Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧

ကာတွန်း နေလင်းအောင် -ခိုင်းတဲ့အတိုင်းသွား

$
0
0
ခိုင်းတဲ့အတိုင်းသွား
ကာတွန်း နေလင်းအောင်
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၈
↧

ထိုက်နန္ဒာဝင်း (Myanmar Now) - TNLA လက်ထဲမှ ရျမ်းအမျိုးသမီး ပြန်လွတ်ရေး မိသားစုဝင်များ ဆန္ဒပြ

$
0
0

TNLA လက်ထဲမှ ရျမ်းအမျိုးသမီး ပြန်လွတ်ရေး မိသားစုဝင်များ ဆန္ဒပြ

ထိုက်နန္ဒာဝင်း (Myanmar Now)
(မိုးမခ) စက်တင်ဘာ ၇၊ ၂ဝ၁၈

စက်တင်ဘာ ၇ နံနက်ပိုင်းက နမ့်ခမ်းမြို့၊ 
 မြို့လယ်ဘုရား ကျောင်းရှေ့တွင် နန်းမိုဟွမ်လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်နေသော မိသားစု (ဓာတ်ပုံများ - ဆိုင်စိုင့်)

(ရန်ကုန်) —  ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ဖမ်းဆီးထားသည့် ရှမ်းအမျိုးသမီး နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် သူ၏ အသက် ၁၀နှစ်အောက် ကလေးငယ်နှစ်ဦး အပါအဝင် မိသားစုဝင်များက  စက်တင်ဘာ ၇ နံနက်ပိုင်းတွင်  မြို့လယ်ဘုရား ကျောင်းရှေ့သို့ သွားရောက်ပြီး ဆန္ဒထုတ်ဖော်ကြသည်။
ရပ်ဝေးတွင် အထက်တန်းကျောင်း တက်နေသော သားဖြစ်သူနှင့် အသက်အန္တရာယ်ပြုခံရမည်ကို စိုးရိမ်သဖြင့်  တိမ်းရှောင်နေသော ခင်ပွန်းသည်တို့ လာရောက် ပူးပေါင်းနိုင်ခြင်း မရှိကြောင်း မိသားစုဝင် တစ်ဦးက Myanmar Now ကို ပြောသည်။
“မေမေက သမီးတို့ကို ထမင်းကျွေးနေတုန်း လူဆိုးတွေက သေနတ်ကြီးတွေနဲ့ လာခေါ်သွားတာ။ သမီးတို့က ငိုတော့ မေမေက 'မငိုနဲ့ ခဏနေ ပြန်လာခဲ့မယ်'လို့ မှာသွားတယ်။ အခုထိပြန်မလာဘူး။ မေမေ့ကို ပြန်ပို့ပေးပါ” ဟု ၈ နှစ်အရွယ် သမီးဖြစ်သူ နန်းမွန်အွန်နော့က ပြောသည်။
မိသားစုက အစိုးရကို အပြစ်မဲ့ အမျိုးသမီး အမြန်ဆုံးလွတ်မြောက်လာနိုင်ရေးအတွက် ကူညီရန် တောင်းဆိုလိုက်သည်။ 
နန်းမိုဟွမ်သည်  သြဂုတ် ၁၇ ရက်နေ့က ကလေးများကို နံနက်စာ ကျွေးနေစဉ် လက်နက်ကိုင်တချို့ ရောက်လာပြီး  ဖမ်းဆီး သွားခြင်း ဖြစ်သည်ဟု မိသားစုဝင်များ၊  အရပ်ဘက်အဖွဲ့အစည်းတချို့မှ  တာဝန်ရှိသူများက Myanmar Now ကို ပြောသည်။
နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးရန် သံဃာတော်များ၊ ပြည်သူလူထု၊ အရပ်ဘက်အဖွဲ့များ စုပေါင်းပြီး  အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင်အဖွဲ့များထံ  စက်တင်ဘာ ၂ ရက်နေ့က စာရေးသားပေးပို့ တောင်းဆိုထားသည်။
နောက်တစ်နေ့တွင် TNLA က   နန်းမိုဟွမ်ကို အပြစ်ပေးမည်ဟု သတင်းထုတ်ပြန်သည်။ အရပ်ထဲတွင် အခွန်ကောက်ခံသော ၎င်းတို့ တပ်ဖွဲ့ဝင်နှစ်ဦး အပြင်းအထန် ထိခိုက်၊ သေဆုံးမှုတွင် နန်းမိုဟွမ် အပြစ်ရှိသည်ဟု စွပ်စွဲထားသည်။
ထိုသတင်းထုတ်ပြန်ချက်ကြောင့်  ဒေသတစ်ခုတည်း အတူယှဉ်တွဲနေထိုင်ကြသော ရှမ်းနှင့် တအာင်းကြား လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားလာမည်ကို အများအပြားက စိုးရိမ်နေကြသည်ဟု နမ့်ခမ်းလူငယ်ကွန်ရက်မှ လူထုဆက်ဆံရေးတာဝန်ခံ စိုင်းသိန်းရွှေက ပြောသည်။
ရှမ်းပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့ အများအပြား ရှိသည့်အနက် တအာင်းလက်နက်ကိုင်အဖွဲ့နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုတို့ကြား မကြာသေးခင်နှစ်များအတွင်း တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် သုံးနှစ်အတွင်း တိုက်ပွဲ နှစ်ရာကျော် ရှိခဲ့သည်ဟု ဆိုသည်။
ထိုပဋိပက္ခတွင် တိုက်ပွဲများအပြင် အရပ်သားများကို ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရာမှ ရှမ်းနှင့်တအာင်း အရပ်သူအရပ်သားများကြားတွင်လည်း  အထင်မှားမှု၊ စိတ်ဝမ်းကွဲမှု၊ မုန်းတီးမှုများ ပေါ်ပေါက်လာသည်။


ယခုအခါ လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲ ရပ်စဲမည့် အရိပ်အရောင် မပေါ်သေးသော်လည်း ဒေသခံများကြားတွင်မူ အချင်းချင်း ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် ကြိုးပမ်းလျက်ရှိသည်။











↧
↧

တိုးနှောင်မိုး- တိတ်ဆိတ်တာ တမျိုးလှတယ်

$
0
0
တိတ်ဆိတ်တာ တမျိုးလှတယ်
တိုးနှောင်မိုး
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈

မပြောလို့ မပြီးတာထားတော့ဟုတ်ပါပြီ
မတီးလို့တော့ ဘယ်လိုလုပ်မြည်ပါ့မလဲ

ခွေးတောင်သားသမီးကိုအန်ကျွေးတယ်
ခုတောပြာပုံတိုးတဲ့မြစ် ရွှံဖြစ်တာဘာဆန်းလည်း
အိပ်မက်ဟာမှန်ထဲကအတိုင်း။

အရိုးခေါင်းကကျန်နေသေးတယ်
ပိုင်ရှင်ကဘယ်ဘဝရောက်နေလည်း
မိခင်က သားကိုချစ်သလို။

အပြစ်အနာအဆာများတဲ့ပုံပြင်ဟာ
လေထဲကူးနေတယ်။

စာအုပ်ကမုန်တိုင်းကိုပြန်ဖတ်လို့
ညစောင့်ကပေါင်မုန့်ကိုတမ်းတနေသလား
အချစ်ရယ် ဝိုင်ရယ်
မွေရပ်ဇာတိမရှိလို့မရဘူး။

ဘဝတွေကူးခဲ့တာများလှပါပြီ
အနေခက်ခက်အသေခက်ခက်ရုပ်နာမ်မး
ကဗျာယုံလို့ ဆူးပုံနင်းတာမမှားဘူး
မနက်ဖြန်မနက်မျက်နှာလေးသစ်ရရင်ပဲ ကြေနပ်နေပါပြီ။ ။

(26.4.2018)
ကဗျာရေစီး-18
May 9th, 2:46pm
↧

ကာတွန်း ကိုခေတ်ရဲ့ စိုးရိမ်ရေမှတ်တွင် ရှိသည်

$
0
0

 ကာတွန်း ကိုခေတ်ရဲ့ စိုးရိမ်ရေမှတ်တွင် ရှိသည်
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈
↧

ဆောင်းယွန်းလ ● ကျက်သရေမရှိတဲ့အကြောင်း သောင်းပြောင်းထွေလာ

$
0
0
 

ဆောင်းယွန်းလ ● ကျက်သရေမရှိတဲ့အကြောင်း သောင်းပြောင်းထွေလာ
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈

အေးကွာ
မင်းတို့ပဲ ခန့်ခန့်ကြီးတွေထိုင်လို့ 
မဆန့်မပြဲ စားထားတဲ့ ဖားရုပ်တွေ

ဗိုလ် ကျား သေနတ်ဆွဲဆုံးဖြတ်လည်း
သေနတ်ကိုင်ထားသူ ဗိုလ်ကအနိုင်

လူနည်းစုဆွဲထားတဲ့ စည်းမျဉ်းထဲမှာ
လူအများစုက
ကျားရှေ့ လည်စင်းထိုင်ပေးနေရသလိုမျိုး

မိုးကောင်းတုန်း ရွာထားလိုက်
နေကောင်းတုန်း ခြစ်ခြစ်ထအောင်ပူလိုက်နဲ့
မြူနှင်းကွဲတယ်ရယ်လို့ကိုမရှိခဲ့

စိမ်းပုပ်ပုပ်အရောင်တွေနဲ့ 
အမှောင်သမ်းနေတဲ့ ခေတ်ကြီးထဲ
မာကျူရီမီးတွေထွန်းပြပြီး
လင်းလှချည်ရဲ့လို့ ဆိုလိုဆို

ကျက်သရေတပြားသား
လားလားမှမထိုက်တဲ့ မျက်နှာထားတွေနဲ့ 
ခြေပလ္လင်ခွေချိတ် လွှတ်တော်အရိပ်ထဲ
အရိပ်ကိုခိုးပြီး အခက်ကိုလည်းချိုးနေခဲ့ကြတုန်း

ကျောက်သင်ပုန်းကြီးပေါ်
စာအတူအံခဲ့ဖူးသူတွေကိုလည်း မေ့ထားခဲ့ကြ

နိုင်ငံ့မျက်နှာကို အိုးမဲသုတ်
သေနတ်ကို ရဟတ်လုပ်စီးပြီး
ကိုယ့်အတ္တအတွက် ပုတီးစိတ်သူတွေ

လျှပ်စီးတွေလက်နေလည်း မမှုဘူး
မုန်တိုင်းတွေတိုက်နေလည်း မမှုဘူး
ဘယ်ကိုဗဟိုပြုပြီး ဘာငလျင်လှုပ်လှုပ်
သူတို့ အလုပ်မဟုတ်ဘူး
ကိုယ့်သား ကိုယ့်မယား
ဖူးဖူးမှုတ်ထားရင်း
တိုင်းပြည်တန်ဆာနဲ့ အချင်းဆေးသူများ

အတိတ်နဲ့ ပစ္စုပ္ပန်ကို
ရှေ့တန်းပို့ထားလေတော့
အနာဂတ်ဟာ
ပေါင်တဖက်ပြတ် ချိုင်းထောက်ကြီးကိုထောက်လို့
အဲဒီ အနာဂတ်ဟာပဲ
နောက်တန်းတနေရာမှာ မျက်စိတဖက်လပ်နဲ့ 

အေးကွာ
မင်းတို့မျက်နှာတွေကို
ခပ်ဝေးဝေးတနေရာကနေ
တခါတခါ ဖန်သားပြင်ပေါ်မှာတွေ့ ရမြင်ရသူ
ငါက ကံကောင်းပါတယ်
မင်းတို့မျက်နှာတွေကို အမြဲမြင်နေရသူတွေမှာသာ
ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုမျိုး။

ဆောင်းယွန်းလ
↧
↧

လင်းသက်ငြိမ် ● သီချင်းဆိုတိုင်း မျက်နှာက မဲ့မဲ့သွားတယ်

$
0
0

လင်းသက်ငြိမ် ● သီချင်းဆိုတိုင်း မျက်နှာက မဲ့မဲ့သွားတယ်
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈

သီချင်းဆိုတိုင်း မျက်နှာက မဲ့မဲ့သွားတယ်
တက်တက်ကြွကြွ အားနဲ့မာန်နဲ့ သီဆိုရမယ့် သီချင်းလေ
ဒါနိုင်ငံတော်ရဲ့ တပုဒ်တည်းသော သီချင်း
သူများတွေဆိုသလို ဆိုစမ်းပါ
သူများတွေလက်သီးကိုဆုပ်သလိုဆုပ်စမ်းပါ
သူများတွေလို လည်ပင်းကအကြောကြီးတွေထအောင်ဆိုစမ်းပါ
ဆိုစမ်းဟေ့ကောင် အားရပါးရ
ဆိုစမ်း ဟေ့ကောင် စိတ်ပါလက်ပါ
နိုင်ငံတော် သီချင်းကွ
ကလေးရဲ့စိတ်ထဲ ဘယ်ကောင်က ဘယ်လိုအတွေးတွေ
ထည့်သွင်းသွားခဲ့တာလဲ
သီချင်းဆိုတိုင်း မျက်နှာက မဲ့မဲ့သွားတယ်
ပြုံးမလို့လား ငိုမလို့လား
လှောင်တာလား ပြောင်တာလား
တုတ်ချက်တွေ တင်ပါးပေါ်ခဏခဏကျလည်း
သီချင်းဆိုတိုင်း မျက်နှာကမဲ့တုန်းပဲ
ကမ္ဘာမကြေကျ သူများထက် ပိုပြီး ကြုံးကြုံးအော်တယ်
ဘာသဘောလဲ
မင်းက ဘာလဲ အဲ့ဒီအချိုးကိုပြင်ကွာ
သီချင်းဆိုတိုင်း မျက်နှာက မဲ့မဲ့သွားတယ်
ခုခေတ် ကလေးတွေ အချိုးကိုမပြေကြဘူး
အလွမ်းသီချင်းမဟုတ်ဘူး
အဆွေးသီချင်းမဟုတ်ဘူး
နိုင်ငံတော်သီချင်းကွ
သီချင်းဆိုတိုင်း မျက်နှာက မဲ့မဲ့သွားတယ် ။

လင်းသက်ငြိမ်
↧

ကာတွန်း ကိုတေရဲ့ ပြည်သူနှင့် အတူ

$
0
0
ကာတွန်း ကိုတေရဲ့ ပြည်သူနှင့် အတူ
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈
↧

K ငြိမ်းချမ်း- နိုင်ငံရေးအကျဉ်းသား ဟောင်းများကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလုပ်နေတဲ့ ကဗျာဆရာ မောင်နန်းဝေ(ဗန်းမော်)နဲ့ တွေ့ဆုံခြင်း

$
0
0
ကဗျာဆရာ မောင်နန်းဝေ(ဗန်းမော်)
လူထုအစိုးရအနေနဲ့ နိုင်ကျဉ်းဟောင်းတွေရဲ့ပါဝါအင်အားကို မေ့မထားစေချင်ပါဘူးလို့ပြောဆိုလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းများကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလုပ်နေတဲ့ ကဗျာဆရာ မောင်နန်းဝေ(ဗန်းမော်)နဲ့ တွေ့ဆုံခြင်း

K ငြိမ်းချမ်း
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈

ယခင် စစ်အစိုးရလက်ထက်များမှာ နိုင်ငံအတွက် ပြည်သူ့အတွက် ယုံကြည်ရာပြောဆိုလုပ်ကိုင်ခဲ့သူမှန်သမျှကို စစ်အစိုးရက နည်းလမ်းမျိုးစုံသုံး နှိပ်ကွပ်ချေမှုန်း ဒါမှမဖြုံသေးရင် နှစ်ရည်လများထောင်ဒဏ်တွေချမှတ်ကာ ဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို နိုင်ငံတကာနဲ့ပြည်တွင်းနိုင်ငံရေးအင်အားစုတွေက နိုင်ငံရေးအကျဉ်းသား အဖြစ်သတ်မှတ်ကြပါတယ်။

အဲဒီနိုင်ငံရေးအကျဉ်းသားတွေကို စစ်ဝါဒီများက ထောင်တွင်းနှစ်ရှည်လများနှိပ်ကွပ်ချေမှုန်းခဲ့တဲ့ဒဏ်တွေကြောင့် ကိုသက်ဝင်း အောင်အပါအ၀င် နိုင်ငံရေးအကျဉ်း သားများဟာ ထောင်တွင်းမှာပင် အသက်သေဆုံးခဲ့ရပါတယ်။ 
ပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားများမှာလည်း ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစစအရာအရာနိမ့်ပါး ကြေမွခဲ့ကြရတာ ယခု အရပ်သားအစိုးရကို တင်းပြည့်ကျပ်ပြည့် အကောင်အထည်မဖော်နိုင်သေးတဲ့ NLD အစိုးရလက်ထက်မှာ ပါ ဒီအဖြစ်အပျက်တွေ ရှိနေပါသေးတယ်။

NLD အစိုးရတွင်းမှာလည်း သမ္မတဦးဝင်းမြင့် ကစလို့ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးပေမယ့် နိုင်ငံရေးအကျဉ်းသားများကို ကူညီ စောင့်ရှောက်ဖို့ အဲဘက် မလှည့် နိုင်သေးတဲ့အခြေ အနေတရပ်မှာဆိုတော့ မြန်မာပြည်အနှံ့မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းနေရတဲ့သူတွေကို ဒီအတိုင်းမြင်နေကြားနေရတာပါပဲ။

အဲဒီလို နိုင်ငံရေးအကျဉ်းသားဟောင်းများကို တတ်အားသရွေ့ကူညီပေးနေတဲ့ သူကိုယ်တိုင်လည်း နှစ်ရှည်လများ နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဖူးသူ မန္တလေးမြို့က ကဗျာဆရာ မောင်နန်းဝေ(ဗန်းမော်)နဲ့ သူတို့ ဆောင်ရွက်နေတဲ့နိုင်ငံရေးအကျဉ်းသား ဟောင်းများ ကျန်းမာရေးကူညီစောင့်ရှောက်မှုအဖွဲ့(မန္တလေး)အကြောင်းကို မိုးမခ၀ိုင်းတော်သား K ငြိမ်းချမ်းက တွေ့ဆုံ မေးမြန်း ထားပါတယ်။

