Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧

ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆နှစ်ပြည့် Yangon Book Plaza မှာ ပြုလုပ်မယ်

$
0
0

ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆နှစ်ပြည့် Yangon Book Plaza မှာ ပြုလုပ်မယ်
K (မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၈


ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကျန်ရစ်သူညီမလေးမမမြင့်တို့ မိသားစုမှ ကြီးမှူးကာ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ သံဈေး၊ ငါးလွှာရှိ Yangon Book Plaza မှာ စက်တင်ဘာ၃ရက် နေ့လယ် နှစ်နာရီ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

ကဗျာဆရာမောင်ချောနွယ်ကွယ်လွန်ခြင်းအထိမ်းအမှတ်အခမ်းအနားများကို ကွယ်လွန်ချိန်၂၀၀၂ ခုနှစ်မှစတင်ကာ စစ်အ စိုးရကာလများမှာလည်းရန်ကုန်၊ မန္တလေး ၊ပြည် အစရှိတဲ့မြို့ကြီးများမှာ ပြုလုပ်ကျင်းပခဲ့ရာ ယခုအကြိမ်ဟာ ၁၆ ကြိမ် မြောက်ခဲ့ပြီဖြစ်ပါတယ်။

အထိမ်းအမှတ်အခမ်းအနားနဲ့ပတ်သက်ပြီး ဇနီးဖြစ်သူညီမလေးမမမြင့်က “ မြန်မာပြည်သား ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း၁၆နှစ်ပြည့်အမှတ်တရ အခမ်းအနားလေး လုပ်ချင်ပါတယ်။ မောင်ချောနွယ်နဲ့ရင်ဘတ်ချင်း တူတဲ့သူတွေ ဂျပ်ပင်ထိုးကြဖို့ပါပဲ။ ကဗျာတွေနဲ့အမှတ်ရကြဖို့ပါပဲ။ ကဗျာထက်ပိုတဲ့အရာ ဘာမှမရှိတဲ့နေ့လယ်ခင်းလေးပါပဲ။ အားလုံးကို ဖိတ်ပါတယ်”လို့ ဆိုထားပါတယ်။

အဆိုပါ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲများကို ရန်ကုန်မြို့တွင်သာမက ပြည်၊ မန္တလေးမြို့များ မှာလည်း မောင်ချောနွယ်ချစ်သူများက ပြုလုပ်ရန်စီစဉ်နေကြကြောင်းသိရပါတယ်။

ကဗျာဆရာ မောင်ချောနွယ်ဇာတိ ပြည်မြို့၊ ရွှေဆံတော်ဘုရားတောင်ဘက်မုခ်ရှိ ဒက္ခိဏရုံကျောင်းတိုက်မှာ စက်တင်ဘာ ၃ ရက် နံနက်၁၀နာရီမှာ ပြည်မြို့မြို့ခံကဗျာဆရာများနဲ့မောင်ချောနွယ်ချစ်သူများက ကျင်းပမယ်လို့သိရပါတယ်။

ကဗျာဆရာမောင်ချောနွယ် အမှတ်တရရုပ်တုများကို ပြည်မြိုနှင့် မန္တလေးတောင်သမန်အင်းစောင်း သူဌေးဘုရားရင်ပြင် တို့မှာ စိုက်ထူပြသထားပါတယ်။
↧

စစ်ဘေးရှောင်ပြည်သူများအတွက် ပြုလုပ်တဲ့ Reproduction of PEACE ပန်းချီပြပွဲ

$
0
0


စစ်ဘေးရှောင်ပြည်သူများအတွက် ပြုလုပ်တဲ့ Reproduction of PEACE ပန်းချီပြပွဲ
K (မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၈


mPAS (အမ်ပက်စ်)က ကြီးမှူးကျင်းပပြီး စစ်ဘေးသင့်ပြည်သူများအတွက် ရည်ရွယ်ပြုလုပ်တဲ့ Reproduction of PEACE စုပေါင်းပန်းချီပြပွဲကို ရန်ကုန်မြို့ ဗိုလ်ကလေးဈေးလမ်း အလယ်ဘလောက် (မြေညီထပ်)ရှိ ပန်သူရိယပန်းချီပြခန်းမှာ စက် တင်ဘာ ၁ရက်မှ ၃ ရက်ထိ ပြသသွားမယ်လို့သိရပါတယ်။

အဆိုပါ ပြပွဲမှာ ပါဝင်ပြသမယ့် ပန်းချီဆရာများ၁၇ဦးကတော့ အေးကို၊ အိမ့်ချမ်းမြေ့၊ အောင်လင်း၊ အောင်စိုးမင်း၊ Co Thiee၊ Dawai Lay၊ ဟန်မျိုးဟိန်း HK၊ ဟိန်းထက်၊ KO SID, မမွှေး၊ မြတ်ကျော့၊ မြတ်ကျော်ခိုင်၊ မောင်နေခြည်၊ နီပိုဦး၊ စိုးအောင်၊ SUE HTET AUNG၊ တီကျူးတို့ဖြစ်ပါတယ်။

ပြပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး ပြပွဲစီစဉ်သူ MPASစာမျက်နှာမှာလည်း “ ငြိမ်းချမ်းရေးဆိုတာ အားလုံးနဲ့သက်ဆိုင်၊ အား လုံးပိုင်ဆိုင်တဲ့ ဘ၀ပေးလက်ဆောင်တစ်ခုပါ။ ဒါပေမယ့် … ဒီမြေပေါ်မှာ မွေးဖွားရှင်သန်ကြတဲ့ ဒို့တွေအားလုံး ဒီငြိမ်းချမ်း ရေးလက်ဆောင်ကို ပြန်လည်ရယူပိုင်ဆိုင်နိုင်ဖို့ ရုန်းကန်ကြိုးစားလာခဲ့ကြတာ နှစ်ပေါင်းများစွာကြာရောပေါ့။ မျှော်လင့် ချက်ရောင်ခြည် သန်းနေပြီဆိုပေမယ့်၊ ကြွင်းကျန်နေဆဲ ပြည်တွင်းစစ် ပဋိပက္ခတွေကြောင့် လူ့အသက်အိုးအိမ်တွေ ဆုံးရှုံး နေရတုန်း … ပူဆွေးဝမ်းနည်းမှုနဲ့ မျက်ရည်တွေ စီးဆင်းတုန်း … ဘ၀မှာ ရှင်သန်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရတုန်းပါ။

ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီလိုအခြေအနေမှာ ငြိမ်းချမ်းရေးကို ပြန်လည်ဖော်ဆောင်ဖို့ ဒို့တွေအားလုံးမှာ တာဝန်ရှိတယ်လေ။ ဒီလို အတွေးခံယူချက်နဲ့ပဲ ကိုယ်တတ်ထားတဲ့အနုပညာနဲ့ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး၊ ဒီပန်းချီပြပွဲကို စီစဉ်ရတာပါ။

ရရှိလာမယ့် အကျိုးအမြတ်ငွေအားလုံးကို ငြိမ်းချမ်းရေးကင်းမဲ့မှုဒဏ် ခံစားနေရတဲ့ သူတွေဆီကို လှူဒါန်းသွားမှာဖြစ်လို့၊ ဒီပန်းချီပြပွဲကို လာရောက်ကြည့်ရှု အားပေးဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါတယ်”လို့ ရေးသားပြောဆိုထားပါတယ်။

အဆိုပါပြပွဲကို ၃ရက်ကြာ မနက် ၉ နာရီမှ ညနေ ၆နာရီထိ ပြသထားမှာ ဖြစ်ပြီး ပန်းချီပြပွဲကို မလာရောက်နိုင်သူများနှင့် အဝေးရောက်နေသူများ အွန်လိုင်းမှ ကြည့်ရှုဝယ်ယူနိုင်ရန်အတွက် ပြပွဲကာလ (၃) ရက်အတွင်း ၀ယ်ယူလှူဒါန်းနိုင်ရန် ပန်းချီကားဓါတ်ပုံများကို mPAS page တွင် ဈေးနှုန်းနှင့်တကွ ဖော်ပြပေးသွားမယ်လို့လည်း သိရပါတယ်။
↧
↧

စံညိမ်းဦး - သမိုင်းဝင် ကြက်ဥ

$
0
0


စံညိမ်းဦး - သမိုင်းဝင် ကြက်ဥ
(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၈


ဉာဏ်အလင်းဖမ်းဖို့ အင်ဂျင်စနှိုးတဲ့ဘုရားတိုင်းဟာ
ခန္ဓာအထောက်အပံ့အလို့ငှာ ကြက်ဥဘုန်းပေးတော်မူခဲ့သလား
ဘယ်အဋ္ဌကထာဆရာကမှ မညွှန်းခဲ့ပေမယ့် ငါစိတ်ဝင်စားမိတယ်

ဂျော့ဝါရှင်တန် ကြက်ဥဟဖ်ဘွိုင်စားပြီးဝါရှင်တန်ကိုတည်ခဲ့သလား။
ဇာဘုရင်ကိုဖြုတ်ချဖို့ ဘော်ရှီဗစ်တွေတိုက်ပွဲပလန်ချတဲ့အခါ
ကြက်ဥအကြောင်းကို ထည့်တွက်ခဲ့သလား။

ဓားမနောက်ပိတ်ပြည်သူတွေကို မော်စီတုံးကယ်တင်တုန်းက
ကြက်ဥပြုတ်ဟာ တပ်နီတော်ရဲ့အရေးကြီးတဲ့ရဲဘော်ဖြစ်မလား။

 မြန်မာပြည်လွတ်လပ်ရေးသမိုင်းစဉ်မှာလည်း
ကြက်ဥရဲ့အခန်းကဏ္ဍဟာ လွတ်လပ်ရေးမော်ကွန်းဝင်မလား။

ဗိုလ်ချုပ်ဟာ ''အကြည်ရေ ကြက်ဥပြုတ်နဲ့ထမင်းဆီဆမ်းရရင်စားချင်တယ်''လို့
မရေးခဲ့ပေမယ့် စားခဲ့ဖူးမှာပဲ။

ဒေါ်အောင်ဆန်းစုကြည်ရော ကြက်ဥပြုတ်ကြိုက်သလား။

ကြက်ဥနဲ့ကြက် ဘယ်အရာက အရင်စတယ်
ဖီလိုဆိုဖာတွေ အငြင်းပွားမဆုံးခင်မှာပဲ
လောကစားပွဲပေါ်ထက် ကြက်ဥပြုတ်နဲ့ ကြက်သားက ကုန်ပြီ။

လူသားမျိုးဆက်ကြီးဟာ ကြက်ဥစားပြီး တိုးတက်လာကြောင်း
ဘယ်သမိုင်းပညာရှင်မှ မသိခဲ့ဘူး။

ကြက်ဥဈေးတွေတက်လို့လူထုအုံကြွမှုတွေ ဖြစ်ခဲ့ဖူးကြောင်း
ဘယ်တော်လှန်ရေးသမားကမှ သတိမရဘူး။

ကြက်ဥပုပ်တွေနဲ့ထုတဲ့ခေတ်သစ်လူထုကန်ပိန်းများအကြောင်းကိုတော့
အစိုးရတွေ မမေ့ဖို့ကောင်းတယ်

တကယ်တော့
ပဲဟင်းနဲ့ကြက်ဥဟာ
ဗမာပြည်စစ်အာဏာရှင်စနစ်ရဲ့ဒေါက်တိုင်
စစ်တပ်ရဲ့အသက်ဖြစ်ကြောင်း
ဘယ်နိုင်ငံရေးပညာရှင်ကများ တွေးခေါ်ခဲ့ဖူးသလဲ

ကားလ်မတ် အရင်းကျမ်းပြုစုနေတဲ့တလျှောက်
ဂျန်နီပြုတ်ပေးတဲ့ကြက်ဥပြုတ်လေးစားလိုက် ဆေးလိပ်ဖွာလိုက်ရှိခဲ့မလား။

တီအက်စ်အိလိယော့ သည်ဝက်စ်လန်းကဗျာရေးတဲ့အခါ
ကြက်ဥဟဖ်ဘွိုင်နဲ့ပေါင်မုန့်စားပြီးကာစ။

ဘားတော့ဘရက် အနာဂတ်အတွက်ကဗျာကိုတွေးတုန်းက
ကြက်ဥပြုတ်အခွံနွှာရင်း။

ဗိုလ်အောင်ဒင်ဇာတ်ကားမှာ
မမြဝင်းနဲ့စတွေ့တဲ့အခန်းရိုက်တဲ့နေ့က
ခင်မောင်ရင်စားခဲ့ရတဲ့ ရှူတင်ဟင်းဟာ ကြက်ဥချက်ဆိုတာ။

ပီကာဆို ဂွါရာနီကာဆွဲတုန်းက
ကြက်ဥတလုံးအစိမ်းလိုက်ဖောက်သောက်ခဲ့သေးတယ်ဆိုတာ။

လက်ယာအချောင်သမားတွေ ဆင်ကြံကြံတဲ့အခါ
ကြက်ဥပြုတ်မြုံ့ရင်း မာဘိုရိုခဲခဲ့ကြတယ်ဆိုတာ။

နပိုလီယံစစ်ရှုံးရတဲ့အကြောင်းရင်းခံဟာ
ဝယ်လင်တန်က ကြက်ဥပြုတ်စားခဲ့လို့ဆိုတာ။

ပြီးတော့
တက္ကသိုလ်အချစ်ဇာတ်လမ်းတပုဒ်မှာ
ကြက်ဥပြုတ်စားလာတဲ့ကောင်လေး
သူ့ကောင်မလေးနဲ့ချိန်းတွေ့တဲ့အခါ
ပုပ်ဟောင်နေတဲ့မတော်တဆလေလည်မှုကြောင့်
အသဲကွဲခဲ့ဖူးတယ်ဆိုတာ။

ပြန်တွေးတော့
စစ်အာဏာရှင်ဆန့်ကျင်ရေးဒီမိုကရေစီတော်လှန်ရေးထဲ
တောထဲမှာလည်း ကြက်ဥ၊ ထောင်ထဲမှာလည်းကြက်ဥ၊
ပုန်းခိုရာတိုင်းမှာလည်းကြက်ဥ၊ စစ်ကြောရေးမှာလည်းကြက်ဥ။

ငါတို့အဖို့
ကြက်ဥဟာ ဘဝရဲ့အစိတ်အပိုင်းတရပ်
သမိုင်းရဲ့တစိတ်တဒေသလို့
အသိအမှတ်မပြုမချင်း
ငါတို့ဟာ ဘယ်တော့မှတိုးတက်မှာမဟုတ်ကြောင်း
ငါပြောတယ်ပေါ့။

အော်
ငါတို့ကြက်ဥတွေစားခဲ့ကြရ
ကိုလိုနီကြက်ဥမှသည်
ဖဆပလကြက်ဥ မဆလကြက်ဥ
နဝတ နအဖကြက်ဥမှသည် ၂၀၀၈ ခြေခဥထဲကကြက်ဥ။

ခြေဥထက် ကြီးမြတ်တဲ့ကြက်ဥ
ဖက်ဆစ်ဥထက် မြင့်မြတ်တဲ့ ကြက်ဥ
စစ်ကျွန်ဥထက် မွန်မြတ်တဲ့ ကြက်ဥ
ပိန်းဥထက် ထက်မြက်တဲ့ ကြက်ဥ
ခရိုနီဥထက် သန့်စင်တဲ့ ကြက်ဥလည်းဖြစ်ပါရဲ့
အခြေခံလူတန်းစားအတွက်တော့ ထာဝရနတ်သုဒ္ဓာ ကြက်ဥ။

အေး!
လူထုဟာ
ကြက်ဥတွေစားပြီး တော်လှန်ရေးလုပ်ခဲ့ကြရတာကိုလည်း
သတိရကြ။

ခု
ကြက်ခြင်းထဲက ကြက်တွေ ရန်ဖြစ်နေကြတုန်းလား
ယာမညက်ဘဲ ကြက်ပမ်းနေပြီလား
ကြက်ထီးတွန်တွန် ကြက်မတွန်တွန် မိုးလင်းမှဖြစ်မယ့်နေ့များ
ဘာပဲဖြစ်ဖြစ်
အရပ်ထဲမှာတော့
ကြက်ဥတွေ ဈေးတက်နေပြီ။

စံညိမ်းဦး
၂၂၈၁၈
Photo - OdilĂłn REDON Egg. Source: artdaily.com
↧

ကျော်မောင်(တိုင်းတာရေး) - ၀တ္ထုမဖတ်သည့် ပညာတတ်

$
0
0


ကျော်မောင်(တိုင်းတာရေး) - ၀တ္ထုမဖတ်သည့် ပညာတတ် 

(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၈

ညတညတွင် မိတ်ဆွေရင်းတယောက်နှင့် ကော်ဖီသောက်ကာ စကားစမြည်ပြောကြရင်း ၀တ္ထုမဖတ်သည့် လူတွေရှိကြကြောင်း ပြောလိုက်မိသည်။ သူက ရယ်ရင်း ဒါဟာ သူတို့လိုလူမျိုးတွေကို ပြောတာဖြစ်ကြောင်း ခနဲ့ပြုံးလေးဖြင့် ပြန်ပြောသည်။ တကယ်ကို ၀တ္ထုတွေ မဖတ်တာလားဟု မေးသောအခါ သူဟာ ငယ်ငယ်လေးကတည်းက ၀တ္ထုဖတ်တဲ့သူ မဟုတ်ကြောင်း၊ ပညာတတ် ဘွဲ့ရပြီးလို့ သင်ယူခဲ့တဲ့ ပညာရပ်နဲ့ဆိုင်တဲ့လုပ်ငန်းပိုင်းမှာပဲ လုပ်ကိုင်နေတာ နှစ်ပေါင်းမနည်းတော့ပြီ ဖြစ်ကြောင်း၊ ယခုအထိလည်း ၀တ္ထုတွေကို မဖတ်ကြောင်း ပြောပြသည်။

“အင်း ဒါဆို ခင်ဗျားတို့လို လူတန်းစားတရပ်ကို လေ့လာဖို့ လိုကောင်းလိုပြီထင်တယ်”

“ဘယ်လိုလူတန်းစားလဲဆိုတာ ပြောပါဦး”

“၀တ္ထုမဖတ်တဲ့ ပညာတတ်လူတန်းစားပေါ့။ ကျနော်လေ့လာမိသလောက် ၀တ္ထုမဖတ်တဲ့သူတွေဟာ ကျနော်အခု ပြောပြမယ့် အချက်လေးချက်ထဲက တချက်ချက်နဲ့ ကိုက်ညီလေ့ရှိတာ တွေ့ရတယ်ဗျ။ အဲဒါတွေက နံပါတ်တစ် အနေနဲ့ပြောရင် ကြီးပြင်းရာ ပတ်ဝန်းကျင်သည် ၀တ္ထုမဖတ်တဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကဆိုရင် အဲဒီလူသည် ၀တ္ထုဖတ်ဖို့ စာဖတ်ဝါသနာပါဖို့ အတော်ခဲယဉ်းတယ်။ နံပါတ်နှစ်အချက်က စာဖတ်တဲ့ အသိုင်းအ၀ိုင်းမှာတော့ ရောက်သွားပါရဲ့၊ ၀တ္ထုစာအုပ်တွေကို မဖတ်ဖို့ ရှောင်ကြဉ်ဖို့ နှိုးဆော်တဲ့ အသိုင်းအ၀ိုင်းဆိုရင် ၀တ္ထုတွေကို ဖတ်ဖြစ်ဖို့ မလွယ်နိုင်ဘူး။ နံပါတ်သုံး အချက်က ကိုယ်တိုင်က ၀တ္ထုမဖတ်ချင်တဲ့သူ။ ၀တ္ထုဖတ်တာဟာ ဘာမှ အကျိုးမရှိဘဲ အချိန်ဖြန်းတာပဲ ဖြစ်တယ်လို့ ယူဆနေသူ။ တခြားအပျော်အပါးတွေ အားကစားလိုက်စားမှုတွေကို ၀တ္ထုဖတ်တာထက် ပိုမိုနှစ်သက်သူ။ နောက်တခါ ၀တ္ထုဖတ်လို့ အဲဒီကနေ လိုချင်တဲ့ပညာ ရမလာဘူး၊ ပိုက်ဆံ ရမလာဘူးလို့ အယူအဆရှိသူတွေ။ နောက်ဆုံး နံပါတ်လေး အချက်က ဖတ်စရာ ၀တ္ထုစာအုပ်မရှိတဲ့အတွက် ၀တ္ထုမဖတ်ဖူးသူ။ ဒါကလည်း အခုခေတ်မှာ မရှိနိုင်တော့ပါဘူးရယ်လို့ ငြင်းရင် တကယ်က တချို့ကျေးလက်တောရွာတွေမှာ ကာတွန်းစာအုပ်တို့ ဂျာနယ်တို့လောက်ပဲ ရှိတဲ့အတွက် စာကြီးပေကြီးလို့ ဆိုနိုင်တဲ့ ၀တ္ထုတွေ မရှိကြဘူး။ စာရေးဆရာတွေက သူတို့ဝတ္ထုတွေထဲမှာ အဲဒီကျေးလက်တောရွာတွေအကြောင်း ဖွဲ့နွဲ့ရေးထားကြတာကိုတောင် သူတို့မှာ မဖတ်နိုင်ရရှာဘူး။ အဲဒီလို အချက်လေးချက်ရှိတာ တွေ့ရတယ်။ ဒါနဲ့ ခင်ဗျားကရော ဘာဖြစ်လို့ ၀တ္ထုမဖတ်တာလည်း”

“ငယ်ငယ်တုန်းက ဆိုရင်တော့ နံပါတ်တစ်နဲ့ ငြိမယ်ထင်တယ်။ အခုအခါမှာတော့ နံပါတ်သုံးနဲ့ သွားပြီး ကိုက်ညီနေသလိုပဲ”

“ဟိုတုန်းက အကြောင်းအမျိုးမျိုးကြောင့် မဖတ်ဖြစ်တာ ထားလိုက်၊ အခုလောလောဆယ်မှာ ၀တ္ထုစာအုပ်တအုပ်တလေလောက်များ ဖတ်ကြည့်ချင်စိတ်များ မဖြစ်မိဘူးလား”

