿနများဖြင့်  လူ့မလိုင် အထက်လွှာတို့အား ထိုသို့ မကြာခဏ သရော်တတ်လေသည်။

(၄)
“ငယ်စဉ်က ဆရာတော်ကျောင်းမှာ… ကကြီးအစ အ,အဆုံး စာလုံးပေါင်း သဘောနားလည်… မိဘဆရာသမားများက သားအလှကို ပညာပေးတယ်.. ဘ၀ရှေ့ရေး တွေးပါသတဲ့ကွယ်.. ကျွန်တော့်အရွယ်.. ငယ်ငယ်လေးမို့… ပြေးကာ လွှားကာ ရွာမှာ ပျော်ခဲ့တယ်”။

လှဘော်သည် “အမေနဲ့ ရွာကိုလွမ်းတယ်” သီချင်း ဆိုရင်းနှင့်ပင် အသံတိမ်ဝင်သွားသည်။ ယခုလို အိုမင်းမစွမ်းချိန် ရောဂါမျိုးစုံကို အံ့တုနေရခိုက်တွင် ရွာရှိ ရပ်ဆွေရပ်မျိုးတို့၏ ရင်ငွေ့ကို လှဘော်လွမ်းလှပါသည်။ သို့သော် လေကြီးမိုးကြီး ပြောပြီးခါမှ ခေါင်းငုံ့ပြန်လာရမည့်အဖြစ်မျိုးနှင့်လည်း ရွာသို့ ပြန်မလှမ်းချင်တော့ပါ။ သည်သီချင်းဆိုရတိုင်း သူ ရင်နင့်လှပေ၏။

“ယုံကြည်ချက်မြင့်မား.. အမေ့သားက.. ဘ၀အကြောင်းနားလည် အတုအယောင်လိုက်စား မိုက်မှားဖို့ မရည်ရွယ်.. အချောအလှ မဒီကညာတွေ အစီအရီပေါပေမယ့် သားသဘောက ကျောင်းစာကိုခင်တွယ်… ကျေးဇူးရှင်.. အမေ့ထံသို့ကွယ်.. ပညာစုံမှ ပြန်မယ် အမေရယ်…”

“ဖျတ်” သီချင်းထဲတွင် ဈာန်ဝင်စားခိုက် တဖျတ်ဖျတ်နှင့် လင်းခနဲ၊ လက်ခနဲဖြစ်သွားသော မီးရောင်များကြောင့် သူ လန့်ဖျပ်သွားသည်။ အလို.. နိုင်ငံခြားသားနှစ်ယောက် သူ့ရှေ့မှာ.. ကင်မရာတလုံးစီနှင့် အနီးအဝေး ရှုထောင့်မျိုးစုံမှ မှတ်တမ်းတင်နေကြောင်း လှဘော် သိလိုက်ရသည်။ ပထမသော် သူ့မှာ ကြောင်တက်တက်။ နောက်မှ ငါ၏ စစ်မှန်သော အနုပညာကို ချီးမြှောက်ခြင်းဖြစ်ရာ၏ဟု ခပ်မြင့်မြင့် ကောက်ချက်ချလျက် သီချင်းများကို တပုဒ်ပြီး တပုဒ် မရပ်မနား စိတ်ပါလက်ပါ သီကြွေးတော့သည်။ “မာယာတသိန်းနဲ့ ပန်းမမ”၊ “မိနွေမ”၊ “ရင်ခွင်မဲ့သား”၊ ထို့နောက် “သတိရလျက်ပါ မွေးရပ်မြေ” ကို ဆိုနေဆဲ အနှီအနောက်ကမ္ဘာမှ လူသားနှစ်ယောက်သည် သူ့ခွက်ထဲသို့ အကြွေစေ့တစေ့ ပစ်ချသွားလေ သည်။

သူတို့ထွက်သွားသည်နှင့် တပြိုင်နက် ပန်းသည်ခင်နုက အရင် ပြေးလာသည်။

“တော့်ကို ဒင်္ဂါးပြားကြီး ဆုချသွားတာ ထင်တယ် ကိုလှဘော်”။ ခင်နု ထင်မည်ဆိုလျှင်လည်း ထင်လောက်သည်။ ဒင်္ဂါးပြား ပတ်ပတ်လည် ဘိုစာများဖြင့် ရေးသားထားပြီး အလယ်၌ ဆံပင်ဂုတ်ထောက်နှင့် အမျိုးသမီးတဦး၊ ကျောဘက်တွင်မူ ခေါင်းတွင် အချွန်အတက် ခေါင်းဆောင်းကြီး ဆောင်းထားသော မိန်းမက ရေခဲမုန့်ကြီး မြှောက်လျက်။

“ဟုတ်ပါ့မလား ခင်နုရာ။ ဒီမှာ “၀မ်း” တဲ့။ ရေးထားတယ်။ ဘိုစာ ဟုတ်တိပတ်တိ မတတ်ပေမယ့် ၀မ်း၊ တူး၊ သရီးလောက်တော့ ငါ သိပါတယ်ဟ”

“ဘယ့်နှယ့်မဟုတ်ရမှာလဲ ကိုလှဘော်ရဲ့။ ကျုပ် ပန်းသွားယူနေတယ့် ခင်မာဦးဆိုရင် သူ့လည်ပင်းမှာ ငါးကျပ်သားရွှေဆွဲကြိုး ကြီးနဲ့။ ဒီလိုပဲ အရုပ်ပါတဲ့ ဒင်္ဂါးပြားကြီး ဆွဲထားတာ။ တော်တော့ ကော်တာပဲတော်”

ဗေဒင်ဆရာဘိုးဗရှိန်ကတော့ ခပ်ဆဆလေး မှတ်ချက်ပေးပါသည်။

“ရွှေဒင်္ဂါးတော့ မဖြစ်နိုင်ပါဘူးကွယ်။ သူ့ဒင်္ဂါးစေ့က အဲသလောက်မှ မပြောင်ရောင်တာကို” ဘိုးဗရှိန် ထိုသို့ ချက်ကျလက်ကျ တခွန်းဝင်တောလိုက်သည်ကိုပင် လှဘော်က ငါ့အပေါ် မစ္ဆရိယစိတ် ၀င်ချေပြီဟု စိတ်ထဲမှ တထစ်ချ သမုတ်လိုက်သည်။ ညနေစောင်းမှ ဆရာတော်ဦးဝိမလထံသို့ လာရောက်ဦးခိုက်သော မြို့မှ တပည့်သာဝကတဦး ရှင်းပြမှပဲ ပြေလည်တော့သည်။

“မိန်းမပုံ မဟုတ်ပါဘူးဗျာ။ အဲဒါ သူတို့ အမေရိကန်ပြည်မှာ သမ္မတဖြစ်ဖူးတဲ့ ဂျော့ခ်ျဝါရှင်တန်ရဲ့ ပုံပါ။ ဒီဘက်က လက်မြှောက် ပြီး မီးရှူးတိုင်ကိုင်ထားတာက လစ်ဘာတီရုပ်ထုပေါ့။ ဘယ်ကလာ ရေခဲမုန့်မြှောက်ထားရမှာလဲ။ ဒါ အမေရိကန် တဒေါ်လာတန် အကြွေစေ့ပါ”

“အေးကွယ့်.. ဒေါ်လာ ဒေါ်လာနဲ့တော့ ကြားဖူးတာကြာပါပြီ။ ခုမှပဲ မြင်ဖူးတော့တယ်။ တဒေါ်လာဆိုတော့ ဘယ်လောက်များ တန်သတုန်း” ဦးဝိမလ၏ အမေးကို “တဒေါ်လာဆိုတော့ အကြမ်းဖျဉ်းပြောရရင် တထောင်ဝန်းကျင်နဲ့ ညီမှာပေါ့ဘုရား” ဟု ပြန်လည်လျှောက်ထားသည်တွင် အနားတွင် ထိုင်နေရသော လှဘော်ခမျာ အားလျော့သွားတော့သည်။

