Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ကိုအောင်မှိုင်း - တော်လှန်စစ် တော်လှန်စိတ်ဓါတ်နဲ့  တော်လှန်ရေးအောင်ပွဲ

$
0
0
(၁၉၉၅ မာနယ်ပလော စစ်မြေပြင် မြင်ကွင်း၊ အင်တာနက်)
ကိုအောင်မှိုင်း - တော်လှန်စစ် တော်လှန်စိတ်ဓါတ်နဲ့  တော်လှန်ရေးအောင်ပွဲ
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၅

မြန်မာပြည်ငြိမ်းချမ်းရေးတကယ်အလိုချင်ဆုံးလူတွေကိုပြောပါဆိုရင် ဦးအောင်မင်းလဲမဟုတ် ဦးသိန်းစိန်လဲမဟုတ် ဗိုလ်မင်းအောင်လှိုင် လဲမဟုတ်ပါ။ တိုင်းရင်းသားများဖြစ်တယ်လို့ကျနော် အခိုင်အမာပြောလိုပါတယ်။ အနှစ် ၆၀ကျော်ပြည်တွင်းစစ်တလျှောက် စစ်မက်ဒေသ ဟာ တိုင်းရင်းသားဒေသတွေမှာသာ အဖြစ်များခဲ့ပါတယ်။ ၁၉၆၂ခုနှစ် နောက်ပိုင်းမှာတော့ အဓိကစစ်မက်ဖြစ်ပွါးရာ ဒေသဟာ  တိုင်းရင်းသားဒေသတွေလို့ဘဲ ပြောနိုင်မယ်ထင်ပါတယ်။ ပဲခူးရိုးမ ဧရာဝတီတိုင်းတွေမှာ လက်နက်ကိုင်တော်လှန်ရေး အရေးနိမ့်ကြပြီးနောက် စစ် ရဲ့ အဓိကပစ်မှတ်ဟာ တိုင်းရင်းသားဒေသတွေဖြစ်သလို စစ်ရဲ့ အဓိက သေနင်္ဂဗျူဟာလက္ခဏာဟာလဲ တိုင်းရင်းသားဒေသတွေမှာဖြစ်တဲ့ စစ်ရေးလက္ခဏာတွေဘဲဖြစ်လာပါတယ်။

နာမည်မျိုးစုံ တတ်ထားတဲ့ ထိုးစစ်တွေ ၊ဖြတ်လေးဖြတ်စစ်ဆင်ရေးတွေ၊ နယ်မြေရှင်းလင်းရေးတွေစသဖြင့် သေနင်္ဂဗျူဟာဆိုင်ရာ စစ်ဆင်ရေး နည်းပရိယါယ်ဆိုင်ရာ စစ်ဆင်ရေးတွေအားလုံးလိုလိုဟာ တိုင်းရင်းသားဒေသတွေမှာသာ အခြေပြုကြတာဖြစ်ပါတယ်။ ဒီအတွက်တိုင်းရင်း သားဒေသတွေဟာ ဖွတ်ဖွတ်ညက်ညက်ကျေအောင် စစ်ဒါဏ်ကိုခံကြရသလို စစ်တပ်ရဲ့  လူမဆန်တဲ့ ဥပဒေမဲ့ ရက်စက်ယုတ်မာမှုတွေကို လဲ ခါးသီးစွာခံစားခဲ့ရတာဖြစ်ပါတယ်။ ဒီနေရာမှာပြောချင်တာက ဦးသိန်းစိန်က တိုင်းရင်းသားတွေထက် ငြိမ်းချမ်းရေးပိုလိုချင်တယ်ပြောရင်တော့ ဒါဟာလိမ်ညာမှုသက်သက်သာဖြစ်တယ်လို့ ကျနော်တော့ယုံကြည်တယ်။ စစ်ဗိုလ်ချူပ်တွေဟာ အပစ်အခတ်ရပ်စဲရေးကိုအကြောင်း ပြပြီး လုပ်စားကိုင်စားလာခဲ့ကြတာ နှစ်ပေါင်း ဆယ်အချို့ ရှိခဲ့သလို မျိုးမျိုးမျက်မျက်လဲ စားခဲ့ဝါးခဲ့ကြတာ ခေတ်အဆက်ဆက်မှာပါဘဲ။

ကျနော် အဓိကရေးချင်တာက  တော်လှန်စစ်အကြောင်းပါ။ လပဒတ  လို့ခေါ်တဲ့ တချိန်က မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဖွဲ့ စည်းဆောင် ရွက်ခဲ့တဲ့ “လူမျိုးပေါင်းစုံဒီမိုကရေစီတပ်ပေါင်းစု” အကြောင်း တစိတ်တဒေသလို့ ပြောမယ်ဆိုပြောနိုင်မယ်ထင်ပါတယ်။ကျနော့်အနေနဲ့  ဒီမိုကရေစီပြည်ချစ်တပ်မတော် DPA တိုးချဲ့ ဖွဲ့ စည်းရေးအတွက် အလုပ်အဖွဲ့ တခုကို ဦးဆောင်ပြီး လပဒတ မှာပါဝင်ခဲ့တုန်းက ဖြစ်ရပ် တခုကို ပြန်လည်တင်ပြလိုတာ ဖြစ်ပါတယ်။ တော်လှန်စစ် ဆိုတာဘာလဲ ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ တည်ဆောက်သင့်သလဲ။ ဒါမှတော် လှန်ရေးအောင်ပွဲတွေ ဘယ်လိုရနိုင်မလဲ ဆိုတဲ့ သဘောတရားနဲ့ လက်တွေ့ ပေါင်းစပ် ဆောင်ရွက်ခဲ့တဲ့ဖြစ်စဉ်တခုဆိုရင်လဲ မှားမယ် မထင်ဘူး။တော်လှန်ရေးခေါင်းဆောင်များရဲ့  တော်လှန်ရေးအပေါ်ထားတဲ့ သဘောထားမှန်ကန်မှုတွေဟာ အောင်ပွဲကို အသေအချာ အာမခံနိုင်တယ်ဆိုတာ လက်တွေ့ ဖေါ်ပြတာလဲဖြစ်ပါတယ်။

၁၉၉၁ခုနှစ် ဒီဇင်ဘာ၁၁ ရက်နေ့မှာ န၀တ စစ်အစိုးရဟာ နဂါးမင်းစစ်ဆင်ရေးဆိုပြီး KNU ဌာနချူပ်ဖြစ်တဲ့ မာနယ်ပလောကို ထိုးစစ် ကြီးစတင်ခဲ့ပါတယ်။ လူအင်အား လက်နက်အင်အား အလုံးအရင်းနဲ့ ထိုးတဲ့ထိုးစစ်ကြီးဖြစ်ပါတယ်။ အဲဒီအချိန်က ကျနော်တို့အလယ် ပိုင်းတပ်ပေါင်းစုဖြစ်တဲ့ လပဒတ(လူမျိုးပေါင်းစုံပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု) မှာ ဦးစီးကော်မတီအစည်းအဝေး လုပ်နေချိန်ဖြစ်ပါတယ်။ 

လပဒတကို ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ ကယန်းပြည်သစ်ပါတီ၊ ကလလတ (ကရင်နီပြည်လူမျိုး ပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး) ၊ ဗမာပြည်ကွန်မြူနစ်ပါတီ (အလယ်ပိုင်းဗျူရို) တို့နဲ့ စတင်ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ DPA (ဒီမိုကရေစီပြည်ချစ်တပ်မတော်) အနေနဲ့  မာနယ်ပလောမှာ ကျောင်းသားတပ်မတော်ဗဟိုနဲ့ ဆွေးနွေးဘို့ အလုပ်အဖွဲ့ တခု အလယ်ပိုင်းကို ဆင်းခဲ့ကြရာက ဆက်စပ်မိခဲ့ကြတာဖြစ်ပါတယ်။

လပဒတ ဦးစီးကော်မတီအနေနဲ့ ကျနော်တို့ DPA အဖွဲ့ ကို တပ်ပေါင်းစုထဲ ပါဝင်ဘို့ ဖိတ်ခေါ်ခဲ့တဲ့အတွက် ကျနော်နဲ့ ရဲဘော်တချို့  လပဒတ မှာ တာဝန်ယူခဲ့ကြပါတယ်။ ကျနော့်ကို ဦးစီးကော်မတီမှာ ပါဝင်ဘို့ ခေါင်းဆောင်များက တာဝန်ပေးတဲ့အတွက် ကျနော် ရလလဖ မှာနှစ် ပေါင်းများစွာကြာအောင် တာဝန်ယူခဲ့သလို ကျနော့်ကို ရလလဖ လို့ ရလလဖရဲဘော်အများစု ထင်မြင်ခဲ့ကြပါတယ်။ လက်လဲ  လက်ခံကြပါတယ်။ရလလဖ ဥက္ကဌကြီး ဗိုလ်ချူပ်တာကလယ်တို့ ဒုဥက္ကဌ ဦးစိန်ရွှေတို့ အတွင်းရေးမှုး ဦးစိုးအောင်လွင်တို့က ကျနော်တို့ကို သိပ်ချစ် ကြပါတယ်။ သားသမီးနဲ့ မိဘတွေလိုပါဘဲ။ ကျနော်တို့ကိုယ်တိုင်ကလဲ မိဘတွေလို အမြဲသဘောထားခဲ့ကြပါတယ်။ ကျနော်တို့ဟာ ဗမာ ရဲဘော်တွေဖြစ်ကြပေမဲ့ တိုင်းရင်းသားရဲဘော်တွေရဲ့  ချစ်ခင်လေးစားမှုကို များစွာရခဲ့ပါတယ်။

ကျနော်ပြောချင်တာက နဂါးမင်းစစ်ဆင်ရေးနဲ့ မာနယ်ပလော ခုခံစစ်ကာလ တော်လှန်ရေးထုရဲ့ တိုက်ပွဲဝင်စိတ်ဓါတ်နဲ့ တိုက်ပွဲကို ရေးပြ ချင်တာပါ။ လပဒတ ဦးစီးကော်မတီဆွေးနွေးပွဲမှာ ကျနော်မှတ်မိသလောက် ရလလဖကတော့ အဓိကဥက္ကဌဗိုလ်ချူပ်တာကလယ်၊ ရဲ ဘော်စိန်ရွှေ၊ ရဲဘော်စိုးအောင်လွင်တို့ ကိုယ်စားပြုတက်ရောက်ပါတယ်။ ကယန်းပြည်သစ်ပါတီဥက္ကဌ ဦးရွှေအေး(ငိန်းကယန်းထန်)၊ ကလလတ ဗိုလ်မှုးမန်းသက်ဖေါ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် အလယ်ပိုင်းဗျူရိုတာဝန်ခံ ရဲဘော်စောဘမိုး (ရဲဘော်စော သော)တို့ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ကတော့ မှတ်တမ်းလုပ်ရင်း ခေါင်းဆောင်တွေရဲ့ အတွေးအမြင်တွေကို လေ့လာခွင့်ရခဲ့တာဖြစ်ပါ တယ်။ လပဒတ မှာဥက္ကဌ ဗိုလ်ချူပ်တာကလယ်၊ ဒုက္ကဌ ဦးရွှေအေး ( ၁၉၆၂ ခုနှစ် ရန်ကုန်တက္ကသိုလ် တိုင်းရင်းသားကျောင်းသားများ သမဂ္ဂ ဥက္ကဌ)၊ အတွင်းရေးမှုး ဗိုလ်မှုးမန်းသက်ဖေါတို့ဖြစ်ပါတယ်။

ဗမာပြည်လတ်တလောနိုင်ငံရေးအခြေအနေနဲ့ ကမ္ဘာ့အခင်းအကျဉ်းအကြောင်း ဆွေးနွေးနေကြတာဖြစ်ပါတယ်။ ကျနော်တို့ဆွေးနွေးပွဲတွေ က တခါတလေ လချီကြာတတ်ပါတယ်။ လပဒတဥက္ကဌလဲဖြစ် ရလလဖဥက္ကဌလဲဖြစ်တဲ့ ဗိုလ်ချူပ်တာကလယ်ရဲ့ တာလဘောကိုလဲ မကြာ မကြာဆိုသလို တွယ်ကြရပါသေးတယ်။ တရက် ကျနော်တို့ ဆွေးနွေးပွဲစနေတုန်း ဥက္ကဌဆီကို အရေးပေါ်ကြေးနန်းတစောင် ၀င်လာပါတယ်။ KNU ဗဟိုအတွင်းရေးမှုး ဗဒိုမန်းရှာဆီကလို့ သိရပါတယ်။ မာနယ်ပလောကို ရန်သူက အလုံးအရင်းနဲ့ စစ်ဆင်နေပြီဖြစ်ကြောင်းနဲ့  ကျနော် တို့အနေနဲ့ လဲ ကျနော်တို့ဒေသတွေမှာ တိုက်ပွဲတွေဖေါ်ကြဘို့မေတ္တာရပ်ခံတဲ့ကြေနန်းဖြစ်ပါတယ်။ ဒါကို ဥက္ကဌက မိတ်ဆက်ပေးရင်း ကျန် တဲ့ တပ်ပေါင်းစုအဖွဲ့ ဝင်တွေရဲ့ သဘောထား မေးပါတယ်။

ခေါင်းဆောင်အားလုံး တညီတညွတ်တည်း ဆုံးဖြတ်လိုက်တာကတော့ ကူမယ် ဆိုတာပါဘဲ။ အားလဲ ရတယ်။ ၀မ်းလဲ သာမိတယ်။ မာနယ်ပလာရောက်တုန်းက ဗိုလ်ချူပ်မြမွေးနေ့ကို ကျောင်းသားတပ်မတော် ဥက္ကဌကိုမိုးသီးဇွန်နဲ့ သွားခဲ့တာတွေ၊ စားခဲ့တာတွေ တင်ပြခဲ့တာ တွေနဲ့  ဗိုလ်ချူပ်မြရဲ့ အမြင်သဘောထားကို အသေအချာ နားထောင်ခဲ့ရတာတွေကို အမှတ်ရနေမိတယ်။  အဖိုးရဲ့ ကူညီမှုတွေကိုလဲ ကျနော်တို့ ကျေနပ်အားရမိပါတယ်။ ကျေးဇူးလဲတင်ခဲ့မိပါတယ်။

ကျနော်တို့ တပ်ပေါင်းစုအနေနဲ့ လဲ မိမိဒေသအတွင်း ရန်သူကိုဆွဲတဲ့ လှုပ်ရှားစစ်တွေကို အစီအစဉ်ရှိရှိ ဖေါ်ဆောင်ဘို့ ဆုံးဖြတ်ခဲ့ကြပါတယ်။  ဒီနေရာမှာ ကျနော်တင်ပြလိုတာက ကျနော်က ရလလဖမှာ အနေကြာတော့ ရလလဖတပ်အကြောင်း အတော်သိတယ်လို့ပြောရမယ်ထင် တယ်။ ဆွေးနွေးပွဲမှာ ကျနော့်အမြင်တင်ပြခဲ့တာကို ဒီမှာရေးချင်တာပါ။ ကျနော်တို့အနေနဲ့  မိမိဒေသတွေအတွင်း လှုပ်ရှားစစ် တွေတင်မကဘဲ မာနယ်ပလောကိုပါ သွားရောက် အားဖြည့်ပေးဘို့ကို ကျနော်တင်ပြခဲ့တာ ခေါင်းဆောင်အားလုံးက ကိုယ်တနိုင်တပ်တွေကို လွှတ်ဘို့ သဘောတူခဲ့ပါတယ်။ ဒီမှာ ရလလဖတပ်အနေနဲ့  ရဲဘော်အချို့ ကို လက်နက်တပ်ဆင်လိုက်မယ်။ တချို့ ကို  KNU က တပ်ဆင်ဘို့နဲ့  အဲဒီ လက်နက်ဘိုး ကျနော်တို့ ရလလဖက ပြန်ပေးမယ်ဆိုတဲ့ အကြောင်း ကြေးနန်းပို့မေးမြန်းခဲ့ရာ KNU အနေနဲ့  သဘောတူကြောင်းပြန်စာ ရခဲ့ပါတယ်။

အဲဒီမှာလူကြီးတွေအနေနဲ့  ကျနော့်ကို မာနယ်ပလောကို သွားမဲ့တပ်ကို လေ့ကျင့်ဘို့တာဝန်ပေးခဲ့ပါတယ်။ လူ၂၀၀နီးပါးလောက်ကို ပစ် ထောက် မှောက်လိမ့်ကစပြီး ထိုးစစ် ခံစစ်ထိ အခြေခံစစ်ပညာကို အပြင်းမောင်း ကြရပါတော့တယ်။ တချို့ကလဲ တပ်သားသစ်တွေ၊  တချို့  ကတော့ အတွေ့ အကြုံရှိသူတွေ အမျိုးမျိုးပါဝင်ကြပါတယ်။ ရလလဖက တပ်ရင်းမှုးတဦး ဦးစီးပြီး မာနယ်ပလောခံစစ်ကို စစ်ကူသွား ရောက်နိုင်ခဲ့ပါတယ်။ ကယန်းပြည်သစ်တပ်မတော်က တပ်ခွဲတခွဲ၊ ကလလတက တပ်ခွဲတခွဲ၊ ဗမာပြည်ကွန်မြူနစ်ပါတီအလယ်ပိုင်းဗျူ ရိုက အမှတ်(၁၂)တပ်ဖွဲ့၊ ကျနော်တို့ DPA ကတော့ ရဲဘော်မိုးခိုင်ကို တာဝန်ပေးစေလွှတ်လိုက်ပါတယ်။KNU တပ်တွေနဲ့ အတူ ကျောင်းသားတပ်မတော်က ရဲဘော်တွေ၊ လူ့ဘောင်သစ်ပါတီက ရဲဘော်တွေ၊ NLD (LA) ကရဲဘော်တွေ၊ PLF ကရဲဘော်တွေ၊ PPP ကရဲဘော်တွေ၊ ABMU ကရဲဘော်တွေအပါအ၀င် NCGUB က လူကြီးတွေကိုယ်တိုင် တနိုင်ပါဝင်ခဲ့ကြတယ်။ ရဲဘော်အားလုံးဟာ တော်လှန်ရေးဌာနချူပ်ကြီး မကျဆုံးရအောင် အသေအကြေ ခုခံကာကွယ်ခဲ့ကြတာဖြစ်ပါတယ်။ 

ဒါ သမိုင်းပါ။

ကျနော်တို့ နိုင်ခဲ့တယ်။ ကျနော်တို့ အောင်ပွဲခံခဲ့တယ်။ ဒါဟာ တော်လှန်စစ်ကို တော်လှန်စိတ်ဓါတ်နဲ့ ဆင်နွဲခဲ့ကြလို့ လို့ကျနော် ယုံကြည်တယ်။

၁၉၉၅ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်မှာတော့ မာနယ်ပလောဟာ ရန်သူရဲ့ ဖျက်ဆီးမှုကို အလွယ်တကူ ခံခဲ့ရပါတော့တယ်။ ကရင်အမျိုးသား အချင်းချင်း သွေးကွဲမှုကြောင့် တော်လှန်စိတ်ဓါတ်တွေ လဲပြိုကုန်ကြတဲ့အတွက် အလွယ်တကူ အဖျက်အဆီးခံခဲ့ရတာဖြစ်ပါတယ်။ ကျနော် ပြောချင်တာက အခြားသူတွေရဲ့ တိုက်ခိုက်မှုထက် ကိုယ့်အချင်းချင်းသွေးကွဲမှုက ပိုအထိနာစေတယ်ဆိုတဲ့ သမိုင်းနိဂုံးချူပ်ချက်တခုကို မာနယ်ပလောက ကျနော်တို့ကို ကောင်းကောင်း ပညာပေးခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။ ကရင်လူမျိုးအချင်းချင်း ညီညွတ်စေချင်တယ်။ ဒါမှ ကရင်တွေ မျက်နှာမငယ်ရမှာဖြစ်သလို ကျန်တဲ့လူမျိုးတွေလဲ အချင်းချင်းညီညွတ်မှ ကိုယ့်လူမျိုးမျက်နှာ မငယ်ရမှာဖြစ်ပါတယ်။

ကျနော်အဓိကရေးချင်တာက ကနေ့တိုင်းရင်းသားတချို့  - ပေါင်းစား တောင်းစား ရောင်းစားဘို့ ကိုယ်လူမျိုးကိုယ်မျက်နှာ အိုးမဲသုတ်နေ ကြတာတွေ့ ရတော့ တချိန်က တော်လှန်စစ်၊ တော်လှန်တဲ့စိတ်ဓါတ်နဲ့ ညီညွတ်မှုကို သတိရမိခဲ့တယ်။ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ခေါင်း စဉ်အောက်မှာ၊ သူများတိုက်ဆောက်တော့ ဆောက်ချင်၊ သူများကားစီးတော့ စီးချင်၊ သူများကုမ္ဗဏီပိုင်တော့ ပိုင်ချင်ဆိုတဲ့  အချောင်သမား စိတ်ဓါတ်တွေနဲ့ တော့ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုမှရနိုင်မှာ မဟုတ်ကြောင်း မာနယ်ပလောခုခံစစ် က အခိုင်အမာ သက်သေပြလျှက် ရှိနေကြောင်းပါဗျာ။

 (ဒီဇင်ဘာလ ၁၂ရက် ၂၀၁၅ခုနှစ်)





တက္ကသိုလ်ရွှေရီဝင်း - ပင်ဒိုးရား၏ သေတ္တာ

$
0
0

တက္ကသိုလ်ရွှေရီဝင်း - ပင်ဒိုးရား၏သေတ္တာ
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၅

အခုပြောမယ့်ပုံပြင်ကဂရိနိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရှိခဲ့တဲ့ပုံပြင်ဖြစ်တယ်။

          လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ပေါင်းများစွာကဂရိလူမျိုးတွေဟာနတ်တွေကိုယုံကြည်ကြတယ်။နတ်တွေဟာ တစ်ဦးချင်းစီမှာကိုယ်ပိုင်ပုံသဏ္ဍာန်တွေရှိကြပြီးအထူးခြားတဲ့တန်ခိုးတွေကိုယ်စီရှိကြတယ်။အဲဒီနတ်တွေဟာကမ္ဘာပေါ်ကဖြစ်ပျက်တာတွေနဲ့ဆက်နွယ်ကြတယ်လို့ယုံကြည်တယ်။သူတို့ကမိုးတွေကိုရွာသွန်းစေပြီးသီးနှံတွေဖြစ်ထွန်းစေတယ်။အဲဒီနတ်တွေကြောင့်မီးတောင်တွေပေါက်ကွဲတာ၊ရေကြီးတာ၊ငလျင်လှုပ်တာတွေဖြစ်တယ်လို့ယုံကြည်တယ်။

          ဂရိလူမျိုးတွေဟာအဲဒီနတ်တွေနဲ့ပတ်သက်ပြီးဇာတ်လမ်းတွေအများကြီးပြောကြတယ်။သူတို့ကအဲဒီနတ်တွေဟာအိုလမ်းပတ်တောင်ထိပ်မှာနေကြတယ်လို့ပြောတယ်။အဲဒီတောင်ထိပ်မှာနေကြတဲ့နတ်တွေအကြောင်းတွေကိဂရိရိုးရာပုံပြင်တွေလို့လူတွေကလက်ခံကြတယ်။

         ပင်ဒိုးရားရဲကသေတ္တာဟာဂရိ ရိုးရာပုံပြင်တစ်ပုဒ်ဖြစ်တယ်။အဲဒီပုံပြင်ရဲ့အစမှာကမ္ဘာကြီးမှာဟိုးရှေးရှေးတုန်းကအမျိုးသမီးတစ်ယောက်မှမရှိဘူးလို့ပြောတယ်။ဒီတော့အိုလမ်းပတ်တောင်ထိပ်ကိုအုပ်စိုးတဲ့နတ်မင်းကြီဒဇီယုကသူ့ရဲ့နတ်သားတစ်ပါးကိုရွှံ့နဲ့အမျိုးသမီးရုပ်ထုထုစေတယ်။အဲဒီပထမဆုံးမိန်းမကိုထုတဲ့နတ်သားကအဲဒီအရုပ်ကိုပင်ဒိုးရားလို့နာမည်ပေးတယ်။

          နတ်တွေကအဲဒီအရုပ်လေးကိုလက်ဆောင်တွေအသီးသီးပေးပြီးကမ္ဘာမြေပြင်ကိုလွှတ်လိုက်တယ်။သူ့ကိုပေးလိုက်တဲ့လက်ဆောင်တွေကရုပ်ရည်လှပခြင်း၊ဂီတပညာ၊ချည်ငင်တဲ့အတတ်ပညာ၊အချုပ်အလုပ်ပညာနဲ့စပ်စုတဲ့စိတ်စတာတွေဖြစ်တယ်။နတ်မင်းကြီးဇီးယုကပင်ဒိုးရားကိုသေတ္တာတစ်လုံးပေးလိုက်တယ်။သူကသူပေးလိုက်တဲ့သေတ္တာကိုဘယ်တော့မှမဖွင့်နဲ့လို့မှာလိုက်တယ်။

          ဟမ်းလို့ခေါ်တဲ့တမန်တော်ကပင်ဒိုးရားလိုအိုလမ်းပတ်တောင်ပေါ်ကနေကမ္ဘာကြီးဆီကိုခေါ်ဆောင်သွားပေးတယ်။အဲဒီအချိန်တုန်းကကမ္ဘာကြီးဟာအလွန်ပျော်စရာကောင်းပြီးဒုက္ခတွေဝမ်းနည်းမှုတွေ တစ်ခုမှမရှိတဲ့အရပ်ဖြစ်ခဲ့တယ်။ပင်ဒိုးရားရဲ့သေတ္တာအကြောင်းဆက်ပြောပါတော့မယ်။ဟိုးရှေးရှေးတုန်းကကမ္ဘာပေါ်မှာအက်ပီမိသိရပ်လို့ခေါ်တဲ့လူတစ်ယောက်ရှိတယ်။သူဟာပင်လယ်ကမ်းစပ်နဲ့နီးတဲ့တိုင်းပြည်မှာတစ်ယောက်တည်းနေတယ်။တစ်နေ့မှာအက်ပီမိသိရပ်ရဲ့အိမ်ကိုတံခါးလာခေါက်တယ်။သူတံခါးဖွင့်လိုက်တော့တံခါးဝမှာသိပ်ကိုချစ်စရာကောင်းတဲ့အမျိုးသမီးတစ်ယောက်ရပ်နေတာတွေ့ရတယ်။သူတွေ့တော့ပင်ဒိုးရားပါပဲ။အက်ပီမိသိရပ်ရဲ့တစ်သက်တာမှာအခုလိုပုံစံမျိုးတစ်ခါမှမတွေ့ဖူးဘူး။