“၀တ္ထုတအုပ်ကို အချိန်ပေးပြီး ဖတ်ရဖို့ အတော်ကို ၀န်လေးသွားပြီ။ ဟိုတုန်းကလည်း မဖတ်လို့ အခုလည်း ဖတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဖတ်မယ်ဆိုပြီး ကြံတဲ့အခါမှာလည်း ဘယ်လိုဝတ္ထုမျိုးကို စပြီးဖတ်ရမယ်မှန်း မသိဘူး။ ၀တ္ထုဖတ်ချိန်ကြောင့် ကုန်သွားမယ့်အချိန်ကို ပညာရပ်ဆိုင်ရာစာပေမျိုးကို ဖတ်တာမှ ပိုပြီး အကျိုးရှိမယ်လို့ ယူဆနေတုန်းပါပဲ”

“ဒါဆိုရင် ခင်ဗျားရဲ့ နောင်လာနောက်သားတွေကို ၀တ္ထုဖတ်ဖို့ ခင်ဗျား ဘယ်လိုညွှန်းမလဲ”

“ဘယ်ညွှန်းနိုင်မလဲ။ ပညာတတ်ဖြစ်ပြီး ၀တ္ထုတအုပ်တောင် မဖတ်ဖြစ်တဲ့အတွက် အပြစ်ရှိသူလိုမျိုး ပြောကြဆိုကြတာတော့ သဘောမကျဘူး။ ၀တ္ထုမဖတ်တဲ့အတွက် ကျနော် အခုလုပ်နေတဲ့ အလုပ်မှာ ဘာမှ ထိခိုက်သွားတာ မရှိသလို၊ ကျနော့်ဘ၀တိုးတက်ရေးမှာလည်း နှောင့်နှေးသွားတာမျိုး မရှိပါဘူး။ တခုပဲရှိတယ်၊ ခင်ဗျားတို့လို့ စာသမား ပေသမားတွေနဲ့ စကားပြောတဲ့အခါမှာတော့ စာအကြောင်းပေအကြောင်းတွေကို မဆွေးနွေးနိုင်တော့ဘူးပေါ့။ ပြောရရင် ခင်ဗျားပြောတဲ့ စာရေးဆရာနာမည်တွေ ကျနော် မသိဘူး။ သူတို့စာတွေလည်း မဖတ်ဖူးဘူး။ အဲဒီအတွက် သူတို့ရေးတဲ့စာတွေထဲမှာပါတဲ့ ဇာတ်ကောင်တွေ ဇာတ်အိမ်တွေ ဒိုင်ယာလော့တွေ ဘာမှ ကျနော်မသိဘူး။ အဲဒီလို မသိတဲ့အတွက်လည်း ကျနော့်အနေနဲ့ အပြစ်ရှိတယ်လို့လည်း မထင်မိပါဘူး။ ဒါနဲ့ ခင်ဗျားကိုလည်း ပြန်မေးရဦးမယ်၊ ၀တ္ထုတွေဖတ်နေရတာကောင်းတယ်လို့ ခင်ဗျားထင်လား”

“ကျနော်ကတော့ ၀တ္ထုဆိုတိုင်း ဘာလာလာ ဖတ်မယ်ဆိုတဲ့သူ မဟုတ်လေတော့ ၀တ္ထုဖတ်တာမှာ ကောင်းတယ် မကောင်းတယ်လို့တော့ မပြောနိုင်ပေဘူး။ ၀တ္ထုဖတ်ရင်တော့ ဇာတ်ကြောင်းပေါ်မူတည်ပြီး အချိန်ပေးရတာရှိတယ်။ ၀တ္ထုဇာတ်ကြောမှာမျောပြီး ဇာတ်အိမ်ထဲက သက်ရှိသက်မဲ့ဇာတ်ကောင်တွေ ၀တ္ထုရေးသူရဲ့ဖွဲ့နွဲ့ပုံတွေအလိုက် ခံစားတယ်”

“ဒါဟာ ဇိမ်ခံမှုတမျိုးလို့ ခင်ဗျားဆိုနိုင်မလား”

မေးခွန်းက အတော်အကျပ်ရိုက်စေသည့် မေးခွန်းဖြစ်သည်။ ၀တ္ထုဖတ်ခြင်းကို ဇိမ်ခံမှုတမျိုးဟု ကျနော် အရင်က မစဉ်းစားခဲ့။ သို့သော် ၀တ္ထုဖတ်နေစဉ်တွင် ၀တ္ထုဖတ်ခြင်းစည်းစိမ်ကို ရရှိနေသည်မှာ ငြင်း၍မရနိုင်သော အမှန်တရားဖြစ်သည်။ အဖျားပျောက်ကာစ နာလန်ထဖြစ်နေစဉ်တွင် မျက်လုံးနှစ်ဖက်စလုံး အားနည်းနေတတ်သည်။ ဤသည်ကို ဆန့်ကျင်ပြီး ၀တ္ထုတအုပ်ဆွဲကာ အိပ်ရာထဲ အလင်းရောင်နည်းနည်းတွင် စာဖတ်တာမျိုး လုပ်လေ့လုပ်ထ ရှိသည်။ ဝေဒနာကို ဖြေဖျောက်သည့်အနေဖြင့် မေ့လျော့စေသည့်အနေဖြင့် ၀တ္ထုဖတ်နေသည်ဟု အကြောင်းပြချက်ကောင်းကောင်းပေးနိုင်ခဲ့သည်။ နေထိုင်မကောင်းသည့်အချိန်တွင်ပင် ၀တ္ထုဖတ်သောကြောင့် ပုံမှန်အချိန်လိုမျိုးတွင် “ပြောသာ ပြောမနေတော့နဲ့” ဟု အလွတ်ပေးထားရမည့် သူမျိုးဖြစ်သည်။ ကျောင်းစာသင်ချိန် တချိန်နဲ့တချိန် အကူးအပြောင်းတွင် စာသင်ခုံထဲဝှက်သိမ်းထားသည့် အချစ်ဝတ္ထုကို ခိုးဖတ်ခြင်းသည် အချစ်ဝတ္ထုထဲမှ ဇာတ်ကောင်တွေထက် စွန့်စားခန်းဝတ္ထုတွေထက် ရင်ခုန်စရာကောင်းသည်က အမှန်ပင်ဖြစ်သည်။ သူ့မေးခွန်းကို မဖြေသေးခင်မှာ ခေါင်းထဲဝင်လာသော အတွေးတွေဖြစ်သည်။

“အေးဗျ ဇိမ်ခံမှုတမျိုးလို့လဲ ခင်ဗျားအနေနဲ့ဆိုချင်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သက်တောင့်သက်သာ ဇိမ်ခံခြင်းတော့ ဖြစ်မယ်မထင်ဘူး။ ဘာလို့ဆို တချို့ဝတ္ထုတွေဟာ ၀တ္ထုဇာတ်ကြောင်းအရ ဖတ်နေရင်းမှာ ဖတ်နေသူရဲ့ စိတ်ကို အမျိုးမျိုးဖြစ်စေနိုင်တယ်ဆိုတာ လေ့လာမိတယ်”

“ခင်ဗျား အဲဒီလို ၀တ္ထုဖတ်ကောင်းနေတဲ့အချိန်မှာ ကျနော်က ပညာရပ်တရပ်ကို ကောင်းကောင်းကြီး လေ့လာနေကောင်း ဖြစ်နေပါလိမ့်မယ်။ ခင်ဗျားက နာမည်ကြီးဝတ္ထုတွေနောက် အသစ်အသစ်သော ၀တ္ထုတွေနောက် လိုက်နေချိန်မှာ ကျနော်ကလည်း အသစ်အသစ်သော ပညာရပ်တွေနောက် လိုက်နေတာပါပဲ။ ဘယ်ဟာက ပိုအကျိုးရှိလည်း ဆိုတာ ကျနော်လည်း မပြောတတ်သေးဘူး”

“ကျနော် ၀တ္ထုတွေ မဖတ်ပါ”ဟု ဆိုသော သစ်လုပ်ငန်းရှင် သူဌေးတဦးထံတွင် ဘာသာရေးသင်တန်းတခုတက်ခဲ့ဖူးသည်။ ဆရာ သင်ပြပြောဆိုသည့် အခြားသောစကားများကို လွန်စွာအားရကျေနပ်မှု ဖြစ်သော်လည်း စာရူးပေရူးဖြစ်နေသည့် ကျနော်သည် “၀တ္ထုတွေ မဖတ်ပါ” ဟူသော ဆရာ့ပြောစကားများကို ဘ၀င်မကျ ဖြစ်မိသည်။ ဘာကြောင့် ဒီလိုမျိုး ဆရာပြောသလဲဟူသည်ကို ယခုတွင်မှ မြင်မိသည်။ ၀တ္ထုများသည် တိုတို ရှည်ရှည် လတ်လတ် အကုသိုလ်ဖြစ်စေသည်ဟူသောကြောင့်ပါတည်း။ ဆရာ့ကို “၀တ္ထုမဖတ်သည့် သူဌေး”ဟု ညွှန်းရမည် ဖြစ်သည်။ ဆရာ သက်ရှိထင်ရှားရှိပါသေးလျှင် ၀တ္ထုမဖတ်ရသည့်အကြောင်းကို ပို၍ တိကျစွာ သိရှိနိုင်ရန် သွားရောက်မေးမြန်းမိမည်ဟု ထင်သည်။

ကျနော့် အတွေးများ နှစ်အစိတ်လောက် နောက်ပြန်သွားနေသည်ကို မသိသော မိတ်ဆွေက ကျနော်ငြိမ်နေသည်ထင်၍ စကားပြန်ဆက်သည်။

“ခင်ဗျားရော ၀တ္ထုတွေ တော်တော်ဖတ်ဖြစ်လား၊ အခုလည်း ဖတ်နေတုန်းပဲလား”

“တော်တော်ဖတ်ဖြစ်တယ်။ ရပ်ကွက်ထဲမှာ စာအုပ်အငှားဆိုင် အသစ်ရောက်လာရင် ပထမဆုံးငှားတဲ့သူက ကျနော်တို့ပဲ။ စပေါ်ပေးပြီး ငှားဖတ်ရတဲ့ စာအုပ်တွေလည်း စပေါ်ပေးစရာမလိုဘဲ ငှားဖတ်လို့ရတာပဲ။ ကိုယ့်ရပ်ကွက်ထဲတင် ငှားဖတ်လို့ အားမရလို့ တဖက်ရပ်ကွက်မှာရှိတဲ့ ပုဂ္ဂလိက စာကြည့်တိုက်မှာ အသင်းဝင်ပြီး စာအုပ်တွေ ငှားဖတ်တာပဲ။ ကျောင်းစာကြည့်တိုက်ဆိုရင်လည်း ကျောင်းဆင်းချိန်မှာ မပြန်ဘဲ စာအုပ်ဗီရိုထဲက စာအုပ်တွေရွေးပြီး ငှားဖတ်တာပဲ။ မြို့နယ်ပြန်ကြားရေးစာကြည့်တိုက်မှာလည်း အသင်းဝင်ပြီး စာအုပ်ငှားဖတ်တာပဲ။ နယ်ကို အလည်သွားတာတောင် အဲဒီနယ်က ဘယ်စာအုပ်ဆိုင်မှာ ဘယ်လိုဝတ္ထုမျိုး ရှိတယ်ဆိုတာမျိုးကို နယ်ခံထက်တောင် ပိုသိပြီး ငှားဖတ်တာမျိုးတွေ ရှိတယ်။ တခါ အဲဒီလို ငှားငှားဖတ်နေတဲ့ ဆိုင်က စာအုပ်ဆိုင်ကို ပိတ်လိုက်ပြီး အအေးဆိုင်ဖွင့်လိုက်လို့ ဒေါသဖြစ်လိုက်တာများ အဲဒီဆိုင်ရှေ့ရောက်တိုင်း အပြစ်ဖို့စကား ပြောဖြစ်တဲ့အထိပဲ။ အခုအထိလည်း ၀တ္ထုတွေနောက်ကို လိုက်တုန်းပဲဗျ။ ကြုံရင်ကြုံသလို ထောင့်တနေရာရာမှာ မှီပြီး ၀တ္ထုဖတ်ရတာဟာ ခင်ဗျားပြောတဲ့ ဇိမ်ခံနည်းတမျိုးလို့ပဲ ဆိုရမလား”

“အဲဒီလို ၀တ္ထုတွေဖတ်ခဲ့ရတော့ ဖတ်နေရတော့ ၀တ္ထုတွေထဲကနေ ဘာတွေရသွားသလဲ”

အင်း ဒီလူတော့ စ တွယ်နေပြီလားဟု အတွေးဝင်လာမိသည်။ ဟုတ်နိုင်ပါဘူးလေ၊ သူသိချင်လို့ သဘောရိုးနဲ့ မေးတာဖြစ်မှာဟု ၀င်လာသည့်အတွေးဆိုးကို ဖယ်ရင်း “ရသွားတာကတော့ဗျာ အစုံပါပဲ။ မတူညီတဲ့ ဇာတ်အိမ်တွေကနေ မတူညီတဲ့ အတွေ့အကြုံတွေ အတွေးအမြင်တွေ ရတာပေါ့” ဟု ခပ်ရိုးရိုးဖြေမိသည်။

“ဆိုတော့ အဲဒီ အတွေ့အကြုံတွေ အတွေးအမြင်တွေက ခင်ဗျားအခု အလုပ်လုပ်တဲ့အခါမှာ အထောက်အကူပြုသလား။ ကျနော်ဆိုလိုချင်တာက ၀တ္ထုတွေထဲကနေ ခင်ဗျားလက်တွေ့ဘ၀ထဲမှာ အကျိုးပြုတာမျိုးများ ရှိခဲ့ဖူးသလားဆိုတာ”

“ကိုယ်ချင်းစာတရား ထားတတ်လာတယ်”

“ကိုယ်ချင်းစာတရား။ အဲဒါက ကျနော့်လို ၀တ္ထုမဖတ်တဲ့သူမှာလည်း ရှိနိုင်တာပဲ မဟုတ်လား”

“ရှိနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားက ၀တ္ထုတွေထဲမှာ ပါတဲ့ နေရာမျိုးစုံ ဘ၀မျိုးစုံ စိတ်အမျိုးမျိုး အထွေထွေကို ၀တ္ထုဖတ်တဲ့သူလောက် သိနိုင်မယ်မထင်ဘူး။ သူတို့ရဲ့ဘ၀တွေကို သိချင်ရင် ခင်ဗျား ခရီးတွေအများကြီး သွားမှ ရနိုင်တယ်။ လူတွေအများကြီးနဲ့ တွေ့ဖူးမှ စကားပြောဖူးမှ သိနိုင်တယ်။ နိုင်ငံတွေစုံအောင်သွားမှ သိနိုင်တယ်။ နောက်တခု ရှိသေးတယ်။ အဲဒါက စာရေးဆရာဟာ သူပြောချင်တာတွေကို ၀တ္ထုထဲမှာ ဇာတ်ကောင်တွေကနေတဆင့် ပြောပြသွားတာတွေရှိတယ်။ အဲဒီ ပြောပြသွားတာတွေဟာ သူ့ရဲ့ ခံယူချက်တွေ အတွေ့အကြုံတွေ ဒဿနတွေ ဖြစ်လေ့ရှိတယ်။ ဒါတွေကို ခင်ဗျား သူတို့ရဲ့ ၀တ္ထုတွေ မဖတ်ဘဲနဲ့ ဘယ်လိုမှ မရနိုင်ဘူး”

“ခင်ဗျားပြောတဲ့ ၀တ္ထုရေးသူတွေရဲ့ ခံယူချက်တွေ ဒဿနတွေဟာ မှားယွင်းတာတွေများဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ”

“ထောက်သင့်တဲ့အချက်ပဲ။ အဆိပ်အတောက်ဖြစ်စေတာမျိုး ရှိနိုင်တာကို ကျနော်လက်ခံတယ်။ ဒါပေမယ့် ၀တ္ထုဖတ်တာ ၀ါရင့်လာရင် တနည်းပြောရရင်တော့ စာဖတ်ဝါးဝလာရင် အဲဒီလိုစာမျိုးတွေကို ခင်ဗျားရှောင်တတ်လာလိမ့်မယ်”

“ကျနော်က ၀တ္ထုတွေသာ မဖတ်တယ်။ အခုနောက်ပိုင်းမှာ ပညာရပ်ဆိုင်ရာစာအုပ်တွေပြီးရင် ဖတ်တာများလာတာကတော့ အတ္ထုပ္ပတ္တိစာအုပ်တွေပဲ။ ဒီလိုစာအုပ်တွေကျတော့ တကယ်ရှိခဲ့ ဖြစ်ခဲ့တာတွေကို ရေးထားတာဖြစ်တဲ့အတွက် အဲဒီလူတွေအကြောင်း ဖတ်ခြင်းကနေ ကျနော့်အတွက် အကျိုးရှိစရာတွေ အများကြီး ကျန်သွားတယ်။ သူတို့တွေ ဘယ်လိုလုပ်ပြီး ကြီးကျယ်မြင့်မြတ်တဲ့နေရာတွေကို ရောက်သွားကြသလဲဆိုတာကို ကျနော်သိသွားတယ်။ ဒါပေမယ့် ၀တ္ထုပုံစံနဲ့ ဇာတ်လမ်းဆင်ပြီး ရေးရင်တော့ ကျနော် ဆက်မဖတ်တော့ဘူး”

“ခင်ဗျား ၀တ္ထုမဖတ်ပေမဲ့ အဲဒီလို စာပေမျိုးကို ဖတ်တယ်ဆိုတာ သိရတဲ့အတွက် ကျနော် ၀မ်းသာတယ်။ ကျနော် ကြုံဖူးတဲ့ တယောက်အကြောင်းပြောပြဦးမယ်။ သူတို့မိသားစုက ပညာတတ်မိသားစုပဲ။ မိဘတွေက သားသမီးတွေကို လမ်းမှားလိုက်မိမှာစိုးလို့ ၀တ္ထုမဖတ်ခိုင်းတဲ့ မိသားစု။ ပယ်တာကတော့ အချစ်ဝတ္ထုတွေ မဖတ်စေချင်လို့ ပယ်တာပဲ။ နောက်ပိုင်းမှာ ရောထွေးတာတွေ မဖြစ်စေချင်တာနဲ့ ဘယ်ဝတ္ထုကိုမှ ပေးမဖတ်တော့တဲ့ အထိပဲ။ ကျနော့်အချက်လေးချက်ထဲက နံပါတ်နှစ်သမားတွေပေါ့။ သူတို့ထဲက ကျနော်နဲ့ အတော့်ကို ရင်းနှီးတဲ့တယောက်ကို မေးကြည့်တဲ့အခါ တက္ကသိုလ်ဝင်တန်းပြီးတဲ့အခါမှ ၀တ္ထုလေးတွေ ဟိုတအုပ် ဒီတအုပ် ဖတ်ဖူးတယ်တဲ့။ တခါမှာ အဲဒီတယောက်ဟာ ၀တ္ထုတအုပ်ကို သဲကြီးမဲကြီး ဖတ်နေတာ မြင်လိုက်ရဖူးတယ်။ ၀တ္ထုစာအုပ်ကြီးကိုင်ပြီး ဖတ်နေတာ မဟုတ်ဘူး။ ကွန်ပျူတာကနေ ဖတ်နေတာ။ ဖတ်နေတာများ ဘယ်လောက်ထိ ဖြစ်လဲဆို တထိုင်တည်းနဲ့ တအုပ်လုံး ပြီးသွားတဲ့အထိ ဇွဲကြီးကြီးနဲ့ ဖတ်နေတာ။ ဒီမှာ ထောက်ပြလိုတဲ့အချက်က ငယ်ငယ်တုန်းက မဖတ်ခဲ့ပေမယ့် နောက်ပိုင်းမှာလည်း စိတ်ဝင်စားရင် ဖတ်လို့ ရတယ်လို့ ပြောချင်တာ။ ဖတ်ချင်တဲ့စိတ် ရှိဖို့ပဲ လိုတာ”

“ကျနော်လည်း ကြားဖူးတာရှိတယ်။ ဒါက ကျနော့်လို ၀တ္ထုမဖတ်တဲ့ ပညာတတ်တွေ ရှိတယ်ဆိုတာကို ထောက်ပြချင်တဲ့သဘောပါ။ အရင်တုန်းက ဖတ်ချင်ဖတ်မယ်။ ဒါပေမယ့် အလုပ်တွေ တာဝန်တွေ ပိလာတဲ့အခါ အလုပ်နဲ့ဆိုင်တဲ့ စာအုပ်စာပေမျိုးတွေသာ ဖတ်နိုင်ကြပြီး ၀တ္ထုတွေဖက်ကို မလှည့်နိုင်တော့တဲ့သူတွေ ရှိနေတယ်။ အင်ဂျင်နီယာအများစုပေါ့။ တခြား နယ်ပယ်တွေက ပညာရှင်တွေလည်း ရှိမှာပဲ။ သူတို့တွေကိုရော ခင်ဗျား ဘယ်လိုပြောမလဲ”

ပြန်ပြောဖို့ ပြင်နေစဉ်မှာပင် စားသောက်ဆိုင်မှ ၀န်ထမ်းက သူတို့ဆိုင် မကြာခင် ပိတ်တော့မှာ ဖြစ်ကြောင်း လာပြောသည်။ နာရီကြည့်လိုက်တော့ ဆယ်နာရီထိုးတော့မည်။ ကျနော်တို့နှစ်ယောက် ဆိုင်မှ ထဖို့ ပြင်သည်။ ဘူတာသို့ အသွား လမ်းတွင် စကားဆက်ကြသည်။

“အေးဗျာ၊ ကျနော် စောစောပိုင်းက ပြောခဲ့သလိုပဲ၊ ခင်ဗျားလို လူမျိုးတွေနဲ့ ခင်ဗျားပြောတဲ့ ၀တ္ထုမဖတ်အားတဲ့ လူမျိုးတွေကို လေ့လာဖို့လိုပြီ ဆိုတာပဲ။ ၀တ္ထုမဖတ်သော ပညာတတ်များကို လေ့လာခြင်းလို့ အမည်ပေးပြီး စစ်တမ်းကောက်ရမယ်ထင်တာပဲ”

