ခက်မာ ● ညရေစီး (ဝတ္တုတို)
(မိုးမခ/သစ်ခက်သံလွင်) စက်တင်ဘာ ၇၊ ၂၀၁၆
.......................
အိုင်အိုဝါမြစ်တလျှောက်မှာလည်း ဘဲတွေကအေးအေးလူလူ အစာရှာလို့။ တချို့ကအစာလုရင်း၊ တချို့ကချစ်သူလုရင်း ရန်ဖြစ်လို့။ တချို့ကတော့ စိတ်သဘောတူမျှ ချစ်ခွန်းတုန့် လှယ်လို့။ ကျမရောက်နေတာအမေရိကားတဲ့လား။ ဓားမတချောင်းနှင့်သစ်ပင်တွေကြားတိုးဝင်ကာ အဘွားခေါင်းလျှော် ဖို့ တရော်ချောင်း လတ်လတ်ဆတ်ဆတ်ရအောင်ရှာခုတ်ခဲ့ရသည့် ရွာနဘေးကတောအုပ်ကလေး ထဲရောက်နေသလို ခံစားရသည်။ ဒါပေမဲ့ ဒါဟာ အမေရိကားအစစ်ပါပဲ။
.....................................
(မိုးမခ/သစ်ခက်သံလွင်) စက်တင်ဘာ ၇၊ ၂၀၁၆
.......................
အိုင်အိုဝါမြစ်တလျှောက်မှာလည်း ဘဲတွေကအေးအေးလူလူ အစာရှာလို့။ တချို့ကအစာလုရင်း၊ တချို့ကချစ်သူလုရင်း ရန်ဖြစ်လို့။ တချို့ကတော့ စိတ်သဘောတူမျှ ချစ်ခွန်းတုန့် လှယ်လို့။ ကျမရောက်နေတာအမေရိကားတဲ့လား။ ဓားမတချောင်းနှင့်သစ်ပင်တွေကြားတိုးဝင်ကာ အဘွားခေါင်းလျှော် ဖို့ တရော်ချောင်း လတ်လတ်ဆတ်ဆတ်ရအောင်ရှာခုတ်ခဲ့ရသည့် ရွာနဘေးကတောအုပ်ကလေး ထဲရောက်နေသလို ခံစားရသည်။ ဒါပေမဲ့ ဒါဟာ အမေရိကားအစစ်ပါပဲ။
.....................................
အရိုးထိအောင်အေးသောညဥ့်လေထုဒါဏ်ကိုပခုံးကျုံ့ကွေးရင်း လက်သီးတင်းတင်းဆုတ်ရင်းနှင့် သူတို့က မြစ်ဟုခေါ်သော ရေစီးကြောင်းတခုဘေးတွင် ကျမမိုက်မိုက်ကမ်းကမ်းနှင့် မတုန်မလှုပ် ထိုင်နေမိသည်။ တဆတ်ဆတ် ရိုက်နေသောသွားများကို လည်းငြိမ်သက်အောင် အံကိုတင်းတင်းကြိတ်ကာ ကွယ်ရသေးသည်။
ကျမထိုင်နေသော ကျောက်သားခုံဖြူကလေးသည် ခပ်နောက်နောက်ရေခဲတုံးတတုံးလို ဖြူဖွေးအေးစက်နေသည်။ မြစ်ကို တိုက်ခတ်လာသောလေက အကာအကွယ်မဲ့သော မျက်နှာနှင့်လည်ပင်းများကို တိုးဝှေ့လာသောအခါ ကြက်သည်းတွေ ဖြန်းဖြန်း ထရသည်။
သရုပ်ဖော်ပန်းချီ - သန်းဌေးမောင် |
ကျမရှေ့တည့်တည့်ရှိရေစီးငြင်သာသောအိုင်အိုဝါမြစ်သည် ကျမငယ်ငယ်ကနေထိုင် ကြီးပြင်း ခဲ့သော ကျေး လက်ခြေတံရှည်အိမ်ကလေး၏နောက်ဖေးရှိချောင်းနှင့်အရွယ်တူလောက်ရှိသည်။ ကျီလောင်လောင် မြစ်ရေကတော့ ချောင်းကလေးထဲမှာ နွေရာသီစီး ဆင်းသောအင်းရေနှင့်တူသည်။ ချောင်းနံဘေးမှာ လယ်ကွင်းတွေ၊ငရုတ်ခင်းတွေ၊ နေကြာခင်းတွေရှိသည်။ အဲဒီစိုက် ခင်းတွေထဲမှာ အလုပ်လုပ်နေကြသူတွေက ကျမ၏သူငယ်ချင်းတွေ။ နွေရာသီကျောင်းပိတ်ရက်ဆို ကျမတို့ ညီအမ လည်း ငရုတ်သီးခူး ထွက်ရသည်။
မီးစနှင့်ထိုးထားသလို ပူလောင်သောနေရောင်အောက်တွင် ပူလောင်သောငရုတ်သီးတွေကို တနေကုန် တကုတ်ကုတ် ခူး ဆွတ်ရ သည်။ နေ့လည် ၁၂နာရီလောက်ဆိုအလုပ်နားပြီး ထမင်းစုစားကြသည်။ ဒန်ချိုင့်နှင့်ထည့်လာသော ထမင်းနှင့် ငါးပိရည်၊ အင်ဖက်နှင့်ထုတ်လာသောထမင်းဟင်းနှင့် အသီးအရွက်များကို ဝေမျှစားကာ ထွေရာလေးပါး ပြောကြရသော ထိုအချိန်ကတနေ့တာအတွင်း ကျေနပ်ဖွယ်ရာ အကောင်းဆုံးသာအချိန်ဖြစ်သည်။ ထမင်းစားပြီးချိန်ဆို စိုက်ပျိုးမြေပြင် တလျှောက် ထမင်းထုတ်ခဲ့သော အင်ဖက်တွေ ပျံ့ကျဲကျန်ရစ်တော့သည်။ ယခုအချိန်တွင် ထိုစိုက်ပျိုးမြေထဲ ပျံ့ကျဲနေတာ ကတော့ အင်ဖက်များ မဟုတ်တော့ပါ။ ကျွတ်ကျွတ်အိတ်များပင်။ တချို့ဆိုလေထဲမှာ ယိမ်းနွဲ့ကာ ကခုန်နေကြသေးသည်။
