Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

စံညိမ်းဦး ● သမိုင်းဝင် ကြက်ဥ

$
0
0

စံညိမ်းဦး ● သမိုင်းဝင် ကြက်ဥ
(မိုးမခ) သြဂတ်စ် ၂၇၊ ၂၀၁၈

ဉာဏ်အလင်းဖမ်းဖို့ အင်ဂျင်စနှိုးတဲ့ ဘုရားတိုင်းဟာ
ခန္ဓာအထောက်အပံ့အလို့ငှာ ကြက်ဥဘုန်းပေးတော်မူခဲ့သလား
ဘယ်အဋ္ဌကထာဆရာကမှ မညွှန်းခဲ့ပေမယ့် ငါစိတ်ဝင်စားမိတယ်

ဂျော့ဝါရှင်တန် ကြက်ဥဟဖ်ဘွိုင်စားပြီး ဝါရှင်တန်ကို တည်ခဲ့သလား။
ဇာဘုရင်ကိုဖြုတ်ချဖို့ ဘော်ရှီဗစ်တွေ တိုက်ပွဲပလန်ချတဲ့အခါ
ကြက်ဥအကြောင်းကို ထည့်တွက်ခဲ့သလား။
ဓားမနောက်ပိတ်ပြည်သူတွေကို မော်စီတုံးကယ်တင်တုန်းက
ကြက်ဥပြုတ်ဟာ တပ်နီတော်ရဲ့အရေးကြီးတဲ့ရဲဘော်ဖြစ်မလား။
မြန်မာပြည်လွတ်လပ်ရေးသမိုင်းစဉ်မှာလည်း
ကြက်ဥရဲ့အခန်းကဏ္ဍဟာ လွတ်လပ်ရေးမော်ကွန်းဝင်မလား။
ဗိုလ်ချုပ်ဟာ ''အကြည်ရေ ကြက်ဥပြုတ်နဲ့ ထမင်းဆီဆမ်းရရင်စားချင်တယ်''လို့
မရေးခဲ့ပေမယ့် စားခဲ့ဖူးမှာပဲ။
ဒေါ်အောင်ဆန်းစုကြည်ရော ကြက်ဥပြုတ်ကြိုက်သလား။

ကြက်ဥနဲ့ကြက် ဘယ်အရာက အရင်စတယ်
ဖီလိုဆိုဖာတွေ အငြင်းပွားမဆုံးခင်မှာပဲ
လောကစားပွဲပေါ်ထက် ကြက်ဥပြုတ်နဲ့ ကြက်သားက ကုန်ပြီ။

လူသားမျိုးဆက်ကြီးဟာ ကြက်ဥစားပြီး တိုးတက်လာကြောင်း
ဘယ်သမိုင်းပညာရှင်မှ မသိခဲ့ဘူး။
ကြက်ဥဈေးတွေတက်လို့ လူထုအုံကြွမှုတွေ ဖြစ်ခဲ့ဖူးကြောင်း
ဘယ်တော်လှန်ရေးသမားကမှ သတိမရဘူး။
ကြက်ဥပုပ်တွေနဲ့ ထုတဲ့ ခေတ်သစ်လူထုကန်ပိန်းများအကြောင်းကိုတော့
အစိုးရတွေ မမေ့ဖို့ကောင်းတယ်

တကယ်တော့
ပဲဟင်းနဲ့ကြက်ဥဟာ
ဗမာပြည်စစ်အာဏာရှင်စနစ်ရဲ့ဒေါက်တိုင်
စစ်တပ်ရဲ့အသက်ဖြစ်ကြောင်း
ဘယ်နိုင်ငံရေးပညာရှင်ကများ တွေးခေါ်ခဲ့ဖူးသလဲ

ကားလ်မတ် အရင်းကျမ်းပြုစုနေတဲ့တလျှောက်
ဂျန်နီပြုတ်ပေးတဲ့ကြက်ဥပြုတ်လေးစားလိုက် ဆေးလိပ်ဖွာလိုက်ရှိခဲ့မလား။
တီအက်စ်အိလိယော့ သည်ဝက်စ်လန်းကဗျာရေးတဲ့အခါ
ကြက်ဥဟဖ်ဘွိုင်နဲ့ပေါင်မုန့်စားပြီးကာစ။
ဘားတော့ဘရက် အနာဂတ်အတွက် ကဗျာကိုတွေးတုန်းက
ကြက်ဥပြုတ်အခွံနွှာရင်း။
ဗိုလ်အောင်ဒင်ဇာတ်ကားမှာ
မမြဝင်းနဲ့စတွေ့တဲ့အခန်းရိုက်တဲ့နေ့က
ခင်မောင်ရင်စားခဲ့ရတဲ့ ရှူတင်ဟင်းဟာ ကြက်ဥချက်ဆိုတာ။
ပီကာဆို ဂွါရာနီကာဆွဲတုန်းက
ကြက်ဥတလုံးအစိမ်းလိုက်ဖောက်သောက်ခဲ့သေးတယ်ဆိုတာ။
လက်ယာအချောင်သမားတွေ ဆင်ကြံကြံတဲ့အခါ
ကြက်ဥပြုတ်မြုံ့ရင်း မာဘိုရိုခဲခဲ့ကြတယ်ဆိုတာ။
နပိုလီယံစစ်ရှုံးရတဲ့အကြောင်းရင်းခံဟာ
ဝယ်လင်တန်က ကြက်ဥပြုတ်စားခဲ့လို့ဆိုတာ။
ပြီးတော့
တက္ကသိုလ်အချစ်ဇာတ်လမ်းတပုဒ်မှာ
ကြက်ဥပြုတ်စားလာတဲ့ကောင်လေး
သူ့ကောင်မလေးနဲ့ချိန်းတွေ့တဲ့အခါ
ပုပ်ဟောင်နေတဲ့မတော်တဆလေလည်မှုကြောင့်
အသဲကွဲခဲ့ဖူးတယ်ဆိုတာ။

ပြန်တွေးတော့
စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီတော်လှန်ရေးထဲ
တောထဲမှာလည်း ကြက်ဥ၊ ထောင်ထဲမှာလည်း ကြက်ဥ၊
ပုန်းခိုရာတိုင်းမှာလည်းကြက်ဥ၊ စစ်ကြောရေးမှာလည်း ကြက်ဥ။

ငါတို့အဖို့
ကြက်ဥဟာ ဘဝရဲ့အစိတ်အပိုင်းတရပ်
သမိုင်းရဲ့တစိတ်တဒေသလို့
အသိအမှတ်မပြုမချင်း
ငါတို့ဟာ ဘယ်တော့မှတိုးတက်မှာမဟုတ်ကြောင်း
ငါပြောတယ်ပေါ့။

အော်
ငါတို့ကြက်ဥတွေစားခဲ့ကြရ
ကိုလိုနီကြက်ဥမှသည်
ဖဆပလကြက်ဥ မဆလကြက်ဥ
နဝတ နအဖကြက်ဥမှသည် ၂၀၀၈ ခြေခဥထဲက ကြက်ဥ။

ခြေဥထက် ကြီးမြတ်တဲ့ကြက်ဥ
ဖက်ဆစ်ဥထက် မြင့်မြတ်တဲ့ ကြက်ဥ
စစ်ကျွန်ဥထက် မွန်မြတ်တဲ့ ကြက်ဥ
ပိန်းဥထက် ထက်မြက်တဲ့ ကြက်ဥ
ခရိုနီဥထက် သန့်စင်တဲ့ ကြက်ဥလည်းဖြစ်ပါရဲ့
အခြေခံလူတန်းစားအတွက်တော့ ထာဝရနတ်သုဒ္ဓာ ကြက်ဥ။

အေး!
လူထုဟာ
ကြက်ဥတွေစားပြီး တော်လှန်ရေးလုပ်ခဲ့ကြရတာကိုလည်း
သတိရကြ။

ခု
ကြက်ခြင်းထဲက ကြက်တွေ ရန်ဖြစ်နေကြတုန်းလား
ယာမညက်ဘဲ ကြက်ပမ်းနေပြီလား
ကြက်ထီးတွန်တွန် ကြက်မတွန်တွန် မိုးလင်းမှဖြစ်မယ့်နေ့များ
ဘာပဲဖြစ်ဖြစ်
အရပ်ထဲမှာတော့
ကြက်ဥတွေ ဈေးတက်နေပြီ။

စံညိမ်းဦး
၂၂၊ ၈၊ ၂၀၁၈

မင်းကိုနိုင် ● မီးမီးပုံတူ ခဲကြမ်း

$
0
0
မင်းကိုနိုင် ● မီးမီးပုံတူ ခဲကြမ်း
(မိုးမခ) သြဂတ်စ် ၂၇၊ ၂၀၁၈

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။



မီးသတ်ကား ဥသြသံကြား တယ်။
မီးမီးဘောင်းဘီဝတ် ယူနီ ဖောင်းလဲပြီးသား
လူနာတင်ကား အရေးပေါ် ခေါ်ပါ။

ကားခေါင်းမှာ မီးမီးပါပြီး သား
တရားရုံးမှာ ဟိုတစ်ယောက် အမှန်ဘက်က ဖြစ်လျက်နဲ့
ခံရဦးမယ် ကူလိုက်ကြဦး။

"မပူနဲ့ မီးမီးကိုယ်တိုင်သင် ပေးပြီးသား''
ရဲနဲ့ ရင်ဆိုင်မတတ်ရင်
ဝတ္တရားနှောင့်ယှက်မှုဖြစ် သွားမယ်နော်။

"ရတယ်၊ ဟိုမှာ မီးမီးစခန်းထဲ ၀င်ပြောနေပြီ"
စစ်ရှောင်စခန်းဆီ ခရီးကြမ်း ချီမယ်ဟေ့။

မီးမီးက တောစီးဖိနပ်စီးပြီး သား...
×××××

ညဘက်အလုပ်တွေများ လွန်းတော့ နေ့ဘက်ရုံးလုပ်ငန်းနဲ့ အခြားတာဝန်တွေထိခိုက်မလား ဟု ပူစရာရှိသည်။ သူမကတော့ အမှန်တရားဘက်က ပြည်သူတွေ မနစ်နာအောင် ကာကွယ်ပေးဖို့ ရုံးပြင်ကနားအထိ အတူလိုက်ရင် ဆိုင်ပေးနေမြဲ။ တစ်နေ့ ကုန်ပင်ပန်းသမျှ နားကြချိန် သူမကို တစ်နေရာ၌ တွေ့လိုက်ရပြန်သည်။ ညဘက် လက်ဖက်ရည်ဆိုင်တစ် ခု၌ ၀င်စားပွဲထိုး နေခြင်းပင်။ ငွေရေးကြေးရေးအတွက်မဟုတ်။ မြို့ပေါ်က ကလေးတွေ၊ ပျံကျဈေး သည်လေးတွေ၊ မီးပွိုင့်စံပယ် ပန်း ရောင်း သည့်ကလေးတွေ အပါအ၀င် စားပွဲထိုးကလေးတွေကို စာ သင်ပေးသည့်အဖွဲ့တွင် ၀င်ပါနေ ခြင်းပင်။ ထိုစားပွဲထိုး ကလေးတွေ လုပ်အားခမပျက်စာသင်နိုင်ရန် အစားထိုးစားပွဲဝင်ထိုးနေခြင်းတဲ့။
×××××

အဖြူ၊ အစိမ်းဝတ် အထက ကျောင်းသူ ဘ၀ကတည်းက ထောင်အုတ်ရိုး၏ ခါးသီးကြမ်း တမ်းမှုကို အန်တုခဲ့သူ၊ တက္ကသိုလ် ဂုဏ်ထူးတန်း တတိယနှစ်မှာ လည်း ပြစ်ဒဏ် ထောင်ဒဏ် ခုနစ် နှစ်ဆိုတာကို နောင်တမရစတမ်း ရင်ဆိုင်ခဲ့သေးသည်။

သူမဘ၀ စာမျက်နှာတွေကို ခပ်သွက်သွက်လှမ်းလိုက်တိုင်း ရိုက်ချက်ကြမ်းတွေပြည့်လျက်၊ သူ့ရဲ့ တုံ့ပြန်အပြုံးတွေက ပကတိ ကြည်ဖြူလျက်...။

သက္ကရာဇ် ၂၀၀၇ မှာ ပထမ အသုတ်အဖြစ် ရှေ့ကအစ်ကိုတွေကိုဆွဲပြီ၊ ဖမ်းပြီဆိုသည်နှင့် နောက်နေ့မနက် ရန်ကုန်မြို့၏ လမ်းမများမှာ သူမကို မြင်ရတော့ သည်။

အရပ်ဝတ်တွေက လူအုပ် ဖြင့် ညှပ်ဖမ်းနေသည့်ကြား၊ စွေ့ ခနဲသူမက ထွက်လာ၊ ကျောပိုး အိတ်တစ်လုံးလွယ်ပိုးလျက် လက်သီးဆုပ်ထောင်ကာ မကြောက် စကားနှင့် လွတ်လပ်ခွင့်အတွက် ဟစ်ကြွေးနေသည့် သူမ၏ပုံရိပ်ကို နောင်ကျွန်တော်တို့ ပြန်လွတ်လာ သည့်အချိန် ၂၀၁၂ ခုနှစ်၌ ဗီဒီယို ဖိုင်အဖြစ် ပြန်ကြည့်ခွင့်ရသည်။ ထို ၂၀၀၇ ကာလက ယင်းလှုပ်ရှားမှုအတွက် မီးမီးရလိုက်သည်က ထောင်ဒဏ် ၆၅ နှစ်ဆိုသည့် အ မိန့်စီရင်ချက်။
×××××

လူ့သက်တမ်း (၄၇) နှစ်၊ အရေးတော်ပုံသက်တမ်းနှစ် (၃၀) အတွင်း သူမပုံရိပ်တွေကို ပြန်ပြောဖို့ တစ်ထိုင်တည်း မတတ် နိုင်ပါ။ နောက်ဆုံးအကြိမ် ပြန်မလွတ်ခင် အထိ အင်းစိန်မှ ပုသိမ်ထောင်၊ မန္တလေးထောင်၊ ကသာထောင်၊ ရွှေဘိုထောင် ထောင်ဘူးဝတံခါး တွေကို မိုင်တိုင်တွေလို ဖြတ်ကျော်ခဲ့သူ၊ အပြင်လောကရောက်စဉ် မှာ ပြည်သူ့ထံမှောက် အရောက် ခစားရင်း ဘ၀၏ အချိန်တွေကို သုံးခဲ့သူ။ ရံဖန်ရံခါရှားပါးအခိုက် အတန့်တွေမှာ ကျွန်တော်တို့ရုံး၌ မိသားစုဆန်သည့် ဘ၀တွေကို ခံစားခဲ့ရသည်။

ကျွန်တော် ဂစ်တာကြိုးညှိ တိုင်း သူမအပြေးရောက်လာ၊ နံဘေးစွေ့ခနဲထိုင်ကာ ဘယ်သီ ချင်းကို တီးပေးစမ်းပါ့ဟု ဘုရင်မ ကြီးနှယ် အမိန့်ပေးလေ့ရှိသည်။

ကျွန်တော်မကြားချင်ယောင် ဆောင်၊ မနာခံတိုင်း မကျေမချမ်း ဆီမန်းမန်းသလို ပွစိပွစိလုပ်ကာ ထွက်သွားရစမြဲ။ ဘယ်အရာကိုမှ စိတ်မပျက်တတ်သော သူမအား ဤနည်းဖြင့် စိတ်ပျက်အောင် ကျီစယ်နိုင်ခဲ့ပြီဟု တွေးကာ ကျေနပ်ခဲ့ခြင်းကို ကျွန်တော်ခုမှနောင်တရမဆုံး။ တကယ်ဆို သူမ၏ တောင်း ဆိုချက်က များလှသည်မဟုတ်။ ‘ခွန်အားဖြည့်မိငယ်’ သီချင်းကို တီးပေးရန်သာ။ ဤမျှရောင့်ရဲလှ သည့် တောင်းဆိုချက်ကို ကျွန် တော်က ကျီစားလိုမှုဖြင့် မဖြည့် ပေးခဲ့။
×××××

လူကုန်ကူးခံရသည့် ကလေး မတွေအတွက် ရပ်တည်ရင်း လူ ကုန်ကူးဂိုဏ်းကို သူမကိုယ်တိုင် ၀င်ဖမ်းသည့်နေ့က ထိုအကြောင်း ရုံးမှာ ပြောနေကြစဉ် ကျွန်တော် အမှတ်တရ ဤသို့မှတ်ချက်ချဖူး သေးသည်။

‘‘ဒါလောက်တော့ ဘယ်စာ ဖွဲ့မလဲ၊ တို့ကိုနောက်ဆုံး အင်းစိန်ဗှုးရှေ့မှာ ရုံးထုတ်တုန်းက တရား ရုံးမှာ ဓာတ်ပုံခိုးရိုက်တဲ့ အရပ်ဝတ်ဟိုအဖွဲ့တွေကို မီးမီးက ထပြေးပြီး လိုက်ဖမ်းသေးတာ’’

တကယ်တော့ ထိုအထူး တရားရုံးကို အပြင်လူဘယ်သူမှ ၀င်ခွင့်မရှိ။ ထို့ကြောင့် ဓာတ်ပုံခိုး ရိုက်သူမှာ ဘယ်သူဘယ်ဝါတွေ ဖြစ်မှန်း သူမကိုယ်တိုင်သိပါလျက် တရားစွဲခံထိုင်ခုံမှ ထပြေးလိုက်၍ ဖမ်းခဲ့ခြင်းပင်။
×××××

မကြာသေးခင် ရက်ပိုင်းတွေ က ညဘက်တွေမှာ အရေးပေါ်လူ နာတင်ယာဉ်တွေနှင့် လိုက်၊ သူနာ ပြုအတွေ့အကြုံတွေကို ရုံးမှာ တတွတ်တွတ်ပြန်ပြောပြနေသည့် သူမ။ စကားသံခေတ္တတိတ်စဉ် ကျွန်တော်က ဖြတ်မေးသည်။ သည်လောက် တစ်ညလုံးတာဝန်ယူနေ တော့ ညည်းဘယ်အချိန်အိပ်သ လဲဟု...။

သူမပြန်မဖြေ။ မေးခွန်းတစ် ခုရလျှင် အဖြေမဆုံးအောင် စကားသန်လှသည့် ထိုညီမမှာ စားပွဲခုံ ပေါ်မှောက်လျက် နှစ်နှစ်ခြိုက် ခြိုက်ပျော်နေရှာပြီ။
×××××

နောက်ဆုံးရက်က ခရီးမ ထွက်ခင် တိုင်ပင်ကြသေးသည်။ အနာဂတ်နှစ်များအတွက် ဘာ လုပ်ကြမည်ဆိုတာ။ အချို့က အားသန်ရာ NGO တွေမှာ လုပ်နိုင် သည်။ အချို့လည်း ဒီလိုအများ အတွက် နေ့စဉ်အချိန်ပေးနေရ သည့် တာဝန်တွေမှ ထွက်၍ ကိုယ်ပိုင်ဘ၀တွေ ဖန်တီးချင်ကြပေဦး မည်။ ဒီအတွက်မေးသော် မီးမီးက ဦးဆုံးဖြေသည်။

‘‘သမီးက သေမှထွက်မှာ’’
×××××

သူမ ဈာပနအတွက် ပြင်ဆင် ရင်း သူအားထုတ်ခဲ့သမျှ မှတ်မိ တာတွေ တစ်ယောက်တစ်လှည့် ပြောနေကြပါသည်။

အိမ်ဖော်ကလေးတစ်ယောက်ကြိုးတုပ်ညှဉ်းဆဲခံရမှု တရားစွဲ ဆိုရန် အင်အားမရှိ ခက်ခဲနေချိန် မီးမီးက ရဲစခန်းကိုယ်တိုင်လိုက် သွားပြီး အတိအကျအဆက်အ သွယ်ရအောင် ၀င်လုပ်ပေးတာဟု တစ်ယောက်က အမှတ်တရတမ်း တပြောနေသည်။ ရုံးခန်းထောင့် မှာ ပိုင်ရှင်မဲ့ဂစ်တာ ကျွန်တော်မြင်၏။ ‘‘အရှုံးမပေးနဲ့ မိငယ်ရေ’’ဟု ၀င်အော်ချင်နေသည့် ညီမမျက်နှာကို မြင်ယောင်သည်။

တကယ်က ဒီနေ့သည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်ရေဘေး အတွက်အတူသွားကြရန် ချိန်းဆို ထားသည့်နေ့၊ ညီမသာရှိလျှင်ဟု ကျွန်တော်ယောင်ယမ်းတွေးမြင် မိသည်။

သေချာပါသည် ထိုညီမသာ ရှိခဲ့လျှင် အလေးပင်ဆုံးအထုပ်ကို ရွေး၍ ထမ်းချသွားမှာ သေချာပါ သည်။

.
#Min ko naing
(15.8.18 ထုတ် 7Days သတင်းစာ)
photo: @Aung latt
ပန်းချီ ကိုအောင်လတ်

ကာတွန်း စည်သူကျော်ရဲ့ လှံရေးပြရမလား ... ဟန်ရေးပြရမလား ...

$
0
0

ကာတွန်း စည်သူကျော်ရဲ့ လှံရေးပြရမလား ... ဟန်ရေးပြရမလား ...
(မိုးမခ) သြဂတ်စ် ၂၇၊ ၂၀၁၈

ညိုထက်ညို ● လွမ်းတနွမ်းလျ

$
0
0
ညိုထက်ညို ● လွမ်းတနွမ်းလျ
(မိုးမခ) သြဂတ်စ် ၂၇၊ ၂၀၁၈

တကယ်က ကျွန်တော် ဘာစာအုပ်မှ မယ်မယ်ရရ မဖတ်ဖြစ်တာကြာပါပြီ။ ဖတ်ရလောက်အောင်လည်း ကိုယ့်ဘေးမှာ စာအုပ်တွေမရှိ။ ကိုယ်ကလည်း စာအုပ်တွေနှင့် ဝေးရာသို့ ရောက်နေပြန်သည်။ လွန်ခဲ့သောသုံးလေးလက အဖေဆုံးပြီး ကတည်းက စိတ်တွေကလည်း ဟိုရောက်ဒီရောက် ဖြစ်နေသည်။ ဒီလိုနှင့် ကျွန်တော်စာအုပ်တွေမဖတ်ဖြစ်တာ ကြာပါပြီ။

ဒီနေ့တော့ ဘေးမှာရှိသော အဖေ နောက်ဆုံးထားသွားသည့် စာအုပ်ပုံလေးထဲက စာအုပ်တစ်အုပ် ကောက်ယူကြည့်မိပါသည်။ စာအုပ်ကလေး လေးငါးအုပ်ကို စုပုံထားသည့် ဒီစာ အုပ်ပုံထဲက စာအုပ်ကလေးများမှာ အဖေ နောက်ဆုံးဝယ်သွားသော စာအုပ်ကလေးများ ဖြစ်ပုံရပါသည်။ ဒီစာအုပ်ကလေးများကို အဖေကျွန်တော့်ဆီမှာ ခြောက်လလောက် လာနေခဲ့ စဉ် ဖတ်ရန် မြန်မာနိုင်ငံမှ မိုင်ထောင်ချီ ဝေးသော ခရီးလမ်းကို ဖြတ်သန်း၍ သယ်ယူလာခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော့်လက်ထဲမှာပါလာသည့် စာအုပ်ကလေးက ‘စိတ်ကူးချိုချို’ စာပေမှ တတိယအကြိမ်မြောက်အဖြစ်ထုတ်ဝေသည့် ‘ဂျာနယ်ကျော် မမလေး၏ဘဝပုံရိပ်များ’ ဆိုသည့် စာအုပ် ဖြစ်ပါသည်။ စာအုပ်၏ နောက်ကျောဖုံးကိုပါကြည့်လိုက်တော့ နောက်ကျောဖုံးတွင် ‘ဂျာနယ်ကျော်မမလေး၏aဆာင်းပါးများထဲမှ ဘဝရုပ်ပုံလွှာတစ်စိတ်တစ်ပိုင်း နီးဝေးနိမ့်မြင့် ပုံရိပ် များ’ ဟု ရေးထားပြန်ပါသည်။

စာအုပ်ကို ဖျတ်ခနဲ ကျွန်တော်လှန်ကြည့်မိပါသည်။ ဤစာအုပ်ကို ပထမအကြိမ် အဖြစ် ၂၀၀၂ ခုနှစ်က ‘ရာပြည့်’ စာအုပ်တိုက် မှ စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ယခု တတိယအကြိမ်အနေဖြင့်မူ ၂၀၁၅ ခုနှစ်တွင် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ‘စိတ်ကူးချိုချို’ မှ ပြန်လည်ထုတ်ဝေခဲ့ခြင်း ဖြစ်ပါသည်။ အမှာစာအဖြစ် စာအုပ်၏ပထမ စာမျက်နှာ တွင် ဂျာနယ်ကျော် မမလေး၏သား စာရေးဆရာ ကဗျာဆရာမိုးဟိန်းနှင့်တကွ ရာပြည့်စာအုပ်တိုက် (ရာပြည့်ဦးစိုး ညွန့်ပဲ ရေးသည်ထင်ပါသည်) မှ ရေးထားတာကို တွေ့ရပါသည်။

တကယ်က ၂၀၀၂ ခုနှစ်တွင် ကျွန်တော်ရန်ကုန်မှာရှိနေတုန်းပဲ ဖြစ်ပြီး နှစ်ကုန်ပိုင်းလောက်မှာ ရန်ကုန်စက်မှုတက္ကသိုလ်မှ ဘွဲ့ရခဲ့ပါသည်။ ဘွဲ့ရပြီးသည် နှင့် တပြိုင်နက် ဘာမှဆက် မတက်ဖြစ်တော့ဘဲ တက္ကသိုလ်ကို ကျောခိုင်းခဲ့သည့် ကျွန်တော်သည် တပါတည်း ရှစ်တန်းကိုးတန်း ကျောင်းသားဘဝမှစ၍ တက္ကသိုလ်မှ ထွက်သည်အထိ ဝင်ခလုတ် ထွက်ခလုတ် ဖြစ်ခဲ့မိသော ပန်းဆိုးတန်းစာအုပ်တန်းကိုပါ ကျောခိုင်းခဲ့မိပါသည်။ တကယ့်လူ့ဘဝထဲရောက်သွား၍ ပန်းဆိုးတန်းဘဝတက္ကသိုလ်မှပါ ထွက်ခဲ့မိခြင်း ဖြစ်ဟန်တူပါသည်။ တိုတိုဆိုရ လျှင် လစဉ်ထွက်နေသောမဂ္ဂဇင်းများကို မှန်မှန်ဖတ်နေမိသည် (ထိုစဉ်က မဂ္ဂဇင်းများအားကောင်းမောင်းသန်ထွက်နေတုန်း ဖြစ်လေသည်) ကလွဲ၍ စာအုပ်များနှင့်ကျွန်တော် အဆက် ပြတ်သွားခဲ့သည် ကတော့ အမှန်ပင် ဖြစ်ပါသည်။

ဒီလိုနှင့်ပဲ ၂၀၀၇ ခုနှစ် မှစ၍ ကျွန်တော် ပြည်ပသို့ထွက်လာသည်ကအစပြုကာ ဒီစာအုပ်ကို အခုစာအုပ်ထွက်ပြီး ၁၆ နှစ်အကြာ ၂၀၁၈ခုနှစ်မှပဲ ဖတ်မိရခြင်း ဖြစ်ပါသည်။

အဲဒီတော့လည်း ကျွန်တော့်စိတ်တွေက ဟိုးလွန်ခဲ့သော နှစ်နှစ်ဆယ် အစိတ် ကျွန်တော် ရှစ်တန်းကိုးတန်း ကျောင်းသား ဘဝလောက်သို့ ပြန်ရောက်သွားပါသည်။
……………………………..     ………………………….     …………………………….

အဲဒီတုန်းက ကျွန်တော်သည် ကျွန်တော်နေထိုင်ရာတိုက်ခန်းကလေး၏ အပေါ်ထပ်ထပ်ခိုးကလေးပေါ်မှာရှိသော ထင်းရှူးသေတ္တာကြီးနှစ်လုံးနှင့်အပြည့် သိုမှီးထားသည့် အဖေ တစ် သက်လုံးဝယ်ယူစုဆောင်းဖတ်ရှုခဲ့သော အဖေ့စာအုပ်ပုံကြီးကို မွှေမိပါသည်။ စာအုပ်ပုံကြီးထဲမှ အထပ်လိုက်အထပ်လိုက် စာအုပ်တွေအမြောက်အမြား ထွက်လာပါသည်။ ဤစာအုပ် တွေကြားထဲမှ စာရွက်အနံတိုတိုနှင့်ခပ်ထူထူ နီညိုရောင်မျက်နှာဖုံးနှင့်စာအုပ်တစ်အုပ် ထွက်လာပါသည်။ မျက်နှာဖုံးမှာ ပန်းချီဖြစ်၍ ခေါင်းပေါင်းပေါင်းထားသော မျက်မှန်တပ်ထား သည့် လူကြီးတစ်ယောက်၏ပုံ နှင့် ဖြစ်ပါသည်။ စာအုပ်အမည်ကို ဖတ်ကြည့်လိုက်တော့ ‘သူလိုလူ’ တဲ့ …။ ရေးသူက ဂျာနယ်ကျော်မမလေး ဟူ၍ ဖြစ်ပါသည်။

အဲဒီမှာပဲ ဂျာနယ်ကျော် ဦးချစ်မောင်ကို ကျွန်တော် စတင်တွေ့ရှိပါသည်။

ပြီးတော့ ဂျာနယ်ကျော်မမလေးကိုပါ ကျွန်တော် တွေ့ရှိပါသည်။

……………………………..    …………………………..    …………………………….

ဂျာနယ်ကျော်မမလေး၏ သူ့ခင်ပွန်း ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်း ရေးထားသည့် ‘သူလိုလူ’ ကို ကျွန်တော် တစ်ထိုင်တည်းနှင့် နှစ်ရက်သုံးရက်အတွင်း ဖတ်ရှုပြီးသွားပါသည်။ အရေးအသားမှာ ပြေပြစ်လှ၍ အခန်းတစ်ခန်းနှင့်တစ်ခန်း အကူးအဆက်မှအစ ချောမွေ့လှကာ ဂျာနယ်ကျော်ဦးချစ်မောင်၏ သရုပ်ကို ပေါ်လွင်အောင် ဖော်ကျူးနိုင်ပါသည်။ ဂျာနယ် ကျော်ဦးချစ်မောင်နှင့် စတင်ဆုံတွေ့စဉ်မှအစပြုကာ နောက်ဆုံး ဂျာနယ်ကျော်ဦးချစ်မောင်ကွယ်လွန်သည့်အချိန်တွင် သူ့စာအုပ်ကို အဆုံးသတ်ထားပါသည်။ စာအုပ်၏ နောက် ဆက်တွဲ အနေဖြင့် ဂျာနယ်ကျော်ဦးချစ်မောင် ရေးသားခဲ့သော နေ့စဉ်မှတ်တမ်းကိုပါ ထည့်သွင်းဖော်ပြထားပါသည်။

သို့သော်…သို့သော်…သို့သော်…ဤ သို့သော်မှာ အတော်အရေးကြီးသော သို့သော် ဖြစ်ပါသည်။ အမှန်အတိုင်း ဆိုရလျှင် ‘သူလိုလူ’ တစ်အုပ်တည်းနှင့် ဂျာနယ်ကျော်မမလေး၏ စာ အရေးအသားကို ကျွန်တော် စွဲလမ်းသွားပါသည်။ သို့သော် ဤစာအုပ်မှာ ကျွန်တော့်ဘဝတွင် အခုအထိ ဂျာနယ်ကျော်မမလေးရေးသောစာအုပ်များအနက်မှ ပထမဆုံး နှင့် နောက်ဆုံး ဖတ်ဖူးသော တစ်အုပ်တည်းသောစာအုပ် ဖြစ်ခဲ့ပါသည်။

ထိုစဉ်က ပန်းဆိုးတန်းစာအုပ်တန်းမှာ ကျွန်တော်ရှိနေတာတော့ အမှန် ဖြစ်ပါသည်။ သို့သော် အဲဒီတုန်းက ကျွန်တော့်အာသီသမှာ ကဗျာ၊ အက်ဆေးနှင့် အတ္ထုပ္ပတ္တိစာအုပ်များမျှသာ ဖြစ်ပါသည်။ ဝတ္ထုစာအုပ်များကို ကျွန်တော် စိတ်ဝင်စားမှုသိပ်မရှိခဲ့ဟု ဆိုရမည် ဖြစ်ပါသည်။ မဖတ်မဟုတ် ဖတ်မိပါသည်။ သို့သော် ဂျာနယ်ကျော်မမလေး၏ ဝတ္ထုများတော့ ပါဝင်ခြင်း မရှိခဲ့ဟု မှတ်မိနေပါသည်။

သို့သော် ဂျာနယ်ကျော်မမလေးကို မဂ္ဂဇင်း စာမျက်နှာများပေါ်တွင် ပြန်လည်တွေ့ရပါသည်။
……………………………    ……………………………   …………………………….