သူသည် တညနေလုံး ဒေါ်လာအကြွေစေ့ကို လက်ဖြင့် ဆရင်းနှင့် အတွေးနယ်ချဲ့လေရာ တွေးလေ ကျေနပ်လေဖြစ်ရပြန်သည်။ “ဒီဒေါ်လာကျပ်စေ့ တထောင်ပဲ တန်လဲ ဘာပြုတုန်း။ လောကီ၊ လောကုတ္တရာ နှံစပ်ပါတယ်ဆိုတဲ့ ဆရာတော်တောင် ဒေါ်လာစေ့ကို အရင်က မမြင်ဖူးဘူးတဲ့။ စိန်ဖိုးနောင်ဇာတ် ဒီလောက် နာမည်ကြီးတာ။ သူ့ဇာတ်နဲ့ လိုက်ခဲ့တဲ့တလျှောက်လုံး ဘယ်နိုင်ငံခြားသား လာကြည့်ဖူးတုန်း။ ဘယ်မှာ ဒေါ်လာစေ့ ဆုအချခံရဖူးတုန်း” လှဘော်သည် အကြွေစေ့ကို ဘယ်ပြန်ညာပြန်ကြည့်မ၀ဖြစ်နေလေသည်။ သူ့ဘ၀တလျှောက်လုံး တခါမျှသာ ကောင်းစားဖူးသည်ဟုဆိုနိုင်သော ရွာဘုရားပွဲတွင် သီချင်းတက်ဆိုစဉ် ကတောင် ဒေါ်လာစေ့မပြောနှင့်၊ ကျပ်စေ့ကျပ်တန်မျှပင် ဆုချမခံခဲ့ရဖူး။

“ကိုင်း ဘယ်သူတွေများ တပြည်တရွာက လူတွေ လာပြီး ချီးမြှောက်တာ ခံရဖူးလဲ။ ဂီတဆိုတာ လူမျိုးဘာသာ တူစရာမလိုဘူး။ ခံစားတတ်တဲ့သူက ခံစားတတ်တာပဲ။ အစစ်အမှန်ကို ချပြလိုက်တော့.. ဟော ကြည့်.. ပတ္တမြားစစ်ရင် နွံမနစ်ဘူးလေ” အကြွေစေ့ကို တချက်နမ်းရှုံ့လိုက်ပြန်သည်။ သူ့ဓာတ်ပုံတို့သည် ထိုနိုင်ငံခြားသားနှစ်ဦးနှင့်အတူ အခြားကမ္ဘာတဖက်သို့ ရောက်ရှိပေတော့မည်။ ထိုမှတဆင့် တယောက်စကား တသောင်းကြားပြီး သူ့ကို လာရောက်လေ့လာချေတော့မည်။ လှဘော်သည် အတွေးနှင့်ပင် သူ၏ အောင်မြင်မှုကို ကြက်သီးတဖြန်းဖြန်းထအောင် ခံစားပစ်လိုက်တော့သည်။

(၅)
ထိုနေ့မှစ၍ လှဘော်ခမျာ သူ့အကြွေစေ့အတွက် အမြဲတစေ ဥစ္စာခြောက်ရတော့သည်။ အကြွေစေ့ရသည့် ညက တောင်ဘက်စောင်းတန်းတွင် ကျပျောက်ကတည်းက ပိုပြီးသတိထားတော့သည်။ မနက်အရုဏ်ကျင်းချိန်တွင် စောင်းတန်း လှေကားမှ ချော်ပြီး ဘေးရှိ ရွက်ကြွေခြောက်များကြားတွင် ရောက်နေသော အကြွေစေ့ကို ပြန်တွေ့လေမှ သူ့မျက်နှာ ရွှင်ပျလာတော့သည်။ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်။ ပုဆိုးလိပ်ကြားတွင် ထည့်ထားသော အကြွေစေ့ကို အားတိုင်း ထုတ်ကြည့်သည်မှာ ဘယ်နှကြိမ်၊ ဘယ်နှခါမှန်းပင် မမှတ်မိနိုင်တော့။ အကြွေစေ့ စရခါစကတော့ ဘိုးဗစိန်နှင့် ခင်နုတို့က အသစ်အဆန်းမို့ လှဘော်ခမျာ ရူးနေရှာတာနေမှာပါလေဟု တွေးကြသည်။ သို့သော် ရက်မှ လ၊ လမှ နှစ် ကူးလာသော်လည်း လှဘော်အမူအရာက မပြောင်းလဲ။ သူဝေဒနာသည်း၍ နေထိုင်မကောင်းဖြစ်လျှင် ပိုဆိုးသည်။

“အဖျားက အာဂန္တုအဖျားပါဗျာ။ ဆရာတော့်ဆီက အခိုးပွင့်ဆေး တောင်းသောက်လဲ ဖြစ်တာပဲ။ ကျားပရုပ်ဆီကို နာနာသုံးတယ်ဗျာ၊ နေလို့မကောင်းရင် ၀မ်းသာနှုတ်ပစ်လိုက်။ အပူအပုပ်ချဆေးလဲ ဆရာတော့်ဆီက တောင်းလို့ရနေတာပဲ” လှဘော်သည် ဆရာတော်ဦးဝိမလ၏ ကျောင်းကို ဆေးဘဏ်တိုက်ဟု ထင်မှတ်လေသည်။ အင်္ဂလိပ်ဆေးသောက်ရန်၊ ဆေးခန်းသွားရန် တိုက်တွန်းလျှင် ခါးခါးသီးသီးငြင်းဆန်သည်။ သူ့ရောဂါ ဝေဒနာအတွက် အသပြာတပြားတချပ်မှ မကုန်လို။ ခင်ဗျား ဒေါ်လှပြား ရောင်းပစ်လိုက်ပါလားဟု သွားပြောလျှင် ရောဂါပိုဆိုးလေတော့သည်။

ဇရာပစ္စယာ မရဏာ ဆိုသည့်အတိုင်း အရွယ်ကလည်း အို၊ အာဟာရမပြည့်၍ ကြုံလှီနေသော ခန္ဓာကိုယ်ကလည်း ဝေဒနာကို ကြာရှည်တွန်းလှန်ခြင်းငှာ မစွမ်းသာသဖြင့် ဒေါ်လာကျပ်စေ့ ရပြီး ၀ါနှစ်ခါကျွတ်လတ်သော် လှဘော်တယောက် အသက်နှင့်ခန္ဓာ အိုးစားကွဲလေတော့သည်။

မြူနှင်းခပ်ပါးပါးကျလျက်ရှိသည့် ဆောင်းမနက်ခင်းတခုတွင် လှဘော်၏ အတ္တဘောကြီးက သူကျက်စားရာ တောင်ဘက် စောင်းတန်း ချောင်ကျကျတနေရာတွင် ဆန့်ဆန့်ကြီး လဲနေသည်ကို တွေ့ရသည်။ တခဏအတွင်း ဆရာတော် ဦးဝိမလ၊ ကပ္ပိယ ဘဘလေးနှင့် ကျောင်းမှ ကိုရင်များ၊ ဗေဒင်ဆရာဘိုးဗရှိန်နှင့် ပန်းသည် ခင်နုတို့ ရှေ့ဆင့် နောက်ဆင့်ရောက်လာကာ အသုဘကမ္မဌာန်းစီးဖြန်းကြသည်။ ခင်နုက မိန်းမသားမို့ စေ့စေ့စပ်စပ်ရှိလှသည်။

“ဒါထက် ဘိုးဗရှိန် ကိုလှဘော်ရဲ့ ဒေါ်လှစေ့ရော ရှာတွေ့ကဲ့လား”

“ကျောင်းအမရယ်.. ခင်ဗျား ပြောတာဖြင့် နောက်ကျနေပြီ။ လှဘော်တို့က သေတာတောင် အကြွေစေ့ကို သံယောဇဉ်မပြတ်ဘူးဗျ။ တခါတည်း ပါးစပ်ထဲမှာ အံနဲ့ အသေကိုက်ထားတာ”