မေး ။  ။ အကိုက မန္တလေးမှာနေထိုင်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေလုပ်နေတာ မြင်ရကြားရပါတယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့ ဘယ်အချိန်ကစ အကောင်အထည်ဖော်ဖြစ်တာပါလဲ။

ဖြေ ။   ။မန္တလေး ဝန်းကျင်မှာရှိတဲ့ အသက်(၇၀)နဲ့အထက် သက်ကြီးနိုင်ငံရေးအကျဉ်းသားဟောင်း(၄၅)ဦးကို ဂါရဝပြု ပူဇော်တဲ့ ပွဲတခု ၂၀၁၇ ခုနှစ် အောက်တိုဘာ လတုန်းက စုပေါင်းလုပ်ဖြစ်ကြတယ်။ ဒီပွဲရဲ့နောက်ဆက်တွဲအနေနဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းများ ကျန်းမာရေးစောင့်ရှောက်မှုမဖြစ်မနေ လုပ်သင့်တယ်လို့ အဲ့ဒီ အချိန်ကတည်းက လက်ခံခဲ့ကြပြီး ၂၀၁၈ ဖေဖော် ဝါရီလ ရောက်တော့ မန္တလေးမြို့ခံ နိုင်ကျဉ်းဟောင်းတွေ ရသလောက်စုစည်းပြီး စတင် အကောင်အထည်ဖော် ဖြစ်တာပါ။

ဒါကို ဘာလို့လုပ်သင့်လဲဆိုတော့ အင်မတန်ကျပ်တည်းလှတဲ့ အမှောင်ခေတ်ကာလမှာ ထောင်မကြောက်၊ တန်းမကြောက်နဲ့ ကိုယ့်ဘဝကို ကိုယ်အထိခိုက်၊အပြိုလဲခံပြီး သမိုင်းအကွေ့၊တစ်ထောင့်တစ်နေရာ ကျရာနေရာ ကနေနိုင်ငံရေးမှာ ပါဝင်ခဲ့ကြတဲ့ လူမသိသူမသိ အညတရတွေ အများအပြားရှိပါတယ်။

ဒီကနေ့အချိန်ကျတော့ သူတို့မှာ ကျန်းမာရေးပြဿနာတွေ ကြုံလာရတဲ့အခါ နှစ်သိမ့်ဖေးမပြီး စာနာနွေးထွေးကူညီအားပေးဖို့လိုအပ်နေပေမယ့် အစိုးရကိုယ်၌က သူတို့တွေကို အသိအမှတ်ပြုမှုလေးတောင်မှ မပြသနိုင်ဘဲ လျစ်လျူရှုထားသလိုဖြစ်နေတယ်။
ဒါကြောင့်မို့ ဒီလို အညတရတွေရဲ့ဘဝတွေအပေါ် လူထုက သတိပြုအာရုံစိုက်လာစေချင်သလို သူတို့ကျန်းမာရေးအခက်အခဲ ဖြစ်လာတဲ့အခါမှာလည်း တတ်နိုင်သ လောက် စိတ်ဓာတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ခုလို “နိုင်ငံရေး အကျဉ်းသားဟောင်းများ ကျန်းမာရေးကူညီစောင့်ရှောက်မှု အစီအစဉ်"တစ်ရပ်ကို လုပ်ခဲ့ကြတာပါပဲ။

မေး ။   ။ အဖွဲ့နာမည်ကို အမည်ပေးထားသေးလား။ အဖွဲ့ကို ဘယ်လိုဖွဲ့စည်းတည်ထောင်ခဲ့ပါသလဲ။ အဖွဲ့ရဲ့ရပ်တည်ချက် (ထောက်ပံ့ကူညီတဲ့ အလှူငွေအတွက်အတွက်) ရော ဘယ်လို ဆောင်ရွက်နေပါလဲ။

ဖြေ ။   ။အဖွဲ့အမည်ရယ်လို့ သီးခြားပေးထားတာမျိုးမရှိပါဘူး။ "နိုင်ငံရေးအကျဉ်းသားဟောင်းများကျန်းမာရေးကူညီ စောင့် ရှောက်မှုအစီအစဉ်"လို့ပဲ သုံးနှုန်းပါတယ်။ အစီအစဉ်အတွက် လစဉ်ကြေးထည့်ဝင်ဖို့ ကဒ်တွေကို တာဝန်ယူနိုင်သူတွေက တစ်ဆင့် ဖြန့်ဝေထားတာမျိုးပါ။ လစဉ်အနည်းဆုံးကျပ်(၁)ထောင် ထည့်ရပါ့မယ်။
ငွေကောက်ရတာ ကရိကထ မများစေဖို့အတွက် အဆင်ပြေတယ်ဆိုရင်တော့ (၁)နှစ်စာ (ဒါမှမဟုတ်) (၆)လစာ တခါတည်း ပေါင်းထည့်ထားချင်ရင်လည်းရပါတယ်။ တတ်နိုင်တဲ့သူက လစဉ်ကြေးကို ကျပ် (၁)ထောင်ထက်ပိုထည့်တာလည်းရှိတယ်။ လစဉ်ကြေးမဟုတ်ဘဲ မတည်ငွေ လှူဒါန်းလာကြရင်တော့အလှူငွေ လက်ခံဖြတ်ပိုင်းနဲ့ လက်ခံပါတယ်။ရသမျှငွေကြေးအားလုံးကို ဘဏ်အကောင့်တစ်ခုဖွင့်ပြီး အပ်နှံထားတာပါ။

မေး ။  ။ မန္တလေးတိုင်းမှာရော နိုင်ငံရေးအကျဉ်းသားဟောင်း အရေအတွက် ဘယ်လောက်ရှိမလဲ။ အကို့တို့ နိုင်ငံရေးအကျဉ်း သားဟောင်းများ ကျန်းမာရေး ကူညီစောင့် ရှောက်မှု အဖွဲ့က သွားရောက်ကူညီခဲ့သူအရေအတွက် ဘယ်လောက်ရှိ ပါပြီလဲ။ အခြေအနေတွေ ပြောပြပေးပါဦး။

ဖြေ ။   ။မန္တလေးမြို့ (၇) မြို့နယ်အပါအဝင် အနီးအနား မတ္တရာ၊ ပြင်ဦးလွင်တို့ပါထည့်ရေရင် နိုင်ကျဉ်း အယောက် ၂၀၀ ဝန်း ကျင်ရှိနိုင်ပါတယ်။ မန္တလေးတိုင်းတစ်ခုလုံး အနေနဲ့ဆိုရင် ထောင်ဂဏန်းနီးပါးရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ AAPP ကို မေးကြည့်တော့ လျှောက်လွှာဖောင်နဲ့အတူ အချက်အလက်တွေဖြည့်အပြီး သူတို့ဆီ တရားဝင်အဝင်စာရင်းကမန္တလေးတိုင်းမှာက(၃၈၈)ယောက်လို့ဆိုပါတယ်။

ဒါက မှတ်တမ်းယူအတည်ပြုထားတဲ့စာရင်းမို့လို့အချက်အလက်မကောက်နိုင်သေးတာတွေ အများကြီးကျန်နေပါလိမ့်မယ်။ နိုင်ကျဉ်းဟောင်းကျန်းမာရေး ကူညီစောင့် ရှောက်မှု အစီအစဉ်အနေနဲ့က တစ်ဦးကို ကျပ်(၅)သောင်းကူညီတာပါ။ ၂၀၁၈ မတ်လဆန်းစပြီး ကူညီဖြစ်တာ။ အခု၂၀၁၈ စက်တင်ဘာ(၁) ရက်နေ့အထိ (၆)လ အတွင်း (၃၂)ယောက်(ငွေကြေးအနေနဲ့ စုစုပေါင်းကျပ် ၁၆ သိန်း) ကူညီခဲ့ပါတယ်။

မေး ။  ။ အကိုတို့သွားရောက် ကူညီခဲ့တဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့လက်ရှိ ကျန်းမာရေး၊ မိသားစုအရေးတွေကရော အားရကျေနပ်မှုရှိလား။ အဲဒီအပေါ် အကို့ အမြင် မှတ်ချက်လေး။

ဖြေ ။    ။နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆိုတာက အမှောင်ခေတ်တလျှောက်လုံး ဘဝတွေကျိုးကြေ၊ စုတ်ပြတ်သတ်အောင် နှိပ်ကွပ်ခံခဲ့ရတဲ့ သူတွေပါ။ ထောင်ထဲ နေရတဲ့တစ်လျှောက်လုံးမိသားစုကထောင်ဝင်စာ လိုက်တွေ့ပြီး ဒုက္ခများခဲ့ရတယ်။ ထောင်ထဲမှာနှစ်ရှည်နေခဲ့ရတဲ့ သူတွေအဖို့ ကျန်းမာရေးလည်း အနည်းနဲ့အများ ယိုယွင်းလာကြတယ်။ တချို့ဆို ကြီးကြီးမားမား ရောဂါတွေတောင် ဖြစ်နေကြတာ။ သူ့ဟာသူတောင် အနိုင်နိုင်ဖြစ်နေတဲ့ မိသားစုအတွက်တော့ ဒီအခြေအနေက ဝန်ထုပ် ဝန်ပိုး ဖြစ်စေတယ်။

အစီအစဉ်အနေနဲ့ကလည်း ပံ့ပိုးဖို့သတ်မှတ်ထားတာက ငွေကျပ် (၅)သောင်းဆိုတော့ သူတို့အတွက် တစ်ပတ်စာဆေးဖိုးလောက် ပဲ ရှိမယ်။ အဲ့ဒီအခါကျတော့ ဒီပြင် ပြင်ပ စေတနာရှင်တွေဆီ ချိတ်ဆက် အကူအညီတောင်းရတာမျိုး လုပ်ရပါတယ်။

မေး ။  ။ အကိုလည်း နိုင်ငံရေးအကျဉ်းသားဟောင်းကျောင်းသားတယောက်၊ ပြီးတော့ ကဗျာဆရာတယောက်လည်းဖြစ်တယ်။ ဘယ်လိုလှုပ်ရှားဆောင်ရွက်မှုတွေကြောင့် ဘယ်လို ပုဒ်မတပ်၊ ဘယ်ထောင်အချခံခဲ့ရတယ်ဆိုတာတွေ ပြောပြပါဦး။

ဖြေ ။    ။၈၈ ဖြစ်တော့ ကျွန်တော်က ၁၀ တန်းတက်နေတယ်။ ၁၉၈၉ -၁၉၉၀ ကာလမှာတော့ မန္တလေးခရိုင်ကျောင်းသားသမဂ္ဂရဲ့အဖွဲ့ဝင်ပါ။ နောက်တော့ ကိုမင်းမင်းဦးခေါင်းဆောင်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်သမဂ္ဂများအဖွဲ့ချုပ်(ဗလသ)ထဲရောက်သွားတယ်။

၁၉၉၆ မှာတော့ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီမှာ ပူးပေါင်းပါဝင်ခဲ့တယ်။ ထောင်ထဲနေခဲ့ရတဲ့ ကာလအနေနဲ့ ၁၉၉၀ ခုနှစ် နန်းတွင်း ထောင်မှာ ပုဒ်မ ၅၀၅(ခ)နဲ့ ၅ လကြာ။ ၁၉၉၂ ခုနှစ် နန်းတွင်းထောင်မှာပဲ (၁)လခွဲကြာ ထိန်းသိမ်းနဲ့၊ ၁၉၉၈ ရောက်တော့ အိုးဘိုထောင်မှာ ပုဒ်မ ၁၂၄(က)နဲ့ ၁၁ နှစ်ခွဲကြာ နေခဲ့ရတယ်။

မေး ။   ။ ထောင်ကျခဲ့စဉ် (ကျန်းမာရေး၊ ထောင်ဝင်စာ စသဖြင့်) ထောင်တွင်း အခြေအနေလေးအကျဉ်းပြောပါဦး။

ဖြေ ။  ။ထောင်ထဲရောက်တာနဲ့ ဒုဗ္ဗိက္ခန္တရကပ်(အငတ်ဘေး) ဆိုက်ကြစမြဲမို့ ဒါကိုတော့ ထူးပြီးပြောစရာမရှိပါဘူး။ "သခင်အားရ ကျွန်ပါးဝ"ဆိုသလို ထောင်အာဏာပိုင် အများစုက နိုင်ငံရေးအကျဉ်းသားတွေအပေါ် ရန်သူလိုသဘောထားပြီး အမြဲဖိနှိပ်လေ့ရှိပါ တယ်။ အာဟာရဓာတ်ချို့တဲ့ပြဿနာရယ်၊ အကျဉ်းခန်းထဲမှာ နှစ်လတာရှည် ပိတ်လှောင်ခံရတဲ့ ဒဏ်ရယ်၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းခံရမှုတွေကြောင့် ရေရှည်မှာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေ ဖြစ်စေတယ်။

ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ကလည်း နှာစေး၊ ချောင်းဆိုးအတွက်တောင်မှ ပါရာစီတမောနဲ့ ဘာမီတွန် တပြားလောက်ရဖ်ို့ကို အတော်ခက်ပါတယ်။ ရောဂါကြီးကြီးမားမား ဖြစ်လာရင် သောက်ရမယ့်ဆေးကို ထောင်ဆရာဝန်က ဆေးစာပဲ ရေးထားပေးပြီး အိမ်ကလာတွေ့တဲ့အခါကျမှ ဝယ်ခိုင်းရတာမျိုးပါ။

မေး ။  ။  လက်ရှိအစိုးရမှာ သမ္မတဦးဝင်းမြင့်ကစလို့ တော်တော်များများက နိုင်ငံရေးအကျဉ်းသား ထောင်ကျဖူးသူတွေဖြစ် တယ်။ အဲဒီနိုင်ငံရေးအကျဉ်းသားဟောင်းတွေ အစိုးရတရပ်ဖြစ်လာတော့ လက်ရှိ မြန်မာပြည်အနှံ့မှာ ကူညီစောင့် ရှောက်မှုမရတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် ဘာများပြောဆိုချင်တာ ရှိလဲ။ အကြံပြု ပြောချင်တာရှိရင်….။

ဖြေ ။  ။နိုင်ငံရေးအကျဉ်းသားဟောင်းများကျန်းမာရေးစောင်ရှောက်မှု အစီအစဉ်အနေနဲ့က လောလောဆယ်မှာ မန္တလေး (၇)မြို့နယ်နဲ့ အနီးတဝိုက် မတ္တရာ၊ ပြင်ဦး လွင်တို့လောက်ပဲ ကူညီနိုင်တာပါ။ ဒီထက် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ကူညီနိုင်ဖို့ အစိုးရက "ကမကထ"လုပ်မှရမယ်။

နိုင်ကျဉ်းဟောင်းတွေအတွက် အခမဲ့ဆေးခန်းတွေ၊ အထီးကျန်နေတဲ့ အိမ်တွင်းပုန်း နိုင်ကျဉ်းဟောင်းသက်ကြီးရွယ်အိုတွေ တွေ့ဆုံနိုင်မယ့် အပန်းဖြေရိပ်သာ (ကလပ်)တွေ၊ ရှိစေချင်တယ်။ အခုဟာက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆင်ခေါင်းကို ခွေးချီ နေရတာ။ ရွေ့တာမရွေ့တာက နောက်။ ချီဖို့ကြိုးတော့ကြိုးစားနေရတာပဲ။

မေး ။  ။ အကိုတို့ ကူညီစောင့်ရှောက်မှုတွေကရော ကျန်းမာရေး၊ စီးပွားရေးအစရှိသဖြင့် ထိခိုက်နေတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေအတွက် ဘယ်လောက် အတိုင်းအတာထိ ကူညီရာရောက်သလဲ။ ရေရှည်အတွက်မှာရော သူတို့ရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး နည်းလမ်းတွေ စဉ်းစားထားတာရှိပါသလဲ။ ဘယ်လိုအကူအ ညီတွေလိုအပ်ပါသလဲ။

ဖြေ ။  ။ထောင်ထဲမှာ နှစ်ရှည်နေခဲ့ရသူတွေအတွက် ဆိုရင်တော့ သူတို့ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကိုအချိန်ယူ ကုစားပေးဖို့ လိုမယ်လို့ထင်တယ်။ အစီအစဉ်ကနေ ပံ့ပိုးပေးနိုင်မှုအပေါ် အမှန်အတိုင်းဝန်ခံရရင်တော့ သွေ့ခြောက်ညိုးရော်နေတဲ့အပင်ကို နားဖာကလော်တံလေးနဲ့ ရေတစ်ကြိမ်လောက်ခပ်လောင်းပေးနေရသလိုပါပဲ။ 

ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ရဲ့မျက်ရည်ကို တစ်ယောက်သုတ်ပေးပြီး တစ်ယောက်ရဲ့လက်ကို တစ်ယောက်က ဆုပ်နယ် အားပေးခွင့်ရတဲ့ မေတ္တာအချိန်အခါ အခိုက်အတန့်လေးတွေကို ပိုပြီးတော့ များများစားစား ရှိလာစေချင်တယ်။
ရေရှည်အတွက်ဆိုရင် အများထည့်ဝင်လှူဒါန်းငွေသက်သက်ကိုသာ မျှော်ပြီး ရပ်တည်တာမျိုးထက် နိုင်ကျဉ်းဟောင်းကျန်းမာရေး ရန်ပုံငွေ ပုံမှန်ရနိုင်မယ့် လုပ်ငန်းတွေ ထူထောင်နိုင်ရင်ပိုကောင်းမယ်။ နိုင်ကျဉ်းဟောင်းတွေကိုလည်း ဒီလုပ်ငန်းတွေထဲမှာ အလုပ်ခန့်ထားနိုင်မယ်။
ဖြစ်နိုင်ရင် နိုင်ကျဉ်းဟောင်းတွေရဲ့အထွေထွေကျန်းမာရေး စောင့်ရှောက်မှုစင်တာ၊ နိုင်ကျဉ်းဟောင်းဘိုးဘွားရိပ်သာနဲ့ နိုင်ကျဉ်း ဟောင်းတွေဆုံစည်းနိုင်မယ့် (Book Club)လိုမျိုးတစ်နေရာ၊ နိုင်ကျဉ်းဟောင်းများရဲ့သမိုင်းပြတိုက်၊ သက်ကြီးနိုင်ကျဉ်းဟောင်း များရဲ့ ဘုရားဖူးခရီးစဉ်၊ ဒါမျိုးတွေအထိ လုပ်ချင်တယ်။

