Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧

ခင်လွန်း - ရိုးမယ်ဖွဲ့စကား

$
0
0

 ခင်လွန်း - ရိုးမယ်ဖွဲ့စကား
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅

ဘာမှမရှင်းသေဘူး
ဆုပ်ထားတဲ့လက်တွေကိုလဲ ပြန်မဖြည်သေးဘူး
ဖြန့်ထားတဲ့လက်တွေကလဲ
ပြန်မဆုပ်တော့ဘူး။

လက်ဖြောက်တီးသံတချက်ဟာ
ချက်ချင်း မိုးလဲ ရွာနိုင်
ပန်းများလဲ ပွင့်နိုင်
မီးတွေလဲ တဟုန်းဟုန်းတောက်နိုင်…

လက်ကိုလက်ချင်းအပေးအယူကိစ္စမှာ
လက်သီးပုန်းသမားရယ်
လက်ပန်းပေါင်းခတ်နေသူတွေရယ်
လက်ရဲဇက်ရဲသမားရယ်
လက်ဆင့်ကမ်းခြင်းကို
လက်ရှောင်နေသူရယ်
လက်စလက်နဖျောက်ထားသူတွေနဲ့
လက်စလက်န ဖျောက်ချင်သူတွေရယ်
လက်ကိုလက်ခြင်း ချိတ်ဆက်
လက်ကိုလက်ချင်းယှက်ထိုးထားသူတွေရယ်နဲ့
လက်တွေ့မြင်ကွင်းထဲက လောကကြီး…

အဲဒီ့ လက်များပေါ့
လူ့သမိုင်းတွေကို သူတို့ရေးသွားခဲ့ကြတာ
ကမ္ဘာကြီးတသက်တာလုံး
ဖျက်ရာ ခြစ်ရာအပြည့်နဲ့
အကျအပေါက်တွေအပြည့်နဲ့
ရေးလို့မဆုံး ဖျက်လို့မဆုံး
ဒါကိုငတို့က
ဖတ်လို့မဆုံး
မျှော်လို့စောင့်လို့ မဆုံး။ ။

ခင်လွန်း
၂၂း၂၀ နာရီ
၁၆ ဒီဇင်ဘာ၊ ၂၀၁၅
↧

ကာတွန်း မောင်မောင်ဖောင်တိန် - ဆင်းချိန်တန်ပြီ အဘရေ ...

$
0
0

ကာတွန်း မောင်မောင်ဖောင်တိန် - ဆင်းချိန်တန်ပြီ အဘရေ ...
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅
↧
↧

သင်းလဲ့ဝင်း - အမျိုးသမီးတွေကြား အငြင်းမပွားကြတဲ့ အငြင်းပွားစရာ တစ်လင်တစ်မယားဥပဒေ

$
0
0

သင်းလဲ့ဝင်း - အမျိုးသမီးတွေကြား အငြင်းမပွားကြတဲ့ အငြင်းပွားစရာ တစ်လင်တစ်မယားဥပဒေ
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅

ယခုအာဘော်ဆာင်းပါးအား Myanmar Now မှ ရယူပါသည်။
ရန်ကုန် (Myanmar Now) −  အဖွင့်မှာပဲ ကျွန်မ ရှင်းအောင် ပြောပါရစေ။  တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအကြောင်း သတင်းဆောင်းပါးရော၊ ဒီအာဘော်ရောဟာ အတော်ကိုအငြင်းပွားစရာဖြစ်နေတဲ့ မျိုးစောင့်ဥပဒေများ ဘက်က ရှေ့နေလိုက်ရေးခြင်းလို့မထင်စေချင်ပါဘူး။

ဒီဥပဒေတွေဟာ  နိုင်ငံရေးရည်ရွယ်ချက်ရှိသူတွေကြောင့် လွှတ်တော်မှာ တက်သုတ်ရိုက်အတည်ပြုခဲ့တာ ဖြစ်ပြီး၊ အမျိုးသမီး တွေကို တကယ်အကာကွယ်အပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မသက်ဆိုင်ဘူးလို့ ကျွန်မက ယူဆပါတယ်။  ကျွန်မမေးမြန်းခဲ့တဲ့ မြန်မာအမျိုးသမီး တော်တော်များများကလည်း ဒီလိုပဲ မြင်တာပါပဲ။

ဒါပေမယ့်လည်း တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းတာကဖြင့် ဘာမှမကြာသေးဘူး၊ ဒီဥပဒေနဲ့အမှု တွေ အများကြီးဖွင့်ထားပြီး၊ အမှုဖွင့်သူ တရားလိုအများစုကလည်း အမျိုးသမီးတွေပဲဆိုတော့ ဒီဥပဒေဟာ အမျိုးသမီး တချို့အတွက်တော့ အဓိပ္ပာယ်ရှိနေလေရဲ့လို့ တွေးမိပါတယ်။

မျိုးစောင့်ဥပဒေ ၄ ခုမှာ ဒီဥပဒေက နောက်ဆုံးမှအတည်ပြုတာပါ။ ဒါပေမယ့် စပေါက်ပြီး ဟိုးလေးတကျော်ဖြစ်သွားတာ၊ အားလုံးထဲမှာ ဝိဝါဒအကွဲဆုံး၊ အငြင်းအပွားရဆုံးကလည်း ဒီဥပဒေ ပါပဲ။

ဒီဥပဒေမှာအခန်း ၆ ခန်းနှင့် ပုဒ်မ ၂၁ ခုသာ ပါပြီး မျိုးစောင့်ဥပဒေ ၄ ခုထဲမှာတော့ အတိုဆုံးပါ။

 ဥပဒေ စတည်တဲ့ စက်တင်ဘာ ၁ ရက်နေကစပြီး ဒီဇင်ဘာ ၇ ရက်အထိမှာတော့ ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းမှာပဲ အမှု ၂၉ မှုထိ ဖွင့်ထားတယ်လို့ တိုင်းရဲတပ်ဖွဲ့ဆီက သိရပါတယ်။ ပုံမှန်ဆိုရင် နည်းဥပဒေတွေမရှိဘဲ ဥပဒေကို စတင်ကျင့်သုံးလို့ မရသေးပေမယ့် ဒီဥပဒေကျမှ ဘာလို့ ခြွင်းချက်လို ဖြစ်နေတာလဲဆိုတာကလည်း မေးစရာအချက်တစ်ချက်ပါ။

ဒီဥပဒေအရဆိုရင် အပြစ်ရှိကြောင်း အမိန့်ချမှတ်ခံရသူဟာ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်ပြီး အာမခံလည်း မရပါဘူး။

မျိုးစောင့် ဥပဒေတွေကိုပြဋ္ဌာန်းပေးဖို့တောင်းဆိုစဉ်က လူနည်းစု မွတ်စလင် ယောကျာ်းတချို့ဟာ မယားတစ်ဦးမက ယူတဲ့ဓ လေ့ရှိတဲ့အတွက် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကိုယူပြီး အစ္စလာမ်ဘာသာဝင်များလာစေဖို့ ကြံစည်လုပ်ဆောင် နေတယ် ဆိုတဲ့ယူဆချက်နဲ့ ဒီလိုဖြစ်နေတာကို ကာကွယ်ဖို့ အဓိက ရည်ရွယ်ပြီးပြဋ္ဌာန်းဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြတယ် ဆိုတာ လည်း အားလုံးမှတ်မိမယ် ထင်ပါတယ်။

ဒါပေမယ့် အခုအချိန်အထိ ဖြစ်ပေါ်နေတဲ့အမှုတွေမှာတော့ တရားခံအများစုဟာ ဗုဒ္ဓဘာသာဝင် အမျိုးသားတွေသာ ဖြစ်နေ ပါတယ်။

မျိုးစောင့်ဥပဒေလေးခုထဲမှာ အပါအဝင်ဖြစ်တဲ့ ‘ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ အထူး ထိမ်းမြား လက်ထပ်ခြင်း ဆိုင်ရာ ဥပဒေ’နဲ့ ‘ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ’တို့အပေါ်မှာ အမျိုးသားတွေ ကြားမှာရော၊ အမျိုးသမီးတွေကြား မှာပါ ကန့်ကွက်သံတွေ ညံခဲ့ပါတယ်။  ဒါပေမဲ့ တစ်လင်တစ်မယား ဥပဒေကတော့ ဒီလိုမဟုတ်ပါဘူး။  အမျိုးသမီးရေးရာအဖွဲ့ အစည်းတွေ၊ ဥပဒေပညာရှင်တွေ၊ သာမန် အိမ်ထောင်ရှင်မတွေနဲ့ ဆွေးနွေးမေးမြန်းခဲ့တဲ့အခါမှာတော့ သူတို့ အတော်များ များက ဒီဥပဒေမှာပါတဲ့ ပြစ်ဒဏ်ကြီးမားတာ၊ အာမခံ မရတာတွေကို ဝေဖန်ပေမယ့်၊ တစ်လင်တစ်မယားစနစ်ကို ဥပဒေနဲ့ ကာကွယ်ပေးထားတာကိုတော့ ထောက်ခံကြတာကို တွေ့ရပါတယ်။

ဘာကြောင့် ဒီဥပဒေကို အမျိုးသမီးတွေကြားမှာ ထောက်ခံနှုန်းမြင့်မားရသလဲ ဆိုတာကို သိချင်တယ်ဆိုလို့ရှိရင် လင်ယော ကျာ်းကရော၊ လူမှုအသိုင်းအဝိုင်းကပါ သူတို့ကိုလျစ်လျူရှုထားကြတယ်လို့ ခံစားနေရတဲ့ အမျိုးသမီးတွေနဲ့ ဆွေးနွေးကြည့်ရင်နားလည်နိုင်ပါတယ်။

● ပစ်ပယ်ခံရခြင်း
“တစ်ခုလပ်” ဆိုတဲ့အသုံးအနှုန်းဟာ အကောင်းထက် အဆိုးအဓိပ္ပာယ်ဘက်ကို ပိုရောက်ပါတယ်။ အပြစ် အနာအဆာရှိနေ တယ်လို့ အဓိပ္ပာယ်ယူလို့ရပြီး အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ရေးပြိုကွဲခဲ့တဲ့ အမျိုးသမီးဟာ စက်ဆုပ်စရာဖြစ်တယ်၊ မိသားစုကိုအရှက်ရစေတယ် ဆိုတဲ့ရှေးရိုးအတွေးကို အားပေးနေသလိုပါပဲ။

အာဏာနဲ့ပိုက်ဆံရှိရင်တော့ တော်သေးတာပေါ့။  ဒါတွေမရှိရင်တော့ အတင်းအဖျင်းတွေပြောကြတဲ့ ပါးစပ်ပေါင်းများစွာရဲ့ရန် ကနေ အကာအကွယ်ရဖို့ဆိုတာ မလွယ်ပါဘူး။  တကယ်ဆို အဆင်းရဲဆုံးနဲ့ ဘေးအဖယ်ခံရဆုံး အမျိုးသမီးတွေဟာ အကာ အကွယ် အလိုအပ်ဆုံးဖြစ်နေတာပါ။

ကျွန်မမေးမြန်းခဲ့တဲ့ အမျိုးသမီးများတွေထဲက တစ်ယောက်ဟာဆိုရင် “တစ်ခုလပ်” ဆိုတဲ့အသုံးအနှုန်း သူ့ပါးစပ်က ထွက် လာချိန်မှာ မျက်ရည်တွေကျလာပါတယ်။

“ပတ်ဝန်းကျင်ကပြောကြတယ်၊ နင်မကောင်းလို့တဲ့။ ဒီထက်ကောင်းအောင် ကျွန်မက ဘယ်လိုနေပေးရမလဲ” လို့ သူကမေး တယ်။

ဈေးပေါတဲ့ ဖုန်းဆင်းမ်ကဒ်တွေ ပေါ်လာပြီး မိုဘိုင်းဖုန်းတွေလူတိုင်း ကိုင်နိုင်လာတာကြောင့် သူ့ကံကြမ္မာ ဒီလိုဖြစ်ရတယ်လို့ သူကအပြစ်တင်ပါတယ်။  ဘာကြောင့်လဲဆိုတော့ သူ့အမျိုးသားက မိန်းမအသစ်ကို မိုဘိုင်းဖုန်းကတစ်ဆင့် အင်တာနက် ကနေ ဆက်သွယ်နိုင်တဲ့ ဗိုက်ဘာဆော့ဖ်ဝဲကို သုံးရင်းစတွေ့၊ ခင်မင်ပြီး ချိန်းတွေ့ရာကနေ ဒီအခြေအနေကို ရောက်လာတာ မို့လို့ပါပဲ။

ကျွန်မကတော့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတတ်တဲ့၊ ကြောင်သူတော်ဆန်တဲ့ မြန်မာ့အသိုင်းအဝိုင်းကိုသာ အပြစ်ပြော ချင်ပါတော့တယ်။

● ခေါင်းရှုပ်စရာ၊ ကွဲလွဲနေတဲ့ စကားတွေ
ဘာကြောင့်လဲဆိုတော့ ကျွန်မတို့နေထိုင်နေတဲ့ အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်၊ နိုင်ငံမှာ ကွဲလွဲပြီး၊ အမျိုးမျိုး အဖုံဖုံ ဖြစ်တဲ့ စကားတွေ ပလူပျံနေတဲ့နေရာမို့လို့ပါပဲ။

 ဒီဥပဒေတွေကိုအားပေးသူများက အစ္စလာမ် ဘာသာဟာ ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ မြန်မာနိုင်ငံကို ခြိမ်းခြောက်တဲ့အတွက် ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေကို ကာကွယ်ဖို့အတွက် လိုအပ်တယ်လို့ ဆိုပါတယ်။  ဒါပေမယ့် မယား အများ အပြားယူတာ၊ အိမ်ထောင်ရေးဖောက်ပြန်တာတွေဟာ မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

မန္တလေးနန်းတော်ကို သွားရောက်ဖူးသူတိုင်း မိဖုရားဆောင်၊ မောင်းမဆောင်တွေ ဘယ်လောက်များသလဲ ဆိုတာကို တွေ့မြင်နိုင်ပါတယ်။  များလွန်းလို့တောင် မြန်မာဘုရင်တစ်ပါးရဲ့အကြီးဆုံး ခံစားခွင့်ဆိုတာဟာ မိန်းမလိုချင်သလောက်ယူ၍ရတာပဲလို့တောင် ထင်ရောင်ထင်မှားဖြစ်စရာ။

အဲဒီလို မိဖုရားများသောဘုရင်တွေဟာ တစ်ချိန်တည်းမှာ ဗုဒ္ဓဘာသာကိုအလွန်ရိုသေ ကိုင်းရှိုင်းတဲ့ သာသနာ့ ဒါယကာ ဘုရင်မင်းမြတ်တွေလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။  ဘုရင်အများစုကတော့ မိဖုရားကြီးငယ်တွေ ယူတဲ့နေရာမှာ နန်းတွင်း ထုံးတမ်းစဉ်အတိုင်း ယူခဲ့ကြပေမယ့်  ကာမပိုင် ယောကျာ်းရှိပြီးသား မိန်းမကို အတင်းယူခဲ့တဲ့ဘုရင်တွေလည်း ရှိခဲ့ပါတယ်။  ဒါ့အပြင် ရှေးဘုရင်တွေ အကြောင်းကို ရေးတဲ့အခါမှာလည်း  မိန်းမအများကြီး ယူတာဟာ သူတို့ရဲ့ ကုသိုလ်ကံ၊ ဘုန်းရှိလို့ ယူနိုင်တာဆိုပြီး အပြစ်မမြင်ကြတဲ့အပြင် သာမန် ပြည်သူတွေအတွက်အားကျစရာအဖြစ်တောင် ဂုဏ်တင်ချီးမြှောက် ပြောဆိုကြပါသေးတယ်။  သူတို့ဟာသူတို့ ဘုန်းရှိလို့ပဲ ယူယူ၊ ယူနိုင်တဲ့အစွမ်းရှိလို့ပဲယူယူ၊ ဒီလို မိဖုရားတွေများတဲ့အတွက် ဆိုးကျိုးတစ်ခုကတော့ ရာဇပလ္လင်ပေါ် တက်ရဖို့အတွက် ညီအစ်ကိုချင်းတောင် ပြန်သတ်ကြတဲ့ အရုပ်ဆိုး အကျည်းတန်တဲ့ သမိုင်းတွေရှိခဲ့တယ်ဆိုတာ ဟိုမဝေးလှတဲ့အတိတ်ကို ပြန်ကြည့်ရင်တောင် မြင်နိုင်ပါတယ်။

ယနေ့အချိန်အထိလည်း ‘ယောကျာ်းကောင်း မောင်းမ တစ်ထောင်’ လိုမျိုး၊ ‘မောင်တစ်ကျိပ်ပင်ရှိသော်ငြား လင်မရှိက မတင့်တယ်’ လိုမျိုး၊ ‘သားကိုသခင်၊ လင်ကိုဘုရား’ လိုမျိုး ယောကျာ်းတွေကို ချီးမွမ်းခန်းဖွင့်ထားတဲ့ စကားပုံတွေ၊ ဆိုရိုးစကား တွေ အပုံအပင်ပါ။  အမျိုးသမီးများအတွက် အဲဒီလိုထပ်တူပြောထားတဲ့ စကားပုံတွေကိုတော့ ကျွန်မအခုထက်ထိရှာ မရသေးပါဘူး။

လင်မယားကြား၊ မိဘနဲ့သားသမီးကြား၊ မောင်နှမကြား၊ ကြားသုံးကြား မဝင်သင့်ဘူးဆိုတဲ့ ယုံကြည်မှုကလည်း အခုထက်ထိရှိ သေးတယ်။  ဒီတော့ ပြဿနာ တစ်ခုခုဖြစ်လာရင် မိဘ အသိုင်းအဝိုင်းကရော ရပ်ရွာကပါ လင်မယားပြဿနာကြား ဝင်မပါ ချင်ကြတဲ့အတွက် အမျိုးသမီးတွေမှာ မိအေးနှစ်ခါနာရပြန်ပါတယ်။

ဒီလိုမျိုးဓလေ့ထုံးစံတွေနဲ့အသားကျလာခဲ့တဲ့ လူ့အသိုင်းအဝိုင်းတစ်ခုမှာ ဘာရည်ရွယ်ချက်နဲ့ပဲ ပြဋ္ဌာန်းခဲ့ပြဋ္ဌာန်းခဲ့၊ ဒီ တစ်လင် တစ်မယားဥပဒေဟာ တစ်ချိန်လုံး ဆူးပေါ်ဖက်ကျကျ၊ ဖက်ပေါ်ဆူးကျကျ အခံဘက်ကပဲနေခဲ့ရတဲ့ မြန်မာအမျိုးသမီး တွေကြားမှာ ထောက်ခံမှုမြင့်တက်ခဲ့တာကတော့ အံ့ဩစရာတော့ မဟုတ်ပါဘူး။  သူတို့ရဲ့ဘဝတစ်လျှောက်လုံး ကိုယ့်လင် သား နောက်မိန်းမယူခဲ့ရင် ဘာမှမတတ်နိုင်ဘဲ ဒူးနဲ့မျက်ရည်သုတ်ပြီး ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့လို့နေခဲ့ရတဲ့ မြန်မာအမျိုး သမီးတွေအတွက် ဒီ ဥပဒေပေါ်လာခြင်းဟာ ကောက်ရိုးတစ်မျှင်လိုဖြစ်နေတယ်ဆိုရင်လည်း မှားမှာမဟုတ်ပါဘူး။

ဒီဥပဒေဟာ မူလရည်ရွယ်ချက်က အမျိုးသမီးတွေအတွက် အကာအကွယ်ပေးချင်လို့ပေါ်လာတာ ဟုတ်ချင်မှဟုတ်မှာပါ။  တကယ့်လက်တွေ့မှာတော့ အမျိုးသမီးတွေရဲ့စိတ်ထဲ သူတို့အတွက် ခိုကိုးရာဥပဒေတစ်ခုတော့ ပေါ်လာခဲ့ပြီဆိုပြီး လက် ခံကြိုဆိုကြတယ်ဆိုတာကတော့ မငြင်းနိုင်တဲ့အချက်တစ်ချက်ပဲဖြစ်တယ်လို့ ဆိုချင်ပါတော့တယ်။      ။


photo source : CNN
↧

ခင်စန်းမေ - ကျောက်စိမ်းကျိန်စာ မြစ်ဆုံရေကာတာဇာတ်ကား ရှမ်းနဲ့ ကချင်မှာပြဖို့ စီစဉ်

$
0
0
မြစ်ဆုံစီမံကိန်း အ၀င်ဂိတ် (ဓာတ်ပုံ MRJ)

ခင်စန်းမေ - ကျောက်စိမ်းကျိန်စာ မြစ်ဆုံရေကာတာဇာတ်ကား ရှမ်းနဲ့ ကချင်မှာပြဖို့ စီစဉ်
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅
 
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲ၊ တရုတ်နိုင်ငံက တည်ဆောက်နေတဲ့ မြစ်ဆုံရေကာ တာနှင့် အဆိုပါစီမံကိန်းကို ရပ်တန့်ဖို့တောင်းဆိုမှု၊ မူးယစ်ဆေးဝါးသုံးစွဲနေမှုတွေအကြောင်းကို ရိုက်ကူးထားတဲ့ Dams, Drugs & Democracy မှတ်တမ်းတင်သတင်းဇာတ်ကားကို ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ လားရှိုးနဲ့ မြစ်ကြီးနားတို့ ပြသဖို့ရှိနေတယ်လို့ ဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ ကိုဂျက်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေမရှိတာကြောင့် ကချင်ပြည်ရေကာတာစီမံကိန်းက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ တရားမျှတမှုမရှိဘူး။ ဒီလိုမတရားမှုတွေကို လူတွေမေ့ပျောက်မသွားအောင် လူတွေက မေးခွန်းတွေထုတ်ဖို့၊ သည်ကိစ္စ အဖြေရှာကြဖို့ကို အဓိကရည်ရွယ်ပြီး အဆိုပါဇာတ်ကားကို ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ကိုဂျက်အောင်က ဆိုပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် မြစ်ဆုံဒေသကို ရွေးချယ်ရိုက်ကူးရခြင်းကလည်း ကချင်ကို ကမ္ဘာက စိတ်ဝင်စားပြီး ပြည်ပရင်း နှီးမြှုပ်မှုတွေထဲမှာ တနိုင်ငံလုံးအတိုင်းအတိုင်းအတာအနေနဲ့ ဖြစ်ပျက်ခဲ့သမျှတွေမှာ ကချင်ပြည်နယ်က မီးမောင်း ထိုးပြဖို့ အကောင်းဆုံးဖြစ်လို့ ကချင်ကိုရွေးချယ်ရိုက်ကူးခဲ့တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ပြသချိန် ၁ နာရီ ၅ မိနစ်ရှိတဲ့ အဆိုပါဇာတ်ကားရိုက်ကူးဖို့ သူငယ်ချင်း ၃ ယောက်နဲ့အတူ ကချင်ပြည်နယ်မှာ ၆ လကြာ သွား ရောက်ရိုက်ကူးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ စီးပွားရေးအကျိုးအမြတ်အတွက် ရိုက်ကူးခဲ့ခြင်းမဟုတ်တဲ့ အဆိုပါဇာတ်ကား ကို ရန်ကုန်ရဲ့ နေရာ ၅ ခုမှာ ပြသခဲ့သလို၊ အမေရိကန်၊ ဟောင်ကောင်တို့မှာလည်း ပြသခဲ့ပြီး ဟောင်ကောင်မှာတော့ အခကြေးငွေယူ ပြသခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် မလေးရှားမှာလည်း ပြသဖို့အစီအစဉ်ရှိကြောင်း၊ ဂျပန်၊ ကမ္ဘောဒီးယားအပါအ၀င် နိုင်ငံတော်တော်များများမှာလည်း ရုပ်ရှင်ပြိုင်ပွဲဝင်ရင်း ပြသသွားဖို့ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

အဆိုပါဇာတ်ကားကို ရိုက်ကူးရှာမှာ ရေကာတာစီမံကိန်းက ရေးအားလျှပ်စစ်စီမံကိန်းဖြစ်တဲ့အတွက် နေပြည်တော်ရှိ လျှပ် စစ် ၀န်ကြီးဌာနကို မေးမြန်းဖို့ စာတင်ပေမယ့် ပြန်ကြားမှုမရှိခဲ့သလို မြန်မာပြည်ရဲ့အနေအထားက တာဝန်ရှိသူတွေက မေး ခွန်းဖြေဆိုတယ်ဆိုတဲ့အစဉ်အလာကလည်း အလွန်းနည်းကြောင်း ဒါရိုက်တာ ကိုဂျက်အောင်က ပြောဆိုခဲ့ပါတယ်။

↧

ဖြိုးသီဟချို - ရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန်တွေနဲ့ မူဘောင်ကြီးတစ်ခုလုံးကို ပြင်ရမှာ (အင်တာဗျူး)

$
0
0
မကြာသေးမီက ရန်ကုန်မြို့တွင်တွေ့ရသော ယုံကြည်ရသောရွေးကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှု အဖွဲ့ (PACE) ၏  အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့် (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)
 
ဖြိုးသီဟချို - ရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန်တွေနဲ့ မူဘောင်ကြီးတစ်ခုလုံးကို ပြင်ရမှာ (အင်တာဗျူး)
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅

ယခုတွေ့ဆုံမေးမြန်းခန်းအား Myanmar Now မှ ရယူပါသည်။
 
ရန်ကုန် (Myanmar Now) -မြန်မာနိုင်ငံဒီမိုကရေစီကူးပြောင်းရေးကာလ၏ မှတ်တိုင်ဟုခေါ်ဆိုနိုင်သည့် ၂ဝ၁၅ ရွေးကောက် ပွဲ ကျင်းပပြီးစီးခဲ့သည်မှာ တစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ပြည်သူအများ မျှော်လင့်ခဲ့သည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရပါတီကို မဲအပြတ်အသတ်ဖြင့်အနိုင်ရပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်း နိုင်ရန်အတွက်လည်း ပြင်ဆင်နေသည်။

ဤအခြေအနေတွင် စစ်ဗိုလ်ချုပ်ဟောင်းများအကြိုက် ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်၏ အခန်းကဏ္ဍ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အရပ်ဘက်အဖွဲ့အစည်းများ၏ လွတ်လပ်မှုတို့နှင့်ပတ်သက်ပြီး မေးခွန်းထုတ်ဖွယ်ရာအချက် များ ရှိနေသည်။

စောင့်ကြည့်သည့် အဖွဲ့များထဲတွင် ယုံကြည်ရသောရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) လည်း ပါဝင်သည်။ ရန်ကုန်အခြေစိုက် PACE သည် အနာဂတ်ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ပေါ်ပေါက် ရေးအတွက် လေ့လာနေသည့်အဖွဲ့လည်း ဖြစ်သည်။

Myanmar Now သတင်းထောက် ဖြိုးသီဟချိုနှင့် မကြာသေးမီက တွေ့ဆုံစဉ် PACE ၏ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော် စွာမြင့်က ၂ဝ၁၅ ရွေးကောက်ပွဲကာလ မဲရုံပေါင်း ၁,ဝဝဝ ကို စောင့်ကြည့်လေ့လာခဲ့သည့် အတွေ့အကြုံများကို ပြောပြခဲ့သည်။   

မေး -  ၂ဝ၁၅ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့တဲ့အပေါ် ကျေနပ်မှုရှိခဲ့ပါသလား။
ဖြေ -    ပြည်တွင်းမှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ စောင့်ကြည့် လေ့လာခွင့်ပြုခဲ့တယ်။ ဒါကတော့ ကျေနပ်စရာကောင်းတယ်။ ဒါ အရေးကြီးတဲ့အရွေ့၊ အရေးကြီးတဲ့ တိုးတက်မှုလို့ မြင်ပါတယ်။ ဒါပေမယ့်   ဒါကို ညွန်ကြားချက်အမိန့်ကြေညာစာအနေနဲ့ ထုတ်ထားတာပဲ ရှိသေးတယ်၊ ဥပဒေထဲမှာ မရှိသေးဘူး။  အခြေခံအကျဆုံး အချက် ဖြစ်တဲ့ ရွေးကောက်ပွဲကို ဘယ်နေ့ကျင်းပမယ်ဆိုတာမျိုး တရားဝင်ညွှန်ပြထားတာမရှိဘူး။ နိုင်ငံရေးအရလည်း ဒါဟာ ပြော စရာတစ်ခုဖြစ်နေတယ်။ နိုင်ငံရေးပါတီတွေ၊ စောင့်ကြည့်လေ့လာမယ့် အရပ်ဘက်အဖွဲ့အစည်းတွေ ပြင်ဆင်ဖို့ အခက်အခဲ အများကြီးဖြစ်နေတယ်။ ပြုပြင်ပြောင်းလဲမှုကြီးကြီးမားမား လုပ်ရမယ်လို့ ထင်ပါတယ်။