ဆရာဒဂုန်တာရာက သူ့နာမည်ကျော်ရုပ်ပုံလွှာကားချပ်များတွင် ဂျာနယ်ကျော်မမလေးကို ‘မေတ္တာပန်းပွင့်’ ဟု တင်စားရေးသားခဲ့ပါသည်။ ထို့အတူ ဆရာ မြသန်းတင့်ကလည်း သူ့ ဆောင်းပါးတွင် ဂျာနယ်ကျော်မမလေးအကြောင်း တခုတ်တရ ရေးသားခဲ့ပါသည်။

ဒဂုန်တာရာက ဒေါ်မမလေးကို အစွဲအလမ်းကြီးသူ၊ အတိတ်နိမိတ်များ၌ စူးစမ်းစေ့ငုတတ်သူအဖြစ် သရုပ်ဖော်ပါသည်။ ဖော်ရလောက်အောင်လည်း လစဉ် လဆန်း၂ ရက် နေ့တိုင်း ဂျာနယ်ကျော်ဦးချစ်မောင်၏ အုတ်ဂူသို့ သွားရောက်ပြီး လစဉ်ကန်တော့သည့် ဒေါ်မမလေး၏အဖြစ်က အစွဲအလမ်းကြီးသူ ဖြစ်ပါကြောင်း ရည်ညွှန်းနေပါသည်။

တစ်နှစ်မဟုတ် နှစ်နှစ်မဟုတ် လေးငါးခြောက်နှစ်မဟုတ်၊ ထိုလစဉ်ကန်တော့သောဝတ်ကို ဂျာနယ်ကျော်မမလေး ဆယ့်သုံးနှစ်တိုင်တိုင်ထမ်းဆောင်ခဲ့သည်ကတော့ အမှန်ပင် ဖြစ်ပါ သည်။

ဆယ့်သုံးနှစ်၏ဟိုမှာဘက်တွင်တော့ ဂျာနယ်ကျော်မမလေး နောက်အိမ်ထောင်သစ်ထူထောင်လေသည်။ ထိုအခါ ထိုဝတ်ကို ခင်ပွန်းသစ်ဖြစ်သူ ဦးအောင်ဇေယျက ဆက်ပြီး တာဝန် ထမ်းရွက်ရသည်ဟု ဂျာနယ်ကျော်မမလေး ကိုယ်တိုင်ရေးသားချက်အရ သိရပါသည်။

အမှန်မှာ မြန်မာမှုမဟုတ်သော ဤကဲ့သို့အပြုအမူမျိုးကို ဒေါ်မမလေးမှလွဲ၍ မည်သည့်မြန်မာလုပ်ဖူးသည်ဟု ကျွန်တော်တို့ ကြားဖူးကြပါသနည်း။ ဝိညာဉ်လိပ်ပြာမရှိ၊ ‘ငါ’ ဆိုသည်မှာ မရှိ၊ နောက်ဆုံး ယောက်ျားမိန်းမပင်မရှိသော ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့် မြန်မာတို့အတွက် လူတစ်ယောက် သေသည်ဆိုလျှင်ပင် ထိုသူ နှင့်ထပ်မံပတ်သက် တွယ်ငြိနေ စရာအကြောင်းရင်းခံနည်းပါးလေရာ များစွာသောသချိ င်္ုင်းတို့မှ မြန်မာအုတ်ဂူတို့ကိုသွားကြည့်လျှင် အမှိုက်တသောသောနှင့် အပြိုပြိုအပျက်ပျက် ထိန်းသိမ်းစောင့်ရှောက်ခြင်း အလျဉ်း ကင်းမဲ့သည့်အဖြစ်ကို တွေ့ရမည် ဖြစ်ပါသည်။

ယခု ကျွန်တော်ဖတ်နေသောစာအုပ်ထဲက ဒေါ်မမလေး၏ဆောင်းပါးတစ်နေရာတွင် ဒေါ်မမလေး၏ဆန်းကြယ်သော ထိုအပြုအမူကို လစဉ် မြင်တွေ့နေရသူ ဦးချစ်မောင်အုတ်ဂူအနီး တွင် သီတင်းသုံးနေသော ဘုန်းကြီးတစ်ပါးက သံယောဇဉ်ဖြတ်ရန် တရားပြသည်ဟုဆိုပါသည်။ ထိုအခါ ဒေါ်မမလေးက သံယောဇဉ်မပြတ်သောကြောင့် လာနေခြင်းမဟုတ်၊ ဦးချစ်ာ မောင်၏ ဂုဏ်ကျေးဇူးကို မမေ့မလျော့သောသတိဖြင့် အလေးအမြတ် ပြုသည့်အနေဖြင့် လာခြင်းဖြစ်သည်ဟု ဘုန်းကြီးအား ပြန်လည်လျှောက်ထားသည်ဟု ဆိုပါသည်။

တကယ်က အုတ်ဂူသို့သာ မဟုတ်ပါ။ ကွယ်လွန်သူအတွက်ရည်စူးပြီး လှူဒါန်းသည့်အနေဖြင့် ကိုးထပ်ကြီးဘုရားအနီးရှိ ‘မင်္ဂလာဇေယျုံ’ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကို လည်း ဒေါ်မမလေး လစဉ်ငွေတစ်ရာကျပ်လှူဒါန်းခဲ့သည်မှာ ဆရာတော်ပျံလွန်တော်မူသည်အထိ ဆယ့်သုံးနှစ်တိုင်တိုင်ဖြစ်ပါသည်။ ဆရာတော်ပျံလွန်တော်မူပြီးသည့် နောက်ပိုင်း တွင်မူ ရှမ်းလမ်းမဟာရာဇိကာရုံ ကျောင်းတိုက်ဆရာတော်သို့ ပြောင်းလဲလှူဒါန်းသည် ဟု ဆိုပါသည်။

ဘာပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာ (ဘယ်အထိ ဒေါ်မမလေး ထိုဝတ်ကိုထမ်းဆောင်သွားသလဲတော့ ကျွန်တော်မသိပါ) လစဉ်မပြတ် ဝတ္တရားတစ်ရပ်လို ထမ်းဆောင်ခဲ့သည်မှာ ဘေးလူ အဖို့တော့ အံ့သြစရာကြီး ဖြစ်နေဟန်တူပါသည်။ အဲဒါကြောင့်လည်း ဒဂုန်တာရာက အစွဲအလမ်းကြီးသူဟု ဒေါ်မမလေးရုပ်ပုံလွှာ ကို ခြယ်ရေးခဲ့ခြင်း ဖြစ်ဟန်တူပါသည်။

နောက်တခုက ဒေါ်မမလေးအကြောင်း ပြောမည်ဆိုလျှင် မပါမဖြစ်ပါရသည့် ‘ပုဂ္ဂလပညတ်ဓာတ်ကျမ်း’ ဟုလည်း ခေါ်ကြသည့် မြန်မာ့ရိုးရာ နေလဆေးပညာ ဖြစ်ပါသည်။ ဂျာနယ် ကျော်မမလေး၏အလုပ်တိုက်သို့ရောက်လျှင် ဆရာဒဂုန်တာရာတို့ ဆရာမြသန်းတင့်တို့ ဒုက္ခရောက်ကြပြီ ဖြစ်ပါသည်။ ဒေါ်မမလေးဧည့်ခံကျွေးမွေးသော ထမင်းပွဲတွင် ဟိုဟင်းခွက်ကို ဒဂုန်တာရာစား၍မရ။ ဒီဟင်းခွက်ကို မြသန်းတင့် နှိုက်၍မရ။ အပူသမားအအေးသမားဟုခွဲခြားကာ သူ့ဓာတ်နှင့်သူသဟဇာတ ဖြစ်သည့်အစာကိုသာစားရသည့် နေလဆေးပညာအရ ထမင်းတဝိုင်းတည်းတွင်ပင် ဟင်းခွက်တို့ကို ခွဲခြားစားကြရပါသည်။

ဆရာမြသန်းတင့်၏အဆိုအရ ဒေါ်မမလေး၏တစ်သက်တာပတ်လုံး ကွယ်လွန်သည်အထိ အနောက်တိုင်း ဆေးဝါးကုသမှုနှင့်တကွ အနောက်တိုင်းဆေးတို့ကို မှီဝဲသုံးစွဲခြင်းမရှိဘဲ သူ ယုံကြည်ရာ နေလဆေးပညာနှင့် မြန်မာဆေးတို့ကိုသာ မှီဝဲသွားခဲ့သည်ဟု ဆိုပါသည်။

‘အင်္ဂလိပ်ဆေးမတိုက်ဖူးလား’ ဒေါ်မမလေးအဆုတ်ရောဂါ (ဟုထင်သည်) ဖြင့် ကွယ်လွန်ခါနီးတွင် ဆရာမြသန်းတင့်က ဒေါ်မမလေး၏ခင်ပွန်း ဦးအောင်ဇေယျကို မေးသောစကားဖြစ် ပါသည်။

‘အဘွားကြီးက ခင်ဗျားသိတဲ့အတိုင်းပဲ၊ သူ့ဆေးမှ သူ့ဆေး’ ဦးအောင်ဇေယျက ဆရာမြသန်းတင့်ကို ပြန်ဖြေသောစကား ဖြစ်ပါသည်။

ဤမျှဆိုလျှင် ဒေါ်မမလေး၏ နေလဆေးပညာအပေါ် မည်မျှယုံကြည်အားထားပုံကို သိနိုင်လောက်ပြီ ထင်ပါသည်။

ထိုမျှနေလဆေးပညာအပေါ် လေးနက်သော ဒေါ်မမလေးတစ်ယောက် နေလဆေးပညာဖြင့် ဆေးကုသသည့် ဆေးဆရာဘဝသို့လည်း နှစ်နှင့်ချီ၍ ရောက်ရှိသွားပါသေးသည်။ ဒေါ် မမလေး၏အဆိုအရ နေလဆေးပညာကို စတင်သင်ကြားဆည်းပူးပြီး ရှစ်နှစ်ခန့်အကြာတွင် ဆေးဆရာအဖြစ်သို့ ရောက်သည်ဟု ဆိုပါသည်။ ဒေါ်မမလေးထံသို့ လာသော မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လူနာများမှာအမျိုးအမည်အားဖြင့် စုံလင်လှပါသည်။ ကင်ဆာရောဂါ ဖြစ်နေသူ၊ နှလုံးရောဂါ ဖြစ်နေသူမှအစ ကိုယ်ပျက်နေသူ၊ စိတ်နောက်နေသူ အထိ ပါပါသည်။

ဤလူနာများအား မိုးလင်းမှမိုးချုပ်တိုင် ဒေါ်မမလေးတစ်ယောက် အခမဲ့ကုသပေးလေသည်။ အခု ကျွန်တော်ဖတ်နေသေဆောင်းပါးပေါင်းချုပ်ထဲတွင်ပါသည့် ဒေါ်မမလေး၏ ဆောင်း ပါးအရ သူကိုယ်တိုင် နေမကောင်းဖြစ်သည့်အခါတွင်လည်း နေလဆေးပညာအရသာ ကုသမှုခံယူသည်ဟု သိရလေသည်။ တခါတွင် ဒေါ်မမလေးရုတ်တရက် နေမကောင်း ဖြစ်လေ ရာ အိမ်ထဲတွင်ဒန်းဆင်၍ ဒေါ်မမလေးကို ဒန်းပေါ်တွင်တင်ကာ ဒေါနပန်းများကိုရှူစေလျက် တစ်နေ့လုံးတစ်ညလုံး ဦးအောင်ဇေယျ နှင့် အခြားတစ်ယောက်က ဒန်းထိုင်လွှဲပေး နေရသည်ဟု ဆိုလေသည်။ ထိုအချိန်တွင်ပင် သားအငယ်ကောင်ဖြစ်သူ မိုးဟိန်းက ကားတိုက်ခံရသည် ဟု ဆိုပါသည်။ သတိမရတချက် ရတချက် ဖြစ်နေသော မိုးဟိန်းကို ပုလိပ် များက ဆေးရုံသို့ ပို့ပေးမည် ပြုသောအခါ အပို့မခံဘဲ သူ့အမေက ကုပေးလိမ့်မည်ဟု ဆိုကာ အိမ်သို့သာ ပြန်ပို့စေသည်ဟု ဆိုပါသည်။

ဒေါ်မမလေးကိုသာမက မိုးဟိန်းကိုပါ နေလဆေးပညာအပေါ် ယုံကြည်ကိုးစားသူစာရင်းထဲ ထည့်သွင်းရတော့မည်ဟု ကျွန်တော် ဆိုချင်ပါသည်။

နေလဆေးပညာအရ အပူသမားအအေးသမားဟူ၍ခွဲခြားကာ နေ့စဉ်စားသုံးနေသေအစားအစာများကို ရွေးချယ်စားသောက်ရပေရာ လူအများက ကျန်းမာရေးအတွက် အလွန်ကောင်း မွန်သည်ဟုဆိုကြသော ခရမ်းချဉ်သီးသည်ပင်လျှင် တချို့လူများအတွက် အစာဖြစ်၍ အချို့အတွက်အဆိပ်ဖြစ်သည်ဟု ဆိုပါသည်။

နေ နှင့် လ၊ အပူ နှင့် အအေး၊ နေဘက်မှာ ဂြိုဟ်လေးလုံး၊ လဘက်မှာ ဂြိုဟ်လေးလုံး၊ ဂြိုဟ်ရှစ်လုံး၏ နက္ခတ် ၂၇ လုံး၊ အက္ခရာဗျည်း ၃၃ လုံး၊ ရှစ်လုံးသော သရ၊ ၄၁ လုံးသော ဝဏ္ဏ၊ ကျွန်တော့်ခေါင်းတွေ မူးဝေသွားရပါသည်။

ဒဂုန်တာရာကတော့ ‘ကျွန်တော်ကား ထိုကိစ္စမျိုးတွင် နားလည်းမလည်၊ အယုံအကြည်လည်းမရှိလှ၊ အပြင်အပအမြင်အထင် စူးစမ်းချက်များကိုသာ အခြေပြုလိုသည်’ ဟု ရေးခဲ့ပါ သည်။

ကျွန်တော်လည်း ဆရာရေးသလိုပင် ရေးရတော့မည် ဖြစ်ပါသည်။
……………………………….    …………………………….   ……………………………….

ဆရာမြသန်းတင့် ၏ဆောင်းပါးထဲတွင် နောက်ထပ်တွေ့ရတာက ဒေါ်မမလေး၏ သားကြီး မောင်ချစ်ရှိန် ခေါ် မောင်သိန်းတန်အကြောင်း ဖြစ်ပါသည်။

မောင်သိန်းတန်ကလည်း လူဆန်းတစ်ယောက် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သိကြသည့်အတိုင်း တစ်နှစ်ကြီးတစ်နှစ်ငယ် ဖြစ်သော မောင်ချစ်ရှိန် ခေါ် မောင်သိန်းတန်နှင့်တကွ သား အငယ်ကောင် မိုးဟိန်းတို့ကို ငယ်စဉ် ငါးနှစ် ခြောက်နှစ်သားမှစ၍ ဒေါ်မမလေးက အိန္ဒိယရှိ ဒါဂျီလင်သို့ပို့ကာ ပညာသင်ကြားစေပါသည်။ ဒါဂျီလင်မှာ ထိုစဉ်က နာမည်ကျော် ကျောင်း ဖြစ်၍ ရုပ်ရှင်မင်းသားညွန့်ဝင်းနှင့်ပင် (ညွန့်ဝင်းကတော့ သူတို့ထက် အတန်းကြီးပါသည်) သူတို့ညီအစ်ကို ဒါဂျီလင်တွင် ဆုံခဲ့ကြပါသေးသည်။ ထိုစဉ်က မောင်သိန်းတန် နှင့် ကျောင်း နေဖက်တွေထဲကတစ်ယောက်မှာ နောင်တွင် နီပေါဘုရင်မင်းမြတ်ဖြစ်လာမည့် နီပေါအိမ်ရှေ့မင်းသားလေး ဖြစ်၍ ထိုစဉ်ကတည်းက ကျောင်းပိတ်ချိန်တွင် မင်းသားကလေးနှင့် လိုက် ကာ မောင်သိန်းတန် နီပေါဘုရင့် နန်းတော်သို့ ရောက်ခဲ့ဖူးသည် ဆိုပါသည်။

သို့သော် ဒါဂျီလင်တွင် သူတို့ ညီအစ်ကိုနှစ်ယောက် သိပ်ကြာကြာတော့ နေရပုံမပေါ်ပါ။ လေးငါးခြောက်နှစ်ခန့် သူတို့ညီအစ်ကိုကို ဒါဂျီလင်တွင် ကျောင်းထားအပြီးတွင် မုဆိုးမဘဝ နှင့် အလွန်တရာကြီးမြင့်လှသော ဒါဂျီလင်၏ ကျောင်းစရိတ်ကိုမခံနိုင်သည့်အဆုံး သူတို့ညီအစ်ကိုနှစ်ယောက်ကို ဒါဂျီလင်မှနှုတ်၍ ရန်ကုန်စိန်ပေါကျောင်းသို့ ဒေါ်မမလေးက ပြောင်း ထားပေးပါသည်။ သူတို့ညီအစ်ကိုနှစ်ယောက်မှာ ငယ်စဉ်ကတည်းက အင်္ဂလိပ်လိုပဲပြောကြသည်ဟုဆိုရာ ဒါဂျီလင်မှ သူတို့တကယ်တတ်မြောက်လာသည်မှာ အင်္ဂလိပ်စာင့် အင်္ဂလိပ် စကားဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ဆရာမြသန်းတင့်၏ဆောင်းပါးထဲတွင်ကော ဒေါ်မမလေး၏ဆောင်းပါးထဲတွင်ပါ ဖော်ပြထားချက်အရ မောင်သိန်းတန် ဆယ့်သုံးလေးနှစ်သားအရွယ်တွင် စတင်ဗွေဖောက်သည်ဟု ဆို ပါသည်။ ဖြစ်ပုံမှာ မောင်သိန်းတန်နှင့် စာရေးဆရာကြီးဦးဉာဏ သွားဆုံမိပါသည်။ ဤတွင် စာရေးဆရာကြီးဦးဉာဏက မောင်သိန်းတန်အဖေ ဂျာနယ်ကျော်ဦးချစ်မောင်မှာ လောက ကြီးအကြောင်း ဘာမှမသိကြောင်း အစချီကာ မောင်သိန်းတန်အား လောကကြီးအကြောင်း သိအောင်လုပ်ရန် မြှောက်ပေးသွားသည် (ပြောသွားသည်) ဟု ဆိုပါသည်။

ဦးဉာဏအကြောင့်းဖတ်ပြောရလျှင် ဦးဉာဏမှာ လူစုံတစ်ယောက် ဖြစ်ပါသည်။ သူ့ဘဝတွင် ဘတ်စ်ကားစပယ်ရာလုပ်ဖူးသည်။ စစ်ထဲလိုက်ဖူးသည်။ အိမ်မှထွက်ပြေးဖူးသည် အစရှိ သဖြင့် အတော်စုံသော လူတစ်ယောက် ဖြစ်ပါသည်။

ဦးဉာဏကြောင့်ပဲလား မောင်သိန်းတန်၏ပင်ကိုဗီဇ ကြောင့်ပဲလားတော့မသိ၊ ထိုအချိန်မှစ၍ မောင်သိန်းတန်တစ်ယောက် အချိုးပြောင်းလေသည်။ ကျောင်းလည်း မှန်မှန်မတက် တော့။ ဒေါ်မမလေး၏ သေတ္တာကို မကြာခဏဖွင့်၍ ရွှေငွေအသုံးအဆောင်များယူကာ အိမ်မှထွက်ပြေးသည်။ ရုံးမှ ဂတ်မှ မောင်သိန်းတန်ကို ဒေါ်မမလေးလိုက်ထုတ်ရသော အကြိမ် တွေလည်းမနည်းတော့။ ရုပ်ရှင် ဂီတ ဇာတ်သဘင်နယ်ပယ်တွေမှလူတွေနှင့် ခင်မင်ရင်းနှီးစွာ ပေါင်းသည်။ သင်္ဘောဆိပ်များ ဘူတာရုံများ ပြည့်တန်ဆာမများ အကြားတွင် ကျက်စား သည်။ မိန်းမတစ်ယောက် ကောက်ယူသည်။ ကလေးတစ်ယောက်ရအပြီး ထိုမိန်းမနှင့် ချက်ချင်းကွဲသွားသည်။ ထိုအခါ ထိုကလေးက ဘွားအေဖြစ်သူ ဒေါ်မမလေးထံ ရောက်လာ သည်။ မောင်သိန်းတန်ကြောင့် ဒေါ်မမလေးဆံပင်တွေ အတော်ဖြူခဲ့ရပုံ ပေါ်ပါသည်။

မြသန်းတင့်ကတော့ သူ့ဆောင်းပါးထဲတွင် မောင်သိန်းတန်တစ်ယောက် ဥရောပက Existentialism ဟုခေါ်သော ဖြစ်တည်မှုပဓာနဝါဒ နှင့် ထိုဝါဒအတိုင်း လိုက်နာသော ဖြစ်တည်မှု ပဓာနဝါဒီ တွေကိုအားကျသည်ဟုရေးထားပါသည်။ ထိုဝါဒီတွေ၏အလိုအတိုင်း မောင်သိန်းတန်တယောက် ကိုယ့်စိတ်နှင့်ကိုယ် တေတေပေပေနေပုံကိုလည်း ရေးထားပါသည်။ ဆရာ မြသန်းတင့်က သူအပြင်သို့ ပြန်ရောက်အပြီး စမတ်ကျကျ ဘိုဆန်ဆန်ဝတ်စားထားသော မောင်သိန်းတန်နှင့် မန္တလေး ဘူတာကြီးတွင်ဆုံရပုံကို ရေးထားရာ သူနှင့်ကွဲနေသည့် အချိန် အတွင်း မောင်သိန်းတန်တယောက် အိမ်ထောင်နှစ်ခါကျ၍ အိမ်ထောင်နှစ်ခါပျက်ပြီးပြီဟု ရေးထားပါသည်။ ဘိုဆန်သော မောင်သိန်းတန်တယောက် ဆရာမြသန်းတင့်ကိုလည်း ထုံးစံ အတိုင်း ဘိုလိုပဲ ပြောပါသည်။

မောင်သိန်းတန်အကြောင်း ထပ်ပြီး ပြည့်ပြည့်စုံစုံသိရသည်က လွန်ခဲ့သောနှစ်နှစ်သုံးနှစ်လောက်က ‘မဟေသီ’ တွင် ဖော်ပြပါရှိခဲ့သော တလောကလေးကမှကွယ်လွန်ခဲ့သည့် ‘မင်းသစ်’ ၏ ‘လွမ်းရတဲ့သူတွေ’ လစဉ် ဆောင်းပါးမှ ဖြစ်ပါသည်။ မင်းသစ်က မောင်သိန်းတန်၏အကြောင်းကို တခုတ်တရ ဆောင်းပါးတစ်ပုဒ်စာ ရုပ်ပုံလွှာ ရေးဖွဲ့သွားပါသည်။

မင်းသစ်၏ ဆောင်းပါးထဲတွင်ဖော်ပြချက်အရ မောင်သိန်းတန်တစ်ယောက် ကိုယ်တိုင်သရုပ်ဆောင်လုပ်ကာ ပန်းချီခင်မောင်ရင်နှင့်တွဲ၍ ‘နှမလက်လျှော့ နေလေတော့’ ဇာတ်ကားကို ရိုက်ကူးသည်ဟု သိရပါသည်။

ဇာတ်ကားအစတွင်ပင် လမ်းထဲသို့ပဲပြုတ်သည် ဝင်အလာကိုရိုက်ပြသည်မှာ ‘ပဲပြုတ်’ ဟု အော်သောအချိန်မှ စ၍ ဆယ်မိနစ်ခန့် ကြာအောင် ရိုက်ပြသည်တဲ့။

လာကြည့်သောသူတွေက ခုံတွေကိုရိုက်ချိုးကာ ထိုကား ခွက်ခွက်လန်အောင် ရှုံးလေသည်။

မနက်တွင် မောင်သိန်းတန်တယောက် အင်းလျားလိတ်ဟိုတယ်မှာ ဘိုအလွန်ဆန်စွာ အနောက်တိုင်း နေ့လယ်စာစားပါသည်။ ညတွင် မောင်သိန်းတန်တယောက် ရပ်ကွက်ကြို ရပ် ကွက်ကြားက အရက်ဖြူဆိုင်ကလေးသို့ ရောက်နေပါသည်။

ကားစီးလာစဉ် ဗိုလ်ချုပ်လမ်းပေါ်အရောက် လက်မှစိန်လက်စွပ်ကိုချွတ်ကာ ရုပ်ရှင်ကြည့်ရန်တန်းစီနေသည့် လူအုပ်ကြီးထဲပစ်ထည့်လိုက်ဖူးပါသည်။

ညကြီးမင်းကြီး ပုဂံမှာအိပ်ပင်ပျော်နေပြီ ဖြစ်သည့် ဂေါပကအဖွဲ့ကိုလိုက်နှိုးပြီး ငွေတစ်သောင်း(၁၉၈၀ လောက်က ဖြစ်ပါသည်) ကို အလှူငွေအဖြစ်ပေးလှူခဲ့ပါသည်။ အလှူရှင် သူဌေး မင်း၏အမည်ကို ဖြတ်ပိုင်းရေးပေးရန် ဂေါပကအဖွဲ့က သူ့ကိုမေးတော့ ‘ရာဇကုမာရ် ကောင်းမှု’ ဟု ရေးပေးရန် ပြန်ဖြေခဲ့သူ ဖြစ်ပါသည်။

တခါမှာတော့ မောင်သိန်းတန်ယောက် မင်းသစ်၏ဖိတ်ခေါ်ချက်အရ မင်းသစ်နှင့် ဇနီးဖြစ်သူ မြန်မာ့အသံ အင်္ဂလိပ်ပိုင်းဆိုင်ရာ အစီအစဉ်ကြေညာသူ ရှယ်လီထွားတို့၏ ကမာရွတ်က ခြံကြီးသို့ လာနေဖူးပါသည်။ လာနေပုံကိုလည်း ကြည့်ပါဦး။ ကားမပါ ဘာမပါ။ မေးကြည့်တော့ ကားရှိလျှင် ဟိုဟိုသည်သည် ထွက်မိနေမှာစိုး၍ တစ်ခါတည်း ရောင်းပစ်ခဲ့သည်တဲ့။ ရောက်သည်နှင့် ခြံထဲတွင်ဒန်းဆင်ခိုင်းကာ မင်းသစ်၏ကလေးများကိုမုန့်ဖိုးပေးပြီး ကြံရည်သောက်လျက်ဒန်းလွှဲခိုင်းပါသည်။ ဒေါ်မမလေး၏ နေလဆေးပညာ ဓာတ်စာအမွေကို ကြည့် ရတာ မောင်သိန်းတန်လည်း အထိုက်အလျောက်ဆက်ခံရပုံ ပေါ်ပါသည်။

တစ်ခါမှာတော့ နီပေါဘုရင်မင်းမြတ်နှင့် မိဖုရား မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်လာခဲ့ပါသည်။ ထိုအခါ ဘုရင်မင်းမြတ်က သူနှင့်ငယ်ငယ်က ဒါဂျီလင်တွင် ဆော့ဖော်ဆော့ဖက် မောင်သိန်းတန်ကို တွေ့လိုသည်ဟု တခုတ်တရ ဆိုပါသည်။ ထိုအခါသက်ဆိုင်ရာ အာဏာပိုင်များက မောင်သိန်းတန်ကို လိုက်ရှာရပါသည်။ မောင်သိန်းတန်ကို ဘယ်နေရာမှာ သွားတွေ့သည်ဟု ထင်ပါသနည်း။

ပြည်တစ်ဖက်ကမ်း တံငါတဲကလေးတလုံးအတွင်းတွင် နှစ်ခြိုက်စွာအိပ်ပျော်နေသော မောင်သိန်းတန်တယောက်ကို သွားတွေ့ပါသည်တဲ့။ အဲဒီမှာပဲ မောင်သိန်းတန်ကို ဆံပင်ညှပ်ပေး ရေမိုးကအစသန့်စင်ပေးကာ ဘုရင်မင်းမြတ် မြန်မာပြည်မှမပြန်ခင် လေယာဉ်မထွက်ခင် လက်မတင်ကလေး တွေ့ခွင့်ရရန် စီစဉ်ပေးလိုက်ရပါသည်။ နီပေါဘုရင်မင်းမြတ်ကတော့ ခွဲကာနီးတွင် မောင်သိန်းတန်အတွက် အမှန်ဆုံး စကားတခွန်းကို ဆိုသွားရှာပါသည်။ ‘သိန်းတန် မင်းဘာမှ မပြောင်းလဲဘူး’ တဲ့။

ဒီလောက်ဆိုလျှင် မောင်သိန်းတန်အကြောင်း စာဖတ်သူတို့ သိနိုင်လောက်ပြီ ထင်ပါသည်။

……………………………..    ……………………………….    ………………………………..