"ဒီလိုစိုက်ပျိုးမြေပေါ်မှာ ဘာဖြစ်လို့ကျွတ်ကျွတ်အိတ်တွေပစ်ကြတာလဲ"
ကျမက သူငယ်ချင်း မခင်မော်ကို အဲဒီလိုမေးတော့ သူငယ်ချင်းက ကျမကို အရူးတယောက်လိုကြည့်သည်။
"ဒီနေရာမှာမပစ်လို့ ဘယ်နေရာမှာပစ်ရမလဲ"
ကျမကသူ့ကို အရူးတယောက်လိုပြန်ကြည့်မိသည်။ ပြီးတော့မှ ကျမအမှားအတွက် နောင်တရသွားသည်။ ကျွတ်ကျွတ် အိတ်တွေက ဘာတွေဖြစ်လာနိုင်သလဲ သူတို့မသိပါ။ စီးပွားရေးသမားတွေ အမြတ်များများရအောင် မီးသွေးဖုတ်ရောင်းကြ သော ဒီရေတော သစ်ပင်တွေကို သူတို့ကချွေးနှင့်ရင်း၍ ခုတ်ပေးနေကြသည့်အတွက် ဘာတွေဖြစ်လာနိုင်သလဲ သူတို့မသိပါ။ သူတို့သိတာက ဒီနေ့အလုပ်လုပ်မှ ဒီနေ့ ထမင်းစားရမည်။
နေ့စဉ် ထမင်းနပ်မှန်နိုင်ဖို့ နေ့စဉ်အချိန်ပြည့်အလုပ်လုပ်နေရသဖြင့် သူတို့ဘာမှမလေ့လာနိုင်ပါ။ ကမ္ဘာကြီး ၏အပြောင်း အလဲတွေကို သူတို့မကြားနိုင်မမြင်နိုင်ပါ။ သူတို့မြင်နေရသောစိုက်ပျိုးမြေထဲမှာ လွင့်ဝဲနေသည့် ကျွတ်ကျွတ်အိတ်တွေကိုလည်း အန္တရာယ်ရှိသောအရာများဟု သတ်မှတ်ရကောင်းမှန်း သူတို့မသိကြပါ။
အခုတော့ ကျွတ်ကျွတ်အိတ်တွေဝေ့၀ဲနေတာမဟုတ်သည့်အမေရိက၏တောရိုင်းမြေပြင်ကို ကျမရောက်ခဲ့ပြီ။ အိုင်အိုဝါကိုရောက်ပြီးနောက်တနေ့မှာပဲ ငှက်နီခြံ ( Red Bird Farm) ကို Nature walk အနေနှင့် ကျမတို့ သွားရသည်။ Red Bird Farm သည် ကျွတ်ကျွတ်အိတ်တွေဝေ့၀ဲ မနေတာကလွဲလျှင် မြန်မာပြည် ကတောအုပ်မြေများနှင့်သိပ်မကွာခြားလှပါ။ ကျမရှေ့မှ သွားနေသောစာရေးဆရာတဦးက ရေသန့်ဗူးအလွတ်တခုကို မြက်ရိုင်းအုပ်တွေထဲ လွှင့်ပစ်လိုက်သည်။
"ဒါ ဘယ်သူပစ်လိုက်တာလဲ"
ချက်ချင်းပဲမေးမြန်းသံတခု ထွက်ပေါ်လာသည်။
" I am sorry"
"ဒီလိုမလုပ်ပါနဲ့"
နှာခေါင်းမှာဖန်စီနားကပ်လေးတပ်ထားပြီး ဆံပင်ကိုအမည်းရောင်ဆိုးထားသော ဂျာမာန်မလေးက မျက်နှာထားတင်းတင်းနှင့် ထိုသို့ပြောသည်။ ပြီးတော့ အဖိုးတန်သစ်ခွခင်းထဲကျသွားသော ကျောက်တုံးတတုံးကို ကောက်ယူသလို ရေသန့်ဗူးခွံကို ကောက်ယူလိုက်သည်။
ကျမ ဆယ်ကျော်သက်အရွယ်မှာတော့ ငါးတွေကောက်ခဲ့ရသည်။ ကျောင်းအားချိန်ရောက်တိုင်း အိမ်နောက်ဖေးချောင်းက လေးမှာ ကျမတို့ငါးမျှားခဲ့ကြသည်။ ငါးမျှားရာမှာ ကျမပါနိုင်ပေမယ့် ချောင်းရေထဲငုတ်ပြီး ငါးစမ်းရာမှာတော့ ကျမမပါနိုင်ခဲ့ပါ။ ကျမ၏ အိမ်နီး ချင်းသူငယ် ချင်းမေသင်းလဲ့နှင့် မေတင်အေးက ရေနည်းသော နွေရာသီကာလ၏ နောက်ကျိနေသော ချောင်းထဲမှာရေငုတ်ပြီးငါးစမ်းသည်။ အခါများစွာတွေမှာ ရေထဲငုတ်သွားပြီး ပြန်ပေါ်လာ ချိန်ဆို သူတို့လက်ထဲမှာငါးတကောင်ပါလာတတ်မြဲဖြစ်သည်။
"ဒီတခါတော့ကပ်သပိုးဟေ့"
"ငါးဇင်ရိုင်းတကောင်လာတော့မယ်နော် သတိထားကောက်"
"ငါးခူနော်၊ ငါးခူ.."