          ဒီအမျိုးသမီးရဲ့ခေါင်းမှာပန်းတွေပန်ထားတယ်။အလွန်ကောင်းမွန်တဲ့အသားနဲ့ချုပ်ထားတဲ့အင်္ကျီရှည်ကိုဝတ်ထားတယ်။

          သူ့လက်ထဲမှာစောင်းလေးနဲ့ရွှေရောင်သေတ္တာလေးကိုကိုင်ထားတယ်။

          အဲဒီမိန်းကလေးကကျွန်မနာမည်ပင်ဒိုးရားပါ။ကျွန်မကိုနတ်မင်းကြီးဇီးယုကရှင့်ရဲ့ဇနီးအဖြစ်လွှတ်လိုက်တာပါလို့ပြောတယ်။

          အက်ပီမိသိရပ်ကသူ့အကိုပရိုမိသိရပ်ပြောထားတဲ့စကားကိုသတိရတယ်။သူ့အစ်ကိုကဇီးယုဆီကဘယ်လိုလက်ဆောင်မှလက်မခံပါနဲ့လို့ပြောထားတယ်။

          ဒါပေမယ့်အက်ပီမိသိရပ်ကပင်ဒိုးရားကိုငြင်းဖို့ခက်နေတယ်။ပင်ဒိုးရားဟာကမ္ဘာပေါ်မှာအလှပဆုံးမိန်းကလေးသည်းဖြစ်နေတယ်။

          ဒါကြောင့်ပင်ဒိုးရားကိုလက်ခံလိုက်တယ်။ပင်ဒိုးရားလက်ထဲကရွှေသေတ္တာကိုအက်ပီမိသိရပ်ကစိတ်ဝင်စားတယ်။ဒါကြောင့်အဲဒီသေတ္တာထဲမှာဘာပါသလဲလို့မေးလိုက်တယ်။

          ပင်းဒိုးရားဘာပါသလဲဆိုတာကျွန်မလည်းမသိဘူး။နတ်မင်းကြီးဇီးယုကကျွန်မကိုပေးလိုက်တာ၊သူကဘယ်တော့မှဒီသေတ္တာကိုမဖွင့်ဖို့ပြောလိုက်တယ်လို့ရှင်းပြတယ်။

          အက်ပီမိသိရပ်ကဒါဆိုရင်မင်းအဲဒိသေတ္တာကိုမဖွင့်သင့်ဘူးလို့ပြောတယ်။

          ပင်ဒိုးရာကလည်းမဖွင့်ပါဘူးလို့ကတိပေးတယ်။

          ဒါနဲ့ပင်ဒိုးရားနဲ့အက်ပီမိသိရပ်တို့ပျော်ရွှင်စွာနေထိုင်ကြတယ်။

          ပင်ဒိုးရာဟာအိမ်မှုကိစ္စတွေကိုပျော်ပျော်ရွှင်ရွှင်ပဲလုပ်တယ်။သူ့ကိုနတ်မင်းတွေပေးလိုက်တဲ့လက်ဆောင်တွေနဲ့ချက်ပြုတ်တတ်တယ်။ဗိုင်းငင်တတ်တယ်။စောင်းတီးတတ်တယ်။ရေကူးတတ်တယ်။ကွင်းပြင်မှာပြေးလွှားတယ်။ကမ္ဘာကြီးမှာရှိတဲ့အရာတွေအားလုံးကိုစပ်စပ်စုစုလေ့လာတယ်။

          သူသိပ်ကိုသိချင်စပ်စုချင်တာကတော့ရွှေရောင်သေတ္တာထဲမှာဘာရှိသလဲဆိုတာပါပဲ။ဒါကြောင့်လည်းခုတင်အောက်မှထားတဲ့သေတ္တာကိုမကြာမကြာထုတ်ကြည့်တယ်။

         သူအဲဒီလိုကြည့်တာကိုသူ့ယောက်ျားကတားမြစ်တယ်။ဒီတော့ပင်ဒိုးရာကကျွန်မဒီသေတ္တာရဲ့အဖုံးလေးကိုနည်းနည်းလေးဖွင့်ကြည့်လို့ရတယ်မဟုတ်လားလို့မေးတယ်။
    
      သူ့ယောက်ျားကမင်းကိုနတ်မင်းကြီးဇီးယုကမဖွင့်ကြည့်ရဘူးလို့ပြောထားတယ်မဟုတ်လားဆိုပြီးတားတယ်။
   
       ဒီတော့ပင်ဒိုးရားကရှင်ပြောတာဟုတ်ပါတယ်ဆိုပြီးအဲဒီသေတ္တာကိုမြေအောက်ခန်းမှာသွားပြီးထားလိုက်တယ်။ဒါပေမမယ့်ပင်ဒိုးရားဟာမြေအောက်ခန်းတွေကိုအကြောင်းမရှိအကြောင်းရှာဆင်းပြီးသေတ္တာလေးကိုကိုင်ကြည့်တယ်။
  
        သူ့ယောက်ျားကမင်းအဲဒီသေတ္တာကိုသွားကြည့်ပြန်ပြီလားလို့မေးတော့သူကဟုတ်တယ်။အဲဒီသေတ္တာထဲမှာရွှေဒဂါးတွေရှိရင်ရှိမှာလို့ပြန်ဖြေတယ်။သူ့ယောက်ျားကနတ်မင်းကြီးဇီးယုရဲ့စကားကိုထပ်သတိပေးပြီးအဲဒီသေတ္တာကိုကမ်းစပ်ကသောင်ပြင်မှာမြှုပ်လိုက်ဖို့ပြောတယ်။ဒါပေမယ့်လည်းမရဘူး။ပင်ဒိုးရားရဲ့စပ်စုတဲ့စိတ်၊စူးစမ်းလိုတဲစိတ်ကတားမရဘူး။

         နောက်ဆုံးတော့ပင်ဒိုးရားဟာအဲဒီသေတ္တာကိုဖန်ဘူးထဲထည့်တယ်။အဲဒီဖန်ဘူးကိုသေတ္တာထဲထည့်ပြီးကြိုးနဲ့ချည်ပြီးရေတွင်းဟောင်းတစ်ခုထဲပစ်ချပြီးချည်ထားလိုက်တယ်။အဲဒီလိုရေတွင်းပျက်ထဲရွှေသေတ္တာချပြီးနောက်ပိုင်းပင်ဒိုးရားဟာနည်းနည်းတော့သေတ္တာကိုမေ့သလိုဖြစ်သွားတယ်။

          ဒါပေမယ့်ကြာကြာမမေ့နိုင်ပါဘူး။သူ့ရဲ့စပ်စုတဲ့စိတ်ကသူ့ကိုလှုပ်နိုးနေတယ်။

          မိုးတွေရွာတဲ့နေ့တစ်နေ့မှာသူ့ယောက်ျားကအလုပ်ကိစ္စနဲ့အပြင်ထွက်သွားတယ်။အဲဒီအခါမှာပင်ဒိုးရားဟာအိမ်မှာတစ်ယောက်တည်းရှိတုန်းရွှေရောင်သေတ္တာထဲမှာဘာရှိမလဲဆိုပြီးသိချင်တဲ့စိတ်တွေနိုးထလာတယ်။သူ့စိတ်ထဲမှာသူထားထားတဲ့ရေတွင်းပျက်ကြီးထဲမှာအဲဒီရွှေသေတ္တာရှိသေးရဲ့လားဆိုတာတွေးတယ်။

          အဲဒီအတွေးနဲ့စပ်စုလိုတဲ့ပင်ဒိုးရားဟာမိုးသဲကြီးမဲကြီးရွာပြီးလျှပ်စီးတွေလက်၊မိုးခြိမ်းနေတာကိုဂရုမစိုက်ဘဲရေတွင်းဆီကိုသွားပြီးတွင်းထဲကသေတ္တာကိုအပေါ်တင်လိုက်တယ်။ပြီးတော့သေတ္တာကိုဒရွတ်တိုက်ဆွဲပြီးမိုးလွတ်ရာကိုယူခဲ့တယ်။ပြီးတော့မှသေတ္တာကိုဖွင့်ဖန်ဘူးကိုထုတ်၊ဖန်ဘူးထဲကရွှေသေတ္တာကိုယူလိုက်တယ်။မိုးဟာပိုပြီးတော့တောင်သည်းလာတယ်။ပင်ဒိုးရားရဲ့လက်ထဲကရွှေသေတ္တာဟာလည်းကြောက်စရာလေမုန်တိုင်းရဲ့အလင်းနဲ့အရောင်တောက်ပနေတယ်။ပင်ဒိုးရားရဲ့စိတ်ထဲမှာရွှေသေတ္တာကသူ့ကိုဖွင့်ဖို့ပြောနေတယ်လို့ထင်နေတယ်။

          “ငါဒီသေတ္တာကိုဖွင့်လို့မဖြစ်ဘူး။နတ်မင်းကြီးဇီးယုကမဖွင့်ဖို့သေချာမှာလိုက်တာ။ဒါပေမယ့်လည်းသေတ္တာအဖုံးလေးကိုနည်းနည်းလေးမပြီးချောင်းကြည့်ရင်ရနိုင်တာပဲ။အထဲမှာဘာရှိသလဲဆိုတာငါသိချင်လှပြီ

          အဲဒီလိုတွေးပြီးသေတ္တာရဲ့အဖုံးကိုနည်းနည်းလေးမလိုက်တာနဲ့အင်မတန်ကြောက်စရာကောင်းတဲ့သတ္တဝါတစ်ကောင်ဟာတောင်ပံခတ်ပြီးထွက်လာတယ်။ပင်ဒိုးရားဟာကြောက်လန့်ြ့ပီးသေတ္တာကိုလွှတ်ချလိုက်တာသေတ္တာထဲကနောက်ထပ်ရုပ်ဆိုးဆိုးနဲ့သတ္တဝါတွေထွက်လာတယ်။သူတို့ပါးစပ်ကစူးစူးရှရှအော်ပြီးတောင်ပံတွေခတ်ပြီးပင်ဒိုးရားရဲ့ခေါင်းပေါ်မှာပျံဝဲနေကြတယ်။သူတို့ပါစပ်ကသူတို့နာမည်တွေကိုပြောနေတာဖြစ်တယ်။သူတို့ကတော့မနာလိုစိတ်၊မောဟစိတ်၊ဝန်တိုစိတ်၊ရိုင်းစိုင်းသောစိတ်၊မုန်းတီးစိတ်၊အာဃာတစိတ်တို့ဖြစ်ကြတယ်။

          ပင်ဒိုးရားဟာသူ့ရဲ့ခေါင်းကိုလက်နှစ်ဖက်နဲ့ကာထားပေမယ့်စောစောသတ္တဝါတွေကတော့သူ့ခေါင်းကိုအတောင်ပံတွေနဲ့ခတ်ပြီးအားရတော့မှကမ္ဘာကြီးဆီကိုပျံသွားကြတယ်။
  
        ပင်ဒိုးရာဟာသူ့ရဲ့အပြစ်အတွက်ငိုကြွေးနေတယ်။အဲဒီအခါမှာအသံသေးသေးတသံကကျွန်မကိုကြည့်ပါဦးလို့ပြောတယ်။ပင်ဒိုးရားကအံ့သြပြီးရွှေသေတ္တာလေးကိုပြီးကြည့်လိုက်တယ်။ရွှေသေတ္တာထဲမှာသတ္တဝါလေးတစ်ကောင်ကျန်နေတာတွေ့ရတယ်။ဒီသတ္တဝါကရုပ်မဆိုးဘူး။လှပတဲ့မျက်နှာလေးနဲ့သူ့ကိုယ်မှာရွှေရောင်အလင်းတွေလွှမ်းခြုံထားတယ်။

          အဲဒီသတ္တဝါလေးကမငိုပါနဲ့တော့။ကျွန်မကရှင်နဲ့တခြားလူတွေကိုကူညီမှာပါ။ရှင်ကကျွန်မကိုတခြားသတ္တဝါတွေမနှိပ်စက်နို်င်အောင်စောင့်ရှောက်ပေးပါလို့ပြောတယ်။

         ပင်ဒိုးရားဟာအငိုတိတ်သွားပြီး  အဲဒီသတ္တဝါလေးကိုရွှေသေတ္တာထဲကထုတ်ယူလိုက်ပြီးအဲဒီသတ္တဝါရဲ့နာမည်ကိုမေးတယ်။သူ့နာမည်ကမျှော်လင့်ချက်ဖြစ်တယ်လို့ဖြေတယ်။ပင်ဒိုးရာဟာမျှော်လင့်ချက်လေးကိုသူ့ရင်ခွင်ထဲမှာထွေးပွေ့လိုက်တယ်။

          အဲဒီအချိန်ကစပြီးကမ္ဘာကြီးဟာပြောင်းလဲသွားတယ်။ကမ္ဘာပေါ်ကလူတွေဟာအမြဲတန်းပျော်ရွှင်နေပြီး၊အပူပင်မရှိနေခဲ့ကြတာတွေကိုဆုံးရှုံးသွားကြတယ်။ယခုအခါမှာ  သူတို့ဟာမကောင်းတဲ့ခံစားမှုတွေခံစားကြတတယ်။အဲဒါကလည်းပင်ဒိုးရားရဲ့ရွှေသေတ္တာရုပ်ဆိုးတဲ့သတ္တဝါတွေကြောင့်ဖြစ်တယ်။ဒါပေမယ့်တစ်ဖက်ကလည်းမျှော်လင့်ချက်ဆိုတဲ့သတ္တဝါလေးကလူတွေကိုမကောင်းတဲ့ဒုက္ခတွေ၊အန္တရယ်တွေကလွတ်ကင်းအောင်ကူညီလျက်ရှိတယ်။အဲဒီမျှော်လင့်ချက်ဆိုတဲ့သတ္တဝါကလည်းပင်ဒိုးရားရဲ့ရွှေသေတ္တထဲကထွက်လာတာပဲဖြစ်ပါတယ်။

          ပုံပြင်လေးကတော့ဒါပါပဲ။

          ဒီပုံပြင်ထဲမှာပရိုမိသိရပ်ဆိုတဲ့နာမည်ပါတယ်။သူကပင်ဒိုးရားရဲ့ယောက်ျားအက်ပီမိသိရပ်ရဲ့အစ်ကိုဖြစ်တယ်။ပရိုမိသိရပ်ဟာအိုလမ်းပတ်တောင်ကနတ်မင်းကြီးတွေထက်တန်ခိုးရှိတဲ့နတ်ဘီလူးဖြစ်တယ်။အဲဒီနတ်သားပရိုမိသိရပ်ဟာလူတွေနဲ့မိတ်ဆွေဖြစ်တယ်။သူဟာနတ်မင်းကြီးဇီးယုဆီကမီးကိုခိုးပြီးလူတွေကိုပေးလို့နတ်မင်းကြီးဇီးယုကသူ့ကိုအရမ်းစိတ်ဆိုးတယ်။ဒါကြောင့်စောစောကပုံပြင်ထဲမှာဇီးယုကပင်ဒိုးရားသေတ္တာကိုကမ္ဘာကိုပို့လိုက်တာဟာလူတွေကိုပရိုမိသိရပ်ဆီကမီးကိုလက်ခံလို့ဒဏ်ခပ်တာဖြစ်တယ်လို့ဆိုတယ်။

                                                                             တက္ကသိုလ်ရွှေရီဝင်း

ကျော်ဟုန်း - မီးငြိမ်းရေ

$
0
0

ကျော်ဟုန်း - မီးငြိမ်းရေ
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၅

နှလုံးသားကလာတဲ့
ထုံစည် ရွှန်းဝေနှုတ်ထွက်မေတ္တာ
သွေးစွန်း ဓါး တောင်
ဓါးအိမ်ထဲပြန်ဝင်စေခဲ့တယ်။

အဲ့ဒါ...
တန်ခိုးမဟုတ်ဘူး
တန်ဖိုး။

ပါရမီဆိုတာ
အကျင့်ကပြုလုပ်တယ်။

ဓါးမိုးထားတဲ့သြဇာထက်
ပန်းသီထားတဲ့သြဇာ
ဘယ်အရာပိုမြတ်သလဲ။

မေတ္တာဓာတ်ဟာ
ဒဏ္ဍာရီ ဆန်လွန်းတော့
ပုံရိပ်အသွင်နဲပျော့ပျောင်းပြရမြဲ။

မီးနဲ့ရေအတွေ့မှာ
ရေငွေ့ပျံသွားတဲ့မေတ္တာ
တိမ်စိုင်မှာတည်နေမယ်။

အချိန်ကျရင်
မိုးအဖြစ်ရွာချမှာပဲ
၁၁မီးငြိမ်းစေ။

ကျော်ဟုန်း
ဒီဇင်ဘာ ၁၂၊ ၂၀၁၅

ရန်လိုကျွဲ - ဒုက္ခသီရိ ဒိုင်ယာလော့

$
0
0
ရန်လိုကျွဲ - ဒုက္ခသီရိ ဒိုင်ယာလော့
 ဒီဇင်ဘာ ၁၄၊ ၂ဝ၁၅

(ရန်လိုကျွဲ၏ အမှာစာ - ဒီသရော်စာကို ယခုတပတ်ထုတ် မန္တလေးအခြေစိုက် Friday Times ဂျာနယ်မှာလည်း ဖတ်ရှုနိုင်ပါတယ်။ ဒီသရော်စာ စပြီး ရေးတော့ ခေါင်းထဲမှာ ဆင်ဖြူတော်ပဲ ရှိပါတယ်။ ကျန်တာတွေကတော့ စာရေးနေချိန် စိတ်ကူးပေါ်လာတာတွေ ချရေးလိုက်တာပါပဲ။ ကွန်ပြူတာသုံးပြီး စာရေးစ ကတည်းက အကျင့်ပါနေတာကတော့ စာရေးနေချိန် တခြား အင်တာနက်စာမျက်နှာတွေ လျှောက်ဖတ်ခြင်းပါ။ အဲဒီလို လုပ်တဲ့အတွက် အားနည်းချက်အဖြစ် .. ရေးလက်စ အဆုံးမသတ်ဖြစ်တော့တာမျိုး ကြုံရတာ မကြာခဏပါ။ အားသာချက်ကတော့ ရေးလက်စ စာမူအတွက် အထောက်အကူပြုတဲ့အချက်တွေ မတော်တဆ တွေ့တတ်ခြင်းပါ။ ဒီစာမှာ ဖတ်ရမယ့် ဘီယာဆိုင်လုပ်ငန်းရှင်တွေအတွက် နိုင်ငံတော်က အဆင်ပြေအောင် လုပ်ပေးထားတဲ့ အပိုင်းကိုတော့ အယ်ဒီတာ့အာဘော်တပုဒ် ကြားဖြတ်ဖတ်ရင်း တွေ့တာနဲ့ ကောက်ထည့်ဖြစ်ပါတယ်။ သရော်စာရေးတဲ့အခါ  ထုံးစံအတိုင်း ခက်ခဲတာက နိဂုံးပိုင်း ဖြစ်ပါတယ်။ ဘယ်လို နိဂုံးချုပ်ရင် ကောင်းမလဲ ဆိုတာ ထိုင်လိုက် ထလိုက် သုံးခါလောက် လုပ်ပြီးချိန်မှာ စိတ်ကူးရတဲ့အတိုင်း ရေးလိုက်ပါတယ်။ အဲဒါကလည်း မကြာသေးခင်က ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်ကို စဉ်းစားမိပြီး ရလာတဲ့ စိတ်ကူး ဖြစ်ပါတယ်။ ဤတွင် အမှာစာ ပြီး၏)

ဒုက္ခသီရိနေပြည်တော်တွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတို့ ပေါ်ပေါက်လျက်ရှိသည်။
ရွေးကောက်ပွဲအနိုင်ရ ပေါ်ပြူလာပါတီ၏ ခေါင်းဆောင်ဖြစ်သူက တွေဆုံလိုသည်၊ ဆွေးနွေးလိုသည်ဟု ကမ်းလှမ်းရာ အာဏာစက်ပိုင်ရှင်တို့က အလွယ်တကူပင် သဘောတူကြ၊ လက်ခံတွေ့ကြလေသည်။

ယခင်က ထိုသို့ ကမ်းလှမ်းလျှင် မကြားချင်ယောင်ခြင်း၊ အချိန်ဆွဲခြင်းတို့သာ ပေါ်ပေါက်လာလေ့ရှိ၏။ ယခုမူကား ထိုနည်းလမ်းဟောင်းများ မသုံးဘဲ ပြေးတွေ့သည့်နည်းကို သုံးသဖြင့် စောင့်ကြည့်အကဲခတ်သူအပေါင်း မျက်စေ့လည်ကုန်၏။
မျက်စေ့ထပ်လည်စရာ နောက်ဆုံးပေါ်ဖြစ်ရပ်တစ်ခု ရှိနေသည်။
ယင်းမှာ ပေါ်ပြူလာပါတီ ခေါင်းဆောင်ဖြစ်သူကို စကားပြောဆို ညှိနှိုင်းသည့် ထိပ်သီးများထဲတွင်  ဝါရင့်ချိုကုပ်ဒူးကြီး ပါဝင်လာသောကြောင့်တည်း။

စာနယ်ဇင်းတို့က ဒုက္ခသီရိနွေဦးသည် ကျက်သရေအပေါင်း ခညောင်းသည့် တွေ့ဆုံပွဲတို့ဖြင့် အစပြုလေပြီဟု   ရေးသား ထုတ်လွှင့်ကြလေသည်။

ဝါရင့်ချိုကုပ်ဒူးကြီး၏ နန်းတော်သို့ ရွေးကောက်ပွဲအနိုင်ရ ပေါ်ပြူလာပါတီ၏ ခေါင်းဆောင် ရောက်သွားသည်၊ တွေ့သည်၊ ဆုံသည်၊ ဆွေးနွေးသည် ဆိုသော ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်ရပ်မှာ ဇာတ်ဆရာ ဝါရင့်ချိုကုပ်ဒူးကြီး ကြိုတင်စီစဉ်ထားသည့် ကကွက်တစ်ခုသာဖြစ်သည်ဟု အကဲခတ်တချို့က ဆို၏။
တချို့ကလည်း ... နောင်လာနောက်သားတို့၏ အနာဂတ်အတွက် တွေ့ရခြင်းဖြစ်သည်ဟု ကောက်ချက်ချ၏။

အသံချဲ့စက် ဆင်မထားသော၊ မှတ်တမ်းတင်သူ မပါသော နန်းတော်အတွင်း တွေ့ဆုံခြင်းက တရင်းတနှီးရှိလှသည်။

ဝါရင့်ချိုကုပ်ဒူးကြီး။     ။ ငါ့တူမကြီးတို့ပါတီက ရွေးကောက်ပွဲမှာ ကမ္ဘာပြို မိုးပြို နိုင်သွားတဲ့အတွက် ဂုဏ်ယူဝမ်းသာပါတယ်။

ပေါ်ပြူလာပါတီခေါင်းဆောင်။      ။ ဟုတ်ကဲ့ရှင့်၊ ကျေးဇူးတင်ပါတယ်ရှင့်။

ဒူးကြီး။     ။ အခုလို ခေါ်ယူ ဆွေးနွေးရခြင်း အကြောင်းရင်းကတော့ အစိုးရဖွဲ့တော့မယ့် တူမကြီးတို့ပါတီကို အကူအညီပေးချင်လို့ပါ။ အထူးသဖြင့်  အုပ်ချုပ်ရေးနည်းနာတွေနဲ့ ပတ်သက်ပြီး အဘ ကူညီနိုင်တာပေါ့ကွယ်။

ခေါင်းဆောင်။     ။ ဟုတ်ကဲ့ပါရှင့်။ အဘတို့ရဲ့ အတွေ့အကြုံတွေက အများကြီး တန်ဘိုးရှိမှာပါ။ ဒုက္ခသီရိလည်း အဘတို့ကြောင့်  အပြောင်းအလဲတွေ အများကြီး ကြုံခဲ့ရတယ်မဟုတ်လား။

စကားဝိုင်းက တဖြည်းဖြည်း စိုပြေလာသည်။ ပေါ်ပြူလာပါတီကို ယခင်က အပြင်းအထန် နှိပ်ကွပ်ထားရခြင်းမှာ အကြောင်းရှိသည်ဟု ဝါရင့်ချိုကုပ်ဒူးကြီးက ရှင်းပြသည်။

ဒူးကြီး။     ။ ဆင်းရဲခြင်းဒဏ်ကို ခံနိုင်ရည်ရှိဖို့ဆိုတာ မလွယ်ဘူး။ အဘတို့က တူမကြီးတို့ပါတီနဲ့ဆက်စပ် ပတ်သက်သမျှကို နှစ်ပေါင်း ၂ဝ ကျော် အကြီးအကျယ် ဖြုတ်ထုတ်ရှင်းခဲ့တာ အခု ဆိုရင် ပါတီက အင်မတန်ကို ခံနိုင်ရည်ရှိလာတာ တွေ့ရတယ်။
ဒါဟာ တူမကြီးတို့ပါတီ နိုင်ငံနဲ့ ပြည်သူ့အကျိုး ဆောင်ရွက်တဲ့နေရာမှာ အများကြီး အထောက်အကူဖြစ်တာပေါ့ကွယ်။ အခက်အခဲတွေကြောင့်ပဲ တူမကြီးတို့ပါတီက အင်အားကောင်းလာတာပဲ။ ပါတီက အခုလို အားကောင်းမောင်းသန်ဖြစ်နေတဲ့အတွက် နိုင်ငံကို ဦးဆောင်ရာမှာ အဆင်ပြေတာပေါ့၊ မဟုတ်ဘူးလား။

ခေါင်းဆောင်။     ။ ဟုတ်ပါတယ်၊ ပါတီက တစ်ချိန်လုံး အထုအထောင်း ခံခဲ့ရလို့ တချို့ကတောင် နာမည်ပြောင် ပေးထားကြသေးတယ်၊ ငရုပ်ဆုံပါတီ တဲ့။

ဒူးကြီး။     ။ ကောင်းတာပေါ့။ ပြည်သူက ပေးတဲ့ နာမည် ဆိုတော့ ဂုဏ်ယူရမှာပေါ့။ ပြည်သူကိုတော့ အလေးထားရမယ်ကွဲ့ ငါ့တူမရဲ့။ အဘတို့ခေတ်တုန်းကဆိုရင် ပြည်သူကို ဘယ်လောက် အလေးထားတယ် ဆိုတာ ငါ့တူမကြီး အသိပဲ။