နောက်တယောက်ကတော့ ဂျာနယ်ကျော်မမလေး၏သားအငယ်ဆုံး စာရေးဆရာ ကဗျာဆရာ အင်္ဂလိပ်စာဆရာ မိုးဟိန်း ဖြစ်ပါသည်။ သားဂျာနယ်ကျော်အမည်ခံ မိုးဟိန်း၏ စာစ ပေစကလေးများနှင့် အင်္ဂလိပ်လိုတချို့ မြန်မာလိုတဝက် ကဗျာကလေးများကိုတော့ ကျွန်တော် ပန်းဆိုးတန်းစာအုပ်တန်းမှာရှိနေခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း အင်္ဂလိပ်လို ထုတ် ဝေသည့် စာစောင်ကလေးများမှာ ဖျတ်ခနဲဖျတ်ခနဲ တွေ့ခဲ့မိပါသည်။ ထို့နောက် သူ အင်္ဂလိပ်လိုရေးခဲ့သောကဗျာများအား စုပေါင်း၍ Harmony of Head and Heart အမည်ဖြင့် ၁၉၉၉ လောက်တွင် ထုတ်ဝေခဲ့ပါသည်။ ထိုအထဲမှ Head and Heart ကဗျာကလေးမှာ အမေရိကန်ုအမျိုးသားကဗျာစာကြည့်တိုက်မှထုတ်ဝေသည့် ကဗျာပေါင်းချုပ်စာအုပ်တွင် ရွေးချယ်ဖော်ပြခံရ၍ ကဗျာဆရာမိုးဟိန်းအားလည်း နိုင်ငံတကာ ဂုဏ်ပြုခံကဗျာဆရာအဖြစ် အသိအမှတ် ပြုခံခဲ့ရပါသည်။

ဂျာနယ်ကျော်မမလေး၏သမီးကြီးဖြစ်သူ ဒေါက်တာဒေါ်ခင်လေးမြင့်ကတော့ ပြင်သစ်စာဆရာမဖြစ်ပြီး ဂျာနယ်ကျော်မမလေး၏စာအချို့ကို ပြင်သစ်ဘာသာသို့လည်းကောင်း၊ ပြင်သစ် စာပေအချို့ကို မြန်မာဘာသာသို့လည်းကောင်း ပြန်ဆိုရေးသားခဲ့သူ ဖြစ်ပါသည်။
………………………..    …………………………    …………………………

ငယ်ငယ်တုန်းက ဂျာနယ်ကျော်မမလေး၏ ‘သူလိုလူ’ ကိုဖတ်အပြီး အဖေ နှင့် ကျွန်တော် ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်း ပြောမိခဲ့ပါသည်။ ထိုစဉ်ကာလလွန်ခဲ့သော နှစ်နှစ်ဆယ် အစိတ်လောက်က ယခုခေတ်လိုဂျာနယ်ကျော်ဦးချစ်မောင်၏ဓာတ်ပုံကို မြင်ဖူးဖို့ ဘယ်လိုမှမဖြစ်နိုင်သေးသည့်ကာလဖြစ်ပါသည်။ ထိုအချိန်က အဖေက ကျွန်တော့်ကို ဂျာနယ်ကျော် ဦးချစ်မောင်မှာ အုတ်ဖိုသားဖြစ်ပြီး ဂျာနယ်ကျော်ဦးချစ်မောင်၏အဖေဖြစ်သူမှာ ချစ်တီးကုလား ဖြစ်ကြောင်း ပြောခဲ့ဖူးပါသည်။

နောင်အခါတွင် မိုးဟိန်းနှင့်တကွ သူ့အစ်မ ဒေါက်တာဒေါ်ခင်လေးမြင့်၏ပုံကိုပါ မဂ္ဂဇင်းစာမျက်နှာများပေါ်တွင်မြင်ဖူးမှ ဂျာနယ်ကျော်ဦးချစ်မောင်မှာ ကုလားဗမာကပြား ဖြစ်ကြောင်း ကျွန်တော်သဘောပေါက်သွားပါသည်။

ထို့နောက် အဖေ နှင့် ‘သူလိုလူ’ အကြောင်းပြောရင်း ဗိုလ်အောင်ကျော်ကျဆုံးသွားခဲ့သည့် အတွင်းဝန်ရုံးကိုဝိုင်းသည့်အရေးအခင်းအကြောင်း ရောက်ရှိသွားပါသည်။ ထိုအခါ အဖေ က တကယ် အတွင်းဝန်ရုံးကိုဝိုင်းရန်အကြံပေးသူမှာ ဦးသိန်းဖေမြင့် ဖြစ်ကြောင်းနှင့်တကွ ဂျာနယ်ကျော်မမလေးက သူ့စာအုပ်တွင် အတွင်းဝန်ရုံးကို ဝိုင်းရန် ဂျာနယ်ကျော်ဦးချစ်မောင်က အကြံပေးလိုက်သည်ဟု ရေးခဲ့ခြင်းအတွက် ဦးသိန်းဖေမြင့်က အကြံပေးသူမှာ သူဖြစ်ပါလျက်နှင့် ဂျာနယ်ကျော်မမလေးက မည်သည့်အတွက်ကြောင့် ဦးချစ်မောင် အကြံပေးသည် ဟု ရေးရပါကြောင်း နောင်အခါတွင် ဒေါ်မမလေးကို သွားမေးခဲ့ဖူးသည် ဟု ပြောပါသည်။

ကြည့်ရတာ ထိုအကြောင်း တနေရာရာတွင်ရေးထားတာကို အဖေဖတ်မိပုံ ပေါ်ပါသည်။ အဖေ့နည်းတူ အဖေ့အရွယ်လောက်ရှိသည့်သူတစ်ဦးကလည်း ကျွန်တော့်အား နောင်အခါ တွင် ထိုအတိုင်း ပြောဖူးပြန်ပါသည်။ ‘သူလိုလူ’ မှာ ဂျာနယ်ကျော်ဦးချစ်မောင်ကွယ်လွန်ပြီးမှထုတ်သောစာအုပ်ဖြစ်လေရာ မည်သူကမှန်၍ မည်သူကမှားသလဲ ဝေခွဲဖို့ ခက်တာက တော့ အမှန်ပင် ဖြစ်ပါသည်။

မြေကြီးကို ဘယ်သူဖွင့်ရဲသလဲ ဟု ပြောရတော့မည် ဖြစ်ပါသည်။
…………………………..   …………………………..   …………………………..

တကယ်တော့ ဂျာနယ်ကျော်မမလေး၏ဘဝမှာ အလုပ်တွေဖြင့် ပြွမ်းတီးခဲ့သော ဘဝမျှသာ ဖြစ်ပါသည်။

သူရေးခဲ့သောနာမည်ကျော် ‘သူလိုလူ’ ကို တု၍ဆိုရလျှင် ‘သူလိုမိန်းမ’ ဟုဆိုရမည် ဖြစ်ပါသည်။ အထူးသဖြင့် နောက်ကွယ်မှာ နေတာသာများ၍ မိန်းမတွေ ရှေ့သို့ ထွက်လေ့ထွက်ထ သိပ်မရှိသည့် ကျွန်တော်တို့ မြန်မာ့လောကတွင် အထူးသဖြင့် ထိုအချိန် လွန်ခဲ့သော နှစ်လေးငါးခြောက်ဆယ်ခန့်က ဂျာနယ်ကျော်မမလေးလို အမျိုးသမီးမျိုးမှာ သိပ်များများမရှိ ဟု ဆိုနိုင်ပါသည်။

အခက်အခဲပေါင်း သောင်းခြောက်ထောင်အကြားက ကွယ်လွန်သူခင်ပွန်း ဖြစ်သူ၏ဆန္ဒအတိုင်း ဂျာနယ်ကျော်ကို ဆက်လက်ထုတ်ဝေခဲ့ပါသည်။ ထို့နောက် အလွန်ပင်ပန်း၍ အမျိုးသ မီးများနှင့် မကိုက်ဟု စေတနာနှင့်ကန့်ကွက်သူတွေ ကန့်ကွက်သည့် ကြားက ‘ပြည်သူ့ဟစ်တိုင်’ သတင်းစာကို ဆက်လက် ထုတ်ဝေပြန်ပါသည်။ အခက်အခဲတွေက အနန္တ။ လူက မုဆိုးမ။ လူမမယ်အရွယ်ကလေးတွေက သုံးယောက်တောင်။ စစ်ကြီးကပြီးကာစ။ အားလုံးက ကမောက်ကမ။ ထိုအခြေအနေတွေကြားမှ ဂျာနယ်ကျော်နှင့် ပြည်သူ့ဟစ်တိုင်ကို မရမက နှစ်အနည်းငယ်မျှ ထုတ်ဝေသွားခဲ့ပါသည်။ တိုက်တွင် ငွေကျပ်၍ အလုပ်သမားလခများနှင့် တိုက်စရိတ်များကို ပေးချေရန် ၁၉၄၇ခုနှစ် တွင် ထုတ်ဝေခဲ့သော သူ့ နာမည်ကျော် ‘သူလိုလူ’ ကို ညဘက်တွင် ရေဇလုံတစ်လုံး ဘေးထား၍ မျက်နှာသစ်ကာ ၁၄ ရက်တိုင်တိုင် ရေးခဲ့ရသည် ဟု ဆိုပါသည်။

ဤမျှ အလုပ်တွေ ဂျင်ခြေလည်နေသည့်ကြားက ဂျာနယ်ကျော်မမလေးတယောက် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ်လည်း လုပ်ခဲ့ပါသေးသည်။ နိုင်ငံခြားခရီးများသို့လည်း ထွက်ခဲ့ပါသေးသည်။ ထို့နောက်တဖန် နေလဆေးပညာကို ဆည်းပူး၍ မြန်မာဆေးဆရာအဖြစ်နှင့်လည်း နှစ်ပေါင်းများစွာ ဆေးဝါးကုသခဲ့ပါသေးသည်။

တစ်ခါမှာတော့ မြောက်မြားလှစွာသော မြန်မာစာရေးဆရာတို့၏ထုံးစံအတိုင်း နရသိန်စံနန်းသို့လည်း ဒေါ်မမလေး ရောက်ရှိခဲ့ပါသည်။

ထို့ပြင် သူ့စာတွေအရ သားတွေသမီးတွေ မြေးတွေအပြင် နောက်ဆုံး ဆွေဝန်မျိုးဝန်တွေကိုပါ ဒေါ်မမလေးထမ်းရွက်ခဲ့ရပြန်ပါသည်။ တိုတိုဆိုရလျှင် အတော်မောဖို့ ကောင်းလှသော ဘဝပိုင်ရှင်တယောက် ဖြစ်ပါသည်။

ထိုအထဲမှ ဝတ္ထုတွေ ဆောင်းပါးတွေကိုလည်း အလျဉ်မပြတ်ရေးသားပြန်ပါသည်။ ခုထိ ကျွန်တော်မဖတ်ဖူးသေးသော်လည်း သူ့နာမည်ကျော်ဝတ္ထုများ ဖြစ်သည့် ‘မုန်း၍မဟူ၊ ရင်နင့်အောင်မွှေး၊ သွေး’ နှင့် ‘တွေးတစိမ့်စိမ့်’ ဝတ္ထုတိုပေါင်းချုပ် စာအုပ်များအကြောင်းကိုလည်း သတိရမိပါသည်။

အဲဒီစာအုပ်တွေကတော့ ဘဝအမောများကြားတွင် နွမ်းလျနေသည့်ကြားက လွမ်းတသည့် စိတ်အခံနှင့် ရေးခဲ့သော သူ့စာပေလက်ရာများဟု ကျွန်တော် ထင်မှတ်မိပါသည်။

စာအုပ်ကို ပြန်ပိတ်လိုက်တော့ မတင်လှိုင် ခေါ် ဂျာနယ်ကျော်မမလေးသည်လည်းကောင်း၊ ဂျာနယ်ကျော်ဦးချစ်မောင်သည်လည်းကောင်း၊ မောင်သိန်းတန်တို့ မိုးဟိန်းတို့ ဒေါ်ခင် လေးမြင့်တို့သည်လည်းကောင်း၊ နောက်ဆုံး ဂျာနယ်ကျော်မမလေးနှင့်တကွ ဂျာနယ်ကျော်ဦးချစ်မောင်ကိုပါ ကျွန်တော် နှင့်မိတ်ဆက်ပေးခဲ့သည့် ကျွန်တော့်ဖခင်ကြီးသည်လည်း ကောင်း ကွယ်ပျောက်သွားကြပါသည်။

အခုတော့လည်း သူတို့အားလုံး မရှိကြတော့ပြီ။       ။

ညိုထက်ညို

ထက်ခေါင်လင်း (Myanmar Now) ● တပ်ချုပ် ဖေ့စ်ဘွတ်ပေ့ခ်ျ အမုန်းစကားမပြောဟု တပ်အရာရှိတစ်ဦး ဆို

$
0
0
ထက်ခေါင်လင်း (Myanmar Now) ● တပ်ချုပ် ဖေ့စ်ဘွတ်ပေ့ခ်ျ အမုန်းစကားမပြောဟု တပ်အရာရှိတစ်ဦး ဆို
(မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၈

(ရန်ကုန်) - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူမှုကွန်ရက် ဖေ့စ်ဘွတ် ပေ့ခ်ျ ကို ကုမ္ပဏီက ယနေ့မှစပြီး ဖယ်ရှားလိုက်ခြင်းသည် မလုပ်သင့် မလုပ်အပ်သော လုပ်ရပ်တစ်ခုဖြစ်သည်ဟု တပ်မတော်အရာရှိ တစ်ဦးက ဝေဖန်သည်။

မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး အမုန်းတရား ဖြန့်ချိမှုအတွက် ထိရောက်သော တိုက်ဖျက်မှု မလုပ်ဟု အဝေဖန်ခံနေရ သည့် အမေရိကန် အခြေစိုက် ဖေ့စ်ဘွတ် (Facebook) လူမှုကွန်ရက်ကုမ္ပဏီသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားတို့အပါအဝင် အဖွဲ့အစည်းနှင့် လူပေါင်း ၂၀ တို့ကို ၎င်း၏ လူမှုကွန်ရက်ပေါ်မှ ဖယ်ရှားပစ်လိုက်ပြီဖြစ်ကြောင်း ဩဂုတ်လ ၂၇ ရက် ယနေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ ထုတ်ပြန်ခြင်းနှင့်အတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြဝတီသတင်းဌာနတို့အပါအဝင် တပ်မတော် နှင့် နီးစပ်သော ဖေ့စ်ဘွတ်စာမျက်နှာများကို ယနေ့ နေ့လယ်ပိုင်းမှစကာ ဝင်ကြည့်၍မရတော့ပေ။

ထိုသို့ ပိတ်ပင်လိုက်ခြင်းအပေါ် တပ်မတော်အရာရှိကြီးတစ်ဦးက ကာကွယ်ရေးဦးစီးချုပ်၏ ဖေ့စ်ဘွတ် စာမျက်နှာသည် အမုန်းစကားများကို ဖြန့်ဝေနေသည့် စာမျက်နှာမဟုတ်ကြောင်း Myanmar Now ကို ပြောသည်။

“တပ်ချုပ်စာမျက်နှာမှာ အမုန်းစကားတွေ တစ်ခုမှပြောနေတာမဟုတ်ဘူး။ ဖေ့ဘုတ်အဖွဲ့ဆိုတာကလည်း သူ့နောက်မှာ တွန်းအားတစ်ခုခု၊ ဖိအားတစ်ခုခု ရှိမှာပေါ့။ ငွေကြေးနဲ့ ရပ်တည်တဲ့အဖွဲ့အစည်းဆိုတော့ ငွေထောက်ပံ့သူတွေရဲ့ သဘောထားနောက်ကို လိုက်ရတာမျိုးရှိမှာပေါ့” ဟု ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ အမည်မဖော်လိုသူ ဗိုလ်မှူးကြီးတစ်ဦးက ဆိုသည်။

ထို စာမျက်နှာသည် တပ်မတော်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့၏ လှုပ်ရှားမှုများကို အများပြည်သူသိအောင်သာ ထုတ်ပြန်နေသည့် စာမျက်နှာဖြစ်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပေါ်စေရန် ပြုလုပ်နေသည့် အချက်တစ်ခုမှ မရှိကြောင်း ၎င်းက ပြောသည်။

တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်စိုးနိုင်ဦး၏ တယ်လီဖုန်းသို့ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းပိတ်ထားသည်။ ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင်လည်း လက်တလော မဖြေကြားနိုင်ဟု အကြောင်းပြန်ခဲ့သည်။

ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်သည် တိုင်းပြည်၏ လုံခြုံရေးနှင့် ကာကွယ်ရေးကို တာဝန်ယူထားရသူ၊ နိုင်ငံတော်အတွက် ဆောင်ရွက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည့်အတွက် ယခုလိုလုပ်ရပ်သည် အမျိုးသား ရင်ကြားစေ့ရေးကို ထိခိုက်လာနိုင်ကြောင်း တပ်မတော်အရာရှိဟောင်း လက်ရှိ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက Myanmar Now ကို ပြောသည်။

“ဒီလိုလုပ်တာ အယူအဆလွဲမှားတာပဲ။ ဒီမိုကရေစီစနစ်မှာ လူတိုင်းဟာ လွတ်လပ်စွာ ကိုယ့်ဆန္ဒကိုယ် ထုတ်ဖော်ခွင့်ရှိရမှာပဲ။ အခုက သူတို့မကြိုက်တာကိုပဲ အမုန်းတရားဖြန့်ချိတယ်ဆိုတဲ့ အယူအဆတွေနဲ့ လုပ်တာ။ အမုန်းတရားဆိုတာ ဘာကိုသတ်မှတ်ထားတာလဲ။ နောက်ပြီး ဖေ့ဘုတ်အဖွဲ့ဆိုတာ လက်ရှိအစိုးရက ခွင့်ပြုချက်ပေးထားလို့ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတစ်ခုလို ယူဆတယ်” ဟု ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ဆိုသည်။

ဖေ့စ်ဘွတ်၏ ထုတ်ပြန်ကြေညာချက်တွင် ၎င်းတို့လူမှုကွန်ရက်ပေါ်၌ ကမ်ပိန်းသဖွယ် အချိန်ကိုက် မရိုးသားသောသဘောဖြင့် လုပ်ဆောင်နေသော ပေ့ခ်ျ ၄၆ ခုနှင့် အကောင့် ၁၂ ခုကိုလည်း ဖယ်ရှားခဲ့ကြောင်း၊ ထိုအကောင့်နှင့် ပေ့ခ်ျများသည် အပေါ်ယံအားဖြင့် မျှတလွတ်လပ်သည့် သတင်းများ၊ အတွေးအမြင်များကို လွှင့်တင်ပြီး၊ တစ်ဖက်တွင် မသိမသာ တပ်မတော်က ဖြန့်ဖြူးလိုသည့် အချက်အလက်များကို လက်သိပ်ထိုးထုတ်လွှင့်နေကြောင်း ပါရှိသည်။

ထို့အပြင် ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်အပြင် တပ်မတော်မှ ထိပ်ပိုင်းခေါင်းဆောင် ခြောက်ဦးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးသို့ ရုံးတင်စစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေး အဖွဲ့၏ အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ထိုအစီရင်ခံစာအရ တပ်မတော်ထိပ်ပိုင်း အရာရှိများသည် ရခိုင်ပြည်နယ်အပါအဝင် မြန်မာပြည်မြောက်ပိုင်းရှိ ပဋိပက္ခများ အတွင်း လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုများအတွက် တာဝန်ရှိသည်ဟု ပါရှိသည်။

ယခု ဖေ့စ်ဘွတ်က ပိတ်ပင်လိုက်သော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှု များကို ကိုယ်တိုင်ကျူးလွန်ခြင်း၊ သိုမဟုတ် ကျူးလွန်ရန် အခြေအနေ ဖန်တီးပေးသည်ဟု နိုင်ငံတကာပညာရှင်များက အထောက်အထားများ တွေ့ရှိခဲ့ကြောင်း ဖေ့စ်ဘွတ်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် လူမျိုးရေး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်က အလွန်အကျည်းတန်သလို မိမိတို့ဘက်မှ တုံ့ပြန်မှု အလွန်နှေးကွေးခဲ့ကြောင်း၊ ထို့အတွက် ယခုလဆန်းပိုင်းကစပြီး သတင်းမှားများ၊ အမုန်းစကားများ ဖြန့်ဖြူးခြင်းကို ဟန့်တားရန် မည်သို့လုပ်ဆောင်မည်ကို အသိပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ကို တလွဲအသုံးမချရေး တားဆီးရန်မှာ မိမိတို့တွင် တာဝန်ရှိသဖြင့် ထိုလုပ်ရပ်များကို ကာကွန်ရန် မိမိတို့က ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်၏ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ထိုကဲ့သို့ အစီရင်ခံစာနှင့်အတူ ဖေ့ဘုတ်အဖွဲ့က ကာကွယ်ရေးဦးစီးချုပ်၏ ဖေ့ဘုတ်စာမျက်နှာကို ဖယ်ရှားလိုက်ခြင်းသည် အချိန်ကိုက်ဖြစ်ကြောင်း တပ်မတော်အသိုင်းအဝိုင်းက ယူဆနေကြသည်။
--------------------
ဓာတ်ပုံ - Reuters

ကာတွန်း ကိုခေတ်ရဲ့ ဘယ်ပြည်သူတွေကို ဆိုပါလိမ့် ...

$
0
0

ကာတွန်း ကိုခေတ်ရဲ့ ဘယ်ပြည်သူတွေကို ဆိုပါလိမ့် ...
(မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၈

ထိုက်နန္ဒာဝင်း (Myanmar Now) ● အရပ်ဘက်ပဋိပက္ခ လျော့ကျလာသော တအာင်းဒေသ

$
0
0
ထိုက်နန္ဒာဝင်း (Myanmar Now) ● အရပ်ဘက်ပဋိပက္ခ လျော့ကျလာသော တအာင်းဒေသ
(မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၈

မရပ်နိုင်သေးသောတိုက်ပွဲတို့ကြောင့် ဖြစ်ပေါ်လာသည့် ရှမ်းနှင့်ပလောင်ကြား စိတ်ဝမ်းကွဲခြင်း၊ နားလည်မှု လွဲမှားခြင်းတို့ကို အများအားဖြင့် ပြန်လည် ကုစားနိုင်ပြီဖြစ်သည်

(လားရှိုး) — ရှမ်းပြည်နယ်၊ နမ္မတူမြို့မှ ကားဖြင့် မိနစ်၂ဝ ခန့် မောင်းသွားရသည့် တောင်ပေါ်ဒေသ တစ်နေရာတွင် သွပ်မိုး၊ ထရံကာ တန်းလျား ရှည်ကြီး ရှိနေသည်။ အခန်းငယ်များဖြင့် ဖွဲ့စည်းထားသော ထိုတန်းလျားမှာ ရှမ်းနှင့် ပလောင်တိုင်းရင်းသားများ ခိုလှုံရာ ကြူဆော့စစ်ရှောင်စခန်းဖြစ်သည်။

ညနေပိုင်းသဲသဲမဲမဲရွာနေသည့် မိုးက တောင်ပေါ်ဒေသ၏ ချမ်းအေးမှုကိုပိုကဲစေရန် အထောက် အပံ့ပေးထားရာ ဤရာသီဥတုတွင် စောင်ထူထူအတွင်း ဝင်ကွေးသင့်သော်လည်း အသားညိုညို၊ အရပ်ပုပု တာထွန်းလူတွင်မူ ထိုသို့ လုပ်နိုင်သည့် အခြေအနေ မရှိချေ။

မိုးမလင်းမီကပင် စိုက်ခင်းတွင် ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး စခန်းသို့ ပြန်ရောက်လာသော ပလောင်အမျိုးသား တာထွန်းလူသည် ဆာလောင်၍ ငိုကြွေးနေသည့် သမီး နှစ်ယောက်ကို ထိန်းကျောင်းနေရသည်။ ရှမ်းတိုင်းရင်းသူ ဇနီးသည်က ညစာချက်ပြုတ်ရန် မီးမွှေးနေသည်။


စစ်ရှောင်ပြေးလာသော ရှမ်း၊ တအာင်း ဒုက္ခသည်တို့ ခိုလှုံခဲ့သည့် လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်း (ဓာတ်ပုံ - စန္ဒာမော်/Myanmar Now)

မန်တုံမြို့နယ်၊ မန်နားရွာတွင် နေထိုင်ခဲ့ကြသော ၎င်းတို့မိသားစုသည် မကြာသေးမီနှစ်များအတွင်း ပလောင်၊ ရှမ်း လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ဤစခန်းသို့ လာရောက် ခိုလှုံနေကြခြင်း ဖြစ်သည်။ သူတို့၏ ၁၁ နှစ်အရွယ် သားဖြစ်သူကိုမူ မန္တလေးရှိ မိဘမဲ့ဂေဟာတစ်ခုသို့ ပို့ထားရသည်ဟု တာထွန်းလူက ပြောပြသည်။

“ချစ်ခင်သူအချင်းချင်း ဝေးစေတဲ့ တိုက်ပွဲတွေကို စိတ်နာတယ်” ဟု ၎င်းက ကြေကွဲစွာ ပြောပြသည်။

တိုက်ပွဲများကြောင့် ဒေသတွင်း အတူတကွ နေထိုင်ကြသည့် ရှမ်းနှင့် ပလောင်ကြား ရုတ်တရက် စိတ်ဝမ်းကွဲသွားပြီး ဆက်ဆံရေး တင်းမာခဲ့ကြသည်။ ယခုအခါ ဒေသခံများကြားတွင် အချင်းချင်း ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် ကြိုးပမ်းလာကြသော်လည်း တိုက်ပွဲများက ရပ်စဲမည့် အရိပ်အရောင် မပေါ်သေးပေ။

● ပလောင်မှ တအာင်းသို့
"လက်ဖက်ကောင်းစားချင် ပလောင်တောင်တက်နှေးစေ"ဟူသော စကားပုံကြောင့် ပလောင်လူမျိုးကို အများက သိကြပြီးဖြစ်သည်။

ရှမ်းပြည်နယ် တောင်ပေါ်ဒေသ လက်ဖက်စိုက်ပျိုး ထုတ်လုပ်ကြသူများထဲတွင် ပလောင် ခေါ် တအာင်း တို့လည်း အများအပြား ပါဝင်သည်။ တအာင်းသည် တောင်ပေါ်တွင်နေသောလူမျိုး ဟု အဓိပ္ပာယ်ရသည်။

“ပလောင်” ဟု မခေါ်ဘဲ “တအာင်း” ဟု ခေါ်ဝေါ်သုံးစွဲရန် တောင်းဆို လှုံ့ဆော်မှု ပေါ်ပေါက်လာသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်ပြီး ထိုသို့ တောင်းဆိုသူများထဲတွင် တအာင်း စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ကျော်လည်း ပါဝင်သည်။

“ကိုယ့်လူမျိုးကို ကိုယ်နှစ်သက်တဲ့ အခေါ်အဝေါ်အတိုင်းပဲ အများက ခေါ်ဝေါ်သုံးစွဲတာ မြင်ချင်၊ ကြားချင်တာပေါ့” ဟု ၎င်းက ပြောသည်။

ဒေသခံအရပ်သားများကြားတွင်မူ ပလောင်၊ တအာင်း နှစ်မျိုးစလုံးကို ရောနှော အသုံးပြုနေကြသည်။

တအာင်းလက်နက်ကိုင်အဖွဲ့၏ အင်တာနက်စာမျက်နှာတွင်မူ “တအာင်း” လူမျိုးဟု ဖော်ပြခဲ့သော်လည်း ယခုနောက်ပိုင်း ထုတ်ပြန်ချက်များတွင်မူ အသံထွက်အတိုင်း “တအန်း” ဟုသာ ရေးသား ဖော်ပြထားကြောင်း တွေ့ရသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်လိုက်သည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နမ့်ဆန်၊ မန်တုံမြို့နယ်တို့ ပါဝင်သည်။ ထိုဒေသတွင် ပါဝင်ခြင်း မရှိသည့် လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ မိုးမိတ်၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ မိုးကုတ် စသည့် မြို့နယ်များတွင်လည်း တအာင်း တိုင်းရင်းသားတို့ကို တွေ့နိုင်သည်။ တအာင်း လူဦးေ၇ ၁ သန်းကျော် ရှိသည်ဟု တအာင်း အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။ အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး၊ ခရစ်ယာန် ဘာသာဝင်များ၊ နတ်ကိုးကွယ်သူများလည်း ရှိသည်။

ယခင်က တောင်ပိုင်စော်ဘွား အဆက်ဆက်တို့သည် တအာင်းတို့ကို နှစ်ပေါင်း ၁,ဝဝဝ ကျော် ဆွေစဉ် မျိုးဆက် အုပ်ချုပ်ခဲ့သည်၊ နောက်ဆုံး စော်ဘွား ခွန်ပန်းစိန်သည် ပင်လုံစာချုပ် ချုပ်ဆိုရာတွင် ပါဝင်ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်ဟု သိရသည်။

ယနေ့ခေတ်တွင် နယ်မြေအေးချမ်းမှု မရှိသဖြင့် စားဝတ်နေရေး ပိုမို ခက်ခဲနေပြီး စာသင်ကျောင်း၊ ဆေးရုံ၊ သင့်လျော်သည့် လမ်းပန်းဆက်သွယ်ရေးလည်း အများအပြား လိုအပ်နေသည်ဟု တအာင်းတိုင်းရင်းသားအရေး ဆောင်ရွက်နေသူတချို့က ဆိုသည်။

တအာင်းတို့သည် ရှမ်းတိုင်းရင်းသားများထက် အဘက်ဘက်မှ လူနေမှု နိမ့်ကျနေကြောင်း မြင်တွေ့ခဲ့ရသည်။

တောင်ယာသွား ရွာသူ၊ ရွာသားတို့ မြေမြှုပ်မိုင်းနင်းမိသဖြင့် ဒဏ်ရာရ၊ သေဆုံးခြင်းများလည်း အများအပြား ရှိနေသည်။ ဝမ်းရေးအတွက် မွေးမြူထားသည့် ကျွဲ၊ နွား တိရစ္ဆာန်တို့လည်း ဆုံးရှုံးနေရကြောင်း သိရသည်။

ဒေသတွင်း တိုက်ပွဲများကြောင့် လက်ဖက်စိုက်ပျိုးထုတ်လုပ်ခြင်း အပါအဝင် တောင်ယာလုပ်ငန်းများ အကြီးအကျယ် ထိခိုက်နေကြောင်း၊ လက်နက်ကိုင် တပ်ဖွဲ့တိုင်းလိုလိုက ယောကျာ်းလေးဆိုလျှင် စစ်သားသစ်အဖြစ် စုဆောင်းခြင်း၊ မိန်းကလေး ဆိုလျှင် အဓမ္မပြုကျင့်ခြင်းကြောင့် လူငယ်၊ လူလတ်ပိုင်းတို့သည် တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်တို့တွင် သွားရောက် လုပ်ကိုင်နေကြသည်ဟု လားရှိုးမြို့အခြေစိုက် တအာင်းပညာရေးဌာန (TEI)၏ တာဝန်ခံ လွေးချယ်ရီက ပြောသည်။

ကလေးငယ်များကိုလည်း နိုင်ငံအနှံ့အပြားရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ မိဘမဲ့ဂေဟာ၊ ပရဟိတ ဂေဟာ အများအပြားသို့ ပို့ဆောင်ထားခြင်းမှာ နယ်မြေ အေးချမ်းမှု ကင်းမဲ့ခြင်းကြောင့် ဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်း မြေပြန့်ဒေသသို့ ရောက်သွားသည့် တအာင်းကလေး အရေအတွက်မှာ နှစ်စဉ် ၁,ဝဝဝ အထက်တွင် ရှိနေသည်ဟု TEI က ခန့်မှန်းသည်။

လက်နက်ကိုင်ပဋိပက္ခနှင့် မူးယစ်ဆေး သုံးစွဲမှု ကျယ်ပြန့်လာခြင်းကြောင့် ကျေးလက်ဒေသခံတို့မှာ ပညာရေး၊ စီးပွားရေးပိုင်းတွင် ပိုမိုအားနည်းလာကြောင်း နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိုင်းဝင်းထူးက သုံးသပ်သည်။

“တစ်မြို့လုံး၊ တစ်ရွာလုံးကိုမှ ဆယ်တန်းအောင်တဲ့ ပလောင်က လက်ချိုးရေတွက် လို့ရတဲ့ အနေအထား ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

● လက်နက်ကိုင်ခြင်း
ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများအပြား အခြေစိုက် လှုပ်ရှားနေကြပြီး ၁၉၉ဝ ဝန်းကျင်တွင် ထိုအဖွဲ့များသည် တပ်မတော်နှင့် အပစ်ရပ်ခဲ့ကြသည်။ ဒေသတွင်း အခြားအဖွဲ့များနှင့် မတူသည့် အချက်မှာ ထိုစဉ်က PSLA ပလောင် လက်နက်ကိုင် အဖွဲ့သည် နိုင်ငံရေးဆွေးနွေးမည်၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမည်ဟူသော တပ်မတော်အစိုးရ၏ ကမ်းလှမ်းချက်ကို သဘောတူပြီး နောက်ပိုင်းတွင် လက်နက်အများအပြားကို အစိုးရထံ အပ်နှံလိုက်ကြသည့်အချက်ဖြစ်သည်။

လက်နက်အပ်ပြီးနောက်ပိုင်းတွင် မျှော်လင့်ထားသည်တို့ ပေါ်ပေါက်မလာချေ။ ယင်းနောက်ပိုင်းတွင် လက်နက်ပြန်ကိုင်ရေးကို နှစ်အတန်ကြာအချိန်ယူပြီး စီစဉ်ခဲ့ကြသည်ဟု သိရသည်။ ၂ဝ၁၁ အောက်တိုဘာတွင် တအာင်းလူငယ် အများအပြား KIA ကချင်လက်နက်ကိုင်အဖွဲ့တွင် စစ်ပညာသင်ယူပြီး ဒီဇင်ဘာလနှောင်းပိုင်းတွင် တအာင်းဒေသသို့ ခရီးရှည်ချီတက်ခြင်းဖြင့် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၏ လှုပ်ရှားမှုများ ယနေ့တိုင် အဆက်မပြတ် ပေါ်ပေါက်လာသည်။

