Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ခေတ်ပြိုင် အရှေ့တောင်အာရှ စာပေဆွေးနွေးပွဲ Yangon Book Plaza မှာပြုလုပ်မယ်

$
0
0


ခေတ်ပြိုင် အရှေ့တောင်အာရှ စာပေဆွေးနွေးပွဲ Yangon Book Plaza မှာပြုလုပ်မယ်
K (မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၈


ငါတို့စာပေတိုက်မှ ကြီးမှူးကျင်းပမယ့် ခေတ်ပြိုင် အရှေ့တောင်အာရှ စာပေဆွေးနွေးပွဲကို လမ်းမတော်မြို့နယ်၊ သံဈေး၊ ငါးလွှာရှိ Yangon Book Plazaမှာ သြဂုတ်လ ၂၆ရက် နေ့လယ် နှစ်နာရီမှ လေးနာရီထိကျင်းပပြုလုပ်သွားမယ်လို့ သိရ ပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးမယ့် စာရေးဆရာများကတော့ ဆရာ ဥာဏ်သစ်၊ ဆရာ ရာပြည့်၊ ဆရာ မိုးသက် ဟန်၊ ဆရာမြေမှုန်လွင်တို့ဖြစ်ပြီး ဘာသာပြန်ဆရာတွေရဲ့ ကျင့်ဝတ်တွေ ၊ အခက်အခဲတွေ၊ အရှေ့တောင်အာရှရဲ့ စာပေ ဒီရေ အနိမ့်အမြင့်တွေ၊ မြန်မာစာပေလောကနဲ့ အရှေ့တောင်အာရှ စာပေလောကကြားက ကွာဟချက်တွေကို အဓိက ဆွေးနွေးသွားမယ်လို့လည်းသိရပါတယ်။

ဆွေးနွေးပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး ငါတို့စာပေလူမှုကွန်ရက်မှာ“ အိမ်နီးနားချင်း နိုင်ငံတွေမှာ ဘယ်လိုစာပေတွေ ခေတ် စားနေသလဲ၊ သူတို့တတွေ ဘယ်လိုရေးသားနေလဲ၊ ဒေသတွင်းနိုင်ငံတွေရဲ့ စာပေအဆင့်အတန်းဟာ ဘယ်လောက်ထိ ရောက်ရှိနေပြီလဲဆိုတာတွေ ကို ဆရာ ရာပြည့်၊ ဆရာ မိုးသက်ဟန်၊ ဆရာ ဥာဏ်သစ်တို့နဲ့ ဆရာမြေမှုန်လွငတို့်က ဆွေး နွေးသွားမှာပါ။ အရှေ့တောင်အာရှ စာပေရေးရာအကြောင်း ဆွေးနွေးတာမျိုး မြန်မာပြည်မှာ တစ်ကြိမ်တစ်ခါမှ ကျင်းပဖူး ခြင်း မရှိဘဲ အခုအကြိမ်ဟာ ပထမဆုံး ဆွေးနွေးကြတာမို့ ဘာသာပြန်လေ့လာလိုသူများ၊ စာပေစိတ်ဝင်စားသူများ လာ ရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်”လို့ ရေးသားပြောဆိုထားပါတယ်။

ဆွေးနွေးပွဲနဲ့အတူ စာရေးဆရာ ဥာဏ်သစ်၊ရာပြည့်၊ မိုးသက်ဟန်တို့ရဲဘာသာပြန်လက်ရာသစ် စာအုပ် ၃အုပ်အကြောင်းကို လည်း မိတ်ဆက်ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပြီး အဆိုပါ စာအုပ်၃အုပ်ကို ၂၀% အထူးလျှော့ဈေးနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

မောင်လူရေး - အမုန်းအား မကောင်းအောင် ထိန်းဖို့ လိုပြီ

$
0
0

မောင်လူရေး - အမုန်းအား မကောင်းအောင် ထိန်းဖို့ လိုပြီ
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၈

ဒီရက်ပိုင်း ဘာသာရေးပဋိပက္ခဖြစ်အောင်လှုံ့ဆော်တဲ့ပို့စ်တွေ တက်တက်လာတယ်။
ဒီပို့စ်တွေကို ကြည့်လိုက်ရင် လုပ်ထားတဲ့ပုံရော ရေးထားတဲ့စာသားရောက ဘာသာမတူသူတွေကို ဘယ်လိုမှ သည်းခံစိတ်မမွှေးနိုင်အောင် မြင်သူ နာကျင်အောင် နာကျည်းအောင် တုန့်ပြန်လုပ်ဆောင်ချင်အောင် ရည်ရွယ်ပြီး သေသေချာချာလုပ်ဆောင်ထားတာကို မြင်ရပါတယ်။

တလောကတော့ အစိုးရဟာ ဖေ့ဘွတ်မှာ အမုန်းစကားတွေ မပွားအောင် သန်းခြောက်ထောင်ကျော်သုံးပြီး လုပ်ဆောင်နေတယ်လို့ တရားဝင်ထုတ်ပြောထားပါတယ်။ ဒါပေလို့ တကယ်အဖြုတ်ခံရ အပိတ်ခံရ သတိပေးခံရတဲ့အကောင့်တွေဟာ လက်ရှိအခြေအနေတွေကို ဝေဘန်စိတ်ဖြာရေးသားနေသူတွေ လက်ရှိအစိုးရပိုင်းကို ဝေဘန်နေသူတွေရဲ့ အကောင့်တွေဖြစ်နေတာကို ခပ်စိပ်စိပ်ကြားလာရပါတယ်။ နောက်ပြီး ဆန့်ကျင်ဘက်အမြင်ရှိတဲ့အကောင့်တော်တော်များများလည်း ပိတ်ခံရတယ်လို့ သိရပါတယ်။

အဲလိုဆိုတော့ ဘာသာရေးလူမျိုးရေးပဋိပက္ခလှုံ့ဆော်နေသူတွေအဖို့ ပိုမိုအခွင့်သာလာတဲ့အပြင် ဘာသာရေးနဲ့ လက်ရှိအစိုးရကိုပါ အမြင်မကြည်စေမယ့်လှုံ့ဆော်ဖန်တည်းမှုတွေ လုပ်ခွင့် ပိုသာကြပါတယ်။

ပြီးခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေရဲ့အခြေခံဟာ ဖေ့ဘွတ်ကနေ ဘုရားတွေ ဘာသာရေးခေါင်းဆောင်တွေရဲ့ ပုံတွေကို မဖွယ်မရာလုပ်ပြီး ပေါပေါလှိုင်လှိုင်တင်ပေးတာပါဘဲ။ အဲဒီမှာ အပြန်အလှန်သဘော လှုံ့ဆော် အလံရှူးလုပ်ကြတာကို တကယ်နားမလည်သူတွေ ကျွံဝင်ပါလာရာက အမုန်းအရှိန် အဟုန်ပြင်းထန်အားကောင်းပြီး သွေးချောင်းစီးမတတ်ဖြစ်ခဲ့တာပါ။

ကနေ့ဖေ့ဘွတ်ပေါ်တက်လာတဲ့အကောင့်တခုကို ကြည့်ရုံနဲ့ လှုံ့ဆော်ရေး ဘယ်လောက်အားကောင်းသလဲ ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ အဲဒီအကောင့်က သူ့ရဲ့ မဟုတ်တရုတ်ပို့စ်ကို ၃၃ ဦး တက်ဂ် တွဲထားပါတယ်။ သူ တွဲထားတဲ့အကောင့်တကောင့်ချင်းဆီမှာ ပျမ်းမျှ ဖရန့် သုံးထောင် လောက်ရှိပါမယ်။ ၃၃ ကောင့် ဆိုတော့ ပို့စ်တခုဟာ အကောင့် တသိန်းလောက်ဆီ ရောက်မယ်ဆိုပါစို့။

ဒီကနေ့အချိန်မှာ ဖုန်းကိုင်သူတိုင်း ဖေ့ဘွတ်အကောင့်ကိုယ်စီနဲ့ပါ။ ဖုန်းကလဲ လူတိုင်းလောက် ကိုင်နေပါတယ်။ ခပ်ရိုးရိုး ဘာသာရေးကိုင်းရိုင်းသူများ ဘာသာဝင်များ ဘာသာရေးဝန်ထမ်းများဟာ သူတို့ သားကောင်တွေပါ။ အောက်ခြေလူ့အဖွဲ့အစည်းထဲ ဒီပုံတွေပြန့်နှံ့ပြီး အမုန်းအား ဘယ်လောက်တောင် ကောင်းနေမလဲဆိုတာ မြင်ယောင်ကြည့်နိုင်ပါတယ်။

ဒါဟာ တခုခုဖြစ်ချင်ရင် ဖြစ်လို့ရတဲ့အနေအထားပါ။ အခုပြောတာ အကောင့်တကောင့်ဘဲ ရှိပါသေးတယ်။
သန်းခြောက်ထောင်ကျော် အကုန်ခံပြီး ဖေ့ဘွတ်စောင့်ကြည့်သူများခင်ဗျား ... တလွဲဆံပင် မကောင်းစေချင်ပါဘူး။ အစိုးရကို ဝေဘန်သူအများစုဟာ တိုင်းပြည်အကျိုး လိုလားသူတွေများပါတယ်။ သူတို့ကြောင့် တိုင်းပြည် မတိုးတက်တောင် မပျက်စီးတာ သေချာပါတယ်။ သူတို့အကောင့်တွေ စောင့်ကြည့်စရာမလိုပါ။

အမုန်းတရားလှုံ့ဆော်တဲ့အကောင့်တွေကသာ အမှောင့်အဖျက်နဲ့ မြို့ပျက်ရွာပျက် တိုင်းဖျက်ပြည်ဖျက်ဖြစ်အောင် လုပ်နိုင်တာပါ။ အဲဒီလို အမုန်းအား ကောင်းစေတဲ့အကောင့်များကိုသာ ဂရုစိုက်ရှင်းလင်းစေလိုပါတယ်။ မဟုတ်ရင် ငွေဈေးကျ၊ ကုန်ဈေးတက်၊ အလုပ်အကိုင်မဲ့၊ ဆေးစွဲ၊ အရက်ဆိုင် ဗရပွနဲ့ ခုလိုကာလမျိုးမှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခပေါ်အောင်လုပ်ရတာ အလွယ်ဆုံး မဟုတ်ပါလား ခင်ဗျာ။

မောင်လူရေး

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - Kiasu

$
0
0

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - Kiasu
(Academic Weekly Journal, Yangon) မိုးမခ၊ သြဂုတ် ၂၅၊ ၂၀၁၈

စီနီမာ သာဂိ - အကျိုးနဲ ချမ်းသာတဲ့ အာရှသားတွေ (Crazy Rich Asians) တဲ့လား

$
0
0

စီနီမာ သာဂိ - အကျိုးနဲ ချမ်းသာတဲ့ အာရှသားတွေ (Crazy Rich Asians) တဲ့လား
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၈

၂၀၁၈ သြဂုတ်မှာ နိုင်ငံတကာက ရုံတွေပေါ် တင်လာတဲ့ ရုပ်ရှင်ကားတခုကတော့ Crazy Rich Asians ပါ။ (သောက်)ကျိုးနဲ ချမ်းသာတဲ့ အာရှသားတွေပေါ့။ တကားလုံးကို အေရှင် (Asian) တွေနဲ့ ရိုက်ပါတယ်။ Netflix ပေါ် ချပေးလိုက်မလို့ဟာ Warner Brothers (Hollywood) က နိုင်ငံတကာက ရုံတွေပေါ် တင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီကား ပေါက်မယ်ပေါ့။ တကယ်လည်း ပေါက်သွားပါတယ်။ ကုန်ကျစာရိတ် သန်း ၃၀၊ အခု ရုံတင်ပြီး တပတ်အတွင်း သန်း ၅၀ ဒေါ်လာ ကျော် ငွေဝင်သွားပါပြီ။

ကြည့်တဲ့ ပရိသတ်က အေရှင်တွေ များတယ်ဆိုပေမယ့် ၃၈% အာရှနွယ်တွေ ဖြစ်ပြီး အာရှသားမဟုတ်သူတွေက ၆၀% ကျော် အားပေးတယ် ဆိုပါတယ်။ အမေရိကန်မှာ နာမည်ကျော်နေတဲ့ အာရှသား စာရေးဆရာ Kevin Kwan ရဲ့ ၀တ္ထုစီးရီးထဲက ကောက်နုတ်တာဖြစ်ပြီး ဒါရိုက်တာကလည်း Jon M Chu ဟောလီးဝုဒ်ဒါရိုက်တာ အာရှသားပါပဲ။ မင်းသား မင်းသမီး ဇာတ်ပို့ ဇာတ်ရံတွေအားလုံးကလည်း နာမည်ရနေတဲ့ အာရှသားတွေ အနုပညာရှင်တွေ ဖြစ်ပါတယ်။ ဇာတ်အိမ်ကို အမေရိကား နယူးယောက်ကနေ စပြီး စင်ကာပူမှာ ထိုင်ပါတယ်။ လူပြိန်းကြိုက် အချစ်ဝတ္ထုတွေလို အမေရိကန်က လူလတ်တန်းစား ပညာတတ် အေရှင် ပရော်ဖက်ဆာမလေးနဲ့ စင်္ကာပူက ကျိကျိတက်ချမ်းသာတဲ့ အမွေခံ လူချောကလေးတို့ ဇာတ်။ ကောင်လေးဘက်က ကျိကျိတက်ချမ်းသာတော့ ကောင်မလေးကို ခွဲခြား နှိမ်ချ ဆက်ဆံတဲ့ဆီမှာ ကောင်မလေးနဲ့ ကောင်လေးတို့က သူငယ်ချင်းတွေ အားပေးမှုနဲ့ ရုန်းကန် ရင်ဆိုင်ကြရတာပေါ့။ ဂုဏ်ရည်မတူသော်လည်း နောက်ဆုံးတော့ ကောင်လေးဘက်က အမေက အလျော့ပေးပြီး ဇာတ်သိမ်းကျတော့ ညားကြလေသတည်းပေါ့လေ။

အာရှက တရုတ် အိန္ဒိယ ကိုရီးယား ဂျပန်မှာ သည်လို ဇာတ်ခွဲခြားတဲ့ ကားတွေ အများကြီးပါ။ အနောက်မှာလည်း သည်လိုပဲ ရှိပါတယ်။ ဆပ်ပြာပူပေါင်းဇာတ်တွေ ... soap opera တွေလို့ ခေါ်တယ် ထင်တယ်။ နောက်ဆုံးတော့လည်း သက်တံ့ရောင် တလက်လက်နဲ့ ဆပ်ပြာပူပေါင်းလေး ပေါက်ပြီး ပြီးတော့လည်း ပြီးသွားတာပဲပေါ့။ သို့သော် သည်ကားက အဲသည်ထက် တာသွားပါတယ်။ သူ့ဆပ်ပြာပူပေါင်းက အရှေ့နဲ့ အနောက်တို့ရဲ့ ဇာတ်ခွဲခြားမှုကို ဆင်ရိုက်ထားတာကိုး။

အရှေ့ကတော့ ထုံးစံအတိုင်း မိဘ မျိုးရိုး ဂုဏ် ဓန နာမည် စတာတွေကို အလေးထား ကျောရိုးထားပါတယ်။ မိသားစုတို့ အမွေတို့ ရိုးရာ အစဉ်အလာတို့ကို ဦးတင်တယ်။ အနောက်ကတော့ ကိုယ့်အားကိုယ်ကိုး၊ မိမဲ့ ဘမဲ့၊ ကိုယ်ဒူးကိုယ်ချွန်၊ ရုန်းကန် တွန်းလှန်တာတွေ ဘာတွေကို စိတ်ကူးယဉ်တယ်။ အနောက်က အာရှသူ ပရော်ဖက်ဆာမက အမေတခု သမီးတခုလေး၊ လူလတ်တန်းစား။ အရှေ့က အာရှသား လူချောလေးက မိစုံဘစုံ ဆွေကြီးမျိုးကြီး သောက်ကျိုးနဲချမ်းသာတဲ့ မိသားစုကနေ လာတာ။ သည်လိုမျိုးပေါ့။

ဇာတ်ကားကို ပြောချင်တာ မဟုတ်ပါဘူး။ ပြောချင်တာက ဟောလီဝုဒ်ကော ရုပ်ရှင်တွေကော ပရိသတ်ပါ ခေတ်ပြောင်းလာတာ ပြောချင်တာပါ။ အမေရိကန်ရုပ်ရှင်တွေမှာ အသားရောင်စုံကို တင်ရိုက်လာတယ်။ လူဖြူကြီးစိုးတဲ့ ဇာတ်ကနေ လူမည်း လူဝါ လူညိုတွေနဲ့ ဇာတ်ကားကောင်းတွေ ထွက်လာတယ်။ diverse ဖြစ်လာတယ်။ ပရိသတ်ကလည်း အားပေးတယ်။ အရင်ကဆိုရင် လူနီရိုင်းတွေ လူမည်းတွေ တရုတ်တွေဟာ လူဆိုးတွေချည်းပဲ။ ခပ်ပေါပေါ ခပ်ချာချာတွေချည်းပဲ။ အဲသည်လောင်းရိပ်ကနေ လွတ်လာတယ်။ လွတ်လာတာကလည်း သိပ်မကြာသေးပါဘူး၊ ၂၁ ရာစုထဲ ၀င်ပြီးမှ တဖြေးဖြေး ပြောင်းလာတာပါ။ လူဖြူတွေဟာ ကမ္ဘာကြီးကို ပတ်ပြီး ကယ်တင်ရှင် သူရဲကောင်း ထိပ်သီးတွေကနေ သူတို့ကိုယ်တိုင်လည်း အခြားဇာတ်ကောင်တွေနဲ့ ရောနှောပြီး လူသားဆန်လာတယ်။ humanize လုပ်ခံရတယ်လို့ ခေါ်မှာပေါ့။ လူဇာတ်သွင်းခံရတယ်၊ အရင်ကဆို သူတို့ကို ဘုရားလောင်းဇာတ်သွင်း ရိုက်တာကိုး။

