Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

မောင်ရဲနွေ (ပလိပ်) - စစ်

$
0
0
 မောင်ရဲနွေ (ပလိပ်) - စစ်
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၅

မြေစာပင်ထက်ဆိုးတဲ့အသက်ရှူသံတွေ
မြေစာပင်ထက်ဆိုးတဲ့ငိုရှိုက်သံတွေ
မြေစာပင်ထက်ဆိုးတဲ့ခံစားမှုတွေ
မြေစာပင်ထက်ဆိုးတဲ့နာကြည်းမှုတွေ
မြေစာပင်ထက်ဆိုးတဲ့ကလေးတွေ
မြေစာပင်ထက်ဆိုးတဲ့ တိုင်းရင်းသားတွေ
မြေစာပင်ထက်ဆိုးတဲ့ဘဝတွေ ဘဝတွေ
ဘဝတွေ
ဆုံတွေ့ခဲ့ရ။

စစ် ဘာလို့ ဖြစ်တာလဲ
စစ် ဘာလို့ မငြိမ်းချမ်းတာလဲ
စစ် ဘာလို့ မပြီးသေးတာလဲ
ဘယ်သူ တာဝန်ရှိတာလဲ
တစ်ဦးတည်းလား
နှစ်ဦးစလုံးလား
နှစ်ဖက်တီးလို့လား
မေးခွန်းများ
တစ်ယောက်က ပြောတယ်
နှစ်ဖက်စလုံး မတီးပဲနေပေါ့

စစ်
ချစ်ရင်ရော ဖြစ်လား
မုန်းရင်လည်း ဖြစ်လား
စစ်ပွဲများ
စစ်တိုက်တမ်း ကစားကြတာလား
ဗိုလ် ကျား ကစားကြတာလား
မေးခွန်းများ

ဘာလို့
ငြိမ်းချမ်းရေး မယူကြတာလဲ
မငြိမ်းချမ်းစေချင်လို့လား
ငြိမ်းချမ်း မရလို့လား
အကြောင်းတရားက ဘာလဲ
အကျိုးတရားက ဘာလဲ
ဒီလိုနဲ့
ခေတ်အဆက်ဆက် စစ်ဖြစ်နေကြမှာလား

ဘယ်ကဘယ်လို ဘယ်ပုံဖြစ်မှန်း
မပြောတတ်ပေမယ့်
စာသင်ခန်းဆီ ပြန်ချင်ပြီ
စစ်ဘေးရှောင်စခန်းရောက် ဆရာမလေးရဲ့ ဆန္ဒ။

စစ်ပွဲ သမီး မသိဘူး
ကျောင်းစာတွေ နောက်ကျနေပြီ
စစ်ရှောင်စခန်းရောက် ကလေးတစ်ယောက်ရဲ့ မျှော်လင့်ချက်

ရွာထဲမှာ မတိုက်ကျပါနဲ့
ရွာပြင်မှာ တိုက်ကြ ခတ်ကြပေါ့
စစ်ဘေးရှောင်စခန်းရောက် ဒေသခံတစ်ဦးရဲ့ တိုက်တွန်းချက်။

တောင်ယာတွေ မသိမ်းရသေးဘူး
သိမ်းဖို့သွားတဲ့သူတွေ အပစ်ခံရတယ်
စစ်ဘေးရှောင်စခန်းရောက် ဝမ်ဆော့တောင်သူတစ်ဦးရဲ့ ရင်ဖွင့်သံ။

နှစ်ဖက်စလုံးက
မလျှော့တော့ဘူးလား
တိုက်ကြ ခတ်ကြ
လူထုကို မသနားရင် ဆက်တိုက်ကြ
တိုင်းရင်းသားတစ်ဦးရဲ့ဆန္ဒ။

စစ်ရှောင်စခန်းဘေးမှာ
စမ်းချောင်းလေးစီးနေပေမယ့်
စမ်းချောင်းလေးလိုမအေးတဲ့ဘဝတွေ ပိုင်ဆိုင်ခဲ့ရတယ်

စစ်ပွဲ မပြီးသေးဘူးလား
တိုင်းရင်းသားတွေမှာ
ငြိမ်းချမ်းရေး ဆာသလို
အိမ်ဆာနေကြပြီ

စစ် မဖြစ်ကြပါနဲ့တော့
စစ် မပစ်ကြပါနဲ့တော့

စစ် တစစ်စစ် နာကျင်
ငြိမ်းချမ်းချင်ပြီ။         

စစ် တစစ်စစ် နာကျင်
ငြိမ်းချမ်းရေး ရချင်ပါပြီ

စစ် တစစ်စစ် နာကျင်
မြန်မာပြည် ငြိမ်းချမ်းစေချင်ပြီ။ ။

ရှမ်းပြည်နယ်  ကျေးသီးမြို့နယ် ဝမ်ဝစစ်ဘေးရှောင်ဒုက္ခသည်စခန်းမှတိုင်းရင်းသားများသို့  ညွှန်းဖွဲ့ပုံရိပ်

မောင်ရဲနွေ  (ပလိပ်)

ကာတွန်း ဘီရုမာ - ပြောင်းလဲချိန် တန်ပြီ

$
0
0

ကာတွန်း ဘီရုမာ - ပြောင်းလဲချိန် တန်ပြီ
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၅

ကာတွန်းဆရာ၏ လူမှုကွန်ယက်စာမျက်နှာက ပြန်လည်ကူးယူပါသည်။

ရွှေကူမေနှင်း - ကြွက်ဆေး

$
0
0
ရွှေကူမေနှင်း - ကြွက်ဆေး
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၅

တို့ခေတ်ဂျာနယ် အတွဲ- ၁၊ အမှတ် ၁၉၊ ၉ ဒီဇင်ဘာ၊ ၂၀၁၅ ရက်နေ့တွေ ဖော်ပြခဲ့ပြီး ဖြစ်သည်။
 
ကျွန်မက ကြွက်ကို အလွန်မုန်းသူဖြစ်ပါတယ်။ ကြွက်ဆိုတာ စပါးခင်း၊ ကြံခင်းလို စိုက်ခင်းတွေကို သာမက မီးဖိုချောင်ထဲက ဆန်၊ကြက်သွန်၊ ငရုတ်စတဲ့ ပစ္စည်းအပြင် အဝတ်အစား ၊ဖိနပ်ပါမကျန် စားတတ်၊ ဖျက်တတ်တယ်။ ပိုမုန်းစရာကောင်းတာက အစာစားပြီးတဲ့အပြင် အဲဒီနေရာမှာပဲ ကြွက်ချေး ၊ အလုံးအတောင့်တွေ ပါချခဲ့ခြင်းပါပဲ။ ပစ္စည်းလည်း ဆုံးရှုံးရ၊ သူ့ချေးလည်း ကျုံးရသေးတယ်။

ကြွက်ဆိုတာ ဒီလို လူ့အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးရုံမက ရောဂါဆိုးကို သယ်ဆောင်ပါသေးတယ်။ ရွာထဲမှာ ကြွက် ကျတယ်၊ ကြွက်သေတယ်ဆိုရင် ကူးစက်ရောဂါ တခုခုပဲ၊ ဘယ်ဘက်ကြည့်ကြည့် ကြွက်ဟာ ရန်သူပါ။

ဒါကြောင့် ကျွန်မကြွက်ကို မုန်းတယ်၊ ရွံလည်း ရွံတယ်။ သူ့ကြောင့် နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့ရတဲ့ စာအုပ်တွေ ပစ် လိုက်ရပြီ။ ဗီရိုထဲက ပိုးလုံချည်တွေ၊ ယောလုံချည်တွေ နှမြောတသစွာ စွန့်ပစ်ခဲ့ရပြီ။ ဆန်အိုး ၊ထမင်းအိုးက အစ လစ်ရင် လစ်သလို ဝင်ပြီး လူးသွားလို့ အတန်တန် စွန့်ပစ်ခဲ့ရပြီ။ ကြွက်နံ့ဟာ ချက်ချင်း မူးနောက်စေတယ်။ အော့အန်စေတယ်။ ရောဂါအစုံရစေတယ်။ ဒါကြောင့် ကြွက်ကို ထပြီးချေမှုန်းရတယ်။ ပါဏာတိပါတကံကို ကြွက်နဲ့ပတ်သက်ရင်တော့ ကျူးလွန်ခဲ့ ရတယ်။ မတတ်နိုင်ဘူး။ နောင်ဘဝမှ ခံရပေတော့လို့ သဘောထားတယ်။

သတ်တယ်ဆိုတာက နည်းအမျိုးမျိုးရှိတာကို ရှေးတုန်းက လူကြီးသူမများက သူ့အသက် မသတ်ကောင်းဘူးဆိုတဲ့ ယုံကြည် ချက်နဲ့ အရှင်ပဲ ဖမ်းကြတယ်။ ကြွက်ထောင်ချောက်ဆိုတဲ့ဟာနဲ့ ထောင်ဖမ်းနည်းပေါ့။ ထောင်ချောက်က သစ်သားနဲ့ လုပ်ထားတာရှိတယ်။သွပ်ကြိုးနဲ့ လုပ်တာရှိတယ်။ အရှင်မိအောင် လုပ်ထားတာချည်းပါ။ မိုးလင်းလို့ ကြွက်တွေမိရင် ခပ်ဝေး ဝေးမှာ သွားပစ်ကြတယ်။ ဒီတော့ ကြွက်မျိုးမပြုန်းတီးနိုင်ဘူး။ ရောက်တဲ့နေရာမှာ မျိုးပွားကြပြန်တာပဲ။

နောက်တမျိုး ထောင်ချောက်ကတော့ အသေသတ်နည်းပါ။ ဒါက မြင်ရသူများ စိတ်မချမ်းသာစေတာမို့ သိပ်မကြိုက်ကြဘူး။မျက်လုံးလေးပြူးပြီး သေနေတာ သနားစရာပါ။

နောက်ပိုင်းတော့ အဆိပ်ကျွေးနည်း သုံးကြတယ်။ အဆိပ်မှုန့်ကို ထမင်းနဲ့နယ်ပြီး ကြွက်လာတဲ့ လမ်းကြောင်းမှာ ချထားရုံပဲ။ ကြွက်တွေက တရုန်းရုန်းနဲ့ စားကြတာပေါ့။ မကြာခင် အဆိပ်သင့်ပြီး ဆန့်ဆန့်ကြီး သေကြတယ်။ အဆိပ်ဝယ်ရတာ လွယ် ပါတယ်။ ကြွက်သတ်ဆေးဆိုတဲ့ အမှုန့်မည်းမည်းတွေ တထုပ်တရာပါ။ ပင်ရင်းစိုက်ပျိုးရေးခြံ အရောင်းဆိုင်တွေမှာဆို တရာ ဖိုး နှစ်ထုပ်ရတယ်။ တထုပ်သုံးရင် ကြွက်တဒါဇင်လောက်သေတာပဲ။ ဒီတော့ လွယ်တယ်။

ဒါပေမဲ့ အဆိပ်ပါတဲ့ကြွက်တွေက ဟိုချောင်ပြေး၊ ဒီချောင်ပြေးပြီးမှ သေကြတာမို့ ကြွက်သေကောင် ရှာရခက်တယ်။ နောက် နှစ်ရက်ဆိုရင်တော့ အပုပ်နံ့ရပြီ။ နံတဲ့နေရာ ရှာပေတော့။ တချို့လည်း အပုပ်ရည်ကျနေပြီ။ လောက်တွယ်နေပြီ။ ရွံလည်း ရွံ၊ ဖယ်လည်း ဖယ်၊ရောဂါမပျံ့အောင် ဓာတ်ဆီ၊ ရေနံဆီလောင်းရနဲ့ အလုပ်ရှုပ်ပါတယ်။ အပုပ်နံ့ရပြီး ရှာမရတာမျိုးလည်း ရှိ တော့ သူတို့ခြောက်ပြီး အနံ့ပြယ်တဲ့အထိ ရှူရတာလည်းရှိရဲ့။ ဘယ်လောက်သတ်သတ် ကြွက်တွေက မျိုးမပြတ်ပါဘူး။ တသုတ်ဝင်ပြီးရင် နောက်တသုတ် လာတာပဲ။ ကြွက်လိုက်ကြ၊ ကလေးမွေးကြနဲ့ တပျော်တပါးကြီးမို့ နောက်တခါ သတ်ရပြန် ရော။ ငရဲကတော့ စာရင်းမှတ်လို့ မကုန်ဘူး။

ကျွန်မအိမ်မှာ ကျွန်မက ကြွက်သတ်သမားပါ။ ဘယ်သူမှ မသတ်ချင် မသတ်ရဲကြလို့ပါ။ ကိုယ်ကတော့ ကိုယ့်အထုပ်တွေ ဖျက်ဆီးခံရလို့  ဒေါသဖြစ်နေတော့ သတ်တာပဲ။ သတ်ပြီးတော့ ကြွက်သေ၊ ကြွက်ပုပ် ကိုယ်ပဲရှာရ၊ ပစ်ရနဲ့ စိတ်တိုရတယ်။ ဒါကြောင့် ကြွက်ဆို တအားမုန်းတယ်။

ခုတလောလည်း ကြွက်တကောင်ရောက်လာပြန်ပြီ။ ကြွက် ကြွက်ဆိုပြီး ဘယ်သူမှ သတ်ဖို့ မကြိုးစားဘူး။ ကိုယ်လည်း ဒီတ ချီ ကြည့်နေခဲ့တယ်။ နင်တို့လည်း ကြွက်သတ်ကြဦးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ ကိုယ်ပဲ ကြွက်ဆေး သွားဝယ်ရတာပါပဲ။ ခက် တာက ကြွက်ဆေး မထုတ်တော့ဘူးတဲ့။ ဈေးမှာလည်း ရောင်းတာမတွေ့ဘူး။

ဘာပြောကောင်းမလဲ။ ကြွက်တွေ ပျော်မြူးလိုက်ကြတာ။ညဘက်ဆို နိုက်ကလပ်ကြနေတာပဲ။ စားကြ၊သောက်ကြ မူးလိုက် ကြနဲ့ မကြာခင်ဘဲ ကြွက်ကလေးတွေ ဖွားလာရော။ ခက်လိုက်တာ အိမ်သားတွေလည်း ကြွက်သေရှာတာ မတွေ့ဘူးတဲ့။ ကလေးတယောက်ကတော့ စီးတီးမက်စ်မှာ ရောင်းတာမြင်ခဲ့သတဲ့။ ဝယ်ခဲ့ပါလားဆိုတော့ မဝယ်ခဲ့ပြန်ဘူး။

ကြွက်တွေ ဗိုလ်ကျတာခံရင်း စိတ်တိုသထက် တိုလာပြီး တံမြက်စည်းနဲ့ လိုက်ရိုက်တာကတော့ အမောပဲ အဖတ်တင် တာပေါ့။ ကြွက်က တံမြက်စည်းလောက်များ ရယ်တာပေါ့။

ကြွက်ဆေး၊ ကြွက်ဆေး ၊ ဗမာဆေး၊ ယိုးဒယားဆေး၊ ဟန်ကျပြီ။ ဈေးထဲမှာ မိုးတိုးမတ်တတ်ရောင်းတဲ့ စုံစီနဖာရောင်းတဲ့ အသည်ပဲ၊ ဗမာကြွက်ဆေးက တထောင်ဖိုး လေးထုပ်၊ ယိုးဒယား ကြွက်ဆေးက သုံးထုပ်၊ ယိုးဒယားဆေးက ထမင်းနဲ့ နယ်ဖို့ မလိုဘူး။ ချထားရုံပဲ။ သေတော့လည်း အနံ့မထွက်ဘူး။ သူ့ဟာသူ ပျောက်သွားရောတဲ့။

ကောင်းလိုက်လေ အဲဒါမျိုးဆို ဟန်ကျမှာပဲ။သေပြီး အပုပ်နံ့ နံနေတာကို ရွံတာ။မနံဘဲ ခြောက်သွားတယ်ဆိုတော့ အကောင်း ဆုံးပေါ့။

ဒါပေမဲ့ ဈေးက ကြီးလှချည်လား။ မဟာမြိုင်ကြွက်ဆေးဆို တစ်ရာပဲ ပေးရတာ။ အေးလေ ယိုးဒယားကလာတာဆိုတော့ ပေး ရမှာပေါ့။ ဒါပေမဲ့ ငါးရာဖိုး နှစ်ထုပ်လုပ်ပါဆိုပြီး နှစ်ထုပ်ဝယ်လိုက်တယ်၊ နှစ်ထုပ်ကို ဒီကောင်တွေ ရှင်းပြီပေါ့။

အိမ်ရောက်တော့ အိမ်သားတွေကို ခိုင်းရတယ်။ ငါ အသက်ကြီးပြီ၊ မလုပ်ချင်တော့ဘူး။ နင်တို့သတ်ကြ၊ ဒီတခါသတ်ပါမယ် တာဝန်ယူတဲ့လူက ကိုရီးယားကားအပြီး ဂျပန်ကား ဆက်ကြည့်လို့တဲ့ မသတ်ဖြစ်ဘူး။ ဒီလို မသတ်ဖြစ်လေ ဟိုကောင်တွေက တရုန်းရုန်းပျော်လေ။

နောက်ညတော့ သတ်တော့လေ လုပ်တော့လေလို့ တိုက်တွန်းရတယ်။ ငရဲစာရင်းမှာ အားပေးကူညီ အမှုတွဲနဲ့ပါပြီ၊ မတတ် နိုင်ဘူး။ ဒါနဲ့ အစာကို လေးနေရာခွဲပြီး ဂျာနယ်စက္ကူနဲ့ ချခဲ့တယ်။

နှစ်ရက်စောင့်ကြည့်တာ ငြိမ်နေတာပဲ။ ဘာသံဆို ဘာသံမှ မကြားရဘူး။ သေကုန်ကြရှာပြီ ထင်ပါရဲ့၊ ကောင်းလိုက်တာ ဘာ အနံ့မှလည်း မရဘူး။ ယိုးဒယားတွေ တော်လိုက်တာလို့ ချီးကျူးမိပါရဲ့။

ဒီနေ့တော့ မြေးမကြီးက `အဘွားရေ၊ အဘွားဗီရိုအံဆွဲထဲမှာ ကြွက်တကောင်´ တဲ့။ သူက မရိုက်ရဲရှာဘူး။ အမြီးလေးမြင် လိုက်တာဆိုပဲ။ ကိုယ်လည်း မသုံးတာကြာပြီဖြစ်တဲ့ အံဆွဲကို ဆွဲဖွင့်ရတယ်။ ဟုတ်ပါ့ အမြီးတလှုပ်လှုပ်နဲ့ အကောင်ငယ် တကောင် ချောင်ထဲကုပ်နေတယ်။ သေပေတော့ ဆိုပြီး အံဆွဲကို ဆွဲချလိုက်တယ်။ အကောင်လေးက နောက်ဘက်အပေါက်ထဲ လျှောကနဲ ဝင်သွားတယ်။ လက်ထဲမှာ အံဆွဲပဲကျန်တယ်။

တကောင်ကျန်နေတယ်။ တော်ကြာ ပွားတော့မယ် ကြွက်ဆေးရော ကုန်ပြီလေ။ အကုန်ကျွေးလိုက်တာတဲ့။ ခက်ပြီ ကြွက် ဆေးရောင်းတဲ့သူက တခါတလေမှ လာတာ။ ဝယ်လို့ မရတော့ဘူး။ ငါ့နှယ်၊ များများ ဝယ်ခဲ့ရကောင်းသား။ ဒီအကောင်က ဗီရိုတခုလုံးရှင်းလည်း ထွက်ပြေးမှာပဲ။ ကျွန်မဒေါသနဲ့ နောင်တရောပြီး ခေါင်းမူးသွားတယ်။

(မိတ်ဆွေများရှင် ဒီစာဟာ ကြွက်အကြောင်းမဟုတ်ပါ။ ကြွက်သတ်တဲ့ အကြောင်းမဟုတ်ပါ။ တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ဖို့ မဟုတ်ပါ။ တိုက်ဆိုင်မှုကို ရှာကြဖို့ပါ။ ကြွက်ဆေးဖိုး မနှမြောဖို့ပါ။ အတွေးပွားနိုင်ကြပါစေသော်ဝ်)

လင်းသက်ငြိမ် - လက်​သန်းများရဲ့ နောက်​ဆက်​တွဲ

$
0
0
လင်းသက်ငြိမ် - လက်​သန်းများရဲ့ နောက်​ဆက်​တွဲ
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၅