မေး -  အဝေးရောက်မဲတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ -  ဥပဒေမူဘောင်တွေပြင်ဖို့လိုသလို လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြင်ဖို့လိုပါတယ်။   မဲစာရင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်သည် ကြေညာရမယ်လို့ ပြောထားတယ်။ ကျွန်တော်အထင်ကတော့ မဲစာရင်းပြုစုတာနဲ့ပတ်သက်ပြီး ကြီးကြီးမား မား ပြုပြင်ပြောင်းလဲတာမျိုးလုပ်ဖို့ လိုမယ်။ မဲစာရင်းပြုစုတာကို ကျွန်တော်တို့ ဒီထက်ပိုပြီးတော့စော စောလုပ်ရင်ကောင်း မလား၊ ဒါဆို ကျွန်တော်တို့ သိရမယ်၊ ဘယ်သူတွေကတော့ ဘယ်မှာရှိနေကြတယ်၊ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ပေါ့။  အင်ဒိုနီးရှားလိုနိုင်ငံမျိုးမှာဆိုရင် ပြည်ပရောက် မဲဆန္ဒရှင်တွေကို စီမံခန့်ခွဲဖို့ကို ကော်မရှင်တစ်ရပ် သပ်သပ်ရှိတယ်၊ အဲဒါနဲ့ထိန်းကျောင်းနေတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း   ရွေးကောက်ပွဲနား နီးလာတဲ့အခါမှာ ယာယီကော်မရှင်ဖွဲ့တာမျိုးပေါ့၊ အဲဒါမျိုး တစ်ခုခု လုပ်ရလိမ့်မယ်လို့ထင်ပါတယ်။

မေး -  အဝေးရောက်မဲပေးခွင့်တွေ ဘယ်လောက်များ ဆုံးရှုံးခဲ့တယ်လို့ သိရပါသလဲ။
ဖြေ -  အဲဒီရာခိုင်နှုန်းကတော့   ကော်မရှင်ကိုယ်တိုင်မှာရော အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ ကိုယ်တိုင်မှာ ရော မရှိသေးပါဘူး။ အားလုံးက ခန့်မှန်းနေကြတာပဲရှိတယ်။ လာမယ့်နှစ်တွေမှာ အဲဒါမျိုးကိုလုပ်ဖို့ စနစ်တကျ လေ့လာဖို့ လိုနေတယ်။

မေး -  PACEအဖွဲ့က တစ်နိုင်လုံးအတိုင်းအတာအရ ဘယ်လောက်ထိ လွှမ်းခြုံပြီးတော့ ရွေးကောက်ပွဲကို လေ့လာနိုင်ခဲ့ပါသလဲ။
ဖြေ -    ပုံမှန်အတိုင်းဆိုရင်   ဝေးတဲ့နေရာကို ကြည့်ကြတယ်၊ ဝေးတဲ့နေရာက မဲလိမ်နိုင်တယ်။  ပဋိပက္ခဖြစ်ခဲ့တဲ့နေရာတွေကို ကြည့်တယ်။  ကော့မှူးလို နေရာမျိုး။ ဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေ ဝင်ပြိုင်တဲ့နေရာမျိုးတွေ အရေးကြီးတဲ့၊   နိုင်ငံရေးအရ အရေးပါတဲ့နေရာမျိုးတွေကို ကြည့်ကြတာ များတယ်။ ကျွန်တော်တို့နည်းကတော့ အဲဒါတွေကို ဂရုမစိုက်ဘူး။ ကျွန်တော်တို့ အခေါ်ကတော့ နမူမှုနာအခြေပြုစောင့်ကြည့်လေ့လာရေးပေါ့။ မဲရုံ  ၄ဝ,ဝဝဝ   လုံးကို ကျွန်တော်တို့မကြည့်ဘဲနဲ့ ကိုယ်စားပြု တဲ့မဲရုံ ၄၄ဝ ကို ရွေးလိုက်တယ်။    ကချင်ပြည်နယ်ရဲ့ အင်ဂျားယန်၊  ရန်ကုန်က လသာ၊    ရှမ်းပြည်နယ် မိုင်းဆတ်လိုမြို့က ရွာလေးတစ်ရွာလည်း ဖြစ်ချင်ဖြစ်မယ်။  တစ်နိုင်ငံလုံးကိုလွှမ်းခြုံတဲ့အဖြေ ရတယ်။

နောက်တစ်မျိုးကတော့ နိုင်ငံရေးအရ အရေးကြီးတဲ့နေရာတွေကို အချိုးကျကြည့်တယ်။ အဲဒါက နေရာပေါင်း ၅၄ဝ ကို ကြည့်တယ်။ စုစုပေါင်း မဲရုံ ၁,ဝဝဝ ကို စောင့်ကြည့်ခဲ့တယ်။

မေး -  ရွေးကောက်ပွဲကော်မရှင်ဥပဒေပါ အချက်အလက်တွေမှာ ပြင်စရာအချက်တွေ တွေ့ထားတာ ရှိပါသလား။
ဖြေ -  ရွေးကောက်ပွဲကာလမတိုင်ခင်မှာ ကျွန်တော်တို့အားလုံးပြောကြတာက   ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဗိုလ်ချုပ် ကြီးဟောင်းဖြစ်တယ်ပေါ့။   ရွေးကောက်ပွဲကော်မရှင်ရဲ့ လွတ်လပ်မှု၊ ကြားနေမှုကို လိုချင်တယ်ဆိုရင်  ပုဂ္ဂိုလ်ရေးဆိုင်ရာ နိုင်ငံရေး ရှုမြင်ပုံမျိုးကို ကျော်မြင်ဖို့လိုတယ်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တယ်။ (ကော်မရှင်မှာ) ဗိုလ်ချုပ်တွေများတယ် ဆိုတာ လည်း အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။ ကော်မရှင်ဥက္ကဋ္ဌကို သမ္မတက ခန့်အပ်တယ်၊  သမ္မတနဲ့က သက်တမ်းကလည်း တူတူပဲ။ အစိုးရတစ်ခုခု ပြောင်းတိုင်းမှာ အဲဒီကော်မရှင်က အဲဒီအစိုးရကို သစ္စာခံတဲ့ကော်မရှင်ဖြစ်နေမှာပဲ။ ကျွန်တော် တို့နိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို ပိုပြီးတော့ ဒီမိုကရေစီဆန်စေချင်တယ်၊  ပိုပြီးတော့ သမာသမတ်ကျတဲ့ကော်မရှင် ဖြစ်စေ ချင်တယ်ဆိုရင် လူကိုလဲတာထက် အဲဒီ ဥပဒေကိုပါ ပြင်ဖို့လိုပါတယ်။

မေး -  ၁၉၉ဝ ရွေးကောက်ပွဲတုန်းက အရပ်ဘက်လူကြီးတွေနဲ့ ဖွဲ့ခဲ့တာရှိပါတယ်။ အခုကော်မရှင်နဲ့ ဘယ်လိုများ ကွာပါသလဲ။
ဖြေ -  ၁၉၉ဝ ရွေးကောက်ပွဲတုန်းကလည်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (စစ်ကောင်စီ) ကပဲ ဖွဲ့ခဲ့တာ။ အဲဒီကော်မရှင်မှာ ပါတဲ့လူတွေက လူတွေကြည်ညိုလေးစားတဲ့လူတွေ ဖြစ်နေတဲ့အတွက် အထိုက်အလျောက် လက်ခံလို့ရတဲ့ လူတွေ ဖြစ်လို့ လူတွေက ဘာမှမပြောကြတာ။  စဉ်းစားရမှာက ဘယ်လို ရွေးချယ်ခန့်ထားလဲ ဆိုတာပါ။ ဥပမာအားဖြင့်ဆိုရင် အရပ်ဘက် လူ့အဖွဲ့အစည်းတွေက တင်တာလား၊ နိုင်ငံရေးပါတီတွေက တင်တာလား။ နည်းအမျိုးမျိုးတော့ ရှိမှာပေါ့၊ နိုင်ငံရေးပါတီတွေဘက်က ပါတီဝင် မဟုတ်တဲ့ ၅ ယောက်၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက ၅ ယောက်၊ သမ္မတက ၅ ယောက် တင်သွင်းတယ်ပေါ့။ အဲဒီ ၁၅ ယောက်ကို မဲပြန်ခွဲသလားပေါ့။ ကျွန်တော်မြင်တာကတော့ အဲဒီလိုရွေးချယ်တာမျိုး မရှိသေးဘူး။ 

မေး -  ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရော ရခဲ့ပါသလား။
ဖြေ -  ပြည်ထောင်စုအဆင့်မှာကတော့ အတိုင်းအတာတစ်ခုထိတော့ အဆင်ပြေပါတယ်။ ပြဿနာက ရွေးကောက်ပွဲကော် မရှင်ဆိုတဲ့ အဖွဲ့အစည်းမှာကိုက ပြုပြင်ပြောင်းလဲဖို့ လိုနေတာဖြစ်နေပါတယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲ ပြက္ခဒိန်  သူ့ဆီမှာ မရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ကတောင်းလည်း သူ မပေးတာ ဥပဒေနဲ့ညီနေတယ်။  မဲရုံစာရင်းတွေလိုချင်တယ်၊ ကော်မရှင်အနေနဲ့က မဲရုံစာရင်းတွေ ပြုစုဖို့ သူ့မှာ တာဝန်မရှိဘူး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မဲရုံစာရင်းတွေ ရှိရမယ်လို့ နည်းဥပဒေတွေ၊ ဥပဒေတွေမှာ မပါဘူး။ မဲရုံစာရင်းတွေ၊ မဲစာရင်းတွေက မြို့နယ် (အဆင့် ကော်မရှင်အဖွဲ့ခွဲ) တွေမှာရှိရင်ရပြီ။   ရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန်တွေနဲ့ မူဘောင်ကြီးတစ်ခုလုံးကို ပြင်ရမှာ။

မေး -   ကော်မရှင်ရဲ့ ဘက်ဂျက်သုံးစွဲပုံကိုရော ဘယ်လိုထင်ပါသလဲ။ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဝင်တွေက လည်း သူတို့ဟာ စေတနာ့ဝန်ထမ်းတွေပါလို့ ဆိုပါတယ်။
ဖြေ -  သူတို့ရဲ့ဘဏ္ဍာရေးအစီရင်ခံစာကို ကြည့်ရဦးမှာပါ၊ သူတို့က သမ္မတဆီကို တင်ရဦးမယ်။ မဲရုံဝန်ထမ်းတွေကို ဘယ်လောက်ပေးလဲ၊ မြို့နယ်မဲရုံခွဲတွေကို ဘယ်လောက်ပေးလဲပေါ့။ ဘက်ဂျက်တွေကို လုပ်ငန်းစကတည်းက ချပေးတာ လား၊ ရွေးကောက်ပွဲနီးမှ ချပေးတာလား၊ ရွေးကောက်ပွဲကော်မရှင် ဘက်ဂျက်က သမ္မတရုံးဘက်ဂျက်ကနေ လာတာ။   ရွေးကောက်ပွဲကော်မရှင်က သမ္မတနဲ့ အရမ်းကိုနီးကပ်တယ်။ သမ္မတကို သစ္စာခံတဲ့သဘောမျိုးဖြစ်နေတယ်။ ဒီအချက်ဟာ လည်း ရေရှည်မှာ  ပြုပြင်ပြောင်းလဲရမယ့် အချက်တစ်ခုပါပဲ။      ။
↧
↧

ဆောင်းယွန်းလ - သိမ်းထားလိုက်မိတဲ့ အပိုင်းအစများ ၂

$
0
0
 ဆောင်းယွန်းလ - သိမ်းထားလိုက်မိတဲ့ အပိုင်းအစများ ၂
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅

တနလာင်္ သတင်းစာကို
လှန်ဖတ်ကြည့်မိတော့
နှင်းမပါတဲ့ ဆောင်းတွင်းကြီးမှာ
အပူဓာတ်ဟာ မိုးလုပ်ပြီး ရွာနေခဲ့တယ်…

အဂါၤညထိပ္က
အျပင္မွာသာတဲ့ လရိပ္ဟာ
ငါ့အခန်းကိုကျော်ပြီး မီးမှိတ်အိပ်ပျော်သွားခဲ့တယ်…

ဗုဒ္ဒဟူးတီဗွီချယ်လ်နယ်လ်ရဲ့
အထူးသတင်းကို ကြည့်မိတော့
စန်ဗာနာဒီနို အကြမ်းဖက်သတ်ဖြတ်မှုသတင်းက
အခမဲ့ ဆလိုက်ထိုးပြီးပြနေခဲ့ပြန်တယ်…

ကြာသာပတေး အရှုပ်အထွေးတွေနဲ့
ပုပ်ဆွေးနေတဲ့ ကမ္ဘာမှာမွန်းကြပ်လို့
ကမ္ဘာ့အပြင်ကို တွန်းထွက်ဖို့ကြိုးစားရင်း
ငြိမ်းချမ်းရေးကို သီချင်းတပုဒ်စပ်မိတော့
သီချင်းဟာ သတင်းတွေထဲမှာ ကြိုးပြတ်သွားခဲ့တယ်…

အချိန်ကုန်မြန်တဲ့ သောကြာကိုချန်ပြီး
စနေကိုလှန်ဖတ်မိတော့
ကမ္ဘာကြီး ပိုပြီးပူနွေးလာတဲ့ သတင်းနဲ့
သူငယ်ချင်းတယောက်ရဲ့ နာရေးသတင်းကလွဲပြီး
ကျန်တာအားလုံးက ပွဲပြီးမီးသေပဲ…

အပျင်းဖြေရက် တနင်္ဂနွေအတွက်
အမှိုက်ကောက်သူတွေကို ကြည့်ပြီး
ရင်ထဲက တပါတ်စာ အမှိုက်တွေကောက်ရုံကလွဲပြီး
ငါ့အတွက် ကျန်တာ ဘာတွေရှိဦးမှာလဲ…

အမှိုက်ဟာ
အမှိုက်ကစပြီး
ကမ္ဘာထိအောင် မီးထလောင်တတ်လို့
တသက်စာ ရင်ထဲက အတိတ်ဖြစ်ရပ်ရိုင်းတွေကို
ငါ့စိတ်ပြတိုက်ထဲမှာပဲ
သမိုင်းအဖြစ် သိမ်းခိုင်းထားလိုက်မိတယ်…။

ဆောင်းယွန်းလ (ဒီဇင်ဘာ ၁၆၊၂၀၁၅)
↧

ငြိမ်းချမ်းအေး - ရင်ဘတ်အရွယ်အစားထက် ဦးနှောက်အရွယ်အစားကို ရွေးချယ်ပါ

$
0
0

ငြိမ်းချမ်းအေး - ရင်ဘတ်အရွယ်အစားထက် ဦးနှောက်အရွယ်အစားကို ရွေးချယ်ပါ
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၅
 
အခုနှစ်ပိုင်းမှာ မယ်စကြာဝဠာ၊ မယ်ကမ္ဘာ၊ နိုင်ငံတကာအလှမယ် ပြိုင်ပွဲတွေကို မြန်မာပြည်က အလှမယ်များ ဝင်ရောက် ယှဉ်ပြိုင်ကြသလို ကျား-မ လူအများလည်း စိတ်ဝင်စားမှု ရှိကြတာတွေ့ရတယ်။  ပြည်တွင်းမှာ နိုင်ငံကိုယ်စားပြုဖို့ ရွေးချယ်တဲ့ အလှမယ်ပြိုင်ပွဲတွေကိုလည်း ရုပ်မြင်သံကြားအစီအစဉ်တွေက တိုက်ရိုက်ထုတ်လွှင့်ပြသကြတာတွေလည်း ရှိလာတယ်။  ပုံနှိပ်စာနယ်ဇင်းများ၊ အွန်လိုင်းမီဒီယာများကလည်း အလှမယ်များရဲ့ သတင်းဓာတ်ပုံတွေဝေဝေဆာဆာနဲ့ အချိန်နဲ့တပြေးညီ သတင်းလုပ်တင်ကြတာ သတိထားမိတယ်။ ဟိုအရင်ခေတ်များဆီကတော့ အဲဒီလိုရေကူးဝတ်စုံပြိုင်ပွဲမျိုးဆိုရင် ရွံ့တတ်ကြ၊ အလာဂျီဖြစ်တတ်ကြတယ်။

တိုင်းပြည်မှာ စစ်တပ် စတင်အာဏာယူကြီးစိုးချိန် ၁၉၆၂ ခုနှစ်ကစလို့ မယ်မြန်မာတွေကို နိုင်ငံတကာပြိုင်ပွဲတွေ မလွှတ် တော့ပါဘူး။  ပြည်တွင်းမှာလည်း နှစ်ပိုင်းဖြတ် အစနှစ်စ ရေကူးဝတ်စုံဝတ် ပြိုင်ရတဲ့ အလှပြိုင်ပွဲတွေ၊ အားကစားပွဲတွေ ပိတ်ခံထိခဲ့ပါတယ်။  အကြောင်းပြချက်ကတော့ မယ်မယ်ရရ မရှိလှပါဘူး၊ စစ်တပ်အာဏာတည်တံ့ဖို့ ရေလဲသုံး ဆေးတ ဖုံဖြစ်တဲ့ အမျိုး ဘာသာ သာသနာ ယဉ်ကျေးမှု ဗန်းပြ အစွန်းရောက် အမျိုးသားရေးဝါဒ တစိတ်တဒေသ အဖြစ် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှု ယဉ်ကျေးမှုနဲ့ ဆန့်ကျင်မကိုက် ဆိုတာပါပဲ။  ဆီသည်မလက်သုတ်ဝတ် အဖန်တရာတေ သရုပ်ပျက် ခေါင်းစဉ် အောက်ပို့ခဲ့ကြတယ်။

တခြား အားကစားနည်းတွေမှာလည်း ဒီလို အကြောင်းပြချက်မျိုးပေးပြီး အလားတူ ပိတ်ပင်တတ်ပါသေးတယ်။  ၁၉၈၈ ခုနှစ် ဒီဘက် နဝတ၊ နအဖ စစ်အစိုးရခေတ် အမျိုးသမီး သဲသောင်ပြင် ဘော်လီဘော ပြိုင်ပွဲ အမျိုးအစားကို အရှေ့တောင်အာရှ ပြိုင်ပွဲတွေမှာ စတင်ထည့်သွင်းကစားတော့ ရေကူး ဝတ်စုံဝတ်ရခြင်း အကြောင်းပြ မြန်မာအမျိုးသမီးအသင်းကို မလွှတ်ခဲ့ပါဘူး။  တကယ်တော့ အသစ်ထည့်တဲ့ ပြိုင်ပွဲတွေဆိုတာ နိုင်ငံတိုင်းလိုလို ‘တစ်ကစ’ ရလို့ ကိုယ့်အသင်းဝင်ယှဉ်ပြိုင်ပါနိုင်ရင် ဆုတံဆိပ် ချိတ်နိုင်တယ်၊ ရေရှည် အောင်မြင်ဖို့အတွက်လည်း လက်ဦးမှုယူနိုင်တယ်။

ဒါပေမယ့် ဆိုခဲ့သလို တလွဲဆံပင်ကောင်း အမျိုးသားရေး အမြင်ကြီးလှတဲ့ စစ်ဗိုလ်ချုပ်ကြီးများက ရေကူးဝတ်စုံကို မျက်မုန်းကျိုးခဲ့တယ်။  သူတို့ ရာစုဝက်ကျော် ထင်တိုင်းကြဲ ဖျက်ဆီးခဲ့တဲ့ တိုင်းပြည်မှာ ပါးလျ ချွတ်ခြုံကျလှတဲ့ လူမှု-စီးပွားဒဏ်ကြောင့် အမျိုးသမီးငယ်လေးပေါင်းများစွာ နေ့စဉ် ဘဝပျက် ပန်းကောင်းအညွန့်ချိုး လူကုန်ကူးခံ၊ ရောင်းစားခံ၊ နိုင်ငံတကာထွက် ကျွန်လှည့်ခံနေရတာမျိုးလို တကယ်အလေးထား အကာအကွယ်ပေးစောင့်ရှောက်ရမှာမျိုးကိုကျ မျက်ကွယ်ပြုထားကြတယ်။  လူတစ်စု တစ်ဖက်စောင်းနင်းမတရား ‘စံ’ စားခွင့်ရနေတဲ့ စနစ်ဆိုးကို အမှန်တကယ် အရင်းတိုင် ပြုပြင်ဖို့ကျ အခုထိ အမြင်မှန်၊ အမှန်မြင် အကောင်းအလုပ် အပြည့်အဝ မလုပ်ချင်ကြသေးပါဘူး။

နိုင်ငံတကာမှာ ဒီလိုရုပ်ရည်နဲ့ ခန္ဓာကိုယ်အလှ အသားပေး ပြိုင်ပွဲတွေကို ဆန့်ကျင်ကြရမှာ တိုက်ပုံသမား ခေတ်နောက်ပြန် ဆွဲတွေအပြင် တိုးတက်တဲ့ အမျိုးသမီးဝါဒီအဖွဲ့အစည်းတွေလည်းပါ ပါတယ်။  သူတို့ ကန့်ကွက်တာကြတော့ အလှမယ်ပြိုင် ပွဲရဲ့ အတွင်းအနှစ်သဘောကို ကန့်ကွက်တာပါ။  ဝါသနာ၊ ဆန္ဒ၊ ရွေးချယ်မှုအရ ပါဝင် ယှဉ်ပြိုင်သူ တစ်ဦးချင်း ကို၊ ဒါမှမဟုတ် ဝတ်စားဆင်ယင်ပုံကို မနှစ်လိုဆန့်ကျင်တာမျိုးမဟုတ်ဘဲ ‘ကာယအလှပြိုင်ပွဲ’ ဆိုတဲ့ သဘောကြီး တစ်ခုလုံးကို ထောက်ပြ လူ့အဖွဲ့အစည်းကို ဝေဖန်ဆန်းစစ် ခိုင်းကြတာပါ။

ကမ္ဘာ့လူ့အဖွဲ့အစည်းတိုင်းမှာ သမားရိုးကျဆိုရင် အမျိုးသမီးများဟာ အလှအပ၊ ဆွဲဆောင်မှု ရှိမှု အစရှိတဲ့ အရေပြား တစ်ထောက်စာ သဘောနဲ့သာ ညီမျှခြင်း ချခံရတတ်ပါတယ်။  အမျိုးသမီး စွမ်းဆောင်ရည်ဟာ အလှထက် ပိုကြောင်း သက်သေ သာဓက ဖြစ်စဉ် မြောက်မြားစွာ ရှိခဲ့၊ ရှိနေလည်း ‘မ’ နဲ့ ‘အလှ’ ဟာ ထပ်တူကျ ပုံဖော်ခံရလျက်ပဲ ရှိနေသေးပါတယ်။  ကျားကြီးများကြီးစိုးရာ မြန်မာပြည်မှာလည်း အလားတူပါပဲ။  ဥပမာ - ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ ဝင်အရွေးခံခဲ့တဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေရဲ့ ပုံရိပ်မြှင့်တင်ရာမှာကို မဟာဖိုဝါဒီ အတွေးအခေါ်အပုပ်အသိုး ရုပ်ရည် ကိုယ်ခန္ဓာ အလှအသားပေး ပြောချင်၊ ဆိုချင် တင်ဆက်ချင်ကြတာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာများမှာ မမြင်ချင်အဆုံး မြင်ခဲ့ရတာပါ။

အလှကို ဖန်တီးတတ်ခြင်း၊ မြတ်နိုးတတ်ခြင်းဟာ လူသားပီသမှု လူသားတရား မဟုတ်လား၊ ဒါကို ချီးမြှောက် စင်ပေါ်တင် ယှဉ်ပြိုင် မယ်ကမ္ဘာ၊ မယ်စကြာဝဠာ စသဖြင့် သရဖူ ဆောင်းခိုင်းတာ ဘာမှားသလဲ ဆိုရင် မမှားပါဘူး။  ဒါပေမယ့် အမျိုးသမီးဂုဏ်ရည်ဟာ အပေါ်ယံ အလှ၊ လိင်ဆွဲဆောင်မှု သက်သက် ‘ကျား’ သတ္တဝါကြီးများ တဏှာ အာသာ ငမ်းငမ်းထ အလှကြည့်ခံရာ ရုပ်ဝတ္ထု ပစ္စည်းထက် ပိုကြောင်း ကိုတော့ မဟာဖိုသမားများကို မပြတ်သတိပေး ထောက်ပြနေဖို့တော့ လိုပါတယ်။  လူ့အဝန်းအဝိုင်းမှာ အသားကျနေတဲ့ အမျိုးသမီးကို အလှတရားနဲ့သာ တွဲမြင်နေမှု သဘောကိုတော့ အလုံးစံ ပပျောက်အောင် ကြိုးစားရပါမယ်။

တကယ်တော့ ပြည်တွင်းနဲ့နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေကလည်း ဒီလို အလှသက်သက်သဘောကို ချေဖျက်နိုင်အောင် တတ်နိုင်သလောက် စွမ်းဆောင်ကြပါတယ်။  ပြိုင်ပွဲ အမှတ်ပေးမှု စည်းမျဉ်းတွေမှာ ရုပ်ရည်၊ ခန္ဓာကိုယ် အချိုးအစား စတဲ့ အပေါ်ယံအလှတိုင်းထွာချက်တွေအပြင် ပြိုင်ပွဲဝင် အမျိုးသမီးငယ်များရဲ့ ဉာဏ်ရည်၊ ကိုယ်ရည်ကိုယ်သွေး၊ မိမိကိုယ်ကိုယ်ယုံကြည်စိတ်ချမှု၊ ပြောရဲဆိုရဲရှိမှု၊ သွက်လက်ချက်ချာမှု၊ ဖြတ်ထိုးဉာဏ်ရှိမှု၊ လူမှုဆက်ဆံရေးကောင်းမွန်မှု စတဲ့ လူသားတကိုယ်ရေ ပင်ကိုယ်အရည်အချင်း (Personality) နဲ့ အထွေထွေဗဟုသုတ (General Knowledge) ကိုလည်း စစ်ဆေးတဲ့ မေးခွန်းတွေ၊ လှုပ်ရှားမှုအစီအစဉ်တွေ ထည့်ရပါတယ်။   ဒါပေမယ့် ဒီလို လူ့ အတွင်းသဘော အနှစ် အရည်အသွေးကို ဖော်ထုတ်ပြသနိုင်မှု သတ်မှတ်ချက်တွေ အမှတ်ပေးစည်းမျဉ်း မှာ ထည့်ထားပေမယ့် အမှတ်ရာခိုင်နှိုင်း အများစုနဲ့ လူအများစိတ်ဝင်စားမှုအခံရဆုံးကတော့ အပေါ်ယံခန္ဓာကိုယ်နဲ့ အရေပြားတထောက်စာအလှက အဓိက သဘော ဖြစ်နေလျက်ပါပဲ။

ယထာဘူတကျကျ စဉ်းစား၊ မျက်မြင်လက်တွေ့ဘဝတွေကို ရင်ဘတ်နှလုံးသား၊ ဦးနှောက်မျက်စိတွေ ဖွင့်ကြည့်ပါ။  အမျိုးသမီးများရဲ့ အလုပ်၊ ဝါသနာ၊ စူးနစ်မှု၊ ထူးချွန်မှုဟာ အရေပြား အလှ၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု၊ ဖက်ရှင်၊ အလှကုန်ပစ္စည်း၊ ဆံပင် အရောင်ဆိုးခြင်း၊ အလှအတွက် ခွဲစိတ်ပြုပြင်မှုထက် အများကြီး ပိုကြောင်းတွေ့ရပါမယ်။  ဒီလို အမှန်ဖြစ်ကြောင်းကိုလည်း မြန်မာပြည်က အမျိုးသမီးများ သမိုင်း အစဉ်အဆက် စာပေ၊ ဂီတ၊ ပညာ၊ စီးပွား၊ လူမှု၊ နိုင်ငံရေး အားကစား နေရာစုံမှာ ယောက်ျားဘသားဆိုကြသူများနဲ့ ရင်ပေါင်တန်း၊ တချို့ ပိုမို ထူးချွန် ထက်မြက် ဦးဆောင်မှု ကဏ္ဍ နေရာယူရင်း ပြသနိုင်ခဲ့ကြပြီးဖြစ်ပါတယ်။  ဒီအချက်ကို အသားပေး “Highlight” လုပ် ရှေ့တန်းတင် ပွဲထုတ်ကာ တချို့နေရာများမှာ အဖြစ်မရှိဘဲနဲ့ “ငါယောက်ျားပဲကွ..” ဆိုပြီး နေရာတက်ယူချင်၊ အခွင့်အရေး ပိုလိုချင်နေတဲ့ မြန်မာ ကျား သတ္တဝါ မဟာဖို သမားများ၊ အထူးသဖြင့် လိင်ခွဲခြားမှုအခံ အမြင် ဒီဂရီ အပြည့်ရှိလှတဲ့ စစ်အာဏာရှင်စနစ်ဆိုးနဲ့  အမွေခံစစ်ဗိုလ်ချုပ်အဟောင်း၊ အသစ်များ အကျွတ်တရား ရအောင် ကြံဆောင်ရပါမယ်။