တကိုယ်ရေ တကာယသမား လှဘော်တယောက် သေပွဲဝင်ရာတွင် မည်ကဲ့သို့  ကြီးကြီးကျယ်ကျယ် တ၍ ငိုရပါမည်နည်းဟု အကြံအိုက်နေသည့် ခင်နုမှာ ဘိုးဗရှိန်စကားဆုံးသည်နှင့် အကြောင်းရှာလို့ ရသွားတော့သည်။

“အမလေး.. ကိုလှဘော်ရဲ့။ သေတာတောင် ကျပ်စေ့ကြီး ခဲလို့တဲ့။ သူ့ဆုတော်ငွေကို ကူးတို့ခအတွက် ယူသွားတာပေါ့နော်.. အမယ်မင်း… အနုပညာသမားကြီး.. သူများနဲ့မတူတဲ့ ဒေါ်လှစေ့ ကူးတို့ခကြောင့် အဆိုတော်ဘ၀ကို ကူးပြောင်းပါစေ.. ဟီး ဟီး ဗြီး”

ခင်နု၏ ငိုချင်းကိုသာ လှဘော်ကြားပါက မိန့်မိန့်ကြီး ပြုံးကာ ကျေနပ်နေပေတော့မည်။ ထို့ထက် ပိုပြီး မည်သူကမှ ဂီတလောက၊ အနုပညာလောကအတွက် ယူကျုံးမရလေခြင်းဆိုသည့် သဘောမျိုးဖြင့် တမ်းတ မှန်းဆမနေကြပါ။ အရူးတယောက် ထွက်သွားရုံမျှဖြင့် လောကတခုလုံး မည်သို့ ပြောင်းလဲစရာ ရှိအံ့နည်း။

မျက်ရှု 


Painting : Hot Jazz Three by Debra Hurd
Painting "Hot Jazz Three" by Debra Hurd


Painting "Hot Jazz Three" by Debra Hurd
Painting "Hot Jazz Three" by Debra Hurd

ငြိမ်းချမ်းအောင် - မိဘမဲ့ ဒုက္ခသည်

$
0
0
ငြိမ်းချမ်းအောင် - မိဘမဲ့ ဒုက္ခသည်
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၅

သားရေ ရောက်တဲ့နေရာမှာတိုင်းမှာ မိဘရှာပါလို့၊ သက်ကြီးရွယ်အိုတွေကို မိဘတွေလို သဘောထားပါလို့ အသက်တွေ မရှည်ပေမဲ့ ဒုက္ခတွေ သမုဒ္ဒရာလိုကျယ်ပြန်တဲ့ ဘ၀တွေအကြောင်းကို မှာကြားတဲ့ ကျနော့်အဖေဆိုတာလည်း ငယ်ငယ်က တည်းက စစ်ပွဲကြောင့် မိဘမဲ့သွားရတဲ့ သားတယောက်ပါပဲ။

လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်စပြီး လွတ်လပ်စွာ မိဘမဲ့ဖြစ်သွားသော၊ လွတ်လပ်စွာဒုက္ခသည် ဖြစ်သွားသော လွတ်လပ်စွာ ဘ၀တွေပျက်စီးသွားရသော မြန်မာနိုင်ငံသား ဘယ်လောက်များများ ရှိကြမလဲဆိုတဲ့ အရေအတွက် ကိန်းဂဏန်းတွေကို ကျနော် ရေတွက်ကြည့်တော့ ကိုယ်တိုင်လည်း ပါဝင်နေကြောင်း လွတ်လပ်စွာ စိတ်မကောင်းခြင်းများနဲ့ အရေအတွက် တခု ထည့်ပြီး တွက်လိုက်ရသည်။

မိမဆုံးမ၊ ဖမဆုံးမဆိုတဲ့ ရိုင်းဆိုင်းတဲ့စကားလုံးကို လွတ်လွတ်လပ်လပ် အလွယ်တကူ သုံးစွဲတတ်သော မြန်မာနိုင်ငံသား များကား လူတယောက် ရိုင်းစိုင်းသည်၊ လူတယောက် ဆိုးသွမ်းသည်ဆိုလျှင် မိဘကို ခေါင်းတပ်ပြီး လွတ်လွတ်လပ်လပ်ပင် ပုတ်ခတ်ဆဲဆိုတတ်ကြသည်။ မိဘမဲ့သောကလေးတယောက်မှ လူကြီးဖြစ်လာလျှင် သူ့အတွက် မိဘဆုံးမနိုင်ဖို့ အခွင့်အရေး ကို စစ်အာဏာရှင်တွေက ဖျက်ဆီးပစ်လိုက်ပြီဆိုတဲ့ တကယ့် တရားခံအစစ် စနစ်ဆိုးကို မတွေးမိကြဘဲ။ သူတို့ကိုယ်တိုင်က စစ်အာဏာရှင်ကဲ့သို့ပင် ပြုမူဆက်ဆံနေမိကြောင်း မတွေးတတ်ကြတော့။ မိဘမဲ့ ကလေးများမှ ဆိုးသွမ်းတတ်တာ မဟုတ် ကြ မိဘရှိရဲ့သားနဲ့ ပိုမိုဆိုးသွမ်းရက်စက်ကြသော သူများအား မြန်မာနိုင်ငံသား အများစုက ကွယ်ရာမှာ မကောင်းပြောလျှင် ပြောကြလိမ့်မည်။ ရှေ့တွင်တော့ လက်အုပ်ချီပြီး အဘဟုပင် ခေါ်ဝေါ်ကြသည်မှာလည်း စနစ်ဆိုးများကြားတွင် လူတွေ ပြောင်းလဲသွားခြင်းသာ ဖြစ်လိမ့်မည်။

တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး စကားကား မှန်သင့်သလောက်တော့ မှန်ပါသည်။ လူကား သူနီးစပ်ရာ အသိုင်းအ၀န်းက သူ့ကို ကောင်းရာဘက်သို့ ဆွဲခေါ်နိုင်သလို၊ ဆိုးရာဘက်သို့ တွန်းချနိုင်သည်။ မြန်မာနိုင်ငံသားတို့ကား မဟာလူသား ဗုဒ္ဓ၏ အဆုံးအမတွေကြားမှာ ကြီးပြင်းခဲ့ရသည်။ ဘုရားရှင်က ငါ့လို ကျင့်ကြံနိုင်လျှင်၊ ငါ့လို ဘုရားဖြစ်မည်ဟု မိန့်ကြားသွားသည်။ ကျေးညီနောင် ပုံပြင်တွင် မိဘမဲ့ ကျေးညီနောင် မုန်တိုင်းကြားမှာ ကွဲကွာသွားတဲ့အခါ သူခိုးကြားတွင်ရောက်သောကျေးက လူတွေ့လျှင် သတ်ဖို့ ပြောသည်။ ရသေ့ကြီးထံရောက်သည့် ကျေးက ယဉ်ကျေးပြုငှာစွာ ဆက်ဆံသည်။ ထိုပုံပြင်ကား ငယ်ရွယ်စဉ်ကပင် ကျောင်းတွင် သင်ကြားရသည့် မြန်မာနိုင်ငံသားတို့၏ သင်ပုန်းကြီး ဖတ်စာဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသားတော်တော်များများက စစ်အာဏာရှင်တို့၏ အုပ်ချုပ်မှု့ ယန္တရားကြီးအောက်တွင် ကြီးနိုင်ငယ်ညှင်း၊ နင်ငတ် ငါချမ်းသာ စိတ်မျိုးမထားချင်ကြပါပဲ၊ ကမ္ဘာမီးမလောင်ပေမဲ့ သားသမီးကိုပါရောင်းစားရသည့်ဘ၀မျိုး ပြောင်းလဲသွားကြသည်။ ကလေး ငယ်တို့ကား မိမဆုံးမ ဖမဆုံးမဘ၀ကို ရောက်သွားကြတော့သည်။