ပြီးတော့ သူတို့ဇာတ်ကို စင်ကာပူမှာ ရွေးပြလိုက်တော့ အနောက်နိုင်ငံမှာပဲ လောကနိဗ္ဗာန် ဆိုတာ ရှိတယ်လောက် ထင်နေတဲ့ အမြင်ကျဉ်းသူ အနောက်သားတွေဟာ စင်ကာပူရဲ့ စရိုက်နဲ့ စတိုင်ကို ရုပ်ရှင်ထဲမှာ မြင်လိုက်ရတော့ နည်းနည်းတော့ မာန်ကျသွားတယ်။ အနောက်သားတွေက အာရှဆိုတာ သူတို့အကျတွေနဲ့ တန်ဆာဆင်ထားတယ် ထင်တာကိုး။ ဂျပန်ချမ်းသာလှတယ် ဘယ်လောက်ပြောပြော ဂျပန်တွေခင်မျာ ခုထိ အလုပ်ကျူံးလုပ်နေရတုန်း ဇိမ်မခံတတ်ရှာဘူးလို့ stereotype ပုံစံခွက်ချ သတ်မှတ်တတ်တာ၊ ထိုင်းတွေဆိုတာကလည်း ဇိမ်ခန်းတွေနဲ့ ငွေရှာတာလို့ ရိုက်ရိုက်ပြနေတာကနေ စင်ကာပူကို ထုတ်ပြလိုက်တော့ အာရှရဲ့ အသွင်သစ် အလန်းသစ်တွေ သူတို့ မြင်သွားတယ်။ ဒါကလည်း အာရှအပေါ် အနောက်အမြင်ကို ပြောင်းစေမယ် ထင်တယ်။

စာရေးဆရာကော ဒါရိုက်တာကပါ ထုတ်ဖော်ပြောဆိုနေတာက အနောက်သားတွေက မင်းတို့ အာရှသားတွေ သည်လောက် နေရာရလာတာ ငါတို့တွေ နေရာပေးထားလို့၊ ရသလောက်နဲ့ ကျေနပ်နေကြ၊ ငါတို့ကို ကျေးဇူးတင်ကြလို့ အမြဲ လောင်းရိပ်မိုးနေတဲ့ အနောက်အကျင့်ကို ရုန်းထွက်ပြီး သည်ကားကို အာရှသား အာရှဟန်နဲ့ ရိုက်ပြလိုက်ကြတာလို့ ဆိုပါတယ်။ ဒါဟာလည်း အာရှသားမှ မဟုတ်ဘူး အမေရိကားမှာ လူမည်းတွေ အောင်မြင်လာတာကို လူဖြူတွေက သူတို့ ပစားပေးထားလို့ပါ ငါတို့က ပျင်းတောင် ပျင်းသေးဆိုတဲ့ လူမျိုးကြီး တဖက်သတ်ဆန် အမြင်သေမှုကို ခုချိန်ထိ လူမည်းတွေက ရုန်းကန် တိုက်ပွဲဝင်နေရတုန်းပဲဆိုတာကို အာရှသားတွေကပါ ၀င်ပြီး ရပ်တည်ပြလိုက်တယ်လို့ မြင်ပါတယ်။

နောက်တချက် သူတို့ပြထားတာကတော့ အာရှတန်ဖိုးနဲ့ အနောက်ကကြီးပြင်းလာတဲ့ အနောက်သား အာရှတွေဟာ အသွင်ချင်း မတူတော့ဘူးဆိုတာကိုလည်း တို့ထိထားပါတယ်။ အာရှသားတွေဟာ ဓန ဥစ္စာ အာဏာ မျိုးရိုး အစဉ်အလာကို သိပ်တန်ဖိုးထားတယ်၊ ဦးစားပေးတယ်။ အဲသည်ကနေ ရုန်းဖို့ သိပ်မကြိုးစားကြသေးဘူး။ အနောက်က အာရှသားတွေကတော့ အမေရိကန်ဆန်နေပြီ (ကောင်းတဲ့ အမေရိကန်ဆန်မှုပါ၊ ဇာတ်ခွဲတဲ့ ခွဲခြားမှုကို မဆိုလို)။ ဖြူဖြူမည်းမည်း အတူတူပဲ ဆိုတာမျိုး။ လူ့တဦးချင်းစီရဲ့ တန်ဖိုးနဲ့ ကိုယ့်တန်ဖိုးကို ကိုယ့်ဖာသာကိုယ် ရပ်တည်ကာကွယ်ရမယ်၊ ဘယ်သူ့မှ ကိုးကွယ် အားကိုးနေလို့ မရဘူး ဆိုတဲ့ အညံ့မခံတဲ့ စိတ်ကို ဇာတ်ကားမှာ အဲသည် အာရှသူ ပရော်ဖက်ဆာမလေးနဲ့ သူ့အမေတို့ နောက်ကြောင်းနဲ့ ပြသွားတယ် ထင်ပါတယ်။

အမေရိကန်မှာက bastard တွေချည်းပဲလို့ ဆိုရိုးရှိတယ်။ အဖေမပေါ်ဘဲ မွေးတဲ့သားသမီးတွေပေါ့။ ကိုလိုနီခေတ်မှာကတည်းက ငဆိုးတွေ ဇာတ်ပျက်တွေကို အမေရိကားကို ပို့ကြတယ်၊ ထွက်ပြေးကြတယ် ဆိုရိုးရှိတယ်။ ဘာအစဉ်အလာမှ မရှိဘဲ နိုင်ငံတခုကို လူပေါင်းစုံ စရိုက်ပေါင်းစုံနဲ့ ထောင်ထားတာပေါ့လေ။ ပြီင်္းတော့ အမေရိကားကို ရောက်လာတဲ့ နောက်ပိုင်း immigrant တွေကလည်း fresh off the boat တွေ ... "သဘောင်္ကျတွေ"လို့ ဗမ်းစကားရှိတယ်။ မြန်မာတွေက ပြောတယ်၊ ခုန်ချတယ် ဆိုတာလေ။ လေယာဉ်ပျံပေါ်က ခုန်ချတယ်တို့ သဘောင်္ပေါ်က ခုန်ချတယ်လို့။ ကျွန်ခေတ်တုန်းကလည်း သဘောင်္ပေါ်ကနေ ကျွန်တွေကို ကြိုးတွေချီပြီး ခေါ်ချလာတာပဲ။ သဘောင်္ပေါ်က လတ်လတ်ဆပ်ဆပ် ဆင်းလာတာတွေပေါ့။ အမေရိကားက လူဖြူ လူမည်း လူဝါ လူညိုတွေဟာ bastards တွေ fresh off the boat တွေနဲ့ လာခဲ့ကြတာကို တဒေါင့်တစွန်း ရိုက်ပြတယ်။ အမေရိကား လေယာဉ်ပေါ်ကို တက်လာတဲ့ အမေရိကန်သားလူတွေကို ရိုက်ပြထားတာများ ... စရိုက်မျိုးစုံဆိုတာမျိုးကို ပါအောင် ရိုက်ပါတယ်။ (ကွင်းစကွင်းပိတ်နဲ့ ပြောရရင် စာရေးဆရာ Kevin Kwan က စင်ကာပူက ၀ရမ်းပြေးပဲ။ သူလည်း စင်ကာပူမှာ စစ်မှုထမ်းရမှာစိုးလို့ အမေရိကားကို ပြေးလာတာ၊ ခုထိ စင်ကာပူမပြန်ရသေးဘူး။ သူပြန်ရင် စင်ကာပူက ဖမ်းပြီး ထောင်ချမှာတဲ့)

ရုပ်ရှင်ကားအကြောင်းပြောတာ ဘယ်ကနေ နိုင်ငံရေးတွေ ပါလာပါလိမ့်။ ကဲ နိဂုံးချုပ်ပါတော့မယ်။ အဲသည် ရုပ်ရှင်ကို ကြည့်ပြီး လူတွေက ကြိုက်ကြောင်း နှစ်သက်ကြောင်းတွေ ရေးကြတယ်။ ပြောကြ ချီးမွန်းကြတယ်။ ဝေဖန်ချက်တခုကတော့ အာရှသားရုပ်ရှင်တွေ အနောက်ကမ္ဘာမှာ ရေရှည် အောင်မြင်ပါ့မလားပေါ့။ ဆပ်ပြာပူပေါင်းလို့ ပေါ်ပျောက်သွားမလားပေါ့။ မေးကြတယ်။ အရင်က အနောက်သားတွေက အာရှကားတွေ ရိုက်ကြတာပါ။ ဂန္ဒီတို့ slum dogs တို့ စသည်ဖြင့်။ အခုဟာက အာရှသားတွေက အာရှသားချည်းသက်သက် ကိုယ်စားပြု ရိုက်တယ်ဆိုတာထက် နိုင်ငံတကာပြန့်နေတဲ့ လူအရောင်ပေါင်းစုံကို ရိုက်ပြတာရဲ့ နိဒါန်း ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ အခု ကျနော်ရေးနေတဲ့ စာမူမှာတောင် အာရှသားတွေလို့ သုံးပါတယ်။ တရုတ်တွေလို့ တောင် မသုံးဘူး။ ဟုတ်တယ်နော်။ အေရှင်တွေပါ။ Asian တွေလေ ... အားလုံး သူလို ကိုယ်လိုတွေချည်း။

မောင်လူပေ - မြန်မာ့ မူးယစ်ရာဇာ(၁)

$
0
0

မောင်လူပေ - မြန်မာ့ မူးယစ်ရာဇာ(၁)
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၈

ဟုတ်ကဲ့။ မူးယစ်ရာဇာပါ။ မူးယစ်ဆေးများ၏ ဘုရင်ပေါ့။ မူးရင် ရစ်တဲ့ မူးရစ်ရာဇာမဟုတ်။

မူးယစ်ရာဇာတွေက အများသား။ သူ့ခေတ်နှင့်သူ မူးယစ်ဆေးကလည်း မျိုးစုံ။ ကျွန်တော်တို့ခပ်ငယ်ငယ်ကတော့ နံပါတ်ဖိုးခေါ် ဘိန်းဖြူခေတ်။ အတော်ငွေကြေးပြည့်စုံသူမှ အနားကပ်လို့ရတဲ့ မူးယစ်ဆေး။ ဈေးကြီးသဖြင့် သာမန်လူတန်းစား မတတ်နိုင်။ နာမည်ကျော် အနုပညာရှင်တွေအများကြီး ဘိန်းဖြူသားကောင်ဖြစ်ခဲ့ကြသည်။ တစ်ချို့လည်း အဖမ်းခံရလို့ ထောင်ထဲရောက်။

ကမ္ဘာကျော် မူးယစ်ရာဇာကြီးတွေ ရှိခဲ့သည်။ ကိုလံဘီယာမှ ပါဘလို အက်စ်ကိုဘာတို့ဆိုရင် သူ့ခေတ်က ဒေါ်လာဘီလီယံပေါင်း သုံးဆယ်ကျော်အထိ ချမ်းသာခဲ့သည်။ ယခုခေတ်ဒေါ်လာနှင့်ဆိုလျှင် (၅၆)ဘီလီယံမျှရှိသည်။ ထောင်ထဲရောက်နေတဲ့ မူးယစ်ရာဇာကြီး အယ်လ်ချာပို ဆိုလည်း တစ်နှစ်ဝင်ငွေ တစ်ဘီလီယံရှိသည်တဲ့။

မြန်မာပြည်က မူးယစ်ရာဇာတွေလည်း မခေ။ မူးယစ်ရာဇာတို့၏ ထုံးစံအတိုင်း တောတွင်းလက်နက်ကိုင်တွေ။ မြန်မာ့မူးယစ်ရာဇာတို့၏ နံပါတ်ဝမ်းကြီးဖြစ်သော ဘိန်းဘုရင်လော်စစ်ဟန်ဆိုတာလည်း ကမ္ဘာကျော်ပဲ။ သူကကိုးကန့် ကာကွယ်ရေးတပ်ဖွဲ့ ဟု အမည်ရသည့် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်။ ရှမ်းပြည်ကိုအခြေစိုက်နေတဲ့ ဗကပများကို တိုက်ဖို့ ဗိုလ်ချုပ်ကြီးနေဝင်းက သူနှင့် မဟာမိတ်ပြုခဲ့ရာမှ မြန်မာ့တပ်မတော်နှင့် ရင်းနှီးခဲ့သည်။

ရှမ်းပြည်နယ် ရွှေတြိဂံဒေသဆိုတာ ဘိန်းထွက်တဲ့ နေရာ။ သူ့တပ်တွေရပ်တည်ရေးအတွက် ဘိန်းကုန်ကူးသည်။ သူအဓိက ပို့ချင်တာက အနောက်နိုင်ငံများ။ ဒီတော့ ထိုင်းကိုဖြတ်ပြီး ပို့ရသည်။ ၁၉၆၃မှ ၁၉၇၃အထိ ဆယ်နှစ်အတွင်း ဘိန်းဖြူ တန်နှစ်ဆယ်ကျော်မျှ ပို့ခဲ့သည်။နယ်မြေခံအစိုးရစစ်တပ်မှ တပ်မှူးကြီးများကို ဆက်ကြေးပေးပြီး ဖြတ်သန်း၊ ပြည်တွင်း ပြည်ပ ဖြန့်ဖြူး။

သူဘိန်းဘုရင်လုပ်ခဲ့ရတာ သွားလာရေးခက်ခဲလှသော တောင်ပေါ်ဒေသမှ ကိုးကန့်ပြည်သူများအတွက်ဟု ဆိုသည်။ ဆင်းရဲလှသောနယ်သားများ၏ ထွက်ကုန်များကို ရောင်းချနိုင်အောင် ကူညီပေးခဲ့သည်ဟု ဂုဏ်ယူခဲ့သည်တဲ့။ အမေရိကန်အစိုးရက ဖိအားပေးတော့ ထိုင်းရဲက သူ့ကိုဖမ်းပြီး မြန်မာအစိုးရလက်ကို ၁၉၇၃မှာ အပ်ခဲ့သည်။

သူ့ကိုဖမ်းပြီး အမှုစစ်တော့ မြန်မာ့တပ်မတော်ကို ပေးကမ်းခဲ့ရသမျှ ဘူးပေါ်သလိုပေါ်တော့ တပ်မှူးကြီးတွေ တစ်ယောက်ပြီးတစ်ယောက်ပြုတ်ကြသည်။ ပထမပိုင်းမှာ သတင်းစာက အမှုအကြောင်း ဖေါ်ပြခဲ့သော်လည်း မြန်မာ့တပ်မတော်မှ တပ်မှူးများ ပတ်သက်နေ၍ နောက်ပိုင်းတွင် သတင်းစာမှာ မထည့်တော့။ သေဒါဏ်ကျခံစေအမိန့်ချခဲ့သည်။ သို့သော် တပ်မတော်နှင့် မကင်းရာမကင်းကြောင်းလည်းဖြစ်၊ ဗကပကို ဆန့်ကျင်သူလည်းဖြစ်၊ တိုင်းရင်းသားတပ်တစ်ခု၏ ခေါင်းဆောင်လည်း ဖြစ်နေလေတော့ ၁၉၈၀လောက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွှတ်ပေးခဲ့သည်။

၁၉၈၈ အရေးတော်ပုံကြီးအပြီး ၁၉၈၉ မှာ ဗကပပြိုကွဲဖို့ သူက အများကြီး ကူညီခဲ့သူပါပဲ။ ကိုးကန့်ခေါင်းဆောင်ကြီး ဖြစ်ခဲ့သူမို့ သြဇာရှိလေတော့ လက်ရှိကိုးကန့်တပ်၏ခေါင်းဆောင် ဦးဖုန်ကျားရှင်ကို နားချပြီး ဗကပမှခွဲထွက်စေသည်။ ဝခေါင်းဆောင် ဘိန်းဘုရင်တွေကလည်း သူ့အကူအညီနှင့်ပင် ဗကပနှင့်ခွဲထွက်ကာ တပ်မတော်နှင့် ပူးပေါင်းကြသည်။ ဒီလိုဖြစ်လာဖို့ ဗိုလ်ချုပ်အောင်ကြီးက ကြားဝင် စေ့စပ်ပေးခဲ့သည်တဲ့။

မြန်မာ့တပ်မတော်နှင့် ဘိန်းဘုရင်ကြီး ဦးလော်စစ်ဟန်တို့၏ ပတ်သက်မှုက အကြီးကြီး။ သူ့အကူအညီတွေက ဤမျှသာမဟုတ်။ အာဏာသိမ်းစ ငွေကြေးအခက်တွေ့နေသော စစ်ခေါင်းဆောင်တွေအတွက်လည်း သူပိုင်သောငွေများနှင့် ကူညီခဲ့သည်။ ကြီးမားသော ရင်းနှီးမြှုတ်နှံမှုတွေ လုပ်ခဲ့သည်။ ၁၉၉၀မှာ ထင်ပေါ်လာတဲ့ "အေးရှားဝေါ"ကုမ္ပဏီကြီးက သူ၏ အင်ပါယာကြီးပါပဲ။ ဘိန်းမှရသောငွေများကို တိုင်းပြည်တိုးတက်ရေးအတွက် ကူညီခဲ့သည့် သူ့ကျေးဇူးတွေကို မြန်မာ့တပ်မတော်ကြီးကလည်း မမေ့ခဲ့ပါ။ အခမ်းအနားကြီးတွေမှာ သူ့ကိုဖိတ်ခေါ်ဂုဏ်ပြုခဲ့ပါသည်။ သူကလည်း ဗိုလ်ချုပ်ကြီးတွေကို စီးပွားရေးအကြံဉာဏ်တွေ အများကြီး ပေးကာကူညီခဲ့သည်။

ဒီလိုနှင့်ပင် အမေရိကန်အစိုးရ၏ FBI Most wanted list တွင် နံပါတ်လေးနေရာအထိ ဖေါ်ပြခံခဲ့ရဖူးသော၊ အပြည်ပြည်ဆိုင်ရာမှ အထူး ဖမ်းဆီးလိုလှသော မြန်မာ့ဘိန်းဘုရင်ကြီးမှာ မြန်မာ့တပ်မတော်နှင့် အကျိုးစီးပွားခြင်းထပ်တူညီမှုကြောင့် ဘေးမသီ ရန်မခပဲ အေးချမ်းစွာ နေထိုင်နိုင်ခဲ့သည်။ ၂၀၁၃ရောက်မှ လူကြီးရောဂါဖြင့် ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့ပါသည်။

နောင်ကျော် - ဥပေက္ခာ

$
0
0

ဥပေက္ခာ
နောင်ကျော်
(မိုးမခ)သြဂုတ် ၂၅၊ ၂၀၁၈

 မင်း လေးစားခံရဖို့ ငါ
လူဖြစ်လာတာ မဟုတ်။ 

မင်း ဆဲရေးခံရဖို့ ငါ
လူဖြစ်လာတာ မဟုတ်။

ငါ့မှာ တရားတဖက်
ငါ့မှာ ဓားတလက်နဲ့
တဘဝစာ ပျော်ရွှင်မှုစာသား
အရေပြားကနေ နှလုံးသားအထိ
ငြိတွယ်ခုံမင်။

မနက်ဖြန် တရက်ရက်မှာ
ပြာဖြစ်မလား
မြေကျင်းထဲက အလောင်း
ပေါလောပေါ် အသေကောင်ပုပ်
နှုတ်ဆက်သူမဲ့သော မသာ
မရေရာအနာဂတ်များ
ဆွဲထားတဲ့စီမံကိန်းတွေက တဟားဟားရယ်လိမ့်။

ယုံကြည်ချက်မှာ ပျော့ပျောင်းစွာ ရပ်နေရင်း
ပျော်ရွှင်ခြင်း ဟန်ပန်အမူအရာ
မင်း နှာခေါင်း ရှုံ့စရာ
မင်း အထင်ကြီးစရာ ဘာဘာညာညာ
ငါ မစဉ်းစားအားသေး
ငါ့အတွေး ငါ့တရားစင်မှာ
ပေါ့ပါးကြည်လင် ရင်ခုန်စွာ
အနာဂတ် အဆုံးသတ်မျဉ်းဆီသာ။

နောင်ကျော်
၂၅ သြဂုတ်၊ ၂၀၁၈
၀၀း၄၀

ကာတွန်း နရဏီရဲ့ မြန်မာ့ပညာရေး ...

