အောင်သူငြိမ်း - နက်နက်ရှိုင်းရှိုင်း စိတ်ဒဏ်ရာတွေ
(မိုးမခ) မတ်လ ၂၃၊ ၂၀၁၇
(မိုးမခ) မတ်လ ၂၃၊ ၂၀၁၇
သိပ်မကြာသေးမီက ဂျီနီဗာ ကုလသမဂ္ဂ ကျွမ်းကျင်သူ မစ္စ ယန်ဟီလီက မြန်မာနိုင်ငံက နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သေချာကိုင်တွယ်ဖို့ အကြံပေးခဲ့တယ်။
(Deep rooted human rights challenges must be tackled in Myanmar’s new political era – UN expert, March 18, 2016.)
သူက မြန်မာနိုင်ငံရဲ့ အခုကာလဟာ ရေပြောင်းမြေပြောင်းကာလလို့ သတ်မှတ်ပြီး၊ အစိုးရအသစ်အနေနဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုအတွက် စိုးရိမ်ပူပန် ရှိနေကြတဲ့ ကိစ္စတွေကို သေချာကိုင်တွယ်ပါလို့ တိုက်တွန်းခဲ့ပါတယ်။ အစိုးရသစ်က "ပိုနေမြဲ-ကျားနေမြဲ" (Status-quo) က ဖောက်ထွက်ရမယ်လို့လည်း အကြံပေးပါတယ်။
ဒီကိစ္စတွေက ခုတလော မြန်မာပြည်ဟိုဘက်-သည်ဘက် ကျနော်ခရီးထွက်နေ၊ စကားပြောဆိုနေရာကနေ ရလာတဲ့ အသိ၊ ကြားနာခဲ့ရတဲ့ ပြောဆိုချက်တွေနဲ့ တိုက်ဆိုင်လို့ ပြန်ပြောချင်လာပါတယ်။
တလောက ကျနော် မြေလတ်ပိုင်း ချောက်မြို့ကို ရောက်တော့ အဒေါ်ကြီးတယောက်တွေ့ပါတယ်။ သူက နိုင်ငံရေးစိတ်ဝင်စား သူလည်း မဟုတ်ပါ။ သာမာန်ဈေးရောင်းဝယ်နေတဲ့ ကုန်သည်တဦးပါပဲ။ သူက ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်မီကာလမှာတော့ တက်တက်ကြွကြွနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မဲအောင်နိုင်ရေးအတွက် စည်းရုံးပေးခဲ့ပါတယ်။ သူ့ဆိုင်မှာ ဈေး ဝယ်လာသူတွေကို ဘယ်ပါတီကို မဲပေး မလဲ မေးပါတယ်။ လူတိုင်းကိုသူက NLD ကို မဲပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျနော် က ဘယ်လိုဖြစ်လို့ ဒီလိုတက်ကြွစွာ လုပ်နေရသလဲဆိုတာ စူးစမ်းခဲ့ပါတယ်။
သူပြောတာက အရင်အစိုးရတွေ (အထူးသဖြင့် စစ်အစိုးရတွေ) ရဲ့ ဖိနှိပ်မှုတွေက များလွန်းခဲ့လို့ပါ။ သူတို့ ချောက်မြို့က လွတ်လပ်ရေးကျောက်တိုင်ဟာ ကာလအတော်တော်ကြာကြာ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ဖုံးနေခဲ့ရတာ သူမနှစ်မြို့ပါဘူး။ အရင်အစိုးရ လက်ထက်တွေက အိမ်မှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ထားရင်တောင် ပြစ်မှုမြောက်သလို ဖြစ်နေခဲ့ ပါတယ်။ ဈေးသည်အဒေါ်ကြီးအပေါ် တိုက်ရိုက်ဖိနှိပ်မှု မခံစားရပေမယ့် သူတန်ဖိုးထားတဲ့ လွတ်လပ်ရေးကျောက်တိုင်၊ ဗိုလ်ချုပ်တို့အပေါ် လျစ်လျူပြုထားတာ နည်းနည်းလေးမှ သူမခံစားနိုင်ပါဘူး။
