သွန်းခ - မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးရှေ့ ဆန္ဒထုတ်ဖော်
(မိုးမခ) ရန်ကုန်။ ဒီဇင်ဘာ ၂၅၊ ၂၀၁၅
ထိုင်းနိုင်ငံ၊ လိပ်ကျွန်း - လူသတ်မှုနှင့်ပတ်သက်၍ မြန်မာလုပ်သားနှစ်ဦးအား ကော့စမွီ ခရိုင်၊ ထိုင်းတရားသူကြီးမှ ၂၄၊၁၂၊၂၀၁၅ နေ့တွင် သေဒဏ် ချမှတ်ခဲ့သည်။ ယင်းစီရင်ချက်နှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိကြသည့် သံဃာတော်တစ်ပါး အပါအဝင် မြန်မာနိုင်ငံသား ၁၅ ဦးသည် စီရင်ချက်ချမှတ်ခဲ့သည့် ညနေကပင် ရန်ကုန်မြို့ ၊ ထိုင်းသံရုံးရှေ့၌ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
လက်ရှိမြန်မာနိုင်ငံဆိုင်ရာ တရားဥပဒေအရ ဖော်ပြပါ ဆန္ဒထုတ်ဖော်ခြင်းသည် ဥပဒေ ချိုးဖောက်ရာရောက်ပါသည်ဟု ဒဂုံမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းရွှေမှ ပြောကြားခဲ့သော်လည်း ၂၅၊၁၂၊၂ဝ၁၅ - နံနက် ၉ နာရီ မှစ၍ ဆန္ဒထုတ်ဖော်လိုသူများနှင့် ပြည်တွင်း ပြည်ပသတင်းမီဒီယာများ၊ အမှုနှင့်ပတ်သက်ပြီး စိတ်ဝင်စားကြသူ မြန်မာနိုင်ငံသားများ အဆိုပါသံရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
သံရုံးတည်ရှိရာ ဒဂုံမြို့နယ်၊ မနော်ဟရီလမ်းကို သံဆူးကြိုးများနှင့် ပိတ်ဆို့ထားခဲ့ခြင်းအပေါ် ဆန္ဒထုတ် ဖော်လိုသူ မြန်မာနိုင်ငံသားများမှ မကျေမနပ်ဖြစ်ခဲ့ကြသည်။ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သံရုံးရှေ့မျက်နှာစာအထိ ၅ ယောက်တစ်ဖွဲ့စီ ဆန္ဒထုတ်ဖော်ခွင့်ပြုခဲ့သည်။ သို့သော် ဆန္ဒပြသူများ၏ တောင်းဆိုချက်များနှင့် မကိုက်ညီသဖြင့် နေ့လည် ၁း၃ဝ နာရီအထိ သံရုံးရှေ့ ဆန္ဒထုတ်ဖော်သူ လူဦးရေသာ များပြားလာခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ယူပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်နှင့် ဆန္ဒထုတ်ဖော်သူတို့အကြား ညှိနှိုင်း ဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ဆန္ဒထုတ်ဖော်ကြသူများထဲမှ (စည်းကမ်းမဲ့) လုပ်ရပ်တစ်ခုကြောင့် အခြေအနေပြောင်းလဲခဲ့ပြန်သည်။
ညနေ၄း၁၅တွင် မြန်မာနိုင်ငံသား ဆန္ဒထုတ်ဖော်လိုသူများထဲမှ ၅ ဦးကို သံရုံးအတွင်း၌ ထိုင်းသံအမတ် နှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ပြုခဲ့သည်။ သတင်းမီဒီယာများကို ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သည်မှာ သံရုံးလုံခြုံရေးအရဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ တစ်ဆင့် သတင်းရခဲ့သည်။ ညနေ ၄း၄၅တွင် သံရုံးအတွင်း ဝင်ရောက်ခွင့် ရခဲ့သည့် ပြည်သူ ၅ ဦးမှ ၄င်းတို့ဆွေးနွေးတောင်းဆိုချက်များနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ မှတစ်ဆင့် သံရုံးပြင်ပ ဆန္ဒထုတ်ဖော်နေကြသူများအား ရှင်းလင်း ပြောကြားခဲ့ကြသည်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်အနေနှင့် သေဒဏ်ချမှတ်ခံခဲ့ကြရသည့် မြန်မာနိုင်ငံသားများအရေးနှင့် စပ်လျဉ်းပြီး အထူးပင် စိတ်မကောင်းဖြစ်ရပါသော်လည်းသံအမတ်တစ်ဦးအနေနှင့် ထိုင်းဝန်ကြီးချုပ် အထိသာ အဆင့်ဆင့် တင်ပြအစီရင်ခံခွင့်ရှိနေသည့် သံရုံးဝန်ထမ်းတစ်ဦးဖြစ်ပါကြောင်း ဖော်ပြပါမြန်မာဆန္ဒထုတ်ဖော်သူများ၏ကိုယ်စားလှယ် ၅ ဦးမှတစ်ဆင့် သတင်းထုတ်ပြန်ပြောကြားခဲ့သည်။
နံနက် ၉း၃ဝ မှစ၍ ပိတ်ထားခဲ့ရသည့် မြောက်မှ တောင် သို့အသွား ထိုင်းနိုင်ငံသံရုံးရှေ့ ပြည်လမ်းမကြီးသည် ညနေ ၆း၂ဝ တွင်မှ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ဆန္ဒထုတ်ဖော်သူများနှင့် သတင်းမီဒီယာသမားများ မေးမြန်းသမျှအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ဆက်လက်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။