ချောင်းရေပြင်အောက်ကနွံနုန်းအနည်တွေကြားမှာငါးတကောင်ကို စမ်းမိဆုတ်ကိုင်ထားရုံရှိသေး သူတို့က မိထားတာ ဘာ ငါးလဲ သိနေပြီ။ စိတ်ညစ်စရာကောင်းအောင် အံ့သြရတာက သူတို့ပြောတာ ဘယ်တော့မှ မလွဲခြင်းပင်။ သူတို့ ကမ်းပေါ်ပစ် တင်ပေးသော ရွှံ့နုန်းအနည်များနှင့် လုံးထွေးနေသည့်ငါးတွေကို ကျမက ကမ်းပေါ်မှဆီးကောက်ကာ ၀ါးပလိုင်းထဲထည့်ပေး ရသည်။ ငါးတွေ၏ အသက်ကိုသတ်ဖြတ်ရာမှာ ကူညီပေးနေသည့် ကျမကိုအဘွားက ဆူလေ့ရှိသည်။ ဒါပေမဲ့ နုန်းအနည်အနှစ်တွေနှင့်ရောထွေးပြီး တဖြတ်ဖြတ်ခုန်နေသည့်ငါးကို ရင်တထိတ်ထိတ်နှင့် ကောက်ဖမ်းရသည့်အရသာက အဘွားအဆူခံရ တာထက် ပိုရင်ခုန်စရာကောင်းလေတော့ ကျမလည်း တံငါနားနီး တံငါဖြစ်တော့သည်။
ကျမသူငယ်ချင်းတွေလို မျက်နှာကလေးပဲရေပြင်ပေါ်ဖော်ပြီး၊ တခါတရံရေအောက်ငုပ်ပြီး ခြေလက်တွေနှင့် ချောင်းရေပြင် အောက်ပိုင်း ရွှံ့နုန်းအနည်တွေကြားမှာ ယိမ်းနွဲ့ကူးခတ်နေသည့် ငါးတွေကိုမိအောင် ဖမ်းရလျှင် ဘယ်လောက်များစိတ်လှုပ်ရှားစရာကောင်းလိုက်လေမလဲ။ ပီတိကို စိတ်ကူးနှင့်ပုံဖော်နေစဉ် ကျမညာဖက် ခြေမထိပ်မှာ အောင့်ခနဲ ဖြစ်သွားသည်။ ဖြစ် မှဖြစ်ရလေ။ မေတင်အေးလှမ်းပစ်ပေးသော ငါးဇင်ရိုင်း၏ဘေးဆူးတောင်က ကျမညာဖက်ခြေမထိပ်ကိုမှ တည့်တည့် ၀င်စိုက်ရသတဲ့။ တစစယောင်ရမ်းကာကိုက်ခဲလာသည့်ခြေမကိုကိုင်ရင်း ကျမတညလုံး အော်ဟစ် ငိုခဲ့ရသည်။ အဘွားက အဆိပ်နိုင်ဆေးရွက်ဟုခေါ်သော အရွက်တမျိုးကိုကြိတ်ခြေကာ ဒါဏ်ရာပေါ်မှာအုံပေးသည်။
"အဲဒါငရဲကြီးတာပေါ့။ ကိုယ့်ခြေမထိပ်ကလေးထိတာတောင် ဒီလောက်နာရင် သူများအသက်တွေ တဖြတ်ဖြတ်နဲ့ လူးလွန့် ရုန်းကန်ပြီးမှ သေအောင်လုပ်တာ ဘယ်လောက်ခံစားရမလဲ စဉ်းစားကြည့်"
အော်ရင်းဟစ်ရင်း အဘွားအဆူကိုခံရင်းမှပင် ပလိုင်းထဲမှတဖြတ်ဖြတ်ခုန်နေသောငါးတွေကို မြင်ယောင် လာသည်။ ကျမက ငါးမဟုတ်လေတော့ငါးတွေသေကာနီး ဘယ်လောက်ခံစားရမလဲ ဆိုတာ မသိနိုင်ပါ။ ဒါပေမဲ့ တနေကုန်နီးပါးချောင်းထဲမှာ ငါးစမ်းခဲ့ရသောကျမသူငယ်ချင်းများ၏ ထမင်းဝိုင်းကိုခံစားမိခဲ့တာတော့ အမှန်ပင်။ သူတို့ထမင်း ၀ိုင်းမှာ သူတို့စမ်း၍ရခဲ့သောငါးများမပါပါ။ သူတို့ရခဲ့သောငါးတွေကိုရောင်း၍ ပိုက်ဆံဖြစ်၊ အဲဒီပိုက်ဆံကဆန်ဖြစ်။ အဲဒီဆန်ကဖြစ်သောထမင်းနှင့် သူတို့ အိမ်နောက်ဖေးကွက်လပ်မှာ သဘာဝအတိုင်းပေါက်နေသောကန်စွန်းရွက်တွေကို ဟင်းအဖြစ် ဖန်တီးလိုက်တော့ သူတို့အတွက်အသက် ဆက်နိုင်သောညစာဖြစ်ခဲ့ပြီ။
ကျမကတကိုယ်ကောင်းဆန်စွာပင် ငါးတွေသေရတာကို ကိုယ်ချင်းမစာနိုင်ပေမယ့် ငါးဖမ်းရင်း အသက်မွေးရသော ကျမသူငယ်ချင်းတွေထမင်းဝိုင်းမှာ ငါးဟင်းမစားနိုင်တာကိုတော့ ရင်နာရသည်။ သူတို့လိုဘ၀ခြင်း ဆင်သူ ကျမသူငယ်ချင်းတွေအများကြီးရှိသည်။ သူတို့လိုဘ၀မျိုးနှင့်ကျမသူငယ်ချင်း မဟုတ်သူတွေလည်း အများကြီးရှိသည်။ သူတို့ ထမင်းဝိုင်းတွေကိုရင်နာနေမိတာနှင့်ပဲ ကျမခြေထောက် ဆီအာရုံပြန်ရောက်ချိန်မှာတော့ ခြေထောက်မှတစစ်စစ်အနာကလျော့ပါးစပြုနေပြီ။ ပြီးတော့ပူလောင်နေရာမှတဖြည်းဖြည်းနွေးလာ၊ တော်ပါသေးရဲ့။
