Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
ကမ်လူဝေး - ထောင်ချောက်
$
0
0
ထောင်ချောက်
ကမ်လူဝေး
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၈
လေစီးကြောင်းအသစ်တွေဟာ
လမ်းမပေါ်ကို ဖြတ်ပြီးတိုက်ခတ်
အောက်သိုးသိုးအနံ့ ထွက်နေတဲ့
စိုထိုင်းထိုင်းအခန်းထဲက
မျှော်လင့်ချက်မဲ့ မျက်နှာများ။
ဘဝဆိုတာ ဘယ်တော့မှ တရားမျှတမနေဘူး
တရားမျှတမှုကို ရှာမိတာမှားသလား
အမှောင်ထဲကအသံတိုးတိုးလေးကြားတယ် ။
ရေမြုပ်နေတယ်
ရေမြုပ်နေတဲ့အိမ်ထဲမှာဘဝတွေရေမြုပ်နေတယ်
ရေဘေးလွတ်ရာ ဘယ်လိုသွားကြမလဲ
နွေးထွေးခြောက်သွေ့တဲ့နရာကိုသွားကြမယ် ။
ဒီရထားဟာ နောက်ဆုံးရထားလို့ ပြောခဲ့
ယုံမိသူတွေအားလုံးကရထားပေါ်မှာ
ရထားဟာထွက်နိုး ထွက်နိုး မ ရွေ့လေတော့
ရထားပေါ်ကခုန်ချစေ့ငုလေမှ
ရထားဟာ သံလမ်းမရှိတဲ့နွံထဲမှာ။      ။
ဆွေသား- ဘာမှပါမလာတဲ့သတင်း
$
0
0
ဘာမှပါမလာတဲ့သတင်း
ဆွေသား
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၈
သင်းရည် လွင် - တစ်ယောက်ထဲလင်းတဲ့ နေ့
$
0
0
တစ်ယောက်ထဲလင်းတဲ့ နေ့
သင်းရည် လွင်
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၈
ငါတို့မြင်ခဲ့တယ်
လူတွေကဆန္ဒပြပွဲကို မျက်လှည့်ဝိုင်းလိုကြည့်လို့ 
စိတ်ဝင်စားသလိုထင်ရပြီး
စပါးကြီးမြွေလို ပချုပ်ထဲ ပြန်ခွေတယ်
ငါတို့ဟာ မျိုးတုန်းသတ်ဖြတ်မှုတွေထဲ
စုတ်တသပ်သပ် လုပ်တတ်တယ်
ကောင်းကင်ဘုံမှာ နတ်ဘုရားတွေရှိတယ်လို့ 
ပူဇော်ပသရင်း အာဟာရပြတ်လာကြတာပဲ
ဆင်းရဲတွင်း ဘယ်လောက်နက်ကြောင်း
ကိုယ်တိုင်လောင်ကျွမ်းဘူး သူတွေ ပြန်မလာတော့ဘူး
ဘဲငန်းတစ်ကောင်ကိုဖမ်းချင်ရင်
တောအုပ်လေးကို ပြန်ကြည့်မိတယ်
အလင်းရောင်တွေက နတ်သမီး စေလိုက်သလို
ငါတို့တစ်ကိုယ်စာလင်းနေတာ ညတိုင်း
ကိုယ်ချင်းစာစိတ် မီးမလာဘူး
သူတို့  ဆံပင်ဆေးဆိုးလို့ ကောင်းတုန်း
အမှောင်က တိုးထွက်လာမယ့်ကံကြမ္မာ ဟာ
သဘာဝအတိုင်း မည်းလို့ မှောင်လို့ ။
ဇင်လင်း - စင်္ကာပူလက်ချာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး
$
0
0
ဇင်လင်း - စင်္ကာပူလက်ချာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၈
ဤ ၂၀၁၈ သြဂုတ်လကို ထူးခြားသည်ဟု ဆိုချင်သည်။ အဘယ်ကြောင့်ဆိုသော် ယခုလအတွင်း မြန်မာ့နိုင်ငံရေး ဇာတ်ခုံ ပေါ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထူးခြားသည့် သတင်းအတော်များများ ဖြစ်ပေါ်ခဲ့သည်။ ရခိုင်ပြည်နယ် ကိစ္စ ကြောင့် နိုင်ငံတကာဖိအားများ မြင့်တက်လာနေသော သတင်းများ ကြားရသည်။ စီးပွားရေးအရ ဒေါ်လာဈေးအတက်ကြမ်း နေသော သတင်းကလည်း ပြည်သူအများ စိတ်မအေးနိုင်စရာ သတင်းဟု ဆိုရမည်။ နိုင်ငံရေးအရ လက်ရှိအစိုးရအပေါ် အတိုက်အခံများ၏ အပြစ်ရှာဝေဖန်မှုများ မြင့်တက်လျှက်ရှိသည့် သတင်းများလည်း ကြားသိနေရသည်။ သို့သော် ထိုသို့ သော လှုပ်ခတ်မှု ဂယက်များ ရှိနေသည့်တိုင် ပြည်သူလူထုက လက်ရှိ နိုင်ငံ၏ ခေါင်းဆောင်အပေါ် ထောက်ခံဝန်းရံမှုများ ကျဆင်းမသွား၊ တက်ရိပ်ပြနေသည်ဟုပင် ဆိုနိုင်သည်။
မကြာသေးမီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြား ချက်အရ စင်္ကာပူနိုင်ငံသို့ သြဂုတ် ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ လေးရက်ကြာ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း သြဂုတ်လ ၂၁ ရက်နေ့တွင် Grand Hyatt ဟိုတယ်၌ ပြုလုပ်သည့် ၄၃ ကြိမ်မြောက် Singapore Lecture ဟောပြောပွဲ တွင် “မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေး စိန်ခေါ်ချက်များနှင့် ရှေ့ဆက်ရမည့်ခရီး” ဟူသော ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည် ဟောခွင့်ရခဲ့သည်။ ၎င်းအခွင့်အရေးကို တော်ရုံတန်ရုံ ခေါင်းဆောင်များအား ပေးလေ့မရှိဟု ဆို သည်။ ဒေါ်အောင်ဆန်းစုကြည် ရှေ့တွင် ဟောပြောခွင့် ရရှိခဲ့ကြသူများ၏ စာရင်းကို ကြည့်လျှင် သိနိုင်သည်။ Singapore Lecture ဟောပြောပွဲ ၃၃ ကြိမ်မြောက်တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe)၊ ၃၆ ကြိမ်တွင် တရုတ် သမ္မတ ရှီကျင့်ပင်(Xi Jinping)၊ ၃၇ ကြိမ်တွင် အိန္ဒိယ ၀န်ကြိးချုပ် ရှရီနာရင်ဒရာ မိုဒီ (Shri Narendra Modi)၊ ၃၈ ကြိမ်တွင် ဗီယက်နမ် သမ္မတ ထရန်ဒိုင်ကျူယင် (Tran Dai Quan)၊ ၃၉ ကြိမ်တွင် နယ်သာလန် ၀န်ကြီးချုပ် မတ်ရတ်တေ (Mark Rutte)၊ အကြိမ် ၄၀ မြောက်တွင် ပြင်သစ် သမ္မတ ဖရန်စစ်ဟော်လန်ဒီ(François Hollande)၊ ၄၁ ကြိမ်တွင် တူရကီ ၀န်ကြီးချုပ် ဘင်အလီ ယီလ်ဒင်(Binali Yıldırım)၊ နှင့် ၄၂ ကြိမ်မြောက်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင် (Moon Jae-in) အစရှိသည်ဖြင့် ဟောပြောခဲ့ကြသည်ကို တွေ့နိုင်သည်။ တနည်းအားဖြင့် Singapore Lecture စင်မြင့် သည် နိုင်ငံရေးအခြေအနေများအပေါ်တည်မှီ၍ နိုင်ငံတကာအား ရှင်းလင်းပြောဆိုခွင့် ပေးသည့် ထူးခြားအရေးပါသော နေရာတစ်ခုဟု ဆိုနိုင်သည်။ ထိုအခွင့်အရေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထိထိရောက်ရောက် အသုံးချကာ၊ လက်ရှိ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကို ကမ္ဘာက သိရှိနားလည်လာအောင် ပြောဆိုရှင်းပြနိုင်ခဲ့သည်။
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် လမ်းပြမြေပုံအဖြစ် ရှုမြင်နိုင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း တွင် မဏ္ဍိုင် ၃ ခုက အထောက်အပံ့ပြုထားသည့် ရည်မှန်းချက် ၅ ခု ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည်။ ပထမရည်မှန်းချက်မှာ “ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး” ဟု ဆိုသည်။ ဒုတိယရည်မှန်းချက်မှာ “စီးပွားရေးတည်ငြိမ်မှုနှင့် အကြီးစားစီးပွားရေး စီမံခန့်ခွဲမှုများအားကောင်းလာရေး” ဖြစ်၍ ၎င်းတို့မှာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဟူသော မဏ္ဍိုင်အပေါ်တည်မှီနေသည်ဟု ဆိုသည်။ တတိယရည်မှန်းချက်မှာ သာယာ ၀ပြောမှုနှင့် မိတ်ဖက်ဖြစ်မှုဟူသော မဏ္ဍိုင်နှင့်သက်ဆိုင်သည့် “အလုပ်အကိုင်ဖန်တီးမှုနှင့် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှု” ဖြစ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းပြခဲ့သည်။ ပြည်သူနှင့် ကမ္ဘာကြီးပါဝင်သော တတိယ မဏ္ဍိုင်က “၂၁ ရာစု လူမှုအသိုက်အဝန်းအတွက် လူသားအရင်းအမြစ်နှင့် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး” ဟူသည့် စတုတ္ထ ရည်မှန်းချက်ကို အထောက်အပံ့ ပြုကြောင်း၊ ပဉ္စမရည်မှန်းချက်မှာ “နိုင်ငံသာယာဝပြောမှုအတွက် သဘာဝအရင်းအမြစ် များနှင့် ပတ်ဝန်းကျင်” ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြခဲ့သည်။ တနည်းဆိုလျှင် လက်ရှိအစိုးရ၏ မူဝါဒလမ်းစဉ်ကို ရှင်းလင်းပြော ဆိုခြင်းဟု ဆိုနိုင်သည်။
ရည်မှန်းချက် တစ် နှင့် နှစ်မှာ အပြန်အလှန် အမှီသဟဲပြုကြပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု မဏ္ဍိုင်သာ မရှိပါက ၎င်းတို့ ရပ်တည်၍ မရနိုင်ဟု ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ် ရောက်ရှိခဲ့ပြီဖြစ်၍ ယင်း မဏ္ဍိုင် တည်ဆောက်ရေးသည် ပထမဦးဆုံး ဖော်ဆောင်ရမည့် တာဝန်ဖြစ်သည်ဟု ဆိုသည်။ အစိုးရသစ် စတင်တာဝန်ယူ ခဲ့သော ၂၀၁၆ ခုနှစ် မတ် ၃၀ ရက် အစပိုင်းကစ၍ ယခင်အစိုးရ ဖော်ဆောင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စီမံကိန်း ချကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့ပြီး နိုင်ငံတော်ကို ယိုယွင်းပျက်စီးစေသည့် လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရေးနှင့် မတူကွဲပြားခြားနားမှုမှ ဖော်ဆောင်ယူခဲ့သော ရေရှည်ခိုင်မြဲသည့် စည်းလုံးညီညွတ်မှု အပေါ်အခြေခံသည့် ခိုင်မာသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ရေးတို့အတွက် (၂၁) ရာစုပင်လုံညီလာခံ ကျင်းပခြင်းဖြင့် ကြိုးပမ်းခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ချောမွေ့သည်ဟူ၍မရှိဘဲ အဟန့်အတားများနှင့် ပြည့်နှက်နေလေ့ ရှိသည်ကို အခြား နိုင်ငံများ၏ အတွေ့အကြုံများမှ မိမိတို့ လေ့လာသိရှိခဲ့ကြောင်း၊ မိမိတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ဆွေးနွေးညှိနှိုင်း ရမည့် အဖွဲ့အစည်းများစွာ ပါဝင်ပတ်သက်နေသည့်အတွက် အလွန့်အလွန် ရှုပ်ထွေးပါကြောင်း၊ မိမိတို့အနေဖြင့် အခက် အခဲများ၊ စိတ်ပျက်စရာများ၊ နှောင့်နှေးကြန့်ကြာမှုများအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ထားကြောင်း စသည်ဖြင့် ရှင်းပြပြောဆိုခဲ့သည်ကို တွေ့ရသည်။
သို့သော် အစိုးရအဖွဲ့အနေဖြင့် လုံ့လမလျှော့ရန် စိတ်ပိုင်းဖြတ်ထားကြောင်း၊ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းမှုမရှိလျှင် အသွင်ကူးပြောင်းရေး လုပ်ငန်းသည် အောင်မြင်မှု မရရှိနိုင်ကြောင်း၊ ကြိုတင် မျှော်မှန်းထားသကဲ့သို့ အခက်အခဲများနှင့် စိတ်ပျက်စရာများ ရှိသော်လည်း အဆက်မပြတ် ညှိနှိုင်းဆွေးနွေးမှုများ၊ ထာဝရစိတ်ရှည်သည်းခံမှု၊ ဆွေးနွေးဖက်များ၏ စိတ်ရင်းစေတနာ ကောင်းမွန်မှု၊ ပြည်သူများနှင့် မိတ်ဆွေများ၏ အားပေး ကူညီမှုတို့ဖြင့် မိမိတို့ ရှေ့ဆက်လျှောက်လှမ်း နိုင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်နှစ် အတွင်း ပင်လုံအစည်းအဝေးသုံးကြိမ် ကျင်းပခဲ့ရာ ကျင်းပသည့် အကြိမ်တိုင်းတွင် အဖိုးတန်သည့် တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အဆင့် ၇ ဆင့်ရှိသော လမ်းပြမြေပုံ ကို ရရှိခဲ့သည်ဟု ဆိုသည်။
ဒုတိယအစည်းအဝေးတွင် အခြေခံမူဝါဒ ၃၇ ချက်ကို ချမှတ်နိုင်ခဲ့ကြောင်း၊ တတိယအစည်းအဝေး မစတင်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုနှင့် ထပ်မံ၍ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ အစည်းအဝေး ကျင်းပစဉ်ကာလအတွင်း ထပ်မံ၍ အခြေခံမူဝါဒ ၁၄ ချက် ချမှတ်နိုင်ခဲ့ကြောင်း၊ ကြီးမားသော စိန်ခေါ်မှု ရှိနေဆဲဖြစ်ပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား တိုက်ပွဲများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အကြားတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း၊ မိမိတို့အနေဖြင့် စိန်ခေါ်မှုများအပေါ် အမြဲသတိရှိနေပြီး ယင်းတို့ကို အပြန် အလှန် ယုံကြည်မှုနှင့် နားလည်မှုတို့ တည်ဆောက်ရန် ကြိုးစားရင်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများမှ တစ်ဆင့် ဖြေရှင်းရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ ဖော်ဆောင် ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းခြင်းသည် မဏ္ဍိုင် ၁ တည်ဆောက်ရေး၏ အခြေခံကျသော အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ အစိုးရအဖွဲ့ စတင်တာဝန်ယူ သည့် နှစ်လအတွင်း ရခိုင်ပြည်နယ် တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်း တည်ထောင် ခဲ့ပြီး သဘာဝသယံဇာတ ကြွယ်ဝသည့် ရခိုင်ပြည်နယ်၏ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအား ဖျက်ဆီးနေသည့် ပြဿနာ များကို ထာဝရဖြေရှင်းပေးမည့်အဖြေများ ကူညီရှာဖွေပေးရန်အတွက် အကြံပေးကော်မရှင်ကို ဦးဆောင်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း ဒေါက်တာကိုဖီအာနန်ကို ချဉ်းကပ်ခဲ့ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် ကြုံတွေရသော အခက်အခဲများ နှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို နိုင်ငံတကာက သိရှိနားလည်စေရန် စင်္ကာပူစင်မြင့်မှတဆင့် နိုင်ငံတကာ ခေါင်းဆောင်များသို့ ပြောကြားခဲ့သည်ဟု ဆိုနိုင်သည်။ ရာစုနှစ်၏ နောက်ဆုံးလေးပုံ သုံးပုံကာလအတွင်း မြန်မာနိုင်ငံသည် အဓိက အကူးအပြောင်း သုံးခုကို ဖြတ်သန်းခဲ့ရပြီး လွတ်လပ်ရေးကြိုးပမ်းမှု အကူးအပြောင်းကာလ၊ စစ်အာဏာရှင်စနစ် အကူး အပြောင်းကာလတို့နှင့် နှိုင်းယှဉ်ကာ လက်ရှိ အကူးအပြောင်းကာလသည် အခက်အခဲများနှင့် အရှုပ်ထွေးဆုံး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ့စီးပွားရေး ရင်းနှီးမြုပ်နှံမှုအခြေအနေ၊ ကျန်းမာရေး ပညာရေး လူမှုရေးဆိုင်ရာ စိန်ခေါ် ချက်များနှင့် မြန်မာ နိုင်ငံအသွင်ကူးပြောင်းရေးတွင် တွေ့ကြုံရသော နိုင်ငံရေး စိန်ခေါ်ချက်များကိုလည်း ရှင်းလင်းပြောဆို ခဲ့ကြောင်းသိရ သည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ကို အဓိကထားလုပ်မည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က စကာပူ မူဝါဒဆိုင်ရာဟောပြောမှုတွင် ထည့်သွင်းပြေကြားသည်။ ဖွဲ့စည်းပုံပြင်ရေးသည် အသွင်ကူးပြောင်းရေးအတွက် အဆုံး အဖြတ်ပေးမည့် လုပ်ငန်းစဉ်ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းနေသည့် ကုလသမဂ္ဂ၏ အရေးကြီးသော အခန်းကဏ္ဍကိုလည်း မိမိတို့ အသိ အမှတ်ပြုကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံဥက္ကဋ္ဌနိုင်ငံမှ ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှ အမြဲတမ်း ကိုယ်စားလှယ်များ လာရောက်နိုင်ရေးအတွက် မိမိတို့စီစဉ်ဆောင်ရွက်ခဲ့ကြောင်း။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ၏ အထူးကိုယ်စားလှယ်အဖြစ် သံအမတ် Christine Burgener ကို ခန့်အပ်လိုက်မှုအပေါ် မိမိတို့ ကြိုဆိုပါကြောင်း၊ အဆိုပါ အထူး ကိုယ်စားလှယ်သည် နေပြည်တော်တွင် ရုံးခန်းဖွင့်လှစ်လိုက်ပြီဖြစ်ပါကြောင်း၊ သံအမတ် Christine Burgener နှင့် မိမိတို့ ထိတွေ့ ဆက်ဆံမှုသည် အပြုသဘောဆောင်ပြီး အကျိုးများမည်ဟု ယုံကြည်ကြောင်း စသည်ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။ ကုလသမဂ္ဂဦးဆောင်နေသော နိုင်ငံတကာ ဖိအားများ လျော့ကျရေးနှင့် မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာက နားလည်မှုရှိလာစေရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကြိုးပမ်းနေကြောင်း မြင်နေရ သည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားသော အကျပ်အတည်းများကို ဖြစ်ပေါ်စေသည့် အကြမ်းဖက်လုပ်ရပ်များသည် လက်ရှိအခြေအနေတွင် အမှန်တကယ် ကြီးမားနေသည်ကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရှင်းပြခဲ့သည်။