ဒါပေမယ့် ပြီးခဲ့တဲ့ အစိုးရ ပွင့်လင်းလာတဲ့အခါမှာတော့ လွတ်လပ်ရေးကျောက်တိုင်ကို ပြန်ဖော်ထုတ်၊ ထုံးသုတ်တာတွေ ရှိလာခဲ့ပါတယ်။ ဗိုလ်ချုပ်ကျောက်ရုပ်ကို ပြန်လည်မွမ်းမံပြင်ဆင်တာ တွေ့လာရပါတယ်။ အဲဒါအပြင် ချောက်မြို့ရဲ့ ဂုဏ်ထူး ဆောင် ရေနံမြေ တော်လှန်ရေးတပ်သားကြီး သခင်ဖိုးလှကြီးရုပ်တု နေရာချမယ်တော့၊ အမှိုက်ပုံနေရာကိုသာ အာဏာ ပိုင်တွေက ချပေးခဲ့ကြောင်းလည်း မကျေမချမ်း ပြောပါသေးတယ်။ ခုခါမှာတော့ အတော်ဂုဏ်ယူစရာပြယုဂ် ဖြစ်နေပါပြီ။
ကျနော်က ဒီဖြစ်ရပ်တွေကို တခြားနေရာမှာ ပြန်ပြောပြမိတော့၊ ထားဝယ်က လူငယ်တယောက်က ခုထိတိုင် ထားဝယ်မြို့ က လွတ်လပ်ရေးကျောက်တိုင်ကို ပစ်စလက်ခတ် ထားထားတာ ပြောပြပါတယ်။ တချိန်က ကာရာအိုကေဆိုင်နဲ့ ဘီယာဘား ဖွင့်ခဲ့တဲ့ နေရာတောင် ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
ထားဝယ်မြို့မှာ စကားပြောခဲ့ရတဲ့ တခြားသူတွေကလည်း ဦးသိန်းစိန်အစိုးရ တက်ခါစ တိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးခင်ဇော်ရဲ့ မောက်မာပုံတွေ ပြန်ပြောပြကြပါတယ်။ ညဆိုရင် သူ့အိမ်ရှေ့လမ်းမကြီး တခုလုံးကို ပိတ်ပစ်လိုက်တာ၊ လမ်းပိတ်တာ မကျေနပ်လို့ အော်ဟစ်သွားကြတဲ့ ကျောင်းသားတွေကို လိုက်ဖမ်းဆီးခဲ့တာ၊ သူက Isuzu Big Horn ကားစီးလို့၊ အလား တူကားကို စီးတဲ့မြို့က ကုန်သည်တယောက်ကို လိုက်ပြီး ပြဿနာလုပ်ပုံတွေကို ကြားရပါတယ်။ ကုန်သည် တဦးကလည်း ဦးခင်ဇော်ကာလက ပြဿနာတက်နိုင်လို့ သူကိုယ်တိုင် ရန်ကုန်မှာ ကာလတခုထိ လာပြီးရှောင်နေခဲ့ ရတဲ့အကြောင်း ပြောပြ ကြပါတယ်။ ဖိနှိပ်တဲ့လေထုကို သူတို့ပြောစကားတွေကနေ ကျနော်ခံစားလိုက်နိုင်ပါတယ်။
ဒီလိုကိစ္စတွေကို ခရီးတခုသွားရင်း မိတ်ဆွေတယောက်ကို ပြန်ပြောပြမိပါတယ်။ ကျနော်တို့ စကားကို ဘေးက ထိုင်နား ထောင်နေတဲ့ အင်ဂျင်နီယာငယ်တဦးကလည်း သူ့အတွေ့အကြုံကို ပြန်လို့ ပြောပြပါတယ်။"အစ်ကိုရယ်.. ကျနော်တို့ နိုင်ငံကို လူဆိုးတွေ အုပ်ချုပ်ခဲ့တာပါ"လို့ သူက ပြန်ပြောပြပါတယ်။ သူရှမ်းပြည်နယ်မှာ တာဝန်ကျနေစဉ် (တွင်း-၂) ဗိုလ် ချုပ်ကြီး တင်ဦးနဲ့ ဆုံရပုံကို သူပြောပြပါတယ်။ တွေ့တွေ့ချင်း ဆောက်နဲ့ထွင်း "မအေ--ိုးလေး၊ သတိဆွဲထားစမ်း"ဆိုပြီး စကြုံ ရပုံကို သူပြောပြပါတယ်။ တကယ်တော့ စစ်တပ်အာဏာပိုင်တွေက အရပ်ဘက်ဝန်ထမ်းတွေဆီ ရောက်လာတဲ့အခါ "စစ်ဦး ဘီလူး"ဗျူဟာနဲ့ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံကြပုံတွေကိုလည်း အခြားဝန်ထမ်းများစွာဆီက ကြားခဲ့ရဖူးပါတယ်။ "ရေဘူး ပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်"ဆိုတဲ့ ရလဒ်သာ အဓိက၊ ကျန်တာဘယ်လိုလုပ်လုပ်ဆိုတဲ့ ဗျူဟာကလည်း အတော်ဒုက္ခပေးခဲ့ပါတယ်။