ခေါင်းဆောင်။     ။ ဟုတ်ကဲ့ရှင်... သိပါတယ်။

ဒူးကြီး။     ။  တူမကြီး သိတယ်ဆိုပေမယ့် အကုန်သိမှာ မဟုတ်သေးဘူး။ လေ့လာပေါ့ကွယ်။ အုပ်ချုပ်ရေးပညာဆိုတာ လေ့လာရတာ ဘယ်တော့မှ ဆုံးခန်းတိုင်တယ်ရယ်လို့ကို မရှိဘူး။ ပြည်သူအကြောင်း ဆက်ပြောရရင် ...
အဘတို့က ပြည်သူတွေကို အေးရာအေးကြောင်း နေထိုင်နိုင်အောင်လို့ သင်တန်းကျောင်းတွေ ဘာတွေကိုဆိုရင် သိပ်အားမပေးဘူး။ ဘီယာဆိုင်တွေ၊ လောင်းကစားရုံတွေကိုပဲ အားပေးတယ်။

ခေါင်းဆောင်။     ။ ရှင်.... ဒါကတော့ ကျွန်မ လိုက်မမီတော့ဘူး။

ဝါရင့်ချိုကုပ်ဒူးကြီးက အသက်မွေးဝမ်းကြောင်းပညာသင်တန်းများကို ဥပမာ ပေးသည်။ ထိုသင်တန်းများ ဖွင့်လှစ် လုပ်ကိုင်သူတို့ကို ထောက်ခံစာမျိုးစုံ ပြသခိုင်းခြင်းမျိုးကဲ့သို့သော စနစ်ဖြင့် ခက်ခဲအောင် လုပ်ထားသည်ဟု ဆိုသည်။
သင်တန်းများသည် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်သည်၊  ပြည်သူတို့ လွတ်လွတ်လပ်လပ် အေးရာအေးကြောင်း နေထိုင်နိုင်ရေးအတွက် သင်တန်းများ မရှိသင့်၊
စာသင်ကျောင်းများက ပညာကုန် သင်ပေးပြီးဖြစ်သည်၊ ထို့ကြောင့် သင်တန်းများ ဖွင့်ရ ခက်ခဲစေရန် အဟန့်အတားများ ထားရှိခြင်းဖြစ်သည်ဟု ရှင်းပြသည်။

ခေါင်းဆောင်။     ။ အဘတို့ရဲ့ စေတနာကတော့ လေးစားစရာပဲ။ သင်တန်းကျောင်းကို ထောက်ခံစာကိစ္စနဲ့ ပညာပေးထားတာတော့ ဟုတ်ပါပြီ။ လောင်းကစားဆိုင်တွေ၊
ဘီယာဆိုင်တွေ ပိုများအောင်၊ နေရာတကာမှာ ရှိပြီး သွားရ လွယ်အောင်လုပ်ထားတာက ဘာသဘောလဲ။

ဒူးကြီး။     ။  လောင်းကစားဆိုင်ဆိုတာက မလိုသူတွေက နာမည်ဖျက်တာပါ။ အဲဒါတွေက ဂိမ်းဆိုင်တွေပါ။ ဂိမ်းဆော့တာ ကောင်းတယ်။ ဥာဏ်ပွင့်လင်းတယ်။ ဖြတ်ထိုးဥာဏ်ရှိအောင် လူတိုင်း ဂိမ်းဆော့သင့်တယ်။ ဒါကြောင့် ဂိမ်းဆိုင်တွေ ပေါပေါများများ ရှိအောင် စီစဉ်ထားပေးတာပေါ့ကွဲ့။
ဘီယာဆိုင်တွေလည်း ဒီလိုပါပဲ... အခုဆိုရင် လူလတ်ပိုင်းတွေ၊  လူငယ်တွေ သူတို့ရဲ့ အားလပ်ချိန်တွေကို ဘီယာဆိုင်တွေမှာ ကောင်းကောင်း အသုံးချနေတာ တွေ့လိမ့်မယ်။
ဘီယာဆိုင်မှာ တိုင်ပင်မယ်၊ ဆွေးနွေးမယ်၊ အပမ်းဖြေမယ်၊ ဘောလုံးပွဲကြည့်မယ်၊ ဘယ်လောက်ကောင်းသလဲ။ အခုလို သူတို့တွေ သာသာယာယာ ဖြစ်နေရခြင်းက ဘီယာဆိုင် နေရာတကာ ရှိနေလို့ပဲ။ ဒီလိုရှိနေတာကလည်း   ဘီယာဆိုင်ဖြစ်မြောက်ရေးအတွက် အကန့်အသတ်တွေ  အကုန် ရိုက်ချိုးထားလို့ပဲ။ ဟဲဟဲ... အဘတို့ စေတနာတွေကတော့ အကုန်လုံး အကောင်းတွေချည်းပဲ။

ခေါင်းဆောင်။     ။ ဟုတ်ပါရဲ့ ... အဘတို့ခေတ်အကြောင်း ပြန်ပြောရရင် အကောင်း မကုန်တော့ဘူး။

ဒူးကြီး။     ။ ဟုတ်တယ်၊ အဘတို့ခေတ်မှာ အားလုံးသိတဲ့အတိုင်း ဆင်ဖြူတော်ပေါ်ပေါက်တာ ဆယ်စီးတိတိ ရှိတယ် ငါ့တူမကြီးရဲ့။ ဒါဟာ အဘတို့ ဘုန်းကံကြီးမားတဲ့အတွက်၊  မင်းကျင့်တရား ဆယ့်ငါးပါးနဲ့အညီ ကျင့်ကြံအုပ်ချုပ်တဲ့အတွက် ဆင်ဖြူတော် ပေါ်ပေါက်တာပဲကွဲ့။

ခေါင်းဆောင်။     ။ မင်းကျင့်တရားက ဆယ်ပါးပဲရှိတာ မဟုတ်လား။

ဒူးကြီး။     ။ ဒါက ရှေးတုန်းက ဘုရင်တွေအတွက်ပါ။ အခုခေတ်မှာ ငါးပါး ထပ်တိုးတယ်။
ဆိုက်ကားသမားတွေ သန်းကြွယ်သူဌေးဖြစ်အောင်၊ ဒေသတစ်ခုကို စင်္ကာပူနဲ့တူအောင်၊ လူတိုင်းလူတိုင်း အသုံးစရိတ် တစ်နေ့ နှစ်ထောင်နဲ့ လုံလောက်ကြအောင် စသဖြင့် စီစဉ် အုပ်ချုပ်နိုင်တာတွေကိုလည်း မင်းကျင့်တရားထဲ ထည့်သင့်တာပေါ့ တူမကြီးရဲ့။ ဒီအစဉ်အလာကို တူမကြီးတို့ပါတီအစိုးရဖွဲ့အုပ်ချုပ်တဲ့အခါ ဆက်ပြီး ထိန်းသိမ်းသင့်တယ်။
အဲ... စောစောက ဆင်ဖြူတော်အကြောင်း ဆက်ပြောရရင် တကယ်တော့ ဆင်ဖြူတော်တွေက တောထဲရှိတာ ကြာလှပေါ့။ အဘတို့ခေတ်ရောက်မှ သစ်တောတွေ ပြောင်တလင်းခါအောင် ခုတ်ပစ်တော့ ဒီဆင်တွေလည်း ပုန်းနေလို့ ဘယ်ရတော့မလဲ။ လူမြင်ကွင်း ထွက်လာရတာပေါ့။

ခေါင်းဆောင်။     ။ အင်း... ဒီဆင်တွေကို ကြိုးချည်မထားဘဲ သစ်ထုတ်လုပ်ရေးမှာ သုံးရင် နိုင်ငံအတွက် အကျိုး မဖြစ်ဘူးလား။

ဒူးကြီး။     ။ ငါ့တူမကလည်း အသက်ကြီးလာပြီလို့ မပြောရဘူး၊ အခု ပြော၊ အခု မေ့တော့တာပဲ၊ သစ်တောတွေ ပြောင်အောင် ရှင်းလိုက်ပါပြီ ဆိုမှတော့ သစ်ထုတ်လုပ်ရေး လုပ်စရာ မလိုတော့ဘူးလေကွယ်။

ခေါင်းဆောင်။     ။ အနောက်တိုင်းထုံးစံအရ ဆိုရင်တော့ ဆင်ဖြူတော်ရှိတာ အလကားပဲလို့ ဆိုတယ်။ ခိုင်းစားရလည်းခက်၊ ဒီအတိုင်းကျွေးထားရတာလည်း စားရိတ်ကြီးတာကြောင့် ဟုတ်မလိုလိုနဲ့ ဘာမှမဟုတ်တဲ့ဟာကြီးလို့ ဆိုကြတယ်။
ဒီတော့ ဆင်ဖြူတွေ အများကြီးရှိတဲ့ထဲက တစ်ကောင်လောက်ကို အိမ်နီးချင်းနိုင်ငံ လက်ဆောင်ပေးလိုက်ရင် မကောင်းဘူးလား။ သူတို့ကလည်း ခဏငှားပါလို့ ပြောဖူးတယ်လေ။ မငှားဘဲ အပိုင်ပေးလိုက်ရင် အဲဒီအကောင်အတွက် ကုန်ကျစားရိတ်တော့ သက်သာသွားမှာပေါ့။

ထိုသို့ လက်ဆောင်ပေးရေးကိစ္စကို ဝါရင့်ချိုကုပ်ဒူးကြီးက  သဘောမတူပေ။ ထိုအိမ်နီးချင်းနိုင်ငံကို ထာဝရမိတ်ဆွေအဖြစ် သဘောမထားနိုင်ကြောင်း၊ ထိုနိုင်ငံနှင့် ပတ်သက်ပြီး ပေါက်ကရ လျှောက်ရေးထားသည့် သမိုင်းစာအုပ်ကိုပင် ဖျက်သိမ်းခြင်း မပြုသေးဘဲ စာသင်ကျောင်းတွင် ဆက်လက် ပြဋ္ဌာန်းထားဆဲ ဖြစ်ကြောင်း ရှင်းပြသည်။ ၎င်းတို့ လုပ်ကိုင် ဆောင်ရွက်ခဲ့သမျှသည် နိုင်ငံနှင့် လူထုအတွက်ချည်းသာဖြစ်သည်ဟုလည်း သူက ဆက်ရှင်းပြသည်။

ဒူးကြီး။     ။ သေချာတာကတော့   သမိုင်းဆရာတွေက အဘတို့ကို ချီးကျူးကြလိမ့်မယ်။ ဒုက္ခသီရိပြည်သူလူထု အဆင်ပြေရေးအတွက် အဘတို့ ဘယ်လောက် စေတနာထား စီစဉ်၊ အုပ်ချုပ်ခဲ့သလဲ ဆိုတာ သူတို့ ချီးကျူးလိမ့်မယ်။

တကယ်တော့ ပေါ်ပြူလာပါတီခေါင်းဆောင်မှာ အဘတို့အကြောင်း နောကျေအောင် သိထားပြီးသားဖြစ်သည်။ စကားဝိုင်း အဆင်ပြေစေရန်အတွက် အလိုက်သင့် ပြောဆိုနေခြင်းသာဖြစ်သည်။
ဒုက္ခသီရိကို အဘတို့ နှစ်ပေါင်းများစွာ အုပ်ချုပ်စဉ်  အခွင့်အရေးမှန်သမျှ ဝိုင်းဝန်းလက်ကုန်နှိုက်၊ ဝေစား၊ မျှစား၊ သိမ်းကြုံးစားကြသဖြင့် အကြီးအကျယ် ချမ်းသာသွားကြပုံကို အများသူငါ သိရှိပြီး ဖြစ်သလို သူလည်း သိရှိပြီး ဖြစ်လေသည်။

ဝါရင့်ချိုကုပ်ဒူးကြီးမိသားစု၏ ကြွယ်ဝချမ်းသာမှုက အံ့မခန်းပင်။ ဒုက္ခသီရိနေပြည်တော်၏ အရပ် ၁၆ မျက်နှာတွင် လုပ်ငန်းကြီးမျိုးစုံ လုပ်ကိုင်သောကြောင့် ဝင်ငွေ ဒလဟော ရရှိနေသည့် မိသားစုဖြစ်၏။ ဝင်ငွေကောင်းသဖြင့် တန်ဘိုးကြီးစိန်ရွှေရတနာတို့ကို ဝယ်ယူဆင်မြန်း၏။  သမီးတော်တစ်ပါး၏ ဈေးအပေါဆုံး စိန်နားကပ်ကပင် ဒုက္ခသီရိ လူချမ်းသာအရပ်ရှိ ဇိမ်ခံအိမ်တစ်လုံး၏တန်ဘိုးနှင့် ညီမျှသည် ဟူ၏။ စိန်ထည်ပစ္စည်းများကို ခရစ်စမတ်သစ်ပင်ကဲ့သို့ ဝတ်ဆင်နိုင်ကြ၏။  ထိုအကြောင်းကို ပေါ်ပြူလာပါတီခေါင်းဆောင် သဘောပေါက်ပြီး ဖြစ်၏။

ပေါ်ပြူလာပါတီခေါင်းဆောင်နှင့် ဝါရင့်ချိုကုပ်ဒူးကြီးတို့   တွေ့ဆုံစကားပြောခြင်းမှာ  ထမင်းအိုး သုံးလုံးချက်ခန့် ကြာလာပြီ ဖြစ်သောကြောင့် အဆုံးသတ်တော့မည် ဖြစ်သည်။

ဒူးကြီး။     ။ ကဲ... စကားပြောရတာလည်း ကောင်းတယ်ကွယ်။ ထပ်ပြီး ပြောရရင် ငါ့တူမကြီးတို့ပါတီက ရွေးကောက်ပွဲမှာ ကမ္ဘာပြို မိုးပြို နိုင်သွားတဲ့အတွက် ဂုဏ်ယူဝမ်းသာပါတယ်။

ခေါင်းဆောင်။     ။ ဟုတ်ပါတယ်၊ စကားပြောဆိုရတာ အင်မတန် အကျိုးရှိလှပါတယ်။ ဒီစကားဝိုင်းက နိုင်ငံနဲ့ ပြည်သူတွေအတွက် အများကြီး အကျိုးဖြစ်မှာ သေချာပါတယ်။ ပိုပြီး အကျိုးဖြစ်ဖို့ဆိုရင် အဘ ကိုယ်တိုင် ကျွန်မတို့ပါတီဝင်လိုက်ရင် ကောင်းမယ်လို့ ထင်ပါတယ်။

ဒူးကြီး။     ။ အေးအေးဆေးဆေး စာဖတ်ပါရစေကွယ်။ ပါတီဝင်လိုက်မှ ငါ ဒုက္ခများနေလိမ့်မယ်။

ခေါင်းဆောင်။     ။ ရှင်.. ဘာကြောင့်၊ ဘယ်လို ဒုက္ခများမှာလဲ။ အခု ကျွန်မတို့ပါတီမှာ အမှိုက်ကောက်ခိုင်းတာကို ပြောတာလား။

ဒူးကြီး။     ။ လမ်းလျှောက်၊ အမှိုက်ကောက်တာက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ် ငါ့တူမကြီးရယ်၊ ငါရတဲ့ ဝင်ငွေထဲက ၂၅ ရာခိုင်နှုန်း ပါတီကို လှူရမယ် ဆိုရင်တော့ ... အဲဒါကတော့ ကျန်းမာရေးနဲ့ ညီညွတ်မှာ မဟုတ်ဘူးကွ၊ ဟားဟားဟားဟား။


ခေါင်းဆောင်။     ။ ဟီးဟီးဟီးဟီး။     ။

ကာတွန်း မောင်ဥက္ကလာ - အဘ နဲ့ အမေ

$
0
0

ကာတွန်း မောင်ဥက္ကလာ - အဘ နဲ့ အမေ
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၅

ငြိမ်းချမ်းအေး - ဇာတ်ကားတွေမရိုက်ကြပါနဲ့

$
0
0
ငြိမ်းချမ်းအေး - ဇာတ်ကားတွေမရိုက်ကြပါနဲ့
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၅
 
မဆလ၊ နဝတ၊ နအဖ မျိုးဆက် ကျုပ်တို့အားလုံး အမှိုက်ကောက်၊ အမှိုက်ရှင်း၊ မြောင်းဖော်၊ မြက်နှုတ်၊ သစ်ပင်စိုက်၊ ရေ လောင်း၊ မီးကင်းစောင့်၊ မီးကင်းကြေးပေး မလုပ်ဖူးတဲ့သူ ဘယ်သူမှ မရှိဘူး။   ကျုပ်တို့ အားလုံး ဖက်ထိပ်စာလေးတွေချည်းပါ။  အဲဒီလိုလုပ်ခဲ့ရတဲ့နိုင်ငံ လူမွေးလူရောင် မပြောင်ခဲ့ဘူး။

အခု ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်မှုနဲ့ တနိုင်ငံလုံး အနှံ့ ထောက်ခံသူများ လုပ်ကိုင်နေကြတဲ့ အမှိုက်ကင်းစင်မြန်ပြည်တခွင် လှုံ့ဆော်မှုတွေ၊ အလုပ်တွေနဲ့ပတ်သတ်ပြီး သိပ်ပြီးတော့ Emotional Blackmail မလုပ်ချင်ကြပါနဲ့၊ Dramatized မလုပ်ကြ ပါနဲ့။  အမေ့မိတ်ဆွေရဲ့ မြေးကလေးငယ်ပြောသလိုပြောရရင် ဇာတ်ကားတွေ သိပ်မရိုက်ကြပါနဲ့။

လူထု စည်းကမ်းမရှိလို့၊ အသုံးမကျလို့ ဒီစနစ်ဆိုး တည်မြဲနေခြင်းမဟုတ်ပါ။  အမှိုက်မပစ်၊ ကွမ်းသွေးမထွေး၊ ဆေးလိပ် တွေ့ ကရာနေရာ မဖွာ၊ အရက်ဆိုင် နေ့တိုင်းအချိန်မဖြုန်းဆိုတာက လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု၊ အသိအမြင်ပညာ ရေချိန်နဲ့ ဆိုင်တယ်။  ဒီရေချိန်မှတ်ကလည်း နောက်ခံ နိုင်ငံရေးစနစ်၊ တိုင်းပြည်စနစ်၊ အစိုးရစနစ်က ဒေါက်တိုင်အနေဲ့ အဓိက ကျား ကန်တယ်။

ကွမ်းသွေးတဗြစ်ဗြစ်ထွေး ဘောလုံးကွင်းမှာပဲ မကျေနပ်မှုကို အော်ဆဲ ဖော်ထုတ်ခွင့်ရခဲ့တဲ့လူထုဟာ လူ့သား အရည်အသွေး၊ ဂုဏ်ရည် မြှင့်တင်ပေးစွမ်းတဲ့ ဒီမိုကရေစီစနစ်နဲ့ ထိုက်တန်ပြီး ဖြစ်တယ်။

ဒီလိုတွေ ပြောလို့ သီအိုရီတွေနဲ့ လူအထင်ကြီးခံ ချေပလိုသူများလည်း ရှိမှာပါ။  လူမှုသိပ္ပံရေးရာ စကားလုံးကြီးတွေ ချပြ လူပြိန်း လက်ခုပ်သံချူလို့ ရပါတယ်။  ကျိုးနေတဲ့ ပြတင်းပေါက်တွေကို ပြင်ခိုင်းခဲ့တယ်။  နည်းခြင်းနိယာမတွေကို ချပြဖူးခဲ့ပါ တယ်။

ဒါပေမယ့် စုတ်ပြတ်နုံခြာ ချွတ်ခြုံကျနေတဲ့ လူ့ဘဝတွေဖြစ်အောင် လုပ်ထားခြင်းခံရတဲ့ စနစ်အဖွဲ့အစည်း လူ့အဝန်းအဝိုင်းမှာ တကိုယ်ရေ စာရိတ္တ ဆောက်တည်ခြင်း၊ ပြစ်တင်ခြင်း၊ ထောက်ပြခြင်းတွေဟာ အမှန်တကယ် လက်တွေ့ အလုပ်မဖြစ်၊ ရည် မှန်ချက်ပန်းတိုင် လောကသစ်ကို မတည်ဆောက်နိုင်ပါ။  လူတိုင်း လူ့ဂုဏ်သိက္ခာနဲ့အညီနေနိုင်တဲ့ ကျန်းမာ၊ သန့်ရှင်း၊ သဟ ဇာတ ညီညွတ်မျှတတဲ့ လူ့ဘောင်ဖြစ်အောင် ရင်းခံ နိုင်ငံစနစ်ကို ပြင်ဖို့ကသာ အဓိက ဖြစ်တယ်။  ဒီလို စနစ်ကောင်းမှာမှ လူထုဟာ ကိုယ့်တာဝန် ကိုယ်သိ၊ ကိုယ့်အခွင့်အရေးကို ကိုယ်နားလည်၊ သူများ အခွင့်အရေး၊ ဂုဏ်သိက္ခာနဲ့ ဖြစ်တည်မှု ကို လေးစားတဲ့ “စနစ်သားကောင်” မဟုတ်တဲ့ “နိုင်ငံ့သားကောင်းတွေ” ဖြစ်နိုင်တယ်။

အရင်ဆိုခဲ့ဖူးသလိုပါပဲ။  ဒီတိုင်းပြည် ကျော်သူ အယောက်တထောင်မရှိလို့ ဓားမနောက်ပိတ်ခွေး ဖြစ်နေခြင်းမဟုတ်ပါ။  နိုင်ငံ ရေးစနစ်ကောင်းမရှိလို့သာ ခွေးတိုးဝက်ဝင် ဘဝတွေကို ခံစားရင်း ပရမ်းပတာ အမှိုက်ပုံနိုင်ငံမှာ နေနေရခြင်းဖြစ်ပါတယ်။

အောင်ဆန်းစုကြည် အောင်ဆန်းစုကြည် အဓိကလုပ်ရမယ့် အလုပ်ကို လုပ်ဖို့ကိုသာ ဝန်းရံ အားပြု အသံတွေ ထွက်ကြပါ။  ဒါဟာ အကောင်းဆုံး အမေသံညံခြင်းပါ။

မျက်ရည်ချူ၊ ဇာတ်နာ အောင်လုပ်၊ ဇာတ်ရှိန်ကို ဇွတ်အတင်း အဓမ္မမြှင့် ကိုးရီးယားဇာတ်လမ်းတွဲ ရိုက်နေကြတာ ပျို့ချင် အန်ချင် ဖြစ်မိပါကြောင်း။

ငြိမ်းချမ်းအေး
၁၄ ဒီဇင်ဘာ၊ ၂၀၁၅
(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် - nyeinchan81@gmail.com)

လင်းသက်ငြိမ် - ကျောင်းသားတွေနိုင်တယ်

$
0
0
 လင်းသက်ငြိမ် - ကျောင်းသားတွေနိုင်တယ်
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၅

ဒဏ်ရာဒဏ်ချက်တွေနဲ့
ကျောင်းသားတွေနိုင်တယ်
ချွေးတွေသွေးတွေနဲ့
ကျောင်းသားတွေနိုင်တယ်
မျက်ရည်စက်တွေ အဖုအပိမ့်တွေနဲ့
ကျောင်းသားတွေနိုင်တယ်
သံတိုင်တွေကြားထဲက
ပုဒ်မတွေကြားထဲက
ကျောင်းသားတွေနိုင်တယ်
ကျောင်းသားတွေနိုင်တယ်
သေလုနီးပါးအာဇာနည်တစ်ယောက်လို
အလံကို မလှဲအောင်ထိန်းရင်း
အဆက်မပြတ်အော်ဟစ်နေကြတယ်
ကျောင်းသားတွေနိုင်တယ်
ကျောင်းသားတွေနိုင်တယ်
ရင်ထဲကတစစ်စစ်နာကျင်ရင်း ကြွေးကြော်တယ်
မျက်ရည်ပေါက်တွေကျရင်း ကြွေးကြော်တယ်
နှုတ်ခမ်းတွေပြတ်ထွက်မတတ် အံတွေကြိတ်ရင်း
ကြွေးကြော်တယ်
ကျောင်းသားတွေနိုင်တယ်
ကျောင်းသားတွေနိုင်တယ်
ကျောင်း သား တွေ နိုင် တယ် ။

လင်းသက်ငြိမ်

ရန်နောင် (ဗိုလ်တထောင်) - KBZ Stirling Coleman Securities မှ ရန်ကုန်စတော့အိတ်ချိန်းတွင် လုပ်ငန်းများစတင်ရန် မိတ် ဆက်ပွဲကျင်းပ

$
0
0

ရန်နောင် (ဗိုလ်တထောင်) - KBZ Stirling Coleman Securities မှ ရန်ကုန်စတော့အိတ်ချိန်းတွင် လုပ်ငန်းများစတင်ရန် မိတ် ဆက်ပွဲကျင်းပ
(မိုးမခ) ဒီဇင်ဘာလ ၁၆၊ ၂၀၁၅
 
မြန်မာနိုင်ငံ၌ ပထမဆုံးဖွင့်လှစ်လိုက်သည့် ရန်ကုန်စတော့အိတ်ချိန်းတွင် မြန်မာနိုင်ငံမှ ကမ္ဘောဇကုမ္ပဏီများအုပ်စုနှင့် စင်္ကာ ပူနိုင်ငံ Stirling Coleman Securities Co.ltd.; တို့ အကျိုးတူပူးပေါင်းထားသည့် KBZ Striling Coleman Securities Co;LTD. (KBZ SC Securities) ၏လုပ်ငန်းစဉ်များမိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက်  KBZ SC Securities မှ အုပ်ချုပ်မှုဒါရိုက်တာ Mr. Rudolf Rolles နှင့် ဌာနတာဝန်ခံများ ဖြစ်ကြသော Mr. Yap Yeong Keen, Mr. Ang Lian Kiat နှင့် ဒါရိုက်တာ ဦးဇော်လင်းအောင်တို့မှ လုပ်ငန်းစဉ်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့သည်။