လုံခြုံရေးကို စိန်ခေါ်နေသည့် အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းမှု မပြုပါက လူမျိုးစုနှစ်ရပ်အကြား အကြမ်းဖက်မှု အန္တရာယ် ဆက်လက် တည်ရှိနေမည် ဖြစ်သည်ဟုလည်း သုံးသပ်ပြောဆိုခဲ့သည်။ အဆိုပါ ပြဿနာသည် မြန်မာနိုင်ငံ တွင်သာမက ဒေသတွင်းရှိ နိုင်ငံများနှင့် အခြားနိုင်ငံများအတွက်ပါ ကြီးမားသည့် အကျိုးဆက်ကို ဖြစ်ပေါ် စေနိုင်သည့် ခြိမ်းခြောက်မှု ဖြစ်သောကြောင့် မည်သည့် အကြမ်းဖက်မှုမျိုးကိုမဆို တစ်စုံတစ်ရာ အကြောင်းပြချက်ဖြင့် လျစ်လျူမရှုသင့်၊ ခွင့်မလွှတ်သင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်ကို တွေ့ရသည်။
အမေးအဖြေကဏ္ဍတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က ရွှင်ရွှင်ပျပျ တည်တည်ငြိမ်ငြိမ် ဖြေကြားသွားခဲ့သည်ကို တွေ့ရ သည်။ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးစနစ်မှတဆင့် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေခြင်း မပြီး မြောက်သေး သည်ကို မည်သို့သော နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားဖို့ရှိပါသလဲဆိုသည့် စင်္ကာပူနိုင်ငံသား သံတမန်တဦး၏ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ဖြေကြားသွားသည်။
“လွှတ်တော်ထဲမှာ ရွေးကောက်ခံမဟုတ်တဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတာကို ဖြုတ်သိမ်းပေးဖို့ လိုအပ်ပါ တယ်။ ဒါပေမယ့် ဒါတွေကို ဆက်လက်ညှိနှိုင်း မှုတွေကနေတဆင့် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း မျက်ခြေမပြတ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံမှာ ဒီမိုကရေစီ နည်းမကျ တဲ့ အပိုင်းတွေ ရှိနေပါသေးတယ်။ ဒီအပိုင်းတွေက အတိတ်က စစ်တပ်နဲ့ ဆိုင်နေပါတယ်။ ဒါ့ကြောင့် ဒီကဏ္ဍအားလုံးကို စေ့စပ်ညှိနှိုင်းပြီး ပြောင်းလဲဖို့လိုအပ်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ကြောင်း ဗွီအိုအေသတင်းက ဖေါ်ပြခဲ့သည်။
ပြည်တွင်း၌ ပြင်းပြင်းထန်ထန်မေးခွန်းထုတ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က Singapore Lecture ဟောပြောပွဲတွင် အလယ်အလတ်သဘောထားဖြင့် အဖြေပေးခဲ့သည်။ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံဖြစ်လာစေရန် ပြင်ဆင်ရမည်။ သို့သော် ပြည်သူမနာသောနည်း စေ့စပ်ညှိနှိုင်းသောနည်းဖြင့် ပြောင်းလဲမည်ဟု ဆိုလိုက်သည်။ တပ်မတော်နှင့် ဆက်ဆံရေးလည်း မဆိုးပါဟု ဆိုလိုက်သည်။ စင်္ကာပူနှင့် နိုင်ငံတကာမှ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစဉ် ခက်ခဲမှုကို အဆင်ပြေအောင် လုပ်ဖို့ မေးကြသည်။ ယင်းကိစ္စများ အဆင်ပြေစေရန် ဥပဒေများ ပြင်ဆင်ထားပြီဆိုသည့်အကြောင်း၊ အခြေခံအဆောက် အအုံများ တိုးတက်ဖေါ်ဆောင်ရန် လုပ်နေကြောင်းပြောပြသည်။ ယင်းကိစ္စ ဝန်ကြီး ဦးသောင်းထွန်းကို ထွက်၍ ရှင်းပြစေသည်။ ပြုပြင်ပြောင်းလဲမှုတစ်ခု အနေဖြင့်မကြာသေးမီကကုမ္ပဏီ မှတ်ပုံတင်များကို အွန်လိုင်းကတစ်ဆင့် မြန်မြန် ဆန်ဆန် ဆောင်ရွက်ပေးနေကြောင်း ဦးသောင်းထွန်းက ရှင်းပြသည်။
 အနှစ်ချုပ်ရလျှင် Singapore Lecture ဟောပြောပွဲတွင် အာဆီယန်နှင့် အချို့သော နိုင်ငံတကာခေါင်းဆောင်များအနေဖြင့် မြန်မာ့ အခြေအနေ အခက်အခဲကို အတော်အတန်သိရှိနားလည်သွားပေလိမ့်မည်။ ယခုကဲ့သို့သော နိုင်ငံရေးဗျူဟာ အခင်း အကျင်းကို ဖန်တီးပေးသည့် အိမ်ရှင်ဖြစ်သူ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong)ကို ကျေးဇူးတင် သင့်သည်။ ပြည်တွင်းနိုင်ငံရေး လှုပ်ခတ်မှု ဂယက်များ ရှိနေသည့်တိုင် ပြည်သူလူထုက Singapore Lecture နားထောင်ပြီး နောက် လက်ရှိ နိုင်ငံ၏ ခေါင်းဆောင် ရင်ဆိုင်နေရသော နိုင်ငံရေးအခက်အခဲ အတားအဆီးများကို အတော်အတန် မြင်လာကြသည့်အလျောက်၊ သူ့အပေါ် ထောက်ခံဝန်းရံမှုများ ကျဆင်းမသွားဘဲ၊ တက်ရိပ်ပြနေဆဲရှိသည်ကို မြင်တွေ့ရပေသည်။ ။။။
စိုးခိုင်ညိန်း - လေထဲက ဖုန်မှုန့်တွေ
$
0
0
လေထဲက ဖုန်မှုန့်တွေ
စိုးခိုင်ညိန်း
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၈
သိပ်မကြာသေးခင်က ငယ်ငယ်ကသိကျွမ်းခဲ့ရသောသူငယ်ချင်းတယောက်နှင့် မမျှော်လင့်ပဲ ပြန်ဆုံရသည်။ သူနှင့်မတွေ့ရသည်မှာ ၁၅ နှစ်လောက်ရှိပြီ ဖြစ်သည်။ သူ့ပုံစံသည်ပင် သူ့အသက်နှင့်စာလျှင် အနည်းငယ် အိုဇာနေသည်ဟု ထင်ရသည်။ သူနှင့်ကျွန်တော် ကွဲသွားကတည်းက ဘာအဆက်အသွယ်မှမရှိခဲ့။ အခုမှ ဖေစ်ဘုတ်ကနေ ပြန်တွေ့ပြီး အဆက်အသွယ်ပြန်ရခြင်း ဖြစ်သည်။ 
ကျွန်တော်တို့ ရှေးဟောင်းနှောင်းဖြစ်တွေ၊ အလုပ်အကိုင် အခြေအနေစသည်တွေ စကားတွေအများကြီး ပြောဖြစ်ကြသည်။ သူ့ကို ဘာလုပ်သလဲမေးကြည့်တော့ ဖားကန့်က ပြန်လာတာ မကြာသေးဘူးဟုဆို သည်။ သူသည် ရေမဆေးရှာသူတယောက်ပါလားဟု သူ့ကို အံ့သြစိတ်ဖြင့် ကျွန်တော်က ငေးကြည့်နေမိ သည်။ သူ့ရှေ့မှာပင် မြေစာပုံပိလို့ သေတဲ့ သူတွေအများကြီးပဲဟု သူက ပြောပြပါသည်။ သူ၏လုပ်ဖော်ကိုင်ဖက်အချို့လည်း သေသည့်အထဲပါသွားသည်တဲ့။ "မနေ့ကပဲ သူနဲ့အတူတူအိပ်၊အတူတူ စား အတူတူ စကားတွေပြောနေခဲ့တာ နောက်နေ့လည်းရောက်ရော သူက မြေကြီးထဲရောက်သွားတာ တွေ့ လိုက်ရတယ်။ ကိုယ်တော်တော်လန့်သွားတယ်၊ ဒါနဲ့ ကိုယ်လည်း ပြန်ပြေးလာတာပဲ"ဟု သူက အခြေ အနေကို ပြောပါသည်။
"အခုလောလောစယ်တော့ ကိုယ်လည်း လေနေတယ်။ ဘာလုပ်စားရမယ်မှန်းလည်းမသိဘူး"ဟု ငြီး တွားကာ ကျွန်တော့်ကို ရင်ဖွင့်နေသော သူ့ပုံစံ သည် အရာရာကိုစိတ်ပျက်နေသည့်ပုံစံမျိုး ဖြစ်ပါသည်။ စိတ်ဓာတ်မကျပါနဲ့ကွာဟု ကျွန်တော်က အားပေးနေရသော်လည်း ကိုယ်တိုင်လည်းရုန်းကန်နေရသည်မို့ သူ့ကိုအကူအညီ ကောင်းကောင်းမပေးနိုင်ခဲ့။ ဘာပဲဖြစ်ြဖစ်ကွာ အဲဒီကိုတော့ ပြန်မသွားပါနဲ့ဟု ပြောရုံပဲ တတ်နိုင်ခဲ့သည်။ 
ပြီးခဲ့တဲ့သုံးလကျော်လောက်က ကံသီလို့ သေဘေးတခုမှလွတ်မြောက်ခဲ့ရတာကြောင့် ကျွန်တော်သည် အခုရက်ပိုင်းတွေမှာ ဒီသေခြင်းတရားကိုပဲ မကြာခဏ တွေးတောဆင်ခြင်နေခဲ့မိတာ ဖြစ်ပါသည်။ ဒီအတော်အတွင်းမှာပဲ လူတွေသေဆုံးရတဲ့ အဖြစ်အပျက်တွေ၊ သတင်းတွေကို ကြားသိနေခဲ့ရတာပဲ ဖြစ်ပါသည်။ ရွာပြန်ရောက်တော့ မူလတန်းမှာ အတူတက်ခဲ့ရတဲ့ ငယ်သူငယ်ချင်းတွေက စုံစုံလင်လင်မရှိ ကြတော့၊ သေတဲ့သူက သေကုန်ပြီ။ တစ်ယောက်ယောက်ကိုများ မမြင်မိလို့ မေးကြည့်လိုက်ရင် ဟော ဗျာ မသိသေးဘူးလား၊ မနှစ်ကပဲ ဆုံးသွားပြီလေတဲ့၊ ကျွန်တော့်မှာ အံ့သြမှင်သက်နေရပါသည်။
ကျွန်တော်သည် ထိုကဲ့သို့သောခံစားမှုတို့ဖြင့် တိတ်ဆိတ်အေးစက်ကာ အဖြစ်အပျက်တို့ကို အပြန်ပြန် အလှန်လှန် တွေးတောဆင်ခြင်နေမိပါသည်။ ထိုအခါတွင် ကျွန်တော်၏ပုံစံသည် အေးစက်ကာ ငူငူငိုင် ငိုင်လိုမျိုး ဖြစ်သွားပါသည်။ ကျွန်တော်သည် ဗလာသက်သက်လေဟာနယ်ထဲ သွားနေမိသလို ဘာကိုမှ မလုပ်မကိုင်မိပဲ ဖြစ်သွားပါသည်။ ထိုအခါတွင် ကိုယ့်ဟာကိုယ် သတိပြန်ကပ်ခါ စာတွေကိုပဲတအုပ်ပြီး အုပ် စိတ်နှစ်ကာ ဖတ်ဖို့ကြိုးစားရပါသည်။ စာကိုတော့ တလုံးမှချမရေးမိ၊ ရေးစရာလည်း မရှိ၊ ရေးဖို့ရာ လည်း မတွေးမိ၊ ဘယ်လိုပဲဖြစ်ဖြစ် နေ့တနေ့ကတော့ အချိန်တန်တော့လည်း ကုန်သွားမှာပဲလို့ ကိုယ့် အတွေးနဲ့ကိုယ် အားတင်းထားရပါသည်။
ဒီနေ့မှာတော့ မထိုင်တာ ကြာပြီဖြစ်သည့် စာရေးစားပွဲမှာပြန်ထိုင်တော့ စားပွဲပေါ်မှာဖုန်တွေက အထပ် လိုက်ဖြစ်နေတော့သည်။ ဒီဖုန်တွေဟာ တရက်တရက်မှာ နည်းနည်းချင်းကျတဲ့ဖုန်တွေ ဖြစ်မှာပဲ။ ဒါပေမဲ့ ကျွန်တော့်မှာ နေ့တိုင်းကျနေတဲ့ ဖုန်တွေကိုလေထဲမှာမမြင်နိုင်ခဲ့။ လေထဲမှာ ကိုယ့်မျက်စိနှင့် မမြင်နိုင်တဲ့ ဖုန်တွေဟာ အချိန်ပြည့်လွင့်ဝဲနေမှာပဲလို့ တွေးတောနေမိသည်။ ကိုယ်အမြဲတမ်း အသုံးပြုနေတဲ့အသုံး အဆောင်တွေပေါ်မှာလည်း ဖုန်တွေဟာ နေ့တိုင်းကျနေမှာပဲ ဖြစ်သည်။ အမြဲတမ်းလှည်းကျင်း သန့်ရှင်း မှုပြုလုပ်နိုင်ကာမှ တော်ရာကျပေသည်။ ပစ်ထားလိုက်လို့ ရက်အနည်းငယ် ကြာသွားလျှင် ဖုန်တွေက သိသိသာသာ ဖွေးနေတော့သည်။ လေထဲကမမြင်ရတဲ့ဖုန်တွေဟာ များလာပြီး ထုနဲ့ထည်နဲ့ ဖြစ်ကာ အရာဝတ္ထုများကို ဖုန်းလွှမ်း သွားနိုင်တာပဲဟု စဉ်းစားနေမိသည်။ အော် သေခြင်းတရားဆိုသည်ကလည်း မမြင်နိုင်တဲ့လေထဲက ဖုန်မှုန့်တွေလို နေရာအနှံ့တည်ရှိနေနိုင်တာပါပဲ လားဟု ဆင်ခြင်လိုက်မိသည်။
သေဆုံးသွားကြတဲ့သူတွေသည် လေထဲက ဖုန်မှုန့်တွေလို လူမြင်ကွင်းကနေ ပျောက်ကွယ်သွားကြ သည်။ တနည်းအားဖြင့်ဆိုရလျှင် သေဆုံးသွားကြ သူတို့သည်ဖုန်မှုန့်တွေဖြင့် ဖုန်းလွှမ်းပျောက်ကွယ် သွားကြသည်။ ပစ္စည်းဝတ္ထုစသည့်အရာဝတ္ထုတို့သည် အသုံးမပြုပဲကြာရှည်စွာပစ်ထားလိုက်လျှင် ဖုန်မှုန့် တို့ဖြင့် ဖုန်းလွှမ်းကာ မြေကြီးအောက်သို့ရောက်ကာ ပျောက်ကွယ်သွားကြသည်မှာ သဘာဝပဲ ဖြစ်သည်။ မြေကြီးထဲမှ ရှေးလူတို့အသုံးပြုခဲ့ကြသောရှေးဟောင်းပစ္စည်းများကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိကြသည်။ ထိုအရာဝတ္ထုများသည် လူတို့အသုံးပြုစဉ်တုန်းကတော့ မြေပေါ်မှာ တည်ရှိနေခဲ့သောအရာများ ဖြစ်ပါ သည်။ သို့သော်လည်း မလှုပ်မယှက်သေသလို ဖြစ်သွားသောအရာတို့သည် လေထဲကဖုန်တို့ဖြင့် ဖုန်း လွှမ်းကာ မြေကြီးထဲသို့ ရောက်သွားကြခြင်း ဖြစ်သည်။
လူ့ဘဝဆိုသည်မှာလည်း လေထဲကဖုန်တွေမတက်အောင် တနည်းပြောရလျှင် အသက်ရှင်သန်ရလေ အောင် လှုပ်ရှာရုန်းကန်နေရခြင်းပဲ ဖြစ်ပါသည်။ လှုပ်ရှားနေသောအရာဝတ္ထုပေါ်တွင် ဖုန်မှုန့်တို့သည် လွယ်လင့်တကူမတင်နိုင်၊ သို့သော်လည်း ကျွန်တော်တို့သည် ဖုန်မတင်အောင် ထာဝရလှုပ်ရှား နေဖို့ဆို သည်မှာလည်း မဖြစ်နိုင်သောကိစ္စတခုပဲ ဖြစ်သည်။ တနေ့နေ့ တချိန်ချိန်မှာတော့ ငြိမ်သက်ရပ်တန့်ကာ ဖုန်မှုန့်တို့၏ဖုန်းလွှမ်းမှုကိုခံရမည်သာ ဖြစ်သည်။
တနေ့က youtube မှာ အဆိုတော် KanSas သီဆိုသည့် Dust in the Wind သီချင်းကို နားထောင်မိ သည်။ ဟို အရင်က နားထောင်ဖူးသော်လည်း အခုလို သေသေချာချာနားမထောင်မိခဲ့၊ အခုတော့ သေ သေချာချာပဲထပ်ခါထပ်ခါ နားထောင်နေမိသည်။ တနေ့တော့ ကျွန်တော်တို့ အားလုံးသည် သီချင်းထဲက လို လေထဲကဖုန်မှုန့်တွေလို လွင့်ပါးပျောက်ကွယ်သွားကြရမှာချည်းပဲ ဖြစ်ပါသည်။ မိုးပေါက် မိုးရေစက် တွေသည် ကျယ်ပြောလှသော သမုဒ္ဒရာရေပြင်ကြီးထဲ နစ်ဝင်ပျောက်ကွယ်သွားသလို ပျောက်ကွယ်သွား ကြရဦးမည်ပဲ ဖြစ်သည်။ ထိုကဲ့သို့သော အဖြစ်အပျက်တို့သည် မထူးဆန်းလှ သောကိစ္စများပဲ ဖြစ်ပါ သည်။ တနေ့ လေထဲက ဖုန်မှုန့်တွေလိုပျောက်ကွယ်သွားမည့်အကြောင်းကို တွေးပြီးထိပ်လှန့်တုန်လှုပ် ကာ စိတ်ပျက်အားငယ်နေစရာတော့မလိုပေ။ ထိုသဘောတရားကိုပဲ တတ်နိုင်သမျှတွန်းလှန်ကာ ရင် ဆိုင်ရှင်သန်နေရသည်ကပင် ဘဝတခု ဖြစ်သည်။
ဘဝဆိုသည် လောကဓံရိုက်ချက်တို့ဖြင့်ပြည့်နေသော တိုက်ပွဲတခုပဲ ဖြစ်သည်။ လောကဓံဆိုသည်မှာ အနိမ့်အမြင့်သဘော၊ အဆိုးအကောင်းတို့ ဖြင့် တလှည့်စီကြုံကြိုက်ရမည့်သဘာဝတရားတခုပဲ ဖြစ် သည်။ ထိုအရာသည် ရှောင်လွှဲ၍မရ။ အဆိုးတို့ဝင်ရောက်လာသည့်အခါ ရင်ဆိုင်ကျော်လွှား ဖြတ်သန်း နိုင်ပါမှ အကောင်းတို့ဖြင့် တွေ့ကြုံရမည် ဖြစ်သည်။
ကြိုးစားနေသမျှ အောင်မြင်သွားကြတဲ့သူတွေကို ကြည့်ပြီး ငါလည်း တနေ့ပေါ့ဆိုသည့် စိတ်ကူးဖြင့် မျှော်လင့်နေနိုင်သည်။ ထိုအတူပင် ကျရှုံးပျောက်ကွယ်သွားကြသူတွေကိုကြည့်ပြီးလည်း ငါလည်း တနေ့ဆိုသည့်အတွေးဖြင့် ရောက်လာမည့်လောကဓံကို ကြိုတင်ပြင်ဆင်ထားရမည်သာ ဖြစ်သည်။ ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် ကဗျာဆရာလှသန်းသည်လည်း ငါလည်းတနေ့ဆိုပြီး ဆင်ခြင်သွားပုံကို တွေ့ရပါသည်။ 
ငါလည်းတစ်နေ့
ချောင်းရိုက်ခံရတာကို
ဘယ်လိုလက်တုံ့ပြန်မှာလဲ
လောကဓံဆိုတာ ဒီလိုပါပဲ
စိတ်အားငယ်စရာတွေကြားမှာ
ပြက်ရယ်ပြု စကားပြောတတ်သူ
ငြိတွယ်စိတ်ကြီးမား
အားသွန်ခွန်စိုက် လွမ်းရတာလဲ
အရသာတစ်မျိုးပါပဲ
တစ်ယောက်ပြီးတစ်ယောက်
နောက်တစ်ယောက်
နေ့ခင်းကြောင်တောင်
လင်းလင်းကျင်းကျင်းကြီးထဲ ပျောက်ကွယ်
ဘယ်ရောက်ကုန်ပြီလဲ
တစ်ယောက်နဲ့တစ်ယောက် နှုတ်မဆက်နိုင်ခဲ့
နေ့စဉ်နဲ့ အမျှ
ဆက်ဆံနေရတာက
လူရွှင်တော်တွေ
လူပြက်တွေ
ခက်ခက်ခဲခဲ ရယ်မောခဲ့ရ
ခြေကုန်လက်ပန်းကျ။
နောက်ဆုံးခရီး
ခေါင်းတိုင်က မီးခိုးတွေ
"လေပြင်းထဲက ဖယောင်းတိုင်"ပြော ပြော
"လေပြင်းထဲက ဖုန်မှုန့်"ပြော ပြော
ပြာကျခဲ့တာ
သေချာပါတယ်။ ။
လှသန်း
နေရောင်ချည်သည် တံခါးတချပ်ဖွင့်ထားသောပြတင်းပေါက်မှ စာရေးစားပွဲပေါ်သို့ ထိုးကျနေသည်။ ဆလိုက်တခုလို ထိုးကျနေသော နေရောင်ချည် ထဲတွင် သေချာကြည့်လိုက်တော့ လွင့်ဝဲနေသော ဖုန်မှုန့်တို့ကို တွေ့လိုက်ရသည်။ လွင့်ဝဲနေသောလေထဲက ထိုအမှုန်အမွှားတို့သည် စာရေးစားပွဲပေါ် သာမက စာရေးနေသောကျွန်တော်၏ကိုယ်ပေါ်သို့လည်း ကျနေပေလိမ့်မည်။
ရေးလက်စစာကို လက်စသတ်ပြီး ဖေစ်ဘုတ်ကို ဖွင့်ကြည့်လိုက်တော့ နိုင်ငံရေးမှာ အထင်ကရသူတဦး၏ ရုတ်တရက်ကွယ်လွန်တဲ့ နားရေးသတင်းကို ဖတ်လိုက်ရသည်။ ဒီလက သြဂုတ်လ၊ သမိုင်းမှာလည်း အသေအပျောက်များခဲ့တဲ့ လတစ်လပဲ ဖြစ်သည်။ ကျွန်တော်မှတ်မိသလောက် ဒီသြဂုတ်လ မှာပဲ ကြွေလွင့်သွားကြသည့် ကြယ်ပွင့်တွေ၏အမည်များမှာ မဟာဆွေ၊ ရွှေဥဒေါင်း၊ လူထုဦးလှ၊ လင်းယုန် သစ်လွင်၊ ဘီးအီးဒီအောင်သိုက်၊ ထူးအိမ် သင်၊ မင်းသုဝဏ်၊ တာရာမင်းဝေ၊ နန္ဒသိန်းဇံ၊၊ မောင်ဝံသ၊ မင်းလူ၊ မျိုးမြင့်လေး၊ ဒဂုန်တာရာ၊ ခိုင်ထူး စသည်တို့ ဖြစ်သည်ဟု မှတ်သားရသည်။ သူတို့သည် ဖုန်မှုန့် တွေလို ပျောက်ကွယ်သွားကြပေမဲ့ သူတို့၏နာမည်များကတော့ လေထဲမှာထင်ကျန်ကာ ရှင်သန်နေဆဲပဲ ဖြစ်ပါသည်။ ။