ကျမခြေထောက်မှာနောက်တခါနွေးထွေးမှုကိုခံစားရချိန်မှာတော့ ငါးဇင်ရိုင်းအဆိပ်ပျယ်သဖြင့် ခံစား ရသော နွေးထွေးမှုမဟုတ်ဘူးဆိုတာသိလိုက်သည်။ ကျမလည်း ရွာနောက်ဖေးချောင်းရိုးကနေ အိုင်အိုဝါမြစ်နံဘေးကို ပြန်ရောက်ခဲ့ပြီ။ ငါးဘေးဆူးတောင်စူးခဲ့သောခြေမ၏ထိပ်မှာပင် ညှင်းသက်သက်၊ ယားကျိကျိနွေးထွေးမှုကို ခံစားရသည်။ ငုံ့ကြည့်လိုက်တော့ ပေနှစ်ဆယ်ခန့်အကွာရှိ မီးတိုင် အလင်းရောင်ကြောင့် ကျမခြေမကိုတရှုံ့ရှုံ့နမ်းနေသော ယုန်ကလေးတကောင်ကိုမြင်ရသည်။ အိုး.မီးခိုးရင့်ရောင်ကလေး။ မျက်လုံးကြောင်တောင်၊ နားရွက်ထောင်ထောင်နှင့် ကျမခြေထောက်ကို စူးစူးစမ်းစမ်း ကြည့်နေသည်။
ငါးများ၏အထိအတွေ့နှင့် ကွာသောထူးထူးဆန်းဆန်းအထိအတွေ့ကြောင့် ကျမ ကျောက်ရုပ်လို ငြိမ်ငြိမ်လေး ဆက်ထိုင်နေမိသည်။
တော်ကြာ သူထွက်သွားဦးမယ်။ ယုန်ကလေးကကျမခြေထောက်ကို သူ့အစာမဟုတ်မှန်းသိသွားချိန်မှာ
တော့ ခပ်လှမ်းလှမ်းက နှင်းစိုနေသောမြက်ဖုတ်တွေကြား ပြေးဝင်ပျောက်ကွယ်သွားခဲ့သည်။
ညနေကလည်းအမြီးတဖွားဖွားနှင့် ရှဥ့်ကလေးတွေကို လူသွားလမ်းနံဘေးမှာပဲတလွှားလွှားတွေ့ရသေး သည်။ အိုင်အိုဝါမြစ်တလျှောက်မှာလည်း ဘဲတွေကအေးအေးလူလူ အစာရှာလို့။ တချို့ကအစာလုရင်း၊ တချို့ကချစ်သူလုရင်း ရန်ဖြစ်လို့။ တချို့ကတော့ စိတ်သဘောတူမျှ ချစ်ခွန်းတုန့် လှယ်လို့။ ကျမရောက်နေတာအမေရိကားတဲ့လား။ ဓားမတချောင်းနှင့်သစ်ပင်တွေကြားတိုးဝင်ကာ အဘွားခေါင်းလျှော် ဖို့ တရော်ချောင်း လတ်လတ်ဆတ်ဆတ်ရအောင်ရှာခုတ်ခဲ့ရသည့် ရွာနဘေးကတောအုပ်ကလေး ထဲရောက်နေသလို ခံစားရသည်။ ဒါပေမဲ့ ဒါဟာ အမေရိကားအစစ်ပါပဲ။
"အိုင်အိုဝါကဘယ်လိုနေသလဲ"
ညဆယ့်နှစ်နာရီလောက်ကြီးမှာ Gtalk ကတဆင့် စကားပြောခဲ့ရသည့် မြန်မာပြည်တွင်းမှ
သူငယ်ချင်း၏ မေးခွန်းဖြစ်သည်။
"အိုင်အိုဝါကသိပ်အေးချမ်းတာပဲ။ မြစ်ဘေးမှာသဘာအတိုင်းလျှောက်သွားနေတဲ့ဘဲတွေအများကြီး။ ရှဥ့်ကလေးတွေလည်း အများကြီး၊ ယုန်ကလေးတွေကလည်း လမ်းဘေးတွေမှာလျှောက်သွားနေကြ တယ်"
"မြန်မာပြည်မှာအဲဒီအတိုင်းဆိုသိပ်ကောင်းမှာပဲ"
ကျမကငြိမ်းချမ်းမှုကို သူခံစားသွားရပြီဟုထင်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
"ချက်စားမှာပေါ့ဟ။ ယုန်သားကသိပ်ချိုတာ။ ဘဲသားကလည်း သိပ်ကောင်းတာ။"
ကျမရုတ်တရက် ဘာပြန်ပြောရမှန်း မသိလိုက်ပါ။ မြန်မာလူမျိုးများ၏ သနားကြင်နာတတ်မှုနှင့် အကုသိုလ် ကင်းစင်လိုမှုစရိုက်ကောင်းများကို ဘယ်သူတွေ၊ဘာတွေကများဖျက်ဆီးပစ်လိုက်တာလဲ။ သေချာတာကတော့ သူတို့မှာစားစရာ လုံလုံလောက်လောက်ရှိနေလျှင် အေးချမ်းစွာပျော်ပါးနေသည့် တရိစ္ဆာန်လေးတွေကို သတ်ဖြတ် စားဖို့စိတ်ကူးမိမှာ မဟုတ်ဘူးထင်သည်။ သူငယ်ချင်းစကားကိုရယ်မောမိလိုက်ပေမယ့် ကျမငိုချင်နေသည်။ ဘာကြောင့်များ အိုင်အိုဝါရောက်မှ ခဏခဏငိုချင်နေမှန်းမသိတော့ပါ။
မနေ့ညကလည်း ကျမငိုခဲ့သည်။ ညဦးပိုင်းမှာကျင်းပသည့်ပါတီကလေးမှာ ကျမ၀ိုင်ဖြူနှစ်ခွက် သောက်ခဲ့ သည်။ ရုတ်တရက်ကြီးအေးစိမ့်လာသောအိုင်အိုဝါ၏ရာသီဥတုက ၀ိုင်ဖြူကြောင့် နွေးထွေးခဲ့ရသည်။
နေရောင်နှင့်တွေ့တော့ရေခဲတွေအရည်ပျော်သလို ကျမရင်ထဲတွင်အေးခဲနေသည့်ဝမ်းနည်းမှုတွေက ၀ိုင်ဖြူနှင့်တွေ့တော့မျက်ရည်များအဖြစ် ပျော်ကျလာသည်။ မျက်ရည်စက်လက်နှင့်ပင်အေးစက်နေသည့် ညထဲမှာနွေးထွေးသောလက်တွေကို ကျမဆုတ်ကိုင် နိုင်ခဲ့သည်။ တကမ္ဘာလုံးက လက်တွေကို ကိုယ်စားပြုသည့်လက်တွေ။