$
0
0

ကာတွန်း နရဏီရဲ့ မြန်မာ့ပညာရေး ...
(မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၈

ထက်ခေါင်လင်း (Myanmar Now) ● ရိုက်တာသတင်းထောက်များကို လာမည့် ၂၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်

$
0
0
ထက်ခေါင်လင်း (Myanmar Now) ● ရိုက်တာသတင်းထောက်များကို လာမည့် ၂၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်
(မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၈

(ရန်ကုန်) - အစိုးရလျှို့ဝှက်စာတမ်းများကို နိုင်ငံခြားသတင်းဌာနများအား ရောင်းစားရန် ကြံစည်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေအရ စွဲချက်တင် စစ်ဆေးခံနေရသော ရိုက်တာ (Reuters) သတင်း ထောက်နှစ်ဦးကို ယခုလ ၂၇ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်မည်ဟု ရန်ကုန် မြောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး ဦးရဲလွင်က ယနေ့တွင် ဆုံးဖြတ်ခဲ့သည်။

ယနေ့တရားခွင်တွင် တရားလို၊ စွပ်စွဲခံရသူ နှစ်ဖက်လုံး၏ ရှေ့နေများက အပြီးသတ်လျှောက်လဲခဲ့ကြပြီး စွပ်စွဲခံရသူများက မြန်မာနိုင်ငံ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် တရားမျှတသော ဆုံးဖြတ်ချက်များ ချမှတ်မည်ဟု မျှော်လင့်ကြောင်း တရားခွင်အပြီးတွင် ပြောသည်။


ရိုက်တာ သတင်းထောက် ကိုဝလုံး (ခ) ကိုသက်ဦးမောင် (ဓာတ်ပုံ - ကေဇွန်နွေး)

“ကျွန်တော်တို့ဟာ သတင်းသမားဖြစ်တဲ့အတိုင်း သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ သတင်းရယူ ခဲ့တာဖြစ်ပါတယ်။ ကျွန်တော် တို့ ဘာအပြစ်တစ်ခုမှ မလုပ်ခဲ့ပါဘူး။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ကို မျှတတဲ့စီရင်မှုမျိုး ရလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု တရားစွဲခံထားရသူ သတင်းထောက် ကိုဝလုံး (ခ) ကိုသက်ဦးမောင်က တရားခွင်မှအထွက်တွင် သတင်းထောက်များကို ပြောသည်။

ထို့အပြင် လက်ဝယ်တွေ့ရှိသည်ဆိုသည့် လျှို့ဝှက်စာရွက်များ၊ ဖုန်းအတွင်းမှ တွေ့ရှိသည့်စာရွက်များနှင့် ပက်သက်ပြီး တရားလိုဘက်က သက်သေထင်ရှား မပြနိုင်သေးသည့်အပြင် လျှို့ဝှက်ချက်ဥပဒေ ပြဋ္ဌာန်းချက်တွင် “ရန်သူသို့ ပေးပို့ခြင်း”ဆိုသည့် အချက်နှင့် ကိုက်ညီမှုရှိစေရန် ရခိုင်လက်နက်ကိုင်အဖွဲ့ ဖြစ်သော ရက္ခိုင့်တပ်မတော် (AA) မှ အရာရှိများ ၏ ဖုန်းနံပတ်များကို မှတ်စုစာအုပ်တွင် တွေ့ရှိသည်ဆိုသည့် အချက်ကိုထည့်သွင်းပြောကြားခဲ့သည်ဟု စွပ်စွဲခံရသူများ၏ ရှေ့နေ ဦးခင်မောင်ဇော်က တရားခွင်အပြီးတွင် မှတ်ချက်ပြုသည်။

စွပ်စွဲခံရသူများသည် သတင်းထောက်များဖြစ်ကြောင်း ရုံးတော်တွင် ထင်ရှားပြီးဖြစ်သလို ရခိုင်ပြည်နယ်တွင် လုံခြုံရေး အဖွဲ့အစည်းများ၏ တရားမဝင်လုပ်ရပ်များကို စုံစမ်းဖော်ထုတ်နေမှု ရပ်တန့်ရေးအတွက် ထောင်ချောက်ဆင်ဖမ်းဆီးခြင်းကို တရားလိုပြသက်သေဖြစ်သူ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က  အသေးစိတ် ထွက်ဆိုသွားပြီးဖြစ်ကြောင်း စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးသော တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က စတင်လျှောက်လဲခဲ့သည်။

ထို့အပြင် လက်ဝယ်တွေ့ရှိခဲ့သည့် လျှို့ဝှက်စာများဆိုသည်က မည်သို့လက်ထဲရောက်နေကြောင်းကို တရားလို ဘက်က သက်သေမပြနိုင်သလို ၎င်း၏အမှုသည်များ အပြစ်ရှိနေကြောင်း ထင်ရှားအောင် သက်သေ မပြနိုင်ခဲ့ ကြောင်း၊ ဖုန်းအတွင်းမှ လျှို့ဝှက်စာများ တွေ့ရှိသည်ဆိုသည့် အချက်များအားလုံးကလည်း ရန်သူများ အသုံးပြုရန် သို့မဟုတ် နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးကို ထိခိုက်အောင် မသမာသည့်နည်းလမ်းဖြင့် အသုံးပြုရန်၊ ပေးပို့ရန်ဖြစ်ကြောင်းကိုလည်း တရားလိုဘက်က သက်သေမပြနိုင်ခဲ့ကြောင်း ဆက်လက်လျှောက်လဲသည်။

တရားလိုဘက်ကမူ သတင်းထောက်နှစ်ဦး၏ဖုန်းအတွင်း တွေ့ရှိခဲ့သည့် လျှို့ဝှက်စာရွက်များကလည်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ထုတ်ပြန်ထားသည့် ရုံးလုပ်ငန်းသုံးလက်စွဲတွင် ထိပ်တန်းလျှို့ဝှက်အဆင့် များ ဖြစ်ကြောင်း၊ ထိုလုံခြုံရေး အဆင့်သတ်မှတ်ထားသည့် စာရွက်များသည် သတင်းထောက်များနှင့် စပ်ဆိုင်မှုမရှိ၊ တောင်းယူခွင့်မရှိသည့် စာရွက် စာတမ်းများဖြစ်နေကြောင်း လျှောက်လဲသည်။

“ရိုက်တာသတင်းဌာနဆိုတာ နိုင်ငံခြားသတင်းဌာန။ တာဝန်ထမ်းဆောင်နေသူတွေက သူတို့တွေ။ စွပ်စွဲခံရသူတွေကို ဒေါ်လာနဲ့ပေးတာ။ သူတို့ဆောင်ရွက်ရတာက ရိုက်တာသတင်းဌာနအကျိုး။ ငွေပေးသူက သတင်းယူတယ်။ ဒါ သတင်း ရောင်းစားတဲ့ သတင်းဌာနဖြစ်တယ်”ဟု တရားလိုရှေ့နေ ဥပဒေအရာရှိ ဦးကျော်မင်းအောင်က လျှောက်လဲချက်ပေး သည်။

တရားခံရှေ့နေက ငယ်ရွယ်သူအိမ်ထောင်ရှင်များဖြစ်သည့် ၎င်း၏အမှုသည်နှစ်ဦးကို လူမှုရေးရှုထောင့်မှ ကြည့်၍ စဉ်း စားပေးရန် ရုံးတော်သို့ ပန်ကြားသည်။

“ကျွန်တော် အရဲစွန့်ပြီး ထပ်မံလျှောက်လဲရမယ်ဆိုရင် တကယ်လို့များ ရုံးတော်မှ နှစ်ဖက်ကြားနာပြီး ပြစ်မှုထင်ရှားမယ်လို့ ယူဆပြီး စီရင်မယ်ဆိုရင်တောင် အခု သူတို့ ကိုးလကျော် အချုပ်ကျနေပါတယ်။ ပြစ်ဒဏ်ချတာမှာ ချုပ်ရက်နဲ့ပဲ လွတ်သွား မယ့်ပြစ်ဒဏ်မျိုးဆိုရင် အားလုံးစိတ်ချမ်းသာ သွားကြမှာ ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်”ဟု ရှေ့နေ ဦးခင်မောင်ဇော်က သူ၏ အပြီးသတ်လျှောက်လဲချက်နိဂုံးတွင် ပြောခဲ့သည်။

နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်သည့် ရိုက်တာ (Reuters) သတင်းဌာနမှ ဌာနေသတင်းထောက်များ ဖြစ်ကြသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင် အင်းဒင်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် မွတ်စလင်အမျိုးသား ၁၀ ဦး အသတ်ခံ ရသည့်ဖြစ်စဉ်ကို ဖော်ထုတ်ရန် သတင်းလိုက်ရင်း ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၌ ရဲတပ်ဖွဲ့၏အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သတင်းထောက်နှစ်ဦးကို ရပ်တန့်ရှာဖွေစဉ် နိုင်ငံတော် လုံခြုံရေး နှင့်ဆိုင်သည့် လျှို့ဝှက်စာတမ်းများကို တွေ့ရသည်ဟု စွပ်စွဲပြီး သတင်းထောက်များဘက်ကမူ ရဲတပ်ဖွဲ့ဘက်က သတင်းပေးမည်ဟုဆိုကာ ချိန်းဆိုသဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ထဲသို့ စာရွက်စာတမ်းတချို့ထည့်ပေးလိုက်ပြီးမှ အဖမ်းခံရခြင်းဖြစ် ကြောင်း၊ စစ်ကြောရေးတွင်လည်း အိပ်စက်ချိန် မပေးခြင်း၊ နာရီပေါင်းများစွာ ဒူးထောက်ခိုင်းခြင်း၊ မိသားစုနှင့်ရှေ့နေတို့နှင့် တွေ့ခွင့်မရခြင်း စသည်တို့ကို လည်း ကြုံခဲ့ရကြောင်း ရုံးတော်သို့ ထွက်ဆိုခဲ့ပြီးဖြစ်သည်။

ရာမိုးဇင် ● လျော်ကြေး

$
0
0

ရာမိုးဇင် ● လျော်ကြေး
(မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၈

လက်တန်ဟာ
ဆန့်သလောက်ရှည်လျားတယ်

ငါတို့မြေပေါ်မှာ
ငါတို့ဟာ
ကျူလူမျိုးတွေအဖြစ်နဲ့
ဝဋ်ကြွေးဆပ်ရင်း
မကျေနိုင်တဲ့ဘဝ

ဒီတခါ အပြောင်းအလဲကြုံခဲ့ရင်
ခိုးသားငါးရာဇာတ် ကလိုက်ချင်သေးရဲ့
သံသရာကို မကြောက်တဲ့အရွယ်။ ။

ရာမိုးဇင်
၁၉၊ ၈၊ ၂၀၁၈

စိုးနောင် (မုံရွာ) ● နစ်မြုပ်ခြင်း

$
0
0

စိုးနောင် (မုံရွာ) ● နစ်မြုပ်ခြင်း
(မိုးမခ) သြဂတ်စ် ၁၈၊  ၂ဝ၁၈

မြစ်က
မဖိတ်ခေါ်ဘဲဧည့်ခန်းမှာ
လာထိုင်နေတဲ့ဧည့်သည်။

အိမ်ရှင်တွေက
အိမ်ခေါင်မိုးပေါ်မှာ။

ထမင်းထုပ်လေးတွေမှာ
မေတ္တာတရာဟင်းဖက်လေးတွေနဲ့။

နောက်နှစ်ရေမနစ်ဖို့
ငါတို့မှာ
အိမ်မြင့်မြင့်ရှိမှရမယ်။

နောက်နှစ်ရေမကြီးဖို့
အစိုးရမှာ
အစီအစဉ်မြင့်မြင့်ရှိမှာမဟုတ်ဘူး။      ။

စိုးနောင် (မုံရွာ)

ကျော်ကျော် (မြရည်စမ်း) ● မိုးသုံးဆယ်အလွန်မှ ၈၃၅/၂၃ လမ်း

$
0
0
ကျော်ကျော် (မြရည်စမ်း) ● မိုးသုံးဆယ်အလွန်မှ ၈၃၅/၂၃ လမ်း
(မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၈

(တစ်)
ထိုသတင်းကိုကြားကတည်းက ဒေါ်လေးကိုတွေ့ချင်နေမိသည်။ နောက်ထပ် ဆယ့်လေးငါးရက်ကြာတော့ အလုပ်ကိစ္စဖြင့် ရန်ကုန်ဆင်းဖြစ်သည်။ အလုပ်များ မပြီးပြတ်သေး သဖြင့် ဒေါ်လေးနေထိုင်ရာသို့ ကျွန်တော်မရောက်နိုင်သေး။ စိတ်ကတော့ ရောက်နေဖြစ်သည်။ ထိုမြို့နယ်၊ ထိုရပ်ကွက် ထိုလမ်းသွယ်လေး။ ပြီးတော့ ဆင်တူကြသည့်အိမ်ကလေးများ။

အိမ်တိုင်းစေ့ပြတင်းတခါးဖွင့်ထားလျှင် အိမ်ပေါက်စေ့ထုတ်ချင်းဖောက်ကာ မြင်ရသည့် မြင်ကွင်းများ။ မတွေ့ရသည်မှာ နွေသုံးဆယ်၊ မိုးသုံးဆယ်၊ ဆောင်းသုံးဆယ် ရှိပြီဖြစ်သည့် ချစ်လှစွာသော ဝမ်းကွဲအစ်မ။ နယ်သို့ မပြန်မီတစ်ရက်တွင် ကျွန်တော်ရောက်အောင်သွားခဲ့ပါသည်။

ကျွန်တော်တည်းခိုနေထိုင်သော သူငယ်ချင်း၏တိုက်ခန်းမှ ဒေါ်လေး၏အိမ်သို့ ရထားနှစ်တန်၊ ကားတစ်တန်စီးရသည်။ (ရထားနှစ်တန်ဆိုသည်မှာ  သီရီမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ရထားစီးရသည်။ ဘူတာကြီးရောက်လျှင် ကံဘဲ့ဘူတာသို့ ဆက်စီးရခြင်းကို ဆိုလိုပါ၏)။ ထို့နောက် ၃ ဖာလုံသာသာခန့် လမ်းလျောက်ရသည်။

သစ္စာလမ်းအတိုင်းကားစီးလာရင်း စာတိုက်လမ်းဆုံနေရာလေးသို့ ရောက်ကာနီးတွင် ဆရာဦးတင်ရွှေ၏ ကျူရှင်ကြော်ငြာဆိုင်းဘုတ်များ ရှိလေမလားဟု ကားပေါ်မှမျှော်ငေးမိသည်။ ထိုအခိုက်အတန့်လေး၌ ငယ်ဘဝ၏ ရနံ့တို့သည် အာရုံခံစားမှုသို့ လာရောက်တွယ်ငြိကြသည်။ စိတ်၏ အထင်မျှသာဖြစ်၏။ လမ်းများ၊ကားများ၊ လူများသည် လွန်ခဲ့သောနှစ်ကာလများကလို ကျွန်တော်မြင်ဖူးနေကျမဟုတ်တော့။ လမ်းနံဘေးဝဲယာမှ သစ်ပင်ကြီးများလည်း ရှိမနေကြတော့။ လုံးချင်းအိမ်ကလေးများလည်း ရှားပါးသွားချေပြီ။

ဒေါ်လေးနေထိုင်ရာ လမ်းသွယ်လေးသို့ ချိုးကွေ့ဝင်လိုက်လျှင် သုံးလေးလွှာခန့်မြင့်မည်ဖြစ်သော တိုက်ခန်းများက ဆီးကြိုနေကြသည်။ ယခင်က ကျောက်စရစ်လမ်းကလေးသည် ကွန်ကရစ်လမ်းဖြစ်နေပြီ။ ဒေါ်လေးတို့နေထိုင်ရာ အိမ်ကလေးမှာ လုံးချင်းအိမ်ကလေးအဖြစ် ရှိနေသေးသည်။ ထိုအိမ်လေး၌ ကျွန်တော်နေထိုင်ခဲ့ဖူးသောကာလများတွင် ခုနှစ်ရက်တစ်ပတ်လျှင် စာတစ်စောင်ခန့် အဖေ့ဆီက လာတတ်သည်။ ၈၃၅/၂၃ လမ်း ဟူသော အဖေ့လက်ရေးကိုကြည့်ရင်း စာအိတ်ကို တယုတယဖောက်ဖတ်ဖြစ်ပါသည်။ အဖေ့စာများတွင် ကျွန်တော့် ဘဝအတွက် လမ်းပြမြေပုံများ အမြဲလိုပါခဲ့ပါသည်။ ခြံအတွင်းတွင် အိမ်ကလေးနှစ်လုံးဖြစ်သွားပေပြီ။ အိမ်ခေါင်းရင်း မြက်ရိုင်းတောနေရာလည်း မရှိတော့ပါ။ သက်တောင့်သက်သာ ရှိမည့် ပုံ ရသော ခုတင်တလုံးပေါ်တွင် ဒေါ်လေးလှဲလျောင်းနေပါသည်။