စိုးခိုင်ညိန်း
13, 8, 2018
ဝါကျဖြူ- ဦးခေါင်းပြတ်ထွက်နေတဲ့နာရီသံများ
$
0
0
ဦးခေါင်းပြတ်ထွက်နေတဲ့နာရီသံများ
  ဝါကျဖြူ
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၈
ကြိုးမပါပဲ တွဲလောင်းဆွဲထားတဲ့ခန္ဓာကိုယ်များ
နန်းကြိုးမျှင်တွေထဲ ရင်ဘတ်တွေခေါက်ထည့်ပြီး
လျှပ်စစ်ဖြတ်စီးမယ် ။
ပလပ်စတစ်ပါကင်အိတ်ထဲမှာ အသက်လုရှူနေရတဲ့
အသည်းအမြစ် အတွဲလိုက်တွေ။
ဂြိုဟ်ပျက်ထဲမှာ သံချေးတက်နေတဲ့ငှက်တွေ
ငိုသံတွေကို ကောက်စားနေကြတယ် ။
ကပ်ကြေးကိုက်ခံရတဲ့နာရီသံပြတ်စတွေထဲကို
ခေါင်းပြတ်နေတဲ့အတွေးစတွေ လေတိုးတိုင်း လွင့်ထွက်နေကြ ။
15/7/18
K- New Zero Art Spaceရဲ့(၁၁) ကြိမ်မြောက် အခမဲ့ လူကြီးပန်းချီသင်တန်း သင်တန်းသားခေါ်ယူ
$
0
0
New Zero Art Spaceရဲ့(၁၁) ကြိမ်မြောက် အခမဲ့ လူကြီးပန်းချီသင်တန်း သင်တန်းသားခေါ်ယူ
K
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၈
ပန်းချီအေးကို ကြီးမှူးပြီး နှစ်စဉ်ဖွင့်လှစ်မြဲဖြစ်တဲ့ New Zero Art Space ၏ အခမဲ့ ပန်းချီသင်တန်းကို အောက်တိုဘာ ၅ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားပေးမှာဖြစ်သောကြောင့် လူကြီးပန်းချီသင်တန်းကို တက်ရောက်လိုတဲ့ သင်တန်းသားများကို New Zero Art Space မှ ခေါ်ယူလျက်ရှိပါတယ်။
သင်တန်းမှာ အခမဲ့ဖြစ်ပြီး New Zero Art Space မှ ဖွင့်လှစ်သင်ကြားပေးခဲ့တာ ယခုအကြိမ်ဟာ ၁၁ ကြိမ်မြောက်ရှိပြီဖြစ်ပါ တယ်။ သင်ကြားမယ့်ဘာသာရပ်များကတော့ အခြေခံ ပန်းချီပညာရပ် (Basic Drawing, Painting , Color theory)၊ International Art History နှင့် Myanmar Art History၊ Introduction of new Art forms၊ အခါအားလျော်စွာ ဖိတ်ခေါ်ထား သည့် artist များ၏ လက်တွေ့ရေးဆွဲပြသမှုများနှင့် workshop အစီအစဉ်များပါရှိပြီး သင်တန်းဆင်း ပန်းချီပြပွဲကိုလည်း ပြသ သွားမယ်လို့သိရပါတယ်။
သင်တန်းတက်ရောက်လိုသူများအနေနဲ့ အချိန်ပေးနိုင်သည့် မည်သူမဆို လျှောက်ထားနိုင်သည်ဟု ပြောဆိုထာြး့ပီး သင်တန်း ရက်များမှာ အပတ်စဉ်သောကြာ၊ စနေ၊ တနင်္ဂနွေရက် များမှာ ညနေ ၄ နာရီကနေ ၆ နာရီထိ လပေါင်း ၈ လကြာ သင်ကြားပေး သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ပန်းချီသင်တန်းနဲ့ပတ်သက်ပြီး New Zero Art Spaceလူမှုကွန်ရက်စာမျက်နှာကနေ “ အနုပညာကို အမှန်တကယ်စိတ်ဝင်စားသူ များအတွက် ရည်ရွယ်ပြုလုပ်ပေးသော သင်တန်းဖြစ်ပါ၍ သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူများကိုသာ ဦးစားပေးလက်ခံ မည်ဖြစ်ပါသည်”လို့ ပြောဆိုထားပါတယ်။ 
သင်တန်းလျှောက်လွှာများကို New Zero Art Space တွင် 20/9/ 2018မှ စတင်၍ ရုံးချိန်အတွင်း လာရောက်လျှောက်ထား နိုင်ပြီး New Zero Art Space ၏ Facebook Page မှလည်း download ရယူနိုင်ပြီး သင်တန်းလျှောက်လွှာများကို လိုင်စင် ဓာတ်ပုံ (၂) ပုံနှင့်တကွ လူကိုယ်တိုင် စက်တင်ဘာ ၃၀ရက် နောက်ဆုံး သွားရောက်ပို့ဆောင်ရမှာဖြစ်ပါတယ်။
K ငြိမ်းချမ်း- စစ်အစိုးရအဆက်ဆက် ဖျက်ဆီးခဲ့တဲ့ ဗမာ့စီးပွားရေး
$
0
0
စစ်အစိုးရအဆက်ဆက် ဖျက်ဆီးခဲ့တဲ့ ဗမာ့စီးပွားရေး
K ငြိမ်းချမ်း
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၈
ပြီးခဲ့တဲ့၂လ ၃ လလောက်ကတည်းက ဒေါ်လာဈေးတွေ အဆမတန်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုးတွေကျဆင်းလာတာ လူတိုင်း အသိဖြစ်ပါတယ်။ ဒါကို NLD အစိုးရလည်း ဗဟိုဘဏ်ကနေ ဒေါ်လာ ချရောင်းခဲ့ပြီး တတ်နိုင်သမျှ လွတ်မြောက်ဖို့ နည်းမျိုးစုံ ကြိုးပမ်းခဲ့တာတွေလည်း မြင်နေ ကြားနေခဲ့ရပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ဝေဖန်သံအမျိုးမျိုး ထွက်ပေါ်လာပါတယ်။ ပြောချင်တာက မြန်မာ့စီးပွားရေးအကြောင်းပါပဲ။
စစ်အစိုးရအဆက်ဆက် မကောင်းခဲ့တဲ့ ဗမာ့စီးပွားရေး၊ ဒါကို ဆက်လက်တာဝန်ယူရတဲ့NLD အစိုးရလည်း တန်ခိုးရှင်မဟုတ် တော့ သူတာဝန်ယူထားချိန် ၂နှစ်ခွဲ ကျော်ကျော်ကာလမှာ အဆင်ပြေနိုင်မယ်လို့ ဘယ် ပညာရှိမှမဟောနိုင်ပါ။ သို့သော်လည်းပေါ့လေ။ စစ်အစိုးရကာလများကလိုတော့ အထွေထွေနိမ့်ကျမှုများ ထပ် မဆိုးဖို့တော့ လက်ရှိ အစိုးရ စီးပွားရေး ပညာရှင်ကြီးများ တာဝန်ယူ တာဝန်ခံရပါလိမ့်မယ်။
ဗမာ့စီးပွားရေးကရော ယခင် ဘယ်လိုအခြေအနေရှိခဲ့ပါသလဲ။ ဗမာ့စီးပွားရေးကိုခေတ်ကာလအရပိုင်းခြားရမယ်ဆိုရင် နယ်ချဲ့ ကိုလိုနီအောက် ဗမာ့စီးပွားရေး၊ လွတ်လပ်ရေးရြ့ပီးခတ် ဗမာ့စီးပွားရေး၊ ၁၉၆၂ ကစလို့ ၂၀၁၂ထိ စစ်အစိုးရအဆက်ဆက် ဗမာ့ စီးပွားရေး၊ လက်ရှိအရပ်သား အစိုးရတပိုင်းခေတ် ဗမာ့စီးပွားရေး စသဖြင့်မြင်နိုင်ပါတယ်။
အဆင်းရဲခဲ့ဆုံး ဗမာ့စီးပွားရေးခေတ်ကတော့ လူတိုင်းအလွယ်မြင်နိုင်တဲ့ ဗိုလ်နေ၀င်းအစိုးရလက်ထက်က စခဲ့တာပါပဲ။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံး စာရင်း ဝင်နိုင်ငံကနေ ဗမာနိုင်ငံဟာ ထွက်ခဲ့ရတော့တယ်။ 
အာဏာရှင်စနစ်ကိုလက်ဆင့်ကမ်းခဲ့တဲ့တဲ့ နအဖလက်ထက်မှာရော ဗမာ့စီးပွားရေးကတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် သွားတော့တာပါပဲ။ နိုင်ငံထဲ ရှိရှိသမျှ သယံဇာတတွေက ကမ္ဘာအနှံ့ခြေဆန့် ရောက်ရှိ သွားသလို မြန်မာလူငယ်အများစုကလည်း နိုင်ငံအနှံ့ တရားမ၀င် အလုပ်သမားအဖြစ် များစွာရောက်ရှိသွားတဲ့အထိ ဆင်းရဲသွားခဲ့ရတာဖြစ်ပါတယ်။
အဲဒီလို အထွေထွေအကျပ်အတည်းတွေ ရောပြွန်းနေတဲ့ ဗမာနိုင်ငံဟာ အာရှမှာအချမ်းသာဆုံး ကမ္ဘာ့အလယ် တင့်တောင်း တင့်တယ် ရွှေထီးဆောင်း ရွှေခြေချင်း၊ ရွှေကြယ်သီးတွေတပ်ခဲ့ကြတယ်ဆိုတာ အသက် ၅၀ မကျော်ရင် မသိနိုင်လောက်တော့ပါ ဘူး။ ဘာကြောင့်ဆိုတိုင်းပြည်ဟာ အဆင်းရဲ တွင်းနက်ခဲ့တာ နှစ်ပေါင်း ၆၀ နီးပါးဆိုတော့လေ။
ဒါတွေသိဖို့ ခေတ်အဆက်ဆက်ဗမာ့စီးပွားရေးအကြောင်းလည်း သိဖို့လိုပါတယ်။ ဒီစာအုပ်ကတော့ ဗမာ့စီးပွားရေးအကြောင်းကို ခေတ်အလိုက်ပိုင်း ခြားပြီး လုံးဝအပြည့်အစုံကြီးမဟုတ်တောင် အကျဉ်းရုံးတော့ တင်ပြထားပါတယ်။ Sean Turnell မူရင်း အင်္ဂလိပ်လိုရေးသားတဲ့Banks Money Lenders and Microfinance in Burmaစာအုပ်နဲ့အခြားမြန်မာနိုင်ငံနဲ့ဆိုင်တဲ့စာအုပ်တွေ ကို မှီငြမ်းခဲ့ရတယ်လို့စာအုပ်မှာ ရေးသားထားပါတယ်။ စာရေးဆရာကိုကိုလေးက ဗမာ့စီးပွားရေးသမိုင်းအမည်ဖြင့် ဘာသာပြန် ဆိုကာ ယဉ်မျိုးစာပေကနေ ၂၀၁၇ခုနှစ်မှာ ထုတ်ဝေဖြန့်ချိထားပါတယ်။
စာအုပ်မှာ အခန်း(၁) ခေတ်သစ်ဗမာပြည်အတွက် အရေးပါသောအဖြစ်အပျက်များနှင့် အချိန်ကာလများ အခန်း(၂) ဗမာ့ စီးပွားရေးသမိုင်း အခန်း(၃) ကိုလိုနီခေတ် စုပေါင်းသမ၀ါယမလုပ်ငန်း အခန်း(၄) ကိုလိုနီခေတ် ဗမာပြည်ဗဟိုဘဏ် အခန်း(၅) ကိုလိုနီခေတ်စီးပွားရေးဘဏ်နှင့်နိုင်ငံခြားငွေ လဲလှယ်သောဘဏ်များ၊ အခန်း(၆)ငွေကြေးဘုတ်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး ဗမာပြည်အတွက်ယူနီယံဘဏ် ပြန်လည်ဖွဲ့စည်းခြင်း အခန်း(၇) ပါလီမန်ဒီမိုကရေစီ ခေတ်စိုက်ပျိုးရေးဘဏ် နှင့်စီးပွားရေး ဘဏ်များ အခန်း(၈) တိုင်းပြည်စီးပွားရေး အလုံးစုံပျက်စီးရေး အခန်း(၉)နဝတနှင့် နအဖ ခေတ်ကာလ မြန်မာ့စီးပွားရေး အခြေအနေ အခန်း(၁၀)ပု ဂ္ဂလိက ဘဏ်များ ပြိုလဲကျခြင်း စတဲ့ အခန်း ၁၀ ခန်း ပါဝင်ပါတယ်။
စစ်အစိုးရနဲ့ NLD အရပ်သားတပိုင်းအစိုးရကတော့ ကိုယ့်လူမျိုးအချင်းချင်းအုပ်ချုပ်တဲ့ကာလများ ခဏထားလို့၊ နယ်ချဲ့ကိုလိုနီ လက်ထက်မှာရော ဗမာ့စီးပွားရေး အခြေအနေတွေကိုသိဖို့ စာအုပ်ရဲ့ ကနဦးကာလများကို အရင်လေ့လာကြည့်ကြပါဦးစို့။
“ကိုလိုနီခေတ် ဗမာပြည်တွင် သီးသန့်ငွေနှင့် သီးသန့်ငွေကြေးစနစ် မရှိပေ။ ဗမာပြည်သည် ဗြိတိသျှကိုလိုနီ အိန္ဒိယနိုင်ငံကြီး ၏ အရှေ့ဘက်အစွန်မှ ပြည်နယ် တစ်ခုမျှသာဖြစ်ခဲ့သည်။ ဗမာပြည်အစိုးရသည် အိန္ဒိယအစိုးရ၏လက်အောက်ခံ အစိုးရ မျှသာ ဖြစ်ခဲ့သည်။
ဗမာပြည်၏ငွေကြေးစနစ်သည် ကာလကတ္တားနှင့်ဒေလီမြို့ရှိဘဏ်ကြီးများ၏ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။
၁၉၃၅ အက်ဥပဒေအရ ဗမာပြည်သည် အိန္ဒိယနိုင်ငံမှ သီးခြားခွဲထွက်ပြီး ဗြိတိသျှတို့၏သီးခြားကိုလိုနီနိုင်ငံဖြစ်လာသောအခါ ဗမာပြည်၏ငွေကြေးစနစ်သည် ကိုယ်ပိုင် ငွေကြေးစနစ်ဖြစ်လာသည်။ သို့သော် ဗမာပြည်တွင် ထိုအချိန်က သီးခြားငွေကြေး စနစ်တည်ထောင်ရန် အင်အားမရှိခဲ့ပေ။ထို့ကြောင့် ၁၉၃၅ခုနှစ်ဗမာပြည်အက်ဥပဒေကို တရားဝင်ထုတ်ပြန်ခြင်းမပြုမီ ၁၉၃၄ ခုနှစ်ကတည်းက အိန္ဒိယဘဏ်သည် ဗမာပြည်၏ဗဟိုဘဏ်ကိုလွှမ်းမိုးချုပ်ကိုင်ခဲ့ရသည်။” စာ-၇၅(ကိုလိုနီခေတ် ဗမာပြည်မှ ဗဟိုဘဏ်) ဗြိတိသျှအိန္ဒိယ ရူပီးငွေစက္ကူများသည် လူသုံးများလာခဲ့သည်။  ထိုခေတ်က ဗမာပြည်တွင် ငွေကြေး အများဆုံး လည်ပတ်သောအချိန်ကာလသည် နိုင်ငံခြားတင်ပို့နိုင်သော ဆန်စပါးနှင့် ကောက်ပဲသီး နှံများပေါ်ချိန်ဖြစ်သည်။ (စာ-၈၀)
ဗမာပြည်၏ဆန်စပါးနှင့် ကောက်ပဲသီးနှံဈေးကွက် ကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ ငွေကြေးဈေးကွက်၊ ငွေကြေးစနစ် လည်း ခိုင်မာလာခဲ့သည်။ ဗမာပြည်၏ စီးပွားရေးအချက်အချာမြို့တော်ဖြစ်သော ရန်ကုန်မြို့ကိုဗဟိုပြုပြီး ဗမာ့ငွေကြေး ဈေး ကွက်သည် အဓိကမြို့ကြီးခုနစ်မြို့ပြန့်ပွားလေသည်။ ထိုခေတ်က ရန်ကုန်မြို့နှင့်စီးပွားရေးအရ ဆက်စပ်နေခဲ့သော မြို့ကြီး ခုနစ်မြို့မှာ ၁။ ကာလကတ္တား ၂။ဘုံဘေ ၃။မဒရပ်မြို့ ၄။ကရာချိမြို့(ယခု-ပါကစ္စတန်နိုင်ငံမြို့တော်)၊ ၅။(Cawnpore ) ၆။လာဟိုးမြို့(Lahore) တို့ဖြစ်ကြသည်။ (စာ-၈၁)
ဗမာပြည်ဘဏ်ကို အိန္ဒိယဘဏ်မှ အသေးစိတ်လေ့ကျင့်သင်ကြားပေးခဲ့သောကြောင့် လုပ်ငန်းစတင်လုပ်ကိုင်သည်နှင့် တက်တက်ကြွကြွလုပ်ဆောင်နိုင်ခဲ့သည်။ ရန်ကုန်မြို့တွင်ချက်လက်မှတ်ဖြင့် ငွေသွင်း ငွေထုတ်ပြုလုပ်သောစနစ်ကို စနစ်တကျ အကောင်အထည်ဖော်နိုင်ခဲ့သည်။
ဗြိတိသျှအိန္ဒိယဘဏ်၏မားမားမတ်မတ် ရပ်တည်ပေးမှုကြောင့် ဗမာပြည်ဘဏ်(The Imperial Bank)သည် ငါးနှစ်တာ ကာလအတွင်း ဘဏ်ခွဲတစ်ရာအထိ ခွဲဖြန့်နိုင်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် မန္တလေးဘဏ်ခွဲကို စတင်ဖွင့်လှစ်ခဲ့သည်။ ပုသိမ်ဘဏ်ခွဲကိုလည်း ၁၉၂၁ ခုနှစ်တွင်ထပ်မံဖွင့်လှစ်ခဲ့သည်။
၁၉၂၄ ခုနှစ်တွင် မြင်းခြံဘဏ်ခွဲတစ်ခုထပ်ပြီး ထပ်ပြီး ဖွင့်လှစ်ခဲ့သည်။
ဗမာပြည်ဘဏ်ကို အိန္ဒိယဘဏ်က ငွေပင်ငွေရင်းထောက်ပံ့ခဲ့သလို ရန်ကုန်မြို့မော်လမြိုင်မြို့နှင့်စစ်တွေမြို့စသော စီးပွားရေးအရ အချက်အချာအကျ ဆုံးမြို့ကြီးသုံးမြို့ကိုဆက်သွယ်ပြီး ဘဏ်လုပ်ငန်းကွန်ရက်ကို ဖြန့်ချိရန်အတွက် ဘင်္ဂလားဘဏ်က အကူအညီပေးခဲ့သည်။
၁၉၂၀ ပြည့်လွန်ကာလများတွင် ဗမာပြည်၏စီးပွားရေးသည် နိုင်ငံတကာစီးပွားရေးပုံစံဖြစ်လာသည်။ စီးပွားရေးတိုးတက်လာသည်နှင့်အမျှဘဏ်လုပ်ငန်း စတင်ဖွံ့ဖြိုးလာခဲ့သည်။ (စာ-၈၅)
ဒါတွေကတော့ အခန်း(၄) (ကိုလိုနီခေတ် ဗမာပြည်မှဗဟိုဘဏ်)က ကောက်နုတ်ဖော်ပြခဲ့တဲ့ အချက်အလက်အချို့ဖြစ်ပါတယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာမဟုတ်တဲ့ နယ်ချဲ့ကိုလိုနီတွေအုပ်ချုပ်ခဲ့တဲ့ အချိန်အခါသမယဖြစ်ပါတယ်။ သေနတ်ကိုင်ပြီး အုပ်ချုပ် တာချင်းအတူတူ အင်္ဂလိပ်လက်ထက်စီးပွားရေးက အိမ်စောင့်အစိုးရ၊ နအဖ အစိုးရထက်တောင် ဖွံ့ဖြိုးတာကို ဖတ်ရှုရမှာဖြစ်ပါတယ်။
တိုင်းပြည်မငြိမ်သက်အောင်ဖန်တီး တိုင်းပြည်မငြိမ်သက်ဖြစ်တော့မှ အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရပထမကာလဖြစ်တဲ့ ဗိုလ်နေ၀င်းလက်ထက်ရောတိုင်းပြည်စီးပွားရေး ဘယ်လိုအနေအထားရှိခဲ့ပါသလဲ။ ဆိုရှယ်လစ်စနစ်ကြီးကို စစ်သားစိတ်နဲ့ဘယ်လိုအကောင်အထည်ဖော်ဖို့ကြိုးစားခဲ့သလဲဆိုတာ ဆက်ဖတ်ကြည့်စေချင်ပါတယ်။
၁၉၆၄ ခုနှစ်မတ်လ၄ရက်နေ့တွင် ခပေါင်းတောင်သူလယ်သမားနှီးနှောဖလှယ်ပွဲတွင် တော်လှန်ရေးကောင်စီဥက္ကဌဗိုလ်ချုပ်ကြီးနေ၀င်းက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်တည်ဆောက်နေခြင်းကို အရာရှိဆိုးများ ငွေရှင်ကြေးရှင်များက ဖျက်နေကြ သည်။ ဗမာချင်း ရက်ရက်စက်စက်မလုပ်ချင်ပါ။ လက်တွဲလုပ်ကြရန်တောင်းပန်လိုသည်ဤသို့ဖိတ်ခေါ်၍မရလျှင် ရှေးက ဘုရင်များ မြို့တည် နန်းတည်ရာတွင်စတေးကြသကဲ့သို့ဆိုရှယ်လစ်စနစ်တည်ထောင်ရာတွင်လည်း စတေးရမည်ဆိုလျှင် စတေးမည်” ဟုထည့်သွင်းပြောကြားသွားသည်။ (စာ-၂၁၇)
၁၉၆၃ခုနှစ် မတ်လ၁၉ရက်နေ့တွင် လုပ်ငန်းများအားလုံး ပြည်သူပိုင် ပြုလုပ်ခြင်း၊ အက်ဥပဒေပုဒ်မ ၃ အရ အပ်နှင်းထားသော အာဏာများကို သုံးစွဲလျက် အမိန့်အမှတ်၃၉ဖြင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆိုင်ခန်းပေါင်း ၃ ထောင်ကျော်ကို ပြည်သူပိုင် သိမ်းယူ လိုက်သည်။ (စာ-၂၁၇)
ကောင်းလိုက်တဲ့ စီးပွားရေးပေါ်လစီ၊ မူဝါဒတွေ။ မလိုက်နာရင် ဘာဖြစ်မယ်ဆိုတာတော့ တွေးသာကြည့်ကြပေတော့။ စတေးရမည်ဆိုလျှင် စတေးမည်လို့လည်း ဘ၀ရှင်မင်းတရားကြီးက ဆိုထားတယ်မဟုတ်လား။ အဲဒီဘ၀ရှင်မင်းတရားကြီးရဲ့ မြန်မာ့ဆိုရှယ်လစ်စနစ်ကို အကောင်အထည်ဖော်ဖို့ အစိုးရအဖွဲ့ဝင်များကိုလည်း စာအုပ်မှာထည့်သွင်းဖော်ပြထားပါတယ်။
တော်လှန်ရေးကောင်စီသည် နောင်တွင် တစ်ပါတီအာဏာရှင်စနစ်ကို ထူထောင်ရန်ဆုံးဖြတ်ထားသောကြောင့်အစိုးရအဖွဲ့ လျင်မြန်စွာဖွဲ့ပြီး ၀န်ကြီးဌာနတာဝန်များကိုခွဲဝေပေးလိုက်သည်။ ၁။ဗိုလ်ချုပ်ကြီး နေ၀င်း(ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ အခွန်တော်၊ တရားရေး၊ အမျိးသားစီမံကိန်း) ၂။ဗိုလ်မှူးချုပ်အောင်ကြီး( ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စက်မှု လက်မှုပစ္စည်းထောက်ပံ့ရေး) ၃။ဗိုလ်မှူးချုပ် တင်ဖေ(လယ်ယာစိုက်ပျိုးရေး၊ သစ်တောရေး၊ သမ၀ါယမကုန်စည် ဖြန့်ဖြူးရေး၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ၄။ဗိုလ်မှူးချုပ်သန်းဖေ(ပညာရေးနှင့်ကျန်းမာရေး) ၅။ဗိုလ်မှူးကြီးကျော်စိုး (ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရအဖွဲ့ဝန်ကြီးဌာန၊ သာသနာရေး၊) ၆။ ဦးသီဟန် (နိုင်ငံခြားရေး၊ အလုပ်သမားရေး အိမ်ယာဆောက်လုပ်ရေး၊ သတ္တုတွင်းဌာန၊ ပြည်သူ့လုပ်ငန်း ပြန်လည်ထူထောင်ရေး) ၇။ဗိုလ်မှူးကြီးစောမြင့်( ပြန်ကြားရေး၊ ယဉ်ကျေးမှု) ၈။ဒု ဗိုလ်ကြီး ဘနီ (လမ်းပန်းဆက်သွယ်ရေး)
