အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) ● အရေးကြီးတဲ့ ပထမ
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၆
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၆
စိတ်ကောင်းရှိဖို့က ပထမဆိုတာကို စာရေးဆရာတယောက်က ဒီလိုမေးလာပါတယ်။
“ဦးဇင်း စိတ်ကောင်းရှိဖို့က ပထမလို့ မဟာဂန္ဓာရုံ ဆရာတော် ပြောခဲ့တာ စိတ်ကောင်းဆိုတာကို ဘယ်လိုသတ်မှတ်သလဲ”
ဒီလိုမေးလာတော့ စိတ်ကောင်းဆိုတာကို ဖွင့်ဆိုဖို့ လိုလာပြီ၊ ဆရာတော်ကဘာသာရေးကိစ္စ သာသနာရေးကိစ္စ ဆောင်ရွက် ရာမှာ အခြားအရေးတွေထက်စိတ်ကောင်းရှိဖို့ နံပါတစ်မှာ ထားတာတွေ့ရပါတယ်။ တကယ်က သာသနာရေး၊ဘာသာရေးကိစ္စ မှာသာ စိတ်ကောင်းရှိဖို့က ပထမမဟုတ်ဘူး။ အခြားအရေးကိစ္စတိုင်းမှာလည်း စိတ်ကောင်းရှိဖို့က နံပါတ်တစ်ပါပဲ။
နိုင်ငံရေးမှာလည်း ဘယ်လောက် တတ်ကျွမ်းနားလည်၊ နားလည် စိတ်ကောင်းမရှိရင်သူ့ရဲ့ နိုင်ငံရေးက ဘယ်လိုမှ သုံးစား လို့ရမှာ မဟုတ်ဘူး။ စိတ်ကောင်းဆိုတာကိုဘာလဲလို့ သိဖို့လိုလာပြီ။ စိတ်ကောင်းဆိုတာကိုပြောတော့ စိတ်ဆိုးဆိုတာက လည်း တမျိုးတစား ရှိပြန်တယ်။
ဒီနှစ်မျိုးထဲက စိတ်ကောင်းကိုရွေးချယ်ပြီး ဘဝမှာ အသုံးချဖို့ ဖြစ်ပါတယ်။ စိတ်ဆိုးနဲ့ ဘဝကို အသုံးချရင် အဆိုးတွေ ချည်းပဲ တွေ့ရမှာပါ။ ကောင်းတဲ့စိတ်နဲ့ ဆိုးတဲ့စိတ် နှစ်မျိုးကို ဗုဒ္ဓအဘိဓမ္မာမှာ ဖြူစင်သောစိတ်၊ မည်းညစ်သောစိတ်ဆိုပြီး တစ်မျိုး အ ပြစ်ရှိသောစိတ်၊ အပြစ်မရှိသောစိတ်ဆိုပြီး တစ်ဖုံ၊ ပူလောင်စေတတ် နှိပ်စက်တတ်သောစိတ်၊ မပူလောင်စေတတ် မနှိပ် စက်တတ်သောစိတ်ဆိုပြီးတော့ တလီ၊ အမျိုးမျိုးဖွင့်ဆိုခဲ့တာပဲ။
ဖြူစင်အပြစ်မရှိတဲ့ စိတ်အကြောင်းသိချင်ရင် မဖြူစင်မည်းညစ်တဲ့စိတ်အကြောင်းကနေ လှမ်းကြည့်မှ ပိုပေါ်လွင်မယ်ထင်တယ်။စိတ်ဆိုးလို့ခေါ်မယ့် မဖြူစင်မည်းညစ်တဲ့စိတ်ကသုံးမျိုးကို အခြေခံထားပြီးဖြစ်ပေါ်တယ်။ အရင်းခံ သုံးပါးလို့ခေါ်တယ်။ နံပါတ် (၁) လိုချင်တပ်မက်ခြင်း အရင်းခံ။ နံပါတ် (၂) ပြစ်မှား ဖျက်ဆီးလိုခြင်း အရင်းခံ။
နံပါတ် (၃) မသိ မိုက်မဲမှု အရင်းခံ။ ဒီသုံးပါးကို အခြေခံပြီး မည်းညစ်မဖြူစင်တဲ့ စိတ်ဆိုးဖြစ်ပေါ်လာတာပါ။ လူတိုင်းမှာ ဒီ တရား သုံးပါးရှိတတ်ကြတာပါပဲ။ ဒါပေမဲ့ တချို့ကပိုဆိုးပြီး တချို့က လက်ခံနိုင်လောက်တဲ့အဆင့် ဘာကြောင့်ဖြစ်ရသလဲဆိုရင် အတ္တရှိသူနှင့် အတ္တမရှိသူ ကွာခြားသွားတာပါပဲ။ လိုချင်တပ်မက်တတ်ခြင်းဆိုတာ ဖြူစင်သော (အရိယာ) ပုဂ္ဂိုလ်တွေမှာ တောင်ရှိတာပဲ။ ဒါပေမယ့် သူတို့ရဲ့ လိုချင်တပ်မက်မှုက ဒီဂရီတွေ လျော့ကုန်ပြီ။