ဒေါ်လေး၏ လက်ဖဝါးကို ကျွန်တော်နှိပ်နယ်ပေးနေမိသည်။ စကားပြောသည့်အခါ လျှာအနည်းငယ်လိပ်နေသည်မှအပ ဒေါ်လေး၏ အခြေအနေမဆိုးလှ။ "လမ်းတော့ ကောင်းကောင်း မလျှောက်နိုင်သေးဘူး"ဟု အစ်မက ပြောသည်။ လွန်ခဲ့သည့် တစ်လကျော်ကျော်လောက်က ကျွန်တော် နယ်မှာပဲ ရှိနေသည်။ တညနေတွင် ဒေါ်လေးကို သတိရစိတ်ကြောင့် ဝမ်းကွဲအစ်မထံ ဖုန်းဆက်လိုက်သည်။ ထိုအချိန်တွင် အစ်မရောဒေါ်လေးပါ ဆေးရုံကြီးသို့ ရောက်နေကြသည်။ အပူလွန် အအေးလွန် ရာသီဥတုကြမ်းကြမ်းထဲတွင် ဒေါ်လေးက လေဖြတ်ချင်သလို ဖြစ်သွားသည်။ (ဆေးပညာအရတော့ ဘယ်လိုခေါ်ဝေါ်သည်ဟု ကျွန်တော်မသိပါ)။ ဆေးရုံအချိန်မီတင်လိုက်နိုင်သဖြင့် အခြေအနေအဆိုးကြီးဘက်သို့ ရောက်မသွားရခြင်းဟု အစ်မက ပြောပြနေသည်။ အစ်မသည် ခုတင်ဘေးမှနေ၍ ကျွန်တော်တို့တူဝရီးကို ကြည့်နေသည်။ ကျွန်တော်က အစ်မကိုကြည့်နေရင်း တစုံတရာကို တွေးမိလာသည်။ ယခု အစ်မရပ်နေသော နေရာ၊ ပြီးတော့ ကျွန်တော်တို့ရောက်နေသည့်အိမ်ခန်း။ ယခုနေရာသည် ယခင်က မြက်ရိုင်းတောနေရာလေးဖြစ်ပါသည်။

(နှစ်)
ကျွန်တော်နေထိုင်ရာအရပ်သည် မြို့ပြဖြစ်သည်။ လူနေမှု စရိတ်မြင့်မားလှသည်။ ထို့ကြောင့် ကုန်ဈေးနှုန်းတက်လာသည့် ဒဏ်ကို သိသိသာသာခံစားရသူပိုများလာသည်။ငွေကြေးများ ကမောက်ကမဖြစ်ထားကြသည်မှာ တစ်နှစ်နီးပါး ကြာခဲ့ပါပြီ။ ငါးရာ တစ်ထောင်၊ ငါးထောင် တစ်သောင်း ရှိစုမဲ့စု ပိုင်ဆိုင်သူများမှအစ ငါးသိန်း ဆယ်သိန်းပိုင်ဆိုင်သူများ ၊ ထို့ထက်မက ပိုင်ဆိုင်သူများ၊ သူဌေး သူကြွယ်များပါ အခက်အခဲတွေ့နေကြရသည်။ လောင်စာဆီဈေးနှုန်းများကလည်း ရုတ်ချည်းခုန်တက်သွားသည်။ ဘတ်စ်ကားမှတ်တိုင် လေးငါးတိုင်စာမျှသာဝေးသော ခရီးအတွက် ဘတ်စ်ကားမလာနိုင်၍ လေးဘီးငှားစီးမည်ဆိုလျှင်ပင် အဆင်မပြေချင်တော့ပါ။ လေးဘီးကားဆရာကလည်း ဓာတ်ဆီဈေးကြီးနေသည့် အကြောင်းကိုသာ တွင်တွင်ကြီး ငြီးပြ တတ်တော့သည်။ သူ့အတွက်လည်း ထိုမှတပါး တခြားအကြောင်းအရာကို ပြောပြစရာမရှိပြီ။

ကုန်ဈေးနှုန်းများ မတရားကြီးမြင့်တက်လာသည့်အပြင် အလုပ်အကိုင်ကလည်း ရှားပါးလာသည်။ ဈေးဝယ်မည့်သူထက် ဈေးရောင်းချမည့်သူသာ များပြားလာသည်။ အုပ်စိုးသူ အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကလည်း ပြင်းထန်သည်ထက် ပြင်းထန်လာခဲ့ပြီဖြစ်သည်။

သြဂုတ်လ၏ ပထမအပတ်ထဲတွင်ဟု ကျွန်တော်မှတ်မိနေသည်။ မာရှယ်လောစစ်ဥပဒေကို ညနေ ၆ နာရီတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓာတုဗေဒ ကျူရှင်တခုတွင် ကျွန်တော်ရောက်နေသည်။ ထိုသို့သောဥပဒေသည် မည်သို့သောအရာဖြစ်သနည်းဟု ဆရာ့ကိုမေးမိသည်။ "မင့်ရည်းစားနဲ့ လမ်းတွဲလျှောက်လာကို မျက်မုန်းကျိုး ရင်တောင် ဆံပင်ကို လေးကွက်ကြား ရိတ်ပစ်လို့ရတဲ့ဥပဒေမျိုးပေါ့ကွ"ဟု ဆရာက အနက်ဖွင့်သည်။ သာဓကပြသည်။ ထိုနေ့က ထိုအမိန့်ကို ဖီဆန်၍ လူတစ်သောင်းကျော်ခန့် ရန်ကုန်မြို့တွင်းသို့ လှည့်လည်ဆန္ဒပြကြသည်။ စစ်ဥပဒေကို ဖီဆန်မှုဖြင့် ပြည်သူလူထု ရာပေါင်းများစွာကို ဖမ်းဆီးခဲ့သည်။

သြဂုတ်လ(၈)ရက်ကိုတော့  တသက်မမေ့နိုင်အောင် မှတ်မိနေပါသည်။ ရန်ကုန်မြို့ လမ်းမပေါ် နေရာတိုင်း၌ လူတန်းစားပေါင်းစုံပါဝင်သော အထွေထွေ သပိတ်ကြီးကို ဆင်နွှဲကြသည်။ တနိုင်ငံလုံးရှိ ဆန္ဒပြလူထုကြီးက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊ မဆလ ပါတီနှုတ်ထွက်ရေးနှင့် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အဆုံးသတ်ရန် တောင်းဆိုကြသည်။ တနိုင်ငံလုံး အနယ်နယ်အရပ်ရပ်တွင် ဆန္ဒပြပွဲများ တပြိုင်တည်း ကျင်းပကြသည်။

နောက်တစနေ့ဖြစ်သော   သြဂုတ်လ(၉)ရက်နေ့တွင်လည်း ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ တပ်မ ၂၂ မှ စစ်သားများက လူထုကို ပစ်ခတ်ကြသည်။ ရာပေါင်းများစွာသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အဖမ်းခံရသည်။ ကျောင်းများအားလုံးပိတ်လိုက်သည်။ ကျွန်တော်က ဇာတိမြေကို ပြန်ချင်သည်ဟု ဒေါ်လေးကို ပူဆာမိသည်။"ကျောင်းက အချိန်မရွေးပြန်ဖွင့်နိုင်တာ ပဲ။ ကျက်စရာရှိတဲ့စာတွေကျက်ထား။ ပြီးတော့ အခုလိုအချိန်မျိုး အိမ်မှာလူများများရှိတော့ ပိုကောင်းတာပေါ့"ဟု ပြောပါသည်။

ထိုအတောအတွင်း နယ်မှာနေထိုင်သော အဖေ့ထံမှစာများကတော့ ရောက်ရောက်လာသေးသည်။ နယ်သို့ ပြန်မလာခဲ့ရန်၊ ရန်ကုန်ရှိဒေါ်လေးအိမ်၌သာ လိမ်လိမ်မာမာနေထိုင်ရန်၊ဝမ်းကွဲ အစ်မအာစောင့်ရှောက်ရန် အကြောင်းများကတော့ စာတိုင်း၌ ပါ၏။ တကယ်တော့ ကျောင်းများပိတ်ထားပြီဖြစ်၍ နယ်သို့ကျွန်တော်ပြန်ချင်နေပြီ ဖြစ်သည်။ အစ်မကို စောင့်ရှောက်ဖို့နေနေ သာသာ အစ်မကပင် ကျွန်တော့်အား ပြန်စောင့်ရှောက်နေရသည်။ ညနေခင်းအချိန်လေးများတွင် မောင်နှမနှစ်ယောက် သံသုမာလမ်းမကြီးပေါ်ထွက်ကာ စာစောင်များဖတ်ကြသည်။ ၈၈ အရေးတော်ပုံနှင့်ပတ်သက်ပြီး ရေးသားထားသောစာစောင်များဖြစ်ပါသည်။

ထိုစဉ်က ပန်းချီကိုကျွန်တော်စိတ်ဝင်စားနေသည်။ ထို့ကြောင့်ဖြစ်မည်။ အရောင်သစ်စာစောင်ကိုတော့ ကျွန်တော်မှတ်မှတ်ရရဖြစ်မိသည်။ ထိုသို့ စာစောင်များ ဖတ်နေကြစဉ် ကျွန်တော်စီးကရက်ဖွာတတ်နေပြီ။ ထိုကိစ္စကို အစ်မက သိပ်ပြီးကြည့်မရပါ။ သို့သော် သူက ကျွန်တော့်ကို နယ်သို့ပြန်မသွားစေချင်သူ။ ထို့ကြောင့် ဒေါ်လေးကို ပြန်မတိုင်ပါ။ နယ်သို့ပြန်သွားပြီး ပေတေလေလွှင့်သွားမှာမျိုး၊ ပညာရေးနိမ့်ကျသွားမှာမျိုးကို သူမလိုလား။

အစ်မက ဝမ်းကွဲဆိုပေသည့် ကျွန်တော့်ကို ချစ်ရှာပါသည်။ ဝမ်းကွဲအစ်ကိုကတော့ တေမိဖြစ်သည်။ သူ့ဘာသာ စာအုပ်တစ်အုပ်ဖတ်ပြီး ငြိမ်နေတတ်သည်။ မနက်စောစောတွင် အစ်မက ထမင်းလေးကြော်ကျွေးသည်။ မုန့်ဟင်းခါးဟင်းရည်လေး ဝယ်ခိုင်းပြီး ထမင်းကြမ်းခဲနှင့်ဖျော်၍ ကျွေးသည့်နေ့မျိုးဆိုလျှင် ကျွန်တော်ပျော်ရွှင်ပါသည်။ နေ့စဉ်ထုတ်စာစောင်များ၊သတင်းလွှာ များဖတ်နေရသဖြင့် အခြေအနေအရပ်ရပ်ကို ကျွန်တော်ခြုံငုံနားလည်နေပါသည်။ သို့သော် အမြဲတမ်းတော့ဗိုက်ဆာနေတတ်သည်။ တကယ်တော့အိမ်မှာ ကျွန်တော်အစားရဆုံးဖြစ်သည်။ ထမင်းစားကြပြီဆိုလျှင် နောက်တကြိမ်ထပ်မစားရတော့မည့်ပုံစံမျိုးဖြင့် ကျွန်တော်စားတတ်သည်။ တရေးတမောအိပ်သည်။ အိပ်ရာမှနိုးလာသောအခါ၌ ဗိုက်ပြန်ဆာနေတတ်သည်။

အိပ်ခြင်း၊ စားခြင်း၊ စာအုပ်ဖတ်ခြင်းနှင့် ဗိုက်ဆာနေခြင်းတို့မှတပါး တခြားလုပ်စရာအလုပ် မည်မည်ရရမရှိပါ။ ဇာတိမြေကို မနေနိုင်မထိုင်နိုင်လွမ်းသည့်နေ့မျိုးဆိုလျှင်တော့ အိမ်ခေါင်းရင်းမှ မြက်ရိုင်းတောလည်း မသက်သာရှာ။ စိတ်၏ ပြေရာပြေကြောင်းဖြစ်သော ဓားချက်များအောက်တွင် ပြားချပ်သွားတော့သည်။ တကယ်တော့ ကျွန်တော့်စိတ်သဏ္ဌာန်တွင် မြက်ပင်စိမ်းစိမ်း များကို မြက်ပင်ဟုပင် ထိုစဉ်က မထင်မြင်မိတော့ပဲ အငြိုးတကြီး ရှိနေခဲ့ပုံရပါသည်။

နေ့လယ်နေ့ခင်း အဆာပြေစားရန်အတွက် အုန်းသီးစိတ်များကို ရေခဲသေတ္တာထဲထည့်ထားပေးသည်။ ကြောင်အိမ်ပေါ်တွင် ထန်းလျက်ဗူးရှိသည်။ ဘီစကစ်မုန့်ပုံးများထဲ၌ပဲကြီးလှော်များ နှင့်ပဲ ကြားလှော်များရှိသည်။ ကြောင်အိမ်၏ အလယ်အဆင့်တွင် ပဲကြော်ဆံအထုပ်များလည်း ရှိနေသည်။ ရေခဲသေတ္တာအတွင်းမှ အုန်းသီးစိတ်များနှင့်ထန်းလျက်ခဲကို ဘယ်ညာနှစ်ဖက်ကိုင်ကာ တထိုင်ထဲလည်း စားပစ်လိုက်ဖူးသည်။ ထို့နောက် ရေခဲရေကို တကျိုက်ကျိုက်နှင့် သောက်နေလိုက်သည်။ ထိုအခါမျိုးတွင် အစ်မက ပြုံး၍ကြည့်နေတတ်ပါသည်။ တကယ်တော့ အစ်မသည် ကျွန်တော့်ထက် အသက် ၄ လသာကြီးပါသည်။ သို့သော် သူသည် လေးနှစ်လောက်ပို၍ ရင့်ကျက်နေခဲ့သည်။ အလိုက်ကန်းဆိုး နားမလည်သူက ကျွန်တော်သာဖြစ်သည်။

ထန်းလျက်ခဲများ၊ ပဲကြော်ဆံများ၊ ပဲကြီးလှော်များကို ဦးလေးနှင့်ဒေါ်လေးက ညောင်ပင်လေးဈေးသို့သွား၍ ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။ ထိုနေ့က အိမ်သုံးဆေးတချို့ကိုလည်း ဝယ်ယူခဲ့ ကြသေးသည်။ ပစ္စည်းများမနိုင်မနင်းဖြင့်ပြန်လာကြသော ဦးလေးနှင့်ဒေါ်လေးကို ကျွန်တော်တို့က ခြံအပြင်ထွက်၍ ကြိုကြရသေးသည်။ မရှိမဖြစ်ပစ္စည်းများ ဖြစ်သည်ဟု ဒေါ်လေးကပြော ပြပြီး ဆန်ဈေးများတရိပ်ရိပ်နှင့် တက်နေသေးသည့်အကြောင်းကို ဆက်ပြောပါသည်။

နောက်တစ်ရက်တွင် ရပ်ကွက်အတွင်းရှိ ဈေးသို့သွားရာ ကျွန်တော်လိုက်သွားရသည်။ ဒေါ်လေးက ဆန်အိတ်များဝယ်ယူသည်။ အိမ်သို့ သယ်ပို့ခိုင်းရန်အတွက် အလုပ်သမားရှာနေသည်ကို ကျွန်တော်ကန့်ကွက်လိုက်ပါသည်။ ထိုဆန်အိတ်များကို တအိတ်ချင်းထမ်း၍ တလှမ်းချင်းလှမ်းကာ အိမ်သို့ ကျွန်တော်သယ်ပိုးလာခဲ့သည်။ အိမ်ရှိလူကြီးသူမများသည် ကာလတခု အတွက်ရည်ရွယ်ကာ စားနပ်ရိက္ခာသိုမှီးနေကြောင်း ထိုနေ့ကမှ သိခဲ့ရပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှကျင့်သုံးနေသည့် တပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်သည့်ဆန္ဒပြပွဲများ သည်လည်း တနေ့တခြား အရှိန်အဟုန်ကြီးလာနေပေပြီ။ ဆန်ဈေးကြီးမြင့်လာသောကြောင့် "ဆန်တစ်ပြည် ဘယ်နှကျပ်၊ ဘယ်ကောင့်ခေါင်းကိုဖြတ်"ဟူ၍ပင် စီတန်းလမ်းလျှောက်ဆန္ဒပြ ပွဲများ၌ ကြွေးကြော်နေကြပြီ။

သံပုံးကို အားပါးတရတီးခဲ့ရသော ညတညလည်း ရှိခဲ့ဖူးပါသည်။ ထိုနေ့က  ဇူလိုင်လအတွင်းက ကျင်းပခဲ့သော မဆလပါတီဗဟိုကော်မတီ၏ အစည်းအဝေးမှ တင်မြှောက်ထားကြသော ပါတီဥက္ကဋ္ဌဦးစိန်လွင် ရာထူးမှဆင်းသည့်နေ့ဖြစ်သည်။ ဦးစိန်လွင်ကို ရာထူးမှ ဆင်းစေချင်သူ များလှပေသည်။ တရပ်ကွက်လုံးသံပုံးတီးသံ သောသောညံသွားခဲ့သည်။ ထိုသူသည် အစ ကတည်းကယဉ်သကို ဟု ဆိုရမည့်သူဖြစ်သည်။ တပ်မှူးဗိုလ်ချုပ်ဘဝမှာကတည်းက သွေးစွန်းသော သောကြာနေ့ကို ဖန်တီးခဲ့သူဖြစ်သည်။ ဆန္ဒပြသူ ထောင်ပေါင်းများစွာကို ရိုက်နှက်ဖမ်းဆီးခဲ့သူဖြစ်သည်။ လက်ရှိအနေအထားအရလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်းတွင် သေနတ်ဒဏ်ရာရသူများကို ဆေးကုသဖို့ပင်မနိုင်ရင်ကာ ဖြစ်နေပေပြီ။

ကျွန်တော်နေထိုင်ရာ လမ်းသွယ်လေး၏ထိပ်တွင် ဝါးခြမ်းများဖြင့် ခြံစည်းများ ကာထားလိုက်ကြပြီ။ ရပ်ကွက်အတွင်းမှ လူကြီးလူငယ်များသည် ဂိတ်တံခါးတပ်၍ ကိုယ့်ရပ်ကွက်ကိုယ် လုံခြုံရေးပေးကြပါသည်။ လမ်းသွယ်လေး၏ ထိပ်တွင်ရှိသော လုံခြုံရေးကင်းတဲသို့ ညအချိန်တွင် အဆာပြေစားရန် ထမင်းဆီဆမ်းနှင့်အကြော်ဆံများ သွားပို့ပေးဖူးသည်။

စစ်အာဏာရှင်၏ လက်သရမ်းကြီးဖြင့် မွှေနှောက်လိုက်သောကြောင့် ကြည်လင်နေမှုမှန်သမျှတို့ ပျောက်ဆုံးကုန်တော့သည်။ သူ့လူ ကိုယ့်လူ မနည်းကြီး ခွဲခြမ်းစိတ်ဖြာနေရသော အနေအထားများ။