“TNLA အနေနဲ့ လက်နက်ကိုင် လမ်းကြောင်းပေါ်ပြန်ရောက်လာတာရဲ့အဓိက ကတော့ နိုင်ငံရေးလမ်းကြောင်း ပြေလည်ဖို့၊ သူများလို တန်းတူအခွင့်အရေးရဖို့၊ တအာင်းပြည်နယ်ရရှိဖို့နဲ့ အဖိနှိပ်ခံဘဝကနေ လွတ်မြောက်ဖို့ပဲ” ဟု TNLA မှ ဗိုလ်မှူး တာအိုက်ကျော်က ပြောသည်။

အဖွဲ့အစည်း ရပ်တည်နိုင်ရန်အတွက် ၎င်းတို့ လှုပ်ရှားနယ်မြေအတွင်းရှိ လုပ်ငန်းရှင်များထံမှ “အခွန်” ကောက်ခံသည်ဟု သူက ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များအနက် TNLA သည် ဘိန်းခင်းများကို ဖျက်ဆီးခြင်း၊ မူးယစ်ဆေး ရောင်းဝယ်သူတို့ကို နှိပ်ကွပ်ခြင်း၊ ဒေသခံ အများအပြားကို မူးယစ်ဆေးဖြတ်ပေးခြင်းတို့ကြောင့် တအာင်း တိုင်းရင်းသားတို့၏ ယုံကြည်မှုကို ရရှိထားသည်။

မကြာသေးခင်က လားရှိုး၊ နမ္မတူမြို့များရှိ တအာင်းဒေသခံ ၅ဝ ကျော်နှင့် တွေ့ဆုံမေးမြန်းခွင့် ရခဲ့ရာ ၎င်းတို့က TNLA သည် လိုအပ်သော လက်နက်ကိုင်အင်အားအတွက် တအာင်းလူမျိုးကိုသာ ရွေးချယ်သည်ဟု ပြောပြကြသည်။ အခြား လက်နက်ကိုင်အဖွဲ့များကမူ တအာင်းသာမက ဒေသတွင်း တခြားလူမျိုးများကိုလည်း ခေါ်ယူစုဆောင်းနေသည်ဟု ၎င်းတို့က ဆိုသည်။

● တိုက်ပွဲများတွင် TNLA ပါဝင်မှု
မီဒီယာအဖွဲ့ ၁၃ ဖွဲ့ ပါဝင်သည့် Burma News International ၏ ဦးဆောင်မှုအောက်တွင် လှုပ်ရှားနေသော မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (Myanmar Peace Monitor) ၏ မှတ်တမ်းများအရ ၂ဝ၁၅ ဇန်နဝါရီမှ ၂ဝ၁၈ ဇူလိုင်တွင်း နိုင်ငံအနှံ့တွင် လက်နက်ကိုင် ပဋိပက္ခ ၁,ဝ၄၉ ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်တွင် SSA ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ ရှိရာ ၎င်းတို့၏ နိုင်ငံရေး ဦးဆောင်အဖွဲ့အမည်နှင့် တွဲပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟု ခေါ်ဆိုကြသည်။

ထိုနှစ်ဖွဲ့အနက် RCSS/SSA သည် ၂ဝ၁၅ ခုနှစ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်တွင် ပါဝင် လက်မှတ်ထိုးထားသည်။ စာချုပ်တွင် ပါဝင်ပြီးနောက်ပိုင်း TNLA နှင့် မကြာခဏဆိုသလိုပင် တိုက်ခိုက်လျက်ရှိသည်။

လက်မှတ်မထိုးရသေးသော SSPP/SSA သည် TNLA နှင့် မဟာမိတ် ဖြစ်နေသည်။ မြောက်ပိုင်း မဟာမိတ် ခုနစ်ဖွဲ့ဟု ထင်ရှားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) တွင် ပါဝင်သော အခြားအဖွဲ့များမှာ ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်၊ ဒီမိုကရေစီ မဟာမိတ်တပ်မတော်၊ ကချင် လွတ်လပ်ရေး တပ်မတော်၊ ရက္ခိုင့်တပ်မတော်၊ မြန်မာ့ဒီမိုကရေစီမဟာမိတ်တပ်မတော်တို့ ဖြစ်ကြသည်။

TNLA ၏ အဆိုအရ ပြီးခဲ့သည့်သုံးနှစ်တာကာလအတွင်း တပ်မတော်နှင့် တိုက်ပွဲ ၄ဝဝ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ RCSS နှင့် တိုက်ပွဲ ၂ဝဝ ကျော် ဖြစ်ခဲ့သည်။

RCSS သည် ၂ဝ၁၅ နောက်ပိုင်းတွင် တပ်မတော်နှင့် နားလည်မှု ယူပြီး TNLA လှုပ်ရှား နယ်မြေသို့ နယ်ကျော်သည်ဟု ယူဆရာမှ ပဋိပက္ခပေါ်ပေါက်လာသည်ဟု ရှမ်းမြောက်ဒေသ အရပ်ဘက် အဖွဲ့အစည်းတချို့၊ လွှတ်တော်ကိုယ်စားလှယ်တချို့က ယုံကြည်နေကြသည်။

RCSS မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဗိုလ်မှူး နန်းမိုးမိုးစောကမူ ထိုအချက်ကို ငြင်းဆိုသည်။

“RCSS သည် ရှမ်းပြည်သူလူထုကို ကိုယ်စားပြုတဲ့စစ်တပ် အနေနဲ့ ရှမ်းပြည်က နေရာဒေသ တော်တော် များများမှာ ဖြန့်ကျက်ပြီးတော့ နေရာယူ၊ လှုပ်ရှားနေတယ်။ နယ်မြေပိုင်းခြားမှုကတော့ တစ်ခါမှ မသတ်မှတ်ဖူးဘူး။ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ တပ်မတော်က ပေးထားတဲ့ နမ်ဆန်၊ မန်တုံတို့ ဘက်ကို RCSS အနေနဲ့ သွားရောက် တာမျိုး မရှိခဲ့ပါဘူး” ဟု သူက ရှင်းပြသည်။

ရှမ်းပြည်နယ်အတွင်း လှုပ်ရှား သွားလာစဉ် ထိတွေ့မှုဖြစ်ရာမှ တိုက်ပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ၏ အနိုင်ကျင့်မှုဒဏ်ကို ကျေးလက်ဒေသတွင် ပိုမို ရင်ဆိုင်နေရသည်ဟု ရှမ်းပြည်နယ်တွင် နေထိုင်သူ အများအပြားက Myanmar Now ကို ပြောကြသည်။

ပြီးခဲ့သည့် သုံးနှစ်အတွင်း နမ္မတူမြို့နယ်တွင် တအာင်းတိုင်းရင်းသား ၃၃ ဦး ဖမ်းဆီးခံရပြီး သုံးဦးသာ ပြန်လွတ်လာသည်ဟု တအာင်း (ပလောင်)အမျိုးသားပါတီ၏ သြဂုတ်လ ၉ ရက်နေ့စာရင်းများအရ သိရသည်။

ရှမ်းတိုင်းရင်းသားတို့လည်း မကြာခဏ အဖမ်းခံနေရသည်။ သြဂုတ်လလယ်ပိုင်းက နမ့်ခမ်းမြို့တွင် နန်းမိုဟွမ် အမည်ရှိ အမျိုးသမီးတစ်ဦးကို နေအိမ်သို့ သွားရောက်ဖမ်းဆီးလိုက်ကြောင်း TNLA က သတင်းဌာနများကို အတည်ပြု ပြောကြားသည်။ ၎င်းတို့ သတ်မှတ်ထားသည့် စည်းကမ်းကို လိုက်နာခြင်းမရှိသဖြင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဆိုသည်။

Myanmar Now နှင့် ဇူလိုင်လတွင် တွေ့ဆုံစဉ် မန်တုံမြို့နယ်၊ ကျေပိန်းရွာမှ နန်းအေးကျောင်းက သူ၏ မိသားစုဝင်လေးဦးကို TNLA တပ်သားများဟု ယူဆရသူတို့က ဖမ်းဆီးခဲ့ဖူးကြောင်း၊ နှစ်ဦးမှာ မည်သည့်အချိန်တွင်မှ အိမ်ပြန်မရောက်နိုင်တော့ကြောင်း ပြောပြသည်။

“ကျွန်မ အစ်ကိုနဲ့ ဦးလေးသေတော့ ဝမ်းနည်းတယ်။ ရှမ်းစစ်သားတွေနဲ့ လူမှားပြီး အသတ်ခံရတာလို့ လွတ်လာတဲ့ အဖေနဲ့ ယောကျာ်းက ပြန်ပြောပြတယ်” ဟု ၎င်းက ဆိုသည်။

မိသားစုဝင်တို့ သတ်ဖြတ်ခံရသော်လည်း သူက လူမျိုးနှင့် လက်နက်ကိုင်အဖွဲ့ကို သီးခြားစီ မြင်သူ ဖြစ်သည်။

“ပလောင်တွေအပေါ် မမုန်းပါဘူး။ အရင်လိုပဲ ပလောင်သူငယ်ချင်းတွေနဲ့ မုန့် အတူတူစား၊ အလှူတွေ အတူတူ လုပ်ပါတယ်” ဟု နန်းအေးကျောင်းက ကြည်လင်စွာ ပြုံး၍ပြောပြသည်။

● ဒေသခံတို့၏ ပြေလည်ရေး ကြိုးပမ်းမှု
တိုက်ပွဲများ၊ ဖမ်းဆီးမှုများပေါ် အခြေခံကာ တိုင်းရင်းသား လူမျိုးစုနှစ်ခုအကြား သံသယပွားပြီး လူမျိုးရေး ပဋိပက္ခ ပြန်လည်ကြီးထွားလာမည်ကို စိုးရိမ်မိကြောင်း ဒေသခံများ၊ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားအရေး လေ့လာ သုံးသပ်သူတချို့က ပြောသည်။

၂ဝ၁၆ခုနှစ်က နမ့်ခမ်းမြို့ဝန်းကျင်တွင် ဆက်ဆံရေး အခြေအနေ အဆိုးဆုံးဖြစ်ခဲ့သည်ဟု ရှမ်း၊ ပလောင် ကပြား ဒေါက်တာမျိုးသန့်ထွန်းက ပြောသည်။

“ပလောင်တွေက ရှမ်းရွာ ဆိုရင် ဖြတ်မသွား တော့ဘူး။ ရှမ်းတွေကလည်း ပလောင်ရွာဆို မဖြတ်တော့ဘူး။ အရောင်းအဝယ်လည်း အဲဒီလိုတွေ ဖြစ်လာတယ်။ ရှမ်းရောင်းတဲ့ဆိုင် ပလောင်မဝယ်နဲ့၊ ပလောင် ရောင်းတဲ့ဆိုင် ရှမ်းမဝယ်နဲ့ ဆိုတဲ့ ခွဲခြားမှုတွေ ဖြစ်ပေါ်ခဲ့တယ်” ဟု လားရှိုးတက္ကသိုလ်၊ ဒဿနိကဗေဒဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာမျိုးသန့်ထွန်းက ပြောသည်။

ယခုအခါ လူမျိုးရေး မုန်းတီးမှုမှာ လူမျိုးစွဲကြီးသူများထံတွင်သာ တွေ့ရတော့ကြောင်း၊ အွန်လိုင်းတွင် လှုံ့ဆော်မှုများ၊ ကောလဟလ ဖြန့်ချိမှုများ ရှိနေကြောင်း သူက ဆက်ပြောသည်။

ရှမ်း၊ တအာင်းယုံကြည်မှုတည်ဆောက်ရေး ကော်မတီအဖွဲ့မှ နန်းခမ်းမီးကလည်း နှစ်ဘက်ဆက်ဆံရေး သူစိမ်းဆန်ခဲ့သော်လည်း ယခုအခါ ပြန်လည်အဆင်ပြေလာသည်ဟု Myanmar Now နှင့် နမ္မတူမြို့နယ်၊ မန်စံကျေးရွာတွင် ဇူလိုင်လအတွင်း တွေ့ဆုံစဉ် ရှင်းပြသည်။

“ပြည်သူလူထုက ဘယ်လက်နက်ကိုင်ကိုမှ ကိုယ်စားမပြုပါဘူး။ လူထုက အဲဒါကို သဲသဲကွဲကွဲ မသိတော့ လူမျိုးချင်းတူတာနဲ့ ကိုယ့်လက်နက်ကိုင်လိုလို ဖြစ်ကုန်တာ။ ဒါကြောင့် လူထု တွေ့ဆုံပွဲတွေ၊ စကားဝိုင်းတွေ၊ အခမ်းအနားတွေတိုင်းမှာ ဒီသဘောတရားကို သေချာရှင်းပြပါတယ်” ဟု နန်းခမ်းမီးက ပြောသည်။

တိုက်ပွဲများကြောင့် အရပ်သားများ အလုပ်ပျက် အကိုင်ပျက် ဖြစ်နေရသည်ဟု လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းမှ ဆရာတော်က မိန့်သည်။ ဆရာတော်သည် စစ်ရှောင်ပြေးလာသော ရှမ်း၊ တအာင်း ဒုက္ခသည်တို့ကို ကျောင်းတွင် ခိုလှုံခွင့် ပေးခဲ့ဖူးသည်။

“ကိုယ့်ယုံကြည်ချက်ကြောင့် လက်နက် ကိုင်တယ်ဆိုပေမယ့် ကိုယ့်သတ်မှတ်ထားတဲ့နေရာမှာပဲ နေကြ၊ ကိုယ့်နယ်မြေအတိုင်းပဲ နေကြ၊ စားကျက်မလုကြနဲ့။ ငြိမ်းချမ်းရေးကို မြန်မြန် အကောင် အထည်ဖော်နိုင်အောင် လုပ်ဆောင်ပေးကြပါ”ဟု ဆရာတော်က တိုက်တွန်းသည်။

တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ပြသနာများကို လျှော့ချရန်အတွက် နှစ်ဖက် တိုင်းရင်းသား လက်နက်ကိုင်များ သာမက တပ်မတော်၊ အစိုးရတာဝန်ရှိသူတို့ကလည်း လုပ်ဆောင်ပေးရန် လိုအပ်သည်ဟု ယူဆသည်။

“ကွဲပြားတဲ့လူမျိုးတွေ သဟဇာတဖြစ်အောင်နေဖို့က ဘယ်လိုအုပ်ချုပ်ရေး စနစ်တွေ ထားမလဲ၊ အဲဒါတွေနဲ့ ပတ်သက်တဲ့ ဖယ်ဒရယ်စနစ်ကို ဘယ်လိုကျင့်သုံးမလဲ၊ အုပ်ချုပ်ရေး စနစ်ကို ဘယ်လိုကျင့်သုံးမလဲ ဆိုတာ သေချာ လေ့လာစဉ်းစားဖို့ လိုအပ်တယ်” ဟု ဦးမောင်မောင်စိုးက အကြံပြုသည်။

ဤအတောအတွင်း တိုက်ပွဲများ ရပ်စဲမည့် အရိပ်အယောင် မပေါ်သေးဘဲ ဒေသခံ အများအပြားသည် စစ်ရှောင်စခန်းများတွင် သောင်တင်နေဆဲဖြစ်သည်။

၂ဝ၁၁ ခုနှစ်မှစတင်ပြီး ကချင်နှင့် ရှမ်းပြည်နယ်အတွင်း ပြန်လည်ပေါ်ပေါက်ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် စစ်ရှောင်စခန်းများတွင် ခိုလှုံနေသူ ၁ဝ၃,ဝဝဝ ခန့် ရှိမည်ဟု ခန့်မှန်းရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက မေလအတွင်းက သတင်းထုတ်ပြန်ခဲ့သည်။

ရွာအနီး ပစ်ခတ်မှု လစဉ် ဖြစ်ပေါ်နေသောကြောင့် နမ္မတူမြို့၊ ကြူဆော့စစ်ရှောင်စခန်းတွင် ခိုလှုံနေသည့် တာထွန်းလူက မန္တလေးရှိ မိဘမဲ့ဂေဟာတစ်ခုသို့ ရောက်နေသည့် ၁၁ နှစ်အရွယ် သားတော်မောင်ကို လွမ်းဆွတ်နေသည်။ ဝမ်းရေးအတွက် စခန်းအပြင်ဘက် စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုတွင် တစ်နေကုန် သွားရောက်လုပ်ကိုင်ပြီး ပြန်လာသော တာထွန်းလူသည် တဝုန်းဝုန်းရွာနေသည့် မိုးရေစက်များကြားတွင် စိတ်ရောလူပါ ပင်ပန်းနေပုံရသည်။

“(မြေပြန့်ဒေသ)မှာ ဆိုရင် ငြိမ်းချမ်းတယ်။ ဘာမှ ဖြစ်မှာ မဟုတ်ဘူးလေ။ ကျွန်တော်တို့ တောင်ပေါ်မှာက ပစ်နေတော့ ကျောင်းခဏခဏပိတ်ရတယ်။ ကျွန်တော်က ရှမ်းဘက်လည်း မလိုက်ဘူး၊ ပလောင်ဘက်လည်း မလိုက်ဘူး။ စစ်ဖြစ်လာရင် ပြည်သူပဲ နစ်နာတယ်” ဟု ၎င်းက မျက်ရည် မကျအောင် ထိန်းချုပ်ထားရင်း ကြေကွဲစွာ ပြောလိုက်သည်။ ။

ဆောင်းယွန်းလ ● ကောင်းကင်မျက်နှာကို တရွာမှတ်ခဲ့ကြပုံများ

$
0
0

ဆောင်းယွန်းလ ● ကောင်းကင်မျက်နှာကို တရွာမှတ်ခဲ့ကြပုံများ
(မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၈
အစိုးရတွေက
အစိုးရတဲ့ ပြောင်းလဲခြင်းအကြောင်းတွေကို
ကောင်းကောင်းမပြောနိုင်ခင်မှာ
ကမ္ဘာကြီးက
အစိုးမရတဲ့ ပြောင်းလဲခြင်းအကြောင်းတွေကို
သူ့ရာသီဥတုကိုအခြေပြုပြီး ပြောနိုင်ခဲ့တယ်

အစိုးမရတဲ့ ကမ္ဘာကြီးထဲမှာ
အစိုးမရတဲ့ အစိုးရတွေနဲ့ 
ကိုယ့်ရှေ့ကို အဆိုးတွေဆိုက်ရောက်လာရင်း
နောက်ကျခြင်းတွေနဲ့ အမြဲတိုးနေရတဲ့
ဘဝတွေ

ကန်းနေတဲ့ ကမ်းပေါ်မှာ
သေခြင်းဟာ
ပန်းလိုမပွင့်ခဲ့သလို
နေခြင်းမှာလည်း ပန်းလိုမလန်းခဲ့ကြ။

ဆောင်းယွန်းလ

ကြည်ဇော်ဝင်း ● ကိုခင်လွန်းရေ …အောင့်လုံးတွေကို ဖောက်ခွဲတော့မယ် နားထောင် (၁)

$
0
0
ကြည်ဇော်ဝင်း ● ကိုခင်လွန်းရေ …အောင့်လုံးတွေကို ဖောက်ခွဲတော့မယ် နားထောင် (၁)
(မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၈


ကိုခင်လွန်းရေ …

ခင်ဗျားနဲ့မနက်က video call ပြောပြီးကတည်းက ကျနော် စာရေးချင်စိတ်တွေ တဖွားဖွားပေါ်နေမိတယ်ဗျာ။ ခင်ဗျားတို့ ကျနော်တို့အသက်တွေလည်း ခြောက်ထိပ်စီးတွေကျော်လာပြီဆိုတော့ ဘဝအတွေ့အကြုံရော၊ စာပေအတွေ့အကြုံပါ ပြောစရာတွေအများကြီးရှိလာပြီပေါ့ဗျာ။ ကျနော်က စာပေလောကကို ၈၈ အရေးအခင်း (အရေးတော်ပုံ) ဖြစ်တဲ့နှစ်က စရောက် တယ်ဆိုတော့ နှစ် (၃၀) တင်းတင်ပြည့်ခဲ့ပြီပေါ့။ ကိုခင်လွန်းက စာပေလောကဝင်တာ ကျနော့်ထက်စောတယ်နော်။

ခင်ဗျားတို့လည်း ကျနော်ကြည်ဇော်ဝင်းကို ကြည်ဇော်ဝင်းဖြစ်စေတဲ့ ‘လင်းဆေးကုခန်း မီးသွေးရောင်းရန်ရှိသည်’ ဆိုတဲ့ဝတ္ထု ကို သိကြပါတယ်နော်။ ကျနော့်ကို အဲဒီ့ဝတ္ထုဖြစ်ပေါ်လာပုံကို ဘယ်သူကမှ မမေးကြဘူးဗျ၊ အခုလည်း ခင်ဗျားမမေးလည်း ပြောပြတော့မယ်ဗျာ၊ ဇွတ်ကြီးဆိုပါတော့။ မပင့်တဲ့ဘုန်းကြီးက သင်္ကန်းတရုံရုံနဲ့လို့ပြောရင်လည်း ခံရမှာပေါ့။

ခင်ဗျားမနက်ကပြောသလို ဝတ္ထုကောင်းတပုဒ်၊ ကဗျာကောင်းတပုဒ်ကိုရဖို့ ထွက်ဖို့ဆိုတာ လွယ်မှတ်လို့။ တကယ့်ဒုလ္လဘ တရားပါ။ ဆရာမောင်အောင်ပွင့်ရဲ့ ‘ငါးရိုးနင်တဲ့ ငွေလမင်း’ ကဗျာလိုပေါ့။

ဒီနေရာမှာ ကျနော်ကို နည်းနည်းလျှာရှည်ခွင့်ပေးဗျာ။ လျှာရှည်မှလည်း လိပ်ပတ်လည်မယ်ထင်လို့ပါ။ ခင်ဗျားတို့သိတဲ့အတိုင်း မန္တလေးဆေးကျောင်းမှာ ကျနော်တို့တတန်းတည်းကချည်း စာရေးဆရာ (၇) ယောက်ထွက်တယ်လေ။ ကျော်စွာထက်၊ ဂျူး၊ စုထား၊ ဂျိုဇော်၊ လူမျိုးနော်၊ အောင်ထိပ်နဲ့ ကျနော်ပေါ့။

အောင်ထိပ်နဲ့ကျနော်က နောက်ကျမှစာရေးတဲ့ စာရေားဆရာနှစ်ယောက်ဆိုပါတော့။ ရှေ့ကငါးယောက်ကတော့ ဆေး ကျောင်းသားဘဝကတည်းက စာရေးဆရာတွေဖြစ်နေကြပါပြီ။ သူငယ်ချင်း ကျော်စွာထက်နဲ့ မရွှေဂျူးကတော့ အစောဆုံး နာမည်က စာရေးဆရာတွေပေါ့။

ကျနော်က သူတို့ကိုအထင်ကြီးအားကျပေမယ့် သူတို့လို စာမရေးတတ်ဘူးဗှာ။ အငုံ့စိတ်မှာတော့ သူတို့လိုပဲ စာရေးဆရာ ဖြစ်ချင်တာပေါ့ဗျာ။ စာရေးဆရာဖြစ်ဖို့ စာဖတ်ခဲ့တာမဟုတ်ပေမယ့် စာဖတ်ပါများလာတော့ သူတို့လိုရေးတတ်ချင်တာပေါ့။ စာရူးပေရူးလို့ ကွယ်ရာမှာအပြောခံရတော့ ပိုအခံရခက်တာပေါ့ဗျာ။ စာရေးဆရာမဖြစ်ရလို့ အိပ်ရာကလန့်လန့်နိုးတာတွေ တောင် ဖြစ်ခဲ့ဖူးပါရဲ့၊ စာမရေးတတ်တဲ့စာပေသမားတယောက်ရဲ့ဒုက္ခကလည်း ကြီးလွန်းတယ်။ စာရေးဖို့အားမပေးဘဲ ခွဲခြား ဆက်ဆံတာမျိုးတွေတောင် ခံရဖူးတယ်။ တနည်းအားဖြင့်တော့လည်း ကောင်းပါတယ်။ ကိုယ့်ရဲ့အတ္တမာနကို နှိုးဆွပေးသလို ဖြစ်တာပေါ့။ ကြံဖန်ပြီးကျေးဇူးတင်မယ်ဆိုရင်တော့ ကိုယ့်ကိုခွဲခြားဆက်ဆံခဲ့တဲ့သူတွေကို ကျေးဇူးတင်ရမှာပေါ့လေ။

အချိန်တန်တော့လည်း နွားချေးပုံပေါ်က ကြာပေါက်လာတယ်ဆိုရမှာပေါ့။ ဟဲ…ဟဲ၊ အရေးအခင်းဖြစ်မယ့် (၈၈) ခုနှစ် နှစ်ဆန်းမှာ စာရေးဖို့ဆုံးဖြတ်လိုက်တယ်။ ပထမဦးဆုံးရေးဖြစ်တဲ့ဝတ္ထုက (၁၉၈၈) ခု ဧပြီလထုတ် ရုပ်ရှင်အောင်လံမဂ္ဂဇင်း မှာပါတဲ့ ‘အပြောင်းအရွေ့’ ဆိုတဲ့ တစ်မျက်နှာဝတ္ထုတိုလေးဗျ။ ‘ဝင်းဆေးကုခန်း မီးသွေးရောင်းရန် ရှိသည် ’ ဆိုတဲ့ဝတ္ထုက ဒုတိယရေးတဲ့ဝတ္ထု။



အဲဒီဝတ္ထုဖြစ်ပေါ်လာပုံကို စကြရအောင်။

ကျနော်က (၁၉၈၅) ကနေ (၁၉၈၈) ခုနှစ် နှစ်ဆန်းအထိ စစ်ကိုင်းတောင်ရိုးက ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံမှာ တာဝန်ခံ ဆရာဝန်လုပ်ခဲ့တယ်။ ဒီနေရာမှာ ဝတ္ထုနဲ့တော့မဆိုင်ပါဘူးဗျာ။ ခေတ်ကိုပြောချင်တာပါ။ အဲဒီတုန်းက ကျနော့်ဆရာဝန်လစာ ဘယ်လောက်လဲဆိုတာ ကိုခင်လွန်းမသိချင်ဘူးလား၊ တစ်လ (တစ်ထောင်-၁၀၀၀) ကြီးများတောင် ရတာနော်။ ကျနော်နေ တဲ့မန္တလေးအိမ်ကနေ ဝါးချက်သံဃာ့ဆေးရုံဘယ်လိုသွားရတယ်ဆိုတာ ခင်ဗျားသိသွားရင် သနားရုံသာမက မျက်ရည်ပါ တောက်တောက်ကျသွားမယ်။ အင်း … ‘ဝင်းဆေးကုန်ခန်း မီးသွေးရောင်းရန် ရှိသည် ’ ဆိုတဲ့ဝတ္ထုဖြစ်ပေါ်လာပုံနဲ့လည်း ဆိုင်တယ်ဆိုရင် …ဆိုင်တယ်ပေါ့လေ။ နယူးစီဗီလိုင်းအိမ်ကနေ ဈေးချိုရောက်အောင် ဆိုင်ကယ်တစီးနဲ့သွားရတယ်။ ဆိုင်ကယ်ကို လမ်း ၃၀ က သင့်နော်တို့ရဲ့ ဒေါင်းအိုးဝေ စာဟောင်၊ စာကောင်းများ စာအုပ်ဆိုင်မှာ ထားခဲ့တယ်။ ဆိုင်ကယ်ပေါ်ကဆင်းပြီး စစ်ကိုင်း-မန္တလေးပြေးဆွဲနေတဲ့ ရွေကိုင်း မန်းတို့၊ ဇေယျာမန်းတို့၊ နေပြည်တော်တို့ ဆိုတဲ့ ဒိုင်နာလိုင်းကားတစီးပေါ်မှာ တက်လိုက်သွားတယ်။ နေပြည်တော်လိုင်းကားအသင်းဥက္ကဋ္ဌက ကျနော်နဲ့ခင်တဲ့ အေဝမ်းဆေးလိပ်ခုံပိုင်ရှင် ဦးတင်မောင်မြင့်ဗျ။ ဦးတင်မောင်မြင့်က ကျနော့်ကိုနေပြည်တော် လိုင်းကားအခမဲ့စီးခွင့်မေတ္တာ လက်မှတ်ထုတ်ပေးထားတယ်။ အဲဒီတုန်းက စစ်ကိုင်း-မန္တလေး လိုင်းကားခက (၂) ကျပ်ပါ။



ရွှေကိုင်းမန်းအသင်းကလည်း ကျနော့်ကို လပေး လက်မှတ်ထုတ်ပေးထားတယ်။ သူကတော့ လစဉ် (၃၁) ကျပ်ပေးသွင်းရ တယ်။ (၃၁) ကျပ်မှာ တစ်ကျပ်စွန်းနေတာကတော့ ကထိန်ကြေးတဲ့။ အဲဒီတော့ နေပြည်တော်တို့၊ ရွှေကိုင်းမန်းတို့ကားပေါ်ရောက်လို့ ကားခတောင်းတဲ့အခါ ကျနော်က မေတ္တာလက်မှတ် လပေးလက်မှတ်တွေထုတ်ပြတယ်။ အဲဒီအခါ စပယ်ယာတွေက ကျနော့်ကိုမကြည်တဲ့အကြည့်နဲ့ကြည့်ကြတယ်ပေါ့ဗျာ။ နောက်ပိုင်းကြတော့ စပယ်ယာတွေက ကျနော့်ကိုမှတ်မိသွားပြီး သိပ်မတင်ချင်ကြတော့ဘူး။ ကားမှတ်တိုင်မှာရပ်ပြီး လက်ပြတားတာတောင် ခရီးသည်တွေပြည့်နေတယ်ဆိုတဲ့သဘောနဲ့ ကျနော့်ကိုမတင်ဘဲ ကျော်မောင်းသွားကြတယ်။ စီးခွင့်ရလို့ စီးရပြန်တော့လည်း ခရီးသည်တွေထိုင်တဲ့ထိုင်ခုံမှာ ထိုင်တော့ လည်း သိပ်မကြည်ကြဘူး။ အဲဒီတော့လည်း အလိုက်တသိနဲ့ ကားခေါင်မိုးပေါ်တက်စီးပြီး လိုက်ရတာပေါ့ဗျာ။ အဲဒီတုန်းက ကျနော့်အသက်က (၃၀) ဝန်းကျင်ပဲရှိသေးတော့ ကြောင်တကောင်လိုပေါ့ပါးပြီး ကျားတကောင်လို လျင်မြန်သန်မာတုန်း ပေါ့ဗျာ။ အခုလို ဆင်ခန္ဓာ ဝက်ကိုယ်လုံးကြီးမဟုတ်သေးဘူးလေ။

ကားခေါင်မိုးပေါ်ကစီးပြီး စစ်ကိုင်းမရောက်မချင်း လမ်းဘေးဝဲယာကဆိုင်းဘုတ်တွေကို တောင်ဖတ် မြောက်ဖတ် လျှောက် လုပ်နေရတော့ တာပေါ့ဗျာ။ မန္တလေးနဲ့ စစ်ကိုင်းကြားမှာ အညာသူ၊ အညာသားတွေက တောင်မြို့လို့ခေါ်တဲ့ အမရပူရမြို့ရှိတာ ကိုခင်လွန်းသိတယ်နော်။ အမရပူရမြို့ရဲ့မိန်းလမ်းဘေးဝဲယာမှာအတွေ့ရအအများဆုံးဆိုင်းဘုတ်က မီးသွေးရောင်းတဲ့ ဆိုင်း ဘုတ်တွေပဲဗျ။