“ကျနော်လည်း ခင်ဗျားတို့လို လူတန်းစားတရပ်အကြောင်းကို အချိန်ရရင် လေ့လာချင်သေးတယ်။ ၀တ္ထုရေလျင်မှာ မျောပါနေသော လူများကို လေ့လာခြင်းလို့ အမည်ပေးမယ်ဗျာ။ နောက်နေ့တွေ အချိန်ရရင် ဆက်ပြောကြတာပေါ့။ သွားပြီဗျို့”

သူက သူ့အိမ်သို့ ဘတ်စ်ကားစီးပြီး ပြန်သလို ကျနော်ကလည်း ကျနော့်မိသားစုရှိရာ အိမ်ဂေဟာဆီသို့ ရထားစီးပြီး ပြန်သည်။ ရထားပေါ်တွင် ဖုန်းကိုယ်စီဖြင့် ဂိမ်းဆော့သူဆော့၊ ဇာတ်လမ်းတွဲကြည့်သူကြည့်ဖြင့်။ ကျောပိုးအိတ်ဇစ်ဖွင့်ပြီး ဖတ်လက်စ ၀တ္ထုစာအုပ်ကို အိတ်ထဲမှ ဆွဲထုတ်လိုက်သည်။ အဖော်မပါဘဲ နာရီဝက်လောက် စီးရမည့်ခရီးမှာ စာမျက်နှာတရွက်ပြီး တရွက်လှန်၍ ၀တ္ထုစာအုပ်ဖတ်နေရခြင်းလောက် ကောင်းသည့်စည်းစိမ် ရှိနိုင်ပါဦးမည်လော။
↧

စမ်းစမ်းတင် - ရသစာပေနဲ့ တွေးမိတွေးရာ- ၂

$
0
0

စမ်းစမ်းတင် - ရသစာပေနဲ့ တွေးမိတွေးရာ- ၂
(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၈
တခေတ်တခါက အားကောင်းခဲ့ပေမဲ့ အကြောင်းကြောင်းတွေကြောင့် ကျဆင်းသွားတဲ့ စာဖတ်တတ်တဲ့ ယဉ်ကျေးမှု ပြန်ထွန်းကားဖို့ လူငယ်တွေကို အားကိုးရပါတော့မယ်။ စာပေမြတ်နိုးတဲ့ လူငယ်တွေ မရှိမဟုတ်ရှိတာမို့ ဒိထက်မက တိုးပွားလာရင် ယဉ်ကျေးတဲ့ မြန်မာ့လူ့ဘောင်ပြန်ထွန်းကားမယ်လို့ မျှော်လင့်ချင်ပါရဲ့၊

ရသစာပေဟာ သိမ်မွေ့နုညံ့တဲ့စိတ်ထားမွေးမြူတတ်အောင် တနည်းတဖုံ မသိမသာ ထိန်းကျောင်း ပေးတတ်၊ အနုပညာကို ခံစားတတ်အောင် မွေးမြူပေးတတ်၊ လူ့သဘောကို စောကြောနိုင် တတ်အောင် ပံ့ပိုးပေးတတ်တဲ့ နက်နဲတဲ့ အရာတခုဆိုတာ မှန်ချင်မှန်၊ မှားချင်မှား၊ လက်ခံသူရှိရင်ရှိ-မရှိရင်လည်း မရှိဖြစ်နိုင်ပေမဲ့ ကာလတွေဘယ်လောက်ကြာညောင်းကြာညောင်း ရသစာပေကောင်းတွေက ကမ္ဘာမှာရော၊ မြန်မာပါရော အောင်လံထူမြဲထူနေတာမျက်မြင်ပါပဲ။

နှလုံးသားကို နူးညံ့စေဖို့နဲ့ အတွေးအခေါ် ရင့်သန်စေဖို့ အထောက်အကူပေးတယ်လို့ပြောနိုင်တဲ့ ရသစာပေသာမက အသိအမြင်ဗဟုသုတတိုးစေတဲ့ တခြား စာတွေကိုလည်း ခုခေတ်မှာ အဖတ်နည်းသွားပါတယ်။ အထူးသဖြင့် လူငယ်အတော်များများဟာ လူမှု လူမှု ကွန်ယက်တွေမှာ အချိန်ဖြုန်းများ။ လဘက်ရည်ဆိုင် ဘီယာဆိုင်တွေမှာ အထိုင်များ။ ကရာအိုကေ အနှိပ်ခန်းတွေ ကလပ်တွေ ဘားတွေ စားသောက်ဆိုင်တွေ အရောက်များ၊ ပွဲလမ်းသဘင်တွေ အသွားများတဲ့အပြင် တနေရာက တနေရာ အသွား လမ်းမှာတင် အချိန်ကုန်ရတာများနေပြန်ပါတယ်။ ဒါဟာ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပြောင်းသွားတယ်လို့ ပြောနိုင်ပေမဲ့ ကောင်းတဲ့အပြောင်း ဟုတ်-မဟုတ် ဆန်းစစ်ကြည့်ဖို့သင့်ပြန်၊

ခေတ်ရေစီးကြောင်းက ကမ္ဘာနဲ့ချီပြောင်းနေတာမို့ ကမ္ဘာအရပ်ရပ်မှာ ပုံနှိပ်ရော အွန်လိုင်းနဲ့ပါ စာပေပေါင်းစုံ ထွန်းကားအောင်မြင်နေချိန်မှာ မြန်မာနိုင်ငံမှာ စာပေတန်ဖိုးမေ့လျော့ခံထားရတဲ့ အနေအထားတရပ်ကို ရောက်နေတယ်လို့ မယူဆချင်ပေမဲ့ ထုတ်ဝေသူတွေညည်းချင်းကြောင့် ယူဆရမလိုလို၊ ဒီလို ရှိပေမဲ့ တချိန်တခါက အားကောင်းခဲ့တဲ့၊ စာပေထွန်းကားတဲ့၊ စာဖတ်တတ်တဲ့ ယဉ်ကျေးမှုကို ပြန်လည် ပျိုးထောင်ဖို့ တဘက်တလမ်းက ကြိုးပမ်းနေသူတွေ ရှိနေပြန်တာပါ။

စာကြည့်တိုက်တွေဖွင့်၊ စာဖတ်ဝိုင်းတွေလုပ်၊ စာအုပ်ဈေး ရောင်းပွဲတော်တွေကျင်းပ ပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ယှဉ်ရင် နိုင်နိုင်နင်းနင်းမလုပ်နိုင်သေးတဲ့ အနေအထားမှာပဲ ရှိနေသေးတယ်လို့လည်း ပြောသံဆိုသံကြားရတာပါ။ တခေတ်တခါက ရသစာပေအရှိန်အဟုန်ကောင်းခဲ့တဲ့ မြန်မာနိုင်ငံမှာ အင်တာနက်တို့ ရုပ်မြင်သံကြားတို့ ဗွီစီဒီတို့ ဆွဲဆောင်အားကောင်းလာတဲ့အတွက်ရော စားဝတ်နေရေး၊ ဘ၀ ရှင်သန်ရေးအတွက် ရုန်းကန်နေရတာနဲ့ တခြား အကြောင်းကြောင်းတွေ ကြောင့်ပါ စာဖတ်ချိန် နည်းသွား ရတာတွေလည်း ရှိပါတယ်။

ရသစာပေအားနည်းသွားရတာကလည်း အကြောင်း အမျိုးမျိုးရှိနိုင်ပြီး အကြောင်း တကြောင်းကိုတော့ စာပေစိစစ်ရေးရှိခဲ့တာလည်း ပါနိုင်ပြန်ပေါ့။ ဥပမာ- ဆရာမြသန်းတင့်၊ ဆရာမောင်သာရတို့စာတွေ စာပေစိစစ်ရေးနဲ့ ငြိပြီးရင်းငြိခဲ့တာတွေ၊ ဆရာတွေရဲ့ ပင်ကိုယ်ရေး ရသစာပေတွေဟာ စာဖတ်ပရိသတ်ရှေ့မှောက် ရောက်မလာတာက စာပေစိစစ်ရေးတံတိုင်းကို မကျော်လွှားနိုင်လို့ပါပဲ၊ ဆရာမြသန်းတင့်ဟာ ပင်ကိုယ်ရသစာပေ မဖန်တီးနိုင်တဲ့အခါ ဘာသာပြန်တွေနဲ့ စာဖတ်ပရိသတ်ကို မိတ်ဆက်ပေးရပါတယ်။ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်လို ကိုယ်ပိုင်ရသစာပေတွေ ဆက်လက် ဖန်တီးနိုင်ခွင့်ရှိရင် မြန်မာ့ရသစာပေလောကအတွက် အလှတန်ဆောင်တွေ ကျန်ရစ်မှာသေချာ၊ ဆရာမောင်သာရလည်း ထိုနည်းလည်းကောင်းပါပဲ။ ဘာစာမူတင်တင် စိစစ်ရေးက ခွင့်မပြုတော့တာမို့ ဆရာပရိသတ်တွေလည်း နစ်နာရပြန်၊ ခုတော့ ပြည်တွင်းမှာ ရသစာပေထည့်သွင်းဖော်ပြတဲ့ မဂ္ဂဇင်းတွေက ရားသထက်ရှားလာတော့ ထည့်တဲ့ နေရာကိုပဲ ကလောင်သစ်၊ ကလောင်ဟောင်း၊ ကလောင်သွေးစ သမားတွေ စုပြုံတိုး၊ ဒီလိုတိုးဝင်ကြတာကိုလည်း အပြစ်မဆိုသာပါဘူး၊

စာနယ်ဇင်းလွတ်လပ်ခွင့်မရှိသလောက် အင်မတန်ရှည်ကြာခဲ့တဲ့ ကာလကြီး တလျှောက် စာပေကင်ပေတိုင်လို့ ပြောတဲ့ စာပေစိစစ်ရေး တံတိုင်းကြီး ကာဆီးနေခဲ့ချိန်တွေမှာတောင် ရသစာပေတွေ ခပ်မြိုင်မြိုင်ပါတဲ့ မဂ္ဂဇင်းတွေ ထိုက်သင့်သလောက်ရှိခဲ့ပေမဲ့ ဒီနေ့ခေတ်မှာ နည်းပါးသွားတဲ့အတွက် လက်ခံတဲ့တနေရာကို ရောက်လာဖို့ စုပြုံကြိုးစားတာကလည်း သဘာဝကျ၊ လေးရောင်ခြယ်အတွင်းပန်းချီ ခွဖောင်တွေနဲ့ ဖြစ်ဖြစ်၊ မျက်နှာပြည့် သရုပ်ဖော်ပုံတွေနဲ့ ဖြစ်ဖြစ် ၀တ္တုတို ၀တ္တုရှည်၊ အခန်းဆက်ဝတ္တု စတာတွေ၊ တမျက်နှာဝတ္တု၊ ကလောင်သစ် ၀တ္တု စတာတွေကို နေရာပေးတဲ့ စာပေတွေ မဂ္ဂဇင်းတွေ ခေါင်းပါးသွားတဲ့ ဒီနေ့ ဒီကာလမှာ လူငယ်တွေ လက်ရည်သွေးစရာ နေရာ ကလောင်သစ်တွေကို စင်တင်ပေးတဲ့နေရာ ရှားပါးသွားတာကို ၊

NLD အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ အောင်မြင်ထင်ရှားတဲ့ စာရေးဆရာတဦး ပြန်ကြားရေးဝန်ကြီးဖြစ်လာတဲ့အခါ လူငယ်တွေ လက်ရည်သွေးနိုင်ဖို့ အစိုးရပိုင် သတင်းစာမှာ ကဏ္ဍတရပ် ထည့်သွင်းပေးလာတာ တွေ့ရပါတယ်။ သတင်းအဓိကထား ဦးစားပေးရတဲ့ သတင်းစာမှာ ဆောင်းပါးနဲ့ စာပေရေးရာကဲလာတာကို ဂျာနယ် ဆန်နေတယ်လို့ ရှုမြင်သူတွေလည်း ရှိပါတယ်။ ဒီကြားထဲ စာသူခိုးကို အစိုးရသတင်းစာက ဖော်ပြမိလိုက်တာလည်း ရှိသေး၊ ရသစာပေဟာ ဟိုနေရာရောက် ဒီနေရာ ရောက်နေမယ့်အစား သူ့စင်နဲ့ သူ ရှိသင့်တယ်လို့လည်း တချို့က ပြော၊ နောက်ပိုင်းမှာတော့ လူငယ်တွေ စာပေလက်ရည်သွေးနိုင်ဖို့ သတင်းစာမှာ နေရာပေးမယ့်အစား အစိုးရက နောက်အစီအစဉ်တမျိုး စီစဉ်ပေးလိမ့်မယ်လို့ မျှော်လင့်မိ ဘာတွေ ဘယ်လိုပြောပြော ဒီဘက်ခေတ်ပိုင်းမှာ မကြာမကြာကျင်းပတဲ့ စာအုပ်ဈေးရောင်း ပွဲတော်တွေကြောင့် စာချစ်သူတွေဟာ တနေရာတည်းကနေ စာအုပ်ပေါင်းစုံဝယ်ယူနိုင်တဲ့ အခွင့်အလမ်းလည်း ရှိလာ ဒီဈေးရောင်းပွဲတွေမှာ ဖြစ်ဖြစ် တခြားတခြား စာအုပ်ရနိုင်တဲ့ နေရာတွေက ဖြစ်ဖြစ် စာဂျပိုးတွေပဲ စာအုပ်ဝယ်ကြတာ။

စာပေစိစစ်ရေး မရှိတော့တဲ့ကာလမှာ စာရေးသူရော ထုတ်ဝေသူပါ စိတ်ပေါ့ပါးလွတ်လပ်သွားပုံ ရတော့မှ လူတွေစာသိပ်မဖတ်နိုင်တော့တဲ့ အခြေအနေနဲ့ သွားတိုက်ဆိုင်လို့နေတာကလည်း အားမရစရာ၊ တချိန်က အမြတ်အစွန်းကြီးကြီးမားမားရခဲ့တဲ့ အပျော်ဖတ်စာအုပ်တွေ ၊ သိုင်းစာအုပ်တွေ၊ အပစ်အခတ်၊ အညှစ်အသတ်၊ အညစ်အပတ် စာအုပ်တွေ၊ Ghost writer ကို ရှဲဒိုးလို့ပြောတဲ့ သူများကို အခပေးပြီး ရေးတဲ့စာကို ကိုယ့်ကလောင်နံမည်နဲ့ ထုတ်ဝေသူတွေ လိုင်းပြောင်းသူပြောင်းပြီး တွက်ခြေမကိုက်တဲ့ မဂ္ဂဇင်းထုတ်ဝေရာက တခြားမီဒီယာပြောင်းသွားသူတွေ ရှိပါတယ်။ ဒီလို အခြေအနေမျိုးမှာ ရာခိုင်နှူန်းမများပေမဲ့ ရသစာပေကို စွဲမက်တဲ့ အမာခံပရိသတ်တွေရှိမြဲရှိနေသလို လူငယ် စာချစ်သူတွေလည်း ရှိမြဲရှိနေတာပါ။ ပုံနှိပ်စာအုပ်တွေ အခြေအနေမကောင်းပေမဲ့ စာအုပ်တွေလည်း ထွက်မြဲထွက်နေတာကလည်း ၀ါသနာရှင်လူငယ်လေးတွေ ကိုယ့်ငွေနဲပကိုယ် စာအုပ်ထုတ်ကြတာကို။

ဒါကြောင့် ပြောရရင် ရသစာပေဖန်တီးနိုင်တဲ့ လူငယ်လူသစ်တွေမရှိမဟုတ်ရှိပါတယ်။ ဒါပေမဲ့ ခေတ်စမ်း စာပေခေတ်၊ ရှုမ၀ခေတ်၊ မိုးဝေခေတ်၊ ဆရာဝန်စာရေးဆရာခေတ် စတာတွေတုန်းကလို အင်နဲ့အားနဲ့ သိပ်မများတော့တာကိုလည်း အများက အသိအမှတ်ပြု လက်ခံပါတယ်။ ရှိတဲ့လူဦးရေနဲ့ အချိုးချရင် အချိုးအစား နည်းပေမဲ့ ရသစာပေအဟောင်းတွေပြန်ထုတ်ဝေတဲ့အခါ အမာခံပရိသတ်တွေအပြင် စာချစ်သူ လူငယ်တွေက ရှာဖတ်တတ်တာ ပီတိဖြစ်ရ၊ ရသစာပေမြတ်နိုးတဲ့ လူငယ်လေးတွေ ဆထက်ထမ်းပိုးတိုးပွားလာရင် အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား၊ ဆင်ခြင်တုံတရားမဲ့ ကိုယ်ကျိုးစီးပွားသက်သက်ပဲ ကွက်ကြည့်တတ်ပြီး ကျင့်ဝတ်သိက္ခာမဲ့ သူတွေလျော့ပါးရုံမက ယဉ်ကျေးတဲ့ မြန်မာ့လူ့ဘောင် ပြန်လည်ထွန်းသစ်လာမယ်လို့ မျှော်လင့်မိနေပြန်၊
↧
↧

ကာတွန်း ကေဂျီး - ဒို့ မမှုပါ ...

$
0
0

ကာတွန်း ကေဂျီး - ဒို့ မမှုပါ ...
(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၈
↧

သားကြီးမောင်ဇေယျ - ပူစပ်စပ် ညနေ

$
0
0
သားကြီးမောင်ဇေယျ  - ပူစပ်စပ် ညနေ 
(မိုးမခ) သြဂုတ် ၃၁၊ ၂၀၁၈

ရုံးမှာ တနေကုန် သတင်းတွေဖတ်၊ ရေး၊ ပြီးတော့ အင်တာနက်ပေါ်တင်။
ဒီနေ့ ဒေါ်လာဈေးက တစ်ဒေါ်လာ ငါးရာ ဈေး ကနေ ငါးရာ ကျော်သွား။
စီးပွားရေးပညာရှင်တွေ ၊ နိုင်ငံရေးလေ့မာသူတွေ ကလည်း အမျိုးမျိုးထင်ကြေးပေး ။
တရုတ် - အမေရိကန် ကုန်သွယ်ရေး ဂယက်လို့ပြောသူပြော။
ခရိုနီတွေ ဈေးကစားတာလို့ ဆိုသူဆို။ အစိုရ ညံ့လို့ဖြစ်တာလို့ အပြစ်တင်သူတင်။
ဒေါ်လာတွေကို လွှတ်ပေးလိုက်လို့ အခုလိုဖြစ်တာလို့ ဗဟိုဘဏ်ကို လက်ညိုးထိုးသူထိုး။
ဘာပဲဖြစ်ဖြစ် သတင်းတွေကို အများဖတ်ဖို့ အင်တာနက်ပေါ် ပစ်တင်ပြီး ရုံးဆင်းခဲ့တယ်။

ညနေ ၅ နာရီထိုးပြီလေ။ အိမ်ပြန် ချက်ရ ပြုတ်ရဦးမယ်။ ညနေစာ ချက်ဖို့က ကျွန်တော့်တာဝန်။
မနက်စာ ချက်ဖို့က မိန်းမတာဝန်။ ဂျန်ဒါ မခွဲပါဘူး။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလ မဟုတ်လား။

ရုံးရှေ့က ဗိုလ်ကလေးဈေးမှာ ဈေးဝယ်။ ဟိုလျှောက်ဒီလျှောက် ။
ဟိုကြည့် ဒီကြည့်။ နောက်ဆုံးတော့ ထုံးစံအတိုင်း ကြက်ဥသည်နဲ့ ကန်စွန်းရွက်သည်ဆီကိုသာ ခြေထောက်က အလိုလို သည်ဆောင်သွား။
အကျင့်ပါနေလို့ ထင်ရဲ့။ ကျွန်တော်က ကျန်းမာရေး ကိုဂရုစိုက်တယ်လေ။

ကြက်ဥ က ဆယ်လုံး ၁၄၀ ကျပ်ကနေ ၁၅၀ ဖြစ် ။ လက်ခံနိုင်ပါတယ်။
ကန်ဇွန်းရွက်က တစ်စည်း ၃၅၀ ကျပ်ကနေ ၄၅၀ ကျပ်ဖြစ်သွား။
သတင်းသမားပီပီ ရာခိုင်နှုံးနဲ့ တွက်ကြည့်ရင် တော်တော် ဈေးတက်သွား။ လက်မခံနိုင်ပါ။
ဈေးတက်တာ မကြမ်းဘူးလားဗျာ။ ဈေးသည်ကို ကွန်ပလိန်းတက်ကြည့်တယ်။
ကန်ဇွန်းရွက်က ထိုင်ဝမ်က လာတာ ၊ ဒေါ်လာကလည်း အတက်ကြမ်းနေတာကို အဘ ရဲ့တဲ့။
ဈေးသည်ကောင်မလေးက ဖုန်းပွတ်ရင်းပြော။
ကိုယ်တင်ထားတဲ့ သတင်းကို ဖတ်နေတာမို့ ဈေးမဆစ်ရဲ။

‘ကန်စွန်းရွက် တစည်းပေးပါ’
ငါးရာတန် တစ်ရွက်ပေးလိုက်ပါတယ်။
‘အဘ ကလည်း ငါးဆယ်ပြန်အမ်းဖို့မရှိဘူးလေ’
ထိုင်းကလာတဲ့ ငရုပ်သီး ငါးဆယ်ဖိုး တည့်ပေးလိုက်မယ်နော်။ ထိုင်းငရုပ်က ပူစပ်စပ်နဲ့ တော်တော်ကောင်းတယ် အဘရဲ့တဲ့။

ဟုတ်ကဲ့
ဒီလိုနဲ့
ဒီညနေကို
ဒီလို ပူစပ်စပ်နဲ့
ဒီအတိုင်းပဲ ဖြတ်သန်းရပါတော့မယ်။

သားကြီးမောင်ဇေယျ ( ၂၁ - ၀၈ - ၂၀၁၈)
↧

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - In my shoes

$
0
0

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - In my shoes
(Academic Weekly Journal, Yangon) မိုးမခ၊ သြဂုတ် ၃၁၊ ၂၀၁၈
↧