မြန်မာပြည်ကစစ်ဗိုလ်ကြီးများ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး အာဏာ ရမှာ မနှစ်လိုခြင်းဟာ အာဏာထိုင်ခုံ မခွာလိုခြင်း၊ စစ်အုပ်စု လူတစ်စု အကျိုးစီးပွား မပျက်လိုခြင် အလိုလောဘ အရင်းခံအကြောင်းကြီးတွေအပြင် သူတို့ထက် ပိုသိ၊ ပိုတတ်၊ နိုင်ငံတကာမှာ၊ ပြည်တွင်းမှာ ပို လူရာဝင်၊ ပို လူချစ်ခင် ထောက်ခံမှု များတဲ့ “အမျိုးသမီးခေါင်းဆောင်” ဖြစ်တာကြောင့် ဆိုတဲ့ အချက်လည်း ပါပါတယ်။  တကယ်တော့ အမျိးသမီးမို့၊ ထဘီဝတ်မို့ ဘာထူးခြား ယုတ်လျော့ အောက်ကျစရာရှိမလဲ။  သုံးတောင်ဝတ်ဝတ်၊ ဆယ်တောင်မကလို့ အတောင် တစ်ရာ ဝတ်ဝတ် လူမှာ အကျင့်၊ သီလ၊ သမာဓိ၊ ပညာ ကသာ အခရာကျတာ မဟုတ်ပါလား။  နိုင်ငံရေး၊ အုပ်ချုပ်ရေးမှာ လိင်ခွဲခြားမှုက အဓိကမကျ၊ သမာသမတ်ကျမှု၊ ခေါင်းဆောင်မှု အရည်အသွေး၊ လုပ်ရည်ကိုင်ရည် အရည်အချင်း ရှိမှုနဲ့ ကိုယ့်ကျင့်သိက္ခာကိုပဲ ယှဉ်နိုင်ရမှာပေါ့။  ဒါကိုတော့ စစ်ဗိုလ်ချုပ်အဟောင်းကြီးများ မယှဉ်ရဲ၊ မယှဉ်ဝံ့ကြပါဘူး။  လာမယ့်နှစ်များမှာ ဒီလိုသဘောတွေ ဘယ်လောက်များ အခြေခံကျကျ ပြောင်းလဲနိုင်မလဲ။

အဓိကဆိုချင်တာက မြန်မာ့လူ့အဖွဲ့အစည်းမှာ ပညာ၊ သီလ၊ စိတ္တသတ္တိ၊ ကာယသတ္တိ ဘက်စုံ စွမ်းဆောင်ရည်မြင့်မားလှတဲ့ အမျိုးသမီးကြီးတွေ ကဏ္ဍတိုင်းမှာ ခေတ်အဆက်ဆက်မှာ ရှေ့ပြေးဦးဆောင်နိုင်ခဲ့ကြပေမယ့် လူမှုသတ်မှတ်ချက် အမြင် သဘော ခံယူချက်မှာတော့ ‘မ’ ဆိုရင် ‘ကျား’ ထက် တဆင့်နှိမ့် မြင်နေဆဲ ဖြစ်ပါတယ်။  အမျိုးသမီးဆိုရင် အလှအပ ခံစားမှု အသားပေး၊ ထမင်းချက်၊ အဝတ်လျှော်၊ ကလေးထိန်း အိမ်ထောင့် တာဝန် ထမ်းဖို့ သက်သက်၊ လိင်ဖျော်ဖြေလိုမှု အသုံးချ သက်သက်သာ ယောက်ျားကြီးများ မြင်နေဆဲ ဖြစ်သလို ပုံစံခွက်ထဲမှာ အသားကျပျော်ဝင် ဖိနှိပ်လို့ ဖိနှိပ်ခံနေရမှန်းမသိတဲ့ အမျိုးသမီး အများလည်း ခံယူနေဆဲ ဖြစ်ပါတယ်။  ဒီလို လက်သင့်မခံဖွယ် ရာစုနဲ့ချီနောက်ပြန်ဆွဲနေတဲ့ အတွေးအခေါ်၊ အမြင်၊ ဓလေ့တွေကိုတော့ တိုင်းပြည်မှာ ပျောက်အောင် အချိန်ယူ တိုက်ဖျက်ရပါဦးမယ်။

အခု အလှမယ်ပြိုင်ပွဲတွေ၊ ဖက်ရှင်သရုပ်ပြ အမျိုးသမီးငယ်တွေ ခေတ်စားလာပါတယ်၊  စီးပွားဈေးကွက်မှာလည်း အောင်မြင်၊ ဝင်ငွေရ လူသိများ ခေတ်စားနေပါတယ်။   ပြောင်းလဲလာတဲ့ လူမှု-စီးပွား ရေစီးကြောင်း နောက်ခံကြောင့်ပါ။  ကောင်းပါတယ်၊ ကြိုဆိုရပါမယ်။ ကြော်ငြာနဲ့အရောင်းမြှင့်တင်ရေးအဓိကကျတဲ့ အရင်းရှင်ဈေးကွက်စီးပွားရေးစနစ်မှာ အမျိုးသမီးငယ် အများ အပြား ပင်ကိုယ် အလှအပ၊ အရပ်အမောင်းကို အသုံးချ ကိုယ်ဟန်ပြမယ်တွေအဖြစ် အသက်မွေးဝမ်းကျောင်း လာနိုင်တာ လည်း ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းတချို့ ရှိနိုင်ပေမယ့် ဘာပဲဖြစ်ဖြစ် အလုပ်သဘော အသက်မွေးဝမ်း ကျောင်းအဖြစ် လက်ခံအပ်ပါတယ်။  မြန်မာအလှမယ်များ ပေါ်ပြူလာဖြစ် လူကြိုက်များမှုကို အသုံးချ လူမှုရေးလုပ်ငန်းတွေမှာ အားတက် သရော ဝင်ရောက် လုပ်ကိုင်နေကြတာလည်း အစွန်းထွက် အပိုအကျိုးကျေးဇူုးအဖြစ် ဝမ်းသာစရာ တစ်ခုပါပဲ။

ဒါပေမယ့် မြန်မာ အမျိုးသမီးငယ်များ”Two Pieces” ရေကူးဝတ်စုံ ဝတ်လျက်ကနေ ခေါင်းမော့ရင်ကော့ပြီး “ငါတို့ ဟာ ယောက်ျားကြီးတွေ မျက်စိအရသာခံ၊ တဏှာစိတ်ဖြေဖို့ သက်သက်မဟုတ်ဘူး၊ ငါတို့ ရင်ဘတ်အရွယ်အစားထက် ငါတို့ ဦးနှောက်အရွယ်အစားကို တန်ဖိုးထားတတ်ပါစေ” ဆိုပြီး အသံကျယ်ကျယ် ထွက်ဖို့တော့ လိုနေပါသေးတယ်။  မြန်မာပြည်က ကျနော်တို့ကျားကြီးများလည်း စိတ်နှလုံးနဲ့ ဦးနှောက် အခြေခံအတွင်းကျကျမှာကို ဒီသဘောကို နားလည် လက်ခံ အမှန်တကယ်လက်တွေ့ ကျင့်သုံးတတ်ဖို့လည်း လိုနေပါသေးတယ်။

နိဂုံးချုပ်ရရင် အနာဂတ်မှာ မြန်မာပြည်ရဲ့သမီးပျို အလှပဂေး နှမလေးများ မယ်စကြာဝဠာ၊ မယ်ကမ္ဘာအပါအဝင် နိုင်ငံတကာ အလှမယ်သရဖူများစွာ အများအပြားဆွတ်ခူးနိုင်ဖို့ ခေတ်လူငယ်မျိုးဆက်သစ်အနေနဲ့ အားပေးကြသလို ကမ္ဘာ့အဆင့် နိုဗယ်လ်ဆုတံဆိပ်ရှင်  ကိုယ်ကျင့်ပညာ မြင်မား မြန်မာအမျိုးသမီးကောင်းများ များများ ပေါ်ထွန်းရေးအတွက်လည်း တိုင်းပြည်မှာ အမျိးသမီးဖိနှိပ်နှိမ့်ချခွဲခြားရေး အလုပ်၊ အကျင့်ဆိုးတွေ၊ အတွေးအခေါ်တွေ ပပျောက်အောင် အသိပညာအမြင် ရေချိန်တွေမြှင့်ကြဖို့ နှိုးဆော် တိုက်တွန်းချင်ပါတယ်။  ၂၀၁၆ ခုနှစ် တိုင်းပြည်စနစ်အဖွဲ့အစည်းသစ်မှာလည်း အမျိုးသမီး ကောင်းအကြီးအငယ်များ ထိုက်တန်တဲ့ ခေါင်းဆောင်နေရာများရရှိနိုင်ပါစေ။  ကျား၊ မ၊ လိင်၊ လိင်တိမ်းညွတ်မှု၊ လူမျိုး၊ ဘာသာ၊ အသားအရောင် မတူကွဲပြားမှု အားလုံးအပေါ် ခွဲခြားမှုမရှိတဲ့ ခွင့်တူညီမျှ အမှန်တကယ်ဝါဒဖြူစင်တဲ့ အနာဂတ်တိုင်းပြည်ကို မျှော်ရည်လျက် ဆန္ဒပြုလိုက်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး

(ဆက်သွယ်ရန်နှင့်ပြန်လည်ဝေဖန်ရန် nyeinchanaye81@gmail.com)

ဓာတ်ပုံ -  ဒီဇင်ဘာ ၂၀ ရက်နေ့၊ ၂၀၁၅ ခုနှစ် အမေရိကန် နိုင်ငံ လာဗေးဂတ်စ်တွင် ကျင်းပမည့် ၆၄ ကြိမ်မြောက် မယ်စကြာ ၀ဠာ ပြိုင်ပွဲဝင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် မေဘရဏီသော်။

↧

မောင်စွမ်းရည် - စာရေးဆရာ ဇေယျာမောင် ၊ (ကျွန်တော်တို့ ဆရာကြီး ဦးကိုကိုလေး)၊ (၁၉၁၃-၂၀၀၃)

$
0
0

မောင်စွမ်းရည် - စာရေးဆရာ ဇေယျာမောင် ၊ (ကျွန်တော်တို့ ဆရာကြီး ဦးကိုကိုလေး)၊  (၁၉၁၃-၂၀၀၃)
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၅


ဇေယျာရွှေမြေ စစ်ကိုင်းမြို့ကြီး နှစ် ၇၀၀ ပြည့်ပွဲကို စစ်ကိုင်းတောင် သီတဂူဆရာတော်ကြီး ဦးစီးပြီး ကျင်းပမယ်လို့ကြားသိရတော့ အဝေးကနေ စိတ်လှုပ်ရှားရပါတယ်။ စစ်ကိုင်းဆိုတဲ့ မြို့အမည်ကို ကြားလိုက်ရင် နောက်ခံအကြောင်းအရာ အမျိုးမျိုးနဲ့ လွမ်းမောကြည်မွေ့ဖွယ် အရိပ် နိမိတ်တွေ မိုးမဆုံး မြေမဆုံး ထင်ယောင်မြင်ယောင်လာရပါတယ်။ ‘ သမိုင်းပြောင် မညှိုး’ တဲ့ ‘စစ်ကိုင်းတောင်ရိုး’သီချင်း၊ ‘ လွမ်းဖြေပါဘူး’ ဆိုတဲ့ ‘ကမ်းခြေဇေယျာဦးသီချင်း၊ တေးဂီတလှိုင်းတွေလည်း ရင်ထဲ နားထဲမှာ ဂယက်ဖြာလာပါတယ်။ စစ်ကိုင်းတောင် စစ်ကိုင်းချောင်မှာ တောမှီတဲ့ ယောဂီ ရသေ့ကြီး ကိုယ်တော်မှိုင်း၊ စစ်ကိုင်းဦးဖိုးသင်း၊ စစ်ကိုင်းသူ ဒေါ်ခင်မျိုးချစ်၊ စစ်ကိုင်းသား မောင်သာနိုးစတဲ့ စစ်ကိုင်းသား စစ်ကိုင်းသူတွေကိုလည်း မြင်ယောင်ထင်ယောင် လာပါတယ်။

    စစ်ကိုင်းနဲ့ ဆက်စပ်ပြီး ရှေ့ဆုံးက သတိရမိတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးကတော့ ဇေယျာမောင်ကလောင်ဘွဲ့ခံ ဆရာကြီး ဦးကိုလေး ဖြစ်ပါတယ်။ မန္တလေး ကောလိပ်၊ မန္တလေး တက္ကသိုလ်ကို အစဆုံး၊ ဆိုသလိုပြုစုပျိုးထောင်ခဲ့တဲ့ ဆရာကြီးပါ။ ဆရာကြီးက ရန်ကုန် တက္ကသိုလ် လက်အောက်ခံ မန္တလေးကောလိပ်ကို ၁၉၅၆ အထိ ကျောင်းအုပ်ဆရာကြီးဘဝနဲ့ ပြုစုပျိုးထောင်ခဲ့သူပါ။ မန္တလေးကောလိပ်ကို ဆရာကြီးဦးဆောင်ပြုစုပျိုးထောင်ခဲ့ရာက ၁၉၅၆-၅၇ မှ ၁၉၆၃ အထိ တက္ကသိုလ်ရဲ့ ဒုတိယအဓိပတိ(ပါမောက္ခချုပ်) အဖြစ် အုပ်ချုပ်၊ လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

 ကျွန်တော်တို့တတွေက ၁၉၅၆လောက်မှာ စာပေ အနုပညာသမား ကျောင်းသားတွေချည်း တစုတဝေးကြီး ရှေ့ဆင့်နောက်ဆင့် ဆိုသလို မန်းတက္ကသိုလ်ကို ရောက်လာကြပြီး အားလုံးက စာမေးပွဲတွေ တဘုန်းဘုန်းကျရင်၊ ၁၀ နှစ် ကျောင်းသက်ရှည်ခဲ့ကြသူတွေဖြစ်လို့ ဆရာကြီးနဲ့ ပုဂ္ဂိုလ်အရပါ ဆရာတပည့်အဖြစ်နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ကြပါတယ်။ မောင်သာနိုး၊ မောင်တင်ရွှေ(မုံရွာ) လူထု အယ်ဒီတာ မောင်စောလွင်၊ ခရစ်ယာန်သာသနာပိုင်ချုပ် အင်ဒရူး မြဟန်၊ မောင်မိုးသူခေါ် မောင်စိန်မြင့်၊ တင်မိုးခေါ် မောင်ဘဂျမ်း၊ ဂုဏ်ထူးသိန်းနိုင်၊ မောင်စွမ်းရည်၊ ဒီကျောင်းသားတွေ ကျောင်းသားတွေ ကျောင်းသားသမဂ္ဂ၊ ကျောင်းသားညီညွှတ်ရေးတပ်ဦး၊ မန်းတက္ကသိုလ် ကလောင်ရှင်အသင်း၊ တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းထုတ်ဝေရေး ကော်မတီစတဲ့ စတဲ့ အသင်းအဖွဲ့တွေမှာ ပါဝင်လုပ်ဆောင်နေကြသူတွေချည်းဖြစ်လို့ ဆရာကြီး ဦးကိုလေးနဲ့ တစ်နေ့မဟုတ် တစ်နေ့ တစ်ကြောင်းမဟုတ် တစ်ကြောင်း၊ အကြောင်းအမျိုးမျိုးနဲ့ တွေ့ဆုံနေခဲ့ကြရတာ မဟုတ်လား။

    ဆရာကြီးနဲ့ ကျွန်တော် ပုဂ္ဂိုလ်ရေးအရ စတင်တွေ့ဆုံမိပုံကိုလည်း အမှတ်တရ ပြောပြချင်ပါတယ်။ ကျွန်တော်တို့ခေတ်မှာ နံရံကပ်စာစောင်တွေ အများကြီးရှိတယ်။ ‘မိန်းဘီလ်ဒင်’ လို့ နှုတ်ကျိုးနေတဲ့ အဆောင်မကြီးရဲ့ ဝရန်တာစင်္ကြန်လမ်းမှာ နံရံကပ်စာစောင်တွေ တန်းစီနေပါတယ်။ မြန်မာစာဌာနနဲ့ အနီးဆုံးဖြစ်ပေမယ့် မြန်မာစာဆရာကြီးတွေက ကျောင်းသားတွေလုပ်ထားတဲ့ နံရံကပ်စာစောင်တွေကို ကလေးကလား အလုပ်တွေလို့ အောက်မေ့လို့လားမသိ ရပ်ကြည့်၊ ဖတ်ကြည့်တဲ့ အလေ့မရှိ၊ ရပ်ကြည့်တာတောင်မတွေ့ရဖူးပါဘူး။

တစ်နေ့တော့ ကျွန်တော်တက္ကသိုလ်ရောက်စ ပထမနှစ်၊ ဒုတိယနှစ်ကလောင်သွေးစအခါမှာ မန္တလေးအမှတ် ၁ အထကကျောင်းသားဟောင်းများ အသင်း နံရံကပ် စာစောင်ရယ်၊ ကျွန်တော့်စာမူပါတဲ့ နံရံကပ် စာစောင်တွေရယ် ကြည့်မဝ ရှုမဝ ရပ်ကြည့်နေမိပါတယ်။ ဒီလိုပဲ ရပ်ကြည့်နေတုန်း မောင်သာနိုး၊ အင်္ဂလိပ်လို ရေးထားတဲ့ ‘Little Sister, How I want to go to America’ ဆိုတဲ့ သရော်စာ ဝတ္ထုတိုလေး (ဆရာတက္ကသိုလ် ဘုန်းနိုင်က သမဂ္ဂ ခေါင်းဆောင်တွေကို ရှုတ်ချထားတဲ့ ‘ညီမလေးရယ် စိုးရိမ်မိတယ်’ ဝတ္ထုကို ပြန်သရော်တာပါ) ကို လူကြီးတစ်ယောက်က ရပ်ပြီးဖတ်ကြည့်လာတယ်။ (အင်္ဂလိပ်စာ ပါမောက္ခဆရာကြီး မူနှီကလည်း အဲသလိုလာပြီး ဖတ်ကြည့်တာ တွေ့ရတယ်) ။ ကျွန်တော့် အနီးကို လာပြီး နံရံကပ်စာစောင် ဖတ်သူက ဆရာကြီးဦးကိုလေးဖြစ်နေပါတယ်။

 ကျွန်တော်က နောက်ရှိန်သွားတော့  ... ‘ ဟေ့ နေပါဦးကွဲ့၊ မင်းမောင်သာနိုးကို သိသလား’ တဲ့

‘သိပါတယ် ခင်ဗျ’  လို့ဖြေတော

‘အေး မောင်သာနိုး ကိုလည်း ပြောပါ။ ဒီနံရံကပ်စာစောင်ထုတ်သူတွေ အားလုံးကိုလည်း ပြောပြပါ။ ဒီစာစောင်တွေကို မင်းတို့အသစ်လဲရင် လွှင့်မပစ်နဲ့၊ ငါတို့မှာ မော်ကွန်းတိုက်ရှိတယ်၊ မော်ကွန်းထိန်းရုံးကို လာပေးထားပါ’ တဲ့။

ကျွန်တော်လည်း ‘ဟုတ်ကဲ့ ခင်ဗျ’ လို့ပြောပြီး သူငယ်ချင်းတွေကို ပြန်ပြောပါတယ်။
နံရံကပ်စာစောင်ထုတ်သူတွေ အားလုံးလောက်က ပြေးရလွှားရ၊ အဖမ်းအဆီးခံရနဲ့ ဆိုတော့ သူတို့စာစောင်တွေကို မော်ကွန်းထိန်းရုံးကို ပို့ဖြစ်မယ် မထင်ပါဘူး။ ဆရာကြီးရဲ့ စေတနာကိုသာ အမှတ်တရ ဖော်ပြလိုက်တာပါ။

    ကျွန်တော်တို့ခေတ်က ကျောင်းသား သမဂ အဖွဲ့အစည်းဟာ ရန်ကုန် တက္ကသိုလ် ပေါ်ခါစ ၁၉၂၀ ပြည့်နှစ်က တက္ကသိုလ် အက်ဥပဒေအရ တရားဝင် ဖွဲ့စည်းခွင့် ရပါတယ်။ ကျောင်းသားတိုင်းဟာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်ပြီး သမဂ္ဂဝင်ကြေးကို တက္ကသိုလ်ရုံးက ကောက်ခံပေးပါတယ်။ နှစ်စဉ် နှစ်တိုင်းသမဂ္ဂ အမှုဆောင် ရွေးကောက်ပွဲလုပ်ပြီး အရွေးခံရတဲ့ အဖွဲ့က သမဂ္ဂရန်ပုံငွေကို ထုတ်ယူ သုံးစွဲခွင့်ပြုရပါတယ်။ အရွေးခံ အဖွဲ့ဥက္ကဌဟာ အဓိပတိ ဆရာကြီးရှေ့မှာ ခွပ်ဒေါင်းအလံကိုင်ပြီး ကျမ်းသစ္စာဆိုရပါတယ်။

    ကျွန်တော် အရွေးခံရတဲ့ နှစ်မှာ ဥက္ကဌက မြင်းခြံသား ကိုသာလှ တဲ့။ ဆုံးရှာပြီ။ အတွင်းရေးမှူးက မောင်သာနိုး၊ ပြန်ကြားရေး ဗျူရို ဒုတိယဥက္ကဌက မောင်မိုးသူ(ဘကြီးမိုး)၊ ကျွန်တော်က သူနဲ့ တွဲရတဲ့ တွဲဖက် အတွင်းရေးမှူးပါ။ ၁၉၅၈-၅၉ ထင်ပါတယ်။ အရင်နှစ် ၁၉၅၇-၅၈ မှာတော့ ရွေးကောက်ပွဲနဲ့ ရွေးချယ်ခံ အဖွဲ့က ခန့်ထားရတဲ့ စာကြည့်တိုက်မှူးပါ။ သမဂ္ဂအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပြီးရင် တက္ကသိုလ်ဆီးနိတ်အဖွဲ့ကို တက္ကသိုလ်ပြင်ပက လူကြီး လူကောင်းတစ်ဦးလား၊ နှစ်ဦးလား ရွေးချယ်ပြီး တကသ၊ ကိုယ်စားလှယ်အဖြစ် ပို့ပေးရပါတယ်။ လူထုဦးလှ ကဗျာဆရာတက္ကသိုလ် မောင်ထွန်းဝေ ခေါ်ရှေ့နေဦးထွန်းဝေတို့ကို ကိုယ်စားလှယ်ပေးရဖူးတယ်။ အဲဒီကိုယ်စားလှယ်များကိုလည်း ဆရာကြီးဦးဆောင်တဲ့ တက္ကသိုလ်အုပ်ချုပ်ရေး ဆီးနိတ် အဖွဲ့မှာ ဆရာကြီးက တလေးတစား နေရာပေး ဆက်ဆံလေ့ရှိပါတယ်။ ခုတော့ အားနည်းချက်လို့ ဆိုနိုင်တာ ရှိပါတယ်။ အဲဒီခေတ်က ဖဆဆိုရှယ် အစိုးရအဖွဲ့မှာ တန်ခိုးသြဇာထက်တဲ့ ဝန်ကြီး ဦးကျော်ညိမ်း၊ ရွှေမန်းသား ဝန်ကြီး ဗိုလ်ခင်မော်လေးတို့ ဆိုရှယ်လစ် ဂိုဏ်းဝင်တွေထဲမှာ ဆရာကြီးလည်း ပါဝင်တယ်လို့ သိထားရပါတယ်။ ဒါပေမယ့်ဆရာကြီးက လူကြီး သိက္ခာ မပျက်ရှာပါ။ ဒီအက်စ်အိုဘက်ကို မပင်းဖူးပါ။ တစ်ဦးကိုလည်း မငဲ့နိုင်ပါ။

    တကယ်တော့ ဆရာကြီး ဦးကိုလေးတို့ ခေတ်က လူငယ်တွေဟာ နယ်ချဲ့အုပ်ချုပ်မှုအောက်မှာ နိုင်ငံရေးသမားတွေချည်း ဖြစ်ခဲ့ကြပါတယ်။ ဆရာကြီးလည်း နိုင်ငံရေးစိတ်ဓါတ် ထက်သန်သူ တစ်ဦးအဖြစ် ကျော်ကြားခဲ့သူပါ။ စစ်ကိုင်း ဦးဖိုးသင်းနဲ့ စစ်ကိုင်းစာရေးဆရာကြီး မဟာဆွေတို့ရေးတဲ့ စာတွေက လူငယ်တွေကို မျိုးချစ်စိတ် ထက်သန်အောင် လှုံ့ဆော်တဲ့ စာတွေမဟုတ်လား။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း စစ်ကိုင်းချောင်က ယောဂီမှိုင်း အသွင်နဲ့ ဘွိုင်ကောက်ဋီကာ၊ ဒေါင်းဋီကာ၊ ခွေးဋီကာ၊ မျောက်ဋီကာတွေကို ရေးနေတဲ့အချိန် မဟုတ်လား။ မျိုးချစ်နိုင်ငံရေးသမားတစ်ဦး အနေနဲ့ မျိုးချစ်မောင်၊ မျိုးမြန်မာစတဲ့ ကလောင်အမည်တွေ ယူပြီး စာတွေရေးခဲ့ဖူးသေးသတဲ့။ အမြဲရေးတဲ့ ကလောင်အမည်ကတော့ ‘ဇေယျာမောင်’ ပေါ့။ ကျောင်းသားလူငယ်ဘဝက ခေတ်ပြိုင် စာနယ်ဇင်းတွေဖြစ်တဲ့ ဒဂုန်ကြီးပွားရေးတို့မှာ ကလောင်သွေးခဲ့တယ်။ ဇေယျာမောင်တို့ရဲ့ စာပေါင်းချုပ်တွေ ရှာဖွေစုဆောင်းထုတ်ဝေကြဖို့ တာဝန်ယူကြရမယ် ထင်ပါတယ်။

    ဇေယျာမောင်ဟာ မန္တလေးမှာ ‘ဒို့ခေတ် မဂ္ဂဇင်း’ ကို ၁၉၃၄ ခုနှစ်မှာ ပန်းချီဆရာ ဘဏ်ဦးခင်မောင်၊ ဝတ်လုံဦးကျော်လှ တို့နဲ့အတူ တည်ထောင်ထုတ်ဝေခဲ့ဖူးပါတယ်။ အသက် ၂၁အရွယ်ပေါ့။ သခင်အောင်ဆန်းတို့ ၁၉၃၆ သပိတ်မှောက်တော့လည်း  ၂၁အရွယ်ပေါ့။ (ဦးကိုလေးက သခင်အောင်ဆန်းတို့၊ စစ်ကိုင်းသူ ဒေါ်ခင်မျိုးချစ်တို့ထက် အသက် ၂နှစ်ကြီးပါတယ်) ‘ဒို့ခေတ်မဂ္ဂဇင်း’ ဟာ အစိုးရကို ဆန့်ကျင်လို့ဆိုပြီး အာမခံ အတောင်းခံရတဲ့အပြင် ရပ်စဲခံလိုက်ရပါတယ်။ ဇေယျာမောင်ဟာ ၁၉၄၅ ခုနှစ်မှာ ‘စက္ကူဖြူပြဇာတ်’ ကို ရေးသားထုတ်ဝေခဲ့ရာမှာ ဆရာကြီးဦးသိန်းဖေမြင့်ရဲ့ ‘ဦးစော ဗိလပ်သွားပြဇာတ်’၊ စာရေးဆရာကြီးမောင်ထင်ရဲ့ ‘မောင်ထင်ရဲ့ ‘ဗမာသစ်’ ပြဇာတ်တို့နဲ့ အပြိုင် ထင်ရှားကျော်ကြားခဲ့ပါတယ်။ (စက္ကူဖြူပြဇာတ်ကိုလည်း ပြန်ထုတ်ဝေသင့်ပါတယ်)