မေး ။    ။ ၂၀၁၇မှာ အကိုက ပန်းလို လွယ်လွယ်မကြွေတဲ့ကြယ်(သို့မဟုတ်) ကြယ်စင်တေးဆိုတဲ့ စာအုပ်ကိုရေးသားထုတ် ဝေထားတယ်။ အဲဒီစာအုပ်မှာ ချင်း အမတ်သူရဲကောင်း ဦးဒိုထောင်း၊ အငြိမ်းစားပညာရေးမှူး ဦးတင်မောင်အေး၊ သံမဏိ သူရဲကောင်း ဦးမောင်ကို၊ ကိုသက်ဝင်းအောင်၊ ဦးဌေးလွင်ဦး၊ ကိုချိုကြီး၊ ကိုရာပြည့်၊ ဆရာမီးပွား၊ ကျောင်းသား ခေါင်းဆောင် ကဗျာဆရာ ညိုမင်းထက်၊ စောလားဒို၊ မောင်သိန်းလှ၊ ဦးမောင်နွတ်၊ တောင်သူကြီး ဦးမြင့်အောင်အစရှိတဲ့ ပုဂ္ဂိုလ်တွေ အကြောင်းပါဝင်တယ်။ စာအုပ်ရေးသားဖြစ်ဖို့ ရည်ရွယ်ချက်လေးလည်း ပြောပြပေးပါ။

ဖြေ ။   ။စစ်အာဏာရှင်အောက်က မြန်မာပြည်သမိုင်းဟာ အင်မတန်ကြေကွဲနာကျည်းခံပြင်းစရာ တွေနဲ့ပြည့်နှက်နေတယ်။ ဒီအတိတ်သမိုင်းမြို့ဟောင်းတွေက နှစ်ပေါင်း များစွာကြာအောင် မြေအောက်မှာ ဖုံးဖိဖျောက်ဖျက်ခံနေရတာ။ ဒါတွေကို နောင် လာမယ့်ကလေးတွေ သိမှဖြစ်မယ်။ သမိုင်းအမှန်ကို နားလည်မှ ဘယ်ဟာဖြင့် ဓမ္မ၊ ဘယ် အရာကတော့ အဓမ္မ၊ စိစစ်တတ် လာမယ်။
လူငယ်တွေအနေနဲ့ အာဏာရှင်လူလည်၊ လူလိမ်တွေ ဂျင်းထည့်သမျှ အဟုတ်အမှန်မထင်ကြစေချင်ဘူး။ ဒါကြောင့် လက်လှမ်း မီသလောက် သက်ရှိသမိုင်းအဖြစ်အပျက် အပေါ်အခြေခံပြီး ရုပ်ပုံလွှာကောက်ကြောင်းဆန်ဆန် “ကြယ်စင်တေး”ကို ရေးဖြစ်ပါ တယ်။
တကယ်တော့ သမိုင်းမြို့ဟောင်းတူးဖော်မှုအတွက် ဒီ “ကြယ်စင်တေး”စာအုပ်က မြေတူးစက်(ဒါမှမဟုတ်) ပေါက်တူးတစ်လက်ဆိုတာထက် ပင်အပ်လေးတစ်ချောင်း အဖြစ်နဲ့ပဲ ပါဝင်တူးဆွဖြစ်တာမျိုးပါ။

မေး ။     ။နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေး ကူညီစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး လက်ရှိ ဒီမိုကရေစီ အသွင်ကူး ပြောင်းဖို့ကြိုးစားနေတဲ့ NLDအစိုးရကိုရော ဘာများတောင်းဆိုချင်တာ အကြံပြုချင်တာ ရှိပါသလဲ။

ဖြေ ။     ။စစ်အစိုးရအုပ်စိုးတဲ့ခေတ်မှာ နိုင်ငံရေးလုပ်ပြီးထောင်ကျခဲ့သူတွေဟာ လူလိုသူလို ရှင်သန်ခွင့်မရဘဲ အဖက်ဖက်ကနေ ချိုးနှိမ်ခံခဲ့ကြရတာမို့ ခုနေခါ ရပ်တည်ရှင်သန်မှု ခက်ခဲနေတတ်ကြတယ်။
လူထုကိုယ်စားပြု အရပ်သားအစိုးရတဖြစ်လဲ NLD အနေနဲ့ သူကိုယ်၌က လုပ်ရကိုင်ရခက်တာမျိုးတွေ ရှိနေပေငြားလည်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ယိုယွင်းနေသူ တွေအတွက်တော့ လုပ်ပေးနိုင်လို့ရနိုင်တဲ့ အတိုင်းအတာထဲကနေ လိုအပ်နေတာတွေ ကို အချိန်မီ ဖြည့်ဆည်း၊ ပံ့ပိုး၊ ကူညီပေးနိုင်ရင် ကောင်းပါ့မယ်။ အချိန်မီလို့သုံး ပါတယ်။ တချို့ကိစ္စတွေမှာ နှစ်ကြိမ်နှစ်ခါဆိုတာ မရှိလို့ပါ။ သေမှပဲ ဝမ်းနည်းစကားဆိုရုံ၊ မျက်နှာလေး လာပြရုံနဲ့တော့ မဖြစ်ပါဘူး။

ကျန်းမာရေးအရ တကယ်လိုအပ်ချက် ရှိနေသူတွေအတွက် နိုင်ငံတော်အဆင့်ထိ မရောက်နိုင်သေးတောင် တဦးချင်းတယောက် ချင်း အနေနဲ့ပဲဖြစ်ဖြစ် လုပ်ပေး နိုင်တာများရှိမလား စဉ်းစားစေချင်တယ်။
နောက်တစ်ခုက လက်ရှိအခြေအနေဟာ ဒီမိုကရေစီလိုလားသူနဲ့ စစ်အာဏာဘက်တော်သားတို့အကြား။ တနည်းပြောရရင် အလင်းနဲ့အမှောင်၊ ဓမ္မနဲ့အဓမ္မ၊ အမှန်နဲ့အမှား အားပြိုင်နေဆဲမို့ အန္တိမ ပန်းတိုင်ကိုရောက်ဖို့အတွက် အားလုံးညီညွတ်ဖို့လိုတဲ့ ကာလပါပဲ။

လူထုအစိုးရအနေနဲ့ နိုင်ကျဉ်းဟောင်းတွေရဲ့ပါဝါအင်အားကို မေ့မထားစေချင်ပါဘူး။ နိုင်ကျဉ်းဟောင်းတွေရဲ့ခွန်အားနဲ့အတွေ့ အကြုံတွေကို လိုအပ်သလို အသုံးပြုနိုင် ဖို့ရာ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့လည်း ထင်ပါတယ်။

မေး ။   ။နောက်ဆုံးမေးခွန်းပေါ့အကို။ ကဗျာဆရာလည်းဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်တော့ ထောင်ဆိုတာ နိုင်ငံရေးသမားအတွက် လိုအပ်သေးလား။ ဘာကြောင့်ပါလဲ။

ဖြေ ။  ။"ထောင်"ဆိုတာ လူအချင်းချင်း ရက်စက်ကြမ်းကြုတ်မှုကို ဖော်ကျူးထားရာ အမှတ်သင်္ကေတလို့ မြင်ပါတယ်။ တကယ်ဆို ထောင်ကျ အကျဉ်းသားတွေရဲ့ဘဝက "ပြိတ္တာ"တွေနဲ့ သိပ်မထူးလှပါဘူး။ "ထောင်"ဆိုတာ "လောကငရဲ"တစ်ခုပါပဲ။
အာဏာရှင်တွေကတော့ ရက်စက်မှုအပေါ်မှာမှ ယုတ်မာမှုကို ဆင့်လိုက်ကြသေးတာ။ ကိုယ်နဲ့မတူတဲ့၊ ကိုယ့်ကိုဆန့်ကျင်သူတိုင်း ကို အကျဉ်းချ ပိတ်လှောင်ထားလိုက်ရုံနဲ့ တော့ အဖြေမှန်ထွက်လာမယ် မဟုတ်ပါဘူး။ နိုင်ငံရေးယဉ်ကျေးမှုရှိသူတွေဆိုရင် သိက္ခာရှိရှိ ဆွေးနွေး ၊ညှိနှိုင်း ဖြေရှင်းကြမှာပါပဲ။ တစ်ခုရှိတာ နိုင်ငံရေးမှာ မရိုးသားသူ ကိုတော့ လူထုက လက်ခံလိမ့်မယ်မဟုတ် ဘူး။

မေး ။   ။   အကို နန်းတွင်းထောင်မှာလား အိုးဘိုထောင်မှာလား မသိတဲ့အချိန်တုန်းက ကဗျာဆရာနေမျိုးနဲ့တွဲထုတ်တဲ့ပန်းဖလက်မှာ"အနာဂတ်တွေ စီးဆင်းခွင့်မရှိသူ အုတ်အင်္ဂတေကန်ရဲ့ရင်ထဲ ရေပိုက်ခေါင်းလေးကတဆင့် မျက်ရည်တစက်စက် ယိုတယ်"ဆိုတဲ့ စာသားတွေပါတဲ့ကဗျာဖတ်ဖူးတယ်။ အဲဒီကဗျာနဲ့ပတ်သက်ပြီး တခုခုပြောပေးပါဦး။

ဖြေ ။   ။အဲဒါ ၁၉၉၈ မှာပါ။ Companion Media Group(CMG)ဆိုတဲ့ ကြော်ငြာကုမ္ပဏီကို စုပေါင်းလုပ်နေကြရင်းက ကိုနေမျိုး (ကဗျာဆရာ)၊ ကိုတင်သစ် (ယခုလွှတ်တော်အမတ်)၊ ကိုနေထွတ်(ယခု RFA)၊ ကိုသီဟမောင်မောင်(ဒီဇိုင်း)တို့နဲ့ ထုတ်ဖြစ်ကြတဲ့ ဖန်းဖလက်ထဲမှာ အဲ့ဒီကဗျာ ပါပါတယ်။ စာသားက "အနာဂတ်တွေ စီးဆင်းခွင့် မရှိသူ အုတ်အင်္ဂတေကန်ရဲ့ ရင်ထဲ၊ နာကျင်မှုကို ဖွင့်ချဖို့ မဖြစ်နိုင်သေးတဲ့ ရေပိုက်ခေါင်းလေး မျက်ရည် တစက်စက်ယိုတယ်"အဲ့ဒီတုန်းက ကိုယ့်ကိုယ်ကိုယ် ရေပိုက်ခေါင်းလေး လို နာကျင်ခံစားနေရပြီး ဘဝကလည်း ဘောင်ခတ်ကန့်သတ် ခံထားရတဲ့ အုတ်ရေကန်လေးလိုဖြစ်နေချိန်မို့ အဲ့လို ရေးဖွဲ့ခဲ့မိ တာ ပါ။

မေး ။    ။  အကိုဖြည့်စွက် ပြောချင်တာများ ရှိရင်ပြောပေးပါဦး။

ဖြေ ။    ။   သေနတ်မိုးပြီးအုပ်စိုးခဲ့ချိန်တုန်းက နိုင်ငံရေးလုပ်တယ်ဆိုတာ အသက်သေရင်သေ၊ မသေရင် ဘဝပျက်ပဲ။ ဒီလိုဖြစ် လာနိုင်တာ သိသိနဲ့ ဘာကိုယ်ကျိုးမှ မငဲ့ဘဲ တိုင်းပြည်အပေါ် ချစ်တာသက်သက်ကြောင့် နိုင်ငံရေးလုပ်ခဲ့ကြသူတွေဟာ ခုနေခါမှာ ရာထူး၊ အာဏာ၊ နေရာ၊ ငွေကြေးနဲ့ လုပ်ပိုင်ခွင့်အပါအဝင် အခြား ဘယ်အရာကိုပဲ ဖြစ်ဖြစ် ကိုယ်ကျိုးအတွက် မျှော်ကိုးတဲ့စိတ် ကင်းရှင်းကြတယ်လို့ ဒီလိုပဲ မြင်ပါတယ်။

ခေတ်ကြီးက အပ်နှင်းလာလို့ လုပ်သင့်လုပ်ထိုက်တယ်ထင်တာကို လုပ်ခဲ့ကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် "သစ်ခုတ်သမား"ဆိုတာ က သူ့လက်ထဲက ပုဆိန်ကြီးကို အမြဲတမ်း တယမ်းယမ်း လုပ်ပြနေမယ့်သူလည်း မဟုတ်ဘဲ။ သစ်ခုတ်ရာသီကုန်ချိန်မှာ ကိုယ့် ပုဆိန်လေး ကိုယ်ထမ်း၊ ကိုယ့်ဒဏ်ရာ ကိုယ့်ဘာသာစမ်းပြီး လာလမ်းအတိုင်း အိမ်ပြန်လာခဲ့ရုံပါပဲ။ 
ခုလိုဖြေကြားခွင့်ရခဲ့တဲ့အပေါ်မှာလည်း မေးမြန်းပေးသူကို ကျေးဇူးတင်ရှိကြောင်းပြောပါရစေ။
↧

သစ်ကောင်းအိမ် ● ပီတာဇော်ကြီး ရုပ်ရှင်ရိုက်ပြီး ရူးသွားခြင်း ...

$
0
0

သစ်ကောင်းအိမ် ● ပီတာဇော်ကြီး ရုပ်ရှင်ရိုက်ပြီး ရူးသွားခြင်း ...
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈
ကြမ်းပြင်တွေက
မြေအောက်ခန်း ခေါင်းတလားထဲမှာ
သေချင်ယောင်ဆောင်နေတဲ့
ဖုတ်ကောင်တကောင်ကိုဝှက်ပေးထားပြီး
မျက်နှာကြက်တွေက
သင်းအုပ်ဆရာယောင်ဆောင်ထားတဲ့
ရာဇဝတ်ကောင်တကောင်ကို
ထိန်ချန်ထားတယ်...

တိုက်ရာပါပစ္စည်းဝေစုခွဲဖို့
ပင်လယ်ဓားမြတွေဝိုင်းထိုင်နေတဲ့
ဧည့်ခန်းဆောင်စားပွဲပေါ်မှာ
ဖြန့်ခင်းထားတဲ့
နိုင်ငံလေးတခုရဲ့
ခေါက်ရိုးကျိုးတွန့်ကြေနေတဲ့မြေပုံတချပ်..

အဲဒီမြေပုံပေါ်မှာ…
သေအံမူးမူးမြွေတကောင်လို
လှုပ်ယမ်းလူးလွန့်ရင်း
ယိမ်းထိုးလဲပြိုနေတဲ့
ဒေါက်ဖိနပ်တရံပေါ်က
အညွှန့်ကျိုးမီးလျှံတခုရဲ့အရိပ်...

ဇာတ်လမ်းအစဆိုတော့
ဒီလိုပဲ...
ဦးကျောက်လုံးတွေက ရွှေသွားတဖြဲဖြဲ
ရွှေဘကြီးတွေ အသည်းကွဲမယ်

ဇာတ်ရှိန်တက်လာတော့ ...
ကိုအောင်ဆန်းဟာ ရုပ်ဖျက်ပြီး
အမွိုင်သင်္ဘောကြီးပေါ်တက်သွားတယ်..
ဇာတ်ရှိန်တက်လာတော့ …
ဂရမ်မာရွက်လှေဟာ
လူ ၁၂ ယောက် သေနတ် ၁၂ လက်နဲ့
ရဲဘော်ချေပုခုံးကိုဖက်ပြီး
ဟာဗားနားမြို့တော်ကြီးဆီ ချီတက်သွားတယ်..

ဇာတ်ရှိန်တက်လာတော့
အမေအသုဘချတဲ့ညက..
ကျနေတဲ့နှင်းမုန်တိုင်းကြီးထဲ
ပြတင်းတခါးမှန်ကိုလာပြီး
ကုတ်ခြစ်လှုပ်ယမ်းနေတဲ့ သစ်ကိုင်းတကိုင်း..
ဇာတ်ရှိန်တက်လာတော့..
နေကြာပန်းခင်းကြီးတွေအလယ်မှာ
နောက်ထပ်မခွဲခွာခငိ
ဘူတာရုံအိုလေးတခုမှာ..
ချစ်သူဆိုဖီယာလော့ရင့်ကို နှုတ်ဆက်ပြီး
ဇာတ်ကောင်ဟာ
စစ်ကြီးက တရွတ်တိုက်ခေါ်ဆောင်ရာကို
လိုက်ပါသွားတယ်.
ဇာတ်ရှိန်တက်လာတော့..
အိပ်မောကျနေတဲ့တောင်ပေါ်ရွာလေးရဲ့အနောက်ဘက်
လရောင်အောက်စမ်းချောင်းလေးနဘေးမှာ
သူမရဲ့ထွက်သက်နွေး နွေးတွေနဲ့
နွေတညဟာ မျောပါလို့…
ပြသနာတွေ့ရင် ပြေးသာပြေး..ဆိုလို့
လေနှင်ရာလွင့်ပါးခဲ့တဲ့ ငှက်မွှေးတမျှင်ဟာ

ပင်လယ်ထဲနောက်ဆုံးစီးဝင်နေတဲ့
မြစ်တစင်းရဲ့ဘေးက
မြစ်ဝကျွန်းပေါ်မြို့လေးဆီ ပြန်လည်လွင့်ပါသွား...
ဇာတ်ရှိန်တက်လာတော့...
လက်နက်သူဌေးကြီး ဒက်ဇာ
သူ့ကိုယ်သူသတ်သေသွားပြီး
ညဥ့်ငှက်မလေးပေါ်လင်းဟာ
သူ့ဘဝဟောင်းကိုပြန်ရောက်သွားတယ်..
ရှောင်ဇေလီဇေးလမ်းမကြီးပေါ်က
ပျောက်သွားတဲ့ငါ့သူငယ်ချင်းလူဆန်းဟာ
မြန်မာပြည်မှာကဗျာဆရာလုပ်နေတယ်..
အလုပ်သမားခေါင်းဆောင်ပီယာဟာ
ဒီဗီပေါက်ပြီး
အမေရိကားမှာ ဆူရှီလိပ်နေတယ်..
ဇာတ်ရှိန်တက်လာတော့..
ဆေးရုံကုတင်ပေါ်က ကိုဗဟိန်းဟာ
ခေါက်ဆွဲထုပ်စက္ကူပေါ်က
မထင်မှတ်ဘဲ. သတင်းတပုဒ်ကိုဖတ်မိသွားတယ်..
ဇာတ်ရှိန်တက်လာတော့..
ဒုတိယကမ္ဘာစစ်ကြီးထက်ပမာဏကြီးမားတဲ့
ဗုံးတန်ချိန်ပေါင်းများစွာကို
ဗီယက်နမ်စစ်ပွဲမှာကြဲချခဲ့တယ်...
ဇာတ်ရှိန်တက်လာတော့..
ညဘက်
အမျိုးသမီးတွေရှိရာ အိမ်တက်တက်စမ်းတဲ့
အရပ်ပြောကောလဟာလထဲက
စမ်းကောင်..နဲ့
အရပ်ပျက်မလေးစမ်းစမ်း
အမှောင်ထဲ မမြင်မစမ်းနဲ့ ပက်ပင်းတိုးမိမှတော့
အခါတော်ရောက်ချိန်နီးလို့လာပေါ့….