ထို့နောက် တက်ရောက်လာသော စီးပွားရေးလုပ်ငနှ်းရင်များ၊ စတော့ရှယ်ယာတွင် ရင်းနှီးမြှပ်နှံလိုသူများက မေးမြန်းသည် များကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ကနဦးအနေဖြင့် မြန်မာ Listing Company (၆) ခုမှ ငွေချေးသက်သေခံလက်မှတ်များကို ရန်ကုန်စတော့အိတ်ချိန်းတွင် ရောင်းချရန်စီစဉ်လျက်ရှိပြီး ယင်းတို့ ကို တာဝန်ခံရောင်းချရန် Underwriter  Company (၁၀) ခုကို ပဏာမအဖြစ် ရွေးချယ်ထားပြီး  ဖြစ်သည်။ ယင်း Company (၁၀) ခုတွင် KBZ Securities  တခုတည်းသာ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိထားပြီး ကျန်ရှိသော Company များမှာလည်း လိုင်စင်ရရှိရေးအတွက် လိုအပ်ချက်များကို ဆက်လက် ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပါသည်။

အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က ပြောကြားရာတွင် `ကမ္ဘောဇကုမ္ပဏီများအုပ်စုအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးတွင် အဓိကကျသော ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအရေးထား ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ပုဂ္ဂလိကဘဏ်လုပ်ငန်းနှင့် ပုဂ္ဂလိကအာမခံလုပ်ငန်းတို့တွင် ဈေးကွက်ဝေစု အများဆုံးဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအရေးပါသော ငွေကြေးအရင်းအနှီးဈေးကွက်လုပ်ငန်းဆိုင်ရာဖြစ်သည့် ရန်ကုန်စတော့အိတ်ချိန်း၏ ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရေးတွင်လည်း ပါဝင်ဆောင်ရွက်နိုင်ရန် အင် တိုက်အားတိုက် ပြင်ဆင်ဆောင်ရွက်ခဲ့ရာ မြန်မာ့စတော့ရှယ်ယာ ဈေးကွက်သမိုင်းတွင် ငွေချေးသက်သေခံလက် မှတ် များ ကို တာဝန်ခံရောင်းချပေးမည့် ပထမဆုံးသော Underwriter Company အဖြစ် တရားဝင်လိုင်စင်ရရှိခဲ့ကြောင်း၊ ရန်ကုန် စတော့အိတ်ချိန်း Listing Company များ၏ အရင်းအနှီးတိုးမြှင့်ရေး ပြည်သူပြည်သားများမှ ရှယ်ယာများ ဝယ်ယူပြီး စီးပွားရေးမြှပ်နှံမှုများပြုလုပ်ရေး စသည်တို့အတွက် တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

KBZ Securities ၏ လုပ်ငန်းများကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Square (ယခင် နိုင်ငံတော် ခြောက်ထပ်ရုံး) တွင် ရုံးခန်းဖွင့်လှစ်၍ လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်းလည်း ထပ်မံသိရှိခဲ့ရသည်။

မောင်မိုးသူ - မျှော် မျှော်သူ မောပြီနှင့် ဘကြီးမိုး

$
0
0

မောင်မိုးသူ - မျှော် မျှော်သူ မောပြီနှင့် ဘကြီးမိုး
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၅

ကုမုဒြာသတင်းဂျာနယ်ပါ မောင်မိုးသူ ဆောင်းပါးဖြစ်ပါသည်။
 
ခုရက်ပိုင်းမှာ  ဘကြီးမိုးတယောက် မျှော် မျှော်သူ မောပြီ ဖြစ်နေရပါတယ်။ ဟုတ်တယ်လေ၊ မျှော်ရတာ မောတာကိုး။

၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ ဘကြီးမိုးတို့ တတိုင်းတပြည်လုံးဟာ အဲသည်ရွေး ကောက်ပွဲကို ရင်ဆိုင်ကြဖို့ ပြင်ဆင်ရပါတယ်။ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေ ၆၀၀၀ ကျော်၊ ပါတီတွေက ၉၁ ပါတီဆိုလား။ ဒါပေမဲ့ ဒါပေမဲ့ပေါ့လေ အဓိကယှဉ်ပြိုင်ကြရမှာက လက်ရှိအာဏာရပြည်ခိုင်ဖြိုးပါတီနဲ့ အင်န်အယ်လ်ဒီတဲ့။

ပြည်သူလူထုကတော့ နှစ်ပေါင်း ၅၀ကျော် အဖိနှိပ်ခံ၊အနှိပ်စက်ခံဘဝနဲ့ နေခဲ့ရလေတော့ သူတို့အပေါ်မှာ အမျိုးမျိုးဖိနှိပ်နှိပ် စက်တဲ့ အစိုးရရဲ့ ပါတီကိုမုန်းလှပြီ။ တဖက်က အင်န်အယ်လ်ဒီကလည်း `ပြောင်းလဲချိန်တန်ပြီ ´ ဆိုတဲ့ ကြွေးကြော်သံနဲ့ လှုံ့ဆော်နေတာလေ။ သည်တော့ ပြောင်းလဲချင်တဲ့စိတ်တွေက တအား တအား ထက်သန်နေကြလေတော့ `ပြောင်းလဲ ချိန်တန်ပြီ´ ဆိုတဲ့ အင်န်အယ်လ်ဒီကို တခဲနက်အားပေးလိုက်ကြတာပေါ့။ လှတောသား စကားလုံးကိုငှားပြောရရင် မဲပုံးထဲ ကို လက်သန်းကို မင်ဆွတ်ခံရုံမကဘူး၊ မဲပုံးထဲ ဒိုင်ဗင်ထိုးဝင်ပြီး မဲပေးလိုက်ကြတာပေါ့။

အဲသည် အားလုံးသော ပြည်သူလူထုမဲဆန္ဒရှင်များအထဲမှာ ဘကြီးမိုးလည်း တယောက်အပါအဝင်ပေါ့ ခင်ဗျ။ အဲသည်လို အဲသည်လို တခဲနက် တခဲနက် မဲဆန္ဒပေးလိုက်ကြတော့ အင်န်အယ်လ်ဒီဟာ တောင်ပြိုကမ်းပြို အနိုင်ရရှိသွားပါတော့တယ်။ အဲသည်လို အဲသည်လို အင်န်အယ်လ်ဒီက တောင်ပြို ကမ်းပြို အနိုင်ရသွားခါမှ ဘကြီးမိုးတယောက် မျှော် မျှော်သူ မောပြီ ကိန်းဆိုက်တော့တာပဲခင်ဗျ။

အနိုင်ရ အင်န်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူအနိုင်ရပြီဆိုတာနဲ့ ပထမဆုံးလုပ်ရပ်ကတော့ လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်း၊ သမ္မတကြီးဦးသိန်းစိန်၊ကာချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့လိုပါ ကြောင်း အကြောင်းကြားစာပေးပို့လိုက်တာပဲခင်ဗျ။ နိုဝင်ဘာလ ၈ ရက်နေ့မှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်ခင်ဗျ။ သမ္မတကြီးနဲ့ ကာချုပ်တို့က နိုဝင်ဘာလ သာကုန်တော့မယ် တုံဏှိဘာဝေ ဆိတ်ဆိတ်နေတယ်ခင်ဗျ။

အဲ သမ္မတနဲ့ ကာချုပ်တို့ကသာ မလှုပ်တာ ကြားထဲကလှုပ်လာတဲ့သူကတော့ ရှိတယ်ခင်ဗျ။ သူကတော့ ရှေးယခင်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့သတဲ့။ ဘကြီးမိုးလည်း  ဘယ်လိုနားလည်ရမှန်း မသိတော့ပါဘူး။ ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေဟာ တိုင်းပြည်အုပ်ချုပ်မှု အာဏာကိုစွန့်လိုက်ပြီး တရားဓမ္မအား ထုတ် နေတယ်လို့ ကြားဖူးတာခင်ဗျ။ ခု ဘယ်ကနေ ဘယ်လို မြေးကလေးက ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့ရသလဲလို့။ သတင်းဖြစ်ပေါ်လာခါစက ယုံတောင်မယုံနိုင်ဘူးခင်ဗျ။ နောက် ကာယကံရှင်များက မှန်ကန်ကြောင်း ထုတ်ပြန်ကြေညာတော့မှ အမှန်ပဲကိုးလို့ ယုံရပါတယ်။

မြေးလေးတွေ့ပြီးတာနဲ့ ကပျာကယာပဲခင်ဗျ။ သမ္မတကြီးဦးသိန်းစိန်နဲ့ ကာချုပ်ကြီးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က တရက်တည်းမှာ မနက်ပိုင်းမှာ သမ္မတကြီး၊ နေ့ခင်းပိုင်းမှာ ကာချုပ်ကြီးတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြတယ် ခင်ဗျ။ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံချိန်ဟာ ၄၅ မိနစ်ကြာဆိုပဲ။ သမ္မတကြီးက အာဏာလွှဲပြောင်းမှုကို အဆင်ပြေချောမောအောင် လုပ်ကြပါတယ်။ ကာချုပ်ကြီးကလည်း တပ်မတော်အနေနဲ့ အဆင်ပြေတဲ့စကားပဲ ပြောပါတယ်။ သည်တော့ ဘကြီးမိုးတို့ မျှော်ရပြန်ပြီပေါ့ခင်ဗျ။

သည်ကြားထဲ ဘောက်လုံးတလုံးက ဝင်လာတယ်ခင်ဗျ။ ဘောက်လုံးဆိုတာ အငြိမ့်လူရွှင်တော်သုံးစကားပါ။ လူရွှင်တော် တွေမှာ ခွင်ပြက်လုံးဆိုတာ ရှိတယ်ခင်ဗျ။ ခွင်ပြက်လုံးဆိုတာ လူရွှင်တော်များ တယောက်နဲ့ တယောက်ညှိပြီး ခွင်ချပြီး ပြက်လုံးထုတ်ကြတာမျိုး ဖြစ်ပါတယ်။ လူရွှင်တော်နှစ်ယောက်သို့မဟုတ် သုံးယောက်ညှိပြီး ခွင်ချပြီး ပြက်လုံးထုတ်ရတာမျိုး ဖြစ်ပါတယ်။ ဘောက်လုံးဆိုတာကတော့ ခွင်ထဲက ပြက်လုံးမဟုတ်ဘဲ တစုံတယောက်က ဖောက်ပြီး `ဘောက်လုံး´ နဲ့ ဝင်ပြက်တာကို ခေါ်တာခင်ဗျ။

ဘကြီးမိုးက မန္တလေးသားလည်းဖြစ်၊ ဇာတ်၊ အငြိမ့်လူရွှင်တော်တွေရဲ့ ပြက်လုံးတွေနဲ့ ကြီးလာသူဖြစ်လေတော့ ခွင်မဟုတ်ဘဲ ဘောက်လုံးနဲ့ ဝင်ပြက်တာကို သိတာပေါ့ခင်ဗျ။ အဲဒါကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကိုယ်တိုင် ထွက်လာတာ ပဲခင်ဗျ။ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံချိန်က ၄၅ မိနစ်၊ ကာချုပ်နဲ့တွေ့တာက တစ်နာရီ၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံချိန်က  နှစ်နာရီကျော်ကြာသတဲ့ခင်ဗျ။ ဘာရာထူး၊ ဘာတာဝန်မှမရှိတော့ပေမဲ့ `အာဏာမရှိတော့ပေမဲ့ ဩဇာတော့ရှိတယ်´ လို့ ပြောတဲ့သူကလည်း ပြောတယ်ခင်ဗျ။

မျက်စိလည်စရာကောင်းလှပါတယ်။

ဘကြီးမိုးတို့ကလည်း ဘုမသိဘမသိ ပြည်သူထဲက တယောက်ဆိုတော့ ဘယ်လိုလုပ်နားလည်နိုင်ပါ့မလဲခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုရွေးချယ်တဲ့ ခေါင်းဆောင်ဖြစ်ကြောင်း ပြောဆိုပဲ။

အဲသလို အဲသလို ဖြစ်နေချိန် ယခုအထိ အနိုင်ရ အင်န်အယ်လ်ဒီဟာ အာဏာမရသေးဘူး။ အာဏာအလွှဲမခံရသေးဘူးခင်ဗျ။

ဘကြီးမိုးတို့ဘဝကတော့ မျှော်  မျှော်သူမောပြီပေါ့ ခင်ဗျ။

မျှော် မျှော်သူမောပြီနှင့် ဘကြီးမိုးပါ။


သရုပ်ဖော်ကာတွန်း စောငို

ကာတွန်း ဘုန်းကျော် - နွားပျိုသန်တယ်ဆိုတာကွာ ...

$
0
0

ကာတွန်း ဘုန်းကျော် - နွားပျိုသန်တယ်ဆိုတာကွာ ...
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၅

ခင်လွန်း - ၅၀ သံခိပ်

$
0
0
 
ခင်လွန်း - ၅၀ သံခိပ်
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၅

(မိုးမခကဗျာဆရာ ခင်လွန်းရဲ့ ကဗျာဟောင်းတပုဒ်ကို မိုးမခပရိသတ်အတွက် ပြန်လည်မျှဝေလိုက်ပါတယ်)

နောက်ခံကာလ
ရောင်စုံမီးတောက်မီးလျှံများ
ငြိမ်းချမ်းရေတေးသံများ
ဇာတိ
လူသိနည်း ရေတို့ခဲတတ်ရာ
အရှေ့မြောက် တောင်တန်းတနေရာ

ဆယ်စုနှစ်များ
၁၀ နှစ်သား
မျက်လုံးပေမှေး
ဖဝေးကောင်လေးတယောက်
မြို့တော်၏ ဆန်းကျယ်စွာကြိတ်ဝါးစိန်ခေါ်သံများ
ရထားဈေးသည်

၂၀ …
ရုပ်ဝါဒဖတ်စာ
ဥပစ္ဆေဒက ချစ်သူဈာပန
ငယ်သူ့အလွမ်း
အမေ့ဆိပ်ကမ်းမှ ပထမဆုံးရွက်လွှင့်
ဂျုံခင်းထဲမှာ လိုက်ဖမ်းသူ
(Catcher in the Rye)
ဟိုလ်ဒင်ကော့ပါးဖီးရဲ့လိပ်ပြာ
ရသစာပေတပ်မက်မှု

၃၀ လူထုဆင်ဖိုနီ
နွေဦးကြိုဂီတ ဟိန်းထခေါ်သံ
တောများ တောင်များ
(ဆရာကြည်အောင်ပြောတဲ့)
ကျားဆိုးပေါရာ
မျှစ်ချိုးထွက်ခဲ့သူ

၄၀
အချို့သော တောင်တန်းတောင်ထွဋ်များသည်
ပင်လယ်သမုဒ္ဒရာတို့အောက်
ငုပ်လျှိုးပုန်းအောင်းနေခဲ့ကြရာ၏

၅၀
ကိုယ်ရေးကိုယ်တာ ၀ါကျတကြောင်း
စာလုံးပေါင်းသင် သဒ္ဒါသင်ဆဲ စာပြင်ဆဲ။    ။

အဲလိုထူး - ရထားလမ်းဘေး အတွေး

$
0
0
အဲလိုထူး - ရထားလမ်းဘေး အတွေး
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၅
 
ရထားကြီးက ခရီးသည်ပြွတ်သိပ်တွေ ဝမ်းဗိုက်ထဲထိုးထည့်ပြီး ရထားလမ်းအဆက်သံအတိုင်း ... ဂျုတ်ဂျုတ်.. ဂျုံးဂျုံးနဲ့ ကွမ်း ခြံဘူတာကြီးက ထွက်ခွာလာပါတယ်။ ရထားစီးဖြစ်တဲ့ကာလက မသေးသိမ်တော့ပါဘူး။ ကားလမ်းတွေပိတ်…ဂုံးကျော်တံ တားတွေဆောက်ဆိုကတည်းကဆိုတော့ စစ်အစိုးရကနေ ပြည်သူအစိုးရအမည်ခံနဲ့ပြောင်းပြီးကတည်းက ဖြစ်နိုင်ပါတယ်။ ထူးထူးခြားခြားထဲမှာ တစ်ခုအပါအဝင်၊ သွားလာရေးနဲ့ပတ်သက်လို့ အများပြည်သူကို အခက်အခဲဖြစ်စေတာတော့အမှန်ပါပဲ။

မိတ်ဆွေစာရေးဆရာတယောက်ကပြောပါတယ်။ အဲဒီမတိုင်ခင်ကတည်းက ရထားစီးရတာ အဆင်ပြေတယ်ဗျ။ နံပါတ် တစ် ငါးဆယ်ပဲပေးရတယ်။ ကားဆို အနည်းဆုံးတစ်ရာနှစ်ရာ။ ပြောင်းစီးရဦးမယ်ဆို နှစ်ခါကုန်။ ဒါကပြဿနာမရှိပါဘူး။ တတ် နိုင်ကြပါတယ်။ အလဟသဆုံးရှုံးသွားတာ ကျွန်တော်တို့အချိန်တွေဗျ။ သင့်တော်ရာကားကို စောင့်ရတဲ့အချိန်၊ လူအများကြီးနဲ့ ကြပ်ကြပ်ညပ်ညပ် တိုးခွစီးရတယ်။ ဒီကြားထဲ ရိုင်းရိုင်းပြပြစပါယ်ယာနဲ့တိုးရင် နေရင်း ထိုင်ရင်း ပိုက်ဆံပေးပြီး ဒေါသပွားရ တယ်။ မောင်းတဲ့လူလက်ထဲ ကိုယ့်အသက်ပေးထားရသလို ဘုရားတနေရမယ်။ အဆိုးဆုံးက လမ်းမှာကားပိတ်တာဗျ။ နည်းနည်းတိုးလိုက် ရပ်လိုက်နဲ့။ အဲ ရထားကျတော့ သူ့အချိန်နဲ့သူ။ လွဲတဲ့အခါ ရထားပျောက်တဲ့အခါလည်း ရှိတော့ ရှိပါ တယ်။ ဒါပေမယ့် တခါ တလေမှပါ။ နောက်တစ်စီးစောင့်ရ နာရီဝက်ပေါ့။ ရထားပေါ်မှာ ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးဗျာ စကားပြောလို့ရတယ်။ မုန့်ဝယ်စားလို့ရတယ်။ ဆေးလိပ်သောက်လို့ရတယ်။ ဘေးဘေးဘီဘီကိုငေးပြီး လေလေးတဖြူးဖြူးနဲ့ ဗျာ” လို့ ဆွယ်တရားဟောဘူးပါတယ်။

ရထားကြီး ပုဇွန်တောင်ဘူတာကထွက်တဲ့ထိ ဘာမှ မထူးခြားသေးပါဘူး။ ပြတင်းပေါက်ကနေ အပြင်ကို ငေးနေရပေမယ့် အတွေးထဲမှာ ဘာမှရှင်းရှင်းလင်းလင်း ပေါ်မလာသေးဘူး။ ရထားစီးခရီးသည်အများစုကလည်း ဖုန်းပွတ်နေကြတာများ တယ်။ သက်တောင့်သက်သာရှိလှသကိုး။

တဖြည်းဖြည်းနဲ့ ရထားလမ်းဘေးအခြေအနေတွေက ရုပ်လုံးပေါ်လာတယ်။ ကန်စွန်းခင်းတွေ၊ တဲအိမ်ကလေးတွေ၊ ရထား လမ်းနဲ့က အလှမ်းကွာသွားပြီ။ ဆိုပါတော့ ရထားလမ်းဘေးကပ်လျှက်မှ လူသွားလမ်းရှိနေပါတယ်။ ကျယ်ပါတယ်။ စက်ဘီး စီးသွားကြတဲ့သူတွေတောင် ရှိတယ်။ အကျယ်အ၀န်းအလုံအလောက်ရှိတဲ့လမ်းလို့ ပြောချင်တာပါ။ အဲဒီလမ်းကရေးရဲ့ ဘေးမှာတော့ မြေအနိမ့်ပိုင်းတခုရှိနေတတ်ပါတယ်။ ကန်စွန်းခင်းတွေရှိနေတတ်ပါတယ်။ ရေစပ်ကျင်းနဲ့ ရေအိုင်တွေရှိနေ တတ်ပါတယ်။ မရှိဘူးဆို ပေနှစ်ဆယ်အကျယ်လောက်ဖြစ်မလားပဲ။ ရထားလမ်းဘေးမှာရှတဲ့ ရထားဘူတာတခုကို ပြေးမြင် လိုက်ပါ။ သူလည်း ရထားလမ်းဘေး မြေနေရာမှာတည်ရှိနေတာပါပဲ။ အချို့နာမည်ကျော်ဘူတာတွေဆို ခန့်ခန့်ထည်ထည် ဧရာမကြီးတွေ။ ထားပါ။ အဆောက်အဦကြီးတခု ဆောက်လုပ်လို့ရတယ်ဆိုတဲ့ အသိတခုရရင် တော်ပါပြီ။ ဘူတာကို ရထားက ကျော်လာပြီ။ ဘူတာနဲ့ကပ်နေတဲ့ ရထားဝန်ထမ်းတန်းလျားကိုလည်း ကျော်ဖြတ်လာခဲ့ပါပြီ။

အခြေနေမဲ့လို့ပြောမလား၊ ပျံကျလို့ပြောမလား၊ ကျူးကျော်လို့ပြောမလား၊ တဲစုတ်ကလေးတွေ၊ အင်္ကျီချွတ်နဲ့ လူကြီးတွေ၊ ထမီရင်လျှားနဲ့အမျိုးသမီးတွေ၊ ဖိနပ်မပါတဲ့ ဗိုက်ပူနံကားကလေးတွေ၊ ဈေးဗန်း ဈေးခုံတွေ၊ ဈေးရောင်းနေတဲ့နေရာမှာ သုံးတဲ့ စက်ဘီး ဒါမှမဟုတ် တွန်းလှည်း၊ ရထားလမ်းဘေးရေအိုက်ကြီးအစပ်မှာ။ ပီနံအိတ်ခွံ၊ စက္ကူပုံးခွံအပြန့်တွေကာရံထားတဲ့ အိမ်သာ၊ အိမ်နဲ့ရင်ဘောင်တန်းလျှက် ချက်တဲ့ပြုတ်တဲ့မီးဖိုးနေရာနဲ့ကပ်ပြီး လူတော့ လူတွေပါပဲ။ မိသားစုတခုအဖြစ် တည်ထောင်ထားတဲ့လူအုပ်စုတွေ၊ လျှပ်စစ်မီးတွေ နောက်ဖေးရပ်ကွက်ကြီးမှာ လင်းထိန်လို့၊ အိမ်ရှေ့လမ်းကျဉ်းကလေးမှာ ဥဒဟိုသွားလာလှုပ်ရှားနေကြတယ်။

ရထားက နောက်တဘူတာမှာ ခဏ၀င်နားတယ်။ ၁ မိနစ်လောက်ပါပဲ။ ရပ်ကွက်ထဲက လူတချို့ထွက်လာပြီး ရထားပေါ် တက်ကြတယ်။ ရထားပေါ်က လူတချို့ ရပ်ကွက်ထဲဆင်းသွားကြတယ်။ ချက်ခြင်းပဲ ရထားက ငြိမ့်ကနဲ ဆက်လက်ထွက်ခွာ။

မြို့ပြမှာရှာဖွေစားသောက်ဖို့ ဒီလောက်အခက်အခဲမရှိဘူးလို့ ပေါ့ပေါ့ပါးပါး ပြောကြတယ်။ ကန့်ကူလက်လှည့် အရောင်း အ၀ယ် ကန့်ကူလက်လှည့် အရောင်းအဝယ်ကလေးက တစ်ယောက်စာဈေးဘိုးတော့ ကာမိတယ်ဆိုတဲ့အကြောင်း၊ ဖြေရှင်း လို့ မနိုင်မနင်းဖြစ်နေတာက ကျောတခင်းစာနေထိုင်ရာပဲ။ အငှားတွေးဈေးကွက်ဖြစ်ထွန်းနေတာကလည်း ကောင်းတဲ့နိမိတ်ပုံ တခုတော့ မဟုတ်ပါဘူး။ ရထားလမ်းဘေးဝဲယာတောက်လျှောက်မြင်ကွင်းတွေက ထပ်တလဲလဲ ဒါတွေချည်းပါပဲ။ သတင်းစာ တွေမှာ မကြာခဏ မြင်တွေ့နေရတာလည်း  တန်ဘိုးနည်းအိမ်ယာတွေ၊ တန်ဘိုးသင့်အိမ်ယာတွေ၊ အစွန်အဖျားနေရာတွေ မှာ ဆောက်လုပ်နေပါတယ်ဆိုတဲ့အကြောင်း။

ရထားကြီးက ဆက်လက်ထွက်ခွာမြဲ။ လမ်းဘေးဝဲယာ ကျူးကျော်ပျံကျတဲကလေးတွေကလည်း ခေါင်းကြောမာမာ တန်းစီ လို့။ ပြဿနာက အပေါ်ပိုင်းမှာကို အခက်အခဲရှိနေပါတယ်။ ဒီမြေနေရာတွေကို စည်ပင်သာယာက ပိုင်တာလား၊ မီးရထားကပိုင်တာလားဆိုတဲ့အကြောင်း ...။

နိုင်ငံတော်က ပိုင်တယ်၊ ပြည်သူပြည်သားတွေကပိုင်တယ်ဆိုရင် ပြီးပါတယ်။ ဒါပမေယ့် နိုင်ငံတော်က စီမံကွပ်ကွဲပြီး ရထားလမ်းဘေးဝဲယာတောက်လျှောက် အိမ်ယာတွေဆောက်ပြီး .... ကိုယ့်အိမ်ယာနဲ့နီးစပ်ရာဘူတာကို ဆိုက်ရောက်ရင် ရထားပေါ်ကဆင်းရပါလိမ့်မယ်။ အချိန်အများကြီး မရပါဘူး။ ရထားပြတင်းပေါက်ကတော့ ရထားလမ်းဘေးမြင်ကွင်းတွေကိ ဆက်လက်ပြသပေးသွားမှာ ဖြစ်ပါတယ်။

အဲလိုထူး

သင်းလဲ့ဝင်း (Myanmar Now) - မွတ်စလင်တို့ကိုပစ်မှတ်ထားသည့်ဥပဒေ ဗုဒ္ဓဘာသာဝင်များကို ထိမှန်

$
0
0
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင်တွေ့ရသည့် မိသားစုတစ်စု  (ဓာတ်ပုံ - Myanmar Now/ခွန်းလတ်)
 
သင်းလဲ့ဝင်း (Myanmar Now) - မွတ်စလင်တို့ကိုပစ်မှတ်ထားသည့်ဥပဒေ ဗုဒ္ဓဘာသာဝင်များကို ထိမှန်
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၅