    ဆရာကြီး ဦးကိုလေးဟာ ငယ်စဉ်ကတည်းက ပညာထူးချွန်ပါတယ်။ ဘုန်းကြီးကျောင်းမှာ အသက် ၁၀နှစ်အရွယ်ထိ သဒ္ဒါသင်္ဂြိုဟ် သင်ယူခဲ့ဖူးတယ်။ ဦးကိုလေးဟာ အသက် ၁၀ နှစ်ကျော်မှာ အမျိုးသားကျောင်းနဲ့ စစ်ကိုင်းအစိုးရ အထက်တန်းကျောင်းတို့ကို အဆင့်ဆင့်ပြောင်းပြီး ပညာသင်ပါတယ်။ ၁၀တန်းအောင်တော့ မန္တလေးဥပမာ ကောလိပ်ကို ၂နှစ်တက်ရပါတယ်။ ဥပစာ ကောလိပ်ဆိုတာက တက္ကသိုလ်မှာ ဥပစာတန်း ၂တန်း၊ ဝိဇ္ဖာတန်း ၂နှစ်၊ စုစုပေါင်း ၄နှစ် သင်ရတာမှာ ပထမ၂နှစ်သာ သင်ခွင့်ရှိလို့(ဘွဲ့မပေးနိုင်လို့) မန္တလေးဥပစာ ကောလိပ်လို့ ခေါ်တာပါ။ ဥပစာတန်းပြီးမှ ရန်ကုန်တက္ကသိုလ်ကို ပြောင်းရပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ သိပ္ပံဘွဲ့(ဘီအက်စ်စီ) ကို ဓာတုဗေဒဘာသာရပ် ဂုဏ်ထူးနဲ့ အောင်ခဲ့ပါတယ်။ ပညာထူးချွန်လို့ ဘိလပ်ကိုလွှတ်တော့ ၁၉၄၂ မှာ မဟာသိပ္ပံဘွဲ့ရပါတယ်။ ၁၉၄၄ အထက် ဗမာနိုင်ငံစာရေးဆရာအသင်းရဲ့ ဥက္ကဌတာဝန်ယူခဲ့ဖူးသတဲ့။ စစ်ကြီးပြီးတဲ့ ၁၉၄၇ ကျမှ မန္တလေး ဥပစာကောလိပ်ကို ရောက်ရှိ အုပ်ချုပ်ရပါတယ်။ ၁၉၆၃ မှာ ဆရာကြီး အငြိမ်းစားယူပြီးတော့ ဇေယျာမောင် ကလောင်အမည်နဲ့ပဲ စာတွေဆက်ရေးတယ်။ ဆရာကြီး တက္ကသိုလ်ကို အုပ်ချုပ်ရတော့မယ်ဆိုတော့ တက္ကသိုလ် အုပ်ချုပ်ရေး ပညာကို အမေရိကန်ပြည်ထောင်စုမှာ သွားသင်ရသေးတယ်။ အဲဒီတုန်းက စာကြည့်တိုက်တွေကို ဝင်ခဲ့တော့ နယူယောက်တိုင်းမ် သတင်းစာမှာ သီပေါမင်းခေတ် သတင်းတွေတွေ့ရလို့ ကူးယူခဲ့ပြီး ဘာသာပြန်တယ်။ အဲဒါကို စာအုပ်ထုတ်ချင်တယ်ဆိုတော့ ကျွန်တော်က မြန်မာစာ ကထိက ဦးမောင်မောင်တင် လက်က တောင်းယူပြီး ရန်ကုန်က ပုဂံစာအုပ်တိုက်ကို ပို့ပေးလိုက်ပါတယ်။ အငြိမ်းစားဘဝမှာ ပထမဆုံးထုတ်တဲ့ စာအုပ်ကို ထုတ်နိုင်ဖို့ သူ့တပည့်တစ်ဦးအနေနဲ့ ဆရာကြီးကိုတောင် ဘာမှမပြောဘဲ ကူညီခဲ့တာပါ။ ဆက်ပြီးတော့ ဘာသာပြန်တဲ့ဘက်ကို ဆရာကြီးလုပ်ပါတယ်။ စာပေဗိမာန်စာမူဆုတွေ ဝင်ပြိုင်တော့ ပထမနှစ်ခါရပါတယ်။ ဒုတိယက တစ်ခါရပါတယ်။

    သည်နောက်တော့ ဆရာကြီးဟာ ဘာသာရေးဘက်ကို လှည့်သွားပြီး ဝိပဿနာတရား၊ အားထုတ်တာကို ထိထိရောက်ရောက်လေ့လာ လိုက်စားပါတယ်။ ဝိဿနာ ဆရာကြီးများဖြစ်ကြတဲ့ ဦးဘခင်၊ ဂုရုကြီးဂိုအင်ကာ မဟာစည်ရိပ်သာတို့မှာ နည်းခံ တရားအားထုတ်တဲ့အပြင် ဆရာကြီးများရဲ့ ကျင့်စဉ်တရားစာတွေကို စုပေါင်းတည်းဖြတ်ပြီး စာအုပ်တွေထုတ်ဝေပါတယ်။ ဒေါက်တာ ရာဟုလာ ဝါလ်ပိုရဲ့ What the Buddha Taught စာအုပ်ကိုလည်း ‘မြတ်ဗုဒ္ဓ ဒေသနာအမည်နဲ့ ဘာသာပြန်ထုတ်ဝေပါတယ်။ မဟာစည်ဆရာတော် တိပိဋကဓရ ဆရာတော်ကြီးနဲ့ အရှင်ဇနကာဘိဝံသတို့ရဲ့ ကျမ်းများကိုလည်း အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုထုတ်ဝေပါတယ်။ နိုင်ငံတော် ပရိယတ္တိသာသနာ တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်၊ မြန်မာစာအဖွဲ့စသည်တို့မှာလည်း ကျမ်းပြခြင်း၊ ဘာသာပြန်ခြင်း၊ (မြန်မာမှ အင်္ဂလိပ်၊ အင်္ဂလိပ်မှ မြန်မာသို့) စသဖြင့် ပါဝင်လုပ်ဆောင်ပေးခြင်း၊ စာပေပို့ချခြင်းတို့ကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တာတွေကြောင့် မဟာသဒ္ဓ မ္မဇောတိကဘွဲ့ စာပေဘက်မှလည်း ဦးအုန်းဖေ တစ်သက်တာစာပေဆုနဲ့ ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် ပထမဆင့်ကို ၂၀၀၂ ကရရှိခဲ့ပါတယ်။

    ခုနှစ်တော့ အသေအချာ မမှတ်မိတော့ပါ။ ကဗျာဆရာတင်မိုး ထောင်က လွတ်လာပြီး ပြုလုပ်တဲ့အလှူပွဲ တစ်ခုမှာ တင်မိုးရဲ့ ဆရာကြီးနဲ့ ကျွန်တော်နောက်ဆုံး တွေ့ဆုံခြင်းအနေနဲ့ တွေ့လိုက်ရပါတယ်။ တရုတ်သံရုံး၊ ဗမာနိုင်ငံခြားရေးရုံးတို့ရှိရာ ရပ်ကွက်ထဲမှာရှိတဲ့ တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသရဲ့ တရားရိပ်သာမှာ ဖြစ်ပါတယ်။ အဆောက်အအုံနဲ့ ဝင်းတံခါးမကြီးကြားမှာ မြေနေရာက ဧကဝက်လောက်ရှိမလားပဲ။ နေက ချစ်ချစ်တောက် ပူနေပါတယ်။ မြေကွက်လပ် အလယ် အဝင်အထွက်မှာ ဆရာကြီးနဲ့ ကျွန်တော်ဆုံမိတော့ ကျွန်တော်တို့ အညာ ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း နေပူသဲပြင်ထဲမှာပဲ ထိုင်ချပြီး ကျွန်တော်ကန်တော့ပါတယ်။ ‘ဆရာကြီး ကျွန်တော့် မှတ်မိရဲ့လား’ မေးတော့ ‘မောင်ဝင်းဖေရယ်၊ ဘာလို့မမှတ်မိရမှာလဲ’ လို့ နာမည်ရင်းခေါ်ပြီး ပြန်လည် နှုတ်ဆက်တော့၊ ကျွန်တော်အလွန်ဝမ်းသာရပါတယ်။ ၁၉၉၅ နောက်ပိုင်းမှာ ထင်ပါတယ်။

၂၀၀၃မှာ ဆရာကြီး ဆုံးရှာပါတယ်။ ကျွန်တော်က ပြည်ပရောက်နေပါပြီ။ နိုင်ငံရဲ့ ကောင်းကျိုး၊ သာသနာရဲ့ အကျိုးတွေကို တစ်သက်လုံး အများကြီး ထမ်းဆောင်သွားတဲ့ ကျွန်တော်တို့ ဆရာကြီး ဦးကိုကိုလေး၊ စာရေးဆရာကြီး ဇေယျာမောင်ဟာ ကောင်းရာသုဂတိ ရောက်ရှိချမ်းမြှေ့နေမှာပါ။ ဆရာကြီး ကန်တော့လျက်။

မောင်စွမ်းရည်
ဒီဇင်ဘာ၊ ၂၀၁၅

(ဓာတ်ပုံစာ - မန္တလေး ၊ ၂၅-၉-၂ဝ၁၃၊မန္တလေး တက္ကသိုလ် ဒုတိယ အဓိပတိ ဆရာကြီး ဦးကိုလေး ( စာရေးဆရာ ဇေယျာမောင် ) ကြေးရုပ် စိုက်ထူ လှူဒါန်းပွဲ၊ စက်တင်ဘာ၂၃ ရက် နံနက် ၉ နာရီက မန္တလေး တက္ကသိုလ် ပင်မဆောင်ရှေ့)
↧

ဆရာတင်မိုးအမှတ်တရ ဖန်မီးအိမ် အလွမ်းနှင်း - မဂ္ဂဇင်း

$
0
0


ဆရာတင်မိုးအမှတ်တရ ဖန်မီးအိမ် အလွမ်းနှင်း - မဂ္ဂဇင်း 
ကျော်မိုးလွင်၊ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၅

ဒီဇင်ဘာ (၂၀) ရက် ၊ ရန်ကုန်၊ မန္တလေး၊ နယ်များကိုသို့ ဖြန့်ချီပါမည်။ စာပေမိတ်ဆွေများကို သတင်းကောင်း ပါးအပ်ပါသည်





↧
↧

ကာတွန်း ကူမိုးကြိုး - ငြိမ်ဝပ်သော ဒီမိုကရေစီ

$
0
0

ကာတွန်း ကူမိုးကြိုး - ငြိမ်ဝပ်သော ဒီမိုကရေစီ
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၅
↧

ဇော်ထက်(ပျဉ်းမနား) - ကျွန်တော့်သားလေး “စိုးရန်အောင်”

$
0
0

ဇော်ထက်(ပျဉ်းမနား) - ကျွန်တော့်သားလေး “စိုးရန်အောင်”
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၅

ကျွန်တော့မှာ ကြောင်တကောင် ရှိခဲ့ဘူးပါတယ်။ သူ့ကို ''စိုးရန်အောင်''လို့ နာမည်ပေးခဲ့ပါတယ်။ ''စိုးရန်အောင်''ဆိုတာက မိုးမခက စာရေးဆရာ ''ဆရာအီကြာအော်''လိုပါပဲ။ ဆရာ''အီကြာအော်''ကို သူ့မိဘတွေက စာရေးဆရာ ''အီကြာကွေး''နဲ့ ကာတွန်းဆရာ''အော်ပီကျယ်''တိုရဲ့ဖန် ဆိုတော့ ပေါင်းပြီးတော့ ''အီကြာအော်''ဆိုပြီး နာမည် ပေးခဲ့တာ။ ကျွန်တော့ ''စိုးရန်အောင်''ကလည်း ကျွန်တော်တို့ခေတ်က နာမည်ကြီး ရုပ်ရှင်မင်းသား ''စိုးသူ''နဲ့ ''ရန်အောင်''တို့ ပေါင်းပြီး ဖြစ်လာတာပေါ့။ ပထမတော့ “စိုးသူရန်အောင်” ပါ။ နောက်တော့ ရှည်လွန်းလို့ “စိုးရန်အောင်” ဖြစ်သွားပါတယ်။

စိုးရန်အောင်နှင့် တွေ့ဆုံခြင်း
၁၉၉၆ခုနှစ်ထဲမှာ ကျွန်တော်တို့မိသားစု ကျွန်တော်အလုပ် လုပ်တဲ့ ဆန်းဒါးလန်းဆေးရုံဝင်းထဲက ဝန်ထမ်း အိမ်ယာကို ပြောင်းရပါတယ်။ ဆေးရုံဘေးပေါက် အဝင်ဝနားက ၃ ထပ်ဆောင် အောက်ဆုံးတိုက်ခန်းမှာပါ။ အိပ်ခန်း ၂ ခန်းရှိပြီး သေးပေမဲ့ သား ၂ ယောက်က ငယ်သေးတော့ သိပ်မဆိုးလှပါဘူး။ အင်္ဂလန်ရောက်ကာစ သူများအိမ် ဧည့်ခန်းထဲမှာ နေ့ခင်း ခုံခေါက်ပြီးစာဖတ် ညဆို ခုံဖြန့်ပြီးအိပ်ရတော့ ဝန်ထမ်းအိမ်ယာ တိုက်ခန်းသေးသေးက ကိုယ့်အတွက် နတ်ဘုံနတ်နန်းလိုပါပဲ။
တနေ့တော့ တိုက်ခန်းနားမှာ လသားအရွယ် ကြောင်လေးတကောင်ရောက်နေတယ်။ ရာသီဥတုကလည်းဆိုး၊ နေကောင်းပုံကလည်းမရ ဆိုတော့ သားတွေနဲ့အတူ သနားပါတယ် ဆိုပြီး တိုက်ခန်းထဲ ခေါ်လာရော။ အိမ်ထဲမှာ ရှိတဲ့ နွားနို့တိုက်တော့ ဒီကောင် တော်တော်သောက်သဗျ။ နောက်တော့ ဒီကောင် အိမ်မှာပဲ ပျော်နေတယ်။
သားတွေက ကျောင်းက ပြန်လာရင် ''စိုးရန်အောင်''ကိုယ်ကလည်း ''စိုးရန်အောင်ပေါ့။ အိမ်က ဝန်ကြီးချုပ်လည်း''စိုးရန်အောင်''ပဲပေါ့။ သူ့ခွင့်ပြုမိန့် မရပဲ ဘယ်မွေးခွင့်ရှိမလည်း။ ဒီလိုနဲ့ပဲ တမိသားစုလုံး ''စိုးရန်အောင်''နဲ့ တအောင်တည်း“ အောင်” ကြသပေါ့။
.
ကြောင်မမွေးရ
မကြာပါဘူး။ ဆေးရုံဝန်ထမ်းအိမ်ယာ အုပ်ချုပ်ရေးမှူး အဲကော်မိုဒေးရှင်းအော်ဖစ်ဆာက ဝန်ထမ်း အိမ်ယာမှာ ကြောင်မွေးခွင့်မရှိလို့ ကြောင်မမွေးရ ဆိုပြီး အကြောင်းကြားလာပါတယ်။ ခက်ပြီပေါ့။ သား ၂ ကောင်က ငိုမဲ့ငိုမဲ့နဲ့။ ကျွန်တော်တို့ မိသားစု တစုလုံး မှိုင်တွေတွေ ဖြစ်ကြရော။ ဘယ်လို လုပ်ကြမလည်း ပေါ့။ ကဲမတတ်နိုင်တော့ဘူး ကိုယ်တွေ ဘုံပျောက်လိမ့်မယ် ဆိုပြီး ''စိုးရန်အောင်''ကို တိုက်ခန်းအပြင် ထုတ်လိုက်ရတယ်။ ရင်မှာ မချိတော့သည် ပေါ့။

မကြာပါဘူး ''ညောင် ညောင်''ဆိုပြီး တညောင်ညောင်နဲ့ မီးဖို ပြူတင်းပေါက်မှာ လာညောင်တာ ဘယ်ကောင်ရှိမှာလည်း ဒီကောင် ''စိုးရန်အောင်''ပေါ့။ အဲဒါနဲ့ အကြံရသွားပြီး မီးဖိုချောင်တံခါး ဖွင့်ထားလို့ သူဖာသာ လာတာ ကိုယ်နဲ့ မဆိုင်ပါဘူး ဆိုပြီး လက်တလုံးခြား လုပ်ကြမယ်ပေါ့။ မိသားစုတစုလုံး ဝမ်းသာလိုက်ကြတဲ့ ဖြစ်ခြင်း။

တရက်မှာ လူတယောက်က တိုက်ခန်း တံခါးလာခေါက်တယ်။ သူ ကားမောင်းပြီး ဖြတ်သွားရင်း “ကြောင်တကောင် ခင်ဗျားတို့ပြူတင်းပေါက်မှာ တစ်လစ်ကြီး ဖြစ်နေလို့” တဲ့။ အင်္ဂလိပ်လူမျိုးများ ကြောင်တကောင် ဒုက္ခရောက်နေတယ်ထင်ပြီး တကူးတက လာပြောရှာတာ။ “ဟုတ်ကဲ့ ကျေးဇူးပါပဲ” ဆိုပြီး “လာခဲ့ စိုးရန်အောင် မင်း အိမ်ထဲ ဝင်တော့” ပေါ့။ အိမ်ယာအုပ်ချုပ်ရေးမှူးများ လာသလား ဘေးဘီ ကြည့်လိုက်ရသေးတယ်လေ။

စိုးရန်အောင်ပျောက် ရှာပုံတော်
၃နှစ်လောက်နေတော့ ဆေးရုံမှာ အမြဲတန်းဝန်ထမ်းလျောက်တာ ခန့်စာရပြီမို့ အိမ်ဝယ်ပါတယ်။ အိမ်ကလည်း တနှစ်အတွင်းဝယ်မှ အိမ်ဝယ်ဖို့ ထောက်ပံ့ကြေးရပါတယ်။ ဆေးရုံနဲ့မနီးမဝေး ဘန်ဂလိုလေးတလုံးကို ဝယ်ပြီး အိမ်ပြောင်းပွဲ ကျင်းပကြပါတယ်။ စိုးရန်အောင်ကို ပုံးတပုံးထဲထည့်ပြီး အပေါ်က အဝတ်ဖုံးလို့ သူပါအိမ်ပြောင်း ပေါ့။
ကားက အခေါက်ပေါင်းများစွာ ပစ္စည်းသယ်ရင်း အိမ်တံခါးကို ဖွင့်လိုက် ပိတ်လိုက်နဲ့ ညနေ အိမ်ပြောင်းပွဲလည်းပြီးရော ဘယ်မှာလည်း ''စိုးရန်အောင်''။ ဒီကောင့်ကို မတွေ့တော့ပါ။ သားတွေက အဖေကြီး အိမ်တံခါးကို သေချာ မပိတ်လို့ ဆိုပြီး အပြစ်တင်တယ်။ တခါ စိတ်မကောင်း ဖြစ်ကြရပြန်ပေါ့။

၂ ရက် ၃ ရက်နေတော့ အိမ်နောက်ဖေး တံခါးကနေ တညောင်ညောင် နဲ့ ဒီမောင် ပြန်ရောက်လာပြီလေ။ “မင်းတော်တော် ဆိုးပါလား ကွာ”။ နောက်ဖေးတံခါးပေါက်ဘေးမှာ သစ်သားနံရံကို ထွင်းပြီးတော့  စိုးရန်အောင် စိတ်တိုင်းကျ ဝင်နိုင် ထွက်နိုင်ရေးအတွက် ဒီအိုင်ဝိုင် ကိုယ်တိုင် အပေါက်ဖောက်ရပါတယ်။ အားဂေါ့စ်ကက်တလောက်ဆိုင်ကနေ ကြောင်တံခါးဝယ်ပြီး တပ်ပါတယ်။

ကြောင်စာ

အင်္ဂလန်ကကြောင်များ ဇီဇာကြောင်ပါတယ်။ ကိုယ်စားတဲ့ထမင်းကျန်ဟင်းကျန်လေး ကျွေးကြည့်တာ မစားပါဘူး။ ရှားရှားပါးပါး မြန်မာပြည်က ပုစွန်ခြောက် အမှုန့်ကြိတ်ထားတာကျွေးတော့ စိုးရန်အောင်ခမျာ “ဟတ်ချိုး ဟတ်ချိုး” ချေပါလေရော။ မတတ်နိုင်ဘူး“ ရောမကကြောင် ရောမလိုပဲ ကျွေး”ရတော့မပေါ့။ ကြောင်စာ သံဗူးတွေဝယ်ထားရပါတယ်။ ဈေးဝယ်ရင် ဈေးသက်သာတုန်း များများဝယ်ထားရတော့ မြန်မာပြည်ကနေ အင်္ဂလန်ကိုလာလည်တဲ့ ယောက္ခမတောင် မျက်လုံးပြူးသွားပါတယ်။ “များလှချေလား” ပေါ့။ ဘိုင်းဝမ်း ဂက်ထ်ဝမ်း အပိုရရင် ဝယ်စုထားရတယ်လေ။

အလုပ်မရှိ ကြောင်သန်းရှာခြင်း
အင်္ဂလန်မှာက ဘာလုပ်လုပ် ကိုယ်တိုင်လုပ်ရပါတယ်။
အလုပ်ကရှုပ်ပါတယ်ဆို စိုးရန်အောင်၏ သန်းကလည်း တမိသားစုလုံးကို ဒုက္ခပေးလာပါတယ်။
စိုးရန်အောင် ကုတ်သလို သားအငယ်ကောက်ကလည်း တကုတ်ကုတ်နှင့်။ ကြောင်သန်းချရေးရီဆပ်ခ်ျ သုသေသနလုပ်ပြီး လေ့လာရပါတယ်။ သန်းချသောခေါင်းဘီး၊ အမှုန့်၊ စပရေးမှုတ်ဆေး ဘာညာအကုန် ပညာကုန် သုံးရပါတယ်။ သားအမိသားအဖများ သန်းတိုက်ရေးစီမံကိန်းမှာ တကောင် ၂ ကောင် သန်းများကျလျှင် ပျော်ကြပါတယ်။ ဒါကြောင့်များ မြန်မာပြည် အရပ်ထဲတွင် သန်းတုပ်ကြတာလား ကြံကြံဖန်ဖန် တွေးမိပါတယ်။ တအိမ်လုံး သန်းချဆေးအမှုံ့ဖုံးပြီးသကာလ သန်းကိစ္စ သက်သာသွားတယ်ပေါ့။

တွမ်ရဲ့  ဒက်ဒီထက်

နှင်းတွေကျ၍ ဆောင်းတွင်းရောက် ခရစ်စမတ်နီးရင် စိုးရန်အောင် ရက်အနည်းငယ်ကြာ ပျောက်သွားသောနေ့တွေကို သတိပါတယ်။ သူ့ကိုမျှော်နေကြဆဲ နှင်းတောထဲမှာ သူကပြန်ရောက်လာခဲ့ပါတယ်။ အမြီးဘတ်လတ်နှင့် အမြီးကို ကားကြိတ်သွားတယ်ထင်ပါရဲ့။ သားအငယ်ကောင်က“ အဖေက တိရစ္ဆာန်ဆေးကုဆရာနဲ့ သွားပြမှာမဟုတ်ပါဘူး” လို့ ဖိုးကပ်စေးအဖေကို စကားနာ ထိုးပါတယ်။ သူ့အတွက် အရေးပေါ် ကြောင်လှောင်ခြင်းတလုံးဝယ်ပြီး တိရစ္ဆာန်အထူးကုဆီ ချီတက်ရပါတယ်။
ဆေးခန်းရောက်တော့ စာရင်းပေးပါတဲ့။ မျိုးရိုးနာမည် ပြောပါတဲ့။ ဘုရားရေ။ ဒုက္ခပါပဲ။
ကဲ ဆာနိမ်းလား ”ထက်”ပေါ့ဗျာ။
“ဖတ်စ်နိမ်း” ရှေ့က နာမည်ရောတဲ့။ “စိုးရန်အောင်” ဆိုလည်း မဖြစ်ဘူး။ ဒီတော့ “တွမ်”ပေါ့။
“ မေ့ဆေးနဲ့ ခွဲရမယ်၊ သဘောတူပါသလား” တဲ့ ကော်န်ဆင့်ပေးရတယ်။“ ဟုတ်ကဲ့ ရက်စ်” ပေါ့။ အိမ်ပြန်စောင့်။ ပြီးတော့ ဖုန်းဆက်လို့ သွားကြိုပါတယ်။ ကိုယ်လည်းသွားရော ကြောင်နာပြုလေးတွေက
“တွမ်ရေ ယူယာဒက်အစ်စ်ကမ်းမီးန်၊ တွမ်ရေ မင်းအဖေ လာပြီ”တဲ့။ ကြောင်ကို လည်ပတ် ပတ်ပေးထားတာ နာမည်က “တွမ်ထက်” တဲ့။ ကောင်းပါ့ဗျား။
ကိုယ်လည်း ရောမရောက်တော့ ရောမလိုပဲ ပြုံးရသပါ့။ ''သင်းခယျူး သင်းခယျူး''ပေါ့။ အမြီးငုတ်တိုက အမွှေးရိတ်ထားပြီး ငေါက်တောက်နဲ့ အဲဒီတလောက ဝက်အူချောင်းတောင် မစားဖြစ်တော့ဘူး။

အိပ်ပျော်တာလေး မနိုးပါစေနဲ့ မိုးရယ်

စိုးရန်အောင် ၉ နှစ်သားလောက်မှာ သွေးဝမ်းတွေ သွားပြီးနေမကောင်း ဖြစ်ပါတယ်။ ဆေးကုပေမဲ့လည်း ပိန်ချုံးလာပါတယ်။ ဒီလိုနဲ့နောက်ဆုံးတရက်မှာ သူက လုံးဝမထနိုင်တော့ပါဘူး။ သူ့ရဲ့ ဝမ်းနည်းတဲ့မျက်လုံးတွေနဲ့ ကျွန်တော့ကို သေချာကြည့်နေတယ်။ မှတ်မှတ်ရရ သားအကြီးက ဝေလပြည်က ပြန်လာတဲ့နေ့ပါ။ စိုးရန်အောင် နောက်ဆုံး ဂက်စ်ပင်း ရ ဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်ပြီး ကျွန်တော့ လက်ပေါ်မှာပဲငြိမ်သက်သွားပါတယ်။ သူ့ရဲ့  ဝမ်းနည်းတဲ့ အကြည့်တွေကို ခုထိ မမေ့ပါဘူး။ အိမ်အပြန် ရထားပေါ်ရောက်နေတဲ့ သားကြီးကို သူပြန်ရောက်တဲ့အထိ စောင့်ရမလား ဆိုတော့ မစောင့်ပါနဲ့ မကြည့်ရက်ဘူးတဲ့။

နောက်တော့ စိုးရန်အောင်ကို အိမ်ရှေ့ပန်းခြံထဲက ထင်းရူးပင်အောက်မှာ ကိုယ်တိုင် မြေတူးပြီးတော့ မြှုတ်ပါတယ်။ မိုးလေးက တဖွဲဖွဲကျနေပါတယ်။ သတ္တဝါတခု ကံတခုပါပဲ။ တိရစ္ဆာန်တောင် သံယောဇဉ်ဖြစ်ရတော့ ခွဲခွာရတဲ့အခါ စိတ်မကောင်းဖြစ်ရပါတယ်။ တွေ့ကြုံဆုံကွဲ ဝမ်းနည်းရတာမို့ နောက်ထပ် တိရစ္ဆာန် မမွေးဖြစ်တော့ပါဘူး။ ။

Photo credit - https://www.pinterest.com/pin/265782815482886333/ 

Hannes Kilian, Cat Nero in the Snow, 1953. Gelatin Silver Print.