ဆိုင်အများစုကတော့ ‘မီးသွေးရပြီ’  လို့ရေးကြတာများပါတယ်။ တချို့ကလည်း ‘မီးသွေး’ လို့ပဲရေးတာမျိုးလည်းရှိတယ်။ တချို့ကလည်း “မီးသွေးရောင်းသည်” တဲ့။ တချို့ကတော့ “မတ္တရာမီးသွေး ရပြီ” ။ တချို့က ”မေမြို့မီးသွေးရပြီ” ။ ”  ကျောက်ဆည် မီးသွေးရပြီ ” စသည်ဖြင့်ပေါ့ဗျာ။ မီးသွေးထဲမှာတော့ ကျောက်ဆည်မီးသွေးက အကောင်းဆုံးလို့ပြောကြတယ်။

စစ်ကိုင်းရောက်တဲ့အခါ ကားခေါင်မိုးပေါ်ကခုန်ဆင်းပြီး “မော်” ပုံနှိပ်တိုက်မှာထားခဲ့တဲ့ ကျနော့်ရဲ့နောက်ဆိုင်ကယ်တစီးပေါ်ပြောင်းတက်ပြီး စစ်ကိုင်းတောင်ရိုးအရှေ့ဘက်မှာရှိတဲ့ ဧရာဝတီမြစ်ကမ်းနဖူးပေါ်က “စစ်ကိုင်းတောင်ရိုး ဝါးချက်ဇီဝိတဒါန သံဃာ့ဆေးရုံ” ကို သွားရပါတယ်ဗျာ။ ဆေးရုံတာဝန်ချိန်ပြီးတဲ့အခါ အလာခရီးအတိုင်းရုံးဖွင့်ရက်တိုင်း မန္တလေးကို ကိုယ်ပိုင်ဆေးခန်းဖွင့်ချိန်အမီပြန်ရတယ်ဆိုပါတော့။

အဲဒီတုန်းက အိမ်ငှားဘဝနဲ့နေ နေရတာ။ ဆေးရုံပိတ်ရက် စနေ တနင်္ဂနွေဆိုရင် စဥ့်ကိုင်မြို့နယ်ထဲက သပြေရိုးဆိုတဲ့ ရွာက လေးမှာ ဆေးခန်းသွားထင်ရတယ်။ အဲဒါ ကိုယ်ပိုင်ဆေးခန်းလေးကိုသွားတဲ့အခါမှာလည်း ဝါးချက်ဆေးရုံသွားသလို ဒိုင်နာလိုင်းကားခေါင်မိုးပေါ်တွယ်တက်စီးပြီး လိုက်သွားတာပေါ့ဗျာ။ ကျနော်မှတ်မိတဲ့ဒိုင်နာလိုင်းကားတွေကတော့ ကျားမင်းတို့၊ ဇော်ဂျီတို့ဆိုတဲ့ အသင်းးကားတွေပဲဗျ။

ကားတွေက ဈေးချိုကနေထွက်လာပြီး ဘုရားကြီးမြောက်ဖက်လမ်းကနေချိုး၊ ရန်ကုန် -မန္တလေးလမ်းဟောင်းလမ်းမကြီးပေါ်ထွက်ကြတယ်။ ပြောချင်တာက ဘုရားကြီးအရှေ့မြောက်ဘက် စိန်ကျော်တွေ့ရောက်တိုင်း သတိထားမိ၊ဖတ်မိတာက ကျနော်တို့ရဲ့မန္တလေးဆေးတက္ကသိုလ်က ဆရာမ ဒေါက်တာာ နွဲ့နွဲ့တင်ရဲ့ဆေးခန်းဆိုင်းဘုတ်လေးကိုပဲ။ ဒေါက်တာနွဲ့နွဲ့တင် M.B;B.S (MDY) ၊ အဲဒါအထိ ဘာမှမထူးဆန်းသေးဘူး။ ထူးဆန်းပြီးထူးခြားတာက ဆရာမဆေးခန်းဆိုင်းဘုတ်ဘေးနားမှာ “မှန်စာကြိုးရပြီ ” ဆိုတဲ့ဆိုင်းဘုတ်ပဲ။ ကျနော် မီးခိုးကြွက်လျှောက်အတွေးပွားမိတာက ဒီမှန်စာကြိုးလုပ်ငန်းဟာ ဆရာမမိဘတွေရဲ့ လက်ငုတ်လက်ရင်း အသက်မွေးမှုစီးပွားရေးလုပ်ငန်းလား၊ အဲဒီကရတဲ့ဝင်ငွေနဲ့ ဆရာမကိုကျောင်းထားခဲ့တာလား။ ကျနော်မှတ်မိသလောက်ကတော့ အဲဒီတုန်းက ဆရာမတို့အိမ်လေးဟာ ရေနံချေးဝနေတဲ့ နှစ်ထပ်ပျဉ်ထောင်အိမ်လေးပါ။

ကိုခင်လွန်းလည်း သိပြီးသားနေမှာပါ။ ဒေါက်တာနွဲ့နွဲ့တင်ဆိုတာ နိုင်ငံကျော်စတီရီယိုတေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်ရဲ့ဇနီးလေ။ အများသိအောင်ပြောရရင်တော့ ‘သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ်’ ထဲက နွဲ့တင်ပေါ့။ ကျနော့်မျက် စိထဲမှာ ဒေါက်တာနွဲ့နွဲ့တင် M.B;B.S(MYD) ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ‘မှန်စာကြိုးရပြီ’ ဆိုတဲ့ဆိုင်းဘုတ်ယှဉ်လျက်တွေ့ရတာ မျက်စိထဲမှာ အဆီအငေါ်မတည့်လိုက်တာ။ ဒီဆိုင်းဘုတ်နှစ်ခုမှာ ဘယ်ဟာက အဓိကစီးပွားရေးလဲ၊ ဆရာမရဲ့ဆေးခန်း ဝင်ငွေက “မှန်စာကြိုး” ဝင်ငွေကို မကျော်နိုင်ဘူလား၊ ဒေါက်တာဆိုင်းဘုတ်က မှန်စာကြိုးဆိုင်းဘုတ်ကို ဖြုတ်မချနိုင်ဘူးလား။ ဒါမှမဟုတ် “မှန်စာကြိုး” ကပဲ ဆေးခန်းကိုကျားကန်ပေးထားနေရဆဲလား။ ဆေးခန်းနဲ့မှန်စာကြိုး ဘယ်ဟာက ဝင်ငွေပို ကောင်းနေသလဲ၊ အတွေးတွေ မဆုံးနိုင်အောင်ပါပဲကိုခင်လွန်းရေ။

ကျနော်လည်း ဆရာဝန်ဖြစ်ခါစ ဇနီး (၁)၊ သမီး (၁) ကို ဆေးခန်းလေးဖွင့်ပြီး ရှာကျွေးရတာလျှာထွက်ပြီး ဖတ်သီလိုက်နေတဲ့ ကာလဆိုပါတော့။ အိမ်ငှားဘဝမှာ ကျနော့်ဝင်ငွေနဲ့မလုံလောက်တော့ အမျိုးသမီးက  အခြားစီးပွားရေးတခုအနေနဲ့ ဈေးချို ထဲမှာ ဆိုင်ခန်းငှားပြီး ဆေးရောင်းနေတယ်။ အရင်းအနှီးကလည်း မတတ်နိုင်တော့ ဆိုင်ရှင်ကိုဆိုင်ခန်းလခရှာပေးရသလိုဖြစ်နေတယ်။ နှစ်ပေါင်းများစွာအခြေကျနေတဲ့ဆေးဆိုင်ကြီးတွေကြားမှာ မတိုးနိုင်ဘူးပေါ့ဗျာ။

တကယ့်အပြင်မှာဖွင်နေတဲ့ ကျနော့်ဆေးခန်းနာမည်ကလည်း ကျနော့်နာမည် ဒေါက်နည်ဝင်းနဲ့ ကျနော့်ဇနီးနာမည် မဝင်း တင်ဆိုတဲ့ နာမည်နှစ်မျိုးစလုံးပါအောင် “ဝင်း ဆေးကုခန်း” လို့ နာမည်ပေးခဲ့တာပါ။ အခုလောက်ဆိုရင် ကိုခင်လွန်းလည်း ဝတ္ထုတပုဒ်ကို ဘယ်လိုကိုယ်ဝန်ဆောင်ခဲ့ရတယ်ဆိုတာ သဘောပေါက်ပါပြီနော်။ ဒေါက်တာနွဲ့နွဲ့တင် M.B;B.S (MYD) နေရာမှာ “ဝင်းဆေးကုခန်း” ၊ “မှန်စာကြိုးရပြီ” နေရာမှာ “မီးသွေးရောင်းရန် ရှိသည်” ရောက်ခိုင်းလိုက်တာပေါ့။ “ ဝင်းဆေး ကုခန်း မီးသွေးရောင်းရန် ရှိသည်” ဆိုတဲ့ ဇာတ်လမ်းကျောရိုးက အဲဒီလိုရခဲ့တယ်ဆိုပါတော့။

ဒီဝတ္ထုဖြစ်ပေါ်လာပုံအကြောင်းရှင်းပြရင်း ကိုပိုင် (ပိုင်စိုးဝေ) ကို သတိရမိတယ်။ ကိုပိုင်နဲ့ ကျနော်အတူတွဲသောက်စဉ်ကာလတွေတုန်းက ကိုပိုင်က မူးလာရင် အမှန်စကားတွေ ပွင့်ထွက်လာတော့တာပဲ။ သူမူးတိုင်း ကျနော့်ကိုပြောနေကျစကားက “ဟေ့ကောင် … ကြည်ဇော်ဝင်း၊ မင်းကိုယ်မင်း လောက်စာတစ်လုံးတည်းနဲ့ ငှက်တကောင်ရတယ်ဆိုပြီ အထင်ကြီးမနေနဲ့၊ လောက်စာလုံးတစ်ခံတောင်းလုံးကုန်လည်း နောက်ထပ်ငှက်တကောင်မှ ရမှာမဟုတ်ဘူး” တဲ့။  ကိုပိုင်က အကြားအမြင်ရ တယ်ဆိုရမှာပေါ့လေ၊ သူပြောသလို ကျနော်လည်း ဘယ်ငှက်မှ မှန်အောင်မပစ်နိုင်တော့ပါဘူး။

ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ… စာပေအတိတ်ကိုပြန်လွမ်းရတာ ကျက်သရေရှိလိုက်တာ။။ ခင်ဗျားမှာလည်း ကျနော့်လိုပဲ အောင့်လုံး တွေ အများကြီးရှိမှာ သေချာတယ်။ ခင်ဗျားရဲ့အောင့်လုံးတွေကိုလည်း ကျနော်နားနဲ့ကပ်ပြီး နားထောင်ကြည့်ချင်ပါ သေး တယ်။ ကျနော်တို့စာပေသမားတွေဆိုတာလည်း ထန်းရည်အမူးသမားများလို အမူးပြေတော့လည်း ထန်းပင်မော့ကြည့်ကြသလိုပဲပေါ့ဗျာ။

ထန်းတောထဲက
ကြည်ဇော်ဝင်း

သားဦး ● အကောင်းမြင်သမား

$
0
0

သားဦး ● အကောင်းမြင်သမား
(မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၈

ဒန်တုပ်တုပ် ဒန်တုပ်တုပ်
ဒန့်တုပ်တုပ်တုန်မှာ ဖျတ်ခနဲမီးပြတ်သွား
ရုပ်ရှင်ရုံထဲ သတိအနေအထားနဲ့ မတ်မတ်ရပ်နေရတဲ့ငါတို့တတွေ
ဆက်ရပ်နေရမှာလားမသိ
ပြန်ထိုင်ရမှာလားမသိ

ကြာရင်
မီးလာပြီကွာ ဆိုတဲ့စကားစုလေးကို မေ့သွားမှာစိုးလို့
မကြာခဏ ဖြတ်ဖြတ်ပေးနေတယ်ထင်ပါရဲ့ကွာတဲ့
ကိုယ့်လူတယောက်က အကောင်းမြင်သမား

ဒီကာတွန်းက ခုထက်ထိ ခေတ်မီနေတုန်းပဲဆိုတဲ့အသံကြာတိုင်း

ဟိုဆရာပြောတာသတိရ
ကာတွန်းက ခေတ်မီတာမဟုတ်ဘူး
သူတို့စောက်ကျင့်တွေက မပြင်နိုင်သေးတာတဲ့
ဒီအထဲမှာ မီးပျက်တဲ့အကြောင်းကိစ္စလည်းပါပါတယ်

စည်ပင်ကသစ်ပင်စိုက်တယ်
လျှပ်စစ်က သစ်ပင်ခုတ်တယ်
ဒီအလုပ် နှစ်ခုအတွက် ငါတို့က နေ့စဉ်အခွန်ထမ်းရတယ်

အိမ်တအိမ်မှာရေးထားတဲ့စာသားက
မိုးရွာမီးပျက် စီးပွားတက်တဲ့
ဒီအတိုင်းသာမှန်မယ်ဆို

ငါတို့လည်း ဘာအလုပ်မှလုပ်နေစရာမလိုတော့ဘူးပေါ့

မီးသာပျက်တာ မီတာခကမပျက်ဘူးတဲ့
တစ်လလုံးလုံးသာ မီးမလာတာ မီတာခကမကျဘူးတဲ့
အပိုထိန်းသိမ်းစောင့်ရှောက်ခနဲ့ ရက်လွန်ဒဏ်ကြေးနဲ့
စည်းကမ်းတကျ

ဒီလိုနဲ့စည်းကမ်းပြည့်ဝတဲ့ နိုင်ငံတော်သစ်ကြီးဆီသို့ပေါ့ကွာ
တနေ့တော့ရောက်လာမှာပါတဲ့
ကိုယ့်လူက အကောင်းမြင်သမား
ဘယ်မီးမှ တသက်လုံးပျက်မနေနိုင်အားပါဘူးငါ့ညီရာတဲ့
ပြောရင်းအိပ်ပျော်သွား
တစ်ရက်နှစ်ရက် သုံးလေးရက်
ပြန်ထမလာတော့ဘူး။

သားဦး
၃၀၊ ၇၊ ၂၀၁၈

ကာတွန်း ATH - facebook's justice

$
0
0

ကာတွန်း ATH - facebook's justice
(မိုးမခ) သြဂုတ် ၂၉၊ ၂၀၁၈

သာထက်အောင် - ရွှေပြည်ကြီးက အမှိုက်၊ ကွမ်းယာ၊ အိမ်သာ ပြဿနာ

$
0
0

သာထက်အောင် - ရွှေပြည်ကြီးက အမှိုက်၊ ကွမ်းယာ၊ အိမ်သာ  ပြဿနာ
(မိုးမခ) သြဂုတ် ၂၉၊ ၂၀၁၈

ပြဿာနာပေါင်း သောင်းခြောက်ထောင်နဲ့ ချာဘပတ်ရမ်းနေတဲ့ ခြေတပေါင်ကျိုး အစိုးရရဲ့ ထော့နင်းထော့နင်း ခြေလှမ်းတွေကိုကြည့်ပြီး ပြည်သူတွေရဲ့ အားမလိုအားမရ အသံတွေ ညံနေတာ လူတိုင်းကြားပြီး သိပြီး ဖြစ်ပါလိမ့်မယ်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံကို ထွက်ပြေးသွားတဲ့ ဘင်ဂါလီခေါ်မလား ရိုဟင်ဂျာခေါ်မလား သူတို့ကို ပြန်လည်လက်ခံဖို့ကိစ္စ ကမ္ဘာဖိအား။ မျှော်တိုင်းဝေးနေသေးတဲ့ ပြည်တွင်းငြိမ်းချမ်းရေး သေနတ်သံ မစဲသေး။ နောက်စေ့တည့်တည့်ကို သေနတ်နဲ့ ချိန်ပစ်တဲ့ ဦးကိုနီကိစ္စ ခုထိပြေးသူကို မတွေ့သေး။ အရိုက်နှက် အထိုးကြိတ်ခံရလို့ သေတဲ့လူသတ်မှုကို ကြေအေးလို့ရတဲ့ ကမ္ဘာအံ့ဖွယ်စီရင်ထုံး။ ၀န်ကြီးဟောင်းတယောက်ရဲ့သားဆီက မိလိုက်တဲ့ လက်နက်များကိစ္စ။ မြေပြိုလို့ အရှင်လတ်လတ် မြေမြှုတ်သင်းဂြိုဟ်ခံရတဲ့ ဖားကန့်ဘက်က ရေမဆေးကျောက် ရှာနေကြတဲ့ ကျောမွဲတွေရဲ့ လုံခြုံရေး။ ဓာတ်လိုက်သေကြတဲ့ အပြစ်မဲ့ကလေးတွေခင်မျာ ကံကိုသာ ရိုးမယ်ဖွဲ့နေကြရ။ နွေမှာမီးလောင် မိုးမှာရေကြီးပြီး ဖြစ်ပြီးရင် ငွေဖလားလေးနဲ့ မီးဘေးရေဘေးအလှူခံ ထမင်းထုပ်ဝေ - အချို့တတ်နိုင်သူတွေက ငွေလှူ ကုသိုလ်ယူပြီးတော့ ဓာတ်ပုံလေးရိုက်၊ ဖဘပေါ်တင်၊ ဟူး ... ဟူး ... တဒေါ်လာ ၂၀၀၀ ကျပ် မဖြစ်ပါစေနဲ့လို့ပဲ ကြိတ်ဆုတောင်းနေရတဲ့ ဘ၀ပါလား။

လူတွေ လျှာထွက်နေပြီ၊ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေကြရပြီ။ မတတ်သာတဲ့အဆုံး ဘုန်းကြီးကျောင်း မယ်သီလရင်ကျောင်း တရားစခန်းတွေမှာ လူကြိတ်ကြိတ်တိုးပြီး အေးငြိမ်းရာ ရှာနေကြရတဲ့ ဘ၀ ရောက်ကုန်ပြီ။

ဘယ်တိုင်းပြည် ဘယ်လူမျိုး ဘယ်နိုင်ငံပဲဖြစ်ဖြစ် အားလုံးအဆင်ပြေ ချောမော ရာနှုန်းပြည့်အောင်မြင်နေတယ် ဆိုတာ မရှိပါဘူး။ ကိုယ့်အပူနဲ့ကိုယ် ကိုယ့်ပြဿနာနဲ့ကိုယ် ပါပဲ။ သဘာဝတရားကြီးကလည်း တဖက်စောင်းနင်း မျက်နှာသာပေးတာမျူိုး မရှိပါဘူး။ စနစ်ကောင်းတယ် လူတွေတော်တယ် ဆိုရင် အဲဒီနိုင်ငံ ဘယ်တော့မှ ဆိုးဆိုးဝါးဝါး မဖြစ်ပါဘူး။ စနစ်မကောင်း လူမကောင်း ဆိုရင်တော့ ... ...။ စနစ်ဆိုးက လူဆိုးလူယုတ်မာတွေ မွေးထုတ်ပေးသလို အဲဒီလူဆိုး လူယုတ်တွေက အဲဒီစနစ်ကို ဖက်တွယ်တတ်ကြတော့ စနစ်နဲ့ လူဆိုတာ အပြန်အလှန် အကျိုးပြု အမှီသဟဲပြုနေကြတာ သဘာဝပါ။

အထက်က ပြဿနာပေါင်း သောင်းခြောက်ထောင်လို့ ရေးရင်း ကောက်ခါငင်ခါ ထုတ်နှုတ်ပြခဲ့တဲ့ ပြဿနာတွေကို မင်း ဖြေရှင်းနိုင်လို့လား မေးရင် ကျနော်လို ပုရွက်ဆိတ်ဦးနှောက် မရကြောင်း လျောက်တင်ရမှာပါပဲ။ အနှစ်နှစ် အလလက ပျက်စီးလာတဲ့ ခေတ်ဆိုးစနစ်ဆိုးရဲ့ ဒဏ်ကို ဥာဏ်ပညာဦးစီးတဲ့ ပညာရှင်တွေ မပါပဲ ထောင်လေး ဘာလေး ကျဖူးတဲ့ သူလို ငါလို ဦးနှောက်မျိုးနဲ့ ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

သူများနိုင်ငံ (အတော်များများ) မှာ ပြဿနာလို့ မယူဆတော့ဘဲ အသားကျနေပြီဖြစ်တဲ့ မြို့တော်သန့်ရှင်းရေးကိစ္စကိုတောင် ကျနော်တို့ ရွှေပြည်ကြီးက အစိုးရအဆက်ဆက် မဖြေရှင်းနိုင်ကြပါဘူး။ ဥပမာ - အမှိုက်ကိစ္စ။ ကနေ့ ၂၁ ရာစုရောက်တဲ့အထိ အမှိုက်ကို ဘယ်လိုပစ်လို့ ဘယ်လိုသိမ်းရမယ် ဘယ်လိုရှင်းရမယ်ဆိုတာ တိတိကျကျ ရှိပုံ မရပါဘူး။ လူထုခေါင်းဆောင်ဆိုသူကြီးက အမှိုက်ကလေး ဘာလေး ဟန်ပြကောက်ပြလိုက်ရင် မင်းသားမင်းသမီး ဆယ်လီတွေကလည်း ဟန်ပြ အမှိုက်ကောက်ကြ၊ ပြီးတော့ ဘာမှလည်း မဟုတ်။ ကောက်ရိုးမီး။ အဲဒါ ရွှေမြန်မာစရိုက် အစစ်အမှန်ပါ။ လွန်ခဲ့တဲ့ ၁၀နှစ် လောက်က မဟေသီမဂ္ဂဇင်းမှာ 'အမှိုက်နဲ့ လူ၏တန်ဖိုး'ဆိုတဲ့ ဆောင်းပါးတပုဒ် ကျနော် ရေးခဲ့ဖူးပါတယ်။ ဘယ်သူကမှ တိုင်မှတ်လို့ နှပ်မသုတ်ပါဘူး။ ရှုပ်မြဲ နံဆဲ အမှိုက်ပုံကြီးတွေ ဟီးထဆဲပါပဲ။ ပြီးခဲ့တဲ့ နွေတုန်းက အမှိုက်ပုံကြီး ထ မီးလောင်တော့ ဘာလုပ်လို့ လုပ်ရမှန်း မသိလောက်အောင် ထိုင်းက ဓာတုဆေးရည်တွေ မှာပြီး ဖြန်းမှ ငြိမ်းပါတော့တယ်။

အမှိုက်ဆိုတာ ရွှေပြည်ကြီးတခုတည်းရှိတဲ့ ပစ္စည်းမဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ အမှိုက်ရှိပါတယ်။ လူရှိရင် အမှိုက် ရှိပါတယ်။ ခုတလော ဖေ့စ်ဘုတ်ပေါ်မှာ တွေ့လိုက်ရတယ်။ မြိတ်မှာ ဆိုင်းဘုတ်ထောင်သတဲ့။ အမှိုက်ပစ်ရင် ဒဏ်ငွေ ၃ သိန်း၊ သတင်းပေးရင် ဆုငွေ တသိန်း ဆိုပါလား။ ရန်ကုန်မှာလည်း နိုဝင်ဘာလက စပြီး ကွမ်းတံတွေးထွေးရင် ဒဏ်ငွေ ၅သောင်း ဆိုပါလား။

ကျနော်ကတော့ ညံ့တယ်ပြောလည်း ခံရမှာပဲ။ ဥာဏ်သိပ်မမီပါဘူး။ လူဦးရေ ၅ သန်း ၆ သန်း မှီတင်းနေထိုင်တဲ့ မဟာရန်ကုန် စင်ကာပူထက်ကြီးတဲ့ ရန်ကုန်မြို့မှာ လူတယောက် ဖတ်ကနဲ အမှိုက်ပစ်ထည့်လိုက်တာ ကွမ်းတံတွေး ဗျစ်ကနဲ ထွေးလိုက်တာ၊ ဘယ်လိုဖမ်းမှာတုန်း။ ဘယ်သူက ဖမ်းမှာတုန်း။ အမှိုက်ပစ်တဲ့သူ ကွမ်းတံတွေးထွေးတဲ့သူကို ဖမ်းဖို့ လက်နက်အပြည့်အစုံ တတ်ဆင်ထားတဲ့ လေ့ကျင့်ထားတဲ့ အဖွဲ့အစည်း ရှိပါသလား။ ဟိုတုန်းက မဆလခေတ်က လက်ပတ်နဲ့ ၀ါရင်းတုတ်တချောင်း ကိုင်ပြီး နေ့စား ဂဠုန်တွေကို လမ်းဘေးဈေးသည် ဖမ်းခိုင်းတော့ ပြေးကြလွှားကြ ရိုက်ကြ နှက်ကြ။ လမ်းဘေးဈေးသည်က သူ့မှာ ဘမ်းတွေ အထုပ်တွေနဲ့မို့ ဖမ်းရတာ လွယ်ကောင်းလွယ်မယ်။ ဗျစ်ကနဲ ကွမ်းတံတွေးထွေးတဲ့သူတယောက်ကို အရပ်သားက ၀င်ဖမ်းဖို့ဆိုတာ လက်တွေ့မှာ မလွယ်ပါဘူး။ လက်မှာ တက်တူးအပြည့်နဲ့ ကလေကချေပုံပေါက်နေတဲ့ လူ ၃ယောက်၊ မူးကလည်းမူး၊ ကွမ်းလေး တမြုံ့မြုံ့နဲ့ လမ်းဘေး ကွမ်းတံတွေး ထွေးတာကို ခါးမှာ ခြောက်လုံးပြူးချိတ်ထားတဲ့ ရဲအုပ်တောင် ၀င်ဖမ်းဖို့ ၀ံ့မယ် မထင်ပါဘူး။

မြန်မာတွေ အမှိုက်ကို စနစ်တကျမပစ်တတ်ဘူးလို့ ပြောရင် တချို့က နာကြဦးမယ်။ တိုးတက်တဲ့နိုင်ငံက ကလေးတွေ အမှိုက်ကို တွေ့ကရာမပစ်ဘူးဆိုတာ သူတို့ငယ်ဘ၀ ကျောင်းနေစဉ်ကတည်းက လေ့ကျင့်သင်ကြားပေးခဲ့လို့ပါ။ မြန်မာတွေကလည်း အဲသလို အသင်ပြခံခဲ့ရရင် အဲသလိုကောင်းတဲ့ အကျင့်တွေ တွေ့ရမှာပါပဲ။ မိဘတွေအလုပ်သွားကြ၊ ကလေးတွေကို child care မှာထားခဲ့။ အဲဒီ child care က ဆရာ ဆရာမတွေမှာခင်ဗျာ သိပ်တာဝန်ကြီးပါတယ်။ ကလေးနေမကောင်းမှာ၊ ထိခိုက်ဒဏ်ရာရမှာ၊ တခုခုဖြစ်သွားမှာ စိုးရိမ်ရသလို၊ အမှိုက် ဘယ်လိုပစ်ရမယ်၊ အိမ်သာ ဘယ်လိုသုံးရမယ်၊ အိမ်သာကမထွက်ခင် လက်ကို ဆပ်ပြာနဲ့ဆေး လေမှုန် အခြောက်ခံ (သို့) အိမ်သားမှာ ထားပေးတဲ့ အ၀တ် (သို့) စက္ကူနဲ့ ခြောက်အောင်သုတ် စသဖြင့် သင်ပေးထားတော့ ဒီက သြဇီတွေ ဘယ်သူဖြစ်ဖြစ် အိမ်သာကထွက်ရင် (အပေါ့သွားတာပဲဖြစ်ဖြစ်) လက်ကိုဆေးကြပါတယ်။ တကိုယ်ရည်သန့်ရှင်းရေး ပတ်ဝန်းကျင်သန့်ရှင်းရေးကို အမိန့်နဲ့ ဒဏ်ငွေ လုပ်လို့မရပါဘူး။ 'အသိ'နဲ့ လုပ်ရပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းအောင် မလုပ်ရဘူးဆိုတာ ငယ်ငယ် ကျောင်းမှာကတည်းက ရိုက်သွင်းရပါတယ်။ ကားစီးရင် ခါးပတ်ပတ်ရမယ် ဆိုတာ ဒီကလူတိုင်း အလေ့အကျင့် ဖြစ်နေပါပြီ။ ကားပေါ်ရောက်တာနဲ့ လူက မေ့ရင်မေ့မယ် လက်ကမမေ့ပါဘူး။ ခါးပတ်ဆီ လက်ရောက်နေပြီ ဖြစ်ပါတယ်။

ထို့အတူ ကွမ်းတံတွေးထွေးရင် ဖမ်းဖို့ ထက် ကွမ်းယာမစားအောင် ကွမ်ယာရဲ့ ဆိုးကျိုးကို ငယ်ငယ်လေးကတည်းက ရိုက်သွင်းထားရပါတယ်။ ခု ဘန်ကောက်မြို့လယ်သွားကြည့်စမ်းပါ။ ထိုင်းလူငယ် ပညာတတ်လေးတွေ ကွမ်းစားသလား ဆိုတာ။ ကျုပ်တို့ ရွှေပြည်ကြီးကတော့ ရှေ့နေကလည်း ကွမ်းထုပ်နဲ့ ဗိုလ်မှူးကြီးကလည်း ပါးစပ်မှာ ကွမ်းသွေးတရဲရဲနဲ့ စာရေးဆရာကလည်း ကွမ်းလေးတမြုံ့မြုံ့နဲ့ ... ။

သြစတြေးလျမှာ မသောက်သင့်ဆုံးအရာက စီးကရက်ပါ။ အစိုးရက လူတွေ စီးကရက်ဝယ်မသောက်နိုင်အောင် အခွန်ကို မတရားတိုးမြှင့် ကောက်ခံထားတော့ ၂၅လိပ်ဝင် စီးကရက်တဗူးကို ဒေါ်လာ ၃၀ ကျော် ပေးရပါတယ်။ တလိပ်ကို တဒေါ်လာကျော်တော့ ကျပ်ငွေနဲ့ဆို ၁၅၀၀ ကျော်လောက် ပေးရပါတယ်။ တနေ့တဗူးကုန်တဲ့သူဆို ဒေါ်လာ ၃၀ ကျော်။ တပတ်တို့ တလတို့ တွက်ကြည့်ရင် ဘတ်ဂျက်ကိုလာထိပါတယ်။ ဒီတော့ တချို့က ဖြတ်ဖို့ စိတ်ကူးရပါတော့တယ်။ နောက် ... ဆေးလိပ်သောက်တဲ့နေရာက အတော်ရှားသွားပြီ။ မှတ်တိုင်မှာ ဘူတာမှာ စားသောက်ဆိုင် အရက်ဆိုင်မှာ လူစည်ကားတဲ့နေရာမှာ ဆေးလိပ်သောက်ခွင့် မပေးတော့ဘူး။ ဘီယာဆိုင်တွေမှာ ဆေးလိပ်သောက်သူတွေအတွက် သီးသန့်နေရာလုပ်ပေးပြီး လူနဲ့ခပ်ဝေးဝေးမှာ သွားသောက်ရတာပါ။ နောက် စီးကရက်ဘူးတွေကို ဘယ်ဆေးလိပ်မှ တန်းစီပြထားခွင့် ရှိပါဘူး။ အ၀တ်မည်းကြီးနဲ့ လူမမြင်အောင် ကာထားရပါတယ်။ ဆိုလိုတာက ဘေးဥပါဒ်ကြီးလှတဲ့ စီးကရက်ကို လုံးဝကြီး ချုပ်ငြိမ်းသွားအောင် မလုပ်နိုင်ဦးတော့ အတတ်နိုင်ဆုံး လျော့ကျအောင် ကြိုးစားရမှာက အစိုးရတိုင်းရဲ့ တာဝန်ပါ။ အမှိုက်ကို စည်းကမ်းတကျ မပစ်ကြဘူးလို့ ပြည်သူကို အပြစ်တင်ရင် သန့်ရှင်းသပ်ရပ်တဲ့ အမှိုက်ပုံး လုံလောက်အောင် ထားပေးရဲ့လားလို့ အစိုးရကို ပြန်မေးရပါလိမ့်မယ်။