၁၉၆၂ ခုနှစ်မတ်လ၈ရက်နေ့တွင် ကုန်သွယ်ရေးဌာနတာဝန်ခံဗိုလ်မှူးချုပ် အောင်ကြီးသည် ကုန်သည်အသင်း ၁၃သင်းမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး ယခုလက်ရှိ အတည်ဖြစ်နေသော သွင်းကုန်စနစ်သစ်ကို ၂နှစ်ရပ်ဆိုင်းထားမည်။ စိစစ်ပြီးနောက် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ယခင်အတိုင်းသွင်းကုန်လိုင်စင်များကို ပြန်ချပေးမည်။ သို့သော် နိုင်ငံခြားသား များကို သွင်းကုန်လိုင်စင်ထုတ်ပေးတော့မည် မဟုတ်ပါ။ (OGL)လုပ်ငန်းတွင်လည်း နိုင်ငံခြားသားများကိုခြောက်လ လုပ်ကိုင်ခွင့်ပြုမည်။ ခြောက်လကျော်ပါက လုပ်ပိုင်ခွင့်ရှိတော့မည်မဟုတ်ဟု စီးပွားရေးပြုပြင်ပြောင်းလဲမှု ခြေလှမ်းသစ်ကို စတင်ခဲ့သည်။ (စာ-၂၁၂)
အဲလို စီးပွားရေး မူဝါဒသစ်တွေနဲ့ တိုင်းပြည်ကို အမဲစဖျက်တော့တာများကို ဖတ်ရှုရမှာဖြစ်ပါတယ်။ တိုင်းပြည်ကို လူ ၈ ယောက်လောက်နဲ့ ထိန်းကြောင်းဖို့ ဥာဏ်ကြီးရှင်ကြီးက ပြည်သူတွေအပေါ် ဘယ်လိုစေတနာတွေ ထားခဲ့သလဲဆိုတာ ဆက်ဖက်ကြည့်ကြပါစို့။
မတ်လ၂၂ရက်နေ့တွင် ပြည်သူပိုင်သိမ်းခြင်းခံခဲ့ရသောဆိုင်ရှင်များအား အလုပ်သမားဌာနနှင့် စက်မှုလက်မှုတာဝန်ခံ ဗိုလ်မှူးကြီးသန်းစိန်က တွေ့ဆုံပြီး “ကဲ မင်းတို့ ဘာလုပ်နိုင်ကြသလဲ”ဆိုပြီး “အရှင်းရှင်ကြီးများသည် စစ်အစိုးရပြုတ်ကျပြီးရော ဆိုပြီး ၎င်းတို့၏ စည်းစိမ်ဥစ္စာ အပြုတ်ခံကာလုပ်ဆောင်ကြသည်။ သို့ရာတွင် စစ်အစိုးရမှာ ပြုတ်ကျမသွားဘဲ တိုးတက်လျက်ရှိနေသည်ကိုတွေ့ရသောအခါ မျက်ရည်ကျပြီး ဒုက္ခရောက်ကုန်သည်။” ဟု အနိုင်ရသူ အဖြစ် ဂုဏ်ယူဝင့်ကြွားစွာပြောဆိုခဲ့သည်။ (စာ-၂၁၇)
ကဲ သေနတ်ကြီး ခါးချိတ်ပြီး အုပ်ချုပ် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးတွေကို မင်းတို့ ဘာတတ်နိုင်သေးလဲဆိုကာ စီမံခန့်ခွဲပြီး တိုင်းပြည်ချောက်ထဲဆွဲချခဲ့တဲ့သမိုင်းကြောင်းများပါပဲ။ အာဃာတနဲ့ပြန်လည် ဖတ်ရှုဖို့မဟုတ်တောင် နောက်လူများ သင်ခန်းစာ ယူနိုင်ဖို့တော့ ဗမာ့စီးပွားရေးအကြောင်းများကို ဆက်ဖတ်ရမှာဖြစ်ပါတယ်။
တိုင်းပြည်က ဆင်းရဲသွားသည်မှန်သော်လည်း ဦးနေ၀င်းနှင့်အပေါင်းအပါများက ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ပုဂ္ဂိုလ်ကြီးများဖြစ်ခဲ့သည်။ ၁၉၆၃ခုနှစ် ဘဏ်များကို ပြည်သူပိုင်သိမ်းချိန်ဦးနေ၀င်း အစိုးရ ရရှိခဲ့သော ငွေကြေးပမာဏမှာ အောက်ပါအတိုင်းဖြစ်သည်။
နိုင်ငံခြားဘဏ်များမှ- ကျပ်သန်းပေါင်း လေးရာလေးဆယ့်လေး ဒမနှစ်သန်း (K444.2 million) ဗမာနိုင်ငံသားပိုင်ဘဏ် များမှ ရသော ငွေပမာဏ- ကျပ်သန်းပေါင်းတစ်ရာကိုးဆယ့်နှစ် ဒမကိုး (k192.9 million)
နိုင်ငံခြားဘဏ်များမှာ(Loans) ကျပ်ငွေသန်းပေါင်း (353.2 million)ရရှိပြီး ဗမာနိုင်ငံသားပိုင်ဘဏ်များမှ ကျပ်ငွေသန်း ပေါင်း(161.8 million)ရရှိလိုက်သည်။ နောင်တွင်သိရသည်မှာ ဘဏ်များက လျော်ကြေး တောင်းရာ နိုင်ငံခြားဘဏ်များသို့ လျော်ကြေးငွေ ကျပ်ငွေ တစ်မလေးသန်း(k 1.4 million) ပြန်လျော်ခဲ့ပြီး ပြည်တွင်းဘဏ်များကို လျော်ကြေး 2.7 သန်း ပြန်ပေးခဲ့ရသည်ဟုသိရသည်။(စာ-၂၃၂)
ဇာတ်သိမ်းမှာတော့ ဦးနေ၀င်းရဲ့မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ထူထောင်ဖို့အားထုတ်ခဲ့တဲ့ ဆိုရှယ်လစ်စနစ်ကြီးကြောင့်ပဲ အများသိတဲ့ အတိုင်း မြန်မာ့စီးပွားရေးနဲ့အတူ မြန်မာပြည်ကြီးလည်း အကြွေးပေါင်းစုံတင်ကာ လူမွဲစာရင်းဝင်သွားတော့တာပါပဲ။
နဝတ၊ နအဖလက်ထက် ဗမာ့စီးပွားရေးကရော ဘယ်လို ရှိခဲ့သလဲဆိုရင် သူတို့ရဲ့ဖခင်ကြီး ဦးနေဝင်းအတိုင်း ဦးနေဝင်းပုံစံကို ပိုမိုပုံတူကူးချခဲ့ရာကနေ ဦးနေ၀င်းထက်ဆိုး အခြေအနေဆိုက်ရောက်သွားရတာပါပဲ။ ဦးနေ၀င်းက BEDC ကိုထူထောင်ပြီး ဗိုလ်သန်းရွှေက ဦးပိုင်စီးပွားရေးလီမိတက်ကို အမည်ပြောင်းတည်ထောင်၊ ဗိုလ်နေ၀င်းက ပြည်သူပိုင်သိမ်းဆိုပြီး နာမည် လှလှတပ်၊ ဗိုလ်သန်းရွှေက တပ်ပိုင်ဆိုကာ တပြည်လုံးမွဲပြာကျအောင် လုပ်ဆောင်ခဲ့ကြတာပါပဲ။
န၀တလက်ထက်စတင်စဉ်ကတည်းက ဆိုရှယ်လစ်စီးပွားရေးတည်ဆောက်မှုနှင့် ဆိုင်သော ဥပဒေအားလုံးကို ပယ်ဖျက်ခဲ့ပြီး ဈေးကွက်စီးပွားရေးကို ဖော်ဆောင်သော ဥပဒေများကိုတစ်ခုပြီးတစ်ခု ထုတ်ပြန်ခဲ့သည်။ သို့သော် အမေရိကန်၊ ဗြိတိန် အစိုးရနှင့် အနောက်ဥရောပအုပ်စု၏ အသိအမှတ်မပြု ၀ိုင်းပယ်ထားခြင်းခံရသောကြောင့် တရုတ်နိုင်ငံနှင့်ယိုးဒယားနိုင်ငံကို သာ အားကိုးခဲ့ရသည်။ ဆိုရှယ်လစ်စနစ်ကို ဖျက်သိမ်းပြီး ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်တည်ဆောက် ခဲ့သော်လည်း ထူးထူးခြားခြား တိုးတက်အောင်မြင်မှု မရခဲ့ပေ။ (စာ-၂၈၃)
ဗိုလ်သန်းရွှေနဲ့အပေါင်းအပါများဟာ စီးပွားရေးပိတ်ဆို့တာ တို့မမှုပါဟုကြွေးကြော်ကာ တရုတ်နိုင်ငံအတွက်ရည်စူးခဲ့တဲ့ ဈေးကွက် စီးပွားရေးစနစ်အမည်ပြောင်းကာ မြန်မာနိုင်ငံတွင်းက သယံဇာတအကုန်ကို နယ်စပ်လမ်းကတဆင့် ရောင်းချခဲ့ကြပါတယ်။ 
ဘယ်သူတွေ အကျိုးစီးပွားဖြစ်ခဲ့ကြသလဲဆိုတော့ တရုတ်နိုင်ငံရယ် စစ်ဗိုလ်ချုပ်ကြီးများရယ် ၎င်းတို့ရဲ့လက်ဝေခံ ခရိုနီသူဌေးကြီး များသာ ကျိကျိတက်ချမ်းသာခဲ့ကြပြီး တိုင်းပြည်ကတော့ ကြွေးမြီနွံထဲက ရုန်းမထွက်နိုင်ခဲ့တာ အခုထိပဲဖြစ်ပါတယ်။
ခု အရပ်သားအစိုးရလက်ထက်မှာရော ယခင်စစ်အုပ်စုများ ခြယ်လှယ်ထင်ရာစိုင်းသလို ဗမာ့စီးပွားရေးကို ဘယ်လိုပုံဖော်ကြမလဲ ဆိုတာ တကမ္ဘာလုံးက စောင့်ကြည့်နေကြပါတယ်။ ကာကွယ်ရေး နယ်စပ်ရေးရာ၊ ပြည်ထဲရေးအစရှိတဲ့ ဌာနာ ၃ ခုကို တပ်မတော်အောက်ထားရှိတာကလွဲလို့ စီးပွားရေးအပိုင်းတွေကို လွတ်လွတ်လပ်လပ် အကောင်အထည်ဖော်လို့ရမယ်လို့မျှော်လင့်ထားကြလို့ဖြစ်ပါတယ်။ တချိန်ချိန် ဗမာ့စီးပွား ရေးအကြောင်း ပြောဆိုဆွေးနွေးကြရင်တော့ ယခုစာအုပ်ဟာ အထောက် အထားတခုအဖြစ် အသုံးဝင်ဖို့ သေချာသလောက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့အစိုးရတွေ အဆက်ဆက် တိုင်းပြည်စီးပွားရေး ပျက်စီး၊ ကောင်းမွန်စသဖြင့် ပြန်လည်စိစစ်ကြမယ် ဆိုရင်လည်း ယခုစာအုပ်ဟာ ဗမာ့စီးပွားရေးကို ကောင်းကောင်း မီးမောင်းထိုး ပြနိုင်လောက်အောင် အချက်အလက်ပြည့်စုံပါ တယ်လို့ ညွှန်းဆိုလိုက်ရပါတယ်။
စာရေးသူ- Sean Turnell
ဘာသာပြန်ဆိုသူ- ကိုကိုလေး
စာအုပ်အမည်- Banks Money Lenders and Microfinance in Burma
                  --  ဗမာ့စီးပွားရေး သမိုင်း
အမျိုးအစား-  နိုင်ငံရေး
ထုတ်ဝေသည့်တိုက်- ယဉ်မျိုးစာပေ
ထုတ်ဝေသည့်ကာလ- ၂၀၁၇၊ စက်တင်ဘာ
တန်ဖိုး- ၃၅၀၀ကျပ်
ကာတွန်းသာလှ- သူပြုသမျှ
$
0
0
သူပြုသမျှ
ကာတွန်းသာလှ
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၈
ဘားအံ၊ လှိုင်းဘွဲ့တို့တွင် ရေဘေးသင့်သူ ကိုးထောင်ကျော်ရှိ
$
0
0
ဘားအံ၊ လှိုင်းဘွဲ့တို့တွင် ရေဘေးသင့်သူ ကိုးထောင်ကျော်ရှိ 
ရေကြီးမှုကြောင့် ကရင်ပြည်နယ် မြို့နှစ်ခုတွင် ဒေသခံ ကိုးထောင်ကျော် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသည်
ခင်နှင်းဝေ/Myanmar Now
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၈
ဘားအံမြို့ သံလွင်မြစ်ဘေး နေအိမ်များနှင့် မြေနိမ့်ပိုင်းဒေသ ရေကြီးမှု အခြေအနေကို သြဂုတ် ၂၁ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံများ - Myanmar Now)
(ရန်ကုန်) - ဇူလိုင်လမှ စတင် သည်းထန်နေသော မိုးကြောင့် ကရင်ပြည်နယ်၊ ဘားအံ၊ လှိုင်းဘွဲ့မြို့များတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ဒေသခံ ကိုးထောင်ကျော် ရှိသည်ဟု   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက စက်တင်ဘာ ၄ တွင် ပြောသည်။
အိမ်ထောင်စု ၁,၈၉၉  စု မှ လူဦးရေ ၉,၅၃၈ ဦးသည်  ကယ်ဆယ်ရေးစခန်း ၁၄ ခုတွင် ပြောင်းရွှေ့နေထိုင်နေရကြောင်း၊  ရေဘေးဒုက္ခသည်များကို    ဆန်၊ ဆီ၊ ဆား အပါအဝင် ရိက္ခာများ၊ ဆေးဝါးများ ထောက်ပံ့ပေးနေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနဦးစီးမှူး ဒေါ်နီနီအောင်က ပြောသည်။
 မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘားအံမြို့ဘေးရှိ သံလွင်မြစ်ရေကြီးနေဆဲဖြစ်သည်။
စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတယ်။ အခု လက်ရှိတော့ လူသေဆုံးမှု မရှိပါဘူးဟု ဒေါ်နီနီအောင်က  Myanmar Now သို့ ပြောသည်။  
သြဂုတ်လက ဘားအံ၊ လှိုင်းဘွဲ့တို့တွင် ရေဘေးကြောင့် သေဆုံးသူ ၂ဝ ရှိကြောင်း ၎င်းက ဆက်ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံဒေသအများအပြားတွင်  ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေသည်။
 ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာဒေသတွင်လည်း  ရဲနွယ်ချောင်းရေ လျှံတက်ခြင်း၊ ချောင်းရေတိုက်စားခြင်းတို့ကြောင့် ချောင်းကမ်းဘေးရှိ  ဂ်ျို့ပင်ရွာ၊ ဇီးဖြူဘုရားရွာ၊ ဆင်ကူးရွာ၊ ကဒါးရွာတို့တွင်  ကုန်ထုတ် လူကူးသစ်သားတံတားများ မျောပါပျက်စီးခဲ့ကြောင်း အစိုးရက ကြေညာထားသည်။
အင်းလျားအက်​​ဆေးစာအုပ်​အညွှန်း
$
0
0
အင်းလျားအက်​​ဆေးစာအုပ်​အညွှန်
နိုင်ဝင်းသီ ပေးပို့
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၈
ဆင်​ခြင်​တုံတရားကင်းမဲ့​သော ဗိုလ်​ချုပ်​ကြီး ​နေဝင်းသည်​ သူလုပ်​ချင်​တာ​တွေကို စိတ်​​စေစားရာအတိုင်း လုပ်​နိုင်​ဖို့အတွက်​ သူ့​ရှေ့မှာ ခလုတ်​ကန်​သင်းသဖွယ်​တည်​ရှိ​နေခဲ့​သော သတင်းစာဆရာ​တွေကို ​ထောင်​ထဲသို့ ထည့်သည်​။သတင်းစာတိုက်​​တွေကို ပိတ်​ပစ်​သည်​။
အဲဒီလို ပိတ်​သိမ်းသည့်​ သတင်းစာတိုက်တွေထဲမှာ ​ဖေ​ဖေ့၏နေးရှင်းသတင်းစာတိုက်​က ​ရှေ့ဆုံးက ပါ​နေခဲ့ သည်​။ ကစ်​တီဘသန်း(​ဒေါ်ခင်​​မေသန်း) နှင့်​ သူ့မင်္ဂလာပွဲသတင်းကို ​နေးရှင်းသတင်းစာက ဓာတ်​ပုံနှင့်​ ​ဖော်​ ပြလိုက်​သည့်​ အချိန်​ကစ၍ အရှုပ်​အ​ထွေး​တွေ ဖြစ်​ခဲ့ရတာကို ဗိုလ်​ချုပ်​ကြီး ဘယ်​လို ​မေ့​ပျောက်​နို​င်​လိမ့်​မလဲ။
                               သုံးဖက်​မြင်​ အင်းလျား
                                      ( ဝင်​ဒီ​လောရုံ )
...
ထိုစဉ်​က ကျွန်​​တော်​နှင့်​အတူ သွား​လေသူစာ​ရေးဆရာ နိုင်​ဝင်း​ဆွေ၊ သွား​လေသူ ကဗျာဆရာ​မောင်​ရန်​ပိုင်​တို့လည်းပါကြသည်​။ နိုင်​ဝင်း​ဆွေက သူ၏​ရေငုပ်​ပညာစွမ်းကို အံ့မခန်း ပြသခဲ့ပါသည်​။ ကျွန်​​တော်​တို ရေ ကူး​ ​ရေ​ဆော့ခဲ့ကြသည့်​​နေရာမှာ အင်းလျားကန်​​ပေါင်​ အ​နောက်​ဘက်​ခြမ်း။ ​နောက်​ဆယ်​လအကြာမှာ တံတားနီဟု အုတ်​​အော်​​သောင်းနင်း နာမည်​တွင်​လာမည့်​ တံတားဖြူမှတ်​တိုင်​နှင့်​တည့်​တည့်​  အင်းလျား​ရေ ပြင်​မှ ​ရေတိမ်​ပိုင်း ဖြစ်​ပါသည်​။
                  အင်းလျားကန်​မှာ ​ရေနစ်​ခဲ့တုန်းက
                                 (  ကြူးနှစ်​ )
...
ငါတို့သည်​ အလံကိုင်​ပြီး ချီတက်​လာ​သော အလုပ်​သမားများဆီသို့ ​ရောက်​​အောင်​​ပြေး​နေကြသည်​။
ထိုအချိန်​မှာပင်​ စစ်​သားများက တဒိုင်းဒိုင်းပစ်​ချလိုက်​သည်​။
ရှေ့ဆုံးမှ အလံကိုင်​ပြီးချီတက်​လာ​သော အလုပ်​သမား၏ဗိုက်​သည်​ စစ်​သား၏ကျည်​ဆန်​ဖြင့်​ ပွင့်​ထွက်​သွားခဲ့ပြီ။
                           ငါတို့ ချီတက်​​နေကြသည်
...
အင်းလျား​လှေ​လှော်​အသင်းမဝင်​ဘဲနှင့်​လည်း အ​ပျော်​တမ်း​ ​လှေ​လှော်​စရာ ရှိ​သေးသည်​။ တစ်​နာရီကို  တစ်​ကျပ်​ဟု ထင်​ပါသည်​။
ချစ်​သူစုံတွဲ နှစ်​​ယောက်​တည်း  နှစ်​ကျပ်​ဖိုး​လောက်​အကုန်​ခံနိုင်​လျှင်​ အလယ်​ကျွန်းအထိ လွတ်​လပ်​စွာ လှော်​သွား​ပေ​ရော့။
                             ချစ်​​သော အင်းလျား
                                ( ​ရွှေကူ​မေနှင်း )
...
တစ်​​နေ့။ ဆရာငြိမ်း​ကျော်​​ခေါ်လို့ တက္ကသိုလ်​​ကျောင်းဝင်းထဲ​ ​ရောက်​ခဲ့တယ်​။
အဓိပတိလမ်း​ပေါ်​ရောက်​​တော့ မိုး​တွေသည်းလာခဲ့တယ်​။ နှစ်​​ယောက်​သား မိုးခိုရင်း"အဓိပတိလမ်းမှာ မိုး​တွေရွာ"သီချင်း​ခေါင်းစဉ်​ကို မ​မျှော်​လင့်​ဘဲနဲ့ ရခဲ့တယ်​။
      အင်းလျား​ရေဟာ ​ရေလည်းဟုတ်​​တော့ပါဘူး
   ( အလွမ်းသီချင်း​ရေးတဲ့ ​မောင်​​ကျော်​​ဇော )
...
အခန်းမှာ ဂစ်​တာနှစ်​လက်​ရှိသည်​။
တလက်​မှာ ထူးအိမ်​သင်​ဖြစ်​လာမည့်​ပရီထူးအိမ်​သင်​တီးသည်​။( ​နောင်​အခါ ထိုဂစ်​တာ လူအခိုးခံရသည်​) နောက်​တစ်​လက်​ကို ကျန်​သည့်​ကြုံရာလူ ​ကောက်​တီးသည်​။
(ထိုအချိန်​ ခိုင်​ထူး​ခေတ်​၊မိုး​ကျော်​တို့ သန်း​ဌေးတို့ ​တေး​ရေးနာမည်​ကြီးချိန်​၊ ပရီထူးအိမ်​သင်​​ရေးတဲ့သီချင်း ​ ဈေးအနှိမ်​ခံရ၍ ​ပေါက်​ကွဲကာထိုဂစ်​တာကို ပရီထူးအိမ်​သင်​  ရိုက်​ချိုးပစ်​ခဲ့သည်​ )
ထိုစဉ်​က ဘယ်​သူ​တွေ ဘာတီးလိုက်​ တီးလိုက်​​နေ့​နေ့ ညည၊ မွန်းလွဲ၊ သန်​​ခေါင်​၊ အရုဏ်​၊ ည​နေ ကိုခင်​ဝမ်း သီချင်း​တွေချည်း ဖြစ်​လို့​နေခဲ့သည်​မှာ ...
           နှင်းဆီဖြူရဲ့ အ​ဝေးက လူနှစ်​​ယောက်
                                     ( ​အောင်​​ဝေး )
...
တကယ်​​တော့စံရိပ်​ငြိမ်​ဆိုတာ ရွာသစ်​( ၆ ) လမ်းထိပ်​က တစ်​ထပ်​အိမ်​က​လေးရဲ့နာမည်​ပါ။
ကျွန်​​တော်​တို့ ငယ်​စဉ်​က ​ကျောင်းသွားရင်​ အဲဒီစံရိပ်​ငြိမ်​ဆိုတဲ့ ​ဆေးအဖြူနဲ့​ရေးထားတဲ့ သစ်​သား ဆိုင်းဘုတ်​​လေးကို မှတ်​မိ​နေခဲ့ပါတယ်​။
                                   အင်းလျားပုံပြင်
                                    ( မျိုးမြတ်​သူ )
...