ကျနော် ဒုက္ခသည် ဖြစ်ခဲ့သည်။ ဒုက္ခသည် ဖြစ်ရတဲ့အတွက် ကျနော် မသိမ်ငယ်။ ကျနော် ဒုက္ခသည် ဖြစ်ရတာ စစ်အာဏာရှင် စနစ်ကြောင့် ဖြစ်သည်။ ကျနော် တောခိုသည်။ လက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်ခဲ့သည်။ ထို့အတွက်လည်း ယဉ်ကျေးသော ခေတ်ကြီးမှာ ကျနော် နောင်တမရ။ ကျနော့်အတွက် ရွေးချယ်စရာလမ်းက မရှိ။ ၈၈ အရေးတော်ပုံကြီးမှာ အဖေက တက် ကြွစွာ ပြည်သူတွေထဲက ပြည်သူတယောက်အနေနဲ့ ပါခဲ့သည်။ အဖေ့ကို ဖမ်းဖို့ ကျနော့်ကို ဓားစာခံလုပ်သည်။ ကျနော် ထွက်ပြေးရသည်။ အသက် ၁၄ နှစ်အရွယ် ကလေးတယောက် ကျောင်းတနှစ်ပျက်ပြီး ဟိုင်းကြီးကျွန်းက ဆွေမျိုးတွေကြားမှာ ရှောင်ပုန်းခဲ့နေခဲ့ရသည်။ အသက်ကြီးလာတော့ အဖေက စိတ်မချ၊ သူယုံကြည်ရာ သူညီအစ်ကိုများရှိရာကို ပို့သည်။ ကျနော် လက်နက်ကိုင်ပြီး စစ်အာဏာရှင်ကို တိုက်သည်။ စစ်အာဏာရှင်ကို တိုက်ရင်း တိုင်းရင်းသားအာဏာရှင်များ လက်အောက် မှာ တိုက်ဆိုတိုက်၊ ပြေးဆိုရင် ပြေး အမိန့်တွေအောက်မှာ ကျင်လည်ခဲ့ရသည်။

ကျောင်းသားတပ်မတော်သား ဆိုသည့် တနိုင်ငံလုံးအရေး လုပ်ရမည့် လူငယ်တွေ ထမင်းကျွေး နေစရာပေးသည့် တိုင်းရင်း သားခေါင်းဆောင်တွေ ဘယ်တော့ဖောက်ပြန်မလဲဆိုသည့် အရိပ်အခြည်ကို ကြည့်နေရသည့် ဘ၀ကို ကျနော်မပျော်၊ တော ထဲကရသည့် ငှက်ဖျားနောက်က ဘေးထွက်ဆိုးကျိုးတွေကြား ရောဂါဘယတွေ ထူပြောလာသည်ကို ကျနော်မခံနိုင်။ ထွက် ပေါက်ဖြစ်သည့် ဒုက္ခသည်အဖြစ် ကျနော်လျှောက်ခဲ့သည်။ ကျနော် ရန်သူ့ထံ လက်နက်ချခဲ့သည့်သူတယောက်မဟုတ်။ မလုပ်ချင်တော့၍ ထွက်လာခဲ့သူတယောက်သာဖြစ်သည်။ ရင်နာစရာတွေ သိပ်မပြောချင် မင်းတို့ကို ဘယ်သူမှ တော်လှန် ရေး လာလုပ်ခိုင်းတာမဟုတ်သလို၊ မင်းတို့ ဒုက္ခသည်လျှောက်ဖို့လည်း ထောက်ခံစာမပေးနိုင်ဘူးလို့ပြောတဲ့ ခေါင်းဆောင် တချို့ကို ကျနော် ကြုံခဲ့ရသည်။ ကျနော်ချစ်သော ကိုမိုးသီးဇွန်လည်း ထိုလမ်းစဉ်ချမှတ်ခဲ့သည်။ အခြေအနေအရ သူတို့ရဲ ဘော်တွေကို ချစ်ပေမဲ့ မူအရ ပြတ်သားခဲ့ကြသည်။

မိဘမဲ့ - ဒုက္ခသည် ထိုသူများအားလုံးသည် စနစ်ဆိုးတခု၊ ပျက်စီးနေသောအသိုင်းအ၀န်းတခု၊ ပြည်တွင်းစစ်များကြောင့် ဖြစ် ပေါ်လာရသည့် အပြစ်မဲ့ ဓားစာခံများသာဖြစ်ကြသည်။ လူသားတိုင်း တန်းတူအခွင့်အရေးရှိဖို့ တောင်းဆိုလျှင်၊ တရားဥပဒေ အရ မျှတအောင် ဆောင်ရွက်ပေးဖို့က ပြည်သူရွေးချယ်သော၊ ပြည်သူက ယုံကြည်စွာ တင်မြှောက်ခဲ့သော အစိုးရတရပ်၏ တာဝန်ဖြစ်သည်။ ကျနော် တို့ သားအဖ ဆုံးရှုံးခဲ့ရသော မိဘဆုံးမနိုင်ခွင့် အခွင့်အရေး နောက်မျိုးဆက်အားလုံး အပြည့်အ၀ ရနိုင်သော မြန်မာနိုင်ငံတော်ကြီး တည်ဆောက်နိုင်ကြပါစေ။

မောင်ကြီးငြိမ်းချမ်း @ ငြိမ်းချမ်းအောင်
ဒီဇင်ဘာ ၈၊ ၂၀၁၅

ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားများနှင့်ဝန်းရံသူများ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသခံယူ

$
0
0
ကိုမင်းသွေးသစ်

ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားများနှင့်ဝန်းရံသူများ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသခံယူ

ဟန်သစ်နိုင်၊ မိုးမခ၊ ဒီဇင်ဘာ ၉ရက်၊ ၂၀၁၅


ကိုထိန်လင်းအောင်
၂၀၁၅ မတ်လ ၁၀ရက်နေ့ လက်ပံတန်းတွင် ကျောင်းသားများ ပညာရေးအတွက်တောင်း ဆိုခဲ့မှုကြောင့် သာယာဝတီထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော သံလျင်ဗကသ ကျောင်း သားခေါင်းဆောင် ကိုမင်းသွေးသစ်၊ ကိုအမာနော် မြစ်ကြီးနားခရိုင် ဗကသ၊ ကိုထိန်လင်းအောင် သံလျင် NLD၊ ဦးမြကြီး တိုက်ကြီး NLD တို့သည် ဖမ်းဆီးစဉ်ကာလတွင်ရိုက်နှက်ခံထားရမှုနှင့် ထောင်အာဏာပိုင် များ၏ ညင်းပမ်းမှုများကြောင့် ဒီဇင်ဘာ ၈ရက်နေ့ညတွင် ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသ ရန်ရောက်ရှိလျက်ရှိသည်။

ကိုအမာနော်
         ဗကသကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်သည် အစာအိမ်ရောဂါဖြစ်နေပြီး ဖမ်းဆီးချိန်ကာလတွင် ရိုက်နှက်ခံထားရသောကြောင့် ခြေထောက်များတွင် အရိုးများထိနေကြောင်း၊ ကိုထိန်လင်းအောင် သံလျင်NLD သည် အစာအိမ်ရောဂါနှင့် ခေါင်းများရိုက်ထားခံရခြင်းကြောင့် အာရုံကြောအားနည်းနေကြောင်း၊ ကိုအမာနော် မြစ်ကြီးနားခရိုင် ဗကသသည် အစာငတ်ခံဆန္ဒပြမှု တွင် ထောင်အာဏာပိုင်များမှ ရေဖြတ်တောက်ထားမှုကြောင့် ကျောက်ကပ်ရောဂါနှင့် ဆီးသွားလျှင် သွေးများပါနေမှုများရှိနေကြောင်း၊ ဦးမြကြီး တိုက်ကြီး NLDသည် ဦးခေါင်းခွံအပ်နေ သည့်အတွက် ခြေထောက်နှင့်လက်များထုံနေကြောင်း၊ ၄င်းတို့ လေးဦးသည် သာယာဝတီ ခရိုင်တရားသူကြီး၏ ခွင့်ပြုချက်ဖြင့် ဆေးရုံတက်ခွင့်ရရှိခဲ့ကြောင်းများကို ကိုမင်းသွေးသစ်မှပြောပြသည်။