လက်​စွပ်​မဝတ်​ရပဲ
လက်​သည်းနီမဆိုးရပဲ
အပြာ​ရောင်​မှင်​နဲ့ လက်​သန်း​တွေလှသွားတယ်
လက်​သန်း​တွေ နာမည်​ကြီးသွားတယ်
လက်​သန်း​တွေ​ အောင်​မြင်​သွားတယ်
လက်​သန်း​တွေ ကမ္ဘာ​ကျော်​သွားတယ်
လက်​သန်းဟာ သမိုင်းအသစ်​​ပေါ့
လက်​သန်းဟာ စနစ်​အသစ်​​ပေါ့
လက်​သန်း​တွေဟာ မှင်​ပြာ​လေးနဲ့ရာဇဝင်​တွင်​ခဲ့​ပေါ့
လက်​သန်းရဲ့ မနက်​ဖြန်​ဟာ
မျှော်​လင့်​ခြင်းအ​ရောင်​တလက်​လက်​နဲ့
လက်​သန်း​တွေဟာ မိစ္ဆာ​တွေကိုနှင်​နိုင်​ခဲ့​တယ်​​ပေါ့
ဂျာနယ်​​တွေထဲက လက်​သန်းများ
facebook​​ပေါ်မှာ လက်​သန်းများ
မဂ္ဂဇင်း​တွေ၊ တီဗွီချယ်​နယ်​​တွေ
လက်​သန်း​တွေ၊ လက်​သန်း​တွေ
ထိပ်​ဖျားမှာ မှင်​ပြာပြာ​လေးနဲ့လက်​သန်း​တွေ
နိုဝင်​ဘာဟာ လက်​သန်းများရဲ့လပဲ
၂၀၁၅ ဟာ လက်​သန်းများရဲ့နှစ်​ပဲ
တနင်္ဂ​နွေ ၈ ရက်​​နေ့ဟာ လက်​သန်းများရဲ့နေ့ပဲ
အရိပ်​ဆိုးကြီးကို ခုတ်​ချိုင်​ပစ်​ခဲ့တဲ့လက်​သန်း​တွေ
အာဏာရှင်​ယန္တရားကို ချိုးဖျက်​ပစ်​လိုက်​တဲ့ လက်​သန်း​တွေ
လူ့အခွင့်​အ​ရေးကို အပီအပြင်​ရရှိလိုက်​တဲ့ လက်​သန်း​တွေ...
အဲ့ဒီ​နောက်​.....
လက်​သန်းတချို့ ​အောင်​မြင်​မှုဒဏ်​မှာ
ခြေလှမ်း​တွေယိုင်​နဲ့လာကြတယ်
လက်​သန်းတချို့ ငါ့စကားနွားရဖြစ်​လာတယ်
လက်​သန်းတချို့ ဘဝင်​မြင့်​လာတယ်
ငါလုပ်​ခဲ့တဲ့အ​ပြောင်းအလဲ
ငါ​ပြောင်​​မြောက်​ခဲ့တဲ့​တော်​လှန်​​ရေး
လက်​သန်းတချို့သူ့အမှန်​တရားနဲ့သူ ခေါင်း​ထောင်​ကြ
လက်​သန်းတချို့သူ့ဝါသနာနဲ့သူ မှိုင်းမိကြ
လက်​သန်းဟာ လက်​သန်း​လေးပြာဖို့
လက်​သန်းရဲ့တန်​ဖိုးကို ဘယ်​သူမြှင့်​​ပေးခဲ့တယ်​ဆိုတာ
လက်​သန်းတချို့သတိ​မေ့သွားကြ​တော့
လက်​သန်းတချို့စကားကြီးစကားကျယ်​​ပြောကြ
လက်​သန်းတချို့​စောင့်​ကြည့်​​ရေးအဖွဲ့ဖွဲ့ကြ
လက်​သန်း​တွေ လက်​သန်း​တွေ
လက်​သန်းဟာ လက်​သန်းလို​နေဖို့
ပြန်​လိုအပ်​​နေပြီ လက်​သန်း​တွေ။
လင်းသက်​ငြိမ်

ဆောင်းယွန်းလ - သိမ်းထားလိုက်မိတဲ့ အပိုင်းအစများ (၁)

$
0
0
ဆောင်းယွန်းလ - သိမ်းထားလိုက်မိတဲ့ အပိုင်းအစများ (၁)
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၅

မပြေပြစ်တဲ့
လှေခါးထစ်တွေပေါ်ကို
အထစ်အငေါ့တွေနဲ့
တထစ်ချင်း တထစ်ချင်း နင်းခဲ့ရတာဟာ
အရသာတဲ့ မနုသတ္တ ဒုလ္လဘတဲ့လား…

ပြန်ရစ်ကြည့်စရာမလိုတော့တဲ့ ဇာတ်ကို
အက်နေတဲ့ ဓာတ်ပြားဟောင်းထက်မှာ
သူ့အတိုင်း ထားလိုက်နိုင်တာကိုက
မသေချာမှုတွေကို
သပ်သပ်ရပ်ရပ် သိမ်းပိုက်လိုက်နိုင်ခြင်းပဲ….

နောက်ကျမှ သန်းလာတဲ့
ရောင်နီအောက်က လမ်းပဲဖြစ်ဖြစ်
အချိန်လွန်မှ ပွင့်လန်းလာတဲ့
ပန်းထက်က မိုးတိမ်ပဲဖြစ်ဖြစ်
လမ်းတွေပေါ်မှာ အိမ်တွေရှိဖို့ လိုအပ်သလို
အိမ်တွေရဲ့အထက်မှာ တိမ်တွေရှိဖို့လည်း လိုအပ်တယ်….

လမ်းထက်မှာ ဖောက်ခဲ့တဲ့ဘ၀ကို
အိမ်ပေါ်အရောက် ဆောက်ခဲ့ပြီးရင်တော့
အိပ်မက်အလွန်မှာ
မိုးတိမ်ကို ထွန်ယက်လို့ မြို့တည်ရဦးမှာပေါ့…

ကိုယ်လိုရာကိုယ် ကိုးကွယ်စရာပြည့်နေတဲ့ကမ္ဘာမှာ
ကမ္ဘာဦးအစကစလို့ ဒီနေ့ထိထက်တိုင်အောင်
မေတ္တာတရားဟာ ဘယ်တော့မှမခါးခဲ့ဘူး…

ဒီကနေ့ ….
မင်နီတို့ပြီး အမှိုက်ခြင်းထဲပို့လိုက်တဲ့ အရာတွေထဲမှာ
ငါ့ရဲ့အမုန်းစာရင်းထဲက မဆုံးခြင်းအပိုင်းအစတွေပါခဲ့တယ်….။

ဆောင်းယွန်းလ (ဒီဇင်ဘာ ၁၁၊၂၀၁၅)

အရှင်ဇဝန (နိုင်ငံရေး အကျဉ်းသားဟောင်း) - မီးလျှံကြားက သံမဏိပန်းတပွင့်

$
0
0
Photo - DVB

အရှင်ဇဝန (နိုင်ငံရေး အကျဉ်းသားဟောင်း) - မီးလျှံကြားက သံမဏိပန်းတပွင့်
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၅

အွန်လိုင်းပေါ်မှ နာရေး သတင်းတခုက  အကျည်းတန်မြင်ကွင်းဖြင့် ပြည့်နှက်နေသော အတိတ်ရက် များဆီ  စိတ်ကို ဆွဲခေါ်သွားသည်။ လောကကြီးမှ ထွက်ခွါသွားသူအတွက်  ဘဝကို အနိုင်နဲ့ ပိုင်းသွားတယ်လို့ပဲ အသာရ သည့် လေသံနှင့် ပြောလိုက်ချင်သည်။ သို့သော် သူ အသာရခဲ့သည်တော့မဟုတ်။ ပေးဆပ်ခြင်း စွန့်လွှတ်ခြင်း တွေနဲ့ တင်းကြမ်း ပြည့်နှက် နေခဲ့သော နေ့ရက်များသာ သူပိုင်ဆိုင်သွားခဲ့သည်။  သူကား လုးံဝ ကျူးလွန်ခြင်း မရှိသော အမှူအတွက် သေဒဏ်ကျ ခံခဲ့ရ သော ကိုညီညီဦးပင်။

ကိုညီညီဦးနှင့်အတူအမှူတွဲပါသူ အားလုံး လုံးဝအပြစ်မရှိပဲ ဘဝတွေ ပေးဆပ်လိုက်ရသည်။  မိသားစု အသိုက် အမြုံတွေ ပြိုကွဲ ခဲ့ရသည်။ ထောင်ကျသူသာ အလူးအလဲ ခံရသည် မဟုတ် ။ ထောင်မကျသော အပြင်လောက တွင် ကျန်ခဲ့သောမိသားစု တွေ ပါ ဘဝများ ဖရိုဖရဲ တစစီကျေမွခဲ့ရသည်။

သူ၏နာရေးဖိတ်စာပါ စာသားများက သူ့ဘဝကို ညွှန်ပြနေသည် 

" ...
"ရက်လည်ဆွမ်ကျွေးတရားတော်နာ ဖိတ်ကြားလွှာ"
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင် မြို့နယ်နေ အဘ(ဦးတင်ညွှန့်)အမိ (ဒေါ်အေးအေးသိန်း)တို့ ၏သား (ဦးကျော်ကျော်ဦး)၏ ညီ၊ ဦးမောင်မောင်အေး + ဒေါ်မော်မော်အေး၊ ဒေါ်သီတာလွင်၊ မဇာဇာမြင့်ဆွေတို့၏ အကို ဖြစ်သူ
1988 ရန်ကုန်တိုင်း NLD (Youth) ၏ First Generation နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း၊
တောင်ပိုင်းခရိုင် NLD အတွင်းရေးမှူး ဦးညီညီဦး အသက်(၅၁)နှစ် သည် ..."
  တဲ့ သူဘဝကိုသူ့ဖိတ်စာကလှစ်ပြနေသည်။ မိသားစု အားလုံးနီးပါး သူထောင်ထဲမှာ ရှိစဉ်ကတည်းက လောကကြီးမှ ထွက်ခွါနှင့်နေပြီ။ ထောင်ပြင်ရောက်တော့ကော
လုပ်ဖော်ကိုင်ဘက်ဖြစ်သူ ကိုသန်းဇော်ရဲ့ ပြောကြားချက်ကို ကြည့်လိုက်က ရောဂါဝေဒနာ ခံစားနေရပုံ အနီးနား ကူညီပြုစုမည့်သူ မရှိပုံတို့ကို တွေ့ရသည်။

“သူက ပြောရမယ်ဆိုလို့ရှိရင် နှလုံးလည်း မကောင်းဘူး။ ကျောက်ကပ်လည်း မကောင်းဘူး။ ကျောက်ကပ်ပျက်စီးနေတယ်ပေါ့။ အဲဒီမှာ အခြေအနေတခုလောက်တော့ဗျာ၊ ဥပမာ အစားမှားမိတာလည်း ရှိကောင်းရှိမှာပေါ့။ နောက် သူ့ကို ပြုစုမယ့်သူက ဆွေမျိုးသားချင်းဆိုလို့ အနီးကပ်မရှိဘူး။ သူ့ရဲဘော်တွေကပဲ ပြုစုပေးရင်းနဲ့ ဆုံးသွားတာပေါ့။”

သူနဲ့အတူတူ မနေရခင် ကတည်းက သူ့တို့ အကြောင်းကို သိနေခဲ့သည်။ ထိုစဉ်တုန်းကတော့ သူတို့မတရားခံရမှူတွေ အတွက် ယုတ်မာသူတို့ကို ခံပြင်း ဒေါသထွက်ခဲ့ရသည်။ အတူတူနေရပြန်တော့ ထောင်ဝင်စာမရှိ။ လာတွေ့မည့်မိသားစုက ဘယ်ဆီရောက် နေသည် မသိရ။ ထောင်မှလွတ်မည့်ရက်က ဘယ်ရက်ဆိုတာ ဘယ်သူမှမပြောနှိုင်။ ဘဝ၏ နေ့ရက်အားလုံး ထောင်ထဲတွင်သာမြှုတ်နှံ ထားနေရသော အနေအထား။ ဒီအနေအထားမှာ ဘဝရှင်သန်ရေးအတွက် နေ့စဉ် စားရေးသောက်ရေး အတွက် သူရုန်းကန် ရသည်။ဒီတင်မက ဖိစီးနေသော ဝေဒနာကိုပါ အံတုရင်း သူခက်ခက်ခဲခဲ ရပ်တည် နေရ သည်။ ထောင်တွင်း အခက်အခဲတင်းကြမ်းနှင့် အပြစ်လုံးဝမရှိပဲခံနေရ ဆိုတာတွဲစပ် မြင်ကြည့် လိုက်တော့ နဝတ နအဖခေတ်၏ လူမဆန်သော တာဝန်ယူမှူကင်းမဲ့သော အုပ်စိုးသူတို့မျက်ခွက် ဆီသာ စိတ်ထဲမှ တံတွေး အခါခါ ထွေးနေမိ တော့သည်။

သူတို့မတရားခံနေသည်ကို စစ်အစိုးရ ခေတ်ထောင်ကျသူတိုင်းက သိနေသည်။ တကယ့်တရားခံ မမိခင်မှာ သူတို့တွေကို တရားခံ အလုပ်ခံလိုက်ရသည်။ ခင်ညွန့်ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲနှင့် သူတို့ထောက်လှမ်းရေး ဘယ်လောက် တော်ကြောင်း စီကာပတ်ကုံး ကလိမ်ကကျစ် သတင်းစာရှင်းလင်း ခဲ့တာကို မှတ်မိနေသည်။ ထို သတင်းစာရှင်းလင်းပွဲကို နားထောင်ရစဉ်က အမှန်တကယ်ဇာတ်လမ်းကြီးဟု ထင်ခဲ့မိသည်။ ကိုယ့်လိုပဲ နားထောင် မိ သူတိုင်းက ဇာတ်လမ်းအမှန်ဟု အထင်ရှိကြမည်သာ။ သို့သော် ထိုဗိုလ်ခင်ညွှန့် အရှက်မရှိ မျက်နှာပြောင်တိုက် ပြောကြားခံရသော အမှူတွဲပါသူအားလုံးသည် ဗိုလ်ခင်ညွှန့် ပြောသလို ကျူးလွန်ခဲ့ကြခြင်း အလျှင်းမရှိခဲ့ကြ။ မတရားရိုက်နှက် ဝင်ခံခိုင်းကြသဖြင့် ကျောပေါ်ကျလာမည့် ဒုတ်ချက်ကလွတ်ရေး အတွက် သူတို့လိုချင်သည့် အဖြေကို ပေးလိုက်ရခြင်းဖြစ်သည်။

၁၉၈၉ခုနှစ် နိုင်ငံရေး ဒီရေမြင့်တက်ချိန် သံလျှင်ရေနံချက်စက်ရုံ ဗုံးခွဲမှူနှင့် ရန်ကုန်မြို့တော်ခမ်းမ ဗုံးခွဲမှူ နှစ်ခု ဖြစ် ပေါ်ခဲ့သည်။  ပြည်သူလူထု အားလုံး၏ စိတ်ထဲသို့ တိုးဝင်လာသော သတင်းကို အမြန်ဆုံးနည်းဖြင့် ဖော်ထုတ် နှိုင်ပြီ ဖြစ်ကြောင်း ပြောရင်း ဗိုလ်ခင်ညွန့် က ခပ်ကြွားကြွား သတင်းစာရှင်းလင်းခဲ့သည်။  မြန်မာပြည်မှာ  ဘာ လုပ်လုပ် ထောက်လှမ်းရေးက အကုန်သိသည်ဆိုသည့် မျက်နှာပေးနှင့်။ တကယ်တော့ တခုမှ မကျူးလွန်သူများ၏ ဘဝကို သူတို့ အာဏာ အတွက် နင်းချေ လိုက်ကြခြင်းဖြစ်သည်။ တရားခံမဟုတ်သူတွေ ထောင်ထဲ ရောက် သွားရသည်။ တရာခံ အစစ်ကိုမိတော့ တိုင်းသိပြည်သိ သတင်းစာရှင်းလင်းပွဲကြီးနဲ့ လူထုကို လိမ်ညာထားနှင့်ပြီ။ မဆိုင်သူကို ထောင်ချထားပြီးဖြစ်နေသည်။ အပြစ်မရှိသူများကို လွှတ်မပေးပဲ ဒီအတိုင်းဆက် ထားထားသည်။ လွှတ်ပေးပြန် လျှင်လည်း မကြာသေးမှီကမှ ရှင်းလင်းထားတွေ က မမှန်မကန် ပြောဆိုခဲ့သည်ဟု အဖြစ်မှန်ပေါ်မည်။ ဒီတော့ ထောက်လှမ်းရေး သိက္ခာဆယ်ရင်း အပြစ်မဲ့သူတို့ ဘဝပျက်ခဲ့ရသည်။။

ဒီလိုနှင့် ထုသားပေသားကျခဲ့သော ကိုညီညီဦးတယောက် ထောင်လူ့ငရဲ၏ အဆိုးဆုံး နေ့ရက်တွေကို ဖြတ်သန်းရင်း ခံစားချက်တို့ကနေ ခံယူချက် အဖြစ် ပြောင်းလဲတည်ဆောက်နှိုင်ခဲ့သည်။ လောကဓံမီးပြင်းပြင်းသည် နုနယ်ပျိုမျစ် ခြင်းတွေကို လောင်ကျွမ်းဝါးမျိုခဲ့သည်။ ရောဂါဝေဒနာ များစွာကို သူကိုယ်ခန္ဓာပေါ်တွင် ချန်ထားခဲ့သည်။ သို့သော်လည်း သူ၏ယုံကြည်ချက် စိတ်ဓာတ်ကိုတော့ လောကဓံမီးပြင်းက သံမဏိလို ပိုမိုမာကျောစေခဲ့သည်။

သူ့နာရေး သတင်းဖတ်ရင်း သူနဲ့အတူတူ ထောင်ထဲ ထောင်ပြင် ဖြတ်သန်းခဲ့ရသူတို့၏ ကွန်မင့်များ စတေးတတ်များကို ဖတ်ကြည့်မိတော့ သူရုပ်ပုံလွှာက ကိုယ်နှင့်အတူတူ နေခဲ့ရစဉ် မမြင်မိသည်များကိုပါ ပြန်လည်မြင်လာရပြန်သည်။

သူနှင့်အတူ အိပ်ယာချင်းကပ် ထောင်ထဲအတူတူနေခဲ့ရသော ကျောင်းသာခေါင်းဆောင် ကိုမြတ်စံ ရဲ့..
ခက်ခဲကြမ်းတမ်းတဲ့ နရသိန်စခန်း( အင်းစိန် နဲ့ တောင်ငူ ) မှာ ဆယ်စုနှစ် နှစ်စုနီးပါး အတူ လက်တွဲ ရုန်းကန်ခဲ့ရတဲ့ ရဲဖော်ရဲဖက် တစ်ဦးဖြစ်တဲ့ ညီညီဦး ။ကောင်းရာသုဂတိ လားပါစေ။ ဆိုတဲ့ စတေးဒတ် အောက်မှာ လာမန့်ကြတဲ့ ကွန်မန့်တွေက …

"ခင်ညွန့်တို့ လူယုတ်မာ အ ပေါင်းအပါ အတ္တသမား အုပ်စုရေ မင်းတို့အကုသိုလ်တွေက မနည်းဘူးကွ ငရဲ ရိက္ခာတော့ လုံလောက်တယ်သိလား ပျော်နေကြ ပေ တော့ တစ်ဘ၀စံတွေ ရေ။ ဆိုတာ တွေ့ရသလို ကိုခင်ညွန့်ကောင်းမှူတွေပေါ့ဆိုတာက မနဲဘူး။"

ထောင်ဆိုတာက လောကအထဲ လူတွေအတွက် အဆိုးဆုံးနေရာ။ ထိုနေရာမှာ နေထိုင်ရပုံကလည်း ကမ္ဘာ့အဆိုးဆုံးသော ပုံစံ။

“အဓိကကတော့ ကျနော်တို့က ထောင်ထဲမှာ အကြာကြီးနေခဲ့ရတော့ ထောင်ရဲ့ ဒဏ်တွေလို့ ပြောရမှာပဲ။ ဥပမာ ကျနော်တို့ စစ်ကြောရေးကာလမှာ ထောက်လှမ်းရေး နှိပ်စက်တဲ့ ဒဏ်တွေရှိတယ်။ အဲဒီအချိန်က လူငယ်ဆိုတော့ မသိသာဘူးပေါ့ဗျာ။ အဲဒီ ဒဏ်တွေရယ်၊ နောက် ထောင်ထဲမှာ နှစ်ရှည်ကာလများ နေတဲ့အခါကျတော့ ထောင်ထဲက ကြွေးတဲ့ အစားအသောက်တွေရယ်၊ ထောင်ထဲကတိုက်တဲ့ ဆေးဝါးတွေလည်း အဆင့်အတန်း မရှိတာနဲ့ သမံတလင်းမှာလည်း အကြာကြီး နှစ်ရှည်နေရတယ်။ အနည်းဆုံး မအိပ်ရဘူးဆိုရင် ၁၅ နှစ်လောက် သမံတလင်းနဲ့ ဖျာတချပ်နဲ့ အိပ်ခဲ့ရတဲ့နေ့တွေက အများကြီးကို၊ အဲဒီဒဏ်တွေပေါ့ဗျာ ..."

ဆိုတဲ့ စကား က ထောင်ကျသူတိုင်းရင်ဆိုင်ရမည့် ခရီးကြမ်း။

"သူ ထောင်ကထွက်လာတုန်းက သူ့အကြောင်းရေးထားတာကို ဖတ်ပြီးမျက်ရည်တောင်ကျမိပါတယ်
ထောင်က ထွက်လာတဲ့အချိန်မှာမိဘဆွေမျိုးသားချင်းတွေ မရှိတော့လို့ နေစရာပါ မရှိတော့တဲ့အကြောင်း ဖတ်ပြီး စိတ်မကောင်းလိုက်တာ ... ဒီလိုနှိပ်စက်ခံ ကျောင်းသားတွေ အများကြီးရှိမှာပါဝဋ်ဆိုတာ ဘဝမကူးပါဘူး၊  သူတို့ကိုလည်း စောင့်ကြည့်ပါ။ ..."

 ဆိုတဲ့စာလေးကလည်း သူ့အတွက်ပိုလို့ကျေကွဲရသည်။

နောက် တောင်ငူထောင်အတွင်း ရောဂါဝေဒနာတွေကို လက်တွဲ အံကြိတ်ခံရင်း အတူတူနေခဲ့သူတဦးဖြစ်သူ ကျောင်းဆရာ ဦးဌေးလှိုင်က ကွန်မင့်တခုမှာ..