ယခုသတင်းဆောင်းပါးအား Myanmar Now မှ ရယူပါသည်။
 
ရန်ကုန် (Myanmar Now) − အေးအေး၏ခင်ပွန်း ဖုန်းမှတဆင့်ပေးပို့သည့် စာတိုလေးတစ်ကြောင်းတည်းဖြင့် သူတို့နှစ် ဦးကြား ဆက်ဆံရေး အဆုံးသတ်သွားသည်။ “ငါ နင်နဲ့ဆက်ပြီးမပေါင်းချင်တော့ဘူး။ အခုတွေ့ထားတဲ့တစ်ယောက်က နင့် ထက်သာလို့ လိုက်သွားတာဆိုပြီး  စာပို့လိုက်တယ်။ ကျွန်မဘက်က ဘာဆက်လုပ်လို့ရတော့မှာလဲ” ဟု ရှေ့မှ စားပွဲခုံ မျက် နှာပြင်ကိုကြည့်ရင်း အေးအေးက ပြောသည်။

အမည်ရင်းကို မဖော်ပြလိုသော အသက် ၂၆ နှစ်အရွယ် အေးအေး၏ ဘဝ ပြိုလဲသွားခဲ့ရသည်။ သူတို့နှစ်ဦး သူငယ်ချင်းဘဝဖြင့် ၁ဝ နှစ်နေပြီးနောက် အိမ်ထောင်သည်ဘဝဖြင့် ၂ နှစ် ကြာမြင့်ခဲ့ကြသည်။ သူ့လက်တွဲဖော်အမျိုးသားက လွန်ခဲ့သော လအ နည်းငယ်က Viber မှတစ်ဆင့်သိခဲ့သည့် အမျိုးသမီးတစ်ဦးနောက်သို့ ပါသွားပြီဖြစ်သည်။

“မကွဲချင်ဘူးပေါ့။ လူပုံအလယ်မှာ တစ်ခုလပ်ဆိုတဲ့နာမည်ဆို မကောင်းဘူးလေ။ အိမ်ထောင်ရေးကို တည်မြဲအောင် အတတ် နိုင်ဆုံး ကြိုးစားခဲ့ပါတယ်” ဟု ပြောစဉ် သူ့မျက်လုံးနှစ်ဖက်တွင် မျက်ရည်များဝဲနေသည်။

မိသားစုက အေးအေးတစ်ဦးတည်းပေါ်တွင် အားထားနေရပြီး ဈေးထဲတွင် ကုန်စိမ်းရောင်းရသည့်ဝင်ငွေဖြင့် သူ့အမျိုး သား အတွက် ဆိုင်ကယ်၊ မိုဘိုင်းဖုန်း၊ ရွှေဆွဲကြိုးတို့ကိုလည်း ဝယ်ပေးထားခဲ့ပြီး ယင်းပစ္စည်းအားလုံးကို ယခုတော့ သူ့အမျိုးသားက ယူသွားပြီဖြစ်သည်။

သူ ရပ်ကွက်ရုံးသို့သွားသည်။ ရပ်ကွက်လူကြီးအားလုံးက အမျိုးသားများဖြစ်သည်။ သူတို့ တာဝန်ယူဖြေရှင်းပေးရသည့် ပြဿနာများတွင် ရပ်ကွက်အတွင်းမှ လူမှုရေး ပြဿနာများလည်း ပါဝင်သည်။

“သူတို့က ဘာမှလုပ်မပေးနိုင်ဘူးလို့ ပြောပါတယ်။ အများဖြစ်နေတဲ့ကိစ္စတဲ့။ အဲဒီစကားကို အတော်ခံပြင်းတယ်” ဟု ခန္ဓာ ကိုယ် ပိန်ပိန်သေးသေး၊ ဆံပင်ရှည်ရှည်၊ ပါးနှစ်ဖက်ပေါ်တွင် သနပ်ခါးပါးကွက်ကြား လိမ်းထားသည့် အေးအေးက ပြောသည်။

သူ၏ဒုက္ခကို အိမ်နီးချင်းများကလည်း ဘာမှမကူညီနိုင်ခဲ့ဘဲ မိမိလင်ကိုထိန်းမထားနိုင်သည့် သူ့ကိုသာ လှောင်ပြောင်ကဲ့ ရဲ့ကြကြောင်း ပြောသည်။

အမျိုးသားများကြီးစိုးထားပြီး ရှေးရိုးစွဲဆန်သည့် ဓလေ့ထုံးစံများအကြား စာနာမှုကင်းမဲ့သော အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံပြောဆိုရသည့်အခါ အေးအေးကဲ့သို့ပင် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် အိမ်ထောင်ရေးဖောက်ပြန်မှု၊ အိမ်ထောင် ရေးပြဿနာတို့တွင် တရားစွဲဆိုနိုင်သည့် အငြင်းပွားဖွယ်ရာ ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’ အပေါ် အားကိုးလာကြောင်း တွေ့ရှိလာရသည်။ အဆိုပါ ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပြီး အာမခံလည်း မလျှောက်ထားနိုင်ပေ။

“ဒီလိုဥပဒေမျိုးတွေရှိတာ ကောင်းပါတယ်။ ဒီဥပဒေပြဋ္ဌာန်းတာ နောက်တောင်ကျတယ်လို့ ပြောရမယ်” ဟု  သူက ဆက်ပြော ပါသည်။ အေးအေးကို ခင်ပွန်းသည်က မတ်လအတွင်းပစ်ထားခဲ့ပြီး ယခုဥပဒေကို စက်တင်ဘာ ၁ ရက်နေ့က ပြဌာန်းလိုက် ခြင်းဖြစ်သောကြောင့် ပြန်လည်တရားစွဲရန်မဖြစ်နိုင်ကြောင်း ပညာရှင်များကပြောသော်လည်း အေးအေးက ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုရှာနေကြောင်း ပြောသည်။

“ကျွန်မက တိုင်မှာ၊ ဒီအတိုင်းတော့မထားဘူး” ဟု အံကြိတ်ရင်း ပြောသည်။

မြန်မာနိုင်ငံနှင့် အမျိုးသမီးများသည် အစ္စလမ်ဘာသာ၏ ခြိမ်းခြောက်မှုကို ကြုံတွေ့နေရကြောင်း ပြောဆိုနေသည့် အမျိုးသား ရေးဝါဒီရဟန်းများက ဦးဆောင်တိုက်တွန်းပြီးနောက် ပြဋ္ဌာန်းခဲ့သော မျိုးစောင့်ဥပဒေလေးခုအနက် ‘တစ်လင်တစ် မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ’ သည် အတိုဆုံးဖြစ်ပြီး နောက်ဆုံးမှအတည်ပြုခဲ့သောသောဥပဒေ ဖြစ်သည်။ အဆိုပါ ဥပဒေသည် မူလ ရည်ရွယ်ထားသည့်အတိုင်း မဖြစ်ခဲ့။

အဆိုပါ ဥပဒေများ ပြဋ္ဌာန်းပြီးနောက်ပိုင်း စက်တင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာဥပဒေ’ ဖြင့် တရားစွဲဆိုမှုမှာ ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်း၌ပင်လျှင် ၂၉ မှုအထိ ရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။ တရားစွဲဆိုခံရသူအများစုသည်လည်း ဗုဒ္ဓဘာသာဝင် အမျိုးသားများသာဖြစ်ပြီး အမျိုးသမီး သုံးဦး ပါဝင်သည်။

● ယုန်ထောင်ကြောင်မိ
ဗြိတိသျှအစိုးရလက်ထက် ၁၉ ရာစုအတွင်းက စတင်ကျင့်သုံးခဲ့သည့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ ကွာရှင်းပြတ်စဲ ခွင့်ဥပဒေ အစရှိသည့် ဥပဒေများသည် ခေတ်နှင့်လိုက်လျောညီထွေမှုမရှိတော့ကြောင်း၊ ရှင်းလင်းမှုမရှိကြောင်းနှင့် ထိ ရောက်မှုမရှိတော့ကြောင်း အမျိုးသမီးအခွင့်အရေးဆိုင်ရာအဖွဲ့များက ပြောကြားလျှက်ရှိသည်။ ကြီးလေးသည့် ရာဇဝတ်မှု များကို ကာကွယ်နှိမ်နှင်းရန် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ ရာဇသတ်ကြီးဥပဒေအရ လင်ပြိုင်မယားပြိုင်စနစ်ကို တားမြစ်သည့် ဥပဒေရှိပြီးဖြစ်သော်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်သတ် မှတ်ထားခြင်းမရှိဘဲ အမျိုးသားတစ်ဦးသည် အိမ်ထောင်ရှိသည့်အခြား အမျိုးသမီးတစ်ဦးနှင့် ဖောက်ပြန်ပါက ပြစ်မှုမြောက် ကြောင်းသာ ပြဋ္ဌာန်းထားသည်။

သို့သော် မျိုးစောင့်ဥပဒေလေးခုပြဋ္ဌာန်းလိုက်ခြင်းသည် မှန်ကန်သည့်အဖြေတစ်ရပ်မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်များ အား ကောင်းသည့် မြန်မာနိုင်ငံတွင် မွတ်စလင်များကို ခွဲခြားနှိပ်ကွပ်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးသမားများက ထောက်ပြကြသည်။

ယင်းဥပဒေများကို လွှတ်တော်အတွင်း မြန်မြန်ဆန်ဆန် ဆွေးနွေးအတည်ပြုပြဋ္ဌာန်းခဲ့ပြီး သမ္မတဦးသိန်းစိန်က လက်မှတ် ရေးထိုးခဲ့သည်။ မဘသ (ခေါ်) အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို ဝေဖန်သူများအနေဖြင့် ခြိမ်းခြောက်မှု များကို ကြုံတွေ့ရမည်ဖြစ်သည်။

မျှော်လင့်မထားသည့် နောက်ဆက်တွဲများဖြစ်ပေါ်နေပြီဖြစ်သော အဆိုပါဥပဒေ လေးခုကို ၂ဝ၁၆ ခုနှစ်တွင် တက်လာမည့် အစိုးရအနေဖြင့် ကျင့်သုံးရတော့မည်ဖြစ်သည်။

‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’သည် “အိမ်ထောင့်သစ္စာခိုင်မြဲရေး၊ မယားအများအပြားယူ၍ လူဦး ရေစုဆောင်းကာ မူဆလင်နိုင်ငံတည်ထောင်ရန် ကြံစည်အားထုတ်နေသော ဂျီဟဒ်ဝါဒီ မူဆလင်များ၏ အန္တရာယ်ကာ ကွယ်ရေးနှင့် အမျိုးသမီးများ မယားပြိုင်ဒုက္ခ ကင်းဝေးရေးတို့ကို ရှေးရှုရည်ရွယ်သည်” ဟု မဘသအဖွဲ့၏ ဦးဆောင်ဆရာတော် ဦးဝီရသူက ၎င်းတို့အဖွဲ့က ထုတ်ဝေသော   အတုမရှိဂျာနယ် တွင် မကြာသေးမီက ရေးသားထားသည်။

သို့သော် ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’ဖြင့် တရားစွဲခံထားရသူ  အများစုသည် ဗုဒ္ဓဘာသာ ဝင်များဖြစ်သောကြောင့် မြန်မာလူမှုမီဒီယာများတွင် အဆိုပါဥပဒေများကို ‘ယုန်ထောင်ကြောင်မိ’ ဆိုသည့် စကားပုံဖြင့် ခိုင်းနှိုင်းရေးသားကြသည်။

● နိုင်ငံရေးလှုံ့ဆော်မှု ပါနေသလား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်များက မျိုးစောင့်ဥပဒေ လေးရပ်ကို လွှတ်တော်တွင်း ဆွေးနွေးစဉ်က ကန့်ကွက်ခဲ့သောကြောင့် ၎င်းတို့ပါတီကို မဲမပေးရန် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အကြိုကာလအတွင်း မဘသအဖွဲ့က တိုက်တွန်းနှိုးဆော်ခဲ့သည်။ ရွေးကောက်ပွဲတွင် NLD  အနိုင်ရပြီးနောက်ပိုင်းတွင်လည်း အဆိုပါ ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း မလုပ်ဆောင်ရန် မဘသက သတိပေးခဲ့သည်။

ဒေါ်ဖြူဖြူသင်းသည် ယင်းဥပဒေများအား ကန့်ကွက်ခဲ့သည့် NLD မှ ပြည်သူ့လွှတ်တော် အမတ်တစ်ဦးဖြစ်သည်။

“ဒီဥပဒေက တကယ်လုပ်ချင်တာကတစ်မျိုး၊ ထိတာကတစ်မျိုးလို့ အခုပြောနေကြပြီ။ ဥပဒေတွေဆိုတာ တစ်သမတ်တည်းရှိပြီး လူ့အခွင့်အရေးကို ချိုးဖောက်လို့ မဖြစ်ပါဘူး” ဟု ပြောသည်။

“ဒီဥပဒေတွေဟာ အမျိုးသမီးတွေကို ခုတုံးလုပ်ပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ထင်တယ်”

‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’သည် မြန်မာနိုင်ငံတွင် နေထိုင်သူအားလုံးနှင့်လည်းကောင်း၊ မြန်မာနိုင်ငံပြင်ပတွင်နေထိုင်သော နိုင်ငံသားနှင့်လည်းကောင်း၊ မြန်မာနိုင်ငံတွင်နေထိုင်စဉ် နိုင်ငံသားနှင့် ထိမ်းမြားသော နိုင်ငံခြား သားနှင့်လည်းကောင်း သက်ဆိုင်သည်။

အိမ်ထောင်ရေးပြစ်မှုကျူးလွန်သူသည် နှစ်ဦးပိုင်ပစ္စည်းနှင့်စပ်လျဉ်း၍ ၎င်း၏အခွင့်အရေးများ ဆုံးရှုံးမည့်အပြင် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူသည် ၇ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်။

● ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအပေါ် ထိပါးခြင်း
နည်းဥပဒေများ မထုတ်ပြန်ခင်ကပင် ယင်းဥပဒေများဖြင့် တရားစွဲဆိုမှုများရှိနေပြီဖြစ်ကြောင်း ရှေ့နေ ဦးရောဘတ်စန်း အောင်က ပြောသည်။

“တကယ်ဆိုရင် ဥပဒေတစ်ရပ် စတင်သက်ရောက်မှုမရှိခင် နည်းဥပဒေထွက်ပေါ်ဖို့ လိုအပ်ပါတယ်။ နည်းဥပဒေတွေ မထွက် သေးပါဘူး။ ဒါပေမဲ့ ကျင့်သုံးနေပါတယ်။ အဲဒါ ခက်တယ်။ ထူးခြားတဲ့ကွာခြားမှုဖြစ်နေတယ်” ဟု Myanmar Now နှင့်ပြု လုပ်သည့် တယ်လီဖုန်းအင်တာဗျူးတွင် ဦးရောဘတ်စန်းအောင်က ပြောသည်။

အိမ်ထောင်ရေးဖောက်ပြန်မှုသည် ရာဇဝတ်မှုပုံစံမျိုး ကိုင်တွယ်ရမည့်ပြဿနာမဟုတ်ဟု လူ့အခွင့်အရေးအဖွဲ့များက  ထောက်ပြပြီး အစိုးရအနေဖြင့် လူမှုရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှုလုပ်ဆောင်နေခြင်းကိုလည်း မေးခွန်းထုတ်လိုက် သည်။

“ကျွန်မတစ်ဦးတည်း အနေနဲ့ကတော့ တစ်လင်တစ်မယားစနစ်ကို ထောက်ခံပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးဖောက်ပြန်မှု ပြဿနာကတော့ ကျွန်မတို့ နိုင်ငံ၊ ကျွန်မတို့ခေတ်မှ မဟုတ်ဘူး၊ နိုင်ငံတိုင်း၊ ယဉ်ကျေးမှုတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ ရှိပါတယ်” ဟု Gender Equality Network (GEN) မှ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူက ပြောကြားသည်။

“အဲဒါက ကျွန်မတို့လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့ ရွေးချယ်မှုနဲ့အကျင့်စာရိတ္တ၊ သူတို့ရဲ့လူမှုရေးဆိုင်ရာထိန်းသိမ်းမှုအပေါ် မှာ ဘယ်လောက်လိုက်နာမှုရှိတယ်ဆိုတာနဲ့ပဲ ဆိုင်တာပါ။ ဒါကို ဥပဒေနဲ့ကန့်သတ်တာ၊ ပိတ်ပင်တာ အဓိပ္ပာယ်မရှိတာ”

အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရွယ်ရောက်သူအချင်းချင်း နှစ်ဦးသဘောတူ လိင်ဆက်ဆံခြင်းအပေါ် ရာဇ ဝတ်မှုအဖြစ် သတ်မှတ်ခြင်းသည် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားထားသည်။

အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တစ်ဖွဲ့က အိမ်ထောင်ရေးဖောက်ပြန် မှုကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်သင့်ကြောင်း ၂ဝ၁၂ ခုနှစ်တွင် ပြောကြားခဲ့သည်။

● ကာကွယ်ခြင်း
‘ယောက်ျားကောင်း မောင်းမတစ်ထောင်’ ၊ ‘သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား’ ဆိုသည့် ဆိုရိုးများဖြင့် ယောက်ျားများ က အထက်စီးယူထားသော လူအဖွဲ့အစည်းတွင် အေးအေးကဲ့သို့သော အမျိုးသမီးများအတွက် ပိုမိုကာကွယ်မှုပေးနိုင်သည့် ဥပဒေ လိုအပ်နေသည်။

မိမိ၏အိမ်ထောင်ဖက်အပေါ် သစ္စာစောင့်သိရခြင်းသည် ဗုဒ္ဓဘာသာဝင်တို့ လိုက်နာကျင့်သုံးရမည့် ငါးပါး သီလတွင် တစ်ပါး အပါအဝင်ဖြစ်သည်။ သို့သော် အဆိုပါကျင့်ဝတ်ကို လိုက်နာရန် မြန်မာအမျိုးသားတချို့ ပျက်ကွက်လျက်ရှိသည်။ မြန်မာနိုင်ငံ အနောက်ပိုင်းဒေသမှ အသက် ၄၈ နှစ်အရွယ် ခင်ဆိုသူ အမျိုးသမီးကြီး ထိမ်းမြားခဲ့သူမှာ   အိမ်ထောင်သက် ၇ နှစ်အကြာတွင် သူ့ကိုစွန့်ခွာသွားပြီး အခြားအမျိုးသမီးတစ်ဦးကိုလက်ထပ်သွားရာ − ခင်သိချိန်တွင် အဆိုပါအမျိုးသမီးတွင် ကိုယ်ဝန်ပင်ရ နေပြီဖြစ်သည်။

“ကျွန်မယောက်ျားက သူ့ညီအစ်ကို ဝမ်းကွဲတွေ၊ ဦးလေး၊ ဘကြီးတွေဆီကနေ အတုယူတာလေ။ သူတို့က လမ်းပြခဲ့ကြတာ” ဟု ပြောသည်။

ကွာရှင်းပြတ်စဲရန် သဘောတူပြီးမှ  ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’ အကြောင်းကို သူသိရသည်။ ယင်းဥပဒေ စတင်အသက်ဝင်သည့် ရက်မတိုင်မီကပင် ခင်ပွန်းသည်က သူ့ကိုစွန့်ခွာသွားသောကြောင့် ယင်းဥပဒေဖြင့် တရားစွဲနိုင်မည်မဟုတ်ပေ။

“ရရင် အကုန်လုံးကို နမူနာအနေနဲ့ ထောင်ချပစ်ချင်တယ်” ဟု ခင်က ပြောလိုက်သည်။     ။

Viber က မြန်မာသုံးစွဲသူများ အဆင်ပြေစေရန် တယ်လီနော၊ Red Dot တို့နှင့်အတူ တွဲပြီးဆောင်ရွက်

$
0
0
Viber က မြန်မာသုံးစွဲသူများ အဆင်ပြေစေရန် တယ်လီနော၊ Red Dot တို့နှင့်အတူ တွဲပြီးဆောင်ရွက်
ရန်နောင်(ဗိုလ်တထောင်) ။ (မိုးမခ) ၊ ဒီဇင်ဘာလ  ၁၇၊ ၂၀၁၅


 မြန်မာနိုင်ငံရှိ လျင်မြန်စွာ တိုးတက်များပြားလျက်ရှိသော မိုဘိုင်းဖုန်းအသုံးပြုသူများ Viber ကို ပိုမို အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ တယ်လီနော၊ Red Dot တို့နှင့်အတူလက်တွဲ၍ ‘ We Love Myanmar ’ အစီအစဉ်ကို မိတ်ဆက်လိုက်သည်။ 

'မြန်မာနိုင်ငံက သုံးစွဲတဲ့သူတွေအနေနဲ့ Viber ကို အခုလို တခဲနက် အားပေးသုံးစွဲကြတဲ့အတွက် တကယ့်ကို ဝမ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံမှာ Viber ကို နံပါတ်တစ်ဖြစ်အောင် အားပေး အသုံးပြုကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ Viber အနေနဲ့ အခုလို သုံးစွဲသူတွေရဲ့ တနေ့တာမှာ တစိတ်တဒေသအဖြစ်ပါခွင့်ရတာကို ကျေနပ်မိပါတယ်။ သုံးစွဲသူတွေကို ပျော်ရွှင်အောင်ကြိုးပမ်းလုပ်ဆောင်ရင်း ကျနော်တို့ Viber ရဲ့ အောင်မြင်မှုကို ဆင်နွှဲချင်ပါတယ်'ဟု Viber ၏ လုပ်ငန်းလည်ပတ်မှု အမှုဆောင်အရာရှိချုပ်ဖြစ်သူ Micheal Shmilov ကပြောကြားခဲ့သည်။

 
    လာမည့် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယတွင် Viber နှင့် တယ်လီနော တို့ ပူးပေါင်း၍ Viber အခမဲ့အသုံးပြုခြင်းနှင့် ‘ We Love Myanmar ’  စတစ်ကာများ အခမဲ့ရယူနိုင်ခြင်း အစီအစဉ်တို့ကို ပြုလုပ်သွားမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှစတင်၍ မှတ်ပုံတင်စရာမလိုဘဲ Viber app တွင် ရက်သတ္တပတ် ၂ ပတ်ကြာအခမဲ့ စာတိုပေးပို့နိုင်မည့် အစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်သည်။ တယ်လီနော အသုံးပြုသူများ အနေဖြင့်အဆိုပါကာလအတွင်း   အင်တာနက်ခမကုန်ဘဲ Viber စတစ်ကာအသစ်များကိုလည်း အခမဲ့ ဒေါင်းလုတ် ရယူနိုင်မည်ဖြစ်သည်။
 

    Viber သည် ၂၀၁၄ ခုနှစ်ဇူလိုင်လတွင် အသုံးပြုသူ ၅သန်းသာရှိခဲ့ရာမှ ယခုနှစ်တွင် ရာခိုင်နှုန်း ၂၆၀ ရာခိုင်နှုန်း အထိတိုးတက်လာပြီး သုံးစွဲသူ ၁၈ သန်းအထိ မြန်မာနိုင်ငံတွင် အောင်မြင်မှု ရရှိနေပြီ ဖြစ်သည်။
 

    တယ်လီနောသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော 3G ဆက်သွယ်မှု ကွန်ရက်ဖြစ်ပြီး နိုင်ငံတခုလုံးတွင် တာဝါတိုင်ပေါင်း ၄၀၀၀ နီးပါး ဖြန့်ကျက်ထားလျက်ရှိသည်။ လက်ရှိတွင် တယ်လီနောသည် အသုံးပြုသူပေါင်း ၁၂ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပြီး ၎င်းတို့အနက်မှ ၅၇ ရာခိုင်နှုန်းမှာ အင်တာနက် အဓိက အသုံးပြုကြသူများဖြစ်သည်။

ဥသြ (ချယ်ရီမြေ) - ဘူးပင်က ဘူးသီးသီးတယ်ဆိုပေမယ့်

$
0
0

ဥသြ (ချယ်ရီမြေ) - ဘူးပင်က ဘူးသီးသီးတယ်ဆိုပေမယ့်
(မိုးမခ) ဒီဇင်ဘာ၊ ၁၇၊ ၂၀၁၅
   
တကယ်လို့များ 'ဘူးပင်က ဘာသီးသီးသလဲ'လို့ မေးရင် 'ဘူးသီးသီးတာပေါ့ဗျာ'လို့ ဖြေပြီး ကျွန်တော့် ကို ဂေါက်တောက်တောက်ပဲဆိုတဲ့ အကြည့်နဲ့ ကြည့်မှာ သေချာလှပါတယ်။ ဘူးပင်က ဘူးသီးပဲ သီး သလို သရက်ပင်ကလည်း သရက်သီးပဲ သီးပါတယ်။ နှင်းဆီပင်က နှင်းဆီပဲ ပွင့်သလို စံပယ်ပင်က လည်း စံပယ်ပဲ ပွင့်ပါတယ်။ ဒါက နေဟာ အရှေ့အရပ်က ထွက်ပြီး အနောက်အရပ်မှာ ဝင်တယ် ဆိုတဲ့ အမှန်တရားလိုပါပဲ။ ခိုင်မာလှပါတယ်။


    ကျွန်တော်တို့ငယ်ငယ်တုန်းက သင်ခဲ့ဖူးတဲ့ 'ကျေးညီနောင်'ပုံပြင်ကို အမှတ်ရမိပါတယ်။ အဲ့ဒီ ပုံပြင်ထဲမှာ ကျေးညီနောင်က လေပြင်း မုန်တိုင်းတွေ တိုက်လို့ ကွဲကွာ သွားကြပါတယ်။ အဲ့ဒီတုန်းက တော့ ကျေးငှက်ငယ်လေးတွေပဲ ရှိသေးတာပေါ့ဗျာ။ တစ်ကောင်က လူကောင်းသူကောင်းလက်ထဲ ရောက်သွားပြီး ကျန်တဲ့တစ်ကောင်က လူဆိုးသူခိုးလက်ထဲ ရောက်သွားပါတယ်။ နောင်ကျတော့ ဗီဇ တူပေမယ့် မတူညီတဲ့ ပတ်ဝန်းကျင်တွေက အရောင် သွင်းပေးလိုက်တဲ့အတွက် ကျေးညီနောင်ခမျာ စရိုက်ကွဲသွားကြပါတယ်။ နောက် မှတ်မိတာက 'ဒေါင်းယောင်ဆောင်တဲ့ ကျီး'ပုံပြင်ပါပဲ။ ဒေါင်းငှက် တွေလိုလှမလားဆိုတဲ့ အတွေးနဲ့ ကျီးငှက်က ဒေါင်းမွေးစိုက်ကာ အယောင်ဆောင်ခဲ့ပေမယ့် ဒေါင်း ဘဝ မရောက်ခဲ့သလို ဘဝတူကျီးတွေရဲ့ ပစ်ပယ်ခြင်းကိုလည်း ခံလိုက်ရပါတယ်။
 