အင်းလျားသည်​ လှသည်​ဆိုခဲ့ကြပြီ။ မည်​သို့​သော အလှJဖစ်​မည်​နည်း။
'အလှသည်​ သစ္စာ၊ သစ္စာသည်​ အလှ'ဟူ၍ ကဗျာဆရာ 'ဂျွန်​ကိ 'က ဆိုခဲ့သည်​။
အင်းလျားသည်​ ထိုကဲ့သို့​သော အလှမျိုးသာဖြစ်​ပါလိမ့်​မည်​။
                       အလှသစ္စာ အင်းလျား
                             ( ထွန်း​ဝေမြင့်​ )
...
ဂစ်​တာကို ​ကောက်​ကိုင်​လိုက်​​လေတိုင်း "၈  / ၈၂ အင်းလျား "ကို အင်းလျားမရှိတဲ့ မြို့မှာ ဆို​မိဆဲ။
                                     အင်းလျား
                                      (  ပိုင်​ )
...
အင်းလျားကန်​​ပေါင်​တွင်​ ထိုင်​ဖူးခဲ့ကြ​သော မ​ရေမတွက်​နိုင်​သည့်​ သမီးရည်းစား​တွေ၊ သူငယ်​ချင်းမက ရည်းစားမကျ​တွေ၊ ​ကျောင်း​နေဖက်​ သူငယ်​ချင်း အ​ပေါင်းအသင်း​တွေ၊စာ​ပေ
ဂီတ အနုပညာသမား​တွေ၊ကွဲကွာခဲ့ကြ၊​ပေါင်းဆုံခဲ့ကြ၊အိုမင်းခဲ့ကြ၊​သေဆုံးခဲ့ကြပြီ။
အင်းလျား​တော့ ရှိ​နေဆဲ။ အရင်​လိုပဲ ငြိမ်​သက်​မြဲ။
                          တစ်​ရံတစ်​ခါက အင်းလျား
                                     ( ဒီနိုဗို )
...
ဘာပဲဖြစ်​ဖြစ်​ အင်းလျားကို​တော့ လူငယ်​​တွေလည်း ရင်​ခုန်​ကြဟန်​ တူပါသည်​။ ၈ / ၈၂ အင်းလျားသီချင်းက ဂန္ထဝင်​စာရင်းထဲ​တောင်​ ​ရောက်​​နေပါပြီ။ အင်းလျား​ရှေ့ ပြည်​လမ်းမကြီး​ဘေးရှိ ခရမ်းပြာလက်​ဖက်​ရည်​ဆိုင်​ကို ကိုယ်​တို့ရင်​ခုန်​စွာ ထိုင်​ခဲ့ဖူးကြသည်​။
ဆိုင်​အ​နောက်​ဖက်​မှာ အ​ဆောင်​ရှိသည်​။
မဇ္ဈိမလှိုင်းအုပ်​စုမှ ​တေး​ရေးဆရာများ ဒီအ​ဆောင်​တွင်​ ​နေကြသည်​။ လက်​ဖက်​ရည်​ဆိုင်​ထိုင်​ရင်း ကို​နေဝင်း ​တွေ့ရနိုးနိုး၊ ကို​မောင်​​မောင်​ တွေ့ရနိုးနိုး ကိုယ်​တို့ ​စောင့်​ကြည့်​ခဲ့ဖူးသည်​။
                            အင်းလျားကို လွမ်းတယ်
                                  ( ဘလက်​​ချော )
...
တကယ်​တမ်း ​မောင်​နှင့်​​တွေ့ကြ​သောအခါ ဘယ်​တုန်းကမှ ဘာမှဖြစ်​မထားခဲ့ကြ​သော ချစ်​သူ​တွေလို သာမန်​​တွေ့နေကျပုံစံမျိုးနှင့်​ သက်​​တောင့်​သက်​သာ ရှိ​နေခဲ့သည်​။ အင်းလျား​ရေပြင်​ကျယ်​က ပြာလဲ့​နေ သည်​။
ကျွန်​မတို့နှစ်​​ယောက်​ ငြိမ်​သက်​​နေ​သောရေပြင်​ ကျယ်​ကို အချိန်​အ​တော်​ကြာ ​ငေး​မော​နေခဲ့ကြသည်​။
                                      ( သက်​​ဝေ )
...
တိုက်​တိုက်​ဆိုင်​ဆိုင်​ပင်​ နှစ်​ငါးဆယ်​​မြောက်​ ​တက္ကသိုလ်​​​ရွှေရတုသဘင်​နှင့်​ ကြုံ​တောင့်​ကြုံခဲကြုံကြိုက်​ခဲ့ပါ လျက်​ ဆယ်​တန်းလည်း ​အောင်​ပါလျက်​ တက္ကသိုလ်​​ကျောင်းသားလည်း ဖြစ်​ခွင့်​မကြုံ၊ ​ ကောလိပ်​​ ကျောင်း သားလည်း ဖြစ်​ခွင့်​မရသည့်​ ကျွန်​​တော်​၏တက္ကသိုလ်​​ကျောင်းသားရူး ရူးခဲ့ပုံကိုလည်း ရင်​ဖွင့်​ချင်​မိပါသည်​။
တက္ကသိုလ်​စိတ္တဇ သို့မဟုတ်​ ​ကောလိပ်​စိတ္တဇဟုလည်း ​ပြောနိုင်​မည်​လားမသိပါ။
အဓိပတိလမ်း  အလွမ်းတစနှင့်​ တက္ကသိုလ်​ရူးတစ်​​ယောက်​၏ည​နေခင်းများ
              ( ​မြေလတ်​​မောင်​မြင့်​သူ )
...
ဘုတ်​ကလပ်​ထဲက​နေ လှမ်းကြည့်​လိုက်​ရင်​ ကြယ်​ပွင့်​​တွေသီးထ​နေတဲ့ အင်းလျားဟာ အ​မှောင်​ထဲမှာ တဖျပ်​ဖျပ်​။ တိတ်​ဆိတ်​​နေတဲ့  ညဟာ အသက်​ဇီဝဓာတ်​တစ်​ခုခုကို ခုန်​ဟပ်​ဖို့ ​ချောင်းလို့ ​မြောင်းလို့။ မြို့ပြဝံပု​လွေ​တွေဟာ လ​ရောင်​ဖြူကို ​မော့ကြည့်​ရင်းက ဆွဲဆွဲငင်​ငင်​ ပျစ်​ပျစ်​ချွဲချွဲ အူလို့။
ဒီလို အချိန်​မျိုးဆိုရင်​ လမ်းနီ​လေးနဲ့ သိပ်​မ​ဝေးတဲ့ အင်းလျားလိတ်​ဟိုတယ်​ရဲ့ ဒိုမီနိုခန်းမထဲမှာ  Samba pati လား။ ဒါမှမဟုတ်​ Besame Mucho လား။ ကနွဲ့ကလျ လိဒ်​ဂစ်​တာသံ​အောက်​မှာ ကကြိုးကကွက်​​ တွေဟာ နုသွဲ့ညင်း​ပျောင်း​နေပြီ​ပေါ့။ မီး​ရောင်​မှုန်​ရီ​အောက်​က မျက်​ဝန်း​တွေဟာ ​မှေးစင်းရီ​ဝေ​နေပြီ​ပေါ့။
                                         လမ်းနီ​လေး
                                        ( နိုင်​ဝင်းသီ)
...
သူတို့၊ ကျွန်​​တော်​တို့၊ ကို​အောင်​​ဝေးတို့၊ မင်းညိုစင်​တို့ စံရိပ်​ငြိမ်​( ၆ ) လမ်းက အ​ဆောင်​တ​ခုမှာ အတူတူ နေခဲ့စဉ်​က  ကျွန်​​တော်​တို့ချင်းသာသိ​သော နာမည်​ဝှက်​ကိုယ်​စီနှင့်​ ဖြစ်​သည်​။ အဲဒီတုန်းက သူက ထူးအိမ်​သင်​ဖြစ်​ဖို့ ကြိုးစား​နေဆဲ လူငယ်​တစ်​​ယောက်​။ ကျွန်​​တော်​တို့က သူ့ကို "သျှပ်​မှူး​ကျော်​ "ဟု​ခေါ်သည်​။
                         လရိပ်​ပြာနှင့်​ ထိုတစ်​ည
                                (  ​မောင်​သုန်​ )
...
ငါ့ကို မိုးစင်​စင်​ လင်းခွင့်​​ပေးစမ်းပါ။ ငါ့ရဲ့ည​တွေကို ငါကိုယ်​တိုင်​ ​လှေလုပ်​ပြီး အိပ်​မက်​မြစ်​ကို ဖြတ်​ကူးဖို့ ကြိုးစား​နေတာ အ​တော်​ကြာပါပြီကွယ်​။ သူမထွက်​သွားခဲ့ပြီပဲ။ အော်​ဖို့ ကြိုးစားလိုက်​တိုင်း အသံမထွက်​ခဲ့။ ငါ လှုပ်​လို့ မရ​တော့ဘူး။ ခဏ​နေစမ်းပါဗျာ။ဒါဟာ အိပ်​မက်​မဟုတ်​​တော့ဘူး။ မြူ​တွေဆိုင်း​နေတုန်းပါပဲ။
                               အိပ်​မက်​များ 
                           (  ​ဇော်​​ဇော်​ထွန်း )
...
ကျွန်​​တော်​တို့ မသိလိုက်​ မသိဘာသာ ဖြတ်​​ကျော်​ခဲ့တဲ့အဖြစ်​သနစ်​​တွေဟာ အင်းလျား​ရေပြင်​ထဲ ဝဲဂယက်​ထလို့။ ကျွန်​​တော်​တို့ မသီဖြစ်​လိုက်​တဲ့ ​တေးသီချင်း​တွေဟာလည်း အင်းလျား​ရေပြင်​ထဲ ပလုံစီထလို့။
                          အင်းလျား ထရယ်​ဂျီဒီ
                            ( လက်ျာလင်းနိုင်​ )
...
အင်းလျားဟာ တည်​​ဆောက်မှုဖြစ်​စဉ်​ဖြစ်​ သလို ပြိုကွဲမှု ဖြစ်​စဉ်​လည်း ဟုတ်​နိုင်​ပါတယ်​။
ပျော်​ရွှင်​မှုများရဲ့ အထွတ်​အ​ခေါင်​ဖြစ်​သလိုကြေကွဲဝမ်းနည်းမှုများရဲ့ ​ချောင်​တစ်​​ချောင်​လည်း ဖြစ်​တယ်။
                                  အင်းလျားမုဒြာ
                                     ( သူရနီ )
...
"ကျွန်​​တော်​ ဘယ်​မှ မ​ပြေးပါဘူးဗျာ။ ခင်​ဗျားတို့လာဖမ်းရင်​  လိုက်​ခဲ့မလို့ဆိုပြီး လိုအပ်​တာ​တွေအဆင်​သင့်​ ပြင်​ပြီး ​စောင့်​​နေတာပါ။ ခင်​ဗျားတို့က အ​ဆောင်​မှာ​တော့လာမဖမ်းဘဲ ​​နေ့လယ်​​ကောင်​ကြီး ဘတ်​စ်​ကား ပေါ်မှာ ဖမ်းရတယ်​ဆိုလို့ဗျာ "
             အင်းလျားနံနက်​ခင်းကို တစ်​သက်​တာအတွက်​ နှုတ်​ဆက်​ခြင်း
                                       ( မြတ်​လှိုင်း )
...
စိတ်​ကူးထဲ အင်းလျားကန်​ကြီးနဲ့ တက္ကသိုလ်​ကို လက်​ပြနှုတ်​ဆက်​ရ​တော့မယ်​လို့ ထင်​ရခါနီးမှာပဲ စား​ သောက်​ဆိုင်​တခုမှာ ဂစ်​တာသမားအဖြစ်​ အလုပ်​ရခဲ့လို့ အသက်​ရှူ​ချောင်​ပြီး လစဉ်​ပုံမှန်​ဝင်​​ငွေရတဲ့  ဂီတသမားဘဝစပြီး​ လျှောက်​လှမ်းခွင့်​ ရခဲ့ပါတယ်​။
            ကျွန်​​တော်​နှင့်​ အင်းလျားအလွမ်းများ
                    နိုင်​​ဇော်​ ( Lazy Club )
...
မင်္ဂလာပါ အင်းလျား​ရေ။
လက်​ဆွဲနှုတ်​ဆက်​ဖို့မလိုအပ်​လှ​ပေမယ့်​ ကျွန်​မတစ်​​ယောက်​တည်းအတွက်​ လက်​ဆွဲ နှုတ်​ဆက်​ဖို့ လိုအပ်​လာပြီမို့ ကဗျာရွတ်​သံ ကြား​နေရတဲ့ဘက်​ဆီ ဦးလှည့်​လိုက်​တယ်​။ ဒါ​ပေမဲ့ အဲဒီအချိန်​ ကျွန်​မ​ဘေးမှာ ဘယ်​သူမှမရှိ​တော့ပါဘူး။
     အင်းလျား​ပေါ်က လက်​ကျန်​မိုး​ရေစက်​များ
...
မာလာ​ဆောင်​ကို ဖြတ်​​ကျော်​လာ​ခဲ့​တော့ အင်းလျားကို မြင်​ရတယ်​။ ညဟာ ချုံခို တိုက်​ခိုက်​ဖို့ အ​ကောင်းဆုံး အချိန်​​တွေ​ပေါ့။
အင်းလျား​ရေ ...ခင်​ဗျားက ဘာမှမသိသလို ​နေနေတာ။ခင်​ဗျား​ရေးတဲ့ဒိုင်​ယာရီဟာ သမိုင်းတပုဒ်​ဆိုတာ ပြောပြချင်​တယ်​။ တံတားဖြူလည်း တိတ်​ဆိတ်​ တည်​ငြိမ်​လို့။ သူလည်း နီရဲ​အောင်​ ပွင့်​ခဲ့ဖူးတယ်​။ မြက်​ခင်း အနီ​ရောင်​ ​တွေ့ဖူးကြပါသလား။ အနီ​တွေ......အနီ​ရောင်​ ​သွေးစက်​​တွေ......
                          စံရိပ်​ငြိမ်​က ပိုးဟပ်
                           ( သင်းရည်​လွင်​ )
...
အဲဒီအချိန်​က  လူကုံထံအသိုင်းအဝိုင်းက သုံးနိုင်​ ဖြုန်းနိုင်​သူ​တွေ ည​နေဘက်​ စုစည်းရာ​နေရာ​လေးက​တော့ အင်းလျားကန်​ဟိုတယ်​ ( Inya Lake Hotel ) ဖြစ်​ပါတယ်​။ တီးဝိုင်းနဲ့ အက ကြမ်းပြင်​(Dance Floor ) လည်းရှိ၊ ဘားကလည်း အဆင်​သင့်​ဆို​တော့ ဆိုကြ ကကြ မူးကြ​ပေါ့။ ဒိုမီနိုလို့လည်း သိကြပါတယ်​။ အင်းလျားကန်​ဟိုတယ်​ရဲ့ ဒိုမီနိုည​တွေဟာ ​​သောကြာ စ​နေည​တွေဆို ပိုပြီး စည်​ပါတယ်​။
                      အင်းလျား​အော်​ခက်​စတြာ
                               ( ရဲရင့်​ဘုန်း )
...
ထို့​နောက်​  စာမျက်​နှာကို ​ကျော်​လိုက်​သည်​။ အဖြစ်​အပျက်​​တွေကို ​ကျော်​လိုက်​သည်​။သတိရခြင်း​တွေ ကို ​ကျော်​လိုက်​သည်​။ ကွယ်​လွန်​သူတို့ကို ​ကျော်​လိုက်​သည်​။ အင်းလျား​စောင်းမှာ မနက်​​စော​စောဝေတဲ့  နှင်း​တွေ ရှိ​သေးသည်​။ သစ်​ရိပ်​အုပ်​အုပ်​တို့​အောက်​မှာ နီ​စွေး​စွေး အင်းလျား​ဆောင်​ ရှိ​သေးသည်​။ ညရီပြာပြာထဲ ရတနာ​ဆောင်​မှာ မီး​ရောင်​လဲ့လဲ့ကို ပြန်​​တွေ့ရသည်​။
                              အင်းလျား​ရေ
                           ( လွင်​​မောင်​​မောင်​ )
...
ပြီး​တော့ ​ချော်​တွင်းကုန်းရပ်​ကွက်​ထဲက​နေ အင်းလျားကန်​စပ်​ဆီ ​ရောက်​သွားကြတယ်​။
အဲဒီ​နေရာက AD လမ်းထဲက​နေ ဝင်​ရတဲ့ ဗိုလ်​ချုပ်​ကြီး ​နေဝင်း ​နေတဲ့အိမ်​နဲ့ သိပ်​မ​ဝေးဘူး။ ကျွန်​​တော်​တို့က မိဘမသိ​အောင်​ ​ကျောင်း​ပြေးပြီး အင်းလျားကန်​ကို ​ရေသွားကူး​နေတဲ့ လူမမည်​ ချာတိတ်​​လေး​တွေဆို​ပေ မယ့်​ ဗိုလ်​ချုပ်​ကြီး​နေဝင်းအ​ကြောင်း ​ကောင်း​ကောင်းသိ​နေကြတယ်​။
          ငယ်​ဘဝ၊​ ခေတ်​ကခါးခါးနှင့်​ အင်းလျားကန်​သို့ ​ရေကူးသွားခြင်း
                                                 ( ​စေတ )
...
အင်းလျားခံစားမှု  အ​ရေးအသား​တွေ ဆို​သော်​ငြားလည်းပဲ  အ​ရေးအသား​တွေထဲက​နေပြီး ​ခေတ်​အဆက်​ဆက်​ကို ထိစမ်းပွတ်​သပ်​ခွင့်​ အ​သေအချာ ရပါလိမ့်​မယ်​။ ​ခေတ်​ထဲမှာ ဖြစ်​တည်​ခဲ့ရတဲ့ လူတန်းစားဘဝမျိုးစုံ ကိုလည်း ရှုမြင်​သုံးသပ်​ခွင့်​ရပါလိမ့်​မယ်​။ စာ​ရေးဆရာ၊ ကဗျာဆရာ၊ ​တေး​ရေးဆရာများ အပါအဝင်​အနုပညာ​လောကထဲက လူ ၃၈ ဦးရဲ့ အင်းလျားခံစားမှု အ​ရေးအသား​တွေ ဖြစ်​ပါတယ်​။
မျက်​နှာဖုံးပန်းချီကို ထွန်း​ဝေမြင့်​က ခံစား​ရေး​ဆွဲ​ပေးထားပြီး အတွင်းသရုပ်​​ဖော်​ပုံ​တွေကို ​တော့ ထွန်း​ဝေမြင့်​၊ ခင်​လွန်း၊ သင်းရည်​လွင်​တို့ရဲ့အတို့အဖွ စုတ်​ချက်​​တွေ​အောက်​မှာ နိမိတ်​ပုံအမျိုးမျိုးနဲ့  မြင်​ရ​တွေ့ရပါလိမ့်​ မယ်​။
မေတ္တာ​ပေါင်းကူးစာ​ပေက​နေ ထုတ်​​ဝေပြီး စိုင်းဝင်းမြင့်​ရဲ့ ​ကျော်​​မွှေးစာ​ပေက​​နေဖြန့်​ချိ​ပေးထားပါတယ်​။
        စာအုပ်​တန်​ဖိုး ၄၀၀၀ ကျပ်​နဲ့ ၂၀၁၈ခုနှစ်​ ဇွန်​လထဲမှာ စတင်​ဖြန့်​ချိခဲ့ပါတယ်​။
       တစ်​ဦးချင်း အိမ်​အ​ရောက်​မှာယူလိုသူများအတွက်​​တော့ WE က​နေ ဆက်​သွယ်​မှာယူနိုင်​ပါတယ်​ဆို
တဲ့အ​ကြောင်း .........