ဦးမြကြီး

          ကျောင်းသားများဆန္ဒပြရာတွင် ရဲများတားဆီးနှိမ်နှင်းခြင်းနှင့်ပတ်သက်၍ ကိုမင်းသွေးသစ် မှ ပြောပြရာ အီးယူနည်းနဲ့ တခြားနိုင်ငံဖြစ်သော ဂရိနိုင်ငံတွင်ရဲများနှိပ်နှင်းရာ ကျောင်းသားများက ရဲများကိုကျောက်စရစ်ခဲ နှင့်ပစ်ခတ်ခြင်း၊ ဆိုင်းဘုတ်များရိုက်ချိုးခြင်းများ၊ ဓာတ်ဆီဗုံးဖြင့်မီးရှို့ခြင်း များပြုလုပ်သော်လည်း ရဲများက လိုအပ်မှ သေနတ်များမိုးပေါ်ထောင်ဖောက်ခြင်း၊ ဆန္ဒပြကျောင်းသားများ ထက် ရဲများက အင်အားနည်း နည်းဖြင့် တားဆီးခြင်းများရှိကြောင်း၊ မြန်မာနိုင်ငံတွင် အီးယူနည်းဖြင့် ရဲများက ကျောင်းသားများကို နှိမ်နှင်းရာတွင် ကျောင်းသားနှင့် ဝန်းရံပြည်သူ နှစ်ရာလောက်မှာ ရဲများက အဆ ၂၀ရှိနေကြောင်းများပြောပြသည်။

          ဆက်လက်ပြီး “သူတို့ဆီမှာက ဆန္ဒပြရင် ဥရောပနည်းအတိုင်း နှိမ်နှင်းတယ်၊ ကျနော်တို့ဆီမှာက သူတို့ရဲ့ရဲတပ်ရင်းနှစ်ဆသုံးဆဖြစ်နေတယ်၊ ကျနော်တို့ဆီမှာက ကျောင်းသားနှင့်ဝန်းရံပြည်သူ နှစ်ရာလောက်ရှိတယ်၊ ဖြိုခွဲတဲ့တပ်ရင်းက ရဲတပ်ရင်းက ၃ရင်း၊ ရဲတပ်ရင်းတစ်ရင်းမှာ ၇၀၀ရှိတယ်၊ ဒီ ၂၁၀၀ကျော်ရဲတွေက ကျနော်တို့ကို ဝင်ရိုက်တယ်၊ အင်အားက အဆ ၂၀လောက်ကွာတယ် ပြန်ကြားရေး ဝန်ကြီးပြောသလို ဥရောပသမဂ္ဂနည်းဟာ ဘယ်လိုမှမဟုတ်ပါ ကျနော်တို့မြန်မာနိုင်ငံက သုံးနေတဲ့ပုံစံအ တိုင်းတာဖြစ်တယ်” ဟုပြောသည်။

          ယခင်အစိုးရလက်ထက်တွင် ပညာရေးနှင့်ပတ်သက်၍ ပြုပြင်ရန်အချက် (၁၁)ချက်တောင်း ဆို ဆွေးနွေးခဲ့သော်လည်း  အစိုးရမှ ပညာရေး၏တွေ့ဆုံဆွေးနွေးရေးရဲ့သဘော သဘာဝတွေကိုနားမ လည် ခဲ့ကြောင်း၊ ယခုတက်မည့်အစိုးရသည် ပညာရေး၏သဘောသဘာဝတွေကို နားလည်ပေးနိုင်မည် ထင်ကြောင်း ကိုမင်းသွေးသစ်မှပြောပြခဲ့သည်။
         

သူ့ နန္ဒ(ကာရိုလိုင်းနား) - တို့ အညတရ စစ်သည်

$
0
0
Aung Htet

သူ့နန္ဒ(ကာရိုလိုင်းနား) - တို့ အညတရ စစ်သည်
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၅


လူ အချို့တွေ
ဆန်းဒေးဆို ပါတီလုပ်
အုပ်စုဖွဲ့ ပုလင်းထောင်
မျိုးဆက်သစ်တွေ
စိတ်ညစ်အောင် လုပ်။

ဒါနတွေက မဆိုး
သီလအိုး ကွဲသမို့ 
ကိုယ်ကျိုး နဲနေကြ
ဟိုဆီမှာက ...
ပြောင်းလဲသွားပြီ
ဒီမှာတော့ အရင်းပြုတ်။

ချိမ်း ချိမ်း ချိမ်း (change) တဲ့
သူတို့ဘဲ သံပြိုင်အော်ခဲ့ကြ
အိုဘာမား ၂ဆက်ရ
ဒေါ်စုတောင် အမတ်ဘ၀နဲ့
သမ္မတဖြစ်လုလု
ခြေဥကြောင့်မို့သာ။

မိဆုံးမ ဘဆုံးမ
ဆရာလဲ ဆုံးမပါရဲ့
သင်းတို့ကိုက ကံဆိုးတာ
ဘဝတွေ နာခဲ့နဲ့
ခဏသာတဲ့ ဘဝကို
ထိန်းကြောင်း မသွားလို
စိတ်ကို လွှတ်ပေး
ဖြေဆေးက အရက်
ဓမ္မဘက် မလိုက်
တအား မိုက်ပါဘိနော်။

ကြည့်
ဒီမိုကရေစီ ...
ရောင်ခြည်ပျို့  လို့
ထထ သွားကြစို့
တို့အမျိုးတွေ ကူဖို့ဆို
အချို့ က မရှိတော့
ချိုးသမားဘဝတွေနဲ့
ပြာအိုးထဲ ရောက်သွားကြပြီ။

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - piece of cake

$
0
0

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - piece of cake
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၅

မင်းကိုနိုင် - ၀မ်ဝက ကဗျာ

$
0
0

မင်းကိုနိုင် - ၀မ်ဝက ကဗျာ
(သူ့ဖေစ့်ဘွတ်) မိုးမခ၊ ဒီဇင်ဘာ ၁၀၊ ၂၀၁၅

စစ်ပွဲတွေရပ်ဖို့ဆိုတာတော့
အကြောင်းတွေဆုံမှ ဖြစ်မှာပါ

အနည်းဆုံးတော့
လူလူချင်း စာနာမှု
အထူးသဖြင့်
နုနယ်သော နှလုံးသားများကို
အနာတရ မဖြစ်စေလိုသော၊
ဖြစ်လျှင်လည်း
သက်သာပျောက်ကင်းစေလိုသော
စိတ်နှလုံးဟာ
အများစုမှာ ရှိတယ်ဆိုတာ
သက်သေပြနိုင်ခဲ့ကြပါတယ်။

ခရီးကြမ်းအတွက်
အမောပြေအောင်
တုန့်ပြန်မေတ္တာ ရခဲ့ခြင်းအပေါ်
ကျေနပ်စွာဖြင့် ....။

မင်းကိုနိုင်‬
( ခေတ္တ - ၀မ်ဝ၊ ဟိုက်ပါ စခန်း၊ ရှမ်းမြောက်ဒေသ )
ဓာတ်ပုံ - ( ၈၈/ငြိမ်း-ပွင့်)

ခွန်းဆေ - ကျနော် သူပုန် ဖြစ်လာပုံ (တိုင်းရင်းသားလူမျိုးရေးရာ သုတေသနာအသင်းထုတ်)

$
0
0


ခွန်းဆေ - ကျနော် သူပုန် ဖြစ်လာပုံ (တိုင်းရင်းသားလူမျိုးရေးရာ သုတေသနာအသင်းထုတ်)
(နောင်ကျော် ညွှန်းဆိုသည်) မိုးမခ၊ ဒီဇင်ဘာ ၁၀၊ ၂၀၁၅

လူမှုဆက်ဆံရေးမှာ တယောက်နဲ့တယောက် နားလည်လာမှပိုရင်းနှီး ပိုရင်နှီးမှ ချစ်ကြည် ပိုချစ်
ကြည်မှ ညီညွတ် ပိုညီညွတ်မှ စည်းလုံးမယ်လို့  ဆိုစကားရှိပါတယ်။