    မြန်မာစကားပုံမှာ 'အမိယုတ်တော့ နှုတ်ကြမ်း၊ အဖယုတ်တော့ ကိုယ်ကြမ်း'ဆိုတဲ့ စကားပုံရှိပါ တယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း 'လူတစ်ယောက်မှာ ဗီဇကအရေးကြီးတယ်။ ပတ်ဝန်းကျင် က အရေးကြီးတယ်'ဆိုပြီး ငြင်းခုန်သံတွေ ကြားခဲ့ရဖူးပါတယ်။ လူတစ်ယောက်အတွက် မွေးကတည်း က ပါလာတဲ့ ဗီဇက အရေးကြီးတာ အမှန်ပါပဲ။ စောရနက္ခတ်နဲ့ မွေးလာတဲ့ကလေးဟာ သူခိုးဖြစ်ကို ဖြစ်လာတယ် ဆိုတဲ့ အယူအဆက ဗီဇက အရေးကြီးတယ် ဆိုတာကို ဖော်ပြပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ဘယ်လောက်ပဲ သွန်းသင် သွန်းသင် ခွေးမြီးကောက် ကျည်တောက်စွပ်နေတဲ့၊ ကျွဲပါး စောင်းတီးသလို ဖြစ်နေတဲ့ လူတွေ အများကြီးကို တွေ့ရတဲ့အခါ ဗီဇဆိုတာ ဖျောက်ဖျက်နိုင်ခဲ တယ်လို့ ထင်မိခဲ့ပါတယ်။ တကယ်တော့ ဘူးပင်က ဘူးသီးပဲ သီးတယ်ဆိုတာ ဗီဇပါပဲ။
 

    သမိုင်းကို လေ့လာကြည့်တော့ ဗီဇဆိုတာ မိသားစုထဲမှာသာ ဆင်းသက်လာတာ မဟုတ်ပါ။ မျိုးဆက်တစ်ခုကနေ တစ်ခုကိုလည်း ဆင်းသက်လာနိုင်ပါတယ်။ သမိုင်းတစ်လျှောက် မျိုးဆက်တစ်ခု ကနေ နောက်မျိုးဆက်တစ်ခုကို လွှဲပေးခဲ့တဲ့ ဗီဇတွေ အများကြီးပါပဲ။ ပုဂံခေတ်က ရှေးမြန်မာကြီးတွေ က ပင်းယခေတ်က မြန်မာတွေကို ရဲရင့်မှုဗီဇ၊ ဘာသာတရားကို ရိုသေကိုင်းရှိုင်းတဲ့ ဗီဇ၊ ဟီရိသြတပ္ပ တရားဗီဇ၊ ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းတဲ့ ဗီဇ၊ ဂါရဝတရား နိဝါတတရားထားတဲ့ ဗီဇ စတဲ့ ဗီဇ ကောင်းတွေ ပေးခဲ့ကြပါတယ်။ ပင်းယခေတ်ကနေ ကုန်းဘောင်ခေတ်အထိ အဲ့ဒီကောင်းမြတ်တဲ့ ဗီဇတွေ ရှိနေတုန်းပါပဲ။ ဟော အခုခေတ်မှာလည်း အဲ့ဒီ ဗီဇကောင်းတွေက မြန်မာလူမျိုး တော်တော် များများမှာ ရှိနေကြတုန်းပေမယ့် တစ်ချို့လူတွေမှာတော့ ပျောက်ပျက်နေခဲ့ကြပြီ။ ဒီနေ့ခေတ်ကို ပြန် ကြည့်တော့ လာဘ်လာဘနဲ့ အသက်မွေးဝမ်းကြောင်းတဲ့ ဗီဇ၊ လက်သင့်ရာ စားတော်ခေါ်တဲ့ ဗီဇ၊ အထက်ကို ဖား အောက်ကို ဖိတဲ့ ဗီဇ စတဲ့ ဗီဇဆိုးတွေ အမြစ်တွယ်နေခဲ့ကြပြီလေ။ ဝမ်းနည်းစရာ ကောင်းလေစွ။ ဒီတော့ ဘူးပင်က ဘူးသီးပဲ သီးတာ မဆန်းလှပါဘူး။
 

    တစ်ချို့လူတွေကျတော့ ဘူးသီးသီးပေမယ့် ဒူးရင်းသီးသီးသယောင်လည်း ဖုံးကွယ်ဟန်ဆောင် တတ်ကြပါတယ်။ ဒေါင်းယောင် ဆောင်တဲ့ ကျီးလို ဒေါင်းမွေးတွေ စိုက်ကာ သူတိုရဲ့ အမည်းရောင် အဆင်အသွေးတွေကို ကွယ်ဝှက် တတ်ကြပါတယ်။ ဘယ်လိုပဲ ဗီဇကို ဖုံးကွယ်ဖုံးကွယ် ဗီဇဆိုတာမျိုး က ပျောက်ပျက် မသွားနိုင်ပါဘူး။ အင်းဝခေတ်က သူခိုးငတက်ပြားကို ဘုရင့်ဘဏ္ဍာတိုက် စောင့်ဖို့ ခန့်လိုက်တာ သူခိုးဘဝက ပြောင်းလဲသွားပေမယ့် ဒီနေ့ခေတ်မှာဆိုရင်တော့ ပြောင်းတော့ပြောင်းလဲ သွားနိုင်ပါတယ်။ လူတော့မဟုတ်ပါ။ ဘဏ္ဍာတိုက်သာ ပြောင်းသလင်းခါတဲ့အထိ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒါတွေက ဘာကို ဆိုလိုချင်သလဲဆိုရင် ကျွန်တော်တို့ခေတ်မှာ ကြိုးနီစနစ်ရဲ့အကျင့်ဆိုး၊ ညဉ်ဆိုးတွေ၊ စနစ်အမှားက လေ့ကျင့်ပေးခဲ့တဲ့ အကျင့်ဆိုး၊ ညဉ်ဆိုးတွေက ခိုင်မြဲတဲ့ ဗီဇတွေအဖြစ် အမြစ်တွယ်နေပြီဆိုတာပါ။ ရေခံမြေခံကလည်း ဘူးပင်ကို အားပေးတော့ ဘူးသီးတွေချည်း လှိုင်လှိုင် သီးခဲ့တာ မဆန်းလှပါဘူး။

    ကျွန်တော် သတိရမိတဲ့ စကားပုံလေးတစ်ခု ရှိပါတယ်။ အဲ့ဒါက 'တံငါနားနီး တံငါ၊ မုဆိုး နားနီး မုဆိုး'ဆိုတဲ့ စကားပါပဲ။ ဒီစကားပုံကတော့  ဗီဇထက် ပတ်ဝန်းကျင်က လူတွေကို ပုံသွင်းပေး တယ်ဆိုတဲ့ အယူအဆကို ဖော်ညွှန်းပါတယ်။ ကျေးညီနောင်ပုံပြင်ထဲက ကျေးငှက်လေးတွေလိုပါပဲ။ ပတ်ဝန်းကျင်က ဗီဇကို လွှမ်းမိုးနိုင်တာမျိုးလည်း ရှိပါတယ်။ လူတွေရဲ့ သဘောက အများလုပ်တာကို လိုက်လုပ်တတ်တဲ့ သဘောရှိပါတယ်။ 'အများမိုးခါးရေသောက်ရင် ငါလည်း မိုးခါးရေသောက်မယ်'ဆိုတဲ့ စိတ်တွေကြောင့် ဒီနေ့ခေတ်မှာ မခါးတဲ့မိုးရည်တွေလည်း ခါးခဲ့တာကြာခဲ့ပါပြီ။ 'အများ ညီရင် ဤကို ကျွဲဖတ်'မယ် ဆိုတဲ့ လူတွေကြောင့်လည်း 'ဤ'တွေ ကျွဲဖြစ်ခဲ့ရပေါင်းလည်း များခဲ့ပါပြီ။ 


တစ်ခါ တလေကျတော့လည်း လူတစ်ယောက်တည်းက ပတ်ဝန်းကျင်တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ပါတယ်။ သမိုင်းကို ကြည့်မယ်ဆိုရင် ဟစ်တလာက ဂျာမန်နိုင်ငံတော်ကြီးကို သမိုင်းမှာ ညစ်ထေးစေခဲ့ပါတယ်။ ဂျူးလူမျိုးသန်းပေါင်းများစွာကို စတေးပစ်ခဲ့ပါတယ်။ ဒါတွေက ဘူးပင်တွေက ဘူးသီးတွေပဲ သီးသလို ဘူးသီးတွေကလည်း ဘူးပင်တွေပဲ ဖြစ်ထွန်းစေနိုင်တယ်ဆိုတာကို ဖော်ညွှန်းနေပါတယ်။
 

    ဒီနေ့ခေတ်မှာတော့ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ သဘာဝတရားအတိုင်း ဖူးပွင့် ကြတဲ့ အပင်တွေရဲ့မျိုးရိုးဗီဇတွေ ပြောင်းလဲနိုင်လာပါတယ်။ ပေါင်းစပ်ပေးလာနိုင်ပါတယ်။ ဒါပေမယ့် အရောင် အသွေး၊ အရသာ၊ အလုံးအထည်ကိုသာ ပြောင်းလဲပေးနိုင်တာပါ။ မူလနဂိုဗီဇကြီးတစ်ခုလုံး ကိုတော့ မပြောင်းလဲနိုင်သေးပါ။ ဒါကြောင့် ဘူးပင်က ဘူးသီးပဲ သီးနေတုန်းပါ။ ဘူးပင်ကနေ သရက် သီးသီးအောင် မလုပ်နိုင်သေးသလို စံပယ်ပင်ကနေ နှင်းဆီပန်းပွင့်အောင် မလုပ်နိုင်သေးပါ။ ချိုမြတဲ့ အရသာဗီဇရှိတဲ့သရက်သီးတွေဟာ ခွေးတောက်ပင်နဲ့ကပ်ပြီးစိုက်လိုက်တဲ့အခါ ခါးသက်တဲ့သရက်သီး တွေ ဖြစ်ကုန်ကြတဲ့ အဖြစ်အပျက်ကို သင်ခဲ့ရတာ မှတ်မိနေပါသေးတယ်။ ဒီတော့ ပတ်ဝန်းကျင်က အပင်တွေရဲ့ဗီဇကိုတောင် လွှမ်းမိုးနိုင်တာတွေ့ရပါတယ်။ ဒီနေ့ခေတ်မှာလည်း ကျွန်တော်တို့ ပတ်ဝန်း ကျင်မှာ ခါးသက်နေတဲ့ သရက်သီးတွေ အများကြီး သီးနေခဲ့ပါပြီ။ ခွေးတောက်ပင်နဲ့ ရောစိုက်ခံခဲ့ရတဲ့ ကာလကလည်း မနည်းခဲ့ပြီကို။
 

    ကျွန်တော်တို့တတွေ ခြုံငုံကြည့်ရာကနေ အနည်းငယ်ချုံ့ပြီး ပြောင်းလဲကြည့်ကြပါစို့။ တောသူ တောင်သားတွေရဲ့ သားသမီးတွေက ဆရာဝန်၊ အင်ဂျင်နီယာတွေ ဖြစ်နေကြသလို ဆရာဝန်၊ အင်ဂျင်နီယာတွေရဲ့ သားသမီးတွေကလည်း ဆရာဝန်၊ အင်ဂျင်နီယာဖြစ်နေကြတာ အများကြီးပါ။ လူတော် လူကောင်းတွေရဲ့ သားသမီးတွေက လူတော်လူကောင်းတွေ ဖြစ်လာကြသလို လူဆိုးလူမိုက်တွေရဲ့ သားသမီးတွေကလည်း လူဆိုးလူမိုက်တွေ ဖြစ်လာတာရှိပါတယ်။ ဒါပေမယ့် လောကကြီးမှာ ဆရာဝန် တိုင်းရဲ့ သားသမီးက ဆရာဝန်မဖြစ်သလို လူတော်လူကောင်းတိုင်းရဲ့ သားသမီးကလည်း လူတော်လူ ကောင်းမဖြစ်ပါ။ အဲ့သလိုပါပဲ။ လူဆိုးလူမိုက်တိုင်းရဲ့ သားသမီးကလည်း လူဆိုးလူမိုက်တွေ ဖြစ်မလာ ကြပါဘူး။ လူဆိုတာမျိုးက ကိုယ့်ဗီဇနဲ့ ကိုယ်ပါ။ ဒါ့အပြင် လူတွေမှာ ပြောင်းလဲနိုင်တဲ့ စွမ်းရည်တွေ ရှိကြပါတယ်။ အကောင်းဘက်ကနေ အဆိုး။ အဆိုးဘက်ကနေ အကောင်း ပြောင်းလဲနိုင်ကြပါတယ်။ နွံထဲက ကြာပန်းတွေပွင့်နိုင်သလိုပါပဲ ပတ်ဝန်းကျင်ဆိုးထဲကနေလည်း လူတော်လူကောင်းတွေ ထွက် ပေါ်လာနိုင်ပါတယ်။ 

    ကျွန်တော် ဖတ်ဖူးတဲ့ အဖြစ်အပျက်လေးကို ပြန်သတိရမိပါတယ်။ ပန်းချီဆရာတစ်ယောက် က ခရစ်တော်ရဲ့ နောက်ဆုံးညစာစားပွဲ ပန်းချီကို ဆွဲဖို့လုပ်တဲ့အခါ ခရစ်တော်ကို ကိုယ်စားပြုနိုင်တဲ့ ဖြူစင်သိမ်မွေ့တဲ့ လူငယ်တစ်ယောက်ကို မော်ဒယ်အဖြစ်ရေးဆွဲဖို့ ရှာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခရစ် တော် လုပ်ကြံခဲ့တဲ့ ယုဒရဲ့ ပုံကို ရေးဆွဲဖို့အတွက်ကျတော့ ဆိုးညစ်မိုက်မဲတဲ့ပုံစံရှိတဲ့ သူကို ရှာလို့မရ ပါဘူး။ ဒါနဲ့ ယုဒရဲ့ မျက်နှာနေရာ ဖြည့်မဆွဲနိုင်ခဲ့တာ တော်တော်ကြာခဲ့ပါတယ်။ နှစ်အတန်ငယ် ကြာ ပြီးတဲ့နောက်မှာတော့ ပန်းချီဆရာက သူ့စိတ်တိုင်းကျ ကြည့်ဆွဲဖို့ လူဆိုးလူမိုက်ကို ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီလူရဲ့ မျက်နှာပုံစံကို ကြည့်ပြီး ပန်းချီပုံကို ရေးဆွဲပြီးတဲ့အခါ မော်ဒယ်လုပ်ပေးတဲ့ လူက မျက်ရည် တွေ ကျနေပါတယ်။ ပန်းချီဆရာက အကျိုးအကြောင်းမေးတဲ့အခါ အရင်တုန်းက ခရစ်တော်ရဲ့ ပုံကို ရေးဆွဲဖို့ မော်ဒယ်လုပ်ပေးခဲ့တာလည်း သူပါပဲလို့ ပြောပြပါတယ်။ ဒီတော့ လူတွေဟာ အကောင်းက နေ အဆိုး၊ အဆိုးကနေ အကောင်းကို ပြောင်းလဲနိုင်စွမ်းရှိကြတဲ့သူတွေပါ။ ဒါပေမယ့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတော့ ပြောင်းလဲနိုင်စွမ်းနည်းတဲ့လူတွေကို တွေ့နေရတုန်းပါပဲ။ တစ်ချို့က ပြောင်းလဲမှု ကိုတောင်ဆန့်ကျင်နေကြပါတယ်။ ပြောင်းတော့ပြောင်းလဲကြပါတယ်။ ဒါပေမယ့် အဆိုးက အကောင်း ထက် အကောင်းက အဆိုးက ပြောင်းလဲကြတာ ပိုများနေသလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ဘူးပင်က ဘူးသီး တွေပဲ သီးနေကြတုန်းပါပဲ။


    လူဆိုတာမျိုးက မှားတတ်ကြတာတွေပါပဲ။ လူတိုင်း အမှားနဲ့မကင်းနိုင်ကြပါဘူး။ ဒီတော့ မှား တတ်ကြတာ သဘာဝဆိုပေမယ့် အဲ့ဒီအမှားကို အမှန်ပြင်နိုင်ကြဖို့တော့ လိုပါတယ်။ တစ်ချို့အမှား တွေက ပြင်ဆင်ဖို့အတွက် အချိန် မလိုအပ်လှပါဘူး။ တစ်ချို့အမှားတွေကတော့ အချိန်မီပြင်ဆင်ဖို့ လိုအပ်ပါတယ်။ အက်ဒီဆင်ကတော့ ထောင်ချီတဲ့အမှားတွေကို နမူနာယူပြီး မီးသီးလေးကို တီထွင် နိုင်ခဲ့ပါတယ်။ အမှားဆိုတာက တကယ်သာ အသုံးပြုတတ်မယ်ဆိုရင် လှေကားထစ်တွေပါပဲ။ အဲ့ အသုံးမပြုတတ်ဘူးဆိုရင်လည်း နွံတွေလိုပါပဲ။ လူတစ်ယောက်အဖို့ သူပိုင်ဆိုင်ရတဲ့ အသားအရောင်၊ မျိုးရိုးဗီဇတွေကို ပြောင်းလဲပစ်ဖို့ ခက်လှပါတယ်။ ဒါပေမယ့် စိတ်နေစိတ်ထား၊ အကျင့်၊ ဓလေ့စရိုက် တွေကိုတော့ ပြောင်းလဲပစ်နိုင်ပါတယ်။ အကောင်းဆုံးပြောင်းလဲမှုကတော့ အမှားကနေရုန်းထွက်တဲ့ ပြောင်းလဲမှုပါပဲ။
 

    အခုဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက အရင်နဲ့မတူတော့ပါ။ အရွေ့တစ်ခု ကို စတင်ခဲ့ပြီဖြစ်ပါတယ်။ ခေတ်စနစ်က ရွေ့သလို စနစ်ဆိုးက စွဲကပ်ခဲ့တဲ့ အကျင့်ဆိုးတွေလည်း ပြင် ကြရမယ့် အချိန်ရောက်နေပြီ ဖြစ်ပါတယ်။ အကျင့်ဆိုးဆိုတဲ့ နေရာမှာ နိုင်ငံနဲ့ လူမျိုးအတွက် အကျိုး မဖြစ်ထွန်းစေဘဲ အကျိုးယုတ်စေတဲ့အကျင့်မှန်သမျှ အကျင့်ဆိုးတွေပါပဲ။ အလုပ်ထဲမှာဖြစ်စေ၊ မိသားစု ဘဝမှာဖြစ်စေ ဘယ်နေရာမှာ ပဲဖြစ်ဖြစ် နိုင်ငံအတွက် အကျိုးရှိစေတဲ့ တော်တည့် မှန်ကန်တဲ့ အကျင့် တွေကိုသာ မွေးဖြူကြရမှာ ဖြစ်ပါတယ်။ မိုးရေတွေခါးရင် အဲ့ဒီမိုးရေတွေကို သွန်ပစ်ကြရမှာပါ။ အဲ့ဒီ မိုးရေတွေနေရာမှာ ချိုတဲ့မိုးရေတွေ အစားထိုးကြရမှာပါ။ 'ဤ'ကိုလည်း 'ဤ'အတိုင်းသာ ဖတ်ကြရမှာ ပါ။ ကောင်းတဲ့ ဗီဇတွေကိုတော့ ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားရမှာ ဖြစ်သလို မကောင်းတဲ့ဗီဇတွေ ကိုတော့ ပြောင်းလဲပစ်ကြရမှာ ဖြစ်ပါတယ်။
 

    ပြုပြင်တယ်ဆိုတဲ့ နေရာမှာ အစိုးရတစ်ခုတည်းရဲ့ တာဝန်မဟုတ်ပါဘူး။ အရွေ့ ဆိုတာမျိုးက အားလုံး ပြိုင်တူတွန်းမှ ရွေ့နိုင်တာပါ။ အမှိုက်ကို စည်းကမ်းမဲ့ပစ်တာ မကြိုက်ဘူးဆိုရင် ဒဏ်ရိုက်ရုံ သက်သက်ပဲ ပြုလုပ်၍ မရပါ။ အမှိုက်အလွယ်တကူပစ်နိုင်အောင် အမှိုက်ပုံးတွေလည်း ချထားပေးရ မှာ ဖြစ်ပါတယ်။ ဒီတော့ မကောင်းတဲ့ ဗီဇတွေကို ပြောင်းလဲပစ်ချင်တယ်ဆိုရင် မကောင်းတဲ့ ဗီဇတွေ မရှင်သန်နိုင်အောင် ပတ်ဝန်းကျင်ကိုပါ ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ ကောင်းတဲ့ဗီဇတွေ ဖြစ်ထွန်း လာနိုင်တဲ့ ပတ်ဝန်းကျင်တွေ ဖန်တီးပေးရမှာဖြစ်ပါတယ်။ အဲ့သလို ပြောင်းလဲပေးဖို့၊ ဖန်တီးပေးဖို့က လူတိုင်းမှာ တာဝန်ရှိကြပါတယ်။ လာဘ်စားတာ မကြိုက်ဘူးဆိုရင် ကိုယ်ကလည်း လာဘ်ပေးတဲ့သူ မဖြစ်အောင် ဆင်ခြင် စောင့်ထိန်းကြရမှာပါ။ အစိုးရကလည်း လာဘ်စားတဲ့ သူတွေကို ပြတ်ပြတ် သားသား အရေးယူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေ လာဘ်မစားဘဲ ကောင်းမွန်စွာနေနိုင်တဲ့ လစာမျိုး ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါက အချက်တစ်ခုကိုသာ ဆွဲထုတ်ပြတာ ဖြစ်ပါတယ်။   
 

    တကယ်တော့ ဘူးပင်က ဘူးသီးသီးတာ မဆန်းလှပါဘူး။ ခေတ်ဆိုး စနစ်ဆိုးကလည်း လူဆိုး တွေသာ မွေးထုတ်ပေးပါတယ်။ ခေါင်းဆောင်ကောင်းတွေက စနစ်ကောင်းတွေကို ဖန်တီးပေးသလို စနစ်ကောင်းတွေကလည်း ခေါင်းဆောင်ကောင်းတွေကို မွေးထုတ်ပေးနိုင်ပါတယ်။ အဲ့သလိုပါပဲ။ ဗီဇ ကောင်းတဲ့ သူတွေက ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးသလို ပတ်ဝန်းကျင်ကောင်းတွေကလည်း ဗီဇတွေ ကောင်းလာအောင် ပြောင်းလဲပေးပါတယ်။
 

ဘယ်ခေတ်မှာပဲဖြစ်ဖြစ် ဘူးပင်က ဘူးသီးပဲသီးတာသဘာဝပါ။ ဘူးပင်က ဘူးသီးမသီးအောင် ဘူးပင်ရဲ့ မျိုးရိုးဗီဇကို မပြုပြင်နိုင်ပေမယ့် ကျွန်တော်တို့ လုပ်နိုင်တာတစ်ခုတော့ ရှိပါတယ်။ အဲ့တာက တော့ ဘူးသီး မသီးစေချင်ရင် ဘူးပင် မစိုက်ကြဖို့ပဲ ဖြစ်ပါတယ်။

လှကျော်ဇော - ငယ်ကအချစ်

$
0
0
မေမေ အပျိုဘ၀က
 
လှကျော်ဇော - ငယ်ကအချစ်
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅

    ပဲခူးစံပြတပ်ရင်းမှာ ဖေဖေတပ်ရင်းမှူးအဖြစ်ရော၊ စံပြလေ့ကျင့်ရေးကျောင်းရဲ‹ ကျောင်းအုပ်ကြီးအဖြစ်ရော တာဝန်ယူ လုပ်ဆောင်ခဲ့တဲ့ ၁၉၄၃-၄၄ ကာလအတွင်းမှာ ဖေဖေ့ဘဝအတွက် အရေးကြီးတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
 

    ပထမအပြောင်းအလဲကတော့ နိုင်ငံရေးအရ၊ အတွေးအခေါ်အရ အပြောင်းအလဲပါ။
 

    ၁၉၄၄ ခုနှစ်၊ နှစ်လယ်လောက်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဖေဖေကိုခေါ်ပြီး ဂျပန်တော်လှန်ဖို‹၊ ဆွေးနွေးတိုင်ပင် ညှိနှိုင်းဖို့ ဒေးဒရဲမှာ ဂျပန်တော်လှန်ရေးအတွက် လျှို‹ဝှက်လှုပ်ရှားပြီး နိုင်ငံရေးသင်တန်းတွေပေးနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်စိုးကို လျှို့ဝှက် သွားရောက်ခေါ်ဆောင်ဖို့ တာဝန်ပေးပါတယ်။ အဲဒီကိစ္စ အသေးစိတ်တွေကိုတော့ ဖေဖေက သူ့ စာအုပ်မှာ ရေးထားပြီးပါပြီ။ သခင်စိုးက သူ့ လာခေါ်တဲ့ ဖေဖေနဲ့  သူ့ ရဲဘော်တွေကို ဆီးပြီး နိုင်ငံရေးသင်တန်းတွေပေးပါတယ်။ ဖေဖေက ဂျပန်မှာနေတုန်းကတည်းက ဗိုလ်ရန်အောင်က  “ခင်ဗျား ဗမာပြည်ပြန်ရောက်ရင် နိုင်ငံရေးသင်တန်းတက်ပါဗျာ”လို့  တိုက်တွန်းဖူးတယ်တဲ့။ ဖေဖေတို့ က ကျောင်းသားဘဝက လိုက်လာရတာဖြစ်လေတော့ ဗမာပြည်ပြန်ရောက်လို့  ဗမာပြည်ကြီး လွတ်လပ်ရေးရပြီးရင် ကျောင်းပြန်နေမယ်လို့ ပဲ စိတ်ကူးထားတာကြောင့် နိုင်ငံရေး သင်တန်းတက်ရေးဆိုတာလည်း သိပ်နား မလည် သဘောမပေါက်မိဘူးဆိုပဲ။ သခင်စိုးရဲ့ နိုင်ငံရေးသင်တန်းတွေ တက်ရတော့မှပဲ ဘာကြောင့် နိုင်ငံရေးသင်တန်း လိုအပ်တယ်ဆိုတာ သဘောပေါက်မိတယ်တဲ့။