အတ္တကိုနှုတ်လိုက်တဲ့အခါ မည်းညစ်သော မဖြူစင်သော စိတ်ဆိုးမှာလူလက်ခံနိုင်လောက်တဲ့ စိတ်ဆိုးဖြစ်လာတာပါပဲ။ အတ္တအား ကြီးလေ စိတ်ကောင်းနဲ့ဝေးလေပါပဲ။ ဒီတော့ စိတ်ကောင်းရှိဖို့ရာ ပထမဆိုတာ အတ္တနဲ့ ရောမွှေထားတဲ့တပ်မက်မှု၊ အတ္တနဲ့ ရောမွှေထားတဲ့ ပြစ်မှားမှု၊ အတ္တနဲ့ ရောမွှေတဲ့မသိမိုက်မဲမှုတို့ဟာ စိတ်ကောင်းရှိဖို့ရာ ပထမဆိုတာကို ကျင့်သုံးချင် သူတိုင်း သဘောပေါက်ထားသင့်၊ နားလည်ထားသင့်တဲ့ အရာလို့ထင်ပါတယ်။ မိုးကုတ်ဆရာတော် ဘုရားကြီးက တဏှာက မျောလမ်း၊ ဒိဌိက မြုပ်လမ်းလို့ ဟောကြားထားတာရှိတယ်။ ဆိုလိုချင်တာက လိုချင်တပ်မက်မှုထက် အတ္တက ပိုအပြစ်ကြီး တယ်လို့ဆိုချင် တာပါ။
အတ္တဆိုတာ အင်မတန်ကြောက်ဖို့ကောင်းတယ်။ သံသရာရဲ့ ထွက်ရပ်လမ်းမှာ အဓိကအန္တရာယ်ဖြစ်သလို လောကီ လူမှုရေး မှာလည်း ဒီအတ္တဟာ ဒုက္ခအပေးဆုံးဖြစ်တယ်။ အတ္တကို အပြည့်အလျှံ ရင်ထဲသိပ်ထားပြီး ပြုလုပ်တဲ့ အရေးတိုင်းဟာကောင်း ကျိုးကို ဘယ်တော့မှ မပေးပါဘူး။ အများအတွက်လည်း အလုပ်မဖြစ်ဘူး။ အတ္တရှိနေတဲ့သူရဲ့ အလုပ်တွေဟာ စိတ်ကောင်းရှိ တဲ့သူရဲ့ အလုပ်မဟုတ်ဘူး။ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့တရားတစ်ပုဒ်မှာ အသေဝနာစ ဗာလာနံကိုဖွင့်ဆိုတဲ့အခါ ဗာလကို လူဆိုးလူမိုက်ဆိုတာထက် စိတ်ဆိုးစိတ်မိုက်ကို ဗာလလို့ ဟောကြားတယ်။ စိတ်ဆိုးစိတ်မိုက်ဆိုတာကလည်း အတ္တတွေ အားကြီးတဲ့ စိတ်ဆိုးစိတ်မိုက်ကို ဆိုလိုတာပါ။ ဒီဗာလခေါ်တဲ့ အတ္တတွေ အားကြီးသူဟာ တစ်ယောက်ထဲနဲ့ ဆိုင် တဲ့ အလုပ်ကိုလုပ်ရင် သူတယောက်တည်းပဲ ပူလောင်တဲ့အကျိုးကို ခံစားရမယ်။ တစ်မိသားစုနဲ့ဆိုင်တဲ့အရေးကို အတ္တ အားကြီးစွာလုပ်ရင် တစ်မိသားစုပဲ အပြစ်တွေ ရင်ဆိုင်ရမယ်။ ဒီလိုပဲအဆင့်ဆင့်တက်ပြီးတွေးလိုက်ရင် တစ်ရပ်ကွက်၊ တစ် ရွာ၊ တစ်မြို့ကနေ တစ်နိုင်ငံလုံးအထိ ကိစ္စတွေကိုဆောင်ရွက်ရာမှာ အတ္တခေါ်တဲ့ ဗာလစိတ်နဲ့ လုပ်မယ်ဆိုရင်သူနဲ့ သက်ဆိုင် သူအားလုံး ဒုက္ခတွေပေးတော့မှာပါပဲ။ ဒါကြောင့်စိတ်ကောင်းရှိဖို့က ပထမဆိုတဲ့ ဆရာတော်ဘုရားကြီးရဲ့ လမ်းစဉ်ဟာ သာသနာရေးဘာသာရေးမှာသာ အသုံးပြုရမှာမဟုတ်၊ အခြားသော လူမှုရေး၊ နိုင်ငံရေး စတဲ့အရေးတွေမှာ ဆောင် ရွက်သူ တွေရဲ့ နှလုံးသားထဲမှာ အတ္တတွေ ကင်းစင်ပြီးစိတ်ကောင်းရှိဖို့က ပထမဖြစ်နေပါတယ်။
အရှင်ဇဝန
နိုင်ငံရေး အကျဉ်းသားဟောင်း