ဆစ်ဒနီက ကျနော်နေတဲ့ ရပ်ကွက်မှာ ဘူတာရှိပါတယ်။ သိပ်ကြီးကြီး မဟုတ်ပါဘူး။ တနေ့ မြို့ထဲသွားရင်း ပျင်းပျင်းရှိတာနဲ့ သူတို့လုပ်ထားတဲ့ အလူမီနီယမ် အမိုးနဲ့ အမှိုက်ပုံးကို ရေကြည့်မိပါတယ်။ ၁၀ လုံးတိတိ ရှိပါတယ်။ ထိုင်ရာက ထပြီး အမှိုက်ပုံးထဲ အမှိုက်ပစ်ဖို့ သိပ်အားထုတ်နေစရာမလိုပါဘူး။ ဖမ်းမယ့် ဒဏ်ရိုက်မယ့် လူလည်း မရှိပါဘူး။

အဓိကကတော့ ကောင်းတဲ့ အလေ့အကျင့်တွေကို ငယ်စဉ်ကလေးဘ၀မှာ ခေါင်းထဲဝင်အောင် ရိုက်သွင်းနိုင်ဖို့ လိုပါတယ်။ ငယ်စဉ်က ပါလာတဲ့အကျင့်ဟာ ကောင်းရင်လည်း ဘ၀တလျောက်လုံး၊ မကောင်းရင်လည်း ဘ၀တလျောက်လုံးပါ။ ကောင်းတဲ့ 'အသိ'ရှိရုံနဲ့ မလုံလောက်သေးပါဘူး။ တာဝန်ရှိပုဂ္ဂိုလ်များဘက်ကလည်း facility လုံလောက်အောင် ဆောင်ရွက်ပေးမှ စည်းကမ်းဆိုတာ လိုက်နာနိုင်ပါလိမ့်မယ်။ 'လမ်းဘေးသေးမပေါက်ရ'ဆိုင်းဘုတ်ထောင်ရုံနဲ့ ဒီကိစ္စ ပြေလည် မသွားနိုင်ဘူး။ အသင့်အတင့် သပ်ရပ်သန့်ရှင်းတဲ့ အများပြည်သူသုံး ရေအိမ်တွေကို လူစည်ကားရာအရပ်တိုင်းမှာ အခမဲ့ အသုံးပြုခွင့်ပေးနိုင်မှ လမ်းဘေးသေးပေါက်တဲ့ပြဿနာ နည်းသွားမှာပါ။ ကနေ့ ရန်ကုန်မြို့လူဦးရေနဲ့ ရန်ကုန်မြို့လယ်မှာရှိတဲ့ အများပြည်သူသုံး public toilet အချိုးချကြည့်စမ်းပါ။ ဘယ်လိုမှ လက်ခံနိုင်တဲ့ အဖြေရမှာ မဟုတ်ပါဘူး။ မဟုတ်တဲ့နေရာတွေမှာ ပိုက်ဆံဘုန်းပေါလအော သုံးပြီး ပကာသနနောက် တကောက်ကောက်လိုက်၊ အခြေခံအကျဆုံးနဲ့ နိုင်ငံဂုဏ်သိက္ခာနဲ့ အသက်ဆိုင်ဆုံး ကိစ္စတွေမှာတော့ ဘယ်သူမှ စိတ်မ၀င်စားကြတာ ကျနော်တို့ ခေတ်အဆက်ဆက်ပါ။ ရန်ကုန်က မိန်းမသားများ မြို့ထဲထွက်ရင် အဲဒီအိမ်သာကိစ္စက တော်တော် ခေါင်းခဲကြရတာပါ။ မြင်ရုံနဲ့ မူးမေ့အော့အန်သွားနိုင်လောက်တဲ့ အိမ်သာမျိုးကို တွေ့ဖူးထားတော့ အန္တရာယ် လွယ်မထားနိုင်တဲ့အဆုံး လက်ဘက်ရည်ဆိုင် စားသောက်ဆိုင်ဝင် မစားချင် မသောက်ချင်ပေမယ့် အိမ်သာအသုံးပြုချင်လို့ ၀င်ခဲ့ရသူတွေ တွေ့ဖူးကြမှာပါ။

အဆင့်အတန်းမြင့်တဲ့ လူမျိုး၊ စည်းကမ်းရှိတဲ့ လူမျိုး ဆိုတာ ပါးစပ်ကြီးနဲ့ လုပ်လို့မရသလို အမိန့်ကြီးနဲ့လည်း လုပ်လို့ မရပါဘူး။ အသိနဲ့ အရှိ နှစ်ခု ပေါင်းမှ။ အသိဥာဏ် ပညာကြီးဖို့ လိုသလို တိုင်းပြည်ကလည်း စုတ်ပြတ်မွဲတေ မနေဘဲ ထိုက်သင့်တဲ့ ဘဏ္ဍာငွေ ရှိဖို့လည်း လိုကြောင်း တင်ပြလိုက်ရပါတယ်။ ရှိတာတွေ ခိုးလို့ ကုန်ပြီလို့ တစုံတယောက်က ပြောလည်း ကျနော့်မှာ ပြောစရာ ဘာမှ မရှိပါလူးဗျာ။   ။


(Photo credit - https://economytraveller.com/8-things-look-find-clean-toilet-travelling/)

စန္ဒာမော်/Myanmar Now ● စစ်ရှောင်စခန်းတွင် သောင်တင်ကြခြင်း (ဓာတ်ပုံအက်ဆေး)

$
0
0

စန္ဒာမော်/Myanmar Now  ● စစ်ရှောင်စခန်းတွင် သောင်တင်ကြခြင်း (ဓာတ်ပုံအက်ဆေး)

(မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၈

 
လက်နက်ကိုင်အဖွဲ့ အများအပြား အခြေစိုက်ရာ ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ တိုက်ပွဲ အများဆုံးဖြစ်ပွားတဲ့ဒေသတစ်ခုပါ။

တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကြား  တိုက်ပွဲတွေ ရှိသလို ဒေသတွင်း အဖွဲ့တွေကြားမှာလည်း တိုက်ပွဲတွေ ရှိတတ်ပါတယ်။ တိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေက မတူညီကြပါဘူး။

တူညီတာ တစ်ခုကတော့ စစ်ရေးပြင်ဆင်ပြီ၊ တိုက်ကြ ခိုက်ကြပြီဆိုရင် ဒေသခံပြည်သူများ နေရပ်စွန့်ကြ၊ ထွက်ပြေးတိမ်းရှောင်ကြရခြင်းပါပဲ။
မကြာသေးခင်က  နမ္မတူမြို့ကို ရောက်ရှိစဉ်မှာ စစ်ရှောင်စခန်းတချို့ကို တွေ့ရပါတယ်။  အဲဒီထဲက ကေဘီစီစခန်းလို့ ဒေသခံတွေ ခေါ်ကြတဲ့ ခိုလှုံစရာနေရာကတော့ သက်တမ်း ဆယ်စုနှစ် ထက်ဝက်ကျော်လာပြီလို့ ဆိုပါတယ်။ အဲဒီမှာ ကချင်တိုင်းရင်းသားအများအပြားကို တွေ့ရမှာပါ။ လီဆူတိုင်းရင်းသားတွေခိုလှုံရာ စခန်းတစ်ခုကိုလည်း တွေ့ရပါလိမ့်မယ်။

ကြူဆော့ အမည်ရ စခန်းမှာတော့ ရှမ်း၊ တအာန်း (ပလောင်) တိုင်းရင်းသား စုစုပေါင်း သုံးရာနီးပါး  ရှိနေပါတယ်။
တအာန်းလက်နက်ကိုင်အဖွဲ့နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ တစ်ခု မကြာခဏ ပစ်ခတ် တိုက်ခိုက်နေကြပေမယ့် ဒီစခန်းမှာတော့ တအာန်းတွေရော၊ ရှမ်းတွေပါ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြတာ တွေ့ခဲ့ရပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းစဉ်တွေက မည်သို့ပင်ဖြစ်နေပါစေ.. အကျိုးဆက်ကိုခံစားရတဲ့ ဒေသခံတိုင်းရင်းသားတွေကတော့ ကြုံလာသမျှ အတူတကွ ရင်ဆိုင်ကျော်ဖြတ်နေကြတာပါ။ ပန်သပြေ တအာန်း(ပလောင်) ဒုက္ခသည်စခန်း နဲ့ ကြူဆော့စခန်း ပုံရိပ်တွေထဲက တချို့ကို ဖော်ပြလိုက်ပါတယ်။
 
နေ့ခင်းပိုင်းဆိုရင် စခန်းထဲမှာ လူအများကြီး မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ နံနက် ၄ နာရီလောက်ကတည်းက အများအပြားဟာ တောင်ယာလုပ်ငန်း လုပ်ကိုင်ဖို့ စခန်းထဲက ထွက်ကြလို့ပါ။ ညမှောင်ချိန်မှာ စခန်းကိုပြန်လာကြမှာပါ။  တချို့က ကိုယ်ပိုင်တောင်ယာရှိပြီး တချို့ကတော့ မြေငှားပြီး လုပ်ကိုင်ကြပါတယ်။

ဝင်ငွေရလမ်းတစ်ခုခုရှိမှ ကျန်းမာရေး၊ ကလေးတွေရဲ့ ပညာရေးအတွက် အဆင်ပြေမှာပါ။ ဒါမှသာ မိသားစုတွင်းက ပညာသင်ကြားနေသူတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေကို ထောက်ပံ့နိုင်ပါလိမ့်မယ်။

  ၂ဝ၁၇  ဖေဖော်ဝါရီမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီစခန်းမှာ ကျေးရွာ ၈ ခုက ဒေသခံတွေ ခိုလှုံနေကြတာပါ။

ရွေ့လျားဈေးသည်တချို့က စခန်းကို ရောက်လာတတ်ပါတယ်။ သူတို့ဆီမှာ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်ကအစ   မုန့်ပဲသရေစာအဆုံး  ရရှိနိုင်ပါတယ်။

မီးဖိုမှာ ချက်ပြုတ်နေတဲ့ ရှမ်းအမျိုးသမီး တစ်ဦး။ တောင်ယာသွားသူတွေ စခန်းပြန်ရောက်ချိန်မှာတော့ ညစာ ပြင်ဆင်ချက်ပြုတ်ကြပါတယ်။ နောက်တစ်နေ့ လုပ်ငန်းခွင်ကို ယူသွားမယ့် အစားအစာအတွက်လည်း ပြင်ဆင်ကြပါတယ်။

မီးဖိုဆောင်ထဲက တအာန်းအမျိုးသမီးနဲ့ သူ့ရင်သွေးငယ်။

စခန်းအလယ်က ခန်းမကိုတော့ ထောက်ပံ့ရေးပစ္စည်းတွေ ရောက်လာချိန်၊ အစည်းအဝေးလုပ်ချိန်တွေမှာ သုံးပါတယ်။

အသက် ၇ဝ ဝန်းကျင် ဇနီးမောင်နှံမှာ   ကူညီမယ့် သားထောက်သမီးခံ မရှိကြပါဘူး။ အမျိုးသမီးက ရှမ်း၊ အမျိုးသားက ကချင်ပါ။


သက်ကြီးရွယ်အိုတွေ၊ လုပ်ငန်းခွင်က ပြန်လာကြတဲ့သူတွေရဲ့ ရေနွေးဝိုင်းမှာ  တစ်နေ့တာ အတွေ့အကြုံတွေ၊ သတင်းစကားတွေ ပါဝင်တတ်ပါတယ်။  သူတို့ရဲ့ နေရပ်ရင်းမှာ  တိုက်ပွဲတွေ ထပ်မဖြစ်တော့ဘူးလို့ အာမ မခံနိုင်တာကြောင့်  သူတို့တွေ  အိမ်ပြန်ချင် စိတ်ရှိကြပေမယ့်လည်း စခန်းထဲ ဆက်လက်သောင်တင်နေကြပါတော့တယ်။     ။

မောင်လူရေး - ဟာလာဟင်းလင်းဖြစ်၍ သူသတ်ကျူးသော အမုန်းကင်းမဲ့မှု

$
0
0


မောင်လူရေး - ဟာလာဟင်းလင်းဖြစ်၍ သူသတ်ကျူးသော အမုန်းကင်းမဲ့မှု
(မိုးမခ) သြဂုတ် ၂၉၊ ၂၀၁၈

ဆရာမြသန်းတင့်၏ သမိုင်းစကားပန်းစကားစာအုပ်ထဲမှာ အမုန်း ဆိုသည့် ဘာသာပြန် အက်ဆေးတပုဒ်ပါသည်။ အမုန်းတရားနှင့်ပတ်သက်သည့် နိုင်ငံတကာကွန်ဖရင့်တခု အကြောင်းရေးထားခြင်းဖြစ်သည်။ ယင်းကွန်ဖရင့်ကို "အမှောင်ကို နောက်သို့ အနည်းငယ် ဆုတ်သွားအောင် လုပ်ရန်"ဟုအက်ဆေးဆရာက စုတ်ချက်ဆွဲသည်။

အမှောင်ကို နည်းနည်းလေး နောက်ဆုတ်ဖို့ မြန်မာပြည်တွင်းမှာ သို့မဟုတ် ပြည်ပမှာပြုလုပ်သော ဆွေးနွေးပွဲများစွာရှိသည်။ တကယ်ဘဲ အမှောင်ကို အနည်းငယ် ဆုတ်သွားအောင် တတ်နိုင်ခဲ့သည်။ တခါတရံတော့ ယင်းဆွေးနွေးပွဲများကပင် အမှောင်ထုကို ပို၍ သိပ်သည်းအောင် ဖြစ်သွားစေသည်များလည်း ရှိသည်။ ပါဝင်ချယ်လှယ်သူတို့၏ ဘက်လိုက်မှုများ၊ လှောင်ပြောင်နှိမ့်ချမှုများကလည်း အမှောင်ပင် မဟုတ်ပါလား။

 ယင်းအက်ဆေးတွင် "အမုန်းကို ဆွေးနွေးရသည်မှာ ခက်ပါသည်။ စိတ်က ငြင်းဆန်ပါသည်။ ထိုအကြောင်းအရာသည် ပုံသဏ္ဍာန် ကင်းမဲ့ပါသည်။ ဖရိုဖရဲ နိုင်ပါသည်။ ရန်များပါသည်"ဟုလည်းကောင်း၊ "အမုန်းသည် အသိဉာဏ်ပညာအရလည်းကောင်း၊ စိတ်ဓာတ်ရေးရာအရလည်းကောင်း၊ အန္တရာယ်များသော အုတ်ထိန်းမနိုင်သော အရှုပ်အထွေးတခု၊ သရဲသဘက်တကောင်နှင့် တူနေသည်"ဟုလည်းကောင်း အမုန်းကို မှတ်ချက်ပြုထားပါသည်။

 အမှန်ပင် အမုန်းကား ဆွေးနွေးရခက်သည်။ အမုန်းသမားဟု ဆိုနိုင်သူတို့ကြားတွင် တယောက်ကိုတယောက် လက်ခံကြည့်ရှုရန်ပင် သိပ်ခက်ခဲနေသည်။ တကယ်တော့ သူတို့သည် အရင်က ဘယ်မှာမှ မတွေ့ဆုံဘူးခဲ့ပေ။ ဘာ့ကြောင့် မကြည့်ချင် မမြင်ချင်လောက်အောင် ရွံ့ နေကြရသနည်းဟူမူ ဖေ့ဘွတ်ပေါ်တွင် တယောက်၏အထွဋ်အမြတ်ထားရာကို တယောက်ကသေးသိမ်အောင်လုပ်ဆောင်ပြီး၊ ဆိုးဝါးယုတ်ညံ့သည်ဟု ကောက်ချက်ချပြီး၊ မြင်ပြီး တွေ့ပြီး၊ ဆဲဆိုပြီး ခြိမ်းခြောက်ပြီး၊ နာကျည်းပြီး ရွံရှာပြီး စက်ဆုတ်ပြီးဖြစ်နေကြသောကြောင့်ပင်။

အက်ဆေးဆရာ၏မှတ်ချက်အတိုင်းပင် မြန်မာပြည်တွင်းက လူမျိုးရေး ဘာသာရေးမှုန်းတီးမှုများသည် အလွန်အားကောင်း ရှုတ်ထွေး ရန်များလှပါသည်။ လူမျိုးတူချင်း ဘာသာတူချင်းပင် မိမိတို့ရင်တွင်းရှိ အမုန်းတရားတို့အပေါ် မေးခွန်းထုတ်ဝံ့ဖို့ သိပ်ခက်ခဲနေပါသည်။ အကြောင်းမှာ မိမိတို့အုပ်စု၏ရပ်တည်ချက်အပေါ် သစ္စာမဲ့သည်ဟု အထင်မခံနိုင်ကြခြင်းကြောင့်ဖြစ်သည်။
ယခုလို အလုပ်အကိုင်မဲ့ဘေး၊ လက်ဖက်ရည်ဆိုင် စတိုးဆိုင်မှအစ လုပ်အားခေါင်းပုံဖြတ်ဘေး၊ အလုပ်ခွင် မပျော်သည့်ဘေး၊ မျှော်လင့်ချက်မဲ့သည့်ဘေး၊ ရေဘေး၊ မူးယစ်ဆေးဘေး၊ သူရာရည်ဘေးဝိုင်းပြီး တိုင်းပြည်အပေါ် အကျပ်အတည်းပေါင်းစုံ ဖိစီးနေချိန်တွင် အမုန်းတရားသည် သရဲသဘက်တကောင်အလား ဖေ့ဘွတ်တခွင် ပြန်လည် လမ်းသလားနေသည်ကို တွေ့မြင်နေရသည်။ လူမျိုးရေး ဘာသာရေး သွေးထိုးလှုံ့ဆော်နေသောအကောင့်များ ဖိုတိုရှော့ပုံများသည် သိန်းပေါင်းများစွာသော သာမန်ဖေ့ဘွတ်သုံးစွဲသူများ၏ မျက်နှာစာတွင် လွှမ်းမိုးချယ်လှယ်နေပြီး ဘီလူးဆိုင်း တီးပေးနေသည်။ ဆေးဝ သွေးကြွနေချိန်တွင် ဘီလူးဆိုင်းကား တကယ့်အာဠာဝကတိုင်းပြည်ဖြစ်သွားစေနိုင်သည့် ပံ့ပိုးမှုပင်။

အရင်က ဤကဲ့သို့ လှုံ့ဆော်မှုများကို ဂရုတစိုက်စောင့်ကြည့်တတ်သူများသည် ယခုအခါ အားကောင်းကောင်းနှင့် ရှိမနေတော့သည့်အပြင် ထိုအခြေအနေများကို ဘဝတက်လမ်းအဖြစ် အသုံးချနေသူများလည်း ရှိနေသည့်အခင်းအကျင်းဖြစ်သည်။

လက်ရှိအာဏာရပါတီသည် ကိုယ့်ကို ဝေဘန်သူများ အတိုက်အခံလုပ်သူများ၏အကောင့်တို့ကို ဆင်ဆာလုပ်ဖို့ ကျိုးပမ်းနေပြီး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့သာ အားသန်နေပုံရခြင်းက ယင်းအမုန်းလှုံ့ဆော်ရေးအကောင့်တစ္ဆေများကို အမဲသားကျွေးနေသကဲ့သို့ဖြစ်နေသည်။ ယင်းတို့ လမ်းသလားခွင့်ရှိနေခြင်းက ယင်းအကောင့်များကို မွေးထားသလိုတောင် ထင်စရာဖြစ်နေသည်။ တကယ်တော့ ပရိုဖိုင်အစစ်နှင့် ဝေဘန်နေသူများသည် ကြောက်စရာမဟုတ်ပေ။ ယင်းဝေဘန်မှုသည် အားလုံးကျိုးပမ်းရှာဖွေနေသည့် ဒီမိုကရေစီ၏သွင်ပြင်လက္ခဏာတချို့သာဖြစ်သည်။

အက်ဆေးတွင် "အမုန်းဆိုတာ ဘာလဲ"ဟု မေးခွန်းထုတ်ပြီး ဝီဇယ်ဆိုသည့်တယောက်က "အနက်ရောင် နေမင်း"ဟု ဖြေသည်။ "ဘာဘဲဖြစ်ဖြစ် ထိုအကြောင်းအရာကို ဆွေးနွေးရန် ခက်ခဲသည့်အကြောင်းမှာ အမုန်းသည် တချိန်တည်းတွင် လျှို့ဝှက်နက်နဲသောအရာနှင့် လူဖျင်းလူညံ့ဖြစ်နေသောကြောင့် ဖြစ်သည်။ အမုန်းသည် နားမလည်နိုင်လောက်အောင် ခက်ခဲနက်နဲသော အရာဟုလည်း ထင်ရသည်။ ခွဲခြမ်းစိပ်ဖြာကြည့်ရန် မလိုလောက်အောင် သိမ်ဖျင်းမိုက်မဲသောအရာဟုလည်း ထင်ရသည်။ အမုန်းသည် တင်းပုတ်ကိုင်ထားသော ဝမ်းတွင်းရူး။ ပြင်းထန်၍ စက်ဆုတ်စရာကောင်းပြီး ကျိုးကြောင်းညီညွတ်မှုကင်းသော အနက်ရောင် ယစ်မူးမှု။ သေမင်း၏ ကြံရာပါ။"ဟုလည်း တစ်တစ်ခွခွ ဆိုထားသည်။

 မြန်မာပြည်ရှိ အမုန်းသည် အမျိုးသားရေးနှင့် ရောယှက်နေသလို ကိုးကွယ်ရာဘာသာနှင့် ချိပ်ဆက်ထားပြန်သေးသည်။ အမုန်းသည် အမျိုးသားရေး ဘာသာရေး လူမျိုးရေးတို့၏ ခွန်အားလိုလို အယောင်ဆောင်ထားသည်။ တကယ့် ကျိုးကြောင်းညီညွတ်မှုကင်းသော အနက်ရောင်ယစ်မူးမှုသာ။ အမုန်းသည် မြန်မာပြည်ရှိလူတော်တော်များများ၏မွေးရာပါခွန်အား သို့မဟုတ် ငယ်ရွယ်စဉ်ကထဲက စားသုံးခဲ့ရသည့်ဓာတ်စာဖြစ်နေပြန်ရာ မေတ္တာ၏ဆန့်ကျင်ဘက်မှန်းသိရက်နှင့် ဖက်တွယ်ထားကြသည်။ မြန်မာပြည်အဖို့ လူမျိုး ဘာသာ ဘယ်မျှကွဲပြားပစေ အမုန်းကတော့ ဘုံဘာသာတရားပင် ဖြစ်နေပေတော့သည်။

အမုန်းကွန်ဖရင့်တွင် ကဗျာဆရာများက အမုန်း၏မျိုးစေ့ကို နှလုံးသားထဲတွင် လိုက်ရှာပြီး ဘောဂဗေဒနှင့် သမိုင်းဆရာတို့ကမူ လူများ၏နေထိုင်မှုဘဝ အခြေအနေများထဲတွင် လိုက်ရှာသည်ဟုဆိုသည်။

"ဗက်ကလပ်ဟာဗယ်ကမူ မုန်းရန် မစွမ်းဆောင်နိုင်မှု (အမုန်းမပွားနိုင်သော သတ္တိ) ဟူ၍ ရှိသည်ဟု ဆိုပါသည်။ သူ့အဆိုကို အခြား လူတော်တော်များများက သံသယရှိကြပါသည်"ဆိုသည်ကို ဖတ်လိုက်ရစဉ်မှာ ယင်းသတ္တိရှိသည်ဟု မိမိကိုယ်တိုင်ရော ယုံလားဟု မေးခွန်းထုတ်ဖြစ်သည်။ အမုန်းမပွားနိုင်သော သတ္တိရှိသလားဟူသည် လူတိုင်း အပြန်အလှန်မေးရမည့် မေးခွန်းတခုဖြစ်သင့်သည်။ ယင်းသတ္တိပေါ်ထွက်လာသည်အထိလည်း မေးဖို့လိုလိမ့်မည်။ ပေါ်ထွက်လာမည်ဟု စိတ်ကူးကြည့်လိုက်သည်။ စိတ်ကူးတွေက အရသာရှိသည်မဟုတ်လား။

"အမုန်းမှာ အချစ်နဲ့တူတာတွေ တော်တော်များများရှိတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကို မေ့သွားပြီး အခြားသူတဦးအပေါ်မှာ စူးစိုက်သွားတဲ့နေရာမှာ အချစ်နဲ့ တော်တော်တူတယ်။ အချစ်လိုဘဲ အခြားသူတွေအပေါ်မှာ အမှီပြုကာ ကိုယ့်ဇာတ်တစိတ်တပိုင်းကို တခြားသူအပေါ်ကို ပို့ဆောင် စေလွှတ်လိုက်တာတွေဟာ အချစ်နဲ့ တော်တော်တူတယ်။ မုန်းသူဟာ မုန်းရမယ့်သူကို တောင့်တတယ် "ဟု ဟာဗယ်က အမုန်းစိတ္တဗေဒကို ထပ်မံ ပြောကြားသည်။ အကယ်၍ အမုန်းနှင့် အချစ်သည် ခြူးတပြား၏ ခေါင်းနှင့် ပန်းသာဆိုလျှင် အမြင်တဖက်ပြောင်းလိုက်သည်နှင့် အမုန်းမပွားနိုင်သည့် သတ္တိရှိသည်ဆိုသည့် အဆိုသည် တကယ်ဖြစ်သွားနိုင်သည်။

"အမုန်းဟာ ကျရှုံးသွားတဲ့ နတ်တမန်ရဲ့ မကောင်းဆိုးဝါးအရည်အချင်းဖြစ်တယ်။ အမုန်းဟာ ထာဝရဘုရားသခင်ဖြစ်လိုတဲ့ စိတ်အခြေအနေတမျိုးဖြစ်တယ်။ သူ့ကိုယ်သူ ဘုရားသခင်လို့တောင် ထင်တဲ့အရာဖြစ်တယ်။ ဘုရားသခင်မဟုတ်ဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူးလို့ သိတဲ့အခါမှာ ခံစားရတဲ့ ဆင်းရဲဒုက္ခဖြစ်တယ် "ဟု ဟာဗယ် ဆက်ပြောသည့် စကားအတိုင်းဆိုလျှင် ဘုရားသခင်တွေအပေါ် ယုံကြည်မှု လျော့ကျသွားသည့်အချိန်တွင် တနည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားကောင်းခိုင်မာလာသည့်အချိန်တွင် အမုန်းစိတ်အခြေအနေသည် လွင့်ပါးသွားပေမည်။

 ဟာဗယ်က ပုံစံကျအမုန်းသမားသည် "လေးနက်သော မျက်နှာ၊ ဆတ်ဆတ်ထိမခံသည့် သဘော၊ ကြမ်းတမ်းမာကျောသော စကားအသုံးအနှုန်း၊ အော်ငေါက်ခြင်း၊ သူ့ကိုယ်ထဲမှ ပြန်၍ ထွက်နိုင်စွမ်းမရှိခြင်းနှင့် သူ့မိုက်မဲမှုကို ပြန်၍ မမြင်နိုင်ခြင်း၊ ထိုသို့ ရှိသောသူ ဖြစ်သည်"ဟု အမုန်းသမားကို ပုံဖော်ပေးသည်။ အမုန်းသမားဟုတ်မဟုတ် ကိုယ့်ကိုယ်ကို အထက်ပါအချက်များနှင့် တိုင်းတာပြီးလျှင် အမုန်းသမားဆိုတာ ဘယ်လိုဟာဟု ကိုယ်သိသည့်အချက်တချက်ကို ဖြည့်စွက်ကြည့်စေချင်သည်။

ကျွန်ုပ်ကတော့ လစ်ဘရယ်ရောင်ဆောင်ခြင်းဆိုသည့်အချက်ကို ဖြည့်စွက်သည်။

ဟာဗယ်က "အော်စလိုကွန်ဖရင့်တွင် ဆွေးနွေးသည့်အကြောင်းအရာသည် အတိအကျအားဖြင့် အမုန်းမဟုတ်ပါ။ အမှောင်ဘက်တွင်ရှိသည့် ဆိုးယုတ်ခြင်းနှင့် အလင်းဘက်တွင်ရှိသည့် မျှော်လင့်ချက်တို့အကြောင်းဖြစ်သည်ဟု ကျွန်တော်ထင်ပါသည် "ဟု ဆက်ပြောပြီး သူ့နှလုံးသားထဲမှာ မျှော်လင့်ချက်ကိုဘဲ သိမ်းဆည်းထားကြောင်းဆိုပါသည်။

အက်ဆေးဆရာက "ကျွန်တော်၏ အော်စလိုမှ အပြန်ခရီးသည် နောက်တရက်နှစ်ရက်အကြာ ကမ္ဘာလှည့်ခရီးသည်တဦး အသတ်ခံရသည့် နယူးယောက်မြို့ မြေအောက်မီးရထားဘူတာရုံထဲသို့ အဆုံးသတ်သွားပါသည်။ သူ့ကို သတ်သွားသည့် သူရူးများသည် သူ့ကို မမုန်းပါ။ လုံးဝ မမုန်းပါ။ အနီးရှိ ကပွဲတခုသို့ သွားရန် သူတို့ ပိုက်ဆံလိုနေပါသည်။ ထိုဟာလာဟင်းလင်းဖြစ်၍ သူသတ်ကျူးသော အမုန်းကင်းမဲ့မှုသည် ကြောက်ဖွယ်လိလိဖြစ်ပါသည်။ ထိုကြောက်ဖွယ်လိလိအရာများအကြောင်းကို အော်စလိုတွင် မဆွေးနွေးခဲ့ကြပါ"ဟူသော ဝါကျများဖြင့် အက်ဆေးကို အဆုံးသတ်လိုက်သည်။

အမုန်းအကြောင်းရေးသည့်အက်ဆေးကို ဖတ်ပြီးချိန်တွင် နောက်ဆုံးစာပုဒ်ထဲမှ အမုန်းကင်းမဲ့မှု၊ သူသတ်ကျူးသော အမုန်းကင်းမဲ့မှု၊ ဟာလာဟင်းလင်းဖြစ်၍ သူသတ်ကျူးသော အမုန်းကင်းမဲ့မှုဆိုသည့် စကားလုံးများ ပဲ့တင်ထပ်နေပြီး ယင်းပဲ့တင်သံများက ကိုယ့်တိုင်းပြည်အပေါ် နင်းချေဖျက်ဆီးတော့မည့် ကြောက်စရာသတ္တဝါဆိုး၏ ပုံရိပ်ကို ထင်ဟပ်ပြသလို ခံစားလိုက်ရသည်။

ထို့နောက် ကြောက်ဖွယ်လိလိဖြစ်သော အမုန်းမဲ့သူသတ်ကျူးတို့ ပုံရိပ်များသည် တဖွားဖွားပေါ်လာသည်။ တကယ့်ကို ဟာလာဟင်းလင်းအမုန်းမဲ့သူသတ်ကျူးများ။ ကလေးငယ်တွေကို ရိုက်သတ်သည့် ပယောဂဆရာများ၊ ကလေးငယ်လေးများကို မုဒိမ်းကျင့်၍ ခေါင်းထု လည်ညှစ်သတ်ဖြတ်သည့် တကယ့်ကို ဟာလာဟင်းလင်းများသည် တဖွားဖွားပေါ်လာတော့သည်။ ကလေးတို့၏ ငရဲခန်းကို ဘယ်သူ မှန်းဆကြည့်နိုင်မည်နည်း။ သူတို့သည် ကလေးငယ်လေးများကို မမုန်းသည်မှာ သေချာပါသည်။ နောက် ဆိုင်ကယ်နှင့် ဆိုင်ကယ်စီးနင်းလာသည့်သူများ၏ပစ္စည်းတွေကို လုကြသည်။ တဖက်မှာ ခေါင်းကွဲ လက်ခြေကျိုး အသက်ဆုံးဖြစ်ကြသည်။ ထိုသူတွေကိုလည်း မုန်းထားရန်ငြိုးဖွဲ့၍ လုပ်ဆောင်ခြင်းမဟုတ်သည်မှာ သေချာပါသည်။ အရက်အတွက် ဆေးပြားအတွက် ဖုန်းအတွက် ထမင်းတနပ်အတွက် ဖာသိဖာသာ ဟာလာဟင်းလင်းစိတ်ခံစားမှုများနှင့် လုယက် သတ်ဖြတ်လုပ်လိုက်ကြသည်။