"လျပ်စီးတချက်အလင်းတလက်မှာ
ကြယ်တပွင့်ကြွေသွားပြီ။
မအေကမွေးလိုက်တာ မျှော်လင့်ချက်များနဲ့
လောကဓံတဖက်စောင်းက မပြောင်းလေ တော့
 စစ်ဖိနပ် အောက် က လူးလွန့်ကာအားယူရုန်းထ
အလင်းတချက်ကပဲ
မင်းအတွက်ကျန်ခဲ့ပေါ့။(လျပ်ပြက်ဘဝ) "

 တကယ်တော့ ကိုညီညီဦးဟာ စစ်ရာဇဝတ်ကောင်တွေရဲ့ မတရားမှူကို ဘဝနဲ့ရင်းပြီး သမိုင်းကို သက်သေခံ ပေးသွားသူ ဖြစ်သည်။ ယုံကြည်ချက်တို့ ခိုင်မာပုံကိုလည်း  ထောင်ထွက်ချင်း ရင်ဘတ်တူသူ မရီရီထွန်းရဲ့ စာမှာ တွေ့နှိုင်ပါသည်။

"ထောင်ထဲမှာ နှစ်ရှည်နေခဲ့ရပြီး အပြင်ရောက်တော့လဲ ဆက်ပြီး လုပ်နိုင်ကိုင်နိုင် နေကြ တာ စိတ်ဆောင်ထားကြလို့ ပါ။ တကယ်က ရောဂါတွေက ကျွမ်းနေကြပြီ။ နောက်ဆုံးအချိန်ကို အချိန်တို အတွင်း အစောဆုံး ဘယ်သူ အရင်ရောက်မလဲပဲ စောင့်နေကြရတယ်။ RIP ကိုညီညီဦး။ ..."တဲ့

ကိုညီညီဦးရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ်ဝင်ကြည့်မိပြန်တော့ ပိုလို့ကျေကွဲရသည်။  သူ့ရပ်တည်ချက် ယုံကြည်ချက်တွေ ကို  ဘဝနှင့်တသားတည်းထားရင်း အတူတူ လက်တွဲ လုပ်ဆောင်ခဲ့ကြသူတွေ၏ အားကိုးယုံကြည်မှူ လေးစား ချစ်ခင်မှူကို သူယူသယ်ဆောင်သွားနှိုင်ခဲ့သည်ဆိုတာ တွေ့ရပြန်သည်။

ခင်ညွန့်နဲ့ ထောက်လှမ်းရေးတွေ မှားပြီးပဲထောင်ချချ ။သူသာနိုင်ငံရေးဘဝထဲ ခြေမချမိလျှင် ခင်ညွှန့်တို့နှင့် လာပတ်သက် စရာမရှိ။ နိုင်ငံရေးထဲ ဘဝကိုနှစ်မြှုတ်လုပ်ကိုင်ခဲ့ခြင်းကိုက ထောက်လှမ်းရေးတွေ၏ မုန်းတီးခြင်း ခံရမှုဖြစ်နေသည်။ ကိုညီညီဦးတို့ သံလျှင်ရေနံချက်စက်ရုံ ဖောက်ခွဲမှု ပါခြင်း မပါခြင်း ထက် နိုင်ငံရေးထဲပါ လာခြင်းသည် ထောက်လှမ်းရေး အတွက် ပြဿနာဖြစ်သည်။ ဘယ်လို အမှုကိစ္စပေါ်လာပေါ်လာ ဒီလူတွေကို ပထမဦးစားပေး ဖမ်းဆီးမည်။ ဒါတွေသည် ထောင်လှမ်းရေးတို့လုပ်နေကျအလုပ်။ လိုချင်သည့်အဖြေကို မရမက တောင်းမည်။ ဝန်မခံပါက ဝန်ခံအောင် နည်းစုံသုံးမည်။ ဘယ်လိုပင် ဖြစ်စေ ကိုညီညီဦးတို့၏ ဘဝကိုပဲ ထောက်လှမ်းရေးတွေက ဖျက်ဆီးလို့ရခဲ့သည်။ ယုံကြည်ချက်ကိုတော့ စိုးစဉ်းမျှ မဖဲ့ချွေနှိုင်ခဲ့ကြ။

ဘဝရဲ့ သက်တမ်းတဝက်ကိုထောင်ထဲ မှာနေခဲ့ရသည် ထောင်ပြင်ပြန်ရောက်တော့လည်း သူအနားမနေခဲ့။  ဘဝကို ယုံကြည်ချက်အတွက် အသုံးချခဲ့သည်။

ဒီမိုကရေစီ ခရီးကြမ်းမှာ ကိုညီညီဦးတို့ လို အပြစ်မဲ့ သူတွေရဲ့ ရင်နင့်ဖွယ်  အဖြစ်အပျက်များက ဗိုလ်ခင်ညွှန့် နဲ့ ပါးကွက်သား တွေကို ဘယ်လိုလူတွေဖြစ်သည်ဟု  သမိုင်း တရားခံအစစ်အမှန်များအား ကွက်ကွက်ကွင်းကွင်း သိစေမြင်မြင်စေမည့် ဖြစ်ရပ်တွေပင်ဖြစ်သည်။

မောင်ခေတ်ပိုင် - သတိရတိုင်း လွမ်းစိတ်တွေ ဝေနေဆဲပါ ဦးဝင်းဦးနဲ့ ဒေါ်ခင်ယုမေတို့ရေ

$
0
0


မောင်ခေတ်ပိုင် - သတိရတိုင်း လွမ်းစိတ်တွေ ဝေနေဆဲပါ ဦးဝင်းဦးနဲ့ ဒေါ်ခင်ယုမေတို့ရေ
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၅

ဟိုတုန်းကရုပ်ရှင်မင်းသားမင်းသမီးဖြစ်ဖို့ဆိုတာ၊ယနေ့ခေတ်လိုမီဒီယာ မထွန်းကားသေးတော့မလွယ်ပါဘူး၊ ရုပ်ရှင် လောကဆိုတာအဆက်အသွယ်ကလည်းကောင်းမှ မိမိကိုယ်တိုင်လည်း အနုပညာ အရည်အသွေးရှိပြီး ထင်ပေါ်မှသာရုပ်ရှင် စင်တော်က ကောက်တာကိုး ။ ယနေ့ခေတ်လို တီဗွီ ဗီဒိယို အင်တာနက် မရှိသေးတော့ ဟိုတခေတ်မြန်မာ့အသံကလာတဲ့ အသံလွင့် ဇာတ်ကလေးတွေမှာ ရုပ်ရှင်အနုပညာရှင်တွေက အသံနဲ့ သရုပ်ဆောင်တာလေးတွေကိုပဲ ကြားကြရတာပါ။ မင်သား မင်းသမီးကို အကောင်လိုက်မြင်ချင်ရင်တော့ ရုပ်ရှင်ရုံမှာ အပြေးအလွား သွားကြည့်ကြတာပါပဲ။ အဲဒီခေတ်က ကာလာရောင်စုံ မရှိသေးတော့ အဖြူအမဲကိုပဲ သဲကွဲအောင် ကြိုးစားကြည့်ရင်း စိတ်ကျေနပ်ကြတာအမှန်ပါ။ ရုပ်ရှင်ဇတ်ကားတွေကလည်း ဇာတ်လမ်း ဇာတ်ကွက်က အစ သေသပ် ကောင်းမွန်လှပါတယ်။ ကောင်းတာလဲ မပြောနဲ့လေ ၊ ဇာတ်ကားထဲမှာ ပါဝင်သူ သရုပ်ဆောင်အားလုံးက ဒါရိုက်တာကို အလွန် လေးစားရိုသေကြောက်ရွံ့ ကြတာကြောင့်လည်း သရုပ်ဆောင်မှုတွေပီိပြင်ကြတော့ ဇာတ်ကားတွေ အရည်အသွေး အဆင့်အတန်းမြင့်တာပေါ့လေ။ ခုခေတ်လူငယ်တွေ အရင်ရုပ်ရှင်ကားဟောင်းတွေကို ပြန်လေ့လာရင် သိမှာပါ။

၁၉၅၀ အလွန်ကနေ ၁၉၈၀ မတိုင်မီအထိ အဖြူအမဲကားတွေ မညံ့ကြပါဘူး။ခုလို နှစ်ပေါင်း ၃၀ အတွင်း ပြည်သူကြိုက်တဲ့ မင်းသား၊ မင်သမီးဆိုတာ လက်ရေချိးလို့ ရပါတယ်။ အဲဒီအထဲမှာ မင်းသားဝင်းဦးနဲ့ မင်းသမီး ခင်ယုမေတို့က ထိပ်ဆုံးက ပါဝင်သလို၊ သူတို့စူပါနှစ်ဦးကြားက ထူးခြားမှုလေးတွေ - သိနေသူ ကျနော့်အဖို့ သူတို့ကို သတိရတိုင်း လွမ်းစိတ်တွေ ဝေနေရဆဲပါ။

ခုထိ မြန်မာ့အသံက ရုပ်ရှင်ကားဟောင်းမှန်သမျှ သူတို့ပါရင် မလွတ်တန်း ကြည့်နေမိတာပါပဲ။ ကြည့်နေတုန်းလည်း ကိုယ့်စိတ်က သူတို့ကိုမြင်ပြီး လွမ်းသလိုလို ဆွေးသလိုလို အမြဲ ခံစားမိတာကိုပဲ အရသာလို့ ထင်နေမိတာခင်ဗျ။ ရုပ်ရှင်ကြည့် ပရိသတ်ဆိုတာ မင်းသား မင်းသမီးကို ဗဟိုပြုပြီး ကြည့်ကြတာမို့ ပရိသတ်စိတ်တွေထဲမှာ မင်းသား မင်းသမီးအစွဲဆိုတာ ကိန်းအောင်းနေတတ်လို့ ပြောပါရစေအုံး။


 အဲဒိခေတ်တုန်းက ကိုဝင်းဦးကို ကြိုက်လွန်းလို့ ကျနော့်အိမ်နီးနားချင်း ကုလားဇနီးမောင်နှံက သူတို့မွေးတဲ့ အသားမဲမဲယောင်္ကျားလေးကို ပေးတဲ့အမည်ကိုက ၀င်းဦး ပါ သတဲ့ဗျာ။ နောက်တယောက် ဒေါ်တရုတ်မကြီးကလည်း သူ့သားကို မောင်ဝင်းဦး တဲ့။ ကျနော့်ငယ်သူငယ်ချင်း ညီအငယ်ဆုံး မွေးတော့လည်း သူတို့က ခရစ်ယာန် ဘာသာဝင်ပေမဲ့ အမည်ပေးပြန်တော့လည်း ၀င်းဦး ကောင်းရော။ ဟော ...  ဒေါ်ခင်ယုမေကို အသဲစွဲနေကြတဲ့ မိန်းကလေးတွေက ခင်ယုမေဆိုတဲ့ 'စကားတက္ကသိုလ်'ဆိုတဲ့ သီချင်းလေးကို ပါးစပ်ကဆိုပြီး ခင်ယုမေဖက်ရှင် ထမီတိုတိုကို ၀တ်လို့၊ ခေါင်းမှာ ပါဝါပါးလေးခြုံပြီး လမ်းသလားနေကြတာ မြင်ယောင်မိသေးတယ်ဗျာ။ သူတို့ကိုသာ ပြောနေ မြင်နေတာ ကိုယ်ကရော ဘာထူးလို့တုန်း။ ကိုဝင်းဦးလို ကိုယ်ကာယလှအောင် အိမ်နားက အလေးမရုံမှာ သွားပြီး ၀ိတ် မ နေလိုက်၊ မကြာခင်မှာပဲ လက်မောင်းနှစ်ဖက်က..ယောင်ပြီး ကြီးလာတော့၊ ဟုတ်လှပြီ ထင်ပြီး စပို့ရှပ်အနီလေး လက်မောင်းနဲ့ကြပ်အောင် ၀တ်ပြီး၊ ရပ်ကွက်ထဲ လမ်းသလားပြနေတာ ... ကိုဝင်းဦးစတိုင်လ် ကိုးဗျ။ ရပ်ကွက်ထဲက ကောင်မလေးတွေက - နင်က ၀င်းဦးတော့ မဟုတ်ဘူး..ဟဲ့။ ၀င်းတွင်းရူး..တဲ့ဗျာ။ အဲဒီဟာမတွေ ပြောတာကို ခုထိ ပြန်ကြားနေမိလို့၊ ပြန်စဉ်းစားတိုင်း ခုထိ ရှက်မိသေး။ ငယ်ငယ်က ရူးတာပြောပါတယ်။ ခုလည်း မကောင်းပါဘူးလေ။


 ကိုဝင်းဦး၊ သာမန် အရပ်သားဘ၀က အမည်က မောင်လှမြင့်။ ၁၉၅၂ ခုနှစ် တပ်ထဲရောက်တော့ ဗိုလ်လှမြင့်။ ၁၃ ရက် မတ်၊ ၁၉၃၅ မှာ မိခင် ဒေါ်နှင်းရီခေါ် ၀င်နီဘခက် ၊ ဖခင်က ဦးဘညွှန့် ။ ရန်ကုန်တက္ကသိုလ်က ဆရာ။ အဆိုလည်းကောင်းတယ်။ သူလည်း အနုပညာသမားပဲ။ သူ ဆိုပြီး နံမည်ကျော်ကြားလာတဲ့သီချင်းက.. 'ချစ်ဒုက္ခ..'အမည်နဲ့မို့ ချစ်ဒုက္ခ ဦးဘညွှန့် လို့ လူသိများပါတယ်။

ဗိုလ်လှမြင့် တပ်မတော်က ထွက်တော့ ၁၉၆၂ခုနှစ်။ သြစတေးလျ လေထီးသင်တန်း သွားတက်ဘူးပါတယ်။ တပ်ထဲမှာ နေကတည်းက ကဗျာရေးတယ်။ ညိုမင်းလွင် အမည်နဲ့ ရှုမ၀စာပေတိုက် ကို ပို့တယ်။ အောင်မြင်လာတယ်။ နောက် တပ်က ထွက်ပြီး ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီိ ဒေါ်တင်တင်မူနဲ့ အကယ်ဒမီမင်းသားကြီး ဦးကျော်ဝင်းတို့ နဲ့ခင်မင်ပြီး၊ သူတို့ပိုင် မြတ်မော်ဦး ရုပ်ရှင်ကုမ္မဏီနဲ့ 'နှစ်ယောက်တည်း နေချင်တယ်'ဇာတ်ကားနဲ့ အောင်မြင်ပြီး၊ မင်းသား ၀င်းဦး ဖြစ်လာတာပါပဲ။

ပြောရအုံးမယ် - ၀င်းဦး ဆိုတဲ့အမည်ကို ယူတာကလည်း သူ့အမအကြီးဆုံး ဒေါ်တင်တင်ဦးအမည် နောက်ဆုံးက 'ဦး'ဆိုတာကို ယူပြီး၊ သူ့အကိုကြီး ကိုဝင်းညွှန့်ရဲ့ အမည်ရှေ့က '၀င်း'ကို ယူပြီး '၀င်းဦး'အမည်နာမ တွင်စေတာပါ။ ကိုဝင်းညွှန့်ဆိုတာလည်း နောင် မင်းသားဖြစ်လာပြီး ၊ ဒေါ်တင်တင်မူရဲ့ သမီးနိုင်ငံကျော် အကယ်ဒမီ ဒေစီကျော်ဝင်း နဲ့ ညား သူပါ။ သူတို့ ညီအကိုတွေ အကုန် ရုပ်ရှင်ထဲမှာ အောင်မြင်ခဲ့ကြပါတယ်။ ကြည်ရွှင်။ အောင်မိုး။ ခုတော့ အကုန် ကွယ်လွန်သွားကြပါပြီ။

ဝင်းဦးကို စွယ်စုံရမင်းသားကြီးလို့လည်း ပြောနိုင်သူပါ။ မင်းသား ၊ ဒါရိုက်တာ။ စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ စာပေတိုက် 'စန္ဒာ'ကို ဖွင့်ခဲ့သူပါ။ ဓါတ်ပြားတိုက်လည်း 'ကင်းဝန်'ဆိုတဲ့အမည်နဲ့ တည်ထောင်ခဲ့သူပါ။ သူ ရုပ်ရှင်ပိုးဝင်ပြီး ဒေါ်တင်တင်မူနဲ့ နှစ်ယောက်ထဲနေချင်တယ် ဇာတ်ကားရိုက်ဖို့ မင်းသမီးရွေးဖို့ ပြင်ဆင်ချိန်မှာ မူလက ဒေါ်တင်တင်မူ ပါဝင်သရုပ်ဆောင်ဖို့ အစီအစဉ်မရှိပါဘူး။ အဲဒိခေတ်က သူ့အရင် ရုပ်ရှင်ထဲရောက်နင့်နေပြီး အဆိုတော်ဘ၀ကစပြီး ၁၉၅၈ မှာပင် ပြည်သူကြိုက် မင်းသမီးဖြစ်နေသူ ခင်ယုမေနဲ့ ဒီကားကိုရိုက်ဖို့ စီစဉ်ပေမယ့်၊ ခင်ယုမေက မင်းသားကြီးကျော်ဆွေ နဲ့တွဲပြီး ကားတွေ မနားရအောင် ရိုက်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေလို့လားမသိ၊ မင်းသမီးက ကားရိုက်ဖို့ ငြ င်းပယ်လိုက်တာကို၊ မင်သားအသစ်နဲ့ မင်းသမီးက တွဲမရိုက်ချင်လို့ ဆိုတဲ့အတွေးမျိုး တဖက်မှာ ၀င်စရာတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒေါ်တင်တင်မူက အနုပညာသမားအချင်ချင်း နားလည်မှုပေးပြီး သူကိုယ်တိုင်ပဲ မင်းသမီးနေရာက ပါဝင်ရိုက်ကူးပေးလိုက်မှုကြောင့် နှစ်ယောက်ထဲနေချင်တယ် ဇတ်ကားဟာ ပိုပြီး ဇတ်လမ်းနဲ့အညီ ပီပြင်ပြီး ထိရောက်တော့ ခုခေတ်အပြောနဲ့ဆိုရင်တော့ ကိုဝင်းဦး တစ်ကားတည်းနဲ့ ပေါက်သွားတယ် ပေါ့နော်၊။

ကိုဝင်းဦးကလည်း ကြိုးစားလွန်းတော့ နောက်ပိုင်း ကိုယ်တိုင်ထုတ်လုပ်သူ၊ ဒါရိုက်တာ စာရေးဆရာ၊ အကယ်ဒမီများရှင်အပြင် ပြည်သူချစ်သောအနုပညာရှင် ဆိုတဲ့ဘွဲ့ထူးကို စိုက်ထူရင်း ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့သော်လည်း ဒေါ်ခင်ယုမေနဲ့တော့ မရိုက်ဖြစ်ခဲ့ကြတော့ ပါဘူး။

ပရိတ်သတ်က ၀င်းဦးနဲ့ ခင်ယုမေအတွဲကို သိပ်ကြည့်ချင်နေကြတာကို ထုတ်လုပ်သူတွေက သတိထားပေမဲ့၊ သူတို့နှစ်ဦးအကြားမှာ ညှိနှိုင်းပေးမဲ့သူ မရှိလို့လား၊ ဒါမှမဟုတ်  နှစ်ယောက်ထဲနေချင်တယ် ပြသာနာကြောင့်လား ဆိုပြီး အတွေးနယ်ချဲ့နိုင်တာမျိုးကလည်း ရှိနေတော့ ကြားလူတွေက မ၀င်ကြဟန်တူပါတယ်။ ဒါပေမယ့် သူတို့ဟာ ပညာတတ်တွေဖြစ်တာရယ်၊ ဒေါ်ခင်ယုမေကလည်း အရင်က အကြောင်းမညီညွှတ်လို့ ကိုဝင်းဦးနဲ့ ကားမရိုက်ခဲ့တာကိုလည်း သူက အမှတ်ထားပုံ မရရှာပါဘူး။ ၁၉၇၈ လောက်မှာတော့ ကြားက စေ့စပ်ဆွေနွေးပေးမှုကြောင့် 'တိမ်ဦးလေပြေ မောင့်ကိုစေ'  ဆိုတဲ့ ရုပ်ရှင်ကားမှာတော့ သူတို့အတွဲ ပထမဦးဆုံးနဲ့ နောက်ဆုံး ချစ်သော ပရိသတ်ကြီးအတွက် ရိုက်ကူးပေးခဲ့ကြပါတယ်။ သူတို့နှစ်ဦး စုံတွဲသဘောလည်း အတူ သီချင်းတပုဒ်ကို ဆိုခဲ့ကြဘူးပါတယ်။ ၁၉၈၀ အလွန်မှာတော့ ကိုဝင်းဦးနဲ့ ခင်ယုမေတို့ အတူ သီချင်းလေးတပုဒ်ကို တွဲဆိုခဲ့ကြပြန်ပါတယ့််။ မြန်မာ့ရုပ်မြင်သံကြားပေါ်ဦးစ အချိန်ကပါ။ ခင်ယုမေ သီဆိုထားတဲ့ 'သက်ဆိုင်သူသို့'သီချင်းလေးမှာ ကိုဝင်းဦးက တွဲဆိုခြင်းမျိုး မဟုတ်ပေမဲ့ သိချင်းနောက်က ဟာမိုနီလိုက်ပေးရင်း ဆိုခဲ့ကြဘူးတာလည်း ဒီသီချင်းတပုဒ်ပဲ ရှိခဲ့တာပါ။

ဘာပဲပြောပြော အနုပညာသည်အချင်းချင်း အနုပညာမာနတွေကို မိမိထင်ပေါ်ကျော်ကြားစဉ်ကာလမှာ သတိရှိရှိနဲ့ အနုပညာအလုပ်တွေလည်း လုပ်ရင်း ပြည်သူချစ်သောအနုပညာရှင်ဘ၀နဲ့သာ အဆုံးသတ်နိုင်အောင် ကြိုးစားကြဖို့ ပြင်ဆင်ထားကြရ ပါလိမ့်မယ်။



မင်းသမီး ဒေါ်ခင်ယုမေဟာ မျက်နှာပေး အလွန်ချိုသူ တဦးဖြစ်ပါတယ်။ တရုတ်သွေးစပ်လို့ အသားကလည်းဖြူ၊  ရုပ်ရည်ကလည်း ချောသူမို့ ၁၉၅၃မှာ သူမဟာ ဂီတလောကထဲ စတင် ၀င်ရောက်ပါတယ်။ သူ သရုပ်ဆောင်မဖြစ်ခင်ကတည်းက ဟိုတုန်းက ထုတ်ဝေခဲ့ကြတဲ့ ချိုတေးသံဂျာနယ်တွေမှာ သူ့ဓါတ်ပုံက လူသိများလွန်းသူပါ။