စစ်ချီတေး၊ စစ်သည်တေးများကို တစ်နေကုန်မနားတမ်းလွှင့်ထုတ်ပြီး အ,ကာလသို့  ပို့ဆောင်ပေးကာနီးနေ့ရက်များ။

(သုံး)
ပြန်ကာနီးတော့ ဒေါ်လေးကို ထိုင်ကန်တော့ဖြစ်သည်။ ဒေါ်လေးအတွက် မည်သည့်ကန်တော့ပစ္စည်းမှ ဝယ်မလာဖြစ်သည့် အတွက် လက်ချည်းဗလာသာဖြစ်ပါသည်။

"ကျော်ကျော် လိမ်မာနော်"ဟု ဒေါ်လေးက ဆုပေးသည်။

ဟိုး...အတိတ်ကလိုဆိုလိုဖြင့် ဒေါ်လေးသည် ကျွန်တော့်အား စကားများစွာပြောပေလိမ့်မည် သို့တည်းမဟုတ် ထူးအိမ်သင် သီချင်းထဲကလို ပိုက်ဆံတစ်ပြားမှမရှိဘဲ သိက္ခာရှိချင်နေသော ကျွန်တော့်ကိုအံသြကာ စကားတစ်လုံးမှ ပြောမထွက်တတ် အောင်လည်း ဖြစ်ချင်ဖြစ်နေနိုင်ပါသည်။

အိမ်ထဲမှ ပြန်အထွက်တွင် ခြံစည်းရိုးဘေးရှိ ရေမြောင်းလေးထဲသို့ အမှတ်မထင် ငုံ့ကြည့်လိုက်မိသည်။ မြောင်းဖုံးလွတ်နေ သောနေရာမှ မြင်ရသော ရေကြည်ကြည်တွင် ငါးလေးတစ်ကောင် ကူးခတ်သွားပါသည်။

ကျော်ကျော် (မြရည်စမ်း)
၁၉၊ ၈၊ ၂၀၁၈

မောင်စွမ်းရည် ● လွတ်ပေမယ့်

$
0
0

မောင်စွမ်းရည် ● လွတ်ပေမယ့်
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၈

ငှက်ကလေးတကောင်
လှောင်ချိုင့်ထဲမှာ နှစ်များစွာ
အို - နာ အတောင်ကျွတ်။

လှောင်ချိုင့်ကလွှတ်
လေဝယ်လွတ်လဲ
တောင်ကျွတ် မွှေးကျဲ
မပျံဝဲနိုင်။

မောင်စွမ်းရည်
နိုဝင်ဘာ ၁၀၊ ၂၀၁၅

မင်းည ● စီးသူမဲ့ဖိနပ်များ

$
0
0
မင်းည ● စီးသူမဲ့ဖိနပ်များ
(မိုးမခ) သြဂတ်စ် ၂၆၊  ၂၀၁၈

ကျွန်တော် သဘောကျ၊  နှစ်ခြိုက်မိသည့် အသုံးအဆောင်ပစ္စည်းများထဲတွင် ဖိနပ်များလည်း ပါဝင်ပါသည်။ သဘောကျ နှစ် ခြိုက်မိသည့် အလျှောက်လည်း အလျဉ်းသင့်လျှင် သင့်သလို ဖိနပ်များကို ဝယ်ယူစုဆောင်းလေ့ရှိပါသည်။ ကျွန်တော့်ထံ တွင် အမှတ်တံဆိပ်မျိုးစုံဖြင့် ဖိနပ်အမျိုးအစား အတော်စုံလင်စွာပင် ရှိနေခဲ့ပါသည်။  ထို့အတူ ဖိနပ်များကို မည်သည့်ခုနှစ်တွင် မည်သည့်နိုင်ငံမှ စတင်အသုံးပြုခဲ့သည် ဖိနပ်များ မည်သို့ဖြစ်ပျက်ပေါ်ပေါက်လာသည်ဆိုသော အချက်အလက်များကို စိတ် ဝင်စား စူးစမ်းခဲ့ဘူးသလို ဖိနပ်များသာ မပေါ်ပေါက်ခဲ့လျှင်ဆိုသည့် အတွေးမျိုးကိုလည်း မကြခဏပင် တွေးမိခဲ့ဘူးပါသည်။ တကယ်တော့ ကျွန်တော်တို့ အရွယ်မရောက် လူလားမမြောက်သေးခင်ကပင် ဖိနပ်များနှင့် ထိတွေ့နေခဲ့ရပြီ ဖြစ်ပါသည်။ တကယ်လည်း ကျွန်တော်တို့၏ မိဘညီအကိုမောင်နှမများသည်  ကျွန်တော်တို့ လမ်းကို ကောင်းမွန်ဖြောင့်တန်းစွာ မ လျှောက်တတ်သေးခင်ကပင် ဖိနပ်များကို ဝယ်ယူဆင်မြန်းပေးခဲ့ကြပါသည်။ ခြေတလှမ်း လှမ်းလိုက်တိုင်း ကျွီကနဲအသံ မြည်တတ်သည့်ဖိနပ်ကလေးများသည် ကျွန်တော်တို့ ပထမဦးဆုံးစီးနင်းခွင့်ရခဲ့သည့် ဖိနပ်များဟုပင် ပြောရလိမ့်မည် ထင်ပါ သည်။  ထို့အတူ ကျွန်တော်တို့ငယ်ဘဝများ၏ သင်္ကေတ၊  ကျွန်တော်တို့၏ လမ်းလျှောက်ချင်စိတ်ကို နှိုးဆော်ပေးခဲ့သော အရာများထဲမှတခုဟူ၍လည်း ပြော၍ရနိုင်ပါသေးသည်။ ဖိနပ်များနှင့်ပတ်သတ်၍ နောက်ထပ် ကျွန်တော်မှတ်မိနေခဲ့သည် တခုကတော့ ပုံပြင်တပုဒ်ပင် ဖြစ်ပါသည်။ တကယ်လည်း ဖိနပ်တဖက်ကို အကြောင်းပြုထားသည့် ကမ္ဘာကျော် စင်ဒရဲလား ပုံပြင်လေးက ကျွန်တော်တို့ ကလေးဘဝ ညပေါင်းများစွာကို လွှမ်းမိုးထားခဲ့ဘူးပါသည်။ ညကပွဲတခုတွင် မင်းသမီးလေး၏ ဖိနပ်တဖက်ကျွတ်ကျန်ခဲ့ပုံ မင်းသားလေးမှ ထိုကျန်ခဲ့သည့် ဖိနပ်တဖက်ဖြင့် မင်းသမီးလေးကို မရမက လိုက်လံရှာဖွေခဲ့ပုံ အကြောင်းအရာများက ကလေးဘဝများကိုလွန်မြောက်၍ အရွယ်ရောက်လာသည့်အထိပင် ကျွန်တော်တို့၏ နှလုံးသားထဲ တွင် စွဲထင်နေခဲ့ကြပါသေးသည်။

ထို့အတူ အရွယ်ရောက်လာသည်နှင့်အမျှ ကျွန်တော်တို့သည်လည်း ဖိနပ်များဖြင့် ပိုမိုထိတွေ့ ရင်းနီးလာခဲ့ကြရပါသည်။ စင်ကြယ်ဖိနပ်၊ မြင်းကြယ်ဖိနပ်၊ ကတ္တီပါဖိနပ်၊ အစရှိသည့် ဖိနပ်အမျိုးအစားပေါင်း မြောက်များစွာထဲမှ ကျွန်တော်တို့ကြိုက်နှစ် သက်သည့်ဖိနပ်များ ကျွန်တော်တို့ ခြေထောက်များဖြင့် သင့်တော်အဆင်ပြေမည့် ဖိနပ်များကို ဝယ်ယူဝတ် ဆင်ခဲ့ကြပါသည်။ တကယ်တော့ ဖိနပ်များနှင့်ပတ်သတ်၍ အမှတ်ရစရာများက ကျွန်တော့်ထံတွင် မြောက်များစွာပင် ရှိနေခဲ့ပါသည်။ ထိုမြောက် များစွာသော အမှတ်ရစရာများထဲမှ ကျွန်တော်အမှတ်မိဆုံးကတော့ ဝထ္ထုတိုတပုဒ်ကိုပင်ဖြစ်ပါသည်။ ဟုတ်ပါသည်။ ဝတ္ထု ရေးသူ၏အမည်မှာ ကိုခေးဖြစ်ပြီး  ၁၉၈၄ ခု ဒီဇင်ဘာလထုတ် ပန်းဝေသီမဂ္ဂဇင်းမှာ ပါဝင်ခဲ့သည့် ကျောင်းအဆင်းမှာ ဆိုသည့် ဝထ္ထုတိုလေးပင် ဖြစ်ပါသည်။ ဆရာသည် သူ၏ ထိုဝထ္ထုလေးတွင် ဖိနပ်အသစ်ဝယ်ဖို့ရာ မတတ်နိုင်သည့် ကျောင်းသားလူငယ် တယောက် မြောင်းထဲမှ ဖိနပ်အပြတ်တရံကို ရယူပုံကို ရေးဖွဲ့ထားပြီး ဝထ္တုလေး၏ အဆုံးသတ်ကိုတော့ သတိသံဝေဂရယ်ဖွယ် စာကြောင်းကလေးတကြောင်းဖြင့် အဆုံးသတ်၍ထားပါသည်။ ကျွန်တော် နှစ်သက် မှတ်မိနေခဲ့သည်မှာလည်း ထိုစာကြောင်း လေးကိုပင် ဖြစ်ပါသည်။ တကယ်လည်း ထိုဝထ္ထုထဲမှ "ငါ့မှာဖိနပ်မရှိတော့ ငါငိုမိတယ်။ ခြေထောက်မရှိတဲ့သူတွေ့တော့ ငါ အငိုရပ်သွားတယ်"ဆိုသည့် စကားလေးက ကျွန်တော့်နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် ဖတ်မိသည့်နေ့မှစတင်၍ စူး တချောင်းလို စူးနစ်ဝင်နေခဲ့ပါသည်။ တကယ်လည်း ကျွန်တော်တို့၏ပတ်ဝန်းကျင်များတွင် ကျွန်တော်တို့ တွေ့ကြုံခံစား နေရ သည့် အဖြစ်အပျက်များထက် အဆပေါင်းမြောက်များစွာ ဆိုးရွားသည့်အဖြစ်အပျက်များကို ခံစားနေခဲ့ရသူများကို တွေ့မြင်နိုင်ကြရမည်ဖြစ်ပါသည်။

အိမ်ခြေယာမဲ့ ကြုံရာနေရာကို အိမ်လုပ်နေကြရသူတွေ တောင်းရမ်းစားသောက် အသက်မွေးမြူနေရသူတွေ စိတ်ပေါ့သွပ်ရူးနှမ်းနေသူတွေနှင့်အနာရောဂါ ကြီးမားစွာ ခံစားနေရသူများကို ထုနှင့်ဒေးပင် တွေ့မြင်ကြရမည် ဖြစ်သည်။ ထို့အတူ မျက်စိ မမြင်သူ ကိုယ်လက်အင်္ဂါမသန်စွမ်းသူပေါင်းမြောက်များစွာကိုလည်း တွေ့မြင်နိုင်ကြပါသေးသည်။ ထိုကဲ့သို သောကပရိဒေဝ ပေါင်း မြောက်များစွာဖြင့်  လူများကို တွေ့မြင့်မိသည့်အခါတိုင်းတွင်လည်း ကျွန်တော်သည် အထက်ပါစာသားလေးကို သတိ ရသွားမိတတ်ပါသည်။ တကယ်လည်း ဖိနပ်မရှိသူတယောက်နှင့် ခြေထောက်မရှိသူတယောက်ကို နှိုင်းယှဉ်ကြည့်သလိုမျိုး  ကျွန်တော်ရင်ဆိုင်ခံစားနေရသည့် ဒုက္ခများကို တချို့တော့သူများ ရင်ဆိုင်နေရသည့် ဒုကဒ္ခများနှင့် နိုင်းယှဉ်ကြည့်လိုက်လျှင် ကျွန်တော်တို့ ခံစားနေရသည်မှာ ဒုက္ခဟု နာမည်တပ်၍ မရသည့်အထိ မှေးမှိန်သွားသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် စစ်ဘေးစစ်ဒဏ်ကို ခံနေရသည့်ဒေသများ အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်တတ်သည့်ဒေသများရှိ လူများ၏ သောကပရိဒေဝများနှင့် နှိုင်းယှဉ်လိုက်လျှင် ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရသည် ဒုက္ခဆိုသည်များက ရယ် မောစရာတခုအဖြစ်သို့ပင် ရောက်ရှိသွားလိမ့်မည်ဟု ထင်ပါသည်။

မည်သို့ပင် ဖြစ်စေ။ ဖိနပ်များ၏အကြောင်းကို ပြောမည်ဆိုလျှင် ခြေထောက်များ၏အကြောင်းကိုလည်း ချန်ထားခဲ့၍ မရဟူ ထင်ပါသည်။ တကယ်လည်း ဖိနပ်ဆိုသည်မှာ ခြေထောက်များရှိမှသာလျှင် စီးနင်းခွင့်ရသည့်ပစ္စည်းဖြစ်ပါသည်။ ခြေ ထောက်မရှိသူတယောက်အတွက် ဘယ်လောက်တန်ဖိုးကြီးသည့် ဖိနပ်ဖြစ်နေသည်ဖြစ်စေ အသုံးဝင်လိမ့်မည်မဟုတ်ပါ။ တကယ်တော့ ဖိနပ်များသည် ကျွန်တော်တို့အတွက် တချို့သော စူးညှောင့်ခလုတ်များ၏ရန်မှ ကာကွယ်ပေးနိုင်သည်မှ အပ ကျွန်တေိာ့တို့ဘဝ၏ အရေးပါလှသည့် အခန်းကဏ္ဍတွင် ရှိနေခဲ့သည်မမဟုတ်ပါ။ သို့ပါသော်လည်း ထိုဖိနပ်များကို စီးနင်းခွင့် ရသည့်ခြေထောက်များကတော့ ကျွန်တော်တို့ဘဝအတွက် အရေးပါသည့် ခန္ဓာကိုယ်အစိတ်အပိုင်းတခုအဖြစ် တည်ရှိနေခဲ့ပါ သည်။

ဖိနပ်မရှိသူတယောက်အတွက် ဘယ်လိုဆိုးကျိုး ကြီးကြီးမားမား ဖြစ်ပေါ်လာစေခြင်း မရှိနိုင်သော်လည်း ခြေထောက်မရှိသူ တယောက်အတွက်တော့ သူ၏ တဘဝလုံးကိုပင် ဆုံးရှုံးသွားစေနိုင်သည်အထိ ဆိုးကျိုးများ ဖြစ်ပေါ်လာစေနိုင်လိမ့်မည်ဖြစ်ပါသည်။ တကယ်လည်း ခြေထောက်များကို ဆုံးရှုံးလိုက်ရခြင်းကြောင့် ကျန်သည့်အရာများကိုပါ စွန့်လိုက်ကြရသည့်လူများကို မြောက်များစွာပင် တွေ့ရှိခဲ့ဘူးပါသည်။ အထူးသဖြင့် အချို့သောသူများသည် သူတို့၏ခြေထောက်များ လက်များနှင့်အတူ သူတို့၏ ဘဝများ အလုပ်အကိုင်များကိုပါ စွန့်လွှတ်ခဲ့ကြရပါသည်။

တကယ်လည်း မိမိတို့၏ မူလအလုပ်မဟုတ်သည့် စာအုပ်စာစောင်များကို လှည့်လည်ရောင်းချ အသက်မွေးနေရသည့် ခြေတုတပ် စစ်သားဟောင်းကြီးများကိုအခါပေါင်း မြောက်များစွာပင် မြင်တွေ့ခဲ့ရဘူးပါသည်။ ထိုသို့ မြင်တွေ့မိမိတိုင်းမှာလည်း ကျွန်တော်သည် ဆရာအောင်ကိုကိုလတ် (တမူး) ရေးသားထားသည့် "စစ်ခြေထောက်စွပ်ပြုတ်"  ဆိုသည့် ကဗျာလေးထဲမှ ...