အခု တင်ပေးလိုက်တဲ့စာအုပ်က ရှမ်းတိုင်းရင်းသား လူငယ်တယောက် ဘာကြောင့်သူပုန်ဖြစ်ခဲ့ရသလဲ
ဆိုတာကို ရေးထားတဲ့စာအုပ်ပါ။အဲဒီအကြောင်းကို နားလည်လာရင် ဒီနေ့ပြောနေကြတဲ့ အမျိုးသား
ရင်ကြားစေ့ရေးခေါ်ခေါ် အမျိုးသားပြန်လည်သင့်မြတ်ရေးပြောပြော အဲဒီ ကိစ္စအတွက် စဉ်းစားတဲ့နေရာမှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
 

အဲဒီစာအုပ်ကို ထုတ်ဝေသူရဲ့ အမှာစာကို ဒီနေရာကနေဖော်ပြ ပေးလိုက်ပါတယ်။




အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ကျင်းပပြုလုပ်

$
0
0
 အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ကျင်းပပြုလုပ်
သွန်းခ၊ ရန်ကုန်၊ (မိုးမခ) ဒီဇင်ဘာ-၁ဝ 


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ (၁ဝ)နှစ်မြောက်အခမ်းအနားကို ၁ဝ၊၁၂၊ ၂ဝ၁၅ ညနေ ၅နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်(၈၂)၊ ပထမထပ်၊ နတ်စင်လမ်းရှိ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ရုံးခန်းတွင်ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ဥရောပသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီး ရိုလမ်ဂိုဘီးယား ၊မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)မှ ဒါရိုက်တာဦးမြင့်အေး၊ ညီမျှခြင်းမြန်မာ (Equality Myanmar) မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းတို့ တက်ရောက် အဖွင့်အမှာစကားများ ပြောကြား သွားခဲ့သည်။



ပြည်တွင်း INGO များမှနိုင်ငံခြားသားများ၊ အရပ်ဖက် လူမှုမိတ်ဘက် အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး လေးစားမြတ်နိုးကြသူ ပြည်သူများလည်း တက်ရောက်ခဲ့ကြသည်။ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့သည် ၂ဝဝ၆ ခုနှစ် တွင် စတင်ဖွဲ့စည်းပြီး လှုပ်ရှားမှုများဆောင်ရွက်ခဲ့ရာ ယခုနှစ်သည် (၁ဝ) နှစ်မြောက် ခဲ့ခြင်းဖြစ်သည်။ ယခင်စစ်အစိုးရလက်ထက်တွင် အကြပ်အတည်း၊ ပိတ်ပင်မှု အမျိုးမျိုးကြားမှ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရပြီး ၂ဝ၁၂ နောက်ပိုင်း ပွင့်လင်းသည့်ကာလ ရောက်သည့်အခါ M-3၊ တော်ဝင်နှင်းဆီခန်းမတို့တွင် ပြုလုပ်ခွင့်ရခဲ့သည်။ ယခုနှစ်တွင် ကြည့်မြင်တိုင်မြို့နယ်ရှိ စိန့်မိုက်ကယ်၊ အင်္ဂလီကန် ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။  ၂၄၊ ၁၁၊ ၂ဝ၁၅ တွင် မြို့နယ်အဆင့်သို့ ခွင့်ပြုချက်တောင်းခံခဲ့ပြီး (၁၄) ရက် အကြာ ၈၊၁၂၊၂ဝ၁၅ ညတွင်မှ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်နှင့် ခွင့်ပြုမိန့်အပိတ်ခံခဲ့ရ၍ ဖော်ပြပါရုံးခန်းတွင် ပြုလုပ်ရခြင်းဖြစ်သည်။


ယခုကဲ့သို့ဘုရားရှိခိုးကျောင်း တွင်ပြုလုပ်ရန် စီစဉ်ခြင်းအား ခွင့်မပြုခြင်းသည် လူထုနှင့် တစ်သားတည်းမဖြစ်စေလိုသည့် ရည်ရွယ်ချက်ရှိသည် ဟု ယူဆကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးအောင်ဇော်ဦးမှ မှတ်ချက်ပြု ပြောကြားသည်။ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့အနေနှင့် ၂ဝ၁၃  ၊နိုဝင်ဘာ ၂၉ ရက်နေ့ကတည်းက အဖွဲ့အစည်းမှတ်ပုံတင်ခဲ့သော်လည်း ယနေ့ပွဲ ပြုလုပ်သည်အထိ မှတ်ပုံတင်ခွင့် မရရှိသေးကြောင်း သတင်းရရှိသည်။


အခမ်းအနားအပြီးတွင် လွတ်လပ်သည့်လူ့အခွင့်အရေးဆိုင်ရာ သီချင်းများအား ပန်းရဲ့လမ်း တေးဂီတ အဖွဲ့အား ဖြင့်၎င်း၊ ကလေးသူငယ်များအတွက် မျက်လှည့်နှင့် ခေတ်ပေါ်အကများဖြင့်၎င်း ဖျော်ဖြေတင်ဆက်ခဲ့သည်။

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ဒီဥာဏ်တွေသာ လွတ်လပ်းရေးအတွက် သုံးလိုက်ရရင်

$
0
0

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ဒီဥာဏ်တွေသာ လွတ်လပ်းရေးအတွက် သုံးလိုက်ရရင်
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၅

မနက်ဖြန် ၁၁.၁၂.၁၅-နေ့မှာ တောင်တွင်းကြီးမြို့ ၊နတ်မှီတောရ၊ အဘိဓမ္မာကျမ်းပြုအကျော် ဆရာတော်ဘုရားကြီး ရှင်ဥက္ကဋ္ဌ-ရဲ့ ၁၁၈-နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ပူဇော်ပွဲကြီးကို နတ်မှီတောရမှာပဲ ရပ်ဝေး ရပ်နီးက တပည့်သားမြေးတို့   စုပေါင်းဆင်နွှဲ ကြတော့မှာပါ။

 ပူဇော်ပွဲအထိမ်းအမှတ်အဖြစ် ဆရာတော်ကြီးရဲ့ မမေ့နိုင်စရာ အဆိုအမိန့်လေးတွေကို မျှဝေ တင်ပြလိုက်ပါတယ်။

ဆရာတော်ကြီးက အိန္ဒိယမှာနေစဉ်ကတည်းက သက်သတ်လွတ်ပဲ ဘုဉ်းပေးပါတယ်၊ ဆရာတော်ကြီးအတွက် နံနက်စောတိုင်း ကပ်ဖို့  နွားနို့ တခွက်ကို ညနေပိုင်းကတည်းက တပည့်များက စီစဉ်ထားပြီး ဆွမ်းစားဆောင်က ကြောင်အိမ်ထဲမှာထည့်ထားပါတယ်။ ကြောင်အိမ်က  ပိုးဟပ်မဝင်နိုင်လောက်တဲ့ သံစကာ အလုံကာထားပြီး သော့ခပ်ထားတာပါ။ နံနက်စော ဆရာတော်ကပ်မယ်လို့  ကြောင်အိမ်ဖွင့်လိုက်တိုင်း နွားနို့ က အမြဲတမ်း လျှော့နေတယ်၊ သော့လဲ အသေအချာခပ်ထားတာပဲ၊  သော့ကလဲ စားဖိုမှုးဆီမှာပဲ သိမ်းထားတာပါ။

နေ့စဉ်ရက်ဆက် ကြုံလာတော့ ဒီကိစ္စကို ဆရာတောထံ တင်ပြပါတယ်။ ဆရာတော်က ညပိုင်း ကျောင်းသားကိုရင်တွေ စုံတဲ့အခါ-