ဇာတ်ရှိန်တက်လာတော့..
တိတ်ဆိတ်စွာထိုင်းရင်းဗိုင်းငင်နေတဲ့
ဂန္ဒီကြီးရဲ့ပုံရိပ်ပေါ်မှာတဖျပ်ဖျပ်လွင့်လို့
အလံတိုင်ကနေတဖြေးဖြေးမြင့်တက်လာနေတဲ့
အန္ဒိယပြည်မကြီးကခွဲထွက်သွားတဲ့
ပါကစ္စတန်ရဲ့နိုင်ငံတော်အလံအသစ်စက်စက်...
ဇာတ်ရှိန်တက်လာတော့..
ငါတို့အားလုံးဟာ
စတုရန်းကွက်တခုထဲမှာ
ထိုးသွင်းပိတ်လှောင်ပြီး
နံရံတချပ်အဖြစ်တည်ဆောက်ခံထားရတဲ့
အုတ်ချပ်တွေ ...
စစ်သားတယောက်ဟာ
ရွေ့နေတဲ့ခြတောင်ပို့တခု...

ဇာတ်ညွှန်းအတိုင်းသာဆို
ဇာတ်လမ်းအဆုံးမှာ
အနုပညာကြောင့် ဖြစ်တဲ့သွေးထွက်သံယိုမှုမရှိဘူး..
ဘာသာတရားကြောင့်ဖြစ်တဲ့သွေးထွက်သံယိုမှုပဲရှိတယ်….
ဘာသာတရားတွေက လူတွေကို သွေးခွဲပစ်လိုက်ပြီး
အနုပညာက လူတွေကိုပြန်လည်စုစည်းပေးတယ်..လို့
စာတမ်းထိုးမယ်

ဇာတ်ညွှန်းအတိုင်းသာဆို
ဇာတ်သိမ်းခန်းမှာ-
ပါရီရဲ့ညနေခင်းမှာ
မာရီယာက..
နပိုလီယံဆိုတဲ့ခွေးကလေးကို
ကြိုးနဲ့ဆွဲပြီး
(ပြည်သူ့ရင်ပြင်ကို
ပြည်သူနဲ့အတူဖြတ်သန်း..)
တောင်ဘက်မုခ်ဇောင်းတန်းအတိုင်း
ရွှေတိဂုံရင်ပြင်တော်ပေါ်က
တန်ဆောင်မုန်းလပြည့်ညမှာ
ဆီးမီးတထောင်ပူဇော်ဖို့ တက်လို့လာချေပေါ့….

( ၂၈ ဇူလိုင်၊ ၂၀၁၈)

(ခေါင်းစဉ်အား ဆရာဇော်ဇော်အောင်၏ ပီတာဇော်မြင့် လ္ဘက်ရည်ဆိုင်ဖွင့်ပြီး ရူးသွားခြင်းအား မှီငြမ်းပါသည်။)
↧
↧

ကာတွန်း ဆွေသားရဲ့ ပြည်သူ့ ဆောင်ပုဒ်

$
0
0

ကာတွန်း ဆွေသားရဲ့ ပြည်သူ့ ဆောင်ပုဒ်
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈
↧

ကျော်ကျော် (မြရည်စမ်း) ● အရောင်လွင့်ပြယ်သွားသည့် ဆိုင်းဘုတ်များနှင့် ပြယ်လွင့်သွားသော ဆိတ်ဖလူးပန်းရနံ့

$
0
0
ကျော်ကျော် (မြရည်စမ်း) ● အရောင်လွင့်ပြယ်သွားသည့် ဆိုင်းဘုတ်များနှင့် ပြယ်လွင့်သွားသော ဆိတ်ဖလူးပန်းရနံ့
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈


(တစ်)
ကျွန်တော်သည် ဆိုင်းဘုတ်ရေးစားသူ တယောက်သာ ဖြစ်ပါသည်။ ယခုအချိန်တွင် ကွန်ပြူတာဖြင့် ဒီဇိုင်းလုပ်၍ ဗီနိုင်းစက် ကြီးများဖြင့် ရိုက်နှိပ်သော ဆိုင်းဘုတ်များ ခေတ်စားလာပြီ ဖြစ်ပါသည်။ သို့သော်လည်း နှစ်ရှည်လများ လုပ်ကိုင်လာသော ဆီဆေးဖြင့် ဆိုင်းဘုတ်ရေးသည့် လုပ်ငန်းကို ကျွန်တော် မစွန့်လွှတ်နိုင်သေးပါ။ ထမင်းနပ်မမှန်လှသော လုပ်ငန်းကို မစွန့် လွှတ်နိုင်သေးသည့်ကိစ္စအတွက် ကျွန်တော့်ထံတွင် ဆင်ခြေတခု၊ (စကားလှလှပြောရလျှင်)အကြောင်းပြချက်တခုတော့ ရှိနေပြန်သည်။ ကျွန်တော်တို့အထက်တန်းကျောင်းသားဘဝက စူးနှင့်ဂျွန်ဆီပါဝင်သော နောက်ဆုံးသစ်ရွက်ဟူသည့် စာလေးတပုဒ်ကို သင်ကြားခဲ့ရပါသည်။ ထိုသင်ခန်းစာထဲတွင်  ပန်းချီဆရာကြီး တယောက်လည်း ပါဝင်ပါသည်။ ပန်းချီ ဆရာကြီးသည် သူ့ဘဝအတွက် သူဘာသာ အကြိုက်ဆုံးဖြစ်မည့်၊ ပန်းချီကားတချပ်ကို ရေးဆွဲနိုင်ရန် ကြိုးစားနေသူ တ ယောက်ဖြစ်သည်။ အသက်ကြီးလှပြီ ဖြစ်သော်လည်း ပန်းချီဆွဲခြင်းမှ အနားမယူနိုင်သေး။

ကျွန်တော့်ဘဝတွင်လည်း ကျွန်တော့်စိတ်ကြိုက် ဖြစ်ခဲ့ရသော ဆိုင်းဘုတ်ဟူ၍ မရှိခဲ့သေးပါ။ "ဒီစာလုံးအရွယ်အစားကို ဒီဆေး၊ဒီအရောင်နှင့်ဒီလိုရေး"ဟူ၍သာ အလုပ်အပ်ခဲ့ကြပါသည်။ ဆိုင်းဘုတ်များမှာလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များမှ အပ်သောဆိုင်းဘုတ်ထက် အစိုးရဌာနများ၊ အစိုးရရုံးများက အပ်သောဆိုင်းဘုတ်က ပို၍များခဲ့ပါသည်။ ကျွန်တော့်အလုပ်ကို တာဝန်ကျေပွန်အောင် ကြိုးစားခဲ့ပါသည်။ အကောင်းဆုံးဟူသော ဆီဆေးကို  အသုံးပြုပေးခဲ့သည်။ သို့သော် မည်သည့်အခါမျှ ကျွန်တော်စိတ်တိုင်းမကျခဲ့ပါ။ ဆိုင်းဘုတ်တင်ပွဲနေ့တွင် ကျွန်တော့်လက်ရာဆိုင်းဘုတ်သည် အရောင်အဆင်းဖိတ်ဖိတ်လက် နေသည်။ လူတွေက ချီးမွမ်းကြပါသည်။ ထိုကိစ္စသည် ခဏမျှသာခံပါသည်။

(နှစ်)
ပိုက်ဆံအိတ်လေးကို ခါးကြားထိုးလိုက်ပြီး ဆိုင်ကယ်ပေါ်သို့ ကျွန်တော်တက်လိုက်သည်။ ဇနီးသည်က ငရုပ်ဆီလျှော့ထည့်ခဲ့ဖို့ အော်ပြီးမှာသည်ကို ခေါင်းညိတ်ပြလိုက်ရသေးသည်။ သူကလည်း ဒီကနေ့ညမှ  ခေါက်ဆွဲအရည်ဖျော် သောက်ချင်နေပြန် သည်။ ဆိုင်ကယ်ကို တဖြည်းဖြည်း စီးလာခဲ့သည်။ အပြင်မှာ မိုးသားတွေက မည်းမှောင်နေဆဲဖြစ်သည်။ မိုးရွာနေသည်မှာ တညနေလုံး။ ယခုမှ တိခနဲရပ်ရုံရှိသေးသည်။ တောက်ပနေကြသော လမ်းမီးများအောက်ဝယ် ကတ္တရာလမ်းမကြီးက အေး တိ အေးစက်ဖြင့် မည်းမည်းပြောင်ပြောင်ကြီး ဖြစ်နေသည်။

လမ်းမပေါ်တွင် ယာဉ်အသွားအလာ နည်းပါးနေပေပြီ။ အချိန်အားဖြင့် သိပ်ပြီးညဥ့်မနက်လှသေးသော်လည်း လမ်းနံဘေးဆိုင် လေးတွေ သိမ်းဆည်းနေကြပြီ။ ကျွန်တော်က မြို့လေး၏ ရုပ်ရှင်ရုံနားအထိ သွားရမည် ဖြစ်သည်။ ခေါက်ဆွဲဆိုင်က ထိုအနားတွင်ရှိသည်။ ရုပ်ရှင်ရုံဟု သုံးနှုန်းမိသော်လည်း ထိုအဆောက်အအုံ၌ ရုပ်ရှင်မပြတာ အတော်ကြာပါပြီ။ ဂိုထောင်ကြီးတခု ဖြစ်ချင်လည်း ဖြစ်နေနိုင်ပါသည်။ မည်သည့်ပစ္စည်းများသိုလှောင်ထားပြီးပိုင်ရှင်မည်သူဖြစ်သည်ကို ကျွန် တော်မသိပါ။ ကျွန်တော်သိသည်မှာ ကျွန်တော်ကလေးဘဝက ထိုရုပ်ရှင်ရုံကြီးတွင် ညစဉ်လိုလို ကြမ်းပိုးထိုးခဲ့သည့် အကြောင်းသာ ဖြစ်ပါသည်။ ရုပ်ရှင်ပြီးကာနီး ၁၅ မိနစ်အလိုလောက်တွင် ရုံဖွင့်ပေးသည်။ ထိုအချိန်လေးတွင် ဝင်ကြည့်ခွင့်ရ ခဲ့သော ဇာတ်သိမ်းခန်းများသည် အရသာရှိလှပါသည်။ ရုံမဖွင့်မီ အချိန်လေး၌ ရုပ်ရှင်ရုံဘေး ဗာဒံပင်အောက်တွင် ဘဝတူ သူငယ်ချင်းများနှင့် စုပြီးထိုင်ဖြစ်ခဲ့ကြသည်။ ရုပ်ပြစာအုပ်၊ ကာတွန်းစာအုပ်များထဲမှဇာတ်လမ်းများကို သူတလှည့် ကိုယ်တလှည့် မှတ်မိသလောက် ပြန်ပြောကြ၊နားထောင်ကြသည်။ စကားပြောကြရင်းဖြင့် ဗာဒံသီးအခြောက်ကို အုတ်နီခဲဖြင့် ထုပြီးစားကြသည်။ ထိုအချိန်များသည် ချိုမြကြောင်း၊ဗာဒံသီးအဆံသည် ဆိမ့်မွှေးကြောင်း မှတ်မိနေပါသည်။ ရုပ်ရှင်ပြီးချိန်၌ ကလေးခြေထောက် တိုတိုလေးဖြင့် မိုးချုပ်ညဥ့်နက် အိမ်ပြန်ခဲ့ဖြစ်သော ဘေးမသီရန်မခကာလများကို မှတ်မိနေပါသည်။

ယခုနေအချိန်များ ကျွန်တော်ကလေးဘဝကလို ခြေကျင်သွားနေသည့် ကောင်လေးတယောက်တလေ တွေ့မိလျှင် အိမ်ပြန်လိုက်ပို့ပေးချင်လှပါသည်။ ဆိုင်ကယ်စီးနေရင်းဖြင့် ကလေးဘဝကို သတိရမိရင်း ကတ္တရာလမ်းမကြီး၏ ဘေးဘီဝဲယာကို သတိထားကြည့်မိသည်။ လူသူပါးလျလွန်းလှသည်။ ရုပ်ရှင်ကြီး၌ ဇာတ်ကားမပြတော့တာ ကြာလှပြီဖြစ်သည်။ ရုံဖွင့်ချိန် တဆယ့်ငါးမိနစ်။ ကာတွန်းဇာတ်လမ်းများ။ အုတ်နီခဲဖြင့် ထုခွာပြီးစားခဲ့ရသော ဗာဒံသီးအဆံဆိမ့်ဆိမ့်လေးများ။ ယခုခေတ်ကလေးများသည် ကျွန်တော်တို့ခေတ်က ကလေးဘဝနှင့် ဖြတ်သန်းမှုချင်းသည် တူနိုင်ကြတော့မည်မဟုတ်မှန်း ကျွန်တော်သိပါသည်။ သိနေရဲ့သားနှင့် လွမ်းတမ်းတနေသည်လား၊ နှမြောတသနေသည်လား ဝေခွဲမရ ဖြစ်ရပါသည်။ ဝေခွဲမရဖြစ်ခြင်းနှင့်အတူ ရနံ့သင်းသင်းလေး မွှေး၍လာသည်။

ရှေ့နားတွင် ဆေးရုံလမ်းသွယ်လေးကို တွေ့နေရပြီ။ ဆိုင်ကယ်ကို အရှိန်လျှော့ချမိသည်။ အရှိန်လျှော့မိသည့်အတွက် ဘာသာအံ့သြမိပါသည်။ ငယ်ရွယ်စဉ်ကလေးဘဝကတော့ မိုးချုပ်ညဥ့်နက်အိမ်ပြန်လေတိုင်း ထိုလမ်းသွယ်လေးအနား ရောက်လျှင် ဖိနပ်နှစ်ဖက်ချွတ်၍ လက်နှစ်ဖက်၌စွပ်ပြီး  ကျွန်တော်အားကုန်ပြေးတတ်သည်။ ထိုမှဝင်သွားလျှင် ဆေးရုံ ရင်ခွဲရုံသို့ ရောက်မည်မှန်း ကျွန်တော်သိပါသည်။ လမ်းသွယ်လေးဘေးမှ ကိုလိုနီခေတ်လက်ကျန်အဆောက်အအုံကြီးနှင့်ကုက္ကိုပင်အုပ်အုပ်ကြီးကလည်း ကြောက်လန့်စရာကောင်းနေပါသည်။ ထိုနေရာ၌ သရဲတစ္ဆေများ နေထိုင်ကျက်စားကြသည်ဟု ကြားဖူးသောကြောင့် ဖြစ်ပါသည်။

ယခုတော့ သရဲတစ္ဆေများကို ကျွန်တော်မကြောက်တော့ပါ။ မိုးသက်လေးကလေးနှင့်အတူ ပါလာသော ဆိတ်ဖလူးပန်းရနံ့ကို ရသည့်အခိုက်ဝယ် ကြည်နူးနေမိသေးသည်။ ဆိတ်ဖလူးပန်းရနံ့သည် ထိုလမ်းသွယ်လေးအနားမှ ထွက်ပေါ်လာတတ်သည်မှာ ကျွန်တော်ကလေးဘဝကတည်းက ဖြစ်ပါသည်။ ထိုစဉ်က ဆိတ်ဖလူးပန်းရနံ့ကို ကျွန်တော်မခံစားတတ်သေး။ သရဲတစ္ဆေကြောက်သောကြောင့် ပြေးဖို့သာ တာစူနေခဲ့သည်။

အချိန်တွေစီးဆင်းသွားကြပြီးနောက် ကျွန်တော်ဂစ်တာတီးတတ်လာပါသည်။ ကံအားလျော်စွာ ရည်းစားလေးတယောက် လည်း ရခဲ့ပါသည်။ ထိုနေ့မှစ၍ သရဲတစ္ဆေများကို ကျွန်တော်မကြောက်တော့ပါ။ သူမနှင့်ကျွန်တော် ရုပ်ရှင်ကြည့်ကြသည်။ ရုပ်ရှင်ပြီး၍ သူမအိမ်ပြန်လျှင် ခြေကျင်လျှောက်၍ လိုက်ပို့ပေးဖြစ်သည်။ ထိုဆေးရုံလမ်းသွယ်လေးနားအရောက်တွင် ဆိတ်ဖလူးပန်းရနံ့လေး ပြေးလွှားရောက်လာတတ်သည်။ ငယ်ငယ်ကလို ကျွန်တော်ထွက်မပြေးမိတော့။ ဖြေးညှင်းစွာပင် လျှောက်နေမိသည်။ သူမက သရဲတစ္ဆေကြောက်တတ်သဖြင့် ထိုနေရာလေးရောက်လျှင်  နက်မှောင်ဖြောင့်စင်းရှည်လျားလှသော ဆံကေသာကို တပတ်ရှိုထုံးဖို့ ဟန်ပြင်တတ်သည်။ ကျွန်တော်က စကားမရှိစကားရှာကာ ကိုလိုနီခေတ်လက်ကျန်အအောက်အအုံကြီး၏ သမိုင်းနှင့် ကုက္ကိုပင်ကြီး၏သက်တမ်းကို ကြားဖူးသလောက်ဗဟုသုတနှင့် အကြောက်ပြေစေရန် ပြောပြတတ်ပါသည်။