အာဂျင်တီးနားက၊ ရုရှားက၊ ချက်က၊ မွန်တာနီဂရိုက၊မလေးရှားက၊ ဟောင်ကောင်က...။...က။
သူတို့လက်တွေထဲကမေတ္တာတရားနှင့်စာနာနားလည်မှုက ကျမခန္ဒာကိုယ်ထဲကိုအင်အားများအဖြစ် စီးဝင်ကုန်သည်။ သူတို့က ကျမခံစားမှုကိုသိသတဲ့။ ကျမကိုနားလည်သတဲ့။ ကျမကိုသိတာ မြန်မာ လူမျိုးတွေကို သိတာပဲပေါ့။ ကျမကိုနားလည်တာမြန်မာလူမျိုးတွေရဲ့ဘ၀ကိုနားလည်တာပဲပေါ့။
ကျမ၏မြန်မာသူငယ်ချင်းတယောက်အကြောင်းပြောပြလျှင်လည်း သူတို့စာနာနားလည်မှာ ပါပဲ။ နော်ဝေမှာ နိုင်ငံရေးခိုလှုံခွင့်နှင့်နေထိုင်နေသည့်သူငယ်ချင်းက ကျမအမေရိကား ရောက်နေသည် ဆိုတာသိသည်နှင့် ဆက်သွယ်လာသည်။ မိခင်မြေကိုဘယ်အချိန်ရောက်မှပြန်ခွင့်ရမည် မသိနိုင်ရှာ သောသူငယ်ချင်းက သူမခံစားရမှုတွေကို ဖွင့်ဟလာသည်။ သူမအတွေ့အကြုံတွေကိုပြောပြလာသည်။ သူမနေထိုင်သည့်တိုင်း ပြည်ကဘယ်လောက်အေးကြောင်း၊ သူမဘယ်လိုပညာသင်ရပုံ၊ ဘယ်လိုရပ် တည်ရပုံ၊ ဘယ်လိုပျော်အောင် နေရပုံတွေကိုပြောရင်းမှ မိသားစုပါတီလေးတခုဆီသူမရောက် သွားရပုံကို ပုံဖော်ပြသည်။
"ရင်းနှီးသူတွေချည်းပဲစုလုပ်တဲ့ ပါတီသေးသေးလေးပါဟာ။ သိပ်စိတ်ချမ်းသာစရာကောင်းတယ်။ ကလေးတွေက မြက်ခင်းပေါ်မှာ အပူအပင်မဲ့ဆော့လို့။ လူကြီးတွေကလည်းဝိုင်သောက်ရင်းစကားစမြည်ပြောလို့။ ဒီလိုဆို တော့လည်း လူ့ဘ၀ကြီးက နေပျော် စရာပါလားလို့ တွေးနေရင်း ဗြုန်းခနဲ ငါ့တိုင်းပြည်အကြောင်းကို သတိရသွားတယ်။ ငါ့မိသားစုဝင်တွေ၊ င့ါသူငယ်ချင်းတွေအကြောင်းကိုသတိရသွားတယ်။ ငါကဒီမှာ အေးအေးချမ်းချမ်း ၀ိုင်သောက်ရင်း ကြည်နူးနေတယ်။ ဒီအချိန်မှာငါ့ အမေကဈေးရောင်းနေရတယ်။ ငါ့ သူငယ်ချင်းရဲ့သမီးလေးက နို့ဆာလို့တကျီကျီငိုနေရတယ်။သမီးကလေးရဲ့အမေငါတို့ သူငယ်ချင်းကတော့တောင့်တင်း နာကျင်နေတဲ့ နို့အုံကခံစားမှုသမီးကလေးကိုလွမ်းဆွတ်ရင်းကပဲ ဒီကနေ့ညအဖမ်းခံရမယ့်ဘေးက လွတ်အောင် ဘယ်မှာသွားအိပ်ရပါ့မလဲလို့ ပူပင်စိုးရိမ်နေရရှာတယ်။ တခြား ငါတို့သူငယ်ချင်းတွေ ကလည်း အချုပ်ခန်းတွေထဲမှာ၊ စစ်ကြောရေးစခန်းတွေထဲမှာ၊ ထောင်တွေထဲမှာ။ ငါမခံစားနိုင်တော့ဘူးသူငယ်ချင်းရယ်။"
သူငယ်ချင်းကေသီ၏ရိုက်သံများသည် လေထုကိုဖြတ် ဂြိုလ်တုစလောင်းကိုကျော်၍ လျှပ်စစ်နားကြပ်မှ တဆင့် ကျမရင်ထဲဝင်ရောက်လာခဲ့သည်။ ကျမလည်း ခုတော့သူ့လို ခံစားနေရပြီ။
ဒါပေမဲ့ ကျမမှာသူ့လို ကိုယ့်ဘာသာစကားနှင့်စေးစေးပိုင်ပိုင် ပြောပြတိုင်တည်စရာ သူငယ်ချင်းတယောက်မှအတူရှိမနေပါ။ ကျမမမြင်ရပေမယ့် မည်းမှောင်ကော့ရွှန်းသောမျက်တောင် ထူထူများကြားမှ ယိုစီးကျလာမည့်ကေသီ့ မျက်ရည်တွေကို နှလုံးသားနှင့်တို့ထိခံစားနိုင်လေသည်။ လောလောဆယ်ကျနေသည့် ကျမမျက်ရည်တွေကိုတော့ မတူကွဲပြားသောကမ္ဘာမြေ၏ အစိတ်အပိုင်း အရပ်ရပ်မှရောက်လာကြသော သူငယ်ချင်းတွေ ခံစားတို့ထိနိုင်ကြလေသည်။
"ခက်ရေ.. ဘာဖြစ်လို့လဲကွယ်..။"
မွန်တာနီဂရိုကသူငယ်ချင်းရဲ့ချစ်ခင်ဖွယ်အပြုံးနဲ့စကားသံ။
"သူငိုဖို့လိုတယ်။ ငိုပါစေ။"
ရုရှားကသူငယ်ချင်းရဲ့စာနာနာလည်မှု..။
"မင်းနဲ့အတူ ငါတို့အားလုံးရှိတယ်။ အိုကေနော်..။"