 "ကြောင်အိမ်ထဲမှာ သံစကာအလုံနဲ့  သော့လဲခပ်ထားတဲ့ကြားက နွားနို့ ကို ရအောင်ခိုးသောက်ထာ
ဘယ်သူလဲကွ။ မင်းတို့ကို ဒဏ်ပေးမလို့ မဟုတ်ဘူး၊မှန်မှန်ပြောစန်းကွာ၊ မင်းတို့ ဥာဏ်ကို ငွေငါးကျပ် ဆုချချင်လို့ "

 ဆိုတော့ ဆရာတော်က 'ဟနုမန်ကြီး'လို့ နာမည်ပြောင်နဲ့ခေါ်တဲ့ သိန်မောင်ကြီးဆိုတဲ့ ကျောင်းသားက
သူသောက်ထာပါလို့ ဝန်ခံတယ်။

"ဒီလောင် အလုံပိတ်ထားတဲ့ကြောင်အိမ်ထဲက နို့ ကို သော့မဖွင့်ပဲ  မင်း ဘယ်လိုလုပ် သောက်လဲကွ"ဆိုတော့ သင်္ဘောရိုးသေးသေးလေးကို သံဇကာပေါက်ကနေ ရအောင်သွင်းပြီး စုတ်သောက်တဲ့အကြောင်း
ဝန်ခံပါတယ်။

 "အေးကွာ မင်းဒီဥာဏ်မျိုးတွေ လွတ်လပ်ရေးအတွက်များ သုံးလိုက်ရရင်ကွာ..လို့ "ချီးကျူးပြီး
ပိုက်ဆံငါးကျပ် ဆုချလိုက်ပါသတဲ့။

 အဲဒီတုန်းက လွတ်လပ်ရေး ကြိုးပန်းနေချိန်ဆိုတော့ ဆရာတော်စိတ်ထဲမှာ အရာရာကို လွတ်လပ်ရေးအတွက်သာ စဉ်းစားနေတယ်ဆိုတာကို ထင်ဟပ် သိမြင်စေတဲ့ မိန့်ကြားချက်ကလေးပါ။
ကျောင်းသား ကိုရင်တွေရဲ့ ရင်ထဲမှာလဲ- "မင်း ဒီဥာဏ်မျိုးတွေ လွတ်လပ်ရေးအတွက်သာ သုံးလိုက်ရရင်ကွာ"..   ဆိုတဲ့စကားက အချင်းချင်း ဥာဏ်နီဥာဏ်နက် သုံးလာတာ တွေ့ ရင်တောင် ပြောစမှတ် တွင်နေရစ်ပါတယ်။

 (နတ်မှီဆရာတော်ဘုရားကြီးရဲ့ ၁၁၈-နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ဂုဏာနုဿတိပူဇာစာ)
၁၀.၁၂.၁၅၊ နတ်မှီတောရ၊ တောင်တွင်း။

ကိုကံညို(ထူးကြီး) - “လူ ငယ် စိတ်”

$
0
0
Photo - 88 (Peace & Open Society), Wan Wa Refugee Camp, 2015 Dec

ကိုကံညို(ထူးကြီး) - “လူ ငယ် စိတ်”
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၅

ဆယ့်ခြောက်နှစ်သမီးတချို့၊ အမေလုပ်သူရဲ့ ဂုဏ်ယူအပြုံးတွေနဲ့အတူ၊ ပွဲတော်မှာ ထင်ပေါ်ဖို့၊ လှည်တန်းစင်တာကြီးထဲ ရှေ့တန်းတင် ဝင်သွားကြတယ်။ ပရိုမိုးရှင်းပွဲလား၊ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲလား မပြောတတ်ပါဘူး။ ဒရမ်ရိုက်ချက် အပြင်းစားနဲ့ မြူးကြွတဲ့ ဂီတတေးသွားတွေကတော့ လှည်တန်းစင်တာကြီးအပြင်ကို လျှံထွက်နေတယ်။ မြန်မာနိုင်ငံတွင်းမှာ တခြား ဘာတွေဖြစ်နေပါသေးသလဲ။

ကာတွန်းဆရာ အုပ်စုတစ်စု ...

လှည်တန်းစင်တာကြီးရဲ့ အဝင်အုတ်လှေခါး ကျောက်ပြားတွေပေါ်မှာ နေရာယူပြီး၊ အင်းလျှားလမ်းဘက်ကို မျှော်နေကြတယ်။ ဂုံးကျော်တံတားကြီး တည်ဆောက်လိုက်ပေမယ့်၊ ကားတွေကတော့ ပိတ်မြဲ၊ အစိုးရရဲ့ မအောင်မြင်တဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပြအသိပေးဖို့ ကာတွန်းဆရာတွေက ၂၄ နာရီ အသင့်ရှိနေတဲ့ပုံပါပဲ။

“ဘယ်နေရာမှာ လုပ်မှာလဲ”

“ဟိုမှာလေ ... စကိတ်စီးနေကြတဲ့အကန့်ရဲ့ ဒီဘက်ကလေးမှာပါ ဆရာ၊ ကျွန်တော်တို့ အစစအရာရာ စီစဉ်ထားပါတယ်၊ ဆရာတို့ ပုံတွေရေးဖို့ ပစ္စ္စည်းကိရိယာအားလုံး ကျွန်တော်တို့ လုပ်ပေးပါ့မယ်၊ ဆရာတို့က ရှမ်းပြည်နယ်ဘက်က စစ်ဘေးအတွက် ကာတွန်းပုံတွေ ရေးပေးပါ၊ နောက်ပိုင်း အလှူခံထည့်တဲ့သူတွေက ကယ်ရီကေးချား ရေးချင်တယ်ဆိုလည်း ဆရာတို့ထဲက ကယ်ရီကေးချားရေးနိုင်တဲ့ ဆရာက ရေးပေးပါ၊ ကျွန်တော်တို့က HHDV Network ဆိုတဲ့ သဘာဝဘေး စာနာကူညီရေး ကွန်ယက်နဲ့ HMUM ရဲရဲတောက် လူငယ်များ ပရဟိတအဖွဲ့ …နှစ်ခုပေါင်းပြီး အလှူငွေရှာဖို့ပါပဲ၊ ကျွန်တော်တို့မှာ စာအုပ်တွေပါတယ်၊  ရေဘေးတုန်းကလိုပေါ့။ ကြိုက်သလောက်လှူ၊ ကြိုက်သလောက်ယူ၊ နောက်… တားရော့ဗေဒင် ဟောပေးပါတယ်၊ ဆရာတို့က ကာတွန်းတွေရေးပေးပေါ့”

နေရာက ထင်သလောက် အဆင်မချော၊ သိတော်မူတဲ့အတိုင်း လှည်တန်းဂုံးတံတားကြီးအောက်ကို သံချောင်း၊ သံတန်းတွေနဲ့ ကာရံ တားဆီးပစ်လိုက်ကြတယ်၊ ရေဘေးကယ်ဆယ်ကူညီရေးအတွက် လုပ်ကြတုန်းက လွတ်လွတ်လပ်လပ်၊ လှည်တန်းစင်တာရှေ့ ကွက်လပ်ဆို အဆင်ပြေနိုင်မလား စဉ်းစားကြတယ်၊ တော်ဝင်စင်တာလိုမျိုး မဟုတ်၊ ကားတွေရပ်ထားကြတယ်၊ ပြီးတော့ အထဲမှာ လူငယ်တချို့ ခုန်ပေါက်မြူးတူးနေတဲ့ ပွဲလမ်းတစ်ခု ကျင်းပနေတယ်။ ပရိုမိုးရှင်းပွဲလား… ပစ္စည်းသစ်မိတ်ဆက်ပွဲလား မသိ။ လူငယ်ချင်း ဘေးတိုက် ယှဉ်ကြည့်မိ ပါတယ်။