    အဲဒီသင်တန်းက ဖေဖေ့ကို သာမန်မျိုးချစ်စစ်သားလေးဘဝကနေပြီး ရာသက်ပန် လူတန်းစား လွတ်မြောက်ရေးတိုက်ပွဲဝင် တော်လှန်ရေးသမား နိုင်ငံရေးသမားဘဝကို ပြောင်းလဲပေးလိုက်ပါတော့တယ်။ အဲဒီနိုင်ငံရေးသင်တန်းတွေ အပြီးမှာ ဖေဖေနဲ့ သူ့ ရဲဘော်တသိုက် ဗမာပြည်ကွန်မြူနစ်ပါတီဝင်များ ဖြစ်သွားပါတော့တယ်။ ဒါကြောင့်ဖေဖေက သခင်စိုးကို “ကျွန်တော့်ကို ခိုင်မာတဲ့ ကွန်မြူနစ်တယောက်ဖြစ်အောင် ကူညီခဲ့သူ ပထမပုဂ္ဂိုလ်”လို့  သူ့ စာအုပ်ထဲမှာ ရေးသားခဲ့တာပါ။
 

    အဲဒီသင်တန်းတွေမှာ ဆိုဗီယက်ယူနီယံ အစိုးရအကြောင်းတွေ ကြားရတော့ ဒီလောက်ကောင်းတဲ့ အစိုးရမျိုး ကမ္ဘာပေါ်မှာ ရှိရဲ့လားလို့  တအံ့တသြဖြစ်ကြပြီး ပြည်သူတွေ တနေ့ တော့ လွတ်မြောက်မှာ၊ ဒီလိုလွတ်မြောက်ဖို့ လည်း အများကြီးကြိုးစားရဦးမယ်။ ရေရှည် ဇွဲနပဲနဲ့ လုပ်ရမှာဆိုတာ သဘောပေါက်မိလာတယ်လို့ ဆိုပါတယ်။
 

    ဖေဖေက အဲဒီသင်တန်းတက်စဉ်က အကြောင်းတွေပြောရင်းနဲ့  အဲဒီမှာ သူတွေ့ ခဲ့တဲ့ သခင်စိုးရဲ့ ညာလက်ရုံး သခင်တင်မြအကြောင်းလည်း ပြောပြပါတယ်။ သခင်တင်မြဟာ အလွန်လုပ်ရည်ကိုင်ရည်ရှိပြီး သခင်စိုးရဲ့ လက်က သုံးတောင်ဝှေးဖြစ်တဲ့အကြောင်း၊ အလွန် အန္တရာယ်ကြီးလှတဲ့ ဂျပန်တွေရဲ့ မျက်ခုံးပေါ်လျှောက် မြေအောက်လုပ်ခဲ့ သူဖြစ် ကြောင်း၊ သခင်စိုးရဲ့ နိုင်ငံရေးသင်တန်းတက်ဖို့ အနယ်နယ်အရပ်ရပ်က နိုင်ငံရေးသမားတွေကို သူပဲ စုဆောင်းပေးခဲ့ကြောင်း စတာတွေ ပြောပြဖူးပါတယ်။ သခင်တင်မြကလည်း ဒါတွေကို “ဘုံဘဝမှာဖြင့်”စာအုပ်မှာ အတော်ပြည့်ပြည့်စုံစုံ ရေးထားပြီးပါပြီ။
 

    ဖေဖေဆက်ပြောပြတာကတော့ ဒီလူဒီလောက် လုပ်ကိုင်နေပေမယ့် သူ့ မှာ အားနည်းချက်တခု ရှိတယ်တဲ့။ သူက ကွန်မြူနစ်ဝါဒကို (သခင်စိုးရဲ့ တပည့်ရင်းပီပီ) စောစောထိတွေ့ ခဲ့ရလေတော့ နောက်မှ သင်တန်းတက်ရသူတွေ၊ ကွန်မြူနစ်ဝါဒနဲ့  စိမ်းနေသူတွေ၊ နိုင်ငံရေးအရ မရင့်ကျက်သေးသူများအပေါ် အထင်သေးတတ်ပြီး လှောင်သလို၊ ပြောင်သလို၊ ရယ်သလို၊ မောသလို လုပ်တတ်တယ်တဲ့။ ဒါတွေကို လူတွေက မုန်းပြီး သူ့ ကို ၁၉၄၅ ဇူလိုင်မှာကျင်းပတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ဒုတိယကွန်ဂရက်မှာ ဗဟိုကော်မတီအဖြစ် မရွေးချယ်ခဲ့ကြတာပဲတဲ့။ (ကွန်ဂရက်အပြီး သခင်တင်မြကို လုပ်ငန်းလို အပ်ချက်အရဆိုပြီး သခင်သန်းထွန်းက ဗဟိုစည်းရုံးရေးကော်မတီပဲ ခန့် အပ်ခဲ့ရပါတယ်။)
 

    အဲဒီ ဒေးဒရဲ ဂွကလေးရွာမှာ သခင်စိုးရဲ့ နိုင်ငံရေးသင်တန်းတက်ရင်း ဖေဖေတွေ့ ခဲ့ရတဲ့ နောက်တဦးကတော့ ဖေဖေတို့ တည်းခိုသင်တန်းတက်ခဲ့တဲ့ အိမ်ပိုင်ရှင် ဦးမောင်တင်ရဲ့ဇနီး ဒေါ်ငွေစံပါ။ ဖေဖေတို့ က သူတို့ အိမ်က ထပ်ခိုးလေးပေါ်မှာ သင်တန်းတက်ရတာပါ။ အဲသလို သင်တန်းတက်နေတုန်း ဂျပန်အဖွဲ့ တဖွဲ့ က စက်လှေတစီးနဲ့  ရွာကို ရောက်လာပြီး ရွာမှ ရွာသားတွေစု ဟောပြော၊ အဲဒီအိမ်မှာပဲ ထမင်းစားနဲ့  တနေ့ လယ်နေသွားပါတယ်။
 

    ဒေါ်ငွေစံဟာ အဲဒီဂျပန်တွေကို အိနြေ္ဒမပျက် ဧည့်ခံစကားပြော၊ ထမင်းကျွေးမွေးပြီး မှင်မောင်းသေသေနဲ့  နေသွားလိုက်တာ၊ ထပ်ခိုးလေးထဲမှာ ပုန်းခိုပြီးနေရတဲ့ ဖေဖေတို့ တတွေက သူ့ ရဲ့ တည်ငြိမ်မှုနဲ့  ရဲရင့်မှုကိုတွေ့ ရပြီး လေးစားမဆုံး၊ ပြောမဆုံး ဖြစ်ခဲ့ရတယ်ဆိုပဲ။ ဒါ့အပြင် မတော်တဆ ဂျပန်တွေက ဖေဖေတို့ ရှိတာ ရိပ်မိသိရှိသွားပြီး ဖမ်းဆီးဖို့ လုပ်လာရင် ပစ်ခတ် တိုက်ခိုက်ဖို့ လည်း ပြင်ဆင်ထားရလေတော့ ကြားထဲမှာ ဒေါ်ငွေစံတော့ ထိခိုက်မိတော့မှာပဲဆိုပြီး ဖေဖေတို့ တတွေ အတော်စိုးရိမ်ပူပန်ခဲ့ကြရတယ်လို့  ပြောပြဖူးပါတယ်။
 

    ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးဖို့  တောတွင်းအဖွဲ့ တွေ မြို့တက်လာတော့ အလံနီအဖွဲ့ မှာ ဒေါ်ငွေစံကို သခင်စိုးဇနီးအဖြစ် ပါလာတာ တွေ့ ရပါတယ်။ သခင်စိုးက ဒေါ်ငွေစံကို ယူလိုက်တာကို ဖေဖေက “တော်တော်စည်းကမ်း မရှိတဲ့လူကြီး”လို့  ဆိုခဲ့ဖူးပါတယ်။ နောက်ပိုင်း သခင်စိုးရဲ့ မြေပေါ်လက်နက်ချရောက်လာပြီး လုပ်ဆောင်ချက် အရပ်ရပ်တွေကို သိရကြားရပြီးတဲ့အခါမှာတော့ ဖေဖေက “သခင်စိုးဟာ ကွန်မြူနစ်သရုပ်ကို ရက်ရက်စက်စက် ဖျက်ဆီးပစ်တဲ့လူပဲ”လို့  မှတ်ချက်ချပြောခဲ့ဖူးပါတယ်။
 

    ဒါကတော့ ဖေဖေရဲ့ နိုင်ငံရေးအရ အပြောင်းအလဲဖြစ်တဲ့အကြောင်းနဲ့  အဲဒီကာလက အဖြစ်အပျက်တချို့ပါ။
 

    ဒုတိယအပြောင်းအလဲကတော့ ပုဂ္ဂိုလ်ရေးကိစ္စပါ။ ဖေဖေတို့   ဂျပန်ပြန် တပ်မှူးအုပ်ဟာ ဗမာ့လွတ်လပ်ရေးရမှ အိမ်ထောင်ပြု ကြမယ်လို့  သန္နိဋ္ဌာန်ချထားတာပါ။ ဒါပေမဲ့ ဖေဖေက သခင်စိုးရဲ့ နိုင်ငံရေးသင်တန်းတက်ပြီးနောက် ပြည်သူတွေ တကယ်လွတ်မြောက်ဖို့ ဆိုရင် လွတ်လပ်ရေးရရုံနဲ့  မပြီးသေးဘူး။ ဆက်လုပ်ဆောင်စရာတွေ ရှိသေးတယ်ဆိုတာ သဘောပေါက်သွားပြီးတော့ အိမ်ထောင်ပြုရေးကို စ စဉ်းစားမိတယ်တဲ့။ ဒီကြားထဲ သခင်စိုးက ဗိုလ်ချုပ်နဲ့  ဆွေးနွေးဖို့  ဖေဖေ့ပဲခူးကအိမ်မှာနေရင်း ဖေဖေနဲ့အာလာပသလ္လာပပြောဆိုရင်း အိမ်ထောင်ပြုဖို့ တိုက်တွန်းတယ်လို့ ဆိုပဲ။ ဒါနဲ့  ဖေဖေက အိမ်ထောင်ပြုတော့မယ်လို့  ဆုံးဖြတ်ပြီး သူ့ ငယ်ရည်စားမေမေကို လှမ်းဆက်သွယ်ပြီး မေးမြန်းစုံစမ်းတာတွေ လုပ်ရပါတော့ တယ်။
 

    စစ်ကြီးအတွင်း စစ်သားတယောက်နဲ့ ပေးစားရမှာကို သဘောမတူနိုင်တဲ့ မေမေ့မိဘများကြောင့် ဖေဖေနဲ့ မေမေ အိမ်ထောင်ပြုရေးဟာ အခက်အခဲနဲ့ ကြုံတွေ့ ရပေမယ့် နောက်ဆုံးမှာတော့ ဖေဖေနဲ့ မေမေ ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ မှာ လက်ထပ်နိုင်ခဲ့ကြပါတော့တယ်။
 

    အဲဒီနေ့ ကစလို့  မေမေကွယ်လွန်တဲ့ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့ အထိ၊ ဖေဖေတို့  မေမေတို့  နှစ်ပေါင်း ၅၄ နှစ်ကျော် ပေါင်းသင်းခဲ့ကြရာမှာ ကျွန်မတို့ သားအဖတတွေ ၁၉၇၆ ခု တောထဲထွက်လာပြီး မေမေနောက်က လိုက်ခဲ့တဲ့ ၁၉၈ဝ ခုနှစ်ကာလအထိ ၄ နှစ်ကြာကာလမှာပဲ ကွဲကွာနေထိုင်ခဲ့ကြတာပါ။ မေမေဟာ ဖေဖေနဲ့  အေးအတူပူအမျှ ပြောင်းရွှေ့လေရာ ဒေသအရပ်ရပ်ကို နောက်က တကောက်ကောက်ပါအောင် လိုက်ပါခဲ့သူဖြစ်ပြီး မှတ်ဉာဏ်ကလည်း အလွန်ကောင်းလေတော့ အိမ်ထောင်သက် ဘဝတလျှောက် ကြုံတွေ‹ခဲ့ရတဲ့ အကြောင်းအရာအမျိုးမျိုး လူပုဂ္ဂိုလ်အမျိုးမျိုးကို မှတ်မိသတိရနေ တတ်ပါတယ်။ ဖေဖေက တချို့မေ့နေတာတွေကို မေမေ့ကို မေးရတတ်ပါတယ်။
 

    မေမေကွယ်လွန်ပြီးမှ ကိုယ်ကိုယ်တိုင်လည်း အသက် ၈ဝ ကျော်မှ ဖေဖေက သူ့အတ္ထုပ္ပတ္တိ စာအုပ်ကို စရေးလေတော့၊ တချို့အဖြစ်အပျက်တွေကို အတိအကျ မမှတ်မိတော့တာတွေ ကြုံရပါတော့တယ်။ အကြောင်းအရာတချို့ကို ချန်ထားခဲ့ရပါ တော့တယ်။ ဖေဖေစာအုပ်ထွက်လာတော့ ဖေဖေအရင်က ပါးစပ်နဲ့ပြောဖူးထားတဲ့ အကြောင်းအရာ တော်တော်များများကို ကြားဖူးထားတဲ့ သူအများက မေးမြန်းလာပါတော့တယ်။
 

    ဖေဖေလည်း သူ့ စာအုပ်ကို အားမလိုအားမရဖြစ်ပြီး သြော် - သူရှိတုန်းကသာ ရေးဖြစ်ရင် သိပ်ကောင်းမှာပဲလို့  ညည်း တွားပြီး မေမေ့ကို တမ်းတတတ်ပါတယ်။
 

    ဖေဖေရဲ့ ဒီအပြောင်းအလဲကြီးနှစ်ခု (နိုင်ငံရေးနဲ့  ပုဂ္ဂိုလ်ရေး)ဟာ သူ့ အတွက် ရာသက်ပန် စွဲမြဲခဲ့တဲ့ အကြောင်းအရာကြီးနှစ်ရပ်ဖြစ်လာခဲ့ပါတော့တယ်။
 

    “ငယ်ကအချစ် အနှစ်တရာမမေ့သာ” လို့ ဆိုရိုးရှိမဟုတ်လား။

၁၂- ဧပြီ -၂ဝ၁ဝ။
မှတ်ချက် -
၁။ ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ။ ဆောင်းပါးပေါင်းချုပ် အတွဲ(၁)။ ဖြိုးမောက်သာ စာပေ။
ဆောင်းပါးအမှတ် (၁၃) ကို ပြန်လည်ဖေါ်ပြပါတယ်။
၂။ ၁၅- ဒီဇင်ဘာ - ၂၀၁၅ မှာကျရောက်တဲ့ (ကွယ်လွန်သူ) မေမေရဲ့အသက်(၉၄) နှစ်ပြည့်မွေးနေ့
အထိမ်းအမှတ်အဖြစ် တင်တာပါ။

လှကျော်ဇော။(၁၅-၁၂-၂၀၁၅)။
                                 

ဖိုးထက် - လူဟာ လူ၊ Gender နဲ့ မဆိုင်

$
0
0


ဖိုးထက် - လူဟာ လူ၊ Gender နဲ့ မဆိုင်
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅

ပျားအုံးကို တုတ်နဲ့ သွားထိုးသည့် ကိစ္စတွင် ပုဆိုး ခေါင်းမြီးခြုံနှင့် သော်လည်းကောင်း၊ အဆိပ်အတောက်ရှိသော အင်းဆက်များ ကိုက်ခဲခြင်းကို ကာကွယ်သော ခေတ်မှီ အကာအကွယ် အ၀တ်အစားဖြင့်သော် လည်းကောင်း ထိုးသင့်သည်။ သို့မဟုတ်ပါဘဲ အကြောင်းမဲ့ သက်သက် ရန်စသည့် သဘောဖြင့် တုတ်ဖြင့်ထိုးသော် ဒေါသထွက်နေသော ပျားများ၏ သည်းကြီး မည်းကြီး တိုက်ခိုက်ခြင်းကို ခံရတတ်သည်။ ထို့အပြင် ကင်းသုံးကင်း (ကင်းမြီးကောက်၊ ကင်းခြေများ၊ ကင်းမလက်မဲ) ကိုက်လျှင် တစ်ကင်း တော့ပြီးတယ်ဟု တစ်ခါမှ ကင်းအကိုက်မခံရဘူးသော ရှေးပညာရှိစကားက မှန်သည်ဆိုအုံးတော့ ပျားကိုက်လျှင် မနာဘူးဟု အဘယ်ပညာရှိကမျှ မှတ်ချက် မချခဲ့ပေ။
 

    အဆိုပါ သဘောအရ ကိုသောင်းမြင့်သည် သူ့မိန်းမ မသူဇာ၏ ဒေါသပျားများကို အဆင်အခြင်မဲ့ တုတ်ဖြင့် သွားသွားထိုးတတ်သည်။ ထို့အတူ မသူဇာ၏ ဆတ်ဆတ်ထိမခံဘဲ ပြန်ပက်သည့် ကင်းကိုက်သလို နာကျင်ရသော စကားလုံးများ၏ ကိုက်ခဲခြင်းအမှုကိုလဲ အလူးအလဲ ခံရရှာ၏။
 

    ချစ်သူ ခင်သူ အချင်းချင်း အစားကောင်း အသောက်ကောင်း စားရလျှင်သော် လည်းကောင်း၊ ၀ါသနာတူကိစ္စများကို မိမိ တစ်ဦးတည်း လုပ်နေရလျှင် သော်လည်းကောင်း အပြန်အလှန် သတိရတတ်ကြသည်မှာ လူတိုင်းတွင် ရှိတတ်ကြသည် မဟုတ်တုံလော။ အခုလဲ ကိုသောင်းမြင့် တစ်ယောက် စာဖတ်နေရင်း အဘယ် အကြောင်းအရာကို တွေ့သည် မသိ။ စာရင်းတွက်နေသည့် မသူဇာကို လှမ်းခေါ်သည်။ သူ့မိန်းမ မသူဇာသည်လည်း စာဖတ် ၀ါသနာ ပါသည် မဟုတ်လော။
 

    “ဟေ့..မသူဇာ..လာစမ်းပါအုံးကွ။ မင်း စာရင်းတွေ ခဏချထားခဲ့စမ်းပါ။ ဒါလေး လာဖတ်စမ်းပါ”
 

    “အို..ကျွန်မ မအားဘူး။ အဲဒီကနေ ရှင်ဖတ်ပြလိုက်”
 

    “ပြီးရော..ဒါဆိုလဲ ငါဖတ်ပြမယ်။ ခရစ်ယာန်သာသနာကို ပြန့်ပွားအောင် လုပ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေထဲကမှ ရှင်ပေါလုရဲ့ စာတစ်ချို့ကို မင်းကို ဖတ်ပြချင်လို့ပါ..ဟဲ..ဟဲ”
 

    မသူဇာက အကင်းပါးသည်။ နပ်သည်။ နောက်ဆက်တွဲ “ဟဲ..ဟဲ” ဆိုသည့် အဓိပ္ပါယ်သည် အနှောင့်မလွတ်၊ အသွားမလွတ် ကန့်လန့်ကြီး တိုက်၊ ရန်စချင်သည့် သဘောဆိုတာ နားလည်လိုက်သည်။ သို့သော်လည်း ဘာမှန်း မသိရသေးဘဲ အသားလွတ်ကြီး ရန်မလိုချင်သောကြောင့်
 

    “ဖတ်စမ်းပါ ဆိုတော်…လျှာနယ် ရှည်ရန်ကော ကိုသောင်းရယ်”
 

    “ဒီလိုကွာ..ရှင်ပေါလုက မိန်းမတွေနဲ့ပါတ်သက်ပြီး ဒီလို ပြောခဲ့တယ်…. “မိန်းမသည် အုပ်စိုးခြင်းကို အစဉ်ဝန်ခံပြီး တိတ်ဆိတ်စွာသင်စေ၊ မိန်းမသည် ဆုံးမသြ၀ါဒပေးခြင်း၊ ယောင်္ကျားကို အစိုးတရ ပြုစေခြင်း အခွင့်ကို ငါမပေး။ သူသည် တိတ်ဆိတ်စွာ နေအပ်၏။ အကြောင်းမူကား အာဒံကို ရှေးဦးစွာ ဖန်ဆင်းတော်မူ၍၊ နောက်မှ ဧ၀ကို ဖန်ဆင်းတော် မူ၏” …. တဲ့ကွ..ဟား..ဟား…ရှင်ပေါလုကိုတော့ မင်း ပြိုင်မငြင်းနဲ့ဗျား။ မင်းဘာသာ ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် ရှင်ပေါလုဟာ ပညာရှိ၊ သူတော်ကောင်းကြီးဆိုတာတော့ မင်းသိတာဘဲ..ဟဲ..ဟဲ..ဟဲ”
 

    မသူဇာ စကားမပြန်။ သူ၏ အရေးကြီး စာရင်း ဇယားများကို ချထားခဲ့ပြီး ကိုသောင်းမြင့်ရှိရာသို့ ထလာသည်။ ထို့နောက် ကိုသောင်းမြင့် ဖတ်လက်စ စာအုပ်ကို တောင်းယူသည်။ ရှင်ပေါလု အကြောင်းကို တိတ်တိတ်ဆိတ်ဆိတ် ဖတ်သည်။ ဖတ်လို့ ပြီးသော် မသူဇာ၏ ပါးစပ် တစ်ဖက်သည် ရွဲ့သွားသည်။ လေဖြတ်ချင်လို့ မဟုတ်။ တွေ့ကြသေးတာပေါ့ ကိုသောင်းရယ် ဆိုသည့် သဘော။
 

    “ကိုသောင်းမြင့်..ရှင် အခုဖတ်နေတဲ့ စာထဲမှာလဲ ပါတာဘဲ။ ရှင်ပေါလုဟာ လူပျိုကြီး ဖြစ်ဖို့ များတယ်တဲ့။ လူပျိုကြီးများ၊ အပျိုကြီးများဟာ သိပ်ပြီး သြဇာအာဏာ ပြချင်တယ်။ အိမ်ထောင်ရေး ကိစ္စကို ဒင်းတို့ နည်းနည်းမှ နားမလည်ပါဘဲ အဲဒီကိစ္စမှာ သိပ်ပြီး ဆရာလုပ်ချင်တယ်။ ယောင်္ကျား၊ မိန်းမ ဘယ်သူသာတယ်၊ မသာဘူး ပြောတာလဲ ဒင်းတို့ အပြောဆုံး။  လူပျိုးကြီး ဖြစ်ဖွယ်ရှိခဲ့တဲ့ ရှင်ပေါလုကို ဘာမှ မသိဘူးလို့ ပြောချင်တာ မဟုတ်ဘူး။ သူဟာ သခင်ယေရှုနဲ့ မနီးယိုးစွဲ အဆင့်မှာ ရှိတယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ ရှင်ပေါလုကို ကျွန်မ ပြိုင်ငြင်းရလိမ့်မယ်”
 

    မသူဇာသည် အမျိုးအဆွေ၊ မိသားစုကြားထဲတွင် အတော် သြဇာအာဏာရှိသော အမျိုးသမီး တစ်ယောက်ဖြစ်သည်။ သာရေး၊ နာရေး၊ သားရေး၊ သမီးရေး၊ စီးပွားရေးကိစ္စများတွင် မသူဇာ၏ အကြံဥာဏ်၊ ဆုံးဖြတ်ချက်က ဆွေမျိုးတွေကြားထဲတွင် အတော်ကြီး တာသွားသူဖြစ်သည်။ ခပ်ထက်ထက်၊ ခပ်စွာစွာ အမျိုးသမီးပီပီ သူဦးဆောင်ရမှ၊  သူက ဆုံးဖြတ်ချက်ချရမှ ကျေနပ်သူ ဖြစ်သည်။ ဥပမာအားဖြင့် ဆန်အိတ်မသည့် နေရာတွင် သူ့ယောင်္ကျားကို ဦးစားပေးသော်လည်း အဆိုပါ ဆန်အိတ်ကို ဘယ်နေရာမှာ ထားမည်ဆိုသည့် ကိစ္စကို အဆုံးအဖြတ်ပေးသူမှာ မသူဇာပင်ဖြစ်သည်။  သို့ကြောင့် အခုလို ယောင်္ကျား မိန်းမ ခွဲခြား ဖိနှိပ်သော သဘောပါသည့် စကားများကို ရှင်ပေါလုမကလို သခင်ယေရှူ၊ ဂေါတမ ဗုဒ္ဓ၊ မိုဟာမက် သခင်တို့ ပြောလျှင်သော်မှ လက်ခံမည့် လူစားမျိုး မဟုတ်။ ဒီလို စိတ်ထားမျိုးကို ကိုသောင်းမြင့်က သိသောကြောင့် မသူဇာအား ကြုံလျှင် ကြုံသလို စတတ်၊ နောက်တတ်၊ နှိပ်ကွပ်တတ်သည်။
 

    “ဟ..မသူဇာရ။ မင်းတို့ မိန်းမတွေ ယောင်္ကျားတွေနဲ့ တန်းတူ အခွင့်အရေး ရသင့်တယ်။ ရ ရမယ်။ ၂၁ ရာစု ခေတ်ကြီးမှာ ယောင်္ကျား မိန်းမခွဲခြားတာ မရှိတော့ဘူး..ဘာ..ညာနဲ့ ဘယ်လောက်ဘဲ အော်အော် ငါတို့ ယောင်္ကျားတွေကို မင်းတို့ ယှဉ်လို့ မရပါဘူးကွာ။ ကိုယ်ကာယ တည်ဆောက်ပုံတစ်ခုတည်းဘဲ ကြည့်။ မင်းတို့ မိန်းမတွေ နောက်ကောက်ကျပါတယ်ကွာ…ဟဲ..ဟဲ”
 

    မသူဇာ၏ ဒေါသ ပျားကောင်များက “၀ရီး” ဆိုသည့် အသံကြီးနှင့် အတူ တုတ်ဖြင့် ထိုးသူ ကိုသောင်းမြင့် ရှိရာသို့ အရှိန်အဟုန်ကြီးမားစွာ ပျံသန်းလာတော့သည်။
 

    “ရီစရာ ကောင်းလိုက်တာတော်… ဟာသဘဲ… ကိုယ်ကာယ တည်ဆောက်ပုံတစ်ခုထဲနဲ့ ရှေ့ရောက်ကြေးသာဆိုရင် ဟိုအလေးမတဲ့ လက်ကားယား၊ ခြေကားယား လမ်းလျှောက်တတ်တဲ့ ယောင်္ကျားကြီးတွေအကုန်လုံး သမ္မတတွေ၊ နိုင်ငံ ခေါင်းဆောင်တွေ ဖြစ်နေမှာပေါ့။ ဒါရှိဖို့ မလိုဘူး။ (မသူဇာက သူ့လက်မောင်းကို လက်ညှိုးထိုးပြသည်)။ ဒါကြီးဖို့ လိုတယ်။ (သူ့ခေါင်းကို လက်ညှိုးထိုးပြသည်။)
 

    သဘောက ကိုယ်ကာယထက် ဦးဏှောက်ကြီးဖို့ အဓိကလို့ ဆိုလိုဟန်တူသည်။
 

    “ရှင်တို့ ယောင်္ကျားတွေ ကာယအားကိုးနဲ့ အနိုင်ကျင့်တယ်။ ဗလကာယ ပြုတယ်။ ခွေး၊ တိရစ္ဆာန်တွေလို သင့်တော်၏၊ မသင့်တော်၏ မတွေးဘဲ ကလေးအရွယ်လဲ အနိုင်ကျင့်တာဘဲ။ ဒါလား ယောင်္ကျားတွေက မိန်းမတွေထက် မြင့်မြတ်တာ။ ဘယ်မိန်းမကများ ဘယ်ယောင်္ကျားကို အလိုမတူဘဲ ဟိုဒင်း ဟိုဝှာပြုတာ ကြားဘူးလဲ။ ရှင်တို့ ယောင်္ကျားတွေသာ ဒီကိစ္စအတွက် ဘ၀အပျက်ခံကြတာ။”
 

    “တောင်အာဖရိကမှာတော့ ဖြစ်သွားတယ်လို့ ငါ ဟိုတစ်လောက သတင်းဖတ်ဘူးလိုက်တာဘဲကွ။ ငါတောင် တောင်အာဖရိက ပြောင်းမလားလို့..ဟဲ..ဟဲ” ဟု ကိုသောင်းမြင့်က စကားထောက်သည်။
 

    ပျားအကိုက်ခံရသော် ပျားကောင်များ မလိုက်နိုင်သည့် ရေထဲသို့ ခုန်ဆင်းပြီး ရေငုပ်ရာသည်။ သို့မဟုတ် ခြင်ထောင်ထဲသို့ ၀င်ပုန်းရာသည်။ အခု ကိုသောင်းမြင့်က မသူဇာ၏ ဒေါသပျားကောင်များကို မခန့်လေးစား သဘောဖြင့် မပြေးဘဲ လှုပ်လီလှုပ်လဲ့ ပြုမူသောအခါ..
 