(သုံး)
ခေါက်ဆွဲဖိုးပေးရန်အတွက် ကျွန်တော့်ခါးကြားမှ ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်သောအခါ ဘေးအနားမှ အမျိုးသမီးသည် ဆတ်ခနဲနောက်သို့ ဆုတ်သွားသည်။ ကျွန်တော့်လက်ကို စူးစိုက်ကြည့်နေသည်။ သေနတ်တလက်၊ဓားစူးတချောင်းကို မြင်ရတော့မည့်အလား  အမျိုးသမီး၏ မျက်လုံးများမှာ စိုးထိတ်နေပုံရသည်။ ပိုက်ဆံအိတ်ကိုင်ထားသည်ကို မြင်သောအခါမှ သက်ပြင်းမသိမသာချသည်။

ခေါက်ဆွဲဆိုင်အနီးတွင် လူသွားလူလာ သိပ်ပြီးမပြတ်လပ်သေးပါ။ ကျွန်တော့်မှာ ကြောက်တတ်လွန်းသော အမျိုးသမီး၏ အဖြစ်ကြောင့် စိတ်မတိုမိသော်လည်း စိတ်တော့ဆင်းရဲမိပါသည်။ ခေါက်ဆွဲရောင်းသူက ခရမ်းချဉ်သီးနီနီရဲရဲများကို ကတ်ကြေးနှင့်ညှပ်နေရင်း လွန်ခဲ့သောညများက လူရိုက်မှုများအကြောင်းနှင့် လုယက်မှုများအကြောင်းကို စားသုံးသူ တယောက်အား ဖောက်သည်ချနေသည်။ ရန်ငြိုးရန်စမရှိပဲ အရိုက်ခံလိုက်ရသော သူတယောက်အကြောင်းလည်း ပါပါ သည်။ ထမင်းဝယ်လာသော သူတယောက်။  ဆိုင်ကယ်နှင့်လူငယ်တစု။ မြို့လယ်ခေါင်ညတည။ နီထွေးထွေးသွေးစက်များ။ လွတ်မြောက်နေဆဲဖြစ်သည့် ရိုက်နှက်သူများ။ ထိုကိစ္စဖြစ်ပေါ်ပြီးနောက် ထိတ်လန့်သွားသော မြို့သူမြို့သားများနှင့်တိတ်ဆိတ်သွားသော မြို့လယ်လမ်းမများ။

ထိုစကားများကြားတော့ မသိစိတ်က နောက်သို့လှည့်ကြည့်စေသည်။ စင်းစင်းငုတ်တုတ်ကြီး လဲလျောင်းနေသော ဂိုထောင်တဖြစ်လဲ ရုပ်ရှင်ရုံကြီးကိုသာ တွေ့ရပါသည်။ ထိုအထဲတွင် မော်တော်ဆိုင်ကယ်အသစ်စက်စက်တွေများရှိနေမည်လား။ အဝတ်အထည်အသစ်စက်စက်တွေများရှိနေမည်လား။ အစားအစာမျိုးစုံနှင့်နောက်ဆုံးပေါ်ဟန်းဆက်တွေများရှိနေမည်လား ကျွန်တော်မခန့်မှန်းတတ်ပါ။ စိတ်တင်းကျပ်မှုကို အချိန်တိုဖြင့် ဖြေလျော့ပေးနိုင်သည့် လက်သီးဖြင့်ထိုး၊ခြေထောက်နှင့်ကန်၍ရသော ယိုးဒယားလုပ် ကရောင်းအိတ်ရှည်ကြီးများလည်း ရှိချင်ရှိနေနိုင်ပါသည်။ စိတ်ကူးယဉ်ဆန်ဆန်ဖြင့် ပိုပို သာသာပြောကြည့်ရလျှင် အလုပ်အကိုင်အခွင့်အလမ်းများနှင့် မျှော်လင့်ချက်ရောင်နီများလည်း ရှိကောင်းရှိလိမ့်မည်။ ထို ဂို ထောင်ကြီးသည် ပန်ဒိုရာသေတ္တာတလုံးတော့ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ရှာပါ။ စင်းစင်းငုတ်တုတ်ကြီးဖြင့် သော့ ခလောက် အထပ်ထပ်ခတ်ထားသော ဂိုထောင်အတွင်းသို့ စိတ်ကူးဖြင့်သာ ကျွန်တော်ဝင်ရောက်နိုင်ပါသည်။ ထိုအထဲတွင် ဆန်အိတ် များနှင့် ဆီပုံးများအထပ်လိုက် အပုံလိုက် ရှိနေပါက လမ်းမပေါ်ဆွဲတင်၍ ပံ့သကူပစ်လိုက်ချင်မိသည်။

ခေါက်ဆွဲသည်က ဗဟုသုတမျှဝေပေးနေသည်။ မန္တလေးမြို့လယ်ခေါင် နေ့ခင်းကြောင်တောင်၌ ဖြစ်ပွားခဲ့သော သေနတ် ပစ်ခတ်မှု။ လမ်းနံဘေးဆိုင်ကယ်ရပ်တံ့ကာ ဖုန်းဆက်နေသူကို ဓားဖြင့်အကြမ်းဖက်မှု။ ခေါက်ဆွဲရောင်းသူသည် ပေါက်ပေါက် ပွင့်ဖောက်သလို စကားကို တပေါက်ပေါက်နှင့် ပြောဆိုရင်း ပြင်နေလက်စခေါက်ဆွဲပန်းကန်အတွင်း ဘယာကြော်အကွင်းကို ချေမွကာထည့်လိုက်သည်။ ကျွန်တော်ကလည်း ငရုပ်သီးလျှော့ဖိုနှင့်ဘယာကြော်အပိုထည့်ပေးဖို့ ပြောလိုက်ပါသည်။ ဆေး ဆိုးမှိုတက် ငရုပ်သီးခြောက်များ၏ ဆိုးကျိုးကို ဇနီးသည်က ကြောက်သည်။ ကျွန်တော်က ဘေးဘယာများနှင့် ဝေးကွာလိုသည်။ စားသုံးသူတယောက်သည် ခေါက်ဆွဲပန်းကန်ကို တဖူးဖူးနှင့်မှုတ်ကာ စားသောက်နေပါသည်။ ငရုပ်သီး စပ်ခြင်းကြောင့်လား၊ အိမ်သို့ အလျင်အမြန်ပြန်လို ခြင်းကြောင့်လားတော့ သူ့အဖြစ်သူသာသိပေလိမ့်မည်။

(လေး)
ခေါက်ဆွဲဝယ်ပြီး ပြန်လာရာလမ်းတွင် လူသူလေးပါး ကင်းမဲ့နေပါပြီ။ ဆိုင်ကယ်ကို တဖြည်းဖြည်းသာ စီးလာခဲ့မိသည်။ ဆေးရုံလမ်းသွယ်လေး အနီးသို့ ရောက်သောအခါ ဆိတ်ဖလူးပန်းရနံ့ မွှေးသင်းလာသည်။ ဆိုင်ကယ်လီဗာကို အရှိန်မြင့်လိုက်မိသည့် အတွက် ကျွန်တော့်မသိစိတ်ကို ကျွန်တော်အံသြမိပါသည်။ အိမ်ကို အမြန်ရောက်ချင်နေ၍လား။ ကျွန်တော်ကြောက်နေ၍လား။ အိမ်မှ ဇနီးသည်ကတော့ ကျွန်တော့်အိမ်အပြန်ကို စောင့်နေမှာ သေချာပါသည်။ "ခဏလေးပါကွာ"ဆိုပြီး အိမ်အပြင်ထွက်သွားကြသော အိမ်သားများ အိမ်ပြန်မရောက်တော့သည့် အဖြစ်အပျက်များ နေ့စဉ်ကြားနေရပါသည်။ ဆေးရုံလမ်းသွယ်လေးထဲသို့ အမှတ်မထင် လှမ်းကြည့်မိသည်။ ထိုလမ်းသွယ်လေး အဆုံးတွင် ရင်ခွဲရုံရှိသည်။ အ,ကာလမရဏနှင့် ကြုံဆုံရသူတို့ ထိုနေရာသို့ ဒုတ်ဒုတ်ထိ ရောက်ကြရသည်။

"ငယ်စဉ်ကလေးဘဝကလို သရဲတစ္ဆေများကို ကြောက်နေသေးသလား"ဟု ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိပါသည်။ တခုခုကို ကျွန်တော်ကြောက်နေမိပါသည်။ သရဲတစ္ဆေများကို ကျွန်တော်မကြောက်ပါ။ သို့သော် အ,ကာလမရဏကြောင့် သရဲတစ္ဆေဖြစ်ရမည်ကို ကျွန်တော်ကြောက်နေမိသည်ဟု ထင်ပါသည်။ အကြောက်ပြေစေရန်အတွက် သီချင်းတပုဒ်ကို အော်ဆိုလိုက်ဖို့ ကြိုးစားမိသည်။ မရပါ။ သီချင်းမဆိုတော့ဘဲ"ငါကြောက်နေတာ ဘယ်သူ့ကြောင့်လဲ"ဟုသာ အကြိမ်ကြိမ်အော်ဟစ်လိုက်မိသည်။ စိတ်ကို ညွှတ်နူးစေသော ဆိတ်ဖလူးပန်းရနံ့သည် အဝေးသို့ ထွက်ပြေးသွားရှာသည်။

တရိပ်ရိပ်ပြေးနေသောဆိုင်ကယ်သည် အိမ်နှင့်တဖြည်းဖြည်းနီးလာပါပြီ။ လက်ဝဲဖက်သို့ အမှတ်မထင်ကြည့်မိသောအခါ မြို့လေး၏ စုပေါင်းရုံးကြီးကို မြင်ရပါသည်။ ထိန်ထိန်ညီးနေသော ညမီးများအောက်တွင် အလွန်တင့်တယ်နေ သယောင် ထင်ရပါသည်။ ထိုရုံးကြီးတွင် ကျွန်တော့်လက်ရာဆိုင်းဘုတ်များ အများအပြားရှိပါသည်။ ဥပဒေရုံး၊တရားရုံး၊အုပ်ချုပ်ရေးမှူးရုံး၊ စသဖြင့် ဆိုင်းဘုတ်အများအပြားကို ကျွန်တော်ရေးခဲ့ရပါသည်။ စေတနာအပြည့်အဝထားကာ အကောင်းဆုံးဆီဆေးကို အသုံးပြုခဲ့ပါသည်။ အသေသပ်ဆုံး စုတ်ချက်များဖြင့် ပြတ်သားအောင် ရေးခဲ့ပါသည်။ ဆိုးဝါးစွာနှိပ်စက်တတ်သော ဥတု သုံးပါးကြားဝယ် မည်သည့်ဆိုင်းဘုတ်မှ တာရှည်မခံကြပါ။ ကျွန်တော်၏ ညံ့ဖျင်းမှုကို ကာကွယ်လိုသောကြောင့် ဆိုးဝါးသည့် ဥတုသုံးပါးကို အပြစ်ဖို့နေခြင်း မဟုတ်ပါ။ ဂေဟစံနစ်ပျက်စီးခြင်း၏ အကျိုးဆက်အဖြစ် ဆိုးဝါးလွန်းသည့် ဥတုသုံးပါး၏ ဒဏ်ကို လည်စင်းခံနေကြရကြောင်း အားလုံးလိုလို သိကြပေလိမ့်မည်။

(ငါး)
ကျွန်တော်အိမ်ပြန်ရောက်ချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါသည်။  ငရုပ်သီးမပါသော ခေါက်ဆွဲအရည်ဖျော်ကို စိတ်ချလက်ချ သောက်သုံးနေသည့်ဇနီးသည်ကိုကြည့်ရင်း အ,ကာလမရဏအကြောင်းကို ကျွန်တော်မေ့ပျောက်နေခဲ့သည်။ ထွက်ပြေးသွားသော ဆိတ်ဖလူးပန်းရနံ့များအကြောင်း သူ့ကိုပြောမပြချင်တော့ပါ။

ထိုနေ့ညက ဇနီးသည်အိပ်ပျော်နေစဉ် အိပ်မပျော်နိုင်သူမှာ ကျွန်တော်ဖြစ်ခဲ့သည်။ မိုးစက်မိုးပေါက်များက အိမ်ခေါင်မိုးကို တ ဖြုန်းဖြုန်း တဖြန်းဖြန်းရို်က်ခတ်သံပေးရင်း ကျွန်တော့်ကို အိပ်စက်အနားယူဖို့ ဆော်သြကြပါသည်။ သို့သော် ကျွန်တော် မအိပ်စက်နိုင်သေး။ ဆိုးဝါးလွန်းသည့် ဥတုသုံးပါးကို ကြံ့ကြံ့ခံနိုင်မည့် ဆိုင်းဘုတ်ရေးဆွဲဖို့သာ စိတ်ကူးယဉ်နေမိသည်။ ထိုအမှုကိစ္စ ပြီးစီးပါလျှင် ထမင်းနပ်မမှန်သည့် ဆိုင်းဘုတ်ရေးခြင်းလုပ်ငန်းမှ အနားယူတော့မည်။

ဥတုသုံးပါးကို ကြံ့ကြံ့ခံနိုင်ရမည့် ဆိုင်းဘုတ်က များများစားစားတော့ မလိုအပ်။ သုံးခု မျှသာ။

ကျော်ကျော် (မြရည်စမ်း)
၃ စက်တင်ဘာ၊ ၂၀၁၈
↧

ကာတွန်း နေညိုအေး - ရိုးသားကြစတမ်း

$
0
0
ကာတွန်း နေညိုအေး



ကာတွန်း နေညိုအေး - ရိုးသားကြစတမ်း(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၈
↧

မိုးခါး - လူအိုနာ

$
0
0
လူအိုနာ
မိုးခါး
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၈
 ဝတ်နေကြ
ဆိုရှယ်လစ်တိုက်ပုံဟောင်းခါခါထု
တ်ကြည့်လိုက်တော့
မေးထူးခေါ်ပြောမရှိတဲ့ခေတ်မှာ
နောင်တနှင့်တူအိုမင်းမှုတွေပါလာတယ်
တချိန်ရွှေထီးဆောင်းသူကောင်းပြုခံယူခြင်းမှာ
မျက်ရည်နဲ့ဆေးကြောလို့မရတဲ့
ကြေးဝါရောင်ကြယ်ပွင့်ကအညှိတက်လို့...
ဒီလမ်းကိုဘယ်လိုရောက်လာတာလဲ
မေးခွန်းနှင့်အတူ
အညွန့်ချိုးခဲ့ပန်းပွင့်တွေနေရာရောက်တိုင်း
ရှုံ့တွလာတဲ့အရေပြားပေါ်ကဆေးမှင်ကြောင်တွေကသက်သေ
ထိုင်နေတဲ့ကုလာထိုင်
ဘောင်ကျဉ်းလာတဲ့လျှောက်လမ်းမ
တိတ်ဆိတ်နေတဲ့ကြိုးတန်းပေါ်ကအဝတ်စုတ်
အဖော်မဲ့လာတဲ့နေညိုရီ
အထီးကျန်ဆန်မှုရဲ့စကားလုံးများ
ဟန်မဆောင်တန်းမျက်ရည်တွေစီးကျလာတာကလွဲရင်
အတွေးမှာမုန်တိုင်းကျနေသလို
အသိမှာကြောက်ရွံထိတ်လန့်နေပြီ
မကြာမီ
ကောင်းသောသွားခြင်းမျိုးမဟုတ်တာလဲ
မျက်ရည်ကြားကအသိတရားကမဲမှောင်အုံ့မှိုင်းလို့.....။      ။
↧
↧

မျိုးတေဇာမောင် ● အကျဉ်းသား

$
0
0

မျိုးတေဇာမောင် ● အကျဉ်းသား
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၈

"အပြစ်ရှိတယ်''ဆိုတာ
ဘာကိုဆိုလိုသလဲ သူမ နားမလည်ဘူး။

ကျောင်းသွားတဲ့အခါတိုင်း
အလုပ်သွားတဲ့အခါတိုင်း
အားလပ်ရက် ခရီးထွက်တိုင်း
သူ့ကို သတိပေးနေကျအတိုင်း
"မင်းကို မင်း ဂရုစိုက်နော်''လို့
ပြောလို့ရမယ့်အချိန်ထိ
ထောင်ဗူးဝမှာ သူမစောင့်နေတယ်။

စကားပြောစင်လေးနောက်မှာ
ယူနီဖောင်းဝတ်တွေ
အခုပြောနေတာ ဘာလဲ သူမ နားမလည်။
သူ့ကို အဲ့ဒီမှာ
တစိမ်းတွေနဲ့အတူတူ ထိန်းသိမ်းထားရမယ်တဲ့
သူတို့သတင်းပို့ကြတယ်။
သူ့အိပ်ရာပေါ်မှာ
သားချော့တေးတွေ သီဆိုနေခဲ့တုန်းမှာတော့
ဝေးနေကြပေမယ့်
သူမ ဘယ်တော့မှအထီးမကျန်ပါဘူး
တနေ့နေ့မှာတော့
အဲ့ဒီ့အေးစက်ပြီး
ပြူတင်းပေါက်မရှိ၊ လမင်းမရှိတဲ့ နေရာကို
သူအဆုံးသတ်နိုင်မှာပါ။