                                             နိုင်​  ဝင်း   သီ
နေစိမ့် - နာကျင်​မှု သ​င်္ကေတ
$
0
0
KT#
 နာကျင်​မှု သ​င်္ကေတ 
နေစိမ့်
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၈
တ​နေ့နေ့
နှစ်​ချို့အဖြစ်​အပျက်​​တွေ
ဘယ်​​တော့မှ ရန်​မလိုတဲ့ ​တောင်​တန်း​တွေက
ရယ်​​မောကြလိမ့်​မယ်
မြစ်​ဝှမ်း​တွေက ပြက်​ရယ်​ပြုကြလိမ့်​မယ်
တဖွဲဖွဲကျ​နေတဲ့နှင်းခဲ​တွေက
တမြည့်​မြည့်​​ကြေကွဲ​နေလိမ့်​မယ်​။
ဘယ်​​တော့မှ အိပ်​မက်​ မက်​မထားတဲ့
စစ်​မဲ့ဇုန်​မှာ
ခဏတာ​တွေ့ဆုံပွဲက
ရှင်​ကွဲကွဲ ဇနီး​မောင်​နှံ​တွေ
အ​ဖေ အ​မေသားသမီး​မြေးမြစ်​​တွေ 
သွေးရင်းသားရင်း​မောင်​နှမ​တွေ
စီး​ထွေ​ထွေ မျက်​ရည်​​ရေတံခွန်​​အောက်​မှာ
တသက်​တာအလုံအ​လောက်
အလွမ်းမှာအာဟာရဖြစ်​ခဲ့ပြီ။
တရားခံအစစ်​က
သားဆိပ်​တက်​​နေတဲ့ အာဃာတ
အနှစ်​ခုနစ်​ဆယ်​​ကျော်​ကျြိာကျိန်​စာသင့်​​နေတဲ့ ​သွေးလွှတ်​​ကြော​တွေ
ဘယ်​​တော့မှ ဖြတ်​လို့မပြတ်​ကြဘူး
နှုတ်​ဆက်​သံ​တွေ အဆုံး
"ကိုရီးယား ပြန်​​ပေါင်းစည်းကြရင်​ ပြုံယမ်းမှာ ပြန်​ဆုံကြမယ်​"
ကန်​ဂန်​​တောင်​တန်းရဲ့ နံရံမှာ စိုက်​ဝင်​ခဲ့တယ်​။ ။ 
နေစိမ့်
၂၀၁၈၊၈၊၂၇
ကိုသန်းလွင် - တောင်ကိုးရီးယားမှ အလုပ်ချိန်ပြဿနာ
$
0
0
ကိုသန်းလွင် - တောင်ကိုးရီးယားမှ အလုပ်ချိန်ပြဿနာ
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၈
လီးဟန်ဘစ် (Lee Han Bit) သည် မကြာခင်က “Drinking Solo”တယ်လီဗီးရှင်း အစီအစဉ်ကို ရိုက်ခဲ့သူဖြစ် သည်၊ “တစ်ယောက်တည်း ဘီယာသောက်ခြင်း” ဟု အမည်ရသည်၊ ဇတ်လိုက်က ကိုရီးယားလူမျိုးတို့အတွက် အရေးကြီးလှသော အလုပ်စာမေးပွဲကို ဖြေဆိုရန် ကြိုးစားရပုံများပါဝင်သည်၊ မစ္စတာလီးကိုယ်တိုင်က သူ့အလုပ် သမားများကို တစ်နေ့လျှင် ၂၀ နာရီအလုပ်ရန် ဆော်သြရသည်၊ သူကိုယ်တိုင်က မိမိအလုပ်က ဖိအားပေးသည် ကိုမခံရပ်နိုင်။
မစ္စတာလီးမှာ သူ့ပရောဂျက်ပြီးသည်နှင့် ရက်အနည်းငယ်အတွင်းမှာ မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါသည်၊ သူ့ ကိုယ်သူအဆုံးစီရင်ကြောင်းစာနှင့်အတူ တောင်ကိုရီးယားမှ အလုပ်နှင့်အလုပ်ကပေးသောဖိအား (Pressure) မိမိလုပ် ဖော်ကိုင်ဖက်များအပေါ် ရက်စက်ရပုံများကို ရေးသားထားခဲ့ပါသည်။
“ကျွန်တော်ကိုယ်တိုင်ကလည်း အလုပ်တွေလုပ်ရတာပါဘဲ ကျွန်တော်ကလည်း သူများကိုအလုပ်လုပ် အောင် ဖိအားပေးရတာဘဲဟု” ပြောသည်။
မစ္စတာလီးကရေးသားလိုက်သော “သေတမ်းစာ” မှာ အလုပ်ပိနေသော တောင်ကိုရီးယားတစ်နိုင်ငံလုံးကို ပျံ့နှံ့ သွားခဲ့ပါသည်။
ကမ္ဘာပေါ်တွင် အလုပ်များသည့် ဒဏ်ကြောင့်သေဆုံးရခြင်းကို ဂျပန်နိုင်ငံက ပဌမဆုံး ထင်ရှားစွာပြသခဲ့ပါသည်၊ တောင်ကိုရီးယားတို့က ဂျပန်တို့ထက်ပို၍အလုပ်ကိုရှည်ကြာစွာလုပ်ရပါသည်၊ အမေရိကန်တို့ထက်မူ ၂၄၀ နာရီ မျှပိုကြာအောင်လုပ်ရပါသည်၊ တနည်းဆိုသော်အမေရိကန်တို့နှင့်စာလျင်အလုပ်ခွင်တွင် တစ်လမျှပိုမိုအချိန်ကုန် ခံကြရခြင်းဖြစ်ပါသည်။
တောင်ကိုရီးယား ရဲတို့က တနိုင်ငံလုံးမိမိဖါသာ အသက်အဆုံးစီရင်သူ ၁၄,၀၀၀ ကျော်အနက် အလုပ်ဖိအား ကြောင့် သေဆုံးရသူ ၅၀၀ မျှရှိသည်ဟုဆိုပါသည်။
တောင်ကိုရီးယား ခေါင်းဆောင်များက ၄င်းကိုပြောင်းလဲပြစ်ရန် ကြိုးစားနေကြပါသည်၊ ယခုလတွင် အကျိုးသက် ရောက်မည့် ဥပဒေအရ အလုပ်သမားတစ်ယောက်၏ တစ်ပတ်စာအလုပ်ချိန်ပေါင်းမှာ ၅၂ နာရီဖြစ်ရမည်၊ အစိုးရ အနေဖြင့် အလုပ်ရှင်များအပေါ် သူတို့၏အလုပ်သမားများ ညပိုင်းအချိန်မှန်မှန် အိမ်ပြန်ရန်၊ အလုပ်နားရက် (Weekend) များတွင် အိမ်မှာနေနိုင်ရန် တွန်းအားပေးလျှက်ရှိသည် “ကျွန်တော်တို့သည်အလုပ်ကိုအလွန်အကျွံ လုပ်ခြင်းကိုအားမပေးပါ” ဟု အလုပ်သမားရေးရာဌာနကိုဖုန်းခေါ်ပါက စက်ကဖြေသည်။
အထူးသဖြင့် အလုပ်နာရီလျှော့ရန် အကြံပြုခြင်းကို ငယ်ရွယ်သောလုပ်သားများက သူတို့မိဘများနှင့်မတူဘဲ အားပေးနေကြသည်။
အသက် ၂၆ နှစ်အရွယ်ရှိ ကွန်ပျူတာဂရပ်ဖစ်ဒီဇိုင်းနာ တစ်ယောက်က “သူ့ကို အလုပ်ရှင်က ညနေပိုင်း မိုးချုပ် နောက်ကျလျှင် နောက်နေ့အလုပ်ချိန်ကို နောက်ကျမှလာ၍ရသည်” ဟု ပြောသည်၊ “Project Discussion” ခေါ် အစားအသောက်ပါဖန်တီးပေးသည့်အချိန်များရှိကြသည်၊ ၇ PM မှ ၁ AM အထိ အချိန်များကိုယခုအခါစောစော သိမ်းပြီးအစားအသောက်ကိုသုံးကြိမ်အစားတကြိမ်သာခွင့်ပြုကြတော့သည်၊ သူတို့သည်အလုပ်ချိန်ပြီး၍စောစော အိမ်ပြန်ခြင်းကို သဘောကျကြပြီး အိုဗာတိုင် ရသည်မှန်စေ စောစောပြန်လိုကြသည်။
တောင်ကိုရီးယားလူမျိုးတို့၏ အလုပ်အပေါ်ထားသော သဘောထားမှာ ရှုတ်ထွေးပါသည်၊ အလုပ်အတွက် ဂုဏ် ယူခြင်း၊ အလုပ်ကိုကြိုးစားလုပ်ခြင်းတို့ကြောင့် ဆင်းရဲမွဲတေသော နိုင်ငံအဖြစ်မှလွတ်ကင်းခဲ့သည်၊ စစ်ကြောင့် ချွတ်ချုံကျနေရာမှ စီးပွားရေး ပါဝါ ရှိသောနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်၊ Samsung၊ Hyundai စသော အမည်များ မှာ ကမ္ဘာနှင့်တ၀ှမ်းထင်ရှားလာသည်။
အလုပ်ချိန်ကိုများစွာလုပ်ခြင်းမှာလည်း ဂုဏ်ယူစရာကြွားဝါစရာ တစ်ခုဖြစ်လာသည်၊ ဤသည်မှာ မိသားစုတိုင်း ၏၀င်ငွေကိုရှာပေးသော အထူးသဖြင့် ယောကျာ်းလေးများတွင်ဖြစ်ပေါ်လာကြသည်။
တောင်ကိုရီးယားလူမျိုးတို့တွင် (Gapjil )ဟူသော အယူအဆတခုရှိသည်၊ အလုပ်သမားများအပေါ်အလုပ်ရှင်က ခိုင်းပိုင်ခွင့်၊ အလုပ်ရှင်များအပေါ်အလုပ်သမားက လုပ်ပေးရမည်ဟူသော အယူအဆဖြစ်သည်၊ မကြာသေးမီက ကိုရီးယားအဲယားလိုင်း ဥက္ကဌ၏သမီးဖြစ်သူမှာ သူတို့လေယာဉ်ခရီးစဉ်တစ်ခုတွင် မြေပဲလှော်ကျွေးသူကို မကျေ နပ်၍ မြေပဲလှော် ခွက်ကို ပစ်ပေါက်ဖူးသောကိစ္စရပ်တစ်ခုဖြစ်ခဲ့ဖူးသည်။
ဤဖြစ်ရပ်နှင့်အတူ မစ္စတာလီးရေးခဲ့သောစာကြောင့် တောင်ကိုရီးယားတို့၏ အလုပ်ခွင်သဘာဝ (Work ethic ကိုပြောင်းလဲပြစ်ရန်လိုအပ်လာပါသည်။
အစိုးရ၀န်ထမ်း အသစ်စက်စက် မိခင်တစ်ယောက် တနင်္ဂနွေနေ့ တစ်ရက်တွင် သူ့ရုံး၌ လဲကျပြီးသေဆုံးခဲ့ပါ သည်၊ ထိုစဉ်က သမ္မတလောင်းအဖြစ်အရွေးခံရန်ရှိသော သမ္မတကြီး မွန်ဂျေအင်း (Moon Jae-In) က သူ၏ ဖေ့ဘွတ်တွင် “ကျွန်တော်တို့ဟာ လူနေမှုစနစ်တစ်ခုလုံး ပြောင်းသင့်ရင်ပြောင်းပြစ်ရမည်၊ အလုပ်ပိုလုပ်ရတာ တို့ အလုပ်ကိုနောက်ကျတဲ့အချိန်ထိလုပ်ရတာတို့ မရှိရတော့ပါဘူး” ဟုပြောခဲ့သည်။
သို့မဟုတ် ရှည်လျားသောအလုပ်ချိန်များသည် စီးပွားရေးကောင်းမွန်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်ပါသလား၊ လုပ်သားတို့၏ ထုတ်လုပ်မှုမှာ လျှော့ကျနေပါသည်၊ အလုပ်လက်မဲ့ဦးရေမှာ ၁၀% အထိဖြစ်နေပါသည်။
မစ္စတာမွန်းမှာ ယမန်နှစ်က အရွေးခံခဲ့ရပြီး သမ္မတဖြစ်လာခဲ့သည်၊ အလုပ်ခွင်မှ နှစ်မြို့ဘွယ်ရာမရှိသော အသံ များအတွက် လေဘာကျွမ်းကျင်သူတို့က အလုပ်ခွင်မှ ခေတ်နောက်ကျနေပြီ ဖြစ်သော အခင်းအကျင်း များကို အပြစ်ဖို့ကြသည်၊ အလုပ်ရှင်များက အလုပ်သမားများအပေါ်ထင်သလို ဗိုလ်ကျနိုင်ကြပြီး၊ အလုပ်ရှင်များက အသင့်အနေအထား (On call) အဖြစ်အဓိပ္ပါယ်မရှိဘဲလည်းထားတတ်ကြသည်၊ ထိုအလေ့အထမှာမန်နေဂျာ များ အလုပ်ပြီးအောင် ကူညီကောင်းကူညီမည် ဖြစ်သော်လည်း အလုပ်ခွင်တစ်ခုလုံး အနေဖြင့်အကျိုးမရှိလှပေ။
“အဲဒီအကျင့်ဟာ ကိုရီးယားတွေ ဆာလောင်နေတုန်းကတော့ အကျိုးရှိချင်ရှိခဲ့မှာပေါ့ အခုချိန်မှာပေါ့ အကျိုး မရှိ တော့ပါဘူး”ဟု ဝေဖန်ကြသည်။
မစ္စတာမွန်းကမူ ကုမ္ပဏီများကို အလုပ်ပြီးစီးရန် လူပိုမို၍ငှားစေလိုသည်၊ သူက သုတေသနတစ်ခု၏ တွေ့ရှိချက် ဖြစ်သော “အပါတ်စဉ် အလုပ်ချိန်လျော့ချသည်နှင့် အလုပ်ပိုပြီးသော” ဥပမာကိုပြောပြသည်။
သူက မဲဆွယ်စဉ်ကာလက အလုပ်ချိန်ကို ၅၂ နာရီလျော့ချခြင်း အတွက် အလုပ်နေရာ ၅၀၀,၀၀၀ ကျော်ကို ဖန်တီးပေးမည်ဟု ကြေညာခဲ့သည်၊ “ ကျွန်တော်တို့လုပ်နေကျအလုပ်ချိန်တွေ များနေတဲ့အတွက်ထုတ်လုပ်နိုင် စွမ်းအား( Productivity) ကျရတာပါဟု ပြောသည်။
သူ့အပြောကို ငယ်ရွယ်သောလုပ်သားများက နှစ်ခြိုက်သဘောကျကြပါသည် သူတို့ကအလုပ်မှ ကင်းဝေးသော အားလပ်ချိန်များကို တန်ဘိုးထားကြသည်၊ ၅ ရက်အလုပ်လုပ်ရသော စနစ်ကို ၂၀၀၄ ခုနှစ်က စတင်ပြဌာန်း ခဲ့ သော်လည်း များပြားလှသော တောင်ကိုရီးယားတို့၏ စနေနေ့အားလပ်ခြင်းကို မကြုံခဲ့ကြရချေ။
ယခင်က ကောင်းမွန်တဲ့အနာဂတ်အတွက် အနစ်နာခံရမည်ဆိုတာ နားလည်ခဲ့ကြပါတယ်၊ အခုချိန်ကတော့ အသီးအပွင့်ကို ခံစားကြဖို့အချိန်ရောက်ပြီဟု ဆိုသူကဆိုကြသည်၊ တောင်ကိုရီးယား၏ ကုမ္ပဏီပေါင်း ၃၆၇၂ ရှိရာမှ ကုမ္ပဏီကြီး ၇၀၀ တို့သည် အလုပ်သမားအသစ်များ ငှါးရမ်းရန်ပြင်ဆင်နေကြပြီး အလုပ်ချိန်ရှည်လျားနေ သော အခြေအနေကိုပြောင်းလဲလိုကြသည်။
အချို့အစိုးရ ဌာနများကမူ အချိန်ရှည်ကြာကာ အိုဗာတိုင်စနစ်ကို ပြုပြင်ရန် ကြိုးစားနေကြသည်၊ ဆိုးလ်မြို့တော် ကောင်စီကမူ သောကြာနေ့ ၇ နာရီနောက်ပိုင်း ကွန်ပျူတာများကိုပိတ်ပြစ်ရန် ကြိုးစားနေသည်၊ အချို့သော ကုမ္ပဏီများမှာ ညနေ ၆ နာရီကျော်လျှင် ကွန်ပျူတာမသုံးရသော ပေါ်လစီကိုကျင့်သုံးကြသည်။
မည်သို့ဆိုစေ အများဆုံးအလုပ်ချိန် ၅၂ နာရီမှာ ကုမ္ပဏိအငယ်လေးများအတွက်အကျိုးသက်ရောက်မှုရှိရန် နောက်ထပ် ၂ နှစ်မျှစောင့်ကြရဦးမည်ဖြစ်ပြီး အများကမူအလုပ်ချိန်သတ်မှတ်ချက်သည် နောက်ကျနေပြီဟုယူ ဆနေကြပါသည်၊
ကိုသန်းလွင်
Ref: Go Home, South Korea Tells Worker as stress take toll,By Su Hyun Lee 30 July 2018 New Yrork Times.
မြန်မာ့အရေး စီရင်ပိုင်ခွင့်ရှိကြောင်း ICC ဆုံးဖြတ်
$
0
0
မြန်မာ့အရေး စီရင်ပိုင်ခွင့်ရှိကြောင်း ICC ဆုံးဖြတ်
တပ်ခေါင်းဆောင်များကို ICC ရာဇဝတ်ခုံရုံးတင်ရန် ဖြစ်နိုင်ခြေနည်းသော်လည်း နိုင်ငံတကာဖိအား ပိုများလာနိုင်ကြောင်း အကဲခတ်တို့က ယူဆနေကြသည်။
ဖြိုးသီဟချို/Myanamr Now
 (မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၈
 တရားသူကြီးသုံးဦး လက်မှတ်ထိုးထားသော စာမျက်နှာငါးဆယ်ပါ ဆုံးဖြတ်ချက်၏ ပထမစာမျက်နှာ
(ရန်ကုန်) — ဘင်္ဂါလီ/ရိုဟင်ဂျာတို့ကို မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ အလုံးအရင်း ထွက်ပြေးကြရန် လုပ်ဆောင်ခဲ့သည်ဟူသော စွပ်စွဲချက် ပေါ်ထွက်နေရာ ထိုအချက်သည်  လူအများအပြားအပေါ်ကျူးလွန်သော ရာဇဝတ်မှု မြောက် မမြောက် စစ်ဆေးနိုင်ရေးအတွက် တရားစီရင်ပိုင်ခွင့်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က စက်တင်ဘာ ၆ ရက်နေ့တွင် ဆုံးဖြတ်လိုက်သည်။
တရားသူကြီး ၃ ဦးထိုင် ခုံရုံးက ချမှတ်လိုက်သော ဤဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအပေါ် စွဲချက်တင်နိုင်ရေးတွင် ခိုင်လုံသည့် အထောက်အထား ရှာဖွေရန်အတွက် ခုံရုံးရှေ့နေကို လုပ်ပိုင်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း အဆိုပါ ဥပဒေအရာရှိအမျိုးသမီးက အထောက်အထား ရှာဖွေရေးလုပ်ငန်း စတင်ခြင်း မရှိသေးကြောင်း Reuters သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
မြန်မာအစိုးရကမူ ICC အဖွဲ့ဝင် မဟုတ်သည့် မြန်မာနိုင်ငံအား အရေးယူမှုများ ပြုလုပ်လာပါက လက်ခံမည်မဟုတ်ကြောင်း  သြဂုတ်လဆန်းတွင် သတင်းထုတ်ပြန်ခဲ့သည်။  
ဖိအားများ
သြဂုတ်လကုန်ပိုင်းတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာပြည်အရေး စုံစမ်းရန် ဖွဲ့စည်းထားသည့် နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့ အစီရင်ခံစာ ထွက်လာပြီး ထိုအစီရင်ခံစာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တပ်မတော် ထိပ်တန်း ခေါင်းဆောင် ၆ ဦးကို ICC ခုံရုံးတွင် စစ်ဆေးရန် တိုက်တွန်းထားသည်။
အခြား ထိပ်တန်းခေါင်းဆောင်များမှာ ဒုတိယတပ်ချုပ်  ဒုတိယ ဗိုလ်ချုပ်မှုးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေး အထူးအဖွဲ့မှုး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ်မောင်မောင်စိုး နှင့် ဗိုလ်မှူးချုပ် သန်းဦး၊ဗိုလ်မှူးချုပ် အောင်အောင်တို့ ဖြစ်သည်။
အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း တပ်မတော်၏ လုပ်ရပ်များကို တားဆီးရန် ပျက်ကွက်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကမ္ဘာလုံးဆိုင်ရာ ကရင်အဖွဲ့အစည်း ၃၆ ဖွဲ့၊ ကချင်လူမှုအဖွဲ့အစည်း ၂၅ဖွဲ့နှင့် တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့အစည်း တချို့ က ICC တင်ရေး ထောက်ခံ တောင်းဆိုခဲ့ကြသေးသည်။
သြဂုတ်၂၇ တွင်  ရှမ်းပြည်မြောက်ပိုင်းတွင် လှုပ်ရှားနေသော TNLA တအာင်းလက်နက်ကိုင်အဖွဲ့က တပ်မတော်ခေါင်းဆောင်များ စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲပြီး စုံစမ်းစစ်ဆေးအရေးယူရန် ကုလ အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဖိတ်ခေါ်ကြောင်း ကြေညာသည်။
တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေသည့် တပ်မတော် တပ်ဖွဲ့များသည် ဒေသခံ လူထုအား အစုပြုံလိုက် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ အစဖျောက်ခြင်း၊ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း စသည့် ရာဇဝတ်မှုများကို ကုလအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာဖော်ပြသည့် အတိုင်း ကျူးလွန်ခဲ့ကြောင်း ထိုကြေညာချက်တွင် စွပ်စွဲထားသည်။
တပ်မတော်ခေါင်းဆောင်တို့ကို  ICC ခုံရုံးတင်ရေး ဖိအားပေးမှုများ ပေါ်ပေါက်နေသော်လည်း ထိုသို့  တင်ပို့တရားစွဲရန်မှာ ဖြစ်နိုင်ခြေနည်းပါးကြောင်း လေ့လာသုံးသပ်သူများက Myanmar Now ကို   ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောကြသည်။
ရန်ကုန်တွင် နေထိုင်သော မြန်မာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်  လေ့လာသူ ဦးမောင်မောင်စိုးက  ICCအဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ထိုသို့ အရေးယူရန် တိုင်ကြားထားခြင်းမရှိ ဟု ထောက်ပြသည်။ 
တပ်မတော်၏ လုပ်ရပ်ကိုမနှစ်သက်သူတို့က စစ်ဗိုလ်ချုပ်များ  ICC ရောက်ရေး  ပြောဆိုနေကြခြင်းများကို နားလည်နိုင်သော်လည်း မြန်မာ့ နိုင်ငံရေး  ပြဿနာကို ထိုနည်းလမ်းဖြင့် အဖြေရှာ၍ မရနိုင်ကြောင်း ၎င်းကပြောသည်။