"မြေမြှုပ်မိုင်းထဲပါသွားတဲ့
ခြေထောက်တဖက်ကိုပြန်တွေ့တယ်
နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး
ငယ်ငယ်တုန်းက ဆော့ကစားရင်းပြောခဲ့ဖူးတယ်
မြေမြှုပ်မိုင်းနင်းမိပြီးရလာတဲ့
ခြေတုတဖက်ပျောက်နေတယ်
ခြေတလှမ်း ကုဋေတသန်းတန်တယ်ဆိုတဲ့စာအုပ်တွေ
သင့်အိမ်ရှေ့ လာရောင်းတဲ့အခါ အားပေးပါ"


ဆိုသည့် စာသားများကို ပြေးမြင်သတိရသွားမိတတ်ပါသည်။ တကယ်တော့ ထိုစစ်သားဟောင်းကြီးများသာမက ကျွန်တော် နိုင်ငံတွင် ဖိနပ်စီးခွင့်မရတော့သည့် လူပေါင်း မြောက်များစွာရှိနေခဲ့ပါသည်။ ထိုသူများထဲတွင် မှုလတန်းအရွယ်ကလေး များလည်းပါသလို လူငယ် လူရွယ်နှင့် လူကြီးများလည်း ကျန်မနေရစ်ခဲ့ပါ။ ပို၍ ထူးခြားသည်က ထိုလူများထဲမှာ အများစုသည် စစ်၏ဘေးထွက်ဆိုးကျိုးများကို ခံစားခဲ့ရသည့်သူများ ဖြစ်နေခဲ့ခြင်းဖြစ်ပါသည်။ တိတိကျကျ ပြောရလျှင် မြေမြှုပ်မှိုင်းများ၏ ဒဏ် လက်နက်ကြီး လက်နက်ငယ်များ၏ ဒဏ်ကို ခံစားထားရသည်သူများသာ ဖြစ်ပါသည်။ မည်သည့်တိုက်ပွဲတခုခုမှ ဝင် ရောက်မတိုက်ခိုက်ပဲ သူတို့ ခြေထောက်များကိုသာမက သူတို့၏ အိုးအိမ် စည်းစိမ် လယ်ယာကိုင်ကျွန်းများ စွန့်လွတ်ထား ခဲ့ရသူများဟု ပြောလျှင်တော့ ပိုမှန်လိမ့်မည်ထင်ပါသည်။ မည်သို့ပင်ဖြစ်စေ ဖိနပ်မရှိခြင်းဖြင့် မည်သည့်အရာတခုကိုမှ ဆုံးရှုံး မသွားနိုင်သော်လည်း ခြေထောက်မရှိလျှင်တော့ တစုံတခု (သို့မဟုတ်) တစုံတခုထက် ပိုသည့်အရာများကို ဆုံးရှုံးသွားနိုင် သာ ဖြစ်ပါသည်။ ထိုအတူ ဖိနပ်စီးခွင့်မရှိသည့်ခြေထောက်များ နောက်ထပ်တိုးပွားမလာဖို့နှင့် စီးသူမဲ့နေသည် ဖိနပ်ကလေး များ ထပ်မံမပေါ်လာဖို့အတွက်ကိုလည်း  ဆုတောင်းနေခဲ့မိပါတော့သည်။

မင်းည

္ခ္လအမေရိကန်ဆီနိတ်တာ ဂျွန်မက်ကိန်း ကွယ်လွန်ရှာပြီ

$
0
0

အမေရိကန်ဆီနိတ်တာ ဂျွန်မက်ကိန်း ကွယ်လွန်ရှာပြီ
မောင်လူပေ၊ (မိုးမခ) သြဂုတ်၂၅၊ ၂၀၁၈


အမေရိကန်ဆီနိတ်တာ ဂျွန်မက်ကိန်းဟာ ဒီနေ့(25/08/18) စနေ ညနေပိုင်းမှာ ဦးနှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါပြီ။ သူကွယ်လွန်ချိန်မှာ အသက်(၈၁)နှစ်ရှိပြီဖြစ်ပြီး မိန်းမ နဲ့ ကလေး ခုနှစ်ယောက်ကျန်ရစ်ပါတယ်။

ဆီနိတ်တာမက်ကိန်းဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဖိနှိပ်ခံမြန်မာပြည်သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တောက်လျှောက်အားပေးထောက်ခံခဲ့သူ တစ်ယောက်ဖြစ်လို့ မြန်မာပြည်သူများအတွက်လည်း ဆုံးရှုံးမှုတစ်ခုလို့ ဆိုရင်မမှားပါ။

ဆီနိတ်တာမက်ကိန်းရဲ့အဖိုးနဲ့အဖေတို့ဟာ အမေရိကန်စစ်တပ်ရဲ့ ကြယ်လေးပွင့်ဗိုလ်ချုပ် တွေဖြစ်ပြီး သူကိုယ်တိုင်ကလည်း အမေရိကန်လေတပ်မှာ လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ဗီယက်နမ်စစ်ပွဲအတွင်း သူ့လေယာဉ်ပစ်ချခံရတဲ့အတွက် ဗီယက်နမ်တွေလက်ထဲမှာ စစ်သုံ့ ပမ်းအဖြစ် ငါးနှစ်ခွဲခန့် နှိပ်စက်ညှင်းပမ်းခံခဲ့ရတယ်။ (ဖြည့်စွက် - ဗီယက်နမ်တွေက မက်ကိန်းကို အမေရိကန်ကစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားဖြစ်တာကြောင့် အပေးအယူအဖြစ် လွှတ်ပေးမယ် ကမ်းလှမ်းသော်လည်း သူ့တပ်သားတွေနဲ့အတူ သုံပန်းအဖြစ် ရပ်တည်နေထိုင်ခဲ့ပါတယ်၊ တကိုယ်ရည်လွတ်မြောက်မှုကို မရွေးခဲ့ပါ) နှိပ်စက်ခံခဲ့ရမှုတွေကြောင့် ဘဝတစ်လျှောက်လုံးမှာ ခြေတစ်ဖက် သိသိသာသာ ဆာသွားခဲ့ရသလို သူ့လက်တွေကလည်း ပုခုံးကိုကျော်ပြီး မြှောက်လို့မရတော့။

စစ်သုံ့ ပန်းဘဝက လွတ်လာပြီးဆယ်နှစ်အကြာ ၁၉၈၂မှာ အမေရိကန်နိုင်ငံရေးလောကထဲရောက်လာခဲ့တယ်။ ကွန်ဂရက်အမတ်အဖြစ် လေးနှစ်တာတာဝန်ယူခဲ့ပြီး ဆီနိတ်တာအဖြစ် ငါးကြိမ်တိုင် ပြန်လည်ရွေးကောက်ခံခဲ့ရတဲ့ မက်ကိန်းဟာ သူသေဆုံးချိန်အထိ နိုင်ငံရေးသမားဘဝကိုခံယူခဲ့တယ်။ အာရီဇိုးနားပြည်နယ်ရဲ့ဆီနိတ်တာဘဝနဲ့ အမေရိကန်ပြည်သူတွေကို နောက်ဆုံးအချီန်ထိ အလုပ်အကျွေးပြုခဲ့တယ်။

ဆီနိတ်တာမက်ကိန်းဟာ ဘဝအမြင်ရိုးရှင်းသလို တဖက်သားအပေါ်မှာလည်း ဖိနှိပ်လိုစိတ်မရှိ။ အမှန်ဖက်ကပဲအမြဲရပ်တည်ခဲ့တယ်။ သူနဲ့ အိုဘာမားတို့ရဲ့ ၂၀၀၈ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတစ်ခုအတွင်း သူ့ရဲ့ထောက်ခံသူအမျိုးသမီးက အိုဘားမားဟာ အာရပ်တစ်ဦးဖြစ်လို့ မကြိုက်နှစ်သက်ကြောင်း ပြောတဲ့အခါ သူက"အိုဘားမားဟာ အာရပ်မဟုတ်ကြောင်း၊ မိသားစုကိုချစ်တတ်တဲ့သူ၊ အမေရိကန်တစ်ဦးသာ ဖြစ်ကြောင်း၊ နိုင်ငံရေးခံယူချက်အမြင်တွေ မတူညီတာကလွဲရင် အိုဘားမားကို သူလေးစားကြောင်း"တွေ ပြောပြခဲ့တယ်။ ပြိုင်ဖက်ကို မနှိမ်ပဲ၊ မကောင်းတဲ့အချက်တွေနဲ့မတိုက်ခိုက်ပဲ ရိုးသားစွာပဲ ယှဉ်ပြိုင်ခဲ့တယ်။ ရွေးကောက်ပွဲမှာ အိုဘားမားအနိုင်ရတဲ့အခါမှာလည်း အနိုင်ရသူအတွက် ဝမ်းသာစကားပြောကြားပြီး သူ့ အရှုံးအတွက် လက်ခံခဲ့တယ်။

ဆီနိတ်တာမက်ကိန်းဟာ အမေရိကန်သမ္မတ ထရန့်နဲ့တော့ ကောင်းမွန်တဲ့ဆက်ဆံရေး မရှိ။ ထရန့်ရဲ့ လဝကဥပဒေပြောင်းလည်းမဲ့ အကြံဉာဏ်တွေဟာ ရူးနှမ်းတဲ့လုပ်ရပ်တွေပဲလို့ တောက်လျှောက်ဝေဖန်ခဲ့သလို အမေရိကားသာ ပထမဆိုပြီး ကမ္ဘာ့ခေါင်းဆောင်ဘဝက နှုတ်ထွက်ဖို့ ကျိုးစားမှုတွေကိုလည်း မှားယွင်းကြောင်း ထောက်ပြခဲ့တယ်။ သူ့ကိုအနိုင်ယူခဲ့သူ သမ္မတအိုဘားမားရေးဆွဲခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအာမခံဥပဒေကို ပယ်ဖျက်ဖို့ ဆီးနိတ်မှာ မဲခွဲကြတဲ့အခါမှာလည်း ဦးနောက်ကင်ဆာဖြစ်နေလို့ ဆေးကုသမှုခံယူနေရတဲ့ကြားက ဆီးနိတ်ကို ရောက်ရှိလာပြီး ကျမ်းမာရေးစောင့်ရှောက်မှုဥပဒေ အသစ်မရေးနိုင်သေးပဲ ရှိနေတဲ့ဥပဒေပယ်ဖျက်မှုကို လက်မခံကြောင်း၊ သူဆန့်ကျင်ကြောင်း မဲပေးခဲ့လို့ အိုဘားမားကဲကို ဖျက်သိမ်းဖို့ သမ္မတထရန့်ရဲ့ ကျိုးစားမှုတွေအရာမထင်ခဲ့။ 

(ဖြည့်စွက် - မက်ကိန်းဈာပနအစီအစဉ်မှာ သူ့နောက်ဆုံးမှာကြားချက်အရ သမတဟောင်းတွေဖြစ်ကြတဲ့ အိုဘားမား၊ ဂျော့ဘွတ်ကို ဖိတ်ခိုင်းပါတယ်။ သူတို့ကို ဈာပနမှာ အမှတ်တရစကားပြောပေးပါ ... တဲ့။ လက်ရှိသမ္မတ ဒေါ်နယ်ထရန့်ကိုတော့ လုံးဝ လုံးဝ မဖိတ်ပါ။ လာစရာမလိုပါတဲ့ ... သေသည်အထိ နိုင်ငံရေး ပြတ်သားမှုကို ပြသွားပါတယ်။)

သူဟာ သူ့ဘဝတစ်လျှောက် ရိုးသားစွာရပ်တည်ခဲ့သလို ခံယူချက်တွေကလည်း မှန်ကန်ခဲ့လို့ ဒီမိုကရက်အမတ်တွေရဲ့ လေးစားမှုကိုပါ ရရှိခဲ့တဲ့ ရှားရှားပါးပါး ရီဗာဗလစ်ကင်ဆီနိတ်တာတစ်ဦးဆိုလည်း မမှားပါဘူး။ ပါတီအရေးထက် အမေရိကန်ပြည်သူတွေရဲ့အရေးကိုသာ အမြဲဦးစားပေးဆုံးဖြတ်ခဲ့သူ၊ ဘဝကို ရိုးရှင်းစွာမြင်တတ်သူ ဆီနိတ်တာမက်ကိန်းဟာ သူရဲ့နောက်ဆုံးအချိန်တွေမှာ ဦးနှောက်ကင်ဆာရောဂါနဲ့တိုက်ပွဲဝင်ရင်း ကွယ်လွန်ခဲ့ပါပြီ။

သူကွယ်လွန်မှုဟာ အမေရိကန်ပြည်သူတွေအတွက်သာမကပဲ ကမ္ဘာပေါ်က ဖိနှိပ်ခံပြည်သူအားလုံးအတွက် ကြီးစွာသောဆုံးရှုံးမှုတစ်ရပ်ဖြစ်ပါကြောင်း။


ချစ်တဲ့
မောင်လူပေ

ခက်သီ ● တပါးသောအရပ်က မိုးတွေ

$
0
0
ခက်သီ ● တပါးသောအရပ်က မိုးတွေ
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၈

မိုးတိမ်တွေ ပြေးနေရင်းသံခွာကျွတ်တယ်
မုန်သုန်က ဆားနည်းနည်းပေါ့တယ်။

မိုးရေတွေက ပြည်တွင်းဖြစ်မဟုတ်ဘူး
တောင်ကတုံးကို သျှောင်ထုံးလို့မရတော့ဘူး
ဂျယ်လီဘူးခွံတွေလို ရွှေတွင်းတွေ။

ကောင်ကင်ကကြည့်တော့ ဝေဖာတွေ
မျက်ရည်ဟာ ဆည်လိုကျိုးကျနေ
စစ်ချည်းပဲတိုက်နေတော့ ရေကလည်းကြီးတာပေါ့။

တပါးသောအရပ်က မိုးတွေ
ယန္တယားပျက်ကြီးပေါ်မှာ စီရင်ချက်ကျတယ်
ကြေအေးခွင့်မရှိတော့ဘူးလား
ကိုယ်မကျူးလွန်ခဲ့ရသော ပြစ်မှုတွေမှာ။

ခက်သီ
၂၉၊ ၇၊ ၂၀၁၈

ကာတွန်း စိုးကြီး (ပေါင်းတည်) ရဲ့ အခြေအနေက ...

$
0
0

ကာတွန်း စိုးကြီး (ပေါင်းတည်) ရဲ့ အခြေအနေက ...
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၈

နိုင်စွမ်း ● အချိန်လက်ဆောင် နာရီလေးတလုံး

$
0
0
 နိုင်စွမ်း ● အချိန်လက်ဆောင် နာရီလေးတလုံး
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၈

ဆွေမျိုးရင်းချာလို ခင်မင်ရတဲ့ မိတ်ဆွေ ညီမငယ်တဦးက လက်ပတ်နာရီတလုံး လက်ဆောင်ပေးတော့ ဝမ်းသာစိတ်နဲ့အတူ တွေးပူမိတဲ့စိတ်တွေ ကျနော့်ရင်မှာ တလှည့်စီ တလှည့်စီ ဖြတ်သန်းသွားပါတယ်။ တဆက်တည်း နာရီတလုံး ရရှိပိုင်ဆိုင်ရ ပေမယ့် အချိန်တော့ မပိုင်ဆိုင်သေးဘူးဆိုတဲ့ သီချင်းစာသားကိုလည်း သတိရမိလိုက်ပါတယ်။

သူ့သဘော သူဆောင်သွားနေတဲ့ အချိန်ရေစီးကြောင်းထဲမှာ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို ပိုင်တယ်အထင်နဲ့ အချိန်စီး ကြောင်း ခေါ်ဆောင်ရာ ဒယဥ့်တိုက်လိုက်ပါနေရတယ်ဆိုတာ အရင်က မသိမြင်လိုက်မိခဲ့ပါ။ Time will speaks. ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်လည်း ကောင်းကောင်းနားမလည်ခဲ့ဘူးပေါ့။ အချိန်က စကားပြောလိမ့်မယ်ဆိုပေမယ့် အချိန်က ဘာစကား တွေပြောမှာလဲလို့လည်း ငယ်စဉ်က တွေးတောခဲ့ဖူးပါရဲ့။

တခါတလေ ကျနော်ကိုယ်တိုင် သဘောပေါက်နားလည်မိတာတော့ ရှိပါတယ်။ အချိန်စီးကြောင်းကို ရေစီးကြောင်းအဖြစ်နဲ့ နားလည်ကြည့်ပါတယ်။ ကျနော်ကလည်း ကျနော့်အချိန်ရေစီးကြောင်း ခေါ်ဆောင်ရာသွားလို့၊ တခြားလူ တခြားလူတွေ လည်း သူ့တို့ အချိန်ရေစီးကြောင်း ခေါ်ဆောင်ရာလိုက်ပါသွားကြလို့ပေါ့။

အဲဒီမှာ တိုက်ဆိုင်မှု တခုကြောင့် တယောက်ရဲ့ အချိန်ရေစီးကြောင်းနဲ့ တခြားတယောက်ရဲ့ အချိန်ရေစီးကြောင်းတို့ တခုကို တခု ဖြတ်သန်းစီးဆင်းရမယ့်အခြေအနေတရပ်ဖြစ်လာတဲ့အခါ စီးကြောင်းတွေဟာ ချက်ချင်းစီးဆင်း မသွားနိုင်ကြသေးဘဲ တွေ့ဆုံတဲ့ နေရာလေးမှာ ခဏတာ ဝဲလည်ရပါတယ်။ နောက်မှ တဖြည်းဖြည်း ကိုယ့်စီးကြောင်းအတိုင်း ဆက်လက်စီးဆင်း သွားရပါတော့တယ်။

ကျနော်တို့ဟာ အဲဒီစီးကြောင်းထဲမှာ မျောပါလာတဲ့ ရော်ရွက်ဝါလေးတွေပေါ့။ ဝဲလှည့်ပြီး ဆက်လက်မစီးဆင်းမီ အချိန်အကန့် လေးအတွင်းမှာ မျောပါလာတဲ့ ကျနော်တို့ ရော်ရွက်ဝါလေးတွေ တဦးနဲ့တဦး၊ တယောက်နဲ့တယောက် တွေ့ဆုံကြရတဲ့ တဒင်္ဂ၊ ခေတ္တ၊ ယာယီသာ တွေ့ဆုံကြရတာပါ။ အချိန်တန်တော့ ကံကြမ္မာမွေ စေစားလေရာ လွင့်မျောပါရင်း မင်း ငါ အားလုံး အပြုံးပျက်ပြေး ဝေးဝေးလွင့်ကာ စီးမျောပါသွားရမှာက အသေအချာပါ။

တကယ်တော့ ဘဝစီးကြောင်းက စေ့ဖန်လာလို့ ကျနော်တို့ တွေ့ကြ ဆုံကြ ချစ်ကြ မုန်းကြ ပြုံးကြ မဲ့ကြ ဆိုတာတွေ ခံစားရတာလို့ ကျနော် မြင်ပါတယ်။ အဲဒီလို ချစ် မုန်း ပြုံး မဲ့ ဆိုတာတွေဟာ စိတ်ခံစားမှု သက်သက်သာ ဖြစ်ပြီး တကယ် အစစ်အမှန် မဟုတ်ဘူး ဆိုတာလည်း တွေးမြင်လာမိပါတယ်။ အဲဒီ စိတ်ခံစားမှုတွေရဲ့ အထက်မှာ သို့မဟုတ် အဲဒီ ချစ် မုန်း ပြုံး မဲ့ ခံစားမှုတွေရဲ့ အလွန်မှာ ကွဲကွာရခြင်း၊ ခွဲခွာရခြင်းတွေ ရှိနေတဲ့ အကြောင်း၊ တခဏတာ ကျေနပ်ခြင်း မကျေနပ်ခြင်း တွေနဲ့ မူရင်း ပကတိစီးကြောင်းရဲ့သဘောကို မသိမြင်နိုင်ကြတာကိုလည်း သိမြင်လာပါတယ်။

ဒီနေရာမှာ နာရီလေးလက်ခံရရှိတော့ ကျနော့်ရဲ့ ဝမ်းသာစိတ်နဲ့ တွေးပူမိတဲ့စိတ်တွေအကြောင်းပြောပြဖို့ သင့်ပြီ ထင်ပါတယ်။ ဝမ်းသာတဲ့ အကြောင်းက သိမှုမှတ်မဲ့ ကျော်ဖြတ်ခဲ့၊ ဖြတ်သန်းခဲ့တဲ့ ကျနော့်ရဲ့ အကျင့်တခု တစုံတရာ ပြောင်းလဲဖို့ ဖြစ်လာ တာပါ။ ကျနော်ဟာ ဖြစ်စဉ်တွေကို ပြန်ပြောပြဖို့ ပြန်တင်ပြဖို့ အသေးစိတ် အနေအထားအထိ မှတ်မိတတ်ပေမယ့် အချိန်ကို တော့ မမှတ်မိတတ်ပါ။ အချိန်နာရီသာ တိတိကျကျ ပြောနိုင်မယ်ဆိုရင် ကျနော်မှတ်မိတာတွေက အကောင်းဆုံး မှတ်တမ်း တခု ဖြစ်နိုင်တယ်လို့ သူငယ်ချင်းတွေက ပြောပြဖူးပါတယ်။