သူမ နားမလည်တာက
အကျဉ်းသားရဲ့အမေ နားမလည်တာက
"ဧည့်တွေ့ချိန်ကုန်ပြီ''ဆိုတဲ့စကားကြောင့်
ဘာ့ကြောင့်များ သူ့ကို ထားပစ်ခဲ့ရသလဲဆိုတာပဲ။

The Prisoner အား ဘာသာပြန်ပါသည်။
↧

သူသူမေ ● နွေကိုပက်ဖြန်းခဲ့ဖူးသည့် ရနံ့များ

$
0
0
သူသူမေ ● နွေကိုပက်ဖြန်းခဲ့ဖူးသည့် ရနံ့များ
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၈

နွေရာသီကျောင်းပိတ်ရက်၏ အဦးအစတွင်ဖြစ်သည်။ စိတ်အားခဲထားသည့် အားလပ်ရက်ခရီး၏ ပွဲဦးထွက် နံနက်ခင်း လည်းဖြစ်သည်။ အိမ်ကလေး၏ ဟိုမှဒီမှအပေါက်များမှ အလင်းရောင်တို့ထိုးထွက်လာနေသည်။ မျက်စိနှစ်လုံး ဖွင့်သည်နှင့် တိတ်ဆိတ်ငြိမ်သက်သော ကျေးလက်ရနံ့များမှ ခရီးဦးကြိုပြုလိုက်ပါသည်။ လင်းကြက်တွန်သံတချို့တလေ ကြားရ၏။ ဒုတိယတန်း မြန်မာဖတ်စာမှ ရွှေဗဟိုရ်ကဗျာကိုပင် သတိရမိသည်။ အစစတိုးတက်လာနေသည့် ယခုအခါတွင်တော့ ကြက် သံကို ဗဟိုပြုရန်မလိုတော့ပေ။ ကျေးရွာဆိုသော်လည်း ဖုန်းမျက်နှာပြင်ကိုဖွင့်လိုက်ရုံနှင့် ကမ္ဘာကြီးကို အတိုင်းသား မြင်ကြ ရမည်မဟုတ်လော။

သူငယ်ချင်း၏ ထမင်းအိုးငှဲ့သံသဲ့သဲ့မှာ အိပ်ရာမှထရန် အချက်ပေးနေသည့်အလား။ ကျွန်မအနေဖြင့်အိပ်ရာမှ ထရပါတော့ မည်။ ညိုညက်ညက်ရောင်မြေသားလမ်း၊ အစိမ်းရောင်သစ်ပင်အုပ်များနှင့် တငြိမ့်ငြိမ့်စီးဆင်းနေသော ရေပြင်တို့မှာ ကျေး လက်ကို အပြိုင်းအရိုင်းသရုပ်ဖော်လျက်။ နံနက်စာထမင်းကြမ်းကို အဝအသိပ်စားပြီး တစ်နေ့တာ ကျေးလက်ခရီးကို အစပြု လိုက်သည်။ ပြီးလျှင် ရောက်တုန်းရောက်ခိုက် သူငယ်ချင်းဖြစ်သူ ကျေးလက်ဆရာမလေးနှင့် ကာကွယ်ဆေးအထိုးလိုက်ရန် ပြင်ဆင်ရတော့သည်။

ဆေးနှင့်ပတ်သက်သည့် ဝေယျာဝစ္စပစ္စည်းများမှာ ခြင်းကြီးတစ်လုံးနှင့်အပြည့်။ သူငယ်ချင်းမှာ ကျေးရွာမှ ဆရာမလေးများ ထုံးစံအတိုင်း ဆေးခြင်းတဖက်၊ ရေခဲပုံးတဖက်။ အပူသက်သာစေရန်အပေါ်ထပ်အင်္ကျီလက်ရှည်နှင့်ခမောက် ဆောင်းထားရ သေးသည်။ ပုံမှန်သူ့တစ်ဦးတည်းဆိုလျှင် ဆေးခြင်းကိုထိုင်ခုံရှေ့တွင်ခွထားရပြီး ရေခဲပုံးကို နောက်ခုံတွင် ကြိုးနှင့်ပတ်ချည်ပြီး မောင်းနေကျ။ ယခုမူ ကျွန်မပါ၍ ကျွန်မကနောက်မှထိုင်လိုက်ရင်း ကိုင်ရသည်။

ကမုကထစ်မျိုးစုံနှင့်ကျေးရွာ၏ လမ်းကျဉ်းများထက် ကျွန်မတို့၏ဆိုင်ကယ်လေးမှာ ၅ နှစ်သားကလေးငယ်လေးကဲ့သို့ ခုန် ပေါက်ပြေးလွှား၍နေသည်။ ကျွန်မတို့သူငယ်ချင်းနှစ်ဦးမှာလည်း တဦးပေါ်တဦးမှီတည်နေသည့် ကြည်နူးစိတ်ဖြင့် တက်ကြွ သွက်လက်နေကြသည်။ ချောင်းရိုးတလျှောက် လမ်းကျဉ်းကလေးအတိုင်း မောင်းနှင်လာကြပြီး မြောင်းကူးကွန်ကရစ် တံတားငယ် အများအပြားအပေါ်မှလည်း ဖြတ်သန်းကြရ၏။ အချို့တံတားများမှာ ပြေပြေပြစ်ပြစ် ရှိသော်ငြား အချို့မှာတော့ သံပုရာသီးအားထက်ဝက် ခြမ်းပြီးချထားသည့်နှယ် လုံးလုံး ခုံးခုံးကြီးဖြစ်၍နေသည်။  ထိုအခါမျိုးတွင် သူငယ်ချင်းတဦးတည်း သာ မောင်းတက်ပြီး ကျွန်မကလမ်းဆင်းလျှောက်မှရသည်။

ကျွန်မအမြင်တွင် ထိုမျှခက်ခဲကြမ်းတမ်းသည့်လမ်းများတွင် ရွာခံဆိုင်ကယ်တချို့မှာတော့ နံဘေးမှဖြတ်မောင်းသွားကြ သည်မှာ လေအလျဉ်ကဲ့သို့ပင်။ မြို့ပြမှဆိုင်ကယ်မောင်း သူများထက်ပင် ပိုမိုကျွမ်းကျင်နေကြသည်ဟု ဆိုချင်လာမိသည်။ ထိုသို့မောင်းနှင်မှုမျိုးကို ယခုရွာတွင်မှမဟုတ်၊ အခြားရွာတရွာတွင်လည်း တွေ့ခဲ့ဖူးပါသည်။ စီးလည်းစီးခဲ့ဖူး၏။ ထိုခဏတွင် ဆိုင်ကယ်နှင့် လေယာဉ်ပျံ၊ မြန်မာပြည်နှင့် နိုင်ငံတကာစတန့် မဝေခွဲနိုင်လောက်အောင် အချိန်နှင့် တပြေးညီမြန်ဆန် လွန်း လှသည်။

ချောင်းဘေးကပ်လျက် လမ်းကျဉ်းလေးအတွင်း ဘီးတစ်ရာ အပြင်မရှိသည့် ၄"၊ ၅"ပြားအရွယ် မြောင်းကူးတံတား ပေါ်ဖက် တွင်ပင် ဆိုင်ကယ်ပေါ်မှအဆင်းမခံ၊ မရရအောင် မောင်းသည့် အာဂလူသားများဖြစ်သည်။ အနည်းငယ်တိမ်းစောင်း သွား သည်နှင့် ချောင်းထဲဇောက်ထိုးကျမည့်အရေး။ အုတ်ခဲတလုံးစီအား အရှည်လိုက်စီပြီး ဆိုင်ကယ်ဘီးရာတခုစာ အသွား တမြောင်း အပြန်တမြောင်းလုပ်ထားသည့်လမ်းမျိုး ရှိသေးသည်။ ထိုလမ်းများဆိုလျှင်လည်း မယိမ်းမယိုင်ဖြောင့်မတ်စွာ မောင်းနိုင်ကြပေ၏။ သံပုရာခြမ်းကဲ့သို့ တံတားများလာလျှင်လည်း လူနှစ်ယောက်ကို တင်မောင်းနေရသော်ငြား ခေါင်းမခါကြ။ ကျွမ်းကျင်မှုအပြည့်ဖြင့် မောင်းတက်လိုက်ကြသည်ချည်း။ နောက်မှလိုက်ရသည့် ကျွန်မသည်သာ အန္တရာယ်ကင်းဂါထာ များရွတ်ဆို ရင်း လတ်တလောယမမင်းအား လျှောက်တင်နိုင်မည့် ကုသိုလ်အစုစုကို စာရင်းပြုစု ဆင်ခြင်နေမိပါသည်။

ကျေးရွာလမ်းတချို့မှာ တောင်ကုန်းတောင်ဆင်းများကဲ့သို့ နိမ့်ချည်မြင့်ချည်ဆိုလျှင်လည်း ကဗျာဆန်သေး၏။ ယခုမူ အခွက်တခါ အပြန့်တခါနှင့် မုန့်လင်မယားဒယ်အိုးပေါ် ဆိုင်ကယ် မောင်းရသည်နှင့် တူလှသည်။ ကျွန်မတို့သည် ချောင်းရိုး အတိုင်း မောင်းနှင်ရာမှ ရွာအတွင်းဘက်သို့ လှည့်ပတ်မောင်းနှင်လာပြီး တရွာနှင့်တရွာအကြား နယ်နိမိတ်ရှိ လယ်ကွင်းပြင် အဝသို့ ရောက်လာကြပါသည်။

ထိုလယ်ကွင်းပြင်အားဖြတ်မောင်း၍ တစ်ဖက်ရွာသို့ဝင်ရမည်ဖြစ်သည်။ လယ်ကွင်းပြင်တွင် တာရိုးတလျောက်  ရွာသူရွာသား များစည်ကားနေပြီး တယောက်တလက်ဖြင့် လမ်းခင်းနေ ကြသည်။

ကျွန်မတို့ဆိုင်ကယ်မြင်သည်နှင့် ဆရာမလေးဆိုင်ကယ်လာပြီဆိုကာ လုပ်လက်စကိုရပ်၍ လမ်းရှင်းပေးကြ၏။ အသံချဲ့စက် သံ ဆူဆူကလေးမှာ လုပ်အားပေးကြသည့် ရွာသူရွာသားများ ကို ညာသံပေးနေသည့်အလား။ နွေရာသီဖြစ်၍ နံနက် ၉ နာရီခန့်နေမှာ အလွန်ပူနေပြီ ဖြစ်သော်လည်း ဝါးခမောက်အောက်မှ ရွာသားများ၏အပြုံးမှာ လတ်ဆက်တက်ကြွနေကြလျက်။ တရွာနှင့်တရွာကြား ဖြောင့်ဖြူးစွာဆက်သွယ်မည့် ပေါင်းကူးလမ်းကလေးအစား မျှော်လင့်ချက်တို့ဖြင့် ဝင်းပနေကြပေသည်။ ထိုသို့သောလမ်းလေးတွင် ၎င်းတို့ကိုယ်တိုင် အုတ်တချပ်သဲတပွင့် အဖြစ် ပါဝင်ကပြရခြင်းအား ကျေနပ်ပျော်ရွှင်နေကြပုံပါ။

ဤနေရာတွင် ကျေးလက်ရနံ့သည် ကျွန်မ၏အနံ့ခံအာရုံသ်ို့ တဖန်တိုးဝင်လာပြန်ပါသည်။ ဟုတ်ပါသည်။ ကျေးရွာတွင် တယောက်တလက်လမ်းခင်းကြသည်။ တယောက်တလက် အလှူအတန်းပြုကြသည်။ တယောက်တလက် ဝိုင်းဝန်း လုပ်ကိုင်ကြသည်။ တယောက်တလက် စောင့်ရှောက်ကြသည်။ တယောက်တလက်နှင့် လုပ်ကြကိုင်ကြရခြင်းအပေါ် အတိုင်းထက်အလွန်နှစ်လိုကြသည်။ ကျွန်မ၏ခဲအိုအကြီးမှာလည်း တယောက်တလက်ယဉ်ကျေးမှုကိုနှစ်လိုသူ ကျေးလက် သားတဦးပင်။ မြို့မှအလှူဆိုလျှင် မသွားလို၊ အကြောက်အကန်ငြင်းတတ်သူ။ "မြို့မှာက ရွာလိုမဟုတ်ဘူး၊ ခေါ်ချင်သလို မခေါ်ချင်သလို၊ ရွာမှာဆိုရင် တယောက်တလက် လုပ်လိုက်ကြ စားလိုက်ကြနဲ့ ပျော်ဖို့ကောင်းတယ်"ဟု ဆိုဖူးသည်။ ယခုမူ ခဲအိုစကားများဖြင့် ဖော်ပြခဲ့သလို ပွင့်လင်းလွတ်လပ်၍ ဟန်ဆောင်မှုကင်းသော ကျေးလက်ရနံ့ကို နဖူးတွေ့ ဒူးတွေ့ ရှုရှိုက်လိုက်ရပြီဖြစ်သည်။ လောကသည် သူ့အရပ်နှင့်သူဇာတ်နေချင်စဖွယ် အရောင်အသွေးလင်ဦးမည်သာ။

တာရိုးတလျှောက်လမ်းအတိုင်း အတန်ငယ်မောင်းပြီးသည့်နောက် လယ်ကွင်းတဝက်တပျက်တွင် တာလမ်းဆုံးသွားခဲ့သည်။ ဆက်မောင်း၍မရတော့။ မိန်းမသားနှစ်ဦးအနေဖြင့် ရွှံစိုင်ရွှံ့ခဲများဖြင့်ဖုထစ်နေသော လယ်ကွင်းပြင်ကို ဖြတ်ကူးရန်မှာ ပင် လယ်တမျှ ကျယ်ပြောလွန်းလှသည်။ ဓမ္မတာတခုလိုစိတ်တွင် ပန္နက်ဆွဲပြီးဖြစ်သော ဤလမ်းဤခရီး ဤတာဝန်မှာ သူငယ် ချင်းအတွက်တော့ သမရိုးကျပုံစံတခုသာ။ သူငယ်ချင်းမှာ ငြီးတွားခြင်းကင်းစွာ ဆိုင်ကယ်စက်ဖွင့်ပြီး တဖြည်းဖြည်းချင်း တွန်းသွားသည်။ ကျွန်မက နောက်မှခြင်းတောင်းဆွဲရင်း လိုက်လျှောက်ရသည်။

ရုတ်တရက် မမျှော်လင့်သောမြောင်းပေါက်သည် ဆိုင်ကယ်အား ဆွဲချလိုက်၏။ သူငယ်ချင်းလည်း ဟန်ချက်ပျက်ပြီး ထိုးကျ သွားပါသည်။ အနီးအနားလယ်ကွင်းထဲမှ လူအချို့ အပြေးလာပြီး ဆွဲတင်ပေးမှရသည်။ ထိုနားမှစ၍ တစ်ဖက်ရွာအထိ ရွာ သားတဦးက ယူမောင်းပေး၍ အဆင်ပြေသွားပါသည်။ ကျွန်မတို့နှစ်ဦးမှာ တဖက်ရွာသို့ ရောက်သော်လည်း မဝင်သေး ဘဲ ရှေ့တရွာသို့ ဆက်မောင်းရပါသည်။

လမ်းခရီးတွင် သစ်တုံးများအားခုတ်ဖြတ်ပိုင်းစိတ်ထားသည့် ထင်းပုံကြီးအားတွေ့သည်။ မြို့တွင်နေသော်ငြား ကျွန်မတို့ အိမ် မှာ မီးသွေးထက်စာလျှင် အကုန်အကျသက်သာသည့် ထင်းကိုသာ အားထားချက်ပြုတ်လာခဲ့ဖူးသည့်အိမ်ဖြစ်၍ ထင်းပုံကြီး အား မြင်လျှင်မြင်ချင်း စိတ်ထဲတွင် အလိုလိုပျော်နေမိသည်။ ယခင်ကဆိုလျှင် နှစ်စဉ်နှစ်တိုင်းမိုးမကျမီ ထင်းဝယ်လှောင် ထားရသည်မှာ အလုပ်တခု။ ထင်းစင်တွင် တမိုးတွင်းစာ ထင်းပုံကြီးစီရီထားပြီးပြီဆိုလျှင် တာဝန်တခု ပေါ့သွားသလို ခံစားရ သည်။ ချက်ပြုတ်ရန် အသင့်ဖြစ်နေသောထင်းပုံကြီးအားကြည့် ရင်း ကျေနပ်ခဲ့ဖူးသည်။ ထိုသို့ကျေနပ်ခဲ့ရဖူးသည့်နှစ်များမှာ များလွန်းလှ၍ ပါရမီရင့်နေခဲ့သည်လားမသိ၊ ယခုထင်းမသုံးတော့သည့်တိုင် ထင်းပုံကြီးအားမြင်သည့်အခိုက် အလိုလို ပျော်မိဆဲပင်။

နံနက် ၁၀ နာရီခွဲခန့်တွင်မှ ဂိတ်ဆုံးရွာသို့ ရောက်၏။ ထိုရွာရှိ ကာကွယ်ဆေးထိုးရမည့်တအိမ်တွင် ခေတ္တနားကြပြီး သူငယ် ချင်းလည်း ထိုအခါမှပင်ဆေးပုံးအား စဖွင့်ရပါတော့သည်။

ဆေးထိုးဆေးတိုက်လုပ်ရမည့်ကာလမှာ မိနစ်ပိုင်းမျှသာဖြစ်သော်လည်း သွားရသည့်ခရီးမှာမသေးလှ။  နုနုဖတ်ဖတ်လသား ကလေးများနှင့် သဲသဲလှုပ် မေမေ တဦး  နှစ်ဦး လာထိုးကြသည်။ အပ်ထိုး၍မှ အင့်ခနဲ့မအော်သည့် သတ္တိခဲ လသားကလေးများ နှင့် ကြုံသလိုလုပ်ကိုင်စားသောက်ကြရသည့်မိခင်များ လာထိုးကြသည်။ ရွာထဲလည်ဆော့ရင်း ထိန်းကျောင်းရသော ၈ နှစ် သား အစ်ကို၏လက်တွင် အာဟာရချို့ချို့တဲ့တဲ့ဖြင့် လိုက်ပါလာသည့် လသားကလေးတဦးလည်း လာထိုးသည်။