ကိုပွေး - ရာရာစစ

$
0
0
ရာရာစစ
ကိုပွေး 
(မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၈

ဒီ ရာဝင်အိုးကြီးက နှစ်ငါးဆယ်ကျော်ပြီ မကမကမယ်
ပြောင်းတဲ့မြို့တိုင်း သူပါတယ် 
အိုးနှုတ်ခမ်းပတ်ပတ်လည်မှာ ကနုတ်အလှအပြည့်နဲ့
ကြိုးဆိုင်းမရအောင် နဖားသုံးကွင်းတောင်ပါသေးတာ 
ခုတော့အရောင်တွေလွင့်ပြီး အက်တောင်နေပြီ

အညာဘုရားပွဲမှာ သူတို့တတွေကို စမြင်ဖူးခဲ့တာ
ကောက်ရိုးအဖွေးသားနဲ့ နွားလှည်းတွေကြား 
တချို့ကမှောက်လျက် တချို့ကထိုင်လျက် 
အများစုက တုံးလုံးပက်လက် 
စဥ့်ရောင်တလက်လက်နဲ့ အိုးအကြီးကြီးတွေကို 
ပွတ်သပ်ငေးမော သဘောကျခဲ့မိတာ
ဒီလောက်အကြီးကြီး ဘာလုပ်မှာလဲပေါ့

အမေက အညာသူမို့ အိမ်ကို သူရောက်လာသလား
အဖေတာဝန်ကျရာ သူ့ကို ဝိုင်းမတင်နေကြရတာ
ကားတတန်ရထားတတန် ဒူပေနာပေ အတော်ခံတယ်
အိမ်မှာတော့ သူ့ထဲ ရေချိုအမြဲထည့်ထားကြတာ
အမေ ထမင်းချက်ရင် သူကသီချင်းလေးတအေးအေးနဲ့
သူ့ကိုအမေက စကောတချပ်အမြဲဆောင်းပေးထားတာ

အမေ့ရဲ့ အညာအလွမ်းပြေကြီး သူလဲ ခု အိုနနေရှာပါပြီ
မြေကြီးထဲ သူ့ခြေသည်းကြီးတွေ မြုပ်လို့
သူ့တကိုယ်လုံး ပဲ့ရာခြစ်ရာ အက်ရာကြီးပဲ  
ကနုတ်တွေ ပြုတ်ကုန်ပြီ 
နဖားတော့ ကောင်းသေးတယ်

အိုးချင်းမထားတော့ အိုးချင်းလဲ မထိရရှာဘူး
ခု ရက်ပိုင်း
'လူရာသိပ်ဝင်ချင်နေလား ရာဝင်အိုးထဲဝင်နေပါ'ဆိုပြီး
သူက လူလိုခဏခဏ အော်နေလေရဲ့
လေပါတယ်ဗျာ ရာရာစစ ရာဝင်အိုးက   ။  ။  ။

၂၁၀၇၁၈

↧
↧

လူကြိုက်နည်းခြင်းရဲ့အခြားတဖက်က ကဗျာဆရာမောင်ချောနွယ်

$
0
0


လူကြိုက်နည်းခြင်းရဲ့အခြားတဖက်က ကဗျာဆရာမောင်ချောနွယ်
K ငြိမ်းချမ်း (မိုးမခ) သြဂုတ် ၃၁၊ ၂၀၁၈


စာရေးသူ – ကလောင်စုံ
စာအုပ်အမည် – လူကြိုက်နည်းတဲ့ကောင် မောင်ချောနွယ်
အမျိုးအစား – ကဗျာ
ထုတ်ဝေသည့်တိုက် – နှစ်ကာလများ
ထုတ်ဝေသည့် ခုနှစ် – ၂၀၁၇၊ စက်တင်ဘာ
တန်ဖိုး – ၄၀၀၀ ကျပ်

လာမယ့် စက်တင်ဘာ ၃ရက်နေ့မှာ အာဏာရှင် ၂ဆက်လောက်ကို တွန်းတိုက်တော်လှန်ခဲ့ရတဲ့ ခေတ်ပေါ်ကဗျာ ဆရာ မောင်ချောနွယ်ကွယ်လွန်ခြင်း ၁၆နှစ်ပြည့်ခဲ့ပါတယ်။

ထိုရက်ရောက်ပြီဆိုရင် မြန်မာပြည်တဝန်း ရန်ကုန်၊ မန္တလေး၊ ပြည်၊ မကွေး၊ လာရှိုး အစ ရှိတဲ့မြို့ကြီးတွေမှာ မောင်ချောနွယ် ကွယ်လွန်ခြင်း အထိမ်းအမှတ်ပွဲတွေ တရက်တည်း ပြိုင်တူကျင်းပခဲ့ကြပါတယ်။

ကဗျာဆရာမောင်ချောနွယ်ဟာ ၁၉၆၉ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့တော်လှန်ကဗျာစာအုပ်မှာ အသက်၁၉နှစ်အရွယ်က စပါဝင်ခဲ့ တာဖြစ်ပါတယ်။ ကြွေဒါကိုက ပွင့်ခြင်းပဲဆိုတဲ့ အဘိဓမ္မာကို အသက်၁၉နှစ်သားကစလို့နှလုံးသွင်းခဲ့လို့ပဲ ကွယ်လွန်ခဲ့တာ ဘယ်လောက်ကြာကြာ မမှိတ်မသုန်ရှိနေကြတာဖြစ်ပါတယ်။

လူသားတယောက် လောကမှာထဲ မရှိတော့ရင် သတိရလွမ်းဆွတ်နေဖို့ဆိုတာ လူထုကို ရှင်နေစဉ် ဒုက္ခမပြုဘဲ လူထုနဲ့ ယှဉ်လျက် ခါးဆီးခံစိတ်ဓာတ်မျိုးနဲ့မှ ဖြစ်နိုင်ပါတယ်ဆိုတာ မောင်ချောနွယ်ကွယ်လွန်ပြီး ၁၆နှစ်တိုင် သက်သေထူခဲ့တာဖြစ် ပါတယ်။

ရန်သူပေးတဲ့ အထူးအခွင့်အရေးတွေကို စား ရန်သူအားကာကွယ်ခြင်းကို မလုပ်ခဲ့လို့ဘဲ ဆရာမောင်ချောနွယ် ကဗျာတွေ ဟာ တိုင်းပြည်မြို့ရွာတွေကို ရောက်ခဲ့တာဖြစ်မယ်လို့လည်း နှလုံးသွင်းရပါတယ်။

ယခုစာအုပ်ကတော့ ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း ၁၅နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မောင်ချောနွယ်နဲ့ ထိ တွေ့ ရင်းနှီးစွာ ချစ်ခင်ပတ်သက်မှုများနှင့်ပတ်သက်ပြီး အမှတ်တရ ကဗျာ၊ စကားပြေများနဲ့ မောင်ချောနွယ်ရဲ့ စာအုပ်များ မှာ မပါဝင်သေးတဲ့ ကဗျာ၊ စကားပြေများကို စုစည်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။

လူကြီး၊ လူလတ်၊ လူငယ် လူတန်းစားမရွေး မြန်မာပြည်တနံ့တလျား ချစ်ခင်သတိရမှုများနှင့် ရေးသားခဲ့တဲ့ စာစုတွေထဲမှာ ကဗျာဆရာမောင်ချောနွယ်ရဲ့ကဗျာအပေါ်ချစ်ခင်စုံမက် ကာကွယ်သိမ်းပိုက်ရပုံများကို တွေ့ရမှာဖြစ်ပါတယ်။

ပါဝင်တဲ့ကဗျာများကတော့ အမှတ်တရကဗျာကဏ္ဍမှာ မောင်ချောနွယ်ကို လွမ်းနေမိတော့တယ်၊ သူငယ်ချင်း၊ မောင်ချော နွယ်အတွက် မနေနိုင်လို့ရေးတဲ့ကဗျာ၊ ရာစုဟောင်းလွမ်းချင်းတစ်ပုဒ်၊ ဂေါ်ဘာချော၊ မောင်ချောနွယ်နဲ့ ပြောစဖွယ်၊ ချောရဲ့ နှင်း၊ စက်တင် ဘာပထမအပတ်ရထား၊ ကဗျာဆရာမောင်ချောနွယ်ကိုရှာဖွေနေတဲ့ မေးခွန်း၊ အလွန်ရိုးစင်း သော၊ ကိုချော အတွက် သီချင်း၊ ကိုချောလာတယ် ၂၊ ရထားပုံပြင်၊ ကဗျာဆရာရဲ့သစ္စာပန်းများ၊မောင်ချောနွယ် နတ်ပူးချိန်၊ အမှတ်တရ တစ်ခု၊ ကျောက်သားခုနှစ်၊ မောင်ချောနွယ်၊သစ်ငြိမ်းရဲ့အမှတ်ရချက်၊မြို့လေးထဲ ရထားဝင်လာတယ်၊ ရာဇဝင် ကားတွေ ကြည့်ပြီး တဲ့အခါ၊ ဂျင်းကစားသမား၊ ကဗျာဆရာရဲ့ဈာပနသဝဏ်လွှာ၊ အပေါစား ကျော်ကြားမှုသို့၊ စတုတ္ထမြစ်ကျဉ်း၊ မောင်ချောနွယ် အစရှိတဲ့ကဗျာများပါဝင်ပါတယ်။

စကားပြေအနေနဲ့ အမှတ်တရစာမှာတော့ ဆောင်းပါးများပါဝင်သလို မောင်ချောနွယ် ရဟန်းဝတ်စဉ်ဗျူးထားတဲ့ မောင်ချော နွယ်နဲ့ သာသနာ ပိတောက်ဆိပ်ကမ်းဆိုတဲ့ အင်တာဗျူးကို ဖတ်ရမှာဖြစ်ပါတယ်။

ပါဝင်တဲ့မောင်ချောနွယ်အမှတ်တရစာများကတော့ ပင်လယ်လေသွားရှူတာ ဘယ်သူလဲ၊ မြို့တွေရွာတွေ ဟိုတယ်တွေ ထဲမှာ ရွာလည်နေတဲ့ မောင်ချောနွယ်၊ မောင်ချောနွယ်သို့မဟုတ် မော်ဒန်ကဗျာဆရာ၊ မောင်ချောနွယ် မောင်ချောနွယ်ဟု ခေါ်သည်၊ တစေ့တစောင်း ကိုချော၊ မောင်ချောနွယ်ဟုခေါ်သည်၊ မောင်ချောနွယ်၊ ရေထဲ မြို့ ၊ဖြူး မောင်ချောနွယ် သြဂတ်စတြာ၊ ပျော်ရာပျော်ကြောင်းရှာသူ၊ မောင်ချောနွယ်နဲ့ဝစနလင်္ကာရ၊ လွမ်းစာ ၊ကမ္ဘာကြီး ရဲ့ကျောက သား၊ပွန်ပီ၊ ၂၀၁၂ ပထမပတ် ရထား၊ထင်းရှူးပြား ဗီရိုကြီး၊ ဇာတ်လိုက်မင်းသား၊ ဘဝရဲ့ ဂျစ်ဆောဂျပ်လေးတွေထဲမှာ၊ ကိုချောပြောတဲ့ ကဗျာအကြောင်း၊ မော်တော်ဆိုင်ကယ် ဒိုင်ယာရီ၊ ကိုချော အမှတ်တ ရ၊ မောင်ချောနွယ်အကြောင်း ဒိုင်ယာရီ၊ မောင်ချောနွယ် တူးဖော်ခဲ့တဲ့ ကဗျာလက်ယက်တွင်းများ၊ ကိုယ်တော်ချောနှင့် ဆေးလိပ်အသစ်ကလေး၊ စံညိမ်းဦးရဲ့အ မှတ်တရ၊ ဗိုချောသို့၊ ဗိုချော အမှတ်တရ၊ ကိုချောရဲ့ဇာတိ၊ကျွန်တော်၊ကိုချောနဲ့ညနှစ်ည၊ အမျိုးကောင်း သားကြီး၊ ကျွန်တော်သိတဲ့ ကိုချော၊ နှစ်ထပ် သင်္ဘောမြို့နှင့်မြစ်အောက်ကမြို့တို့တွေ့ဆုံခြင်း၊ နာကျင်မှု၏အခြားတစ်ဖက်မှ ရထား၊ ဆက်သွား၊ အပ်ချုပ်သမား ရန် ကုန်မြို့ကြီး၊ နာကျင်မှု၏အခြားတစ်ဖက်မှ ချန်ထားသော အရက်ခွက်များ၊ ကျွန်တော့် ရင်ထဲက လူလွန်မသားကြီး သို့မဟုတ် မောင်ချောနွယ်၊ ကိုချောလာတဲ့တစ်နေ့၊ ဖျတ်ခနဲပုံရိပ်များနဲ့မောင် ချောနွယ်၊ ကိုချောသို့၊ အမှာစာ၊ မောင်ချောနွယ်၊ ငွေယံဦးနဲ့ကျွန်တော်၊ ထက်ရာဇာရဲ့ အမှတ်ရမှုတစ်ခု ၊ မောင်ချောနွယ်၊ လမ်းရွေး မှားသူမြစ်၊ ကဗျာရေးသူ တစ်ဦးရဲ့အမှတ် ရချက်များ၊ မောင်ချောနွယ်ချန်ထားခဲ့တဲ့ အရက်၊ မောင်ချောနွယ်တို့ ကမ္ဘာ ၃၊ ၉၊ ၂၀၀၃၊ ကမ္ဘာကြီးရဲ့ မောနင်းပက် သို့မဟုတ် တစ်မနက်၊ ဟိမဝန္တာ ကျားသစ်နက်ကြီးသို့ လွမ်းဆွတ်ခြင်း တို့ပါဝင်ပါတယ်။

မျိုးဆက် ၃ဆက်နီးပါး အသက် ဝါ တန်း စုံလင်တဲ့ ကဗျာဆရာများကတော့ မောင်သင်းခိုင်၊ သုခမိန်လှိုင်၊ အောင်ချိမ့်၊ မောင်စမ်းအေး(သဲကုန်း)၊ ကိုငြိမ်း(မန္တလေး) ဟင်္သာတ မောင်နွယ်ထွဋ်၊ ခေါင်ခါးခါး(ကလေး)၊ မိုးဃ်ဇော်၊ ဇေယျာလင်း၊ ဂျွန်ဘွား၊ မင်းဆွေနှစ်၊ ပြေမြင့်၊ အိုအောင်၊ လှိုင်းထက်၊ ဟိန်းမြတ်ဇော်၊ သစ်ငြိမ်း၊ ငွေယံဦး၊ ဥက္ကာကျော်၊လူဆန်း၊ ဝေမှူး သွင်၊ တိုးနှောင်မိုး၊ ကောင်းဟန်၊ ညွှန့်သစ်၊ သော်ဒီဝေ၊ အောင်ဝေး၊ ထွန်းဝေမြင့်၊ လီကီ၊ မောင်ခိုင်လတ်၊ ခင်အောင်အေး၊ မောင်သိန်းဇော်၊ သြဂတ်စ်လင်း၊ မချော၊ ဝင်းမောင်၊ နိုင်းနိုင်၊ ဇော်ဝေ၊ စံညိမ်းဦး၊ မိုးကျော်သူ၊ ဖေစိုးအောင်၊ ဆာအို၊ ဝေး ခေါင်၊ မော်မင်းသန်း၊ ဗညားလှိုင်ဦး၊မျိုးသန့်၊ မိုးမင်းသိမ်း၊ ခက်ထန်ပိုင်စိုး၊ မောင်ဖီလာ ၊ဝင်းမြင့်၊ မိုးဝေး၊ မောင်သက်ငြိမ်၊ ထက်ရာဇာ၊ ကြည်ဇော်အေး၊ သစ်ကောင်းအိမ်၊ စိုင်းဝင်းမြင့်၊ အောင်ခင်မြင့်၊သည်မော်နိုင်၊ ဒေါက်တာလွမ်းဆွေ၊ ပြည် အောင်ဇော်မိုးတို့ ပါ ဝင်ပါတယ်။

စာအုပ်ရဲ့နောက်ဆုံးပိုင်းမှာတော့ ကဗျာဆရာမောင်ချောနွယ်ရဲ့ထွက်ရှိပြီး စာအုပ်များမှာ မပါဝင်သေးတဲ့ ကဗျာ၊ စကားပြ များ ပါဝင်ပါတယ်။

ငါတို့ဟာ ပလိန်းကိတ်တွေ ဖြစ်တယ်၊ ပဲခူးပွဲတော်ည ၊ သုညသီအိုရီဖြင့် ဖြစ်တည်နေသော၊ဒုတိယ ရောဂါ၊ ကမ္ဘာကြီး၊ လက်ဝှေ့၊ နွေဦးဝိုင်၊ ဆရာဝန်မလေးနဲ့ တောသုဿာန်၊ ဝှက်ဖဲ၊ ဂီတအပြာ၊ မငွေတင်ရဲ့ဆန်အရက်၊ ကြေကွဲမှုအရောင်၊ ဘတ်စ်မှတ်တိုင်၊ သေခြင်းတရားနဲ့ ဝိုင် စတဲ့ကဗျာတွေပါဝင်သလို သစ်သားဘတ်စ်ကားနှင့် ခရီးစဉ်၊ မိုးရွာထဲမှာကွယ်၊ တင့်တင့်နှင့်တင့်တယ်တယ် ထင်သလား ဒိုင်နိုဆောနဲ့ နှစ်သစ်ကူးပွဲတော်၊ သက်ထားချစ်တာ ကိုရိုလာစတဲ့ မောင်ချော နွယ်ရဲ့စကားပြေတွေ ပါဝင်ပါတယ်။

ကဗျာဆရာဘဝမှာ ကဗျာရေးသားခြင်းဟာ နေ့စဉ်ရုံးတက်ရုံးဆင်းဆောင်ရွက်နေထိုင်ခဲ့လို့ပဲ မောင်ချောနွယ်ကဗျာတွေဟာ လူထုကြားအောင်မြင်ကျော်ကြားခဲ့တာအပြင် မောင်ချောနွယ်ရဲ့ကဗျာအပေါ်ထားတဲ့ ခံယူချက်ရပ်တည် ချက်များကို သိချင် တယ်ဆိုရင် အမှတ်တရစာတွေမှာ မောင်ချောနွယ်ချစ်သူများရေးထားတာတွေကို မမေ့မလျော့ ဖတ်ရှုဖို့ လိုပါတယ်။

ကဗျာအပေါ်ထားတဲ့သဘောာထားရပ်တည်များကို ကမ္ဘာကျော်မြို့ပိုင်ဆိုတာ မရှိဘူး၊ ကမ္ဘာကျော်ကဗျာဆရာပဲရှိတယ် အ ဖေ။ ကဗျာဆိုတာ ခရီးရှည်ချီတက်ပွဲကွ။ ကဗျာဆရာသေရင် ကဗျာတွေနဲ့ သရဏဂုဏ်တင်ရမယ်၊ ကဗျာဆိုတာ တော်ဝင် အမျိုးသမီးကွ ဦးစွန်းဖုတ်ကေနဲ့ လာဖန်လို့မရဘူး၊လူလည်လုပ်နည်းနဲ့မကြီးပွားချင်ဘူးပေါ့ကွာ၊ အဲဒီလို စိတ်မျိုးကလည်း တကယ့်ကဗျာဆရာအစစ်တွေမှာသာ ရှိတာ၊ အတုတွေမှာ မရှိဘူး။ စတဲ့ ခံယူချက်များကို ဖတ်ရပါတယ်။

အသက်၁၉ နှစ်ကစလို့ ကဗျာဆရာဘဝကို ရရှိပိုင်ဆိုင်ခဲ့တဲ့ ကဗျာဆရာမောင်ချောနွယ်ဟာ၂၀၀၂ ခုနှစ် စက်တင်ဘာ၃ရက် အသက်၅၄မှာ ကွယ်လွန်ခဲ့တာဆိုတော့ ယခုသက်ရှိထင်ရှားရှိမယ်ဆိုရင် အသက်(၇၀)နှစ်ပြည့်ပြီလည်း ဖြစ်ပါတယ်။

ဆယ်တန်းစာမေးပွဲမှာ ဂုဏ်ထူး၂ခုရပါရဲ့၊မြို့ပိုင်ကြီးသားဖြစ်ပါရဲ့၊ တဆင့်စကားကြားခဲ့ရတဲ့ စိန်ကို ပြည်တောင်းနှင့်ချမ်း သ ကြွယ်ဝခဲ့ပါရဲ့။ ကဗျာမှကဗျာ သစ္စာရှိရှိ ကာကွယ်စောင့်ရှောက်ခဲ့လို့သာ ကွယ်လွန်ပြီး ၁၆နှစ်တိုင် တသအောက်မေ့ရတာ ဖြစ်ပါတယ်လို့ ဆိုလိုက်ရပါတယ်။
↧

ကာတွန်း နေညိုအေး (ဥသျှစ်ပင်) - သဘောင်္ဝင်သွားမှန်း မသိလိုက်

$
0
0

ကာတွန်း နေညိုအေး (ဥသျှစ်ပင်) - သဘောင်္ဝင်သွားမှန်း မသိလိုက်
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၈
↧

ခင်မောင်ရင် အပါအ၀င် ပန်းချီဆရာ ၂၇ ဦး ပါဝင်ပြသမယ့် Wild Eye ပန်းချီပြပွဲ

$
0
0

ခင်မောင်ရင် အပါအ၀င် ပန်းချီဆရာ ၂၇ ဦး ပါဝင်ပြသမယ့် Wild Eye ပန်းချီပြပွဲ
K  (မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၈


Wild Eye အမည်ရတဲ့ ၁၆ ကြိမ်မြောက်စုပေါင်းပန်းချီပြပွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြိှု့နယ် အောင်ဆန်းကွင်း မြောက်ဘက်တိုက်တန်း အမှတ်၂၃ ရှိ Ok Art Gallery မှာ စက်တင်ဘာ ၃ ရက်နေ့မှ ၈ရက်ထိ ပြသသွားမယ်လို့သိရ ပါတယ်။