ဒါပေမယ့် ကျနော့် အနေနဲ့ နာရီတလုံး ၀ယ်ပြီး အချိန်အတိအကျ ပြောဖို့ သိဖို့ အထိလည်း တခါဖူးမှ မစဉ်းစားမိခဲ့ပါ။ ပြီးတော့ နာရီက ကိုယ့်ကို တခုခု ချည်နှောင်နေတယ်လို့ ပြောခဲ့တဲ့ ကျနော့် ဦးလေးတဦးရဲ့ စကားကို နားဝင်သွားမိတာလည်း ဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့် နာရီဝယ်ဖို့ အထူးတလည် မကြိုးစားမိခဲ့ပါ။

အခုတော့ ကျနော် စဉ်းစားမိပါပြီ။ မိတ်ဆွေ ညီမငယ် လက်ဆောင်ပေးတဲ့ နာရီလေးကို ၀မ်းမြောက်ရွှင်မြူးစွာ လက်ခံပြီး ကတည်းက တခြားနာရီတွေနဲ့ ကိုက်ရဲ့လား၊ နောက်ပြီး သူတို့လို မှန်ရဲ့လား၊ တကယ်လို့ နောက်ကျနေရင် ဘယ်လို လုပ်မ လဲဆိုတာတွေ ကျနော် စဉ်းစားရပါပြီ။ နာရီကြည့်တာကိုလည်း သေချာသိအောင် လုပ်နေရပါပြီ။

အဲဒီလို နာရီနဲ့ ပတ်သက်ပြီး အစစ အရာရာ စဉ်းစားရင်းကျနော့်ရဲ့ ဘ၀ နောက်ဆုံးအချိန်က ဘယ်တော့လဲ ဆိုတဲ့ အထိ စဉ်းစားမိပြီး တွေးပူသွားမိပါတယ်။ ဘယ်လောက်ကျန်သေးလဲ၊ ဘာတွေ ပြင်ဆင်နိုင်သေးလဲ၊ ပြီးတော့ ဘာတွေ ထားရစ် ချန်ရစ်ခဲ့မလဲ ဆိုတာတွေလည်း ပါပါတယ်။

ဘ၀ ဆိုတဲ့ အချိန်ရေစီးကြောင်း အကန့် အကန့်လေးထဲမှာ တွေဆုံကြ ချစ်ခင်ကြ တာဟာ ငြိမ်းချမ်းသာယာတဲ့ လောကရဲ့ အစိတ်အပိုင်း တခုပေါ့။ အဲသလိုပဲမုန်းကြ မေ့ကြ မနာလိုကြ ၀န်တိုကြ ဖိချင်ကြ နှိပ်ချင်ကြတာတွေ ကလည်း မငြိမ်းချမ်း မသာယာတဲ့ လောကရဲ့ အစိတ်အပိုင်း တခုသာပါပဲ။ ဒါပေမယ့် အဲဒီ ငြိမ်းချမ်းသာယာမှုရော မငြိမ်းချမ်း မသာယာမှုတွေက လည်း တာရှည်မတည်တဲ့ ခေတ္တ ယာယီ ခံစားမှုနဲ့ ဆုံးဖြတ် သတ်မှတ် ခံစားရမှု တချို့သာ ဖြစ်ပါတယ်။

ဒါဆို ကျနော်တို့ ဘာကို လွယ်ပိုး ထမ်းပိုးပြီး လောက သံသရာထဲကို လျှောက်သွားကြမှာလဲ၊ ဖြတ်သန်းကြမလဲ  ဆိုတဲ့ မေးခွန်းကို လက်ဆောင် ပေးထားတဲ့ နာရီလေးကို ကြည့်ပြီး အပြန်ပြန် အလှန်လှန် စဉ်းစားမိလာပါတယ်။ တရက် ၂၄ နာရီ ရှိတဲ့ အထဲမှာ ကျနော်ဟာ ယာယီဖြစ်ပျက် ခံစားမိတာတွေကို ရှေ့တမ်းတင်ပြီး အနှစ်ချုပ် နှုတ်ဆက်ထွက်ခွာရမယ့် အချိန်ကို ဘာကြောင့် မေ့လျော့ထားမိပါလိမ့်၊ ဘာကြောင့် ကိုယ့်အတ္တကို ရှေ့တန်းတင် ပြုမူနေပါလိမ့်၊ ဘာကြောင့် မတည်မြဲမှုထဲမှာ တကယ်တည်မြဲမယ့် ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ထူထောင်ဖို့ မစဉ်းစားကြပါလိမ့်လို့ စဉ်းစားမိလာပါတယ်။
ဘာပဲ ဖြစ်ဖြစ် စက္ကန့်မိနစ်တွေ၊ နာရီတွေကတော့ တရွေ့ရွေ့နဲ့ ကျနော်တို့ကို ခေါ်ဆောင်နေပါပြီ။ ကျနော်တို့ရဲ့ ဂုဏ်သတ္တိနဲ့ ကျနော်တို့ မြတ်နိုးတဲ့ အမှန်တရားကို ဘာကြောင့် မျက်ကွယ်ပြုကြမှာလဲလို့ ဆိုပြီး စဉ်းစားနေမိပါတယ်။

လက်ပတ်နာရီတလုံး လက်ဆောင်ပေးလို့ ပိုင်ဆိုင်ခွင့်ရသူ ကျနော့်အတွက် အချိန်တွေကို ဘယ်တော့မှ မပိုင်ဆိုင်ပါ။ ဒါပေ မယ့် ဘ၀ရဲ့အစိတ်အပိုင်း စက္ကန့် မိနစ်နဲ့ နာရီတွေတိုင်းမှာ သူတပါးကို နာကျင်မှုထက် ဖေးမကူညီပေးဖို့၊ အားငယ်သူကို အားပေးဖို့၊ လိုအပ်သူကို ကိုယ်တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့၊ လမ်းပျောက်ပြီး အမှန် မရောက်သူကို လမ်းမှန်ပြပေးဖို့၊ ဒေါသကြီး မီးပွားကို ငြိမ်းအေး ငြှိမ်းသတ်ပေးနိုင်ဖို့ ကျနော်တို့ မဖြစ်မနေ ကြိုးစားသင့် တဲ့ အလုပ်တွေလို့ တွေးမြင်လာမိပါတယ်။
အခု ဖြတ်သန်းနေရတဲ့ အချိန်အကန့်ထက် အနာဂတ်ဆိုတဲ့ ပြန့်ပြောတဲ့ ကာလတခုကို ကျနော် မပြောလိုပါ။ လက်လှမ်းမီ နိုင်တဲ့ မနက်ဖြန်က ပြန်မြင်ရမယ့် ကိုယ့်မျက်နှာကိုသာ ကျနော့်မိတ်ဆွေ ညီမငယ်တဦးပေးတဲ့ လက်ပတ်နာရီလေးကို ကြည့်ပြီး ပြန်ကြည့်မြင်မိပါတယ်။ ကျနော့်ရဲ့ဒီနေ့ ဒီအချိန် ပြုမှုလှုပ်ရှား ဆောင်ရွက်မှုတွေကို မနက်ဖြန်ကသာ အဆုံး အဖြတ် ပေးသွားမှာ ဖြစ်ပါတယ် လို့တွေးရင်း လက်ဆောင်နာရီလေးကို ကြည့်လိုက်တော့ ည ၁၁ နာရီ ခွဲပြီးပြီလို့ ညွှန်ပြနေပါတယ်။

နိုင်ဝင်းသီ ● ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ

$
0
0
နိုင်ဝင်းသီ ● ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၈

(တစ်)
"ဟေ့ ...ဂဠုန်တဲ့ကွ ...အကြံကုန် ဂဠုန်ဆားချက်ဆိုတဲ့ ဂဠုန်အမျိုးအစားထဲမှာ ငါမပါဘူးကွ။ မင်းလည်း မြေလျှိုး မိုးပျံနိုင်တဲ့ နဂါး..ငါဟာလည်းပဲ မြေလျှိုး မိုးပျံနိုင်တဲ့ဂဠုန်..မင်းလည်းပဲ အယောင်ဆောင်ဖန်တီးနိုင်တဲ့ နဂါး..ငါသည်လည်းပဲ အယောင် ဆောင်ဖန်တီးနိုင်တဲ့ဂဠုန်။ တန်ခိုးဣဒ္ဓိပါတ်ရှိတာချင်းအတူတူ မင်းဘယ်လောက်ထိအောင် ပြေးနိုင်မလဲ သူငယ်ချင်း ....ပြေး စမ်းကွာ"

ဟင်္သာပြဒါးများလို စွေးစွေးနီနေသော ဂဠုန်၏မျက်လုံးများသည် ဒေါသဖြင့် တောက်ပနေလေသည်။ နဂါးခမျာလည်း ပြေး နိုင်မှ လွတ်မြောက်မည်ကို သဘောပေါက်ထားပုံရသည်။ အဲဟို တိမ်တိုက်တွေကြားထဲက ဂဠုန်တောင်ပံဖြန့်ပြီး ဝဲဆင်းလာ ကတည်းက နောက်ကို လှည့်မကြည့်စတမ်း ပြေးလေတော့သည်။
        
ဟိမဝန္တာတောတခွင်သည် နဂါး၏ပြေးလွှားမှုအဟုန်ကြောင့် တော်လဲသံကဲ့သို့ ချောက်ချားဖွယ်မြည်ဟီးလေ၏။ စိမ်းရင့်သောသစ်ပင်သစ်ခက်များနှင့် ထူထဲသော ခြုံနွယ်ပိတ် ပေါင်းများသည် နဂါး၏ ရှည်လျားသော ခန္ဓာကိုယ်၏ ပွတ်တိုက်မှုကြောင့် သစ်မြစ်တွေ တဖွားဖွားလွင့်ဖွာကြေမွသွားရုံတင်မက ကျိုးကြေပြတ်တောက်ကုန်လေသည်။

ဂဠုန်သည် သစ်ရိပ်ဝါးရိပ်တွေကြားမှာ ပြိုးပြက်ဝင်းလက်သွားသော နဂါး၏ ကိုယ်ခန္ဓာမှ ဝါစိမ်းနီပြာ အကြေးခွံများကို မြင်ရလေလေ ဒေါသစိတ်တွေ ရုန်းထလာလေလေ ဖြစ်နေလေသည်။

မြူခိုးပြာတွေ မူန်မှိုင်းနေသော ခပ်လှမ်းလှမ်းက တောင်ခြေမှာ နဂါးကိုလှမ်းမြင်လိုက်ကတည်းက မျက်ခြေပြတ်မသွားအောင်လိုက်လာခဲ့သည်မှာ ခရီးအတော်ပေါက်လာခဲ့ပြီဖြစ်သည်။ နဂါးခမျာလည်း သေငယ်ဇောကြောင့်နောက်သို့ လှည့်မကြည့် စတမ်း ပြေးလွှားနေရသည်မှာ အသက်ရှူပင် မှားနေလေပြီ။

ကောင်းကင်ထက်မှ ငုံ့ဆီးကြည့်လိုက်လျှင် နဂါးပြေးလွှားနေသော တောလမ်းသည် ဒရယ်၊ သမင်၊ ဂျီ၊ ချေ၊ စိုင်၊ ဆတ်ကဲ့ သို့သော တိရိစ္ဆာန်များ မြူးတူးပျော်ပါးကျက်စားရာ စိမ်းမြမြရေကြည်အိုင်သို့ ဦးတည်ပြေးလွှားနေသော လမ်းကြောင်းဖြစ်သည်။ ထိုမှတဆင့်  စူးထက်ချွန်မြသောကျောက်ဆွယ်ကျောက်ဆောင်တွေထိုးထိုးထောင်ထောင် ငေါထွက်နေသောာ ကျောက်သား အတိပြီးသည့်  ကျောက်ကမ်းပါးယံ။ ထိုကမ်းပါးယံကို ကျော်လွန်ပြီးလျှင်တော့ ဖြူလွလွ သဲသောင်ပြင်။ ထိုသဲသောင်ပြင် ဘေးမှာတော့ လှိုင်းလုံးကြီးတွေ အိနွဲ့လှုပ်ယိမ်းနေ သော ပင်လယ်ပြာပြာ။

ဂဠုန်သည် နဂါးနောက်ကို အသည်းအသန် ပြေးလိုက်နေရင်းနှင့် စဉ်းစားနေမိသည်။ ဟောဒီ နဂါးကိုတော့ဖြင့်  မိရိုးဖလာ နဂါးဖမ်းနည်းမျိုးဖြင့် ဖမ်းမိဖို့ရာ သိပ်အဆင်မပြေနိုင်ပါ။ စိတ်ကူးစိတ်သန်း ကောင်းကောင်းနှင့် ဖမ်းဆီးလျှင်တော့ လွယ်လင့်တကူ မိသွားနိုင်ပါသည်။ အရေးကြီးသည်က အသစ်အသစ်သော နည်းဗျူဟာတွေ ချမှတ်နိုင်ဖို့ပဲ ဖြစ်သည်။

အကြေးခွံတွေ တလက်လက်ထနေသော နဂါးတစ်ကောင်လုံးကို  မြင်နေရပါလျက်နှင့်  လွတ်ထွက်သွားမည်ဆိုပါက ဂဠုန်တို့၏ရာဇဝင်မှာကျော်မကောင်း ကြားမကောင်း ဖြစ်ပေ တော့မည်။
        
အပေါ်စီးမှ မြင်တွေ့နေရသော မြေပြင်အနေအထားအရ နဂါးပြေးရာ လမ်းကြောင်းပေါ်တွင် ကျောက်ကမ်းပါးယံကြီးတခု ကန့်လန့်ဖြတ်ပြီးခံနေသည်ကို သူ သတိပြုမိသည်။ နဂါးတို့၏ဌာနေဖြစ်သော ပင်လယ်ရေအောက်သို့  ပြန်ရာလမ်းခရီးမှာ ကြမ်းရှချွန်မြသော သည်ကျောက်သားပြင်ကြီးကို  ကွေ့ပတ်ပြီး ရှောင်ကွင်းသွားရမှာဖြစ်သည်။တည့်တည့်ဝင်တိုးလို့ကတော့ ထိုးထိုးထောင်ထောင်ဖြစ်နေသော ကျောက်ဆွယ်ကျောက်ခက်များနှင့် ငြိပြီး နဂါးခန္ဓာကိုယ် တခုလုံး ရစရာမရှိအောင်စုတ်ပြတ်သပ်သွားနိုင်ပါသည်။

အကြံကောင်းလျှင် တစ်ချက်တဲ့။ စဉ်းစားတွေးခေါ်စမ်းမောင်မင်း။ သူများတွေနဲ့မတူကွဲပြားခြားနားသွားအောင် စဉ်းစားတွေး ခေါ်လိုက်စမ်း။ ဂဠုန်သည် ပြေးရင်းလွှားရင်းနှင့်  ကောင်းမွန်လှပသော စိတ်ကူးသစ်တခုကိုရလိုက်သောကြောင့် အားတက် သွားလေသည်။ မောဟိုက်နွမ်းလျနေသည့်ကြားထဲက ဂဠုန်၏မျက်လုံးစိမ်းများသည် ဝမ်းသာကြည်နူးမှုများဖြင့် ရွှင်မြူးတောက်ပသွားလေသည်။
        
ကိုင်း....ကိုရွှေနဂါးရေ....မင်းလေးရဲ့နောက်ကို အပင်ပန်းခံပြီး  လိုက်မနေတော့ပါဘူးကွယ်။ ဖြူလွလွ သဲသောင်ပြင်မှာ မင်းလေးအလာကို စောင့်မျှော်ပြီးတော့ပဲ ကြက်ကလေး ငှက်ကလေးများကို ဖမ်းသလို အသာအယာ ဖမ်းပါတော့မယ်ကွယ်။ အဲဒီအခါကျမှပဲမှ မင်းလေးရဲ့ ချိုမြရှတတဲ့ ဖြူလဲ့လဲ့ဦးနှောက်အဖတ် လေးတွေကို နည်းနည်းချင်း မြည်းစမ်းပြီး စားပါ တော့မယ် နဂါးလေးရယ်....ဟုတ်ပြီနော်...