သူ့ကို အမိ ဒေါ်ကျင်မြိုင်၊ အဖ ဦးယုစွမ်တို့မှ ၂၃ မတ် ၁၉၃၇ ခုနှစ် ရန်ကုန်မြို့မှာ မွေးဖွားခဲ့သူပါ။ သူ့မှာ ညီမအရင်းဆိုလို့ ခင်ယုဆွေ ဖြစ်ပြီး၊ သူမလည်း မြန်မာ့အသံအဆိုတော်တဦး ဖြစ်ပါတယ်။ ရုပ်ရှင်နယ်ထဲကို ၁၉၅၈ခုနှစ်မှာ ရွှေညာမောင် ဦးချင်းစိန်က ခေါ်ပြီး 'အသက်'ဆိုတဲ့ဇတ်ကားက စတင်ပြီး ရုပ်ရှင်နယ်ထဲ ရောက်ခဲ့သူပါ။ အဲဒီနှစ်မှာပဲ လူရွှင်တော်ဖိုးပါကြီးက ဒါရိုကတာလုပ်ပြီး 'ဤဘ၀၀ယ်'ဇတ်ကားနဲ့ ထပ် အောင်မြင်ပြန်ပါတယ်။ နောက် မန္တလေးရုပ်ရှင်က ရိုက်ကူးတဲ့ ဒါရိုက်တာ တက္ကသိုလ်ဝင်းဖေ (စွယ်စုံရဒါရိုက်တာ ဦးဝင်းဖေမဟုတ်) က 'ကိုယ်ပိုင်မေတ္တာ'ဇာတ်ကားနဲ့ ၁၉၆၁ ခုနှစ်အတွက် ခင်ယုမေက ပထမဆုံး အကယ်ဒမီ ရရှိပါတယ်။ ဒုတိယအကြိမ် အကယ်ဒမီကတော့ ဆရာကြီးဦးသုခ ရိုက်တဲ့ ၁၉၇၅ခုနှစ်က ထုတ်လုပ်တဲ့ 'ရွှေချီ ငွေချီတန်းပါလို့'နဲ့ ရသွားပါတယ်။

ကျနော်အကြိုက်ဆုံး ခင်ယုမေကားတွေကတော့ 'ပုလဲမျက်ရည်'၊ 'ပန်းတွေနဲ့ ဝေ'၊ 'ဗိုလ်မြဒင်'တို့ဖြစ်ပြီး အကယ်ဒမီိခင်ယုမေဟာ အိမ်ထောင်ရေးတော့ ကံမကောင်းရှာပါဘူး။ ဦးကျော်ဆွေနဲ့ သားတစ်ယောက်ရပြီးနောက်ပိုင်း ကွယ်လွန်သည်အထိ အိမ်ထောင်မပြုတော့ဘဲ သားရှိရာ အမေရိကားကိုလည်း သွားလည် ခဲ့ဘူးပါတယ်။


 ဒေါ်ခင်ယုမေဟာ ရုပ်ရှင်နယ်ထဲကို ၁၉၅၈ ခုနှစ်က စ၀င်ပြီး၂၀၀၈ ခုနှစ်အထိ နှစ်ပေါင်း ၅၀ သက်တန်းရှိတဲ့ ၀ါရင့်အနုပညာရှင်မို့ အစဉ် လေးစားနေမိတာလည်း ဖြစ်ပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင် ဒေါ်ခင်ယုမေဟာ ၂၃ ဇန်န၀ါရီလ ၂၀၁၄၊ အသက် ၇၇ နှစ်အရွယ်မှာ ကမ္ဘာအေးဘုရားလမ်း၊ သူနေတဲ့ 'စိမ်းလဲ့မေ'အိမ်ဂေဟာလေးမှာ အေးချမ်းစွာ ကွယ်လွန်သွားရှာပါတယ်။

မင်းသားကြီး ကိုဝင်းဦးကတော့ ၁၄ ဒီဇင်ဘာ၊ ၁၉၈၈ ခုနှစ် မှာပဲ လမ်းမတော်က မြရတနာဆေးခန်းလေးမှာ အူမကြီးကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေမှန်သမျှ အောင်မြင်ခဲ့တာ များပါတယ်။

၁။ နှစ်ယောက်ထဲ နေချင်တယ်။ ၂။ ချစ်သော သူတယောက်။ ၃။ မောင်တို့ ချယ်ရီမြေ။ ၄။ ဤစံအိမ်ဝယ်။ ၅။ ဘယ်ရပ်ဋ္ဌာနီ။ ၆။ ပိတောက်ရိပ်ဝယ်။ ၇။ မုန်းတလှဲ့ပြုံးတလှဲ့။ ၈။ သိကြားစေ သက်သေညွှန်း။ ၉။ ဆောင်းတည၀ယ်။ ၁၀။ ဗိမ္မိသာရ။ ၁၁။ မိုးပုလဲနဲ့တိမ်မဲညို။ ၁၂။ အတွယ် အတာ။ ၁၃။ မုန်းပါတယ်မောင့်ကို။ ၁၄။ ဆောင်းအိမ်မက်။ ၁၅။ မှုန်ရွှေရည်။ ၁၆။ ချစ်သူရွေးမယ် ချစ်ဝဲလယ်။ ၁၇။ နှင်းပျောက်တဲ့နွေ။ ၁၈။ တကျော့နှစ်ကျော့တေးကိုသီ။ ၁၉။ တိမ်ဦးလေပြေ မောင့်ကိုစေ။ ၂၀။ ဝေလု။ ၂၁။ တိမ်လွှာမို့မို့ လွင်။ ၂၂။ ကျွန်တော်ချစ်ချင်တဲ့ အချစ်အကြောင်း။ ၂၃။ လိုင်ထိပ်ထားနဲ့ ကြံတိုင်းအောင်။ ၂၄။ ဘယ်ပြေးမလဲ မိချိုသဲ။ ၂၅။ ချစ်သူကြင်သူမြတ်နိုးသူ။ ၂၆။ သစ္စာတူပြိုင်။ ၂၇။ ပန်းမြို့တော်နဲ့ ခြေလှမ်းသုံးဆယ်။

 ဦးဝင်းဦးဟာ ၁၉၆၂ခုနှစ်ကနေ ၁၉၈၈ ကွယ်လွန်သည်အထိ ရုပ်ရှင်ကားပေါင်း၂၇ ကားကိုသာ ရိုက်ကူးပြီး၊ ရုပ်ရှင်သက်တန်းကတော့ ၂၆နှစ်ပဲ ဆိုရပါလိမ့်မယ်။ သူ မကွယ်လွန်မီ ဒေါ်အိုင်းရင်တင်လှနဲ့ လက်ထပ်ပြီး ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့သူလည်း ဖြစ်ပါတယ်ပါတယ်။

Article 4

$
0
0

ကာတွန်းစောငို - သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်ပြီ (၂၀၀၇)
(မိုးမခပြန်လည်ဆန်းသစ် ကာတွန်း) ဒီဇင်ဘာ ၁၂၊ ၂၀၁၅


မျှော်လင့်ချက် နှင့် အသက်နှင့် မောင်မိုးသူ

$
0
0


မျှော်လင့်ချက် နှင့် အသက်နှင့်  မောင်မိုးသူ
မောင်မိုးသူ   ၊  မော်ဒန်သတင်းဂျာနယ် ၊ ၁၁ ဒီဇင်ဘာလ  ၂၀၁၅ (မိုးမခ)

    မောင်မိုးသူ အသက် ၇၉ နှစ်ရှိလာတဲ့အချိန်မှာ သားသမီးတွေက အထူးကုဆရာဝန်ကြီးတွေပြဖို့၊ လိုအပ်တဲ့ စစ်ဆေးမှုတွေပြုဖို့ စီစဉ်ကြပါတယ်။မောင်မိုးသူက ဆီးကျိတ်ရောဂါ (ထောင်ထဲတုန်းက ဖြစ်လာခဲ့တာ) ဆိုတော့ ၁၉၉၇ ခုနှစ်လောက်ကပဲ ဆိုပါစို့။ ဆီးကျိတ်ဖြစ်လို့ ထောင်ဆေးရုံမှာ ကုသလို့ မဖြစ်တဲ့အတွက် ရန်ကုန်ဆေးရုံကြီးဂါတ်ဝပ်မှာ ပို့ပြီး ဆီးနဲ့ကျောက်ကပ် (ဂျပန်ဆေးရုံ) မှာ ထွက်ကုသရပါတယ်။ ဆီးကျိတ် ကြီးတာပါ။ ဆီးကျိတ်ကြီးလို့ ဆီးလမ်းကြောင်း ပိတ်သွားလို့ ဆီးမသွားနိုင်လို့ ဆီးပိုက်နဲ့နေရတာ အကြာကြီး။ ဆီးနဲ့ ကျောက်ကပ်ဆရာဝန်ကြီးများက သောက်ဆေးနဲ့ ကုသပါတယ်။

    အဲသည်ခေတ် အဲသည်အချိန်က သောက်ဆေးက အတော်ဈေးကြီးပါတယ်။ တစ်နေ့ တစ်လုံး သောက်ရပြီး အလုံး ၁၀၀ ကျော် သောက်ရပါတယ်။ သက်သာလာတဲ့ အခါမှာ အဲသည်ဆီးကျိတ်ထဲက အသားစကို ခြစ်ယူပြီး ကင်ဆာဟုတ်မဟုတ် စစ်ဆေးရပါတယ်။ အဲသည်အချိန်တုန်းက ဆီးအိမ်ထဲကို ခြစ်တဲ့ပိုက်ကို တန်ဆာမှ သွင်းရတာမို့ အတော်ကို ခံစားရပါတယ်။ ဆီးကျိတ်က အသားစက ကင်ဆာမဟုတ်လို့ တော်ပါသေးရဲ့။

    ဆီးကျိတ်ဆိုတာ အသက်ကြီးတဲ့ ယောက်ျား တော်တော်များများ ဖြစ်နိုင်တယ်လို့ ဆရာဝန်ကြီးတွေက အားပေးစကား ပြောပါတယ်။ ဆီးကျိတ်သက်သာပေမဲ့ ဆီးလမ်းကြောင်းကောင်းဖို့ ဆိုပြီး Minipress ဆိုတဲ့ ဆေးလုံးပေါက်စကလေးတွေကို ထောင်ထဲကပဲ စသောက်ခဲ့ရတာ၊ ၂၀၀၀ ထောင်ပြင်ရောက်တော့လည်း သောက်ရ၊ ဆီးနဲ့ ပတ်သက်ပြီး  ကုရတာပဲ ခင်ဗျ။ ယခု ဆီးနဲ့ ပတ်သက်ပြီး  ဒေါက်တာဦးမြင့်သူနဲ့ ကုနေရဆဲပါ။ အရင်ပုံမှန် နှစ်လတကြိမ်၊သုံးလတကြိမ် ကုသနေရတာ ၊ ဆရာ မန္တလေးပြောင်းသွားလို့ ရန်ကုန်ကို တလခေါက်လောက် ၊ နှစ်လတခေါက်လောက် ပြန်လာထိုင်တာနဲ့ သွားပြရပါတယ်။ အဲဒါ ဆရာကြီးနဲ့ ဆေးကုရတာ ဖြစ်ပါတယ်။

    သားငယ်က အထွေထွေရောဂါကု သမားတော်ကြီးနဲ့ ပြပါဦးဆိုတာနဲ့ ပြရပြန်ပါတယ်။ ဆရာမကြီး ညွှန်ကြားတဲ့အတိုင်း ဓာတ်မှန်တို့၊ အီးစီဂျီတို့၊ သွေးတို့ ဘာတို့ အကုန်စစ်ရတာပေါ့ခင်ဗျ။ ဆရာမကြီးက မောင်မိုးသူကို FOC နဲ့ပါ။ FOC ဆိုတာ စမ်းသပ်ကုသခ မယူဘူး ပြောတာပါ။ အဲဒါပေမဲ့ ဆရာမကြီး ပြောတဲ့ ဓာတ်မှန်တို့ ၊ အီးစီဂျီတို့၊ သွေး၊ ဆီး စစ်တာတို့တော့ စစ်ရတာပေါ့။ အဲဒါလည်း ကျပ် ၆၀.၀၀၀ လောက်ကုန်တယ်ခင်ဗျ။ ရောဂါလည်း ကြီးကြီးမားမား မရှိပါဘူးတဲ့။ သွေးပေါင် နည်းနည်းများလို့ သွေးကျဆေး သောက်ပါတဲ့။ ကိုလက်စထရော များလို့ အဆီကျဆေး သောက်ပါတဲ့။ ဟုတ်ကဲ့ပေါ့။ ပြီးတော့ ဆရာမကြီးက အသက် ၇၉ နှစ်ဆိုတော့ ၈၀ ပဲပေါ့တဲ့၊ သည်လို ထွေရာလေးပါးရောဂါတွေတော့ ရှိမှာပေါ့တဲ့၊ အသက်ရှည်ရှည် နေနိုင်အောင် ကြိုးစားပါတဲ့။ ဟုတ်ကဲ့ပေါ့။

    မောင်မိုးသူလည်း အနှစ် ၅၀ ကျော် စစ်အာဏာရှင်လက်အောက်မှာ နေခဲ့ပြီး ရှစ်လေးလုံးမှာ ပါခဲ့၊ အင်န်အယ်လ်ဒီ စတင်ဖွဲ့စည်းရာမှာလည်း ပါခဲ့၊ ၉၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ကိုယ်စားလှယ်အဖြစ် အဖွဲ့ချုပ်ကရွေးပေမဲ့ ထောင်ကျလို့ အရွေးမခံခဲ့ရ။ ၂၀၀၀ ကျော်ကလွတ်၊ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုတာကို ကန့်ကွက်ဆန္ဒမဲ ပေးပေမဲ့ ၈၀ ရာခိုင်နှုန်းလား၊ ၉၀ ရာခိုင်နှုန်းလား နိုင်ပြီး ဖွဲ့စည်းပုံအတည်ပြုခဲ့။ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်တော့ မောင်မိုးသူ သပိတ်မှောက်ပြီး မဲမပေးခဲ့။ ၂၀၁၂ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကြားဖြတ်မှာ ဝင်ရွေးတော့ မောင်မိုးသူတို့ မဲဆန္ဒနယ်မြေမပါလို့ မဲ မပေးခဲ့ရ။ ၂၀၁၅ ကျတော့ မောင်မိုးသူရဲ့ ရဲဘော်တွေ၊ ညီ ညီမတွေ၊ တူ တူမတွေ ဒေါ်အောင်ဆန်းစုကြည် အင်န်အယ်လ်ဒီရဲ့ ` ပြောင်းလဲချိန် တန်ပြီ ´ ဆောင်ပုဒ်နဲ့ တပြည်လုံးအရွေးခံလို့ လိုက်လံဟောပြောတာ မလုပ်နိုင်ပေမဲ့  ဆောင်းပါးတွေရေးပြီး အားပေး၊ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အသက်ရှည်အောင် ကြိုးစားနေပြီး လက်သန်းကို မင်အစွန်းခံပြီး မဲပေးခဲ့။ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီက တောင်ပြိုကမ်းပြိုနိုင်ပြီး ပြန်တော့လည်း အာဏာလွှဲပြောင်းဖို့  ချောမောမှ ချောမောပါ့မလားဆိုပြီး အာဏာလွှဲပြောင်းချိန်အထိတော့ အသက်ရှည်ဖို့ လိုသေးတယ်ဆိုပြီး အသက်ရှည်ရာ အနာမဲ့ကြောင်းတွေ ဂရုစိုက်ရ။

    အခုတော့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ အကြိမ်ကြိမ်၊ သမ္မတ၊ ကာချူပ်တို့နဲ့လည်း တကြိမ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး ဖြစ်တဲ့အပြင် ကြားဖြတ် မြေးလေးနဲ့ တကြိမ်၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ တကြိမ် တွေ့ဆုံကြပြီးဖြစ်လို့ အားလုံး အဆင်ပြေမယ့်သဘောကို ဆောင်တာတွေ တွေ့ရပါတယ်။ သည်တော့ အာဏာလွှဲပြောင်းချိန်အထိတော့ အသက်ရှည်ချင်ပြန်ပါတယ်။ အာဏာလွှဲပြောင်းမှာက ၂၀၁၆ ဆိုတော့ မောင်မိုးသူ ၇၉ နှစ်ပြည့်လို့ ၈၀ထဲ ရောက်နေလောက်ပါပြီ။

    ဒါပေမဲ့လည်း ဒီမိုကရေစီအစိုးရသစ်က နှစ်ပေါင်း ၅၀ ကျော် ဆင်းရဲတွင်းနစ်အောင်၊ တိုင်းပြည်ကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်အောင်လုပ်ခဲ့၊ တိုင်းပြည်ရဲ့ သယံဇာတတွေကို သူတို့အိတ်ထဲပဲထည့်ပြီး တိုင်းပြည်အတွက် ဘာမှလုပ်မပေးနိုင်ခဲ့။ တောင်သူလယ်သမားတွေရဲ့ လယ်တွေ ယာတွေသိမ်းလို့ ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုရီးယားတွေမှာ ရွှေ့ပြောင်းလုပ်သားတွေ အဖြစ် မြန်မာတွေ သွားရောက် လုပ်ကိုင်ခဲ့ရတဲ့ အခြေအနေက တိုင်းပြည် နာလန်ထူ စည်ပင်အောင် ဖွံ့ဖြိုးအောင် ဒီမိုကရေစီအစိုးရသစ်နဲ့ ရွေးကောက်ပွဲမှာ တခဲနက် အားပေးခဲ့ကြတဲ့ ပြည်သူရဲ့ အင်အားကြီးနဲ့ တိုင်းပြည် နာလန်ထူအောင် ဘယ်လိုလုပ်ကြမလဲဆိုတော့  ပထမ ငါးနှစ်သက်တမ်းကို စောင့်ကြည့်ပြီး အထောက်အကူပြု အားပေးကူညီမှုကို လုပ်ချင်ပြန်ရော။

    အဲသည် အဲသည် မျှော်လင့်ချက်နဲ့ နော်ထပ် အသက်ငါးနှစ်လောက်တော့ ရှည်ချင်ပြန်ရောဗျာ။

    မျှော်လင့်ချက် နှင့် အသက်နှင့် မောင်မိုးသူပါ။





ကာတွန်း စောငို - ဦးဝင်းတင်သာ ရှိနေသေးရင်

$
0
0

ကာတွန်း စောငို - ဦးဝင်းတင်သာ ရှိနေသေးရင်
(မိုးမခပြန်လည်ဆန်းသစ် ကာတွန်း) မိုးမခ၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၅

မောင်ကျော်မော် - ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေကို အရေးယူသင့်သလား

$
0
0
● နိဒါန်း

(ဘီဘီစီ) ရဲ့ လွတ်လပ်အတွေးဆွေးနွေးဖလှယ် ခေါင်းစဉ်က

 မူလခေါင်းစဉ် - “ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေကို အရေးယူသင့်သလား”
ပြောင်းသွားတဲ့ခေါင်းစဉ် - “ ဦးသန်းရွှေကို ကင်းလွတ်ခွင့်ပေးသင့်သလား”

(ဘီဘီစီ) ရေဒီယိုကနေ ဆွေးနွေးတင်ပြမှုဟာ အချိန်အကန့်အသတ်၊ ဆွေးနွေးသူအရေအတွက်များပြားမှု စတာတွေကြောင့် မိမိထင်မြင်ယူဆချက်ကို လိပ်ပတ်လည်အောင်တင်ပြနိုင်ဖို့ အခက်အခဲရှိပါတယ်။ ဒါကြောင့် အခုလိုဖြည့်စွက်ရေးသားတင်ပြရတာပါ။

ဒါ့အပြင် အရေးယူသင့်သလားဆိုတဲ့ ခေါင်းစဉ်အပေါ် တုန့်ပြန်ချက်တွေရဲ့အတိုင်းအတာကလည်း ကြီးမားကျယ်ပြန့်ပါတယ်၊ သဘောမတူညီမှု၊ တိုက်ခိုက်မှု၊ ထိုးနှက်မှုတွေအကြားကနေ (ဆွေးနွေးတဲ့ခေါင်းစဉ်ပြောင်းလဲလိုက်သော်လည်း) လွတ်လပ် စွာ ထုတ်ဖော်တင်ပြခွင့်ဘက်ကနေရပ်တည်ပြီး ထုတ်လွှင့်ခဲ့ကြတဲ့ဘီဘီစီ (မြန်မာပိုင်း) တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါ တယ်။ ဘီဘီစီမြန်မာဌာနအတွင်းမှာလည်း ဒီဂယက်ရိုက်ခတ်မှုဟာ သေးကွေးမှာမဟုတ်ပါဘူး။  

မောင်ကျော်မော် - ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေကို အရေးယူသင့် သလား

(မိုးမခ၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်)

ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေကို အရေးယူသင့်သလား
အရေးယူသင့်ပါတယ်၊ အရေးယူရမယ်။ အပိုင်း ၃ ပိုင်းခွဲတင်ပြပါ့မယ်။


● (ပထမပိုင်း )
အောက်ပါ အခြေခံအချက် ၃ ချက်အပေါ်က နေရပ်တည်ပြီး  အရေးယူသင့်တယ်၊ အရေးယူရမယ်လို့ ကျနော်ပြောတာပါ။

၁။ မတရားပြုမှု၊ အကြမ်းဖက်ဖိနှိပ်ညှင်းပန်းမှုတွေကို မတရားကြောင်း၊ လက်မခံကြောင်း အပြစ်ပေးအရေးယူရမယ်ဆိုတာကို အတွေး အခေါ်အရ ပြောကိုပြောရဲရမယ်။ ဒါကပထမအချက်ပါ။

၂။ ဒီလို မတရားပြုမှု၊ အကြမ်းဖက်ဖိနှိပ်ညှင်းပန်းမှုတွေကို ဖြစ်ပေါ်စေတဲ့ စနစ်ဆိုး၊ စနစ်ရိုင်းတွေထပ်မံပေါ်ပေါက်မလာနိုင်အောင် တရား ဥပဒေအရလည်း ထိထိရောက်ရောက်အပြစ်ပေးရေးယူရမယ်။ ဒါက ဒုတိယအချက်ပါ။