 
↧

သွန်းခ - ရေးလိုက်ကြတဲ့ ဖားကန့် အကြောင်း

$
0
0

သွန်းခ -  ရေးလိုက်ကြတဲ့ ဖားကန့် အကြောင်း
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၅

ခုတလော နေ့စဉ်ထုတ်သတင်းစာ (နိုင်ငံပိုင် သတင်းစာတော့ မပါဘူးခင်ဗျ)၊ ဂျာနယ်တွေထဲမယ် ဖားကန့်၊ ဖားကန့်နဲ့ ကာတွန်းတွေရော၊ သတင်းတွေရော ၊ဆောင်းပါးတွေရော ရေးလိုက်ကြတာဗျာ။ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မလဲ ပွတ်လိုက်တိုင်း စိတ်မချမ်းသာစရာ မြေစာပုံကြီးတွေ၊ မြေစာပုံပြိုလို့ ပိသေသွားကြသူတွေရဲ့အလောင်းထုပ်တွေ၊ ကျင်းကြီးတွေ၊ ချိုင့်ကြီးတွေ၊ ဘက်ဟိုးလ် ခေါ်လား ဟို ဟို ဂဏန်းလိုလို၊ ကင်းမလက်မည်းကြီးတွေလိုလို ဟာကြီးတွေ နဲ့ နိုင်ငံပိုင် သယံဇာတတွေကို အချိန်နဲ့တပြေးညီ သယ်ထုတ်နေပုံတွေ၊ ကားတန်းကြီးတွေ မြင်မကောင်းအောင် ကိုပါပဲ။  မြင်လို့သာ မကောင်းတာပါ။ ကြည့်လို့ကောင်းတဲ့လူတွေက အားရပါးရ ကြည့်လို့။ ကြည့်ရတယ်လေဗျာ၊ ရေမဆေး ကျောက်လား၊ ဘာလား ကြည့်ရမှာပေါ့။ မကြည့်ရက်လို့ မျက်နှာလွှဲ မသိချင်ယောင်ဆောင်နေကြတဲ့ဟာကြီးတွေကလည်း ကြိုက်သလိုသာ လုပ်ကြပါတော့ ... ပေါက်ဖော်တို့ရယ်လို့များ ခွင့်ပြုထားသလား အောက်မေ့ရတယ်။

အဲဒီတော့ ပြည်မကြီးဘက်လား၊ သွားမယ် ၊မြန်မာပြည်ဘက်လား ၊ပြန်လာခဲ့မယ်၊ အပြန်အပြန် အပြန်လားဟေ့၊ အသွားအသွား အသွားပါဗျို့ ဆိုသလိုကို ဖြစ်ချင်တိုင်း ဖြစ်နေတာပါလား။ ကြောက်စရာကြီးပါဗျာ။ဟိုးရှေးရှေးက အီဂျစ် မာမီအလောင်းတွေ မြှုပ်တဲ့ သချိင်္ုင်းကြီးလိုလို၊ ပိရမစ်တွေ လိုလို ပါဆို။

နဂိုကမှ ကြောက်ပါတယ်လို့ တရားဝင် လူသိရှင်ကြားပြောထားတဲ့ လူတွေကို လူမျိုးနံမည်တောင် မခေါ်ခိုင်း ခဲ့တာကြည့်။ အဲဒီတော့ ကြောက်လက်စနဲ့ ဆက်ကြောက်နေကြပြီး၊ ရထားတဲ့ ကျောက်စိမ်းလေးတွေကိုပဲ ထိုင်ပွတ် နေကြမှာပေါ့။ ကျန်းမာရေးကောင်းတယ် ဆို ပွတ်နေကြမှာပေါ့။ ဘာမှကို ဟန့်တာ၊ တားတာတွေ မရှိတာ မအံ့သြပါဘူး။ မြန်မာဗျ၊ မြန်မာ။ တစ်ခုခုဆို တော်တော်လေးလွန်မှ ၊နှောင်းမှ ပြူးတူးပြဲတဲ လုပ်တတ်ကြတာကိုး။

ဌာနဆိုင်ရာ တာဝန်ရှိတဲ့လူကြီး (အသက်ကြီးလို့သာ လူကြီးခေါ်တာ နေမှာပါဗျာ) ကို သတင်းဌာနတစ်ခုက မေးသဗျ။ ဟိုက ချက် နဲ့ လက် နဲ့ သေချာမေးတယ်။ လူကြီးဖြေလိုက်ပုံက ကယောင်ခြောက်ချားနိုင်ချက် ကိုဗျာ။ တကယ့်ကို တောပြော၊ တောင်ပြောတွေပြောသွားပြီး ဝေ့နေလိုက်တာ၊ လူကြားမကောင်း၊ သူကြားမကောင်းပါ ဆို။ ဟို အဖွဲ့အစည်းက ခွင့်ပြုလို့၊ ဒီအဖွဲ့အစည်းက လိုင်စင်ထုတ်ပေးလို့၊ ယန္တရားကြီးတွေ တင်သွင်းခွင့်မှာ ကန့်သတ်ချက်တစ်မျိုး ဖြစ်နေလို့နဲ့ ရှုပ်နေအောင် ဖြေသွားတာကိုး။ အစကတည်းကမှ မရှင်းမလင်းဆိုတော့လည်း ရှုပ်ပြီပေါ့ဗျ။

အိမ်နီးချင်းကောင်းကြီးတွေ အဆီအနှစ် တွေစုပ်ပြီး မလိုချင်တော့လို့ စွန့်ပစ်ထားခဲ့တဲ့မြေစာပုံတွေမှာ အသက်ပေါင်း ရာချီစွန့်လွှတ်ခဲ့ရပေမယ့် အရဲစွန့်ပြီး တစ်ဝမ်းတစ်ခါးအတွက် အသက်အန္တရာယ်နဲ့ ရင်းပြီး ရှာဖွေစားနေကြဆဲ မြန်မာနိုင်ငံသားစစ်စစ်တွေ အခုဒီစာရေးနေတဲ့အထိ ရှိနေကြတုန်းပါပဲ။ အချိန်မရွေးပြိုကျနိုင်တဲ့မြေစာပုံနား အလုအယက်ကို ထမင်းစားကျောက်ကလေးတွေ တွေ့လိုတွေ့ငြား ရှာနေကြတုန်းပါပဲ။ မြန်မာပြည်အရပ်ရပ်က ပြည်သူတွေပါ။

တရုတ်နိုင်ငံဘက်ကို သွားလိုက်ပြန်လိုက်နဲ့ မျက်စိတစ်ဆုံး ကားတန်းကြီးတွေက ၂၄ နာရီ မပြတ် သယ်နေကြတုန်း။ ကားအစင်းရေ သောင်း ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောလို့ သိရပါရဲ့။ မြင်းကောင်ရေ ၉၀၀ ကျော် ဆိုလား ရှိတဲ့ ကားကြီးတွေနဲ့ ဝင်လိုက် ထွက်လိုက် လုပ်နေကြတုန်း။ အဲဒီဒေသက လမ်းတွေလည်းပျက်၊ ကလေးတွေလည်း ကျောင်း ဆင်း ကျောင်းတက် ကားတိုက်ခံကြရမှာ စိုးရိမ်ရ၊ ဖုန်တလုံးလုံးနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ကမ္ဘာသိ ကျောက်စိမ်းမြေမှာ အလုပ်သွားလုပ်နေတုန်း ပဲလား ၊မြေစာပုံပိသေတဲ့ အထဲ ပါသွားပြီလား မသိကြသေးတဲ့ ကျန်ရစ်သူမိသားစုတွေခမျာလည်း မရေမရာနဲ့ ရမ်းသန်းသပိတ်သွတ် ရတော့မလို ဖြစ်နေကြတုန်း။ ဘာဖြစ်လို့အဲဒီလောက် အသည်းအ သန် မြေကြီးတွေ သယ်နေကြတာလဲ မေးတဲ့လူတွေက မေး၊ အဲဒီမြေကြီးတွေအောက်မှာ ကျောက်စိမ်းတွေပါသွားပြီလို့ ဖြေတဲ့လူက ဖြေတုန်း။

 နိုင်ငံတော်အနေနဲ့ ဘာမှကို ရှင်းမပြနိုင်သေးတာ ကတော့ ... ။     ။
↧

မင်းကိုနိုင် - တီးတိန်လမ်း

$
0
0





မင်းကိုနိုင် - တီးတိန်လမ်း 
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၅

ချင်းပြည်နယ်တီးတိန်နယ်စပ်ကိုးမိုင်စခန်းနေရာဟာ  နယ်ချဲ့အင်္ဂလိပ်တပ်များချင်းပြည်နယ်သိမ်းဖို့အလာ
အဲဒီဒေသကချင်းခေါင်းဆောင်ဗိုလ်ခိုင်ကမ်း ဦးဆောင်ပြီးတော့ခုခံခဲ့တဲ့နေရာ။ 

တီးတိန်ကလာကြိုတဲ့ကားကတောင်ပေါ်လမ်းပြင်လို့  ယန္တယားယဉ်တွေအားလပ်ချိန်မှဖွင့်ပေးတာမို့နောက်ကျ နေတာစောင့်ရင်းရေးဖြစ်တဲ့ပန်းချီပါ။ 

လအနည်းငယ်အတွင်းရေကြီးစဉ်ကမျောပါလာတဲ့ ထင်းတုံးတွေကြည့်ရင်းလေးကြိမ်မြောက်ချင်းပြည်နယ်  ခရီးစဉ်ကိုမှတ်တမ်းတင်ပါတယ်။

လာကြိုတဲ့ကားမောင်းသူဟာဘူမိဗေဒဘွဲ့ရလူငယ်ပါ။  နာမည်ကထေါင်ရှန်း။အလုပ်အကိုင်ရှားတဲ့အခက်
အခဲကြောင့်ဒူဘိုင်းကနေကျန်းမာရေးကြောင့်အဆင်မပြေပြန်လာ။အရှေ့တောင်အာရှနိုင်ငံအချို့မှာလည်း  အလုပ်လုပ်ခဲ့ဖူးသူပါ။ 

သာမန်အားဖြင့်သုံးနာရီကျော်ကျော်မောင်းရတဲ့ခရီးကို  ဒီတခေါက်တော့ခုနှစ်နာရီကျော်မောင်းရပါတယ်။ 
ခွက်ထဲကိုကျောက်ခဲတွေထည့်လှုပ်သလိုတဂျိန်းဂျိန်း မြည်အောင်လှုပ်ခါနေတဲ့ကားကိုမောင်းရင်းသူက 
ပြောပြပါတယ်။ 



ချင်းပြည်နယ်မှာအခုထိတီးတိန်၊တွန်းဇံလမ်းတွေဟာ  စဖောက်ကတည်းကမြေသားလမ်း။“ ကတ္တရာတောင်  တခါမှမနမ်းဖူးသေးတာကြံဖန်ဂုဏ်ယူစမ်းပါလို့”
ကျနော်ကပြောတော့....သူကမချိပြုံးပြုးတယ်။ 

“ အကိုရေဒါဟာကိုယ့်နိုင်ငံ၊ကိုယ့်အစိုးကဖောက် ခဲ့တာမဟုတ်ဘူး။ဒုတိယကမ္ဘာစစ်တုန်းကဖောက်
ခဲ့တဲ့လမ်းကိုအခုထိသုံးနေရတုန်း” တဲ့။ 

ခရီးကြမ်းဒဏ်ကသက်သာရာရလိုငြားချင်းပြည်နယ် သင်္ကေတတောင်ဇလပ်ပန်းတွေအကြောင်းမေး
တော့လည်းအဲဒီပန်းတွေကအမြင့်ပေခြောက် ထောင်ကျော်၊ခုနှစ်ထောင်လောက်မှပွင့်တယ်” တဲ့..။ 

သိုင်းငင်းဆိုတဲ့ရွာကပင်လယ်ရေမျက်နှာပြင်ထက်  အမြင့်ပေခြောက်ထောင်ကျော်မှာရှိတာမို့အဲဒီကျမှ 
ရှာကြည့်တာပေါ့လို့ဖြေသိမ့်ပြီးသွားပေမယ့်လမ်းမှာ  ယန္တယားတွေလမ်းပြင်လို့ပိတ်ထားသမျှအကြိမ်ကြိမ် စောင့်ရတော့သိုင်းငင်းရောက်တဲ့အခါတောင်ဇလပ် ပန်းလေးကြည့်ဖို့အလင်းရောင်မရှိတော့ဘူး။ 

တီးတိန်သွားမယ့်ကုန်ကားတွေမှာကုန်စိမ်းတွေ တွေ့တာကြောင့်မေးတဲ့အခါအသီးအရွက်ကအစ 
တမူးကပြန်ဝယ်စားနေရတာသိရပါတယ်။ကိုယ်တိုင် မစိုက်ဖူးလားဆိုတော့ရေမရှိဘူးတဲ့။သုံးရက်တခါ 
တလက်မပိုက်လောက်ကနာရီဝက်လောက်ပဲ ရေရတာဆိုတော့အပင်စိုက်ဖို့နေနေသာသာလူသုံး
ဖို့တောင်မလောက်ကြပါဘူး။ 

အချို့ကအ၀တ်လျှော်၊ရေချိုးပြီးရေကိုခံပြီးတော့  တပိုင်တနိုင်စိုက်ခင်းလေးတွေကိုလောင်းရတယ်။ 
မွေးမြူရေးဆိုလည်းရွာတွေမှာအိမ်နောက်ဖေးမှာ စည်းရိုးလေးခတ်ပြီးတော့ကြက်ဝက်လေးငါး
ခြောက်ကောင်မွေးနိုင်သူကသူဌေးပါပဲ။  ဒါဖြင့်ချင်းရိုးရာဂျပ်ခုတ်အထည်ယက်လုပ်လုပ်ငန်း
တွေကောမေးတဲ့အခါတီးတိန်မြို့မှာချင်းရိုးရာ အထည်ဆိုင်တွေတွေ့လိမ့်မယ်တဲ့။ဒါဆိုရင်အဲဒီ 
ဂျပ်ခုတ်လုပ်ငန်းတော့စီးပွားဖြစ်ရှိသေးတယ်ပေါ့လို့  မေးကြည့်တယ်။ထေါင်ရှန်းက“ အဲဒီအထည်တွေဟာ ကလေးမြို့က၀ယ်ပြီးပြန်ရောင်းတာ။တီးတိန်က  ထွက်တယ်ထင်ပြီးဝယ်ရင်ဈေးကြီးနဲ့မိလိမ့်မယ်”လို့  သတိပေးပါတယ်။ 

ဝင်ငွေစီးပွားတွေအကြောင်းဆက်မေးဖို့နှုတ်ဆွံ့သွားတဲ့ ကျနော့်အခြေအနေကိုသူသိတယ်ထင်ပါတယ်။ 

“ ဒီလိုပါပဲအစ်ကိုရာ..။ဇာတိကိုခင်တွယ်ပေမယ့်  ကျနော်တို့ချစ်တဲ့တောင်ပြာတန်းတွေကိုအဝေးက 
လွမ်းရုံလွမ်းရတဲ့နေရာတွေမှာအလုပ်သွားရှာနေ ကြရတာပဲ”လို့ရေရွတ်နေတဲ့သူမျက်လုံးတွေကျနော်
လှမ်းကြည့်တော့တောင်လျိုတွေကြားဆိုင်းနေတဲ့  မြူငွေ့တွေလို့မှိုင်းလို့။ 

တီးတိန်လမ်းဟာမြေသားဖြစ်နေတော့မိုးတွင်းဆို  တောင်ပြိုရင်ဗွက်နစ်ပြီး၊နှောင့်နေးသလိုနွေရာသီ
ကျတော့လည်းလမ်းပြင်ယန္တယားတွေနဲ့ပိတ်ဆို့ နေတာပါပဲ။တောင်နံရံတွေကိုထပ်ဖြိုမြေညှိနေတဲ့ 
ယန္တယားတွေကနာရီဝက်တခါလောက်သာအလုပ် နား။တောင်နံရံဘက်ကပ်ပြီးလမ်းဖွင့်ပေးတာ 
ဆိုတော့ဒီလမ်းဟာစိတ်ရှည်သည်းခံဖို့ကိုကျင့်ပေး နေတာနဲ့တူပါတယ်။

အကြီးအကဲဆိုသူများကိုတခါလောက်ဒီလမ်းပေါ်  ကိုယ်တိုင်ဖြတ်မောင်းပြီးနဖူးတွေ့ဒူးတွေ့သိစေချင်
လိုက်တာလို့ဒေသခံတွေတောင့်တကြပါတယ်။မြို့ကို  ဟယ်လီကော်ပတာနဲ့လာရုံနဲ့တော့လမ်းအကြောင်းကို  မသိနိုင်ဖူးလို့ပြောပါတယ်။

ပြီးခဲ့တဲ့ရေဘေးတုန်းကတီးတိန်မြို့ပေါ်ကဒုက္ခသည်စခန်းမှာ လူကြီးလာမယ်ဆိုမှနိုင်ငံတကာကူညီထားတဲ့ရွက်ဖျင်တဲတွေ ခင်းကျင်းပြီးဒုက္ခသည်တွေကိုဝင်နေခိုင်းတော့ဒုက္ခသည် တွေကမနေတတ်ပဲပြန်ထွက်လာကြတာကိုသတိတရပြော ဖြစ်ပါတယ်။အရှိတရားကိုဖုံးဖို့မိတ်ကပ်လိမ်းထားတာကိုပဲ အတိုင်အဖောက်ညီခဲ့ကြတာကိုး။ 

ညဆိုရင်လမ်းကရွာတွေမှာဈေးဝယ်ချင်ရင်အိမ်တံခါး ခေါက်ရပါတယ်။အေးလွန်းတော့အိမ်ထဲကမီးဖိုဘေးမှာ  အိမ်ရှင်ရောခရီးသည်ပါမီးလှုံရင်းမိတ်ဖွဲ့ကြ၊ဘာသာ စကားမပေါက်လည်းခြေဟန်လက်ဟန်တွေနဲ့အလုပ် ဖြစ်ကြရတာပါပဲ။ 


အိမ်တအိမ်ကိုကျနော်တို့တံခါးခေါက်ပြီးကောက်ညှင်းထုပ် ရမလားလို့မေးတဲ့အခါ ..အိမ်ရှင်ကခေတ္တတုံ့ဆိုင်းပြီးမှ ရတယ် ..လာ...လာလို့အိမ်ထဲကိုခေါ်၊မီးဖိုဘေးထိုင်ခိုင်း၊ ရေနွေးအိုးချပေးပါတယ်။ကောက်ညှင်းထုပ်တွေယူလာပြီး  “ခဏစောင့်နွေးပေးမယ်”ဆိုတော့ကျနော်တို့က  တထုပ်စီအရင်ပေးပါလို့တောင်းပြီးဆာဆာနဲ့ပါးစပ်ထဲ  ပလုပ်ပလောင်းထိုးထည့်ကြပါတယ်။ကောက်ညှင်းထုပ် ပူပူလေးနွေးပြီးတဲ့အခါဘယ်လောက်ကျလဲမေးမှ  ဒါဈေးဆိုင်မဟုတ်ဘူး၊အိမ်ပါ။အိမ်မှာရှိတာပေးတာ  ကျွေးတာပါ။တဲ့။လူကြီးတွေတင်စေတနာကောင်းတာ မဟုတ်ပါဘူး။ကျနော်တို့အငမ်းမရစားတာကိုထိုင်ကြည့်
နေတဲ့ကလေးတွေကပါသူတို့ရဲ့ခေါင်းစွပ်ညစ်ထေးထေး တွေကြားကဖြူဝင်းတဲ့အပြုံးတွေနဲ့သဒ္ဓါကြောင်းပြနေပါသေးတယ်။

တီးတိန်ခရီးအကြောင်းပြောစရာတွေတော့များစွာကျန်ပါရဲ့။ ခရီးတကြောင်းစီမှာခုနှစ်နာရီ၊ရှစ်နာရီလောက်ကြာတဲ့  မြေလမ်းကြမ်း။ဗွက်နစ်တဲ့အခါရုန်း၊ကျောက်တုံးတွေကိုရှောင် ချောက်ထဲမကျအောင်လည်းအိပ်မငိုက်ရဲ။မောင်းရှာရတဲ့ ဘူမိဗေဒဘွဲ့ရချင်းလူငယ်ဟာကျနော်တို့ကူမောင်းပေးမယ် ဆိုလည်းလက်မခံပါဘူး။တကူးတကလာဖော်ရတာကိုပဲ  ကျေးဇူးစကားထပ်ထပ်ဆိုရင်းချင်းရိုးရာသီချင်းကိုလည်း အိပ်ငိုက်ပြေဆိုပြသေးတယ်။

ညခရီးမှာမှိုင်းတိုက်တယ်ဆိုတာလက်တွေ့ကြုံရပါတယ်။ ကျနော်ကလူတွေမီးဖိုပြီးမီးခိုးမှိုင်းတိုက်တယ်လို့ထင်နေတာ။ သဘာဝအရမြူဖုံးပြီးရှေ့မမြင်ရတာကိုပြောတာကိုး။ မှိုင်းတိုက်ပြီဆိုရှေ့မှာချောက်လား၊ကမ်းပါးလားစမ်း တ၀ါးဝါးနဲ့အိပ်လည်းမငိုက်ရဲတော့ပါဘူး။မသင်္ကာရင်  လူကိုယ်တိုင်ဆင်းပြီးရှေ့ကလျှောက်လမ်းပြကြရပါတယ်။ 

အယူဝါဒမှိုင်းတိုက်တယ်ဆိုတဲ့စကားဥပမာကိုယဉ်ပါးနေတော့တောင်ပေါ်လမ်းမှာသဘာဝမှိုင်းတိုက်တာကို  ဥပမာစကားလိုလိုဖြစ်နေတာပါ။အဲဒီလမ်းကိုလာကြိုတော့  နှစ်ခေါက်၊ပြန်ပို့တော့နှစ်ကြိမ် ...တယောက်တည်းအံခဲ မောင်းရှာရတဲ့ညီလေးစကားကတော့အမှတ်တရပါပဲ။ 

“ ဒီလမ်းကဒုတိယကမ္ဘာစစ်ဖြစ်တော့ဖောက်ခဲ့တာ။  ဆုတော့မတောင်းပါဘူး...ဒါပေမယ့်တတိယကမ္ဘာစစ်ဖြစ်မှ  လမ်းသစ်ရမှာလားလို့မေးရမလိုလိုပါအစ်ကိုရာ” တဲ့။ 

( တီးတိန်ခရီးစဉ်၁၅/၁၆ဒီဇင်ဘာ၊၂၀၁၅ )
↧
↧

သမဂ္ဂဂျာနယ် သတင်းထောက်ချုပ်မရွှေမှုံအား ပစ်ဒဏ်အဖြစ် ဒဏ်ငွေတစ်သောင်းချမှတ်

$
0
0

သမဂ္ဂဂျာနယ်သတင်းထောက်ချုပ်  မရွှေမှုံအား ပြစ်ဒဏ်အဖြစ် ဒဏ်ငွေတစ်သောင်းချမှတ်
ဟန်သစ်နိုင်၊ မိုးမခ၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၅

  ကမ္ဘာတဝန်းတွင် မီဒီယာသမားများအား အကြမ်းမဖက်သောနေ့ နိုဝင်ဘာလ ၂ရက်၊ ၂၀၁၄တွင် သတင်းမီဒီသမားများစုပေါင်းပြီး ဆူးလေစေတီတော်ရင်ပြင်တွင် ဝတ်ပြုဆုတောင်းခဲ့ရာ ကျောက်တံတား ရဲစခန်းမှ ၂၀၁၅ခုနှစ်ရောက်မှ တရားစွဲခဲ့သည်။

          သမဂ္ဂဂျာနယ် သတင်းထောက်ချုပ်မရွှေမှုံနှင့် သတင်းမီဒီယာသမားများစုပေါင်းပြီး ဆူးလေစေတီတွင် ဖမ်းဆီးထားသောမီဒီယာသမားများအား လွှတ်မြောက်ဖို့အတွက် ဆုတောင်းပွဲပြုလုပ်ရန် ကျောက်တံတား ရဲစခန်းတွင် ခွင့်ပြုမိန့်တင်ခဲ့ကြောင်း၊ ဆုတောင်းခဲ့သည့်အတွက် မရွှေမှုံအား ပုဒ်မ ၁၉ဖြင့် တရားစွဲခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၈ရက် ၂၀၁၅ခုနှစ်တွင် ထောင်ဒဏ် ၁၅ရက်သို့မဟုတ် ဒဏ်ငွေ တစ်သောင်း ကို ကျောက်တံတား တရားသူကြီးမှ အမိန့်ချမှတ်ခဲ့ကြောင်း၊ မရွှေမှုံမှ ဒဏ်ငွေတစ်သောင်း ကို လက်မခံသော်လည်း သတင်းမီဒီ ယာအဖွဲ့များမှ ဒဏ်ငွေတစ်သောင်းပေးဆောင်ခဲ့သဖြင့် အမှုမှလွတ် မြောက်ပြီးစီးခဲ့သည်။

          “လာမည့်အစိုးရလက်သစ်ထက်မှာ သတင်းမီဒီယာတွေ ဘယ်လောက်ထိပွင့်လင်းစွာနဲ့ လွတ်လပ်စွာ ရေးသားခွင့်ရှိမလဲဆိုတာကို ကျမတို့စောင့်ပြီးတော့ကြည့်ရတော့မယ်” ဟု သမဂ္ဂဂျာနယ် သတင်းေ်ထာက်ချုပ် မရွှေမှုံက ပြောသည်။




↧

ကာတွန်း မောင်ရစ် - ဟုတ်ကဲ့ပါ မေမေ (၅)

$
0
0

ကာတွန်း မောင်ရစ် - ဟုတ်ကဲ့ပါ မေမေ (၅)
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၅

↧

ငြိမ်းချမ်းအေး - မဖြစ်မနေ ပြောရမယ့် ခြင်ထောင်ခန်းများ (သိကြသလားဟေ့.. Date Rape)

$
0
0

ငြိမ်းချမ်းအေး - မဖြစ်မနေ ပြောရမယ့် ခြင်ထောင်ခန်းများ (သိကြသလားဟေ့.. Date Rape)
(မိုးမခမဂ္ဂဇင်း၊ ဒီဇင်ဘာထုတ်) ဒီဇင်ဘာ ၁၉၊ ၂၀၁၅
အသက် ၁၈ နှစ် ပြည့်ပြီး အရွယ်ရောက်သူ၊ စိတ်ကျန်းမာရေး ပြည့်စုံသူ၊ အိမ်ထောင်မရှိသူ နှစ်ဦး ‘အလိုတူရင်’ လိင်ဆက်ဆံခွင့်၊ အတူနေခွင့်ဆိုတဲ့ လူသားအခွင့်အရေး ဆွေးနွေးမှုကို အခြေခံပြီး လူ့အဖွဲ့အစည်းမှာ ပြောဖို့လိုနေတဲ့ ဆက်စပ်အကြောင်းအရာကြီးမျာကို ဒီဆောင်းပါးမှာ အနည်းငယ် ချဉ်းကပ်ကြည့်ရအောင်ပါ။

■ နှစ်ဦးသဘော တကယ်ဟုတ်ပါရဲ့လား

တကယ်တော့ ‘နှစ်ဦးသဘောတူ’ ဆိုတာမှာ ဆွေးနွေးစရာတွေ အများကြီး ရှိပါတယ်။

အရွယ်ရောက်သူ လူနှစ်ဦး သဘောတူ တွေ့ဆုံရာက တဆင့်တက် လိင်ပိုင်းဆိုင်ရာ လွန်ကျူးမှု ဖြစ်ကြတဲ့ ဖြစ်စဉ်မှာ အမျိုးသားဘက်က အတွင်းသဘောမှာ ကြိုတင်ကြံစည်မှု ရှိနိုင်ကောင်းတယ်ဆိုတဲ့ အချက်ကြီးကို လူအများ ထည့်မတွက်တတ်ကြပါဘူး။  ဒီလိုမျိုး တင်ကြိုရည်ရွယ်ချက်ရှိရှိနဲ့  ဖြစ်သွားမှုမျိုးကို ‘Date Rape’ လို့ ခေါ်ဆိုနိုင်ပါတယ်။  ဒါဟာ အဓမ္မ အကြမ်းဖက် ကာမလုယူမှု/မုဒိမ်းမှု ‘Rape’ လို မမြင်သာ မထင်သာဘဲ နောက်ကွယ်မှာ  မိန်းကလေးအများစု ခံနေရပါတယ်။  အသက်ပြည့်ပြီး လူငယ်ရည်းစား ချစ်သူ စုံတွဲ အများစု ‘ဖြစ်’ ချိန်မှာ ‘အလိုတူ’ ချည်းပါပဲ။

ဒါပေမဲ့ အဲ့ဒီ ‘အလိုတူ’ ဆိုတဲ့ အဆင့်ရောက်အောင် ကျုံသွင်းယူခံခဲ့ရတာ များပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြန်ပေးဆွဲမှု ‘Emotional Blackmail’ လုပ်ခံရတာပါ။  ‘ချစ်လို့ပါ..’၊ ‘တကယ်မချစ်ဘူးလား..’ စကားလုံးတွေရဲ့ အင်အားမှာ၊ ချစ်ခြင်း မေတ္တာနဲ့ သဘာဝ လိင်စိတ်က မိန်းကလေးတွေကို ထောင်ချောက်ထဲ ဆွဲသွင်းပါတယ်။

ဒါကို ‘ကျား’ တွေ ကျွမ်းကျင်တယ်။  ကျနော်ကိုယ်နှိုက်လည်း ကျွမ်းကျင်ပါတယ်။   ကျနော်တို့ လူငယ်ချင်း အပြောင်အပြက် သုံးတဲ့ အင်္ဂလိပ် ဗန်းစကား တခု ရှိပါတယ်။  “Building his points to get jiggy jiggy” ဆိုပြီး  ရည်းစားကို ပုံမှန်ထက်လွန် ဂရုစိုက်ပြနေတဲ့ သူငယ်ချင်း ယောက်ျားလေးတွေကို နောက်တတ်ပါတယ်။  ဒီသဘောက အတိုင်းအတာတခုအထိ မှန်ပါတယ်။  ဒါတွေအားလုံးရဲ့ အဆုံးသတ်မှာ ‘Date Rape’ သတ်မှတ်နိုင်တဲ့ လက္ခဏာတချို့ ရှိပါတယ်။

■ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

‘Date Rape’ မှာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ထိခိုက်မှု ‘Psychological Trauma ‘ ရမှုက ‘Aftermath’ နောက်ဆက်တွဲ ကိစ္စပါ။  ချစ်ခြင်း (သို့မဟုတ်) ယုံကြည်ခြင်း အခြေတည်ဖြစ်ခဲ့ချိန်မှာ ‘အလိုတူ’ တယ်၊ အများစုလည်း စိတ်ပျော်ရွှင်ချမ်းသာမှုနဲ့ ‘ကာမသုခ’ ရကြတာချည်းပါပဲ။  ဒါပေမဲ့ ဒီ ချစ်ခြင်း၊ ယုံကြည်ခြင်းကို နောက်ပိုင်း အလွဲသုံးစား လုပ်ခံရချိန်၊ ကာမလိုအင် လိုက်လျောအပြီး ပစ်ခွာခံရချိန်မှာ နောင်ပိုင်းမှာ မိန်းကလေးများ ကြီးမားတဲ့ စိတ်ဒဏ်ရာ ရကြရပါတယ်။  ဘယ်လောက်အထိ ပြင်းထန်နိုင်သလဲဆို ကိုယ့်ဘာသာကိုယ်ပါ ရွံရှာစက်ဆုပ်  တန်ဖိုးမထားနိုင် အထိ ဖြစ်တတ်ကြတယ်။  အဲဒီလို ခံစားချက်က အဆိုးဘဝအခြေအနေတွေကို တွန်းပို့ပေးစေပါတယ်။