 မနက်ကဘဲ သူခိုးက သူဝင်လာသည်ကို မြင်သွားသည့် ၁၆နှစ်အရွယ် ဆယ်တန်းကျောင်းသူလေးကို ဒါးဖြင့်ထိုးသတ်သွားသည့်သတင်းတပုဒ်ကို ဖတ်လိုက်ရသေးသည်။

 မောင်လူရေး

ကျော်ကျော် မြရည်စမ်း - ဖျဉ်းနာယစ်ဆေး

$
0
0

ဖျဉ်းနာယစ်ဆေး
ကျော်ကျော် မြရည်စမ်း
(မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၈
ကျွန်​​တော်​သိတတ်​အရွယ်​ကစလို့ အခုအချိန်​အထိ သတိထားမိခဲ့တဲ့အရာတ​ခု ရှိပါတယ်​။ အဲတာက​တော့ နိုင်​ငံ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေးအစရှိတဲ့နယ်​ပယ်​​တွေမှာ တာဝန်​ခံထားတဲ့အစိုးရရဲ့ လုပ်​​ဆောင်​ချက်​​တွေမှားယွင်း​နေတဲ့အခါ နယ်​ပယ်​အသီးသီးက (စွန့်​လွှတ်​ရဲတဲ့) အသိပညာရှင်​​တွေ၊ အတတ်​ပညာရှင်​​တွေက ​ဝေဖန်​​ထောက်​ပြမှု​တွေ လုပ်​ခဲ့ကြပါတယ်​။ အဲဒီလို အခါမျိုးမှာဆိုရင်​  သူတို့ဟာ အာဏာရှင်​အစိုးရရဲ့ ငြိုးမာန်​ဖွဲ့ခြင်းကို ခံရ​လေ့ရှိပါတယ်​။ ဒါ​ပေမဲ့ အခုအချိန်​အထိ တတ်​နိုင်​သမျှ​တော့ ​ ဝေဖန်​​ထောက်​ပြ​နေကြတုန်းပါပဲ။ ကမ္ဘာကြည့်​ ကြည့်​လိုက်​မယ်​ဆိုရင်​   အသိပညာရှင်​၊ အတတ်​ပညာရှင်​​ တွေရဲ့ စကားကိုအ​လေးထားတဲ့ အစိုးရတရပ်​ဟာ သူ့နိုင်​ငံသား​တွေရဲ့အကျိုးစီးပွားနဲ့အနာဂတ်​လှလှ​တွေ ကို ​ မွေးဖွား​ပေးနိုင်​ခဲ့ကြပါတယ်​။
[၁]
မူးယစ်​​ဆေးဝါးဆိုတဲ့အသံ​တွေ ကျယ်​ကျယ်​​လောင်​​လောင်​ထွက်​လာရင်​ ငယ်​ဘဝဖြတ်​သန်းမှုကို ပြန်​ပြန်​သတိရမိတယ်​။ မူးယစ်​​ဆေးဝါးနဲ့ပတ်​သက်​ပြီး ​ပြောကြမယ်​ဆိုရင်​ ​ ခေါင်းစဉ်​ကြီး​တွေ၊ ခေါင်းစဉ်​​လေး​တွေ အများကြီးတပ်​ပြီး​ပြောရမယ့်ပုံပါပဲ။ အဲဒီ​ခေါင်းစဉ်​​တွေအသီးသီးရဲ့​​အောက်​မှာ ခေါင်းစဉ်​​ပေါက်​စနလေး တွေပါ ထပ်​ပြီးထည့်​ရအုံးမှာပါ။
"မူးယစ်​​ဆေးဝါးဆိုသည်​မှာ ဘိန်း၊ ဘင်း၊ က​စော်​၊ ​လှော်​စာ အရက်​ ဖြစ်​သည်​။ နံပါတ်​ဖိုး​ခေါ်ဘိန်းဖြူသည်​  တ​ခါသုံးစွဲမိရုံမျှနှင့်​ စွဲလန်းသွား​စေတတ်​ပါသည်​ "ဆိုပြီး​တော့ ငယ်​ငယ်​တုန်းက စာ​အော်​ကျက်​ခဲ့ရပါတယ်​။ အဲဒီစာ​တွေဟာ ​ သူ့​ခေတ်​နဲ့သူအခါမှာ​တော့ မှန်​သင့်​သ​လောက်​  မှန်​မယ်​ထင်​ပါတယ်​။ ဒါ​ပေမဲ့ ပြည့်​စုံတယ်​လို့​တော့ မထင်​ခဲ့ပါဘူး။ အခုလိုအ​နေအထားမျိုး​တွေမှာ​တော့ အများကြီးထပ်​ဖြည့်​ရ​တော့မယ်​ထင်​ပါတယ်​။
မူးယစ်​​ဆေးဝါးဆိုတဲ့​နေရာမှာ အခု​နေအခါ မျက်နှာပေါင်းစုံမှာ ​တွေ့ နေမြင်​​နေရတာက "တရားမဝင်​မူးယစ်​​ ဆေးဝါး"ဆိုပြီး​တော့ ပါပါတယ်​။ ဘယ်​အရာ​တွေက တရားမဝင်​ဖြစ်​ပြီး​တော့ ဘယ်​အရာ​တွေက တရားဝင်​တာလဲလို့ဘယ်​သူမှလည်း ​စောဒကမတက်​ရဲကြပါဘူး။ ဖြတ်​​တောက်​ဖို့ခက်​တဲ့အရာမှန်​သမျှဟာ မူးယစ်​ ဆေးဝါးထဲမှာများ အကျုံးဝင်​​နေမလားလို့ ​တွေးဆခဲ့မိပါတယ်​။
ဲလွန်ခဲ့တဲ့ နှစ်​၂၀ ​ကျော်​​ကျော်​က လမ်းနံ​ဘေးအရက်​ဆိုင်​​လေး တ​ဆိုင်​မှာ အရက်​မစွဲပဲ အ​ပေါင်းအသင်းစွဲပြီး ​ နေ့စဉ်​ညစဉ်​နီးပါး ထိုင်​ခဲ့ဖူးပါတယ်​။ တနေ့​တော့ ကျွန်​​တော်​ထိုင်​တဲ့ဝိုင်းမှာ မူးယစ်​​ဆေးဝါးနှိမ်​နင်း​ရေး အထူး တပ်​ဖွဲ့က ဦးစိုး​အောင်​လည်း ဝင်​ထိုင်​ပါတယ်​။ သူကပဲ အဲဒီညက ကျသင့်​တဲ့အရက်​ဖိုး၊ အမြည်းဖိုး​တွေကို ရှင်း​ပေးတယ်​။ နောက်​တေ​နေ့ သင်​တန်းသွားရမှာမို့ အားလုံးကို နှုတ်​ဆက်​​ကြောင်းလည်း  ​ပြောပါတယ်​။ အသက်​ ၅၀ ကျော်​ ၆၀ နီးပါး ရဲအုပ်​တ​ယောက်​က ဘယ်​လိုသင်​တန်းမျိုးသွားတက်​မှာလဲလို့ ကျွန်​​တော်​တို့ က စပ်​စုကြတယ်​။ ပြန်​​တော့မလို လုပ်​​နေရင်းက သူပြန်​ထိုင်​တယ်​။
မူးယစ်​​ဆေးဝါး​တွေအ​ကြောင်းကို သင်​တန်းသွားတက်​ရမှာလို့ သူက​ပြောတယ်​။ "အခု ​တွေ့​နေ၊မြင်​​နေရတဲ့ မူးယစ်​​ဆေးဝါး​တွေထဲကတ​ချို့ကို ငါတို့လည်းမသိဘူးဟ "တဲ့။ "ငါတို့က သင်​တန်းသွားတက်​ပြီး ပြန်​လာ လိုက်​၊ ​နောက်​ထပ်​အသစ်​​တွေ ထပ်​​ပေါ်လာလိုက်​နဲ့ ဖြစ်​​နေအုံးမယ်​ ထင်​ပါရဲ့"လို့ သူက​ပြောပါတယ်​။ အဲဒီ​နောက်​​တော့ မူးယစ်​​ဆေးဝါးအ​ကြောင်း​တွေ၊​ ရောင်း​နေတဲ့ဘိ (အဲဒီ​ခေတ်​က ​ဆေး​ရောင်းတဲ့​ နေရာကို ဖိုးဘိလို့ ​ခေါ်ကြတယ်​)​ တွေအ​ကြောင်း ဆက်​​ပြောဖြစ်​ကြတယ်​။
သူကရဲ။ ကျွန်​​တော်​တို့က လူငယ်​​ပေ​ပေ​တွေ။ ဒါ​ပေမဲ့ ရင်းရင်းနှီးနှီးစကား​ပြောဖြစ်​ခဲ့ကြတယ်​။ စစ်​အာဏာ ရှင်​နဲ့ မဟုတ်​တန်းတရားလုပ်​တဲ့ရဲ​တွေဆိုရင်​ ကျွန်​​တော်​တို့ကမုန်း​ပေမဲ့ ခင်​မင်​စရာ​ကောင်းတဲ့ တပ်​မ​တော်​သား​တွေ၊ ​လေးစားစရာ​ကောင်းတဲ့ ရဲ​တွေဆိုရင်​ ​ပေါင်းသင်းခဲ့ဖြစ်​တယ်​။
အဲဒီလိုမျိုးပေါင်းသင်းခဲ့တဲ့အကျိုးဆက်​က​တော့ တ​ဖက်​ပိတ်​​နေတဲ့ အ​တွေးအမြင်​မျိုး​တွေကို ခွာချထားနိုင်​ခဲ့ပါတယ်​။ ထားပါ​တော့။ အဲဒီညမှာ ရီ​ဝေ​နေတဲ့ သူ့မျက်​လုံး​တွေဟာ တခုခုကို ​ပြောပြချင်​​ပေမဲ့ အတင်းကြီး ပြန်​မျိုချ​နေရ​ကြောင်း သိခဲ့ရပြန်​တယ်​။ ဦးစိုး​အောင်​က မူးယစ်​တပ်​ဖွဲ့ကပါ။ သူမချမ်းသာပါဘူး။ မျက်​နှာ​ ကောင်းလည်း မရရှာပါဘူး။ သူနဲ့တပါတ်​စဉ်​ထဲဆင်း အ​တော်​များများဟာ အဲဒီအချိန်​မှာ သူ့ထက်​ရာထူးနှစ်​ဆင့်​​လောက်မြင့်​ပြီး ချမ်းသာ​နေကြပြီ။ မိန်းမဖက်​က အ​မွေရလို့ဆိုပြီး ဒီတီဆိုင်​ကယ်​စီးသူလည်း ရှိသ​ပေါ့။
အဲဒီညက သူ​နောက်​ဆုံး​ပြောသွားတဲ့ စကား​လေးကို ကျွန်​​တော်​မှတ်​မိ​နေ​သေးတယ်​။ "ဖိုး​ကျော်​...မင်း ဘယ်​နှခုနှစ်​ဖွားလဲ"တဲ့။ ၇၄ လို့ ကျွန်​​တော်​က​ပြောလိုက်​တယ်​။"​အေးဟ...၊မင်းမ​မွေးခင်​ထဲက မီးစမီးန​ တွေပါကွာ။ အခု​တော့ အ​တော်​အရှိန်​ရ​နေပြီ"တဲ့။ 
သူ​ပြောသွားတဲ့ မီးစမီးန​လေး​တွေကို စိတ်​ဝင်​စားပြီး ကျွန်​​တော်​လို​က်​ရှာကြည့်​ခဲ့မိပါတယ်​။ လူတယောက်​ရဲ့ သမိုင်းဆိုတာ ကာယကံရှင်​​တွေကိုယ်​တိုင်​ ​ရေးခဲ့ကြတာပါ။ သမိုင်း​ကောင်းကို အိုးမည်းသုတ်​ပြီး ရုပ်​ဖျက်​လို့ မရသလို သမိုင်းဆိုးကိုလည်း ထုံးဖြူသုတ်​ပြီး ဖုံးအုပ်​ထားလို့မရနိုင်​ပါဘူး။ သမိုင်းဆိုးရဲ့​ခြေရာက ကျွန်​​တော်​ မ​မွေး​သေးခင်​ ၁၀နှစ်​​လောက်​ကတည်းက အ​တော်​နက်​​နေပါပြီ။
[၂]
ကျွန်​​တော်​မ​မွေး​သေးခင်​ ၁၀ နှစ်​​လောက်​ကတည်းက ရှမ်းပြည်​နယ်​ ​ရွှေတြိဂံ​ဒေသက ဘိန်းဖြူ​တွေဟာ ထိုင်း နိုင်​ငံကိုဖြတ်​ပြီး အ​မေရိကားအထိ ​ခြေဆန့်​ခဲ့ကြတယ်​တဲ့။ တစ်​နှစ်​ကို နှစ်​တန်​နှုန်း​လောက်​နဲ့ ဆယ်​စုနှစ်​တစ်​ခု​လောက်​ကြာခဲ့တဲ့အခါမှာ အ​မေရိကန်​အစိုးရက ဖိအား​ပေးတာ​ကြောင့်​ ထိုင်းရဲက အဲဒီမူးယစ်​ရာဇာကြီးကို ဖမ်းဆီးလိုက်​ရတယ်​။ ​နောက်​​တော့ မြန်​မာအစိုးရလက်​ထဲကို အပ်​လိုက်​ရပါတယ်​။ မြန်​မာနိုင်​ငံမှာ မြန်​မာ့ ဆိုရှယ်​လစ်​လမ်းစဉ်​ပါတီရဲ့ဥက္ကဋ္ဌကြီးအဖြစ်​ ဦး​နေဝင်းက တာဝန်​ယူ​နေတဲ့အချိန်​​ပေါ့။ 
အဲဒီအဖမ်းခံရသူကြီးဟာ ​သေဒဏ်​ရယ်​လို့ ချမှတ်​ခံထားရ​ပေမဲ့ ​ခြောက်​နှစ်​​ကျော်​​ကျော်​ ခုနှနှစ်​​လောက်​ပဲ ​ထောင်​ထဲ​နေလိုက်​ရပြီး လွတ်​ငြိမ်းချမ်းသာ ခွင့်​ရလို့ လွတ်​​မြောက်​သွားခဲ့ပါတယ်​။
နောက်​ထပ်​ ဆယ်​စုနှစ်​တခုအကြာမှာ​တော့ သူဟာ ကုမ္ပဏီကြီးတခုကို ပိုင်​ဆိုင်​​နေပါပြီ။ အဲဒီကုမ္ပဏီကြီး ဟာ သစ်​​တွေခုတ်​တယ်​။ အမြတ်​အစွန်းအများကြီးနဲ့ နိုင်​ငံခြား ကို တင်​ပို့တယ်​။ လမ်း​တွေ​ဖောက်​တယ်​။ တိုးဂိတ်​​တွေဖွင့်​ထားပြီး ပိုက်​ဆံ​ကောက်​တယ်​။ သူ့ရဲ့ဝင်​​ငွေဟာ ​သောက်​​သောက်​လဲ​ပေါ့။ အဲဒီအချိန်​မှာ ကျွန်​​တော်​တို့နိုင်​ငံ​လေးရဲ့ မြို့တိုင်းရွာတိုင်းလိုလိုမှာ မူးယစ်​​ကျေးကျွန်​ဘဝကို ရောက်​​နေကြရတဲ့ လူငယ်​​ တွေလည်း ​သောက်​​သောက်​လဲများ​နေခဲ့ပါပြီ။
နိုင်​ငံခြားသတင်း​ထောက်​တ​ဦးရဲ့အဆိုအရ​တော့ ပြည်​တွင်းက​နေ မူးယစ်​​ဆေးဝါး​တွေသွားလာရာ လမ်း​ ကြောင်းဟာ ပင်​ကူအိမ်​ကြီး တ​ခုလိုပါပဲ။ အဲဒီမူးယစ်ရာဇာဆိုတဲ့လူကြီး ကွယ်​လွန်​​ကြောင်းသိရတဲ့အခါမှာ အံသြစရာ​ကောင်းတဲ့ မြင်​ကွင်းတခုကို ​တွေ့ခဲ့ရဖူးပြန်ပါတယ်​။ သူရဲ့နာ​ရေးသတင်းကို နိုင်​ငံပိုင်​သတင်းစာ မှာ ​ဖော်​ပြခဲ့ပါတယ်​။ ပိုပြီး အံသြခဲ့ရတာက မြန်​မာနိုင်​ငံက ကမ္ဘာ​ကျော်​ပုဂ္ဂိုလ်​​တွေကပါ အုံနဲ့ကျင်းနဲ့ အသုဘ ပို့ လိုက်​ကြရှာတာပါ။ ကမ္ဘာ​ကျော်​ခဲ့ပါတယ်​။ ​ကောင်း​ကျော်​​တော့မဟုတ်​ဘူး။ ဆိုး​ကျော်​​ပေါ့။
ကမ္ဘာ​ကျော်​တဲ့အ​ကြောင်း​တွေ ​ပြောရင်းနဲ့ ကိုလံဘီယာမူးယစ်​ရာဇာ ပါဘလိုအက်​စ်​ကိုဘာအ​ကြောင်းကိုပါ သတိရမိပါတယ်​။ သူလည်း ကမ္ဘာ​ကျော်​ကြီးပဲ။ သူ့အ​ကြောင်းရိုက်​ထားတဲ့ ရုပ်​ရှင်​ကား​တွေလည်း ကမ္ဘာ​ ကျော်​ပါပဲ။ ပထမကားဖြစ်​တဲ့ (escobar paradise lost)ဟာ နာမည်​ကြီးဇာတ်​ကားပါပဲ။
ဗာဂျီးနီးယားဗာဟဲရို ​ရေးတဲ့(Loving pablo,Hating Escoba)ကို ပြန်​ရိုက်​ထားတဲ့ Loving pablo ဇာတ်​ကား ဆိုရင်​လည်း မင်းသားဂျာဗီယာဘာဒန်းနဲ့ မင်းသမီးပင်​နလိုခရုစ်​တို့သရုပ်​​ဆောင်​ထား​တော့ အပီအပြင်​ပဲ​ပေါ့။ အ​မေရိကန်​ကိုကုတ်​ကင်းပို့လို့ရတဲ့ဝင်​​ငွေက ​ဒေါ်လာဘီလျံ ၃၀ ​ ကျော်​ရှိတယ်​ဆို​တော့ သူ့မှာက ကိုယ်​ပိုင် လေယာဉ်​ပျံ​တွေ၊ ကိုယ်​ပိုင်​ ဟယ်​လီ​ကော်​ပတာ​တွေနဲ့ပါ။ ​ထောင်​ကျ​တော့လည်း သူ​နေဖို့​ထောင်​ သူ့ဟာသူ​ ဆောက်​ပြီး ပါတီပွဲ​တောင်​ လုပ်​လိုက်​​သေးတယ်​။
အထဲမှာ​နေရင်း ကုတ်​ကင်းအ​ရောင်းအဝယ်​လုပ်​လိုက်​​သေးတယ်​။ မူးယစ်​ရာဇာကိုမျက်​နှာသာ​ပေးတဲ့ ကိုလံ ဘီယာအစိုးရရဲ့အ​နေအထားကို ဇာတ်​ကားထဲမှာ မြင်​သာပါတယ်​။ အက်​စ်​ကိုဘာက "ငါ့အ​ကြောင်းကို ဘာ လို့​ရေးတာလဲဆို​တော့"ဗာဂျီးနီးယားက ပြန်​​ပြောတယ်​။ "ရှင့်​ကို အားကျတဲ့လူငယ်​​တွေအတွက်​"တဲ့။ 
သူဟာ ထောင်​ထဲမှာ​နေရင်း လူသတ်​မှုကျူးလွန်​ပြီး လွတ်​​မြောက်​သွားပြန်​တယ်​။ ၁၉၉၃ ခုနှစ်​မှာ သူ့ကို အ​သေဖမ်းမိခဲ့​ပေမဲ့ ကိုလံဘီယာက​နေ အက်​စ်​ကိုဘာ​ပေါက်​စန​လေး​ တွေ အခုအချိန်​ထိ ထွက်​ရှိ​နေတုန်းပါ ပဲ။
နောက်​ထပ်​ရုပ်​ရှင်​ဇာတ်​ကားတကားကိုလည်း သတိရမိ​သေးတယ်​။ မူးယစ်​​ဆေးဝါးနဲ့ပတ်​သက်​တဲ့ ဇာတ်​ကားပါပဲ။ ဖြစ်​ရပ်​မှန်​ဇာတ်​ကားလို့ ညွှန်းဆိုထား​ပေမဲ့ မှန်​သလားမမှန်​ဘူးလားဆိုတာကို​တော့ အချိန်​ကာလ တခုက သက်​​သေပြသွားမယ်​ထင်​ပါတယ်​။ ပထမဆုံးတယ်​လီဖုန်းတီထွင်​သူဟာ ဂ​ရေဟမ်​ဘဲလ်​မဟုတ်​​ ကြောင်း အချိန်​ကစကား​ပြောလာသလိုပဲ​ပေါ့။
Operation Mekong ဆိုတဲ့ ဇာတ်​ကားကို ​ဟောင်​​ကောင်​ရုပ်​ရှင်​ဒါရိုက်​တာ ဒန်​​တေးလန်​က ရိုက်​ကူးခဲ့ပါ တယ်​။ အဲဒီဇာတ်​ကားဟာ မူးယစ်​ရာဇာ စိုင်း​နော်​ခမ်းရဲ့တကယ့်​အဖြစ်​အပျက်​လို့လည်း ဆိုထားပါတယ်​။ စိုင်း​နော်​ခမ်းဟာ ၂၀၁၃ ခုနှစ်​ရဲ့ ဧပြီလထဲမှာ တရုတ်​နိုင်​ငံ ပြည်​သူ့တရားရုံးချုပ်​ရဲ့ကွပ်​မျက်​ခြင်းကို ခံခဲ့ရပါ တယ်​။
၂၀၁၁ ခုနှစ်​ထဲမှာ မဲ​ခေါင်​မြစ်​​ပေါ်မှာ တရုတ်သ​င်္ဘောသား ၁၃ ​ယောက်​ကို သတ်​တဲ့အမှု၊ ဘိန်း​မှောင်​ခို လုပ်​တဲ့အမှု​တွေနဲ့ စွဲချက်​တင်​ပြီး အမိန့်​ချကွပ်​မျက်​လိုက်​တာပါ။ သူက​တော့ ​ တရုတ်သ​င်္ဘောသား​တွေကို သူ မသတ်​ခဲ့​ကြောင်း ​နောက်​ဆုံးအချိန်​ထိ ​ပြောဆိုသွားခဲ့ပါတယ်​။ ဇာတ်​ကားက ဇာတ်​ကား၊ သတင်းက သတင်း ခွဲခြားခံစားခဲ့မိ​တော့ အဲဒီဇာတ်​ကားကြည့်​ပြီး အ​တွေး​တွေအများကြီးရခဲ့ဖူးပါတယ်​။
သမာအာဇီဝဆိုတဲ့ ​ကောင်းမွန်​စွာအသက်​​မွေးခြင်းနဲ့ယှဉ်​ရင်​ မူးယစ်​​ဆေးဝါး​ရောင်းချပြီး မသမာ​သောနည်း လမ်းနဲ့ အသက်​​မွေးတာက ဝင်​​ငွေခြင်း​တော့ တ​ခြားစီဖြစ်​မှာပါပဲ။ ဥပ​ဒေကို သ​ရေကွင်းလို ရှုံ့ချည်​နှပ်​ချည်​ လုပ်​​နေကြတဲ့ နိုင်​ငံမျိုးမ​ပြောပါနဲ့ မူးယစ်​​ဆေးဝါးဥပဒကို ပြင်းပြင်းထန်​ထန်​ထုတ်​ပြန်​ထားတဲ့ ဗီယက်​နမ်​လို  နိုင်​ငံမျိုးမှာတောင်​ အခုအချိန်​အထိ အမြစ်​မပြတ်​နိုင်​​သေးပါဘူး။ ဗီယက်​နမ်​နိုင်​ငံမှာ ဘိန်းဖြူဆိုရင်​ ၆၀၀ ဂရမ်​၊ မက်​သမ်​အက်​ဖီတမင်း​ဆေးပြားဆိုရင်​ ၂ ဒဿ မ ၅ ကီလိုဂရမ်​လက်​ဝယ်​​တွေ့ရှိတာနဲ့ ​သေဒဏ်​ ပေး​ တော့တာပါပဲ။ ဥပ​ဒေကို လက်​တလုံးခြားလှည့်​ပတ်​လို့ရတဲ့ နိုင်​ငံ​တွေလို ​​သေဒဏ်​က​နေ ၁၀ နှစ်​၊ ၁၀ နှစ်​က​နေ လွတ်​ငြိမ်းချမ်းသာခွင့်​နဲ့ လွတ်​သွားတာမျိုး ရှိသလားမရှိဘူးလား​တော့ ကျွန်​​တော်​လည်း မသိပါဘူး။ အဲဒီလိုမျိုး နိုင်​ငံ​တွေမှာ​တောင်​ မူးယစ်​​ဆေးဝါးဂိုဏ်း​တွေက လက်​နက်​​​တွေကိုင်​​ဆောင်​ပြီး အာဏာပိုင်​​တွေ ကို အန်​တု​နေကြဆဲပါ။
[၃]
မူးယစ်​​ဆေးဝါး​ဖမ်းဆီးရမိတဲ့သတင်း​တွေကိုဖတ်​ရတဲ့အခါတိုင်း ကျွန်​​တော်​​တွေးမိတာ​လေး တခုရှိပါတယ်​။ တခါတ​လေ​တော့ ဖမ်းမိတဲ့​ဆေးပြားပမာဏဟာ ကု​ဋေ ကုဋာ ချီပါတယ်​။ အဲဒီအခါမျိုးမှာ ​တွေးမိတာ​လေးက မိတဲ့ဟာ​တော့သိလိုက်​ရပါတယ်​။ မမိလိုက်​တဲ့ကု​ဋေကုဋာ​ရောမရှိနိုင်​ဘူးလား။ ရှိခဲ့မယ်​ဆိုရင်​ ​ ကြောက်​စရာ လန့့်​စရာ​ပေါ့။
ကြားဖူးခဲ့တဲ့ ဇာတ်​လမ်း​လေးတပုဒ်​ ရှိခဲ့ပါတယ်​။ ကုမ္ပဏီကြီးတ​ခုက တာဝန်​ခံလုပ်​ကိုင်​တဲ့​ရေအားလျှပ်​စစ်​စီမံကိန်းမှာ ​ဒေသခံအလုပ်​သမား​တွေက လိုဏ်​​ခေါင်း တူးကြ ရတယ်​။ အဲသည်​​ခေတ်​က ​နေ့စားလုပ်​အားခ ကျပ်​ငါး​ထောင်​နဲ့​ပေါ့။ ပိုက်​ဆံရှင်းတဲ့အချိန်​မှာ လုပ်​အားခတစ်​ဝက်​ကို ​ငွေသား​ပေးပြီး တစ်​ဝက်​ကို​တော့ ဘိန်း​တွေ​ပေး လိုက်​သတဲ့။ အဲဒီအချိန်​က ​ဆေးပြား​တွေ သိပ်​ပြီး​ခေတ်​မစား​သေးချိန်​​ပေါ့။
မူးယစ်​​ဆေးဝါးအ​ကြောင်း​တွေကိုသာ ဆက်​​ပြောရအုံးမယ်​ဆိုရင်​ ကိုင်​ဇာသီချင်းထဲကလို အာကာကို လွှာပုံ ပြုလို့ ​မေယုကိုစုတ်​တံချီပြီး အဏ္ဏဝါပြင်​ပင်​လယ်​သမုဒ်​ကို မင်​လုပ်​​ရေးရလိမ့်​မယ်​ ထင်​ပါတယ်​။ အခု​ပြော​နေ၊ ​ရေး​နေတုန်းလည်း အဲဒီကိစ္စ​တွေက ဖြစ်​ပျက်​​နေနိုင်​တာမို့ပါ။
ကျွန်​​တော့်ဆန္ဒကိုများ ​ပြောခွင့်​ရမယ်​ဆိုရင်​ ကျွန်​​တော်​မ​မွေး​သေးခင်​ထဲက မီးစမီးန​တွေချထားခဲ့တဲ့ ဘိန်း ရာဇာကြီးရဲ့ ဖြစ်​ရပ်​မှန်​ဇာတ်​ကားကို ရုပ်​ရှင်​အဖြစ်​ကြည့်​ချင်​ပါတယ်​။ ​ဆွေစဉ်​မျိုးဆက်​ ​ခေတ်​အဆက်​ဆက်​ ပါဝင်​မှာမို့ အခန်းဆက်​ဇာတ်​​ကြောရှည်​ကြီး​တောင်​ ဖြစ်​သွားလိမ့်​မယ်​ထင်​ပါတယ်​။
နောက်​တ​​ခုက​တော့ ငယ်​စဉ်​ဘဝက ​အော်​ကျက်​ခဲ့ရတဲ့ စာသား​လေးကို ပြင်​ဆင်​ချင်​တာပါ။ ဒီလို​လေး​ပေါ့။
"မူးယစ်​​ဆေးဝါးဆိုသည်​မှာ ဘိန်း၊ ဘင်း၊ က​စော်​၊ ​လှော်​စာ၊ အရက်​နှင့်​အာဏာတို့ ဖြစ်​ကြပါသည်​"ဆိုပြီး​တော့...။ ။
ကျော်​​ကျော်​(မြရည်​စမ်း)
၂၆၊၈၊၂၀၁၈

ကိုသန်းလွင် - သတင်းစာလွတ်လပ်ခွင့်

$
0
0


ကိုသန်းလွင် - သတင်းစာလွတ်လပ်ခွင့်

(မိုးမခ) သြဂုတ် ၂၉၊ ၂၀၁၈

(၁)

ဘော်စတန်ဂလုပ် (Boston Globe) သတင်းစာကြီးမှ လွန်ခဲ့သည့်ကြာသပတေးနေ့ (၁၆-သြဂုတ်) က သတင်းစာများတွင်ခေါင်းကြီးအဖြစ် “သတင်းစာများ၏လွတ်လပ်ခွင့်” အမည်နှင့် ရေးကြပါရန်ဆော်သြ ခဲ့သည်၊ သမ္မတမစ္စတာထရန့်၏မကြာမကြာ သတင်းစာများကို တိုက်ခိုက်လေ့ရှိသောကြောင့် သတင်း စာများ၏ လွတ်လပ်ခွင့်ကိုရေးသား တောင်းဆိုသင့်သည်ဟု ယူဆသောကြောင့်ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် အထင်ကရ သတင်းစာများဖြစ်ကြသော နယူးရော့တိုင်းအပါအ၀င် သတင်းစာ ပေါင်း များစွာက ရေးသားကြမည်ဟု ကတိပြုကြသည်၊ ၄င်းတို့တွင် အပြည်ပြည်ဆိုင်ရာကျော်ကြား သော သတင်းစာများနှင့်အတူ စောင်ရေ ၄၀၀၀ ခန့်သာ ရောင်းရသော အပတ်စဉ်ထုတ် ဂျာနယ်များ အထိ ပါဝင်ကြပါသည်၊ သောကြာနေ့က သတင်းစာပေါင်း ၇၀ ကရေးသားပါမည်ဟုကတိပြုကြသည်၊ အင်္ဂါနေ့ရောက်သောအခါ အစောင်၂၀၀ ဖြစ်လာသည်၊ ဗုဒ္ဓဟူးနေ့တွင် အစောင် ၃၀၀ ဖြစ်လာပါသည်၊

(၂)