ပါဝင်ပြသမယ့် ပန်းချီဆရာများကတော့ ခင်မောင်ရင်၊ အောင်မြင့်၊ ကြီးမြင့်စော၊ ၀င်းဖေ၊ ဆန်နီငြိမ်း၊ ဇော်လူမင်း၊ စံမင်း၊ မေသက်မာ၊ ခင်ခင်စိုး၊ အုန်းအုန်း၊ တီတို၊ ညိုဝင်းမောင်၊ အောင်ကျော်မိုး၊ ဇေယျ၊ စိုးနိုင်၊ အောင်ဝင်း၊ ဇော်ဇော်၊ မိုးကျော်သူ၊ ရဲမင်း၊ Ko Sid၊ K2K၊ အုန်းခိုင်ဇင်၊ ဇေယျာမျိုးသန့်၊ သစ်နေဆန်း၊ Oliver Ko lay၊ သန်းဌေး၊ ဇော်ဇော်ပိုက်ထွေးတို့ဖြစ်ပါ တယ်။

၆ ရက်ကြာပြသမယ့် အဆိုပါပန်းချီပြပွဲကို ဖွင့်ပွဲရက် စက်တင်ဘာ ၃ရက် နံနက်၁၁နာရီမှ စတင်ကာပြသမှာဖြစ်ပြီး ပြပွဲ ရက်များအတွင်း မနက် ၉ နာရီမှ ညနေ ၆ နာရီထိပြသသွားမယ်လို့သိရပါတယ်။

↧

အောင်ဝေး - ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၄ )

$
0
0

အောင်ဝေး - ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၄ )
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၈


အတိတ်ပင် နဲ့ အဆိပ်ပင်။

ရာဇ၀င်ခန်း၊ လွမ်းမှုပြုလေ။
ပြည်ထောင်စုကို၊ ညီအောင်ပြုလေ။

မေတ္တာစုလေ၊ သစ္စာပြုလေ။
ပြည်သူ့မျက်ရည်၊ အက်စစ်ဖြစ်စေ။

ပြည်သူတွေ
မျက်ရည်ချောင်းစီးတော့
အက်စစ်မြောင်းကြီးဖြစ်ပေါ့ ။

ဒီမြောင်းထဲ
ခေတ်ဟောင်း၊ စနစ်ဟောင်း
အစိုးရဟောင်း၊ အာဏာရှင်ဟောင်း
မကောင်းတဲ့အဖြစ်
စစ်ပွဲတွေ
ပစ်ထည့်၊ ပစ်ထည့်။

မအိပ်ခင်
နာကျင်စိတ်နဲ့
အတိတ်ပင်လား၊ အဆိပ်ပင်လား
စဉ်းစား၊ စဉ်းစား။

အတိတ်ပင်က
အနာဂတ်ကို ရှင်စေတယ်။

အဆိပ်ပင်ကျ
ကာလသုံးပါး သေစေရဲ့။

အတိတ်ပင်
ရေလောင်း။

ဘယ်တော့မှ
အဆိပ်ပင်
အက်စစ်လောင်းဖို့ မမေ့နဲ့။ ။

ေ အ ာ င္ ေ ၀ း
(၈- ၃၁- ၁၈)
↧
↧

ဟိုက်ရှားဘား - အကျဉ်းစံ

$
0
0
အကျဉ်းစံ
ဟိုက်ရှားဘား
(မိုးမခ)စက်တင်ဘာ ၁၊ ၂၀၁၈
 
ထွေးငယ်သည် သာလိကာလေး မဲတူးကိုသနားသည်။ သူ့အကြောင်းတွေးမိတိုင်း ရင်ထဲတွင် နာကျင်ရလေသည်။
"အတောင်ပံတွေရှိပေမယ့် လွတ်လွတ်လပ်လပ်ပျံခွင့်မရရှာဘူး။ ဆိုးလိုက်တဲ့ ကံကြမ္မာရယ်"
 

သူမဘဝနှင့် မဲတူးဘဝကိုတွေး ကြည့်ပြီး ပို၍ပင် ဝမ်းနည်းရလေသည်။ 

ထွေးငယ်သည် သခင်မဒေါ်ခင်မေ နေ့စဉ် မနက်ဘုရားရှစ်ခိုးပြီးတိုင်း စွန့်သောသစ်သီးတချို့ကို မဲတူးကို ကျွေးရသည်။ အများဆုံးကျွေးရသည်မှာ ငှက်ပျောသီး...။

သခင်ကြီးရွှေဝင်းက ငှက်ပျောသီးအလွန် ကြိုက်သည်။ ထို့ကြောင့်ပင် နေ့စဉ်နီးပါး ဘုရားဆွမ်းတော် အတွက် ငှက်ပျောသီးကပ်သည်။ ပွဲတော် စွန့်လျှင် ငှက်ပျောသီးကို သခင်ကြီးရွှေဝင်း အများဆုံးစားသည်။ မဲတူးကတော့ အများဆုံးစား "ရ "သည်။ မဲတူးကသိပ်စားချင်ပုံမပေါ်။

လှောင်အိမ်တခုလုံးငှက်ပျောသီး ပြဲပြဲများ နှင့် ပေပွနေသည်။ ထွေးငယ်အမြဲဆေးပေးရသော်လည်း မညည်းညူပေ...။ ဘဝတူမို့လားမသိ ကိုယ်ချင်းစာမိလေသည်... မဲတူးကို ဒီဘဝမှ လွတ်မြောက်စေ ချင်လှသည်...။

ထို့ကြောင့် တအိမ်သားလုံး အိပ်နေသည့် ညဥ့်နက်နက်တွင် အိမ်အပေါ်ထပ်ဝရန်တာသို့သွား၍ လှောင်ချိုင့် တံခါးကို တိတ်တဆိတ်ဖွင့်ထားပေးသည်။

နံနက်လင်းသော် မြေးမလေး "စိမ်းမြစစ်အောင်"က အထိတ်တလန့်နှင့် "ဘွားဘွားရေ... မဲတူးလေး မရှိတော့ဘူး... လွတ်သွားပြီ..."

တအိမ်လုံးပေါ်သို့ မုန်တိုင်းတလုံး ကျရောက်သွားသည်။ မုန်တိုင်းဒဏ်အများဆုံးခံရသူက ထွေးငယ်...။
"ညည်းကို အစာကျွေးပြီးတိုင်း လှောင့်ချိုင့်တံခါးကို သေသေချာချာပိတ်ထားပါလို့မှာထားပါရက်နဲ့ ဘာအခုမှအစာကျွေးပြီး တံခါးပိတ်ဖို့မေ့သွားရတာလဲ"

ဒေါ်ခင်မေ၏အသံကို လမ်းမကပင်ကြားနိုင်လေသည်။

ထွေးငယ်၏ခန္ဓာကိုယ်တွင် အညိုအမဲကွက်များနှင့် အရှိုးရာများထပ်နေသည်။ သို့သော် သူမကြိတ်မှိတ် ခံသည်။ ဘဝတူတခု လွတ်မြောက်သွား၍ ကြိတ်ပြီးဝမ်းသာရသည်။
သိုသော့် ၃ ရက်အကြာ နံနက်ခင်းတွင် လှောင့်ချိုင့်ထဲ၌ မဲတူး ပြန်ရောက်နေသည်ကို ထွေးငယ်တအံတဩ တွေ့လိုက်ရလေသည်။

တံခါးပွင့်နေသော်လည်း လှောင်ချိုင့်ထဲမှထွက်မပြေးတော့ချေ...။ ငှက်ပျောသီးကိုလည်း အငမ်းမရစားနေလေသည်။
ထွေးငယ်မှလွဲ ၍ တအိမ်လုံး ဝမ်းသာကြလေသည်။
ထိုညတွင် ထွေးငယ် စေ့စေ့တွေး၍ ဝမ်းနည်းစွာသိလိုက်ရသည်မှာ ...

မဲတူးသည် "မိမိသဘာဝနှင့် လွတ်လပ်စွာအသက်ရှင်နေထိုင်၍မရလောက်အောင်ကို သူ့ဘဝ ဘောင်ခတ်ထားသော ပုံစံခွက်အတွင်း သွတ်သွင်းခံလိုက်ရလေပြီတကား..."

ဟိုက်ရှားဘား


↧

အစိုးရကိုဝေဖန်လေ့ရှိသည့် ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ပါတီတာဝန်မှရပ်စဲခံရ

$
0
0



အစိုးရကိုဝေဖန်လေ့ရှိသည့် ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ပါတီတာဝန်မှရပ်စဲခံရ
ဖြိုးသီဟချို /Myanmar Now (မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၈


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျနှင့် ၎င်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်တို့ကို ပါတီတာဝန်များမှ အနားပေးလိုက်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ဒေါ်သက်သက်ခိုင်နှင့် ဦးကျော်ဇေယျတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်ပါတီအလုပ်အမှုဆောင် အဖွဲ့ တာဝန်ကို ယူထားသူများဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ မူဝါဒနှင့် လုပ်ပုံကိုင်ပုံများကို ပြင်းပြင်းထန်ထန် ဝေဖန်သူများအဖြစ် လူသိများသူများဖြစ်သည်။

ပါတီက ချမှတ်ထားသည့်မူဝါဒနှင့် လမ်းညွှန်ချက်များကို ချိုးဖောက်၍ ပါတီတာဝန်မှရပ်စဲရခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဒေါက်တာမျိုးညွန့်က ပြောသည်။

“အဓိကကတော့ ပါတီစည်းကမ်းချိုးဖောက်လို့ပါ။ ပါတီတစ်ခုလုပ်တယ်ဆိုရင်အားလုံး ဆွေးနွေးရမယ့် မူဝါဒတွေ၊ လမ်းညွှန်ချက်တွေ ချမှတ်ပြီးသားကို ပါတီဝင်တွေရော ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရော ဒါတွေကို ကျော်လွန်ပြီး လုပ်ဆောင်ခွင့်မရှိပါဘူး”ဟု ၎င်းက ပြောသည်။

ထိုသို့ ကျော်လွန်လုပ်ဆောင်ပါက ပါတီ၏စည်းလုံးမှုပြိုကွဲနိုင်ပြီး ပါတီ၏မူဝါဒများကို အကောင်အထည် ဖော်ရန် ခက်ခဲသွားမည်ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌထံလိပ်မူထားသည့် စာတစ်စောင်ကို ဒေါ်သက်သက်ခိုင်က ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖြန့်ဝေထားရာ ဩဂုတ်လ ၂၅ ရက်နေ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါ်သက်သက်ခိုင်အား ပေးအပ်ထားသော ပါတီတာဝန်များကို ရပ်ဆိုင်းလိုက်သည်ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းလက်မှတ်ဖြင့် ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ပါတီတာဝန်မှရပ်စဲသည်ဟု ဆိုသော်လည်း ပါတီမှထုတ်ပယ်ခြင်းမဟုတ်ဟု ပါတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်၏ ဒဂုံမြို့နယ်ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဦးက ဒေါက်တာ သက်သက်ခိုင်နှင့် ဦးကျော် ဇေယျတို့ နှစ်ဦးမှာ ဒဂုံမြို့နယ် ဒီချုပ်၏ အလုပ်အမှုဆောင်များ ဖြစ်ပြီး ပါတီက ထုတ်ပယ်ခြင်း မရှိသေးကြောင်း သို့သော်လည်း အကြောင်း ပြချက်မရှိ ပါတီ တာဝန်များမှ ရပ်ဆိုင်းလိုက်သည့် အပေါ်တွင် အံ့သြမိကြောင်းပြောသည်။

“သူတို့ နှစ်ယောက်က ဖိုက်တာတွေလေ။ ပြည်သူလူထုကတော့ ကြိုက်မှာပေါ့ဗျာ။ ပါတီ အကြိုက်လိုက်ရမှာလား ပြည်သူလူထုအကြိုက်လိုက်ရမှာလား ဆိုတော့ ပြည်သူလူထုက သူတို့ နှစ်ယောက်ကို မဲပေးထားတာလေ”ဟု ၎င်းက ပြောသည်။

ပါတီတာဝန်မှရပ်စဲကြောင်းစာ မြို့နယ်ပါတီရုံးသို့ ရောက်ရှိကြောင်းသိရသော်လည်း အကြောင်းရင်းကိုတော့ မသိရသေးကြောင်း၊ ပါတီတာဝန်မှ ရပ်ဆိုင်းခြင်းခံရသည့် ပါတီက ခေါ်ယူဆွေးနွေး သတိပေးခြင်း မရှိဘဲ တာဝန်က ရပ်ဆိုင်း ခြင်းခံလိုက်ရသည့် အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ဦးကျော်ဇေယျက ပြောသည်။

“တွေ့ဖို့လဲ မခေါ်ဘူး။ ဖုန်းနဲ့လည်းလှမ်းမပြောဘူး။ ဒီကို စာရောက်လာမှ တရားဝင်သိရတာပေါ့။ ဖုန်းနဲ့ ဖြစ်ဖြစ် လူချင်း ဖြစ်ဖြစ်ခေါ်တွေ့ပြီးတော့ ‘မင်းဘာမှားနေတယ်။ ဒီလိုမလုပ်နဲ့။ ဒီလိုလုပ်ရင် မင်းကို ပါတီက ရပ်ဆိုင်းမယ်’ ဒီလိုဆိုရင်တော့ ကျွန်တော် လက်ခံတာပေါ့ဗျာ” ဟု ၎င်းကပြောသည်။

ဒေါ်သက်သက်ခိုင်ကို ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်းမရှိပါ။

ဒေါ်သက်သက်ခိုင်သည် ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဦးကျော်ဇေယျသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စီမံကိန်းနှင့်ဘဏ္ဍာရေးကော်မတီတွင် အတွင်းရေးမှူး တာဝန်၊ ငွေကြေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်တာဝန်ယူထားကြသူများဖြစ်သည်။ လွှတ်တော်ကော်မတီ တာဝန်များကိုတော့ ပါတီက ရပ်စဲနိုင်ခွင့်မရှိပါ။

ဓာတ်ပုံများ - Kyaw Zay Ya and Thet Thet Khine Facebooks
↧

စာရေးဆရာကြီး ခင်မောင်တိုး(မိုးမိတ်) ကွယ်လွန်၊ ဈာပန စက်တင်ဘာ ၃ရက် ရေဝေးမှာ သင်္ဂြိုဟ်မယ်

$
0
0


စာရေးဆရာကြီး ခင်မောင်တိုး(မိုးမိတ်) ကွယ်လွန်၊ ဈာပန စက်တင်ဘာ ၃ရက် ရေဝေးမှာ သင်္ဂြိုဟ်မယ်
K (မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၈


စာရေးဆရာကြီး ခင်မောင်တိုး(မိုးမိတ်)ဟာ ၂၀၁၈၊ စက်တင်ဘာ ၁ ရက် နံနံက်၂ နာရီအချိန်မှာ မြောက်ဥက္ကလာပဆေး ရုံကြီး၌ ဆေးကုသရင်း လူကြီးရောဂါနဲ့ကွယ်လွန်သွားခဲ့ပြီး ဈာပနအခမ်းအနားကို ရေဝေးသုဿာန်မှာ စက်တင်ဘာ ၃ ရက် ညနေ ၃ နာရီမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ဈာပနအခမ်းအနားကို လိုက်ပါပို့ဆောင်လိုသူများအနေနဲ့ ဆရာ့နေအိမ် အမှတ်၁၈၃၊ ၃လွှာ၊ ၊အောင်သံဖြူဆိုင် အပေါ်ထပ်၊ ဦးချစ်မောင်လမ်းမ၊ (lucky Sevenလက်ဖက်ရည်ဆိုင်နဲ့မျက်နှာချင်းဆိုင်) တာမွေမြို့နယ်ရှိနေအိမ်နဲ့ ဗိုလ် ချုပ်အောင်ဆန်းလမ်း၊ ၃၃လမ်း×၃၄လမ်းကြားရှိ ၀ဇီရာရုပ်ရှင်ရုံရှေ့မှ ကားများထွက်ခွာပေးမှာဖြစ်ကြောင်းလည်း သိရ ပါတယ်။

စာရေးဆရာခင်မောင်တိုး(မိုးမိတ်)ဟာ စာပေလောကထဲကို ပင်ကိုယ်ရေးဝတ္ထုတိုများနဲ့စတင်အခြေချခဲ့ပြီး အင်္ဂလိပ်ဘာ သာရပ်ဆိုင်ရာဟာအုပ်များ၊ နိုင်ငံတကာာ ကလေးပုံပြင်စာအုပ်များ၊ ဟာသ၊ အောင်မြင်ရေး စာအုပ်များကိုရေးသားခဲ့ပြီး မြားနတ်မောင်မဂ္ဂဇင်းမှာ အယ်ဒီတာချုပ်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

ကျွန်တော့်အမေရိက၊ လူ့ဂုဏ်ရည်ဂုဏ်သွေး၊ အရင်က နောက်မှ စဉ်းစား၊ နိုင်ငံရေးလောကဟာသများ၊ ရွှင်မြူး လေ့လာ အင်္ဂလိပ်စာ၊ နေ့စဉ်သုံး အင်္ဂလိပ်အီဒီယံများ၊ ဂျပန်နတ်သမီးပုံပြင်များ၊ အစရှိတဲ့ စာအုပ်များကို ရေးသားခဲ့ပြီး ကွယ်လွန် ချိန်မှာ အသက် ၈၂ နှစ်အရွယ်ရှိ ပြီဖြစ်ပါတယ်။ (ဓာတ်ပုံ- FB)

စာရေးဆရာ ခင်မောင်တိုး(မိုးမိတ်)စာပေနှင့်ဘ၀ ဖြစ်စဉ်မှတ်တမ်း

၁၉၃၆၊ ဇူလိုင်လ ၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့၌ မွေးဖွားခဲ့။ မိဘနှစ်ပါးမှာ ဦးသာဗျောနှင့် ဒေါ်ဒေါ်မှုံ ဖြစ်။ မိုးမိတ်မြို့ အစိုးရအထက်တန်းကျောင်းတွင် သူငယ်တန်းမှ ရှစ်တန်းအောင်သည်အထိ ပညာသင်ယူခဲ့။

မန္တလေးမြို့၊ တိုင်းချစ် အလွတ်ပညာသင်အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့။

မန္တလေးမြို့၊ တိုင်းချစ်အလွတ်ပညာသင်အထက်ကျောင်းမှ ၁၀ တန်းအောင်မြင်ခဲ့။

ဝါဏိဇ္ဇ ဘာသာတွဲဖြင့် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူခဲ့။

ရန်ကုန်တက္ကသိုလ်မှ ဥပစာ ၀ါဏိဇ္ဇတန်းအောင်မြင်ခဲ့။

တောင်ငူမြို့၊ သမ္မတ အလွတ်ပညာသင်အထက်တန်းကျောင်း ကျောင်းအုပ်ရာထူးဖြင့် အင်္ဂလိပ်ဘာသာကိုသင်ပြခဲ့။

အင်္ဂလိပ်စာ ကျူရှင်ဆရာအဖြစ် အသက်မွေးခဲ့။ ကျူရှင်ဆရာအဖြစ် အသက်မွေးနေစဉ်အတွင်းမှာပင် ၀တ္ထုတိုများကို ရေးသားကာ မဂ္ဂဇင်း တိုက်များသို့ ပေးပို့ခဲ့။

ဇွန်လထုတ် ငွေတာရီ မဂ္ဂဇင်းတွင် အဖြေနှစ်ခုဝတ္ထုကို ပထမဆုံး ဖော်ပြခံခဲ့ရ။ သည့်နောက် မိုးဝေစာပေမဂ္ဂဇင်းတွင် ၀တ္ထုတိုများဆက်တိုက်ရေးခဲ့။

ပညာရေးလောကမှ ထွက်ခွာကာ စာပေလောကထဲဝင်ရန် ရန်ကုန်သို့ ပြောင်းရွှေ့လာခဲ့။

ဦးအောင်မြင့် (B.A B.L) နှင့် တွဲ၍ ရွှင်ပြုံးလေ့လာ အင်္ဂလိပ်စာ စာအုပ်ထုတ်ခဲ့။

အင်္ဂလိပ်စာ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်အရေးစာအုပ်ကို အလှဒဿနစာအုပ်တိုက်မှ ထုတ်ဝေခဲ့။

ဖေဖော်ဝါရီလတွင် အိန္ဒိယ ရိုးရာဓလေ့ ပုံပြင်များစာအုပ်ကို အလှဒဿနစာအုပ်တိုက်မှ ထုတ်ဝေခဲ့။

၁၉၉၂ ဇွန်လတွင် နိုင်ငံစုံ ပုံပြင်အလှများ စာအုပ်ကို စည်ဗျောသံ စာပေတိုက်မှ ထုတ်ဝေခဲ့။

၁၉၉၃ ဇွန်တွင် ကျေးတောသားနှင့်နိုင်ငံစုံပုံပြင်အလှများ စာအုပ်ကို စည်ဗျောသံစာပေတိုက်မှ ထုတ်ဝေခဲ့။

၁၉၉၆ ဒီဇင်ဘာလတွင် နဂါးလိုဏ်ဂူနှင့် နိုင်ငံစုံပပြင်များ စာအုပ်ကို ပတ္တမြားငမောက် စာပေတိုက်မှထုတ်ဝေခဲ့။

၁၉၉၇ ဇူလိုင်လတွင် ကုလားအုတ်ဖြူကလေးနှင့် နိုင်ငံစုံပပြင်အလှများ စာအုပ်ကို စည်ဗျောသံစာပေတိုက်မှမှ ထုတ်ဝေခဲ့။

၁၉၉၇ သြဂုတ်လတွင် ဇာတ်တော်လာပုံပြင်များ စာအုပ်ကို လင်းဦးတာရာစာပေတိုက်မှထုတ်ဝေခဲ့။

၁၉၉၈ နိုဝင်ဘာလတွင် မော့ရင်း ရယ်စရာ အရက်လောကဟာသများ ဘာသာပြန်စာအုပ်ကို ကြယ်စင်လင်းစာအုပ်တိုက်မှ ထုတ်ဝေခဲ့။