အာဂျင်တီးနားကသူငယ်ချင်းရဲ့အားပေးသံ..။
ဒါဟာ ငါ့မိသားစုပဲဟုတွေးမိသည့်ခဏမှာ ရုတ်တရက်ကြည်နူးသွားပေမယ့် ဒါဟာငါ့ရဲ့တကယ့် မိသားစုမဟုတ်ဘူးဟု ဆန်းစစ်မိသွားသည့်အချိန်မှာတော့ ကြည်နူးမှုကို နာကျင်မှုက ဖုံးလွှမ်း သွားပြန်သည်။ ကျမတို့တတွေကလောလောဆယ်အခိုက်အတန့်မှာတော့ မိသားစုဖြစ်ကောင်း ဖြစ်မည်။ သို့သော် တိုတောင်းသောအခိုက်အတန့် ဖြစ်သည်။ တွေ့ကြုံဆုံကွဲတဲ့။
မကြာခင် ခွဲခွာကြရဦးမည်။ ဒါပေမဲ့လောလောဆယ် အခိုက်အတန့်အတွင်း ကျသည့်မျက်ရည်များ အတွက်အားပေးဖော်တွေရှိနေတာကပဲ ကျမ၏ကံကောင်းမှုဖြစ်သည်။
မြန်မာပြည်မှကျခဲ့သည့်မျက်ရည်တွေအတွက်ရော။ ဟင့်အင်း.။ မြန်မာပြည်မှာကျမငိုလေ့မရှိပါ။
မြန်မာပြည်တွင်းမှာရှိစဉ်က ဘာကြောင့်များမျက်ရည်ကျလာလောက်အောင်ကို အင်အားမရှိရတာလဲ။ တခါတရံ ဘေးနားကသားကလေးနိုးသွားမှာစိုးပြီး တိတ်တိတ်ကလေး ကြိတ်ရှိုက်ခဲ့ရဖူးသည်။ ကြေမွနာကျင်နေသော အတွေးတွေကကောင်းကင်အနှံ့ ပျံ့ကျဲနေသောလည်း လူက သင်ဖြူးဖျာခင်းထားသောအိပ်ရာကလေးပေါ်မှာ တုတ်တုတ်မလှုပ်ငြိမ်သက်လျက်။ သက်ပြင်းဖြည်းဖြည်းချ၊ ကြိတ်ရှိုက်။
ဒီအိုင်အိုဝါမှာတော့ဖြင့် အားရပါးရငို။ အားရပါးရမျက်ရည်သုတ်၊ အားရပါးရရှိုက်။ ငိုရလွန်းသဖြင့်မောပန်းပြီး မျက်ရည်တွေအလိုလိုခြောက်ကာ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့သည်။
မနက်လင်းအားကြီးသုံးနာရီခွဲလောက်မှာတော့ အာရုံတွေ ရုတ်တရက်နိုးကြားလာသည်။
အိပ်ရေးဝသွားပြီ။ စာထရေးမယ်ဟုစဉ်းစားလိုက်ချိန်မှာပဲ ထိုအဘွားအိုကိုမြင်လိုက်တာ ဖြစ်သည်။ အနက်ရောင်ဝတ်စုံဝတ်ထားသောအဘွားအိုက ကျမကုတင်ဘေးမှာ ဒူးတချောင်းထောင်၍ အကျအန ထိုင်နေသည်။ ကျမကို မမိတ်မသုန်ကြည့်လျက်။ အား.. သူဘယ်သူလဲ။
ပြတင်းပေါက်ဘေးမှာ နောက်တယောက်။ သူမကတော့သက်လတ်တမ်းလောက်။ အနီရောင်အင်္ကျီ ၀တ်ထားသည်။ ပြတင်းပေါက်ဘောင်ကိုမှီရင်း ကျမကိုခပ်ပြုံးပြုံးကြည့်နေသည်။ သူတို့ဘယ်သူတွေလဲ။
ကျမအိပ်နေရာမှဝုန်းခနဲ ထထိုင်လိုက်သည်။ အိပ်ရာဘေးက မီးအုပ်ဆောင်းကိုဖွင့်လိုက်သည်။ လှုပ်ခတ်ဝေ့၀ဲ စရာခန်းဆီးမရှိသောပြတင်းပေါက်မှန်တံခါးများမှတဆင့် မြစ်နံဘေးမီးတိုင်များမှ အလင်းရောင်ဝါကျင့်ကျင့်တွေထိုးဖောက်ဝင်နေတာကိုသာမြင်ရသည်။ ကျမအိပ်ရာခြေရင်းကအနက်ရောင် ရေခဲသေတ္တာကို အနက်ရောင်ဝတ်အဘွားအိုဟုထင်မိတာလည်း မဖြစ်တန်ရာပါ။ ဒါဆို သူတို့ဘယ်သူတွေလဲ..။
သူတို့လိုပဲ ကျမကိုမမိတ်မသုန်စိုက်ကြည့်နေသည့်အဘွားအိုတဦးကို လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ကြုံဖူး သည်။ ပုသိမ်မြို့က ၀ိပဿနာတရားစခန်းတခုမှာ ဖြစ်သည်။ ကျမကထိုင်ပြီးရှုမှတ်ချိန်တွင် ငိုက်မြည်းတတ်သလောက် စင်္ကြန်လျှောက်ရှုမှတ်ချိန်တွင် စိတ်ကြည်လင်တတ်သမို့ စင်္ကြလျှောက် ရှုမှတ် ဖြစ်တာများသည်။
အဲဒီလိုရှုမှတ်နေတုန်းမှာပေါ့။ တရားရိပ်သာစင်္ကြလမ်း၏ တခုသောတိုင်လုံးကိုမှီ၍ရပ်နေသော ထိုအဘွားအိုကို ကျမမြင်လိုက်တာဖြစ်သည်။ တကယ်တော့ သူမကိုကျမကြည့်နေတာမဟုတ်ပါ။ လမ်းလျှောက်ရှုမှတ်ရင်း အာရုံအရ မလှမ်းမကမ်းမှာယောဂီရောင်ဝတ်စုံနှင့် အဘွားအိုတယောက် ရပ်နေတာသိနေခြင်းဖြစ်သည်။