တွေးကြည့်ရုံနှင့်တင် ဂဠုန်၏ရင်သည် ဇိုးဇိုးဇတ်ဇတ်နှင့် လှုပ်ခုန်လာလေသည်။ သူ၏ကိုယ်ထဲမှာ စီးဝင်လှည့်ပတ်နေသော သွေးတွေကလည်း ပူနွေးဆူပွက်လာလေသည်။

"ကိုင်း.... အချိန်တွေ ကြာပါတယ်ကွယ်။ ငါ့ရဲ့ကိုယ်ခန္ဓာကြီးဟာ ရေခြားမှာစံမြန်းနေတဲ့ အဆွေနဂါးရဲ့ပုံသဏ္ဍာန်မျိုးကို  အခုချက်ချင်း ပြောင်းလဲသွားပါစေသတည်း "
                       
(နှစ်)
သွားကောင်းခြင်း မသွားရ။ လာကောင်းခြင်း မလာရ။ စားကောင်းခြင်း မစားရ။ ဟောဒီနှုတ်သီးချွန်ချွန်နှင့် တကိုယ်လုံးမှာ အချွန်အတက်တွေ ထိုးထိုးထောင်ထောင် ထွက်နေသော ဂဠုန်ဆိုသောသတ္တဝါသည် သူတို့နဂါးတွေကို မျိုးနှင့်ရိုးနှင့်ချီပြီး ဒုက္ခပေးလေ့ရှိသော သတ္တဝါအမျိုးအစားပင် ဖြစ်သည်။

ချစ်မက် မြတ်နိုးရပါသော နဂါးမလေးနှင့် ဟိမဝန္တာတောင်ခြေမှာ သူ အချိန်းအချက် ပြုလုပ်ထားခဲ့သည်။ နဂါးမလေးကလည်း သေချာပေါက်လာခဲ့မည်ဟု သူ့ဆီကိုအကြောင်းပြန်ထားခဲ့သည်။ နဂါးမလေး ရောက်လာခဲ့လျှင်ဆွတ်ရီလွမ်းမောစရာကောင်းသော အချစ်ဇာတ်လမ်းလေးတခု ဖြစ်တည်လာမှာ သံသယရှိစရာပင် မလိုပါချေ။

သည်လိုကိစ္စမျိုးတွေမှာ ထူးကဲသော ဝီရိယမျိုး စိုက်ထုတ်ရပါသည်။ နဂါးမလေးရောက်မလာခင်ကတည်းက မြူခိုးပြာတွေဝေ ရီနေသော တောင်ခြေဆီသို့ သူကြိုပြီး ရောက်နှင့်နေခဲ့သည်။ ချစ်သူလှမ်းလာမည့်လမ်းကလေးကို လည်တဆန့်ဆန့်နှင့် စောင့် မျှော်နေဆဲမှာပင် ဇာတ်လမ်းဇာတ်ကွက်ထဲမှာ ဘယ်နေရာမှမပါဝင်သော ကိုရွှေဂဠုန်သည် တိမ်တိုက်တွေ ကြားထဲက ထိုးဆင်းလာတော့သည်။ အောင်မလေးဗျဟု  တအားကြုံးအော်ပြီး တောင်ခြေက သူ  ပြေးရတော့သည်။ တော်တော် ဒုက္ခ ပေးသော ဂဠုန်ပင် ဖြစ်သည်။
         
ရိပ်ရိပ် ရိပ်ရိပ်နှင့် အသားကုန်ပြေးလွှားလာခဲ့သောနဂါးသည် အေးစက်ချွန်မျှသောကျောက်သားကျောက်ဆွယ် ကမ်းပါးယံကိုကျော်လွန်သွားပြီးသည်နှင့်တပြိုင်နက် သည်တကြိမ်မှာလည်း ဂဠုန်၏လက်က လွတ်မြောက်သွားပြန်ပြီဟု သိလိုက်ပြန်သည်။

ပြေးလွှားလာခဲ့ရသော အရှိန်ကြောင့် ဖြစ်လိမ့်မည်။ သူ၏ အရေပြားပေါ်မှ ခြစ်ရှရာများမှာ သွေးစိမ်းများပင် စိမ့်၍ထွက်နေလေ သည်။

အဲဟို ရှေ့နားလေးမှာတော့ ဖြူဖြူလွလွ ငွေသောင်ယံက ဆီးခံနေသည်။ နူးညံ့ဖြူလွသောသဲသောင်ပြင် အဆုံးမှာတော့ လှိုင်းလုံးကြီးတွေ တဝုန်းဝုန်းလိမ့်စီးနေသော ပင်လယ်ပြင်ကြီးကို သူ လှမ်းမြင်နေရသည်။

နဂါးသည်  ပင်လယ်ပြာပြာကို လှမ်းမြင်နေရသော်လည်း အရှိန်မလျှော့ဝံ့ဘဲ ပြေးလွှားနေဆဲပင်။ သည်လိုအချိန်မျိုးမှာ ဂဠုန်ကို မြင်လိုက်ရလည်း သူ သိပ်ပြီးဂရုစိုက်မှာတော့ မဟုတ်ပါ။ ပင်လယ်ဟာ သူနှင့် အနီးကပ်ဆုံးနေရာကို  ရောက်ရှိလာခဲ့ပြီ မဟုတ်လား။

နဂါးသည် ပြေးရင်းလွှားရင်းနှင့် သူ့ရှေ့တည့်တည့်ကသဲသောင်ပြင်မှာ အပူအပင်ကင်းမဲ့စွာ နေစာလှုံနေသော နဂါးတကောင် ကို  မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားလေ သည်။ သည်ငနဲဟာ နေစာလှုံတာတောင်မှ ရိုးရိုးလှုံနေတာမျိုးမဟုတ်ပါ။ လှိုင်းပုတ်သံကိုအမြီးဖျားဖြင့် စည်းချက်လိုက်ပြီး ဂီတသံစဉ်ထဲမှာ နစ်မျောနေလိုက်သေးသည်။

သည်အကောင် စည်းစိမ်ကြီးမားလိုက်ပုံများ ဂဠုန်မမြင်ပေလို့သာ။ အကယ်၍ ဂဠုန်တကောင်ကောင်သာ စည်းစိမ်ယစ်မူး နေသော သည်ငနဲကို မြင်တွေ့သွားပါက လွယ်လင့်တကူ ထိုးချီသွားပေတော့မည်။
      
နဂါးသည် ပြေးနေလွှားနေရင်းနှင့် ပူနွေးသော နေရောင်အောက်တွင် ဇိမ်ယစ်နေသော  ထိုနဂါးကို သတိပေးရန် စိတ်ကူးရ လိုက်ပါသေးသည်။ သို့သော်လည်း အဆိုပါ နဂါးအနီး သို့ ရောက်သွားသောအခါ တစုံတခုကို ဖျပ်ခနဲသတိရလိုက်သောကြောင့် တွန့်ခနဲ ဖြစ်သွားလေသည်။

ဘုရား....ဘုရား.....ဟိမဝန္တာတခွင်လုံး သစ်ပင်ခြုံနွယ်တွေတဝုန်းဝုန်းပြိုလဲရုံတင်မက သမင်၊ဒ ရယ်၊ စိုင်၊ ဆတ်၊ တိရိစ္ဆာန် မျိုးစုံ ဝရုန်းသုန်းကား ပြေးလွှားနေတဲ့ကြားထဲက ဒီငနဲဟာ ဒီလိုနေရာမျိုးမှာ အပူအပင်ကင်းကင်းနဲ့ နေစာလာလှုံနေတယ် ဆိုတော့ မဟုတ်မှလွဲရော့   ...ဒီအကောင်ဟာဖြင့်  .........

သဲသောင်ပြင်ပေါ်တွင် အိပ်စက်လဲလျောင်းရင်း သူ့ကို တိတ်တိတ်ကလေး ကြည့်နေသော အယောင်ဆောင်နဂါး၏ရီဝေဝေမျက်လုံးများကို မြင်တွေ့လိုက်သည်နှင့် နဂါးအစစ်သည် ငယ်သံပါအောင် အော်ပြီး ပြေးပြန်လေတော့သည်။

မှန်းချက်နှင့်နှမ်းထွက်မကိုက်သော ကိုရွှေဂဠုန်သည် ရှူးရှူးရှဲရှဲနှင့် အမျက်ချောင်းချောင်းထွက်ပြီးသကာလ နောက်ကြောင်းပြန်လှည့်ပြေးသွားသော နဂါးနောက်သို့ ဒေါသတကြီး လိုက်လေတော့သည်။
                  
(သုံး)
ပြာလဲ့ကြည်လင်နေသော မိုးသားကောင်းကင်အောက်....အဆုပ်လိုက် အမွှာလိုက် လွင့်မျောနေသော တိမ်တိုက်များကြား တွင် မြူးတူးပျော်ရွှင်နေသောဂဠုန်ပျိုတသိုက်သည် တိမ်စွယ်တိမ်ညွန့်များကြား၌ လေအဟုန်စီးနေခိုက်...

"ဟေ့ ... အဆွေတော်တို့ ...အောက်ကို ကြည့်လိုက်ကြပါဦး။ အဲဟို သဲသောင်ပြင်မှာ နဂါးနှစ်ကောင် လိုက်တမ်းပြေးတမ်း ကစားနေကြပါလားဗျာ။ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲတယ်ဆိုတာ ဒါမျိုးကိုပြောတာထင်ပါ့"

ဂဠုန်ပျိုတကောင်ညွှန်ပြသော သဲသောင်ပြင်ပေါ်ကို ကျန်ဂဠုန်များက ငုံ့၍ကြည့်လိုက်ရင်း...

"သူ့ကုသိုလ်နဲ့သူ  ဖြစ်လာတာဆိုတာ ဒါမျိုးကို ပြောတာနေမှာပေါ့ အဆွေတော်"

"ဒီလို အခွင့်အရေးမျိုးဆိုတာ တသက်မှာတခါ ရခဲပါဘိခြင်း"

"ပြောနေတာ ကြာပါတယ် ရောင်းရင်းတို့ရဲ့"     

ဂဠုန်ပျိုတသိုက်၏ စူးရဲလက်ပသောမျက်လုံးများသည် မွန်းတည့်နေရောင်အောက်တွင် ဝင်းလက်တောက်ပသွားလေသည်။

သည့်နောက်မှာတော့ သန်မာအားကောင်းလှစွာသော ၎င်းတို့၏တောင်ပံများကို တဖြောင်းဖြောင်းခတ်၍  တိမ်တိုက်များကို လှပစွာထိုးခွဲပြီး သဲသောင်ပြင်ပေါ်သို့ တဟုန်ထိုး ...............။              
                                                                                                  
နိုင်ဝင်းသီ

မောင်လူပေ ● မြန်မာ့ မူးယစ်ရာဇာ (၂)

$
0
0
မောင်လူပေ ● မြန်မာ့ မူးယစ်ရာဇာ (၂)
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၈


မြန်မာပြည်ရဲ့ နာမည်ကျော် မူးယစ်ရာဇာတွေထဲမှာ ဘိန်းဘုရင်ဟု နာမည်ကျော်သူတစ်ယောက်ရှိသေး၏။ ဦးခွန်ဆာဟု ခေါ်သည်။

ဦးခွန်ဆာက တရုတ်၊ ရှမ်းကပြား။ တရုတ်နာမည်က ဇောင်စီဖူးဟု အမည်ရသည်။ လွယ်မိန်းဇာတိ။ အသက်(၁၆)နှစ်ထဲက နယ်မြေခံ သူပုန်တပ်ထောင်ခဲ့သူ။ ထိုမှစ၍ လားရှိုးအနီးမှ ကာကွယ်ရေးတပ်အမည်ရ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်လာသူ။ သူ့နယ်ရှိ ဗကပများနှင့် ရှမ်းသူပုန်တွေကို တိုက်ဖို့ အကြောင်းပြ၍ အစိုးရတပ်မတော်နှင့် ပူးပေါင်းသည်။ အစိုးရနောက်ခံဖြင့် ဘိန်းကုန်ကူးသည်။ ကိုးကန့်ခေါင်းဆောင် ဘိန်းဘုရင်လော်စစ်ဟန် အဖမ်းခံရပြီးနောက်မှာတော့ သူက ထိပ်တန်း ဘိန်းဘုရင်ကြီး ဖြစ်လာခဲ့သည်။

ကူမင်တန်တရုပ်ဖြူတပ်နှင့် လာအိုစစ်တပ်တို့ကလည်း ရွှေတြိဂံဒေသတွင် မူးယစ်ကုန်ကူးကြတော့ ဦးခွန်ဆာ၏ တပ်နှင့် မကြာခဏ တိုက်ကြရသည်။ သူရှုံးသည့်အခါလည်း ရှိ၏။ ဒီလိုနှင့် နယ်ခံစစ်ဘုရင်တစ်ဦးဖြစ်သူ ဦးခွန်ဆာနှင့် ရှမ်းပြည် တပ်မတော်တို့ ပူးပေါင်းဖို့ ဖြစ်လာခဲ့သည်။ ဒီတော့ မြန်မာ့တပ်မတော်က သူပုန်နှင့်ဆက်သွယ်မှုဖြင့် ၁၉၆၉တွင် သူ့ကိုဖမ်းဆီး တော့၏။ (ဘိန်းကုန်ကူး၍ အဖမ်းခံရခြင်းမဟုတ်။) သူ့ကို မန်းလေးထောင်တွင် ခေတ္တထိမ်းသိမ်းထားခဲ့သည်။ ၁၉၇၃တွင် ဆိုဗီယက်မှဆရာဝန်နှစ်ဦး တောင်ကြီးတွင် ပြန်ပေးဆွဲခံရပြီး ပြန်ပေးဆွဲသူ သူပုန်များက ခွန်ဆာကို လွှတ်ပေးရန် တောင်းဆို သဖြင့် အစိုးရက ၁၉၇၄တွင် သူ့ကို လျှို့ဝှက်စွာ လွှတ်ပေးခဲ့သည်။

ထိုအချိန်၁၉၇၄မှစ၍ ၁၉၉၄ခုနှစ်အထိ အနှစ်နှစ်ဆယ်တိုင်အောင် ရွှေတြိဂံဒေသ၏ ဘိန်းထွက်ကုန်စုစုပေါင်း၏ (၇၀)ရာခိုင်နှုန်းကို ထိန်းချုပ်ခဲ့သူလည်း ဖြစ်၏။ သူ့ဝင်ငွေမှာ ၁၉၉၀ ပတ်ဝန်းကျင်က တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း (၆၀၀) ကျော် ရှိသည်ဟူ၏။ ထိုဝင်ငွေများဖြင့် သူ့တပ်ဖြစ်သော မော်ထိုင်းအာမီမှာလည်း လက်နက်ကိုင်တပ်သား နှစ်သောင်း ကျော်ထိ တိုးပွားခဲ့သည်။ မြန်မာ့တပ်မတော်ထက် ကောင်းမွန်သော ခေတ်မှီသော လက်နက်ခဲယမ်းများကိုပါ တပ်ဆင်ပေး ထားနိုင်ခဲ့သည်။

ရှမ်းပြည်တောင်ပိုင်းသို့ ဝင်ရောက်လာသော ဝပြည်တပ်မတော်၏ ထိုးစစ်၊ အမေရိကန်ဖိအားကြောင့် ထိုင်းနှင့်လာအိုရှိ သူ၏ အဆက်အသွယ်များ အဖမ်းခံရပြီး အဆက်အသွယ် ဖြတ်တောက်ခံရမှု၊ လွတ်လပ်သော ရှမ်းပြည်၏ သမ္မတအဖြစ် သူ့ကိုယ် သူ ခန့်အပ်ခဲ့မှုကို ရှမ်းပြည်သူလူထု၏ ထောက်ခံခြင်း မရခဲ့မှု၊ သူကမ်းလှမ်းသော နှစ်စဉ်ထောက်ပံ့ပေးရန် ငွေကြေးများကို အမေရိကန်နှင့် သြစတြေးလျှ အစိုးရတို့မှ ငြင်းပယ်ခံရမှုတို့ကြောင့် သူနှင့် မော်ထိုင်းအာမီမှ တပ်ဖွဲ့ဝင်များ အများစုက မြန်မာ့တပ်မတော်ထံ ၁၉၉၆ တွင် လက်နက်ချခဲ့ရသည်။ ဗိုလ်မှူးကြီးရွက်ဆစ်ဦးဆောင်သော သူ့တပ်မှ တပ်ဖွဲ့ဝင်အချို့ကတော့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အမည်ဖြင့် တောတွင်းမှာကျန်ရစ်ခဲ့သည်။ (အခုတော့ NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ်အဖွဲ့ပေါ့)

ဦးခွန်ဆာ၏ မော်ထိုင်းတပ်မတော်ကြီး လက်နက်ချပြီးနောက်တွင်မှ မြန်မာပြည်သည် ကမ္ဘာတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်သည့် ပထမနေရာမှ ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည်။ ပထမနေရာကို အာဖကန်နစ္စတန်က ယူသွားခြင်း ဖြစ်၏။ ယခုတိုင် မြန်မာပြည်က ဒုတိယနေရာမှာ ရှိနေပါသေးသည်။ မကောင်းမှုဖြင့် ကမ္ဘာမှာ နာမည်ကြီးခြင်းထဲမှ တစ်ခုပေါ့။
 
ဦးခွန်ဆာ၏ ကမ္ဘာကျော်မှုကလည်း မသေးလှ။ အမေရိကန်အစိုးရမှ ဘိန်းဘုရင်ဦးခွန်ဆာကို ဖမ်းဆီးနိုင်ရန် သတင်းပေးပါက ဆုငွေဒေါ်လာနှစ်သန်းပေးမည်ဟု ကြေညာခံခဲ့ရသူလည်း ဖြစ်ခဲ့သည်။ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်၏ “ ဦးခွန်ဆာဟာ ကမ္ဘာ့လူသားထုအတွက် အဆိုးဆုံးရန်သူတစ်ယောက်ပါပဲ။"ဟုလည်း ပြောဆိုခံခဲ့ရဖူး၏။

ဘိန်းဘုရင်ကြီး ဦးခွန်ဆာကလည်း သူပိုင်ဆိုင်သော ဒေါ်လာငွေ တစ်ဘီလီယံနီးပါးမျှကို တပ်မတော်အစိုးရ အသက်ဆက် နိုင်ရေးအတွက် ပြန်လည်ကူညီခဲ့ပါ၏။ တိုင်းပြည်တွင်းရှိ အိမ်ခြံမြေများ ဈေးခေါင်ခိုက်အောင် တက်လာခဲ့ခြင်း၏ အဓိက ကျေးဇူးရှင်ကို ပြပါဆိုလျှင်လည်း သူပါပဲ။ ရန်ကုန်မန်းလေး အမြန်လမ်းကြီး ဖေါက်လုပ်နိုင်ရေးအတွက် နောက်ကွယ်က ထောက်ပံ့သူဟုလည်း ဆိုကြသည်။ လွယ်မိန်းကုမ္ပဏီအုပ်စုကြီးသည်လည်း မူးယစ်ငွေများ၏ အသီးအပွင့်များပါပင်။

ဦးခွန်ဆာက မြန်မာပြည်၏ ဆောက်လုပ်ရေးလောကကို တခေတ်ဆန်းစေခဲ့သလို ပတ္တမြားမြေဖြစ်သော မိုးကုတ်၊ မိုင်းရှူး တို့တွင်လည်း သူပိုင်ကုမ္ပဏီက ကျောက်တူးဖေါ်ခွင့် အများအပြားရရှိခဲ့သူ ဖြစ်ပါ၏။ အကျိုးအမြတ်တို့ကို ဗိုလ်ချုပ်ကြီးများနှင့် အကျိုးတူ ခံစားခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သော်လည်း ဘိန်းဘုရင်ဘဝမှ အနားယူပြီးထဲက ထင်ပေါ်စွာ မနေခဲ့ တော့။

အမေရိကန်တို့၏ ဆုကြေးငွေထုတ်ခံရသည်အထိ နာမည်ကျော်ခဲ့သည့် ရာဇဝတ်သားကြီး ဖြစ်ခဲ့သော ဘိန်းဘုရင်ကြီး ဦးခွန်ဆာသည်လည်း အကျိုးစီးပွားခြင်း ထပ်တူကြနေသော မြန်မာ့တပ်မတော်၏ စောင့်ရှောက်မှုအောက်တွင် အေးချမ်းစွာ နေထိုင်ရင်း ၂၀၀၇ခုနှစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။

ကာတွန်း OKKW ရဲ့ ခိုးသာခိုး ...

$
0
0

ကာတွန်း OKKW ရဲ့ ခိုးသာခိုး ...
(မိုးမခ) သြဂတ်စ် ၂၇၊ ၂၀၁၈
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>