၁၉၉၉ ဇန်န၀ါရီလတွင် ငှက်တံတားနှင့် နိုင်ငံစုံပပြင်များ စာအုပ်ကို ပတ္တမြားငမောက် စာပေတိုက်မှ ထုတ်ခဲ့။

၁၉၉၉ ဖေဖော်ဝါရီတွင် ကောင်းကင်ထဲကကြယ်ကလေးတွေနှင့် နိုင်ငံစုံပပြင်များ စာအုပ်ကို ပတ္တမြားငမောက်စာပေတိုက်မှ ထုတ်ဝေခဲ့။

၁၉၉၉ ဧပြီလတွင် ဖြစ်နိုင်တယ်ထင်စမ်းပါ၊ ဖြစ်ပါတယ်ဘာသာပြန်စာအုပ်ကို ပန်းရွှေပြည် စာအုပ်တိုက်မှ ထုတ်ဝေခဲ့။

၁၉၉၉ ဒီဇင်ဘာလတွင် နိုင်ငံတကာ စကားပုံများစာအုပ်ကို အရုဏ်ကောင်းကင် စာအုပ်တိုက်မှ ထုတ်ဝေခဲ့။

၂၀၀၀ မတ်လတွင် မှန်ကန်တဲ့ဆုံးဖြတ်ချက် ဘယ်လိုချမလဲ ထုတ်ဝေခဲ့။

၂၀၀၀ မတ်လတွင် ကျွန်တော့်အမေရိကကို စာပေလောကစာအုပ်တိုက်မှ ထုတ်ဝေခဲ့။

၂၀၀၀ ဧပြီလတွင် ဖားမင်းသားနှင့် နိုင်ငံစုံပပြင်များ ထုတ်ဝေခဲ့။

၂၀၀၀ သြဂုတ်လတွင် ကလေးများအတွက် ဘ၀တစ်သက်တာ နိုင်ငံတကာဗဟုသုတအဖြာဖြာ ထုတ်ဝေခဲ့၊

၂၀၀၀ စက်တင်ဘာလတွင် အမြင်အကြားပါဗျ လင်မယားဟာသ ထုတ်ဝေခဲ့။

၂၀၀၀ ဒီဇင်ဘာလတွင် ယူဟိန်း သို့မဟုတ် သေမိန့်နှင့်အတူမွေးဖွားလာသူ ထုတ်ဝေ။

၂၀၀၁ မတ်လတွင် ရင်ကွဲအသည်းကြွေနှင့် နိုင်ငံတကာ ၀တ္ထုတိုများ ထုတ်ဝေခဲ့။

၂၀၀၁ ဧပြီလတွင် အချစ်ဖန်လုံးကလေးနှင့် တရုတ်၊ ဗီယက်နမ် ပုံပြင်များထုတ်ဝေ။

၂၀၀၁ မဂ္ဂဇင်းအချို့နှင့် ဂျာနယ်အချို့တွင် ကိုယ်တိုင်ရေးဝတ္ထုတိုများ၊ ဘာသာပြန်ဝတ္ထုတိုများ၊ ဆောင်းပါးများ၊ ဟာသအတိုအထွာများကို လစဉ်ရေးသားခဲ့။

↧

အေးငြိမ်း - ပုဏ္ဏား ခြောက်ယောက်နှင့် ကျွန်ုပ်အကြောင်း

$
0
0


အေးငြိမ်း - ပုဏ္ဏား ခြောက်ယောက်နှင့် ကျွန်ုပ်အကြောင်း

(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၈

နိဒါန်း
ကျွန်ုပ် ယခုပြောမည့်အကြောင်းအရာများကား အများမကြိုက်နိုင်မည့်၊ သဘောမတူနိုင်မည့် အကြောင်းအရာများဖြစ်နိုင်ပါသည်။
ကျွန်ုပ်တွေးမိတာများကိုသာ တင်ပြတာဖြစ်ပြီး မိတ်ဆွေတို့ကို ကြိုက်ရမည်၊ သဘောတူရမည်ဟု မဆိုလို။
ကျွန်ုပ်ပြောတာကို သဘောမတူပါကလည်း လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။
သဘောကွဲလွဲပိုင်ခွင့် လူတိုင်းမှာရှိ၏။

(၁) သိတာနှင့် ကျင့်ကြံတာကွာခြားပုံ
ရှေးလူကြီးများသည် ပုံဝတ္ထုများကို အလကားထားခဲ့တာမဟုတ်။
သူတို့ ဘဝအတွေ့အကြုံများမှ နောင်လာနောက်သားတို့ မမှားတန်တာ မမှားရအောင် ပုံဆောင်ကာ ထားခဲ့ခြင်းဖြစ်၏။
သူတို့ပုံဆောင်ထားခဲ့တာကို ကျွန်ုပ်တို့ ဖတ်မှတ် နာကြားကြရ၏။
ဘာကိုဆိုလိုမှန်း အဓိပ္ပာယ်ကိုလည်း သိသယောင်ယောင် ရှိကြ၏။
သို့တိုင် တကယ်သိသလားဆိုတော့ မသိ။ ကိုယ့်ဘာသာ သိသည်ဟု ထင်နေကြခြင်းသာ ဖြစ်လေသည်။
တကယ်မသိလို့သာ တကယ် မကျင့်ကြခြင်း ဖြစ်လေသည်။
အမှန်တကယ် ရင်ထဲအသည်းထဲ နှလုံးသားထဲမှ ကျကျနန နားလည်သွားပါမူ သည်မျှ သွဲတလောက်များ ဖြစ်နေစရာမရှိ။

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က မြတ်စွာဘုရားသာသနာတွင် ဘုရားဟောတရားတော်များကို သိသည့်အရာ၌ အရှင်အာနန္ဒာအပြင် နှစ်ယောက်မရှိ။ သို့မို့ကြောင့်ပင် ဓမ္မဘဏ္ဍာဂါယိကဟု ဘွဲ့တွင်သည် မဟုတ်တုံလော။
သို့တိုင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသည့်တိုင် အရှင်အာနန္ဒာမှာ တရားမရသေး။
သိရုံမျှနှင့် တရားရရပါမူ သည်လောက်တောင် ကြာနေစရာ အကြောင်းမရှိ။ အစောကြီးကတည်းက တရားရနေလောက်ပြီ။
ဤသည်က အသိနှင့်မလုံလောက် တကယ်ကျင့်ရန်လည်း အရေးကြီးသေးကြောင်း သက်သေပြနေ၏။

ဤသည်ကို ကြံစည်၍သိသော စိန္တာမယဉာဏ်၊ သူများပြောတာဖတ်ဖူး ကြားဖူး၍သိသော သုတာမယဉာဏ်၊ ကိုယ်တိုင် လက်တွေ့ အားထုတ်ပြီးမှသိသော ဘာဝနာမယဉာဏ် ဟု ဗုဒ္ဓဘာသာစာပေများတွင် ဖတ်ဖူးပါသည်။

မြတ်စွာဘုရားသည် တရားတော်များစွာ ဟောပြောခဲ့၏။ လူပြိန်းများနားလည်ရန် ပုံအမျိုးမျိုးဆောင်ကာ ဟောပြောပြသ ဆိုဆုံးမ ခဲ့၏။ ကျွန်ုပ်တို့သည် သုတ္တံတရားတော်များစွာကို နာကြားခဲ့ကြဖူး၏။ ဗုဒ္ဓဘာသာမှန်လျှင် ၅၅၀ ဇာတ်တော်များဆိုတာ မသိသူမရှိ။

ဤသုတ္တံတရားတော်များဟူသည် အပျင်းပြေစေရန် ပုံပြောနေခြင်းမဟုတ်ဆိုသည်ကို နားလည်ထားရပါမည်။ ငါတော့ ဒီလိုတွေ မှားခဲ့တယ်။ နင်တို့ အဲသလိုမမှားကြနဲ့။ ငါ ဟောသည်လိုတွေ လုပ်ခဲ့တယ်။ နင်တို့လည်း အဲသဟာကို အတုယူလုပ်ကြဟု ဘုရားက လူအများ နားလည်အောင် ဥပမာ၊ ဥပမေးယျများဖြင့် ဆိုဆုံးမခဲ့ခြင်း ဖြစ်၏။

သို့တိုင် ကျွန်ုပ်တို့မှာ တရားပွဲပြီးသွားသည်နှင့် သာဓု၊ သာဓု၊ သာဓု ဆိုကာ ဦးသုံးကြိမ်ချလျက် ဖုတ်ဖက်ခါ ထပြန်ခဲ့ကြသည်သာ ဖြစ်သည်။ တရား၏ အနှစ်သာရကို ရလိုက်သူမှာ ရာခိုင်နှုန်းအလွန့်အလွန် နည်းလှ၏။ အကယ်၍သာ တရားနာတိုင်း တရားရရပါမူ မြန်မာပြည်ကြီး ဤသို့ပင် ဖြစ်နေစရာအကြောင်းမရှိ။ ဗုဒ္ဓဘာသာမှန်လျှင် တရားပွဲသို့ အနည်းဆုံး ဆယ်ခါလောက်တော့ သွားဖူးကြ သူချည်းဖြစ်၏။ သို့တိုင် ထို တရားပွဲသို့ ဆယ်ခါမက သွားခဲ့သူများသည် ဆယ်ဆလောက် ပိုလိမ္မာလာပါသလား။ ဆယ်ဆလောက် အသိတွေ ပိုတိုးလာပါသလား။

ယခင်ခေတ်အခါများကနှင့်စာလျှင် ယနေ့ခေတ်သည် တရားပွဲအလွန်များသည့်ခေတ် ဖြစ်၏။ လမ်းထိပ်များတွင် ဘယ်နှစ်ဘွဲ့ရ ဆရာတော်၊ ဘာဆရာတော် စသည်ဖြင့် ဇာတ်မင်းသားများထက် သားနားလှပသော ဘုန်းကြီးများကို ၅ ပါးပြိုင်၊ ၇ ပါးပြိုင် ကြေငြာ ထားလိုက်သည်မှာ ယခင့်ယခင်က စိန်အောင်မင်း၊ စိန်မာဒင်၊ မိုးမင်းမိုးဝင်း ဇာတ်သဘင်ကြော်ငြာများ ရှုံးလောက်ပါပေသည်။

တရားပွဲလုပ်လိုက်သမှ (လူသွားလူလာလမ်းကလေးမှ ချန်ထားမပေး) လမ်းတစ်လမ်းလုံးအပြည့်ခင်းကာ အသားကုန်တရားနာကြ ၏။ (ကျွန်ုပ်ပြောတာ လွန်လွန်းလှသည်ဟု ထင်သူများ ကျွန်ုပ်ထံ messenger မှ လှမ်းမေးပါ။ နေရာအတိအကျညွှန်ပြပါမည်။) တရားပွဲများ များလာသလောက် ဒုစရိုက်မှုများလည်း ထူပြောလာ၏။ ယခင့်ယခင်က မကြားခဲ့ဖူးသော ဒုစရိုက်မှုမျိုးစုံကို ယခု ကြားကြရ၏။ ဒုစရိုက်မှုများမှာ တစ်နေ့တစ်မျိုးမရိုးရ။ အရက်ဖိုးမပေးသောကြောင့် လင်က မယားကို ဓားနှင့်ထိုးသတ်သည်။ မူးလာသည့်လင်ကို မယားက ဓားဖြင့်ခုတ်သတ်သည်။ အရက်ဝိုင်းတွင် စကားများကြရာမှ သတ်သည်။ ဘာမှ အဖိုးမတန်သည့် ပစ္စည်းကလေးနှင့်လူသတ်သည်။ ဘုန်းကြီးက ဒကာမကို မုဒိန်းကျင့်သည်။ အရှက်ကြောင့် ထုတ်ဖော်မပြောရဲသောကြောင့် ဗိုက်ကြီးရသည်။ ဖအေလုပ်သူက သမီးကို မုဒိန်းကျင့်သည်။ လူလားမမြောက်သေးသည့် မိန်းကလေးကို မုဒိန်းကျင့်သည်။ အားလုံးမှာ မကြားဝံ့မနာသာချည်း ဖြစ်၏။

အဲဒီလူတွေက တရားပွဲကို တစ်ခေါက်မှ မရောက်ဖူးကြသူတွေကွ ဟု ဆိုလာသည်ဖြစ်အံ့။ ထိုသူများသည်လည်း တရားပွဲများကို တစ်နည်းမဟုတ် တစ်နည်းနှင့် ရောက်ဖြစ်ကြမည် မလွဲ။ ယခုမှ ပြည်သူတွေ အော်လွန်းသဖြင့် လော်စပီကာကြီးတွေ ဇာတ်သိမ်း သွားကြသည်။ (ဇာတ်သိမ်းသွားပြီ ထင်ပါ၏။ ကျွန်ုပ်မှာ မြန်မာပြည်နှင့် အဆက်ပြတ်နေ၍ ဇာတ်သိမ်းမသိမ်း၊ သေသေချာချာ မသိပါ။) ယခင့်ယခင်ကာလများဆီက တရားတော်များကို တရွာလုံးကြားအောင် လော်ကြီးတွေနှင့် အသားကုန်ဖွင့်ကြတာ ဖြစ်၏။ ထို့ကြောင့် လူတော်တော်များများမှာ ဗုဒ္ဓတရားတော်များအား (အနည်းနှင့်အများ) နားရည်ဝပြီးသားချည်း ဖြစ်သည် (ဟု ယူဆလို့ ရပါသည်။)

ဤသည်မှာ အဘယ်ကြောင့်ပါနည်း။ သိသလိုလိုနှင့် တကယ်မသိ၍ဖြစ်၏။ သိသလိုလိုရှိတာကလေးကိုလည်း တကယ် မကျင့်ကြ၍ ဖြစ်ပါသည်။

(၂) မျက်မမြင် ပုဏ္ဏား ၆ ယောက်
ကျွန်ုပ်တို့ငယ်စဉ်က မျက်မမြင် ပုဏ္ဏား ၆ ယောက်အကြောင်း သင်ခဲ့ရ၏။ မျက်မမြင်ပုဏ္ဏားများသည် ဆင်ကြီးကို တစ်ယောက် တစ်နေရာစီက စမ်းကာ -
ဆင်ဆိုတာ မြွေနဲ့တူသကွ။
ဟာ ဘယ်ကသာ၊ ဆင်ဆိုတာ ယပ်တောင်နဲ့တူတာကွ။
သယ်ရင်းတို့၊ မင်းတို့လွဲနေပြီ။ ဆင်ဆိုတာ နံရံကြီးနဲ့ တူတာလကွ။
ဟားဟားဟား၊ မင်းတို့ကောင်တွေ တစ်ကောင်မှ မမှန်ဘူး။ ဆင်ဆိုတာ တိုင်လုံးကြီးနဲ့တူတာကွ စသဖြင့် ငြင်းကြလေ၏။
(အကယ်၍သာ ထိုခေတ်က ဖေ့စ်ဘုတ်ဆိုတာကြီး ရှိနေလျှင် ဆင် (ယပ်တောင်) ပါတီ၊ ဆင် (မြွေ) ပါတီ၊ ဆင်(တိုင်လုံး) ပါတီ စသဖြင့် ပါတီ ၆ ခု ကွဲစရာရှိလေသည်။ ဤကား စကားချပ်)

ဤပုံပြင်မှာလည်း ပျော်ပါစေဟု ဖတ်ကောင်းရုံ သင်ပေးနေတာမဟုတ်။
ငါ့တွေ့သမျှလေးနဲ့ ရမ်းမပြောကြနဲ့၊ မှားတတ်သည် ဟု သင်ခန်းစာပေးထားတာ ဖြစ်၏။

သို့သော် ကျွန်ုပ်တို့သည် ဤအဆုံးအမကို လိုက်နာကြပါ၏လော။ ဝေးစွ။
အဘယ်ကြောင့် မလိုက်နာသနည်း။ ပုဏ္ဏားများကို ပုဏ္ဏားအဖြစ်သာ မြင်နေပြီး ငါ့ကိုပြောနေတာပါလားဟု မသိ၍ ဖြစ်၏။ တစ်နည်းအားဖြင့် သိသလိုလိုသာရှိပြီး တကယ့်အနှစ်သာရကို ဆုပ်မိကိုင်မိ မသိသေးသောကြောင့် ဖြစ်၏။

များမကြာမီက တက္ကသိုလ်တစ်ခုမှ ပါမောက္ခချုပ်တစ်ဦးကို နေရာအပြောင်းအရွှေ့လုပ်သည့်ကိစ္စနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်တွင် ရေးသားကြသည်များကို ဖတ်ရပါသည်။ နောက်ပြီး အောက်က ကွန်မင့်များကို လိုက်ဖတ်တော့ အများစုမှာ မျက်မမြင် ပုဏ္ဏား ခြောက်ယောက်လို ကိုယ်မြင်သမျှလေးနှင့် ဝိုင်းတုတ်နေကြမှန်း အလွန်သိသာလှပါသည်။ ကျောင်းသားသမဂ္ဂဘက်ကလည်း ပြန်လည်ချေပ၏။

ဖေ့စ်ဘုတ်ဆိုသည့်အရာမှာ အရာအားလုံးကို ချပြလို့ ရစကောင်းသော နေရာမဟုတ်။ ချပြလို့လည်း မရနိုင်။ ချပြစရာလည်း မလို။ ထို့ကြောင့် ဖေ့စ်ဘုတ်တွင် ကျွန်တော်တို့ဖတ်ရသော သတင်းများကို စဉ်းစားချင့်ချိန်ယုံရပါမည်။ သတင်းကိုဖော်ပြသူသည် သတင်းအတိုင်း ဖော်ပြထားတာဆိုလျှင် ကိစ္စမရှိ။ ဥပမာ - မည်သည့်မြို့တွင် မည်သည့်နေ့ရက်က မည်သူ့ကို ဓာတ်လိုက်လို့ သေသည်။

သို့သော် သတင်းကို အရင်းအတိုင်းမဖော်ပြဘဲ ၎င်း၏ အာဘော်များပါ ထည့်ရေးထားတာဖြစ်ပါမူ သူရေးထားသည့် အပေါ် မူတည်ကာ သတင်းမှန်နှင့် ကင်းကွာသွားနိုင်ပါသည်။ ပုံနှိပ်သတင်းများသည်ပင်လျှင် သတင်းရေးသူအပေါ်မူတည်၍ သတင်း၏ အဖိအဖော့၊ အလေးအနက်၊ ဇောင်းပေးမှု စသည်တို့မှာ ကွာသွားနိုင်သေး၏။ ဓာတ်ပုံနှင့်တကွ ဖော်ပြတာတောင် ဓာတ်ပုံဆရာ၏ အနေအထား၊ ဓာတ်ပုံရိုက်သည့်ထောင့် စသည်တို့အပေါ်မူတည်ကာ စာဖတ်ပရိတ်သတ်ကို အထင်မှား၊ အမြင်မှား ဖြစ်အောင် လုပ်နိုင်သေး၏။ ဤကဲ့သို့ကိစ္စရပ်များလည်း ကျွန်တော်တို့ တော်တော်များများ ကြုံခဲ့ကြရဖူးပြီ။

သည်ကိစ္စနှင့်ပတ်သက်၍ တစ်ခါက ကျွန်တော် အကြီးအကျယ် ခံလိုက်ရဖူးပါသည်။
ကျွန်တော့်မျက်စိရှေ့မှာ ဖြစ်ပျက်နေတာကို ကိုယ်တိုင်ကြုံတွေ့ရသည့်အတိုင်း ရေးပါလျက် သူတို့ကို မတရားလုပ်ပါတယ်ဆိုပြီး ကျွန်တော့်ကို ဝိုင်းအာကြပါသည်။ ထိုအထဲတွင် အစိုးရအရာရှိကြီးများလည်း ပါ၏။ ကိုယ်လည်း မဟုတ်တာလုပ်သေး။ အမှားထောက်ပြသူကိုလည်း ရန်လုပ်လေ၏။ ကျွန်တော့်ဘက်ကသာ တင်းခံနေလျှင် တရားရုံးရောက် ဘယ်ရောက် ရောက်သွားနိုင်သော ကိစ္စဖြစ်၏။ သို့သော် ကျွန်တော် အဲသလောက် မမိုက်မဲပါ။ ပြီးပြီးရော ကိုင်း ကိုင်း တောင်းပန်ပါတယ်ဗျာ ဟု လုပ်လိုက်ပါသည်။ သည်လူတွေနှင့် ဖက်ပြိုင်ရန်မဖြစ်လိုပါ။ အကျိုးမရှိသောကိစ္စအတွက် အဘယ်ကြောင့် တရားရုံးသွားရပါ မည်နည်း။

သူတို့က ဟိုဘက်ကလူတွေကိုသွားပြောတော့ နှစ်ဘက်စကားနားမထောင်ရဘဲ ကျွန်တော့်မှာ အလိုလိုနေရင်း လူဆိုးစာရင်း ဝင်သွားလေတော့၏။ သူတို့ကလူဆိုးလို့သတ်မှတ်လည်း ကျွန်တော့်မှာ နစ်နာစရာ တစ်ပြားဘိုးမှ မရှိပါ။

ကိစ္စတစ်ခုကိုဝေဖန်တော့မည်ဆိုလျှင် ထိုကိစ္စကို အသေးစိတ် ကျကျနန၊ အစအဆုံး သိထားမှ ဝေဖန်လို့ဖြစ်ပါမည်။ ကိုယ်မြင်တာလေး တစ်ခုတည်းနှင့် ဝေဖန်လျှင် မည်သည့်အခါမှ အမှန်သို့ရောက်မည် မဟုတ်ပါ။ သည်လောကတွင် ကျွန်တော်တို့ မသိသေးတာတွေ အများကြီးရှိ၏။ ထို့ကြောင့်ပင် စာဆို ရှင်မဟာရဋ္ဌသာရက "ငါ၏စိတ်တွင်၊ ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း၊ ဟုတ်တည်းဧကန်၊ အာမသန်နှင့်၊ မှန်သည်တစေ၊ မရှိချေ"ဟု ဆုံးမခဲ့သည် မဟုတ်လော။