၃။ မတရားပြုမှု၊ အကြမ်းဖက်ဖိနှိပ်ညှင်းပန်းမှုတွေကိုအရေးယူသင့်တယ်၊ အရေးယူရမယ်ဆိုတာကို အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများ ဘက်ကရပ်တည်ပြီးပြောတာပါ။ အဲဒီအဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေထဲမှာ (နဝတ-နအဖ) စစ်အစိုးရနဲ့ ယခင်အစိုးရရဲ့ အဆက်ဆက်ရဲ့ အကြမ်းဖက်ဖိနှိပ်မှု၊ မတရားပြုမှုတွေကြောင့် မိမဲ့ဘမဲ့ဖြစ်သွားရသူတွေ၊ သားသမီးဆုံးရှုံး သွားရတဲ့သူတွေ၊ လင်ယောက်ျား၊ ဇနီးမယား ဆုံးပါးသွားရသူတွေ၊ အသက်နဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ စွန့်လွှတ်ခဲ့ရ သူတွေ၊ ကုသလို့ မပျောက်ကင်းတော့ဘဲ သေရာပါ ရုပ်ဒဏ်ရာ၊ စိတ်ဒဏ်ရာ၊ စိတ်ဝေဒနာဖြစ်သွားရသူတွေ စသဖြင့် စီးပွားရေးအရ၊လူမှုအရေးအရ နာလံမထူနိုင်လောက်အောင် ဘဝပျက်သွားခဲ့ရတဲ့  ပြည်သူတွေ ၊ ပြည်ပနိုင်ငံတွေဆီထွက်ပြေးခိုလှုံခဲ့ကြရတဲ့ပြည်သူတွေ ပါဝင်ပါတယ်။ ဒါက တတိယအချက်ဖြစ်ပါတယ်။

● (ဒုတိယပိုင်း)
မတရားမှုနဲ့ အကြမ်းဖက်မှုကို ဖြစ်ပေါ်စေခဲ့တဲ့ လူ၊ မူနဲ့ စနစ်ယန္တယားကိုပါ အရေးယူရမယ်။ အကုန်အစင်ဖျက်သိမ်းရမယ်။

မတရားမှုနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ပုဂ္ဂိုလ်တစ်ဦးချင်းစီ ပုဂ္ဂိုလ်ရေးမုန်းတီးမှု၊ အညှိုးအာဃာတစ်ခုတည်းက စေ့ဆော်လို့ ပြု လုပ်ခဲ့တာမဟုတ်ပါဘူး။ သူတို့ စစ်အုပ်စုအကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ်၊စစ်ဗျူရိုကရေစီယန္တယားကို အသုံး ပြုပြီး ကျူးလွန်ခဲ့ကြတာပါ။ ဒါကြောင့် အရေးယူအပြစ်ပေးတယ်ဆိုတဲ့နေရာမှာ ဒီလို မတရားမှုအမူအကျင့်အတွေး အခေါ်နဲ့ ဒီအတွေးအခေါ်အမူအကျင့်တွေ ကို ဖြစ်ပေါ်စေတဲ့သက်ဝင်လှုပ်ရှားစေတဲ့ ဆိုးသွမ်းရိုင်းပြလှတဲ့ စနစ်ယန္တယားကိုပါ နောင်ပေါ်ပေါက်မလာအောင် အကုန်အစင်ဖျက်သိမ်း ပစ်ရမှာပါ။

မတရားမှုနဲ့အကြမ်းဖက်ဖိနှိပ်မှုတွေကို ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ တစ်ဦးထဲကျူးလွန်ခဲ့တာ မဟုတ်ပါဘူး။

(နဝတ-နအဖ) စစ်ကောင်စီနဲ့စစ်အစိုးရထိပ်သီးများလည်း အလိုတူအလိုပါကျူးလွန်ခဲ့ကြတာဖြစ်ပြီး အဲဒီထဲမှာအဓိက တာဝန်ရှိ နေသူတွေကို ပုဂ္ဂိုလ်အရ တန်းစီပြောရရင် ဗိုလ်သန်းစောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်တို့ကို ထိပ်ဆုံးကနေ ဖော်ပြ ရမှာပါ။

ဒါက ၁၉၈၈ ခုနှစ် ကနေ ယနေ့အထိကာလပိုင်းကိုသာ ကွက်ပြီးပြောနေတာပါ။
၁၉၄၈ ခုနှစ်၊ သို့မဟုတ် ၁၉၆၂ ခုနှစ်ကစပြီး ပြောရမယ်ဆိုရင် ပြစ်မှုကျူးလွန်သူတွေနဲ့ ပြစ်မှုအတိုင်းအတာဟာ ဒီထက် အများကြီး ပိုမိုနက်ရှိုင်းကျယ်ပြန့်ပါလိမ့်မယ်။ သမိုင်းတရားခံစာရင်း ပိုပြီးရှည်လျားပါလိမ့်မယ်။

ဒီနေရာမှာ မကြာသေးခင်က (The Washington Post) နဲ့ ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အင်တာဗျူးထဲက အချက်တစ်ချက်ကိုဖော်ပြပြောဆိုပါရစေ။ ဝါရှင်တန်ပို့စ်က အတိတ်က ဖမ်းဆီးဖိနှိပ်မှုတွေအတွက် “ဝမ်းနည်းကြောင်း” ပြောဖို့ရှိ ပါသလားလို့ မေးတဲ့အခါ အခုလိုဖြေပါတယ်။

“ဒီလိုတော့ ပြောစရာအကြောင်းတော့ မရှိဘူးထင်တယ်။ ဒါဟိုဘက်က နိုင်ငံရေးအခြေအနေနဲ့လုပ်ခဲ့တဲ့ နိုင်ငံရေးစနစ်တုန်း က အခြေအနေ အရလုပ်ခဲ့တာပဲဖြစ်တယ်။ ဒါကတော့ တစ်ကဏ္ဍဖြစ်ပါတယ်။ ကျွန်တော်နဲ့တော့ ဘာမှမဆိုင်ဘူး” တဲ့။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဒီအဖြေဟာ တကယ်တော့  ယခင် အုပ်စိုးသူနဲ့အုပ်စိုးမှုကို လွှဲချပြီးကိုယ်လွတ်ရုန်းတာပါ။ သူနဲ့ဘာမှမဆိုင်ဘူးတဲ့။ သူတောင်းပန်စရာမလိုဘူးဆိုတဲ့သဘောဖြစ်ပါတယ်။ ပြီးတော့“ယခင်နိုင်ငံရေးစနစ်အရ၊အခြေအနေအရ” လုပ်ခဲ့ တာလို့ဝန်ခံထားတယ်။ သွယ်ဝိုက်သောအားဖြင့် ဒီကိစ္စတွေနဲ့ပတ်သက်ရင် (နဝတ-နအဖ) စစ်အစိုးရတွေ ရဲ့တာဝန်သာဖြစ်တယ်လို့ ပြောတာပါပဲ။

● (တတိယပိုင်း)
လက်တွေ့တကယ်အရေးယူနိုင်သလားနဲ့ အမျိုးသားပြန်လည်းရင်ကြားစေ့ရေး


ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးတွေကို ထိခိုက်သွားမှာမို့ အခုအချိန်မှာ အရေးယူတဲ့စကားတွေ မပြောသင့်သေးဘူး ဆိုတာဟာမှားယွင်းတဲ့၊ အညံ့ခံတဲ့ တွေးခေါ်စဉ်းစားနည်းတစ်မျိုးသာဖြစ်ပါတယ်။ လက်တွေ့အရေးယူနိုင်သည်ဖြစ်စေ၊ မယူနိုင်သေးသည် ဖြစ်စေ မတရားမှုနဲ့အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ပတ်သက်လာရင် အတွေးအခေါ်အရ ပြတ်ပြတ်သားသား မတရားကြောင်း၊ အပြစ်ပေးအရေး ယူရမယ်ဆိုတဲ့အကြောင်းကို အချိန်မရွေးပြောဝံ့ရမယ်။

လက်တွေ့မှာ ဦးသန်းရွှေရဲ့အာဏာအမွေစားအမွေခံတွေလက်ထဲမှာ လက်နက်နဲ့အာဏာတွေရှိနေသေးတယ်၊ ၂၀၀၈ အ ခြေခံဥပဒေ၊ ပုဒ်မ ၄၄၅ ရှိနေလို့ အရေးယူလို့မရဘူးလို့  ပြောနေတာဟာ လက်တွေ့ကြောင်း/ဥပဒေအကြောင်းအရထက် အတွေး အခေါ်အရ အညွန့်ကျိုးနေတာနဲ့ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယားအပေါ် စိုးရိမ်ထိတ်လန့်နေရတာကိုဖော်ပြနေတဲ့အချက်ပဲဖြစ်ပါတယ်။

အခြားတစ်ဖက်ကလည်း စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီယန္တယားဆိုတဲ့ အရိပ်မည်းကြီးအောက်က မလွတ်မြောက်နိုင် သေးဘဲ၊ ဒီအရိပ်မည်းကီးဟာ ကျနော်တို့လူတွေအပေါ်မှာစိုးမိုးမြဲစိုးမိုးနေသေးတယ်ဆိုတာတဲ့ အချက်ကိုဖော်ပြနေတဲ့ အချက်ပါပဲ။

မတရားမှုနဲ့အကြမ်းဖက်ဖိနှိပ်မှုကိုပြုခဲ့ကြသူတွေက သူတို့ကျူးလွန်ခဲ့ကြတဲ့ မတရားမှုတွေနဲ့အကြမ်းဖက်ဖိနှိပ်မှုတွေကနေသူတို့ ကို အရေးမယူနိုင်အောင် သူတို့ကိုယ်သူတို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့/ကာကွယ်ထားတဲ့ ဥပဒေပုဒ်မဆိုတာတွေကို ကျနော်တို့ အရေးထားစဉ်းစားနေစရာ ဘာအကြောင်းမှ မရှိပါဘူး။

ဒါဆို သင့်မြတ်ရေးနဲ့ရင်ကြားစေ့ရေး မလုပ်တော့ဘူးလား

တကယ့်သင့်မြတ်ရေးနဲ့ တကယ့်ရင်ကြားစေ့ရေးကို ကျနော်အလေးထားတယ်။ လိုလားတယ်။ အမျိုးသားသွေးစည်းညီညွတ်မှု ရှိမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင်မယ်လို့ ကျနော် အလေးအနက်ယုံကြည်တယ်။

စနစ်ဆိုးစနစ်ရိုင်း၊ အဲဒီ စနစ်ဆိုးစနစ်ရိုင်းအပေါ်ကနေ တစ်ဖဝါးမှမခွာပဲရပ်တည်ကိုယ်စားပြုနေသူတွေ၊ စနစ်ဆိုးစနစ်ရိုင်းကို အထိခိုက်မခံနိုင်သူတွေနဲ့တော့ သင့်မြတ်ရေးနဲ့ရင်ကြားစေ့ရေး လုပ်လို့မဖြစ်နိုင်ပါဘူး၊ မရနိုင်ပါဘူး။

ဒါကြောင့် သင့်မြတ်ရေးနဲ့ရင်ကြားစေ့ရေးအတွက် ပထမဆုံးစတင်ရမယ့်အချက်က စနစ်ဆိုးစနစ်ရိုင်းကို ကိုယ်စားပြုရပ်တည် ဆောင်ရွက်ခဲ့ကြသူတွေဟာ သူတို့ရပ်တည်ခုတ်မောင်းခဲ့တဲ့စနစ်ဆိုး စနစ်ရိုင်းဟာဆိုးသွမ်းမှားယွင်းပါကြောင်း၊ ဒီစနစ်ဆိုး ကြောင့် လူမျိုးစုံ ပြည်သူများရဲ့အကျိုးစီးပွားကို ဆယ်နှစ်များစွာ ကြီးကြီးမားမားထိခိုက်နစ်နာစေခဲ့ပါကြောင်း၊ ဒီစနစ်ဆိုးစနစ် ရိုင်း အပေါ်ကနေပြုမူခဲ့သမျှ တွေဟာ မိုက်မဲပြီး၊ မှားယွင်းပါကြောင်း၊ ဒီလိုမိုက်မဲတဲ့မှားယွင်းမှုတွေအတွက် အလေးအနက် အနူးအညွတ်တောင်းပန်ပါကြောင်း၊ နောင် ဒီလို စနစ်ဆိုးစနစ်ရိုင်းတွေ ထပ်မံမပေါ်အောင်၊ ပြန်မလာစတမ်းဖျက်သိမ်းပစ်ဖို့ အပြီးအပိုင်ဆုံးဖြတ်ထားပြီး ဖြစ်ပါကြောင်း လူမျိုးပေါင်းစုံ ပြည်သူများအပေါ် ဝန်ချတောင်းပန်ရပါလိမ့်မယ်။

ဒီလိုလေးနက်တဲ့၊ တည်ကြည်တဲ့ တာဝန်ယူမှုနဲ့ဝန်ချတောင်းပန်မှုတွေရှိလာတဲ့အခါမှသာ လူမျိုးပေါင်းစုံပြည်သူများဘက်က ပြစ်မှုတွေကိုမေ့ဖျောက်ပစ်ဖို့၊ ဘယ်တော့မှ၊ ဘယ်လိုမှမဖြစ်နိုင်ကြောင်းနဲ့အတိတ်ရဲ့ခါးသီးမှုတွေကို နောင်မျိုးဆက်ရာ ထောင်အတွက် သင်ခန်းစာဖြစ်စေလိုကြောင်း စသဖြင့် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တ ကျပြု လုပ်သွားကြရမှာဖြစ်ပါတယ်။

လူမျိုးပေါင်းစုံပြည်သူလူထုကြီး ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ ပြင်းထန်ခါးသီးလှတဲ့နာကျင်မှုတွေနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သူတွေကို “ခွင့်လွှတ်တယ်/သင်ပုန်းချေတယ်” ဆိုတဲ့စကားတွေကို ဘယ်သူကမှ ကိုယ့်သဘော နဲ့ကိုယ်ပြောလို့ မဖြစ်နိုင်ပါဘူး။ မဖြစ်သင့်ပါဘူး။

ပြန်လည်သင့်မြတ်ရေးနဲ့ရင်ကြားစေ့ရေးဆိုတာ ခိုင်ခံ့တည်ကြည်တဲ့ အစပြုချက်တွေနဲ့စတင်ပြီးစဉ်ဆက်မပြတ်ဆောင်ရွက်သွားရမယ့် ဖြစ်စဉ်တစ်ရပ်လည်းဖြစ်ပါတယ်။

စနစ်ဆိုးစနစ်ရိုင်းတွေ၊ ဆိုးသွမ်းယုတ်မာတဲ့ ပြုမူမှုတွေကို မျိုးဆက်သစ်တွေက အတွေးအခေါ်အရ ရွံရှာမုန်းတီးပြီး ဆန့်ကျင် တိုက်ဖျက် ပစ်ရမယ်ဆိုတာကို လေးလေးနက်နက်သဘောပေါက်နားလည်ပြီး အတိတ်သမိုင်းကနေ သင်ခန်းစာ ကောင်း ယူနိုင်ရမယ်။

အထက်မှာ အဆင့်ဆင့် တင်ပြခဲ့တာတွေဟာ ကျနော်စတင်လိုတဲ့ သင့်မြတ်ရေးနဲ့ရင်ကြားစေ့ရေး ခရီးရှည်ကြီးရဲ့လှပပြီးလေး နက်တည်ကြည်တဲ့မုခ်ဦးအစဖြစ်ပါတယ်။ ဒီလိုအစချီချက်တွေပါဝင်တဲ့သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးလုပ်ငန်းစဉ်မျိုးကို ကြို ဆိုနေကြမယ့် သူတွေထဲမှာ ကျနော် အသေအချာပါဝင်နေမယ်ဆိုတာကို သံသယမရှိကြပါနဲ့။

ရိုသေစွာဖြင့်

မောင်ကျော်မော်
၁၂ - ၁၂ - ၂၀၁၅

ငြိမ်းချမ်းအေး - ဘယ်သူတွေ ရင်ကြားစေ့ရမှာလဲ

$
0
0
ဦးညီညီဦး- နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအောင်နိုင်ရေး၊ ကော့မှူးမြို့နယ်
ငြိမ်းချမ်းအေး - ဘယ်သူတွေ ရင်ကြားစေ့ရမှာလဲ
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၅

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အတိတ်ကို မတူးဆွရေး၊ အနာဟောင်းတွေ မဖော်ထုတ်ရေး အသံတွေညံနေချိန်မှာပဲ သန်လျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုနဲ့ မတရားစွပ်စွဲခံရပြီး ထောင်ထဲမှာ လူငယ်ဘဝ တခုလုံး အနှစ်နှစ်ဆယ် ကျော် ဖြတ်သန်း ခဲ့ရတဲ့ ဦးညီညီဦးဆုံးတဲ့သတင်း ဒီမနက်ကြားရတယ်။  သူဟာ NLD ပါတီဝင်ထဲမှာ ထောင်သက် အရှည်ဆုံးလို့ ပြောလို့ရ တယ်။

ထောင်နှစ်ရှည် အညတရ နိုင်ငံရေးအကျဉ်းသမားဟောင်းတွေ၊ တော်လှန်ရေးသမားတွေ အသက် မရှည်နိုင်ဘူး ဆိုတာ ရှေ့မှာ သာဓက များစွာ ရှိခဲ့ပေမဲ့ စိတ်မကောင်းဖြစ်ရမှုကို မတားဆီးနိုင်ဘူး။

ဦးညီညီဦး နဲ့တွေ့ဆုံး စကားပြောဖြစ်ခဲ့ပြီး သူ့အကြောင်းတွေ သူကိုယ်တိုင်ရေးဖို့၊ မိုးမခ မှာ မှတ်တမ်းပြုဖို့ ကြိုးစားခဲ့ပေမယ့် သူက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့အနေနဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းကလိုပဲ ကော့မှူး ခရီးစဉ် ထွက်သွားလို့ ထပ် မတွေ့ဖြစ်ခဲ့ဘူး။  ရွေးကောက်ပွဲ ပြီးချိန်လည်း အေးအေးဆေးဆေး နားပါစေဦး ဆိုပြီး သွား မတွေ့ဖြစ်ခဲ့ဘူး။  အခုတော့ နောင်တရမိတယ်။

ကျနော်တို့က အခု ဖြစ်ပေါ်တိုးတက်ပြောင်းလဲနေတဲ့ ဒီလှိုင်း၊ ဒီအရွေ့ကို အသာခိုစီးနိုင်ပါတယ်။  နိုင်ငံရပ်ခြားမှာ သာသာယာ ယာနေနိုင်တယ်၊ နိုင်ငံခြား ချောင်းပေါက်မတတ်သွားရတဲ့ အခွင့်အရေးတွေကို ယူနိုင်တယ်၊ ဟိုတယ် အအေးခန်း ဆွေးနွေးပွဲတွေမှာ ချွေးမထွက်ဘဲ နိုင်ငံအတွက်ဆိုပြီး ပါးစပ်နဲ့ မဆန့်တဲ့ စကားကြီး စကားကျယ်တွေ ပြောနိုင်တယ်၊ အရှက်သာမရှိရင် လူအထင်ကြီးခံရအောင် နေခွင့်သာတယ်။  လူပြိန်းကြိုက်တွေ အတွင်တွင် ရေးနိုင်၊ ပြောနိုင်တယ်။  လုပ်စားခွင့်သာပါတယ်။  တော်လှန်ရေးဆိုပြီး အများကြိုက် လှိုင်းစီး၊ ဘီယာသောက် အချောင်ခို နိုင်ခွင့် ရှိပါတယ်။

ဒါပေမယ့် ဒီမိုကရေစီခရီးကြမ်းမှာ စတေးခဲ့ရသူ လူသာမန် အများစုဘဝတွေက ဒီလိုမဟုတ်ပါဘူး။  ဟိုတပတ်က တော်လှန် ရေးသမား ကဗျာဆရာ ကမာပုလဲ ဆုံးတယ်။  လူချင်းမရင်းပေမဲ့ ယုံကြည်ချက်တူသူချင်း အွန်လိုင်း ခင်ခဲ့တယ်။  မိုးမခ ပုံနှိပ်ထုတ်ချိန်မှာ ကမာပုလဲရဲ့ ကဗျာစခန်းရပ်ချိန်ဖြစ်လို့ ထည့်ခွင့် အများကြီးမရလို့ ဆုံးချိန်ကျမှသာ ရှက်ရွံ့အားနာစွာနဲ့ အမှတ်တရ လုပ်ခဲ့ရတယ်။

လူမသိ၊ သူမသိ ကျဆုံးခဲ့ရတဲ့ ကျနော်တို့ရဲ့ နောင်တော်တွေ..၊ ဘယ်တော့မှ မမေ့ စကောင်းဘူး။  စစ်ကြောရေးစခန်းတွေ၊ ချစ်ခင်သူတွေနဲ့ ရှင်ကွဲ သေကွဲ ဖြစ်ရတဲ့ သွေးမျက်ရည် အပြည့်နဲ့ နာလှတဲ့ ဇာတ်တွေကို ရင်ဘတ်ကြီးနဲ့ ခံစားနေရတော့ မယုံကြည်တာ မရေး၊ မပြော တကိုယ်ရေ နိုင်ငံရေး သီလနဲ့ နေခြင်းဆိုတာတခုတည်းနဲ့ ကြိုးစား လိပ်ပြာ သန့် နေရတယ်။  တကယ်တော့ ဒီလိပ်ပြာ ဘယ်သန့်နိုင်ပါ့မလဲ..။