Date Rape မှာ နောက်အများစု ဖြစ်ကြတာကတော့ နှစ်ဦးကြား အတိုင်းအတာ တခုအထိ ရင်းနှီးမှု၊ ယုံကြည်မှု၊ ချစ်ခြင်း မေတ္တာရှိမယ်၊ ဒါပေမဲ့ ဖြစ်တဲ့အချိန်မှာတော့ ယုံကြည်မှု၊ ချစ်ခြင်းထက် ‘ကျား’ ဘက်က အရက်၊ မူးယစ်ဆေး၊ စိတ်ကြွဆေးနဲ့ ဖြားယောင်းခဲ့လို့ ‘မ’ က ပါသွားခြင်းမျိုးပါရခြင်းပါ၊ ဒါကတော့ တုံ့ပြန် ခံစားရမှုက ပို ပြင်း ပို မြန် ပိုသိသာပါတယ်၊  မိန်းကလေးကိုယ်တိုင်လည်း အလိုမတူဘဲ ကာမ အယူခံလိုက်ရတယ် ဆိုတဲ့ အသိရမှု မြန်ပါတယ်။  ပထမ ချစ်ခြင်းမေတ္တာကို လုံးလုံး အရင်းခံတဲ့ ဖြစ်စဉ်မျိးမှကျ ‘Date Rape’ ဖြစ်တယ်ဆိုတဲ့ ရင်းခံအကြောင်းကို အမျိုးသမီးဘက်က အမှန်မြင်လာနိုင်မှု အချိန်ကြာတတ်ပါတယ်။

■ ဘက်ပေါင်းစုံက စဉ်းစားပါ

ကျနော့်လောက် အရွယ်ရောက်ပြီး ချစ်သူချင်းအတူနေယဉ်ကျေးမှုကို လက်ခံတာ မရှိပါ။  အတူနေနေကြောင်း ရှေ့နောက်ဝဲယာ ခုနှစ်အိမ်ကြား အရပ်သိရုံနဲ့ လက်ထပ်ခြင်း လူမှုထုံးမြောက်၊ တရားလည်းဝင်နေတဲ့ မြန်မာ့ရိုးရာ ပုဆိုးတန်းတင် အကြင်လင်မယား လက်ထပ်ခြင်း က ‘Living Together’ ပါ၊ လွတ်လပ်မှုကို မြတ်နိုးလှတဲ့ မြန်မာတွေ လက်ထပ်ဖို့ ဘာလူလုပ် အစိုးရဥပဒေ၊ ဘုန်းကြီးလုပ် ဥပဒေ၊ ဘာသာရေး အသိအမှတ်ပြုမှုနဲ့ ဘာအခမ်းအနားမှ မလိုပါ ဆိုပြီး တစိုက်မတ်မတ် တယောက်တည်း စာတွေရေးအော်လာခဲ့သူပါ။

ဒါပေမဲ့ လက်မထပ်မီအတူနေခြင်း (Living Together Before Marriage) တို့၊ အိမ်ထောင်မပြုမီ လိင်ဆက်ဆံခြင်း (Premarital Sex) တို့လို အကြောင်းအရာကြီးမျိုးမှာ အိမ်ထောင်မရှိ အသက်ပြည့်သူ နှစ်ဦး ‘အလိုတူ’ ရင် ရတယ် ဆိုတဲ့ အပေါ်ယံသဘောသက်သက် စဉ်းစားလို့မရပါဘူး၊ အခြားထည့်သွင်းစဉ်းစားရမယ့် အချက်တွေ၊ နောက်ခံကားချပ်၊ နောက်ဆက်တွဲ ပြဿနာ  ‘Pre-condition Post-condition’ အခြေအနေတွေ၊ ရိုက်ခတ်မှုတွေ အများကြီးဆိုတာကို လူအများကို မြင်စေချင်ပါတယ်။

ဒီလိုအငြင်းပွားဖွယ် အကြောင်းအရာတွေအတွက် လူမှု၊ ကျန်းမာ၊ စိတ်ပညာ၊ ရာဇဝတ်မှု၊ ဥပဒေ၊ လူမှုရေးစံသတ်မှတ်ချက်၊ ကျား-မ လိင် ဘက်လိုက်မှု၊ ခွဲခြားမှု၊ ‘ကျား’ ဆိုတမျိုး ‘မ’ ဆိုတဖုံ သတ်မှတ်လိုကြတဲ့ ‘Double Standard’ စံနှစ်မျိုးထားမှုနဲ့ အတွေးအခေါ် ‘Philosophy’၊ ကျင့်ဝတ်သီလ ‘Moral’ ‘Ethical’ အဆင့် အထိ အစရှိတဲ့ ကဏ္ဍစုံကို ချဲ့ထွင် ကျနော်တို့ စဉ်းစားဖို့ မဖြစ်မနေလိုနေပါတယ်။  ဒီအကြောင်းတွေကို အသံကျယ်ကျယ်ထွက်ပြီး လူအများကို၊ အထူးသဖြင့် လူငယ်တွေကို အသိအမြင်ရေချိန် မြှင့်တင်ပေးဖို့လည်း အရေးတကြီးလိုနေပါတယ်။

■ ပြောကိုပြောရမယ့် ခြင်ထောင်ခန်း ဆက်စပ်များ

ကျနော်တို့ဟာ ပေါင်ကြားကိစ္စတွေ၊ ခြင်ထောင်ထဲကိစ္စတွေကို စင်ပေါ်တင်ဆွေးနွေးဖို့ လိုပါတယ်။  ဘာကြောင့်ဆို မမြင်အပ်၊ မကြားအပ် ရှေးရိုးစွဲ သတ်မှတ်ချက်တွေ ကြားမှာ လူငယ်တွေ (ကျား + မ) ၊ ကလေးငယ်တွေ အပါအဝင် အားလုံးဟာ လက်တွေ့ဘဝ မှာ ဆိုးကျိုးဆက်များခံစားနေရလို့ပါပဲ။  လိင်ကိစ္စမို့ မပြောအပ်၊ မဆိုအပ်ဆိုပြီး လူ့အဖွဲ့အစည်းရဲ့ နောက်ဖေးချောင်ကို ပို့ထားရင် လိင်ပိုင်းဆိုင်ရာ ဆက်စပ် ရာဇဝတ်မှု၊ ကျန်းမာရေး ယိုယွင်းမှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစား ပျက်ယွင်းမှုတွေ၊ အကျင့်စာရိတ္တ ပျက်စီးမှုတွေဟာ နောက်ကွယ်မှာ တိုးပွား အမြစ်တွယ်နေမှာသာ ဖြစ်ပါတယ်။  အိုင်းအနာ ပြည်ပုပ်ကို အအောင်းမခံဘဲ ဖောက်ထုတ်မှသာ အနာဂတ်မှာ လူသားဂုဏ်ရည်မြင့်၊ အကျင့်စာရိတ္တ မြင့်မာ အမှန်တကယ် ကာယ၊ စိတ္တ ကျန်းမာချမ်းသာ တိုးတက်ကြီးပွားနိုင်ပါမယ်။

တိုင်းပြည်မှာ တရားမျှတတဲ့ ဥပဒေပြုရေးတွေဖြစ်ဖို့၊ တရားဥပဒေအောက်မှာ လူတိုင်း အကာအကွယ်ပြည့်ပြည့်ဝဝ ရဖို့ အတွက်လည်း လူမှုကိစ္စ အရှုပ်အထွေးတွေ၊ လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်သုံးသပ်စဉ်းစားနိုင်ရပါမယ်။  လူမှု စံသတ်မှတ်ချက် အမှားတွေ၊ ဥပဒေ မတရားမှုတွေကို ထောက်ပြ ပြင်၊ အားနည်းချက်တွေ ဖြည့်ဆည်းနိုင်ရပါမယ်။  ဒီလို အပြုသဘောဆောင်အလုပ်ဖြစ်တဲ့၊ အမြင်ကျယ် ခေတ်မီတဲ့ အတွေးအခေါ် အလုပ်တွေနဲ့သာ ကျနော်တို့ လူ့အဖွဲ့အစည်းကို ပိုမိုသာယာ ငြိမ်းချမ်း ညီညွတ် မျှတတဲ့ စနစ် လူ့ဘောင်အဖြစ် အနာဂတ်မှာ မြှင့်တင်နိုင်ကာ မျိုးဆက်သစ်ကို အမွေကောင်း၊ တိုင်းပြည်ကောင်း၊ စနစ်ကောင်းတခု ချန်ထားနိုင်မှာ ဖြစ်ပါတယ်။

■ ဖြည့်စွက်ပြင်ဆင် စဉ်းစားသုံးသပ်ရမယ့် ဥပဒေများ

ဥပမာ --  ဥပဒေပြုမှုတွေမှာ ဆိုရင် အရင် တိုင်းပြည်မှာ မဟာဖိုဝါဒ ယောက်ျား အသားပေးစနစ်အရ လင်ပြိုင် (Polyandry) ထားမှုကိုသာ တရားဥပဒေ အရ ကန့်သတ်ထားခဲ့ပြီး မယားပြိုင် (Polygyny) ထားမှုအပေါ် ဥပဒေ အရ ခွင့်ပြုထားတာကို ပယ်ဖျက်ခြင်း လို ဥပဒေမျိုးတွေမှာ တော်တည့်မှန်ကန် မျှတတဲ့ နောက်ဆက်တွဲ ဖြည့်စွက်မှု၊ လက်တွေ့ကျ အသုံးဝင် အသုံးတည့်အောင်လုပ်မှုမျိုးတွေ အတွက် ကျနော်တို့ လေ့လာသုံးသပ်အသံထွက်ရပါမယ်။  အငယ်အနှောင်း၊ အပျော်၊ ခဏတာ လိင်အမြတ်ထုတ်မှု အားလုံး အတွက် လိုအပ်တဲ့ အကာအကွယ်ပေးမှု၊ ကလေးမွေးလာခဲ့ရင် စောင့်ရှောက်ခံရမှုတွေမှာ လစ်ဟာချက်တွေကို ဖြည့်ဆည်းဖို့ဆိုရပါမယ်။

ကျနော်ဟာ မြန်မာပြည်လိုပဲ မဟာပုရိသကျားကြီးများ စိုးမိုးရာ (Men World) လက်တင်အမေရိကားက လူများနဲ့  လက်မထပ်ဘဲအတူနေယဉ်ကျေးမှုဆက်စပ် အကြောင်းအရာတွေ အများအပြား ဆွေးနွေးဖူးခဲ့ပါတယ်။  သူတို့ဆီက တချို့နိုင်ငံတွေ၊ ဥပမာ - ကိုလံဘီယာနိုင်ငံမှာဆိုရင် လက်ထပ်ခြင်းပြင်ပ အတူနေမှုတွေမှာ ကျားများ တာဝန်မဲ့မှုတွေ မဖြစ်အောင် ထိုက်သင့်တဲ့ တာဝန်ယူမှုတွေ ပြုဖို့ အတင်းအကျပ် ဥပဒေပြဋ္ဌာန်းထားမှုတွေ ရှိပါတယ်။  ကိုယ့်ဆီမှာလည်း ကမ္ဘာကို လေ့လာ သင်ခန်းစာယူပြီး ဥပဒေတွေကို တရားမျှတမှုဘက် အနီးစပ်ဆုံး ရောက်အောင် စွမ်းဆောင်ရပါမယ်။

■ ဘာသာရေးခေါင်းဆောင်များရဲ့ ကဏ္ဍနဲ့ ဝေဖန်ခွင့်

ဒီလို ကိစ္စတွေမှာ ဘာသာရေးအမြင်တခုပဲ ဇောင်းပေးချင်တဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ ဘုန်းတော်ကြီးတွေ၊ ဗလီဆရာတွေ၊ ဝင်ရောက် ကြိုးကိုင် ခြယ်လှယ်ခွင့် မရဖို့ကိုလည်း သတိပြုရပါမယ်။  ကျင့်ဝတ်သီလ နာမ်ဝိညာဉ်ပိုင်းဆိုင်ရာ ‘Moral Authority’ ရှိသူ ဘာသာရေးခေါင်းဆောင်ပိုင်းရဲ့ သီးသန့် အမြင် သဘောထားကို တည်ရှိ ထုတ်ဖော်ခွင့်လည်း ပေးရပါ့မယ်။  အဲဒီအာဘော်ကို မနှစ်သက်သူက လွတ်လွတ်လပ်လပ် ပြန်လည် ဝေဖန်သုံးသပ်ခွင့်လည်း ရှိရပါမယ်။  အကြောင်းအရာတွေက အမုန်းမပွားရင်၊ သူတပါး လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ကျား-မ လိင်၊ လိင်တိမ်းညွတ်မှု မတူကွဲပြားသူ အုပ်စုတခုခုကို မထိခိုက် မနစ်နာရင် ဘုန်းကြီးအပါအဝင် နိုင်ငံသားတိုင်း၊ လူတိုင်းဟာ လွတ်လပ်စွာ သဘောထား ထုတ်ဖော်ခွင့်ရှိပါတယ်။

■ Secular တိုင်းပြည် စနစ် ‘စစ်စစ်’ သည်သာ အနာဂတ်အတွက် အဖြေမှန်

ဒါပေမယ့် ဘာသာရေးဆက်စပ် အလုပ်တွေ၊ ဥပဒေတွေ၊ ထုံးတမ်းစဉ်လာတွေကို နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး၊ တရားစီရင်ရေး တိုင်းပြည် အုတ်မြစ် ကဏ္ဍတွေမှာ သွတ်သွင်းကာ ဘာသာရေးခေါင်းဆောင်များ အလွန်အမင်း သြဇာလွှမ်းမိုး စွက်ဖက်ခြင်းမျိုးကိုတော့ အမြဲမပြတ် ဆန့်ကျင် ကန့်ကွက်ရမှာလည်းဖြစ်ပါတယ်။   ဒါမှသာ ခေတ်သစ်မှာ ဘာသာရေးကို တလွဲအသုံးချထားတဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေကင်းပြီး၊ တပါတည်း မတူကွဲပြား လူမျိုးစုံ၊ ဘာသာစုံ မှီတင်းနေထိုင်ရာ ပြည်ထောင်စု တိုင်းပြည်မှာ မညီမျှမှုတွေ၊ အစွဲတွေ၊ ခွဲခြားမှုတွေ၊ အမုန်းတွေပျောက်နိုင်မှာ ဖြစ်ပါတယ်။  ဒီနည်းအားဖြင့်သာ ယဉ်ကျေးမှု ပေါင်းစုံ ထွန်းကားရှင်သန်ရာ ‘Secular Pluralistic Democratic’ တိုင်းပြည်၊ ဘာသာရေးလွှမ်းမိုးမှုမဲ့ ဗဟုယဉ်ကျေးမှု ဒီမိုကရေစီရေချိန်မြင့် လူ့ဘောင်စနစ်တခုကို တည်ထောင်နိုင်မှာပါ။  ပန်းပေါင်းစုံလင် ပွင့်လန်း၊ အတွေးအခေါ်၊ အယူဝါဒစုံ ထွန်းကား သမမျှတ ဗဟုလောကသည်သာ ဝိဇ္ဇာ၊ သိပ္ပံ ပညာရပ်များထွန်းကားရာ၊ စည်းစိမ် ချမ်းသာတည်ရာ လောကနိဗ္ဗာန် ဧကန် ဖြစ်နိုင်ပါတယ်။

■ အတွေးအခေါ်ပူဖောင်းများ မြင့်ဖို့ လေ့လာသုံးသပ် စဉ်းစားဆင်ခြင်ကြစို့

ဆွေးနွေးခဲ့တဲ့ ကိစ္စရပ်များအပေါ် တုံ့ပြန်ပုံ၊ စဉ်းစားပုံတွေကို ခေတ်သစ်မှာ လူအများအသုံးပြုကြတဲ့ ‘Facebook Trend - Online Social Media’ သက်သက် ကွက်ကြည့်ရင်တော့ အပေါ်ယံ သိပ်ဆန်တတ်ကြပါတယ်။   ဒီလို ကိစ္စရပ်တွေကို ပြင်ပမြေပြင်နဲ့ မီဒီယာတွေပေါ်မှာလည်း ဆွေးနွေးငြင်းခုံမှုတွေ၊ စာနယ်ဇင်း ဖော်ထုတ်တင်ဆက်မှုတွေလည်း အခုထက်ပို ကျယ်ပြန့် များပြားဖို့လိုနေသေးပါတယ်။

သိပ်မကြာသေးခင်တုန်းက ခရစ်ယာန် ကက်သိုလစ် ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီးက ကိုယ်ဝန်ဖျက်ချမှုကို ခွင့်လွှတ်မယ် ဆိုပြီး ဘုရားကျောင်တော်ရဲ့ မူဝါဒပိုင်းဆိုင်ရာ ဖြေလျှော့ပေးမှု အပြောင်းအလဲ ပြုလိုက်ပါတယ်။  ကျနော်တို့ဆီက ဘာသာရေး အယူဝါဒတွေ၊ ကျောင်းတော်တွေ၊ ဂိုဏ်းတွေနဲ့ လူအများကကော ဒီလို အကဲဆတ်တဲ့ အကြောင်းအရာတွေမှာ အမြင်တွေ ဘယ်လိုရှိကြပါသလဲ။

ဆတ်ဆတ်ထိမခံတဲ့ အငြင်းပွားဖွယ် ဥပမာ ခေါင်းစဉ်လေးတွေကို စဉ်းစားဆင်ခြင်ကြည့်ပါ။

တရားဝင် ပြည့်တန်ဆာ လုပ်ငန်း (Legalized Prostitution)၊  တရားဝင် ကလေးဖျက်ချခွင့် (Legalized Abortion / Pro Choice or Pro Life)၊ အဆုံးစွန်ဝေဒနာခံစားနေရသူများ တရားဝင် သတ်သေခွင့် (Legalized Euthanasia)၊ တရားဝင် လိင်တူလက်ထပ်ခွင့် (Legalized Same Sex Marriage) အစရှိတဲ့ အငြင်းပွားဖွယ် အကြောင်းအရာတွေကို လူမှု-စီးပွား၊ နိုင်ငံရေး၊ ဘာသာရေး၊ အတွေးအခေါ်၊ ကျင့်ဝတ် သီလ ရှုထောင့်ပေါင်းစုံက ရှုမြင်သုံးသပ်မှုတွေကို တကိုယ်ရေဖြစ်ဖြစ် ကျနော်တို့ ထဲထဲဝင်ဝင် သိနားလည် ဆင်ခြင်သင့်ပါတယ်။  အထူးသဖြင့် စီးပွားကိစ္စ သိပ်မပူပင်ရတဲ့အပြင် တိုင်းပြည်မှာလည်း အမြဲတမ်း နေရာရ လူတွင်ကျယ် သြဇာစူးတဲ့ ခေတ်ပညာတတ် လူတန်းစား အလယ်လတ်တန်းစားနဲ့ အထက်တန်းလွှာဆိုသူများ အခြေခံကျကျ စဉ်းစားနိုင်ရပါမယ်။

ဒီလို အကြောင်းအရာတွေကို ယုံကြည်ချက်အဘိဓမ္မာ တခုခုကို အခြေခံပြီး ပြောကြ၊ ဆိုကြ၊ ရေးကြပါ။  လူဟာ အတွေးအခေါ် ယုံကြည်မှု တခုခုကို အခြေမခံရင် စကားတွေ ရှေ့နောက်မညီ ဖြစ်တတ်ပါတယ်၊ ခပ်ပေါ့ပေါ့ ခပ်ပါးပါး ဖြစ်တတ်ပါတယ်။  လူပေါ့များတဲ့ တိုင်းပြည်ဟာ မိုးပျံပူပေါင်းလိုတော့ အထက်မရောက်နိုင်ပါဘူး၊ အဝီစိပဲ ထိုးဆင်းပါတယ်။  တိုင်းပြည်ဟာ စနစ်ဆိုး၊ လူဆိုးများနဲ့ သူတို့ဒဏ်ခံ သားကောင် လူပေါ့များကြောင့် ထိုးလည်း ဆင်းခဲ့ပြီးပါပြီ။

အတွေးအခေါ်ပူပေါင်းတွေ ခပ်မြင့်မြင့် ရောက်အောက် စဉ်းစားတွေးခေါ်လေ့လာမှု ဟိုက်ဒရိုဂျင် လောင်စာတွေ ဖြည့်ကြပါ။  အထူးသဖြင့် လူငယ်တွေ စဉ်းစားကြဖို့ပါပဲ။  ဖောက်ထွက်ကြဖို့ပါပဲ။  သမားရိုးကျ တိုက်ပုံသမား လူကြီးတွေလည်း နားလည်ဆင်ခြင်နိုင်ကြပါစေ။

■ နိဂုံး

ပြန်ချုပ်ရရင် ကျနော်တို့ လူ့အဖွဲ့အစည်းမှာ လူအများ (အထူးသဖြင့် တိုင်းပြည်အနာဂတ် လူငယ်များ) နိစ္စဓူဝ တွေ့ကြုံ လက်တွေ့ ခံစားနေရပေမယ့် အများပြည်သူဆိုင်ရာ အသိပညာ ဗဟုသုတပေးခြင်း၊ ဆွေးနွေးခြင်းမျိုးတွေ အင်မတန်နည်းနေသေးတဲ့ အကြောင်းချင်းရာတွေ အများကြီး ရှိနေပါတယ်။  အဲဒီမှာ လူငယ်နဲ့လိင်ကိစ္စ ပညာပေးမှုက အားအနည်းဆုံးပါပဲ။  ရိုးရာတွေ၊ ယဉ်ကျေးမှုတွေ ရှေ့တန်းတင် လူသားသဘာဝလိင်ကိစ္စကို အကြောင်းအကျိုးမဲ့ ကွယ်ချင်ဝှက်ချင်နေတဲ့ အကျင့်တွေ ကျနော်တို့ ပြင်သင့်ပါပြီ။  ကာမ ဆက်ဆံရေး၊ လိင်ပညာရေး၊ လိင်ကျန်းမာရေး ဆက်စပ် အစီအစဉ်တွေကို မူလတန်း၊ အလယ်တန်း အရွယ် ကျောင်းပညာရေးမှာကို စနစ်တကျ ထည့်သွင်း သင်ကြားပြသသင့်နေပါပြီ။  အလားတူပဲ လိင်ဆက်စပ် ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ဂုဏ်သိက္ခာ ရပိုင်ခွင့် စံချိန် စံညွှန်း အကြောင်းတွေလည်း ကျောင်းသား အရွယ်ကတည်းက နည်းစနစ်တကျ သင်ယူနိုင်ဖို့ လိုနေပါတယ်။  သန်စွမ်းကျန်းမာ၊ သီလ စင်ကြယ် သိက္ခာမြင့်မား၊ ကိုယ့်အခွင့်အရေးနဲ့ ရပိုင်ခွင့်ကိုသိ၊ ကိုယ်စောင့်ထိန်းရမယ့် တာဝန်နဲ့ ကျင့်ဝတ်ကို နားလည် အလေးထားတဲ့ မျိုးဆက်သစ်များနဲ့ ကောင်းမွန်တဲ့ တိုင်းပြည် အနာဂတ်ကို လက်တွေ့တည်ဆောက် လိုရင် ရှေးရိုစွဲ အမြင် အတွေးအခေါ်တွေကို စွန့်သင့်၊ ခေါက်ရိုးကျိုး စိတ်ဓာတ်တွေကို ပြုပြင်ပြောင်းလဲသင့်ပါပြီ။

ဒါကြောင့် လိင်ကိစ္စဆက်စပ်အကြောင်းအရာများအားလုံး လိင်အကြမ်းဖက်မှု၊ လိင်အမြတ်ထုတ်မှု၊ တာဝန်မဲ့မှု၊ တရားမဲ့မှု၊ ဥပဒေ မျှတမှု မရှိမှု၊ လိင်ကျန်းမာရေး အသိ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ အတူနေယဉ်ကျေးမှုရဲ့ အကောင်းအဆိုး၊ ပြောင်းလဲလာတဲ့ လူမှုဘဝနောက်ခံ၊ လူမှု-စီးပွား အခြေအနေ အားလုံး လူအများ လွတ်လွတ်လပ်လပ် အတွေးအခေါ်မြင့်မြင့်မားမား ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်ကာ စဉ်းစားဆွေးနွေးအသံ ကျယ်ကျယ်ထွက်ကြဖို့ တိုက်တွန်းလိုက်ကြောင်းပါ ခင်ဗျား..။

ငြိမ်းချမ်းအေး
(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် nyeinchanaye81@gmail.com)
(မိုးမခ မဂ္ဂဇင်း အတွဲ (၂)၊ အမှတ် (၁၂)၊ ဒီဇင်ဘာလ၊ ၂၀၁၅ ခုနှစ်)
↧

ခင်လွန်း - အမေကောင်းရာမွန်ရာ ခရိုနီဘ၀ရောက်ပါစေ (ကွယ်လွန်သူ အမေ သို့ဆုတောင်းစာ)

$
0
0

ခင်လွန်း - အမေကောင်းရာမွန်ရာ ခရိုနီဘ၀ရောက်ပါစေ
(ကွယ်လွန်သူ အမေ သို့ဆုတောင်းစာ)

(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၅

အမေဆုံးတာ ၉ လတာတောင် ရှိခဲ့ပေါ့အမေ။
ကျနော်လေ အမေဆုံးတော့ လူကိုယ်တိုင် ပြန်လာလို့မရတာ အစိုးရမင်းများရဲ့အသိုအမျက်နဲ့ ထွက်ပြေးတိမ်းရှောင်နေရလို့ပါအမေ။
တပြေတရွာမှာလဲ သားက လူချမ်းသာမဖြစ်ဘဲ ခပ်မွဲမွဲဆိုတော့ အမေ့နာရေးမှာ ဘာလေးညာလေးမှ ကြီးကြီးမြတ်မြတ် မလုပ်နိုင်ဘူးလေ။ ဒီလိုဖြစ်ရတာ မွဲပေလို့သာပေါ့အမေ။
ဒါကြောင့်လေ နောက်ဘ၀ကျရင် ကျနော် ခရိုနီဖြစ်ချင်တယ်အမေ ...အခုဘ၀လို အမေနဲ့ကျနော်လဲ ရှင်ရက်နဲ့ကွဲမသွားတော့ဘူး။ ကျနော်လဲ မင်းအစိုးရရဲ့အမျက်အသိုမခံရတဲ့အပြင် ဘုန်းတြားကြီးများရဲ့အချစ်တွေနဲ့ သူကောင်းပြုခံရမှာတောင် သေချာတယ်။ ဒီတော့ အမေလဲ ချမ်းချမ်းသာသာ ကျန်းကျန်းမာမာနဲ့နေရမယ် စားရ ၀တ်ရမယ်။
သေရင်တောင် ခရိုနီအမေဆိုတော့ ခမ်းခမ်းနားနားထည်ထည်ဝါ၀ါနဲ့ လိုက်ပို့မယ့်သူတွေ ဒုနဲ့ဒယ်နဲ့။ ကူပြီးငိုပေးမယ့်လူ ထူမယ့်သူ တွဲမယ့်သူနဲ့။
ဂျာနယ် သတင်းစာတွေမှာ ၀မ်းနည်းကြေကွဲကြမယ့်သူတွေနဲ့။

ခရိုနီဆိုတာ ကျနော်မီတဲ့ခေတ်တိုင်းမှာတော့ ထိပ်တန်းခေါင်းဆောင်တွေလို သူက နေရတာပဲမဟုတ်လား ဘုရင်ကလဲချစ်၊ ၀န်ကလဲချစ်။ မှုးကြီးမတ်ရာကလဲချစ်။ အပေါ်ရော အောက်ရော အလယ်ရော အားလုံးကချစ်။

သူများတွေပြောကြတာတော့ ဘုရင်ကလဲ သူ့ကို ခါးပိုက်ပိုက်ထားသလို သူကလဲ ဘုရင်ကို အပြန်အလှန်ခါးပိုက်ထဲ ထည့်ထားတာပဲတဲ့။

ကျွန်းကိုင်းမီ ကိုင်း ကျွန်းမီဆိုတာ အဲဒါမျိုးမှ အမှန်တဲ့။

နောင်ဘ၀ကျ ကျနော် ခရိုနီဖြစ်အောင်လုပ်တော့မယ်အမေ။
ဘုရင်ကလဲ ချစ်တယ် ကျွန်ကလဲချစ်တယ်
အတိုက်အခံကလဲ ချစ်တယ်။ သူ့ကိုအတိုက်အခံလုပ်မယ့် လူလဲမရှိဘူး ခေတ်လဲ မရှိဘူး။
သူ့မှာ ရန်မရှိဘူး။ ရန်အေးတယ်။ မသကာ စကားတင်းဆို မနာလိုတာလောက်ပဲ ခံရမယ်။

အမေလဲ နောက်ဘ၀ဆိုတာရှိလို့ လူဖြစ်ရင် ခရိုနီဖြစ်ပါစေ။ ခရိုနီကြီး အကြီးဆုံးကြီးကို ဖြစ်ပါစေ
ကျနော်တို့ အခုဘ၀ကလို နင်းပြား အနိုင်ကျင့်ခံ ဘ၀နဲ့တော့ လူ့ပြည်မလာခဲ့နဲ့အမေ။

ခရိုနီပဲကောင်းပါတယ်အမေရယ် ငွေရှိတော့ လှတာပေါ့ ချစ်ကြတာပေါ့။
ဘာလုပ်လုပ် ရှေ့တန်းက နေရတာပေါ့။
ဘယ်လိုနည်းနဲ့ငွေရှာရှာ ခရိုနီဖြစ်ရင် တင့်တယ်ပါတယ်အမေရယ်။

ခေတ်တိုင်းမှာ ခရိုနီဆိုတာ ပြည့်မျက်နှာဖုံးပဲ။ အမျိုးသား အကျိုးစီးပွား၊ ကြီးပွားရေးမှာ အားကိုးဖွယ် စွမ်းဆောင်ရှင်တွေပဲ။

ဘယ်ခေတ် ဘယ်စနစ်မှာဖြစ်ဖြစ် ကျနော်တို့လူထုလူထူ လူအတွေထက်  တန်ဖိုးကြီးတယ် အမေရဲ့။

သြော်အမေရေ
စာလဲရှည်နေပြီ
တော်သေးပြီ။

အမေရေ အမျှ အမျှ အမျှ
အမေကောင်းရာမွန်ရာ ခရိုနီဘ၀ရောက်ပါစေ...