“တပ်ကို ကိုယ်မနိုင်တာနဲ့ နိုင်ငံခြားသားတစ်ယောက်ယောက်က လာဖမ်းပါ ဆိုတာမျိုးက နိုင်ငံရေးသမားတွေ ဖြေရှင်းတဲ့ နည်းမျိုးမဟုတ်ပါဘူး။ ကျွန်တော့် အမြင်ကတော့ တချို့က ကယ်တင်ရှင် မျှော်နေကြတာပါ။ ဗမာပြည်ရဲ့ နိုင်ငံရေး ပြသနာကို ကယ်တင်ရှင် မျှော်ပြီး ဖြေရှင်းလို့မရပါဘူး။ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ်  ဖြေရှင်းရမှာပါ ”
ဟု ၎င်းက    ပြောသည်။
ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များသည် မြန်မာပြည်၏ ပြဿနာကို ရှင်းရန် အဖြေရှာနေခြင်းထက် အပြစ်တင် ပိတ်ဆို့ရေး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဦးမောင်မောင်စိုးက ဆိုသည်။
နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ပြည်ပထွက်ခွာရန် ခက်ခဲနိုင်သော်လည်း အကျိုးသက်ရောက်မှု ထူးခြားမည်မဟုတ်ဟု ၎င်းက ဆက်ပြောသည်။
သူတို့ ခေတ်ဆက်ဆက်က ဒီလိုပဲနေခဲ့ကြတာပဲလေ။ ထွက်လို့ရတဲ့ နိုင်ငံထွက်မယ်၊ ထွက်လို့ မရတဲ့ နိုင်ငံကို မထွက်ဘူးပေါ့ 
နေပြည်တော်၏ မဟာမိတ်တချို့
နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက   ခုံရုံးတင်ရန် ကိစ္စမှာ လုံခြုံရေး ကောင်စီ၏ ထောက်ခံချက် ရရှိရန် အလားအလာ အလွန်နည်းပါးနေသည်ဟု ပြောသည်။
၎င်းက တပ်မတော်သည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးထက် ရုရှနိုင်ငံ ဆက်ဆံရေးတွင် ပိုမိုကောင်းမွန်နေပြီး လုံခြုံရေး ကောင်စီတွင် တရုတ်က ဗီဒိုအာဏာ မသုံးလျှင်ပင် ရုရှက ဗီတိုအာဏာကို အသုံးပြုနိုင်သည်ဟု သုံးသပ်သည်။
အစိုးရ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝန်းနှင့်  ပိုမိုကျယ်ပြန့်သည့် ထိတွေ့ ဆက်ဆံမှုများ လိုအပ်နေသည်ဟု ဆိုသည်။
လက်ရှိ နိုင်ငံတကာရဲ့ဖိအားပေးမှုတွေကို ရင်ဆိုင်နေရတာမျိုးရှိတယ်။ စီးပွားရေး အရလည်း ဒဏ်ခတ် ပိတ်ဆို့မှုတွေ၊ကန့်သတ်မှုတွေလည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဟု  ဒေါက်တာ ရန်မျိုးသိမ်းက    ပြောသည်။
မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျုမှ ဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက ကုလလုံခြုံရေးကောင်စီရှိ  တရုတ်နှင့်ရုရှားတို့၏ ရပ်တည်ချက်ကို မှန်းဆရန် ခက်ခဲသည်ဟု ဆိုသည်။
“အရင်တစ်ချိန်တုန်းကတော့ စစ်အစိုးရ ကာလတုန်းကတော့ ရုရှတို့ တရုတ်တို့က မြန်မာ အစိုးရဘက် ရပ်တည်ပေးခဲ့တယ်။ အခုအချိန်မှာတော့ တရုတ်ကိုပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့
ကုန်သွယ်တာတို့ ရင်းနှီးမြှုပ်နှံတာတို့က  ခပ်သေးသေးရယ်ဗျ။ ဒီဘက်မှာတော့ မွတ်စလင် နိုင်ငံတွေဖြစ်တဲ့ OIC တို့ စသဖြင့် ပြောကြေးဆိုရင် ကျွန်တော်တို့ထက် အများကြီး များတယ်။ အဲလိုအနေအထားမှာ တစ်ချိန်တလေမှာ ကျွန်တော်တို့ ဘက်က အမြဲတမ်းရပ်မယ်ဆိုတာ မသေချာတော့ဘူး” ဟု ၎င်းက ပြောသည်။
ICCအဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်တွင် မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် လူထု  သဘောထား တိုက်ဆိုင်ခြင်းမရှိကြောင်း ဘီဘီစီ ဘင်္ဂါလီ ဌာနမှူး ဆာဘီယာ မွတ်ဆတာဖာက ဘီဘီစီမြန်မာဌာနကို ပြောသည်။
ဘင်္ဂလားဒေ့ရှ် လူထု   အများစုက မြန်မာ တပ်မတော်ခေါင်းဆောင်တို့ကို ICC ရောက်ရန် ဆန္ဒရှိကြောင်း၊ သို့သော်လည်း ၎င်းတို့ အစိုးရက ဤအရေးတွင် ပါဝင်ပတ်သက်လိုဟန် မရှိကြောင်း ၎င်းက ပြောသည်။
"ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယ၊ တရုတ်၊ ရုရှား စတဲ့ နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိတယ်။ ဒီနိုင်ငံ သုံးခုစလုံးဟာ မြန်မာနိုင်ငံကို ICC မတင်ချင်ဘူး၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အကြား ဆက်ဆံရေး ကောင်းစေချင်တယ်။ ဒါ့ကြောင့် တရုတ်၊ အိန္ဒိယ တို့ရဲ့ အကြံပြုချက်အတိုင်း ဘင်္ဂလားဒေ့ရှ်က မြန်မာနဲ့ သံတမန်နည်းအတိုင်း သွားနေတာ ဖြစ်တယ်"ဟု ၎င်းက သုံးသပ်သည်။
နိုင်ငံတကာက ပေးလာမည့် ဖိအားတို့ကို ဘင်္ဂလားဒေ့ရှ်က မည်သို့ တုန့်ပြန်မည် ဆိုသည့်အချက်မှာလည်း စိတ်ဝင်တစား စောင့်ကြည့်ရမည့်အချက်ဖြစ်သည်ဟု သူက ဆိုသည်။
မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းသမိုင်းကြောင်း ထွက်တော့မယ်
$
0
0
မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ်
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၈
မိုးမခရဲ့ ထူးခြားတဲ့ တင်ဆက်မှုတခုအဖြစ် ဧည့်အယ်ဒီတာ ကာတွန်းဝင်းအောင် တာဝန်ခံ စီစဉ်ပေးတဲ့ မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ ထွက်ပါတော့မယ်။ သည်တခါ စုစည်းမှုကတော့ မြန်မာကာတွန်းရေစီးကြောင်းဆိုင်ရာ စုစည်းမှုများ ဖြစ်ပါတယ်။
ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာဈေးသစ် ။ ၀၉ ၇၈၆၈၃၇ ၃၀၅ / ၀၉ ၉၆၃၆၉၉၈၃၄ မှာ အမှာစာများ ကြိုတင်ပေးပို့နိုင်ပါပြီ။
မောင်နောင်မွန် - လျှပ်စီးတန်းလေးတွေ့ခဲ့သည်
$
0
0
လျှပ်စီးတန်းလေးတွေ့ခဲ့သည်
မောင်နောင်မွန်
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၈
ဝဋာတခွင်လုံး မိုးရိပ်မိုးရောင်များနှင့်လွှမ်းခြုံနေသည်။ ညနေဆည်းဆား၏အလှတရားများကို မိုးသားတိမ် ရိပ်အမည်းရောင်များက သိမ်းပိုက်ယူငင်သွားချေပြီ။
ထိုမြင်ကွင်းသည်ပင် ယခုပစ္စက္ခအခြေအနေ၏ အလှတရားတရပ်ဖြစ်နေသည်။ အထက်အာကာတခွင်လုံး မိုးစက်တွေပြည့်ဝနေသော တိမ်စိုင်များဖြင့် ပွဲတော်တည်နေပြီဖြစ်သည်။ မိုးနှောင်းရာသီ၏အလှပန်းချီကားတခုဟု ပြောသင့်သလား၊ ဆောင်းဦးပေါက်ရာသီ၏ ဖြစ်နေကျမြင်ကွင်း တခုအဖြစ် မြင်ရမှာလား သူမပြောတတ်ချေ။
သို့သော် မိုးသားတိမ်တိုက်တွေတခုလုံးက ဘော်ခဲရောင်နှင့် အမဲရောင်များဖြစ်နေသည်။ ပြာလဲ့လဲ့ ကောင်းကင်ပြင်ကိုပင်မမြင်ရတော့ပေ။
မြို့ပြ၏မိုးနှောင်းမြင်ကွင်းသည် တခါတရံညင်သာ၍ တခါတရံအရိုင်းဆန်လှသည်။ မိုးသားများထက် လျှပ် ပန်းလျှပ်နွယ်များဖြင့်ဝေဖြာစီးဆင်းနေသည်။ ရုတ်တရက်လင်းလက်လာသောလျှပ်စီးကြောင်းများသည် သြကာသလောကကြီးကို တဒင်္ဂအမှန်တရားအတိုင်းမြင်နိုင်စေသည်ဟု သူထင်မိသည်။ ထိုအကြောင်း အရာများသည်ကပင် မမြင်ကွယ်ရာကိုပို့ဆောင်ပေးတတ်သောအရာများဖြစ်နေသည်။ မှန်သည်နှင့်မှားသည်၊ လင်းသည်နှင့်မှောင်သည်၊ လက်ဖမိုးနှင့် လက်ဖဝါး တခု၏အကြောင်းရင်းခံများ ဖြစ်နေသည်။
မြို့ပြ၏အထပ်ပေါင်းမြောက်များစွာမြင့်သောအိမ်ရာတခု၏ဝရံတာထက်တွင် သူတိတ်ဆိတ်စွာဖြင့်ထိုင်၍ ညနေခင်းအလှကိုခံစားနေသည်မှာ အချိန်နာရီတခုပင် ရှိတော့မည်။ 
သူ့ဘ၀၏ညနေခင်းမြောက်မြားစွာသည် ကိန်းဂဏန်းများစွာဖြင့် အခိုးငွေ့လျှံထွက်နေခဲ့သည်။ 
သူ့ဘဝ၏ရခဲလှစွာသော အခွင့်အရေးတရပ် အနေဖြင့် ညနေဆည်းဆားအလှကို လေပြေလေးတဖြူးဖြူး ဖြင့် သူခံစားနေသည်။ ဝရံတာရှိကုလားထိုင်ပေါ်တွင် သူသည်မိန့်မိန့်ကြီးထိုင်ကာ လက်ထဲတွင် စကော့ ဝီစကီတခွက်ကိုကိုင်၍ ညနေခင်းကိုအရသာခံနေသည်။ မိုးသားထက်တွင် တိမ်စိုင်တိမ်ဆုပ်နှင့် မိုးကုတ် စက်ဝိုင်းအလွန်ထိ သူစိတ်ကူးများရွက်လွှင့်ထွက်နေတော့သည်။ 
အဝေးဆီမှာမြစ်ပြင်ကျယ်ကျယ်ကိုသူမြင်ရသည်။ တခါတရံ ရေငွေ့ပါသောလေပြေလေးများ သူ့မျက်နှာကို လာရောက်ထိတွေ့သည်။ အိမ်ပြန်တေးဆိုနေသော ငှက်အုပ်များကိုလည်း တွေ့ရသည်။
ဆောင်းဦးရာသီမို့ နေ့တာတိုသောကြောင့်လည်း ပါမယ်ထင်သည်။ လက်ပတ်နာရီတွင် လက်တံတိုသည် ၄ ဟူသော သင်္ကေတတွင်ဖော်ပြနေသည်။ ရပ်ကွက်ထဲရှိ အိမ်တအိမ်မှ ညနေခင်းတေးသံသာအစီအစဉ် ရေဒီယိုလေးဖွင့်ထားသံကိုကြားရသည်။ သို့သော် အပြင်သတ္တလောကတွင်မူ နေမင်းကြီးသည် အနောက် ဂေါ်ယာ ကျွန်းဆီတွင် မှေးတင်နေလေပြီသည်။
ဆောင်းဦးရာသီ၏အငွေ့အသက်တချို့က မျက်နှာပေါ်တိုးတိုးလေး လာရောက်တို့ထိနေသည်။ သူဆောင်း ဦးရာသီကိုချစ်သည်။ သူငယ်ငယ်ကဖတ်ခဲ့ဖူးသော စာအုပ်များထဲတွင် ဆောင်းဦးရာသီ၌ မိုးလင်းဖိုနံဘေး ဝက်ပေါင်ခြောက်များစားကာ ဆိုက်စ်ပရပ်စပျစ်ဝိုင်များကိုသောက်သော အဘိုးကြီးနဲ့ မြေးမလေးပုံပြင်ကို သတိရမိသည်။ သူ၏ငယ်ဘဝအိပ်မက်များထဲတွင် တိမ်တိုက်ထဲပျံဝဲကာသွားချင်သော ဟယ်ရီပေါ်တာ ဖြစ်ချင်မိသည်။ နော်ဝေတောအုပ်ကြီးထဲ ဆောင်းဦးရာသီကို ချစ်သူတဦးနှင့်အတူ ဖြတ်သန်းချင်မိသည်။
မြေထဲပင်လယ်ထဲကဆောင်းဦးရာသီမြင်ကွင်းကို ရင်သပ်ရှုမောချင်ခဲ့သည်။ လက်တင်အမေရိကရဲ့ မိုး နှောင်းရာသီ တိမ်အလှများကို ဆမ်ဘာတေးသံများဖြင့် ရင်ခုန်ချင်ခဲ့သည်။ ရုတ်ချည်းပြောင်းလဲလာသော လောကကြီး၏နိယာမသဘောအတိုင်းပင် သူထိုင်နေသောအခိုက်အတန့်လေးအတွင်းမှာပင် သာယာလှပ နေသောမြင်ကွင်းများသည် အမှောင်တွေကြီးစိုးလာသည်။ မိုးသားတွေတဖြည်းဖြည်း လိပ်တက်လာပုံကိုက ဖတ်ခဲ့ဖူးသော ဟဲမင်းဝေး၏ မုန်တိုင်းအလွန်ဝတ္ထုတိုကို သတိရမိသေးသည်။
တကယ်တော့ လျှပ်စီးလျှပ်ပန်းများကိုလည်း ချစ်သည်။ သို့သော် မိုးရာသီကိုတော့ သူမုန်းသည်။ ထိုအချစ်များအမုန်များအတွက်လည်းကောင်း၊ သူ့စိတ်မှာဖြစ်ပေါ်လာသည့် ကြိုက်သည်နှင့် မကြိုက်သည် ဟူသောခံစားမူအရာများအတွက်လည်းကောင်း၊ အကြောင်းပြချက်တွေတော့ မရှိပေ။
ပကတိအခြေအနေတခုတွင်စိတ်ခံစားမှုကိုလိုက်၍ခံစားနေခြင်းသာဖြစ်မည်ထင်သည်။ မိုးဦးရာသီတွင်  ကောင်းကင်ယံထက်က လက်လက်ထနေသော မိုးကြိုး လျှပ်စီးများကို သူအလွန်ချစ်သည်။ ထိုမိုးကြိုးလျှပ်စီးလက်နေတာကိုကြည့်နေရတာကိုက သူ့အတွက် အလွန်တရာ အရသာရှိလှပေသည်။
သို့သော် အဘယ်ကြောင့်လျှပ်စီးများဖြစ်ပေါ်နေသည်ကို သူမသိချေ။ ငယ်ငယ်ကအိပ်ရာဝင်ပုံပြင်များ ထဲတွင်တော့ မိုးဦးရာသီသခွပ်ပန်းပွင့်ချိန်တွင် သိကြားမင်းနဲ့ ယောက်ဖတော်အသူရာတို့ စစ်ခင်းသော ကြောင့် မိုးခြိမ်းခြင်း၊ မိုးကြိုးများပစ်ချခြင်းဖြစ်သည်ဟု ပြောပြကြသည်။ ထိုစဉ်က ကလေးအတွေးဖြင့် ကြား ဖူးနားဝရှိသော အရာများဖြင့် ပန်လည်မေးခွန်းထုတ်ခဲ့တာလေးကို သတိရမိသေးသည်။
တခါက တရားပွဲတခုတွင် ဆရာတော်ဟောသောတရားတော်၌ လူပြည်တွင် အနှစ် ၁၀၀ သည် နတ်ပြည် တွင်တစ်ရက်ဖြစ်သည်ဟု ဆိုသည်။ ဒါဆို မိုးဦးရာသီတိုင်း သိကြားမင်းက အသူရာနဲ့ စစ်ခင်းလိုက်ဆိုတော့ နတ်ပြည်တရက်တွင် သူတို့တတွေ အကြိမ် ၁၀၀ စစ်ခင်းနေကြတာလားဟုမေးဖူးသည်။ ထိုအခါအဘွားက ပေါက်ကရအတွေးများ မတွေးဖို့ပြောဖူးသည်ကို သတိရမိုခြင်းဖြစ်သည်။
သိပ္ပံပညာက လျှပ်စီးလျှပ်ပန်းများသည် အက်တမ်များပြိုကွဲခြင်းကြောင့်ဟုဆိုသည်။ 
နွေရာသီတွင်အငွေ့ပျံတက်လာသော ရေခိုးရေငွေ့များ၏သိပ်သည်းဆ များလာခြင်းနှင့်အတူ ထိုရေခိုးရေငွေ့ များပွတ်တိုက်မှုများကြောင့် လျှပ်စီးကြောင်းများဖြစ်ပေါ်လာသည်ဟု အဆိုရှိကြသည်။ သို့သော် သူသည် မိုးလေဝသပညာရှင်တဦးမဟုတ်သောကြောင့် ထိုအကြောင်းအရာကို အသေအချာ ရှင်းမပြတတ်ပေ။
သို့သော် ယခုကဲ့သလို့အချိန်အခါမဟုတ် လျှပ်စီးလက်မိုးကြိုးပစ်ခြင်းသည် သူအတွက်တော့ အလွန်ထူး ဆန်းသည်။ အီကွေတာနဲ့ နီးသောဒေသတွင်မူ ဤကဲ့သို့ အဖြစ်မျိုးက မထူးဆန်းတော့ချေ။ 
တခါကဖတ်ဖူးသော ဆရာမြသန်းတင့်၏မြန်မာမာပြည်တောင်ပိုင်းခရီးသွားမှတ်တမ်းဖြစ်သော မေရီပိုးဗေ ဟွန်ဒါယဉ်ကျေးမှုနှင့် အီကွေတာအနီးညများစာအုပ်ထဲတွင် ရာသီဥတုအခြေအနေကြောင့် ဆရာမြတို့တစု မြိတ်မြို့အသွားခရီးစဉ်၌ လေယာဉ်ကိုနောက်ကြောင်းပြန်လှည့်ကာ ထားဝယ်မြို့ သို့ပြန်လာရသည့် အကြောင်းကို ဖတ်ခဲ့ဖူးသည်။ အီကွေတာ၏အကျိုးသက်ရောက်မှုသည်ကာ ရာသီဥတုပေါ်တွင် လွန်စွာ များသည်။
စွတ်စိုထိုင်းမှိုင်းသောလေထုကြောင့် မိုးများကာ နှင်းနည်းသောရာသီကိုဖြစ်စေသည်။ ယခုလည်း ရေဒီယိုမှ င်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းသည် မုန်းတိုင်ငယ်အဖြစ်သို့ပြောင်းလဲလာနေပြီဖြစ် ကြောင်း ကြေညာသည်။ သူ့စိတ်ထဲတွင် မုန်းတိုင်ဖြစ်လွယ်သောဤရေပြင်သည် နောင်တချိန်တွင် ဒုတိယ မြောက် ဘာမြူဒါ ဖြစ်နိုင်သည်ဟု ခပ်ချဉ်ချဉ်လေး တွေးမိသည်။ 
ဝရံတာထက်မှမြင်ရသော မြစ်ဝကျယ်ကျယ်တွင် လှေငယ်လေးများကိုတွေ့ရသည်။ ထို့အတူ တိမ်စိုင်မည်း မည်းကိုလည်း တွေ့ရသည်။ ဆရာသိပ္ပံမောင်ဝ၏ အောက်စဖို့စ်သွားမှတ်တမ်းတွင်လည်း သူတို့စီးသော စစ်ကိုင်းအမည်ရှိပင်လယ်ကူးသဘောင်္ကြီးသည် ခရီးစဉ်တလျှောက် မုန်းတိုင်ဒဏ်ခံရသည်မှာ ဤဘင်္ဂလား ပင်လယ်အော်မှာပဲဖြစ်သည်ဟု ဖတ်ခဲ့ရဖူးသည်။
ငယ်စဉ်က အိပ်ရာဝင်ပုံပြင်များတွင် အကုသိုလ်အလုပ်များကျူးလွန်သူသည် မိုးကြိုးပစ်ခံရသည်ဟု အဘွား ပြောဖူးသည်။ မိဘကိုစော်ကားသောသူ၊ သူတပါးမျက်ရည် ကျအောင်လုပ်သောသူများသည် မြေမျို၊ ရေ နစ်၊ မိုးကြိုးပစ်ခံရတတ်သည်ဟု ဆိုကြသည်။ ငယ်စဉ်က မိုးချုန်းသံကြားသည်နှင့် အိမ်တံခါးတွေပိတ်တတ် ကြသည်။ မိုးကြိုးစက်ကွင်းနှင့်မလွတ်မည်စိုးသောကြောင့်ဟု ဆိုကြသည်။ ငယ်စဉ်က အိမ်နားက ထန်းပင် ကြီး၂ ပင် မိုးကြ်ုးပစ်ခံရသည်ကိုအမှတ်ရမိသည်။ လူကြီးများက ထန်းပင်တွင် မကောင်းဆိုးဝါးများခိုအောင်း နေသောကြောင့် အပစ်ခံရသည်ဟုပြောကြသည်။ 
ထို့နောက် အမေအိုကိုလုပ်ကျွေးနေသော ကိုထွန်းသာ လယ်တောထဲတွင် လယ်ထွန်နေစဉ် မိုးကြိုးအပစ်ခံ ရသည်။ အဘယ်ကြောင့်အပစ်ခံရသနည်းဟု လူကြီးများကို သူမးမိသည်။ ထိုအခါလူကြီးများက အရင်ဘဝ ဝဋ်ကြွေးဟုဆိုကြသည်။ မိုးကြိုးလက်နက် သိကြားစက်ဟူ၍ ငယ်စဉ်ကသင်ရသောတရားစာများတွင် သိခဲ့ ရသည်။ သိကြားမင်းလည်း တခါတရံ လက်လွဲတတ်သည်ဟု ထင်ခဲ့မိသည်။
ရူပဗေဒတွင်မူ မိုးကြိုးစက်ကွင်းဖြစ်နေချိန်တွင် ပတ်ဝန်းကျင်၌အမြင့်ဆုံးအရာကိုလျှပ်စီးကြောင်းက ဝင် ရောက်သောကြောင့် မိုးကြိုးပစ်ခံရခြင်းဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ထိုအကြောင်းများ သူမစဉ်းစား ချင်တော့ချေ။ သူတို့လူမျိုးများသည် အကြောင်းအရာတခုခုဆိုလျှင် အရင်းအမြစ်ကိုလိုက်ရှာသည်ထက် ကံကံ၏ အကျိုးဟုယူဆ၍ ကံကိုသာအပြစ်ပုံချတတ်သောလူမျိုးမဟုတ်ပါလား။ တခါတခါ ဤကဲ့သို့ အခြေ အနေများကပင် ဘဝအမောတချို့တဝက်ကို ပြေစေခဲ့သည်မဟုတ်ပါလား။
ကောင်းကင်ထက်ရှိမိုးရိပ်မိုးသားများနှင့်အတူ မိုးစက်လေးများတစ်စက်တစ်ပေါက်ကျလာနေသည်။
စောစောက လှပနေသော ဆောင်းဦးညနေဆည်းဆားသည် အဘယ်အရပ်သို့ရောက်သွားမှန်းမသိချေ။ မိုးရိပ်များနှင့် မိုးချုန်းသံများက ပတ်ဝန်းကျင်ကို ကြီးစိုးထားချေ သည်။ 