ကြွတယ်၊ လှမ်းတယ်၊ ချတယ်။
ကြွတယ်၊ လှမ်းတယ်၊ ချတယ်။
မှတ်သားရင်းကပင်သူမအနား ကျမနီးလာပြီ။ လက်တကမ်းအကွာရောက်မှာ သူမ လက်ကကျမပခုံးကို လာထိသည်။ ကျမသတိလက်လွတ်လှည့်ကြည့်လိုက်မိသည်။ ဟင်...အဘွားအိုမှမဟုတ် တာပဲ။ ပီပြင်ထင်ရှားလွန်းသောအရိုးစုတခုကကျမပခုံးကို လာထိလိုက်တာတော့မဟုတ်တန်ရာပါ။ ဒါထင်တာပဲ၊ မြင်တာမဟုတ်ဘူး။ တကယ်မဟုတ်ဘူး။ ပြန်မှတ်။
ဝင်တယ်၊ ထွက်တယ်။
ဝင်တယ်၊ ထွက်တယ်။
ကျမက မနက်လင်းအားကြီးမှာမြင်ခဲ့ရသော မြန်မာမဟုတ်သည့်အမျိုးသမီးနှစ်ဦးအကြောင်းကို ကျမ၏ ဥရောပသားသူငယ်ချင်းကိုပြောပြတော့ သူကမေးသည်။
"သူတို့ကိုမြင်ရတဲ့အချိန်မှာ မင်းမျက်စိဖွင့်ထားလား၊ မျက်စိမှိတ်ထားလား။"
"ကျမ မမှတ်မိဘူး။"
"မင်း အိပ်မက်မက်နေတာပါ။"
သူက သည်လိုပြောရင်း ကျမမျက်နှာကိုစူးစူးစမ်းစမ်းကြည့်နေချိန်မှာကျမကတော့လွန်ခဲ့သော ၁၅ နှစ်ခန့်က ကြားခဲ့ဖူးသည့်စကားတခွန်းကို ပြန်အမှတ်ရလာသည်။
"ငါ့ညီမကို မမြင်ရတဲ့အရပ်ဒေသက အမျိုးသမီးကြီးတွေက စောင့်ရှောက်တယ်။ ညီမရဲ့ အိပ်မက်ထဲမှာ ဖြစ်စေ၊ အာရုံထဲမှာဖြစ်စေ အမျိုးသမီးကြီးတွေကို မကြာခဏမြင်ရလိမ့်မယ်။"
ကျမကို အဲဒီလိုပြောသူကိုယ်တိုင်က ကျမအားဖေးမကူညီနေကျအမျိုးသမီးကြီးတဦးပင်။
"ဟုတ်တယ်။ ကျမအိပ်မက်တွေထဲမှာ အမျိုးသမီးကြီးတွေကို ခဏခဏတွေ့ရတယ်။ ကျမရဲ့အဘွား အပါအ၀င်ပေါ့။ သူတို့က ကျမကိုစောင့်ကြည့်နေကြတယ်။ သူတို့က ကျမကိုဘာကြောင့်စောင့်ကြည့် နေကြတာလဲ။"
"ညီမကိုစောင့်ရှောက်ချင်လို့ပေါ့။ ဒါမှမဟုတ် ညီမဆီကတခုခုတောင်းဆိုချင်လို့ဖြစ်လိမ့်မယ်။"
"ရှင်.."
ကျမ ကြက်သီနည်းနည်းထသွားသည်။ ကျမကအမိုက်အမှားတွေပြုလေ့ရှိတတ်သူမို့ ကျမကိုဖေးမ လမ်းညွှန်စောင့်ရှောက်ပေးချင်တာများလား။ ကျမဆီကသူတို့တောင်းဆိုစရာတော့ ဘာမှရှိမည် မထင်ပါ။ ကျမ ညစဉ် ပဋ္ဌာန်းရွတ်ပြီး မေတ္တာပို့။ အမျှပေး ဝေနေကျပဲ။ ကျမမှာ ပေးစရာ ဒါပဲရှိသည်။ ကျမကိုအမျိုးသမီးတွေက စောင့်ရှောက်သတဲ့လား။ ကျမကိုကူညီဖေးမစောင့်ရှောက်သော အမျိုးသားတွေလည်း အများကြီး ရှိနေပါသည်။ ဒါဆို ကျမကကံကောင်းသူပေါ့။ သို့သော် ကျမကို ချစ်ခင်ဖေးမလို၍မဟုတ်ပဲစောင့်ကြည့်နေသော အမျိုးသမီးအမျိုးသားတွေလည်း ရှိနေပါသည်။
အိုင်အိုဝါသည် ပဉ္စလက်ဆန်စွာ နွေခေါင်ခေါင်မှဆောင်းဦးကိုကျော်၍ ဆောင်းစစ်စစ်ဖြစ်သွား ပြန်သည်။
နွေရာသီ အပူချိန်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်မှလာသော မြန်မာမလေးသည် ၃၀ ဒီဂရီ ဖာရင်ဟိုက်
အောက်အအေးထဲတွင် အနေရခက်လှသည်။ အခန်းထဲမှာနေတာနည်းနည်းကြာလာတာနှင့် ခြေဖျား လက်ဖျားတွေ အေးစက်လာသည်။ အပြင်ကိုလှမ်းကြည့်လိုက်ပြန်တော့ နေရောင်က၀င်းပနေသည်။ မြန်မာပြည်မှာတုန်းက ပူပြင်းလွန်းသဖြင့် ကျမမုန်းသောနေရောင်ခြည်ကို အိုင်အိုဝါမှာတော့ မက်မော ရလွန်းပြန်သည်။ အိုင်အိုဝါမှာပူသောနေက အအေးဒဏ်ကိုသက်သာသလိုခံစားရစေသည်။ သို့သော် နေရောင်ခြည်အောက်မှာ တိုက်ခတ် လာသောလေက စိမ့်နေပြန်သည်။ နေပူတာကသပ်သပ်၊ လေအေး တာကသပ်သပ်။