အမေ့သားကြီး
မောင်ထူအအ
ခေတ္တ- နယူးဇီလန်(ပြည်ပြေး)
၁၈ ဒီဇင်ဘာ၂၀၁၅
ည - ၁၁ နာရီ မိနစ် ၂၀
↧
↧

မောင်မောင်စိုး - ပဋိပက္ခဖြစ်နေသော တရုတ်သေနင်္ဂဗျူဟာနှင့် တရုတ်သြဇာ

$
0
0

မောင်မောင်စိုး -  ပဋိပက္ခဖြစ်နေသော တရုတ်သေနင်္ဂဗျူဟာနှင့် တရုတ်သြဇာ
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၅
တရုတ်သေနင်္ဂဗျူဟာ
မြန်မာသည် တရုတ်တို့အတွက် သေနင်္ဂဗျူဟာအရ အရေးပါ သည်ဟု တရုတ်တို့က ဆိုလေ့ရှိသည်။ နိုင်ငံရေးအရ၎င်းစစ်ရေးအရ၎င်း  သူနှင့် နယ်နမိတ် မိုင်ထောင်ချီဆက်စပ်နေသော မြန်မာနိုင်ငံအား သူဘေးနား ဆွဲကပ်ထားချင်သည်မှာ အံ့သြစရာတော့မရှိပေ။ ထို့ပြင် မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ဆက်စပ်နေသော တရုတ်ပြည် အနောက်တောင်ပိုင်းပြည်နယ်များသည် ကုန်းတွင်းပိတ်နိုင်ငံများ ဖြစ်လေရာ သူတို့အတွက် မြန်မာပြည်သည် အနီးဆုံး ပင်လယ် ထွက်ပေါက်ဖြစ်နေသည်။

ပင်လယ်ရေကြောင်းကုန်သွယ်ရေးသည် ကမ္ဘာလုံးနှင့် ဆိုင်သော ကုန်သွယ်ရေးတွင် အလွန်အရေးပါသည်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို လွန်စွာပေးစွမ်းနိုင်စွမ်းရှိသည်။ လက်ရှိဖွံ့ဖြိုး တိုးတက်နေပြီဟု ဆိုသော တရုတ်ပြည်တွင်ပင် အရှေ့ပိုင်း ပင်လယ်ကမ်းရိုးတန်းနှင့်နီးသောဒေသများနှင့် အနောက်ဖက်ရှိ ကုန်တွင်းပိတ်ဒေသများ ၏ ဖွံ့ဖြိုးတိုးတက်မှုလွန်စွာကွာခြားသည်။ ရှန်ဟိုင်း၊ စင်းကျင့် အစရှိသည့် ပင်လယ်ဆိပ်ကမ်းရှိရာ ဒေသများ၌ လူတဦးချင်းဝင် တနှစ်လျင် အမေရိ ကန်ဒေါ်လာ ၂၅၀၀၀ ထိရောက်ရှိနေသော်လည်း တရုတ်ပြည်အနောက်ပိုင်း ကုန်တွင်းပိတ်ဒေသများ၌ လူတဦးချင်း တနှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၈၀၀၀ အောက်တွင်သာရှိသည်။

သို့ဖြစ်ရာ ကုန်းတွင်းပိတ် တရုတ်အနောက်ပိုင်းဒေသများ အတွက် မြန်မာပြည်သည် အနီးဆုံး ပင်လယ်ထွက်ပေါက်ဖြစ်သည်။ ထို့ပြင် အိန္ဒိယ ဘင်္ဂလာဒေ့ရှ်တို့အား မြန်မာပြည်အား ဖြတ်သန်း
၍ ကုန်သွယ်ရေးပြုလုပ်၍ ရသည်။ မြန်မာပြည်အားဖြတ်၍ ရေလမ်း ကုန်လမ်းနှစ်သွယ်ဖြင့် အနောက်သို့ ပိုးလမ်းမအသစ်ပြန်လည်ဖေါက်လုပ် လိုသော တရုတ်တို့အဖို့ မြန်မာသည် သေနင်္ဂဗျူဟာအရ အရေးပါသည်သာ ဖြစ်ပေသည်။

၁၉၈၀ ခုနှစ် တရုတ်တို့ တံခါးဖွင့်ဝါဒကျင့်သုံး၍ ဈေးကွက်စီးပွါးရေးစနစ်ကျင့်သုံးချိန်မှစ၍ မူဝါဒများစွာ အပြောင်းအလဲဖြစ်ခဲ့ သည်။ ထိုအပြောင်းအလဲများသည် တရုတ်အမျိုးသားအကျိုးစီးပွါး
ရှေ့ရှုသည့် အနာဂါတ် ရည်မှန်းချက်များပေါ် အခြေခံခဲ့ကြသည်။ ထို့ကြောင့်လည်း တရုတ်ပြည်၏ စီးပွါးရေးကို တွန်းတင်နိုင်ခဲ့ပေ သည်။

ထိုအပြောင်းအလဲများတွင် မြန်မာပြည်နှင့် ပတ်သက်၍လည်း ပါသည်။ ၁၉၉၀ နောက်ပိုင်းမှစ၍ တရုတ်တို့သည် မြန်မာ စစ်အစိုးရ နှင့်နီးနီးကပ်ကပ် ဆက်ဆံ၍ သူတို့၏ အနာဂါတ် စီးပွါးရေး ရည်မှန်းချက်များကို လုပ်ဆောင်ခဲ့ကြသည်။ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများစွာ လုပ်ခဲ့ကြသည်။ အများစုမှာမြန်မာနိုင်ငံမှ သယံဇာတ ထုတ်ယူသုံးစွဲမှုများတွင်အခြေခံခဲ့သည်။ ထို့ပြင် အနာဂါတ်ရည်မှန်းချက် အဖြစ် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူအထူးစီးပွါးရေးဇုံကို အကောင်အထည်ဖေါ်ခဲ့ကြ
သည်။ လက်ရှိအစိုးရသက်တမ်းမကုန်မှီကျောက်ဖြူ အထူးစီးပွါးရေးဇုံကို စတင်မည်ဟုဆိုသည်။

သို့သော် ကျောက်ဖြူ ခွင်မင်းရထားလမ်းစီမံကိန်း MOU  နားလည်မှု စာချွန်လွှာကတော့ ပျက်ပျယ်သွားပြီဟုဆိုသည်။ ကားလမ်းကတော့ မူလရှိပြီးသား ကားလမ်းများကို လိုက်ဆက်၍ ရသော်လည်း ရထားလမ်းကတော့ သီးသန့်ဖေါက်ရမည့် နေရာများပေရာ သိမ်းရမည့်မြေနေရာ များသည့် အတွက် လယ်ဧက သိန်းအချို့ သိမ်းထား၍ ပြသနာပေါင်းစုံတက်နေသည့် လက်ရှိအစိုးရ လက်ရှောင်သွားသည်ဟု ယူဆရပေသည်။ သို့သော် တရုတ်တို့ကတော့ လက်လျော့့မည့်ပုံ မရချေ။ နောက်အစိုးရ တက်လာလျင် ထပ်မံကြိုးစားဖွယ်ရှိပေ သည်။ ကျောက်ဖြူရေနက် ဆိပ်ကမ်းမှ အဝင်အထွက် ပစ္စည်းများသယ်ဆောင်မည့် ကွန်တင်နာများအား တရုတ်မှ ကျောက်ဖြူအထိ သယ်ဆောင်ရာ
တွင် ကာလမ်းထက် ရထားလမ်းက သယ်ယူပို့ဆောင်ရာတွင် ပိုမိုလျင်မြန် သက်သာသည် မဟုတ်ပါလော။

၁၉၉၀ နောက်ပိုင်း တရုတ်တို့အနေနှင့် မြန်မာပြည်၌ ရင်းနှီးမြှုပ်နှံမှု များစွာ ပြုလုပ်ခဲ့ပြီး သေနင်္ဂဗျူဟာ ခြေလှမ်းများ လှမ်းနိုင်ခဲ့သည်။ မြန်မာအစိုးရနှင့် နီးကပ်စွာ ဆက်ဆံနိုင်ခဲ့သည် ဆိုသော်လည်း တရုတ်တို့အတွက် အခက်အခဲမရှိသည်တော့့ မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် မြန်မာပြည်တွင်းရှိ တရုတ် စီးပွါးရေးလုပ်ငန်းများမှာ မြန်မာလူထု၏ ပြင်းပြင်းထန်ထန်ဆန့်ကျင်ခံ ရပြီး မြန်မာလူထုတွင်း တရုတ် ဆန့်ကျင်ရေး လေထု ပြန့်လာခဲ့သောကြောင့်ဖြစ်ပေသည်။

အဘယ်ကြောင့်ဆန့်ကျင်ကြပါသနည်း
ပြီးခဲ့သော အောက်တိုဘာလအတွင်းက တရုတ်မြန်မာ ချစ်ကြည်ရေးအသင်း၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သို့ သွားရောက်ရာတွင် ယူနန်ပြည်နယ် ခွင်းမင်မြို့၌ မြစ်ဆုံရေကာတာ စီမံကိန်း လုပ်ဆောင်သည့် CPI ကုမ္ပဏီမှ တာဝန်ရှိ အရာရှိများနှင့် အပြန်အလှန် အမြင်ဖလှယ်ဆွေးနွေးခွင့်ကြုံခဲ့သည်။ ထိုဆွေးနွေးပွဲတွင် CPI ထိပ်ပိုင်းအရာရှိတဦးက ပြန်လှန် မေးခွန်းထုတ်ခဲ့သည်။ မြန်မာပြည်တွင် လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားကုမ္ပဏီ များစွာအနက် မြန်မာလူထုနှင့် မီဒီယာများက တရုတ်လုပ်ငန်း များဆိုလျင် ပြင်းပြင်းထန် ထန်ဆန့်ကျင်မှုများရှိပြီး ဂျပန်ကုမ္ပဏီ များဆိုလျင်အဘယ်ကြောင့် မဆန့်ကျင်ကြပါသနည်း။ ဂျပန်
တို့ရော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချိုးဖေါက်မှု မရှိပေဘူးလား ဟုဆိုသည်။

တကယ်တမ်းဆိုလျင် တရုတ်ကုမ္ပဏီများအားမြန်မာလူထုက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည့်အဓိက အကြောင်းရင်းမှာ ပြီးခဲ့သောနှစ်များအ တွင်း တရုတ်အစိုးရ၏ပေါ်လစီကြောင့်ဖြစ်ပေ သည်။ နဝတ နအဖ စစ်အစိုးရကာလတလျောက်လုံးတွင် စစ်အာဏာရှင်များနှင့်ပြည်သူများ ပြင်းပြင်းထန်ထန် ပဋိပက္ခ္ခဖြစ်ပွါးခဲ့သည်။ အနောက်တိုင်းဒီမိုကရေစီနှိုင်ငံအုပ်စုများက မြန်မာစစ်အစိုးရအား ပစ်တင်ရှုံ့ချပြီး စီးပွါးရေးအရပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

သို့သော်တရုတ်တို့က မြန်မာစစ်အစိုးရအား နိုင်ငံရေး အရ ပြစ်တင်ရှုံ့ချခြင်း မရှိသည်ပြင် မြန်မာစစ်အစိုးရနှင့်ပေါင်း၍ ကူးသန်းရောင်းဝယ်မှုပြုခဲ့ သည်။မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်ခဲ့သည်။ မြန်မာစစ်အစိုးရအား စစ်လက်နက်ပစ္စည်း အမြောက် အများရောင်းချပေးခဲ့သည်။ ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂ၌ မြန်မာ့အရေးနှင့် ပတ်သက်၍ ဗီတိုအာဏာသုံး၍ မြန်မာစစ်အစိုးရ ဖက်မှ ရပ်တည် ပေးခဲ့သည်။

သို့ဖြစ်ရာ တရုတ်နှင့်ပတ်သက်၍ မြန်မာပြည်သူတို့ အလွန် အမင်း စိတ်ပျက်ခဲ့ကြသည်။ မြန်မာပြည်၌ တရုတ်၏ ကူညီမှုနှင့် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် စစ်အာဏာရှင်စနစ် အသက်ဆက်ရေးအတွက် ကူညီပံ့ပိုးမှုသာဖြစ်သည်ဟု လူထုက မှတ်ယူထားကြသည်။ ထို့အတူ တရုတ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ သည် လူထုအတွက်အကျိုးမရှိဘဲ စစ်အစိုးရနှင့် စစ်ဗိုလ်ချုပ်ကြီး
များသာ အကျိုးရှိစေသည်ဟု မြန်မာလူထုက မှတ်ယူထားခဲ့သည်။ ထို့ပြင် တရုတ် ကုမ္ပဏီများသည် မြန်မာစစ်ဗိုလ်ချုပ်ကြီများအား လာဘ်ထိုး၍ လုပ်ငန်းများ ရယူထားသည်ဟူ၍ အလွန်ကြီးမားသော သံသယထားရှိကြသည်။

ထိုအကျိုးဆက်ကြောင့် မြန်မာပြည်ရှိ တရုတ်လုပ်ငန်းများအား မြန်မာလူထုနှင့် မီဒီယာများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြခြင်း ဖြစ်ပေသည်။ လွဲမှားစွာယူဆထားသော တရုတ်အချို့ကတော့ မြန်မာပြည် အခက်ခဲရှိစဉ် သူတို့က ကူညီထားရသည်ဟု ဆိုကြသည်။ ထိုတရုတ်များ၏ အယူအဆသည် လက်တွေ့အခြေအနေ နှင့်မကိုက်သကဲ့သို့ မြန်မာလူထုကလည်း လက်မခံနိုင်ကြပေ။ မြန်မာလူထုကတော့ နဝတ နအဖခေတ် တရုတ်တို့၏  အကူအညီ ရင်းနှီးမြှုပ်နှံများသည် တရုတ်အမျိုးသား အကျိုးစီးပွါးနှင့် စစ်အာဏာရှင်သက်ဆိုးရှည်ရန် သာ ဖြစ်စေခဲ့ပြီး မြန်မာလူထုအတွက်မဟုတ်ဟု ခံယူကြသည်။

သို့ဖြစ်ရာ တရုတ်၏ ပြီးခဲ့သောကာလက မြန်မာပြည်နှင့်ပတ် သက်သော နိုင်ငံရေးရပ်တည်ချက်က မြန်မာပြည်ရှိ တရုတ်စီးပွါးရေး လုပ်ငန်းများအပေါ်ပြင်းထန်စွာ သက်ရောက်မှု
ရှိခဲ့သည်ဟု ဆိုရမည်။

နိုင်ငံတကာစံနှုံးများကို ဂရုပြုရန်လိုသည့် တရုတ်ကုမ္ပဏီများ
အောက်တိုဘာ တရုတ်ပြည်ခရီးစဉ်အတွင်း ဘေကျင်း၌ အကြောင်းတခုနှင့် ပတ်သက်၍ အငြင်းအခုံ ပြုခဲ့ရသေးသည်။ တဦးချင်းအမြင်များကို လွတ်လွတ်လပ်လပ် ဆွေးနွေးစဉ်က ဖြစ်သည်။ ထိုသူ၏ အမြင်မှာ မြန်မာပြည်ရှိ တရုတ်စီးပွါးရေးလုပ်ငန်းများသည်  တရုတ်နှင့် မြန်မာအစိုးရတို့ နှစ်ဖက်သဘော တူညီချက်ဖြင့် ဆောင်ရွက်ခဲ့သည်ဖြစ်ရာ မြန်မာတို့ရသင့် ရထိုက်သည်များကို အာမခံရမည်မှာ မြန်မာအစိုးရသာဖြစ်ပြီး မြန်မာ အစိုးရ၌သာ တာဝန်ရှိသည် ဆိုသည့်အမြင် ဖြစ်သည်။

သူ၏ အမြင်မှာ တဝက်မှန်သည်ဟု ဆိုနိုင်သော်လည်း ပြည့်စုံခြင်းမရှိပါ။ ထို့ပြင် လက်ရှိ တရုတ်အစိုးရပေါ်လစီနှင့်ပင် မကိုက်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်အပါ နိုင်ငံရပ်
ခြားတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီများ၏ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ပြည့်မှီခြင်းမရှိသည့် ကိစ္စရပ် များအပေါ် တရုတ်အစိုးရက ထိမ်းကျောင်းပေးသွားပါမည်ဟု ဝန်ခံ ထား၍ ဖြစ်သည်။

လက်ရှိတရုတ်ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာပြည်တွင်းရှိ သယံဇာတများပေါ်တွင် အခြေခံထားပေရာ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပြသနာ မြေယာသိမ်းဆည်းမှု ပြသနာ၊ ဒေသဖွံ့ဖြိုးရေး ပြသနာများတွင် ဒေသခံများ၏ လိုလားထောက်ခံမှုကို မရပေ။ ဤ အကြောင်းအချင်းအရာ သယံဇာတရင်းမြစ်များကို အချိန်တိုတွင်း အမြောက်အများ ထုတ်ယူလိုခြင်းကြောင့် ဖြစ်ပုံရသည်။

လက်ပံတောင်း တောင် ကြေးနီထုတ်လုပ်မှုတွင် မဆလခေတ်က ဂျပန်တို့ လုပ်သော်လည်း ဘာသံမှ မကြားရ။ နဝတ ၊ နအဖ ခေတ်တွင်လည်း တရုတ်တို့ မတိုင်မှီ ကနေဒါ အိုင်ဗင်ဟိုးကုမ္ပဏီ လုပ်ကိုင်စဉ်ကလည်း ဘာသံမှ မထွက်ဘဲ တရုတ်ဝမ်ပေါင်ကုမ္ပဏီ အလှည့်ကျမှသာ ဆူညံစွာ အသံထွက်ခြင်းကို ပြန်လည်သုံးသပ် ကြရန် လိုအပ်ပေလိမ့်မည်။

ထို့ပြင် ရွှေသဘာဝဓါတ်ငွေ့ ပိုက်လိုင်းပြသနာအပါ မြေယာ သိမ်းဆည်းမှု ပြသနာ လျော်ကြေးပြသနာများသည် ယခုတိုင် ကြေလည်မှုမရှိသည်များတွင် တရုတ်တို့အနေနှင့် မြန်မာ စစ်အစိုးရကိုသာ ပုံချ၍မရပေ။ တရုတ်တို့၏ ပုံရိပ်ကို ပြင်းပြင်း
ထန်ထန် ထိခိုက်သည်ကို သတိထားရန်လိုပေသည်။ မိမိတို့ တာဝန်ရှိသည့်အပိုင်းကို လစ်လျူရန် ဖြစ်နိုင်မည် မဟုတ်ပေ။

တရုတ်တို့ရင်းနှီးမြှုပ်နှံမှုများကို ပြည်တွင်းမှ ထောက်ခံမှု မရနိုင်သည့် နောက်ပြသနာတခုမှာ အလုပ်အကိုင်ပြသနာ ဖြစ်သည်။ ဂျပန်နှင့် အ နောက် အုပ်စု ရင်းနှီးမြှုပ်နှံမှုများတွင် လစာကောင်း သည်ဟုဆိုသည်သော ပညာတတ်များ အလုပ်ခန့်ထားမှု မြင့်သည်။ လုပ်ခကောင်းသော အလုပ်အကိုင်များ၍ မြန်မာပညာတတ်အလွှာများက ကြီုဆိုကြသည်။ ထို့ပြင် ထိုလုပ်ငန်းများတွင် မြန်မာအလုပ်သမားအများစု အလုပ်အကိုင် ရရှိကြသည်။

သို့သော် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံများတွင်မြန်မာ ပညာတတ်အများစု အလုပ်အကိုင်ရရှိခြင်း မရှိရာ၊ မြန်မာ ပညာတတ်တို့ မကြိုဆိုကြပေ။ ထို့ပြင်လက်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း တကောင်း နီကယ်စီမံကိန်းတို့တွင် တရုတ်အလုပ်သမားတို့ သောင်းနဲ့ချီ  လာရောက်လုပ်ကိုင် နေကြသော်လည်း မြန်မာတို့ အလုပ်အကိုင် ရရှိမှုနည်းပါး သဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို မြန်မာတို့ ထောက်ခံမှုနည်းသည်ဟု ဆိုရပေမည်။

ချုပ်၍ ဆိုလျင် တရုတ်ကုမ္ပဏီများ၏ ယခင် လုပ်နည်းလုပ်ဟန်မှာ ပြည်သူကို မျက်နှာမမူခဲ့၍ဟု ဆိုရမည်။ နေပြည်တော်တွင် ထိပ်ပိုင်းနှင့် သဘောတူညီချက်ရပြီးနောက် သက်ဆိုင်ရာ နယ်မြေအလိုက် တိုင်းမှူးနှင့်ပိုင်လျင် ပြီးပြီဟူ၍ တရုတ်တို့ သဘောထားခဲ့၍ဟု ဆိုရပါမည်။

နိဂုံး

လက်ရှိအပြောင်းအလဲတွင် တရုတ်တို့လည်း အမှီလိုက်၍ ပြောင်းလဲနေသည်ကို တွေ့ရသည်။ ၂၀၁၅ တွင်း ဒေါ်အောင်ဆန်း စုကြည်အား တရုတ်တရုတ်ပြည်သို့ ဖိတ်ကြားခဲ့ပြီး ယခုလည်း တရုတ်သံတမန်တို့နီးကပ်စွာဆက်ဆံနေသည်။

တရုတ်တို့ အထူးဂရုပြုရန်လိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသည် လူထုကို မျက်မှောက်ပြုသည့် အစိုးရဖြစ်သည်။ လူထုအားမျက်ကွယ်ပြု၍ လက်ဝါးချင်းရိုက်၍ လုပ်ချင်ရာ လုပ်၍သော အစိုးရ မဟုတ်ပေ။ ပြီးခဲ့သော ရွေးကောက်ပွဲကာလက မြစ်ကြီးနားလူထုအစည်းအဝေး၌ မြစ်ဆုံပြသနာနှင့် ပတ်သက်၍ စာချုပ်ပါအချက်အလက်များအား လူထုအား ချပြပြီး လူထုသဘောထားရယူပြီး ဆုံးဖြတ်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ပါသည်။

သို့ဖြစ်ရာ တရုတ်တို့အနေနှင့် နောင်တက်မည့် NLD အစိုးရနှင့် အဆင်ပြေရေးတခုတည်းသာ အာရုံစိုက်၍ မရဘဲ မြန်မာလူထုအားလည်း မျက်မှောက်ပြုရန် လိုပေလိမ့်မည်။ မြန်မာလူထုအားမျက်နှာမူနိုင်မှသာ တရုတ်တို့ သြဇာရှိနိုင်ပေမည်။ တရုတ်တို့၏ရင်းနှီးမြှုပနှံမှုကို လူထုကကြိုဆိုပေလိမ့်မည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ တရုတ်တို့ထားရှိ သည့် တရုတ်တို့၏ သေနင်္ဂဗျူဟာ ရည်မှန်းချက်သည် ကြီးမားသည်။ နှစ်နိုင်ငံ လက်တွဲဆောင်ရွက်နိုင်လျင် နှစ်နိုင်ငံလုံးအတွက် အကျိုးရှိနိုင် သည်။ သို့သော် တရုတ်တို့၏ သေနင်္ဂဗျူဟာ ရည်မှန်းချက် ကြီးမားသလောက် တရုတ်တို့၏သြဇာက မြန်မာပြည်တွင်း၌ ကျဆင်းနေသည်ကို တရုတ်တို့ ကောင်းစွာ သဘောပေါက်ရန် လိုသည်။

လက်ရှိအချိန်တွင် ဖါးကန့်ဒေသ၌ စက်ယန္တယားကြီးများ ထောင် သောင်းချီ၍ တိုးမြှင့်ရောက်ရှိလာပြီး သဘာဝပတ်ဝန်းကျင် အလွန်အမင်းထိခိုက်သည်အထိ တိုးချဲ့တူးဖေါ်နေကြသည်။ ထိုစက်ယန္တ
ယားကြီးများသည် တရုတ်ပြည်မှ ကန်ပိုင်တီ နယ်စပ်အတိုင်း ဒလဟော ဝင်ရောက်လာခြင်းဖြစ်သည်။ လူထုအနေနှင့် အလွန်အမင်းစိတ်ပျက်ကြရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသည်မှာ မြန်မာအစိုးရဖြစ်သည်။ သို့သော် ပါဝင်ပတ်သက်နေသည့် တရုတ်တို့အားလည်း လူထုက စိတ်ပျက်ကြသည်မှာ ငြင်းဖွယ်မရှိချေ။

မြန်မာပြည်မှ ခိုးထုတ်သည့် သစ်ကားထောင်သောင်းချီ၍ ဝင်သွားသည်မှာလည်း တရုတ်ပြည်တွင်းသို့ ဖြစ်သည်။ မြန်မာပြည်၏ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့်ဆိုင်သော ကိစ္စရပ်
တိုင်းတွင် ပါဝင်ပတ်သက်နေသည်မှာ တရုတ်များဖြစ်နေသည်။  ဤသို့ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစားလုပ်နေသည့် တရုတ်ကုမ္ပဏီများကို တရုတ်အစိုးရက မထိမ်းချုပ်နိုင်ပါက
တရုတ်တို့နှင့် ပတ်သက်သည့် လူထု၏ ပြင်းထန့်သောဆန့်ကျင် ကန့်ကွက်မှုများကို တရုတ်တို့ ကြုံတွေ့ရပေလိမ့်မည်။

သို့ဖြစ်ရာ တရုတ်အနေနှင့် မြန်မာလူထုအပေါ်မျက်နှာမူသည့် ပေါ်လစီခြေလှမ်းများကို လှမ်းနိုင်မှသာလျင် တရုတ်တို့၏ သေနင်္ဂဗျူဟာရည်မှန်းချက်တို့ ပေါက်မြောက် အောင်မြင်နိုင်ပေ လိမ့်မည်။ ယခုတော့ တရုတ်တို့၏ မြန်မာပြည်ပေါ်ထားသည့် ကြီးမားသည့် သေနင်္ဂဗျူဟာရည်မှန်းချက်နှင့် မြန်မာပြည်တွင်းရှိ
တရုတ်တို့သြဇာကား ပဋိပက္ခဖြစ်လျက်ရှိသည်ဟု ဆိုရပေမည်။
↧

မောင်စွမ်းရည် - စစ်ကိုင်းဇာတိ ကမ္ဘာသိ စာရေးဆရာမကြီးနဲ့ တောသားကဗျာဆရာ

$
0
0

မောင်စွမ်းရည် - စစ်ကိုင်းဇာတိ ကမ္ဘာသိ စာရေးဆရာမကြီးနဲ့ တောသားကဗျာဆရာ
 (ပြည်သူ့အရေး အတွဲ ၁၊ အမှတ် ၂၄)၊ မိုးမခ၊ ဒီဇင်ဘာ ၁၉၊ ၂၀၁၅


စစ်ကိုင်းမြို့ကြီးဟာ သက်တမ်း ၇၀၀ရှိပြီလို့ ဟစ်ကြွေးကြေညာပြီး  ‘ခုနှစ်ရာပြည့်ပွဲကြီး’ ဝှဲချီး ဆင်နွှဲကြမယ်လို့ ပြင်ဆင်နေကြကြောင်း ကြားသိရတော့ ဝမ်းသာအားရလည်း ဖြစ်ရတဲ့အပြင် အဝေးက လွမ်းရ တမ်းရတာလည်း အမောပါပဲ။

    မန္တလေးဆိုတာက စစ်ကိုင်းနဲ့ မြို့ညီနောင်ပါ။ စစ်ကိုင်းက အသက်ကြီးပါတယ်။ မန္တလေးက ကျောင်းသားတွေဟာ အပျော်ခရီးထွက်ရင် မေမြို့နဲ့ စစ်ကိုင်းကိုထွက်လေ့ရှိတယ်။ တန်ဆောင်မုန်းလပြည့်ဆိုရင်တော့ စစ်ကိုင်းတောင်တစ်ခုလုံး မန္တလေးဘက်က  ဧည့်သည်တွေချည်းပါပဲ။ မန္တလေးတက္ကသိုလ်ကျောင်းသား ခေါင်းဆောင် မောင်သာနိုးကဦးဆောင်ပြီး ကျွန်တော်တို့ သွားလေ့ရှိပါတယ်။ မောင်သာနိုးက အင်္ဂလိပ်စာပေနဲ့ ပါဠိစာပေမှာ ထူးချွန်တဲ့သူ၊ မန်းတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ကျောင်းသား၊ စစ်ကိုင်းဇာတိ၊ ကျွန်တော်တို့နဲ့ ကျောင်းနေဖက် သူငယ်ချင်း၊ သူနဲ့တကွ တင်မိုးတို့၊ မောင်မိုးသူတို့၊ မောင်သိန်းနိုင်တို့ ရန်ကုန်ဆင်းသွားကြတော့ ‘တို့လည်း လိုက်မယ် ချန်မထားနဲ့ အစ်ကိုတွေ သွားတော့ ပျင်းလှတယ်’ လို့ ရင်တွင်းက ကြွေးဟစ်ပြီး သူတို့ နောက်ကိုလိုက်ခဲ့တယ်။