အနက်ရောင်တီရှပ်မှာ HHDVစာလုံးနဲ့ ဆယ့်ရှစ် နှစ်ဆယ် လူငယ်တွေ၊ HMUMဆိုတဲ့ ရဲရဲတောက် လူငယ်ပရဟိတသမားတွေဆိုရင်လည်း လူငယ်ပီပီ ပင်နီလွယ်အိတ်လွယ်လို့၊ တစ်ယောက်သောသူဆို ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကို လက်မောင်းအပြည့် တက်တူးထိုးထားပြီး ဆံပင်နောက်စည်းနဲ့ တကယ့်ရော့ကာကြီးအလား၊ ဒါပေမယ့်.. အလှူခံဖလားကိုင်ပြီး ကားကြိုကားကြားမှာ အများအတွက် လုပ်ပေးမှာတဲ့၊ ကဲ.. ကြည့်စမ်း… လူငယ်တွေ။

သံတန်း၊ သံတိုင်တွေကြားမှာ… ခုံတွေချ၊ စားပွဲတွေခင်း၊ ဗီနိုင်းတွေချိတ်၊ အစစအရာရာ ပြင်ဆင်နေတာလည်း လူငယ်တွေပါပဲ၊ ကာတွန်းဆရာတွေက စစ်ပွဲနဲ့ပတ်သက်တဲ့ ကာတွန်းပုံတွေရေးကြတယ်၊ စစ်ပွဲနဲ့ ပတ်သက်တဲ့ သရုပ်ဖော်တင်စားမှုတွေ ရေးဆွဲကြတယ်။ ကယ်ရီကေးချားရေးပေးတဲ့ အစီအစဉ်လည်းပါတယ်။ တားရော့ဗေဒင်ဟောတဲ့အစီအစဉ်။ စာအုပ်တွေဖြန့်ခင်းထားပြီး ကြိုက်သလောက်ယူ…ကြိုက်သလောက်ပေး အစီအစဉ်။

လှည်တန်းမီးပွိုင့်က ဂုံးကျော်တံတားကြီး ကွေ့ပတ်လိုက်ပေမယ့် ကားကကြပ်မြဲပါ၊ ပိတ်နေတဲ့ကားတန်းရှည်ကြီးပေါ်က လက်တွေ ထွက်လာတယ်၊ ငါးရာ.. တစ်ထောင်ကနေ.. ငါးထောင် တစ်သောင်း..၊ လူငယ်တွေ ကားကြိုကားကြားမှာ ပြေးပြေးလွှားလွှား၊ ပါးစပ်ကလည်း အော်ရပြောရသေးတယ်၊ ရှမ်းပြည်နယ်ဘက်မှာ စစ်ပွဲတွေဖြစ်ပြီး စစ်ဘေးဒုက္စ္ခသည်တွေ အကြောင်း။

STOP WAR ...။ ကျည်ဆံများအစား… ပန်းများပွင့်စေ၊ ကာတွန်းတွေ ဟောတစ်ပုံ ဟောတစ်ပုံ ရေးထုတ်ကြတယ်၊
စာမျက်နှာပေါ်တင်ရင် စာမူခတွေပေါ့၊ အဲဒီခေါင်းစဉ်ဆီကို ကာတွန်းဆရာတွေ မသွားကြပါဘူး။ လူငယ်တွေကိုယ်တိုင် တာဝန်ရှိသူလို့ ထင်ရတဲ့ လူသုံးယောက်ရဲ့ တစ်ဖျတ်ဖျတ် မှတ်တမ်းတင်မှုကြားမှာ ပြေးပြေးလွှားလွှား။ သူတို့အပေါ် ကျရောက်လာနိုင်တဲ့အန္စ္ခ္တရယ်ကို လစ်လျှုရှုထားပုံရပါတယ်၊ ကျွန်တော်ကိုယ်တိုင် ကဗျာတစ်ပုဒ်ချရေးဖြစ်ပါတယ်။ ကဗျာဖြစ်မဖြစ်တော့ မသိ။

“စစ်ပွဲတွေ…ရပ်”

သေနတ်တွေက သားတို့ကစားတဲ့သေနတ်လို မဟုတ်ပါလား မေမေ
အသက်နဲ့ဘဝတွေကို ခြွေဖျက် ပစ်နေကြတယ်

စစ်ပွဲတွေဖြစ်အောင်လုပ်တဲ့အထဲ သားတို့ ပါလို့လား
စစ်တိုက်နေရတာ သားတို့ မဟုတ်ပဲနဲ့
ဒါဆို အဲဒီစစ်ဒါဏ်ကို သားတို့ခံစားရမယ်ဆို… တရားသလား
အဲဒီ ပါဝါ အာဏာလုတဲ့ပွဲမှာ သားတို့ မပါဘူး မေမေ

ပြီးတော့… ဒါ… သားတို့ ရေမြေ
ကစားခုန်ပေါက်ပြီး ပညာသင်ကြားရာ နေရာ
ဗုံးသံ အမြှောက်ဆံ သေနတ်သံတွေနဲ့ အခုတော့ စစ်တလင်း

သားတို့နဲ့ ဆိုင်လို့လား မေမေ… သားတို့ကြောင့် ဖြစ်တဲ့ စစ်လား
သားတို့ ဘယ်သူ့ကို ကျုးကျော်လို့လဲ၊ ဘယ်သူ့ကို စော်ကားလို့လဲ
သားတို့ တိုင်းပြည်ရဲ့ အမိန့်အာဏာကို တစ်စက်ကလေးမှ မထိပါးခဲ့ပါဘူး
စားကျက်လည်း မလုဘူး၊ စားခွက်လည်း မလုဘူး

သားတို့မှာ လေယာဉ်ပစ်အမြှောက်လည်း မရှိဘူး၊ စက်သေနတ်ကြီးလည်း မရှိဘူး
ဘယ်သူ့ကိုမှလည်း ရန်မစခဲ့ပါဘူး မေမေရယ်
ခုတော့ သားရဲ့ကြက်မကြီးမိသားစုကို ဗုံးခိုကျင်းထဲ ဝှက်ခဲ့ရတယ်
သားတို့လည်း စစ်ဘေးဒါဏ်တွေ သင့်လို့
အဲဒါ... သားတို့ လုပ်လို့လား၊ ဘယ်သူ လုပ်တာလဲ မေမေ။

အဲဒီသဘောမျိုး ကာတွန်းတစ်ခုလည်း ရေးပေးလိုက်ပါတယ်၊ လူငယ်တွေ နောက် ကျွန်တော့်စာသားထဲက ကလေးငယ်၊ ဒီစစ်ပွဲတွေ ဖြစ်ပေါ်လာစေတဲ့ အကြောင်းတရားထဲမှာ သူတို့ မပါဝင်ပါဘူး၊ အဲဒါ သေချာပါတယ်၊ လူငယ်တွေ တန်ဆောင်တိုင်မီးထွန်းပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ ဝတ်ကောင်းစားလှဝတ်ပြီး ချစ်သူနဲ့ လမ်းလျှောက်နေလို့ ရပါလျှက်နဲ့ ...

ကာတွန်း မောင်မောင်ဖောင်တိန် - ပပျောက်စေရမည်

$
0
0

ကာတွန်း မောင်မောင်ဖောင်တိန် - ပပျောက်စေရမည်
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၅

အေအမ်တီ - နိုင်ငံရေးအကျဉ်းသား

$
0
0
 အေအမ်တီ - နိုင်ငံရေးအကျဉ်းသား
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၅

တစ်ရာသီလုံး ပွဲကြပ်တွေချည်းကစားနေရပြီး
တစ်နိုင်ငံလုံး လူအချခံနေရတဲ့ပွဲမှာ
သူတို့ဟာ
သစ္စာတရားရဲ့ အားအထားရဆုံးနောက်ခံလူ

တစ်ဘ၀လုံးတက်
တစ်ဘ၀လုံးဆင်းနဲ့
လူ့သဘာဝရဲ့ အလှဆုံး ခံစစ်ရှင်

အလို
ငါ့နှလုံးသားသာ အမောလုံခဲ့ရင်
ခုချိန်ဆို အုတ်ရိုးဆိုတာ အိမ်ကွင်း။

AMT
ပန်းချီသည် Henry Moore ၏ ၁၉၃၉ တွင် ရေးဆွဲခဲ့သည့် Spanish Prisoner ဖြစ်သည်။
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>