ဂလုပ်၏ ဖိတ်ခေါ်ချက်သည် သမ္မတ၏သတင်းစာဂျာနယ်များပေါ်ထပ်ခါထပ်ခါ တိုက်ခိုက်မှုများကြောင့် ဖြစ်သည်၊ သမ္မတသည် အထင်ကရ စီအင်အင် (CNN) စသည့် သတင်းဌာနများကို (Fake News ) ဟုခေါ်ခဲ့သည်၊ “အမေရိကန်ပြည်သူတို့၏ရန်သူ” ဟုခေါ်ခဲ့သည် သြဂုတ်လစောစောပိုင်းက စီအင်အင် သတင်းထောက်က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက သမ္မတ၏ “ပြည်သူတို့၏ ရန်သူ” ပြောကြားချက်ကို ရှုံ့ချရန် အဆိုပြုခြင်းကို ငြင်းဆန်သဖြင့် အိမ်ဖြူတော်သတင်း စာရှင်းလင်းပွဲကို သပိတ်မှောက်ပြီး ထွက်ခွာခဲ့ဘူးသည်။

ဂလုပ်သည်မစ္စတာထရန့်နှင့်ပါတ်သက်၍ဖေါ်ပြသည်မှာယခုတစ်ကြိမ်သည်ပထမဆုံး အကြိမ်မဟုတ်ပါ၊ ၂၀၁၆ ခုဧပြီလကလည်း ထရန့်နှင့်ပါတ်သက်၍ အပုတ်ချတိုက်ခိုက်ခဲ့ဘူးသည်၊ တနင်္ဂနွေတစ်ရက်တွင် ထရန့်အကြောင်းအယ်ဒီတာအာဘော်အခမ်းမှ ရေးသားခဲ့သည်၊ ထရန့်က ဘော်စတင်ဂလုပ်သတင်း စာ ကို “မိုက်မဲသည်” ဟု၎င်း “အဖိုးမတန်” ဟူ၍၄င်း စကားများနှင့်ချေပခဲ့သည်၊

၁၇၈၇ ခုနှစ်အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံကိုကြေညာအပြီးသောမတ်ဂျက်ဖါဆန် (Thomas Jefferson) ကမိတ်ဆွေတစ်ယောက်ထံစာရေးရာတွင် “သတင်းစာများမရှိတဲ့အစိုးရ” နှင့် “အစိုးရမရှိတဲ့သတင်းစာ” ဘယ်ဟာကို ရွေးချယ်ရမသိဖြစ်နေကြောင်း သူ့အနေနှင့် အစိုးရများမရှိတဲ့ သတင်းစာက ကောင်းမယ် ထင်ကြောင်းရေးခဲ့သည်။

ထိုအမြင်မှာ သူသမ္မတမဖြစ်မှီက အမြင်ဖြစ်ပါသည်၊ သူသမ္မတဖြစ်လာသောအခါ သူ့အမြင်ပြောင်းလဲ သွားရသည်၊ အိမ်ဖြူတော်တွင် နေခဲ့ပြီးနောက် အနှစ် ၂၀ ကြာသောအခါ သူ့မိတ်ဆွေကို ပြောရာတွင် သူ့အမြင်ကို ပြောင်းရတော့မည်ဖြစ်ကြောင်း၊ သတင်းစာထဲပါတာတွေကို ယုံကြည်၍မရသောကြောင့် အဲဒီညစ်ညမ်းတဲ့ ကရိယာကြီးထဲကို ထည့်လိုက်ပြီးတဲ့နောက် အမှန်တရားကိုပင် သံသယ၀င်လာရပြီ ဖြစ်သည်ဟု ရေးသားခဲ့သည်။

ဂျက်ပါဆန်၏ စိတ်မသက်မသာဖြစ်ရမှုကို ယခုအချိန်မှာလည်း ကျွန်တော်တို့နားလည်နိုင်ကြပါသည်၊ ဤသို့ မသက်မသာဖြစ်ရမှုသည် သူတန်ဘိုးထားသော အမှန်တရားပေါ်ပေါက်ရေးအတွက် အရေးကြီး ပါသည်၊ အမေရိကန်ပြည်ကြီးကို တည်ထောင်ခဲ့သူများ သူတို့အတွေ့အကြုံမှတဆင့် နားလည်လာရ သော ပြည်သူလူထုသည်အမှန်တရားကို သိမှသာ “ခြစားခြင်း” နှင့် ရေရှည်တွင် “လွတ်လပ်ခွင့် နှင့် အမှန်တရား” ကို တည်ဆောက်နိုင်လိမ့်မည်ဖြစ်ပါသည်။

အမေရိကန်တို့၏ အမြင့်ဆုံးတရားလွှတ်တော်က ၁၉၆၄ ခု ဆုံးဖြတ်မှုတစ်ခုတွင် အများပြည်သူကြားမှာ ချပြဆွေးနွေးနိုင်ဘို့ဆိုတာလူတိုင်းရဲ့ “နိုင်ငံရေးတာဝန်ပါဘဲ “ ဟု ပြောခဲ့သည်၊ ထိုသို့သော ဆွေးနွေးမှု များသည် ကန့်သတ်ချုပ်ချယ်မှု ကင်းရှင်းပြီးအများပြည်သူများက လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရှိရ မည်ဟုဆိုသည်၊ ထို့အတွက်ကြောင့်ဤဆွေးနွေးမှုများတွင်အစိုးရ၀န်ထမ်းများပေါ်တိုက်ခိုက်မှု၊ တခါတရံ စိတ်အနှောက်အယှက်ဖြစ်ရလောက်အောင် ပွင့်လင်းမှုတို့ ပါဝင်ရမည်ဟုဆိုသည်။

၂၀၁၈ ခုရောက်သောအခါ အမေရိကန်ပြည်တွင်အိမ်ဖြူတော်ဝန်ထမ်းများက သတင်းဌာနများ အပေါ် အပြင်းထန်ဆုံးထိုးနှက်ကြသည်၊ သတင်းကို ဆိုးရွားအောင်ပြုလုပ်ခြင်း၊ တခါတရံ လွဲမှားအောင်လုပ် သည်ဟု အပြောခံရသည်၊ သတင်းအယ်ဒီတာများနှင့် သတင်းထောက်များသည် လူများသာဖြစ်ကြရာ အမှားနှင့်မကင်းနိုင်ကြပေ၊ ထိုအမှားများကို ပြင်ဆင်ရန်မှာ သတင်းသမားများ၏ တာဝန်ပင်ဖြစ်သည်၊ သင်မကြိုက်ပါက သတင်းအမှား (Fake News) ဟုခေါ်ဆိုခြင်းမှာ ဒီမိုကရေစီစနစ် ကို တိုက်ခိုက်ရာ ရောက်ပါသည်၊ သတင်းသမားများကို လူထု၏ရန်သူဟု ခေါ်ဆိုခြင်းမှာလည်းအလားတူအန္တရာယ်ကြီး ပါသည်။

ထိုတိုက်ခိုက်မှုများမှာ ဥပဒေစိုးမိုးမှုနည်းပါးသော နိုင်ငံများတွင်ပို၍ ဆိုးရွားပါသည်၊ စီးပွားရေး အကြပ် အတည်းကြောင့် လူတို့၏ကောင်းသောစိတ်ဓာတ်များယိုယွင်း ပြိုပျက်လျှက်ရှိပါသည်၊ သို့တိုင်အောင် ဂျာနယ်လစ်များက အထူးတလည် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြပြီး မေးသင့်မေးထိုက်သော မေးခွန်း များကို မေး၍လည်းကောင်း၊ သင်အခြားနည်းများဖြင့် မကြားနိုင်သော အဖြစ်ပျက်များကို ပြောပြ၍ လည်းကောင်းသူတို့တာဝန်ကိုကျေပွန်အောင်ဆောင်ရွက်နေကြပါသည်၊

San Luis Obispo Tribune သတင်းစာတွင် ၄၆ နာရီကြာထိန်းသိမ်းထားသူတစ်ယောက် အချုပ်ခန်း တွင်းမှာသေဆုံးရခြင်း သတင်းပါလာခဲ့သည်၊ ထိုသတင်းကြောင့် စိတ်ဓာတ်ချို့ယွင်းသူများကို ချုပ်နှောင် ခြင်းနှင့်ပါတ်သတ်၍ နိုင်ငံတော်၏ဥပဒေကို ပြင်ဆင်ကြရပါသည်။

အမေရိကန်ပြည်မှ သတင်းစာများသည် အစိုးရပိုင်မဟုတ်၊ ပုဂ္ဂလိကရန်ပုံငွေဖြင့်သာ သတင်းစာကို ထုတ်ဝေကြရပါသည်၊ အစိုးရကထုတ်ပြန်ကြေညာစရာရှိလျှင် စာရွက်ကလေးတရွက်သာ ထွက်လာပြီး သတင်းစာသမားတို့ ကထိုအကြောင်းကို ကြေညာပေးရပါသည်၊ သမ္မတတစ်ယောက် တိုင်းခန်းလှည့် လှယ်ပါက သတင်းစာ၏မျက်နှာဖုံးတွင် ပါရန်သင့်မသင့်ကို သတင်းစာကသူ့ဖါသာ ဆုံဖြတ်ပါသည်၊ အစိုးရ၏တာဝန်မှာလုပ်စရာရှိသည်တို့ ကိုလုပ်ရန်သာဖြစ်သည်၊ သတင်းဖြန့်ချီရေးမပါဝင်ပေ။

သတင်းဖြန့်ချီရေးမှာသတင်းစာတို့၏ အလုပ်ဖြစ်သည်၊ ဒီမိုကရေစီနိုင်ငံတို့တွင် ဤစနစ်ကိုသာကျင့်သုံး သည်၊ ဘယ်သတင်းကို မျက်နှာဖုံးမှာထား၊ ဘယ်သတင်းကို စာမျက်နှာဘယ်လောက်မှာထားမည်ဆို သည်မှာ သတင်း၏တန်ဘိုးပေါ်တွင်ကြည့်၍ အယ်ဒီတာအဖွဲ့မှ ဆုံးဖြတ်ပါသည်၊ သတင်းစာတွင် ထည့် သွင်းပြီး ဖြစ်လာသမျှကိုတာဝန်ယူရသည်၊ အယ်ဒီတာအဖွဲ့ အဆုံးအဖြတ်လွဲမှား၍ သတင်းစာမကောင်း လျင် သတင်းစာထုတ်ဝေသူတို့ ဘဏ္ဍာရေး အရ ထိခိုက်တော့သည်၊

ဂျက်ဖါဆန် ကသတင်းစာတစ်စောင်ကိုအခမ်း ၄ ခမ်းခွဲနိုင်ကြောင်း၊ (၁) အမှန်တရား (၂) ဖြစ်နိုင်ဘွယ် ရာများ (၃) ဖြစ်နိုင်ချေရှိသောအရာ (၄) အလိမ်အညာ များဟူ၍ ခွဲနိုင်ကြောင်း၊ သတင်းစာတစ်စောင် သည် အမှန်တရားသက်သက်ချည်းသာဖေါ်ပြပါက ပြင်းစရာကောင်းနေမည်ဖြစ်၍ ရောင်းရမှာ မဟုတ် ကြောင်း၊ အကယ်၍အမှားများကိုချည်းရေးသားပြန်လျင်လည်း ထိုအရာများကို ဖတ်၍သိသည်ထက် ဘာမှမဖတ်ဖဲနေခြင်းကပိုပြီးကောင်းမည်ဟုယူဆနိုင်ကြောင်း၊ သတင်းစာ အယ်ဒီတာ၏အလုပ်မှာ သူ့ သတင်းစာတွင်အလိမ်အညာများ မပါစေရန်တာဝန်ယူရကြောင်း၊ လူတစ်ယောက်၏ ခေါင်းထဲတွင် သတင်းအမှားများနှင့်သာ ပြည့်နေပါက အန္တရာယ်ဖြစ်နိုင်ကြောင်းရေးသားခဲ့သည်၊

(၃)

ပြည်သူတို့ဖတ်ရသောသတင်း မှန်ကန်ရေးသည်သတင်းသမားတို့၏တာဝန်ပင်ဖြစ်သည်၊ သတင်းစာ သည် လွတ်လပ်ရမည်၊ မှန်ကန်သောသတင်းကို လွတ်လပ်စွာရေးသားနိုင်ရမည်၊ သတင်းစာကို ဖိနှိပ် ၍ သတင်းအသံ ပျောက်သွားပါက နိုင်ငံတော်အတွက်မကောင်းပေ၊ အစိုးရ၏လုပ်ရပ်များ မှန်မမှန် ကို သတင်းစာများကစောင့်ကြည့် ရန်တာဝန်ရှိပေသည်၊

အစိုးရအဖို့မှာလည်းလုပ်စရာရှိသည်ကိုလုပ်ရုံဖြင့်မပြီး၊ ထိုလုပ်ရပ်၏ အကျိုးသက်ရောက်မှုနှင့်ရေရှည် နိုင်ငံတော်အပေါ်၌ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သိရှိရန်သတင်းစာဖတ်ကြရန်လိုပေသည်၊ အတွေးအခေါ်သစ်၊ စိတ်ကူးဥာဏ်အသစ်ရရှိရေးအတွက်လည်း သတင်းစာကိုဖတ်ရှုကြရန်လိုအပ်ပါ သည်၊

ကိုသန်းလွင်

Ref: More Than 300 papers Join Globe, by James Reiss Editorial Globe August 14.

မောင်မော်ကွန်း - ဒီ က ဗျာ အ လွ တ် ကျ က်

$
0
0


ဒီ က ဗျာ အ လွ တ် ကျ က်
မောင်မော်ကွန်း
(မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၈

တယောက်က
 စိတ်အလိုမို့ အရိပ်ခိုလို့ စောင့်သတဲ့

တယောက်က
ငွေမကုန်ရင်ပြီးရော
  လှေကြုံစီးဖို့ အသင့်အနေအထားဆိုပါရော့....

တယောက်က
အစုန်ခရီးအတွက်
ဗုံလုံအမြီးဖက်လိုက်ဖို့ ဟန်ရေးတပြင်ပြင် ...

တယောက်က
ရှေးရိုးစွဲတံဆိပ်ကြီး
ရင်ဘတ်ချိတ်ပြီး လက်မတထောင်ထောင် ...
တယောက်က    ဓားတလက်နဲ့ အားတက်မာန်စွာ
    နတ်နေကိုင်းပါမချန် ရှင်းမယ့်တကဲကဲ ..

တယောက်က
လှံတချောင်းကိုင် နေစိမ့်လို့
မြေနိမ့်ကိုမှန်းဆဆ ငူတူတူ ....

တယောက်က
    အဆင်းဘီးတပ်ပေးရကောင်း
ခွင့်ခါစောင်းမြောင်း အလစ်ချောင်းနေ ....

တယောက်က
    ပုတ်သင်ညိုဝင်စား ကိုယ်ထင်ပြသလား
    အားအားရှိတိုင်း အရောင်ပြောင်းလို့မပြီးနိုင် ..

တယောက်က
    ပုဆိုးခြုံထဲလက်သီးဆုပ်ရင်း
    ခွက်နှီးစုတ်မျက်နှာပေးဟန်ရေးမလုံ ..

ယောက်က
    မီးစတဖက် ရေမှုတ်တဖက်နဲ့
    မျက်ကလဲဆံပျာ ဟိုကြည့်သည်ယောင် ..

တယောက်က
    ဖျာလိပ်ထမ်းပြီး မှန်းဆမျှော်ချင့်
    အသင့်အနေအထားနဲ့ ချောင်းလို့မြောင်းလို့ ..

တယောက်က
သားရေပေါ်အိပ် ပျော်လေနိုးနိုး
   အရိပ်နေ အခက်ချိုးမယ့်ဟန်တကဲကဲ ....
 
တယောက်က

    ဟိုစပ်စပ်ဒီစပ်စပ် ဖြတ်ညှပ်ကပ်အချိုးချိုး
    ပိဋကတ်အိုးကွဲ လူတောထဲသံကောင်းဟစ်…

ကဲ .. ဗမာလိုပြောမယ်
    မောင်ရင်တို့တယောက်မှမလိုက်ခဲ့နဲ့
    တို့သွားမယ့်ကဗျာခရီး  
မင်းတို့ပါရင် မရောက်နိုင် ..။ ။  

 28 . 8 . 18 
09:00 p.m.

စာအုပ်သတင်း- Poetry Wave အမှတ် ၄ လ စက်တင်ဘာလဆန်းပိုင်း ထွက်မည်

$
0
0

Poetry Wave အမှတ် ၄ လ စက်တင်ဘာလဆန်းပိုင်း ထွက်မည်
(မိုးမခ) သြဂုတ် ၂၉၊ ၂၀၁၈

ကေဇော်မိုးနဲ့ရိုးခက်စီစဉ်တဲ့ (၂)လတကြိမ်ထုတ် Poetry Wave အမှတ် ၄ စက်တင်ဘာလဆန်းမှာ ထွက်လာပါတော့မယ်။
တန်ဖိုး ၁၂၀၀ ကျပ်ဖြစ်ပြီး သုံးလောကစာပေကနေ တပြည်လုံး ကိုဖြန့်ချိမယ်လို့သိရပါတယ်။

အမှတ် ၄ အဖြစ်ထုတ်ဝေမယ့် Poetry Wave မှာ ကဗျာ ၂၀ ပုဒ်၊ ကလေးကဗျာ ၂ ပုဒ်နဲ့ ကလေးကဗျာနဲ့ ပတ်သက်တဲ့ ဆောင်းပါး ၁ ပုဒ်တို့ပါဝင်မှာဖြစ်ပါတယ်။
ထို့အတူ ကဗျာသမားများ စိတ်ဝင်တစား ဖတ်မှတ်လေ့လာရမယ့် ကဗျာရေးရာဆောင်းပါး ၂ ပုဒ်အပြင် အမှတ်ရချက် ၂ ပုဒ်နဲ့ တကိုယ်တော်ကဗျာ ၃ ပုဒ်၊ အမှတ်တရကဗျာ ၁ ပုဒ်တို့နဲ့အတူ ကဗျာ့စကား ၁ ပုဒ်ပါ ထည့်သွင်းဖော်ပြထားကြောင်း သိရပါတယ်။

Myanmar Now ● တပ်ချုပ်ကို Facebook မှ ဖယ်ရှားခြင်းသည် အပြီးအပိုင်ဖယ်ရှားခြင်းဟု ကုမ္ပဏီ ပြော

$
0
0

Myanmar Now ● တပ်ချုပ်ကို Facebook မှ ဖယ်ရှားခြင်းသည် အပြီးအပိုင်ဖယ်ရှားခြင်းဟု ကုမ္ပဏီ ပြော
 (မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၈

 

(ရန်ကုန်) အမေရိကန်နိုင်ငံအခြေစိုက် လူမှုကွန်ရက်ဖေ့စ်ဘွတ်ကုမ္ပဏီက ၎င်းတို့၏အွန်လိုင်းစာမျက်နှာတွင်   မြန်မာနိုင်ငံ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို  သြဂုတ်လ ၂၇ ရက်နေ့မှစ၍ ဖယ်ရှားလိုက်ခြင်းသည် အပြီးအပိုင်ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။

“ခုလို ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို ပိတ်ပင်လိုက်တာ အပြီးအပိုင် ထာဝရ ပိတ်ပင်လိုက်တာပါ။ ဖေ့စ်ဘွတ်ပေါ်မှာ သူ့ကို ဆက်လက်ရှိနေဖို့ ခွင့်မပြုတော့ပါဘူး” ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Ruchika Budhraja က Myanmar Now ကို ပြောသည်။

သြဂုတ် ၂၇ တွင် ဖေ့စ်ဘွတ်ကပိတ်ပင်သည်ဟု ကြေညာသည့်စာရင်းတွင် တပ်ချုပ်၏ ဖေ့စ်ဘွတ်စာမျက်နှာအပြင်  တပ်မတော်ပိုင် မြဝတီသတင်းဌာနနှင့် ထိပ်တန်းတပ်မတော်အရာရှိကြီးများ၏ ဖေ့စ်ဘွတ်စာမျက်နှာများလည်း ပါဝင်သည်။ 

ပိတ်ပင်ခံရသောသူများနှင့် အဖွဲ့များ၏ စာရင်းအား ဖေ့စ်ဘွတ်ကုမ္ပဏီအား Myanmar Now က အီးမေးလ်ဖြင့်တောင်းခံရာ  ပေးပို့ခဲ့သောစာရင်းတွင် အောက်ပါနာမည်များ ပါဝင်သည်ကို တွှေရသည်။   

၁။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS)
၂။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် (Senior General Min Aung Hlaing အမည်ဖြင့်သုံးစွဲသော ဖေ့စ်ဘွတ်စာမျက်နှာ)၊
၃။  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း
၎။ ဗိုလ်မှုးချုပ် ခင်မောင်စိုး (ရခိုင်ပြည်နယ်ဘူးသီးတောင်မြို.နယ် အခြေစိုက် ခမရ ၁၅ ခြေမြန်တပ်ရင်း)

၅။ ဗိုလ်မှုးချုပ် အောင်အောင် (ခမရ ၃၃ ခြေမြန်တပ်ရင်း)
၆။ ဗိုလ်ချုပ် အောင်မျိုးသူ (ခမရ ၃၃ ခြေမြန်တပ်ရင်း)
၇။ ဗိုလ်မှုးချုပ် သန်းဦး (၂ဝ၁၇ ရခိုင်ပြည်နယ်စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အမှတ် ၉၉  ခြေမြန်တပ်ရင်းမှ)
၈။  ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော (ကျန်းမာရေးကြောင့် ယခုနှစ်ဆန်းပိုင်းတွင် ရာထူးမှ နုတ်ထွက်ခဲ့သည်)

၉ ။ ဗိုလ်ချုပ်မောင်မောင်စိုး (၂ဝ၁၇ တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှုး တာဝန်ယူခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် ရခိုင်ပြည်နယ်စစ်ဆင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော်မှ ထုတ်ပယ်ခံခဲ့ရသည်။)
၁၀။   ရဲမှုးချုပ် သူရစန်းလွင် (ရခိုင်ပြည်နယ်တွင် ယမန်နှစ်က တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ်မေလတွင် ရာထူးမှ ထုတ်ပယ်ခံရသည်။)
၁၁။ ဗိုလ်မှုး သန့်ဇော်ဝင်း
၁၂။  ခမရ ၃၃ ခြေမြန်တပ်ရင်းဖေ့စ်ဘွတ်စာမျက်နှာ

၁၃။ ခမရ ၉၉  ခြေမြန်တပ်ရင်းဖေ့စ်ဘွတ်စာမျက်နှာ
၁၄။ Phay Sit Gyi ဖေ့စ်ဘွတ်စာမျက်နှာ
၁၅။ မြ၀တီသတင်းဌာန
၁၆။ ထွန်းနိုင် (ဖေ့စ်ဘွတ်က အရာရှိထွန်းနိုင်ဟုဖော်ပြသည်)

၁၇။ နယ်ခြားစောင့်တပ်ကြပ် ကျော်ချေ
၁၈။ တပ်ကြပ်ကြီးဘကျော်
၁၉ ။ ခင်လှိုင် (ခမရ ၉၉  ခြေမြန်တပ်ရင်း)
၂၀။ သန့်ဇင်ဦး (အမှတ် ၈ ရဲတပ်ရင်းမှ ရဲအရာရှိ။ Thant Zin Oo အကောင့်ဖြင့်ဖေ့စ်ဘွတ်သုံးစွဲသူ)

ကာကွယ်ရေးဦးစီးချုပ်၏ဖေ့စ်ဘွတ်စာမျက်နှာတွင် အမုန်းစကားများကိုဖြန့်ဝေနေသည်ဟူသော ဖေ့စ်ဘွတ်၏ ပြောဆိုချက်ကို လက်မခံနိုင်ကြောင်း  တပ်မတော်အရာရှိကြီးတစ်ဦးက Myanmar Now ကိုသြဂုတ်လ ၂၇ ရက်နေ့က ပြောဆိုခဲ့သည်။
တပ်ချုပ်စာမျက်နှာမှာအမုန်းစကားတွေတစ်ခုမှ ပြောနေတာ မဟုတ်ဘူး။ဖေ့စ်ဘွတ်အဖွဲ့ ဆိုတာကလည်းသူ့နောက်မှာတွန်းအားတစ်ခုခု၊ဖိအားတစ်ခုခုရှိမှာပေါ့ဟုပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှဗိုလ်မှူးချုပ်အဆင့်ရှိသူ၊ အမည်မဖော်လိုသူအရာရှိကြီးတစ်ဦးကဆိုသည်။
အစိုးရပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံးမှဦးဇော်ဌေးက ယခုကဲ့သို့ဖေ့စ်ဘွတ်က ပိတ်ပင်မှုပြုလုပ်သည့်အပေါ် အစိုးရကို ကြိုတင်အကြောင်းမကြားခဲ့ကြောင်း၊ ပိတ်ပင်မှုများတွင် အစိုးရက ပါဝင်ပတ်သက်ခြင်း မရှိကြောင်း သတင်းမီဒီယာများအား ပြောဆိုထားသည်။

တပ်ချုပ်နှင့် တပ်ချုပ်ရုံးစာမျက်နှာများ ဖေ့စ်ဘွတ်ပေါ်တွင် ပျောက်ကွယ်သွားသော်လည်း  Like ၁ သိန်းကျော်ရှိသည့် တပ်မတော်သတင်းစဉ် ဖေ့စ်ဘွတ်စာမျက်နှာသည့် ဆက်လက် ရှင်သန်နေပြီး တပ်မတော်အကြီးအကဲများ၏ သတင်းများကို တင်နေသည်ကိုတွေ့ရသည်။

ထို့ပြင် တပ်ချုပ်အမည်ဖြင့် ဖွင့်ထားသော အင်တာနက်စာမျက်နှာတွင်လည်း  တပ်ချုပ်၏ လှုပ်ရှားမှု သတင်းများ ဖော်ပြထားသည်ကိုတွေ.ရသည်။ 

--------------

၂ဝ၁၄ မတ်လ ၂၇ ရက်နေ့က တွေ့ရသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန)

 

ကဗျာဆရာ လွှမ်းရုံရဲ့ကဗျာစာအုပ်ထွက်ရှိ

$
0
0


ကဗျာဆရာ လွှမ်းရုံရဲ့ကဗျာစာအုပ်ထွက်ရှိ
K (မိုးမခစာအုပ်စင်) သြဂုတ် ၃၀၊ ၂၀၁၈


ကဗျာဆရာလွှမ်းရုံရဲ့ငရဲလမ်းမှတ်တမ်း အမည်ရတဲ့ကဗျာစာအုပ်ကို အဖြူရောင်ပဲ့တင်စာအုပ်တိုက်ကနေ သြဂုတ်လ အတွင်း ပထမအကြိမ်ထုတ်ဝေလိုက်ပါတယ်။

ကဗျာဆရာလွှမ်းရုံကိုယ်တိုင် ပြောစရာနည်းနည်းဆိုကာ စာအုပ်ဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီး အမှာစကားပြောဆိုထားပြီး သူငယ်ချင်းဖြစ်သူ ကဗျာဆရာ ဘုန်းသက်ပိုင်ကလည်း လွှမ်းရုံအတွက်လွှမ်းရုံအကြောင်း အရေးအသားအချို့ဆိုပြီး အမှာ စကားပြောဆိုထားပါတယ်။

စာအုပ်မှာ ကဗျာ ၄၄ပုဒ် ပါဝင်ပြီး ပါဝင်တဲ့ကဗျာတွေကတော့ “ပြောတော့ပြောတာပဲ၊ ဘယ်လိုပြောရမလဲ။ ဘ၀တွေ လဒ တွေ အညံ့တွေ။ ဒီမျက်နှာပေါက်ပါပဲ ဒီမနက်။ အိပ်မက် ကနိုးလာတော့ တို့တတွေ နှလုံးသားမရှိတော့ဘူး။ တစ်ခါက မြို့ပတ်ရထားပေါ်မှာ။ ပြိုသွားတဲ့အိပ်မက် ဘာနဲ့ဆက် မက်မလဲ။ ငါလွမ်းနေတုန်းပဲခိုင်ခိုင်တင့်။ ဒါပဲပေါ့ကဗျာ။ ရေလိုက်လွဲ တယ်၊ အရသာရှိတယ်။ ငါငယ်ငယ် ငါပျော်ပျော်။ ငါငယ်ငယ် ကျည်မှန်ခဲ့တဲ့ခေတ်ကြီးရယ်။ ငါငယ်ငယ် ငါ့ဟာသတွေ။ ကဒါဖီရဲ့နောက်ဆုံးမျက်နှာ အရသာခံကြည့်ခြင်း။ အတည်ပေါက် ဇာတ်ဝင်ခန်း။ အသံပြာ ငယ်သံပါ ဒီအပ်ကြောင်းပါပဲ။ ကိုယ့်ဒူးကိုယ်ချွန်။ စိတ်မရှိနဲ့ရန်ကုန်။ မြေမဲ့လေမဲ့ လူလို့ဆိုပေမယ့်။ သားဆိပ်တက်နေတဲ့ကဗျာ။ တိုင်းပြည်ရဲ့အပြင်ဘက် တစ်လမ်းစီ သွားနေတဲ့စိတ်နဲ့ကိုယ်။ အမည်မဲ့နေရာ မဲ့ နှစ်ပေါင်း၃၀။ လာမယ့်နှစ်တစ်ရာ။ လွှမ်းရုံသို့မဟုတ်ခွေးတစ်ကောင်။ ၃၆နှစ်မြောက်ကဗျာ။ ခင်မောင်ရင်စကား လွှမ်းရုံ ကဗျာ။ ၄၀နားမှာ နားနေတဲ့အသံ။ မဆုံးသေးတဲ့ကဗျာ။ ကိုယ့်အကြောင်း ကိုယ်ပြောတဲ့ မျိုးဆက် ငြိမ်းချမ်းအကြောင်း။ သေရဲမှ လှသန်းကိုဖတ်။ ကျနော်တို့ဆုတောင်းပေးစရာမလိုဘူး။ သမ္မတဟာ ဒလဘန်းမဟုတ်ဘူး။ စန္ဒရားဆရာမ။ သေခြင်းတရားဟာဆုလာဘ်၊ အရောင်မဲ့ အနေရဲခြင်း။ မရေးချင်တဲ့ ဘ၀သရုပ်ဖော်။ မရေးချင်တဲ့ ဘ၀သရုပ်ဖော်(၃)။ သူမတူခဲ့သော ကျနော်တို့ပြည်သူ။ အာဖဂန်စစ်ပြေးဒုက္ခသည်တစ်ဦးရဲ့စာ။ ဘာပဲလုပ်ရ လုပ်ရလေ။ ၁၆နှစ်က ကျနော့်ဆရာ အဆိုးမြင်။ ခင်ဗျားနဲ့ကျနော် ဒီလိုပဲ အိုတော့မယ်။ တောင်ရောက်မြောက်ရောက် လူအိုတစ်ယောက်” တို့ဖြစ်ပါတယ်။

ယခုစာအုပ်ဟာ ကဗျာဆရာလွှမ်းရုံရဲ့ပထမဆုံးအကြိမ် တကိုယ်တော် ကဗျာလက်ရွေးစင် စုစည်းမှုဖြစ်ပြီး ကဗျာရေးသား ထုတ်ဝေရခြင်းနဲ့ပတ်သက်ပြီး သူကိုယ်တိုင်ရေးတဲ့အမှာစာမှာ “ကဗျာဆိုတာက ကိုယ်ရေးချင်သလိုရေးရတာမို့ ဘာမှ ပြော စရာ မရှိပါ”လို့လည်း စာအုပ်မှာ ပြောဆိုထားပါတယ်။ မျက်နှာဖုံးကို သက်ငြိမ်သစ်က ရေးဆွဲထားပြီး တန်ဖိုး၂၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

(ယခုကဏ္ဍအတွက် ပူးပေါင်းပါဝင်လိုသူများသည် မေတ္တာလက်ဆောင် စာအုပ်နှစ်အုပ်ဖြင့် 09-790 96-20-67 သို့ ဆက် သွယ်နိုင်ပါသည်။)
Viewing all 9633 articles
Browse latest View live