    “ရှင့်ဘာသာ တောင်အာဖရိက ပြောင်းနေနေ၊ အမေရိက ပြောင်းနေနေ၊ ဆီရီးယားဘဲ သွားသွား ကျွန်မ ကိစ္စ မဟုတ်ဘူး။ ရှင် စကားကို ကပ်မပြောနဲ့။ ဒါ မြန်မာနိုင်ငံ။ မြန်မာနိုင်ငံမှာဘဲ ပြောနေတာ။ မုဒိန်းသမားတွေကို ထောင်ချ။ ပြီးရင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်နေမှတော့ ဒီလို ကိစ္စတွေ ဖြစ်နေအုံးမှာဘဲ။ ကျွန်မသာဆိုရင် အဲဒီလို အကောင်တွေကို နောင် မလုပ်ရဲအောင် အကုန် ဖြတ်တောက် ပြစ်။ သေဒဏ်တောင် ပေးပြစ်မှာ။”
 

    ကိုသောင်းမြင့်က ထိုင်နေသည့် ပုံစံကို စိတ်ချ အလုံခြုံဆုံး ဖြစ်ရအောင် ပြင်ထိုင်လိုက်ရင်း..
 

    “ဟ..မသူဇာရ..သေဒဏ်ဆိုတာ မယဉ်ကျေးတဲ့ နိုင်ငံတွေမှာဘဲ ပေးတော့တာကွ။ လူအချင်းချင်း ဘာအကြောင်းနဲ့မှ သတ်စရာမလိုဘူးဆိုတာ မင်းလဲ သိတာဘဲ။ မင်းဟာက တစ်ဖက်စွန်း ရောက်လွန်းပါတယ်။”
 

    “ကျွန်မကို ဆရာမလုပ်နဲ့။ ကျွန်မသိတယ်။ သေဒဏ်ဆိုတဲ့ အပြစ်ဒဏ်ဟာ ဒီခေတ်ကြီးမှာ မရှိသင့်တော့ဘူးဆိုတာ ကျွန်မ လက်ခံတယ်။ ဒါပေမယ့် ဒီလို လူမဆန်တဲ့ အကောင်တွေကိုတော့ လူ ဆန်ဆန် တုန့်ပြန်နေဖို့ မသင့်ဘူး။ မသတ်ရင်တောင် ကိစ္စတုံး လုပ်ပြစ်ရမယ်”
 

    “အေးပါ..ငါလဲ အဲဒီ မုဒိန်းသမားတွေကို ကာကွယ်ချင်တာ မဟုတ်ပါဘူး။ ဒါတွေက မင်း အမေစု ပြောပြောနေတဲ့ တရားဥပဒေ စိုးမိုးမှု မရှိခြင်းတွေရဲ့ နောက်ဆက်တွဲတွေဘဲ မို့လား။ ပညာမတတ်၊ ဥပဒေက အားနည်း။ အုပ်ချုပ်ရေး ယန္တရားက ပျက်နေတော့ ဖြစ်နေကြတဲ့ ကိစ္စပါ။ ပညာတတ်ပေါတဲ့ အမေရိကားလို မှာတောင် မုဒိန်းမှုတွေ အများကြီး ရှိတာဘဲမို့လား။”
 

    “မဆိုင်ဘူး။ အမေရိကန်မှာတောင် ဖြစ်တယ်။ မြန်မာနိုင်ငံမှာလဲ ဖြစ်မှာဘဲ ဆိုတဲ့ အပြောကို ကျွန်မ လုံးဝ လက်မခံဘူး။ ကောင်းတာဆို ဟိုမှာ ဖြစ်တယ်။ ဒီမှာကျ မရှိဘူး။ မကောင်းတာဆို ဟိုမှာလဲ ဖြစ်တယ် ဒီမှာလဲ ဖြစ်မှာဘဲဆိုတဲ့  ဒီအပြောတွေ ကျွန်မ မုန်းနေတာတော် ကိုသောင်း….ဟိုအဘတွေ လေသံ မလိုက်နဲ့။ အမေစု ပြောတဲ့ တရားဥပဒေ အားနည်းလို့ ဖြစ်တာ။ ရှင်တို့ ယောင်္ကျားတွေ အခု ညမိုးချုပ် အပြင်ထွက်ရင်တောင် အသက်အန္တရာယ်ရှိနေတဲ့ အခြေအနေမှာ မိန်းမတွေ လုံခြုံမှု မရှိတာက အဓိကဘဲ။ အုပ်ချုပ်သူအစိုးရမှာ ဒီကိစ္စအတွက် လုံးဝတာဝန်ရှိတယ်။ မဖြစ်အောင် ကာကွယ်ပေးရမယ်။ ကာကွယ်ပေးရဲ့သားနဲ့ ဖြစ်လာရင်လဲ ဥပဒေက ပြင်းပြင်းထန်ထန် အရေးယူရမယ်။ အခုက ရဲတွေ ကိုယ်တိုင်က မကောင်းတဲ့ မိန်းမတွေကို ခေါ်အိပ်ပြီး ပြန်လွှတ်ပေးတယ်။ မုဒိန်းသမားကို အာမခံပေးတယ်။ မျက်နှာကြီးရာ ဟင်းဖတ်ပါတယ်။ ဒီလို လုပ်နေသမျှ ကာလ ပါတ်လုံး ဒီလို မုဒိန်းမှုတွေ ဖြစ်နေမှာဘဲ။”
 

    “ဒီမိန်းမ အတော် အငြင်းသန်တာဘဲ။ ငါလဲ မင်းစကားတွေကို လက်မခံတာမှ မဟုတ်ဘဲ။ လက်ခံပါတယ်။ ဒါပေမယ့် ဘာဖြစ်ဖြစ်ကွာ…မိန်းမတွေသည် ယောင်္ကျားတွေလောက် မမြတ်ဘူးကွာ။ မိန်းမ ဘုရား မရှိဘူး။ ယောင်္ကျား ဘုရားဘဲ ရှိတယ်ကွ။ ဒါကိုတော့ လက်ခံလိုက်စမ်းပါ…ဟား..ဟား”
 

    မီးလောင်ရာ လေပင့်ရုံသာ မက ဓာတ်ဆီပုံးလိုက်ဖြင့် ကိုသောင်းမြင့်က လောင်းမိပြန်သည်။
 

    “ဟား..ဟား..ရီစရာ ကောင်းလိုက်တာရှင်။ ယောင်္ကျား၊ မိန်းမ Gender ခွဲတဲ့ နေရာမှာ ဘာမှ မဆိုင်တဲ့ ဘုရားတွေမှာ မိန်းမဘုရား၊ ယောင်္ကျား ဘုရား ရှိခြင်း၊ မရှိခြင်းနဲ့ လာပြောနေသေး။ ရှင့်လိုသာ ပြောကြကြေးဆို…နတ်ပြည်မှာ နတ်သားတစ်ယောက် နတ်သမီး တစ်ဖက် ငါးရာနဲ့ ဆိုတဲ့ စကားကျတော့ရော။ ယောင်္ကျားတစ်ယောက် နတ်ပြည်ရောက်ရင် မိန်းမ အယောက် တစ်ထောင် နတ်ပြည်ရောက်နေတာရော။ အဆ တစ်ထောင် ကွာနေတာကြီးကရော။ ရှင်တို့ ယောင်္ကျားတွေက ကျွန်မတို့ မိန်းမတွေထက် အဆတစ်ထောက် အကုသိုလ် ပိုများတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ တကယ်တော့ ယောင်္ကျား မိန်းမ ကိစ္စ က ဘာမှ မဆိုင်ဘူး။ ယောင်္ကျားလဲ လူ၊ မိန်းမလဲ လူ။ ယောင်္ကျား မိန်းမ အတူအတူ အပြန်အလှန် ဆက်စပ် ပါတ်သက် နေရတဲ့ ကိစ္စမှာ ငါက သာတယ်၊ ဒီက သာတယ် ပြောနေတာလောက် ရူးတာ မရှိဘူး။ လူတစ်ယောက် တော်ရင် ထက်ရင် ဦးဆောင်နိုင်ရင် နေရာပေးရမှာဘဲ။ နင်က မိန်းမ၊ နောက်မှာ နေဆိုတဲ့ စိတ်ထားကြောင့် ပြဿနာတွေက မလိုအပ်ဘဲ များနေရတာ။ လူဟာ လူဘဲ ဆိုတဲ့စကားလို လူကို လူလို့ မြင်ပြီး နေရာ ပေးကြရင် အကောင်းဆုံးဘဲ။ ယောင်္ကျားကြီးတွေ ဖြစ်ပြီး မိန်းမတစ်ယောက်ကို အမျိုးမျိုး လှည့်ပါတ် ကောက်ကျစ်နေတဲ့ ဟိုလူတွေကိုဘဲ ရှင်ကြည့်လိုက်။ ဝေးဝေး မကြည့်နဲ့။ နိုင်ငံ အပြင်ထွက်မကြည့်နဲ့။ ဒီ မြန်မာနိုင်ငံထဲမှာဘဲ ကြည့်။ အိုကေ..ကိုသောင်းမြင့်…တော် တော်..လေကုန်တယ်။ ကျွန်မ အလုပ်တွေ ရှိတယ်။ ရှင်နဲ့ ရန်ဖြစ်ဖို့ အချိန်မရဘူး။ သမီးကိုလဲ ကျောင်းသွားကြိုရအုံးမှာ။ လာသွားမယ်။ ကားလိုက်မောင်းပို့။”
 

    မသူဇာတို့ စုံတွဲ သမီးဖြစ်သူအား ကျောင်းသွားကြိုတော့ ကားမောင်းသူက ကိုသောင်းမြင့်။ သို့သော်…အရှိန်လျှော့..ညာဘက် ကပ်ထား…ဒီနားမှာ မရပ်နဲ့..ဟိုမှာ သွားရပ်..နောက်က ကား ကျော်တက်ပစေ..ရှေ့က ကားကို အမြန်ကျော်တက် ဆိုသည့် ဆုံးဖြတ်ချက်များကို ပေးသူကား မသူဇာပင် ဖြစ်သည်။ ထိုအချိန်တွင် ကိုသောင်းမြင့်ခမျာ ရှင်ပေါလုကိုလဲ မေ့နေ၏။ အာဒံကိုလဲ မေ့၏။ ယောင်္ကျားသည် မိန်းမထက် သာသည် ဆိုသည့် သူ့စိတ်အခံကလေးကိုလဲ မေ့နေရှာ၏။
အာဒံခမျာ ဧ၀၏ ပူဆာမှုကို မခံစားနိုင်သဖြင့် ဘုရားသခင်၏ အမှာစကားကိုတောင် တော်လှန် ပုန်ကန်ခဲ့ရသည့် အဖြစ်ကို ကိုသောင်းမြင့် မတွေးမိရှာဘဲ နေလေတော့သည်။

ဖိုးထက်


Photo credit - http://www.wikiart.org/en/victor-brauner/adam-eve-1923

မောင်စွမ်းရည် - သံသယကဗျာဆရာမ ကေသီလှိုင်

$
0
0

မောင်စွမ်းရည် - သံသယကဗျာဆရာမ ကေသီလှိုင်
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅

ကျနော်တို့ငယ်စဉ် အခြေခံပညာကျောင်းသားဘဝမှာကတည်းက အနုမြူဗုံးစမ်းသပ်မှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်။ တက္ကသိုလ်ရောက်တော့ “အနုမြူဗုံး ပိတ်ပစ်ပါ” ဆိုတဲ့ သီချင်းကို ဝိုင်းဖွဲ့ဆိုဖူး တယ်။ ရန်ကုန်တက္ကသိုလ်ကယူလာတဲ့ သီချင်းပါ။ တေးရေးအဆိုကျော် ကိုမြတ်လေး၊ စန္ဒယားချစ်ဆွေ၊ အဆိုတော်မာမာအေးတို့ ရန်ကုန်တက္ကသိုလ်မှာ ဆိုကြတဲ့သီချင်းပေါ့။ မြို့တော်ထဲမှာကားနဲ့လှည့်ပြီးတော့ သီဆိုကြပါဖူးတယ်လို့လဲ ကြားဖူးပါတယ်။ ကိုမြတ်လေးရေးတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

    မန္တလေး-ရန်ကုန်၊ တက္ကသိုလ်သမဂ္ဂချင်း ဆက်သွယ်လှုပ်ရှားမှုအရ ကိုမြတ်လေး၊ ကိုချစ်ဆွေတို့လဲ မန္တလေးတက္ကသိုလ်ကိုလာကြတယ်။ ကျနော်တို့လဲ ရန်ကုန်တက္ကသိုလ်ကို သွားကြတယ်။ ဒီလိုနဲ့ ရင်းနှီးတဲ့ ရဲဘော်သူငယ်ချင်တွေ ဖြစ်လာခဲ့ကြတယ်။ ကျနော်တို့လဲ အနုမြူဗုံးပိတ်ပင်ရေး ကဗျာတွေဝိုင်းဝန်းရေး သားခဲ့ကြဖူးပါတယ်။ အဲဒီလိုရေးကြတဲ့အထဲမှာ တင်မိုး၊ ကြည်အောင် အစရှိတဲ့ကျောင်းသားကဗျာဆရာများ အပြင် ကျောင်းသူကဗျာဆရာ(များ)လဲ ပါဝင်ခဲ့ကြပါတယ်။

 ကျောင်းမှာတုန်းကတော့ အရိုင်း( ရွှေမန်းညာမြေ) ဆိုတဲ့ ကလောင်နာမည်နဲ့ ရေးခဲ့တာ။ နောက်တော့ ရန်ကုန်ကို ပြောင်းသွားပြီး ကေသီလှိုင်ကလောင်နာမည်နဲ့ ဆက်ရေးပါတယ်။ နာမည်ရင်းက ခင်စုလှိုင်တဲ့။

    ခင်စုလှိုင်ကို ကျနော်တို့ရဲ့ တပ်ဦးရဲဘော်တဦးပါ။ မန္တလေးတက္ကသိုလ်၊ ကျောင်းသားညီညွှတ်ရေးတပ်ဦး The Student United Front  မှာ ပါဝင်လှုပ်ရှားတဲ့ ကျောင်းသူတဦးဖြစ်ပါတယ်။ ဗမာလိုအတိုကောက် “တပ်ဦး” အင်္ဂလိပ်လိုအတိုကောက် SUF (ဆပ်ဖ်) လို့လဲ ခေါ်တယ်။ ကျနော်တို့အဖွဲ့မှာ ခင်စုလှိုင်က အတူပါဝင် လှုပ်ရှားခဲ့တဲ့ ရဲဘော်မပါ။

    ကေသီလှိုင်ရဲ့ အနုမြူဗုံးဆန့်ကျင်ရေးကဗျာတပုဒ်ဟာ အခြေခံပညာကျောင်းသုံးစာအုပ်မှာ ပါခဲ့ဖူးပါတယ်။ ကျနော့်ဆီမှာရှိတဲ့ အထက်တန်း ကဗျာလက်ရွေးစင် စာအုပ် (၁၉၇၉ ပုံနှိပ်ထုတ်ဝေ)၊ စာမျက်နှာ ၄၈မှာပါရှိပါတယ်။ ကဗျာခေါင်းစဉ်က “သံသယ” တဲ့။

            သံသယ

ကြည်ကြည်လင်လင်၊ ရေကိုမြင်လျက်
ရေတွင်ဆိပ်ခိုး ပါလေနိုးနှင့်
စိုးရွံ့မသောက်သာပြီတကား။

သန့်သန့်စင်စင်၊ လေကိုခင်လျက်
လေတွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်
စိုးရွံ့မရှိုက်သာပြီတကား။

ရွှမ်းမှည့်ရွှင်ရွှင်၊ သစ်သီးမြင်လျက်
သူ့တွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်
စိုးရွံ့မစားသာပြီတကား။

ဖြူဖွေးလွင်လွင်၊ စပယ်မြင်လျက်
သူ့တွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်
စိုးရွံ့မရှိုက်သာပြီတကား။

အော် လက်နက်ချင်းပြိုင်၊ ဂုဏ်ချင်းဆိုင်ကြ
နိုင်ငံကြီးသား၊ ထိုသူများက
စွမ်းအားရှိတိုင်း အဆိပ်မှိုင်းနှင့်
ရှစ်တိုင်းကိုလွှမ်း၊ ဖေါက်ခွဲစမ်း၍
ယမ်းငွေ့ယှက်ဖြာ၊ ဤကမ္ဘာဝယ်
အရာခပ်သိမ်း၊ ဆိပ်ငွေ့လိမ်းခဲ့
မတိမ်းရှောင်တတ်၊ ရွံ့စိတ်ဓါတ်နှင့်
မပြတ်သံသယဝင်သည်တကား။
ကေသီလှိုင်
ဒီကဗျာလေးကို အထက်တန်းမြန်မာကဗျာလက်ရွေးစင်စာအုပ်မှာ- ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ ပါဝင်ဦးဆောင်တဲ့ ကျောင်းသုံးမြန်မာ စာပြုစုရေးအဖွဲ့က ရွေးချယ်ထည့်သွင်းဖေါ်ပြခဲ့တာပါ။ (အဲဒီတုန်းက ကျနော်က မြန်မာစာသင်ရိုးအဖွဲ့မှာ မပါသေးပါ။) သံသယ- ကဗျာကို ကျနော်က မြန်မာစာဆရာအဖြစ်နဲ့ ကျောင်းသားတွေကို သင်ပေးရပါတယ်။ ကေသီလှိုင်ဆိုတာ ဆရာတို့ရဲ့ သူငယ်ချင်းပေါ့-လို့ ဂုဏ်ယူပြောဆို ခဲ့ရဖူးပါတယ်။ (တင်မိုးက- မဟုတ်ပါ ဆိုဖူးပါတယ်)
 
  ကေသီလှိုင်ခေါ် ခင်စုလှိုင်ဟာ မန္တလေးတက္ကသိုလ်ကို ၁၉၅၆ မှာ ကျနော်တို့နဲ့ အတူရောက်လာခဲ့ပါတယ်။ သူက ခင်အေးမွန်ဆိုတဲ့ တပ်ဦးရဲဘော်မတစ်ဦးနဲ့ အမြဲတွဲလေ့ရှိပါတယ်။ သူတို့နှစ်ဦးဟာ ဝတ်စုံဆင်တူဝတ်ပြီး ဝါးခမောက်ကိုယ်စီ ပခုံးမှာလွယ်ချိတ်ထားလေ့ရှိပါတယ်။ ခင်အေးမွန်က ကျနော်နဲ့ အဌမတန်း၊ နဝမတန်းမှာကတည်းက တတန်းတည်း စာသင်ဘက်ပါ။ မန္တလေး အထက-၁ မှာ စာအတူသင်ခဲ့ပြီး၊ တက္ကသိုလ်ကို အတူရောက်လာသူတစ်ဦးပါ။ သူရော ခင်စုလှိုင်ပါ။ မုံရွာကိုတင်ရွှေ၊ မောင်သာနိုး၊ မောင်မိုးသူ၊ မောင်စွမ်းရည်တို့ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဒါ့ကြောင့် သူငယ်ချင်း ရဲဘော်မ-တွေလို့ခေါ်လေ့ရှိပါတယ်။ တပ်ဦးအဖွဲ့ဝင် အချင်းချင်းညီအကို မောင်နှမတွေလို ဆက်ဆံလေ့ရှိပါတယ်။

    ခင်စုလှိုင်တို့မှာ ညီအကိုမောင်နှမ ခုနှစ်ယောက်လောက်ရှိတယ်လို့ မှတ်သားမိပါတယ်။ သူတို့ရဲ့ အစ်မအကြီးဆုံး မခင်သန်းလှိုင်၊ နောက် မေမေလှိုင်၊ ညီအမနှစ်ယောက်လုံး ကျနော်တို့ အရင်တပ်ဦး တကသ အမှုဆောင်အဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ သူတို့ရဲ့ မောင် အငယ်ဆုံး အုန်းမြင့်လှိုင်က ကျနော်တို့ရန်ကုန် ပြောင်းသွားပြီးမှ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်သူဖြစ်ပြီး ကိုကိုကျွန်းကို အပို့ခံခဲ့ရသူဖြစ်ပါတယ်။ စစ်အစိုးရရဲ့ နှိပ်စက်တဲ့ ဒဏ်နဲ့ ငယ်ငယ်ရွယ်ရွယ်မှာပဲ ကွယ်လွန်သွားခဲ့ရရှာပါတယ်။ သူတို့ဟာ မန္တလေး - ပြည်ဦးလွင် အရပ်မှာ ခြံကျယ် ဝင်းကျယ်ကြီးနဲ့နေပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်သူတွေနဲ့ စားအိမ်သောက်အိမ်လဲ ဖြစ်ပါတယ်။ သူတို့မိသားစု ကိုလှိုင်မိသားစုလို့ မန္တလေးမှာ ထင်ရှားပါတယ်။

အလားတူပဲ ဒို့ဘုရင်- ဦးဘရင်ရဲ့ သားသမီးတစုဟာလဲ ကျောင်းသားလှုပ်ရှားမှုမှာ မိသားစုလိုက်ပါဝင်ခဲ့ပြီး ထောင်ကျတန်းကျနဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားမိသားစုတွေဖြစ်ပါတယ်။ ဖဆ-ဆိုရှယ်အစိုးရနဲ့ စစ်အစိုးရတို့ကို တလျှောက်လုံးဆန့်ကျင် တိုက်ပွဲဝင်ခဲ့ကြသူတွေပါ။ လှိုင်- မိသားစုထဲက ခင်စုလှိုင်၊ ဒို့ဘုရင်-မိသားစုထဲက စောလွင်တို့ဟာ ကျနော်နဲ့ ကျောင်းနေဘက်တွေပါ။ စောလွင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်ဖြစ်ခဲ့ဖူးပါတယ်။ (၁၉၉၀ ကပါ)။

    ကေသီလှိုင်- မဖြစ်ခင်၊ အရိုင်း( ရွှေမန်းညာမြေ) ဘဝကရေးခဲ့တဲ့ နံရံကပ်စာစောင်ကဗျာတပိုင်းတစကို ကျနော်မှတ်မိနေပါသေးတယ်။

    လိမ်လည်ပြီးမှ၊ ဦးနှိမ်ချ၍
    နောင်တသနစ်၊ နှောင်းအဖြစ်ကို
    သီလှစ် ဟစ်ကြွေး မလာပါ လေလေနှင့်တော့-
လို့ အဆုံးသတ်ထားတဲ့ ကဗျာပါ။ ဘယ်သူက သူ့ကို လိမ်လည်ခဲ့ပါလိမ့်။

ကျနော် ၂၀၁၅ နိုဝင်ဘာထဲက ရန်ကုန်ကိုရောက်ခဲ့တယ်။ တက္ကသိုလ်ဆရာမ လုပ်နေတဲ့ သူ့ကိုရှာခဲ့တယ်။ အငြိမ်းစား ယူသွားပြီပေါ့။ လိပ်စာမေ့လို့လဲမရခဲ့။ နောက်တခါ ရန်ကုန်ရောက်မှပဲ တွေ့အောင်ရှာပါအုံးမယ်။

သူငယ်ချင်း
မောင်စွမ်းရည်
၂၀၁၅

Photo credit - http://schotography.co.uk/category/art/

ကာတွန်း မိုးသက် - သူတို့ချင်း အရင် ရင်ကြားစိကြပါအုံး လို့စ်

$
0
0

ကာတွန်း မိုးသက် - သူတို့ချင်း အရင် ရင်ကြားစိကြပါအုံး လို့စ်
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - VOTE

$
0
0

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ -VOTE
(Academic Weekly Journal, Yangon) မိုးမခ၊ ဒီဇင်ဘာ ၁၇၊ ၂၀၁၅
 
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>