နိုင်ငံရေးဆိုတာ ခံစားမှု မပါရဘူးတဲ့။  ဟုတ်သလိုလိုပါပဲ။  လူအများ ခံစားနေရတဲ့ အနာတွေကို မျှဝေ မခံစား၊ တနိုင် အသံမထွက်ရင် ဘယ်လို လူထု နိုင်ငံရေး ဖြစ်တော့မလဲ။  လူတစုအတွက်၊ ဘိန်းဘုရင်တွေအတွက်၊ ငွေကြေး အမြတ် ထုတ်သူတွေအတွက်၊ လိင် အလုပ်သမလေးတွေ အပေါ် ခေါင်းပုံ ဖြတ်နေတဲ့ အအေးခန်းထဲက ဖာခေါင်းတွေ အတွက်၊ သူခိုး ဓားပြအကြီစားတွေ အတွက် နိုင်ငံရေး၊ ပြောင်းလဲရေး ပဲ ဖြစ်တော့မပေါ့။

ရင်ကြားစေ့ရေးဆိုတာ ကောင်းပါတယ်။  ဘယ်သူတွေ ရင်ကြားစေ့ရမှာလဲ ဆိုတာကို အခြေခံကျကျ တွေးနိုင်ရင် ပိုကောင်းပါ တယ်။

ရင်ကြားစေ့ရေးဆိုတာ အာဏာ နှစ်ငါးဆယ်ကျော် လက်ကိုင်ယူထားတဲ့ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါ၊ သားမြေး လူတစု နဲ့ ဒီမိုကရေစီ အင်အားစု (ဆိုတဲ့) နိုင်ငံရေး သမားများ အာဏာ လုနေခြင်း သက်သက် မဟုတ်ပါ။  အာဏာ လုပ်ပိုင်ခွင့် ယူထားသူ နဲ့ အပေါင်းအပါ လူတစု က တိုင်းပြည် ကို ကုတ် (ဂုတ်) ခွစီးရင်း ထင်တိုင်းကြဲကာ အရင်းအမြစ် အားလုံး သွေးစုပ် နေခြင်း ရလဒ် စီးပွား၊ ဥစ္စာ၊ ဓန အရာရာ အလျှံပယ် ဖြစ်နေတဲ့ လူတစု ရှိသူများ (Haves) နဲ့ အစစ အရာရာ မဲ့ နေတဲ့ မရှိသူ လူအများ (Have Nots) ကွာခြားချက် ကြီးမား နေခြင်း ရင်ကြားကို စေ့ရမှာသာ ဖြစ်ပါတယ်။

ဘယ်အစိုးရ အမည်နဲ့ တက်တက် ဒီ ကွာဟ နေတဲ့ လူတန်းစား နှစ်ခု၊ အခြေအနေ နှစ်ခု ကွာဟချက် နည်းအောင်၊ “ရင်ကြားစေ့အောင်” အခု နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ပညာ ကျန်းမာ ဝါဒ ပေါ်လစီ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ကို တိုက်ပွဲဝင် တောင်းဆိုရမှာပါ။

အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ မူလဘူတ အကြောင်းရင်းခံဟာ တရားမျှတမှုသာ ဖြစ်ပါတယ်။  ဒါကိုပဲ အခြေခံရပါမယ်။  လူမှု တရားမျှတမှု ရှိရပါမယ်။  တရားဥပဒေကြောင်းအရ တရားမျှတမှု ရှိရပါမယ်။  စီးပွားရေးရာ တရားမျှတမှု ရှိရပါမယ်။  နိုင်ငံရေးအရ တရားမျှတမှု ရှိရပါမယ်။

တရားမှုကို အခြေမခံရင် ဘယ်အရာမှ အများအတွက် ရေရှည် အကျိုးမဖြစ်ထွန်းနိုင်ပါ။

အမှန်တကယ် လူထု လူတန်းစား အသီးသီးအတွက် အပြောင်းအလဲကို ဧကန်လိုချင်ရင်  ခါးသီးတဲ့ အတိတ်သမိုင်းကို ဆင်ခြင် သုံးသပ် အမှား ဝန်ခံ၊ အမှန် ပြင်ရုံမှ အပ အခြား မရှိပါ။

ဒါဟာ လက်စားချေရေး၊ အပြစ်ပေးရေး ကို ဇောင်းပြုခြင်း မဟုတ်ပါ။  သင်ပုန်းချေရေး၊ ခွင့်လွှတ်ရေး၊ ကျေအေးရေး တကယ် ဖော်ဆောင်ချင်ရင် သွေးစွန်းညစ်ထေးတဲ့ နောက်ခံသမိုင်းကို ဗဟိုပြု ဆွေးနွေး၊ သုံးသပ်၊ အဖြေရှာမှသာ ဖြစ်နိုင်မယ် ဆိုတာကို ထောက်ပြခြင်းပါ။

အနည်ဆုံးတော့ လက်ရှိ နိုင်ငံရေး အခြေအနေ၊ ၂၀၀၈ စစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ချုပ်ကိုင်မှုနဲ့ လက်စားချေ ဖို့၊ တရားရုံးတင်ဖို့၊ အပြစ်ပေးဖို့ အခွင့်အရေး မရှိ၊ မသာဘူးဆိုတာကိုတော့ အနေအစားချောင်နေသူ လူလတ်တန်းစား ပညာတတ်ဆိုသူများနဲ့ လူ့အဖွဲ့အစည်းရဲ့ ဆီဦးထောပတ် ကို ခေတ်အဆက်ဆက် မျို့ဆို့ခွင့်ရတဲ့ လူ့မလိုင်များ အသိကပ် စေချင်ပါတယ်။

မတရားမှုကို မပြောနိုင် မဆိုနိုင် မပြောဝံ့ မဆိုဝံ့ ရင်တောင် တရားမှု ရှာလိုသူတွေကို အပြစ်မတင်ကြပါနဲ့။  တရားမျှတမှုကို အခြေမခံရင် ဒီမိုကရေစီ မဟုတ်ပါ။

ရန်သူကို မိတ်ဆွေဖွဲ့ပါ။  ဒါပေမဲ့ ရန်သူအကြောင်းနောက်ခံသမိုင်းနဲ့ ရှေ့လားရာကိုတော့ ကွယ်ဝှက်နောက်ပို့ အသံတွေ တိတ်မနေချင်ကြပါနဲ့၊ အမြဲမပြတ် ဆွေးနွေး သုံးသပ် အသံတွေ ထွက်ကြပါ။  ခင်ဗျားတို့ ကြောက်လှတဲ့ နောက်ပြန်လှည့်ရေးဆိုတာကို ခင်ဗျားတို့ ကိုယ်တိုင် လမ်းပေါ်ထွက် တောင်းဆိုဦး ဒီအရွေ့၊ ဒီလမ်းကြောင်း၊ ဒီလမ်း၊ ဒီစခန်းက နောက်ပြန်မှာ မဟုတ်ပါ။  ဒီမိုကရေစီ လက်နက်နဲ့ လုပ်စားရတာဟာ ကျည်ဆန်လက်နက်တဲ့ ပိုကောင်းကြောင်းကို အာဏာရှင်၊ မြေရှင်၊ စီးပွားဥစ္စာရှင် လူတစု ကျကျနန သိနေ၊ အသုံးချ နေတာ အစိုးရသက်တမ်းတခုတောင် ကုန်ပါပြီ..။

လူထု မျက်ရည်ပေါက်ကြီးငယ်ဟာ လူတစု အလျှော့အတင်း၊ အပေးအယူ လုပ်ရုံနဲ့ ပျောက်မသွားဘူး၊ ရပ်မသွားဘူးဆိုတာကို နားလည်လက်ခံ အမြင်ရှင်းစေချင်ကြောင်းပါ။

ငြိမ်းချမ်းအေး
ဒီဇင်ဘာ ၁၂၊ ၂၀၁၅
(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် - nyeinchan81@gmail.com)

ဒီလူည - တန်းဆင်းဇုန်ထဲက ကဗျာ

$
0
0
 ဒီလူည - တန်းဆင်းဇုန်ထဲက ကဗျာ
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၅

အညှော်ခံနေရတဲ့မျက်နှာပြင်ကြီးပေါ်
အသားကိုတောင်းနေတဲ့ အရေးထဲ
အကြောင်းပါသွားတဲ့ အေးစက်စက်ဟင်းတစ်ခွက်
ဖန်သားပြင်ပေါ်ညှိုးရော်ကျနေတဲ့ စပါးပင်တွေလို
ခပ်ဝေးဝေးက ငေးကြည့်နေတဲ့တောင်တန်းတွေ
အဆီအငေါ်မတည့်တဲ့ တမနက်စာက
တဘဝစာ သေရာပါသွားတဲ့အမာရွတ်လို
အဖြစ်ထဲ အပျက်ကြီးဝင်သွားတယ်
ရွေ့ကြည့်တယ်
ကုန်သွားတဲ့ တနင်္ဂနွေကိုရွေ့သလို
ရွေ့ကြည့်တယ်
ပြဌာန်းချက်အတိုင်း တွက်နည်းချက်နည်း ပုံသေနည်းတွေလို
ပြန်ဆယ်လို့မရတော့တဲ့ အထည်ကြီးပျက်
အခန်းဆက်တွေ
သွားကြိုသွားကြားမှာကပ်ကျန်ခဲ့တဲ့
အသားဖတ်ကလေးကို တမြုံ့မြုံ့ဝါး
ထွေးမထုတ်နိုင်အောင်
ကိုယ့်တေးကို ကိုယ် ရွပ်ရွပ်ချွံချွံဆိုပြီး
နေလောင်ဒဏ်ကို မျှားယူနေရဲ့။    ။

ဒီလူည

ခင်စန်းမေ - မိန်းမဖမ်းကားများရှိသည် သတိ

$
0
0
ခင်စန်းမေ - မိန်းမဖမ်းကားများရှိသည် သတိ
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၅
 
အချန်က နံနက် (၄) နာရီ စွန်းကာစ။
နေရာက လမ်းမတော် (၅) လမ်း၊ ကမ်းနားလမ်းဘက်။

မခင်မေသည် နေထိုင်ရာ ၄ လမ်းမှ သုတ်သုတ်ထွက်ခဲ့၏။ လက်နှစ်ဘက်တွင် ခရီးသွား အိတ်နှစ်လုံးကိုဆွဲလျှက် ညဥ့်နက် လည်းမဟုတ်၊ လင်းရောင်ခြည်လည်း မလာသေး။ ၁၃ လမ်း ကားဂိတ်သို့ သွားရန်ဖြစ်သည်။

ကမ်းနားလမ်းတလျှောက် လျှပ်စစ်မီးရောင်များ လင်းနေသောလည်း အပြန့်ကျယ်သော အဆိုပါလမ်းတလျှောက် မှုန်ဝါးဝါး သာ ဖြစ်နေသည်။ လမ်းသွယ် လမ်းထိတ် မှောင်ရိပ်တွေထဲ ရပ်ထားသော ဆိုက္ကားများပေါ် မလှုပ်မယှက် အိပ်ပျော်နေသည့် ဆိုက္ကားနင်းသူများလည်း တွေ့ရ၏။

ရန်ကုန်မြို့တွင် နေထိုင်ဖူးခြင်းမရှိ၊ အကာလ ခရီးသွားဖူးခြင်းမရှိသည့် မခင်မေအဖို့ အမြင်ဆန်းနေသည်။ ကမ်းနားလမ်း တလျှောက် လူသူအနည်းငယ်သာပါသော ဘတ်စ်ကားတစီး ဖြတ်မောင်းသွားသည်။ ခြေလျင်လျှောက်သူမရှိ။ မှတ်တိုင်တွေ မှာ ကားစေင့်သူမရှိ။

မခင်မေတယောက် ခြေလှမ်းတွေ သုတ်သုတ်လှမ်းက ၁၃ လမ်းရောက်ဖို့ စိတ်စောနေသည်။ ကမ်းနားလမ်းဘက်ခြမ်းရပ် ထားသော ဆိုက္ကားက ကလိုင်တီးပြီး ဆိုက္ကားခေါ်နိုင်ကြောင်း အချက်ပြသည်။ မခင်မေ ဆိုက္ကားခ အကုန်မခံလို။ မျက်နှာချင်း ဆိုင်က လာနေသော အဖြူရောက် တက္ကစီတစီးက ငှားမည်လောဟု အချက်ပြပြန်ရာ မခင်မေ လက်ခါလိုက်သည်။

၁၃ လမ်းရောက်ရန် လိုသေးသည်။ မခင်မေ သွားရာလမ်းဘက်ကပ်ရပ်ထားသည့် အနက်ရောင် အိမ်စီးကားအမြင့်တစီး အနီးဖြတ်လျှောက်စဉ် ခပ်တိုးတိုး မေးလိုက်သံ ကြား၏။

ဘယ်သွားမလို့လဲ ....

ထိုအမေးကို ပြန်ဖြေဖို့မလို။ ဘာလို့များမေးရလဲဟု စိတ်ထဲ စနောင့်စနင်း ဖြစ်ရ၏။

ဤသို့ဖြင့် မော်တင်မရောက်တရောက်မှာ မျက်နှာချင်းဆိုင်က ဖြေးဖြေးသာမောင်းလာသော အိမ်စီးကားအနက်ရောင် နောက်တစီးပေါ်က မေးခွန်းသံ ထပ်ကြားရပြန်သည်။

ဘယ်သွားမလို့လဲ ...

သည်အမေးက ပိုမိုသဲကွဲရှင်းလင်းသည်။

မခင်မေ၏စိတ်ထဲမှာလည်း ပိုမိုသဲကွဲသွားလေပြီ။ သူတို့တတွေ ဇိမ်ခံကားကောင်းကောင်းတွေစီးပြီး  ညဥ့်မဟုတ် နေ့မ ရောက်အချိန်မှာ အမျိုးသမီးတွေကို ထောင်ဖမ်းနေကြပါလားဟု ....။

ခင်စန်းမေ

ကျော်မောင် (တိုင်းတာရေး) - အပူမြန်မြန်လျော့စေချင် ရေခဲပိုထည့်ပါ

$
0
0
ကျော်မောင် (တိုင်းတာရေး) - အပူမြန်မြန်လျော့စေချင် ရေခဲပိုထည့်ပါ
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၅

(၁)
သင်တန်းတခုစတက်တဲ့နေ့ စစချင်းအချိန်မှာပဲ ဆရာဖြစ်သူက သင်တန်းသားတွေကို အုပ်စုဖွဲ့ခိုင်းလိုက်တယ်။ ငါးယောက် တဖွဲ့ပေါ့။ သင်တန်းသား နှစ်ဆယ်ရှိတော့ လေးဖွဲ့ဖြစ်သွားပါတယ်။ တဖွဲ့စီကို စာရွက်ကြီးကြီး နှစ်ရွက်ရယ်၊ ကတ်ကြေး တလက်ရယ်၊ ကော်ဗူးတဗူးရယ်၊ စာရွက်ဖြတ်ဓားတချောင်းရယ်၊ တစ်ပေရှိတဲ့ ပလတ်စတစ်ပေတံ တချောင်းစီရယ် ပေးပါ တယ်။ ပြီးတဲ့အခါ သူက ဒီလိုပြောပါတယ်။ အဲဒီ ပေးထားတဲ့ ကိရိယာတွေကို အသုံးပြုမယ်။ ခဲတံဖြစ်ဖြစ် ဘောလ်ပင်ဖြစ်ဖြစ်က ကိုယ်ပိုင်ပစ္စည်းကို သုံးနိုင်တယ်။ သူလိုချင်တာ စက္ကူတံတား။

အဖွဲ့တဖွဲ့ရဲ့ စက္ကူတံတားသည် တခြားတဖွဲ့ဆောက်တဲ့ တံတားထက် ၁) ရှည်လည်း ရှည်ရမယ်၊ ၂) မြင့်လည်း မြင့်ရမယ်၊ ၃) ခိုင်လည်း ခိုင်ရမယ်၊ ၄) ကျယ်လည်း ကျယ်ရမယ်ဆိုပြီး ပြောပါတယ်။ ဒါက လုပ်ရမယ့်အပိုင်းအတွက်ဖြစ်ပြီး နောက်တခု သူလိုချင်တာက မြန်မြန်လည်း တည်ဆောက်ပြီးစီးနိုင်ရမယ်ဆိုတာပါပဲ။ ရှေ့က လေးချက်နဲ့ပေါင်းလိုက်ရင် ငါးချက်ပေါ့။ ဒီ ငါးချက်ကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်တဲ့ အဖွဲ့ဖြစ်အောင် ကဲစပေတော့ဆိုပြီး စက္ကူတံတားတည်ဆောက်ခြင်းလုပ်ငန်းကို စတင်ခိုင်းပါတော့တယ်။

ပြောရရင် အဖွဲ့လေးဖွဲ့ကို ပြိုင်ခိုင်းတာပါပဲ။ ပေးထားချက် ငါးခုစလုံးကို လုပ်နိုင်လား မလုပ်နိုင်လားဆိုတာ ကိုယ့်အဖွဲ့နဲ့ကိုယ် ဆုံးဖြတ်ကြ၊ ကိုယ့်အဖွဲ့ တည်ဆောက်တဲ့တံတားသည် အခြားအဖွဲ့ထက်သာရမယ်ဆိုတာ သတိပြုပြီး တံတားဆောက်ကြ ပါဆိုပြီး ပြောပါတယ်။

သင်တန်းသားတွေထဲမှာ လက်တွေ့ကိုယ်တိုင်ကိုယ်ကျ တံတားဆောက်တတ်တဲ့ အင်ဂျင်နီယာတယောက်မှ မပါတဲ့အတွက် ပြိုင်ပွဲဟာ သင့်တင့်မျှတတဲ့ အခြေအနေပါပဲ။ ကိုယ့်အဖွဲ့နဲ့ကိုယ် တံတားမဆောက်ခင် ဘယ်လိုပုံစံဆောက်ကြမလည်း ဆို တာကို ဆုံးဖြတ်တာကလည်း အချေအတင်ပါပဲ။ အတိုချုပ်ပြောရရင် ဆရာပေးထားတဲ့ အချက် ငါးချက်လုံးကို ပြည့်စုံအောင် ဆောင်ရွက်နိုင်တဲ့ အဖွဲ့ တဖွဲ့မှ မရှိပါ။ ဒါပေမယ့် ငါးချက်မှာ သုံးချက်လောက် ပြည့်မီအောင် လုပ်နိုင်ကြတာချည်း ဖြစ်ပါတယ်။ ငယ်စဉ် သချာင်္တွက်စဉ်က ပေးချက်၊ မေးချက်၊ ဆုံးဖြတ်ချက်ဆိုတာတွေသုံးပြီး တွက်ချက်ခဲ့ရတာကို ပြန်လည် မြင်ယောင် မိပါတယ်။

(၂)
ကျောင်းတကျောင်းတက်တုန်းက ကြုံခဲ့ရတာလေးက ဒီလိုပါ။ အိမ်စာတခုကို လုပ်လာခိုင်းတဲ့အဖြစ်အပျက်တခုကို ပြန် လည်အမှတ်ရမိခြင်းပါ။ အိမ်ရောက်ရင် ကိုယ့်အိမ်မှာရှိတဲ့ လျှပ်စစ်သွယ်တန်းမှုတွေကို သေသေချာချာလိုက်ကြည့်ပြီး ပုံဆွဲ လာပါတဲ့။ အိမ်မှာလုပ်မှရမယ့် အိမ်စာအစစ်ပါပဲ။ အချိန်တပတ်ရပါတယ်။ ဆရာ့အချိန် နောက်တပတ်မရောက်မီ တရက် အလိုမှ အိမ်စာကိုသတိရ၊ မီတာကလာတဲ့ မီးကြိုးကစပြီး လျှပ်စစ်သွယ်တန်းမှုတွေကို ညဖက်ကြီး လိုက်ကြည့်လိုက်၊ ပုံကြမ်း လေးဆွဲလိုက်နဲ့၊ ညသန်းခေါင်မှ ပုံကြမ်းဆွဲပြီးပါတယ်။ မနက်ကျောင်းမသွားခင် ပုံချောပြန်ဆွဲတဲ့အခါ အဲဒီတုန်းက စာအုပ်ကို မျဉ်းကြောင်းမပါတဲ့ ပုံဆွဲစာအုပ်သုံးလေ့ရှိတော့ စာအုပ်အလည်တည့်တည့်က စာရွက်ကို ဆွဲဖြုတ်၊ ပြီးတော့မှ ခဲတံလေး ပေတံ လေးသုံးပြီး ပြန်ကူးဆွဲ၊ နာမည်တပ်၊ နေ့စွဲတပ်၊ စာအုပ်ကြားထဲ ပြန်ညှပ်၊ ဘေးလွယ်အိတ်ထဲထည့်။ ပြီးတာနဲ့ ကျောင်း ကို သုတ်ခြေတင်ပါတယ်။

ကျောင်းရောက်တော့ အနည်းငယ်စောပါသေးတယ်။ အဲဒီအချိန် အတန်းထဲ စူးစမ်းကြည့်မိတော့ သူငယ်ချင်းတချို့ အခုမှ အပြေးအလွှားနဲ့ ပုံတွေဆွဲနေကြတာတွေ့ပါတယ်။ မိန်းကလေးတယောက်ဆိုရင် စာရွက်ခပ်ကြီးကြီးမှာကို ပိုင်ပိုင်နိုင်နိုင် ဆွဲနေတာတွေ့ပါတယ်။

ဆရာဝင်လာတယ်။ သင်စရာရှိတာသင်တယ်။ အိမ်စာလုပ်ခိုင်းထားတဲ့ စာရွက်တွေ လာထပ်ခိုင်းတယ်။ စာရွက်တွေကို ခဏ ကြည့်တာတွေ့တယ်။ ပြီးတာနဲ့ စပြောပါတယ်။ လာထပ်တဲ့စာရွက်တွေကိုကြည့်တဲ့အခါ သုံးပိုင်းခွဲလိုက်ပါတယ်တဲ့။ နံပါတ် တစ်အနေနဲ့ ဟောဒီလိုစာရွက်မျိုးနဲ့ ဆွဲထားတာဆိုပြီး ဗလာစာအုပ်မှာရှိတဲ့စာရွက်ကို တမျက်နှာပဲ ယူကာ ဆွဲထားတဲ့စာရွက်ကို ကိုင်ပြပါတယ်။ ဒါက ဖြစ်ကတက်ဆန်း ဆွဲထားတဲ့ပုံပါတဲ့။ ပေတံလည်း မသုံးသလို စာရွက်ကလည်း မျဉ်းကြောင်းပါစာအုပ်ရဲ့ စာရွက်တစ်မျက်နှာမှာပဲ ဆွဲထားတဲ့အတွက် ပုံက အတော်ရှုပ်ယှက်ခတ်နေပါတယ်။