ကလေးများအားလုံး ဆေးထိုးအပြီးတွင် ကျော်မောင်းခဲ့သည့်ရွာသို့ နောက်ကြောင်းပြန်လှည့်ကာ ကိုယ်ဝန်ဆောင်များနှင့် လသားကလေးများကို ဝင်ရောက်ကြည့်ရှုပေးရပါသေးသည်။ သူငယ်ချင်းမှာ နားကြပ်နှင့် စမ်းသပ်ပေးပြီး ကျွန်မမှလည်း ဘေးမှ လိုအပ်သည့်ဆေးများအား အထုတ်ကလေးများနှင့် ထုတ်ပေးရပါသည်။ မျက်စိထဲတွင် သူငယ်ချင်း၏ပြုမူလှုပ်ရှားမှု များအား သူရဲကောင်းတဦးအလား ရှုမြင်ရင်းတစိမ့်စိမ့် ကြည်နူးနေမိပါသည်။ မိမိကိုယ်ကိုလည်း ထိုသူရဲကောင်း၏ နံဘေး ခစားခွင့်ရသည့် ဖိုးကံကောင်းတဦးပမာ မှတ်ယူလိုက်ပါသေးသည်။

အချိန်သည် စကားတခွန်းမျှဆိုလိုက်ပြီဖြစ်သည်။ နွေဥတု၏ နေမင်းမှာ ကျွန်မတို့ ဦးခေါင်းဗဟိုတည့်တည့်သို့ ထိုးလို့လာပါပြီ။ မုသားမထွက်သော အစာအိမ်သည်လည်း တဂွမ်းဂွမ်းနှင့် မြည်သံပေးလျက်။ ကျွန်မတို့ အိမ်ပြန်ကြရပါတော့မည်။ အပြန် လမ်းတွင် သစ်ငုတ်တိုတချို့ကို တွေ့သည်။ လုပ်အားပေးသမားများလည်းအလုပ်သိမ်းသွားကြပြီဖြစ်၍ ရှင်းလင်းတိတ်ဆိတ် သွားပါတော့သည်။

မည်သို့ဆိုစေ ရနံ့တခု၏ရင်ငွေ့မှာ ကျွန်မအပေါ် လွှမ်းခြုံထားမြဲဖြစ်သည်။

သူသူမေ
↧

ဖြိုးသီဟချို/Myanmar Now - စက်မှုဇုန် သပိတ်စခန်းမှ အလုပ်သမားများ ရန်ကုန်မြို့လယ်တွင် စုဝေး ဆန္ဒပြ

$
0
0

စက်မှုဇုန် သပိတ်စခန်းမှ အလုပ်သမားများ ရန်ကုန်မြို့လယ်တွင် စုဝေး ဆန္ဒပြ

ဖြိုးသီဟချို/Myanmar Now
 (မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၈ 




ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်  ဖုယွမ်အထည်ချုပ်စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ထားကြသော အလုပ်သမားများသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်လယ်သို့ လာရောက်ပြီး မြို့တော်ခန်းမရှေ့မှ လမ်းမတော်မြို့နယ် ၁၈ လမ်းအထိ ချီတက်ဆန္ဒပြကြသည်ကို တွေ့ရသည်။

သပိတ်စခန်း ရက် ၂ဝ မြောက်သည့်နေ့တွင် မြို့လယ်သို့ လာရောက်ပြီး ဆန္ဒထုတ်ဖော်သည့် အလုပ်သမား အရေအတွက်မှာ ၁ဝဝ ခန့် ရှိသည်။

ယခင်လက အလုပ်သမား ၃ဝ ခန့် အကြောင်းမဲ့ အလုပ်ထုတ်ခံရသောကြောင့် ထိုသို့ ကန့်ကွက်နေကြခြင်း ဖြစ်သည်ဟု သိရသည်။

စည်းကမ်းဖောက်ဖျက်သူတို့ကို အလုပ်ထုတ်ခြင်း ဖြစ်သည်ဟု စက်ရုံက သတင်းထုတ်ပြန်ထားသည်။

နှစ်ဘက်ညှိနှိုင်းမှုများ ရှိခဲ့သော်လည်း ပြေလည်မှု မရသေးပေ။

မြို့နယ်အာဏာပိုင်တို့က အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြေရှင်းပေးမှုမှာ သမာသမတ်ကျခြင်း မရှိကြောင်း၊ ဖိအားပေး ခြိမ်းခြောက်မှုများ ရှိနေကြောင်း အလုပ်သမားတို့က စွပ်စွဲထားသည်။

 
၎င်းတို့၏ လုပ်ငန်းခွင်တွင် ဖြစ်ပေါ်နေသော ပြဿနာကို ဖြေရှင်းပေးရန် လိုအပ်နေကြောင်း ပြည်သူလူထုနှင့် အစိုးရ သိရှိရန် မြို့လယ်သို့ လာရောက် ဆန္ဒပြခြင်းဖြစ်သည်ဟု ဆိုသည်။









↧

ကာတွန်း ကိုခေတ်ရဲ့ လာဘ်ဒုက္ခ

$
0
0
ကာတွန်း ကိုခေတ်ရဲ့ လာဘ်ဒုက္ခ
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၈
↧
↧

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၂၀)

$
0
0
ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၂၀)
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၈

ငှက်မျိုးစိပ်များတွင် ကြိုးကြာဖြူသည် မြောက်အရပ်မှာမွေးသော ငှက်တမျိုးပင်ဖြစ်လင့် ကစား အရွယ်ရောက်သောအခါ တောင်အရပ်တွင် ရှင်သန်ကြီးပြင်းလေ့ရှိသည့် ငှက်မျိုးဖြစ်သည်။ သတ္တ၀ါတိုင်းက ကိုယ့်ရဲ့မွေးရပ်ဇာတိကို ခုံမင်တတ်ကြသော်လည်း သူက မွေးရပ်မြေမှာ မပျော်သောငှက်တဲ့လေ။ နာမည်ကြီး တိဗက်ရိုးရာ ကျေးလက် တေးသီချင်းတပုဒ်ထဲမှာ ဖတ်ဖူးတာပါ။

၁၉၅၉-ခုနှစ် ဧပြီလထဲတွင် ဘုန်းတော်ကြီးဒလိုင်းလားမားနှင့်အဖွဲ့ နိုင်ငံရေးခိုလှုံဖို့ အိန္ဒိယနိုင်ငံထဲရောက်နေပြီဖြစ်ကြောင်း အိန္ဒိယအစိုးရအဖွဲ့အားလုံးကို အသိပေးပါသည်။ ၀န်ကြီးချုပ်နေရူးကိုယ်တိုင်က အလေးဂရုပြုအပ်သော ဧည့်သည်တော်မို့ အစိုးရအဖွဲ့ဝင် တွေအားလုံးကလည်း ဘုန်းတော်ကြီးရောက်လာခြင်းကို လိုလိုလားလား ကြိုဆိုကြပါ သည်။ ဘုန်းတော်ကြီးကိုအကြောင်းပြုပြီး အိန္ဒိယနှင့်တရုတ် နှစ်နိုင်ငံကြားမှာ အဖုအထစ်တွေ မဖြစ်စေလို။ တိဗက်အရေးနှင့်ပတ်သက်လို့ ၁၉၅၀-ပြည့်နှစ်နောက်ပိုင်း ကစပြီး ပီကင်းက အိန္ဒိယကို တလျှောက်လုံး ဖိအားပေးခဲ့လေသည်။ ၁၉၅၄-ခုနှစ်တွင် အိန္ဒိယနှင့်တရုတ် နှစ်နိုင်ငံ သဘောတူညီချက်ငါးရပ်ကို လက်မှတ်ရေးထိုးခဲ့ကြဖူးသည်။ အဲဒီတုန်းကတည်းက အိန္ဒိယမှာ ရောက်ရှိနေကြပြီဖြစ်တဲ့ တိဗက်ဒုက္ခသည်တွေကို တိဗက်ပြန်ပို့ဖို့ အိန္ဒိယအစိုးရကို တိုက်တွန်းခဲ့သေးသည်။ ယခု ဘုန်းတော်ကြီး ဒလိုင်းလားမားကို နိုင်ငံရေးခိုလှုံခွင့်ပေးလိုက်ပြီဆိုသောအခါ သည်သတင်းစကားက တရုတ်ပြည်မကြီးကို မီးပုံယမ်းကျဆိုသလို ဒေါသအမျက်ထွက်စေပါတော့သည်။

ဘုန်းတော်ကြီးကို လက်ခံလိုက်ခြင်းဖြင့် တရုတ်ပြည်ရဲ့ ငြိုငြင်မှုတွေ အလိုမကျမှု တွေရှိလာမှာကို ၀န်ကြီးနေရူးက သိပြီးဖြစ်သော်လည်း တွယ်ရာမဲ့နေသည့် ဘုန်း တော်ကြီးကို သူဥပေက္ခာမပြုရက်တော့။ အတွယ်အတာမဲ့ဘ၀တွေရဲ့ တောင်းဆိုမှုကို နှစ်ကြိမ်တိုင်တိုင် လျစ်လျူရှုပစ်သည်အထိတော့ သူ့နှလုံးသားတွေ မာရေ ကြောရည် မရှိလှ။  တဖက်မှာလည်း ဘုန်းတော်ကြီးအပေါ်မှာထားသည့် သူ့ယုံကြည်မှုက ထုထည်ကြီးမားလွန်းလှသည်။ နိုင်ငံရေးခိုလှုံခွင့်နှစ်ပတ်သက်၍ စိုးရိမ်မှုတွေ ရှိသော်ငြားလည်း တိဗက်ပြည်သူတွေအပေါ် လူသားချင်းစာနာထောက်ထားသည့် အကူအညီတွေ သူတတ်နိုင်သလောက်ပေးသွားဖို့ ၀န်ကြီးချုပ်နေရူးက စိတ်ဆုံးဖြတ် ထားပြီးဖြစ်သည်။  အမှန်တကယ်လည်း အိန္ဒိယကိုရောက်လာသည့် တိဗက်ပြည်သူများ ၏ လိုအပ်ချက်များကို သူက ကူညီဖြေရှင်းပေးခဲ့ပါသည်။ သူ့တိုင်းပြည်ထဲရောက် လာသည့် သူ့ဧည့်သည်ကို သူကအကောင်းဆုံးဧည့်ခံပြုစုခဲ့သူဖြစ်သည်။ သူဧည့်သည် တွေ ဘာမှ မငြိုငြင်စေရ။ အထူးသဖြင့် ဘုန်းတော်ကြီးဒလိုင်းလားမား စိတ်ကွက် သွားမှာကိုပင် သူကစိုးရိမ်နေသူဖြစ်သည်။

အိမ်နီးချင်းကောင်း၏အဓိပ္ပါယ်ကို ၀န်ကြီးချုပ်နေရူးက ကျနသေချာစွာ အဓိပ္ပါယ်ဖွင့်ဆိုပြ လိုက်ခြင်းပင်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုရာအရပဲဖြစ်ဖြစ် အားငယ်နေသူ၊ အားနည်းနေသူ၊ တွယ်ရာမဲ့ ခိုကိုးရာမဲ့နေသူတို့အပေါ် အနိုင်ကျင့်ပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်တတ်ခြင်းသည် အိမ်နီးချင်းကောင်းတို့ မလုပ်အပ် မပြုအပ် သော စောင့်စည်းရမည့်ကျင့်ဝတ်တခုပင်ဖြစ်သည်။ အိမ်နီးချင်းတိုင်းပြည်များအပေါ် အိန္ဒိယက သူစောင့်ထိန်းရမည့် သူ့ကျင့်ဝတ်ကို အတတ်နိုင်ဆုံးစောင့်စည်းခဲ့ပါသည်။ သူ့အိမ်နီးချင်းများအပေါ် အခွင့်အရေးမယူခဲ့။ ကျင့်ဝတ်သိက္ခာ၊ သဘာဝ သယံဇာတနှင့် ပတ်သက်လို့ သူ့အိမ်နီးချင်းတိုင်းပြည်များအပေါ် အများက လက်ညှိုးထိုး မေးငေါ့ရ လောက်အောင်အထိ ခေါင်းပုံဖြတ် အမြတ်ထုတ်ယူခဲ့ခြင်း မရှိ။

ဘုန်းတော်ကြီးဒလိုင်းလားမား အိန္ဒိယမြေကို ခြေစချကတည်းက လိုအပ်ချက်သည့် အစားအသောက်၊ အ၀တ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကို ဒါကိုတာ လေယာဉ်နှင့် DC-10 လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခဲ့သည်။ ဘုန်းတော်ကြီး ကို အိန္ဒိယပြည်သူများကလည်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး ဒလိုင်းလားမား အိန္ဒိယရောက်ပြီးနောက် သုံးရက်အကြာမှာပဲ ဘုန်းတော်ကြီး သီတင်း သုံးနေထိုင်ရာဖြစ်သည့် ဥတ္တရာခမ်ပြည်နယ်ထဲက မဇူရီမြို့ကလေးဆီသို့ အိန္ဒိယ၀န်ကြီး ချုပ်နေရူးကိုယ်တိုင် သွားရောက်တွေ့ဆုံ အားပေးစကား ဆိုခဲ့ပါသည်။

လာဆာအဓိကရုဏ်းဖြစ်ပြီးနောက် တိဗက်ဒေသတွင် ဖမ်းဆီချုပ်နှောင်မှုတွေရှိလာ သောအခါ တိဗက်ပြည်ကိုစွန့်၍ အိမ်နီးချင်း နီပေါ၊ ဘူတန်နှင့် အိန္ဒိယနိုင်ငံများဆီသို့ ထွက်ပြေးလာခဲ့ကြပါတော့သည်။ ဂျွန်လ ၂၀-ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဘုန်းတော်ကြီးဒလိုင်းလားမားက တိဗက်နှင့် တရုတ်ပြည်ကြားမှာ ထားခဲ့သည့် ကတိက ၀တ်များကို ဖောက်ဖျက်နေမှုနှင့် သူ့တိုင်းပြည်၊ သူ့လူမျိုး၊ ဘာသာတရားနှင့် တိဗက် ယဉ်ကျေးမှုများကို တရုတ်ပြည်မကြီးက ၀င်ရောက်ဖျက်ဆီးနေမှုကို တားဆီး ဟန့်တား ပေးဖို့ အပြည်ပြည်ဆိုင်ရာတရားရုံးအဖွဲ့ကို ပန်ကြားလိုက်လေသည်။  ကနဦးစုံစမ်း စစ်ဆေး တွေ့ရှိချက်များအရ တိဗက်ပြည်သည် လွတ်လပ်သော တိုင်းပြည် တခုသာ ဖြစ်ကြောင်း၊ လူမျိုး ဘာသာနှင့် ယဉ်ကျေးမှုကို အကြောင်းမဲ့ဖျက်ဆီးဖို့ ကြိုးစား ခံနေရကြောင်းနှင့် တိဗက်ပြည်တွင် ပုံစံအမျိုးမျိုးဖြင့် လူ့အခွင့်အရေးချိုး ဖောက်မှု များရှိနေကြောင်း တရားရုံးက ထွက်ဆိုပါသည်။

၁၉၅၉-ခု စက်တင်ဘာလကုန်တွင်ကျင်းပသည့် ကုလသမဂ္ဂအစည်းအဝေးတွင် အိုက်ယာလန်နှင့် မလေးရှားတို့က တိဗက်အရေးကို ဆွေးနွေးကြဖို့ အဆိုတင်ခဲ့ကြ သော်လည်း တကယ်မဆွေးနွေးဖြစ်ခဲ့ကြ။ တရုတ်နိုင်ငံက ကုလသမဂ္ဂမှာ ဗီတိုအာဏာရ သည့် အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်တိုင် ကွန်မြုနစ်စနစ်ကျင့်သုံးသည့် ရုရှားက ဗီတို အာဏာရထားပြီးဖြစ်သည်။ ( ၁၉၇၁-ခုကျမှ တရုတ်နိုင်ငံက ကုလသမဂ္ဂလုံခြံရေး ကောင်စီတွင် ဗီတိုအာဏာရသည့် တိုင်းပြည်ဖြစ်လာခဲ့သည်။ ) ၁၉၆၅-ခုနှစ်တကြိမ် တိဗက်အရေးကို ကုလသမဂ္ဂမှာ ဆွေးနွေးပေးဖို့ ဘုန်းတော်ကြီးက တောင်းဆို လိုက်ပြန်ပါသည်။ သို့သော် ကုလသမဂ္ဂက တိဗက်အရေးသည် စိုးရိမ်စရာအနေ အထားဖြစ်နေသည့်အတွက် ၀မ်းနည်းရပါသည်ဆိုတာလောက်ပဲ စကားဆိုပါသည်။ တကယ်လက်တွေ့ကျကျ ဘာမှလုပ်မပေးနိုင်ခဲ့။ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်ကြ သည့်လူ့အသိုင်းအ၀ိုင်းတခုမှာ တိဗက်ပြည်သူတို့က အမိမဲ့သား ရေနည်းငါးပမာ။ ကြွေလွင့်ဆုံးပါးသွားခဲ့ရတဲ့ မျှော်လင့်ချက်တွေအတွက် တန်ရာတန်ကြေးလေးတော့ ပြန်ရချင်နေသေးသည်မှာ တိဗက်ပြည်သူတို့၏ အိပ်မက်အပိုင်းအစတခုပင်ဖြစ်ပါလိမ့် မည်။