ကံအားလျော်စွာ ကျွန်တော်က ကမာရွတ်ရပ်ကွက်ထဲမှာ အခြေချမိတယ်။ စစ်အစိုးရ လက်ထက်မှာ အဖျက်ခံရလို့ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ ဝဂီ  ရပ်ကွက်ထဲမှာပါ။ အဲဒီရပ်ကွက်ရဲ့ မြောက်ဘက်ထိပ်မှာက အင်္ဂလိပ်စာ ဆရာကြီး ဦးခင်မောင်လတ်၊ ဇနီး၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ အိမ်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်က ဆရာကြီး၊ ဆရာမကြီးတို့နဲ့ အိမ်နီးချင်းဖြစ်ခဲ့ရပါတယ်။

    ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်ဆိုတာကို ကျွန်တော်တို့ ရန်ကုန်မရောက်ခင် မူလတန်း၊ အလယ်တန်းကျောင်းသားဘဝကတည်းက ‘စာသိ’ သိခဲ့ပြီးသားပါ။ အထူးသဖြင့် ဟာသ စာရေးဆရာ သော်တာဆွေရဲ့ စာတွေထဲမှာ သူတို့အကြောင်းကို ဟာသလုပ်ပြီး ရေးလေ့ရှိတော့ သူတို့ကို စိတ်ထဲက ရင်းနှီး ကျွမ်းဝင်နေမိပါတယ်။ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ကို ဆိုရင် ဆရာသော်တာဆွေ ခေါ်သလို ‘ အစ်မကြီး’ လို့ပဲ ခေါ်ဖြစ်ပါတယ်။ ဆရာကြီး၊ ဆရာမကြီး တို့ဟာ စာပေစိတ်ထက်သန်တဲ့ပြင် စာပေအနုပညာလောကထဲက လူငယ်မောင်မယ်တွေကိုလည်း မိတ်ဆက်ခေါ်ယူပြီး စာကြောင်းပေကြောင်းတွေ ဆွေးနွေးခြင်းအားဖြင့် ပြုစုပျိုးထောင် အားပေးချီးမြှောက်လေ့ရှိပါတယ်။ ဒဂုန်တာရာ၊ မြသန်းတင့်၊ ကြည်လင်၊ ကျော်အောင်၊ ကြည်အေး၊ သန်းဆွေ၊ သော်တာဆွေ၊ ဟံသာဝတီဦးဝင်းတင် တို့က တစ်သုတ်၊ တစ်ခေတ်ပေါ့၊ နိုင်ဝင်းဆွေ၊ သာယာဝတီ စိန်စိန်၊ ကြည်နိုင်တို့ ဆိုတာက နောက်တစ်သုတ်။

    ကျွန်တော် ရန်ကုန်ကိုရောက်သွားတော့ ကျွန်တော့်ကို ဖိတ်ခိုင်း၊ ခေါ်ခိုင်းလို့ မောင်သာနိုး၊ တင်မိုး၊ ကိုလေး(အင်းဝ ဂုဏ်ရည်)၊ နုနုရည်(အင်းဝ)၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ချစ်ဦးညိုစတဲ့ လူငယ်စာပေသမားတွေကိုလည်း ဖိတ်ခေါ်ပေးရပါတယ်။ တချို့ကို သူတို့ရဲ့ အင်္ဂလိပ်စာသင်တန်းမှာ တက်စေပါတယ်။ သူတို့အင်္ဂလိပ်စာ သင်တန်းက အင်္ဂလိပ်စာနဲ့ စကားကိုသာမက ကမ္ဘာ့စာပေ ဗဟုသုတတွေကိုလည်း အခါအားလျော်စွာ သင်ကြားပို့ချပေးလေ့ရှိပါတယ်။ ကျွန်တော်ကတော့ မအားလို့ မတက်လိုက်ရပါဘူး။ ကျွန်တော်မလာတာကြာရင်တော့ အိမ်အထိ လိုက်ခေါ်လေ့ရှိပါတယ်။ ကျွန်တော်ကတော့ တံခါးမရှိ ဓါးမရှိသွားပါတယ်။ ဝင်းတံခါးပိတ်၊ သော့ချိတ်ထားတာကို အသံမပေးဘဲ လက်နှိုက် ဖွင့်ပြီး ဝင်ပါတယ်။ အဝင်က စောင်းလျားသီးတွေ ရင့်နေရင် ခဲနဲ့ပစ်ချ စားချင်စားပါတယ်။ ကွမ်းရွက်တို့၊ ငရုတ်ကောင်းပင်တို့လည်း ဝင်ခူးပါတယ်၊ သံပရာသီးလည်း သူတို့မမြင်အောင် ခူးပြီး အိတ်ကပ်ထဲထည့်သွားတတ်ပါတယ်။ သူတို့က မခူးဘူး။ အလှထားတာလေ။ ဒီကြားထဲက ငှက်ပျောပင်ကို အိမ်မှာ စိုက်ချင်လို့ဆိုပြီး တူးဖဲ့ ယူဖူးသေးတယ်။ သူတို့အိမ်က ပန်းပင်ကို အိမ်မှာ စိုက်ချင်လို့ဆိုပြီး ဆတ်ခနဲ ချိုးဖဲ့ယူဖူးသေးတော့၊ သူတို့ သားသမီးတွေက ‘ဘုရားတ’ ပါတယ်။ ကျွန်တော်က ‘တောသား’ ဆိုတော့ မယဉ်ကျေးဘူးဆိုပြီး ခွင့်လွှတ်ကြရှာပါတယ်။ တစ်ခါတလေတော့ အစ်မကြီးရဲ့ ‘အဆဲ’ ကို ခံရပါတယ်။ ဆဲတာကလည်း ယုဒသန်အဘိဓာန်ထဲက ဆဲနည်းနဲ့ ဆဲတာပါ။ ‘ဟဲ့ ပြင်တလင်းသား’ တဲ့။ အစ်မကြီးက လက်မြန်မှန်း သိလို့ သူလက်ပြင်ပြီးဆိုရင်လည်း ကျွန်တော်က ထပြေးတယ်။ မပြေးတတ်မရှောင်တတ်တဲ့ ရွှေကူမေနှင်းတော့ နားရင်း တစ်ချက်ထိခံရဖူးပါတယ်။

    ဒေါ်ခင်မျိုးချစ်မှာ မောင်တစ်ယောက်ရှိတယ်။ မောင်သိန်းအောင်တဲ့ တက္ကသိုလ်ကျောင်းသား ဘဝ၊ နိုင်ငံခြားကို သတင်းစာပညာ သင်ဖို့ထွက်သွားရင်း၊ ဗ.က.ပ အဖြစ် တောခိုသွားခဲ့တာ၊ မောင်နှမနှစ်ယောက်လုံး အသက် ၇၀ကျော်မှ ပြန်ဆုံကြရတယ်။ မကြာခင် နှစ်ဦးလုံး ကွယ်လွန်သွားကြရှာတယ်။ သူ့မောင်က ပန်းချီဝါသနာပါတော့ ပန်းချီကားတစ်ကားပဲ လက်ဆောင် ယူလာခဲ့နိုင်တယ်။ တောခိုသွားတော့ တောတွင်းနာမည်က ‘ဦးလွင်’ တဲ့။ တောတွင်းက သူ့တပည့်သားမြေးတွေကလည်း ကျွန်တော်တို့ မြင်းခြံဘက်က လူငယ်တွေအများကြီးပါဝင်တယ်။ သူတို့နဲ့ ကျွန်တော်နဲ့က တချို့က တပည့်၊ တချို့က သူငယ်ချင်း၊ တချို့က ဆွေမျိုးတွေဆိုတော့ သူတို့ဆရာနဲ့ ကျွန်တော်နဲ့လည်း ရင်းနှီးသွားပါတယ်။ ကျွန်တော် အလည်သွားရင် ဒေါ်ခင်မျိုးချစ်က ‘ဟေ့ကောင်၊ နင် ငါ့ဆီလာတာလား၊ နင့်အဖေဆီလာတာလား’ လို့ မေးလေ့ရှိပါတယ်။ ‘နင့်အဖေဆီ လာတာဆိုရင် ခြံထဲသွား စကားပြောချေကြ၊ ငါ့ဆီ တက်မလာနဲ့’ လို့ ဟောက်တတ်ပါတယ်။ ကျွန်တော်တို့လည်း ရယ်ရယ်မောမောနဲ့ပဲ ခြံထဲဆင်းခဲ့ကြတယ်။

    မောင်နှမနှစ်ယောက်လုံးက အံ့သြစရာပါ။ ပဒေသရာဇ်ခေတ်နှောင်း၊ ကိုလိုနီခေတ်ဦးမှာ သူတို့အဖို့က မြန်မာပညာရှိ ဦးဖေဆိုတာ အထင်အရှားပါ။ သူတို့ဖခင်က ရဲဝန်ထောက်ကြီးပါ။ အင်္ဂလိပ်ခေတ်က ရဲဝန်ထောက်ကြီးဆိုတာ အလွန်တန်ခိုး သြဇာကြီးပါတယ်။ ခုခေတ်လို စစ်ဗိုလ်တွေကို ကြောက်နေရတဲ့ ခေတ်မဟုတ်ဘူး။ စစ်ဗိုလ်တွေ ရပ်ထဲရွာထဲလာရင် ဖမ်းနိုင်ချုပ်နိုင်တယ်။ ဖခင်အမည်က ဦးတောတဲ့။ မိခင်အမည်က ဒေါ်သန်းတင်တဲ့။ ဒီလိုဗြိတိသျှလက်ထက် ဗျူရိုကရက်အကြီးစားရဲ့ သားသမီးတွေက အင်္ဂလိပ်အစိုးရကို ဆန့်ကျင်တဲ့ သူပုန်သူကန်တွေ ဖြစ်လာခဲ့တယ်။ ဒေါ်ခင်မျိုးချစ်က တောခိုတဲ့ မြေအောက်သူပုန် အမျိုးအစားပါ။

 ဒေါ်ခင်မျိုးချစ်ရဲ့ အမည်ရင်းက ‘မခင်မြ’ တဲ့။ ဆာဝေါ်လတာ စကော့နဲ့ ‘The Patriolism’ ကဗျာကို မြန်မာလိုပြန်ဆိုပြီး စာပေလောကထဲဝင်လာတော့ အယ်ဒီတာက ‘ခင်မျိုးချစ်’ လို့ ဘွဲ့နှင်းလိုက်သတဲ့။ ဒီအကြောင်း၊ ကြားဖူးတာကြာပြီ ဆိုတော့ ခပ်မေ့မေ့ပါပဲ။ ခင်မျိုးချစ်တဲ့ နာမည်နဲ့ လိုက်လျောစွာပဲ မျိုးချစ်စိတ်ပြင်းထန်တယ်။ ၁၀တန်းအောင်တော့ ၁၉၃၂တဲ့။ တစ်နှစ်ပဲ တက္ကသိုလ်တက်ပြီး ထွက်လာတယ်။ တိုးတက်ရေး၊ မဂ္ဂဇင်းနဲ့ အင်္ဂလိပ်သတင်းစာ တစ်ခုမှာ အယ်ဒီတာ ဝင်လုပ်တယ်။ သူ့မိဘတွေက ဘယ်သဘောကျမှာလဲ။ ဗျူရိုကရက်ကြီးတွေဆိုတာ စာနယ်ဇင်းသမားတွေနဲ့ ရန်ဘက်ပါ။ အထင်လည်းသေးပါတယ်။ အစ်မကြီး ဒေါ်ခင်မျိုးချစ် ပြောလေ့ရှိတာက ‘ငါဟာ လူကြီးတွေစကားကို ဘယ်တော့မှ နားမထောင်ခဲ့ဘူး တစ်သက်လုံး အမှားတွေချည်း လုပ်ခဲ့တယ်၊ မှန်တာ တစ်ခုရှိတယ်ဆိုရင် အဲဒါဟာကို ကိုလတ်ကို အိမ်ထောင်ဖက်အဖြစ် ရွေးခဲ့တာပဲ’ တဲ့။

    အဲသလို ပြောတာက ကျွန်တော်နဲ့ ကိုဝင်းတင်(ဟံသာဝတီ ဦးဝင်းတင်) တို့ရှေ့မှာပါ။ အဲသလိုပြောဆဲမှာ ခြံထဲက ဘဘလတ်က ကျွန်တော်တို့ဆီ လာပါတယ်။ ကျွန်တော်က ‘ဘဘလတ်ကလည်း ခုလိုပြောမယ်ထင်တယ်’ ‘ငါလည်း တစ်သက်လုံး မှန်တာတွေချည်း လုပ်ခဲ့တာမှားဆာ တစ်ခုရှိတယ်ဆိုရင် အဲဒါဟာ ငါ့အိမ်ထောင်ဖက်အဖြစ်- --- -’ ဆိုပြီး ကျွန်တော်စကားမဆုံးခင် အစ်မကြီးက ထရိုက်လို့ ထွက်ပြေးရပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ယုဒသန် အဘိဓာန်ထဲက ဆဲနည်းနဲ့ လှမ်းအော်ပါတယ်။ ဘဘလတ်ကတော့ ‘ဟုတ်တယ်ဟေ့၊ ဟုတ်တယ်ဟေ့’ လို့ပြောရင်း တဟားဟား ရယ်ပါတယ်။ အစ်မကြီးက ‘နင့်ကို ကော်ဖီမတိုက်ဖူး’ ဆိုပေမယ့် ဘဘလတ်တိုက်လို့ သောက်ခဲ့ရပါတယ်။

    တတိယ ကောလိပ်သပိတ် ၁၉၃၈ မှာ အတွင်းဝင်ရုံးကို ဝိုင်းပြီး ကျောင်းသားတွေ ဆန္ဒပြကြတော့ ကျောင်းသူမဟုတ်တော့တဲ့ ဒေါ်ခင်မျိုးချစ်လည်း ဝင် ဆန္ဒပြတယ်။ ဂေါ်ရာ ပုလိပ်တွေက မြင်းနဲ့တိုက် တုတ်နဲ့ရိုက်လို့ ကျောင်းသားကျောင်းသူ အများအပြား ဒဏ်ရာရကြတယ်။ ဗိုလ်အောင်ကျော် ကျဆုံးတယ်။ သတင်းစာ ဆရာမ ပေါက်စ ခင်မျိုးချစ် ခေါ် မခင်မြလည်း သွေးစွန်းခဲ့ရဖူးသတဲ့။ အဲဒါက သတင်းစာထဲမှာ နာမည်နဲ့တကွ ပါခဲ့တယ်။ လူမသိ သူမသိ သက်စွန့်ဆံဖျားလုပ်ခဲ့ရတာက ဂျပန်ခေတ်မှာပါ။ ဘီဒီအေ ခေါ် ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ်အောင်ဆန်းက ရုံးချုပ်မှာ ‘ချာပရာစီ’ လို့  အဲဒီခေတ်က ကုလားလိုခေါ်တဲ့ စာဝင်စာထွက်စားပွဲထိုင်ရတဲ့ စာရေးမ အလုပ်ကို ခေါ်ခိုင်းတာပါ။ သူနဲ့ မကိုက်တဲ့ စစ်ယူနီဖောင်းပွပွကြီး ဝတ်ပြီး စစ်မှုထမ်းရတဲ့ တစ်ဦးတည်းသော စစ်မှုထမ်း အမျိုးသမီးပေါ့။

    အဲဒီအလုပ်က ဟန်ပြပါ။ တကယ်လုပ်ရတာက ဂျပန်စစ်တပ်က သေဒဏ်အမိန့်ထုတ်ထားတဲ့ အလုပ်ပါ။ ရေဒီယိုနားထောင်ပြီး ကမ္ဘာစစ်သတင်းတွေကို ယူရပါတယ်။ ရုံးချုပ်က ခုအခါ မရမ်းခြံကျောင်းခေါ် ကမာရွတ် အထက ၁၂ မှာပါ။ အဲဒီခြံထဲမှာ မီးဖိုချောင်လို တဲလေးတစ်လုံးရှိသတဲ့။ လူလစ်ရင် အများမသိအောင် ဝင်သွားပြီး ရေဒီယိုနားထောင်၊ စစ်သတင်းတွေ ကူးယူပြီး ဖက်ဆစ်တော်လှန်ရေး ပြင်ဆင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်ဗဟိန်းတို့ဆီကို သူကူးယူထားတဲ့ ရေဒီယို သတင်းတွေ သွားပို့ရပါတယ်။ ဖမ်းမိသွားရင် သေဒဏ်၊ ဒီလိုလျှို့ဝှက်လုပ်ခဲ့ရတာကို ဘယ်သူမှ မသိတော့ဘူး၊ လူသိအောင်လည်း မပြောဘူး၊ စစ်ရုံးမှာ လုပ်ခဲ့တာတော့ ဗိုလ်နေဝင်း သိတယ်။ ဒါကြောင့် လွတ်လပ်ရေး မော်ကွန်းဝင် နိုင်ငံ့ဂုဏ်ရည်ဆုချီးမြှင့်ပေမယ့် လျှို့ဝှက် အလုပ်ကို မသိခဲ့တော့ တတိယ အဆင့်လောက်ပဲ ပေးခဲ့တယ် ထင်ပါတယ်။ ဂျပန်ပြေးတော့ အလုပ်မရှိတော့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့ သခင်သန်းထွန်းတို့ကတော့ ဗြိတိသျှ အစိုးရပြေးခါနီး ဝန်ကြီးတွေပေါ့။ ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ လဟာပြင်ဈေးမှာ ခုံဖိနပ်ရောင်းပြီး ဝမ်းကျောင်းနေတာကို ဝန်ကြီးသခင်သန်းထွန်းကားပေါ်က မြင်တော့ပြေးဆင်းလာပြီး မျက်ရည်ကျရှာသတဲ့။ ကားပေါ် တင်ခေါ်သွားပြီး စောင့်ရှောက်တယ်လို့ ပြောဖူးပါတယ်။ (အသေးစိတ်တော့ ကျွန်တော် မမှတ်မိတော့ဘူး။ သူ့သားသမီးမြေးတွေက စာရေးဆရာတွေပဲ ဖော်ထုတ်ကြပါ။ ဒါက သမိုင်းပါ။ ကြွားတာမှ မဟုတ်ဘဲ)

    လွတ်လပ်ရေးခေတ်မှာတော့ သူတို့ ဇနီးမောင်နှံအင်္ဂလိပ်စာ ပြပါတယ်။ အင်္ဂလိပ်စာတွေလည်း ရေးကြပါတယ်။ ဒေါ်ခင်မျိုးချစ်ရေးတဲ့ ‘ပုဂံ သူရဲကောင်းများ’ ဝတ္ထုကို ဆရာ သော်တာဆွေက မြန်မာလို ပြန်ဆိုထုတ်ဝေတော့ လူကြိုက်များပါတယ်။ ‘ရောင်စုံရွှန်းဖျာ ပြည်ဗမာ’ ဆိုတဲ့ စာအုပ်လည်း လူသိများပါတယ်။ နိုင်ငံခြားသွားတွေရဲ့ လက်စွဲစာအုပ်တွေပေါ့။ မြန်မာလိုလည်း စာရေးကောင်းသူပါ။ ဗိုလ်နေဝင်း အစိုးရက သတင်းစာတွေ ထုတ်မယ်ဆိုတော့ အင်္ဂလိပ်သတင်းစာ( လုပ်သားပြည်သူ့နေစဉ်) မှာ နှစ်ဦးလုံးကို အယ်ဒီတာခန့်ပါတယ်။ ဗိုလ်နေဝင်းက စစ်ဗိုလ်တွေ ဝင်မစွက်စေရပါဘူးလို့ ကြိုတင် ကတိပေးထားပေမယ့် ဝင်စွက်ကြတယ်။ ဗိုလ်နေဝင်းက ‘ကိုလတ်တို့လည်း ပင်ပန်းပြီး သံအမတ် အဖြစ်နဲ့ အနားယူပါတော့’ လို့ခေါ်ပြောတော့၊ ‘ကျွန်တော်တို့ ဒီလောက်ဆို နားလည်ပြီ၊ ဘာရာထူးမှ မလိုချင်ဘူး၊ ကျောင်းဆရာ အလုပ်ပဲ ဝါသနာပါတယ်’ ဆိုပြီး ထွက်ခဲတယ်။ ‘မခင်မြက စိတ်ကောင်းမှာ မဟုတ်ဘူး’ လို့ ဗိုလ်နေဝင်းက ကွန့်ပြန်တော့ ‘ မခင်မြ အစကတည်းက မလုပ်ချင်ဘူး။ ထွက်ခဲ့တဲ့သတင်းကြားရရင် ထက နေမှာ’ လို့ပြောပြီး ဗိုလ်နေဝင်းတိုက်တဲ့ ကော်ဖီရည်ကျဲတောင် မသောက်တော့ဘဲ ထွက်လာခဲ့တော့ ဗိုလ်နေဝင်းများ ပါးစပ်ဟောင်းလောင်း ကျန်ရစ်ရှာသတဲ့။ ဦးခင်မောင်လတ်ကတော့ သတင်းစာတိုက်ကို ပြန်သွားပြီး ကြေးမုံဦးသောင်းနဲ့ ကိုဝင်းတင်(ဟံသာဝတီ) တို့ကို မင်္ဂလာသတင်းပြောမယ်လို့ လက်ဖက်ရည်ဆိုင်ခေါ်ပြီး ‘ရှယ်’ လက်ဖက်ရည်နဲ့ အောင်ပွဲခံခဲ့ပါသတဲ့။ မခင်မြကလည်း ဒီသတင်းကို ကြားတော့တကယ် ထက မကတော့မသိ၊ ဝမ်းသာလွန်းလို့ မျက်ရည်များတောင် လည်ရှာတယ်လို့ပြောရမယ် ထင်ပါတယ်။

    သူတို့နှစ်ဦးလုံးဟာ လူငယ်တွေ တရုန်းရုန်းနဲ့ စာကြောင်းပေကြောင်းပြောနေရင် ပျော်ကြတယ်။ တစ်ခါတစ်ရံ မြန်မာနိုင်ငံစာရေးဆရာအသင်းက ကျင်းပတဲ့ စာဆိုတော်နေ့ ပြဇာတ်တွေမှာ ဝင်ပြီး သရုပ်ဆောင်ကြဖူးသတဲ့။ ဆရာသော်တာဆွေ၊ ဆရာဇဝန၊ ဆရာ သုခ၊ စာရေးဆရာမင်းအောင်၊ ငွေဥဒေါင်းစတဲ့ ရေးဖော် ရေးဖက်များနဲ့ စင်ပေါ်တက် ကခဲ့ကြရာမှ စိတ်ပါလက်ပါ သရုပ်ဆောင်လေ့ရှိသတဲ့။ တစ်ခါတော့ ဘဘလတ်က ဇာတ်စင်ပေါ်မှာ ဝမ်းနည်းဒေါသ မဖြစ်ဟန် သရုတ်ဆောင်ရတယ်။ ဘဘလတ်ရဲ့ ခြေကိုဖက်ပြီး အစ်မကြီးက ငိုရတယ်။ ဘဘလတ်က ပြောရင်းဆိုရင်း တကယ်စိတ်ပါလာပြီး တုန်တုန်ယင်ယင်နဲ့ ဒေါသထွက်မျက်ရည်တွေ ကျလာသတဲ့။ ဒါနဲ့ အစ်မကြီးက ‘ကိုလတ် ကိုလတ်၊ သတိထား သတိထား၊ ဒါတကယ် မဟုတ်ဘူး’ လို့ ခြေသလုံးကို ကုတ်ခြစ်ပြီး သတိပေးရဖူးပါသတဲ့။

    ရှစ်လေးလုံးကာလက ကျောင်းသားတွေ ကမာရွတ်လမ်းဆုံးမှာ ညအချိန် မိုးရွာကြီးထဲ ဆန္ဒပြတော့ အဘိုးကြီး အဘွားကြီး ဇနီးမောင်နှံတို့ မနေနိုင်ဘဲ သားသမီးတွေနဲ့ အတူထွက်လာတယ်။ ဆရာကြီး မင်းသုဝဏ်လည်း အလားတူပဲ ထွက်လာပြီး လူကြီးတွေ မျက်ရည်ကျကြတယ်။ သူတို့ကိုယ်တိုင် လူထု ပရိသတ်ထဲ မရပ်နိုင်ရှာဘူး၊ ဆရာကြီး မင်းသုဝဏ်ရဲ့ စာသဝဏ်လွှာကို မောင်စွမ်းရည်က ဖတ်တယ်။ ဘဘလတ်တို့ ဇနီးမောင်နှံရဲ့ သဝဏ်လွှာကို သားဖြစ်သူဒေါက်တာ ခင်မောင်ဝင်းက ဖတ်ကြားပါတယ်။ ကျောင်းသားတွေက လက်ခုပ်သြဘာပေးပြီး ခဏခဏ ပြန်ဖတ်ခိုင်းကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ လူကြီး သူကြီးတွေ ဟောပြောကြတော့လည်း ပါဝင်ဟောပြောကြပါတယ်။ သူတို့အိမ်မှာ ထမနဲပွဲ ကျင်းပတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဖွဲ့ချုပ်ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။ ဘဘလတ်က ရွှေညာမောင်နဲ့တွဲပြီး ‘ဒိုဗမာ’ သီချင်းကို လက်သီးလက်မောင်းတန်းပြီး သီဆိုပါတယ်။ လွမ်းစရာတွေပါ။

    ခုဆိုရင် အစ်မကြီး ဒေါ်ခင်မျိုးချစ်၊ စစ်ကိုင်းသူ မခင်မြဟာ သူ့ရဲဘော် ဗိုလ်ချုပ်အောင်ဆန်း သပိတ်မှောက်ကျောင်းသူ မအမာတို့နဲ့အတူ အသက် ၁၀၀ ပြည့်ခဲ့ပါပြီ။ ဗမာ့သမိုင်းမှာတော့ သူတို့ဟာ ဘယ်တော့မှ သေဆုံးကြမှာ မဟုတ်ပါ။

မောင်စွမ်းရည်
ပြည်သူ့အရေးမှ



↧

ရန်လင်းအောင် - ပြောဇာတ် - ၉

$
0
0

ရန်လင်းအောင် - ပြောဇာတ် - ၉
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၅


ပြောရင်ယုံမှာမဟုတ်ဘူး
လူသေကိုပြန်ရှင်စေတဲ့ မန္တရားအတတ်တဲ့
တကယ်အံ့မခမ်းရှိခဲ့တယ် ၊

ိုဟိုးတုန်းက ဆရာတယောက်ပေါ့ 
သူ့တပည့်တွေထဲက သဉ္ဇီဝဆိုတဲ့ ကောင်လေးကို ဒီမန္တရားအတတ်သင်ပေးသတဲ့
ခက်တာက
တန်ပြန်ထိန်းတဲ့မန္တရားတော့ မသင်ရသေးဆိုပဲ ၊

တနေ့ တခြားပညာသင်ဘက်တွေနဲ့
တောထဲထင်းခွေအသွား
ကျားသေတကောင်လည်းတွေ့ရော
သူက "ဒီကျားသေကြီး ပြန်ထလာအောင် ငါလုပ်ပြမယ်"
ပညာပြမယ်ပေါ့ 
တခြားကောင်လေးတွေက မယုံသာမယုံကြတယ်
သစ်ပင်ပေါ်တက်နေကြသတဲ့ ။

ဒါနဲ့ သူက သဉ္ဇီဝ က
မန္တာန်ရွတ်လိုက် ကျားသေကို ကျောက်စရစ်ခဲတွေနဲ့ပေါက်လိုက်နဲ့
လက်တွေ့ပညာစွမ်းပြတာပေါ့ လေ ၊

မကြာပါဘူး
ကျားသေဟာ ဝုန်းခနဲထ
တခါတည်း သူ့လည်မျို ပြေးခဲ
ကျားရောလူရောလုံးထွေး လဲကျ
တပြိုင်တည်း သေကြပါရောလား …

ဒီအကြောင်း ပြန်ကြားတော့
သူ့ဆရာ ပမာပြပုံက -
သဉ္ဇီဝ ပြန်ရှင်စေတဲ့ကျား
သဉ္ဇီဝကို ပြန်သတ်သလို
အယုတ်တမာကို ပစားပေးမိရင်
အယုတ်တမာက ကိုယ့်ပြန်စားတတ်သတဲ့
တို့အရပ်ထဲ ပြောသလို
ငမိုး မွေးတဲ့သရဲ ငမိုးပြန်စား ဆိုတာလိုမျိုးပေါ့  ။    ။


ငါးရာ့ငါးဆယ်ဇာတ်တော်၊ ဧကကနိပါတ်
ကကဏ္ဋကဝဂ် ၊ သဉ္ဇီဝဇာတ်တော် ကို
မှီးသည် ။
↧
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>