လေပြင်းများလည်းတိုက်နေသောအခါ သစ်ပင်သစ်ခက်များယိမ်းဝှေ့နေသည်။ အဝေးမှ မြစ်ပြင်ကျယ်ကို မမြင်ရတော့ချေ။ ဖတ်ခဲ့ဖူးသော ကျမ်းစာတွင် Noah မိသားစုတို့ကြုံဆုံခဲ့ရသော ကမ္ဘာဖျက်မုန်တိုင်းသည် ဤကဲ့သို့ပင်ဖြစ်မည်ထင်သည်ဟု တွေးမိသည်။ သူသည်အလုပ်ရုံထဲတွင်သာအနေများသောကြောင့် ယခု ကဲ့သို့ မုန်တိုင်းတခုကိုအနီးကပ်မမြင်ဖူးခဲ့ပေ။
လျှပ်စီးလက်သံများ ပိုပိုစိပ်လာသည်။ လက်ထဲကဝီစကီခွက်မှာ နောက်ဆုံးလက်ကျန်များကို တဝကြီး မော့ချလိုက်သည်။
အဝေးကမြင်ကွင်းများကို ခပ်ထွေထွေပြန်မြင်ရသည်။ တခါတရံ မူးယစ်ရီဝေမှုတွင် အမှန်းတရား၏ အလှ အပတစုံတရာကို ရှာဖွေရသည်က ပျော်စရာကောင်းလွန်းလှသည်။ လျှပ်စီးလက်သည်ကို အနီးကပ်မြင် ရသကဲ့သို့ ခပ်လှမ်းလှမ်းတွင်မြင်တွေ့ရသည်။
မကြာမီ မိုးချုန်းသံအကျယ်ကြီးကိုကြားရသည်။ အလင်းသည်အသံထက်မြန်သည်မဟုတ်ပါလား။ ထိုမိုးချုန်းသံနောက် များမကြာမီမှာလည်း လမ်းထဲမှ အော်ဟစ်သံများကြားနေရပြန်သည်။
"ရပ်ကွက်ထိပ်ဓမ္မာရုံက အလှူခံဦးလေးကြီး မိုးကြိုးပစ်ခံရတဲ့ဟေ့"ဟူသောအသံက ရင်ထဲ တုန်လှုပ်သွား သည်။
ခဏကကြားနေရသော ရေဒီယိုသံမရှိတော့ပေ။ သူလည်း မိုးရေပြည့်နေသောဖန်ခွက်ကိုကောက်ကာ အခန်းထဲဝင်လာခဲ့မိသည်။
စိတ်ထဲတွင် ငယ်စဉ်ကဖြစ်ခဲ့ဖူးသောအမျိုးအမည်မသိသောကြောက်စိတ်မျိုး ခံစားရသည်။
စိတ်ထဲတွင် မနက်ဖြန် နံနက်ဘုရားသွားရန် ဆန္ဒစောနေသည်။   ။
မောင်နောင်မွန်
ဝင်းနန္ဒာ/Myanmar Now - ကချင်ဒေသ စစ်ရှောင်များ အကူအညီအနည်းငယ်သာ ရရှိ
$
0
0
ကချင်ဒေသ စစ်ရှောင်များ အကူအညီအနည်းငယ်သာ ရရှိ
လစဉ် ဝင်ငွေ တစ်သောင်းဝန်းကျင်ဖြင့် ရပ်တည်နေရသူ အများအပြား မြန်မာပြည်မြောက်ပိုင်းတွင် ရှိနေသည်
ဝင်းနန္ဒာ/Myanmar Now
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၈
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွေ့ရသော ကချင်ပြည်နယ် မိုးညှင်းမြို့ စိန်ပတ်ထရိတ် စစ်ဘေးရှောင်စခန်း မြင်ကွင်းတစ်ခု (ဓာတ်ပုံများ - ဝင်းနန္ဒာ/Myanmar Now)
လူတစ်ဦးလျှင် လစဉ်အသုံးစရိတ် ကျပ်တစ်သောင်းဝန်းကျင်ဖြင့် ရှင်သန်နေထိုင်နိုင်သည်ဟု ဆိုလျှင် အံ့သြကြပေလိမ့်မည်။ မြန်မာပြည်မြောက်ပိုင်းတွင်မူ ထိုနှုန်းထားဖြင့် နေထိုင်နေသူ အရေအတွက် ထောင်သောင်းချီ ရှိနေသည်။
ကချင်ပြည်နယ် မိုးညှင်းမြို့ စိန်ပတ်ထရိတ် စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့်  ၃၆ နှစ်အရွယ် ဒေါ်လုမိုင်က လစဉ် ထောက်ပံ့ကြေးမှာ ဆန်နှင့် ဆား နှစ်မျိုးသာ ဝယ်ယူနိုင်သည့် ပမာဏသာ ဖြစ်နေသည်ဟု ဆိုသည်။
“ဆန်နဲ့ဆားက မရှိမဖြစ် ဆိုတော့ ဆန်ကို အရင်ဝယ်တယ်၊ ပိုတဲ့ တစ်ထောင်နှစ်ထောင်ကို ဆားဝယ်တယ်။ တစ်ယောက်ကို ကိုးထောင်ရတာ။ ဆန်ကဈေးပြန်တက်ဆိုတော့ စားမလောက်ပါဘူး” ဟု  မိသားစုဝင်ငါးဦးရှိသည့် ဒေါ်လုမိုင်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောသည်။
ဒုက္ခသည်အများအပြားက စခန်းအနီး ဟင်းသီးဟင်းရွက်စိုက်ပျိုးကြပြီး တချို့က ကြက်၊ ဝက် မွေးမြူကြသည်ကို တွေ့ရသည်။ ၎င်းတို့ထဲမှ တချို့တွင် ဝင်ငွေ ရလမ်းဖြစ်သော ကြုံရာကျပန်း အလုပ် လုပ်နိုင်သည့် အနေအထား ရှိကြသည်။
မြို့တောင်ဘက် စိန်ပတ်ထရိတ်ဘုရားကျောင်းအတွင်းတွင် တည်ရှိသည့် စခန်းတွင် ကချင်တိုင်းရင်းသား အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၇ဝ ကျော် သောင်တင်နေကြသည်။ ရှမ်းတိုင်းရင်းသားတို့က မြို့ပေါ်ရှိ အခြား စစ်ရှောင်စခန်းတစ်ခုတွင် ခိုလှုံနေသည်။ မိုးညှင်းမြို့သည် ရှမ်းမျိုးနွယ်စု အများဆုံး နေထိုင်သည့် ဒေသဖြစ်သည်ဟု သိရသည်။
တပ်မတော်နှင့် KIA ကချင်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲများကြောင့် လွန်ခဲ့သော ခြောက်နှစ်ခန့်က စိန်ပတ်ထရိတ်သို့ တိမ်းရှောင်လာကြသူတို့၏ မူရင်းဒေသမှာ  ဟိုပင်မြို့နယ်ရှိ  ထိုင်ရာယန်၊ ပိန့်ခွန်၊ ကပ်မော်၊ ဒါဝယ်ရွာများမှ ဖြစ်သည်။
စိန်ပတ်ထရိတ်တွင် ခိုလှုံနေသော အိမ်ထောင်စု အများစု၏ အိမ်ထောင်ဦးစီးမှာ အမျိုးသမီးများ ဖြစ်ကြကြောင်း၊ နေရပ်ရင်းမဟုတ်သည့်ဒေသတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ခက်ခဲနေချိန်တွင် ကူညီထောက်ပံ့မှု အကန့်အသတ်ကြီးမားသည့်အတွက် မိသားစုဝမ်းရေးဖြေရှင်းရ လွန်စွာ ခက်ခဲနေသည်ဟု စခန်း တာဝန်ခံ ဒေါ်ဘောက်နူးက ပြောသည်။
“အလုပ်အကိုင် မယ်မယ်ရရ ရှိမယ် ဆိုရင်တော့ ဒီပြဿနာက ဖြေရှင်းနိုင်မှာပေါ့” ဟု စခန်းတာဝန်ခံက ဆိုသည်။
ကုလသမဂ္ဂအဖွဲ့တစ်ခုဖြစ်သော ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြောက်ပိုင်းရှိစစ်ရှောင်ပြည်သူတို့ကို  တစ်ဦးလျှင် တစ်သောင်းခန့် လစဉ် ထောက်ပံ့ပြီး သက်ကြီးရွယ်အို၊ မသန်စွမ်းတို့ကို တစ်သောင်းခွဲ  ထောက်ပံ့သည်ဟု သိရသည်။
၂ဝ၁၁ နောက်ပိုင်း ဒေသတွင်း ပဋိပက္ခကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးရသူတို့ကို  ဆန်၊ ပဲ၊ ဆီ၊ ဆား စသည့် အခြေခံစားနပ်ရိက္ခာ  ပေးအပ်ခဲ့သည်။  စစ်ရှောင်စခန်းများတွင် ရိက္ခာမပေးဘဲ ငွေကြေးသာ ထောက်ပံ့သည့် အပြောင်းအလဲကို အစပြုလာသည်မှာ ၂ဝ၁၆  ဇန်န၀ါရီခန့်ကတည်းက ဖြစ်သည်ဟု  ကချင်ပြည်နယ်ရှိ WFP နယ်မြေခံရုံး၏ အကြီးအကဲ Sakhorn Boongullaya က ပြောကြားကြောင်းကုလသမဂ္ဂ အွန်လိုင်းစာမျက်နှာတစ်ခုတွင် ဖော်ပြထားသည်။
“တော်တော်များများက နေရပ်စွန့်ခွာခဲ့တာ ၆ နှစ်လောက် ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအချို့ တွေ့ရှိလာကြပါတယ်။ သူတို့အနေနဲ့  မှီခိုမှုကိုရှောင်ရှားဖို့နဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ လွတ်လပ်စွာ ရွေးချယ်နိုင်မှုတို့ကို မြှင့်တင်ပေးတဲ့အနေနဲ့ WFP က ပစ္စည်းရိက္ခာ ထောက်ပံ့မှုကနေ ငွေကြေးထောက်ပံ့မှုကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်ဟု  FP နယ်မြေခံရုံး အကြီးအကဲက ပြောသည်။
မြန်မာပြည်မြောက်ပိုင်းသို့ အကူအညီပေးသည့် ဥရောပကော်မရှင်က ကချင်နှင့် ရှမ်းမြောက်ဒေသတွင်
စစ်ရှောင် အရေအတွက် ၁ဝ၆,ဝဝဝ ထက် မနည်း ရှိနေကြောင်း ခန့်မှန်းထားသည်။
စစ်ရှောင်စခန်းရောက်နေသူတို့မှာ  နေရပ်တွင် ပြန်လည်အခြေချလိုကြသော်လည်း  တိုက်ပွဲ ပြန်လည် ပြင်းထန်လာပါက ထပ်မံ ထွက်ပြေးရမည် ဖြစ်သောကြောင့် အိမ်ပြန်ရခက်ခဲနေသည်။
စစ်ရှောင်တစ်ဦးဖြစ်သည့် အသက် ၆ဝ အရွယ် ဒေါ်တွန်ဘွန်လုက ၎င်းတို့၏ရွာများသည် နှစ်ဖက်တပ်များ ကြားတွင် တည်ရှိနေကြောင်း၊   အိမ်နှင့် လုပ်ငန်းများလည်း မူလပုံစံ မရှိတော့ကြောင်း ရှင်းပြသည်။
“ကျွန်မတို့အိမ်တွေက တောကြီးပဲ ဖြစ်နေပြီ။ တစ်ယောက်နဲ့တစ်ယောက် နားလည်စေချင်ပြီ။ ကျွန်မတို့အတွက် အာမခံရပြီ၊ ငြိမ်းချမ်းပြီဆိုမှ ကျွန်မတို့ အိမ်ပြန်ကြမယ်” ဟု ဒေါ်တွန်ဘွန်လုက ပြောသည်။
မြင့်အောင်သန့် - ရန်လိုနေတဲ့ကဗျာ
$
0
0
ရန်လိုနေတဲ့ကဗျာ
မြင့်အောင်သန့်
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၈
ချစ်သူတွေဖြတ်သန်းခွင့်
မပြု
အပူရှိန်ကဲ
မီးကျီးခဲတွေပြန့်ကျဲနေတဲ့
နွေကန္တာရမီးမုန်တိုင်း
လေပူရိုင်းပျ
ချစ်သူတွေမလာကြပါနဲ့။
အဲဒီမှာ
ဓားလှံလက်နက်
ရမ္မက်
သွေးစက်စသဖြင့်
ကဗျာ့ကိရိယာလုပ်နေကြတယ်
ချစ်သူတွေမလာကြပါနဲ့။
မနာလို
မရှုဆိတ်မှုတွေက
တလိပ်လိပ်တက်နေကြတယ်
မကြာခင်
စွမ်းအားပြင်းဗုံးတစ်လုံးလို
ပေါက်ကွဲလွင့်စဉ်ထွက်တော့မယ်
ချစ်သူတွေမလာကြပါနဲ့။
ကွယ်....
သွားကြစို့
ဘုရားသခင်မွေးဖွားသန့်စင်ရာအရပ်ကိုရှာသလိုမျိုး
ကဗျာမွေးဖွားရာအရပ်ဆီ
မေတ္တာတော်အန္တနဲ့ ။
-
စက်တင်ဘာ(၂၀၁၈)
ပုံ- mark-making-abstract-art
ခဲမှုန့်ပန်းချီသင်တန်းသားများ၏အနုပညာပန်းချီပြပွဲ 43 Art Gallery မှာ ပြသနေ
$
0
0
ခဲမှုန့်ပန်းချီသင်တန်းသားများ၏အနုပညာပန်းချီပြပွဲ 
43 Art Gallery မှာ ပြသနေ
K
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၈
ပန်းချီစုတ်ချက်လက်ပိုင်ရှင်များ ဟုအမည်ပေးထားတဲ့ ခဲမှုန့်ပန်းချီသင်တန်းသားများ၏ အနုပညာပန်းချီပြပွဲ  ကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊၄၃လမ်း (မဟာဗန္ဓုလနှင့် ကုန်သည်လမ်းကြား) အမှတ် ၁ဝ၁ရှိ 43 Art Gallery မှာ စက်တင်ဘာ ၇ ရက်မှ ၉ရက်အထိပြသလျက်ရှိပါတယ်။
ပြပွဲမှာခဲမှုန့်ပန်းချီသင်တန်းဆင်း လူငယ် ၁၆ယောက်ရဲ့ ပန်းချီကား ၃၃ ကားကို ပြသသွားမှာဖြစ်ပြီး ပြပွဲတင်ပန်းချီကားများကို တော့ ရောင်းချသွားမှာမဟုတ်ဘဲ လက်ရာနဲ့ အနုပညာများကိုတင်ဆက်ပြသ သွားတာဖြစ်တယ်လို့ 43 Art Galleryမှ ပြပွဲ တာဝန်ရှိသူတဦးက ပြောပြပါတယ်။
ခဲမှုန့်ပန်းချီပြပွဲနဲ့ပတ်သက်ပြီး ခဲမှုန့်ပန်းချီဆရာ သူရအောင်က “ရည်ရွယ်ချက်ကတော့ တပည့်တွေရဲ့ ကြိုးစားမှုနဲ့ ရိုးသားမှုကိုAဖ်ာချင်လို့ ပြပွဲလုပ်ရတာပါ။ ဆရာကြီးတွေလည်း ပြောထားတယ်လေ။ တပည့် ဆိုတာ ရိုးသားရမယ်။ ကြိုးစားရမယ်။ စိတ်ထားကောင်းရင် ကောင်းသလို ပညာက ရလာမယ်။ တပည့် တွေရဲ့ရိုးသားမှုအပေါ် ဆရာတွေက ဘယ် လောက်ပံ့ပိုး ပေးနိုင် မလဲ။ ဘယ်လောက်ထိအောင် သူတို့က ဒီပညာရပ်အပေါ် ကြိုးစားပြီး မြတ်နိုးသလဲ။ အဲဒီဟာတွေကိုပြချင်လို့ ဒီပြပွဲလေး လုပ်ရခြင်း ရည်ရွယ်ချက် ပါ” လို့ ပြောပြပါတယ်။
ယခုပြပွဲမှာ ပါဝင်ပြသကြတဲ့ လူငယ်ပန်းချီဆရာများဟာ ခဲမှုန့်ပန်းချီသင်တင်းရဲ့ပထမဆုံးအကြိမ် သင်တန်း ဆင်းများဖြစ်ပြီး နောက်ထပ် ခဲမှုန့်ပန်းချီသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပြီး ဒုတိယ အကြိမ် ခဲမှုန့်ပန်းချီသင်တန်းကိုလည်း ၁၀လပိုင်း ၁၁ရက်နေ့မှာ ဆက်လက်ဖွင့်လှစ်သွားမယ်လို့လည်း ပြောပြပါတယ်။
ခဲမှုန့်ပန်းချီသင်တန်းပေးရခြင်းနဲ့ပတ်သက်ပြီးလည်း သင်တန်းဆရာဖြစ်သူ ဆရာသူရအောင်က “ပညာဆို တာက ကိုယ်တယောက်တည်း တတ်နေရုံနဲ့မပြီးဘူးလေ။ သူများကိုလည်း ဖြန့်ဝေပေးနိုင်ရမယ်။ မျှဝေပေးနိုင်ရမယ်။ နောက်တခုက ကျနော်က ယဉ်ကျေးမှုတက္ကသိုလ်က စောင်းပညာရပ်ကို လေ့လာနေ တဲ့အခါကျတော့ အလုပ်လည်းလုပ်ရင်း ပညာလည်း သင်ရင်း အဲဒီရည်ရွယ်ချက်မျိုးနဲ့သင်တန်းလေးတွေဖွင့် ဖြစ်နေတာပါ”လို့ပြောပြပါတယ်။
ပြပွဲကို ၃ရက်ကြာပြသသွားမှာဖြစ်ပြီး ပြပွဲချိန်အတွင်း နံနက် ၉ နာရီမှ ညနေ ၄နာရီ အတွင်း  ပြသလျက် ရှိပါတယ်။
အောင်ငြိမ်းချမ်း / Myanmar Now - ချောင်းရေကြီးမှုကြောင့် နေရာရွှေ့ရသည့်စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ
$
0
0
ချောင်းရေကြီးမှုကြောင့် နေရာရွှေ့ရသည့်စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ
အောင်ငြိမ်းချမ်း / Myanmar Now  
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၈
 မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်အတွင်းသို့ရွှေ့ပြောင်းလာသော စစ်ရှောင်စခန်း (ဓာတ်ပုံ-ဝါရှောင်ဆရာတော် ဦးဝိဇယ)
 နမ္မတီးချောင်း မကြာခဏရေကြီးမှုနှင့် အခြားအခက်အခဲများကြောင့် ကချင်ပြည်နယ် နမ္မတီးမြို့နယ်ရှိ AG ခရစ်ယာန် ဘုရားကျောင်း စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်တို့သည် မြစ်ကြီးနားမြို့နယ် ပမ္မတီးရပ်ကွက် နယ်မြေ (၅) ရှိ ယာယီစစ်ရှောင်စခန်းသို့ ပြီးခဲ့သည့်လကုန်က ပြောင်းရွှေ့ခဲ့ကြရာ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု သတင်းရရှိသည်။
စခန်းသစ်သို့ ဩဂုတ်လ ၂၂ ရက်နေ့က ပြောင်းရွှေ့လာခဲ့ကြသည့် အဆိုပါစစ်ဘေးရှောင်တို့သည် နမ္မတီးမြို့နယ် ကဆုန့်ကျေးရွာနှင့် သုံးမိုင်ခန့်အကွာ ခါနန်ကျေးရွာမှဖြစ်ပြီး ယခုနှစ် ဧပြီလက တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့ ဖြစ်သည့်တိုက်ပွဲများကြောင့် ရွာလုံးကျွတ် ထွက်ပြေးလာကြခြင်းဖြစ်သည်။
လီဆူတိုင်းရင်းသားအများစုဖြစ်သည့် အဆိုပါစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၈ စု လူဦးရေ ၁၄၂ ယောက်ရှိပြီး အသက်အရွယ်ကြီးသူများနှင့် ကျောင်းသူကျောင်းသား အယောက် ၄၀ ခန့်ရှိသည်ဟု ထိုစခန်းတာဝန်ရှိသူက Myanmar Now ကို ပြောသည်။
အထောက်အပံ့က ဆန်တစ်မျိုးပဲရသေးတယ်။ အစိုးရအဖွဲ့တွေ (ပြည်နယ်)လာကြည့်ပေမဲ့ ထောက်ပံ့ပေးတာတော့မရှိသေးဘူးဟု စခန်းတာဝန်ခံ ဦးအားဖီက ပြောသည်။ ယခု အဓိက အရေးပေါ် လိုအပ်သည်မှာ သောက်ရေဖြစ်သည်ဟု ဆိုသည်။
စခန်းဟောင်းတွင်ရှိစဉ်က မေတ္တာဖောင်ဒေးရှင်း၊ ကချင်နှစ်ချင်းအသင်းတော် (KBC) စသည့် ပြည်တွင်း လူမှုရေးနှင့်ဘာသာရေး အဖွဲ့အစည်းများ လာရောက်ထောက်ပံ့သော်လည်း စခန်းသစ်ရောက်ပြီးနောက် ယနေ့အထိ အထောက်အပံ့များ ရောက်မလာသေး ဟု ၎င်းကပြောသည်။
စခန်းကို ယာယီသာ တည်ဆောက်ထားရပြီး သီတင်းနှစ်ပတ်ကျော်ကြာသည့်အထိ အထောက်အပံ့ အနည်းငယ်သာ ရရှိကြောင်း၊ ခရစ်ယာန် ဘာသာရေးဆရာတစ်ဦးက ဆန်အနည်းငယ် လာလှူသလို မြစ်ကြီးနားမှ ဆရာဝန်မတစ်ဦးက ကျန်းမာရေး လာကြည့်ပေးကြောင်း အဆိုပါ စခန်းတာဝန်ခံက ပြောသည်။
မြေစိုက်ကွပ်ပျစ်ပေါ်တွင်ရွက်ဖျင်တဲ တည်ဆောက်ပြီး နေထိုင်ရသည်မှာအဆင်မပြေကြောင်း အဆိုပါစခန်းမှ အသက် ၁၉ နှစ်အရွယ် စစ်ဘေးရှောင် မမောနီက ပြောသည်။
အဝတ်အစားလဲရတာက အစ အဆင်မပြေဘူး။ အစ်ကိုတွေ၊ မောင်တွေနဲ့ ဆိုတော့ မျက်နှာပူတယ်ဟု ၎င်းက ပြောသည်။
အဆိုပါစစ်ရှောင်စခန်းကို ထောက်ပံ့ကူညီသွားရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအပါအဝင် အခြား ပြည်တွင်း ပြည်ပ လူမှုအဖွဲ့များထံမှ အကူအညီတောင်းခံထားသည်ဟု စစ်ရှောင်စခန်းသို့ သွားရောက်ကြည့်ရှု ခဲ့သည့် ကချင်ပြည်နယ် အစိုးရမှ လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအားတီယောဟန်က Myanmar Now ကို ပြောသည်။
လတ်တလော သူတို့စားရေးသောက်ရေးနဲ့ ကျန်းမာရေးကိစ္စတွေက အရေးကြီးတော့ အဲဒါတွေအတွက် အကူအညီတောင်းထားတယ်၊ နေထိုင်ရေးအတွက်ကတော့ နောက်တစ်ဆင့်ပေါ့ဟု ၎င်းက ပြောသည်။
၂၀၁၁ ခုနှစ်စပြီး တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် ဒေသနှစ်ခုပေါင်းတွင် အိုးပစ် အိမ်ပစ်ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ပေါင်း ၁၀၆,၀၀၀ ခန့်ရှိသည်ဟု ဥရောပ ကော်မရှင်က ထုတ်ပြန်ထားသည်။
စစ်ဘေးရှောင်များသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပအလှူရှင်များ၏ အထောက်အပံ့ပေါ်တွင်သာ အဓိကမှီခိုနေရသည်။
Viewing all 9633 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>