၁၉၅၉-ခုနှစ် နှစ်လည်ပိုင်းတွင် တိဗက်ပြည်ကို စွန့်ခွါထွက်ပြေးကြသည့် လူဦးရေက တနေ့တခြားတိုးလာပြီဖြစ်သည်။ ထောင်သောင်းများစွာသော တိဗက်ပြည်သူတို့ အမိမြေကို စွန့်ခွါသွားကြလေပြီ။ ဟိမ၀န္တာတောင်တန်းတွေရဲ့ ဟိုမှာဘက်မှာ လုံခြုံ ဘေးကင်းသည့်နေရာလေးတခုတော့ ရှိတန်ကောင်းပါရဲ့ဟူသောအတွေးက သူတို့ရဲ့ မျှော်လင့်ချက်ကို ရှင်သန်စေပါသည်။ ဘုန်းတော်ကြီးဒလိုင်းလားမား သက်ရှိထင်ရှားရှိ နေသေးသရွေ့ သူတို့အတွက် မျှော်လင့်ချက်တွေရှိသေးသည်။ လူသားတဦး၏ စိုးရိမ်သောကမှုသည် တိဗက်ပြည်ကနေ သူတို့ဖြတ်ကျော်ရမည့် မြင့်မားမတ်စောက် သည့် တောင်စွယ်တောင်ထိပ်တို့ထက် ပို၍မြင့်မားနေပါသေးသည်။ နှင်းတောကြီးများ ရေခဲတောင်ကြီးများကို ဖြတ်ကျော်ဖို့ဆိုသည်မှာ လူတိုင်းအတွက် လွယ်ကူလှသည် တော့ မဟုတ်ပါ။ တခါတရံ လူပေါင်းရှစ်ရာကျော် ကိုးရာနီးပါးရှိသည့် နယ်စပ်ဖြတ် ကျော်အဖွဲ့သည် အိန္ဒိယသို့ရောက်သောအခါ အသက်ရှင်ကျန်ရစ်သူက တစ်ရာပင် ကောင်းကောင်း မပြည့်တတ်တော့။ သေဆုံးသွားကြသူအများစုက အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများပင်ဖြစ်သည်။

လမ်းမှာ ခရီးပမ်းပြီး အသက်သေဆုံးသွားသူတွေရှိသလို အစားအစာပြတ်လပ် သောကြောင့် သေဆုံးသွားသူတွေလည်း ရှိပါသည်။ တချို့ကတော့ တရုတ်နယ်ခြား စောင့်စစ်တပ်က ဖမ်းဆီးလို့ တိဗက်ပြည်ထဲ ပြန်ရောက်သွားသူတွေလည်း ရှိသည်။ တိဗက်ကနေထွက်လာသည့် လားမားခြောက်သိန်းကျော်ထဲမှာ ခုနှစ်ထောင်ကျော်ပဲ အိန္ဒိယနိုင်ငံကိုရောက်သည်ဟု စစ်တမ်းများကဆိုပါသည်။  တကိုင်းပဲကျန်ကျန် နှစ်ကိုင်းပဲကျန်ကျန် တစ်ပင်လုံးသေသွားတာထက်စာလျှင်တော့ ရှင်သန်ခွင့်ရနေခြင်းက မြတ်သေးသည်ဟု တိဗက်တို့က ယုံကြည်ထားသည်။ 

ရေခဲတောင်တွေကြားမှာ ရှင်သန်ကြီးပြင်းခဲ့ရသည့် တိဗက်တို့အဖို့ အိန္ဒိယကို ရောက်ခါစ မှာ အစားအစာ၊ ရာသီဥတုတို့နှင့် သဟဇာတသိပ်မဖြစ်။ ရာသီဥတုက ပူပြင်း ခြောက်သွေ့လွန်းနေသည်။  အိန္ဒိယအစိုးရကတော့ တိဗက်တွေအတွက် ဘူတန်နှင့် နီပေါနယ်စပ်တို့တွင် စခန်းနှစ်ခု ချထားပေးပြီး ရောက်လာသည့်တိဗက်များကို အစားအစာ၊ အ၀တ်အထည်၊ ဆေးဝါးနှင့် အခြားလိုအပ်သောအသုံးအဆောင်များကို အကောင်းဆုံး ဖြည့်ဆီးပေးပါသည်။ သည်ဒုက္ခသည်စခန်းကြီးတွေရှိရာဆီကို တိဗက် ဒုက္ခသည်တွေ တဖွဲဖွဲရောက်လာနေကြပြီဖြစ်သည်။ ရက်စက်ကြမ်းကြုတ်ခြင်းရဲ့ အခြားတဖက်မှာ နူးညံ့သိမ်မွေ့သည့် စာနာမှုနှင့် ချစ်ခြင်းမေတ္တာတရားတို့ရှိပါသည်။

အနေကြာလာသောအခါ အိန္ဒိယအစိုးရရဲ့ အထောက်အပံ့နဲ့ ထိုင်စားနေရတဲ့ဘ၀ကို တိဗက်တို့က ငြီးငွေ့လာပြီဖြစ်သည်။ ဒုက္ခသည်စခန်းထဲမှာ ထိုင်စားနေရတဲ့ဘ၀ကို စိတ်ပျက်လာသည်။ တိဗက်တွေ အလုပ်လုပ်ချင်သည်။ သူတို့နှင့်သင့်လျော်မည့် အလုပ်ကလေးတွေကို လုပ်ချင်နေကြသည်။ ဟိမ၀န္တာတောင်ခြေတလျှောက်တွင် အိန္ဒိယအစိုးရရဲ့ တံတားဆောက်၊ လမ်းဖောက်လုပ်ငန်းတွေမှာ ၀င်ရောက်လုပ် ကိုင်ကြလေသည်။ ပူပြင်းလှသည့်နေရောင်အောက်တွင် ပင်ပင်ပန်းပန်းအလုပ် လုပ်နေကြသည့် တိဗက်လူမျိုးများ၊ လားမားများနှင့် တိဗက်သီလရှင်ကလေးများကို မြင်တွေ့လိုက်ရသောအခါ ဘုန်းတော်ကြီးဒလိုင်းလားမားမှာ စိတ်မကောင်းဖြစ်မိပါတော့ သည်။ အလုပ်ကြမ်းစခန်းများတွင် နေထိုင်ကြရသည့် တိဗက်တို့ရဲ့ဘ၀က ခက်ခဲကြမ်းတမ်းလွန်းလှသည်။ သည်လိုခက်ခဲကြမ်းတမ်းမှုမျိုးကို ကြံ့ကြံ့ခံရပ်တည်နိုင်ဖို့ တောင်ပေါ်သားတိဗက်တို့ရဲ့ကိုယ်ခံအားက နုနယ်လွန်းလှသည်။ ဒုက္ခသည်စခန်းကို ဘုန်းတော်ကြီးဒလိုင်းလားမားလာရောက်လည်ပတ်သောအခါ တိဗက်လူမျိုးတွေရဲ့ အခြေအနေအမှန်ကို လက်တွေ့သိမြင်သွားပြီဖြစ်သည်။ ဘုန်းတော်ကြီးက သူ့ပြည်သူ တွေကို စိတ်ဓာတ်မကျဖို့၊ အခုအချိန်မှာ တိဗက်ပြည်ဟာ အမှောင်ထဲမှာကျ ရောက်နေပေမယ့် နောင်တချိန်မှာ တိဗက်ပြည်ဟာ တိဗက်လူမျိုးများအတွက်သာဖြစ် ကြောင်းနှင့် ဘာသာတရားနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ထားကြဖို့ အထူးမှာကြားခဲ့ပါသည်။

လမ်းဖောက်၊ တံတားဆောက် အလုပ်တွေက တိဗက်တွေအတွက် ပင်ပန်းလွန်းသည်။ ဘုန်းတော်ကြီးအနေနဲ့ တိဗက်လူမျိုးများအတွက် သင့်လျော်မည့်အလုပ်တွေကို ဖန်တီး ပေးချင်သည်။ ကော်ဇောစက်ရုံနှင့် အခြားစက်ရုံအလုပ်ရုံတွေမှာ တိဗက်တွေကို အလုပ်တွေ ဖန်တီးပေးပါသည်။ အထူးဝမ်းသာစရာကောင်းသည်မှာ ၀န်ကြီးချုပ်နေရူးက ဓရံဆာလာဆိုသောအရပ်ကို ဘုန်းတော်ကြီးကို သီးသန့်နေရာအဖြစ်ပေးလှူမည့် သတင်းပင်ဖြစ်သည်။ ဓရံဆာလာဆိုသည်မှာ နယူးဒေလီမြို့ရဲ့ အရှေ့မြောက်ဘက် ပန်ဂျပ်ပြည်နယ်ရဲ့ အထက်နားမှာရှိသည့် တောင်ပေါ်မြို့ကလေးဖြစ်သည်။ သည်မြို့ ကလေးကို ဗြိတိသျှအစိုးရက ၁၈၆၀-ခုနှစ်က နွေရာသီအပန်းဖြေစခမ်းအဖြစ် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအပါအ၀င် ဘန်ဂလို များကို တည်ဆောက်ခဲ့ပါသည်။ ဘုန်းတော်ကြီးဒလိုင်းလားမားသည် ရေခဲတောင်ကြီး များနှင့် သဘာဝသစ်တောကြီးများတည်ရှိရာ ဓရံဆာလာတောင်ပေါ်မြို့ ကလေးသို့ ၁၉၆၀-ခုနှစ် ဧပြီလထဲတွင် ပြောင်းရွေ့နေထိုင်ခဲ့လေသည်။

ဆက်လက်ဖော်ပြပါဦးမည်။

ကိုသစ် (သီတဂူ)
၉၊ ၈၊ ၂၀၁၈

↧

ကေဇွန်နွေး/Myanmar Now - အိမ်ပြန်ချင်သည့် ကချင်တိုင်းရင်းသားဒုက္ခသည်များ (ရုပ်သံ)

$
0
0

အိမ်ပြန်ချင်သည့် ကချင်တိုင်းရင်းသားဒုက္ခသည်များ (ရုပ်သံ)


ကေဇွန်နွေး/Myanmar Now
(မိုးမခ) စက်တင်ဘာ ၁ဝ၊ ၂၀၁၈

(မိုးညှင်း၊ ကချင်ပြည်နယ်) — လူအများအပြား အိမ်ပြန်လိုပါက အခက်အခဲမရှိ အိမ်ပြန်နိုင်ကြ၏။ ချက်ချင်း မပြန်နိုင်ပါက နာရီပိုင်း သို့မဟုတ် ရက်ပိုင်းသာ စောင့်ဆိုင်းရန် လိုသည်။ အိမ်ပြန်ရေးက ထိုသို့ လွယ်ကူနေသော်လည်း ကချင်ပြည်နယ် မိုးညှင်းမြို့တွင် သောင်တင်နေသည့် ကချင်တိုင်းရင်းသားဒုက္ခသည်များအတွက်မူ ထိုသို့ မလွယ်ကူပေ။

ယာယီစစ်ရှောင်စခန်းသို့ ရောက်နေသည်မှာ ခေတ္တ၊ ယာယီ မကတော့ဘဲ ၆ နှစ်ကျော် လာပြီဖြစ်သည်။ မကြာသေးမီက မိုးညှင်းမြို့ ဘုရားကျောင်းတစ်ခု တွေ့ရသော စစ်ပြေးဒုက္ခသည်တချို့၏ ပုံရိပ်ကို ၂ မိနစ်ကြာ ရုပ်သံတွင် တွေ့ရမည် ဖြစ်သည်။

↧

ဝင်းနန္ဒာ (Myanmar Now) အစ္စလာမ်အမျိုးသမီးများ အလွယ်တကူကွာရှင်းခံရခြင်းအတွက် မေးခွန်းထုတ်

$
0
0
ဝင်းနန္ဒာ (Myanmar Now) အစ္စလာမ်အမျိုးသမီးများ အလွယ်တကူကွာရှင်းခံရခြင်းအတွက် မေးခွန်းထုတ်
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၈

အိမ်ထောင်ရေးကိစ္စကိုထုတ်ဖော်ပြောဆိုခဲသည့်အစ္စလာမ်အမျိုးသမီးများအနေဖြင့် မတရားမှုကိုထုတ်ဖော်ပြောဆိုရန်လည်း လင်ယောက်ျား၏ တစ်ဖက်သတ်ကွာရှင်းခြင်းကိုခံခဲ့ရသည့် မအေးမြတ်သူကတိုက်တွန်းလိုက်သည်။

ရန်ကုန်၊ စက်တင်ဘာ ၁၀ -- အစ္စလာမ် ဘာသာဝင် အမျိုးသမီးများကို လင်ယောက်ျားများက ဘာသာရေးအကြောင်းပြကာ အလွယ်တကူ ကွာရှင်းနေမှုများကို အဆုံးသတ်ရန်အတွက် အသက်၂၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးက တိုက်တွန်းလိုက် သည်။

မှတ်ပုံတင်တွင် ရှမ်း+ကရင်+ဘင်္ဂါလီ လူမျိုး/အစ္စလာမ်ဘာသာဝင်ဟု ဖော်ပြထားသည့် မအေးမြတ်သူသည် ဆန္ဒမပါဘဲ ကွာရှင်းခဲ့ရသဖြင့် တရားမျှတမှုမရှိဟု ထုတ်ဖော် ပြောဆိုလိုက်ပြီး ဘာသာရေးအကြောင်းပြ ကွာရှင်းမှုအတွက် အမျိုးသား ဟောင်းနှင့် အစ္စလာမ် ဘာသာရေးအဖွဲ့ အစည်းများအား ပြစ်တင်ဝေဖန်ခဲ့သည်။

ကရင်ပြည်နယ် ဘားအံမြို့ဇာတိ၎င်းသည် နှစ်ဖက်မိဘဆန္ဒအရ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ထိမ်းမြားခဲ့ပြီးနောက် ယောက်ျားနှင့်အတူ ရန်ကုန်သို့ပါလာခဲ့ပြီး ကလေးတစ်ဦးရပြီးချိန် ယခုနှစ်ဇူလိုင်တွင် ၎င်းဆန္ဒမပါဘဲ အစ္စလာမ်အကြင်လင် မယား ကွာရှင်းသည့်ဥပဒေကို အသုံးပြုကာကွာရှင်းခံခဲ့ရသည် ဟုဆိုသည်။

“ကျွန်မရဲ့ခံစားချက်တွေထက် အစ္စလာမ့်အမျိုးသမီးထုတစ်ရပ်လုံးအတွက် ကျွန်မဒီနေရာကို ရောက်နေခြင်းဖြစ်တယ်။ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကိုထိခိုက်အောင်စော်ကားမှ အကြမ်းဖက်မှု မြောက်တာ မဟုတ်ဘူး” ဟု ယနေ့ (စက်တင်ဘာ၁၀) တွင် ရန်ကုန်မြို့ရှိ MJN သတင်းထောက်များရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောသည်။

ကွာရှင်းခဲ့ရာတွင် ၎င်း၏ခင်ပွန်းမိသားစုမှ နေအိမ်သို့ လာရောက်ကာ သွလာက်သုံးကြိမ် (သုံးသွလာက်)ပေး ကွာရှင်းပြတ်စဲ စေသည်ဟု မအေးမြတ်သူက သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောသည်။

“သွလာက်” ၏အဓိပ္ပါယ်မှာ “ခင်ပွန်း၏ဆန္ဒအရကွာရှင်းခြင်း” ဟု အလ်ဟာဂ်ျမုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်း ရေးလုလင်) ရေး သားသည့် အစ္စလာမ့်တရားတော်အရ ကွာရှင်းပြတ်စဲခြင်း စာတမ်းတွင်ရေးသားထားသည်။

သို့ရာတွင် လင်ယောက်ျားတစ်ဦးသည် မိမိ၏ဇနီးအား တစ်နေရာတည်း၊ တစ်ချိန်တည်း၊ တစ်ကြိမ်တည်း သုံးသွလာက် ပေးမိလျှင် ယင်းသည် စည်းမဲ့ကမ်းမဲ့ဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်မှ ထုတ်ပြန်ထားသော “အစ္စလာမ့် ဓမ္မသတ် အဆုံးအဖြတ်” စာအုပ် စာမျက်နှာ ၁၂ တွင်ဖော်ပြထားသည်။

ဘာသာရေးနှင့်သက်ဆိုင်သည့် အဆိုပါကွာရှင်းပြတ်စဲမှုကို နိုင်ငံတော်အသိအမှတ်ပြု အိုလမာ သာသနာပညာရှင်များ အဖွဲ့ ချုပ်ကလည်း အသိအမှတ်ပြုခဲ့သည်ဟု မအေးမြတ်သူကပြောသည်။

ထို့အပြင် လက်ထပ်သည့်အချိန်တွင် သတို့သားဘက်က တင်တောင်းကြေးပေးခဲ့သည့် ရွှေ ၁၀ သားကိုလည်း သုံးသွလာက် ပေးသည့်အချိန်မှာ တစ်ပါတည်းပြန်လည်ယူဆောင်သွားခဲ့သည်ဟု ၎င်းကပြောသည်။

အိမ်ထောင်ရေးအကြောင်းထုတ်ဖော်ပြောဆိုမှုရှားပါးလှသည့် အစ္စလာမ် အမျိုးသမီးများအကြားတွင် ယင်းကဲ့သို့ ထုတ်ဖော် ပြောကြားရခြင်းမှာ ဘာသာရေးအသုံးပြုကာ အစ္စလာမ်အမျိုးသမီးထုတစ်ရပ်လုံး အမျိုးသမီးအခွင့်အရေး ထပ်မံမဆုံးရှုံးရ အောင် ဖွင့်ဟခြင်းဖြစ်ကြောင်း မအေးမြတ်သူကပြောသည်။

“ကျွန်မလိုမျိုးပဲခံစားနေရတဲ့ အမျိုးသမီးတွေဘယ်လောက်တောင် များနေပြီလဲ။ ကျွန်မတို့ရဲ့စိတ်တွေကို ဘယ်လောက်သတ် နေလဲ ဒါအကြမ်းဖက်တာပဲ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

၎င်းအပေါ် ယခုကဲ့သို့ ကွာရှင်းမှုသည် တရားမျှတမှုမရှိဟု ယူဆပြီးနောက်ပိုင်းတွင် တရားစွဲရန် ပြင်ဆင်နေကြောင်းလည်း မအေးမြတ်သူက ပြောသည်။
===========

ပုံစာ - မအေးမြတ်သူကို သတင်းစာရှင်းလင်းပွဲတွင်တွေ့ရစဉ် (ဓာတ်ပုံ - ဝင်းနန္ဒာ/Myanmar Now)
↧
Viewing all 9633 articles
Browse latest View live