အသင်သည် ကရာတေးအကြောင်း ဝေဖန်တော့မည်ဆိုလျှင် အနည်းဆုံး ခါးပတ်နက်အဆင့်လောက်ထိ သင်ယူ၊ လေ့လာပါ။ ထိုအခါကျမှ ကရာတေး၏ ပျော့ကွက်၊ ဟာကွက်များကို သိမည်။ အခြား ဗန်တို၊ ဗန်ရှည်၊ ကွန်ဖူး စသည်တို့နှင့် နှိုင်းယှဉ်ကာ ဝေဖန်နိုင်မည်။ ကရာတေးလေး တစ်ကွက်နှစ်ကွက်မျှ ကစားတတ်ရုံမျှနှင့် ကရာတေးအကြောင်း သွားဝေဖန်လျှင် လူရီစရာ ဖြစ်လိမ့်မည်။

ထို့ကြောင့် ကိစ္စတစ်ခုကို အသင်ဝေဖန်တော့မည် ဖြစ်အံ့။ ဒီကိစ္စ ငါဘယ်လောက်သိသလဲဟု ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ တစ်နည်းအားဖြင့် မျက်မမြင်ပုဏ္ဏား ခြောက်ယောက်ကို ပြေးမြင်လိုက်ပါလေ။

(၃) လူတွင် နားနှစ်ဘက်ရှိရခြင်းအကြောင်း
လူတွင် ပါးစပ်တစ်ပေါက်တည်း ရှိရခြင်းမှာ တစ်ခွန်းတည်းသော စကားကို ဆိုဘို့။
နားနှစ်ဘက်ရှိရခြင်းမှာ ဟိုဘက်၊ သည်ဘက်။ နှစ်ဘက်ပြောစကားများကို နားထောင်ကာ ချင့်ချိန်နှိုင်းယှဉ်ဘို့ ဟူသော စကားရှိပါသည်။

ဤစကားမှန်၏။ ဤနေရာတွင် တရားသူကြီးများကို အတုခိုးသင့်လှ၏။ တရားသူကြီးများသည် အမှုတစ်ခုကို စီရင်ချက်မချမီ နှစ်ဘက် လျှောက်လဲချက်များကို အသေအချာ နားထောင်ရ၏။ နှစ်ဘက်ပြောစကားများပေါ်တွင် ကျကျနန စဉ်းစားကာ ဘယ်သူ လွန်သလဲဟု ဆုံးဖြတ်ရတာဖြစ်သည်။

(ကျွန်တော်ကား တရားသူကြီးဖြစ်ရမှာ အလွန်ကြောက်သူ ဖြစ်လေသည်။ မည်သူမှန်သည်၊ မည်သူမှားသည်ကို ဆုံးဖြတ်ရတာ လွယ်သည့်အလုပ်မဟုတ်။ ရှေ့နေဆိုသူများမှာလည်း မိမိအမှုသည် အနိုင်ရစေရန် ရှိသမျှသော အထောက်အထားများကို အစွမ်းကုန်ထုတ်လျှက် အသားကုန် လျှောက်တင်ကြသည် ဖြစ်လေရာ တစ်ဖက်ပြောစကားအပေါ် သာယာမိပြီး ဆုံးဖြတ်ချက် လွဲသွားမှာ ကြောက်သောကြောင့် ဖြစ်၏။ ဤကား စကားချပ်)

နားနှစ်ဘက်ရှိရုံမျှနှင့်၊ ဟိုဘက်သည်ဘက် စကားများကို နားထောင်ရုံမျှနှင့်မပြီးသေး။ ထိုကိစ္စကို ဝေဖန်နိုင်ရန်၊ ဆုံးဖြတ်နိုင်ရန်၊ ထိုကိစ္စနှင့်ပတ်သက်သည့် လုံလောက်သော ဗဟုသုတ ကိုယ့်မှာရှိဘို့ရာလည်း လိုသေးသည်။ ဥပမာ - ကျွန်တော့်ကို ဘောလုံးကိစ္စ များ လာမပြောပါလေနှင့်။ ကျွန်တော်ဘောလုံးနှင့်ပတ်သက်၍ မည်မျှ ဒုံးဝေးသနည်းဆိုလျှင် လူကျွံဘောဆိုတာကို ကျွန်တော် သေသေချာချာ နားမလည်။ ဘောလုံးကွင်းတစ်ကွင်းအကျယ် မည်မျှရှိသည်ကို ကျွန်တော်မသိ။ ယုတ်စွအဆုံး ဘောလုံး အသင်းတစ်သင်းတွင် လူမည်မျှပါသည်ဆိုတာကိုပင် ကျွန်တော်မသိပါ။ ထို့ကြောင့် အကယ်၍ ကျွန်တော်ကသာ ဘောလုံး သတင်းများဖတ်လျှက် ဘောလုံးအကြောင်း ဝေဖန်လျှင် ကျွန်တော့်အစ်မကြီးကို ဟို ဆိုက္ကားဆရာ ပြောသကဲ့သို့ ရှိချိမ့်မည်။

တစ်နေ့သ၌ ကျွန်တော့်အစ်မကြီး လှည်းတန်းဈေးမှ ဈေးဝယ်ကာ ပြန်လာ၏။ အထုပ်အပိုးများနှင့်ဆိုတော့ ဆိုက္ကား ငှားစီး လာသည်။ လမ်းတွင် ထွေရာလေးပါးများပြောရင်း ဆိုက္ကားဆရာက ပြော၏။

ဒေါ်ကြီးနှယ်၊ စင်ကာပူဆိုတာလောက်ကတော့ဗျာ၊ ကျွန်တော်တို့ ရန်ကုန်လောက်တောင် ကျယ်တာမဟုတ်ပါဘူး။

လူအချင်းချင်း၊ ရမ်းတုတ်ခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂ စက်တင်ဘာ၊ ၂၀၁၈။ ၀၀း၅၆ နာရီ

↧
↧

နရီမင်း - သူတို့ရဲ့ကစားနည်း

$
0
0
 
Invaluable.com
သူတို့ရဲ့ကစားနည်း
 နရီမင်း
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၈
 
လူသန်းပေါင်းဘယ်လောက်ဟာ ငတ်​ပြတ်​​နေမှာလဲဆိုတာ
ထမင်းဝလို့ တွေးနိုင်တာပေါ့ကွာ။

လူလို တွေးတတ်ဖို့က 
ကြက်​တူ​ရွေးကို သင်လို့ မရပါဘူး။ 

အာဏာရှိသူကို ဖားရတာလည်း
အသက်မွေးဝမ်းကျောင်းတမျိုးပဲ။

မှန်ရှေ့မှာ ရပ်လိုက်တယ်။
သူတော်ကောင်းတယောက်ရဲ့ 
သဘောထားပြည့်ဝတဲ့ အပြုံးဟာ
အလွယ်ဆုံးအရာပါ။

စားထားဝါးထားသမျှ အပုပ်နံ့ကို ဖုံးဖို့ရာ
လစ်ဘရယ်ရေမွှေးကို သုံးပါ။

ကွန်မြူနစ်တယောက်လို နာနာကျင်​ကျင်​ ပြုံးတတ်ဖို့ကလည်း
လေ့ကျင့်ပြီးသားပဲ။
ဂေါက်ရိုက်သွားတဲ့အခါ
ဘုရားရှိခိုးဖို့ မမေ့သလို

အိတ်ထမ်းသူကို မုန့်ဖိုးများများ ပေးဖို့ မမေ့ပါဘူး။
အရှုံးပေးခြင်းနဲ့ အနိုင်​ယူတတ်ဖို့က
သိပ်ပြီး ဆရာကျဖို့မှ မလိုတာ။

နရီမင်း
၂၆- ၈- ၂၀၁၆

↧

သန်းတင့် - စက်ဘီးဆိုင်

$
0
0
စက်ဘီးဆိုင်
သန်းတင့်
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၈
အရက်ကို ခုံမင်နှစ်ချိုက်စွာသောက်နေတတ်သော ဆရာသမားတဦးက ပထမဆုံးနေ့မှာအရက်ကို သူ တကယ်သောက်ခဲ့တာဖြစ်ပြီး နောက်နေ့များမှာ ခေါင်းကိုက်ဖြေနေခြင်းသာဖြစ်ကြောင်းပြောပြခဲ့ဖူးသည်။ ဟိုနေ့ကသောက်တာ ဒီနေ့ဖြေ၊ ဒီနေ့ဖြေသည့်ကိစ္စက မနက်ဖြန်ခေါင်းကိုက်ပြန်တော့ မနက်ဖြန် တခါ ထပ်ဖြေရပြန်၊ ဒီလိုနှင့်သာ ယခုအထိ ဆက်သောက်နေရ ပါကြောင်း ပြောချင် ခနဲ့ချင်ပုံရသည်။

ကြားမိစက ပြောလည်းပြောတတ်သူဟု စိတ်ထဲတွေးကာ ပြုံးလိုက်မိ၏။ ထိုစကားကို သာမန်ရယ်စရာ အပျော်အပျက်သဘောသာ အမှတ်ရနေမိ တတ်သော်လည်း စက်ဘီးအရောင်းဆိုင်လေးတဆိုင်ကို မြို့တော်ကြီး၏ဆင်ခြေဖုံးရပ်ကွက်တခုတွင်ဖွင့်ဖြစ်ခဲ့ပြီးသည့်နောက် စဉ်းစားဆင်ချင်စရာများရှိလာခဲ့ရ သည်။

ဈေးရောင်းသောအလုပ်၊ အထူးသဖြင့် စက်ဘီးရောင်းသောအလုပ်မှာ ကျွန်တော်နှင့်ဘယ်လိုမှ မရင်းနှီး မကျွမ်းဝင်သော အလုပ်တခုဖြစ်ပါသည်၊ တခြားလုပ်ခဲ့ဖူးသမျှ အလုပ်အကိုင်များနှင့် ငတ်တလှဲ့ပြတ်တလှဲ့ ခြေသလုံးအိမ်တိုင်အခြေအနေမှသည် ဒီလိုလေးတော့ဖြင့် စမ်းလုပ်ကြည့်ဦးမှပါလေဟူသော သဘောမျှ သာဖြစ်သည်။ ဂျပန်ပြည်မှ အသုံးပြုပြီးသား 'ဂျပန်ကျ'စက်ဘီးဟောင်းလေးများကိုကွန်တိန်နာများဖြင့် မှာယူ၊ ကိုယ့်ဆိုင်ရာက်လျှင် ပြုပြင်တန်တာပြုပြင်၊ ဆေးရောင်ထပ်တင်သည့်အခါထပ်တင်၊ ကိုယ့်ရေမြေ နှင့်မကိုက်ညီသည်များကို နှုတ်ပယ်ပစ်သည့်အခါ နှုတ်ပယ်၊ ထိုသို့ဖြင့် ကျွန်တော့သံသရာတဆစ်ကို ချိုးဖြစ်ခဲ့၏။

ပထမရောင်းစအချိန်များမှာ ကိုယ်တိုင်ကြိုက်သည့် ကျွန်တော်ကိုယ်တိုင် လှသည်ဟုထင်သည့် စက်ဘီး ကလေးများကို ကိုယ့်စိတ်ကြိုက်ပြုပြင်ရောင်းချဖြစ်ခဲ့သော်လည်း နောက်ပိုင်း အချိန်များတွင် အရပ်ဒေသ အကြိုက် ဝယ်ယူသူများ၏လိုအပ်ချက် တောင်းဆိုသံများအရသာ ကျွန်တော့စက်ဘီးဆိုင်ကလေးနေ့ပေါင်းများစွာလည်ပတ်နေရသည့်အဖြစ်ကိုသတိထား ဖြစ်လာရသည်။ ကျွန်တော်ရောင်းနေသောတချို့စက်ဘီးများကို ကျွန်တော်ဘယ်လိုမှမကြိုက်ပါ၊ တချို့လာရောက်ဝယ်ယူသူများကိုလည်း ကျွန်တော်ဘယ်လိုမှ ကြည့်မရပါ။ သို့သော် ကျွန်တော်ခေါင်းကိုက်ဆက်ဖြေရန်လိုအပ်ပါသည်၊ ပထမဆုံးနေ့က တကယ်စက်ဘီး ရောင်းဖြစ်ခဲ့တာသေချာကြောင်းကိုတော့ ဝန်ခံရပါသည်။

ပတ်ဝန်းကျင်လည်း မညစ်ညမ်းဘူး၊ ကျန်းမာရေးလည်းဖြစ် ယဉ်ကြောပိတ်ဆို့မှုအတွက်လည်းအဆင်ပြေ... စသဖြင့် ကျွန်တော့ဆိုင်လေးကို ကြော်ငြာနေတတ်၊ ကိုယ်တိုင်လည်း ကိုယ့်လုပ်ငန်းလေးကို ဂုဏ်ယူနေ တတ်သော်လည်း တခါတလေ ဒဏ်ရာအသစ်များ ကြည်နူးမှုအသစ်များ၊ တချို့နေ့ရက်များဆိုပါက ခေတ် ကြီးတခေတ်လုံးကျွန်တော့ဆိုင်လေးထဲကို လှိမ့်ဝင်လာသည်များပင် ကြုံခဲ့ဖူးပါသည်။

တခါက ပြိုင်ဘီးတစီးလိုချင်ကြောင်း ညီလိုသူငယ်ချင်းလိုတယောက်က  ရပ်ဝေးမှလှမ်းမှာသည်။ သူနှင့် ကိုက်ညီမည့်စက်ဘီးကို ကျွန်တော်ကိုယ်တိုင်ရွေးချယ်ထည့်ပေးပါဆိုသောအခါ သူ့နှလုံးလမ်းကြောင်းတွင် ကန့်လန့်တိုက်နေသောကျွန်းများအကြောင်းကို ကျွန်တော်ကသိထားသူပီပီ အသည်းကွဲအရောင် စက်ဘီး နီနီလေးနှင့် စာတစောင်ပါထည့်ပေးလိုက်ခဲ့ဖူးပါသည်။ စာထဲတွင် ကျွန်တော်သည် ကဗျာနှင့်စက်ဘီး လေးများပြုလုပ်ရာတွင် သစ္စာရှိကြောင်း၊ ကဗျာရေးသည့်လက်များနှင့်ပင် စက်ဘီးလေးများကို ပြုလုပ် ထားသည်မို့ လွင့်မျောဖွယ်အထိအတွေ့ အာရုံခံစားမှုကိုပေးလိမ့်မည်ဖြစ်ကြောင်း၊ အိပ်မက်ဟုဆိုလိုက်ပါက ချိုအီဆွတ်ပျံ့ဖွယ်ညများဆီသို့၊ ပန်ခင်းဟုဆိုလိုက်ပါက နှင်းဆီပင်များအနားသို့ ပင်လယ်ဟုသာ စီးရင်း နင်းရင်း တမ်းတ ကြည့်လိုက်လျှင် လှိုင်းသံတွေအတိုင်းသား ကြားလာရစေ့မည့်အကြောင်း၊ ကျွန်တော့် စက်ဘီးများကိုစီးပြီး မည်မျှကြမ်တမ်းသည့် မြိုင်ခြေကန္တာရကိုဖြတ်နင်းမိသည်ဖြစ်စေ အားလုံးချစ်သူ လမ်း ကြားတွေသာပဲဖြစ်နေဖို့ အာမခံပါကြောင်း၊ ကယ်ရီယာခုံမပါသည့် စက်ဘီးကိုရွေးချယ်ဝယ်ယူသူများ၏ အထီးကျန်မှုကို နားလည်ပါသော်လည်း လွမ်းဆွေးငိုယိုနေတတ်သော ဘဲလ်လေးတလုံးကို ထပ်ထည့် ပေးလိုက်သည့်အတွက် ခွင့်လွတ်ပါရန်အကြောင်း၊ နောက်တကြိမ်ထပ်ပြီး ကိုယ့်အသည်းကိုခွဲမယ့်သူတွေ ဘေးဖယ်ဟေ့ဟု  ထိုဘဲလ်လေးမှ အော်ပေးလိမ့်မည် ဖြစ်ကြောင်း စသဖြင့်ပါဝင်ခဲ့သည်။ ဘဲလ်သံလေးတွေ ကလင်ကလင်ဖြစ်နေမှာတော့ သေချာလှပါသည်။

မှတ်မှတ်ရရ တခုသောဆယ်တန်းအောင်စာရင်းများထွက်ပြီးနောက်တရက်တွင် သမီးနှစ်ယောက်နှင့် အဖေ ဖြစ်သူ ပေါင်းသုံးယောက်တို့ စက်ဘီးနှစ်စီးလာဝယ်ကြသည်။ သမီး (၂) ယောက်ကို စက်ဘီးတယောက် တစီးဝယ်ပေးရာတွင် သိန်းကျော်တန် အကောင်းစားတစီးနှင့် လေးသောင်းတန် ခပ်ညံ့ညံ့ရုပ်ဆိုးဆိုးစက်ဘီး တစီးဝယ်ယူသဖြင့် လိုအပ်သည်များ ကျွန်တော်တပ်ဆင်ပေးနေချိန် သူတို့ပြောနေသောစကားများအရ သမီး ၂ ယောက်လုံးဆယ်တန်းဖြေရာတွင် တယောက်မှာ ဂုဏ်ထူးနှစ်ဘာသာနှင့်အောင်၍ နောက် တယောက်မှာ စာမေးပွဲရှုံးကြောင်းသိရ၏။ ရှုံးသောကောင်မလေး၏အမည်မှာ စက်တင်ဘာဟုခေါ်သံကြား ၍ ကျွန်တော်က စက်တင်ဘာရေ နောက်နှစ်အောင်ရင် သမီးအစ်မလို အကောင်းစားကြီး စီးရမှာပေါ့ ကြိုး စားကွ ဆိုတော့ အဲဒီတသိန်းကျော်တန်ဘီးက ရှုံးတဲ့လူအတွက်လေ၊ အောင်တဲ့လူက လေးသောင်းတန်ကို ပေးမှာဟု အဖေလုပ်သူပြောသည်ကို မင်တက်မိစွာ ကျွန်တော် နားထောင်နေဖြစ်ခဲ့သည်။

ရှုံးလို့အားငယ်နေတဲ့သူကို အားပေးရမယ်လေဗျာ၊ ဒီလိုမှမဟုတ်ရင် တအားသိမ်ငယ်သလို သူခံစား သွားရမှာပေါ့ ဟုဆက်ပြောပြနေသည်။ ရှုံးရှုံးအောင်အာင် ကျွန်တော့သမီးတွေကြီးပဲ၊ တခြားသူရဲ့သမီးတွေ မှ မဟုတ်တာဟုဆက်ပြောလိုက်သည့်အခိုက် အဖေ့ခါးကိုကျစ်ကျစ်ပါအောင် တဖက်တယောက်ဖက်ထား ကြသောကလေးနှစ်ယာက်နှင့် အဖေဖြစ်သူတို့ကို ကျွန်တော်ဘာမှဆက်ပြောတတ်တော့ပါ။ ထိုနေ့က စက်တင်ဘာတို့သားအဖတတွေ ကျွန်တော့ကို ကျမ်းစာမဲ့သင်ခန်းစာများအား နှုတ်တိုက်သင်ပြသွားခဲ့ကြပါ သည်။ မြင်းမိုရ်တောင်တက်လမ်းမှ သုံးရာသီးပွင့်သောပန်းများအကြောင်းပင် ခမ်းနားတင့်တယ်စွာ ပါဝင်ခဲ့ကြသည်။

စက်ဘီးတစီးဝယ်ချင်ဟန်ဖြင့် တွန့်ဆုတ်ဆုတ်လူတယောက် ဆိုင်ထဲကိုရောက်လာခဲ့သည့် နွေရက်တရက် လည်း ရှိခဲ့ဖူးပါသည်။ ဆိုင်ထဲတွင်ခင်းကျင်းထားသမျ ဒီဟာကတော့ ပြိုင်ဘီးပါ ဂီယာနှစ်ဆက်တချက် ထိုင် ခုံအီတာလျှံ၊ ဒါကဖြင့် မောင်းတိန်းဘီး၊ ဘော်ဒီအလွိုင်း ဖောက်က ကာဗွန်ဖောက်၊ ဒီဖက်က ဘရစ်စတုန်း ဈေးကြီးပေမဲ့ သိပ်လှသိပ်ခိုင်၊ဟောဟို ကာလာအနု ဖန်စီဘီးလေတွေရော ကြိုက်တယ်မဟုတ်လား၊ ချစ်စံ အိမ် ကိုရီယားကားထဲမှာ ရိန်းနဲ့အွန်စောစီးတဲ့ဟာမျိုးလေးတွေပေါ့.. စသဖြင့် ကမ္ဘာ့ဈေးကွက်အထိ ကျွန်
တော်အစွမ်းကုန်ဖွင့်ပြခဲ့ဖူးသည်။ ကျွန်တော်ပြန်လှည့်ကြည့်မိချိန်အထိ သူ့ထံမှဘာစကားမှထွက်မလာ။ 

တော်တော်ကြာကြာစောင့်နေပြီးနောက် အဝေးတနေရာမှ ပျပျသဲ့သဲ့ကြားရသည့်အသံမျိုးဖြင့် သူက ကျွန်တော့်အနီးကပ်၍ပြောပါသည်။ မနက်ပိုင်း သူ့သမီးနှင့်သားကို ကျောင်းပို့ရန်ဟုဆိုသည်။ ပြီးလျှင် စားသောက်ဆိုင်များမှ စွန့်ပစ်သော စားကြွင်းစားကျန်များကို ပလစတစ်ပုံး တဖက်တလုံး ကယ်ရီယာခုံပေါ် ချိတ်၍ သယ်ရမည်။ သူ့မွေးထားသောဝက်များအတွက် အစာဟုဆိုပါသည်။ ထို့နောက် နေ့လည်ပိုင်းတွင် ထိုစက်ဘီးလေးနှင့်ပင် အုန်းမွှေးလုံးကို ရပ်ကွက်ထဲ၌ တလမ်းဝင်တလမ်းထွက်ရောင်းရင်း မောင်တထမ်း ထမ်းပါဦးမည်။

ညနေစောင်းအချိန်တွင်တော့ ကိုရီးယားအကင်ဆိုင်ရောင်းသည့် သူ့မယ်တရွက်အတွက် ပစ္စည်းတွေသယ် ၍ ညဈေးကို ပို့ပေးရန်လည်း လိုအပ်သည့်အကြောင်း ထပ်မံဖြည့်စွက် လာပြန်ပါသည်။ ကျွန်တော်စိတ်ဝင်တစားနားထောင်ပေးရင်း သူ့စကားဆုံးပြီအထင်ဖြင့်ခေါင်းမော့ကြည့်လိုက်ရာ နွေတွင်ရေ ရှားချိန်ရေခတ်ရန်နှင့်သူ့မိန်းမဖက်မှ အမျိုးများငှားစီးသည့်အခါ အပျက်အစီး နည်းချင်သေးကြောင်းအပါ အဝင် ဈေးအသက်သာဆုံး ဘီးလေးတစီးလောက်လိုချင်ပါကြောင်းတို့ဖြင့် သူ့လိုအပ်ချက်ကို အနားသတ် လိုက်သည်။

ထိုအရာများမှာ သူ့လိုအပ်ချက်များဖြစ်သလို ကျွန်တော်တို့လိုအပ်ချက်များလည်းဖြစ်ကောင်း ဖြစ်ပါလိမ့် မည်။ မြင်းကပါအရပ်၌ စုက္ကတေးကိုထိုးစိုက်ခဲ့သော အနော်ရထာ၏ လှံချက်သည်ပင် လိုအပ်ချက်များရှိ နေနိုင်ပါသည် ။ ထားလျှင်လည်းသေချင်သည် သတ်လျှင်လည်း သေချင်သည်ဆိုသော ဗျည်းနွဲ့၏ သစ္စာ တရား၌လည်း လိုအပ်ချက်များရှိနေနိုင်ပါသည်။

ချစ်တာအပြစ်လားဗျာ ဟူသည့်စကားလေးတခွန်းကြောင့် နယ်နှင်ဒဏ်ခံခဲ့ရသော လက်ဝဲသုန္ဒရခေါ် ကို မြတ်စံ၏အလွမ်းများသည်လည်း လိုအပ်ချက်တချို့ရှိနေနိုင်ပါသည်။ ဒိုင်အာခီတို့ ခွဲရေးတွဲရေးတို့မှအစ ကရင်တကျပ် ဗမာတကျပ်အလယ် ကိုယ်တိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေဝတ္ထုကြီးအထိ အားလုံးလိုအပ်နေ သေးသည်လား ကျွန်တော်သိချင်နေမိသည်။ အဆင်ပြေမပြေကို မေမြန်းချင်သော်လည်း ဝယ်သွားသည့် စက်ဘီးလေးနှင့်သူ့ကို ကျွန်တော်နောက်ထပ်ပြန်မတွေ့မိတော့ပါ။
↧

ကြည်ဇော်ဝင်း - ကိုခင်လွန်းရေ….အောင့်လုံးတွေကိုဖောက်ခွဲတော့မယ် …. နားထောင် (၂)

$
0
0
ကိုခင်လွန်းရေ….အောင့်လုံးတွေကိုဖောက်ခွဲတော့မယ် ….
နားထောင် (၂)
ကြည်ဇော်ဝင်း

ကိုခင်လွန်းရေ ….