နံပါတ်နှစ်အနေနဲ့ဆိုပြီး ကျနော်ဆွဲထားသလိုမျိုး ဗလာစာရွက်ကို ကိုင်ပြပါတယ်။ နံပါတ်သုံးအနေနဲ့ဆိုပြီး ခုနက သူငယ်ချင်းမ တယောက် အပြေးအလွှားဆွဲထားတဲ့ ခပ်ကြီးကြီးစာရွက်ကို ကိုင်ပြပါတယ်။ ကျနော်လည်း ထိုသူငယ်ချင်းမကို ချီးကျူးမိပါ တော့တယ်။ တဆက်တည်းမှာပဲ အကယ်၍များ ဆရာမလာခင်မှာပဲ ဆရာ့တပည့်မ ပုံဆွဲပြီးတာဖြစ်ပါတယ်ဆိုတာများ သိခဲ့ရင် ဘယ်လိုများပြောမလည်းလို့ တွေးကြည့်မိပြန်ပါတယ်။ ပေးထားတဲ့အိမ်စာကို အချိန်မီ ဆောင်ရွက်နိုင်အောင် လုံ့လ စိုက်ထုတ်ခဲ့နိုင်ရုံသာမက သေသေချာချာကျကျနန ပုံဆွဲခဲ့တဲ့ ထိုသူငယ်ချင်းဖြစ်သူကို ချီးကျူးကာ အတုယူဖြစ်ပါတယ်။

ငယ်ငယ်က အမြဲတမ်းကြားရဖန်များတဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။ ဖုတ်ပူ မီးတိုက်ဆိုတဲ့စကားဖြစ်ပါတယ်။ စာမေး ပွဲဖြေခါနီးမှ ညအိပ်ပျက်ခံပြီး ဒရောသောပါး စာကြည့်တာတို့၊ စာဖြေခန်းဝင်ခါနီးမှ ပြာယာခတ်ကာ ခဲတံရှာ၊ ပေတံရှာ လုပ်နေတာတို့၊ အလုပ်လုပ်ပြန်တော့လည်း လုပ်နေတဲ့ အပိုင်း၊ တာဝန်ယူထားတဲ့ အပိုင်းကို အစပိုင်းမှာ အေးအေးဆေးဆေး လေးလေးကန်ကန်လုပ်နေပြီး အနားကပ် အနီးကပ်တော့မှ အလျင်စလို ပြီးစလွယ်လုပ်တတ်တဲ့သူတွေအတွက် ပြောကြ ဆိုကြတဲ့ စကားတွေပါပဲ။

(၃)
တရက်မှာ သူငယ်ချင်း ဇနီးမောင်နှံ အသစ်စက်စက်က သူတို့ရဲ့အိမ်ဂေဟာမှာ မုန့်ဟင်းခါးချက်စားကြတာဖြစ်လို့ ဖုန်းနဲ့ လှမ်းခေါ်ပြီး ဖိတ်ကျွေးပါတယ်။ မုန့်ဟင်းခါးနဲ့လိုက်အောင် ရေနွေးကို လက်ဖက်ခြောက်ကောင်းကောင်းခပ်ပြီး တည်ခင်း ဧည့်ခံပါတယ်။ အိမ်ရှင် သူငယ်ချင်း မောင်နှံကလည်း စေတနာကောင်း၊ မုန့်ဟင်းခါးကလည်း မစားရတာကြာပြီကတကြောင်း၊ အရသာကလည်း အတော်ရှိတာနဲ့ လိုက်ပွဲယူဖြစ်တဲ့အထိ အားပေးမိပါတယ်။ စားနေတုန်းမှာ အိမ်ရှင်သူငယ်ချင်းက သူ့ဇနီး ကို လှမ်းပြောပါတယ်။ သူ့ရေနွေးက ပူနေတယ်၊ သူသောက်လို့ရအောင် ရေခဲသေတ္တာထဲက ရေခဲ တတုံး နှစ်တုံးလောက် သူ့ရေနွေးခွက်ထဲထည့်ပေးပါလို့ တောင်းဆိုပါတယ်။ ဟေ့ ခင်ဗျားရေနွေးအေးသွားအောင် ရေခဲတုံးထည့်မလားဆိုတဲ့ ကမ်း လှမ်းချက်ကို ဟာ ရတယ် နေပါစေ နေပါစေ၊ ရေနွေးဆိုတာ ပူမှသောက်လို့ကောင်းတာလို့ အသာအယာငြင်းဆိုခဲ့ပါတယ်။

အဲဒီမှာ စကားလုံးအသစ် ထပ်တိုးပါတယ်။ အပူလျော့စေချင် ရေခဲပိုထည့်ဆိုတာဖြစ်ပါတယ်။ မြန်မြန်အေးသွားဖို့ ဖြစ်ပါ တယ်။ အပူလျော့စေချင်တယ်ဆိုတဲ့အချက်ကိုပဲ ကြည့်ရ၊ အရေးစိုက်ရမှာဖြစ်ပြီး ကျန်တဲ့ အပူနဲ့ အအေး ရုတ်ချည်းပေါင်း လိုက်ရင် သောက်တဲ့သူ ဗိုက်များ နာလေမလား၊ ရေခဲတုံးထည့်တာများသွားရင် ပူနေတာက အေးတာပြောင်းသွားတဲ့အတွက် ရေနွေးအရသာများ ပျက်သွားလေမလားဆိုတာတွေ ထည့်သွင်းစဉ်းစားဖို့ မလိုကြောင်းပါ။

မေးချက်ကလည်း ပူနေတဲ့ရေနွေးကို အေးအောင် ဘယ်လိုလုပ်မလည်းဖြစ်ပြီး ပေးထားချက်မှာ ရေခဲသေတ္တာထဲက ရေခဲတုံး လေးတွေပဲ သုံးရမယ်ဆိုတာမျိုးဖြစ်နေပါတယ်။ ဆုံးဖြတ်ချက် ဖြေရှင်းချက်မှာတော့ ဘယ်လောက်အပူအတွက် ရေခဲတုံး ဘယ်နှတုံးလောက်နဲ့ဆိုရင် သင့်တော်မယ်ဆိုတာကို ရေခဲတုံး တတုံးထည့်လိုက်၊ စတီးဇွန်းနဲ့ မွှေလိုက်၊ အေးသွားပြီလား အပူလျော့သွားပြီလားဆိုပြီး ရေနွေးထည့်တဲ့ခွက်ကို အပြင်ကစမ်းလိုက်၊ ဒါမှမဟုတ် အနည်းငယ် သောက်ကြည့်လိုက်တာတို့ လုပ်ရမှာ ဖြစ်ပါတယ်။

ကျွမ်းကျင်ပုဂ္ဂိုလ်များအနေနဲ့ ပွက်ပွက်ဆူတဲ့ ရေနွေးအတွက် ဘယ်အချိန်မှာ ရေခဲတုံး ဘယ်လောက်လောက်ထည့်လိုက်ရင် အပူဘယ်လောက်လောက် လျော့ကျသွားနိုင်တယ်ဆိုတာ ရေခဲထည့်လိုက် မြည်းစမ်းလိုက်ဆိုတဲ့ ရှေ့ကနည်းတွေ လုပ်စရာ မလိုလောက်အောင် ပြုလုပ်နိုင်စွမ်းရှိကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အပူမြန်မြန်လျော့စေချင် ရေခဲပိုထည့်ရမှာပါပဲ။ ဒါနဲ့ ရေခဲတောင်တွေလည်း အတော်များများ အရည်ပျော် ကျကုန်ပြီလို့ ကြားမိပါတယ်။ နောက်ဆိုရင် ရေခဲတောင်ဆိုတာ ရေခဲသေတ္တာတွေထဲမှာပဲ ရှာကြည့်ရမယ့်ပုံစံပါပဲ။

ကျော်မောင်(တိုင်းတာရေး)

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) - ဥပဒေက နောက်ကြောင်းပြန် မသက်ရောက်စေရ

$
0
0

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) - ဥပဒေက နောက်ကြောင်းပြန် မသက်ရောက်စေရ
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၅
 
အရင်ကတည်းကကြိုတင်ကြံစည်ထားတဲ့ စနစ်တကျရေးဆွဲထားတဲ့ အဖျက်အမှောက်၊ အတားအဆီးစီမံချက်တွေ၊ မဟာ ဗျူဟာကျကျ အသုံးချမဲ့ အတွင်းမီး၊ အပြင်မီးတွေထုတ်သုံးမဲ့နေနေသာသာ  အခြေအနေအဖြစ်အပျက်တွေက တခုပြီးတခုဆက်တိုက်မယုံချင်စရာ၊လက်သင့်ခံနိုင်စရာမရှိအောင် ကြုံတွေ့ရတော့ အလဲလဲအပြိုပြိုနဲ့ ဝရုန်းသုန်းကားဖြစ်ပျက်နေတာ ကိုက  မြင်မကောင်း ရှုမကောင်း။

ဘယ်သူမပြုမိမိမှု ရယ်လို့ဆိုရအောင်လည်း ခနော်ခနဲ့ ဖွဲ့တည်ထားတဲ့အဖွဲ့လည်းမဟုတ်။ ကြုံရာကျပန်း လူစားတွေနဲ့ တည် ဆောက်ထားတာလည်းမဟုတ်။ တပွဲထိုးတခါစားအတွေးနဲ့ စုစည်းထားတာလည်း မဟုတ်။ ရေရှည်တဘဝလုံးသာမက သီး သန့်မိုးကျရွှေကိုယ်တွေရဲ့  ဆွေစဉ်မျိုးဆက်အဆက်ဆက်အတွက်  စိတ်ကြိုက်ပြင်ဆင်  အသေးစိတ်ရေးဆွဲတည်ဆောက် ထားတဲ့အဖွဲ့ အစည်းပါတီကြီးတခု ထင်မှတ်မထားတဲ့အရှုံးနဲ့စတွေ့ပြီးတဲ့နောက် တွေ့ကြုံခဲ့တဲ့အခင်းအကျင်း၊  ဖြစ်စဉ်တွေက လှလှပပ သေသေသပ်သပ်ဆိုတော့ ပုဝါမကူနိုင် ရေမရှူနိုင်တော့။

ရွေးကောက်ပွဲနိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေဘောင်အတွင်းကနေ တလှမ်းချင်းလှမ်းလာခဲ့တဲ့ ခြေလှမ်းတွေက ပိပိရိရိ သေသပ်လှပ်နိုင်လွန်းတော့လည်း ခုခံရှောင်လွှဲလို့လည်းမရ၊ ငြင်းကွယ်ရှောင်ပြေးလို့လည်း မဖြစ်၊ ရင်ဆိုင်ဖြေရှင်းဖို့ အတွက် အလဲလဲအပြိုပြို ကြံရာမရဖြစ်နေတုန်း ချွေးဇောပျံနေတုန်း အဖွဲ့ကြီးရဲ့ ရာသက်ပန်ဦးဆောင်နာယကကြီးက အသိအမှတ်ပြုလက်ခံတွေ့ဆုံလိုက်တော့ နှုတ်ထွက်စကားလုံးတွေက အကွဲကွဲအပြားပြား၊ ဗလုံးဗထွေး၊ သောင်စဉ်ရေမရ။

တကယ်တော့လည်း အရှင်သခင်ကြီးကိုယ်တိုင် စိတ်ကြိုက် အနှစ်နှစ်အလလ ပြုစုပျိုးထောင်၊ နောက်လိုက်ဗိုလ်ပါ အကြပ် တပ်သားအပြည့်အစုံနဲ့ ကာပေးရုံမက ရေပက်မ၀င်အောင် ခိုင်ခိုင်ခန့်ခန့်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပါ အုပ်မိုး ထားလျှက်နဲ့ ငွေးကြေားပမာဏအပြည့်အစုံနဲ့ ထောက်ပံ့လျှက်နဲ့ သမိုင်းတွင်ရစ်အောင် မရှုမလှရှုံးနိမ့်သွားခဲ့မှတော့ ဘုရင့် နောင်လို ဖောင်ဖျက်ပြီး မတိုက်တော့ ဖောင်မီးရှို့ပြီး အလံဖြူထောင်လိုက်ပါသကောလား။ ခေတ်ဟောင်း စနစ်ဟောင်းမှာ နေရစ်တော့ ကျန်နေခဲ့တော့ ပြည်သူ့ပါတီကြီးရေ။

အဲ့ဒီတော့ ခေတ်ဟောင်းစနစ်ဟောင်းနဲ့ တဖက်ကမ်းမှာ ကျန်ရစ်ခဲ့တဲ့ တချိန်က ပြည့်သူ့ပါတီကြီးအဖို့ ပေါက်တဲ့နဖူး မထူးတော့ ပြီမို့ သိပ်ချစ်ရပါတယ်ဆိုတဲ့ အမိရွှေနိုင်တော်ကြီးကိုတော့ မျက်နှာလွှဲ ခဲမပစ်ရက်၊ ရသမျှ ကျန်သမျှအချိန်လေးမှာ အပြောင်းရှင်း အပြောင်တိုက် လုယက်နေတာက မြင်မကောင်း ရှုမကောင်းပါလား၊ အဆီတထပ် အခေါက်တထပ်ကို ဖယ်ပြီး အသားသက်သက်ထွင်ယူနေတာက စိတ်ကြိုက် မိုးမမြင် လေမမြင်။
  
နေ့မီး ညမီးဆက် ၂၄ နာရီမပြတ် အတောမသတ်တူးနေတဲ့ ကျောက်စိမ်းတွင်းကြီးအတွက် အသက်ရှူ မေ့လုမတတ်၊ ကြီးကြီးငယ်ငယ် အပင်မှန်သမျှ ခုတ်လှဲ၊ သစ်အချောင်းလိုက်၊ ကားအစီးလိုက် သယ်ထုတ်နေတာလည်း ပါးစပ်အဟောင်းသား၊ နဂိုကတည်းကမှ မမှန်မကန်ချုပ်ဆိုထားတဲ့ ဒဂုန်စီးတီးစီမံကိန်းအတွက် နှစ်သိမ့် အစားပြန်ပေးဖို့ရာထားတဲ့ မြေနေရာက လည်း ကြောက်လန့်စရာ မတွေးဝံ့ မတွေးရဲ။ သြော် ... သူတို့ရဲ့ အရှင်သခင်ကြီးကိုယ်တိုင် သူ့အကျိုးစီးပွား၊ သူ့သားစဉ်မြေး ဆက် အဆက်ဆက် လုံလုံခြုံခြုံ အေးအေးချမ်းချမ်းနဲ့ ရှာထားသမျှ၊ စုဆောင်းထားသမျှတွေနဲ့ နေရစ်နိုင်ဖို့ အလံဖြူထောင်၊ ဘက်ကူးသွားခဲ့ပြီးပဲ။ ကျန်ရစ်သူအဖို့တော့ ဒီသုံးလကာလအတွက် ပဒေသာပင်ကြီးတပင်ပေါ့။

အသွင်းကူးပြောင်းရေးကာလအချိန်တိုအတွင်းမှာတော့ လက်ပြောင်းယူမယ့်သူအဖို့လည်း တားဆီးလို့မရနိုင်သေး။ တိုင်း ပြည် အပေါ်ကျရောက်မယ့် အန္တရာယ်ကိုပဲ ကာကွယ်မယ်ဆိုတဲ့ တပ်မတော်ကလည်း မျက်နှာလွဲနေ၊ ခိုကိုးရာမဲ့ အားကိုးရာမဲ့၊ အရှင်သခင်မဲ့၊ မျောက်သစ်ကိုင်းလွှတ်ခဲ့သူတွေရဲ့  စွဲမိစွဲရာ  အမိအရ စွဲကိုင်လိုက်တာက  တိုင်းပြည်ရဲ့  အဆီအနှစ်သက်သက်  အသားသက်သက်၊  အနာဂတ်ပဉ္စမမြန်မာနိုင်ငံတော်သစ်အတွက်  ခါးတောင်းကျိုက်ကြိုးစားမယ့် ပြည်သူတွေက ဒီတသက် ဒီဘဝ နလံထူနိုင်အုံးပါ့မလား ...?

သြော်.... သူတို့အတွက် သူတို့အဖို့ ဥပဒေက နောက်ကြောင်းပြန်မသက်ရောက်စေရ ဆိုသတဲ့လေ....၊၊

မောင်မောင်လတ် (ရွှေအင်းလေးစာပေ)

photo source : www.globalwitness.org

ကာတွန်း ကိုခေတ် - အရှုံးပေါ်နေကြလို့တဲ့

$
0
0

ကာတွန်း ကိုခေတ် - အရှုံးပေါ်နေကြလို့တဲ့
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၅

ဆောင်းလူ - ဒီကိစ္စကို သိပ်စိတ်ပူတယ်

$
0
0
 ဆောင်းလူ - ဒီကိစ္စကို သိပ်စိတ်ပူတယ်
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၅

ပူတယ် ...
ဒီကိစ္စကို သိပ်စိတ်ပူတယ် ...။

ရန်သူလည်းကြောက်ရ ... ရန်သူ့ ရန်သူလည်းကြောက်ရတဲ့
ဒုက္ခသည်စခန်းက ဒုက္ခသည်ပြည်သူတွေကလည်း ပူတယ် ...။

နားရက်မရှိ လခမပြည့်တဲ့
ရွှေ့ပြောင်းအလုပ်သမလေးကလည်း .. ပူတယ် ...။

အပေါစား နှုတ်ခမ်းနီအစွမ်းနဲ့
လာလာသမျှလူ မငြူစူဝံ့ရှာတဲ့
ပျော်တော်ဆက်မလေးကလည်း ပူတယ် ...။

ဒီကိစ္စကို
စာမတတ် ပေမတတ်
ညဈေးသမလေးကလည်း ပူတယ်။

ဒီကိစ္စကို
အညာကတက်လာတဲ့
အထမ်းသမားလေးလည်း ပူတယ်။

ဒီကိစ္စကို
အရှေ့ကလည်း ပူတယ်။

ဒီကိစ္စကို
အနောက်ကလည်း ပူတယ်။

ဒီကိစ္စကို
မြောက်ကလည်း ပူတယ်။

ဒီကိစ္စကို
တောင်ကလည်း ပူတယ်။

ဒီကိစ္စကို
ကြာကြာဝါးမယ့်သွား .. အရိုးကြည့်ရှောင်တတ်ကြတဲ့သူတွေကလည်း ပူတယ်။

ဒီိကိစ္စကို
ဒုက္ခသည်အတုတွေပူသလို ... ဒုက္ခသည်အစစ်တွေလည်း ပူတယ်။

ဒီကိစ္စကို
ဗမာနိုင်ငံသား ... ဗမာပြည်သားတွေက ပူတယ်။
နိုင်ငံခြားသား ... ဗမာပြည်သားတွေက ပူတယ်။

ဒီကိစ္စကို
ကိုယ့်ထူး ကိုယ်ချွန်တဲ့သူတွေလည်း ပူတယ်။
ထမီနား ခိုစားတဲ့သူတွေလည်း ပူတယ်။

ဒီကိစ္စကို
အကပ်ကောင်းတဲ့သူတွေကလည်း ပူတယ်။
အမှတ်မကောင်းတဲ့သူတွေကလည်း ပူတယ်။

ငြိမ်းချမ်းရေး .. .ငြိမ်းချမ်းရေးနဲ့
ပါမစ်ခြင်း အလဲအထပ်လုပ်တဲ့သူတွေတောင် ..
ဒီကိစ္စမှာ ပူနေပြန်ရော ....

ငါသိပါတယ် ...
ဒီကိစ္စကို ... ဘန်ကီမွန်းတောင် ... ပူနေမယ်ဆိုမှတော့ ....