ဒါပေမယ့် အခု အင်ဂျင်နီယာလေး တွေ့ရတဲ့ ဒုက္ခက မသေးလှပါဘူး။ သူ ရှမ်းပြည်ရှိစဉ် တံတားတခု တည်ဆောက်နေစဉ် မှာ ဗိုလ်မှူးကြီးတစ်ဦး တံတားလာစစ်ပါတယ်။ (ပြီးခဲ့တဲ့အစိုးရကာလမှာ ထင်ရှားတဲ့ဝန်ကြီးတစ်ဦးပါ)။ တံတားစစ်စဉ် ည အိပ်တော့ မိန်းမရှာခိုင်းပါတယ်။ "မရရင် မင်းသနပ်ခါးလူးပြီးလာခဲ့"ဆိုတာမျိုးပါ ပြောလိုက်ပါတယ်။
သူတို့တံတားနားက ရှမ်းကျေးရွာက အိမ်ခြေ ၃၅ လုံးပဲ ရှိပါသတဲ့။ သူ့အဖို့တော့ ရှက်လည်းရှက်၊ ကြောက်လည်းကြောက်ခဲ့ရတဲ့ ညခင်းပါ။ နောက်ဆုံး ရွာထဲက တစ်ခုလပ်၊ မုဆိုးမတွေကို ရှာကြံပေးခဲ့ရတယ်လို့ ပြောပါတယ်။ "အစ်ကိုရယ်… အဲဒီအချိန်က ကျနော့် လစာက ၄၀၀ ကျော်ပါ။ ကျနော် ၂၀,၀၀၀ ကျပ်ပေးပြီး၊ အဲသည်အမျိုးသမီးကို ရှိခိုးမတတ် တောင်းပန်ပေးခဲ့ရတယ်"လို့ ဆိုပါတယ်။ “ကျနော်တို့ နိုင်ငံကို လူဆိုးတွေအုပ်ချုပ်ခဲ့တာပါ” လို့ ထပ်ထပ်ပြီး ပြောပါသေးတယ်။
ကျနော့်မိတ်ဆွေ တယောက်ကလည်း အလားတူပြန်ပြောပါသေးတယ်။ နယ်တခုကို ဗျူဟာမှူးရောက်လာတယ်၊ အလားတူ မိန်းမရှာခိုင်းတဲ့အကြောင်း၊ ဒေသခံတပ်ရင်းက တပ်ရင်းမှူးက သူနဲ့အတူ အဲဒီမြို့ကလေးထိပ်က စေတီမှာ တနာရီ လောက် လာပြီးငို၊ မျက်ရည်ကျနေခဲ့ရတဲ့ ကိစ္စကို ပြန်ပြောပြပါတယ်။ ဒါတွေဟာ တချိန် အာဏာကို အလွန်အကျွံ ကျင့်သုံးခွင့်ရှိနေတဲ့ အချိန်မှာ အာဏာအလွဲသုံးစားမှုကြောင့် ဖြစ်လာနိုင်တဲ့ကိစ္စတွေပါ။
ပြန်ချုပ်ရရင် လူတွေမှာ စိတ်ဒဏ်ရာတွေက နည်းနည်းကနေ၊ ပြင်းပြင်းထန်ထန်ထိ ရှိနေကြပါတယ်။ နိုင်ငံရေးအကျဉ်းသား လည်း အကျဉ်းသားအလျောက်၊ သာမာန်ပြည်သူ၊ ဝန်ထမ်းလည်း ဝန်ထမ်းအလျောက်ပါ။ ပြန်လည်ရင်ကြားစေ့ရေး၊ ကျေ အေးရေး ပြောနေကြပေမယ့် ဒီလိုကိစ္စတွေကို သူတို့မေ့နိုင်ကြမှာ မဟုတ်ပါဘူး။ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေကြမှာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြောင်းလဲချိန်တန်ပြီ ဆိုပြီး၊ စည်းရုံးမှုအောက်မှာ NLD ကို တခဲနက်မဲပေးခဲ့ကြတာလည်း အံ့သြစရာ ကောင်းလှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တကယ့် အပြောင်းအလဲကို လိုချင်နေကြတာပါ။
ကျနော်တို့မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေးကာaလ တရားမျှတမှု (Transitional justice) ဆိုတာ လေသံတောင် ဟဟ မပြောနိုင်သေးတဲ့ အခြေအနေပါ။ အစိုးရသစ်လက်ထက်မှာတော့ အမြစ်တွယ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မစ္စ ယန်ဟီလီအကြံပေးသလို သေချာကိုင်တွယ်ပြီး၊ တိုးတက်ကောင်းမွန်လာစေချင်ပါတယ်။
အောင်သူငြိမ်း
မတ် ၂၂၊ ၂၀၁၆ ခုနှစ်