ကျနော်တို့နိုင်ငံမှာ စာရေးပြီး အသက်မွေးလို့ရတဲ့သူကို လက်ချိုးရေတွက်လို့ရပါတယ်။ တကယ်တော့ စာရေးဆာအများစုဟာ ဘဝကိုရောင်းချပြီး ကိုယ်မွေးမြူထားတဲ့ ကလောင်တချောင်းအတွက် ပေးဆပ်နေရ တဲ့သူတွေပါ။ အရပ်သားဒေါက်တာနည်ဝင်းက စာရေးဆရာကြည်ဇော်ဝင်းရှင်သန်ဖို့ နောက်ကွယ်ကနေ ပေးဆပ်နေရတယ် မဟုတ်လား။
အနုပညာသမားတယောက်မှာ ဘဝအမောတွေ သိပ်များနေရင် အနုပညာပစ္စည်းကောင်းတွေကို ရေရှည် မဖန်တီးနိုင်ပါဘူး။ ဘဝက သိပ်ဆင်းရဲလွန်းနေရင် ဆင်းရဲတဲ့ ဘဝအကြောင်းကိုပဲ ထပ်ခါထပ်ခါ ရေးမိပေ လိမ့်မယ်။ ကျနော်က ဘဝသရုပ်ဖော်(သရုပ်မှန်စာပေ) တွေရေးနေပေမယ့် ကိုယ့်ဘဝကြီး ရေရှည်ဆင်းရဲ နေမှာကိုတော့ မကြိုက်ပါဘူး။ စား ဝတ် နေရေးအတွက် အချိန်ပြည့်လုံးပန်းနေရရင်လည်း စာကောင်းတွေ မထွက်နိုင်ပါဘူး။ ပေမီဒေါက်မီစာရေးဆရာတယောက်ဖြစ်ဖို့ဆိုရင် စာရေး ဆရာတယောက်ရဲ့ဘဝက အထိုက်အလျောက်တော့ အဆင်ပြေနေရမယ်လေ။
ဝေဖန်ရေးဆရာတယောက်က ကျနော့်ဝတ္ထုတိုပေါင်းချုပ်တအုပ်ကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်ဖူးတယ်။ 
ဆရာဝန်တယောက်က အိုးပိုင်အိမ်ပိုင်မရှိတာကို ငြီးချင်းလုပ်ပြီး ရေးစရာလားတဲ့။ ဒီတိုင်းပြည်မှာ ကိုယ့် ထက်နိမ့်ကျပြီး အဆင်မပြေတဲ့ဘဝတွေကိုမှ အားမနာဆိုတဲ့သဘောပေါ့လေ။ လူတိုင်းက အိုးပိုင်အိမ်ပိုင်နဲ့ နေချင်ကြတာပဲ မဟုတ်လား။ အိုးပိုင် အိမ်ပိုင်နဲ့နေချင်တာ အပြစ်လားကိုခင်လွန်းရာ။ အဲဒီဝေဖန်ရေးဆရာက ငတ်တာပြတ်တာရေးမှ သရုပ်မှန်စာပေ ထင်ပုံရတယ်။
ကျနော်မန္တလေးသားမဟုတ်တာ ကိုခင်လွန်းလည်းသိသားပဲ။ ကျနော်စာရေးဆရာအဖြစ်နဲ့မန္တလေးမှာဆက်လက်ရပ်တည်ဖို့ဆိုရင် ကျနော့်မိသားစုအတွက် အိုးပိုင်အိမ်ပိုင် ရှိမှဖြစ်မယ်။ ကျနော်ရဲ့နေ့စဉ်ဆေးခန်းဝင်ငွေ တစ်ပဲခြောက်ပြားနဲ့ မန္တလေးမြို့ကြီးပေါ်မှာ ဘယ်လိုလုပ် အိမ်ဝယ်နိုင်မလဲဗျာ။ သူငယ်ချင်းအုပ်စိုး(ဒေါက်တာဝင်းမြင့်ထွန်း) ပြောသလို လူနာရင်ဘတ်ကို နားကြပ်နဲ့ ထောက်ပြီး အောက်တန်းကျကျ ကျနော် ဓားပြမတိုက်နိုင်ဘူး။ ဆရာဝန်ဟာ မုဆိုးမဟုတ်သလို လူနာဟာ လည်း သားကောင်မဟုတ်ပါဘူး။
ကျနော်က ဆေးခန်းထက် စာပေကို စိတ်ဝင်စားနေတဲ့အချိန်ဆိုတော့ နာမည်ရစ စာရေးဆရာတို့ထုံးစံ အတိုင်း ၁၉၈၈ ကနေ ၁၉၉၁ နှစ်အကုန်အထိ စာတွေပဲလှိမ့်ရေး နေမိတာပေါ့ဗျာ။ အဲဒီကာလတွေမှာ ရန်ကုန် မန္တလေးက စာရေးဆရာတွေ တရုန်းရုန်းနဲ့ ကျနော့်အိမ်မှာ နေ့စဉ်ပွဲတော်ကြီးပေါ့။ ကျနော့်ဘဝရဲ့အပျော်ဆုံအချိန်တွေလို့ပြောလည်းရပါတယ်။
အိမ်ရှေ့မှာ အမြဲလိုလို စက်ဘီး လေး၊ ငါး၊ ခြောက်စီး ရှိနေတတ်တော့ ကျောင်းသားမိဘတယောက်က ဝိုင်းကျူရှင်ပေးတယ်ထင်ပြီး သူ့သား ကလေး (၆) တန်းကို ကျူရှင်အပ်ချင်လို့ဆိုပြီး လာမေးတာတောင် ကြုံဖူးပါတယ်။
ကျနော်ငှားနေတဲ့အိမ်က မန္တလေးဘူတာကြီးနဲ့ အနီးလေးဆိုတော့ ရန်ကုန်ကစာရေးဆရာတွေအတွက် တော့ တည်းအိမ်၊ စားအိမ်ပေါ့။ ကျနော်မရှိလည်း ကျနော့်အိမ် ထမင်းစားခန်းမှာသူတို့ချင်း ဝိုင်းဖွဲ့စိုပြေ နေကြတာမျိုးတွေတောင်ရှိဖူးပါရဲ့။ အဲ့ဒီကာလတွေတုန်းက ကျနော့်အိမ်ကိုမကြာခဏ အလည်လာတတ် တဲ့ သူငယ်ချင်းစုထား (ဒေါက်တာထားထား) က ကျနော့်ကိုယ်စား ဧည့်ခံပေးနေတတ်တယ်။ ကျနော်ကလည်း စာသမားတွေနဲ့နေနေရရင် ထမင်းမေ့၊ ဟင်းမေ့ရုံသာမက ကိုယ့်ဘဝကို တောင် မေ့တယ်။
ကျနော့်အဖြစ်ကလည်း ကာတွန်းကိုကံချွန်ရဲ့ကာတွန်းတကွက်လိုဖြစ်နေတယ်။
မြို့နယ်စိုက်ပျိုးရေးမန်နေဂျာက  ကျေးလက်စပါးဂိုဒေါင်ကို စစ်ဆေးဖို့ ကွင်းဆင်းလာတယ်။ မြို့နယ်စိုက် ပျိုးရေးမန်နေဂျာက သူ့ကိုလာကြိုတဲ့ ကျေးလက်စိုက်ပျိုးရေးမန်နေဂျာကိုမေးသတဲ့။
ဒီလယ်ကွင်းတွေကိုကျော်ရင် စပါးဂိုဒေါင်တွေဆီကိုရောက်ပြီလားတဲ့။ ကျေး/ဂျာက အခုဂိုဒေါင်တွေထဲ ရောက်နေပါပြီတဲ့။ ကျနော်လည်း မြို့/ဂျာလို အခု ဂိုဒေါင်ထဲ ရောက်လို့ ရောက်မှန်းမသိသလို ဖြစ်နေပြီ။ ဆရာမောင်သာရ မန္တလေးရောက်လာရင် ကျနော်နဲ့တနေကုန်အတူသွား၊ အတူလာဖြစ်နေပြီ။ ကျနော့်မှာ ကျနော်အလေး စားရဆုံးး ဆရာမောင်သာရနဲ့အတူလို အမြဲနေထိုင်ခွင့်ရခြင်းဟာလည်း ကျနော့်အတွက် တော့ မင်္ဂလာတပါးပေါ့ကိုခင်လွန်း။ ကျနော်စာရေးဆရာဖြစ်လာတာလည်း ဆရာ့ကျေးဇူးတွေကြောင့်ပေါ့။ ဆရာမောင်သာရသာမရှိရင် …. ကြည်ဇော်ဝင်းဆိုတာဖြစ်လာမယ်တောင်မထင်ဘူး။ ဆရာ့စာပေ ကျေးဇူးတွေက ကျနော့်အပေါ်မှာ အများကြီးရှိတယ်။
စာပေနယ်မှာ ကျနော်ခြေကျွံလာတာနဲ့အမျှ ကျနော့်မိသားစုရဲ့နောင်ရေးအတွက် စိတ်ပူလာတယ်။ ကျနော်စာပေနယ်မှာ တသက်လုံးပျော်မွေ့မယ်ဆိုရင် ကျနော့် မိသားစုရဲ့နောင်နေရေး၊ ထိုင်ရေးအတွက် စိတ်အေးရမှဖြစ်မယ်။ ဘယ်မလဲနေစရာအိမ်လေးတလုံး။ အဲဒီအချိန်မှာ ကချင်ကြီး တင်မောင်မြင့် ကျနော့် အိမ်ကို ပေါက်ချလာတယ်။ 
ကချင်ကြီးလို့သာအများကခေါ်နေကြပေမယ့် တကယ်တော့ ကိုတင်မောင်မြင့်က ရှမ်း-ဗမာပါ။ သူကလည်း အဲဒီအချိန်တုန်းက (၈၈) အရေးအခင်းကြောင့် ဝန်ထမ်းဘဝက အလုပ်ဖြုတ်ခံထားရသူ။ အရပ်သားဘဝနဲ့ သူတို့ဒေသထုံးစံအတိုင်း ကျောက်သမားတပိုင်းဖြစ်နေပြီ။
ကျနော့်အိမ်ငှားနေရတာကိုကြည့်ပြီး ခင်ဗျား စာသမားယောင်ယောင်လုပ်မနေနဲ့၊ ခင်ဗျားမိသားစုနောင်ရေး အတွက် ဖားကန့်ကိုအလုပ်သွားလုပ်၊ ကျနော်လိုက်ပို့မယ်လို့ပြောလာတယ်။ ရေဆာတုန်း ရေတွင်းထဲကျ တယ်ဆိုပါတော့။ မိသားစုမှာတင်နေတဲ့အကြွေးတွေကလည်း လည်ပင်းမရောက်ပေမယ့် ရင်ခေါင်းဆိုက် နေပြီ။ ဆရာဝန်ဖြစ်နေပြီး ဘယ်လိုလုပ်အကြွေးတင်တာလဲလို့ ကိုခင်လွန်းသိချင်မှာပေါ့။
ဈေးချိုမှာ ကျနော့် အမျိုးသမီးဖွင့်ထားတဲ့ဆေးဆိုင်က ကျနော့်မှာအရင်းအနှီးမရှိတော့ ငွေတိုးယူရတာပေါ့ ဗျာ။ အတိုးက သိပ်များလှတယ် တော့မဟုတ်ပါဘူး။ အလွတ်ကို ၁၀၀ မှ ၆ ကျပ်ကိုး။ အတိုးကိုလည်း လစဉ်မဆပ်နိုင်တော့ အရင်းပေါ်အတိုးဆင့်ပြီး များများလာတာပေါ့။ ဒီအကြွေးတွေကိုဆပ်နိုင်ဖို့ဆိုရင် ကျနော်ဖားကန့်သွားပြီး အလုပ်လုပ်မှဖြစ်တော့မယ်လေ။
အဲဒီအချိန်တုန်းက ဖားကန့်ဆိုတာ ပြည်တွင်းဖြစ် ဟောင်ကောင်ဆိုပြီး သိပ်နာမည်ကြီးနေတဲ့အချိန်။
ကျနော်တို့အညာသူအညာသားတွေအတွက် ဖားကန့်မှာငွေတွင်းကြီးရှိနေတယ်လို့ထင်နေကြတာဗျ။ ဖားကန့်မှာ အလုပ်သွားလုပ်တဲ့အများစုက အဆင်ပြေပြီး ပြန်လာကြတာက များတာကိုး။ အဆင်မပြေလို့သာ ဖားကန့်သွားရမှာ တကယ်တမ်းကြတော့ ကျနော်မသွာချင်ဘူး။ ကျနော်ချစ်တဲ့မိသားစု ကိုခွဲပြီး အိုးပစ်အိမ်ပစ်နဲ့ တနယ်တကျေးကို ဘယ်မှမသွားဖူးဘူးဗျ။ မိသားစုကိုထားခဲ့ပြီး ကျနော်တယောက် ထဲသွားရမှာ။ အဲဒီတုန်းက သမီးကြီးမနွယ်နည်ဝင်းက (၅)တန်း ကျောင်းသူလေးပဲ ရှိသေး တယ်။ ကျနော် ဘယ်လိုလုပ်ပြီး မိသားစုကိုခွဲခွာသွားနိုင်မှာလဲ။
ကျနော်က မကွေးတိုင်းသားဖြစ်ပေမယ့် အခုအသက်အရွယ်ထိအောင် မကွေးကိုမရောက်ဖူးဘူး။ ခုလောက်ဆို အိမ်ကိုခင်လွန်းတဲ့ကျနော့်ကို ကိုခင်လွန်းခံမှန်းလို့ ရလောက်ပါပြီ။ ကျနော်ဟာ အိမ်ကခွဲရမှာ ကို သေမလောက်ကြောက်တဲ့သူ။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲဗျာ။ ဘဝက တောင်းဆိုနေပြီ။
ကျနော်မရောက်ဖူးတဲ့ကချင်ပြည်နယ်ကို အစမ်းသွားကြည့်တဲ့အနေနဲ့ ခင်ဗျားတို့မိတ်ဆွေကြီး ကဗျာဆရာ ဇောင်းထက် (ဦးဇင်ဝေ) ရှိတဲ့မြစ်ကြီးနားကောလိပ်ကို အရင်သွားကြည့်လိုက်တယ်။ ကချင်ပြည်နယ်မိတ်ဆက်ဆိုပါတော့။
မှတ်မှတ်ရရ ၁၉၉၁ ခုအောက်တိုဘာလထဲမှာ မောင်ဇောင်းက ကျနော့်ကိုတွေ့လို့ပျော်နေပေမယ့် ကျနော့် ရင်ထဲမှာတော့ ဝါကျအပြည့်နဲ့။ အဲဒီအောက်တိုဘာလထဲမှာ တစ်လထဲ …. ကျနော့်ဝတ္ထုတို သုံးပုဒ်ပါတာကိုလည်း မှတ်မိတ်နေသေးတယ်။ ကျနော်ချစ်တဲ့စာပေလောကကိုခွဲရမှာ ဘယ်လောက်ခက် မယ်မှန်း ကိုခင်လွန်း မှန်းဆ ကြည့်နိုင်ပါတယ်။
ကျနော်ဖားကန့်ကိုမသွားမဖြစ်သွားရတော့မယ်ဆိုတော့ ဆရာမောင်သာရက မှာရှာတယ်။ ကိုနည်ဝင်း ဖားကန့်မှာ သုံးနှစ်ပဲအလုပ်လုပ်ပြီး ပြန်လာပါ။ သုံးနှစ်ထက်ပိုမနေပါနဲ့။ ဟိုမှာ ဖတ်ဖို့ အင်္ဂလိပ်ဝတ္ထုတွေ ထည့်ယူသွားပါတဲ့။
ညနေတိုင်းလိုလိုဆုံနေကြ မန္တလေးစာပေအသိုင်းအဝိုင်းကလည်း စိတ်မကောင်းကြဘူးပေါ့။ ဖားကန့်မှာ ဆေးခန်းဖွင့်ရင် ဆေးခန်းငှားခပေးဖို့နဲ့ ဆေးတွေဝယ်သွားဖို့ ကျနော်စီးနေကျ ကျနော်ရဲ့စီးတော်မြင်း ရွှေအိုရောင် ဆိုင်ကယ်လေးကိုရောင်းပြီး အရင်းအနှီးလုပ်လိုက်တယ်။ ကျနော်ဖားကန့်သွားမယ့်အချိန်က ဆောင်းတွင်းကြီး ဆိုတော့ ဖားကန့်မှာအေးရင်ဝတ်ဖို့ အနွေးထည် တွေကို (၁၉)လမ်း ညောင်ပင်ဈေးက လေဘေးထည် ပေါချောင်ကောင်းတွေ ဝယ်သွားလိုက်တယ်။
အမှတ်မမှားရင် ၁၉၉၂ ခု နိုဝင်ဘာ (၁၃) ရက် ညနေ (၆)နာရီ မြစ်ကြီးနားရထားနဲ့ ကိုတင်မောင်မြင့်ရှိရာ ဟိုပင်ကိုထွက်ခဲ့တယ်။ ကာတွန်းအော်ပီကျယ်၊ ကိုဆန်းကျော် မောင်(ဆူးငှက်)၊ ညိုညိုတင်လှတို့ ဘူတာ ကိုလိုက်ပို့ကြတယ်။။ ဇနီးနဲ့သမီးက မျက်နှာမကောင်းစွာနဲ့ လိုက်ပို့ကြတာကိုတော့ ထည့်ပြောဖို့ မလိုဘူး ထင်ပါရဲ့။
ညိုညိုတင်လှက ကိုကြည်ဇော်ဝင်း ဟိုမှာဖတ်ဖို့ဆိုပြီး ဆရာဒဂုန် တာရာရဲ့စာအုပ်တအုပ်ကို လက်ဆောင် ထည့်ပေးလိုက်တယ်။
ရထားပြတင်းပေါက်ကနေတန်းလန်းကျနေတဲ့ကျနော့်လက်ကို သမီးလေး မနွယ်နည်က ခုန်ခုန်ပြီး သူ့လက် ကလေးနဲ့လှမ်းလှမ်း ဆွဲရှာတယ်။ လိုက်ပို့ကြတဲ့သူတွေအားလုံးကလည်း မျက်နှာမကောင်းကြဘူပေါ့။ သူငယ်ချင်းအုပ်စိုးရဲ့ကဗျာစာအုပ်ကြော်ငြာစာသားလေးကိုလည်း ကြားယောာင်မိနေရဲ့။
“ဖြစ်ခွင့်တခုကိုရချင်ရင် ဖြစ်ခွင့်တခုကိုစွန့်လွှတ်”
“ချစ်ခွင့်တခုကိုရချင်ရင် ချစ်ခွင့်တခုကို စွန့်လွှတ်”တဲ့။
လွမ်းစရာတွေထက် မောစရာတွေပေါ့ ကိုခင်လွန်းရေ…။ ။

ကြည်ဇော်ဝင်း
↧
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>