အမှိုက်ကောက်ရင်းလည်း ပူနေမယ် ...။
စာဖတ်နေရင်းလည်း ပူနေတယ်ဆိုတာ ....။

ဒီဇင်ဘာ ၁၃၊ ၂၀၁၅

ဥဩ (ချယ်ရီမြေ) - အပြုံးမဝေဖြာနိုင်တဲ့ ဖုန်းဝေဒနာ

$
0
0

ဥဩ (ချယ်ရီမြေ) - အပြုံးမဝေဖြာနိုင်တဲ့ ဖုန်းဝေဒနာ
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၅  

တကယ်တော့ ဖုန်းတလုံးကို မပိုင်ခဲ့ရင်တောင် အကောင်းသား။ အခုတော့ ဖုန်းတလုံးကို ပိုင်လိုက်ရတဲ့အတွက် အတွေ့အကြုံ တွေ တော်တော်ရလိုက်ပါတယ်။

အခုမှသာ ဖုန်းကို အပြစ်ဖို့ရတာပါ။ ဟိုးတုန်းကတော့ ဖုန်းလေးကို ခါးမှာချိတ်လို့ စတိုင်ထွားနေကြတဲ့သူငယ်ချင်းတွေကိုကြည့်ပြီး ဖုန်းတလုံးလောက်ပိုင်ချင်စိတ်ကအပြည့်အသိပ်။ ဟိုတုန်းက ဖုန်းပိုင်တဲ့သူက ဘုန်းတန်ခိုးရှင်ပါပဲ။ အဲ့ဒီတုန်းက ဖုန်း ဆိုတာက ယောင်လို့များ အိပ်မမက်နဲ့၊ စိတ်ပျက်ရလောက်အောင် ဈေးကြီး၊ မနီးလှတဲ့ မျှော်လင့်ချက်တခုနှယ်၊ ကွယ်ရာမှာ သက်ပြင်းချ၊ ချက်ချင်းများရလိုက်ရင်ဆိုတဲ့ အတွေးစူးရှ၊ ရူးခဲ့ရတဲ့ဘဝ ... ဆိုပြီး စာချိုးလိုက်ချင်ပါရဲ့။ ဟုတ်တယ်။ အဲ့ဒီတုန်း က ဖုန်းတလုံးက သိန်းလေးဆယ်၊ ရတဲ့ လခက သောင်းဂဏန်း။ သိပ်တော့ မကွာပါဘူး။ သိန်းဂဏန်းနဲ့ သောင်းဂဏန်းဆိုတော့ အဆင့်တဆင့်ပဲ ကွာတယ်လို ထင်ချင်စရာ။ တကယ်တော့ မိုးကောင်းကင် ဝတိံအဆင့်မှာ တိမ်တွေလွင့်နေသလိုပါပဲ။ ကိုယ့် ဘဝနဲ့ဖုန်းက လမင်းနဲ့ ပိုစုန်းကြူ၊ နံ့သာဖြူနဲ့ အီးအီးလို မနီးခဲ့ပါဘူးလေ။ ဖုန်းဆိုတာက ကိုယ့်အတွက် မာနကြီးတဲ့ သူဌေးသမီး ကို ပိုးရသလို ကျိတ်ပိုးလေးပဲ ပိုးရတာပါ။

နိုင်ငံခြားက သူငယ်ချင်းတွေက သူများနိုင်ငံတွေမှာ ဖုန်းဆိုတာ ချောကလက်ဝယ်သလောက်ပဲလို့ပြောရင် အပြောကလက် တယ်လို့ ယူဆခဲ့ပါတယ်။ လမ်းဘေးက ဈေးသည်တွေတောင် ဖုန်းကိုင်နိုင်တယ်လို့ပြောရင် ယုံတမ်းစကားတခုကို ကြား လိုက်ရသလိုပဲ။ ကိုယ့်နိုင်ငံမှာက ဖုန်းကျတာက ထီပေါက်တာလို။ အင်မတန့် အင်မတန်ကံကောင်းလွန်ခါမှ မတော်တဆရ တတ်တာမျိုးလေ။ တမင်တကာ ရကြတာကတော့ နီးစပ်ပတ်သက်ရာ လူကြီးသားသမီးတွေပါပဲ။ အဲ့ဒီတုန်းကတော့ အဲ့ဒီလို ရေပေါ်ဆီတွေကို မုန်းတီးမိပါတယ် အဟုတ်။ ကိုယ်လိုမျက်နှာမွဲကို ခဲနဲ့ပစ်သလိုဆက်ဆံတဲ့ ဖုန်းမချပေးတဲ့ လူကြီးမင်းတွေ ကိုလည်း ဟစ်တလာလို ရက်စက်လှတဲ့သူကြီးတွေ ထင်ခဲ့မိပါတယ်။

အဲ့ဒီတုန်းက မှတ်မိပါသေးတယ်။ ... ဟဲလို ဟဲလို ... ဆိုတဲ့အသံက ငေးမောချင်စရာ။ ကိုယ့်ဘေးနားမှာ လက်ကိုင်ဖုန်း နဲ့ ဖုန်းပြောနေပုံက တာဝတိံက နတ်တပါး လူပြည်ဆင်းသက်လာတုန်းတွေ့ရသလို အားကျ ငေးမောရတာလေ။ အဲ့ဒီတုန်းက ဖွတ်ကျောပြာစု၊ ခရုအဆံကျွတ်တဲ့ ကျွန်တော်ကတော့ နယ်က အမေဆီဆက်ချင်လည်း ပြေး။ အဝေးက သူငယ်ချင်းဆီ ဆက်ချင်လည်း ပြေး။ ပီစီအိုဆီ ပြေးရတာပါ။ အဲ့ဒီတုန်းက မိန်းခလေးတွေက ဟန်းဖုန်းပါမှ၊ ကားပါးမှ။ အထာက အဲ့သလို။ အဲ့လောက်ထိတောင် ဖုန်းပါဝါက ကြီးတာပါ။

ဘယ်လိုမှ မနီးစပ်တော့ပါဘူးလို့ စိတ်လျှော့လိုက်ခါမှ မှတ်ပုံတင်နံပါတ်တောင် မပါလိုက်ရပါဘူး။ ဖုန်းကျလာပါတော့တယ်။ ဟာ ထီပေါက်သလိုပါပဲ။ ဖုန်းကို ခါးမှာချိတ်ပြီး အပျိုမဒီတွေကြား၊ စတိုင်ထွားဖို့ဆိုတာ နည်းနည်းနောနော အခွင့်အရေးမှ မဟုတ်တာ။ အဲ့ဒီတုန်းက ဖုန်းဈေးက နည်းနည်းကျနေပြီဆိုပေမယ့် နှစ်ဆယ့်ခုနှစ်သိန်းလောက် ပေါက်ပါသေးတယ်။ ဘာပဲ ပြောပြော ဖုန်းက ရပ်ကွက်ထဲမှာ အာဏာမရှိတော့ပေမယ့် ဩဇာကျန်နေသေးတဲ့ ရပ်ကွက်လူကြီးအဟောင်းလိုပါပဲ။ မျက် နှာပွင့်ပါတယ်။ အဲ့ဒီတုန်း ဖုန်းငှားခ ဆယ့်ငါးသိန်း၊ တိုင်းရံပုံငွေတသိန်း စုစုပေါင်း ဆယ့်ခြောက်သိန်းကို ပျော်ပျော်ကြီး ချေး ငှားပေးသွင်းခဲ့တာပေါ့လေ။ ချေးငွေတွေက အတိုးထပ်ထပ်ပေမယ့် အဖိုးမဖြတ်နိုင်တဲ့ဖုန်းကလေး ခါးချိတ်ဖို့ ငါးမျှားချိတ်မှန်း မသိတဲ့ငါးလို အခါခါပျော်ခဲ့မိပါတယ်။

ဘာရမလဲ ငါ့ကွဆိုတဲ့အထာနဲ့ ဟန်းဆက်လေး ကမန်းကတမ်းပြေးဝယ်၊ ပွဲစားဈေးသည်တွေက ခုနှစ်သိန်းအမြတ်ပေးပေမယ့် မရောင်းဘူးလို့ အပြတ်ဟစ်ကြွေးခဲ့ပါတယ်။ အခုတော့ ရင်နင့်စရာ မမြင်ဝံ့စရာအဖြစ်ဆိုးလို စနစ်ဆိုးကိုပဲ ကျိန်ဆဲချင်မိပါတော့ တယ်။ အကြွေးတွေ ကျေသလောက်ဖြစ်လို့ ဖေတယောက် စတိုင်ထုတ်မယ်လို့ မလိုင်လုပ်နေတုန်းမှာ ဘုန်းခနဲဆို တဝုန်းဝုန်း နဲ့ပြုတ်ကျ။ ကျွန်တော်မှာ ကားခနဲ။ အားခနဲတောင် မအော်နိုင် မှိုင်ခဲ့ရပါတော့တယ်။ ပထမတော့ ငါးသိန်းတန်၊  နောက်တော့ သုံးသိန်တန်။ ဪ သြော် ဖုန်းဘေလ်ကတော့ ဆယ့်ငါးသိန်းတန်ဖုန်းက အစိတ်၊ ကျန်တဲ့ဖုန်းက ငါးဆယ်ဆိုတော့ တော် ပါသေးတယ်လို့ဖြေသိမ့်ပေမယ့် နေစိမ့်တဲ့လူထူဆန်းကြီးတွေက ဖုန်းဘေလ်တွေကိုလည်း နှစ်ဆတက်လို့ ရက်စက်ခဲ့ကြပါ တယ်။ ကျွန်တော့်မှာ ပက်လက်လန်၊ ယက်ကန် ယက်နဲ့။ ကိုယ့်မျက်စိအောက်မှာပဲ ကိုယ့်ရဲ့ချွေးနှဲစာ လခစုဆောင်းငွေ အတိုးပါ ဆယ့်ကိုးသိန်းလောက်က ရေထဲကိုပစ်ချလိုက်သလို ပလုံ ပလုံဆိုပြီး မြည်သွားပါတယ်။ ပျော်လိုက်ရတဲ့ရင်က နာ လိုက်ရတာနဲ့မကာမိ။ ဘယ်သူ့ကို ကျိန်ဆဲရမှန်းလည်း မသိ။
  
ထောင့်ငါးရာတန်ဖုန်းတွေ လှိုင်လှိုင်ပေါတဲ့အခါကျတော့ ဖုန်းဆိုတာကို စိတ်နာ။ ဟိုတုန်းက ဖုန်းချပေးတဲ့လူတွေကို စိတ်ဆိုး၊ ပိတ်တောင်ထိုးလိုက်ချင်ပါရဲ့။ လူတန်းစားအလွှာမရွေး ဖုန်းကိုင်နိုင်တာဝမ်းသာပေမယ့် ကိုယ့်ပိုက်ဆံ သိန်းနှစ်ဆယ်လောက် ကို အလှူခံသွားတဲ့ လူကြီးမင်းတွေကိုတော့ နဖူးက အမာရွတ်မြင်တိုင်း နာကျဉ်းတတ်တဲ့ပုဏ္ဏားလို နာကျည်းမိပါတယ်။ အခု တော့ လူတိုင်းလည်း ဖုန်းချိတ်နိုင်ခဲ့ပါပြီ။ နိုင်ငံခြားကသူငယ်ချင်းတွေပြောတဲ့ စကားမှန်ကြောင်း ချွေးနှဲစာ သိန်းနှစ်ဆယ် လောက်ကုန်ကာမှ သိလိုက်ရပါတယ်။ နောင်တပန်းတွေ လှိုင်လှိုင်ပွင့်ကာမှ ဖုန်းတွေကပေါလိုက်တာ မပြောပါနဲ့။ စိတ်နာမိ တဲ့ အမ်ပီတီ၊ တယ်လီနော၊ အော်ရီဒူး ဘာကိုရွေးမလဲ မိရွှေသဲ။ လိုင်းမိတာကို ရွေးပေါ့။ ကိစ္စမရှိပါဘူး။ အမ်ပီတီမမိတော့ တယ်လီနော။ တယ်လီနောမရရင် အော်ရီဒူး တကယ့်ထူးတဲ့ ကုသိုလ်ကံ၊ အိုဘားမားကတောင် မြန်မာလူမျိုးတွေ အင်္ကျီသာ မဝတ်နိုင်တာ ဖုန်းတော့ကိုင်နိုင်ကြပါ့လားဆိုပြီး ဩချသွားရပါတယ်။ ဪ သြော် အိုဘားမားရယ် ဩမချပါနဲ့။ ကျွန်တော် ပြောပြရင် ခင်ဗျားပါ ဒေါထသွားလောက်တယ်။

စတိုင်မထုတ်လိုက်ရဘဲ ငုတ်သွားရတဲ့သူမို့ မထူးဘူးကွာဆိုပြီး ထောင့်ငါးရာတန်ဖုန်းတွေ ဝယ်လိုက်ပါတယ်။ အခုတော့ ဟိုဖုန်းမရရင် ဒီဖုန်း၊ ဒီဖုန်းမရရင် ဟိုဖုန်း ဖုန်းဖိုးဘေလ်တွေကုန်အောင်ပြောမယ့် မြန်မာပြည်သားပါကွယ်လို့တောင် ပြော ရမယ် ထင်ပါရဲ့။ သူကလည်း ဖုန်း သုံးလေးလုံး၊ ကိုယ်ကလည်း ဖုန်းသုံးလေးလုံးဆိုတော့ ဘယ်နံပါတ်က ဘယ်သူ့ဟာမှန်း မသိတော့ပါဘူး။ လာလိုက်ကျတဲ့ ဖုန်းတွေကလည်း တဂွမ်ဂွမ်။ ဟိုတုန်းကတော့ မောင်ဘုန်းဆီဆက်မယ့်သူက ချစ်ကြင် စရာ မဒီခင်ကညာနဲ့ မိဘတွေပဲ ရှိပါတယ်။ အခုတော့ သိသမျှလူတိုင်းက ဖုန်းနဲ့ဆက်ကြပါတယ်။ ဖုန်းကို စိတ်နာပေမယ့် မစိမ်းကားနိုင်ပါဘူး။

မစိမ်းကားနိုင်ဘူးဆိုကာမှ ဖုန်းနဲ့ပတ်သက်လို့ကြုံရတာတွေကလည်း ငိုရမှာလား။ ရီရမှာလား ဘာမှန်းမသိ။ ဖုန်းသံကြားလို့ကောက်ကိုင်လိုက်ရင် ဘယ်သူမှန်း မသိ။ ဘယ်သူ့နာမည်မှန်းမသိ။ ဖုန်းတွေ မှားပြီး ခဏခဏဆက်ကြပါတယ်။ ဖုန်းကိုင်လိုက်တာနဲ့ဘယ်သူလဲဆိုတာလည်းမမေး ကိုသားကြီးလား။ အရင်အပတ်ကပြောထားတဲ့ကိစ္စ ဘယ်လို့လဲ။ အခုဝယ်လက်က လာမေးနေတယ်ဆိုတာမျိုးနဲ့ တရစပ်လွှတ်ပါတော့တယ်။ ကိုယ့်မှာ ဘာတွေပြောမှန်းလည်းမသိ။ ဘယ်သူ့ကို ပြောမှန်း လည်းမသိ။ ဘာမှလည်း ပြောမရ။ သူ ပြောတာပြီးမှ ဘယ်သူ့ကို ဆက်တာလဲမေး။ ဖုန်းမှားနေတယ် ပြောရပါတယ်။ အံမာ တခါတလေ သူကလည်း ဖုန်းမှားဆက်သေး။ ကိုယ့်ကိုတောင် ဘုတောသွားပါသေးတယ်။ နဂိုတည်းက ဖုန်းကို အချဉ်ပေါက် နေပါတယ်ဆိုမှ ဘယ်လိုလူတွေနဲ့လာတွေ့ရတယ်မသိ။ တချို့ကျတော့လည်း ဖုန်းမှားနေပါတယ်လို့ပြောတာတောင် အရစ် က ရှည်နေသေးတယ်။ ကိုဘယ်သူလေ မဟုတ်ဘူးလား။ မဟုတ်ဘူးလား လုပ်နေပါသေးတယ်။ ကိုယ်ကပဲ သူ့ကို လိမ် နေသလိုလို။ တချို့ကျတော့လည်း ရုပ်တည်ကြီးနဲ့ကို ဘယ်သူကို သွားခေါ်ပေးပါဆိုပြီး ပြောတဲ့သူကရှိသေး။ တနေ့ တနေ့ အဲ့လိုလူတွေနဲ့ကြုံနေရတော့ စိတ်ပေါက်လာပါတယ်။ စိတ်ပေါက်ပေမယ့်လည်း ပိတ်တော့ မဟောက်လိုက်ပါဘူး။ ရိုင်းရာကျ မှာစိုးလို့ပါ။ တခါတလေ မစ်ကောတွေ တွေ့ရလို့ ဖုန်းပြန်ဆက်တော့ သူမဆက်ပါဘူး လုပ်တတ်ပါသေးတယ်။ တကယ်ပါ ပြောရရင် ကုန်နိုင်ဖွယ် မရှိပါဘူး။ ကျွန်တော် ရင်မှာမချိပါဘူး။

ဖုန်းဆက်တယ်ဆိုတာလည်း ဖုန်းအန်းတီးကတ်တော့ ရှိသေးတယ်ဆိုတာ မသိတဲ့လူကလည်း ရှိပါသေးတယ်။ တခါတလေ သန်းခေါင်းယံအချိန်မတော်မှ ဖုန်းက ထမြည်ပါတယ်။ ကိုင်လိုက်တော့ ဘယ်က မှန်းမသိတဲ့လူက ဘာတွေမှန်းမသိ လာ ပြောနေပါတယ်။ တော်တော် စိတ်တိုရပါတယ်။ ဖုန်းကို ချပစ်ရပါတယ်။ ဖုန်းကနေ အင်တာနက်လည်း သုံးလို့ရလာတော့ အကျိုးတော့ ရှိပါရဲ့။ သတင်းအချက်အလက်ကစလို့ ဆိုရှယ်နက်ဝဘ်တွေမှာ စကားပြောလို့ရလာပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ ဟော့နေတဲ့ ဖေ့ဘုတ်ကို တွင်ကျယ်စွာ သုံးလာကြပါတယ်။ ဖုန်းကို စိတ်နာပေမယ့် တလ တလ ဖုန်းဘေးလ်က မနည်းလှပါဘူး။ ဘယ်နည်းပါ့မလဲ။ အင်တာနက်သုံး။ စာမူကိစ္စနဲ့မဂ္ဂဇင်းတွေ ဖုန်းဆက်နဲ့ဖုန်းဘေလ်က တဖြောဖြောပါပဲ။ အင်တာနက်ကလည်း မီဂါဘိုက်နဲ့ဖြတ်တာဆိုတော့ ကုန်သလားမမေးပါနဲ့။ တခါတလေ အင်တာနက်ဝဘ်ဆိုဒ်ပွင့်ဖို့စောင့်ရတာနဲ့တင် ဖုန်းဘေလ် တော်တော်ကုန်ပါတယ်။

အရင်တုန်းက ဖုန်းမရှိတုန်းကတော့ မောင်ဘုန်းက အိုကေပါတယ်။ လက်ဖက်ရည်ဆိုင်ရောက်လည်း ကိစ္စမရှိပါဘူး။ ဘော လုံးပွဲသွားကြည့်နေလည်း ကိစ္စမရှိပါဘူး။ အခုတော့ ဖုန်းတွေရှိနေပြီဆိုတော့ မောင်ဘုန်း မချောင်တော့ပါဘူး။ အထက်အရာ ရှိကိုလည်း ပတ်လို့မရ။ မိန်းမကိုလည်း လှည့်လို့မရ။ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ခေါ်လာပြန်ပြီ။ ဒီဖုန်းနဲ့။ ဘောလုံး ပွဲကြည့်နေတုန်း ခေါ်ပြန်ပြီ ဒီဖုန်းနဲ့။ ဒီလိုနဲ့ဖုန်းကို မုန်းစရာတွေ တိုးတိုးလာပါတယ်။ တခါတလေကျတော့လည်း ဖုန်း ပြော တာကို တဖက်လူကသာမသိတာ ကိုယ့်ရပ်ကွက်တခုလုံးကတော့ သိသွားပါတယ်။ အော်ပြောရတာ လည်ချောင်းတောင်နာ တယ်လေ။ တခါတလေကျတော့ ဟိုဘက်ကလည်း ဟဲလို၊ ဒီဘက်ကလည်း ဟဲလိုနဲ့ ဟဲလိုတလုံးပဲ ပြောလိုက်ရပါတယ် ဖုန်းဘေလ်တွေတက်သွားပါတယ်။ ဘာမှမပြောလိုက်ရပါဘူး။

အခုတော့ မြန်မာပြည်မှာ ဖုန်းနဲ့ပတ်သက်လို့ လူတိုင်း ခေတ်မီသွားကြပါပြီ။ ဘာပဲဖြစ်ဖြစ် ဒါ ကောင်းတဲ့တိုးတက်မှုပါ။ ကိုယ့် ဘာသာ ဖုန်းကိုစိတ်နာပေမယ့် ကောင်းကွက်ကိုတော့ အသိအမှတ် ပြုရမှာပါပဲ။ အခုတော့ အိမ်က ငါးနှစ်အရွယ်သားကလည်း ဖုန်းနဲ့။ ပဲပြုတ်သည်လည်း ဖုန်းနဲ့။ ရွာက ဂွက်ထော်လည်း ဖုန်းနဲ့။ အကုန်လုံး ဖုန်းကိုယ်စီနဲ့ဆိုတော့ ကမ္ဘာကြီးဟာ ရွာကြီး တရွာဖြစ်လာသလို မြန်မာဆိုတာလည်း ရပ်ကွက်တခုစာလောက်ပဲ ရှိတော့ပါတယ်။     ဖုန်းကိုယ်စီနဲ့မို့လူတိုင်းအပြုံးကိုယ် စီနဲ့ဖြစ်နေကြပေမယ့် ဤဖေကိုယ်ကတော့ အပြုံးမဝေဖြာနိုင်တဲ့ ဖုန်းဝေဒနာ တပွေ့တပိုက်ကို အခုထိ မကျေမချမ်းနိုင်သေး ပါဘူး။

သြော် သြော် ဖုန်း၊ ဖုန်း။ မရှိလည်းခက် ရှိလည်းခက်၊ မပြောလည်းခက် ပြောလည်း ခက်ပါတကား။

သစ်ကောင်းအိမ် - အမှိုက်များ

$
0
0
 သစ်ကောင်းအိမ် - အမှိုက်များ
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၅
 
သပိတ်တလုံးစွပ်
ကောက်ရိုးကို နံရိုးလုပ်ပြီး
ပြောင်စပ်စပ်မျက်နှာနဲ့
ငါရပ်နေတဲ့
လယ်ကွင်းထဲက
အမှိုက်တွေကို လာကောက်ပေးပါ

ငါ့ဦးခေါင်းကို ဖင်ခုထိုင်နေတဲ့
ဆံပင်တွေကို လာကောက်ပေးပါ

ငါ့ခန္ဓာပေါ် ဝတ်ဆင်ထားတဲ့
အဝတ်အစားတွေကိုလည်း လာကောက်ပေးပါ

ငါ့အိမ်ခေါင်မိုးပေါ်လာထိုးနေတဲ့
ငှက်ဆိုးအော်သံတွေကို
လာကောက်ပေးပါ

ငါ့သွေးကြောထဲ
လန့်နှိုးနေတဲ့
ပိုးမျိုးခြောက်ဆယ်ကိုလည်း
လာကောက်ပေးပါ

ငါ့ပတ်တီးအထပ်ထပ်ကိုလည်း
လာကောက်ပေးကြပါ။ ။

(ဒီဇင်ဘာ။ ၁၃။ ၂၀၁၅)
(၁၂။ ဒီဇင်ဘာ။ ၁၃)
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>