အခါများစွာမှာတော့ ကျမအခန်းထဲမှလှမ်းမြင်နေရသောအိုင်အိုဝါမြစ်ကို ငေးကြည့်မိတတ်သည်။ သည်လို ငေးကြည့်မိသည့်အခါတိုင်း အေးစိမ့်သည့်ညတညမှာ ကျမနှင့် အတူမြစ်နံဘေးမှာ ထိုင်ရင်းပြောခဲ့သည့်ကျမသူငယ်ချင်းကိုးရီးယားက ကဗျာဆရာမ ရာဟီဒေါက်ပြောခဲ့သော စကားတွေကိုပြန်ကြားယောင်သည်။
"မင်းက မြစ်ကိုတကယ်ချစ်တာပဲ။ ဒီမြစ်ကမ်းနံဘေးကနေငေးကြည့်နေရတာကို သိပ်ကြိုက်တာပဲနော်။"
"ဟုတ်တယ်။"
ရာဟီဒေါက်က ကျမကိုပြုံးကြည့်ရင်း ပြောသည်။
"ညဖက်မှာစီးဆင်းတဲ့မြစ်ရေဟာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းမြင်တဲ့အတိုင်းပဲ။ အပေါ်ယံမျက်နှာပြင်မှာတော့ ရေစီးကငြင်သာနုညံ့နေတယ်။ ဒါပေမဲ့ မြစ်အောက်ခြေ အတွင်းသားကတော့ လှုပ်ရှားရုန်းကန်နေတယ်။ အဲဒီလှုပ်ရှားရုန်းကန်နေမှုကမမြင်သာဘူး။ မြစ်ကိုယ်တိုင်နဲ့မြစ်ရေစီးအကြောင်းလေ့လာနေသူတွေပဲ သိနိုင်တယ်။"
မြစ်တဖက်တချက်မှအ၀ါရောင်မီးတိုင်များ၏အလင်းကြောင့် လှိုင်းမွမွလေးတွေကိုမြင်နေရသော အိုင်အိုဝါမြစ်၏မျက်နှာပြင်ကိုငေးကြည့်ရင်း ရာဟီဒေါက်က ပြောခဲ့တာဖြစ်သည်။ ကျမကတော့ ကဗျာဆရာမပီသသောသူမမျက်နှာကိုငေးကြည့်နေခဲ့မိသည်။ မြစ်ကိုငေးကြည့်၍၀ချိန်မှာတော့ ကျမအခန်းထဲ ပြန်၍ မျက်နှာမူလိုက်သည်။
အခန်းထဲမှာ စာရေး၊ စာဖတ်၊ တီင်္ဗီကြည့်။
အတွေးတွေရွက်လွှင့်၊ သတင်းနားထောင်။
ငိုကြွေး၊ သက်ပြင်းရှိုက်၊ ဂူးဂဲလ်တော့ခ်ပြော။
စောင်ပုံကြီးအောက်တိုးဝှေ့ပြီး အိပ်ဖို့ကြိုးစားချိန်မှာတော့ ကျမနားထဲမှာ အသံတွေကြားလာရသည်။ ကျမမျက်စိထဲ မှာပုံရိပ်တွေမြင်လာရသည်။ကျမမြင်နေကြားနေရတာက ကမ္ဘာအ၀ှမ်းမှ ကံဆိုးသူ လူသားများ၏ နာကျင်ပူဆွေးငိုကြွေးသံများနှင့် ပုံရိပ်တွေဖြစ်သည်။ ထိုအသံတွေပုံရိပ်တွေဖြစ်လာအောင် ဘယ်သူဖန်တီးနေတာလဲ။ ဒါမှမဟုတ် ကျမတို့ကပဲ ဖန်တီးခွင့်ပြုနေတာလား။
အိပ်မက်နှင့်လက်တွေ့ဘ၀တွေက ဆင်တူရိုးမှားတွေဖြစ်နေသည်။ ကျမတို့တတွေက ကျမတို့ဖြစ်စေ ချင်သလိုမဖြစ်ပဲ ဖြစ်ချင်သလိုဖြစ်နေသောကမ္ဘာကြီးထဲတွင် နေနေရသောသူတွေ ဖြစ်သည်။ ဖြစ်စေချင်သလိုဖြစ်မလာသောဘ၀များအတွက် ဘာကိုမှန်းမသိ၊ ဘယ်သူ့ကိုမှန်းမသိ မုန်းမိသော အမုန်းက ကျမကိုနာကျင်ပင်ပန်းစေသည်။ သို့သော်ရင်ထဲတွင်ရှိနှင့်ပြီးသောချစ်ခြင်းတရားက ထိုအမုန်း နတ်ဆိုးများကို တဖန်တိုက်ခိုက်မောင်းနှင် ထုတ်နေပြန်သည်။
ကျမခန္ခာကိုယ်သည်စောင်ပုံကြီးအောက်တွင်တုတ်တုတ်မလှုပ်ငြိမ်သက်နေသော်လည်း ကျမရင်ထဲတွင်တော့ နာကျင်ဝမ်း နည်း မှုများ၊ စိုးရိမ်သောကများ၊ အမုန်းများအချစ်များဖြင့် လှိုင်းထန် လှုပ်ရှားလျက် ရှိသည်။
ဒီလိုဆိုလျှင်ဖြင့် ကျမကိုယ်တိုင်ကညရေစီးတခုဖြစ်နေပြီပေါ့။ ကျမရင်တွင်းမှညရေစီးသည် ကျမအခန်း ဘေးမှအိုင်အိုဝါမြစ်မှ ညရေစီးနှင့်အပြိုင် တိတ်ဆိတ်သောဆူညံရုန်းကန်မှုများနှင့် လှုပ်ရှား စီးဆင်းလျက် ရှိသည်။
ကျမတို့တတွေက မြစ်တစင်းအတွင်းအတူစီးဆင်းသောရေစီးကြောင်းတွေဖြစ်ကြမည်ဆိုလျှင် ကျမက မြစ်အောက်ခြေမှ စီးဆင်း သော ညရေစီးကြောင်းတခုဖြစ်ပါရစေ။
ကျမကြားနေရသောငိုကြွေးသံပိုင်ရှင်လူသားများကိုတော့ ညဖက်စီးဆင်းသောမြစ်ရေစီး၏ မျက်နှာပြင်လို နုညံ့ငြင် သာစွာစီးဆင်းခွင့်ရစေချင်ပါသည်။ အေးမြသောရေလို ငြိမ်းချမ်းခွင့် ရစေချင်ပါသည်။
စာရေးသူ၏ခွင့်ပြုမှုအရ http://khetmar.blogspot.com မှယူပါသည်။